သာသနဝိသောဓနီ ဒုတိယတွဲ
ရှင်ပညာသာမိ လျှောက်လွှာ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
---*---
ဘုရားတပည့်တော် ဟင်္သာတဒိစတြိတ် ကြံခင်းမြို့အပိုင် ဖက်ရဲရွာ တောင်တိုက်နေ ရှင်ပညာသာမိ လျှောက်ထားပါသည် ကျေးဇူးရှင်လယ်တီ ဆရာတော် အရှင်မြတ်ကြီးဘုရား။
လျှောက်ထားရန်မှာ
ဘုရားတပည့်တော်တို့အရပ်ဒေသမှာ အောက်ပါလျှောက်ချက် အတိုင်း ဝိဝါဒါဓိကရုဏ်း ဖြစ်ပွါးလျက်ရှိနေရာ နှစ်ဦးနှစ်ဦးဖက်သား သံဃာတော်အများတို့က ဆရာတော်ဘုရားကြီးထံ တောင်းပန်လျှောက် ထားပါဟု ဘုရားတပည့်တော်ကို တာဝန်ပြုလုပ် တိုက်တွန်းချီးပင့်ကြ သည်ဖြစ်ပါ၍ ၎င်းဝိဝါဒါဓိကရုဏ်းစကားကို တရားကျမ်းဂန် လမ်းမှန် ဖြောင့်စင်း ရှင်းလင်းပြေငြိမ်းကြရန် “ဝိနိစ္ဆယ” ကယ်မ,သနားတော်မူပါ မည့်အကြောင်း တောင်းပန်လျှောက်ထားဝန့်ပါသည် ဆရာတော် အရှင်မြတ်ကြီးဘုရား။
၁၂၇၈-ခု တန်ဆောင်မုန်းလဆန်း ၁၅-ရက်နေ့ လျှောက်ချက်။
ယခုကာလ ငါးကျပ်တန် စီရင်နိုင်သော ရွာသူကြီးထံ၌ အဒိန္နာဒါန် ရာဇဝတ်မှုတစ်ခုကို ပစ္စည်းရှင်တရားလိုက ဤသူကြီးခိုးသည်ဟု ဘုန်းကြီး ပြော၍သိရပါသည်ဟု ဘုန်းကြီးကိုသက်သေထား၍ တရားစွဲဆိုရာ ရွာသူကြီးသည် ၎င်းတရားခံအိမ်သို့ သွားရောက်ရှာဖွေလျှင် ခိုးရာပါပစ္စည်း ဝတ္ထုများကို တွေ့ရှိလေ၍ တရားခံကို အိမ်သို့ခေါ်၍ ချုပ်ထားရာမှာ တရားခံသည် တစ်ခဏမျှ တိတ်တဆိတ် ထွက်လာ၍ ၎င်းဘုန်းကြီးထံ ရောက်လျှင် ထိုသူ၏ပစ္စည်းကို တပည့်တော် ခိုးယူသည်ကို အရှင်ဘုရား မြင်သည်ဆိုသော် “ဟုတ်ပါသလော” ဟု မေးမြန်းလေရာ ဘုန်းကြီးက ဟုတ်သည်, နင်ခိုးယူသည်ကိုမြင်သည်, မြင်၍ပင် ပစ္စည်းရှင်မည်သူကို ငါပြောသည်, နင်အမှုရုံးသို့ မရောက်စေရန် ယူမိသောဝတ္ထု ထိုက်ရာ တန်ဖိုးကို ပေးလိုက်ဟု ဘုန်းကြီးဆိုလေ၏။
ထိုအခါ တရားခံက ဤဘုန်းကြီးသည် ဤအမှုမှာ သူမြင် ကြောင်းကို တရားလိုဖက်က ဧကန်သက်သေခံတော့မည်၊ ငါသည် ဧကန်အမှုရောက်တော့မည်ဟုရှိနေရာ ပစ္စည်းရှင်နှင့်ရွာသူကြီးတို့က ငွေ၂၀ိ-လျော်ကြေးပေးရမည်ဆို၍ တရားခံသူခိုးက ငွေ၂၀ိ-ကျပ်ပေး လျော်ပြီးလျင် တစ်ဖန်သူခိုးက ၎င်းငွေ၂၀ိ-ကုန်ကျသည့်အတွက် ၎င်း ဘုန်းကြီးထံ ဘဏ္ဍာစားပေးရမည်ဟု အတင်းတောင်းခံလျက် ရှိနေ ပါသည်။
၎င်းအမှုကို ဆရာတော်, သံဃာတော်များထံ လျောက်ထားရာအချို့သောဆရာတော်, သံဃာတော်များက ၎င်းအမှုသည် အရင်ကလည်း ဘုန်းကြီးကြောင့်ဖြစ်ရသည်, တစ်ဖန် ဘုန်းကြီးကပင် ရုံးသံပေး၍ ခြောက်လန့်ပြန်သည် တစ်ချက်၊ သို့အတွက်ကြောင့် ဘုန်းကြီးက ဘဏ္ဍာစားပေးသင့်သည်ဟု ဆိုကြပါသည်။
အချို့သော ဆရာတော်, သံဃာတော်များက ဘုန်းကြီး၏ ပယောဂကြောင့် ဖြစ်ရသည်ဆိုသော်လည်း ပစ္စည်းရှင်ကို ပြောရုံမျှသာ ဖြစ်သည်, ရုံးသို့လိုက်၍ သက်သေခံခြင်းမဟုတ်၊ ထို့ကြောင့် ထို ဘုန်းကြီးမှာ ဘဏ္ဍာစားမထိုက်ဟု ဆိုကြသည်။
ဤသို့နှစ်ဦးနှစ်ပက္ခ ဝိဝါဒ ဖြစ်ပွါးလျက် ရှိနေကြပါသည်ဘုရား။ [ဤကား ဝိဝါဒကို ဖော်ပြချက်ပေတည်း။]
ရှင်ပညာသာမိ လျှောက်ချက်ပြီး၏။
---*---
ဘုန်းကြီးနှင့် သက်သေမှုအတွက် ဆရာတော်ကြီးမိန့်ဆိုချက်
ဤအမှု၌ ရွာသူကြီးသည် တရားခံအိမ်သို့ သွားရောက် ရှာဖွေလေ ရာ ခိုးရာပါပစ္စည်းဝတ္ထုများကို တွေ့ရှိလေသည် ဆိုသောကြောင့် ၎င်းတရားခံသည် ထိုပစ္စည်းကို ခိုးယူသူ အမှန်ဖြစ်ကြောင်း ထင်ရှားပေပြီ၊ ဤကဲ့သို့ ခိုးထုပ်ခိုးထည်နှင့်တကွ တွေ့ရှိသည်ဖြစ်၍ ခိုးသူအမှန်ဖြစ်ရ သောသူမှာ ကြေးငွေကုန်ကြရန် နှစ်ချက်ရှိ၏။
၁။ ဘဏ္ဍာစားပေးရန် တစ်ချက်,
၂။ မိုက်ပြစ်ဒဏ် ငွေပေးရန် တစ်ချက်,
ဤနှစ်ချက်ပေတည်း၊ ထိုနှစ်ချက်တို့တွင်---
၁။ ဘဏ္ဍာပေးမှုဆိုသည်ကား-- ခိုးယူခဲ့သော ဝတ္ထု အတိုင်းပင် ရှိနေခဲ့လျှင် ထိုဝတ္ထုအတိုင်းပင် ပစ္စည်းရှင်အား ပြန်ပေးရခြင်း, သို့မဟုတ် ခိုးယူခဲ့သောဝတ္ထုမရှိခဲ့လျှင် ထိုက်ရာတန်ဖိုး ပေးလျှော်ရခြင်း များပေ တည်း။
၂။ မိုက်ပြစ်ဒဏ်ငွေ ပေးရမှု ဆိုသည်ကား-- အစိုးရအာဏာပိုင် က ထိုခိုးသူကို မိုက်ပြစ်အတွက် ငွေဒဏ်တပ်သည်ဆို၍ အပိုသက်သက် ပေးရခြင်းပေတည်း၊ ထိုနှစ်ပါးတို့တွင်
၁။ ခိုးသူမှာ ဘဏ္ဍာစားပေးရမှု, လျော်ကြေးပေးရမှု အတွက်နှင့် ပစ္စည်းရှင်အား ငါမြင်သည်ဟု ပြောကြားသော ရဟန်းတော်မှာ ဘဏ္ဍာစားထိုက်သည်ဟု မဆိုသာပေ၊ အဘယ့်ကြောင့်နည်းဟူငြားအံ့၊ ခိုးသူမှာပစ္စည်း ဝတ္ထုများသည် ပစ္စည်းရှင်အလိုရှိလျှင် ပြန်၍ပေးရသော ဝတ္ထုဖြစ်၏၊ ထိုက်ရာတန်ဖိုးကိုသော်လည်း လျော်ကြေးပေး ထိုက်သူ ဖြစ်၏၊ ဝိနည်းတော်မှာ ဘဏ္ဍာစား ပေးမှုကြီးသည် ထင်ရှားစွာလာ၏၊ ဝိနည်းဓိုရ်ဆရာတို့သည် ဘဏ္ဍာစားပေးစေဟု ဆုံးဖြတ်ရိုးထင်ရှားရှိပေ၏၊ ထိုဝိနည်းလမ်းကို ကျူးလွန်ခြင်းမရှိသည်ဖြစ်၍ ထိုရဟန်းတော်မှာ ခိုးသူလျော်ကြေး ပေးရသည့်အတွက် ဘဏ္ဍာစားထိုက်သည်ဟု မဆိုသာပေ။
[ကျမ်းဂန်အထောက်ကို နောက်မှပြဆိုလတ္တံ]
၂။ မိုက်ပြစ်ဒဏ်ငွေဆို၍ အပိုသက်သက်ကုန်ကျမှု အတွက်မှာ သာ ထိုရဟန်းတော်၌ ဘဏ္ဍာစားထိုက်သင့်, မထိုက်သင့် ရွေးချယ်ရန် လိုပေသည်။
ရွေးချယ်ပုံကား-- ငွေဒဏ်, ကြေးဒဏ်တပ်နိုင်သော အစိုးရ အာဏာပိုင် မဟုတ်သူဖြစ်ခဲ့အံ့၊ ပစ္စည်းရှင်ကိုဖြစ်စေ, တစ်ပါးသူကိုပင် ဖြစ်စေ, မည်သူခိုးယူသည်ကို ငါမြင်သည်ဟုပြောသော်လည်း ဝိနည်း တော်နှင့်အပြစ်မရှိ၊ ထိုသူတို့က တစ်ဆင့်ပြော၍ ခိုးသူမှာ ငွေဒဏ်, ကြေးဒဏ်တပ်သော်လည်း အပြစ်မရှိ်၊ အဘယ်ကြောင့်နည်းဆိုသော် ထိုသူကို အမှုဖြစ်အောင် လုပ်ကြဟု စေခိုင်းမှု-အာဏာတ္တိကပယောဂ မပါသောကြောင့်တည်း။
ငွေဒဏ်, ကြေးဒဏ် တပ်နိုင်သော အစိုးရအာဏာပိုင်ကိုပင် ပြောသော်လည်း ထိုသူအား ငွေဒဏ်, ကြေးဒဏ် မတပ်ပါနှင့်ဟု ဒဏ် အမှုကို ပိတ်ပင်တားမြစ်ချက်နှင့်တစ်ကွ ပြောခဲ့သော် ဒဏ်တပ်သော် လည်း ပြောသူမှာ အပြစ်မရှိ၊ အဘယ်ကြောင့်နည်းဆိုသော် ဒဏ်တပ်မှုကို ပိတ်ပင်တားမြစ်လိုက်သဖြင့် ပြေားကြားမှုသည် စင်ကြယ်သော ပယောဂ ဖြစ်လေသောကြောင့်တည်း။
[ဤ၌လည်း ကျမ်းဂန်အထောက်ကို နောက်မှပြဆိုလတ္တံ့]
[ဤကား ငါမြင်သည်ဟု ရဟန်းတော်၏ပြောချက်, ရုံးကနားသို့ လိုက်၍ သက်သေခံချက်နှင့် တရားခံမှာ ကြေးငွေကုန်ကျရာနှင့် ဘဏ္ဍာစားပေးရမှုကတစ်ချက်, မိုက်ပြစ် ဒဏ်ငွေပေးရမှုတစ်ချက်၊ ဤနှစ်ချက်ကို ခွဲခန်းတည်း။]
ယခုအခါ ဝိနည်းကျမ်းဂန်ကို ပြဆိုပေအံံ့ံ့ံ့့
၁။ ဘဏ္ဍာစားပေးမှု ဆိုသည်ကား-- ယူမိသော အထည် ဝတ္ထုအတိုင်း ရှိသေးလျှင် ထိုအထည်ဝတ္ထုကို ပြန်၍ပေးခြင်းသည်လည်း ဘဏ္ဍာစား ပေးခြင်းပင်မည်၏၊ ယူမိသော ဝတ္ထုသုံးစွဲ၍ကုန်ခဲ့သော် ထိုဝတ္ထုမျိုးကို အစားပေးခြင်းသည်လည်း ဘဏ္ဍာစား ပေးခြင်းပင် မည်၏၊ ထိုဝတ္တုမျိုးကိုမပေးမူ၍ ထိုက်ရာတန်ဖိုး ကြေးငွေစသည်များကို ပေးခြင်း သည်လည်းကောင်း, ပစ္စည်းဥစ္စာကိုယူမူမဟုတ်၊ သူ့ဥစ္စာပစ္စည်းကို ဖျက်ဆီးမှုမျိုးဖြစ်ခဲ့သော် ပျက်စီသောဝတ္ထုကို အစားပေးခြင်း-ထိုက်ရာ တန်ဖိုးပေးခြင်းသည်လည်းကောင်း, ဘဏ္ဍာစားပေးရခြင်းမည်၏၊ ထိုသို့ ပေးရခြင်းများသည်လည်း လျော်ကြေး လျော်ဒဏ်ဟူ၍ပင်ခေါ်ရ၏၊ ဒဏ်ဟုပင်ခေါ်သော်လည်း မင်းပြစ်မင်းဒဏ်, မိုက်ပြစ်မိုက်ဒဏ်စကား မျိုးမဟုတ်၊ အစားပေးရိုး, လမ်းရိုးလမ်းမှန် ဓမ္မကံသဘောမျိုးပေတည်း။
အဋ္ဌကထာ၌မူကား
ဘဏ္ဍဒေယျံနာမ ယံ ပရဿ နဋ္ဌံ၊ တဿ မူလံဝါ တဒေဝဝါ ဘဏ္ဍံ ဒါတဗ္ဗန္တိ အတ္ထော
ဟု ပျက်စီးမှုအတွက် ပေးလျော်ချက်ကိုသာ အရာအားလျော်စွာ ဖွင့်ဆိုပေ၏။
[ဤဘဏ္ဍာစားပေရမှုသည် နောက်၌ ထင်ရှားလတံ့။]
၂။ မင်းပြစ် မင်းဒဏ်, မိုက်ပြစ် မိုက်ဒဏ် အပိုအမိုတပ်မှုကို ပြဆိုပေအံ့။
ရဟန်းတော်ကိုယ်တိုင် တရားလိုလုပ်၍ တရားစွဲမှု, သူတစ်ပါးကို တရားစွဲခိုင်းမှု, မိမိကိုယ်တိုင် သက်သေခံမှုကြောင့် တရားခံမှာ မိုက်ပြစ်အတွက် ကြေးဒဏ်, ငွေဒဏ်ကျရောက်ကုန်ကြရန် ရှိလေရာ ထိုရဟန်းမှာ အပြစ်လွတ်ချက်, အပြစ်ရောက်ချက်များကို ဘိက္ခုနီဝိဘင်းသံဃာဒိသိသ်- ပဌမသိက္ခာပုဒ် ပါဠိ, အဋ္ဌကထာ, ဋီကာတို့မှာ အကျယ်ပြ ဆိုပေ၏၊ လျှောက်လွာပါလိုရင်းအချက် အစုကိုသာ ထုတ်ပြပေအံ့၊ ရဟန်းတော်တို့မှာ ထိုအမှုမျိုးနှင့် အစိုးရထံ ပြေကြားခြင်းသည်
၁။ ဩဓိဿ,
၂။ အနောဓိဿ,
ဟူ၍နှစ်ပါးအပြားရှိ၏၊
ထိုနှစ်ပါးတို့တွင်
၁။ ဩဓိဿ ဆိုသည်ကား-- ခိုးသူ၏ နာမည်ကို ထုတ်ဖေါ်၍ မည်သူခိုးပါသည်,မည်သူခိုးယူသည်ကို ငါမြင်သည်ဟု ပြောကြားခြင်း, သက်သေခံခြင်းသည် ဩဓိဿပြောကြားခြင်းမည်၏။
၂။ အနောဓိဿ ဆိုသည်ကား-- ခိုးသူ၏ နာမည်ကို မထုတ် ဖေါ်မူ၍ ငါတို့ကျောင်းမှာ မည်သည့်ညက လူခိုးပါသည်, ဓားပြ တိုက်ပါသည်, မည်သည့်ဝတ္ထုပစ္စည်းများ ပါသွားပါသည်, ထိုဝတ္ထု ပစ္စည်းများကို ပြန်၍ရအောင် ထောက်လှမ်းရှာကြံ တောင်းခံ၍ပေးပါဟု တိုင်းကြားပြောဆိုခြင်းသည် အနောဓိဿ ပြောကြားခြင်းမည်၏။
ထိုနှစ်ပါးတို့တွင် ဩဓိဿသည်မအပ်၊ အနောဓိဿသည်မူကား အပ်၏၊
ဩဓိဿသည် မအပ်ဆိုသည်ကား-- ရဟန်းတော်က ခိုးသူ၏ နာမည်ကို ထုတ်ဖေါ်ပြောကြားသည့်အတွက် အစိုးရတို့က ထိုသူကို ခိုးရာပါဝတ္ထု ထိုက်ရာတန်ဖိုး လျော်ကြေးမျှတွင် မကမူ၍ မိုက်ပြစ်ဒဏ်ငွေ တပ်ခဲ့သော် ပြောကြားသောရဟန်းမှာ ဘဏ္ဍာစားထိုက်သည်ဟု အဋ္ဌကထာ လာရှိပေ၏။
ဘိက္ခုနုပဿယေ ဂါမဒါရကာဝါ ဓုတ္တာဒယောဝါ ယေကေစိ အနာစာရံဝါ အာစရန္တိ၊ ရုက္ခံဝါ ဆိန္ဒန္တိ၊ ဖလာဖလံဝါ ဟရန္တိ၊ ပရိက္ခာရေဝါ အစ္ဆိန္ဒန္တိ၊ ဘိက္ခုနီ ဝေါဟာရိကေ ဥပသင်္ကမိတွာ အမှာကံ ဥပဿယေ ဣဒံ နာမ ကတန္တိ ဝဒတိ၊ ကေနာတိ ဝုတ္တေ အသုကေနစ အသုကေနာစာတိ အာစိက္ခတ၊ိ ဧဝံ ဩဓိဿ အာစိက္ခဏာ ဟောတိ၊ သာ နဝဋ္ဋတိ။ တေဉ္စ သုတွာ တေ ဝေါဟာရိကာ တေသံ ဒဏ္ဍံ ကရောန္တိ။ သဗ္ဗံ ဘိက္ခုနိယာ ဂီဝါ ဟောတိ။ သစေ ပန တဿ ဒဏ္ဍံဂဏှထာတိ ဝဒတိ၊ ပဉ္စမာသကမတ္တေ ဂဟိတေ ပါရာဇိကံ ဟောတိ။
(အဋ္ဌကထာ၏ ပါဌ်လျှောက်အဓိပ္ပါယ်)
ဘိက္ခုနီမတို့၏ ကျောင်းတိုက်အတွင်းမှာ ရွာသူသားငယ်တို့ သည်လည်းကောင်း, သေသောက်ကြူးတို့သည်လည်းကောင်း, အမှတ်မရှိ လူဆိုး,သူဆိုးတို့သည်လည်းကောင်း မတော်မသင့်သော အကျင့်ကို ကျင့်ကြကုန်၏၊ သစ်ပင်များကို ခုတ်ကြချိုင်ကြကုန်၊ သစ်သီးကြီး ငယ်များ ကို ဆွတ်ယူကြကုန်၏၊ ပရိက္ခရာများကို အတင်းလုယက်ကြကုန်၏၊ ဘိက္ခုနီမသည် တရားသူကြီးများထံသို့သွား၍ ငါတို့ ကျောင်းတိုက်တွင်းမှာ ဤကဲ့သို့အမှုကို ပြုကြပါသည်ဟု ပြောကြား၏၊ ဘယ်သူများလဲဟု မေးကြသော် မည်သူမည်သူများ ပြုကြသည်ဟု လူမည်ကိုဖေါ်ကြား၏၊ ဩဓိဿ အာစိက္ခဏာဖြစ်၏, မအပ်။
အဘယ်သို့ မအပ်သနည်း- ဘိက္ခုနီမ ပြောသည်ကို ကြားသိ၍ တရားသူကြီးတို့က ထိုသူများကို ဒဏ်တပ်ကြကုန်သည်ရှိသော် ဘိက္ခုနီမမှာ ဘဏ္ဍာစားထိုက်၏၊ ဒဏ်တပ်ကြလိမ့်မည်ဟုသိလျက်နှင့်ပင် ပြောကြားသော်လည်း ဘဏ္ဍာစားထက်မလွန်ပြီ၊ သိုမဟုတ် ဤသူများကို ဒဏ်တပ်လိုက်ကြဟု စေခိုင်းမှုပါခဲ့မူကား ငါးပဲတန်မျှ ဒဏ်ငွေကုန်ကြလျှင် ဘိက္ခုနီမမှာ ပါရာဇိကရောက်၏ ဟူလိုသည်။
ဤအဋ္ဌကထာ၌ “ ဒဏ်ဍံကရောန္တိ “ ဆိုသည်ကား-- ဖျက်ရာပါ ခိုးရာပါ ပစ္စည်းဝတ္ထု ထိုက်ရာတန်ဖိုး လျော်ကြေးငွေကို ဆိုသတည်း၊ အစိုးရထံပြောကြားလိုက်သော် သင်တို့ဒဏ်တပ်ခံရလိမ့်မည်၊ ဒဏ်တပ် လေစေဟု နှလုံးပြု၍ ပြောကြားသော်လည်း ဒဏ်တပ်သည့်အတွက် ပြောကြားသူမှာ ဘဏ္ဍာစားထိုက်ရုံမျှပင်, အာပတ်မသင့်၊ အဘယ် ကြောင့်နည်းဆိုသော် ထိုသူကိုဒဏ်တပ်ကြဟု စေခိုင်းမှုပါခဲ့မူကား ငါးပဲ တန်မျှ ဒဏ်ငွေကုန်ကျလျှင် ဘိက္ခုနီမမှာ ပါရဇိကရောက်၏ ဟူလိုသည်။
ဂီဝါယေဝဟောတိ၊ န ပါရာဇိကံ, အနာဏတိယာဂဟိတတ္တာ။ [တေရသကဏ်ဋီကာ]
ဂီဂါယေဝါတိ အာဏတ္တိယာ အဘာဝတော။ [ဂိမတိ ဝိနောဒနီ ဋီကာ]
[ဤအဋ္ဌကထာ, ဋီကာများကိုထောက်၍ ရဟန်းတို့၏ပြောကြား ချက်, စွဲဆိုချက်များမှာ သည်သူကိုဒဏ်တပ်ကြဟု အာဏတ္တိကပယောဂ ပါ-မပါ စစ်ဆေးရန်အချက်သည် အလွန်အရေးကြီးသည်ဟု သိရာ၏]
အာဏတ္တိကပယောဂမပါခဲ့သော် အပြစ်လွတ်ကြောင်းကို အဋ္ဌကထာ၌
” ယော ပန ပုရိသော ဂေဟေ နတ္ထိ “
အစရှိသည်ဖြင့်ပြဆို၏။
ဆိုပုံကား-- တစ်ယောက်သောရဟန်းသည် ခိုးသူကြား လေအောင် ဤသို့ပြောဆို၏၊ “မည်သူ့အိမ်မှာ မည်သည့်နေရာ၌ မည်သည့် ဘဏ္ဍာရှိ၏၊ သွားယူလျှင် အလွယ်နှင့်ရမည်” ဟုပြောလေ၏၊ ခိုးသူ သည်ကြား၍ ထိုဘဏ္ဍာကို ခိုးယူသော်လည်း ထိုရဟန်းမှာ အာပတ် မသင့်ဟူ၏။
ငွေဒဏ်မဟုတ်မူ၍ မည်သူကိုထောင်ချလိုက်, ကြိမ်ဒဏ် ပေးလိုက်, တစ်ကျွန်းပို့လိုက်ဟုပြော၍ ထောင်ဒဏ်, ကြိမ်ဒဏ်, တစ်ကျွန်း ဒဏ်တပ် ခဲ့သော် ထိုရဟန်းမှာ ဘဏ္ဍာစားမှု, ပါရာဇိကမှု လွတ်သွားပြန်၏၊ [ဤကား ဩဒိဿမအပ်ဟူသောစကားကို ပြဆိုချက်တည်း]
အနောဒိဿသည် အပ်၏ ဆိုသည်ကား-- ရဟန်းတော်က ခိုးသူ, တိုက်သူ, ဖျက်ဆီးသူထုတ်ဖေါ်၍ မပြောသည့်အတွက် ထိုသူတို့ကို အစိုးရက ငွေဒဏ်တပ်သော်လည်း ပြောကြားသူရဟန်းတော်မှာ ဘဏ္ဍာစားထိုက်မှုမရှိဟု အဋ္ဌကထာလာရှိ၏။
ကေနာတိ ဝုတ္တေ ပန အသုကေနာတိ ဝတ္တုံ့ အမှာကံ နဝဋ္ဋတိ၊ တုမေယေဝ ဇာနိဿထ၊ ကေဝလံ မယံ ရက္ခံ ယာစာမ၊ တံ နော ဒေထ, အဝဟဋဘဏ္ဍဉ္စ အာဟရာပေထာတိ ဝတ္တဗ္ဗံ၊ ဧဝံ အနောဒိဿ အာစိက္ခဏာ ဟောတိ၊ သာ ဝဋ္ဋတိ၊ ဧဝံ ဝုတ္တေ သစေပိ တေ ဝေါဟာရိကာ ကာရကေ ဂဝေသေတွာ တေသံ ဒဏ္ဍံ ကရောန္တိ၊ သဗ္ဗံ သာပတေယျံပိ ဂဟိတံ၊ ဘိက္ခုနိယာ နေဝ ဂီဝါ, န အာပတ္တိ။
အဋ္ဌကထာ၏ ပါဌ်လျှောက်အဓိပ္ပါယ်
တရားသူကြီးတို့က ပြုလုပ်သူကိုမေးခဲ့သော် မည်သူပြုလုပ် ပါသည်ဟု ပြောကြားခြင်းငှါ ငါတိုမှာမအပ်၊ သင်တို့သည်သာလျှင် သိကြကုန်လတံ့၊ ငါတို့သည် သက်သက် အစောင့်အရှောက်မျှကိုသာ တောင်းပါကုန်၏၊ ပေးကြပါလော့၊ ခိုးရာပါ တိုက်ရာပါ ပစ္စည်းဝတ္ထု မျိုးကိုလည်း ပြန်၍ပေးပါစေကုန်လော့ဟု ပြောကြားအပ်၏၊ ဤသို့ ပြောကြားသည့်အတွက် တရားသူကြီးတို့သည် ရှာကြံ၍ ကြေးဒဏ်, ငွေဒဏ်တပ်ကြကုန်ကုန်ငြားအံ့၊ သက်ရှိသက်မဲ့အလုံးစုံ အကုန်သိမ်းယူ သော်လည်းပြောဆိုသူဘိက္ခုနိမမှာ ဘဏ္ဍာစားလည်း မထိုက်, အာပတ် လည်း မသင့်ဟူလိုသည်။
[ဤကား အနောဒိဿအပ်၏ ဟူသောစကားကို ပြဆိုချက်တည်း။]
ဩဒိဿ, အနောဒိဿရောယှက်မှုလည်းရှိ၏၊ ရှိပုံကား--ညဉ့် အခါ၌ ခိုးသူလာ၍ ပရိက္ခရာများကို ယူနေသည်ကိုမြင်၍ သူခိုးဟဲ့ သူခိုးဟဲ့ဟု သူအများကြားအောင် ဟစ်အော်ကြော်ငြာရာ၌၁။ သူခိုးကိုပစ်ခတ်ဖမ်းဆီးလို၍ ကြော်ငြာခြင်းတစ်မျိုး, ၂။ ထိုစိတ်မျိုးမရှိမူ၍ ပကတိသက်သက် ကြောက်လန့်သော စိတ်နှင့်သော်လည်းကောင်း, ယူမိသောပရိက္ခရာများကို ချခဲ့စေခြင်းငှါ လည်းကောင်း, ဟစ်အော်ကြော်ငြာခြင်း တစ်မျိုးဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင်
၁။ ခိုးသူကိုပစ်ခတ်ဖမ်းဆီးစေလိုသော စိတ်နှင့် ဟစ်အော် ကြော်ငြာခဲ့သော်လည်း အမှုသည်ထင်လင်းရှိ၍ အမည်ကို မထုတ် ဖော်သော်လည်း ဩဒိဿအရာ ရောက်၏၊ ဖမ်းဆီး၍ ကြေးဒဏ်, ငွေဒဏ်တပ်ခဲ့သော် ဟစ်အော်ကြော်ငြာသူမှာ ဘဏ္ဍာစားထိုက်သည်ဟု အဋ္ဌကထာလာရှိ၏။
ပရိက္ခရံ ဟရန္တေ , ဒိသွာ တေသံ အနတ္ထကာမတာယ စောရော စောရောတိ ဝတ္တုံပိ နဝဋ္ဋတိ၊ ဧဝံ ဝုတ္တေပိ ဟိ ယံတေသံ ဒဏ္ဍံ ကရောန္တိ၊ သဗ္ဗမ္ပိ ဘိက္ခုနိယာ ဂီဝါ ဟောတိ။
အဋ္ဌကထာ၏ပါဌ်လျှောက်အဓိပ္ပါယ်-- ပရိက္ခရာများကို ခိုးယူ၍နေသည်ကိုမြင်၍ ထိုသူမှာအကျိုးမဲ့ မှုပြစ်စေလိုသော စိတ်နှင့် သူခိုးဟဲ့သူခိုးဟဲ့ဟု ဟစ်အော် ကြော်ငြာခြင်းငှါ မအပ်၊ သိသူတို့က ပြစ်မှုပြုလုပ်၍ သူခိုးမှာ ကြေးဒဏ်, ငွေဒဏ်ထိခဲ့သော် ဟစ်အော်သူမှာ ဘဏ္ဍာစာထိုက်၏ ဟူလိုသည်။
၂။ သက်သက်ကြောက်လန့်သော စိတ်နှင့်သော်လည်းကောင်း, ပရိက္ခရာများကို မပါစေခြင်းငှါလည်းကောင်း, ဟစ်အော် ကြော်ငြာခဲ့သော် ခိုးသူမှာ ဒဏ်ထိသော်လည်း ဟစ်အော်သောရဟန်းမှာ ဘဏ္ဍာစား မထိုက်ဟု ဋီကာတို့၌ဆိုပေ၏။
တေသံ အနတ္ထကာမတာယာတိ စောရော စောရောတိ ဝုတ္တံ မမ ဝစနံ သုတွာ ကေစိ ဒဏ္ဍိဿန္တိ၊ ဇီဝိတာဝါ ဝေါရောပေဿန္တီတိ၊ ဧဝံ သညာယ ဧတေန ကေဝလံ ဘယေနဝါ ပရိက္ခာရာဟရဏတ္ထံဝါ သဟသာ စောရော စောရောတိ ဝုတ္တေ ဒဏ္ဍိတေပိ န ဒေါသောဟိ ဒေဿတိ။
[ဝိမတိ ဝိနောဒနီ ဋီကာ။]
[ပါဌ်လျှောက်အဓိပ္ပါယ်ကား အထက်ပါ စကားအတိုင်းပင်ဖြစ်၍ သိလွယ်ပြီ။]
တဖန်အဆိုရှိသေး၏-- ဒဏ်တပ်နိုင်သော သူ၏အထံမှာ ခိုးသူ၏ နာမည်ကို ထုတ်ဖေါ်ပြောကြားရာ၌သာ ဘဏ္ဍာစားထိုက်သည်၊ ဒဏ်မတပ်နိုင်သော ရဟန်းသံဃာတို့၏ ရှေ့မှောက်၌သော်လည်း ကောင်း, အရာမ်စောင့်, ကျောင်းသားစသည်တို့၏ ရှေ့မှောက်၌သော် လည်းကောင်း မည်သူခိုးသူတည်း, မည်သူ၏ဥစ္စာကို ခိုးယူသည်ကား သူပင်တည်းဟု ပြောကြားလေ၏၊ ကြားသူတို့က အစိုးရထံ တစ်ဆင့် ပြော၍ ခိုးသူမှာ ဒဏ်ထိသော်လည်း ပြောကြားသူမှာ ဘဏ္ဍာစားမထိုက်၊ အဘယ်ကြောင့်နည်းဆိုသော် အကြင်သူတို့ထံ၌ ပြောကြား၏၊ ထိုသူတို့ ကိုယ်တိုင် တပ်သောဒဏ်လည်း မဟုတ်၊ ဒဏ်တပ်နိုင်သူ အစိုးရအား ပြေားကြားရင်းလည်းမဟုတ်သောကြောင့်တည်းဟု ဋီကာဆိုပေ၏။
ဘိက္ခူနံ ပန အာရာမိကာဒီနံဝါ သမ္မုခါ အသုကော စောရော ဧဝ မကာသီတိ ကေနစိ ဝုတ္တဝစနံ နိဿာယ အာရာမိကာဒီသု ရာဇပုရိသာဒီနံ ဝတွာ ဒဏ္ဍာပေန္တေသုပိ ဘိက္ခုဿ နဂီဝါ, ရာဇ ပုရိသာဒီနံ အဝုတ္တတ္တာ၊ ယေသဉ္စ ဝုတ္တံ၊ တေ ဟိ စောရဿ အဒဏ္ဍိတတ္တာတိ ဂဟေတဗ္ဗံ။
[ဝိမတိဝိနောဒနီဋီကာ]
[ပါဌ်လျှောက်အဓိပ္ပါယ်ကား အထက်ပါစကား အထက်ပါစကားအတိုင်းပင်ဖြစ်၍ သိလွယ်ပြီ။]
[ဤကား ဩဒိဿ, အနောဒိဿနှစ်ဖက် ရောယှက်ပုံ ပြဆိုချက်တည်း]
ဩဒိဿပင်ဖြစ်သော်လည်း အစိုးရသည် မိမိစကားကို နားထောင်သူဖြစ်ပေ၍ မည်သူသည် ငါ၏ပရိက္ခရာကို ခိုးယူသည်၊ ရအောင်တောင်းယူ၍ပေးပါ၊ ထိုသူကိုလည်း ဒဏ်မတပ်ပါနှင့် ပြောခဲ့ သော် အပြစ်မရှိဟု အဋ္ဌကထာ၌ဆိုပေ၏။
အတ္တနော ဝစနကရံ ပန ဣမိနာ မေ ပရိက္ခာရော ဂဟိတော၊ တံ အာဟရာပေတိ၊ မာ စဿ ဒဏ္ဍံ ကရောဟီတိ ဝတ္တုံ ဝဋ္ဋတိ။ [အဋ္ဌကထာ]
[ပါဌ်လျှောက်အဓိပ္ပါယ်ကား အထက်ပါစကား အတိုင်းပင်ဖြစ်၍ သိလွယ်ပြီ။]
ဤအဋ္ဌကထာ၌ “ဝဋ္ဋတိ” ဆိုသည်ကား-- ခိုးရာပါ ပရိက္ခရာ များကိုပင်ဖြစ်စေ, ထိုပရိက္ခရာများ သုံးစွဲ၍ကုန်သဖြင့် ထိုက်ရာ တန်ဖိုးလျော် ကြေး လျော်ဒဏ်ကိုဖြစ်စေ, တောင်းယူပေးလျှင် ရရာကိုပင် ယူအပ်၏၊ အစိုးရက တောင်းသောအခါမှာလည်း အသာ အကြည်နှင့်မပေးတဲ့၍ ခြိမ်းခြောက်တောင်းယူသော်လည်းကောင်း, အချုပ်တန်း အချုပ်ထောင် ချ၍ တောင်းယူသော်လည်းကောင်း, ရဟန်းတော်မှာ အပြစ်မရှိ၊ ထောင်မှုအတွက်နှင့် အသွားအလာစရိတ် ကုန်ကျခဲ့သော်လည်းကောင်း, ဝတ်ကြေးပဏာအကုန်ကျခဲ့သော်လည်းကောင်း, ရဟန်းတော်မှာ ဘဏ္ဍာစား မရှိ၊ ခိုးသူသည် ငါမခိုးမယူဟု တရားခုခံ၍ တွေ့ရှိရာ ရှေ့နေခ, ခေါင်းကပ်ခစသည် ကုန်ကျသော်လည်း ရဟန်း တော်မှာ ဘဏ္ဍာစားမရှိ ဆိုလိုသည်။
ဤအရာ၌ ဋီကာဖွင့်ဆိုချက်ရှိပြန်သည်ကား-- အဋ္ဌကထာ၌ မိမိစကားကို နားထောင်သောအစိုးရအား ပြောကြားအပ်၏ဟူသော စကားသည် အလျော်အားဖြင့် ဆိုသောစကားပေတည်း၊ ဤအမှု အတွက်နှင့် ထိုသူကို ဒဏ်မတပ်ပါဘိနှင့်ဟု ဒဏ်တပ်မှုကို တားမြစ် ချက်ပါခဲ့သော် မိမိစကားကို နားမထောင်, မည်သူကိုပင် ပြောကြား သော်လည်း အပြစ်မရှိ၊ ခိုးသူကို ဒဏ်တပ်သော်လည်း ရဟန်းတော်မှာ ဘဏ္ဍာစားမထိုက်ဟု ဖွင့်ဆို၏။
အတ္တနော ဝစနကရန္တိ ဣဒံ သာမိ ဝသေန ဝုတ္တံ၊ ဝစနံ ကရောန္တာနံပိ ရာဇပုရိသာနံ ဣမိနာ ဂဟိတပရိက္ခာရံ အာဟ ရာပေဟိ, မာစဿ ဒဏ္ဍံ ကရောဟီတိ ဥဒ္ဒိဿဝဒန္တဿာပိ ဒဏ္ဍေဂဟိတေပိ နဂီဝါ ယေဝ, ဒဏ္ဍဂဟဏဿ ပဋိက္ခိတ္တာ။
[ဝိမတိဝိနောဒနီဋီကာ။]
ဤအဋ္ဌကထာဋီကာတို့၌ “ဒဏ်” ဆိုသည်ကား-- ခိုးရာပါဝတ္ထု ဖျက်ဆီးရာပါဝတ္ထုများအတွက် ထိုက်ရာတန်ဖိုး လျော်ကြေး လျော်ဒဏ်ကို ဆိုသည်မဟုတ်၊ ထိုလျော်ကြေး လျော်ဒဏ်ဆိုသည်ကား ဘဏ္ဍာစား အတိုင်းပင်ဖြစ်သည်၊ အပိုအမိုဖြစ်သော မင်းပြစ်မင်းဒဏ်ကိုသာ ယူလေ၊ တစ်ပါးသောသူ၏ ပစ္စည်းဝတ္ထုကို ခိုးယူသည်ကို တစ်ခြားတစ်ပါးသော ရဟန်းက ဒိဋ္ဌတွေ့မြင်၍ အစိုးရရုံးသို့ ကိုယ်တိုင် လိုက်ပြီးလျှင် ငါမြင် သည်မှန်၏၊ သို့သော် ဤအမှုအတွက် ဒဏ်မတပ်ပါနှင့် ဟုပြောဆို၍ ဥစ္စာရှင်အားပြန်ပေးရာ၌လည်း သက်သေခံသူမှာ အပြစ်မရှိပင် မှတ်လေ။
လောက၌ အချို့သောသူတို့က ဥစ္စာရှင်ရဟန်းမှာသာ အပြစ် မရှိသည်၊ ဥစ္စာရှင်မဟုတ်သော သက်သေခံရဟန်း, ထိုအမှုအတွက် ဥစ္စာရှင်နှင့် တိုင်ပင်ဖက်ပြုသောရဟန်း, နှုတ်ပေးသွန်သင်ပြုမိသော ရဟန်းများမှာမူကား အပြစ်ရှိ၏၊ ခိုးသူမှာ ခိုးယူမိသော ပရိက္ခရာ ဘဏ္ဍာ များကို ပစ္စည်းရှင်များ ပြန်၍ပေးရသည့်အတွက်မှာပင် ထိုရဟန်းများမှာ ဘဏ္ဍာစား ထိုက်သေး၏ဟု မှတ်ယူကြကုန်၏။
အချို့သောသူတို့သည် ဝိနည်းဓမ္မကံနှင့်လျော်စွာ တရားခံ ပုဂ္ဂိုလ်မှာ ဘဏ္ဍာစားထိုက်သည်ဟု သိ၍ ပစ္စည်းရှင်အား ထိုပစ္စည်းကို ပြန်ပေးစေ၍လည်းကောင်း, ထိုပစ္စည်းတန်ဖိုး ပေးလျော်စေဟူ၍လည်း ကောင်း, ဆုံဖြတ်ကြရာ၌ တရားခံသည် မပေးလိုဘဲနှင့် ပေးရသည်ဖြစ်ခဲ့ သော် စီရင်သောသူတို့မှာ ဘဏ္ဍာစားထိုက်ပြန်သည်ဟု ထင်မှတ်ကြ ကုန်၏။
အချို့သောသူတို့သည်လည်း ညဉ့်အခါ၌ ပစ္စည်းဝတ္ထုကို ခိုးယူ၍နေသည်ကို ပစ္စည်းရှင်မဟုတ်သော တစ်ပါးသောရဟန်းက မြင်သော်လည်း မဟစ်အော်ကောင်း၊ ဟစ်အော်သည့်အတွက် ထိုပစ္စည်း ဝတ္ထုကိုချ၍ပေးခဲ့သော် ဟစ်အော်သူမှာ ဘဏ္ဍာစားထိုက်၏၊ အဘယ့် ကြောင့်နည်း၊ ဟစ်အော်သူသည် ပစ္စည်းရှင် မဟုတ်သောကြောင့်လည်း ကောင်း, ခိုးသူလက်သို့ရောက်ပြီးသော ဝတ္ထုပစ္စည်းသည် ခိုးသူဥစ္စာ ဖြစ်လေသောကြောင့်လည်းကောင်းတည်းဟု ပြောဆိုကြကုန်၏။
[ထိုအလုံးစုံသည် ဉာဏ်မနိုင်သောသူတို့၏ ယူချက်များပေတည်း။]
ဤအချက်များကို ထင်ရှားအောင်ပြဆိုရာ၏၊ ဘဏ္ဍာစား ပေးမှုသည် နောက်၌ထင်ရှားလတ္တံ့ဟု ရှေး၌ဆိုခဲ့သော အချက်ပေတည်း။
လောက၌ ဥစ္စာရှင်သိမ်းပိုက်လျက်ရှိနေသော သူတစ်ပါး ပစ္စည်းကို ပစ္စည်းရှင်အား မပြောဘဲလျှင် ခဏခေတ္တမျှ ယူ၍ အသုံးပြုကြရာ၌ လည်းကောင်း, ပစ္စည်းရှင်အား ပြောကြားငှါးရမ်း၍ အသုံးပြုကြရာ၌ လည်းကောင်း, အဖိုးအခနှင့် ငှါးရမ်း၍ အသုံးပြုကြရာ၌လည်းကောင်း, မိမိဥစ္စာမှတ်၍ ယူမိသုံးမိကြရာ၌လည်းကောင်း, ပစ္စည်းရှင်အလိုရှိလျှင် ပြန်၍ပေးမြဲ, ထိုက်ရာတန်ဖိုးပေးလျော်မြဲ ဟူသောတရားသည် ကမ္ဘာ့ထုံးစံ တရားမှန်, တရားဖြောင့်ကြီးပေတည်း၊ ခိုးလိုသောစိတ်နှင့်ယူရာမှာ ဆိုဖွယ်ရာပင်မရှိ၊ ပစ္စည်းရှင် အလိုရှိလျှင် ပြန်၍ပေးရမည်၊ ဘဏ္ဍာစား ပေးရမည်၊ ထိုက်ရာတန်ဖိုးလျော် ဒဏ်လျော်ကြေး ပေးရမည်၊ လမ်းမှန် လမ်းရိုးကြီးပေတည်း။
ပစ္စည်းရှင်မဟုတ်သော်လည်း ထိုလမ်းမှန်, လမ်းရိုးကြီးအတိုင်း ပစ္စည်းရှင်မှာ မဆုံးရှုံးပါစေခြင်းငှါ သက်သေခံရဟန်းတို့ အမှုအတွက်နှင့် တိုင်ပင်ဖက်ပြုသောရဟန်း, နှုတ်ပေးသွန်သင်သောရဟန်း, ပြန်၍ပေစေ, ဘဏ္ဍာစားပေစေဟု စီရင်သော ဝိနည်းဓိုရ်ဆရာ ဤသူတို့မှာ လမ်းရိုး လမ်းမှန်ကြီးအတိုင်း ပြုလုပ်ကြသည်ဖြစ်၍ အပြစ်ဆိုရန်, အစားပေးရန် မရှိပေ။
မြတ်စွာဘုရားသည်လည်း ဝိနည်းတော်မှာ အာဏာဒေသနာ တော်ဖြစ်သည်နှင့်အညီ သူတစ်ပါးပစ္စည်းကိုယူမှု၌ အမှုအားလျော်စွာ အပြစ်အာပတ် တင်လောက်ရာ၌ အာပတ်ကြီးငယ် ပညတ်တင်မှုသည် သာလျှင် မြတ်စွာဘုရား၏ အာဏာအရာဖြစ်ပေသည်၊ ဘဏ္ဍာစား ထိုက်မှုမျိုးမှာမူကား မြတ်စွာဘုရား အထူးပညတ်ရသည် မဟုတ်၊ ရှေးကမ္ဘာ လမ်းရိုးကြီးအတိုင်း ဟောတော်မူပေသည်၊ ဘဏ္ဍာစား ထိုက်လျက်မပေးဘဲနေရာ၌ တစ်ဖန်အပြစ် အာပတ်ပညတ် တင်တော် မူပြန်သည်။
အဋ္ဌကထာဆရာ ဋီကာဆရာတို့လည်း ထိုနည်းအတိုင်းပင်တည်း၊ ဆုံးဖြတ်စီရင်ကြသော ဝိနည်းဓိုရ်ဆရာများလည်း အဋ္ဌကထာ ဋီကာများ ဆုံးဖြတ်ချက်ရှိသည့်အတိုင်း ဆုံးဖြတ်ကြပေသည်၊ လျော်ကြေး လျော်ဒဏ်ကိုပင် အမှန်အကန် ဆုံးဖြတ်သည့်အတွက် အပြစ်မတိုသာပေ၊ တစ်ဦးသောသူ၏ ပစ္စည်းဝတ္ထုကို ခိုးယူ၍နေသည်, သွားသည်ကိုမြင်လျှင် ထိုပစ္စည်းကို မပါစေခြင်းငှါ ပစ္စည်းရှင်မဟုတ်သူများ တစ်ကျောင်းလုံး တစ်တိုက်လုံးထ၍သော်လည်းကောင်း, ခိုးသူလက်မှ အတင်းလုယက်၍ ပစ္စည်းရှင်အား ပေးကြသော်လည်းကောင်း, ထိုသူများကို အပြစ် မဆိုသာပေ၊ အဘယ်ကြောင့်နည်း၊ မိမိတို့ဖို့ လုယက်ကြသည် မဟုတ်, ပစ္စည်းရှင်ဖို့ လုယက်ကြသောကြောင့်တည်း။
သူခိုး၏လက်သို့ ရောက်ရှိသောပစ္စည်းသည် ခိုးသူ၏ဥစ္စာတစ်ပိုင်း ဖြစ်ချေ၍ ခိုးသူအား ဘဏ္ဍာစားပေးထိုက်သည် ဟူသောစကားသည် ပစ္စည်းရှင်ဖို့မဟုတ်၊ မိမိဖို့ပြုလုပ်ကြ၍ ခိုးသူကပစ်ချပေးရာ၌သာ သင့်မြတ်၏။
ဤအရာ၌ အမ္ဗစောရကဝတ္ထုလာ အဋ္ဌကထာဋီကာများကို ပြဆိုရာ၏။
ပါဠိတော်၌ သရက်သီးခိုးသောသူတို့ကို သရက်ပင်ရှင်တို့မြင်၍ လိုက်ကြလေရာ သူခိုးတို့သည် အထုပ်ကို ပစ်ချ၍ ပြေးကြလေကုန်၏၊ လိုက်ကြသူတို့လည်း အထုပ်ရှိရာသို့မရောက်မီ ပြန်ကြလေ၏၊ ထိုအထုပ်ကို ရဟန်းတို့ တွေ့မြင်ကြ၍ ပံသုကူသညာဖြင့် စားကြရာ၌ အာပတ်မသင့်ဟု ဟောတော်မူ၏၊ ထေယျသညာဖြင့်စားကြရာ၌ ပါရာဇိကရောက်ကြသည်ဟု ဟောတော်မူ၏။
အဋ္ဌကထာသည်ကား ပံသုကူသညာဖြင့် စားကြရာ၌ အာပတ် မူကားမသင့်၊ ဘဏ္ဍာစားထိုက်လျက်ရှိ၏၊ ပစ္စည်းရှင်အလိုရှိလျှင် သရက်သီးစား သရက်သီးဖိုး ပေးလျော်ရမည်ဟု ကမ္ဘာ့လမ်းရိုးသို့ ချလိုက်သေး၏၊ တစ်ဖန် ဘဏ္ဍာစားအချက်, ပါရာဇိကအချက်တို့ကို ပြဆိုပြန်၏၊ ထိုသို့ချ၍ပြေးရာ၌ ဥစ္စာရှင်လည်း နောက်မှ ငါ့ဥစ္စာကို ထောက် လှမ်းဦးမည်ဟု ပြန်လေ၏၊ သူခိုးလည်း နောက်မှပြန်ယူမည်ဟု ပစ်ချသွား၏၊ နှစ်ဦးလုံးပင် ထိုဝတ္ထု၌ အာလယ-ဥဿာဟရှိကြ၏၊ ထိုအခါ ပံသုကူအမှတ်နှင့်ယူခဲ့သော် ဘဏ္ဍာစားထိုက်၏၊ ထေယျသညာနှင့် ယူခဲ့သော် ပါရာဇိကကျ၏။
ထိုဝတ္ထု၌ ဥစ္စာရှင်က အာလယရှိသေး၏၊ ခိုးသူကငါမယူလိုဟု အာလယပြတ်၍ သွားသည်တစ်ချက်, ခိုးသူကပြန်၍ယူဦးမည်ဟု အာလယရှိ၏၊ ဥစ္စာရှင်က မရမယူပြီဟု အာလယပြတ်၍ သွားသည် တစ်ချက်, နှစ်ဦးလုံး အာလယပြတ်၍စွန့်သွားရာ၌ ပံသုကူသညာဖြင့် ယူခဲ့သော် အာပတ်မသင့်၊ ထေယျစိတ်နှင့်ယူခဲ့သော် ဒုက္ကဋ် အာပတ်ငယ် သင့်၏ဟု ဆိုပေ၏။
[ဤအဋ္ဌကထာစကား၌ ခိုးသူ၏အာလယရှိသည့်အတွက်နှင့်ပင် ကောက်ယူသူမှာ ဘဏ္ဍာစားမှု, ပါရာဇိကမှုလာရှိသောကြောင့် ထိုပစ္စည်း သည် ခိုးသူ၏ဥစ္စာ တစ်ပိုင်းဖြစ်ကြောင်း သိသာလှပေ၏၊]
ထိုသို့ဖြစ်ခြင်းမှာလည်း ကောက်ယူသူက မိမိဖို့ကောက်ယူသည် တည်း၊ ပစ္စည်းရှင်ကိုပေးရန်ဟု ကောက်ယူခဲ့သော် ဘဏ္ဍာစားလည်း မထိုက်၊ အာပတ်လည်းမသင့်။။ ပစ္စည်းရှင်ဖို့ ကောက်ယူရာ၌ ခိုးသူ၏ အာလယသည် ပမာဏမဟုတ်၊ ပစ္စည်းရှင် အာလယပြတ်မှုသည်လည်း စိတ်ကြေနပ်၍ ပြတ်ခြင်းမဟုတ်၊ မရဘူးထင်၍ ပြတ်ခြင်းဖြစ်သော ကြောင့် ပစ္စည်းရှင်ဖို့ ကောက်ယူရာ၌ အာလယပြတ်မပြတ်သည် ပမာဏ မဟုတ်ပေ။
နှစ်ဦးလုံး အာလယရှိနေကြရာ၌ ဘဏ္ဍာစားပေးခဲ့သော် ဘယ်သူ အားပေးရမည်နည်းဟု မေးဖွယ်ရှိခဲ့ရာ
၁။ အလျင်ရောက်လာသောသူကို ပေးရမည်ဟု တစ်ဝါဒ,
၂။ ခိုးသူသည်လည်း ပစ္စည်းရှင်အား ပြန်ပေးထိုက်သူ ဖြစ်၏၊ ထို့ကြောင့် ခိုးသူအားပေးဖွယ်ကိစ္စမရှိ၊ ပစ္စည်း ရှင်အားသာ ပေးရမည်ဟု တစ်ဝါဒ,
ဤနှစ်ဝါဒတို့တွင် နောက်ဝါဒကို ဋီကာဆရာတို့ ပမာဏပြုကြ သောကြောင့် ပစ္စည်းရှင်ကိုပေးဖို့ ကောက်ယူရာမှာ ခိုးသူ၏ အာလယ သည် ပမာဏမဟုတ်သည်ကို ယုံကြည်ထိုက်တော့သည်။
မြန်မာသက္ကရာဇ် ၁၂၇၈-ခု နတ္တော်လဆန်း ၈-ရက်နေ့တွင် လယ်တီဆရာတော်ဘုရားကြီး ဆုံးဖြတ်တော်မူသော အဆုံးအဖြတ်တည်း။
---*---
ယမိုက်ပုစ္ဆာငါးချက်
လန်ဒန် ပါဠိအသင်းကြီး၏ ပရီစီဒင်ရိုက်(စ်)ဒေဗစ်က မုံရွာမြို့ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးထံ မေးလျှောက်သော ပုစ္ဆာ ငါးချက်ဖြစ်သည်။
၁။ အဘိဓမ္မာ (၇)ကျမ်းကို ဟောတော်မူရာမှာ ဓမ္မသင်္ဂဏီ ကျမ်း, ဝိဘင်းကျမ်း, ဓာတုကထာကျမ်း, ပုဂ္ဂလပညတ်ကျမ်း, ကထာဝတ္ထုကျမ်း, ယမိုက်ကျမ်း, ပဋ္ဌာန်းကျမ်းဟူ၍ (၇) ကျမ်းရှိသည်တွင် ယမိုက်ကျမ်းသည် (၆) ဆင့်မြောက်ဖြစ်၏၊ ကထာဝတ္ထုကျမ်း၏ နောက်အခြားမဲ့၌ကျ၏၊ အဘယ့် ကြောင့် ယမိုက်ကျမ်းကို (၆) ဆင့်မြောက်သောနေရာ၌ ဟောတော်မူပါသနည်း၊ အဘယ်အကျိုးကို ရှုမြှော်၍ ဟော တော်မူပါသနည်း။
၂။ ထို (၆)ဆင့်မြောက်ဖြစ်သော ယမိုက်ကျမ်းသည်လည်း မူလ ယမိုက်ကျမ်း, ခန္ဓယမိုက်ကျမ်း, အာယတနယမိုက်ကျမ်း, ဓာတုယမိုက်ကျမ်း, သစ္စယမိုက်ကျမ်း, သင်္ခါရယမိုက်ကျမ်း, အနုသယယမိုက်ကျမ်း, စိတ္တယမိုက်ကျမ်း, ဓမ္မယမိုက်ကျမ်း, ဣန္ဒြိယယမိုက်ကျမ်းဟူ၍ ဆယ်ကျမ်းရှိပြန်ရာတွင် မူလ ယမိုက်ကျမ်းကိုရှေးဦးစွာ ဟောတော်မူခြင်း၏ အကြောင်း အကျိုးကို၎င်း, ၎င်း၏နောက် အခြားမဲ့၌ ခန္ဓယမိုက်ကျမ်းကို (၂ ) ဆင့်မြောက်ဟော တော်မူခြင်း၏အကြောင်း အကျိုး ကို၎င်း ဤသို့ စသည်ဖြင့် ရှေ့ကျမ်း နောက်ကျမ်း စီစဉ်၍ ဟောတော်မူရာ၌ အကြောင်းအသီးသီး, အကျိုးအသီးသီး ကို သိလိုပါသည်။
၃။ ထိုဆယ်ကျမ်းသော ယမိုက်ကျမ်းတို့မှာ အမာခံတရား, အထည်ခံတရား ဆယ်ပါးသာရှိ၏၊
မူလယမိုက်ကျမ်းမှာ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟဟူသော မူလခေါ်သောတရား (၆) ပါးသည် အမာခံအထည်ခံဖြစ်၏။
ခန္ဓယမိုက်ကျမ်းမှာ ခန္ဓာငါးပါးသည် အမာခံအထည်ခံဖြစ်၏၊ ဤသို့စသည်ဖြင့် ယမိုက်ဆယ်ကျမ်းမှာ တရားဆယ်မျိုးသာရှိကုန်၏၊ စျာန်တရား, မဂ်တရား စသည်များစွာကျန်ရှိ၏၊ စျာန်တရားအတွက် စျာနယမိုက်ကျမ်း, မဂ်တရားအတွက် မဂ္ဂယမိုက်ကျမ်းစသည်ဖြင့် ဟော တော်မူရန် များစွာကျန်ရှိ၏၊ ထိုသို့ဖြစ်ပါလျက် တရားဆယ်မျိုး အတွက် ယမိုက်ဆယ်ကျမ်းကိုသာ ဟောတော်မူခြင်း၌ အကြောင်းအကျိုးကို ပြဆိုပါ။
၄။ ထိုယမိုက်ဆယ်ကျမ်းတို့မှာလည်း တစ်ခုတစ်ခုသော စကားအချက်, တရားအချက်, အနက်သဘော ထိုထို နေရာမှာ အခါခါ အထပ်ထပ်ရှိနေသည်ကား အလွန် ကြီး များပြား၏၊ အလွန်ကြီးများပြားစွာ အခါခါ အထပ် ထပ် ပါရှိ၍နေခြင်း၏ အကြောင်းအကျိုးကို ပြဆိုပါ။
၅။ ထိုယမိုက်ဆယ်ကျမ်းတို့တွင် အသီးအသီး တစ်ကျမ်း တစ်ကျမ်း၏ လိုရင်းထက်လိုရင်း အကျဉ်းအချုပ် သရုပ် သဘောကိုပြဆိုပါ။
[မြန်မာသက္ကရာဇ် ၁၂၇၃-ခု နတ္တော်လအတွင်း မန္တလေးမြို့တွင် ရပ်တန့်နေထိုင်စဉ်အခါ ငါတို့အထံသို့ ရောက်လာသော လန်ဒန်ပုစ္ဆာငါးချက်။]
---*---
ပဌမ ယမိုက်ပုစ္ဆာအဖြေ
ယမိုက်ကျမ်းကို (၆) ဆင့်မြောက်ပြု၍ ဟောတော်မူရာ၌ အကြောင်းကား
သဗ္ဗညုတဉာဏ်တော်သည် အစွမ်းသတ္တိ သုံးပါးရှိ၏၊
၁။ ခပ်သိမ်းသောတရားတို့ကို အကြွင်းအကျန်မရှိ၊ အကုန် အစင်သိမြင်နိုင်ခြင်းတစ်ပါး။
၂။ ထိုတရားတို့ကို ဘယ်လိုပေါင်းစု၍ ဟောထိုက်သည်, ဘယ်လိုစိတ်ဖြာ၍ ဟောထိုက်သည်, ဟောပုံမျိုး ဟော နည်းမျိုးတို့ကို အကြွင်းအကျန်မရှိ၊ အကုန်အစင် သိနိုင်ခြင်းတစ်ပါး။
၃။ တရားနာသူတို့၏စိတ်သဘော, ဉာဏ်, ဓာတ်ခံ, ဓာတ် ရင်း, အတွင်းအခြေအနေတို့ကို အကုန်အစင် သိမြင် နိုင်ခြင်းတစ်ပါး။
ဤသို့လျှင် သဗ္ဗညုတဉာဏ်သည် အစွမ်းသတ္တိသုံးပါးရှိ၏။
ထိုသုံးပါးတို့တွင် အဘိဓမ္မာ အောက်ငါးကျမ်းတို့မှာ ခပ်သိမ်း သော တရားဓမ္မဟူသမျှ အကြွင်းအကျန်မရှိ ကုန်စင်၏၊ ဟောပုံမျိုး, ဟောနည်း မျိုးတို့သည်မူကား မကုန်သေး၊ ယမကဟောပုံဟောနည်း ကြွင်းကျန် လျက်ရှိ၏။
ယမကဟောပုံ ဟောနည်းဆိုသည်ကား။။ တရား- နှစ်ပါးနှစ်ပါး တို့ကို အစုံအစုံတွက်ဖက်၍ ဟောနည်းကို ယမကဟောနည်း ဆိုသည်။ ထို့ကြောင့် ထိုငါးကျမ်းတို့၏ နောက်၌ (၆) ခုမြောက်ပြု၍ ယမိုက်ကျမ်းကို ဟောတော်မူသည်။
အကျိုးမှာမူကား အောက်ငါးကျမ်းတို့၌ မပါသေးသော အထူး အပြားတို့ကို ယမိုက်ကျမ်းမှာမှ ပါရှိသဖြင့် အသိဉာဏ်သစ်လင်းရခြင်း အကျိုးရှိ၏။
[ဤကားအကျိုးတည်း။]
ပဌမယမိုက်ပုစ္ဆာအဖြေပြီး၏။
ဒုတိယ ယမိုက်ပုစ္ဆာအဖြေ
ယမိုက်ဆယ်ကျမ်းတို့တွင်လည်း မူလယမိုက်ကျမ်းကို ပဌမ, ၎င်းနောက်ခန္ဓ, ၎င်းနောက်အာယတန စသည်ဖြင့် စီစဉ်၍ ဟောတော် မူရာ၌အကြောင်းကား
အဘိဓမ္မာအောက် ငါးကျမ်းတို့၌ အလွန်ကျယ်ဝန်းစွာ ဟော တော်မူအပ်ပြီးသော တရားအပေါင်းတို့၏ အတွင်း၌ အလွန်အစွမ်း အာနုဘော်ကြီးမားကြကုန်သော တရား ၉-ပါးတို့သည် ပါရှိကြကုန်၏၊ ထိုကျမ်းတို့၌ ထိုတရားတို့ကို အထူးထုတ်ဖေါ်၍မပြရကုန်သေး၊ ဤ အခါ၌ပြခွင့်ဆိုက်၏၊ ထို့ကြောင့် ထိုတရား ၉-ပါးတို့ကို အထူးထုတ် ဖေါ်၍ပြခြင်းငှါ အဘိဓမ္ဓာအောက်ငါးကျမ်း၏ အခြားမဲ့၌ မူလယမိုက် ကျမ်းကို ရှေးဦးစွာ ဟောတော်မူပေသည်။
[ဤကားအကြောင်းတည်း။]
အလွန်အစွမ်း အာနုဘော်ကြီးမားသော တရား ၉-ပါး ဆို သည်ကား။
- လောဘ, ဒေါသ, မောဟဟူသော အကုသိုလ်မူလတရား သုံးပါး။
- အလောဘ, အဒေါသ, အမောဟဟူသော ကုသိုလ်မူလ တရား သုံးပါး။
- အဗျာကတ မူလတရား သုံးပါး။
ဤ ၉-ပါးတို့ပေတည်း။
ထို့ပြင်လည်း ဗုဒ္ဓဘာသာ သာသနာ၌ အကြီးဆုံးသော အရေး အခွင့်ကြီး သုံးပါးရှိ၏၊ အရေးအခွင့်ကြီးသုံးပါးဆိုသည်ကား-ပရိညာ ကိစ္စကြီး သုံးပါးပေတည်း၊ ပရိညာကစ္စကြီး သုံးပါးဆိုသည်ကား အသိ ဉာဏ်၏ ပိုင်နိုင်ပေါက်ရောက် ပြီးမြောက်အောင်မြင်ခြင်း ကိစ္စကြီး သုံးပါး ဆိုလိုသည်။
သုံးပါးဟူသည်ကား
၁။ ပဌမ- ဉာတပရိညာကိစ္စကြီးတစ်ပါး,
၂။ ဒုတီယ- တိရဏပရိညာကိစ္စကြီးတစ်ပါး,
၃။ တတီယ- ပဟာနပရိညာကိစ္စကြီးတစ်ပါး, ဤသုံးပါးတို့ပေတည်း။
ထိုသုံးပါးတို့တွင်
၁။ ပဌမဉာတပရိညာကိစ္စကြီး--သည်လည်း နှစ်ပါး ရှိပြန်၏၊ နှစ်ပါး ဆိုသည်ကား
(က) ဓမ္မဝဝတ္ထာနဉာဏ်ကိစ္စကြီးတစ်ပါး, (ခ ) ပစ္စယပရိဂ္ဂဟဉာဏ်ကိစ္စကြီး တစ်ပါး,
ထိုနှစ်ပါးတို့တွင်
ဓမ္မဝဝတ္ထာနဉာဏ်ကိစ္စကြီးဆိုသည်ကား-- လောက၍ ပုဂ္ဂိုလ်ဟူ၍ မရှိ, သတ္တဝါဟူ၍လည်း မရှိ, ရုပ်တရားနာမ်တရားသာရှိ၏၊ ဘယ်ဟာစု ကား ရုပ်တရားမျိုးပေတည်း၊ ဘယ်ဟာစုကား နာမ်တရား မျိုးပေတည်း၊ ရုပ်တရားသည်လည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်, နာမ်တရားသည်လည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်၊ ရုပ်တရား, နာမ်တရားတို့မှအလွတ် ပုဂ္ဂိုလ်သတ္တဝါ ဟူ၍လည်း အဏုမြူမျှမရှိဟု ခြားခြားနားနား သိမြင် ထင်လင်းသော ဉာဏ်ကိစ္စကို ဓမ္မဝဝတ္ထာနဉာဏ်ကိစ္စဆိုသတည်း။
[ထိုဓမ္မဝဝတ္ထာနဉာဏ်ကိစ္စကို အဘိဓမ္မာ အောက်ငါးကျမ်းတို့ဖြင့် ပြည့်စုံစေ၏၊ ထိုမှနောက်၌ (၂ ) ပစ္စယပရိဂ္ဂဟဉာဏ်ကို ပြည့်စုံစေရန် အခွင့်ဆိုက်၏၊]
ပစ္စယပရိဂ္ဂဟဉာဏ်ဆိုသည်ကား-- ပုဂ္ဂိုလ်မဟုတ်, သတ္တဝါ မဟုတ်ကြကုန်သော ထိုရုပ်တရား, နာမ်တရားတို့၏ ဖြစ်ပေါ်ရန် အကြောင်းတရားတို့ကို သူ့အကြောင်းနှင့် သူအကျိုးခြားနားစွာ သိမြင် ထင်လင်းသော ဉာဏ်ကိစ္စကို ဆိုသတည်း၊ အကြောင်းတရား အများရှိကြ သည်တွင်လည်း မူလတရားကိုးပါးတို့သည် မူလတရားမျိုး ဖြစ်ကြကုန်၏၊ အခြေအမြစ် အရင်းစစ်သော တရားမျိုးဖြစ်ကြကုန်၏၊ ထို့ကြောင့် ဤနေရာ ဤဌာနမှာ မူလယမိုက်ကျမ်းကို ရှေးဦးစွာဟောတော်မူ သတည်း။
[ဤကား အကြောင်းတည်း။]
အကျိုးကိုပြဆိုပေအံ့-- ထိုရုပ်တရား, နာမ်တရားတို့၏ ဖြစ်ပေါ်ရန် အကြောင်းတရားဟူသည်လည်း ရုပ်တရား, နာမ်တရားတို့မှ အလွတ် တစ်ခြားတစ်ပါးမဟုတ်ကုန်ကြကုန်ပြီ၊ ရုပ်တရား, နာမ်တရား ချင်းချင်းတွင် သာ အကြောင်ကိစ္စ, အကျိုးကိစ္စ ပြီးစီးကြကုန်၏၊ ထိုသို့ ပြီးစီးပုံကို ဤမူလယမိုက်ကျမ်းဖြင့် ပြတော်မူသည်၊ ဤသို့ ပြတော်မူခြင်းသည် လောက၏ ဖြစ်ပေါ်ရန်အကြောင်းတရား၌ ယူမှားခြင်း အမျိုးမျိုးတို့ကို ပယ်ဖျောက်စေရခြင်း အကျိုးရှိ၏။
[ဤကား အကျိုးတည်း။]
လောက၏ဖြစ်ပေါ်ရန် အကြောင်းတရား၌ ယူမှားခြင်း အမျိုး မျိုးဆိုသည်ကား--
၁။ လောက၌ သုခ, ဒုက္ခ, သုစရိုက်, ဒုစရိုက်, အမိုက်, အလိမ္မာ ဟူသမျှသည် ရှေးဘဝကပြုခဲ့သော ကံဟောင်းကြောင့်သာ ဖြစ်၏၊ ရှေးကံဟောင်းမှတစ်ပါး အကြောင်းမရှိဟူ ယူမှား ခြင်းတစ်ပါး။
၂။ လောက၌ သုခ, ဒုက္ခ, သုစရိုက်, ဒုစရိုက်, အမိုက်, အလိမ္မာ, ဟူသမျှသည် ထာဝရဘုရားတန်ခိုးတော်ကြောင့်သာ ဖြစ်၏၊ ထာဝရဘုရားတန်ခိုးတော်မှတစ်ပါး အကြောင်း မရှိဟု ယူမှားခြင်းတစ်ပါး။
၃။ လောက၌ သုခ, ဒုက္ခ, သုစရိုက်, ဒုစရိုက်, အမိုက်, အလိမ္မာ ဟူသမျှသည် အကြောင်းဟူ၍မရှိ၊ မိမိလျောက်လျား ဖြစ်ကြရ၏ဟု ယူမှားခြင်းတစ်ပါး။
ဤသုံးပါးကို တိတ္ထာယတန တရားသုံးပါးဟူ၍ ဟောတော် မူသည်။
တိတ္ထာ ယတနဆိုသည်ကား-- လောက၌ရှိကြသော မိစ္ဆာဒိဋ္ဌိ ဟူသမျှတို့၏ သက်ဝင်ရာ ရေဆိပ်ကြီးသဖွယ်ဖြစ်သော ဒိဋ္ဌိကြီး သုံးပါးဆိုလိုသည်။
ယုံမှားခြင်းအမျိုးမျိုး ဆိုသည်ကား--
၁။ ဘုရား၌ ယုံမှားခြင်း,
၂။ တရား၌ ယုံမှားခြင်း,
၃။ သံဃာ၌ ယုံမှားခြင်း,
၄။ သိက္ခသုံးပါး၌ ယုံမှားခြင်း,
၅။ အတိတ်ဘဝ၌ ယုံမှားခြင်း,
၆။ အနာဂတ်ဘဝ၌ ယုံမှားခြင်း,
၇။ ပစ္စုပ္ပန်ဘဝ၌ ယုံမှားခြင်း,
၈။ ပဋိစ္စသမုပ္ပါဒ်၌ ယုံမှားခြင်း,
ရှစ်ပါးရှိ၏။
ဤမူလယမိုက်ကျမ်းဖြင့် သတ္တဝါတို့၏သန္တာန်၌ ပစ္စုပ္ပန်မူလ အကြောင်းရင်းကြီး ကိုးပါးကိုပြသဖြင့် ထိုတိတ္ထာယတနကြီးသုံးပါး, ယုံမှား ခြင်းအမျိုးမျိုးတို့ကို ပယ်ဖျောက်စေရခြင်း အကျိုးရှိ၏။
ပယ်ဖျောက်ပုံကား။။ လောက၌ သုခ, ဒုက္ခ, သုစရိုက်, ဒုစရိုက်, အမိုက်, အလိမ္မာ ဟူသမျှသည် ရှေးကံဟောင်းကြီးနှင့် ဖြစ်နို်င် သည်မဟုတ်၊ ယခုပစ္စုပ္ပန်ဘဝမှာလည်း ထိုတရားတို့ဖြစ်ပေါ်နိုင်ရန် အကြောင်းတရား များစွာရှိကုန်သေး၏။
လောကတွင် သစ်ပင်, နွယ်, မြက်, ကောက်ပဲ, စပါးတို့ ဖြစ်ပေါ် ပေါက်ပွါးကြရာ၌ မျိုးစေ့တစ်ခုတည်းနှင့် ဖြစ်နိုင်သည်မဟုတ်၊ မြေဥတု, ရေဥတု စသည်ရှိပါမှ ဖြစ်ပေါ်ပေါက်ပွါးနိုင်ကြကုန်၏၊ ကောက်ပဲ, စပါးတို့မှာ မြေဥတု, ရေဥတု ပြုလုပ်ပျိုးထောင်သူ စသည်တို့ရှိပါမှ ဖြစ်ပေါ်ပေါက်ပွါးနိုင်ကြကုန်၏၊ ရှေးကံဟောင်းသည် မျိုးစေ့နှင့်တူ၏၊ ယခု ပစ္စုပ္ပန်အကြောင်းတို့သည် မြေဥတု, ရေဥတု, လယ်မြေ, ယာမြေ, မိုးရေ မိုးပေါက်, ပြုလုပ်ပျိုးထောင်သူ စသည်တို့နှင့်တူကုန်၏။
ဤရှေးကံဟောင်းတစ်ခုကိုသာ ယူခြင်းသည် ပစ္စုပ္ပန် အကြောင်း တို့ကို ပစ်ပယ်သည့်အတွက် အမှားဖြစ်ရ၏၊
ထာဝရဘုရားတန်ခိုးတော်ကြောင့်သာ ဖြစ်နိုင်သည်ဟူသော ဒုတိယအယူသည် ရှေးကံဟောင်းကိုလည်းကောင်း, ပစ္စုပ္ပန်အကြောင်း တို့ကိုလည်းကောင်း အကုန်ပစ်၍ မစပ်ရာ မဆို်င်ရာ ထာဝရဘုရား တန်ခိုးကို ယူသည့်အတွက် အမှားကြီးမှား၏။
အကြောင်းဟူ၍ မရှိဟူသော တတိယအယူသည်မူကား အမှား ဆုံးကြီးဖြစ်၏၊
ထိုအယူတို့ကိုလည်း ယူသည်မဟုတ်၊ အမှန်ကိုလည်း နေရာကျ မသိဘူးရ၊ စပ်ကြိုစပ်ကြား လူ့ရောင်ဝါးတို့သည်မူကား မိစ္ဆာဒိဋ္ဌိဘက်သို့ လည်းမပါ, သမ္မာဒိဋ္ဌိဘက်သို့လည်းမရောက် ရှိနေကြကုန်၏၊ ထိုသူတို့ တွင် မောဟလွန်ကဲကြသော သတ္တဝါတို့မှာ အကြံမရှိ, အစည်မရှိ၊ မသိ သမားလုံးလုံး မောဟတုံးတွေ ဖြစ်၍နေကြကုန်၏။
သတ္တဝါတို့၏ အကြောင်းအရာ၌ တရားမှန်ကို မတွေ့ကြသည့် အတွက် သမ္မာဒိဋ္ဌိဘက်တို့မသက်ဘဲ ဝိတက်အနေနှင့် ထွေထွေပြားပြား အကြံသမားတို့မှာ ဘုရားကိုမယုံကြည်နိုင်, မကြည်ညိုနိုင်၊ ဘုရားဂုဏ် ပုဒ်ကို ထုတ်ဖေါ်ပြောဟောလျှင် ကြည်လင်ရွှင်လန်းသော စိတ်မျိုးပင် မရှိနိုင်၊ ဝီစိကိစ္ဆာတုံးတွေ ဖြစ်၍နေကြကုန်၏။
[တရားဂုဏ်စသည်တို့၌လည်း ဤနည်းတူမှတ်ယူလေ။]
ဤသို့လျှင် ဤနေရာဌာန ဤမူလယမိုက်ကျမ်းကို ဟောတော် မူရခြင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ကို တစ်စိတ်တစ်ဒေသအားဖြင့် ပြပြီလျှင် လောက၏ ဖြစ်ရန်အကြောင်းတရား၌ ယူမှားခြင်းအမျိုးမျိုး, ယုံမှားခြင်းအမျိုးမျိုးတို့ကို ပယ်ဖျောက်စေရခြင်း အကျိုးရှိ၏။
ဤကျမ်း၏အနက်အဓိပ္ပါယ်ကို ပေါက်ရောက်စွာ နာကြကုန် သည်ရှိသော် ထိုမသိသမား, ဒိဋ္ဌိသမား, ဝိစိကိစ္ဆာသမားတို့ကို ကယ်ချွတ် ရခြင်း အကျိုးရှိ၏။
ပဋိစ္စသမုပ္ပါဒ်တရားကို ကောင်းစွာသိမြင် ထင်လင်းမှုသည်လည်း ထိုအကျိုးကို ပြီးစေနိုင်၏။
[ဤကား ပဌမ ဉာတပရိညာကိစ္စကြီးနှစ်ပါးတည်း။]
ပဌမဉာတပရိညာကိစ္စကြီး၏ အခြားမဲ့၌ ဒုတီယတိရဏပရိညာ ကိစ္စကြီးကို ပြည့်စုံစေရန် အခွင့်ဆိုက်၏။
တိရဏပရိညာ ကိစ္စကြီးဆိုသည်ကား-- ရုပ်တရား, နာမ်တရား တို့၏အပေါ်၌ အဆုံးတိုင်ပြီးပြတ်အောင် ရွက်ဆောင်ရန်ကိစ္စကြီးကို ဆိုသတည်း။
ထိုတိရဏပရိညာ ကိစ္စကြီးသည်လည်း--
၁။ အနိစ္စပရိညာကိစ္စ တစ်ပါး,
၂။ ဒုက္ခပရိညာကိစ္စ တစ်ပါး,
၃။ အနတ္တပရိညာကိစ္စ တစ်ပါး
ဟူ၍ သုံးပါးရှိပြန်၏။
ထိုတိရဏပရိညာကိစ္စကြီးသုံးပါးကို အားထုတ်လိုသည်ရှိသော် ရုပ်တရား, နာမ်တရားတို့ကို အပေါင်းအစုအားဖြင့် ဖွဲ့စည်း၍ အား ထုတ်ရာ၏၊ အပေါင်းအစုဆိုသည်ကား အလုံးစုံသော ရုပ်တရား နာမ် တရားတို့ကို ခန္ဓာအားဖြင့် ငါးပါးအစုပြု၍ ဖွဲ့စည်းခြင်း, အာယတန အားဖြင့် တစ်ဆယ့်နှစ်ပါးပြု၍ ဖွဲ့စည်းခြင်း, ဓာတ်အားဖြင့် တစ်ဆယ့် ရှစ်ပါးပြု၍ ဖွဲ့စည်းခြင်းပေတည်း။
ထို့ကြောင့် ပဌမဉာတပရိညာကိစ္စ ပြီးမြောက်သည်၏အခြားမဲ့၌ ဒုတီယတိရဏပရိညာကိစ္စကြီးကို ပြည့်စုံစေခြင်းငှါ မူလယမိုက်ကျမ်း၏ အခြားမဲ့၌ ခန္ဓယမိုက်ကျမ်း, ၎င်း၏အခြားမဲ့၌ အာယတနယမိုက်ကျမ်း, ၎င်း၏အခြားမဲ့၌ ဓာတုယမိုက်ကျမ်းကို ဟောတော်မူ၏။
၎င်းနောက် တတီယပဟာနပရိညာကိစ္စကြီးကို ပြည့်စုံစေခြင်းငှါ သစ္စယမိုက်ကျမ်းကို ဟောတော်မူ၏။
ဤကဲ့သို့ ရှေ့နောက်အစီအစဉ်၏ အကြောင်းအကျိုးကိုပြဆိုမှုမည်သည် ပြဆိုဖွယ် ပရိယာယ်အလွန်များပြား၏ ထုတ်ဖော်၍ မပြမဆိုသော် လည်း ထိုထိုအကြောင်း အကျိုးပြီးစီးလျက်ရှိ၏၊ ထို့ကြောင့် အထက် ငါးကျမ်းတို့၏ အစီအစဉ် အကြောင်းအကျိုး တို့ကို မဆိုလိုက်ပြီ။
ဒုတီယယမိုက် ပုစ္ဆာအဖြေပြီး၏။
---*---
တတီယ ယမိုက်ပုစ္ဆာအဖြေ
မူလတရားကိုးပါး, ခန္ဓာတရားငါးပါးစသည်ဖြင့် ဆယ်ပါးသော တရားမျိုးတို့ကိုသာလျှင် ယမိုက်ဆယ်ကျမ်းပြု၍ ဟောတော်မူ၏၊ စျနဓမ္မ, မဂ္ဂဓမ္မစသည်ဖြင့် ကျန်ရှိသော တရားတို့ကိုမူကား ယမိုက်ကျမ်းပြု၍ မဟောရာ၌ အကြောင်းကား ထိုဆယ်ပါးတို့ကို ယမိုက်ဆယ်ကျမ်းပြု၍ ဟောတော်မူသဖြင့်ပင်လျှင် စျာနဓမ္မ, မဂ္ဂဓမ္မစသည်ဖြင့် ကျန်ရှိသော တရားတို့ကို ယမိုက်ကျမ်းပြု၍ ဟောပုံနည်းသည် ပညာရှိပုဂ္ဂိုလ်တို့အား ထင်ရှားသိသာလောက်ပြီဖြစ်၍ မဟောပေသည်။
[ထင်ရှားသိသာပုံ အတန်ငယ်အကျယ်မှာ ထိုအဖြေပါဠိတွင် ပါရှိလေပြီ။]
တတီယ ယမိုက်ပုစ္ဆာအဖြေ ပြီး၏။
---*---
စတုတ္ထ ယမိုက်ပုစ္ဆာ အဖြေ
ထိုယမိုက်ဆယ်ကျမ်းတို့မှာ တစ်ခုတစ်ခုသော တရားအတွက် အနက်သဘော ထိုထိုနေရာမှာ အထပ်ထပ်အခါခါ အလွန်များစွာပါရှိ၍ နေရာ၌ အကြောင်းကား။။ ဒေသနာဂတိသည်-
၁။ သုတ္တန်ဒေသနာဂတိတစ်မျိုး,
၂။ အဘိဓမ္မာဂတိဒေသနာတစ်မျိုး ဟူ၍ နှစ်မျိုးရှိ၏။
[သုတ္တန်ဒေသနာ အလားတစ်မျိုး, အဘိဓမ္မာဒေသနာ အလား တစ်မျိုး ဆိုလိုသည်။]
ထိုနှစ်မျိုးတို့တွင်--
သုတ္တန်ဒေသနာဂတိဆိုသည်ကား-- တရားနာပရိသတ်၏ သန္တာန် ကိုကြည့်တော်မူ၍ တရားနာပရိသတ်၏ ဉာဏ်နှင့်တော်တန်ရုံ, လျော်ကန် ရုံတိုင်းတာ၍ ဟောခြင်းတည်း။
အဘိဓမ္မာဒေသနာဂတိဆိုသည်ကား-- တရား၏ သန္တာန်ကို ကြည့် တော်မူ၍ တရား၏အလားရှိသလောက် လွှတ်၍ ဟောတော်မူခြင်း တည်း။
တရား၏အလားမည်သည် အလွန်များပြား ကျယ်ဝန်း၏၊ ပထဝီ ဓာတ်သည် တစ်ခုသောတရားဖြစ်၏၊ ထိုတစ်ခုသော ပထဝီဓာတ် တရား ၏အလားမည်သည် အလွန်များပြား ကျယ်ဝန်း၏၊ မြေအမျိုးမျိုး၊ ကျောက် အမျိုးမျိုး၊ ရွှေအမျိုးမျိုး၊ ငွေအမျိုးမျိုး၊ ကြေးအမျိုးမျိုး၊ သံအမျိုးမျိုး စသည်ဖြင့်လည်းကောင်း, သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ အမြစ်ပင်စည် အမျိုးမျိုး၊ အကိုင်းအခက် အရွက်အသီးအမျိုးမျိုးစသည်ဖြင့်လည်းကောင်း ဗဟိဒ္ဓပထဝီမျိုးမှာလည်း အသင်္ချေယျ အနန္တများပြား၏၊ ဆံပင်အမျိုးမျိုး, မွေးညှင်းအမျိုးမျိုး, ခြေသည်းလက်သည်းအမျိုးမျိုး, သွားအမျိုးမျိုး, အရေအမျိုးမျိုးစသည်ဖြင့် အဇ္ဈတ္တပထဝီမျိုးမှာလည်း အလွန်များပြား၏။
လောဘသည် တစ်ခုသောတရားဖြစ်၏၊ ထိုတစ်ခုသော လောဘ တရား၏ အလားမည်သည် အလွန်များပြား ကျယ်ဝန်း၏၊ အဆင်း၌ မက်မောခြင်းအမျိုးမျိုး, အသံ၌မက်မောခြင်းအမျိုးမျိုး စသည်တည်း။
သတ္တဝါတို့၏ ကျွတ်လွတ်မှုမည်သည် ဉာဏ်အမြင် ပေါက်နိုင်မှ ကျွတ်နိုင်၏၊ ဉာဏ်အမြင်ပေါက်မှုမည်သည် မိမိဉာဏ်အားနှင့် တန်ရုံမှ ပေါက်နိုင်၏၊ အလွန်များပြားခဲ့သော် အမြင်ပေါက်ရန်ဝေးစွ၊ မှတ်ရုံမျှပင် မမှတ်နိုင်ရှိကြ၏၊ မှတ်ရုံမျှပင် မမှတ်နိုင်လျှင် အမြင်ပေါက်နိုင်ကြရန်, အကျွတ်တရားရနိုင်ကြရန် အလွန်ကွာဝေးကြ၏။
ထို့ကြောင့် ဝေနေယျသတ္တဝါတို့ကို ယခုကျွတ်လွတ်ကြစေရန် ဟောတော်မူသော သုတ္တန်ဒေသနာတို့မှာ ထိုသတ္တဝါတို့၏ ဉာဏ်နှင့် တော်တန်ရုံမျှ တိုင်းတာ၍ ဟောတော်မူ၏။
တရားဓမ္မတို့၏အလား, ဉာဏ်တော်၏အလား ဤနှစ်ပါးတို့ကို အလွှတ်ဖွင့်လို၍ ဟောတော်မူသော အဘိဓမ္မာ ဒေသနာတို့မှာ တရား၏ သန္တာန်ကို ကြည့်မြော်တော်မူ၍ တရား၏ အလားရှိသလောက်လွှတ်၍ ဟောတော်မူ၏။
ထို့ကြောင့် ယခုကာလအဘိဓမ္မာ ပါဠိတော်ကြီးများကို ကြည့်ရှုကြသူ လူပုဂ္ဂိုလ်တို့က အထပ်များလွန်းသည်, ကျယ်ပွါးလွန်းသည်ဟူ၍ ဆိုခွင့်မရှိ၊ ငါတို့နှင့်တိုင်းတာ၍ ငါတို့ကျွတ်နိုင်ဖို့ဟောသော ဒေသနာ မဟုတ်ပေ၊ အကြောင်းတစ်မျိုး, အကျိုးတစ်မျိုးနှင့် ဟောသောဒေသနာ ဖြစ်ပေသည်ဟု ကြေနပ်ကြရကုန်၏။
[အကြောင်းတစ်မျိုးကား ထင်ရှားပြီ။]
အကျိုးတစ်မျိုးကား-- ထိုကဲ့သို့ အကျယ်အပွါး ဟောတော်မူရ ခြင်းသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ပေါက်ရောက်ကြကုန်သော သာသနာ တော်ထမ်း ရဟန်းသံဃာအပေါင်းတို့အား ပဋိသမ္ဘိဒါဉာဏ်ပညာတရား တိုးပွါးကြီးကျယ်စေရခြင်းအကျိုးရှိ၏၊ ယခုကာလရှိနေကြကုန်သော ပုထုဇဉ်ရဟန်းသံဃာတော်အပေါင်းတို့အား ယခုဝဘ၌ အဘိဓမ္မာ ကျမ်းဂန်တို့ကို များစွာလေ့လာအားထုတ်ကြကုန်သဖြင့် ပဋိသမ္ဘိဒါ ပါရမီ ကုသိုလ်ထူးတို့ကို ပြည့်စုံစေရခြင်း အကျိုးရှိ၏။
ဘုရားသာသနာတော်၌ အကျွတ်တရားကိုရကြကုန်သော ရဟန်း ရှင်လူအပေါင်းတို့တွင် ပဋိသမ္ဘိဒါပတ္တ ဖြစ်ကြသူတို့သည် အထွတ် အထိပ် ဖြစ်ကြကုန်၏၊ ရဟန်းယောကျ်ားတို့တွင် အရှင်သာရိပုတ္တရာ, အရှင်မဟာ မောဂ္ဂလာန်, အရှင်အာနန္ဒာစသည်တို့ပေတည်း၊ ရဟန်းမိန်းမတို့တွင် ရှင်ခေမာ, ရှင်ဓမ္မဒိန္နာ စသည်တို့ပေတည်း၊ လူယောကျ်ားတို့တွင် စိတ္တ သူကြွယ်, ဥဂ္ဂသူကြွယ်, ဥပါလိသူကြွယ်စသည်တို့ပေတည်း၊ လူမိန်းမ တို့တွင် ဝေဠုကန္တကီ, ဥတ္တရာစသည်တို့ပေတည်း။
[ပဋိသမ္ဘိဒါဉာဏ်ဆိုသည်ကား မြတ်စွာဘုရားတို့၏ တစ်ခွန်းသော စကားကို ကြားသိရလျှင် နည်းတစ်ရာ နည်းတစ်ထောင်တို့ဖြင့် အကျယ်ဝေဖန်နိုင်သော ဉာဏ် ပညာမျိုးပေတည်း။]
စတုတ္ထ ယမိုက်ပုစ္ဆာအဖြေပြီး၏။
---*---
ပဉ္စမယမိုက်ပုစ္ဆာအဖြေ
ယမိုက်ဆယ်ကျမ်းတို့တွင် တစ်ကျမ်းတစ်ကျမ်း၏ လိုရင်းထက် လိုရင်းအကျဉ်းအချုပ် သရုပ်သဘောကို ပြဆိုပါဟူသော အမေး၌--
လန်ဒန်သို့ ပေးပို့သည့် အဖြေကျမ်းတွင် လိုရင်းထက်လိုရင်း အကျဉ်းအချုပ် သရုပ်သဘောမျိုး များစွာပါရှိသည်တွင် အချို့အချို့သော သရုပ်သဘောများသည် လန်ဒန်မြို့ရှိ ပါဠိဘာသာ အသင်းသားများကဲ့သို့ အင်္ဂါလေးဆယ်ခန့်ရှိသော ပါဠိယမိုက်ကျမ်းကြီးကို လက်ကိုင်ပြု၍ ကြည့်ရှု နိုင်ကြသူများမှသာလျှင် နားလည်နိုင်ကြမည် ဖြစ်၏။
ပဉ္စမ ယမိုက်ပုစ္ဆာအဖြေ ပြီး၏။
---*---
နောက်ဆက်တွဲ-သစ္စာနှစ်ပါး ပြဆိုခန်း
ထိုကဲ့သို့သော သရုပ်သဘောများကို ချန်လှပ်ပြီးလျှင် ဤမြန်မာ နိုင်ငံသူ နိုင်ငံသား လူအများတို့ နားလည်နိုင်စေကြရန် လန်ဒန်မြို့သားတို့ အထူးအားဖြင့် အားရနှစ်သက် ထုတ်ဖော်လျက် ပါရှိသည်များကိုသာ ပြဆိုပေအံ့။
၁။ ပဋိစ္စသမုပ္ပါဒ,
၂။ အနတ္တ,
၃။ နိဗ္ဗာန,
ဤတရား ၃-ပါးတို့ကို သဘောကျကျ နားလည်နိုင်ကြစေရန် ၎င်းအဖြေမှာပါရှိသော သစ္စာနှစ်ပါးခွဲနည်းကို ရှေးဦးစွာ ပြဆိုပေအံ့။
သစ္စာနှစ်ပါး ပြဆိုခန်း
မဖောက်မပြန် မှန်ကန်သည်ကို သစ္စာဟူ၍ ဆိုသည်၊ ထိုသစ္စာသည်-
၁။ သမ္မုတိသစ္စာ,
၂။ ပရမတ္ထသစ္စာ အားဖြင့် နှစ်ပါးအပြားရှိ၏၊
သမ္မုတိသစ္စာဆိုသည်ကား-- လောကီလူများအပေါင်းတို့ သမုတ်အပ်သောအတိုင်း လောကအခေါ်အဝေါ် ဝေါဟာရအားဖြင့် ပြီးစီးမှန်ကန်သော သစ္စာပေတည်း။
အတ္တ, ဇီဝ, သတ္တဝါ, ပုဂ္ဂိုလ်, ယောကျ်ား, မိန်းမ, ဦးခေါင်း, ကိုယ်, လက်, ခြေ, ဆံပင်, အမွှေး, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အကြော, အရိုးအစရှိသော ပုဂ္ဂိုလ် သတ္တဝါတို့၏ သဏ္ဌာန်နှင့် ဆိုင်သော အခေါ်အဝေါ် ပညတ်ချက်တို့သည်လည်းကောင်း, သတ္တဝါ တို့၏ ကိုယ်သဏ္ဌာန်မှ သစ်ပင်, နွယ်, ချုံ, အိမ်, ကျောင်း, ညောင်စောင်း, အင်းပျဉ်, တော, တောင်, သမုဒ္ဒရာစသော ခေါ်ဝေါ်ပညတ်ချက် တို့သည်လည်းကောင်း လောကသမ္မုတိ မည်ကုန်၏။
ထိုလောက သမ္မုတိသည် စိတ်, ဝေဒနာ, ဖဿ, ပထဝီ, အာပေါစသော ပရမတ္ထသဘာဝတို့၏ အမည်နာမများ မဟုတ်ကုန်၊ သဏ္ဌာန်ပညတ်, သန္တတိပညတ်တို့၏ အမည်တို့သာတည်း။
ထိုလောကသမ္မုတိ အမည်တို့၏ အနက်ဒြဗ်တို့သည်လည်း ပရမတ္ထအားဖြင့် ထင်ရှားရရှိကောင်းသော တရားတို့ မဟုတ်ကုန်၊ သဏ္ဌာနပညတ်, သန္တတိပညတ်မျှတို့သာ ဖြစ်ကုန်၏၊ ထိုလောက သမ္မုတိအမည်တို့နှင့် အနက်ဒြဗ်တို့သည်လည်း လောကသမ္မုတိ မျှသာဖြစ်၍ စင်စစ်အားဖြင့် သဘာဝဓမ္မများကို မရကောင်းသော ပညတ်မျှတို့သာတည်း၊ ထိုပညတ်မျှသည်ပင်လျှင် လောကသမ္မုတိ မည်လေသည်။
ဥပမာ-- မိန်းမမြုံ၏သား- ဟူသောစကားသည်ရှိ၏၊ စင်စစ် မိန်းမမြုံ၏သား ရှိသလောဆိုလျှင် မုချမရှိလေသကဲ့သို့တည်း။ ထိုသို့ဖြစ်လျှင် လောကသမ္မုတိအားဖြင့် ပြီးစီးသောအရာကို အဘယ့်ကြောင့် သစ္စာဆိုသနည်း။
သတ္တဝါ, ပုဂ္ဂိုလ်ရှိ၏, လူရှိ၏, ယောကျ်ားရှိ၏, မိန်းမရှိ၏, နတ်ရှိ၏, သစ်ပင်ရှိ၏, တော တောင်ရှိ၏စသည်ဖြင့် လောကီလူတို့ ခေါ်ဝေါ် ပြော ဆိုကြမြဲအတိုင်း သုံးစွဲခေါ်ဝေါ်ပြောဆိုလျှင် မုသာဝါဒမဖြစ်၊ အမှန်ကိုသာ ပြောဆိုသည် မည်သောကြောင့် သစ္စာမည်၏၊ ပြောဆိုသော ပုဂ္ဂိုလ်သည် လည်း သစ္စာဝါဒီမည်၏၊ အဘယ်ကြောင့်နည်းဆိုသော် ထိုသို့ ပြောဆိုခြင်း အားဖြင့် တစ်စုံတစ်ယောက်သောသူအား ပျက်ပြား ချွတ်ယွင်း ခြင်းကို မဖြစ်စေတတ်သောကြောင့်တည်း။
သမ္မုတိသစ္စာကို ပြောဆိုသောအခါ ပရမတ္ထဖက်သို့မလှည့်ဘဲ လောကလူတို့အပြောအဆို, အခေါ်အဝေါ်, အမှတ်အထင်အားဖြင့် သာလျှင် ပြောကြားရာ၏၊ ထိုသမ္မုတိသစ္စာသည် သူ့ဆိုင်ရာဌာန၌ များစွာအကျိုးရှိ၏၊ ဗောဓိလောင်းဟူသမျှတို့သည် ထိုသမ္မုတိသစ္စာကို လက်ကိုင်ပြုသဖြင့်သာလျှင် ဗောဓိကို ဖြည့်ဆည်းပူးတော်မူကြရကုန်၏၊ လောကသမ္မုတိအစွမ်း ကြီးကျယ်စွာနှင့် မှန်ကန်ပုံမှာ အမိ-အဖနှင့် အခြားသူများသည် လူ့ဘုံသားချင်းချင်း တူကြ၏၊ အမိ-အဖဟူ၍ လောကသမ္မုတိ ပညတ်ချက်ရှိလေသောကြောင့် အခြားသောသူကို သတ်လျှင် မာတုဃာတကကံ, ပိတုဃာတကကံထိုက်၍ အပြစ်လေးသည် မဟုတ်၊ အမိ-အဖကိုသတ်လျှင်သာ ထိုအပြစ်ကြီးများထိုက်၍ အကျိုးပေး နက်နဲလေသည်။
[အကုသိုလ်တရား ကုသိုလ်တရားတို့၌ သမ္မုတိသစ္စာနှင့်ဖြန့်၍ နှံ့စပ်အောင် ကြည့်လေ။]
[ဤကား သမ္မုတိသစ္စာကိုပြသော စကားရပ်ပေတည်း။]
၂ ။ သဘောအားဖြင့် ထင်ရှားပြီးသော သစ္စာသည် ပရမတ္ထသစ္စာမည်၏။
ပရမတ္ထ ဟူသည် အဘယ်ကိုခေါ်သနည်း။
သဘောအားဖြင့် ထင်ရှားရရှိကောင်းသော တရားများ ကို ပရမတ္ထဆိုသည်၊ သဘောအားဖြင့် ထင်ရှားရရှိကောင်းသော တရား တို့ကား စိတ်, စေတသိတ်, ရုပ်, နိဗ္ဗာန်, ခန္ဓာ, အာယတန, ဓာတ်တို့ ပေတည်း၊ ထိုတရားအပေါင်းတို့သည် ပညတ်မျှမဟုတ်၊ သဘောအားဖြင့် ထင်ရှားသောကြောင့်လည်းကောင်း, ထိုထက်လွန်ကဲ၍ နူးညံ့သိမ်မွေ့ နက်နဲသောသဘော မရှိသောကြောင့်လည်းကောင်း ပရမတ္ထမည်သည်။
သဘာဝတော ဝိဇ္ဇမာနဋ္ဌေန တတော ဥတ္တရိတရဿ အတ္ထဿ အဘာဝတော ပရမတ္ထောနာမ။
သဘာဝတော=သဘောအားဖြင့်၊ ဝိဇ္ဇမာနဋ္ဌေန ထင်းရှားရှိသောအနက်ကြောင့်လည်းကောင်း၊ တတော=ထိုတရားထက်၊ ဥတ္တရိတရဿ= လွန်ကဲနက်နဲသော တရားမျိုး၏၊ အဘာဝတော=မရှိခြင်းကြောင့်လည်း ကောင်း၊ ပရမတ္ထောနာမ=ပရမတ္ထမည်၏။
ပရမတ္ထအားဖြင့် ပြီးစီးသောသစ္စာကား အဘယ်နည်း။ အာရုံကို ကြံတတ်, သိတတ်သော စိတ်ရှိ၏၊ တွေ့ထိတတ်သော ဖဿရှိ၏၊ ခံစားတတ်သော ဝေဒနာရှိ၏၊ ခက်မာခြင်း ပထဝီရှိ၏၊ ဖွဲ့စေးခြင်းအာပေါရှိ၏၊ ချုပ်ငြိမ်းခြင်းနိဗ္ဗာန်ရှိ၏၊ ဤသို့စသည်ဖြင့် တရားသဘောရှိတိုင်း ပြောဆိုသည်ရှိသော် မှန်ကန်ခြင်းသို့ရောက်၏၊ ဤသို့စသည်ဖြင့် ဆိုသောပုဂ္ဂိုလ်သည်လည်း သစ္စာဝါဒီမည်၏၊ ပြောဆို သောစကားသည်လည်း သစ္စာစကားဖြစ်၏၊ အဘယ်ကြောင့်နည်းဟူမူ သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသတို့နှင့်မစပ်မယှက် သက်သက်မှန်ကန်သောသဘော ဖြစ်လေသောကြောင့်တည်း။ [ဤကား ပရမတ္ထသစ္စာကို ပြသောစကားရပ်ပေတည်း။]
---*---
သမ္မုတိသစ္စာ၏ ဆန့်ကျင်ဖက် မုသာဝါဒ
သမ္မုတိ သစ္စာသည်မဟုတ် မမှန်ပြောခြင်းတည်းဟူသော မုသာဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ ပရမတ္ထသစ္စာသည် ဖောက်ပြန် ထင်မှားခြင်းတည်းဟူသော ဝိပလ္လာသတရားနှင့် ဆန့်ကျင်ဖက်ဖြစ်၏။
သမ္မုတိ သစ္စံ မုသာဝါဒပဋိပက္ခံ၊ ပရမတ္ထ သစ္စံ ဝိပလ္လာသ ပဋိပက္ခံ။
သမ္မုတိ သစ္စံ=သမ္မုတိသစ္စာသည်၊ မုသာဝါဒပဋိပက္ခံ=မုသာဝါဒ နှင့်ဆန့်ကျင်ဖက်ဖြစ်၏၊ ပရမတ္ထသစ္စံ=ပရမတ္ထသစ္စာသည်၊ ဝိပလ္လာသ ပဋိပက္ခံ=ဝိပလ္လာသနှင့် ဆန့်ကျင်ဖက်ဖြစ်၏။
ထိုစကားကိုထင်စွာပြဦးအံ့-- -- သဘောအားဖြင့်မှန်သည်ဖြစ်စေ,၊ မမှန်သည်ဖြစ်စေ, မိစ္ဆာဒိဋ္ဌိအရာပင်ဖြစ်စေ, သမ္မာဒိဋ္ဌိအရာပင်ဖြစ်စေ, သမ္မုတိသစ္စာဖက်ကနေ၍ အတ္တရှိ၏, ဇီဝရှိ၏, ပုဂ္ဂိုလ်ရှိ၏, သတ္တဝါ ရှိ၏, ယောက်ျားရှိ၏, မိန်းမရှိ၏ ဤသို့စသည်ဖြင့် ပြောဆိုသောသူအား မုသာဝါဒ မဖြစ်နိုင်၊ အဘယ့်ကြောင့်နည်းဆိုသော် တစ်စုံတစ်ယောက် သော သူကိုမျှ လိမ်လည်လှည့်ပတ်၍ ပြောခြင်း မဟုတ်သောကြောင့် တည်း။
ထိုသမ္မုတိသစ္စာအားဖြင့် ပြောကြားသည်ရှိသော် ဖေါက်ပြန် ထင်မှားခြင်း ဝိပလ္လာသမူကားဖြစ်၏၊ အဘယ့်ကြောင့်နည်း ဆိုသော် အတ္တမဟုတ်သော တရားတို့ကို အတ္တစသည်ဖြင့် စွဲလမ်း၍ပြောဆိုခြင်း ကြောင့်တည်း။
ပရမတ္တသစ္စာဖက်၌တည်၍ အတ္တမရှိ, ဇီဝမရှိ, သတ္တဝါမရှိ, ပုဂ္ဂိုလ်မရှိ, ယောက်ျားမရှိ, မိန်းမမရှိ, သဘာဝဓမ္မတို့သာရှိကုန်၏၊ ထိုသဘာဝဓမ္မတို့သည် အတ္တမဟုတ်ကုန်၊ အနတ္တတို့သည်သာလျှင် တည်းဟူ၍ပြောဆိုသည်ရှိသော် မုသာဝါဒလည်းမဖြစ်နိုင်၊ ဝိပလ္လာသ လည်းမဖြစ်နိုင်။
ပရမတ္ထသစ္စာ၏ ဆန့်ကျင်ဖက် ဝိပလ္လာမှားယွင်းဖောက်ပြန်သည်ကို ဝိပလ္လာသဆိုသည်။
ဝိပရီတတော အသနံ ဥပဂမနံ ဝိပလ္လာသော။
ဝိပရီတတော=မှားယွင်းသောအားဖြင့်၊ အသနံ ဥပဂမနံ= ကပ်ရောက်ခြင်းသည်၊ ဝိပလ္လာသော=ဝိပလ္လာသ မည်၏၊ ၁။ အနိစ္စကို နိစ္စ,
၂။ ဒုက္ခကို သုခ,
၃။ အနတ္တကို အတ္တ,
၄။ အသုဘကို သုဘ
ဟူ၍ဖောက်ပြန်ထင်မှားခြင်း-ဝိပလ္လာသတရားလေးပါးရှိသည်။ [ဝိပလ္လာသလေးပါးကို သညာ, စိတ္တ, ဒိဋ္ဌိသုံးပါးနှင့် မြှောက်ပွါးသည်ရှိသော် ဝိပလ္လာသတရား ၁၂-ပါးဖြစ်၏၊]
အမှတ်မထင်ဖောက်ပြန်မှုကို သညာဝိပလ္လာသဆိုသည်၊ အသိ အကြံဖောက်ပြန်မှုကို စိတ္တဝိပလ္လာသဆိုသည်၊ အမြင်အယူ ဖောက်ပြန်မှု ကိုဒိဋ္ဌိဝိပလ္လာသဆိုသည်၊ ရုပ်နာမ်တရားတို့၌ အမှတ်သညာ၏ ဖောက် ပြန်ခြင်း, အသိအကြံ၏ဖောက်ပြန်ခြင်း, အမြင်အယူ၏ ဖောက်ပြန်ခြင်း ဆိုလိုသည်။
ပရမတ္ထမျှသာသက်သက်ဖြစ်သော ရုပ်နာမ်တရားတို့ကို သတ္တဝါ ဟူ၍လည်းကောင်း, ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ထင်မှတ်စွဲလမ်း၍ ယူသည်ရှိသော် အနိစ္စ၌ နိစ္စဟူ၍ မှတ်ယူစွဲလမ်းသည်မည်၏၊ အဘယ့် ကြောင့်နည်းဆိုသော် သတ္တဝါပုဂ္ဂိုလ်ဟူ၍ ပညတ်မျှသာဖြစ်၏၊ စင်စစ် ရှိသောတရားမျိုး မဟုတ်ပါ။
စင်စစ်ထင်ရှားမရှိသော ပညတ်တရားမှာ ပျက်စီးချုပ်ကွယ်ခြင်း သဘောမရှိ၊ ပုဂ္ဂိုလ်သတ္တဝါတစ်ယောက်သည် တစ်ခုသောဘဝ၌ ပဌမ ပဋိသန္ဓေတည်နေသောအခါ တစ်ကြိမ်သာလျှင်ဖြစ်၏၊ ဘဝအဆုံး၌ တစ်ကြိမ်သာလျှင်သေ၏၊ သတ္တဝါသည် ထိုထိုဘဝမှလာ၍ ပဋိသန္ဓေ တည်နေ၏၊ သေသည်မှနောက်ကာလ၌ ထိုထိုဘဝသို့ ကူးပြောင်းရ လေ၏၊ ဤကား သတ္တဝါတို့၏ သဘောအလေ့ပေတည်း၊ ထို့ကြောင့် နာမ်, ရုပ်တရားကို ပုဂ္ဂိုလ်သတ္တဝါဟူ၍ ယူသည်ရှိသော် အနိစ္စ၌ နိစ္စဟူ၍ မှတ်ယူဖောက်ပြန်သည် မည်လေသည်။
ရုပ်, နာမ်တရားသည်မြဲသောသဘောမရှိ၍ အနိစ္စဖြစ်၏၊ ခဏခဏဖြစ်၍ ခဏခဏပျက်စီးတတ်၏၊ သတ္တဝါမှာ ထိုသို့သဘောမရှိ၊ သို့ဖြစ်၍ နာမ်, ရုပ်တို့ကို သတ္တဝါဟု မှတ်ယူသောအခါ သဘောချင်း ကန့်လန့်ဆန့်ကျင်၍ ဝိပလ္လာသမည်လေသည်၊ ဒုက္ခသစ္စာတွင် အကျုံး ဝင်၍ ဖြစ်ခြင်းတို့ဖြင့် နှိပ်စက်အပ်သောကြောင့် ချမ်းသာအဖျက် သက်သက် ဒုက္ခအတိသာဖြစ်သော ရုပ်,နာမ်တို့ကို ချစ်ခင်ဖွယ်, နှစ်သက်ဖွယ်, သာယာမြတ်နိုးဖွယ်, ချမ်းသာဖွယ်ဟူ၍ မှတ်ယူစွဲလမ်း သည်ရှိသော် ဒုက္ခ၌ သုခဟူ၍ မှတ်ယူဖောက်ပြန်သည်မည်၏၊ အသုဘ၌ သုဘဟူ၍ မှတ်ယူဖောက် ပြန်သည်လည်း မည်၏။
သတ္တဝါမည်သည် ပညတ်မျှသာရှိ၏၊ သဘောအားဖြင့် ထင်ရှားမရှိ၊ ဤကဲ့သို့ ထင်ရှားမရှိသောသတ္တဝါကို ထင်ရှားရှိသကဲ့သို့ စွဲလမ်းယူလျက် နာမ်, ရုပ်တရားကိုပင်လျှင် သတ္တဝါ၏အနှစ်သာရ, အတ္တ, ဇီဝဟူ၍ ပြုလုပ်ပြီးလျှင် နာမ်, ရုပ်တရားသည်ပင်လျှင် သတ္တဝါ၏အတ္တ, ဇီဝမည်၏၊ ဤနာမ်, ရုပ်တရားသည်ပင်လျှင် သတ္တဝါမည်၏ဟူ၍ မှတ်ယူသည်ရှိသော် အနတ္တ၌ အတ္တဟူ၍ မှတ်ယူစွဲလမ်း ဖောက်ပြန် သည်မည်၏။
ယောကျ်ားသည် မျက်စိဖြင့် အဆင်းကိုမြင်၏ဟူသော စကား၌ မြင်ခြင်းမည်သည်ကား စက္ခုဝိညာဏ်စိတ်ပင်လျှင်တည်း၊ ထိုစက္ခု ဝိညာဏ်စိတ်သည် အဆင်းကိုအာရုံပြု၏၊ အဆင်းမည်သည်လည်း ဝဏ္ဏာယတနခေါ်သော ရူပါရုံဓာတ်တရားဖြစ်၏၊ ပုဂ္ဂိုလ်မဟုတ်, သတ္တဝါမဟုတ်, ပုဂ္ဂိုလ်ကမြင်သည်မဟုတ်။
အဆင်းကိုမြင်ပြီးသောအခါ တစ်ဖန် မနောဝိညာဏ် စိတ်တို့ဖြင့် သတ္တဝါဟူ၍ မှတ်ထင်၏၊ ယောကျ်ားဟူ၍, ဦးခေါင်းဟူ၍, မျက်နှာဟူ၍, ခြေလက်အင်္ဂါဟူ၍ မှတ်ထင်၏၊ သစ်ပင်ဟူ၍, ရထားဟူ၍, အိမ်ဟူ၍, ကျောင်းဟူ၍ မှတ်ထင်၏၊ ဤသို့ဖြစ်ရခြင်းကား မြင်ခြင်းဒဿနလျှင် အကြောင်းရင်းရှိသော စိတ္တဝိပလ္လာသမျိုးပေတည်း၊ ကြားခြင်းသဝန, နံခြင်းဃာယန, လျက်ခြင်းသာယန, တွေ့ထိခြင်း ဖုသနလျှင်အရင်းရှိသော စိတ္တဝိပလ္လာသသည်ကား လွန်စွာအရာကျယ်၏။
အကြင်သို့သောအခြင်းအရာအားဖြင့် မနောဝိညာဏ်စိတ်က မှတ်၍ ထား၏၊ ထိုသို့သော အခြင်းအရာအားဖြင့် သညာက မြဲစွဲစေ၏၊ နောက်အခါ၌ မေ့လျော့ခြင်း ပျက်စီးခြင်းကို မဖြစ်စေ၊ ဤကား သညာဝိပလ္လာသမှုပေတည်း။
ထိုသို့သော အခြင်းအရာအားဖြင့် သညာက အမြဲအစွဲမှတ်၍ ထားအပ်ကုန်သော သတ္တဝါ ပုဂ္ဂိုလ် စသည်တို့၌ အတ္တရှိ၏, ဇီဝရှိ၏၊ ထိုအတ္တ-ဇီဝသည် ဤသို့သဘောရှိ၏, ဤသို့အခြင်းအရာရှိ၏ စသည်ဖြင့် ဒိဋ္ဌိကကြံစည်၏၊ ဤကား ဒိဋ္ဌိဝိပလ္လာသမှုပေတည်း။
သုတ္တန်တို့၌မူကား သညာဝိပလ္လာသက သတ္တဝါတို့၌ ထင်ရှား သောကြောင့် ထိုသညာဝိပလ္လာသကို ရှေးဦးစွာ ဟောကြားတော်မူသည်၊ သို့ရာတွင် ထိုသညာဝိပလ္လာသသည် ဒိဋ္ဌိ၏နောက်သို့ပင် အစဉ်လိုက် လျက် ရှိလေသေး၏။
ဤဝိပလ္လာသတရားတို့သည် အဝိဇ္ဇာလျှင် အကြောင်းရင်း ရှိကုန်၏၊ အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏၊ သစ္စာလေးတန်ကို မှန်သောအတိုင်း မသိမှုကြောင့် အဖေါက်ဖေါက်အပြန်ပြန် ဝိပလ္လာသတရားတွေ ဖြစ်၍ နေသည်၊ ထိုဝိပလ္လာသတို့တွင် သညာဝိပလ္လာသနှင့် စိတ္တ ဝိပလ္လာသ နှစ်ပါးတို့ကို လောကီကုသိုလ် စိတ္တုပ္ပါဒ်တို့၌လည်း ရအပ်ကုန်၏၊ ထိုဝိပလ္လာသတရားတို့ကြောင့် တဏှာ, မာန, ဒိဋ္ဌိတည်းဟူသော သံသရာ နယ်ချဲ့သမား ပပဉ္စတရားတို့ ဖြစ်ပေါ်လာကြကုန်၏၊ ပရမတ္ထသစ္စာ၌ တည်၍ ဆင်ခြင်သည်ရှိသော် ထိုဝိပလ္လာသတရားတို့၏ မှားယွင်း ဖောက်ပြန်ချက်တို့ကို ထင်ရှားစွာ ပိုင်းခြားသိနိုင်ကုန်၏၊ ထိုသို့ပိုင်းခြား၍ သိနိုင်သည်ရှိသော် ထိုဝိပလ္လာသတရားတို့ကို ပယ်စွန့်နိုင်လေ၏။
သစ္စာနှစ်ပါးကိုပြဆိုခန်းပြီး၏။
[ဤတွင်ရွေ့ကား လန်ဒန်မြို့ ရိုက်(စ်)ဒေဗစ် ပုစ္ဆာငါးရပ်အကျဉ်းအားဖြင့် ဖြေဆိုခန်းပြီး၏၊ အကျယ်စိတ္တာရ အဖြေမှာလန်ဒန်ပါဠိအဖြေမှာပါရှိလေ၏၊]
---*---
မောင်စံလင်း လျှောက်လွှာ
ဘုရားတပည့်တော် ဒါယကာ မောင်စံလင်း ခြေတော်ဦးခိုက် လျှောက်ထားပါသည် အရှင်သူမြတ်ဘုရား။
နိရုတ္တိပထသုတ်ကို ကြည့်ရာ ၎င်းသုတ်ကို မည်သည့် အကြောင်း ကြောင့်, မည်သည့်အကျိုးငှါ မြတ်စွာဘုရား ဟောတော်မူသည်ကို မသိနိုင်ပါသောကြောင့် ၎င်းအကြောင်းအကျိုးများကို ထုတ်ဖေါ်ဖြေဆို မ,စ,တော်မူပါမည့်အကြောင်း လျှောက်ထားပါသည်ဘုရား။
---*---
နိရုတ္တိပထသုတ်အဓိပ္ပါယ်အတွက် ဆရာတော်ကြီးမိန့်ဆိုချက်
[သံယုတ္တနိကာယ် ဒုတိယအုပ်နံပါတ် ၅၂-အနက်ပြန်ဆိုချက်။]
ဘိက္ခဝေ=ရဟန်းတို့၊ နိရုတ္တိပထာ=ဝစီနှုတ်ဖြင့် ဖော်ထုတ် ပြောဆိုခြင်း၏ အကြောင်းအရာတို့သည်၊ အဓိဝစနပထာ=အစဉ်စွဲမှတ် ပြောဆိုအပ်သော အကြောင်းအရာတို့သည်၊ ပညတ္တိပထာ=အများ ပညတ်သမုတ်အပ်သော အကြောင်းအရာတို့သည်၊ ဣမေတယော= ဤသုံးမျိုးတို့တည်း၊ တေစ=ထိုသုံးမျိုးတို့သည်လည်း၊ (ထည့်သည်)၊ အသံကိဏ္ဏာ= မည်သူတစ်ဦးတစ်ယောက်မျှ မပယ်ရှားနိုင်ကြကုန်၊ အသံ ကိဏ္ဏပုဗ္ဗာ= ရှေးရှေးကလည်း မပယ်ရှားကြဘူးကုန်၊ နသံကိယိဿန္တိ= ယခုလည်းမပယ်ရှားနိုင်ကြကုန်၊ နသံကိယိဿန္တိ=ရှေ့သို့လည်း မပယ်ရှား နိုင်ကြကုန်လတံ့၊ ဝိညူဟိ=ပညာရှိဖြစ်ကြကုန်သော၊ သမဏေဟိ= ရသေ့ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မဏေဟိ=ပုဏ္ဏားတို့သည် လည်းကောင်း၊ အပဋိကုဋ္ဌာ=အမှန်အဟုတ် စကားနုပ်ဟု မရှုတ်ချ အပ်ကုန်။
ကတမေ တယော=အဘယ်သုံးမျိုးတို့နည်းဟူမူကား။ ဘိက္ခဝေ=ရဟန်းတို့၊ ယံရူပံ=အကြင်ရုပ်တရားသည်၊ အတီတံ= ကွယ်လွန်လေပြီ၊ နိရုဒ္ဓံ=ချုပ်ပျောက်လေပြီ၊ ဝိပရိဏတံ=ဖောက်ပြန် ပျက်ပြားလေပြီ၊ တဿ=ထိုရုပ်တရားကို၊ အဟောသီတိ=အဟောသိဟူ၍၊ သင်္ခါ=ခေါ်ဝေါ်ခြင်းသည်၊ ဟောတိ=ဖြစ်၏၊ အဟောသီတိ=အဟောသိ ဟူ၍၊ သမညာ=သမုတ်ခြင်းသည်၊ ဟောတိ=ဖြစ်၏၊ အဟောသီတိ= အဟောသိဟူ၍၊ ပညတ္တိ=ပညတ်ခြင်းသည်၊ ဟောတိ=ဖြစ်၏။
[အဟောသိ ကား ရှေး၌ဖြစ်၍ ကွယ်လွန်လေပြီ ဆိုလိုသည်]
တဿ=ထိုကွယ်လွန်လေပြီးသော ရုပ်တရားကို၊ အတ္ထီတိ=အတ္ထိ ဟူ၍၊ သင်္ခါ=ခေါ်ဝေါ်ခြင်းသည်၊ နတ္ထိ=မရှိ၊ တဿ=ထိုကွယ်လွန်လေပြီး သော ရုပ်တရားကို၊ ဘဝိဿတီတိ=ဘဝိဿတိဟူ၍၊ သင်္ခါ=ခေါ်ဝေါ်ခြင်း သည်၊ နတ္ထိ=မရှိ။
[နတဿ၌ န-ကို နတ္ထိ-ဟုခေါ်သည်]
ချုပ်ပျောက် ကွယ်လွန်လေပြီးသော ရုပ်တရားကို ယခုရှိနေ ဆဲဟူ၍လည်း ဆိုရိုး, ခေါ်ရိုးမရှိ၊ ရှေ့သို့ဖြစ်လတံ့ ဟူ၍လည်း ဆိုရိုး, ခေါ်ရိုးမရှိ ဟူလိုသည်။
[ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့မှာလည်း ရုပ်တရား အတိုင်းပင်။]
[ဤကား အတီတပညတ္တိပထတည်း။]
အနာဂတ ပညတ္တိ ပထ၌- မဖြစ်ပေါ်သေးသောတရားကို ရှေ့သို့ဖြစ်ပေါ်လတံ့ဟူ၍သာ ခေါ်ရိုးရှိ၏၊ ဖြစ်ပြီး, ဖြစ်ဆဲဟူ၍ ခေါ်ရိုးမရှိ။
ပစ္စုပ္ပန္နပညတ္တိပထ၌-- ဖြစ်ပေါ်ရှိနေဆဲဖြစ်သောတရားကို ဖြစ်ပေါ်ရှိနေဆဲဟူ၍သာ ခေါ်ရိုးရှိ၏၊ ဖြစ်ပြီး, ဖြစ်လတံ့ဟူ၍ ခေါ်ရိုးမရှိဟု အဓိပ္ပါယ်အကျဉ်းချုပ် ဆိုလေ၏။
[အနက်ပြန်ဆိုရန် အလွန်လွယ်သော သုတ်ပေတည်း။]
ရှေး၌ဖြစ်ပေါ်ဖူးကြကုန်သော ဥက္ကလာပတိုင်းသား ဝဿ ဆရာကြီး, ဘညဆရာကြီးတို့သည် အဟေတုက, အကြိယ, နတ္ထိက အယူ ရှိကြကုန်၏၊ အဟေတုက, အကြိယ, နတ္ထိက အယူရှိကြကုန်သော ထိုဆရာကြီးတို့သော်မှလည်း ထိုပညတ္တိပထသုံးမျိုးကို မမှန်, မဟုတ် စကားနုပ်, စကားဖွဲ့ဟု မဆိုရဲ, မပြောရဲကြလေကုန်၊ အဘယ့်ကြောင့်နည်း ဆိုသော် ထိုပညတ္တိပထဟုဆိုအပ်သောစကား အကြောင်းအရာကြီး သုံးခွန်းတို့သည် ကမ္ဘာပေါ်တွင် အမှုကိုထင်ရှားနှင့် အများသူတို့ အခိုင်အမြဲ အသုံးပြု၍နေကြသော စကားအချက်ကြီးမျိုး ဖြစ်ချေ၏ ထိုစကားအကြောင်းအရာကြီး သုံးခွန်းကို မမှန်, မဟုတ်ဟု ရှုတ်ချ ပြစ်တင်ပြောဆိုကြလျှင် ပြောဆိုသူ၏အပေါ်မှာသာ လူအများတို့က ပြစ်တင်ကဲ့ရဲ့ စောင်းရွဲ့ ချုတ်ချယ်မှု ရောက်လာမည်အမှန် ဖြစ်ချေ သောကြောင့်တည်း။
ဤစကား၌ ထိုဆရာကြီးများအယူမှာ ဥစ္ဆေဒဒိဋ္ဌိ အယူမျိုး ဖြစ်ချေ၍ သတ္တဝါတစ်ယောက်မှာ ပစ္စုပ္ပန်တစ်ဘဝသာရှိ၏၊ အတိတ်ဘဝ, အနာဂတ်ဘဝဟူ၍မရှိ၊ တစ်ယောက်သောသတ္တဝါမှာ အတိတ်ဘဝ ရှိသည်, အနာဂတ်ဘဝရှိသည်ဆိုကြသော စကားများကို မမှန်, မဟုတ်ဟု ရှုတ်ချပယ်ဖျက်၍နေကြသော ဆရာကြီးများဖြစ်ကြ၏၊ ထိုဆရာကြီး များသော်မှလည်း သတ္တဝါအများနှင့်စပ်ဆိုင်သော အတိတ်စကား, အနာဂတ်စကားများကို မပယ်ရှားနိုင်ကြချေ၊ ဤစကားရပ်ဖြင့် ဤစကား အကြောင်းအရာကြီး သုံးမျိုးတို့၏ အလွန်ခိုင်မြဲသောအရာကို ပြဆို တော်မူပေ၏။
[ဤကား နိရုတ္တိပထသုတ် ပါဠိတော်ရှိတိုင်းမှာ အနက်အဓိပ္ပါယ် ပြဆိုချက်တည်း။]
---*---
နိရုတ္တိပထသုတ်ကို ဟောတော်မူရခြင်း၏ အကြောင်းအကျိုး
ဤနိရုတ္တိပထသုတ်၏ အနက်အဓိပ္ပါယ်ကို သိလို၍ လျှောက် ထားသူ ဒါယကာ မောင်စံလင်း၏ လျှောက်လွာမှာ “ဤ နိရုတ္တိပထ သုတ်ကို မည်သည့်အကြောင်းကြောင့် ဟောတော်မူသည်, မည်သည့် အကျိုးငှါ ဟောတော်မူသည်ဟူ၍ မသိနိုင်ပါ၊” ဟု ပါရှိသောကြောင့် ၎င်းသုတ်ကို ဟောတော်မူခြင်း၏ အကြောင်းအကျိုးတို့ကို ပြဆိုဦးအံ့။
ဤနိရုတ္တိပထသုတ်ကို ဟောတော်မူခြင်း၏ အကြောင်းသည် ကား- ခန္ဓာငါးပါးတို့၏ အနိစ္စဓမ္မစင်စစ် ဖြစ်ကြောင်းကို သက်သေ သာဓက ပြဆိုရန်အချက်မှာ ဤနိရုတ္တိပထ- စကားအကြောင်းအရာင်္ကြီး သုံးပါးသည် အလွန်ခိုင်လုံသော သက်သေကြီးဖြစ်သောကြောင့် ဤသုတ်ကို ဟောတော်မူပေသည်။
ထင်လင်းစေဦးအံ့-- တစ်ယောက်သော သတ္တဝါ၏ ကိုယ်ခန္ဓာစု တွင် ရူပက္ခန္ဓာတစ်စုကို အတိတ်, အနာဂတ်, ပစ္စုပ္ပန် သုံးပိုင်းပိုင်း၍ ပြတော်မူ၏၊ ရှေး၌ ဖြစ်ပေါ်ဘူး၍ ကွယ်လွန်ပြီးအပိုင်းကို “အဟောသိ” ဟု လောကတွင် ခေါ်ရိုးခေါ်စဉ်ရှိ၏၊ အတ္ထိ- ဟု ခေါ်ရိုး ခေါ်စဉ်မရှိဟု ဖော်ပြတော်မူခြင်းသည် ၎င်းရူပက္ခန္ဓာ၏ အနိစ္စသဘောသည် လောက အပေါ်မှာပင် အပြီးပါလျက် ရှိသည်ဟု ပြတော်မူခြင်းပေတည်း။
[အနာဂတ်ပိုင်း, ပစ္စုပ္ပန်ပိုင်းတို့၌လည်း ထိုနည်းတူပင်တည်း]
ဥပမာကား-- ထိုသူ၏ ကိုယ်ခန္ဓာတွင် ရံခါရံခါ အဖျား အနာ ရောဂါဝေဒနာအမျိုးမျိုးဖြစ်ရမှု, အမျိုးမျိုးပျောက်ငြိမ်းမှု တွေ့ကြုံလျက်ရှိ၏၊ အဖျားရောဂါဆိုသည်လည်း ထိုသူ၏ ရူပက္ခန္ဓာ ကြီးပင်ဖြစ်၏၊ ပျောက် ငြိမ်းမှုဆိုသည်လည်း ထိုအဖျားရူပက္ခန္ဓာကြီး၏ ချုပ်ကွယ်ပျက်ဆုံးမှု ပင်ဖြစ်၏၊ ထိုအဖျားပျောက်ငြိမ်းသောအခါ ထိုအဖျား ရူပက္ခန္ဓာကြီးသည် ကွယ်လွန်လေပြီးသော အစိတ်အပိုင်းကြီးဖြစ်လေ၏၊ “အဟောသိဖြစ်ပေါ်၍ ကွယ်လွန်လေပြီ” ဟူသော လောကစကား အတိုင်းပင်ဖြစ်၏၊ ပျောက်ငြိမ်းပြီဟုဆိုသည်နှင့် ကွယ်လွန်ပြီဟု ဆိုသည်ကား အတူတူပင် ဖြစ်၏၊ ဤပျောက်ငြိမ်းပြီ ဆိုရသော ချုပ်ပျက် ကွယ်လွန်ပြီးသော ရူပက္ခန္ဓာစုကို “အတ္ထိ-ယခုရှိသည်” ဟူ၍လည်း ခေါ်ရိုးမရှိ၊ “ဘဝိဿတိနောင်ဖြစ်လတ္တံ့” ဟူ၍လည်း ခေါ်ရိုးမရှိ၊ ဖြစ်ပြီး, ဖြစ်လတ္တံ့, ဖြစ်ဆဲ သုံးပိုင်းခြားနားကြ၏၊ အပိုင်းလည်း အသီးသီး, အခေါ်လည်း အသီးသီး ရှိနေကြ၏- ဆိုလိုသည်။
[ရှေ့သို့ဖြစ်လတ္တံ့သော အနာဂတ်အဖျားအနာ-ရူပက္ခန္ဓာ, ယခု ရှိနေဆဲဖြစ်သော ပစ္စုပ္ပန်အဖျားအနာ- ရူပက္ခန္ဓာတို့မှာလည်း ဤနည်းတူ သိလေ။]
သို့သော် အဖျားအနာ- ရူပက္ခန္ဓာ ပိုင်းစုနှင့်အကျန်းအမာရူပက္ခန္ဓာပိုင်းစုကို တစ်ပိုင်းစီ, တစ်ခြားစီဟူ၍ လူတိုင်းသိကြ၏၊ သိကြ သည့်အတိုင်း အထင်အမြင်ပေါက်အောင် စိုက်စိုက်စူးစူး ရှုမှုကြည့်မှုသာ လိုကြ၏။
နိရုတ္တိနှင့် နိရုတ္တိပထ အထူး
ဤစကား၌ အဖျားအနာဟူသော အမည်သညာဝေါဟာရ စကားသည် နိရုတ္တိမည်၏။
အဖျားအနာအနေနှင့် ရှိနေသော ရူပကာယခန္ဓာကြီးသည် နိရုတ္တိပထမည်၏။
အကျန်းအမာ ဟူသောစကားသည် နိရုတ္တိမည်၏။
ကျန်းမာသော အနေနှင့်ရှိနေသော ရူပကာယခန္ဓာကြီးသည် နိရုတ္တိ ပထမည်၏၊
နိရုတ္တိချင်းချင်းလည်း ဆန့်ကျင်ဖက်ဖြစ်ကြ၏၊ နိရုတ္တိပထ ချင်းချင်း လည်း ဆန့်ကျင်ဖက် ဖြစ်ကြ၏၊ အဖျားအနာဟု ပြောဆိုသော အခါ ကျန်းမာသော ရူပကာယခန္ဓာပိုင်းနှင့်မဆိုင်၊ အကျန်းအမာဟု ပြောဆို သောအခါ အဖျားအနာ ရူပက္ခန္ဓာပိုင်းနှင့် မဆိုင်ကြောင်းကိုလည်း အများ သိကြ၏။
ဤသူဖျားနေသည်ဟု ပြောကြရာ၌ ဖျား-ဟူသော နိရုတ္တိ စကား သည် ဖျားသောရူပက္ခန္ဓာ၏ အမည်ပေတည်း၊ စကားကမူကား ရူပက္ခန္ဓာ နှင့်သာဆိုင်၏, ပုဂ္ဂိုလ်နှင့်မဆိုင်၊ ပြောကြသူတို့၏ စိတ်ကမူကား ရူပက္ခန္ဓာ သို့ အဖြောင့်မသွား၊ ပုဂ္ဂိုလ်,သတ္တဝါ,မည်သူမည်ဝါ ဟူသော ဝိပလ္လာသ နယ်ဖက်သို့သာ ပေါလောပေါလောမျော၍ သွားလေ၏။
စကားအကျကိုစစ်ဆေးလျှင်-- ရူပက္ခန္ဓာသို့ အမှန် အဖြောင့်ဆိုက် အောင် ပြောပေလတ္တံ့၊ စိတ်အသွားကို စစ်ဆေးလျှင် ဖျား-ဟူသောမိမိ စကား၏ ဆိုင်ရာမဟုတ်သော ပုဂ္ဂိုလ် သတ္တဝါသို့ ဆိုက်လတ္တံ့၊ စကားက တစ်လမ်း, စိတ်ကတစ်လမ်းစီ နေကြ၏၊ ထိုနှစ်လမ်းတွင် အသေအချာ စစ်ဆေးလျှင် စကားလမ်းအတိုင်းသာ အမှန်အကန်ဟု ဝန်ခံကြရမည် ဖြစ်၏။
စိတ်တို့သွားရာသို့လိုက်၍ ပြောဆိုမူကား ဖျားသည်လည်း သည်သူပင်, ကျန်းမာသည်လည်း သည်သူပင်၊ ဘာထူးသေးသလဲဟု အဖျားနှင့်အကျန်းမာကို လူတစ်ယောက်ထည်းပြုလုပ်၍ ပြောလတ္တံ့၊ ပုဂ္ဂိုလ်တစ်ယောက်ဟု စွဲလမ်းချက်ရှိနေသမျှကာလပတ်လုံး ဖျားသည်, နာသည်, မာသည်, ကျန်းသည်ဆိုသော စကားများသည် မိမိတို့ဆိုင်ရာ နိရုတ္တိပထလမ်းသို့ မရောက်ကြရ၊ ဝိပလ္လာသနယ်ဖက်သို့သာ ရောက်၍ နေကြရ၏။
နိရုတ္တိပထကို ဣရိယာပုတ်လေးပါးနှင့် ပြဆိုချက်
ဤနိရုတ္တိပထအရာကို ဣရိယာပုတ်လေးပါးနှင့် ပြဆိုသော် သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်းဟူ၍ ဣရိယာပထ လေးပါးရှိ၏။
သွားခြင်းဟူသော နိရုတ္တိစကားသည် သွား၍နေသော ရူပက္ခန္ဓာ ကြီး၏သာ ဆိုင်ရာဖြစ်၏၊ ရပ်ခြင်းစသည်တို့နှင့် မဆိုင်၊ ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်းတို့လည်း ထို့အတူပင်တည်း၊ သွား၍နေသော ရူပက္ခန္ဓာ ကြီးမှာ အစ, အလယ်, အဆုံးသုံးပါးရှိ၏၊ ရပ်ခြင်းသို့ရောက်လျှင် သွားခြင်း ဆုံး၏၊ အတိတ်ဖြစ်၍ “အဟောသိ=ဖြစ်ပေါ်၍ကွယ်လွန်လေပြီ” ဟူသော နိရုတ္တိအရာဖြစ်လေ၏၊ မည်သူတစ်ယောက်မှ “အတ္ထိ, ဘဝိဿတိ” ဟု မဆိုနိုင်လေ။
သည်ကိုရည်၍-
ယံ ဘိက္ခဝေ ရူပံ အတီတံနိရုဒ္ဓံ ဝိပရိဏတံ အဟောသီတိ တဿ သင်္ခါ၊ န တဿ သင်္ခါ အတ္ထီတိ၊ န တဿ သင်္ခါ ဘဝိဿတီတိ။
ဟူ၍ ဟောတော်မူလေသည်။
သွား၍နေဆဲအခါ သွားခြင်း အနေနှင့် ဖြစ်ပေါ်၍နေသော ရူပက္ခန္ဓာကြီးသည် “အတ္ထိ- ယခုရှိနေသည်” ဟူသော နိရုတ္တိ၏ အရာ ဖြစ်၏၊ မည်သူတစ်ယောက်မျှ “အဟောသိ, ဘဝိဿတိ” ဟူ၍ မဆို နိုင်ချေ။
သည်ကိုရည်၍
ယံ ဘိက္ခဝေ ရူပံ ဇာတံ ပါတုဘူတံ အတ္ထီတိ တဿ သင်္ခါ၊ န တဿ သင်္ခါ အဟောသီတိ၊ န တဿ သင်္ခါ ဘဝိဿတီတိ။
ဟူ၍ဟောတော်မူသည်။
သွားအံ့ဟုကြံ၍ ရပ်နေဆဲအခါ၌ သွားခြင်းအနေနှင့် ဖြစ် ပေါ်မည့် ရူပက္ခန္ဓာကြီးသည် ဖြစ်ပေါ်ပြီးမဟုတ်, ယခု ဖြစ်ပေါ်ဆဲ မဟုတ်၊ ဖြစ်ပေါ်လတံ့ဟူ၍သာ ဆိုရ၏။
သည်ကိုရည်၍
ယံ ဘိက္ခဝေ ရူပံ အဇာတံ အပါတုဘူတံ ဘဝိဿတီတိ တဿ သင်္ခါ၊ န တဿ သင်္ခါ အဟောသီတိ၊ န တဿ သင်္ခါ အတ္ထီတိ”။
ဟူ၍ဟော်မူသည်။
[ကြွင်းသော ဣရိယာပုတ်သုံးပါးတို့၌လည်း ဤနည်းတူသိလေ။]
သွားခြင်း ဣရိယာပုထ် တွင်လည်း ခြေတစ်လှမ်း တစ်လှမ်းလျှင် ရူပက္ခန္ဓာကြီး တစ်ပိုင်း,တစ်ပိုင်းစီ ပိုင်းဖြတ်နိုင်၏၊ တစ်ပိုင်းတစ်ပိုင်း တွင်လည်း အစ,အလယ်,အဆုံးရှိ၏၊ လူတိုင်းမျက်မြင်ဖြစ်ကြ၏၊ တစ်လှမ်း တစ်လှမ်းမှာ အတိတ်, အနာဂါတ်, ပစ္စုပ္ပန် ကာလသုံးပါးရှိ၏၊ အထက် ပါဠိတော်နှင့်တိုက်ဆိုင်၍ နိရုတ္တိသုံးပါး ဝေဖန်လေ။
[ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဝိပဿနာရှုခန်း၌ ခြေတစ်လှမ်းတစ်လှမ်းမှာ ၆- ပုံ ၆-ပုံစုခွဲ၏၊]
လိုရင်းမှာ
နိရုတ္တိဆိုသည်ကား-- လူတို့ ပြောဆိုကြသော စကားမျိုးကို နိရုတ္တိဆိုသည်၊ နိရုတ္တိပထဆိုသည်ကား ထိုစကားမျိုးတို့၏ ဆိုင်ရာဆိုင်ရာ ဖြစ်သော ရုပ်အထူးအထွေ, နာမ်အထူးထွေစုကို နိရုတ္တိပထဆိုသည်။
ရုပ်အထူးအထွေဆိုသည်ကား-- ရုပ်အမျိုးမျိုး အထူးအထွေ, ရုပ်တို့၏ ဖြစ်မှုအထူးထွေ, ပျက်မှုအထူးအထွေ, ပြောင်းလဲမှု အထူး အထွေတို့ကို ရုပ်အထူးအထွေဆိုသည်၊ နာမ်အထူးအထွေ ဆိုသည်လည်း စိတ်နာမ်အမျိုးမျိုး-စေတသိက်နာမ်အမျိုးမျိုး အထူးအထွေ, ထိုနာမ်တို့၏ ဖြစ်မှုအထူးအထွေ, ပျက်မှုအထူးအထွေ, ပြောင်းလဲမှု အထူးအထွေတို့ကို နာမ်အထူးအထွေဆိုသည်။
ထိုရုပ်အထူးအထွေ, နာမ်အထူးအထွေတို့မှာလည်း စကား ဟူသော နိရုတ္တိဝေါဟာရ အသီးအသီးစီ ရှိကြ၏၊ ထင်ပေါ် ထင်ရှား ကြသော ရုပ်များ, နာမ်များအတွက် ထိုထိုဆိုင်ရာဆိုင်ရာ စကား တို့ကိုလည်း တစ်လောကလုံး အရိုးအစဉ် အထင်အရှား ပြောဆို၍ နေကြ၏၊ သူ့နိရုတ္တိနှင့် သူ့နိရုတ္တိပထ နေရာကျပြောရိုး ဆိုရိုးမပျက် ရှိနေကြ၏၊ ထိုပြောရိုးဆိုရိုးအတိုင်း အများပြောဆို၍ နေကြသော စကားအမျိုးမျိုးထဲမှာပင် အနိစ္စမှုတွေ, ဒုက္ခမှုတွေ, အနတ္တမှုတွေ အပြီးပါရှိ၏၊ ထိုစကားတို့ကို ပြောဆို၍နေကြသော လူအပေါင်းတို့မှာမူ ကား မိမိပြောဆိုလိုက်စားသော စကား၏ဆိုင်ရာ, စကား၏ အနက်ဟူ သော ရုပ်အထူးအထွေ, နာမ်အထူးအထွေသို့ ဆိုက်အောင် ဉာဏ်မလိုက်, ဉာဏ်မသွား, ဉာဏ်အပေါက်, ဉာဏ်မရောက်ရှိနေကြ ကုန်သည့်အတွက် ကြောင့် အနိစ္စစကားမျိုးကို တစ်ဖွါဖွါပြောဆို၍ နေကြလျက် ဒုက္ခအစစ်, အနတ္တအစစ်ကို မတွေ့ကြ၊ ဉာဏ်နှင့် ရှာကြံသော်လည်းမရ ရှိနေကြကုန် သည်။
[ဤကား သုတ္တန်မှာလာသော နိရုတ္တိပထသုတ်ကြီး၏ အချုပ်စကားပေတည်း။]
အဘိဓမ္မာမှာလာသော နိရုတ္တိပထ ဒေသနာတော်ကြီးနှင့် ပြောရလျှင် များစွာကျယ်ဝန်းဖွယ်ရှိ၏၊
အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာနှင့် စပ်လျဉ်း၍ ငါတို့စီရင်သော ဒီပနီကျမ်းတို့ကို ကောင်းကောင်း ကြည့်ရှုကြပါလျှင် နိရုတ္တိနှင့် နိရုတ္တိပထ လမ်းမှန်ကျအောင် ထုတ်ဖော်ပြဆိုသော အချက်တွေများစွာ တွေ့မြင် ကြကုန်ရာ၏။
[ကောင်းကောင်း မကျန်းမာသေးသည့်အတွက် စာမရေးနိုင်ရှိနေ၍ အကျဉ်းမျှသာ ရေးလိုက်သည်။]
နိရုတ္တိပထသုတ်ကို ဟောတော်မူရခြင်း၏ ကြောင်းကျိုးပြ ဖြေဆိုချက်ပြီး၏။
---*---
မောင်စံလင်း ဒုတိယလျှောက်လွှာ
ဘုရားတပည့်တော် ဒါယကာ မောင်စံလင်း လျှောက်ထား ပါသည်ဘုရား။
မူလပဏ္ဏာသ-မူလပရိယာယသုတ်တွင်
ပထဝိံ ပထဝိတော သဉ္ဇာနာတိ၊ ပထဝိံ ပထဝိတော သညတွာ ပထဝိံ မညတိ၊ ပထဝိယာမညာတိ၊ ပထဝိတော မညတိ၊ ပထဝိံ မေတိမညတိ၊ ပထဝိံ အဘိနန္ဒတိ။
ဟူသောပုဒ်များ၊ အနက်ကို မြန်မာနိသျှ, အင်္ဂလိပ်နိသျှတို့နှင့် တိုက်ဆိုင်ကြည့်ရှုပါသော်လည်း နားမလည်နိုင်အောင်ရှိနေပါသော ကြောင့် ၎င်းသုတ်ကို တပည့်တော်များ နားမလည်နိုင်အောင်ရှိနေပါ သောကြောင့် ၎င်းသုတ်ကို တပည့်တော်များနားလည်နိုင်ပါအောင် အဓိပ္ပါယ်ရေးသား ချီးမြှောက် မ,စတော်မူပါဘုရား။
---*---
မူလပရိယာယသုတ် အဓိပ္ပါယ်အတွက် ဆရာတော်ကြီးမိန့်ဆိုချက်
မူလပရိယာယသုတ်၏ အဓိပ္ပါယ်ကို နားလည်ရန် ဝိပလ္လာသ စသည်ကို ရှေးဦးစွာ ဖော်ပြအံ့။
ဝိပလ္လာသ ၁၂-ပါး
ဝိပလ္လာသဆိုသည်ကား-- မဟုတ်မမှန်, ဖောက်ပြန် မှားယွင်းခြင်းကို ဆိုသည်၊ ဖောက်ပြန်ခြင်းသုံးပါးရှိ၏။
၁။ သညာ၏ဖောက်ပြန်ခြင်းတစ်ပါး,
၂။ စိတ်၏ဖောက်ပြန်ခြင်းတစ်ပါး,
၃။ ဒိဋ္ဌိ၏ဖောက်ပြန်ခြင်းတစ်ပါး,
[၁။ အမှတ်မှားခြင်း ၂။ အသိမှားခြင်း ၃။ အမြင်မှားခြင်း ဟူလို။]
သညာ၏ဖောက်ပြန်ခြင်းလေးပါးရှိ၏၊
၁။ အနိစ္စ၌ နိစ္စဟူ၍ အမှတ်မှားခြင်း တစ်ပါး,
၂။ ဒုက္ခ၌ သုခဟူ၍ အမှတ်မှားခြင်း တစ်ပါး,
၃။ အနတ္တ၌ အတ္တဟူ၍ အမှတ်မှားခြင်း တစ်ပါး,
၄။ အသုဘ၌ သုဘဟူ၍ အမှတ်မှားခြင်း တစ်ပါး,
စိတ်၏ဖောက်ပြန်ခြင်းလည်း လေးပါးရှိ၏၊
၁။ အနိစ္စ၌ နိစ္စဟူ၍ အသိမှားခြင်း တစ်ပါး,
၂။ ဒုက္ခ၌ သုခဟူ၍ အသိမှားခြင်း တစ်ပါး,
၃။ အနတ္တ၌ အတ္တဟူ၍ အသိမှားခြင်း တစ်ပါး,
၄။ အသုဘ၌ သုဘဟူ၍ အသိမှားခြင်း တစ်ပါး,
ဒိဋ္ဌိ၏ဖောက်ပြန်ခြင်းလည်း လေးပါးရှိ၏၊
၁။ အနိစ္စ၌ နိစ္စဟူ၍ အမြင်မှားခြင်း တစ်ပါး,
၂။ ဒုက္ခ၌ သုခဟူ၍ အမြင်မှားခြင်း တစ်ပါး,
၃။ အနတ္တ၌ အတ္တဟူ၍ အမြင်မှားခြင်း တစ်ပါး,
၄။ အသုဘ၌ သုဘဟူ၍ အမြင်မှားခြင်း တစ်ပါး, [ဤကား ဝိပလ္လာသ ၁၂-ပါးသရုပ်တည်း။]
ဝိပလ္လာသ ၃-ပါး ဖြစ်ပုံအစဉ်
စိတ္တဝိပလ္လာသဖြစ်ပုံ-- ဤသတ္တဝါအပေါင်းတို့သည် ရှေးဦးစွာ စက္ခုဝိညာဏ်စိတ်ဖြင့် လူ၏အဆင်းကိုမြင်၍ နောက်၌ မနောဝိညာဏ် စိတ်ဖြင့် လူကိုမြင်သည်ဟု သိကြရာ၌
ရှေးဦးစွာ စက္ခုဝိညာဏ်စိတ်ဖြင့် မြင်ဆဲခဏ၌ ထိုအဆင်းကို ပရမတ္ထဓမ္မတိုင်းကိုသာ မြင်၏၊ စက္ခုဝိညာဏ်စိတ်အမြင်ထဲမှာ လူ ဟူ၍မပါသေး၊ လူဟူသောပညတ် မပါသေး၊ အဆင်းအတိုင်းကိုပင် မြင်သေးသည်၊ နောက်၌ ထိုအဆင်းကို မနောဝိညဏ်စိတ်ဖြင့် သိကြ သောအခါ လူဟူ၍သိကြ၏၊ အဆင်းအတိုင်းတွင် မတည်မူ၍ ထို အဆင်းကို လူကောင်လုပ်၍ လူကိုမြင်သည်ဟု သိကြ၏၊ ဤစကား၌ လူသည်အဆင်းမဟုတ် အဆင်းကားတစ်ခြား၊ လူကားတစ်ခြား၊ အဆင်းသည် ပရမတ္ထတရားတည်း၊ ထို့ကြောင့် အဘိဓမ္မာအလိုအားဖြင့် အဆင်းကိုလူဟူ၍သိလျှင် မှား၏၊ စိတ္တဝိပလ္လာသဖြစ်၏၊ လူကို အဆင်း ဟူ၍သိလျှင်မှား၏၊ စိတ္တဝိပလ္လာသဖြစ်၏၊ ဤစကား၌
အဘယ်သို့လျှင် အဆင်းသည် လူမဟုတ်ကြောင်း, လူသည် အဆင်းမဟုတ်ကြောင်းကို သိနိုင်ပါသနည်း။
အဆင်းသည် တစ်နေ့တစ်ရက်အတွင်းမှာပင် ကြည်လင်သော အဆင်း, မကြည်လင်သောအဆင်း အခါခါပြောင်းလဲ၏၊ လူသည် တစ်သက်လုံးမှာပင် ပြောင်းလဲသည်မရှိ၊ သည်နှစ်မှာလည်း သည်သူပင်၊ ဟိုနှစ်မှာလည်း သည်သူပင်၊ ဘဝပြောင်းသော်လည်း မပြောင်း၊ သည်ဘဝမှာလည်း သည်သူပင် ဟိုဘဝသို့ ရောက်ပြန်လျှင်လည်း သည်သူပင်၊ ထိုကြောင့် အဆင်းသည် လူမဟုတ်၊ လူသည် အဆင်း မဟုတ်ကြောင်းကို သိအပ်၏။
ထို့ကြောင့် အဘိဓမ္မာအလိုအားဖြင့် အဆင်းကို လူဟူ၍သိလျှင် မှား၏၊ စိတ္တဝိပလ္လာသဖြစ်၏၊ လူကိုအဆင်းဟူ၍သိလျှင် မှား၏။
စိတ္တဝိပလ္လာသ ဖြစ်၏။
[ဤကား စိတ္တဝိပလ္လာသဖြစ်ပုံတည်း။]
သညာဝိပလ္လာသဖြစ်ပုံကား-- မနောဝိညာဏ်စိတ်ဖြင့် အဆင်းကို လူဟူ၍သိပြီးလျှင် ထိုသိသည့်အတိုင်းကို မမေ့စေရန် မှတ်၏၊ ထိုအမှတ်သည် မှားပြန်၏။
[ဤကား သညာဝိပလ္လာသဖြစ်ပုံတည်း။]
ဒိဋ္ဌိဝိပလ္လာသဖြစ်ပုံကား-- ထိုသညာဖြင့် အခိုင်အမြဲ စွဲမှတ်လျက်ရှိ နေသော ထိုလူကို အတ္တရှိ၏, ဇီဝရှိ၏၊ ထိုအဆင်း သည်ပင်လျှင် ထိုလူ၏ အမာခံအတ္တဖြစ်၏, အသက်ဇီဝ ဖြစ်၏ဟု ထင်မြင်၏၊ ထိုအထင်အမြင် မှားပြန်၏။
[ဤကား ဒိဋ္ဌိဝိပလ္လာသဖြစ်ပုံတည်း။]
[ဤကား မျက်စိဖြင့် အဆင်းကိုမြင်ကြရာမှ ဝိပလ္လာသတရားသုံးပါး အစဉ်ဖြစ်ပွါး၍ နေကြပုံတည်း။]
အသံကိုကြားကြရာမှလည်းကောင်း, အနံ့ကိုနံကြရာမှလည်း ကောင်း, အရသာကို သိကြရာမှလည်းကောင်း, ကိုယ်အင်္ဂါအတွေ့ အထိကို သိကြရာမှလည်းကောင်း ဝိပလ္လာတရား သုံးပါးသုံးပါးစီ ဖြစ်ပွါး၍ နေကြပုံကို မျက်မြင်မှ ဖြစ်ပွါးပုံအတိုင်း သိကြလေ။
မြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှုတို့မှအလွတ် မနော ဝိညာဏ် စိတ်သက်သက်တို့ဖြင့် ထိုထိုအာရုံတို့ကို ကြံကြသိကြရာတို့၌မူကား ဝိပလ္လာသတရားသုံးပါး ဖြစ်ပွါးရန် အလွန်ကျယ်ဝန်းလှ၏၊ ယခုပစ္စုပ္ပန် အနေနှင့်ရှိနေသော အာရုံဝတ္ထု အမှုကိစ္စတို့ကို အာရုံ ပြုကြရာ၌လည်း မိမိတို့စိတ်ထဲမှာ ပုဂ္ဂိုလ်သတ္တဝါတို့ကိုသာ တွေ့မြင် ကြကုန်၏၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို တွေ့မြင်သည်ဟူ၍ မရှိကြကုန်၊ ရှေးရှေးအခါတို့က တွေ့ကြုံဘူးကြသော အတိတ်ဖြစ်သော အာရုံ, ဝတ္ထု, အမှုကိစ္စတို့ကို ယခုပြန်၍ အာရုံပြုကြရန်လည်း မိမိတို့စိတ်ထဲမှာ ပုဂ္ဂိုလ်သတ္တဝါတို့ကိုသာ တွေ့မြင်ကြကုန်၏၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို တွေ့မြင်သည်ဟူ၍ မရှိကြကုန်၊ နောက်နောက်အနာဂတ်၌ တွေ့ကြုံ လတ္တံ့သော အာရုံ, ဝတ္ထု, အမှုကိစ္စတို့ကို ယခုလှမ်း၍ အာရုံပြုကြ ရာ၌လည်း မိမိတို့စိတ်ထဲမှာ ပုဂ္ဂိုလ်သတ္တဝါတို့ကိုသာ တွေ့မြင်ကြကုန်၏၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို တွေ့မြင်ကြသည်ဟူ၍ မရှိကြကုန်၊ ပုဂ္ဂိုလ်, သတ္တဝါဟူ၍ တွေ့မြင်သမျှ မှာပင် စိတ္တဝိပလ္လာသ, သညာဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသတို့၏ အရာ အချက် တို့ချည်းသာ ဖြစ်၏။
[ဒွါရ ၆-ပါး, အာရုံ ၆-ပါး, ဝိညာဏ် ၆-ပါးတို့၌ ဝိပလ္လာသသုံးပါး အစဉ်ဖြစ်ပွါး၍ နေပုံပြီး၏၊]
“မညနာ” သုံးပါး
ဟုတ်သည်ထက်ပိုလွန်၍ မဟုတ်မတရား အထင်မှားသည်ကို မညနာဆိုသည်၊ အထင်မှားခြင်းသုံးပါးရှိ၏။
၁။ တဏှာ၏ အထင်မှားခြင်းတစ်ပါး,
၂။ မာန၏ အထင်မှားခြင်းတစ်ပါး,
၃။ ဒိဋ္ဌိ၏ အထင်မှားခြင်းတစ်ပါး,
၁။ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို ငါ၏ရုပ်, ငါ၏နာမ်ဟူ၍ ကိုယ်ပိုင်ဥစ္စာအနေနှင့် အထင်မှားခြင်း,
၂။ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကိုပင် ငါဖြစ်သည်ဟူ၍ အထင်မှားခြင်း,
၃။ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကိုပင် ငါ၏အထည်ခံ, အမာခံ, အတ္တဖြစ်သည်ဟူ၍ အထင်မှားခြင်း,
[ဤကား မညနာ သုံးပါးသရုပ်တည်း။]
မညနာသုံးပါး အစဉ်ဖြစ်ပွါးပုံ
ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို ဝိပလ္လာသသုံးပါးတို့ဖြင့် ပုဂ္ဂိုလ်, သတ္တဝါဟူ၍ ခိုင်မြဲစွာယူပြီးလျှင်မိမိ၏ ခန္ဓာကိုယ်၌ရှိ နေသော ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို တဏှာဖြင့် ငါ၏ရုပ်, ငါ၏နာမ်ဟူ၍ ကိုယ်ပိုင်ဥစ္စာ အနေနှင့် စွဲလမ်း၏၊ ၎င်းရုပ်ဓာတ်, နာမ်ဓာတ်တို့ကိုပင်လျှင် ကိုယ်ပိုင်ဥစ္စာ မျှမကမူ၍ မာနဖြင့် ငါပင်ဖြစ်သည်ဟူ၍ စွဲလမ်း၏၊ ၎င်းရုပ်ဓာတ်, နာမ်ဓာတ်တို့ကိုပင်လျှင် ငါတွင်မျှမကမူ၍ ဒိဋ္ဌိဖြင့် ငါ၏တည်ရာ, မှီရာ, အမာခံ, အထည်ခံ, အနှစ်သာရ, အတ္တဟူ၍ စွဲလမ်း၏။
[ဤကား မညနာ, သုံးပါး အစဉ်ဖြစ်ပွါးပုံ အကျဉ်းချုပ်တည်း။]
“ပပဉ္စ“တရားသုံးပါး
အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်အောင် ချဲ့၍သွားသည်ကို ပပဉ္စဆိုသည်၊ အကျယ်ချဲ့ခြင်း သုံးပါးရှိ၏၊
၁။ ငါ၏ ကိုယ်ပိုင်ဥစ္စာဟု စွဲလမ်းမှုမှ အဆင့်ဆင့် ကျယ်ပွါး၍ သွားသော တဏှာ-ပပဉ္စတရားတစ်ပါး,
၂။ ငါဖြစ်သည်ဟု စွဲလမ်းမှုမှ အဆင့်ဆင့်ကျယ်ပွါး၍ သွားသော မာန-ပပဉ္စတရားတစ်ပါး,
၃။ ငါ၏တည်ရာ, မှီရာ, အမာခံ, အထည်ခံ, အနှစ်သာရ, အတ္တဟူ၍ စွဲလမ်းမှုမှ အဆင့်ဆင့်ကျယ်ပွါး၍ သွား သော ဒိဋ္ဌိပပဉ္စတရားတစ်ပါး၊
ထိုသုံးပါးတို့တွင်-
၁။ ငါ၏ အပိုင်ဥစ္စာဖြစ်သည်ဟု စွဲလမ်းမှုမှ အဆင့်ဆင့် ကျယ်ပွါး၍ သွားလမ်းကား ငါ၏ဆွေမျိုးဉာတကာ, ငါ၏ သားမယာ, ငါ၏အဝတ်အစား, ငါ၏ဥစ္စာစပါး စသည်တည်း။
၂။ ငါဖြစ်သည်ဟုစွဲလမ်းမှုမှ အဆင့်ဆင့်ကျယ်ပွါး၍ သွားလမ်းကား ငါနှင့်သူ, သူနှင့်ငါ, အတုအပမျိုး, အပြိုင်အဆိုင်မျိုး, အမော်အကြွားမျိုးစသည်တည်း။
၃။ ငါ၏ အတ္တဟူ၍ စွဲလမ်းခြင်းမှ အဆင့်ဆင့်ကျယ်ပွါး၍ သွားလမ်းသည်မူကား နှစ်ဆယ်သော သက္ကာယဒိဋ္ဌိ, ဆယ်ပါးသော အန္တဂ္ဂါဟိကဒိဋ္ဌိ, ဆယ်ပါးသော ဒသ ဝတ္ထုကမိစ္ဆာဒိဋ္ဌိ, ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ စသည်တည်း။ [ဤကား ပုထုဇဉ်တို့၏ ဖြစ်ပုံလမ်းတည်း။]
ကျင့်တုန်းကျင့်ဆဲဖြစ်သော သကြားမင်း, ဗိမ္ဗိသာရမင်း, အနာထပိဏ်သူဌေး, ဝိသာခါဒါယိကာမ အစရှိသော သေက္ခပုဂ္ဂိုလ်တို့၏ ဖြစ်ပုံဖြစ်လမ်းကို ပြဆိုရာ၏။
၁။ အဘိညာ,
၂။ ပရိညာ,
၁။ အဘညာဆိုသည်ကား-- သိရိုးသိစဉ်ထက် အထူးအချွန် လွန်၍သိခြင်း,
၂။ ပရိညာဆိုသည်ကား-- သိထိုက်သော အထွေအပြားတို့ကို အသီးအသီး ခြားနား၍သိခြင်း၊ ထိုနှစ်ပါးတို့တွင်
အဘိညာ၌သိရိုးသိစဉ်ဆိုသည်ကား-- ခပ်သိမ်းသော ပုထုဇဉ် သတ္တဝါတို့၏ သိရိုးသိစဉ်ပေတည်း၊ ဝိပလ္လာသတရားတို့၏ သိခြင်း ပေတည်း၊ ထိုသိရိုးသိစဉ်ထက် အထူးအချွန်လွန်၍သိခြင်းဆိုသည်ကား ပုဂ္ဂိုလ်ဟူ၍မရှိ, သတ္တဝါဟူ၍မရှိ, အတ္တဟူ၍မရှိ, ဇီဝဟူ၍မရှိ, ရုပ်တရားနာမ်တရားသည်သာရှိ၏၊ ထိုရုပ်တရား, နာမ်တရားသည်လည်း ပုဂ္ဂိုလ် မဟုတ်, သတ္တဝါမဟုတ်, အတ္တမဟုတ်, ဇီဝမဟုတ်ဟု- သိခြင်းသည် သိရိုးသိစဉ်ထက် အထူးအချွန်လွန်၍ သိခြင်းမည်၏၊ ဤကဲ့သို့သိခြင်းကို အဘိညာဆိုသည်။
ပရိညာ၌ သိထိုက်သော အထွေအပြားတို့ကို ခြားနား၍ သိခြင်း ဆိုသည်ကား-- ထိုရုပ်တရား နာမ်တရားတို့ကို ဤကားပထဝီ, ဤကားအာပေါ, ဤကားစိတ်, ဤကားဆဿစသည်ဖြင့် ခြားနား၍ သိခြင်း ဉာတပရိညာတစ်ပါး၊ ၎င်းတို့၏ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတို့ကို ပိုင်းပိုင်းခြားခြား သိမြင်ခြင်း တိရဏပရိညာတစ်ပါး၊ အနိစ္စ, ဒုက္ခ, အနတ္တသဘောတို့ကို ထင်မြင်သဖြင့် နိစ္စ, သုခ, အတ္တ အနေနှင့် စွဲလမ်းရင်းရှိသော ကိလေသာတို့ကို ပယ်ခွါစေနိုင်ခြင်း ပဟာနပရညာတစ်ပါး၊ ဤပရိညာသုံးပါးတို့ကို ဆိုလိုသည်။
ဤအဘိညာဉာဏ် ပရိညာဉာဏ်တို့ကို ပေါက်ရောက်နိုင်သော သူသည် မိမိသန္တာန်၌ ဝိပလ္လာသတရားတို့၏ သိမြင်ချက်တို့ကို သိမြင်သလိုမဟုတ်၊ အသိမှား, အမြင်မှားဖြစ်သည်ဟု မိမိဉာဏ်ဖြင့် ငြင်းဆန်ပယ်ဖျက်နိုင်၏၊ မညနာတရား, ပပဉ္စတရားတို့ကား ဝိပလ္လာသ တရားတို့၏ နောက်လိုက်, နောက်ပွါးဖြစ်ကြကုန်၏၊ ဝိပလ္လာသ ပျောက်ငြိမ်းလျှင် ထိုတရားတို့လည်း ပျောက်ငြိမ်းကြကုန်၏၊ သို့ရာတွင် “ဒုက္ခေသုခန္တိသညာ ဝိပလ္လာသ, စိတ္တဝိပလ္လာသ၊ အသုဘေ သုဘန္တိသညာ ဝိပလ္လာသ, စိတ္တဝိပလ္လာသ” ဤလေးပါးတို့သည်ကား အရဟတ္တမဂ်သို့ ပေါက်ရောက်မှ အကုန်ပျောက်ငြိမ်းကြကုန်၏၊ ကျန်ရှိသော ဝိပလ္လာသ ရှစ်ပါးတို့သည်မူကား သောတာပတ္တိမဂ်၌ပင် အကုန်ပျောက် ငြ်ိမ်းကြ ကုန်၏။
[ဤကား သေက္ခပုဂ္ဂိုလ်တို့၏ ဖြစ်ပုံဖြစ်လမ်းတည်း။]
ဥပမာ ပြဆိုချက်
ပုထုဇဉ်ပုဂ္ဂိုလ်, သေက္ခပုဂ္ဂိုလ် နှစ်မျိုးတို့နှင့် ဆက်ဆံသော ဥပမာကို ပြဆိုရာ၏။
သားသမင်တို့၏ နေရာတောအတွင်း၌ စပါးခင်း, ပဲခင်းတို့ကို ပြုလုပ်၍ထားရာ သားသမင်တို့ကို ခြောက်လှန့်ရန် အခင်းတို့၏ အလယ်၌ လေး, မြားလက်နက်ကိုင်စွဲသော လူယောက်ျား သဏ္ဌာန် မြက်ရုပ်ကြီးတစ်ခုကို ပြုလုပ်စိုက်ထူ၍ထား၏၊ ထိုမြက်ရုပ်၌ မြက် ခြောက်တို့ကို လျှော်တို့ဖြင့် လူယောကျ်ားသဏ္ဌာန်ဖွဲ့စည်း၏၊ ဦးခေါင်း၌ ရေအိုးငယ်တစ်ခုကို ထုံးဖြူတို့ဖြင့် မြက်လုံး, နားရွက်, နှာခေါင်း, ပါးစပ် သဏ္ဌာန် ရေး၍စွပ်ထား၏၊ အကျႋဟောင်းတစ်ခုကို သင်ဒိုင်း သဏ္ဌာန် ဝတ်ဆင်ထား၏၊ သားသမင်တို့သည် ထိုအခင်းကို စားရန်လာကြရာ ထိုမြက်ရုပ်ကိုမြင်ကြလျှင် လူဟုထင်မှတ်၍ ပြေးကြလေကုန်၏။
ထင်မှတ်ပုံကား-- စက္ခုဝိညာဏ်ဖြင့် မြင်ကြဆဲအခါ၌ မြက်အတိုင်း, အိုးအတိုင်းပင် မြင်ကြ၏၊ ရင်တွင်း, နှလုံးတွင်း၌ ဖြစ်သော မနောဝိညာဏ် တို့ဖြင့်မူကား မြက်,အိုးတို့ကို ဂရုမစိုက်မူ၍ အသွင်သဏ္ဌာန်ကို ဂရုစိုက်သဖြင့် လူပါကလား, ငါတို့ကိုပစ်ခတ်မှာပါကလားဟု ပြေးကြလေ ကုန်၏၊ ပကတိသော ပုထုဇဉ်ပုဂ္ဂိုလ်တို့၏စိတ်သည် ဤတောသမင်တို့၏ စိတ်နှင့် တူကြကုန်၏၊ အနမတဂ္ဂသံသရာ၌ ထို စိတ်မျိုးအတွက်နှင့် ယခုထက်တိုင် ပြေး၍နေကြရကုန်၏။
ယောက်ျားဖြစ်သူတစ်ယောက်သည် ထိုအခင်းသို့ရောက်လာရာ ထိုမြက်ရုပ်ကိုမြင်လျှင် ယူဆောင်၍ သွားလေ၏၊ ထိုယောကျ်ား သည်မူကား မြက်, အိုးတို့ကို မြင်ပြီးလျှင် အသွင်သဏ္ဌာန်သည်လည်း စိတ်ထဲတွင်ပေါ်လာ၏၊ ပေါ်လာသော်လည်း အသွင်သဏ္ဌာန်တို့ကို ဂရုမစို်က်၊ လူ့အသွင်သဏ္ဌာန်သည်ကား အခင်းရှင်ပြုလုပ်၍ ပေါ်ရသော အရိပ်အသွင်မျိုးမျှသာတည်းဟု ပြဌာန်ပြီးဖြစ်၏၊ အသက်ရှိလူဟူ၍ မထင်မှတ်၊ အထည်ခံ, အထည်ရင်းကိုသာ အတွင်းအပြင် အကုန်သိ၍ သွား၏၊ မြက်ခြောက်တို့ကို မြက်ခြောက်ဟူ၍သာ စိတ်အတည်ကျ၏၊ လျှော်တို့ကို လျှော်ဟူ၍သာ, အိုးကိုလည်း အိုးဟူ၍သာ စိတ်အတည် ကျ၏၊ အသွင်သဏ္ဌာန်ဘက်သို့ စိတ်ချော်၍ မထွက်လေပြီ၊ လူထင် မှတ်ခြင်း, ကြောက်ခြင်း, ပြေးခြင်း မရှိလေပြီ၊ မရှိသည့်ပြင် ထိုမြက်ရုပ်တွင် မြက်ခြောက်တို့သည် ငါ့အိမ်၌ မီးမွှေးရန် အသုံးကျကုန်၏၊ လျှော်တို့သည် ချည်တုပ်ရန်, အိုးသည် ပန်းပင်ငယ်စိုက်ပျိုးရန်, အကျႋဟောင်းသည် ခြေသုတ်, လက်သုတ် ပြုလုပ်ရန် အသုံးကျ၏ဟု ယူဆောင်၍ အသုံးပြု လေ၏။
သေက္ခပုဂ္ဂိုလ်တို့၏ အဘိညာပညာသည် ဤဥပမာ၌ လူ့အသွင် ကို ဂရုမစိုက်မူ၍ မြက်, လျှော်, အိုးတို့ကိုသာ မြက်ဟူ၍, လျှော်ဟူ၍, အိုးဟူ၍ အတည်ကျသိသည်နှင့် တူ၏၊ သေက္ခပုဂ္ဂိုလ်တို့၏ ပရိညာ ပညာသည် ဤဥပမာ၌ မြက်နေရာမှာ မြက်ကိုအသုံးပြုရန်, လျှော်နေရာ မှာ လျှော်ကိုအသုံးပြုရန်, အကျႋအဝတ်နေရာမှာ အဝတ်ကို အသုံးပြုရန်, အိုးနေရာမှာ အိုးကိုအသုံးပြုရန် ခြားနား၍ သိသည်နှင့်တူ၏။
[ယခုအခါ ဤနည်းအတိုင်း သိနိုင်, မြင်နိုင်, ထင်နိုင်သော ပုဂ္ဂိုလ်များကို သေက္ခပုဂ္ဂိုလ်၌ သွင်းရသည်။]
[ဤကား ဥပမာကို ပြဆိုချက်တည်း။]
မူလပရိယာယသုတ် အနက်အဓိပ္ပါယ
ဣဓ ဘိက္ခဝေ အသုတဝါ ပုဇ္ဇနော အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မ အဝိနီတော၊ သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသ ဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မ အဝိနီတော။
အနက်ကား-- ဘိက္ခဝေ= ရဟန်းတို့၊ ဣဓ=ဤလောက၌၊ ယော ပုထုဇ္ဇနော=အကြင်ပုထုဇဉ် ပုဂ္ဂိုလ်သည်၊ အသုတဝါ=တရားကျမ်းဂန် အသင်အကြားလည်းမရှိ၊ အရိယာနံ=အရိယာသူမြတ်တို့ကို၊ အဒဿာဝီ= တွေ့မြင်လိုသောအလေ့မရှိ၊ အရိယဓမ္မဿ=အရိယသူမြတ်တို့၏ တရား၌၊ အကောဝိဒေါ=မလိမ္မာ၊ အရိယဓမ္မေ=အရိယာသူမြတ်တို့၏တရား၌၊ အဝီနိတော=မယဉ်ကျေး၊ သပ္ပုရိသာနံ=သူတော်ကောင်းတို့ကို၊ အဒဿာဝီ=တွေ့မြင်လိုသောအလေ့မရှိ၊ သပ္ပုရိသဓမ္မဿ=သူတော် ကောင်းတို့၏တရား၌၊ အကောဝိဒေါ=မလိမ္မာ၊ သပ္ပုရိသဓမ္မေ=သူတော် ကောင်းတို့၏ တရား၌၊ အဝိနီတော=မယဉ်ကျေး။
[အဓိပ္ပါယ်, လွယ်၏၊]
“ပထဝိံ ပထဝိတော သဉ္ဇာနာတိ”။
သော=ထိုပုဇဉ်ပုဂ္ဂိုလ်သည်၊ ပထဝိံ=မြေကို၊ ပထဝိတော= မြေဟူ၍၊ သဉ္ဇာနာတိ=မမေ့နိုင်ဘဲ အမှတ်မြဲ၏၊။အနက်။
အဓိပ္ပါယ်အကျဉ်းကား
လောက၌ မြေကို မြေ, မြေဟူ၍ လူအများ ခေါ်ရိုးရှိကြ၏၊ လူအများ ခေါ်ရိုးရှိကြသည့်အတိုင်း ငယ်ရွယ်စဉ်ကစ၍ မြေကိုမြေဟူ၍ အမှတ်ထား၏၊ မြေဟူ၍ပြောတတ်ဆိုတတ်၏၊ ခက်မာသည်ကို ခက်မာ သည်ဟုသိ၏၊ ခက်မာသည်ဟု ပြောတတ်ဆိုတတ်၏ ဟူလိုသည်။
ခက်မာသည်ကို ခက်မာသည်ဟု သိခြင်းမူကား-- ပရမတ် ပထဝီ ဓာတ်ကို သိခြင်းပင်တည်း၊ သို့သော်လည်း ထိုခက်မာမှုကို ပုဂ္ဂိုလ် သတ္တဝါ မဟုတ်, အတ္တ-ဇီဝမဟုတ်၊ မြေဓာတ်ဟူသော ဓမ္မအသီး, ဓာတ်အသီးဖြစ် သည်ဟူ၍မူကား မသိ၊ ဤခက်မာမှုသည်ပင်လျှင် ပုဂ္ဂိုလ်ဘဲ, သတ္တဝါဘဲ, အတ္တဘဲ, ဇီဝဘဲဟူ၍သိ၏၊ အသိမှား, အမှတ်မှားဖြစ်၍ သွား၏၊ သညာဝိပလ္လာသ ဖြစ်သွား၏။
[ဤကား အဓိပ္ပါယ်အကျဉ်းတည်း။]
အကျယ်အဓိပ္ပါယ်ကား
ပထဝီမျိုးသည် အဇ္ဈတ္တိကပထဝီမျိုး, ဗာဟိရပထဝီမျိုး ဟူ၍ နှစ်မျိုးရှိ၏၊
ထိုနှစ်မျိုးတို့တွင်-- သတ္တဝါတို့၏ သန္တာန်တွင် အဝင်အပါ ဖြစ်သော
၁။ ဆံပင်,
၂။ မွေညှင်း,
၃။ ခြေသည်း၊ လက်သည်း,
၄။ သွား,
၅။ အရေပါး၊ အရေထူ,
၆။ အသားတုံး၊ အသားလွှာ,
၇။ အကြောကြီး၊ အကြောငယ်,
၈။ အရိုးကြီး၊ အရိုးငယ်,
၉။ ရိုးတွင်းချင်ဆီ,
၁၀။ အညို့ခဲ,
ဤနှစ်ဆယ်သော အထည်ဝတ္ထုစုသည် အဇ္ဈတ္တိက ပထဝီမျိုး ဖြစ်၏။
ထိုနှစ်ဆယ်တွင်-- ဆံပင်ကိုဆံပင်ဟူ၍ သိမှတ်ခြင်းသည် ပထဝီကိုပထဝီဟူ၍ သိမှတ်ခြင်းတစ်ပါး, မွေးညှင်းကို မွေးညှင်းဟူ၍ သိမှတ်ခြင်းသည် ပထဝီကိုပထဝီဟူ၍ သိမှတ်ခြင်းတစ်ပါး၊ ဤသို့ စသည်ဖြင့် ဦးနှောက်တိုင်အောင် သွားပြီးလျှင်-ဦးနှောက်ကို ဦးနှောက် ဟူ၍ သိမှတ်ခြင်းသည် ပထဝီကိုပထဝီဟူ၍ သိမှတ်ခြင်းတစ်ပါး၊ ဤသို့
၁၁။ နှလုံးခဲ,
၁၂။ အသည်း,
၁၃။ အမှေးလွှာ,
၁၄။ သရက်ရွက်,
၁၅။ အဆုပ်ခဲကြီး,
၁၆။ အူမကြီး,
၁၇။ အူသေး၊ အူသိမ်များ,
၁၈။ အစာသစ်,
၁၉။ အစာဟောင်း,
၂၀။ ဦးနှောက်ခဲ,
လျှင် ပထဝီမျိုးနှစ်ဆယ်အတွက် သညာဝိပလ္လာသ နှစ်ဆယ်ဖြစ်၏။
ဤအရာ၌-- ဆံပင်ကို ဆံပင်ဟူ၍ သိမှတ်ခြင်းသည် အဘယ်သို့ လျှင်ပထဝီကိုပထဝီဟူ၍ သိမှတ်ခြင်းဖြစ်ခဲ့သော် အမှန်အဖြောင့်ပင် မဟုတ်ပါလော၊ အဘယ်အကြောင်းကြောင့် ဝိပလ္လာသ ဖြစ်ရပြန်သနည်းမေးရန်ရှိ၏။
အဖြေကား-- ဆံပင်ဟူသောအမည်သည် ဆံပင်သဏ္ဌာန်ဟု ဆိုအပ်သော သဏ္ဌာနပညတ်၏ အမည်ပေတည်း၊ ဓာတ်၏အမည် မဟုတ်၊ ပထဝီဟူသောအမည်သည် ဓာတ်၏အမည်ပေတည်း၊ ပညတ်၏ အမည်မဟုတ်၊ လောကဝေါဟာရ၌ ဆံပင်ဟူ၍မရှိ၊ ပထဝီဖြစ်သော ရုပ်ဓာတ်,နာမ်ဓာတ်မျှသာရှိ၏၊ ဆံပင်၌ ပထဝီဓာတ် လွန်ကဲသော ကြောင့်လွန်ကဲရာကို ပဓာနပြုသောအားဖြင့် ဆံပင်ကို ပထဝီဟူ၍ခေါ်၏၊ ထို့ကြောင့် လောကဝေါဟာရ၌ ဆံပင်ကို ဆံပင်ဟူ၍ခေါ်ခြင်းသည် ပရမတ္ထဝေါဟာရ၌ ပထဝီကို ပထဝီဟူ၍ခေါ်ခြင်းဖြစ်၏၊ ပထဝီဟူ၍ ခေါ်ခြင်းဖြစ်သော်လည်း ဓာတ်သဘာဝကိုသိသည်မဟုတ်၊ သဏ္ဌာန်ကို အစွဲပြု၍ လောက၌ ခေါ်ရိုးရှိသည့်အတိုင်းကိုသာ အမှတ်ပြုခြင်းဖြစ်၏၊ အမှတ်ပြုသည့်အတိုင်းကိုသာ အမှတ်ပြုခြင်းဖြစ်၏၊ အမှတ်ပြုသည့် အတိုင်းကိုသာ ဧကန်အမှန်ကြီး ထင်မှတ်၏၊ ထို့ကြောင့် ထိုအမှတ်သည် မြက်ရုပ်၌ တောသမင်တို့ အမှတ်ကဲ့သို့ သညာဝိပလ္လာသဖြစ်လေ၏။
ပထဝီဓာတ်သည်ကား-- တစ်နေ့တစ်ရက်အဖို့မှာပင် တစ် ထောင်တစ်သောင်းမက ပြောင်းလဲရသော အနိစ္စမျိုးပေတည်း၊ အနိစ္စ မျိုးဖြစ်၍လည်း ဒုက္ခမျိုး, အနတ္တမျိုး, အသုဘမျိုးပေတည်း၊ ဆံပင် ဟူသောသဏ္ဌာန ပညတ်မျိုးသည်ကား ပုဂ္ဂိုလ်သေဆုံးသည် တိုင်အောင်, သုသာန်သင်းချိုင်းသို့ ရောက်သည့်တိုင်အောင် တည်ရှိသည်ဟု ထင်မှတ် ရသော နိစ္စမျိုးပေတည်း၊ ထို့ကြောင့် ပထဝီဓာတ်ကို ဆံပင်ဟူ၍ မှတ်ခြင်း သည် အနိစ္စကို နိစ္စဟူ၍မှတ်ခြင်း, ဒုက္ခကိုသုခဟူ၍မှတ်ခြင်း, အနတ္တကို အတ္တဟူ၍မှတ်ခြင်း, အသုဘကို သုဘဟူ၍မှတ်ခြင်း သညာဝိပလ္လာသ လေးပါးဖြစ်လေသတည်း။
[ဤကားအဖြေတည်း။]
ဤအဖြေ၌ အရေးအကြီးဆုံး အချက်ကား-- ပထဝီဓာတ်သည် တစ်နေ့တစ်ရက် အဖို့မှာပင် အထောင်အသောင်းမက ပြောင်းလဲရသော အနိစ္စမျိုးဖြစ်သည် ဟူသောအချက်ကို ထင်မြင်နိုင်အောင် လိုလှ၏ ဆိုလိုသည်။
[ဤအချက်ကြီးကိုမူကား, ဝိဇ္ဇာမဂ္ဂဒီပနီ, စာအုပ်မှာ ကျယ်ဝန်းစွာ ပါရှိလေပြီ၊ မွှေးညှင်းကို မွှေးညှင်းဟူ၍ သိမှတ်ခြင်း၊ ဤသို့စသည်ဖြင့် ဦးနှောက်တိုင်အောင်သွားပြီးလျှင်-ဦးနှောက်ကို ဦးနှောက်ဟူ၍ သိမှတ် ခြင်းတို့၌လည်း ဆံပင်အတိုင်းမေးလေ, ဖြေလေ။]
[ဤကားအဇ္ဈတ္တိကပထဝီ၌ သညာဝိပလ္လာသဖြစ်တည်း။]
ဗာဟိရပထဝီဆိုသည်ကား
၁။ အယော=သံ,
၂။ လောဟံ=ကြေး,
၃။ တိပု=ခဲမဖြူ,
၄။ သီသံ=ခဲမနက်,
၅။ သဇ္ဈံ=ငွေစိမ်း,
၆။ မုတ္တာ=ပုလဲ,
၇။ မဏိ=မြ,
၈။ ဝေဠုရိယော=ကျောက်မျက်ရွဲ,
၉။ သင်္ခေါ=ခရုသင်း,
၁၀။ သိလာ=ကျောက်သလင်း,
၁၁။ ပဝါဠံ=သန္တာ,
၁၂။ ရဇတံ=ငွေစင်,
၁၃။ ဇာတရူပံ=ရွှေ,
၁၄။ လောဟိတင်္ဂေါ=ပတ္တမြားနီ,
၁၅။ မသာရဂလ္လံ=ျပတ္တမြားပြောက်,
၁၆။ တိဏံ=မြက်မျိုး,
၁၇။ ကဌံ=သစ်မျိုး,
၁၈။ သက္ခရံ=ကျောက်စရစ်မျိုး,
၁၉။ ကထလံ=အိုးခြမ်း,
၂၀။ ဘူမိ=မြေ,
၂၁။ ပါသာဏော=ကျောက်,
၂၂။ ပဗ္ဗတော=တောင်,
ဤကားဗာဟိရ ပထဝီမျိုး နှစ်ဆယ့်နှစ်ပါးတည်း။
ထိုနှစ်ဆယ့်နှစ်ပါးတို့တွင်-- သံကို သံဟူ၍ သိမှတ်ခြင်းသည် ပထဝီကို ပထဝီဟူ၍ သိမှတ်ခြင်းတစ်ပါး, ကြေးကို ကြေးဟူ၍ သိမှတ်ခြင်း သည် ပထဝီကို ပထဝီဟူ၍ သိမှတ်ခြင်းတစ်ပါး၊ ဤသို့စသည်ဖြင့် တောင်တိုင်အောင် သွားပြီးလျှင်-တောင်ကို တောင်ဟူ၍သိမှတ်ခြင်းသည် ပထဝီကို ပထဝီဟူ၍ သိမှတ်ခြင်းတစ်ပါး၊ ဤသို့လျှင်ဗာဟိရ ပထဝီမျိုး နှစ်ဆယ့်နှစ်ပါးအတွက် သညာဝိပလ္လာသ နှစ်ဆယ့်နှစ်ပါးဖြစ်၏။
[ဤအရာ၌ သံကိုသံဟူ၍ သိမှတ်ခြင်းသည် အဘယ်သို့လျှင် ပထဝီကို ပထဝီဟူ၍ သိမှတ်ခြင်း ဖြစ်ရလေသနည်း- အစရှိသည်ဖြင့် မေးနည်း, ဖြေနည်း, ရှင်းလင်းနည်းများမှာ ဆံပင်အတိုင်း ရှင်းလင်းကြ လေ။]
[ဤကား ဗာဟိရပထဝီ၌ သညာဝိပလ္လာသ ဖြစ်ပုံတည်း။]
မူလပရိယာယသုတ်အဓိပ္ပါယ်ပြီး၏။
ဓမ္မသဝနဂါရဝအဂါရဝဝိနိစ္ဆယ
နိဒါန်း
ပြဆိုလတံ့သော ဝိနိစ္ဆယသည်ကား လင်္ကာဒီပ သီဟိုဠ်ကျွန်း၌ ဖြစ်သော ဝိဝါဒအတွက် ရေးသားဆုံးဖြတ်တော်မူအပ်သော ဝိနိစ္ဆယ ဖြစ်သည်၊ ဖြစ်သောဝါဒမှာ“တရားဟောဓမ္မကထိက ပုဂ္ဂိုလ်၏အထံမှာ တရားနာကြသော ဓမ္မသဝနပုဂ္ဂိုလ်တို့၏ နေထိုင်ကြမှုနှင့်စပ်၍ ဖြစ်သော ဝိဝါဒ” ဖြစ်သည်၊ ထိုဝိဝါဒကိုငြိမ်းစေရန် သီဟိုဠ်ကျွန်းသားရဟန်းတော် ရှင်ဗုဒ္ဓဒတ္တက လယ်တီဆရာတော်ဘုရားကြီးထံသို့ ပါဠိဘာသာဖြင့် ရေးသား၍ ဝိနိစ္ဆယရေးသားရန် လျှောက်ထားတောင်းပန်သည်၊ လျှောက်ထားချက်အတိုင်း ဝိနိစ္ဆယကို ပါဠိဘာသာဖြင့် ရေးသားတော်မူ၍ သီဟိုဠ်ကျွန်းသို့ ပို့စေတော်မူသည်၊ ထိုသို့ ဆရာတော်ဘုရားကြီး ရေးသား တော်မူအပ်သော အဆုံးအဖြတ်သည် လူတိုင်းရှင်တိုင်းပင် သိမှတ်ဖွယ် ကောင်းလှသဖြင့် မြန်မာဘာသာသက်သက် ပြန်ဆိုပြီးလျှင် ဤသာသန ဝိသောဓနီကျမ်း၌ ထည့်သွင်းရေးသား ဖော်ပြအပ်ပေသတည်း။
ရှင်ဗုဒ္ဓဒတ္တ၏ လျှောက်ထားလွှာ
ဘုရားတပည့်တော် သီဟိုဠ်ကျွန်းသား ယခု မော်လမြိုင်မြို့ ပြည် ကျောင်း၌ သီတင်းသုံးနေထိုင်လျက်ပါရှိသော ရဟန်းတော် ရှင်ဗုဒ္ဓဒတ္တက မြန်မာနိုင်ငံအလုံး၌ “မဟာဓမ္မကထိက” ဟူ၍ ထင်ရှားကျော်စော တော်မူသော လယ်တီဆရာတော် ဘုရားကြီးထံသို့ ဤလျှောက်လွှာကို တင်ပို့ လျှောက်ထားပါသည် ဆရာတော်မြတ်ကြီးဘုရား။
အရှင်ဘုရား...ယခုအခါ၌ သီဟိုဠ်ကျွန်းတွင် နေထိုင်ကြကုန် သော လူ, ရှင်, ရဟန်းအပေါင်းတို့သည် ဤသို့သော ဝိဝါဒဖြင့် ဖြစ်ပွါး၍ နေကြပါသည်ဘုရား။
ဝိဝါဒ ဖြစ်ပွါးပုံမှာ
၁။ တရားဟောပုဂ္ဂိုလ်ကို အလွန်မြင့်သော တရားပလ္လင်၌ တင်ပြီးလျှင် နိမ့်သောကုလားထိုင်, ခုံတန်းရှည်စသည်တို့၌ ထိုင်ကြ၍ တရားနာယူခြင်းသည် မသင့်၊ နိမ့်ကျသောကုလားထိုင်, ခုံတန်းရှည် စသည်တို့၌ ထိုင်၍ တရားနာသော သူတို့သည် ကြီးစွာသော အကုသိုလ် တရားကို ဆည်းပူးပွါးများသည် မည်ကုန်၏၊ ဤသို့ အချို့သောသူတို့က ပြောဆိုမှတ်ယူကြပါသည်ဘုရား။
၂။ အချို့သောသူတို့က မှတ်ယူ ပြောဆိုကြသည်မှာ တရားဟော ဓမ္မကထိကပုဂ္ဂိုလ်က အလွန်မြင့်သောနေရာ၌ တရားဟော၍နေစဉ် နိမ့်ကျသောနေရာ ကုလားထိုင်, ခုံတန်းရှည်စသည်တို့၌ ရိုသေစွာ ထိုင်နေ၍ တရားတော်ကို နာခြင်းသည် အပြစ်မရှိ။
အဘယ့်ကြောင့်နည်းဟူမူ-
နီစေ အာသနေ နိသီဒိတွာ ဥစ္စေ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာကရဏီယာ ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်သော ပါဠိတော်ကို ထောက်၍ အပြစ်မရှိကြောင်းကို သိရသည်။
ထိုပါဠိတော်၌ မြင့်သောနေရာ၌ တည်နေသောသူအား တရား မဟောရန်ကိုသာ ပယ်တော်မူသည်၊ နိမ့်ကျသော ကုလားထိုင်, ခုံတန်းရှည် စသည်တို့၌ နေသောသူအား တရားမဟောရဟူ၍ မြတ်စွာဘုရား ပယ်တော်မမူ၊ ထို့ကြောင့် မြင့်သောနေရာကနေ၍ ဓမ္မကထိကပုဂ္ဂိုလ် တရားဟောနေလျှင် နိမ့်ကျသော ကုလားထိုင်, ခုံတန်းရှည် စသည် တို့မှာထိုင်၍ တရားနာခြင်းသည် အပြစ်မရှိဟူ၍ အချို့သောသူတို့က ပြောဆိုမှတ်ယူကြပါသည်ဘုရား။
ထိုအယူဝါဒ နှစ်ပါးတို့တွင် နောက်ဝါဒကို ကြိုက်နှစ်သက်သော သီဟိုဠ်ကျွန်းသား “ကဝိရာဇပဏ္ဍိတ” မည်သော ဥပါသကာတစ်ဦးက ဤအယူဝါဒများအတွက် ဟုတ်မှန်တိုင်းသောအဆုံးအဖြတ်ကို အလိုရှိ ကြောင်းနှင့် အင်္ဂလိပ်ဘာသာစာလွှာဖြင့် တပည့်တော်ထံသို့ လျှောက်ထား ပါသည်ဘုရား။
ထို့ကြောင့် အရှင်မြတ်ဘုရားကြီးသည် သီဟိုဠ်ကျွန်းသားတို့အား သနားညှာတာကရုဏာစူးရှတော်မူပါသဖြင့် ဤအယူဝါဒနှစ်ပါးအတွက် ဟုတ်မှန်တိုင်းသော အဆုံးဖြတ်ကို ပါဠိဘာသာဖြင့် ရေးသားတော်မူ၍ တပည့်တော်၏ အထံသို့ဖြစ်စေ, သို့မဟုတ် လျှောက်ထားရင်း သီဟိုဠ် ကျွန်းသား ဥပါသကာထံသို့ဖြစ်စေ လျင်မြန်စွာ ပေးပို့တော်မူရန် ရိုသေစွာ လျှောက်ထား တောင်းပန်ပါသည်ဘုရား။
ရှင်ဗုဒ္ဓဒတ္တ လျှောက်ထားချက်ပြီး၏။
---ဓမ္မသဝန ဂါရဝ အဂါရဝဝိနိစ္ဆယ
ဝိနည်းအဋ္ဌကထာ၌ လာသောစကားရပ်ဖြင့် ရှေးဦးစွာပြဆိုမည်။ ယာနသိက္ခာပုဒ်-- တစ်ခုသော ယာဉ်ရထားပေါ်၌ တည်နေ သောသူတို့က အမြင့်အတူအမျှရှိသော ယာဉ်ရထားပေါ်၌ တည်နေသော သူတို့အား တရားဟောကောင်း၏။
ရှေ့ကသွားသော ယာဉ်ရထားပေါ်၌ တည်နေသောသူတို့အား နောက်ယာဉ်ရထားပေါ်ကနေ၍ တရားမဟောသင့်။
နိမ့်သော ယာဉ်ရထားပေါ်ကနေ၍ မြင့်သောယာဉ်ရထား ပေါ်၌ နေသောသူအားလည်း တရားမဟောကောင်း။
သယနသိက္ခာပုဒ်-- ဖျာ-သင်ဖြူးပေါ်မှာဖြစ်စေ, မြေကြီးပေါ်မှာ ဖြစ်စေ အိပ်၍နေသောသူအား မြင့်သောဌာနကရပ်၍, ထိုင်၍ တရား မဟောကောင်း။
နိမ့်သောနေရာ, ညီမျှသော နေရာကနေ၍ မဟောသင့် ကြောင်း ကိုမူကား အထူးဆိုဖွယ် မရှိပြီ။
နိမ့်သောအိပ်ရာ၌ အိပ်သောသူအား မြင့်သောအိပ်ရာပေါ်က အိပ်လျက် တရားဟောလျှင် ဟောကောင်း၏။
ညီမျှသော အိပ်ရာပေါ်က အိပ်လျက်လည်း တရားဟော ကောင်း၏။
ရပ်၍, ထိုင်၍နေသောသူတို့အား အိပ်လျက်တရားဟော ကောင်း၏။
ထိုင်၍နေသော သူတို့အားလည်း ထိုင်လျက်တရားဟော ကောင်း၏။
[ဤကား အဋ္ဌကထာစကားတည်း။]
---ဆရာတော်ဘုရားကြီး ဆုံးဖြတ်ချက်
ဤအဋ္ဌကထာ စကားကိုထောက်လျှင် ယာဉ်ရထားတစ်ခုထဲ၌ ထိုင်နေသော တရားဟောပုဂ္ဂိုလ်သည် ထိုယာဉ်ရထားပေါ်၌ နိမ့်သော နေရာ-ညီမျှသောနေရာတို့၌ ထိုင်နေသောသူတို့အားလည်းကောင်း, အခြားသောယာဉ်ရထားပေါ်၌ နိမ့်သောနေရာ- ညီမျှသောနေရာတို့၌ ထိုင်နေသောသူတို့အားလည်းကောင်း တရားဟောကောင်း၏ဟု သိသာသည်၊ ယာဉ်ရထားပေါ်ကနေ၍ ကုလားထိုင်, ခုံတန်းရှည်စသော နေရာတို့၌ ထိုင်နေသောသူတို့အား တရားဟောကောင်းကြောင်းကို အထူးဆိုဖွယ်မရှိ၊ သင့်တော့သည်သာလျှင်တည်း။
ဆိုခဲ့ပြီးသော ယာဉ်ရထား, ကုလားထိုင်, ခုံတန်းရှည်စသည်တို့၌ ထိုင်နေသောသူတို့အား တရားဟောကောင်းကြောင်း၊ တရားနာသော ပုဂ္ဂိုလ်တို့ကလည်း ထိုယာဉ်ရထား, ကုလားထိုင်, ခုံတန်းရှည် စသည်တို့မှာ ထိုင်၍ တရားတော်ကို ကြားနာခြင်းငှါ သင့်လျော်လျောက်ပတ်သည် ဟူသော အနက်သဘောလည်း ထင်ရှားစွာပြီးစီးလေ၏။
ဤသို့ ပြဆိုအပ်ခဲ့ပြီးသော စကားရပ်ဖြင့် ဓမ္မကထိကပုဂ္ဂိုလ်သည် မြင့်သော-ညီမျှသော ညောင်စောင်း, အင်းပျဉ်, တရားဟောပလ္လင်, ခုတင်, ကုလားထိုင်, ခုံတန်းရှည်စသည်တို့၌ ထိုင်နေ၍တရားဟောလျှင် နိမ့်ကျသော -ညီမျှသော ကုလားထိုင်, ခုံတန်းရှည်စသည်တို့မှာ ထိုင်နေ၍ တရားနာကြလျှင် မရိုသေမှုအတွက်ဝိနည်းတော်နှင့် ဆန့်ကျင်သော အပြစ်မရှိဟူ၍ သိအပ်၏။
ဥဒ္ဒိဿ, အနုဒ္ဒိဿ-- အပြားကိုလည်း ဤအရာ၌ ရွေးချယ် သင့်သေး၏။
၁။ ရည်မှတ်၍ တရားဟောမှုကို ဥဒ္ဒိဿဆိုသည်။
၂။ မရည်ရွယ်ဘဲ ပရိသတ်အားလုံး သိမ်းရုံး၍ တရားဟောမှုကို အနုဒ္ဒိဿဆိုသည်။
မြတ်စွာဘုရား ကိုယ်တော်မြတ်သည်-- များစွာသော ရဟန်း ပရိသတ်, လူပရိသတ်တို့နှင့် တရားဟောတော်မူစဉ် ရံခါရံဖန် ဥဒ္ဒိဿ နည်းဖြင့် ဟောတော်မူသည်၊ ရံခါရံဖန် အနုဒ္ဒိဿနည်းဖြင့် ဟောတော်မူ သည်။
ဥဒ္ဒိဿ ဟောတော်မူပုံကား-- ဣဓ အာနန္ဒ တထာဂတော လောကေ ဥပ္ပဇ္ဇတိ၊ ဣဓ မဟာနာမ တထာဂတော လောကေ ဥပ္ပဇ္ဇတိစသည်ဖြင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုသာ ရည်စူး၍ ဟောတော်မူသော ပါဠိတော်များပေတည်း။
အနုဒ္ဒိဿ ဟောတော်မူပုံကား-- ဣဓ ဘိက္ခဝေ တထာဂတော လောကေ ဥပ္ပဇ္ဇတိ၊ ဣဓ ဂဟပတယော တထာဂတော လောကေ ဥပ္ပဇ္ဇတိဝ-စသည်ဖြင့် ရှေ့တွင် ရှိရှိသမျှသော တရားနာပရိသတ်တွေကို သိမ်းကျုံးပြီးလျှင် မရွေးမချယ်ဘဲ ဟောတော်မူသော ပါဠိတော်များ ပေတည်း။
ယခုအခါ၌လည်း-- ဓမ္မကထိက တရားဟောပုဂ္ဂိုလ်တို့ ဟောရာ တွင် ရံခါရံဖန် ဥဒ္ဒိဿနည်းအားဖြင့် ကွက်ခြားခေါ်ဝေါ်၍ ဟောတော်မူ ကြသည်၊ ရံခါရံဖန် အနုဒ္ဒိဿနည်းအားဖြင့် မကွက်ခြားဘဲ အများသိမ်း ကျုံး၍ ဟောတော်မူကြသည်၊ ဥဒ္ဒိဿနည်းအားဖြင့်ဟောလျှင် ဟောသော ပုဂ္ဂိုလ်နှင့် နာသောပုဂ္ဂိုလ်နှစ်ပါး အပေါ်မှာသာ ဂါရဝအဖြစ်, အာပတ္တိ အဖြစ်ကို ဆုံးဖြတ်အပ်၏၊ ရည်ရွယ်၍ မဟောအပ်သော သူများနှင့် မဆိုင်၊ တစ်ယောက်ကိုရည်ဇူး၍ ဟောနေလျှင် မရည်စူးသော ပုဂ္ဂိုလ် တို့က ဘယ်နေရာကပင် နေ၍နာသော်လည်း အပြစ်မရှိ၊ ထို မရည်စူးအပ် သော သူတို့က မသင့်သောနေရာ၌နေ၍ နာမှုကြောင့် ဓမ္မကထိကပုဂ္ဂိုလ် မှာလည်း အာပတ်မသင့်၊ အနုဒ္ဒဿနည်းအားဖြင့် ရှေ့၌ ရောက်လာသမျှ တွေကို သိမ်းရုံး၍ မဟောကြားလျှင် တရားနာ ပုဂ္ဂိုလ်အတွက် မရိုသေမှု, ဓမ္မကထိကအတွက် အာပတ်သင့်မှုများသည် ပရိသတ်တစ်စုလုံးနှင့် ဆိုင်၍နေ၏။
ထိုမှတစ်ပါး ဥပစာရ, အနုပစာရ-- - အပြားကိုလည်း ဤနေရာ၌ ရွေးချယ်သင့်သေး၏။
ဝိနည်းကျမ်းဂန်လာရှိသောအတိုင်း တစ်ဆယ့်နှစ်တောင်ကို ဥပစာရဟူ၍ မှတ်အပ်၏၊ တရားဟောပုဂ္ဂိုလ် နေထိုင်သောနေရာမှစ၍ ထက်ဝန်းကျင် တစ်ဆယ့်နှစ်တောင် အရပ်ပတ်လည်သည် ဥပစာရ မည်၏၊ ထိုတစ်ဆယ့်နှစ်တောင်အတွင်းသည် အလေးအမြတ်ပြု သင့်သော အရာဌာနမှန်သမျှ၌ အလေးအမြတ်ပြုသင့်သော အရပ်ဌာန ပေတည်း၊ တရားဟောပုဂ္ဂိုလ်၏ ထက်ဝန်းကျင် တစ်ဆယ့်နှစ်တောင် အတွင်း၌ တည်နေကုန်သောသူတို့ကိုမူကား ဥဒ္ဒိဿ, အနုဒ္ဒိဿဟူ၍ မရွေးချယ်ရ၊ ထိုဥပစာရအတွင်းမှာ မြင့်သောနေရာကနေ၍ တရားနာ လျှင် အပြစ်ဖြစ်လေတော့၏၊ ထိုဥပစာရအတွင်းမှာ တရားနာသမျှသော သူတို့သည် နိမ့်သောနေရာကနေ၍သော်လည်း နာကြရမည်၊ သို့မဟုတ် ညီမျှသော နေရာကသော်လည်း နေ၍ နာကြရမည်၊ မြင့်သောနေရာက တည်နေ၍မူကား ဘယ်နည်းနှင့်မျှ နာကြားရန် မသင့်ချေ။
ဥပစာမှပြင်ဖက်ကဖြစ်လျှင် မြင့်သောအရပ်ကနေ၍ဖြစ်စေ တရားနာသော်လည်း ဝိနည်းတော်နှင့်ဆန့်ကျင်သော အပြစ်ဒေါသမရှိ။
ဤနေရာ၌-- ပြဆိုလတံ့သော ဝတ္ထုတို့ဖြင့် သက်သေတင်ပြ ရမည်။
ဓမ္မပဒ-ကောဋိကဏ္ဏဝတ္ထု၌-- မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်ကြီးအတွင်း ဂန္ဓကုဋီတိုက်တော်ကနေ၍ တရားဟောတော် မူ၏၊ ကိုးရာသောရဟန်းတို့သည် ယူဇနာနှစ်ထောင် ဝေးကွာသောဌာန တောင်ထိပ်ဖျားကနေ၍ တရားနာကြကုန်၏၊ တရားတော်၏ အဆုံး၌ ကိုးရာသောရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။
ဝက္ကလိမထေရ်ဝတ္ထု၌-- မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း တော်ကြီးကနေ၍ တရားဟောတော်မူ၏၊ ဝက္ကလိမထေရ်သည် ဂိဇ္ဈကုဋ် တောင်ထိပ်ဖျားကနေ၍ တရားနာ၏၊ တရားတော်၏အဆုံး၌ ဝက္ကလိမ ထေရ် ရဟန္တာဖြစ်လေ၏။
ဥဂ္ဂသေနသူဌေးသားဝတ္ထု၌-- မြတ်စွာဘုရားသည် မြေပြင် ကနေ၍ တရားဟော်မူ၏၊ သူဌေးသားသည် အတောင်ခြောက်ဆယ်မြင့် သော ဝါး၏ထိပ်ပေါ်ကနေ၍ တရားနာ၏၊ တရားတော်၏အဆုံး၌ သူဌေးသားသည် ရဟန္တာ ဖြစ်လေ၏၊ ရှစ်သောင်းလေးထောင်သော တရားနာပုဂ္ဂိုလ်တို့သည်လည်း အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။
လာဇာနတ်သမီးဝတ္ထု၌-- မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော် ဂန္ဓကုဋီတိုက်တော်ကနေ၍ တရားဟောတော်မူ၏၊ လာဇာနတ်သမီးသည် ကောင်းကင်ကနေ၍ တရားနာ၏၊ တရားတော် ၏အဆုံး၌ လာဇာနတ်သမီးသည် သောတာပန်တည်လေ၏။
ဤသို့ထုတ်ပြအပ်သောဝတ္ထုတို့၌ နိမ့်ကျသောနေရာကနေ၍ တရားဟောတော်မူ၏၊ တရားနာပုဂ္ဂိုလ်တို့သည်ကား အလွန်မြင့်သော နေရာကနေ၍ ကြားနာကြကုန်၏၊ ထိုသူတို့သည် ဥပစာမှအပ၌ တည်ကြ ကုန်သောကြောင့် ဝိနည်းတော်အတွက်နှင့် တစ်စုံတစ်ရာမျှ အပြစ်မရှိ၊ အကယ်၍ အပြစ်ရှိပါလျှင် ထိုတရားနာပုဂ္ဂိုလ်တို့မှာ တရားထူးကို မရနိုင်ကြကုန်ရာ။
[ဤကား အဆုံးအဖြတ် တစ်ချက်တည်း။]
ဝိမတိ ဝိနောဒနီဋီကာ ဆရာသည်ကား-- ဥပစာမှလွတ်၍ ဝေးသောအရပ်၌ တည်နေသော်လည်း ရည်ညွန်းချက်ရှိလျှင် ရိုသေစွာ နာရမည်၊ မရိုမသေနာလျှင်အပြစ်ဖြစ်သည်၊ တရားဟောပုဂ္ဂိုလ်မှာလည်း အာပတ်သင့်သည်ဟူ၍ ဆိုလိုတော်မူ၏၊ ထိုအလိုကို ထုတ်ပြအပ်ပြီးသော ဝတ္ထုတို့နှင့် ဘယ်သို့ ညှိနှိုင်းရပါမည်နည်း-ဆိုလျှင် ဟောတော်မူသော ပုဂ္ဂိုလ်က “ဓမ္မိဿရ, ဓမ္မသာမိ” မြတ်စွာဘုရားဖြစ်တော်မူ၏၊ ကြားနာ ရသော ပုဂ္ဂိုလ်တို့ကလည်း ခဏချင်း ရုတ်တရက် ဟောတော်မူရာ ကြားနာလိုက်ကြရသဖြင့် ဂါရဝဌာနစသည်ကို မရွေးချယ်နိုင်၊ ထို့ကြောင့် အပြစ်မရှိဟု ဆိုကြကုန်၏။
[ဝိနည်းပရိယာယ်ဖြင့် ဆုံးဖြတ်ချက်ပြီး၏၊]
သုတ္တန်ပရိယာယ်အားဖြင့်မူကား-- ဓမ္မဂါရဝမည်သည် တရား တော်၌ခိုင်မြဲစွာ သတိရွေ့သွား နှလုံးထား၍ နာကြားမှုကြီးပေတည်း၊ တရားတော်၌ အလွန်လိုလားသော ဓမ္မမာမကစိတ်ဖြင့် အထူးဂရုစိုက်၍ မှတ်သားမိအောင် ကြားနာမှုကို တရားကိုရိုသေမှု ဓမ္မဂါရဝဆိုသည်၊ ထို့ကြောင့် အကြင်သူတို့သည် အလွန်နိမ့်ကျသော နေရာ၌နေ၍ တရား ကိုကြားနာကြကုန်၏၊ တရားတော်ကိုမူကား ကောင်းစွာနှလုံးသွင်း၍ နာခြင်းမရှိကြကုန်၊ တောင်တောင် မြောက်မြောက် စိတ်ယောက် ယက်ဆန်၍ နေကြကုန်၏၊ ထိုသူတို့မှာ ဓမ္မဂါရဝ မရှိဟူ၍ မှတ်ရာ၏၊ ထိုသို့နာကြားလျှင် ဘယ်တော့မှ တရားရနိုင်မည် မဟုတ်ချေ၊ အကြင် သူတို့သည် အလွန်မြင့်လွန်းသော နေရာကနေ၍ တရားကိုကြားနာ ကြကုန်၏၊ တရားတောကိုမူကား အထူးဂရုစိုက်၍ နှလုံးသွင်းကာ ရိုရို သေသေ ကြားနာကြကုန်၏၊ စိတ်ပြန့်လွင့်ခြင်းမရှိ ကြကုန်၊ ထိုသူတို့မှာ မူကား စင်စစ်ဓမ္မဂါရဝရှိကြကုန်၏၊ ထိုသို့နာမှ တရားကို ရနိုင်ကြ ကုန်သည်။
မဟာသမယသုတ္တန်, သမစိတ္တသုတ္တန် စသည်ကို ဟောတော်မူရာ အစည်းဝေးတရားသဘင်ကြီးတို့မူကား-- နတ်များအပေါင်းတို့သည် နေရာမရွေးနိုင်ကြကုန်ပြီ၊ မိမိရရှိသောနေရာကနေ၍သာ ကြားနာကြရ ကုန်တော့သည်၊ အချို့သောနတ်တို့သည် တောင်ပေါ်က နေ၍ ကြားနာ ကြရကုန်၏၊ အချို့သောနတ်တို့သည် ကောင်းကင် ထက်ကနေ၍ ကြားနာရကုန်၏၊ တရားနာရန် နေရာကောင်းကောင်း အခွင့်မရနိုင် သောကြောင့် ဘယ်လိုပင်နေ၍ နာကြကုန်သော်လည်း ဓမ္မအဂါရဝ မဖြစ်နိုင်ကြကုန်ပြီ။
ကဿပ မြတ်စွာဘုရား လက်ထက်တော်အခါတွင်-- တစ်ခုသော လိုဏ်အိုကြီး၌ အဘိဓမ္မာဆောင်ရဟန်းတို့ အဘိဓမ္မာကို သရဇ္ဈာယ် ကြကုန်စဉ် လင်းနို့သားငါးရာတို့သည် အထက်လိုဏ်အမိုးကို တွဲလဲဆွဲ၍ အဘိဓမ္မာတရားတော်ကို ကြားနာကြကုန်၏၊ တရားနာ သောနေဌာန၏ သင့်မသင့်ကို မသိကြကုန်သော လင်းနို့သားငါးရာတို့ ဓမ္မအဂါရဝမဖြစ်၊ ထိုသို့ တွဲလဲဆွဲ၍ အပေါ်ကတရားနာရသော ကုသိုလ် ကောင်းမှုကြောင့် အခြားမဲ့ဘဝ၌ နတ်ပြည်သို့ရောက်လေကုန်၏၊ ယခုငါတို့မြတ်စွာဘုရား လက်ထက်တော်အခါ၌ အဘိဓမ္မာဆောင် ရဟန်းအပေါင်းတို့ ရှေးဦးစွာ အဘိဓမ္မာကိုကြားနာ၍ နိဗ္ဗာန်ဝင်တော်မူကြရလေကုန်ပြီ။
[ဤကား ဆရာတော်ဘုရားကြီး၏ ဆုံးဖြတ်ချက်တည်း။]
ဖြန်ဖြေတရား
ဖြန်ဖြေစကား ပြောကြားလိုသည်မှာ- ယခုရေးသားအပ်သော အဆုံးအဖြတ်တွင် နှစ်သက်ရာရာကိုသာ ရွေးချယ်၍ ယူကြကုန်လော့၊ ငြင်းခုံခြင်းကို မပြုကုန်လင့်၊ ငြင်ခုံမှုမည်သည်ကား သာသနာတော်ကြီး၏ ဘေးရန်ပေတည်း၊ မြတ်စွာဘုရား ကိုယ်တော်မြတ်သည်လည်း ငြင်းခုံမှု ဝိဝါဒတရားကို လိုလားတော်မမူဘဲ အပြစ်များစွာ တင်တော်မူလေ့ရှိ၏၊ ငြင်းခုံမှုမရှိဘဲ သင့်တင့်ညီညွတ်သော တရားကိုသာလျှင် များစွာ လိုလားနှစ်သက်တော်မူ၏။
ထို့ကြောင့်-
ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသာ ဗုဒ္ဓါနုသာသနီ။
ဘိက္ခဝေ=ရဟန်းတို့၊ ဝိဝါဒံ=ငြင်းခုံမှုကို၊ ဘယတော=သာသနာ ၏ ဘေးရန်ကြီးအနေအားဖြင့်၊ ဒိသွာ=ရှုမြင်နိုင်ကြကုန်ဖြစ်၍၊ အဝိဝါဉ္စ= ငြင်းခုံမှုမရှိ ပကတိသင့်တင့် ညီညွတ်မှုကိုလည်း၊ ခေမတော=ဘေးကင်း ရန်ကင်း ချမ်းသာခြင်းအနေအားဖြင့်၊ ဒိသွာ=ရှုမြင်ကြကုန်သည်ဖြစ်၍၊ သမဂ္ဂါ=သာသနာအရေးတို့၌ တစ်စုတစ်ဝေးတည်း ညီညွတ်ကြကုန်သည်၊ ဟောထ=ဖြစ်ကြကုန်လော့၊ သခိလာ=ပြေပြေပြစ်ပြစ် ချစ်ချစ်ခင်ခင် မဆန့်ကျင်ကြကုန်သည်၊ ဟောထ=ဖြစ်ကြကုန်လော့၊ ဧသာ=ဤသည် ကား၊ ဗုဒ္ဓါနံ=မြတ်စွာဘုရားဟူသမျှတို့၏၊ အနုသာသနီ=အဆုံး အမဩဝါဒ လက်ရိုးကြီးပေတည်း။
[ဤကား ဖြန်ဖြေချက်တရားပေတည်း။]
တောင်းပန်စကား
ဤနေရာ၌ တောင်းပန်ချက်စကား ပြောကြားလိုပြန်သည်မှာ
အိုသူတော်ကောင်းတို့...ဥပမာအားဖြင့် အနည်းငယ်မျှသော မီး ကလေးသည် သစ်ရွက်ခြောက်ပုံ, အမှိုက်ပုံ၌ ကျရောက်လေသည်ရှိသော် မကြာမှီခဏချင်းပင်လျှင် မီးပုံကြီးဖြစ်၍ လာဘိသကဲ့သို့၊ ထို့အတူ အနည်းငယ်မျှလောက်သော ဝါဒအထူးအထွေသည် သာသနာ၏ ဘေးရန်ကို ရှု့မြင်လေ့မရှိဘဲ သဒ္ဓါတရားမွဲကြကုန်သော သူတို့အလယ်၌ ကျရောက်ခဲ့လျှင် ကြီးစွာသောငြင်းခုံမှုကြီး ဖြစ်ပေါ်၍လာ၏၊ သံဃာ သင်းကွဲခြင်း, ဂုဏ်းကွဲခြင်းတို့ဖြစ်ကြကုန်၏။
ဥပမာတစ်နည်းအားဖြင့်-- များစွာသော မီးတို့သည် အနှစ်သာရ ရှိသော သစ်ပင်တော, စိမ်းစိုသော သစ်ပင်တောသို့ ကျ ရောက်လေသော အခါ ကြီးပွါးတောက်လောင်ခြင်းမရှိဘဲ တစ်ခဏချင်း ငြိမ်းစဲးလေဘိ သကဲသို့၊ ထိုအတူကြီးစွာသော ဝါဒအထူး အထွေသည် သာသနာတော်၏ ဘေးကို ရှုမြင်လေ့ရှိကြကုန်သော သဒ္ဓါထူးချွန် ပညာဝန်တို့၏ အတွင်းသို့ ကျရောက်လေသောအခါ ခိုက်ရန်ပွါးခြင်း, ငြင်းခုံခြင်းမရှိဘဲ ငြိမ်းစဲ ပြေပျောက်၍ သွားလေ၏၊ သံဃာကွဲခြင်း မရှိချေ၊ ထိုကြောင့် သီဟိုဠ်ကျွန်း ၌ နေထိုင်ကြကုန်သော သပ္ပုရိသအပေါင်း သူတော်ကောင်းတို့သည် လည်း အနှစ်သာရနှင့် ပြည့်စုံသော သစ်ပင် စိုကြီးတွေနှင့် တူကြကုန် လော့၊ “ဝိဝါဒံ ဘယတော ဒိသွာ” ဟူသော မြတ်စွာဘုရားတို့၏ အဆုံးအမတော်ကြီးကို မိမိတို့၏ စိတ်နှလုံးထဲ၌ ခိုင်မြဲစွာ ထားကြ ကုန်လော့။
[ဤကား တောင်းပန်ချက်စကားပေတည်း]
အနုသာသနီ ရစနာဂါထာ
အနုဿရိတွာန တံ ဧတံ၊ သဗ္ဗဗုဒ္ဓါနုသာသနံ။
သမဂ္ဂါ သီဟဠာ ဟောန္တု၊ ဧသာ အမှာကယာစနာ။
သပ္ပုရိသာ=အိုသူတော်ကောင်းအပေါင်းတို့၊ တံ ဧတံ သဗ္ဗဗုဒ္ဓါနု သာသနံ=ထိုဘုရားဟူသမျှတို့၏ ဆုံးမတော်မူမြဲ ဖြစ်သော အနုသာသနီ စကား ဘုရားအမိန့်တော်မြတ်ကို၊ အနုဿရိတွာန=အဖန်ဖန်မပြတ် အထပ်ထပ်ဆင်ခြင်ကြကုန်သည်ဖြစ်၍၊ သီဟဠာ=သီဟိုဠ်ကျွန်းသား တရားချစ်ခင် သူတော်စဉ်အပေါင်းတို့သည်၊ သမဂ္ဂါ=မကွဲမပြားဘုရား သားမို့ တရားသဖြင့် ညီညွတ်ကြကုန်သည်၊ ဟောန္တု=ဖြစ်ကြကုန်လော့၊ ဧသာ=ဤစကားရပ်သည်ကား အမှာကံ=ငါတို့၏၊ ကယာစနာ=တောင်း ပန်ချက်စကားပေတည်း။
[ဓမ္မသာဝန ဂါရဝ အဂါရဝဝိနိစ္ဆယပြီး၏၊]
---ပဋ္ဌာန်းပုစ္ဆာ ၈- ချက်
ဝန်ထောက်မင်း ဦးစံရွှေအောင်က မုံရွာမြို့ ကျေဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီးထံ မေးလျှောက်သော ပုစ္ဆာ ဂ- ချက်ဖြစ်သည်။ လန်ဒန်ပါဠိဒေဝီ၏ မေးခွန်းမှာ “ပစ္စယသဒ္ဒါ၏ အနက် အဓိပ္ပါယ်ကို သိလိုပါသည်” ပါရှိ၏၊
မောင်ရွှေစံအောင်က ဖေါ်ပြချက်မှာ ပစ္စယသဒ္ဒါ၏ အနက် အဓိပ္ပါယ်ကို သိလိုပါသည်-ဆိုသော်လည်း ပစ္စည်းတပ်သော ရုပ်တရား နာမ်တရားကိုလည်း မဆိုလို၊ ပစ္စယုပ္ပန္နဖြစ်သော ရုပ်တရား၊ နာမ်တရား ကိုလည်း မဆိုလို၊ ပစ္စည်းဖြစ်သော ရုပ်တရားနာမ်တရားတို့နှင့် ပစ္စယုပ္ပန် ဖြစ်သောရုပ်တရား နာမ်တရားတို့၏ အချင်းချင်း ဆက်ဆံခြင်းသဘောကို ဆိုလိုသည်ဟုဖေါ်ပြ၏၊ ၎င်းဖေါ်ပြချက်အလိုမှာ၊ ပစ္စည်း ဖြစ်သော ရုပ်တရား-နာမ်တရား ပစ္စယုပ္ပန်ဖြစ်သောရုပ်တရား-နာမ်တရား များမှာ ပညတ်မျိုးမဟုတ်၊ ပရမတ္ထဓမ္မအစစ်ဖြစ်ကြောင်းကို အမှန် သိနိုင်ပါပြီ၊ ပစ္စည်းတရားနှင့် ပစ္စယုပ္ပန်တရားတို့၏အချင်းချင်းဆက် ဆံသော အခြင်းအရာအထူးသည်မူကား ပရမတ်လေလား ပညတ် လေလားဟု မပိုင်းခြားနိုင်ရှိနေပါသည်ဟု ဖေါ်ပြခြင်းဖြစ်၏။
၁။ “ပဋ္ဌာန်းပါဠိ”ဟူသောစကား၌ ပဋ္ဌာနသဒ္ဒါ၊ အနက် အဓိပ္ပါယ်ကို လည်းကောင်း၊
၂။ “ပစ္စည်း”ဟူသောစကား၌ပစ္စယသဒ္ဒါ၊ အနက် အဓိပ္ပါယ်ကို လည်းကောင်း၊
၃။ “ပစ္စယနယ“ကို ပဋ္ဌာန်းတရားတော်ဟုခေါ်ခြင်း၏ အကြောင်းကိုလည်းကောင်း သိလိုပါသည်။
၄။ “ပစ္စယနယ“ကို ဗုဒ္ဓဘာသာ၌အဘယ့်ကြောင့် မဟာ ပကရဏ ပဋ္ဌာန်းကျမ်းကြီး၌ ဟောတော်မူပါသနည်း။
၅။ “ပစ္စယနယ” သည် မည်သည့်အကြောင်းကြောင့် ကြီး ကျယ်ပါသနည်း။
၆။ “ပစ္စယနယ“သည် အနန္တနယဟူ၍လည်းကောင်း သမန္တနယဟူ၍လည်းကောင်း အမည်နှစ်ပါးရခြင်း၊ အကြောင်းကို သိလိုပါသည်။
၇။ ပဋ္ဌာန်းတရားကို သုံးသပ်တော်မူနေစဉ် အခါ၌ မြတ်စွာ ဘုရားမှာ ရောင်ခြည်တော် ၆-သွယ် ထွက်သည်ဟု ကျမ်းဂန်တို့၌ ဆို၏၊ ရောင်ခြည်တော် ၆-သွယ် ထွက်ခြင်း၏ အကြောင်းထူးကို သိလိုပါသည်။
၈။ ရုပ်,နာမ် တရားတို့သည် ပစ္စည်းနှင့် အဘယ်ကြောင့် မကင်းနိုင်ပုံ, ပစ္စယနယချင်း မည်သည့် အချက်မှာတူ၍ မည်သည့်အချက်မှာ ကွဲလွဲကြပုံများကို ပါဠိဒေဝီက သိလိုဟန်ရှိပါသည်။
ဝန်ထောက် ဦးရွှေစံအောင်၏ လျှောက်ချက်ပြီး၏။
---ပဌမ ပဋ္ဌာန်းပုစ္ဆာ အဖြေ
၁။ “ပဋ္ဌာနသဒ္ဒါ၏ အနက်အဓိပ္ပါယ်ကို သိလိုပါသည်” ဟူသော မေးချက်၌
[ပဋ္ဌာနသဒ္ဒါ၏ အနက်အဓိပ္ပါယ်ကို ပဋ္ဌာနုဒ္ဒေသဒီပနီကျမ်းအဆုံးမှာ ဖွင့်ဆိုပါရှိ၏၊]
လိုရင်းအနက်မှာမူကား-
တိဋ္ဌတိ ဖလံ ဧတ္ထာတိ ဌာနံ၊
တိဋ္ဌတိ ဖလံ ဧတေနာတိ ဌာနံ။
ဧတ္ထ=ဤအကြောင်း၌၊ ဖလံ=အကျိုးတရားသည်၊ တိဋ္ဌတိ= တည်၏၊ ဣတိ= ဤသို့အကျိုး၏တည်ရာဖြစ်သော အနက်ကြောင့်၊ ဌာနံ= ဌာန်းမည်၏၊။ဧတေန=ဤအကြောင်းဖြင့်၊ ဤအကြောင်းကြောင့်၊ ဖလံ=အကျိုးတရားသည်၊ တိဋ္ဌတိ=တည်၏၊ ဣတိ=ဤသို့အကျိုး၏ တည်ကြောင်းဖြစ်သော အနက်ကြောင့်၊ ဌာနံ=ဌာန်းမည်၏။
အကျိုးတရား၏ အဆက်ဆက်ဖြစ်ရာဖြစ်ကြောင်း, တည်ရာ တည်ကြောင်းဖြစ်ပေ၍ အကြောင်းတရားကို ဌာနခေါ်ပေသည်၊ တည်မှုကိုဆိုလျှင် ဖြစ်မှုသည် အတွင်းဝင်၍ ပါလေတော့သည်၊ တည်ရာ, တည်ကြောင်း ဆိုသည်မှာလည်း အကြောင်းနှင့် မလွတ်မကင်းနိုင် သည်ကို ဆိုသည်။
“ပဓာနံ ဌာနန္တိ ပဋ္ဌာနံ”။
ပဓာနံ=ပြဌာန်းသော၊ ဌာနံ=ဖြစ်ရာဖြစ်ကြောင်း, တည်ရာ တည် ကြောင်းတည်း၊ ပဋ္ဌာနံ=ပြဋ္ဌာန်းသော ဖြစ်ရာဖြစ်ကြောင်း, တည်ရာ တည်ကြောင်း။
ပြဌာန်းသောအကြောင်းဆိုသည်ကား-- မုချအကြောင်း ဧကန္တအကြောင်း ဆိုလိုသည်၊ မုချအကြောင်း, ဧကန္တအကြောင်း ဆိုသည်မှာလည်း အကျိုးတရားနှင့် ဖက်စပ်၍ ဆိုသတည်း။
အကျိုးတရားမည်သည်-- ပဌမဆက်, ဒုတိယဆက်, တတိယဆက် စသည်ဖြင့် အဆင့်ဆင့် အဆက်ဆက်သွား၏၊ ထိုတွင် အကြောင်းတရားမှ ရှေးဦးစွာဖြစ်ပေါ်အကျိုးအမျိုးမျိုးကို ပဌမဆက်ဆို၏၊ ၎င်းပဌမဆက်မှ အဆင့်ဆင့် ဆက်လက်၍သွားသော အကျိုးမျိုးကို ဒုတိယဆက်, တတီယဆက် စသည်ဆိုလို၏၊ ထိုတွင် ပဌမဆက်သည် မုချအကျိုး, ဧကန္တအကျိုးမည်၏၊ သူ့အကြောင်းရှိခဲ့ပါလျှင် ဧကန်မုချ ဖြစ်ပေါ်လာ ရသော အကျိုးမျိုး ဆိုလိုသည်၊ ဒုတီယ တတီယစသော အကျိုးဆက်မျိုး မှာမူကား ဧကန်မျချ အကျိုးမျိုးမဟုတ်၊ ထိုအကြောင်း ရှိခဲ့ပါသော်လည်း ဖြစ်ပေါ်သည်လည်းရှိ၏၊ မဖြစ်ပေါ်သည်လည်းရှိ၏၊ ထိုတွင် ဤပဋ္ဌာန်း ကျမ်း၌ သူ့အကြောင်းနှင့် ပထမအကျိုးရင်းကိုသာ ဖက်တွဲ၍ ဤကား ပစ္စယုပ္ပန်ဟု ဟောတော်မူပေ၏၊ ထို့ကြောင့် သူ့အကြောင်းနှင့် သူ့အကျိုး ဧကန်မုချမြဲသဖြင့် ပြဋ္ဌာန်းသော ဖြစ်ရာဖြစ်ကြောင်း, တည်ရာတည် ကြောင်းမျိုးကို ပဋ္ဌာနဆိုသတည်း၊ ထိုပဋ္ဌာန ဖြစ်သော အကြောင်းမျိုးကို ဟောတော်မူရာ ကျမ်းဂန်ဖြစ်၍ ပဋ္ဌာန်း ကျမ်းခေါ်သတည်း။
သက်သေမူကား
လောဘတရားကို ဟေတုပစ္စည်းဟူ၍ ဟောတော်မူ၏၊ ထိုလောဘနှင့် အတူတကွဖြစ်ပေါ်ကြသော ရုပ်တရား, နာမ်တရာစုကို ထိုလောဘ၏ အကျိုးပစ္စယုပ္ပန်ဟု ဟောတော်မူ၏၊ ထိုလောဘ တရား ဖြစ်ပေါ်သည့်အတွက် ထိုလောဘနှင့် အတူတကွ ဖြစ်ပေါ်ကြသော ရုပ်တရား, နာမ်တရားစုတွင်သာ ပြီးဆုံးမြဲမဟုတ်၊ ထိုလောဘချုပ်ကွယ် ပြီးနောက် ထိုလောဘ၏ အကျိုးဆက်ဖြစ်သော ကာယကံ, ဝစီကံ, မနောကံတရား အနည်းအများဖြစ်ပွါး၍ သွားတတ်သည်လည်း ရှိ၏၊ ထိုသို့ရှိသော်လည်း ထိုအကျိုးဆက်မျိုးသည် ဧကန်မုချဖြစ်ပေါ်မြဲမဟုတ်၊ လောဘနှင့် အတူတကွဖြစ်သော ရုပ်တရာ, နာမ်တရားစုသာလျှင် လောဘဖြစ်လျှင် ဖြစ်ပေါ်မြဲ ဧကန်မုချ အကျိုးမျိုးဖြစ်ပေသတည်း။ [ဟေတုပစ္စည်းမှတစ်ပါး ကျန်ရှိသော ပစ္စည်းတို့၌လည်း သူ့ပစ္စည်း နှင့် သူ့ပစ္စယုပ္ပန် ထိုက်သည့်အားလျော်စွာ သိလေရာ၏၊]
[ဤကား ပဋ္ဌာနသဒ္ဒါ၏ အနက်သွားကို ပြဆိုချက်တည်း။]
ပဌမ ပဋ္ဌာန်းပုစ္ဆအဖြေပြီး၏။
---ဒုတီယ ပဋ္ဌာန်းပုစ္ဆာအဖြေ
၂။ “ပစ္စယသဒ္ဒါ၏ အနက်အဓိပ္ပါယ်ကို သိလိုပါသည်”ဟူသော မေးချက်၌-
အတ္တာနံ ပဋိစ္စ ဖလံ အယတိ ပဝတ္တတိ ဧတေနာတိ ပစ္စယော။
ဧတေန=ဤအကြောင်းဖြင့်၊ ဤအကြောင်းကြောင့်၊ အတ္တာနံ= မိမိဟုဆိုအပ်သော အကြောင်းကိုပင်၊ ပဋိစ္စ=အစွဲပြု၍၊ ဖလံ=အကျိုး တရားသည်၊ အယတိ ပဝတ္တတိ=ဖြစ်တတ်၏၊ ဣတိ=ဤသို့အကျိုး တရား၏ အစွဲပြု၍ ဖြစ်ကြောင်းဟူသောအနက်ကြောင့်၊ သော= ထိုအကြောင်းတရားသည်၊ ပစ္စယော=ပစ္စည်းမည်၏။
ပဋ္ဌာနနှင့်ပစ္စယအထူး
ပဋ္ဌာနသဒ္ဒါ၏အနက်သွားမှာ-- အကျိုးအဆက်ဆက်တို့တွင် ပဌမဆက်နှင့်သာ ဖက်စပ်နိုင်၏၊ ဤပစ္စယသဒ္ဒါ၏ အနက်သွားမှာ အကျိုးအဆက်ဆက်ရှိတိုင်း သွား၏။
ဥပမာကား-- တစ်ဦးသောအမိမှာ သား, သ္မီးပေါက်ဖွါးပြီးလျှင် ထိုသားသ္မီးတို့မှ အဆက်ဆက်ပေါက်ဖွါး၍ သွားရာ၌ ပဋ္ဌာနသဒ္ဒါ၏ အလိုမှာ အစဆုံးအမိသည် အကြောင်း, ၎င်းမှပေါက်ဖွါးသော ပဌမသား, သ္မီးစုသည် အကျိုး၊ ဤမျှသာသွား၏၊ ပစ္စယသဒ္ဒါ၏အလိုမှာ အစဆုံး အမိသည် အကြောင်း, နောက်သား, မြေးစဉ်ဆက် အကုန်လုံးသည် ထိုအမိ၏အကျိုးဟူ၍ သွားနိုင်၏၊ သို့ရာတွင် ဤပဋ္ဌာန်းကျမ်း၌မူကား ကျမ်း၏အမည်အတိုင်း ပဋ္ဌာနသဒ္ဒါ ပြဋ္ဌာန်းလျက် ရှိနေသောကြောင့် ပစ္စယသဒ္ဒါ၏ အလိုအတိုင်း သွားနိုင်သည်မဟုတ်။
သံဝဏ္ဏနာ ဆရာတို့၏ ဖွင့်ရိုးဖွင့်စဉ်မှာမူကား-- “ပစ္စယော” ဟူသောပုဒ်ကို “ဥပကာရကော” ဟု ဖွင့်ရိုးဖြစ်၏၊ “ကျေးဇူးပြုတတ်သည်” ဟု မြန်မာအနက်ဆိုရိုးရှိ၏၊ အမိသည် သားအား ပဋိသန္ဓေ၏ တည်နေရာကိစ္စနှင့် ကျေးဇူးပြု၏၊ ဖွါးမြင်မှုနှင့် ကျေးဇူးပြု၏၊ ချီထိန်းမှု, စောင့်ရှောက်မှု, ကျွေးမွေးမှုနှင့် ကျေးဇူးပြု၏၊ အမိသည်ကား အကြောင်း ဖြစ်၍ ပစ္စယမည်၏၊ သားသည်ကား အကျိုးဖြစ်၍ ပစ္စယုပ္ပန္န မည်၏၊ တစ်ဖန် သားသည် အမိအား ကျွေးတုံ့ ကျွေးလှည့် ကျွေးမွေးပြန်သော အခါ သားကားကျွေးမွေးမှုအတွက်ကြောင့် ပစ္စယဖြစ်၏၊ အမိသည် ချမ်းသာမှုအတွက် ပစ္စယုပ္ပန္န ဖြစ်၏၊ သားသည် သားကောင်းမဟုတ်၊ သားဆိုးဖြစ်ခဲ့၍ အမိမှာ သားအတွက် လွန်စွာဆင်းရဲဒုက္ခ ရောက်ရ သည်ဖြစ်အံ့၊ သားသည် အမိအားဒုက္ခဖြစ်ခြင်းငှါ အကြောင်းပစ္စယ ဖြစ်၏၊ အမိသည် ဒုက္ခရောက်မှုအတွက် အကျိုးပစ္စယုပ္ပန္န ဖြစ်၏။
လောက၌ ကျေးဇူးပြုသည်ဆိုလျှင်-- ကျေးဇူးပြုခံရသူမှာ ကောင်းဖို့ရာ၌သာ ပြောရိုးဆိုရိုးရှိ၏၊ ဤပဋ္ဌာန်းပစ္စည်းအရာ၌မူကား အကျိုးတရားဖက်၌ ကောင်းသည်ဖြစ်စေ,၊ မကောင်းသည်ဖြစ်စေ ဤအကြောင်းကြောင့် ဤအကျိုးဖြစ်ရသည်, တည်ရသည်, ပွါးစီးရ သည်ဟု ဆိုခွင့်ရှိသမျှတို့မှာပင် အကြောင်းတရား၏ ကျေးဇူးပြုမှုချည်း ခေါ်ရလေသည်၊ ထို့ကြောင့် ထိုအမိမှာလည်း သားကြောင့် ဒုက္ခဖြစ်ရ သည်ဟု ဆိုရသည့်အတိုင်း သားသည် အမိအား ဆင်းရဲခြင်းငှါ ကျေးဇူးပြု၏၊ သားကြောင့် အမိ ကျိုးရသည်, သားကြောင့် ကန်းရသည်, သားကြောင့် သေရသည် ဆိုရလျှင် သားသည် အမိအား ကျိုးခြင်းငှါ, ကန်းခြင်းငှါ, သေခြင်းငှါ ကျေးဇူးပြု၏ဟု ပဋ္ဌာန်းအလို ဆိုရိုးဖြစ်၏၊ သေသည့်နောက်၌လည်း ထိုအမိသည် သားအတွက်ကြောင့် သုဂတိ ဘဝသို့ ရောက်ရသည်၊ သားအတွက်ကြောင့် အပါယ်လေးပါး ကျရ သည်ဟု ဆိုခွင့်ရှိသည်သာ ဖြစ်၏။
[ဤကား ပစ္စယသဒ္ဒါ၏ အနက်သွားတည်း။]
ဒုတီယပဋ္ဌာန်းပုစ္ဆာ အဖြေပြီး၏။
---တတီယ ပဋ္ဌာန်းပုစ္ဆာအဖြေ
၃။ “ပစ္စယနယကို ပဋ္ဌာန်းတရားတော်ဟု ခေါ်ခြင်း၏ အ ကြောင်း” ကိုမေးရာ၌-
ပဋ္ဌာနသဒ္ဒါ၏ အနက်သွားနှင့် ပစ္စယသဒ္ဒါ၏ အနက်သွားကို ပြဆိုလိုက်သဖြင့် ထိုအမေးပြေလေပြီ။
ပစ္စယသဒ္ဒါကဲ့သို့ ပဋ္ဌာနသဒ္ဒါလည်း အကြောင်းတရားကို ဟော သည်ပင်ဖြစ်၏။
[ဤကား ပစ္စယနယကို ပဋ္ဌာန်းခေါ်ကြောင်းတည်း။]
တတီယ ပဋ္ဌာန်းပုစ္ဆာအဖြေပြီး၏။
---စတုတ္ထ ပဋ္ဌာန်းပုစ္ဆာအဖြေ
၄။ “ပစ္စယနယကို ဗုဒ္ဓဘာသာ၌ အဘယ့်ကြောင့် မဟာပကရဏ ပဋ္ဌာန်းကျမ်းကြီး၌ ဟောတော်မူသနည်း” ဟူသော အမေးမှာ-
“ဝိနည်းသိက္ခာပုဒ်တော်တို့ကို အဘယ့်ကြောင့် ဝိနည်းပိဋကတ်၌ ဟောတော်မူပါသနည်း” ဟု မေးဖွယ်ကိစ္စ မရှိသကဲ့သို့၊ ဤအမေးသည် လည်း ပဋ္ဌာနသဒ္ဒါ၏ အနက်သွားနှင့် ပစ္စယသဒ္ဒါ၏ အနက်သွားကို သိမြင်လျှင် ပြီးပြေလေတော့သည်။
မဟာပကရဏခေါ်ရသည်မှာ-- တစ်ခုသော ဥဒ္ဒေသကို မူတည်၍ အကျယ်ဝေဖန်သော ကျမ်းအမျိုးမျိုးတို့တွင် ဤကျမ်းကဲ့သို့ ကြီးကျယ် သောကျမ်းဟူ၍ ပိဋကတ်သုံးပုံတွင် တစ်ကျမ်းမျှ မရှိ၊ ထို့ကြောင့် မဟာပကရဏ ခေါ်ရလေသည်။
[ဤကား ပစ္စယနယကို ပဋ္ဌာန်း၌ ဟောတော်မူရကြောင်းတည်း။]
စတုတ္ထ ပဋ္ဌာန်းပုစ္ဆာအဖြေပြီး၏။
ပဉ္စမ ပဋ္ဌာန်းပုစ္ဆာအဖြေ
၅။ “ပစ္စယနယသည် မည်သည့်အကြောင်းကြောင့် ကြီးကျယ်ပါ သနည်း” ဟူသော မေးခွန်း၌-
ပစ္စယနယကို ဟောတော်မူရာဖြစ်သော ပဋ္ဌာန်းကြီး၏ ကြီးကျယ် အကြောင်းမှာ-- ဓမ္မသင်္ဂဏီကျမ်း၏ အစတွင် ဟောတော်မူသော တိကာမာတိကာပုဒ်ပေါင်း (၂၂ ) ဒုကမာတိကာပုဒ်ပေါင်း (၁၀၀) တို့ကိုမူတည်ပြီးလျှင် ပစ္စယနယပေါင်း (၂၄ )တို့နှင့် ချယ်လယ်၍ ဟောတော်မူသောကြောင့် ကြီးကျယ်လေသည်။
[အမှန်းအဆအားဖြင့် ဓမ္မသင်္ဂဏီကျမ်းထက် (၂၄ ) ဆကြီးရန်ရှိ၏၊]
[ဤကား ပစ္စယနယကြီးကျယ်ပုံတည်း။]
ပဉ္စမ ပဋ္ဌာန်းပုစ္ဆာ အဖြေပြီး၏။
---ဆဋ္ဌ ပဋ္ဌာန်းပုစ္ဆာအဖြေ
၆။ “ပစ္စယနယသည် အနန္တနယဟူ၍လည်းကောင်း, သမန္တနယ ဟူ၍လည်းကောင်း အမည်နှစ်ပါးရခြင်း၏ အကြောင်းကို သိလိုပါသည်” ဟူသော မေးချက်၌--
အနန္တနယအမည်ရခြင်း၏ အကြောင်းကား-- ယင်းဓမ္မသင်္ဂဏီ ကျမ်းထက် (၂၄ ) ဆ ဆိုသည်မှာ အနုလောမပဋ္ဌာန်း (၆) ကျမ်းတွင် တိကပဋ္ဌာန်းနှင့် ဒုကပဋ္ဌာန်းအတွက် သက်သက်သာတည်း။
ထို့ပြင်-- ဒုကတိကပဋ္ဌာန်း, တိကဒုကပဋ္ဌာန်း, တိကတိက ပဋ္ဌာန်း, ဒုကဒုကပဋ္ဌာန်းဟူ၍ အနုလောမပဋ္ဌာန်း လေးကျမ်းရှိသေး၏၊ ထိုအတွက်
(၂၄ )ဆ လေးလီတက်ပြန်၏၊ အနုလောမပဋ္ဌာန်း ၆-ကျမ်းဖြစ်၏၊ ထို့ပြင်-- ပစ္စနိယပဋ္ဌာန်း ၆-ကျမ်း,
ပစ္စနိယာနုလောမပဋ္ဌာန်း ၆-ကျမ်းဟူ၍ ပဋ္ဌာန်း (၁၈) ကျမ်းကျန်ရှိ သေး၏၊
ထိုအတွက် ဓမ္မသင်္ဂဏီကျမ်းထက် (၂၇ ) ဆ ပေါင်း (၁၈ ) ပြန် တိုးပြန်၏။
ဤမျှလောက်ကြီးကျယ်သော ပဋ္ဌာန်းဒေသနာအလား၏ အတွင်း၌ သဒ္ဒနယပေါင်း မည်မျှ, အတ္ထနယပေါင်း မည်မျှဟု ရေတွက် နိုင်ဖွယ်မရှိ၊ ထို့ကြောင့် ပစ္စယနယကို “အနန္တနယ”ဟု ခေါ်ပေသည်။
[သမန္တနယဟု ခေါ်ရိုးမရှိ၊ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းဟုသာ ခေါ်၏၊]
အနုလောမပဋ္ဌာန်း ၆-ကျမ်း, ပစ္စနီယပဋ္ဌာန်း ၆-ကျမ်း, အနုလောမ ပစ္စနီယပဋ္ဌာန်း ၆-ကျမ်း, ပစ္စနိယာနုလောမ ပဋ္ဌာန်း ၆-ကျမ်းဟူ၍ ပဋ္ဌာန်း (၂၄ ) ကျမ်းရှိသည်တွင် တစ်ကျမ်းတစ်ကျမ်းမှာပင် သဒ္ဒနယ, အတ္ထနယ ပေါင်း အနန္တစီချည်းဖြစ်လေရကား အနန္တနယပေါင်း (၂၄ ) နယ်မှ ပေါင်းဆုံ၍, ပတ်လည်ဝန်းကျင်မှ ပေါင်းဆုံ၍ ကျရာ ဖြစ်သောကြောင့် “အနန္တနယ, သမန္တပဋ္ဌာန်းကျမ်းကြီး” ခေါ်သည်။
[ပေစာနှင့်အင်္ဂါပေါင်း ၆၀-ခန့်ရှိ၏၊ ထို ၆၀-ခန့်တွင် နောက်ပိုင်း ဆီတစ်ခွင်မှာ ပေယျာတွေချည်းလိုလိုနေတော့သည်၊ အစမှအဆုံးတိုင် ကြည့်ရှုဘူးသူမှသာ ပဋ္ဌာန်းကျမ်းကြီး၏ကျယ်ဝန်းပုံကို သိနိုင်လေသည်]
[ဤကား ပစ္စယနယအမည်နှစ်ပါးရပုံတည်း]
ဆဋ္ဌ ပဋ္ဌာန်းပုစ္ဆာအဖြေပြီး၏။
---သတ္တမ ပဋ္ဌာန်းပုစ္ဆာအဖြေ
ရ။ “ ပဋ္ဌာန်းတရားတော်ကိုသုံးသပ်တော်မူစဉ်အခါ၌ မြတ်စွာ ဘုရားမှာ ရောင်ခြည်တော် ၆-သွယ်ထွက်သည်ဟု ကျမ်းဂန်တို့၌ ဆိုပါသည်။ ရောင်ခြည်တော် ၆-သွယ်ထွက်ခြင်း၏ အကြာင်းထူးကို သိလိုပါသည်” ဟူသောမေးချက်၌-
ဝိပဿနာကမ္မဋ္ဌာန်းကို ကြိုးကြိုးပန်းပန်း ပြုလုပ်အားထုတ်ကြ ဘူးသူ အချို့တို့မှ ဥဒယဗ္ဗယဉာဏ် ရင့်သန်ခြင်းသို့ ရောက်လျှင် ဉာဏ်ကြည်သည့်အတွက် ကိုယ်ခန္ဓာမှအရောင်အဝါထွက်၏၊ အချို့မှာ ငါးတောင် တိုက်ခန်းလင်း၏၊ အချို့မှာ တိုက်ခန်းတွင်း,ပြင် လင်း၏၊ အချို့မှာအိမ်လုံး, တိုက်လုံးလင်း၏ ဆရာတော်ထံလာ၍ လျှောက် ထားကြသူ အများပင် တွေ့ရှိရ၏။
[ဝိသုဒ္ဓိမဂ်ကျမ်း-မဂ္ဂါမဉာဏဒဿနဝိသုဒ္ဓိခန်းမှာလာ၏]
ဗောဓိပင် အပရာဇိတပလ္လင်၌ ဘုရားဖြစ်ရန် အားထုတ်တော် မူသော အလောင်းတော်မြတ်၏ ဥဒယဗ္ဗယဉာဏ်တော်ရောင်သည် စကြဝဠာတစ်သောင်းလင်းသည်ဟု ၎င်းကျမ်းမှာဆို၏၊ ဘုရားဖြစ်ပြီးမှ အနန္တပစ္စယနယကို သုံးသပ်တော်မူသော သဗ္ဗညုတဉာဏ်တော် သည်မူကား ထိုဥဒယဗ္ဗယဉာဏ်တော်ထက် အဆအနန္တ ကြီးကျယ် သည်ဟုဆိုဖွယ်ရှိ၏၊ အနန္တပစ္စယနကို သုံးသပ်တော်မူသည့်အတွက် မြတ်စွာဘုရား ရောင်ခြည်တော် ၆-သွယ်ထွက်ရန်အကြောင်းကို မေးဖွယ် ကိစ္စပင် မရှိပြီ။
[ဤကား ရောင်ခြည်တော်ထွက်ခြင်း အကြောင်းတည်း။]
သတ္တမ ပဋ္ဌာန်းပုစ္ဆာအဖြေပြီး၏။
---အဋ္ဌမ ပဋ္ဌာန်းပုစ္ဆာအဖြေ
၈။ “ရုပ်နာမ်တရားတို့သည် အဘယ့်ကြောင့်ပစ္စည်းနှင့်မကင်း နိုင်ပါသနည်း” ဟူသောမေးချက်၌
နိဗ္ဗန်မှတစ်ပါးသောစိတ်, စေတသိတ် နာမ်တရား ဟူသမျှသည် အကြောင်းနှင့်မကင်းနိုင်ပုံကား
“မနော ပုဗ္ဗင်္ဂမာဓမ္မာ၊ မနောသေ ဋ္ဌာမနောမယာ”။ ဟူသည်နှင့်အညီ- စိတ်၏ကိရိယာအထူး အထွေမျှဖြစ်ကြ ကုန်သော “စေတသိက်နာမ်တရား” ဟူသမျှတို့သည် အဘယ်မှာ စိတ်တည်း ဟူသောအကြောင်းနှင့် ကင်းနိုင်ကြကုန်အံ့နည်း၊ စိတ် ဆိုသည်ကား အာရုံကို သိခြင်းကိရိယာပေတည်း အာရုံကိုသိမှု မရှိချေက အာရုံကိုတွေ့ထိမှု, အာရုံကိုခံစားမှု အစရှိသော စေတသိက် နာမ်တရား တို့၏ ဖြစ်ခွင့်သည် အဘယ်မှာ ရှိပချေအံ့နည်း၊ ထို့ကြောင့် စေတသိက် နာမ် တရားဟူသမျှသည် အကြောင်းနှင့် မကင်းနိုင်ချေ။
စိတ်ဟူသောနာမ်တရားသည်လည်း။။ ဝတ္ထုရုပ် ၆-ပါး နှင့်မကင်း နိုင်ချေ၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဟဒယ ဝတ္ထုဟူသော ရုပ်၆-ပါးသည် အလွန်သိမ်မွေ့နူးညံ့၏၊ အလွန်သိမ်မွေ့ နူးညံ့သည့် အတွက်အာရုံကိုယူတတ် သောနာမ်တရား၏ သဘောနှင့် အလွန်နီး စပ်၏၊ အာရုံကို ယူလုမတတ် နီးစပ်၏၊ ဤကဲ့သို့ သဘောရှိသော ဝတ္ထုရုပ်တို့မှ ပေါက်ဖွါးရသည့်အတွက် စိတ်သည် အာရုံကို ယူနိုင်လေ၏။
စက္ခုဝတ္ထု ရုပ်မှပေါက်ဖွါးရသည့်အတွက် စက္ခုဝိညာဏ် စိတ်ဟူ၍ ပေါ်နိုင်၏၊ စက္ခုဝတ္ထုရုပ် မရှိချေက စက္ခုဝိညာဏ်စိတ် မပေါ်နိုင်၊ စက္ခု ဝတ္ထုရုပ် မရှိချေက မျက်လုံးကြောင်ကြောင်ရှိသော်လည်း အဆင်းကို မမြင်နိုင်၊ ကြောင်တောင်ကန်းခေါ်၏။
[ကြွင်းသော ဝတ္ထုရုပ်တို့နှင့်ကြွင်းသော ဝိညာဏ်တို့မှာလည်း ဤနည်းတူဆိုလေ။]
ဝတ္ထုရုပ် ၆-ပါးတို့သည်လည်း-- ကမ္မဇ မဟာဘုတ်တို့မှ ပေါက်ဖွား ကြ၍ ကမ္မဇမဟာဘုတ်တို့၏ ကိရိယာအထူးအထွေမျှ ဖြစ်ကြကုန်၍ ကမ္မဇမဟာဘုတ်လျှင် တည်ရာ, မှီရာအကြောင်းနှင့် မကင်းနိုင်ချေ။
ကမ္မဇမဟာဘုတ်တို့သညည်လည်း-- ဇီဝိတရုပ်ကို အသက် ပြု၍, အာဟာရရုပ်ကိုအားပြု၍ တည်နေကြရကုန်၏၊ သတ္တဝါတို့၏ အသက်ဟု ဆိုအပ်သော ဇီဝိတရုပ် ပျက်ဆုံးခဲ့သော်လည်းကောင်း, ထမင်း အစာ အာဟာရ ပြတ်လပ်သဖြင့် အတွင်းအဇ္ဈတ္တဩဇာအာဟာရရုပ် ပြတ်စဲခဲ့ သော်လည်းကောင်း ကမ္မဇမဟာဘုတ်တို့သည် အကုန်ပျက်ဆုံးရ ကုန်၏၊ ထို့ကြောင့် ထိုမဟာဘုတ်တို့သည် ကံတည်းဟူသော ရှေး အကြောင်း, ဇီဝိတရုပ်-အာဟာရ ရုပ်ဟူသော အစောင့်အရှောက် အထောက်အကူ အကြောင်းတို့နှင့် မကင်းနိုင်ချေ။
စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့မည်သည်-- ပကတိ နဂိုရင်းကပင် အသကက်ရှိသော ရုပ်များမဟုတ်ကြကုန်၊ ဇီဝိတရုပ် အအုပ်အထိန်းရှိသော ရုပ်များများ မဟုတ်ကြကုန်၊ အသက်ဇီဝ ရှိကုန် ကြသော ကမ္မဇရုပ်တို့ကို အသက်ပြုလုပ်၍ မပုပ်မသိုး တည်နေကြကုန်၏၊ ကမ္မဇရုပ်စု ပျက်ဆုံးခဲ့လျှင် ခဏမကြာ ဖောက်လွဲ ဖောက်ပြန် ရောင်လား ဖေါလား ပုပ်လားသိုးလား ပရမ်းပတာဖြစ်၍ ကုန်ကြကုန်၊ ကမ္မဇရုပ် တို့သည်သာလျှင် သတ္တဝါတို့၏ အဇ္ဈတ္တအင်္ဂါ အစစ်ဖြစ်ကြ၊ ထိုကမ္မဇရုပ် တို့ကိုလည်း ဇီဝိတရုပ် စိုးအုပ်စောင့်ထိန်း၏၊ ထိုဇီဝိတရုပ်သည်လည်း ကမ္မဇမဟာဘုတ်တို့မှ ဖြစ်ပွါးသော ဥပါဒါရုပ်သေး ရုပ်ငယ်မျှသာ ဖြစ်ချေ၏၊ ကမ္မဇမဟာဘုတ်တို့ အခြေအနေ ပျက်ပြားသည်ရှိသော် ခဏချင်း ပျက်စီး၏၊ ထို့ကြောင့် သတ္တဝါတို့၏ အသက်သည် မြက်ပင် ငယ်တို့၌ တွယ်တာ၍နေသော ဆီးနှင်းသီး, ဆီးနှင်းပေါက်နှင့် တူကြောင်း ကို ဟောတော်မူ၏။
[ဤကား စိတ်, စေတသိက်နာမ် တရားတို့၏ အကြောင်းနှင့် မကင်းနိုင်ပုံတည်း။]
အကြောင်းကင်းသော အဇ္ဈတ္တရုပ်, နာမ်မရှိပုံ
ဤမျှသောဖေါ်ပြချက်တို့ဖြင့် တစ်ယောက်သော လူသတ္တဝါ၏ ကိုယ်ခန္ဓာမှာ အကြောင်းနှင့်ကင်းသော ရုပ်တရားတစ်ခု, နာမ်တရား တစ်ခုမျှ မရှိကြောင်းထင်ရှားပြီ၊ တစ်ယောက်သော လူသတ္တဝါ ကိုယ်ခန္ဓာ တစ်ခုကို ဖေါ်ပြသဖြင့် ရှိရှိသမျှသော လူသတ္တဝါအနန္တ, နွား-ကျွဲ ဆင်မြင်း-ခွေး-ဝက်-ကြက်-ငှက် ရေသတ္တဝါအနန္တ, ကုန်းသတ္တဝါအနန္တ အကုန်ဖြေါ်ပြခြင်းကိစ္စ ပြီးလေတော့သည်၊ ပဋိသန္ဓေနေရခြင်းအစ သေရခြင်းအဆုံးတို့မှ ကင်းလွတ်၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာအစုအခဲနှင့် အမြဲတည်နေနိုင်သော သတ္တဝါဟူ၍ တစ်စုံတစ်ယောက်မျှ မရှိချေ။
အထက်ထက်သော နတ်ဗြဟ္မာတို့မှာလည်း-- နတ်ဖြစ်ရန်, ဗြဟ္မာဖြစ်ရန် ကံအသီးသီးရှိကြသည်ပြင် ပဋိသန္ဓေနေခြင်းဇာတိ-အစနှင့် အသက်တန်းကုန်လျှင် သေရခြင်း-အဆုံး အကုန်လုံးရှိကြကုန်သဖြင့် ထိုနတ်ဗြဟ္မာတို့၏ သန္တာန်မှာလည်း အကြောင်းကင်းသော ရုပ်တရား, နာမ်တရားဟူ၍ အဏုမြူမျှ မရှိကြချေ။
ဝတ္ထုတို့နှင့် မစပ်လျဉ်းသော အရူပဘုံသားတို့မှာလည်း-- လေးမှ ထွက်သွားသော မြားသည် လေးကိုင်း,လေးညှို့တို့၏ အဟုန်သက် သက်နှင့် ကောင်းကင်သို့ လွင့်စင်၍သွားပြီးလျှင် အဟုန်ကုန်ဆုံးလျှင် မြေသို့ ကျရလေသကဲ့သို့ ဘာဝနာအဟုန်အားဖြင့် ရုပ်ခန္ဓာမှ ကျွတ်လွတ် လွင့်စင်၍ သွားသော နာမ်တရားများ ဖြစ်ကြ၍ ဘဝနာအဟုန် ကုန်ဆုံးရာ၌ ပျက်ဆုံး၍ ကျလာရ၏။
[ဤကား အကြောင်းကင်းသော အဇ္ဈတ္တရုပ်, နာမ် မရှိပုံတည်း။]
မဟာဘုတ်လေးပါး အချင်းချင်း မကင်းနိုင်ပုံ မဟာပထဝီ, နေ, လ, နက္ခတ်, တာရာ စသော ဗဟိဒ္ဓ ဝတ္ထုမျိုး တို့၌မူကား
၁။ ပထဝီ- မြေဓာတ်,
၂။ အာပေါ- ရေဓာတ်,
၃။ တေဇော- မီးဓာတ်,
၄။ ဝါယော- လေဓာတ်,
ဟူသော မဟာဘုတ် ဓာတ်ကြီးလေးပါးသည် အထည်ခံ, အမာခံဖြစ်ကြ၏၊ ထိုမဟာဘုတ်ဓာတ်ကြီး ၄-ပါးတို့တွင်ပထဝီဆိုသည်ကား-- ခက်မာမှု ကြိယာပေတည်း၊ ခက်မာမှု ကြိယာသည်လည်း လောက၌သိရှိကြသော ခက်မာမှုကြိယာကို ဆိုလိုရင်း မဟုတ်၊ ရုပ်တရားဟူသမျှတို့၏ တည်ရာ, မှီရာ အမာခံသဘောကို ဆိုပေသည်၊ ထိုရုပ်တရားဟူသမျှတို့၏ တည်ရာ, မှီရာ အမာခံသဘော မရှိခဲသော် တစ်စုံတစ်ခုသော ရုပ်တရားမျှ မဖြစ်နိုင်ချေ, မတည်နိုင်ချေ၊ ထိုပရမတ္ထဖြစ်သော ခက်မာမှုသညည် နုံ့သောခက်မာမှု, ထက်သော ခက်မာမှု ရှိပြန်၏၊ နုံ့သော ခက်မာမှုသညည်လည်း အနုံ့ထက်အနုံ့အဆင့်ဆင့် ရှိပြန်၏၊ ထက်သော ခက်မာမှုသည်လည်း အထက် ထက်-အထက် အဆင့်ဆင့် ရှိပြန်၏၊ ထိုတွင် နုံ့သောခက်မာမှုကို လောက၌ နူးညံ့သည်ဟု ခေါ်ပြန်၏၊ ထိုပရမတ်ခက်မာမှုသည် လရောင်, ကြယ်ရောင်ဖြစ်သော ရုပ်တရားတို့မှာပင် အမာခံအဖြစ်နှင့် ပါရှိ၏။
အာပေါဆိုသည်ကား-- ဖွဲ့စေးမှု, တွယ်ကပ်မှုပေတည်း၊ ထိုဖွဲ့စေးမှု, တွယ်ကပ်မှုသည် အလွန်ခက်မာလှစွာသော ကျောက်တုံး, သံတုံးတို့၌ပင် အပြည့်အနှက်ရှိ၏၊ လောကဝေါဟာရအားဖြင့် အခြင်း အရာဟူ၍ လည်းကောင်း, ကိရိယာဟူ၍လည်းကောင်း, အာကာရဟူ၍လည်း ကောင်း, ဘာဝဟူ၍လည်းကောင်း ခေါ်ဆိုရအော် သိမ်မွေ့ သေးနုလှစွာ သော ပထဝီဓာတ်မှုံ့အလေးတွေကို အတုံးအခဲဖြစ်အောင် စုရုံးမှု, ထွေးလုံးမှု, ဖွဲ့စေးမှု, တွယ်ကပ်မှုသည် အာပေါဓာတ်ပေတည်း။
အာပေါဓာတ် အဖွဲ့အစေး ရှိခြင်ကြောင့်သာလျှင် ပရမာနုမြူ, အနုမြူစသည်ဖြင့် ရုပ်စုရုပ်လုံး ရုပ်တုံးရုပ်ခဲ ဟူ၍ရှိနေကြ၏၊ အရည် ဖြစ်စေရန် ကြိုချက်ခဲ့သော် ထိုဖွဲ့စေးမှုတို့သည် ယိုစီးသော အာပေါ အဖြစ်သို့ ရောက်ကြကုန်၏၊ ထိုကျောက်တုံး သံတုံးတို့သည် အရည် ဖြစ်ရကုန်၏၊ အမှုံ့ဖြစ်အောင် ခွဲစိပ်ထောင်းထု ကြိတ်နယ်ခဲ့သော် ထိုဖွဲ့စေးမှုတို့သည် ပြေပြတ် ပြုတ်လွတ်ကြကုန်သဖြင့် ထိုကျောက်တုံး သံတုံးတို့သည် အမှုံ့နုတွေဖြစ်ရကုန်၏၊ ထိုအမှုံ့နုတို့မှာလည်း ဖွဲ့စေးမှု ရှိသေး၏၊ ဖွဲ့စေးမှုကုန်၍သွားလျှင် ပထဝီဓာတ်တို့သည် ကုန်ဆုံး ကွယ်ပျောက်ခြင်းသို့ ရောက်ကြလေကုန်၏၊ အဖေါ်အဖက်မရှိလျှင် တည်နေနိုင်သော သင်္ခါရတရားဟူ၍ တစ်စုံတစ်ခုမျှမရှိ၊ ဖွဲ့စေးမှုသည် ဖွဲ့စေးခြင်း၏ တည်ရာ, မှီရာ အမာခံမရှိခဲ့သော် ချက်ချင်းပြယ်ပျောက်၏၊ တည်ရာ မှီရာအမာခံဖြစ်သော ပထဝီသည်လည်း အာပေါတည်း ဟူသော အထိန်းအဖွဲ့ အအုပ် မရှိခဲ့သော် ချက်ချင်းပြယ်ပျောက်၏။
တေဇော ဆိုသည်ကား-- ပူမှု, လောင်မှုတည်း၊ ထိုပူမှု, လောင်မှု သည်လည်း အနုံ့အဆင့်ဆင့်, အထက်အဆင့်ဆင့် ရှိပြန်၏၊ အနုံ့စုကို လောက၌ ဧ-သည်ဟုခေါ်၏၊ ထို့ကြောင့် လောကအလိုအားဖြင့် တေဇောသည် သီတတေဇော, ဥဏှတေဇောဟူ၍ နှစ်မျိုးရှိပြန်၏၊ ကိစ္စအားဖြင့်မူကား သီတတေဇောသည်လည်း ရင့်စေတတ်, ကျက်စေ တတ်, ဆွေးမြေ့စေတတ်၏၊ ဥဏှတေဇောသည်လည်း ရင့်စေတတ်, ကျက်စေတတ်, ကျွမ်းကြေစေတတ်၏၊ ထိုနှစ်မျိုးတို့တွင် ရင့်စေမှုသည် သဟဇာတ်ဖြစ်သော ဓာတ်တစ်ပါးကို ထက်သန် ခိုင်မာအောင် ပြုမှုပေ တည်း။
သီတတေဇောသည်လည်း ဧ-မှုနှင့်ဒုက္ခဖြစ်အောင် လောင် တတ်၏၊ ဥဏှတေဇောသည်လည်း ပူမှုနှင့်ဒုက္ခ ဖြစ်အောင် လောင် တတ်၏၊ အဧလောင်, အပူလောင်သာ ကွဲကြ၏၊ စင်စစ် ရင့်စေမှု ပင်တည်း၊ သဟဇာတ်ဖြစ်သော ဓာတ်တစ်ပါးကို ထက်သန်ခိုင်မာ အောင် ပြုမှုပင်တည်း။
မီးမည်သည် မီး၏အစာရှိမှ ဖြစ်နိုင်တည်နိုင်၏၊ အစာမရှိလျှင် ခဏချင်းသေဆုံး၏၊ ပထဝီသည် အစာဖြစ်၏၊ ပထဝီကိုမှီ၍ အစ၌ ပထဝီကိုရင့်စေ၏, အလယ်၌ကျက်စေ၏၊ ထက်သန်ခိုင်မာစေ၏၊ နောက်၌ ကုန်ဆုံးအောင် လောင်၏၊ သီတ-မီးဖြစ်စေ, ဥဏှ-မီးဖြစ်စေ မီဟူသမျှမှာပင် မိမိ၏တည်ရာ, မှီရာဝတ္ထုသည် ပထမမီးစာဖြစ်မြဲ၊ မိမိနှင့် ထိစပ်သမျှသည် ဒုတီယမီးစာဖြစ်မြဲ၊ ပထဝီသည် ပထမမီးစာပေတည်း၊ ကြွင်းသောရုပ်စုသည် ဒုတီယမီးစာပေတည်း။
ခပ်သိမ်းသော ရုပ်တရားတို့သည် မီးဓာတ်၏ အစွမ်းကြောင့် ပင်လျှင် အစ၌ ဖြစ်ပွါးခြင်း, အလယ်၌ ရင့်သန်ပွင့် လင်းခြင်း, အဆုံး၌ လျော့ပါးကုန်ဆုံးခြင်းဖြစ်ကြရ၏။
[ဤကား တေဇောခေါ်သော မီးဓာတ်၏
ပကတိသဘောများပေတည်း။]
မီးဓာတ်နှစ်ပါးကို ဥတုခေါ်ပုံ
ထိုမီးဓာတ်နှစ်ပါးကိုပင် ရုပ်ကိုဖြစ်စေတတ်သော အကြောင်း တရား ၄-ပါးတွင် ဥတုဟူ၍ခေါ်ပြန်၏။
“ဥဒတိ ပသဝတီတိ ဥတု”။
ဥဒတိ ပသဝတိ=ပေါက်ဖွားတတ်၏၊ ဣတိ=ဤသို့ပေါက်ဖွါး တတ်သော သတ္တိကြောင့်၊ ဥတု=ဥတုမည်၏။
[ဒ-ကိုတ-ပြုသည်၊ သားသ္မီးပေါက်ဖွါးတတ်သောကြောင့် ဥတုခေါ်သည်ဟူလို။]
သားသ္မီးပေါက်ဖွါးပုံ- ကို မြင်လိုလျှင် မီးခဲမှာကြည့်၊ မီးတောက် မှာကြည့်၊ မီးခဲရဲရဲကို စေ့စေ့ကြည့်လျှင် ရွရွ-ရွရွ နေသည်တို့ကို မြင်လိမ့်မည်၊ မီးဓာတ်၏ သားသ္မီးပေါက်ဖွားမှုပေတည်း၊ မီးတောက်ကို စေ့စေ့ကြည့်လျှင် အဆင့်ဆင့် လူလူ-လူလူ တက်နေသည်တို့ကို မြင်လိမ့်မည်၊ မီးဓာတ်၏ သားသ္မီးပေါက်ဖွါးမှုပေတည်း၊ သားသ္မီးပေါက် ဖွားလျှင် အမိသေမြဲဖြစ်၏၊ ဧမှုရှိလျှင် ဧရှိန်ထမြဲ-ရွမြဲဖြစ်၏၊ ပူရှိန်ရှိလျှင် ပူရှိန်ထမြဲ-ရွမြဲဖြစ်၏၊ မျက်စိနှင့်မမြင်ရာ၌ လက်နှင့်စမ်းလျှင် ဧရှိန်, ပူရှိန်တွေ့မြဲ၊ ဥတုအတွက် ဧမှုကိုသန့်ခြား၍ ကြည့်ရှုလျှင် တောင်ကြီး တစ်ခုလုံးသည် ဧတုံး, ဧခဲကြီးဖြစ်၍ထင်၏။
ဧ-ဆိုလျှင်-- သားသ္မီးပေါက်ဖွါးမှု, ဧရှိန် ထမှု, ရွမှု အမြဲရှိ၏၊ တောင်ကြီးတစ်ခုလုံးသည် ဥတု၏သားသ္မီး ပေါက်ဖွါးမှုနှင့် ရွရွ-ရွရွကြီး နေသည်ကို ထင်မြင်၏၊ မဟာပထဝီမြေကြီးကိုကြည့်ရှုလျှင် ထို့အတူ ထင်မြင်၏၊ သစ်ပင်, ချုံ, မြက်စသည်တို့ကို ကြည့်ရှုလျှင်လည်း ထို့အတူ ထင်မြင်၏၊ ပူသောဝတ္ထုတို့၌ ပူရှိန်ထသည်မှာ ဆိုဖွယ်ရာမရှိပြီ၊ စီးရေ စမ်းရေတို့မှာလည်း ဥတု၏သားသ္မီးပေါက်ဖွါးပုံ ထင်ရှား၏၊ မြေရေတို့မှ ကောင်းကင်သို့ မိုးဥတု ဆန်တက်မှု, မိုးရွာမှု, သစ်ပင်- ချုံ- မြက်တို့၏ ပေါက်ရောက်မှု, ကြီးပွါးမှု, ပွင့်မှု, သီးမှု အလုံးစုံသည် ဥတု၏ သားသ္မီး ပေါက်ဖွါးမှုချည်းပင်တည်း။
[ကမ္ဘာမီး ထမှု, ပွါးစီးမှု, ကမ္ဘာမိုးရွာမှု,
ကမ္ဘာတည်ထောင်မှုတို့တိုင်အောင် ထင်မြင်လေ၏၊]
ထသည်, ကြွသည်, ရွသည်- ဟူသော စကားများသည် လောက၌ တစ်ခုတည်းသော ဝတ္ထု၏လှုပ်ရှားမှု၌ ပြေဆိုသောစကားများဖြစ်ကြ၏၊ ပရမတ္ထ၌မူကား ကြိယာတစ်ခုသည် တရားတစ်ခုဖြစ်၏၊ ကိရိယာနှစ်ခု သည် တရားနှစ်ခု ဖြစ်၏၊ ကိရိယာများတိုင်း တရားအသီးသီးများ၏၊ ပွါးမှု, ထမှု, ကြွမှု, ရွမှုမည်သည် ကိရိယာအမှုအရာ အထူးအထွေ များဖြစ်ကြ၏၊ ကိရိယာအမှုအရာ တစ်ခုနှင့်တစ်ခု ခြားနားချက် ထင်ရှားရာ၌ ဖြစ်၏၊ ရှေ့နောက်အစဉ်အလာအားဖြင့် အမူအရာ ခြားနား ခဲ့သော် ရုပ်ဟောင်း-ရုပ်သစ်, နာမ်ဟောင်း-နာမ်သစ်, ပြောင်းလဲမှုဖြစ်၏၊ ရုပ်ဟောင်း-နာမ်ဟောင်း ချုပ်ဆုံးမှု, ကွယ်ပျောက်မှု, ရုပ်သစ်-နာမ်သစ် အဆင့်ဆင့်ဖြစ်ပေါ်မှုများဖြစ်၏၊ ထိုကြောင့် ရွရွ-ရွရွ ထင်မြင်ရာဟူ သမျှတို့၌ ရုပ်တရား, နာမ်တရားတို့၏ မရဏ အချက်တွေကို သိမြင်ရာ၏၊ အနိစ္စ အချက်တွေကို သိမြင်ရာ၏။
[ဤကား သီတတေဇော ဥဏှတေဇောနှစ်ပါးကို ဥတုခေါ်ရခြင်း၏ အကြောင်းအရာပေတည်း။]
ဝါယောဆိုသည်ကား-- ဝိတ္ထမ္ဘန ကိရိယာ-ထွေထွေ လာလာ ထမ်းဆောင်မှု, ထောက်ကန်တွန်းဝှေ့မှုပေတည်း၊ သမုဒီရဏ ကိရိယာ ထွေထွေလာလာ လှုပ်ရှားမှု, လွင့်ပါးမှု, ပြေးသွားမအှုပေတည်း၊ ထိုဝါယောဓာတ်သည်မူကား ဥတု၏အပွါးအစီးသာတည်း၊ ဥတု သားသ္မီး ပေါက်ဖွါးတိုင်း ဝါယောအရှိန်အဟုန်ပါလေတော့သည်၊ ဥတုမှ ဖြစ်ပွါးပြီး လျှင် ဥတုခေါ်သော မီးဓာတ်ကိုလည်း လွန်စွာအားပေ၏၊ ပူမှု, ဧမှုကို တေဇောခေါ်၏၊ ပူမှု, ဧမှုနှင့် ထက်ကြပ်ပါရှိသော ပူရှိန်, ဧရှိန်ကို ဝါယောခေါ်၏၊ ပူမှု, ဧမှုသည် ဝါယော မဟုတ်၊ တေဇောသာတည်း။
သစ်ပင်, ချုံ, နွယ် ဆန်းကြယ်မှုလည်း အကြောင်းမကင်း
၎င်းဝါယောသည် အလွန်ဆန်းကြယ်၏၊ ဝါယော ဆန်းကြယ် တိုင်း ဥတု၏ ပေါက်ဖွါးမှု ဆန်းကြယ်ရ၏၊ စိတ်သည် အနန္တဆန်းကြယ်၏၊ စိတ်၏ အနန္တဆန်းကြယ်မှုကြောင့် ကံသည် အနန္တဆန်းကြယ်ရ၏၊ ကံ၏ အနန္တဆန်း ကြယ်မှုကြောင့် တိရစ္ဆာန်သတ္တဝါတို့သည် အနန္တဆန်းကြယ် ကုန်၏ဟူ၍ ဟောတော်မူသကဲ့သို့၊ ဝါယောသည်လည်း အနန္တ ဆန်း ကြယ်၏၊ ဝါယော၏ အနန္တဆန်းကြယ်မှုကြောင့် ဥတုသည်လည်း အနန္တဆန်းကြယ်ရ၏၊ ဥတု၏ အနန္တဆန်းကြယ်မှုကြောင့် ဥတုဇ ဖြစ်ကြကုန်သော သစ်ပင်, ချုံ, မြက်တို့သည် အနန္တဆန်းကြယ်ရကုန်၏ ဟုဆိုသင့်၏။
[ဤကား မဟာဘုတ်လေးပါး အချင်းချင်း မကင်းပုံတည်း။]
ဥပါဒါရုပ်များလည်း အကြောင်းနှင့်မကင်းနိုင် ဤမျှသောပြဆိုချက်တို့ဖြင့် မဟာဘုတ်ကြီးလေးပါးတို့သည် အချင်းချင်း မကင်းနိုင်ကြကြောင်း ထင်ရှားလေပြီ၊ ထိုမဟာဘုတ်ကြီး လေးပါးတို့မှ ကျန်ရှိသော ဥပါဒါရုပ်တို့မှာလည်း မဟာဘုတ်ကြီးတို့၏ အစီးအပွါးမျှဖြစ်ကြ၍ မဟာဘုတ်ကြီး ၄-ပါးတို့နှင့် မကင်းနိုင်ကြောင်း ထင်ရှားလေပြီ။
[ဤမျှသောစကားရပ်တို့ဖြင့် မဟာပထဝီမြေကြီး, မြင်းမိုရ်တောင်ကြီးတို့မှစ၍ ရုပ်တရားဟူသမျှသည် အကြောင်းနှင့် မကင်းနိုင်ပုံကို ပြဆိုခြင်းကိစ္စပြီး၏၊]
အမှာ-- “ပစ္စည်းနှင့် ပစ္စယုပ္ပန် ဆက်ဆံမှုသည် ပရမတ်လား ပညတ်လား” ဟူသော မေးချက်နှင့် ပစ္စယနယသည် အချင်ချင်း မည် သည့်အချက်မှာတူ၍ မည်သည့်အချက်မှာ ကွဲလွဲကြပုံကို မေးချက်များမှာ လန်ဒန်ပါဠိ ဒေဝီ၏ မေးခွန်းအဖြေမှာ ပါလိမ့်မည်။
[ဤကား ရုပ်နာမ်တို့၏ ပစ္စည်းနှင့်မကင်းနိုင်ပုံတည်း။]
ဤတွင်ရွေ့ကား ပဋ္ဌာန်းပုစ္ဆာ ၈-ချက် အဖြေပြီး၏။
---*---
ခရစ်ယာန် ရွှေချိန်ခွင်အဆိုကို ဆရာတော်ရှင်းလင်းချက်
ရွှေချိန်ခွင်အဆို-၁
၁-(က) ခရစ်ယာန် ဘာသာက မသေ, မနာ, မအို ထာဝရ ဘုရားရှိသည်ဟု ဆို၏။
(ခ ) ဗုဒ္ဓဘာသာက ယခုဘုရားမရှိဟု ဆို၏။
ဆရာတော် ရှင်းလင်းချက်
ဘုရား၏ကိုယ်တော်သည် ၁- ရူပကာယ ကိုယ်တော်၊ ၂- ဓမ္မကာယ ကိုယ်တော် ဟူ၍ ၂-ကိုယ်တော်ပါသည်။
၁။ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံယူရာတွင် ချုပ်ငြိမ်းသော ခန္ဓာတော်ကို ရူပကာယကိုယ်တော် ခေါ်ပါသည်။
၂။ ဂုဏ်တော် ကျေးဇူးတော်အနန္တကိုလည်းကောင်း, ပိဋကတ် သုံးပုံတည်းဟူသော တရားတော်ကိုလည်းကောင်း ဓမ္မ ကာယ ကိုယ်တော်ခေါ်ပါသည်။
ထိုနှစ်ပါးတို့တွင်
ရူပကာယကိုယ်တော်မှာ-- အချို့သာ ချုပ်ငြိမ်းပါသည်၊ သုံးကုဋေ ခြောက်သန်းမျှ မကသော ဆံတော်, သွးတော် လေးဆယ်, စွယ်တော်နှစ်စုံ, နဖူးသင်းကျစ်တော်, ညှပ်ရိုးတော် နှစ်ချောင်း, ရှစ်စရွက်မျှ လောက်သော အရိုးတော်တို့မှဖြစ်သော ဓာတ်တော်ဟူသော ဤရူပကာယ ကိုယ်တော် တို့မှာမူကား ကမ္ဘာမြေပေါ်တွင် ယခုပင် အနှံ့ အပြား ရှိလျက်ဖြစ်ပါသည်။
ဓမ္မကာယ ကိုယ်တော်မှာမူကား-- ခံယူသူရှိပါသမျှ ကာလပတ်လုံး ဘယ်အခါမှ မကွယ်ပါ၊ ခံယူသူရှိရာမှာ တည်ထွန်းပါသည်၊ အကနိဋ္ဌခေါ် သော အထက်ကောင်းကင် ဘုံကြီး၌ကား မဟာကမ္ဘာကြီး တစ်သောင်း ခြောက်ထောင်မက တည်ထွန်းလျက် ရှိနေပါသည်၊ ထို့ကြောင့် “ဗုဒ္ဓဘာသာ၌ ယခုဘုရားမရှိ” ဆိုသောစကားသည် ဘုရား၏ ကိုယ် တော်နှစ်ပါးတွင် ပရိနိဗ္ဗာန်စံရာ၌ ချုပ်ငြိမ်းလေသော အချို့သော ရူပကာယကိုယ်တော် တစိတ်မျှကိုသာ ရည်၍ ဆိုသောစကား ဖြစ်ပါ သည်၊ အထက်၌ပြခဲ့သော ဆံတော်အစရှိသော ရူပကာယ ကိုယ်တော်စု နှင့် ဓမ္မကာယကိုယ်တော် မြတ်များမှာ ယခုထင်ရှား ရှိပါသည်။ [ဦးစောလှဖြူဆိုတိုင်း ယခုဘုရားလုံးလုံး မရှိသည်မဟုတ်ပါ။]
ပဌမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက် ပြီး၏။
ရွှေချိန်ခွင်အဆို-၂
၂-(က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင်သောအရာ တစ်စုံတစ်ခုမရှိ၊ ထို့ကြောင့် လူကို ကယ်မနိုင်သည်ဟု ဆို၏။
(ခ ) ဗုဒ္ဓဘာသာကလည်း အနန္တတန်ခိုးတော် ရှိသည်ဟုဆို၏၊ ဆိုပြီးလျှင် ဘုရားသည် သူတစ်ပါးကို မ-မနိုင်၊ မိမိဖို့ကိုပင် မတတ်နိုင်၍ ဝဋ်ဆိုက်သေရသည်ဆို၏။
ဆရာတော် ရှင်းလင်းချက်
“ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင် သောအရာ တစ်စုံတစ်ခု မရှိ” ဟူသောစကားမှာ--
၁။ လောက၌ သေခြင်းသဘော မရှိရအောင် တတ်နိုင်ပါ မည်လော။
ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင်လူမျိုးတို့၏ သင်းချိုင်းသည် အနှံ့အပြားပင် ရှိလျက်ပါတကား။
၂။ မအိုရအောင်တတ်နိုင်ပါမည်လော။
ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ ခေါင်းဖြူ စွယ်ကျိုးတွေ အနှံ့အပြားပင်ရှိ လျက်ပါ တကား။
၃။ နာခြင်းသဘောမရှိရအောင် တတ်နိုင်ပါမည်လော။ ကမ္ဘာမြေပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ အကျိုးတွေ္ဒ အကန်းတွေ, အနူတွေ, အရွဲတွေ, ထိုထို ရောဂါအနာ ကပ်ရောက်သူတွေ, ဆရာဝန်တွေ, ဆေးရုံတော်တွေ အနှံ့အပြားပင် ရှိလျက်ပါတကား။
၄။ လောက၌ မိုက်မဲသောသဘောမရှိရအောင် တတ်နိုင်ပါ မည်လော၊ ကမ္ဘာမြေပေါ်တွင် မိုက်မဲသောသူ သာ၍ ပေါများသည် တကား။
၅။ ခရစ်ယာန်ဘာသာကို မခံယူသူတစ်ယောက်မျှ တစ်ခဏချင်း မရှိရအောင် တတ်နိုင်ပါမည်လော။ ခရစ်ယာန်ဘာသာကို မခံယူသူ သာ၍များသည် တကား။
၆။ ကမ္ဘာမြေပေါ်တွင် အရုပ်အဆင်းမလှသူ မရှိရအောင် တတ်နိုင်ပါမည်လော။
၇။ ဥစ္စာပစ္စည်းမွဲသူ မရှိရအောင် တတ်နိုင်ပါမည်လော။
၈။ ကမ္ဘာမြေပေါ်တွင် လူအားလုံး အညီအမျှ အသက် ရှည် ရှည်ချည်း နေရအောင် တတ်နိုင်ပါမည်လော။
၉။ ခရစ်ယာန်ဘာသာဝင် လူမျိုးတို့မှာ မွေးဖွါးစနှင့် သေကြ သည်မရှိပါသလော၊ တစ်လတွင်သေသူ, တစ်နှစ်တွင် သေသူ စသည် မရှိပါသလော။
၁၀။ ကမ္ဘာမြေပေါ်၌ ရှိသမျှသောသတ္တဝါတွေကို ခဏ ချက်ချင်း နိဗ္ဗာန်ဘုံသို့ရောက်အောင် ပြုနိုင်ပါမည် လော။
ဤသို့စသည်ဖြင့် ကမ္ဘာမြေပေါ်တွင် မသင့်မမြတ်သော အမူ အရာတွေ အနန္တရှိပါလျက် ထာဝရဘုရား မတတ်နိုင်၍ နေသော အရာတွေကို ဝန်ထောက်မင်း ဦးစောလှဖြူ မမြင်ပါသလော။
[ထာဝရဘုရား ကယ်မ-နိုင်သောအရာ မရှိပါတကား။]
မိမိဖက်ပါအောင် ငွေနှင့်မျှားခြင်းကား ဘုရားတန်ခိုးမဟုတ်
ဘာသာတစ်ပါးက ခရစ်ယာန်ဘာသာသို့ ဝင်သောသူကို စာဖြူဆရာတို့က ကြေးငွေပေးသည်၊ အစိုးရများထံ အားထုတ်၍ ပေးသည်၊ သည်အရာများကို ထာဝရဘုရားစောင်မသည်ဟု စာဖြူ ဆရာကပြောဟောလေ့ရှိသည်။
လောက၌ နဂိုက ဓားပြမဟုတ်ဘဲ နောက်မှဓားပြကဲ့သို့ ဝင်လာ သောသူကို အပေါင်းအသင်းများခြင်းကို အလိုရှိသော ဓားပြဟောင်း တို့က ပစ္စည်းဥစ္စာအဝတ်ပုဆိုးပေးသည်၊ သူခိုး-သူခိုးချင်းလည်း ထို့အတူ၊ မုဆိုး-မုဆိုးချင်း, တံငါ-တံငါချင်း, သူတောင်းစား-သူတောင်းစား ချင်းလည်း ထို့အတူ၊ မိမိတို့အပင်းအသင်းများခြင်းကို အလိုရှိသော သူတို့သဘောသည် မိမိတို့အလေ့အကျက်ကို ဝင်လာသူတို့ကို တတ်နိုင် သလောက် ချီးမြှောက်ထောက်ပံမြဲ လောက ထုံးစံတည်း။
ဤသို့သော ထုံးစံဖြင့် များခြင်းကိုအလိုရှိသော စာဖြူဆရာတို့က စာဖြူသို့ မဝင်သောသူတို့ကို ဝင်ချင်အောင် တတ်နိုင်သလောက် ချီးမြှောက်ထောက်ပံ့သည်ကို ထာဝရဘုရားပေးသည်, ကယ်မ-သည်ဟု ပြောဟောကြခြင်းသည် ဟုတ်နိုင်ပါမည်လော။
[အဘယ်မှာ ထာဝရဘုရား ကယ်မ,နိုင်သောအရာ ရှိပါသနည်း။]
ဂေါတမဘုရားရှင်၏ အနန္တတန်ခိုးတော်များ ငါတို့ဘုရားသည် အနန္တတန်ခိုးတော်ရှိသည်မှန်၏၊ ကောင်းကင်, မြေ, မိုး ပျံလျှိုးနိုင်၏၊ အနန္တကမ္ဘာ, အနန္တစကြဝဠာ၌ ရှိသရွေ့ကို အကုန်အစင် မြင်နိုင်၏၊ ယူဇနာ တစ်ရာ တစ်ထောင်က အသံကြားနိုင်၏၊ သူတစ်ပါး စိတ်ကို အကုန်သိနိုင်၏၊ ကိုယ်တော်ကို နတ်ယောင်, သိကြား ယောင်, ဗြဟ္မာယောင်, တစ်ရာ့တစ်ထောင်မက ခဏချင်းဖန်ဆင်းနိုင်၏၊ ဤသို့စသည်ဖြင့် သူတကာတို့မတတ်နိုင်, ဘုရားသာတတ်နိုင်သော အရာသည် အနန္တများပြား၏။
[ထို့ကြောင့် ငါတို့ဘုရားမှာ တန်ခိုးတော်အနန္တရှိသည် ဆိုပါသည်။]
မအို, မသေ, အမြဲနေရအောင် ဘယ်ဘုရားမှမတတ်နိုင် ကမ္ဘာမြေပေါ်တွင်ရှိသော သတ္တဝါတွေကို မသေဘဲနေနိုင် အောင်, မအိုဘဲနေနိုင်အောင်, မနာဘဲနေနိုင်အောင် စသည်ဖြင့် အထက်ကဆိုကဆိုခဲ့သော အရာများကိုမူကား ဘယ်ဘုရားမှပင် မတတ် နိုင်ကြ၊ မိမိတို့ခန္ဓာကိုလည်း မအို, မသေ, မနာအောင် မတတ်နိုင်ကြ၊ နိဗ္ဗာန်ဘုံသို့ ရောက်သောကာလမှသာ တတ်နိုင်ကြသည်။
နိဗ္ဗာန်ရောက်မှ ဒုက္ခငြိမ်းမည်
ငါတို့ဘုရားသည် နိဗ္ဗာန်ဘုံသို့ ရောက်တော်မူသော နေ့ကစ၍ မိမိကိုယ်ကိုလည်း မအို, မသေ, အမြဲနေရအောင် တတ်နိုင်ပါ၏၊ နိဗ္ဗာန်ဘုံသို့ ရောက်လာသမျှသော သူအပေါင်းတို့ကို မအို, မသေ, အမြဲနေရအောင် တတ်နိုင်ပါ၏၊
ဒုတိယ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။
ရွှေချိန်ခွင်အဆို-၃
၃- (က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တကရုဏာ ရှိသည် ဆို၏၊
(ခ ) ဗုဒ္ဓဘာသာကလည်း ဆို၏၊
(က) အပြစ်ရှိသော သူသည် အကျွတ်တရားကိုရ၍ နောင် ထပ်မံမပြုမကျင့်ပါပြီ၊ ပြုမိသော ဒုစရိုက်အပြစ်အတွက် ချမ်းသာ ပေးသနားတော်မူပါဟု ခွင့်တောင်းလျှင် အနန္တကရုဏာတော်ရှိသည်ဟု ဆိုသောအတိုင်းဘုရားက ခွင့်လွှတ်သည်ဟု ခရစ်ယာန်ဘာသာကဆို၏၊ (ခ) ဗုဒ္ဓဘာသာက မလွှတ်၊ လွတ်လည်း မလွတ်နိုင်ဆို၍လုရား၌ အနန္တကရုဏာတော်ရှိသည်ဟု ဆိုချက်နှင့်မညီ၊ အနန္တတန်ခိုးတော် ရှိသည်ဟု ဆိုချက်နှင့်လည်း မညီ။
ဆရာတော် ရှင်းလင်းချက်
“ထာဝရဘုရားသည် အနန္တကရုဏာတော်လည်းရှိသည်၊ အနန္တ တန်ခိုးတော်လည်း ရှိသည်နှင့်အညီ ဒုစရိုက်အပြစ်ရှိသော သူအား လွန်သမျှကိုဝန်ချ၍ ခွင့်တောင်းလျှင် ဒုစရိုက်အပြစ်လွတ်ခွင့် ပေးနိုင် သည်”ဟူသော စကား၌
“အနန္တ တန်ခိုးတော်ရှင်ဖြစ်၍ မတတ်နိုင်သည် မရှိ” မှန်ပါလျှင် ၁။ ကမ္ဘာမြေပေါ်မှာ ဒုစရိုက်အပြစ်ဟူ၍ မရှိရအောင် ပြု၍ထားလျှင် မပြီးပါလော။
၂။ အကျွတ်တရားကိုရ၍ ခွင့်တောင်းလာမှ ခွင့်လွှတ်နိုင်သည်
ဆိုသောကြောင့် အကျွတ်တရားကို မရသူကိုလည်း ပြုမိသောဒုစရိုက်မှ လွတ်ခွင့်မပေးနိုင်။
၃။ အကျွတ်တရားကိုပင် ရပါသော်လည်း ခွင့်မတောင်း မိသော သူကိုလွတ်ခွင့်မပေးနိုင်။
“အနန္တ တန်ခိုးတော်ရှင်ဖြစ်၍ မတတ်နိုင်သည် မရှိ” မှန်ပါလျှင် ကျွတ်ခွင့်ကို မရသောသူကိုလည်း လွတ်ခွင့်ပေးနိုင်ရမည်၊ ကျွတ်ခွင့်ကို ရသည့်သူမှသော, ခွင့်တောင်းသည့်သူမှသော စကားမရှုတ်သင့်၊ “မတတ်နိုင်သည် မရှိ” ဟူသောစကားနှင့်မညီ။
ဒုစရိုက်ဟူသောအပြစ်သည်
၁။ ယခုမျက်၌ ခံရသောအပြစ်,
၂။ သေပြီးသော နောက်မှခံရသော အပြစ်ဟူ၍ နှစ်ဌာနရှိသည်။
ထိုနှစ်ဌာနတွင်
သေပြီးသော နောက်မှ ခံရသော အပြစ်မှာ သေသော သူက ပြန်၍မပြောလာသောကြောင့် လွတ်ခွင့်ရသည်, မရသည်ကို သက်သေ မရှိ-ရှိစေဦး၊ ယခုမျက်မြင်၌ ခံရသောအပြစ်မှာ ခရစ်ယာန်ဘာသာကို ဝင်သောသူသည် လူတစ်ယောက်ကို သတ်ပြီးလျှင် အကျွတ်ယူ၍ နောင်မသတ်ပါပြီ၊ ယခုသတ်မိသော ဒုစရိုက်အပြစ် လွတ်ခွင့်ပေးပါဟု ထာဝရဘုရားမှာ ခွင့်တောင်းလဆင် မင်းဒဏ်မင်းပြစ် လွတ်ပါ၏လော။
နိုင်ငံရှင်မင်းတို့ကို ပုံကန် ပုံစားပြုပြီးလျှင်-- ကျွှတ်ခွင့်ယူ၍ ဘုရားထံခွင့်တောင်းသော်လည်းကောင်း၊ ဓားပြလုပ်ပြီးလျှင်, သူခိုး လုပ်ပြီးလျှင်, သူ့မယားကိုခိုးပြီးလျှင်, အရှင်မင်းဧရာဇ် အာဏာဥပဒေကို လွန်ကျူးကျော်နင်းပြီးလျှင် မင်းပြစ်မင်းဒဏ် မပေးမီ အကျွတ်တရား ယူ၍လွတ်ခွင့်တောင်းသော်လည်းကောင်း ဘုရားက လွတ်ခွင့်ပေးနိုင်ပါ မည်လော။
“မျက်မြင်၌ ခံရသောအပြစ်ကို လွတ်ခွင့်ပေးနိုင်သည်” မှန်ပါလျှင် သေပြီးသောနောက်မှ ခံရသော အပြစ်ကိုလည်း ပေးနိုင်ပေရာ၏ ဟုယူရန်ရှိ၏၊ ယခုမျက်မြင်၌ ခံရသောအပြစ်ကို ထာဝရဘုရား လွတ်ခွင့် မပေးနိုင်သည် အမှန်-မျက်မြင်ဖြစ်၍ သေပြီးသောနောက်မှ ခံရသော အပြစ်ကို ထာဝရဘုရား လွတ်ခွင့်ပေးနိုင်သည် ဟူသော စကားသည် မဟုတ်စင်စစ်သာ ဖြစ်၏။
“အနန္တတန်ခိုးတော်ရှင်ဖြစ်၍လည်း မတတ်နိုင်သည်မရှိ၊ အနန္တ ကရုဏာတော် ရှင်ဖြစ်၍လည်းသတ္တဝါအများကို ရင်ဝယ်သားကဲ့သို့ သနားခြင်းကြီးလှသည်” မှန်ပါလျှင် ဒုစရိုက်အပြစ်ကို မဆိုထားဘိဦး၊ ယခုမျက်မြင်၌ မျက်စိကန်း၍ သနားဖွယ် ကောင်းလှသောသူ၊ နားပင်း၍, ခြေလက်ကျိုး၍, ရောဂါဆိုး အနာမိ၍, မင်းပြစ်မင်းဒဏ်သင့်၍ သနားဖွယ်ကောင်းလှသောသူ၊ ဥစ္စာပစ္စည်း ပျက်စီးပြုန်းတီး၍ သနားဖွယ် ကောင်းလှသောသူများသည် လောက၌ အနန္တများပြားပါသည်။
[ထာဝရဘုရား မမြင်သလော၊ သနားစရာ ကရုဏာ မရှိသလော၊ မတတ်နိုင်၍ နေရသည်အမှန်မဟုတ်လော]
ဂေါတမဘုရားရှင်၏ အနန္တကရုဏာတော်များ ငါတို့ဘုရားသည် အနန္တကရုဏာတော် ရှိသည်မှန်၏၊ သတ္တဝါ များကို ရင်ဝယ်သားကဲ့သို့ သနားတော်မူလှသောကြောင့် သတ္တဝါများ အတွက်နှင့် ၄-သင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူတစ်ပါးတို့ မကြံဝံ့လောက်သော ဆင်းရဲတွေကို ခံတော်မူ၍ ဘုရားဖြစ်အောင် အားထုတ်တော်မူပေသောကြောင့် ပိဋကတ်သုံးပုံ တည်းဟူသောတရား တော်တွေကို ဟောနိုင်ပေသည်၊ ဟောနိုင်ပေသောကြောင့် သတ္တဝါတို့ ကြားရ-နာရ-သိကြရသဖြင့် ကောင်းစွာ ကျင့်နိုင်သူတို့ နိဗ္ဗာန်ဘုံသို့ ရောက်နိုင် ကြကုန်သည်၊ မကျင့်နိုင်သူတို့ မရောက်ကုန်၊ ကောင်းစွာ မကျင့်နိုင်သူတို့ကို မတတ်နိုင်။
[သတ္တဝါအနန္တအတွက်နှင့် ဘုရားဖြစ်ရအောင် ရှည်မြင့်စွာကာလ၌ ကြီးစွာ သောဆင်းရဲ အပင်အပန်းကို ခံနိုင်တော်မူခြင်းသည် အနန္တ ကရုဏာတော်ရှင် ဖြစ်ပေ၍ ခံနိုင်သည်။]
တတိယ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏၊
ရွှေချိန်ခွင်အဆို-၄
၄-(က) ခရစ်ယာန်ဘာသာဝင်တို့သည် ဘုရားမှာ အနန္တ ကရုဏာ, အနန္တတန်ခိုးတော် ရှိသည်ဟု ဆိုသည့်အတိုင်း ယုံ၍သုခဘုံ၌ အနိစ္စ, ဒုက္ခ, အနတ္တ မနိုင်သော ကိုယ်ခန္ဓာနှင့်မသေ, မနာ, မအို-နိစ္စ, ထာဝရ ခံစားရပါလို၏ ဟုဆုတောင်းကြ၏။
(ခ) ဗုဒ္ဓဘာသာဝင်တို့က ဘုရား၌ အနန္တကရုဏာတော် ရှိသော် လည်း မ-မနိုင်၊ အနန္တတန်ခိုးရှိသော်လည်း မ-မနိုင်၊ ဘုရား ကိုယ်တော် တိုင်မှ ဝဋ်ဆိုက်သေရသည်ဟု အယူရှိသည့်အတိုင်း လူတစ်ခါပြန် မဖြစ်ရဘဲ နိဗ္ဗာန်၌ ခန္ဓာ, နာမ်ဝိညာဏ်ပျောက်ပျက် အစဉ်သေနေရ ပါလို၏ဟု ဆုတောင်ကြ၏။
ဆရာတော် ရှင်းလင်းချက် [ဆုတောင်းနှစ်ရပ် ကွဲလွဲကြသည်တွင် သုခဘုံ၌ ကိုယ်ခန္ဓာနှင့် တကွ အမြဲစံစားခါ နေရပါလို၏ဟု ကရုဏာတော်, တန်ခိုးတော်များကို ယုံကြည်အားကိုး၍ ဆုတောင်းကြသောအရာမှာ တန်ခိုးတော်, ကရုဏာ တော်များကိုပင် မယုံသာကြောင်း, အားမသာကြောင်းကို အထက်၌ ထင်လင်းခဲ့ပြီ။]
“သေပြီးသောနောက်၌ သုခဘုံမှာ အမြဲခံစား၍နေရသည်” ဆိုသည်မှာ ယခုမျက်မြင်၌ပင် ထာဝရဘုရား မတတ်နိုင်၍ ခရစ်ယာန် ဘာသာဝင်လူတို့မှာပင် မွေးဖွါးကာစကာလ၌ သေသည်၊ တစ်လ, နှစ်လ, တစ်နှစ်, နှစ်နှစ် စသည်၌ သေကြရသည်၊ နာကြရသည် အထင်အရှား ဖြစ်သည်၊ ကရုဏာတော် တန်ခိုးတော်များသည် ယခုမျက်မြင်မှာပင် မတတ်နိုင် မကယ်နိုင်ကြောင်း အထင်အလင်း သိသာပါလျက်၊ သေပြီး နောက် သက်သေမရှိရာ သုခဘုံ၌ အမြဲနေရအောင် ကရုဏာတော်, ဉာဏ်တော်များကို ယုံကြည်ကြခြင်းသည် ရှေ့တွင် အုန်းသီးတစ်လုံးမှ မခွဲနိုင်သော မျောက်ငယ်တခုက နောင်နှစ်ခါတိုင်ရောက်လျှင် ဟိမဝန္တာ တောင်ကြီးကိုငါခွဲ၍ ရတနာ, ရွှေ, ငွေတွေကို သင်တို့အား ပေးမည်ဟု ဆိုသည်ကို ယုံကြည်အားကိုးလှ၍ မျောက်ငယ်မှာ ခစားသောသူတို့နှင့် ခြားနားဦးမည်လော။
ခန္ဓာဟူသော ဓာတ်, ဝိညာဏ်ဟူသော ဓာတ်တို့သည်-- ဓာတ် ကြမ်း, ဓာတ်ယုတ်တွေဖြစ်၍ ထိုခန္ဓာ, ဝိညာဏ်တို့နှင့်မကင်းသမျှ ကာလပတ်လုံး ဘယ်ဘုံမှာပင်နေသော်လည်း အိုခြင်း, နာခြင်း, သေခြင်း နှင့် မလွတ်နှိင်၊ အနိစ္စ, ဒုက္ခ, အနတ္တတို့ လက်တွင်းမှ မလွတ်နှိင်၊ ထိုခန္ဓာဟူသော- ဝိညာဏ်ဟူသော ဓာတ်ကြမ်း, ဓာတ်ဖြုန်း, ဓာတ်သွံ တွေကို အရှင်းစွန့်ပစ်၍ အတုမရှိ နူးညံ့သိမ်မွေ့လှစွာသော နှစ်သာရ အတိဖြစ်သော အတုမရှိ ခိုင်ခံ့ကောင်းမြတ်လှစွသော အသင်္ခတ ခေါ်သော ဓာတ်ကြီးတစ်ခုသည်ရှိ၏၊ ထိုအသင်္ခတဓာတ်သို့ ကူးနိုင်မှ အိုခြင်း, နာခြင်း, သေခြင်း မရှိဘဲ၊ အမြဲနေရသည်ဟု ငါတို့မြတ်စွာဘုရား ဟောထားတော်မူသည်၊ ထိုဓာတ်ကြီးသို့ ကူးနိုင်အောင်, ဓာတ်ပြောင်း နိုင်အောင်လည်း ဘုရားသခင်ဟောတော်မူသော တရားတော်ကို ကောင်းကောင်းကြီး ကျင့်လည်းကျင့်မှ, ဆုလည်းတောင်းမှ ဓာတ်ပြောင်း နိုင်သည်။
အကျင့်သည်ကား-- လှေမှာ လှော်ရ, ထိုးရ, ခတ်ရသော အလုပ်နုင့်တူသည်၊ ဆုတောင်းခြင်းသည်ကား၊ ပဲ့ရသောအလုပ်နှင့် တူသည်၊ မလှော်မခတ်ဘဲ ပဲ့ကာမျှနှင့် လှေမဆန်၊ မပဲ့ဘဲ လှော်ကာ, ခတ်ကာမျှနှင့် လိုရေကြောင်းသို့ ဖြောင့်ဖြောင့်မသွား။
ကောင်းကောင်းမကျင့်သောသူကိုလည်း ဓာတ်ပြောင်းရအောင် ဘုရားမတတ်နိုင်ကောင်း၊ အရာမဟုတ်ပေ။ အနန္တကရုဏာတော်ရှင်, တန်ခိုးတော်ရှင် ဖြစ်သော်လည်း ဖြစ်ကောင်းသော အရာမှာသာ တတ်နိုင်သည်၊ မဖြစ်ကောင်းသောအရာမှာမတတ်နိုင်။
ထာဝရဘုရားသည် မတတ်နိုင်သောအရာ မရှိဟူသောစကား မဟုတ်ကြောင်းကို ဆိုခဲ့လှပြီ။
စတုတ္ထရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။
---*---
ရွှေချိန်ခွင်အဆို-၅
၅-(က) ခရစ်ယာန်ဘာသာက ကိလေသာ တဏှာရာဂကို မြစ်တား၏၊
(ခ) ဗုဒ္ဓဘာသာက မမြစ်တား၊ ခွင့်ပြု၏၊ ခွင့်ပြုသောကြောင့် မိမိသဘောရှိသည့်အတိုင်း မယားများများနေတတ်ကြ၏၊ ကွာရှင်းကြ၏၊ လောကမှာသာ ခွင့်ပြုသည်အဟုတ်၊ နတ်ပြည်၌ နတ်သမီးငါးရာ, ခုနစ်ရာ ဘုံခုဆင့်တွင် ခံစားစေသေး၏။
ဆရာတော် ရှင်းလင်းချက်
ဤစကားကို ဦးစောလှဖြူသည် ဗုဒ္ဓဘာသာနှင့် အလွန် ဝေးသူဖြစ်၍ ဆိုမိလေသည်။
ငါတို့ဘုရားသည်-- ကိလေသာတဏှာရာဂများကို မစင် ဘင်ပုပ်ထက်မက အလွန်စက်ဆုပ်တော်မူလှသည်၊ စက်ဆုပ်တော်မူ သောကြောင့်ပင်လျှင် ထီးနန်းစည်းစိမ်ကို စွန့်ပစ်၍ တစ်ကိုယ်တော် တည်းတောထွက်တော်မူကြောင်း, တပည့်သားရဟန်းတို့ကိုလည်း ကိလေသာ တဏှာရာဂတို့ကို ကုန်စင်အောင် စွန့်ပစ်ခြင်းငှါ ဥစ္စာစီးပွါးသားမယားနှင့် မစပ်ရကြောင်းကိုမျှ ဦးစောလှဖြူ မကြားဘူးဘဲ ရှိရလေသည်။
ယခုမျက်မြင်၌-- တပည့်သားတော် အဆက်အနွယ်ဖြစ်၍ ကောင်းစွာကျင့်ပေးသော ရဟန်းတော်, သံဃာတော်တွေအနန္တရှိသည် ကိုမျှလည်း ဦးစောလှဖြူ အမြင်မျက်စိ မရှိရလေ။
ကိလေသာအပေါင်းတို့တွင်
၁။ မြင်ကောင်းသော အရာကို မမြင်နိုင်ဘဲ မိုက်မဲ ဖုံးပိတ်၍နေသော မောဟကိလေသာနှင့်,
၂။ အမှားကိုအားကျ၍ သွားတတ်သော ဒိဋ္ဌိကိလေသာ သည် အဆိုးဆုံးဖြစ်ပါသည်။
ထို့ကြောင့် မယားတစ်ယောက်မှပင် မယူငြားသော်လည်း ထိုကိလေသာကြီးနှစ်ပါးဖက်သို့ ပါသောသူသည် မယားတစ်ထောင် ယူသောသူထက်ပင် အပြစ်ကြီးလှသည်ဟု တရားတော်ရှိသည်။
မယားများများယူသောသူသည်-- ဘုရားစကားကို ကောင်း ကောင်းကြီး နားမထောင်နိုင်သေးသော သူတို့သာတည်း၊ ဘုရားစကားကို ကောင်းကောင်း နားထောင်နိုင်သော သူတို့မှာမူကား ရဟန်းပြုကြရသည်။
နတ်ပြည်၌ နတ်သ္မီးငါးရာ, ခုနစ်ရာနှင့် စံစားခြင်းသည် နတ် ပြည်၏ အလေ့ပေတည်း၊ ဘုရားတရားနှင့်မစပ်၊ ဘုရားစက်ဆုပ်တော်မူသော အမှုသာတည်း။
ပဉ္စမရွှေချိန်ခွင်အဆိုရှင်းလင်းချက်ပြီး၏။
ရွှေချိန်ခွင်အဆို-၆
၆-(က) ဗုဒ္ဓံသရဏံ ဂစ္ဆာမိ, ဓမ္မံသရဏံ ဂစ္ဆာမိ, သံဃံသရဏံ ဂစ္ဆာမိ-ဆိုသည့်အတိုင်း ခရစ်ဘာသာမှာကိုးကွယ်ရာ သရဏဂုံသုံးပါးရှိ၏၊ ထိုသုံးပါးသည်ကား ထာဝရမြတ်စွာဘုရားသခင်, ရေရှုခရစ်တော်နှင့်, ဝိညာဏ်တော်ဖြစ်၏။
(ခ) ဗုဒ္ဓဘာသာမှာ ထိုသုံးပါးအနက် တရားတစ်ပါးသာ ရှိသည်၊ ဘုရားနှင့်သံဃာမရှိ၍ မစုံလင်။
ဆရာတော် ရှင်းလင်းချက်
ခရစ်ယာန်ဘာသာမှာ သရဏဂုံသုံးပါးနှင့် ပြည့်စုံသည်ဆို၍ သုံးပါးကို ပြရာမှာ--
၁။ ထာဝရဘုရားသခင်တစ်ပါး,
၂။ ရေရှုခရစ်တော်တစ်ပါး,
၃။ ဝိညာဏ်တော်တစ်ပါးကိုပြသည်။
ဤသုံးပါးကို ဦးစောလှဖြူကိုယ်တိုင် မြင်ဘူးသလော၊ မြင်ဘူး ပါသည်ဆိုသူနှင့် တွေ့ဘူးရသလော။ [စာတွေ့မျှလောက်ကို အစွဲပြု၍ ပြောရှာရသည်။]
ငါတို့မှာမူ-- အထက် ပဌမစကားအချက်၌ ဆိုခဲ့ပြီးသော-၁။ ဆံတော်, သွားတော်, စွယ်တော်, ညှပ်ရိုးတော်, နဖူးသင်းကျစ်တော်, ရှစ်စရွက်မျှလောက် အရိုးဓာတ်တော်တို့ကို ဘုရားပရိနိဗ္ဗာန်စံ တော်မူသည့်နေ့မှစ၍ ယနေ့ထက်တိုင် ဆက်လက်မပြတ် စောင့်ရှောက် ကိုးကွယ်၍ လာကြသည်၊ အကျော်စေရဖြစ်တော်မူသော စေတီပုထိုးတွေ အထင်အရှားဖြစ်၍ ဘုရားလည်း မျက်မြင်ကိုယ်တွေ့ ဖြစ်သည်။
၂။ ပိဋကတ်သုံးပုံဟူသော တရားတော်လည်း အထင်အရှား ဖြစ်သည်။
၃။ ကလျာဏပုထုဇဉ် ဖြစ်ပေကုန်သော သမ္မုတိသံဃာတော် လည်း အထင်အရှားပင်ဖြစ်ပါသည်။
သူဆင်းရဲတစ်ယောက်ကို အိပ်၍နေစဉ်အခါ စိတ်တန်းမိ တန်းရာနှင့် အတောင်တစ်ရာခန့်ရှိသော ရွေပုံ, ငွေပုံတွေကို အိပ်မက် မြင်မက်သည်ကို တကယ်မှတ်၍ ကစုန်း, ကပွါးထ၍ ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးကြီးထံ သွားပြီးလျှင် ယနေ့မှစ၍ ငါသူဌေးကြီး လုပ်မည်၊ သင်သူဌေးငယ်သာ လုပ်ရမည်ဟု ဆိုမှားသော သူနှင့် ခြားနား ဦး မည်လော။
ဆဋ္ဌရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။
ရွှေချိန်ခွင်အဆို-၇
၇-(က) ဗုဒ္ဓဘာသာ၌ ဘုရားအစဉ်မရှိ၊ တရားကိုကျင့်မှ ဖြစ်သည်၊ နောက် နိဗ္ဗာန်ဝင်၍ ပျက်စီးပြန်သည်ဟုဆို၏၊
( ခ ) ပဌမဗုဒ္ဓ ကျင့်သောတရားကို အဘယ်သူ ထားခဲ့သနည်း, ကျင့်သည့်အခါ ဘယ်ဘုရားထံ ဆုတောင်းပါသနည်းဟု-မေးစရာရှိ၏၊ ပဌမဗုဒ္ဓသည် အဦးဆုံးဖြစ်၍ သူ့အထက်ကပေါက်သော ဗုဒ္ဓမရှိသေး သောကြောင့် မပေါက်ဘဲ နိစ္စထာဝရတည်နေသော မြတ်စွာဘုရား၏ တရားတော်ကို ကျင့်သည်၊ ထိုဘုရားထံ ဆုတောင်းသည်ဟု သိသင့်၏၊ ထိုနှင့်ပေါက်ရသော ဗုဒ္ဓသည် သမ္မာသမ္ဗုဒ္ဓ မဟုတ်၊ သုတဗုဒ္ဓ သက် သက်ဖြစ်၏။
ဆရာတော် ရှင်းလင်းချက်
ဤစကားကိုလည်း ဦးစောလှဖြူသည် ဗုဒ္ဓဘာသာတရား ကျမ်းဂန်နှင့် အနားအနီးမျှ မသီဘူးသောကြောင့် စကားဖြစ်ရသည်၊ ဗုဒ္ဓဘာသာတရားကျမ်းဂန်နှင့် သီဘူးလျှင် စကားဖြစ်ဖွယ်မရှိ။
အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော-ဟူသော ဒေသနာတော် မြတ်နှင့်အညီ-သံသရာလည်း အစမရှိ, ကမ္ဘာလည်း အစမရှိ, သတ္တဝါ လည်း အစမရှိ၊ ဘုရားလည်းအစမရှိသည်ဖြစ်၍ အဘယ်မှာ “ပဌမဗုဒ္ဓအဦးဆုံးဖြစ်သော ဘုရား”ဟူ၍ ရှိပါအံ့နည်း။
အဦးဆုံးဖြစ်သော ဘုရားဟူ၍ မရှိခဲ့သော်-- ဘုရားဖြစ်အောင် ကျင့်သော တရားလည်း လောက၌ အလျဉ်မပြတ်, ဆုတောင်းရန် ဘုရားလည်း အလျဉ်မပြတ်သည်ဖြစ်၍ ထာဝရဘုရား ဝင်စရာ အကွက်ပင် မရှိ၊ ထာဝရဘုရား၏ တရားလည်း ညှပ်စရာအကြေားပင် မရှိ၊ ထာဝရဘုရားထံလည်း ဆုတောင်းဖွယ် မရှိ။
ရှေးရှေးသော ဘုရားတို့ထံ၌ ဆုတောင်း၍ ဖြစ်ရသော ဘုရားပင် ဖြစ်သော်လည်း-- နောက်ဆုံးဘဝ၌မူကား ဆရာဟူ၍မရှိဘဲ မိမိအလိုလို ကိုယ်တိုင်လည်းသိသည်, အကြွင်းအကျန်မရှိလည်း သိ သည်ဖြစ်၍ သမ္မာသမ္ဗုဒ္ဓသည်သာ ဧကန်စင်စစ်ဖြစ်၏၊ သုတဗုဒ္ဓ မဖြစ်လေ။
သတ္တမရွှေချိန်ခွင်အဆိုရှင်းလင်းချက်ပြီး၏။
ရွှေချိန်ခွင်အဆို-၈
၈-(က) ပဌမသတ္တဝါနှင့် တိရစ္ဆာန်တို့ အဘယ်ကဖြစ် သနည်း- မေးလျှင် ကံကြောင့် ဖြစ်သည်ဟု ဗုဒ္ဓဘာသာက ဆို၏၊
(ခ) အထက်ကဖြစ်သော ဘဝမရှိသေးသောကြောင့် ကံကို မလုပ်ရသေး၍ ကံမရှိနိုင်၊ ကံမရှိလျှင် ကံကြောင့်ဖြစ်သည်ဟုဆိုသော အယူဝါဒမမှန်ဟု သိရ၏။
ဆရာတော် ရှင်းလင်းချက်
ရှေး၌ ဆိုခဲ့ပြီးသောအတိုင်း သံသရာလည်း အစမရှိ, ကမ္ဘာလည်း အစမရှိ, တစ်ယောက်တစ်ယောက်သော သတ္တဝါလည်း အစမရှိ, ကံလည်း အစမရှိသည်သာဖြစ်၍ ဦးစောလှဖြူစကား၌ “အထက်က ဖြစ်ဘူးသော ဘဝမရှိသေး-ဟူသောစကား, ကံကိုမလုပ်ရသေး-ဟူသော စကား“များသည် ရယ်ဖွယ်သာဖြစ်၏။
[အဋ္ဌမရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏၊]
ရွှေချိန်ခွင်အဆို-၉
၉-(က) ထာဝရဘုရားမရှိလျှင် ကမ္ဘာဦးသူများသည် အလင်းကို အဘယ်သူ့ထံ တောင့်တသနည်း။
(ခ) တောင့်တသည့်အတိုင်း နေကို အဘယ်သူ ပေး တော်မူပါသနည်း။
(ဂ) ကမ္ဘာဦးက ဘယ်သူမျှ မရှိသေးသောကြောင့် ထာဝရ ဘုရား ပေတော်မူသည်ဟု သိသင့်၏၊
ဆရာတော် ရှင်းလင်းချက်
ရှေးရှေးသော ကမ္ဘာအဆက်ဆက်တို့ကပြုခဲ့သော ကံတွေများစွာ ရှိပြီးသော ကမ္ဘာဦးသူတို့အား စိတ်နှင့်နှုတ်နှင့် တ-သ-လိုက်လျှင်ပင် အများတကာ ကံတွေကြောင့် နေ, လ, နက္ခတ်, တာရာတို့သည် ပေါ်လာ မြဲဓမ္မတာ ဖြစ်လေရကား အလင်းကို အဘယ်သူ့ထံ ခ-ခ, စားစားတောင့်တရတော့အံ့နည်း၊ ထိုသတ္တဝါတို့ ရှေးရှေးကမ္ဘာ အဆက် ဆက်က ပြုခဲ့ပြီးသော ကံတရား ထင်ရှားရှိလေပြီဖြစ်သောကြောင့် ကမ္ဘာဦးအခါ၌ ထာဝရဘုရားကို အသုံးချရန် အကွက်မရှိပြီ။
[နဝမရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏၊]
ရွှေချိန်ခွင်အဆို-၁၀
၁၀- သိကြား, နတ်များရှိသည်ကို မမြင်ရဘဲနှင့်ပင် ယုံသော ကြောင့် ဘုရားလည်း အရူပဖြစ်တော်မူ၍ မမြင်နိုင်သော်လည်း ရှိသည်ကို ယုံသင့်၏။
ဆရာတော် ရှင်းလင်းချက်
ပကတိသောလူတို့၏ မျက်စိနှင့် မြင်ကောင်းသော သတ္တဝါ တို့ကား--
၁။ လူ့ဘုံသား,
၂။ တိရစ္ဆာန်ဘုံသား,
ဤနှစ်ဘုံသားသာ ရှိသည်။
၃။ ငရဲဘုံသား,
၄။ ပြိတ္တာဘုံသား
တို့လည်း အကောင်အထည် ကြီးမားကြလျက် မမြင်ကောင်း သည်သာ များ၏။
လူ့ဘုံမှအထက် တစ်ဆင့်ထက်-တစ်ဆင့်အလွန်ကြီးကျယ် လှစွာသော ကောင်းကင်ဘုံကြီးပေါင်း ၂၆-ဆင့်ရှိ၏၊ ထိုကောင်းကင်ဘုံ ကြီးသားတို့ကိုလည်း လူတို့ပကတိမျက်စိနှင့် မမြင်နိုင်၊ စျာန်, အဘိညာဏ် အကျင့်ကို ကျင့်နိုင်သော သူတို့သာ မြင်နိုင်သည်၊ ရောက်အောင်လည်း သွားနိုင်သည်။
ထိုကောင်းကင်ဘုံတို့ကို မြင်နိုင်သော သူတို့ကား-- ကမ္ဘာဦး အခါ၌လည်း ပေါများ၏၊ ငါတို့ဘုရားလက်ထက်တော်၌ကား မဇ္ဈိမ ဒေသအရပ်တွင် ကုဋေမကများ၏၊ သီဟိုဠ်ကျွန်း၌ သာသနာသက္ကရာဇ် ခုနစ်ရာ ရှစ်ရာခန့်တိုင်အောင် ပေါများ၏၊ နောက်မှ တရွေ့ရွေ့ ကွယ် ပျောက်သည်၊ ထိုကောင်းကင်ဘုံကြီး ၂၆-ဆင့်၌ နေကြကုန်သောနတ်, သိကြား, ဗြဟ္မာတို့သည် ငါတို့ဘုရား၏ တပည့်တပန်းလည်း များ၏၊ အလွတ်လည်းများ၏.
[ကောင်းကင်ဘုံ၌ မအို, မသေ အမြဲနေသော လောက၌ ရှိရှိသမျှကို ဖန်ဆင်း နိုင်သော ထာဝရဘုရားရှိ၏ ဟူသောအယူသည် ခရစ်တော်ပေါ်မှသာ ဖြစ်သော အယူ မဟုတ်၊ ကကုသန်, ကောဏာဂုမ်, ကဿပ, ဂေါတမဟူသောဘုရား ၄-ဆူမပွင့်မီ ကမ္ဘာဦးအခါကပင် ဖြစ်၍လာခဲ့သော အယူတည်း။]
သဗ္ဗညုမြတ်စွာဘုရားတို့ပွင့်တော်မူ၍ သာသနာတော်မြတ် ထွန်းကားတုန်းအခါ ထွန်းကားရာအရပ်တို့၌သာ ထိုအယူကွယ်ပ၍ နေသည်၊ သာသတာကွယ်ပြန်လျှင် ထိုအယူထွန်းကားမြဲ ထွန်းကားပြန်၏၊ သာသနာကွယ်သောအခါမှာလည်း ဉာဏ်ပညာကြီးလှသော မင်း, ပုဏ္ဏား, ရသေ့, ရဟန်းတို့ဖြစ်ထွန်းရာ နိုင်ငံကြီးများ၌ ထိုအယူ မထွန်းနိုင်ရှိ၏။
[ဤအယူကို ဗုဒ္ဓဘာသာကျမ်းဂန်၌“ဧကစ္စသဿတဝါဒ“ခေါ်သည်၊ ဗြဟ္ဓဇာလသုတ်တွင်လာသည်။]
ထိုသုတ်၌ လာသောဗြဟ္ဓာမင်းကြီးကိုပင် ခရစ်ယာန်ဘာသာ, ပသီဘာသာတို့၌ “ထာဝရဘုရား” ခေါ်သည်၊ ဟိန္ဒုပုဏ္ဏား ဘာသာ၌ကား “ဗြဟ္မာ” ဟူ၍ပင်ခေါ်သည်။
ထိုဗြဟ္မာမင်းကြီးသည် နတ်,သိကြားကဲ့သို့ထင်ရှား ရှိပေသော ကြောင့် နတ်,သိကြားရှိသည်ကို ယုံကြည်အပ်သကဲ့သို့ ထာဝရဘုရား ရှိ၏ဟူသည်ကို ယုံကြည်သင့်၏ဟု ဦးစောလှဖြူဆိုပေသည်။
ဒသမရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။
ရွှေချိန်ခွင်အဆို-၁၁
၁၁-(က) ခရစ်ယာန် ဘာသာ၌ မြတ်စွာဘုရား ထင်ရှားရှိ၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဟုကျမ်းဂန်လာသည်နှင့်အညီ-ဘုရားထံ ခိုမှီး ကိုးကွယ်ကြ၏၊ ခိုမှီးကိုးကွယ်ခြင်းနှင့် ဘုရားရှိသည်ဟု ဆိုခြင်းညီ၍ မှန်သည်ဟု သိသင့်၏။
(ခ) ဗုဒ္ဓဘာသာက ယခုဘုရားမရှိဟုဆို၍ ရှိခိုးပူဇော် ကိုးကွယ် ခြင်း နှင့်မညီ၊ မှားပြီဟု-သိသင့်၏။
ဆရာတော် ရှင်းလင်းချက်
ဤစကား၌
“ထာဝရဘုရားထင်ရှားရှိသည်”ဟူသောစကားမှာ-- ခရစ်ယာန် ဘာသာ စာအုပ်ငယ်များက အဆိုနှင့်သာ ပြောရသည်၊ ဗုဒ္ဓဘာသာနှင့် စာ၍ကြည့်သော် ကျမ်းဂန်အနေချင်းသည် အနန္တကွာကြသည်၊ ဗုဒ္ဓ ဘာသာကျမ်းဂန်ကြီးသည် မဟာသမုဒြာလေးစင်း, မြစ်ကြီးငါးသွယ်, မြစ်ငယ်ငါးရာ, တိုင်းကြီးခုနှစ်တိုင်းနှင့် အလားတူသည်၊ ခရစ်ယန်ဘာသာ စာနုပ်ငယ်များသည် နွားခွါရာခွက်ရေမျှသာ ဖြစ်ချေသည်။
ဗုဒ္ဓဘာသာသည်-- ရွှေ, ငွေ, ပုလဲ, ပတ္တမြားစသော ရတနာ ဆယ်မျိုးတို့ဖြင့် ပြည့်နှက်သော မြင်းမိုရ်တောင်ကြီးနှင့် အလားတူသည်၊ ထို့ကြောင့် ဤဗုဒ္ဓဘာသာကို ကောင်းကောင်းတတ် ကျွမ်းကုန်သော အရှင်တို့သည် အနှစ်သာရနှင့် ပြည့်စုံသော များစွာသော ကျမ်းဂန်တွေ ထွန်းကားသည်။
ခရစ်ယာန် ဘာသာသည်-- မြေအတိပြည့်သော တောင်ပို့ပျက်, တောင်ပို့ဟောင်းငယ် နှင့်တူပါသည်၊ ထို့ကြောင့် ထိုခရစ်ယာန်ဘာသာကို ကောင်းကောင်း တတ်ကျွမ်းသည်ဆိုသော သူတို့သော်မှလည်း မဖြစ် စလောက် ရောက်တတ်ရာရာ စာငယ်ဘုတ်အုပ် နုပ်နုပ်ဖွဲဖွဲသာ အနိုင် ထုတ်နိုင်သည်။
ထို့ကြောင့်ပင်လျှင်
၁။ ခရစ်ယာန်ဘာသာကို ကောင်းကောင်းတတ်သည်ဟု ဆရာတစ်ယောက် လုပ်သောသူတို့သည် ဗုဒ္ဓဘာသာ ကို အတော်အလျော်တတ်သော သူနှင့်တွေ့၍ ဘာသာစကား ပြောဆိုကြလျှင် အရေလယ်အောင် မပြောနိုင်ကြကုန်။
၂။ ဗုဒ္ဓဘာသာကိုတတ်ကျွမ်း၍ နေရာကျ မေးတတ် သောသူ ရှိရာသို့တစ်ခေါက်ပြင် နှစ်ခေါက်မလာဝံ့ ရှာကြကုန်။
၃။ ကောင်းကောင်း မေးနိုင်သောသူနှင့် တွေ့ရမည်ကို အလွန်ကြောက်ရှာကြကုန်သည်။
၄။ ဗုဒ္ဓဘာသာကို အကျွမ်းအကျင်နည်းပါးလှ၍ အဆစ် အပိုင်းကို မသိသေးသော လူပြိန်းတို့ရှိရာသို့သာ လာဝံ့ရှာကြကုန်သည်။
၅။ ဗုဒ္ဓဘာသာကို ကောင်းကောင်းတတ်ကျွမ်းသည် ဖြစ်၍ အဆစ်အပိုင်းကို သိပြီးသော သူတစ်ယောက်သည် ကား ခရစ်ယာန်ဘာသာကို အကုန်တတ်ကျွမ်းသူ တစ်ထောင်ကို အမူမထား။
[ဤကား ယခုလောကတွင်
မြင်ရသောအခြေအနေချင်းကွာလှမ်းပုံတည်း။]
ထို့ကြောင့်
ဦးစောလှဖြူသည်-- ရေပြည့်သော နွားခွါရာ ခွက်ငယ်များနှင့် လည်းကောင်း မြေအတိပြည့်သော ခြတောင်ပို့ပျက်ငယ်နှင့်လည်း ကောင်း, အလွန်တူလှစွာသော ခရစ်ယာန်စာအုပ်ငယ်များကိုသာ အမြင်မျက်စိရှိ၍ ဆိုခဲ့ပြီးသော မဟာသမုဒြာ စသည်တို့နှင့်လည်း ကောင်း၍ ရတနာဆယ်ပါးအတိပြည့်သော မြင်းမိုရ်တောင်ကြီး တွေနှင့်လည်းကောင်း အလွန်တူလှစွာသော ဗုဒ္ဓဘာသာ ကျမ်းကြီး တွေကို အမြင်မျက်စိ မရှိရှာသောကြောင့် အယူမှောက်မှား၍
၁။ သရဏဂုံပါးဟူ၍အစ-အန ပြစရာ ယခုလည်းမရှိ၊ ရှေးကလည်း မရှိစဘူး၊ နောင်လည်းရှိမည်မဟုတ်သော ခရစ်ယာန်ဘာသာမှာ သရဏဂုံသုံးပါး ထင်ရှားရှိသည် ဟုဆိုမှားခြင်း,
၂။ သရဏဂုံသုံးပါး မျက်မြင်ကမ္ဘာမြေပေါ်တွင် အနှံ့ အပြား ထင်ရှားရှိပါသော ဗုဒ္ဓဘာသာကြီးမှာ သရဏဂုံ သုံးပါး အစေ့အစုံမရှိဟု ဆိုမှားခြင်းများသည်ဘုရားအလောင်းတော် မဟောသဓဇာတ်၌-- ပဲဝက်မျှသော ဥစ္စာ, လည်ပင်း၌ရှိသော ပုတ်သင်ငယ်သည် မိဓိလာပြည်ကြီးရှင် ဝိဒေဟရာဇ် မင်းကြီးကို ငါ့လောက်ဥစ္စာမရှိဟု ဆိုမှားသည်နှင့် မခြားနား ဖြစ်ချေသည်။
၁။ ခရစ်ယာန်ဘာသာ၌ ဘုရားထင်ရှား ရှိသည်သာဆို၍ ဘုရားရှိကြောင်းကို အစွန်းအစ သက်သေပြစရာ တစ်ခုမျှမရှိ။
၂။ ဗုဒ္ဓဘာသာမှာ ရှုပကာယကိုယ်တော်တစ်စိတ်နှင့် ဓမ္မကာယကိုယ်တော်မြတ် ထင်ရှားရှိကြောင်းကို ကမ္ဘာ မြေပေါ်တွင် မျက်မြင်သက်သေ အစွန်းအစ ပေါများ လှပါ၏။
[ဦးစောလှဖြူ အမြင်မျက်စိမရှိ၍ မမြင်ပါသည်။]
ထို့ကြောင့်--
ဗုဒ္ဓဘာသာမှာ-- ဘုရား, တရား, သံဃာဟူသော သရဏဂုံ သုံးပါး ယခုမျက်မြင် ထင်ရှားရှိသည်နှင့် ရှိခိုးပူဇော် ကိုးကွယ်ခြင်းသည် ညီညွတ်လှ၏။
ခရစ်ယာန်ဘာသာမှာ-- ဘုရားလည်းပြစရာ အစအနမရှိ, တရားလည်းပြစရာ အစအနမရှိ, သံဃာလည်း ပြစရာ အစအန မရှိသည်ဖြစ်၍ မှီခိုကိုးကွယ်ကြသော အမှုသည် ဤရေသဖန်းပင်ကြီးသည် ပွင့်လိမ့်မည်၊ ရေသဖန်းပွင့် တစ်ပွင့်လျှင် ခဲတစ်ပိဿာကို ရွှေဖြစ် စေနိုင်၏ဟု လူလိမ်တစ်ယောက်က စာရေး၍ချထားသည် ကိုမြင်၍ ရွှေသူဌေး လုပ်ရအောင် ရေသဖန်းပင်ကို ပွင့်နိုးနိုး ကိုးကွယ် စောင့် ရှောက်၍နေသော သူတို့၏ အမှုနှင့်မခြား ဖြစ်ချေသည်၊ ရေသဖန်းပင် တို့သည် ပွင့်ရိုးမရှိကုန်။
[ဧကာဒသမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏၊]
ရွှေချိန်ခွင်အဆို-၁၂
၁၂-(က) ဂေါတမရှိသည့်အခါမှခို၍မလုံ၊ ငါမတတ်နိုင်၊ ငါသော်မှ သေရဦးမည်ဖြစ်၍ “သဗ္ဗေသတ္တာ ကမ္မဿကာ” ဟုဆို၏၊ ဘုရားမရှိဟု ယူသောကြောင့်တစ်ချက်, ဘုရားမတတ်နိုင်၊ ဝဋ်ဆိုက်၍ သေရသေး သည်ဟု ယူသောကြောင့်တစ်ချက် ဤအချက်နှစ်ချက် အကြောင်းကြောင့် ဗုဒ္ဓဘာသာ၌ ဘုရားကို ကိုးကွယ် ဆုတောင်း ဝတ်ပြုရန် မလို။
(ခ) ခရစ်ယာန်ဘာသာက ဘုရားမရှိခဲ့သော် သတ္တဝါတို့သည် အနတ္တ သက်သက်ဖြစ်၍ တစ်စုံတစ်ခုကို မိမိစွမ်းအားဖြင့် မတတ်နိုင်ဟု အယူရှိ၍ ဘုရားကို ရှိခိုးဆည်းကပ် ကိုးကွယ်ကြ၏။
ဆရာတော် ရှင်းလင်းချက်
“ဂေါတမဘုရားရှိသည့်အခါမှ ခို၍မလုံ” ဟူသော စကား၌--
၁။ ခို၍လုံသည့် အမှုလည်းရှိသည်။
၂။ မလုံသည့် အမှုလည်းရှိသည်။
ခို၍လုံသည့် အမှုအပြစ်ဟူသည်ကား-- မသိသောအပြစ်, မတတ်သောအပြစ်, မလိမ္မာသောအပြစ်, မိုက်မဲသောအပြစ်, မှားယွင်း တတ်သောအပြစ်, ကြမ်းတမ်းယုတ်မာသောအပြစ်, နောက်နောက် ဘဝတို့၌ ကာလအရှည် အပါယ်ငရဲ၌ ခံရတတ်သောအပြစ်၊ ဤအပြစ် မျိုးသည် ဘုရားကိုဆည်းကပ်ကိုးကွယ်၍ ဘုရားဟောသော တရားကို နေရာကျ ကျင့်သောသူတို့အား ထိုနေ့ကစ၍ မနှိပ်သက်နိုင်ပြီ၊ လွတ်ငြိမ်း ချမ်းသာ၏၊ ထိုမသိတတ်သောအပြစ်, မလိမ္မာတတ်သောအပြစ်, မိုက်မဲမှောက်မှားတတ်သောအပြစ်များကို ဘုရားမှသာ ကယ်နိုင်၏။
ကယ်နိုင်သည်ဆိုသည်မှာ-- အမှန်ကို နေရာကျသိအောင် ဟော၍ ပေးနိုင်သည်၊ လိမ္မာအောင်, မမှောက် မမှားရအောင် ဟော၍ ပေးနိုင်သည်၊ ဘုရားမှတစ်ပါး ကောင်းကောင်းကြီးလိမ္မာအောင် ဟော၍ ပေးနိုင်သောသူ တစ်ဦးတစ်ယောက်မျှမရှိ၊ အမိုက်ဘေးမှ လွတ်ကင်းလို လျှင် ဘုရားကိုခိုမှလုံသည်။
[အမိုက်ဘေးကင်းလွတ်၍ အလိမ္မာကို ရခြင်းသည် ဘယ်လောက်အဖိုးတန်သည်ဟု ဦးစောလှဖြူ မြင်၏လော။]
မေး။။ လူတစ်ယောက်သည် ပစ္စည်းဥစ္စာအလွန်မွဲ၍ အလွန် ဆင်းရဲ၏၊ အလိမ္မာမရှိ၍ အလွန်လည်းမိုက်မဲ၏၊ ထိုသူကို တစ်ဦးသော သူက ရွှေတစ်ကုဋေ, ငွေတစ်ကုဋေပေး၍ ဆင်းရဲပျောက်အောင် ကယ်မပေ၏၊ အမိုက်ကိုကား ပျောက်အောင်မတတ်နိုင်။
တစ်ဦးသောသူက အမိုက်အမဲကို ပျောက်အောင် ဟောပြော၍ အလိမ္မာကို ကောင်းကောင်းပေးပေ၏၊ ဥစ္စာပစ္စည်းကိုကား မပေးနိုင်၊ ထို လူနှစ်ယောက်မှာ ဘယ်သူသာ၍ ကျေးဇူးကြီးသနည်း။
ဖြေ။။ အလိမ္မာကို ပေးပေသောသူ၏ ကျေးဇူးသာကြီးပါသည်၊ အလိမ္မာကိုရလျှင် ဥစ္စာပစ္စည်းလည်း တည်ထွန်း၍ လာတော့မည်၊ ပစ္စည်းဥစ္စာတွေကိုသာ များများကြီးပေး၍ အမိုက်မပျောက်လျှင် ထိုဥစ္စာတို့သည် မိုက်၍ ကုန်ဦးမည်၊ ဆင်းရဲမြဲဆင်းရဲဦးမည်။
ထို့ကြောင့် ရွှေတစ်ကုဋေ, ငွေတစ်ကုဋေထက် အလိမ္မာကြီး တစ်ခု သာ၍အဖိုးတန်သည်, သာ၍မြတ်သည်ဟု သိသာပါသည်။
ထိုအလိမ္မာကြီးကိုမူကား-- ဘုရားသာဟော၍ ပေးနိုင်ပါသည်၊ အလိမ္မာကြီးတစ်ခုလုံးရလျှင် အပါယ်ငရဲမှလည်း လွတ်အောင် ကြံနိုင်ပါ သည်၊ လူဆင်းရဲမဖြစ်ရအောင်လည်း ကြံနိုင်ပါသည်၊ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာကိုလည်း ရအောင် ကြံနိုင်ပါသည်၊ အကျွတ် တရားကိုလည်း ယူနိုင်ပါသည်၊ နိဗ္ဗာန်တည်းဟူသော သုခဘုံသို့လည်း ရောက်နိုင်ပါသည်။
[ဤကား ဘုရားကိုခို၍လုံသော အမှုအပြစ်တွေတည်း။]
ဘုရားကိုခိုသော်လည်း မလုံသောအမှုကား-- ဘုရားကို မခိုရသေး သောကြောင့် မလိမ္မာနိုင်သည်ဖြစ်၍ ရှေးရှေးကမ္ဘာက ရှေး ရှေးဘဝတို့က အမိုက်တရားတွေကိုများစွာလက်လွန်ခဲ့ပြီးသော သူတို့အား တစ်ခုတစ်ခု သော အမိုက်တရားက အကျိုးပေးချိန်ရောက်၍ မိမိမိုက်ခဲ့သော အပြစ်အားလျော်စွာ မကောင်းကျိုးကိုခံ နေရသောသူတို့ကို ဘုရားမကယ် နိုင်၊ ခို၍မလုံ။
ခို၍မလုံဆိုသော်လည်း-- အနည်းငယ်သော အပြစ်မှန်လျှင် ခို၍လုံပါသေး၏၊ ရှေးကမိုက်ချက် အားကြီးလှသော အပြစ်မှန်လျှင် ခို၍မလုံ၊ ဘုရားကိုဖက်၍နေသော်လည်း မပျောက်၊ ရှေးရှေးက အမိုက် လက်လွန်အားကြီးလှ၍ အပါယ်ငရဲ၌ခံ၍နေရသောသူကို ဘုရား မတတ်နိုင်။
[ငါတို့ဘုရားသာ မတတ်နိုင်သည်မဟုတ်၊ ထာဝရဘုရားလည်း မတတ်နိုင်, မကယ်နိုင်။]
“အကျွတ်တရားကိုရ၍ လက်လွန်ခဲ့သောအပြစ်ကို ဝန်ချ၍ တောင်းပန်လာလျှင် ထာဝရဘုရားက ချမ်းသာခွင့်ပေးနိုင်၏” ဟူသော စကားသည်
လားလားမဟုတ်၊ ထာဝရဘုရားကို ကိုးကွယ်သူ အကန်းတွေ, အကျိုးတွေ, အနူတွေ, အရွဲတွေ, အမွဲအတိတေ,ွ မင်းပြစ် မင်းဒဏ် ခံနေရသောသူတွေ အထောင်မက များသည်ကိုမြင်၍ ထိုစကားမဟုတ် ကြောင်းကို သိသာလှပါသည်။
ရှေးရှေးက အမိုက်လက်လွန်ခဲ့ပြီးဖြစ်သော်လည်း-- ထိုအမိုက် မှုတို့ အကျိုးပေးချိန် မရောက်သေးမီ ဘုရားကို အခိုဦး၍ ဘုရားစကားကို ကောင်းကောင်းကြီး နားမထောင်နိုင်လျှင် လုံးလုံးပျောက်အောင် ဘုရား မတတ်နိုင်။
(က) ၁- ရှေးရှေးသော ဘဝတို့ကလက်လွန်ခဲ့သော မိုက်ပြစ်တွေ အားကြီးလှသောသူ၊ ၂-ဘုရားကို အခိုနောက်ကျသောသူ၊ ၃- ခိုရုံသာခို၍ ဘုရားစကားတော်ကို ကောင်းကောင်းကြီး နားမထောင်နိုင်သော သူတို့ကို လည်း ငါဘုရားမနိုင်ဟု ဟောတော်မူပေသည်။
(ခ) ၂- အသင်္ခတဓာတ်ခေါ်သော ဓာတ်နု, ဓာတ်မြတ်သို့ မကူးနိုင် သေး၍ ခန္ဓာ, နာမ်ဝိညာဏ်ဟူသော ဓာတ်ကြမ်း, ဓာတ်သုဉ်း, ဓာတ်သွံ, ဓာတ်ခွံတွေနှင့် ဖြစ်နေရသေးသော သတ္တဝါတို့ကိုလည်း မနာရအောင်, မအိုရအောင်, မသေရအောင် ငါမတတ်နိုင်ဟု ဟောတော်မူပေသည်၊ မှန်ပါ၏
(ဂ) ၃- ဘုရားကိုယ်တော် မြတ်မှာလည်း သတ္တဝါအများကို လိမ္မာဖို့ရာ ပိဋကတ်သုံးပုံကို စေ့စုံအောင် ဟော၍မပြီးသေးသောကြောင့် ဓာတ်မပြောင်းသာသေးမီဖြစ်၍ ငါသော်မှ သေရဦးမည်ဟု ဟော တော်မူပေသည်။
[ဓာတ်ပြောင်း၍ သုခဘုံ၌တည်မိသည့်နောက် အိုသည်, နာသည်, သေသည်ဟူ၍ မရှိပြီ၊ ထာဝရဘုရားဖြစ်ပါတော့သည်။]
ငါတို့ဗုဒ္ဓဘာသာ၌-- ခန္ဓာတော်, ဝိညာဏ်တော်ဆိုသော ဓာတ်များသည် ဓာတ်ကျမ်း, ဓာတ်သွံတွေဖြစ်သည်၊ မအို, မသေ အမြဲ နေသော ထာဝရဓာတ်မျိုးမဟုတ်၊ အတုမရှိမြတ်သော အနှစ်သာရ ဖြစ်သော အသင်္ခတဓာတ် တစ်ခုသာလျှင် မအို, မသေ အမြဲနေသော ထာဝရဓာတ် ဖြစ်သည်။
[ခရစ်ယာန်ဘာသာဝင်တို့ ထိုဓာတ်ကို ရှိမှန်းမသိကြ။]
“ယခုဘုရားမရှိပြီဟု ယူသောကြောင့် မရှိသောဘုရားကို ကိုးကွယ်ဆုတောင်းဝတ်ပြုရန် မလို” ဟူသော စကားမှာ-အဘယ့်ကြောင့် မလိုဘဲရှိရအံ့နည်း။
ငါတို့ဘုရားသည်-- သုခဘုံသို့မပြောင်းမီ ပိဋကတ်သုံးပုံကို ဟောကြား၍ ငါတို့ကို အလိမ္မာပေးခဲ့သော ကျေးဇူးတော် ပိဋကတ်သုံးပုံ ထင်ရှားထားခါပေ၍ မိမိလုံ့လရှိသလောက် ယခုလည်း လိမ္မာကြရ ပေသည်၊ နောင်လည်း လိမ္မာကြလိမ့်ဦးမည်၊ ဘယ်အခါမှ ဗုဒ္ဓဘာသာဝင် ငါတို့အပေါ်၌ ကျေးဇူးတော်မြတ် မကွာပါတကား။
၁။ သို့-ကျေးဇူးတော် အနန္တကြီးရင်ဖြစ်ပေ၍ ကိုးကွယ် ဆုတောင်းဝတ်ပြုကြသည်ကို ဦးစောလှဖြူက အမှား ဆိုမည်လား။
၂။ ဘုရား ကျေးဇူးတော်မြတ်ကြီးကို မဆိုထားဘိဦး၊ ဤလောက၌ ခံရပေသော ဆရာသမား, မိဘဂုဏ် ကျေးဇူးများကိုပင် ထိုသူတို့မရှိသော်လည်း မမေ့ ကောင်း, မမေ့ထိုက်ဟူသော သူတော်ကောင်းတရား ကြီးတစ်ပါးသည် လူမျိုးတိုင်းမှာပင် ရှိကြသည်ကို ဦးစောလှဖြူ မသိရှာသလား။
၃။ ချင်းရိုင်း, ကရင်ရိုင်းတို့မှာပင် သည်တရားရှိပါသည်၊ ဦးစောလှဖြူသည် ချင်းရိုင်း, ကရင်ရိုင်းထက်ပင် ရိုင်းသေးသလား။
[ငါတို့လိမ္မာဖို့ ပိဋကတ်သုံးပုံကို ဟောနိုင်အောင် ငါတို့အတွက် သက်သက်နှင့် ပါရမီဖြည့်တော်မူရ၍ ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်း အပန်းခံတော်မူသော ဘုရားကျေးဇူးတော်မြတ်ကို ရှေး၌ဆိုခဲ့ပြီ။]
“ဝဋ်ဆိုက်သေရဦးမည်” ဟူသောစကားမှာ-- ဘုရားတို့ မည်သည် ဝဋ်ဆိုက်သေရသည်ဟူ၍ မရှိ၊ ဦးစောလှဖြူ မသိ၍ ဆိုခြင်း ဖြစ်သည်။
ခရစ်ယာန်ဘာသာဝင်လူတို့သည်-- သူတို့ထာဝရဘုရား မတတ်နိုင်, မမ,နိုင်, မကယ်နိုင်သော အရာတွေများစွာရှိသည်ကို မသိရှာကြ၍ သူတို့ဘုရားကို ကိုးကွယ်လျှင်ပင် အပြစ်ခပ်သိမ်း အကုန်ငြိမ်းသည်ဟု အယူမှောက်မှားသဖြင့် တရားကို များစွာမကျင့်ကြပဲ ဘုရားကိုသာ အားကိုး၍ ရှိခိုးဆည်းကပ် ကိုးကွယ်ကြခြင်းသည် သူတို့ ဘုရားကိုကပင် တရားကို စေ့စေ့စုံစုံ မဟောတတ်ရှာ၍ ငါ့ကို ကိုးကွယ် လျှင် အပြစ်ခပ်သိမ်း အကုန်ငြိမ်း၏ဟု အပြီးစလွယ် လိမ်လည် လှည့်ဖြား ၍ ထားခဲ့သောတရားနှင့် ညီကြပေ၏။
[ထာဝရဘုရား မကယ်နိုင်သော အပြစ်တွေကို ရှေး၌ပြဆိုခဲ့ပြီ။]
ဒွါဒသမရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။
ရွှေချိန်ခွင်အဆို-၁၃
၁၃- ဗုဒ္ဓဘာသာမှာ ဘုရားမရှိဘဲလျက် မိမိကိုယ်ကျင့်တရားကို ကျင့်လျှင်ပင်ဖြစ်နိုင်၏-ဆို၍ ဘုရားကို အားမကိုး, ဘုရားကို မခိုမှီးရာ ကျ၏။
ဆရာတော် ရှင်းလင်းချက်
ဤစကား၌--
မိမိကိုယ်ကျင့်တရားကို မိမိကျင့်မှ ဖြစ်နိုင်သည် မှန်ပါ၏၊ မိမိကိုယ်ကျင့်တရားကိုမူကား--
၁။ ဘုရားက ဟော၍ပေးမှ နေရာကျ ကျင့်တတ်သည်၊ ကျင့်တတ် အောင် ဟော၍ထားခဲ့ပေသော ကျေးဇူးတော်တွေသည် အနန္တရှိပေသည် ဖြစ်၍ ဘုရားကို အားလည်းကိုးရသည်၊ ခိုလည်း ခိုမှီးရသည်။
၂။ ဘုရား၏ ကျေးဇူးတော် ဂုဏ်တော်မြတ်ကို သိ၍-ယုံကြည်၍ အားကိုးခြင်း, ကိုးကွယ်ခြင်း, ဝတ်ပြုခြင်း, လှူဒါန်းပူဇော်ခြင်းများသည် လည်း မိမိကိုယ်ကျင့်တရားတွေပင် ဖြစ်သည်။
[ဦးစောလှဖြူ ဆိုခွင့်မရှိ]
တေရသမရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏၊
ရွှေချိန်ခွင်အဆို-၁၄
၁၄- ဘုရားမရှိဘဲဖြစ်နိုင်လျှင်။ လ။ သွန်သင်ရာကျ၏၊
ဆရာတော် ရှင်းလင်းချက်
ဤစကား၌--
၁။ မတုမရှိသော ကျေးဇူးရှင်ကြီးဖြစ်သော ဘုရားကို ကြည်ညိုစိတ် နှင့် မ-ပါ, ကယ်-ပါ, ဆုပေးတော်မူပါဟု တောင့်တခြင်း များသည်လည်း ကိုယ်ကျင့်တရားတွေပင်ဖြစ်သည်။
၂။ ဘုရားတည်းဟူသောအာရုံကို လှိုက်လှိုက်လှဲလှဲ အာခံခြင်း ဖြစ်၍ ယခုအနီးအနား၌ ဘုရားမရှိသော်လည်း ရှိသလောက်ပြု၍ အာရုံခံနိုင်သောသူဖြစ်ပေ၍ အလွန်ကောင်းမြတ်သော ကိုယ်ကျင့်တရား ကို အားထုတ်သောသူ ဖြစ်ပေသည်။
[ဘုရား အပိုအလကားဟု ဆိုခွင့်မရှိပေ။]
ဘုရားကိုကိုးကွယ်ခြင်းအမှုသည်-- ကိုယ်ကျင့်တရားကောင်းကြီး တစ်ခုပင်ဖြစ်၍ ဤကိုယ်ကျင့်တရားသည်လည်း လိုပတ်အကျိုးကို ပေးနိုင်ပါ၏။
စုဒ္ဒသမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။
ရွှေချိန်ခွင်အဆို-၁၅
၁၅- လူတို့သည် အနတ္တဖြစ်၍။ လ။ လျော်ကန်သင့်မြတ်၏၊
ဆရာတော် ရှင်းလင်းချက်
ဤစကားမှာ သတ္တဝါတို့သည် အနတ္တပင်ဖြစ်သော်လည်း--
၁။ ဘုရားဟောသော တရားကို ငါသိအောင်, လိမ္မာ အောင် အားထုတ်မည်။
၂။ သိတိုင်း ကျင့်နိုင်အောင် ငါကျင့်မည်။
၃။ ဘုရားကို ကိုးကွယ်သော အကျင့်ကိုလည်း ငါကျင့်နိုင် အောင် ကျင့်မည်ဟု မိမိအားကိုလည်း မိမိကိုးရမည်၊ ဘုရားကိုလည်း အားကိုးရမည်။
ခရစ်ယာန်ဘာသာဝင်တို့မှာ-- ဘုရားတရားကို သိအောင်, လိမ္မာအောင်, ကျင့်နိုင်အောင်ဟူသော မိမိအားကိုပယ်ထား၍ ဘုရား ကိုသာ သက်သက်အားကိုးခြင်းသည် အပြစ်ခပ်သိမ်းကုန်ငြိမ်းအောင် ကယ်နိုင်သောဘုရား မဟုတ်၍ မသင့်။
“အနန္တတန်ခိုးတော်ရှိတော်မူသောကြောင့် ဘုရားမတတ်နိုင် သောအရာ တစ်စုံတစ်ခုမရှိ၍ မိမိ၌ ဘေးဥပါဒ်ရောက်သည့်အခါ ကယ်ပါ, မ-ပါဟု ဆုတောင်းကြခြင်းသည် လျော်ကန်သင့်မြတ်၏” ဟူသော စကား၌
ဘေးဥပါဒ်ရောက်သည့်အခါ ကယ်-ပါ, မ-ပါဆိုလျှင် ခဏချက်ချင်း ဘေးဥပါဒ်ပျောက်ငြိမ်းပေလျှင် လျော်ကန်သင့်မြတ်ပေ၏၊ ကယ်-ပါ, မ-ပါဆိုကာမျှနှင့် ခဏချက်ချင်း ပျောက်ငြိမ်းသည်ကို တစ်ယောက်မျှမမြင်ဘူး, မကြားဘူးရ၊ မပျောက်ငြိမ်းနိုင်၍ ဆေးရုံ တော်တွေ-ဆရာဝန်တွေနှင့် တကဲကဲနေရသူ, မပျောက်နိုင်ဘဲ သေ၍ သွားသူတို့ကိုမူကား မြင်ဘူးလှပါပြီ။
[ထို့ကြောင့် ထာဝရဘုရား မတတ်နိုင်သောအရာ တစ်စုံတစ်ခုမရှိဟု ယုံကြည်၍ အားကိုးကြခြင်းသည် အမှားစင်စစ်ဖြစ်၏၊]
“တရားတော်အတိုင်း ကျင့်ဆောင်သည့်အခါလည်း ဆုပေးတော် မူပါဟု ဆုတောင်းသည်” ဟူသော စကား၌
၁။ ထာဝရဘုရား မတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိသည်မှန်လျှင် ဗုဒ္ဓဘာသာမှာကဲ့သို့ အဘယ့်ကြောင့် တရားတော်အတိုင်း ကျင့်ဆောင်သည်ဟု ရှိရပြန် သနည်း။ မကျင့်ဘဲနှင့်ပင် ဆုသာတောင်း၍ နေပါ တော့လော။
၂။ တရားတော်အတိုင်း ကျင့်ဆောင်သူကိုမှ ဆုပေး နိုင်သည်၊ မကျင့်ဆောင်သူကိုမူကား ဆုမပေးပိုင် သလော၊ မပေးနိုင်လျှင် ငါတို့ဗုဒ္ဓဘာသာနှင့် ဘာထူး သေးသနည်း။ ကိုယ်ကျင့်တရားကိုလည်း တစ်ဖက် အားကိုး ရသေးသည်မဟုတ်လော။
၃။ ငါတို့ဘုရားလည်း သုခဘုံမှာ ထာဝရအမြဲ တည်နေ တော်မူသည်၊ ထာဝရဘုရား သုခဘုံမှာ ထာဝရ အမြဲနေသည်။ ငါတို့ဘုရားလည်း တရားတော်အတိုင်း ကျင့်ဆောင်သောသူကိုသာ ကယ်နိုင်, ဆုပေးနိုင်သည်၊ ထာဝရဘုရားလည်းတရားတော်အတိုင်း ကျင့်ဆောင် သောသူကိုသာ ကယ်နိုင်, ဆုပေးနိုင်သည်၊ ဘာထူး သေးသနည်း။
၄။ ငါတို့ဘုရားမှာ ခန္ဓာတော်, ဝိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီးတွေကို စွန့်ပစ်ပြီးလျှင် အသင်္ခတဓာတ် ဟူသော အတုမရှိသော နာမ်ဓာတ်တော်နှင့် စံနေ သည်၊ ထာဝရဘုရားမှာ ခန္ဓာတော်, ဝိညာဏ်တော် ဟူသော ဓာတ်ကြမ်းကြီးတွေနှင့် နေရသည်၊ သည် မျှသာထူးကြသည် မဟုတ်လော။
ငါတို့ဗုဒ္ဓဘာသာ၌-- ခန္ဓာတော်, ဝိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီးတွေကိုမစွန့်ဘဲ သုခဘုံတစ်မျိုး၌နေသော သူများကို “ဗြဟ္မာ” ဟူ၍သာ ခေါ်သည်၊ “ဘုရားရဟန္တာ” မခေါ်၊ ခန္ဓာတော်, ဝိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီး, ဓာတ်ဖြုန်းတွေကို အကုန်လဲ၍ အတုမရှိ အထွတ်အထိပ်ဖြစ်သော အသင်္ခတဟူသော ထာဝရဓာတ်သို့ ကူးပြောင်းနေသော သူများကိုသာ “ဘုရားရဟန္တာ” ခေါ်သည်။
ခရစ်ယာန်ဘာသာ၌-- ထာဝရဓာတ်ကို ကူးပြောင်းရန်ကို မဆိုထားလင့်၊ ဗြဟ္မာဘုံသို့ ရောက်စေတတ်သော အကျင့်ပင် သက်သက် မရှိ။
ငါတို့ဗုဒ္ဓဘာသာမှာသာ-- သူတို့ထာဝရ ဘုရားခေါ်သော ဗြဟ္မာ့ဘုံသို့ ရောက်စေတတ်သော အကျင့်တို့ထက် အဆအသင်္ချေမက မြတ်ထွတ်လှသော ထာဝရဓာတ်အစစ်သို့ ရောက်စေတတ်သော အကျင့်တို့သည် အထင်အရှား များစွာရှိသတည်း။
ပန္နရသမရွေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။
ရွှေချိန်ခွင်အဆို-၁၆
၁၆။ ဗုဒ္ဓဘာသာကလည်း ဘုရား၌ အနန္တတန်ခိုးတော်, အနန္တကရုဏာတော်ရှိသည်ဟုဆို၏၊။ လ။ အဘယ်သူကို မှီခို ကိုးကွယ် ရမည်နည်း။
ဆရာတော် ရှင်းလင်းချက်
ဤစကားမှာ-- ဦးစောလှဖြူသည်--
၁။ တန်ခိုးတော်နှင့် တတ်နိုင်ကောင်းသော အရာ, မတတ်နိုင် ကောင်းသော အရာ,
၂။ ကရုဏာတော်နှင့်ကယ်နိုင် ကောင်းသောအရာ, မကယ်နိုင် ကောင်းသော အရာများကို ခွဲခြမ်း၍သိနိုင်သော ဉာဏ်မရှိရှာ၍ အထပ်ထပ် အလည်လည် မြည်တွန် တောက်တီးခြင်းမျှသာ ဖြစ်သည်။ [ရှေး၌ပင် ပြီးပြေပြီဖြစ်၍ အသစ်ဖြေဆိုဖွယ် မရှိတော့ပြီ။]
သို့သော်လည်း ဤစကား၌--
၁။ အနန္တကရုဏာရှိတော်မူသော ဘုရားကို ကရုဏာ မရှိဟုဆိုရာကျသည် ဟူသော စကားတစ်ချက်,
၂။ ဘုရားကို ပုတ်ခတ်ရာကျသည် ဟူသော စကား တစ်ချက်,
၃။ ဘုရားသည် အပိုဖြစ်သည်ဟူသော စကားတစ်ချက်,
၄။ တရားတော်ကိုလည်း ပုတ်ခတ်ရာကျသည်ဟူသော စကားတစ်ချက်,
၅။ ငရဲမှလွတ်ကင်းနိုင်ရာ မရှိဟူသော စကားတစ်ချက်,
ဤသို့အချက်များစွာ အပြစ်တင်၍ အလှိုင်းတကြီးဆိုလေ သည်မှာ--
၁။ ဘုရားတို့၏အနန္တကရုဏာတော်နှင့် ကယ်နိုင်ကောင်း သော အရာလည်း ရှိသည်။
၂။ မကယ်နိုင်ကောင်းသော အရာလည်း ရှိသည်။
၃။ အနန္တတန်ခိုးတော်နှင့် တတ်နိုင်ကောင်းသော အရာ လည်းရှိသည်။
၄။ မတတ်နိုင်ကောင်းသော အရာလည်းရှိသည်များကို ခရစ်ယာန်ဘာသာဝင်တို့ ခွဲခြမ်း၍ မသိရှာကြ၍ ဆိုမိရှာကြလေသည်။
[အနန္တကရုဏာတော်, အနန္တတန်ခိုးတော်များနှင့်နိုင်ကောင်းသော အရာ, မမ,နိုင်ကောင်းသောအရာများကို ရှေး၌ခွဲခြမ်း၍ ပြခဲ့ပါပြီ။]
“ထာဝရဘုရားသသည် မတတ်နိုင်သောအရာ တစ်စုံတစ်ရာမျှ မရှိ” ဟု- ခရစ်ယာန်ဘာသာဝင်တို့ ယုံကြည်ကြ ခြင်းသည် မယုံတန် သည်ကို ယုံကြည်မိ၍ သူ့ကျွန်ဖြစ်ရသောသူနှင့် တူလှလေ၏။
တူပုံကား-- လူလိမ်တစ်ယောက်သည် သူငယ်လေးကိုမြင်၍ တစ်သက်လုံးကျွန်အနေနှင့် စေခိုင်းရအောင် ကြံဖန်၍ တစ်ခုသော သစ်ပင်၏ အခေါင်း၌ စာရေး၍ထားပြီးသော် သူငယ်လေးယောက်ကို ဆို၏၊ ငါ့မိငါ့ဘသည် ဤရွာဝယ် ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေး ကြီးဖြစ်သည်၊ ထိုအခါ သင်တို့ကို အပေါင်းပြု၍ သင်တို့မိဘတို့သည် ငွေတစ်သိန်းယူဖူးသည်၊ ငွေတစ်သိန်းရင် ပေးကြ, ငါ့ကျွန်ရင် လုပ်ကြဟု ဆို၏။
သက်သေပြဆိုသော်-- သစ်ပင်စောင့်နတ်သိသည်၊ သင်တို့ မယုံလျှင် သစ်ပင်ခေါင်းမှာ လက်နှင့်နှိုက်ကြ၊ သစ်ပင်စောင့်နတ်က စာရေး၍ ထွက်ဆိုလိမ့်မည်ဟု ဆို၏၊ သစ်ပင်ခေါင်းကို နှိုက်လေသော် စာကိုတွေ့မြင်၍ သူငယ်လေးယောက်တို့ ယုံကြသဖြင့် အသက်ထက်ဆုံး သူ့ကျွန်ခံရလေကုန်၏။
နှိုင်းယှဉ်ပြချက်
၁။ ဓမ္မဟောင်းကျမ်း, ဓမ္မသစ်ကျမ်းခေါ်သော စာအုပ်ကို လုပ်ကြံရေးသားပေသော ပဌမဆရာသည် လူလိမ် နှင့်တူ၏။
၂။ အကယ်မဟုတ်သော ထာဝရဘုရားသည် သစ်ပင် စောင့်နတ်နှင့်တူ၏။
၃။ ခရစ်ယာန်ဘာသာဝင်တို့သည် သူငယ် လေးယောက် နှင့်တူ၏။
“ဘုရားမရှိလျှင် ဗုဒ္ဓဘာသာဝင်တို့ တရားတော်အတိုင်း မကျင့်၊ မကောင်းမှုကို ပြုမိသောကြောင့် ဘေးရောက် သောအခါ ကယ်ပါဟု အဘယ်သူကို မှီခိုကိုးကွယ်ရပါအံ့နည်း”ဟူ၍ အပြစ်တင်ရာ၌လည်း-
ငါတို့မြတ်စွာဘုရားသည်-- ခန္ဓာ, နာမ်ဝိညာဏ်တော် ဟူသော ဓာတ်ယုတ်, ဓာတ်ကြမ်းတွေကို စွန့်ပြီးလျှင် အသင်္ခတခေါ်သော အထွတ်အထိပ်ဖြစ်သော ဓာတ်ကောင်း, ဓာတ်မြတ်သို့ ကူးပြောင်း၍ နိဗ္ဗာန်ဘုံသို့ တက်တော်မူပြီးလျှင် အနိစ္စ, ဒုက္ခ, အနတ္တမနိုင်သော နိဗ္ဗာန်ဘုံမှာ အိုခြင်း, နာခြင်း, သေခြင်းမရှိ၊ အမြဲစံနေတော်မူသည်၊ လောကသို့ တစ်ဖန် မပြန်လာတော့ပြီ။
ထို့ကြောင့်--
၁။ ဤလောကမှာ “ငါတို့ဘုရား မရှိပြီ” ဟူ၍လည်း ဆိုရပါ၏။
၂။ ဘုရားမရှိသော်လည်း ဘုရားကိုယ်တော်မြတ်၏ အစိတ်ဖြစ်သော ဓာတ်တော်, မွေတော်, ဒေသနာတော် ထင်ရှားရှိပေသောကြောင့် “ငါတို့ဘုရား ထင်ရှား ရှိသည်”ဟူ၍လည်း ဆိုရပါ၏။
၃။ ဒေသနာတော် ထင်ရှားရှိပေသောကြောင့် တရားတော် အတိုင်း ကျင့်လိုလျှင် ကျင့်နိုင်ကြပါ၏။
မကျင့်လို၍မကျင့်လေဘဲ-- မိုက်မဲသဖြင့် မကောင်းမှုကို ပြုမိသော ကြောင့် ဘေးရောက်သောအခါမူကား ငါတို့ဘုရားလည်း မကယ်နိုင်၊ ထာဝရဘုရားလည်း မကယ်နိုင်၊ ပြုမိသော မကောင်းမှု ကြေကုန်အောင် ခံရမြဲ ဓမ္မတာပေတည်း။
လောကတံထွာ ဓမ္မတာကား
၁။ ခရစ်ယာန်ဘာသာဝင် လူတစ်ယောက်သည် ခရစ်ယာန် ဘာသာကို မခံယူသော နိုင်ငံအတွင်း၌နေ၍ ထိုနိုင်ငံရှင်မင်းကို ပုန်ကန် ပုန်စားပြုလေအံ့၊ ဘေးရောက်မည်၊ ထိုအခါ ထာဝရဘုရား ကယ်ပါ ဆိုသော် လွတ်ငြိမ်းပါမည်လော။
၂။ ခရစ်ယာန်ဘာသာကိုခံယူသော နိုင်ငံအတွင်း၌ ဖြစ်ပေမူကား ထိုနိုင်ငံရှင်မင်းတို့သည် ယေရှုခရစ်ဆရာကြီး တို့ကို ရိုသေသောအားဖြင့် လွှတ်ပေရာ၏။
[ထာဝရဘုရားကယ်၍လွတ်သည်မဟုတ်။]
“ခရစ်ယာန်ဘာသာ၌ ဘုရားသခင်, ယေရှုခရစ်နှင့်, ဝိညာဏ် တော်တစ်ပါး, သရဏဂုံသုံးပါးနှင့်ပြည့်စုံတော်မူသောကြောင့် အားကိုး မှီခိုရာရှိ၍ မှီခိုအားကိုးသည့်အတွက် အကျိုးဖြစ်၏၊ မြတ်စွာဘုရား၌ အနန္တတန်ခိုးတော်, အနန္တကရုဏာတော်ရှိသောကြောင့် ကယ်မတတ်သည်ဟု စိတ်ချယုံကြည်သင့်ပေ၏” သောစကား၌--
၁။ “ခရစ်ယာန်ဘာသာ၌ သရဏဂုံသုံးပါးပြည့်စုံသည်” ဆိုသော စကားမှာ- သရဏဂုံသုံးပါး ရှိကြောင်းကို ယုံကြည်လောက်သော မျက်မြင်သက်သေ မရှိ။
၂။ ငါတို့ဗုဒ္ဓဘာသာမှာသာ သရဏဂုံသုံးပါးရှိကြောင်းကို ယုံကြည်လောက်သော မျက်မြင်သက်သေရှိသည်။
သောဠသမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏၊ မြန်မာတမန်စာကြော်ငြာကို ဆရာတော်ရှင်းလင်းချက်
“ရန်ကုန်မြို့ ၁၂၆၅-ခု၊ ဝါဆိုလ၊ နံပါတ်-၇”ဟူ၍ ပါရှိသော ခရစ်ယာန်မြန်မာတမန်စာ အဝေးသာသနာ၏အကြောင်း ၂-ဂဏန်း အချက်မှာ ထုတ်ဖော်ကြော်ငြာချက် ပါရှိသည်ကား--
၂။(က) အမှုတော်ကိုဆောင်ရွက်ခြင်း၌ ဘုရားသခင်သည် အသရေထင်ရှားကျော်စောသော သူတို့ကိုလည်းကောင်း, လိမ္မာစွာ တန်ခိုးနှင့်စီမံသူတို့ကိုလည်းကောင်း, လောကီပညာရှိတို့ကိုလည်းကောင်း, မင်းအမျိုးအနွယ်ဖြစ်သူတို့ကိုလည်းကောင်း များစွာအသုံးမပြုတော် မမူတတ်ပါ။
(ခ )လောကီအရာ၌ မိုက်မဲသောသူ, အားနည်းသောသူ, ဆင်းရဲလှသောသူ, စိတ်နှိမ်ချနူးညံ့သောသူ, ယုတ်ညံ့သောသူတို့ကို ရွေးကောက်ခန့်ထား၍ အသုံးပြုတော်မူ၏။
[ဟူ၍ ထုတ်ဖော်ကြော်ငြာချက်ရှိပေ၏၊]
ဆရာတော် ရှင်းလင်းချက်
ဤကမ္ဘာမြေပေါ်၌--
၁။ အသရေထင်ရှားကျော်စောသောသူ တစ်မျိုး,
၂။ လိမ္မာစွာတန်ခိုးနှင့် စီမံသူတစ်မျိုး,
၃။ လောကီပညာရှိတစ်မျိုး,
၄။ မင်းမျိုးမင်းနွယ်ဖြစ်သူတစ်မျိုး,
ထာဝရဘုရားသခင် အသုံးမပြု၊ ပယ်ထားသူ လူလေးမျိုး တစ်ရပ်။
၁။ မိုက်မဲသောသူ,
၂။ အားနည်းသောသူ,
၃။ ဆင်းရဲလှသောသူ,
၄။ စိတ်နှိမ်ချနူးညံ့သောသူ,
၅။ ယုတ်ညံ့သောသူ,
ဤကမ္ဘာမြေပေါ်၌ ထာဝရ ဘုရားသခင် ရွေးကောက်ခန့်ထား၍ အသုံးပြုတော်မူသောသူ လူငါးမျိုးတစ်ရပ်။
[ခြားနား၍မှတ်ရမည်ဟု ထုတ်ဖေါ်ကြော်ငြာချက် ဖြစ်ပေတည်း။]
သက်သေခံချက်နှင့် သတိပေးချက်
ဤထုတ်ဖေါ်ကြော်ငြာချက်ဖြင့် ဤသို့သောသက်သေကို ခံပေး၏၊
၁။ မာရီဟူသော သူဆင်းမမှမွေးဖွားသော ခရစ်ဆရာကို သားတော်အရာနှင့် ရွေးကောက်ခန့်ထား၍ အသုံးပြုတော်မူ၏။
၂။ ဓမ္မဟောင်းကျန်းပေါင်း (၃၉) ဓမ္မသစ်ကျမ်းပေါင်း(၂၇)တို့ကို ပြုကြကုန်သော သူတို့ကိုလည်း ကျမ်းပြုအရာနှင့် ရွေးကောက်ခန့်ထား၍ အသုံးပြုတော်မူ၏။
၃။ ထိုမှတစ်ပါး-
(က) တမန်တော် အရာနှင့် အသုံးပြုသောသူ,
(ခ) တရားဟောပရောဖက်အရာနှင့် အသုံးပြုသောသူ,
(ဂ) သာသနာပြု ဆရာအရာနှင့် အသုံးပြုသောသူ,
ဤအလုံးစုံသော သူတို့သည် မိုက်သောသူအစရှိသော ထာဝရ ဘုရား အသုံးပြုတော်မူသောသူ လူငါးမျိုးထဲကချည်း ဖြစ်ကြကုန်သည်ဟု ထုတ်ဖေါ်ကြော်ငြာ၍ သက်သေခံပေ၏။
ထာဝရဘုရား အသုံးမပြု ပယ်ထားသော အသရေ ထင်ရှား ကျော်စောသောသူ အစရှိသော လူလေးမျိုးထဲကမဟုတ် ကြကုန်ဟု ထုတ်ဖေါ်ကြော်ငြာ၍ သက်သေခံပေ၏။
[ဤကား သက်သေခံချက်တည်း။]
၎င်းသက်သေခံမှုသည်-- ယခု ဤနိုင်ငံပေါ်တွင် မျက်မြင် ဒိဋ္ဌနှင့်လည်း ညီညွတ်လှပေ၏၊ ဤနှိင်ငံပေါ်တွင် မျက်မြင်ဒိဋ္ဌနှင့် ညီညွတ်လှသည်ကို တွေမြင်ကြရသဖြင့်လည်း အရပ်ရပ်ကမ္ဘာမြေပေါ်ရှိ နိုင်ငံတို့မှာလည်း ဤနည်းအတိုင်းဟု ယုံကြည်ထိုက်လှပေ၏။
“ထာဝရဘုရား အသုံပြုတော်မူသောလူငါးမျိုး” တို့ကိုထုတ်ဖေါ် ကြော်ငြာ၍ ပြပေသဖြင့်
၁။ ထာဝရဘုရား ရွေးကောက် ခန့်ထား၍ အသုံးပြုတော်မူ ကုန်သော ကျမ်းပြုဆရာတို့၏ ကျမ်းစကားများ ကိုလည်းကောင်း,
၂။ သာသနာပြု တရားဟောဆရာတို့၏ တရားစကားများ ကိုလည်းကောင်း, နာခံသူအများတို့သည် သတိကြီးကြီးထား၍ နာကြပါ လေကုန်ဟူသော အချက်ကိုလည်း သတိပေးပေ၏။
[ဤကား သတိပေးချက်တည်း။]
[သက်သေခံချက်, သတိပေးချက်အတိုင်း ရွှေချိန်ခွင်စာအုပ်ကို ကြည့်ရှု ဆင်ကြရာ ထိုစာအုပ်ကိုပြုလုပ် စီရင်သော ဆရာသည် ထာဝရဘုရား အသုံးပြုတော်မူ သော လူငါးမျိုးထဲက မှန်လှပေသည်ဟု ဒုတိယသက်သေကို တွေ့ရှိရပြန်ပေသတည်း။]
ရွှေချိန်ခွင်သည် ဒုတိယသက်သေ
အဘယ်သို့တွေ့ရှိရပြန်သနည်း ဟူမူကား
ဗုဒ္ဓဘာသာပိဋကတ်၌-- တရားအရေအတွက် အစုအပေါင်း အားဖြင့် ဓမ္မက္ခန္ဓာအပေါင်း ရှစ်သောင်း လေးထောင် အရေအတွက် ရှိသည်ဟု ဗုဒ္ဓဘာသာ၌ ပြောရိုး, ဆိုရိုး အစဉ်ထင်ရှားရှိပါ၏၊ ရေတွက် ပိုင်းခြား၍ ထားအပ်သော တရားအစုအပေါင်လည်း ထင်ရှားရှိ၏။
ရွေချိန်ခွင်ဆရာသည်ကား-- တရား ၂-ပါးနှိုင်းချိန်ခန်းဖြစ်သော နံပါတ် ၁၀-၌ ရှင်ဂေါတမတရားရင်း ဟူသည်ကား
၁။ သူ့အသက်ကိုမသတ်နှင့်,
၂။ သူ့ဥစ္စာကို မခိုးနှင့်,
၃။ သူ့အိမ်ရာကို မပြစ်မှားနှင့်,
၄။ လိမ်၍ဝါ၍ မပြောနှင့်,
၅။ သေရည်သေရက်ကို မသောက်နှင့်ဟု ပဉ္စသီလ ၅-ပါးသာရှိ၏။
ထိုသို့ဆိုသော် ကာယကံ, ဝစီကံကိုသာ ပညတ်၍ မနောကံကို မပညတ်ဟုဆို၏၊
ရွှေချိန်ခွင်ဆရာသည်-- ပဉ္စသီလငါးပါးမျှကိုသာ ကြားဖူးရှာ၏၊ ပဉ္စသီလငါးပါးသည် ဗုဒ္ဓဘာသာမှာ အစမျှသာဖြစ်၏၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်နှင့် အလွန်ကွာလှမ်းလျက်ရှိ၏၊ ဤအချက်ကို တွေ့မြင်ကြသဖြင့် ရွှေချိန်ခွင်ဆရာသည် ဗုဒ္ဓဘာသာတရား၌ သိနိုင်, လိမ္မာနိုင်ရန် စခန်းအဘယ်မျှလောက် ကွာသည်ဟု ဆင်ခြင်မိကြ ကုန်ရာ၏။
ဤဥပမာကား-- အမိဝမ်းမှ မျက်စိအင်္ဂါ ချို့တဲ့၍လာခဲ့သော ဇစ္စန္ဓဖြစ်သူတစ်ယောက်သည် တစ်ဦးသောသူကို ဆိုရာ၏၊ မဟာ သမုဒ္ဒရာသည် ကျော်စောလှ၏၊ မဟာသမုဒ္ဒရာသို့ ငါ့ကိုပို့ပါ၊ ရောက်ဘူး သည်ရှိရပါစေဟု ဆိုပေရာ၏၊ ထိုအခါ မဟာသမုဒ္ဒရာ ဆိပ်ကမ်းသို့ ရောက်အောင်ဆောင်ပို့၍ မဟာသမုဒ္ဒရာသို့ သက်ဆင်းရာ ရေဆိပ်အစ၌ တစ်သစ်, နှစ်သစ်, သုံးသစ်, လေးသစ်, ရှစ်သစ်, တစ်ထွာမျှ နက်သော ရေသို့ ရောက်အောင်ပို့၍ မိမိနေရာသို့ပြန်ခဲ့ကြရာ၏။
ထိုဇစ္စန္ဓအား မိမိဆင်းသက်ရာဖြစ်သော တစ်ဖျာရာ, တစ်ညောင် စောင်းရာဌာန အလွတ်ဖြစ်သော မဟာသမုဒ္ဒရာ အပြင်ကို မြင်နိုင်သော မျက်စိလိမ္မာလည်းမရှိ၊ မဟာသမုဒ္ဒရာမည်သည် အနက်အကျယ်ယူဇနာ ပေါင်း ရှစ်သောင်း လေးထောင် ရှိသည်ဟူသော စကားကိုမျှ ကြားဖူး သော နားအလိမ္မာလည်းမရှိ။
ထိုသူ၏နေရာ ရပ်ရွာဌာန၌ကား ရွာတံခါးဝတို့၌ မိုးလအခါ၌ ပုဆစ်ဒူးခန့်, ရေအိုးတင်ခန့်တိုင်အောင် ကျွံနစ်နက်ရှိုင်းသော ရွံအိုင်ပွက် ကြီးတစ်ခုရှိရာ၏၊ ထိုသူသည် ရပ်ရွာဌာနသို့ ရောက်သောအခါ မဟာ သမုဒ္ဒရာနှင့် ရပ်ရွာတံခါးဝ ရွံအိုင်ကိုယှဉ်ပြိုင်၍ ဤသို့ပြောဆိုလေ့ရှိရာ၏၊ မဟာသမုဒ္ဒရာသည် ငါတို့ရွာတံခါးဝ ရွံအိုင်မျှ အနက်အကျယ်မရှိဟု ပြောဆိုလေ့ရှိရာ၏။
နှိုင်းယှဉ်ပြချက်
၁။ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာသည် မဟာသမုဒ္ဒရာ နှင့်တူ၏။
၂။ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်သည် မဟာသမုဒ္ဒရာ ၏ အနက်အကျယ် ယူဇနာရှစ်သောင်းလေးထောင်နှင့် တူ၏။
၃။ ငါးပါးသီလသည် ထိုသူဆင်းသက်မိရာ သမုဒ္ဒရာ ဆိပ်ကမ်းအစ လေးသစ်, ရှစ်သစ်, တစ်ထွာခန့်မျှ တည်ရှိသော ရေအစိတ်နှင့် တူ၏။
၄။ ခရစ်ယာန်ဘာသာသည် ထိုသူနေရာရပ်ရွာ၌ ရွာ တံခါးဝမှာ ရှိနေသော ရွံအိုင်ပွက်နှင့် တူ၏။
၅။ ရွှေချိန်ခွင်ဆရာသည် ထိုသူနှင့် တူလှ၏။
မဟာသမုဒ္ဒရာနှင့် ထိုရွံအိုင်ပွက် အတိမ်အနက် ပြိုင်ဆိုင်မှုမှာ
၁။ ထိုသူကို အကြီးချုပ် ခုံသမတ်ပညာရှိ တင်မြှောက်၍ ယုံကြည်ထိုက်မည်လော။
၂။ ယုံကြည်သူတို့ရှိခဲ့ပြန်လျှင် ထိုယုံကြည်သူတို့ကား အဘယ်လိုလူစားမျိုး ဖြစ်ကြရာသည်ဟု သိနိုင်ရန် မရှိလော။
ထို့အတူ ဗုဒ္ဓဘာသာတရားနှင့် ခရစ်ယာန်ဘာသာတရား အတိမ်အနက် ပြိုင်ဆိုင်မှုမှာ
၁။ ငါးပါးသီလမျှ ကြားဖူးသူကို အကြီးအချုပ် ခုံသမတ် ပညာရှိ တင်မြှောက်၍ ယုံကြည် ထိုက်မည်လော။
၂။ ယုံကြည်သူတို့ ရှိခဲ့ပြန်လျှင် ထိုယုံကြည်သူတို့ကား အဘယ်လိုလူစားမျိုး ဖြစ်ကြရာသည်ဟု သိနိုင်ရန် မရှိလော။
[ဤကား မြန်မာတမန်စာတွင် ထုတ်ဖော်ကြော်ငြာ သက်သေခံချက် အတိုင်း ရွှေချိန်ခွင်စာအုပ်သည် ဒုတိယသက်သေဖြစ်ပေကြောင်းကို ပြဆိုချက်တည်း။]
တမန်စာကြော်ငြာရှင်းလင်းချက်ပြီး၏။
နောက်ဆက်တွဲ
ရွှေချိန်ခွင်ဘုရားချင်းနှိုင်းယှဉ်ချက်
ထိုမှတစ်ပါးလည်း ရွှေချိန်ခွင်စာတွင် မျက်နှာနံပါတ် ၅- ဂဏန်းမှစ၍ ၁၀-ဂဏန်းတိုင် ဘုရားချင်း ချိန်စက်ပြိုင်ချက် ပါရှိ၏။
ရွှေချိန်ခွင်အဆို
၁-(က) အနှစ် ၄၅-နှစ်သာ ဘုရားအဖြစ်၌ တည်သော ရှင်ဂေါတမ ကား မြတ်သလား။
(ခ) အစမထင်, အဆုံးမရှိ ကမ္ဘာအဆက်ဆက် အနန္တ ကာလပတ်လုံး ဘုရားဇာတိနှင့် ပြည့်စုံတော်မူသော ထာဝရဘုရားကား မြတ်သလား။
[ဤကား ပဌမအချက်တည်း။]
ဆရာတော် ရှင်းလင်းချက်
ဤပဌမအချက်၌ အထက်ကောင်းကင်ဘုံ၌ရှိသော ထာဝရ ဘုရားဆိုသူသည်
၁။ ဘယ်အကျင့်ကို ထမြောက်အောင် ကျင့်၍ ထိုအဖြစ်သို့ ရောက်သည်။
၂။ အသက် ကမ္ဘာမည်မျှလောက် ရှည်သည်။
၃။ အရောင်အဝါ မည်မျှလောက် ထွန်းလင်းသည်။
၄။ တန်ခိုး ဣဒ္ဓိပါဒ် မည်မျှလောက် ကြီးကျယ်သည်။
၅။ မည်သည့်တရားကို အစွဲအမြဲယူ၍ ဟောလေ့ရှိသည်။
အစရှိသည်ဖြင့် ထိုထာဝရဘုရားဆိုသူ၏ အရင်းမူလအမြစ် အခြေနှင့်တကွ အတ္ထုပတ္တိ အလုံးစုံသည် “ဗုဒ္ဓဘာသာကျမ်းရင်းကြီး” များ၌သာ အသေအချာလာရှိသည်၊ ထိုကျမ်းရင်းကြီးများကို တတ်သော သူတို့မှသာ ထာဝရဘုရားဆိုသူ၏ ဇာစ်မြစ်ကို အကုန်သိနိုင်သည်။
ခရစ်ယာန် ဘာသာ၌-- ဓမ္မဟောင်း, ဓမ္မသစ်ကျမ်းပြု ဆရာ တို့ကား ထာဝရဟူသော အသံမျိုး, တန်ခိုးကြီးကျယ်လှ၏ ဟူသော အသံမျိုး, လောကကိုဖန်ဆင်းသည် ဟူသောအသံမျိုးကိုသာ ကြားဘူး ကြကုန်သည်။
ဗုဒ္ဓဘာသာ၌-- ငါးပါးသီလမျှကိုသာ ကြားဘူးသော ရွှေ ချိန်ခွင်ဆရာသည် ထာဝရဘုရားဆိုသူ၏ အဘယ်မှာ သိနိုင်ရှာအံ့နည်း။
ထာဝရဘုရား၌ ဘုရားဇာတိရှိ,မရှိ
“အစမထင်, အဆုံးမရှိ ကမ္ဘာအဆက်ဆက် အနန္တကာလပတ်လုံး ဘုရားဇာတိနှင့် ပြည့်စုံတော်မူသည်” ဟူသော အယူစကားသည်လည်း ထာဝရဟူသောအသံမျှကို အစွဲပြု၍ ရိပ်ဖမ်း, သံဖမ်း တွေးတော ကြံဆ ပြောဟောယုံကြည်ကြသော ပရိကပ္ပ စကားသက်သက်သာ တည်း၊ သက်သေသာဓက တစ်စုံတစ်ခုမျှရှိသော စကားမဟုတ်၊ ထာဝရ ဘုရားဆိုသူကို အများဒိဋ္ဌ တွေ့ဖူးကြသည်မဟုတ်၊ တပည့်ရင်းပြုလုပ်၍ ကျမ်းထုတ်လိုသော ဓမ္မဟောင်း, ဓမ္မသစ် ကျမ်းပြုဆရာတို့သည် ထွေထွေ လာလာ မာယာပရိယာယ်တို့ဖြင့်
၁။ ကိုယ်တိုင်မြင်ရလေဟန်,
၂။ ကိုယ်တိုင်ကြားရလေဟန်,
၃။ ကောင်းကင်တမန် ကြွေးကြော်သံကို ကြားရလေဟန်,
၄။ ဝိညာဏ်တော် လာရောက်ပူးကပ်လေဟန် လုပ်ကြံ လှည့်ပတ်သော မုသားသက်သေမျှသာ ရှိကြ၏။
ထာဝရဘုရားဆိုသူသည်-- သူတို့ ပြောဆိုထင်မှတ် ယုံကြည် ကြသည့်အတိုင်း တန်ခိုးဣဒ္ဓိပါဒ်ရှိခဲ့သည်ဖြစ်အံ့၊ ဘယ်အခါမဆို တစ်ထောင်သော ပရိသတ်, တစ်သောင်းသော ပရိသတ်, တစ်ရွာလုံး, တစ်မြို့လုံး, တစ်နိုင်ငံလုံး မျက်မှောက်ထင်ထင် မြင်ကြရအောင် အရောင် အဝါ တောက်ပစွာနှင့်တကွ အလွန်အံ့ဩဖွယ် အလွန်ကြည်ညိုဖွယ် သော ကိုယ်သဏ္ဌာန်ကို ထင်ရှားစွာပြ၍ တရားဓမ္မကို ဟောပြောဖူးသည် မရှိ။
ခရစ်ယာန်ကျမ်းစု ဒင်္ဂါးတုနှင့်တူပုံ
ခရစ်ယာန်ဘာသာ၌ ရှိသမျှသော “ဓမ္မဟောင်း, ဓမ္မသစ်” ကျမ်းစု သည် ထိုကဲ့သို့သော ပရိသတ်အများတို့၏ မျက်မှောက်၌ ကိုယ်သဏ္ဌာန် ကို ထင်ရှားစွာပြ၍ ထာဝရဘုရားကိုယ်တိုင် ဟောသောကျမ်းဟူ၍ တစိုးတစိမျှမရှိ၊ တပည့်ရင်းကြီး ပြုလုပ်သူတို့သည် ယုတ်ညံ့လှသောသူတို့ ယုံကြည်သဖွယ် ပရိယာယ်မာယာတို့ကို လုပ်ကြံလှည့်ပတ်၍ ဘုရား ပူးကပ်လေဟန်ပြုလျက် မိမိတို့စိတ်အလိုရှိရာကိုရေးသား၍ ထုတ်ကြ သော မသူတယူကျမ်းစု, ကျမ်းလိမ်, ကျမ်းကောက်စု ချည်းသာတည်း။
[လူသူတို့မမြင်ကြရာ အိမ်ကြိုအိမ်ကြား ချုံကြိုချုံကြား၌ ပြုလုပ်ပြီး လျှင် စျေးနာရှိရာ၌ ထုတ်သုံးသော ဒင်္ဂါးလိမ်, ဒင်္ဂါးတုနှင့်တူလှ၏]
ထာဝရဘုရားလူ့ဇာတိနှင့် ပြည့်စုံပုံ
၁။ ဤပဌမအချက်၌- အစမထင် အဆုံးမရှိ ကမ္ဘာ အဆက်ဆက် အနန္တကာလပတ်လုံး ဘုရားဇာတိနှင့် ပြည့်စုံသည်ဟု ဆို၏။
၂။ စာမျက်နှာဂဏန်း ၆- အချက်၌ “ဘုရားဇာတိနှင့် ပြည့်စုံသည်ဖြစ်၍ သတ္တးဝါအများကို ကယ်ချွတ်ခြင်း ငှါသာ ယေရှုခရစ်ဟူသော နာမတော်နှင့် လူ့ဇာတိကို ယူဆောင်၍ ကိုယ့်အပြစ်မရှိ သူ့အပြစ်ကို ဖြေလို သောငှါ အသက်တော်ကိုစွန့်၍ သေပြီးလျှင် သုံးရက် မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရှင်ပြန်သည်” ဟူ၍ ဆို၏။
ဤစကား၌-- သတ္တဝါ အများကို ကယ်ချွတ်ခြင်းငှါ ယေရှုခရစ်ဟူသော အမည်နာမတော်နှင့် လူ့ဇာတိကို ယူဆောင်သည် ဆိုသောကြောင့် ထာဝရဘုရားဆိုသူအား လူ့အဖြစ်သို့မရောက်ဘဲ ပကတိသော ကောင်း ကင်ဘုံရှိ ဇာတိအတိုင်းအားဖြင့် သတ္တဝါအများကို ကယ်ချွတ်ခြင်းငှါ စွမ်းနိုင်သောတန်ခိုးဟူ၍ အဏုမြူမျှမရှိဟု သိသာ ထင်ရှားလှပေ၏၊ လူ့ဘဝသို့ပြောင်း၍ လူ့ဇာတိ, လူ့ပဋိသန္ဓေိကိုယူ၍ လူသားစင်စစ် ဖြစ်ပြီးမှသာ သတ္တဝါအများ ကို ကယ်ချွတ်မှုမည်သည် ယခုကမ္ဘာမှာသာ ရှိရမည်မဟုတ်၊ အစမထင် အဆုံးမရှိ ကမ္ဘာ အဆက်ဆက် အနန္တကာလ ပတ်လုံး ရှိရမည်ဧကန်ဖြစ်၏။
[အဘယ့်ကြောင့်နည်းဆိုသော်- ကမ္ဘာရှိတိုင်းရှိတိုင်း သတ္တဝါအနန္တလည်း ရှိသည်ချည်း ဖြစ်သောကြောင့်တည်း။]
ဤကဲ့သို့ဖြစ်ခဲ့သော်-- အစမထင်သော ရှေးရှေးသော ကမ္ဘာ အဆက်ဆက်တို့၌လည်းကောင်း, ဤကမ္ဘာမှ နောက်လာလတံ့သော အဆုံးမရှိသော နောက်နောက်သော ကမ္ဘာအဆက်ဆက်တို့၌လည်း ကောင်း သတ္တဝါအများကို ကယ်ချွတ်ခြင်းငှါ ကမ္ဘာတိုင်းကမ္ဘာတိုင်း လူမိန်းမဝမ်းပိုက်တွင်း၌ လူ့ဇာတိ လူ့ပဋိသန္ဓေကိုယူမှု, လူသားစစ်စစ် ဖြစ်ရမှုသည် ဧကန်ထင်ရှားလှပေ၏၊ ဤကမ္ဘာ၌ မာရီဆိုသူ လူမိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ယေရှုခရစ် လူသားစင်စစ် ဖြစ်လာရသကဲ့သို့ အတိတ်, အနာဂတ် ကမ္ဘာအနန္တတို့၌လည်း လူမိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ယေရှုခရစ် အမည်နာမတော်နှင့်ဖြစ်စေ, ထိုထိုအမည်နာမတော်နှင့် ဖြစ်စေ လူသားစင်စစ် အဖန်ဖန်အနန္တဖြစ်၍ သတ္တဝါအများကို ကယ်ချွတ်မြဲ အရိုးအစဉ် ဓမ္မတာဖြစ်သည်ဟု ထင်ရှားလှပေ၏။
တစ်ခုတစ်ခုသော ကမ္ဘာမှာလည်း-- တစ်ပါးချွတ်၍ ပြီးနိုင်သည် မဟုတ်၊ ဤကမ္ဘာတွင်ပင် ယေရှုခရစ်အဖြစ်နှင့် တစ်သုတ်ကယ်ချွတ် ပေ၏၊ ယေရှုခရစ်မဖြစ်မီ ရှေးရှေးကာလ၌လည်း လူသားစင်စစ် အကြိမ် များစွာဖြစ်၍ အသုတ်ပေါင်းများစွာ သတ္တဝါတို့ကို ကယ်ချွတ်လှပေပြီ၊ နောက်နောက်ကာလ၌လည်း ထို့အတူ လူသားစင်စစ် အကြိမ်များ စွာဖြစ်၍ အသုတ်ပေါင်းများစွာ သတ္တဝါတို့ကို ကယ်ချွတ်ပေလတံ့ဟု သိသာထင်ရှား၏။
စာမျက်နှာ ၇-ဂဏန်း၌- “ “ခပ်သိမ်းသောစကြဝဠာ တကာတို့ကို အုပ်ချုပ်စိုးစံတော်မူသည်”ဟု အဆိုပါရှိသောကြောင့် ခပ်သိမ်းသော စကြဝဠာအနန္တတို့၌လည်း ခပ်သိမ်းသော ထိုထိုစကြဝဠာသူ သတ္တဝါ အနန္တတို့ကို ကယ်ချွတ်မှုသည် ထာဝရဘုရား၏ တာဝန်ချည်းဖြစ်၏၊ ကယ်ချွတ်မှုမည်သည် ခံတွင်းနှုတ်လျှာ အသံစကားနှင့်ပြည့်စုံသော လူ့အဖြစ်ကိုယူပြီးမှ စွမ်းနိုင်သော အမှုဖြစ်၏၊ ဝိညာဏ်တော် သက် သက်နှင့် စွမ်းနိုင်သောအမှု မဟုတ်လေသောကြောင့် ခပ်သိမ်းသော စကြဝဠာအနန္တတို့၌လည်း ယေရှုခရစ်ဆရာကဲ့သို့ လူမိန်းမဝမ်း၌ ပဋိသန္ဓေနေ၍ လူ့အဖြစ်, လူ့ဇာတိကိုယူ၍သာ ကယ်ချွတ်နိုင်သည် အမှန်ဖြစ်၏။
[ကောင်းကင်ဘုံရှိ ဇာတိကိုစွန့်၍ လူမိန်းမဝမ်း၌ လူ့ဇာတိ, လူ့ပဋိသန္ဓေကို ယူမှုသည် ဘယ်အခါမှ မလွတ်သာမှု ဖြစ်၏၊]
ခရစ်ယာန်ဓမ္မဆရာတို့ ကြံဖန်ပြောဆိုမှုများ
ဘုရားမည်သည် တန်ခိုးတော်အနန္တရှိ၏၊ ကောင်းကင်ဘုံရှိ ဇာတိတော်အတိုင်းနှင့် ကယ်ချွတ်လိုလျှင်လည်း ကယ်ချွတ်နိုင်၏၊ လူ့ အဖြစ်, လူဇာတိကိုယူဆောင်၍ ကယ်ချွတ်လိုလျှင်လည်း ကယ်ချွတ် နိုင်၏၊ လူ့အဖြစ်, လူ့ဇာတိကို ယူဆောင်တော်မူသည် ဆိုရာ၌လည်း ပကတိလူသားစင်စစ်ဖြစ်သည်ကို ဆိုရင်းမဟုတ်၊ ကောင်းကင်ဘုံရှိ ဘုရားဇာတိတော်ကို မစွန့်မူ၍ တန်ခိုးတော်အားဖြင့် အများ ယုံကြည်ကြရန် ဖန်ဆင်းမှုမျှသာဖြစ်သည်ဟု ကြံဖန်၍ပြောကြကုန်ရာ၏။
ကောင်းကင်ဘုံရှိ ဘုရားဇာတိတော်အတိုင်းနှင့် တစ်ရွာလုံး, တစ်မြို့လုံး, တစ်နိုင်ငံလုံးမျက်မှောက်ထင်ထင်မြင်ကြရအောင် သဏ္ဌာန်တော်ကိုပြ၍ ဟောဖူး, ဆုံးမဖူး, ကယ်ချွတ်ဖူးသော သက်သေ ကား တစ်စုံတစ်ခုမျှမရှိ၊ ကျမ်းပြု ဆရာတို့ လုပ်ကြံလှည့်ပတ်မှုသာရှိ၏။
[သတ္တဝါအများကို ကယ်ချွတ်ခြင်းငှါ ရေရှုခရစ်ဟူသော နာမ တော်နှင့် လူ့ဇာတိကိုယူသည် ဟူသောစကားသည်ကား ခရစ်ယာန် ဘာသာ ကျမ်းစုမှာများစွာ ပါရှိ၏၊ ဤရွှေချိန်ခွင်စာမှာလည်း များစွာပါ ရှိ၏၊ ခိုင်လုံသောသက်သေ ဖြစ်၏၊]
“လူ့အဖြစ်, လူ့ဇာတိကို ယူဆောင်မှုသည် တန်ခိုးတော်အားဖြင့် အများဆုံးယုံကြည်ကြရန် ဖန်ဆင်းမှုမျှသာ ဖြစ်သည်”ဟူသော စကား သည်လည်း လူသားပကတိတို့နှင့် ထပ်တူကျ၍သွားမည်ကို စိုးရိမ်သော ကြောင့် ကြံဖန်၍ပြော ခြင်းမျှသာဖြစ်၏။
ထမင်စားမှုကို ပကတိလူတို့၌ ထမင်းစားသည်ဟုခေါ်၏၊ ရဟန်းတော်တို့၌ ဆွမ်းဘုဉ်းပေးသည်ဟုခေါ်၏၊ ရှင်ဘုရင်တို့၌ ပွဲတော် တည်သည်ဟုခေါ်၏၊ ဝေါဟာရမျှသာကွဲကြ၏၊ စားမှုချည်းပင်ဖြစ်၏။
အိပ်မှုကို ပကတိလူတို့၌ အိပ်သည်ဟုခေါ်၏၊ ရဟန်းတို့၌ ကျိန်းတော်မူသည်ဟု ခေါ်၏၊ ရှင်ဘုရင်တို့၌ စက်တော်ခေါ်သည်ဟု ခေါ်၏၊ ဝေါဟာရမျှသာကွဲကြ၏၊ အိပ်မှုချည်းပင် ဖြစ်၏။
ဤဥပမာကဲ့သို့-- ထာဝရဘုရားသည် ပကတိသော ကောင်းကင် ဘုံဇာတိစုမှတေ၍ လူမိန်းမဝမ်း၌ ပဋိသန္ဓေနေမှု အမှန်ကျလျက် ပကတိလူတို့နှင့် ထပ်တူကျမည်ကို စိုးရိမ်မှုကြောင့် ခံသာနာပျော်ဘွယ်ရှိရုံ တန်ခိုးတော်အသံနှင့် ကြံဖန်၍ပြောမှုသာ အမှန်ဖြစ်၏။
စင်စစ်အထူးအခြားမှာမူကား-- ပကတိလူတို့မှာ ထာဝရဘုရား တန်ခိုးတော်နှင့်သာ လူသားစင်စစ်ဖြစ်နိုင်ကြ၏၊ မိမိတို့၏အစွမ်းနှင့် ဖြစ်နိုင်ကြသည်မဟုတ်၊ ထာဝရဘုရားမှာ သတ္တဝါအများကို ကယ်ချွတ် ခြင်းငှာ မိမိအလိုတော်နှင့် လူမိန်းမဝမ်း၌ ပဋိသန္ဓေနေ၍ လူသား စင်စစ်ဖြစ်နိုင်၏၊ ဖြစ်သောအခါ၌လည်း ပကတိလူတို့နှင့်မတူ သတ္တဝါ အများကို ကယ်ချွတ်မှုဟူသော ဘုရားအလုပ်, ဘုရားအကြံနှင့် နေသူဖြစ်၍ ဘုရားဇာတိပင် ဆိုရပြန်၏။
မာရီဆိုသူလူမိန်းမမှ မွေးဖွါးသော ခရစ်ဆရာသည် ထာဝရ ဘုရားအမှန်ဖြစ်ခဲ့လျှင် ပြဆိုခဲ့ပြီးသောအတိုင်းသာ အဖြောင့်အမှန်ကျ၏။
[ကောင်းကင်ဘုံရှိ ဘုရားဇာတိသက်သက်နှင့် သတ္တဝါအများကို ကယ်ချွတ် နိုင်သော တန်ခိုးအစွမ်းမရှိကြောင်း၌ကား စက်ဆုပ်ရွံရှာ ဖွယ် သော မာရီဆိုသူ လူမိန်းမဝမ်း၌ ပဋိသန္ဓေနေ၍ ယေရှုခရစ်ဆိုသူ လူသား စင်စစ်ဖြစ်လာမှုသည် အလွန်ခိုင်လုံလှသော သက်သေပင်တည်း။]
ထာဝရဘုရား ဇာတိဝဋ်ဆိုက်ပုံ
ထို့ကြောင့်
၁။ ပဌမအချက်၌ အစမထင် အဆုံးမရှိ၊ ကမ္ဘာအဆက်ဆက် အနန္တကာလပတ်လုံး ဟူသောစကား,
၂။ ဂ- နံပါတ်မျက်နှာ၌ “ခပ်သိမ်းသောစကြဝဠာ တကာတို့ကို အုပ်ချုပ်သည်” ဟူသော စကားများနှင့်အညီ
၁။ ကမ္ဘာလည်း အစမရှိ, အဆုံးမရှိ။ စကြာဝဠာတွေလည်း အနန္တများပြား၏။
၂။ သတ္တဝါတွေလည်း အစမရှိ, အဆုံးမရှိ၊ စကြာဝဠာတွေ အနန္တမှာလည်း သတ္တဝါတွေအနန္တ ရှိကြ၏။
၃။ ထာဝရဘုရား၏ ကယ်ချွတ်မှုသည်လည်း အစမရှိ, အဆုံးမရှိ၊ ကယ်ချွတ်မှု၏ဆိုင်ရာ စကြဝဠာတွေလည်း အနန္တဖြစ်၏။
၄။ ထာဝရဘုရား၏ လူမိန်းမဝမ်း၌ ပဋိသန္ဓေနေရမှုလည်း အစမရှိ, အဆုံးမရှိ၊ တစ်နာရီမျှ ကောင်းကင်ဘုံ၌ ချမ်းသာစွာနေသာ သော အခွင့်မရှိ၊ လူမိန်းမဝမ်း၌ ပဋိသန္ဓေနေရသော ဝဋ်ဒုက္ခမှ ကျွတ်လွတ်ရန် စခန်းလည်းမရှိပြီ။
” သူများအတွက်နှင့် ငဝက် ကျမ်းကိုင်သည်, “ သူများအတွက်နှင့် ငဝက် ကျမ်းစူးသည်, “ သူများအတွက်နှင့် ငဝက် ကျွန်ဖြစ်သည်” ဟူသော စကားကဲ့သို့
ထာဝရဘုရားသည်-- အစမရှိ, အဆုံးမရှိသော သတ္တဝါ အနန္တတို့ အတွက်ကြောင့် လူမိန်းမဝမ်း၌ ပဋိသန္ဓေနေရခြင်းဟူသော အစ, အဆုံး မရှိသော ဘယ်အခါမှ ကျွတ်လွတ်ခွင့်မရှိသော ဝဋ်ဒုက္ခကြီးကို အနန္တ ကာလပတ်လုံး ခံရလေ၏။
ဘုရားနည်းတူ ဝဋ်ခံရသူများ
ထာဝရဘုရားခံရသကဲ့သို့ ထာဝရဘုရားအထံသို့ ရောက်ကြ လေကုန်သော “တပည့်တော် အပေါင်း” တို့သည်လည်း ထာဝရဘုရား၏ ကိုယ်စားလှယ်, ကိုယ်ပွါး, ကိုယ်စားပြုလုပ်၍ ယခုသိရှိကြသော “ကျမ်းပြု ဆရာ၊ တရားဟောဆရာ” တို့ကဲ့သို့ သတ္တဝါတို့ကို ကယ်ချွတ်မှုနှင့် အစမရှိ အဆုံးမရှိသော ဝဋ်ဒုက္ခကြီးကို အနန္တကာလပတ်လုံး ခံကြရကုန်၏ ဟူသောလမ်းသည် အဖြောင့်အမှန် ဧကန်ဆိုက်ရှိ၏။
[ဤကား ဘုရားဇာတိနှင့် အစဉ်ပြည့်စုံတော်မူ၍ သတ္တဝါအများကို ကယ်ချွတ်ခြင်းငှာ ယေရှုခရစ်ဟူသော နာမတော်နှင့် လူ့ဇာတိကို ယူဆောင်တော်မူသည်ဟူသော စကား၏ ဖြောင့်စင်းသောအနက်သွား, ထင်ရှားသော ယုတ္တိသက်သေများကို ပြဆိုချက်တည်း။]
ထာဝရဘုရား၏ အဓိက ကယ်တင်မှုများ
၁။ “ ကိုယ်အပြစ်မရှိ၊ သူ့အပြစ်ကို ဖြေလိုသောငှါ အသက် တော်ကိုစွန့်၍ သေပြီးလျှင်” ဟူသောစကား,
၂။ ယုံကြည်ချက် ၁၂-ပါးကိုပြဆိုရာ စာမျက်နှာနံပါတ် ၂၃- ၌ “လူတို့အတွက် ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကိုခံ၍ လက်ဝါးကပ် တိုင်မှာ အသက်တော်ကို စွန့်တော်မူသောအားဖြင့် ယုံကြည်လိုသော သူတို့၏ အပြစ်ပြေရာ ပြေလမ်းကို ဖွင့်တော်မူ၏” ဟူသောစကားများ၌ထာဝရဘုရားနှင့် ယေရှုခရစ်ဆရာသည် အမည်နာမမျှသာ ကွဲကြသည်၊ ထာဝရဘုရားသည်ပင်လျှင် ယေရှုခရစ်ဟူသော နာမတော် ကိုခံယူ၍ ယေရှုခရစ်ဖြစ်လာသည်ဟူသော အထက်စကားနှင့်ဆက်၍ ဖြောင့်မှန်သော အနက်ကို ပြဆိုပေအံ့။
ထာဝရဘုရားသည် မိမိကို ယုံကြည်စွာ ကိုးကွယ်သူတို့အတွက် ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကို ခံ၍လက်ဝါး ကပ်တိုင်မှာ “အသတ်ခံ မှုသည်” ထာဝရဘုရား၏ “ကယ်တင်မှု” ပင်တည်း။
[ယုံကြည်စွာ ကိုးကွယ်သူတို့၏ အပြစ်ပြေရာ လမ်းရိုးဓမ္မတာပင် တည်း။]
အခြားတစ်ပါးသောသတ္တဝါတို့ကား-- အနန္တတန်ခိုး မရှိကုန်သည် ဖြစ်၍ တစ်ပါးသော သူတို့၏အပြစ်ကို ပြေငြိမ်းစေခြင်းငှာ တစ်ယောက် သောသူက အသတ်ခံသော်လည်း တစ်ပါးသောသူတို့ အပြစ်ငြိမ်းသည် မရှိ။
ထာဝရဘုရားသည်မူကား-- အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသည် ဖြစ်ပေ၍ မိမိကိုယုံကြည်စွာ ကိုးကွယ်ကြကုန်သော တစ်ထောင်သောသူ, တစ်သောင်း-တစ်သိန်းသောသူတို့အတွက် ကြီးစွာသောဆင်းရဲ ဒုက္ခဝေဒနာကိုခံ၍ လက်ဝါးကပ်တိုင်မှာ မိမိက အသတ်ခံလိုက်သည်ရှိ သော် ထိုသူတို့၌ရှိသော ဒုစ္စရိုက်အပြစ် အလုံးစုံတို့သည် အကုန်ပြေ ပျောက်လေကုန်၏ ဟူလိုသည်။
ဤသည်ကား သတ္တဝါတို့၏ ဒုစ္စရိုက်အပြစ်များကို ပြေငြိမ်းစေ နိုင်သော တန်ခိုးတော်ဟူသည် သတ္တဝါတို့အတွက် ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာကို ခံတော်မူမှု, လက်ဝါးကပ်တိုင်မှာ အသတ်ခံ၍ အသေခံမှု နှင့်ဖက်စပ်ရမှသာ ပြေငြိမ်းစေနိုင်သော တန်ခိုးမည်သည်၊ မိမိကိုယ်ကို အသတ်, အသေမခံဘဲနှင့် ပြေငြိမ်းစေနိုင်သော တန်ခိုးမဟုတ်ကြောင်း အလွန်ခိုင်လုံလှသော ဒိဋ္ဌ, သုတ သာဓက သက်သေကြီးပေတည်း။
သည်ပြင်မှတစ်ပါး-- တန်ခိုးတော်အသံနှင့် ကြံဖန်၍ ပြောကြ ကုန်သော်လည်း ခိုင်လုံသော သက်သေမရှိပြီ၊ ကြီးစွာသော ဆင်းရဲ ဒုက္ခရမှု, လက်ဝါးကပ်တိုင်မှာ အသတ်ခံရမှု, အသေခံရမှုသည်ကား ယခုအခါ လက်ဝါးကပ်တိုင်နှင့်တကွ ကိုးကွယ်ရာပြုလျက် ထင်ရှားလှ သော သက်သေကြီးပေတည်း။
ထာဝရဘုရားဝဋ်ဆိုက်သေရပုံ
ဤသို့ဖြစ်ခဲ့သော် အစမထင်သော ရှေးရှေးကမ္ဘာအဆက်ဆက် တို့၌လည်းကောင်း, ဤကမ္ဘာမှ နောက်လာလတံ့သော အဆုံးမရှိသော နောက်နောက်ကမ္ဘာ အဆက်ဆက်တို့၌လည်းကောင်း, အစရှိသည်ဖြင့် ပဋိသန္ဓေနေခန်း၌ အကျယ်ဆိုခဲ့ပြီးသော အချက်အရာ အလုံးစုံတို့ကို အကုန်ချီ၍ ဤမရဏခန်း၌ အကျယ်သိလေ၊ သတ္တဝါတို့ကို ကယ်ချွတ်ရန် ပဋိသန္ဓေနေရသော ဝဋ်ဒုက္ခမှုဆိုရာ၌ ကယ်ချွတ်၍ မိမိကိုယ်ယုံကြည်စွာ ကိုးကွယ်ကြကုန်သော တပည့်တော်အပေါင်းတို့၏ ဒုစရိုက်အပြစ်ကို ပြေငြိမ်းစေရန် အသတ်ခံမှုကို ထည့်သွင်း၍ ဆိုလေ။
အကျယ်ဆိုပုံ
၁။ ကမ္ဘာလည်း ရှေးရှေး၌ အစမရှိ၊ နောက်နောက်၌ အဆုံးမရှိ၊ စကြဝဠာတွေလည်း အနန္တများပြား၏။
၂။ သတ္တဝါတွေလည်း အစမရှိ, အဆုံးမရှိ၊ စကြဝဠာတွေ အနန္တမှာလည်း သတ္တဝါတွေအနန္တ ရှိကြ၏။
၃။ ထာဝရဘုရား၏ ကယ်တင်မှုသည်လည်း အစမရှိ, အဆုံးမရှိ၊ ကယ်တင်မှု၏ ဆိုင်ရာ စကြဝဠာ နယ်ပယ်လည်း အနန္တဖြစ်၏။
၄။ ထာဝရဘုရား၏သတ္တဝါတို့အတွက် ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာကိုခံမှု, လက်ဝါးကပ်တိုင်မှာ အသတ်ခံမှုဟူသော မရဏ ဝဋ်ဒုက္ခမှုလည်း အစမရှိ, အဆုံးမရှိ၊ တစ်နာရီမျှ ကောင်းကင်ဘုံမှာ ချမ်းသာစွာနေသာသော အခွင့်မရှိ၊ အသတ်ခံ၍ သေခြင်းဆိုးနှင့် သေရသောဝဋ်ဒုက္ခမှ ကျွတ်လွတ်ရန် စခန်းလည်းမရှိပြီ။
တူများအတွက်နှင့် ငဝက်ကျမ်းကိုင်သည်, သူများအတွက်နှင့် ငဝက်ကျွန်ဖြစ်သည်” ဟူသောစကားကဲ့သို့
ထာဝရဘုရားသည်-- အစမရှိ, အဆုံးမရှိ၊ စကြဝဠာ နယ်ပယ် အပိုင်းအခြားမရှိ၊ သတ္တဝါအနန္တတို့အတွက်ကြောင့် ကြီးစွာသော ဆင်းရဲဒုက္ခတွေကိုခံရမှု, အသတ်ခံ၍သေခြင်းဆိုးနှင့် သေရမှုဟူသော အစမရှိ, အဆုံးမရှိ၊ ဘယ်အခါမှ ကျွတ်လွတ်ခွင့်မရှိသော ဝဋ်ဒုက္ခကြီးကို အနန္တကာလပတ်လုံး ခံရလေ၏။
ဘုရားနည်တူ ဝဋ်ခံရသူများ
ထာဝရဘုရား ခံရသကဲ့သို့ ထာဝရဘုရားအထံသို့ ရောက်ကြ လေကုန်သော” တပည့်တော်အပေါင်း” တို့သည်လည်း ထာဝရဘုရား၏ ကိုယ်စားလှယ်, ကိုယ်ပွါး, ကိုယ်စားပြုလုပ်၍ ယခုသိရှိကြသော“ကျမ်းပြု ဆရာ, တရားဟောဆရာ” တို့ကဲ့သို့ သတ္တဝါတို့အတွက် အသတ်ခံမှု, အသေခံမှု အတွက်နှင့် အစမရှိ, အဆုံးမရှိသော ဝဋ်ဒုက္ခကြီးကို အနန္တ ကာလပတ်လုံး ခံကြရကုန်၏ဟူသော-လမ်းသည် အဖြောင့်အမှန် ဧကန် ဆိုက်ရှိ၏။
ဆိုက်ရှိသည့်အတိုင်း ယုံကြည်နိုင်ရန် သက်သေမှာမူကား။။ ကောင်းကင်ဘုံသို့ မရောက်သေးမီ ယခုဘဝ၌ပင်လျှင် ကျမ်းပြုဆရာ, တရားဟောဆရာတို့ ကြီးစွာသောဆင်းရဲဒုက္ခ ဝေဒနာကိုခံကြရမှု, အသက်အသေခံကြရမှုသည် ဤရွှေချိန်ခွင်စာတွင် သာသနာခြင်း နှိုင်းယှဉ်ချက်, ကျမ်းခြင်းနှိုင်းယှဉ်ချက် ၁၄-နံပါတ်, ၁၅-နံပါတ်တို့မှာ ဖော်ပြလျက် ပါရှိလေ၏။
[ဤကား ထာဝရဘုရားသည် သတ္တဝါအပေါင်းတို့ကို ဒုစရိုက် အပြစ်မှ ကယ်ဆယ်ခြင်းငှါ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကို ခံတော်မူ သည့်, အသေသတ်ခြင်းအမှုကို ခံတော်မူသည်ဟူသော အယူစကားမှ အဖြေင့်သွားသောအနက်ကို ပြဆိုချက်တည်း။]
ပညာရှိတို့ ဝေဖန်ချက်
“ထာဝရဘုရားသည် မိမိကိုယုံကြည်သူ သတ္တဝါတို့အတွက် အသက်ကိုအသေခံသည်” ဟူသောအယူစကား၌
အသက်အသေခံမှုကား ထင်ရှားလှပေ၏၊ ထာဝရဘုရား အသေခံသည့်အတွက်ကြောင့် တပည့်တော်အပေါင်းတို့၌ ဒုစရိုက် အပြစ်ပျေက်ငြိမ်းမှု၌ကား တစ်စုံတစ်ခု အနုမြူမျှ သက်သေပြရန်မရှိကြ၊ တပည့်အဆက်ဆက် သေလွန်၍သွားသူတို့လည်း မြိ့ုရွာအများ သိ ထင်ရှားအောင် ပြန်ပြောလာသူဟူ၍ တစ်စုံတစ်ယောက်မျှမရှိကြ။
လက်ဝါးကပ်တိုင်မှာ တင်သတ်၍ ခရစ်ဆရာ သေဆုံးမှု၌ကား
၁။ သေပြီးလျှင် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရှင်ပြန်သည်နှင့် အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြလျက်နေပြီးမှ တပည့်တော်မျး၏ မျက်မှေက် တွင် သန့်ရှင်းသောလောကုတ္တရာ ကိုယ်ခန္ဓာနှင့်တကွ နေရင်းပြည် ကောင်းကင်ဘုံသို့ တက်သွားကြောင်း,
၂။ ငါသည် ယခုထင်ရှားစွာ တက်သွားသကဲ့သို့ တစ်ဖန် ဆင်းသက်လိမ့်ဦးမည်ဟု ချက်ချင်း ကောင်းကင်တမန် နှစ်ပါးကို စေလွှတ်၍ တပည့်တော်တို့အား ပြောကြား ကြောင်းကို ပြောဆိုကြကုန်၏။
[ထိုအမှုသည် သူများတို့ မြင်ကြ-ကြားကြရသည်မဟုတ်၊ တပည့်ရင်းကြီး ဖြစ်သူတို့ ပွေလီဆန်းပြား ပြောစကားသာ ဖြစ်သည်ဟုပညာရှိတို့ သိကြကုန်၏၊]
ပွေလီဆန်းပြား ပြုလုပ်ခြင်း၏ အကြောင်ကား။။ ခရစ်ဆရာ သည် အတော်အတန် အံ့ဖွယ်သရဲရှိသော နတ်မှော်ကိုတတ်သဖြင့် ဘုရားတန်ခိုးတော်ဆို၍ ထိုမှော်အစွမ်းကို ရံခါရံခါပြ၏၊ ဉာဏ်ပညာ နည်းလှသူ အချို့တို့သည် အဟုတ်ယုံမှတ်၍ ကပ်ရပ် တွယ်တာကြကုန်၏၊ တပည့်ရင်းချာဖြစ်ကြကုန်၏၊ ခရစ်ဆရာကို ထာဝရဘုရား အမြဲ စောင်မသော သားတော်ဟု ကြော်ငြာဖြန့်ဖြူးကြကုန်၏။
မင်းနှင့်တကွ မယုံမနှံရှိကြသူအပေါင်းတို့က။။ အဆမတန် မောက်မာဝါကြွားသံကို မခံနိုင်ရှိကြ၍ ခရစ်ဆရာကို ဖမ်းယူပြီးလျှင် လက်ဝါးကပ်တိုင်မှာ အတင်းအကြပ်ဖွဲ့နှောင်၍ သင်သည်ကြော်ငြာ သည့်အတိုင်းမှန်လျှင် ယခုနေ့ညအတွင်း ထွက်သွားလော့ဟု အစောင့် အကြပ်နှင့်ဆိုင်လင့်၍ မသွားနိုင်ရှိရာတွင် အသေသတ်ကြလေကုန်၏။
မတန်မရာ ကြော်ငြာကြသူ တပည့်ရင်းကြီးတို့သည်။။ ခရစ်ဆရာ အသတ်ခံရ၍ သေလွန်သည်နှင့် တစ်ပြိုင်နက် အယုတ်ပျက် အဆင်းပျက် အရှက်ကွဲ အကျိုးနဲ ရှိနေကြရာတွင် ယုံကြည်မိကြသူ အများတို့အပေါ်၌ အသရေ မပျက်ကြလေအောင်ကြံဖန်၍
၁။ ငါတို့ဆရာသည် တန်ခိုးမရှိ၍ အသေခံရသည်မဟုတ်၊ မိမိကိုယုံကြည်စွာ ကိုးကွယ်သူ လူခပ်သိမ်းတို့၏ ဒုစရိုက်အပြစ်တို့ကို ပြေငြိမ်းစေရန် အသေသတ်ခြင်းကို ခံတော်မူသည်ဟူသော စကားနှင့် တကွ,
၂။ သေပြီးလျှင် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရှင်ပြန်သည် အစရှိသော ရှေး၌ပြဆိုခဲ့ပြီး သော လှည့်ပတ်မှုတို့ကို ပြုလုပ်ကြော်ငြာကြလေ ကုန်၏။
[ဤကား ပွေလီဆန်းပြား ပြုလုပ်ခြင်း၏အကြောင်းတည်း။]
[ဤသို့ ပညာရှိတို့ ကြံသိယုံကြည်ကြကုန်၏၊]
ခမည်းတော်, သားတော်ဟု ဝေါဟာရနှစ်ပါးဖြစ်ပွါးပုံ
၁။ အချို့သောအရာ၌ ဝိညာဏ်တော်ဟူ၍လာ၏။
၂။ အချို့သောအရာ၌ ခမည်းတော်, သားတော် ဟူ၍ လာ၏။
၃။ အချို့သောအရာ၌ ဝိညာဏ်တော်, ခမည်းတော်, သားတော် ဤသုံးပါးပေါင်းစုမှ ထာဝရတစ်ပါးသာ ဖြစ်သည်ဟုလာ၏။
အဘယ်သို့ထူးကြသနည်းဟူမူ
ခရစ်မပေါ်မီ ရှေးကာလ၌-- ဝိညာဏ်တော်သက်သက်ကို ထာဝရဘုရား ဆိုရိုးတည်း။
နောက်အခါ၌-- ခရစ်ဆရာပေါ်လိုလတ်သော် ယုဒပြည်၌ မာရီဆိုသူ လူမိန်းမငယ်သည်ရှိ၏၊ ထိုမိန်းမငယ်သည် လျှပ်ပေါ်မှု အတွက်နှင့် ပဋိသန္ဓေရရှိလေရာ အတန်ငယ်ကြီးရင့်သဖြင့် ဖုံးဖိမရ ရှိသောအခါ အရပ်သူ အိမ်နီးချင်းတို့က “ဟဲ့ မာရီ နင့်ဟာဘဲ့နှယ်လဲ” ဟု ဆိုကြကုန်၏၊ ထိုအခါ ဟုတ်တိုင်းမှန်ရာကို အပြောခက်လှ၍ ဘုရားပေး၍ရသည်ဟု ကြံဖန်၍ပြောလေ၏။
ဟတ္ထိပါလဇာတ်၌ လင်ဟူ၍ပြောဆရာမရှိဘဲ လျှပ်ပေါ်မှုနှင့် သားခုနစ်ယောက်ရရှိနေသော မိန်းမကို မင်းဆရာပုဏ္ဏားက “ဤသူငယ် တို့၏ အဘကား အဘယ်မှာနည်း” ဟု မေးလတ်သော် ဟုတ်တိုင်းကို ပြောရမည်ရှက်လှ၍ အနီး၌ရှိနေသော ညောင်ပင်ကြီးကိုပြ၍ ညောင် စောင့်ရုက္ခစိုးပေး၍ ရပါသည်ဟု ပြောလေသကဲ့သို့ တည်း။
[ဘုရားထံမှာ သားဆုတောင်း၍ ဘုရားတန်ခိုးတော်ကြောင့် ရပါသည်ဟု ဆိုလိုသတည်း။]
ဆယ်လစေ့လတ်သော်-- ခရစ်ဆရာကို ဖွါးမြင်၏၊ အရပ်သူတို့က သရော်ပြက်ချော်ပြုသောအားဖြင့် “သားတဲ့” ဟူ၍ ပြောဆိုကြ ကုန်၏၊ အချို့သောသူတို့ကလည်း အဟုတ်ပင်မှတ်ထင် ပြောဆိုကြ ကုန်၏၊ ထိုအခါမှ ထာဝရဘုရားကို- ခမည်းတော်, ယေရှုခရစ်ဆရာကို သားတော် ဟု ခေါ်ဝေါ်မှုဖြစ်လာ၏။
အရွယ်ရောက်သောအခါ။။ အတန်အရာ တန်ခိုးအံ့ဖွယ် ရှိသော “နတ်မှော်” ပညာတစ်ခုကို ထမြောက်အောင် စွဲမြဲအားထုတ်နိုင်၍ ထမြောက်လတ်သော် ဘုရားတန်ခိုးတော်ဟု ယုံကြည်သူများကြလေ ကုန်၏၊ နတ်မှော်တန်ခိုးအားဖြင့် အတော်အတန် ရောဂါဝေဒနာများ ကိုလည်း ခဏချင်းပျောက်ငြိမ်းအောင် တတ်နိုင်၏၊ ငါတို့နိုင်ငံ၌ ပုသိမ်နယ်မှာ ယငန်း ဆရာကဲ့သို့ သတင်းကြီးစွာ ဖြစ်လေ၏၊ ထာဝရ ဘုရားသားတော်ဟု ထင်ပေါ်ကျော်စောလေ၏။
[ဤကား ခမည်းတော်, သားတော်ဟု ဝေါဟာရနှစ်ပါးဖြစ်ပွါးပုံတည်။]
သုံးပါးပေါင်းမှ ဘုရားဖြစ်ပုံ
ထိုအခါ ထာဝရဘုရားကို ကိုးကွယ်သူအချို့က သင်သည် မတန်မရာ ငါတို့ဘုရားကို သင့်အမိမာရီနှင့် စွပ်စွဲဘိသည်ဟု အမျက် ရှိကြကုန်၏၊ အချို့သောသူတို့ကလည်း မိန်းမပေါ့မသားဟု အလေးမပြု ရှိကြကုန်၏။
ယုဒဘုရင်မင်းကြီးကြားသိ၍ ဖမ်းစေပြီးလျှင် လက်ဝါးကပ်တိုင်မှာ တင်၍ သတ်စေသဖြင့် သေဆုံးသောအခါ၌
၁။ ကျန်ရှိသော တပည့်အပေါင်းတို့ မျက်နှာမလှ ရှိကြ သည်တစ်ကြောင်း,
၂။ ခရစ်ဆရာသည်လည်း ရံဖန်ရံခါ အစိုးရဘုရားကဲ့သို့ အာဏာသံဖြင့် ပြောဆိုသည်ကို ကြားဖူးကြသည် တစ်ကြောင်း,
[ဤကား ဝိညာဏ်တော်, ခမည်းတော်, သားတော် ဤသုံးပါးပေါင်းမှ ထာဝရဘုရား တစ်ပါးသာဖြစ်သည်ဟု လာခြင်း၏အကြောင်းတည်း။]
ခရစ်ယာန်ဘာသာကျမ်းစာများကို ကြည့်ရှုကြကုန်သော ပညာရှိတို့သည် ဤကဲ့သို့ အတတ်ကြံဖန်၍ သိကြကုန်၏၊ ပညာနည်း သော သူတို့ကား ကျမ်းဆိုတိုင်းသာ အလွှတ်ယုံမှတ်ကြကုန်၏။
ဤသို့လျှင် ခရစ်ယာန်ဘာသာ၌ မ-တည်, ဧရာ-တည်ဖြစ်သော ဘုရားနေရာ မကျရှိ၏၊ ဘုရားနေရာမကျရှိလျှင် တရားလည်း နေရာမကျ, ကျမ်းစာလည်း နေရာမကျ, သံဃာလည်း နေရာမကျဖြစ်တော့သည်ဖြစ်၍ ရွှေချိန်ခွင်စာ၌ ကျန်ရှိသောစကားများ ဖြေဆိုဖွယ်ကိစ္စပင် မရှိ၊ ပြီးစီး၏၊
အချုပ်အားဖြင့် ရှင်းလင်းတော်မူချက်
သို့သော်လည်း ကောင်းကောင်း ထင်ရှားစေခြင်းငှါ အချက် အချက်၌ အတန်ငယ်အတန်ငယ်စီ ရွေးကောင်ထုတ်ဖော်၍ ဖြေဆိုဦးအံ့။
ရွှေချိန်ခွင်ဆိုသည်နှင့်အညီ-ဘုရားချင်းချင်း နှိုင်းယှဉ်ချိန်စက်ခန်း တို့၌ ထာဝရဘုရားဖက်က အကြီးအကျယ် အမြင့်အမြတ် အသာအလွန် ပြု၍ ထုတ်ဖော်ပြဆိုသမျှသော ဂုဏ်ဣဒ္ဓိပါဒ် အသံကြီးတွေကိုမူကား ရှေး၌ ပဋိသန္ဓေခန်း, ကယ်ချွတ်ခန်း, သတ္တဝါတို့အတွက် ဆင်းရဲကြီးစွာ ဒုက္ခဝေဒနာခံရခန်း, အသေသတ်ခံရခန်းများ၌ ပြဆိုခဲ့ပြီးသော ဖြောင့်ချက်ယုတ္တိကြီးတွေနှင့်ပင် ဖြေဆိုမှုကိစ္စပြီးလေပြီ။
အချုပ်ကား-- ရွှေချိန်ခွင်စာအုပ်အဆိုအတိုင်း အစမထင် အဆုံးမရှိသော ကမ္ဘာအဆက်ဆက်အနန္တ, စကြဝဠာလည်းအနန္တ, သတ္တဝါလည်း အစမထင် အဆုံးမရှိအနန္တ၊ ဤအားလုံးကို ဖန်ဆင်းမှုသည် ထာဝရဘုရား တာဝန်ချည်းဖြစ်၏၊ တစ်ခုတစ်ခုသော ကမ္ဘာအစ၌ ယောကျ်ား, မိန်းမအစုံ နှစ်ယောက်နှစ်ယောက်စီ ဖန်ဆင်း၏၊ နှစ်ယောက် ထဲ ရှိတုံးကပင် မိမိစကားကို ငြင်းပယ်၍ မာရ်နတ်စကားကိုသာ ယုံကြည်စွာ လိုက်နာကြကုန်၏။
မာရ်နတ်ကိုမူကား-- တန်ခိုးချင်းမပြိုင်ဝံ့၊ ကြောက်ရွံ့ရ၏၊ မကြောက်ရွံ့လို့ရှိခဲ့လျှင် ထိုအခါက မိမိအလုပ်ကို ဖျက်ဆီးသူ မာရ်နတ်ကို ခေါ်၍ ဒဏ်ပေးရမည်ကို မပေးမူ၍ အာဒန်, ဧဝတို့ကိုသာ အဆမတန် အဆုံးမရှိသော ဒဏ်ကြီးကိုပေး၏၊ ဒဏ်သာ ပေးနိုင်တော့သည်၊ တန်ခိုးအားဖြင့် မာရ်နတ်ကို မပြိုင်နိုင်သည့်အတွက်ကြောင့် နှစ်ယောက်ထဲ ရှိစဉ်ကစ၍ မာရ်နတ်ဖက်ပါချည်း ဖြစ်ကြကုန်၏။
ပကတိတန်ခိုးအားဖြင့် မာရ်နတ်ကို မနိုင်သည့်အတွက် မာရ်နတ် ဖက်က စိတ်ပြောင်းအောင် မတတ်နိုင်သောကြောင့် လူမိန်းမဝမ်းထဲသို့ ပဋိသန္ဓေယူ၍ လူ့ဇာတိသို့ရောက်မှသာ ဖြေးညှင်းနားသွင်းဖြေင်းဖြ ချော့မော့ဖြားယောင်း၍ ပါကောင်းပါရာမျှ ကယ်ချွတ်နိုင်တော့သည်။
မာရ်နတ်ဖက်က ကျွတ်လွတ်၍ မိမိဖက်သား ဖြစ်ကြပြန်လျှင် လည်း ထိုသူတို့အတွက် ထိုသူတို့၌ ဒုစရိုက်အပြစ်တို့ကို ပျောက်ငြိမ်း စေခြင်းငှါ ကြီးစွာသောဆင်ရဲဒုက္ခ ဝေဒနာတွေကို ခံရမြဲဓမ္မတာ, လက်ဝါးကပ်တိုင်မှာ အသေသတ် ခံရမြဲဓမ္မတာကို ခံရပြန်၏
ရှေ့နောက် ကမ္ဘာအနန္တ, စကြဝဠာ အနန္တတို့လည်း ဤနည်း အတိုင်း ထာဝရဘုရား၏ အလုပ်ကိုအကုန်မြင်လေ။
[ဤကား တန်ခိုးတော်နှင့် ကယ်ချွတ်သည်, တန်ခိုးတော်နှင့် ဒုစရိုက်အပြစ်တို့မှ ကယ်တင်သည်ဆိုရာဌာနဟူသမျှတို့၌ မာရ်နတ်ကို မနိုင်သည့်အတွက် ပကတိတန်ခိုးတော်နှင့်တတ်နိုင်သည် မဟုတ်ကြောင်း ၌ အာဒန်,ဧဝတို့ အတ္ထုပ္ပတ္တိ, ယေရှုခရစ်ဆရာ၏ အတ္ထပ္ပတ္တိများသည် အလွန်ခိုင်မြဲလုံလောက်သော သက်သေခံကြီး အစစ် ဖြစ်ပေသတည်း]
စဉ်းစားချင့်ချိန်ရန် အချက်များ
ထာဝရဘုရားအသေခံသည့်အတွက်-- ထိုသူတို့၌ ဒုစရိုက် အပြစ်ပျောက်ငြိမ်းသည်, မငြိမ်းသည်ကိုမူကား ယုံလောက်သော သက်သေ တစ်စွန်းတစ်စမျှမရှိ၊ သတ္တဝါတို့ကို ပဋိသန္ဓေနေရခြင်းဒုက္ခ, အိုရခြင်းဒုက္ခ, သေရခြင်းဒုက္ခမှ ကယ်တင်နိုင်သည်ဟု ပြောဟောကြ၏။
ထာဝရဘုရားကိုယ်သည်မူကား-- လူမိန်းမဝမ်း၌ ပဋိသန္ဓေ နေရခြင်းဒုက္ခ, အသတ်ခံ၍ သေရခြင်းဒုက္ခတို့မှ ရှေ့သို့အနမတဂ္ဂ သံသရာ ကမ္ဘာအဆက်ဆက် ကျွတ်လွတ်ရန် စခန်းပင်မရှိ။ “ကယ်တင် နိုင်သည်” ဆိုကြသော စကားဟုတ်မည်, မဟုတ်မည်ကို ချင့်ချိန်ရန်။
ထို့အတူ-- မာရ်နတ်ခေါ်သော နတ်ဆိုးနတ်ဝါးကိုမျှ နှိမ်နင်း နိုင်သော တန်ခိုးမရှိ, တစ်ယောက်သော လူသတ္တဝါကိုမျှ မိမိဖက်သို့ ပါအောင် စွမ်းနိုင်သောတန်ခိုးမရှိ၊ ငွေနှင့်မျှား, တရားနှင့်ဖြောင်းဖြနိုင်မှ ရှေးရှေး၌ ပြခဲ့ပြီးသော အယုတ်အညံ့ လူငါးမျိုးကိုသာ ပါအောင် စွမ်းနိုင်သည်ကို မြန်မာစာအဆိုလောက၌ ဒိဋ္ဌမျက်မြင် အထင်အရှား ရှိလေသောကြောင့် ကမ္ဘာကိုဖန်ဆင်းနိုင်သော တန်ခိုးရှိမရှိ, စကြဝဠာ တွေကို ဖန်ဆင်းနိုင်သော တန်ခိုးရှိမရှိ, မိမိအသေခံ၍ သတ္တဝါတို့၏ ဒုစရိုက်အပြစ်ကို ပြေငြိမ်းစေနိုင်သော တန်ခိုးရှိမရှိ, သေမင်းကို နိုင်သော တန်ခိုးရှိမရှိများကိုလည်း စဉ်းစားချင့်ချိန်ကြလေ။
[ဤကား အချုပ်စကားတည်း]
---*---
ဘုရားချင်းနှိုင်းယှဉ်ချက်အဆက်
၆-နံပါတ်မျက်နှာ နိဗ္ဗာန်ရောက်ခန်း၌ နိဗ္ဗာန်အဓိပ္ပါယ်ကို မန္တလေးမြိ့ု ဗုဒ္ဓဘာသာသတင်းစာ၌ ဗုဒ္ဓဘာသာကို အပြစ်ဆိုချက် ၁၁- အဖြေမှာ နေရာကျ ဖြေပြီးရှိလေ၏။
၆-နံပါတ်မျက်နှာ အောက်ဆုံးကြောင်း၌
“တိုင်းမွန်, နိုင်ငံမွန်မြတ်မဟုတ်၊ ခတ်ယုတ်ယုတ်ဖြစ်သော သောဠသ- ဆယ့်ခြောက်ပြည်အတွင်း ဟိန္ဒူကုလားနတ်အမျိုးထဲမှာ ပေါ်လာသော ရှင်ဂေါတမကား မြတ်သလော” ဟူသောစကား၌ကမ္ဘာဦးမှစ၍ ငါတို့ဘုရားလက်ထက် ဇမ္ဗူဒီပါတွင် သောဠသတစ်ဆယ့်ခြောက်ပြည်ထောင်ကို တုပြိုင်နိုင်သော နိုင်ငံမရှိ၊ ငါတို့ဘုရား ပွင့်တော်မူသောအခါ၌ သောဠသ-တစ်ဆယ့်ခြေက်ပြည်ထောင်လုံး၌ ဘုန်းတန်းပညာ ကြီးကျယ်ကြကုန်သော မင်းမျိုး, သူဌေးမျိုး, သူကြွယ်မျိုး ဟူဟူသမျှတို့သည် တရားတော်၏ အရသာကို တွေ့ကုန်ကြသဖြင့် အသက်ခန္ဓာ တိုနှောင်းလှစွာသော လူ့ဘဝ, လူ့ခန္ဓာ, လူ့ချမ်းသာ, လူ့စည်းစိမ်တို့ကို မစင်စု, အမှိုက်စုကဲ့သို့ စက်ဆုပ်ကြကန်သဖြင့် ရရှိပြီးသော မင်းစည်းစိမ်, သူဌေးစည်းစိမ်, သူကြွယ်စည်းစိမ်တို့ကိုပင် စွန့်ပစ်ကြကုန်၍ ဘုရားတပည့်တော် အရိယာသာဝကအဖြစ်သို့ချည်း ရောက်ကြလေကုန်၏၊ သောဠသ- တစ်ဆယ့်ခြောက်ပြည်ထောင်လုံး၌ ဘုန်းတန်းပညာ နည်းပါးလှစွာသော အယုတ်အညံ့တို့သာ ကျန်ရှိကြ ကုန်၏၊ ငါတို့ဘုရား သာသနာထွန်းကားရာဌာနတို့၌ ဤနည်းချည်း တည်း၊ အယုတ်အညံ့တွေသာ ကျန်ရှိသောအခါမှ အနောက်နိုင်ငံ တလျှောက်သားတို့ ဝင်ရောက်သိမ်းယူ အုပ်စိုးကြကုန်၏။
[ရွှေချိန်ခွင်ဆရာကား အစဉ်အလာ ဗဟုသုတဉာဏ်မရှိ၊ ယခု မျက်စိမြင်သမျှသာ ဉာဏ်သွား၏၊ ထို့ကြောင့် ထာဝရဘုရား အသုံးပြုတော် မူသောသူ လူငါးမျိုးတွင် ရွှေချိန်ခွင် ဆရာပါဝင်ကြောင်း သိသာထင်ရှား လေသတည်း။]
၇-နံပါတ်မျက်နှာ၌--
(က) ကံ၏ကျွန်ဖြစ်သော ရှင်ဂေါတမအား မြတ်သလော။ (ခ ) ကံ၏သခင် လောကုတ္တရာဘုရင် ထာဝရဘုရားရှင်ကား မြတ်သလော” ဟူသော စကား၌--
ရှင်ဂေါတမမှာ-- မိမိပြုသော မကောင်းမှုအတွင်မျှသာ ရှိ၏၊
ထာဝရဘုရားမှာ-- အထက်၌ ပြဆိုခဲ့ပြီးသည့်အတိုင်း မိမိပြုသော မကောင်းမှုအတွက်မျှမက ခပ်သိမ်းသော သတ္တဝါတို့ပြုသော မကောင်းမှု ကံတွေအတွက် ဘယ်အခါမှ ကျွတ်ခွင့်မရှိ-လွတ်ခွင့်မရှိသော ကြီးစွာသော ဆင်းရဲဒုက္ခ ဝေဒနာကိုခံရခြင်း, လက်ဝါးကပ်တိုင်မှာ အသေသတ်ခံရ ခြင်းတို့ဖြင့် ခပ်သိမ်းသော သတ္တဝါတို့ပြုသော ဒုစရိုက်ကံ အနန္တတို့၏ ထာဝရကျွန် ဖြစ်လေသတည်း။
[ခရစ်ဆရာဆိုသော်လည်း ထာဝရဘုရားပေတည်း၊ ခရစ်ဆရာ ခံရသော ဒုက္ခဆိုသော်လည်း ထာဝရဘုရားခံရသော ဒုက္ခပင်ဖြစ်၏ဟု ရွှေချိန်ခွင်စာအရနှင့်ပင် ထင်ရှားလှ၏၊]
၈-နံပါတ်မျက်နှာ၌-
(က) ကကုသန်, ကောဏာဂုမ်စသော မရေတွက်နိုင်အောင် များစွာအတုရှိသော ရှင်ဂေါတမအား မြတ်သလော။
(ခ ) ပစ္စုပ္ပန်, အတိတ်, အနာဂတ်ကာလ ၃-ပါး၌ တစ်ရံတစ်ခါမျှ ပြိုင်ဖက်နိုင်သူ မပေါ် အတုမဲ့, အတုမရှိ ခပ်သိမ်းသော ပုဂ္ဂိုလ်တို့ထက် အလွန်အကဲ ထူးမြတ်တော်မူသော ဧကထာဝရဘုရားကား မြတ်သ လော” ဟူသောစကား၌-
မာရ်နတ်ဆိုသော တစ္ဆေကြီးကိုမှမနိုင်၊ အစဉ်ထာဝရ အရှုံးပေး ထားရသော အာဒန်, ဧဝတိ့ု အတ္ထုပ္ပတ္တိကို ထောက်လေ။
မိမိကဖန်ဆင်း၍ထားသော သတ္တဝါတို့ကို ကယ်ချွတ်လိုသော် လည်း တန်ခိုးအားဖြင့် တစ္ဆေကြီးကို မတုနိုင်, မပြုနိုင်သည့်အတွက် ချော့မော့ဖြားယောင်း၍ မိမိတို့ဖက်သို့ ရတတ်သမျှ ဆွဲယူ ကယ်ချွတ် ခြင်းငှါ- လူ့ပြည်သို့ထွက်ပြေးခဲ့၍ လူမိန်းမဝမ်း၌ ပဋိသန္ဓေနေ၍ တစ္ဆေကြီး မသိအောင် ကြံဆောင်ရသော ထာဝရဘုရားကို “အတုမဲ့, အတုမရှိ” ဆိုသလောဟု-ဖြေ။
ဘုရားချင်းနှိုင်းယှဉ်ချက်ပြီး၏။
---*---
ရုပ်ပွါးဆင်းတုချင်း နှိုင်းယှဉ်ချက်
၉-နံပါတ်မျက်နှာ၌--
(က) အသက်မရှိ အဝိညာဏက ရုပ်တု, ဆင်းတု, စေတီပုထိုး တည်းဟူသော ရှင်ဂေါတမ၏ ကိုယ်စားတော်ကား မြတ်သလော။
(ခ ) ဘုရားသခင် တစ်ဆူတည်းဖြစ်အောင် ပေါင်းဖက်သော ခမည်းတော်, သားတော်, သန့်ရှင်းသောဝိညာဏ်တော်တည်းဟူသော သုံးပါးသော သူတို့တွင် တတီယသူ အတွင်းသက်သေ ဥပဇ္ဈာယ်ဆရာ ဝိညာဏ်တော်တည်းဟူသော ထာဝရဘုရား၏ ကိုယ်စားတော်ကား မြတ်သလော။
ဟူသောအချက်၌--
အသက်မရှိ အဝိညာဏက ရုပ်တု, ဆင်းတုတည်းဟူသော ကိုယ်စားတော်ချင်း ပြိုင်ဆိုင်ခန်းဖြစ်၍ ယေရှုခရစ်ကျောင်းတို့၌ ရေးသားမှု, ထုလုပ်မှုတို့ဖြင့် အစဉ်ထာဝရ ကိုးကွယ်ကြသော အသက်မရှိ အဝိညာဏက ရုပ်တု, ဆင်းတုတည်းဟူသော လက်ဝါးကပ်တိုင်ကြီးကို ထုတ်ဆိုပြိုင်ဆိုင်ရမည့်အခန်း ဖြစ်ငြားသော်လည်း အစဉ်ထာဝရ ကိုးကွယ်ကြသော ရုပ်တု, ဆင်းတုလက်ဝါးကပ်တိုင်ကြီးက ဟန်မရ လိုက်သည့်အတွက်ကြောင့် ထိမ်ဝှက်ရှောင်ရှား၍ ထာဝရဘုရားကိုပင် စကားလိမ်သည် အမည်တစ်ပါးကိုယ်တော်စား ပြုလုပ်ထုတ်ဖော် ယှဉ်ပြိုင်၍ပြသော ရွှေချိန်ခွင်ဆရာဉာဏ်သည် အံ့ဖွယ်တစ်ခုဖြစ်ပေ သည်ဟု-ဖြေ။
ပညာရှိတို့ ဝေဖန်ချက်
ဤစကား၌ ပကတိသော ထာဝရဘုရားကား ဝိညာဏ်တော် မျှဖြစ်၍ ရုပ်တု, ဆင်းတု ပြုလုပ်ကိုးကွယ်ရန် သဏ္ဌာန်မရှိ၊ ခရစ်ဆရာ အဖြစ်သို့ ရောက်ပြန်သော အခါ၌လည်း မာရီဆိုသော သူဆင်းရဲမ သားဖြစ်ရ၍ ရုပ်ရည် သဏ္ဌာန် ဟန်ပန်မရှိသည်နှင့် ဖလ်ပလ္လင်, မှန်ပလ္လင်, ရွှေပလ္လင်, ငွေပလ္လင်တို့နှင့် မသင့်မလျော်လှ၍ လက်ဝါးကပ်တိုင်ကြီးကိုပင် ပလ္လင်တော် အမှတ်ပြု၍ ကိုးကွယ်ကြလေသည်ဟု ယူဆဖွယ်ရှိ၏။
သို့မဟုတ် ထာဝရဘုရားလည်း မကယ်နိုင်, မိမိအစွမ်းနှင့် လည်းလွတ်အောင်မကြံနိုင်၍ အသတ်ခံရပါသည်ကို တပည့်ရင်းကြီးတို့က သတ္တဝါတို့အတွက် အသက်ကို အသေခံတော်မူသည်ဟု ကြွေးကြော်ချက် အရ ကျေးဇူးရှင်ကြီးကို မမေ့နိုင်ကြလေအောင် လက်ဝါးကပ်တိုင်ကို ကိုးကွယ်ကြသည်ဟု ယူဆဖွယ်ရှိ၏။
ထိုလက်ဝါးကပ်တိုင်ကြီး၌ နေတော်မူသော ကိုယ်တော် သဏ္ဌာန် ကို စေ့စုံပြည့်စုံစွာ အကုန်ဖေါ်ပြခြင်းကို မပြုကြသည်မှာမူကား
၁။ ယေရှုခရစ် ဆရာတည်းဟူသော ထာဝရဘုရားသည် လက်ဝါး ကပ်တိုင်မှာ နေရသောအခါ တင့်တယ်စွာဘုရား ကြက်သရေနှင့် နေတော်မူတော့သည်မဟုတ်၊ ယုန်သေကောင်ကိုအခြောက်သွေ့အောင် ကားကြက်၍ထားသကဲ့သို့ လေးဖက်လက်တန်အကုန်ဖြန့်ကား၍ ခြေဖဝါးတော် ၂-ဖက်တို့၌ မယ်န- သံမှိုရိုက်နှက်လျက် ကိုးရိုးကားရားကြီး နေတော်မူရသည်ဖြစ်၍လည်းကောင်း,
၂။ သေသောအခါ၌လည်း ဓါး, လှံ, သေနတ်တို့ဖြင့် ခုတ်ဖြတ် ထိုးပစ် သတ်ညှစ်ညှင်းဆဲမှုနှင့် သေရလေသောကြောင့် ရုပ်ထု ဆင်းတု ပြုလုပ်ဖေါ်ပြရန် ဘယ်အင်္ဂါတစ်ခုမှ အကောင်းရှာမရ၊ မမြင်ဝံ့, မရှုဝံ့, အမြင်မကောင်း, အလောင်းတော်သဏ္ဌာန် ဟန်ပန်မရလှသည် ဖြစ်၍ လည်းကောင်း,
လက်ဝါးကပ်တိုင်ပေါ်မှာ-- ကိုယ်တော်မြတ် ရုပ်သဏ္ဌာန်ကို စေ့စုံ ပြည့်စုံစွာ အကုန်ဖေါ်ပြ၍ မကောင်းလှသည့် အတွက်ကြောင့် လက်ခြေ အရိပ်အရောင်မျှ ဖေါ်ပြ၍ ရုပ်ထု, ဆင်းထု ရေးသားထုလုပ် ကိုးကွယ်ကြ ကုန်သည်။
ယေရှုခရစ်ဆရာတည်းဟူသော ထာဝရဘုရားကို ထိုမျှလောက် ကြံကြံဖန်ဖန် လုပ်ဆောင် ကိုးကွယ်ကြသေးသည်ကို ထောက်မြော်သော်ထာဝရဘုရားသည်-- အသက်ဝိညာဏ်တော်ရှိစဉ် အခါ၌ လည်းကောင်း, သေ၍အလောင်းတော်ဖြစ်စဉ်အခါ၌လည်းကောင်း အတော်အတန် ဟန်ပန်ရရှိဖြစ်ပေမူကား ဗုဒ္ဓဘာသာနိုင်ငံတလွှားမှာ ရုပ်ပွါး, ဆင်းတုတော်မျှမက အကြီးအကျယ် လုပ်ဆောင်ကိုးကွယ်ကြပေ လိမ့်မည်ဟု တွေးထင်ယုံကြည်ဖွယ် ရှိပေသည်။
ယခုမှာမူကား-- ရှိခိုးပူဇော်လှူဒါန်းကျင်းပဖွယ် ခြယ်လယ် ဖေါ်ပြဟန်မလှသောကြောင့် ပြည့်စုံပြီသစွာ ကိုးကွယ်ခွင့် မရမရှိကြလေ သည်နှင့် ပြည့်စုံပြီသစွာ လှပတင့်တယ် တတ်နိုင်တိုင်း ခြယ်လယ်၍ ကိုးကွယ်ခွင့်ရကြသော ဗုဒ္ဓဘာသာ၌ ရုပ်ပွား, ဆင်းတုကိုးကွယ်မှုကို ပင်တင်ရင်ကာဆီး အကျိုးမဲ့ကြီး ပြုလုပ်ပြောဆို ဝန်တိုမိစ္ဆာ ရှိကြလေကုန် သည်။
ယေရှုခရစ်ဆရာတည်းဟူသော ထာဝရဘုရား-ဟု အမှန်ဆိုမှုမှာ ယေရှုခရစ်ဆရာနှင့် ထာဝရဘုရား တစ်ခြားစီ မဟုတ်၊ အမည်နာမ တော်သာပြား၍ ကိုယ်တော်မူကား တစ်ပါးတည်းဖြစ်ကြောင်း ရွှေချိန်ခွင် စာမှာပင် အထပ်ထပ် ပါရှိလေပြီ။
[ရံဖန်ရံခါ တစ်ခြားစီကဲ့သို့ အသံပေါ်ရှိသည်မှာ အရာဌာန အားလျော်စွာ ဖန်တီး၍ ဆိုရပေသော မမှုမျှသာတည်း။]
ရုပ်ပွါးဆင်းတုချင်းနှိုင်းယှဉ်ချက်ပြီး၏။
တရားခြင်း နှိုင်းယှဉ်ချက်
တရားခြင်းနှိုင်းယှဉ်ချက်မှာ ရှေး၌ပြခဲ့ပြီးသော သူကန်းဥပမာ, မဟာသမုဒ္ဒဒြာဥပမာ, ရွှံ့အိုင်ပွက် ဥပမာများနှင့် ပင်ဖြေဆိုမှုကိစ္စပြီးပြီ။
“ဧဝံဂေလိတရား” အချက်မှာလည်း-- ခရစ်ဆရာသေခန်းမှာ ဖြေဆိုခဲ့ပြီ၊ ခရစ်ဆရာအသတ်ခံရ၍ သေဆုံးသောအခါ တပည့်တော် ကြီးတို့အဝင့်မှု, အဝါမှု, အမောက်အမာမှု ပေါလောပေါ်ကြ၍ အရှက်တကွဲ အကျိုးနဲရှိနေကြရာတွင် အသရေပျက် အရှက်ကြီးကွဲမှုကို ဖါရန် ထေးရန်, နာလံထူကြရန် ကြံဖန်လုပ်ဆောင်၍ ဖြစ်လာသော တရားစုကို “ဧဝံဂေလိတရား” ဆိုသည်။
တရားအကျိုးချင်း နှိုင်းယှဉ်ချက် ၁၁-နံပါတ်မျက်နှာ၌- ဗုဒ္ဓဘာသာ တရား၏အကျိုးကား ၂-မျိုးရှိ၏၊
၁။ အပါယ်ဘေး၌ ဘဝအဆက်ဆက်, ကမ္ဘာအဆက်ဆက် အစဉ်ကင်းလွတ်၍ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ ချမ်းသာကို အစဉ်ခံစား၍နေကြရသော ဘုံစဉ်စံ အကျိုးတစ်မျိုး,
၂။ ထိုစည်းစိမ် ချမ်းသာတို့ကိုပင် အလိုမရှိ ငြီးငွေ့ စက်ဆုပ် ကြသောအခါ ရုပ်, နာမ်- ခန္ဓာဟူသော အကာဓာတ် မျိုးကို စွန့်ပစ်၍ အနှစ်သာရဖြစ်သော အသင်္ခတ ဓာတ်သက်သက်သို့ ပြောင်းတက်ခံစံကြသော အကျိုး တစ်မျိုး,
ဤအကျိုး ၂- မျိုးကိုမသိ၍ ငရဲမီးပူစေသော အကြောင်း သက်သေဖြစ်သော လူ့စည်းစိမ်, နတ်စည်းစိမ်, ဗြဟ္မာ့စည်းစိမ်ဟူ၍ ရွှေချိန်ခွင်ဇောက်ထိုးသွားလေသတည်း။
[နိဗ္ဗာန်၏အချင်းအရာကို ရှေး၌ညွှန်းပြဖြေဆိုခဲ့ပြီ။]
[ယေရှုခရစ်၏တရားပေးသော အကျိုးစုကိုလည်း ခရစ်ဆရာ ပဋိသန္ဓေယူခန်း, အသတ်ခံ၍သေခန်းတို့၌ အကျယ်ကြီး ဖြောင့်ချက် ယုတ္တိတွေနှင့် ဖြေဆိုခဲ့ပြီးပြီ။]
တရားချင်းနှိုင်းယှဉ်ချက်ပြီး၏။
ဘာသာချင်းနှိုင်းယှဉ်ချက်ကား မပြောပလောက်ပြီ။
သာသနာချင်း နှိုင်းယှဉ်ချက်
သာသနာချင်းနှိုင်းယှဉ်ချက် ၁၄- နံပါတ်မျက်နှာ၌
(က) ရှင်ဂေါတမ သာသနာကား မင်းစိုးရာဇာ အာဏာနှင့်ပြုစုမှ တည်ထွန်းနိုင်သည်,
(ခ) ခရစ်တော်သာသနာကား မင်းစိုးရာဇာတို့ အဆက်ဆက် ညှင်းဆဲ, နှိပ်စက်, ဖျက်ဆီးမှ မပျက်မစီး တည်နိုင်သည်ဟူ၍ ရွှေချိန်ခွင် ပြဆိုချက်သည် ဟုတ်မှန်သကဲ့သို့ ရှိပေ၏။
၁။ လောက၌ သက်ရှိသက်မဲ့ အလုံးစုံတို့၌ပင်လျှင် အကောင်းအမွန်, အထွတ်အမြတ်ဟူသည် အလွန် ပြုပြင် အားထုတ်နိုင်မှ ဖြစ်ပွါးတည်ထွန်းနိုင်၏၊ ၂။ မကောင်းမမွန်, အယုတ်အညံ့ ဟူသမျှသည် အလိုလိုပင် ဖြစ်ပွါးထွန်းကားနိုင်၏။
ထို့ကြောင့် လောက၌ လူချမ်းသာနှင့်လူဆင်းရဲ ၂- ပါးတို့တွင်၁။ လူချမ်းသာ နည်းပါးလှ၏၊ လူဆင်းရဲများပြားလှ၏။
၂။ သူတော်ကောင်း နည်းပါးလှ၏၊ သူယုတ်မာ များပြားလှ၏။
၃။ ပညာရှိနည်းပါးလှ၏၊ ပညာမဲ့များပြားလှ၏။
၄။ လူလိမ္မာနည်းပါးလှ၏၊ လူမိုက်များပြားလှ၏။
၅။ အဘိုးထိုက်တန်သော ကောက်စပါး, ပြောင်း, နှမ်းစသည် တို့သည် မိုးရေ, မိုးပေါက် ကြီးစွာရွာ၍ လူတို့ အားထုတ် လုပ်ဆောင်နိုင်မှ ဖြစ်ပွားထွန်းကားကုန်၏၊ အဘိုးမတန်သောမြက်မျိုးတို့သည် မပြုစုဘဲ သုတ်သင်ပယ်ရှား၍ မနိုင်အောင်ဖြစ်ပွါးတည်ထွန်း၏။
၆။ အဘိုးတန်သော သရက်, ပိန္နဲစသော ဥယျာဉ်တို့သည် လူတို့ပြုစု နိုင်မှ ဖြစ်ထွန်း၏၊ အသုံမကျ အမှိုက် ဆူးငြောင့်မျိုးဖြစ်သော သစ်ပင်, ချုံနွယ်တို့သည် ပြုစုဖွယ်မရှိ၊ ခုတ်ထွင်သုတ်သင်ပယ်ရှား၍မှ မနိုင်အောင် ဖြစ်ပွါးတည် ထွန်း၏။
[ရွှေချိန်ခွင်ဆရာစကားသည် လောကမျက်မြင်နှင့် အလွန်ညီညွတ်လှပေ၏]
သို့သော်လည်း-- ကမ္ဘာမြေပေါ်၌ ဘာသာကြီးလေးပါးရှိသည်တွင် ဗုးဒ္ဓဘာသာဝင်လူသူအရေအတွက် အများဆုံး ဖြစ်သည်ဟု ပထဝီဝင်ချုပ် ကျမ်းရင်းများ၌ ဂဏန်းအချုပ်နှင့်ပြဆိုလျက်ရှိသောကြောင့် ဗုဒ္ဓဘာသာ လူမျိုးတို့က ညှိုးငယ်ရန်အခွင့်မရှိသေး၊ ယခုတော့လည်း ရုရှပြည်, ဂျာမနီပြည်, အင်္ဂလန်ပြည်, အမေရိကန်ပြည်, ပြင်သစ်ပြည် အစရှိသော တိုင်းပြည်ကြီးများ၌ တည်ထွန်းစပြုလျက်ရှိ၏။
သာသနာချင်းနှိုင်းယှဉ်ချက်ပြီး၏။
ကျမ်းစာချင်း နှိုင်းယှဉ်ချက်
ကျမ်းစာချင်း နှိုင်းယှဉ်ချက် ၁၅- နံပါတ်မျက်နှာ၌(က) ဗုဒ္ဓဘာသာ ကျမ်းစာများသည် ဘုရားသခင် ကျမ်းရှင် မရှိသည့်နောက် အနှစ် ၄၈၅-နှစ် လွန်ပြီးမှ ပေါ်လာသူရေးထားသော ကျမ်းစာများဖြစ်ကြောင်း,
( ခ) ခရစ်ယာန်ဘာသာ ကျမ်းစာများသည် ခရစ်တော် ကျမ်းရှင်၏ တပည့်ရင်းဖြစ်သူတို့ ကိုယ်မျက်မြင်, ကိုယ်နားကြားအတိုင်း ရေးထားသော ကျမ်းစာများ ဖြစ်ကြောင်းကို ဆိုရာ၌
ရွှေချိန်ခွင်ဆရာသည်-- ဘုရားမရှိသည့်နောက် အနှစ် ၄၀၀- ကျော်လွန်ပြီးမှပေါ်လာသူ အရှင်ဗုဒ္ဓဃောသ စီရင်သော ပါဠိတော် အဖွင့်အဋ္ဌကထာကျမ်းများကိုသာကြားဘူး၍ မြတ်စွာဘုရားထင်ရှားရှိစဉ် ထိုထိုပရိသတ်တို့အား ဟောကြားတော်မူသောနေ့မှစ၍ တပည့်တော် အဆက်ဆက် ယနေ့ထက်ထိ ဆောင်ရွက်လေ့လာ၍ လာခဲ့သော ဘုရား ဟောပါဠိ ဓမ္မက္ခန္ဓာ ၈၄၀၀၀- ကျမ်းများကိုမူကား ကြားယုံမှ မကြားဘူး၍ ချိန်ခွင်ဇောက်ထိုးသွားလေ၏။
ဗုဒ္ဓဘာသာပါဠိတော်ကျမ်းစားများကား-- တစ်ထောင်သော ပရိသတ်အလယ်, တစ်သောင်းသော ပရိသတ်အလယ်, တစ်ရွာလုံး ပရိသတ်အလယ်, တစ်မြို့လုံး ပရိသတ်အလယ်, တစ်နိုင်ငံလုံး ပရိသတ် အလယ်၌ ကိုယ်တော်တိုင်ဟောတော်မူရာ ဆောင်နိုင်ကြသူ လူရှင် ပရိသတ်အပေါင်းတို့က ဆောင်ရွက်ထားကြ၍ ယနေ့ထက်တိုင် တည် ထွန်းလျက်ရှိလေသည်။
ခရစ်ယာန်ဘာသာကျမ်းစုသည်ကား-- ဒင်္ဂါးဆန်းလုပ်သော အလုပ်ကဲ့သို့ တပည့်ရင်း, တပည့်ဖျား ကျမ်းပြု ဆရာတို့သည် မိမိတို့နေရာ အိမ်ကြိုအိမ်ကြား တောကြိုတောကြား တောင်ကြိုတောင်ကြားတို့၌ စိတ်ထင်တိုင်းရေး သားပြီးမှ ထာဝရဘုရားလာလေဟန်, ဉာဏ်တော်ကို ပေးလေဟန်, ပရိယာယ်မာယာတွေကို ကြွေးကြော် ပြုလုပ်ပြီးမှ ထုတ်ကြ သော ကျမ်းဂန်စုပေတည်း။
[ထိုသို့သောအမှုကို မင်းပညာရှိ မှူးမတ်ပညာရှိတို့ သိကြကုန်သည် နှင့် ကျမ်းစာကို ရေးထုတ်ကြသည့်အတွက် အညှင်းဆဲခံရခြင်း, အသက် သေခံရကြ၏]
ရွှေချိန်ခွင်၌လည်း- “ကျမ်းစာကို ရေးထားသောကြောင့် ညှင်းဆဲ နှိပ်စက်ခြင်းကို ခံရသည်သာမက အသေသတ်ခြင်းတိုင်အောင် တစ်ယောက်နောက် တစ်ယောက်ခံရကြသည်” ဟုသက်သေခံချက် ပါရှိပေ၏။
သို့သော်လည်း-- ကျမ်းပြုဆရာကြီး အဆက်ဆက်တို့ အသက် သေခံကြရသောအမှုမှာ ဝမ်းနည်းဖွယ်မရှိပေ။
အဘယ့်ကြောင့်နည်းဆိုသော်- အသက်သေခံရမှုသည် သူတို့၏ အရှင်သခင် ဖြစ်တော်မူသော ထာဝရဘုရားကြီး ဓမ္မတာထုံးတမ်း လမ်းရိုးလမ်းစဉ်ကြီးအတိုင်း လိုက်ရသောအမှု ဖြစ်ပေသောကြောင့် တည်း။
[လမ်းရိုးလမ်းစဉ်ကြီးကိုကား ခရစ်ဆရာအသတ်ခံရခန်းမှာ အကျယ်ပြဆိုခဲ့ပြီ။]
ကျမ်းစာချင်းနှိုင်းယှဉ်ချက်ပြီး၏။
အချက်ကြီးလေးပါးကို ရှင်းလင်းချက်
ဇမ္ဗူဒီပါ အတိုင်းအထွာ
၁၆- နံပါတ် ၁၇- နံပါတ်မျက်နှာတို့၌
“ဇမ္ဗူဒီပါကျွန်းကို သင်္ဘောနှင့်အထပ်ထပ် ပတ်လည်လှည့်၍ တိုင်းထွာကြရာအလျားယူဇနာ (၆၀၀) အနံယူဇနာ (၃၅၀) သာရှိသည်ကို အမှန်သိကြရသည် ဖြစ်ပါလျက် ယူဇနာ (၁၀၀၀၀) ရှိသည်ဆိုသော ပုဋကတ် ကျမ်းစာသည်ယုံစရာရှိသလော” ဟူရာ၌
“ဇမ္ဗူဒီပါ ယူဇနာ (၁၀၀၀၀)ရှိသည်”--ဆိုသော စကားသည် ဘုရားဟောရင်းစကားမဟုတ်၊ ရှေးကမ္ဘာဦး ကျမ်းဟောင်းများမှာ လာရှိတိုင်း အဋ္ဌကထာ, ဋီကာကျမ်းဂန်အဆိုပေတည်း။
ချင့်ချိန်ရန်ကား-- ကမ္ဘာဦးအခါနှင့် ယခုအခါသည် အလွန် ကွာဝေးလျက် ရှိကြချေသည်၊ မတရားအဓမ္မ အားကြီးလှသော မြို့, ရွာ, နိုင်ငံများကို ပင်လယ်ရေလွှမ်းမိုးမြှပ်နစ် ပင်လယ်ဖြစ်သွားသည်ဟူ၍ လည်း ရှိကြချေသည်။
ယခုကာလ တိုင်းထွာကြသည် ဆိုရာမှာလည်း-- ပကတိ မြေပြင်မှာ မြေတိုင်းဆရာတို့ ကြိုးတန်းပနက်ချ၍ တိုင်းထွာကြသကဲ့သို့ တိုင်းထွာနိုင်ကြသည်မဟုတ်၊ ငါတို့သင်္ဘောသည် တစ်နာရီလျှင် ခရီးမိုင်ပေါင်းမည်မျှသွားသည်, တစ်နေ့လျှင် မည်မျှသွားသည် ဟူသော အမှတ်နှင့် အလှမ်းတာပါ တိုင်းထွာ, ရေတွက်မှုသာ ဖြစ်သည်။
တစ်နာရီတွင် ခရီးမိုင်ပေါင်း မည်မျှသွားသည်-ဟူသော အမှတ် သည်လည်း ပုံသေအမြဲကြီး မဟုတ်လှသေး၊ ရေစုံ ရေဆန်, ရေသေ ရေရှင်, ရေတိမ် ရေနက်, ရေလှိုင်း ရေငြိမ်စသော ရေအထွေထွေ၊ လေစုံလေဆန်, လေသာ လေပြင်းစသော လေအထွေထွေသို့လိုက်၍ အနှေးအလျင် ကွာခြားကြလျက် ရှိသေးသည်။
ရန်ကုန်မြို့မှ ဗင်္ဂလားမြို့သို့ ထွက်သွားရာ ၄-ည ၅-ရက်မှ ဆိုက်ရောက်သည်၊ ဗင်္ဂလားမြို့မှ ရန်ကုန်မြို့သို့ပြန်လာရာ ၃-ည ၄- ရက်နှင့် ဆိုက်ပါသည်။
အဘယ့်ကြောင့်နည်းမေးမြန်းရာ- အစုံ, အဆန်ဖြစ်သည့် အတွက်ဟု ပြောဆိုကြပေသည်၊ ၄-ရက်၅-ရက် အတွင်းမှာပင် ရေတွက် ကြောင့် တစ်ရက်လုံးလုံး ကွာ၍ သွား၏။
[ဤသို့ချင့်ချိန်ရန် အလွန်များပြားလှသော အရာဌာနဖြစ်သည်၊ မျက်တောင်မွှေး တစ်ဆုံးမျှသာ ဉာဏ်သွားသော ရွှေချိန်ခွင့် ဉာဏ်နှင့် မတန်ချေ။]
ကျွန်းယူဇနာ အပိုင်းအခြားမှာလည်း -
ဇမ္ဗူဒီပါကျွန်းမှာ အလျား (၆၀၀) အနံ (၃၅၀) အမေရိကန်ကျွန်မှာ အလျား (၇၀၀) အနံ (၂၅၀) ဟုရွှေချိန်ခွင်စာမှာဆို၏။
အလျားအနံ အလွန်အယုတ်ကို ညှိ၍ယူသော်ဇမ္ဗူဒီပါကျွန်းနှင့် အမေရိကန်ကျွန်းသည် အကျဉ်း, အကျယ် အကြီးအငယ် တစ်ထပ်တည်းကျ၏၊ ဇမ္ဗူဒီပါ၌တိုက်ကြီး ၃-ပါး, တိုင်းကြီး တွေအများ, ပြည်ကြီးတွေအများ, ဘုရင်ထီးဆောင်း မင်းကြီး မင်းပေါင်း အများ, လူအရေအတွက် အများတို့နှင့် ချင့်ချိန်၍ ကြည့်သော် အလျား ယူဇနာ (၆၀၀၀)အနံယူဇနာ (၃၅၀၀) သာ ပထဝီချုပ် စာအုပ်မူရင်းများ အမှန်ဖြစ်ရာ၏၊ အချင့်အချိန် ဉာဏ်မရှိသည့်အတွက် သုညတစ်လုံး ကျသည်ကို မကြံမိ လက်ရှိစာမူ၌ မျက်စိမြင်သမျှတွင် ဉာဏ်ဆုံးသူဖြစ်၍ အလျားယူဇနာ(၆၀၀) အနံယူဇနာ(၃၅၀)ဟု မူပျက်စာရှိကို အမှန်ကြီး ပြု၍ ဆိုမိလေသည်ဖြစ်ရာ၏။
ဤကဲ့သို့ချင့်ချိန်ရန် အချက်တွေ မျက်မြင်, နားကြား အမြောက် အများ အလွန်ထင်ရှားလှသော လောကီအရာဌာနတို့၌ပင် ရွှေချိန်ခွင် ဆရာသည် အချင့်အချိန်ဉာဏ်မရှိ၊ သူ့မျက်စိမြင်သမျှတွင်သာ ဉာဏ်ဆုံး သူဖြစ်သည်ဟု အလွန်ထင်ရှား၏။
၁။ မျက်မြင်မဟုတ်ကြသော ဓမ္မအရာ,
၂။ ကံအရာ,
၃။ သုစရိုက်-ဒုစရိုက် အကျိုးအပြစ်အရာ,
၄။ ခရစ်ယာန်ဘာသာတွင် အချုပ်အချာဖြစ်သော ကျမ်းပြု ဆရာကြီး(၆၆) တမန်တော်ကြီး (၁၂)ဆိုသူတို့လုပ်ကြံ လှည့်ဖြား ရေးထားကြသောအရာ,
၅။ ဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ အရာတို့၌ ရွှေချိန်ခွင် ဆရာသည် ချင့်ဉာဏ်, ချိန်ဉာဏ် တစ်ဆံချည်မျှ ထွက်နိုင်တော့မည်မဟုတ်ဟု သိသာထင်ရှားလှ၏။
ဤသို့ဖြစ်ပါလျက်။။ ဘာသာကြီး ၂-ဖက်လုံးကို သိမ်းချုံ၍ ရွှေချိန်ခွင်ဟူသောအမည်နှင့် ချင့်စာ, ချိန်စာရေးထုတ်မှုသည် အလွန်ကြီး အံ့ဩဖွယ်ကောင်းလှ၏။
[ထာဝရဘုရား အသုံးပြုတော်မူသော လူစား ၅-မျိုးကို ထုတ်ဖော် ကြော်ငြာလျက် သက်သေခံပေသော မြန်မာတမန်စာသည် နေရာကျလှ ပေ၏၊]
[ဤကား ဇမ္ဗူဒီပါ အတိုင်းအထွာကို ပြဆိုချက်တည်း]
ပဌမအချက် ရှင်းလင်းချက်ပြီး၏။
ဗောဓိပင် အတိုင်းအထွာ
ဗောဓိပင်စကား၌
ဗောဓိညောင်တော်သည် သံတောင်တစ်ရာမျှသာရှိသည်ဟု ကျမ်းဂန်တို့၌ ဆိုလျက်ရှိ၏၊
တစ်ခြားတစ်ပါးသော ညောင်ပင်ကြီးများထက် အလွန်ကြီး ကြီးလှသည်မဟုတ်၊ တိုင်းကြီးသောဠသကို အင်္ဂလိပ်မင်းတို့ အုပ်စိုးသော အခါ ညောင်တော်အသက် အနှစ် ၂၀၀၀-ကျော် ရှိပြီးဖြစ်၍ ဆုတ်ယုတ် အိုမင်းလှပေပြီ။
အံ့ဩဖွယ်များနှင့် ချီးမွမ်းမှုဆိုသည်မှာ။။ မိမိတို့ကြည်ဖြူရာ ဌာနကို ချီးမွမ်းချင်သမျှ စိတ်အားရအောင် ချီးမွမ်းကြမြဲ အများထုံးစံ ဖြစ်သည်။
၁။ အထွတ်အမြတ် ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ မှီတော်မူရာလည်းဖြစ်, ပကတိနဂိုကလည်း ကြည်ငြိုဖွယ်ကောင်းလှသော လုံးဝန်းမဏ္ဍလနှင့် ပြည့်စုံရင်းရှိသည်လည်း ဖြစ်ပေသော ဗောဓိရွှေညောင် တော်ကြီးကို မဆိုထားဘိဦး၊ ယေရှုခရစ်ဆရာတည်းဟူသော ထာဝရ ဘုရားသည် ထွက်ပြေးပုန်းကွယ်နိုင်သော တန်ခိုးမရှိသည့်အတွက် အသတ်ခံရ၍ မလှမပ မမြင်ဝံ့ မရှုဝံ့ ထိတ်လန့်ဖွယ်မျိုး သေခြင်းဆိုးနှင့် သေရသောအခါ မှီတော်မူရာလည်းဖြစ်ထသော ပကတိနဂိုကလည်း လက်ဝါးကပ်တိုင် မည်သည် အနှစ်မရှိသော ကသစ်သား, လက်ပံသား စိုက်တိုင်တစ်ခုမှာ အထက်အောက် တန်း ၂-ခုဖွဲ့ချည်၍ ပြုလုပ်သော သူသတ်သုသာန်ကြိယာ မင်္ဂလာမရှိ အယုတ်တမာမှုတွင် အတုမရှိသော လက်ဝါးကပ်တိုင်ကြီးကိုပင် တေးသီချင်းကဗျာနှင့် မင်္ဂလာစကားဖြင့် မြှောက်စားချီးမွမ်းကြကုန်သေး၏တကား။
၂။ မာရ်နတ်ကို အောင်မြင်တော်မူသော ငါတို့ဘုရားကို မဆိုထားဘိဦး၊ အစမထင် အဆုံးမရှိသော အနန္တကာလပတ်လုံး မိမိ အပေါ်၌အနိုင်ကျင့်၍နေသော ၎င်းမာရ်နတ်ကိုပင်လျှင် အတုမရှိ, အဖက်မရှိ, အနန္တတန်ခိုးတော်ရင်, ကမ္ဘာကိုဖန်ဆင်းပေသည်, သတ္တဝါ ခပ်သိမ်းကို ဖန်ဆင်းပေသည်, သတ္တဝါတို့ပြုမိသော ဒုစရိုက်အပြစ်ကို ဖြေဖျောက်ပေသည် အစရှိသည်ဖြင့် ချီးမွမ်းကြကုန်သေး၏တကား။
[အနိုင်ကျင့်ပုံ, အရှုံးခံပုံများမှာ ရှေ့၌ ပြဆိုထင်ရှားစေခဲ့ပြီ။]
ထာဝရဘုရားကို ချီးမွမ်းမှုမှာလည်း-- ခရစ်တော်မပေါ်မီ ဣန္ဒြိယ နိုင်ငံဖြစ် ရှေးရှေးသော ထာဝရဘာသာကျမ်းရင်းများ၌ ဘုရားသားတော် တစ်ဦး သမုဒြာသို့ဆင်းသဖြင့် ရေနစ်၍သေဆုံးရာ ထာဝရဘုရား အမျက်တော်ထွက်၍
၁။ သမုဒြာကို အမြန်ငန်စေဟု အာဏာထား၏၊ ထိုအခါမှ စ၍ သမုဒြာရေမှန်လျှင် အမြဲငန်ရ၏။
၂။ မင်းစိုးရာဇာမှန်လျှင် မိမိပိုင်ဆိုင်ရာနိုင်ငံကို အုပ်ချုပ် စီရင်စေ,
၃။ ဆင်းရဲသားမှန်လျှင် အရောင်းအဝယ် လယ်ယာ လုပ်ခြင်း စသည်ကို လုပ်ကိုင်စေ,
၄။ ပုဏ္ဏားမျိုးမှန်လျှင် ဗေဒင်ဟောမှု- ယဇ်ပူဇော်မှုကို လုပ်ကိုင်စေ အစရှိသည်ဖြင့် ထာဝရဘုရား အာဏာ ထား ချက်တွေ များစွာလာရှိ၏
[ခရစ်ယာန်ဘာသာ ကျမ်းဆရာတို့သည်ကား ထိုကျမ်းရင်းများကို မတွေ့ဘူး ကြ၍ အနည်းငယ်မျှသာ ချီးမွမ်းတတ်ကြကုန်၏၊]
ထိုကဲ့သို့သော အာဏာထားမှုကိုမူကား။။ ထာဝရဘုရားမှသာ ထားနိုင်သော တန်ခိုးရှိသည်မဟုတ်၊ ဖြစ်မြဲဓမ္မတာ သဘာဝကို သိကြသူ လူတိုင်းပင်ထားနိုင်သော တန်ခိုးရှိကြပါ၏။
၁။ ကမ္ဘာမှန်လျှင် ပေါ်ချိန်တန် ပေါ်စေ, ပျက်ချိန်တန် ပျက်စေ,
၂။ သတ္တဝါမှန်လျှင် ဖြစ်ပေါ်ပေါက်ပွါးချိန်တန် ဖြစ်ပေါ် ပေါက်ပွါးကြစေ, သေချိန်ကျ သေကြစေ,
၃။ မိန်းမမှန်လျှင် ကိုယ်ဝန်ဆောင်စေ,
၄။ ယောကျ်ားမှန်လျှင် လုပ်ကိုင်စေ,
၅။ တမာမှန်လျှင် ခါးစေ,
၆။ ဆားမှန်လျှင် ငန်စေ,
၇။ သမ္ဘရာမှန်လျှင် ချဉ်စေ,
ဤသို့အစရှိသည်ကား ထာဝရဘုရား အာဏာထားမှုမျိုးချည်း တည်း၊ တန်ခိုးတော်ဖြင့် ဖန်ဆင်းမှုဆိုသည်လည်း ဤအာဏာချက်စုကိုပင် ဆိုသတည်း။
ဤအာဏာထားချက်မျိုးကို, ဘယ်သူမဆိုထားလျှင်လည်း ကမ္ဘာ, သတ္တဝါ, မိန်းမ, ယောကျ်ား, တမာ, ဆား, သမ္ဘရာ စသည်တို့က ထိုအာဏာကို လွန်ဆန်နိုင်ကြမည်မဟုတ်။
[ဤကား ရှေးရှေးသောအခါက ဣန္ဒြိယနိုင်ငံသား ပုဏ္ဏား လူနောက်တို့ ရောက်တတ်ရာရာ ဗလချာ သပ္ဖပ္ပလာပတွေကို ကျမ်းစ, ဂန်စနှင့် ခဏလုပ်ကြံ၍ ထားခဲ့သည့်အတွက်ကြောင့် ယခုထက်ထိ ဇာတ်မျော၍ နေပုံတည်း။]
[ခရစ်ယာန်ဘာသာ ကျမ်းပြုဆရာတို့ကား ထိုပုဏ္ဏားတို့၏ အကျကောက်သမားတို့တည်း။]
ဒုတီယအချက်ရှင်းလင်းချက်ပြီး၏။
ဇမ္ဗုသပြေပင်-ရှိမရှိ
ဇမ္ဗုသပြေပင်၌--
ဇမ္ဗုသပြေပင် ရှိကြောင်းမျှသာ ဘုရားဟော၏၊ အမြင့်ယူဇနာ ၁၀၀-စသည်မှာ ကမ္ဘာဦးကျမ်းများတွင် လာရှိသည့်အတိုင်း အဋ္ဌကထာ, ဋီကာကျမ်းဂန်တို့၌လာ၏။
မြောက်သမုဒ္ဒရာသို့ အစဉ်ထာဝရသွားလာ၍နေကြသော သင်္ဘောသူကြီးတို့ ထိုမျှလောက်ကြီးသော သစ်ပင်ကို တွေ့, မြင်, ကြား, သိဘူးကြသူ တစ်စုံတစ်ယောက်မျှ မရှိကြရာ၌ကား--
ဗုဒ္ဓဘာသာ၌၎င်း, ခရစ်ယာန်ဘာသာ၌၎င်း-- ပကတိ မျက်စိဖြင့် မမြင်ရသော မာရ်နတ်ဆိုသော နတ်မျိုးရှိကြ၏၊ မာရ်နတ်၏ အပင်း အသင်းဖြစ်သော နတ်မျိုးလည်း နတ်ပြည် ၆-ထပ်မှ မြေအပြင်သို့ ကျအောင် အနန္တများပြား၏၊ တန်ခိုးကြီးငယ်ရှိကြ၏၊ ထိုကဲ့သို့သော သစ်ပင်တကာတို့တွင် အတုမရှိကြီးကျယ်လှသော ဇမ္ဗုသပြေပင်စောင့် နတ်သည်မူကား မြေအပြင်ရှိ ရုက္ခစိုးနတ်တကာတို့တွင် အတုမရှိ တန်ခိုးကြီးသော နတ်ဖြစ်ရာ၏၊ ဇမ္ဗုသပြေပင်ကို သူမြင်စေလိုမှ မြင်ရအောင် စွမ်းနိုင်သော နတ်တန်ခိုးကြီးဖြစ်ပေရာ၏။
မျက်စိနှင်မြင်ဖူးကြသူ မရှိသည့်အတွက်ကြောင့် လောက၌ သစ်ပင်နေ ရုက္ခစိုးနတ်ဟူ၍မရှိ-ဆိုခဲ့လျှင် မာရ်နတ်လည်းမရှိ, ထာဝရ ဘုရားဆိုသူလည်း မရှိဟုဆိုရလိမ့်မည်။
နတ်ပြည် ၆-ထပ်၊ ဗြဟ္မာ ၂၀-၏ အထက် ကောင်းကင်ဘုံကြီး၌ ထာဝရဘုရားနေသည်ကို ရွှေချိန်ခွင်အဆိုရှိသောကြောင့် ရွှေချိန်ခွင် အဆိုနှင့်ပင်--
၁။ ထာဝရဘုရားလည်းရှိ၏။
၂။ ဗြဟ္မာ ၂၀-လည်းရှိ၏။
၃။ နတ်ပြည် ၆-ထပ်လည်းရှိ၏။
၄။ မာရ်နတ်မျိုး အနန္တလည်းရှိ၏။
၅။ ရုက္ခစိုး, ဘုမ္မစိုးနတ်မျိုး အနန္တလည်းရှိမည်ပင် ဖြစ် သတည်း။
ဤသို့ရှိရလျှင် ဇမ္ဗုသပြေပင်သည် ရွှေထွက်သော သစ်ပင်ဖြစ်၍ လူတို့ဖျက်ဆီးရန်ရှိသောကြောင့် သင်္ဘောသားတို့ မမြင်ရအောင် တန်ခိုးဖြင့် အခါခပ်သိမ်း ကွယ်၍ထားသည်ဟု ချင့်ချိန်ရန်တလမ်းရှိ၏၊ မဟုတ်ဘူးဟု အတတ်မငြင်းနိုင်။
[မိမိတို့ယုံကြည်ရာဌာနကို ချီးမွမ်းကြမြဲထုံးစံအတိုင်း ချီးမွမ်းစကား မျိုးသော်လည်း ဖြစ်ရာ၏၊ ချီးမွမ်းစကားမျိုးဖြစ်သော်လည်း အပြစ် မဆိုသာ။]
[ဤကား ဇမ္ဗုသပြေပင်ရှိ-မရှိဆိုချက်တည်း။]
ကျွန်းကြီး ၄-ကျွန်းရှိ-မရှိ
လောကမျက်မြင်ဒိဋ္ဌအားဖြင့်--
၁။ ဇမ္ဗူဒီပါခေါ်သော အရှေ့ကျွန်းကြီးတစ်ကျွန်း,
၂။ အမေရိကန်ခေါ်သော အနောက်ကျွန်းကြီးတစ်ကျွန်း, ဟူ၍ ကျွန်းကြီး ၂-ကျွန်းသာ မျက်မြင်ထင်ရှားရှိသည် ဖြစ်လျက် မြင့်မိုရ်တောင်နှင့် ကျွန်းကြီး ၄-ကျွန်းရှိသည် ဟုဆိုသောအရာကို မယုံသာချက်ထုတ်ပြရာ၌--
မျက်မြင်ထင်ရှားရှိမှ အဟုတ်အမှန်ဟု ယူကြစတမ်း, မျက်မြင် ထင်ရှားမရှိလျှင် မဟုတ်မမှန်ဟု ပယ်စွန့်ကြစတမ်း-ဆိုခဲ့ပါလျှင်--
၁။ မာရ်နတ်,
၂။ နတ်ပြည် ၆-ထပ်,
၃။ ဗြဟ္မာပြည် ၂၀,
၄။ ထိုအထက်မှာ ကောင်းကင်ဘုံကြီး,
၅။ ထိုဘုံကြီးမှာနေသော ထာဝရဘုရား,
၆။ ထိုထာဝရဘုရားအပါးတော်မှာ တပည့်တော်ဖြစ်သည် အပေါင်းတို့ ကာလအနန္တ ကမ္ဘာအဆက်ဆက် ထာဝရ ကောင်းကင် စည်းစိမ်ကို ခံစား၍နေကြရမှု, ဤအလုံးစုံကိုပင် မဟုတ်မမှန်ဟု သဘောတူ-ပယ်စွန့်ကြ ရလိမ့်မည်၊ ရွှေချိန်ခွင်စာတွင် ဆိုဆိုသမျှ ထာဝရဘုရားအချက်တွေကို အကုန်ပယ်ဖျက်ရလိမ့်မည်။
အဘယ့်ကြောင့်နည်းဆိုသော်- ယခုရှိကြသော လောကီလူများ ၏ မျက်မြင်ထင်ရှားရှိသည်လည်း မဟုတ်၊ သေလွန်၍ သွားကြလေ ကုန်ပြီးသော ထာဝရဘုရား၏ တပည့်တော်ကြီး, တပည့်တော်လတ်, တပည့်တော်ငယ် အပေါင်းတို့တွင် တစ်စုံတစ်ယောက်သောသူမှ ယခု ကျန်ရှိသူအပေါင်းတို့ကို အားပေးခြင်းငှါ တစ်ရံတစ်ခါမှပြန်လာ၍ များစွာသော ရွာသူ, မြို့သူ, တိုင်းသူ, ပြည်သူတို့အတူတကွ မြင်ကြရ အောင် ထင်စွာပြ၍-
“ငါသည် ဘယ်သူတည်း၊ ယခု ထာဝရဘုရား၏ အပါးတော်သို့ ရောက်၍ ကမ္ဘာအဆက်ဆက် ထာဝရ ကောင်းကင်စည်းစိမ်ကို ခံစား၍ နေရပြီ” ဟု သက်သေခံလာသူ ဟူ၍လည်း မရှိ်စဖူးလေသောကြောင့် တည်း။
ချင့်ချိန်ရန် အချက်မှာမူကား
နေသွား, လသွားများကိုပြဆိုသော ကျမ်းဂန်တို့အရ ကျွန်းကြီး ၄-ကျွန်းတို့သည် မြင့်မိုရ်တောင်၏အရှေ့, အနောက်, တောင်, မြောက်တည့်တည့်တည်ရှိကြကုန်၏၊ အရှေ့ကျွန်း, အနောက်ကျွန်း, တောင်ကျွန်း, မြောက်ကျွန်း ဟုတ်- မဟုတ်ကို မြင့်မိုရ်တောင်နှင့် ချိန်တိုက်ရလိမ့်မည်။
ထို့ကြောင့် ထိုကျွန်းကြီး ၄-ကျွန်းရှိ- မရှိ, ဟုတ်- မဟုတ်ကို မြင့်မိုရ်တောင်သို့ ရောက်ပေါက်တွေ့မြင်နိုင်သူတို့သာ ပြောဆိုနိုင်ခွင့် ရှိသည်။
[မျက်မြင်တွင် ဉာဏ်ဆုံးသော ရွှေချိန်ခွင်ဆရာနှင့် အရာပင် မဟုတ်ပေ။]
[ဤကား ကျွန်းကြီးလေးကျွန်း ရှိ- မရှိ ပြဆိုချက်တည်း။]
တတီယအချက် ရှင်းလင်းချက်ပြီး၏။
မြင့်မိုရ်တောင်စသည် ရှိ- မရှိ
ဓူဝံကြယ်အောက်သို့ သင်္ဘောရောက်၍ ယုဂန္ဓိုရ်တောင်ကို မတွေ့၊ မြင့်မိုရ်တောင်ကို မမြင်၊ ထူးဆန်းသည့်အရာ တစ်စုံတစ်ခုမျှမရှိဘဲ၊ ဗေရဂင်ကျွန်းငယ်တစ်ခုသာ ရှိကြဖြစ်၍ သီတာခုနစ်တန်, သတ္တရဘန် တောင်စဉ်ခုနစ်ထပ် အစရှိသော ပိဋကတ်စကားကား ယုံစရာရှိသလော” ဟူသောအချက်၌
“ဓူဝံကြယ်သည် မြင့်မိုရ်တောင်ထိပ် ဝေဇယန္တာပြာဿဒ်၏
ထုပိကာ ငှက်မနား၌ စိုက်ထားသော စိန်ဖူးပေတည်း” ဟူ၍ လောကီ လူပြိန်းတို့ ပျက်ချော်ကြံဆန်း ယုံတမ်းစကား ပြောဆိုရိုးရှိနေသည်ကို ဗုဒ္ဓဘာသာ ကျမ်းဂန်စကား ထင်မှတ်မှား၍ ဓူဝံကြယ်ကို ဦးတည်လေ သတည်း။
ကျွန်းငယ်တို့မည်သည်-- ယူဇနာများစွာ နက်လှစွာသော မဟာ သမုဒြာကြီးထဲမှာ ပေါ်ရှိနိုင်ကြသည် မဟုတ်၊ ထို့ထက် ရေတိမ်ရာ အကွက်အရပ်၌သာ ပေါ်ရှိနိုင်သည်။
ဗေရဂင်ကျွန်းငယ်ကို တွေ့ရှိသည်ဆိုသောကြောင့် မဟာ သမုဒြာခေါ်လောက်သော ယူဇနာများစွာနက်နဲရာသို့ ရောက်ကြသည် မဟုတ်သေး၊ ရောက်အောင်သွားသော်လည်း ရေခဲ၍နေသည့်အတွက် ပျက်စီးခြင်းသို့သာ ရောက်ကြကုန်ရာ၏။
အဘယ့်ကြောင့်နည်းဆိုသော်- နေနှင့် အလွန်ဝေးကွာ လှသော ကြောင့်တည်း။
ထို့ကြောင့် သတ္တရဘန်တောင်စဉ်ခုနစ်ထပ်တွင် ပြင်ဆုံးကျသော အဿကဏ်တောင်ခြေကိုမျှ မရောက်နိုင်ကြကုန်၊ တောင်စဉ်ခုနစ်ထပ် တို့၏ အတွင်းမှာ တည်ရှိသော မြင့်မိုရ်တာင်ကိုမူကား ဆိုဖွယ်မရှိ။ [ဤကား မြင့်မိုရ်တောင်စသည် ရှိ- မရှိ ပြဆိုချက်တည်း။]
အချက်ကြီးလေးပါး ရှင်းလင်းချက်ပြီး၏။
သံဃာချင်း နှိုင်းယှဉ်ချက်
သံဃာချင်းနှိုင်းယှဉ်ချက် အကြောင်းအရာ ၃- ခု၌ သံဃာချင်း ဆိုသော်လည်း ခရစ်ယာန်ဘာသာ၌ သံဃာဟူ၍မရှိ၊ တရားဟော ဆရာကို-ယူ။
ဘာသာဆိုသည်ကား-- အယူဝါဒကိုဆိုသတည်း၊ ထိုအယူဝါဒကို ဗုဒ္ဓဘာသာ၌ “ဒိဋ္ဌိ” ဟု၍ဆို၏၊ ထိုဘာသာများသည်
၁။ သဿတဘာသာ,
၂။ ဥစ္ဆေဒဘာသာ ဟူ၍ ၂-မျိုး။
၃။ ပုဗ္ဗေကတဟေတုဘာသာ,
၄။ ဣဿရနိမ္မာနဘာသာ,
၅။ အဟေတု အပစ္စယဘာသာ ဟူ၍ ၃- မျိုး။
၆။ နိယတမိစ္ဆာဘာသာကြီး ၃-မျိုး။
၇။ အန္တဂ္ဂါဟိကမိစ္ဆာဘာသာ ၁၀- မျိုး။
၈။ ဒသဝတ္ထုကမိစ္ဆာဘာသာ ၁၀- မျိုး။
၉။ အတ္တဂါဟမိစ္ဆာဘာသာမျိုး ၂၀။
၁၀။ ဗြဟ္မဇာလသုတ်၌လာသော မိစ္ဆာဘာသာ ၆၂- မျိုး။
၁၁။ ထိုထိုသုတ္တန်၌လာသော ပါသဏ္ဍဘာသာ ၉၆- မျိုး။
၁၂။ ထိုမှတစ်ပါး ထိုထိုသုတ္တန်တို့၌ စပ်ရာဆိုင်ရာ အမျိုးမျိုး လာသော များစွာသော မိစ္ဆာဘာသာမျိုး။
ဤအလုံးစုံသော ဘာသာတို့သည် အရင်းအမြစ်နှင့်တစ်ကွ ဗုဒ္ဓဘာသာ ကျမ်းရင်းကြီးတို့မှာ အကုန်လာလျက် ရှိကြကုန်၏၊ ဗုဒ္ဓ ဘာသာကျမ်းရင်းကြီးများကို လယ်လယ်ပတ်ပတ် ကောင်းကောင်း တတ်ကုန်သော ဆရာတို့သည် ထိုဘာသာတို့ကို အကုန်သိကြကုန်၏၊ ယခု ကမ္ဘာပေါ်၌ ထင်ရှားသော ဘာသာကြီး ၄-ပါးတို့တွင်
၁။ ပုဏ္ဏားဘာသာ,
၂။ ခရစ်ယာန်ဘာသာ,
၃။ မဟာမက်ဘာသာတို့သည် ဣဿရနိမ္မာနဘာသာ၌ ပါဝင်လေကုန်၏၊ ကမ္ဘာမြေပေါ် နတ်ပြည်, ဗြဟ္မာ ပြည်မှာ ရှိရှိသမျှသော ဘာသာတို့သည် ဗုဒ္ဓဘာသာ ကျမ်းဂန်တို့၌ အကုန်ပါရှိကုန်၏၊ အခေါ်အဝေါ် စကား သံမျှသာ ကွဲကြကုန်၏။
ခရစ်ယာန်ဘာသာကျမ်းဆရာတို့သည်ကား-- ကမ္ဘာမြေပေါ် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့မှာ ဘာသာမျိုးဘယ်မျှ ကွဲပြား ရှိနေကြကုန်သည်ဟု မသိကြကုန်သည်သာမက မိမိတို့စွဲယူကြသော ထာဝရဧကဗုဒ္ဓဘာသာကိုမျှလည်း ဘယ်ဘုံ- ဘယ်ပြည်က စ၍ ဖြစ်သည်ဟူ၍လည်းကောင်း, အဘယ်သက်တန်းဆီက စ၍ဖြစ်သည် ဟူ၍လည်းကောင်း, ကမ္ဘာမြေ ပေါ်မှာ ဘယ်လိုနှံ့ပြား၍ လာသည်ဟူ၍ လည်းကောင်း, ထိုဘာသာရင်း၌ စကားအချက်ပေါင်း ဘယ်မျှရှိသည် ဟူ၍လည်းကောင်း မသိကြလေကုန်။
ခရစ်တော်ပေါ်ပြီးနောက်-- ယုဒပြည်မှစ၍ဖြစ်ပွါးသော အဖျားအနား ကျမ်းစကားများကို အနောက်ပြည်သားတို့မှာ ဘာသာကျမ်းရင်းကြီးထင်မှတ်, လေးမြတ်, ယုံကြည်ကြကုန်၏၊ အဘယ့် ကြောင့်နည်းဟူမူ မိမိတို့တိုင်းပြည် ဒေသ၌ “ မိရိုးဖလာဘာသာ” ဟူ၍ ပြီပြီသသ မရှိဘူးကြလေသောကြောင့်တည်း။
ထို့ကြောင့် ဗုဒ္ဓဘာသာဆရာတို့မှာ ဘာသာကျမ်းစာဟူသော အကြောင်း ကြောင့် နိုင်ငံတစ်ပါးသို့သွား၍ ရှာကြံသင်ကြားဖွယ် ကိစ္စမရှိ။
နောက်စကား ၂-ချက်၌ ဥပမာကိုရှေးဦးစွာပြဆိုအံ့
ဗုဒ္ဓဘာသာဆရာတို့သည်-- အဖိုးထိုက်တန်လှစွာသော ရွှေဘဏ္ဍာ, ငွေဘဏ္ဍာ, ပတ္တမြားစသော ကျောက်မြတ်ရတနာ, ပိုး,ဖဲ,ကတ္တီပါ စသောအထည်မျိုး အဖိုးထိုက် အဖိုးတန်ကြီး ဟူသမျှတို့ကို တိုက်ဆိုင် ကြီး၌ တည်ခင်း၍ရောင်းချသော သူဌေးကုန်သည်ကြီးတို့နှင့် သူကြ ကုန်၏။
တူပုံကား-- ထိုသူဌေး ကုန်သည်ကြီးတို့သည် ကုန်ဟူသော အကြောင်းကြောင့် သူတစ်ပါးတို့ကို မောင်မောင်, ဘဘ နှိမ့်ချဖြားယောင်း ဖွယ်ကိစ္စမရှိ၊ ရပ်သေးရွာသေး ကျေးတောကျေးလက် တိုင်းစွန်ပြည်နား တောသားတောင်သား အရိုင်းအစိုင်းတို့ရှိရာသို့ တစ်ချာချာ လှည့်ပတ် လျက် အရပ်ရပ်အမျိုးမျိုး၌ တစ်ဗျိုးဗျိုး ဟစ်အော် တစ်ကျော်ကျော် အသံပေး၍ ရောင်းချဖွယ်ရာကိစ္စလည်း မရှိ။
တိုက်ဆိုင်ကြီးသို့ ရောက်လာသူကိုပင် လူပုံလူပန်းကိုကြည့်ရှု၍ ဝယ်နိုင်လောက်အောင် လူဟုတ်လူဟတ် လူမြတ်လူပြောင်များကိုမှ စကားချိုသာ လိုရာမေးမြန်း နှုတ်ခွန်းချိုမြ ကုန်ကိုပြ၍ ရောင်းချ ကြလေကုန်၏၊ ဝယ်နိုင်မည့်သူမဟုတ်သော လူယုတ်လူညံ့ လူမသန် တို့ကိုမူကား တိုက်တွင်းသို့ပင်အဝင်မခံ၊ ဒရဝမ်တို့က အမြန်မောင်းနှင် ၍ထုတ်လိုက်ကြကုန်၏။
ခရစ်ယာန်ဘာသာတရားဟောဆရာများသည်-- ရပ်သိမ် ရွာသေးကျေးတော ကျေးလက် ကုန်သည်များနှင့် တူကြကုန်၏၊
တူပုံကား-- ထို ကုန်သည်တို့သည် မြို့ကြီးပြကြီးသို့ ရောက် သော်လည်း အဖိုးထိုက် အဖိုးတန် ကုန်ကောင်း စည်ကောင်း အထည် ကောင်းကို ဝယ်ယူတည်ထားနိုင်ကြသည် မဟုတ်၊ မြို့ကြီးရွာကြီး အရပ်ကြီးနေ ကြက်သရေရှိသူ အပြောင်လူတို့ ရွေးယူကျန်ကြွင်း အဖျင်းအညံ့ မသန့်မသိုး အကျိုးအပဲ့ အရွဲ့အစောင်း အကောင်းမလှ အဖိုးအနည်းအပါးနှင့် များများကြီးရနိုင်သော ကုန်ကျစည်ကျတွေကိုသာ ဝယ်ယူ၍ မိမိရပ်ရွာသို့ရောက်ခါမှ ပေါက်ရာကိုဖာ နာရာကိုဖုံး ကုန်းရာ, ကော့ရာကိုပြင်ဆင် အရည်အရောင် တင်တန်ရာကိုတင် ပြုပြင်ပြီးမှ ရွာသိမ်ရပ်သေး ကျေးတော တောင်တော အရိုင်းတောသို့ သွားရောက် လှည့်လည် တစ်ဗျိုးဗျိုးဟစ်မြည်လျက် ကုန်စည်က ဘန်းမလှသည်နှင့် နှုတ်စလျှာစကို အားထား၍ဖြားဖြားယောင်းယောင်း ဖြောင်းဖြောင်းဖြဖြ ရောင်းရကြကုန်၏။
သူဌေးကုန်သည်ကြီးတို့ကဲ့သို့ ဟန်ရေးပန်ရေးလုပ်ခဲ့လျှင် သင့်ကုန်နုပ်ဗလချာတွေကို ဝယ်သူမှာဝေးလေစွ၊ ခွေးနှင့်ရှူးတိုက်၍ လွှတ်လိုက်ကြကုန်လတံ့။
[ဤဥပမာအတိုင်းသာဖြေလေ။]
(က) “ဗုဒ္ဓဘာသာဆရာတို့မှာ အုန်း, ငှက်ပျောစသော အဖိုးအခ ပေးမှသာ တရားဟောကြကုန်သည်။
(ခ) ခရစ်ယာန်ဘာသာဆရာတို့မှာ အဖိုးအခ မယူမူ၍ မပင့်မဖိတ်ဘဲနှင့်ပင် လှည့်လည်၍ ဟောသည်”-ဟူသောအဓိပ္ပါယ်၌ဗုဒ္ဓဘာသာဆရာတို့မှာ-- ပူဇော်သက္ကာရကို ပြုသည် ဖြစ်စေ, မပြုသည်ဖြစ်စေ, မိမိနေရာသို့ လာရောက် သူတို့အား တတ်အားသမျှ ပြောဟောကြပါကုန်၏၊ ရဟန်းဖြစ်၍ ခွေးတစ်ယောင်းယောင်း ဒုတ်တစ်ချောင်းနှင့် မကောင်းဆိုးဝါး ဝင်ငြားသည့်နဲ အရပ်ထဲသို့ လှည့်လည်၍ကား မဟောကြပေ၊ အရပ်ထဲမှာမူကား လူဖြစ်သူ ဆရာတို့က တတ်အားသမျှ ပြောဟောကြပါ၏။
ခရစ်ယန် ဘာသာတရားဟောဆရာတို့မှာမူကား-- သာသနာပြု ဆရာကြီးတို့က ဝေငှသော တစ်လတစ်လလျှင် အစိတ်စ, ၃၀-စအဖိုးဓန ကူလီခကို မရဘဲ, မယူဘဲ၊ သူတော်စင်သဘော သက်သက်သာ လှည့်လည်၍ဟောသူကို တစ်လူမျှမတွေ့ဘူးပေ။
သံဃာချင်းနှိုင်းယှဉ်ချက်ပြီး၏၊
ကုက္ကုစ္စဒိနိစ္ဆယ
နိဒါန်း
၁၂၅၁- ခုနှစ်ကစ၍ ၅၃-ခုနှစ်အတွင်း မုံရွာ မြို့နယ်, အလုံမြို့နယ်တို့၌နေ့မစဲ ညမစဲ ကုက္ကုစ္စ အငြင်းအခုံ ပွဲကြီးဖြစ်ပွါး၍ သားနှင့်အဘ တပည့်ှနှင့်ဆရာ တကာနှင့်ရဟန်း တစ်ဖက်တစ်လမ်း ခိုက်ရန်ပွဲကြီးဖြစ်မလောက် ရောက်တတ်ရာရာ ပြောကြားနေကြ သည်တွင် ဆရာတော်ဘုရားကြီး ရှင်းလင်းဖြေဆိုသည့်အတွက် ထိုအငြင်းအခုံ ကုက္ကုစ္စခိုက်ရန်ပွွဲကြီး ငြိမ်းစဲသွားဘူးကြောင်း။
ဆရာတော်ဘုရားကြီး ဖြေကြားဆုံးဖြတ်တော်မူချက်ကို နောင်လာနောက်သား ကုက္ကုစ္စအငြင်းသမားများ ကြေလည်စေရန် အဆုံးအဖြတ်တစ်ခု ရေးသားချီးမြှင့်တော်မူပါမည့် အကြောင်းနှင့် ခင်မွန်ကျီကုန်းရွာ တကာ- ငအောင် လျှောက်ချက်အရ ရေးသားဆုံးဖြတ် တော်မူသည်ဖြစ်ပါကြောင်း။
ဦးဝဏ္ဏိတ (ဓမ္မကထိက) မုံရွာ
ကုက္ကုစ္စ၌ ဝိဝါဒဖြစ်ပုံ
ကုက္ကုစ္စစေတသိက်၌
၁။ အချို့သော ဆရာတို့က ကုက္ကုစ္စသည် အတိတ်ဖြစ် သော ဒုစရိုက်, သုစရိုက်တို့ကို အာရုံပြု၍ ၂-ပါး၊ အနာဂတ်ဖြစ်သော ဒုစရိုက်, သုစရိုက်တို့ကို အာရုံပြု၍ ၂-ပါး၊ ဤသို့ ၄-ပါးရှိကြောင်းကို ဟောကြပါသည် တစ်ရပ်။
၂။ အချို့သော ဆရာတို့ကလည်း ကုက္ကုစ္စသည် ပြုခဲ့မိသော ဒုစရိုက်ကို အာရုံပြု၍ဖြစ်သည် ၁-ပါး၊ မပြုခဲ့မိသော ဒုစရိုက်ကို အာရုံပြု၍ဖြစ်သည် ၁-ပါး၊ ပြုခဲ့မိသော သုစရိုက်ကို အာရုံပြု၍ဖြစ်သည် ၁-ပါး၊ ဤသို့လျှင် အတိတ်ကို အာရုံပြု၍ပင် ၄-ပါး ဖြစ်သင့်ကြောင်းကို ဟောကြားပါသည် တစ်ရပ်။
၃။ အချို့သော ဆရာတို့ကလည်းပြုခဲ့မိသော ဒုစရိုက်ကို အာရုံပြု၍ဖြစ်သည် ၁-ပါး၊ မပြုခဲ့မိသော သုစရိုက် ကိုအာရုံပြု၍ ဖြစ်သည် ၁-ပါး၊ ဤသို့လျှင် ကုက္ကုစ္စသည် အတိတ်ကို အာရုံပြု၍ ၂-ပါးသာ အမှန်ဖြစ်သည်ဟု ဟော ကြားပါသည် တစ်ရပ်။
ဤ ၃-ရပ်တွင် အဘယ်စကားသည် တရားကျမ်းဂန်တို့နှင့် ညီညွတ်ပါသနည်းဟု ကျီကုန်းရွာသို့ ၁၂၅၃-ခု တန်ခူးလ္ဆန်းတွင် လာရောက်စဉ်တစ်ကြိမ်, ၎င်းလပြည့်ကျော်တွင် လာရောက်စဉ်တစ်ကြိမ်, တကာ ငအောင်သည် ကြောင်ထမင်းတောင်းသကဲ့သို့ မနေကောင်း, မထိုင်သာ အပူရှာသောကြောင့် နောက်တစ်ခါရောက်ရမူ ကုက္ကုစ္စ စကားနှင့် နားပူခွင့်မရှိရအောင် ပါဠိအဋ္ဌကထာတို့ကို သေချာစွာ ထုတ်ပြရှင်းလင်း၍ ခပ်တင်းတင်း ဆုံးဖြတ်လိုက်အံ့။
ဆရာတော်ကြီးဆုံးဖြတ်တော်မူချက်
ကုက္ကုစ္စတရား လေးပါးဖြစ်အောင် ကြံဖန်၍ပြောကြသော ပဌမဆရာ- ဒုတီယဆရာတို့သည် ဝိနည်း-သုတ္တန်- အဘိဓမ္မာ ပါဠိတော် ရင်း, အဋ္ဌကထာရင်းများကို အစဉ်အစားမရှိဘဲ ထင်မိထင်ရာ ယုတ္တိရှာ၍ တော်ကာလျော်ကာ ပြောဟောကြသော သူများပေတည်း။
ကုက္ကုစ္စတရားကို ၄-ပါးပြု၍ပြောဟောရန်ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်ဂန်အဆို တစ်တိုတစ်စမျှ မရှိ၊ အတိတ်ဖြစ်သော ဒုစရိုက်, သုစရိုက်နှစ်ပါးကို အကြောင်းပြု၍ ကုက္ကုစ္စတရားနှစ်ပါးသာ အမှန်ရှိ ကြောင်းကိုကား ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းဂန် အလွန်ပေါများပါ၏၊ ထင်ရှားရာကိုသာ ရွေးကောက်ထုတ်ဖော်၍ ပြလိုက်ပေအံ့။
ကထံ ဟိ ဒွီဟိ ကာရဏေဟိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ ကတတ္တာစ အကတတ္တာစ
၁။ ကတံ မေ ကာယဒုစ္စရိတံ၊ အကတံ မေ ကာယသုစရိတန္တိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၂။ ကတံ မေ ဝစီဒုစ္စရိတံ၊ အကတံ မေ ဝစီသုစရိတန္တိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၃။ ကတံ မေ မနောဒုစ္စရိတံ၊ အကတံ မေ မနောသုစရတန္တိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၄။ ကတော မေ ပါဏာတိပါတော၊ အကတာ မေ ပါဏာတိပါတာ ဝေရမဏီတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၅။ ကတံ မေ အဒိန္နာဒါနံ၊ အကတာ မေ အဒိန္နာဒါနာ ဝေရမဏီတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၆။ ကတော မေ ကာမေသုမိစ္ဆာစာရော၊ အကတာ မေ ကာမေသုမိစ္ဆာစာရာ ဝေရမဏီတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၇။ ကတော မေ မုသာဝါဒေါ၊ အကတာ မေ မုသာဝါဒါ ဝေရမဏီတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၈။ ကတာ မေ ပိသုဝါစာ၊ အကတာ မေ ပိသုဏာယ ဝါစာယ ဝေရမဏီတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၉။ ကတာ မေ ဖရုသဝါစာ၊ အကတာ မေ ဖရုသာယ ဝါစယာ ဝေရမဏီတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၁၀။ ကတော မေ သမ္ဖပ္ပလာပေါ၊ အကတာ မေ သမ္ဖပ္ပလာပါ ဝေရမဏီတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၁၁။ ကတာ မေ အဘိဇ္ဈာ၊ အကတာ မေ အနဘိဇ္ဈာတိ ဝေရမဏီတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၁၂။ ကတော မေ ဗျာပါဒေါ၊ အကတော မေ အဗျာပါဒေါတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
၁၃။ ကတာ မေ မိစ္ဆာဒိဋ္ဌိ၊ အကတာ မေ သမ္မာဒိဋ္ဌီတိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
ဧဝံ ကတတ္တာစ အကတတ္တာစ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ။
[မဟာနိဒ္ဒေသ ပါရာယနဝဂ် ဥဒယပဥှာအဖွင့်ပါဠိတော်]
[ကုက္ကုစ္စ-ပုဒ်၏နောက်၌ “စေတသော ဝိပ္ပဋိသာရော, မနောဝိလေခေါ”ဟူသော
ကုက္ကုစ္စပရိယာယ် (၂ ) ပုဒ်ကို ရှုပ်အံ့ထင်၍ မထည့်လိုက်ပေသည်။]
အနက်ကား-- ကတတ္တာစ=ပြုအပ်ပြီးသော မကောင်းမှု အတွက်ကြောင့်လည်းကောင်း၊ အကတတ္တာစ=မပြုခဲ့မိသော ကောင်းမှု အတွက်ကြောင့်လည်းကောင်း၊ ဣတိ=ဤသို့၊ ဒွီဟိ ကာရဏေဟိ= အကြောင်းနှစ်ပါးတို့ကြောင့်၊ ကုက္ကုစ္စံ=ကုက္ကုစ္စသည်၊ ကထံ ဥပ္ပဇ္ဇတိ= အဘယ်သို့ဖြစ်သနည်း။
၁။ မေ= ငါသည်၊ ကာယဒုစ္စရိတံ= ကာယဒုစရိုက်အမှုကို၊ ကတံ=ပြုခဲ့မိ၏၊ မေ=ငါသည်၊ ကာယသုစရိတံ= ကာယသုစရိုက်အမှုကို၊ အကတံ=မပြုခဲ့မိ၊ ဣတိ= ဤသို့၊ ကုက္ကုစ္စံ=ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။
၂။ မေ=ငါသည်၊ ဝစီဒုစ္စရိတံ=ဝစီဒုစရိုက်အမှုကို၊ ကတံ= ပြုခဲ့မိ၏၊ မေ=ငါသည်၊ ဝစီသုစရိတ=ဝစီသုစရိုက် အမှုကို၊ အကတံ=မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စံ= ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။
၃။ မေ= ငါသည်၊ မနောဒုစ္စရိတံ= မနောဒုစ္စရိုက်အမှုကို၊ ကတံ=ပြုခဲ့မိ၏၊ မနောသုစရိတံ=မနောသုစရိုက် အမှုကို၊ အကတံ=မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စံ= ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။
၄။ မေ=ငါသည်၊ ပါဏာတိပါတော=သူ့အသက်သတ်ခြင်း အမှုကို၊ ကတော=ပြုခဲ့မိ၏၊ မေ=ငါသည်၊ ပါဏာ တိပါတာဝေရမဏိ=သူ့အသက်သတ်ခြင်းမှ ရှောင် ကြဉ်ခြင်းအမှုကို၊ အကတာ=မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စံ=ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။
၅။ မေ=ငါသည်၊ အဒိန္နာဒါနံ=သူ့ဥစ္စာခိုးခြင်းအမှုကို၊ ကတံ= ပြုခဲ့မိ၏၊ မေ=ငါသည်၊ အဒိန္နာဒါနာဝေရမဏိ= သူ့ဥစ္စာကိုခိုးခြင်းမှ ရှောင်ကြဉ်ခြင်းအမှုကို၊ အကတာ= မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စံ= ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ= ဖြစ်၏၊ ၁-စုံ။
၆။ မေ=ငါသည်၊ ကာမေသုမိစ္ဆာစာရော=သူ့အိမ်ရာ ပြစ်မှားခြင်း အမှုကို၊ ကတော=ပြုခဲ့မိ၏၊ မေ=ငါသည်၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ=သူ့အိမ်ရာပြစ်မှား ခြင်းမှ ရှောင်ကြဉ်ခြင်းအမှုကို၊ အကတာ=မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စံ= ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။
၇။ မေ=ငါသည်၊ မုသာဝါဒေါ=လိမ်လည်ပြောဆိုခြင်း အမှုကို၊ ကတော= ပြုခဲ့မိ၏၊ မေ= ငါသည်၊ မုသာဝါဒါ ဝေရမဏိ=လိမ်လည်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း အမှုကို၊ အကတာ=မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စံ= ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ= ဖြစ်၏၊ ၁-စုံ။
၈။ မေ=ငါသည်၊ ပိသုဏဝါစာ=ကုန်းတိုက်ခြင်းအမှုကို၊ ကတာ=ပြုခဲ့မိ၏၊ မေ=ငါသည်၊ ပိသုဏာယ ဝါစာယ ဝေရမဏိ=ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်းအမှုကို၊ အကတာ=မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စ သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။
၉။ မေ=ငါသည်၊ ဖရုသဝါစာ= ကြမ်းတမ်းစွာ ပြောဆိုခြင်း အမှုကို၊ ကတာ=ပြုခဲ့မိ၏၊ မေ=ငါသည်၊ ဖရုသာယ ဝါစယာ ဝေရမဏိ=ကြမ်းတမ်းစွာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းအမှုကို၊ အကတာ=မပြုခဲ့မိ၊ ဣတိ= ဤသို့၊ ကုက္ကုစ္စံ=ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။
၁၀။ မေ=ငါသည်၊ သမ္ဖပ္ပလာပေါ=အပြိန်အဖျင်းပြော ဆိုခြင်းအမှုကို၊ ကတော=ပြုခဲ့မိ၏၊ မေ=ငါသည်၊ သမ္ဖပ္ပလာပါ ဝေရမဏိ= အပြိန်အဖျင်း ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းအမှုကို၊ အကတာ=မပြုခဲ့မိ၊ ဣတိ= ဤသို့၊ ကုက္ကုစ္စံ=ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။
၁၁။ မေ=ငါသည်၊ အဘိဇ္ဈာ=သူ့ဥစ္စာကို ရှေးရှုကြံစည်ခြင်း အမှုကို၊ ကတာ=ပြုခဲ့မိ၏၊ မေ=ငါသည်၊ အနဘိဇ္ဈာ= သူ့ဥစ္စာကို ရှေးရှုမကြံစည်ခြင်းအမှုကို၊ အကတာ= မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စံ=ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ= ဖြစ်၏၊ ၁-စုံ။
၁၂။ မေ=ငါသည်၊ ဗျာပါဒေါ=သူ့ကိုပျက်စီးစေလိုခြင်း အမှုကို၊ ကတော=ပြုခဲ့မိ၏၊ မေ=ငါသည်၊ အဗျာပါဒေါ= သူ့ကိုမပျက်စီးစေလိုခြင်း အမှုကို၊ အကတော= မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စံ=ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။
၁၃။ မေ=ငါသည်၊ မိစ္ဆာဒိဋ္ဌိ=ဖောက်ပြန်စွာယူခြင်းအမှုကို၊ ကတာ=ပြုမိခဲ့၏၊ မေ=ငါသည်၊ သမ္မာဒိဋ္ဌိ=မှန်ကန်စွာ ယူခြင်းအမှုကို၊ အကတာ=မပြုခဲ့မိ၊ ဣတိ=ဤသို့၊ ကုက္ကုစ္စံ=ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ၁-စုံ။ ဧဝံ=ဤသို့၊ ကတတ္တာစ=ပြုအပ်ပြီးသော မကောင်းမှုအတွက်ကြောင့်လည်းကောင်း၊ အကတတ္တာစ=မပြုခဲ့မိသော ကောင်းမှုအတွက် ကြောင့်လည်းကောင်း၊ ကုက္ကုစ္စံ=ကုက္ကုစ္စသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ [အစုံပေါင်း ၁၃-ခု။]
ဤအစုံပေါင်း ၁၃-ခုတို့၌-- ကတနှင့်ဒုစရိုက်ဆယ်ပါး, အကတနှင့် သုစရိုက်ဆယ်ပါးကို ဖက်စပ်၍ ဟောတော်မူသော ဤ ပါဠိတော်ကြီးကို မူရင်းလက်ကိုင်ပြု၍ အရပ်ရပ် အဋ္ဌကထာ, ဋီကာ ကျမ်းဂန်တို့၌ ကတနှင့် ဒုစရိုက်ဆယ်ပါး, အကတနှင့် သုစရိုက်ဆယ်ပါးကို ဖက်စပ်၍ တစ်ထပ်တစ်သံတည်း ဖွင့်ရိုးပြုကြကုန်သည်။
သင်္ဂြီုဟ်ဂဏ္ဌိသစ်မှာမူကား-- ကျမ်းဂန်မနှံ့မစပ်မီ ငယ်စဉ်က ရေးသော ကျမ်းဂန်ဖြစ်ပေ၍ အတိမ်းအပါး များစွာရှိသည်တွင် ကုက္ကုစ္စတရားကို ၄-ပါးပြုခြင်းသည်လည်း တိမ်းပါးခြင်းတစ်ချက်ပင်ဟု ပညာရှိကြီးတို့ ပြောစမှတ်ရှိကြသည်။
မာတိကာအကောက်ကို အထောက်အထားပြု၍ အနာဂတ်လျှင် အာရုံရှိသော ကုက္ကုစ္စနှစ်ပါးကို ပြောဆိုခြင်း များသည်လည်း သုတ္တန်အဘိဓမ္မာပါဠိတော်ရင်း, အဋ္ဌကထာရင်းများကို နိုင်နင်းသောဉာဏ် စွမ်းသတ္တိမရှိသည်နှင့် မာတိကာ အကောက်နှယ်များကို တကယ်ကိုးစား လောက်သည်ထင်ရသော သူတို့စကားသာတည်း၊ ၎င်းမာတိကာ အကောက်၌ ပြိုးပြောက်ကြီး အတိမ်းအပါးပါသည်ကို ထိုသူတို့မသိကြ။
ကုက္ကုစ္စမှာ အနာဂတ်အာရုံနှင့်မဆိုင်
ကုက္ကုစ္စတရား၏ အနာဂတ်အာရုံနှင့်မဆိုင်သည်ကို ဆိုလိုက် ပေအံ့။
ကုစ္ဆိတံ=ကဲ့ရဲ့အပ်သော၊ ကတံ=လွန်ပြီးသောအမှုတည်း၊ ကုကတံ= ကဲ့ရဲ့အပ်သောအမှုလွန်။
[အတိတ်၌စီရင်သော တ-ပစ္စည်း၏ အနက်သွားကို ထင်ရှားစေ ခြင်းငှါ လွန်ပြီးသောဟု အနက်ဖော်လိုက်ပေသည်။]
၁။ ကျူးလွန်ပြီးသော ဒုစရိုက်မှုသည်လည်း ကဲ့ရဲ့ဖွယ်သော အမှုလွန်တစ်ခု,
၂။ ပမာဒတရားကိုလိုက်စား၍ အခါလွန်ခြင်း အမှုသည် လည်း ကဲ့ရဲ့ဖွယ်သောအမှုလွန်တစ်ခု
ဤနှစ်ခုကို ကုကတဆိုသည်။
ရှေးအခါ၌ ဤကုကတ ၂-ခုကို ပြုကျင့်လိုက်စားပြီး၍ ဤဘဝ တွင် နောက်အခါ၌သော်လည်းကောင်း, အပါယ်သို့ရောက်၍ ဒုက္ခ တွေ့သောနောက်ဘဝ၌သော်လည်းကောင်း ငါမိုက်ခဲ့မိလေခြင်း, ငါမှားခဲ့ မိလေခြင်း, ငါမေ့ခဲ့မိလေခြင်းဟု တညည်းညည်းတညူညူ နှလုံးပူခြင်းသည် ကုက္ကုစ္စမည်၏။
ထို့ကြောင့် အဋ္ဌသာလိနီ၌
ကတေ ဝီတိက္ကမေ နိဋ္ဌိတေ ဝတ္ထုဇ္ဈစာရေ ပုန သဉ္ဇာ တသတိနော ဒုဌု မယာ ကတန္တိ ဧဝံ အနုတပ္ပမာနဿ ပစ္ဆာနုတာပဝသေနေတံ ဥပ္ပဇ္ဇတိ
ဟူ၍ဆိုပေသည်။ဝီတိက္ကမေ=လွန်ကျူးခြင်ကို၊ ကတေ=ပြုပြီးသော်ရှိသော်၊ ဝတ္ထုဇ္ဈာစာရေ=အမှုကိုလွန်ကျူးခြင်းကိစ္စသည်၊ နိဋ္ဌိတေ=ပြီးပြီး သော်ရှိသော်၊ ပုနသဉ္ဇာတသတိနော=တဖန်နောက်မှသတိရသည်ဖြစ်၍၊ မယာကတံ=ငါပြုခဲ့သော အမှုသည်၊ ဒုဋ္ဌု=မကောင်းရှာလေ၊ ဣတိ=ဤသို့၊ အနုတပ္ပမာနဿ=တညည်းညူညူ နှလုံးပူသောသူအား၊ ပစ္ဆာနုတာပ ဝသေန=ပမာဒတရားကို လိုက်စား၍သာ အခါလွန်ပြီးသည်မှ နောက် ကာလ၌ နောင်တဖန် ပူပန်ယူတ-ခြင်း၏အစွမ်းဖြင့်၊ ဧတံ=ဤကုက္ကုစ္စ သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏။
ဤအဋ္ဌကထာ၌။။ “နိဋ္ဌိတေ ဝတ္ထုဇ္ဈစာရေ” နှင့် “ပစ္ဆာနုတာပ ဝသေန၌ ပစ္ဆာသဒ္ဒါ “ များကိုသတိထားကြပါလျှင် ကုကတမည်သော ပမာဒတရား၂-ပါးကိုလိုက်စားမှု ပြီးပြီးသောနောက်မှ ကုက္ကုစ္စ တရား ဖြစ်ပွါးပေသည်ဟု ထင်ရှားပေလတံ့။
ကျမ်းဂန်တကာ၌ပင်။။ ကုက္ကုစ္စလက္ခဏာကိုဆိုကြရာ ပစ္ဆာသဒ္ဒါနှင့်တကွ “ပစ္ဆာနုတာပလက္ခဏံ ကုက္ကုစ္စံ” ဟုဆိုရိုးပြုကြပေသည်၊ ကုက္ကုစ္စ၏အာရုံဖြစ်သော ကုကတမှုက အတိတ်နေရမည်၊ အာရမ္မဏိက ဖြစ်သော ကုက္ကုစ္စ ထိုအမှုမှ နောက်ကြရမည်ဟူသော အနက်မှန်ကို ထိုပစ္ဆာသဒ္ဒါနှင့်ပင် သိသာလှပါ၏။
[ဤစကားရပ်ဖြင့် အနာဂတ်ဖြစ်သော ဒုစရိုက်မှု, သုစရိုက်မှု များကိုလည်း အာရုံပြု၍ ကုက္ကုစ္စတရား ဖြစ်ပွါးပါသေး၏ဟု ပြောကြသော စကားကို တရားကျမ်းဂန်နှင့် အသေသတ်လိုက်သည်။]
စစ်တမ်းထုတ်၍ ပြဆိုချက်
ယခုအခါ “ ဒွီဟိ ကာရဏေဟိ ကုက္ကုစ္စံ “ ဟူသော ပါဠိတော် မြတ်နှင့်အညီ ကုကတတရား ၂-ပါးသာရှိကြောင်း, ကုကတမှုကို အာရုံပြု၍ ဖြစ်ရခြင်းကြောင့် ကုက္ကုစ္စခေါ်ရသောတရားလည်း ၂-ပါး သာရှိကြောင်း, စိတ်နှလုံးပူပန်တိုင်း ပူပန်တိုင်းတို့ကို ကုက္ကုစ္စချည်းမဆို သင့်ကြောင်းများကို ထင်ရှားအောင်စစ်တမ်းထုတ်၍ ပြလိုက်ပေအံ့။
ကုကတတရား ၂-ပါးသာရှိပုံ
ကုစ္ဆိတံ=ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ကဲ့ရဲ့အပ်သော၊ ကတံ=အမူအရာတည်း၊ ကုကတံ=ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ကဲ့ရဲ့အပ်သောအမူအရာ၊ ဟူသည်နှင့် အညီ-
လောက၌ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် စက်ဆုပ်အပ်, ကဲ့ရဲ့အပ်သည်ဖြစ်၍ ကုကတခေါ်ရသော ပမာဒတရား သည် ကုသိုလ်ကောင်းမှု၌မေ့လျော့ခြင်း ၁-ပါး, အကုသိုလ်မကောင်းမှုကို ပြုခြင်း ၁-ပါးဟူ၍ ၂-ပါးသာရှိသည်။
၁။ ဤလောက၌ သတ္တဝါတို့သဘောသည် အကြင်မျှ လောက်သော ကာလပတ်လုံး ပမာဒတရား၌ အပြစ်ကိုကောင်းကောင်း မမြင်နိုင်သေး၊ အပ္ပမာဒတရား၌ အကျိုးအာနိသင်ကိုလည်းမမြင်, မသိနိုင်သေး၊ ထိုမျှလောက်သောကာလပတ်လုံး ကုသိုလ်ကောင်းမှု အရာ၌ မေ့လျော့ခြင်းဟူသော ကုကတပမာဒတရား တစ်ပါး။
အကုသိုလ်မကောင်းမှုအရာ၌ လိုက်စားပြုလုပ်ခြင်းဟူသော ကုကတပမာဒတရား တစ်ပါး။
[ဤကုကတပမာဒတရားနှစ်ပါးနှင့်သာ နေ့, ရက်, လ, နှစ်ကုန်မြဲတည်း။]
ကုက္ကုစ္စလည်း ၂-ပါးသာရှိပုံ
ထိုသူတို့အား နောက်ကာလသို့ရောက်၍ အကြင်အခါ၌ ပမာဒ တရား၏အပြစ်, အပမဒတရား၏ အကျိုးတို့ကို ကြားနာ, သိမြတ် လေးမြတ်စွာ ယုံကြည်ခြင်းဖြစ်လာ၏၊ ထိုအခါသို့ရောက်မှ၁။ မိမိပြုခဲ့ဘူးသော မကောင်းမှု ကုကတတစ်စုကိုလည်း ပြန်၍ နုတ်ခြင်းငှါ, ပြန်၍ဖြစ်ခြင်းငှါ မတတ်ကောင်းသည်ကိုလည်း ကောင်း,
၂။ ကုသိုလ်ကောင်းမှုနှင့်ကင်း၍ အချည်းနှီးသက်သက် ကုန်ခဲ့, လွန်ခဲ့, မေ့လျော့ပေါ့စားခဲ့သော နှစ်, လ, နေ့, ရက်, အသက် အရွယ် တွေကိုလည်း ပြန်၍ ကောင်းမှုကုသိုလ် ဖြည့်သော နေ့ကောင်း, ရက်ကောင်း, အသက်အရွယ် ကောင်းဖြစ်၍ ကုန်အောင်ပြင်ဆင်ခြင်းငှါ မတတ်ကောင်းသည်ကို လည်းကောင်း,
သေသည်မှနောက်ကာလ၌ ကုသိုလ်ရိက္ခာမပါခြင်းကြောင့် ဆင်းရဲပင်ပန်းတော့မည်၊ ပြုခဲ့မိသော မကောင်းမှုစုကြောင့် အပါယ်၌ အခါခါနစ်ရတော့မည့် အလားကိုလည်းကောင်း, အမှတ်ရတိုင်း အမှတ်ရ တိုင်း လွန်ခဲ့ပြီးသော ကုကတ ပမာဒတရား နှစ်ဖက်ကို အာရုံပြု၍ ကုက္ကုစ္စ တရားဖြစ်ပွါးလေသတည်း။
ကုက္ကုစ္စဖြစ်တတ်သောအခါ
ထိုကုက္ကုစ္စသည်-- ရှေ့သို့ကောင်းမှုပြုခွင့် ရသေးသော အရွယ်၌ တည်သောသူအား အားကြီးစွာ မဖြစ်လာသေး၊ ဖျောက်ဖျက် နိုင်သေး၏၊ သောတာပန်များဖြစ်အောင် တတ်နိုင်ပေမူကား အကြွင်းမဲ့ ပျောက်လေ တော့သည်၊ စည်းစိမ်ချမ်းသာ ခံစားစံစားပျော်ပါးမှုဖုံးလွှမ်း၍ နေပြန်လျှင် လည်း အဖြစ်နည်း၏၊ သေခါနီး၌မူကား တောင်ကြီးဖိသကဲ့သို့ ဖိ၍လာ တတ်၏။
ရှေးဘဝက ကုသိုလ်ကောင်းမှု၌ မေ့လျော့ခဲ့ပုံ, မကောင်းမှုကို ပြုခဲ့ပုံများကို မြင်နိုင်သော ငရဲဘဝ, ပြိတ္တာဘဝ, အသူရကာယ်ဘဝသို့ ရောက်သောအခါ၌မူကား ရူပကာယတစ်ကောင်လုံးမှာ ငရဲမီး, ပြိတ္တာမီး, အသုရကာယ်မီးသည် တဟုန်းဟုန်းစွဲ၍ အမြဲတောက်လောင်၏၊ စိတ်, စေတသိက်တည်းဟူသော နာမကာယ တစ်ကောင်လုံးမှာ ရှေးဘဝ၌ ကောင်းမှုတရားကို မေ့ခဲ့မိလေခြင်း, မကောင်းမှုတရားကို ပြုမိခဲ့ လေခြင်းဟူ၍ ဖြစ်သောကုက္ကုစ္စသည် တဟုန်းဟုန်းစွဲ၍ အမြဲတောက် လောင်၏။
[ဤသို့လျှင် ကုကတဟုဆိုအပ်သော ပမာဒတရားတို့သည်လည်း နှစ်ပါး သာရှိသည်၊ ထိုကုကတကို အာရုံပြု၍ ပူပန်ခြင်းကြောင့် ကုက္ကုစ္စခေါ်ရသော တရားသည် လည်း နှစ်ပါးသာရှိပေသတည်းဟု နေရာတကျ မှတ်ရမည်။]
စိတ်ပူပန်တိုင်း ကုက္ကုစ္စမဟုတ်ပုံ
ဂဏ္ဌိသစ်ဆရာတော်အယူ၌-
၁။ ငွေတစ်ရာ, တစ်ထောင်ရှိသော သူသည် အချန်မရှိ အကုန် လှူမိ၍ နောက်၌လည်းရှာကြံမရ ဒုက္ခကြီးစွာ ပင်ပန်း၍ နေသောအခါ ငါသည် အလှူပေးမိလေခြင်း, အကုန်လှူမိလေခြင်းဟုပူပန်၏၊ ထိုသို့ ပူပန်ခြင်းသည် ကုက္ကုစ္စပင်ဟူလို၏၊ အကုန်လှူခဲ့သောဒါနမှုသည် ဘုရားအစရှိသော အရိယာသူမြတ်တို့ စက်ဆုပ်ကဲ့ရဲ့အပ်သော ကုကတပမာဒမှု မဟုတ်ပေရကား ထိုအမှုကို ကုက္ကုစ္စမဆိုရ၊ ကုက္ကုစ္စမဟုတ်၊ တစ်ရပ်။
၂။ လမ်းသွားရာ မြွေကိုမြင်၍ မသတ်ကောင်းဟု ရှောင်ကွင်း ၍သွားလေရာ နောက်မှလိုက်လာသော ချစ်လှစွာသောသားကို ထို မြွေကိုက်၍သေလေ၏၊ ထိုအခါ ငါရှောင်မိခဲ့သည်မှာ မှားလေစွဟု ပူပန်ခြင်းသည်လည်း ကုက္ကုစ္စပင် ဟူလို၏၊ ရှောင်ခဲ့သောအမှုသည် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကဲ့ရဲ့အပ်သော ကုကတပမာဒမှုပင် မဟုတ်ရကား ထိုပူပန်ခြင်းကိုလည်း ကုက္ကုစ္စမဆိုရ၊ ကုက္ကုစ္စပင် မဟုတ်၊ တစ်ရပ်။
၃။ ရဟန်းမဟုတ်သော ဒုဿီလပုဂ္ဂိုလ်ကြီးကို သီလဝန္တကြီး ထင်မှတ်၍ တစ်ရာတန်, တစ်ထောင်တန်လှူ၏၊ လှူပြီးလျှင်ပင် ရဟန်း မဟုတ်၊ ဒုဿီလ, အလဇ္ဇီဟု ထင်ရှားလာ၏၊ ထိုအခါ ငါလှူမိလေခြင်းဟု ပူပန်ခြင်းဖြစ်တတ်၏၊ ထိုအမှုသည် သက်သက်သော သဒ္ဓါစိတ်နှင့် လှူသည်ဖြစ်၍ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကဲ့ရဲ့အပ်, စက်ဆုပ်အပ်သော အမှုပင်မဟုတ်ရကား ကုက္ကုစ္စမဟုတ်။
စောဒနာဖွယ်
ဤစကား၌ “ဒုဿီလ, အလဇ္ဇီအား လှူမိသောအမှုကို ဘုရား မကဲ့ရဲ့” ဟူရာ၌-
အဘဲ့ကြောင့် ဘုရားမကဲ့ရဲ့ ရှိပါသနည်း၊ “ဝိစေယျ ဒါနံ ဒါတဗ္ဗံ” စသည်ဖြင့် သီလဝန္တပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူရာသည်, သိလဝန္တပုဂ္ဂိုလ်ကိုလှူမှသာ အကျိုးကြီးမြတ်သည်, ဒက္ခိဏ ဝိသုဒ္ဓိဂုဏ်မရှိသော ဒုဿီလပုဂ္ဂိုလ်ကိုလှူ၍ အကျိုးမရှိဟု ဟောတော်မူသဖြင့် ဒုဿီလပုဂ္ဂိုလ်ကို လှူသောအလှူများကို ဘုရားကဲ့ရဲ့တော်မူသည်ပင် မဟုတ်ပါလော-စောဒနာရန်ရှိ၏။
လောက၌ စွန့်ကြဲပေးလှူသည်ကို ခံယူသုံးစွဲခွင့် ရှိသောသုသီလ, ဒုဿီလမရွေး တစ်ကျိပ်လေးယောက်သော ပုဂ္ဂလိကအလှူခံတို့ကို အကျိုးအသီးသီးနှင့်တကွ ဟောတော် မူသဖြင့်ပင် ဒုဿီလပုဂ္ဂိုလ်ကို ကုသိုလ်ဖြစ် ပေးလှူခြင်းများ သည်ဘုရား ကဲ့ရဲ့သည်မဟုတ်၊ ခွင့်ပြုတော်မူသေးသည်ဖြစ်၏၊ သို့ရာတွင် အလှူခံပုဂ္ဂိုလ် အယုတ်အမြတ် နှစ်ပါးရှိရာ၌ အမြတ် အားလှူဒါန်းသည်ကို အထူးချီးမွမ်းတော်မူလို၍ “ဝိစေယျ ဒါနံ တဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ” ဟု ဟောတော်မူပြန်သည်။
ထို့ကြောင့် ဒုဿီလပုဂ္ဂိုလ်ကို လှူသောအလှူများကို ကဲ့ရဲ့ပစ်ပယ်တော်မူသည် မဟုတ်ပေရကား ထိုအလှူသည် ကုက္ကုစ္စဖြစ်ထိုက်သော ကုကတအမှုမဟုတ်ပေ-ဖြေရန်တစ်ရပ်။
၄။ တစ်ရာငွေ, တစ်ထောင်ငွေကို ရေစက်ချ၍ တစ်ယောက် သောသူအား လှူရန်ကိစ္စနှင့် အပ်ပေ၏၊ နောက် ထိုသူ၏ မသင့်မတင့် အခွင့်ကိုသိရမြင်ရ၍ အလှူကိစ္စ မထမြောက်ဘဲ ရှိမည်ကို ပူပန်ခြင်း, မထမောက်ပြီဟု စိတ်ချရ၍ ထိုသူအားပေးမိလေခြင်းဟု ပူပန်ရာ များ၌လည်း ရေစက်ချ၍ လှူခဲ့ရင်းအမှုသည် ဘုရားကဲ့ရဲ့အပ်သော ပမာဒ ဓမ္မမှု မဟုတ်ပေသောကြောင့် ထိုပူပန်ခြင်းများကို ကုက္ကုစ္စမဆိုရ။
ဤသို့စသည်ဖြင့် အမှုရင်းကိုကမူ ပမာဒမှုမဟုတ်၊ အပ္ပမာဒအမှု အစစ်ဖြစ်လျက်နှင့် နှလုံးမသာယာဖွယ်သော အခွင့်တွေခြံရံဝန်းဝိုင်း၍ နေသောကြောင့် စိတ်ပူပန်ခြင်း ဖြစ်ကြသောအခါ အမှုရင်းပါရော၍ မြည်တမ်းကြမြဲဖြစ်သည်၊ ပူပန်မြည်တမ်းတိုင်း ကုက္ကုစ္စချည်း မမှတ်လင့်။
အမှုရင်းကိုသာ နာနာစစ်ဆေး၍ ဘုရားအစရှိသော အရိယာ သူမြတ်တို့ကဲ့ရဲ့အပ်, စက်ဆုပ်အပ်သော မာဒဓမ္မမှုမှန်၏လော, မမှန်လော ဟုကြည့်၊ မှန်ပေလျှင် ထိုမှုသည် ကုကတမှန်ပေပြီ၊ ထိုအမှုကို အာရုံပြု၍ နောင်တတစ်ဖန် ပူပန်ခြင်းသည်လည်း ကုက္ကုစ္စမှန်ပေပြီ၊ အမှုရင်းကမူ ကုကတမှု, ပမဒမှု မဟုတ်ပါဘဲနှင့် စိတ်တိုင်းကျမဖြစ်ရ၍ စိတ်မကြေ နိုင်သည်များကို ကုက္ကုစ္စ မဆိုပေနှင့်။
ဤငါတို့ ဘုရားသာသနာမှ ခရစ်ယာန်ဘာသာသို့ ဝင်ကြသော သူတို့အား ကြေးငွေပိုက်ဆံများ အကုန်ခံ၍ ပြုခဲ့သော ကုသိုလ်မှုများကို အာရုံပြု၍ ကျောင်းဆောက်ခဲ့မိသည်မှာ မှားလေစွ, ဘုရားတည်ခဲ့ မိသည်မှာ မှားလေစွဟု ညည်းညူခြင်းများသည် မိစ္ဆာသညာဖြင့် ကုန်ခဲ့သော ပစ္စည်းဥစ္စာများကို နှစ်မြောလှ၍ မြည်တမ်းခြင်းသာ ဖြစ်သည်၊ ငါသည် ကျောင်းဆောက်ခဲ့, ဘုရားတည်ခဲ့မိသော အမှုကြောင့် သေသည်၏ နောက်ကာလ၌ ကြီးစွာသော ဆင်းရဲအမျိုးမျိုး မကောင်း ကျိုးတို့ကို ခံရတော့မည်ဟု ပူပန်၍ မြည်တမ်းခြင်းပင် မဟုတ်။
[အတိတ်ကာလ၌ စစ်ဆေးပုံနည်းပြချက် ပြီး၏]
အနာဂတ်ကာလ၌ စစ်ဆေးပုံနည်းပြချက် နောက်အနာဂတ်၌ ပြုလတံ့သော ဒုစရိုက်, မပြုလတံ့သော သုစရိုက်များကိုမြော်၍ ပူပန်ခြင်းအမှုသည် ကုက္ကုစ္စမဟုတ်၊ အနာဂတ်၌ ဒုစရိုက်မှုသည် ပြုပြီးသောဒုစရိုက်မှုကဲ့သို့ ပြုပြင်၍မရကောင်းသော အမှုလွန်မဟုတ်သေး၊ အလွန်ဆုံးအားဖြင့် အသက်ကိုစွန့်၍ ရှောင်လျှင် ရှောင်ခွင့်ရှိသေးသည်သာ ဖြစ်၏။
ဥပမာကား-- အလုံမြို့ဝန် အရာခဲယူ၍ မင်းလုပ်စဉ် သူခိုး ဓါးပြကို မိအောင်ဖမ်းရမည်, မိတိုင်းမိတိုင်းလည်း ကိုယ်တိုင်ကိုယ်ကြပ် သတ်ရမည်, မဖမ်း မသတ်လျှင် အရာကို နုတ်မည်, စည်းစိမ်ကို သိမ်းမည်, အသက်ဆုံး စီရင်မည်ဟု အမိန့်တော်ထုတ်၏၊ အရာကို, စည်းစိမ်ကို, အသက်ကို စွန့်၍ရှောင်လျှင် ရှောင်ခွင့်ရှိသေးသည်သာဖြစ်၏၊ လွန်ပြီးသော အမှုကဲ့သို့ မဟုတ်သေး။
မိမိကအသိဉာဏ်ဖျင်းလှ၍ အရာ, စည်းစိမ်, အသက်များကို မစွန်ဝံ့ သူခိုး, ဓါးပြသတ်ရလတံ့သော အမှုကိုလည်း သံသရာရေးနှင့် မြော်၍ ကြောက်ခြင်းဖြစ်သဖြင့် ငါသည်သတ်ရချေတော့မည်, ခံ၍ မဆုံးနိုင်သော ဒုစရိုက်မှုကြီးသည် ငါ၌ပါတော့မည်ဟု ပူပန်ခြင်းသည် ကုက္ကုစ္စမဟုတ်၊ ဒေါမနဿသာတည်း၊ ထိုအမှုသည် အမှုလွန် မဟုတ်သေး၊ ပြုပြင်ခွင့်ရှိသေးသောအမှုသာဖြစ်သည်၊ ပြုပြင်ခွင့်မရှိဘဲ လွန်ပြီးသောအမှုသေးကိုသာ ကုကတ-ဆိုရသည်။
“ယသ္မာ ပနေသော ကတံဝါ ပါပံ အကတံ န ကရောတိ၊ အကတံဝါ ကလျာဏံ ကတံ ကရောဟိ၊ တသ္မာ ဝိရူပေါ ကုစ္ဆိတော ဝါ ပဋိသာရောတိ ဝိပ္ပဋိသာရော။
[ဟူသော အဋ္ဌကထာကိုရှု]
ယသ္မာ ပန=အကြင့်ကြောင့်၊ ဧသော=ဤတရားသည်၊ ကတံ= ပြုမိပြီးသော၊ ပါပံဝါ=မကောင်းမှုကိုလည်း၊ အကတံ=မပြုသည် ဖြစ်ရအောင်၊ န ကရောဟိ=ပြုပြင်ခွင့်မရှိ၊ အကတံ=မပြုမိသော၊ ကလျာဏံဝါ=ကောင်းမှုကိုလည်း၊ ကတံ=ပြုပြီးဖြစ်ရအောင်၊ န ကရောတိ= ပြုပြင်ခွင့်မရှိ၊ တသ္မာ=ထို့ကြောင့်၊ ဝိရူပေါ=မလှသော၊ ပဋိသာရော= အဖန်ဖန် ကြံခြင်းသည်၊ ဟောတိ=၏၊ ဣတိ=ထို့ကြောင့်၊ ဝိပ္ပဋိသာရော= ဝိပ္ပဋိသာရမည်၏။
[ကုက္ကုစ္စ, ဝိပ္ပဋိသာရ ပရိယာယ်တူ။]
၁။ ကတ- ဖြစ်ပြီးသော ဒုစရိုက်မှုသည် အကတဖြစ်ရ အောင်ပြုပြင်ခွင့် မရှိ။
၂။ အကတ- ဖြစ်ပြီးသော သုစရိုက်မှုသည်လည်း ကတဖြစ်ပြန်ရအောင် ပြုပြင်ခွင့်မရှိ။
ဤသို့ ပြုပြင်ရန် အခွင့်အလမ်း ကုန်ပြီးသော ပမာဒမှုကိုသာ ကုကတ- ဆိုရသည်။
အနာဂတ်ဖြစ်သော ပမာဒမှုများမှာမူကား-- လွန်ပြီးမဟုတ် သေး၍ ဒုစရိုက်မှုမှာ အကတ- ဖြစ်ရအောင်, သုစရိုက်မှုမှာ ကတဖြစ်ရအောင် ကြံခွင့်ထင်ရှားရှိပေသည်။
ထို့ကြောင့် အနာဂတ်ဖြစ်သော ပမာဒမှုများကို ကုကတမဆိုရသေး၊ အတိတ်ဖြစ်သော ပမာဒမှုကိုသာ ကုကတ- ဆိုရသည်ဟု သန္နိဋ္ဌာန်ကျ မှတ်ရမည်။
မေးမြန်းဖွယ်
အနာဂတ်ဖြစ်သော ပမာဒမှု၌ သဒ္ဓါပညာကြီးလှ၍ အသက်ကို စွန့်၍ပင် ရှောင်ကြဉ်နိုင်မည့်သူမှာ ဟုတ်လှပ်ပြီ၊ သဒ္ဓါပညာ နည်းစွာ၍ အရာကိုလည်းမစွန့်ရက်၊ အသက်ကိုလည်း မစွန့်နိုင်၊ ဧကန္တပြုရလတံ့ဟု ပူပန်သောသူမှာ အသို့နည်း၊ ကုက္ကုစ္စပင် မဟုတ်လော- မေးရန်။
ကုက္ကုစ္စဖြစ်ကြောင်း သုံးပါး, လေးပါးရှိသည်ဟု ပါဠိတော်၌ မလာသောကြောင့် မဟုတ်ပေ- ဖြေရန်။
[ပါဠိတော်၌- “ဒွီဟိ ကာရဏေဟိ ဥပ္ပဇ္ဇတိ ကုက္ကုစ္စံ”
ဟူ၍သာ ဟောသည်။“တီဟိ ကာရဏေဟိ၊ စတူဟိ ကာရဏေဟိ”
ဟု မဟော။]
အနာဂတ်ဖြစ်သော သုစရိုက်မှုတစ်ခုတစ်ခုကို ပြုချင်အားကြီး ဖြစ်လာ၍ ပြုမှပြုဖြစ်ပါမည်လော, မပြုရဘဲ ရှိမည်လောဟု ပူပန်ခြင်းများ သည်လည်း ဖျက်ဆီးရန်ရှိ၍နေသော ပဋိပက္ခအကြောင်းကို ချင့်၍ ပူပန်ခြင်းမျှသာတည်း၊ ကုက္ကုစ္စမဟုတ်။
အနာဂတ်ကာလ၌ စစ်ဆေးပုံနည်းပြဆိုချက်ပြီး၏။
[ဤသို့လျှင် ပြခဲ့ပြီးသော ကျမ်းဂန်ရှိ ယုတ္တိသက်သေများကို အသေအချာ သဘောပါအောင် နာနာစေ့စေ့မှတ်သား၍ ကုက္ကုစ္စ တရားကို လေးပါးဖြစ်အောင် ကြံဆောင်၍ပြောကြသော ဝါဒအယူ သပွတ်အူများကို ကြည်ဖြူလေးမြတ် မမှတ်အပ်ဟု အတတ်သိသာ လိမ့်မည် တကာမောင်အောင်။]
ကုက္ကုစ္စဝိနိစ္ဆယပြီး၏။
အတ္ထသညာနှင့် ဗျဉ္ဇနသဒ္ဒါ အဆုံးအဖြတ်
ဘာဝနာကို အားထုတ်သော ယောဂီသည်၊ ဝါ၊ ဇော်ဂျီသည် မဂဓဘာသာ၌ မလိမ္မာသည့်အတွက်
၁။ “ရူပံ အနိစ္စံ“ ဆိုရမည်ကို “ရူပံနိစ္စံ“ သာဆိုမိ၏။
၂။ အတ္ထသညာမှာလည်း “နိစ္စံ၊ အမြဲမရှိ” ဟုစွဲမှတ်၏။
၃။ အမြဲမရှိဟု စွဲမှတ်သော သညာအတိုင်းလည်း ရုပ်တရား တို့၏ အမြဲမရှိသော အချက်ကို စွဲမှတ်သော ပညာသည် လိုက်၏။
ဤဇော်ဂျီမှာ စကားချော်ချွတ်သည့်အတွက် မဂ်လမ်း ဖိုလ်လမ်း ထောင့်မည်, မထောင့်မည်၊ ဟူသောပုစ္ဆာ၌-
(၁) အတ္ထမေဝ ဗြူဟိ၊ ကိံ ကာဟသိ ဗျဉ္ဇနံ။
[ဥပတိဿပရိဗိုဇ်စကား။]
(၂) အတ္ထမေဝ သရဏံ အဝေါစ နာထော။
[ကင်္ခါ]
(၃) ဗျဉ္ဇနေ မတ္တညုတာ သာဓု၊ သာဓု အတ္ထေဘိရာမတာ။
အတ္ထောဝ အတ္ထကာမာနံ၊ သရဏံ န တု ဗျဉ္ဇနံ။
[ပရမတ္ထဒီပနီ]
၁။ အတ္ထမေဝ=အနက်ကိုသာလျှင်၊ ဗြူဟိ=ဟောတော်မူပါလော့၊ ဗျဉ္ဇနံ=သဒ္ဒါသည်၊ ကိံ ကာဟသိ=အဘယ်သို့ ပြုအံ့နည်း။
၂။ အတ္ထမေဝ=အနက်ကိုသာလျှင်၊ သရဏံ=မှီခိုအားထားရာ ဟူ၍၊ နာထော=မြတ်စွာဘုရားသည်၊ အဝေါစ=မိန့်တော်မူ၏။
၃။ ဗျဉ္ဇနေ=သဒ္ဒါ၌၊ မတ္တညုတာ=အကိုင်းအရှည်ကို သိတတ် သောသူ၏ အဖြစ်သည်၊ သာဓု=ကောင်း၏၊ အတ္ထေ=အနက်၌၊ အဘိရာမတာ=အလွန်မွေ့လျော်တတ်သော သူ၏အဖြစ်သည်၊ သာဓု= ကောင်း၏၊ အတ္ထောဝ=အနက်သည်သာလျှင်၊ အတ္ထကာမာနံ=အနက်ကို လိုလားသူတို့၏၊ သရဏံ=မှီခိုအားထားရာဖြစ်၏၊(ထည့်သည်)၊ ဗျဉ္ဇနံ= သဒ္ဒါသည်၊ တု=စင်စစ်၊ န သရဏံ=မှီခိုအားထားရာမဟုတ်။
ဤစကားကိုထောက်၍-
၁။ “အနိစ္စံ” ဆိုရမည်ကိုဗျဉ္ဇနသဒ္ဒါ ချွတ်ယွင်း၍ “နိစ္စံ” ဟု ဆိုမိငြားသောလည်း “အမြဲမရှိ” ဟူသော ဝေါဟာရတ္ထ သညာမူကား မရွေ့ပေသည်လည်းကောင်း တစ်ကြောင်း,
၂။ ထိုဝေါဟာရတ္ထသညာအတိုင်းလည်း ရုပ်တရားတို့၏ အမြဲမရှိသော လက္ခဏာဟူသော ဘာဝတ္ထကို အဖြောင့် မြင်သော ပညာ လိုက်ပေသည်လည်းတစ်ကြောင်း,
၃။ ထိုပညာ လိုက်လျှင်လည်း ရုပ်တရားတို့၌ ကိန်းဝပ်သော တဏှာ, မာန, ဒိဋ္ဌိတို့သည် တစတစ ကွာရ, ချုပ်ရကုန်တော့ မည်ဖြစ်သည်လည်းတစ်ကြောင်း,
တဏှာ, မာန, ဒိဋ္ဌိတို့ကွာရ, ချုပ်ရကုန်လျှင်လည်း သဒ္ဒါ ချော်ချွတ်သည့်အတွက် မဂ်လမ်းမထောင့် ဖိုလ်လမ်းမထောင့် ဘာဝနာ လမ်းအဖြောင့်ပင်ဖြစ်ကြောင်းကို ယုံကြည်အပ်သတည်း။
အပ သဒ္ဒေ=သဒ္ဒါပျက်ကို၊ ဝုတ္တေပိ= ရွတ်ဆိုငြားသော်လည်း၊ အတ္ထေသနေ=အနက်ကိုရှာသည်ရှိသော်၊ သာဓုသဒ္ဒတာ=သဒ္ဒါကောင်း ကို၊ မနျတေ=သိအပ်၏၊ အမ္မူတိ=အမ္မူဟူ၍၊ ဝုတ္တေပိ=ဆိုငြားသော် လည်း၊ အမ္မာတိ=အမ္မာဟူ၍၊ မနျတေ=သဒ္ဒါကောင်းကို သိအပ်သကဲ့ သို့တည်း။
ဟူသော ဘေဒစိန္တာနည်းကဲ့သို့--
ဤ၌လည်း “နိစ္စံ”ဟုဆိုငြားသော်လည်း သူရှေးရှုသောအနက်မှာ
“အမြဲမရှိ”ဟူရကား ထိုအနက်နေရာဌာနမှာ “နိစ္စံ”ဟူသော သဒ္ဒါပျက်ကို ပယ်ရှား၍ “အနိစ္စံ” ဟူသောသဒ္ဒါမှန်ကို ပညာရှိတို့သိအပ်ပေသတည်း။ [ဤကား သဒ္ဒါနေပင်ပျက်သော်လည်း ဝေါဟာရတ္ထသညာ ဘာဝတ္ထပညာ ဖြောင့်ပေးလျှင် ပဋိပတ်လမ်းမထောင့်ကြောင်းကို ပြဆိုသောယုတ္တိတည်း။]
ပြန်ဖက်အားဖြင့်ကား-- သဒ္ဒါနေမှန်ကန်သော်လည်း ဝေါဟာရတ္ထ သညာမရှိခဲ့၍ ဘာဝတ္ထပညာမဖြစ်ခဲ့လျှင် ပဋိပတ်လမ်း ထောင့်လေ၏ဟု သိရမည်။
ပိဏ္ဍပါတံ ပုတီးစိပ်ပါဠိကို အမှန်အကန်ရ၏၊ အနက် မကျက်ဖူး ၍ ဝေါဟာရတ္ထမရှိသည့်အတွက် ဘာဝတ္ထပညာ မဖြစ်ခဲ့လျှင် ပစ္စဝေက္ခဏာဆင်ခြင်ခြင်း မမြောက်၊ ဣဏပရိဘောဂမှ မလွတ်၊ ပစ္စယသန္နိဿိတသီလ မဖြစ်၊ ပဋိပတ် လမ်းထောင့်၏။
ဤအတူ အနိစ္စ, အနိစ္စဟု သဒ္ဒါမှန်, ပုဒ်မှန်, ပါဌ်မှန်ကို အာပေါက်အောင်ရွတ်သော်လည်း “အမြဲမရှိ”ဟူသော ဝေါဟာရတ္ထကို မသိခဲ့သော်လည်းကောင်း, ဝေါဟာရတ္ထကိုပင် သိပါသော်လည်း ဘယ်လိုဟာမျိုးကိုဆိုသည်ဟု ဘာဝတ္ထအချက် လက္ခဏာသဘောကို သိမြင်သော ပညာမလိုက်ခဲ့သော်လည်းကောင်း ဘာဝနာအစစ်မဖြစ်၊ သဒ္ဓါပြဋ္ဌာန်းသော ဉာဏဝိပ္ပယုတ် ကုသိုလ်ဇောအရာ ဘာဝနာ အတုသာ ဖြစ်သတည်း။
[ဤကား “အနက်မှန်ကို တွေ့အောင်ရှာ၍ သဒ္ဒါမှန်ကို ဖော်ရမည်” ဟူသော ဘေဒစိန္တာလာ နိစ္စဝါဒီဆရာတို့ နည်းအတိုင်း “နိစ္စံ” ဟူ၍ သဒ္ဒါပျက်ကိုဆိုသော်လည်း “အမြဲမရှိ” ဟူသောအနက်မှန်ကိုမြင်၍ “အနိစ္စံ”ဟူသော သဒ္ဒါမှန်ကို သိရာသော နည်းပေတည်း။]
ဋီကာကျော်ဆရာကား-- အနိစ္စတာရုပ်အဖွင့်၌--“နဣစ္စံ နိစ္စဓုဝဘာဝေန န ဥပဂန္တဗ္ဗန္တိ အနိစ္စံ”။
ဟုဝိဂြိုဟ်ပြု၏၊ ပြုသည်အလိုကား-
“အနိစ္စံ” ကို “န+ဣစ္စံ“ပုဒ်ဖြတ်၍ ဣစ္စံကား မြဲသည်၏အဖြစ်ဖြင့် သိအပ်သော အမြဲရှိ၏ဟူသော အနက်ကို ဟော၏၊ န-နှင့်တွဲမှ အမြဲမရှိ ဟူသောအနက်ကိုဟော၏ ဟူလိုသည်။
ဤအလိုသော်-- သဒ္ဒနီတိ၌“နေကေ, အနေကေ“တို့ကို အနက်တူသဒ္ဒါနှစ်ခု ယူရမည်ဆိုသကဲ့သို့ “နိစ္စံ“, အနိစ္စံ“တို့ကိုလည်း အနက်တူသဒ္ဒါနှစ်ခုယူသင့်၏။
“နေကေ“ကိုလည်း “န+ဧကေ“ပုဒ်ဖြတ်၊ “အနေကေ“ကိုလည်း “န+ဧကေ“ပုဒ်ဖြတ်၊ သရာသရေ-နှင့်စီရင်လျှင် နေကေ-ပြီး၏၊ သရေအန်-နှင့်စီရင်လျှင် အနေကေ-ပြီး၏။
ဤသို့ “န+ဧကေ” တစ်ခုသည်ပင်လျှင် “နေကေ, အနေကေ” နှစ်ရုပ်ကွဲ၏၊ အနက်မှာမကွဲကြ။
ဤအတူ ဋီကာကျော်အလို-- နိစ္စံကိုလည်း “န+ဣစ္စံ“ပုဒ်ဖြတ်၊ “အနိစ္စံ“ကိုလည်း “န+ဣစ္စံ” ပုဒ်ဖြတ်၊ ရုပ်စီရင်၊ အနက်မှာ အတူတူ ကျသည်ဟု ဆိုဖွယ်ရောက်၏။
“နေကေ=များစွာကုန်သော၊ အနေကေ=များစွာကုန်သော” ဟူရသကဲ့သို့ “နိစ္စံ=မြဲသည်၏ အဖြစ်ဖြင့်မသိအပ်၊ အနိစ္စံ=မြဲသည် ၏အဖြစ်ဖြင့် မသိအပ်”ဟုအနက်တူကြ၏။
ထို့ကြောင့် ဋီကာကျော်နည်းအလို “နိစ္စံ” ဆိုသော်လည်း “အမြဲမရှိ”ဟူသောအနက် ထွက်နိုင်ပါသေး၏ဟု ဆိုရန်ရှိ၏။
သို့သော်၎င်းဋီကာကျော်နည်းသည်-- နည်းကောင်းမဟုတ် “အမြဲ”ဟူသော အနက်ကိုဟောသော “နိစ္စ” ဟူသော သဒ္ဒါသည် ပါဋိပဒိက ပုဒ်သီး ပုဒ်ခြားအဖြစ်ဖြင့် လောက, ဓမ္မတွင် အလွန် ထင်ရှားသော ပုဒ်ဖြစ်ပေသည်၊ ထိုနိစ္စဟူသော ပါဋိပဒိကပုဒ်ကို နနှင့်တွဲ၍ “မမြဲ”ဟူသောအနက်ကိုဟောသော အနိစ္စသဒ္ဒါဖြစ်လာသည်၊ နဗြဟ္မဏော အဗြဟ္မဏော-ကဲ့သို့တည်း။
ထို့ကြောင့် ထိုဋီကာကျော် ဝိဂြိုဟ်များကိုယောင်မှား၍ “နိစ္စံ, န+ဣစ္စံ=မြဲသည်၏အဖြစ်ဖြင့်မသိအပ်၊ မမြဲ-အမြဲမရှိ”ဟူလိုသည်ဟု မလုပ်ကြပါဘိနှင့်။
တကြောင်းလည်း-- သီဟိုဠ်တွင် လောဟ ပါသာဒ-ပြာသာဒ် မှာ ဓမ္မကထိကပုဂ္ဂိုလ်တစ်ပါး အနမတဂ္ဂိယ သုတ်ကိုဟောရာ--“နတွေဝ စတူသု မဟာသမုဒ္ဒေသု ဥဒကံ”
ဟူသောဝါကျ၌ သမုဒ္ဒသဒ္ဒါကို ဓ-အောက်ခြိုက်နှင့် သမုဒ္ဓေသုဟု ရွတ်၍ဟော၏၊ ရွတ်သော်လည်း ပရိသတ်တို့ အသိဉာဏ်၌ မဟာသမုဒြာ လေးစင်းဟူသော အနက်သည် ထင်လင်းလျက်ပင်ဖြစ်သောကြောင့် ဒေသနာအဆုံးမှာ များစွာသော လူ, ရှင်ပရိသတ်တို့သည် ဓမ္မာဘိသမယ ဖြစ်ပေကုန်၏။
ထိုပရိသတ်အလယ်မှာ-- အက္ခရာစိန္တက ရဟန်းတစ်ပါးသည် ပါ၏၊ ထိုရဟန်းသည် ဓ-အောက်ခြိုက်နှင့် ရွတ်သံကိုကြားလျှင် တရား အနက်သွားကို နှလုံးမစိုက်ဘဲ ဓ-အောက်ခြိုက်ကို အရေးကြီးတစ်ခု ပြု၍ နေသောကြောင့် ဒေသနာအဆုံးတွင် တရားမရဘဲ ဓမ္မကထိကပုဂ္ဂိုလ်ကို ဆိုလေ၏။
“ဓမ္မကထိကသည် သမုဒ္ဒကို ဓ-အောက်ခြိုက်နှင့် ရွတ်ဘိသည်” ဟုဆိုလေ၏၊
ထိုအခါ ဓမ္မကထိကမထေရ်က ငါတို့မှာ တရားအနက်သဘော၌ သာ အရသာ ရှာပေကုန်သည်၊ သင့်မှာမူကား အက္ခရာတွင် အရသာ ဆုံးသော သူဖြစ်သည်ဟု ဆိုပေ၏။
ဓမ္မကထိကဆရာအလိုကား-- အခြံအရံ ပုဒ်တို့အတွက်နှင့် သော်လည်းကောင်း, အရာဌာန အတွက်နှင့်သော်လည်းကောင်း အနက် မရွေ့နိုင်သောအရာတို့၌ အက္ခရာပျက်မည်ကို ကြောင့်ကြမစိုက်လှဟု ဆိုလိုရိပ်ရှိသည်။
[ဤဝတ္ထုကို ထောက်၍လည်း အက္ခရာပင် ပျက်သော်လည်း အနက်မရွေ့လျှင် ဘာဝနာအစစ်ပင်ဖြစ်ကြောင်းကို သိသာ၏၊]
စောဒနာဖွယ်
သို့သော်--
ဒွေ မေ ဘိက္ခဝေ ဓမ္မာ သဒ္ဓမ္မဿ အန္တရဓာနာယ သံဝတ္တန္တိ၊ ကတမေ ဒွေ၊ ဒုန္နိက္ခိတ္တာနိစ ပဒဗျဉ္စနာနိစ ဟောန္တိ၊ အတ္ထောစ ဒုန္နယော ဟောတိ၊ ဣမေခေါ ဘိက္ခဝေ ဒွေ ဓမ္မာ သဒ္ဓမ္မဿ အန္တရဓာနာယ သံဝတ္တန္တိ။
ဟူသော ဒုကင်္ဂုတ္တရပါဠိတော်နှင့် ဓမ္မကထိကဆရာစကား မညီ တကားဟူငြားအံ့။
ပိဋကတ်သုံးပုံ၌ရှိသော သဒ္ဒါစုသည်--
၁။ သဒ္ဓမ္မနိရုတ္တိသဒ္ဒါမျိုး,
၂။ ဇနပဒနိရုတ္တိသဒ္ဒါမျိုး,
ဟူ၍ နှစ်မျိုးရှိပေသည်။
၁။ ပရမတ္ထဓမ္မကိုပြသော သဒ္ဒါပုဒ်ပါဌ်စု၊ သီလအဆောက်အဦ, သမာဓိအဆောက်အဦ, ပညာအဆောက်အဦကို ဟောသော ပုဒ်ပါဌ် အက္ခရာစုသည် သဒ္ဓမ္မနိရုတ္တိမည်၏။
၂။ (က) ကြွင်းသော မြေ, ရေ, မြို့, ရွာ, လူ, သူ, သစ်ပင်, တော, တောင်, လူတို့အသုံးအဆောင်, အမှုအရေး အရာမျိုးကိုဟော သော သဒ္ဒါစုသည် ပိဋကတ်သုံးပုံထဲမှာ လာသော်လည်း ဇနပဒနိရုတ္တိသာ မည်၏။
(ခ) ဘုရားမပွင့်မီကပင် ရှိကြသောသဒ္ဒါကျမ်း, အဘိဓာန်ကျမ်း တို့မှာလာသော သဒ္ဒါစုသည် ဇနပဒနိရုတ္တိသာ မည်၏။
(ဂ ) ဤအနမတဂ္ဂိယ သုတ်တွင်ပါသော သမုဒ္ဒသဒ္ဒါသည်လည်း ဇနပဒနိရုတ္တိသာဖြစ်၏။
အင်္ဂုတ္တိုရ်ပါဌ်မှာ-- “သဒ္ဓမ္မဿ အန္တရဓာနာယ“ကို ထောက်၍ “ပဒဗျဉ္စနာနိ“မှာ သဒ္ဓမ္မနိရုတ္တိစုကိုသာ လိုရင်းဟုသိအပ်လေရကား ဓမ္မကထိကဆရာ စကားသည် ၎င်းအင်္ဂုတ္တိုရ်ပါဠိတော်နှင့် ဆန့်ကျင်သည် မဆိုသာပေ။
“ဇနပဒနိရုတ္တိံ နသေဝေယျ” ဟူသော ပဏ္ဏာသပါဠိတော်ဖြင့် လည်း ထိုနိရုတ္တိ သဒ္ဒါပုဒ်ပါဌ်မျိုးတို့ကို အားထုတ်လေ့ကျက်၍ နေ့-ရက် မကုန်စေအပ်ဟူသော အနက်, ဇနပဒနိရုတ္တိအရာတို့၌ အက္ခရာပုဒ် ပါဌ်ပျက်သော်လည်း အတွက်မရှိဟူသော အနက်ရှိသည် ဖြစ်၍လည်း ဓမ္မကထိကဆရာ စကားသည် အသင့်ပင်ဖြစ်ပေသည်။
ဤ“ရူပံအနိစ္စံ, ဝေဒနာအနိစ္စာ, သညာအနိစ္စာ, သင်္ခါရာအနိစ္စာ, ဝိညာဏံအနိစ္စံ“တို့၌ အနိစ္စသဒ္ဒါသည်ကား ရူပ, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏသဒ္ဒါတို့နှင့်ဖက်၍လာသောကြောင့် သဒ္ဓမ္မနိရုတ္တိပင်ဖြစ်ပေသည်၊ သို့အတွက် အနက်ပင်မရွေ့ပေသော်လည်း “ရူပံနိစ္စံ, ဝေဒနာနိစ္စာ”ဟု ရွတ်ဆိုကြသူကြားလျှင် တားမြစ်သင့်သည်၊ “ရူပံအနိစ္စံ” သာအမှန် ဖြစ်ကြောင်းကိုပြောရမည်၊ “ရူပံ=ရုပ်သည်၊ နိစ္စံ=မြဲ၏၊“ဆိုမူ ပဒဗျဉ္စနလည်း ဒုန္နိက္ခိတ္တဖြစ်၏၊ အနက်လည်း “ဒုဋ္ဌုံ နေတဗ္ဗောတိ ဒုန္နယော”ဟူသော
ဝစနတ္ထနှင့်အညီ ဒုန္နယဖြစ်၏။
ဒုဋ္ဌုံ=မကောင်းစွာ၊ နေတဗ္ဗော=သိအပ်သော အနက်တည်း၊ ဒုန္နယော=မကောင်းစွာ သိအပ်သောအနက်။
[အနက်မှားဆိုလိုသည်။]
သုဋ္ဌုံ=ကောင်းစွာ၊ နေတဗ္ဗော=သိအပ်သော အနက်တည်း၊ သုနယော=ကောင်းစွာသိအပ်သောအနက်။
[အနက်မှန် အနက်ဖြောင့်ဆိုလိုသည်။]
သဒ္ဒါကြီးသန္ဓိမှာ-- “အက္ခရဝိပတ္တိယံ ဟိ အတ္ထဿ ဒုန္နယထာ ဟောတိ” ၌လည်း
အက္ခရဝိပတ္တိယံ=အက္ခရာပုဒ်တို့၏ ပျက်ခြင်းသည်၊ သတိ= ရှိသော်၊ အတ္ထဿ=အနက်၏၊ ဒုန္နယတာ=မကောင်းစွာသိအပ်သော အနက်၏ အဖြစ်သည်၊ ဝါ=မှားသောအဖြစ်သည်၊ ဟောတိ=ဖြစ်၏။
ဤစကားသည်လည်း-- သဒ္ဓမ္မနိရုတ္တိမျိုးဖြစ်သော ပုဒ်ပါဌ် အက္ခရာစုမှာသာလိုရင်း၊ ဇနပဒနိရုတ္တိမျိုးဖြစ်သော ပုဒ်ပါဌ် အက္ခရာစုမှာ အသင့်အလျော်ရှိသည်ပင် တော်တော့သည်။
ဝိနည်းပိဋကတ်၌--
၁။ သက်သက်သော ဝတ္ထုနိဒါန်းတွင်လာသော ပုဒ်, ပါဌ်, အက္ခရာစုသည် ဇနပဒနိရုတ္တိစု,
၂။ ဘုရားဂုဏ်, ဘုရားစကား, မာတိကာ, ပဒဘာဇနီတို့၌ ပါသော ပုဒ်, ပါဌ်, အက္ခရာစုသည် သဒ္ဓမ္မနိရုတ္တိစု, ထိုဇနပဒနိရုတ္တိစုသည် သဒ္ဓမ္မနိရုတ္တိစု၏ အစောင့်အရှောက် ကိစ္စမျှသာ ရှိသည်၊ သို့အတွက် ဇနပဒနိရုတ္တိစုတွင်ပါသော ပုဒ်, ပါဌ်, အက္ခရာတို့ အတော်အလျော် ပျက်ပြားတိမ်းပါးသော်လည်း အကျိုး မယုတ်လှ။
ဇာတ်တော်မှာ-- တောခန်း, တောင်ခန်းစုသည် ဘုရားစကား တော်ပင်ဖြစ်သော်လည်း ဇနပဒနိရုတ္တိစုပင် ဖြစ်၏။
[ဤသို့လျှင် ပိဋကတ်တော်, ဒေသနာတော်၌လာသော ပုဒ်, ပါဌ်, အက္ခရာပင် ဖြစ်ငြားသော်လည်း နိရုတ္တိနှစ်မျိုးကို ခြားနားစွာသိ၍ သဒ္ဓမ္မနိရုတ္တိစုမှာသာ ပုဒ်, ပါဌ်, အက္ခရာများကို မတိမ်းမပါးရအောင် အလေးပြုရမည်ဟု ဓမ္မကထိက ဆရာအလို ရောက်ပေသည်။]
အတ္ထသညာနှင့်ဗျဉ္စနသဒ္ဒါအဆုံးအဖြတ်ပြီး၏
---*---
အရုဏ်နှင့်ဝါဆို-ဝါကပ် အဆုံးအဖြတ်
၁၂၆၃-ခု သီတင်ကျွတ်လဆန်း ၁၅-ရက်နေ့တွင် တောင်ငူမြို့ လောကုတ္တရာ သိမ်ကုန်းကျောင်း ဘုန်းကြီး လျှောက်ထားချက်နှင့် ငါတို့ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးသည် အလုံမြို့ ရွှေတာဦးတောင်ပေါ်၌ ဝါဆိုစဉ် ရေးသားစီရင်တော်မူသော အဆုံး အဖြတ်ဖြစ်သည်။
အတိတ်အရုဏ်
ဝိမတိဝိနောဒနီဋီကာ၌--
ဧဝံ စီဝရဝိပ္ပဝါသာဒီသုစ သဗ္ဗတ္ထ ရတ္တိပရိယောသာနေ အာဂမနအရုဏဝသေနေဝ အရုဏုဋ္ဌာပနံ ဒဿတိ၊ အတီတာရုဏဝသေန။
ဟူသောစကားကို အစွဲအမှီပြု၍ ဝိနည်းတော်အရာ၌ အရုဏ်နှင့် စပ်သော အယူစကား အထွေထွေအလာလာ များလျက်ရှိကြသည်ကို နေရကျသိမှတ်ရန် အတန်ငယ်ဆိုလိုက်ဦးအံ့။
“ဧကာဒသေ အရုဏုဂ္ဂမနေ နိဿဂ္ဂိယံ ပါစိတ္တိယံ”-ဟူသော စီဝရဒသာဟာ တိက္ကန္တအရာ၌ (၁၁) အရုဏ် ရေတွက်ရာမှာ--
အကြင်နေ့၌ သင်္ကန်းကိုရ၏၊ ထိုနေ့၏အစအဖို့ဖြစ်သော နံနက်က တက်ခဲ့ပြီးသော အရုဏ်ကစ၍ (၁၁) ရက်အရေအတွက်ကို ပြုအပ်၏။
လဆန်း (၁) ရက်နေ့မှာရခဲ့လျှင် လဆန်း (၁၁) ရက်နေ့ နံနက်အရုဏ်သည် ဧကာဒသမ အရုဏ်ဖြစ်၏၊ ထိုအရုဏ်မှာ နိဿဂ္ဂိ ဖြစ်၏၊ ထိုအရုဏ်သို့ မရောက်မီ အဓိဋ္ဌာန်, ဝိကပ္ပနာ လျော်ရာဝိနည်းကံကို ပြု၍ထားအပ်၏။
ဤကား-- ဧကာဒသေ အရုဏုဂ္ဂမနေတိ ဧတ္ထ ယသ္မိံ ဒိဝသေ စီဝရံ ဥပ္ပန္နံ၊ တဿ ယော အရုဏော၊ သော စီဝရုပ္ပန္နဒိဝသနိဿိတော၊ တသ္မာ တေန သဒ္ဓိံ-အစရှိသော အဋ္ဌကထာပါဌ်၏ အဓိပ္ပါယ်တည်း။
[ဤကား အတိတ်အရုဏ်၏ အချက်ကိုပြဆိုချက်တည်း။]
အနာဂတ် အရုဏ်
“ဒသာဟပရမံ အတိရေကစီဝရံ ဓာရေတဗ္ဗံ”-ဟူသော ပါဠိတော် အရာ၌ကား ရက်အရေအတွက်သည် ပမာဏဖြစ်၏၊ တစ်ရက်ရပြီ, နှစ်ရက်ရပြီ စသည်ဖြင့် ရေတွက်အပ်၏။
စောဒနာဖွယ်
(က) လဆန်း (၂) ရက်နေ့မှာ ရလာသောသင်္ကန်းကို ဘယ်အခါမှာ တစ်ရက်ရပြီ ဆိုအပ်သနည်း မေးခဲ့သော်- လဆန်း ၂-ရက်နေ့ နံနက်အရုဏ်တက်သော အခါမှာ ၁-ရက်ရပြီ ဆိုအပ်၏။
(ခ) အဘယ်ရက်ကို ရ၍ပြီးသနည်း။
အတိတ်ဖြစ်သော လဆန်း ၁-ရက်ကိုရပြီ၊ ဤသို့လွန်ခဲ့ပြီးသော လဆန်း ၁-ရက်၏ ရပြီးရက်ဖြစ်ကြောင်းကို ပြောဆိုသောအခါ လဆန်း ၂-ရက်နေ့နံနက်အရုဏ်နှင့် ပိုင်းခြား၍ပြောဆိုအပ်၏။
ထိုအရုဏ်မူကား-- လဆန်း ၂-ရက်နေ့ အပါအဝင်ဖြစ်ခဲ့၍ ရပြီးရက်တွင် အပါအဝင်မဟုတ်ပေ၊ အဆုံးတိုင်ရပြီး ရက်ကိုရေတွက် လို၍သာ ထိုအနာဂတ်အရုဏ်ကို ပြဆိုရသည်၊ ၂-ရက်နေ့သည် နာရီကုန်ဆုံး၍ ၃-ရက်နေ့ နံနက်အရုဏ်တက်သောအခါ ၂-ရက်နေ့သည် ရပြီးရက်ဖြစ်ပြန်၏၊ ထိုရက်အပါအဝင်ဖြစ်သော ၂-ရက်နေ့ နံနက် အရုဏ်သည်လည်း ထိုရက်ရပြီးအခါမှပင် ရပြီးဖြစ်လေ၏၊ တက်ဆဲဖြစ်သောသုံးရက်နေ့အရုဏ်ကိုမူကား-- ရပြီးရက်ကို ရေတွက်လို၍သာ ဖော်ဆိုရသည်။
[ဤကားအနာဂတ်အရုဏ်၏ အချက်ကိုပြဆိုတည်း။]
ဝါဆိုဝါကပ်အခန်းမှာလည်း-- ဝါဆိုလဆုတ် ၁-ရက် ဝါဆိုနေ့၌ ဝါဆိုပြီးသောရဟန်းမှာ ထိုရက်ညဉ့်ကုန်ဆုံး၍ ဒုတီယရက် အရုဏ်တက်မှ ပဌမရက်ရပြီးဖြစ်၏၊ ပဌမရက်၏ နံနက်အရုဏ်နှင့်တကွ ပဌမရက်ရပြီး ဖြစ်ကြောင့်ကို ဒုတီယအနာဂတ်ရက်၏ နံနက်အရုဏ်ဖြင့် ပိုင်းခြားအပ်၏။
ဤသို့ရပြီးရက်ကို ပိုင်းခြားရာဌာန၌ အနာဂတ်အရုဏ်သည်သာ ပဓာနဖြစ်ကြောင်းကို ပြတော်မူလို၍-
“ဧဝံ စီဝရဝိပ္ပဝါသာဒီသုစ သဗ္ဗတ္ထ”
အစရှိသောစကား ဝိမတိဝိနောဒနီ ဋီကာဆရာ ဆိုပေသည်၊ ဝိနည်းတော်အရာ၌ အတိတ်အရုဏ်ကို ယူသင့်သော အရာ, အနာဂတ် အရုဏ်ကို ယူသင့်သောအရာ ထွေလာထူးခြား များပြားမှုရှိ၍ဆိုသည် မဟုတ်ပေ။
[ဤကား ဝိနည်းတော်တစ်လျှောက်လုံးမှာ နေရာကျသိအပ်သော အရုဏ်၂-ပါး၏ အချက်ကိုပြဆိုလိုက်သော အခန်းတည်း။]
အရုဏ်နှင့်ဝါဆိုဝါကပ် အဆုံးအမပြီး၏။
ဦးလူကလေး ပုစ္ဆာ ၈-ချက်အဖြေ
[မြို့သာ မြို့အုပ်မောင်လူကလေး လျှောက်ထားလိုက်သည့် ပုစ္ဆာ (၈) ချက်ကိုဖြေပေအံ့။]
ပဌမ-ဒုတီယ-ဆဋ္ဌ ပုစ္ဆာအဖြေ
သဒ္ဒေါ ဝိကာရော ဇရတာ၊ မရဏေဉ္စာပပတ္တိယံ။ န လဗ္ဘတိ ပဝတ္တေ တု၊ နကိဉ္စိပိ န လဗ္ဘတိ။
သဒ္ဒေါ=သဒ္ဒရုပ်ကိုလည်းကောင်း၊ ဝိကာရော=ဝိကာရရုပ်ငါးခုကို လည်းကောင်း၊ ဇရတာ=ဇရတာရုပ်ကိုလည်းကောင်း၊ မရဏဉ္စ=အနိစ္စ ရုပ်ကိုလည်းကောင်း၊ ဥပပတ္တိယံ=ပဋိသန္ဓေခဏ၌၊ နလဗ္ဘတိ=မရအပ်၊ ပဝတ္တေတု=ပဝတ္တိကာလ၌မူကား၊ ကိဉ္စိပိ=တစ်စုံတစ်ခုသောရုပ်ကိုမူ လည်း၊ နနလဗ္ဘတိ=မရအပ်သည်ဟူ၍မရှိ။
[သင်္ဂြိုဟ်ဂါထာအနက်]
ခပ်သိမ်းသော အဇ္ဈတ္တရုပ်နာမ်တို့၏ ဖြစ်ရာကာလသည် ၁- ပဋိသန္ဓေကာလ, ၂-ပဝတ္တိကာလဟူ၍ ၂-ပါးရှိ၏၊ ထို၂-ပါးတို့တွင်
၁။ ပဋိသန္ဓေကာလဆိုသည်ကား ဘဝန္တရာဒိ ပဋိသန္ဓာနဝသေန ပဋိသန္ဓိဟုတွာ-ဟူသော အဋ္ဌကထာပါဌ်နှင့်အညီ နောက်အခြားမဲ့ ဖြစ်သော ဘဝတစ်ပါး၏ အစ, အစွန်းကိုဆက်စပ်သည်၏ အစွမ်းဖြင့် ဖြစ်သော ရုပ်,နာမ်တရားစုသည် ပဋိသန္ဓိရုပ်နာမ်မည်၏၊ ထိုရုပ်, နာမ်တို့၏ ဥပါဒ်ခဏသည် ပဋိသန္ဓေခဏ, ပဋိသန္ဓေကာလမည်၏။
၂။ ထိုရုပ်, နာမ်တို့၏ ဌီခဏမှစ၍ ထိုထိုသတ္တဝါ အသက်ရှည်၍ တည်နေသမျှတစ်ဘဝလုံးသည် ပဝတ္တိကာလ မည်၏။
အဘယ့်ကြောင့်နည်းဟူမူ--
ပဋိသန္ဓေကိစ္စဆိုသည်ကား-- စုတိမှနောက်၌ ဘဝသစ်တစ်ခု ဆက်လက်မှုတည်း၊ ဘဝတစ်ခု ဆက်လက်မှု ခဏသည် ပဋိသန္ဓိခဏ မည်၏၊ ဘဝသစ်တစ်ခု ဆက်လက်မှုဟူသည်လည်း စုတိခဏ၏ အခြားမဲ့၌ စုတိခဏနှင့် တစ်ဆက်တည်း ဆက်စပ်၍နေသော အစဆုံး, အဦးဆုံးဖြစ်သော ခဏငယ်တည်း၊ ဒုတီယခဏငယ်သို့ရောက်လျှင် ဘဝဟောင်းနှင့် ဆက်စပ်မှုမဟုတ်ပြီ၊ အစဆုံး, အဦးဆုံးခဏငယ်က ဆက်မိပြီ, စပ်မိပြီဖြစ်သော ဘဝသစ်ကို စီစဉ်၍သွားမှုသာတည်း။
ထို့ကြောင့်-- ဘဝဟောင်းကိုပစ်၍ ဘဝသစ်သို့ကူးကြ ကုန်သော ခပ်သိမ်းသောသတ္တဝါတို့အား ဘဝသစ်၌ အစဆုံး, အဦး ဆုံးဖြစ်သော ခဏငယ်ကလေးတစ်ခုသည်သာ အဘိဓမ္မာနည်းအားဖြင့် ပဋိသန္ဓေခဏ, ပဋိသန္ဓေကာလ မည်၏၊ ဒုတီယခဏငယ်မှစ၍ ပဝတ္တိ ကာလမည်၏။
[ဤကား အဘိဓမ္မာ အရိုးအစဉ်တည်း။]
ဤအဘိဓမ္မာ အရိုးအစဉ်ကိုပြဆိုလိုက်သဖြင့်--
၁။ လူတို့၏ ပဋိသန္ဓေအခါကို မေးလျှောက်သော ပဌမ ပုစ္ဆာ။
၂။ သံသေဒဇ, ဥပပတ်တို့၏ ပဋိသန္ဓေအခါကို မေး လျှောက်သော ဒုတီယပုစ္ဆာ။
၆။ အသညသတ်ပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေအခါကို မေး လျှောက်သော ဆဋ္ဌပုစ္ဆာ။
ဤပုစ္ဆာ ၃-ရပ်သည် ပြေပြတ်ရှင်းလင်းလေ၏။
ပဌမ-ဒုတီယ-ဆဋ္ဌပုစ္ဆာအဖြေပြီး၏။
တတီယ-စတုတ္ထပုစ္ဆာအဖြေ
၃။ သဒ္ဒရုပ် ၁, ဝိကာရရုပ် ၅၊ ပေါင်း ၆-ခုကို အဘယ်ကြောင့် မရထိုက်ပါသနည်း။
၄။ ကာမဘုံ၌ ပဋိသန္ဓေအခါ၌ ဇရတာရုပ် ၁, အနိစ္စတာရုပ် ၁၊ ဤရုပ် ၂-ခုကိုလည်း အဘယ့်ကြောင့် မရထိုက်ပါသနည်း။
ဤတတီယ, စတုတ္ထပုစ္ဆာ ၂-ရပ်၌--
ဝိကာရရုပ် ၅-ခုဆိုသည်ကား-- ဝိညတ် ၂, လဟုတာဒိ ၃၊ ပေါင်း ဝိကာရရုပ် ၅။
၁။ သဒ္ဒေါစိတ္တောတုဇော။
၂။ ဝိညတ္တိဒွယံ စိတ္တဇမေဝ။
၃။ လဟုတာဒိတ္တယံ ဥတုစိတ္တာဟာရေဟိ သမ္ဘောတိ။
[သင်္ဂြီုဟ်ပါဌ်]
အဓိပ္ပါယ်
၁။ သဒ္ဒရုပ်သည် စိတ်, ဥတု ၂-ပါးကြောင့်သာဖြစ်၏။
၂။ ဝိညတ်ဒွေးသည် စိတ်ကြောင့်သာဖြစ်၏။
၃။ လဟုတာဒိတ္တယသည် ဥတု, စိတ်, အာဟာရ ၃-ပါး ကြောင့်သာဖြစ်၏။
ခပ်သိမ်းသောပဋိသန္ဓေစိတ်သည်-- ရုပ်ကိုမဖြစ်စေနိုင်၊ ထို့ကြောင့် စိတ္တဇဧကန်ဖြစ်သော ဝိညတ်ဒွေးကို ပဋိသန္ဓေခဏ၌ မရသည်။
ဥတုသည်-- ဌီသို့ရောက်မှ ရုပ်ကိုဖြစ်စေနိုင်သည်၊ ပဋိသန္ဓေ အခါ၌ ဥတုသည် ဌီသို့မရောက်သေး၊ ထို့ကြောင့် စိတ္တောတုဇဖြစ်သော သဒ္ဒရုပ်ကို ပဋိသန္ဓေအခါ၌ မရသည်။
အာဟာရသည်လည်း-- ဌီသို့ရောက်၍ ဗဟိဒ္ဓါဟာရနှင့် ပူးပေါင်းမိမှ ရုပ်ကိုဖြစ်စေနိုင်သည်၊ ပဋိသန္ဓေအခါ၌ ကား အာဟာရသည် ဥပါဒ်ဆဲသာဖြစ်၏၊ ဗဟိဒ္ဓါဟာရနှင့်လည်း ပူးပေါင်းနိုင်သောအခါ မဟုတ်သေး၊ ထို့ကြောင့် ဥတု, စိတ္တ, အာဟာရ ၃-ပါးတို့ကြောင့်ဖြစ်သော လဟုတာဒိတ္တယသည် ပဋိသန္ဓေအခါ၌ မရလေသည်။
ဇရတာဆိုသည်ကား-- ရုပ်ကလာပ်တို့၏ ဌီခဏ၌သာ ရအပ်သည်၊ အနိစ္စတာသည်ကား ရုပ်ကလာပ်တို့၏ ဘင်ခဏ၌သာ ရအပ်သည်၊ ပဋိသန္ဓေအခါသည်ကား ရုပ်တို့၏ ဥပါဒ်ဆဲခဏ၌သာဖြစ်၏၊ ဌီခဏ, ဘင်ခဏမဟုတ်၊ ထို့ကြောင့် ဇရတာ, အနိစ္စတာ ၂-ခုကိုလည်း ပဋိသန္ဓေခဏ၌ မရအပ်လေသည်။
လိုရင်းအချုပ်မူကား-- အစဆုံး, အဦးဆုံးဖြစ်သော ပဋိသန္ဓေ ခဏငယ်၌ ကမ္မဇရုပ်တစ်မျိုးကိုသာ ရနိုင်သည်။
၁။ သဒ္ဒရုပ် ၁၊ ဝိညတ် ၂၊ လဟုတာဒိ ၃၊ ဤ ၆-ခုတို့ကား ကမ္မဇရုပ်မျိုးမဟုတ်ပေ။
၂။ ဇရတာရုပ်ကား ဌီခဏမှာသာရသည်။
၃။ အနိစ္စတာရုပ်ကား ဘင်ခဏမှာသာရသည်။
၄။ ပဋိသန္ဓေခဏမူကား ဌီခဏ, ဘင်ခဏမဟုတ်၊ ဥပါဒ် ခဏသာဖြစ်ပေသည်။
တတီယ-စတုတ္ထပုစ္ဆာအဖြေပြီး၏။
---*---
ပဉ္စမ ပုစ္ဆာအဖြေ
ပဋိသန္ဓေတည်နေသောကာလမှ လွန်မြောက်သောအခါ ဇရတာရုပ်, အနိစ္စတာရုပ်တို့သည် မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ် လာပါသနည်း ဟူသော ပဉ္စမပုစ္ဆာ၌--
ပဋိသန္ဓေခဏတွင် တစ်ပြိုင်နက် ဖြစ်ပေါ်ကြကုန်သော ရုပ်ကလာပ်တို့သည် ဒုတီယခဏငယ်မှစ၍ အစဉ်အတိုင်း ရင့်မာခြင်း ဟူသော ဇရတာသဘောသို့ ရောက်ကြလေကုန်၏၊ ၅၁-ခုမြောက်သော ခဏငယ်သို့ ရောက်တွင် ချုပ်, ပျက်, ကွယ်ပျောက်ခြင်းဟူသော အနိစ္စ နိုင်ငံသို့ ရောက်ကြလေကုန်၏။
[ရုပ်တို့၏ရင့်မှုကို ဇရတာရုပ်ခေါ်သည်၊ ချုပ်, ပျက်, ကွယ်ဆုံးမှုကို အနိစ္စတာရုပ်ခေါ်သည်။]
ပဉ္စမပုစ္ဆာအဖြေပြီး၏။
---*---
သတ္တမ ပုစ္ဆာအဖြေ
အသညသတ်ဘုံ၌ ပဋိသန္ဓေအခါ၌ လဟုတာဒိ ၃၊ ဇရတာ ၁၊ အနိစ္စတာ ၁၊ ဤရုပ်ငါးခုကို အဘယ့်ကြောင့် မရပါသနည်း ဟူသော သတ္တမပုစ္ဆာကိုမူကား--
အသီးဖြေဆိုဖွယ် ကိစ္စမရှိပြီ၊ တတီယ, စတုတ္ထပုစ္ဆာအဖြေမှာ ပါဝင်လေပြီ။
သတ္တမ ပုစ္ဆာအဖြေပြီး၏။
---*---
အဋ္ဌမ ပုစ္ဆာအဖြေ
အပါယ်လေးဘုံ, မနုဿဘုံ, နတ်ဘုံ, ရူပဗြဟ္မာဘုံတို့၌ ကံကြောင့် ဖြစ်သော ဇီဝိတနဝက ကလာပ်ရုပ်ချင်း အဘယ်သို့ ထူးကြပါသနည်း ဟူသော အဋ္ဌမပုစ္ဆာ၌--
လောက၌-- ပတ္တမြားကျောက်မျိုးဟူ၍ ရှိကြ၏၊ အရည် အရောင်သို့လိုက်၍ အဘိုးအထူးထူး, အထွေထွေ ရှိ၏၊ အချို့ပတ္တမြား ကျောက်ကား ၁ိ-မျှသာတန်၏၊ အချိုကကား ၅ိ- ၆ိ-တန်၏၊ အချို့ကား --၁၀- ၂၀- ၃၀- ၄၀- ၅၀-တန်၏၊ အချို့ကား ၁၀၀-တန်၏၊ အချိုကကား ၂၀၀- ၃၀၀- ၄၀၀- ၅၀၀-တန်၏၊ အချိုကကား ၁၀၀၀-တန်၏၊ အချို့ကား ၂၀၀၀- ၃၀၀၀-စသည် တန်၏၊ အချို့ကား ၁၀၀၀၀- စသည်တန်၏၊ အချို့ကား ၁၀၀၀၀ဝ-စသည်တန်၏၊ အချို့ကား အဖိုးအပိုင်းအခြားမရှိ၊ အနဂ္ဃမျိုးရှိ၏။
ဤဥပမာကဲ့သို့-- ဇီဝိတနဝက ကလာပ်တို့မှာလည်း ဖြစ်စေ တတ်သော ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အစွမ်းသတ္တိ အထူးထူး, အထွေထွေ အာနုဘော် အထူးထူး, အထွေထွေသို့လိုက်၍ အရည်အစွမ်း အခိုင်အမြဲ အထူးထူး, အထွေထွေရှိကြပေသတည်း။
[စက္ခု သောတ စသည်တို့မှာလည်း ထိုနည်းတူသိလေ။]
သိပုံကား-- ရူပဗြဟ္မာဘုံ အဆင့်ဆင့်, နတ်ပြည် ၆-ထပ် နတ်ဘုံ အဆင့်ဆင့် ရှိကြသည်တွင် အထက်ထက်ဘုံသား နတ်, ဗြဟ္မာတို့၏ ပသာဒစက္ခုသည် အောက်အောက်ဘုံသား နတ်, ဗြဟ္မာတိ်ု့၏ ပကတိ အဆင်း,သဏ္ဌာန်ကို အကုန်မြင်နိုင်ကြ၍ အောက်အောက် ဘုံသား နတ်ဗြဟ္မာတို့၏ ပသာဒစက္ခုသည် အထက်ထက်ဘုံသား နတ်, ဗြဟ္မာတို့၏ ပကတိအဆင်း, သဏ္ဌာန်ကို မမြင်နိုင်၊ မြင်လောက်အောင် ရုန့်ရင်းစွာဖန်ဆင်းသော အာဂန္တုအဆင်းကိုသာ မြင်နိုင်၏၊ ပဌမ စျာန်ဘုံသားဖြစ်သော ဗက-မည်သော ဗြဟ္မာမင်းကြီးသည် မိမိတို့၏ အထက်မှာ ဒုတီယစျာန် ၃-ဘုံရှိသေးသည်ကိုပင် ရှိမှန်းမသိ၊ တတီယစျာန် ၃-ဘုံ, စတုတ္ထစျာန် ၇-ဘုံ, အရူပ ၄-ဘုံရှိသည်ကိုပင် ရှိမှန်းမသိဟု ဗြဟ္မနိမန္တနသုတ်ပါဠိတော်မှာလာ၏။
ဦးလူကလေး ပုစ္ဆာ ၈-ချက်အဖြေပြီး၏။
---*---
သညာ, ဝိညာဏ်, ပညာအဆုံးအဖြတ်
မြောင်းမြမြို့ နယ်ပိုင်ဝန်ထောက် ဦးစံရွှေအောင် လျှောက်ထား၍ ဆရာတော်ကြီး ဖြေတော်မူသည်။
သညာ, ဝိညာဏ်, ပညာ သုံးပါးတို့၏ အထူးကိုပြဆိုသော အဋ္ဌကထာ, ဋီကာများ၌ ဉာဏ်သဘော မကြေမလည်ရှိရာကို ထုတ်ဆို လျှောက်ထားချက်မှာ--
၁။ သညာ,
၂။ ဝိညာဏ်,
၃။ ပညာ,
ဤအမည်သုံးပါးတို့သည် သိခြင်းအနက်ကိုဟောသော ဉာဓာတ်ဖြင့် ပြီးကြကုန်၏၊ သံ, ဝိ, ပ-ဟူသော ဥပသာရပုဒ်အတွက်သာ ထူးကြကုန်၏၊ ထိုသုံးပါးတို့တွင်--
သံ သဒ္ဒါသည်-- သုဋ္ဌု-အနက်ကိုဟော၏၊ ကောင်းကောင်း သိခြင်းဆိုလို၏၊ ကောင်းကောင်းသိခြင်း ဆိုသည်မှာလည်း မမေ့ မပျောက်သည်ကိုဆိုသည်၊ မှတ်မိသည်ကိုဆိုသည်၊ ထိုသညာသည် အားနည်းခဲ့သော် ခဏမျှသာ မှတ်မိ၏၊ မကြာမီ မေ့ပျောက်၏၊ အတန် အားရှိခဲ့သော် အတန်ကြာမှတ်မိ၏၊ အတန်ကြာလျှင် မေ့ပျောက်၏၊ အလွန်အားရှိခဲ့သော် အလွန်ကြာမြင့်စွာ မှတ်မိ၏။
ဝိ-သဒ္ဒါသည်-- ဝိဝဓ-အနက်ကို ဟော၏၊ ထွေထွေ လာလာသိ ခြင်းကို ဟော၏၊ ထွေထွေ လာလာဘိခြင်းကို ဆိုလို၏။
ထွေထွေလာလာသိခြင်းဆိုသည်မှာလည်း--
၁။ မျက်စိမြင်မှု,
၂။ နားကြားမှု,
၃။ နှခေါင်းနံမှု,
၄။ လျှာ၏သိမှု,
၅။ ကိုယ်အင်္ဂါတို့၏ အတွေ့အထိကို သိမှု,
၆။ စိတ်မနော၏ အတွေးအကြံကို သိမှု,
၇။ ဟုတ်သည်မှန်သည်ကို ဟုတ်မှန်တိုင်းသိမှု,
၈။ ဟုတ်သည်မှန်သည်ကို မဟုတ်မမှန်သိမှု,
၉။ မဟုတ်မမှန်သည်ကို မဟုတ်မမှန်သိမှု,
၁၀။ မဟုတ်မမှန်သည်ကို ဟုတ်မှန်သည်ဟု သိမှု
စသည်ကိုဆိုသည်။
ထိုစကား၌ ဟုတ်သည်မှန်သည်ကို ဟုတ်မှန်တိုင်းသိမှုဆို သည်ကား နေ့အခါ၌ တုန်းကိုတုန်းမှန်းသိမှု, တိုင်ကိုတိုင်မှန်းသိမှု စသည်တည်း၊ ဟုတ်သည်မှန်သည် မဟုတ်မမှန်သိမှုဆိုသည်ကား ညဉ့်မှောင်တွင်း၌ တုန်းတိုင်ကိုပင်လူဟုသိမှု စသည်တည်း။
ထို့အတူ-- မျက်စိမလယ်သူမှာ အရှေ့ကိုရှေ့ဟု, အနောက်ကို အနောက်ဟုသိမှု၊ မျက်စိလယ် သူမှာ အရှေ့ကိုနောက်ဟု, အနောက်ကို အရှေ့ဟုသိမှု၊ လူကောင်းတို့မှာ မီးကိုမီးဟု ရွှေကိုရွှေဟုသိမှု၊ လူရူးတို့မှာ မီးကိုရွှေဟု, ရွှေကိုမီးဟုသိမှုစသည်တည်း။
ပ သဒ္ဒါသည်-- ပကာရ-အနက်ကိုဟော၏၊ အထူးအပြား သိခြင်းကို ဆိုလို၏၊ အထူးအပြားသိခြင်းတို့သည် ခပ်သိမ်းသော သတ္တဝါတို့၏ ပကတိအရိုးသိအစဉ်သိသာ ဖြစ်ကြကုန်၏၊ ထိုအသိ ၂- မျိုးတို့ကိုလွန်၍ ခက်ခဲနက်နဲသော အရေးအခွင့်တို့၌ အမှန်အကန်ခြင်း ကို အထူးအပြားသိခြင်းဆိုသည်၊ ဤသိခြင်းကို သညာသိ, ဝိညာဏ်သိ တို့က ချီးမွမ်းအံ့ဩကြရ၏။
သညာသိသည်လည်း--
၁။ မီရိုးဖလာနှင့်ပြီးသော သညာသိ,
၂။ ပိဋကတ်ကျမ်းဂန်ရှိတိုင်းကို သင်ကြားအားထုတ် သဖြင့် ကျမ်းဂန်ရှိသည့်အတိုင်းကို အစေ့အစပ်မှတ်မိသဖြင့် ပြီးသော သညာသိဟူ၍ ၂-မျိုးရှိ၏။
ထိုသင်ကြားအားထုတ်သဖြင့် ပိဋကတ်သုံးပုံကို အကုန်အစဉ် တတ်သော်လည်း သဘောသက်ကိုပေါက်ရောက် အောင် မကြံမစည် နိုင်မူ၍ ကျမ်းဂန်ရှိတိုင်း ပြောတတ်ဟောတတ်ရုံမျှသာတတ်ခဲ့သော် သညာတတ် သညာသိပင် ဖြစ်၏။
ထိုသုံးမျိုးတို့တွင်--
ဝိညာဏ်, ပညာတို့သည်-- မိမိ၏အရာတို့၌ မိမိတို့နှင့် ဆိုက်တိုက် လာသမျှ အာရုံတို့ကို ဖော်ပြတတ်ကြကုန်၏၊ မှတ်မိအောင်ကား မပြုတတ်ကြကုန်။
၁။ စက္ခုဝိညာဏ်သည် စက္ခုဒွါရ၌ ဆိုက်တိုက်လာသမျှ သော ရူပါရုံတို့ကို မြင်မှုနှင့် ဖော်ပြ၏။
၂။ သောတဝိညာဏ်သည် သောတဒွါရ၌ ဆိုက်တိုက်လာ သမျှသော သဒ္ဒါရုံတို့ကို ကြားမှုနှင့် ဖော်ပြ၏။
၃။ ဃာနဝိညာဏ်သည် ဃာနဒွါရ၌ ဆိုက်တိုက်လာ သမျှသော ဂန္ဓာရုံတို့ကို နံမှုနှင့် ဖော်ပြ၏။
၄။ ဇိဝှါဝိညာဏ်သည် ဇိဝှါဒွါရ၌ ဆိုက်တိုက်လာသမျှသော ရသာရုံတို့ကို လျက်မှုနှင့် ဖော်ပြ၏။
၅။ ကာယဝိညာဏ်သည် ကိုယ်အင်္ဂါတို့၌ ဆိုက်တိုက်လာ သမျှသော ဖောဋ္ဌဗ္ဗာရုံတို့ကို ထိမှု, သိမှုနှင့် ဖော်ပြ၏။
၆။ မနောဝိညာဏ်သည် ဘဝင်ဟူသော မနောဒွါရ၌ ဆိုက်တိုက်လာသမျှသော ဓမ္မာရုံတို့ကို ကြံမှု, သိမှုနှင့် ဖော်ပြ၏။
[ဝိညာဏ်ခြောက်ပါးတို့က ဖော်ပြသမျှတို့ကို သညာကအမှတ်ပြု၏၊]
ပညာသည်လည်း-- မိမိအရာ၌ ဆိုက်တိုက်လာသမျှတို့ကို ဖြောင့်မှန်စွာဖော်ပြ၏၊ ပညာဖော်ပြသမျှတို့ကို သညာကအမှတ်ပြု၏။
ဒိဋ္ဌိသည်-- ပညာ၏အရာတို့၌ မဟုတ်မမှန်ရာတို့ကို ဖော်ပြ၏၊ ဒိဋ္ဌိဖော်ပြသမျှတို့ကို သညာကအမှတ်ပြု သညာကမှတ်ပြု၏၊ [ဤသို့လျှင် သညာသည် ပညာ, ဒိဋ္ဌိတို့၏
နောက်လိုက်နောက်ပါဖြစ်၏၊]
စားပွဲထိုင်ကြရာ၌-- စားပွဲပေါ်တွင်ရှိသမျှသော စားဖွယ် သောက်ဖွယ်ဝတ္ထုတို့ကို ဘယ်နေရာ၌ ဘယ်ဟာရှိသည်ဟု စက္ခုဝိညာဏ် က ဖော်ပြ၏၊ စက္ခုဝိညာဏ်၏အလိုမှာ စားဆဲသောက်ဆဲအခါ၌ ထိုထိုဝတ္ထုကိုမြင်ရ၏၊ စားသောက်၍ ပြီးသောအခါ၌ ဘယ်ဟာများကို စားသောက်ရသည်ဟု ပြန်၍ပြောဆိုနိုင်ကြရန်မရှိ၊ သညာ၏အတွက် ကြောင့်သာ ပြန်၍နိုင်ကြ၏။
စာပေကျမ်းဂန်တို့ကိုကျက်အံ့ကြရာ၌-- စက္ခုဝိညာဏ်သည် စာလုံးတို့ကို အစဉ်အတိုင်းဖော်ပြ၏၊ သညာက အစဉ်အတိုင်း အမှတ် ပြု၏၊ စက္ခုဝိညာဏ်အလိုသော် အစဉ်အတိုင်း မြင်ရုံမျှသာရှိရာ၏၊ ပြီးလျှင်အကုန်အစင် ကွယ်ပျောက်ရာ၏၊ အနှစ်တစ်ရာတိုင်တိုင် ကျက်အံ၍နေသော်လည်း စာရသည်ဟူ၍မရှိရာ၊ သညာအတွက် ကြောင့်သာ တစ်ခေါက်ထက်တစ်ခေါက် မှတ်မိသဖြင့် စာရမှုဖြစ်လာ၏။
[ပညာ, ဒိဋ္ဌိတို့၏ အရာတို့မှာလည်း ဤနည်းတူမှတ်လေ။]
ဝိညာဏ်နှင့်ပညာ, ဒိဋ္ဌိတို့၌--
“မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ”။ ဟူသော ဓမ္မပဒပါဠိတော်နှင့်အညီ ပညာ, ဒိဋ္ဌိတို့၏ အရာတို့၌ လည်း ဝိညာဏ်သည် ပညာ, ဒိဋ္ဌိတို့၏ ရှေ့ဆောင်ရှေ့သွားဖြစ်၍ ပညာ, ဒိဋ္ဌိတို့၏ အာရုံကိုထွန်းပြ၏၊
ဥပမာကား
၁။ ညဉ့်အခါ၌မီးထွန်းကြရာ ဝိညာဏ်သည် မီးတော်နှင့်တူ၏။
၂။ ပညာ, ဒိဋ္ဌိတို့သည် အိမ်သူအိမ်သားတို့နှင့် တူကုန်၏။
၃။ အာရုံ ၆-ပါး တရားသဘောတို့သည် အိမ်တွင်းရှိအထည် ဝတ္ထုတို့နှင့်တူကုန်၏။
ထိုသုံးမျိုးတို့တွင်-- မီးတောက်သည် ထိုအထည် ဝတ္ထုတို့ကို ထွန်းပြပေ၏၊ မိမိသည်မူကား တစ်စုံတစ်ခုကိုမျှ မမြင်တတ်, မသိတတ်၊ အိမ်သူ အိမ်သားတို့သည်ကား ထိုအထည်ဝတ္ထုတို့ကို အကုန်မြင်ကြ, သိကြကုန်၏။
ထို့အတူ-- ဝိညာဏ်သည် အာရုံ ၆-ပါးတရားသဘောတို့ကို ရှေ့ဆောင်ရှေ့သွားကိစ္စနှင့် ထွန်းပြ၏၊ မိမိသည်မူကား သညာအမြင်မျိုး, ဒိဋ္ဌိအမြင်မျိုးနှင့် မြင်တတ်, သိတတ်သည်မဟုတ်။
သဗ္ဗညုတဉာဏ်တော်ကြီးပင်ဖြစ်သော်လည်း ဝိညာဏ် ရှေ့ ဆောင်ရှေ့သွား မရှိက တစ်စုံတစ်ခုသော ဓမ္မကိုမျှ အာရုံမပြုနိုင်၊ ဥပါဒ်ကိစ္စနှင့် ဖြစ်ပေါ်ခြင်းငှါပင် မတတ်နိုင်။
ဤဥပမာ၌-- မီးတောက်သည် ရုပ်တရားဖြစ်၍ အထည်ဝတ္ထု တို့ကို အလင်းကိစ္စနှင့် ထွန်းပြ၏၊ သိမှုကိစ္စနှင့် မပြနိုင်၊ ဝိညာဏ်သည် မူကား နာမ်တရားဖြစ်ပေ၍ အာရုံကို သိမှုကိစ္စနှင့် ထွန်းပြပေ၏၊ မနက်နဲသော ပညာ, ဒိဋ္ဌိတို့၏ နောက်လိုက်ဖြစ်သော သညာ, ရှေ့သွား ဖြစ်သော ဝိညာဏ်တို့သည် မနက်နဲကြကုန်၊ နက်နဲသောပညာ, ဒိဋ္ဌိတို့၏ နောက်လိုက်ဖြစ်သော သညာ, ရှေ့သွားဖြစ်သောဝိညာဏ်တို့သည် နက်နဲကြကုန်၏၊ ပညာ, ဒိဋ္ဌိတို့နှင့်မယှဉ်သော သညာ, ဝိညာဏ်တို့လည်း ရှိကြကုန်၏၊ ဤစကား၌ ဒိဋ္ဌိကိုထည့်သွင်း၍ ဆိုသည်မှာ မှားသောအဖို့၌ သိမှု, မြင်မှုမျိုးဖြစ်၍ ထည့်သွင်းလိုက်သည်။
[ဤကား သညာ, ဝိညာဏ်, ပညာဟူသော သိမှုသုံးပါးတို့၏ ခြားနားပုံကိုပြဆိုခြင်းတည်း]
---*---
အဋ္ဌကထာ ဋီကာတို့အာဘော်
အဋ္ဌကထာ, ဋီကာကျမ်းတို့၌-- သညာ၏သိခြင်းသည် သူငယ်တို့၏ ရွှေကိုသိခြင်းနှင့်တူ၏၊ ဝိညာဏ်၏ သိခြင်းသည် ရပ်သူ ရွာသူ လူကြီးလူကောင်းတို့၏ ရွှေကိုသိခြင်းနှင့်တူ၏၊ ပညာ၏သိခြင်းသည် ရွှေပန်းထိမ်သည်တို့၏ ရွှေကိုသိခြင်းနှင့်တူဟူ၍-တစ်ရပ်။
သညာသည်-- လောကီအရေးအရာ၌ သိတတ်၏၊ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတို့ကို ပေါက်ရောက်အောင် မသိနိုင်၊ ဝိညာဏ်သည် လောကီအရေးအရာ၌လည်း သိတတ်၏၊ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတို့ကိုလည်း ပေါက်ရောက် အောင် ကြံနိုင်သိနိုင်၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့မူကား မပေါက် မရောက်နိုင်၊ ပညာသည်မူကား လောကီအရေးအရာတို့၌လည်း သိတတ်၏၊ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတို့ကိုလည်း ပေါက်ရောက်အောင် သိနိုင်၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့လည်း ပေါက် ရောက်နိုင်၏ဟူ၍-တစ်ရပ်လာ၏။
မောင်ရွှေစံအောင်ထင်မြင်ချက်မှာမူကား-- ဝိညာဏ်သည် အာရုံကိုသိတတ်ရုံမျှသာဖြစ်၏၊ အာရုံ၏ နက်နဲသောသဘောကို ထိုးထွင်း၍ သိတတ်သည်မဟုတ်၊ အာရုံ၏ သဘောမျိုးတို့တွင်လည်း ရုပ်တရား, နာမ်တရား ဟူသော ပရမတ္ထတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ သဘောများသည် အလွန်နက်နဲ၏၊ ထိုးထွင်းသောပဋိဝေဓဉာဏ် ၏အရာသာဖြစ်၏၊ ထိုအရာများကို ဝိဉာဏ်သည် ပေါက်ရောက်အောင် သိနိုင်လိမ့်မည် မထင်။
[ဤကား မောင်စံရွှေအောင်၏ ထင်မြင်ချက်တည်း။]
အဖြေမူကား-- ဝိပလ္လာသတရားသုံးပါးတို့တွင် သညာ ဝိပလ္လာသထက် စိတ္တဝိပလ္လာသသည် နက်နဲ၏၊ ထို့ကြောင့် သညာ ဝိပလ္လာသကို “မရီစိကုပမာ သညာ” ဟူ၍ ဟောတော်မူ၏။
[သညာသည် တံလျှပ်နှင့်တူ၏ ဟူလို။]
စိတ္တဝိပလ္လာသကို “မာယုဝမဉ္စ ဝိညာဏံ” ဟူ၍ဟော်တော်မူ၏၊ [ဝိညာဏ်သည် မျက်လှည့်နှင့်တူ၏ ဟူလို။]
တံလျှပ်ဥပမာသည် တိမ်၏၊ မျက်လှည့်ဥပမာသည်နက်နဲ၏၊ ဤသို့လျှင်မိစ္ဆာပက္ခ၌သညာ၏သိမှုသည် သေးငယ်၏၊ ထွေထွေလာလာ ကြံဖန်တတ်သည်မဟုတ်၊ ဝိညာဏ်၏ သိမှုသည်ကြီးမား၏၊ ထွေထွေ လာလာမှောက်မှားစွာ ကြံဖန်တတ်၏၊ သမ္မာပက္ခ၌ ထွေထွေလာလာ ဖြောင့်မှန်စွာ ကြံဖန်တတ်၏။
ထို့ကြောင့် ဗောဓိပက္ခိယတရားတို့၌ ဝိညာဏ်သည်သာလျှင် စိတ္တိဒ္ဓိပါဒအမည်နှင့်ပါဝင်၏၊ သညာသည် တစ်စုံတစ်ခုကိစ္စနှင့်မျှ မပါမဝင်လေ။
ထို့ကြောင့် အဋ္ဌကထာ ဋီကာတို့၌ သညာ၏အသိထက် ဝိညာဏ်၏ အသိက ကြီးမားသည်ကို ပြဆိုကြပေကုန်သည်။
“ဝိညာဏ်သည် အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘော တို့ကို ပေါက်ရောက်အောင်ကြံနိုင်, သိနိုင်သည်” ဟူသော စကား၌လည်းအနိစ္စသဘောသည် အကြမ်း, အလတ်, အနု သုံးမျိုးရှိ၏။
ထိုသုံးမျိုးတို့တွင်
၁။ မျက်မြင် ကိုယ်တွေ့တို့ကို သက်သေပြ၍ သိမြင်ထင် လင်းနိုင် ကောင်းသော ရုပ်အနိစ္စ, နာမ်အနိစ္စများသည် အကြမ်းမည်၏၊
ဥပမာကား-- လူတို့၏ကိုယ်ခန္ဓာတို့၌အဆင်း, အသံ, အပူ, အဧ, သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿ, ဒေါမနဿ အစရှိသည် တို့သည် ဖေါက်ပြန် ပျက်ပြား ပြောင်းလဲခွင့်ရှိတိုင်း ပြောင်းလဲ၍ နေကြမှု တို့ပေတည်း၊ ဤကဲ့သို့သော အနိစ္စကြမ်းများသည် မျက်မြင် ကိုယ်တွေ့ ဟုဆိုအပ်သောဝိညာဏ်၏ အရာမှာပင် ထင်လင်းစွာ သိမြင်နိုင် ကောင်း၏၊ သညာသည်မူကား ထွေထွေလာလာ ကြံဖန်ခြင်း မရှိသည် ဖြစ်၍ ဤကဲ့သို့သော အနိစ္စကြမ်းကိုမျှ မိမိ၏အစွမ်းသတ္တိအားဖြင့် ပေါက်ရောက်အောင် ကြံဖန်တတ်သော တရားမဟုတ်။
၂။ အနိစ္စလတ်ဆိုသည်ကား ဣရိယာပုထ်တို့၏ ပြောင်းလဲမှုတို့ကို ကိုယ်တွေ့မျက်မြင် တွေ့ထင်ကြရသဖြင့် ထင်ရှားလျက် နေသောရုပ်, နာမ်ဓမ္မတို့၏ အနိစ္စသဘောမျိုးကို ဆိုသတည်း၊ ထိုအနိစ္စလတ်မျိုး သည်လည်း ကိုယ်တွေ့မျက်မြင် ဝိညာဏ်၏ကြံဖန်မှုနှင့်ပင် ထင်ရှား နိုင်ရာ၏၊ ဝိညာဏ်ဆိုသော်လည်း ဘုရားဟောဒေသနာကို ကြားနာဘူး သူတို့၏ ဝိညာဏ်ကို-ယူလေ။
၃။ အနိစ္စနု ဆိုသည်ကား ဝိညာဏ်၏အရာဖြစ်သော အနိစ္စ ကြမ်း, အနိစ္စလတ်တို့ကို အထောက်အထားပြု၍ အနု, အနုထက် အနုတို့ကို အဆင့်ဆင့် သိမြင်ကြရာ၌ ထင်မြင်ရသော အနိစ္စသဘောမျိုး ကို ဆိုသတည်း။
ဥပမာကား-- ကြာမြင့်စွာ ထိုင်နေရာ၌ အတော်ကြာခဲ့လျှင် ညောင်းညာမှု ထင်ရှား၍လာ၏၊ ထိုသို့ ထင်ရှား၍လာသော ညောင်း ညာမှုတို့ကို ကိုယ်တွေ့ဒိဋ္ဌခေါ်၏၊ ဝိညာဏ်၏ သိမှုနှင့်ပင် သိနိုင်၏၊ ထိုသို့ထင်ရှား၍လာသော ညောင်းညာမှုကို တွေ့ကြုံရသဖြင့် ထိုင်စမှစ၍ ညောင်းရုပ်မျိုး, ညာရုပ်မျိုး အစဉ်အတိုင်း အဆင့်ဆင့်ဖြစ် ပေါ်ပွါးများ ပြောင်းလဲ၍ အနိစ္စအချက်တွေ တစ်ရွရွနေသည်ကို ဉာဏ်ထဲတွင် သိမြင်နိုင်၏။
ဤကား အနိစ္စနုတည်း၊ သိမ်မွေ့နက်နဲသည်ကို အနုဆိုသည်၊ ဤအနိစ္စနုသည် ကား ဝိညာဏ်၏အရာမဟုတ်၊ ပညာ၏အရာပေတည်း။
[အနိစ္စကြမ်းကို ထင်မြင်ခဲ့လျှင် ဒုက္ခကြမ်း, အနတ္တကြမ်းတို့ကို ထင်မြင်တော့သည်၊ အနိစ္စလတ်ကိုထင်မြင်ခဲ့လျှင် ဒုက္ခလတ်, အနတ္တ လတ်တို့ကို ထင်မြင်တော့သည်၊ အနိစ္စနုကိုထင်မြင်ခဲ့လျှင် ဒုက္ခနု, အနတ္တနုတို့ကို ထင်မြင်တော့သည်။]
ဒုက္ခဆိုသည်ကား-- ဘယဋ္ဌေန ဒုက္ခကိုဆိုသည်။
ဥပမာကား-- ပင်လယ်တွင်း၌ ပျက်လတံ့သော သင်္ဘောကို စီးမိသောသူတို့သည် မြန်မြန်ကြီးပျက်မည်ကို မြင်ကြလေလေ စိတ် အပူကြီးပူရန် ဘယဋ္ဌဒုက္ခ ကြီးမားလေလေ မြင်ကြကုန်သကဲ့သို့ အနမတဂ္ဂသံသရာ မဟာသမုဒြာကြီးအတွင်း၌ ပဋိစ္စသမုပ္ပါဒ် စက် သင်္ဘောကို စီး၍နေကြကုန်သောသူတို့သည် ရုပ်, နာမ်ဓမ္မတို့၏ မြန်မြန်ကြီး ပျက်မှုကို ထင်မြင်လေလေ၊ သင်္ခါရဒုက္ခဘေး, ဝိပရိဏာမ ဒုက္ခဘေးကြီးမားလေလေ ထင်မြင်ကြကုန်၏။
ထိုသုံးပါးတို့တွင် အကြမ်း, အလတ်တို့ကို ထင်မြင်နိုင်ရုံမျှနှင့် အနုသယကိလေသာတို့ကို မပယ်နိုင်သေး၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မပေါက်နိုင်သေး၊ အနုကိုထင်မြင်နိုင်ကြမှသာလျှင် အနုသယ ကိလေသာ တို့ကိုပယ်နိုင်၏၊ မဂ် ဉာဏ်, ဖိုလ်ဉာဏ် ပေါက်နိုင်၏။
ထို့ကြောင့် အဋ္ဌကထာ ဋီကာကျမ်းတို့၌
” ဝိညာဏ်၏ သိမှုသည် လက္ခဏာရေး သုံးပါးကို ပေါက်နိုင်၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့မူကား မပေါက်နိုင်၊ ပညာ၏သိမှုသည်သာလျှင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ပေါက်နိုင်သည်” ဟူ၍ဖွင့်ဆိုကြပေကုန်သည်။ [ဤကား အဋ္ဌကထာဋီကာကျမ်းတို့၏ အာဘော်ကို ပြဆိုချက်ပေတည်း။]
ဤအရာ၌စောဒနာရန်ရှိသည်ကား
သတ္တင်္ဂုတ္တရပါဠိတော် နောက်ဆုံးဝဂ်၌
ရာဂဿ ဘိက္ခဝေ အဘိညာယ သတ္တဓမ္မာ ဘာဝေတဗ္ဗာ၊ ကတမေ သတ္တု အနစ္စသညာ အနတ္တသညာ အသုဘသညာ အာဒီနဝသညာ ပဟာနသညာ ဝိရာဂသညာ နိရောဓသညာ၊
စသည်ဖြင့်လည်းကောင်း, ဆက္ကင်္ဂုတ္တရ ပါဠိတော် နောက်ဆုံးဝဂ်၌လည်းရာဂဿ ဘိက္ခဝေ အဘိညာယ ဆဓမ္မာ ဘာဝေတဗ္ဗာ၊ ကတမေဆ၊ အနိစ္စသညာ အနိစ္စေဒုက္ခ သညာ ဒုက္ခေ အနတ္တသညာ၊ ပဟာနပညာ ဝိရာဂသညာ နိရောဓသညာ၊ စသည်ဖြင့်လည်းကောင်း သုတ်ပေါင်းများစွာလာ၏၊
ဤသို့လာသောကြောင့် သညာ၏ သိခြင်းသည်လည်း ဝိညာဏ်၏သိခြင်းကဲ့သို့ လက္ခဏာရေးသုံးပါးသို့ ပေါက်ရောက်နိုင်၏ ဟူ၍- ဆိုရန်ရှိ၏။
အဖြေကား-- သညာ၏ သိခြင်းမည်သည် ဝိညာဏ်၏သိခြင်း, ပညာ၏သိခြင်းတို့ကို စွဲမြဲစေတတ်၏၊ ထို့ကြောင့် လက္ခဏာရေး သုံးပါးအရာ၌ ထို၂-ပါးသော သိခြင်းတို့ကိုစွဲမြဲစေခြင်းငှါ သညာကို ပွါးများ စေရမည် ဟူ၍ ဟောတော်မူသည်၊ အသိအမြင် မပေါက်ရောက်သေး သော လက္ခဏာရေးအချက်တို့၌ သညာ၏ ကိစ္စသက်သက်နှင့် အသစ် အသစ် အသိအမြင်တိုးပွါးစေရန် ဟောတော်မူသည်မဟုတ်။
” အနိစ္စသညာ ဘာဝေတဗ္ဗာ” ဟူသည်ကား-- အသိ အမြင် အသစ်အသစ်တိုးပွါးအောင် ပွါးများစေမှုကို ဆိုလိုရင်းမဟုတ်၊ သတိပဋ္ဌာန်အရာ၌ သတိပဋ္ဌာန်ကို ပွါးများစေမှုကဲ့သို့ မမေ့မပျောက် မလစ် မလပ်ရအောင် အထပ်ထပ်ပွါးများစေမှုကိုဆိုသည်၊ သညာကို အထပ်ထပ် ပွါးများစေခဲ့လျှင် အသစ်အသစ် အသိအမြင်တိုးပွါးမှုဟူသော ဝိညာဏ်ကိစ္စ, ပညာကိစ္စတို့လည်း အထူးအားရှိကြကုန်လတံ့။
[ဤကား အဋ္ဌကထာ, ဋီကာကျမ်းဂန်တို့နှင့်ပါဠိတော်တို့ကို ညှိနှိုင်းချက်တည်း။]
နယ်ပိုင်ဝန်ထောက်မင်း မောင်ရွှေစံအောင်ထံ ပြန်ကြားချက်
မောင်ရွှေစံအောင်ထံမှ ရောက်ရှိသည့် သညာ, ဝိညာဏ်, ပညာ သုံးပါး စီစစ်ချက်များကို အသေအချာ ကြည့်ရှုရာ မောင်ရွှေစံအောင်၏ အလိုမှာ
“အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးမည်သည် အကြမ်းပင် ဖြစ်သော်လည်း ပညာသိ၏ အရာသာ ဖြစ်သင့်သည်၊ ဝိညာဏ်သိ၏ အရာ မဖြစ်သင့်ရာ” တစ်ချက်။
အဋ္ဌကထာ၌-- “ဝိညာဏ်သည် လက္ခဏာရေးသုံးပါးကို ပေါက်ရောက်စေနိုင်၏၊ မဂ်, ဖိုလ်ပေါ်ပေါက်၍လာအောင်ကား မစွမ်းနိုင်” ဟူသော စကားမှာလည်း
လက္ခဏာရေး အလင်းပေါက်မှု, မဂ်, ဖိုလ်ပေါက်မှုသည် ပညာသိ၏သာ အရာဖြစ်သော်လည်း ဝိညာဏ်သည် ထိုပေါက်မှု နှစ်ပါးမှာလည်း ပညာ၏ ရှေ့ဆောင်ရှေ့သွားကိစ္စနှင့် ပါရလျက်ရှိ၏။
ထိုနှစ်ပါးတွင် မူကား လက္ခဏာရေး အရာမှာ ဝိညာဏ်၏ ကိစ္စသည် ပြောစလောက်အောင်ပင် ရှိ သေး၏၊ မဂ်ဖိုလ်ပေါက်မှုမှာမူကား ဝိညာဏ်ကိစ္စသည် ပြောစလောက်အောင်မရှိပြီ။
ဥပမာကား-- ညဉ့်အခါ ရွှေလသာခိုက်မှာ ပိုးစိမ်းဖြူ၏ အရောင်သည် လရောင်တွင်းမှာပင် ပြောစလောက် အောင်မပေါ်နိုင်ပြီ။
[ဤဥပမာအတိုင်း ၎င်းအဋ္ဌကထာစကားမှာယူလို၏ မောင်ရွှေစံအောင်။]
ဆရာတော်၏ဉာဏ်မှာလည်း-- မောင်ရွှေစံအောင် ဉာဏ်နှင့်ယှဉ် ကာပင် သွား၏၊ သို့ရာတွင်
၁။ “လက္ခဏ ပဋိဝေဓံ ပါပေတုံ သက္ကောတိ၊ မဂ္ဂဖလပါတုဘာဝံ ပါပေတုံ န သက္ကောတိ” ဟူသော အဋ္ဌကထာဆရာ၏ ပြဋ္ဌာန်းချက်၏ ကြီးကို အလွန်ပေါ့လျော့၍သွားအောင် မလှုပ်ရှားသာချေဟု မြော်မိသည်တစ်ချက်။
၂။ စိတ်ဝိညာဏ်မည်သည် အာရုံအသစ်အသစ်ကိုလည်း ရှာကြံတတ်သည်ဖြစ်၍ ဒိဋ္ဌ, သုတ, ဥပနိဿယ အားပေးအားမြှောက် ကောင်းခဲ့လျှင် လက်နက်ကိရိယာ အဆန်းတကြယ် ကြံဖန်လုပ်ဆောင် ခြင်း အစရှိသော မိစ္ဆာဉာဏ်၏အရာဖြစ်သော အကုသိုလ်အမှုမျိုးတို့၌ လည်း လောကတွင်ခက်ခဲနက်နဲသော အရာကြီးများကိုပင် ပေါက်ရောက် အထမြောက်အောင် ကြံဖန်လုပ်ဆောင်နိုင်ကြသည်များကိုလည်း တွေ့မြင်ကြားသိ ရှိနေကြသည်-တစ်ချက်။
[ဤစကား၌ “မိစ္ဆဉာဏံ” ပုဒ်ကိုဖွင့်ရာ အဋ္ဌကထာမှာ “ပါပကိရိယာသု ဥပါယစိန္တာဝသေန ဥပ္ပန္နော မောဟော မိစ္ဆာဉာဏံ နာမ” ဟူ၍ မောဟကို မိစ္ဆာဉာဏ်ဆို၏၊ မူလဋီကာဆရာကား ဆန်းကြယ်သောဝိတက်ကို မိစ္ဆာဉာဏ်ဆိုလို၏၊ ဆရာတော်၏ အလိုကား ဆန်းကြယ်သောစိတ်ဝိဉာဏ်ကို မိစ္ဆာဉာဏ်ဆိုလို၏၊]
၃။ မြတ်စွာဘုရားသည်လည်း တိရစ္ဆာန်သတ္တဝါတို့၏ အဆင်းမျိုး, သဏ္ဍာန်မျိုး, အနန္တဆန်းကြယ်မှုကို ဥဒါဟရုဏ်ထုတ်ပြတော်မူ၍ ထိုတိရစ္ဆာန်သတ္တဝါစု အနန္တဆန်းကြယ်မှုကို စိတ်သည်ပင် ပြုလေသည်၊ ထိုတိရစ္ဆာန်သတ္တဝါစု အနန္တဆန်းကြယ်မှုထက်ပင် စိတ်သည်ပိုလွန်၍ ဆန်းကြယ်နိုင်သေး၏ဟု ဟောတော်မူသည်များကို မြော်မိသည်တစ်ချက်။
အနိစ္စကြမ်း, ဒုက္ခကြမ်း, အနတ္တကြမ်း- ဆိုသည်မှာလည်း ဝိညာဏ်၏ နယ်တွင်းမှာပင် သိ, မြင်, တွေ့ရှိ၍နေကြသော အနိစ္စမျိုး, ဒုက္ခမျိုး, အနတ္တမျိုးတို့ကို ဆိုပေသည်၊ ကိုယ်တွေ့, မျက်မြင်, နားကြား တို့နှင့်အများသိရှိကြသော အနိစ္စမှု, ဒုက္ခမှု, အနတ္တမှုတို့ကို ဝိညာဏ်၏ နယ်တွင်းရှိဆိုသည်၊ သေလောက်သောဘေးနှင့် တွေ့ရှိခဲ့လျှင် ဘယ်အခါ မဆို သေရခြင်း, အိုခွင့်ဆိုက်လျှင် အိုရခြင်း, နာခွင့်ဆိုက်လျှင် နာရခြင်း တို့ပင်တည်း။
အလတ်ဆိုသည်ကား။။ထိုအကြမ်းတို့ထက် အတန်ငယ် သိမ်မွေ့သော ဣရိယာပုတ်ကြီးငယ်ပြောင်းလဲခြင်း, အပူ-အဧ ပြောင်း လဲခြင်း, အာဟာရအတွက်ပြောင်းလဲခြင်း, သောမနဿအတွက် ပြောင်းလဲခြင်း, ဤကဲ့သို့သော ရုပ်နာမ်တို့၏ ပြောင်းလဲခြင်းများကို အနိစ္စ လတ်, ဒုက္ခလတ်, အနတ္တလတ်ဟုဆိုသည်၊ ထိုသို့ ပြောင်းလဲခြင်းသည် ကိုယ်တွေ့ဒိဋ္ဌဖြစ်ကြ၍ ဝိညာဏ်နယ်ဟူ၍ ဆိုပေသည်။
သို့ရာတွင် ပကတိ မိမွေးတိုင်း, ဖမွေးတိုင်း အနေအားဖြင့် ရုပ်ဟူ၍, နာမ်ဟူ၍ မသိကြ၊ ရုပ်, နာမ်တို့၏ အနိစ္စမှု, ဒုက္ခမှု, အနတ္တမှု ဟူ၍မသိကြ၊ မသိကြသော်လည်း အမှုမှာ ဝိညာဏ်သိ၏ နယ်တွင်းမှာ ဖြစ်၍ ရုပ်, နာမ်ပေါ်အောင် ခွဲခြမ်း၍ပြောခဲ့လျှင် ဝိညာဏ်သိနှင့် ကွဲပြားစွာ သိနိုင်ရန်ရှိပါ၏။
[“အာရမ္မဏ ဝိဇာနနလက္ခဏံ ဝိညာဏံ” ဟူသောစကား၌ အာရမ္မဏပုဒ်ကို ကံပုဒ်ထားသည်မှာ အာရုံဟူ ၍ သိကာမတ္တမျှဖြစ်၍ ထားသည်မဟုတ်၊ နာမ်တရားတို့၏ သဘောသတ္တိကို ပြရာဆိုရာတို့၌ “အာရမ္မဏ ဖုသနလက္ခဏော ဖေဿယ၊ အာရမ္မဏဝေဒယိတ လက္ခဏာဝေဒနာ” အစရှိသည်ဖြင့် များသောအားဖြင့် အာရုံကို ကံပုဒ်, အာဓာရပုဒ်ထားမြဲ ဖြစ်ပေသည်။]
အာရမ္မဏသဒ္ဒါနှင့်ဆိုသည်ကိုမြော်၍
ဝိညာဏ်သည်-- အာရုံကိုအာရုံဟူ၍ သိကာမျှသာဟု မဆိုသာပေ။
မနောဝိညာဏ်သည်မူကား-- သုခကိုသုခဟူ၍, ဒုက္ခကို ဒုက္ခဟူ၍, ဣဋ္ဌဣဋ္ဌဟူ၍, အနိဋ္ဌကိုအနိဋ္ဌဟူ၍, ဖြစ်သည်ကိုအဖြစ်ဟူ၍, ပျက်သည်ကို အပျက်ဟူ၍, လူကိုလူဟူ၍, နွားကိုနွားဟူ၍, မြေကို မြေဟူ၍,ရေကိုရေဟူ၍, မီးကိုမီးဟူ၍, ရွှေကိုရွှေဟူ၍, ငွေကိုငွေဟူ၍ သိသည်သာဖြစ်၏။
သူတော်ကောင်းတရားကို ကြားနာရသောသူ၏ ဝိညာဏ်သည် ကုသိုလ်ကိုကုသိုလ်ဟူ၍, အကုသိုလ်ကိုအကု သိုလ်ဟူ၍, လောဘကို လောဘဟူ၍, ဒေါသကိုဒေါသဟူ၍သိသည်သာဖြစ်၏။
လူ့လောက၌ အရပ်ဒေသအားလျော်စွာ, အမျိုးအရိုး အား လျော်စွာ လုပ်ရေးဆောင်ရေး, ပြောရေးဆိုရေး, အသက်မွေးမှု အမျိုးမျိုးတို့မှစ၍ အချင်းချင်း ဒိဋ္ဌ,သုတတို့နှင့် ပြီးစီးကြသော အသိ အလိမ္မာမျိုးသည် သညာ, ဝိညာဏ်တို့၏ ကိစ္စပေတည်း။
ထိုအရေးတို့၏အတွင်းမှာမူကား-- အချို့အချို့သော အချက်အရာ၌ဉာဏ်၏အချက်လည်းပါ၏၊ ဉာဏ်၏ အချက်မည်သည် ကား ကြံနိုင်ပေစွဟု ချီးမွမ်းရ, နည်းယူရ, နည်းခိုးရသော အရာမျိုး ပေတည်း။
[ဤမျှလောက်သော စကားရပ်တို့ဖြင့် “ဝိညာဏ်သည်အနိစ္စကြမ်း အနိစ္စလတ် တို့ကိုကြံနိုင်၏” ဟူသောစကား ကိုအတည်ပြုလိုက်သည်။]
သညာ, ဝိညာဏ်, ပညာအဆုံးအဖြတ်ပြီး၏။
---စေတိယာဒိဝိနိစ္ဆယ
၁။ လောဟိတုပ္ပါဒေ တထာဂတဿ အဘဇ္ဇကာယတာယ ပရူပက္ကမေန စမ္မစ္ဆေဒံ ကတွာ လောဟိတပဂ္ဃရဏံ နာမ နတ္ထိ၊ သရီရဿ ပန အန္တောယေဝ ဧကသ္မိံ ဌာနေ လောဟိတံ သမောသရတိ၊ ဒေဝဒတ္တေန ပဝိဒ္ဓသိလာတော ဘိဇ္ဇိတွာ ဂတာ သက္ခလိကာပိ တထာဂတဿ ပါဒန္တံ ပဟရိ၊ ဖရသုနာ ပဟတော ဝိယ ပါဒေါ အန္တောလောဟိတောယေဝ အဟောသိ၊ တထာ ကရောန္တဿ အနန္တရိယံ ဟောတိ။
၂။ ဇီဝကော ပန တထာဂတဿ ရုစိယာ သတ္ထကေန စမ္မံ ဆိန္ဒိတွာ တမှာ ဌာနာ ဒုဋ္ဌလောဟိတံ နီဟာရိတွာ ဖာသုကမကာသိ၊ တထာ ကရောန္တဿ ပုညကမ္မမေဝ ဟောတိ။
၃။ အထ ယေစ ပရိနိဗ္ဗုတေ တထာဂတေ စေတိယံ ဘိန္ဒန္တိ၊ ဗောဓိံ ဆိန္ဒန္တိ၊ ဓာတုမှိ ဥပက္ကမန္တိ၊ တေသံ ကိံ ဟောတီတိ၊ ဘာရိယံ ကမ္မံ ဟောတိ၊ အနန္တရိယသဒိသံ၊ သဓာတုကံ ပန ထူပံဝါ ပဋိမံဝါ ဗာဓယမာနံ ဗောဓိသာခဉ္စ ဆိန္ဒိတုံ ဝဋ္ဋတိ။
၄။ သစေပိ တတ္ထ နိလီနာ သကုဏာ စေတိယေ ဝစ္စံ ပါတေန္တိ၊ ဆိန္ဒိတုံ ဝဋ္ဋတိယေဝ၊ ပရိဘောဂစေတိယတော ဟိ သရီရစေတိယံ မဟန္တတရံ၊ စေတိယဝတ္ထုံ ဘိန္ဒိတွာ ဂစ္ဆန္တံ ဗောဓိမူလမ္ပိ ဆိန္ဒိတွာ ဟရိတုံ ဝဋ္ဋတိ၊ ယာ ပန ဗောဓိယာ သာခါ ဗောဓိဃရံ ဗာဓတိ၊ တံ ဂေဟရက္ခဏတ္ထံ ဆိန္ဒိတုံ န လဗ္ဘတိ၊ ဗောဓိအတ္ထဥှိ ဂေဟံ, န ဂေဟတ္ထာယ ဗောဓိ၊ အာသနဃရေပိ ဧသေဝ နယော။
၅။ ယသ္မိံ ပန အာသနဃရေ ဓာတု နိဟိတာ ဟောတိ၊ တဿ ရက္ခဏတ္ထာယ ဗောဓိသာခံ ဆိန္ဒိတုံ ဝဋ္ဋတိ၊ ဗောဓိဇဂ္ဂနတ္ထံ ဩဇောဟရဏသာခံဝါ ပူတိဋ္ဌာနံဝါ ဆိန္ဒိတုံ ဝဋ္ဋတိ ယေဝ၊ သရီရ ပဋိဇဂ္ဂနေ ဝိယ ပုညမ္ပိ ဟောတိ။
[သမ္မော ဉာဏဝိဘင်း အဋ္ဌကထာ။]
၁။ လောဟိတုပ္ပါဒေ=လောဟိတုပ္ပါဒကံ၌၊ တထာဂတဿ= မြတ်စွာဘုရား၏၊ အဘဇ္ဇကာယတာယ=မပေါက်မကွဲနိုင်သော ကိုယ်ရှိသည်၏အဖြစ်ကြောင့်၊ ပရူပက္ကမေန=သူတစ်ပါးတို့၏ လုံ့လ ပယောဂဖြင့်၊ စမ္မစ္ဆေဒံ=အရေဖြတ်ခြင်းကို၊ ကတွာ=ပြု၍၊ လောဟိတ ပဂ္ဃရဏံနာမ= သွေး၏ယိုထွက်ခြင်းမည်သည်၊ နတ္ထိ=မရှိ၊ သရီရဿ ပန= ခန္ဓာတော်၏ကား၊ အန္တောယေဝ=အတွင်း၌သာလျှင်၊ ဧကသ္မိံ ဌာနေ= တစ်ခုသောအရပ်၌၊ လောဟိတံ=သွေးသည်၊ သမောသရတိ= စုဝေး၏၊ ဒေဝဒတ္တေန=ဒေဝဒတ်သည်၊ ပဝိဒ္ဓသိလာတော=ပစ်ချအပ်သော ကျောက်ဖျာမှ၊ ဘိဇ္ဇိတွာ=ကွဲ၍၊ ဂတာ=သွားသော၊ သက္ခလိကာပိ= ကျောက်ချပ်လွှာသည်လည်း၊ တထာဂတဿ= မြတ်စွာဘုရား၏၊ ပါဒန္တံ= ခြေဖတာ်စွန်းကို၊ ပဟရိ=ခတ်မိလေ၏၊ ဖရသုနာ=ပုဆိန်ဖြင့်၊ ပဟတောဝိယ=ခတ်အပ်သကဲ့သို့၊ ပါဒေါ=ခြေတော်သည်၊ အန္တော လောဟိတောယေဝ=အတွင်း၌ သွေးစုဝေး၍ တည်သည်သာလျှင်၊ အဟောသိ=ဖြစ်လေ၏၊ တထာ=ထိုသို့သော အခြင်းအရာအားဖြင့်၊ ကရောန္တဿ=ပြုသောဒေဝဒတ်အား၊ အနန္တရိယံ=အနန္တရိယကံ ထိုက်သည်၊ ဟောတိ=ဖြစ်၏။
[မကောင်းသောစိတ်ပြုသောကြောင့် ဒေဝဒတ်မှာ ကံထိုက်သည်ဟူလို။]
၂။ ဇီဝကော ပန=ဇီဝကဆရာသည်မူကား၊ တထာဂတဿ= မြတ်စွာဘုရား၏၊ ရုစိယာ=အလိုတော်အားဖြင့်၊ သတ္ထကေန=ဓားငယ်ဖြင့်၊ စမ္မံ=အရေတော်ကို၊ ဆိန္ဒိတွာ=ဖြတ်၍၊ တမှာဌာနာ=ထိုအရပ်မှ၊ ဒုဋ္ဌလောဟိတံ= မကောင်းသောသွေးကို၊ နီဟာရိတွာ=ထုတ်၍၊ ဖာသုကံ= ချမ်းသာတော်မူခွင့်ကို၊ အကာသိ=ပြုလေ၏၊ တထာ=ထိုသို့သော အခြင်း အရာအားဖြင့်၊ ကရောန္တဿ=ပြုသောဇီဝကဆရာအား၊ ပုညကမ္မမေဝ= ကောင်းမှုသည်သာလျှင်၊ ဟောတိ=ဖြစ်လေ၏။
[ဒေဝဒတ်, ဇီဝကပြုကြသောပယောဂမှုသည် မြတ်စွာဘုရား၏ အရေတော် အသွေးတော်, အသားတော် တည်းဟူသော ကိုယ်တော်ကို ထိပါးကြသောပယောဂချည်းပင် ဖြစ်ကြသည်၊ ထိုသို့ဖြစ်ကြသော်လည်း ဒေဝဒတ်မှာ မကောင်းသောစိတ်ကြောင့် အနန္တရိယကံထိုက်သည်၊ ဇီဝကဆရာမှာ ကောင်းသောစိတ်ကြောင့် ကောင်းမှုကုသိုလ်ကြီး ဖြစ်၏ဟူလို။]
၃။ အထ=ထိုမှတစ်ပါး၊ ယေစ=အကြင်သူတို့သည်လည်း၊ တထာဂတေ=မြတ်စွာဘုရားသည်၊ ပရိနိဗ္ဗုတေ=ပရိနိဗ္ဗာန်စံပြီးသည်ရှိ သော်၊ ဝါ=ပရိနိဗ္ဗာန်စံပြီးသော နောက်၌၊ စေတိယံ=စေတီတော်ကို၊ ဘိန္ဒန္တိ= ဖျက်ဆီးကုန်၏၊ ဗောဓိံ= ဗောဓိပင်ကို၊ ဆိန္ဒန္တိ= ဖြတ်ကြကုန်၏၊ ဓာတုမှိ= ဓာတ်တော်၌၊ ဥပက္ကမန္တိ=မကောင်းသော ပယောဂကို ပြုကြကုန်၏၊ တေသံ= ထိုသူတို့အား၊ ကိံ= အဘယ်ကံသည်၊ ဟောတိ= ဖြစ်လေသနည်း၊ ဣတိ= ဤကား အမေးပုစ္ဆာတည်း၊ ဘာရိယံ=ဝန်လေးလှသော၊ ကမ္မံ= မကောင်းမှုကံကြီးသည်၊ ဟောတိ=ဖြစ်၏၊ အနန္တရိယသဒိသံ=အနန္တရိယ ကံကြီးနှင့်တူပေ၏၊ သဓာတုကံ=အတွင်း၌ ဌပနာအပ်သော ဓာတ်တော် ရှိသော၊ ထူပံဝါ=စေတီပုထိုးတော်ကိုလည်းကောင်း၊ ပဋိမံဝါ=ရုပ်ပွါး ဆင်းတုတော်ကိုလည်းကောင်း၊ ဗာဓယမာနံ=ခိုက်တိုက်ထိပါးသော၊ ဗောဓိသာခဉ္စ =ဗောဓိခက်ကိုလည်း၊ ဆိန္ဒိတုံ=ဖြတ်တောက်ခြင်းငှါ၊ ဝဋ္ဋတိ= အပ်ပါ၏။
[ဓာတ်တော်အစစ်နှင့် ဗောဓိပင် ယှဉ်ပြိုင်ခဲ့လျှင် ဓာတ်တော် အစစ်ကမြတ်၏၊ ဗောဓိပင်နှင့် ဓာတ်တော်အစစ် မရှိသော စေတီ, ပုထိုးတော်, ရုပ်ပွါး,ဆင်းတု ယှဉ်ပြိုင်ခဲ့သော် ဗောဓိပင်က မြတ်၏၊ ထို့ကြောင့် ဓာတ်တော်စစ်ရှိသော စေတီ, ပုထိုး, ရုပါပွါး, ဆင်းတု ဖြစ်ခဲ့လျှင် ထိပါးသော ဗောဓိကိုင်းကို ပယ်အပ်၏၊ ဓာတ်တော်အစစ်မရှိသော စေတီ, ပုထိုး, ရုပ်ပွါး,ဆင်းတုဖြစ်ခဲ့လျှင် ထိုထိုထိပါးသော ဗောဓိကိုင်းကို မပယ်အပ်၊ စေတီ, ပုထိုး, ရုပ်ပွါး, ဆင်းတုကိုသာ သင့်လျော်ရာအရပ် တစ်ပါးသို့ ရွေ့ပြောင်းရမည်ဟူသော အနက်ကို ဤအဋ္ဌကထာပါဌ်ဖြင့် သိအပ်မှတ်အပ်၏၊]
၄။ တတ္ထ=ထိုဗောဓိကိုင်း၌၊ နိလီနာ=နားကြကုန်သော၊ သကုဏာ=ငှက်တို့သည်၊ စေတိယေ=ဓာတ်တော်အစစ်ရှိသော စေတီ ပေါ်၌၊ ဝစ္စံ=ကျင်ကြီးကို၊သစေပိပါတေန္တိ=အကယ်၍မူလည်း ချကုန်ငြားအံ့၊ ဆိန္ဒိတုံ=ဗောဓိကိုင်းကို ဖြတ်တောက် ပယ်ရှားခြင်းငှါ၊ ဝဋ္ဋတိယေဝ= အပ်သည်သာလျှင်တည်း၊ ဟိသစ္စံ=မှန်၏၊ ပရိဘောဂ စေတိယတော= ဗောဓိပင်ဟူသော ပရိဘောဂစေတီတော်ထက်၊ သရီရစေတိယံ= ဓာတ်တော်စစ်ဟူသော သရီရစေတီတော်သည်၊ မဟန္တတရံ=အလွန် မြင့်မြတ်၏၊ စေတိယဝတ္ထုံ=စေတီ၏တည်ရာ အခြေအုဌ်မြစ်ကို၊ ဘိန္ဒိတွာ= ဖျက်ဆီး၍၊ ဂစ္ဆန္တံ= သွားသော၊ ဗောဓိမူလမ္ပိ= ဗောဓိမြစ်ကိုလည်း၊ ဆိန္ဒိတွာ= ဖြတ်တောက်၍၊ ဟရိတုံ=ပယ်ရှားခြင်းငှါ၊ ဝဋ္ဋတိ=အပ်၏၊ ဗောဓိယာ= ဗောဓိပင်၏၊ ယာပန သာခါ=အကြင်အကိုင်းအခက်သည်ကား၊ ဗောဓိဃရံ=ဗောဓိအိမ်တန်ဆောင်းကို၊ ဗာဓတိ=ထိခိုက်၏၊ တံ=ထို ဗောဓိကိုင်းကို၊ ဂေဟရက္ခဏတ္ထံ=အိမ် တန်ဆောင်းကို စောင့်ရှောက် ခြင်းငှါ၊ ဆိန္ဒိတုံ=ဖြတ်ခြင်းငှါ၊ န လဗ္ဘတိ=မရအပ်၊ ဟိသစ္စံ=မှန်၏၊ ဂေဟံ= ဗောဓိအိမ်မည်သည်၊ ဗောဓိအတ္ထံ= ဗောဓိပင်ကို စောင့်ရှောက် ခြင်းငှါ၊ ဟောတိ=ဖြစ်၏၊ ဗောဓိ=ဗောဓိပင်သည်၊ ဂေဟတ္ထာယ=ဗောဓိအိမ်ကို စောင့်ရှောက်ခြင်းငှါ၊ နဟောတိ=မဖြစ်၊ အာသနဃရေပိ=ဆင်းတု အိမ်၌လည်း၊ ဧသေဝ နယော=ဤနည်းအတူပင်တည်း။
[ဘုရားကျောင်း၌လည်း ရုပ်ပွါးဆင်းတုတော်မြင့်၍ မဆန့်နိုင်ရှိ သည်ဟု ရုပ်ဆင်းတုတော်ကို မဖျက်အပ်၊ ကျောင်းကို ဖျက်၍သာ မြင့်အောင်ပြုလုပ်အပ်သည်ဟူလို။။ အာသနဃရေပိ ဧသေဝနယောဟူသောပါဌ်၏အဓိပ္ပါယ်။]
၅။ ယသ္မိံ ပန အာသနဃရေ=အကြင်ဆင်းတုအိမ်၌မူကား၊ ဓာတု=ဓာတ်တော်စစ်ကို၊ နိဟိတာ=သွင်းထားအပ်သည်၊ ဟောတိ=ဖြစ်၏၊ တဿ=ထိုဓာတ်တော်စစ်ရှိသော ဆင်းတုအိမ်ကို၊ ရက္ခဏတ္ထာယ= စောင့်ရှောက်ခြင်းအကျိုးငှါ၊ ဗောဓိသာခံ=ဗောဓိကိုင်းကို၊ ဆိန္ဒိတုံ= ဖြတ်ခြင်းငှါ၊ ဝဋ္ဋတိ=အပ်၏၊ ဗောဓိဇဂ္ဂနတ္ထံ=ဗောဓိပင်ကို သုတ်သင်ခြင်းငှါ၊ ဩဇောဟရဏသာခံဝါ=တစ်ပင်လုံး၌ ဩဇာကိုပယ်ရှားတတ်သော အခက်ဆိုး အကိုင်းဆိုးကိုလည်းကောင်း၊ ပူတိဋ္ဌာနံဝါ=ခြောက်သွေ့ ပုပ်ဆွေးသောဌာနကိုလည်းကောင်း၊ ဆိန္ဒိတုံ=ဖြတ်ခြင်းငှါ၊ ဝဋ္ဋတိယေဝ= အပ်သည်သာလျှင်တည်း၊ သရီရပဋိဇဂ္ဂနေ=မြတ်စွာဘုရား၏ ကိုယ်တော် ကို သုတ်သင်ရာ၌၊ ပုညံ=ကုသိုလ်ကို၊ ဟောတိဝိယ=ဖြစ်သကဲ့သို့၊ တထာ= ထို့အတူ၊ ဧတ္ထ=ဤအခက်ဆိုးနှင့် ပုပ်ဆွေးသော ဌာနတို့ကိုပယ်ချရာ၌၊ ပုညမ္ပိ=ကုသိုလ်သည်လည်း၊ ဟောတိ=ဖြစ်၏။
[ဤဝါကျဖြင့် ဓာတ်တော်အစစ်ရှိသော ဆင်းတုအိမ်, ဘုရား ကျောင်းကို စောင့်ရှောက်ခြင်းငှါ ဗောဓိပင်ကြီးတွင် တည်ရှိသော အကိုင်း အခက်ကို ပယ်ဖျက်ခြင်းငှါ အပ်ပါ၏၊ ဗောဓိပင်ကြီး ပျက်စီးစေတတ်သော ပိုးမွှားရှိသော အကိုင်းဆိုး, အခက်ဆိုးများနှင့် ပုပ်ဆွေးသော ဌာနစုကို လည်း ဗောဓိပင်ကြီးကို စောင့်ရှောက်ခြင်းငှါအပ်ပါ၏။
ဇီဝကဆရာသည် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး၏ ခြေတော် ကိုခွဲ၍ သုတ်သင်ပေးရာတွင် မဟာပုည ကုသိုလ်ထူးဖြစ်ရသကဲ့သို့ ဗောဓိပင်ကြီး ပွါးစီးစည်ပင်ရန် ရည်သန်သော နှလုံးသားဖြင့် မကောင်း သော အကိုင်း,အခက်ကို ပယ်ရှားသုတ်သင်ရာတွင်လည်း မဟာပုည ကုသိုလ်ကြီးရသည်ဟု သန္နိဋ္ဌာန်ကျ မှတ်ယူအပ်၏၊]
ဤသို့လာသော အဋ္ဌကထာကြီးကို နည်းမှီ၍ ဘုရား, ဂူ, ကျောင်း, တန်ဆောင်းစသည်ကို ပြင်ဆင်ပြုလုပ်ရာတွင် အယုတ်အမြတ်ကို သတိထား၍ ပယ်ရှားသင့်သည်ကို ပယ်, မပယ်သင့်သည်ကို မပယ်ဘဲ ပြင်ဆင်ပြုလုပ် ထိုက်သည်ကို အမြဲဂရုစိုက်အပ်လှပေသည်။
စေတိယာဒိဝိနိစ္ဆယ တစ်ရပ် ပြီး၏။
---စေတီယင်ပြင် ဘိနပ်စီးမှု အဆုံးအဖြတ်
၁။ ယခုအခါ လူလူရှင်ရှင် စေတီယင်ပြင်မှာ ဘိနပ်စီးအပ်၏၊ ဘိနပ်စီး၍အပြစ်မရှိ ဟုရေးသားသော စာအုပ်ကြီးငယ်ကို ဆရာတော် ကိုယ်တိုင်တွေ့ရှိခဲ့သည်တစ်ကြောင်း,
၂။ အချို့သူတို့လည်း ၎င်းစာအုပ်အထွက်ကို နှစ်သက်စွာ လိုက်နာကြသည်ဟု ကြားသိရသည်တစ်ကြောင်း,
၃။ ဗုဒ္ဓဂိုဏ်း, ဓမ္မဂိုဏ်း, သံဃဂိုဏ်းနှင့် စပ်ဆိုင်သော အရာ ဖြစ်၍ အလွန်အပြစ်ကြီးမားသော အရာဌာနဖြစ်သည် တစ်ကြောင်း,
၄။ အထက်အခွန်ဝန်- မောင်ကျော်ထွန်း ရှိစဉ်အခါက ၎င်းစာတစ်စွန်းတစ်စ လာရောက်တွေ့မြင်၍ ဟုတ်မည် ယောင်ယောင် ထင်ယောင်ထင်မှားဖြစ်ကြ၍ ဆရာ့ထံ လာရောက် လျှောက်ထား ရှင်းလင်းပြောဆို ငြိ်မ်ဝပ်ပိပြား ရှိနေသည်ကို ယခုစာအုပ်ကြီးငယ် အကျယ်အကျဉ်း လာရောက်ပြန့်နှံ့ ကြည့်ရှု လှုပ်ရှားပြန်သည်တစ်ကြောင်း,
သို့-အကြောင်းများကြောင့် တိုက်ရုံးသို့ လာရောက်သူ အများကို အခါအခွင့် အားလျော်စွာ ဖတ်ရွတ်ဆွေးနွေး သတိပေးရန် သက္က သံယုတ်ပါဠိတော်အထွက်ကို အနက်ပါဠိအစုံ ထုတ်ပြလိုက်သည်။
၁။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ၊ တတြခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ၊ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။
၂။ ဘဂဝါ ဧတဒဝေါစ။
၃။ ဘူတပုဗ္ဗံ ဘိက္ခဝေ သမ္ဗဟုလာ ဣသယော သီလဝန္တော ကလျာဏဓမ္မာ အရညာ ယတနေ ပဏ္ဏပုဋီသု သမ္မန္တိ၊ အထခေါ ဘိက္ခဝေ သက္ကောစ ဒေဝါနမိန္ဒော ဝေပစိတ္တိစ အသုရိန္ဒောယေန တေ ဣသယော သီလဝန္တောကလျာဏဓမ္မာ၊ တေနုပသင်္ကမိံသု။
၄။ အထခေါ ဘိက္ခဝေ ဝေပစိတ္တိအသုရိန္ဒော ပါဋလိယော ဥပါဟနာ အာရောဟိတွာ ခဂ္ဂံ ဩလဂ္ဂိတွာ ဆတ္တေန ဓာရိယမာနေန အဂ္ဂဒွါရေန အဿမံ ပဝိသိတွာ တေ ဣသယော သီလဝန္တေ ကလျာဏဓမ္မေ ဝါမတော ကရိတွာ အတိက္ကမိ။
၅။ အထခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော ပါဋလိယော ဥပါဟနာ ဩရောဟိတွာ ခဂ္ဂံ အညေသံ ဒတွာ ဆတ္တံအပနာ မေတွာ ပစ္ဆိမဒွါရေန အဿမံ ပဝိသိတွာ တေ ဣသယော သီလဝန္တေ ကလျာဏဓမ္မေ ဒက္ခိဏတော ကရိတွာ အနုဝါတံပဉ္စလိကော နမဿ မာနော အဋ္ဌာသိ။
၆။ အထခေါ ဘိက္ခဝေ တေ ဣသယော သီလဝန္တော ကလျာဏ ဓမ္မာ သက္ကံ ဒေဝါနမိန္ဒံ ဂါထာယ အဇ္ဈဘာသိံသု။
(က) ဂန္ဓော ဣသီနံ စိရဒိက္ခိတာနံ၊
ကာယာ စုတော ဂစ္ဆတိမာလုတေန၊
ဣတော ပဋိက္ကမ သဟဿနေတ္တ၊
ဂန္ဓော ဣသီနံ အသုစိ ဒေဝရာဇာတိ။
(ခ ) ဂန္ဓော ဣသီနံ စိရဒိက္ခိတာနံ၊
ကာယာ စုတော ဂစ္ဆတု မာလုတေန။
သုစိတြပုပ္ဖံဝ သိရသ္မိံ မာလံ၊
ဂန္ဓံ ဧတံ ပဋိကင်္ခါမ ဘန္တေ။
နဟေတ္ထ ဒေဝါ ပဋိကူလသညိနောတိ။
[သက္ကသံယုတ်ပါဠိတော်။]
အနက်ကား
၁။ ဘန္တေ=အရှင်မဟာကဿပ၊ မေ= အကျွန်ုပ်သည်၊ ဧဝံ= ဤသို့၊ သုတံ=ကြားနာဘူး၏၊ ဧကံသမယံ=အခါတစ်ပါး၌၊ ဘဂဝါ=မြတ်စွာ ဘုရားသည်၊ သာဝတ္ထိယံ=သာဝတ္ထိပြည်၌၊ အနာထပဏ္ဍိကဿ= အနာထပိဏ်သူဌေး၏၊ အာရာမေ=အရာမ်၌၊ ဇေတဝနေ=ဇေတဝန် ကျောင်းတော်၌၊ ဝိဟရတိ=နေတော်မူ၏၊ တတြခေါ=ထိုသို့နေတော် မူသောအခါ၌၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ ဘိက္ခူ=ရဟန်းတို့ကို၊ ဘိက္ခဝေါတိ=ရဟန်းတို့ဟူ၍၊ အာမန္တေတိ=ခေါ်တော်မူ၏၊ တေဘိက္ခူ= ထိုရဟန်းတို့သည်၊ ဘဒ္ဒန္တေတိ=အရှင်ကောင်းဟူ၍၊ ဘဂဝတော= မြတ်စွာ ဘုရား၏၊ ဝစနံ=စကားကို၊ ပစ္စေဿာသုံ=ရှေးရှုနာကြကုန်၏။
၂။ ဘဂဝါ= မြတ်စွာဘုရားသည်၊ ဧတံ=ဤသို့သောစကားကို၊ အဝေါစ=မိန့်တော်မူ၏။
၃။ ဘိက္ခဝေ=ရဟန်းတို့၊ ဘူတပုဗ္ဗံ=ရှေး၌ဖြစ်ဘူးသည်ကား၊ သမ္ဗဟုလာ=များစွာကုန်သော၊ သီလဝန္တော=သီလရှိကုန်သော၊ ကလျာဏဓမ္မာ=ကောင်းသောအကျင့်ရှိကုန်သော၊ ဣသယော=ရသေ့ တို့သည်၊ အရညယတနေ=တောကြီး၌၊ ပဏ္ဏကုဋီသု=သစ်ရွက်ကျောင်း တို့၌၊ သမ္မန္တိ=နေကြကုန်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အထခေါ=ထိုသို့နေ ကြသောအခါ၌၊ ဒေဝါနံ=နတ်တို့ကို၊ ဣန္ဒော=စိုးရသခင် ဘုရင်ဖြစ် တော်မူသော၊ သက္ကောစ=သိကြားမင်းသည်လည်းကောင်း၊ အသုရိန္ဒော= အသူရာပြည်ကိုအစိုးရသော၊ ဝေပစိတ္တိစ=ဝေပစိတ္တိနတ်မင်းသည် လည်း ကောင်း၊ ယေန=အကြင်အရပ်၌၊ သီလဝန္တော=သီလရှိကုန်သော၊ ကလျာဏဓမ္မာ=ကောင်းသောအကျင့်ရှိကုန်သော၊ တေဣသယော= ထိုရသေ့တို့သည်၊ သမ္မန္တိ=နေကြကုန်၏၊ တေန=ထိုအရပ်သို့၊ ဥပသင်္ကမိံသု=ကပ်ကြကုန်၏။
၄။ ဘိက္ခဝေ=ရဟန်းတို့၊ အထခေါ=ထိုအခါ၌၊ ဝေပစတ္တိ အသုရိန္ဒော=ဝေပစိတ္တိမည်သောအသူရာဘုရင်သည်၊ ပါဋလိယော= အထပ်အလွှာများလှစွာကုန်သော၊ ဥပါဟနာ=ဘိနပ်နှစ်ခုတို့ကို၊ အာရောဟိတွာ=စီးမြဲစီး၍၊ ခဂ္ဂံ=သန်လျက်ကို၊ ဩလဂ္ဂိတွာ=လွယ်မြဲ လွယ်၍၊ ဓာရိယမာနေန=ဆောင်းမြဲတိုင်းသော၊ ဆတ္တေန= ထီးနှင့်တစ်ကွ၊ အဂ္ဂဒွါရေန= အထွတ်အမြတ်ဖြစ်သော အရှေ့တံခါးဖြင့်၊ အဿမံ= ကျောင်းတိုက်အတွင်းသို့၊ ပဝသိတွာ=ဝင်လေ၍၊ သီလဝန္တေ=သီလရှိ ကုန်သော၊ ကလျာဏဓမ္မေ=ကောင်းသောအကျင့်ရှိကုန်သော၊ တေ ဣသယော=ထိုရသေ့တို့ကို၊ ဝါမတော=လက်ဝဲဖက်အဖို့အားဖြင့်၊ ကရိတွာ=ပြု၍၊ အတိက္ကမိ=ထွက်သွားလေ၏။
၅။ ဘိက္ခဝေ= ရဟန်းတို့၊ အထခေါ= ထိုအခါ၌၊ ဒေဝါနမိန္ဒော= နတ်တို့၏ဘုရင်ဖြစ်သော၊ သက္ကော=သိကြားမင်းသည်၊ ပါဋလိယော= အထပ်အလွှာများလှစွာကုန်သော၊ ဥပါဟနာ=ဖိနပ်၂-ခုတို့ကို၊ ဩရောဟိတွာ=ချွတ်၍၊ ခဂ္ဂံ=သန်လျက်ကို၊ အညေသံ=တစ်ပါးသော နောက်လိုက်နောက်ပါနတ်တို့အား၊ ဒတွာ=ပေးအပ်၍၊ ဆတ္တံ=ထီးကို၊ အပနာမေတွာ= ရုပ်သိမ်း၍၊ ပစ္ဆိမဒွါရေန= အနောက်တံခါးဖြင့်၊ အဿမံ= ကျောင်းတိုက်အတွင်းသို့၊ ပဝိသိတွာ=ဝင်၍၊ သီလဝန္တေ=သီလရှိကုန် သော၊ ကလျာဏဓမ္မေ=ကောင်းသောအကျင့်ရှိကုန်သော၊ ဣသယော= ရသေ့တို့ကို၊ ဒက္ခဏတော=လက်ျာဖက်အဖို့အားဖြင့်၊ ကရိတွာ=ပြု၍၊ အနုဝါတံ=လေအောက်၌၊ ပဉ္ဇလိကော=လက်အုပ်ချီလျက်၊ နမဿ မာနော=ရှိခိုးလျက်၊ အဋ္ဌာသိ=ရပ်နေ၏။
၆။ ဘိက္ခဝေ=ရဟန်းတို့၊ အထခေါ=ထိုအခါ၌၊ သီလဝန္တော= သီလရှိကုန်သော၊ ကလျာဏဓမ္မာ=ကောင်းသောအကျင့်ရှိကုန်သော၊ ဣသယော=ရသေ့တို့သည်၊ သက္ကံဒေဝါနမိန္ဒံ=နတ်တို့သနင်း သိကြား မင်းကို၊ ဂါထာယ=ပြေပြစ်လှစွာဂါထာစကားဖြင့်၊ အဇ္ဈဘာသိံသု=ပြောဆို ကြပေကုန်၏။
(က) သဟဿနေတ္တ=မျက်စိတစ်ထောင် အမြင်ဆောင်သော၊ ဒေဝရာဇ=သိကြားမင်းကြီး၊ စိရဒိက္ခိတာနံ=ရသေ့ပြု၍ ကြာမြင့်ကုန်သော၊ ဣသီနံ=ရသေ့တို့၏၊ ကာယာ=ကိုယ်မှ၊ မာလုတေန=လေသုတ်သဖြင့်၊ စုတော=ရွေ့သော၊ ဂန္ဓော=အနံ့သည်၊ ဂစ္ဆတိ=လေအောက်သို့ သွား၏၊ ဣတော=ဤလေအောက်မှ၊ ပဋိက္ကမ=ဖဲ၍ရပ်ပါလော့၊ ဣသီနံ=ရသေ့ တို့၏၊ ဂန္ဓော=ကိုယ်နံ့သည်၊ အသုစိ=မသိုးမသန့်ချေ၊ ဣတိ=ဤသို့၊ အဇ္ဈဘာသိံသု=ပြောဆိုကြပေကုန်၏။
ထိုအခါ သိကြားမင်းက လျှောက်သည်မှာ
(ခ) ဘန္တေ=အရှင်မြတ်တို့၊ စိရဒိက္ခိတာနံ=ရသေ့ပြု၍ ကြာမြင့် ကုန်သော၊ ဣသီနံ=ရသေ့တို့၏၊ ကာယာ=ကိုယ်မှ၊ မာလုတေန= လေသုတ် သဖြင့်၊ စုတော=ရွေ့သော၊ ဂန္ဓော=အနံ့သည်၊ ဂစ္ဆတု=လာပါစေ၊ သုစိတြပုပ္ဖံ=အလွန်တင့်တယ်ဆန်းကြယ်စွာပွင့်သော၊ သိရသ္မိံ= ဦးခေါင်း ထက်၌၊ မာလံဣဝ=ပင်လယ်ကသစ်ပန်းကိုကဲ့သို့၊ ဧတံဂန္ဓံ=ဤသီလ ရှိသောအရှင်ကောင်းတို့၏ကိုယ်နံ့ကိုပင်လျှင်၊ ပဋိကင်္ခါမ=တောင့်တ ပါကုန်၏၊ ဧတ္ထ=ဤသီလရှိသော အရှင်ကောင်းတို့၏ကိုယ်နံ့၌၊ ဒေဝါ= နတ်သိကြားတို့သည်၊ နပဋိကူလသညိနော=စက်ဆုပ်ဖွယ်ဟု အမှတ် သညာ မရှိကြပါကုန်၊ ဣတိ=ဤသို့၊ အဇ္ဈဘာသိ=လျှောက်ဆိုလေ၏။
တေမိဇာတ်အဋ္ဌကထာ၌
“သက္ကဒတ္တိယံ=သိကြားဖန်ဆင်း၍ပေးသော၊ တိယောဇနိကံ= ၃- ယူဇနာရှိသော၊ အဿမံ=သင်္ခမ်းကျောင်းသည်၊ ပရိပုဏ္ဏံ=ပြည့်သည်၊ အဟောသိ=ဖြစ်လေ၏၊”
ဟတ္ထိပါလဇာတ်၌လည်း
“အာယာမတော=အလျားအားဖြင့်၊ ဆတ္တိံသယောဇနံ=၃၆- ယူဇနာရှိသော၊ ဝိတ္ထာရတော=အနံအားဖြင့်၊ ပန္နရသယောဇနံ=၁၅- ယူဇနာရှိသော၊ အဿမံ=သင်္ခမ်းကျောင်းကို၊ မာပေတွာ=ဖန်ဆင်း၍”။
ဤပါဠိလာ ဒေသနာတော်မြတ်ကိုထောက်၍ ယခုအခါ လူ ပညာရှိအပေါင်း သူတော်ကောင်းတို့သည်လည်း စတုမဟာရာဇ်, တာဝတိံသာနတ်ရွာ နှစ်ပြည်ထောင်လုံးကို အစိုးရတော်မူသော သိကြားမင်းကြီးသည်ပင်လျှင် သာသနာပ ဗာဟိရကရသေ့တို့ နေကြ သောကျောင်းတိုက်အရာမ်သို့ဝင်ရာ ဖိနပ်စီးခြင်း, ထီးဆောင်းခြင်း, လက်နက် အဝင်အပါဖြစ်သော ထား-လှံ- သေနတ်- သံလျက်လွယ်ခြင်း အမှုများကို မပြုကောင်းဟု ကောင်းစွာသိထွေ ရှောင်ကြဉ်ပေသည်။
ငါတို့ကဲ့သို့သော သူသည် သဗ္ဗညုဘုရား၏ ဓာတ်တော်မွေတော် ကိန်းဝပ်ရာ စေတီအရာမ်တွင်း, ဘုရားတပည့်သား ရဟန်းသံဃာတော် တို့ကိန်းဝပ်ရာ ကျောင်းတိုက်အရာမ်တွင်းများ၌ ဖိနပ်စီးမှု, ထီးဆောင်းမှု, ခေါင်းမြီးခြုံမှု, လက်နက်မျိုးတွင် အပါအဝင်ဖြစ်ထိုက်သော ထား-လှံသေနတ်စွဲကိုင်မှုများကို မပြုထိုက်လှတော့သည်သာတည်း၊ ပြုခဲ့မိ ချေသော် မလိမ်တမာ ညစ်ငြမ်းစွာသော အသူရာအပင်းအသင်းတွင် စာရင်းအပါအဝင် ဖြစ်ချေမည်ဟု နှလုံးပြု၍လွတ်ကင်းအောင် ရှောင် ကြဉ်ကြကုန်ရာသည်။
စေတီယင်ပြင် ဖိနပ်စီးမှုအဆုံးအဖြတ်တစ်ရပ်ပြီး၏။
---စေတိယင်္ဂဏ ဝိနိစ္ဆယနိဒါန်း
“စေတိယင်္ဂဏ” စေတီယင်ပြင်နှင့် စပ်လျဉ်းသော စကားသည် ၁၂၅၉-ခုနှစ် လောက်ကစ၍ မြန်မာနိုင်ငံတွင် ပြန့်နှံ့ကျယ်ပွါးခဲ့လေရာ ၁၂၈၀-ပြည့်နှစ်၊ ၁၂၈၁-ခုနှစ်များတွင်လည်း စေတီယင်ပြင်တွင် ဖိနပ်စီးနင်းမှုနှင့် စပ်လျဉ်း၍ ရှေးအခါကထက်ပင် ပြောဆိုကြပြီးလျှင် နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးများကို ပြုလုပ်ကြလေသည်။
ဤသို့ တစ်နိုင်ငံလုံး ပြောဆိုပြန့်နှံ့ကာ ကောလဟလကြီး တစ်ခုဖြစ်သည်နှင့် မြန်မာပြည်ဘုရင်ခံ မင်းမြတ်ကပင် စေတီယင်ပြင်တွင် ဖိနပ်စီးနင်းရေးနှင့် စပ်လျဉ်း၍ အမိန့်တော်ပြန်တမ်းများကို ထုတ်ဆင့်တော်မူ ရလေသည်။
ဆိုခဲ့ပြီးသော “စေတိယင်္ဂဏ” စကားပြန့်ပွါး ပြောဆိုနေကြသည့် အတောအတွင်း ၁၂၈၁-ခု တန်ဆောင်မုန်းလဆန်း ၁၅-ရက် (၁၉၁၉- ခု နိုဝင်ဘာလ ၆ ရက်နေ့) တွင် ထုတ်ဝေသော “ရန်ကုန်ဂေဇက်” ခေါ် အင်္ဂလိပ်သတင်းစာ၌--
“ပိဋကတ် ကျမ်းဂန်တတ်မြောက်၍ ကျမ်းပြုပုဂ္ဂိုလ်ကျော် ဥရောပနိုင်ငံတွင် ထင်ရှားကျော်စောသော လယ်တီဆရာတော် ဘုရားကြီးသည်လည်း စေတီယင်ပြင်တော်၌ ဖိနပ်စီးနင်းခြင်းကို သဘောကြေနပ်တော်မူကြောင်း” ဟု ရေးသားဖော်ပြသဖြင့် ထို “ရန်ကုန်ဂေဇက်သတင်းစာ“ကို တပည့်များက ဖတ်ကြားလျှောက်တင်ကြလေသည်။
ထိုအခါ အရှင်လယ်တီဆရာတော်ဘုရားကြီးက--ရန်ကုန်ဂေဇက် သတင်းစာက စွပ်စွဲသည့်အတိုင်း ငါသဘော နှစ်သက်သည်မဟုတ်၊ ပိဋကတ်ကျမ်းဂန် အထင်အရှားရှိပြီးဖြစ်၍ ထိုကျမ်းဂန်များအတိုင်းသာ သဘောနှစ်သက်သည်။
ဟုမိန့်တော်မူပြီးလျှင် အကျယ်အားဖြင့်လည်း ပိဋကတ် ကျမ်းဂန်အကိုးအကားနှင့်တကွ မိန့်ဆိုပြောဟောတော်မူလေသည်၊ ဤသို့ မိန့်ဆိုတော်မူသော အချက်များကိုလည်း မြန်မာသတင်းစာများတွင် လယ်တီဆရာတော်ဘုရားကြီး၏ တပည့် “လယ်တီ-ဝိမလ” က ရေးသား ထည့်သွင်းဖော်ပြဖူးလေသည်။
ထို့နောက် ရဟန်းတပည့် လူတပည့်ပေါင်းများစွာတို့အား နှုတ်ဖြင့် မိန့်ကြားတော်မူသည်ထက် အဆုံးအဖြတ် တစ်စောင် ရေးသား တော်မူခဲ့ပါလျှင် နောင်လာနောင်သားတို့ မှတ်သား အားထားကြရမည် ဖြစ်သည့်ပြင် သာသနာတော် အစဉ်မှာလည်း အကျိုးများဖို့ပင်ဖြစ်ပါသည်၊ ဤစေတိယင်္ဂဏအရေးမှာ မြန်မာပြည်နှင့် များစွာသက်ဆိုင်လျက်ရှိသဖြင့် ဗုဒ္ဓဘာသာ အရိုးကျ ကျမ်းဂန်သာဓကများနှင့် ရေးသားတော်မူလှပါသည်ဟူ၍ အတန်တန်လျှောက်ထားကြသည်နှင့် နောင်အနာဂတ် သာသနာရေးကို မြော်တွေးတော်မူပြီးလျှင် ဤ “စေတိယင်္ဂဏ ဝိနိစ္ဆယ ကျမ်း” ကို ရေးသားတော်မူလေသည်။
ဤ “စေတိယင်္ဂဏဝိနိစ္ဆယ” ကို ရေးသားပြီးစီးရှိရာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ခံ အရှင်မန်လည်ဆရာတော်ဘုရားကြီးသည် အထက်မြန်မာနိုင်ငံမှ အောက်ရာမညတိုင်းသို့ စုန်ဆင်းကြွရောက်တော်မူလာသည်နှင့် အရှင်လယ်တီဆရာတော်ဘုရားကြီးက ဤ “စေတိယင်္ဂဏဝိနိစ္ဆယ“ကို အရှင်မန်လည်ဆရာတော်ဘုရားကြီးသို့ ကြည့်ရှုပြင်ဆင်တော်မူစေရန် တင်ပြသောအခါ မန်လည်ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် သေချာစေ့ငှ ကြည့်ရှုတော်မူပြီးလျှင် “ဗုဒ္ဓဘာသာအရိုးကျ ကောင်းမွန် သင့်မြတ်လှပေသည်” ဟူ၍ မိန့်ဆိုဝန်ခံတော်မူလေသည်။
အဂ္ဂမဟာပဏ္ဍိတဘွဲ့ခံ ကျမ်းဂန်တတ်အကျော် အရှင် ဆရာတော်ကြီးမြတ်နှစ်ပါးတို့၏ သဘောတူညီတော်မူချက်ဖြစ်သော ဤ “စေတိယင်္ဂဏဝိနိစ္ဆယ“၌ ရေးသားပါရှိသော အချက်များသည် ဗုဒ္ဓဘာသာအရိုးကျ, ပိဋကတ်ကျမ်းဂန် အရိုးကျကြီးများကို ထုတ်နုတ် ရေးသားတော်မူသဖြင့် ဗုဒ္ဓဘာသာ အမျိုးသားအပေါင်းတို့သည် စေတိယင်္ဂဏအမှုနှင့် အားကိုးရာကြီးတစ်ခု ဖြစ်ပေသည်ဟု ဝမ်းမြောက် ဝမ်းသာ သာသနာကို ကြည်ညိုသော စေတနာဖြင့် ကောင်းစွာဖတ်ရှု သင့်ကြပေသတည်း။
လယ်တီ-ပဏ္ဍိတ။
ဆရာ-ဦးမောင်ကြီး။
---*---
စေတိယင်္ဂဏ ဝိနိစ္ဆယ
“စေတိယင်္ဂဏ” ဟူသောပုဒ်၌ အင်္ဂဏသဒ္ဒါ၏ အနက်သရုပ်ကို ရှေးဦးစွာဖော်ထုတ်ပြပေဦးအံ့။
အင်္ဂဏသဒ္ဒါသည်-
၁။ ကိလေသာဟူသောအနက်,
၂။ ကိုယ် အညစ်အကြေး ဟူသောအနက်,
၃။ ညွန်ပြောင်းဟူသောအနက်,
၄။ ဟင်းလင်းပွင့်သော မြေအဖို့ဟူသောအနက်,
ဤလေးပါးသော အနက်တို့၌ဖြစ်၏။
ထို့ကြောင့်-မူလပဏ္ဏာသ အဋ္ဌကထာ အနင်္ဂဏသုတ်အဖွင့်၌သင်္ဂဏောဝ သမာနောတိ အာဒီသု ပန အင်္ဂဏန္တိ ကတ္ထစိ ကိလေသာ ဝုစ္စန္တိ၊ ယထာဟ၊ တတ္ထ ကတမာနိ တီဏိ အင်္ဂဏာနိ၊ ရာဂေါ အင်္ဂဏံ ဒေါသော အင်္ဂဏံ, မောဟော အင်္ဂဏန္တိ။ ကတ္ထစိ ယံကိဉ္စိ မလံဝါ ပင်္ကောဝါ၊ ယထာဟ၊ တေဿဝ ရဇဿ ဝါ အင်္ဂဏဿ ဝါ ပဟာနာယ ဝါယမတီတိ။ ကတ္ထစိ တထာရူပေါ ဘူမိဘာဂေါ၊ သော ဗောဓိယင်္ဂဏံ စေတိယင်္ဂဏန္တိ အာဒီနံ ဝသေန ဝေဒိတဗ္ဗော။ [ဟုမိန့်အပ်ပြီ။]
အနက်ကား-- သင်္ဂဏောဝ သမာနောတိ အာဒီသု ပန= သင်္ဂဏောဝ သမာနော-အစရှိသော ပါဠိရပ်တို့၌ကား၊ ကတ္ထစိ=အချို့သောပါဠိရပ်၌၊ ကိလေသာ= ကိလေသာတို့ကို၊ အင်္ဂဏန္တိ=အင်္ဂဏဟူ၍၊ ဝုစ္စန္တိ=ဆိုအပ်ကုန်၏။
ယထာဟ=ဘုရားအဘယ်သို့ဟော ဟောတော်မူသနည်း ဟူမူကား။
တတ္ထ= ထိုတိကမာတိကာစကားရပ်၌၊ တီဏိ=သုံးပါးကုန်သော၊ အင်္ဂဏာနိ=ငြစ်ညူးကြောင်းတရားတို့သည်၊ ကတမာနိ=အဘယ်သည်တို့နည်းဟူမူကား၊ ရာဂေါ=ရာဂသည်၊ အင်္ဂဏံ=ငြစ်ညူးကြောင်း တစ်မျိုးတည်း၊ ဒေါသော=ဒေါသသည်၊ အင်္ဂဏံ=ငြစ်ညူးကြောင်းတစ်မျိုးတည်း၊ မောဟော=မောဟသည်၊ အင်္ဂဏ=ငြစ်ညူးကြောင်း တစ်မျိုးတည်း၊ ဣတိ= ဤသို့၊ အာဟ=မြတ်စွာဘုရားဟောကြားတော်မူပြီ။
ကတ္ထစိ=အချို့သောပါဠိရပ်၌၊ ယံကိဉ္စိ=တစ်စုံတစ်ခုသော၊ မလံဝါ= အညစ်အကြေးကိုသော်လည်းကောင်း၊ ပင်္ကောဝါ= ညွန်ပြောင်းကိုသော်လည်းကောင်း၊ အင်္ဂဏန္တိ=အင်္ဂဏဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏၊ ယထာဟ=အဘယ်သို့ဟောတော်မူသနည်း၊ တေဿဝ ရဇဿ ဝါ= ထိုမြူနု, မြူကြမ်းကိုသာလျှင်လည်းကောင်း၊ တေဿဝ အင်္ဂဏဿ ဝါ= ထိုအညစ်အကြေးကိုသာလျှင်လည်းကောင်း၊ ဝါ=ထိုရွှံ့နှစ်ညွန်စေးကိုသာ လျှင်လည်းကောင်း၊ ပဟာနာယ=ပယ်ရှားခြင်းငှါ၊ ဝါယမတိ=လုံ့လပြု၏၊ ဣတိ=ဤသို့၊ အာဟ=မြတ်စွာဘုရား ဟောကြားတော်မူပြီ။
ကတ္ထစိ=အချို့သောပါဠိရပ်၌၊ တထာရူပေါ=ထိုသို့သဘော ရှိသော၊ ဘူမိဘာဂေါ=မြေအဖို့ကို၊ အင်္ဂဏန္တိ=အင်္ဂဏဟူ၍၊ ဝုစ္စတိ= ဆိုအပ်၏၊ သော ဘူမိဘာဂေါ=ထိုမြေအဖို့ကို၊ ဗောဓိယင်္ဂဏံ စေတိယင်္ဂဏန္တိ အာဒီနံ=ဗောဓိယင်္ဂဏ, စေတိယင်္ဂဏ-ဤသို့ အစရှိသောပုဒ်တို့၏၊ ဝသေန=အစွမ်းဖြင့်၊ ဝေဒိတဗ္ဗော=သိအပ်၏။
ဤအဋ္ဌကထာဝါကျ၌-- “တထာရူပေါ ဘူမိဘာဂေါ“၏အရကို ဋီကာ၌ ဤသို့ဖွင့်ပြ၏။
အဉ္ဇတိ တတ္ထ ဌိတံ အနာဟုန္ဒရိကတာယ အတိဗျေဉ္ဇတီတိ အင်္ဂဏံ၊ ဝိဝဋော ဘူမိပဒေသော။
တတ္ထ=ထိုဟင်းလင်းပွင့်သောမြေအပြင်၌၊ ဌိတံ=တည်သော သူကို၊ အနာဟုန္ဒရိကတာယ=ကျဉ်းမြောင်းခြင်း မရှိသည်၏ အဖြစ်ကြောင့်၊ အဉ္ဇတိ အတိဗျေဉ္ဇတိ= ထင်ရှားစေတတ်၏၊ ဣတိ=ထို့ကြောင့်၊ အင်္ဂဏံ= အင်္ဂဏမည်၏၊ ဝိဝဋော= ဟင်းလင်းပွင့်သော၊ ဘူမိပဒေသော= မြေအရပ်ကို၊ လဗ္ဘတိ=ရအပ်၏။
[ဤဋီကာပါဌ်၌ “အတိသုန္ဒရတာယ”ဟု ပါဌ်ရှိကြ၏။
အနာဟုန္ဒရိကတာယရှိမှ အထူးသင့်မြတ်၏၊ “အာဟုန္ဒရိက” သဒ္ဒါသည် ကျဉ်းမြောင်းခြင်း အနက်ကိုဟော၏၊]
“အာဟုန္ဒရိကာတိ သမ္ဗာဓာ”။
[ဟု ဘိက္ခုနီပါစိတ် အဋ္ဌကထာ၌ဖွင့်၏၊]
အာဟုန္ဒရိကာတိ=အဟုန္ဒရိကာဟူသည်ကား၊ သမ္ဗာဓာ= ကျဉ်းမြောင်းကုန်၏၊။ အနက်ပေး။ [“အနာဟုန္ဒရိကတာယ=ကျဉ်းမြောင်းခြင်း မရှိသည်၏ အဖြစ်ကြောင့်” ဆိုသည်နှင့် “ဝိဝဋော=ဟင်းလင်း ပွင့်သည်”ဟူသော ပုဒ်အနက်သည်၊ ထပ်မိကြ၏၊]
“ဝိဝဋော= ဟင်းလင်းပွင့်“ဆိုသည်ကား-- စေတီဖိနပ်တော်မှ နေ၍ အရပ်ရှစ်မျက်နှာသို့ ကြည့်မျှော်လတ်သော် အရပ်ရှစ်မျက်နှာရှိ တံတိုင်းအရာမ်တိုင်းအောင် အဆီးအတား အကွယ်အကာမရှိ ဟင်းလင်းအပြင် ထင်မြင်ရ၏၊ အရပ်ရှစ်မျက်နှာရှိ တံတိုင်းအရာမ်မှနေ၍ စေတီသို့ ကြည့်မျှော်လတ်သော် စေတီဘိနပ်တော်တိုင်အောင် အဆီးအတား အကာအကွယ်မရှိ ဟင်းလင်းအပြင်ထင်မြင်ရ၏၊ စေတီနှင့်တကွ အရပ်ရှစ်မျက်နှာတွင် ဤသို့ဟင်းလင်းအပြင် ထင်မြင်ရသောမြေအဖို့သည် “စေတီယင်္ဂဏ” မည်၏ဆိုလိုသည်။
ထို့ကြောင့် ပဌမပါရာဇိက ဒိဝါသေယျသိက္ခာပုဒ်အဖွင့်၌သစေ မဟာပရိဝေဏံ ဟောတိ၊ မဟာဗောဓိအင်္ဂဏ လောဟပါသာ ဒင်္ဂဏသဒိသံ ဗဟူနံ ဩသရဏဋ္ဌာနံ၊ ယတ္ထဒွါရံ သံဝုတံပိ သံဝုတဋ္ဌာနေ န တိဋ္ဌတိ၊ ဒွါရံ အလဘန္တာ ပါကာရံ အာရုဟိတွာပိ ဝိစရန္တိ၊ တတ္ထ သံဝရဏ ကိစ္စံ နတ္ထိ။
[ဟု မိန့်အပ်ပြီ။]
ယတ္ထ=အကြင်ပရိဝုဏ်အတွင်း၌၊ ဒွါရံ=တံခါးကို၊ သံဝုတံပိ= ပိတ်ပင်ပိတ်ပါငြားသော်လည်း၊ သံဝုတဋ္ဌာနေ=ပိတ်ရာအရပ်၌၊ နတိဋ္ဌတိ= မတည်၊ ဒွါရံ=တံခါးကို၊ အလဘန္တာ=မရသောသူတို့သည်၊ ပါကာရံ= တံတိုင်းပေါ်သို့၊ အာရုဟိတွာပိ=တက်ကြကုန်၍လည်း၊ ဝိစရန္တိ= သွားလာ ကြကုန်၏၊ တာဒိသံ=ထိုသို့သဘောရှိသော၊ မဟာဗောဓိအင်္ဂဏ လောဟပါသာဒင်္ဂဏသဒိသံ=မဟာဗောဓိယင်ပြင်, လောဟပါသာဒ ပြာသာဒ်ယင်ပြင်တို့နှင့်တူသော၊ ဗဟူနံ=များစွာသော လူရှင်အပေါင်းတို့၏၊ ဩသရဏဋ္ဌာနံ=စုဝေးသက်ရောက်ရာကြီးဖြစ်သော၊ မဟာပရိဝေဏံ=ကျယ်ဝန်းသော ပရိဝုဏ်ကြီးသည်၊ သစေ ဟောတိ=အကယ်၍ ဖြစ်ငြားအံ့၊ တတ္ထ=ထိုကျယ်ဝန်းသော ပရိဝုဏ်ကြီး၌၊ သံဝရဏကိစ္စံ= တံခါးပိတ်ဖွယ်ကိစ္စသည်၊ နတ္ထိ=မရှိ။
[အဋ္ဌကထာအနက်]
သာရတ္ထဒီပနီ ဋီကာ၌လည်း
မဟာပရိဝေဏံ ဟောတီတိ မဟန္တံ အင်္ဂဏံ ဟောတိ။ မဟာဗောဓိအင်္ဂဏလောဟပါသဒင်္ဂဏသဒိသန္တိ ဗဟုသဉ္စာရဒဿနတ္ထံ ဝုတ္တံ၊ န မဟာပရိစ္ဆေဒ ဒဿနတ္ထံ။ [ဟုမိန့်အပ်ပြီ]
မဟာပရိဝေဏံ ဟောတီတိ=မဟာပရိဝေဏံ ဟောတိဟူသည်ကား၊ မဟန္တံ=ကျယ်ဝန်းသော၊ အင်္ဂဏံ=ဟင်းလင်းပွင့်သော မြေအပြင်သည်၊ ဟောတိ=ဖြစ်၏၊ မဟာဗောဓိအင်္ဂဏလောဟပါသာဒင်္ဂဏသဒိသန္တိဧတံဝစနံ=မဟာဗောဓိအင်္ဂဏ လောဟပါသာ ဒင်္ဂဏသဒိသံ-ဟူသော ဤစကားကို၊ ဗဟုသဉ္စာရ ဒဿနတ္ထံ=ရှင်လူ အများတို့ လှည့်လည်သွားလာရာ ဌာနကိုပြခြင်းငှါ၊ ဝုတ္တံ=ဆိုအပ်၏၊ အဟာပရိစ္ဆေဒဒဿနတ္ထံ=ကျယ်ဝန်းသောအပိုင်းအခြားကို ပြခြင်းငှါ၊ နဝုတ္တံ=မဆိုအပ်။
[ဋီကာအနက်။]
ဆိုလိုရင်းအဓိပ္ပါယ်ကား-- တံတိုင်းအရာမ်အတွင်း အထောင် မက အသောင်းမကသော ပရိသတ်တို့၏ သက်ရောက် လှည့်လည်ရာ ဌာနသည် “စေတိယင်္ဂဏ” ဖြစ်ကြောင်း ဤအဋ္ဌကထာ ဋီကာတို့ဖြင့် အလွန်ထင်ရှားလှ၏။
သစေ ဘိက္ခုနီသု မဟာဗောဓိအင်္ဂဏံ ပဝိသန္တီသု ဧကာဗဟိတိဋ္ဌတိ၊ တဿာပိ အာပတ္တိ။
ဘိက္ခုနီသု=ဘိက္ခုနီမတို့သည်၊ မဟာဗောဓိအင်္ဂဏံ= မဟာဗောဓိယင်ပြင်သို့၊ ပဝိသန္တီသု=ဝင်ကြကုန်သည်ရှိသော်၊ ဧကာ= တစ်ယောက်သော ဘိက္ခုနီမသည်၊ ဗဟိ=ပြင်ပ၌၊ သစေ တိဋ္ဌတိ= အကယ်၍ တည်နေရစ်ငြားအံ့၊ တဿာပိ=ထိုဘိက္ခုနီမအားလည်း၊ အာပတ္တိ=ပါစိတ်အာပတ်သည်၊ ဟောတိ=ဖြစ်၏။
ဤဘိက္ခုနီဝိဘင်းအဋ္ဌကထာဖြင့်လည်း-- တံတိုင်း၏အတွင်း ဗောဓိပရိဝုဏ် အဝန်းအဝိုင်းတပြင်လုံးသည် “ဗောဓိယင်္ဂဏ” မည်ကြောင်း တိုက်ရိုက်လာရှိ၏။
“ရာဇင်္ဂဏ-မင်းယင်ပြင် “ ဟူရာ၌လည်း-- မင်းနန်းတော်မှ အရပ်ရှစ်မျက်နှာ နန်းမြို့ရိုးတိုင်အောင် ဟင်းလင်းထင်သော မြေတခွင်လုံး တစ်ပြင်လုံးသည်၊ “ရာဇင်္ဂဏ” မည်၏၊ မင်းယင်ပြင်မည်၏၊
ထို့ကြောင့် ဓမ္မပဒအဋ္ဌကထာ ဥတေနဝတ္ထု၌
ရာဇာ တေ သဗ္ဗေ ဂါဟာပေတွာ ရာဇင်္ဂဏေ နာတိပ္ပမာဏေ အာဝါဋေ ခဏာပေတွာ တေ တတ္ထ နိသီဒါပေတွာ ပံသူဟိ ပူရာပေတွာ ဥပရိ ပလာလေ ဝိကိရာပေတွာ အဂ္ဂိံ ဒါပေသိ
ဟုလာ၏။
ရာဇာ=ဥတေနမင်းသည်၊ တေ သဗ္ဗေ=ထိုအလုံးစုံသော မာဂဏ္ဍီအပင်း တစ်စုတို့ကို၊ ဂါဟာပေတွာ= ဖမ်းယူစေ၍၊ ရာဇင်္ဂဏေ= မင်းယင်ပြင်၌၊ နာတိပ္ပမာဏေ=ချက်မျှအတိုင်းအရှည်ရှိကုန်သော၊ အာဝါဋေ= တွင်းတို့ကို၊ ခဏာပေတွာ=တူးစေ၍၊ တေ=ထိုအလု့းစုံသော မာဂဏ္ဍီ အပင်းအသင်း တစ်စုတို့ကို၊ တတ္ထ= ထိုတွင်းတို့၌၊ နိသီဒါပေတွာ= နှစ်စေ၍၊ ပံသူဟိ= မြေမှုန့်တို့ဖြင့်၊ ပူရာပေတွာ=ဖို့စေ၍၊ ဥပရိ= အထက်၌၊ ပလာလေ= ကောက်ရိုးတို့ကို၊ ဝိကိရာပေတွာ=ဖြန့်ကြဲစေ၍၊ အဂ္ဂိံ= မီးကို၊ ဒါပေသိ=ရှို့စေ၏။
ဤ၌ ဤမျှလောက် များစွာသောသူတို့ကို မီးရှို့မှုကို နန်းတော် အနီးအပါး၌ ပြုလုပ်ခွင့် မရှိ၊ နန်းတော်နှင့်ဝေးကွာရာ ဌာန၌သာ ပြုလုပ်ခွင့်ရှိ၏၊ ထို့ကြောင့် နန်းတော်မှ အရပ်ရှစ်မျက်နှာ နန်းမြို့ရိုး တိုင်အောင် မြေပြင်တစ်ခွင်လုံး တစ်ပြင်လုံးသည် ရာဇင်္ဂဏမည်ကြောင်း ထင်ရှား၏။
အပဒါန် အဋ္ဌကထာ၌လည်း-
အရှင်မောဂ္ဂလာန်ကို သတ်ကြသော ခိုးသားငါးရာတို့နှင့်တကွ သတ်ရန်နှိုးဆော်သော တိတ္ထိငါးရာတို့ကို မင်းယင်ပြင်၌ ထို့အတူ မြေမြှုပ်၍ မီးတိုက်ကြောင်း-လာ၏။
[ဤမျှသော စကားရပ်တို့ဖြင့် ဗုဒ္ဓအဂါရဝအရာ၌ သိထိုက် မှတ်ထိုက်သော စေတိယင်္ဂဏ-စေတီယင်ပြင်ဆိုသည်ကား စေတီအရံတံတိုင်းအတွင်း ဟင်းလင်းထင်သော မြေတစ်ခွင်လုံး တစ်ပြင်လုံးကို ဆိုသည်ဟု ဆုံးဖြတ်ချက်ပေတည်း။]
ထိုစေတီယင်ပြင် အတွင်း၌ ဖိနပ်စီးခြင်း, ထီးဆောင်းခြင်း, ခေါင်းမြီးခြုံခြင်း-အစရှိသော အမှုတို့ကို မပြုအပ်လေ။
ထို့ကြောင့် ပရိဝါအဋ္ဌကထာ ကတိပုစ္ဆာဝါရ အဖွင့်၌--ပရိနိဗ္ဗုတေ စေတိယဋ္ဌာနံ ဗောဓိဋ္ဌာနံ န ဂစ္ဆတိ၊ စေတိယံဝါ ဗောဓိံဝါ န ဝန္ဒတိ၊ စေတိယင်္ဂဏေ သဆတ္တော သဥပါဟနော စရတိ၊ နတ္ထေတဿ ဗုဒ္ဓေ ဂါရဝေါတိ ဝေဒိတဗ္ဗော။ [ဟုမိန့်အပ်ပြီ။]
အနက်ကား-- သတ္ထရိ= မြတ်စွာဘုရားကြီးသည်၊ ပရိနိဗ္ဗုတေ= ပရိနိဗ္ဗာန်စံလွန်တော်မူသည်ရှိသော်၊ စေတိယဋ္ဌာနံ=စေတီတည်ရှိရာ အရပ်သို့လည်းကောင်း၊ ဗောဓိဋ္ဌာနံ= ဗောဓိပင်တည်ရှိရာ အရပ်သို့လည်း ကောင်း၊ န ဂစ္ဆတိ=မသွား၊ စေတိယံဝါ=စေတီတော်ကိုလည်းကောင်း၊ ဗောဓိံဝါ=ဗောဓိပင်ကိုလည်းကောင်း၊ န ဝန္ဒတိ=ရှိမခိုး၊ စေတိယင်္ဂဏေ= စေတီယင်ပြင်တော်၌၊ သဆတ္တော=ထီးကိုဆောင်းလျက်၊ သဥပါဟနော= ဖိနပ်စီးလျက်၊ စရတိ=လှည့်လည်သွားလာ၏၊ ဧတဿ=ထိုသူအား၊ ဗုဒ္ဓေ= မြတ်စွာဘုရားကြီး၌၊ ဂါရဝေါ=ရိုစေမှုသည်၊ နတ္ထိ=မရှိ၊ ဣတိ=ဤသို့၊ ဝေဒိတဗ္ဗော=သိအပ်၏။
သမ္မောဟ ဝိနောဒနီ အဋ္ဌကထာ စာအုပ်နံပါတ် ၄၃၀၊ ကြောင်းရေ ၁၇-၌လည်း--
ဧတ္ထ ပန
၁။ ယော ဘိက္ခု သတ္ထရိ ဓရမာနေ တီသု ကာလေသု ဥပဋ္ဌာနံ န ယာတိ။
၂။ သတ္ထရိ အနုပါဟနေ စင်္ကမန္တေ သဥပါဟနော စင်္ကမတိ။
၃။ နီစေ စင်္ကမေ စင်္ကမန္တေ ဥစ္စေ စင်္ကမေ စင်္ကမတိ။
၄။ ဟေဋ္ဌာ ဝသန္တေ ဥပရိ ဝသတိ။
၅။ သတ္ထု ဒဿနဋ္ဌာနေ ဥဘော အံသေ ပါရုပတိ။
၆။ ဆတ္တံ ဓာရေတိ။
၇။ ဥပါဟနံ ဓာရေတိ။
၈။ နှာယတိ။
၉။ ဥစ္စာရံဝါ ပဿာဝံဝါ ကရောတိ။
၁၀။ ပရိနိဗ္ဗုတေဝါ ပန စေတိယံ ဝန္ဒိတုံ န ဂစ္ဆတိ။ ၁၁။ စေတယဿ ပညာယနဋ္ဌာနေ ဝုတ္တံ သဗ္ဗံ ကရောတိ။ အယံ သတ္ထရိ အဂါရဝေါနာမ။
အနက်ကား-- ဧတ္ထပန= ဤအဂါရဝ ၆-ပါးတို့၌ကား--
၁။ ယော ဘိက္ခု=အကြင်ရဟန်းသည်၊ သတ္ထရိ=မြတ်စွာဘုရားကြီးသည်၊ ဓရမာနေ=သက်တော်ထင်ရှားရှိတော်မူစဉ်၊ တီသု ကာလေသု= သုံးပါးသောအခါကာလတို့၌၊ ဥပဋ္ဌာနံ=ခစားဆည်းကပ်ရာအရပ်သို့၊ နယာတိ=မသွား။
၂။ သတ္ထရိ=မြတ်စွာဘုရားကြီးသည်၊ အနုပါဟနေ= ဖိနပ်စီး တော်မမူဘဲ၊ စင်္ကမန္တေ=စင်္ကြံကြွတော်မူသည်ရှိသော်၊ သဥပါဟနော= မိမိကဖိနပ်စီးလျက်၊ စင်္ကမတိ=စင်္ကြံသွား၏။
၃။ သတ္ထရိ=မြတ်စွာဘုရားကြီးသည်၊ နီစေ=နိမ့်သော၊ စင်္ကမေ= စင်္ကြံ၌၊ စင်္ကမန္တေ= စင်္ကြံကြွတော်မူသည်ရှိသော်၊ ဥစ္စေ=မြင့်သော၊ စင်္ကမေ= စင်္ကြံ၌၊ စင်္ကမတိ=စင်္ကြံသွား၏။
၄။ သတ္ထရိ=မြတ်စွာဘုရားကြီးသည်၊ ဟေဋ္ဌာ=အောက်၌၊ ဝသန္တေ=နေတော်မူသည်ရှိသော်၊ ဥပရိ=အထက်၌၊ ဝသတိ=နေ၏။
၅။ သတ္ထု=မြတ်စွာဘုရားကြီး၏၊ ဒဿနဋ္ဌာနေ=ပကတိ စက္ခု တော်ဖြင့် မြင်တော်မူရာအရပ်၌၊ ဥဘော အံသေ=ပခုံးနှစ်ဖက်တို့ကို၊ ပါရုပတိ=ခြုံရုံ၏။
၆။ ဆတ္တံ=ထီးကို၊ ဓာရေတိ=ဆောင်၏၊ ဝါ=ဆောင်း၏။
၇။ ဥပါဟနံ=ဖိနပ်ကို၊ ဓာရေတိ=ဆောင်၏၊ ဝါ=စီး၏။
၈။ နှာယတိ=ရေချိုး၏။
၉။ ဥစ္စာရံဝါ=ကျင်ကြီးကိုလည်းကောင်း၊ ပဿာဝံဝါ=ကျင်ငယ်ကို လည်းကောင်း၊ ကရောတိ=ပြု၏။
၁၀။ သတ္ထရိ=မြတ်စွာဘုရားကြီးသည်၊ ပရိနိဗ္ဗုတေဝါ ပန= ပရိနိဗ္ဗာန်စံယူပြီးသည်ရှိသော်ကား၊ စေတိယံ=စေတီတော်ကို၊ ဝန္ဒိတုံ= ရှိခိုးခြင်းငှါ၊ နဂစ္ဆတိ=မသွား။
၁၁။ စေတယဿ=ဆင်းတုတော်ဟုဆိုအပ်သော ဥဒ္ဒိဿစေတီ တော်၏၊ ပညာယနဋ္ဌာနေ=မျက်နှာတော် ထင်ရှားရာအရပ်၌၊ သတ္ထုဒဿ နဋ္ဌာနေ=သက်တော်ထင်ရှား မြတ်စွာဘုရားကြီး၏ ပကတိစက္ခုတော်ဖြင့် မြင်တော်မူရာအရပ်၌၊ ဝုတ္တံ=ဆိုအပ်ပြီးသော၊ သဗ္ဗံ=အလုံးစုံသော ပခုံးနှစ်ဖက်ကိုခြုံခြင်း, ထီးဆောင်းခြင်း, ဖိနပ်စီးခြင်း, ရေချိုးခြင်း, ကျင်ကြီး ကျင်ငယ်စွန့်ခြင်းကို၊ ကရောတိ=ပြု၏။
အယံဘိက္ခု=ဤရဟန်းသည်၊ သတ္ထရိ=မြတ်စွာဘုရာကြီး၌၊ အဂါရဝေါနာမ=ရိုသမှုမရှိသောရဟန်းမည်၏။
ဤအဋ္ဌကထာဝယ်-- “သတ္ထု ဒဿနဋ္ဌာနေ” ဟူရာ၌မြတ်စွာဘုရားကြီး၏ ပကတိစက္ခုတော်ဖြင့် ရှုမြင်တော်မူရာအရပ် ဖြစ်ခဲ့သော် အရာမ်ရှိမရှိကိုလည်းကောင်း ပမာဏမပြုအပ်၊ အလံတစ်ရာ, အလံတစ်ထောင်ပင်ဝေးသော်လည်း ထိုအရပ်တွင်း၌ ဆိုခဲ့ပြီးသော အဂါရဝမှုတို့ကို မပြုအပ်။
[စေတိယပညာယန-ဟူသောပုဒ်၌လည်း ထို့အတူပင်မှတ်ယူအပ်၏၊]
ပဉ္စင်္ဂုတ္တရအဋ္ဌကထာ စာအုပ်နံပါတ် ၇၂၊ ကြောင်းရေ ၁၁- ၌လည်း--
တတ္ထ စေတိယင်္ဂဏာဒီသု ဆတ္တံ ဓာရေတွာ ဥပါဟနာ အာရုယှ ဝိစရန္တော, နာနာပ္ပကာရဉ္စ နိရတ္ထကကထံ ကထေန္တောသတ္ထရိ အဂါရဝေါ ဝိဟတိနာမ။ အနက်ကား--- တတ္ထ=ထိုအဂါရဝ-ငါးပါးတို့၌၊ စေတိယင်္ဂဏာဒီသု=စေတီယင်ပြင်အစရှိသည်တို့၌၊ ဆတ္တံ=ထီးကို၊ ဓာရေတွာ=ဆောင်း၍၊ ဥပါဟနာ=ဖိနပ်တို့ကို၊ အာရုယှ=စီး၍၊ ဝိစရန္တောစ=လှည့်လည်သွားလာသော သူသည်လည်းကောင်း၊ နာနာပ္ပကာရံ=ထွေထွေလာလာ များပြားစွာသော၊ နိရတ္ထကကထံ=အကျိုးမဲ့သော စကားကို၊ ကထေန္တောစ= ပြောဆိုသော သူသည်လည်းကောင်း၊ သတ္ထရိ= မြတ်စွာဘုရားကြီး၌၊ အဂါရဝေါ=ရိုသေခြင်းမရှိသည်ဖြစ်၍၊ ဝိဟတိနာမ= နေသည်မည်၏။
ပြဆိုခဲ့ပြီးသော စေတီတော်မဟာရာမ် တံတိုင်းအတွင်း မြေခွင်လုံး တစ်ပြင်လုံးဟူသော စေတီယင်ပြင်၌-
ဖိနပ်စီးမှုသည်-- ဗုဒ္ဓအဂါရဝါ အပြစ်ကြီးဖြစ်၏၊ ဗုဒ္ဓအဂါရဝ အပြစ်ကြီးဖြစ်မှုသည် စီးသောပုဂ္ဂိုလ်၌ အပြစ်ရှိရုံမျှမက သာသနာ ဖျက်မှုကြီးလည်းဖြစ်၏။
ထို့ကြောင့် နိဒါနဝဂ္ဂ ကဿပသံယုတ်ပါဠိတော် စာအုပ်နံပါတ် ၂၈၀၊ ကြောင်းရေ ၁၃-၌လည်း--
ပဉ္စခေါ မေ ကဿပ ဩက္ကမနိယာဓမ္မာ သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တန္တိ။ ကတမေ ပဉ္စ။
၁။ ဣဓ ကဿပ ဘိက္ခူ ဘိက္ခုနိယော သတ္ထရိ အဂါရဝါ ဝိဟရန္တိ အပ္ပဋိဿာ။
၂။ ဓမ္မေ အဂါရဝါ ဝိဟရန္တိ အပ္ပဋိဿာ။
၃။ သံဃေ အဂါရဝါ ဝိဟရန္တိ အပ္ပဋိဿာ။
၄။ သိက္ခာယ အဂါရဝါ ဝိဟရန္တိ အပ္ပဋိဿာ။
၅။ သမာဓိသ္မိံ အဂါရဝါ ဝိဟရန္တိ အပ္ပဋိဿာ။
ဣမေ ခေါ ကဿပ ပဉ္စ ဩက္ကမနိယာ ဓမ္မာ သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တန္တိ။
[ဟုဟောတော်မူအပ်ပြီ။]
အနက်ကား-- ကဿပ=ချစ်သားကဿပ၊ ပဉ္စ=ငါးပါးကုန်သော၊ ဩက္ကမနိယာ= သက်လျော ဆုတ်ယုတ်ကြောင်းဖြစ်ကုန်သော၊ ဣမေဓမ္မာ=ဤအယုတ်တရားတို့သည်၊ သဒ္ဓမ္မဿ=သူတော်ကောင်းတရား တည်းဟူသော သာသနာတော်မြတ်ကြီး၏၊ သမ္မောသာယ= ချွတ်ယွင်းတိမ်းပါးပျက်ပြားခြင်းငှါလည်းကောင်း၊ အန္တရဓာနာယ= မိုက်မှောင်ဖိတ်ဖုံး ကွယ်ဆုံးခြင်းငှါလည်းကောင်း၊ သံဝတ္တန္တိ=ဖြစ်ကုန်၏၊ ပဉ္စ=ငါးပါးကုန်သော၊ ကတမေ=အဘယ်သည်တို့နည်းဟူမူကား
၁။ ကဿပ=ချစ်သားကဿပ၊ ဣဓ=ဤသာသနာတော်၌၊ ဘိက္ခူ=ရဟန်းယောကျ်ားတို့သည်လည်းကောင်း၊ ဘိက္ခုနိယော=ရဟန်း မိန်းမတို့သည်လည်းကောင်း၊ ဥပါသကာ=ဒါယကာတို့သည်လည်း ကောင်း၊ ဥပါသိကာယော=ဒါယိကာမတို့သည်လည်းကောင်း၊ သတ္ထရိ= မြတ်စွာဘုရားကြီး၌၊ အဂါရဝါ=ရိုသေခြင်းမရှိကြကုန်သည်ဖြစ်၍လည်း ကောင်း၊ အပ္ပဋိဿာ=တုပ်ဝပ်နှိမ့်ချခြင်း မရှိကြကုန်သည်ဖြစ်၍လည်း ကောင်း၊ ဝိဟရန္တိ=နေကြကုန်၏။
၂။ ဓမ္မေ=တရားတော်၌၊ အဂါရဝါ=ရိုသေခြင်း မရှိကြကုန် သည်ဖြစ်၍လည်းကောင်း၊ အပ္ပဋိဿာ=တုပ်ဝပ်နှိမ့်ချခြင်း မရှိကြကုန် သည်ဖြစ်၍လည်းကောင်း၊ ဝိဟရန္တိ=နေကြကုန်၏။
၃။ သံဃေ= သံဃာတော်၌၊ အဂါရဝါ= ရိုသေခြင်း မရှိကြကုန် သည်ဖြစ်၍လည်းကောင်း၊ အပ္ပဋိဿာ=တုပ်ဝပ်နှိမ့်ချခြင်း မရှိကြကုန် သည်ဖြစ်၍လည်းကောင်း၊ ဝိဟရန္တိ=နေကြကုန်၏။
၄။ သိက္ခာယ= သိက္ခာသုံးပါး၌၊ အဂါရဝါ=ရိုသေခြင်း မရှိကြကုန် သည်ဖြစ်၍လည်းကောင်း၊ အပ္ပဋိဿာ=တုပ်ဝပ်နှိမ့်ချခြင်း မရှိကြကုန် သည်ဖြစ်၍လည်းကောင်း၊ ဝိဟရန္တိ=နေကြကုန်၏။
၅။ သမာဓိသ္မိံ=သမာဓိ၌၊ အဂါရဝါ=ရိုသေခြင်း မရှိကြကုန်သည် ဖြစ်၍လည်းကောင်း၊ အပ္ပဋိဿာ=တုပ်ဝပ်နှိမ့်ချခြင်း မရှိကြကုန်သည် ဖြစ်၍လည်းကောင်း၊ ဝိဟရန္တိ= နေကြကုန်၏။
ကဿပ=ချစ်သားကဿပ၊ ပဉ္စ=ငါးပါးကုန်သော၊ ဩက္ကမနိယာ= သက်လျောဆုတ်ယုတ်ကြောင်းဖြစ်ကုန်သော၊ ဣမေဓမ္မာ=ဤအယုတ် တရားတို့သည်၊ သဒ္ဓမ္မဿ=သူတော်ကောင်းတရား တည်းဟူသော သာသနာတော်မြတ်ကြီး၏၊ သမ္မောသာယ=ချွတ်ယွင်းတိမ်းပါး ပျက်ပြားခြင်းငှါလည်းကောင်း၊ အန္တရဓာနာယ=မိုက်မှောင်ပိတ်ဖုံး ကွယ်ဆုံးခြင်းငှါလည်းကောင်း၊ သံဝတ္တန္တိ=ဖြစ်ကုန်၏။
[ဤပါဠိတော်၌ ဗုဒ္ဓအဂါရဝမှုကို သာသနာကွယ်ခြင်း၏ အကြောင်းကြီးဟူ၍ ဟောတော်မူ၏၊]
သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် သက္ကသံယုတ်၌--သိကြားမင်းကြီးနှင့် ဝေပစိတ္တိ အသူရိန်မင်းကြီးသည် ဟိမဝန္တာ တောတွင် အတူတကွလှည့်လည်ကြရာ ရသေ့ငါးရာတို့နေရာ အရာမ် တိုက်တာသို့ ရောက်ကြသောအခါ သိကြားမင်းကြီးသည် တံခါးပြင်ဖက်၌ ရပ်၍ ဖိနပ်ကိုချွတ်ခြင်း, ထီးကိုရုပ်ခြင်း, လက်၌ပါရှိသော သန်လျက်ကို ချထားခြင်းကိုပြုပြီးမှ အရာမ်တံခါးတွင်းသို့ဝင်၍ ရသေ့များကိုရှိခိုးလျက် ရပ်နေကြေားင်း-လာရှိသည်။
[ဗုဒ္ဓဘာသာလူမျိုးတို့အလေးပြုဖွယ်ကောင်းလှ၏၊]
ဂါရဝ-အဂါရဝမှုမည်သည်-- ဝေးသည်ထက်ဝေးရာက အလေးဂရုပြုနိုင်လေလေ ကောင်းလေလေဖြစ်၏၊ ဝေးသည်ထက် ဝေးရာက အလေးဂရုပြုဖူးသော ဝတ္ထုကား--
မြတ်စွာဘုရားသည် ဝေသာလီပြည်၌ နေတော်မူသောအခါ မိထွေးတော် ဂေါတမီသည် သာကီဝင်မင်သ္မီး ငါးရာနှင့်တကွ ကပိလဝတ် ပြည်မှ ၅၁-ယူဇနာကွာဝေးသော ဝေသာလီပြည် မြတ်စွာဘုရား အထံတော်သို့ ရဟန်းပြုသွားကြရာ၌ ဆင်, မြင်း, ရထားကို မဆိုထားဘိ၊ ဖိနပ်စီး၍သွားလျှင် ဘုရားကိုမရိုသေရာကျမည် စိုးသောကြောင့် ဖိနပ်ကိုမျှမစီးဘဲ သွားကြကြောင်း-စူဠဝါပါဠိတော် ဘိက္ခုနီခန္ဓကတွင်လာ၏။
အထခေါ မဟာပဇာပတိ ဂေါတမီ သုနေဟိ ပါဒေဟိ ရဇောကိဏ္ဏေန ဂတ္တေန ဒုက္ခီ ဒုမ္မနာ အဿုမုခီ ရောဒမာနာ ဗဟိဒွါရကောဋ္ဌကေ အဋ္ဌာသိ။
[ဟုလာ၏၊]
အနက်ကား-- အထခေါ=ထိုအခါ၌၊ မဟာပဇာပတိ ဂေါတမီ= မိထွေးတော် မဟာပဇာပတိဂေါတမီသည်၊ သုနေဟိ=ဖူးဖူးရောင်ကုန်သော၊ ပါဒေဟိ=ခြေတို့ဖြင့်၊ ရဇောကိဏ္ဏေန=မြူအလိမ်းလိမ်းကပ်သော၊ ဂတ္တေန=ကိုယ်ဖြင့်၊ ဒုက္ခီ=ဆင်းရဲခြင်းရှိသည်ဖြစ်၍၊ ဒုမ္မနာ= နှလုံးမသာသော စိတ်ရှိသည်ဖြစ်၍၊ အဿုမုခီ=မျက်ရည်ပြည့်သောမျက်နှာရှိသည်ဖြစ်၍၊ ရောဒမာနာ=ငိုကြွေးလျက်၊ ဗဟိဒွါရကောဋ္ဌကေ= ကျောင်းတော်အရာမ်တံခါးမုခ်၏အပ၌၊ အဋ္ဌာသိ=တည်လေ၏၊ [ဤပါဠိတော်၌ “သုနေဟိ ပါဒေဟိ”ဟု လာရှိသောကြောင့် ဖိနပ်ကိုမျှမစီးကြဟုသိအပ်၏၊]
ဝေဿန္တရာဇာတ်တော်၌လည်း-
ကထံနု ပထံ ဂစ္ဆန္တိ၊ ပတ္တိကာ အနုပါဟနာ။ သန္တာ သုနေဟိ ပါဒေဟိ၊ ကော နေ ဟတ္ထေ ဂဟေဿတိ။
[ဟုဟောတော်မူ၏၊]
အနက်ကား-- အနုပါဟနာ=ဖိနပ်ကိုမျှမစီးကြကုန်သည်ဖြစ်၍၊ ပတ္တိကာ=ခြေချဉ်သွားကြကုန်သော၊ ပုတ္တကာ=သားငယ်သ္မီးငယ်တို့သည်၊ သုနေဟိ=ဖူးဖူးရောင်ကုန်သော၊ ပါဒေဟိ=ခြေတို့ဖြင့်၊ သန္တာ=ပင်ပန်းနွမ်းနယ်ကြကုန်သည်ဖြစ်၍၊ ပထံ=ရှည်လျားသောခရီးသို့၊ ကထံ= အဘယ်သို့လျှင်၊ ဂစ္ဆန္တိနု=သွားနိုင်ကြကုန်လိမ့်မည်နည်း၊ နေ-နေသံ= ထိုသားငယ်သ္မီးငယ်တို့၏၊ ဟတ္ထေ=လက်တို့ကို၊ ကော=အဘယ်သူသည်၊ ဂဟေဿတိနု=ဆွဲငင်ယူဆောင်လတံ့နည်း။
[ဤပါဠိတော်၌ ဘိနပ်မစီးရသောကြောင့်
ဖူးဖူးရောင်ကြောင်းတိုက်ရိုက်လာရှိ၏၊]
ဥပရိပဏ္ဏာသဓာတု ဝိဘင်္ဂသုတ် အဋ္ဌကထာ၌လည်း-- တက္ကသိုလ် ပြည့်ရှင် ဘုရင်ပက္ကုသာတိမင်းကြီးသည် ၁၉၂-ယူဇနာကွာသော မြတ်စွာ ဘုရာကြီးနေတော်မူရာ ရာဇဂြိုဟ်ပြည်သို့လာသောအခါ ဗုဒ္ဓအဂါရဝ ဖြစ်မည်စိုး၍ လွှာဖိနပ်ကိုမျှ မစီးကြောင်း-လာရှိ၏။
[ဤကား ဝေးသည်ထက်ဝေးရာက ဖိနပ်စီးမှုကို ကြဉ်ရှောင်ကြသောဝတ္ထုပေတည်း။]
---*---
မဇ္ဈိမပဏ္ဏာသပါဠိတော် အဋ္ဌကထာ ဓမ္မစေတိယသုတ်ကို ကောက်နုတ်စီစစ်ချက်
တစ်ရံသောအခါ ကောသလမင်းကြီးသည် နဂရကမြို့ ဥယျာဉ်၌ နေခိုက် ထိုမြို့မှ ၃-ယူဇနာကွာသော မေဒါလုပ-နိဂုံး၌ မြတ်စွာဘုရား ရှိတော်မူကြောင်းကိုကြားသိ၍ ဒီဃကာရာယန အမတ်နှင့်တကွ ယာဉ်ရထားတို့ဖြင့် နေ့ချင်းရောက်သွားလေရာ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်းတိုက်အရာမ်သို့ဝင်ခန်း၌--
ယေန အာရာမော, တေန ပါယာသိ၊ ယာဝတိကာ ယာနဿ ဘူမိ, ယာနေန ဂန္တွာ ယာနာ ပစ္စောရောဟိတွာ ပတ္တိကောဝ အာရာမံ ပါဝိသိ
ဟု လာရှိ၏။
အနက်ကား-- ရာဇာ= ပေဿနဒီ ကောသလမင်းကြီးသည်၊ ယေန-ယတ္ထ=အကြင်အရပ်၌၊ အာရာမော= ကျောင်းတိုက်အာရာမ်သည်၊ အတ္ထိ=ရှိ၏၊ တေန-တတ္ထ၊ ထိုကျောင်းတိုက်အရာမ်ရှိရာအရပ်သို့၊ ပါယာသိ=သွားလေ၏၊ ယာဝတိကာ=အကြင်မျှလောက် အတိုင်း အရှည်ရှိသော၊ ယာနဿ=ရထားယာဉ်၏၊ ဘူမိ=သွားရာမြေအဖို့သည်၊ အတ္ထိ=ရှိ၏၊ တာဝတိကံ=ထိုမျှလောက် အတိုင်းအရှည်ရှိသော အရပ် တိုင်အောင်။ (ထည့်သည်)၊ ယာနေန=ယာဉ်ဖြင့်၊ ဂန္တွာ=သွား၍၊ ယာနာ=ယာဉ်မှ၊ ပစ္စောရောဟိတွာ=တဖန်သက်ဆင်း၍၊ ပတ္တိကောဝ= ခြေချဉ်သာလျှင်၊ အာရာမံ=ကျောင်းတိုက်အရာမ်တွင်းသို့၊ ပါဝိသိ= ဝင်လေ၏။
[ဤပါဠိတော်၌ “ပတ္တိကော=ခြေချဉ်သွားသည်” ဆိုသည်ကား ခြေနင်းကိုမျှမစီးဘဲ သွားသည်ကိုယူ။]
ဝေဿန္တရာဇာတ်ပါဠိတော်၌
ဣစ္စေဝံ မန္တယန္တာနံ၊ မာတာ နေသံ အဒိဿထ။
ရာဇပုတ္တီ ဂိရီ ဒွါရေ၊ ပတ္တိကာ အနုပါဟနာ။။ [ဟုလာရှိ၏၊]
အနက်ကား-- ဣစ္စေဝံ-ဣတိဧဝံ=ဤသို့လျှင်၊ နေသံ= ထိုခမည်းသိဉ္စည်းမင်းကြီး, သားတော်ဝေဿန္တရာ, မဒ္ဒီမိဖုရားတို့သည်၊ မန္တယန္တာနံ=ပြောဆိုကြကုန်စဉ်၊ အနုပါဟနာ=ဘိနပ်ကိုမျှမစီးသည်ဖြစ်၍၊ ပတ္တိကာ=ခြေချဉ်လာသော၊ ရာဇပုတ္တီ=မဒ္ဒရာဇ်မင်းကြီး၏ သ္မီးတော် ဖြစ်သော၊ မာတာ=မယ်တော်ဖုဿတီ မိဖုရားကြီးသည်၊ ဂိရိဒွါရေ= တောင်ယံကမ်းပါး ကျောင်းတံခါး၌၊ အဒိဿထ=ထင်မြင်ရလေ၏၊ ကောသလမင်းကြီးသည် အရာမ်တွင်းသို့ဝင်ပြီးလျှင် လွင်တီးခေါင်၌ ရဟန်းတော်ကြီးများ စင်္ကြံသွား၍ နေကြသည်ကိုမြင်၍ ချဉ်းကပ် ပြီးလျှင် မြတ်စွာဘုရား အဘယ်မှာနေပါသနည်းဟု မေးလျှောက်လေ၏၊ ရဟန်းတော်ကြီးများက မြတ်စွာဘုရားနေတော်မူရာကျောင်းကို ညွှန်ပြ ကြလေ၏။
ထိုအခါ ကောသလမင်းကြီးသည် သန်လျက်ကိုလည်းကောင်း, နဖူးသင်းကျစ်ကိုလည်းကောင်း, ဒီဃကာရာယန အမတ်အားပေးအပ်၍ မြတ်စွာဘုရားရှိရာ ကျောင်းတော်သို့သွားလေ၏။
ထိုအခြင်းအရာပါရှိသော ၎င်းပါဠိတော်၌
အထခေါ ရာဇာ ပေဿနဒီကောသလော တတ္ထေဝ ခဂ္ဂဉ္စ ဥဏှီသဉ္စ ဒီဃဿ ကာရာယနဿ ပါဒါသိ။ [ဟုလာရှိ၏]
အနက်ကား။။ အထခေါ=ထိုအခါ၌၊ ပေဿနဒီကောသလော= ပေဿနဒီကောသလအမည်ရှိသော၊ ရာဇာ=မင်းကြီးသည်၊ တတ္ထေဝ= ထိုရဟန်းတို့ ပြောဆိုရာအရပ်၌သာလျှင်၊ ခဂ္ဂဉ္စ=သန်လျက်ကိုလည်း ကောင်း၊ ဥဏှီသဉ္စ=နဖူးသင်းကျစ်ကိုလည်းကောင်း၊ ဒီဃဿ ကာရာယနဿ=ဒီဃကာရာယန အမည်ရှိသောအမတ်အား၊ ပါဒါသိ= ပေးအပ်လေပြီ။
၎င်းအဖွင့်အဋ္ဌကထာ၌
တတ္ထေဝါတိ ဘိက္ခူဟိ ဝုတ္တဋ္ဌာနေ ယေဝ၊ ခဂ္ဂဉ္စ ဥဏှီသဉ္စာတိ ဒေသနာမတ္တမေတံ။
ဝါဠဗီဇနိ မုဏှီသံ၊ ခဂ္ဂံဆတ္တဉ္စုပါဟနံ။
ဩရုယှ ရာဇာ ယာနမှာ၊ ဌပယိတွာ ပဋိစ္ဆဒန္တိ။ အာဂတာနိ ပန ပဉ္စပိ ကကုဓဘဏ္ဍာနိ အဒါသိ၊ ကသ္မာ၊ အတိဂရုနော သမ္မာသမ္ဗုဒ္ဓဿ သန္တိကံ ဥဒ္ဓတဝေသေန ဂန္တုံန ယုတ္တန္တိစ, ဧကကောဝ ဥပသင်္ကမိတွာ အတ္တနော ရုစိဝသေန သမ္မောဒိဿာမီတိစ။
ပဉ္စသု ဟိ ရာဇကကုဓဘဏ္ဍေသု နိဝတ္တိတေသု တွံ နိဝတ္တာတိ ဝတ္တဗ္ဗံ န ဟောတိ၊ သဗ္ဗေ သယမေဝ နိဝတ္တန္တိ၊ ဣမေဟိ ဒွီဟိ ကာရဏေဟိ အဒါသိ။
[ဟုဖွင့်ပြ၏]
အနက်ကား-- တတ္ထေဝါတိ=တတ္ထေဝဟူသည်ကား၊ ဘိက္ခူဟိ= ရဟန်းတို့သည်၊ ဝုတ္တဋ္ဌာနေယေဝ=ပြောဆိုရာအရပ်၌သာလျှင်၊ ခဂ္ဂဉ္စ ဥဏှီသဉ္စာတိဧတံ=ခဂ္ဂဉ္စဥဏှီသဉ္စဟူသော ဤစကားသည်၊ ဒေသနာမတ္တံ= ဒေသနာတော်မျှသာတည်း။
ပန=စင်စစ်သော်ကား၊ ရာဇာ=မင်းကြီးသည်၊ ယာနမှာ=ယာဉ် ပေါ်မှ၊ ဩရုယှ=သက်ဆင်း၍၊ ဝါဠဗီဇနိဉ္စ=သားမြီးရပ်ကိုလည်းကောင်း၊ ဥဏှီသဉ္စ=နဖူးသင်းကျစ်ကိုလည်းကောင်း၊ ခဂ္ဂဉ္စ=သန်လျက်ကိုလည်း ကောင်း၊ ဆတ္တဉ္စ=ထီးဖြူကိုလည်းကောင်း၊ ဥပါဟနဉ္စ၊ ဘိနပ်ခြေနင်းကို လည်းကောင်း၊ ဣတိ=ဤသို့၊ ပဉ္စဝိဓံ=ငါးပါးအပြားရှိသော၊ ပဋိစ္ဆဒံ= မင်းမြောက်တန်းဆာကို၊ ဌပယိတွာ=ထားခဲ့၍။
ဣတိ=ဤသို့၊ အာဂတာနိ=လာကုန်သော၊ ပဉ္စပိ=ငါးပါးလည်း ဖြစ်ကုန်သော၊ ကကုဓဘဏ္ဍာနိ=မင်းမြောက်တန်းဆာ မင်းဘဏ္ဍာတို့ကို၊ အဒါသိ=ပေးအပ်လေ၏၊ ကသ္မာ=အဘယ့်ကြောင့်၊ အဒါသိ=ပေးအပ်လေ သနည်းဟူမူကား၊ အတိဂရုနော=အလွန်အလေးအမြတ်ပြုအပ်သော၊ သမ္မာသမ္ဗုဒ္ဓဿ=မြတ်စွာဘုရားကြီး၏၊ သန္တိကံ=အထံတော်သို့၊ ဥဒ္ဓတဝေသေန=တက်ကြွသောအသွင်ဖြင့်၊ ဂန္တုံ=သွားခြင်းငှါ၊ နယုတ္တံ= မသင့်ချေ၊ ဣတိစ=ဤသို့ နှလုံးပိုက်မိသောကြောင့်လည်းကောင်း၊ ဧကကောဝ=တစ်ယောက်တည်းသာလျှင်၊ ဥပသင်္ကမိတွာ= ချဉ်းကပ်၍၊ သမ္မောဒိဿာမိ=ဝမ်းမြောက်ဝမ်းသာပြောဆိုအံ့၊ ဣတိစ=ဤသို့ နှလုံး ပိုက်မိသောကြောင့်လည်းကောင်း၊ အဒါသိ=ပေးအပ်လေပြီ။
ဟိသစ္စံ=ထိုစကားသည်မှန်၏၊ ပဉ္စသု=ငါးပါးကုန်သော၊ ရာဇကကုဓဘဏ္ဍေသု= မင်းမြောက်တန်းဆာ မင်းဘဏ္ဍာတို့သည်၊ နိဝတ္တိတေသု=ပြန်နစ်ကုန်သည်ရှိသော်၊ တွံ=သင်သည်၊ နိဝတ္တ=ပြန်နစ်တော့လော့၊ ဣတိ=ဤသို့၊ ဝတ္တဗ္ဗံ=ဆိုဖွယ်အခွင့်သည်၊ နဟောတိ= မရှိတော့ပြီ၊ သဗ္ဗေ= အလုံးစုံသော မင်းချင်းယောက်ျားတို့သည်၊ သယမေဝ=အလိုအလျောက် သာလျှင်၊ နိဝတ္တန္တိ=ပြန်နစ်ကြလေကုန်၏၊ ဣတိ=ဤသို့၊ ဒွီဟိ= နှစ်ပါး ကုန်သော၊ ဣမေဟိကာရဏေဟိ=ဤအကြောင်းတို့ကြောင့်၊ အဒါသိ= ပေးအပ်လေပြီ။
ပါဠိတော်၌ သန်လျက်နှင့် နဖူးသင်းကျစ်ကိုသာ ထိုအမတ်အား ပေးအပ်သည်ဟုလာ၏၊ အဋ္ဌကထာ၌မူကား ထီးဖြူခြေနင်း သားမြီးယပ် တို့နှင့်တကွ မင်းမြောက်တန်ဆာ ငါးပါးလုံးကို ထိုအမတ်အား ပေးအပ် သည်ဟုလာ၏။
[ထိုတွင် သန်လျက်နှင့် နဖူးသင်းကျစ်မှာ ပါဠိတော်ရှိသည့်အတိုင်း မင်းကြီး၏ ကိုယ်၌ ပင်ပါသည်ဟု ယူလေ၊ အဋ္ဌကထာ၌ ထည့်သွင်း လျက်ပါရှိသော ထီးဖြူ, ခြေနင်း, သားမြီးယပ်များမှာ မင်းချင်းယောကျ်ား အဆောင်ကိုင်များ လက်တွင်ပါသည်ဟု ယူလေ]
မေးမြန်းဖွယ်
အဆောင်ကိုင်များလက်တွင် ပါရှိသည်ကို အဘယ့်ကြောင့် ထိုအမတ်အား ပေးအပ်ရပြန်သနည်းဟူမူ--
ထိုဘဏ္ဍာများသည် အလွန် အဖိုးထိုက်တန်သော ကျောက် ကောင်း စိန်ကောင်းတို့ဖြင့် ခြယ်လယ်အပ်သော ဘဏ္ဍာများဖြစ်၍ အဆောင်ကိုင် သူငယ်များနှင့် စိတ်မချသာရှိသောကြောင့် ဒီဃ ကာရာယနအမတ်အား နှုတ်ဖြင့်ပေးအပ်ထိုက်သည်ဟု မှတ်ရမည်။
အချို့သူတို့ကား-- မင်းကြီးသည် အရာမ်တွင်းသို့ ဝင်လာသော အခါ၌ ဖိနပ် ခြေနင်းကိုစီး၍, သားမြီးယပ်ကို ကိုင်စွဲ၍ အရာမ်တွင်းသို့ ဝင်လာသည်ဟု ယူကြ၏။
[ထိုအယူသည် မသင့်။]
အဘယ့်ကြောင့် မသင့်သနည်းဆိုသော်--
လူဖြစ်သောသူတို့သည် ရသေ့ရဟန်းတို့နေရာ တိုက်တာ, အရာမ်တွင်းသို့ဝင်ကြရာ၌ ဖိနပ်စီး၍မဝင်အပ်, ထီးဆောင်း၍ မဝင်အပ် ဟူသော ဝတ်နိဗဒ်ကြီးသည် ရှေးအစဉ်အလာ ကမ္ဘာ့ထုံးစံကြီးလည်း ဖြစ်၏၊ ဗုဒ္ဓဘာသာ ထုံးစံကြီးလည်းဖြစ်၏၊ ကောသလမင်းကြီးသည် ထိုကမ္ဘာထုံးစံကြီး, ဗုဒ္ဓဘာသာထုံးစံကြီးတို့ကို မသိဘဲ ရှိပါမည်လော၊ ထို့ကြောင့် ဖိနပ်မစီး ထီးမဆောင်းမူ၍ အရာမ်တွင်းသို့ ဝင်သည် ဟူ၍သာ မှတ်ရမည်။
[သို့သော် သန်လျက်လွယ်မှု, သင်းကျစ်ဖွဲ့မှုတို့တွင် သန်လျက် လွယ်မှုမှာ အသက်အရန်အတားဖြစ်၍ မလွှတ်သာသောကြောင့် အရာမ် တွင်းသို့ ပါရှိလေသည်၊ နဖူးသင်းကျစ်ဖွဲ့မှုမှာ ဦးရစ်ပေါင်းနှင့်အတူ အဂါရဝအရေး မကြီးလှ၍ ပါရှိလေသည်။]
ဗုဒ္ဓအဂါရဝနှင့်စပ်သော ဤအရာ၌ စေတီတည်ရာဌာနသည် အမျိုးမျိုးရှိကြ၏။
၁။ အချို့စေတီသည် ဗုဒ္ဓသန္တက, စေတိယသန္တက မြေပေါ်၌ တည်၏။
၂။ အချို့စေတီသည် သံဃိကအရာအတွင်းမှာ သံဃသန္တကသံဃိကမြေပေါ်၌တည်၏။
၃။ အချို့စေတီသည် ပုဂ္ဂလိကအရာမ်တွင်းမှာ ပုဂ္ဂလိက မြေပေါ်၌တည်၏။
၄။ အချို့စေတီသည် ဗုဒ္ဓသန္တကမြေမဟုတ်သော ဂါမမြေ, နိဂမမြေ, နဂရမြေပေါ်၌တည်၏။
ထိုလေးမျိုးတို့တွင်--
၁။ ဗုဒ္ဓသန္တက, စေတိယသန္တက မြေပေါ်၌တည်သော စေတီ ဖြစ်အံ့၊ အရာမ်ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ ကြဉ်ရှောင်အပ်၏၊
၂။ သံဃိကအရာမ်တွင်းမှာ သံဃသန္တက-သံဃိက မြေပေါ်၌ တည်သောစေတီသည် အရာမ်ရှိ- မရှိအားဖြင့် နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုး တို့တွင် စိန်တောင်, စိန်ရန်, တံတိုင်း, မီးတား အရာမ်ရှိသည်ဖြစ်အံ့၊ အရာမ်တွင်း၌သာ ဘိနပ်စီးမှု, ထီးဆောင်းမှုအစရှိသော အဂါရဝမှုတို့ကို ကြဉ်ရှောင်အပ်၏၊ အရာမ်မရှိခဲ့သော် စေတီ၏ ထက်ဝန်းကျင်မှ ၁၂- တောင်အတွင်း၌ အဂါရဝအမှုတို့ကို ကြဉ်ရှောင်အပ်၏။
၃။ ပုဂ္ဂလိကအရာတွင်းမှာ ပုဂ္ဂလိကမြေပေါ်၌ တည်သော စေတီ သည်လည်း အရာမ်ရှိ မရှိအားဖြင့် နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် စိန်တောင်, စိန်ရန်, တံတိုင်း, မီးတားစသော အရာမ်ရှိသည်ဖြစ်အံ့၊ အရာမ်အတွင်း၌ အဂါရဝါမှုတို့ကို ကြဉ်ရှောင်အပ်၏၊ အရာမ်မရှိခဲ့သော် စေတီ၏ထက်ဝန်း ကျင်မှ ၁၂- တောင်အတွင်း၌ အဂါရဝမှုတို့ကို ကြဉ်ရှောင်အပ်၏။
၄။ ဂါမမြေ, နိဂမမြေ, နဂရမြေ၌ တည်သော စေတီတို့၌လည်း ထို့အတူ ခွဲဝေ၍ သိအပ်၏။
[ဤဗုဒ္ဓအဂါရဝအရာမည်သည် အလွန်အလေးပြုထိုက်သော အရာဌာနကြီးဖြစ်၍ ဝေးရာက ကြဉ်ရှောင်ခြင်းကိုသာ ချီးမွမ်းအပ်၏၊ အနီးအပါးနှင့် ဆက်နွယ်၍ယူမှုတို့ကို ကြဉ်ရှောင်အပ်၏၊ သတိကြီးကြီး ထားကြလေကုန်။]
ဤအရာ၌ အထူးပြဆိုဖွယ်ရှိ၏
သုတ်သီလက္ခန်အဋ္ဌကထာ စာအုပ်နံပါတ် ၁၁၀၊ ကြောင်းရေ ၂၂-၌
၁။ ရာဇာ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ၊ တဿာယံ နိဿန္ဒောတိ ဝဒန္တိ။
၂။ ရညော ဗလဝဝေဒနာ ဥပ္ပန္နာ၊ သော အဟော ဗုဒ္ဓေါအဟော ဓမ္မော အဟော သံဃောတိ အနုဿရန္တော ယေဝစေတိယင်္ဂဏေ ခိတ္တမာလာ ဝိယ မိလာယိတွာ စပိတွာ စာတုမဟာရာဇိကဒေဝလောက ဝေဿဝဏဿ ပရိစာရကော ဇနဝသဘောနာမ ယက္ခော ဟုတွာ နိဗ္ဗတ္တိ။ [ဟူ၍လာ၏၊]
အနက်ကား
၁။ ကိရ=အဆင့်စကားကြားဘူးသည်ကား၊ ရာဇာ=ဗိမ္မိသာရ မင်းကြီးသည်၊ ပုဗ္ဗေ= ရှေးဘဝ၌၊ စေတိ ယင်္ဂဏေ=စေတီယင်ပြင်တော်၌၊ သဥပါယနော=ဘိနပ်စီးလျက်၊ အဂမာသိ=သွားလေပြီ၊ နိသဇ္ဇနတ္ထာယ= ရဟန်းသံဃာတို့နေထိုင်ခြင်းအကျိုးငှါ၊ ပညတ္တကဋသာရကဉ္စ= ခင်းထားသော ဖျာရိုင်ကိုလည်း၊ အဓာတေဟိ= မဆေးရကုန်သေးသော၊ ပါဒေဟိ=ခြေတို့ဖြင့်၊ အက္ကမိ=နင်းလေပြီ၊ အယံ=ဤယခုဘဝ၌ ခြေဘဝါးကို ဓားခွဲခံရခြင်းသည်၊ တဿ=ထိုမကောင်းမှု၏၊ နိဿန္ဒော=အကျိုးဆက် တည်း၊ ဣတိ=ဤသို့၊ ဝဒေန္တိ= ဆိုကြကုန်၏။
၂။ ရညော= ဗိမ္ဗိသာရမင်းကြီးအား၊ ဗလဝဒေနာ= အားကြီးသော ဒုက္ခဝေဒနာသည်၊ ဥပ္ပန္နာ=ဖြစ်ပွါးလေ၏၊ သော=ထိုဗိမ္ဗိသာရမင်းကြီး သည်၊ ဗုဒ္ဓေါ=မြတ်စွာဘုရားကြီးသည်၊ အဟော=ဩော်-အံ့ဩဖွယ်ရာ ကောင်းပါလေစွ၊ ဓမ္မော=တရားတော်သည်၊ အဟော=ဩော်-အံ့ဩဖွယ် ကောင်းလေစွ၊ သံဃော=သံဃာတော်သည်၊ အဟော=ဩော်- အံ့ဩဖွယ် ရာကောင်းပါပေစွ၊ ဣတိ=ဤသို့၊ အနုဿရန္တောယေဝ=အဖန်ဖန် အောက်မေ့လျက်သာလျှင်၊ စေတိယင်္ဂဏေ=စေတီအပြင် ပန်းတင်ခုံ ပေါ်၌၊ ခိတ္တမာလာဝိယ=မြှောက်တင်ပူဇော်အပ်သောပန်းကဲ့သို့၊ မိလာယိတွာ=ညှိုးနွမ်း၍၊ စပိတွာ=စုတေ၍၊ စာတုမဟာရာဇိက ဒေဝ လောကေ=စတုမဟာရာဇ်နတ်ပြည်၌၊ ဝေဿဝဏဿ=ဝေဿဝဏ် နတ်မင်းကြီး၏၊ ပရိစာရကော=အလုပ်အကျွေးဖြစ်သော၊ ဇနဝ သဘောနာမ=ဇနဝသဘအမည်ရှိသော၊ ယက္ခော=နတ်ဘီလူးသည်၊ ဟုတွာ=ဖြစ်၍၊ နိဗ္ဗတ္တိ=ဖြစ်လေ၏။
ဤအဋ္ဌကထာပါဌ်၌-- “စေတိယင်္ဂဏေ” “စေတိယင်္ဂဏေ” ပုဒ်တွင် ရှေ့ပုဒ်သည် ဘိနပ်စီးမှုနှင့်စပ်၏၊ နောက်ပုဒ်သည် ပန်း ပူဇော်မှုနှင့် စပ်၏။
လီနတ္ထပကာသနီမည်သော သီလက္ခန်ဋီကာဟောင်း စာအုပ် နံပါတ် ၁၉၆၊ ကြောင်းရေ ၂၉-၌
၁။ စေတိယင်္ဂဏေတိ ဂန္ဓမာလာဒီဟိ ပူဇနဋ္ဌာနဘူတေ စေတိယင်္ဂဏေ။
၂။ နိသဇ္ဇနတ္ထာယာတိ ဘိက္ခုသံဃဿ နိသီဒနတ္ထာယ။ [ဟု ပါဌ်ရှိ၏၊]
ဤဋီကာပါဌ်သည်-- ရှေ့နောက်ပြန်လျက်ရှိ၏၊ ယခု ပေစာ ဘုတ်အုပ်တို့၌ ရှိသည့်အတိုင်းယူခဲ့သော် ရှေ့ “စေတိယင်္ဂဏေ” ပုဒ်အဖွင့်ဖြစ်၍ နေသောကြောင့် ဗုဒ္ဓအဂါရဝအရာ၌ စေတီတော် ပဌမပစ္စယာခေါ်သော ပန်းတင်ခုံပေါ်၌သာ ဖိနပ်စီးမှုကို မပြုအပ်သည် ပဌမပစ္စယာခေါ်သော ပန်းတင်ခုံမှတစ်ပါး တံတိုင်းအရာမ်အတွင်း မြေတစ်ခွင်လုံး၌ပင် ဖိနပ်စီး၍အပြစ်မရှိ ဗုဒ္ဓအဂါရဝမဖြစ်ဟု အယူအမှား ကြီးမှားကြ၏။
[ကြောက်မက်ဖွယ်ကောင်းလေစွ။]
ဤဋီကာပါဌ်သည်ကား-- ရှေ့ “စေတိယင်္ဂဏေ” ပုဒ်အဖွင့် မဟုတ်၊ နောက် “စေတိယင်္ဂဏေ” ပုဒ်အဖွင့်သာဖြစ်၏၊ နောက် “စေတိယင်္ဂဏေ” ပုဒ်၌သာ--
“စေတိယင်္ဂဏေ ခိတ္တမာလာဝိယ” ဟူ၍ ပန်းတင်မှုနှင့် စပ်ဆိုင် လျက်ရှိ၏၊ ဋီကာပါဌ်မှာလည်း--
“ဂန္ဓမာလာဒီဟိ ပူဇနဋ္ဌာနဘူတေ”
ဟုပန်းတင်မှုကို တိုက်ရိုက်ပြဆိုလျက်ရှိ၏၊ ဤလည်း တစ် ကြောင်း။
ဖိနပ်စီးမှုနှင့်စပ်သော ရှေ့ “စေတိယင်္ဂဏေ” ဟူသောပုဒ်၌ စေတီ မဟာရာမ်တံတိုင်းအတွင်း ယူရိုးယူစဉ် မှတ်ရိုးမှတ်စဉ် မြေတစ်ခွင်လုံး တစ်ပြင်လုံးနှင့် စပ်ဆိုင်သည်ဖြစ်၍ အထူးဖွင့်ဖွယ် ကိစ္စမရှိ၊ ဗုဒ္ဓအဂါရဝ အရာ၌ ဖိနပ်စီးမှု၏ စေတီမဟာရာမ်တံတိုင်းအတွင်း မြေတစ်ခွင်လုံး တစ်ပြင်လုံးနှင့် စပ်ဆိုင်ကြောင်းကိုလည်း များစွာသော ပါဠိအဋ္ဌကထာ, ဋီကာကျမ်းဂန်များနှင့် ထင်ရှားစွာပြဆိုခဲ့ပြီ။
နောက်“စေတိယင်္ဂဏေ“ပုဒ်၌မူကား-- “ခိတ္တမာလာဝိယ”ဟု ပန်းတင်မှုကို ဆိုသောအရာဖြစ်၍ “စေတိယင်္ဂဏေ” ဆိုသော်လည်း ပန်းတင်မှုနှင့်စပ်သော ဌာနဝိသေသကိုသာ လိုအပ်သည်ဟု အထူး ဖွင့်ပြဖွယ် ကိစ္စရှိ၏၊ ထိုသို့ အထူးဖွင့်ပြဖွယ် ကိစ္စရှိသောကြောင့် ဤဋီကာပါဌ်ကို နောက် “စေတိယင်္ဂဏေ” ပုဒ်အဖွင့်သာမှတ်ရမည်။
င်္ဋီကာပါဌ်မှာလည်း--
၁။ “နိသဇ္ဇနတ္ထာယာတိ ဘိက္ခုသံဃဿ နိသီဒနတ္ထာယ။
၂။ စေတိယင်္ဂဏေတိ ဂန္ဓမာလာဒီဟိ ပူဇနဋ္ဌာနဘူတေ စေတိယင်္ဂဏေ”
[ဤသို့ပြင်ရမည်။]
ဤသို့မပြင်လျှင်-- အခြားကျမ်းဂန်တို့နှင့်လည်း ဆန့်ကျင် လေတော့မည်၊ ဗုဒ္ဓအဂါရဝမှုအတွက် ကြီးလေးသော အကုသိုလ် အပြစ်များလည်း ဖြစ်ပွါးလေတော့မည်။
ယခုစာပေဘုတ်အုပ်တို့၌-- ဋီကာပါဌ် ရှေ့နောက် ပြန်လျက်ရှိနေ သည်မှာ နောက်စာပြင်ဆရာတို့ ပြင်ဆင်ချက်အတွက် ဖြစ်လေသည်။
ပြင်ဆင်နည်းမှာလည်း-- သံဝဏ္ဏေတဗ္ဗမှနှစ်ပုဒ် စကား တစ်ဆက် တည်း တစ်ပြင်တည်းရှိနေရာ၌ ရည်တူရှေ့နောက် ၂-ပုဒ်ရှိခဲ့သော် ရှေ့ပုဒ်ကိုဖွင့်မြဲဟူသောအမှတ်နှင့် ပြင်ဆင်ကြသည့် အတွက်ပုဒ်ရှေ့နောက်ပြန်လျက်ရှိလေသည်။
[သာဓုဇနဝိလာသိနီ-အမည်ရှိသော သီလက္ခန်ဋီကာသစ်၌လည်း ပါဌ်-ရှေ့ နောက်ပြန်လျက်ပင်ရှိလေ၏၊ ဋီကာကြီးမှာ ပြင်ဆင်သည့်အတိုင်း ပြင်ဆင်၍ယူလေ။]
ပြဆိုခဲ့ပြီးသော မဟာရာမ်တံတိုင်းအတွင်းဟူသော စေတီ ယင်ပြင်၌-
ဘဏ္ဍာတော်တိုက်အမျိုးမျိုး, တန်ဆောင်း-ပြာသာဒ်-ဇရပ် အမျိုးမျိုးဆောက်လုပ်ရှိနေခဲ့သော် ထိုတိုက်, ပြာသာဒ်, ဇရပ်, တန်ဆောင်း တို့၌လည်း စေတိယင်္ဂဏနှင့်အတူ ဖိနပ်စီးခြင်း, ထီးဆောင်းခြင်းကို မပြုအပ်။
အချို့သူတို့ကား-
“အနုဇာနာမိ ဘိက္ခဝေ အဇ္ဈာရာမေ ဥပါဟနံ ဓာရေတုံ ဥက္ကံ ပဒီပံ ကတ္တရဒဏ္ဍံ”
ဟူ၍ ခွင့်ပြုချက်ရှိသောကြောင့် အရာမ်အသီးအခြားဖြစ်ကြ သော ထိုစေတီယင်ပြင်ရှိ ဘဏ္ဍာတိုက်, ပြာသာဒ်, ဇရပ်, တန်ဆောင်းတို့၌ ဘိနပ်စီးအပ်၏ဟု ယူမှတ်ကြ၏၊ မဟုတ်လေစွ။
ထို “ အဇ္ဈာ ရာမေ ဥပါဟနံ ဓာရေတုံ “-ဟူသောခွင့်ပြုချက်သည် ရဟန်းသံဃာတို့ပိုင် သံဃိက, ပုဂ္ဂလိက အရာမ်များတွင် မိမိတို့နေရာ အရာမ်တွင်း၌သာ ခွင့်ပြုတော် မူချက်ဖြစ်လေသည်။
[သူတစ်ပါးအရာမ်တွင်းဖြစ်ခဲ့သော် ဘုရားစေတီအရာမ်တွင်းရှိ ဘဏ္ဍာတိုက်အစရှိသော အဇ္ဈာရာမများ၌ မဆိုထားဘိ၊ သူတစ်ပါး အရာမ်တွင်း၌သော်လည်း ဖိနပ်စီး၍, ထီးဆောင်း၍ မဝင်အပ်ဟူ၍မှတ်။]
ဇေတဝန်တိုက်တော်ကြီး, ဝေဠုဝန်တိုက်တော်ကြီး-အစရှိသော မြတ်စွာဘုရား လက်ထက်တော်၌ရှိသော ကျောင်းတိုက်ကြီးများသည်မူ ကား ဗုဒ္ဓသန္တက, စေတိယသန္တက ကျောင်းတိုက်များမဟုတ်ကြ၊ စတုဒ္ဒိသသံဃိက ကျောင်းတိုက်ကြီးများသာ ဖြစ်ကြ၏။
ထို့ကြောင့် ဝိနည်းမဟာဝါပါဠိတော် မဟာခန္ဓက စာအုပ်နံပါတ် ၄၅-၌
အထခေါ ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော သောဝဏ္ဏမယံ ဘိင်္ကာရံ ဂဟေတွာ ဘဂဝတော ဩဏောဇေသိ၊ ဧတာဟံ ဘန္တေ ဝေဠုဝနံ ဥယျာနံ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံ- ဃဿ ဒမ္မီတိ။ [ဟု မိန့်အပ်ပြီ]
အနက်ကား-- အထခေါ=ထိုအခါ၌၊ မာဂဓော=မဂဓရဌ် တိုင်းကို အစိုးရသော၊ သေနိယော=များသောစစ်သည်ဗိုလ်ပါရှိသော၊ ဗိမ္ဗိသာရော= ဗိမ္ဗိသာရအမည်ရှိသော၊ ရာဇာ=မင်းကြီးသည်၊ သော ဝဏ္ဏမယံ=ရွှေဖြင့်ပြီး သော၊ ဘိင်္ကာရံ=တရားကို၊ ဂဟေတွာ=ယူ၍၊ ဘန္တေ=မြတ်စွာဘုရား၊ အဟံ=အကျွန်ုသည်၊ ဝေဠုဝနံ=ဝေဠုဝန်အမည်ရှိသော၊ ဧတံဥယျာနံ=ထိုဥယျာဉ်ကို၊ ဗုဒ္ဓပ္ပမုခဿ=မြတ်စွာဘုရားကြီး အမှူးရှိသော၊ ဘိက္ခုသံဃဿ=ရဟန်းသံဃာတော်အပေါင်းအား၊ ဒမ္မိ=လှူဒါန်းပါ၏၊ ဣတိ=ဤသို့၊ ဝတွာ=လျှော်ဆို၍၊ ဘဂဝတော=မြတ်စွာဘုရားကြီးအား။ ဩဏောဇေသိ=စွန့်လှူလေ၏။
[ဤပါဠိတော်ဖြင့် ဝေဠုဝန်တိုက်တော်ကြီး
သံဃိကဖြစ်ကြောင်းထင်ရှား၏၊]
ဇေတဝန်တိုက်တော်ကြီး၏ သံဃိကဖြစ်ကြောင်းကိုကား စူဠဝါ ပါဠိတော် သေနာသနက္ခန္ဓက စာအုပ်နံပါတ် ၂၇၉-၌
ဧဝံ ဘန္တေတိ ခေါ အနာထပိဏ္ဍိကော ဂဟပတိ ဘဂဝတော ပဋိဿုတွာ ဇေတဝနံ အာဂတာနာဂတဿ စာတုဒ္ဒိသဿသံဃဿ ပတိဋ္ဌာပေသိ။
[ဟုဆိုအပ်ပြီ။]
အနက်ကား-- ဘန္တေ မြတ်စွာဘုရား၊ ဧဝံသာဓု= ကောင်းလှပါပြီ၊ ဣတိခေါ=ဤသို့လျှင်၊ အနာထပိဏ္ဍိကော=အနာထပိဏ် အမည် ရှိသော၊ ဂဟပတိ=သူကြွယ်သည်၊ ဘဂဝတော=မြတ်စွာဘုရားအား၊ ပဋိဿုတွာ= ဝန်ခံ၍၊ ဇေတဝနံ=ဇေတဝန်တိုက်တော်ကြီးကို၊ အာဂတာ နာဂတဿ= ရောက်လာပြီး, မရောက်လာသေးသော၊ စာတုဒ္ဒိသဿ=အရပ်လေး မျက်နှာ၌နေသော၊ သံဃဿ=သံဃာတော်အပေါင်းအား၊ ပတိဋ္ဌာပေသိ= တည်စေပြီ။
[ဤပါဠိတော်၌ ဇေတဝန်တိုက်တော်ကြီးသည် ဗုဒ္ဓသန္တက, စေတီယသန္တက မဟုတ်၊ သံဃသန္တက- သံဃိကသာဖြစ်၏ဟု တိုက်ရိုက် လာရှိ၏၊]
ထိုသံဃိကဖြစ်သော ဝေဠုဝန်တိုက်တော်ကြီး, ဇေတဝန်တိုက် တော်ကြီးတို့၌ရှိသော မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋိ ကျောင်းတော်သည် ပရိဝုဏ်အသီးအခြားဖြစ်၏၊ ထို့ကြောင့် ထိုဇေတဝန် ကျောင်းတိုက် အစရှိသည်တို့မှာ ပရိဝုဏ်အသီးအခြားဖြစ်သော ဂန္ဓကုဋိ ကျောင်းတော်အတွင်း၌သာ ဖိနပ်စီးခြင်း, ထီးဆောင်းခြင်းကို ကြဉ် ရှောင်ဖွယ် ကိစ္စရှိ၏၊ ကျန်ရှိသော အဇ္ဈာရာမဟုဆိုအပ်သော ကျောင်း ပရိဝုဏ်အသီးသီးတို့၌ ဖိနပ်စီးခြင်း, ထီးဆောင်းခြင်းတို့ကို ကြဉ်ရှောင် ဖွယ်ကိစ္စမရှိ။
နောက်ကာလ၌ ဖြစ်ကြကုန်သော သီဟိုဠ်ကျွန်း၌ ဟေမမာလာ စေတီတော်အစရှိသော ဘုရားစေတီတို့၌မူကား
ဗုဒ္ဓသန္တက, စေတိယသန္တက ဖြစ်သောမြေပေါ်၌ ဆောက်လုပ် သော အဆောက်အဦတို့သာတည်း။
[ထို့ကြောင့် ထိုဘုရားစေတီ အရာမ်တွင်း၌ရှိသော အဇ္ဈာရာမတို့၌မူကား ခဏခေတ္တတည်းခိုမှုနှင့် နေထိုင်သည်ဖြစ်စေ, လရက်များစွာနေထိုင်သည်ဖြစ်စေ ဘိနပ်စီးခြင်း, ထီးဆောင်းခြင်းကို မပြုအပ်ဟူ၍မှတ်။]
စေတိယင်္ဂဏဝိနိစ္ဆယ-တစ်ရပ်ပြီး၏။
---*---
မဏ္ဍပ်အတွင်း၌တည်လျက် သိမ်နုတ်သင့် မနုတ်သင့် ဖြေရှင်းချက်
“သိမ်နုတ်ရာအရပ်တွင် မဏ္ဍပ်ကနား ဆောက်လုပ်၍ နုတ်သင့် မနုတ်သင့်” ဟူသော ပဉ္စမလျှောက်ချက်၌-
သီမသင်္ကရဒေါသ ရောက်မရောက်ကို လျှောက်လိုရင်းဖြစ် ပေရကား သင်္ကရဒေါသကို ဖြစ်စေတတ်သော ဝတ္ထုရုပ်ကို ရှေးဦးစွာ ဖော်ထုတ်၍ပြပေအံ့။
၁။ သိမ်၏အတွင်းသို့ သက်ရောက်တည်နေဆဲဖြစ်သော ရဟန်း, ရှင်, လ, ဆင်, မြင်း, ကျွဲ, နွား-အစရှိသော သဝိညာဏက ဝတ္ထုမျိုး။
၂။ ကြိုး, ကြိမ်အစရှိသော တတြဋ္ဌက-အဝိညာဏက ဝတ္ထုမျိုး။
၃။ နွယ်, မြက်, သစ်ပင်, သစ်မြစ်, သစ်ခက်-အစရှိသော တတ္ထဇာတက-အဝိညာဏက ဝတ္ထုမျိုး။
အလုံးစုံတို့သည် သိမ်ဟူသော အရေအတွက်သို့ ရောက် သည်သာဖြစ်၏။
မဟာဝါအဋ္ဌကထာ ဥပေါသထက္ခန္ဓကအဖွင့်၌--
ဗဒ္ဓသီမာယ ဇာတံ ယံကိဉ္စိ ယတ္ထ တတ္ထစိ ဧက သမ္ဗန္ဓေန ဂတံ သီမသင်္ချမေဝ ဂစ္ဆတိ။
[ဟု မိန့်အပ်ပြီ။]
အနက်ကား။။ ဗဒ္ဓသီမာယ= ဗဒ္ဓသိမ်၌၊ ဇာတံ=ဖြစ်သော၊ ယတ္ထ တတ္ထစိ=အမှတ်မရှိသောအရပ်၌၊ ဧကသမ္ဗန္ဓေန=တစ်စပ်တည်း စပ်သဖြင့်၊ ဂတံ=ရောက်သော၊ ယံကိဉ္စိ=အလုံးစုံသော သဝိညာဏက, အဝိညာဏက ဝတ္ထုသည်၊ သီမသင်္ချမေဝ=သိမ်ဟူသောအရေအတွက်သို့သာလျှင်၊ ဂစ္ဆတိ=ရောက်၏။
ဝဇီရဗုဒ္ဓိဋီကာ၌လည်း--
ယံကိဉ္စီတိ ဝစနတော တိဏမ္ပိ သင်္ဂဟိတံ၊ မဟာထေရာပိ တိဏံ သောဓေတွာဝ ကရောန္တိ။ [ဟု မိန့်အပ်ပြီ။]
အနက်ကား-- ယံကိဉ္စီတိ=ယံကိဉ္စိဟူ၍၊ ဝစနတော= သကလတ္ထ ဝါစကသဒ္ဒါဖြင့် အဋ္ဌကထာဆရာဆိုသောကြောင့်၊ တိဏမ္ပိ=မြက်, သက်ငယ်ကိုသော်လည်း၊ သင်္ဂဟိတံ=သိမ်းယူအပ်၏၊ မဟာထေရာပိ= မဟာထေရ်ကြီးတို့သည်လည်း၊ တိဏံ=မြက်ပင်ကို၊ သောဓေတွာဝ= သုတ်သင်၍သာလျှင်၊ ကရောန္တိ=ကံပြုကြကုန်၏။
ဝိမတိဝိနောဒနီဋီကာ၌လည်း--
ယံကိဉ္စီတိ နိဋ္ဌိတသီမာယံ ဥပရိ ဇာတံ ဝိဇ္ဇမာနံ ပုဗ္ဗေ ဌိတံ ပစ္ဆာ သဉ္ဇာတံ ပဝိဋ္ဌဉ္စ ယံကိဉ္စိ သဝိညာဏကာ ဝိညာဏကံ သဗ္ဗမ္ပီတိ အတ္ထော၊ အန္တောသီမာယ ဟိ ဟတ္ထိက္ခန္ဓာဒိ သဝိညာဏကေ သန္နိသန္နောပိ ဘိက္ခု သီမဋ္ဌောဝ ဟောတိ။
[ဟု မိန့်အပ်ပြီ။]
အနက်ကား-- ယံကိဉ္စီတိ=ယံကိဉ္စိဟူသည်ကား၊ နိဋ္ဌိတသီမာယံ= သမုတ်၍ပြီးပြီးသောသိမ်၌၊ ဥပရိ=အထက်၌၊ ဇာတဉ္စ= ပေါ်ပေါက်ဖြစ်ပွါး သည်လည်းဖြစ်သော၊ ဝိဇ္ဇမာနဉ္စ=ထင်ရှားရှိသည်လည်းဖြစ်သော၊ ပုဗ္ဗေ= ရှေး၌၊ ဌိတဉ္စ=တည်သည်လည်းဖြစ်သော၊ ပစ္ဆာ=နောက်မှ၊ သဉ္ဇာတဉ္စ= ဖြစ်သည်လည်းဖြစ်သော၊ ပဝိဋ္ဌဉ္စ=ဝင်သည်လည်းဖြစ်သော၊ ယံကိဉ္စိ= အလုံးစုံသော၊ သဝိညာဏကာဝိညာဏကံ= အသက်ရှိ, အသက်မဲ့ဖြစ် သော၊ သဗ္ဗမ္ပိ=အလုံးစုံသော ဝတ္ထုသည်လည်း၊ သီမသင်္ချမေဝ=သိမ်ဟူ သောအရေအတွက်သို့သာလျှင်၊ ဂစ္ဆတိ= ရောက်၏၊ ဣတိ=ဤကား၊ အတ္ထော=အနက်တည်း၊ ဟိသစ္စံ=မှန်၏၊ အန္တောသီမာယ=သိမ်တွင်း၌၊ ဟတ္ထိက္ခန္ဓာဒိ သဝိညာဏကေ=ဆင် ကျောက်ကုန်းအစရှိသော သဝိညာဏကဝတ္ထု၌၊ သန္နိသန္နောပိ=ထိုင်နေသည်လည်းဖြစ်သော၊ ဘိက္ခု=ရဟန်းသည်၊ သီမဋ္ဌောဝ=သိမ်အပြင်၌ တည်သည်မည်သည် သာလျှင်၊ ဟောတိ=ဖြစ်၏။
ဤအဋ္ဌကထာဋီကာပါဌ်တို့ဖြင့်--
၁။ သိမ်၏ အတွင်းသို့ သက်ရောက်တည်နေဆဲဖြစ်သော ရဟန်း, ရှင်, လူ, ဆင်, မြင်း, ကျွဲ, နွားအစရှိသော တတြဋ္ဌကသဝိညာဏက ဝတ္ထုမျိုး။
၂။ ကြိုး, ကြိမ်, သစ်, ဝါး, ပျဉ်ပြားအစရှိသော တတြဋ္ဌကအဝိညာဏက ဝတ္ထုမျိုး။
၃။ နွယ်, မြက်, သစ်ခက်, သစ်မြစ်အစရှိသော တတ္ထဇာတကအဝိညာဏကဝတ္ထုမျိုး အလုံးစုံသည် သိမ်ဟူသော အရေ အတွက်သို့ ရောက်ကြောင်းထင်ရှား၏။
ထိုသိမ်ဟူသော အရေအတွက်သို့ရောက်သော သဝိညာဏက ဝတ္ထု, အဝိညာဏကဝတ္ထု အလုံးစုံသည် မိမိတို့ တည်နေပေါက်ရောက်ရာ သိမ်၌သာ မတည်မူ၍ တစ်ပါးသောသိမ်နှင့် ကူးသန်းစပ်ယှက် သည်ရှိသော်--
၁။ ဤသိမ်မှသွား၏ဟူ၍လည်းကောင်း, ထိုသိမ်မှလာ၏ဟူ၍ လည်းကောင်း ဆိုခြင်းငှါ တတ် ကောင်းသော နွယ်, မြက်, သစ်ပင်အစရှိသော တတ္ထဇာတကဝတ္ထုတို့ကို မိမိတို့ပေါက်ရောက် ဖြစ်ပွါးရင်း သိမ်ဟူ၍ မှတ်ယူအပ်ကုန်၏။
၂။ (က) ဤသိမ်မှသွား၏ဟူ၍လည်းကောင်း, ထိုသိမ်မှ လာ၏ဟူ၍လည်းကောင်း, ဆိုခြင်းငှါမတတ် ကောင်းသော ရဟန်း,ရှင်,လူ,ဆင်,မြင်း,ကျွဲ, နွားအ စရှိသော တတြဋ္ဌကသဝိညာဏက ဝတ္ထုမျိုး။
(ခ ) ကြိုး, ကြိမ်, သစ်, ဝါး, ပျဉ်ပြား အစရှိသော တတြဋ္ဌက-အဝိညာဏက ဝတ္ထုမျိုးတို့ကိုမူကား မိမိသိမ်၌တည်သော အဖို့အစိတ်ကို မိမိသိမ်ဟူ၍, တစ်ပါးသောသိမ်၌တည်သော အဖို့အစိတ်ကို တစ်ပါးသောသိမ်ဟူ၍ မှတ်ယူအပ်ကုန်၏။
ထို့ကြောင့် ဝိမတ်ဝိနောဒနီဋီကာ၌--
ဧတ္ထ ပန ဗဒ္ဓသီမာယ ပတိဋ္ဌိတဘာဝေါ ဗဒ္ဓသီမာ၊ အဗဒ္ဓသီမာယ ပတိဋ္ဌိတဘာဝေါ ဂါမသီမာ။ [ဟု မိန့်အပ်ပြီ။]
အနက်ကား-- ဧတ္ထ ပန=ဤသိမ်နှစ်လုံး ရောယှက်ရာ၌ကား၊ ဗဒ္ဓသီမာယ= ဗဒ္ဓသိမ်၌၊ ပတိဋ္ဌိတဘာဝေါ=တည်သောအဖို့အစိတ်သည်၊ ဗဒ္ဓသီမာ=ဗဒ္ဓသိမ်မည်၏၊ အဗဒ္ဓသီမာယ=အဗဒ္ဓသိမ်၌၊ ပတိဋ္ဌိတ ဘာဝေါ= တည်သောအဖို့အစိတ်သည်၊ ဂါမသီမာ=ဂါမသိမ်မည်၏၊ ဤဋီကာပါဌ်ဖြင့်-
သိမ်အပြင်၌ တည်နေပေါက်ရောက်သော သဝိညာဏကဝတ္ထု, အဝိညာဏကဝတ္ထုတို့သည် မိမိတို့ ပေါက်ရောက်တည်နေရာ သိမ်၌သာ မတည်မူ၍ တစ်ပါးသော သိမ်နှင့်စပ်ယှက်ကူးသန်းသည်ရှိသော် သီမသင်္ကရဒေါသကို ဖြစ်စေတတ်၏ဟု မှတ်ယူအပ်ကုန်၏။
[ထိုပြဆိုအပ်ပြီးသော သင်္ကရဒေါသကို ဖြစ်စေတတ်သော သဝိညာဏကဝတ္ထု, အဝိညာဏကဝတ္ထုတို့တွင် အပါအဝင်ဖြစ်သော မဏ္ဍပ် တန်ဆောင်းအစရှိသောအရပ်၌ နုတ်အပ်သော ဗဒ္ဓသိမ်တစ်ခု သည်သာရှိခဲ့ပါလျှင် ယုံမှားဖွယ်ရာမရှိ၊ သင်္ကာနိဝတ္တ ဖြစ်ပေရာ၏၊]
ရှေးအခါ၌ဖွဲ့အပ်သော သမူဟနိဗဒ္ဓ-ဗဒ္ဓသိမ်ဟောင်းနှစ်လုံး နီးစပ်လျက်ရှိသော အရပ်၌မူကား-
မဏ္ဍပ်တန်ဆောင်း အစရှိသော ကြီးမားကျယ်ဝန်းသော အဆောက်အဦတို့ကို ထားဘိဦး၊ များစွာသော သံဃာတို့စည်းဝေး နေထိုင်ကြလျှင်ပင် လေးတောင်ကွာ, ငါးတောင်ခြားနီးပါးသော ဗဒ္ဓသိမ် ဟောင်းတို့၏ အစွန်းနှစ်ဖက်ကို စပ်ဆက်ယှက်ကူးလေသောကြောင့် ရဟန်းချင်းချင်း ထိပါးစပ်ဆက်မှုနှင့်ပင် သင်္ကရဒေါသရောက်တော့ သည်သာဖြစ်၏။
ဆယ်တောင်ကွာ, ကိုးတောင်ကွာအရပ်၌ တည်ရှိနေကြသော ဗဒ္ဓသိမ်ဟောင်းတို့ကို ရောယှက် ကူးလူးစေနိုင်သော မဏ္ဍပ် တန်ဆောင်း စသော ကြီးမားကျယ်ဝန်းသော အဆောက်အဦတို့ကိုမူကား ဆိုဖွယ်ရာ မရှိတော့ပြီ။
ယင်းသို့ စပ်ဆက်ယှက်ကူးမှုဟူသော-သင်္ကရဒေါသ သက် ရောက်ရာသိမ်တို့၌ ပြုအပ်သော ကံတို့သည် ဝဂ္ဂကံအဖြစ်မှ လွတ်ကင်း အောင် ရှင်းလင်းသုတ်သင်နိုင်သော်သာ ထမြောက်အောင်မြင်ပေရာ၏၊ ဝဂ္ဂကံအဖြစ်မှ လွတ်ကင်းအောင် မရှင်းလင်း, မသုတ်သင်နိုင်ပါက အောင်မြင်ထမြောက်ရန် အခွင့်မရှိချေ။
တစ်တောင်ကွာ, တစ်ထွာခြားခန့် နီးပါးလျက် ထိုဗဒ္ဓသိမ် ဟောင်းနှစ်လုံးတည်ရှိခဲ့သော် သီမန္တရိက်၌ တည်သောရဟန်းတို့သည် ကူးသန်းစပ်ယှက်ခြင်းကြောင့် ကံပျက်လေရာ၏၊ တစ်ဆိုင်းတည်း သံဃာဖြင့် နုတ်သော်ကား ထိုနုတ်အပ်သော သိမ်နှစ်ခုတို့၌ ကူးသန်း လျက်တည်သော ညောင်စောင်းအကွက်သို့ ကျရောက်သော အလှည့်၌ သာ ကံပျက်ရာ၏၊ ထိုနုတ်အပ်သော ဗဒ္ဓသိမ်နှစ်ခုတို့၌ ကူးသန်းလျက် တည်သောညောင်စောင်း အကွက်မှတစ်ပါး သိမ်ခြားသော အကွက်သို့ ကျခဲ့သော် သံဃာ တဆိုင်းတည်းဖြစ်၍ တစ်ပါးသောသိမ်၌တည်သော ရဟန်းမရှိခြင်းကြောင့် ပန္နက်သဲကြိုးတန်း, မဏ္ဍပ်စသည်ပင် စပ်ယှက် သော်လည်း ကံမပျက်ရာ။
“တာသံ မဇ္ဈဂတာ တေ ဘိက္ခူ တာ သမူဟနေယျုံ-” ဟူသော ဝိမတိဝိနောဒနီဋီကာနှင့်အညီ သီမသမူဟနကံ ထမြောက်အောင်မြင်ပေရာ၏၊
ထို့ကြောင့် မဟာဝါအဋ္ဌကထာ ဥပေါသထခန္ဓက၌--“သီမမာဠကေ ဝဋရုက္ခော ဟောတိ၊ တဿ သာခါဝါ တတော နိဂ္ဂတပါရောဟောဝါ မဟာသီမာယ ပထဝီတလံဝါ တတ္ထဇာတရုက္ခာဒီနိဝါ အာဟစ္စ တိဋ္ဌတိ။
၁။ မဟာသီမံ သောဓေတွာဝါ ကမ္မံ ကာတဗ္ဗံ။
၂။ တေဝါ သာခါ ပါရောဟာ ဆိန္ဒိတွာ ဗဟိဋ္ဌကာ ကာတဗ္ဗာ။
၃။ အနာဟစ္စ ဌိတသာခါဒီသု အာရုဠှဘိက္ခု ဟတ္ထပါသံ အာနေတဗ္ဗော။
[ဟု မိန့်အပ်ပြီ။]
အနက်ကား-- သီမမာဠကေ=သိမ်အပြင်၌၊ ဝဋရုက္ခော= ပညောင်ပင်သည်၊ ဟောတိ=ရှိသည်ဖြစ်၏၊ တဿ=ထိုပညောင်ပင်၏၊ သာခါဝါ=အကိုင်းအခက်သည်လည်းကောင်း၊ တတော=ထိုပညောင်ပင်မှ၊ နိဂ္ဂတပါရောဟောဝါ=ထွက်လာသော မြစ်ပျဉ်းသည်လည်းကောင်း၊ မဟာသီမာယ=မဟာသိမ်၏၊ ပထဝီတလံဝါ=မြေအပြင်ကိုလည်းကောင်း၊ တတ္ထဇာတရုက္ခာဒီနိဝါ=ထိုမဟာသိမ်၌ ပေါက်သောသစ်ပင် အစရှိသည် တို့ကိုလည်းကောင်း၊ အာဟစ္စ=ထိခိုက်၍၊ တိဋ္ဌတိ=တည်ငြားအံ့။
၁။ မဟာသီမံ=မဟာသိမ်ကို၊ သောဓေတွာဝါ=သုတ်သင်မူ၍ လည်း၊ ကမ္မံ=ကံကို၊ ကာတဗ္ဗံ=ပြုအပ်၏။
၂။ တေသာခါ ပါရောဟာဝါ=ထိုသစ်ခက်, မြစ်ပျဉ်းတို့ကို သော်လည်း၊ ဆိန္ဒိတွာ=ဖြတ်၍၊ ဗဟိဋ္ဌကာ=အပ၌ တည် ကုန်သည်တို့ကို၊ ကာတဗ္ဗာ=ပြုအပ်ကုန်၏။
၃။ အနာဟစ္စ=မထိခိုက်မူ၍၊ ဌိတသာခါဒီသု=တည်သော သစ်ခက်အစရှိသည်တို့၌၊ အာရုဠှဘိက္ခု=တက်နေသော ရဟန်းကို၊ ဟတ္ထပါသံ=ဟတ္ထပါသ်အတွင်းသို့၊ အာနေ တဗ္ဗော=ပင့်ဆောင်အပ်၏။
၎င်းအဖွင့် တေရသကဏ် ဋီကာ၌လည်း--
“မဟာသီမံ သောဓေတွာဝါ ကမ္မံ ကာတဗ္ဗန္တိ မဟာသီမ ဂတာ ဘိက္ခူ ဟတ္ထပါသံဝါ အာနေတဗ္ဗာ၊ သီမတောဝါ ဗဟိ ကာတဗ္ဗာတိ အဓိပ္ပါယော”။
[ဟု မိန့်အပ်ပြီ။]
အနက်ကား-- မဟာသီမံ သောဓေတွာဝါ ကမ္မံ ကာတဗ္ဗန္တိ= မဟာသီမံ သောဓေတွာဝါ ကမ္မံ ကာတဗ္ဗံ-ဟူသည်ကား၊ မဟာသီမဂတာ= မဟာသိမ်သို့ရောက်ကုန်သော၊ ဝါ=မဟာသိမ်၌တည်ကုန်သော၊ ဘိက္ခူ= ရဟန်းတို့ကို၊ ဟတ္ထပါသံဝါ=ဟတ္ထပါသ်သို့မူလည်း၊ အာနေတဗ္ဗာ= ဆောင်အပ်ကုန်၏၊ သီမတော=သိမ်မှ၊ ဗဟိဝါ=အပ၌မူလည်း၊ ကာတဗ္ဗာ= ပြုအပ်ကုန်၏။
[ဣတိ အယံ= ဤသည်ကား၊ အဓိပ္ပါယော= အဓိပ္ပါယ်တည်း။]
ဝိမတိဝိနောဒနီ ဋီကာ၌လည်း--
၁။ ဝဋရုက္ခောတိ ဣဒံ ပါရောဟောပတ္ထမ္ဘေန အတိဒူရမ္ပိ ဂန္တုံ သမတ္ထသာခါသမင်္ဂီတာယ ဝုတ္တံ၊ သဗ္ဗရုက္ခလတာဒီနမ္ပိ သမ္ဗန္ဓော န ဝဋ္ဋတိ ဧဝ၊ တေနေဝ နာဝါ ရဇ္ဇုသေတု သမ္ဗန္ဓောပိ ပဋိက္ခိတ္တော
ဟူ၍လည်းကောင်း,
၂။ မဟာသီမံဝါ သောဓေတွာတိ မဟာသီမဂတာနံ သဗ္ဗေသံ ဘိက္ခူနံ ဟတ္ထပါသာနယဆန္ဒာဟရဏာဒိဝသေန သကလံ မဟာသီမံ သောဓေတွာ
ဟူ၍လည်းကောင်း, [မိန့်အပ်ပြီ။]
အနက်ကား
၁။ ဝဋရုက္ခောတိဣဒံ=ဝဋရုက္ခောဟူသော ဤစကားကို၊ ပါရောဟောပတ္ထမ္ဘေန= သစ်ပင်၏မြစ်ပျဉ်းထောက် သဖြင့်၊ အတိဒူရမ္ပိ= အလွန်ဝေးသောအရပ်သို့လည်း၊ ဂန္တုံ=သွားခြင်းငှါ၊ သမတ္ထသာခါ သမင်္ဂီတာယ=စွမ်းနိုင်သော အကိုင်းအခက်နှင့် ပြည့်စုံသည်၏ အဖြစ် ကြောင့်၊ ဝုတ္တံ=အဋ္ဌကထာဆရာဆိုအပ်၏၊ သဗ္ဗရုက္ခလတာဒီနမ္ပိ= အလုံးစုံသော သစ်ပင်, နွယ်အစရှိသည်တို့၏လည်း၊ သမ္ဗန္ဓော= ဆက်စပ်ခြင်းသည်၊ န ဝဋ္ဋတိ ဧဝ= မအပ်သည်သာလျှင်တည်း၊ တေနေဝ= ထို့ကြောင့်သာလျှင်၊ နာဝါ ရဇ္ဇုသေတုသမ္ဗန္ဓော=လှေ, ကြိုး, တံတားတို့ ဆက်စပ်ခြင်းကို၊ ပဋိက္ခိတ္တော=ပယ်အပ်ပြီ။
၂။ မဟာသီမံဝါ သောဓေတွာတိ= မဟာသီမံဝါ သောဓေတွာဟူသည်ကား၊ မဟာသီမဂတာနံ=မဟာသိမ်သို့ရောက်ကုန်သော၊ ဝါ= မဟာသိမ်၌ တည်ကုန်သော၊ ဘိက္ခူနံ=ရဟန်းတို့ကို၊ ဟတ္ထပါသာနယ ဆန္ဒာဟရဏာ ဒိဝသေန=ဟတ္ထပါသ်သို့ ဆောင်ခြင်း, ဆန္ဒဆောင်ခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့်၊ သကလံ=အလုံးစုံသော၊ မဟာသီမံ= မဟာသိမ်ကို၊ သောဓေတွာ=သုတ်သင်၍၊ ကမ္မံ=ကံကို၊ ကာတဗ္ဗံ= ပြုအပ်၏။
ဤအဋ္ဌကထာ, ဋီကာပါဌ်တို့ဖြင့်-
မဟာသိမ်, ခဏ္ဍသိမ်နှစ်လုံး၌ သစ်ခက်, မြစ်ပျဉ်းစသည်တို့ ကူးသန်းစပ်ယှက်၍တ်သောအရာ ခဏ္ဍသိမ်၌ ကံပြုလိုပါက
၁။ မဟာသိမ်တွင်ရှိသော ရဟန်းတို့ကို ဟတ္တပါသ်သို့ ဆောင်ခြင်း,
၂။ ဆန္ဒ, ပါရိသုဒ္ဓိကို ဆောင်ခြင်း,
၃။ မဟာသိမ်မှ အပပြုခြင်း,
ဟုဆိုအပ်သော သုတ်သင်မှုကို ပြုသော်သာလျှင် ခဏ္ဍသိမ်၌ ပြုအပ်သောကံသည် သင်္ကရဒေါသကင်းသဖြင့် အောင်မြင်ထမြောက်၏ ဟု နိတတ္ထအားဖြင့်ပြ၏။
မဟာသိမ်ရှိ သံဃာကို မသုတ်သင်နိုင်ပါမူကား သင်္ကရဒေါသ အတွက် ဝဂ္ဂကံဖြစ်သောကြောင့် ကံပျက်၏ဟူသော အနက်ကိုလည်း ပြ၏။
သစ်ခက်, မြစ်ပျဉ်စသည်တို့ ကူးသန်းယှက်စပ်၍ပင် တည်ပါငြား သော်လည်း မဟာသိမ်၌ရဟန်းမရှိပါမူ ခဏ္ဍသိမ်၌ ပြုအပ်သောကံသည် ပျက်ဖွယ်ရာမထင် အောင်မြင်ထမြောက်ခြင်းသာ ဖြစ်၏ဟူသော အနက် ကိုလည်းပြ၏။
ဤအဋ္ဌကထာ, ဋီကာတို့၌ပင်ပြသောကြောင့်-- မဏ္ဍပ်ကနား ထိုး၍ သိမ်နုတ်သော အရပ်တွင် ဗဒ္ဓသိမ်ဟောင်းနှစ်လုံး နီးစပ်လျက် ရှိ-မရှိကို အတတ်မသိနိုင်လေရကား နောက်နောင် အဆက်ဆက် ပညာရှိ ဝိနယကုက္ကုစ္စက ပုဂ္ဂိုလ်အများ ယုံမှားကင်းစေခြင်းငှါ ၅-ပါး ၆-ပါး အစုရှိသော တစ်ဆိုင်းတည်းသော သံဃာဖြင့် နုတ်အပ်၏။
[သံဃာနှစ်ကျိပ်-သုံးကျိပ် နုတ်လိုပါမူ မဏ္ဍပ်အလျင်း မထိုးဘဲသော်လည်း နုတ်အပ်၏ ဟုမှတ်ယူသင့်ပေ၏၊]
တစ်ဆိုင်းတည်းသော သံဃာဖြင့်သာ နုတ်လိုပါမူကား-- နှစ်လုံး သော ဗဒ္ဓသိမ်ဟောင်းတို့၏ အစွန်း ၂-ဖက်ကို သံဃာစပ်ယှက်၍ တည်သော ညောင်စောင်းအကွက်၌ပြုသော ကံတစ်ခုတည်းသည်သာ ပျက်ဖွယ်ရာ အကြောင်းရှိ၏၊ သိမ်သီးခြား၌တည်ရှိသော ညောင်စောင်း အကွက်တို့၌ပြုအပ်သော ကံတို့မှာမူကား တစ်ပါးသောသိမ်၌ သံဃာ မရှိသည်ဖြစ်၍ သမဂ္ဂကံပင်ဖြစ်သောကြောင့် ပျက်ဖွယ်ရာ အကြောင်း မရှိပေ။
ထို့ကြောင့် ဝိမတိဝိနောဒနီဋီကာ နံပါတ် ၁၂၀-၌
၁။ ဤဒိသေသုပိ ဝိဟာရေသု ဆပ္ပဉ္စမတ္တေ ဘိက္ခူ ဂဟေတွာ ဝိဟာရကောဋိတောပဋ္ဌာယ ဝိဟာရပရိက္ခေပဿ အန္တောစဗဟိစ သမန္တာ လေဋ္ဋပါတေ သဗ္ဗတ္ထ မဉ္စပ္ပမာဏေ ဩကာသေ နိရန္တရံဌတွာ။
၂။ ပဌမံ အဝိပ္ပဝါသံ တတော သမာနသံဝါ သကသီမဉ္စ သမူဟနနဝသေန သီမာယ သမုဂ္ဃါတေ ကတေ တသ္မိံ ဝိဟာရေ ခဏ္ဍသီမာယ မဟာသီမာယ ဌိတဝိဇ္ဇမာနတ္တေ သတိ အဝဿံ ဧကသ္မိံ မဉ္စဋ္ဌာနေ တာသံ မဇ္ဈဂတာ တေ ဘိက္ခူ တာ သမူဟနေယျုံ၊ တတော ဂါမသီမာ ဧဝ အဝသိေဿယျ။
၃။ န ဟေတ္ထ သီမာယ တပ္ပရိစ္ဆေဒဿ ဝါဇာနနံ အင်္ဂံ၊ သီမာယပန အန္တော ဌာနံ, သမူဟနိဿာမာတိ ကမ္မဝါစာယ ကရဏေဉ္စတ္ထ အင်္ဂံ။
[ဟု မိန်အပ်ပြီ။]
အနက်ကား
၁။ ဤဒိသေသု= ဤသို့ သဘော ရှိသည်လည်း ဖြစ်ကုန်သော၊ ဝိဟာရေသု=ကျောင်းတိုက်တို့၌၊ ဆပ္ပဉ္စမတ္တေ=ငါးပါး,ခြောက်ပါး အတိုင်းအရှည်ရှိကုန်သော၊ ဘိက္ခူ= ရဟန်းတို့ကို၊ ဂဟေတွာ=ပင့်ယူ၍၊ ဝိဟာရကောဋိတော=ကျောင်းတိုက်၏အစွန်အဖျားမှ၊ ပဋ္ဌာယ=စ၍၊ ဝိဟာရပရိက္ခေပဿ=ကျောင်းတိုက်အရာမ်၏၊ အန္တောစ=အတွင်း၌ လည်းကောင်း၊ ဗဟိစ=အပ၌လည်းကောင်း၊ သမန္တာ=ထက်ဝန်းကျင် ပတ်ပတ်လည်၌၊ လေဋ္ဋုပါတေ= ခဲတကျအတွင်း၌၊ သဗ္ဗတ္ထ=အလုံးစုံသော အရပ်၌၊ မဉ္စပ္ပမာဏေ=ညောင်စောင်းပမာဏရှိသော၊ ဩကာသေ= အရပ်၌၊ နိရန္တရံ=အကြားမပြတ် တစ်စပ်တည်း၊ ဌတွာ=တည်၍။
၂။ ပဌမံ=ရှေးဦးစွာ၊ အဝိပ္ပဝါသံ=အဝိပ္ပဝါသသိမ်ကိုလည်း ကောင်း၊ တတော=ထို့နောက်မှ၊ သမာနသံဝါသကသီမဉ္စ=သမာန သံဝါသက သိမ်ကိုလည်းကောင်း၊ သမူဟနနဝသေန=နုတ်သည်၏ အစွမ်းဖြင့်၊ သီမာယ=သိမ်ကို၊ သမုဂ္ဃါတေ=နုတ်ခြင်းကို၊ ကတေ= ပြုအပ်သည်ရှိသော်၊ တသ္မိံဝိဟာရေ=ထိုကျောင်းတိုက်ကြီး၌၊ ခဏ္ဍ သီမာယ=ခဏ္ဍသိမ်၏လည်းကောင်း၊ မဟာသီမာယ=မဟာ သိမ်ကြီး၏ လည်းကောင်း၊ ဌိတဝိဇ္ဇမာနတ္တေ= တည်ရှိသည်၏ အဖြစ်သည်၊ သတိသတိပိ=ရှိငြားသော်လည်း၊ အဝဿံ=မချွတ်၊ ဧကသ္မိံ=တစ်ခုသော၊ မဉ္စဋ္ဌာနေ=ညောင်စောင်းကွက်အရပ်၌၊ တာသံ=ထိုခဏ္ဍသိမ် မဟာသိမ် တို့၏၊ မဇ္ဈဂတာ=အလည်သို့ရောက်ကုန်သော၊ တေဘိက္ခူ=ထိုရဟန်း တို့သည်၊ တာ=ထိုခဏ္ဍသိမ်, မဟာသိမ်တို့ကို၊ သမူဟနေယျုံ=ပယ်နုတ်နိုင် ကုန်ရာ၏၊ တတော=ထိုသို့နုတ်သိမ်းခြင်းကြောင့်၊ ဂါမသီမာဧဝ=ဂါမ သိမ်သည်သာလျှင်၊ အဝသိေဿယျ=ကြွင်းလေရာ၏။
၃။ ဟိသစ္စံ=မှန်၏၊ ဧတ္ထ=ဤအရာ၌၊ သီမာယဝါ=ခဏ္ဍသိမ်, မဟာသိမ်ကိုလည်းကောင်း၊ တပ္ပရိစ္ဆေဒဿဝါ=ထိုသိမ်၏ အပိုင်းအခြားကို လည်းကောင်း၊ ဇာနနံ=သိခြင်းသည်၊ အင်္ဂံ=အင်္ဂါသည်၊ နဟောတိ=မဖြစ်၊ ပန=စင်စစ်သော်ကား၊ သီမာယ=သိမ်၏၊ အန္တော=အတွင်း၌၊ ဌာနဉ္စ= ရပ်တည်ခြင်းသည်လည်းကောင်း၊ သမူဟနိဿာမ=နုတ်ကြကုန်အံ့၊ ဣတိ=ဤသို့၊ ကမ္မဝါစာယ=ကမ္မဝါစာကို၊ ကရဏဉ္စ=ပြုခြင်းသည် လည်းကောင်း၊ ဧတ္ထ= ဤသိမ်နုတ်သောအရာ၌၊ အင်္ဂံ=အင်္ဂါပေတည်း။
တေရသကဏ်ဋီကာ စာအုပ်နံပါတ် ၁၃၀-၌လည်း
၁။ သီမ သင်္ကရံ ကရောတီတိ ဝဍ္ဎိုတွာ သီမပ္ပဒေသံ ပဝိဋ္ဌေ ဒွိန္နံသီမာနံ ဂတဋ္ဌာနဿ ဒုဝိညေယျတ္တာ ဝုတ္တံ၊ န ပန တတ္ထ ကမ္မံ ကာတုံ န ဝဋ္ဋတီတိ ဒဿနတ္ထံ။
၂။ နဟိ သီမာ တတ္တကေန အသီမာ ဟောတိ၊ ဒွေ ပန သီမာပစ္ဆာ ဝဍ္ဎိုတေန ရုက္ခေန အဇ္ဈောတ္ထတ္တာ ဧကာဗဒ္ဓါဟောန္တိ၊ တသ္မာ ဧကတ္ထဌတွာ ကမ္မံ ကရောန္တေဟိ ဣတရံသောဓေတွာ ကာတဗ္ဗံ။
[ဟု မိန့်အပ်ပြီ။]
အနက်ကား
၁။ သီမ သင်္ကရံ ကရောတီတိဣဒံဝါကျံ=သီမ သင်္ကရ ကရောတိ ဟူသောဤဝါကျကို၊ ဝဍ္ဎိုတွာ=ကြီးပွါး၍၊ သီမပ္ပဒေသံ=သိမ်၏အစိတ် ဖြစ်သောအရပ်ကို၊ ပဝိဋ္ဌေ=ဝင်လာသည်ရှိသော၊ ဒွိန္နံသီမာနံ= နှစ်လုံးသော သိမ်တို့၏၊ ဂတဋ္ဌာနဿ=ရောက်ရာအရပ်ကို၊ ဒုဝိညေယျတ္တာ= သိနိုင်ခဲ သည်၏ အဖြစ်ကြောင့်၊ ဝုတ္တံ=အဋ္ဌကထာ ဆိုအပ်၏၊ ပန= ဗျတိရိက်မှ တစ်ပါး အနွယကိုဆိုဦးအံ့၊ တတ္ထ=ထိုသစ်ခက်, မြစ်ပျဉ်း ကူးစပ်သော သိမ်၌၊ ကမ္မံ=ကံကို၊ ကာတုံ=ပြုခြင်းငှါ၊ နဝဋ္ဋတိ=မအပ်၊ ဣတိ=ဤသို့၊ ဒဿနတ္ထံ=ပြခြင်းအကျိုးငှါ၊ န ဝုတ္တံ=ဆိုအပ်သည် မဟုတ်ပေ။
၂။ ဟိသစ္စံ=မှန်၏၊ သီမာ=သိမ်သည်၊ တတ္တကေန=ထိုသို့ သစ်ခက်, မြစ်ပျဉ်းစပ်ယှက်ရုံမျှဖြင့်။ အသီမာ=သိမ်မဟုတ်သည်၊ ဝါ= သိမ်ပျက်သည်၊ န ဟောတိ=မဖြစ်၊ ပန=စင်စစ်သော်ကား၊ ဒွေ=နှစ်လုံးကုန်သော၊ သီမာ= သိမ်တို့သည်၊ ပစ္ဆာ=နောက်နောင်ကာလ၌၊ ဝဍ္ဎိုတေန= ကြီးပွါးလာသော၊ ရုက္ခေန=သစ်ပင်သည်၊ အဇ္ဈောတ္ထတ္တာ=လွှမ်းမိုးအပ်သည်၏ အဖြစ် ကြောင့်၊ ဧကာဗဒ္ဓါ=တစပ်တည်းစပ်ကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏၊ တသ္မာ=ထို့ကြောင့်၊ ဧကတ္ထ=တစ်ခုသောသိမ်၌၊ ဌတွာ=တည်၍၊ ကမ္မံ= ကံကို၊ ကရောန္တေဟိ=ပြုလိုသော ရဟန်းတို့သည်၊ ဣတရံ=တစ်ပါး သောသိမ်ကို၊ သောဓေတွာ=သုတ်သင်၍၊ ကာတဗ္ဗံ=ပြုအပ်၏။
ဆိုအပ်ပြီးသော ဋီကာစကား၂- ရပ်ဖြင့်
မဟာသိမ်နှင့် ခဏ္ဍသိမ်နှစ်လုံးတည်ရှိသော ကျောင်းတိုက်ကြီး၌ ညောင်စောင်းကွက်ရေးသား ပိုင်းခြားကန့်သတ်၍ ငါးပါး, ခြောက်ပါး မျှသော ရဟန်းတို့ဖြင့် အကွက်တိုင်း,အကွက်တိုင်း တစ်ဆိုင်းတည်း နုတ်ခဲ့လျှင် သီမသမူဟနကံ အောင်မြင်နိုင်ခြင်း ထင်ရှား၏။
ဤဋီကာပါဌ်တို့၌-- ငါးပါး, ခြောက်ပါးကိုသာ ပြဆိုခြင်း သည်လည်း သံဃာများစွာ စည်းဝေးနေထိုင်ကြလျှင်ပင် ရဟန်းချင်းချင်း လေးတောင်ကွာ, ငါးတောင်ခြား နီးပါးသော ဗဒ္ဓသိမ်တို့၏ရောယှက်မှု ဟူသော ဝဂ္ဂကံအဖြစ်သို့လည်း ရောက်ရာ၏။
ငါးပါး, ခြောက်ပါးမျှသာဖြစ်ပါမူကား-- သင်္ကရဒေါသ ကင်းလွတ်လောက်သော သိမ်၏အလယ်ဖြစ်သော ညောင်စောင်း အကွက်ငယ်၌ပင် စည်းဝေးနိုင်ရာသောကြောင့် သုတ်သင်မှု ပြီးစီး နိုင်ရာ၏ဟု နှလုံးပြု၍ ဆိုပေသည်။
ဝိနယာလင်္ကာရဋီကာ၌လည်း-
“ရတနာပုရနဂရေ သိရီသုဓမ္မရာဇာဓိပတိနာမကဿ စူဠအဂ္ဂရာဇိနော ကာလေ မဟာသီဟဠပ္ပတ္တောတိ ဝိဿုတော သိရီသဒ္ဓမ္မကိတ္တိနာမကော မဟာထေရဝရော အတ္တနော ဝသနဋ္ဌာနဿ အဝိဒူရေ ပဗ္ဗတမတ္ထကေ သီမံ ဗန္ဓန္တော အတ္တနော နိဿိတကေ အဂ္ဂဟေတွာ အတ္တနာ အဘိရုစိတေ လဇ္ဇီပေသလဗဟုဿုတသိက္ခာကာမဘူတေ အညေ မဟာထေရေ ဂဟေတွာ အတ္တစတုတ္ထောဝ ဟုတွာ ကမ္မံ ကရောန္တီတိ ဝဒန္တိ။
[ဟု မိန့်အပ်ပြီ။]
အနက်ကား-- ရတနာပုရနဂရေ= ရတနာပူရအင်းဝ ရွှေမြို့ တော်ကြီး၌၊ သိရီသုဓမ္မရာဇာဓိပတိနာမကဿ= သိရီသုဓမ္မရာဇာဓိပတိ အမည်ရှိသော၊ စူဠအဂ္ဂရာဇိနော=စူဠအဂ္ဂရာဇ်မင်း၏၊ ကာလေ= လက်ထက်၌၊ မဟာသီဟဠပ္ပတ္တောတိ= သီဟိုဠ်ရောက် မထေရ်ကြီးဟူ၍၊ ဝိဿုတော=ကျော်စောသော၊ သိရီသဒ္ဓမ္မကိတ္တိနာမကော=သိရီသဒ္ဓမ္မ ကိတ္တိအမည်ရှိသော၊ မဟာထေရဝရော=မြတ်သော မဟာထေရ်မြတ် ကြီးသည်၊ အတ္တနော=မိမိ၏၊ ဝသနဋ္ဌာနဿ=နေရာအရပ်၏၊ အဝိဒူရေ= မနီးမဝေးသောအရပ်၌၊ ပဗ္ဗတမတ္ထကေ=တောင်ထိပ်၌၊ သီမံ=သိမ်ကို၊ ဗန္ဓန္တော= ဖွဲ့သည်ရှိသော်၊ အတ္တနော= မိမိ၏၊ နိဿိတကေ=တပည့်တို့ကို၊ အဂ္ဂဟေတွာ=မခေါ်ယူမူ၍၊ အတ္တနာ=မိမိသည်၊ အဘိရုစိတေ=နှစ်သက် အပ်ကုန်သော၊ လဇ္ဇီပေသလ ဗဟုဿုတ သိက္ခာကာမဘူတေ=လဇ္ဇီ ပေသလ, ဗဟုဿုတ, သိက္ခာကာမဖြစ်၍ဖြစ်ကုန်သော၊ အညေ= တစ်ပါးကုန်သော၊ မဟာထေရေ=မထေရ်ကြီးတို့ကို၊ ဂဟေတွာ= ပင့်ခေါ်၍၊ အတ္တစတုတ္ထောဝ=မိမိလျှင်လေးယောက်မြောက်ရှိသည်၊ ဟုတွာ=ဖြစ်၍၊ ကမ္မံ= သိမ်နုတ်သောကံကို၊ ကရောန္တိ= ပြုကြကုန်၏၊ ဣတိ= ဤသို့၊ ဝဒန္တိ=ဆိုကုန်၏။
ဤဋီကာပါဌ်၌-- မိမိလျှင်လေးယောက်မြောက်ရှိသော သံဃာဖြင့် သာ သီမသမူဟနကံကို ပြုတော်မူခြင်းသည်လည်း ငါတို့ ဆုံးဖြတ်သည့် အတိုင်း သံဃာများစွာ စည်းဝေးနေထိုင်သည်ရှိသော် သင်္ကရဒေါသ ရောက်၍ ဝဂ္ဂကံဖြစ်မည်ကို နှလုံးပြုတော်မူ၍ လေးပါးမျှဖြင့်သာ နုတ်တော်မူသည်ဟု-ယူအပ်ပေသည်။
အချို့သောဆရာတို့သည်ကား--
ဟံသာဝတီနဂရေ ဓမ္မစေတိယရညော ကလျာဏိ သီမာယ ဗန္ဓနကာလေပိ ပဌမံ သာလံ ကရိတွာဝ ပစ္ဆာ သမူဟနိံသု။
အနက်ကား--ဟံသာဝတီနဂရေ=ဟံသာဝတီမြို့၌၊ ဓမ္မစေတိယ ရညော=ဓမ္မစေတီမင်း၏၊ ကလျာဏိသီမာယ=ကလျာဏီအမည်ရှိသော သိမ်ကို၊ ဗန္ဓနကာလေပိ=ဖွဲ့သောအခါ၌လည်း၊ ပဌမံ=ရှေးဦးစွာ၊ သာလံ= တင်းကုပ်ကို၊ ကရိတွာဝ=ပြု၍သာလျှင်၊ ပစ္ဆာ=နောက်မှ၊ သမူဟနိံသု= နုတ်ကုန်၏။
ဤသို့လာသော ကလျာဏီသိမ်ကျောက်စာ၌--- မဏ္ဍပ် ကနားထိုး၍ တစ်ဆယ့်လေးပါးသော ရဟန်းတို့ သိမ်နုတ်ကြကြောင်းကို ထောက်ထားကိုးကားပြီးလျှင် သံဃာမည်မျှပင်များစေကာမူ မြန်မာ နိုင်ငံသို့ သာသနာတော် သက်ရောက်ရာကာလလည်း မကြာမြင့်သေး။ မဟာသိမ်ဟူသည်လည်း-
၁။ အရိမဒ္ဒနာပေါက္ကံပြည်၌တစ်လုံး,
၂။ ရတနာပုရ အင်းဝမြို့၌တစ်လုံး,
ဤနှစ်လုံးသာ အကြီးအကျယ် ရာဇဝင်, ကျောက်စာ, သံပိုင်း ထွက်ဆိုချက်ရှိသည်၊ အခြားသောအရပ်တို့၌ မဟာသိမ်ရှိသည်ဟု ရာဇဝင်, ကျောက်စာ, သံပိုင်း အဆိုအလာ မရှိသောကြောင့် ဗဒ္ဓသိမ် ဟောင်းကြီးတို့အတွက် တွေးတောစဉ်းစား ယုံမှားဖွယ်ရာမရှိဟု ပြောဆို ရေးသားကြကုန်၏။
သို့ပင်ပြောဆိုရေးသားကြပါကုန်ငြားသော်လည်း-
၁။ သီမသမူဟနနကမ္မံ အကတွာ အဘိနဝသီမာယ ဗဇ္ဈမာနာယ သင်္ကာ ဥပ္ပဇ္ဇေယျ၊ ဘဂဝတော ဓရမာနကာလတော ပဋ္ဌာယ ယာဝဇ္ဇတနာ ဂဏနပထံ ဝီတိက္ကန္တာ ဘိက္ခူ ဥပသမ္ပဒါဒိ ကမ္မကရဏတ္ထံ တသ္မိံ တသ္မိံ ပဒေသေ သီမံ ဗန္ဓန္တိ၊ သာ သီမာ ဧတ္ထ အတ္ထိ, ဧတ္ထ နတ္ထီတိ န သက္ကာ ဇာနိတုံ။
၂။ တသ္မာ အမှာကံ သီမ ဗန္ဓနဋ္ဌာနေ ပေါရာဏကသီမာ ဘဝေယျ နုခေါ တိ သင်္ကာ ဘဝေယျ၊ ဧဝံ သတိ သာ အဘိနဝသီမာစ အာသင်္ကနီယာ ဟောတီတိ သီမာယ ကတံ ဥပသမ္ပဒါဒိကမ္မမ္ပိ အာသင်္ကနီယံ ဟောတိ။
၃။ တသ္မာ သင်္ကာနိဝတ္တနတ္ထံ အဘိနဝသီမံ ဗန္ဓိတုကာမေဟိ ယတိ ပုင်္ဂဝေဟိ အဝဿံ သီမသမူဟနနကမ္မံ ကာတဗ္ဗံ ဟောတိ။
အနက်ကား
၁။ သီမသမူဟနနကမ္မံ=သိမ်နုတ်ခြင်းအမှုကို၊ အကတွာ= မပြုမူ၍၊ အဘိနဝသီမာယ=သိမ်သစ်ကို၊ ဗဇ္ဈမာနာယ=ဖွဲ့အပ်သည်ရှိ သော်၊ သင်္ကာ=ယုံမှားခြင်းသည်၊ ဥပ္ပဇ္ဇေယျ=ဖြစ်လေရာ၏၊ ဘဂဝတော=မြတ်စွာဘုရား၏၊ ဓရမာန ကာလတော=သက် တော်ထင်ရှားရှိရာ လက်ထက်တော်မှ၊ ပဋ္ဌာယ=စ၍၊ ယာဝဇ္ဇတနာ=ယနေ့ထက်တိုင်အောင်၊ ဂဏနပထံ=ဂဏန်း အစဉ်ကို၊ ဝီတိက္ကန္တာ=လွန်ကုန်သော၊ ဘိက္ခူ=ရဟန်း တို့သည်၊ ဥပသမ္ပဒါဒိကမ္မကရဏတ္ထံ=ဥပသမ္ပဒအစရှိသော ကံကိုပြု ခြင်းငှါ၊ တသ္မိံတသ္မိံ ပဒေသေ=ထိုထိုအရပ်၌၊ သီမံ=သိမ်ကို၊ ဗန္ဓန္တိ=ဖွဲ့ကြကုန်၏၊ သာ သီမာ=ထိုရှေးသိမ်ဟောင်းသည်၊ ဧတ္ထ=ဤအရပ်၌၊ အတ္ထိ=ရှိ၏၊ ဧတ္ထ=ဤအရပ်၌၊ နတ္ထိ=မရှိ၊ ဣတိ=ဤသို့၊ ဇာနိတုံ=သိခြင်းငှါ၊ နသက္ကာ=မတတ်ကောင်း။
၂။ တသ္မာ=ထို့ကြောင့်၊ အမှာကံ=ငါတို့၏၊ သီမဗန္ဓနဋ္ဌာနေ= သိမ်သစ်ဖွဲ့ရာအရပ်၌၊ ပေါရာဏကသီမာ=ရှေးသိမ်ဟောင်း သည်၊ ဘဝေယျ=ဖြစ်ရာ၏၊ ဧဝံသတိ=ဤသို့ဖြစ်သည်ရှိသော်၊ သာအဘိနဝသီမာစ=ထိုသိမ်သစ်ကိုလည်း၊ အာသင်္ကနီယာ= ယုံမှားအပ်တော့သည်၊ ဟောတိ=ဖြစ်၏၊ ဣတိတသ္မာ=ထို့ ကြောင့်၊ သီမာယ=သိမ်သစ်၌၊ ကတံ=ပြုအပ်သော၊ ဥပသမ္ပဒါဒိ ကမ္မမ္ပိ=ဥပသမ္ပဒ-အစရှိသော ကံကိုလည်း၊ အာသင်္ကနီယံ= ယုံမှားအပ်တော့သည်၊ ဟောတိ=ဖြစ်၏။
၃။ တသ္မာ=ထို့ကြောင့်၊ သင်္ကာနိဝတ္တနတ္ထံ=ယုံမှားခြင်းကိုနစ်စေ ခြင်းငှါ၊ အဘိနဝသီမံ=အသစ်ဖြစ်သောသိမ်ကို၊ ဗန္ဓိတုကာမေဟိ= ဖွဲ့လိုကုန်သော၊ ယတိ ပုင်္ဂဝေဟိ=ရဟန်းမြတ်တို့သည်၊ အဝဿံ= မချွတ်၊ သီမသမူဟနနကမ္မံ=သိမ်နုတ်ခြင်းအမှုကို၊ ကာတဗ္ဗံ= ပြုအပ်သည်၊ ဟောတိ=ဖြစ်၏။
ဤသို့လာသော ဝိနယာလင်္ကာရ ဋီကာကိုထောက်၍ သင်္ကာနိ ဝတ္တနဖြစ်စေခြင်းငှါ ယုံမှားဖွယ်ရာအလုံးစုံ အကုန်သုတ်သင် ရှင်းလင်း၍ သီမသမူဟနနကံပြုခြင်းကိုသာ များစွာသော ပညာရှိတို့ နှစ်သက်အပ်ပေ သည်။
ပဉ္စမပုစ္ဆာ ရှေးဦးစွာလျှောက်ချက်တွင်-
၁။ သိမ်နိမိတ်အတွင်း လက်တစ်လုံးခန့်အရပ်ကို ကြဉ်ထား၍ ကြွင်းသောအရပ်သည်သာ သိမ်ဖြစ်သည်ဟူသောဝါဒ, ၂။ သိမ်နိမိတ်၏ အတွင်းကျသမျှ စိုးစဉ်းမျှမကြွင်းမူ၍ အလုံးစုံ သောအရပ်သည်ပင် သိမ်ဖြစ်၏ဟူသောဝါဒနှစ်ရပ်တွင်-
သိမ်နိမိတ်အတွင်း အကြွင်းမရှိ အလုံးစုံပင်သိမ်ဖြစ်၏ ဟူသော ဒုတီယဝါဒသည်သာ သင့်မြတ်ပေသည်။
သင့်မြတ်ကြောင်းကို--
ကမ္မဝါစာ ပရိယောသာနေယေဝ နိမိတ္တာနိ ဗဟိကတွာ ဟေဋ္ဌာ ပထဝီသန္ဓာရကံ ဥဒကံ ပရိယန္တံ ကတွာ သီမာ ဂတာ ဟောတိ။
ဟူသော မဟာဝါအဋ္ဌကထာ ဥပေါသထက္ခန္ဓကဖြင့် ဆုံးဖြတ် အပ်၏၊
အနက်ကား-- ကမ္မဝါစာ ပရိယောသာနေယေဝ= ကမ္မဝါစာ အဆုံး၌သာလျှင်၊ နိမိတ္တာနိ=နိမိတ်တို့ကို၊ ဗဟိကတွာ=သိမ်ပပြု၍၊ ဟေဋ္ဌာ=အောက်၌၊ ပထဝီသန္ဓာရကံ=မြေကိုခံသော၊ ဥဒကံ=ရေကို၊ ပရိယန္တံ= အဆုံးကို၊ ကတွာ=ပြု၍၊ သီမာ=သိမ်သည်၊ ဂတာ=သက်သည်၊ ဟောတိ=ဖြစ်၏။
[ဤအဋ္ဌကထာပါဌ်ဖြင့် နိမိတ်၏အတွင်းကျသော အရပ်အားလုံး သည် သိမ်ဖြစ်၏ဟူသော အနက်ထင်ရှား၏၊ ထို့ကြောင့် နိမိတ်အတွင်း လက်တစ်သစ်ခန့်မျှ အရပ်ကို ကြဉ်ထား၍ ကြွင်းသောအရပ်သည်သာ သိမ်ဖြစ်၏ဟူသော အယူဝါဒကို အဋ္ဌကထာနှင့်ပင် ဆန့်ကျင်လေရကား အားထားယုံကြည်ဖွယ်မရှိပြီ။]
မဏ္ဍပ်အတွင်း၌တည်လျက် သိမ်နုတ်သင့်-မနုတ်သင့် ဖြေရှင်းချက်ပြီး၏။
ဝိသုံဂါမ ဝိနိစ္ဆယ
၁၂၈၁-ခု နယုန်လဆုတ် ၂-ရက်နေ့ ဆရာတော်ဘုရားကြီး ရေးပေးအပ်သော အဆုံးအဖြတ်ဖြစ်သည်။
ဂါမသိမ်ဆိုသည်ကား-- တစ်ခုတစ်ခုသောမြို့နယ်, ရွာနယ်, နိဂုံးနယ်ကိုဆို၏၊ တစ်ယောက်တစ်ယောက်သော မြို့သူကြီး, ရွာသူ ကြီးများ အုပ်ချုပ်ရသော နယ်မြေအရပ်ပေတည်း။
ပကတိ ဂါမ
ထိုဂါမသိမ်သည် ကမ္ဘာဦးအခါမှစ၍ အသီးအသီး နယ်နိမိတ် သတ်မှတ်ပိုင်းခြား၍လာခဲ့ကြသော အသီးအသီးသော မြို့နယ်, ရွာနယ်, နိဂုံးနယ်များသည် “ပကတိသောဂါမသိမ်“မည်၏၊ တစ်ခုတစ်ခုသော မြို့နယ်, ရွာနယ်, နိဂုံးနယ်အတွင်း၌ သံဃိကကံကို ဆောင်ရွက်သည် ရှိသော် ထိုနယ်အတွင်း၌သာ သံဃာကိုသိမ်းရ၏၊ နယ်တစ်ပါး၌ သံဃာကို သိမ်းဖွယ်ကိစ္စမရှိ။
[ဤကား ပကတိဂါမသိမ်ကိုပြဆိုချက်တည်း။]
ဝိသုံ ဂါမ
ဝိသုံဂါမသိမ်ဆိုသည်ကား--- တစ်ခုသော ပကတိဂါမနယ် အရပ်ကို နှစ်နယ်ဖြစ်အောင် အစိုးရအာဏာပိုင်တို့ကပြုလုပ်၍ ထိုနယ်ကို အုပ်ချုပ် သော မြို့သူကြီး, ရွာသူကြီး အသီးအသီးထား၍ဖြစ်လာသော မြို့နယ်သစ်, ရွာနယ်သစ်များသည် ဝိသုံဂါမသိမ်မည်၏။
[ဤကား ဝိသုံဂါမသိမ်ကို ပြဆိုချက်တည်း။]
အစိုးရ ဝိသုံဂါမ
ငါတို့မုံရွာမြို့သည်-- ရှေးအခါ၌ တစ်မြို့တည်း တစ်ရွာ တည်းဖြစ်၏၊ မြို့သူကြီးတစ်ယောက်သာ အုပ်ချုပ်ရ၏၊ နောက်အခါ၌ မြို့ရွာကို ထက်ဝက်ခွဲ၍-
၁။ အရှေ့ပိုင်းကို မုံရွာမြို့,
၂။ အနောက်ပိုင်းကို လှေကူးမြို့ ဟု သမုတ်၏။
အရှေ့ပိုင်း၌ မြို့သူကြီးတစ်ယောက်, အနောက်ပိုင်း၌ မြို့သူကြီး တစ်ယောက်ထား၏။
၁။ အရှေ့ပိုင်းသည် ပကတိဂါမသိမ်ဖြစ်၏၊
၂။ အနောက်ပိုင်းသည် ဝိသုံဂါမသိမ်ဖြစ်၏၊
မုံရွေးရွာသည်လည်း-- - ရှေးအခါ၌ တစ်ရွာတည်းဖြစ်၏၊ ရွာသူကြီး တစ်ယောက်သာ အုပ်ချုပ်ရ၏၊ နောက်အခါ၌ ရွာကို ထက်ဝက်ခွဲ၍--
၁။ တောင်ပိုင်းကို မုံရွေး,
၂။ မြောက်ပိုင်းကို ကြေးမုံဟု သမုတ်အပ်၏၊
တောင်ပိုင်း၌ ရွာသူကြီးတစ်ယောက်, မြောက်ပိုင်း၌ ရွာသူကြီး တစ်ယောက်ထား၏။
၁။ တောင်ပိုင်းသည် ပကတိဂါမသိမ်ဖြစ်၏၊
၂။ မြောက်ပိုင်းသည် ဝိသုံဂါမသိမ်ဖြစ်၏။
[ဤကား ရဟန်းသံဃာနှင့်မစပ်မူ၍ အစိုးရမင်းများ အလိုအလျောက်ပြုလုပ်၍ ဖြစ်သော ဝိသုံဂါမမျိုးတည်း။]
ရဟန်းသံဃာ ဝိသုံဂါမ
ရဟန်းသံဃာတို့နှင့်စပ်သော ဝိသုံဂါမဆိုသည်ကား--
၁။ တစ်ခုသောမြေအရပ်၌ ရဟန်းသံဃာတို့နေထိုင်ဖို့ ကျောင်း တိုက်အရာမ်ပြုလုပ်ခြင်းငှါ ထိုမြေအရပ်ကို အစိုးရမင်းများထံ ဂရံမြေပိုင် အဖြစ်ဖြင့်တောင်းယူ၍ အစိုးရမင်းများကပေးသဖြင့် ဖြစ်လာသော ကျေင်းတိုက်အရာမ်ကြီး ငယ်တစ်ခုသည်လည်း ဝိသုံဂါမတစ်ခုဖြစ်၏၊ မန္တလေးမြို့တော်ရှိ ကျောင်းတိုက်ကြီးများသည် အသီးအသီး ဝိသုံဂါမသိမ် ကြီးများဖြစ်ကြ၏။
၂။ တစ်ဖန် တိုက်တွင်း၌ဖြစ်စေ, တိုက်ပ၌ဖြစ်စေ ခဏ္ဍသိမ် သမုတ်လိုသည်ဖြစ်၍ ထိုမြေအရပ်ကို အစိုးရမင်းများထံ ဝိသုံဂါမ အဖြစ်နှင့်တောင်းခံ၍ အစိုးရမင်းများကပေးသဖြင့်ဖြစ်လာသော ထိုမြေ အရပ်သည်လည်း ဝိသုံဂါမသိမ်တစ်ခုဖြစ်၏။
ဤအရာ၌-- အစိုးရမင်းများက ပေးခြင်းသည် နှစ်မျိုးရှိ၏၊ နှစ်မျိုးဆိုသည်ကား--
၁။ အစိုးရမြေအဖြစ်မှလွှတ်၍ ဘုရားမြေ, ကျောင်းမြေ, သိမ်မြေ, သံဃမြေအဖြစ်သို့ ရောက်အောင်ပေးခြင်း တစ်မျိုး,
၂။ အစိုးရမင်းမြေ အဖြစ်ကမူကား မလွှတ်၊ ထိုမြေအရပ်ကို ပကတိကအုပ်ချုပ်၍ လာခဲ့သောမြို့သူကြီး, ရွာသူကြီး အုပ်နက်, ပိုင်နက်မှလွှတ်၍ နယ်သီး, နယ်ခြား, နယ်တစ်ပါး ဖြစ်ရုံမျှသာ ပေးခြင်းတစ်မျိုး, ဟူ၍ပေးခြင်းနှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင်--
ပဌမပေးခြင်းမှာ-- ထိုမြေအရပ်မှ ဖြစ်ပွါးသော အခွန် ဘဏ္ဍာများသည် အစိုးရမင်းများက အခွန်အတုတ် ကောက်ယူခြင်းမရှိပြီ။
ဒုတီယပေးချက်၌ကား-- ထိုမြေ၌ အခွန်ဘဏ္ဍာများသည် ပကတိရွာသူကြီးနှင့် မသက်ဆိုင်ပြီ၊ အထက်အစိုး ကြီးများက ကောက်ခံ လိုလျှင် ကောက်ခံနိုင်၏။
[ဤကား ဝိသုံဂါမ ခံရာ, ပေးရာ၌ လိုရင်းအဓိပ္ပါယ်တည်း။]
ဝိသုဒ္ဓါရုံဆရာတော် အဆုံးအဖြတ်
ဤအဓိပ္ပါယ်သည် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ရေးသားသော ဝိသုဒ္ဓါရုံအဆုံးအဖြတ်၌ ပါရှိလေ၏၊
ပါရှိပုံကား-- ဝိသုံဂါမပေးရာ၌-
၁။ မဂဓ-မှာ“ဝိသုံဂါမ”
၂။ မြန်မာတို့မှာ“ရွာသီး”
၃။ ကုလားများမှာ“ဂရံ-ပတ္တာ”
ဟူ၍ခေါ်သည်။
“ဝိသုံဂါမ” ဟူလျှင် အစိုးရများ နားမလည်၊ “ဂရံပတ္တာ” ဆိုမှ နားလည်သည်၊ ဂရံပတ္တာဟူသည် မြေအသီး, အကွက်, အရပ်ကို ဆိုပါသည်၊ ဝိသုံဂါမဆိုသည်နှင့် အတူတူဖြစ်ပါသည်ဟူ၍ လျှောက်ထား ကြသည်နှင့် ကုက္ကုစ္စကင်းကြသည်။
ထိုပတ္တာသည်-- အိမ်ရာမြေ, လယ်, ယာ, ဥယျာဉ်မြေ ဂရံများပေးရာ၌ကဲ့သို့ ရှေးအခွန်ကောက်ခံခွဲယူမြဲ သူကြီးလက်ထဲက မလွတ်လျှင် ဂရံပတ္တာအသီး မဆိုရ၊ ဝိသုံဂါမ-မဖြစ်။
[ဤကား မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီး၏ အဆုံးအဖြတ်ပေတည်း။]
ဝိသုံဂါမဝိနိစ္ဆယပြီး၏။
သဒ္ဒါနှင့်ဆိုင်ရာ အဆုံးအဖြတ်
သဒ္ဒါတို့၏အနက်သည်-
၁။ ဒွိကတ်,
၂။ တိကတ်, စတုက္ကတ်,
၃။ ပဉ္စကတ်
ဟူ၍ လေးပါးအပြားရှိ၏။
ထို့ကြောင့် သဒ္ဒတ္ထဘေဒစိန္တာ၌--
ဒွိကော တိကော စတုက္ကောပိ၊ ပဉ္စကောဝါပိ ဝိညုနာ။
အတ္ထော သဒ္ဒဿ ဝိညေယျော၊ သဒ္ဒဘေဒတ္ထဒဿနာ။
[ဟုမိန့်အပ်၏၊]
ဒွိကတ်
ထိုလေးပါးသော သဒ္ဒါ၏အနက်တို့တွင်--
“ပဋွီ-စသော ပြယုဂ်တို့၌-- ဤအက္ခရာ အစရှိသော ဣတ္ထိလိင်ပစ္စည်းတို့၏ ဣတ္ထိလိင်ကို ဟောတတ်သည်၏ အဖြစ်ကြောင့် ပဋု-ဟူသော သဒ္ဒါမျှဖြင့်--
၁။ လိမ်မာသောဂုဏ်ဟုဆိုအပ်သော သကတ်အနက်, ၂။ ဣတ္ထိပိဏ္ဍဟုဆိုအပ်သော ဒြဗ်အနက်
အားဖြင့် နှစ်ပါးအတိုင်းအရှည်ရှိသော သဒ္ဒါ၏အနက်ကို သိအပ်၏။
ထိုကြောင့် သဒ္ဒတ္ထ ဘေဒစိန္တာ၌--
ဝါစကတ္တိတ္ထိလိင်္ဂဿီ၊ ကာရာဒီနံ ပတီယတေ။ သဒ္ဒမတ္တေန သဒ္ဒတ္ထော၊ ဒွိကောပွဋီတိ အာဒီသု။။
[ဟု မိန့်၏၊]
ဤပွဋီ-ဟူသောပြယုဂ်ကို ဒွိကတ်ယူသည်ရှိသော် နဒါဒိတောဝါ ဤ-ဟူသောသုတ်သို့ “ဣတ္ထိယမတော အာပစ္စယော” သုတ်မှ လိုက်လာ သော “ဣတ္ထိယံ”ဟူသောအာဓာရကို” ဤပစ္စယော၌စပ်၍ယူ၊ ဤသို့ ယူလျှင် ဤပစ္စည်းသည် ဣတ္ထိလိင်ဝါစကဖြစ်၍ ပဋုသဒ္ဒါမျှဖြင့် သကတ်, ဒြဗ်တည်းဟူသော ဒွိကတ်ကိုဟော၏ ဟုမှတ်။
ဒွိကတ်ပြီး၏။
တိကတ်
ပ ဋွီ, စသောပြယုဂ်တို့၌ပင်-- ဤအက္ခရာစသည်တို့၏ ဣတ္ထိလိင် ကို ထွန်းတတ်ကာမျှ၏အဖြစ်ကြောင့် ပဋု, ဟူသောသဒ္ဒါဖြင့်
၁။ လိမ်မာသော ဂုဏ်ဟုဆိုအပ်သော သကတ်အနက်,
၂။ ဣတ္ထိပိဏ္ဍဟုဆိုအပ်သော ဒြဗ်အနက်,
၃။ မသန့်ရှင်းသောအခြင်းအရာဟု ဆိုအပ်သော အဝိသဒါ ကာရတည်းဟူသော ဣတ္ထိလိင်အနက်
အားဖြင့် ၃-ပါးအတိုင်းအရှည်ရှိသော သဒ္ဒါ၏အနက်ကို သိအပ်၏။
ထို့ကြောင့် ၎င်းကျမ်း၌--
ဇောတကတ္တိတ္ထိလိင်္ဂဿိ၊ ကာရာဒီနံ ပတီယတေ။
သဒ္ဒမတ္တေန သဒ္ဒတ္ထော၊ တိကော ပဋီတိအာဒီသု။။
ဤပဋွီ-ဟူသောပြယုဂ်ကို တိကတ်ယူသည်ရှိသော် “နဒါဒိတော
ဝါဤ“သုတ်သို့ “ဣတ္ထိယမတော အာပစ္စယော” သုတ်မှလိုက်သော “ဣတ္ထိယံ”ဟူသောအာဓာရကို “နဒါဒိတောဝါ, အနဒါဒိတောဝါ” ၌စပ် ၍ယူ၊ ဤသို့ယူလျှင် ဤပစ္စည်းသည် ဣတ္ထိလိင်ဇောတကဖြစ်၍ ပဋုသဒ္ဒါမျှဖြင့် သကတ်, ဒြဗ်, လိင်ဟုဆိုအပ်သော တိကတ္ထကိုဟော၏ ဟုမှတ်အပ်၏။
[ဤဆိုအပ်ပြီးသော တိကတ္ထသည် မကွဲမပြားအမြဲပင် သဒ္ဒါတိုင်း၌တည်၏၊]
ထို့ကြောင့် ၎င်းကျမ်း၌--
သကတ္ထံ တေန ဂန္တဗ္ဗံ၊ ဒဗ္ဗံ တံ နိဿိတမ္ပိစ။
လိင်္ဂမေသော တိကော ဘေဒေါ၊ နိစ္စံ သဒ္ဒေ ပတိဋ္ဌိတော။။
[ဟု မိန့်၏၊]
[ပုရိသော, ဂေါ, စသောပြယုဂ်တို့၌လည်း တိကတ်ကိုထုတ်လေ။]
တိကတ်ပြီး၏။
စတုက္ကတ်
စတုက္ကတ်သည်--
၁။ သင်္ချာစတုက္က,
၂။ ကမ္မာဒိစတုက္က ဟူ၍ ၂-ပါးအပြားရှိ၏။
ထို့ကြောင့် သဒ္ဒဝုတ္တိ၌--
စတုက္ကော ဒုဗ္ဗိဓော သင်္ချာ၊ စတုက္ကော ကမ္မစတုက္ကော။။
သင်္ချာ စတုက္ကတ်
ထို ၂-ပါးတို့တွင် သင်္ချာစတုက၌ကို “မာသဇာတော”ဟူသော ပြယုဂ်ဖြင့်သိအပ်၏။
သင်္ချာစတုက္ကော ဝိညေယျော၊ မာသဇာတောတိ ဒဿနာ။။
[၎င်း သဒ္ဒဝုတ္တိ။]
၎င်းပြယုဂ်ကို “မာသော ဇာတဿ အဿာတိ မာသဇာတော” ဟု ဗာဟိရတ္ထ ဗဟုဗ္ဗီဟိ သမာသ်ဝိဂြိုဟ် ဆိုအပ်၏။
ဤ “မာသဇာတော” ဟူသောပြယုဂ်၌--
၁။ သူငယ်၏ တစ်လဟူသော အတိုင်းအရှည်နှင့် ပရိမာဏဝန္တ, ပရိမာဏ၏အဖြစ်ဖြင့် စပ်ခြင်းသမ္ဗန်သည် သကတ်မည်၏။
၂။ ထိုသမ္ဗန်သည် အထူးပြုအပ်သော ကုမာရပိဏ္ဍသည် ဒြဗ်မည်၏။
၃။ သန့်ရှင်းသော အခြင်းအရာဟုဆိုအပ်သော ဝိသဒါကာရ သည် ပုလ္လိင်မည်၏။
၄။ တစ်လဟူသော အတိုင်းအရှည်သည် ပရိမာဏသင်္ချာ မည်၏။
ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် သင်္ချာစတုက္ကကို သိအပ်၏။
ထို့ကြောင့် ဘေဒစိန္တတ္ထဒီပနီ၌
ဧတ္ထ စ မာသဣတိ ပရိမာဏေန သမ္ဗဇ္ဈဘူတော သမ္ဗန္ဓော သကတ္ထော, တေန သမ္ဗန္ဓေန ဝိသေသိတဗ္ဗော ကုမာရ ပိဏ္ဍောဒဗ္ဗံ, ပုမ္ဘာဝေါ လိင်္ဂံ, မာသဣတိ ပရိမာဏံ သင်္ချာတိ သင်္ချာစတုက္ကတ္ထော ဝေဒိတဗ္ဗော။
[ဟု မိန့်၏]
သဒ္ဒဝုတ္တိဋီကာ၌လည်း
မာသ ဇာတော တျုတ္တေန မာသေန ဒါရကဿ သမ္ဗန္ဓတ္တာ သမ္ဗန္ဓသကတ္ထ ကုမာရဒဗ္ဗ တသ္မံ ဌိတပုလ္လိင်္ဂ မာသသင်္ခါတ ပရိမာဏ သင်္ချာဝသေန သင်္ချာ စတုက္ကတ္ထောတိ အဓိပ္ပါယော။
[ဟု မိန့်၏]
သင်္ချာစတုက္ကပြီး၏။
ကမ္မာဒိ စတုက္ကတ်
ကမ္မာဒိစတုက္ကကို “သလ္လဝိဒ္ဓေါ “ စသော ပြယုဂ်ကိုမြင်သဖြင့် သိအပ်၏၊ ထို့ကြောင့် သဒ္ဒဝုတ္တိ၌
ကမ္မာဒိစတုက္ကော ဉေယျော၊ သလိဝိဒ္ဓေါတိ ဒဿနာ။
[ဟု မိန့်၏]
၎င်းပြယုဂ်ကို “ဝိဇ္ဈိတ္ထာတိဝိဒ္ဓေါ “။
ဝိဓ-ဓာတ်, တ-ပစ္စည်း, ကမ္မ သာဓန၊ သမင်ရစေ။
“သလ္လေန ဝိဒ္ဓေါ သလ္လဝိဒ္ဓေါ” ဟု တတီယာတပ္ပုရိသသ် သမာသ်ဝိဂြိုဟ် ပြုအပ်၏၊
ဤပြယုဂ်၌
၁။ ဖြစ်ခြင်းကြိယာသည် သကတ်မည်၏။
၂။ မိဂပိဏ္ဍသည် ဒြဗ်မည်၏။
၃။ သန့်ရှင်းသော အခြင်းအရာဟုဆိုအပ်သော ဝိသဒါကာရသည် ပုလ္လိင်မည်၏။
၄။ တပစ္စည်းသည် ဟောအပ်သော ဝုတ္တကမ္မသာဓနသည် ကမ္မကာရက မည်၏။
ဤဆိုအပ်ပြီးသောနည်းဖြင့် သင်္ချာစတုက္ကကိုသိအပ်၏။
ထို့ကြောင့် ဘေဒစိန္တတ္ထဒီပနီ၌
ဧတ္ထဟိ ဝိဇ္ဈနကြိယာ သကတ္ထော ပဒတ္ထတာ, မိဂပိဏ္ဍော ဒဗ္ဗံာ တာယ ဝိသေသိတဗ္ဗတ္တာ, သင်္ကေတ ပုမ္ဘာဝေါ လိင်္ဂံ, တပစ္စယေန ဝုတ္တကမ္မံ ကမ္မကာရကံ၊ ဣတိကမ္မကာရက စတုက္ကတ္ထော။
[ဟု မိန့်၏]
သဒ္ဒဝုတ္တိဋီကာ၌လည်း
ဝိဇ္ဈိတဗ္ဗောတိ ဝိဒ္ဓေါတျတ္ထေန ဝိဇ္ဈနကြိယာသင်္ခါတ သကတ္ထ မိဂဒဗ္ဗ ပုလ္လိင်္ဂ ဝိဒ္ဓသဒ္ဒ တပစ္စယ ဝါစက ကမ္မာ ဒိဝသေန ကမ္မဒိ စတုက္ကတ္ထော ဝေဒိတဗ္ဗော။
[ဟု မိန့်၏]
ဤပြယုဂ်၌။။ သလ္လသဒ္ဒါကို သမာသ်အရာဖြစ်၍သာ ဆိုရသည်၊ လိုရင်းပုဒ် မဟုတ်၊ ဝိဒ္ဓသဒ္ဒါသာလျှင် လိုရင်းအနက်တည်း၊ ထို့ကြောင့် ၎င်းဒီပနီ၌
သလ္လဝိဒ္ဓေါတိ သမာသဝိသယေ သလ္လသဒ္ဒေန သဟယောဂတော ယောဇေတွာ ဝုတ္တော၊ ဝိဒ္ဓသဒ္ဒေနေဝ အဓိပ္ပေ တတ္ထော သိဒ္ဓေါ။
[ဟု မိန့်၏]
ကမ္မာဒိ၌ အာဒိသဒ္ဒါဖြင့်
၁။ “ဂတော” ဟူသောပြယုဂ်၌ “ဂစ္ဆတီတိ ဂတော” ပြု၍ ကတ္တုစတုက္က,
၂။ “ဝစနံ” ဟူသောပြယုဂ်၌ “ဝုစ္စတိ တေနာတိ ဝစနံ” ပြု၍ ကရဏစတုက္က,
၃။ “ပိယော” ဟူသောပြယုဂ်၌ “ပိယာယတိ ဧတဿာတိပိယော” ပြု၍ သမ္ပဒါနစတုက္က,
၄။ “နိဒ္ဓါရဏံ” ဟူသောပြယုဂ်၌ “နိဒ္ဓါရိယတိ ဧတသ္မာတိ နိဒ္ဓါရဏံ” ပြု၍ အပါဒါနစတုက္က,
၅။ “ဌာနံ” ဟူသောပြယုဂ်၌ “တိဋ္ဌန္တိဧတ္ထာတိ ဌာနံ” ပြု၍ အဓိကရဏစတုက္က,
ဤဆိုအပ်ပြီးသော စတုက္ကတို့ကို သာဓနအားလျော်စွာ ရှေ့ဆိုပြီး ကမ္မစတုက္ကနည်းဖြင့် သိအပ်၏။
ထို့ကြောင့် ဘေဒစိန္တတ္ထဒီပနီ၌
ဂစ္ဆတီတိ ဂတော, ဝုစ္စတိ တေနာတိ ဝစနံ, ပိယာယတိ ဧတဿာတိ ပိယော, နိဒ္ဓါရိယတိ ဧတသ္မာတိ နိဒ္ဓါ ရဏံ, တိဋ္ဌန္တိ ဧတ္ထာတိ ဌာနန္တိ ဧတ္ထာပိ ဣမိနာ နယေန ယောဇေတဗ္ဗံ။
[ဟုမိန့်၏]
စတုက္ကတ်ပြီး၏။
ပဉ္စကတ်
ပဉ္စကတ်ကို “သုပ္ပိကံ” ဟူသောပြယုဂ်ကိုမြင်သဖြင့် သိအပ်၏ ထို့ကြောင့်သဒ္ဒဝုတ္တိ၌ အတ္တော တု ပဉ္စကော ဉေယျော၊ သုပ္ပိကန္တုဿ ဒဿနာ။။ [ဟု မိန့်၏]
၎င်းပြယုဂ်ကို “သုပ္ပေန ပမာဏေန ကီတံ ဘဏ္ဍန္တိ သုပ္ပိကံ” ဟုတေနကီတ- တဒ္ဓိတ်ဝိဂြိုဟ်ပြုအပ်၏၊ ဝယ် အပ်သော ဘဏ္ဍာကိုရစေ။
“သုပ္ပိကံ” ပြယုဂ်၌ ၁။ ကြိယာကာရကသမ္ဗန်သည် သကတ်မည်၏။
၂။ ဥစ္စာဒြဗ်မည်၏။
၃။ သန့်ရှင်းသည်လည်းမဟုတ်, မသန့်ရှင်းသည်လည်း မဟုတ် သော အခြင်းအရာဟုဆိုအပ်သော နေဝဝိသဒါ နာဝိသဒါ ကာရသည် နပုလ္လိင်မည်၏။
၄။ တမန်းအတိုင်းအရှည်သည် ပရိမာဏသင်္ချာမည်၏။
၅။ ကီတံ-ဟူသောပုဒ်သည် ဟောအပ်သော ကမ္မသာဓနသည် ကမ္မကာရက မည်၏။
ဤသို့သောနည်းဖြင့် ပဉ္စကတ်ကိုသိအပ်၏။
ထို့ကြောင့် ဘေဒစိန္တတ္ထဒီပနီ၌ သုပ္ပိကန္တိ အတြ သုပ္ပေန ကီတန္တိ ကြိယာကာရက သမ္ဗန္ဓော သကတ္ထော, ဘဏ္ဍာပိဏ္ဍော ဒဗ္ဗံ, သင်္ကေတေန နပုံသကဘာဝေါ လိင်္ဂံ, သုပ္ပပမာဏံ သင်္ချာ, ကီတန္တိ ဝုတ္တကမ္မသာဓနံ ကမ္မကာရကံ၊ ဧဝံ ပဉ္စကတ္ထော လ ဗ္ဘတိ။
[ဟု မိန့်၏၊]
သဒ္ဒဝုတ္တိဋီကာ၌လည်း သုပ္ပေန ကီတံ ဘဏ္ဍံ သုပ္ပိကံ တျတ္ထေန ကီတသင်္ခါတာ ကြိယာသကတ္ထေ, ဘဏ္ဍံဒဗ္ဗံ, တသ္မိံဌိတံလိင်္ဂံ, သုပ္ပသင်္ခါတာ ပရိမာဏသင်္ချာ သင်္ချာ, ဏိကပစ္စယဝါစက ကမ္မကာရကဝသေန ပဉ္စကတ္ထေဝေဒိတဗ္ဗော။
[ဟု မိန့်၏၊]
[ဤပြယုဂ်နှင့်အတူ “သာဟဿိကာဂါထာ” စသည်တို့၌လည်း ပဉ္စကတ်ထုတ်လေ။]
ပဉ္စကတ်ပြီး၏။
ဤသို့ဆိုအပ်ပြီးသော စကားအစဉ်အားဖြင့် ဒွိကတ်, တိကတ်, စတုက္ကတ်, ပဉ္စကတ်ကောက်နည်းတို့ကို သိအပ်၏။
ဒွိကတ္ထာဒိ ဝိနိစ္ဆယပြီး၏။
ကမ္မဓာရယ် ၂- ပါး အထူး ကိုးပါးသော ကမ္မဓာရယ်သမာသ်တို့တွင် အဝဓာရဏကမ္မ ဓာရယ်သမာသ်, သမ္ဘာဝနာကမ္မဓာရယ်သမာသ်, ဤသမာသ်နှစ်ပါး၏ အထူးကား
ထိုနှစ်ပါးတို့တွင်
၁။ ဧဝ- သဒ္ဒါဖြင့် မိမိအစိတ်မဟုတ်သော အနက် တစ်ပါးကို နစ်စေ၍ မိမိအဘိဓေယျအနက်လျှင် နောက်ပုဒ်အနက် ဖြစ်စေသတည်း၊ ဤသည်လျှင် အဝဓာရဏ ကမ္မဓာရယ် သဘောတည်း။
၂။ သမ္ဘာဝနာ ကမ္မဓာရယ် သဘောကား မိမိအနက် တစ်စိတ် ကိုနှိပ်၍ မိမိ၏အနက်တစိတ်ကိုယူ၍ နောက်ပုဒ်အနက်ကို သမ္ဘာဝနာမူသတည်း၊ ဤသည်သာလျှင် သမ္ဘာဝနာ ကမ္မဓာရယ် သဘောတည်း။
[ဤသည်လျှင် သမာသိနှစ်ပါးအထူးတည်း။]
ထိုစကားကို ထင်ရှားစေအံ့-- “ ဂုဏောဧဝ ဓနံ ဂုဏဓနံ “ ဟူသော ဤအဝဓာရဏကမ္မဓာရယ်သမာသ်သည် ဧဝသဒ္ဒါဖြင့် ဂုဏော၏ အဘိဓေယျတ်ဖြစ်သော သဒ္ဓါအစရှိသည်တို့၏ တစ်စိတ် မဟုတ်သော သုဝဏ္ဏ, ရဇတ-အစရှိသော ဂုဏ်အနက်တစ်ပါးကို နစ်စေ၍ မိမိ၏ အဘိဓေယျတ်ဖြစ်သော သဒ္ဓါအစရှိသော ဂုဏ်အနက်သာလျှင် ဓနဟူသောပုဒ်၏ အနက်ဖြစ်စေသတည်း။
“အနိစ္စဣတိ သညာ အနိစ္စသညာ” ဟူသော- ဤသမ္ဘာဝနာကမ္မ ဓာရယ်သမာသ်၌ ဣတိ-ဟူသော သမ္ဘာဝနာဇောတကဖြင့် အနိစ္စ၏ အနိစ္စမတ္တ, ဝုဋ္ဌနဂါမိနိဝိပဿနာ-အစရှိသည်တို့၏ အာရုံဖြစ်သော အနိစ္စဧကန်အားဖြင့် နှစ်ပါးကုန်သော မိမိ၏ သဒိသအနက်တို့တွင် အနိစ္စမတ္တ-တည်းစူသော အနက်တစ်စိတ်ကိုနှိပ်၍ အနိစ္စဧကန် တည်းဟူသော အနက်တစ်စိတ်ကိုယူ၍ သညာ- ဟူသော နောက်ပုဒ်၏ အနက်ဖြစ်သော သညာသည်အနိစ္စ မတ္တသညာမဟုတ်၊ အနိစ္စဧကန် ဖြစ်သော သညာတည်းဟု သမ္ဘာဝနာပြုသတည်း။
ဤသို့ကမ္မဓာရယ် ၂- ပါးတို့၏ အထူးကိုသိအပ်၏၊ [ကမ္မဓာရယ်နှစ်ပါးအထူးပြီး၏၊]
သမာသ်ပုဒ်ပြီး လိင်ထားနည်း သမာသ်အရာ၌ ပုဒ်ပြီးသောအခါ လိင်ထားနည်းကား
၁။ ကမ္မဓာရယ်, ဒိဂု, တပ္ပုရိသ်, ဒွန်သမာသ်၊ ၎င်း လေးပါးမှာ သမာသ်ပြီးသည်ရှိသော် နောက်ပုဒ်၏ လိင်လျှင် ပြဋ္ဌာန်း သောကြောင့် ၎င်းနောက်ပုဒ်၏ လိင်အတိုင်းပင်း ချထားရာ၏။
၂။ ဗဟုဗ္ဗီဟိ သမာသ်သည် အညပုဒ် ပြဋ္ဌာန်းသောကြောင့် သမာသ်ပြီးလတ်သော် ၎င်းအညပုဒ်၏လိင်အတိုင်းပင် ချထားရာ၏။
၃။ အဗျယီဘောသမာသ်မှာမူကား အခါခပ်သိမ်းပင် နပုံးလိင် ချထားရာ၏။
ထို့ကြောင့် ကျမ်းနက်၌ ကမ္မဓာရယဒွန္ဒောစ၊ တပ္ပုရိသောစ လာဘိနော။ တယော ပရပဒေ လိင်္ဂံ၊ ဗဟုဗ္ဗီဟိ ပဒန္တရေ။။ [ဟုမိန့်၏၊]
[ဤဂါထာ၌ ဒိဂုသမာသ်, အဗျယီဘောသမာသ်, နှစ်ပါးမပါသော် လည်း ဒိဂုသမာသ်ကို ကမ္မဓာရယ်, တပ္ပုရိသ်၌ အကျုံးဝင်သောကြောင့် အသီးမမိန့်အပ်၊ အဗျယီဘောသမာသ်ကိုမူကား လျဉ်းပါးရန်မရှိသော ကြောင့် မမိန့်အပ်ဟုမှတ်။]
သမာသ်ပုဒ်ပြီး လိင်ထားနည်းပြီး၏။
ဝစ္စလိင်သို့လိုက်သော သဒ္ဒါများ
ဝစ္စ- အဘိဓေယျလိင်သို့ လိုက်သည်ဖြစ်၍ လိင်သုံးပါးနှင့် ဆက်ဆံသောသဒ္ဒါကိုကား
၁။ နီလ, ပီတ, လောဟိတ, ဩဒါတ, မဉ္ဇိဋ္ဌ, ဂရု, လဟု, ထဒ္ဓ, မုဒု, ဝဋ္ဋ, စတုရဿ- စသော ဂုဏဝါစီ သဒ္ဒါ အပေါင်း သည်လည်းကောင်း,
၂။ ဗဟုဗ္ဗီဟိသမာသ်သည်လည်းကောင်း,
၃။ အပစ္စ- စသော သာမည ဝုတ္တိတဒ္ဓိတ် အပေါင်းသည် လည်းကောင်း,
၄။ ကိတကာ ဘိဓေယျလိင်္ဂါ၊ ဣယုဝဏ္ဏာ ဝရာဒိဇော။
အပစ္စယောဏော ဒုတီယော၊ ဣပစ္စယော ပုမေ သိယျုံ။
စသည်ဖြင့် မှတ်သားအပ်သော နိယတလိင်ရှိသော ကိတ်မှ တစ်ပါးသော နိယတလိင်္ဂရဟိတဖြစ်သော ကိတ်ပစ္စည်းအဆုံးရှိသော သဒ္ဒါအပေါင်းသည်လည်းကောင်း,
ဤဆိုအပ်ခဲ့ပြီးသော သဒ္ဒါလေးမျိုး အပေါင်းတို့သည် ဝစ္စအဘိဓေယျလိင်သို့ လိုက်ကုန်သည်ဖြစ်၍ လိင်သုံးပါးတို့နှင့် ဆက်ဆံ ကုန်၏။
ထို့ကြောင့် နာမရူသိဒ္ဓိ၌--
နီလာဒိဂုဏနာမဉ္စ၊ ဗဟုဗ္ဗီဟိစ တဒ္ဓိတံ။
သာမညဝုတျတီတာဒိ၊ ကိတန္တံ ဝစ္စလိင်္ဂီကံ။ [ဟုမိန့်၏၊ ပြယုဂ်သက်သေတို့မှာထင်ရှား၏၊]
ဝစ္စလိင်သို့လိုက်သော သဒ္ဒါများမှတ်ရန်ပြီး၏။
ဥပသာရ ၂-မျိုး
ဥပသာရပုဒ်သည်--
၁။ ဥပသဂ္ဂင်္ကုသဥပသာရ,
၂။ အနုလောမဥပသာရ
အားဖြင့် နှစ်ပါးအပြားရှိ၏။
ထို့ကြောင့် ရှေးဆရာတို့သည်--
ဥပသဂ္ဂင်္ကုသဉ္စေဝ၊ ဥပသဂ္ဂါနုလောမတာ။
ဥပသဂ္ဂါ ဒုဝိဓာတိ၊ ဝိညေယျာ သာရမတိနာ။။
[ဟု မိန့်အပ်ကုန်၏၊]
ထိုနှစ်ပါးတို့တွင်-
၁။ အကြင်ဥပသာရနှင့်ယှဉ်သော ဓာတ်တို့သည် မိမိဟောမြဲ တိုင်းသော အနက်ကိုစွန့်ကုန်၏၊ ထိုဓာတ်တို့နှင့်ယှဉ်သော ဥပသာရသည် ဥပသဂ္ဂင်္ကုဥပသာရမည်၏။
ပြယုဂ်ကား-- “ဇိနော လောကံ အဘိဘဝတိ“စသည်တည်း၊။
၂။ အကြင်ဥပသာရနှင့် ယှဉ်သောဓာတ်တို့သည် မိမိအနက်ကို မစွန့်ကုန်သည်ဖြစ်အံ့၊ ထိုဓာတ်တို့နှင့်ယှဉ်သော ဥပသာရသည် ဥပသဂ္ဂါ နုလောမ ဥပသာရမည်၏။
ပြယုဂ်ကား-- ဥဂ္ဂစ္ဆတိ သူရိယော“စသည်တည်း။
ထို့ကြောင့် သဒ္ဒဝုတ္တိဋီကာ၌--
ဥပသဂ္ဂေါ စ နာမ ဒုဝိဓော ဥပသဂ္ဂင်္ကုသ ဥပသဂ္ဂါ နုလောမဝသေန၊ ယဒါ ဥပသဂ္ဂယုတ္တာ ဓာတဝေါ အတ္တနော အတ္ထံ ဇဟန္တိ, တဒါ ဥပသဂ္ဂင်္ကုသောနာမ၊ ဇိနော လောကံ အဘိဘဝတိတျာဒိ၊ ယဒါ တေဓာတဝေါ ယဒိ န ဇဟန္တိ, တဒါ ဥပသဂ္ဂါနုလောမောနာမ၊ ဥဂ္ဂစ္ဆတိ သူရိယောတျာဒိဟုမိန့်၏။
ဤသို့အားဖြင့် နှစ်ပါးသော ဥပသာရကို မှတ်သားအပ်၏၊ ဥပသာရ ၂-မျိုးပြီး၏။
သင်္ချာအဆုံးအဖြတ်
ဧကအစ အသင်္ချေယျအဆုံးရှိသော သင်္ချာသဒ္ဒါတို့၏ လိင်ဝုစ် ထူးပြားကြသောအဖြစ်ကို သဒ္ဒါကျမ်းတို့၌ လာသောအတိုင်း ဆုံးဖြတ် ပိုင်းခြားထားပေအံ့။
---ဧက
၁။ သင်္ချာသဒ္ဒါတို့တွင် ဧကသဒ္ဒါသည် သင်္ချာအနက်ကို ဟောသည်ဖြစ်အံ့၊ ဧကဝုစ်သာဖြစ်၍ လိင်သုံးပါးနှင့် ဆက်ဆံ၏။
ပြယုဂ်ကား-- ဧကောပုရိသော, ဧကာဣတ္ထီ, ဧကံစိတ္တံ-တည်း။ ယဒါ သင်္ချာဝစနေ၊ တဒါ သဗ္ဗတ္ထေက ဝစနန္တောဝ။ [သဒ္ဒနီတိ။]
“သေဋ္ဌာသဟာယသင်္ချာည၊ တုလျေသွေကော တိလိင်္ဂီကော” ဟူသော အဘိဓာန်နှင့်အညီ လိင်သုံးပါးနှင့် ဆက်ဆံသော ဧကသဒ္ဒါသည် သေဋ္ဌအနက်, အသဟာယအနက်, သင်္ချာအနက်, အညအနက်, တုလျ အနက် ဤငါးပါးကိုဟော၏။
[တုလျအနက်, အသဟာယအနက်ကို ဟောရာ၌လည်း ဧကဝုစ်သာဟု-သဒ္ဒနီတိ၌ဆို၏၊]
---ဒွိ-အစ အဋ္ဌာရသ-အဆုံး
၂။ ဒွိအစ အဋ္ဌာရသအဆုံးရှိသော သင်္ချာသဒ္ဒါတို့သည် ဗဟုဝုစ်သာ ဖြစ်၍ လိင်သုံးပါးနှင့်ဆက်ဆံကုန်၏။
ထိုဒွိအစ အဋ္ဌာရသအဆုံးရှိသော သင်္ချာသဒ္ဒါတို့တွင် တိ, စတုသဒ္ဒါ တို့သည် လိင်ကြောင့် ရုပ်ထူးကုန်၏။
ပြယုဂ်ကား-- “တိဿောဣတ္ထိယော, စတ္တာရောပုရိသာ, စတ္တာရိ စိတ္တာနိ” တည်း။
[ဣတ္ထိ, ပုမ, နပုံသကနှင့် အစဉ်အတိုင်းဟပ်လေ။]
၃။ ပဉ္စအစ အဋ္ဌာရသ အဆုံးရှိသောသင်္ချာသဒ္ဒါတို့သည်လည်း ကောင်း, ဒွိသဒ္ဒါသည်လည်းကောင်း လိင်ကြောင့် ရုပ်မထူးကုန်။
ပြယုဂ်ကား-- “ပဉ္စဣတ္ထိယော, ပဉ္စပုရိသာ, ပဉ္စစိတ္တာနိ” စသည် တည်း။
[အဋ္ဌာရသတိုင်အောင် နည်းတူထုတ်။]
ဒွိသဒ္ဒါ၌ကား-ဒွေဣတ္ထိယော, ဒွေဓမ္မာ, ဒွေစိတ္တာနိ-တည်း။
---ဧကူနဝီသတိ-အစ နဝုတိ-အဆုံး
ဧကူနဝီသတိမှစ၍ နဝုတိတိုင်အောင်သော သင်္ချာသဒ္ဒါတို့သည် အစုခွဲခြမ်း၍ မဆိုလိုမူကား ဣတ္ထိလိင်ဧကဝုစ်သာဟု ဇာလိနီ, နိဒ္ဒေသ, အဘိဓာန်စာကိုယ်, ၎င်းဋီကာတို့၌ဆို၏။
သဒ္ဒနီတိဆရာကား-- အရှင်ကစ္စည်းဆရာသည် ယော ဝိဘတ်နှင့် ရုပ်ကိုစီရင်သောကြောင့်လည်းကောင်း, အချို့သောပါဠိ၌ ဗဟုဝုစ်အဆုံး ရှိသည်ကို မြင်သောကြောင့်လည်းကောင်း, ဧကဝုစ်မမြဲ၊ ဝုစ်နှစ်ပါးပင် ရှိသင့်၏ဟုဆို၏။
ထိုနှစ်နည်းတို့တွင်--
ရှေးဆရာတို့၏ စကားသည် အဋ္ဌကထာဋီကာတို့၌များ၏။
အဘယ့်ကြောင့်နည်းဟူမူကား--
“ဝီသတိယာ ဌာနေသု“စသည်ဖြင့် ဋီကာတို့၌ “ဝီသတိ“စသော သင်္ချာသဒ္ဒါတို့၏ ဧကဝုစ်အဆုံးရှိသည်ကို မြင်သောကြောင့်လည်းကောင်း, “ဝီသတိယာ အဝယဝါနံ“စသည်ဖြင့် အဋ္ဌကထာတို့၌ မြင်သောကြောင့် တည်း။
နောက်ဆရာ၏စကားလည်း-- ပါဠိတော်ဝယ် အနည်းငယ် အားဖြင့် ဗဟုဝုစ်ဆုံးသည်လည်းရှိ၏၊ အဘယ့်ကြောင့်နည်းဟူမူကား “တိံသမေပုရိသာနဝုတျော” စသော ဥမင်္ဂဇာတ်ပါဠိတော်ကို မြင်သော ကြောင့်တည်း၊ သို့ဖြစ်၍ သဒ္ဒနီတိဆရာ၏ စကားကို အပ္ပကအားဖြင့် မှတ်သားရာ၏။
[ဤနည်းနှစ်ပါးလုံး သင့်သည်ပင်။]
ဝဂ္ဂဘေဒအားဖြင့်-- ဒွါဝီသတိယော, တိဿောဝီသတိယော-ဟု အစုခွဲခြမ်း၍ ဆိုလိုမူကား ဝီသတိစသော သင်္ချာသဒ္ဒါတို့သည် ဗဟုဝုစ် အဆုံးရှိကုန်၏ဟု အဘိဓာန်စသောကျမ်းတို့၌ ဆိုကုန်၏၊ [အစုခွဲခြမ်း၏ဟူသည် နှစ်ကျိပ်စသော အစုအပေါင်းဖျက်၍ အစိတ်ပြဋ္ဌာန်းသည်ကို ငဲ့သောအားဖြင့်ဆိုသည်ဟူလို။]
---သတ-အစ အသင်္ချေယျ-အဆုံး
ကောဋိသုံးပါး, အက္ခောဘိဏီမှတစ်ပါး သတမှစ၍ အသင်္ချေယျ တိုင်အောင် နပုံးလိင်ဧကဝုစ် ဗဟုဝုစ်နှစ်ပါး မှတ်လေ။
ကောဋိသုံးပါး အက္ခောဘိဏီကား ဣတ္ထိလိင်, ဝုစ် ၂-ပါးမှတ်လေ။
၁။ ဧကတိစတုသင်္ချာယော၊ တိလိင်္ဂသ္မိံ ဒွိဓာ သိယုံ။
ဒွါဒယော သတ္တ သေသာစ၊ တီသု လိင်္ဂေသု ဧကဓာ။
၂။ ဝီသတျာဒိနဝုတျန္တာ၊ ဣတ္ထိလိင်္ဂေကဝါစကာ။
သတံ ယာဝ အသင်္ချေယျာ၊ နပုံသကမိတျုစ္စတေ။
၃။ ကောဋိတ္တယအက္ခောဘိဏီ၊ ဣတ္ထိလိင်္ဂေ ဒွိဝါစိကာ။
သင်္ချာဝိသေသော ဝုတ္တောယံ၊ ယတိနာ ဝရဗုဒ္ဓိနာ။
[တဒ္ဓိတ်နိဒ္ဒေသတွင်လာသော သင်္ဂဟဂါထာ။]
၁။ ဧကတိစတုသင်္ချာယော= ဧက, တိ, စတုသင်္ချာသဒ္ဒါတို့သည်၊ တိလိင်္ဂသ္မိံ=လိင်သုံးပါး၌၊ ဒွိဓာ=ဝုစ်နှစ်ပါးအပြားအားဖြင့်၊ သိယုံ= ဖြစ်ကုန်၏။
[ဧက-ဖြစ်အံ့, ဧကဝုစ်သာ၊ တိ, စတု-ဖြစ်အံ့, ဗဟုဝုစ်သာဟု ယထာလာဘနည်းယူ။]
ဒွါဒယော=ဒွိအစရှိကုန်သော၊ သတ္တစ=ခုနစ်ပါးကုန်သော ဒွိ, ပဉ္စ, ဆ, သတ္တ, အဋ္ဌ, နဝ, ဒသ ဟူသော သင်္ချာတို့သည်လည်းကောင်း၊ သေသာစ=ကြွင်းကုန်သော ဧကာဒသအစ အဋ္ဌာရသအဆုံးရှိကုန်သော သင်္ချာတို့သည်လည်းကောင်း၊ တီသု လိင်္ဂေသု= လိင်သုံးပါးတို့၌၊ ဧကဓာ= ဗဟုဝုစ်အားဖြင့်တစ်ပါးသာလျှင်၊ သိယျုံ=ဖြစ်ကုန်၏။
၂။ ဝီသတျာဒိနဝုတျန္တာ=ဝီသတိအစနဝုတိအဆုံးရှိသော သင်္ချာတို့သည်၊ ဣတ္ထိလိင်္ဂေ=ဣတ္ထိလိင်၌၊ ဧကဝါစကာ=ဧကဝုစ်ကို ဟောကုန်၏၊ သတံ ယာဝ အသင်္ချေယျာ=သတံမှစ၍ အသင်္ချေယျ တိုင်အောင်သော သင်္ချာကို၊ နပုံသကမီတိ=နပုလ္လိင်, ဒွိဝုစ်သာဟူ၍၊ ဥစ္စတေ=ဆိုအပ်၏။
၃။ ကောဋိတ္တယအက္ခောဘိဏီ=ကောဋိသုံးပါး အက္ခောဘိဏီ သည်၊ ဣတ္ထိလိင်္ဂေ=ဣတ္ထိလိင်၌၊ ဒွိဝါစိကာ=ဒွိဝုစ်ကိုဟော၏၊ အယံ သင်္ချာဝိသေသော=ဤသင်္ချာအထူးကို၊ ဝရဗုဒ္ဓိနာ=မြတ်သောပညာ ရှိသော၊ ယတိနာ=ရဟန်းသည်၊ ဝုတ္တော=မိန့်ဆိုအပ်၏။
သင်္ချာအဆုံးအဖြတ်ပြီး၏။
---သင်္ချာနှင့်သင်္ချေယျ သမာသ်စပ်ပုံ
သင်္ချာသဒ္ဒါနှင့် သင်္ချေယျသဒ္ဒါသည် သမာသ်တွဲစပ်သောအခါ
၁။ သင်္ချေယျပြဋ္ဌာန်းသော ပုဒ်ဖြစ်လျှင် ကမ္မဓာရယ် သမာသ် တွဲစပ်အပ်၏။
ပြယုဂ်ကား-- “သတဘိက္ခု“စသည်တည်း။
ဤပုဒ်ကို “သတဉ္စ သော ဘိက္ခုစာတိ သတဘိက္ခု” ဟု ကမ္မဓာရယ်ပြု။
ဤပုဒ်၌ သတသဒ္ဒါသည် နိစ္စလိင်ဖြစ်သောကြောင့် ပုလ္လိင် ဘိက္ခုသဒ္ဒါနှင့် တုလျာဓိကရဏဖြစ်သော်လည်း ဘိက္ခု၏လိင်သို့မလိုက်။ [ဤကား စကားချပ်။]
၂။ သင်္ချာပြဋ္ဌာန်းသောပုဒ်ဖြစ်လျှင် တပ္ပုရိသ်သမာသ် တွဲစပ် အပ်၏။
ပြယုဂ်ကား-- “ပုမသတံ“စသည်တည်း။
ဤပုဒ်ကို “ပုမာနံ သတံ ပုမသတံ”ဟု ဆဋ္ဌီတပ္ပုရိသ်ပြု။ ထိုကိုရည်၍ သဒ္ဒဘေဒရာသီ၌--
သင်္ချေယျေဟိ ပဋ္ဌာနေက၊ မ္မဓာရေန ပယောဇိတော။ တပ္ပုရိသေန သင်္ချာယ၊ သတဘိက္ခု ပုမာသတံ။
[ဟု မိန့်၏၊]
သင်္ချေယျေဟိ=သင်္ချေယျတို့သည်၊ ပဋ္ဌာနေ=ပြဋ္ဌာန်းရာ၌၊ ကမ္မဓာရေန=ကမ္မဓာရယ်သမာသ်ဖြင့်၊ ပယောဇိတော=ယှဉ်အပ်၏၊ သင်္ချာယ=သင်္ချာသည်၊ ပဋ္ဌာနေ=ပြဋ္ဌာန်းရာ၌၊ တပ္ပုရိသေန=တပ္ပုရိသ် သမာသ်ဖြင့်၊ ပယောဇိတော=ယှဉ်အပ်၏၊ သတဘိက္ခု=တစ်ရာသော ရဟန်း၊ ပုမာသတံ=ယောကျ်ားတို့၏တစ်ရာ၊ ဣတိ-ဣဒံ=ဤသည်ကား၊ နိဒဿနံ=သက်သေတည်း။
[ဤသို့မှတ်အပ်၏၊]
သင်္ချာနှင့်သင်္ချေယျ သမာသ်စပ်ပုံပြီး၏။
---သကမ္မကသည် အကမ္မကဖြစ်ပုံ
အချို့သောပစ, ဘိဒိ-စသော ဓာတ်တို့သည် ဘူဝါဒိဂိုဏ်း စသည်၌ဖြစ်လျှင် သကမ္မကဓာတ်ဖြစ်လျက် ဒိဝါဒိဂိုဏ်းစသည်၌ ဖြစ်ကုန် သည်ရှိသော် ဥပသာရပုဒ်မနှောဘဲပင် အကမ္မဓာတ်ဖြစ်ကြပြန်၏။
၁။ ပုရိသော ဩဒနံ ပစတိ။ [၎င်းဘွာဒိသကမ္မက-ပုံ။]
၂။ ဩဒနေ ပစ္စတိ။
၃။ ကမ္မံ ပစ္စတိ။
[၎င်းဒိဝါဒိအကမ္မက-ပုံ။]
၄။ ရုက္ခဖလာနိ ပစ္စန္တိ။
ပစဓာတ်ပြီး။
၁။ နာဂေါ ပါကာရံ ဘိန္ဒတိ။ [၎င်းရုဓာဒိသကမ္မက-ပုံ။]
၂။ တဠာကပါဠိ ဘိဇ္ဇတိ။
၃။ ဘိဇ္ဇနဓမ္မော ဘိဇ္ဇတိ။
ဤနည်းကိုမှီ၍ ဆိဒ-စသော ဓာတ်တို့ကိုလည်း ထုတ်လေ၊ ထိုသို့ဆိုခဲ့သော အကြောင်းကြောင့် အချို့သောဓာတ်တို့သည် သကမ္မက ဓာတ်ဖြစ်ကုန်လျက် အချို့သောဂိုဏ်းသို့ ရောက်ပြန်သည်ရှိသော် ဥပသာရ မကူဘဲလည်း အကမ္မကဓာတ် ဖြစ်ကုန်၏ဟု မှတ်အပ်၏။
သည်ကိုရည်၍ သဒ္ဒနီတိ ဓာတုမာလာ ဘုဝါဒိကဏ္ဍ၌--ဝိနာပိ ဥပသဂ္ဂေန၊ ဂဏနာနတ္တယောဂတော။ သကမ္မာကမ္မကာ ဟောန္တိ၊ ဓာတူ ပစဘိဒါဒယော။
[ဟု မိန့်အပ်၏၊]
အနက်ကား-- သကမ္မာ=ကံရှိကုန်သော၊ ပစဘိဒါဒယော= ပစဘိဒိအစရှိကုန်သော၊ ဓာတ်တို့သည်၊ ဥပသဂ္ဂေန=ဥပသာရပုဒ်နှင့်၊ ဝိနာပိ=ကင်း၍လည်း၊ ဂဏနာနတ္တယောဂတော=ဂိုဏ်းထူးသည်၏ အဖြစ်နှင့်ယှဉ်ခြင်းကြောင့်၊ အကမ္မကာ=ကံမရှိကုန်သည်၊ ဝါ=အကမ္မက ဓာတ်တို့သည်၊ ဟောန္တိ=ဖြစ်ကုန်၏။
သကမ္မကဓာတ်သည် အကမ္မကဓာတ်ဖြစ်ပုံ မှတ်ရန်ပြီး၏။
---အဝဓာရဏ နှစ်ပါး
ဧဝ-သဒ္ဒါဟောသော အဝဓာရဏကား-
၁။ သန္နိဋ္ဌာနအဝဓာရဏ,
၂။ နိဝတ္တနအဝဓာရဏ
အားဖြင့် နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင်--
၁။ ဟောသောအနက်၌ မြဲစေသည်ကား သန္နိဋ္ဌာန မည်၏၊ ပြယုဂ်ကား-- “ယုတ္တံဧဝ“စသည်တည်း။
ယုတ္တံဧဝ= ယှဉ်သည်သာလျှင်ကတည်း။ ဤပြယုဂ်၌ ယှဉ်ခြင်းကိုမြဲစေသောကြောင့် သန္နိဋ္ဌာန အဝဓာရဏမည်၏။
၂။ နစ်စေသည်ကား နိဝတ္တနမည်၏။
ပြယုဂ်ကား-- “ပုရိသောဧဝ” စသည်တည်း။
ပုရိသောဧဝ= ယောကျ်ားသည်သာလျှင်တည်း။ ဤပြယုဂ်၌ မိန်းမမဟုတ်ဟု မိန်းမဒြဗ်ကို နစ်စေသောကြောင့် နိဝတ္တနအဝဓာရဏမည်၏။
သည်ကိုရည်၍ သဒ္ဒသာရတ္ထဇာလိနီ၌--
ဒုဝိဓောစာဝဓာရဏော၊ သန္နိဋ္ဌာန နိဝတ္တတော။ သန္နိဋ္ဌာနံ ယုတ္တံဧဝ၊ ပုရိသောဝါတိ ပိတရော။ [ဟု မိန့်အပ်၏၊]
အဝဓာရဏ ၂-ပါးပြီး၏။
---အဝဓာရဏသဘော ၃-မျိုး
အဝဓာရဏတို့သဘောကား-
၁။ ဂဟေတဗ္ဗအနက်,
၂။ ဆဋ္ဋေတဗ္ဗအနက်,
၃။ အနုညာတအနက်
အားဖြင့် သုံးပါးအပြားရှိ၏။
၁။ ဂုဏ်နောင်ထိုင်သော အဝဓာရဏဖြစ်သော ဧဝသဒ္ဒါသည် ဂုဏ်ကိုပြရကား ထိုဂုဏ်သည် ဂဟေတဗ္ဗ အနက်ဖြစ်၏၊ တစ်ပါးသော ဂုဏ်သည်ကား ဆဋ္ဋေတဗ္ဗအနက်ဖြစ်၏၊ တစ်ပါးသော ဒြဗ်သည် အနုညာတ အနက်ဖြစ်၏။
ပြယုဂ်ကား-- တိဿော ဓနုဓရော ဧဝ“တည်း။
တိဿော=တိဿသည်၊ ဓနုဓရောဧဝ=လေးသာတတ်၏။
ဤပြယုဂ်၌လေးအတတ် ဟူသောဂုဏ်သည်ကား ဂဟေတဗ္ဗ အနက်မည်၏၊ တစ်ပါးသောဂုဏ်သည်ကား ဆဋ္ဋေတဗ္ဗအနက်မည်၏၊ တိဿသာလျှင် လေးတတ်သည်မဟုတ်၊ တစ်ပါးသောသူသည်လည်း လေးတတ်၏ဟူသော ဒြဗ်သည် အနုညာတအနက်မည်၏။
၂။ ဒြဗ်နောင်ထိုင်လတ်သော် ထိုဒြဗ်သည် ဂဟေတဗ္ဗတ္ထဖြစ်၏၊ တစ်ပါးသော ဒြဗ်သည်ကား ဆဋ္ဋေတဗ္ဗတ္ထ ဖြစ်၏၊ ဂုဏ်သည်ကား အနုညာတတ္ထဖြစ်၏။
ပြယုဂ်ကား-- “တိဿော ဧဝ ဓနုဓရော“တည်း။
တိဿောဧဝ= တိဿသည်သာလျှင်၊ ဓနုဓရော=လေးတတ်၏၊ ဤပြယုဂ်၌ တိဿောဟူသောဒြဗ်သည် ယူအပ်သောကြောင့် ဂဟေတဗ္ဗမည်၏၊ တိဿမှတစ်ပါးသောသူဒြဗ်သည် စွန့်အပ်သော ကြောင့် ဆဋ္ဋေတဗ္ဗမည်၏၊ တိဿသည် လေးသာတတ်သည်မဟုတ်၊ တစ်ပါးသောအတတ်လည်း တတ်၏၊ ဤသို့တစ်ပါးသော အတတ် ဟူသော ဂုဏ်သည် ခွင့်ပြုအပ်သောကြောင့် အနုညာတတ္ထမည်၏။
၃။ ကြိယာ အဝဓာရဏ၌ ဆရာတို့ကား သန္နိဋ္ဌာနသာဆို၏၊ သုံးပါးကောက်သော်ကား- ဧဝသဒ္ဒါယှဉ်သော ကြိယာသည် ဂဟေတဗ္ဗတ္ထ မည်၏၊ တစ်ပါးသောကြိယာသည် ဆဋ္ဋေတဗ္ဗတ္ထမည်၏၊ ဂုဏ, ဒဗ္ဗသည် အနုညာတတ္ထ မည်၏။
ပြယုဂ်ကား-- “အတ္ထေဝ ကာကော သေတောပိ“တည်း။ သေတောပိ=ဖြူသည်လည်းဖြစ်သော၊ ကာကော=ကျီးသည်၊ အတ္ထေဝ=ရှိသည်သာလျှင်တည်း။
ဤပြယုဂ်၌ အတ္ထိကြိယာသည် ယူအပ်သောကြောင့် ဂဟေတဗ္ဗတ္ထမည်၏၊ နတ္ထိကြိယာသည် စွန့်အပ်သောကြောင့် ဆဋ္ဋေတဗ္ဗတ္ထမည်၏၊ ကျီးဖြူရှိ၏ဟူသဖြင့် ကျီးမဲလည်းရှိ၏ဟူသော အနက်ရောက်ရကား ဂုဏ, ဒဗ္ဗဖြစ်သော ကျီးမဲသည် အနုညာတတ္ထ မည်၏။
အဝဓာရဏ သဘော ၃-မျိုးပြီး၏။
---ပဋိသေဓ ၂-မျိုး ၉-မျိုး
ပဋိသေဓသည်-
၁။ ပသဇ္ဇပဋိသေဓ,
၂။ ပရိယုဒါသပဋိသေဓ အားဖြင့် နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင်-
မြစ်အပ်သော ဝတ္ထုသို့ ရောက်သည်ရှိသော် တူရင်းအစရှိသော အဖြစ်ကိုမငဲ့မူ၍ မြစ်ခြင်းသည် ပသဇ္ဇပဋိသေဓ မည်၏၊
တစ်နည်းကား-- “ကြိယာပဋိသေဓော ပသဇ္ဇပဋိသေဓောနာမ” ဟူ၍ မဏိဒီပ၌ ဆိုသောကြောင့် ကြိယာကိုမြစ်သော ပဋိသေဓသည် ပသဇ္ဇပဋိသေဓမည်၏။
ပြယုဂ်ကား-- “အကတွာ, အလဝဏဘောဇိ“စသည်တည်း။
နှိုင်းယှဉ်ဖက်မျှဖြစ်သော ဝတ္ထုကိုယူ၍ မြစ်ခြင်းသည် ပရိယုဒါသ ပဋိသေဓမည်၏။
ပြယုဂ်ကား--
“အသူရိယံ ပဿာနိ မုခါနိ, အစန္ဒမုလ္လောကိကာ“စသည်တည်း။
သည်ကိုရည်၍ သဒ္ဒသာရတ္ထဇာလိနီ၌--
(က) ပဋိသေဓော ဒွေဓာ ဝုတ္တော၊ ပသဇ္ဇပရိယုဒိသတော။ နိသေဓေတဗ္ဗံ ပတွာန၊ သဒိသတ္တံ နပေက္ခတိ။ ပသဇ္ဇပဋိသေဓောတိ၊ ဝေဒိတဗ္ဗော သုဓီမတာ။
(ခ ) ပရိတုလိတမတ္ထံပိ၊ ဥဂ္ဂဟိတွာ နိသေဓနံ။
ပရိယုဒါသောတိ ဝိညေယျော၊
ပဏ္ဍိတေန နိသေဓနော။
(ဂ ) အသဒ္ဓါလဝဏ ဘောဇိ၊ ဣဒံ ပုဗ္ဗနိဒဿနံ။
အသူရိယံ ပဿံ မုခံ၊ ဣဒံ ပစ္ဆိမဉာပကံ။ [ဟူ၍မိန့်၏၊]
တစ်နည်းကား--
၁။ အကြင်ပဋိသေဓသည် “အသူရိယံ ပဿာရာဇဒါရာ” စသည်တို့၌ကဲ့သို့ နောက်ပုဒ်အနက်၏ အခြင်းခပ်သိမ်း မရှိခြင်း, မဖြစ်ခြင်းကိုပြ၏၊ ထိုပဋိသေဓသည် ပသဇ္ဇပဋိသေဓမည်၏၊ ၂။ အကြင်ပဋိသေဓသည်ကား “အဗြာဟ္မဏာ, အမနုဿာ” စသည်တို့၌ကဲ့သို့ နောက်ပုဒ်အနက်ကို တားမြစ်ရုံသာပြု၍ ထိုနောက် ပုဒ်အနက်နှင့် တူသောဝတ္ထု၌ အနက်တစ်ပါးတည်းဟူသော ကိရိယကို ဖြစ်စေ၏၊ ထိုပဋိသေဓသည် ပရိယုဒါသ ပဋိသေဓမည်၏၊ ထို့ကြောင့် ရူပသိဒ္ဓိ၌--
ပသဇ္ဇပဋိသေဓဿ၊ လက္ခဏံ ဝတ္ထု နတ္ထိတာ။
ဝတ္ထုတော အညတြဝုတ္တိ၊ ပရိယုဒါသလက္ခဏံ။ [ဟု မိန့်၏၊]
ပသဇ္ဇပဋိသေဓ, ပရိယုဒါသပဋိသေဓ မှတ်ရန်နည်းတစ်ပါးပြီး၏။
---တစ်နည်းကား--
ပဋိသေဓသည်--
၁။ ဧကန္တပဋိသေဓ,
၂။ ဝုဍ္ဎိုပဋိသေဓ,
၃။ အညတ္တပဋိသေဓ,
၄။ သဒိသပဋိသေဓ,
၅။ ဝိရုဒ္ဓပဋိသေဓ,
၆။ ဂရဟာပဋိသေဓ,
၇။ သုညပဋိသေဓ,
၈။ ဝိရဟပဋိသေဓ,
၉။ အပ္ပကပဋိသေဓ,
ဟူ၍ ကိုးပါးအပြားရှိ၏။
ထို့ကြောင့် မဏိဒီပ၌-
ပဋိသေဓောစ ဧကန္တ ပဋိသေဓော, ဝုဍ္ဎို ပဋိသေဓော, အညတ္ထပဋိသေဓော, သဒိသပဋိသေဓော, ဝိရုဒ္ဓ ပဋိသေ ဓော, ဂရဟာပဋိသေဓော, သုညပဋိသေဓော, ဝိရဟ ပဋိသေဓော, အပ္ပကပဋိသေဓောစာတိ နဝဝိဓော ဟောတိ။
[ဟုမိန့်၏၊]
ထိုကိုးပါးတို့ကို ထင်ရှားအောင်ပြယုဂ်နှင့်တကွ ပြဆိုဦးအံ့၊ ထိုကိုးပါးတို့တွင်-
၁။ “အသဒ္ဓဘောဇိ, အကတွာ, အဝတွာ” စသည်ကား စားခြင်း ကြိယာ, ပြုခြင်းကြိယာ, ဆိုခြင်းကြိယာကို ဧကန်စင်စစ် မဖြစ်လုံးလုံး အဆုံးတိုင်အောင် မြစ်သောကြောင့် ဧကန္တ ပဋိသေဓမည်၏။
၂။ “အသေက္ခာ“စသည်ကား ဂုဏ်ကြီးသောအားဖြင့် သင်ခြင်းကို မြစ်သောကြောင့် ဝုဍ္ဎိုပဋိသေဓမည်၏၊
၃။ “အဗျာကတာ ဓမ္မာ“စသည်ကား ကုသိုလ်အကုသိုလ်ကိုမြစ်၍ တစ်ပါးသော ဝိပါက်ကြိယာကိုဟောသောကြောင့် အညတ္ထ ပဋိသေဓ မည်၏။
၄။ “အဗြာဟ္မဏော” စသည်ကား တစ်ပါးသောဒြဗ်၏ ပုဏ္ဏား ဒြဗ်နှင့်အသွင်တူလေသောကြောင့် ထိုတူသော ပုဏ္ဏားစစ် ဒြဗ်ကိုမြစ်၍ ပုဏ္ဏားစစ်မှတစ်ပါးသောသူကို ဟောသော ကြောင့် သဒိသပဋိသေဓ မည်၏။
၅။ “အကုသလာ ဓမ္မာ“စသည်ကား မိမိနှင့်ဆန့်ကျင်ဖက်ဖြစ် သော ကုသိုလ်ကိုမြစ်သောကြောင့် ဝိရုဒ္ဓပဋိသေဓ မည်၏၊ ၆။ “အရာဇာ“စသည်ကား ကဲ့ရဲ့ခြင်းကိုပြု၍ မြစ်သောကြောင့် ဂရဟပဋိသေဓမည်၏။
၇။ “အဘာဝ” စသည်ကား ဆိတ်သောအနက်ကိုပြု၍ မြစ် သောကြောင့် သုညပဋိသေဓမည်၏။
၈။ “အပုတ္တကံ သာပတေယျံ” စသည်ကား ကင်းသည်ကိုပြု၍ မြစ်သောကြောင့် ဝိရဟပဋိသေဓမည်၏။
၉။ အနုဒရာ ကညာ” စသည်ကား ငယ်သည်ကိုပြု၍ မြစ်သော ကြောင့် အပ္ပကပဋိသေဓမည်၏။
ဤသို့သောနည်းဖြင့် ကိုးပါးသောပဋိသေဓကို ပိုင်းခြား၍မှတ်သားအပ်၏၊ [ဤကိုးပါးသော ပဋိသေဓတို့ကို ပသဇ္ဇပဋိသေဓ, ပရိယုဒါသ ပဋိသေဓနှစ်ပါး၌ ထည့်သွင်း၍ ဝေဖန်သည်ရှိသော် ပဌမဖြစ်သော ဧကန္တပဋိသေဓသည် ပသဇ္ဇပဋိသေဓ၌ အကျုံးဝင်လေ၏၊ ကြွင်းသော ရှစ်ပါးသော ပဋိသေဓတို့သည် ပရိယုဒါသပဋိသေဓ၌ အကျုံးဝင်လေ ကုန်၏ ဟုမှတ်။]
ထို့ကြောင့် ပဏိဒီပ၌--
တတ္ထ အကတွာတိ အာဒီသု ကြိယာပဋိသေဓောဝ ပသဇ္ဇပဋိသေဓောနာမ၊ သေသာ အဋ္ဌ ပဋိသေဓာ ပရိယုဒါသပဋိသေဓောတိ ဝေဒိတဗ္ဗော။
[ဟု မိန့်အပ်ပြီ။]
ပဋိသေဓ ၂-မျိုး ၉-မျိုးပြီး၏။
---ဧကသိက်နှင့် ဝိစ္ဆာအထူး
ဧကသိက်နှင့်ဝိစ္ဆာအထူးကား--
၁။ ဧကသိက်မှာ ပဓာနဖြစ်သောပုဒ်နှင့် သမာသ်ဖြစ်သည်။
၂။ ဝိစ္ဆာမှာမူကား အခြားတစ်ပါးသောပုဒ်တို့နှင့် သမာသ်မဖြစ်။ [ဤသို့ထူးသည်။]
ထို့ကြောင့် ဘေဒစိန္တာ၌--
သာပေက္ခတ္တာ ဒွိရူပတ္တာ၊ စေကေဿဝ သမာသတာ။ န ဝိစ္ဆာယံ တဒတ္ထောတိ၊ သာပေက္ခေန သမာသတာ။ [ဟု မိန့်အပ်ပြီ။]
အနက်ကား-- သာပေက္ခတ္တာ=ပဋ္ဌာနပုဒ်ကိုငဲ့ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ စေကေဿဝ=တစ်ခုသောသဒ္ဒါ၏ သာ လျှင်၊ ဒွိရူပတ္တာစ=သုတိနှစ်ခုရှိသည်၏အဖြစ်ကြောင့်လည်းကောင်း၊ ဝိစ္ဆာယံ=ဝိစ္ဆာ၌၊ သမာသတာ=သမာသ်အဖြစ်သည်၊ န= မရှိ၊ တဒတ္ထောတိ= တဒတ္ထောဟူသော ဧကသိက်ပြယုဂ်ကား၊ သာပေက္ခေန=ငဲ့အပ်သော အတ္ထဟူသော ပဋ္ဌာနပုဒ်နှင့်၊ သမာသတာ=သမာသ်အဖြစ်သည်၊ ဟောတိ=ဖြစ်၏။
ဧကသိက်နှင့်ဝိစ္ဆာအထူးပြီး၏။
အဝဓိ ၂-မျိုး
ပိုင်းခြားရာဖြစ်သော အဝဓိသည်--
၁။ အဘိဝိဓိသယ,
၂။ အနဘိဝိဓိဝိသယ
အားဖြင့် ၂-ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင်-
၁။ ပိုင်းခြားရာဖြစ်သောဌာနကို ကြိယာသည် လွှမ်းမိုး ပျံ့နှံ့၍ ဖြစ်၏၊ ထိုပိုင်းခြားရာဖြစ်သော အဝဓိသည် အဘိဝိဓိသယမည်၏၊ ပြယုဂ်ကား-- “အာဘဝဂ္ဂါ ဘဂဝတော ယသော ဂတော” တည်း။ ၂။ ပိုင်းခြားရာဖြစ်သောဌာနကို ကြိယာသည် အပပြု၍ဖြစ်၏၊ ထိုပိုင်းခြားရာဖြစ်သော အဝဓိသည် အနဘိဝိဓိဝိသယမည်၏၊ ပြယုဂ်ကား-- “အာပါဋလိပုတ္တာ ဝုဋ္ဌော ဒေဝေါ“တည်း။ သည်ကိုရည်၍ မူလဋီကာ၌-
ဒုဝိဓော ဟိ အဝဓိ အဘိဝိဓိဝိသယော အနဘိဝိဓိ ဝိသယောစ၊ အဘိဝိဓိဝိသယံ ကြိယာ ဗျာပေတွာ ပဝတ္တတိ၊ အာဘဝဂ္ဂါ ဘဂဝတော ယသော ဂတောတိ။ ဣတရံ ဗဟိ ကတွာ၊ အာပါဋလိပုတ္တာ ဝုဋ္ဌော ဒေဝေါတိ။ [ဟု မိန့်တော်မူပြီ။]
[ဤဋီကာ၌ အနဘိဝိဓိဝိသယကို မရိယာဒဟူ၍လည်း ခေါ်ဝေါ်ထုံးရှိ၏၊]
အဘိဓမ္မတ္ထဝိဘာဝနီ၌ကား--
ဤမူလဋီကာ၌ အဝဓိကို ကံ, ကြိယာကို ကတ္တားပြု၍ မဆိုမူ၍ အဝဓိကိုကတ္တား, ကြိယာကိုကံ ပြု၍ဆိုလေသည်။ ဆိုဟန်ကား
အဝဓိစ မရိယာဒါဘိဝိဓိဝသေန ဒုဝိဓော၊ တတ္ထ အာပါဋလိပုတ္တံ ဝုဋ္ဌော ဒေဝေါတိ အာဒီသု ဝိယ ကြိယံ ဗဟိကတွာ ပဝတ္တော မရိယာဒေါ၊ အာဘဝဂ္ဂံ သဒ္ဒေါ အဗ္ဘုဂ္ဂတောတိ အာဒီသု ဝိယ ကြိယံ ဗျာပေတွာ ပဝတ္တော အဘိဝိဓိ
ဟုဆို၏။
[ဤ၌အရိယာဒနှင့် ထို၌အနဘိဝိဓိအတူပင်မှတ်၊ ထိုဋီကာကျော်ဆိုသော စကားကို မူလဋီကာနှင့် ထောက်၍ဆင်ခြင်ကြလေ။]
အဝဓိ ၂-မျိုးပြီး၏။
---မန္တုစသော ပစ္စည်းအနက်
မန္တု-စသော ပစ္စည်းတို့ခြောက်ပါးသောအနက်၌ဖြစ်ပုံကား--
မန္တုစသော အဿတ္ထိအနက်၌ သက်သောပစ္စည်းတို့သည်-
၁။ အများဟူသောအနက်,
၂။ ချီးမွမ်းခြင်းဟူသောအနက်,
၃။ ကဲ့ရဲ့ခြင်းဟူသောအနက်,
၄။ အလွန်အကဲဟူသောအနက်,
၅။ အမြဲယှဉ်ခြင်းဟူသောအနက်,
၆။ ရောနှောခြင်းဟူသောအနက်,
ဤခြောက်ပါးသော အနက်တို့၌ဖြစ်ကုန်၏။
ထို့ကြောင့် မောဂ္ဂလာန်၌--
ပဟုတေစ ပသံသာယံ၊ နိန္ဒာယဉ္စာတိသာယနေ။
နိစ္စယောဂေစ သံသဂ္ဂေ၊ ဟောန္တိ မေ မန္တုအာဒယော။။
[ဟု မိန့်၏၊]
ထို ၆-ပါးသောအနက်တို့တွင်--
ပဟုတ၌ ပြယုဂ်ကား
“ပဟုတာ ဂါဝေါ အဿ အတ္ထီတိ ဂေါမာ” တည်း။ ပသံသာ၌
“ပသံသာ ဇာတိ အဿ အတ္ထီတိ ဇာတိမာ, သီလဝါ” စသည်တည်း။
နိန္ဒာ၌
“ဝသလော အဿ အတ္ထီတိ ဝသလိ, ပါပေါ အဿ အတ္ထီတိ ပါပိမာ” စသည်တည်း။
အတိသယ၌
“အာတာပေါ အဿ အတ္ထီတိ အာတာပီ, မတိ အဿ အတ္ထီတိ မတိမာ” စသည်တည်း။
နိစ္စယောဂ၌
“ဒဏ္ဍော အဿ အတ္ထီတိ ဒဏ္ဍီ, ဇုတိ အဿ အတ္ထီတိ ဇာတိမာ” စသည်တည်း။
သံသဂ္ဂ၌
“ဟလိဒ္ဓိ အဿ အတ္ထီတိ ဟလိဒ္ဓိမာ” စသည်တည်း။
[ဤမန္တုစသောပစ္စည်းတို့သည် ပဟုတစသောအနက်တို့၌ ဖြစ်ကုန်၏မှတ်။]
အန္တဝါ လောကော-စသည်၌ကား အတ္ထိတာမတ္တ၌ ဖြစ်၏၊ “လောကော=လောကသည်၊ အန္တဝါ=အဆုံးရှိ၏”။ ဤသို့ ပဟုတစသည် ဝိသေသ မရကောင်း၊ ရှိကာမျှ၌သာဖြစ်၏၊ ဤအန္တဝါနှင့်အတူ ပဟုတစသည်မှလွတ်သည်ကို လည်းကြံလေဦး။
မန္တုစသောပစ္စည်းအနက်ပြီး၏။
---သမုစ္စည်းစသဒ္ဒါ ၃-မျိုး
သမုစ္စည်းအနက်၌ဖြစ်သော စသဒ္ဒါသည်--
၁။ ကာရကသမုစ္စည်း,
၂။ ကြိယာသမုစ္စည်း,
၃။ ဝါကျသမုစ္စည်း
အားဖြင့်သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင် “လိင်္ဂဉ္စနိပ္ပဇ္ဇတေ” ၌ စသဒ္ဒါသည်--
၁။ “လိင်္ဂဉ္စ ဓာတုစ နိပ္ပဇ္ဇတေ” ဟုသမ္ဗန်မူ ကာရက သမုစ္စည်း မည်၏။
၂။ “လိင်္ဂံနိပ္ပဇ္ဇတေစ ဌပီယတေစ” ဟုသမ္ဗန်မူ ကြိယာသမုစ္စည်း မည်၏။
၃။ “လိင်္ဂဉ္စနိပ္ပဇ္ဇတေ ဓာတုစ ဌပီယတေ” ဟုသမ္ဗန်မူ ဝါကျ သမုစ္စည်းမည်၏။
သမုစ္စည်းစသဒ္ဒါ ၃-မျိုးပြီး၏။
---အနွတ္ထနှင့် ရုဠှီ ၃-ပါးအထူး
သဒ္ဒါသည်--
၁။ အနွတ္ထသဒ္ဒါ,
၂။ ရုဠှီသဒ္ဒါ
အားဖြင့် နှစ်ပါးအပြားရှိ၏၊ ထိုနှစ်တို့တွင်--
၁။ ဗုဒ္ဓေါ စသော ဝါကျအနက်သို့ အစဉ်လိုက်သောသဒ္ဒါသည် အနွတ္ထသဒ္ဒါမည်၏။
၂။ ထင်သောအားဖြင့်ဆိုအပ်သော သဒ္ဒါသည် ရုဠှီသဒ္ဒါမည်၏။
ထိုနှစ်ပါးတို့တွင် ရုဠှီသည်--
၁။ အထင်ရုဠှီ,
၂။ အတွင်ရုဠှီ,
၃။ အတင်ရုဠှီ,
ဟူ၍ သုံးပါးအပြားရှိ၏၊ ထိုသုံးပါးတို့တွင်--
၁။ တစ်ခုတည်းသော ဒြဗ်၌ သကတ်အနက် အများရှိကုန်၏၊ ထိုသကတ်အနက်တို့တွင် ထင်သောသကတ် အနက်ကို စွဲ၍ ပညတ်ခြင်း သည် အထင်ရုဠှီမည်၏။
ထို့ကြောင့်နိယံသစ်၌--
“များပြားစွာလှ၊ သကတ္ထတွင်၊ ထင်သည့်သကတ်၊ စွဲပညတ်မူ၊ မှတ်လောအထင်ရုဠှီတည်း”။
[ဟု စပ်၏၊]
ပြယုဂ်ကား-- ဂေါ-စသည်တည်း။
ဤပြယုဂ်၌ နွားဒြဗ်တစ်ခုတည်း၌ စားခြင်းသကတ်, သွားခြင်း သကတ်, အိပ်ခြင်းသကတ်, ဦးချိုသကတ်, အဖြူအနီစသော သကတ် အားဖြင့် သကတ်များစွာရှိကုန်၏၊ ထိုသို့ သကတ်များသော်လည်း သွားခြင်းသကတ် တစ်ခု၌သာထင်သည်ဖြစ်၍ “ဂစ္ဆတီတိ ဂေါ” ဟုထင် သော သကတ်အနက်ကိုစွဲ၍ ပညတ်ခြင်းကြောင့် အထင်ရုဠှီမည်၏။
တစ်နည်းကား-- တစ်ခုသောသကတ်အနက်သည် ဒြဗ်အများ နှင့်ဆက်ဆံ၏၊ ထိုသကတ်အနက်နှင့်ဆက်ဆံသော ဒြဗ်အပေါင်းတို့တွင် ထင်သောဒြဗ်ကိုစွဲ၍ ပညတ်ခြင်းသည်လည်း အထင်ရုဠှီမည်၏။
ထို့ကြောင့် ၎င်းနိယံ၌ပင်--
“သကတ်တစ်ခု၊ အစုများစွာ၊ ဆက်ဆံပါလျက်၊ ထင်ရာစွဲ လည်း၊ အမြဲဤရုဠှီပင်တည်း”။ [ဟု စပ်၏၊]
ပြယုဂ်ကား-- ဂေါ-စသည်တည်း။
ဤပြယုဂ်၌ သွားခြင်းသကတ် အနက်တစ်ခုသည် သွားတတ် သောဆင်, မြင်းစသော သတ္တဝါဒြဗ်ဟူသမျှနှင့် ဆက်ဆံ၏၊ ထိုသို့ပင် ဆက်ဆံငြားသော်လည်း နွားဒြဗ်၌သာ ထင်သည်ဖြစ်၍ နွားဒြဗ်ကိုသာ “ဂစ္ဆတီတိ ဂေါ”ဟု ထင်သောဒြဗ်ကိုစွဲ၍ ပညတ်ခြင်းကြောင့် အထင် ရုဠှီမည်၏။
သည်ကိုရည်၍ သဒ္ဒဝုတ္တိ၌--
အနွတ္ထံဝ သမာနမ္ပိ၊ ရုဠှီ ဂေါမဟိံ သာဒိကံ။
ဂတိဘူသယနာဒီနံ၊ အညဒဗ္ဗေသု ဝုတ္တိတော။။
[ဟု မိန့်၏၊]
အထင် ရုဠှီပြီး၏၊
၂။ တစ်ခုသော သကတ်အနက်ကိုစွဲ၍ အမည်နာမကို ပညတ်ပြီး လျှင် စွဲ၍ပညတ်ရင်း သကတ်အနက် ကွယ်ပျောက်သော်လည်း နာမ ပညတ်မပျောက်မူ၍ ၎င်းနာမအညတ်ဖြင့် တစ်ခုသောဒြဗ်၌ ခေါ်ဝေါ် ခြင်းသည် အတွင်ရုဠှီမည်၏။
ထို့ကြောင့် ၎င်းနိယံ၌ပင်--
“သကတ္ထကြောင့်၊ ရသောပညတ်၊ သကတ်ပျောက်လျက်၊ မည်မပျက်သည်၊ သက်သက်အတွင်ရုဠှီတည်း။ [ဟု စပ်၏၊]
ပြယုဂ်ကား-- “ရူပါဒီသု သဉ္ဇန္တီတိ သတ္ထာ“စသည်တည်း။ ဤပြယုဂ်၌ ရူပက္ခန္ဓာစသည်တို့၌ ကပ်ငြိခြင်းဟူသော သကတ်အနက်ကိုစွဲ၍ ပညတ်ပြီးလျှင် “ရူပါဒီသု သဉ္ဇန္တိ” ဟူသော စွဲ၍ပညတ်ရင်း သကတ်အနက် ကွယ်ပျောက်သော်လည်း “သတ္တဝါ”ဟူသော နာမပညတ် မပျောက်မူ၍ ၎င်းသတ္တဝါဟူသော နာမပညတ်ဖြင့် နိစ္ဆန္ဒရာဂဖြစ်သော ရဟန္တာသန္တာန်ဒြဗ်၌ ခေါ်တွင်ဝေါဟာပြုသောကြောင့် အတွင်ရုဠှီမည်၏။
သည်ကိုရည်၍ မူလဋီကာ၌--
တဿာ ပန ပညတ္တိယာ ခန္ဓသန္တာနေ နိရူဠှဘာဝတော နိစ္ဆန္ဒရာဂါပိ သတ္တာတိ ဝုစ္စန္တိ။
[ဟု မိန့်၏၊]
အတွင်ရုဠှီပြီး၏။
---၃။ သကတ်အနက်မရှိသည်ကို ရှိသကဲ့သို့တင်စား၍ ခေါ်ဝေါ် ခြင်းသည် အတင်ရုဠှီမည်၏။
ပြယုဂ်ကား-- “သသဝိညာဏံ, ဝဉ္စျာပုတ္တော, မဉ္စာ ဃောသန္တိ”
စသော ဥပစာသဒ္ဒါတို့ကို ထုတ်လေ။
[ဥပစာသဒ္ဒါ ဟူသမျှသည် အတင်ရုဠှီချည်းဟူ၍သာ မှတ်။]
အတင်ရုဠှီပြီး၏။
အနွတ္ထနှင့်ရုဠှီ ၃-ပါးအထူးပြီး၏။
---တသဒ္ဒါအစွဲ ၃-နည်း
တသဒ္ဒါသည်--
၁။ ပက္ကန္တဝိသယ,
၂။ ပသိဒ္ဒဝိသယ,
၃။ အနုဘူတဝိသယအားဖြင့် သုံးပါးအပြားရှိ၏၊ ထိုသုံးပါးတို့တွင်--
၁။ လွန်လေပြီးသည်ကို စွဲသော တသဒ္ဒါသည် ပက္ကန္တဝိသယ တမည်၏။
ပြယုဂ်ကား-- “တတ္ထောဒန္တာသရာအဋ္ဌ” စသည်တည်း။
ဤပြယုဂ်၌ တသဒ္ဒါသည် လွန်လေပြီးသော အက္ခရာကို စွဲသောကြောင့် ပက္ကန္တမည်၏။
၂။ အစွဲတင်းလင်းရှိသော တသဒ္ဒါသည် ပသိဒ္ဒဝိသယ တ-မည်၏၊ ပြယုဂ်ကား-- “ဣတိပိ သော ဘဂဝါ” စသည်တည်း။ ဤပြယုဂ်၌ တသဒ္ဒါသည် ဘဂဝါဟူသော အစွဲတင်းလင်းရှိသောကြောင့် ပသိဒ္ဓမည်၏။
၃။ ကြိယာကိုစွဲသော တသဒ္ဒါသည် အနုဘူတဝိသယ တ-မည်၏၊ ပြယုဂ်ကား-- “ပစ္စပ္ပန္နေနယာပေတိ၊ တေနဝဏ္ဏောပသီဒတိ“စသည်တည်း။
ဤပြယုဂ်၌ တသဒ္ဒါသည် ကြိယာကိုစွဲသောကြောင့် အနုဘူတမည်၏။
တဝသဒ္ဒါအစွဲ ၃-နည်းပြီး၏။
---ကာကရကစသည် ၃-ပါးအထူး
ကာရက, အကာရက, နေဝကာရက နာကာရက ၃-ပါးတို့၏ ကွဲပြားဟန်ကား--
၁။ ကတ္တား, ကံ, ကရိုဏ်း, သမ္ပဒါန်, အပါဒါန်, ဩကာသ ဤခြောက်ပါးသည် ကာရက။
၂။ သမဣန်, အာလုပ်, နိဒ္ဓါရဏ, လက္ခဏ, ဟေတု, ဘော ဤခြောက်ပါးသည် အကာရက။
၃။ ထိုမှတစ်ပါးသော အစ္စန္တသံယောဂ, သဟာဒိယောဂ, ကမ္မပ္ပဝစနီယစသည်သည် နေဝကာရက နာကာရက မည်၏။
[ဟု အထူးမှတ်။]
ကာရကစသည် ၃-ပါးအထူးပြီး၏။
---စောဒနာ ၄-ပါးအထူး
စောဒနာသည်--
၁။ အာဂုံယုတ္တိကို မဆောင်မူ၍ စောဒနာသော အယုတ္တ စောဒနာ,
၂။ နှလုံးသွင်းအနေနှင့် စောဒနာသော အာဘောဂ စောဒနာ,
၃။ ဆန့်ကျင်ဖက်အားဖြင့် စောဒနာသော ဗျတိရေက စောဒနာ,
၄။ လျော်စွာအသင့်အားဖြင့် စောဒနာသော အနွယ စောဒနာ,
ဟူ၍ လေးပါးအပြားရှိ၏။
ထိုလေးပါးတို့တွင် “ကထံ, ကသ္မာ, ကိမတ္ထံ” ဟူသော သဒ္ဒါတို့ ဖြင့်မှတ်အပ်သော စောဒနာသည် အယုတ္တစောဒနာမည်၏၊ “နနု, နနုစ“သဒ္ဒါတို့ဖြင့် မှတ်အပ်သော စောဒနာသည် အာဘောဂစောဒနာမည်၏။
“ယဒိ“စသော သဒ္ဒါဖြင့်မှတ်အပ်သော စောဒနာသည် ဗျတိရေကစောဒနာမည်၏။
“ကေန, ကသ္မာ” သဒ္ဒါတို့ဖြင့် မှတ်အပ်သော စောဒနာသည် အနွယစောဒနာမည်၏။
(က) အယုတ္တာစေဝ အာဘောဂါ၊ ဗျတိရေကနွယာ တထာ။
စတုဓာ စောဒနာ ဘေဒါ၊ နိပါတေဟျုပလက္ခိတာ။။
(ခ ) ကထံ ကသ္မာ ကိမတ္ထန္တိ၊ လက္ချာ အယုတ္တစောဒနာ။
နနုဟိ လက္ခိတာ ဘောဂါ၊ ဗျတိရေကာ ယဒျာဒိနာ။
ကေန ကသ္မာတိ လက္ချာဝ၊ အနွယာစောဒနာ ဘဝေ။။
[ဂန္ထာဘရဏ။]
စောဒနာလေးပါး အထူးမှတ်ရန်ပြီး၏။
---ပရိယာယ်သဒ္ဒါမှတ်ရန်
ပရိယာယ်သဒ္ဒါဟူသည်ကား-- အကြင်ဝိသေသနဖြင့် သဒ္ဒါ တို့သည် ထင်ရှားသော အနက်ရှိသည်၏ အဖြစ်သို့ရောက်ကုန်၏၊ ထိုထင်ရှားသော အနက်ရှိသည်၏ အဖြစ်သို့ ရောက်ကြောင်းဖြစ်သော ဝိသေသနပုဒ်သည် ပရိယာယ်သဒ္ဒါမည်၏။
တစ်နည်းကား-
အကြင်ဝိသေသနပုဒ်ဖြင့် အတ္ထစိန္တကဆရာတို့သည် သဒ္ဒါ၏ ထင်ရှားသော အနက်ကိုသိကြကုန်၏၊ ထိုထင်ရှားသော အနက်ကို သိကြောင်းဖြစ်သော ဝိသေသနပုဒ်သည် ပရိယာယ်သဒ္ဒါမည်၏။
ထို့ကြောင့် သမ္ဗန္ဓစိန္တာ၌--
ပရိဗျတ္တမာယန္တုတ္ထ မနေနာတိပရိယာယော။ [ဟု မိန့်၏၊]
ပရိယာယ်သဒ္ဒါမှတ်ရန်ပြီး၏။
သာသနဝိသောဓနီကျမ်း ဒုတီယတွဲပြီး၏။
Comments
Post a Comment