Skip to main content

မဟာဗုဒ္ဓဝင် ဒုတိယတွဲ

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

ဒုတိယတွဲ

ဂေါတမဗုဒ္ဓဝင်

**********

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓရတနာ

အခဏ်း-၁

(က) အလောင်းတော် သေတကေတုနတ်သားအကြောင်း

     ဤသို့လျှင် အကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလအတွင်း၌ ပွင့်တော်မူကြသော မြတ်စွာဘုရားပေါင်း နှစ်ကျိပ်ခုနစ်ဆူတို့တွင် ဒီပင်္ကရာမြတ်စွာဘုရားအစ ကဿပမြတ်စွာဘုရားတိုင်အောင် နှစ်ကျိပ်လေးဆူကုန်သော မြတ်စွာဘုရားတို့၏ အထံတော်တို့၌ “ဤသူကား လူသုံးပါးတွင် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်”ဟု ထိုမြတ်စွာဘုရားတို့ ဟောကြားကျူးညိတ် နိယတဗျာဒိတ်ပန်းကို ဆင်မြန်းပန်ယူတော်မူခဲ့၍ ပါရမီ, စာဂ, စရိယ ကျင့်ဝတ်တို့ကို လေးအသင်္ချေ ကမ္ဘာတသိန်းကြာအောင် ရှေးဆိုအပ်ပြီးသည့်

ဘာဝနာလေးပါးတို့ဖြင့် ပွားများ အားထုတ်တော်မူကာ ဘုရားဖြစ်ကြောင်း တရားကောင်းအလုံးစုံတို့ ကုံလုံပြည့်ဝခြင်း အထွတ်အထိပ်သို့ ရောက်တော်မူသဖြင့် ပါရမီဖြည့်ရာကာလ ဘဝအားလုံးတို့၏ အဆုံးသတ်ဖြစ်သော ဝေဿန္တရာမင်းမြတ်ဘဝ၌ အသက်မရှိသော မဟာပထဝီမြေကြီးကိုစင်လျက် ခုနစ်ကြိမ်တိုင်တိုင် ယိမ်းယိုင်ငြိမ့်ငြိမ့် တသိမ့်သိမ့် တုန်လှုပ်ချောက်ချားအောင် ထူးခြားလွန်ကဲ အံ့အဲမဆုံး တုနှုန်းမထင် အထွတ်တင်သကဲ့သို့ ကျင့်စဉ်တော်မြတ် အရပ်ရပ်တို့ကို ကမ္ပတ်ပိတ်ဖုံး နိဂုံးချုပ် ဖြည့်ကျင့်တော်မူလျက် အသက်တမ်းအတိုင်း တည်နေပြီးလျှင် စုတေသောအခါ တုသိတာနတ်ပြည်၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း နတ်တကာတို့ထက် နှစ်သက်ဖွယ်ရာ လွန်သာထူးကဲသော (၁) အသက်ရှည်ခြင်း၊ (၂) အဆင်း လှခြင်း၊ (၃) ချမ်းသာကြီးခြင်း၊ (၄) စည်းစိမ်အခြံအရံ များမြတ်ပေါများခြင်း၊ (၅) အစိုးရခြင်း၊ (၆) သုံးဆောင်ခံစားအပ်သော ရူပါရုံတို့ သာလွန်ခြင်း၊ (၇) သဒ္ဒါရုံတို့ သာလွန်ခြင်း၊ (ဂ) ဂန္ဓာရုံတို့ သာလွန်ခြင်း၊ (၉) ရသာရုံတို့ သာလွန်ခြင်း၊ (၁ဝ) ဖောဋ္ဌဗ္ဗာရုံတို့ သာလွန်ခြင်း တည်းဟူသော ဂုဏ်ကျေးဇူး ဆယ်ပါးတို့ဖြင့် အခြားသောနတ်တို့ကို လွှမ်းမိုးသာလွန်သည့် သေတကေတု အမည်တော်ရှိသော နတ်သားဖြစ်တော်မူလေ၏။

(ဤအရာ၌ “မဟာသမုဒြာရေအစုသည် စကြဝဠာတောင်မှစ၍ အစဉ်သဖြင့် နက်ဝှမ်း၍သွားရာ မြင်းမိုရ်တောင်ခြေသို့ ရောက်သောအခါ ထိုရေအထုကား ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အနက်ရှိသည်”ဟူ၍ ပြောလိုက်လျှင် လေးလေးနက်နက် စဉ်းစားဆင်ခြင်သည်ရှိသော် ထိုမဟာသမုဒြာအတွင်းရှိ ရေပေါက်တို့မှာ ဤရွေ့ဤမျှဟု ဂဏန်းမချနိုင်အောင် မြားမြောက်လှ၏ဟု သိရသကဲ့သို့၊ ထို့အတူပင် “မြတ်စွာဘုရား အလောင်းတော်သည် လေးအသင်္ချေ ကမ္ဘာတသိန်းကြာအောင် ပါရမီ, စာဂ, စရိယတရားတို့ကို ဘာဝနာလေးပါးဖြင့် မနားမနေ ဖြည့်ကျင့်တော်မူခဲ့သည်”ဟူ၍ အချုပ်စကားအကျဉ်းမျှ ပြောကြားရေးသားသည်ကို ဖတ်ရှုနာကြားရသော သူတော်စင်တို့သည် ထိုလေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလအတွင်း မဟာသမုဒြာရေပေါက်တို့ထက် မရေမတွက်နိုင်အောင်ပင် များလှစွာသော

ဘဝအဖြစ်တော်တို့၌ အလောင်းတော်သည် ပါရမီတရားတို့ကို ဘဝမခြား ပွါးများတော်မူခဲ့ရသည်ဟု လေးနက်စွာ ဆင်ခြင်၍ အလောင်းတော်၏ စရိယဂုဏ်တို့ကို ကြည်ညိုကုန်ရာ၏။)

ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်ခြင်း

အလောင်းတော် သေတကေတုနတ်သားသည် တုသိတာနတ်ပြည်၌ တုသိတာနတ်တို့၏ အရေအတွက်အားဖြင့် နှစ်ပေါင်း လေးထောင် (၄ဝဝဝ)၊ လူတို့၏ အရေအတွက်အားဖြင့် နှစ်ပေါင်း ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်း (၅၇၆ဝဝဝဝဝဝ) ကာလကြာအောင် ထိုတုသိတာနတ်တို့၏ အသက်တမ်းပြည့် ကြီးစွာသော နတ်စည်းစိမ်ချမ်းသာကို စံတော်မူလျက် နတ်သက်တမ်းစေ့ ကုန်လုခါနီး၍ လူတို့အရေအတွက်အားဖြင့် နှစ်ပေါင်း တထောင်မျှသာ လိုသောအခါ သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည်..

“အိုအချင်းတို့.. ယနေ့မှနောက် နှစ်ပေါင်းတထောင် စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ သဗ္ဗညုမြတ်စွာဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်”..

ဤသို့ ကောင်းကင်မှ ဟစ်အော် ကြွေးကြော်ကြသောကြောင့် ဤလူ့ပြည်လောက၌ “ဘုရားပွင့်တော်မူတော့မည်တဲ့.. ဘုရားပွင့်တော်မူတော့မည်တဲ့”ဟူ၍ လူအများ အုတ်အုတ်ကျက်ကျက် ဂယက်ပြေးပြောဆိုခြင်း တည်းဟူသော ဗုဒ္ဓကောလာဟလသည်* နှစ်ပေါင်းတထောင်ကပင် ကြိုတင်၍ ဖြစ်နှင့်လေသည်။

(အလောင်းတော်နတ်သား၏ အမည်နှင့်စပ်၍ ဗုဒ္ဓဝင်ပါဠိတော် ရတနစင်္ကမခဏ်း၌။ ။ယဒါဟံ တုသိတေ ကာယေ၊ သန္တုသိတော နာမဟံ တဒါ။ ။ဟူ၍ ဟောတော်မူသောကြောင့် သန္တုသိတအမည်တော်ရှိကြောင်း သိရ၏၊ ဗုဒ္ဓဝင်အဋ္ဌကထာ ဇိနာလင်္ကာရ ဋီကာတို့၌လည်း ဤပါဠိတော်အတိုင်းပင် သန္တုသိတနတ်သားဟူ၍ပင် ဖွင့်ဆိုတော်မူကြ၏။ ပါရာဇိကဏ်အဋ္ဌကထာ ဝေရဉ္ဇကဏ္ဍ ပုဗ္ဗေနိဝါသကထာအဖွင့်,

     * ကောလာဟလငါးပါးအကြောင်းကို အနုဒီပနီ၌ အကျယ်ပြဆိုထားသည်။

မူလပဏ္ဏာသ အဋ္ဌကထာ ဘယဘေရဝသုတ်အဖွင့်တို့၌ကား အလောင်းတော်နတ်သား၏ အမည်ကို သေတကေတုဟူ၍ ဖွင့်ဆိုတော်မူကြ၏။ ။တထာဂတဥဒါနဒီပနီ မာလာလင်္ကာရဝတ္ထု ဇိနတ္ထပကာသနီ စသော ရှေးမြန်မာဗုဒ္ဓဝင် ကျမ်းပြုဆရာစဉ်ဆက်တို့လည်း အလောင်းတော်နတ်သား၏အမည်ကို သေတကေတုဟူ၍ပင် ရေးသား မိန့်ဆိုတော်မူကြ၏။ သို့ဖြစ်၍ “သန္တုသိတ”ဟူသော အမည်မှာ တုသိတာနတ်ဘုံ ဌာနနှင့်စပ်၍ ရအပ်သော သာမညအမည်ဖြစ်သည်။ “သေတကေတု”ဟူသော အမည်မှာ အလောင်းတော်နတ်သား၏ ဝိသေသအမည် ဖြစ်သည်ဟု မှတ်ယူရမည်ဟူ၍ ဆရာတို့ မိန့်ဆိုတော်မူကြ၏။)

ဘုရားအလောင်းနတ်သားထံ တောင်းပန်ကြခြင်း

     ဗုဒ္ဓကောလာဟလ = ဘုရားပွင့်တော်မူတော့မည်တဲ့-ဟူသော အုတ်အုတ် ကျက်ကျက် ပြောဆိုစကား ကြားသိကြရကုန်သဖြင့် စကြဝဠာပေါင်း တိုက်တသောင်းတို့၌ အသီးအသီး နေကြကုန်သော စတုမဟာရာဇ် နတ်မင်းကြီး သိကြားနတ်မင်း သုယာမနတ်မင်း သန္တုသိတနတ်မင်း သုနိမ္မိတနတ်မင်း ဝသဝတ္တီနတ်မင်း အသီးသီးတို့သည်၎င်း မဟာဗြဟ္မာကြီး အသီးသီးတို့သည်၎င်း တခုတည်းသော ဤစကြဝဠာတိုက်၌ တပေါင်းတည်း အတူတကွ စည်းဝေးတိုင်ပင်ကြပြီးသော် နတ်သက်တမ်း စေ့ကုန်ခါနီး၍ လူတို့၏ အရေအတွက်အားဖြင့် ခုနစ်ရက်မျှသာ လိုတော့သဖြင့် နတ်သက်ကြွေရန် ပုဗ္ဗနိမိတ်ငါးပါး* ထင်ရှားဖြစ်ပေါ်နေသော အလောင်းတော် သေတကေတုနတ်သား၏အထံသို့ အညီအညွတ် လာရောက်ကြပြီး လက်အုပ်ချီမိုးကြလျက် ဤသို့ တောင်းပန်စကား လျှောက်ထားကြကုန်၏-

အို အလောင်းတော် အရှင်နတ်သား.. အရှင်သည် ပါရမီဆယ်ပါးတို့ကို အပြည့်အစုံ ဖြည့်ကျင့်တော်မူခဲ့ပါပြီ..။ ထိုပါရမီတို့ကို အရှင်နတ်သားသည် သိကြားမင်းစည်းစိမ် မာရ်နတ်မင်းစည်းစိမ် ဗြဟ္မာမင်းစည်းစိမ် စကြာမင်းစည်းစိမ်တို့ကို တောင့်တ၍ ဖြည့်ကျင့်ခဲ့သည် မဟုတ်ပါ။


     * ပုဗ္ဗနိမိတ်ငါးပါးအကြောင်းကို အနုဒီပနီ၌ အကျယ်ဖော်ပြထားသည်။

အရှင်နတ်သားသည် လောကသုံးပါးမှ ကိုယ်တော်တိုင် လွတ်မြောက်ကာ များစွာသော လူနတ်ဗြဟ္မာတို့ကိုလည်း လွတ်မြောက်စေရန်အကျိုးငှါ သဗ္ဗညုတဉာဏ်တော်ကိုသာ ပန်ထွာတောင့်တ၍ ထိုပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပါသည်၊ အို အလောင်းတော် အရှင်နတ်သား.. ဘုရားဖြစ်ဖို့ရန် အချိန်တန်ပါပြီ။ ယခုအခါကား အရှင်နတ်သား ဘုရားဖြစ်ဖို့ရာ အချိန်အခါ မှန်လှပါသည်။ အရှင်နတ်သားသည် လူ့ပြည်လောက မယ်တော်ဝမ်း၌ ဖြစ်တော်မူပြီးလျှင် လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူကာ နတ်နှင့်တကွသော လူအပေါင်းကို သံသရာမှကယ်တင်၍ သေခြင်းကင်းရာ နိဗ္ဗာန်တရားကို ဟောကြားသိစေတော်မူပါလော့-

ဟူ၍ တောင်းပန်စကား လျှောက်ထားကြကုန်၏။

ကြည့်ခြင်းကြီးငါးပါးကို ကြည့်တော်မူခြင်း

     ဤသို့ စကြဝဠာပေါင်း တိုက်တသောင်းမှ အညီအညွတ် လာရောက်စည်းဝေး တောင်းပန်ကြသော နတ်ဗြဟ္မာအပေါင်းတို့အား အလောင်းတော် သေတကေတုနတ်သားသည် အဆောတလျင် ပဋိညာဉ်ဝန်ခံချက်ကို မပေးသေးပဲ ရှေးရှေးသော ဘုရားအလောင်းတော်တကာတို့ ကြည့်ရှုမြဲ ဓမ္မတာဖြစ်သည့်-

(၁) ဘုရားဖြစ်ရာ ခေတ်အခါကာလကို ကြည့်ရှုဆင်ခြင်ခြင်း၊

(၂) ဘုရားဖြစ်ပွင့်ရာကျွန်းကို ကြည့်ရှုဆင်ခြင်ခြင်း၊

(၃) ဘုရားဖြစ်ပွင့်ရာ အရပ်ဒေသကို ကြည့်ရှုဆင်ခြင်ခြင်း၊

(၄) (ပစ္ဆိမဘ၀သား) ဘုရားအလောင်းတော်တို့ ဖြစ်တော်မူရာ အမျိုးကို ကြည့်ရှုဆင်ခြင်ခြင်း၊

(၅) ဘုရားအလောင်းမယ်တော်၏ အရွယ်တော်အပိုင်းအခြားကို ကြည့်ရှုဆင်ခြင်ခြင်း-

ဤကြည့်ခြင်းငါးပါးတို့ကို ကြည့်တော်မူ၏။

     (၁) ဤကြည့်ခြင်းကြီး ငါးပါးတို့တွင် “လူ့ပြည်လောက၌ ဘုရားဖြစ်ပွင့်ရန် အချိန်အခါ တန်ပြီလော၊ မတန်သေးလော”ဟု ရှေးဦးစွာ အခါကာလကို ကြည့်ရှုဆင်ခြင်တော်မူ၏။ ထိုသို့ ကြည်ရှုဆင်ခြင်တော်မူရာ၌ လူတို့၏အသက်တမ်း အနှစ်တသိန်းအထက် ပွါးတက်ရှည်လျားသော ကာလသည် မြတ်စွာဘုရားများ ဖြစ်ပွင့်တော်မူကြရာ အခါကာလမဟုတ်၊ အကြောင်းသော်ကား.. ထိုအသက်တမ်း အနှစ်တသိန်းမှ အထက်ကာလ၌ အသက်တမ်း အလွန်ရှည်လွန်းလှသဖြင့် သတ္တဝါတို့အား ပဋိသန္ဓေ တည်နေရခြင်းဆင်းရဲ, အိုရခြင်းဆင်းရဲ, နာရခြင်းဆင်းရဲ, သေရခြင်းဆင်းရဲတို့သည် မထင်ရှားကုန်ချေ။ ထိုရှည်လျားလှသော အသက်တမ်းကာလ၏ ဖုံးလွှမ်းကာကွယ်မှုကြောင့် ထိုဆင်းရဲအစုကို လူတို့ မေ့လျော့၍ နေကြလေသည်။ မြတ်စွာဘုရားရှင်တို့ ဟောကြားရမည့် တရားဒေသနာတော်မှာလည်း မမြဲခြင်း အနိစ္စလက္ခဏာ, ဆင်းရဲခြင်း ဒုက္ခလက္ခဏာ, အစိုးမပိုင်ခြင်း အနတ္တလက္ခဏာတို့မှ လွတ်ကင်းသည်ဟူ၍ မရှိ၊ အကယ်၍ အသက်တသိန်းတမ်း၏ အထက်၌ မြတ်စွာဘုရားတို့ ပွင့်တော်မူကြကာ အနိစ္စသဘောတရား, ဒုက္ခသဘောတရား, အနတ္တသဘောတရားကို ဟောကြားတော်မူကြလျှင်လည်း ကြားနာကြသူ ထိုခေတ်လူတို့သည် “ဘာတွေကိုများ ဟောကြားနေကြပါလိမ့်”ဟူ၍ မဝေနိုင် မခွဲနိုင်ဖြစ်ကာ နာကြားကြမည် သက်ဝင်ယုံကြည်ကြမည် မဟုတ်ချေ။ ထိုသို့ မနာကြ မယုံကြည်ကြလျှင်လည်း သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြမည်မဟုတ်ချေ။ သံသရာဝဋ်မှ လွတ်မြောက်စေနိုင်သော လက္ခဏာရေးသုံးပါး တရားဒေသနာကို မသက်ဝင် မယုံကြည်သူတို့အား ဟောကြား၍လည်း သံသရာမှ လွတ်မြောက်ခြင်း အကျိုးမပြီး အချည်းနှီးသာ ဖြစ်လေရာ၏၊ ထို့ကြောင့် အနှစ်တသိန်းအထက် အသက်တမ်းရှည်လျားသော

ကာလသည် မြတ်စွာဘုရားများ ဖြစ်ပွင့်တော်မူကြရာ အခါကာလမဟုတ်။

     လူတို့၏အသက်တမ်း အနှစ်တရာအောက် ဆုတ်ယုတ်တိုတောင်းသော ကာလသည်လည်း မြတ်စွာဘုရားများ ဖြစ်ပွင့်တော်မူကြရာ အခါကာလမဟုတ်၊ အကြောင်းသော်ကား.. ထိုအနှစ်တရာတမ်း၏ အောက်ဖြစ်သောကာလ၌ ဖြစ်ပွါးကြသော သတ္တဝါတို့သည် ကိလေသာတရား များပြားထူပြောကြကုန်၏။ ကိလေသာတရား များပြားထူပြောကြသော သူတို့အား ဟောကြားပြသ ပေးဝေငှအပ်သော ဘုရားအဆုံးအမတော်သည် ရေအပြင်၌ ထုတ်ချောင်းဖြင့် ရေးခြစ်အပ်သော အရေးအသားပမာ ရှည်လျားကြာမြင့်စွာ မတည်တံ့ပဲ လျင်မြန်စွာ ပျောက်ပြယ် ကင်းကွယ်လေရာ၏၊ ထို့ကြောင့် လူတို့၏အသက်တမ်း အနှစ်တရာအောက် ဆုတ်ယုတ်တိုတောင်းသော ကာလသည်လည်း မြတ်စွာဘုရားများ ဖြစ်ပွင့်တော်မူကြရာ အခါကာလမဟုတ်။

     လူတို့၏အသက်တမ်း အနှစ်တသိန်းတမ်းနှင့် အနှစ်တရာတမ်း ဤနှစ်တမ်းတို့ပါ အပါအဝင် အကြားဖြစ်သော အခါကာလသည်သာလျှင် ဇာတိ ဇရာ မရဏတရားတို့လည်း ထင်လွယ်, လက္ခဏာရေးသုံးပါး သံသရာမှ လွတ်မြောက်ကြောင်းတရားကို ဟောကြား၍လည်း သိလွယ်, သတ္တဝါတို့သန္တာန်၌ ကိလေသာလည်း မထူပြောလွန်းသဖြင့် ဖော်ပြရာပါ အနှစ်တသိန်းတမ်းမှစ၍ အောက်, အနှစ်တရာတမ်းမှစ၍ အထက်ဖြစ်သော အသက်တမ်းကာလသည်သာလျှင် မြတ်စွာဘုရားတို့ ဖြစ်ပွင့်တော်မူကြရာ ကာလမည်ပေ၏။ (အလောင်းတော်နတ်သားကို နတ်ဗြဟ္မာအပေါင်းတို့ တောင်းပန်သောအခါ၌လည်း လူတို့၏အသက်တမ်း အနှစ်တရာကာလ ဖြစ်လေသည်။) ထိုအခါ အလောင်းတော် သေတကေတုနတ်သားသည် “ဤအခါကား ဘုရားဖြစ်ရန် လျော်ကန်လျောက်ပတ်လှသော အခါကာလပေတည်း”ဟု ပိုင်းခြားထင်ထင် ဘုရားဖြစ်ရန်ကာလကို ထင်ရှား သိမြင်တော်မူလေ၏။

     (၂) ထို့နောက် မြတ်စွာဘုရားတို့ ဖြစ်ပွင့်တော်မူရာကျွန်းကို ကြည့်ရှု ဆင်ခြင်တော်မူပြန်သော် ကျွန်းငယ်ငါးရာစီ အခြံအရံရှိသော ကျွန်းကြီးလေးကျွန်းတို့အနက် ဇမ္ဗူ့သပြေပင်ပေါက်ရောက်ရာဖြစ်၍ ထိုဇမ္ဗူ့သပြေပင်ဖြင့် မှတ်သားခေါ်ဆိုအပ်သော ဤဇမ္ဗူဒိပ်ကျွန်းကြီး၌သာလျှင် ရှေးဘုရားရှင်တို့ ပွင့်တော်မူကြမြဲ ဖြစ်သည်ဟု ပိုင်းခြားထင်ထင် ဘုရားဖြစ်ပွင့်ရာ ကျွန်းကိုလည်း ထင်ရှား သိမြင်တော်မူလေ၏။

     (၃) ထို့နောက် “ဇမ္ဗူဒိပ်ကျွန်းမည်သည် ကျယ်ဝန်းကြီးမားလှ၏၊ အတိုင်းအရှည် ပမာဏအားဖြင့် ယူဇနာပေါင်း တသောင်းကျယ်ဝန်း၏၊ ဤမျှ ကျယ်ဝန်းလှသော ဇမ္ဗူဒိပ်ကျွန်းတွင် ရှေးဘုရားရှင်တို့သည် အဘယ်အရပ်ဒေသ၌ ပွင့်တော်မူကြသနည်း”ဟု ဘုရားဖြစ်ပွင့်ရာ အရပ်ဒေသကို ကြည့်ရှု ဆင်ခြင်တော်မူပြန်သော် ဤဇမ္ဗူဒိပ်ကျွန်း၏ အလယ်အရပ်ဖြစ်သော မဇ္ဈိမဒေသကို “ရှေးဘုရားတို့ ပွင့်တော်မူရာ အရပ်ဒေသဖြစ်သည်”ဟူ၍ ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။

(မဇ္ဈိမဒေသဟူသည်မှာ- အရှေ့အလား ဂဇင်္ဂလမည်သော နိဂုံး၏ အရှေ့ဘက် အင်ကြင်းပင်ကြီး၊ အရှေ့တောင်အလား သလ္လဝတီမြစ်၊ တောင်အလား သေတကဏ္ဏိကမည်သော နိဂုံး၊ အနောက်အလား ထူဏမည်သော ပုဏ္ဏားရွာ၊ မြောက်အလား ဥသိရဒ္ဓဇတောင်၊ ဤနယ်နိမိတ်ငါးရပ်တို့ဖြင့် သတ်မှတ်ပိုင်းခြား အပ်သော အလျားယူဇနာ သုံးရာ၊ အနံယူဇနာ နှစ်ရာ့ငါးဆယ်၊ အဝန်းယူဇနာ ကိုးရာ အပိုင်းအခြားရှိသော အရပ်ဒေသကို ခေါ်၏။ ဤမဇ္ဈိမဒေသမှ အပြင်အပဖြစ်သော အရပ်ဒေသများသည် ပစ္စန္တရစ်အရပ် မည်၏။ မဇ္ဈိမဒေသ အရပ်အတွင်း၌သာလျှင် သဗ္ဗညူမြတ်စွာဘုရားတို့သည်၎င်း ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည်၎င်း အဂ္ဂသာဝက အသီတိမဟာသာဝက အရှင်မြတ်တို့သည်၎င်း စကြာမင်းတို့သည်၎င်း ထိုမှတပါး ဘုန်းတန်ခိုးကြီးမား စည်းစိမ်ဥစ္စာများကြသည့် ခတ္တိယမဟာသာလ ဗြဟ္မဏမဟာသာလ ဂဟပတိမဟာသာလတို့သည်၎င်း ဖြစ်ထွန်းကြစမြဲ ဖြစ်ကုန်၏။)

၁- သလလဝတီမြစ် (သီဟိုဠ်မူ)

     ထိုမဇ္ဈိမဒေသအလယ်ပိုင်း အရပ်ဌာနအတွင်း သက္ကတိုင်းအဝင်အပါ ကပိလဝတ်မင်းနေပြည်သည် ရှိ၏၊ ထိုကပိလဝတ် မင်းနေပြည်၌ ဖြစ်သင့်၏ဟူ၍လည်း အလောင်းတော် သေတကေတုနတ်သားသည် ဆုံးဖြတ်ချက် ချမှတ်တော်မူလေ၏။

     (၄) ထို့နောက် ဘုရားအလောင်း ပစ္ဆိမဘဝသားတို့ ပဋိသန္ဓေ တည်နေဖြစ်ပွားရာ အမျိုးကို ကြည့်ရှု ဆင်ခြင်တော်မူပြန်သော်- “ရှေးရှေး ဘုရားရှင်တို့သည် ဘုရားဖြစ်မည့် ပစ္ဆိမဘဝ၌ ကုန်သည်မျိုး သူဆင်းရဲမျိုးတို့၌ ဖြစ်တော်မမူကြကုန်၊ လူအပေါင်းတို့က အဦးအမြတ်ဟူ၍ သမုတ်အပ်သော မင်းမျိုး ပုဏ္ဏားမျိုးတို့၌သာလျှင် ဖြစ်တော်မူကြကုန်၏။ မင်းမျိုးကို လူအပေါင်းတို့က အဦးအမြတ်ဟူ၍ သမုတ်ကြသော ခေတ်အခါ၌ ပစ္ဆိမဘဝသား ဘုရားအလောင်းတို့သည် ထိုအဦးအမြတ် သမုတ်အပ်သော မင်းမျိုး၌ ဖြစ်တော်မူကြကုန်၏၊ ပုဏ္ဏားမျိုးကို လူအပေါင်းတို့က အဦးအမြတ်ဟူ၍ သမုတ်ကြသော ခေတ်အခါ၌ ပစ္ဆိမဘဝသား ဘုရားအလောင်းတို့သည် ထိုအဦးအမြတ် သမုတ်အပ်သော ပုဏ္ဏားမျိုး၌ ဖြစ်တော်မူကြကုန်၏။ ယခုအခါ၌ကား မင်းမျိုးကို လူအပေါင်းတို့က အဦးအမြတ်ဟူ၍ သမုတ်အပ်၏၊ ထိုမင်းမျိုး၌ ငါဖြစ်ပေအံ့။ ထိုမင်းမျိုးတွင်လည်း ကပိလဝတ်နေပြည်တော်၏ အရှင်ဖြစ်သော သုဒ္ဓေါဒနမင်းကြီးသည် ကမ္ဘာဦးအစ မဟာသမ္မတမင်းမြတ်မှ နွယ်ဇာတ်မပျက် ဆင်းသက်လာခဲ့သော အသမ္ဘိန္န ခတ္တိယရာဇ သကျသာကီဝင် မျိုးသန့်စင်သော ဘုရင်အထွတ်အမြတ် ဖြစ်ပေသည်။ ဤသို့ မျိုးရိုးဆက်နွယ် စင်ကြယ်မွန်မြတ်သော သုဒ္ဓေါဒနမင်းကြီးသည် ငါ၏ခမည်းတော် ဖြစ်ပေလိမ့်မည်”ဟူ၍ ဘုရားဖြစ်ရာသော အမျိုးကို ပိုင်းခြားထင်ထင် သိမြင်တော်မူလေ၏။

     (၅) ထို့နောက် ဘုရားမယ်တော်ကို ကြည့်ရှု ဆင်ခြင်ပြန်သော်- “ဘုရား၏ မယ်တော်မည်သည်ကား လျှပ်ပေါ်လော်လည်ခြင်း အလျှင်းမရှိ၊ သေရည်အရက် သောက်စားခြင်း အလျှင်းမရှိ၊ ဘုရား၏ မယ်တော်ဖြစ်ကြောင်း ကောင်းမှုပါရမီတို့ကို ကမ္ဘာတသိန်း ကာလပတ်လုံး ဖြည့်ကျင့်ခဲ့ပြီးသူ ဖြစ်ရ၏၊

၁၀

ဘုရားမယ်တော်ဖြစ်ရမည့်ဘဝကို ရရှိဖွားမြင်ခဲ့သည်မှ အစပြု၍ ငါးပါးသီလကို တရံတခါမျှ မကျိုးမပေါက်စေပဲ အမြဲလုံခြုံစွာ စောင့်ရှောက် ထိန်းသိမ်းခဲ့သူသာ ဖြစ်ရ၏၊ သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားကြီးဖြစ်သော သီရိမဟာမာယာဒေဝီသည် ဤဆိုအပ်ပြီးသော ကျေးဇူးဂုဏ် အင်္ဂါအပေါင်းတို့နှင့် ထက်ဝန်းကျင် ပြည့်စုံပေ၏။ ဤသီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ငါ၏မယ်တော် ဖြစ်ပေလိမ့်မည်။ (ထိုမယ်တော်ဖြစ်ထိုက်သည့် သီရိမဟာမာယာဒေဝီ၏ အသက်ကြွင်းကား မည်မျှရှိသနည်းဟု ဆက်၍ ဆင်ခြင် ကြည့်ရှုတော်မူလတ်သည်တွင်) ဆယ်လနှင့် ခုနစ်ရက်သာလျှင် မယ်တော်၏ အသက်ကြွင်းရှိတော့ကြောင်း ကောင်းစွာ ထင်ထင် သိမြင်တော်မူလေ၏။

နတ်ဗြဟ္မာအပေါင်းတို့အား ဝန်ခံတော်မူခြင်း

     ဤသို့အားဖြင့် ကြည့်ခြင်းကြီးငါးပါးတို့ကို ပိုင်းခြားစေ့ငု ကြည့်ရှုဆင်ခြင် သိမြင်တော်မူပြီးလတ်သော် အလောင်းတော် သေတကေတုနတ်သားသည် “ငါကား လူ့ပြည်လောက လူ့ဘဝသို့ သက်ဆင်း၍ ဘုရားဖြစ်တော့အံ့”ဟု ကြံစည်ရည်မှတ် ဆုံးဖြတ် ပြဋ္ဌာန်းတော်မူပြီးလျှင် တသောင်းသော စကြဝဠာတိုက်မှ လာရောက်တောင်းပန်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား-

“အို အချင်း နတ်ဗြဟ္မာအပေါင်းတို့.. ယခုအခါကား သင်တို့ တောင်းပန်ကြသည့်အတိုင်း အကျွန်ုပ် ဘုရားဖြစ်ဖို့ရန် အခါတန်ပေပြီ၊ သင်တို့သည် အလိုရှိရာသို့ သွားကြလေကုန်၊ အကျွန်ုပ်သည် လူ့ပြည်သို့ သက်ဆင်း၍ ဘုရားဖြစ်တော့အံ့”-

ဟု ပဋိညာဉ် ဝန်ခံချက် ပေးတော်မူ၍ ထိုနတ်ဗြဟ္မာအပေါင်းတို့ကို ပြန်လည်ဖဲခွါခွင့်ပြုပြီးလျှင် တုသိတာနတ်အပေါင်းတို့ ခြံရံလျက် ထိုတုသိတာနတ်ပြည်၌ရှိသော နန္ဒဝန်ဥယျာဉ်တော်သို့ ဝင်တော်မူလေ၏။

၁၁

(ခ) နန္ဒဝန်ဥယျာဉ်တော်အကြောင်း

     သဂါထာဝဂ္ဂ သံယုတ်အဋ္ဌကထာ နန္ဒနဝဂ် အစရှိသည်တို့၌ ဖွင့်ပြသည့်အတိုင်း နန္ဒဝန်ဥယျာဉ်တော်အကြောင်းကို ရေးသား ဖော်ပြပေအံ့- ဤနန္ဒဝန်ဥယျာဉ်တော် မည်သည်ကား ဝင်ရောက်လာတိုင်းကုန်သော နတ်တို့အား ပျော်ပါး နှစ်သက်စေတတ်သောကြောင့် နန္ဒဝန်ဥယျာဉ်ဟူ၍ ခေါ်ဝေါ်သမုတ်အပ်သည်။

     ဤ နန္ဒဝန် ဥယျာဉ်တော်သည် နတ်ပြည် ခြောက်ထပ်လုံးမှာပင် အသီးသီးရှိပေ၏၊ အောက်အောက်နတ်ပြည်တို့၌ ရှိကြသော နန္ဒဝန် ဥယျာဉ်တော်များနှင့် အထက်အထက် နတ်ပြည်တို့၌ရှိကြသော နန္ဒဝန်ဥယျာဉ်တော်များသည် နှစ်သက်စေတတ်ပုံ အကြောင်းအခြင်းအရာအားဖြင့် အလားတူချည်းပင် ဖြစ်ကြ၍ တာဝတိံသာနတ်ပြည်၌ရှိသော နန္ဒဝန်ဥယျာဉ်တော်၏ အကြောင်းအရာကိုသာ ကျမ်းဂန်တို့၌ အကျယ်ဖွင့်ပြ လေသည်။

     ဤနန္ဒဝန်ဥယျာဉ်ကား.. ပုထုဇန်တို့ဓလေ့ မြင်တွေ့ခံစား၍မပြီး ရင်တီးလက်ခတ် စုတ်သပ်အံ့ဩ ပြောပ၍ မကုန်နိုင်လောက်အောင်ပင် ရတနာနတ်ဖြစ် သစ်ပင်, ပန်းပင်, ဘုံ, ယာဉ်, ပဒေသာ သုံးဆောင်ဖွယ် အဖြာဖြာတို့ဖြင့် သာယာဆန်းပြား ခမ်းနားတင့်တယ်သော ဌာနဖြစ်လေသည်။ အရွယ်အမျိုးမျိုး အဆင်းအမျိုးမျိုး အသံအမျိုးမျိုး သဏ္ဌာန်အမျိုးမျိုး အလျှံအရောင်အဝါ အမျိုးမျိုး နတ်ကခြေသည် နတ်သဘင်သည် နတ်ပွဲအမျိုးမျိုး တီးမျိုး မှုတ်မျိုး က-ခုန်-သီ-ဆို ဖျော်ဖြေမှု အမျိုးမျိုးတို့ဖြင့် မရိုးနိုင်လောက်အောင်ပင် အပြိုင်အဆိုင် သူ့ထက်ငါတုပလျက် သမုဒယအာရုံ ကာမဂုဏ်ဝတ္ထု အစုစုတို့ဖြင့် စတုဒိသာ ခင်းကျင်းသည့်ပမာ နတ်စည်းစိမ်ချမ်းသာ အမျိုးမျိုးတို့ဖြင့် မြူးထူးပျော်ပါးကြရာ ဌာနထူးတရပ် ဥယျာဉ်ကလာပ်ကြီးသဖွယ် ဖြစ်လေသည်။

     မိမိတို့နတ်ပြည်၏ ကြက်သရေမင်္ဂလာ အဆင်တန်းဆာကြီး တခုအဖြစ်ဖြင့် ကြည့်ရှုဖွယ် နားထောင်ဖွယ် နမ်းရှူဖွယ်

၁၂

စားသောက်ဖွယ် တွေ့ထိဖွယ် ဤခံစားမွေ့လျော်ဖွယ်အာရုံ ကာမဂုဏ်ငါးချက်တို့ဖြင့် သက်ဝင်ရောက်ဆိုက်လာကြသော နတ်အပေါင်းတို့အား ရွှင်လန်းခုံမက် နှစ်သက်စေနိုင်သော ဥယျာဉ်တော်မြတ် ဖြစ်ပေသည်။

     ထိုနန္ဒဝန်ဥယျာဉ်တော်သည် နတ်သား နတ်သမီးတို့ နတ်ဘဝမှ လျှောကျစုတေ သေလွန်ရခါနီး၍ စုတိနိမိတ်ကြီးငါးပါးတို့ ထင်ရှားဖြစ်ပေါ်လာခြင်းကြောင့် မိမိတို့၏ နတ်စည်းစိမ်ချမ်းသာတို့ကို ပယ်ခွါစွန့်ပစ်ကာ သွားရတော့မည့်အရေးကို တွေးတောဆင်ခြင်ကာ ပြင်းပြသည်းထန်စွာ ပူပန်ငိုကြွေးလျက် ရှိကြစေကာမူ ထိုနန္ဒဝန်ဥယျာဉ်သို့ ဝင်ရောက်လာမိသောအခါ ယခင်က ပင်ပန်းငိုကြွေး ပူဆွေးတောက်လောင်ခဲ့သမျှသော သောကပရိဒေဝမီးတို့သည် နန္ဒဝန်ဥယျာဉ်တော်၏ ဖျော်ဖြေမှုကို ခံစံရသဖြင့် တခဏမျှနှင့်ပင် ကင်းပကွယ်ပျောက် ဝမ်းမြောက်ဝမ်းသာ ချမ်းသာကြည်လင် သက်သာစိတ်ဝင်ပြီးလျှင် ပျော်ရွှင်နှစ်သက်ရာဌာနကြီး ဖြစ်လေသည်။

     မည်သည့်အကြောင်းကြောင့်မဆို ပင်ပန်းငိုကြွေး ပူဆွေးတောက်လောင်လျက် လာရစေကာမူ ထိုနန္ဒဝန် ဥယျာဉ်တော်အတွင်း ချဉ်းနင်းဝင်ရောက်မိသောအခါ သာယာနှစ်သက်ဖွယ်သော အာရုံတို့၌ ခုံမင်ဝင်စားပျော်ပါးရင်းအချိန်မှာပင် နေအရှိန်အငွေ့ကျောက်၍ သွေ့ခြောက်ပျက်ကြေ ကွယ်ပျောက်လေရသော ဆီးနှင်းစု ဆီးနှင်းခဲကဲ့သို့၎င်း၊ လေအဟုန် တိုက်ခတ်ဆော်သွေး၍ ငြိမ်းအေးသော ဆီမီးတောက်ကဲ့သို့၎င်း ပူပန်သောက ကြောင့်ကြခပ်သိမ်းတို့သည် ခဏနှင့်ပင် ကွယ်ပ ငြိမ်းအေးရလေတော့သည်။ “လောက၌ ကောင်း၏ဟု သမုတ်အပ်သော ဝတ္ထုအာရုံ ကာမဂုဏ်ချမ်းသာ အမျိုးမျိုးတို့၏ စုဝေးတည်နေရာဖြစ်သော နန္ဒဝန်ဥယျာဉ်တော်သို့ မရောက်ဘူးသောသူသည် လောက၌ ချမ်းသာသည်ဆိုသော သဘောကို နားမလည်နိုင်”ဟူ၍ ပြောဆိုရလောက်အောင်ပင် ကာမဘုံသား ပုထုဇန်များအတွက် နှစ်သက်ဖွယ်ရာအာရုံတို့ စုပုံတည်နေရာ လွန်စွာ တင့်တယ်လှပေသည်။

၁၃

     ဝိနည်း သာရတ္ထဒီပနီဋီကာ၊ပ၊ မျက်နှာ (၂၆၈) ဝေရဉ္ဇကဏ္ဍအဖွင့်၌ “တာဝတိံသာနတ်ပြည်ရှိ နန္ဒဝန်ဥယျာဉ်တော်သည် ယူဇနာခြောက်ဆယ်မျှ ကျယ်ဝန်းသည်။ (ဆရာတို့အလိုအားဖြင့် ယူဇနာငါးရာ ကျယ်ဝန်းသည်။) နတ်သစ်ပင်အမျိုးပေါင်း တထောင်တို့ဖြင့် တင့်တယ်စွာ တန်းဆာဆင်အပ်သည်”ဟူ၍ ဖွင့်ပြထားသည်။

     ဇိနာလင်္ကာရဋီကာ တိဝိဓဗုဒ္ဓခေတ္တအဖွင့် စာမျက်နှာ (၉၀)၌ “ထိုနန္ဒဝန်ဥယျာဉ်တော်သည် တာဝတိံသာနတ်ပြည် သုဒဿနနန်းမြို့တော်၏ အရှေ့ဘက်မျက်နှာ၌ ရတနာအတိပြီးသော တံတိုင်း မီးတား တံခါးတုရိုဏ်တိုင်တို့ဖြင့် ခြံရံအပ်၏၊ အဝန်းယူဇနာ တထောင်ရှိ၏၊ နတ်တို့ နှစ်သက်မွေ့လျော် ပျော်ဖွယ်ရာဖြစ်၏၊ နန္ဒဝန်ဥယျာဉ်တော်နှင့် သုဒဿနမြို့တော်၏ အကြား၌ မဟာနန္ဒာကန်တော် စူဠနန္ဒာကန်တော် တည်းဟူသော ဤရေကန်တော်နှစ်ခုတို့လည်း ရှိကုန်၏၊ ထိုရေကန်တော်တို့ကား အရပ်ထက်ဝန်းကျင် စင်ကြယ်သန့်ရှင်း၍ ရေမျက်နှာအနေအားဖြင့် စိမ်းလဲ့ညိုမှောင်သော အဆင်းအရောင်ကို ဆောင်ကုန်လျက် မြူတိမ် ကင်းစင်သော ကောင်းကင်ပြင်နှင့် တူကုန်၏” ဤသို့စသည်ဖြင့် ဖွင့်ပြထားသည်။

အလောင်းတော် နတ်သက်ကြွေရန် အခါရောက်ခြင်း

     အလောင်းတော် သေတကေတုနတ်သားသည် ထိုနန္ဒဝန်ဥယျာဉ်တော်သို့ ဝင်လာရောက်ရှိတော်မူလတ်သော် အတူတကွ ခြံရံလိုက်ပါလာကြသော တုသိတာဘုံသား နတ်သားနတ်သမီးတို့က အလောင်းတော်နတ်သားကို-

“အရှင်နတ်သားသည် ဤနတ်ပြည်မှ စုတေသော် ကောင်းမှုကုသိုလ်ရှင်တို့၏ လားရောက်ရာ သုဂတိဘုံ ဘဝသို့သာ သွားရောက်တော်မူပါလော့”—

ဟု ပြောဆိုကြကုန်၍ ရှေးကပြုဘူးသော ကောင်းမှုကုသိုလ်ကံတို့ကို အဖန်ဖန် ကြံတွေး အောက်မေ့စေကြကုန်လျက်

၁၄

အလောင်းတော်နတ်သားကို ဝန်းရံကြကာ ထိုနန္ဒဝန်ဥယျာဉ်တော်အတွင်း၌ လှည့်လည်ကြကုန်၏။ ဤသို့ ရှေးကောင်းမှု ကုသိုလ်ကံတို့ကို အဖန်ဖန် ကြံတွေးအောက်မေ့ရန် ဆော်ဖန်တိုက်တွန်းကြသော နတ်အပေါင်းတို့ ခြံရံလျက် နန္ဒဝန်ဥယျာဉ်တော်အတွင်း၌ လှည့်လည်တော်မူစဉ်ပင်လျှင် အလောင်းတော် သေတကေတုနတ်သား၏ စုတေရန် (နတ်သက်ကြွေရန်) အချိန်ကာလ စေ့ရောက်ခဲ့လေသည်။

(ဂ) ပဋိသန္ဓေ တည်နေကြောင်း

     ထိုသို့ အလောင်းတော် သေတကေတုနတ်သား၏ စုတေရန်အချိန် စေ့ရောက်သောကာလ၌ သီရိမဟာမာယာ ဒေဝီသည်လည်း ကပိလဝတ်ပြည် သုဒ္ဓေါဒနမင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး အဖြစ်ဖြင့် အလွန်ကြီးကျယ်သော ထီးနန်းစည်းစိမ်ကို ခံစားစံနေတော်မူရာ အရွယ်တော်အားဖြင့် မဇ္ဈိမဝယ-ဟုခေါ်သော ဒုတိယအရွယ်တော်၏ တတိယကောဋ္ဌာသ= သုံးခုမြောက် အသက်ပိုင်းသို့* ရောက်ဆဲဖြစ်လေသည်။ ။(ထိုအခါကား လူတို့၏အသက်တမ်းမှာ တရာတမ်းကာလဖြစ်၍ သီရိမဟာမာယာဒေဝီ၏ အသက်တော်သည် ငါးဆယ့်ငါးနှစ် လေးလခန့် ရှိသောအခါ ဖြစ်၏။ သမန္တစက္ခုဒီပနီကျမ်း၌ ထိုအကြောင်း အကျယ်တဝင့် ရှင်းပြထားလေသည်။)

နက္ခတ်ပွဲသဘင် ခံစံခြင်း

     သီရိမဟာမာယာဒေဝီ မိဖုရားခေါင်ကြီး၏အသက် ငါးဆယ့်ငါးနှစ် လေးလခန့်ရှိသော ထိုနှစ် မဟာသက္ကရာဇ် ၆၇-ခု ဝါဆိုလဆန်း ၉-ရက်နေ့ဝယ် ကပိလဝတ်နေပြည်တော်၌ အစဉ်အလာအားဖြင့် ဆင်ယင်ကျင်းပမြဲဖြစ်သော ဥတ္တရာသဠ်နက္ခတ်ပွဲသဘင် ကြုံကြိုက်၍ ပြည်သူပြည်သား လူများအပေါင်းတို့သည် ပွဲကောင်းတခု အထိမ်းအမှတ်ပြု၍ သူ့ထက်ငါ ကြွေးကြော်ကြကုန်လျက် ထိုနက္ခတ်ပွဲသဘင်ကို ပျော်ရွှင်စွာ ကစား ကြကုန်၏။


     * ဒုတိယအရွယ်၏ တတိယအသက်အပိုင်း၌ သန္ဓေယူခြင်း၏ အကြောင်းကို အနုဒီပနီ၌ ဖော်ပြထားသည်။

၁၅

     မဟာမာယာဒေဝီသည်လည်း ထို ဝါဆိုလဆန်း ၉-ရက်နေ့မှ စ၍ ၁၄-ရက်နေ့အထိ (၆)ရက်တိုင်တိုင် သေရည်အရက် သောက်စားခြင်းမှ လွတ်ကင်းသော ပန်းနံ့သာ အခိုးအထုံ ပန်ဆင်လိမ်းကျံ မွမ်းမံတန်းဆာဆင်ခြင်းတို့နှင့် ပြည့်စုံသော ထိုနက္ခတ်ပွဲသဘင်ကို ပျော်ရွှင်ခံစားတော်မူ၏။ ထိုဝါဆိုလဆန်း ၉-ရက်မှ ၇-ရက်မြောက်ဖြစ်သော ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ မဟာမာယာဒေဝီသည် နံနက်စောစောကပင် နံ့သာရေမိုး ချိုးပြီးလတ်သော် လေးသိန်းကုန်သော အသပြာဥစ္စာတို့ကိုစွန့်၍ ကြီးမြတ်သော အလှူတော်ကို ပေးလှူတော်မူပြီးလျှင် အလုံးစုံသော အဆင်တန်းဆာတို့ဖြင့် ဆင်ယင်လျက် မြိန်မြတ်ကောင်းမွန်သော နံနက်ပွဲတော်စာကို တည်ခင်းသုံးဆောင်ပြီးနောက် အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလကို (ဆရာဒေဝိလရသေ့ထံ) ခံယူဆောက်တည်၍ လှပစွာ တန်ဆာဆင်အပ်သော ကြက်သရေတိုက်ခန်းသို့ ကွန့်မြန်းကြွချီကာ ကြက်သရေရှိသော နေရာထက်၌ အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှလုံး ကျင့်သုံး စံနေတော်မူလေသည်။

အိပ်မက်တော် မြင်မက်ခြင်း

     ယင်းသို့ ဥပုသ်နှလုံး ကျင့်သုံးစံနေလျက် ထိုလပြည့်နေ့ညဉ့်၏ နောက်ပိုင်း= ပစ္ဆိမယာမ်ဝယ် ကြက်သရေရှိသော နေရာထက်၌ လျောင်းစက်တော်မူ၍ မျောက်မျဉ်းအိပ်ပျော်ခြင်းသို့ ရောက်သောအခါ သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေလာမည့်အကြောင်း ရှေ့ပြေး ပုဗ္ဗနိမိတ်ဖြစ်သည့် ဤဆိုလတ္တံ့သော အိပ်မက်ကို မြင်မက်တော်မူလေသည်။

မြင်မက်တော်မူပုံကား.. စတုမဟာရာဇ်နတ်မင်းကြီး လေးပါးတို့သည် အိပ်စက်ရာ နေရာတော်နှင့်တကွ သီရိမဟာမာယာဒေဝီကို ပင့်ချီထမ်းမ-ကြကုန်၍ ဟိမဝန္တာ အနဝတတ်အိုင်သို့ ဆောင်ကြဉ်းခဲ့ကြကုန်၏၊ ယူဇနာခြောက်ဆယ်ရှိသော ဆေးဒန်းမြင်းသီလာ

၁၆

ကျောက်ဖျာအပြင်ဝယ် ခုနစ်ယူဇနာရှိသော အင်ကြင်းပင်ကြီး၏ အောက်၌ ထားကြကုန်၏။

ထို့နောက် ထိုစတုမဟာရာဇ် နတ်မင်းကြီးတို့၏ နတ်မိဖုရားများဖြစ်ကြသော နတ်သမီးတို့သည် လာရောက်ကြကုန်၍ သီရိမဟာမာယာဒေဝီအား အန၀တတ်အိုင်သို့ ဆောင်ယူကြပြန်၍ အညစ်အကြေးတို့ကို ဖျောက်ပယ်ရန်အကျိုးငှာ ရေချိုး၍ ပေးကြကုန်၏။ နတ်ဝတ်အထည်တို့ကို ဝတ်ဆင်၍ ပေးကြကုန်၏၊ နတ်နံသာတို့ကို လိမ်းကျံ၍ ပေးကြကုန်၏၊ နတ်ပန်းတို့ကို ဆင်မြန်းပန်ဆင်၍ ပေးကြကုန်၏။ ထို့နောက်တဖန် ထိုအနဝတတ်အိုင်မှ မနီးမဝေးသောအရပ်၌ တည်ရှိသည့် ငွေတောင်ကြီး၏အတွင်း ရွှေဗိမာန်တိုက်ခန်းဝယ် အရှေ့အရပ်သို့ ဦးခေါင်းပြု၍ သီရိမဟာမာယာဒေဝီ မိဖုရားကြီးကို အိပ်စက်စေကြကုန်၏။

အိပ်စက်တော်မူ၍ မယ်တော်မာယာဒေဝီမိဖုရား မျောက်မျဉ်းပျော်သောခဏ၌ မြတ်သော ဆင်ဖြူတော်သည် မယ်တော်မာယာအိပ်စက်ရာ ရွှေဗိမာန်ရှိသည့်ငွေတောင်မှ မနီးမဝေးသောအရပ်၌ တည်ရှိသော ရွှေတောင်ဝယ် လှည့်လည်ကျက်စားခဲ့ပြီးလျှင် ထိုရွှေတောင်မှ ဆင်းသက်ခဲ့၍ ရွှေဗိမာန်ရှိရာ ငွေတောင်သို့ တက်လာပြီးသော် ရွှေဗိမာန်အတွင်းဝင်ရောက်ကာ မဟာမာယာဒေဝီ မိဖုရားကြီးကို လက်ျာရစ်လှည့်လည်ပြီးမှ မိဖုရားကြီး၏ လက်ျာနံပါးကို ခွဲဖောက်ဖွင့်လှပ်လျက် ဝမ်းတိုက်အတွင်းသို့ ဝင်လာလေသည်-ဟု မြင်မက်တော်မူ၏။

ဘုရားအလောင်းတော် ပဋိသန္ဓေတည်နေခြင်း

     ယင်းသို့ အိပ်မက်မြင်မက်သော အခိုက်ကာလ ထိုခဏ၌ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်

၁၇

တုသိတာနတ်ပြည် နန္ဒဝန်ဥယျာဉ်တော်ဝယ် အသွယ်သွယ်သော ကြည့်ရှု နာကြား ခံစားဖွယ်ရာတို့ကို လှည့်လည်ကြည့်ရှု နာကြားခံစား သုံးဆောင်တော်မူရင်းမှ ဆင်ခြင်အောက်မေ့ခြင်း သတိသမ္ပဇဉ်တရား လက်မလွတ်ပဲ နတ်သက်ကြွေ စုတေတော်မူခဲ့၍ ဘိုးတော်အဉ္ဇနမင်း ဖြိုကြွင်းထိုနှစ် မဟာသက္ကရာဇ် (၆၇) ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ကာလ ပစ္ဆိမယာမ်၌ ဥတ္တရာသဠ်နက္ခတ်နှင့် စန်းယှဉ်လျက် ပဋိသန္ဓေစိတ် ၁၉-ပါးတို့တွင် ရှေးဘဝများက မေတ္တာဈာန်၏ရှေ့သွား ပရိကမ္မဘာဝနာအဖြစ်ဖြင့် ပွါးခဲ့သော သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ပဌမမဟာကုသိုလ်စိတ်၏ အကျိုးဝိပါက်ဖြစ်သော ပဌမမဟာဝိပါက်စိတ်ဖြင့် မယ်တော်ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲတည်နေတော်မူ၏။

(ဘုရားအလောင်းတော်မြတ် ပဋိသန္ဓေ တည်နေတော်မူခြင်း, ဖွားမြင်တော်မူခြင်း စသည်တို့အတွက် သက္ကရာဇ်အမည် တနင်္ဂနွေစသော နေ့အမည်တပ်လျက် ပြဆိုရခြင်းကား လောကီဗေဒင် ရာဇဝင်တို့၏ မှတ်သားချက် အလိုအတိုင်းသာလျှင် ပြဆိုရခြင်းဖြစ်၏၊ ပါဠိ အဋ္ဌကထာ ဋီကာကျမ်းတို့၌ ပြဆိုချက်မရှိချေ။ ။ဂေါတမပူရာဏ်ကျမ်း၌ “ကလိယုဂ်သက် ၂၅၇၀-ပြည့်နှစ် ဂေါတမမြတ်စွာဘုရား ဖြစ်ကြောင်း” ဆိုလေသည်။)

မြေငလျင် ပြင်းစွာတုန်လှုပ်ခြင်း

     ယင်းသို့ ဘုရားအလောင်းတော် ပဋိသန္ဓေ စွဲယူတည်နေသည်နှင့် တပြိုင်နက် စကြဝဠာ ကမ္ဘာလောကဓာတ် တသောင်းလုံးသည် ခြောက်ပါးသော အခြင်းအရာဖြင့် ပြင်းစွာ တုန်လှုပ်လေ၏၊ ဇာတိခေတ်ဖြစ်သည့် စကြဝဠာပေါင်း တသောင်းသော လောကဓာတ်မြေအပြင်သည်-

     (၁) အရှေ့ပိုင်းအရပ်မှ မြင့်မောက် တက်ကြွလာပြီးလျှင် အနောက်ပိုင်းအရပ်မှ ညွတ်ရှိုင်းနိမ့်ကျလျက် သွား၏။

၁၈

     (၂) တဖန် အနောက်ပိုင်းအရပ်မှ မြင့်မောက် တက်ကြွလာပြီးလျှင် အရှေ့ပိုင်းအရပ်မှ ညွတ်ရှိုင်းနိမ့်ကျလျက် သွား၏။

     (၃) ဤနည်းအတူ မြောက်မှ တောင်။

     (၄) တောင်မှ မြောက်။

     (၅) အလယ်မှ အနားဝန်းကျင်။

     (၆) အနားဝန်းကျင်မှ မြင့်မောက် တက်ကြွလာပြီးလျှင် အလယ်မှ ညွတ်ရှိုင်းနိမ့်ကျလျက် သွား၏။

ပုဗ္ဗနိမိတ်ကြီး (၃၂)ပါး

     ထိုမှတပါး ဘုရားအလောင်းတော်တို့ နောက်ဆုံးဘဝ ပဋိသန္ဓေ တည်နေတော်မူသော အခါတို့၌ ဖြစ်ပေါ်လာမြဲ ဓမ္မနိယာမ= ဓမ္မတာဖြစ်ကုန်သော အလွန်ထူးခြား ကြီးမားဆန်းကြယ် အံ့ဩဖွယ်ကောင်းလှသည့် ပညာရှိတို့အဖို့ “ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေပြီ”ဟု ကြိုတင်၍သိနိုင်ကြောင်း ပုဗ္ဗနိမိတ်ကြီး (၃၂)မျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုပုဗ္ဗနိမိတ်ကြီး (၃၂)ပါးတို့ကို ဇာတ်အဋ္ဌကထာနိဒါန်း၌ လာရှိသောအတိုင်း ဖော်ပြပေအံ့..၊ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေသောအခါ-

(၁) တသောင်းသော စကြဝဠာတိုက်တို့၌ မနှိုင်းယှဉ်နိုင်သော အလင်းရောင်ကြီး ပျံ့နှံ့၏။

(၂) ဘုရားအလောင်းတော်၏ ဘုန်းအသရေတော်ကို ရှုမျှော်ဖူးမြင်လိုကြသည့်ပမာ မျက်စိနှစ်ကွင်း အလင်းမရ နေကြရသောသူတို့သည် ထိုခဏ၌ မြင်ကြကုန်၏။

(၃) နားပင်းကုန်သော သူတို့သည်လည်း နားအပင်းပျောက်ကာ အသံကို ကြားကြကုန်၏။

(၄) အ-သဖြင့် စကားမပြောနိုင်သော သူတို့သည်လည်း ထိုခဏ၌ အအ-ပျောက်ကာ စကားပြောလာကြကုန်၏။

၁၉

(၅) ကုန်း-ကွ-ကောက်-ခွင်သော ကိုယ်ရှိသော သူတို့လည်း ထိုခဏ၌ ဖြောင့်မတ်သောကိုယ် ရှိကြကုန်၏။

(၆) ခြေဆွံ့သောသူ (မသွားနိုင်သူ)တို့လည်း ထိုခဏ၌ အဆွံ့ပျောက်ကာ ခြေဖြင့် ကောင်းစွာ သွားလာနိုင်ကြကုန်၏။

(၇) နှောင်အိမ် အနှောင်အဖွဲ့ (ထူး- ထိတ်- သံခြေကျဉ်း စသည်)၌ နှောင်ဖွဲ့ခြင်းကို ခံလျက်နေကြရသော သူတို့သည်လည်း ထိုခဏ၌ ထိုနှောင်အိမ် အနှောင်အဖွဲ့ အမျိုးမျိုးတို့မှ ကျွတ်လွတ်ကြကုန်၏။

(၈) အလုံးစုံသော ငရဲဘုံတို့၌ ငရဲမီးငြိမ်းအေး၏။

(၉) ပြိတ္တာဘုံ (ပြိတ္တာလောက)၌ ဆာလောင်ခြင်း ရေသိမ် (ရေငတ်)ခြင်း ကင်းစဲ ငြိမ်းအေး၏။

(၁၀) တိရစ္ဆာန်တို့အား ဘေးရန် တစုံတရာမျှမရှိ။ (ဘေးခပ်သိမ်းမှ လွတ်ငြိမ်းကြရကုန်၏။)

(၁၁) ရောဂါရှိသော သတ္တဝါခပ်သိမ်းတို့ ထိုရောဂါဟူသမျှတို့မှ လွတ်ငြိမ်း ပျောက်ကင်းကြကုန်၏။

(၁၂) သတ္တဝါခပ်သိမ်းတို့သည် တဦးကိုတဦး ကြည်နူးချစ်ခင်ဖွယ်ရာ စကားကိုသာ ပြောဆိုကြကုန်၏၊

(၁၃) မြင်းတို့သည် ချိုမြိန်သာယာစွာသော အခြင်းအရာဖြင့် ရွှင်လန်းမြူးထူးစွာ ဟီကြကုန်၏။

(၁၄) ဆင်တို့သည် ချိုမြိန်သာယာစွာသော အခြင်းအရာဖြင့် မြည်ကြကုန်၏။

(၁၅) စည်း စောင်းညှင်း-စသော တူရိယာခပ်သိမ်းတို့သည် မတီးမမှုတ်အပ်ပါပဲလျက် မိမိတို့အလိုလို မိမိတို့မြည်မြဲသော အသံကို ရင့်သီကျူးမြည်ကြကုန်၏။

၂၀

(၁၆) လူတို့၏ လက်ကောက်, ခြေကျဉ်း- အစရှိသော အဆင်တန်ဆာတို့သည် တခုနှင့်တခု မထိမခိုက်မိကြပဲလျက် အလိုအလျောက် အသံမြည်ကုန်၏။

(၁၇) အလုံးစုံသော အရပ်မျက်နှာ လဟာခပင်း ရှုမြင်ကွင်းတို့သည် သန့်ရှင်းကြည်လင်ကြကုန်၏။

(၁၈) သတ္တဝါတို့အား အေးမြချမ်းသာခြင်းကို ဖြစ်စေလျက် နူးညံ့သိမ်မွေ့သော လေပြေလေညှင်းတို့သည် ဖြည်းညှင်းသာယာ တိုက်ခတ်လာကုန်၏။

(၁၉) အခါမဲ့မိုးကြီး ရွာသွန်းလာ၏။ (မိုးရွာချိန်မဟုတ်ပဲ အုတ်အုတ်သဲသဲ လွန်ကဲသည်းထန်စွာ မိုးကြီးရွာသွန်းလာ၏။)

(၂၀) မဟာပထဝီ ဤမြေကြီးမှလည်း ရေသည် အလိုလိုစိမ့်ထွက်ကာ ထိုထိုဤဤ စီးသွားလေ၏။

(၂၁) ငှက်အများ ကောင်းကင်၌ ပျံသန်းခြင်းကို မပြုကြ။ (ထိုခဏ၌ ငှက်များ ကောင်းကင်၌ ပျံသွားခြင်း မရှိ။)

(၂၂) တသုန်သုန် တသွင်သွင် အစဉ်မပြတ် စီးသွား စုန်ဆင်းမြဲဖြစ်သော မြစ်ရေအယဉ်တို့သည် “အရှင်ကငေါက်၍ ကြောက်ရွံ့ရပ်နားသည့် ကျွန်အလား” စီးသွားစုန်ဆင်းခြင်းမရှိပဲ ပကတိရပ်တန့် ငြိမ်သက်၍ နေကုန်၏။

(၂၃) မဟာသမုဒြာ၌ ပကတိက ငန်သည့်အရသာရှိသော ရေသည် ထိုခဏ၌ ချိုမြိန်၍ လာပေ၏။

(၂၄) အလုံးစုံသော အရပ်မျက်နှာတို့၌ အဆင်းသုံးဖြာ ကြာမျိုးငါးပါးတို့ ဖြန့်လွှား ဖုံးလွှမ်းလျက် ရှိကုန်၏။ (ရေကန် ရေအိုင်တိုင်း ကြာမျိုးငါးပါးဖြင့် ဖုံးလွှမ်းအပ်သော ရေမျက်နှာပြင်ရှိ၏။)

၂၁

(၂၅) အလုံးစုံသော ကြည်းပန်း (ကုန်းပန်း) ရေပန်းတို့သည် ထိုခဏ၌ တပြိုင်နက် ပွင့်ကြကုန်၏။

(၂၆) သစ်ပင်တို့၏ ပင်လုံး ပင်စည်တို့၌ ခန္ဓပဒုမခေါ် ပင်စည်ပန်းတို့ အဆန်းတကြယ် ပွင့်ကြကုန်၏။

(၂၇) သစ်ပင်တို့၏ အခက်တို့၌ သာခါပဒုမ-မည်သော အခက်ပန်းတို့ အဆန်းကြယ် ပွင့်ကြကုန်၏။

(၂၈) သစ်ပင်တို့၏ အနွယ်တို့၌ လတာပဒုမ-မည်သော အနွယ်ပန်းတို့ အဆန်းတကြယ် ပွင့်ကြကုန်၏။

(၂၉) ဒဏ္ဍပဒုမ-မည်သော အရိုးတံပန်းတို့သည်လည်း ကုန်းမြေတခွင် ကျောက်ဖျာအပြင်တို့ကို ဖောက်ထွင်းကာ ခုနစ်ဆင့် ခုနစ်ဆင့်ဖြစ်၍ ပွင့်ထွန်း ပေါ်ထွက်လာကုန်၏။

(၃၀) ကောင်းကင်၌ ပဒုမာကြာပန်းတို့သည် အောက်သို့တူရူ မျက်နှာမူလျက် တွဲရရွဲ ဆွဲကြကုန်၏။

(၃၁) အရပ်ထက်ဝန်းကျင်မှ ပန်းမိုးတို့ တဖြိုးဖြိုး ရွာသွန်းကုန်၏။

(၃၂) ကောင်းကင်၌ နတ်ဖြစ်တူရိယာတို့လည်း မတီးမမှုတ်ရပဲ အလိုအလျောက် အသံမြည်ကုန်၏။

     ဤ (၃၂)ပါးသော ပုဗ္ဗနိမိတ်ကြီးတို့ကို အံ့ဖွယ်ကြီး (၃၂)ပါးဟူ၍လည်း ခေါ်၏။ အောက်ဖြစ်သည့် စတုဝီသတိဗုဒ္ဓဝင်ခဏ်း အလောင်းတော်တို့ ဖွားမြင်ခဏ်း၌ “အထက် ဂေါတမဗုဒ္ဓဝင်ခဏ်း၌ ပြဆိုမည်”ဟု ဝန်ခံခဲ့သည့် အံ့ဖွယ် (၃၂)ပါးတို့ဟူသည် ဤယခု ပြဆိုအပ်သော ပုဗ္ဗနိမိတ်ကြီး (၃၂)ပါးတို့ပင်တည်း။

     ဇာတိခေတ် စကြဝဠာတိုက်ပေါင်း လောကဓာတ်တသောင်းသည် ဤဆိုအပ်ပြီးသည့် ပုဗ္ဗနိမိတ်ကြီး အံ့ဖွယ်ကြီး (၃၂)ပါးတို့ဖြင့် တန်းဆာဆင်အပ်ရကား အလုံးပြု၍ ပစ်လွင့်အပ်သော ပန်းလုံးကြီးကဲ့သို့၎င်း, အပြည့်အကြပ် ကြားမလပ်အောင် ဖွဲ့အပ်သော

၂၂

ပန်းစည်းကြီးကဲ့သို၎င်း, တန်းဆာပြင်ဆင် ခင်းကျင်းအပ်သော ပန်းနေရာကြီးကဲ့သို့၎င်း ပန်းနှင့်ပန်းချင်း ထပ်မျှရှိလျက် သားမြီးယပ်ဖြင့် တလွှဲလွှဲ ခတ်အပ်သည့်ပမာ ပန်းအထုံအခိုး နံ့သာတို့ဖြင့် ထက်ဝန်းကျင် ကြိုင်လှိုင်လျက် လွန်မြတ်သော ကြက်သရေအစုသို့ ရောက်လေတော့သည်။

(ဤပုဗ္ဗနိမိတ် အံ့ဖွယ်ကြီး (၃၂)ပါးနှင့်စပ်၍ မှတ်ဖွယ်တို့ကို အနုဒီပနီ၌ ဖော်ပြထားသည်။)

သီရိမဟာမာယာဒေဝီ၏ အိပ်မက်ကို

ပုဏ္ဏားတို့ နိမိတ်ဖတ် လျှောက်ကြကြောင်း

     မဟာမာယာဒေဝီသည် အိပ်မက်ကို မြင်မက်ပြီး၍ စက်ရာမှ နိုးတော်မူလျှင် မိမိ၏အိပ်မက်ကို သုဒ္ဓေါဒနမင်းကြီးအား ကြားလျှောက်ပေ၏။

     သုဒ္ဓေါဒနမင်းကြီးသည်လည်း နံနက်မိုးသောက် ရောက်သောအခါ (၆၄) ခြောက်ကျိပ် လေးယောက်ကုန်သော ရှေ့ဆောင်အကြီးအမှူး ဗြာဟ္မဏပါမောက္ခ ဆရာကြီးတို့ကို ဆင့်ခေါ်စေတော်မူပြီးသော် နွားချေးစိုဖြင့် အပြေအပြစ် မွမ်းမံလိမ်းကျံအပ်သည်ဖြစ်၍ မင်္ဂလာပူဇော်သကာအလို့ငှါ ပန်းပေါက်ပေါက် စသည်တို့ဖြင့် ဖြန့်ကြဲစီရင် ပြင်ဆင်အပ်သောမြေ၌ သူမြတ်တို့အား ထိုက်တန်ကုန်သော နေရာတို့ကို ခင်းကျင်းစေပြီးလျှင် ထိုနေရာတို့၌ ပုဏ္ဏားတို့ကို ထိုင်နေကြစေကုန်လျက် ထောပတ်, ပျား, သကာတို့ဖြင့် ကောင်းစွာ စီရင်အပ်သောကြောင့် မြိန်မြတ်လှစွာသော နို့ဃနာတို့ကို အသီးသီး ရွှေခွက်တို့၌ အပြည့်ထည့်ပြီးနောက် ရွှေအဖုံး ငွေအဖုံးတို့ဖြင့် အုပ်ဖုံးလျက် ပုဏ္ဏားတို့အား သုံးဆောင်ရန် ပေးတော်မူ၏။ ထိုမှတပါးလည်း အစာမချေအပ်သော အဝတ် (အသစ်စက်စက်အဝတ်)တို့ကို ပေးခြင်း, နို့စားနွားမတို့ကို ပေးခြင်း စသည်ဖြင့်လည်း ရောင့်ရဲ နှစ်သက်စေတော်မူ၏။

၂၃

     ယင်းသို့ ရောင့်ရဲ နှစ်သက်စေတော်မူပြီးမှ မိဖုရားကြီး မဟာမာယာဒေဝီ၏ အိပ်မက်ကို ပြန်ကြားစေ၍ “ထိုအိပ်မက်ကား မည်သို့ အကျိုးအပြစ်ရှိသနည်း၊ ထိုအိပ်မက်နိမိတ်ကို ဖတ်ကြား လျှောက်ထားကြကုန်လော့”ဟု မေးမြန်း မိန့်ကြားတော်မူလေ၏။

     ပုဏ္ဏားတို့သည်လည်း “အရှင်မင်းကြီး.. တွေးကြံ စိုးရိမ်တော်မမူပါလင့်၊ မိဖုရား၌ ပဋိသန္ဓေ တည်နေလေပြီ၊ ထိုပဋိသန္ဓေ တည်နေလာသူကား မိန်းမမဟုတ်၊ ယောက်ျားစင်စစ်တည်း၊ အရှင်မင်းကြီးအား သားတော်ဖြစ်ထွန်းလတံ့၊ ထိုသားတော်သည် အကယ်၍ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေငြားအံ့၊ လေးကျွန်းသနင်း စကြာမင်းဖြစ်လတံ့။ အကယ်၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ တောထွက်၍ ရဟန်းပြုငြားအံ့၊ လောကသုံးပါး၌ ကိလေသာအမိုးကို ပယ်ချိုးဖွင့်လှစ်သော သဗ္ဗညုဘုရားစင်စစ် ဖြစ်လတံ့”ဟူ၍ နိမိတ်ဖတ်ကြား လျှောက်ထားကြကုန်၏။

နတ်မင်းကြီးတို့ စောင့်ရှောက်ကြခြင်း

     ဤသို့ မြတ်စွာဘုရားအလောင်းတော် ပဋိသန္ဓေနေတော်မူသော အချိန်မှစ၍ အလောင်းတော်နှင့် မယ်တော်တို့ မြင်ကြားတွေ့ကြုံလောက်ဖွယ်ရာ အရပ်ဌာနတို့၌ မြေဘုတ်ဘီလူးများ ဖောက်ပြန်သော ရုပ်ပုံအသွင် ရှုမြင်မကောင်းသည့် အဆင်းသဏ္ဌာန်ရှိသော သားမျိုး ငှက်မျိုးတို့ကို ဟန့်တားပယ်ဖျောက်ရန် အကျိုးငှါ ဤစကြဝဠာတိုက်၌ နေကုန်သော ဝေဿဝဏ်နတ်မင်း အစရှိကုန်သော စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည် သန်လျက်ကိုယ်စီ စွဲကိုင်ကြကုန်လျက် မယ်တော် မဟာမာယာဒေဝီ၏ ကြက်သရေတိုက်ခန်းသို့ ဝင်ကြကုန်၍ နေ့ညဉ့်မပြတ် ကြပ်မ စောင့်ရှောက်ကြကုန်၏။ ဤဇာတိခေတ်ပေါင်း စကြဝဠာ တိုက်တသောင်း၌ နေကြကုန်သော (တတိုက်တတိုက်လျှင် လေးယောက်ကျစီအားဖြင့်) လေးသောင်းကုန်သော စတုမဟာရာဇ် နတ်မင်းကြီးတို့သည် မြေဘုတ်ဘီလူး စသည်တို့ကို အရပ်တပါးသို့ ဖယ်ရှားစေကြ၍ မယ်တော် မဟာမာယာဒေဝီ၏

၂၄

ကြက်သရေတိုက်ခန်း တံခါးမှသည် စကြဝဠာအနားသို့ တိုင်ရောက်အောင် စောင့်ရှောက်ကြကုန်၏။

     ထိုသို့ စောင့်ရှောက်ကြခြင်းမှာ အလောင်းတော်နှင့် မယ်တော်တို့၏ အသက်အန္တရာယ်ကို ပုဂ္ဂိုလ်သတ္တဝါ တစုံတယောက်က ပြုလုပ်နိုင်လိမ့်မည်ဟု စိုးရိမ်ကြောင့်ကြရှိ၍ စောင့်ရှောက်ကြခြင်း မဟုတ်၊ မှန်၏.. ပစ္ဆိမဘဝသား ဘုရားအလောင်းတော်နှင့် မယ်တော်တို့ကို ထိုဘဝ၌ အကယ်၍ ကုဋေတသိန်းသော မာရ်နတ်တို့က ကုဋေတသိန်းသော မြင်းမိုရ်တောင်လုံးကြီးတို့ကို ချီယူကိုင်ဆောင်၍ အသက်အန္တရာယ်ကို ပြုလုပ်ရန် လာကြစေကာမူ ထိုမာရ်နတ်များ ထိုမြင်းမိုရ်တောင်များသာ ပျောက်ကွယ်ပျက်စီး၍ သွားကုန်ရာ၏၊ အလောင်းတော်နှင့် မယ်တော်တို့၏ အသက်အန္တရာယ်ကိုကား မပြုနိုင်သည်သာဖြစ်၏။

     ထိုသို့ မပြုနိုင်သော်လည်း ဘုရားအလောင်းတော်နဲ့ မယ်တော်အား မြင်ကြား၍ မကောင်းနိုင်သော ဆိုးဝါးဖောက်ပြန်လှသည့် ရုပ်ဆင်းသဏ္ဌာန် အသံတို့ကို မြင်ရ ကြားရလျှင် ကြောက်ရွံ့ထိတ်လန့်ခြင်းမူကား ဖြစ်နိုင်ဖွယ်ရာရှိသောကြောင့် ထိုအဆင်းဆိုး အသံဆိုး စသည်တို့ကို တားမြစ်ပယ်ပျောက်ခြင်း အကျိုးငှါသာ စတုမဟာရာဇ်နတ်မင်းကြီးတို့ သန်လျက်ကိုယ်စီ စွဲကိုင်လျက် စောင့်ရှောက်ကြခြင်းဖြစ်၏။ (တနည်းအားဖြင့်) အလောင်းတော်၏ ဘုန်းတန်ခိုး အာနုဘော်ကြောင့် ထိုနတ်မင်းကြီးတို့သန္တာန်၌ ဖြစ်ပေါ်သော ရိုသေလေးမြတ်သည့် ဂရုဂါရဝစိတ်ဓာတ်တို့က နှိုးဆော်တိုက်တွန်းကြသဖြင့် ထိုသို့ စောင့်ရှောက်ကြခြင်းဖြစ်၏။

     မေးမြန်းဖွယ် ရှိပြန်သည်မှာ.. မယ်တော်၏ ကြက်သရေတိုက်ခန်းအတွင်း လာရောက်စောင့်ရှောက် တည်နေကြသော ထိုစတုမဟာရာဇ် နတ်မင်းကြီးတို့သည် ဘုရားလောင်း၏ မယ်တော်အား မိမိတို့ကိုယ်ကို မြင်စေကြ (ပြုကြ)သလော၊ မမြင်စေကြ (မပြကြ)သလောဟု မေးဖွယ်ရှိ၏။ အဖြေကား.. ထိုနတ်မင်းကြီးတို့သည် မယ်တော် မဟာမာယာဒေဝီ ရေချိုးခိုက် တန်းဆာဆင်ယင်ခိုက်

၂၅

ပွဲတော်စာတည်ခိုက် ကိုယ်လက်သုဓ်သင် စင်စေခိုက် အခါကာလတို့၌ မိမိတို့၏ကိုယ်ကို မမြင်စေကြ (မပြုကြ)ကုန်။ မြတ်သော ကြက်သရေတိုက်ခန်းသို့ဝင်၍ မြတ်သောနေရာ၌ စက်လျောင်းသောအခါ၌ကား မိမိတို့၏ကိုယ်ကို မြင်စေကြ (ပြကြ)ကုန်၏။

     နတ်တို့ကို မြင်ကြရသူ ပကတိလူတို့မှာ ထိတ်လန့် ကြောက်ရွံ့တတ်ကြသော်လည်း မယ်တော် မဟာမာယာဒေဝီမှာကား ထိုနတ်မင်းကြီးတို့ကို မြင်ရသောအခါ အလောင်းတော်၏ ဘုန်းအာနုဘော်, မိမိ၏ ဘုန်းအာနုဘော်ကြောင့် ကြောက်ရွံ့ထိတ်လန့်ခြင်း အလျှင်းမရှိ၊ ပကတိအားဖြင့် နန်းတွင်းသူ နန်းတွင်းသား အစောင့်အရှောက်များကို မြင်ရသောအခါ၌ကဲ့သို့ ဖြစ်လေ၏။

ပကတိသီလမြဲခြင်း

     ပစ္ဆိမဘဝသား ဘုရားအလောင်းတော်တို့၏ မယ်တော်တို့မည်သည် ထိုဘဝ၌ ပကတိအားဖြင့် သီလမြဲကုန်၏။ ဘုရားမပွင့်သေးမီအချိန်၌ လူများသည် ရသေ့ပရိဗိုဇ်တို့ထံ၌ ရှိခိုး၍ ဆောင့်ကြောင့်ထိုင်ကာ သီလကို ခံယူကြမြဲဖြစ်သည်။ ဘုရားအလောင်း၏မယ်တော် မဟာမာယာဒေဝီသည်လည်း အလောင်းတော် ပဋိသန္ဓေ မတည်မီအချိန်က ကာဠဒေဝိလရသေ့၏ အထံ၌ သီလခံယူခဲ့လေသည်။ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေသောအခါ၌ကား တပါးသူ၏ မြေရင်း၌ ဝပ်စင်းရိုး ဓမ္မတာမဟုတ်၊ နေရာတန်းတူထား၍ ခံယူအပ်သော သီလကိုလည်း (တပည့်ခံသည့်အနေမဟုတ်ပဲ) ဆင်ခြင်ရုံမျှသာ ဆင်ခြင်ရတော့သည်။ ထို့ကြောင့် မဟာမာယာဒေဝီသည် အလောင်းတော် ပဋိသန္ဓေ တည်နေသောအခါမှစ၍ မိမိကိုယ်တိုင်သာလျှင် သီလကို ဆောက်တည် ဆင်ခြင်တော်မူသည်။ ကာဠဒေဝိလရသေ့ထံ တပည့်ခံ၍ ဆောက်တည်နေခြင်း အလျှင်းမရှိဟု သိမှတ်အပ်၏။

လောဘရမ္မက်စိတ် မဖောက်ပြား

     ပစ္ဆိမဘဝသား ဘုရားအလောင်းတော်တို့၏ မယ်တော်တို့မည်သည် အလောင်းတော်တို့ ပဋိသန္ဓေ တည်နေသည်မှစ၍

၂၆

ဘုရားလောင်း၏ ဖခင်ကို အစပြုကာ အခြားယောက်ျား တစုံတယောက်အပေါ်မှာမှ ရာဂရမ္မက် တပ်မက်ငြိစွန်းခြင်း အလျှင်းပင် မရှိကြကုန်၊ ရာဂရမ္မက် တပ်မက်ငြိစွန်းသော အလိုများ ကင်းစင်သန့်ရှင်းမြဲဓမ္မတာ ဖြစ်ချေသည်။ ဘုရားအလောင်းတော်၏ မယ်တော်ကို ရှုမြင်ကြရသူ ပုထုဇန်တို့ကမူ အလောင်းတော်၏ မယ်တော်ကို တပ်မက်ငြိစွန်းသော စိတ်အလိုရမ္မက် မဖြစ်မပေါ်လာဟူ၍ကား မဆိုနိုင်ချေ။ အကြောင်းသော်ကား.. ပစ္ဆိမဘဝသား ဘုရားအလောင်း မယ်တော်တို့၏ ရုပ်ဆင်းပြင်လျာမည်သည် ရှည်မြင့်စွာသော ဘဝကာလတို့က ပြုကျင့်ဆည်းပူးခဲ့သော ပါရမီကောင်းမှု ကုသိုလ်အစုတို့ကြောင့် ပန်းပုပညာ ပန်းချီပညာ ကမ်းဆုံးရောက် တတ်မြောက်သူ ဆရာကြီးတို့ပင်သော်လည်း ထပ်မျှတူအောင် ပုံတူထုလုပ် ရေးသားခြင်းငှါ မတတ်နိုင်အောင်ပင် လှပတင့်တယ် ဆန်းကြယ်ကောင်းမြတ်သော အသရေတို့ကို ဆောင်လျက်ရှိသောကြောင့်တည်း။

     ထိုမျှလောက် လှပတင့်တယ်၍ ဆန်းကြယ်ကောင်းမြတ်သော အသရေတော်နှင့် ပြည့်စုံသည့် ဘုရားလောင်းမယ်တော်ကို ရှုမြင်ကြရသူတို့သည် ရှုမြင်ရရုံမျှဖြင့် အားရရောင့်ရံမှုမရှိပဲ တပ်ငြိသော ရာဂစိတ်ဖြင့် ဘုရားလောင်းမယ်တော်တို့ အနီးအပါးသို့ သွားရောက်ချဉ်းကပ်မည်ဟု ကြံစည်အားထုတ်ခဲ့ပါမူ ထိုသူတို့၏ ခြေတို့သည် ထိုကြံစည်အားထုတ်မှု ပြုသောနေရာမှ မထမကြွနိုင်တော့ကုန်၊ ခြေနှစ်ဖက်လုံးကို နတ် ထိတ်တုံး ခြေကျဉ်းဖြင့် တင်းကြပ်စွာ ခတ်ဖွဲ့ထားသကဲ့သို့သာ ဖြစ်ကြရလေကုန်၏။ ထို့ကြောင့် ပစ္ဆိမဘဝ ဘုရားအလောင်းမယ်တော်တို့ မည်သည်ကား မည်သည့်နတ်လူ တစုံယောက်မျှ မပြစ်မှား မကျူးလွန်နိုင်ကောင်းသော မိန်းမမြတ်အထူးတို့ ဖြစ်ကြောင်းကို ကောင်းစွာ သိမှတ်အပ်၏။

မယ်တော့်ဝမ်းသိုက် စေတီတိုက်ကဲ့သို့ ဖြစ်ခြင်း

     ဘုရားအလောင်းတော်မြတ် သန္ဓေဓာတ်၏ ကိန်းဝပ်စွဲတည်ရာ မင်္ဂလာဝမ်းတိုက်တော်သည် အပူဇော်ခံရာ စေတီအိမ်ပမာကဲ့သို့

၂၇

မွန်မြတ်လှသည်ဖြစ်၍ စင်စစ်အားဖြင့် အခြားသူတစုံတယောက်မျှ ဝင်ရောက် ကိန်းအောင်းခြင်းငှါ၎င်း, သုံးဆောင်ခြင်း (အသုံးပြုခြင်း)ငှါ၎င်း မထိုက်ချေ၊ အလောင်းတော်၏မယ်တော် အသက်ထင်ရှားရှိနေစဉ် ကာလအတွင်း မယ်တော်မှတပါး အခြားသောမိန်းမကို အထွတ်အမြတ်ဆုံး (အဂ္ဂမဟေသီမိဖုရားကြီး)အဖြစ် တင်ထားခြင်းငှါလည်း မတတ်နိုင်ကောင်းချေ။ ထို့ကြောင့်ပင် ဘုရားအလောင်းတော်ကို ဖွားမြင်ပြီးနောက် ခုနစ်ရက်မြောက်၌ ဘုရားအလောင်းမယ်တော်သည် တုသိတာနတ်ပြည်သို့ စံလွန်တော်မူကြရမြဲဓမ္မတာ ဖြစ်လေသည်။ ဘုရားအလောင်း ကိန်းအောင်းစံတည်ရာ မဟာမာယာဒေဝီ၏ ရတနာရွှေသိုက် ဝမ်းကြာတိုက်ကား ဝရဇိန်ရွဲ စိန်ခဲအတိ ပြည့်သကဲ့သို့ ရှိပေသည်။

လက်ဆောင်ပဏ္ဏာများ ရောက်ခြင်း

     ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားကြီး မဟာမာယာဒေဝီအား ဤသို့ ဘုန်းအသရေရှိသော သားတော်ရတနာ သန္ဓေတည်လာသတဲ့-ဟု သတင်းကောင်းစကား ကြားသိကြကုန်သော အရပ် ထက်ဝန်းကျင်တို့မှ မင်းများစွာတို့သည်လည်း အဖိုးများစွာ ထိုက်တန်ကောင်းမွန်ကုန်သော အဝတ်အထည်တန်းဆာ တူရိယာ အစရှိသည့် အလောင်းတော်မြတ် နှစ်သက်အပ်လောက်သော လက်ဆောင် ပဏ္ဏာတို့ကို သုဒ္ဓေါဒနမင်းကြီးထံ ဆက်ကြကုန်၏။ အလောင်းတော်နှင့် မယ်တော်တို့၏ ရှေးကောင်းမှု ကုသိုလ်တို့ကြောင့် ထိုထိုအရပ်တို့မှ ဆက်သပူဇော်လာကြကုန်သော လက်ဆောင်ပဏ္ဏာ လပ်သပ်ပကာတို့ကား အရေအတွက်အားဖြင့် မပိုင်းခြား မမှတ်သားနိုင်လောက်အောင်ပင် များပြားလှစွာကုန်၏။

၀မ်းတွင်းကသားတော်ကို မယ်တော်မြင်ရခြင်း

     မဟာမာယာဒေဝီသည် ဘုရားအလောင်းတော်ကို ပဋိသန္ဓေယူလျက် ကိုယ်ဝန်ဆောင်ရငြားသော်လည်း အခြားသော ကိုယ်ဝန်ဆောင် မိန်းမတို့ကဲ့သို့ လက်ခြေဖောယောင်ခြင်း အစရှိသော

၂၈

ရောဂါ, ကိုယ်အင်္ဂါအစိတ်အပိုင်း တစုံတရာ နာကျင်ခြင်း လေးလံခြင်းစသည့် ပင်ပန်းဆင်းရဲမှုမျိုး မရှိပေ။ ယင်းသို့ ပင်ပန်းဆင်းရဲခြင်းမှ ကင်းရှင်းသော မဟာမာယာသည် ကလလရေကြည် တည်ကာစကာလ အစရှိကုန်သော ကိုယ်ဝန်၏ နုသောအချိန်ကာလတို့ကို လွယ်ကူချမ်းသာစွာ လွန်မြောက်၍ ခက်မငါးဖြာ အင်္ဂါအစိတ်အပိုင်းတို့ ကောင်းစွာဖြစ်ပွါး ထင်ရှားပြည့်စုံလျက် အလောင်းတော်သန္ဓေဓာတ် ရင့်ကျက်ခြင်းသို့ ရောက်လတ်သောအခါ မိမိ၏ ၀မ်းကြာတိုက်အတွင်း၌ တည်နေသော သားတော်ကို အနေအထား ကောင်းသည် မကောင်းသည်၊ ချမ်းသာစွာ နေရသည် မနေရသည်တို့ကို မိခင်တို့၏ ဓလေ့အားလျော်စွာ ပြင်ဆင်ဖွယ်ရှိက ပြင်ဆင်ရန်အကျိုးငှါ ရံဖန်ရံခါ ကြည့်ရှုတော်မူ၏၊ ထိုသို့ ကြည့်ရှုတော်မူသော အခါတို့၌ ကောင်းစွာပြုပြင် စီရင်အပ်သောကြောင့် အမြှောင့်ရှစ်သွယ်ဖြင့် တင့်တယ်သန့်ရှင်း ကြည်လင်ခြင်းရှိသော ကျောက်မျိုးဇာတိ ဝေဠုရိယ မြမျက်ရွဲ၌ ဖောက်ဆွဲကုံးသီအပ်သည့် အရောင်တလက်လက်ထွက်သော ပိုးကြိုးချည်မျှင်ကိုကဲ့သို့၎င်း, တရားဟောရာ ဓမ္မာသနပလ္လင်ပေါ်၌ နောက်မှီတံကဲကိုမှီလျက် စမ္ပယ်တင့်တယ်စွာ ထိုင်နေသော ဓမ္မကထိက တရားဟောပုဂ္ဂိုလ် အရှင်မြတ်တို့ကဲ့သို့၎င်း မိခင်ဖြစ်သောမိမိ၏ ကျောက်ဆူးရိုး (ကျောရိုး)ကို နောက်မှီပြု၍ ထက်ဝယ် (တင်ပလ္လင်)ဖွဲ့ခွေလျက် မိခင်ဖြစ်သော မိမိ၏ဝမ်းရေကို မျက်နှာမူ၍ ချမ်းသာစွာ စံနေတော်မူသော အလောင်းတော်ကို ကောင်းစွာ မြင်ရလေသည်။

(လူ့လောကဝယ် အမိဝမ်းခေါင်း ကိန်းအောင်းရသူ အခြား သာမန်လူတို့မှာ အမိ၏ ရွံဖွယ်ပုပ်လှောင်း ရနံ့ မကောင်းသည့် အစာဟောင်းအိမ်ပေါ်၌ထိုင်ကာ အစာသစ်အိမ်ကို ဦးခေါင်းဖြင့်ရွက်၍ အမိ၏ ရှေ့ဝမ်းရေကို နောက်မှီပြုသဖြင့် ထူး(ဒူး)ချင်းခေါက်ပြိုင် ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်နှစ်ခု၏အပေါ်၌ မေးကိုတင်ထားကာ မိုးစွေခိုက်အခါတွင် သစ်ပင်အခေါင်း၌

၂၉

အောင်းလျက်နေရသော မျောက်အိုကဲ့သို့ ငြိုငြင်ဆင်းရဲစွာ အမိဝမ်း၌ ကိန်းအောင်းနေကြရလေသည်။)

ဝမ်းတွင်းက သားတော်ကို မြင်ရခြင်းအကြာင်း

     “မယ်တော် မဟာမာယာဒေဝီသည် မိမိ၏ ဝမ်းကြာတိုက်အတွင်း၌ တည်နေသော သားတော်ကို အပြင်မှ မြင်နိုင်ရခြင်း အကြောင်းကား.. မိမိ၏ ရှေးရှေးဘဝတို့က ဖြည့်ကျင့်ဆည်းပူး အားထုတ်ခဲ့သော ကောင်းမှု ကုသိုလ်ထူးတို့ကြောင့် မဟာမာယာ၏ ကိုယ်ထည်ဒြဗ်၌ ထူထပ်ကြီးကျယ် ပိတ်ကွယ်မှေးကာမည့် ကြေးလွှာညစ်ကျု ကြမ်းတမ်းသော ရုပ်ဝတ္ထုအစုတို့သည် မရှိခဲ့ကုန်၊ ထိုသို့မရှိခြင်းကြောင့် မဟာမာယာ၏ ကိုယ်ထည်ဒြဗ်သည် အလွန်စင်ကြယ်သန့်ရှင်း နူးညံ့သိမ်မွေ့ခြင်း ထူးကဲလှစွာ၏၊ ထိုသို့ အလွန်ထူးကဲစွာ စင်ကြယ်သန့်ရှင်း နူးညံ့သိမ်မွေ့ခြင်းရှိသော ကိုယ်ထည်ဒြဗ်၌ဖြစ်လာသော မင်္ဂလာကြာသိုက် ဝမ်းတိုက်အရေတော်သည်လည်း ဖလ်မှန်လွှာအလား ပတ္တမြားချပ်ပမာ လွန်စွာပင် ကြည်လင်လှပေ၏။ ယင်းသို့ လွန်စွာကြည်လင်သန့်ရှင်း သိမ်မွေ့ခြင်းရှိလှသော ဝမ်းရေတော်သည် အတွင်း၌တည်နေသော သားတော်ကို အပြင်မှ မမြင်ရအောင် မကာကွယ် မဖုံးလွှမ်းတော့ချေ။ ထို့ကြောင့်ပင် မယ်တော် မဟာမာယာဒေဝီသည် မိမိ၏ဝမ်းတွင်း၌ ကိန်းတည်နေသော အလောင်းတော်သားကို အပြင်မှပင် ပကတိမျက်စိဖြင့် ဝမ်းရေပြင်ကို ဖောက်ထွင်း၍ (မှန်သေတ္တာအတွင်း ထည့်သွင်းထားသည့် ဝတ္ထုကိုကဲ့သို့) ထင်လင်းစွာ မြင်နိုင်လေသည်။

     အထူးမှတ်ရန်မှာ- မယ်တော် မဟာမာယာဒေဝီက ဝမ်းတိုက်တွင်းရှိ သားတော်ကို လင်းလင်းထင်ထင် မြင်ရသော်လည်း “အမိဝမ်းတွင်း၌ စက္ခုဝိညာဏ်= အမြင်စိတ်ဖြစ်ပေါ်ရိုး မရှိသောကြောင့်” မယ်တော်ဝမ်းတိုက်၌ ကိန်းစံနေသော အလောင်းတော်သည်ကား မယ်တော်ကို မမြင်ရချေ။

၃၀

(ဃ) ဘုရားအလောင်းတော် ဖွားမြင်ခဏ်း

     ပစ္ဆိမဘဝသား ဘုရားအလောင်းတော်တို့၏ မယ်တော်တို့မှတပါး အခြားမိန်းမတို့မှာ မိမိတို့၏ကိုယ်ဝန်ကို ဆယ်လထက် အလွန်သော်၎င်း, ဆယ်လအောက် အယုတ်သော်၎င်း ဆောင်ကုန်လျက် ရက်-လ-မမြဲမူ၍ ဖွားမြင်တတ်ကြကုန်၏၊ လျောင်း-ထိုင်ရပ်-သွား- လေးပါးသော ဣရိယာပုထ်တို့တွင် အမှတ်မထင် တပါးပါးသော ဣရိယာပုထ်တို့ဖြင့် ဖွားမြင်တတ်ကြကုန်၏၊ တချို့ လျောင်း၍ ဖွားမြင်တတ်ကြကုန်၏။ တချို့ ထိုင်၍, တချို့ ရပ်၍, တချို့ သွား၍ ဖွားမြင်တတ်ကြကုန်၏။

     ပစ္ဆိမဘဝသား ဘုရားအလောင်းတော်တို့၏ မယ်တော်တို့သည်မူကား- ထိုသို့ မဟုတ်ကုန်မူ၍ ပဋိသန္ဓေယူသော နေ့ရက်အချိန်ကာလမှ စတင်လျက် လအားဖြင့် ဆယ်လ၊ ရက်အားဖြင့် (၂၉၅) နှစ်ရာ့ကိုးဆယ်ငါးရက် အတိုင်းအရှည် ပြည့်စုံစေ့ရောက်သော အချိန်ကာလ၌သာ ထိုကိုယ်ဝန်ပဋိသန္ဓေကို ဆောင်ကြပြီးလျှင် ရပ်သော ဣရိယာပုထ်ဖြင့်သာ ဖွားမြင်ကြမြဲဓမ္မတာ ဖြစ်ကုန်၏။ ဖွားမြင်ရာ၌လည်း တစုံတရာ စက်ဆုပ်ဖွယ်ရာ အညစ်အကြေးတို့ဖြင့် လိမ်းကျံပေရေခြင်း မရှိပဲ သန့်ရှင်းစင်ကြယ်သည်ဖြစ်၍ ကာသိတိုင်းဖြစ် အထည်သစ်အပေါ်၌ တင်ထားအပ်သော ပတ္တမြားရတနာကဲ့သို့ တင့်တယ်ထွန်းပစွာ ဖွားမြင်တော်မူကြမြဲ ဖြစ်ကုန်၏။

     ဘုရားအလောင်းတော်တို့မှတပါး အခြားသူတို့သည် မိခင်၏ ကမ္မဇလေ လှုပ်ရှားသောအခါ၌ ထိုလေ၏ အဟုန်အားဖြင့် (ခြေကား အထက် ဦးခေါင်းကား အောက်) ဦးစောက်ပြောင်းပြန် လန်၍ကျပြီးလျှင် မိခင်၏ ယောနိဒွါရ ပဿာ၀ဝယ် မာလှသော အသားစိုင်အတွင်းရပ်မှ တင်းကြပ်စွာ ဖိညှပ်ဖျစ်ညှစ်ဘိသကဲ့သို့ ပွန်းရိကြေမွလုမျှ အလွန်ထိခိုက် နာကျင်လှသော ဆင်းရဲဒုက္ခကို ခံစားကြရကုန်လျက် အသူတရာနက်သော ချောက်အတွင်းသို့ ကျရောက် သက်ဆင်းရဘိသကဲ့သို့၎င်း, ကျဉ်းမြောင်းလှစွာသော သံကောက်ပေါက် (သော့ပေါက်)မှ ဆင်ပြောင်ကြီးကို

၃၁

ဆွဲငင် ထုတ်ဆောင်ဘိသကဲ့သို့၎င်း မချိဆင်းရဲ ပင်ပန်းငြိုငြင်စွာ ထွက်မြောက် ဖွားမြင်လာကြရကုန်၏။

     ဘုရားအလောင်းတော်တို့မူကား ထိုသို့ မဟုတ်ကုန်ပဲ ဓမကရိုဏ် ရေစစ်၏အတွင်းမှ ရေဆင်းသည့်အလား လွယ်ကူသက်သာစွာ ထွက်မြောက် ဖွားမြင်ကြရကုန်မြဲ ဖြစ်ကုန်၏။ (ဥပမာအားဖြင့်) တရားဟောပြီး၍ ဓမ္မာသနပလ္လင်မှ ဖြည်းညှင်းသာယာစွာ ကြွဆင်းလာသော ဓမ္မကထိက အရှင်မြတ်ကဲ့သို့၎င်း, စောင်းတန်းလှေကားမှ ချမ်းသာငြိမ်သက်စွာ သက်ဆင်းလာသော ယောက်ျားကဲ့သို့၎င်း, ရောင်ခြည်တထောင်ဆောင်သော နေမင်းသည် ရွှေတောင်ကို ဖောက်ထွင်း၍ ထွန်းလင်း ထွက်ပြူလာသကဲ့သို၎င်း ကြောက်လန့်ရွံ့ရှားခြင်း အလျှင်းမရှိ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံစွာ မျက်လုံးတော်တို့ကိုဖွင့်၍ ခြေတော်တို့ကိုဆန့်လျက် လက်ဝါးတော်တို့ကို ဖြန့်လျက် ငြိမ်သက်ချမ်းသာစွာ ထွက်ကြွသန့်စင် ဖွားမြင်တော်မူကြရကုန်၏။

မဟာမာယာဒေဝီ ဒေ၀ဒဟပြည်သို့ ကြွချီကြောင်း

     မယ်တော် မဟာမာယာဒေဝီသည် ဆီကို သပိတ်ဖြင့် ဆောင်သကဲ့သို့ ဘုရားအလောင်းကို ဆယ်လပတ်လုံး ဝမ်းကြာတိုက်ဖြင့် လွယ်ပိုက် ထိန်းဆောင်လျက် ရင့်မာခြင်းသို့ ရောက်လာသောအခါ မိမိ၏ ဇာတိရပ်မြေ ဆွေမျိုးတို့နေရာ ဒေဝဒဟပြည်သို့ သွားရောက်လိုသောဆန္ဒ လှုံ့ဆော်လတ်ရကား သုဒ္ဓေါဒနမင်းကြီးအား “အရှင်မင်းကြီး.. အကျွန်ုပ်သည် ဆွေမျိုးတို့၏စံရာ ဒေဝဒဟပြည်သို့ သွားလိုပါသည်”ဟု လျှောက်ထား ပန်ကြားလေ၏။

     သုဒ္ဓေါဒနမင်းကြီးသည်လည်း “ကောင်းပြီ”ဟု ၀န်ခံခွင့်ပြုတော်မူ၍ ကပိလဝတ် နေပြည်တော်မှသည် ဒေဝဒဟပြည်သို့တိုင်အောင် ခရီးလမ်းကို ညီညွတ်ပြေပြစ်စွာ ပြင်ဆင်စေပြီးသော် ထိုခရီးလမ်း၏ နံပါးနှစ်ဖက်တို့၌ ငှက်ပျောပင်စိုက်ခြင်း ရေပြည့်အိုး (ရေအိုးစင်များ တည်ထားခြင်း, ကွမ်းသီးပင် စိုက်ခြင်း, တံခွန်အောင်လံတို့ကို စိုက်ထောင်လွှင့်ထူခြင်း စသည်တို့ဖြင့် ခရီးလမ်းအစဉ်ကို

၃၂

နတ်လမ်းမအသွင် တင့်တယ်စွာ ဆင်ယင်စေပြီးလျှင် မဟာမာယာဒေဝီ မိဖုရားကြီးကို အသစ်ဖြစ်သော ရွှေထမ်းစင်ပေါ်၌ ထိုင်နေစမ္ပယ်စေလျက် ထိုရွှေထမ်းစင်ကို အမတ် (မင်းချင်းယောက်ျား)ပေါင်း တထောင်တို့အား ပင့်ချီဆောင်ကြဉ်းစေ၍ အရာအခွင့်အားလျော်စွာ အမှုတော်ကို ထမ်းဆောင်ကြရန် ခြွေရွေသင်းပင်း ဝင်းကိုယ်ရံတော် အဆောင်အယောင် အခမ်းအနား များစွာတို့ဖြင့် ဒေဝဒဟပြည်သို့ ပို့စေတော်မူ၏။

(ကပိလဝတ်ပြည်မှ ဒေ၀ဒဟပြည်သို့ မယ်တော်မာယာ ကြွချီခဏ်း၌ ကျမ်းဆရာတို့ အဆိုအမိန့် မတူကြပုံကို အနုဒီပနီ၌ ဖော်ပြထားသည်။)

လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်

     ကပိလ၀တ်နေပြည်တော်နှင့် ဒေဝဒဟပြည် နှစ်ပြည်ထောင်တို့၏ အကြား၌ ထိုနှစ်ပြည်ထောင်သား လူအများတို့ အသုံးပြုခြင်းငှါထိုက်သော လုမ္ဗိနီမည်သော အင်ကြင်းတောသည် ရှိ၏။ ထိုအင်ကြင်းတောသည် မဟာမာယာဒေဝီ မိဖုရားကြီး ကြွသွား ဆိုက်ရောက်တော်မူသောအခါ၌ ပင်ရင်းပင်ခြေမှ အခက်အဖျားတိုင်အောင် ပင်လုံးကျွတ် အပင်တိုင်း ပွင့်လျက်ချည်းရှိ၏။

     ထို အင်ကြင်းတော အင်ကြင်းပင်တို့ဝယ် အပွင့် အကြား အခက်အလက် အကြားမှ အဆင်းငါးထွေ အရေအရောင်ရှိသော ပိတုန်းအုပ်စုတို့သည်၎င်း, အမျိုးမျိုးသော ငှက်အပေါင်းတို့သည်၎င်း ချိုမြိန်သာယာ နာပျော်ဖွယ်အသံတို့ဖြင့် ဝဲပျံကွန့်မြူး တွန်ကျူးရင့်ရူလျက် ရှိကြကုန်၏။ ထိုအင်ကြင်းတော တခုလုံးသည် သိကြားနတ်မင်း၏ စိတ္တလတာမည်သော ဥယျာဉ်တော်နှင့်မခြား ပျော်ပါးမွေ့လျော်ဖွယ်ရာ ဆန်းကြယ်စွာသော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံလျက်ရှိ၏။ ဘုန်းတန်ခိုးအာနုဘော် ကြီးမြတ်သော မင်းသည် ကောင်းစွာပြုပြင် စီရင်ထားအပ်သည့် ပျော်ပွဲစား ရိပ်ဝန်းပမာ လွန်စွာပျော်ရွှင်ကြသော အသံတို့ဖြင့် တရံမစဲ ခြိမ့်ခြိမ့်သဲ ဆူညံနေဘိသကဲ့သို့ ရှိချေ၏။ (ဤကား ဇာတ်အဋ္ဌကထာ၏ ဖွင့်ဆိုချက်တည်း။)

၃၃

     လုမ္ဗိနီအင်ကြင်းတော၌ ရှိကုန်သော အင်ကြင်းပင်တို့၏ အခက်အလက် အပွင့်အဖူးတို့၏ အကြားအကြားတို့မှ အလွန်အကြူး အထူးမွေ့လျော်ခြင်းကို ပြုတတ်သည့် နားဝင်ချိုသာ စိတ်မှာရွှင်မြူးဖွယ် အထူးမြည်တွန်တတ်ကုန်သော, အင်ကြင်းပန်း ရနံ့ဝတ်ရည်တို့ဖြင့် ယစ်ကာ ဝမ်းသာဝမ်းမြောက်ကြကုန်သော, (ထိုပန်းနံ့ဝတ်ရည်တို့ကို ခံစားသွားလာ ပျံဝဲလျက်ရှိကြကုန်သော, သူတပါးအဖို့ကိုပါ ဆောင်ယူတတ်သော) ပျားပိတုန်းမတို့သည် သာယာရင့်ကျူးအပ်သည်ဖြစ်၍ ထိုလုမ္ဗိနီ အင်ကြင်းတောသည် နတ်တို့နှစ်သက်အပ်သည့် နန္ဒဝန်ဥယျာဉ်နှင့် တူလှပေ၏။

[ ( )ကွင်းအတွင်း စကားရပ်၏ အမှာကို အနုဒီပနီ၌ ကြည့်။ ]

ဝိဘူသိတာ ဗာလဇနာတိစာလိနီ၊

ဝိဘူသိတင်္ဂီ ဝနိတေ၀ မာလိနီ၊

သဒါ ဇနာနံ နယနာလိမာလိနီ၊

ဝိလုမ္ဗိနီဝါတိဝိရောစိ လုမ္ဗိနီ။

     ဗာလဇနာတိစာလိနီ= အရွယ်နုပျို လူထိုထို၏ စိတ်ကိုဖောက်ပြား ချောက်ချား တုန်လှုပ်စေနိုင်သော။ ဝိဘူသိတင်္ဂီ= ပုတီးနားဍောင်း သွယ်ပျောင်းစုံလင် တန်းဆာဆင်အပ်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း ရှိပေသော။ မာလိနီ= ပန်းမျိုးစုံလင် ပန်ဆင်လျက်ရှိသော။ ဝနိတာ= မိန်းမပျိုသည်။ အတိဝိရောစိ ဣ၀= အလွန် တင့်တယ်သကဲ့သို့။ ဝိဘူသိတာ= ဆန်းပြားစုံလင် တန်းဆာဆင်အပ်ပြီးဖြစ်၍။ သဒါ= အခါခပ်သိမ်း။ ဇနာနံ= လူအပေါင်းတို့၏။ နယနာလိမာလိနီ= မမှိတ်မသုန်ရှုကြည့်သည့် မျက်စိတည်းဟူသော ပိတုန်းတို့ စုရုံးခိုနားရာ မာလာဖူးငုံ ပန်းမျိုးစုံပေထသော။ လုမ္ဗိနီ= လုမ္ဗိနီခေါ် ဥယျာဉ်တော်သည်။ ဝိလုမ္ဗိနီဝ= ပျိုနုသော ထိုမိန်းမနှင့် အလှဂုဏ်ဆိုင် သူနိုင် ငါနိုင် အပြိုင်လုယက်သကဲ့သို့။ အတိဝိရောစိ= အလွန်အကြူး အထူးဆန်းကြယ် တင့်တယ်လေပြီ..။ (ဤကား ဗုဒ္ဓဝင်အဋ္ဌကထာဆရာတော် အရှင်ဗုဒ္ဓဒတ္တမထေရ်၏ လုမ္ဗိနီဥယျာဉ်တော်ဖွဲ့ စကားရပ်ပေတည်း။)

၃၄

     ထိုသို့ လွန်ကဲစွာ တင့်တယ်ခြင်းရှိသော လုမ္ဗိနီအင်ကြင်းတောကို မြင်တော်မူလတ်၍ မဟာမာယာဒေဝီ မိဖုရားကြီးအား ထိုအင်ကြင်းတောသို့ သက်ဝင်ပျော်ပါးကာ ရွှင်ပြုံးလိုသော ဆန္ဒသည် ထင်ရှားစွာ ဖြစ်ပေါ်လာပေ၏။

     အမတ်တို့သည်လည်း သုဒ္ဓေါဒနမင်းကြီးအား ပန်ကြား လျှောက်ထားပြီးလျှင် မဟာမာယာဒေဝီ မိဖုရားကြီးကို ရွှေထမ်းစင်ဖြင့် ဆောင်ယူကာ မင်္ဂလာအင်ကြင်းတောသို့ ဝင်ကြကုန်၏။

နတ်ဗြဟ္မာတို့ စုဝေးကြခြင်း

     မဟာမာယာဒေဝီမိဖုရားကြီး လုမ္ဗနီအင်ကြင်းတောအတွင်းသို့ ဝင်ရောက်တော်မူသော ခဏ၌ပင် နတ်အပေါင်းတို့သည်.. “ယနေ့ အလောင်းတော်သူမြတ်သည် မယ်တော့်ဝမ်းကြာတိုက်မှ ထွက်မြောက်သန့်စင် ဖွားမြင်တော်မူလိမ့်မည်”ဟူ၍ အုတ်အုတ်ကျက်ကျက်ဖြစ်လျက် လောကဓာတ် စကြဝဠာတိုက်ပေါင်း တသောင်းလုံး အုန်းအုန်းကြွက်ကြွက် တခဲနက် ပဲ့တင်ထပ်သောအသံကို ဖြစ်စေကာ ဟစ်အော် ကြွေးကြော်ကြလေကုန်သည်။ စကြဝဠာ တိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည် အလောင်းတော်၏ ဖွားမြင်ခြင်း ဝိဇာတမင်္ဂလာကို ပူဇော်သကာ ပြုကုန်အံ့ဟူ၍ အထူးထူးသော မင်္ဂလာဘဏ္ဍာ ပဏ္ဏာလက်ဆောင်တို့ကို ယူဆောင် ကိုင်စွဲကြကုန်လျက် ဤစကြဝဠာတိုက်အလုံး အပြည့်ဖုံးအောင် ပေါင်းဆုံစုဝေး လာရောက်ကြပြီးသော် ကောင်းကင်တပြင်လုံး နတ်ထီးဖြူတို့ဖြင့် လွှမ်းဖုံးမိုးကာ၍ မင်္ဂလာသီချင်းတို့ကို သီဆိုရင့်ကျူးကြကုန်လျက် နတ်၌ဖြစ်သော တူရိယာသံတို့ဖြင့်၎င်း, ခရုသင်းသံတို့ဖြင့်၎င်း တပြိုင်နက် ပဲ့တင်ထပ်စေ၍ ရပ်တည်လာကြလေကုန်၏။

     မဟာမာယာဒေဝီ မိဖုရားကြီးသည် မင်္ဂလာအင်ကြင်းတောအတွင်းသို့ ရောက်တော်မူလျှင်ပင် ဖြောင့်မတ်လုံးဝန်းသော ပင်စည်ရှိ၍ ပန်းအတိ တန်းဆာဆင်အပ်သော အင်ကြင်းပင်၏အခက်ကို လက်ဖြင့် လှမ်းယူလိုလာတော့လေသည်။ မင်္ဂလာရှိသော

၃၅

ထိုအင်ကြင်းခက်သည်လည်း အသက်ရှိသူအလား လူအများ၏ စိတနှလုံးကို ချောက်ချားနှောက်မွှေ အံ့ဩစေလျက် ရေနွေးဝယ် ပြုတ်ဖျောအပ်သော ကြိမ်ညွန့်ကဲ့သို့ အလိုအလျောက် အောက်သို့ တွဲလျားညွတ်ကိုင်းကာ မဟာမာယာဒေဝီ မိဖုရားကြီး၏ လက်ဝါးအပြင်သို့ အဆင်သင့် ကပ်ရောက်လာလေသည်။

     မဟာမာယာဒေဝီ မိဖုရားကြီးသည် လက်ဝါးအပြင်သို့ အဆင်သင့် ကပ်ရောက်လာသော ထိုအင်ကြင်းခက်ကို ကျေးငှက်၏နှုတ်သီးပမာ တျာတျာနီမြန်းသော လက်သည်းအရောင်တို့ဖြင့် တောက်ပ၍ ကြာရိုးတံတနှုန်း လုံးဝန်းပြေညီသည့် လက်ချောင်းရှိသော အသစ်စက်စက် ဆင်မြန်းအပ်သည့် ရွှေလက်ကောက်တို့ဖြင့် တင့်တယ်လျက် နှစ်သက်ဖွယ်ရာရှိသော လက်ျာလက်ဖြင့် ဆွဲကိုင်ဆန့်တန်း၍ ရပ်တည်တော်မူလေ၏။ အင်ကြင်းခက်ကို လက်ျာလက်ဖြင့် ဆွဲကိုင် ရပ်တည်နေသော မဟာမာယာဒေဝီ မိဖုရားကြီးသည် မည်းနက်ညိုမှောင် ရွာမည်ယောင်ဖန်ဆင်းသည့် တိမ်ခွင်မိုးရပ်အကြားမှ ထင်ရှားထွက်ပြုစ လစန်း၏ အရေးကဲ့သို့၎င်း, တခဏချင်း ဝင်းဝင်းပြိုးပြက် တောက်ပလက်သော လျှပ်စစ်အရောင်ကဲ့သို၎င်း, နန္ဒဝန်ဥယျာဉ်တော်၌ ဖြစ်ပေါ်သော နတ်သမီးကဲ့သို့၎င်း အလွန်အကြူး အထူး တင့်တယ်တော်မူပေ၏။

အလောင်းတော်ကို ဖွားမြင်ခြင်း

     မဟာမာယာဒေဝီ မိဖုရားကြီး ရွှေချည်ထဘီကိုဝတ်၍ ငါးကြင်းမျက်စိနှင့်တူသော အကွက်တို့ဖြင့် ဆန်းကြယ်သော အပေါ်ရုံဘွဲ့ဖြူလွှာကို ခြေဖျားတိုင်အောင် ဝတ်ရုံဆင်မြန်းလျက် မင်္ဂလာအင်ကြင်းခက်ကို ယာလက်တော်ဖြင့် ကိုင်ဆွဲကာ လွန်ကဲသော တင့်တယ်ခြင်းဖြင့် တင့်တယ်စွာ ရပ်သောခဏ၌ မဟာမာယာဒေဝီ၏ အလောင်းတော်ကိုဖွားမြင်ကြောင်း ကမ္မဇလေတို့သည် တုန်လှုပ်လာကုန်၏။ ထိုအခါ ကိုယ်လုပ်မောင်းမ မှူးမတ်စသော လူအပေါင်းတို့သည် မဟာမာယာဒေဝီအတွက် တင်းထိမ်ကန့်လန့်ကာတို့ဖြင့် ပတ်ကာဝန်းရံကြကုန်ပြီးလျှင် ထိုအပါးမှ ဖယ်ရှား ဆုတ်ခွါကြကုန်လေသည်။

၃၆

     မဟာမာယာဒေဝီ မိဖုရားကြီးသည် မင်္ဂလာအင်ကြင်းခက်ကို ယာလက်တော်ဖြင့် ကိုင်ဆွဲလျက် တင့်တယ်စွာ ရပ်တည်စဉ် ခဏ၌ပင် မဟာသမုဒြာနှင့် တကွသော စကြဝဠာတိုက် တသောင်းလုံး ထစ်ချုန်းမြည်ဟိန်းလျက် အိုးထိန်းစက်ပမာ သိမ့်သိမ့်ခါတုန်လှုပ်ခြင်း, နတ်ဗြဟ္မာအပေါင်းတို့ ကောင်းခြီးပေးခြင်း, နတ်ပန်းမိုးတို့ ရွာဖြိုးသွန်ချခြင်း, နတ်လူတို့၏ တူရိယာအပေါင်းတို့ အလိုအလျောက် သာယာစွာမြည်ခြင်း, ဖီလာအောက်ထက် စကြဝဠာအတွင်း ဟင်းလင်းပွင့်ခြင်း အစရှိသော သုံးဆယ့်နှစ်ပါး ထူးခြားဆန်းကြယ် အံ့ဖွယ်သရဲ လွန်ကဲ ကြီးမြတ်လှစွာသော ပုဗ္ဗနိမိတ်ကြီးတို့ကို တပြိုင်နက်တည်း ဖြစ်စေလျက် (မဟာသက္ကရာဇ် ၆၈-ခု) ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့ ဝိသာခါနက္ခတ်နှင့် စန်းလနတ်ယှဉ်လျက်နေစဉ် ဝေပုလ္လတောင်ဦးမှ ထွက်မြူးကွန့်ဝဲလာသော ရတနာမျက်ရှင်ပျံသည် အရံသင့် ခံယူအပ်သော ရွှေကလပ်အတွင်းသို့ ဖြည်းညှင်းသာယာစွာ သက်ဆင်းလာသကဲ့သို့ လက္ခဏာကြီးငယ် အသွယ်သွယ်တို့ဖြင့် တင့်တယ်စွာ တန်းဆာဆင်အပ်သော မြတ်စွာဘုရားအလောင်းတော်သည် မယ်တော် မဟာမာယာဒေဝီ၏ စေတီအိမ်ပမာ ဝမ်းကြာတိုက်မှ ကောင်းစွာသန့်စင် မီးရှူးဖွားမြင်တော်မူ၏။

     ယင်းသို့ သန့်စင် ဖွားမြင်သောအခါ၌ ကောင်းကင်ထက်မှ ပူနွေးသောရေအယဉ် (ရေပူစမ်း)တသွယ်, ချမ်းအေးသော ရေအယဉ် (ရေအေးစမ်း) တသွယ်အားဖြင့် ရေအယဉ် နှစ်သွယ်တို့သည် ပင်ကိုယ်ကပင် စင်ကြယ် သန့်ရှင်းရင်းဖြစ်ကြသည့် သားတော်, မယ်တော် နှစ်ပါးလုံးတို့အား ပူဇော်သက္ကာရအလို့ငှါ အလိုအလျောက် ထွက်ပေါ်ကုန်၍ ဘုရားအလောင်းတော်နှင့် မယ်တော်တို့၏ကိုယ်၌ အပူအအေးမျှတမှု အငွေ့ဥတုကို ယူစေကြကုန်၏။

(ဤ၌ အမှာစကားရပ်ကို အနုဒီပနီ၌ ပြဆိုထားသည်။)

၃၇

ဗြဟ္မာနတ်လူတို့ အဆင့်ဆင့်ခံယူခြင်း

     ထိုသို့ ဖွားမြင်ပြီးသော ခဏ၌ပင်လျှင် ကိလေသာမှ စင်ကြယ်သော စိတ်ရှိကြသည့် မဟာဗြဟ္မာကြီး လေးဦးတို့သည် ဘုရားအလောင်းတော်မြတ်ဖြစ်သော သားတော်ကို ရှေးဦးစွာ ရွှေဇာကွန်ရက်ဖြင့် ခံယူကြ၍ မယ်တော်၏ရှေ့မှောက်၌ ထားကြပြီးလျှင်-

“ရှင်မိဖုရား.. နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်ပါလော့၊ ရှင်မိဖုရားအား ဘုန်းတန်ခိုးအာနုဘော် ကြီးမြတ်သော သားတော် ဖြစ်ပေါ် ဖွားမြောက်ခဲ့လေပြီ”-

ဟု ဆိုကြကုန်၏။

     ထို့နောက် မဟာဗြဟ္မာကြီး လေးဦးတို့၏လက်မှ စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည် မင်္ဂလာရှိသည်ဟူ၍ သမုတ်ပညတ် ခေါ်ဝေါ်အပ်သော သစ်နက်ရေဖြင့် သားတော်ကို ခံယူကြကုန်၏။

     တဖန် ထိုနတ်မင်းကြီး လေးဦးတို့၏လက်မှ လူတို့သည် ဘွဲ့ဖြူပုဆိုးဖြင့် သားတော်ကို ခံယူကြကုန်၏။

     ထို့နောက် လူတို့၏လက်မှ လွတ်၍ ဘုရားအလောင်းတော်သည် ရွှေခြေနင်းအတူ ညီညွတ်စွာသော ခြေတော်အစုံတို့ဖြင့် မြေပေါ်၌ ကြံ့ကြံ့ရပ်လျက် အရှေ့မျက်နှာအရပ်ကို ကြည့်ရှုတော်မူ၏၊ ထိုသို့ ကြည့်ရှုတော်မူသည်ရှိသော် အရှေ့အရပ်မျက်နှာဝယ် အထောင်မက များစွာကုန်သော စကြဝဠာတိုက်တို့သည် တပြင်တည်း ဖြစ်ကုန်၏၊ စကြဝဠာတတိုက်နှင့်တတိုက် ခြားနားမှုမရှိ ပကတိ တဆက်တည်း တပြန့်တည်းကဲ့သို့ ဟင်းလင်းထင်ကုန်၏။ ထိုအရှေ့အရပ်မျက်နှာ၌ နေကြကုန်သော နတ်လူတို့သည် ဘုရားအလောင်းတော်မြတ်ကို နံ့သာပန်းမာလ် စသည်တို့ဖြင့် ပူဇော်ကြကုန်လျက်-

၃၈

“အို ယောက်ျားမြတ်.. ဤအရပ်မျက်နှာ၌ အရှင်ယောက်ျားမြတ်နှင့် တူသောသူ မရှိပါ။ အရှင်ယောက်ျားမြတ်ထက် သာလွန်မြင့်မြတ်သူကား အဘယ်မှာ ရှိပါအံ့နည်း”–

ဟူ၍ ပြောဆိုကြကုန်၏။

     ဤအတူ တူရူ (တည့်တည့်) အရပ်လေးမျက်နှာ, အထောင့် အရပ်လေးမျက်နှာ, အောက်အရပ်မျက်နှာ, အထက်အရပ်မျက်နှာအားဖြင့် အရပ်ဆယ်မျက်နှာတို့ကို အစဉ်အတိုင်း ကြည့်ရှုတော်မူ၍ ထိုအရပ်ဆယ်မျက်နှာလုံးမှာပင် ကိုယ်တော်မြတ်နှင့် တူသောသူ တစုံတယောက်ကိုမျှ မြင်တော်မမူသောကြောင့် ရပ်တည်တော်မူရာအရပ်မှ မြောက်အရပ်သို့ မျက်နှာတူရူ ခုနစ်ဖဝါး (ခုနှစ်လှမ်း) လှမ်းကြွတော်မူ၏။

     ယင်းသို့ လှမ်းကြွတော်မူသောအခါ မဟာဗြဟ္မာမင်းသည် အလောင်းတော်မြတ်အား ထီးဖြူတော်ဖြင့် ဆောင်းမိုးလျက်, သုယာမနတ်မင်းသည် သားမြီးယပ်ကို ကိုင်လျက်, ထိုမှတပါးကုန်သော နတ်တို့သည် ခြေနင်း, သန်လျှက်, မကိုဋ်သင်းကျစ်ဟူသော မင်းမြှောက်တန်းဆာတို့ကို အသီးသီး ကိုင်စွဲကြကုန်လျက် အလောင်းတော်နောက်မှ အစဉ်လိုက်ပါကြကုန်၏။ ထိုသို့ မင်းမြှောက်တန်ဆာငါးပါးကို နတ်ဗြဟ္မာများ စွဲကိုင်၍ လိုက်ပါကြသော်လည်း စွဲကိုင်သူ နတ်ဗြဟ္မာတို့ကို မမြင်ရပဲ မင်းမြှောက်တန်းဆာတို့ကိုသာလျှင် အများမြင်ကြရကုန်၏။

ထူးခြားချက်ကြီးများ။ ။ယင်းသို့ လှမ်းကြွတော်မူသောအခါ၌ ဘုရားအလောင်းတော်မြတ်သည် ပကတိ မြေ၌သာလျှင် လှမ်းကြွတော်မူ၏၊ လူအပေါင်းတို့၏ စိတ်၌ကား ကောင်းကင်ခရီးဖြင့် လှမ်းကြွသည်ဟု ထင်မြင်ရ၏။ အဝတ်တန်းဆာ မပါမဆင် ဖွားမြင်တိုင်းသော ပကတိ ကိုယ်တော်ဖြင့်သာ လှမ်းကြွတော်မူ၏၊ လူအပေါင်း၏

၃၉

စိတ်၌ကား ဝတ်စားစုံလင် တန်းဆာဆင်လျက် လှမ်းကြွသည်ဟု ထင်မြင်ရ၏။ ဖွားသစ်စအရွယ် သူငယ် အဖြစ်ဖြင့်သာ လှမ်းကြွတော်မူ၏၊ လူအပေါင်း၏ စိတ်၌ကား တဆယ့်ခြောက်နှစ်သား အရွယ်ရှိသည်ဟု ထင်မြင်ရ၏။

     (ယခု ရေးသားပြဆိုခဲ့သည်ကား အလောင်းတော်မြတ် မြောက်အရပ်သို့ ခုနစ်လှမ်း လှမ်းကြွတော်မူသောအရာဝယ် ဗုဒ္ဓဝင်အဋ္ဌကထာ, သုတ်မဟာဝါအဋ္ဌကထာ, ဇာတ်အဋ္ဌကထာတို့၌ ဖွင့်ပြသည့်အတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်၊ ဇိနာလင်္ကာရဋီကာ ဝိဇာတမင်္ဂလာ အခဏ်း၌ကား ဖော်ပြလတံ့သောအတိုင်း အနည်းငယ်ထူး၍ ကျယ်ဝန်းစွာ ဖွင့်ဆိုထားသည်။)

     ထိုသို့ လှမ်းကြွတော်မူသော ခဏ၌ မဟာဗြဟ္မာမင်းသည် သုံးယူဇနာရှိသော ထီးဖြူတော်ကို ဆောင်းမိုးလျက် လိုက်ပါ၏။ ထို့အတူ ဤစကြဝဠာမှကြွင်းသော စကြဝဠာတိုက်တို့၌ ရှိကြသည့် မဟာဗြဟ္မာမင်းတို့သည်လည်း သုံးယူဇနာစီရှိသော ထီးတော်ကို ဆောင်းမိုးလျက် လိုက်ပါကုန်ရကား စကြဝဠာတိုက်အလုံးသည် ထီးဖြူတော်ပန်းကုံးဖြင့် ဖုံးလွှမ်းပြည့်နှက်လျက် ရှိပေ၏။

     ထို့အတူ ဇာတိခေတ်ပေါင်း စကြဝဠာတိုက်တသောင်းတို့၌ နေကြကုန်သော သုယာမနတ်မင်းပေါင်း တသောင်းတို့သည်လည်း သားမြီးယပ်တို့ကို ကိုယ်စီကိုယ်င ကိုင်စွဲကြကုန်၍ သန္တုဿိတနတ်မင်းပေါင်း တသောင်းတို့သည်လည်း ပတ္တမြားယပ်ဝန်းတို့ကို ကိုယ်စီကိုယ်င ကိုင်စွဲကြကုန်၍ စကြဝဠာတောင်နရန်း တိုင်အောင် တလွှဲလွှဲ လွှဲခတ်လျက် ရပ်တည်ကြကုန်၏။

     ထို့အတူ စကြဝဠာတိုက်တသောင်းတို့၌ နေကြကုန်သော သိကြားနတ်မင်းပေါင်း တသောင်းတို့သည်လည်း ခရုသင်းပေါင်း တသောင်းတို့ကို မှုတ်ကုန်လျက် ရပ်တည်ကြကုန်၏။

၄၀

     ထိုမှတပါး နတ်သားတို့သည်လည်း အချို့ကား ရွှေပန်းတို့ကို စွဲကိုင်ကြကုန်လျက်, အချို့ကား ပကတိပန်းတို့ကို စွဲကိုင်ကြကုန်လျက်, အချို့ကား မှန်ကြေးမုံပန်း (ကြေးမုံပမာ တဖျတ်ဖျတ် အရောင်ထွက်သောပန်း)တို့ကို စွဲကိုင်ကုန်လျက်, အချို့ကား တံခွန်ပန်းတို့ကို စွဲကိုင်ကုန်လျက်, အချို့ကား ရတနာစီခြယ် ပူဇော်ဘွယ်တို့ကို စွဲကိုင်ကုန်လျက် ရပ်တည်ကြကုန်၏။ နတ်သမီးတို့သည်လည်း အမျိုးအမည်အားဖြင့် များပြားလှစွာကုန်သော ပူဇော်သကာ မင်္ဂလာဘဏ္ဍာတို့ကို အသီးအသီး ကိုယ်စီကိုယ်င စွဲကိုင်ကြလျက် စကြဝဠာတိုက်အလုံးကို လွှမ်းဖုံးပြည့်နှက်စေ၍ ရပ်တည်ကြကုန်၏။

     ဤသို့လျှင် မျက်စိအရသာကို ဆောင်ယူတတ်သည့် စက္ခုရသာယန နတ်ဆေးသဖွယ် များကြွယ်သော ပူဇော်မှုအစီအရင်တို့ ဖြစ်ရှိနေစဉ်, ထောင်ပေါင်းများစွာသော နတ်ခရုသင်း လူခရုသင်းတို့ကို တညှင်းညှင်း မှုတ်ကြကုန်စဉ်, ထောင်ပေါင်းများစွာ နတ်တူဂီယာ လူတူရိယာတို့ကို တီးမှုတ်ကြကုန်စဉ်, နတ်ကညာတို့ ဝမ်းသာရွှင်ပျ ကခုန်ကြစဉ်ပင် အလောင်းတော်မြတ်သည် မြောက်အရပ်သို့ ခုနစ်ဖဝါး (ခုနစ်လှမ်း) လှမ်းကြွ၍ ရပ်တည်တော်မူ၏။

     ထိုသို့ အလောင်းတော်မြတ် ရပ်တည်တော်မူသော ခဏ၌ အလုံးစုံသော လူနတ်ဗြဟ္မာတို့သည် မည်သည့်အသံကိုမျှ မဖြစ်စေကြပဲ တိတ်ဆိတ် ငြိမ်သက်ကြကုန်လျက် “ယခုအခါ အလောင်းတော် ယောက်ျားမြတ်သည် ငါတို့ကို မည်သို့သောစကား မြွက်ကြား မိန့်ဆိုလိမ့်မည်နည်း”ဟု နားစွင့်ကာသာ နေကြကုန်၏။

ရဲရဲတောက်စကား ကြုံးဝါးမြွက်ဆိုတော်မူခြင်း

     ဘုရားအလောင်းတော်မြတ်သည် မြောက်အရပ်သို့တူရူ ခုနစ်ဖဝါး (ခုနစ်လှမ်း) လှမ်းကြွတော်မူပြီး၍ ခုနစ်ခုမြောက်သော ဖဝါးအလှမ်း၌ ရပ်တန့်တော်မူလျက်-

၄၁

(က) အဂ္ဂေါဟမသ္မိ လောကဿ = ငါသည် လူသုံးပါးထက် မြတ်သူဖြစ်၏၊ (တနည်း) ငါသည် လူသုံးပါးတွင် အမြတ်ဆုံးဖြစ်၏။

(ခ) ဇေဋ္ဌောဟမသ္မိ လောကဿ = ငါသည် လူသုံးပါးထက် ကြီးကဲသူဖြစ်၏။(တနည်း) ငါသည် လူသုံးပါးတွင် အကြီးအကဲဆုံးဖြစ်၏။

(ဂ) သေဋ္ဌောဟမသ္မိ လောကဿ= ငါသည် လူသုံးပါးထက် ချီးမွမ်းအပ်သူ ဖြစ်၏။ (တနည်း) ငါသည် လူသုံးပါးတွင် အချီးမွမ်းအပ်ဆုံးဖြစ်၏။

(ဃ) အယမန္တိမာ ဇာတိ = ဤယခု ပဋိသန္ဓေ တည်နေရခြင်းကား ငါ့အဖို့ရာ နောက်ဆုံး ပဋိသန္ဓေ တည်နေရခြင်းဖြစ်၏။

(င) နတ္ထိ ဒါနိ ပုနဗ္ဘဝေါ = ယခုအခါ၌ ငါ့အဖို့ရာ တဖန်ဘဝသစ် ဖြစ်ရခြင်း မရှိတော့ပြီ-

ဟူ၍ လောကဓာတ် စကြဝဠာတိုက်ပေါင်း တသောင်းလုံးကို ကိုယ်တော်မြတ်၏ အသံတော်ဖြင့် တပြိုင်နက်တည်း ကြားလွှံ့စေ၍ ရဲရဲတောက်စကားကို ကြုံးဝါး ကျူးရင့်တော်မူ၏။

     ဤသို့ (အာသဘီဝါစာ) ရဲရဲတောက်စကားကို အလောင်းတော်သူမြတ် ကြုံးဝါးမြွက်ဆိုတော်မူသောအခါ ဗြဟ္မာနတ်လူ တစုံတယောက်သောသူကမျှ နှုတ်တုံ့တဖန် ပြန်လှန်ငြင်းဆိုခြင်းငှါ မစွမ်းနိုင်ရကား အလောင်းတော်သူမြတ်အား အလုံးစုံသော ဗြဟ္မာနတ်လူတို့သည် ကောင်းခြီးပေးကြရကုန်၏။

အထူးမှတ်သားရန် အကြောင်းအကျိုးများ

ဤအလောင်းတော်သူမြတ် ဖွားမြင်ခဏ်း၌ ဖြစ်ပေါ်သော ထူးခြားချက်ကြီးတို့တွင်-

၄၂

(၁) ညီညွတ်သော ခြေတော်အစုံတို့ဖြင့် မဟာပထဝီ၌ ကြံ့ကြံ့ရပ်တည်တော်မူခြင်းသည် ဣဒ္ဓိပါဒ်လေးပါးကို ရဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်ပေ၏။

(၂) မြောက်အရပ်သို့ ရှေးရှူတူရူ မျက်နှာမူခြင်းသည် သတ္တဝါအလုံးကို လွှမ်းမိုး စိုးအုပ်နိုင်ခြင်း၏ ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်ပေ၏။

(၃) ခုနစ်ဖဝါး (ခုနစ်လှမ်း) လှမ်းကြွသွားတော်မူခြင်းသည် ဗောဇ္ဈင်ခုနစ်ပါး တရားရတနာကို ရဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်ပေ၏။

(၄) နတ်ထီးဖြူ အဆောင်းအမိုးခံရခြင်းသည် အရဟတ္တဖိုလ်တည်းဟူသော မြတ်သောထီးဖြူကို ရဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်ပေ၏။

(၅) မင်းမြှောက်တန်းဆာ ငါးပါးတို့ကို ရခြင်းသည် တဒင်္ဂဝိမုတ္တိ, ဝိက္ခမ္ဘနဝိမုတ္တိ, သမုစ္ဆေဒဝိမုတ္တိ, ပဋိပ္ပဿဒ္ဓိဝိမုတ္တိ, နိဿရဏဝိမုတ္တိ တည်းဟူသော ဝိမုတ္တိငါးမျိုး (ကျွတ်လွတ်ခြင်းငါးမျိုး)တို့ဖြင့် ကျွတ်လွတ်ဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်ပေ၏။

(၆) အလုံးစုံသော အရပ်ဆယ်မျက်နှာကို အပိတ်အပင်မရှိ ကြည့်မြင်တော်မူရခြင်းသည် အလုံးစုံသော တရားကို အပိတ်အပင် အဆီးအတားမရှိ သိမြင်သော အနာဝရဏဉာဏ်တော်ကို ရဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်ပေ၏။

(၇) “ငါသည် လူသုံးပါးတွင် အမြတ်ဆုံး အကြီးကဲဆုံး အချီးမွမ်းအပ်ဆုံးသူ ဖြစ်၏”ဟူ၍ ရဲရဲတောက်စကား ကြုံးဝါး မြွက်ဆိုတော်မူခြင်းသည် ဗြဟ္မာနတ်လူတွင် မည်သူတဦးတယောက်မျှ မတားမြစ်ပိုင် မလည်စေနိုင်သည့် မြတ်သောဓမ္မစကြာကို လည်စေနိုင်ဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်ပေ၏။

၄၃

(၈) “ယခု ပဋိသန္ဓေ တည်နေရခြင်းသည် ငါ့အဖို့ရာ နောက်ဆုံး ပဋိသန္ဓေ တည်နေရခြင်းဖြစ်၏။ ယခုအခါ တဖန်ဘဝအသစ် ဖြစ်ရခြင်း မရှိတော့ပြီ”ဟူ၍ ရဲရဲတောက်စကား ကြုံးဝါးမြွက်ဆိုတော်မူခြင်းသည် အနုပါဒိသေသပရိနိဗ္ဗာန် ဝင်စံငြိမ်းအေးဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်ပေ၏။

အလောင်းတော်သူမြတ် ဖွားကာစ၌ စကားဆိုဘူးသည် သုံးဘဝ

     မြတ်စွာဘုရား အလောင်းတော်သည် ဖွားမြင်ကာစ၌ စကားဆိုတော်မူသည်မှာ ဤသိဒ္ဓတ္ထမင်းသား နောက်ဆုံးတဘဝသာ မဟုတ်၊ မဟောသဓာသုခမိန်ဖြစ်သော ဘဝ, ဝေဿန္တရာမင်းဖြစ်သော ဘဝတို့၌လည်း ဤသို့ပင် ဖွားမြင်ကာစ၌ စကားဆိုတော်မူသည်ဖြစ်၍ ဤနောက်ဆုံး ပစ္ဆိမ (သိဒ္ဓတ္ထမင်းသား)ဘဝနှင့်သော် သုံးဘဝတို့၌ ဖွားမြင်ကာစတွင် စကားဆိုတော်မူ၏ဟု သိမှတ်အပ်၏။

     (၁) အနည်းငယ် ရှင်းလင်းပြဆိုဦးအံ့..၊ မြတ်စွာဘုရားအလောင်းတော်သည် မဟောသဓာသုခမိန် ဖြစ်တော်မူသော ဘဝ၌ မယ်တော်ဝမ်းမှ ထွက်မြောက်သန့်စင် ဖွားမြင်လာခိုက်တွင် သိကြားနတ်မင်းလာ၍ ဘုရားအလောင်းတော်၏လက်၌ စန္ဒကူးနံ့သာနှစ်တုံးကို ထားသဖြင့် ထိုစန္ဒကူးနံ့သာနှစ်တုံးကို ဆုပ်ကိုင်လျက် မယ်တော့်၀မ်းမှ ဖွားမြင်လာသောအခါ မယ်တော်က ကြည့်ရှုရာတွင် လက်ကို ဆုပ်ကိုင်ထားသော အရာကို မြင်၍ “ချစ်သား.. အဘယ်ဝတ္ထုကိုယူ၍ လာခဲ့သနည်း”ဟု မယ်တော်က မေးမြန်းလေလျှင် “အို မွေးမိခင်.. ဆေးပါတည်း”ဟူ၍ ဖြေကြား ပြောဆိုတော်မူ၏။

     ဤသို့ ဆေးကိုဆုပ်ကိုင်လျက် ဖွားမြင်လာသည်၏ အဖြစ်ကြောင့် ထိုဘုရားအလောင်းတော်အား ဩသဓကုမာရ =

၄၄

ဆေးသတို့သား ဆေးသူငယ်-ဟူသော အမည်ကို ရှေးဦးစွာ မှည့်ခေါ်ကြကုန်၏။ နောက်အခါ ထိုဆေးကို အိုး၌ထည့်သွင်း သိမ်းဆည်းထား၍ အလောင်းတော်၏ခမည်းတော် သိရိဝဍ္ဎနသူဌေးကြီး၏ ဦးယဉ်း (ခေါင်းခဲ)နာမှအစ ရောက်လာရောက်လာကြသော မျက်စိကွယ်သူ နားပင်းသူ အစရှိသော ရောဂါသည်ခပ်သိမ်းတို့၏ အနာရောဂါဟူသမျှတို့ကို ထိုဆေးဖြင့် ပျောက်ငြိမ်း ချမ်းသာစေသောကြောင့် ထိုဆေး၏ ကျေးဇူးစွမ်းရည် ထက်မြက်ကြီးမြတ်သည်ကို အစွဲပြု၍ ဆေး၏အရှင်ဖြစ်သော ဘုရားအလောင်းတော် သတို့သားကို မဟောသဓ = မြတ်သောဆေးအရှင် သတို့သားဟူ၍ ခေါ်ဝေါ်ကြကုန်၏။

     (၂) ဝေဿန္တရာမင်း ဘဝ၌လည်း မယ်တော့်ဝမ်းမှ ဖွားမြင်ကာစတွင်ပင် လက်ျာလက်ကို ဆန့်တန်းဖြန့်ခင်း၍ “မွေးမယ်တော်.. ရွှေနန်းအိမ်တော်၌ တစုံတခုသော ဥစ္စာဝတ္ထုသည် ရှိပါ၏လော၊ အလှူဒါနကို လှူပါအံ့”ဟု ဆိုလျက် ဖွားမြင်လာ၏။ ထိုအခါ မယ်တော်သည် သားတော်အား “ချစ်သား.. သင်သည် ဥစ္စာရှိသော နန်းတော်၌ ဖြစ်လာ၏”ဟု ဆို၍ သားတော်၏ ဖြန့်ကျက်ထားသောလက်ကို မိမိ၏ လက်ဖဝါးအပြင်၌ ကိုင်ယူတင်ထား၍ ဥစ္စာတထောင်ထုပ်ကို သားတော်၏လက်၌ ထားပေ၏။ ဤသို့လျှင် အလောင်းတော်သူမြတ်သည် ဝေဿန္တရာမင်းဘဝ၌လည်း ဖွားကာစ၌ စကားဆိုတော်မူ၏။

     (၃) ရှေးက ပြဆိုခဲ့သည့်အတိုင်း နောက်ဆုံးဖြစ်သော ဤ(သိဒ္ဓတ္ထမင်းသား) ဘဝ၌လည်း ဖွားကာစကာလ၌ ရဲရဲတောက်စကား ကြုံးဝါးမြွက်ဆိုတော်မူ၏။

     ဤသို့လျှင် မြတ်စွာဘုရားအလောင်းတော်သည် သုံးဘဝတို့၌ မယ်တော်ဝမ်းမှ ထွက်မြောက်သန့်စင် ဖွားမြင်ကာစ၌ စကားဆိုတော်မူ၏။

၄၅

ဖွားမြင်တော်မူသောအခါ ဖြစ်ပေါ်လာသော ပုဗ္ဗနိမိတ်တို့နှင့်

ထိုနိမိတ်တို့၏ အကျိုးများ

     ဘုရားအလောင်းတော်ကို ဖွားမြင်သောကာလ ထိုခဏ၌လည်း ပုဗ္ဗနိမိတ်တို့သည် ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုသို့ ဖွားမြင်သောအခါ ထင်ရှားဖြစ်ပေါ်လာသော ပုဗ္ဗနိမိတ်တို့နှင့် ထိုနိမိတ်တို့၏ အကျိုးတို့ကို မဟာပဒါနသုတ်အဋ္ဌကထာ, ဗုဒ္ဓဝင်အဋ္ဌကထာတို့၌ လာသည့်အတိုင်း တပေါင်းတည်း တွဲစပ်၍ ပြဆိုပေအံ့..၊

(၁) ဘုရားအလောင်းတော် ယောက်ျားမြတ်ကို ဖွားမြင်သောခဏ၌ လောကဓာတ်တသောင်းသည် တုန်လှုပ်၏။

     (ဤလောကဓာတ် စကြဝဠာတိုက်တသောင်း တုန်လှုပ်ခြင်းသည်ကား အလောင်းတော် ယောက်ျားမြတ်၏ သဗ္ဗညုတဉာဏ်တော်မြတ်ကို ထိုးထွင်းမြင်သိ ရရှိအံ့သောအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၂) လောကဓာတ် စကြဝဠာတိုက်တသောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည် ဤစကြဝဠာတခုတည်း၌ ပေါင်းဆုံ စည်းဝေးကြကုန်၏။

     (ဤလောကဓာတ် စကြဝဠာတိုက်တသောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့ ဤစကြဝဠာတခုတည်း၌ ပေါင်းဆုံ စည်းဝေးကြခြင်းသည်ကား ဓမ္မစကြာတရားတော်ကို ဟောတော်မူသောအခါ၌ ထိုနတ်ဗြဟ္မာအပေါင်းတို့ တပြိုင်နက် စုဝေး၍ တရားတော်ကို နာယူရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၃) ဖွားမြင်လာသော အလောင်းတော် ယောက်ျားမြတ်ကို ရှေးဦးစွာ ဗြဟ္မာနတ်တို့က ခံယူကြကုန်၏။

၄၆

     (ထိုသို့ ရှေးဦးစွာ ဗြဟ္မာနတ်တို့ ခံယူကြခြင်းသည် ရူပါဝစရဈာန်တရား လေးပါးတို့ကို ရရှိရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၄) ဖွားမြင်လာသော အလောင်းတော်မြတ်ကို ဗြဟ္မာနတ်တို့ ခံယူပြီးနောက် လူတို့ ခံယူကြကုန်၏။

     (ထိုသို့ ဗြဟ္မာနတ်တို့ ခံယူကြပြီးနောက် လူတို့ ခံယူကြခြင်းသည် အရူပါဝစရဈာန် လေးပါးကို ရရှိဖို့ရန်အကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၅) ညှို့ကြိုးဖြင့် ဖွဲ့ယှက်စီရင်အပ်သော စောင်းညှင်းတို့သည် မတီးမခတ်ရပဲ အလိုအလျောက် မြည်ကုန်၏။

     (ထိုသို့ စောင်းညှင်းများ မတီးမခတ်ရပဲ အလိုအလျောက် မြည်ကြခြင်းသည် အစဉ်အတိုင်း ဝင်စားအပ်သည့် ရူပါဝစရ သမာပတ်လေးပါး, အရူပါဝစရ သမာပတ်လေးပါး, နိရောဓသမာပတ်အားဖြင့် ဤကိုးပါးသော အနုပုဗ္ဗဝိဟာရ သမာပတ်တို့ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၆) သားရေဖြင့် ဖွဲ့ယှက်ကျက်အပ်သော စည်ကြီး စည်ငယ် (ပုံကြီးပုံငယ်)တို့သည် မတီးမခတ်ရပဲ အလိုအလျောက် မြည်ကြကုန်၏။

     (ထိုသို့ စည်ကြီးစည်ငယ်များ မတီးမခတ်ရပဲ အလိုအလျောက် မြည်ကြခြင်းသည် အလွန်မြတ်သော တရားစည်တော်ကြီး ရိုက်တီးယွမ်းဆော် လူနတ်တို့ကို ကြားလွှံ့စေတော်မူမည့် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၇) လူတို့အား သွင်းနှောင် တုတ်ချည်အပ်ကုန်သော နှောင်အိမ် နှောင်ကြိုးတို့သည် အပိုင်းအပိုင်းပြတ်ကုန်၏။

၄၇

     (ထိုသို့ ပြတ်ခြင်းသည် ငါတည်းဟူသော မာန်မာနကို အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်နိုင်ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၈) ကြေးနီ၌ ငြိတွယ်တင်ကပ်သော အညစ်အကြေးကို အချဉ်ရေဖြင့် ဆေးကြောလိုက်သကဲ့သို့ ရောဂါသည်တို့၌ စွဲကပ်လျက်ရှိသော ရောဂါခပ်သိမ်းတို့ ပျောက်ငြိမ်းကြကုန်၏။

     (ထိုသို့ ရောဂါခပ်သိမ်း ပျောက်ငြိမ်းကြခြင်းသည် လူများအပေါင်း၏ အလုံးစုံသော ဝဋ်ဒုက္ခရောဂါ၏ ကင်းငြိမ်းမှုဖြစ်သော သစ္စာလေးပါးတရားကို သိမြင်ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၉) အမိဝမ်းတွင်းမှပင် မျက်စိကွယ်ခဲ့ကြသော သူတို့သည် အဆင်းရူပါရုံကို ပကတိလူတို့ကဲ့သို့ပင် မြင်ကြကုန်၏။

     (ထိုသို့ မြင်ကြခြင်းသည် လူများအပေါင်းတို့ ဒိဗ္ဗစက္ခုဉာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၁၀) အမိဝမ်းတွင်းမှပင် နားပင်းခဲ့ကြသော သူတို့သည် အသံသဒ္ဒါရုံကို ပကတိလူတို့ကဲ့သို့ပင် ကြားကြကုန်၏။

     (ထိုသို့ ကြားကြခြင်းသည် လူများအပေါင်းတို့ ဒိဗ္ဗသောတဉာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၁၁) ခြေဆွံ့သဖြင့် မသွားနိုင်ကုန်သော သူတို့သည် ခြေကောင်း သန်စွမ်းလာကာ သွားနိုင်ကြကုန်၏။

     (ထိုသို့ သွားနိုင်ကြခြင်းသည် ဣဒ္ဓိပါဒ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၄၈

(၁၂) အမိဝမ်းတွင်းမှပင် ဆွံ့အ-သဖြင့် စကားမပြောနိုင်သော သူတို့သည် သတိတရား ဖြစ်ပွါးလာကာ စကားပြောဆိုတတ်ကုန်၏။

     (ထိုသို့ သူအ-များ စကားပြောတတ်လာခြင်းသည် သတိပဋ္ဌာန်လေးပါးတရားကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၁၃) ကြောက်မက်ဖွယ်ရာ ဘေးဘျမ်းထူပြောသော အရပ်တပါးသို့ ရောက်ရှိနေကြသော လှေသင်္ဘောများ ဘေးရန်ကင်းကွာ မိမိတို့ဆိပ်ကမ်းသို့ ချမ်းသာစွာ ရောက်ကြကုန်၏။

     (ထိုသို့ ရောက်ကြခြင်းမှာ ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၁၄) ကောင်းကင်၌တည်သော ရတနာအမျိုးမျိုး, မြေ၌တည်သော ရတနာအမျိုးမျိုးတို့သည် မိမိတို့ ၏ အလွန်ထွန်းလင်းသော အရောင်အဝါတို့ဖြင့် တောက်ပကုန်၏။

     (ထိုသို့ ရတနာအမျိုးမျိုးတို့ မိမိတို့အရောင်ဖြင့် တောက်ပခြင်းသည် တရားတည်းဟူသော အရောင်အလင်းကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။ တရားအလင်းရောင်ကို ဝေနေယျတို့အား ပေး၍ ကိုယ်တော်မြတ်၏ ဘုန်းတန်ခိုးရောင်ဖြင့် တောက်ပြောင်ခြင်း၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၁၅) ရန်သူဖြစ်ကြသော သတ္တဝါတို့ အချင်းချင်း ချစ်ခင်သည့် မေတ္တာစိတ်ကို ရကြကုန်၏။

     (ထိုသို့ မေတ္တာစိတ်ကို ရကြခြင်းသည် ဗြဟ္မဝိဟာရတရား လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၁၆) ငရဲမီး ငြိမ်းအေး၏။

၄၉

     (ထိုသို့ ငရဲမီး ငြိမ်းအေးခြင်းသည် လောဘ, ဒေါသစသော မီးတဆယ့်တမျိုးတို့ ငြိမ်းအေးဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၁၇) မှောင်အတိကျနေသော လောကန္တရက်ငရဲတို့၌ အရောင်အလင်းသည် ထင်လင်းစွာ ဖြစ်ပေါ်၏။

     (ထိုသို့ ဖြစ်ပေါ်ခြင်းသည် အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ပယ်ဖြိုခွင်း၍ အလင်းဉာဏ်ပညာ ဝိဇ္ဇာကို ပြနိုင်ပေးနိုင်ရေး၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၁၈) စီးမြဲသော မြစ်ရေအယဉ်သည် မစီးတော့ပဲ တန့်ရပ်၏။

     (ထိုသို့ တန့်ရပ်ခြင်းသည် စတုဝေသာရဇ္ဇဉာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၁၉) မဟာသမု၌ ရှိသမျှသော ရေသည် ချိုမြိန်ကောင်းမွန်သော အရသာရှိ၏။

     (ထိုသို့ မဟာသမုဒြာရေ ချိုမြိန်သော အရသာရှိခြင်းသည် ကိလေသာကို ငြိမ်းအေးမှုတည်းဟူသော ချိုမြိန်သောအရသာ တခုတည်းကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၂၀) ကြမ်းတမ်းသော လေပြင်းများ မတိုက်ခတ်ပဲ ဖြည်းညှင်းသာယာ အေးချမ်းစွာသော လေသာလျှင် တိုက်ခတ်၏။

     (ထိုသို့ လေပြင်းလေကြမ်းများ မတိုက်ခတ်ခြင်းသည် ခြောက်ဆယ့်နှစ်မျိုးသော မိစ္ဆာဒိဋ္ဌိအယူဝါဒဆိုးတို့ ပပျောက်ပြိုကွဲရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၂၁) မိုးရပ်ကောင်းကင် သစ်ပင် တောင်ထိပ်- စသည်၌ ရောက်ရှိကြသော ငှက်တို့သည် မြေပြင်သို့ သက်ဆင်းလာကြကုန်၏။

၅၀

     (ထိုသို့ သက်ဆင်းလာကြခြင်းသည် ကိုယ်တော်မြတ်၏ အဆုံးအမ ဩဝါဒကို နာယူရ၍ လူများအပေါင်းတို့ အသက်ထက်ဆုံး သရဏဂုံခံယူကြရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၂၂) လမင်းသည် ရှေးရှေးအခါများကထက် ထွန်းလင်းသာယာ တင့်တယ်၏။

     (ထိုသို့ တင့်တယ်ခြင်းသည် လူများအပေါင်းတို့ နှစ်သက်ခြင်းရှိကြမည့် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၂၃) နေမင်းသည် မပူမအေး အညစ်အကြေး ကင်းဝေးသန့်ရှင်းသဖြင့် ကောင်းသောဥတုနှင့် ပြည့်စုံ၏။

     (ထိုသို့ ပြည့်စုံခြင်းသည် ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု ဖြစ်ဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

.

(၂၄) နတ်တို့သည် မိမိ မိမိတို့၏ ဗိမာန်ရှေ့မှောက် တံခါးပေါက်အဝ၌ ရပ်တည်ကြကုန်လျက် လက်ပန်းပေါက်ခတ်ခြင်း (လက်ခမောင်းခတ်ခြင်း), လေချွန်ခြင်း, ပုဆိုးအဝတ်တို့ကို ပစ်မြှောက်ခြင်း- စသည်တို့ဖြင့် ကြီးစွာသော ကစားပျော်မြူးမှုကို ပျော်မြူးကြကုန်၏။

     (ထိုသို့ ပျော်မြူးကြခြင်းသည် ဘုရားဖြစ်တော်မူ၍ ဥဒါန်းရင့်ကျုးတော်မူရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၂၅) လေးကျွန်းအလုံး နှံ့စပ်သော မိုးကြီးသည်းထန်စွာ ရွာသွန်း၏။

     (ထိုသို့ မိုးကြီးသည်းထန်စွာ ရွာသွန်းခြင်းသည် ကြီးမြတ်သော ဉာဏ်တော်အဟုန်ဖြင့် တရားတည်းဟူသော အမြိုက်မိုးကို ရွာကြိုးသွန်းချဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၅၁

(၂၆) လူများအပေါင်းတို့ ဆာလောင်ခြင်း ကင်းကြ၏။

     (ထိုသို့ ဆာလောင်မှု ကင်းကြခြင်းသည် ကာယဂတာသတိ တည်းဟူသော အမြိုက်တရားကို ရရှိဖို့ရန်၊ တနည်း- ကာယဂတာသတိ တည်းဟူသော အမြိုက်ခဲဖွယ်ကို သုံးဆောင်ရ၍ ကိလေသာဆာလောင်ခြင်း ကင်းဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၂၇) လူများအပေါင်းတို့ ရေသိပ်ခြင်း (ရေငတ်ခြင်း) ကင်းကြကုန်၏။

     (ထိုသို့ရေသိပ်မှုကင်းကြခြင်းသည် လူများအပေါင်းတို့ အရဟတ္တဖိုလ်ချမ်းသာဖြင့် ချမ်းသာကြရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၂၈) ပိတ်ကွယ် ဖုံးကာလျက်ရှိသော တံခါးရွက်တို့သည် အလိုအလျောက် ပွင့်ကြ လပ်ကြကုန်၏။

     (ထိုသို့ တံခါးရွက်တို့ အလိုအလျောက်ပွင့်လပ်ကြခြင်းသည် မဂ္ဂင်ရှစ်ပါး တည်းဟူသော နိဗ္ဗာန်တံခါးကြီး ပွင့်လပ်ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၂၉) အပွင့်မျိုး သစ်ပင်, အသီးမျိုး သစ်ပင်တို့သည် အပွင့်ရော အသီးပါ ပွင့်ကြ သီးကြကုန်၏။

     (ထိုသို့ ပွင့်ကြ သီးကြခြင်းသည် ဝိမုတ္တိတရား တည်းဟူသော ပန်းပွင့်တို့ဖြင့် လူအပေါင်းတို့ ပွင့်ကြရန်၎င်း, အရိယဖိုလ် လေးပါးတည်းဟူသော အသီးတို့ဖြင့် သီးကြဖို့ရန်၎င်း ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

(၃၀) လောကဓာတ် စကြဝဠာတိုက်တသောင်းလုံး တံခွန်တည်းဟူသော တခုတည်းသောပန်းဖြင့် ဖုံးလျက်ရှိ၏၊ လောကဓာတ် စကြဝဠာတိုက်တသောင်းလုံး တံခွန်အောင်လံ အပြည့်ဖုံးလျက် ရှိ၏။

၅၂

     (ထိုသို့ တံခွန်တည်းဟူသော ပန်းဖြင့် ဖုံးလွှမ်းခြင်းသည် အရိယမဂ်တည်းဟူသော အောင်လံတံခွန်ပန်း အပြည့်ဖုံးလွှမ်းဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

     ထိုမှတပါးလည်း ဆန်းကြယ်သော ပန်းမိုး အလွန်ရနံ့ကောင်းသည့် ပန်းမိုးတို့ ရွာသွန်းခြင်း, နေမင်းလင်းလျက်ရှိစဉ်ပင် နက္ခတ်ကြယ်တာရာတို့ တောက်ပခြင်း, မြေအပြင်မှ အလွန်ကြည်လင်သောရေ စိမ့်၍ထွက်ခြင်း, တွင်းအောင်းတိရစ္ဆာန်တို့ မိမိတို့နေရာမှ ထွက်ကြခြင်း, လောဘ ဒေါသ မောဟတို့ မဖြစ်ခြင်း, မြေအပြင်၌ မြူမထခြင်း, မကောင်းသောအနံ့ ကင်းခြင်း, နတ်၌ဖြစ်သော နံ့သာနံ့ ကြိုင်လှိုင်ခြင်း, ရူပဗြဟ္မာတို့ကို လူတို့ ပကတိမျက်စိဖြင့် လင်းလင်းထင်ထင် မြင်ရခြင်း, သတ္တဝါတို့၏ စုတေမှု ပဋိသန္ဓေတည်နေမှုတို့ မရှိခြင်း- အစရှိသည့် ပုဗ္ဗနိမိတ်တို့လည်း ထင်ရှားဖြစ်ကုန်၏။ ထိုပုဗ္ဗနိမိတ်တို့ ဖြစ်ခြင်းမှာ ဆိုအပ်ပြီးသည်မှ ကြွင်းသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်တို့ ဖြစ်ကုန်၏။

ဖွားဖက်တော် ခုနစ်ဦးတို့အကြောင်း

     မြတ်စွာဘုရား အလောင်းတော်ကို ဖွားမြင်တော်မူသော အခိုက်ကာလ ထိုခဏ၌ပင်—

၁။ ဘဒ္ဒကစ္စာနာမည်သော ရာဟုလမယ်တော် ယသော်ဓရာမင်းသမီး၊

၂။အာနန္ဒာမင်းသား၊

၃။ ဆန္နအမတ်၊

၄။ ကာဠုဒါယီအမတ်၊

၅။ ကဏ္ဍကမြင်း၊

၆။ မဟာဗောဓိ = ဗုဒ္ဓဟေညောင်ပင်၊

၇။ ရွှေအိုးကြီးလေးလုံး-

     ဤ (၇)ပါးတို့သည်လည်း တပြိုင်နက် ဖွားမြင် ဖြစ်ပေါ်လာကြကုန်၏။ ဘုရားအလောင်းတော်မြတ်နှင့် အတူတကွ ဖွားဖော်ဖွားဖက်

၅၃

ဖြစ်လာသောကြောင့် ဤ(၇)မျိုးတို့ကို “ဖွားဖက်တော် ခုနစ်ပါးတို့”ဟူ၍ ခေါ်ဆိုအပ်ကုန်၏။ ထိုခုနစ်ပါးတို့တွင်-

     ၁။ ဘဒ္ဒကစ္စာနာ ယသော်ဓရာ မင်းသမီးကား ဒေ၀ဒဟပြည်ကို အစိုးရသော သုပ္ပဗုဒ္ဓမင်းနှင့် အမိတ္တာဒေဝီ မိဖုရားကြီးတို့မှ ဖွားမြင်သည်။

     ၂။ အာနန္ဒာမင်းသားကား သုဒ္ဓေါဒနမင်းကြီး၏ညီတော် အမိတ္တောဒန သာကီဝင်မင်း၏ သားဖြစ်သည်။

     ၃။ မဟာဗောဓိပင်ကား မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုရ်အချက်အချာ အောင်မြေအရပ်၌ ပေါက်လာသည်။

     ၄။ ရွှေအိုးကြီး လေးလုံးတို့ကား ကပိလဝတ် နေပြည်တော် ရွှေနန်းတော် အရာမ်အတွင်း၌ ပေါ်ပေါက်လာကုန်သည်။

(က) ထိုလေးလုံးတို့တွင် တလုံးကား သင်္ခ-အမည်ရှိ၏၊ ထိုရွှေအိုး၏ အဝအကျယ်သည် တဂါဝုတ်ပမာဏ ရှိ၏။

(ခ) တလုံးကား ဧလ-အမည်ရှိ၏၊ အဝအကျယ်အားဖြင့် နှစ်ဂါဝုတ်ပမာဏ ရှိ၏။

(ဂ) တလုံးကား ဥပ္ပလ-အမည်ရှိ၏။ အဝအကျယ်အားဖြင့် သုံးဂါဝုတ်ပမာဏ ရှိ၏။

(ဃ) တလုံးကား ပုဏ္ဍရီက-အမည်ရှိ၏၊ အဝအကျယ်အားဖြင့် လေးဂါဝုတ် = တယူဇနာပမာဏ ရှိ၏။

     ဤရွှေအိုးကြီး လေးလုံးတို့မှ ရွှေကို ထုတ်ယူ သုံးစွဲလတ်သည်ရှိသော် ယူရာမထင်ပဲ ပြည့်မြဲတဖန် ပြန်၍ ပြည့်ကုန်၏။ ။(ဤရွှေအိုးကြီး လေးလုံးအကြောင်းကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ စင်္ကီသုတ်အဖွင့် စာမျက်နှာ ၂၈၅-နှင့် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ စာမျက်နှာ ၂၅၃- သောဏဒဏ္ဍသုတ်အဖွင့်၌ ပြဆို ထားသည်။)

၅၄

     ဤဖွားဖက်တော် (၇)ခုနစ်ဦးတို့၏ အမည်အစဉ်ကို ရှေး၌ ပြဆိုခဲ့သည်ကား ဇာတကအဋ္ဌကထာ ပဌမအုပ် မျက်နှာ ၆၃၊ ဗုဒ္ဓဝင်အဋ္ဌကထာ မျက်နှာ ၃၂၂၊ ဒီဃနိကာယ် မဟာဝဂ္ဂ အဋ္ဌကထာ မဟာပဒါနသုတ်အဖွင့် စာမျက်နှာ ၁၈-တို့၌ လာရှိသောအတိုင်း ပြဆိုခြင်းဖြစ်သည်။ ဆရာအဆက်ဆက်တို့လည်း ဤအတိုင်းသာ ပြဆိုကြကုန်၍- “အာ-ဗော-ကာ-ယ၊ င-ရွှေ-ကဏ်”ဟူ၍ လင်္ကာအချုပ် ရေးထုတ်ကြကုန်သည်။

     အင်္ဂုတ္တရအဋ္ဌကထာ ပဌမအုပ် စတုတ္ထ ဧတဒဂ္ဂဝဂ် ကာဠုဒါယီဝတ္ထုအဖွင့် စာမျက်နှာ (၂၃၄)၌၎င်း, ဝိနည်းသာရတ္ထဒီပနီဋီကာ တတိယအုပ် မဟာခန္ဓက ရာဟုလဝတ္ထုအဖွင့် စာမျက်နှာ(၂၄၄)၌၎င်း ဤဖွားဖက်တော် (၇)ခုနစ်ဦးတို့ကို ရေတွက်ပြဆိုရာတွင် အာနန္ဒာမင်းသား၏ အမည်ကို ထည့်သွင်းရေတွက်ခြင်း မပြုပဲ (၁) ဗောဓိပင်၊ (၂) ယသော်ဓရာ၊ (၃) ရွှေအိုးကြီးလေးလုံး၊ (၄) အာရောဟနီယ ဆင်တော် = စီးတော်ဆင်၊ (၅) ကဏ္ဍကမြင်းတော် (၆) ဆန္နအမတ် (၇) ကာဠုဒါယီအမတ်ဟူ၍ ရေတွက် စီစဉ်ဖော်ပြထားသည်။ ထိုထိုဘာဏကဆောင် မထေရ်တို့၏ အလိုအတိုင်း ဖွင့်ပြခြင်းဖြစ်သည်ဟု မှတ်ယူရာ၏။

မဟာမာယာဒေဝီ ကပိလဝတ်ပြည်သို့ ပြန်လည်သောအကြောင်း

     ကပိလဝတ်ပြည်, ဒေဝဒဟပြည် နှစ်ပြည်ထောင်သား လူအများတို့သည် မိဖုရားကြီး မဟာမာယာဒေဝီနှင့်တကွ ဘုရားအလောင်း သားတော်မြတ်ကို ယူငင်ဆောင်ကြဉ်းကြကုန်၍ ကပိလဝတ် နေပြည်တော်သို့ သွားကြကုန်၏။

ကာဠဒေဝိလရသေ့ကြီးအကြောင်း

     ထိုသို့ ယူဆောင်၍ ကပိလဝတ်နေပြည်တော်သို့ အလောင်းတော်နှင့်တကွ မယ်တော်တို့ ဆိုက်ရောက်သောနေ့၌ပင် သိကြားနတ်မင်း အမှူးရှိသော တာဝတိံသာ နတ်အပေါင်းတို့သည် “ကပိလဝတ်ပြည်၌ သုဒ္ဓေါဒနမင်းကြီးအား သတို့သားမြတ်ကို

၅၅

ဖွားမြင်ရရှိပေပြီ၊ ထိုသတို့သားမြတ်သည် ဗုဒ္ဓဟေပင် ဗောဓိပြင်၌ ဘုရားစင်စစ် ဖြစ်တော်မူလတံ့”ဟု နှစ်သက်ရွှင်လန်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၍ ပုဆိုးအဝတ် ပစ်မြှောက်ခြင်း လက်ပန်းပေါက်ခတ်ခြင်း- စသည်တို့ကို ပြုကြကုန်လျက် မြူးထူးပျော်ပါး ကစားကြကုန်၏။

     ထိုအခါ သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်တွင် သွားလာထွက်ဝင် အစဉ်ဆက်ဆံလေ့ရှိသော အဘိညာဏ်ငါးပါး သမာပတ်ရှစ်ပါးတို့ကိုရသည့် ကာဠဒေဝိလရသေ့သည် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်မှ ရှေးနေ့များကဲ့သို့ပင် ဆွမ်းစားခြင်းကိစ္စ ပြုပြီးသော် နေ့သန့်ရန်အလို့ငှါ တာဝတိံသာနတ်ပြည်သို့ ကြွရောက်၍ ရတနာဗိမာန်အတွင်း ခင်းထားအပ်သော ရတနာပလ္လင်ထက်၌ ထိုင်နေတော်မူကာ ဈာန်သမာဓိချမ်းသာကို ခံစားတော်မူရာမှ ထတော်မူပြီးလျှင် ဗိမာန်တံခါးဝ၌ ရပ်လျက် ထိုမှဤမှ ကြည့်ရှုလတ်သော် ယူဇနာ ခြောက်ဆယ်ရှိသော နတ်လမ်းခရီးမ၌ နတ်ဝတ်ဦးပေါင်း ပစ်မြှောက်ခြင်းကို ပြုကြလျက် ဘုရားအလောင်းတော်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းစကား ပြောကြားကြ၍ မြူထူးပျော်ပါး ကစားနေကြသော သိကြားနတ်မင်း အမှူးရှိသည့် နတ်တို့ကို မြင်လေသည်တွင် “အိုနတ်အပေါင်းတို့ .. အသင်တို့သည် အဘယ့်ကြောင့် ဤသို့ အားရရွှင်လန်း ဝမ်းမြောက်ဝမ်းသာ နှစ်သက်ပျော်ပါး ကစားကြကုန်သနည်း၊ ထိုအကြောင်းကို ငါ့အား ပြောကြားကြကုန်”ဟု မိန့်ဆို၏။

     ထိုအခါ နတ်အပေါင်းတို့က “အရှင်ရသေ့မြတ်.. ယနေ့ သုဒ္ဓေါဒနမင်းကြီးအား သတို့သားမြတ် ဖွားမြင်လတ်ပြီ၊ ထိုသားတော်မြတ်သည် ခပ်သိမ်းသော ဘုရားရှင်တို့ ဘုရားဖြစ်တော်မူရာ မြေချာဦးကိုင် မဏ္ဍိုင်ချက်ဗွေ ဗုဒ္ဓဟေပင် ဗောဓိပြင်၌ ပလ္လင်ဖွဲ့ခွေ နေတော်မူလျက် တရားခပ်သိမ်းကို ပြီးငြိမ်းကုန်စင် သိမြင်တော်မူသော ဘုရားဖြစ်တော်မူ၍ တရားစကြာ ဒေသနာကို ကောင်းစွာ ဖြစ်စေသောအား ဟောကြားတော်မူလတံ့၊

၅၆

ထိုမြတ်စွာဘုရား၏ အဆုံးအပိုင်းအခြားမရှိ ထူးမြတ်လှစွာသော မြတ်စွာဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်ခြင်းငှါ၎င်း, ဟောတော်မူအပ်သော တရားဒေသနာတော်မြတ်ကို ဆတ်ဆတ်ထင်ရှား ကြားနာခြင်းငှါ၎င်း အခွင့်ကောင်းကြီးကို ရကြပေတော့အံ့၊ ဤအကြောင်းကြောင့် အကျွန်ုပ်တို့သည် ဤသို့ အားရရွှင်လန်း ၀မ်းမြောက်ဝမ်းသာ နှစ်သက်ပျော်ပါး ကစားကြပါကုန်သည်”ဟု ဖြေကြား လျှောက်ထားကြကုန်၏။

     ကာဠဒေဝိလရသေ့သည် ထို တာ၀တိံသာနတ်တို့ ဖြေကြားလျှောက်ထားသော စကားကို ကြားသိရ၍ တာ၀တိံသာနတ်ပြည်မှ ဆောလျင်စွာ သက်ဆင်းခဲ့ပြီးလျှင် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်သို့ဝင်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။ သုဒ္ဓေါဒနမင်းကြီးနှင့် ပြောဆိုမြဲဖြစ်သော ပဋိသန္ထာရ= အစေ့အစပ်စကား မိန့်ကြား ပြောဆိုပြီးသော် “ဒကာတော်မင်းကြီး.. ဒကာတော်မင်းကြီးအား သားတော်ဖွားမြင်သည်ဟု ကြားသိရသည်၊ ထိုသားတော်ကို ရှုမြင်လိုပေသည်”ဟု မိန့်ဆိုသဖြင့် သုဒ္ဓေါဒနမင်းကြီးသည်လည်း တန်းဆာစုံလင် ဆင်ယင်အပ်သော သားတော်မြတ်ကို ဆောင်ယူခဲ့စေ၍ ဆရာဒေဝိလရသေ့ကို ရှိခိုးစေအံ့သောငှါ ရှေးရှု ဆောင်ပေ၏၊ ထိုသို့ ဆောင်စဉ်ခဏ၌ပင်လျှင် အလောင်းတော်မင်းသား၏ ခြေတော်အစုံတို့သည် ပျံခုန်မြောက်တက်၍ မည်းနက်ညိုမှောင်သော တိမ်တောင်အထွတ်တို့၌ ပြိုက်ပြိုက်လက်လက် ပြိုးပြိုးပြက်သော လျှပ်စစ်နွယ်ကဲ့သို့ သပ္ပါယ်စွာ ဖွဲ့ယှက်ထားအပ်သည့် ဒေဝိလရသေ့၏ ဆံကျစ်ဖျားတို့၌ တန့်နားစမ္ပယ် တည်နေတော်မူကုန်၏။

အထူးမှတ်ရန်ကား.. အလောင်းတော်မြတ်အား ထိုနောက်ဆုံး ပစ္ဆိမဘဝကိုယ်အဖြစ်ဖြင့် ရှိခိုးထိုက်သည့် တပါးသောသူမည်သည် မရှိချေ။ အကယ်၍ ထိုအကြောင်းကို မသိသူတို့က ပစ္ဆိမဘဝသား ဘုရားအလောင်းတော်၏ ဦးခေါင်းကို ရသေ့၏ခြေရင်း၌ ထားမိချေကုန်အံ့၊ ရသေ့၏ဦးခေါင်းသည် ခုနစ်စိတ် ခုနစ်မြွာ ကွဲမည်သာဖြစ်၏။

၅၇

     ကာဠဒေဝိလ ရသေ့သည်လည်း ဤသို့ ဘုရားအလောင်းတော်၏ အံ့ဖွယ်သရဲ ထူးကဲသော ဘုန်းတန်ခိုး ရှိသည်၏အဖြစ်ကို စင်စစ်တွေ့မြင် ဆင်ခြင်ကြံဆ သတိရ၍ “ငါ၏ကိုယ်ကို ငါဖျက်ဆီးခြင်းငှါ မသင့်တကား”ဟု စဉ်းစားဆုံးဖြတ်ပြီးသော် ထိုင်ရာမှထ၍ ဘုရားအလောင်းတော်မြတ်ကို လက်အုပ်ချီလေ၏။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထိုသို့သော အံ့ဖွယ်သရဲကို မြင်၍ မိမိ၏သားတော်ကို ရှိခိုးပေ၏။

ကာဠဒေဝိလရသေ့ကြီး၏ ပြုံးရယ်ခြင်းနှင့် ငိုကြွေးခြင်းအကြောင်း

     ကာဠဒေဝိလ ရသေ့သည် အဘိညာဏ်ငါးပါး သမာပတ်ရှစ်ပါးတို့ကိုရသော ရသေ့သူမြတ်ဖြစ်၍ ရှေးလွန်လေပြီးသော အတိတ်၌ ကမ္ဘာလေးဆယ်, နောက်လာလတံ့သော အနာဂတ်၌ ကမ္ဘာလေးဆယ် ဤသို့ ရှေ့နောက် ကမ္ဘာရှစ်ဆယ်တို့ကို အောက်မေ့ဆင်ခြင် သိမြင်နိုင်ပေ၏။

(ဤကာဠဒေဝိလရသေ့၏ အကြောင်းအရာ အကျယ်ကို အနုဒီပနီ၌ ဖော်ပြထားသည်။)

     ကာဠဒေဝိလ ရသေ့သည် အလောင်းတော်မင်းသား၏ ပြည့်စုံသော လက္ခဏာကြီးငယ်ကို ကြည့်ရှုလျက် “ဘုရားစင်စစ် ဖြစ်အံ့လော၊ မဖြစ်အံ့လော”ဟု စိစစ် ဆင်ခြင်တော်မူလတ်သော် “ဤမင်းသားသူငယ်ကား ယုံမှားဖွယ်မရှိ ဧကန်စင်စစ် ဘုရားဖြစ်လတံ့”ဟု အနာဂတံသဉာဏ်ဖြင့် သိမြင်လေ၍ “ဤမင်းသားကား အံ့ဩဖွယ်ရာ ထူးမြတ်စွာသော ယောက်ျားပေတကား”ဟု အားရဝမ်းသာ ရှိလှစွာ၍ ပြုံးရယ်တော်မူလေသည်။

     ထို့နောက်တဖန် “ငါသည် ဤမင်းသား ဘုရားဖြစ်သည်ကို ဖူးမျှော်ခွင့် ရပါအံ့လော၊ မရအံ့လော”ဟု ဆင်ခြင်ပြန်လေသော် “ဖူးမျှော်ခွင့်ရတော့မည် မဟုတ်ချေ။ ငါသည် ဤအလောင်းတော်မင်းသား ဘုရားမဖြစ်မီပင် သေလွန်၍ ဘုရားအရာအထောင်ပင် ကြွရောက်ချဉ်းကပ်၍ အမြိုက်တရား ဟောကြား သိစေခြင်းငှါ မတတ်နိုင်ရာသည့် အရူပဘုံ၌ ငါဖြစ်ရပေအံ့”ဟု

၅၈

အနာဂတံသဉာဏ်ဖြင့်ပင် သိမြင်လေ၍ “ငါသည် ဤသို့ ပါရမီကျေးဇူး ဂုဏ်အထူးတို့နှင့် ပြည့်စုံသော အံ့ဖွယ်ကောင်းလှသည့်ယောက်ျား ဘုရားဖြစ်သည်ကို ဖူးမျှော်ခြင်းငှါ ရတော့မည်မဟုတ်ချေ။ ဤသို့ ဘုရားဖြစ်သည်ကို မဖူးမျှော်ရခြင်းသည် ငါ့အတွက်တာ ကြီးစွာသော ဆုံးရှုံးခြင်းပေတကား”ဟု သည်းထန် ပြင်းပြသော နှလုံးမသာယာခြင်းဖြင့် ငိုကြွေးလေ၏။

(ဤ၌၊ ၊အရူပဗြဟ္မာ့ပြည်ဟူသည်မှာ ရုပ်တရား လုံးဝမရှိ၊ စိတ် စေတသိက် တည်းဟူသော နာမ်တရားသာရှိသည့် ဘုံဖြစ်သည်။ ထိုအရူပဗြဟ္မာ့ဘုံသို့ အရူပဈာန်ကိုရသော တိဟိတ်ပုထုဇန် ပုဂ္ဂိုလ်နှင့် ထိုအရူပဈာန်ကိုရသော သောတာပန် သကဒါဂါမ် အနာဂါမ် အရိယာပုဂ္ဂိုလ်တို့ ဘဝပဋိသန္ဓေ ကပ်ရောက်နေရ၏။ ထိုဘုံသို့ရောက်ရှိသော သောတာပန် သကဒါဂါမ် အနာဂါမ် အရိယာတို့မှာ အောက်ဘုံသို့ ပြန်၍ မဆင်းတော့ပြီ၊ ရှေးဘဝက အောက်ဖြစ်သော ကာမသုဂတိဘုံ ရူပဗြဟ္မာ့ဘုံတို့၌ ဖြစ်စဉ်ကာလ မဂ်ဖိုလ်ရောက်အောင် ကျင့်ကြံအားထုတ်နည်းကို ကိုယ်တိုင် လက်တွေ့ကျင့်သုံးခဲ့သူများ ဖြစ်ကြ၍ သူတပါး၏တရားသံကို မကြားရသော်လည်း ရှေးဘဝက လက်တွေ့ကျင့်သုံးခဲ့သည့် ဝိပဿနာလမ်းစဉ်မှာ ထင်လင်းပြီးဖြစ်၍ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံကြသဖြင့် ထိုအရူပဘုံမာပင် အထက်မဂ်ဖိုလ်ကို အရဟတ္တမဂ် အရဟတ္တဖိုလ်တိုင်အောင် ရရှိ၍ ဝဋ်ဘဝဇာတ်သိမ်း ငြိမ်းတော်မူကြသည်။

ကာဠဒေဝိလရသေ့ အာဠာရရသေ့ ဥဒကရသေ့တို့ကဲ့သို့ လူ့ပြည်က တိဟိတ်ပုထုဇန် (အရူပဈာန်ရ) ပုဂ္ဂိုလ်အဖြစ်ဖြင့် သေ၍ ထိုအရူပဘုံ၌ဖြစ်သော ပုဂ္ဂိုလ်တို့မှာ ဘုံ၏ ဓမ္မတာအားဖြင့် ရုပ်တရား လုံးဝမရှိသည့်အတွက် ဘုရားဖူးရန် တရားနာရန် မျက်စိ (စက္ခုပသာဒ) ရုပ်၊ နား (သောတပသာဒ) ရုပ်တို့လည်း လုံးဝ မရှိရကား

၅၉

ထိုအရူပဘုံသို့ ဘုရားရှင်တို့ ကြွရောက် တရားဟောသော်လည်း ဘုရားကို မဖူးမြင်နိုင် တရားကို မနာ ကြားနိုင်ကြသောကြောင့် ထိုအရူပဘုံသို့ ဘုရားရှင်တို့လည်း ကြွရောက်၍ တရား ဟောတော်မမူကြကုန်။ ပုထုဇန်တို့မှာလည်း သူတပါးထံက တရားသံကို ကြားနာရခြင်း တည်းဟူသော ပရတောဃောသပစ္စည်းကို မရလျှင် မည်သည့်နည်းဖြင့်မျှ မဂ်ဖိုလ်ကို မရနိုင်ကြကုန်၊ ထို့ကြောင့် ထိုအရူပဘုံသို့ ပုထုဇန်အဖြစ်ဖြင့် ကပ်ရောက် ဖြစ်ပွါးကြရသည့် ကာဠဒေဝိလရသေ့ အာဠာရရသေ့ ဥဒကရသေ့တို့မှာ ကာဠဒေဝိလနှင့် ဥဒကရသေ့တို့ကား နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်ကြသဖြင့် မဟာကပ်ပေါင်း ရှစ်သောင်းလေးထောင်ကြာအောင်, အာဠာရရသေ့ကား အာကိဉ္စညာယတနဘုံသို့ ကပ်ရောက်သဖြင့် မဟာကပ်ပေါင်း ခြောက်သောင်းကြာအောင် သံသရာဇာတ် မျောကြရမည့်ပုဂ္ဂိုလ်များ ဖြစ်ကြကုန်၏၊ ဤကပ်ကမ္ဘာအတွင်း လူ့ပြည်၌ ဘုရားပွင့်သော်လည်း ၎င်းတို့မှာ ကျွတ်ခွင့် မရှိကြကုန်။

ဤ၌၊ ၊ကာဠဒေဝိလ ရှင်ရသေ့သည် ရူပဘုံ၌ စိတ်ညွတ်လျှင် ထိုရူပဘုံ၌ မဖြစ်နိုင်ဘူးလောဟု မေးရန်ရှိ၏။ ထိုကာဠဒေဝိလ ရှင်ရသေ့မှာ လောကီဈာန်သမာပတ် ရှစ်ပါးလုံးကို အပြည့်အစုံရသူဖြစ်၍ ရူပဘုံ၌ ဖြစ်လို၏ဟု စိတ်ညွတ်ခြင်းရှိပါလျှင် မိမိစိတ်ညွတ်ရာ ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပဗြဟ္မာဆယ်ဘုံတို့တွင် အလိုရှိရာဘုံ၌ ဖြစ်နိုင်ခွင့်ရှိပေ၏။ ဤကား အဖြေတည်း။

ထိုသို့ ဖြစ်နိုင်ခွင့်ရှိလျှင် ရူပဆယ်ဘုံတွင် မိမိနှစ်သက်ရာ တဘုံဘုံ၌ စိတ်ညွတ်ပါတော့လောဟု မေးရန်ရှိ၏။ ထိုသို့ စိတ်ညွတ်ဖို့ရန် အစီအရင်၌ မလိမ္မာသောကြောင့် စိတ်မညွတ်ခြင်း ဖြစ်သည်ဟု ဆိုရာ၏။ (ဆိုလိုရင်းမှာ လောကီဈာန်သမာပတ် ရှစ်ပါးလုံးကို ရရှိသော ပုဂ္ဂိုလ်သည်

၆၀

ရူပဗြဟ္မာ့ဘုံ အရူပဗြဟ္မာ့ဘုံတို့တွင် မိမိစိတ်ညွတ်ရာဘုံ၌ ဖြစ်နိုင်ပေ၏။ ဒေဝိလရသေ့သည်လည်း အောက်ဖြစ်သော ရူပဗြဟ္မာ့ဘုံ၌ စိတ်ညွတ်လျှင် ထိုစိတ်ညွတ်ရာ ရူပဗြဟ္မာ့ဘုံ၌ ဖြစ်နိုင်၏။ ထိုသို့ဖြစ်လျှင် ရူပဗြဟ္မာအဖြစ်ဖြင့် ဘုရားကို ဖူးနိုင်ရာ၏။ သို့သော် ထိုသို့စိတ်ညွတ်ရန် အစီအရင်၌ မလိမ္မာသူ မသိရှိသူ ဖြစ်သဖြင့် အောက်ရူပဘုံ၌ဖြစ်ရန် စိတ်မညွတ်နိုင်ပေဟု ဆိုလိုသည်။)

ဤသို့ဖြစ်သော်လည်း ဒေါမနဿတရားကို သမာပတ်ဖြင့် ခွါထားသူဖြစ်သောကြောင့် ဒေဝိလရသေ့မှာ ဤကဲ့သို့ ဒေါမနဿဖြစ်ကာ မငိုကြွေးသင့်ဟူ၍ စောဒနာရန် ရှိပြန်၏။ ခွါရုံသာ ခွါရသောကြောင့်ပင် ဒေါမနဿဖြစ်ကာ ငိုကြွေးခြင်းဖြစ်သည်။ အနည်းငယ် ထင်ရှားစေဦးအံ့.. မဂ်ဖြင့် အကြွင်းမဲ့ ပယ်ဖြတ်အပ်ပြီးသော ကိလေသာတို့သာ နောက်ထပ် ထိုပုဂ္ဂိုလ်သန္တာန်၌ မဖြစ်နိုင်ကြကုန်၊ လောကီဈာန်သမာပတ်ဖြင့် ခွါရုံသာ ခွါထားရသော ကိလေသာတို့သည်ကား အားကြီးသောအကြောင်းနှင့် တွေ့ဆုံလျှင် ဖြစ်ပေါ်လာတတ်ကုန်၏။ ထို့ကြောင့် ဒေဝိလရှင်ရသေ့မှာ ဒေါမနဿကို မဂ်ဖြင့် မပယ်သတ်ရသေးပဲ သမာပတ်ဖြင့် ခွါရုံသာ ခွါထားရသောကြောင့် ဒေါမနဿဖြစ်ကာ ငိုကြွေးခြင်းဖြစ်သည်ဟူ၍ ဖြေဆိုရာ၏။

ထိုသို့ ငိုကြွေးသောအခါ ဒေါမနဿဖြစ်ရကား ဈာန်မှ လျှောကျပြီဖြစ်သောကြောင့် ထိုဒေဝိလရသေ့အား အရူပဘုံသို့ ဘဝပဋိသန္ဓေ တည်နေ ကပ်ရောက်ခြင်းသည် အဘယ်သို့ ဖြစ်နိုင်အံ့နည်းဟူ၍ မေးရန် ရှိပြန်၏။ မပင်မပန်းပဲ တဖန်ပြန်၍ ရသောကြောင့် အရူပဘုံသို့ ဘဝပဋိသန္ဓေ ကပ်ရောက်နေနိုင်သည်ဟု ဆိုရာ၏။ ထင်ရှားစေဦးအံ့..၊ လောကီဈာန်သမာပတ် ရရှိသော ပုထုဇန်ပုဂ္ဂိုလ်တို့သည် အားကြီးသောအကြောင်းနှင့် တိုက်ဆိုင်

၆၁

တွေ့ကြုံသဖြင့် ခွါရုံသာ ခွါထားရသော ကိလေသာတို့ ဖြစ်ပွါးကာ ဈာန်သမာပတ်မှ လျှောကျကုန်သော်လည်း အားကြီးသော လွန်ကျူးခြင်းသို့ မရောက်ကြကုန်သည်ရှိသော် ဖြစ်ပေါ်လာသော ကိလေသာအဟုန် ငြိမ်းစဲလျှင်ပင် မပင်မပန်းပဲ တဖန် ဈာန်သမာပတ်ကို ရနိုင်ကြသည်၊ “ဤသူတို့သည် ဈာန်မှ လျှောကျသူတည်း” ဟူ၍ပင် မသိနိုင်လောက်အောင် ရှိကုန်၏။

အချုပ်မှတ်ရန်မှာ.. ဒေဝိလရသေ့တို့ကဲ့သို့ သမာပတ်ရှစ်ပါး လောကီဈာန်များကို ရသောပုဂ္ဂိုလ်တို့မှာ စိတ်ညွတ်လျှင် ရူပဗြဟ္မာ့ပြည် အောက်ဆယ်ဘုံနှင့် အရူပဗြဟ္မာ့ပြည် လေးဘုံတို့တွင် မိမိစိတ်ညွတ်ရာ တဘုံဘုံ၌ ဖြစ်နိုင်၏။ စိတ်မညွတ်လျှင် ရရှိသော လောကီဈာန်သမာပတ်တို့အနက် အထက်ဆုံးဖြစ်သော ဈာန်သမာပတ်က အကျိုးပေးခွင့်ရသဖြင့် ထိုဈာန်၏ အကျိုးပေးရာဘုံ၌သာ ဖြစ်ရ၏။ ထိုကဲ့သို့ “စိတ်ညွတ်လျှင် အလိုရှိရာ စိတ်ညွတ်ရာဘုံ၌ ဖြစ်နိုင်သည်”ဟူ၍ သိမြင်ခြင်းမှာလည်း ဘုရားသာသနာတွင်းမှာသာ မြတ်စွာဘုရား ဟောကြားချက်အရ သိရှိနိုင်သည်၊ သာသနာပအခါ၌ ထိုကဲ့သို့ ထိုးထိုးထွင်းထွင်း မသိမြင်နိုင်ပေ။ ထို့ကြောင့်ပင် ဒေဝိလရှင်ရသေ့မှာ သာသနာတွင်းသား ဘုရားတပည့် မဟုတ်သဖြင့် ထိုကဲ့သို့ စိတ်ညွတ်ရန်အစီအရင်ကို မသိမြင်ချေ။ အကယ်၍ သိမြင်လျှင် ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပဗြဟ္မာ ဆယ်ဘုံတွင် တဘုံဘုံ၌ ဖြစ်လို၏ဟု စိတ်ညွတ်ရာ၏၊ စိတ်ညွတ်လျှင် ညွတ်ရာဘုံ၌ဖြစ်၍ ဘုရားဖူးခွင့် ရလေရာ၏၊ ယခုမူ ထိုအစီအရင်ကို မသိမြင် မလိမ္မာသဖြင့် ထိုကဲ့သို့ စိတ်ညွတ်မှုအစီအရင်ကို မပြုမိပဲ မိမိ နေဝသညာနာသညာယတနခေါ်သော အထက်ဆုံး အရူပဘုံ၌ ဖြစ်ရောက်ကာ မြတ်စွာဘုရားကို ဖူးခွင့်မရမည့်အရေး တွေးတော နှလုံးပူပန်ကာ ဒေါသဇောကျ၍ ငိုကြွေးရှာလေသည်။

၆၂

ထိုသို့ ငိုကြွေးသောအခါ ဒေဝိလရှင်ရသေ့မှာ ဈာန်မှ လျောကျခဲ့၏။ သို့သော် တစုံတခုသော ဒုစရိုက်မှုကြီးများကို ပြုမှားမိခြင်း အလျှင်းမရှိသောကြောင့် ဒေါသကိလေသာအဟုန် ငြိမ်းစဲသွားလျှင်ပင် ဈာန်မှလျှောကျသွားသည်ဟူ၍ မသိနိုင်လောက်အောင် ကသိုဏ်းပရိကံကို တဖန်ပွါးသောအခါ မပင်မပန်း အလွယ်တကူ လောကီသမာပတ် ရှစ်ပါးကို ရရှိပြန်လေသည်။ ထို့ကြောင့် ထိုဒေဝိလရှင်ရသေ့ကြီး စုတေသောအခါ လောကီဈာန်သမာပတ် ရှစ်ပါးတို့အနက် အထက်ဆုံးဖြစ်သည့် နေ၀သညာနာသညာယတနဈာန်၏ အကျိုးပေးရာ နေ၀သညာနာသညာယတန (အရူပ)ဗြဟ္မာ့ဘုံ၌ ဖြစ်ရလေသည်ဟု မှတ်ရာ၏။)

လူတို့က မေးလျှောက်ကြခြင်း

     ထိုသို့ ကာဠဒေဝိလ ရှင်ရသေ့ကြီး ရယ်လိုက် ငိုလိုက် ပြုလုပ်သည်ကို မြင်ကြရ၍ နန်းတွင်းသူ နန်းတွင်းသား လူအများတို့က “ငါတို့၏ အရှင်ရသေ့ကြီးသည် ယခုပင် ရယ်၍ တဖန် ငိုပြန်၏။ ထူးဆန်းစွာ့တကား”ဟု စဉ်းစားကြပြီးလျှင် “အရှင်ရသေ့မြတ်.. အကျွန်ုပ်တို့၏ အရှင့်သားအတွက် အန္တရာယ်တစုံတရာ ရှိပါသလော”ဟု မေးလျှောက်ကြကုန်၏။ ထိုအခါ ဒေဝိလရသေ့ကြီးက “ဤမင်းသားအတွက် အန္တရာယ် တစုံတရာမရှိပေ။ ဤမင်းသားသည် ဧကန်စင်စစ် ဘုရားဖြစ်လိမ့်မည်”ဟု ဖြေဆိုလေ၏။ “ထိုသို့ဖြစ်ပါလျက် အဘယ့်ကြောင့် အရှင်ရသေ့သည် ငိုကြွေးတော်မူပါသနည်း”ဟု လူအပေါင်းတို့က မေးသောအခါ ဒေဝိလရှင်ရသေ့က “ဤသို့သော ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသည့် ယောက်ျားမြတ် ဘုရားဖြစ်သည်ကို ငါဖူးမျှော်ခွင့် ရတော့မည်မဟုတ်၊ ငါ့အား ကြီးစွာသော ဆုံးရှုံးမှုကြီး နစ်နာမှုကြီး ဖြစ်စွာ့တကားဟု ကိုယ်ရေးကိုယ်တာအတွက် စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဖြစ်သည်”ဟု ဖြေဆိုလေ၏။

၆၃

(ဤ၌ ဗုဒ္ဓဝင်အဋ္ဌကထာ, ဇာတ်အဋ္ဌကထာ, ဇိနာလင်္ကာရဋီကာတို့၌ ဖွင့်ပြသည့်အတိုင်း ရေးသားခဲ့ပေသည်၊ အချို့ ဗုဒ္ဓဝင်စကားပြေကျမ်းတို့၌ကား “သုဒ္ဓေါဒနမင်းကြီးက အလောင်းမင်းသားသည် အဘယ်အရွယ်၌ ရဟန်းပြု၍ ဘုရားဖြစ်မည်နည်း”ဟု မေးသောအခါ ကာဠဒေဝိလရသေ့ကြီးက “အသက်သုံးဆယ့်ငါးနှစ်အရွယ်တွင် ဘုရားဖြစ်လိမ့်မည်”ဟု ဖြေဆိုကြောင်း ရေးသားကြပေသည်၊ ထိုသို့ ရေးသားကြခြင်းမှာ နောက်၌ ပြဆိုလတံ့သောအတိုင်း ဒေဝိလရသေ့က မိမိ၏ တူတော်သူ ( နှမ၏သား) နာလကလုလင်အား ပြောကြားသောအခဏ်း၌ ပါရှိသည့် “အမောင်နာလက.. သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်မှာ သားတော်တပါး ဖွားခဲ့လေပြီ၊ ထိုသားတော်သည် ဘုရားညွန့်လျာ ဖြစ်ပေသည်၊ သုံးဆယ့်ငါးနှစ် လွန်သောအခါ ဘုရားဖြစ်လိမ့်မည်”ဟု ပြောကြားချက်မှ ယူဆောင်၍ ရေးသားကြခြင်း ဖြစ်ပေသည်။ သုဒ္ဓေါဒန မင်းတရားကြီးကား သားတော်မင်းသား ဘုရားဖြစ်လိမ့်မည်ဟူသော ဖြေကြားချက်ကိုပင် မနှစ်သက်နိုင်ပေ။ သားတော် ဘုရားဖြစ်သည်ကို မမြင်လို၊ စကြာမင်းဖြစ်သည်ကိုသာ မြင်လိုသူဖြစ်၍ “အလောင်းမင်းသားသည် အဘယ်အရွယ်၌ ရဟန်းပြု၍ ဘုရားဖြစ်လိမ့်မည်နည်း”ဟု ဘယ်နည်းဖြင့်မျှ မေးမည်မဟုတ်သောကြောင့် ရှေးဖော်ပြရာပါ ဗုဒ္ဓဝင်အဋ္ဌကထာ, ဇာတ်အဋ္ဌကထာ, ဇိနာလင်္ကာရဋီကာတို့၌ ထိုအကြောင်းကို မရေးသား မဖွင့်ပြခဲ့ခြင်းဖြစ်၍ ဤဗုဒ္ဓဝင်ကျမ်း၌လည်း ထိုအကြောင်းကို မရေးသားခြင်း ဖြစ်ပေသည်။

နာလကလုလင် ရဟန်းပြုခြင်း

     ဤသို့ ဖြေကြား မိန့်ဆိုပြီးနောက် ကာဠေဒေဝိလ ရှင်ရသေ့သည် “အလောင်းမင်းသား ဘုရားဖြစ်သောအခါ ငါပင် မဖူးမတွေ့ရသော်လည်း ငါ၏ ဆွေမျိုးထည်းမှ တစုံတယောက်သောသူသည်

၆၄

ဤအလောင်းမင်းသား ဘုရားဖြစ်သည်ကို ဖူးတွေ့ခြင်းငှါ ရနိုင်ဦးမည်လော မရနိုင်မည်လော”ဟု ဆင်ခြင်ကြည့်ရှုပြန်လေသော် မိမိ၏ နှမငယ်၏သား နာလကလုလင်ကို “ငါ့တူ နာလကသည်ကား ဤအလောင်းမင်းသား ဘုရားဖြစ်သည်ကို ဖူးတွေ့နိုင်ပေလိမ့်မည်”ဟု မြင်တော်မူပြီးကာ မိမိ၏ နှမအိမ်သို့ ကြွရောက်ပြီးလျှင် နာလကလုလင်ကို ခေါ်စေပြီးသော် မိမိထံမှောက် ရောက်လာသော နာလကကို-

“ငါ့တူ အမောင်နာလက.. သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်မှာ သားတော်တပါး ဖွားခဲ့လေပြီ၊ ထိုသားတော်သည် ဘုရားညွန့်လျာ ဖြစ်ပေသည်။ ထိုသားတော်သည် အသက်သုံးဆယ့်ငါးနှစ်လွန်လျှင် လူတွင်ထင်ရှား ဘုရားဖြစ်လိမ့်မည်၊ ငါ့တူသည် ထိုဘုရားကို ဖူးမြင်ထိုက်သူ ဖြစ်ပေ၏၊ ထို့ကြောင့် ငါ့တူသည် ယနေ့ပင် ရဟန်းပြုလော့”-

ဟု မိန့်ဆိုတိုက်တွန်းလေ၏။

     ထိုနာလကလုလင်သည် ရှစ်ဆယ့်ခုနစ်ကုဋေ ဥစ္စာကြွယ်ဝသော မိဖအိမ်၌ ဖြစ်ရသောသူငယ်ပင် ဖြစ်လင့်ကစား “ငါ၏ဦးကြီးတော် (အမေ့မောင်)သည် ငါ့ကို အကျိုးမရှိသောအရာ၌ တိုက်တွန်းလိမ့်မည်မဟုတ်၊ အမှန်စင်စစ် အကျိုးရှိမည့်အရာဖြစ်၍သာ ဤသို့ တိုက်တွန်းပေသည်”ဟု ယုံကြည်ကြံစည် ဆုံးဖြတ်ပြီးလျှင် ထိုခဏ၌ပင် ဈေးအတွင်းမှ သင်္ကန်းသပိတ်တို့ကို ဝယ်ယူ ဆောင်ကြဉ်းစေ၍ ဆံမုတ်ဆိတ်တို့ကို ရိတ်ပယ်ပြီးလျှင် သင်္ကန်းတို့ကို ဝတ်ရုံလျက်-

“လောက၌ အမြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည့် မြတ်စွာဘုရားကို ရည်ညွှန်း၍ ငါ၏ ရဟန်းပြုခြင်းသည် ဖြစ်ပေ၏” (မချွတ်ပွင့်အံ့သော မြတ်စွာဘုရားကို ရည်ညွှန်း၍ ငါသည် ရဟန်းပြု၏)–

၆၅

ဟု နှုတ်မှ မြွက်ဆိုကာ မြတ်စွာဘုရား အလောင်းတော်ရှိရာ ကပိလဝတ် နန်းတော်ဘက်သို့ မျက်နှာရှေ့တည် လက်အုပ်ချီလျက် တည်ခြင်းငါးပါးဖြင့် ရှိခိုးပြီးမှ သပိတ်ကို အိတ်၌ထည့်၍ ပခုံးစွန်း၌ လွယ်ပြီးသော် ဟိမဝန္တာတောသို့ဝင်၍ မြတ်စွာဘုရားကို စောင့်ကြိုကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်နေလေ၏။

(ဤဘုရားအလောင်း ဖွားမြင်ခဏ်းနှင့်စပ်၍ အလောင်းတော်၏ မျိုးဆက်ဆွေစဉ် ရာဇဝင်အကြောင်းအချက်နှင့်တကွ ကပိလဝတ်ပြည် တည်ထောင်ဖြစ်ပွါးလာပုံ စသည်တို့ကို အနုဒီပနီ၌ ဖော်ပြထားသည်။)

အလောင်းတော်အား ခေါင်းဆေးမင်္ဂလာ အမည်မှည့်မင်္ဂလာပြုရာ အခမ်းအနား၌

လက္ခဏာနိမိတ်တို့ကို ဖတ်ကြားစေခြင်း

     ဘုရားအလောင်းတော် သူမြတ်ကို ဖွားမြင်ပြီးသည့်နောက် ငါးရက်မြောက်သောနေ့၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော် အလောင်းမင်းသား ဦးခေါင်းဆေးလျှော်ခြင်း မင်္ဂလာ ပြုလုပ်စေပြီးလျှင် အမည်မှည့်အံ့ဟု မိမိ၏ စံနန်းတော်ကို တောင်ဇလပ်နံ့သာ, လေးညှင်းပွင့်နံ့သာ, ကုင်္ကုမံနံ့သာ, ပန်းညိုနံ့သာ ဟူကုန်သော နံ့သာမျိုး (အမွှေးမျိုး)လေးပါး အမှုန့်တို့ဖြင့် ပွတ်လိမ်းထုံကျံစေပြီးသော်.. နေဇာမြက်, ဆန်, မုန်ညင်းစေ့, မုလေးငုံ, ပေါက်ပေါက် (ဆန်ပန်းပေါက်ပေါက်) ဟူကုန်သော ပန်းမျိုးငါးပါးတို့ကို အနှံ့အပြား ဖြန့်ကြဲစေပြီးလျှင် ရေမရောယှက် သက်သက်သော နို့ဃနာဘောဇဉ်ကို ချက်စေတော်မူ၍ ဗေဒင်သုံးပုံတို့၏ ကမ်းတဖက်ရောက် တတ်မြောက်ကုန်သော ပုဏ္ဏားပညာရှိ တရာ့ရှစ်ယောက်တို့ကို ပင့်ဖိတ်လျက် စံနန်းတော်အတွင်း ခင်းထားအပ်သော နေရာကောင်း နေရာသန့်တို့၌ ထိုင်နေကြစေ၍ ကောင်းမွန် မြိန်မြတ်ကုန်သော နို့ဃနာဘောဇဉ်တို့ကို ကျွေးမွေးတော်မူ၏။

(ဤစကားရပ်၌၊ ၊နံ့သာမျိုးလေးပါး ရေတွက်ပုံကို မဇ္ဈိမပဏ္ဏာသဋီကာ သေခသုတ်အဖွင့်၊ မဟာပရိနိဗ္ဗာနသုတ် ဋီကာတို့၌ ရေတွက်သည့်အတိုင်း ဖော်ပြခြင်းဖြစ်သည်။ (က) မဟာသုဒဿနသုတ် ဋီကာ၌ကား ကုင်္ကုမံနံ့သာ၏အစား ကမျဉ်းနံ့သာကို ထည့်သွင်း

၆၆

ရေတွက်၍ ပြ၏။ (ခ) ဇာတ်ဋီကာဟောင်း အဝိဒူရေနိဒါန်းအဖွင့် စသည်၌ စန္ဒကူးနက်, တောင်ဇလပ်, ပရုတ်, စန္ဒကူးနှစ်ဟူ၍ လေးပါးပြ၏၊ (ဂ) မဂဓအဘိဓာန်ကျမ်း၌ ကုင်္ကုမံ, လေးညှင်း, တောင်ဇလပ်, ကမျဉ်းဟူ၍ လေးပါးပြ၏၊ (ဃ) သဠာယတနသံယုတ်ဋီကာ အာသီဝိသဝဂ် ဆဋ္ဌသုတ်အဖွင့်၌ ကုင်္ကုမံ, ကမျဉ်း, လေးညှင်း, ပန်းညိုဟူ၍ လေးပါးပြ၏၊ (င) မာလာလင်္ကာရဝတ္ထု၌ အင်ကြင်း, မဟာဇလပ်, ပရုတ်နှစ်, စန္ဒကူးနှစ်ဟူ၍ လေးပါး ပြဆို၏၊ (စ) ဇိနတ္ထပကာသနီ၌ အကျော်, ဇလပ်, ပရုတ်, စန္ဒကူးဟူ၍ လေးပါးပြဆို၏။)

     ယင်းသို့ကျွေးမွေးတော်မူပြီးသော် ကောင်းမွန် ကြီးမြတ်သော ပူဇော် သက္ကာရကို ပြုလျက် ထိုပုဏ္ဏားပညာရှိ တရာ့ရှစ်ယောက်တို့အနက် ရှစ်ယောက်သော ပုဏ္ဏားပညာရှိတို့ကို တဖန် ရွေးနုတ်ပြီးလျှင် သားတော်အလောင်းမင်းသား၏ လက္ခဏာတို့ကို မည်သို့ ဖြစ်လိမ့်မည်ဟူ၍ နိမိတ်ဖတ်ကြား လျှောက်ထားစေကုန်၏။

     ထိုလက်ရွေးစင် ပုဏ္ဏားပညာရှိ ရှစ်ယောက်တို့တွင် ရာမမည်သောပုဏ္ဏား, ဓဇမည်သောပုဏ္ဏား, လက္ခဏမည်သောပုဏ္ဏား, ဇောတိမန္တမည်သောပုဏ္ဏား, ယညမည်သောပုဏ္ဏား, သုဘောဇမည်သောပုဏ္ဏား, သုယာမမည်သောပုဏ္ဏား- ဤပုဏ္ဏားပညာရှိ ခုနစ်ယောက်တို့သည် အလောင်းတော်မင်းသား၏ လက္ခဏာတော်တို့ကို ကြည့်ရှုစိစစ်ပြီးသော် လက်နှစ်ချောင်းစီ ထောင်ကြကုန်လျက် “ဤလက္ခဏာတို့နှင့် ပြည့်စုံသော အရှင့်သားသည် အကယ်၍ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေငြားအံ့၊ လေးကျွန်းသနင်း စကြာမင်း ဖြစ်တော်မူလတံ့၊ ရဟန်းပြုသည်ဖြစ်အံ့၊ ဘုရားဖြစ်ပေလတံ့”ဟူ၍ စကားနှစ်လုံးတို့ဖြင့် မဆုံးမဖြတ် နိမိတ်ဖတ်ကြလေကုန်၏။

     ထိုပုဏ္ဏားပညာရှိ ခုနစ်ယောက်တို့အောက် အသက်အရွယ် အငယ်ဆုံးဖြစ်သည့် ကောဏ္ဍညနွယ်ဖွား သုဒတ္တမည်သော ပုဏ္ဏားသည်ကား အလောင်းမင်းသား၏ မဟာပုရိသလက္ခဏာ အလုံးစုံတို့နှင့် ပြည့်စုံတော်မူပုံကို သေချာစေ့ငု ကြည့်ရှုဆင်ခြင်ပြီးသော် “ဤအရှင့်သားအား အိမ်ရာတည်ထောင် လူ့ဘောင်၌နေရန်

၆၇

အကြောင်းမရှိ၊ ဧကန်စင်စစ်ပင် ကိလေသာအမိုးကို ဖျက်ဖွင့်လှစ်သည့် ဘုရားဖြစ်လတံ့”ဟူ၍ ပြောဆိုကာ လက်တချောင်းကိုသာ ထောင်လျက် စကားတလုံးတည်းဖြင့် အပြီးအပြတ် ဆုံးဖြတ်ဖြေကြားလေသည်။

(ဤ၌၊ ၊ကောဏ္ဍညနွယ်ဖွား သုဒတ္တပုဏ္ဏားငယ်သည်ကား ဤဘဝတွင် အရဟတ္တဖိုလ်ပေါက် ရောက်ရှိအောင် ပါရမီကောင်းမှု ဆည်းပူးပြုစုခဲ့သည့် ပစ္ဆိမဘဝိကသား ဖြစ်သောကြောင့် ပုဏ္ဏားတော်ကြီးခုနစ်ယောက်တို့ကို ပညာတန်ခိုး လွှမ်းမိုးလွန်ကဲ၍ “ဤလက္ခဏာတို့နှင့် ပြည့်စုံသော အရှင့်သားသည် ဘုရားစင်စစ် ဖြစ်လတံ့”ဟူ၍ အလောင်းတော်၏ အလားအလာ သေချာသောအခြင်းအရာတို့ကို ဆုံးဆုံးဖြတ်ဖြတ် သိမြင်နိုင်လေသည်။ ထို့ကြောင့် လက်တချောင်းကိုသာ ထောင်လျက် ပြောင်ပြောင်ရဲရဲ သဲကွဲစွာ နိမိတ်ဖတ်ခြင်း ဖြစ်လေသည်။)

     ဤကောဏ္ဍညနွယ်ဖွား သုဒတ္တပုဏ္ဏားငယ်၏ လက်တချောင်းထောင်ကာ နိမိတ်ဖတ် ဟောကြားချက်ကို အလုံးစုံသော ပုဏ္ဏားပညာရှိတို့သည် လက်ခံကြကုန်၏။

မဟာပုရိသလက္ခဏာတော်ကျမ်း

     ဘုရားအစရှိသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့ကို ဤပုဏ္ဏားတို့ သိမြင်တတ်မြောက် နိမိတ်ကောက်ယူ ဖတ်ကြားနိုင်ခြင်းသည်ကား.. ဘုရားပွင့်လုခါနီး ခေတ်အခါတို့၌ သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည် ဗေဒင်ကျမ်းတို့၌ ဤ ဗုဒ္ဓမဟာပုရိသလက္ခဏာ (ဘုရားဖြစ်မည့်သူ၏ လက္ခဏာ) အစရှိသော မဟာပုရိသလက္ခဏာ အကြောင်းအရာတို့ကို သိမြင်နိုင်လောက်အောင် ထည့်သွင်းကြပြီးလျှင် ပုဏ္ဏားဆရာကြီးများအသွင်ဖြင့် ဤလူ့ပြည်လောကသို့ လာရောက်ကြကုန်လျက် “ဤမဟာပုရိသလက္ခဏာပါရှိသော ဗေဒင်ကျမ်းတို့ကို ကုသိုလ်ဘုန်းကံ ဉာဏ်ပညာဓာတ်ခံ ရင့်သန်သောသူတို့သည် တတ်သိကြကုန်လတံ့”ဟု ရည်မှန်း၍ တပည့်ခံလာကုန်သူတို့အား သင်ကြားပို့ချ ပေးခဲ့ကြကုန်၏။ ထို့ကြောင့် ဤပုဏ္ဏားတော်တို့သည် ဗုဒ္ဓလက္ခဏာ အစရှိသော

၆၈

ဤမဟာပုရိသလက္ခဏာတို့ကို ကောင်းစွာသိမြင် ဆင်ခြင် ဖတ်ကြားနိုင်ကြကုန်၏။

မဟာပုရိသလက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး အကြောင်းအရာ

     ယောက်ျားမြတ်ဟူ၍ (ဘုရားအလောင်းဟူ၍) သိမြင်ကြောင်း အမှတ်အသား လက္ခဏာတော်ကြီးသည် (၃၂) သုံးဆယ့်နှစ်ပါးရှိကုန်၏၊ သုံးဆယ့်နှစ်ပါးတို့ ဟူသည်ကား..

၁။ မြေ၌ နင်းသောအခါ ကောင်းစွာတည်ထိသော ညီညွတ်သည့် ဖဝါးတော်အပြင်ရှိခြင်း လက္ခဏာတော် တပါး၊

၂။ နှစ်ဖက်သော ခြေဖဝါးတော်အပြင်တို့၌ တထောင်သော အကန့်အကွက် ပုံတောင်းအချက်နှင့်တကွ ခပ်သိမ်းသော အခြင်းအရာတို့နှင့် ပြည့်စုံသော တရာ့ရှစ်ကွက် စက်အင်္ဂါအမှတ်အသားပါရှိခြင်း လက္ခဏာတော် တပါး၊

၃။ ရှည်လျားသော ဖနောင့်တော်ရှိခြင်း လက္ခဏာတော် တပါး၊

၄။ ရှည်သွယ်သော ခြေချောင်းတော် လက်ချောင်းတော် ရှိခြင်း လက္ခဏာတော် တပါး

၅။ နူးညံ့သိမ်မွေ့လှစွာသော လက်ဖဝါးတော် ခြေဖဝါးတော် အပြင်ရှိခြင်း လက္ခဏာတော် တပါး။

၆။ လေသွန်နန်းတံခါး၌ စိုက်စီ၍ထားအပ်သော ရွှေပွတ်လုံး (ဇာလီ)တိုင်ကဲ့သို့ ညီညွတ်စွာ အချောင်းအချောင်း အကြားစိပ်သော လက်ချောင်းတော် ခြေချောင်းတော်ရှိခြင်း လက္ခဏာတော် တပါး၊

၇။ မြူမလိမ်းတွယ် စဉ်းငယ်မြင့်သော ခြေဖမျက်တော်ရှိခြင်း လက္ခဏာတော် တပါး၊

၆၉

၈။ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းနှင့်တူသော သလုံးမြင်းခေါင်းတော်ရှိခြင်း လက္ခဏာတော် တပါး၊

၉။ ရပ်တော်မူလျက်ပင် ကိုယ်တော်ကို မကိုင်းညွှတ်ပဲ လက်ဖဝါးတော်နှစ်ဖက်ဖြင့် ပုဆစ်ဒူးဝန်းတော်နှစ်ဖက်ကို သုံးသပ် ထိတွေ့နိုင်ခြင်း လက္ခဏာတော်တပါး၊

၁၀။ ဆဒ္ဒန်ဆင်မင်းပမာ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ် ရှိတော်မူခြင်း လက္ခဏာတော်တပါး၊

၁၁။ သိင်္ဂီနိက်ရွှေစင်အဆင်းကဲ့သို့ ၀ါဝင်းသော အရေတော်ရှိခြင်း လက္ခဏာတော် တပါး၊

၁၂ ။ သိမ်မွေ့သော အရေရှိခြင်း လက္ခဏာတော်တပါး၊ (ဤလက္ခဏာတော်ကြောင့် မြူအညစ်အကြေးတို့ မလိမ်း မကပ်နိုင်။)

၁၃။ မွေးညင်းတွင်း တတွင်းတတွင်းလျှင် မွေးညင်းတော် တပင်စီ တပင်စီသာ ပေါက်ရောက်ခြင်း လက္ခဏာတော် တပါး၊

၁၄။ မျက်နှာတော်ကို မော်၍ဖူးသည့်ပမာ အထက်သို့သာ အဖျားကော့သည့် မွေးညင်းတော်ရှိခြင်း လက္ခဏာတော် တပါး၊

၁၅။ ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော်ရှိခြင်း လက္ခဏာတော် တပါး၊

၁၆။ ခြေဖမိုးတော် နှစ်ဖက်, လက်ဖမိုးတော် နှစ်ဖက်, ပခုံးတော် နှစ်ဖက်, လည်ကုပ်တော်ဟု ဆိုအပ်သော ဤခုနစ်ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိခြင်း လက္ခဏာတော် တပါး၊

၁၇။ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ အောင်မောင်းပြည့်ဝသည့် ကိုယ်တော်ရှိခြင်း လက္ခဏာတော် တပါး၊

၇၀

၁၈။ ရွှေပျဉ်ချပ်ပမာ ခါးတော်မှစ၍ အထက် လည်ကုပ်တော်တိုင်အောင် ရေစီးကြောင်း (အကြား)မထင် ပြည့်ဖြိုးစင်သော ကျောက်ကုန်းတော်ရှိခြင်း လက္ခဏာတော် တပါး၊

၁၉။ အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင်အဝန်းကဲ့သို့ ဝန်းသော (လုံးချောသော) ကိုယ်တော်ရှိခြင်း လက္ခဏာတော် တပါး၊

၂၀။ ညီလည်းညီညွတ် လုံးလည်းလုံးသော လည်တိုင်တော်ရှိခြင်း လက္ခဏာတော် တပါး၊

၂၁။ နှမ်းလုံးခန့်မျှ နည်းလှ ငယ်လှသော အရသာကိုသော်လည်း တကိုယ်တော်လုံး ပျံ့နှံ့အောင် ဆောင်နိုင်သည့် ခုနစ်ထောင်သော အရသာကြာတို့ အဖျားချင်းအပ် လည်မှာစွပ်လျက်ရှိခြင်း လက္ခဏာတော် တပါး၊

၂၂။ ခြင်္သေ့မင်း၏ မေးကဲ့သို့သော (ပြုံးတော့မည့်အရိပ် သွေးနေသည့်) မေးတော်ရှိခြင်း လက္ခဏာတော်တပါး၊

၂၃။ သွားတော်ချောင်းရေ (၄ဝ) လေးဆယ် အစေ့အင ရှိတော်မူခြင်း လက္ခဏာတော် တပါး၊

၂၄။ ညီညွတ်သော သွားတော်ရှိခြင်း လက္ခဏာတော်တပါး၊

၂၅။ သွားတော် မကျဲမကွာ စေ့စပ်စွာရှိခြင်း လက္ခဏာတော် တပါး၊

၂၆။ သောက်ရှူးကြယ်ပမာ လွန်စွာ စင်ကြယ်ဖြူဝင်းသောအရောင် တလက်လက်ထွက်သည့် စွယ်တော် လေးဆူရှိခြင်း လက္ခဏာတော်တပါး၊

၂၇။ ရှည်လျား + နူးညံ့ + ပြန့်သော လျှာတော်ရှိခြင်း လက္ခဏာတော် တပါး၊

၇၁

၂၈။ ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အသံတော်ရှိခြင်း လက္ခဏာတော် တပါး၊

၂၉။ အလွန် ညိုကြည်သည့် မျက်လုံးတော်ရှိခြင်း လက္ခဏာတော် တပါး၊

၃၀။ ဖွားသစ်စ နွားသူငယ်၏ မျက်မွေးကဲ့သို့ အလွန်နူးညံ့ နုပျိုသည့် မျက်မွေးတော်ရှိခြင်း လက္ခဏာတော် တပါး၊

၃၁။ မျက်မှောင် (မျက်ခုန်း)တော်နှစ်ဖက် အလယ်ချက်၌ ဥဏ္ဏလုံ= မွေးရှင်တော် ပေါက်ရောက်ခြင်း လက္ခဏာတော် တပါး၊

၃၂။ နဖူးတော်ဝယ် ပကတိ ပင်ကိုယ်အားဖြင့်ပင် သင်းကျစ်ရွှေပြား တပ်စီ၍ထားသကဲ့သို့ သင်းကျစ်တော် အသားလွှာ ပါရှိခြင်း လက္ခဏာတော် တပါး၊

     ဤကား မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့တည်း။ (ဒီဃနိကာယ် မဟာပဒါနသုတ်, လက္ခဏသုတ်တို့နှင့် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ဗြဟ္မာယုသုတ် ပါဠိတော်တို့မှ ထုတ်ဖော်ပြဆိုသည်။)

လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့၏ သဘောအဓိပ္ပါယ်

(၁) မြေ၌ နင်းသောအခါ ကောင်းစွာ တည်ထိသော ညီညွတ်သည့် ဖဝါးတော်အပြင်ရှိခြင်း လက္ခဏာတော်၏ သဘောအဓိပ္ပါယ်ကား..

     အခြား တပါးသောသူတို့မှာ ခြေကို မြေ၌ချလျှင် (နင်းလျှင်) ခြေဦး အဖျား အပြင်ကသော်၎င်း, ဖနောင့်ကသော်၎င်း, ဖဝါးစောင်း တဖက်ကသော်၎င်း ရှေးဦးစွာ မြေ၌ထိ၍ အလယ်ကမထိပဲ ပြတ်ခြားလွတ်လပ်လျက် နေ၏၊ ထိုသူတို့သည် ထိုနင်းချထားရာမြေမှ ခြေကို ကြွသောအခါ၌လည်း ထိုခြေဦးအဖျား ဖနောင့် ဖဝါးစောင်းတို့တွင် တခုခုကိုသာ အလျင်အစ ကြွချီတတ်ကြကုန်၏။

၇၂

     အလောင်းမင်းသား ယောက်ျားမြတ်မှာမူကား ပြောင်းအိပြေပြန့် နူးညံ့လှစွာကုန်သော ရွှေခြေနင်းတို့ကို မြေ၌ ချလိုက်သည်ရှိသော် မြေ၌ တညီတညွတ် တပြင်တည်း တည်ထိသကဲ့သို့၊ အလောင်းတော်၏ ခြေဖဝါးတော် အပြင်တို့သည် မြေ၌ နင်းချသောအခါ တညီတညွတ် တပြင်တည်း ထိမိကြကုန်၏။ မြေမှ ခြေတော်ကို ကြွချီသောအခါလည်း တညီတညွတ်တည်းပင် ကြွမြောက်၍ လာကုန်၏။

     အကယ်၍ အလောင်းတော်မြတ်သည် တွင်း ကျင်း ချိုင့်နက် ချောက် နရက် ကမ်းပါး အစရှိသည့် မညီညွတ်သော နေရာ၌ ခြေတော်အပြင်တို့ကို ချလို နင်းလိုတော်မူသည်ရှိသော် ထိုခဏမှာပင် ထိုမညီညွတ်သော မြေအဖို့သည် လေပြည့်သော သားရေအိတ်ပမာ ပြည့်လာ၍ အထက်သို့ စုန့်တက်ကာ စည်မျက်နှာကဲ့သို့ အပြင်ညီညွတ်စွာ ဖြစ်၍လာ၏။

     အဝေး၌ ခြေတော်ကို ချလို နင်းလို၍ မြှောက်ချီတော်မူသည်ရှိသော် မြင်းမိုရ်တောင်မင်းသော်မှလည်း တခဏချင်းပင် ဖဝါးတော်အောက် ခံလာ ရောက်လာရပေ၏။

(၂) နှစ်ဖက်သော ခြေဖဝါးတော် အပြင်တို့၌ တထောင်သော အကန့်အကွက် ပုံတောင်းအချက်နှင့်တကွ ခပ်သိမ်းသော အခြင်းအရာတို့နှင့် ပြည့်စုံသော တရာ့ရှစ်ကွက် စက်အင်္ဂါအမှတ်အသား ပါရှိခြင်း လက္ခဏာတော်၌ တရာ့ရှစ်ကွက် စက်အမှတ်အသား ဟူသည်တို့ကား..

     (၁) လုံမ၊ (၂ ) အိမ်မွန်= ကြက်သရေတိုက်၊ (၃) ဇလပ်ပန်း၊ (၄) လည်ရေးသုံးဆင့်၊ (၅) ဦးဆောက်ပန်း= ဦးစိုက်ပန်း၊ (၆) ထမင်းပွဲ၊ (၇) အင်းပျဉ်ဝန်း= ရွှေသလွန်တော်၊ (၈) ချွန်းတောင်း၊ (၉) ပြာသာဒ်၊ (၁၀) တုရိုဏ်တိုင်= တံခါးကိုင်။

     (၁၁) ထီးဖြူတော်၊ (၁၂) သန်လျှက်၊ (၁၃) ထန်းရွက်ယပ်ဝန်း၊ (၁၄) ဥဒေါင်းမြီးစည်းယပ်၊ (၁၅) သင်းကျစ်တော်၊

၇၃

(၁၆) ပတ္တမြားကျောက်မျက်၊ (၁၇) အရောင် တဖိတ်ဖိတ်လက်သော စားတော်ခွက်၊ (၁၈) မုလေးပန်းဆိုင်း၊ (၁၉-၂၃) ကြာညို၊ ကြာနီ၊ ကြာဖြူ၊ ကြာပဒုမာ၊ ကြာပုဏ္ဍရိက်ဟူသော ကြာမျိုးငါးပါး။

     (၂၄) မုန်ညင်းစေ့ စသည်ဖြင့် ပြည့်သောအိုး၊ (၂၅) ထို့အတူ ဖလား၊ (၂၆) သမုဒြာ၊ (၂၇) စကြဝဠာတောင်၊ (၂၈) ဟိမဝန္တာတောင်၊ (၂၉) မြင်းမိုရ်တောင်၊ (၃၀-၃၁) နေဝန်း, လဝန်း။

     (၃၂) နက္ခတ်များ၊ (၃၃-၃၆) ကျွန်းငယ်အရံနှစ်ထောင်နှင့် တကွသော ကျွန်းကြီးလေးကျွန်း၊ (၃၇) အခြွေအရံ ပရိသတ် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြာမင်း၊ (၃၈) လက်ျာရစ် ခရုသင်းဖြူ၊ (၃၉) ရွှေငါးကြင်း အစုံ၊ (၄၀) လက်နက်စက်။

     (၄၁-၄၇) ဂင်္ဂါမြစ်ကြီး ခုနစ်မြစ်၊ (၄၈-၅၄) တောင်စဉ် တောင်ရံ ခုနစ်လုံး၊ (၅၅-၆၁) သီဒါခုနစ်တန်၊ (၆၂) ဂဠုန်ငှက်မင်း၊ (၆၃) မိကျောင်း၊ (၆၄) တံခွန်လျား၊ (၆၅) တံခွန်ကုက္ကား၊ (၆၆) ရွှေသံလျင်း၊ (၆၇) ရွှေရောင်တောက်သည့် သားမြီးယပ်၊ (၆၈) ကေလာသ ငွေတောင်၊ (၆၉) ခြင်္သေ့မင်း၊ (၇၀) ကျားမင်း။

     (၇၁) ၀လာဟက မြင်းမင်း၊ (၇၂) ဥပေါသထ ဆင်မင်း (သို့မဟုတ်) ဆဒ္ဒန်ဆင်မင်း၊ (၇၃) ဗာသုကီ နဂါးမင်း၊ (၇၄) ရွှေဟင်္သာမင်း၊ (၇၅) ဥသဘနွားမင်း၊ (၇၆) ဧရာဝဏ်ဆင်မင်း၊ (၇၇) ရွှေမကရ်း၊ (၇၈) ရွှေလှေ၊ (၇၉) ဗြဟ္မာမင်း၊ (၈၀) သားနှင့်တကွသော နို့စားနွားမ။

     (၈၁) ကိန္နရာ (ဖို-မ)၊ (၈၂) ကရဝိက်ငှက်မင်း၊ (၈၃) ဥဒေါင်းမင်း၊ (၈၄) ကြိုးကြာငှက်မင်း၊ (၈၅) စက္ကဝါက်ငှက်မင်း၊ (၈၆) ဇီဝဇိုဝ်းငှက်မင်း၊ (၈၇-၉၂) ကာမာဝစရ နတ်ပြည်ခြောက်ထပ်၊ (၉၃-၁ဝ၈) ရူပါဝစရ ဗြဟ္မာ့ပြည် တဆယ့်ခြောက်ထပ်။

     ဤကား တရာ့ရှစ်ကွက် စက်အမှတ်အသားတို့သည်။

၇၄

     ထို တရာ့ရှစ်ကွက် စက်လက္ခဏာ စက်တော်ရာဘုရားရှိခိုး လင်္ကာကို တောင်ခွင်သာသနာပိုင် ဆရာတော်ဘုရားကြီး ရေးသားတော်မူသည့် ဂုဠှတ္ထဒီပနီကျမ်း ပဌမတွဲ၌ သေချာစွာ စိစစ်ပြီးလျှင် ဤဆိုလတံ့သောအတိုင်း ထုတ်ဆို ရေးသားထားတော်မူခဲ့သည်-

အတိုင်းမသိ၊ ကျေးဇူးရှိသား၊ မုနိသကျ၊ ဂေါတမ၏၊ ပါဒမြတ်ကျော်၊ ဖဝါးတော်၌၊ ထွန်းပေါ်ကျစ်လစ်၊ တရာ့ရှစ်ကို၊ စိစစ်လျှင်ထွေ၊ လျှင်းလျှင်းရေပိမ့်။ ။ချီလေအစ.. (၁-၂) လှံမ, အိမ်မွန်၊ (၃) သုံးတန်ပွင့်ချပ်၊ ဇလပ်ပျံ့မွှေး၊ (၄) လည်ရေးသုံးဆင့်၊ (၅) လှတင့်ထွန်းတောက်၊ ဦးဆောက်ပန်းက၊ (၆) ဖြူဆွရောင်မောင်း၊ ဦးဘောင်းမကွဲ၊ စားပွဲတည်ခင်း၊ (၇) အင်းပျဉ်ဝန်းနှင့်၊ (၈-၉) ချွန်းတောင်း,ပြာသာဒ်၊ (၁၀) အထွတ်မြင့်ခိုင်၊ တံခါးတိုင်က၊ (၁၁-၁၂) ဖြူဆွပြိုးပြက်၊ ထီး, သန်လျက်နှင့်၊ (၁၃) ထန်းရွက်ယပ်ဝန်း၊ (၁၄) ရွှန်းရွှန်းရောင်မောင်း၊ ဥဒေါင်းမြီးယပ်၊ (၁၅) သင်းကျပ်ရွှေပြား၊ (၁၆) ပတ္တမြားကျောက်မျက်၊ (၁၇) စားခွက်ရောင်ပြေး၊ (၁၈) မုလေးပန်းဆိုင်း၊ (၁၉-၂၃) တုနှိုင်းမရ၊ ပွင့်လှအပြား၊ ငါးပါးကြာမျိုး၊ (၂၄) ပြည့်သည့်အိုးနှင့်၊ (၂၅) ပြည့်ဖြိုးဖလား၊ (၂၆) ရေငြားသမုဒြာ၊ (၂၇) စကြဝဠာတောင်မွန်၊ (၂၈) ဟိမဝန်တောချောင်၊ (၂၉) မြင်းမိုရ်တောင်နှင့်၊ (၃၀-၃၁) ထွန်းပြောင် နေ,လ၊ (၃၂) နက္ခတ္တက၊ (၃၃-၃၆) ဒီပလေးသွယ်၊ ကျွန်းငယ်ရံဆောင်၊ (၃၇) ဘုန်းခေါင်စကြာမင်း၊ (၃၈) ခရုသင်းဖြူနှစ်၊ ဗွေရစ်လက်ျာ (၃၉) ရွှေဝါအဆင်း၊ ငါးမင်းစုံလျက်၊ (၄၀) လက်နက်စက်က၊ (၄၁-၄၇) ရေတွက်သင်္ချာ၊ ဂင်္ဂါခုနစ်တန်၊ (၄၈-၅၄) တောင်ရံခုနစ်လုံး၊ (၅၅-၆၁) အိုင်ထုံးခုနစ်ကွက်၊ (၆၂) ငှက်ဂဠုန်မင်း၊ (၆၃) မြစ်တွင်းကိန်းအောင်း၊ မိချောင်းရေသား၊ (၆၄) တံခွန်လျားနှင့်၊ (၆၅) ကုက္ကားတံခွန်၊ (၆၆) မင်းတန်သံလျင်း၊ (၆၇) အဆင်းရွှေလား၊ သားမြီးလေဆောင်၊ (၆၈) ငွေတောင် ကေလာသ၊ (၆၉-၇၀) သီဟ,ဗျဂ္ဃါ၊ (၇၁) ၀လာဟမြင်း၊ (၇၂) ဆင်မင်းမြတ်စွာ၊ ဥပေါသထာယဉ်မွန်၊ ဆဒ္ဒန်တူပြီ၊ (၇၃) ဗာသုကီမည်ရင်း၊ နဂါးမင်းနှင့်၊ (၇၄) ဟင်္သာရွှေလား၊ (၇၅) နွား ဥသဘမွန်၊ (၇၆) ဧရာဝဏ်တခဏ်း၊ (၇၇) ရွှေမကရ်းတထွေ၊ (၇၈) ရွှေလှေလျှံဝါ၊ (၇၉) ဗြဟ္မာထွတ်ဖျား၊ (၈ဝ) သားနှင့်တကွ၊ နွားမ နို့ညစ်၊ (၈၁) အချစ်မြဲစွာ၊ ကိန္နရာဖို-မ၊ (၈၂) သဒ္ဒမဆိတ်၊ ကရဝိက်တွန်ညောင်း၊ (၈၃-၈၄) ဥဒေါင်း, ကြိုးကြာ၊ (၈၅) သံသာစက္ကဝါက်၊

၇၅

(၈၆) စုံလျက်ဇီဝဇိုဝ်း၊ (၈၇-၉၂) မိုးဝဘုံသာ၊ ဆကာမာနှင့်၊ (၉၃-၁၀၈) ဗြဟ္မာဘုံရပ်၊ ဆယ့်ခြောက်ထပ်လည်း၊ ယှဉ်စပ်မကင်း၊ ခပင်းများစွာ၊ ရံစကာနှင့်၊ စကြာခြေမွန်၊ တင့်တယ်ဟန်ကို၊ မိုးစွန်ဘုံဖျား၊ သိကြားဗြဟ္မာ၊ တူရေးလှာလည်း၊ ဘယ်မှာတမျှ၊ အတုရချိမ့်၊ အသမသမာ၊ သုံးလူ့ချာ၏၊ ရတနာလျှံဝင်း၊ နီဆင်းစင်သန့်၊ အကန့်တထောင်၊ ထွန်းပြောင်သိင်္ဂါ၊ သန္တာအကွပ်၊ ထိန်လျှပ်ပုံတောင်း၊ ညိုမောင်းကျောက်မျက်၊ ခြေတော်စက်ကို၊ စုံမက်မြတ်နိုး၊ ရှိလျှင်ခိုးသည်၊ ၊အကျိုးကောင်းမွန် မဂ်ဉာဏ်,ဖိုလ်ဉာဏ် နိဗ္ဗာန်ထုတ်ချောက် ရောက်စေသောဝ်...။

(၃) ရှည်လျားသော ဖနောင့်တော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     ထက်ဝန်းကျင် ပြည့်ဖြိုးသော ဖနောင့်တော် ရှိ၏ဟု ဆိုလိုသည်။ ထင်ရှားစေဦးအံ့--၊ တပါးသောသူတို့မှာ ခြေဖျားဦးပိုင်းသည် ရှည်လျား၏။ ဖနောင့်၏ အထက်တည့်တည့်၌ မြင်းခေါင်းခေါ်သော ခြေသလုံးချောင်းသည် တည်ရှိ၏၊ သို့ရကား ဖနောင့်သည် ရွေ၍ ဆစ်၍ ထားသကဲ့သို့ ရှိနေ၏။ အလောင်းတော် ယောက်ျားမြတ်မှာမူကား ထိုသို့မဟုတ်ပေ၊ ခြေဖဝါးတော်ကို လေးဖို့လေးစု လေးပိုင်းပြု၍ ရှေ့နှစ်ဖို့နှစ်စု နှစ်ပိုင်း သည် ခြေဖျားတော်ဖြစ်၏။ တတိယအဖို့အစု အပိုင်းထက်၌ သလုံးမြင်းခေါင်းတော် ပေါက်ရောက် တည်ရှိ၏၊ နောက်ဖျား စတုတ္ထအဖို့အစု အပိုင်း၌ ဆောက်ဖျားဖြင့် ပွတ်ခံ၍ ထားသည့်ပမာ ကမ္ဗလာနီပေါ်၌ ကျင်လုံးနှင့်တူသော ဖနောင့်တော် တည်ရှိ၍ နေပေ၏။ (တပါးသော လူသာမန်တို့မှာ ဖနောင့်၏ထိပ်၌ မြင်းခေါင်း ပေါက်ရောက်သဖြင့် ဖနောင့်အဆစ် အချိုးမပြေ ရွေ၍ဆစ်၍ ထားသကဲ့သို့ အကြည့်ရဆိုးနေသည်၊ အလောင်းတော်မှာကား ဖဝါးတော်အရှည်ကို လေးပိုင်းပိုင်း၍ တတိယပိုင်းပေါ်မှာ မြင်းခေါင်းပေါက်ရကား ဖဝါးတော်၏ စတုတ္ထ (နောက်)အပိုင်း နီမြန်းသော အရေလွှာအခံပေါ်တွင် ဖနောင့်တော် လုံးလုံးဝန်းဝန်း ပေါ်လွင်နေသဖြင့် ရှည်လျားသော ဖနောင့်တော်ရှိသည်၊ တင့်တယ်သည်ဟု ဆိုလိုသည်။)

၇၆

(၄) ရှည်သွယ်သော ခြေချောင်း လက်ချောင်းတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     တပါးသောသူတို့မှာ အချို့ ခြေချောင်း လက်ချောင်းတို့က ရှည်၍ အချို့ ခြေချောင်း လက်ချောင်းတို့က တိုကုန်၏၊ အလုံးအချောင်း အနေအစားအားဖြင့်လည်း မညီမညွတ် ရှိကုန်၏။ အလောင်းတော် ယောက်ျားမြတ်မှာမူကား ထိုသို့မဟုတ်ပေ။ ခြေချောင်းတော် လက်ချောင်းတော်တို့သည် ရှည်လည်း ရှည်ကုန်၏၊ ညီလည်း ညီကုန်၏။ အရင်းက ဖြိုး၍=တုတ်၍ အစဉ်သဖြင့် အဖျားက သေးသွယ်ကုန်၏။ အစေးရှိသော ဆီဖြင့် နယ်၍ လုံးလျက် တောင့်လျက် ထားအပ်သော ဆေးဒန်းမြင်းသီလာအတောင့်နှင့် တူကုန်၏။

(၅) နူးညံ့ သိမ်မွေ့လှစွာသော လက်ဖဝါးတော် ခြေဖဝါးတော် အပြင်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     ကြည်လင်လှစွာသော ထောပတ်၌ ချ၍ နှစ်၍ ထားအပ်သော အကြိမ်တရာ ဖတ်အပ်သည့် ဝါဂွမ်းအလွှာကဲ့သို့ အလောင်းတော်၏ လက်ဖဝါးတော် ခြေဖဝါးတော်တို့သည် နူးညံ့သိမ်မွေ့လှကုန်၏၊ ငယ်ရွယ်စဉ်အခါမှာကဲ့သိုပင် ကြီးရင့်သောအခါမှာလည်း အမြဲပင် မူမပြောင်း နူးညံ့သိမ်မွေ့ နုပျိုလျက် ရှိကြကုန်၏။

(၆) လေသွန်နန်းတံခါး၌ စိုက်စီ၍ ထားအပ်သော ရွှေပွတ်လုံး (ဇာလီ)တိုင်တို့ကဲ့သို့ ညီညွတ်စွာ အချောင်းအချောင်း အကြားစိပ်သော လက်ချောင်းတော် ခြေချောင်းတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     မြတ်စွာဘုရား အလောင်းတော်၏ (လက်မမှတပါး) လက်ချောင်းတော် လေးချောင်း လေးချောင်းတို့သည်၎င်း, ခြေချောင်းတော် ငါးချောင်း ငါးချောင်းတို့သည်၎င်း အတိုအရှည်မဟုတ်ပဲ ညီမျှသောပမာဏ ရှိကုန်၏၊ (စာဖတ်သူသည် ယခုပင် မိမိ၏ ယာဘက်လက်ဖဝါးကို ထောင်ကြည့်လျှင် လက်ချောင်းများ

၇၇

အတိုအရှည်ပမာဏ မညီသည်ကို တွေ့ရပေမည်။) အလောင်းတော်မင်းသား၏ ဝဲ-ယာနှစ်ဖက် လက်ချောင်းတော် ရှစ်ချောင်း၊ ဝဲ-ယာနှစ်ဖက် ခြေချောင်းတော် ဆယ်ချောင်းတို့မှာ ပမာဏ တူညီကြခြင်းကြောင့် အဆစ်အဆစ်၌ ပါရှိသော မုယောလက္ခဏာ အရစ်ကလေးများမှာလည်း အနိမ့်အမြင့်မရှိ၊ တချောင်းနှင့် တချောင်း တိုးရိုပေါက် ဆက်စပ်သကဲ့သို့ တည်ရှိကုန်၏၊ စပါးစေ့ လက္ခဏာများမှာလည်း တညီတညွတ်တည်း စိုက်ထောင်ထားအပ်သော ပွတ်တိုင်များကဲ့သို့ ရှိကုန်၏၊ ထို့ကြောင့် အလောင်းတော်၏ လက်ချောင်းတော် ခြေချောင်းတော်တို့မှာ လက်သ္မားပညာကျော်တို့ ပြုလုပ်တပ်ဆင်ထားအပ်သော ရွှေဇာခက်သည့် လေသာနန်းတံခါးနှင့် တူကုန်၏။

(၇) မြူမလိမ်းတွယ် စဉ်းငယ်မြင့်သော ခြေဖမျက်တော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     တပါးသောသူတို့၏ ခြေဖမျက်တို့သည် ခြေဖမိုး၌ နီးကပ်စွာ တည်ရှိကြကုန်၏၊ ထိုသို့ နီးနီးကပ်ကပ် ဆက်စပ်လျက် တည်နေကြသောကြောင့် ထိုသူတို့၏ ခြေဖဝါးတို့သည် မျှော့- မယ်န- ငုတ်ဖြင့် ဖွဲ့တုပ်၍ထားသကဲ့သို့ ရှိကုန်ရကား လှည့်လည်လိုတိုင်း မလှည့်လည်နိုင်ကြကုန်၊ ထိုသို့ အလိုရှိတိုင်း မလည်နိုင်သောကြောင့် ထိုသူများ သွားလာသောအခါ ဖဝါးအပြင်တို့သည်လည်း မထင်ရှားကုန် မမြင်သာပဲ ရှိကုန်၏။

     အလောင်းတော် သူမြတ်မှာမူကား ထိုကဲ့သို့ မဟုတ်ပေ။ ဖမျက်တော်ရိုးတို့သည် ရေသွန်းမြူတာအိုး၏ လည်ပင်းကဲ့သို့ ဖမိုးတော်မှအထက် လက်နှစ်သစ် သုံးသစ်ခန့်မျှ တက်ရောက်လျက် တည်ကုန်၏၊ ထို့ကြောင့် အလောင်းတော်၏ ချက်မှစ၍ အထက်ပိုင်းဖြစ်သော ကိုယ်တော်သည် လှေပေါ်၌ တင်ထားအပ်သော ရွှေဆင်းတုပမာ မတုန်မလှုပ် တည်နေ၍ အောက်ပိုင်း ကိုယ်တော်သာလျှင် တုန်လှုပ်၏၊ ခြေဖဝါးတော်တို့သည် အလွယ်နှင့် လှည့်လည်ကုန်၏။ ရှေ-နောက် ဝဲ-ယာ လေးမျက်နှာမှ ရပ်တည် ကြည့်ရှုကြသော သူတို့သည် ခြေဖဝါးတော်အပြင်ကို ကောင်းစွာ

၇၈

မြင်နိုင်ကုန်၏။ (ဆင်များ လှမ်းသွားသောအခါ ဖဝါးအပြင်ကို နောက်မှကြည့်လျှင်သာ မြင်ရကုန်၏၊ အလောင်းတော် လှမ်းကြွသောအခါ ရှေ့-နောက် ဝဲ-ယာ လေးမျက်နှာမှ ဖဝါးတော်အပြင်ကို မြင်ရကုန်၏ဟု ဆိုလိုသည်။)

(၈) ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းနှင့်တူသော သလုံးမြင်းခေါင်းတော် ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     (စာဖတ်သူသည် မိမိ၏ ခြေသလုံးကို စမ်း၍ကြည့်ပါ။ ရှေ့ပိုင်းမှာ အရိုးကို မာမာတက်တက် စမ်းမိ၍ နောက်ပိုင်းမှာ အသားစိုင်များ တဖက်သတ်အားဖြင့် တွဲလျားဖတ်လတ် ကျနေသည်ကို တွေ့ရပေမည်။) အလောင်းတော်သူမြတ်၏ သလုံးတော်မှာကား ထိုကဲ့သို့ မဟုတ်ပေ။ သလေးစပါးဖုံး မုယောစပါးဖုံးတို့ပမာ ပတ်လည်ဝန်းကျင်မှ အစဉ်ညီညွတ်စွာတည်သော အသားစိုင်တို့က သလုံးမြင်းခေါင်းရိုးတော်ကို လှည့်လည်ဝန်းရံအပ်ကုန်လျက် သလုံးမြင်းခေါင်းတော်တို့မှာ လုံးလျောင်းတင့်တယ်လှကုန်၏၊ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းနှင့် တူကုန်၏။

(၉) ရပ်တော်မူလျက်ပင် ကိုယ်တော်ကို မကိုင်းညွှတ်ပဲ လက်ဖဝါးတော်နှစ်ဖက်ဖြင့် ပုဆစ်ဒူးဝန်းတော်နှစ်ဖက်ကို သုံးသပ်ထိတွေ့နိုင်ခြင်း လက္ခဏာတော် ဟူရာ၌..

     အခြားတပါးသော သူတို့မှာ ကုန်းသော်မူ ကုန်းလျက် ရှိနေတတ်ကြကုန်၏။ ကွသော်မူ ကွလျက် ရှိနေတတ်ကြကုန်၏၊ ကုန်းလည်းကုန်း ကွလည်းကွလျက်သော်လည်း ရှိနေတတ်ကြကုန်၏။ ကုန်းသောသူတို့မှာ အောက်ပိုင်းကိုယ်ထက် အထက်ပိုင်းကိုယ်က တိုသောကြောင့် ကိုယ်အင်္ဂါ ပြည့်စုံလျောက်ပတ်ခြင်း မရှိကြကုန်၊ ကွသောသူတို့မှာ အထက်ပိုင်းကိုယ်ထက်

၇၉

အောက်ပိုင်းကိုယ်က တိုနေသောကြောင့် ကိုယ်အင်္ဂါ ပြည့်စုံလျောက်ပတ်ခြင်း မရှိကြကုန်၊ (ကုန်းသူတို့မှာ အထက်ပိုင်းကတို၍ ကွသူတို့မှာ အောက်ပိုင်းက တိုကြသည် ဟူလို။) ယင်းသို့ ကိုယ်အင်္ဂါ မပြည့်စုံ မလျောက်ပတ်ခြင်းကြောင့် ထိုသူတို့သည် မိမိတို့၏ ပုဆစ်ဒူးနှစ်ဖက်တို့ကို မကိုင်းမညွှတ်ပဲ မသုံးသပ်နိုင်ကြချေ။

     အလောင်းတော် သူမြတ်မှာမူကား ထိုသို့မဟုတ်ပေ။ အထက်ပိုင်း ကိုယ်တော်ကလည်း မကုန်းပဲ, အောက်ပိုင်း ကိုယ်တော်ကလည်း မကွပဲ, အထက်အောက် ကိုယ်တော်နှစ်ရပ်လုံး အချိုးပြေပြေ အနေကျကျ ပြည့်စုံလျောက်ပတ်ကြကုန်၏။ ထို့ကြောင့် ရပ်တော်မူလျက်ပင် ကိုယ်တော်ကို မကိုင်းမညွတ်ပဲ လက်ဖဝါးတော်နှစ်ဖက်ဖြင့် ပုဆစ်ဒူးဝန်းတော် နှစ်ဖက်ထိ သုံးသပ် ထိတွေ့တော်မူနိုင်၏။

(၁၀) ဆဒ္ဒန်ဆင်မင်းပမာ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ် ရှိတော်မူခြင်း လက္ခဏာတော် ဟူရာ၌..

     နွားလားဥသဘမင်း ဆင်မင်း စသည်တို့၏ အင်္ဂါဇာတ်နိမိတ်တို့ကဲ့သို့ အလောင်းတော်သူမြတ်၏ အင်္ဂါဇာတ် နိမိတ်မှာလည်း ရွှေပဒုမာကြာချပ်နှင့်တူသော အအိမ်ဖြင့် ဖုံးလွှမ်းအပ်ပေ၏။ အလိုက်သင့် တိုင်း၍ ကောင်းစွာ ချုပ်လုပ်အပ်သော ကမ္ဗလာအိတ် ကတ္တီပါအိတ် သကလတ်အိတ်၌ ထည့်သွင်းထားသကဲ့သို့ ကောင်းစွာလုံခြုံသော အဖုံးအလွှမ်းရှိသည့် နိမိတ်ဟု ဆိုလိုသည်။

(၁၁) သိင်္ဂီနိက်ရွှေစင်အဆင်းကဲ့သို့ ဝါဝင်းသော အရေရှိခြင်း လက္ခဏာတော် ဟူရာ၌..

     ဆုန်းမှုန့် (ဟင်္သပြဒါးမှုန့်)ဖြင့် နယ်၍ သစ်အစွယ်ဖြင့် ပွတ်တိုက်ပြီးလျှင် ဂွေ့နီဖြင့် အပြေအပြစ် ပြုလုပ်၍ ထားအပ်သော ရွှေဆင်းတုကဲ့သို့ တခဲနက် ချောမွတ်သိမ်မွေ့သည့် ပြကတေ့ ရွှေအဆင်းရှိတော်မူ၏။

၈၀

(ဤလက္ခဏာအရာ၌ ပါဠိတော် အဋ္ဌကထာတို့မှာ သုဝဏ္ဏဝဏ္ဏ ကဉ္စနသန္နိဘတ္တစ-ဟု ရွှေသာမန်ကိုဟောသည့် သုဝဏ္ဏသဒ္ဒါ) ကဉ္စနသဒ္ဒါတို့ဖြင့် ဟောဆိုကြပါလျက် “သိင်္ဂီနိက်ရွှေနှင့်တူသော”ဟု ဆရာမြတ်တို့ အနက်မြန်မာ ပြန်ဆိုကြခြင်းမှာ “မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်အတွင်းသို့ ဆွမ်းခံဝင်သောအခါ လုလင်ယောင်ဆောင်သော သိကြားမင်းရွတ်ဆိုသည့် ဂါထာတို့၌ သိင်္ဂီနိက္ခသဝဏ္ဏောဟု သိင်္ဂီနိက်ရွှေစင်နှင့်တူသော အဆင်းရှိတော်မူကြောင်း လာရှိသောကြောင့်၎င်း၊ လူ၏ အသုံးအဆောင်ဖြစ်သော ရွှေတို့တွင် ယုတ္တိကရွှေထက် ရသဝိဒ္ဓရွှေက သာလွန်မြင့်မြတ်ကြောင်း၊ ထိုထက် အာကရုပ္ပန္နရွှေက သာလွန်မြင့်မြတ်ကြောင်း၊ ထိုရွှေထက် နတ်တို့၏ အသုံးအဆောင်ရွှေက သာလွန်မြင့်မြတ်ကြောင်း၊ ထိုနတ်သုံးရွှေတွင်လည်း စာမီကရရွှေထက် သာတကုံရွှေက သာလွန်မြင့်မြတ်ကြောင်း၊ ထိုရွှေထက် ဇမ္ဗုနဒရွှေက သာလွန်မြင့်မြတ်ကြောင်း၊ ထိုရွှေထက် သိင်္ဂီရွှေက သာလွန်မြင့်မြတ်ကြောင်း၊ (ဝိမာနဝတ္ထု အဋ္ဌကထာ ပဌမပီဌဝိမာနဝတ္ထုအဖွင့်၊ တေရသကဏ်ဋီကာ မဟာဝဂ္ဂ မဟာခန္ဓက ဗိမ္ဗိသာရသမာဂမခဏ်းအဖွင့် စသည်တို့၌) လာရှိသောကြောင့်၎င်း အမြတ်ဆုံးရွှေဖြင့် အနက်မြန်မာ ပြန်ဆိုတော်မူကြခြင်း ဖြစ်သည်။)

(၁၂) နူးညံ့သိမ်မွေ့သော အရေတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     ကိုယ်တော်မြတ်၏ အရေတော်က သိမ်မွေ့နူးညံ့လှသောကြောင့် ကိုယ်တော်၌ သိမ်မွေ့သောမြူ ကြမ်းတမ်းသောမြူ နှစ်မျိုးလုံးပင် မကပ်ငြိနိုင်၊ ပဒုမာကြာရွက်ပေါ်၌ ကျရောက်လာသော ရေပေါက်သည် ထိုကြာရွက်ပေါ်၌ တည်တံ့မနေနိုင်ပဲ လျှောကျ၍သာ သွားရသကဲ့သို့ ကိုယ်တော်သို့ ထိရောက်လာသော

၈၁

မြူဟူသမျှတို့သည် ကိုယ်တော်မှ လျှောကျလွှင့်ပါး၍သာ သွားကြရကုန်၏။

     ထိုသို့ မြူအညစ်အကြေးတို့ သန့်ရှင်းနေပါလျက် အဘယ့်ကြောင့် ခြေတော် လက်တော် ဆေးကြောခြင်း ရေချိုးခြင်းတို့ကို ပြုလုပ်တော်မူသနည်း ဟူငြားအံ့၊ မြတ်စွာဘုရားသည် ထိုသို့ ခြေလက်ဆေးခြင်း ရေချိုးခြင်းတို့ကို ပြုလုပ်တော်မူသည်ကား ကိုယ်တော်တွင် အပူအအေး အနွေးအချမ်း ဥတုတို့ကို ရယူရန်၎င်း, လှူဒါန်းသူတို့အား ကောင်းမှုအကျိုး ပွါးတိုးစေရန်၎င်း, ကိုယ်တိုင်က ဤကဲ့သို့ စင်ကြယ်အောင် ခြေလက် တို့ကို ဆေးကြောပြီးမှ ကျောင်းတော်အတွင်းသို့ ဝင်တော်မူခြင်း အပြုအမူဖြင့် တပည့်သာဝက ရဟန်းတော်တို့အားလည်း ပညတ်အပ်သော ကျင့်ဝတ်သိက္ခာ ကောင်းစွာစံထား လေးစားကျင့်ဆောင်ကြစေရန်၎င်း ကျင့်ဆောင် ပြုမူခြင်းတို့သာလျှင် ဖြစ်ကုန်၏။

(၁၃) မွေးညင်းတွင်း တတွင်း တတွင်းလျှင် မွေးညင်းတော် တပင်စီ တပင်စီသာ ပေါက်ရောက်ခြင်း လက္ခဏာတော် ဟူရာ၌..

     အခြားတပါးသောသူတို့မှာ မွေးညင်းတွင်း တတွင်း၌ မွေးညင်းပင် နှစ်ပင်စီ သုံးပင်စီ စသည်ဖြင့် ပေါက်ရောက်တတ်ကြသော်လည်း ဘုရားအလောင်းတော်မှာမူ ထိုသို့မဟုတ်ပေ၊ မွေးညင်းတွင်း တတွင်းလျှင် မွေးညင်းတော် တပင်စီသာ ပေါက်ရောက်တော်မူလျက် ရှိပေ၏။

(၁၄) မျက်နှာတော်ကို မော်၍ဖူးသည့်ပမာ အထက်သို့သာ အဖျားကော့သည့် မွေးညင်းတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     အလောင်းတော်သူမြတ်၏ တကိုယ်တော်လုံး၌ မွေးညင်းတွင်းတို့မှ တပင်စီ တပင်စီသာ ပေါက်ရောက်ကုန်သော မွေးညင်းတော်တို့သည် မျက်စဉ်းကျောက်ညို အဆင်းကဲ့သို့ ညိုသောအဆင်း

၈၂

ရှိကြကုန်၏၊ ထိုမွေးညင်းတော်တို့သည် သုံးကြိမ် (သုံးပတ်) လက်ျာရစ် လှည့်ခွေကုန်၍ ပွင့်သစ်စ ပဒုမာကြာပန်းကဲ့သို့ တင့်လန်းသော အသရေတော်ရှိသည့် ရွှေမျက်နှာတော်ကို မော်၍ဖူးသည့်ပမာ အထက်သို့သာ အဖျားရှေးရှူ မျက်နှာမူလျက် (ကော့လျက် ကော့လျက်) တည်ရှိကြကုန်၏။

(၁၅) ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို ဖြောင့်မတ်သော ကိုယ်တော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     ဗြဟ္မာမင်း၏ ကိုယ်ကာယယည် ရှေ့သို့၎င်း, နောက်သို့၎င်း, ဘေးနံပါး တဖက်ဖက်သို့၎င်း စိုးစဉ်းမျှပင် မညွတ် မရှိုင်း မကိုင်း မစောင်းမူ၍ ဖြောင့်ဖြောင့်မတ်မတ်သာလျှင် အထက်သို့ တက်သကဲ့သို့ ထို့အတူ အလောင်းတော်၏ ကိုယ်ကာယတော်သည်လည်း ဖြောင့်စင်း တည့်မတ်စွာသာ အထက်သို့ မြင့်တက်တော်မူ၏၊ သိင်္ဂီနိက်ရွှေစင်ကို အဆင်သင့် ပုံသွန်း၍ထားသကဲ့သို့ နုထွားပြေပြစ်စွာ အထက်သို့ ဖြောင့်ဖြောင့်တက်သော ကိုယ်တော်ရှိ၏။

     တခြား တပါးသောသူတို့မှာမူ အများအားဖြင့် လည်ကုပ်ကသော်၎င်း, ခါးကသော်၎င်း, ပုဆစ်ဒူးကသော်၎င်း ဤသုံးဌာနမှာ တနည်းနည်း တမျိုးမျိုး တိမ်းယိမ်းညွတ်ကိုင်းတတ်ကြကုန်၏၊ ထိုသုံးဌာနတွင် ခါးကညွတ်လျှင် ကော့၍ နေတတ်ကုန်၏။ လည်ကုပ်နှင့် ပုဆစ်ဒူးက ညွတ်လျှင် ရှေ့သို့ကုန်း၍ နေတတ်ကုန်၏။ အလွန်အရပ်ရှည်သည့် အချို့သူတို့မှာ ဝဲ-ယာနံပါး တဖက်ဖက်သို့ ကိုင်း၍ နေတတ်ကုန်၏။ ထိုသို့ ဌာနသုံးမျိုးတွင် တမျိုးမျိုးမှာ ညွတ်ကိုင်းတိမ်းယိမ်းတတ်သောကြောင့်ပင် အချို့လူများမှာ ပကတိ အနေအထားအားဖြင့် နောက်သို့ ညွတ်ကော့ကိုင်းရှိုင်းကြ၍ ကောင်းကင်နက္ခတ်တို့ကို ရှုမှတ်ရေတွက်၍ နေကြသည့်ပမာ အထက်သို့ငေါ့လျက် မော့သောမျက်နှာ ရှိကြကုန်၏။ အချို့လူများမှာ ရှေ့သို့ ညွတ်ကိုင်းကြ၍ မဟာပထဝီမြေကြီး၏ ကြန်အင်ကို ဆင်ခြင်ကြည့်ရှုကာ နေကြသကဲ့သို ငုံ့လျှိုးသောမျက်နှာ

၈၃

ရှိကြကုန်၏၊ အချို့လူများမှာလည်း အသွေးအသား နည်းပါးကြသောကြောင့် တံကျင်တုတ်ချောင်းကဲ့သို့ ပိန်မြောင်းမြောင်း ရှိကြကုန်၏။

     အလောင်းတော် သူမြတ်မှာမူကား ထိုကဲ့သို့ မဟုတ်ပေ။ အထက်သို့သာ ဖြောင့်မတ်စွာတက်သော ကိုယ်ကာယတော် ရှိတော်မူခြင်းကြောင့် နတ်မြို့တော်အဝင်ဝ၌ စိုက်ထူအပ်သော ရွှေတုရိုဏ်တိုင်(= ရွှေတံခါးတိုင်)ကဲ့သို့ ရှိပေ၏။

ဤအရာ၌၊ ၊ဗြဟ္မာမင်းကဲ့သို့ ဖြောင့်စင်း ရှည်သွယ်သော ကိုယ်တော်ရှိခြင်းစသည့် အချို့အချို့သော မဟာပုရိသ လက္ခဏာတော်တို့သည် မယ်တော့်ဝမ်းကြာတိုက်မှ ဖွားမြင်ပြီးစ ကလေးသူငယ် အရွယ်ကာလတွင် သာမည အသိဉာဏ်ရှိသူ လူတိုင်းလူတိုင်းတို့အဖို့ မျက်ဝါးထင်ထင် မြင်နိုင်လောက်အောင် သိသာပြည့်စုံစွာ ပေါ်လွင်လာကြသေးသည် မဟုတ်ကုန်၊ စင်စစ်သော်ကား ဖွားမြင်ကာစအချိန်တွင် ဤအမှတ်အသား ဤအခြင်းအရာ ဤအခြေအနေတို့ကို ပါလာတွေ့မြင်ကြခြင်းဖြင့်ပင် သုဒ္ဓါဝါသ ဗြဟ္မမန္တန် ဗေဒင်ဉာဏ်ကို စွမ်းသန်စွာ တတ်မြောက်ကြကုန်သော ထိုလက္ခဏာတတ် နိမိတ်ဖတ် ပုဏ္ဏားတော်တို့၏ ဉာဏ်ပညာအစွမ်းဖြင့် “ကြီးရင့်လိမ္မာသော အရွယ်အခါသို့ ရောက်လတ်သော် အလောင်းတော်မင်းသား၌ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်စင်းရှည်သွယ်သော ကိုယ်တော်ရှိခြင်း အစရှိသည့် အရွယ်ကာလအားလျော်စွာ ပေါ်ပေါက်လာမည့် လက္ခဏာတော်တို့သည် ပကတိလူတိုင်း မြင်နိုင်လောက်အောင် အရွယ်တော်ရောက်က ပေါ်ပေါက် ထင်ရှားလာကုန်လတံ့”ဟူ၍ နိမိတ်ဖတ်ဆို ကောက်ယူကြခြင်း ယခုပင် အသိအသာ အပြည့်အစုံ ပေါ်လွင်နေပြီကဲ့သို့ တွက်ချက် ယူဆမှတ်သား နိမိတ်ဖတ်ကြားကြခြင်း ဖြစ်သည်။ (ဤနည်းအတူ သွားတော်လေးဆယ် အစေ့အင ပေါက်ရောက်ခြင်း

၈၄

သွားတော် မကျဲခြင်း အစရှိသော မဟာပုရိသ လက္ခဏာတော်တို့သည်လည်း ဖွားသစ်စ အလောင်းတော်သူမြတ်၌ တကယ်မျက်မြင် မပေါ်ကြသေးသော်လည်း နောက်အခါ အချိန်စေ့ရောက်သောကာလ မုချပေါ်ပေါက်မည်ကို သုဒ္ဓါဝါသ ဗြဟ္မမန္တန် ဗေဒင်ဉာဏ်ဖြင့် ကြိုတင်သိမြင်၍ ဟောဆိုကြခြင်း ဖြစ်သည်။)

(၁၆) ခြေဖမိုးတော် နှစ်ဖက်, လက်ဖမိုးတော် နှစ်ဖက်, ပခုံးတော် နှစ်ဖက်, လည်ကုပ်တော်ဟု ဆိုအပ်သော ဤခုနစ်ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     တပါးသော လူတို့မှာ ခြေဖမိုး လက်ဖမိုး စသည်တို့၌ ပွပွပြိုင်းပြိုင်း လှိုင်းထသကဲ့သို့ ကွန်ရက်နှင့်တူသော အကြောတို့ ထင်ကုန်၏။ ပခုံးစွန်း လည်ကုပ်တို့၌လည်း အရိုးဆက်တို့ ထင်ကုန်၏။ ထို့ကြောင့်ပင် ထိုလူတို့ကို အခြားလူတို့က မြင်ရသောအခါ ပခုံးဆိုးဆိုး ကုပ်ရိုးငေါငေါ အကြောပြိုင်းပြိုင်း ပုံနေရိုင်းသည့် သင်းချိုင်းနေ ပြိတ္တာတို့ကဲ့သို့ ထင်ရကုန်၏။

     အလောင်းတော် သူမြတ်မှာမူကား ထိုကဲ့သို့ မဟုတ်ပေ၊ ဖော်ပြရာပါ ခုနစ်ဌာနတို့၌ ပြည့်ဖြိုးသော အသားတော် ရှိပေ၏။ ပြည့်ဖြိုးသည် ဆိုသော်လည်း အမြင်ဆိုးလောက်အောင် အသားပွပွ ကြွတက်နေသည်မဟုတ်၊ အကြောများ မထင်လောက်ရုံ အရိုးဆက်ငေါငေါ မပေါ်လောက်ရုံ တင့်တယ်ရုံသာ ပြည့်ဖြိုးခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ အလောင်းတော် သူမြတ်မှာ ခြေဖမိုး လက်ဖမိုးတို့ အကြောပွပွ ကြွတက်နေခြင်းလည်း မရှိ၊ ပခုံးစွန်း လည်ကုပ်တော်တို့၌လည်း အရိုးငေါငေါ ပေါပေါပေါ်နေသည် မဟုတ်၊ ကောင်းစွာပွတ်တင်၍ ထားအပ်သည့် ရွှေသားမုရိုးစည်ငယ်နှင့်တူသော လည်ကုပ်တော် ရှိတော်မူ၏။ ဤသို့ ခုနစ်ဌာန ပြည့်ဖြိုးသပ္ပါယ် တင့်တယ်ခြင်းကြောင့်ပင်လျှင် ဖူးမြင်သူတို့၏မျက်စိ၌ ကောင်းစွာ အပြေအပြစ် ထုလုပ်စီရင်အပ်သော

၈၅

ကျောက်သားဆင်းတုကဲ့သို့၎င်း, အဆန်းတကြယ် ရေးခြယ်စီမံအပ်သော ပန်းချီဆေးရေးရုပ် ကဲ့သို့၎င်း ထင်ရပေ၏။

(၁၇) ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ အောင်မောင်းပြည့်ဝသည့် ကိုယ်တော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     ခြင်္သေ့မင်း၏ ရှေ့ပိုင်း ကိုယ်ကာယသည် အောင်မောင်း ပြည့်ဖြိုး၏၊ နောက်ပိုင်း ကိုယ်ကာယကား မပြည့်ဖြိုးချေ၊ ခြင်္သေ့မင်းမှာ နောက်ပိုင်းကိုယ်ကာယ မပြည့်ဖြိုးသောကြောင့် ထိုနောက်ပိုင်း ကိုယ်ကာယကို ဤနေရာ၌ ဥပမာအဖြစ်ဖြင့် မယူလို မနှိုင်းယှဉ်လိုပေ။ ရှေ့ပိုင်း ကိုယ်ကာယကသာ အောင်မောင်း ပြည့်ဖြိုးလှသောကြောင့် ထိုရှေ့ပိုင်းကိုယ်ကာယကိုသာ ဤနေရာ၌ ဥပမာအဖြစ်ဖြင့် ယူငင်နှိုင်းယှဉ်ပေသည်၊ ထို့ကြောင့် အလောင်းတော်သူမြတ်၏ အထက်အောက် နှစ်ပိုင်းလုံးသော ကိုယ်ကာယတော်သည် ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကာယကဲ့သို့ အောင်မောင်း ပြည့်ဖြိုးလှပေ၏၊ ဤသို့ပင် ဥပမာပြု၍ ဆိုသော်လည်း အလောင်းတော်သူမြတ်၏ ကိုယ်ကာယတော်သည် ခြင်္သေ့မင်း၏ ကိုယ်ကာယကဲ့သို့ ထိုထို ကိုယ်အင်္ဂါအစိတ်အပိုင်းတို့၌ ညွတ်ခြင်း တက်ခြင်း နိမ့်ဝင်ခြင်း အသားစိုင်ထွက်ခြင်း စသည်ဖြင့် မကောင်းသော သဏ္ဌာန်သွင်မူ ရှိသည်မဟုတ်၊ စင်စစ်ကား ကိုယ်တော်၏ ထိုထိုအင်္ဂါအစိတ်အပိုင်းတို့သည် ရှည်သင့်သောနေရာက ရှည်၊ တိုသင့်သောနေရာက တို၊ ဆူသင့်ရာက ဆူ၊ ကြုံသင့်ရာက ကြုံ၊ ကျယ်သင့်ရာက ကျယ်၊ လုံးသင့်ရာက လုံးလျက် အတင့်တယ်ဆုံး အသပ္ပါယ်ဆုံး တင့်တယ်သပ္ပါယ်တော်မူကုန်၏၊ ဤအလောင်းတော် သူမြတ်၏ ကိုယ်ကာယ အတ္တဘောတော်မျိုးကို အလုံးစုံသော အတက်ပညာသည် အလုံးစုံသော တန်ခိုးရှင်တို့သော်မှလည်း ထပ်မျှတူအောင် ပြုလုပ်ဖန်ဆင်းခြင်းငှာ မတတ်နိုင်ကြကုန်။

(၁၈) ရွှေပျဉ်ချပ်ပမာ ခါးတော်မှစ၍ အထက် လည်ကုပ်တော်တိုင်အောင် ရေစီးကြောင်း (အကြား)မထင်

၈၆

ပြည့်ဖြိုးစင်သော ကျောက်ကုန်းတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     အချုပ်အားဖြင့် ကျောက်ကုန်းတော် နောက်ကျောတော်၏ အထူးပြည့်ဖြိုး တင့်တယ်တော်မူသည်ကို ဆိုလို၏။ ဘေးနံရိုးပေါ်က အသား, နောက်အပြင်ပေါ် ဝဲယာနှစ်ဖက် ကျောပြင်သား, ထိုကျောပြင်၏ အလယ်သား ဤသုံးပါးသော အသားတို့သည် ခါးတော်မှ လည်ကုပ်တော်တိုင်အောင် ကောင်းစွာပြည့်ဖြိုး တင့်တယ်တော်မူကုန်၏။

     အခြားတပါးသော သူတို့၏ နောက်ကျောပြင်သည် နှစ်မြွာကွဲသကဲ့သို့ (တဖက်တခြမ်း ခွဲ၍ထားသကဲ့သို့) ရှိ၏၊ အလယ်ကျောရိုးနှင့် ကျောရိုးသားတို့က နိမ့်ဝှမ်းခွက်ဝင်လျက် ရှိကုန်၏။ သို့မဟုတ် ကောက်၍သော်လည်း နေကုန်၏၊ အထက်သို့ ပေါပေါပေါ်၍ မြင့်မောက်သော်လည်း မြင့်မောက်ကုန်၏၊ ကျောလယ်ရိုးနေရာ၏ တဖက်တချက် အသားတို့သည် မှောက်ကပ်၍ထားသော ဝါးလုံးအခြမ်းကဲ့သို့ ခုန်းခုန်းတန်းတန်းအားဖြင့် ထင်ကုန်၏၊ ကျောစွန်ဘေးဖျား နံပေါ်သားတို့ကလည်း ပါးပါးလွှာလွှာ ရှိကြကုန်၏။

     အလောင်းတော် သူမြတ်မှာမူကား ထိုကဲ့သို့ မဟုတ်ပေ။ ဝဲ-ယာ ကျောဖျား နံပေါ်သားတို့သည်၎င်း, လက်ပြင်တော် နှစ်ဖက်အောက်ရောက်သော အသားတို့သည်၎င်း, အလယ်ကျောရိုးပေါ်မှ အသားတော်တို့သည်၎င်း, ခါးတော်မှသည် လည်ကုပ်တော်တိုင်အောင် ရေစီးကြောင်းအလား အလယ်အကြားမထင် ကောင်းစွာ ပြည့်ဖြိုးလျက်ချည်း ရှိကုန်၏။ ထို့ကြောင့် ရွှေသားပျဉ်ချပ်ကို စိုက်ထောင်ထားသည့်ပမာ အသားလွှာတို့ဖြင့် ပြည့်ဖြိုးသော ကျောက်ကုန်းကျောတော်အပြင် ရှိတော်မူ၏။

(၁၉) အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင်အဝန်းကဲ့သို့ ဝန်းသော (လုံးချောသော) ကိုယ်တော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

၈၇

     အတောင်ငါးဆယ် (သို့မဟုတ်) အတောင်တရာအားဖြင့် ညီမျှသော ပင်စည် အကိုင်း အခက်ရှိသော ပညောင်ပင်သည် အရှည် (ထောင်လိုက်မတ်ရပ်)အားဖြင့်၎င်း, ဖီလာကန့်လန့် အပြန့်အကျယ်အားဖြင့်၎င်း တူမျှသော ပမာဏရှိသကဲ့သို့ ထို့အတူ အလောင်းတော်သူမြတ်မှာလည်း အရပ်တော် အလံတော်တို့သည် (ကိုယ်တော်မြတ်၏ လေးတောင်စီ) တူညီသောပမာဏ ရှိကြကုန်၏။ (တပါးသူတို့မှာကား အလံနှင့် အရပ် မညီမျှသည်ကသာ များကုန်၏။)

(၂၀) ညီလည်းညီညွတ် လုံးလည်းလုံးဝန်းသော လည်တိုင်တော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     အချို့သောသူတို့မှာ ကြိုးကြာငှက်၏ လည်တိုင်ကဲ့သို့ ရှည်လျားသော လည်တိုင်ရှိကုန်၏၊ အချို့သောသူတို့မှာ ဗျိုင်း၏ လည်တိုင်ကဲ့သို့ ကွေ့ကောက်သော လည်တိုင်ရှိကုန်၏၊ အချို့သောသူတို့မှာ ဝက်၏လည်တိုင်ကဲ့သို့ တုတ်ဖြိုးဖောင်းပွ ကြီးမားလှသော လည်တိုင်ရှိကုန်၏၊ ထိုသူတို့ စကားပြောဆိုသောအခါ လည်တိုင်ကြောများ ကွန်ရက်ကဲ့သို့ ပြိုင်းပြိုင်းထလာ ထင်လာကုန်၏၊ ထိုသူ၏အသံသည် နုန့်နဲသေးကွေးစွာ ထွက်ပေါ်လာ၏။

     အလောင်းတော် သူမြတ်၏ လည်တိုင်တော် (လည်ပင်းတော်) သည်ကား ကောင်းစွာလုံးချောသော ရွှေမုရိုးစည်နှင့် တူပေ၏။ စကားဆိုတော်မူသောအခါ ထိုလည်တိုင်တော်မှ အကြောကွန်ရက်များလည်း မထလာ မထင်လာကုန်၊ မိုးထစ်ချုန်းသော အသံကဲ့သို့၎င်း, မုရိုးစည်ဟိန်းသော အသံကဲ့သို့၎င်း အသံတော်သည် ကြီးမားမြည်ဟိန်းလှစွာ၏။

(၂၁) နှမ်းလုံးခန့်မျှ နည်းလှငယ်လှသော အရသာကိုသော်လည်း တကိုယ်တော်လုံး ပျံ့နှံ့အောင် ဆောင်နိုင်သည့် ခုနစ်ထောင်သော အရသာကြောတို့ အဖျားချင်းအပ် လည်မှာစွပ်လျက်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

၈၈

     အလောင်းတော်သူမြတ်၏ ခုနစ်ထောင်သော အရသာကြောတို့သည် မိမိတို့နေရာမှ အထက်သို့ အဖျားတက်ကြွကာ လည်တိုင်တော်မှာ စုစည်း၍ ထားသည့်အလား စားသမျှအစာ၏ အရသာကို တကိုယ်လုံး အနှံ့ ပို့ဆောင်ရန် အသင့်စောင့်ဆိုင်းနေသည့်ပမာ ကောင်းစွာစွပ်လျက် တည်ရှိကုန်၏။ နှမ်းစေ့ခန့်မျှ ပမာဏရှိသော အစာအာဟာရသည်ပင် လျှာဖျား၌ တင်ထား စားမျိုလိုက်လျှင် တကိုယ်လုံး အစဉ်ဝင်လျှောက် ပျံ့နှံ့သွားလေတော့သည်။ ထို့ကြောင့်ပင် ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်ကြံတော်မူသောအခါ အလောင်းတော်သူမြတ်မှာ ဆန်တစေ့ခန့် စသည်ဖြင့်၎င်း တလက်ဖက် (တလက်ဆွမ်း)မျှသော ပဲလွမ်းပြုတ်ရည်မျှဖြင့်၎င်း ရူပကာယ၏ မျှတခြင်း ဖြစ်နိုင်လေသည်။

     အခြားတပါးသော သူတို့မှာကား ထိုကဲ့သို့ မဟုတ်သောကြောင့် စားအပ်သမျှ အာအာဟာရ၏ ဩဇာဓာတ်ဆီသည် တကိုယ်လုံး မပျံ့နှံ့နိုင်၊ ထို့ကြောင့် ထိုသူတို့မှာ အနာရောဂါ များစွာ ထူပြောကြလေကုန်သည်။

(၂၂) ခြင်္သေ့မင်း၏ မေးကဲ့သို့သော (ပြုံးတော့မည့် အရိပ်သွေးနေသည့်) မေးတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     ခြင်္သေ့မင်း၏ မေးအောက်ပိုင်းနှင့်သာ ဥပမာ နှိုင်းခိုင်းလိုရင်း ဖြစ်ပေသည်။ ခြင်္သေ့မင်း၏မေးမှာ အောက်ပိုင်းကသာ ပြည့်ဖြိုးလေသည်၊ အထက်ပိုင်းကား မပြည့်ဖြိုး၊ အလောင်းတော် သူမြတ်မှာမူကား ခြင်္သေ့မင်း၏ မေးအောက်ပိုင်းကဲ့သို့ အထက်ပိုင်း အောက်ပိုင်း မေးတော်နှစ်ပိုင်းလုံး ပြည့်ပြည့်ဖြိုးဖြိုး ရှိပေ၏။ လဆန်းပက္ခ တဆယ့်နှစ်ရက်မြောက်ညဉ့်၌ ထွက်ပေါ်သော လ-နှင့် သဏ္ဌာန်တူကုန်၏။

(၂၃) သွားတော်ချောင်းရေ (၄၀) လေးဆယ် အစေ့အင ရှိတော်မူခြင်း လက္ခဏာတော် ဟူရာ၌..

၈၉

     အထက်သွားတော် နှစ်ဆယ် အောက်သွားတော် နှစ်ဆယ် ဤသို့ အထက်အောက် နှစ်ရပ်အားဖြင့် သွားတော်ချောင်းရေ လေးဆယ်အတိအကျ ရှိတော်မူသည်ဟု ဆိုလိုသည်။

     တပါးသောသူတို့မှာ သွားအပြည့်အစုံ အစေ့အင ပေါက်ရောက်ကြသည်ဟု ဆိုရသူတို့မှာမှ အထက်အောက် နှစ်ရပ်ပေါင်း သွားချောင်းရေ (၃၂) သုံးဆယ့်နှစ်ချောင်းသာ ရှိကြကုန်၏။ အလောင်းတော်သူမြတ်မှာမူ ထိုသူတို့ရှိမြဲ သုံးဆယ့်နှစ်ချောင်းထက် ထူးကဲ၍ အောက်အထက် နှစ်ဆယ်စီအညီအမျှ သွားတော်လေးဆယ် ရှိတော်မူပေ၏။

(၂၄) ညီညွတ်သော သွားတော်ရှိခြင်း လက္ခဏာတော်၊

(၂၅) သွားတော် မကျဲမကွာ စေ့စပ်စွာရှိခြင်း လက္ခဏာတော်၊

(၂၆) သောက်ရှူးကြယ်ပမာ လွန်စွာ စင်ကြယ်ဖြူဝင်းသော အရောင်တလက်လက်ထွက်သည့် စွယ်တော် လေးဆူရှိခြင်း လက္ခဏာတော် ဟူရာတို့၌..

     တပါးသောသူတို့မှာ အချို့သွားက မြင့်မောက်လျက် အချို့သွားက နိမ့်ချိုင့်လျက် ရှိရကား မညီမညွတ်သော သွားရှိကုန်၏၊ အလောင်းတော်သူမြတ်မှာမူကား လွှဖြင့်ဖြတ်အပ်သော ခရုသင်းလွှာ ခရုသင်းချပ်ကဲ့သို့ တသားတည်း ညီညွတ်သော သွားတော်ရှိပေ၏။

     တပါးသောသူတို့၏ သွားများမှာ မိကျောင်းသွားကဲ့သို့ တချောင်းနှင့်တချောင်း မစပ် ပြတ်လပ်ကွာကွဲ ကျဲ၍နေကုန်၏။ ထို့ကြောင့် ထိုသူတို့ ငါးအမဲစသည်တို့ကို စားဝါးသောအခါ သွားအကြားတို့ဝယ် ငါးဖပ် အမဲဖပ်တို့ ဝင်ကပ်ငြိယှက် ပြည့်နှက်၍ နေတတ်ကုန်၏။ အလောင်းတော်သူမြတ်၏ သွားတော်များမှာမူ ထိုကဲ့သို့ မဟုတ်ကုန်၊ ရွှေသားပျဉ်ချပ် သန္တာပျဉ်ချပ်ပေါ်၌

၉၀

ကောင်းစွာစိုက်စီ၍ ထားအပ်သော ဝဇီရစိန်ရွဲ အစဉ်အတန်းကဲ့သို့ တသွင်တည်း စေ့စပ်စွာ တည်ရှိတော်မူကုန်၏။

     တပါးသောသူတို့၏ အစွယ်များမှာ အချို့က ပုပ်ဆွေးလျက် ရှိကုန်၏။ ထို့ကြောင့် အချို့အစွယ်များမှာ မည်းနက်, အချိုအစွယ် များမှာ အရောင်အဆင်းပျက်လျက် ရှိကုန်၏၊ အလောင်းတော်သူမြတ်၏ စွယ်တော်လေးဆူတို့မှာမူ အလွန့်အလွန် ဖြူစင်လှကုန်၏၊ သောက်ရှူးကြယ်၏ အရောင်ကိုပင်သော်လည်း လွှမ်းမိုးလွန်ကျူး၍ အထူးတင့်တယ် တောက်ပသော အရောင်နှင့် ပြည့်စုံကုန်၏။

(ဤအရာ၌ ဖွားသစ်ဖြစ်သော အလောင်းတော် သူမြတ်မှာ သွားမပေါက်သေးရကား ပုဏ္ဏားပညာရှိတို့သည် ဤသွားတော်နှင့်စပ်သော လက္ခဏာတော်ကို အဘယ်သို့လျှင် သိမြင်ကြကုန်သနည်းဟု မေးမြန်းဖွယ်ရှိ၏။ အဖြေမှာ.. လက္ခဏာဖတ် ပုဏ္ဏားပညာရှိတို့သည် မိမိတို့၏ ဗုဒ္ဓမန္တ ဗြာဟ္မဏဗေဒင်ကျမ်းဂန်အရ သွားတော်တို့ ပေါက်ရောက်ရမည့်နေရာ အင်္ဂါအခြင်းအရာ စသည်တို့ကို ဆင်ခြင်ကြည့်ရှု၍ အရွယ်တော်မြောက် ရောက်လတ်သောအခါ မုချပေါက်ရောက်ကြမည်ကို ရည်ရွယ်၍ ယခုကပင် ပေါက်ရောက် နေပြီး ရှိနေသကဲ့သို့ နိမိတ်ဖတ်ကြား လျှောက်ထားကြခြင်း ဖြစ်လေသည်။)

(ဤအရာ၌ မဟာပုရိသ လက္ခဏာတော်ကျမ်းအကြောင်း အနည်းငယ်သိသာရန် အမ္ဗဋ္ဌသုတ်အဋ္ဌကထာ စသည်တို့မှ ထုတ်ဆောင်၍ ပြဆိုဦးအံ့၊ ဘုရားရှင်တို့ ပွင့်ခါနီးကာလများတွင် သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည် ဗေဒင်ကျမ်းတို့၌ အလောင်းတော်သူမြတ်တို့၏ လက္ခဏာတော်များ အကြောင်းအရာ လက္ခဏာပညာ အတတ်ကို ထည့်သွင်းကြပြီးလျှင် “ဤသည်တို့ကား ဗုဒ္ဓဗေဒင်မည်ကုန်၏”ဟု ပြောဆိုကြကာ ဗြာဟ္မဏဆရာကြီးများအသွင်ဖြင့် ဝေဒကျမ်းများကို သင်ကြားပို့ချ ပြသကြလေကုန်သည်။

၉၁

ထိုဗုဒ္ဓဗေဒင် (= ဗုဒ္ဓမန္တ)ကို ပြဆိုရာ မဟာပုရိသ လက္ခဏာတော်ကျမ်း၌ ဘုရားဖြစ်မည့်သူ၏ လက္ခဏာ, ပစ္စေကဗုဒ္ဓါဖြစ်မည့်သူ၏ လက္ခဏာ, အဂ္ဂသာဝက, အသီတိ မဟာသာဝက, ဘုရာ့မယ်တော်, ခမည်းတော်, မြတ်သောအလုပ်အကျွေး, စကြဝတေးမင်း ဖြစ်မည့်သူတို့၏ လက္ခဏာတို့ကို အပြည့်အစုံ ပြဆိုထားအပ်ကုန်၏၊ ထို့ကြောင့် ရှေးအခါ ဝေဒကျမ်းတို့၌ မဟာပုရိသ လက္ခဏာတော်များ ထင်ရှားတိုက်ရိုက် လာရှိကုန်၏။

ဘုရား ပရိနိဗ္ဗာန် ဝင်စံပြီးသည်မှ နောက်ကာလ၌ကား နေမှဖြစ်သော အရောင်သည် နေဝင်ပြီးသောအခါ တစ တစ ကွယ်ပသကဲ့သို့ မြတ်စွာဘုရားရှင်တို့၏ ဂုဏ်ကျေးဇူး အာနုဘော်တော်ကြောင့် ဖြစ်ပေါ်လာရသော ဤမဟာပုရိသ လက္ခဏာတော် ကျမ်းများသည်လည်း တဂါထာ နှစ်ဂါထာကစ၍ တစ တစ ကွယ်ပ ပျောက်ပျက်ကြရလေကုန်သည်။)

(၂၇) ရှည်လျား + နူးညံ့ + ပြန့်သော လျှာတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     တပါးသောသူ၏ လျှာသည် ထူလည်း ထူတတ်ကုန်၏၊ သေးလှီလည်း သေးလှီတတ်ကုန်၏၊ တိုလည်း တိုတတ်ကုန်၏၊ ကြမ်းလည်း ကြမ်းတမ်းကုန်၏၊ မညီမညွတ် ရှိတတ်ကုန်၏။ အလောင်းတော်သူမြတ်၏ လျှာတော်သည်ကား ထိုသို့မဟုတ်ပေ။ လွန်စွာ နူးညံ့တော်မူပေ၏၊ ရှည်လျားတော်မူပေ၏၊ ပြန့်ကျယ်တော်မူပေ၏၊ အဆင်းနှင့် ပြည့်စုံတော်မူပေ၏။

     ထိုစကားကို ထင်ရှားစေဦးအံ့၊ အလောင်းတော်သူမြတ် ဘုရားဖြစ်တော်မူသောအခါ ခံတွင်းတော်၏ အတွင်း၌ တည်နေသဖြင့် ထိုလျှာတော်လက္ခဏာကို ကောင်းစွာ မဖူးမြင်နိုင်ကြရ၍ ဤလျှာတော်လက္ခဏာကို စူးစမ်းရန် ရောက်လာကြသော အမ္ဗဋ္ဌလုလင် ဥတ္တရလုလင် အစရှိသော သူတို့အား ယုံမှားသံသယ

၉၂

ကင်းစိမ့်သောငှါ လျှာတော်က အလွန်နူးညံ့သောကြောင့် မာကျောသော အပ်ကိုကဲ့သို့ (တနည်း- စာရေးတံ မဲလိပ်တို့ကဲ့သို့) လျှာတော်ကို လုံး၍ လိပ်၍ နှာခေါင်းတော်နှစ်ဖက်တို့ကို လျှာတော်ဖြင့် သုံးသပ်၍ ပြတော်မူ၏၊ အလွန် ရှည်လျားသောကြောင့် နားတွင်းတော် နှစ်ဖက်ကို ထိုလျှာတော်ဖြင့် သုံးသပ်၍ ပြတော်မူ၏၊ ကျယ်ပြန့်သောကြောင့် ဆံစတော်အထိ အလုံးစုံသော နဖူးတော်အပြင်ကို ထိုလျှာတော်ဖြင့် ဖုံးအုပ်၍ ပြတော်မူ၏။ (သာမန်လူတို့၏ လျှာကား ခံတွင်း၏ပြင်ဘက် တလက်မထက်ပို၍ မထွက်နိုင်သည်ကို လက်တွေ့စမ်းသပ်၍ သိနိုင်၏။)

(၂၈) ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အသံတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     တပါးသောသူတို့မှာ ပြတ်သောအသံ (ပြတ်တောင်း ပြတ်တောင်း ဖြစ်လျက်နေသော အသံ), ကွဲအက်သောအသံ, ကျီးငှက်၏အသံကဲ့သို့ မနှစ်လိုဖွယ်သောအသံ ရှိကုန်၏၊ အလောင်းတော် သူမြတ်မှာမူကား ထိုကဲ့သို့ မဟုတ်ပေ၊ ဗြဟ္မာမင်း၏အသံနှင့်တူသော အသံတော်နှင့် ပြည့်စုံတော်မူပေ၏။ ထင်ရှားစေဦးအံ့.. ဗြဟ္မာမင်း၏အသံသည် သည်းခြေ သလိပ်တို့ဖြင့် မရောထွေး မနှိပ်စက်အပ်သောကြောင့် သန့်ရှင်းစင်ကြယ်၏။ အလောင်းတော် သူမြတ်မှာလည်း ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့သော ကောင်းမှုကုသိုလ်ကံတို့က ထိုအသံတော်ဖြစ်ရာ လည်ချောင်း အာစောက်စသော ဌာန်၀တ္ထုတို့ကို စင်ကြယ်သန့်ရှင်းစေ၏၊ ဌာန်ဝတ္ထုတို့ စင်ကြယ်သန့်ရှင်းသောကြောင့် ချက်တော်မှစတင်၍ ဖြစ်ပေါ်လာသော အသံတော်သည် သန့်ရှင်း စင်ကြယ်၏။ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံစွာသာလျှင် ဖြစ်ပေါ်လာ၏၊ ထိုအင်္ဂါရှစ်ပါးတို့ကား..

၁။ သန့်ရှင်းသည်လည်း တပါး၊

၂။ သိသာလွယ်သည်လည်း တပါး၊

၃။ သာယာသည်လည်း တပါး၊

၄။ နာချင်ဖွယ်ရာရှိသည်လည်း တပါး၊

၉၃

၅။ လုံးသည် (လုံလုံလဲလဲရှိသည်)လည်း တပါး၊

၆။ ဖရိုဖရဲမရှိသည် (တရားနာပရိသတ်၏ ပြင်ဘက်သို့ ထွက်၍ မသွားသည်)လည်း တပါး၊

၇။ နက်နဲသည် (အသံတော်မတိမ် အရှိန်အားကောင်းသည်)လည်း တပါး၊

၈။ ပဲ့တင်ထပ်သည်လည်း တပါး- ဤရှစ်ပါးတို့တည်း။

     ဤအသံတော်၏ ထူးခြားဆန်းကြယ် အံ့ဩဖွယ်ကား ကရဝိက်ငှက်၏ အလွန်သာယာ ချိုမြိန်စွာသော အသံထက် အဆအရာ အဆအထောင် သာလွန်ပိုမို၍ ချိုမြိန်သာယာလှပေ၏၊ ထင်ရှားစေဦးအံ့.. ကရဝိက်ငှက်တို့၏ အသံသည် ငြိမ့်ငြိမ့်စည်စည် ရှည်ရှည်မျှဉ်းမျှဉ်း ဖြည်းညှင်း သာယာလှပေ၏။ ပြည့်စုံလုံလဲ၍ ချိုမြိန်နှစ်သက်ဖွယ် ရှိလှပေ၏။ ထိုကရဝိက်ငှက်တို့သည် သစ်ပင်၏ အထက်ကိုင်းတကိုင်းပေါ်၌ နားနေလျက် တွန်ကျူးရင့်ရူပြီးသော် တဖန် အောက်သစ်ကိုင်းတကိုင်းသို့ ပြောင်းရွှေ့နားနေလာ၍ မိမိ အထက်သစ်ကိုင်း၌ နားနေစဉ်က တွန်ကျူးရင့်ရူခဲ့သော အသံကို မိမိ နားထောင်နိုင်ကုန်၏။ ဤမျှပင် ဖြည်းညှင်းသာယာ စည်ပင်စွာ၏။

     ကရဝိက်ငှက်မင်းသည် ချိုမြိန်လှစွာသော သရက်သီးမှည့်ကို နှုတ်သီးဖြင့် ကိုက်ဖောက်၍ ယိုစီးထွက်ကျလာသော သရက်သီးမှည့်အရည်ကို သောက်မျိုပြီးလျှင် အတောင်ပံကို ရိုက်ခတ်၍ တွန်ကျူးလိုက်သည်ရှိသော် အခြေလေးချောင်းရှိသော သားသတ္တဝါတို့သည် ကရဝိက်ငှက်မင်း၏ အသံဖြင့် ယစ်ကုန်သကဲ့သို့ ဖြစ်၍ (သေရည်အရက် ယစ်သဖြင့် သတိလစ်သော သူတို့ကဲ့သို့ ဖြစ်၍) နှစ်သက်ခြင်းအဟုန်တို့ဖြင့် မြူးတူး ခြင်းငှါ အားထုတ်ကြကုန်၏။ ကျက်စားရာ (စားကျက်)အရပ်သို့ သွားလာရောက်ဆိုက်လျက် မြက်အစာတို့ကို ခံတွင်း၌ သွတ်သွင်းစားဝါးလျက် စားဆဲဝါးဆဲဖြစ်သော အခြေလေးချောင်းရှိ သတ္တဝါတို့သည်လည်း ခံတွင်း၌ရှိနေသော အစာတို့ကို သတိမေ့ပျောက် စွန့်ပစ်ကြကာ

၉၄

ထိုကရကဝိတ်ငှက်မင်း၏ တွန်ကျူးသော အသံကိုသာလျှင် တန့်ရပ်နားထောင်လျက် နေကြကုန်၏။ ခြင်္သေ့ သစ် ကျား အစရှိသော သားရဲတို့က စားအံ့သောငှါ အပြင်းအထန် လိုက်လံလာ၍ သေဘေးမှ ကြောက်ရွံ့သဖြင့် ပြေးလွှားဆဲဖြစ်ကြသော သမင် ဒရယ် အစရှိသော သားငယ်သတ္တဝါတို့သည်လည်း ပြေးလွှားရာမှ ချပြီးသောခြေကို မကြွကြကုန်ပဲ ချီပြီးသော ခြေကိုလည်း မချကြကုန်ုပဲ သေဘေးကိုမျှ အမှတ်မရနိုင် ကြကုန်မူ၍ ထိုကရဝိက်ငှက်မင်း၏ အသံကိုသာလျှင် တန့်ရပ် နားထောင်လျက် နေကြကုန်၏။ ဖမ်းယူ ကိုက်စားအံ့သောငှါ လိုက်လံလာကြသော ခြင်္သေ့ သစ် ကျား အစရှိသော သားရဲသတ္တဝါတို့သည်လည်း ထိုနည်းအတူ စားရအံ့သော အစာကိုမျှ သတိမရနိုင်ကြပဲ ထိုကရဝိက်ငှက်မင်း၏ အသံကိုသာလျှင် တန့်ရပ်နားထောင်လျက် နေကြကုန်၏။ ကောင်းကင်၌ ပျံသန်းနေဆဲဖြစ်သော ငှက်တို့သည်လည်း အတောင်ကို ဖြန့်ကာ တန့်ရပ်နားထောင်နေကြကုန်၏။ ရေ၌ကျက်စားသော ငါးတို့သည်လည်း နားလွှာကိုမလှုပ်ကြပဲ ထိုကရဝိက်ငှက်မင်း၏ အသံကိုသာလျှင် တန့်ရပ်နားထောင်လျက် နေကြကုန်၏။ (ဗုဒ္ဓဝံသအဋ္ဌကထာ၊ မျက်နှာ ၈၂-မှ။)

(ကရဝိက်ငှက်မင်း၏ အသံနှင့် အသန္ဓိမိတ္တာမိဖုရား ဝတ္ထုကို အနုဒီပနီ၌ ကြည့်ရှုရာ၏။)

(၂၉) အလွန် ညိုကြည်သည့် မျက်လုံးတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     အလောင်းတော်သူမြတ်၏ မျက်လုံးတော်တစုံလုံး နေရာတိုင်း၌ မည်းညိုသည်ဟု မဆိုလို၊ ပဓာန အမိကပြု၍သာ အလွန်ညိုကြည်သည့် မျက်လုံးတော်ရှိ၏ဟု ဆိုခြင်းဖြစ်သည်။ စင်စစ်သော်ကား ထိုအလောင်းတော်သူမြတ်၏ မျက်လုံးတော်တို့သည် ညိုသင့်ရာရာ အရပ်ဌာနတို့၌ အောင်မည်းညိုပွင့်အဆင်းနှင့်တူသော အလွန်စင်ကြယ်သော ညိုသောအဆင်းနှင့် ပြည့်စုံကုန်၏။ ဝါရွှေသင့်ရာ အရပ်ဌာန၌ မဟာလှေကားပွင့်အဆင်းနှင့်တူသော ဝါရွှေသောအဆင်းနှင့် ပြည့်စုံကုန်၏၊ နီမြန်းသင့်ရာ

၉၅

အရပ်ဌာန၌ လယ်ခေါင်ရမ်းပွင့် အဆင်းနှင့်တူသော နီမြန်းသောအဆင်းနှင့် ပြည့်စုံကုန်၏၊ ဖြူသင့်ရာရာ အရပ်ဌာန၌ သောက်ရှူးကြယ် အဆင်းနှင့်တူသော ဖြူဖွေးသောအဆင်းနှင့် ပြည့်စုံကုန်၏။ မည်းသင့်ရာရာ အရပ်ဌာန၌ ပုတီးနက်စေ့ အဆင်းနှင့်တူသော မည်းနက်သောအဆင်းနှင့် ပြည့်စုံကုန်၏၊ အလောင်းတော်သူမြတ်၏ မျက်လုံးတော်တို့သည် ရွှေဗိမာန်၌ ဖွင့်လှစ်ထားအပ်သည့် ပတ္တမြားခြင်္သေ့ရုပ်ခံ လေသာနန်းပြတင်းတံခါးနှင့် တူကုန်၏။ (ဇိနာလင်္ကာရဋီကာအလို ရွှေနံရံ၌ တပ်ဆင်၍ထားအပ်သော ပတ္တမြား ခြင်္သေ့ရုပ်ခံ လေသာနန်း ပြတင်းတံခါးနှင့် တူကုန်၏။)

(၃၀) ဖွားသစ်စ နွားသူငယ်၏ မျက်မွေးကဲ့သို့ အလွန် နူးညံ့နုပျိုသည့် မျက်မွေးတော်ရှိခြင်း လက္ခဏာတော် ဟူရာ၌..

     ဤလက္ခဏာတော်ကို ပါဠိတော်၌ “ဂေါပခုမလက္ခဏာတော်”ဟူ၍ ဟောအပ်၏၊ “ဂေါပခုမ”ဟူသော ပါဠိက မျက်လွှာတော် တည်းဟူသော အစိတ်အပိုင်းတို့နှင့် တကွသော မျက်လုံးတော် (အလုံးစုံသော မျက်လုံးတော်)ကို ဟောဆိုရင်းဖြစ်၏။ နွားငယ်မျိုးတကာတို့တွင် နွားနက်ငယ်တို့၏မျက်လုံးမှာ ထူထဲနောက်ကျုသော သဘောရှိ၏၊ နွားနီငယ်တို့၏ မျက်လုံးမှာ အထူးသဖြင့် ကြည်လင်တောက်ပ၏။ ယခု ဂေါပခုမ လက္ခဏာတော် အရာ၌ ဖွားသစ်စဖြစ်သော နွားနီငယ်၏ မျက်လုံးနှင့်တူသော မျက်လုံးတော်ရှိသည်ကို ဆိုလိုသည်၊ တပါးသောသူတို့၏ မျက်ဝန်းတခုလုံးသည် မပြည့်မစုံပဲ ရှိတတ်၏၊ ဆင်မျက်လုံး ကြွက်မျက်လုံး ကျီးမျက်လုံးတို့ကဲ့သို့ တချို့မှာ ပြူးရရူးထွက်သော မျက်လုံးရှိကြ၍ တချို့မှာ အတွင်းသို့ ချိုင့်ဝင်သော မျက်ကွင်းနက်သော မျက်လုံးရှိကြ ကုန်၏၊ အလောင်းတော်သူမြတ်၏ မျက်လုံးတို့မှာမူ ထိုသို့ မဟုတ်ကုန်၊ ကောင်းစွာ ဆေးကြောပွတ်တိုက်၍ ထားအပ်သော ပတ္တမြားလုံးတို့ကဲ့သို့ နူးညံ့ပြေပြစ်၍ သိမ်မွေ့နုဖပ် လတ်ဆတ်စိုပျို ညိုသော မျက်မွေးတော်တို့ အစီအရီပေါက်လျက်

၉၆

ရှိကုန်၏။ (ဤလက္ခဏာတော်မှာ မျက်တောင်မွေးတော် တည်းဟူသော အစိတ်ဖြင့် မျက်ဝန်းတော် တခုလုံးကိုမှတ်၍ ပြသောအရာဖြစ်၍ ဖွားသစ်စ နွားနီငယ်ကဲ့သို့ နူးညံ့ပြေပြစ် သိမ်မွေ့နုဖပ် လတ်ဆတ်စိုပျို ညိုသောမျက်မွေးတော်တို့ အစီအရီ ပေါက်ရောက်သည့် မပြူးမထွက် မခွက်မဝင် သန့်စင်စွာ ဆေးကြောပွတ်တိုက်၍ အလိုက်သင့်ထားအပ်သော ပတ္တမြားလုံးအသွင် ကြည်လင်လှစွာသော မျက်လုံးတော် မျက်ဝန်းတော် ရှိသည်ဟု ဆိုလိုရင်းဖြစ်သည်။)

(၃၁) မျက်မှောင် (မျက်ခုန်း)တော်နှစ်ဖက် အလယ်ချက်၌ ဥဏ္ဏလုံမွေးရှင်တော် ပေါက်ရောက်ခြင်း လက္ခဏာတော် ဟူရာ၌..

     ဤမွေးရှင်တော်သည် မျက်မှောင်မျက်ခုန်းတော် နှစ်သွယ်၏ အလယ်တည့်တည့် နှာခေါင်းနှာတံတော်၏ အထက်တည့်တည့် နဖူးတော်၏ အလယ်၌ တင့်တယ်စွာ ပေါက်ရောက်လျက်ရှိ၏။ သောက်ရှူးကြယ်ပမာ ထက်ဝန်းကျင် စင်ကြယ်လှစွာ၏၊ ကြည်လှစွာသော ထောပတ်ရည်၌ ချနှစ်၍ ထားအပ်သော အကြိမ်တရာ ဖတ်အပ်သော ဝါဂွမ်းလွှာကဲ့သို့ လွန်စွာ နူးညံ့လှ၏။ လက်ပံ ပေါက်လဲ နွယ်လဲအတူ ဖြူစင်လှစွာ၏။ ထိုမွေးရှင်တော်သည် အဖျားမှဆွဲ၍ ဆန့်လိုက်လျှင် နှစ်တောင်ခန့်ရှည်လျား၍ လွှတ်လိုက်သောအခါ သူ့အလိုလို လက်ျာရစ်ခွေလည်၍ အဖျားကား အထက်ကော့ မော့လျက်သာ တည်ပေ၏။ ရွှေသားပျဉ်ချပ်၌ တပ်ဆင်၍ထားအပ်သော ငွေကြယ်ပွင့်ကဲ့သို့၎င်း, ရွှေအိုးမှထွက်သော နို့ရည်အယဉ်ကဲ့သို့၎င်း, နေအရုဏ်ရောင်ဟပ်သည့် ကောင်းကင်အရပ်ဝယ် သောက်ရှူးကြယ်ကဲ့သို့၎င်း ဖူးမြင်သူ၏ စိတ်နှလုံးကို ယူကျုံးဆွဲငင် အကြည်ညိုဝင်စေနိုင်သော အသရေဖြင့် တင့်တယ်လှပေ၏။

(၃၂) နဖူးတော်ဝယ် ပကတိ ပင်ကိုယ်အားဖြင့်ပင် သင်းကျစ်ရွှေပြား တပ်စီ၍ထားသကဲ့သို့ သင်းကျစ်တော်

၉၇

(သင်းကျပ်တော်) အသားလွှာ ပါရှိခြင်း လက္ခဏာတော် ဟူရာ၌..

     ပြည့်စုံသော နဖူးတော်, ပြည့်စုံသော ဦးခေါင်းတော် ရှိသည်ဟု ဆိုလိုရင်း ဖြစ်၏။ ချဲ့ဦးအံ့..၊

နဖူးတော်

     အလောင်းတော်သူမြတ်မှာ လက်ျာနားပန်းစွန်း နားဦးအစွန်းမှစ၍ အသားတော်လွှာသည် တက်လာပြီးလျှင် နဖူးတော်တပြင်လုံး လွှမ်းဖုံးပြည့်စေလျက် အောက်သို့သက်ကာ လက်ဝဲနားပန်းစွန်း နားဦးအစွန်းကျမှ အဆုံးသတ် ရပ်တည်လေတော့သည်၊ ထိုသင်းကျစ်တော် အသားလွှာသည် သိမ်မွေ့ခြင်း ရွှေအဆင်းရှိခြင်း အရောင်တလက်လက်ထွက်ခြင်း နဖူးတော်အနှံ့ ပြန့်ပြည့်ခြင်းအားဖြင့် ဘုရင်မင်းမြတ်တို့၏ နဖူး၌ ဖွဲ့ယှက် တပ်ဆင်အပ်သော သင်းကျစ်ပြားကဲ့သို့ လွန်စွာ တင့်တယ်လှပေ၏။ အလောင်းတော်သူမြတ်၏ ဤနဖူးသင်းကျစ် အသားတော်လွှာ လက္ခဏာကို မြင်ကြရသောကြောင့်ပင် ဘုရင်မင်းမြတ်တို့အတွက် (ပင်ကိုယ်က သင်းကျစ်အသားလွှာ မပါရှိကြသဖြင့် အတုပြုလုပ်ကာ) သင်းကျစ်တော်ဟူသော မင်းမြှောက်တန်းဆာအထူးကို ပြုလုပ် သုံးစွဲကြခြင်းဖြစ်သည်။ (ဤကား နဖူးတော်မြတ်၏ ပြည့်စုံပုံ အနက်သဘောကို ပြဆိုချက်တည်း။)

ဦးခေါင်းတော်

     အလောင်းတော်သူမြတ်၏ ဦးခေါင်းတော်သည် အလုံးစုံ ထက်ဝန်းကျင်မှပင် ပြည့်စုံ တင့်တယ်လှပေ၏။ တပါးသော သူတို့မှာကား အလောင်းတော် သူမြတ်ကဲ့သို့ ဦးခေါင်းလက္ခဏာ အကုန်ပြည့်စုံစွာ မရှိကြကုန်။ အချို့သူတို့မှာ မျောက်ဦးခေါင်းပမာ နှစ်ဖြာကွဲသကဲ့သို့ ဦးခေါင်းရှိကုန်၏။ အချို့သူတို့မှာ ကွဲကြောင်း အက်ကြောင်းအသွင် ထင်ရသော ဦးခေါင်းရှိကုန်၏။ အချို့သူတို့မှာ ဦးခေါင်းသား နည်းလှ ပါးလှသောကြောင့်

၉၈

အရေဖြင့် ဖုံးအုပ်အပ်သော အရိုးအသွင်ထင်သော ဦးခေါင်းရှိကုန်၏၊ အချို့သူတို့မှာ ဗူးသီးကဲ့သို့ မညီမညွတ်သော ဦးခေါင်းရှိကုန်၏။ အချို့သူတို့မှာ နောက်သို့ ကောက်ချိတ်သော ဦးခေါင်း နောက်သို့ စူစူ ပြုပြုထွက်သော (= နောက်စေ့ထွက်သော) ဦးခေါင်းရှိကုန်၏။ အလောင်းတော်သူမြတ်မှာကား ထိုကဲ့သို့ မဟုတ်ပေ၊ ဆောက်လုံး ဆောက်ဝန်းဖြင့် အဝန်းပြေပြေ အနေကျကျ လှပတင့်တယ်စွာ ပြုလုပ်ထွင်းထု၍ ထားအပ်သည့်ပမာ ရွှေပွတ်လုံးအတူ ထက်ဝန်းကျင် ပြည့်စုံသည့် ဦးခေါင်းတော် ရှိတော်မူပေ၏။

(ဤ ၃၂-ခုမြောက်ဖြစ်သော လက္ခဏာတော်ကို ပါဠိတော်၌ ဥဏှီသသီသော-ဟူ၍ ဟောတော်မူအပ်၏။ ထိုပါဠိကို (က) သင်းကျစ်တော် အသားလွှာဖြင့် ဖွဲ့ယှက် ရစ်ပတ်အပ်သကဲ့သို့သော ဦးခေါင်းတော် ရှိတော်မူ၏ ဟူ၍၎င်း (ခ) လိမ္မာလှစွာသော ပညာရှင် စီစဉ်အပ်သော ဦးရစ်ဝန်းကဲ့သို့ လုံးဝန်းတင့်တယ်သော ဦးခေါင်းတော် ရှိ၏ဟူ၍၎င်း အနက်နှစ်မျိုး ပေးနိုင်သောကြောင့် နဖူးတော်၏ ပြည့်စုံတင့်တယ်ခြင်း ဦးခေါင်းတော်၏ ပြည့်စုံ တင့်တယ်ခြင်းအားဖြင့် သဘောအဓိပ္ပါယ်နှစ်မျိုး ရေးသားဖော်ပြခြင်း ဖြစ်လေသည်။)

(ဤ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ကို ရရှိခြင်းအကြောင်း ကံစသည်တို့ကို အနုဒီပနီ၌ သီးသန့်ဖော်ပြထားသည်။)

လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့၏ သဘောအဓိပ္ပါယ် ပြီး၏။

၉၉

လက္ခဏာတော်ငယ် ရှစ်ဆယ်

     အလောင်းတော် ယောက်ျားမြတ်သည် ဆိုအပ်ပြီးသော မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့၏ အခြံအရံဖြစ်ကုန်သော အသီတိအနုဗျဉ္ဇနခေါ် လက္ခဏာတော်ငယ် ရှစ်ဆယ်တို့ကိုလည်း ရတော်မူပေ၏၊ ထိုလက္ခဏာတော်ငယ် ရှစ်ဆယ်တို့ကို ဇိနာလင်္ကာရဋီကာ အစရှိသော ကျမ်းဂန်တို့၌ လာသောအတိုင်း အကျဉ်းချုပ် ဖော်ပြပေအံ့၊ ထိုလက္ခဏာတော်ငယ် ရှစ်ဆယ်ဟူသည်မှာ-

(၁) အကြားမလပ် စေ့စပ်သော လက်ချောင်း ခြေချောင်းတော်ရှိခြင်း (စိတင်္ဂုလိတာ)။

(၂) အရင်းမှသည် အဖျားသို့တိုင် အစဉ်သဖြင့် သွယ်ပျောင်းသော လက်ချောင်း ခြေချောင်းတော်ရှိခြင်း (အနုပုဗ္ဗင်္ဂုလိတာ)။

(၃) လုံးသော လက်ချောင်း ခြေချောင်းတော် ရှိခြင်း (ဝဋ္ဋင်္ဂုလိတာ)။ ။(ဤကား ခြေချောင်း လက်ချောင်းတော် လက္ခဏာတော် သုံးပါးတို့တည်း။)

(၄) နီမြန်းသော လက်သည်းတော် ခြေသည်းတော ရှိခြင်း (တမ္ဗနခတာ)။

(၅) မြင့်သော ချွန်းသော ညွတ်သော လက်သည်းတော် ခြေသည်းတော်ရှိခြင်း (တုင်္ဂနခတာ)။

(၆) သိမ်မွေ့ပြေပြစ်သော လက်သည်းတော် ခြေသည်းတော်ရှိခြင်း (သိနိနဒ္ဓခတာ)။ ။(ဤကား လက်သည်း ခြေသည်းတော်၌ လက္ခဏာတော် သုံးပါးတို့တည်း။)

(၇) မရှိုက် မမိုသော ဖမျက်တော်ရှိခြင်း = မထင်ရှားသော ဖမျက်တော်ရှိခြင်း (နိဂုဠ ဂေါပ္ဖကတာ)။ ။(အခြားသူတို့မှာ ဖမျက်ငေါငေါ ပေါပေါတက်နေ၏)။ ။(ဤကား ဖမျက်တော်၌ လက္ခဏာတော်တပါး။)

၁၀၀

(၈) ခြေချောင်းတော် ဆယ်ချောင်းလုံး အဖျားညီညွတ်ခြင်း (သမပါဒတာ)။ ။(ဤကား ခြေချောင်းတော်၌ လက္ခဏာတော်တပါး။)

(၉) ဆင်မင်းအတူ စံပယ်စွာ သွားတော်မူခြင်း (ဂဇသမာနက္ကမတာ)။

(၁၀) ခြင်္သေ့မင်းအလား စံပယ်စွာ သွားတော်မူခြင်း (သီဟသမာနက္ကမတာ)။

(၁၁) ဟင်္သာမင်းသဖွယ် စံပယ်စွာ သွားတော်မူခြင်း (ဟံသသမာနက္ကမတာ)။

(၁၂) နွားမင်းဥသဘအလား စံပယ်စွာ သွားတော်မူခြင်း (ဥသဘသမာနက္ကမတာ)။

(၁၃) လက်ျာရစ်လည်၍ သွားတော်မူခြင်း (ဒက္ခိဏာဝဋ္ဋဂတိတာ)။ ။(ဤကား သွားတော်မူခြင်း၌ လက္ခဏာတော် ငါးပါးတို့တည်း။)

(၁၄) ထက်ဝန်းကျင်မှ ရှုချင်စဖွယ် တင့်တယ်သော ပုဆစ်ဒူးဝန်းတော်ရှိခြင်း (သမန္တတော စာရုဇဏ္ဏုမဏ္ဍလတာ)။ ။(ဤကား ပုဆစ်ဒူးဝန်းတော်၌ လက္ခဏာတော်တပါး။)

(၁၅) ပြည့်စုံ အောင်မြောက်သော ယောက်ျားနိမိတ်ဗျည်းရှိခြင်း (ပရိပုဏ္ဏပုရိသဗျဉ္ဇနတာ)။ ။(ဤကား နိမိတ်တော်၌ လက္ခဏာတော်တပါး။)

(၁၆) လက်ျာရစ်လည်သော အရေးအကြောင်း မပေါက် မပြတ်သော ချက်တော်ရှိခြင်း (အစ္ဆိဒ္ဒနာဘိတာ)။

(၁၇) နက်သော ချက်တော်ရှိခြင်း (ဂမ္ဘီရနာဘိတာ)။

(၁၈) လက်ျာရစ်လည်သော အရေးအကြောင်းရှိသော ချက်တော်ရှိခြင်း (ဒက္ခိဏာဝဋ္ဋနာဘိတာ)။ ။(ဤကား ချက်တော်၌ လက္ခဏာတော် သုံးပါးတို့တည်း။)

၁၀၁

(၁၉) ဆင်နှာမောင်းနှင့်တူသော ပေါင်တော် လက်ရုံးတော်ရှိခြင်း (ဒွိရဒကရသဒိသဦရုဘုဇတာ)။ ။(ဤကား ပေါင်တော် လက်ရုံးတော်၌ လက္ခဏာတပါး။)

(၂၀) ကောင်းစွာ ဝေဘန်အပ်သော ကိုယ်တော်ရှိခြင်း (သုဝိဘတ္တဂတ္တတာ)။ ။(ကိုယ်တော်အနေထား သန့်ရှင်းသည်ကို ဆိုသည်။)

(၂၁) အစဉ်အတိုင်း ရွေ့ရွေ့တက်သော ကိုယ်တော်ရှိခြင်း (အနုပုဗ္ဗဂတ္တတာ)။ ။(အထက်ပိုင်း အောက်ပိုင်း အဆင်ပြေသည်ကို ဆိုသည်။)

(၂၂) ပြေပြစ်သော ကိုယ်တော်ရှိခြင်း (မဋ္ဌဂတ္တတာ)။

(၂၃) မရှိုက် မမိုသော ကိုယ်တော်ရှိခြင်း (အနုဿန္နာနနုဿန္နသဗ္ဗဂတ္တတာ)။

(၂၄) မတွန့်မလိပ်သော ကိုယ်တော်ရှိခြင်း (အလီနဂတ္တတာ)။

(၂၅) မှဲ့ချေစသည်မှကင်းသော ကိုယ်တော်ရှိခြင်း (တိလကာဒိဝိရဟိတဂတ္တတာ)။

(၂၆) အစဉ်အတိုင်း ပြိုးပြိုးပြက်သော ကိုယ်တော်ရှိခြင်း (အနုပုဗ္ဗရုစိရဂတ္တတာ)။

(၂၇) အထူးသဖြင့် စင်ကြယ်သော ကိုယ်တော်ရှိခြင်း (သုဝိသုဒ္ဓဂတ္တတာ)။ ။(နောက်၌ ကိုယ်တော်လက္ခဏာများ လာဦးမည်။)

(၂၈) ကုဋေတထောင်သော ကာဠာဝကဆင်တို့၏အားကို ဆောင်နိုင်သော အားတော်ရှိခြင်း (ကောဋိသဟဿဟတ္ထိဗလဓာရဏတာ)။ ။(ဤကား ကာယဗလအားတော်၌ လက္ခဏာတပါး။)

(၂၉) ရွှေချွန်းအတူ မြင့်တက်သော နှာခေါင်းတော်ရှိခြင်း (တုင်္ဂနာသတာ)။ ။(နှာခေါင်းတော်၌ လက္ခဏာတော်တပါး။)

၁၀၂

(၃၀) အလွန်နီမြန်းသော သွားဖုံးသားတော်ရှိခြင်း (သုရတ္တဒွိဇမံသတာ)။ ။(ရတ္တဒွိဇမုခတာ= နီသောနှုတ်ခမ်းတော် ရှိခြင်းဟူ၍ သမန္တစက္ခုဒီပနီ၌ လာ၏)။ ။(သွားဖုံးသားတော်၌ လက္ခဏာ တပါး။)

(၃၁) စင်ကြယ်သော သွားတော်ရှိခြင်း (သုဒ္ဓဒန္တတာ)။

(၃၂) သိမ်မွေ့ပြေပြစ်သော သွားတော်ရှိခြင်း (သိနိဒ္ဓဒန္တတာ)။ ။(သွားတော်၌ လက္ခဏာတော် နှစ်ပါး။)

(၃၃)စင်ကြယ်သော မျက်စိစသော ဣန္ဒြေရှိခြင်း (ဝိသုဒ္ဓိန္ဒြိယတာ)။ (မျက်စိ, နား, နှာ, လျှာ, ကိုယ် ဣန္ဒြေတို့၌ လက္ခဏာတပါး။)

(၃၄) လုံးသော စွယ်တော်ရှိခြင်း (ဝဋ္ဋဒါဌတာ)။ ။(စွယ်တော်၌ လက္ခဏာတပါး။)

(၃၅) နီမြန်းသော နှုတ်ခမ်းတော်ရှိခြင်း (ရတ္တောဋ္ဌတာ)။ ။(နှုတ်ခမ်းတော်၌ လက္ခဏာတပါး။)

၃၆) ရှည်သော ခံတွင်းတော်ရှိခြင်း (အာယတဝဒနတာ)။ ။(ခံတွင်းတော်၌ လက္ခဏာတပါး။)

(၃၇) နက်သော လက္ခဏာအရေးအသား ရှိတော်မူခြင်း (ဂမ္ဘီရပါဏိလေခတာ)။

(၃၈) ရှည်သော လက္ခဏာ အရေးအသားရှိခြင်း (အာယတလေခတာ)။

(၃၉) မကွေ့မကောက် ဖြောင့်သော လက္ခဏာအရေးအသား ရှိခြင်း (ဥဇုလေခတာ)။

(၄၀) နှစ်လိုဖွယ်သော သဏ္ဌာန်ရှိသည့် လက္ခဏာအရေးအသားရှိခြင်း (သုရုစိရသဏ္ဌာနလေခတာ)။ ။(အရေးအသား လက္ခဏာကြောင်း၌ လက္ခဏာလေးပါး။)

၁၀၃

(၄၁) ထက်ဝန်းကျင် ဝန်းဝိုင်းသော ကိုယ်တော်ရောင်ရှိခြင်း (ပရိမဏ္ဍလကာယပ္ပဘာဝန္တတာ)။ ။(ကိုယ်တော်ရောင်၌လက္ခဏာတပါး။)

(၄၂) ပြည့်ဖြိုးသော ပါးစောင် (ပါးပြင်)တော်ရှိခြင်း (ပရိပုဏ္ဏကပေါလတာ)။ ။(ပါးတော်၌ လက္ခဏာ တပါး။)

(၄၃) ရှည်လျား ပြန့်ကျယ်သော မျက်ကွင်းတော် မျက်လုံးတော်ရှိခြင်း (အာယတဝိသာလနေတ္တတာ)။

(၄၄) ငါးမျိုးသော အဆင်းဖြင့် အလွန်ကြည်လင်သော မျက်လုံးတော်ရှိခြင်း (ပဉ္စပသာဒဝန္တနေတ္တတာ)။ ။(မျက်လုံးတော်၌ လက္ခဏာနှစ်ပါး။)

(၄၅) အဖျား ညွတ်ညွတ်တက်သော မျက်တောင်မွေးတော်ရှိခြင်း (မျက်တောင်မွေးတော်၌ လက္ခဏာတပါး)။ ။(မျက်တောင်မွေးတော်များ အဖျားကော့ရရော့ရှိသည်ကို ဆိုသည်။)

(၄၆) နူးညံ့ပါးလွှာ နီစွာသော လျှာတော်ရှိခြင်း (မုဒုတနုကရတ္တဇိဝှတာ)။ ။(ဤလက္ခဏာတော်အရ နူးညံ့ခြင်းကို လက္ခဏာတပါး, ပါးလွှာခြင်းကို လက္ခဏာတပါး, နီမြန်းခြင်းကို လက္ခဏာတပါး- ဤသို့ သုံးပါးယူလိုကြောင်းနှင့် ဆရာတို့ကား နူးညံ့ခြင်းကို လက္ခဏာတပါး, ပါးလွှာခြင်းကို လက္ခဏာတပါး ဤသို့ နှစ်ပါးသာ ယူကြကြောင်း သမန္တစက္ခုဒီပနီ ပဌမအုပ် မျက်နှာ ၂၅၄-၌ ဆိုသည်။ ဤကျမ်း၌ကား ဇိနာလင်္ကာရဋီကာအဆိုအတိုင်း လက္ခဏာတပါးသာ ဆိုသည်။ လျှာတော်၌ လက္ခဏာတပါး။)

(၄၇)ရှည်လျားတင့်တယ် နှစ်လိုဖွယ်သော နားတော်ရှိခြင်း (အာယတရုစိရကဏ္ဏတာ)။ ။(ဤ၌လည်း လက္ခဏာတော်နှစ်ပါးဟု ယူကြသည်)။ ။(နားတော်၌ လက္ခဏာတပါး။)

၁၀၄

(၄၈) ထွတ်သမြတ်ခေါ်သည့် အဖုအထစ် အထုံးအဖွဲ့ကင်းသည့် အကြောတော်ရှိခြင်း (အကြောများ ထုံးဖုခြင်းမရှိဟု ဆိုလိုသည်) (နိဂ္ဂဏ္ဌိသိရတာ)။

(၄၉) မရှိုက်မမိုသော (= မထင်ရှားသော) အကြောတော်ရှိခြင်း (အကြောပေါပေါ မပေါ်သည်ကို ဆိုသည်) (နိဂ္ဂူဠသိရတာ)။ ။(အကြောတော်၌ လက္ခဏာနှစ်ပါး။)

(၅၀) လုံးဝန်းသော ထီးဝန်းသဖွယ် တင့်တယ်သော ဦးခေါင်းတော်ရှိခြင်း (ဝဋ္ဋဆတ္တနိဘစာရုသီသတာ)။ ။(ဦးခေါင်း၌ လက္ခဏာတပါး။)

(၅၁) ရှည်လျားပြန့်ကျယ် တင့်တယ်သော နဖူးတော်ရှိခြင်း (အာယတပုထုနလာဋသောဘတာ)။ ။(နဖူးပြင်တော်၌ လက္ခဏာတပါး။)

(၅၂) ပြုပြင်ရန်မလို ပင်ကိုယ်တင့်စံ သဏ္ဌာန် (= တည်နေဟန်) လှပသည့် မျက်မှောင် မျက်ခုံးတော်ရှိခြင်း (သုသဏ္ဌာနဘမုကတာ)။

(၅၃) နူးညံ့သိမ်မွေ့သော မျက်မှောင် မျက်ခုံးတော်ရှိခြင်း (သဏှဘမုကတာ)။

(၅၄) ညွတ်ညွတ်တက်သော မျက်မှောင် မျက်ခုံးတော်ရှိခြင်း (အနုလောမဘမုကတာ)။

(၅၅) ကြီးသော မျက်မှောင် မျက်ခုံးတော်ရှိခြင်း (မဟန္တဘမုကတာ)။

(၅၆) ရှည်သွယ်သော မျက်မှောင် မျက်ခုံးတော် ရှိခြင်း (အာယတဘမုကတာ)။ ။(မျက်မှောင် မျက်ခုံးတော်၌ လက္ခဏာငါးပါး။)

(၅၇) သိမ်မွေ့သော ကိုယ်တော်ရှိခြင်း (သုကုမာလဂတ္တတာ)။

၁၀၅

(၅၈) အလွန်ချမ်းအေးသော ကိုယ်တော်ရှိခြင်း (အတိဝိယသောမ္မဂတ္တတာ)။

(၅၉) အလွန်ထွန်းပသော ကိုယ်တော်ရှိခြင်း (အတိဝိယဥဇ္ဇလိတဂတ္တတာ)။

(၆၀) အညစ်ကြေးကင်းသော ကိုယ်တော်ရှိခြင်း (ကြေးညှော်မရှိသည်ကို ဆိုလိုသည်) (ဝိမလဂတ္တတာ)။

(၆၁) မစေးသော ကိုယ်တော်ရှိခြင်း (ကိုယ်တော်အရေအသား အခါခပ်သိမ်း သွက်လက်နေသည်ကို ဆိုသည်) (ကောမလဂတ္တတာ)။

(၆၂) သိမ်မွေ့ပြေပြစ်သော ကိုယ်တော်ရှိခြင်း (သိနိဒ္ဓဂတ္တတာ)။

(၆၃) မွှေးကြိုင်သော ကိုယ်တော်ရှိခြင်း (သုဂန္ဓတနုတာ)။ ။(ရှေး ၂၀-မှ ၂၇-တိုင် လက္ခဏာတော် ရှစ်ပါးနှင့်ပေါင်း၍ ကိုယ်တော်၌ လက္ခဏာ တဆယ့်ငါးပါး။)

(၆၄) ညီညွတ်သော မွေးညင်းတော်ရှိခြင်း (အတိုအရှည် နှစ်ထွေမပြားသည်ကို ဆိုလိုသည်) (သမလောမတာ)။

(၆၅) မစေးသော မွေးညင်းတော်ရှိခြင်း (ကောမလလောမတာ)။

(၆၆) မွေးညင်းတိုင်း မွေးညင်းတိုင်း လက်ျာရစ်လည်၍ တည်ရှိခြင်း (ဒက္ခိဏာဝဋ္ဋလောမတာ)။

(၆၇) ကွဲပြတ်သော မျက်စဉ်းဓာတ်ကျောက်နှင့်တူသည့် ညိုသော မွေးညင်းတော်ရှိခြင်း (ဘိန္နဉ္ဇနသဒိသနီလလောမတာ)။ ။(သမန္တစက္ခုဒီပနီ၌ ပေါက်သော ရွှေတောင်အသရေကဲ့သို့ ဦးခေါင်းတော်၌ရောက်သော ညိုသော မွေးညင်းတော်ရှိသော အဖြစ်ဟု ဆို၏။)

(၆၈) လုံးသော မွေးညင်းတော်ရှိခြင်း (ဝဋ္ဋလောမတာ)။

၁၀၆

(၆၉) သိမ်မွေ့သော မွေးညင်းတော်ရှိခြင်း (သိနိဒ္ဓလောမတာ)။ ။(မွေးညင်းတော်၌ လက္ခဏာခြောက်ပါး။)

(၇၀) အလွန်သိမ်မွေ့သော ထွက်သက်ဝင်သက်ကို ဆောင်ခြင်း (အတိသုခုမ အဿာသပဿာသဓာရဏတာ)။ ။(ထွက်လေ၀င်လေတို့ အလွန် သိမ်မွေ့သည်ကို ဆိုသည်)။ ။(ထွက်လေ၀င်လေ၌ လက္ခဏာတပါး။)

(၇၁) မွှေးကြိုင်သော ခံတွင်းတော်ရှိခြင်း (သုဂန္ဓမုခတာ)။ ။(ခံတွင်းတော်၏ ဂုဏ်လက္ခဏာ တပါး။)

(၇၂) မွှေးကြိုင်သော ဦးထိပ်တော်ရှိခြင်း (သုဂန္ဓမုဒ္ဓနတာ)။ ။(ဦးထိပ်တော်၌ ဂုဏ်လက္ခဏာ တပါး။)

(၇၃) အလွန် မည်းနက်သော ဆံတော်ရှိခြင်း (သုနီလကေသတာ)။

(၇၄) လက်ယာရစ်လည်သော ဆံတော်ရှိခြင်း (ဒက္ခိဏာဝဋ္ဋကေသတာ)။

(၇၅) ပင်ကိုယ်တင့်စံ တည်နေဟန်ကောင်းသော ဆံတော်ရှိခြင်း (သုသဏ္ဌာနကေသတာ)။

(၇၆) သိမ်မွေ့နူးညံ့သော ဆံတော်ရှိခြင်း (သိနိဒ္ဓကေသတာ သဏှကေသတာ)။

(၇၇) မရောယှက်သော ဆံတော်ရှိခြင်း (အလုဠိတကေသတာ)။

(၇၈) အတိုအရှည် နှစ်မည်မပြား တူမျှသော ဆံတော်ရှိခြင်း (သမကေသတာ)။ ။(အခြားသူတို့၏ ဆံများ အတိုအရှည် နှစ်မျိုးပင်ရောလျက် ပေါက်ရောက်သည်။ အလောင်းတော်မှာ ထိုကဲ့သို့ မဟုတ်ဟု ဆိုလိုသည်။)

(၇၉) မစေး မထိုင်းသော ဆံတော်ရှိခြင်း (ကောမလကေသတာ)။ ။(ဆံတော်၌ လက္ခဏာ ခုနစ်ပါး။)

၁၀၇

(၈၀) ဦးထိပ်တော်၌ တည်ရှိထွန်းတောက်နေသော ရောင်လျှံတော်အစုကို ကေတုမာလာ ရောင်လျှံတော်ဟု ခေါ်သည်၊ ထိုကေတုမာလာ ရောင်လျှံတော်ဖြင့် ဆန်းကြယ်တော်မူခြင်း (ကေတုမာလာရတနဝိစိတ္တတာ)။ ။(ရောင်လျှံတော်၌ လက္ခဏာ တပါး။)

     အလောင်းတော်သူမြတ်သည် ပြဆိုအပ်ပြီးသော လက္ခဏာတော်ငယ် ရှစ်ဆယ်ကိုလည်း ရတော်မူ၏။ ။(ဤလက္ခဏာတော်ငယ် ရှစ်ဆယ်ကို ပြဆိုချက်မှာ ဇိနာလင်္ကာရဋီကာအတိုင်း ပြဆိုခြင်းဖြစ်သည်။)

သတပုညလက္ခဏာတော်

     ပြဆိုအပ်ပြီးသော လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့ကို သတပုညလက္ခဏာတော်များ ဟူ၍လည်း ခေါ်ဆိုအပ်ကုန်၏၊ အနန္တစကြဝဠာ ကမ္ဘာလောကဓာတ်တို့၌ ခပ်သိမ်းသော သတ္တဝါတို့ တမျိုးတမျိုးသော ကောင်းမှုကုသိုလ်ကို အကြိမ်များစွာ ပြုလုပ်၍ ပေါင်းစု ရေတွက်အပ်သော ကောင်းမှုကုသိုလ် တမျိုးတမျိုးကိုပင် အလောင်းတော်သူမြတ် တဦးတည်းက အပြန်တရာ ပြုလုပ် အားထုတ်တော်မူအပ်သည်၊ ထိုအလောင်းတော်၏ ကောင်းမှုကုသိုလ်တော်ကို သတပုညခေါ်ဆို၍ ထိုသတပုည ကောင်းမှုကုသိုလ်တော်တို့ကြောင့် ဖော်ပြအပ်ပြီးသော လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး လက္ခဏာတော်ငယ် ရှစ်ဆယ်တည်းဟူသော အကျိုးကို ရတော်မူသည်ဟု ဆိုလိုသည်။

သိဒ္ဓတ္ထဟု အမည်တော်မှည့်ခြင်း

     ဤသို့အားဖြင့် ပုဏ္ဏားပညာရှိတို့သည် အလောင်းတော်သူမြတ်၏ လက္ခဏာတော် ကြီးငယ်တို့ကို စိစစ်စေ့ငု ကြည့်ရှု ဆင်ခြင်ကြပြီးလျှင် “ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟု နိမိတ်ဖတ်ကြား လျှောက်ထားကြပြီးနောက် အလောင်းတော်မင်းသား၏ အမည်တော်ကို မှည့်ခေါ်သမုတ်ရန် ကြံစည်တိုင်ပင် ဆင်ခြင်ကြကုန်သည်ရှိသော် အလုံးစုံသော လောက၏အကျိုးစီးပွါး

၁၀၈

ပြီးစီးအောင်မြောက်အောင် ရွက်ဆောင်တော်မူမည့် အကြောင်းနိမိတ် ဗျုပ္ပတ်ဟိတ်ကို အစွဲပြုကြကာ “သိဒ္ဓတ္တ”ဟူသော အမည်ကို မှည့်ခေါ် သမုတ်ကြကုန်၏။

ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့အကြောင်း

(ဤအရာ၌ အရှင်ကောဏ္ဍည အမှူးပြုသော ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့၏ အကြောင်းအရာနှင့်စပ်၍ သာရတ္ထဒီပနီဋီကာ ဖွင့်ဆိုပုံနှင့် ဇာတ်အဋ္ဌကထာ, ဗုဒ္ဓဝံသအဋ္ဌကထာတို့ ဖွင့်ဆိုပုံ မတူညီကြသဖြင့် ထိုဋီကာ အဋ္ဌကထာတို့ ဖွင့်ဆိုသည့်အတိုင်း ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့၏ အကြောင်းကို ကြားညှပ်၍ ပြဆိုဦးအံ့။)

သာရတ္ထဒီပနီဝိနည်းဋီကာ အဆို

အလောင်းတော်မင်းသား ဖွားမြင်သောကာလ လက္ခဏာဖတ် လက်ရွေးစင်ပညာရှိ ဖြစ်ကြသော ရာမပုဏ္ဏား, ဓဇပုဏ္ဏား, လက္ခဏပုဏ္ဏား, မန္တိပုဏ္ဏား, ကောဏ္ဍညပုဏ္ဏား, ဘောဇပုဏ္ဏား, သုယာမပုဏ္ဏား, သုဒတ္တပုဏ္ဏားဟူသော ဤပုဏ္ဏားပညာရှိ ရှစ်ယောက်တို့တွင် ကောဏ္ဍညအစရှိသော ငါးယောက်သော ပညာရှိပုဏ္ဏားတို့သည် “ဧကန်ပင် အလောင်းမင်းသားသည် ဘုရားစင်စစ် ဖြစ်လိမ့်မည်”ဟု ဟောကြားကြပြီးလျှင် လက္ခဏာဖတ်ပွဲသဘင်မှ မိမိတို့ရရှိသော ဆုလာဘ်များကို ဆွေမျိုးတို့အား ပေးစွန့်ကြပြီးသော် “ဤယောက်ျားမြတ် အလောင်းမင်းသားသည် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေမည်မဟုတ်၊ ဧကန်ပင် ဘုရားဖြစ်လိမ့်မည်”ဟု ယုံမှားမရှိ ဆုံးဖြတ်ပြီး ဖြစ်ကြသည့်အတိုင်း ဘုရားအလောင်းတော်ကို ရည်ညွှန်းကာ ရဟန်းပြုနှင့်ကြလေသည်။ ထိုပုဏ္ဏားတို့သည် ငယ်စဉ်ကပင် များစွာသော ဗေဒင်ကျမ်းတို့ကို တတ်သိကြကုန်သည်။ ထို့ကြောင့် ထိုပုဏ္ဏားတို့ကို အခြားပုဏ္ဏားတို့က ငယ်စဉ်ကပင် ဆရာ့အရာ၌ အထားခံကြရကုန်သည်၊ ထိုငါးဦးသား ပုဏ္ဏားပညာရှိ လုလင်တို့သည်

၁၀၉

“ငါတို့ အိမ်ထောင်ကျပြီးသည်မှ နောက်ကာလ၌ဆိုလျှင် သားမယားအရှုပ်အထွေးကို ဖြတ်တောက်၍ ရဟန်းပြုနိုင်ကြမည်မဟုတ်၊ စောစီးကပင် ရဟန်းပြုနှင့်ကုန်အံ့”ဟု တိုင်ပင်ညီညွတ်ကြ၍ အလောင်းတော်မင်းသားကို နိမိတ်ဖတ်ပြီးစ အသက်အရွယ် ငယ်စဉ်ကပင် အလောင်းတော်ကို ရည်ညွှန်း၍ ရဟန်းပြုကြပြီးလျှင် မွေ့လျော်ဖွယ်ကောင်းသည့် တောကျောင်းများကို မှီဝဲသုံးဆောင် နေထိုင်ကြလျက် ရံဖန်ရံဖန် လူအများကို “အမောင်တို့.. အလောင်းမင်းသားသည် တောထွက်တော်မူပြီလား”ဟု မေးကြကုန်၏၊ လူအပေါင်းတို့က “အသင်တို့သည် အလောင်းမင်းသား တောထွက်သည်ကို အဘယ်မှာ မြင်နိုင်ကုန်အံ့နည်း၊ အလောင်းမင်းသားသည် နန်းပြာသာဒ်သုံးဆောင်၌ ကခြေသည်အပေါင်း မောင်းမမိဿံတို့အလယ်၌ နတ်သားသဖွယ် ကြီးကျယ်သော ထီးနန်းစည်းစိမ်ကို ခံစားတော်မူနေသည်”ဟု ပြောဆိုကြသောအခါ ထိုပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် “အလောင်းမင်းသား၏ ဉာဏ်တော် မရင့်ကျက်သေး”ဟု ဆင်ခြင်ကြပြီးလျှင် အပ္ပေါဿုက္က ကြောင့်ကြမဲ့သာ အလောင်းတော် တောထွက်မည့်အချိန်ကို စောင့်မျှော်၍ နေကြကုန်၏။ ။(ဤကား ဝိနည်း သာရတ္ထဒီပနီဋီကာ၊ တတိယအုပ်၊ စာမျက်နှာ ၁၆၂-၌ ဖွင့်ဆိုပုံတည်း။)

ဗုဒ္ဓဝင်အဋ္ဌကထာ, ဇာတ်အဋ္ဌကထာတို့ အဆို

အလောင်းတော် မင်းသားအား သိဒ္ဓတ္ထဟူသော အမည်တော် မှည့်ကြပြီးသောအခါ ထိုလက်ရွေးစင်ပညာရှိ ပုဏ္ဏားတော် ရှစ်ဦးတို့သည် မိမိတို့အိမ်သို့ ပြန်သွားကြပြီးသော် မိမိတို့သားများကို အနီးသို့ခေါ်၍ “ချစ်သားတို့.. ငါတို့ကား အသက်အရွယ် အိုမင်းကြီးရင့်ကြကုန်ပြီ၊ ယခု ငါတို့၏အရှင် သုဒ္ဓေါဒနမင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားသည်ကား ဘုရားစင်စစ် ဖြစ်ပေလိမ့်မည်၊ သိဒ္ဓတ္ထမင်းသား

၁၁၀

သဗ္ဗညုမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူသည်ကို ငါတို့ မှီမည် မမှီမည် ဧကန်အမှန် မသိနိုင်ကုန်၊ ချစ်သားတို့သည် ထိုသိဒ္ဓတ္ထမင်းသား ဘုရားဖြစ်သောအခါ ထိုမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုကြလေကုန်”ဟု မှာကြား ပြောဆိုကြကုန်၏။

ထိုပုဏ္ဏားပညာရှိ ရှစ်ဦးတို့အနက် ကောဏ္ဍညပုဏ္ဏားမှတပါး ကျန်ခုနှစ်ဦးသော ပုဏ္ဏားတို့သည် အသက်အတိုင်း တည်နေကြ၍ အလောင်းမင်းသား တောထွက်တော်မမူခင်ကပင် စုတေကြ၍ ကံအားလျော်စွာ လားရောက်ကြကုန်၏၊ ကောဏ္ဍညလုလင်တယောက်သာ အနာကင်းစွာ ကျန်ရှိရစ်လေသည်။ ထိုကောဏ္ဍညသည်လည်း အလောင်းတော်မင်းသား အရွယ်ကြီးခြင်းသို့ရောက်၍ တောထွက်တော်မူပြီးလျှင် ဥရုဝေလတောအုပ်သို့ သွား၍ “ဤမြေအရပ်သည်ကား မွေ့လျော်ဖွယ်ရှိပေစွ၊ ပဓာနအလုပ် အားထုတ်လိုသော အမျိုးကောင်းသား ကမ္မဋ္ဌာန်းတရား ပွါးများအားထုတ်ရန် လျော်ကန်သင့်မြတ်လှပေ၏”ဟု ကြံတော်မူ၍ ထိုဥရုဝေလတောအုပ်၌ အလောင်းတော်သူမြတ် ဒုက္ကရစရိယာ ကျင့်ကြံ အားထုတ်တော်မူသည်ရှိသော် “အလောင်းတော်မင်းသား ရဟန်းပြုပြီ”ဟူသော သတင်းစကားကို ကြား၍ ထိုကွယ်လွန်ပြီးသော ပုဏ္ဏားခုနစ်ဦးတို့၏ သားတို့ထံသို့ သွားရောက်ပြီးလျှင် “အမောင်တို့.. သိဒ္ဓတ္ထမင်းသားသည် ရဟန်းပြုပြီတဲ့၊ ထိုသိဒ္ဓတ္ထမင်းသားသည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်၊ အမောင်တို့၏ ဖခင်များ အသက်ထင်ရှား ရှိနေကြပါမူ ယနေ့ပင် တောထွက်၍ ရဟန်းပြုကြပေလိမ့်မည်၊ အမောင်တို့သည် အကယ်၍ ရဟန်းပြုလို ကုန်ငြားအံ့၊ လာကြကုန်၊ ငါသည် ထိုအလောင်းတော် ယောက်ျားမြတ်နောက်သို့ လိုက်၍ ရဟန်းပြုပေအံ့”ဟု ပြောဆိုလေ၏၊ ထိုပုဏ္ဏားသား ခုနစ်ယောက်တို့တွင်

၁၁၁

သုံးယောက်တို့ကား ရဟန်းပြုရန် သဘောမတူကြသဖြင့် ရဟန်းမပြုကြပေ၊ လေးယောက်တို့ကသာ သဘောတူညီကြ၍ ကောဏ္ဍညပုဏ္ဏားကို အကြီးအကဲ ရှေ့သွားပြုကာ ရဟန်းပြုကြကုန်၏။ ထိုငါးဦးသော သူတို့သည် ပဉ္စဝဂ္ဂီမထေရ်တို့ဟူ၍ ထင်ရှားဖြစ်ပေါ်ကြကုန်၏။ ။(ဤကား ဇာတ်အဋ္ဌကထာနှင့် ဗုဒ္ဓဝင်အဋ္ဌကထာတို့ ဖွင့်ဆိုပုံတည်း။)

အလောင်းမင်းသား နိမိတ်ကြီးလေးပါးကိုမမြင်ရန်

သုဒ္ဓေါဒနမင်းကြီး အစောင့်အနေ ချထားခြင်း

     ထိုသို့ နိမိတ်ဖတ်ကြားစေသောအခါ၌ သုဒ္ဓေါဒနမင်းကြီးသည် “သားတော် တောထွက်၍ ရဟန်းပြုလတံ့”ဟူ၍ ပုဏ္ဏားတော်တို့ နိမိတ်ဖတ်ကြား လျှောက်ထားချက်စကားကို ကြားတော်မူရသဖြင့် “ငါ၏သားတော်သည် အဘယ်အရာကိုမြင်သဖြင့် တောထွက်လိမ့်မည်နည်း”ဟု မေးမြန်းတော်မူသည်တွင် ပုဏ္ဏားတော် တို့သည်လည်း “အရှင်မင်းကြီး၏ သားတော်သည် သူအို, သူနာ, သူသေ, ရဟန်း ဤနိမိတ်ကြီးလေးမျိုးတို့ကို မြင်ရသဖြင့် တောထွက်၍ ရဟန်းပြုလိမ့်မည်”ဟု တညီတညွတ်တည်း လျှောက်ထားကြကုန်၏။

     သုဒ္ဓေါဒနမင်းကြီးသည် ပုဏ္ဏားတို့ လျှောက်ဆိုသောစကားကို ကြားသိတော်မူရသဖြင့် “ငါ၏သားတော်သည် ထိုနိမိတ်ကြီး လေးမျိုးတို့ကိုမြင်၍ တောထွက်လိမ့်မည်ဖြစ်လျှင် ဤယခုအချိန်မှစ၍ တောထွက်ရန် ထိတ်လန့်မှု သံဝေဂတရား ဖြစ်ပွါးစေမည့် ထိုသူအို, သူနာ, ရဟန်းတို့ ငါ၏သားတော်ထံ ဝင်ထွက်သွားလာခွင့် မပြုကြကုန်လင့်၊ ငါ၏သားတော် ဘုရားဖြစ်သည်ကို ငါအလိုမရှိ၊ ကျွန်းငယ်နှစ်ထောင် အခြံအရံရှိသော ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရသည့် စကြဝတေးမင်းအဖြစ်ကိုပြုလျက် သုံးဆယ့်ခြောက်ယူဇနာ အဝန်းအဝိုင်းရှိသော ပရိသတ်တို့ဖြင့် ခြံရံကာ စကြာရတနာဖြင့် အာကာမိုးပြင် ကောင်းကင်အရပ်၌ လှည့်ပတ်စံပယ်သည်ကိုသာ ငါမြင်လို၏”ဟု မိန့်ဆိုတော်မူ၍ ထိုသူအို, သူနာ, သူသေ, ရဟန်းတို့ အလောင်းတော်မင်းသား မြင်လောက်သည့်

၁၁၂

အရပ်အတွင်းသို့ မလာရောက်နိုင်ရန် အရပ်လေးမျက်နှာတဝိုက် တဂါဝုတ် တဂါဝုတ်ခန့်ရှိသော အရပ်၌ လုံခြုံလောက်သော အစောင့်အရှောက်တို့ကို စီရင်ခန့်ထားတော်မူ၏။

     ထိုနေ့ အလောင်းတော်မင်းသား ဦးခေါင်းဆေးမင်္ဂလာသဘင် ဆင်ယင်ရာ အခမ်းအနား၌ စည်းဝေးရောက်လာကြသော ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့သည် “ဤမင်းသားသည် ဘုရားပင် ဖြစ်သည်ဖြစ်စေ စကြဝတေးမင်းပင် ဖြစ်သည်ဖြစ်စေ ငါတို့သည် ဤမင်းသား၏ အခြံအရံ ဖြစ်ပါစိမ့်သောငှာ တယောက်စီ တယောက်စီသော သားကို ပေးကြကုန်အံ့၊ အကယ်၍ ဘုရားဖြစ်လျှင်လည်း မင်းသားရဟန်းအပေါင်း ခြံရံလျက် တင့်တယ်စွာ သွားလာ လှည့်လည်တော်မူရပေလိမ့်မည်။ အကယ်၍ စကြဝတေးမင်းဖြစ်လျှင်လည်း မင်းသားရှစ်သောင်း ခြံရံလျက် တင့်တယ်စွာ သွားလာ လှည့်လည်တော်မူရပေလိမ့်မည်”ဟု တိုင်ပင်ညီညွတ်ကြ၍ တဦး တဦးလျှင် တယောက်စီ တယောက်စီသော သားကို ဆောင်နှင်းပေးအပ်ကြရန် ဝန်ခံစကား ပြောကြားကြကုန်၏။

မယ်တော် မဟာမာယာဒေဝီ နတ်ရွာစံ၍

တုသိတာနတ်ပြည်၌ ဖြစ်ခြင်း

     အလောင်းတော်မင်းသားကို ဖွားမြင်တော်မူပြီးနောက် ခုနစ်ရက်မြောက် ရောက်လတ်သောအခါ မယ်တော် မဟာမာယာဒေဝီသည် မိမိ၏ သေလွန်ရအံ့သော ကာလအပိုင်းအခြားသို့ ရောက်လတ်ပြီဖြစ်ရကား စုတိပြတ်ကြွေ သေလွန်ခဲ့ပြီးလျှင် တုသိတာနတ်ပြည်၌ “သန္တုဿိတ” အမည်ရှိသော နတ်သား ဖြစ်လေ၏။

(ဤ၌ အလောင်းမင်းသားကို ဖွားမြင်ရခြင်းဟူသော အကြောင်းကြောင့် မယ်တော် မဟာမာယာဒေဝီ နတ်ရွာစံခြင်းမဟုတ်၊ အသက်တမ်းရှိန် ကုန်ချိန်ရောက်၍သာ နတ်ရွာစံခြင်းဖြစ်သည်။) အလောင်းတော် သေတကေတုနတ်သား ကြည့်ခြင်းကြီးငါးပါးကို ကြည့်တော်မူစဉ်ကပင် မယ်တော် မဟာမာယာဒေဝီ၏ အသက်တမ်းမှာ ဆယ်လနှင့် ခုနစ်ရက်သာ အသက်ကြွင်းရှိတော့သည်ကို ပြန်လည်စဉ်းစား

၁၁၃

ဆင်ခြင် ရာ၏။) ဘုရားအလောင်းတော် သန္ဓေတည်ကိန်းရာ ဝမ်းကြာတိုက်သည် ဘုရားစေတီ ကိန်းစံရာ ဂန္ဓကုဋီတိုက်ကဲ့သို့ပင် အခြားသူတို့ သုံးဆောင်ခြင်းငှါ မထိုက်တော့ပေ၊ ဘုရားအလောင်း၏မယ်တော် အသက်ထင်ရှား ရှိနေပါလျက် ဘုရားအလောင်း၏ မယ်တော်ကို ပယ်ရှား၍ အခြားတပါးသော မိန်းမကို မိဖုရားခေါင်ကြီးအရာ၌ ခန့်ထားခြင်းငှါလည်း မထိုက်ပေ။ သို့ဖြစ်၍ ထိုအလောင်းတော်ကို ဖွားပြီးနောက် ခုနစ်ရက်တိုင်ရုံသာ ဘုရားလောင်းမယ်တော်၏ အသက်ကြွင်းရှိရမြဲ ဓမ္မတာဖြစ်သည်။ ထို့ကြောင့် ထိုအချိန်မှာ မယ်တော် နတ်ရွာစံလေသည်။)

မယ်တော်မာယာ နတ်ရွာစံသော အရွယ်

     မယ်တော်မာယာသည် အဘယ်အရွယ်၌ နတ်ရွာစံသနည်းဟူမူ.. မဇ္ဈိမအရွယ်၌ နတ်ရွာစံသည်၊ ချဲ့ဦးအံ့.. ပဌမအရွယ်၌ သတ္တဝါတို့၏ ကိုယ်ခန္ဓာအတ္တဘောဝယ် ဆန္ဒရာဂ ထူပြော များပြားသောကြောင့် ထိုပဌမအရွယ်အခါ၌ ကိုယ်ဝန်စွဲကပ်သော မိန်းမသည် ကိုယ်ဝန်ကို ကောင်းစွာ မစောင့်ရှောက်နိုင်ပေ။ သို့ဖြင့် ထိုအချိန်၌ စွဲကပ်ရောက်ရှိသော ကိုယ်ဝန်သားသည် အနာရောဂါ များပြားတတ်လေသည်၊ မဇ္ဈိမအရွယ်ကို သုံးပုံပြု၍ နှစ်ပုံကိုလွန်မြောက် သုံးပုံအချိန်သို့ ရောက်သောကာလ၌ အမိဝမ်းတိုက် တည်းဟူသော ဝတ္ထုအိမ်သည် သန့်ရှင်း၍နေ၏။ ထိုသို့ သန့်ရှင်းသော ဝတ္ထုအိမ်၌ ဖြစ်ပွါးနေသော သူငယ်များသည် အနာရောဂါ ကင်းရှင်းကြကုန်၏။ ထို့ကြောင့် ဘုရားအလောင်း၏ မယ်တော်သည်လည်း ပဋ္ဌမအရွယ်၌ ထီးနန်း စည်းစိမ်ကို ခံစံပြီးမှ မဇ္ဈိမအရွယ်၏ သုံးပုံတို့အနက် တတိယအပုံသို့ ရောက်သောကာလ အလောင်းမင်းသားကို မွေးဖွား၍ နတ်ရွာစံလေသည်။ ။(ဒီ-ဋ္ဌ ၂၊ စာမျက်နှာ ၂၉- ဗောဓိသတ္တဓမ္မတာအဖွင့်မှ။)

     ဤအဋ္ဌကထာဖွင့်ပြချက်ကို အတိအကျ ရေတွက်၍ ရှေးဆရာကျော်တို့- ဆပညာသ၊ ငါးမာသဝယ်၊ သုံးရက်ပယ်၊ အကယ်မယွက်၊ မယ်တော်သက်-ဟူ၍ ငါးဆယ့်ခြောက်နှစ်နှင့် လေးလ နှစ်ဆယ့်ခုနစ်ရက် အသက်ရောက်သောအခါ မယ်တော်မာယာ နတ်ရွာစံကြောင်း ဖွဲ့ဆိုတော်မူကြသည်။ ၎င်းပြင်-

၁၁၄

     နှစ်နှင့်ရက်၀ယ်၊ ဧက်သတ်ပယ်၊ လဝယ်ဒွေစွက်၊ သန္ဓေသက်-ဟူ၍ မယ်တော်မာယာသည် ငါးဆယ့်ငါးနှစ် ခြောက်လ အရက်နှစ်ဆယ်ရှိသောကာလ အလောင်းတော်ကို သန္ဓေစွဲယူကြောင်း ဖွဲ့ဆိုတော်မူကြသည်။

     အဓိပ္ပါယ်အကျဉ်းမျှ ရှင်းပြဦးအံ့.. မယ်တော်မာယာ လူဖြစ်သည့် အနှစ်တရာတမ်းကို သုံးစုပြုသော် ပဌမအရွယ် သုံးဆယ့်သုံးနှစ် လေးလ, မဇ္ဈိမအရွယ် သုံးဆယ့်သုံးနှစ် လေးလ, ပစ္ဆိမအရွယ် သုံးဆယ့်သုံးနှစ်လေးလ အသီးသီးရှိရာ ပဌမအရွယ် သုံးဆယ့်သုံးနှစ် လေးလ၌ စည်းစိမ်ခံစား၍ မဇ္ဈိမအရွယ် သုံးဆယ့် သုံးနှစ် လေးလကို သုံးစုသုံးပုံပြုသော် ပဌမအစုအပုံ တဆယ့်တနှစ် တလနှင့် ဆယ်ရက်၊ ဒုတိယအစုအပုံ တဆယ့်တနှစ် တလနှင့် ဆယ်ရက်၊ တတိယအစုအပုံ တဆယ့်တနှစ် တလနှင့် ဆယ်ရက် အစုအပုံကျရှိသည်တွင် ပဌမအစုအပုံနှင့် ဒုတိယအစုအပုံ နှစ်ရပ်ပေါင်းလျှင် နှစ်ဆယ့်နှစ်နှစ် နှစ်လ အရက်နှစ်ဆယ် ရသည်။ ထိုကို ပဌမအရွယ် သုံးဆယ့်သုံးနှစ် လေးလနှင့် ပေါင်းပြန်သော် ငါးဆယ့်ငါးနှစ်နှင့် ခြောက်လ အရက်နှစ်ဆယ်ရ၏။ ထိုအခါ မယ်တော်သည် ဘုရားလောင်းကို ပဋိသန္ဓေယူ၏၊ ၊ထို့ကြောင့် နှစ်နှင့် ရက်၀ယ်၊ ဧက်သတ်ပယ်၊ လဝယ်ဒွေစွက်၊ သန္ဓေသက်ဟူ၍ ဖွဲ့ဆိုလေသည်။

     ဤ ငါးဆယ့်ငါးနှစ်နှင့် ခြောက်လ အရက်နှစ်ဆယ်ထဲတွင် (အလောင်းတော် ပဋိသန္ဓေနေသည့်) ဆယ်လလည်း လောင်းစွက်, ဖွားမြင်ပြီးနောက် ခုနစ်ရက်ကိုလည်း လောင်းစွက်သော် (မယ်တော်မာယာ နတ်ရွာစံချိန်အရွယ်) ငါးဆယ့်ခြောက်နှစ်နှင့် လေးလ အရက်နှစ်ဆယ့်ခုနစ်ရက် ရှိသည်၊ ဤကို ရည်၍- ဆပညာသ၊ ငါးမာသဝယ်၊ သုံးရက်ပယ်၊ အကယ်မယွက်၊ မယ်တော်သက်ဟူ၍ ဖွဲ့ဆိုလေသည်။ (ဤ အကြောင်းအရာ အဓိပ္ပါယ်အကျယ်ကို သမန္တစက္ခုဒီပနီကျမ်း ပဌမအုပ် “သုဓမ္မဝတီမူ” စာမျက်နှာ ၁၁၃-၁၁၄-တို့၌ ရှုရာ၏။)

၁၁၅

မယ်တော်မာယာသည် နတ်သမီးဖြစ်သည် နတ်သားဖြစ်သည်ကို ပြဆိုချက်

     မယ်တော်မာယာသည် တုသိတာနတ်ပြည်၌ နတ်သားဖြစ်သလော၊ နတ်သမီး ဖြစ်သလောဟု တွေးတောကြံဆ သံသယစွဲငုတ် ပြုလုပ်ပြောဆိုကြရာတွင် နတ်သားဖြစ်သည်ဟူ၍ ယုံမှားမရှိ မှတ်ယူရာ၏။

     ဤအရာ၌ ဆရာအချို့တို့က “မာတရံ ပမုခံ ကတွာ” အစရှိသော ကျမ်းဂန်လာ သဒ္ဒါရိပ် စကားရိပ်တို့ကို သာမန်မျှ ယူငင်ထောက်ထား ဆင်ခြင်ကြ၍ “မယ်တော်မာယာသည် နတ်မိန်းမဖြစ်သည်= နတ်သမီးဖြစ်သည်”ဟု ပြောဆို ရေးသားကြသော်လည်း ခိုင်မာလေးစားအပ်သော ထေရဂါထာ အဋ္ဌကထာကျမ်း စသည်တို့၌ “မယ်တော်မာယာသည် တုသိတာနတ်ပြည်၌ နတ်ယောက်ျား= နတ်သားသာလျှင် ဖြစ်ကြောင်း” ဖွင့်ပြတော်မူကြသည်၊ ဖွင့်ပြတော်မူကြပုံမှာ-

     ထေရဂါထာအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ (၁၇၂) ဒသကနိပါတ ကာဠုဒါယိတ္ထေရဂါထာအဖွင့်၌– “ဒေဝူပပတ္တိ ပန ပုရိသဘာဝေနေ၀ ဇာတာ= တုသိတာနတ်ပြည် ဘဝပဋိသန္ဓေကား ယောက်ျား၏ အဖြစ်ဖြင့်သာလျှင် ဖြစ်၏”ဟူ၍ ဖွင့်ပြတော်မူသည်။

     ဇိနာလင်္ကာရဋီကာ သုဓမ္မဝတီမူ စာမျက်နှာ (၁၆၆-၁၆၇) ဝိဇာတမင်္ဂလာခန်း၌လည်း- “ယသ္မာ စ ဗောဓိသတ္တေန ဝသိတကုစ္ဆိ နာမ စေတိယဂဗ္ဘသဒိသာ ဟောတိ၊ န သက္ကာ အညေန သတ္တေန အာဝသိတုံ ဝါ ပရိဘုဉ္ဇိတုံ ဝါ၊ တသ္မာ ဗောဓိသတ္တမာတာ ဂဗ္ဘဝုဋ္ဌာနတော သတ္တမေ ဒိဝသေ ကာလံ ကတွာ တုသိတပုရေ ဒေဝပုတ္တော ဟုတွာ နိဗ္ဗတ္တိ= ဘုရားအလောင်း ကိန်းစံခဲ့ရာ မယ်တော်၏ ဝမ်းကြာတိုက်ခန်းမည်သည် စေတီတိုက်ခန်းပမာ တပါးသော သတ္တဝါများ ကိန်းစံခြင်းငှါ၎င်း သုံးဆောင်ခြင်းငှါ၎င်း မထိုက်တန်သောကြောင့် ဘုရားအလောင်း၏ မယ်တော်သည် ကိုယ်ဝန်သား ဖွားပြီးသည့်နောက်

၁၁၆

ခုနစ်ရက်မြောက်၌ စုတေ၍ တုသိတာနတ်ပြည်၌ နတ်သားစင်စစ် ဖြစ်လေသည်”ဟူ၍ ဖွင့်ပြတော်မူသည်။

     မဏိဒီပဋီကာ ပဌမအုပ် သုဓမ္မဝတီမူ စာမျက်နှာ (၂၀၅-၂၀၆) ဝီသတိဂါထာအဖွင့်၌လည်း- “သိရီမဟာမာယာ ဟိ ဗောဓိသတ္တံ ဝိဇာယိတွာ သတ္တာဟမတ္တံ ဌတွာ ဣတော စဝိတွာ တုသိတဘဝနေ ပုရိသဘာဝေနေ၀ နိဗ္ဗတ္တာ၊ န ဣတ္ထိဘာဝေနာတိ- အစရှိသည်ဖြင့်= သိရီမဟာမာယာဒေဝီ မိဖုရားသည် ဘုရားအလောင်းကို ဖွားမြင်ပြီးလျှင် ခုနစ်ရက်မျှသာ လူ့ပြည်၌တည်၍ စုတေပြီးသော် တုသိတာနတ်ပြည် ၌ ယောက်ျားအဖြစ်ဖြင့် (နတ်သားအဖြစ်ဖြင့်)သာလျှင် ဖြစ်လေ၏၊ မိန်းမအဖြစ်ဖြင့် (နတ်သမီးအဖြစ်ဖြင့်) ဖြစ်သည်မဟုတ်။ ခပ်သိမ်းသော ဘုရားလောင်းမယ်တော်တို့၏ ဘုရားအလောင်းတို့ကို ဖွားပြီးလျှင် ခုနစ်ရက်မျှသာ လူ့အဖြစ်၌တည်၍ ဤလူ့ပြည်မှ စုတေပြီးသော် တုသိတာနတ်ပြည်၌ နတ်သားဖြစ်ခြင်း နတ်သမီးမဖြစ်ခြင်းကား ဓမ္မတာပင် ဖြစ်လေသည်”ဟူ၍ ဖွင့်ပြတော်မူသည်။ ထို့ကြောင့် “မယ်တော်မာယာသည် တုသိတာနတ်ပြည်၌ နတ်ယောက်ျား= နတ်သားသာလျှင် ဖြစ်၏”ဟု ယုံမှားမရှိ မှတ်ယူရာ၏။

အလောင်းတော်မင်းသားအတွက် အထိန်းတော်တို့ကို ခန့်ထားခြင်း

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော် သိဒ္ဓတ္ထမင်းသား၏အလို့ငှါ စပ်ခြင်း ငန်ခြင်း အစရှိသော အပြစ်တို့မှ စင်ကြယ်ကြ၍ ချိုမြိန်သော နို့ရည်နှင့် ပြည့်စုံကုန်သော နို့ရည်တိုက်ကျွေးခြင်း, ရေချိုးပေးခြင်း, ထိန်းချီယုယခြင်း, ပြောင်းလှယ် ဆောင်ငင်ခြင်းဟူသော မိမိတို့၏ အလုပ်ကိစ္စ၌ လိမ္မာကျွမ်းကျင်ကြကုန်သော တင့်တယ်သန့်ရှင်း ရုပ်အဆင်းနှင့် ပြည့်စုံကြသည့် အထိန်းတော်မိန်းမပေါင်း နှစ်ရာ့လေးကျိပ် (၂၄၀)တို့ကို ရွေးချယ် ခန့်ထားတော်မူ၏။

     ထိုအထိန်းတော်တို့၏ အစေအပါး ယောက်ျားခြောက်ကျိပ် (၆ဝ)တို့ကို၎င်း ထိုအထိန်းအယ မိန်းမယောက်ျားတို့

၁၁၇

ကိုယ်စီကိုယ်င ကျရောက်သော တာဝန်ကိစ္စတို့ကို ဆောင်ရွက်ကြသည် မဆောင်ရွက်ကြသည်တို့ကို ကြည့်ရှုမှတ်သားကြသည့် အမတ် ခြောက်ကျိပ် (၆၀)တို့ကို၎င်း ထပ်ဆင့် ခန့်ထားတော်မူ၏။

     ထိုအထိန်းအယမိန်းမ နှစ်ရာ့လေးကျိပ် (၂၄၀)တို့တွင် ခြောက်ကျိပ်သော အထိန်းမိန်းမတို့သည် အလောင်းတော်မင်းသားကို နို့တိုက်ကြရကုန်၏၊ အခြား ခြောက်ကျိပ်သော မိန်းမတို့သည်ကား အလောင်းတော် မင်းသားကို နံ့သာရေမိုး ချိုး၍ပေးကြ တန်းဆာဆင်ပေးကြကုန်၏။ အခြား ခြောက်ကျိပ်သော မိန်းမတို့သည်ကား အလောင်းတော်မင်းသားကို မိမိတို့၏ ရင် + လက်+ ပေါင် စသည်ဖြင့် ကြာမြင့်စွာ ပွေ့ပိုက်ထိန်းချီ ယုယကြရကုန်၏။ အခြား ခြောက်ကျိပ်သော မိန်းမတို့သည်ကား အလောင်းတော်မင်းသားကို ကြာမြင့်စွာ ပွေ့ပိုက်ထိန်းချီ၍ ထားကြရသူ ထိုအထိန်းတော်တို့လက်မှ မိမိတို့၏လက်သို့ တရင်ခွင်မှ တရင်ခွင်သို့ တလက်မှ တလက်သို့ ပြောင်းရွှေ့ယူငင် ပိုက်ချီထိန်းသိမ်းရကုန်၏။ ဤသို့ အလုပ်ကိစ္စ တာဝန်တို့ကို ခွဲခြမ်း ဆောင်ရွက်ကြရသည့် အထိန်းတော်မိန်းမပေါင်း နှစ်ရာ့လေးကျိပ် (၂၄၀)တို့ ဖြစ်ကုန်၏။ အစေအပါး ယောက်ျားခြောက်ကျိပ်, ကြည့်ရှုမှတ်သားကြရသူ အမတ်ခြောက်ကျိပ်တို့နှင့် ပေါင်း မိန်းမယောက်ျားပေါင်း အထိန်းအယကိစ္စအတွက် သုံးရာ့ခြောက်ကျိပ် (၃၆ဝ)တို့ ဖြစ်ကုန်၏။

ဤယခု ရေးသားဖော်ပြချက်ကား သုတ်မဟာဝါ ပါဠိအဋ္ဌကထာ စာပိုဒ်အမှတ် (၃၇)၊ အဋ္ဌကထာ မျက်နှာ (၄၃)တို့နှင့် အညီဖြစ်သည်။ ထိုပါဠိ အဋ္ဌကထာတို့၌ ဝိပဿီ (ဘုရားအလောင်း)မင်းသားအတွက် ခမည်းတော် ဗန္ဓုမမင်းကြီးက အထိန်းတော်များ ခန့်ထားသည်ကို တိုက်ရိုက်မုချ ဟောဆိုဖွင့်ပြခြင်း ဖြစ်သည်။ ထိုကိုမှီ၍ ဤမဟာဗုဒ္ဓဝင်ကျမ်း၌လည်း အလောင်းတော် သိဒ္ဓတ္ထမင်းသားအတွက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက အထိန်းတော်များ ခန့်ထားသည်ကို ရေးသားခြင်းဖြစ်သည်။

၁၁၈

စွယ်စုံကျော်ထင်ကျမ်း (ပဌမတွဲ ပုစ္ဆာပိုဒ်စဉ် ၃၃) နှစ်ရာကျော်ကယ်၊ စွန်းလေးဆယ်၊ ဘယ့်နှယ် နို့ထိန်း တိုက်လိမ့်နည်း-ဟူသော အမေး၏ အဖြေ ၎င်းကျမ်း စာမျက်နှာ (၄၅)၌ကား တနေ့နှင့် တညဉ့်သော် မြန်မာ နာရီ ၆ဝ-ရှိသည်၊ တနာရီသော် နို့ထိန်းလေးယောက်စီ အလှည့်အလည် စောင့်ရှောက် ထိန်းသိမ်းရသည် ဖြစ်ရကား ၆၀-ကိုတည်၊ ၄-နှင့်မြှောက်သဖြင့် နှစ်ရာ့လေးကျိပ် ဖြစ်၏ဟူ၍ ကျည်းကန်ရွာ သာမဏေကျော် ရှင်နန္ဒဓဇကမေး၍ ကျီးသဲလေးထပ်ဆရာတော်က ဖြေကြားတော်မူခဲ့လေသည်။

     ထိုစွယ်စုံကျော်ထင်ကျမ်းလာ “တနာရီသော် နို့ထိန်းလေးယောက်စီ အလှည့်အလည်ကျ စောင့်ရှောက် ထိန်းသိမ်းရသည်”ဟူသော စကားအရ နို့တိုက်ကျွေးရသူ အထိန်းတော်တယောက်, ရေချိုး၍ နံ့သာပန်းမာလ် လိမ်းကျံ ဆင်ပြင်ပေးရသူ အထိန်းတော်တယောက်, ရင်+လက်+ပေါင်တို့ဖြင့် ကြာမြင့်စွာ ပွေ့ပိုက်ထိန်းချီ ရသူ အထိန်းတော်တယောက်, ပြောင်းရွှေ့ယူငင် ပိုက်ချီထိန်းသိမ်းရသူ အထိန်းတော်တယောက် ဤသို့ တနာရီလျှင် အထိန်းတော်လေးယောက် တာဝန်ယူ စောင့်ရှောက်ရသည်ဟူ၍ မှတ်ယူလျှင် ရှေးဖော်ပြရာပါ သုတ်မဟာဝါ မဟာပဒါနသုတ် ပါဠိအဋ္ဌကထာနှင့် ညီညွတ်ပေ၏။

တေမိယဇာတ်လာ နို့ထိန်းရွေးချယ်ခြင်းအကြောင်း

     တေမိယဇာတ် အဋ္ဌကထာ၌ ခမည်းတော် ကာသိမင်းကြီးသည် သားတော် တေမိယ (အလောင်းတော်) မင်းသားအတွက် နို့ထိန်း နှစ်ရာ့လေးကျိပ် (၂၄၀)တို့ကို ရွေးချယ် ခန့်ထားရာ၌-

     (၁) အရပ်ရှည်မြင့်သော မိန်းမ၏ ရင်ခွင်ထက်၌နေ၍ နို့ကိုစို့ရလျှင် ထိုသူငယ်သည် လည်ပင်းမော့ကယ် ရှည်သွယ်တတ်သောကြောင့် ထိုသို့ အရပ်ရှည်မြင့်သော မိန်းမကိုလည်း နို့ထိန်း ခန့်ထားတော်မမူ။

၁၁၉

     (၂) အရပ်နိမ့်ပုသော မိန်းမ၏ ရင်ခွင်ထက်၌နေ၍ နို့ကိုစို့ရလျှင် ထိုသူငယ်သည် လည်ပင်း ငုံ့တိုတတ်သောကြောင့် ထိုသို့ အရပ်နိမ့်ပုသော မိန်းမကိုလည်း နိုထိန်း ခန့်ထားတော်မမူ။

     (၃) ပိန်သေးကြုံလှီသော မိန်းမ၏ ရင်ခွင်ထက်၌နေ၍ နို့ကိုစို့ရလျှင် ထိုသူငယ်၏ ပေါင်စသော အင်္ဂါကြီးငယ်တို့ နာကျင်တတ်သောကြောင့် ထိုသို့ ပိန်သေးကြုံလှီသော မိန်းမကိုလည်း နို့ထိန်း ခန့်ထားတော်မမူ။

     (၄) ၀-တုတ်-ဆူဖြိုးလွန်းသော မိန်းမ၏ ရင်ခွင်ထက်၌နေ၍ နို့ကိုစို့ရလျှင် ခြေဆွံ့တတ်သောကြောင့် (ပေါင်-ဒူး-ခြေတို့ မပြေမပြစ် ရှိတတ်သောကြောင့်) ထိုသို့ ၀-တုတ်-ဆူဖြိုးလွန်းသော မိန်းမကိုလည်း နို့ထိန်း ခန့်ထားတော်မမူ။

     (၅) သားမြတ်ရှည်လျားသော မိန်းမ၏ နို့ကိုစို့ရလျှင် ထိုရှည်လျားသော သားမြတ်က သူငယ်၏နှာခေါင်းကို ဖိသဖြင့် ထိုသူငယ် နှာခေါင်း ပိပြားပြား နေတတ်သောကြောင့် ထိုသို့ သားမြတ်ရှည်လျားသော မိန်းမကိုလည်း နို့ထိန်း ခန့်ထားတော်မမူ။

     (၆) အသားမည်းနက်လွန်းသော မိန်းမ၏ နို့ရည်သည် အလွန်အေးမြ၍ သူငယ်နှင့် အခါရှည်မြင့် မသင့်မြတ်သောကြောင့်၎င်း..

     (၇) အသားဖြူလွန်းသော မိန်းမ၏ နို့ရည်သည် အလွန်ပူ၍ သူငယ်နှင့် အခါရှည်မြင့် မသင့်မြတ်သောကြောင့်၎င်း..

     (၈) ချောင်းဆိုးနာရှိသော မိန်းမ၏ နို့ရည်သည်လည်း အလွန်ချဉ်၍ သူငယ်နှင့် မသင့်မြတ်သောကြောင့်၎င်း..

     (၉) ကုတ်ဟီးနာရှိသော မိန်းမ၏ နို့ရည်သည်လည်း အလွန် စပ်ခါးခြင်းစသော အပြစ်ရှိသဖြင့် သူငယ်နှင့်

၁၂၀

မသင့်မြတ်သောကြောင့်၎င်း.. ထိုသို့သော မိန်းမတို့ကိုလည်း နို့ထိန်း ခန့်ထားတော်မမူပဲ အပြစ်ခပ်သိမ်းကင်းစင်သော မိန်းမတို့ကိုသာ အထိန်းတော် ခန့်ထားကြောင်း ဖွင့်ပြလေသည်။

     ဖော်ပြရာပါ အဋ္ဌကထာကို အမှီပြု၍ပင် မန်လည်ဆရာတော် ဘုရားကြီးသည်လည်း (မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်း၊ နေမိစရိယခန်း၊ ပိုဒ်စဉ်အမှတ် ၄၉၈-၌) ဤဆိုလတံ့သောအတိုင်း ရေးသား စပ်ဆိုတော်မူလေသည်။

လောင်းတော် မဃ-ဒေဝမဟာ၊ သူမြတ်စွာလည်း၊ ဗြဟ္မာနတ်စစ်၊ အဖြစ်ဝင်းဝင်း၊ ဘုံကဆင်းမှ၊ မိမင်းကြာခန်း၊ စံမြန်းသိမ်မွေ့၊ လစေ့သန့်စင်၊ မီးရှူးမြင်သော်၊ ဘခင်လူမှူး၊ သားတော်ဦးအား၊ အထူးသဖြင့်၊ ရွှေဉာဏ်ချင့်လျက်၊ ရပ်မြင့်ဒီဃ၊ ဣတ္ထိယတို့၊ တိုက်ထရင်နို့၊ သောက်စို့သူငယ်၊ မော့ကယ်ကယ်နှင့်၊ လည်သွယ်ရှည်မျော၊ အပြစ်ပြော၏..။ ပုသောသူမှာ၊ လည်တိုရာလျက်..၊ လွန်စွာကြုံလည်း၊ နာကျည်းငယ်သူ..၊ ဆူသော် ဆွံ့တတ်..၊ သားမြတ်ရှည်မိ၊ နှာခေါင်းပိရှင့်..၊ မည်းဘိမိန်းမ၊ ဧစွနို့ဟူ..၊ အလွန်ဖြူက၊ ပူ၏မှတ်ရိုး..၊ ချောင်းဆိုးနို့ရည်၊ ချဉ်သည်တသီး..၊ ကုတ်ဟီး စပ်ရှား၊ အပြစ်များကို၊ ပယ်ယှားပြီးလျှင်၊ တော်မဝင်ပဲ၊ ပြစ်စင်လေးငြိမ့်၊ နို့ချိုဆိမ့်သား၊ နှစ်သိမ့်ဖွယ်စု၊ ရွှေချိုးဥသို့၊ စတုသဋ္ဌိ၊ ဂုဏိသင်္ချာ၊ လက္ခဏာဖြင့်၊ ကလျာယဉ်အိ၊ မျိုးဇာတိနှင့်၊ ဣတ္ထိဟူထ၊ ဓာတိယတို့၊ နှစ်ရာ့လေးကျိပ်၊ ရွှေနန်းရိပ်ဝယ်၊ ပြည့်သိပ်များစွာ၊ လက်မကွာလျှင်၊ မချာညနေ့၊ မငြီးငွေ့ပဲ၊ ပိုက်ပွေ့ကိုယ်စီ၊ တနာရီတွင်၊ လေးလီပါဒ်ရ၊ လေးယောက်ကျတိ၊ ယုယသိမ်းမွေး၊ နို့ထိန်းရွေးသည်၊ ၊နတ်သွေးရောင်လှ ရွယ်ကျိုင်းတည်း။

အလောင်းတော်မင်းသားကို မိထွေးတော် မဟာပဇာပတိဂေါတမီက

နို့ချိုတိုက်ကျွေး မွေးမြူပြုစုကြောင်း

     ဤဆိုအပ်ပြီးသည့်အတိုင်း အလောင်းတော် သိဒ္ဓတ္ထမင်းသားအလို့ငှါ နို့ထိန်းတို့ကို စီမံခန့်ထား ပေးအပ်ငြားသော်လည်း အလောင်းတော်မင်းသားကို မိထွေးတော် မဟာပဇာပတိဂေါတမီကသာ ကိုယ်တိုင် နို့ချိုတိုက်ကျွေး မွေးမြူပြုစုသည်က များလှပေ၏။ ထင်ရှားစေဦးအံ့.. မယ်တော်မာယာဒေဝီ

၁၂၁

နတ်ရွာစံပြီးသည့်နောက် သုဒ္ဓေါဒနမင်းကြီးသည် မိထွေးတော် မဟာပဇာပတိဂေါတမီကို မိဖုရားကြီးအရာသို့ မြှင့်တင် မြှောက်စားတော်မူ၏၊ မယ်တော်မာယာက သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းကို ဖွားမြင်ပြီးနောက် နှစ်ရက် သုံးရက် အရောက်တွင် မိထွေးတော် မဟာပဇာပတိဂေါတမီက နန္ဒမင်းသားကို ဖွားမြင်လေသည်။ အလောင်းတော်မင်းသား ဖွားမြင်ပြီးနောက် ခုနစ်ရက်အရောက်တွင် မယ်တော် မဟာမာယာဒေဝီ နတ်ရွာစံသောအခါ မိထွေးတော် မဟာပဇာပတိ ဂေါတမီသည် (ဖွားမြင်ပြီးစ သုံးလေးရက်သားမျှ ရှိသေးသည့်) မိမိ၏သားအရင်း နန္ဒမင်းသားကို အထိန်းတော်တို့အား အပ်နှင်းကာ နို့တိုက်ထိန်းယ ပြုစုစေ၍ မိမိကိုယ်တိုင်ကမူ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို နို့ချိုတိုက်ကျွေး ထိန်းယပြုစုပေ၏။ အလောင်းတော်မင်းသားသည် မိထွေးတော်၏ ရင်ခွင်၌သာ စံနေတော်မူရသည်က များပေ၏။ (ဥပရိပဏ္ဏာသ အဋ္ဌကထာ၊ ဒက္ခိဏာဝိဘင်္ဂသုတ် အဖွင့်မှ။)

     ဤသို့လျှင် အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် များလှစွာသော အခြွေအရံ အပြုအစု ယုယမှုတို့ဖြင့်၎င်း, ကြီးကျယ်လှစွာသော အထွတ်အမြတ်မင်္ဂလာ အသရေတော်တို့ဖြင့်၎င်း အစဉ်သဖြင့် ချမ်းသာစွာ ကြီးပွါးတော်မူခဲ့ရပေ၏။

**********

အခဏ်း-၂

လယ်ထွန်မင်္ဂလာပြုခဏ်း

သုဒ္ဓေါဒနမင်းကြီး၏ လယ်ထွန်မင်္ဂလာနှင့်

အလောင်းတော်အား နှစ်ကြိမ်မြောက် ရှိခိုးခြင်းအကြောင်း

     တနေ့သ၌ သုဒ္ဓေါဒနမင်းကြီး၏ အခါရာသီအလိုက် နှစ်စဉ် ဆင်ယင်ကျင်းပမြဲဖြစ်သော လယ်ထွန်မင်္ဂလာ အခမ်းအနား သဘင်သည် ဖြစ်၏၊ ထိုနေ့၌ ကပိလဝတ် မင်းနေပြည် တပြည်လုံးကို နတ်ဗိမာန်ကဲ့သို့ တန်းဆာဆင်ကြကုန်၏။ အလုပ်သမားများမှအစ အလုံးစုံသော ပြည်သူတို့သည် အ၀တ်သစ် ဝတ်ဆင်ကြကာ

၁၂၂

နံ့သာပန်းမာလ် လိမ်းကျံပန်ဆင်ကြ၍ မင်း၏နန်းရင်ပြင်၌ စုဝေးကြကုန်၏။ လယ်ထွန်မင်္ဂလာသဘင် ဆင်ယင်ကျင်းပမည့် ဌာန၌လည်း ထွန်တုံးပေါင်းတထောင်ကို အသင့် ပြင်ဆင်ထားနှင့်ကြရကုန်၏။ ထိုတွန်တုံးပေါင်း တထောင်တို့တွင် ထွန်တုံးပေါင်း (၈၀၀) ရှစ်ရာတို့ကား မင်းကြီးနှင့်တကွ အမတ်တို့အတွက် ဖြစ်ကုန်၏၊ အမတ်တို့ စီးနင်းမောင်းနှင်ရမည့် ထွန်တုံး (၇၉၉) ခုနစ်ရာ့ကိုးဆယ့်ကိုးခုတို့ကို ထွန်သန် ထမ်းပိုး ဗွဲ့ကြိုး ထွန်ကိုင်ကြိုး ဝန်ဆောင်နွားလား နှင်တံတို့နှင့်တကွ ငွေတန်းဆာဖြင့် ခြယ်လယ်ထားကုန်၏။ သုဒ္ဓေါဒနမင်းကြီး စီးနင်းမောင်းနှင်ရမည့် မင်္ဂလာထွန်တော်ကိုကား နီမြန်းသောရွှေဖြင့် အလုံးစုံ တန်းဆာ ဆင်၍ ထားရပေ၏။

     သုဒ္ဓေါဒနမင်းကြီးသည် များစွာသော မှူးမတ်သင်းပင်း ဝင်းကိုယ်ရံတော် ရွေဘော်အခြံအရံတို့ဖြင့် ကပိလ၀တ်နေပြည်တော်မှ ထွက်တော်မူလတ်သည်ရှိသော် သားတော် အလောင်းမင်းသားကိုလည်း ထိုလယ်ထွန်မင်္ဂလာသဘင် ဆင်ယင်ကျင်းပရာသို့ ဆောင်ယူတော်မူခဲ့၍ ထိုလယ်ထွန်မင်္ဂလာသဘင် ဆင်ယင်ရာနေရာ၏ အနီးအပါး၌ ထူးခြားလွန်ကဲစွာ မွေ့လျော်ဖွယ်ရာရှိသော တခဲနက် အရွက်ပြည့်သိပ် အရိပ်အေးမြ သည့် ဇမ္ဗုသပြေပင်အောက်၌ ကမ္ဗလာခင်းနှီး ပြတီးနေရာကို ကောင်းစွာခင်းကျင်းပြီးလျှင် ထိုနေရာထက်၌ သားတော်ကိုထားလျက် အထက်မှလည်း ရွှေကြယ် ငွေကြယ်တို့ဖြင့် စီခြယ်မွမ်းမံအပ်သည့် နီမြန်းသော ကမ္ဗလာဗိတာန် မျက်နှာကြက်ကို ဖွဲ့ယှက်တပ်ဆင်၍ တင်းထိမ်ကန့်လန့်ကာတို့ဖြင့် ထက်ဝန်းကျင် ဝန်းရံကာ လုံခြုံစွာ အစောင့်အနေတို့ကို ချထားပြီးသော် သုဒ္ဓေါဒနမင်းကြီးသည် လယ်ထွန်မင်္ဂလာ အခါတော်နေ့၌ ဆင်ယင်တော်မူမြဲဖြစ်သည့် မင်းသုံးမင်္ဂလာ အဆင်တန်းဆာတို့ကို ဆင်ယင်တော်မူ၍ မှူးမတ်အပေါင်း ခြံရံလျက် လယ်ထွန်မင်္ဂလာသဘင်ပွဲ ဆင်နွှဲကျင်းပရာ မင်္ဂလာလယ်တော်သို့ ကြွချီတော်မူလေ၏။

     မင်္ဂလာလယ်တော်သို့ ရောက်လတ်သောအခါ သုဒ္ဓေါဒနမင်းကြီးသည် မိမိအလို့ငှါ စီရင်ထားအပ်သော ရွှေထွန်တော်ကို

၁၂၃

စီးနင်း မောင်းနှင်တော်မူ၏။ မင်္ဂလာ အခမ်းအနားဝင် မှူးမတ်ပေါင်း (၇၉၉) ခုနစ်ရာ့ကိုးဆယ့် ကိုးယောက် တို့သည်လည်း မိမိတို့ဆိုင်ရာ ငွေထွန်တို့ကို အသီးအသီး စီးနင်း မောင်းနှင်ကြကုန်၏။ ကျန်သော ထွန်တုံး (၂၀၀) နှစ်ရာတို့ကို လယ်တော်သားများ စီးနင်း မောင်းနှင်ကြကုန်၏။ ထိုလယ်တော်သား နှစ်ရာတို့သည် လူးလာခေါက်ပြန် အနှံ့အစပ် ထွန်ယက်ကြကုန်၏၊ သုဒ္ဓေါဒနမင်းကြီးသည်ကား လယ်တော် ဤဘက်မှသည် ထိုဘက်သို့ရောက်ရုံ (သို့မဟုတ်) လယ်တော် ထိုဘက်မှသည် ဤဘက်သို့ရောက်ရုံ တခေါက်သာလျှင် မင်္ဂလာအလို့ငှါ စီးနင်းမောင်းနှင် ထွန်ယက်တော်မူ၏။ ထိုမင်္ဂလာ လယ်ထွန် အခမ်းအနားကား အလွန်စည်ကား ကြီးကျယ်လှပေ၏။

     ထို့ကြောင့် အလောင်းတော်မင်းသားကို ခြံရံစောင့်ရှောက် နေကြကုန်သော အထိန်းအယ အစောင့်အရှောက်တို့သည် “လယ်ထွန်မင်္ဂလာသဘင် ဆင်ယင်ကျင်းပသော မင်းကြီး၏ အသရေတော်ကို ကြည့်ရှုကုန်အံ့”ဟူ၍ တင်းထိပ်ကန့်လန့်ကာအတွင်းမှ အပြင်သို့ ထွက်သွားကြကုန်၏။

အလောင်းတော်မင်းသား အာနာပါနပဌမဈာန်ကို ရတော်မူခြင်း

     ထိုအခိုက် အလောင်းတော်မင်းသားသည် ထိုမှဤမှ (ထိုထိုဤဤ) ရှုကြည့်တော်မူလတ်သော် ကိုယ်တော်မြတ်၏ အနီးအပါး၌ တစုံတယောက်သောသူကိုမျှ မမြင်ရ၍ နေရာမှ လျင်စွာထပြီးလျှင် ငြိမ်သက်တည်ကြည်စွာ တင်ပလ္လင်ဖွဲ့ခွေ နေတော်မူလျက် ထွက်လေ၀င်လေကို အာရုံပြု အောက်မေ့မှတ်သားသော အာနာပါနဿတိ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း သိမ်းဆည်းတော်မူသဖြင့် ရူပါဝစရပမဈာန်ကို ရတော်မူလေ၏။ ။(ဤအရာ၌ အလောင်းတော်သူမြတ်မှာ ဘဝများစွာ ကမ္ဘာအဆက်ဆက်က ထိုအာနာပါနဿတိ ဘာဝနာကို လေ့လာတော်မူခြင်း အထုံအားကြီးလှသောကြောင့် ခဏတွင်းမှာပင် ရူပါဝစရ ပဌမဈာန်ကို ပေါက်ရောက် ရရှိတော်မူသည်ဟု ယုံမှားမရှိ မှတ်ယူရာ၏။)

၁၂၄

     အပြင်သို့ ထွက်သွားကြသည့် အထိန်းတော်များသည် စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ်တို့အကြား လှည့်လည်သွားလာ နေကြသည်ဖြစ်ရကား အတန်ငယ် အချိန်ကြာမြင့်၍ သွားကုန်၏။ အလောင်းတော် မင်းသား စံနေတော်မူရာ သပြေပင်မှ ကြွင်းသမျှသော သစ်ပင်တို့၏ အရိပ်များသည် နဂိုရ်သဘောအတိုင်း နေရွေ့ရှားတိုင်းပင် ရွေ့ရှားပြောင်းလည်လျက် ရှိကုန်၏၊ မွန်းလွဲသောအခါ နေအရိပ် အရှေ့ဘက်သို့ ထိုးကြကုန်၏။ အလောင်းမင်းသား စံနေတော်မူရာ ဇမ္ဗုသပြေပင်၏ အရိပ်ကား နေမွန်းလွဲသော်လည်း မပြောင်းမလဲပဲ အလောင်းတော်မင်းသားကို ထားဦးစကာလကကဲ့သို့ပင် အဝန်းအဝိုင်းအနေအားဖြင့် ထူးခြားစွာ တည်၍နေပေ၏။

     အထိန်းတော်တို့သည် “ဩ.. ငါတို့၏ အရှင့်သားတော်သည် တယောက်တည်းသာ စံနေတော်မူရစ်ပါတကား”ဟု စဉ်းစား သတိရကာ လျင်မြန်စွာ လာလတ်၍ တင်းထိမ်ကန့်လန့်ကာကို ဖွင့်လှပ်ပြီးလျှင် အတွင်းသို့ ဝင်ရောက်ကြကုန်သည်ရှိသော် အသရေရှိသော နေရာထက်၌ အလောင်းတော်မင်းသား တင်ပလ္လင်ဖွဲ့ခွေ ငြိမ်သက်စွာ စံနေတော်မူသည်ကို၎င်း, သပြေပင်အရိပ်၏ မရွေ့မရှား နဂိုရ်ပြကတေ့အားဖြင့် အဝန်းအဝိုင်းပြုလျက် တည်နေသော တန်ခိုးပြာဋိဟာကို၎င်း အံ့ဩဖွယ်ရာ မျက်ဝါးထင်ထင် တွေ့မြင်ကြရ၍ သုဒ္ဓေါဒနမင်းကြီးအထံသို့ လျင်မြန်စွာ သွားရောက်ကြပြီးလျှင် “အရှင်မင်းကြီး.. သားတော်မင်းသားသည် ဤသို့ဤပုံ အံ့ဩဖွယ်ရာ ငြိမ်သက်တည်ကြည်စွာ ထိုင်နေတော်မူပါသည်။ တပါးသောသစ်ပင်တို့၏ အရိပ်များ နေသွားအလိုက် ပြောင်းလဲကြသော်လည်း သားတော်မင်းသား စံနေရာ ဇမ္ဗုသပြေပင်ရိပ်ကား နေမွန်းလွဲသော်လည်း မပြောင်းမလဲ ဝန်းဝိုင်းလျက်သာ တည်နေပါသည်”ဟူ၍ မင်းကြီးအား လျှောက်ထားကြကုန်၏။

     သုဒ္ဓေါဒနမင်းကြီးသည် ဆောလျင်စွာပင် ကြွလာတည့်၍ ကြည့်ရှုတော်မူလေသော် ထိုအံ့ဖွယ်ထူးခြား ပြာဋိဟာနှစ်ပါးကို မျက်ဝါးထင်ထင် ရှုမြင်တော်မူရ၍ “အို ချစ်သားမြတ်..

၁၂၅

သင်ချစ်သားမြတ်အား ခမည်းတော်၏ ဤယခုအကြိမ် ရှိခိုးခြင်းသည်ကား နှစ်ကြိမ်မြောက်သော ရှိခိုးခြင်းပါတည်း”ဟု နှုတ်မြွက်ပြောဆိုကာ သားတော်ကို နှစ်သက်မြတ်နိုး ရှိခိုးလေသတည်း။

သိကြားမင်းက ဝိသုကြုံနတ်သားကို စေလွှတ်၍

အလောင်းတော်မင်းသား၏အလို့ငှါ

မင်္ဂလာရေကန်တော်ကို ဖန်ဆင်း၍ပေးစေခြင်း

     ဤသို့လျှင် ဘုရားအလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသားသည် ထူးခြားကောင်းမွန် အလွန်စင်ကြယ် တင့်တယ် မြားမြောက်လှစွာကုန်သော အထိန်းအချီ အစီအမံ ဝန်းခရံလျက် နတ်စံရိပ်ငြိမ် စည်းစိမ်ချမ်းသာ မင်္ဂလာအသရေတော်တို့ဖြင့် ချမ်းသာစွာ ကြီးပွါးခဲ့ရသည်ဖြစ်၍ ခုနစ်နှစ်သားအရွယ်တော်သို့ ရောက်လတ်သောအခါ တနေ့သ၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် မှူးမတ်တို့ကို “အချင်းတို့.. အသက်အရွယ် နုနယ်သော သူငယ်တို့သည် အဘယ်ကစားခြင်းမျိုးကို မြတ်နိုး နှစ်သက်ကြကုန်သနည်း”ဟု မေးတော်မူ၍ မှူးမတ်တို့က “အရှင်မင်းကြီး.. အသက်အရွယ် နုနယ်သော သူငယ်တို့သည် ရေကစားခြင်းမျိုးကို မြတ်နိုး နှစ်သက်ကြပါကုန်သည်”ဟု လျှောက်ထားကြသောအခါ သုဒ္ဓေါဒနမင်းကြီးသည် ရေကန်တူးသမားတို့ကို ဆင့်ခေါ် စည်းဝေးစေပြီးလျှင် မင်္ဂလာရေကန်တော်တူးရန် လျော်ကန်သင့်မြတ်သော အရပ်တို့ကို သတ်မှတ် ရွေးချယ်စေတော်မူ၏။

     ထိုအခါ သိကြားမင်းသည် အလောင်းတော်မင်းသား ကစားတော်မူရန် မင်္ဂလာရေကန်အရပ် သတ်မှတ် ရွေးချယ်သည်ကို ကောင်းစွာဆင်ခြင် သိမြင်လတ်၍ “အလောင်းမင်းသားအား လူတို့တူးဖော်သည့် ရေကန်ကို သုံးဆောင်ခြင်းသည် အလျင်း မသင့်လျော်၊ နတ်တို့စီမံသည့် ရေကန်ကို သုံးဆောင်ခြင်းသည်သာ သင့်လျော်ပေ၏”ဟု ကြံစည်ပြီးလျှင် ဝိသုကြုံနတ်သားကို ခေါ်၍ “သွားပါချေ အမောင်ဝိသုကြုံ.. အလောင်းတော်မင်းသား ကစားတော်မူရန် မြေအရပ်၌ နတ်ရေကန်တို့ကို ဖန်ဆင်းချေ”ဟု ခိုင်းစေလတ်သည်တွင် ဝိသုကြုံနတ်သားက

၁၂၆

“အဘယ်သို့သော ရေကန်များ ဖြစ်စေတော်မူလိုသနည်း”ဟု မေးမြန်း၍ သိကြားမင်းက ပြန်ကြား ပြောဆိုလတ်သည်မှာ “အမောင်ဖန်ဆင်းရမည့် ရေကန်တို့သည် ရွှံ့ညွှန်ပယ်ရှား၍ ပတ္တမြား ပုလဲ သန္တာတို့ကို ဖြန့်ကြဲပြီးလျှင် ရတနာခုနစ်ပါးဖြင့်ပြီးသော တံတိုင်းဝန်းပတ် ရံအပ်သော ရေကန်တို့ ဖြစ်စေရမည်၊ ရေကန်သို့ သက်ဆင်းသည့် စောင်းတန်းလှေကားတို့သည်လည်း ရွှေပျဉ်ချပ် ငွေပျဉ်ချပ် ပတ္တမြားပျဉ်ချပ်တို့ဖြင့် ခင်းအပ်ကုန်သည်ဖြစ်၍ ပတ္တမြားလက်ကိုင်တန်း လက်ရုန်းတိုင်တို့၏ အထွတ်အထိပ်၌ သန္တာအစွပ် အထွတ်တပ်အပ်သည် ဖြစ်စေရမည်၊ ထိုနတ်ရေကန်အတွင်း၌ အလောင်းတော်မင်းသား ရေကစားတော်မူရန် ငွေ ပလ္လင်ခင်းအပ်သော ရွှေလှေ, ရွှေပလ္လင်ခင်းအပ်သော ငွေလှေ, သန္တာပလ္လင်ခင်းအပ်သော ပတ္တမြားလှေ, ပတ္တမြားပလ္လင်ခင်းအပ်သော သန္တာလှေ, ရွှေရေပက်ခွက်, ငွေရေပက်ခွက်, ပတ္တမြားရေပက်ခွက်, သန္တာရေပက်ခွက်တို့နှင့်တကွ ဖန်ဆင်းခဲ့ ရမည်။ ထိုရေကန်များသည် ကြာမျိုးငါးပါးတို့ဖြင့် ဖုံးလွှမ်းတင့်တယ်သော ရေကန်များ ဖြစ်စေရမည်”ဟူ၍ ညွှန်ကြားမိန့်ဆိုပေ၏။

     ဝိသုကြုံနတ်သားသည်လည်း ကောင်းပါပြီဟု ဝန်ခံ၍ ထိုနေ့ညချင်း လူ့ပြည်သို့ဆင်းပြီးလျှင် သုဒ္ဓေါဒနမင်းကြီး ရာထား သတ်မှတ်အပ်သော မင်္ဂလာရေကန်အရပ်တို့၌ပင် သိကြားမင်း မှာကြားလိုက်သည့်အတိုင်း ရေကန်တို့ကို အပြည့်အစုံ ဖန်ဆင်းလေ၏။ ။(ဤ၌ ရွှံ့ညွှန်ကင်းသော ရေကန်အတွင်း၌ ကြာမျိုးငါးပါးတို့ အဘယ်သို့ ပေါက်ရောက် ပွင့်ဖူးကြသနည်းဟူ၍ မေးဖွယ်ရှိ၏။ အဖြေကား.. ဝိသုကြုံနတ်သားသည် ရွှံ့ညွန်ကင်းသည့် ထိုရေကန်တို့အတွင်း ထိုထိုအရပ်တို့၌ ရွှေလှေငယ်, ငွေလှေငယ်, ပတ္တမြားလှေငယ်, သန္တာလှေငယ်တို့ကို ဖန်ဆင်းပြီးလျှင် “ဤလှေငယ်တို့သည် ညွန်ကျဲညွန်ပြစ်တို့ဖြင့် ပြည့်သည် ဖြစ်စေကုန် သတည်း၊ ဤလှေငယ်တို့၌ ကြာမျိုးငါးပါးတို့လည်း ပွင့်ဖူးကြစေကုန်သတည်း”ဟူ၍ အဓိဋ္ဌာန်၏။ ဤသို့ ဝိသုကြုံနတ်သား ဖန်ဆင်းချက် အဓိဋ္ဌာန်ချက်အရ ကြာမျိုးငါးပါးတို့ ဖွင့်ကြ

၁၂၇

ဖူးကြကုန်၏) ။ ။ထိုကြာရုံတို့မှ ကြာဝတ်မှုံတို့သည် တိုက်ခတ် သွင်းဖြန့်အပ်သော လေပြေလေညှင်း လှိုင်းအိတို့၏ အရှိန်အားလျော်စွာ ရေမျက်နှာပြင်၌ လွှမ်းဖုံးရွေ့ရှား သွားလာလျက် ရှိကုန်၏။ အဆင်းငါးသွယ် ဇာတ်နွယ်ငါးပါး ပိတုန်းများတို့သည်လည်း တရုန်းရုန်းကွန့်မြူး၍ အထူးထူး ရင့်ရူလျက် ရှိကြကုန်၏။ ဤဆိုအပ်ပြီးသောအတိုင်း ဝိသုကြုံနတ်သားသည် သိကြားမင်း မှာထားချက်နှင့်အညီ မင်္ဂလာရေကန်တို့ကို ဖန်ဆင်းပြီးလျှင် နတ်ပြည်သို့ ပြန်လေ၏။

     နံနက်မိုးသောက် ရောက်လတ်သောအခါ များစွာသော လူအပေါင်းသည် အလွန်ဆန်းပြား ခမ်းနားကြီးကျယ် အံ့ဩဖွယ် ကောင်းကုန်သော ထိုနတ်ရေကန်တို့ကို တအံ့တဩ တွေ့မြင်ကြရ၍ “ယောက်ျားမြတ်= အလောင်းတော်မင်းသားအတွက် သိကြားနတ်မင်းတို့ ဖန်ဆင်းအပ်သော ရေကန်တို့ ဧကန်ဖြစ်လိမ့်မည်”ဟု ရွှင်ကြည်ဝမ်းမြောက်စွာ သုဒ္ဓေါဒနမင်းကြီးထံသို့ သွားရောက်ကြ၍ ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ သုဒ္ဓေါဒနမင်းကြီးသည်လည်း များစွာသော လူအပေါင်းခြံရံကာ ထိုအရပ်သို့ သွားရောက် ကြည့်ရှုလတ်သည်တွင် အလွန်ဆန်းပြား ခမ်းနားတင့်တယ် ကြီးကျယ် အံ့ဩဖွယ်ကောင်းသော ထိုရေကန်တို့ကို မြင်ရလေလျှင် “သားတော်၏ ဘုန်းတန်ခိုး အာနုဘော်ကြောင့် နတ်သိကြားတို့ ဤရေကန်တို့ကို ဖန်ဆင်းကြသည် ဖြစ်လိမ့်မည်”ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူ၏။

ထိုအခါမှစ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် နတ်တို့၏ အသုံးအဆောင်မျိုးဖြစ်သော ထိုမင်္ဂလာရေကန်တို့၌ ရေကစားရန် ထွက်ကြွတော်မူပေ၏။ ။(ဤစကားရပ်စုကား အင်္ဂုတ္တရအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၁၂၄-၁၂၅၊ ဆဋ္ဌမူ၊ တိကနိပါတ၊ ၄-ဒေဝဒူတဝဂ်၊ ၉-သုခုမာလသုတ် အဖွင့်မှ ထုတ်ဆောင်ပြအပ်သော စကားရပ်စုတို့တည်း။)

အလောင်းတော်မင်းသား စံမြန်းရန် နန်းပြာသာဒ်သုံးဆောင် ဆောက်လုပ်စေခြင်း

     ဘုရားအလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသားသည် ဆိုအပ်ခဲ့ပြီးသည့် ကြာမျိုးငါးပါးတို့ဖြင့် ဖုံးလွှမ်းတင့်တယ်သော

၁၂၈

နတ်ရေကန်တို့၌ ရေကစားတော်မူခြင်း, ကာသိကတိုင်းဖြစ် အသစ်စက်စက် အလွန်သိမ်မွေ့နူးညံ့သော ဝတ်လဲတော်တို့ကို ဝတ်ရုံ ဆင်မြန်းတော်မူခြင်း, နတ်ထီးဖြူ လူထီးဖြူတို့ဖြင့် အပူအအေး မြူမှုန် ဆီးနှင်းပေါက်တို့ မကျရောက် မတွေ့ထိရအောင် အခါခပ်သိမ်း အဆောင်းအမိုးခံရခြင်း အစရှိသည့် အလွန်ကြီးကျယ်သော သုခချမ်းသာဖြင့် ကြီးပွါးတော်မူခဲ့ရ၍ အသက်တော် တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်တော်မူသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “ငါ၏သားတော် စံနေရန် ပြာသာဒ်တော်များကို ဆောက်လုပ်စေအံ့”ဟု အကြံရှိ၍ နေပြည်တော်အတွင်းရှိ ဗိသုကာလက်သမား ပန်းရန် ပန်းပု ပန်းချီအတတ်တို့၌ လိမ္မာကျွမ်းကျင် ထင်ရှားကြကုန်သော သူတို့ကို ဆင့်ခေါ် စည်းဝေးစေပြီးလျှင် မင်္ဂလာနက္ခတ် ကောင်းမြတ်သောအချိန့်၌ ပန်နက်တော်ချမှတ်ခြင်း အစရှိသော ပရိကံကိစ္စ အဝဝကို ပြီးပြေစေတော်မူ၍ သားတော်စံမြန်းရန် ဆောင်း,နွေ,မိုးဟု ဆိုအပ်ကုန်သော ဥတုသုံးပါးတို့နှင့် သင့်လျော်လျောက်ပတ်သည့် ရမ္မရွှေနန်းဆောင်, သုရမ္မရွှေနန်းဆောင်, သုဘရွှေနန်းဆောင်-ဟူသော နန်းမပြာသာဒ် သုံးဆောင်တို့ကို စီရင်ဆောက်လုပ်စေတော်မူ၏။

     ထိုနန်းပြာသာဒ် သုံးဆောင်တို့သည် အလျား အနံ အမြင့်အားဖြင့် အတိုင်းအရှည် ပမာဏချင်း တူမျှကြကုန်၏၊ ဘုံအဆင့်အားဖြင့်သာလျှင် ထူးခြားကြကုန်၏။

(ထိုနန်းပြာသာဒ် သုံးဆောင်တို့၏ အကြောင်းကို ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတ်အဋ္ဌကထာတို့၌ အကျယ်မဖွင့်ပြကုန်၊ တိကနိပါတ် အင်္ဂုတ္တရအဋ္ဌကထာ ဒေဝဒူတဝဂ် သုခုမာလသုတ်အဖွင့်၊ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ မာဂဏ္ဍိယသုတ်အဖွင့်၊ ဇိနာလင်္ကာရဋီကာ အဂါရိကသမ္ပတ္တိ အခဏ်းတို့၌ အကျယ်ဖွင့်ပြသဖြင့် ထိုကျမ်းတို့၌ ဖွင့်ပြသည်ကို ဤ၌ ပေါင်းစု၍ ပြဆိုပေအံ့။)

     (၁) ဆောင်းရာသီ၌ စံမြန်းတော်မူရန် ရမ္မနန်းပြာသာဒ်ဆောင်ကို ဆောက်လုပ် စီရင်အပ်၏။

၁၂၉

     (၂) နွေရာသီ၌ စံမြန်းတော်မူရန် သုရမ္မနန်းပြာသာဒ်ဆောင်ကို ဆောက်လုပ် စီရင်အပ်၏။

     (၃) မိုးရာသီ၌ စံမြန်းတော်မူရန် သုဘနန်းပြာသာဒ်ဆောင်ကို ဆောက်လုပ် စီရင်အပ်၏။

(၁) ရမ္မ (ဆောင်းရာသီ) စံနန်းတော်

     ရမ္မမည်သော နန်းပြာသာဒ်ဆောင်ကား ဘုံကိုးဆင့်ရှိ၏။ ခန်းဖွင့် ဘုံဆင့်စသော အနေအထားတို့ကို နွေးသောဥတုကို ရယူနိုင်ရန်အတွက် ဘုံအဆင့်အထပ်တို့ကို နိမ့်နိမ့် တည်ဆောက်အပ်သည့်ပြင် ခြင်္သေ့ခံသော ပြုတင်းပေါက် လေသောက်တံခါး စသည်တို့ကိုလည်း အပြင်အပမှ ဆီးနှင်း လေညှင်းစသော အအေးဓာတ်တို့ မဝင်သာအောင် အလွန်စေ့စပ် လုံခြုံစွာ စီရင်အပ်ကုန်၏၊ ထိုနန်းပြာသာဒ်တော်၏ နံရံ, သည်တိုင်, ပျဉ်ချပ်, အမိုး စသည်တို့၌ ပန်းချီဆေးရေးရုပ်တို့ကို ရေးခြယ်ကြသော ပန်းချီဆရာတို့သည်လည်း ပန်းချီရုပ်ကို မြင်လျှင်ပင် အအေးဓာတ် ငြိမ်းပျောက်ရန် မီးတောက်မီးလျှံ အစရှိသော ပန်းချီရုပ်များကို ရေးသားကြရကုန်၏၊ သင့်ရာသင့်ရာ ထိုထိုနေရာတို့၌ နံ့သာဆိုင်း ပန်းဆိုင်း ပုလဲဆိုင်းတို့ကိုလည်း ပြိုင်းရရိုင်း တွဲရရွဲ တပ်ဆွဲစီရင်၍ ထားကုန်၏၊ ပြိုးပြိုးပြောင်ပြောင် လောင်ဘနန်းမျှ တောက်ပသော အရောင်ရှိကြသည့် ရွှေကြယ် ငွေကြယ် ပတ္တမြားကြယ်တို့ဖြင့် ခြယ်လှယ် မွမ်းမံအပ်၍ အလွန်နူးညံ့သိမ်မွေ့လျက် ပူနွေးသောအငွေ့ဥတုကို ပေးစွမ်းနိုင်သည့် သကလတ်ပိုးမှန် ဗိတာန်မျက်နှာကြက်ကို ယှက်အပ်သည့်ပြင် ရွှေဖြင့်ဝန်းရံ မွမ်းမံခြယ်လှယ်အပ်သည့် သကလတ်ကန့်လန့်ကာ ကြာခြည်လွှာတို့ကိုလည်း နေရာအားလျော်စွာ ဆီးကာဝန်းရံ၍ ထားကုန်၏၊ နူးညံ့ပျောင်းအိ၍ အထိအတွေ့ သိမ်မွေ့လှစွာသော သကလတ် ကမ္ဗလာအခင်းတို့ကိုလည်း ခင်းထားအပ်ကုန်၏။ ဟေမန္တဥတု ဆောင်းရတုအခိုက် ရာသီအလိုက် ဝတ်ဆင်ခြုံရုံတော်မူရန် ကမ္ဗလာသကလတ်

၁၃၀

၀တ်လဲတော်တို့ကိုလည်း အသင့် စီရင်ထားကြကုန်၏၊ ပူစပ်သော အရသာနှင့်ယှဉ်သည့် သိမ်မွေ့သော ခဲဘွယ်ဘောဇဉ် ရာသီစာ အာဟာရတို့ကိုလည်း ကောင်းစွာစီရင်လျက် ထားကုန်၏၊ လေသာပြူတင်းပေါက်တို့ကိုလည်း အနွေးဥတုကို ရယူစေရန်အတွက် နေ့အခါဖွင့်၍ ညဉ့်အခါ၌ ပိတ်ဆို့ထားရကုန်၏။

(၂) သုရမ္မ (နွေရာသီ) စံနန်းတော်

     သုရမ္မမည်သော နန်းပြာသာဒ်ဆောင်ကား ဘုံ(အထပ်) ငါးဆင့်ရှိ၏၊ ခန်းဖွင့် ဘုံဆင့်စသော အနေအထားတို့ကို အေးသော အငွေ့ဥတုကို ရယူနိုင်ရန်အတွက် ဘုံအဆင့် (အထပ်)တို့ကို မြင့်စွာ ခန်းဖွင့် လေသာပြူတင်း စသည်တို့ကို ကျယ်ဝန်းစွာ စီရင်အပ်ကုန်၏။ တံခါးမ (= ဝင်တံခါး) လေသာပြူတင်းတို့ကို အပြင်မှ လေပြေလေညှင်း အအေးဓာတ်တို့ကို လိုသလောက် ရနိုင်ရန် အလွန်ကြီး မစေ့စပ်စေပဲ အချို့တံခါးရွက် တို့ကို နန်းပေါက်ဖောက်၍၎င်း အချို့တံခါးရွက်တို့ကို ဇာ (သံဇာ ရွှေဇာ ငွေဇာ) တပ်၍၎င်း စီရင်ကြကုန်၏။ ထိုနန်းပြာသာဒ်တော်၏ နံရံ, သည်တိုင်, အမိုး စသည်တို့၌ ပန်းချီဆေးရေးရုပ်တို့ကိုလည်း ပန်းချီရုပ်ကို မြင်လျှင်ပင် အပူအပန်း ပြေပျောက်ရန် ကြာညို ကြာပဒုမှာ ကြာပုဏ္ဍရိက်တို့ကို ရေးခြယ်ကြရကုန်၏၊ လေသာပြူတင်းပေါက် အနီးတို့၌ အိုးအသစ်စက်စက်တို့ကို တည်ထားပြီးလျှင် ရေအပြည့်ထည့်ကာ ကြာညို ကြာနီ ကြာဖြူ သတပတ်ကြာ အစရှိသော ရေပေါက်ပန်း သစ်ပင်မျိုးတို့ကို စိုက်ထိုးလျက် ထားကုန်၏။ ထိုထို သင့်လျော်ရာ နေရာတို့၌ မိုးဥတုတွင် မိုးရွာစဉ် ကာလကဲ့သို့ စိမ်းလန်းစိုပြေအောင် ထိုမှဤမှ ရေအယဉ်တို့ ဖြာ၍ထွက်အောင် ရေစက်ရေပန်း ယန္တရားတို့ကိုလည်း တပ်ဆင်၍ ထားကုန်၏။ ပြာသာဒ်၏အတွင်း ထိုထိုနေရာတို့၌ နံ့သာညွန် အပြည့်ထည့်ကာ ပန်းအိုး ရေစည်ပိုင်းတို့ကို တည်ထားပြီးလျှင် အဆင်းငါးပါးရှိသော ကြာပန်းတို့ကို စိုက်ပျိုး၍လည်း ထားကြကုန်၏။ ထို့ပြင် အလွန်နူးညံ့ သိမ်မွေ့လျက် အေးချမ်းသော အငွေ့ဥတုကို ပေးစွမ်းနိုင်သော

၁၃၁

ရထည်းမျိုးမှန် ဗိတာန်မျက်နှာကြက်တို့ကိုလည်း သင့်လျော်ရာ နေရာထက်၌ ဖွဲ့ယှက်တပ်ဆင်၍ ထားကုန်၏။ လှပဆန်းကြယ်စွာ ခြယ်လှယ်မွမ်းမံအပ်ကုန်သော ရွှေထရံအကာတို့နှင့် ပါးလွှာနူးညံ့သော တင်းထိမ်ကန့်လန့်ကာတို့ကို၎င်း, အေးမြသည့် အငွေ့ဥတုကို ဖြစ်စေနိုင်သည့် ဘွဲ့ဖြူအခင်းတို့ကို၎င်း ကာရံ ခင်းကျင်းအပ်ကုန်၏။ ဂိမ္မန္တဥတု နွေရတုအခိုက် ရာသီအလိုက် ဝတ်ဆင်ခြံရုံတော်မူရန် ပုဆိုးပစ္စူ ဘွဲ့ဖြူပါးလွှာ ဝတ်လဲဝတ်စုံ အခြုံအရုံတို့ကိုလည်း အရံသင့်စီရင်လျက် ထားကုန်၏၊ ချိုမြိန်အေးမြသော သီတဝီရိယဂုဏ်ရှိသည့် အစာအာဟာရတို့ကိုလည်း ကောင်းစွာ စီရင်လျက် ထားကုန်၏။

     ပြာသာဒ်၏ အမိုးအပေါ်တို့၌ နတ်၌ဖြစ်သည့် တူရိယာငါးမျိုးအသံကို လွှမ်းမိုး လွန်သာအောင် သာယာငြိမ့်ညောင်း နာဖွယ်ကောင်းသည့် အသံထွက်ကုန်သော ရွှေချူဆည်းလည်း ကွန်ချာတို့ကိုလည်း ကောင်းစွာတပ်ဆင်၍ ထားကုန်၏။

     ထို သုရမ္မပြာသာဒ်ဆောင်၌ အလွန် သိမ်မွေ့ သေးငယ်သော အပေါက်ရှိကုန်သော ရွှေပြားမျက်နှာကြက်တို့ကို ဖွဲ့ယှက်ဆွဲဆင်လျက် ထိုရွှေပြား မျက်နှာကြက်တို့၏ အထက်၌ ပြာသာဒ်၏ အရပ်လေးမျက်နှာရှိ (ဖော်ပြလတံ့သော) ရေကန်တို့မှ ကွန်ရက်ယန္တရား ရေငင်စက်များဖြင့် ရေကိုမောင်းနှင် တင်၍ပေးသောအခါ ထိုရေတို့သည် ရွှေပြားမျက်နှာကြက်တို့၏ သိမ်မွေ့သော အပေါက်တို့မှ မိုးရေပေါက်ပမာ မိုးရွာသွန်းသည့် အခါကဲ့သို့ ရေပေါက်တို့သည် ကျလာစီးဆင်းကုန်၏။

     ရွှေပြား မျက်နှာကြက်တို့၏ အထက်၌ ခြောက်သွေ့သော ကျွဲရေပြားတို့ကို ဖြန့်လွှားအုပ်မိုး၍ ထားပြီးလျှင် ယန္တရားစက်တို့ဖြင့် ကျောက်စရစ်ခဲတို့ကို အမိုးပေါ်ရောက်အောင် တင်ပြီးလျှင် ထိုမှတဆင့် ကျွဲရေပြားတို့အပေါ်၌ ပစ်မြှောက်ကြရကုန်၏၊ ထို ကျောက်စရစ်ခဲတို့ ကျလာသောအသံတို့သည် မိုးဥတုအခါ မိုးထစ်ချုန်းသံနှင့် တူကုန်၏။

၁၃၂

     အလောင်းတော် မင်းသားအတွက် တရာ့ရှစ်လုံးသော ရွှေအိုး ငွေအိုးတို့၌ နံ့သာရေ အပြည့်ထည့်ပြီးလျှင် ကြာညိုပန်း ဇာကွန်ရက်တို့ကိုပြု၍ အိပ်စက်ရာ နေရာတော်ကို ဝန်းရံ၍ ထားကုန်၏၊ အေးမြချမ်းကြည်သော ဥတုကို ရယူနိုင်စေရန် ရေလှောင်ကြေးဖျဉ်းအိုးကြီးတို့၌ နံ့သာညွန်ပျောင်း အပြည့်လောင်း၍ ကြာညို, ကြာနီ, ကြာဖြူတို့ကို စိုက်ပျိုး၍ ထိုထိုအရပ်၌ ထားကြကုန်၏။ ထိုကြာပင်တို့သည် နေရောင်ဖြင့် ပွင့်ကြကုန်၏။ အထူးထူးသော ပျားပိတုန်း အပေါင်းတို့သည် ပြာသာဒ်အတွင်းသို့ ဝင်ရောက်ကြကာ ထိုကြာပွင့်တို့၌ ဝတ်ရည်အရသာကို စုတ်ယူကြကာ လူးလာပျံသန်းလျက် ရှိကုန်၏၊ သို့ရကား အလောင်းတော်မင်းသား၏ နွေရာသီစံမြန်းရန် စီမံ ဆောက်လုပ်အပ်သော ထိုသုရမ္မ ပြသာဒ်ဆောင်သည် အလွန်မွှေးကြိုင် အမြဲတမ်းလှိုင်လျက် ရှိပေ၏။ ထို နွေရာသီစံနန်းတော်၏ တံခါးမ (= ဝင်တံခါး) လေသာနန်းတံခါးတို့ကို (အအေးဓာတ် ဥတုငွေ့ရစေရန်) နေ့အခါ၌ပိတ်၍ ညဉ့်အခါ၌ ဖွင့်၍ထားရကုန်၏။

     ဤနွေရာသီစံနန်းတော်၌ပင် နောက်အခါ၌ အလောင်းတော်သူမြတ် စံနေတော်မူ၍ ရေကစားချိန် ကျရောက်သောအခါ ရှေးကဖော်ပြခဲ့ပြီးသော ကျွဲရေပြားပေါ်၌ ကျောက်စရစ်ခဲတို့ကို ပစ်လွှင့်၍ မိုးချုန်းသည့် အသံကဲ့သို့ ဖြစ်စေပြီးလျှင် ယန္တရား ရေစက်တို့ဖြင့် ရွှေမျက်နှာကြက်ပေါ်သို့ ရေတင်၍ ပေးကြသဖြင့် ရွှေမျက်နှာကြက် ဇာပေါက်တို့မှ တဖြောက်ဖြောက်ယိုကျသော ရေပေါက်တို့သည် မိုးရွာသွန်းသကဲ့သို့ ဖြစ်ကုန်၏၊ ထိုအခါ အလောင်းတော် သူမြတ်သည် ညိုသော အဝတ်အရုံတို့ကို ဝတ်ရုံတော်မူ၍ ညိုသော အဆင်တန်းဆာကို ဆင်မြန်းတော်မူပြီးလျှင် ညိုသော အဝတ်တန်းဆာ နံ့သာတို့ကို ဝတ်ရုံဆင်မြန်း လိမ်းကျံကြသည့် ရံရွေတော်ပေါင်း လေးသောင်းတို့ ခြံရံကာ နေ့အဖို့ ရေကစားတော်မူ၍ အေးမြသော ဥတုချမ်းသာကို ခံစားတော်မူပေ၏။

     ထိုသုရမ္မ (နွေရာသီ) စံနန်းတော်၏ အရပ်လေးမျက်နှာတို့၌ ကြာမျိုးငါးပါးတို့ဖြင့် ဖုံးလွှမ်းသော အညစ်အကြေးကင်းပ၍

၁၃၃

မြရတနာအသွင် ကြည်လင်စိမ်းလဲ့ အေးမြသန့်စင်သည့် ရေတို့ဖြင့်ပြည့်သော ရေကန်လေးလုံးတို့ကိုလည်း ဖန်တီးစီရင်၍ ထားကုန်၏၊ စံနန်းတော်၏ အရှေ့မျက်နှာ ရေကန်မှ ပျံတက်လာကြကုန်သော ဟင်္သာ ဝမ်းဘဲ စက္ကဝါက် အစရှိသည့် အဆင်းအရောင် အမျိုးမျိုးရှိကြသော ရေသား ရေငှက်အပေါင်းတို့သည် ငြိမ့်ညောင်းသံသာ တစာစာကျူးရင့်ကုန်လျက် စံနန်းတော်အထက် ကောင်းကင်ခရီးဖြင့် ပျံသန်း၍ စံနန်းတော်၏ အနောက်မျက်နှာ ရေကန်သို့ သက်ဆင်း နားပျော်ကြကုန်၏။ ထို့အတူ အနောက်မျက်နှာ ရေကန်မှသည် အရှေ့မျက်နှာ ရေကန်သို့၎င်း, မြောက်မျက်နှာ ရေကန်မှသည် တောင်မျက်နှာ ရေကန်သို့၎င်း, တောင်မျက်နှာ ရေကန်မှသည် မြောက်မျက်နှာ ရေကန်သို့၎င်း ပျံသန်း ကူးသွားကြကုန်ရကား ထိုနွေရာသီ စံနန်းတော်၌ နွေကာလပင် ဖြစ်လင့်ကစား မိုးရာသီကာလအတူ သာယာလှပေ၏။

(၃) သုဘ (မိုးရာသီ) စံနန်းတော်

     သုဘမည်သော (မိုးရာသီ) စံနန်းပြာသာဒ်တော်ကား ဘုံ (အထပ်) ခုနစ်ဆင့်ရှိ၏၊ ခန်းဖွင့် ဘုံဆင့်စသော အနေအထားတို့ကို အပူအအေး ဥတုနှစ်မျိုးလုံး ရယူနိုင်ရန် မနိမ့်လွန်း မမြင့်လွန်း မကျယ်လွန်း မကျဉ်းလွန်းစေပဲ အလယ်အလတ် စီရင်အပ်ကုန်၏၊ တံခါးမ (= ဝင်တံခါး) လေသာနန်းပြူတင်းတို့မှာလည်း ဥတုနှစ်ပါးနှင့် သင့်တင့်ညီညွတ်အောင် အချို့ကို စေ့စေ့စပ်စပ် ပျဉ်ချပ်တံခါးရွက် တပ်၍၎င်း အချို့အချို့ကို နန်းပေါက်တံခါးရွက် ဇာပေါက်တံခါးရွက် တပ်၍၎င်း စီရင်အပ်ကုန်၏၊ ပန်းချီဆေးရေးရုပ်များကိုလည်း အချို့နေရာ၌ မီးတောက်မီးလျှံနှင့်စပ်သော ရုပ်ပုံ, အချို့နေရာ၌ ရေကန်ရေအိုင်နှင့်စပ်သော ရုပ်ပုံတို့ဖြင့် ရေးသား ပြုလုပ်အပ်ကုန်၏၊ အဝတ်အရုံ အခင်း အစရှိသည်တို့ကိုလည်း ဥတုနှစ်ပါးနှင့် လိုက်လျောညီညွတ်အောင် ရှေးစံနန်းတော် နှစ်ဆောင်၌ ပြအပ်ပြီးသည့် အဝတ်အရုံ အခင်း နှစ်မျိုးစုံ ရောယှက်၍ ပြုလုပ်စီရင်ထားကုန်၏။ အချို့သော တံခါးတို့ကို နေ့အခါဖွင့်၍ ညဉ့်အခါ ပိတ်၍ထားကြကုန်၏။ အချို့သောတံခါးတို့ကို

၁၃၄

နေ့အခါပိတ်၍ ညဉ့်အခါ ဖွင့်၍ထားကြကုန်၏။ (ဤမိုးရာသီ စံနန်းတော်၏ ပြည့်စုံတင့်တယ်ပုံတို့သည် ဆောင်းရာသီ စံနန်းတော် နွေရာသီစံနန်းတော်တို့၏ တင့်တယ်ပြည့်စုံပုံနှင့် တူကုန်၏။)

လေးတော်တင်ခဏ်း

အလောင်းတော်မင်းသား လေးအတတ်ကို ပြတော်မူခြင်း

     ဤသို့ ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးသည် သားတော် စံမြန်းရန်အလို့ငှါ မင်းဆက်တကာတို့ မစံရဘူးသေးသည့် ကြီးကျယ်ခမ်းနား ဆန်းပြား တင့်တယ်ကုန်သော စံနန်းတော် သုံးဆောင်တို့ကို ဆောက်လုပ် စီရင်စေတော်မူပြီးသောအခါ “ငါ၏ သားတော်သည် ဆယ့်ခြောက်နှစ်မြောက် အရွယ်သို့ ရောက်လေပြီ၊ သားတော်အား ထီးဖြူစိုက်ဆောက် မင်းအဖြစ်သို့ မြှောက်ပြီးလျှင် မင်းစည်းစိမ်အသရေ ခံစား၍နေသည်ကို ငါ ကြည့်ရှုပေတော့အံ့”ဟူ၍ ကြံစည်ပြီးလျှင် ဆွေတော်ရှစ်သောင်း သာကီဝင်မင်းအပေါင်းတို့ထံသို့ “သာကီဝင်မင်းအပေါင်းတို့.. ငါ၏သားတော်သည် ယခုအခါ အရွယ်တော်မြောက် တဆယ့်ခြောက်နှစ်သို့ ရောက်ခဲ့လေပြီ၊ ထို ငါ့သားတော်ကို မင်းအဖြစ်၌ တည်စေတော့အံ့၊ အလုံးစုံသော သာကီဝင်မင်းတို့သည် မိမိ မိမိ၏ နန်းအိမ်တို့၌ အရွယ်သို့ရောက်ပြီးသော သမီးကညာတို့ကို ငါ၏ စံနန်းတော်သို့အရောက် ပို့ဆောင် ဆက်သကြကုန်လော့”ဟူ၍ သဝဏ်လွှာ အသီးသီးကို ပေးပို့တော်မူလေ၏။

     သာကီဝင်မင်းအပေါင်းတို့သည် သဝဏ်လွှာပါ သတင်းစကားကို ကြားသိကြသောအခါ “သိဒ္ဓတ္ထမင်းသားသည် ပညာမဖက် သက်သက်အားဖြင့် ကြည့်ကောင်းရှုသာ ရုပ်အဆင်းနှင့် ပြည့်စုံသူသာ ဖြစ်ချေသည်၊ အတတ်ပညာ တစုံတရာကိုမျှ မတတ်သဖြင့် သားမယားတို့အား ကျွေးမွေးထိန်းသိမ်းရန် တာဝန်ကို ကျေပြွန်ပြည့်စုံအောင် ရွက်ဆောင်နိုင်လိမ့်မည်မဟုတ်၊ သို့ရကား ငါတို့သည် သုဒ္ဓေါဒနမင်းကြီး တောင်းဆို သည့်အတိုင်း သမီးတော်များကို

၁၃၅

မပေးနိုင်ကုန်”ဟူ၍ ရှုတ်ချ ငြင်းဆန်သော စကားကို ပြန်ကြား ပြောဆိုလိုက်ကြကုန်၏။

(ဤစကားအစဉ်သည် ဗုဒ္ဓဝင်အဋ္ဌကထာ, အင်္ဂုတ္တရအဋ္ဌကထာနှင့် ဇိနာလင်္ကာရဋီကာတို့၌ ဖွင့်ဆိုသော စကားအစဉ်ဖြစ်သည်၊ ဇာတ်အဋ္ဌကထာနိဒါန်း ဗုဒ္ဓဝင်ခဏ်း၌ကား အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ပြာသာဒ်သုံးဆောင်ထက်၌ အဂ္ဂမဟေသီ ယသောဓရာဒေဝီ အမှူးရှိသော မောင်းမနန်းသူအပေါင်း လေးသောင်းသော ရံရွေတို့နှင့် စံနေတော်မူသောအခါသို့ တိုင်ရောက်မှ သာကီဝင်မင်းတို့၏ အစည်းအဝေးတခု၌ သိဒ္ဓတ္ထမင်းသားကို ဆွေတော်မျိုးတော်တို့က ရှုတ်ချဝေဘန်သော စကားတရပ်အနေဖြင့်သာ လာရှိ၏။)

     သုဒ္ဓေါဒန မင်းတရားကြီးသည် သမီးကညာတို့၏အရှင် သာကီဝင်မင်းတို့ ပြန်ကြားသော ထိုစကားကို ကြားသိတော်မူလေလျှင် သားတော် အလောင်းမင်းသားထံသို့ သွား၍ ထိုအကြောင်းကို မိန့်ကြား ပြောဆိုသည်တွင် အလောင်းတော်မင်းသားက “ခမည်းတော်မင်းကြီး.. အကျွန်ုပ်မှာ အတတ်ပညာ သင်ကြားဖွယ်မလိုပါ၊ ယခုအခါ မဟာဆွေတော်မျိုးတော်တို့အား မည်သည့်အတတ်ကို ပြစေလိုပါသနည်း၊ မည်သည့်အတတ်ကို ပြသင့်ပါသနည်း”ဟု မေးမြန်း၍ “ချစ်သား.. ယခုအခါ မဟာဆွေတော်မျိုးတော်တို့အား ပိုလ်တထောင်တင် လေးအတတ်ကို ပြသင့်ပေ၏”ဟု ဆိုပေသော် “ခမည်းတော်မင်းကြီး.. သို့တပြီးကား ဤနေ့မှနောက် ခုနစ်ရက်မြောက်သောနေ့၌ လေးအတတ်ကို အကျွန်ုပ် ပြပါအံ့၊ လေးအတတ်ကို ပြသမည့် အကြောင်း ရွှေမြို့တော်အတွင်း၌ စည်လည်စေတော်မူပါလော့”ဟု လျှောက်သဖြင့် ခမည်းတော် မင်းတရားကြီးသည် ကပိလ၀တ် နေပြည်တော်အလုံး၌ အနှံ့အပြား ကြားသိကြအောင် စည်လည်စေတော်မူ၏။

(သဟဿထာမဓနု-ဟူသော ပါဠိတော်အတွက် ယောက်ျားဗိုလ်ခြေတထောင် တင်ရ ချရသော လေးဟူ၍လည်း (အင်္ဂုတ္တရ တိကနိပါတ် အဋ္ဌကထာ, ၎င်းဋီကာ, ဗုဒ္ဓဝင် အဋ္ဌကထာတို့နှင့်အညီ) အနက်ပေးသင့်ကြောင်းကို၎င်း “ချိန်ဝန်ကို ဆိုသည်ဖြစ်မူကား ချိန်ဝန်တထောင်ကို

၁၃၆

နိုင်သောလေးကို သဟဿထာမဓနု ဆိုသည် ဖြစ်တန်ရာ၏” ဟူ၍၎င်း ( သမန္တစက္ခုဒီပနီကျမ်း ပဌမအုပ် စာမျက်နှာ (၃၃)၌ အကျယ်လာသည်၊ အလိုရှိမူ ထိုကျမ်း၌ ကြည့်ရှုရာ၏။

တပိုလ်လျှင် လေးကျပ်သားရှိ၏၊ ပိုလ်တထောင်= ကျပ်လေးထောင်= ပိဿာလေးဆယ် အချိန်စီးသော အလေးသံခဲကို လေးညှို့= လေးကြိုး၏အလယ်၌ ဖွဲ့ချည်၍ လေးကိုင်းကို တုတ်လျှို၍ထမ်းသော် အလေး မြေမှကြွသည်နှင့် လေးညှို့= လေးကြိုးလည်း မြားပစ်ရာဌာနသို့ရောက်၍ တင်ပြီးဖြစ်လေ၏၊ ထိုလေးမျိုးကို ပိုလ်တထောင်တင်လေးဟု ခေါ်သည်ဟူသော အဆိုအမိန့်သည် အလယ်အလတ် ကျလှပေ၏။ ထို့ကြောင့် ဤကျမ်း၌ ထိုအတိုင်း ရေးသားခဲ့သည်။

လေးအရာ၌ လာရှိသော ဒဠှဓနု= သန်မာလှသည့် ဆရာကိုင်လေးကို ဖွင့်ဆိုသော သံယုတ်အဋ္ဌကထာ ဋီကာ စသည်တို့၏ အလိုအားဖြင့် “တဘာရ= ချိန်ဝန်တခုလျှင် ပိုလ်နှစ်ထောင်ရှိသည်၊ ထိုသည့် ပိုလ်နှစ်ထောင် (ကျပ်ချိန်ရှစ်ထောင်= ပိဿာချိန် ရှစ်ဆယ်) ချိန်ဝန်တခုစီးသော အလေးသံခဲ ကြေးခဲကို လေးညှို့ = လေးကြိုး၏အလယ်၌ ဖွဲ့ချည်၍ လေးကိုင်းကို တုတ်လျှို၍ထမ်းသော် အလေး မြေမှကြွသည်နှင့် လေးညှို့= လေးကြိုးသည် မြားအရှည်ပမာဏ မြားပစ်ရာဌာနသို့ ရောက်၍ တင်ပြီးဖြစ်လေ၏၊ ထိုလေးကို ဒဠှဓနု= သန်မာလှသည့် (ဆရာကိုင်) လေးခေါ်ကြောင်း” ဖွင့်ဆိုသဖြင့် ထိုအတိုင်းသော်လည်း မှတ်ယူရာ၏။

သရသဒ္ဒ၊ အက္ခဏနှင့်၊ ဝါလဝေဓိ၊ လေးထွေရှိသည်၊ သရိတပိုင်း၊ သက်တင်ကိုင်းနှင့်၊ ကွန့်လှိုင်းကိုးထွာ၊ ညှို့သန္တာတွင်၊ တဘာရရှည့်၊ ပိုလ်ထောင်ပြည့်တည့်၊ ရောင်ခြည့်အစုတ်၊ လှည့်ရစ်ဖြုတ်က၊ ရှစ်ဥဿဘ၊ သုန္ဓရနှင့်၊ သီတာ့တသွန်၊ သားသားကွန်၍၊ မြားမွန်ပတ်ဝုတ်၊ ပြာသာဒ်ထုတ်လျက်၊ တမုတ်ရစ်သိုင်း၊ တံတိုင်းရံကာ၊ တတန်လာသော်၊ တဠာကကန်၊ တုံ့ပြန်ဘီလာ၊ အစုံဖြာသည်၊ ပဒုံမာချပ်၊ မုံအာထပ်သို့၊ မဏ္ဍပ်တင့်ဆန်း၊ မြားမိုးပန်းနှင့်၊ စောင်းတန်းတန္တု၊ စီမံပြုသား၊ တခုအခံ၊ တခုပျံလျက်၊ နဘံနဘေ၊ အလျှံဝေမျှ၊ စံရွှေနိတုံ၊ ရန်မျိုးလုံသည်၊ ဓနုံဒဠှ၊ ဓနုဂ္ဂဟု၊ မုချဘွဲ့နှင်၊ ဆယ့်နှစ်အင်တည့်၊ သရဘင်ဇာတ်၊ တသွင်မှတ်လျက်၊ ဒွိသဟသ်ဆောင်၊ ပိုလ်နှစ်ထောင်ကို၊ ခေါင်ခေါင်ခိုင်ကျန်း၊ ပြိုင်မနှန်းလိမ့်။ (စန္ဒကိန္နရီပျို့၊ ပိုဒ်ရေ ၈၃-မှ)

၁၃၇

အမှန်တွက်စစ်၊ ဆယ့်နှစ်နှစ်လုံး၊ သင်ထုံးကိစ္စ၊ တသိပ္ပတည့်၊ ဒဠှဓနု၊ မည်ပြုပြဋ္ဌာန်း၊ ခိုင်ကျန်းခက်မာ၊ လူ့ရွာခေါ်ရေး၊ ငါးရွေးတပဲ၊ ဆယ့်ခြောက်ပဲမူ၊ မှတ်ယူတစ်ကျပ်၊ လေးကျပ်တပိုလ်၊ ယင်းပိုလ်တထောင်၊ တင်ဆောင်ပိုက်ကွေး၊ ဆရာ့လေးဖြင့်၊ မြားရေးကြီးငယ်၊ လေးသွယ်,ဆယ့်နှစ်၊ ဆွဲငင်ပစ်သား၊ မုန်ယစ်ပေါက်ထီး၊ ငါးစီးအားအန်၊ ယောက်ျားလွန်တို့၊ လျင်မြန်လျှပ်လျှပ်၊ မိုးတလျှပ်၌၊ ထပ်ထပ်စင်လျက်၊ ခုနစ်ချက်နှင့်၊ ရှစ်ချက်မြားရေး၊ လက်မထွေးသို့။ (မဃဒေဝလင်္ကာသစ် ပိုဒ်ရေ ၄၄၆-မှ)

     စည်လည်စေတော်မူပြီး၍ သားတော်အလောင်းမင်းသား လေးအတတ်ကို ပြဘို့ရန် နေရာနှင့်တကွ မှူးတော်မတ်တော် မောင်းမမိဿံ ခြွေရံသင်းပင်း မင်းမှုထမ်းများ စစ်သည်တော်များ မဟာဆွေတော် မျိုးတော်များ ကြည့်ရှုရန် နေရာ အခမ်းအနား စသည်တို့ကို ပြည့်စုံစွာ စီရင်ထားရှိ၍ ခုနစ်ရက်မြောက် အချိန်စေ့ရောက်သဖြင့် နေရာအသီးသီးတို့၌ မင်းနှင့်တကွ မှူးမတ်ပရိသတ် ဗိုလ်ပုံတို့ စုံညီစည်းဝေးမိသော အခါ အလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသားသည် မင်းချင်းယောက်ျားတို့ ဆက်သအပ်သော ဗိုလ်ခြေတထောင် တင်ရ ချရသော လေး (တနည်း- ပိုလ်ဝန်အချိန် တထောင်၊ တနည်း- ပိုလ်ဝန်အချိန် နှစ်ထောင်ဖြင့် တင်ရသောလေး)ကို ရတနာပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ (တင်ပလ္လင်ခွေ) နေတော်မူရင်းကပင် လေးညှို့= လေးကြိုးကို ခြေမတချောင်းဖြင့် ရစ်ပတ်ဆွဲငင်၍ တင်တော်မူပြီးလျှင် လက်ဝဲလက်တော်ဖြင့် လေးကိုင်း= လေးပျဉ်းကို ကိုင်တော်မူ၍ လက်ျာလက်တော်ဖြင့် လေးညှို့= လေးကြိုးကို ဆွဲငင်ညှိသဖြင့် တဒင်ဒင် တဒိန်းဒိန်း မြည်ဟိန်းသောအသံသည် အလွန်လျှင် ပြင်းထန်လတ်ရကား ကပိလဝတ်ပြည်အလုံး ခြိမ့်အုန်းပဲ့တင်လျက် ကောင်းကင်သို့ ပျံတက်လွင့်မြောက်တော့မည်ကဲ့သို့ ရှိချေ၏။

     ထိုအခါ “ဤအသံကား အဘယ်အသံနည်း”ဟု အချို့လူများ ပြောကြား မေးမြန်းကြသည်ကို “မိုးထစ်ချုန်းသော အသံတည်း”ဟု အချို့လူများက ဖြေကြား ပြောဆိုကြကုန်၏၊ ထိုအခါ

၁၃၈

အခြားလူများက “အမောင်တို့ မသိကြပါဘူး၊ ဤအသံကား မိုးထစ်ချုန်းသော အသံမဟုတ်၊ ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာလျက် ကိုယ်မှာပြိုးပြက် အရောင်ထွက်သော သကျထွတ်ထား သိဒ္ဓတ္ထမင်းသား၏ ဗိုလ်ခြေတထောင်ငင် (တနည်း- ပိုလ်ချိန် နှစ်တောင်ငင်) လေးတော်ကိုတင်ပြီးလျှင် လေးကြိုး= လေးညှို့ကို ညှိခတ်သည့်အတွက် ပေါ်ထွက်လာသော အသံဖြစ်သည်”ဟု ဆိုကြကုန်၏။

     သာကီဝင်မင်းအပေါင်း ရှစ်သောင်းကုန်သော မဟာဆွေတော် မျိုးတော်တို့သည် အလောင်းတော်မြတ် လေးညှို့= လေးကြိုးကို ညှိခတ်၍ပြလျှင်ပင် အလွန် အားရနှစ်သက်သော စိတ်နှလုံး ရှိကြလေကုန်၏။

မြားရေးငယ် ၁၂-ပါးကို ပြတော်မူခြင်း

     အလောင်းတော်မြတ် ဗောဓိသတ်သည် ကပိလ၀တ်ပြည်တော်တွင် အလွန်လျှင် ကျော်စောကုန်သော အက္ခဏဝေဓိ, ဝါလဝေဓိ, သရဝေဓိ, သဒ္ဒဝေဓိ အမည်ရှိကြသော လေးဆရာကြီးတို့ကို ခေါ်စေ၍ မင်းရင်ပြင်၌ စည်းဝေးစေပြီးလတ်သော် ကိုယ်တော်မြတ်မူကား (စတ္တာလီသနိပါတ် သရဘင်္ဂဇာတ်တော်လာ အလောင်းတော်ဘ၀ ဇောတိပါလလုလင် ဖြစ်စဉ်တုန်းကကဲ့သို့ပင်) ပတ္တမြားပြောက်ဖြင့်ပြီးသော ချပ်မိန်ညို မျဉ်းတိုမျဉ်းရှည် စသည်တို့ကို ဝတ်၍ န၀ရတ်ကိုးသွယ် စီခြယ်အပ်သာ သင်းကျစ်မကိုဋ်ကို ဦးခေါင်းတော်၌စွပ်လျက် တခဲနက် ရတနာခုနစ်ပါးဖြင့်ပြီးသော ခါးကြိုးကိုပန်း၍ လခြမ်းသဏ္ဌာန်ရှိသော သားချိုလေးဝယ် သန္တာအသွေးရှိသော ညှို့ (ကြိုး)ဖြင့်ဖွဲ့လျက် မြအဆင်းရှိသော တောင့် (မြားပုံး မြားကျည်တောက်)ကို လွယ်ပြီးလျှင် မြေကြီးကိုခွဲ၍ထွက်သော နဂါးလုလင်ကဲ့သို့၎င်း, စစ်သဘင် ကျင်းပရာသို့ထွက်သော သိကြားမင်းကဲ့သို့၎င်း ပရိသတ်လေးပါးအလယ်၌ တင့်တယ်စွာ ရပ်တော်မူပြီးလျှင် ရှေးယခင် ဖော်ပြရာပါ လေးဆရာကြီး (၄)မျိုးတို့ကို လေးထောင့်ကန်ပမာ အထောင့်လေးမျက်နှာအရပ်က နေစေပြီးသော် မြားကမ်းသူ

၁၃၉

(= မြားပေးသူ)နှင့်တကွ သုံးသောင်း သုံးသောင်းစီသော မြားတို့ကို အသီးသီးအပ်၍ ကိုယ်တော်မြတ်မူကား ၀ဇီရစိန်စဉ်းသွားတပ်သော မြားကို စွဲကိုင်တော်မူကာ ထိုလေးဆရာကြီးတို့ကို တညီတညွတ်တည်း တပြိုင်နက်တည်း ငါ့ကို ပစ်ကြကုန်ဟု ဆိုတော်မူ၏။

     (၁) လေးဆရာကြီးတို့က “အရှင့်သား.. အကျွန်ုပ်တို့ကား လျှပ်တပြက်တွင် အချက်များစွာ မှန်အောင်ပစ်နိုင်သော (= အက္ခဏဝေဓိ) လေးဆရာကြီးများ, ခါးရမ်းသီးစသော အမှတ်ဖြင့် သားမြီးမွေးမျှင်ကိုလျက် ထက်ဝက်ဗဟို ဖောက်ထွင်းအောင် ပစ်ခွင်း နိုင်သော (= ဝါလဝေဓိ) လေးဆရာကြီးများ, ရှေ့ပစ်လိုက်သောမြားကို နောက်မြားဖြင့် မှန်အောင်ပစ်နိုင်သော (= သရဝေဓိ) လေးဆရာကြီးများ, မျက်စိဖြင့် မကြည့်မရှုရပဲ အသံကိုနားထောင်၍ မှန်အောင်ပစ်နိုင်သော (= သဒ္ဒဝေဓိ) လေးဆရာကြီးများ ဖြစ်ကြပါသည်၊ အရှင့်သားကား အသက်နုနယ် ပျိုရွယ်သူ ဖြစ်ပါသည်၊ အကျွန်ုပ်တို့ မပစ်ရက်ပါကုန်”ဟူ၍ လျှောက်ဆိုကြကုန်၏။ အလောင်းတော်မင်းသားက “မစိုးရိမ်ကြကုန်လင့်၊ သင်တို့ မှန်အောင်ပစ်နိုင်ကြလျှင် ငါ့ကို ပစ်သာပစ်ကြကုန်”ဟု မိန့်တော်မူ၍ မင်းကွန်း၏အလယ် ကျယ်လှသော အပြင်ဝယ် ရွှေခြင်္သေ့ကဲ့သို့ မကြောက်မရွံ့ ရပ်တည်တော်မူ၏။ လေးဆရာကြီးတို့လည်း စွမ်းပကားရှိသမျှ အားထုတ်လျက် တပြိုင်နက်တည်းပင် လျှပ်တပြက်လျှင် အချက်ပေါင်း ရာထောင်ရှိမျှ ပစ်လွှတ်ကြလေသည်။ အလောင်းမင်းသားသည် လာလာ သမျှသော မြားတို့ကို ၀ရဇိန်စဉ်းသွားတပ်သော မြားတစင်းဖြင့်သာ ဆီးကာပုတ်ခတ်၍ ဟုတ်ဟုတ်ငြားငြား ကျချင်ရာသို့ ကစဉ်ကလျား မကျသွားစေပဲ မြားသွားအချင်းချင်း မြားမြီးအချင်းချင်း မြားတံအချင်းချင်း မြားရွက်အချင်းချင်း တစင်းကိုတစင်း မလွန်အောင်ကျစေ၍ သရဂဗ္ဘ=ခေါ် မြားတိုက်ခန်းကြီးဖြစ်အောင် ပြုတော်မူလေသည်။ လေးဆရာကြီးတို့၏ မြားအစင်းပေါင်း သုံးသောင်းစီ သုံးသောင်းစီတို့ကား ကုန်ခဲ့ လေကုန်ပြီ။ အလောင်းမင်းသားသည် ထိုဆရာကြီးများ၏ မြားကုန်ကြောင်း ကောင်းစွာ

၁၄၀

သိတော်မူ၍ မြားတိုက်ခန်းကြီးကို မပျက်စီးစေပဲ ခုန်လွှားတက်၍ အပြင်သို့ ထွက်တော်မူခဲ့လေသည်။

     ဤသို့ မြားအလာကို ဆီးကာပယ်ရှားသော= (၁) သရပဋိဗာဟနခေါ် မြားရေးကို ပြတော်မူရာတွင် ထက်ဝန်းကျင် မြေပြင်ပြည့်မျှ ကြည့်ရှုနေကြသော မင်းညီမင်းသား ပုဏ္ဏားသူဌေးစသော ပရိသတ်တို့၏ ရင်ပပ်လက်တီး အံ့ချီးထောမနာသော အသံသည် မိုးယံအပြင် တော်ပဲ့တင်ဟည်းလျက် မြေကြီးတုန်လုမျှ ရှိလေသည်။

(ဤကား (၁) မိမိ၏ မြားတစင်းဖြင့် ရန်သူတို့ ပစ်အပ်သမျှများစွာ မြားအလာကို ဆီးကာပုတ်ချသော (= သရပဋိဗာဟန) မြားရေးတည်း။)

     (၂) ထိုအခါ သုဒ္ဓေါဒန မင်းတရားကြီးက အလောင်းတော်မင်းသားကို “ချစ်သား.. ယခု ချစ်သားပြသော မြားအတတ်သည် အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူသည်တွင် အလောင်းတော် မင်းသားက “ခမည်းတော်.. ဤယခု သားတော်ပြသော မြားအတတ်ကား မိမိ၏မြားဖြင့် ရန်သူ၏မြားအလာကို ဆီးကာဟန့်တားသော (= သရပဋိဗာဟန) မြားရေးအတတ်မည်ပါသည်”ဟု ဖြေကြားတော်မူသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက “ချစ်သား.. ချစ်သားမှတပါး ဤမြားရေးအတတ်ကို တတ်သိသူများ ရှိကုန်၏လော”ဟု မေးမြန်းတော်မူ၍ “ဇမ္ဗူဒိပ်ကျွန်းအလုံး၌ သားတော်ကိုထား၍ ဤမြားရေးအတတ်ကို တတ်သိသူ တပါးသောသူ မရှိပါခမည်းတော်”ဟူ၍ အလောင်းမင်းသား ပြန်ကြား လျှောက်ထားသဖြင့် ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက “ချစ်သား.. ဤမြားရေးမှတပါး အခြားသော မြားရေးကို ပြဦးလော့”ဟု မိန့်ဆိုလေသော် “ခမည်းတော်.. ဤလေးဆရာကြီး (၄)ဦးတို့သည် လေးထောင့်က ရပ်တည်၍ သားတော်တဦးတည်းကို မှန်အောင် မပစ်နိုင်ကြကုန်၊ သားတော်တမူကား လေးထောင့်က

၁၄၁

ရပ်တည်ကြသော ဤလေးဆရာကြီး (၄)ဦးလုံးတို့ကို မြားတစင်းတည်းဖြင့် မှန်အောင်ပစ်၍ ပြပေအံ့”ဟူ၍ အလောင်းတော်မင်းသားက ပြောကြားသောအခါ ထိုလေးဆရာကြီး (၄)ဦးတို့သည် မရပ်မတည်နိုင် အလွန်ပင် ကြောက်ရွံ့တုန်လှုပ်ကြကုန်၏။

     ထို့နောက်မှ အလောင်းတော် မင်းသားသည် ထိုလေးသမား လေးဆရာကြီး (၄)ဦးတို့၏နေရာ ထောင့်လေးမျက်နှာအရပ်တို့၌ ငှက်ပျောပင် (၄)ပင်တို့ကို စီစိုက်ထားစေ၍ ၀ဇိရစိန်စဉ်းသွားတပ်သော မြား၏အမြီးဖျား၌ ပိုးနီကြိုးကို ချည်ပြီးလျှင် တခုသော ငှက်ပျောပင်ကို ချိန်ရွယ်၍ ပစ်လိုက်လေ၏၊ ပစ်လိုက်သော ထိုမြားသည် ချိန်ရွယ်ရင်း ပဌမငှက်ပျောပင်ကို ဖောက်ထွင်းပြီးလျှင် မရပ်နားသေးပဲ ထိုပဌမငှက်ပျောပင်မှသည် ဒုတိယငှက်ပျောပင်သို့ ဖောက်ထွင်း၍ ထိုမှသည် တတိယငှက်ပျောပင်ကို ဖောက်ထွင်းပြီး ထိုမှသည် စတုတ္ထငှက်ပျောပင်ကို ဖောက်ထွင်းပြီးမှ တဖန် ပဌမ ချိန်ရွယ်ရင်း ငှက်ပျောပင်ကို ဖောက်ထွင်းပြီးလျှင် အလောင်းမင်းသား၏ လက်တွင်း၌သာလျှင် တည်လာလေ၏။ ငှက်ပျောပင် လေးပင်တို့သည် ပိုးနီကြိုးဖြင့် ဖောက်ထွင်း သွယ်တန်း ဝန်းရံအပ်လျက် စက်ဝန်းသဏ္ဌာန် တည်ရှိကြလေကုန်၏။ လူများအပေါင်းသည် ပဲ့တင်ခြောင်းမျှ ကောင်းကြီးကြွေးကြော် ဟစ်အော်ကြကုန်၏။

     ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက အလောင်းတော်မင်းသားကို “ချစ်သား.. ယခု ချစ်သားပြသော မြားအတတ်သည် အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူသည်တွင် အလောင်းတော် မင်းသားက “ခမည်းတော်.. ဤယခု သားတော်ပြသော မြားအတတ်ကား တကြိမ်တည်း ပစ်သောမြားဖြင့် ရည်မှန်း ရာရာကို စက်ဝန်းအသွင် မှန်စေပြီးမှ လက်တွင်းသို့ မြားပြန်လာသော (= စက္ကဝေဓိ) မြားရေးအတတ် မည်ပါသည်ဟု ကြားတော်မူလေသည်။

၁၄၂

(ဤကား (၂) တကြိမ်တည်းပစ်သော မြားဖြင့် ရည်မှန်းရာရာကို စက်ဝန်းအသွင် မှန်စေပြီးမှ မိမိလက်တွင်းသို့ မြားပြန်လာသော (= စက္ကဝေဓိမည်သော) မြားရေးတည်း။)

     ထိုမှတဖန် ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက “ချစ်သား.. ဤမှတပါးသော မြားရေးအတတ်တို့ကိုလည်း ပြဦးလော့”ဟု ဆိုသဖြင့် အလောင်းတော် မင်းသားသည်-

     (၃) နွယ်တန်းသကဲ့သို့ မြားတန်းမပြတ်အောင် ပစ်ခြင်းတည်းဟူသော (= သရလဋ္ဌိ) မြားရေးအတတ်ကို၎င်း,

     (၄) ကြိုးအစဉ်ကဲ့သို့ ပစ်ခြင်းတည်းဟူသော(= သရရဇ္ဇု) မြားရေးအတတ်ကို၎င်း,

     (၅) မြားတို့ကို ပြာသာဒ်သဏ္ဌာန်ထင်အောင် ပစ်ခြင်းတည်းဟူသော (= သရပါသာဒ) မြားရေးအတတ်ကို၎င်း,

     (၆) မြားတို့ကို စောင်းတန်းဆင့်အောင် (= စောင်းတန်းသဏ္ဌာန်ထင်အောင်) ပစ်ခြင်း တည်းဟူသော (= သရသောပါန) မြားရေးအတတ်ကို၎င်း,

     (၇) မြားတို့ကို မဏ္ဍပ် အုပ်သကဲ့သို့ (= မဏ္ဍပ်အသွင်)ပေါ်အောင် ပစ်ခြင်း တည်းဟူသော (= သရမဏ္ဍပ) မြားရေးအတတ်ကို၎င်း,

     (၈) မြားတို့ကို တံတိုင်းဝိုင်းအောင် (= တံတိုင်းသဏ္ဌာန် ထင်အောင်) ပစ်ခြင်းတည်းဟူသော (= သရပါကာရ) မြားရေးအတတ်ကို၎င်း,

     (၉) မြားတို့ကို လေးထောင့်ရေကန်သဏ္ဌာန် ထင်အောင် ပစ်ခြင်းတည်းဟူသော (= သရပေါက္ခရဏီ) မြားရေးအတတ်ကို၎င်း,

၁၄၃

     (၁၀) ပဒုမာ ကြာပွင့်ချပ်ကဲ့သို့ မြားထပ် အဆိုင်ဆိုင်တက်အောင် ပစ်ခြင်းတည်းဟူသော (= သရပဒုမ) မြားရေးအတတ်ကို၎င်း,

     (၁၁) ရှေ့ပစ်လိုက်သော မြားကို နောက်မြားဖြင့် မှန်အောင် ပစ်ခြင်းတည်းဟူသော (= သရဝေဓိ) မြားရေး အတတ်ကို၎င်း,

     (၁၂) မြားမိုးရွာစေခြင်း (= မိုးရွာသည်နှင့် တူအောင်) မြားတို့ကို ပစ်၍ပြခြင်း တည်းဟူသော (= သရ၀ဿ) မြားရေးအတတ်ကို၎င်း- တမျိုးပြီးတမျိုး ဆင့်ကာဆက်ကာ ပြတော်မူ၏။ ဤကား မြားရေးငယ်အတတ်(၁၂)ရပ်တို့တည်း။

မြားရေးကြီး (၄)ပါးတို့ကို ပြတော်မူခြင်း

ထိုမှတပါးလည်း အလောင်းတော် မင်းသားသည် ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီး အမှူးပြုသော ပရိသတ်ဗိုလ်ပုံတို့အား-

     (၁) လျှပ်တပြက်တွင် အချက်ပေါင်းများစွာ မချွတ်မယွင်း မှန်အောင်ပစ်ခြင်း တည်းဟူသော (= အက္ခဏဝေဓိ) မြားရေးကြီး အတတ်ကို၎င်း၊ (၂) ခါးရမ်းသီးစသော အမှတ်ဖြင့် သားမြီးမွေးမျှင်ကိုလျက် ထက်ဝက်ဗဟို ဖောက်ထွင်းအောင် ပစ်ခွင်းခြင်း တည်းဟူသော (= ဝါလဝေဓိ) မြားရေးကြီး အတတ်ကို၎င်း၊ (၃) ရှေ့ပစ်လိုက်သော မြားအဆက်ဆက်ကို နောက်ပစ်လိုက်သော မြားအဆက်ဆက်ဖြင့် ချက်တိုင်းမှန်အောင် ပစ်ခွင်းခြင်း တည်းဟူသော(= သရဝေဓိ) မြားရေးကြီး အတတ်ကို၎င်း၊ (၄) မျက်စိဖြင့် မကြည့်မရှုရပဲ အသံကို နားထောင်၍ မှန်အောင်ပစ်ခွင်းခြင်း တည်းဟူသော(= သဒ္ဒဝေဓိ) မြားရေးကြီးအတတ်ကို၎င်း- ဤဆိုအပ်ပြီးသည့် မြားရေးကြီးအတတ် (၄)မျိုးတို့ကိုလည်း ပြသတော်မူပေ၏။

၁၄၄

ထုထယ်ကြီးခုနစ်မျိုးကို ထုတ်ချင်းထွင်းအောင် ပစ်ခွင်းပြတော်မူခြင်း

     ဤတွင်မျှ မကသေး၊ အလောင်းတော် မင်းသားသည် ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီး အမှူးပြုသော ပရိသတ်ဗိုလ်ပုံတို့အား ခုနစ်ပါးသော ထုထယ်ကြီးတို့ကို ထုတ်ချင်းထွင်းအောင် ပစ်ခွင်း၍ပြခြင်း တည်းဟူသော (= သတ္တမဟာကာယပဒါလနမည်သော) မြားအတတ်တို့ကိုလည်း ပြတော်မူ၏။

     ထုထယ်ကြီး ခုနစ်မျိုးတို့ ဟူသည်ကား.. (၁) စမ္မကာယ = သားရေထုထယ်၊ (၂) ဒါရုကာယ = သစ်တုံးထုထယ်၊ (၃) လောဟကာယ = ကြေးပြားထုထယ်၊ (၄) အယောကာယ = သံပြားထုထယ်၊ (၅) ဝါလိကကာယ = သဲထုထယ်၊ (၆) ဥဒကကာယ = ရေထုထယ်၊ (၇) ဖလကကာယ == ပျဉ်ချပ်ထုထယ်- ဤခုနစ်မျိုးတို့တည်း။ ထိုထုထယ် ခုနစ်ပါးတို့အနက်-

     (၁) သားရေထုထယ်ကို ဖောက်ထွင်းအောင် ပစ်နိုင်သော အခြား လေးသမားများသည် ကျွဲရေချုပ် တချပ်လောက်ကိုသာ ထုတ်ချင်းထွင်းအောင် အလွန်ဆုံး ပစ်ခွင်းနိုင်ကြသော်လည်း အလောင်းတော် မင်းသားက ကျွဲရေချပ် အထပ်တရာကိုသော်လည်း ထုတ်ချင်းထွင်းအောင် ပစ်ခွင်းပြတော်မူ၏။

     (၂-၇) အခြား တပါးသော လေးဆရာများသည် လက်ရှစ်သစ်ထူသော ရေသဖန်းပျဉ်ချပ်, လက်လေးသစ် ထူသော ပိတောက်သားပျဉ်ချပ် တချပ်မျှလောက်ကိုသာ ထုတ်ချင်းထွင်းအောင် ပစ်ခွင်းနိုင်ကြသော်လည်း အလောင်းတော် မင်းသားသည်ကား ထိုပျဉ်ချပ်မျိုး အထပ်တရာကိုသော်လည်း ထုတ်ချင်းထွင်းအောင် ပစ်ခွင်းပြတော်မူ၏။ ထို့အတူ အခြားတပါးသော လေးဆရာများသည် လက်နှစ်သစ်ထူသော ကြေးနီပြား, လက်တသစ်ထူသော သံပြားတို့ကိုသာ ထုတ်ချင်းထွင်းအောင် ပစ်ခွင်းပြနိုင်သော်လည်း အလောင်းတော် မင်းသားသည်ကား

၁၄၅

ထိုသို့သော ကြေးနီပြား သံပြား အထပ်များစွာတို့ကို ထုတ်ချင်းထွင်းအောင် ပစ်ခွင်းပြတော်မူ၏။ အခြားတပါးသော လေးဆရာများသည် သဲလှည်း ပျဉ်လှည်း ကောက်ရိုးလှည်း တစီးလောက်၏ ရှေ့မှပစ်၍ နောက်သို့ မြားကို ထွက်စေနိုင်, နောက်မှပစ်၍ ရှေ့သို့ မြားကို ထွက်စေနိုင်ကြသော်လည်း အလောင်းတော် မင်းသားသည်ကား ထိုသဲလှည်းများစွာ ပျဉ်လှည်းများစွာ ကောက်ရိုးလှည်းများစွာတို့၏ ရှေ့မှပစ်၍ နောက်သို့ မြားကို ထွက်စေတော်မူ၏၊ နောက်မှပစ်၍ ရှေ့သို့လည်း မြားကို ထွက်စေတော်မူ၏။ အခြားတပါး သော လေးဆရာများသည် ရေ၌ လေးဥသဘခန့် ကုန်း၌ ရှစ်ဥသဘခန့်တိုင်ရုံသာ မြားကို ပစ်နိုင်ကြသော်လည်း အလောင်းတော် မင်းသားသည် ရေ၌၎င်း ကုန်း၌၎င်း ထို့ထက်လွန်သာ ဥသဘများစွာ (အလိုတော် ရှိလတ်သော် ယူဇနာများစွာ) မြားကို ပစ်၍ပြတော်မူ၏။ ။(ဒုကနိပါတ် အသဒိသဇာတ်မှ ထုတ်ဆောင်သည်။)

(ဤကား သတ္တမဟာကာယပဒါလနခေါ်သည့် ထုထယ်ကြီး ခုနစ်မျိုးတို့ကို တိုးလျှိုပေါက် ထုတ်ချင်းထွင်းအောင် ပစ်ခွင်းပြတော်မူခြင်းတည်း။)

အလွန်အံ့ဩဖွယ်ကောင်းသော

ဘုရားအလောင်း အသဒိသမင်းသား၏ လေးအတတ်

အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ဤယခု နောက်ဆုံး ပစ္ဆိမဘဝကို မဆိုထားပါဘိ၊ နုတော်မူစဉ် ပါရမီတော်တို့ကို ဖြည့်စဉ်ကာလ အသဒိသမင်းသားဖြစ်သော အခါကလည်း အလွန် အံ့ဩဖွယ်ကောင်းသော လေးအတတ်ကို ပြတော်မူခဲ့ပေ၏။ ထိုအကြောင်းကို ဤ၌ အလျဉ်းသင့်သဖြင့် အကျဉ်းမျှ ပြဆိုဦးအံ့။

ဘုရားအလောင်းတော်သည် ပါရမီဖြည့်စဉ်ကာလ တခုသောဘဝဝယ် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ သားတော်အကြီး အသဒိသမင်းသားဖြစ်၍ အရွယ်တော်

၁၄၆

ဆယ့်ခြောက်နှစ် ရောက်သောအခါ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးအထံ၌ ဗေဒင်သုံးပုံနှင့်တကွ တဆယ့်ရှစ်ရပ်သော အတတ်တို့ကို ကမ်းဆုံးခတ် တတ်မြောက်တော်မူသည့်ပြင် အထူးသဖြင့် လေးအတတ်၌ သူမတူတန်အောင် သင်ကြား တတ်မြောက်တော်မူ၍ ဗာရာဏသီသို့ ပြန်ရောက်လျှင် ခမည်းတော် ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံခါနီး၌ သားအကြီး အလောင်းတော် အသဒိသမင်းသားကို မင်းမြှောက်ရစ်ကြရန် မှာကြားသွားသော်လည်း အလောင်းတော် အသဒိသမင်းသား ကား မင်းအဖြစ်ကို လက်မခံချေ။ သို့ဖြစ်၍ ညီတော် ဗြဟ္မဒတ်မင်းသားကို မှူးမတ်တို့က မင်းမြှောက်ကြကုန်၏။ အလောင်းတော် အသဒိသမင်းသားကား နေမြဲတိုင်း ပကတိသာ နေပါသည်ကို မင်း၏ခြေရင်း ဝပ်စင်းခစား ကုန်းချောသမားတို့က “အသဒိသမင်းသားသည် ထီးနန်းစည်းစိမ်ကို ချိန်ရွယ် တောင့်တနေသည်”ဟု ပြည့်ရှင်မင်းထံ အလောင်းတော်နှင့် သွေးကွဲစေရန် ကုန်းတိုက်စကား ပြောကြားကြသည်ကို ယုံကြည်ရကား ညီတော် မင်းတရားသည် နောင်တော် အသဒိသမင်းသားကို ဖမ်းဆီးရန် အမိန့်တော်ပြန်လေသည်။

ထိုအခါ ဘုရားအလောင်း အသဒိသမင်းသား၏ အကျိုးလိုလားသော မင်းချင်းယောက်ျား တယောက်က ထိုအကြောင်းကို ဘုရားအလောင်းအား လျှောက်ထားသဖြင့် ဘုရားအလောင်းသည် စိတ်နာကာ ဗာရာဏသီပြည်မှ ထွက်ပြီးလျှင် အခြားတိုင်းတပါးသို့ သွားရောက်၍ “လေးဆရာတယောက် လာရောက်ပြီးလျှင် မင်းနန်းတော်တံခါး၌ ခစားခွင့်ရရန် ရပ်တည်နေကြောင်း” ပြည့်ရှင်မင်းအား ကြားလျှောက်စေ၏၊ မင်းကခေါ်ယူ၍ လခ နှစ်စာအရေး မေးမြန်းသည်တွင် တနှစ်လျှင် ကျပ်တသိန်း လခနှစ်စာဖြင့် အမှုထမ်းရန် သဘောတူညီကြ၍ ထိုအခါမှစပြီးလျှင်

၁၄၇

အလောင်းတော် အသဒိသမင်းသားသည် လေးသမားတယောက်အနေဖြင့် ပြည့်ရှင်မင်းကြီးထံ ခစားနေတော်မူ၏။ ထိုသို့ အလောင်းတော် လေးသမားအသစ်အား တနှစ်လျှင် ကျပ်တသိန်း လခနှစ်စာ ပေးသည်ကို ရှေးရှိရင်းစွဲ လေးသမားဟောင်းတို့က မနာလိုရှုံ့မဲ့၍ ကဲ့ရဲ့ကြကုန်၏။

တနေ့သ၌ ပြည့်ရှင်မင်းသည် ဥယျာဉ်တော်ရှိ မင်္ဂလာကျောက်ဖျာ၏အနီး သရက်ပင်ကြီး၏ ထိပ်စွန်အခေါင်အဖျား၌ သရက်သီးခိုင် တခိုင်ကို မြင်တော်မူ၍ “ဤသရက်ခိုင်ကို တက်၍ မဆွတ်ယူနိုင်”ဟု ဆင်ခြင်တော်မူပြီးလျှင် လေးသမားဟောင်းကြီးတို့ကို ခေါ်စေ၍ “ဤသရက်ခိုင်ကို မြားဖြင့်ဖြတ်ကာ ပစ်ချနိုင်ကြ မည်လော”ဟု မေးမြန်းသောအခါ လေးသမားဟောင်းများက “အရှင်မင်းကြီး.. ထိုသို့ပစ်ချရန် အကျွန်ုပ်တို့အဖို့ ဝန်မလေးပါ။ သို့ရာတွင် အရှင်မင်းကြီးသည် အကျွန်ုပ်တို့၏အလုပ်ကို အကြိမ်များစွာ မြင်ဘူးလှပါပြီ၊ ယခုမှ ရောက်သစ်စ လေးဆရာကား အကျွန်ုပ်တို့ထက် လခနှစ်စာ များစွာတို့ကို ရသူဖြစ်ပါသည်။ ထို လေးဆရာသစ်ကို ပစ်ချစေတော်မူပါ”ဟု တညီတညွတ်တည်း လျှောက်ဆိုကြကုန်၏။

ပြည့်ရှင်မင်းကြီးသည် အလောင်းတော် အသဒိသမင်းသားကို ခေါ်စေ၍ “ချစ်သား.. ထိုသရက်ခိုင်ကို မြားဖြင့် ပစ်ချနိုင်ပါမည်လော”ဟု မေးလတ်သော် အလောင်းတော် မင်းသားက “အရှင်မင်းကြီးတို့ ယခုလျောင်းစက်သော နေရာကို ရပါမူ ပစ်ချနိုင်ပါ၏”ဟု ဆိုတော်မူ၏။ (ပြည့်ရှင်မင်းကြီး လျောင်းစက်နေသော နေရာနှင့် သရက်ခိုင်၏ အညှာသည် အထက်အောက် တည့်၍နေသောကြောင့် ထိုနေရာကို တောင်းခြင်းဖြစ်သည်။) ပြည့်ရှင်မင်းကြီးသည်လည်း လျောင်းစက်ရာ နေရာကို

၁၄၈

ဖယ်ရှား၍ အလောင်းတော် မင်းသားအား ထိုနေရာမှပစ်ရန် အခွင့်ပေးလေသည်။ အလောင်းတော် မင်းသားကား အခြား လေးသမားများကဲ့သို့ လေးကို တကိုင်ကိုင် လှည့်လည်နေသူမဟုတ်၊ အဝတ်တွင်း၌သာ လေးကိုဖွဲ့၍ လှည့်လည်သူ ဖြစ်ရကား တင်းထိမ် ကန့်လန့်ကာကို ဝန်းရံကာစေပြီးလျှင် ထိုအတွင်းသို့ဝင်၍ အပေါ်ရံ ဝတ်လဲတော်အဖြူကို ချွတ်၍ နီမြန်းသော အဝတ်တထည်ကို ဝတ်ဆင်ပြီးလျှင် အောက်ပိုး (ခါးတောင်း)ကြိုက်ပြီးမှ အဝတ်နီတထည်ကို ရင်၌ တင်းကြပ်စွာ ဖွဲ့ချည်၍ အိတ်အတွင်းမှ သန်လျက်တော်ကို ထုတ်ယူကာ လက်ဝဲဘက်၌ လွယ်၌ ရွှေသင်တိုင်းကို သိုင်းဖွဲ့ဝတ်ဆင်ကာ မြားကျည်တောက်ကို ကျောက်ကုန်း၌ လွယ်ပြီးလျှင် သူ့အဆစ်နှင့် သူ့အစပ် ဖွဲ့ယှဉ်အပ်သော ဆိတ်ချိုလေးကြီးကို စွဲကိုင်၍ သန္တာအသွေး နီတွေးသော လေးညှို့ (=လေးကြိုး)ကို တင်ပြီးလျှင် ရတနာသင်းကျပ်တော်ကို ဦးခေါင်း၌ ဆောင်းစွပ်၍ အလွန် ထက်လှစွာသော မြားကို လက်သည်းတော်တို့ဖြင့် စက်ဝန်းတရထည် လည်စေပြီးလျှင် မြေကြီးကို ဖောက်ခွဲထွက်လာသော နဂါးလုလင်ပမာ တင်းထိမ်ကန့်လန့်ကာကို နှစ်ဖြာခွဲလျက် ထွက်တော်မူပြီးလျှင် မြားပစ်ရာဌာနသို့ ကြွသွားတော်မူကာ “အရှင်မင်းကြီး.. ထိုသရက်ခိုင်ကို အထက်သို့ တက်သောမြားဖြင့် ကျအောင်ပစ်ရမည်လော၊ သို့မဟုတ် အောက်သို့ သက်ဆင်းလာသော မြားဖြင့် ကျအောင် ပစ်ရပါမည်လော”ဟု မေးမြန်း သည်တွင် ပြည့်ရှင်မင်းကြီးက “ချစ်သား.. ငါသည် အထက်သို့ တက်သောမြားဖြင့် ကျစေသော လေးသမားများစွာကို မြင်ဘူးလှပါပြီ၊ အောက်သို့ သက်ဆင်းလာသော မြားဖြင့် ကျစေသော လေးသမား (= ကျအောင်ပစ်နိုင်သော လေးသမား)တို့ကို ငါကား မမြင်အပ်ဘူးကုန်၊ သင်ချစ်သားသည် အောက်သို့ သက်ဆင်းလာသော မြားဖြင့် ကျစေလော့ = ကျအောင် ပစ်လေလော့”ဟု ဆိုပေ၏။

၁၄၉

အလောင်းတော် မင်းသားက “မြတ်သောမင်းကြီး.. ဤယခု အကျွန်ုပ် ပဌမပစ်မည့် မြားသည် စတုမဟာရာဇ် နတ်ပြည်တိုင်မြောက် အဝေးသို့ တက်ရောက်ပါလိမ့်မည်။ ထိုစတုမဟာရာဇ် နတ်ပြည်မှ မြားပြန်ကျလာသည်တိုင်အောင် အရှင်မင်းကြီးတို့သည် သည်းခံ စောင့်ဆိုင်းသင့်ပါသည်”ဟု ပြောဆိုလတ်သည်တွင် ပြည့်ရှင်မင်းကြီးလည်း “ကောင်းပြီ”ဟု ဝန်ခံတော်မူ၏။

ထို့နောက် တဖန် အလောင်းတော် မင်းသားသည် ပြည့်ရှင်မင်းကြီးကို “မြတ်သောမင်းကြီး.. ဤယခု အကျွန်ုပ် ပဌမပစ်လိုက်မည့် မြားသည် တက်သွားလတ်သည်ရှိသော် သရက်ခိုင်အညှာကို ထက်ဝက် (တခြမ်း)တိုင်အောင် ဖြတ်၍ တက်သွားပါလိမ့်မည်။ ဤမြားသည် ကောင်းကင်မှတဖန် ပြန်၍ သက်ဆင်းလာသည် ရှိသော် ဆံခြည်ဖျားမှ တိမ်းစောင်းချွတ်လွဲခြင်း မရှိပဲ ကျန်သော သရက်သီးခိုင် အညှာထက်ဝက်ကို တိတိမတ်မတ် ဖြတ်ပြီးလျှင် သရက်သီးခိုင်ကို ယူဆောင်၍ ကျလာပါလိမ့်မည်။ မြတ်သောမင်းကြီး.. ကြည့်တော်မူလော့”ဟု ရဲရဲတောက်စကား မိန့်ကြားတော်မူပြီးလျှင် အဟုန်ကို ဖြစ်စေလျက် မြားကို ပစ်လွှတ်တော်မူလိုက်လေ၏။

ထိုများသည် (အလောင်းတော် ပြောဆိုသည့်အတိုင်း) သရက်ခိုင်အညှာကို ထက်ဝက် (တခြမ်း)တိုင်အောင် ဖြတ်၍ တက်သွားလေ၏။ ဘုရားအလောင်းသည် “ယခုအခါ ထိုမြားသည် စတုမဟာရာဇ် နတ်ပြည်သို့တိုင်မြောက် ရောက်လောက်ပြီ”ဟု သိ၍ ထိုပဌမပစ်လိုက်သော မြားထက် အဟုန်ပြင်းထန် လျင်မြန်သော ဒုတိယမြားတစင်းကို တဖန် ပစ်လွှတ်လိုက်ပြန်၏။ ထိုဒုတိယမြားသည် အထက်သို့ တက်လေ၍ ပဌမမြား၏ မြားလွှာ (= မြားရွက်)၌ ရိုက်ခတ်၍ ထိုပဌမမြားကို အောက်သို့ လည်ကျစေပြီးလျှင်

၁၅၀

မိမိကား တာဝတိံသာနတ်ပြည်သို့တိုင်အောင် တက်လေ၏။ ထိုဒုတိယမြားကို တာဝတိံသာနတ်တို့ ဖမ်းယူကြလေသည်။

ပြန်နစ် သက်ဆင်းလာသော ပဌမမြား၏ ပြင်းထန်သော လေတို့ကို ဖြတ်တောက် သက်ဆင်းလာသော အသံသည် မိုးကြိုးသံပမာ လွန်စွာမြည်ဟည်း မြေကြီးတုန်မတတ် ရှိလတ်ပေ၏။ လူများအပေါင်းက “ဤအသံ ဘာသံနည်း”ဟု ပြောဆိုလတ်သော် အလောင်းတော် မင်းသားက “ဤအသံကား ပြန်လည်သက်ဆင်းလာသော ပဌမမြား၏ အသံဖြစ်သည်”ဟု ပြောဆိုပြီးလျှင် မိမိ မိမိ၏ ကိုယ်ပေါ်၌ မြားကျလာ မည်ကို တွေးကာ ကြောက်သွေးဝင်နေသော လူအပေါင်းကို “မကြောက်ကြပါလင့်”ဟု သက်သာအောင် ပြောကြား၍ “ထိုမြားကို မြေသို့ ကျခွင့်မပေး၊ မည်သူ့ကိုမျှ မထိခိုက်စေမူ၍ ကျွန်ုပ်ပင် ဖမ်းယူပါအံ့”ဟု နှစ်သိမ့်စေတော်မူ၏။

ထိုမြားသည် သက်ဆင်းလတ်သည်ရှိသော် ဆံခြည်ဖျားမျှ တိမ်းစောင်းချွတ်လွဲခြင်း မရှိပဲ လူအများတို့ ကြည့်နေစဉ်ပင် ယခင် တက်သွားစဉ်က ထက်ဝက် ဖြတ်ထားခဲ့ပြီးသော သရက်သီးခိုင်အညှာတံ၏ ကျန်သောထက်ဝက်ကို တိတိမတ်မတ် ထိုးဖြတ်ကာ ထိုသရက်သီးခိုင်နှင့်တကွ မြေသို့ကျလာ၏။ အလောင်းတော် အသဒိသမင်းသားသည် သရက်သီးခိုင်ကို၎င်း မြားကို၎င်း မြေသို့ ကျခွင့်မပေးပဲ ကောင်းကင်မှာပင် ခံလင့်လျက် လက်တဖက်ဖြင့် သရက်သီးခိုင်ကို လက်တဖက်ဖြင့် မြားကို ဖမ်းယူတော်မူ၏။

မင်းနှင့်တကွသော လူများအပေါင်းသည် ထိုသို့ထူးကဲ အံ့ဖွယ်သရဲကို မြင်ကြရ၍ “ငါတို့သည် ဤသို့ သဘောရှိသော အံ့ဩဖွယ်ကို ရှေးက မမြင်အပ်စဘူး”ဟု

၁၅၁

အလောင်းတော်ကို ချီးမွမ်းကြ၏၊ ကောင်းခြီးကြွေးကြော်ကြ လက်ပန်းပေါက်ခတ်ကြ (= လက်ခမောင်း တဖြောင်ဖြောင်ခတ်ကြ) လက်ချောင်းတို့ကို ခါကြလေ၏။ အထောင်မကသော ဦးရစ်ခေါင်းပေါင်း ကြဲမြှောက်ခြင်းကို ဖြစ်စေကြ၏။ မင်း၏ပရိသတ်များ အားရဝမ်းသာလှသဖြင့် အလောင်းတော်အား ဆုလာဘ်အဖြစ် ပေးအပ်သော ဥစ္စာသည် တကုဋေရှိပေ၏။ ပြည့်ရှင်မင်းကြီးသည်လည်း ထိုအသဒိသမင်းသား အလောင်းတော် လေးသမားအား မိုးကြီးသည်းထန်စွာ ရွာသွန်းသည့်ပမာ များစွာသော ဥစ္စာ များစွာသော အခြံအရံကို ပေးကမ်းလေ၏။

(ဤကား အလွန်အံ့ဩဖွယ်ကောင်းသော ဘုရားအလောင်းတော် အသဒိသမင်းသား၏ လေးအတတ် အကြောင်းတည်း။)

     ဤသို့အားဖြင့် ဘုရားအလောင်းတော်သည် အသဒိသမင်းသား ဖြစ်စဉ်အခါကလည်း ထူးကဲဆန်းကြယ် အံ့ဩဖွယ်ကောင်းသော လေးအတတ်ကို ပြသတော်မူခဲ့ဘူးပေ၏။ ဤယခု နောက်ဆုံး ပစ္ဆိမဘဝ သိဒ္ဓတ္ထမင်းသားအဖြစ်၌လည်း ဖော်ပြရာပါ မြားရေးငယ် ၁၂-ပါး, မြားရေးကြီး ၄-ပါး, ထုထယ်ကြီးများကို ထုတ်ချင်းပေါက် ဖောက်ထွင်း ပစ်ခွင်းခြင်း ၇-ပါး- ဤလေးမြား အတတ်များကို ပြသတော်မူသည့်ပြင် ထိုလေးမြားအတတ်မှ တပါး လောက၌ မင်းညီမင်းသားတို့ တတ်အပ်ရာ အလုံးစုံသော အတတ်မျိုးတို့ကိုလည်း ထိုအစည်းအဝေး၌ ပြသတော်မူပေ၏။ ထိုသို့ ပြသတော်မူသောအခါ ရှစ်သောင်းသော မဟာဆွေတော် မျိုးတော်တို့သည် အလောင်းတော်မင်းသား၏ အပေါ်၌ “ယောက်ျားတို့ပညာရပ် တတ်မှ တတ်ပါ့မည်လား”ဟူသော ယုံမှားသံသယ ကင်းရှင်းကြလေကုန်၏။

၁၅၂

နန်းတက်တော်မူခဏ်း

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား သာကီဝင်မင်းသမီးအပေါင်း

လေးသောင်းခြံရံလျက် ထီးနန်းစိုးစံတော်မူခြင်း

     ဤသို့အားဖြင့် ဘုရားအလောင်းတော်သည် မဟာဆွေတော် မျိုးတော်တို့၏ ယုံမှားစိတ်ဝင် အထင်သေးနုပ် ရှုတ်ချကဲ့ရဲ့ခြင်းကို ကင်းရှင်း ပပျောက်စေရန် မည်သူတို့နှင့်မျှ မဆက်ဆံ အလွန်ဆန်းကြယ် အံ့ဖွယ်သရဲ မြင်ရခဲလှစွာသော လေးအတတ် စသည်တို့ကို ပြသတော်မူသောအခါ မဟာဆွေတော်မျိုးတော် အပေါင်းတို့သည် ရှိဟောင်းဖြစ်သော ယုံမှားသံသယ ကင်းစင်ကြကုန်သည်သာမက “သကျသာကီဝင် ရာဇဝင်ရှေးခေတ်က မဖြစ်စဘူး အထူးအံ့ဖွယ် ဆန်းကြယ်စွာကုန်သော ဤအတတ်စွမ်းအင်တို့ကို ရှုမြင်ကြရပေသည်တကား”ဟု အားပါးတရ ဝမ်းမြောက်ကြသဖြင့် ရွှင်ပျရယ်မော သောသောရုတ်ရုတ် အုတ်အုတ်ကျက်ကျက် သူ့ထက်ငါ ချီးမွမ်းကြလျက် အလောင်းတော် မင်းသား၏ ထူးခြားကဲလွန် သူမတန်သော စွမ်းရည်အတတ် အရပ်ရပ်ဂုဏ်အင်တို့ကို အလွန်လျှင် နှစ်သက်ကုန်ကြရကား အလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသား၏ အလို့ငှါ မိမိတို့၌ရှိကြသော သာကီဝင် မင်းသမီးကညာတို့ကို တင့်တယ်စွာ တန်းဆာဆင်ယင်ကြပြီးလျှင် အလောင်းတော် မင်းသားထံသို့ ပို့ဆောင် အပ်နှင်းစေကြကုန်၏။ ယင်းသို့ ပို့ဆောင်ကြသော မျိုးနွယ်သန့်စွာ ကလျာကြန်အင် သာကီဝင် မင်းသမီးကညာ အပေါင်းတို့သည်ကား လေးသောင်းအရေအတွက် ရှိကုန်၏။

ယသောဓရာမိဖုရား၏ ရုပ်ဆင်းကြန်အင်

     ထိုလေးသောင်းကုန်သော သာကီဝင် မင်းသမီးအပေါင်း မောင်းမနန်းသူတို့၏ စူဠာသျှောင်ကျင် ထိပ်ခေါင်တင် အထွတ်အဖျား အဂ္ဂမဟေသီ မိဖုရားကြီးကား “ဘဒ္ဒကစ္စာနာ” ငယ်မည်သာသော ယသောဓရာဒေဝီ ဖြစ်သတည်း။

၁၅၃

     ထိုယသောဓရာ ဒေဝီသည်ကား ရှေး၌ ပြဆိုခဲ့ပြီးသော ဖွားဘက်တော် ခုနစ်ဦးတို့တွင် တဦးအပါအဝင် ဖြစ်ပေ၏၊ ဒေဝဒဟပြည် ဘိုးတော်အဉ္ဇနမင်းကြီး၏သား သုပ္ပဗုဒ္ဓသာကီဝင်မင်းနှင့် သုဒ္ဓေါဒနမင်းကြီး၏ နှမတော် အမိတ္တာမင်းသမီးတို့ စုံဖက်ရာတွင် ဖွားမြင်သောမင်းသမီး ဖြစ်ပေ၏၊ ထိုယသောဓရာ မင်းသမီး သည်ကား မြားမြောက်တင့်တယ် စင်ကြယ်ကောင်းမွန်သော အခြံအရံ အကျော်အစော ဂုဏ်ကျေးဇူးတို့ကို အထူးဆောင်ပေသောကြောင့် “ယသောဓရာ”ဟူသော အမည်ကို ရပေသည်။ (ယသော = များမြတ်သောအခြံအရံ ကျော်စောခြင်း ဂုဏ်သတင်းကို + ဓရာ = ဆောင်တတ်သော မင်းသမီးဟု ဆိုလိုသည်။)

     ဗိမ္ဗာရွှေသားကို သွန်းထု၍ ထားသကဲ့သို့ ရွှေသားရွှေကိုယ် ရွှေနဂိုရ်စတိ ပကတိပြီးသည့်အသွင် အမြဲပင် ရှုမငြီးဖွယ်ရာ တင့်တယ်စွာသော ရွှေအဆင်းလည်း ရှိပေ၏။ မနောဘူမည်သော မာရ်နတ်မင်း၏ ရှုခင်းသာစုံ အာရုံပျော်ပါး ကစားမြူးရွှင်ရာ ကီဠာမဏ္ဍလင် နတ်သဘင်ဘုံအရပ်၌ စိုက်ဆောက်၍ ထားအပ်သော အောင်လံတံခွန်ကဲ့သို့ တင့်မွန်သောအချိုးအစား ထူးခြားကြော့ရှင်း စံလွတ်ကင်းအောင် ထင်လင်းစံပယ် အလွန်လျှင် တင့်တယ်သော ကိုယ်လုံးကိုယ်ဟန် ရှိပေ၏။ ဒေဝစ္ဆရာ ကညာနတ်သမီးတို့၏ ကိုယ်အရောင်ကဲ့သို့ တောက်ပြောင်ဝေဖြာသော ကိုယ်ရောင်ဖြင့် မိုက်မှောင်၍နေသော အဆောင်တော်တိုက်ခန်း အလုံးကို လွှမ်းဖုံး ထွန်းလင်းနိုင်၏။ (၁) အရေ၏ ကောင်း ခြင်း = ဆဝိကလျာဏ၊ (၂) အသား၏ကောင်းခြင်း = မံသကလျာဏ၊ (၃) အကြော၏ ကောင်းခြင်း = နှာရုကလျာဏ၊ (၄) အရိုး၏ကောင်းခြင်း = အဋ္ဌိကလျာဏ၊ (တနည်း) ဒန္တကလျာဏ၊ (၅) ဆံပင်၏ကောင်းခြင်း = ကေသကလျာဏအားဖြင့် ခွဲခြားရေတွက်အပ်ကုန်သော.. တနည်းမူ ရိုး-ရေ-ဆံ-သား အရွယ်အားဖြင့် ငါးပါးရေတွက်အပ်ကုန်သော မိန်းမမြတ်တို့၏ လက္ခဏာ ကလျာပဉ္စင် ကြန်အင်ကောင်းခြင်းတို့နှင့်လည်း ပြည့်စုံပေ၏၊ အကြိမ်တရာဖတ်အပ်သော ဝမ်းဂွမ်း၏ အတွေ့ပမာ

၁၅၄

ချမ်းသာကောင်းမွန် အလွန်သာယာအပ်သည့် သုခသမ္ဖဿ အတွေ့ဓာတ်နှင့်လည်း ပြည့်စုံပေ၏။ မည်းလွန်းခြင်း, ဖြူလွန်းခြင်း, ဆူလွန်း (ဝလွန်း)ခြင်း, ကြုံလွန်း (ပိန်လွန်း)ခြင်း, နိမ့်လွန်းခြင်း, မြင့်လွန်းခြင်းဟူသော အပြစ်ခြောက်မျိုးတို့မှ ကင်းလွတ်စင်၍ ရှုချင်ဖွယ်ရာ တင့်တယ်စွာသော ထိုကိုယ်ကာယမှ စန္ဒကူးသရက္ခန်ရနံ့ သင်းပျံ့ကြူကြိုင် အမြဲတမ်းလှိုင်ပေ၏။ သန္တာအဆင်း ခြင်းခြင်းတျာတျာ ပြကတေ့ နီမြန်းသော ခံတွင်းမှလည်း သင်းသင်းဖြာအောင် ကြာညိုရနံ့ အမြဲတမ်း လှိုင်ပျံ့၍နေပေ၏၊ ဘဒ္ဒကစ္စနာ ယသောဓရာဒေဝီသည် လေးကျွန်းသနင်း စက္ကဝတ်မင်းတို့ သိမ်းပိုက် သုံးဆောင်ခြင်းငှါ ထိုက်တန်စွာသော မိန်းမမြတ်ရတနာ ဖြစ်ပေ၏။

     ဤယခု ပြဆိုခဲ့ပြီးသည်ကား ဥပလက္ခဏ (= မှတ်နိုင်လောက်ရုံ)ကို ဖော်ပြသည့်နည်းအားဖြင့် ရေးသားပြဆိုချက် ဖြစ်ပေ၏၊ စင်စစ်သော်ကား ဤယသောဓရာဒေဝီသည် လူမက နတ်မမှီ ပါရမီအဓိပတိ ရှေးကုသိုလ်အားလုံးတို့ နောက်ဆုံးပိတ် အလုအယက် အကျိုးပေးသဖြင့် မိန်းမမြတ်တကာတို့ထက် ကြန်အင်္ဂါအပေါင်း အကောင်းမြတ်ဆုံးလက္ခဏာ လွန်စွာအံ့အဲ ရှုကြည့်၍ မရောင့်ရဲနိုင်အောင် ထူးကဲသော အဆင်းဂုဏ်တို့နှင့် ပြည့်စုံသော မိန်းမမြတ်ရတနာ ဖြစ်ပေသတည်း။

ထီးနန်းအပ်နှင်းကြခြင်း

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီး အမှူးပြုသော ကပိလဝတ်ပြည် သာကီဝင မင်းအပေါင်း ရှစ်သောင်းသော မဟာဆွေတော် မျိုးတော်တို့သည် ကြီးမြတ် ခမ်းနားလှစွာသော ညီလာသဘင်ကို ဆင်ယင် စည်းဝေးကြပြီးသော် ဘုရားအလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသားအား ထီးဖြူတော်ကို စိုက်ထောင် ဆောင်းမိုးစေလျက် ရာဇအဘိသိက်ရေချမ်း သွန်းဖြန်းကြကုန်၍ မင်းအဖြစ်ကို ဆောင်နှင်းကြပြီးလျှင် ဥကင်တော်မြတ် ပြာသာဒ်ရွှေနန်း သိမ်းမြန်းတက်စံသော မင်းခမ်းသဘင်ကို အပြီးတိုင် ဆင်ယင် ကျင်းပကြကုန်၏။

၁၅၅

သာကီဝင်မင်းအပေါင်းတို့ ပို့ဆက်အပ်သော မောင်းမကညာပေါင်း လေးသောင်းတို့တွင် တသောင်းသော မောင်းမကညာတို့သည် ယသောဓရာဒေဝီထံ၌ အမြဲဝန်းရံ အတူစံကြသည့် အခြံအရံတို့ ဖြစ်ကုန်၏၊ သုံးသောင်းကုန်သော မောင်းမကညာတို့သည်ကား နန်းမ ပြာသာဒ်သုံးဆောင်တို့၌ တသောင်းစီ တသောင်းစီ အမြဲခစား နေထိုင်ကြကုန်၏။

     ဘုရားအလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသားသည် နတ်ကညာတို့ ဝန်းကာပတ်ခြံ ရံအပ်သော နတ်လုလင်ပျိုကဲ့သို့၎င်း, သိကြားနတ်မင်းကဲ့သို့၎င်း သာကိယဇာတ် မြတ်သောကညာတို့ ၀န်းကာပတ်ခြံ ရံအပ်သည်ဖြစ်၍ ယောက်ျားမပါ မိန်းမတို့သာ တီးမှုတ်အပ်ကုန်သော တူရိယာတို့ဖြင့် အလွန် သာယာဖွယ်သော အဖျော်အဖြေကို ခံယူတော်မူလျက် တင့်တယ် စံပယ်တော်မူကာ စက္ကဝတ်စည်းစိမ်တမျှ ကြီးကျယ် ခမ်းနားလှသော မင်းစည်းစိမ်ကို သုံးဆောင် ခံစားတော်မူ၍ ဥတုသုံးပါး အလှည့်အလည်အားဖြင့် ခမ်းနား တင့်တယ်လှစွာကုန်သော ရမ္မ, သုဘ, သုရမ္မ စံနန်းတော် ပြာသာဒ်သုံးဆောင်တို့၌ ချမ်းသာစွာ စံနေတော်မူ သတည်း။

**********

အခဏ်း-၃

နိမိတ်ကြီးလေးပါး မြင်တော်မူခဏ်း

မင်္ဂလာဥယျာဉ်တော်သို့ ထွက်ခြင်း

     ဤသို့လျှင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် အသက်တော် တဆယ့်ခြောက်နှစ် အရွယ်တွင် ကပိလဝတ်ပြည်နန်းကို သိမ်းမြန်း စိုးအုပ်တော်မူကာ ယသောဓရာမိဖုရားကြီး အမှူးရှိသော မင်းမောင်းမပေါင်း လေးသောင်းတို့၏ အဖျော်အဖြေ အပြုအစု အယုအယကို ခံတော်မူကာ တဆယ့်သုံးနှစ်ကြာ ကာလပတ်လုံး စကြဝတေးမင်းစည်းစိမ်နှင့်တူသော မင်းစည်းစိမ်ကို

၁၅၆

ချမ်းသာစွာ သုံးဆောင်ခံစား၍ ရွယ်တော်တင့်ဖြိုး နှစ်ဆယ့်ကိုးနှစ်သို့ ရောက်သောအခါ တနေ့သောကာလ၌ မင်္ဂလာ ဥယျာဉ်တော်သို့ ထွက်ကြွတော်မူလိုရကား ရထားထိန်းကို ခေါ်တော်မူပြီးလျှင် “အချင်း ရထားထိန်း.. သင်သည် ရထားကို ကချေလော့၊ ဥယျာဉ်တော်ကိုရှုစားရန် ငါထွက်တော်မူမည်”ဟု မိန့်ကြားလေလျှင် ရထားထိန်းသည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ သူမြတ်တို့နှင့်သာ ထိုက်တန်စွာသည့် အလွန်မြတ်သော မင်းစီးရထားကို ခပ်သိမ်းသော အဆင်တန်းဆာတို့ဖြင့် တန်းဆာဆင်ပြီးလျှင် လပြည့်ဝန်း ကုမုဒြာကြာပန်းအတူ စင်ဖြူသော အဆင်းရှိကြလျက် လေ၏အဟုန် ဂဠုန်မင်း၏ အဟုန်ကဲ့သို့ လျင်မြန်သော အဟုန်ရှိကြသော အာဇာနည်သိန္ဓောမြင်း လေးကောင်တို့ကို ကပြီးလျှင် စီးတော်ရထားကို က၍ပြီးကြောင်း အလောင်းတော် မင်းသားအား လျှောက်ထားလေသည်။ အလောင်းတော် မင်းသားသည် နတ်ဗိမာန်အလား ထူးခြားမွန်မြတ်သော ထိုရထားကို စီးတော်မူ၍ ကြီးစွာသော အခမ်းအနားဖြင့် ဥယျာဉ်တော်သို့ ရှေးရှူ ထွက်တော်မူလေ၏။

(၁) သူအိုနိမိတ်ကို မြင်တော်မူခြင်း

     ထိုသို့ အလောင်းတော်မင်းသား ဥယျာဉ်တော်သို့ ထွက်ကြွ၍ လမ်းခရီးအကြားသို့ ရောက်သောအခါ နတ်တို့သည် “သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ရန် အချိန်တန် နီးကပ်ခဲ့လေပြီ။ ထိုမင်းသားအား တောထွက်၍ ရဟန်းပြုကြောင်း ရှေ့ပြေး ပုဗ္ဗနိမိတ်ကို ပြကြကုန်အံ့”ဟု တိုင်ပင်ကြပြီးလျှင် နတ်သားတယောက်ကို ဆံကလည်းဖြူ သွားကလည်းပြုန်း ခါးကလည်းကုန်း၍ တောင်ဝှေးကို လက်စွဲကာ တုန်တုန်ရီရီဖြစ်၍နေသော သူအိုပုံဟန် ဖန်ဆင်း၍ ပြစေကြကုန်၏။ ထိုသို့ နတ်တို့ ဖန်ဆင်း၍ပြအပ်သော သူအိုနိမိတ်ကို ဘုရားအလောင်းနှင့် ရထားထိန်းတို့သာ မြင်ကြကုန်၏၊ အခြားသူတို့ မမြင်ရကုန်။

၁၅၇

     ထိုသို့ အလောင်းတော်မင်းသားသည် သူအိုနိမိတ်ကိုမြင်ရသောအခါ၌ ရထားထိန်းကို “အချင်း ရထားထိန်း.. ထိုသူ၏ ဆံပင်များလည်း အခြားသူတို့၏ ဆံပင်များနှင့် မတူကုန်၊ ဖြူဖွေးလျက် ရှိကုန်၏၊ ကိုယ်သည်လည်း အခြားသူတို့၏ကိုယ်နှင့် မတူ၊ သွားကလည်းကြွေ အသားအရေကလည်း နည်းပါး ခါးကလည်းကုန်း တုန်တုန်ရီရီဖြစ်၍နေ၏၊ ထိုသူကား အဘယ်အမည်ရှိသော သူနည်း”ဟု မေးမြန်းတော်မူလေ၏။ ရထားထိန်းသည်လည်း “အရှင်မင်းကြီး.. ထိုသူကား သူအိုမည်ပါသည်”ဟု ပြန်ကြား လျှောက်ထားလေသည်။

     ရှေးအခါက “သူအို”ကို မြင်ဘူးဘို့ မဆိုထားဘိ၊ “သူအို”ဟူသော စကားကိုမျှ မကြားဘူးသော အလောင်းတော် မင်းသားသည် ရထားထိန်းကို တဖန်ထပ်၍ “အချင်း ရထားထိန်း.. ငါသည် ဆံဖြူသွားကြွေ သားရေပိန်ချုံး ခါးကုန်းတုန်ရီ ဤသို့ သဘောရှိသောသူကို ရှေးအခါက မမြင်ရစဘူး၊ ဤသူအိုမည်သည် အဘယ်ကို ဆိုလိုသနည်း”ဟု မေးမြန်းတော်မူလတ်သည်တွင် ရထားထိန်းက “အရှင်မင်းကြီး.. ကြာမြင့်စွာ အသက်မရှည်နိုင်တော့မည့်သူကို သူအို ခေါ်ဆိုပါသည် = သူအိုဟူသည် အသက်ကြွင်း (နောက်ထပ် အသက်ရှည်နေရန်) နည်းပါးစွာ ကျန်ရှိသောသူကို ဆိုလိုပါသည်”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။

     ထိုအခါ အလောင်းတော် မင်းသားက “အချင်းရထားထိန်း.. အသို့နည်း (ဘယ့်နှယ်လဲ)၊ ငါသည်လည်း အိုခြင်းသဘော ရှိသလော၊ အိုခြင်းသဘောကို မလွန်မြောက်သူပင် ဖြစ်သလော”ဟု မေးတော်မူလေသော် ရထားထိန်းက “အရှင်မင်းကြီး.. အရှင်မင်းကြီးရော အကျွန်ုပ်တို့ပါ ခပ်သိမ်းသော သူတို့သည် အိုခြင်းသဘော ရှိကြပါကုန်၏၊ အိုခြင်းသဘောကို မလွန်မြောက်သူချည်းသာ ဖြစ်ကြပါကုန်၏”ဟူ၍ ပြန်လျှောက်ထားလေလျှင် အလောင်းတော် မင်းသားသည် “အချင်း ရထားထိန်း.. ထိုသို့ ကိုယ်ကိုယ်သူသူ ခပ်သိမ်းသော လူတို့သည်ပင် အိုခြင်းသဘောကို

၁၅၈

မလွန်မြောက်နိုင်သူချည်း ဖြစ်ခဲ့လျှင် အိုခြင်းသဘောကို မလွန်မြောက်နိုင်သော ငါ့အား ယခုအခါ မင်္ဂလာဥယျာဉ်တော်သို့ သွား၍ ရှုစားမွေ့လျော် ပျော်ပိုက်ရန် အလိုမရှိတော့ပြီ၊ သူအိုကိုမြင်ရာ ဤအရပ်မှပင်လျှင် ရွှေနန်းတော်သို့ တဖန် ရထားကို တုံ့ပြန်မောင်းနှင်လော့”ဟု မိန့်ကြားတော်မူလေ၏။ ရထားထိန်းသည်လည်း “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံစကား ပြန်ကြား လျှောက်ဆိုပြီးလျှင် မင်္ဂလာ ဥယျာဉ်တော်သို့ မမောင်းနှင်တော့ပဲ သူအိုကိုမြင်ရာ ထိုအရပ်မှပင် ရွှေနန်းတော်သို့ တဖန် ရထားကို တုံ့ပြန် မောင်းနှင်ခဲ့လေ၏။

အလောင်းတော်မင်းသား၏ တရားသံဝေဂ

ခြင်္သေ့တို့မည်သည် မြားဖြင့် အပစ်ခံရသောအခါ ထိုအကျိုးဖြစ်သည့် မြားကို အဓိကထား မပယ်ရှားကြပဲ မြားလာခြင်း၏ အကြောင်းရင်းဖြစ်သည့် မြားပစ်သူ ရန်သူမုဆိုးကိုသာ တွေ့အောင်ရှာ၍ ပယ်ရှားကြလေသည်။ မြတ်စွာဘုရားတို့သည်လည်း အကျိုးတရား အကြောင်းတရား နှစ်ပါးတို့ရှိရာတွင် မြားနှင့်တူသောအကျိုးတရားကို အဓိကထား မပယ်ရှားကြပဲ မြားဖြင့်ပစ်သူ ရန်သူမုဆိုးနှင့်တူသော အကြောင်းတရားကိုသာ ဉာဏ်ဖြင့် တွေ့အောင်ရှာ၍ ပယ်ရှားတော်မူကြလေသည်၊ သို့ရကား မြတ်စွာဘုရားတို့သည် ခြင်္သေ့မင်းနှင့် တူတော်မူကြကုန်၏။ ထို့ကြောင့် အလောင်းတော် မင်းသားသည် မြတ်စွာဘုရားဖြစ်မည့်သူပြီပြီ ရထားထိန်းက ရင့်ရော်ယိုယွင်း အိုမင်းခြင်း (= ဇရာ)တရား၏ သူသိသမျှ လောကသဘောကို ပြောကြား လျှောက်ထားစေကာမူ ထိုဇရာတရား၏ အကြောင်းရင်းဖြစ်သော ပဋိသန္ဓေ တည်နေရခြင်း (= ဇာတိ)တရားကို ထင်ရှားဆင်ခြင် သိမြင်တော်မူသည် ဖြစ်ရကား ရွှေနန်းတော်သို့ ရောက်သည်ရှိသော် “(အိုး).. ပဋိသန္ဓေ တည်နေမှုတည်းဟူသော ဇာတိသဘောသည် ရွံမုန်း စက်ဆုပ်ဖွယ်ကြီးပါတကား..

၁၅၉

ယင်းသည့် ပဋိသန္ဓေ တည်နေမှု (= ဇာတိ)တရား ထင်ရှားရှိပြီးသူ (ပဋိသန္ဓေ တည်နေပြီးသူ)မှန်သမျှ အိုမင်းရင့်ရော်မှု (= ဇရာ)တရား ထင်ရှားရှိရမည်သာ ဖြစ်စွာ့တကား..”ဟု သံဝေဂဉာဏ်စက်သွားဖြင့် စဉ်းစား ဆင်ခြင်တော်မူကာ မျက်နှာမရွှင် မကြည်လင်နိုင် ကြံမှိုင်၍သာ နေတော်မူလေ၏။

သုဒ္ဓေါဒနမင်းတရားကြီး အစောင့်အနေများကို တိုး၍ချထားစေခြင်း

     ခမည်းတော် သုဒ္ဓေါဒန မင်းတရားကြီးသည် ရထားထိန်းကို ခေါ်စေ၍ “အချင်း ရထားထိန်း.. အဘယ် အကြောင်းကြောင့် ငါ၏ သားတော်သည် ဥယျာဉ်တော်သို့ အရောက်မသွားပဲ လျင်လျားစွာ ပြန်နစ်လာသနည်း..”ဟု မေးမြန်းတော်မူ၍ ရထားထိန်းက “အရှင်မင်းကြီး.. အရှင့်သားတော်သည် သူအိုယောက်ျားကို မြင်ရသောကြောင့် လျင်လျားစွာ ပြန်နစ်လာပါသည်”ဟု ပြန်ကြား လျှောက်ထားလေလျှင် သုဒ္ဓေါဒန မင်းတရားကြီးသည် “ငါ့သားတော် မင်းသားသည် တိုင်းပြည်အုပ်ချုပ် မင်းသာ ပြုလုပ်စေရမည်။ တောထွက်ကာ ရဟန်းမပြုဖြစ်စေရ၊ တောထွက်၍ ရဟန်းပြုကာ ဘုရားဖြစ်လိမ့်မည်ဟူသော နိမိတ်ဖတ်ဆရာ ပုဏ္ဏားတို့၏စကား အလွဲအမှားသာ ဖြစ်စေရမည်”ဟု ကြံစည် စိတ်ကူးတော်မူလျက်- “အမောင်တို့.. အဘယ်ကြောင့် ငါ့ကို ဖျက်ဆီးကြသနည်း၊ သားတော်၏အတွက် လျင်မြန်စွာ ရှေးကထက်တိုး၍ မောင်းမမိဿံ ရွေရံတော်တို့ကို ခန့်ထားစီမံကြကုန်၊ ယင်းသို့ မောင်းမမိဿံ ရွေရံကခြေသည်တို့ကို ရှေးကထက်တိုး၍ ခန့်ထား စီမံကြသည်ရှိသော် ငါးဖြာအာရုံ ကာမဂုဏ်စည်းစိမ်ကို ခံစားလျက် ငါ့သားတော်သည် ရဟန်းပြုဘို့ရန် အမှတ်ရတော့မည်မဟုတ်”ဟု မိန့်ဆိုကာ ထက်ဝန်းကျင် အရပ်လေးမျက်နှာ ယူဇနာဝက် ယူဇနာဝက် (နှစ်ဂါဝုတ် နှစ်ဂါဝုတ်)ခန့်ရှိသော အရပ်၌ အစောင့်အရှောက်များကို တိုး၍ ချထားစေတော်မူလေ၏။

၁၆၀

(ဤ သူအိုနိမိတ်ကို အလောင်းတော်မင်းသား ဥယျာဉ်တော်ကစား ထွက်လာသောအခါ ယူဇနာဝက် ပမာဏရှိသော စစ်သည်ဗိုလ်ပါအပေါင်းဖြင့် ဝန်းရံထွက်ကြွတော်မူခဲ့ရာ ဗိုလ်ပါတို့က နောက်ကျ၍ အလောင်းတော်မင်းသား စီးနင်းလိုက်သည့် ရထားက ရှေ့သို့ ရောက်လာသော နေရာ၌ သုဒ္ဓါဝါသဘုံသား ရဟန္တာဗြဟ္မာကြီးများသည် မိမိတို့ အာနုဘော်ဖြင့် ရထား၏ရှေ့မှ ပြသအပ်လေသည်။ ဤသို့ ပြအပ်သော သူအိုနိမိတ်ကို အလောင်းတော်မင်းသားနှင့် ရထားထိန်းတို့သာ မြင်ကြရသည်။ သုဒ္ဓါဝါသဘုံသား ရဟန္တာဗြဟ္မာကြီးများသည် “ညွန်ပျောင်း၌ ဆင်ပြောင်ကြီး ကျွံနစ်သကဲ့သို့ အလောင်းတော်မင်းသည် ငါးဖြာအာရုံ ကာမဂုဏ်ညွန်ပျောင်း၌ ကျွံနစ်တော်မူနေလေပြီ။ ထိုအလောင်းမင်းသားအား သတိတရား ဖြစ်ပွါးကြစေအံ့”ဟု ကြံစည်ကာ ထိုသူအိုနိမိတ်ကို ပြသခြင်း ဖြစ်လေသည်။ နောက်ဖြစ်သော နိမိတ်ကြီးတို့၌လည်း ဤနည်းအတူ မှတ်ယူရာ၏။ ။မဟာပဒါနသုတ် အဋ္ဌကထာ၊ စာမျက်နှာ ၄၆-မှ။)

(၂) သူနာနိမိတ်ကို မြင်တော်မူခြင်း

     အလောင်းတော် မင်းသားသည် ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက တောမထွက်ဖြစ်ရန် ရဟန်းမပြုဖြစ်ရန် တိုး၍ စီမံခန့်ထားအပ်သော အာရုံငါးပါး ကာမဂုဏ်တရားတို့၏ လှည့်စား ဖုံးကွယ်ချက်အရ ဇာတိတရား ဇရာတရားတို့၌ ထိတ်လန့်ငြီးငွေ့သော သံဝေဂစိတ်ထား အနည်းငယ်လျော့ပါးကာ ငါးဖြာအာရုံ ကာမဂုဏ်တို့ဖြင့်ပင် ပျော်ရွှင်စံပယ် နေတော်မူပြန်လေသည်။

     ထိုသို့ နေတော်မူ၍ လေးလပြည့်မြောက် ရောက်လတ်သောအခါ အလောင်းတော် မင်းသားသည် ရှေးနည်းအတူပင် အာဇာနည်မြင်းကသော ရထားကို စီးနင်းတော်မူလျက် ဥယျာဉ်တော်သို့ ထွက်ကြွတော်မူပြန်ရာ လမ်းခရီးအကြားသို့ ရောက်သောအခါ နှစ်ကြိမ်မြောက် နတ်တို့ ဖန်ဆင်းပြအပ်သည့် အနာရောဂါ နှိပ်စက်အပ်သဖြင့် နာကျင် ဆင်းရဲလှသည်ဖြစ်၍ သူတပါးတို့ထူမှ ထနိုင် သိပ်မှ အိပ်နိုင် လှဲနိုင်သည့် မိမိ ကျင်ငယ်ကျင်ကြီး၌ နစ်လျက်သာ အိပ်ရရှာသော ရောဂါ ဖိစီး သူနာကြီးကို

၁၆၁

မြင်တော်မူ၍ “အချင်း ရထားထိန်း.. ထိုသူ၏ မျက်လုံးတို့သည်လည်း တခြားသူများ၏ မျက်လုံးတို့နှင့် မတူကုန်၊ နောက်ကျု တုန်လှုပ်လျက် ရှိကုန်၏၊ ထိုသူ၏ အသံသည်လည်း အခြားသူများ၏ အသံနှင့် မတူ၊ မခံမရပ်သာ တစာစာဟစ်အော်လျက် ရှိပေ၏။ ထိုသူ၏ ကိုယ်မှာလည်း တခြားသူများ၏ ကိုယ်နှင့်မတူ အလွန်ပင်ပန်းပုံ ရလှပေ၏၊ ထိုသူကား အဘယ်အမည်ရှိသော သူနည်း”ဟု မေးမြန်းတော်မူလေ၏။ ရထားထိန်းသည်လည်း “အရှင်မင်းကြီး.. ထိုသူကား သူနာမည်ပါသည်”ဟု ပြန်ကြား လျှောက်ထားလေ၏။

     “သူနာ”ကိုလည်း ရှေးက မမြင်ဘူး၊ “သူနာ”ဟူသော အသံကိုလည်း ရှေးက မကြားဘူးသော အလောင်းတော်မင်းသားသည် ရထားထိန်းကို တဖန်ထပ်၍ “အချင်း ရထားထိန်း.. ငါသည် သူတပါးတို့ ထူမှ သိပ်မှထနိုင် အိပ်နိုင်သည့် မိမိ၏ ကျင်ငယ်ကျင်ကြီး၌ နစ်လျက်သာ အိပ်ရရှာသည့် မခံမရပ်သာ တစာစာဟစ်အော်လျက်ရှိသော ထိုသူမျိုးကို ရှေးက မမြင်အပ်စဘူး၊ ဤသူနာမည်သည် အဘယ်ကို ဆိုလိုသနည်း၊ ဤသူနာ၏သဘောကို ငါ့အား ပြန်ကြား လျှောက်ထားရမည်”ဟု မေးမြန်းတော်မူလတ်သည်တွင် ရထားထိန်းက “အရှင်မင်းကြီး.. ဤသူနာမည်သည် ယခု စွဲကပ်နေသော ရောဂါဝေဒနာမှ ထမည်လည်း မသိရ, မထမည်လည်း မသိရသူ ဖြစ်ပါသည်”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။

     ထိုအခါ အလောင်းတော်မင်းသားက “အချင်းရထားထိန်း.. အသို့နည်း (ဘယ့်နှယ်လဲ)၊ ငါသည်လည်း နာဖျားခြင်းသဘော ရှိသလော၊ နာဖျားခြင်းသဘောကို မလွန်မြောက်နိုင်သူပင် ဖြစ်သလော”ဟု မေးမြန်းတော်မူလေသော် ရထားထိန်းက “အရှင်မင်းကြီး.. အရှင်မင်းကြီးရော အကျွန်ုပ်တို့ပါ ခပ်သိမ်းသောသူတို့သည် နာဖျားခြင်းသဘော ရှိကြကုန်၏၊ နာဖျားခြင်းသဘောကို မလွန်မြောက်နိုင်သူချည်းသာ ဖြစ်ကြပါကုန်၏”ဟူ၍ ပြန်ကြား လျှောက်ထားလေလျှင် အလောင်းတော်မင်းသားသည်

၁၆၂

“အချင်း ရထားထိန်း.. ထိုသို့ ကိုယ်ကိုယ်သူသူ ခပ်သိမ်းသော လူတို့သည်ပင် နာဖျားခြင်းသဘောကို မလွန်မြောက်နိုင်သူချည်းသာ ဖြစ်ခဲ့လျှင် နာဖျားခြင်းသဘောကို မလွန်မြောက်နိုင်သော ငါ့အား ယခုအခါ မင်္ဂလာဥယျာဉ်တော်သို့သွား၍ ရှုစားမွေ့လျော် ပျော်ပိုက်ရန် အလိုမရှိတော့ပြီ၊ သူနာကိုမြင်ရာ ဤအရပ်မှပင်လျှင် ရွှေနန်းတော်သို့တဖန် ရထားကို တုံ့ပြန် မောင်းနှင်လော့”ဟု မိန့် ကြားတော်မူလေ၏။ ရထားထိန်းသည်လည်း “ကောင်းပါပြီ အရှင်မင်းကြီး”ဟု ဝန်ခံစကား ပြန်ကြား လျှောက်ဆိုပြီးလျှင် မင်္ဂလာဥယျာဉ်တော်သို့ မမောင်းနှင်တော့ပဲ သူနာကိုမြင်ရာ ထိုအရပ်မှပင် ရွှေနန်းတော်သို့တဖန် ရထားကို တုံ့ပြန် မောင်းနှင်ခဲ့လေ၏။

အလောင်းတော်မင်းသား၏ တရားသံဝေဂ

ရှေးက ဆိုအပ်ခဲ့ပြီးသောအတိုင်း ခြင်္သေ့မင်းနှင့် တူတော်မူသော အလောင်းတော် မင်းသားသည် ဘုရားဖြစ်မည့်သူပြီပြီ ရထားထိန်းက မအီမသာ ကျင်နာခံခက် နှိပ်စက်တတ်သည့် ဗျာဓိတရား၏ သူသိသမျှ လောကသဘောကို ပြောကြား လျှောက်ထားစေကာမူ ထိုဗျာဓိတရား, ရှေးက တွေ့သိရသော ဇရာတရား ဤနှစ်ပါးတို့၏ အကြောင်းရင်းဖြစ်သော ပဋိသန္ဓေ တည်နေရခြင်း (= ဇာတိ)တရားကို ထင်ရှားဆင်ခြင် သိမြင်တော်မူသည် ဖြစ်ရကား ရွှေနန်းတော်သို့ ရောက်သည်ရှိသော် “(အိုး) ပဋိသန္ဓေ တည်နေမှု တည်းဟူသော ဇာတိသဘောသည် ရွံမုန်း စက်ဆုပ်ဖွယ်ကြီးပါတကား.. ယင်းသည့် ပဋိသန္ဓေ တည်နေမှု (= ဇာတိ)တရားထင်ရှားရှိပြီးသူ (ပဋိသန္ဓေ တည်နေပြီးသူ)မှန်သမျှ အိုမင်းရင့်ရော်မှု (= ဇရာ)တရား ထင်ရှားရှိရမည်သာ၊ နာဖျားမှု (= ဗျာဓိ)တရား ထင်ရှားရှိရမည်သာ ဖြစ်စွာ့တကား”ဟု သံဝေဂဉာဏ်စက်သွားဖြင့် စဉ်းစားဆင်ခြင်တော်မူကာ မျက်နှာမရွှင် မကြည်လင်နိုင် ကြံမှိုင်၍သာ နေတော်မူလေ၏။

၁၆၃

သုဒ္ဓေါဒနမင်းတရားကြီး အစောင့်အနေများကို တိုး၍ချထားစေခြင်း

     ခမည်းတော် သုဒ္ဓေါဒန မင်းတရားကြီးသည် ရှေးနည်းအတူ ရထားထိန်းကိုခေါ်စေ၍ မေးမြန်းတော်မူသည်တွင် ရထားထိန်းက “အရှင်မင်းကြီး.. အရှင့်သားတော်သည် သူနာယောက်ျားကို မြင်ရသောကြောင့် လျင်လျားစွာ ပြန်နစ်လာပါသည်”ဟု ပြန်ကြား လျှောက်ထားလေသော် သုဒ္ဓေါဒန မင်းတရားကြီးသည် ရှေးနည်းအတူ ကြံစည်ပြောကြားပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာ သုံးဂါဝုတ် သုံးဂါဝုတ်ခန့်ရှိသောအရပ်၌ အစောင့်အရှောက်များကို တိုး၍ ချထားစေတော်မူလေ၏၊ မောင်းမမိဿံ ရံရွေကခြေသည်တို့ကိုလည်း ရှေးကထက်တိုး၍ ခန့်ထား စီမံစေတော်မူ၏။

(၃) သူသေနိမိတ်ကို မြင်တော်မူခြင်း

     အလောင်းတော် မင်းသားသည် ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက တောမထွက်ဖြစ်ရန် ရဟန်းမပြုဖြစ်ရန် တိုး၍ စီမံခန့်ထားအပ်သော အာရုံငါးပါး ကာမဂုဏ်တရားတို့၏ လှည့်စား ဖုံးကွယ်ချက်အရ ဇာတိတရား, ဇရာတရား, ဗျာဓိတရားတို့၌ ထိတ်လန့်ငြီးငွေ့သော သံဝေဂစိတ်ထား အနည်းငယ်လျော့ပါးကာ ငါးဖြာအာရုံ ကာမဂုဏ်တို့ဖြင့်ပင် ပျော်ရွှင်စံပယ် နေတော်မူပြန်လေသည်။

     ထိုသို့ နေတော်မူ၍ လေးလပြည့်မြောက် ရောက်လတ်သောအခါ အလောင်းတော် မင်းသားသည် ရှေးနည်းအတူပင် အာဇာနည်မြင်းက-သော ရထားကို စီးနင်းတော်မူလျက် ဥယျာဉ်တော်သို့ ထွက်ကြွတော်မူပြန်ရာ လမ်းခရီးအကြားသို့ ရောက်သောအခါ သုံးကြိမ်မြောက် နတ်တို့ ဖန်ဆင်းပြအပ်သည့် လူပေါင်းများစွာ စည်းဝေးနေသည်ကို၎င်း, ဆိုးရည်အမျိုးမျိုး တပ်ဆိုးအပ်သည့် အ၀တ်အထည်တို့ဖြင့် ခြယ်လှယ်ဝန်းရံ စီမံပြုပြင်အပ်သော ထမ်းစင် (= အလောင်းစင်)ကို၎င်း မြင်တော်မူ၍

၁၆၄

“အချင်းရထားထိန်း.. အဘယ့်ကြောင့် ထိုလူများအပေါင်းသည် စည်းဝေ ဝိုင်းအုံကာ နေသနည်း၊ အဘယ့်ကြောင့် ဆိုးရည်အမျိုးမျိုး တပ်ဆိုးအပ်သည့် အဝတ်အထည်တို့ဖြင့် ခြယ်လှယ်ဝန်းရံ စီမံပြုပြင်အပ်သော ထမ်းစင်ကိုပြု၍ နေကြသနည်း”ဟူ၍ ရထားထိန်းကို မေးတော်မူသောအခါ ရထားထိန်းက “အရှင်မင်းကြီး.. ထိုသို့ လူအများ စည်းဝေးဝိုင်းအုံကာ ထမ်းစင်ပြုလုပ်နေခြင်းမှာ လူသေသောကြောင့် ဖြစ်ပါသည်”ဟု ပြန်ကြား လျှောက်ထားလေ၏။

(ဤ၌ ရှေးက အလောင်းစင်ကို မမြင်ဘူးပဲ ထမ်းစင်ကိုသာ မြင်ဘူးသောကြောင့် “အချင်းရထားထိန်း.. ထိုလူအများ ဝိုင်းအုံပြီး ထမ်းစင်ပြုလုပ်နေကြခြင်းသည် အဘယ့်ကြောင့်နည်း”ဟု မေးတော်မူလေသည်။)

     “သူသေ”ကိုလည်း ရှေးက မမြင်ဘူး၊ “သူသေ”ဟူသော အသံကိုလည်း ရှေးက မကြားဘူးသော အလောင်းတော်မင်းသားသည် ရထားထိန်းကို တဖန်ထပ်၍ “အချင်းရထားထိန်း.. ထိုသို့ လူသေသောကြောင့် လူအများ စည်းဝေးဝိုင်းအုံကာ ထမ်းစင်ပြုလုပ်နေခြင်း ဖြစ်ခဲ့လျှင် ထိုလူသေရှိရာအရပ်သို့ ရထားကို မောင်း နှင်လော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ ရထားထိန်းသည်လည်း “ကောင်းပါပြီ အရှင်မင်းကြီး”ဟု ဝန်ခံ၍ ထိုလူသေရှိရာသို့ ရထားကို မောင်းနှင်ခဲ့၍ အလောင်းတော် မင်းသားသည် သူသေကို မြင်ရလေလျှင် ရထားထိန်းကို “အချင်းရထားထိန်း.. ဤသူသေဟူသည် အဘယ်သို့ သဘောရှိသနည်း”ဟု မေးမြန်းတော်မူလေ၏။ ရထားထိန်းကလည်း “အရှင်မင်းကြီး.. ဤသူသေဟူသည် နောက်ထပ် ထိုသူ့ကို မိဘဆွေမျိုး သားချင်းတို့ကလည်း မြင်ရတော့မည်မဟုတ်၊ ထိုသူကလည်း မိဘဆွေမျိုးသားချင်းတို့ကို နောက်ထပ် မြင်ရတော့မည် မဟုတ်သူ ဖြစ်ပါသည်”ဟူ၍ ပြန်ကြား လျှောက်ထားလေလျှင် အလောင်းတော် မင်းသားက “အချင်းရထားထိန်း.. အသို့နည်း (ဘယ့်နှယ်လဲ)၊ ငါသည်လည်း စုတိပြတ်ကြွေ ထိုသူကဲ့သို့ပင် သေရခြင်းသဘော ရှိသလော၊ သေခြင်းသဘောကို မလွန်မြောက်နိုင်သူ ဖြစ်သလော၊ ငါ့ကိုလည်း

၁၆၅

မယ်တော် ခမည်းတော် ဆွေတော် မျိုးတော်တို့က တနေ့နေ့တွင် မမြင်ကြရမည် ဖြစ်ကုန်သလော၊ ငါကိုယ်တိုင်ကလည်း မယ်တော် ခမည်းတော် ဆွေတော် မျိုးတော်တို့ကို တနေ့နေ့တွင် မမြင်ရမည် ဖြစ်သလော”ဟု မေးမြန်းသဖြင့် ရထားထိန်းသည်လည်း “အရှင်မင်းကြီး.. အရှင်မင်းကြီးရော အကျွန်ုပ်တို့ပါ ခပ်သိမ်းသော သူတို့သည် ထိုသူကဲ့သို့ပင် စုတိပြတ်ကြွေ သေရခြင်းသဘော ရှိပါကုန်၏။ သေခြင်းသဘောကို မလွန်မြောက်နိုင်သူချည်းသာ ဖြစ်ပါကုန်၏။ အရှင်မင်းကြီးကိုလည်း မယ်တော် ခမည်းတော် ဆွေတော် မျိုးတော်တို့က တနေ့နေ့တွင် မမြင်ကြရမည် ဧကန်အမှန် ဖြစ်ပါကုန်၏၊ အရှင်မင်းကြီးကိုယ်တိုင် ကလည်း တနေ့နေ့တွင် မယ်တော် ခမည်းတော် ဆွေတော်မျိုးတော်တို့ကို မမြင်ရမည် ဧကန်အမှန်ပင် ဖြစ်ပါ၏”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။ (ဤ၌ မိထွေးတော် မဟာပဇာပတိဂေါတမီကို မယ်တော်ဟု ဆိုလိုသည်။)

     ထိုအခါ အလောင်းတော်မင်းသားသည် “အချင်း ရထားထိန်း.. ထိုသို့ ကိုယ်ကိုယ်သူသူ ခပ်သိမ်းသော လူတို့သည်ပင် သေခြင်းသဘောကို မလွန်မြောက်နိုင်သူချည်းသာ ဖြစ်ခဲ့လျှင် သေခြင်းသဘောကို မလွန်မြောက်နိုင်သော ငါ့အား ယခုအခါ မင်္ဂလာဥယျာဉ်တော်သို့ သွား၍ ရှုစားမွေ့လျော် ပျော်ပိုက်ရန် အလိုမရှိတော့ပြီ၊ သူသေကိုမြင်ရာ ဤအရပ်မှပင်လျှင် ရွှေနန်းတော်သို့တဖန် ရထားကို တုံ့ပြန် မောင်းနှင်လော့”ဟူ၍ မိန့်ကြားတော်မူလေ၏။ ရထားထိန်းသည်လည်း “ကောင်းပါပြီ အရှင်မင်းကြီး”ဟု ဝန်ခံစကား ပြန်ကြား လျှောက်ဆိုပြီးလျှင် မင်္ဂလာဥယျာဉ်တော်သို့ မမောင်းနှင်တော့ပဲ သူသေကိုမြင်ရာ ထိုအရပ်မှပင် ရွှေနန်းတော်သို့တဖန် ရထားကို တုံ့ပြန် မောင်းနှင်ခဲ့လေ၏။

အလောင်းတော်မင်းသား၏ တရားသံဝေဂ

ရှေးက ဆိုအပ်ခဲ့ပြီးသောအတိုင်း ခြင်္သေ့မင်းနှင့် တူတော်မူသော အလောင်းတော်မင်းသားသည် ဘုရားဖြစ်မည့်သူပြီပြီ ရထားထိန်းက “သူသေဟူသည် သေသူကိုလည်း

၁၆၆

ကျန်ရစ်သူ ဆွေမျိုးများက နောက်ထပ် မြင်ကြရတော့မည် မဟုတ်၊ သေသူကလည်း ကျန်ရစ်သော ဆွေမျိုးများကို နောက်ထပ် မြင်ရတော့မည် မဟုတ်”ဟူ၍ သေခြင်းတရား = (မရဏတရား)၏ သူသိသမျှ လောကသဘောကို ပြောကြား လျှောက်ထားစေကာမူ ထိုမရဏတရား, ရှေးက တွေ့သိပြီးဖြစ်သော ဇရာတရား, ဗျာဓိတရား ဤတရားသုံးပါးတို့၏ အကြောင်းရင်းဖြစ်သော ပဋိသန္ဓေ တည်နေရခြင်း (= ဇာတိ)တရားကို ထင်ရှားဆင်ခြင် သိမြင်တော်မူသည် ဖြစ်ရကား ရွှေနန်းတော်သို့ ရောက်သည်ရှိသော် “(အိုး) ပဋိသန္ဓေ တည်နေမှု တည်းဟူသော ဇာတိသဘောသည် ရွံမုန်း စက်ဆုပ်ဖွယ်ကြီးပါတကား..၊ ယင်းသည့် ပဋိသန္ဓေ တည်နေမှု (= ဇာတိ)တရား ထင်ရှားရှိပြီးသူ (ပဋိသန္ဓေ တည်နေပြီးသူ)မှန်သမျှ အိုမင်းရင့်ရော်မှု (= ဇရာ)တရား ထင်ရှား ရှိရမည်သာ၊ နာဖျားမှု (= ဗျာမိ)တရား ထင်ရှား ရှိရမည်သာ၊ စုတိပြတ်ကြွေ သေလွန်မှု (= မရဏ)တရား ထင်ရှား ရှိရမည်သာ ဖြစ်စွာ့တကား”ဟု သံဝေဂဉာဏ်စက်သွားဖြင့် စဉ်းစားဆင်ခြင်တော်မူကာ မျက်နှာမရွှင် မကြည်လင်နိုင် ကြံမှိုင်၍သာ နေတော်မူလေ၏။

သုဒ္ဓေါဒနမင်းတရားကြီး အစောင့်အနေများကို တိုး၍ချထားစေခြင်း

     ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးသည် ရှေးနည်းအတူ ရထားထိန်းကို ခေါ်စေ၍ မေးမြန်းတော်မူသည်တွင် ရထားထိန်းက “အရှင်မင်းကြီး.. အရှင့်သားတော်သည် သူသေယောက်ျားကို မြင်ရသောကြောင့် လျင်လျားစွာ ပြန်နစ်လာပါသည်”ဟု ပြန်ကြား လျှောက်ထားလေသော် သုဒ္ဓေါဒန မင်းတရားကြီးသည် ရှေးနည်းအတူ ကြံစည် ပြောဆိုတော်မူပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာ တယူဇနာ တယူဇနာခန့်ရှိသော အရပ်၌ အစောင့်အရှောက်များကို တိုး၍ ချထားစေတော်မူလေ၏။

၁၆၇

မောင်းမမိဿံ ရံရွေကခြေသည်တို့ကိုလည်း ရှေးကထက် တိုး၍ ခန့်ထား စီမံစေတော်မူ၏။

(၄) ရဟန်းနိမိတ်ကို မြင်တော်မူခြင်း

     အလောင်းတော်မင်းသားသည် ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက တောမထွက်ဖြစ်ရန် ရဟန်းမပြုဖြစ်ရန် တိုး၍ တိုး၍ စီမံခန့်ထားအပ်သော အာရုံငါးပါး ကာမဂုဏ်တရားတို့၏ လှည့်စားဖုံးကွယ်ချက်အရ ဇာတိ, ဇရာ, ဗျာဓိ, မရဏတရားတို့၌ ထိတ်လန့်ငြီးငွေ့သော သံဝေဂစိတ်ထား အနည်းငယ်လျော့ ပါးကာ ငါးဖြာအာရုံ ကာမဂုဏ်တို့ဖြင့်ပင် ပျော်ရွှင်စံပယ် နေတော်မူပြန်လေသည်။

     ထိုသို့ နေတော်မူ၍ လေးလပြည့်မြောက် ရောက်လတ်သောအခါ အလောင်းတော် မင်းသားသည် ရှေးနည်းအတူပင် အာဇာနည်မြင်းက-သော ရထားကို စီးနင်းတော်မူလျက် ဥယျာဉ်တော်သို့ ထွက်ကြွတော်မူပြန်ရာ လမ်းခရီးအကြားသို့ ရောက်သောအခါ လေးကြိမ်မြောက် နတ်တို့ ဖန်ဆင်းပြအပ်သည့် ဆံမုတ်ဆိတ်ကို ပယ်ပြီး (= ဦးပြည်းခေါင်းတုံးပြီး)လျှင် ဖန်ရည်ဆိုးသော သင်္ကန်းကို ဝတ်ရုံလျက် ရဟန်းအဖြစ်သို့ ကပ်ရောက်သော ယောက်ျားကို မြင်တော်မူ၍ “အချင်း ရထားထိန်း.. ထိုသူ၏ ဦးခေါင်းသည်လည်း တခြားသူများ၏ ဦးခေါင်းနှင့်မတူ ဆံမုတ်ဆိတ်ပယ်ပြီး ခေါင်းတုံးပြီး ဖြစ်ပေ၏၊ ထိုသူ၏ အဝတ်များသည်လည်း တခြားသူတို့၏ အဝတ်များနှင့် မတူကုန်၊ ဖန်ရည်ဆိုးပြီးသား ဖြစ်ကုန်၏။ ဤသူကား အဘယ်အမည်ရှိသော သူနည်း”ဟု မေးမြန်းတော်မူလေ၏။ ရထားထိန်းသည်လည်း “အရှင်မင်းကြီး.. ထိုသူကား ရဟန်း မည်ပါ၏”ဟု ပြန်ကြား လျှောက်ထားလေ၏။

     တဖန်ထပ်၍ အလောင်းတော် မင်းသားက “အချင်း ရထားထိန်း.. ထို“ရဟန်း”မည်သည် အဘယ်ကို ဆိုလိုသနည်း၊

၁၆၈

ထို 'ရဟန်း'၏သဘောကို ပြန်ကြား လျှောက်ထားရမည်”ဟု မေးမြန်းတော်မူလတ်သည်တွင် ရထားထိန်းက “အရှင်မင်းကြီး.. ဤရဟန်းမည်သည် 'ဒါနအစရှိသော ကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့ကို ကျင့်ခြင်းသည် ကောင်းမြတ်လှ၏'ဟု နှလုံးသွင်း၍ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ဆင်ကာ လူ့အဖြစ် လူ့ဘဝမှ ထွက်မြောက်လာသူ ဖြစ်ပါသည်။ ဤရဟန်းမည်သည် 'တရားနှင့်ညီသော ကုသိုလ်ကမ္မပထဆယ်ပါး, အပြစ်ကင်းသော ကုသိုလ်ကမ္မပထ ဆယ်ပါး, ဖြူစင်လှသော ကုသိုလ်ကမ္မပထဆယ်ပါး တရားကို ကျင့်ခြင်းသည် ကောင်းမြတ်လှ၏'ဟု နှလုံးသွင်း၍ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ဆင်ကာ လူ့အဖြစ် = လူ့ ဘဝမှ ထွက်မြောက်လာသူ ဖြစ်ပါသည်။ ဤရဟန်းမည်သည် 'သတ္တဝါတို့ကို မညှဉ်းဆဲခြင်း, သတ္တဝါတို့အား အကျိုးဖြစ်ထွန်းအောင် စောင့်ရှောက်ခြင်းသည် ကောင်းမြတ်လှ၏'ဟု နှလုံးသွင်း၍ ဖန်ရည်စွန်းသော အ၀တ်ကို ဝတ်ဆင်ကာ လူ့အဖြစ် = လူ့ဘဝမှ ထွက်မြောက်လာသူ ဖြစ်ပါသည်”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။

[ဤ၌ ဘုရားပွင့်တော်မူရာ သာသနာခေတ်အခါ မဟုတ်သောကြောင့် ရထားထိန်းသည် ရဟန်းကို၎င်း, ရဟန်း၏ ဂုဏ်ကျေးဇူးကို၎င်း မသိသော်လည်း နတ်တို့၏ အာနုဘော်ဖြင့် “အရှင်မင်းကြီး ဤသူကား ရဟန်းပါတည်း”ဟု ပြောကြားပြီးလျှင် ရဟန်း၏ ဂုဏ်ကျေးဇူးများကိုလည်း ဖွင့်ဆို ပြောကြားလေသည်။ (ဗုဒ္ဓဝံသအဋ္ဌကထာ စာမျက်နှာ ၃၂၇-နှင့် ဇိနာလင်္ကာရဋီကာ စာမျက်နှာ ၁၈၄-မှ။)

အသက်ရှည်သော ဘုရားအလောင်းတို့မှာ အနှစ်တရာ အနှစ်တရာ လွန်မှ နိမိတ်ကြီးလေးပါးတို့တွင် တပါးတပါးကို မြင်တော်မူကြကုန်၏။ ငါတို့၏ ဘုရားအလောင်းသည်ကား အသက်တိုသောအခါ ဖြစ်တော်မူရသောကြောင့် လေးလ လေးလ လွန်လျှင် ဥယျာဉ်တော်သို့အသွား အစဉ်အတိုင်း နိမိတ်ကြီး တပါး တပါးကို မြင်တော်မူလေသည်။ ဒီဃနိကာယ်ဆောင် အရှင်မြတ်များက နိမိတ်ကြီးလေးပါးလုံးကို တရက်တည်းမှာပင် မြင်၍သွားသည်ဟု ဆိုတော်မူကြကုန်၏။ (ဗုဒ္ဓဝံသအဋ္ဌကထာ စာမျက်နှာ ၃၂၈-မှ)]

၁၆၉

     ထိုအခါ အလောင်းတော် မင်းသားသည် “အချင်း ရထားထိန်း.. 'ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို ကျင့်ကြံခြင်း, တရားနှင့်ညီညွတ်သော ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို ကျင့်ကြံခြင်း, အပြစ်ကင်းသော ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို ကျင့်ကြံခြင်း, ဖြူစင်သည့် ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို ကျင့်ကြံခြင်းသည် ကောင်းမြတ်လှ၏'ဟု နှလုံးသွင်း၍ ရဟန်းအဖြစ်သို့ ကပ်ရောက်သော ထိုသူသည် ချီးမွမ်းအပ် ကောင်းမြတ်လှပေ၏။ 'သတ္တဝါတို့ကို မညှဉ်းဆဲခြင်း, သတ္တဝါတို့အား အကျိုးဖြစ်ထွန်းအောင် စောင့်ရှောက်ခြင်းသည် ကောင်းမြတ်လှ၏'ဟု နှလုံးသွင်း၍ ရဟန်းအဖြစ်သို့ ကပ်ရောက်သော ထိုသူသည် ချီးမွမ်းအပ် ကောင်းမြတ်လှပေ၏။ ထိုသို့ ချီးမွမ်းအပ် ကောင်းမြတ်လှသောကြောင့်ပင်လျှင် အချင်းရထားထိန်း ရဟန်းရှိရာ ထိုအရပ်သို့ ရထားကို မောင်းနှင်လော့”ဟု မိန့်တော်မူ၏။ ရထားထိန်းသည်လည်း “ကောင်းပါပြီ အရှင်မင်းကြီး”ဟု ဝန်ခံစကား ပြောကြား လျှောက်ဆိုပြီးလျှင် ထိုရဟန်းရှိရာအရပ်သို့ ရထားကို မောင်းနှင်လေ၏။ ထိုအရပ်သို့ ရောက်လတ်သော် အလောင်းမင်းသားသည် နတ်တို့ ဖန်ဆင်းပြအပ်သော ထိုရဟန်းကို “အချင်း.. သင်သည် အဘယ်အမှုကို ပြုနေသနည်း၊ သင့်ဦးခေါင်းသည်လည်း တခြားသူ၏ ဦးခေါင်းနှင့် မတူပါတကား၊ သင့်အဝတ်တို့သည်လည်း တခြားသူတို့၏ အဝတ်တို့နှင့် မတူကုန်ပါတကား”ဟု မေးတော်မူ၏။ နတ်တို့ ဖန်ဆင်းပြသည့် ဣဒ္ဓိရုပ်ရဟန်းက “အရှင်မင်းကြီး.. အကျွန်ုပ်ကား ရဟန်းမည်ပါသည်”ဟု ပြန်ကြား ပြောဆိုလတ်သည်တွင် အလောင်းတော် မင်းသားက တဖန်ထပ်၍ “အချင်း.. အသင် ရဟန်းဟူသည် အဘယ်ကို ဆိုလိုသနည်း”ဟု မေးတော်မူ၏။ ဣဒ္ဓိရုပ်ရဟန်းက “အရှင်မင်းကြီး.. အကျွန်ုပ် ရဟန်းဟူသည် တရားသောကြောင့် ဓမ္မဟူ၍၎င်း, တရားနှင့် ညီညွတ်သောကြောင့် သမဟူ၍၎င်း, အပြစ် ကင်းသောကြောင့် ကုသလဟူ၍၎င်း, အကြောင်းအကျိုး နှစ်မျိုးလုံးပင် ဖြူစင်သောကြောင့် ပုညဟူ၍၎င်း ဂုဏ်ထူးဝိသေသ လေးပါးတို့ဖြင့် ခေါ်ဆိုရသည့် ဒါနအစရှိသော ကုသိုလ်

၁၇၀

ကမ္မပထတရား ဆယ်ပါးတို့ကို ကျင့်ကြံခြင်းသည် ကောင်းမြတ်လှပေ၏၊ သတ္တဝါတို့ကို မညှဉ်းဆဲခြင်း သတ္တဝါတို့အား အကျိုးဖြစ်ထွန်းအောင် စောင့်ရှောက်ခြင်းသည် ကောင်းမြတ်လှပေ၏ဟု နှလုံးသွင်း၍ ဆံမုတ်ဆိတ်တို့ကို ပယ်ရှင်း ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ဆင်ကာ အိမ်ရာတည်တောင် လူ့ဘောင်မှ လွတ်အောင်ကျင့်ဆောက် ထွက်မြောက်ခဲ့သူ ဖြစ်ပေသည်”ဟု ပြန်ကြား ပြောဆိုသောအခါ အလောင်းတော် မင်းသားသည် “အချင်း.. ဓမ္မ, သမ, ကုသလ, ပုည ဂုဏ်ထူးဝိသေသ လေးပါးတို့ဖြင့် ခေါ်ဆိုရသည့် ကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့ကို ကျင့်ကြံခြင်း, သတ္တဝါတို့ကို မညှဉ်းဆဲခြင်း, သတ္တဝါတို့အား အကျိုးဖြစ်ထွန်းအောင် စောင့်ရှောက်ခြင်းသည် ကောင်းမြတ်လှ၏ဟု နှလုံးသွင်း၍ ဆံမုတ်ဆိတ်တို့ကို ပယ်ရှင်း ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ဆင်ကာ အိမ်ရာတည်ထောင် လူတို့ဘောင်မှ လွတ်အောင် ကျင့်ဆောက် ထွက်မြောက်ခဲ့ပေသော အသင်သည် စင်စစ်ဧကန် ချီးမွမ်းအပ် ကောင်းမြတ်သူ မှန်ပေ၏”ဟု ဝန်ခံ ချီးမွမ်းစကား ပြောကြားတော်မူလေသည်။

တောထွက်တော်မူသည့် နှစ်-လတို့ကို မှတ်သားရန်

     အလောင်းမင်းသား တောထွက်ခဏ်းတွင် တောမထွက်မီ ဥယျာဉ်တော်သို့ လေးကြိမ် ထွက်တော်မူရာမှာ မဟာသက္ကရာဇ် ၉၆-ခုနှစ် ၀ါဆိုလပြည့်နေ့မှာ အာဇာနည်မြင်းက-သော ရထားကိုစီးလျက် ဥယျာဉ်တော်သို့ ထွက်ကြွတော်မူသည်တွင် လမ်းခရီးအကြား၌ ပဌမအကြိမ် သူအိုနိမိတ်ကို မြင်တော်မူသည်။ ထိုသို့ သူအိုနိမိတ်ကို မြင်တော်မူရသဖြင့် အရွယ်တော်နုပျိုခြင်းကို အစွဲပြု၍ စိတ်တက်ကြွခြင်း တည်းဟူသော ယောဗ္ဗနမာန်ကို ပယ်ရှားတော်မူလေသည်။

     ထို့နောက် ထိုနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာ ရှေးနည်းအတူ ဥယျာဉ်တော်သို့ ထွက်ကြွတော်မူလေရာ လမ်းခရီးအကြား၌ ဒုတိယအကြိမ် သူနာနိမိတ်ကို မြင်တော်မူလေသည်။ ထိုသို့

၁၇၁

သူနာနိမိတ်ကို မြင်တော်မူရသဖြင့် အနာရောဂါနည်းပါးခြင်း (= ရောဂါကင်းခြင်း)ကို အစွဲပြု၍ စိတ်တက်ကြွခြင်း တည်းဟူသော အာရောဂျမာန်ကို ပယ်ရှားတော်မူလေသည်။

     ထို့နောက် ထိုနှစ် တပေါင်းလပြည့်နေ့မှာ ရှေးနည်းအတူ ဥယျာဉ်တော်သို့ ထွက်ကြွတော်မူလေရာ လမ်းခရီးအကြား၌ တတိယအကြိမ် သူသေနိမိတ်ကို မြင်တော်မူလေသည်။ ထိုသို့ သူသေနိမိတ်ကို မြင်တော်မူရသဖြင့် အသက်ရှည်ခြင်းကို အစွဲပြု၍ စိတ်တက်ကြွခြင်း တည်းဟူသော ဇီဝိတမာန်ကို ပယ်ရှားတော်မူလေသည်။

     ထို့နောက် မဟာသက္ကရာဇ် ၉၇-ခုနှစ် ဝါဆိုလပြည့်နေ့မှာ ရှေးနည်းအတူ ဥယျာဉ်တော်သို့ ထွက်ကြွတော်မူရာ လမ်းခရီးအကြား၌ ရဟန်းနိမိတ်ကို မြင်တော်မူသည်။ ထိုသို့ ရဟန်းနိမိတ်ကို မြင်တော်မူရသောကြောင့် အလောင်းတော်မင်းသားသည် ရဟန်းအဖြစ်၌ နှစ်သက်တော်မူကာ “ငါသည် ယနေ့ပင် ရဟန်းပြုပေအံ့”ဟု ဆောက်တည် အဓိဋ္ဌာန်တော်မူပြီးလျှင် ထိုနေ့မှာပင် ဥယျာဉ်တော်သို့ရောက်အောင် ကြွသွားတော်မူလေ၏။

(အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် နိက္ခေပကဏ္ဍ စာမျက်နှာ ၂၆၄-၌ ပဋိသန္ဓေ တည်နေရခြင်း (= ဇာတိ)ကိုကြောက်သော (ဝါ- ဇာတိသည် ကြောက်ဖွယ် ဘေးကြီးတည်းဟု သိသော) အသိဉာဏ်သည် ဇာတိဘယမည်၏။ ဇရာကိုကြောက်သော (ဝါ- ဇရာကို ကြောက်ဖွယ် ဘေးကြီးတည်းဟု သိသော) အသိဉာဏ်သည် ဇရာဘယမည်၏။ ဗျာဓိကိုကြောက်သော (ဝါ- ဗျာဓိကို ကြောက်ဖွယ် ဘေးကြီးတည်းဟု သိသော) အသိဉာဏ်သည် ဗျာဓိဘယမည်၏၊ မရဏကိုကြောက်သော (ဝါ- မရဏကို ကြောက်ဖွယ် ဘေးကြီးတည်းဟု သိသော) အသိဉာဏ်သည် မရဏဘယမည်၏။ ဤလေးမျိုးသော အသိဉာဏ်စုသည် သံဝေဂမည်၏ဟူ၍ မြတ်ဘုရား ဟောကြားတော်မူ၏။

ဖော်ပြရာပါ နိမိတ်ကြီးလေးပါးတို့တွင် ရှေးနိမိတ်ကြီး သုံးပါးတို့သည် ပဋိသန္ဓေ တည်နေရခြင်း (= ဇာတိ) တရား ထင်ရှားရှိခဲ့လျှင်

၁၇၂

မြေလက်ခတ်နဲ မလွဲဧကန် အိုမင်းရင့်ရော်ခြင်း (= ဇရာ)တရား, နာဖျားရခြင်း (= ဗျာဓိ)တရား, သေရခြင်း (= မရဏ)တရားတို့လည်း ထင်ရှားရှိရ၏။ ဇာတိတရား ထင်ရှားဖြစ်မှုကြောင့် ဇရာတရား, ဗျာဓိတရား, မရဏတရားများလည်း ထင်ရှားဖြစ်ကြရ၏။ ဇာတိရှိသူမှာ အို,နာ,သေရေး ဆင်းရဲဘေးတို့မှ မလွန်မြောက်နိုင်ချေ၊ ကြောက်ဖွယ်ဘနန်း ကြမ်းတမ်းဆိုးဝါးလှဘိ၏ဟု ရှုဆင်ခြင်သောသူအား လွန်စွာထိတ်လန့်ခြင်း သံဝေဂဉာဏ် ဖြစ်ပေါ်လာကြောင်း ဖြစ်သောကြောင့် သံဝေဂနိမိတ်ကြီးများ မည်ကုန်၏။ နောက်ဆုံးဖြစ်သော ရဟန်းနိမိတ်ကြီးသည်ကား ထိုအိုခြင်း, နာခြင်း, သေခြင်းဘေးတို့မှ လွတ်မြောက်ရအောင် တရားအလုပ် ကျင့်ကြံအားထုတ်နိုင်ရန် ပြအပ်သော အကြောင်းနိမိတ်ဖြစ်၍ ပဓာနနိမိတ် မည်၏ဟူ၍ အထူးပြုကာ ဤအရာ၌ ကောင်းစွာ မှတ်ယူသင့်ပေသည်။)

သိကြားမင်းက ဝိသုကြုံနတ်သားကိုစေလွှတ်၍

အလောင်းတော်မင်းသားကို တန်းဆာ ဆင်ယင်ပေးစေခြင်း

     အလောင်းတော်မင်းသားသည် ထိုနေ့အဘို့ရာ မင်္ဂလာဥယျာဉ်တော်၌ မြူးပျော်ကစားကာ ဥယျာဉ်၏အရသာကို ခံစားပြီးနောက် မင်္ဂလာရေကန်၌ ရေချိုးပြီးလျှင် နေဝင်ဖျိုးဖျား အချိန်ကာလ၌ မင်္ဂလာ ကျောက်ဖျာအပြင်ဝယ် တင့်တယ်စွာ ထိုင်နေတော်မူ၏။ ထိုအခါ အလောင်းတော်သူမြတ်မှာ မိမိကိုယ်ကို တန်းဆာဆင်ယင်လိုသော စိတ်တော်များ ဖြစ်ပွါးလာသည်ကို သိကြားနတ်မင်းသိ၍ ဝိသုကြုံနတ်သားကို စေလွှတ်အပ်ရကား ထိုဝိသုကြုံနတ်သားသည် ဘုရားအလောင်းတော်ထံ လာရောက်ပြီးလျှင် အလောင်းတော်မင်းသား၏ အသုံးတော်ခံ ဆတ္တာသည်အဟန် တူစွာဖန်ဆင်း၍ နတ်၌ဖြစ်သော အဆင်တန်းဆာတို့ဖြင့် အလောင်းတော်မင်းသားကို တန်းဆာ ဆင်ယင်ပေးပေ၏။ (ဤအရာ၌ အလောင်းတော်သူမြတ်၏ နတ်ဝတ်တန်းဆာတို့ဖြင့် လွန်စွာတင့်တယ်ပုံကို အာရုံပြုထားနှင့်ရာ၏။)

     ထိုသို့ ခပ်သိမ်းသော နတ်ဝတ်တန်းဆာတို့ဖြင့် တန်းဆာဆင်အပ်ပြီးသော အလောင်းတော်မင်းသား၏ အတွက်တာ

၁၇၃

တူရိယာပညာရှင်တို့ကလည်း မိမိတို့ဆိုင်ရာ တူရိယာငါးမျိုးတို့ကို တီးမှုတ် ကခုန် သီဆိုကြကုန်စဉ်၎င်း, ပုဏ္ဏားတို့ကလည်း “အရှင်မင်းကြီးသည် အန္တရာယ်ဘေးဒဏ် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းလွင့်စင် အောင်မြင်ပါစေသတည်း၊ ဣဋ္ဌမင်္ဂလာ အဖြာဖြာပြည့်လျှမ်း၍ အားရမ်း နှစ်သက်တော်မူပါစေသတည်း”ဟူ၍ နားကြားရချမ်းသာသည့် မင်္ဂလာစကားတို့ကို ပြောကြားချီးကျူးသံ အမျိုးမျိုးတို့ဖြင့် ချီးကျူးကြကုန်စဉ်၎င်း အလောင်းတော် မင်းသားသည် ရွှေနန်းတော်သို့ ပြန်လည်ရန် ခပ်သိမ်းသော တန်းဆာတို့ဖြင့် တန်းဆာ ဆင်အပ်သည့် မြတ်သောရထားထက်သို့ တက်စီးတော်မူလေ၏။

သားတော်ရာဟုလာကို ဖွားမြင်ခြင်း

     ထိုအခါ အဂ္ဂမဟေသီ ယသောဓရာ မိဖုရားကြီးသည် သားတော်ကို ဖွားမြင်ပြီဟု ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးသည် ကြားသိတော်မူသဖြင့် “ငါ့သားတော်အား နှစ်သက်ဖွယ်ရာ သတင်းစကားကို သွားရောက် လျှောက်ထားကြလေ”ဟု မိန့်ကြားတော်မူကာ မင်းချင်းယောက်ျားတို့ကို စေလွှတ်၍ အလောင်းတော် မင်းသားထံသို့ သတင်းပို့စေတော်မူ၏။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ထိုသို့ သားတော်ကို ဖွားမြင်ပြီဟူသော သတင်းစကားကို ကြားလျှင်ပင် “ငါ့ကို ဖမ်းစားခြင်းပြုမည့် ရာဟုအသူရိန်ကား ဖြစ်ပွါး ဖွားမြင်ခဲ့လေပြီ၊ အနှောင်အဖွဲ့ကြီးကား ဖြစ်ခဲ့လေပြီ”ဟု သံဝေဂတရား လက်ရှိထားသူပြီပြီ မိန့်ကြားတော်မူလေ၏။

     သုဒ္ဓေါဒနမင်းတရားကြီးသည် “သားတော်က အဘယ်စကားကို ပြောကြားလိုက်သနည်း”ဟု မင်းချင်းတို့ကို မေးမြန်းရာ မင်းချင်းတို့ကလည်း အလောင်းမင်းသား မိန့်ကြားတော်မူလိုက်သော စကားကို ပြန်ကြား လျှောက်ထားကြ၍ ထိုစကားကို ကြားသိရလျှင်ပင် ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက “ဤအချိန်မှစ၍ မြေးတော်သည် ရာဟုလမင်းသားဟု

၁၇၄

အမည်တွင်စေ”ဟူ၍ မြေးတော်၏ ဘွဲ့အမည်ကို မှည့်ခေါ် မိန့်ကြားလေသည်။

ကိသာဂေါတမီမည်သော သာကီဝင်မင်းသမီး

နိဗ္ဗုတိ(အငြိမ်း)ဥဒါန်း ကျူးရင့်ခြင်း

     ဘုရားအလောင်းတော်သည်လည်း ရထားကိုစီးလျက် များစွာသော အခြံအရံ အလွန်နှစ်သက်ဖွယ်ရှိသော ဘုန်းကြက်သရေ၏ တင့်တယ်ခြင်း အထွတ်အထိပ်ဖြင့် ကပိလ၀တ်နေပြည်တော်သို့ ကြွဝင်တော်မူလေ၏။ ထိုသို့ ဘုရားအလောင်းတော်မင်းသား မြတ်သောရထားကိုစီးလျက် နေပြည်တော်အတွင်းသို့ ကြွဝင် တော်မူသောအခါ အဆင်းအသရေ ဇာတ်အမျိုးအနွယ်စသော ဂုဏ်အားဖြင့် မကြုံလှီ မသေးငယ် ကြီးကျယ်မြင့်မြတ်သည့် ကိသာဂေါတမီ အမည်ရှိသော သာကီဝင်မင်းသမီးသည် မြတ်သော ပြာသာဒ်အပြင်ထက်မှာ နေလျက်ပင် နေပြည်တော်သို့ ဝင်လာသော အလောင်းတော်မင်းသား၏ ရူပကာယအသရေကို မြင်ရသဖြင့် နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်ကာ-

နိဗ္ဗုတာ နူန သာ မာတာ၊

နိဗ္ဗုတော နူန သော ပိတာ။

နိဗ္ဗုတာ နူန သာ နာရီ၊

ယဿာယံ ဤဒိသော ပတီ။

ယဿာ မာတုယာ = ဘုန်းရှင်ကံရှင် အကြင်မိခင်၏။ ဤဒိသော = ကြည့်မ၀ မြင်မဝ အထင်ကရလျှင် ပပလက်ဝေ တက်သစ်နေသို့ ကြက်သရေရွှန်းအိ ဤသို့သဘောရှိသော။ အယံ သုတော = အတိဇာတ ခေါ်ထိုက်စွာ့တည့် အလှတွင်ဥကင် အယဉ်တွင်မကိုဋ်ရတနာ အလိမ္မာတွင်ခေါင်ဖူး ဤသည့်သားထူးသည်။ ဇာတော = သားကောင်းမိခင် ခေါ်တွင်စလောက် ဖြစ်မြောက်မွေးဖွား၍ လာပေ၏။ သာ မာတာ = ဘုန်းရှင် ကံရှင် ထိုမိခင်သည်။

၁၇၅

နိဗ္ဗုတာ နူန = အရည်အချင်း ရုပ်အဆင်းဟု သားရင်း၏ဂုဏ် ဒွေးဘော်စုံကို အာရုံစေ့စေ့ ကြံအောက်မေ့လျက် နေ့နေ့ဆက်ကာ ဝမ်းမြောက်စွာလျှင် ကြည်သာရွှင်ပြုံး ပီတိဖုံး၍ နှလုံးငြိမ်းလိမ့်မည်တကား..။

ယဿ ပိတုနော = ဘုန်းရှင်ကံရှင် အကြင်ဖခင်၏။ ဤဒိသော = ကြည့်မဝ မြင်မဝ အထင်ကရလျှင် ပပလက်ဝေ တက်သစ်နေသို့ ကြက်သရေရွန်းအိ ဤသို့သဘောရှိသော။ အယံ သုတော = အတိဇာတ ခေါ်ထိုက်စွာ့တည့် အလှတွင်ဥကင် အယဉ်တွင်မကိုဋ်ရတနာ အလိမ္မာတွင်ခေါင်ဖူး ဤသည့်သားထူးသည်။ ဇာတော = သားကောင်းဖခင် ခေါ်တွင်စလောက် ဖြစ်မြောက်မွေးဖွား၍ လာပေ၏။ သော ပိတာ = ဘုန်းရှင်ကံရှင် ထိုဖခင်သည်။ နိဗ္ဗုတော နူန = အရည်အချင်း ရုပ်အဆင်းဟု သားရင်း၏ဂုဏ် ဒွေးဘော်စုံကို အာရုံစေ့စေ ကြံအောက်မေ့လျက် နေ့နေ့ဆက်ကာ ဝမ်းမြောက်စွာလျှင် ကြည်သာရွှင်ပြုံး ပီတိဖုံး၍ နှလုံးငြိမ်းလိမ့်မည်တကား..။

ယဿာ နာရိယာ = ဘုန်းကံထူးလှ အကြင်အိမ့်ရှင်မ၏။ ဤဒိသော = ကြည့်မဝ မြင်မဝ အထင်ကရလျှင် ပပလက်ဝေ တက်သစ်နေသို့ ကြက်သရေရွန်းအိ ဤသို့ သဘောရှိသော။ အယံ ပတီ = ယောက်ျားပြီသ ဂုဏ်ရည်ပသား အလှတွင်ဥကင် အယဉ်တွင်မကိုဋ်ရတနာ အလိမ္မာတွင်ခေါင်ဖူး ဤသည့် အရှင်ထူးသည်။ ဇာတော = အရှင်ကောင်း၏ကြင်ယာ ဤလူ့ရွာ၀ယ် မင်္ဂလာစကား ခေါ်မှတ်သားရန် ထင်ရှားဖြစ်ပေါ်၍ လာပေ၏။ သာ နာရီ = ဘုန်းကံထူးလှ ထိုအိမ့်ရှင်မသည်။ နိဗ္ဗုတာ နူန = အရည်အချင်း ရုပ်အဆင်းဟု နှစ်သင်းစွယ်စုံ အရှင့်ဂုဏ်ကို အာရုံစေ့စေ့ ကြံအောက်မေ့လျက် နေ့နေ့ဆက်ကာ

၁၇၆

ဝမ်းမြောက်စွာလျှင် ကြည်သာရွှင်ပြုံး ပီတိဖုံး၍ နှလုံးငြိမ်းလိမ့်မည်တကား..

ဟူ၍— ဤ အငြိမ်းဥဒါန်းဂါထာကို ကျူးရင့် ရွတ်ဆိုလေ၏။ ။(ဆီအိုးထဲသို့ ဆီကို လောင်းထည့်သောအခါ အိုးပြည့်ပြီးသည့်နောက် အပေါ်သို့လျှံ၍ တက်လာသော ဆီကဲ့သို့ အကြောင်းအရာ တခုခုအတွက် နှစ်သက်ဝမ်းမြောက်ခြင်း ပြင်းထန်စွာဖြစ်သောသူမှာ ထိုနှစ်သက်ဝမ်းမြောက်ခြင်း (= ပီတိသောမနဿ) တရားများ ဝမ်းတွင်း၌ပြည့်လျှံ အပြင်သို့ လျှံထွက်လာသည့်အလား ထိုပီတိသောမနဿ နှစ်ပါးကြောင့် ဖြစ်ပွါးပေါ်ထွက်လာသော ဂါထာကိုဖြစ်စေ, စုဏ္ဏိယ စကားပြေကိုဖြစ်စေ ဥဒါန်းဟူ၍ ခေါ်ဆိုအပ်၏။)

     ဘုရားအလောင်းတော် မင်းသားသည် ကိသာဂေါတမီ သာကီဝင်မင်းသမီး ကျူးရင့်ရွတ်ဆိုသော ထိုဥဒါန်းဂါထာကို ကြားတော်မူရ၍ “ဤကိသာဂေါတမီ ငါ၏နှမတော် မင်းသမီးသည် ဤသို့သော အတ္တဘောကို ရှုမြင်ရသော မိခင် ဖခင် အိမ့်ရှင်ကြင်ယာတို့၏ စိတ်နှလုံး ရွှင်ပြုံးငြိမ်းလိမ့်မည်တကားဟု အငြိမ်းဥဒါန်းကို ရွတ်ဆိုပေ၏၊ အဘယ်တရားများ ငြိမ်းလတ်သော် စိတ်နှလုံး ဧကန်ငြိမ်းချမ်းသည် မည်လေသနည်း”ဟု စဉ်းစား ကြံစည်တော်မူသောအခါ ကိလေသာတရားတို့၌ တပ်ခြင်းကင်းသော စိတ်ရှိတော်မူသော အလောင်းတော်မင်းသား၏ စိတ်သန္တာန်ဝယ် “ရာဂမီးငြိမ်းမှ စင်စစ်ဧကန် အမှန်ငြိမ်းသည်မည်၏၊ ဒေါသမီးငြိမ်းမှ စင်စစ်ဧကန် အမှန်ငြိမ်းသည်မည်၏၊ မောဟမီးငြိမ်းမှ စင်စစ်ဧကန် အမှန်ငြိမ်းသည်မည်၏၊ မာနဒိဋ္ဌိအစရှိသော ကိလေသာဟူ အပူခပ်သိမ်း အေးငြိမ်းမှ စင်စစ်ဧကန် အမှန်ငြိမ်းသည် မည်၏။ ဤကိသာဂေါတမီ မင်းသမီးသည် ငါ့အား အငြိမ်းဓာတ်နှင့် စပ်သွယ်သည့် နာဖွယ်ကောင်းသော စကားကို ပြောကြား မြွက်ဆိုပေ၏၊ မှန်ပေသည်.. ငါကား ဒုက္ခခပ်သိမ်း ငြိမ်းရာဧကန် စင်စစ်မှန်သော နိဗ္ဗာန်ပရမတ္ထ တရားကြီးကို ရှာမှီးလှည့်လည်နေသူ

၁၇၇

ဖြစ်ပေ၏၊ ယနေ့ပင် ငါသည် အိမ်ရာတည်ထောင် လူ့ဘောင်ကို ပယ်စွန့်၍ တောထွက်ကာ ရဟန်းပြုပြီးလျှင် နိဗ္ဗာန်ပရမတ္ထတရားကြီးကို ရအောင် ရှာမှီးသင့်လေပြီ”ဟု တောထွက်တော်မူရန် အကြံအစည်များ တဖွားဖွား ဖြစ်ရှိတော်မူကာ “ဤပုလဲသွယ်သည် ငါ့အား နိဗ္ဗုတိအငြိမ်းဓာတ်ကို အရရှာဖို့ရန် သတိပေးပေသည့် ဤကိသာဂေါတမီ မင်းသမီးအတွက် ဆရာစားဖြစ်စေ”ဟု မိန့်ဆိုတော်မူပြီးလျှင် တသိန်းတန်သော လည်ဆွဲ ပုလဲသွယ် အဆင်တန်းဆာကို လည်ပင်းတော်မှ ဖြုတ်ချွတ်၍ ကိသာဂေါတမီ မင်းသမီးထံသို့ ပို့စေတော်မူ၏၊ ကိသာဂေါတမီ မင်းသမီးသည် “ဤမောင်တော် သိဒ္ဓတ္ထမင်းသားကား ငါ့အပေါ်၌ တိမ်းညွတ်သောစိတ် ရှိတော်မူသည့်အတွက် လက်ဆောင်ပဏ္ဏာ ပို့စေခြင်း ဖြစ်သည်”ဟု အောက်မေ့ကာ လွန်စွာ နှစ်သက် ဝမ်းမြောက်လေ၏။

     ဘုရားအလောင်းတော် မင်းသားသည်လည်း များမြတ် ကြီးကျယ်သော ကြက်သရေအစုဖြင့် အလွန်ဆန်းကြယ် မွေ့လျော်ဖွယ်ကောင်းသော စံနန်းပြာသာဒ်ထက်သို့ တက်စံတော်မူကာ အသရေရှိသော သလွန်ပေါ်၌ လျောင်းစက်တော်မူလေ၏။ ထိုသို့ အလောင်းတော်မင်းသား အသရေရှိသော သလွန်ထက်၌ လျောင်းစက်တော်မူလျှင်ပင် ကခြင်း သီခြင်း တီးမှုတ်ခြင်းအမှုတို့၌ ကျွမ်းကျင်လိမ္မာကြသည့် နတ်သမီးတို့နှယ် အရွယ်အဆင်း တင့်တယ်ခြင်းနှင့် ပြည့်စုံကြသော မောင်းမမိဿံ ရွေရံကခြေသည်အပေါင်းတို့သည် အသံချိုသာသည့် တူရိယာငါးမျိုးတို့ကို အသီးသီးစွဲကိုင်ကာ အလောင်းတော်မင်းသားကို ဝန်းပိုင်းခြံရံကြပြီးလျှင် အလောင်းတော်မင်းသား အာရုံငါးပါးတို့ဖြင့် ပျော်ပါးမူးမေ့ မွေ့လျော်ရန်အတွက် တီးမှုတ် ကခုန် သီဆို ဖျော်ဖြေကြကုန်၏။ ဤသို့ မောင်းမမိဿံ ရွေရံကခြေသည်အပေါင်းတို့က တူရိယာငါးမျိုးတို့ဖြင့် တီးမှုတ် ကခုန် သီဆိုဖျော်ဖြေကြကုန်သော်လည်း အလောင်းတော် မင်းသားသည် ကိလေသာမီး ပွါးစီးရန်အမှုတို့၌ စက်ဆုပ်ငြီးငွေ့သော စိတ်ရှိတော်မူသည်

၁၇၈

ဖြစ်ရကား ကခြင်း သီခြင်း တီးမှုတ်ခြင်းတို့၌ အလျှင်းပင် မမွေ့လျော် ပျော်ပိုက်တော်မမူပဲ တမုဟုတ် တခဏမျှ အိပ်ပျော်ခြင်းသို့ ရောက်တော်မူလေ၏။

     မောင်းမမိဿံ ရွေရံကခြေသည် အပေါင်းတို့သည် အလောင်းတော်မင်းသား တမုဟုက် တခဏမျှ အိပ်ပျော်ခြင်းသို့ ရောက်တော်မူလျှင်ပင် “ငါတို့သည် အကြင် အလောင်းမင်းသားအတွက် ကခုန်သီဆို တီးမှုတ်ခြင်းအမှုကို ပြုလုပ်ကြရကုန်၏၊ ထိုအလောင်းမင်းသားကား အိပ်ပျော်ခြင်းသို့ ရောက်ချေပြီ၊ ယခုအခါ အဘယ်အတွက် အပင်ပန်းခံကုန်အံ့နည်း”ဟု နှလုံးသွင်း အောက်မေ့ကြ၍ မိမိတို့ စွဲကိုင်ရင်းရှိသော တူရိယာတို့ကို ဖိလျက် အိပ်စက်ကြလေကုန်၏။ ရွှေနန်းတော်အတွင်းဝယ် ညှိထွန်းထားသော နံ့သာဆီမီးတို့သည်ကား ညီးညီးထိန်ဝင်း ထွန်းလင်းတောက်ပဆဲ ရှိကုန်၏။

အလောင်းတော်မင်းသား သံဝေဂကြီးစွာရ၍

တောထွက်တော်မူခြင်း

     ဘုရားအလောင်းတော် မင်းသားသည် စက်ရာမှနိုး၍ သလွန်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေတော်မူလျက် ကြည့်ရှုတော်မူလတ်သော် အချို့သော ကခြေသည်များ သွားရည်တတွေတွေစီး၍ ညစ်ပေသော ပါးစောင် ညစ်ပေသောကိုယ် ရှိကြလျက် မိမိတို့ စွဲကိုင်ရင်း တူရိယာတို့ကိုဖိကာ အိပ်ပျော်နေကြသည်တို့ကို၎င်း, အချို့သော ကခြေသည်များ သွားကြိတ်လျက် အိပ်ပျော်နေကြသည်တို့ကို၎င်း, အချို့သော ကခြေသည်များက ဟောက်လျက် အချို့သော ကခြေသည်များက မြည်တမ်း ယောင်ယမ်းလျက် အချို့သော ကခြေသည်များက ပါးစပ်ခံတွင်း ဟင်းလင်းပွင့်ကြလျက် အချို့သော ကခြေသည်များက အဝတ်ကင်း လစ်ဟင်းကြလျက် အချို့သော ကခြေသည်များက ဆံပင်ဗလပွေ ပြေကျလျက် သုသာန်သင်းချိုင်း၌ရှိသော သူသေရုပ်အသွင်ကို ဆောင်ကြကာ စက်ဆုပ်ဖွယ်ရာ အိပ်ပျော်နေကြသည်တို့ကို၎င်း မြင်တော်မူလေ၏။

၁၇၉

     အလောင်းတော်မင်းသားသည် ကခြေသည်များ၏ စက်ဆုပ်ဖွယ်ရာ ဖောက်ပြန်သော ထိုအခြင်းအရာကို မြင်ရလျှင် ရှေးကထက်တိုး၍ ကာမတရားတို့အပေါ်၌ တပ်ခြင်းကင်းသော စိတ်ရှိတော်မူလေ၏၊ ရှိတော်မူပုံမှာ..

(၁) အပ္ပဿာဒါ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် သာယာဖွယ်နည်းပါး ဆင်းရဲပူပန်ရသည်ကသာ များကုန်စွာ့တကား.. ဤကာမတရားတို့၌ အပြစ်ဒေါသတွေကား အလွန်များကုန်စွာ့တကား..။

(၂) အဋ္ဌိကင်္ကလူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် အသားမကပ်သော အရိုးဖတ်နှင့် တူကုန်စွာ့တကား..၊ တူပုံမှာ- အသားကို အပြောင်အစင် ခွါပြီး၍ စွန့်ပစ်ထားသော အရိုးဖတ်သက်သက်ကို ခွေးငတ်ခွေးပိန်တကောင် တွေ့လေရာ ထိုခွေးငတ်ခွေးပိန်သည် ထိုအရိုးဖတ်ကို သွားရည်တမြားမြားနှင့် ကိုက်ခဲခြင်း ပြုပါသော်လည်း ဝ-လင်ခြင်းမရှိ၊ အားရတင်းတိမ်ခြင်းသို့ မရောက်နိုင်၊ ညှီဟောင်သည့်အနံ့ ရှိနေသောကြောင့် ထိုအရိုးကို စွန့်ပစ်၍ အရပ်တပါးသို့လည်း မသွားနိုင်ပဲ အရသာတွေ့လိမ့်နိုးနိုး ဝ-လင် တင်းတိမ်လိမ့်နိုးနိုး မြှော်ကိုးချက်ကြီးစွာဖြင့် ထိုအရိုးကို အဖျား လှည့်၍ကိုက် အရင်းကလှည့်၍ကိုက် အလယ်က ဖြတ်၍ကိုက်နှင့်သာ အရသာကိုမတွေ့မီ သေရလေသကဲ့သို့၊ ထို့အတူ မိန်းမယောက်ျား သတ္တဝါအများတို့သည် အရိုးဖတ်သဖွယ်ဖြစ်သော ရွှေငွေဥစ္စာ လယ်ယာခမ်းနား သားမယား အရှင်သခင်စသော သက်ရှိသက်မဲ့ ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို ခွေးငတ်ခွေးပိန်သဖွယ်ဖြစ်၍ တရစ်ဝဲဝဲ တစွဲလမ်းလမ်း နေ့ရက်ရှည်ကြာ ခံစားသုံးဆောင်ပါသော်လည်း ၀-လင်အားရ တင်းတိမ်ရောင့်ရဲခြင်း မရှိနိုင်ကြကုန်၊ အရသာ တွေ့လိမ့်နိုးနိုး ချမ်းသာလိမ့်နိုးနိုး မျှော်ကိုးချက်ကြီးစွာဖြင့်သာ

၁၈၀

နေကြကုန်၏၊ ဝတ္ထုအာရုံ ကာမဂုဏ်တို့ကလည်း သတ္တဝါသန္တာန်မှာရှိသော ကာမတဏှာဓာတ်ကို ရစ်ပတ်ဆွဲငင်ထားသောကြောင့် ထိုဝတ္ထုအာရုံ ကာမဂုဏ်တို့ကို စွန့်ခွါ၍ မသွားတည့်နိုင်၊ ကာမဂုဏ်မှ လွတ်ထွက်ဖို့ရန်အချက် နေက္ခမ္မဝိတက်များကို မစဉ်းစားနိုင်ပဲရှိလျက်ပင် တခုံမင်မင် တခင်တွယ်တွယ်နှင့်သာ သားမယား အရှင်သခင်တို့၏ ခြေရင်း၌ သေခြင်းသို့ ရောက်ကြရကုန်၏၊ သို့ရကား အာရုံငါးပါး ကာမတရားတို့သည် အသားမကပ်သော အရိုးဖတ်နှင့် တူကုန်စွာ့တကား၊- ဆင်းရဲပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား..။

(၃) မံသပေသူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် သားတစ်နှင့် တူကုန်စွာ့တကား..၊ တူပုံမှာ- စွန်ရဲငှက်တကောင်သည် သားတစ်တခုကို သုတ်ချီ၍ ပျံလေရာ ထိုစွန်ရဲကို များစွာသော ငှက်တို့သည် လိုက်လံဝိုင်းအုံ ထိုးဆိတ်ကြကုန်၏၊ သားတစ်ကို မလွှတ်သမျှ ထိုစွန်ရဲသည် များစွာသောဒုက္ခနှင့် တွေ့ကြုံရလေ၏။ သားတစ်ကို စွန့်ပစ် လွှတ်လိုက်သည်နှင့် တပြိုင်နက် ထိုဘေးဒုက္ခတို့မှ လွတ်မြောက်ရလေ၏။ ထိုသားတစ်ကို တဆင့်သုတ်ချီကာ ပျံသန်းသောငှက်သို့ များစွာသော ငှက်အပေါင်းတို့သည် လိုက်လံဝိုင်းအုံ ထိုးဆိတ်ကြပြန်ကုန်၏။ ဤသို့ သားတစ်တခုအတွက်ကြောင့် ထိုသားတစ်ကို တွယ်တာခင်မင်လျက် ချီယူပျံသန်းသမျှသော စွန်ငှက်တို့သည် ဘေးဒုက္ခနှင့် တွေ့ကြုံကြရကုန်၏။ ထို့အတူ သားတစ်နှင့်တူသော ဝတ္ထုကာမ အဝဝတို့ကို ငါ့ပစ္စည်း ငါ့ဥစ္စာဟု တဏှာဖြင့် သိမ်းပိုက်၍ တည်နေသောသူသည် ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်လိုသူ တည်းဟူသော ရန်သူမျိုးငါးပါးတို့က အမြဲမကွာ အခွင့်အလမ်းကို ရှာပြီးလျှင် လုယက်ခြင်း လပ်စားဖြတ်စားခြင်းစသော ဘေးတို့နှင့်

၁၈၁

တွေ့ကြုံရလေ၏။ ထိုဝတ္ထုတို့အတွက် ရန်သူတို့နှင့် တွေ့ကြုံသောအခါ အစွမ်းရှိသမျှ ကာကွယ်ပြန်ကလည်း အဆင်မသင့် မိမိက အရေးမလှလျှင် အသက်ဆုံးရှုံးခြင်းသို့သော်လည်း ရောက်ရ၏။ ထိုဝတ္ထုအာရုံ ကာမဂုဏ်တို့ကို မစွန့်လွှတ်နိုင်သမျှ ဘေးအပေါင်းတို့ ဝိုင်းဝန်းခြင်းခံရ၍ ကြပ်တည်းကျဉ်းမြောင်းစွာ နေထိုင်ရ၏။ ထိုကာမဂုဏ်တို့ကို စွန့်လွှတ်လိုက်မှသာ ချမ်းသာအေးမြစွာ နေထိုင်ခွင့်ကို ရရှိလေ၏။ ထို့ကြောင့် အာရုံငါးပါး သက်ရှိ သက်မဲ့ ကာမတရားတို့သည် သားတစ်နှင့် တူကုန်စွာ့တကား၊ ဆင်းရဲ ပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား..။

(၄) တိဏုက္ကူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် မြက်မီးရှူး (= မြက်မီးစည်း)ကြီးနှင့် တူကုန်စွာ့တကား..၊ တူပုံမှာ- မြက်စည်းကြီးကို မီးရှို့ကာ လေညာ (လေတင်)သို့ ယူဆောင်သွားသောအခါ အဖျားမှစ၍ အစဉ်အတိုင်း မီးလောင်လေရာ ထိုမြက်စည်းကြီးကို မစွန့်ပစ်သည်ရှိသော် ထိုယူဆောင်သောသူ၏ လက်ခြေစသော ကိုယ်အင်္ဂါတို့ကို မီးစွဲလောင်လေရာ၏၊ ထိုသို့ မီးလောင်သဖြင့် ထိုသူသည် သေသော်လည်း သေလေရာ၏။ မသေလျှင်လည်း သေလုမတတ် ဆင်းရဲဒုက္ခသို့ ရောက်လေရာ၏။ ထို့အတူ ငါပိုင် ငါ့ဟာ ငါ့ဥစ္စာဟူ၍ တဏှာလက်ဖြင့် သိမ်းပိုက်ပွေ့ယူအပ်သော ဝတ္ထုအာရုံ ကာမဂုဏ်တို့သည် သာယာသိမ်းပိုက်သောသူအား စိုးရိမ်ပူပန်ရခြင်း, ထိန်းသိမ်း စောင့်ရှောက်ရခြင်းစသော ဒုက္ခမီးတို့ကို ပွါးစီး တောက်လောင်စေတတ်ကုန်၏၊ အမြတ်တနိုး သိမ်းဆည်းရင်းပင် သူ၏သဘာဝအတိုင်း ပျက်စီးပြုန်းတီးပြန်ကလည်း များစွာ စိုးရိမ်ခြင်းစသော ဒုက္ခမီးတောက်ကြီးတို့ကို ပွါးစီး တောက်လောင်စေတတ်ကုန်၏၊ တခါတရံ ထိုဝတ္ထုအာရုံ

၁၈၂

ကာမဂုဏ်မီးအတွက်ကြောင့်ပင်လျှင် အသက်သေဆုံးခြင်း တည်းဟူသော မရဏမီး လောင်မြိုက်ခြင်းကိုလည်း ခံရတတ်ကုန်၏၊ သို့ရကား သားမယား အိုးအိမ် လယ်ယာ မိုးမြေစသော သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို သိမ်းပိုက်ရခြင်းသည် မီးတောက်မီးလျှံတို့ကို သိမ်းပိုက်ထားရခြင်းနှင့်သာ တူချေ၏၊ ထို့ကြောင့် အာရုံငါးပါး ကာမတရားတို့သည် မြက်မီးရှူး (=မြက်မီးစည်း)ကြီးနှင့် တူကုန်စွာ့တကား၊ ဆင်းရဲပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား။

(၅) အင်္ဂါရကာသူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် မီးကျီးတွင်းနှင့် တူကုန်စွာ့တကား..။ တူပုံမှာ- အပေါ်ယံက ပြာဖုံး၍နေသော ရှားမီးကျီးတွင်းသည် အခိုးအလျှံ မီးတောက်ကို မမြင်ရသောကြောင့် မီးဟူ၍ပင် မထင်စေတတ်၊ မီးဟူသော အမှတ်သညာမရှိသဖြင့် ထိုမီးကျီးတွင်းထဲသို့ သက်ဆင်း ကျရောက်သောသူကို မီးတောက် မီးလျှံထက်ပင် လောင်ကျွမ်း ပူပန်စေတတ်၏၊ အသက်ဆုံးရှုံးခြင်းသို့ ရောက်စေတတ်၏။ ထို့အတူ ဝတ္ထုအာရုံ ကာမဂုဏ်တို့သည် မျက်စိအမြင် နားအကြား နှာခေါင်းအနံ့ လျှာအရသာ ကိုယ်အတွေ့အားဖြင့် အပြင်ဘန်းက သာယာဖွယ်ယောင်ယောင် ဖြစ်နေသောကြောင့် ပူလောင်သည်ဟူ၍ပင် မထင်ရ၊ ထိုကာမဂုဏ်တို့ကို သာယာတပ်မက်ခြင်း သိမ်းပိုက်ခြင်းအားဖြင့် ကာမဂုဏ်မီးကျီးတွင်းထဲသို့ သက်ဆင်း ကျရောက်သောအခါ ပူပန်ဆင်းရဲခြင်းကို ပြင်းထန်စွာ ဖြစ်စေတတ်ကုန်၏။ မီးတောက်မီးလျှံတို့ဖြင့် လောင်ကျွမ်းခြင်းမှာ အများမျက်မြင်ဖြစ်၍ ထင်ရှားသိသာလှ၏၊ မီးကျီးစုအတွင်း၌ မြှုပ်နှံ၍ထားအပ်သော ပိန်းဥ ကဇွန်းဥစသော ဝတ္ထုတို့ကို လောင်ကျွမ်းခြင်းမှာမူ မထင်ရှား၊ ထိုသို့ မထင်ရှားစေကာမူ

၁၈၃

လောင်ကျွမ်းပူပန်မှုမှာ မီးတောက်မီးလျှံဖြင့် လောင်ကျွမ်းခြင်းထက် ပြင်းထန်သကဲ့သို့၊ ထို့အတူပင်လျှင် ကာမဂုဏ်တည်းဟူသော မီးကျီးတွင်းထဲသို့ သက်ဆင်းမြှုပ်နှံခြင်းခံရသော သူတို့သည်လည်း လူသူမျက်မြင် အပြင်ပူ မပူပဲ အတွင်းပူ ပူ၍ နေကြပြီးလျှင် ကာမဝိတက်အမျိုးမျိုး ပစ္စည်းရှာဖွေမှု (= ပရိယေသန) ဒုက္ခအမျိုးမျိုး သားရေး သမီးရေး နေထိုင် စားသောက်ရေးတို့ဖြင့် လောင်ဆွေး ပူပန်မှု ဒုက္ခအမျိုးမျိုးတို့သည် မီးကြီးတွင်း၌ မြှုပ်နှံထားသော ပိန်းဥ ကဇွန်းဥ စသည်တို့ကို ကျက်အောင် ကျွမ်းအောင် လောင်ဘိ သကဲ့သို့ အတွင်းငုပ်အနေအားဖြင့် လူမသိ သူမသိပဲ အပူကြီး ပူလောင်ကြရကုန်၏။ ဝတ္ထုအာရုံ ကာမဂုဏ်တို့ဖြင့် အနပ္ပကမ်း ပြည့်လျှမ်း၍နေသော ဤကာမဘုံကြီးသည် မီးကျီးတွင်းကြီးနှင့် အလားတူ၏၊ ဝတ္ထုကာမ ပေါများလေလေ မီးကျီးအထု ထူထဲလေလေ ဖြစ်၏။ ကာမဘုံသား သတ္တဝါများသည် မီးကျီးတွင်း၌ မြှုပ်နှံ၍ထားသော ပိန်းဥ ကဇွန်းဥ အစရှိသော ဝတ္ထုတို့နှင့် အလားတူကုန်၏။ ထို့ကြောင့် အာရုံငါးပါး ကာမတရားတို့သည် မီးကြီးတွင်းနှင့် တူကုန်စွာ့တကား၊ ဆင်းရဲပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား။

(၆) သုပိနကူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် အိပ်မက်နှင့် တူကုန်စွာ့တကား၊ တူပုံမှာ- တယောက်သောသူသည် အိပ်စက်နေသောအခါ သူဌေးသူကြွယ် ပဒေသရာဇ် ဧကရာဇ်စသော အဖြစ်မျိုးကို ရရှိလျက် မိမိနှစ်သက် လိုလားအပ်သော ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို အလိုရှိသမျှ ခံစားသုံးဆောင်ပြီးလျှင် နှစ်ခြိုက်မွေ့လျော် ပျော်ချင်တိုင်းပျော်၍ နေရပုံကို အိပ်မက် မြင်မက်လေရာ၏၊ အိပ်မက်မက်နေစဉ် အဟုတ်အမှန်

၁၈၄

တကယ်ပင်ဖြစ်၍နေသကဲ့သို့ ထင်ရ၏၊ ထိုစည်းစိမ်ချမ်းသာတို့ဖြင့် သာယာ၍ မဆုံးနိုင်အောင် ရှိ၍နေလေ၏။ အိပ်မက်ထဲ၌ သာယာတပ်မက် နှစ်သက်၍မဆုံးမီ ရုတ်တရက် နိုးလာသောအခါ အိပ်မက်ထဲမှာ တွေ့ကြုံခဲ့သမျှသည် စမ်းလှမ်းရှာဖွေ၍မရ အချည်းနှီးသာ ဖြစ်လေ၏။ ထို့အတူ ဤကာမဘုံ၌ လူနတ်အပေါင်းသည် လူ့စည်းစိမ် နတ်စည်းစိမ်တို့ကို သာယာတပ်မက်ခြင်း (= တဏှာ)တရားက ရှေ့ဆောင်ရှေ့ရွက် ပြုပြီးလျှင် ခံစားနေကြစဉ် ပျော်ရွှင်ဖွယ်ရာ ချမ်းသာသည့်အဟန် မြဲမြံခိုင်ခံ့သည့်ပမာ စိတ်ကထင်မှတ် သာယာလျက် တဏှာ မာန ဒိဋ္ဌိ သုံးပါးတို့ဖြင့် သိမ်းပိုက်စွဲလမ်းကာ နေကြ၏၊ အိပ်မက် မက်နေကြ၏။ တိုတောင်းလှသော ပစ္စုပ္ပန်ဘဝ အချိန်ကာလကလေးမှာ အိပ်မက်၌ ထင်မြင်ရသကဲ့သို့ ခံစားသုံးဆောင်ကာ သာယာတပ်မက် နှစ်သက်၍မဆုံးမီ ထိုစွဲလမ်းသမျှသော အာရုံ ကာမဂုဏ်တို့ကို စွန့်ခွါ၍ ဘဝတပါး ပြောင်းသွား စုတေ သေလွန်ကြရကုန်၏၊ ထိုသို့ သေလွန်ကြသည်နှင့် တပြိုင်နက် အိပ်ရာက နိုးလာသူမှာ အိပ်မက်ထဲ၌ ထင်မြင်တွေ့ကြုံခဲ့သမျှသည် အစရှာမတွေ့အောင် အလုံးစုံ ပျောက်ကွယ်ဘိသကဲ့သို့ တိုတောင်းလှသော ပစ္စုပ္ပန်ဘဝ အချိန်ကလေး၌ တွေ့ရှိခံစံခဲ့ရသမျှသော ငါပိုင် ငါ့ဟာ ငါ့ဥစ္စာဟု စွဲလမ်းသိမ်းပိုက်ခဲ့သမျှ ဝတ္တုအာရုံ ကာမဂုဏ်တို့သည် တခုမကျန် မိမိနှင့် မသက်ဆိုင်သည့်အဖြစ်သို့ စင်စစ် ရောက်ရှိကြကုန်၏။ ထို့ကြောင့် အာရုံငါးပါး ကာမတရားတို့သည် အိပ်မက်ရုပ်နှင့် တူကုန်စွာ့တကား၊ ဆင်းရဲပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား..။

(၇) ယာစိတကူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် ခေတ္တခဏမျှ ငှါးရမ်း၍ သုံးဆောင်အပ်သော

၁၈၅

ဝတ္ထုပစ္စည်းနှင့် တူကုန်စွာ့တကား..၊ တူပုံမှာ- လောက၌ ကိုယ်ပိုင် ဥစ္စာပစ္စည်းမရှိသောသူသည် ပွဲလမ်းသဘင် ပျော်ရွှင်ရန်အတွက် စိန်ကျောက်ရွှေငွေစသော အထည်ပစ္စည်းများကို ငှါးရမ်း၍ ဆင်မြန်း သုံးဆောင်လေရာ၏၊ ဥစ္စာရှင်ထံသို့ ပြန်၍ မအပ်ရသေးမီ အတွင်းမှာ ကိုယ်ပိုင်ဥစ္စာကဲ့သို့ ဝမ်းမြောက်ကြည်လင် တရွှင်ရွှင် တပြုံးပြုံးနှင့် သုံးဆောင်ဆင်မြန်း၍ နေနိုင်သော်လည်း ငှါးရမ်းသည့် အချိန်စေ့သဖြင့် ဥစ္စာရှင်ထံ ပြန်၍ အပ်ရသောအခါမှာဖြစ်စေ, ဥစ္စာရှင်က ပြန်၍ တောင်းသောအခါမှာဖြစ်စေ မိမိလက်မှာ ထိုငှါးရမ်းထားသော ဝတ္ထုပစ္စည်းတို့ တစုံတခုမျှ မရှိတော့ပဲ ညှိုးငယ်သောမျက်နှာဖြင့်သာ မှိုင်၍ နေလေရာ၏။ ထို့အတူပင် ဤလောက လူအများသည်လည်း ကုသိုလ်ကံ အကျိုးပေးသည့်အလျောက် မိမိမှာ ဖြစ်ထွန်း ပေါ်ပေါက်လာသော ကာမဂုဏ်တို့ကို ပျော်ရွှင်စွာ သုံးဆောင်ခံစားကြ၏။ ထိုသို့ သုံးဆောင် ခံစားရသောအခါ ကာမဂုဏ်တို့ကို အမြဲထာဝရအနေကဲ့သို့ ထင်မြင်၍ နေတတ်ကြ၏၊ တစုံတရာ အကုသိုလ်ကံ ဖိစီးနှိပ်စက် သဖြင့် ထိုဝတ္ထုကာမများ ပျက်စီးသွားသော အခါမှာဖြစ်စေ, သေလွန်သော အခါမှာဖြစ်စေ ထိုကာမဂုဏ်တို့သည် မိမိနှင့် မည်သို့မျှ မစပ်မဆိုင်သောအဖြစ်သို့ ရောက်ကြကုန်၏၊ ကာမဂုဏ်ရှင်ပြုလုပ်၍ အဟုတ်ကြီးထင်မှတ်ခဲ့သော သူမှာမူကား လက်အချည်းနှီးသာ ကျန်ရှိကာ ထိုက်သည်အားလျော်စွာ ဖြစ်ရလေ၏။ ထို့ကြောင့် အာရုံငါးပါး ကာမတရားတို့သည် ခေတ္တခဏမျှ ငှါးရမ်း၍ သုံးဆောင်အပ်သော ဝတ္ထုပစ္စည်းနှင့် တူကုန်စွာ့တကား၊ ဆင်းရဲပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား..။

၁၈၆

(၈) ရုက္ခဖလူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် အသီးနှင့်ပြည့်စုံသော သစ်ပင်နှင့် တူကုန်စွာ့တကား..၊ တူပုံမှာ- ရွာနိဂုံးနှင့် မနီးမဝေးသော တောအုပ်ကြီးတခု၌ အသီးနှင့်ပြည့်စုံသော သစ်ပင်ကြီးတပင် ရှိလေရာ၏၊ ယောက်ျားတယောက်သည် အသီးကို အလိုရှိ၍ ထိုတောအုပ်အတွင်းသို့ဝင်ကာ လှည့်လည်ရှာဖွေရာတွင် ထိုသစ်ပင်ကို မြင်သောအခါ “ဤသစ်ပင်သည် ချိုမြိန်သောအသီးနှင့် ပြည့်စုံ၏။ မြေပေါ်၌ ကြွေကျသော အသီးဟူ၍လည်း တစုံတရာမရှိ၊ သို့သော်လည်း ငါ သည် သစ်ပင်သို့ တက်ရောက်ရန် နားလည်သိကျွမ်းသူဖြစ်ပေ၏၊ ငါသည် ဤသစ်ပင်သို့ တက်၍ ဝမ်းပြည့်အောင်လည်း စားပေအံ့၊ ခါးပိုက်ရင်ခွင် ပြည့်အောင်လည်း ခူးယူခဲ့အံ့”ဟူ၍ ကြံစည်ပြီးလျှင် ထိုသစ်ပင်ထက်သို့ တက်၍ ဝမ်းပြည့်အောင်လည်း စားလေရာ၏။ ခါးပိုက်ရင်ခွင် (ပုဆိုးခါးပုံ) ပြည့်အောင်လည်း ခူးယူလေရာ၏။ ထိုအခါ ဒုတိယမြောက် ယောက်ျားတယောက်သည် ထား (ဓား)ကို ယူဆောင်လျက် အသီးကို အလိုရှိ၍ ထိုတောအုပ်အတွင်းသို့ဝင်ကာ လှည့်လည်ရှာဖွေရာတွင် ထိုသစ်ပင်ကိုပင် မြင်ပြန်သောအခါ “ဤသစ်ပင်သည် ချိုမြိန်သော အသီးနှင့် ပြည့်စုံ၏၊ မြေပေါ်၌ ကြွေကျသော အသီးဟူ၍လည်း တစုံတရာမျှမရှိ၊ ငါသည်လည်း သစ်ပင်သို့ တက်ရောက်ရန် နားလည်ကျွမ်းကျင်သူ မဟုတ်ချေ။ ဤသစ်ပင်ကို အရင်းမှ ခုတ်လှဲ၍ ဝမ်းပြည့်အောင်လည်း စားပေအံ့၊ ခါးပိုက်ရင်ခွင် (ပုဆိုးခါးပုံ) ပြည့်အောင်လည်း ခူးယူပေအံ့”ဟူ၍ ကြံစည်ပြီးလျှင် ထိုသစ်ပင်ကို အရင်းမှ ခုတ်ဖြတ်၍ လှဲလေရာ၏။ ပဌမ သစ်ပင်ပေါ်သို့ တက်နှင့်သောသူသည် အကယ်၍ သစ်ပင်မလဲမီ လျင်မြန်စွာ အောက်သို့ မဆင်းနိုင်ခဲ့သော် သစ်ပင်လဲသဖြင့် လက်ခြေကျိုးမူလည်း ကျိုးလေရာ၏။ သေလောက်သော ဆင်းရဲသို့ ရောက်မူလည်း ရောက်လေရာ၏၊ သေလည်း သေလေရာ၏။

၁၈၇

ထို့အတူ ကာမဝတ္ထု အစုစုတို့နှင့် ပြည့်စုံလုံလောက်စွာ ခံစားသုံးဆောင်၍နေသူ လူတယောက်ကို အခြားလူတယောက်သည် လာရောက် ချဉ်းကပ်ပြီးလျှင် ထုနှက် ရိုက်ပုတ် ပစ်ခတ်၍ ထိုကာမဝတ္ထုတို့ကို လုယက်ယူငင်လေရာ၏။ ပဌမ ကာမဂုဏ်ရှင်သည် အကယ်၍ ထုနှက် ရိုက်ပုတ် ပစ်ခတ်မှု မပြုလုပ်မီ လျင်မြန်စွာ ကာမဝတ္ထုတို့ကို မစွန့်မပစ်နိုင်ငြားအံ့၊ ထိုကာမဂုဏ်ရှင်သည် ထိုကာမဝတ္ထုတို့အတွက် အထုအနှက် အရိုက်အပုတ် အပစ်အခတ် ခံရသဖြင့် လက်ခြေကျိုးမူလည်း ကျိုးလေရာ၏၊ သေလောက်သော ဆင်းရဲသို့ ရောက်မူလည်း ရောက်လေရာ၏။ သေမူလည်း သေလေရာ၏၊ ကာမဂုဏ်တို့၌ တစွဲလမ်းလမ်းဖြင့် သေဆုံးသွားရပါမူကား အပါယ်သို့ လားရောက်ခြင်း အစရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုးတို့နှင့် တွေ့ကြုံ ခံစားရလေ၏။ ထို့ကြောင့် အာရုံငါးပါး ကာမတရားတို့သည် အသီးနှင့်ပြည့်စုံသော သစ်ပင်နှင့် တူကုန်စွာ့ တကား၊ ဆင်းရံပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား..။

(တနည်း) အာရုံငါးပါး ကာမတရားတို့သည် အဆိပ်သီးမှည့်နှင့် တူကုန်၏။ တူပုံမှာ- ကိံပက္ကမည်သော (တနည်း- ကိမ္ဖလမည်သော) အဆိပ်သီးမှည့်သည် အလွန် နှစ်သက်ဖွယ်ရှိသော သရက်ချိုသီးမှည့်နှင့် တူပေ၏။ အဆင်း အနံ့ အရသာနှင့်လည်း ပြည့်စုံ၏၊ မြင်ရလျှင် စားချင်ဖွယ်ဖြစ်၏။ စားသောသူတို့အား အသက်သေသည့်တိုင်အောင် ဆင်းရဲဒုက္ခကို ဖြစ်ပွါးစေတတ်၏၊ ထိုအဆိပ်သီးကို အဆင်း အနံ့ အရသာ ကောင်းရုံမျှဖြင့် စားသောက်မိကြသော သူများသည် အူအသည်းပြတ်ကြွေလျက် တလွန့်လွန့် လိမ်ပြီးလျှင် စိန်နှင့်သမ္ဘရာရေကို ဖျော်သောက်သော သူကဲ့သို့ ဆင်းရဲပင်ပန်းကြီးစွာဖြင့်

၁၈၈

သေဆုံး ပျက်စီးခြင်းသို့ ရောက်ကြရ၏။ ထို့အတူ အာရုံငါးပါး ကာမတရားတို့သည် ပညာမျက်စိ ပိတ်မရှိသူတို့အဖို့ရာ သာယာတပ်မက်ဖွယ်အမျိုးမျိုး ထင်ရအောင် အပြင်ဘန်းက ဟန်ဆောင်ပြတတ်ကုန်၏။ ထိုသို့ အပြင်ဘန်းကောင်းကာ သာယာဖွယ်ယောင် ဖြစ်၍နေသော ကာမတရားတို့ကို စွဲလမ်းတပ်မက် သာယာသောအားဖြင့် သုံးဆောင် သိမ်းပိုက်ကြသော သူတို့သည် လောဘ, ဒေါသ, မောဟ အစရှိသော အကုသိုလ်အဆိပ်များ တကိုယ်လုံး မွှန်တက်ပြီးလျှင် ပူပန်ခြင်း စိုးရိမ်ခြင်း အစရှိသော ဘေးဒုက္ခအမျိုးမျိုးတို့ဖြင့် တတွန့်တွန့် တလိမ်လိမ် ဆင်းရဲကာ အားကိုးရာမရသော သေခြင်းဖြင့် သေဆုံးကြရကုန်၏။ သေဆုံးသည့် နောက်အခါမှာလည်း ကာမဂုဏ်အဆိပ်သင့်၍ သုဂတိဘုံဘဝသို့ မလားမရောက်ရပဲ အပါယ်ဘုံသို့ လားရောက်ရခြင်း အစရှိသော ဘေးဒုက္ခတို့နှင့် ရင်ဆိုင် တွေ့ကြုံကြရပြန်ကုန်၏။ ထို့ကြောင့် အာရုံငါးပါး ကာမတရားတို့သည် အဆိပ်သီးမှည့်နှင့် တူကုန်စွာ့တကား၊ ဆင်းရဲပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား..။

(၉) အသိသူနူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် ထား (ဓား) သန်လျက်တို့ဖြင့် ခုတ်ဖြတ်ရာ စဉ်းတီတုံးနှင့် တူကုန်စွာ့တကား..၊ တူပုံမှာ- စဉ်းတီးတုံးပေါ်မှာတင်၍ လောက၌ ရာဇဝတ်ကောင် သားသမင် အစရှိသည်တို့ကို သတ်ဖြတ်ကြကုန်၏၊ ထိုသားသမင် စသည်တို့၏ အသားကိုလည်း စဉ်းတီးတုံးပေါ်မှာပင် နုပ်နုပ်စဉ်းကြ ခုတ်ကြကုန်၏၊ စဉ်းတီတုံးသည် သတ္တဝါတို့ကို သတ်ဖြတ်ရာ အသားကို နုပ်နုပ်စဉ်းရာ ဖြစ်ပေ၏။ ထို့အတူ အာရုံငါးပါး ကာမတရားတို့သည်လည်း မိမိ၌ သာယာတပ်မက်သောသူ ဟူသမျှတို့ကို ကာမတဏှာစသော ထားသန်လျက်တို့ဖြင့် နုပ်နုပ်စဉ်းပြီးလျှင်

၁၈၉

ပျက်စီးခြင်းသို့ ရောက်စေတတ်ကုန်၏။ ကာမဂုဏ်တည်းဟူသော စဉ်းတီတုံးပေါ်၌ လည်ပင်းတင်ထားမိသောသူ (သာယာတပ်မက်သောသူ) ဟူသမျှသည် သမထဘာဝနာ, ဝိပဿနာဘာဝနာ တည်းဟူသော လွင်ပြင် လမ်းကျယ်များသို့ လိုက်သွား ထွက်မြောက်ရန်ဖြစ်သော နေက္ခမ္မဓာတ်ကို မထူထောင်နိုင်ကြပဲ ထိုကာမဂုဏ်တည်းဟူသော စဉ်းတီတုံးပေါ်မှာသာလျှင် ကာမတဏှာစသော သန်လျက်တို့ဖြင့် အခုတ် အဖြတ်ခံကြရကာ မရှုမလှ သေဆုံးခြင်းဖြင့် သေဆုံး ပျက်စီးကြရကုန်၏။ ထို့ကြောင့် အာရုံငါးပါး ကာမတရားတို့သည် ထားသန်လျက်တို့ဖြင့် နုပ်နုပ်ခုတ်စဉ်းရာ စဉ်းတီတုံးနှင့် တူကုန်စွာ့တကား၊ ဆင်းရဲပူပန် ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား..။

(၁၀) သတ္တိသူလူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် ထက်မြက်လှစွာသော သန်လျက်သွား လှံသွားနှင့် တူကုန်စွာ့တကား..၊ တူပုံမှာ- အလွန် ထက်မြက်လှစွာသော သန်လျက်သွား လှံသွားသည် ထိလေသမျှကို ရှ-န စူးဝင်၏၊ သန်လျက်သွား လှံသွားသည် ရန်သူစသည်ကို ထိုးသတ် ခုတ်ပိုင်းရန်သာ ဖြစ်၏။ ထို့အတူ အာရုံငါးပါး ကာမတရားတို့သည်လည်း အလွန်ထက်မြက်သော အစွမ်းရှိသဖြင့် မိမိနှင့် ထိခိုက်မိသောသူ ငြိတွယ်မိသောသူ ဟူသမျှတို့ကို စူးဝင် ထိရှတတ်ကုန်၏။ ပုံစံမှာ- ရူပါရုံတည်းဟူသော သန်လျက်သွား လှံသွားတစင်း စူးဝင်ခြင်းခံရသော သူသည် အူအသည်းမှာ ငါးမျှားချိတ် ချိတ်မိသော ငါးကဲ့သို့ ထိုရူပါရုံတည်းဟူသော သန်လျက်သွား လှံသွား၏ စူးဝင်ချက်ကို ရုတ်တရက် မနုတ်မထွင်နိုင်ပဲ ထိုရူပါရုံ သန်လျက်သွား လှံသွား၏ အလိုသို့သာ မှေးလျက် လိုက်ပါနေရ၏၊ ထိုလှံသွား

၁၉၀

စူးဝင်မှုဒဏ်ချက်ကြောင့် ရှေးက မိမိစောင့်ရှောက် မွေးမြူထားသော သီလ သမာဓိ ပညာများကိုသော်မှ သတိမရ ဂရုမစိုက်နိုင်တော့ပဲ ပျက်စီးပြုန်းတီးခြင်းသို့ ရောက်ရလေ၏။ (သဒ္ဒါရုံ အစရှိသည်တို့သည်လည်း ဤနည်းအတိုင်းပင် ဖြစ်ကုန်၏။) ကာမဂုဏ်ငါးပါး တည်းဟူသော လှံသွားငါးစင်းသည် သတ္တဝါတို့ကို ထိုးသတ် ဖျက်ဆီးရန်သာ ဖြစ်ကုန်၏။ ကာမတဏှာကို မပယ်ခွါရသေးသော သတ္တဝါဟူသမျှသည် ရောက်လေရာရာ ထိုထိုဂတိတို့၌ မိမိထံသို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထားသော အာရုံငါးပါး သန်လျက်သွား လှံသွားတို့၏ အကြားမှာသာလျှင် အကျဉ်းသမား ရာဇဝတ်သားများကဲ့သို့ နေထိုင်ကြရကုန်၏။ ထိုအာရုံငါးပါး ကာမတရားတို့သည်လည်း ထိခိုက်လာသမျှသော သတ္တဝါတို့ကို ငဲ့ညှာမှုမရှိပဲ မိမိတို့ သဘောအတိုင်းပင် စူးဝင်ကြလေ၏။ ထို့ကြောင့် အာရုံငါးပါး ကာမတရားတို့သည် ထက်မြက်လှစွာသော သန်လျက်သွား လှံသွားနှင့် တူကုန်စွာ့တကား၊ ဆင်းရဲပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့၌ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား..။

(၁၁) သပ္ပသိရူပမာ ကာမာ = အာရုံငါးပါး ကာမတရားတို့သည် အဆိပ်ပြည့်ဖြိုးသည့် မြွေဆိုး၏ဦးခေါင်းနှင့် တူကုန်စွာ့တကား..၊ တူပုံမှာ- မြွေဆိုး၏ ဦးခေါင်းသည် ကြမ်းတမ်းထက်မြက်သော အဆိပ်နှင့် ပြည့်နှက်နေသည့်အတွက် စက်ဆုပ်ဖွယ် ကြောက်လန့်ဖွယ်သာ ဖြစ်၏။ မြွေဆိုး၏ ဦးခေါင်းသည် မိမိထံမှောက် ထိရောက်လာသူတို့ကို ဘေးဒုက္ခအမျိုးမျိုး ပေးတတ်သကဲ့သို့ ထို့အတူ အာရုံငါးပါး ကာမတရားတို့သည်လည်း မိမိတို့ ထိမိ ကိုက်မိသူ ဟူသမျှတို့အား ကိလေသာသွေးဆိုးကို ဖြစ်ပွါးစေတတ်သည့် သတ္တိအဆိပ် မျိုးတို့ ပြည့်နှက်နေသည့်အတွက် စက်ဆုပ်ဖွယ် ကြောက်လန့်ဖွယ်သာ ဖြစ်ကုန်၏။

၁၉၁

မြွေဆိုး၏ ဦးခေါင်းသည် လောက၌ ကောင်းကျိုးမပေး ဘေးကိုသာ ဖြစ်စေသကဲ့သို့ ထို့အဘူ အာရုံငါးပါး ကာမတရားတို့သည်လည်း လောကနေသူ လူအများ၏ ကြောက်ဖွယ်လန့်စိုး ဘေးမျိုးမျိုးကိုသာ ဖြစ်စေတတ်ကုန်၏။ မြွေဆိုး၏ ဦးခေါင်းကို ထိမိ နင်းမိသောသူမှာ ကြီးစွာသော ဘေးကြီးသင့်သကဲ့သို့ ထို့အတူ အာရုံငါးပါး ကာမတရားတည်းဟူသော မြွေဆိုး၏ဦးခေါင်းကို ထိမိ နင်းမိသောသူမှာလည်း ကြီးစွာသော ဘေးသင့်ရလေ၏။ ထို့ကြောင့် အာရုံငါးပါး ကာမတရားတို့သည် အဆိပ်ပြည့်ဖြိုးသည့် မြွေဆိုး၏ဦးခေါင်းနှင့် တူကုန်စွာ့တကား၊ ဆင်းရဲပူပန်ရသည်ကသာ များကုန်စွာ့တကား၊ ဤကာမတရားတို့ ကိုးရာမရ အပြစ်ဒေါသတွေကသာ များကုန်စွာ့တကား..။

(ဤဆိုအပ်ပြီးသည့် ကာမာဒီနဝကထာ စကားရပ်စုကို မဇ္ဈိမပဏ္ဏာသပါဠိ၊ ပေါတလိယသုတ်၊ စာမျက်နှာ ၂၇-ကို မှီး၍ ရေးသားအပ်သတည်း။)

ကြောက်မက်ဖွယ် ဘေးဘယကြီးဟူသည် ကာမဂုဏ်ငါးပါး၏ အမည်ပင် ဖြစ်စွာ့တကား..၊ ဆင်းရဲဒုက္ခဟူသည် ကာမဂုဏ်ငါးပါး၏ အမည်ပင် ဖြစ်စွာ့တကား..၊ အနာရောဂါဟူသည် ကာမဂုဏ်ငါးပါး၏ အမည်ပင် ဖြစ်စွာ့တကား..၊ အိုင်းအမာကြီးဟူသည် ကာမဂုဏ်ငါးပါး၏ အမည်ပင် ဖြစ်စွာ့တကား..၊ ကပ်ငြိစေးနှောင်ခြင်းဟူသည် ကာမဂုဏ်ငါးပါး၏ အမည်ပင် ဖြစ်စွာ့တကား..၊ အကူးခက်သော ရွှံ့ညွန်ဗွက်ကြီးဟူသည် ကာမဂုဏ်ငါးပါး၏ အမည်ပင် ဖြစ်စွာ့တကား..။ (ဆက္ကနိပါတ် အင်္ဂုတ္တရပါဠိ၊ မျက်နှာ ၂၇၄-မှ။)

သိကြားမင်း၏စံရာ ဝေဇယန္တာ ဘုံနန်းပြာသာဒ်ကဲ့သို့သော ဤထီးနန်း စည်းစိမ်ကြီးသည်လည်း သူကောင်မြှုပ်ရာ

၁၉၂

သုသာန်သင်းချိုင်းနှင့် တူစွာ့တကား..၊ ကာမ, ရူပ, အရူပ တည်းဟူသော ဘုံသုံးပါးသည် ရဲရဲပြောင်ပြောင် မီးစွဲလောင်နေသော အိမ်ကြီးနှင့် တူစွာ့တကား..။ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် ပဋ္ဋိသန္ဓေလည်း တည်နေရ၏၊ အိုလည်း အိုရ နာလည်း နာရ သေလည်း သေရ၏။ သေပြီး၍တဖန် ပဋိသန္ဓေ တည်နေရပြန်၏။ ပဋိသန္ဓေ တည်နေပြီး၍ တဖန် အိုရ နာရ သေရပြန်၏။ ပဋိသန္ဓေ တည်နေရခြင်း, အိုရခြင်း, နာရခြင်း, သေရခြင်းတို့ဖြင့် အလွန်လျှင် ပင်ပန်းဆင်းရဲကြ၏။ ထိုသို့ဖြစ်လျက် အို-နာ-သေရေး ဒုက္ခဘေးတို့မှ ကျွတ်လွတ်ထွက်မြောက်ရာကို မသိနိုင်ကြချေ၊ ဘယ်အခါများမှ သိနိုင်ကြပါမည်နည်း..။

     ဤကဲ့သို့ ဇာတိ ဇရာ ဗျာဓိ မရဏတို့၏ ထိတ်လန့်ကြောက်ရွံ့ဖွယ် အဖြစ်ကို၎င်း, ဝတ္ထုကာမ ကိလေသကာမ တည်းဟူသော ကာမနှစ်ပါး ကာမ ရူပ အရူပ တည်းဟူသော ဘ၀သုံးပါးတို့၏ သာယာဖွယ် နည်းပါးလျက် အပြစ်တွေသာ များ၍နေပုံကို၎င်း ဆင်ခြင် သိမြင်တော်မူပြီးလျှင် အာရုံငါးပါး ကာမတရားတို့၌ အတိုင်းထက်အလွန် သာယာတပ်မက်ခြင်းကင်းသော စိတ်ရှိတော်မူရကား အလောင်းတော်သူမြတ်သည် “ဥပဒ္ဒုတံ ဝတ ဘော = အို.. နှိပ်စက်လှချည့်တကား၊ ဥပဿဋ္ဌံ ဝတ ဘော = အို.. ညှဉ်းပန်းလှချည့်တကား”ဟူ၍ နှုတ်ကလည်း ဥဒါန်းကျူးရင့် မြွက်ဆိုတော်မူ၏။ အတိုင်းထက်အလွန် တောထွက်၍ ရဟန်းပြုဘို့ရန် စိတ်ညွတ်တော်မူလေ၏။

     အလောင်းတော်မင်းသားသည် “ယနေ့ပင် ငါသည် တောထွက်သင့်ပြီ”ဟု ကြံစည်တော်မူကာ အသရေရှိသော အိပ်ရာတော်မှ ထလျက် တံခါးအနီးသို့သွား၍ “ဤနေရာ၌ အဘယ်သူနည်း”ဟု မေးမြန်းတော်မူ၏။ တံခါးခုံ၌ ခေါင်းဆိုက်၍ အိပ်နေသော ဆန္နအမတ်သည် “အရှင့်သား.. အကျွန်ုပ်ကား ဆန္နဖြစ်ပါသည်”ဟု ပြန်ကြား လျှောက်ထားလေ၏။ အလောင်းတော်

၁၉၃

မင်းသားက “ငါ ယနေ့ တောထွက်တော်မူလိုသည်၊ မည်သူ တဦးတယောက်ကိုမျှ အသိမပေးပဲ အလွန်လျင်မြန်သော အဟုန်နှင့် ပြည့်စုံသည့် အာဇာနည် သိန္ဓောမြင်းတကောင်ကို သင် ယခု သွား၍ အမြန်က-ချေ (ပြင်ဆင်ချေ)”ဟု စေခိုင်းတော်မူလိုက်ရာ ဆန္နအမတ်သည်လည်း “ကောင်းပါပြီ အရှင့်သား”ဟု ဝန်ခံစကား လျှောက်ထားပြီးလျှင် မြင်း၌ ဆင်အပ်သော ကကြိုးတန်းဆာတို့ကို ယူဆောင်ကာ မြင်းတင်းကုပ် (မြင်းဇောင်း)သို့ သွား၍ နံ့သာဆီမီးတို့ တညီးညီး တောက်ပလျက်ရှိစဉ် မုလေး (မြတ်လေး)ပန်း ဗိတာန်မျက်နှာကြက်၏ အောက်တွင် အလွန် နှစ်သက်ဖွယ်သော မြေအပြင်၌ ရပ်တည်နေသည့် ရန်သူခပ်သိမ်းကို နှိမ်နင်း အောင်မြင်နိုင်သော ကဏ္ဍကမြင်းတော်ကို တွေ့မြင်ရ၍ “ယနေ့ညဉ့် ငါသည် အရှင့်သား တောထွက်တော်မူရန် ဤကဏ္ဍကမည်သော မင်္ဂလာမြင်းတော်ကိုပင် ပြင်ဆင်သင့်ပေသည်”ဟု ကြံစည်ကာ ကဏ္ဍကမြင်းတော်ကို ကကြိုးတန်းဆာ စုံလင်စွာ ပြင်ဆင်လေ၏။

     ကဏ္ဍက မြင်းတော်သည်လည်း ကကြိုးတန်းဆာတို့ဖြင့် က-အပ် ဆင်ယင်အပ်လျှင်ပင် “ဤယခု က-ခြင်း ဆင်ယင်ခြင်းသည် တင်းတင်းကြပ်ကြပ် ရှိလှပေ၏၊ တပါးသော နေ့တို့၌ ဥယျာဉ်တော်ကစားရန် သွားသောအခါ၌ က-ခြင်း ဆင်ယင်ခြင်းကဲ့သို့ မဟုတ်ချေ၊ ယုံမှားဖွယ်မရှိ ဧကန်ပင်လျှင် ယနေ့ညဉ့် အရှင့်သားတော်သည် ငါ့ကိုစီး၍ မြတ်သော တောထွက်ခြင်းကို တောထွက်တော်မူကာ ရဟန်းပြုလိမ့်မည်”ဟု သိရှိပြီးလျှင် အလွန်နှစ်သက်အားရမ်း ရွှင်လန်းသော စိတ်ရှိသည်ဖြစ်ရကား ပြင်းထန်စွာ မြည်ဟည်းလေ၏၊ ထိုသို့ ကဏ္ဍကမြင်းတော်၏ ဝမ်းမြောက်သော စိတ်ရှိ၍ မြည်လိုက် ဟီလိုက်သော အသံသည် ကပိလဝတ်ပြည်အလုံးကို အုပ်ဖုံးလွှမ်းမိုးကာ ပဲ့တင်ထပ်၍ သွားနိုင်ပေ၏၊ သို့သော်လည်း ထိုမြင်းဟီသံကို တစုံတယောက်သောသူမျှ မကြားရအောင် နတ်များက ပိတ်ပင်ထားလေသည်။

၁၉၄

     ထိုသို့ ဖွားဘက်တော် ဆန္နအမတ် ကဏ္ဍကမြင်းတော်ကို ပြင်ဆင်ယူဆောင်ရန် သွားနေစဉ် ဘုရားအလောင်းတော်သည် “တောမထွက်မီ သားတော်ကို ရှုကြည့်ဦးမည်”ဟု ကြံစည်တော်မူကာ ရပ်တည်ရာအရပ်မှ ကြွ၍ ရာဟုလာမယ်တော် ယသောဓရာမိဖုရား၏ တိုက်ခန်းသို့ သွားပြီးလျှင် တိုက်ခန်းတံခါးကို ဖွင့်တော်မူလေ၏။ ထိုအချိန်၌ တိုက်ခန်းအတွင်းမှာ နံ့သာဆီမီးသည် တညီးညီး တဝင်းဝင်း ထွန်းလင်းဆဲ ဖြစ်ပေ၏။ ရာဟုလာ့မယ်တော် ယသောဓရာ မိဖုရားသည် တအမ္ဗဏ (= တဆယ့်တစိတ်သား)မျှသော မုလေးပန်း ကြက်ရုံးပန်းတို့ဖြင့် ကြဲဖြန်းအပ်သည့် မြတ်သော အိပ်ရာပေါ်၌ သားတော်၏ ထိပ်ထက်မှာ လက်ကိုထား၍ အိပ်စက်နေဆဲ ဖြစ်ပေ၏။

     ဘုရားအလောင်းတော်သည် တံခါးခုံ၌ ခြေတော်ကိုချ၍ ရပ်တည်ရင်းကပင် ကြည့်ရှုတော်မူကာ “ငါသည် မိဖုရား၏လက်ကို ဖယ်၍ ငါ၏သားတော်ကို အကယ်၍ ပွေ့ပိုက် ချီယူလိုက်သည်ဖြစ်အံ့၊ ယင်းသို့ ချီယူလိုက်လျှင် ယသောဓရာမိဖုရား နိုးလာလိမ့် မည်။ ဤသို့ ယသောဓရာမိဖုရား နိုးခဲ့လျှင် ယခုပင် တောထွက်တော့မည်ဖြစ်သော ငါ့အား တောထွက်ခြင်း၏ အန္တရာယ် ဖြစ်ပေလိမ့်မည်၊ ရှိစေဦး.. ယခု သားတော်ကို ငါမကြည့်သေး၊ ဘုရားဖြစ်ပြီးမှသာ လာရောက်၍ သားတော်ကို ကြည့်တော့မည်”ဟု ကြံစည်ကာ ရွှေနန်းပြာသာဒ်ထက်မှ ဆင်းသက်ခဲ့ပြီးလျှင် ကဏ္ဍကမြင်းတော်၏ အနီးသို့ သွားရောက်တော်မူလျက်-

“ဖွားဘက်မှန်လှ အမောင်ကဏ္ဍက.. ငါ့ကို သင်သည် ယနေ့တညဉ့်လောက် စောင့်ရှောက် ကူညီလော့၊ ငါသည် သင့်ကိုအမှီပြု (= အကြောင်းပြု)၍ ဘုရားဖြစ်ပြီးလျှင် နတ်နှင့်တကွသော သတ္တလောကကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ပို့ဆောင် ကယ်တင်ပေအံ့”-

ဟု မိန့်ကြားတော်မူပြီးနောက် ကဏ္ဍကမြင်းတော်၏ ကျောက်ကုန်းထက်သို့ လွှားတက် စီးနင်းတော်မူလေ၏။

၁၉၅

     ကဏ္ဍက စီးတော်မြင်းသည် လည်ပင်းမှစ၍ အလျား တဆယ့်ရှစ်တောင် ရှိ၏၊ ထို အလျားအားလျော်သော အရပ်နှင့်လည်း ပြည့်စုံ၏၊ လျင်မြန်သော အဟုန်, ကြီးမားသော အားဖြင့်လည်း ပြည့်စုံ၏၊ ကိုယ်လုံး ဆွတ်ဆွတ်ဖြူ၏၊ ပွတ်သစ်စ ခရုသင်းနှယ် ကြည့်ချင်ဖွယ်ရာ တင့်တယ်စွာသော အဆင်းလည်းရှိ၏။ ထို့နောက် ဘုရားအလောင်းတော်သည် ကဏ္ဍကမြင်းတော်ကို တက်စီးပြီးလျှင် ကိုယ်တိုင်ကား စီးတော်မြင်း၏ ကျောက်ကုန်းအလယ်၌ တည်တော်မူလျက် ဖွားဘက်တော် ဆန္နအမတ်ကို မြင်းမြီးကို ဆွဲကိုင်စေပြီးလျှင် မဟာသက္ကရာဇ် ၉၇-ခုနှစ် ဝါဆိုလပြည့် တနင်းလာနေ့ ညဉ့်သန်းခေါင်ယံအချိန်၌ ရွှေနန်းတော်မှ ထွက်ကြွတော်မူခဲ့ရာ နေပြည်တော် တံခါးမသို့ ဆိုက်ရောက်တော်မူလေသည်။ (ရွှေနန်းတော်အတွင်း ကဏ္ဍကမြင်းကိုစီး၍ ထွက်ကြွတော်မူလာသောအခါ နတ်များက မြင်းခွာသံကို လူအများ မကြားကြစေရန် မြင်းခွါ ချတိုင်း ချတိုင်းပင် လက်ဖြင့် ခံလင့်ကြကုန်သည်။)

အလောင်းတော်မင်းသား, ဖွားဘက်တော် ဆန္ဒအမတ်နှင့်

ကဏ္ဍကစီးတော်မြင်းတို့၏ အကြံအစည်များ

     ထိုအခါသည်ကား ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက ရှေးဦးမဆွကပင် ကြိုတင်ပြီးလျှင် “ဤနည်းအတိုင်း စီမံ ပြုလုပ်ထားသည်ရှိသော် သားတော် အလောင်းမင်းသားသည် အမှတ်မထင် တချိန်ချိန်၌ မြို့တံခါးကို ဖွင့်လှစ်၍ ထွက်သွားခြင်းငှါ တတ်နိုင်လိမ့်မည် မဟုတ်”ဟု အကြံပြုကာ တောမထွက်နိုင်ရန် ရည်သန်၍ ရွှေမြို့တော်အဝင်ဝ တံခါးမ တံခါးရွက် နှစ်ခုတို့တွင် တံခါးရွက် တဖက် တဖက်ကို ယောက်ျား ဗိုလ်ခြေ တထောင်အားဖြင့် ဖွင့်မှ ပွင့်နိုင်အောင် အခိုင်အမာ ပြုလုပ်စီမံပြီးသားအချိန် ဖြစ်လေသည်။

     ဘုရားအလောင်းတော်သည် ပကတိအားအစွမ်းနှင့် ပြည့်စုံသူ ဖြစ်၏၊ ကာဠာဝကဆင်ပေါင်း ကုဋေတထောင်အားကို

၁၉၆

ဆောင်နိုင်တော်မူ၏၊ မဇ္ဈိမပုရိသ ယောက်ျား ကုဋေတသောင်းအားကို ဆောင်နိုင်တော်မူ၏၊ သို့ရကား အလောင်းတော်သူမြတ် သည် “အကယ်၍ မြို့တော်တံခါး မပွင့်ငြားအံ့၊ ယနေ့ ငါသည် ကိုယ်စွမ်းကိုအသုံးပြုကာ ကဏ္ဍကမြင်းတော်၏ ကျောက်ကုန်းထက်မှာ တည်နေမြဲ တည်နေလျက်ပင်လျှင် မြင်းမြီးကိုဆွဲကိုင်ကာ လိုက်ပါလာသော ဆန္နအမတ်နှင့်တကွ ကဏ္ဍက စီးတော်မြင်းကို ပေါင်နှစ်ဖက်တို့ဖြင့် ညှပ်ပြီးလျှင် တဆယ့်ရှစ်တောင်မြင့်သော ကပိလ၀တ်နေပြည်တော် မြို့ရိုးကို ခုန်လွှားကာ လွန်မြောက်စေမည်”ဟု ကြံစည်တော်မူ၏။

     ဆန္နအမတ်သည်လည်း “အကယ်၍ မြို့တော်တံခါး မပွင့်ငြားအံ့၊ ငါသည် အရှင့်သားတော်ကို ပခုံးထက်မှာ ထိုင်နေစေပြီးလျှင် ကဏ္ဍကမြင်းကို လက်ျာချိုင်းကြား၌ ညှပ်ထားလျက် လက်ျာလက်ဖြင့် ပွေ့ချီပြီးကာ တဆယ့်ရှစ်တောင်မြင့်သော ကပိလဝတ် နေပြည်တော် မြို့ရိုးကို ခုန်လွှားကာ လွန်မြောက်စေမည်”ဟု ကြံစည်လေ၏။

     ကဏ္ဍက စီးတော်မြင်းကလည်း “အကယ်၍ မြို့တော်တံခါး မပွင့်ငြားအံ့၊ ငါသည် ငါ့အရှင်ကို ကျောက်ကုန်း၌ ထိုင်မြဲတိုင်းပင်လျှင် အမြီးကိုဆွဲကိုင်ကာ လိုက်ပါလာသော ဖွားဘက်တော် ဆန္နအမတ်နှင့်တကွ တဆယ့်ရှစ်တောင်မြင့်သော ကပိလဝတ် နေပြည်တော် မြို့ရိုးကို ခုန်လွှားကာ လွန်မြောက်စေမည်”ဟု ကြံစည်လေ၏။

အလောင်းတော်မင်းသား၏ ကိုယ်တော်အား

(ကာဠာဝကအမျိုး ဆင်တစီးသည် မဇ္ဈိမပုရိသ ယောက်ျား ဆယ်ယောက်တို့၏အားကို ဆောင်နိုင်၏၊ ဂင်္ဂေယျဆင်တစီးသည် ကာဠာဝကဆင် ဆယ်စီးအား (မဇ္ဈိမပုရိသယောက်ျား တရာတို့၏အား)ကို ဆောင်နိုင်၏၊ ပဏ္ဍရဆင်တစီးသည် ဂင်္ဂေယျဆင် ဆယ်စီးအား (မဇ္ဈိမပုရိသ ယောက်ျားတထောင်တို့၏အား)ကို ဆောင်နိုင်၏၊ တမ္ဗအမျိုးဖြစ်သော ဆင်တစီးသည် ပဏ္ဍရဆင် ဆယ်စီးအား (မဇ္ဈိမပုရိသယောက်ျား တသောင်းတို့၏အား)ကို ဆောင်နိုင်၏၊ ပိင်္ဂလအမျိုးဖြစ်သော

၁၉၇

ဆင်တစီးသည် တမ္ဗဆင် ဆယ်စီးအား (မဇ္ဈိမပုရိသ ယောက်ျားတသိန်းတို့၏အား)ကို ဆောင်နိုင်၏။ ဂန္ဓအမျိုးဖြစ်သော ဆင်းတစီးသည် ပိင်္ဂလဆင် ဆယ်စီးအား (မဇ္ဈိမပုရိသ ယောက်ျားဗိုလ်ခြေ တသန်းတို့၏အား)ကို ဆောင်နိုင်၏၊ မင်္ဂလဆင်အမျိုးဖြစ်သော ဆင်တစီးသည် ဂန္ဓဆင် ဆယ်စီးအား (မဇ္ဈိမပုရိသ ယောက်ျားဗိုလ်ခြေ တကုဋေတို့၏အား)ကို ဆောင်နိုင်၏၊ ဟေမအမျိုးဖြစ်သော ဆင်တစီးသည် မင်္ဂလဆင် ဆယ်စီးအား (မဇ္ဈိမပုရိသ ယောက်ျားဗိုလ်ခြေ ဆယ်ကုဋေတို့၏အား)ကို ဆောင်နိုင်၏။ ဥပေါသထအမျိုးဖြစ်သော ဆင်တစီးဘည် ဟေမဆင် ဆယ်စီးအား (မဇ္ဈိမပုရိသ ယောက်ျားဗိုလ်ခြေ ကုဋေတရာတို့၏အား)ကို ဆောင်နိုင်၏၊ ဆဒ္ဒန်မျိုးဖြစ်သော ဆင်တစီးသည် ဥပေါသထဆင် ဆယ်စီးအား (မဇ္ဈိမပုရိသ ယောက်ျားဗိုလ်ခြေ ကုဋေတထောင်တို့၏အား)ကို ဆောင်နိုင်၏၊ ဘုရားအလောင်းတော်များသည် ဆဒ္ဒန်ဆင် ဆယ်စီးအား (မဇ္ဈိမပုရိသ ယောက်ျားဗိုလ်ခြေ ကုဋေတသောင်းတို့၏အား)ကို ဆောင်နိုင်၏။ ။အံ-ဋ္ဌ၊ ၃ မျက်နှာ ၂၉၃-စသည်မှ။)

ဝသဝတ္တီမာရ်နတ်သား ဟန့်တားခြင်း

     ဤသို့လျှင် သုံးဦးသော သူတို့မှာ အကြံအစည် လွန်စွာတူကြကုန်၏။ အကယ်၍ နန်းမြို့တော်တံခါး မပွင့်လျှင်လည်း ထိုသုံးဦးတို့အနက် တဦးဦးသည် မိမိကြံစည်သည့်အတိုင်း ပြီးမြောက်ပြည့်စုံအောင် ပြုမည်သာ ဖြစ်ပေ၏၊ သို့သော်လည်း အလောင်းတော်သူမြတ်၏ ဘုန်းကံပါရမီတော်အဟုန်ကြောင့် နန်းမြို့တော်တံခါးစောင့် နတ်တို့သည် နန်းမြို့တော် တံခါးမကြီးကို ရွှင်လန်း ဝမ်းမြောက်ကြကာ အလောင်းတော် ထွက်တော်မူရန် အဆင်သင့် ဖွင့်လှစ်၍ ထားနှင့်ကြကုန်၏။

     ဘုရားအလောင်းတော်သည် မြို့တံခါးမှ ကဏ္ဍကမြင်းတော်ကို စီးလျက် ဖွားဘက်တော် ဆန္နအမတ်နှင့်တကွ ထွက်မိလျှင်ပင် သံသရာအတွင်းမှ သတ္တဝါတို့လွတ်မြောက်ခြင်းကို အလျှင်းပင် မနှစ်သက်ပဲ အမြဲကန့်ကွက် တားဆီးတတ်သော ၀သ၀တ္တီမာရ်နတ်သားသည် မိမိစံနေရာ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်မှ အားရှိသော ယောက်ျားသည် ကွေးထားသောလက်ကို ဆန့်သကဲ့သို့၎င်း, ဆန့်ထားသောလက်ကို ကွေးသကဲ့သို့၎င်း တခဏခြင်း

၁၉၈

လူ့ပြည်သို့ သက်ဆင်းလာပြီးလျှင် တောမထွက်ဖြစ်အောင် အကျိုးလိုဟန် အကောက်ဉာဏ်ဖြင့် ဖြားယောင်းသွေးဆွယ် ပရိယာယ် နိမိတ်ဆင်၍ ပိတ်ပင်တားဆီးခြင်းငှါ အလောင်းတော် ထံမှောက်သို့ ဆိုက်ရောက် လာပြီးလျှင် ကောင်းကင်၌ ရပ်တည်လျက်-

မာ နိက္ခမ မဟာဝီရ၊ ဣတော တေ သတ္တမေ ဒိနေ။

ဒိဗ္ဗံ တု စက္ကရတနံ၊ အဒ္ဓါ ပါတု ဘဝိဿတိ။

(ဗုဒ္ဓဝံသအဋ္ဌကထာမှ)

မဟာဝီရ = လုံ့လကြီးမား အို အလောင်းမင်းသား။ မာ နိက္ခမ = တောထွက်၍သာ ရဟန်းမပြုပါလင့်။ တု = အကြောင်းထူးကား။ ဣတော = ဤနေ့မှ။ သတ္တမေ ဒိနေ = ခုနစ်ရက်မြောက် ရောက်လတ်သောနေ့၌။ တေ = သင် လုံ့လကြီးမား အလောင်းမင်းသား၏ အတွက်။ ဒိဗ္ဗံ = နတ်၌ဖြစ်သော အာနုဘော်နှင့်ယှဉ်သော။ စက္ကရတနံ = စကြာရတနာသည်။ အဒ္ဓါ = မချွတ်ဧကန် အမှန်စင်စစ်။ ပါတု ဘဝိဿတိ = ထင်ရှားမျက်မှောက် ဆိုက်ရောက်လာလတံ့-

ကျွန်းငယ်နှစ်ထောင် အခြံအရံရှိသော လေးကျွန်းသနင်း စကြာမင်း ဖြစ်တော်မူရပါလိမ့်မည်၊ ပြန်လှည့်တော်မူပါ အရှင်မင်းသား..ဟူ၍ ပြောဆို ဟန့်တားလာ၏။ ထိုအခါ အလောင်းတော်မင်းသားက “ယခု ပြောဆို ဟန့်တားလာသော သင်သည် အဘယ်သူနည်း”ဟု မေးမြန်းလတ်သော် မာရ်နတ်မင်းက “အရှင်မင်းသား.. အကျွန်ုပ်ကား ဝသဝတ္တီ မာရ်နတ်မင်းတည်း”ဟု ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ အလောင်းတော်မင်းသားက-

ဇာနာမဟံ မဟာရာဇ၊ မယှံ စက္ကဿ သမ္ဘဝံ။

အနတ္ထိကောဟံ ရဇ္ဇေန၊ ဂစ္ဆ တွံ မာရ မာ ဣဓ။

မဟာရာဇ = တန်ခိုးကြီးမား အို မာရ်နတ်သား။ မယှံ = ငါ၏အတွက်။ စက္ကဿ = နတ်တေဇဂုဏ်

၁၉၉

နုဘော်ဟုန်နှင့် ပြည့်စုံလှစွာ စက်ရတနာ၏။ သမ္ဘဝံ = မချွတ်ထင်စွာ ရောက်ဆိုက်ဖြစ်ပွါးလာမည့် အကြောင်းအရာကို။ အဟံ = ငါသည်။ ဇာနာမိ = သင်၏အလျင် စောစီးက ကြိုတင် သိမြင်ခဲ့ပေ၏။ အဟံ-အဟံ ပန = ငါတမူကား။ ရဇ္ဇေန = လေးကျွန်းသနင်း စကြာမင်းအဖြစ်ကို။ အနတ္ထိကော = တစိုးတစိ အလိုမရှိချေ။ မာရ = ဟယ် မာရာရ်နတ်။ တွံ = သင်သည်။ ဂစ္ဆ = ယခုပင်ဖယ်ရှား အရပ်တပါးသို့ သွားပါတည့်ချေ။ ဣဓ = ငါနှင့်နီးစပ် ဤရှေ့တူရူအရပ်၌။ မာ တိဋ္ဌ = အရေးကန့်လန့် တားဟန့်ပိတ်ကာ မရပ်တည်လာလင့်။

သကလံ ဒသသဟဿမ္ပိ၊ လောကဓာတုမဟံ ပန။

ဥန္နာဒေတွာ ဘဝိဿာမိ၊ ဗုဒ္ဓေါ လောကေ ဝိနာယကော။

အဟံ ပန = ငါတမူကား။ သကလမ္ပိ = အလုံးစုံလည်းဖြစ်သော။ ဒသသဟဿံ လောကဓာတုံ = လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းကို။ ဥန္နာဒေတွာ = မြေမဟီချက် အိုးထိန်းစက်သို့ သွက်သွက်ခါညောင်း ပဲ့တင်ခြောင်းစေလျက်။ လောက = လောက၌။ ဝိနာယကော = သတ္တဝါဗိုလ်ခြေ ဝေဝေနေကို အောင်မြေကွန်းထောက် နိဗ္ဗာန်ရောက်အောင် ပံ့ထောက်ဆောင်ယူ ပို့သယူသော။ ဗုဒ္ဓေါ = သစ္စာဉေယျ ဓမ္မဥဿုံ အလုံးစုံကို ချက်ကုန်သိမြင် ဘုရားရှင်သည်။ ဘဝိဿာမိ = ဖြစ်အောင်ကြိုးကုတ် အားထုတ်ပေအံ့-

ဟူ၍ ရဲရဲတောက်စကား မိန့်ကြားတော်မူလေသော် မာရ်နတ်သားသည်“အချင်း သိဒ္ဓတ္ထမင်းသား.. သင့်စကားကို မြဲစွာမှတ်သားလော့၊ ဤအချိန်မှစ၍ သင်၏သန္တာန်၌ ကာမဝိတက်ကို ဖြစ်စေ, ဗျာပါဒဝိတက်ကိုဖြစ်စေ, ဝိဟိံသာဝိတက်ကိုဖြစ်စေ ကြံစည်မိသောအခါ ငါ၏အကြောင်းကို ကောင်းကောင်းကြီး သိစေမည်”ဟု ပြောဆို ကြိမ်းမောင်းကာ ထိုအခါမှစ၍

၂၀၀

အလောင်းတော်မင်းသား သန္တာန်၌ ကိလေသာဖြစ်ပွးမည့် အခွင့်အလှည့်ကို အမြဲမပြတ် ဆင်ခြင်ကြည့်ရှုလျက် အရိပ်ပမာ အလောင်းတော်၏နောက်သို့ မဖဲမခွါ ခုနစ်နှစ်တိုင်တိုင် လိုက်ခဲ့လေသည်။ (အလောင်းတော်၏ စိတ်သန္တာန်ဝယ် ကိလေသာများ ဖြစ်ပွါးခဲ့သော် ထိုဖြစ်ပွါးသည့် နေရာမှာပင် အလောင်းတော်ကို အသေသတ်မည်ဟူသော အကြံဖြင့် ခုနစ်နှစ်တိုင်တိုင် အလောင်းတော်၏နောက်က တကောက်ကောက် လိုက်ပါခဲ့လေသည်။)

နတ်ဗြဟ္မာများ အခမ်းအနားကြီးစွာဖြင့် အနော်မာမြစ်သို့ ပို့ကြခြင်း

     ဘုရားအလောင်းသည် အသက် နှစ်ဆယ့်ကိုးနှစ်အရွယ်ရှိသောအခါ၌ လက်တော်သို့ ရောက်လုဆဲဆဲဖြစ်သော စကြာမင်းစည်းစိမ်ကို တံတွေးပေါက်ကဲ့သို့ မငဲ့မကွက် ရက်ရက်ကြီး စွန့်လွှတ်ကာ စကြာမင်း၏ အသရေရှိသော စံနန်းတော်နှင့် အလားတူသော စံနန်းတော်မှ ဖွားဘက်တော် ဆန္နအမတ် နောက်တော်ကပါလျက် ကဏ္ဍကမြင်းတော်ကို စီးနင်းတော်မူကာ မဟာသက္ကရာဇ် ၉၇-ခုနှစ် ဝါဆိုလပြည့် တနင်းလာနေ့ ညဉ့်သန်းခေါင်ယံအချိန် အာသဠှီနက္ခတ်နှင့် စန်း (= လ)ယှဉ်ခိုက်တွင် ထွက်တော်မူခဲ့ပြီးလျှင် ကပိလ၀တ်နေပြည်တော်ကို တဖန် လှည့်လည် ကြည့်ရှုတော်မူလိုသော စိတ်အလိုဆန္ဒ အလောင်းတော်၏ သန္တာန်၌ ဖြစ်ပေါ်လာလေ၏။

     ထိုသို့ အလောင်းတော်၏ သန္တာန်၌ စိတ်အကြံဖြစ်ပြီးသည်၏ အခြားမဲ့မှာပင် “အို အလောင်းတော် ယောက်ျားမြတ်.. အရှင်ယောက်ျားမြတ်သည် ပြန်နစ်၍ ကြည့်ရှုရမည့်ကံကို ပြုအပ်ခဲ့သည် မဟုတ်ပါပေ။ ကြည့်ရှုတော်မူလိုက ပြန်လှည့်၍ မနေရပဲ ရှေ့တော်မှောက်သို့ အလိုလိုရောက်စေနိုင်သည့် ကံကိုသာ ပြုခဲ့ပါပေသည်”ဟု ပြောဆိုသကဲ့သို့ ထိုအကြံတော်ဖြစ်ရာ မြေအရပ်ဒေသသည် အိုးထိန်းစက်ပမာ ချာချာလည်လေ၏၊ အလောင်းတော်သူမြတ်သည် တမင်ပြန်၍ မလှည့်လည်ရပဲ ပကတိ တည်နေမြဲတိုင်းကပင် ကပိလ၀တ်နေပြည်တော်ကို ကြည့်ရှုတော်မူပြီး၍

၂၀၁

ထိုမြေအရပ်မှာ ကဏ္ဍက စီးတော်မြင်း၏ တန့်ရပ်ရာဖြစ်၍ ကဏ္ဍကနိဝတ္တနမည်သော စေတီတော်တည်ရာဌာန အမှတ်အသားပြ၍ များလှစွာသော ပူဇော်သက္ကာရ ကြီးမြတ်ပြန့်ပြေစွာသော အသရေအစုဖြင့် ကြွချီတော်မူမည့်လမ်းသို့ ရှေးရှု၍ ကဏ္ဍကမြင်းတော်ကို စီးနင်း ကြွချီတော်မူခဲ့လေ၏။ ထိုအခါ အလောင်းတော် ကြွချီတော်မူရာ လမ်းတလျှောက်၌ ရှေ့နောက်ဝဲယာ လေးမျက်နှာမှ နတ်ဗြဟ္မာအပေါင်းတို့သည် ခြောက်သောင်းစီ ခြောက်သောင်းစီသော (ဗုဒ္ဓဝင်အဋ္ဌကထာ အလိုအားဖြင့် ခြောက်သန်းစီ ခြောက်သန်းစီသော) မီးရှူးမီးတိုင်တို့ကို ညှိထွန်း ကိုင်ဆောင်ကာ လိုက်ပါကြကုန်၏။ တပါးသော နတ်ဗြဟ္မာတို့သည် ကောင်းသော ရနံ့ရှိသော ပန်းဆိုင်း စန္ဒကူးနံ့သာမှုန့် စမရီသားမြီးယပ် တံခွန် ကုက္ကား မုလေးပွါးတို့ဖြင့် ပူဇော်ဝန်းရံကာ လိုက်ပါကြကုန်၏။ နတ်သီချင်းတို့ကို ကျူးရင့်သီဆိုကြကာ နတ်တူရိယာအမျိုးမျိုးတို့ကို တီးမှုတ် လိုက်ပါကြကုန်၏။

     ဤဆိုအပ်ပြီးသော အသရေတော်အစုဖြင့် တောထွက်တော်မူခဲ့သော အလောင်းတော် သူမြတ်သည် တညဉ့်ခြင်းဖြင့်ပင် သာကိယ, ကောဠိယ, မလ္လ တည်းဟူသော သုံးပြည်ထောင်တို့ကို ကျော်လွန်ကာ ယူဇနာသုံးဆယ်ရှိသော ခရီးကိုသွား၍ အနော်မာမြစ်ကမ်းသို့ ဆိုက်ရောက်တော်မူလေသည်။

(အထူးမှတ်သားရန်။ ။ဤ၌ ကဏ္ဍကမြင်းတော်သည် နံနက်ပိုင်း အချိန်အတွင်းမှာပင် စကြဝဠာတောင် အနားရေးပတ်၍ ပြေးပြီးလျှင် မိမိအတွက်တာ စီမံထားသော နံနက်စာကို စားခြင်းငှါ စွမ်းနိုင်သော အဟုန်သတ္တိ ရှိပေ၏၊ သို့သော်လည်း ထိုအချိန်၌ကား နတ်ဗြဟ္မာများနှင့် နဂါး ဂဠုန် အစရှိသောသူတို့က ကောင်းကင်၌ ရပ်တည်ကြကာ ကြဲချပူဇော်အပ်သော နံ့သာပန်းမာလ်စသည်တို့မှာ မြင်း၏ ချက်အရပ်တိုင်အောင် ဖုံးအုပ်၍နေသဖြင့် ရွှံ့မြေကိုရုန်းရသည့်ပမာ ထိုပန်းမာလ်နံ့သာတို့ကို ရုန်းကာ ရုန်းကာ သွားနေရသဖြင့် တညဉ့်လုံး ခရီးသွားမှ ယူဇနာသုံးဆယ်သာ ခရီးရောက်ခြင်း ဖြစ်သည်ကို အထူးမှတ်သားထု၏။)

၂၀၂

အခဏ်း-၄

ဆံတော်ပယ်၍ ရဟန်းပြုခဏ်း

အနော်မာမြစ်တဖက်ကမ်းသို့ကူး၍ ဆံတော်ကိုပယ်တော်မူခြင်း

     အနော်မာမြစ်ကမ်းသို့ ရောက်သောအခါ အလောင်းတော် သူမြတ်သည် ကမ်းစပ်၌ မြင်းတော်ကို ရပ်နား၍ “ဤမြစ်သည် အဘယ်မည်သော မြစ်နည်း”ဟု ဆန္နအမတ်ကို မေးမြန်းတော်မူ၏။ “အရှင်မင်းမြတ်.. ဤမြစ်သည် အနောမာ အမည်ရှိပါသည်”ဟု ဆန္နအမတ် လျှောက်ကြားလတ်သည်တွင် အလောင်းတော်သူမြတ်သည် “ငါတို့၏ ရဟန်းအဖြစ်သည်လည်း မယုတ်မာ မြင့်မြတ်ကောင်းမွန်သည်သာ ဖြစ်ပေလတံ့”ဟု နိမိတ်ကောက်ယူတော်မူကာ (အနောမာသဒ္ဒါသည် မယုတ်ညံ့ခြင်းအနက်ကို ဟောသည်။) ဖနောင့်ဖြင့် မြင်းတော်ကိုခတ်လျက် မြစ်ကိုကူးဘို့ရန် မြင်းတော်အား အမှတ်ပေးလိုက်လျှင်ပင် ကဏ္ဍကမြင်းတော်သည် ဤမှာဘက်ကမ်းမှ ခုန်၍ ရှစ်ဥသဘကျယ်ပြန့်သော အနော်မာမြစ်၏ ထိုမှာဘက်ကမ်း၌ တည်လေ၏။

     အလောင်းတော်သူမြတ်သည် မြင်းကျောက်ကုန်းမှ ဆင်းသက်၍ ပုလဲအစုနှင့်တူသော သဲသောင်ပြင်၌ ရပ်တော်မူကာ “အချင်းဆန္န.. သင်သည် ငါ၏ အဆင်တန်းဆာတို့နှင့်တကွ ကဏ္ဍကမြင်းတော်ကို ယူဆောင်၍ တိုင်းတော်ပြည်တော်သို့ ပြန်လေလော့၊ ငါကား ရဟန်းပြုတော့အံ့”ဟူ၍ ဆန္နအမတ်ကို မိန့်ကြားတော်မူလေ၏။ ဆန္နအမတ်က “အရှင်မင်းမြတ်.. အကျွန်ုပ်သည်လည်း ရဟန်းပြုပါအံ့”ဟု လျှောက်ထားလတ်သော် အလောင်းတော်သူမြတ်သည် “အချင်းဆန္န.. သင်သည် ရဟန်းပြုဘို့ရန် အခွင့်မရနိုင်ချေ၊ တိုင်းတော်ပြည်တော်သို့သာ ပြန်သွားရမည်”ဟု ပြောဆိုကာ သုံးကြိမ်တိုင်တိုင် တားမြစ်၍ အဆင်တန်းဆာတို့နှင့်တကွ ကဏ္ဍကမြင်းတော်ကို ဖွားဘက်တော် ဆန္ဒအမတ်အား လွှဲအပ် ဆောင်နှင်းတော်မူလေ၏။

၂၀၃

     ထို့နောက် အလောင်းတော်သူမြတ်သည် “ငါ၏ ဤဆံပင်တို့ကား ရဟန်းတို့နှင့် မလျောက်ပတ်ကုန်ချေ၊ ထိုဆံပင်တို့ကို သန်လျက်ဖြင့် ပယ်ဖြတ်ပေအံ့”ဟု ကြံစည်၍ လက်ျာလက်ဖြင့် သန်လျက်ကို စွဲကိုင်ကာ လက်ဝဲလက်ဖြင့် မကိုဋ်နှင့်တကွသော ဆံထုံးကိုကိုင်၍ ဖြတ်ပယ်တော်မူလေ၏။ ဆံတော်တို့သည် လက်နှစ်သစ်ပမာဏ အညီအမျှ ကြွင်းကျန်ရစ်ကြ၍ လက်ျာရစ်လည်ကာ ဦးခေါင်းတော်မှာ ကပ်ငြိ တည်ရှိကြကုန်၏။ ထိုဆံတော်တို့၏ ပမာဏကား အသက်ထက်ဆုံးပင် အသစ်တဖန် မရိတ်မပယ်ရပဲ ထိုလက်နှစ်သစ် ပမာဏသာ ရှိပေ၏၊ မုတ်ဆိတ်ကြင်စွယ်တို့သည်လည်း ဆံတော်များကဲ့သို့ပင် ကြည့်ရှု၍ တင့်တယ် သပ္ပါယ်လောက်သည့် အနေအားဖြင့် တသက်ပတ်လုံး တည်ရှိကြကုန်၏။ ဘုရားအလောင်းတော်မှာ နောက်တဖန် ထိုဆံပင် မုတ်ဆိတ် ကြင်စွယ်တို့ကို ရိတ်ပယ်ဖွယ်ကိစ္စ လုံးဝမရှိတော့ပြီ။

ရိတ်ပယ်ပြီးသော ဆံတော်ကို အဓိဋ္ဌာန်ပြု၍

ကောင်းကင်သို့ ပင့်မြှောက်တော်မူခြင်း

     ဘုရားအလောင်းတော်သည် မကိုဋ်နှင့်တကွ ဆံထုံးတော်ကို ကိုင်ကာ “ငါသည် အကယ်စင်စစ် ဘုရားဖြစ်မည့်သူ မှန်အံ့၊ ဤဆံထုံးတော်သည် ကောင်းကင်၌ တည်စေသတည်း၊ အကယ်စင်စစ် ဘုရားဖြစ်မည့်သူ မဟုတ်ငြားအံ့၊ ဤဆံထုံးတော်သည် မြေ၌ ကျပါစေသတည်း”ဟု အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ မကိုဋ်နှင့်တကွသော ဆံထုံးတော်သည် အထက်သို့ တယူဇနာတိုင်တိုင်တက်၍ ကောင်းကင်၌ ပန်းဆိုင်းကို ဆွဲထားသည့်အလား ထူးခြားအံ့ဩဖွယ်ရာ တည်ရှိလေ၏။

သိကြားမင်း ရွှေပန်းတောင်းဖြင့် ခံယူ၍

တာဝတိံသာနတ်ပြည်၌ “စူဠာမဏိစေတီ”တည်ထားခြင်း

     ထိုအခါ နတ်တို့သနင်း သိကြားမင်းသည် နတ်မျက်စိဖြင့် ဆံတော်ကိုမြင်၍ တယူဇနာရှိသော ရတနာပန်းတောင်းဖြင့် ထိုမကိုဋ်နှင့်တကွသော ဆံတော်ကို ခံယူပြီးလျှင် မိမိစံနေရာ

၂၀၄

တာဝတိံသာနတ်ပြည်၌ ဌာပနာ၍ ရတနာခုနစ်ပါးတို့ဖြင့် မွမ်းမံ စီခြယ်အပ်သော သုံးယူဇနာ ဉာဏ်တော်အမြင့်ရှိသော စူဠာမဏိစေတီတော်ကို တည်ထား ကိုးကွယ်လေ၏။

ဃဋိကာရဗြဟ္မာ ကပ်လှူလာသော ပရိက္ခရာဖြင့် ရဟန်းပြုတော်မူခြင်း

     ထို့နောက်တဖန် ဘုရားအလောင်းသည် “ငါ၏ ကာသိတိုင်းဖြစ် ဤဝတ်လဲတော် အထည်တို့မှာ အဖိုးများစွာ ထိုက်တန်ကုန်၏။ ရဟန်းဖြစ်သောသူအား မလျော် မလျောက်ပတ်ကုန်ချေ”ဟု ကြံစည် ဆင်ခြင်တော်မူလေ၏။ ထိုအခါ ကဿပမြတ်စွာဘုရား လက်ထက်တော်က မိတ်ရင်းဆွေဟောင်း ဖြစ်ခဲ့ဘူးသော ဃဋိကာရဗြဟ္မာကြီးသည် ဗုဒ္ဓန္တရတကပ်လုံး မပျက်မပြုန်း တည်ရှိသော မေတ္တာစစ် မေတ္တာမွန်ဖြင့် “ဩ.. ယနေ့ ငါ့မိတ်ဆွေဖြစ်သော အလောင်းတော် မင်းသားသည် 'ဇာတိစသော ဘေးတို့၌ ထိတ်လန့် ကြောက်ရွံ့ဘွယ်တွေ'ဟု သိမြင်တော်မူကာ မဟာဘိနိက္ခမနခေါ်သည့် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူလာချေပြီ။ ထိုငါ၏မိတ်ရင်း အလောင်းမင်းအတွက်တာ ရဟန်းပရိက္ခရာများကို ယူဆောင်၍ ငါသွားပေအံ့”ဟု ကြံစည်ကာ- (၁) နှစ်ထပ်သင်္ကန်းကြီး၊ (၂) ဧကစ္စီခေါ် အပေါ်ရုံသင်္ကန်း၊ (၃) ခါးဝတ်သင်းပိုင်၊ (၄) ခါးပန်းကြိုး(ဟူသော ကိုယ်နှင့်ကပ်ကာ ထက်ကြပ်ပါရသည့် ပရိက္ခရာလေးမျိုး)၊ (၅) အပ်နှင့်အပ်ခြည်၊ (၆) ပဲကွပ် = ဒန်ပူသပ်စရာ ကြံနွှေးစရာ ဓားတမျိုး၊ (၇) အိတ်နှင့်တကွသော သပိတ်၊ (၈) ရေစစ်(ဟူသော အပြင်ပရိက္ခရာ လေးမျိုး) ဤရှစ်ပါးသော ရဟန်းတို့၏ အသုံးအဆောင် ပရိက္ခရာတို့ကို ဆောင်ယူလာ၍ အလောင်းတော်မင်းသားအား လှူဒါန်း ဆက်ကပ်လေ၏။

     ထိုအခါ ဘုရားအလောင်းတော်သည် ဃဋိကာရဗြဟ္မာကြီး ဆက်ကပ် လှူဒါန်းအပ်သော အရဟတ္တဖိုလ်၏ တံခွန်သဖွယ်ဖြစ်သော သင်္ကန်းပရိက္ခရာကို သပ္ပါယ်စွာ ဝတ်ဆင်မြန်း၍ မြတ်သော ရဟန်းအသွင်ကို ယူဆောင်ပြီးလျှင် ဝတ်လဲတော်အစုံကို ကောင်းကင်သို့ ပစ်မြှောက်လိုက်ပြန်လေ၏။

၂၀၅

(ဘုရားတဆူနှင့် တဆူအကြား ကာလအပိုင်းအခြားကို ဗုဒ္ဓန္တရကပ်ဟူ၍ ခေါ်၏။ ဤယခု ဗြဟ္မာသင်္ကန်း ကပ်လှူသော အခဏ်း၌ ပါရှိသည့် ဗုဒ္ဓန္တရကပ်ဟူသည်မှာ- ကဿပမြတ်စွာဘုရား ပွင့်တော်မူရာကာလမှ ယခု ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာကာလတိုင် ဤအတွင်း ကာလအပိုင်းအခြားကို ဆိုသည်။ ထိုကာလအပိုင်းအခြား ဟူသည်မှာလည်း အနှစ်နှစ်သောင်းတမ်း၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူပြီးနောက် ဆယ်နှစ်တမ်းတိုင် အစဉ်သဖြင့် သတ္တဝါတို့၏ အသက်တမ်း ယုတ်လျော့၍ တဖန် ထိုဆယ်နှစ်တမ်းမှသည် အသင်္ချေယျတမ်းတိုင် အသက်တမ်း တက်ပြန်၍ ထိုမှတဖန် သတ္တဝါတို့အသက်တမ်း ဆုတ်ယုတ်လာပြန်လေရာ အနှစ်တရာတမ်း နောက်ပိုင်းသို့ရောက်မှ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောကြောင့် အန္တရကပ် တကပ်ကျော်ကျော် ရှည်လျားလှသော ကာလအပိုင်းအခြား ဖြစ်လေသည်။ ။ဤ၌ အလောင်းတော်မင်းသားကို ဤသို့ ဝတ်ရမည်၊ ဤသို့ ရုံရမည် စသည်ဖြင့် သင်ကြားပေးမည့်ဆရာ မရှိသော်လည်း ရှေးဘုရားရှင်တို့၏အထံ၌ ရဟန်းပြုခဲ့၍ ဝတ်ရုံမှု၌ အလေ့အကျက်ရပြီး ဖြစ်သောကြောင့်၎င်း, ဉာဏ်တော်ကြီးမြတ်သောကြောင့်၎င်း ပရိက္ခရာကို နေရာတကျ ဝတ်ရုံတတ်သည်ကိုလည်း မှတ်ယူရာ၏။)

အလောင်းတော်၏ ဝတ်လဲတော်ကို အကနိဋ္ဌဗြဟ္မာ့ဘုံ၌

“ဒုဿစေတီ” တည်ထားခြင်းအကြောင်း

     ထိုအခါ ဃဋိကာရ ဗြဟ္မာကြီးသည် အလောင်းတော်၏ ကောင်းကင်သို့ ပစ်မြှောက်လိုက်သော ဝတ်လဲတော်ကို ယူဆောင်၍ တဆယ့်နှစ်ယူဇနာရှိသော ရတနာအမျိုးမျိုးတို့ဖြင့်ပြီးသည့် စေတီတော်ကို တည်ထား၍ ထိုစေတီတော်၏အတွင်း၌ ဝတ်လဲတော်ကို ဌာပနာသွင်း၍ ပူဇော်လေသည်။ ထိုစေတီတော်ကို ဝတ်လဲတော် ဌာပနာရာဖြစ်၍ ဒုဿစေတီဟူ၍ ခေါ်ဆိုလေသည်။

(ဤ၌၊ ၊ဒုဿစေတီတော်၏ တည်ရာဘုံဌာနနှင့် စေတီတော် အရပ်အမြင့် ပမာဏတို့ကို သမန္တစက္ခုဒီပနီကျမ်း ဒုတိယအုပ် ၂၂၃-မျက်နှာ၌ “ပုဆိုးတော်ကို ဃဋိကာရဗြဟ္မာ ယူဆောင်သည်ဖြစ်သောကြောင့် ဃဋိကာရဗြဟ္မာသည် အကနိဋ္ဌဘုံကဖြစ်၍ ဒုဿစေတီတော်သည် အကနိဋ္ဌဘုံမှာ ရှိသည်ဟု မှတ်သင့်သည်” ဟူ၍၎င်း၊ ဇိနာလင်္ကာရဋီကာ

၂၀၆

စသည်တို့ကို ကိုးကားဖော်ပြ၍) “သုဒ္ဓါဝါသ အကနိဋ္ဌ ဗြဟ္မာ့ပြည်၌ တဆယ့်နှစ်ယူဇနာ အမြင့်ရှိသော ဒုဿစေတီ ရှိ၏ဟု မှတ်ရာ၏” ဟူ၍၎င်း မုံရွေးဇေတဝန် ဆရာတော်ဘုရား အကျယ်တဝင့် ရေးသားတော်မူခဲ့လေသည်။ ။တရပ်။)

(ဃဋိကာရဗြဟ္မာ လှူဒါန်းလာသော ပရိက္ခရာရှစ်ပါးတို့နှင့်စပ်၍ အပဒါနအဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၁၂၈-၌ “ဗြဟ္မုနာ အာနီတေ ဣဒ္ဓိမယေ ကပ္ပဿ သဏ္ဌာနကာလေ ပဒုမဂဗ္ဘေ နိဗ္ဗတ္တေ အဋ္ဌပရိက္ခာရေ ပဋိဂ္ဂဟေတွာ ပဗ္ဗဇိတွာ” အစရှိသည်ဖြင့် “ဃဋိကာရဗြဟ္မာ ယူဆောင်လာသော ကမ္ဘာတည်ဦးစ မဟာဗောဓိမဏ္ဍိုင်ကုန်း၌ ကမ္ဘာ့နိမိတ်အဖြစ်ဖြင့် ပေါက်ရောက်သော ပဒုမာကြာရုံဝယ် အသင့်ဖြစ်ပွါး ပါရှိလာသည့် အလောင်းတော်၏ ကုသိုလ်ကံပါရမီ တန်ခိုးကြောင့်ဖြစ်သော ပရိက္ခရာရှစ်ပါးတို့ကို ခံယူကာ ရဟန်းပြုကြောင်း” ထူး၍ ဖွင့်ပြလေသည်။ ။ထိုအပဒါန် အဋ္ဌကထာ ဖွင့်ပြချက်ကို အမှီပြု၍ပင် သံဝရပျို့၌- “ဝိဝဋ္ဋဝယ်၊ ဘဒ္ဒလက္ခဏာ၊ ပေါ်ဦးခါက၊ သင်္ချာအနေ၊ သိန်းကုဋေဟု၊ တွက်ရေစက္ကဝါ၊ မြေတကာ၏၊ အချာဓိပတိ၊ ဗောဓိရွှေပြင်၊ ပလ္လင်ရောက်ရာ၊ ရပ်ခန်းဝါထက်၊ ငါးဖြာခက်မ၊ ငုံပွပွ၌၊ ဘုရာ့ပရိက္ခရာ၊ လေးဆယ်ပါလျက်၊ ဗြဟ္မာဦးငြိတ်၊ ရွှင်သည့်စိတ်ဖြင့်” စသည်ဖြင့် စပ်ဆိုလေသည်။ ဇိနတ္ထပကာသနီ ကျမ်းကြီး၌လည်း “ဤပရိက္ခရာရှစ်ပါးသည် ကမ္ဘာတည်စက ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ပေါက်သော ကြာပွင့်တွင် အစုံပါလာသည်”ဟူ၍ ပြဆိုထားပေ၏။

သုတ်မဟာဝါအဋ္ဌကထာ မဟာပဒါနသုတ်အဖွင့် စာမျက်နှာ ၅-၌ကား “မဟာဗောဓိမဏ္ဍိုင်အရပ်သည် ကမ္ဘာပျက်သောအခါ နောက်မှပျက်၍ ကမ္ဘာတည်သောအခါ ဦးစွာတည်၏၊ ထိုဗောဓိမဏ္ဍိုင်အရပ်၌ ကမ္ဘာတည်ဦးစအခါ ပုဗ္ဗနိမိတ်အနေဖြင့် ပဒုမာကြာရုံတရုံ ပေါက်လာ၏၊ ထိုတည်ဆဲကမ္ဘာ၌ ဘုရားပွင့်မည်ဖြစ်လျှင် ထိုပဒုမာကြာရုံမှ ကြာပွင့်ပွင့်၏၊ ဘုရားမပွင့်မည့် ကမ္ဘာဖြစ်လျှင် ပဒုမာကြာလည်း မပွင့်၊ ကြာပွင့်ရာမှာလည်း အကယ်၍ ဘုရားတဆူသာပွင့်မည့် ကမ္ဘာဖြစ်လျှင် ကြာလည်း တပွင့်ပွင့်၏။ နှစ်ဆူပွင့်မည့် ကမ္ဘာဖြစ်လျှင် နှစ်ပွင့်, သုံးဆူပွင့်မည့် ကမ္ဘာဖြစ်လျှင် သုံးပွင့်, လေးဆူပွင့်မည့် ကမ္ဘာဖြစ်လျှင် လေးပွင့်, ငါးဆူပွင့်မည့် ကမ္ဘာဖြစ်လျှင် ငါးပွင့်တို့ ကြာရိုးတခုတည်း၌ ပွင့်ကုန်၏။ ဤသို့ စသည်ဖြင့် ကြာပွင့်, မပွင့်သာ လာရှိသည်။ ကြာပွင့်၌ ပရိက္ခရာရှစ်ပါး အသင့်ပါရှိကြောင်း မလာရှိချေ။

၂၀၇

ထိုဃဋိကာရဗြဟ္မာ လှူဒါန်းသည့် သင်္ကန်းကို အပဒါန်အဋ္ဌကထာ၌ “ဣဒ္ဓိမယပရိက္ခရာ = ဘုရားအလောင်းတော်၏ ကုသိုလ်ကံတန်ခိုးကြောင့်ဖြစ်သော ပရိက္ခရာ” ဟူ၍ ဖွင့်ဆိုသော်လည်း သုတ္တနိပါတအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၁၁၁- ဘုရားအလောင်းတော် ရဟန်းပြုပြီးနောက် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံဝင်တော်မူသော အခဏ်း၌- “ဒေဝဒတ္တိယံ ပံသုကူလစီဝရံ ပါရုပိတွာ မတ္တိကာပတ္တံ ဂဟေတွာ ပါစီနဒွါရေန နဂရံ ပဝိသိတွာ အနုဃရံ ပိဏ္ဍာယ အစရိ = ဃဋိကာရဗြဟ္မာမင်း လှူဒါန်းအပ်သည့် ဒေဝဒတ္တိယ ပံသုကူသင်္ကန်းကို ဝတ်ရုံတော်မူကာ မြေသပိတ်ကို စွဲပိုက်၍ မြို့၏ အရှေ့ဘက်တံခါးဖြင့် မြို့တွင်းသို့ ဝင်ပြီးလျှင် အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်တော်မူလေပြီ”ဟူ၍ အရှင်မဟာဗုဒ္ဓဃောသ မဟာထေရ်မြတ် ဖွင့်ဆိုတော်မူသည်ကို ထောက်က အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသ၏အလို ထိုဃဋိကာရဗြဟ္မာလှူဒါန်းသည့် သင်္ကန်းသည် ဣဒ္ဓိမယသင်္ကန်းမဟုတ်၊ ဒေဝဒတ္တိယသင်္ကန်းသာ ဖြစ်ကြောင်း သိအပ်ပေ၏။ ဤကား- ဃဋိကာရဗြဟ္မာ လှူကပ်လာသည့် ပရိက္ခရာသည် ကမ္ဘာတည်ဦးစ မဟာဗောဓိမဏ္ဍိုင်ကုန်း၌ ကမ္ဘာ့နိမိတ်အဖြစ်ဖြင့် ပေါက်ရောက်သော ကြာရုံ၌ အသင့်ပါလာသော ပရိက္ခရာ ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်နိုင်ရန် ဖော်ပြချက်ပေတည်း။)

ဆန္နအမတ်ကို နေပြည်တော်သို့ ပြန်၍လွှတ်ခြင်းအကြောင်း

     ထိုသို့ ရဟန်းပြုပြီးသောအခါ ဘုရားအလောင်းတော်သည် ဆန္နအမတ်ကို “အမောင်ဆန္န.. သင်သည် ငါမှာလိုက်သော စကားဖြင့် မယ်တော် (မိထွေးတော် မဟာပဇာပတိဂေါတမီကို ဆိုလိုသည်) ခမည်းတော်တို့အား ငါ၏ အနာရောဂါ ကင်းရှင်းကြောင်း ပြန်ကြား လျှောက်ထားလေ”ဟု ပြောဆိုတော်မူကာ လွှတ်လိုက်လေသည်။ ဆန္နအမတ်သည် ဘုရားအလောင်းတော်ကို ရိုသေစွာ ရှိခိုးပြီးလျှင် လက်ျာရစ် လှည့်လည်၍ အလောင်းတော်ဝတ်ဆင်သော အဆင်တန်းဆာထုပ်နှင့်တကွ ကဏ္ဍကစီးတော်မြင်းကို ဆွဲဆောင်ခေါ်ငင်လျက် အလောင်းတော်နှင့် ခွဲခွါကာ သွားရှာလေ၏။

၂၀၈

ကဏ္ဍကမြင်း ကွယ်လွန်၍ နတ်ပြည်၌ နတ်သားဖြစ်ကြောင်း

     ကဏ္ဍက စီးတော်မြင်းသည် ဆန္နအမတ်နှင့် တိုင်ပင်စကား ပြောကြားနေသော အလောင်းတော်သူမြတ်၏ စကားကို ကြားသိရကတည်းကပင်လျှင် “ယခုမှ နောက်တဖန် ငါ့သခင်အား ပြန်လည်ဖူးမြင်ရန် အခွင့်အလမ်း မရှိတော့ပြီ”ဟု ကြံစည် လွမ်းဆွတ်လျက် အလောင်းတော်သူမြတ်၏ မျက်စိဖြင့်မြင်လောက်သော အရပ်ကို လွန်လျှင်ပင် အလွန်ချစ်လှသော ဘုရားအလောင်းတော် သခင်နှင့် ကွေကွင်းရခြင်း တည်းဟူသော ပိယေဟိ ဝိပ္ပယောဂ ဒုက္ခဒဏ်ချက်ကြောင့် ဖြစ်ပေါ်သော သောကကို အောင့်အည်း သည်းခံခြင်းငှါ မတတ်နိုင်ရကား နှလုံးပေါက်ကွဲကာ သေဆုံးရှာပြီးလျှင် တာဝတိံသာနတ်ပြည်၌ ကဏ္ဍကမည်သော နတ်သားဖြစ်လေ၏။ ဆန္နအမတ်မှာ ရှေးဦးက အလောင်းတော်နှင့် ကွေကွင်းရမှုကြောင့် စိုးရိမ်ပူဆွေးခြင်း (= သောက)တခုသာ ဖြစ်ခဲ့ရာမှ ကဏ္ဍကစီးတော်မြင်း ကွယ်လွန်ပြန်သဖြင့် နှစ်ကြိမ်မြောက်ဖြစ်သော စိုးရိမ်ပူဆွေးခြင်း (= သောက)ဖြင့် အပြင်းနှိပ်စက်အပ်ရကား ငိုကြွေး မြည်တမ်းကာ ကပိလဝတ်နေပြည်တော်သို့ ပြန်ရှာလေ၏။

(ကဏ္ဍကစီးတော်မြင်း ကွယ်လွန်ပြီးသည့်နောက် တာဝတိံသာနတ်ပြည်မှာ ကြီးကျယ်ခမ်းနားသော စည်းစိမ်အခြံအရံတို့နှင့် ပြည့်စုံသည့် “ကဏ္ဍက” အမည်ရှိသော နတ်သား ဖြစ်ကြောင်းကို၎င်း, ကဏ္ဍကစီးတော်မြင်းသည် ဘဝများစွာတို့၌ အလောင်းတော်ထံပါး ခစားမြဲမြံ အစေအပါးခံခဲ့ရသူ ဖြစ်သောကြောင့် အလောင်းတော်နှင့် ကွေကွင်းရခြင်း ဆင်းရဲဒုက္ခကို မခံမရပ်နိုင်ပဲ နှလုံးကွဲ၍ စုတေကြောင်း၊ (ထိုသောကကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ရခြင်း မဟုတ်။ တောထွက်ကာနီး ကဏ္ဍကမြင်းကို စီးအံ့ဆဲဆဲအခါ အလောင်းတော်သူမြတ်က မိမိအားပြောကြားသည့် စကားရပ်တွင် “ကဏ္ဍက.. ငါသည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့ရန် တောထွက်ခြင်းဖြစ်သည်”ဟူသော စကားကို ကြားရ၍ ဝတ္ထုအာရုံ ကာမဂုဏ်နှင့်မဖက် တောထွက်ခြင်း နေက္ခမ္မနှင့်စပ်သည့် များမြတ်သော နှစ်သက်ဝမ်းမြောက်ခြင်း ပီတိသောမနဿနှင့်ယှဉ်သည့် စိတ်ကြည်လင်ခြင်း ပသာဒသဒ္ဓါခေါင်းဆောင်သည့် ကုသိုလ်များ ဖြစ်ပွါးခဲ့ရာ ထိုကုသိုလ်၏အစွမ်းကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ကြောင်းကို၎င်း, ထိုကဏ္ဍကနတ်သားသည်

၂၀၉

နောက်အခါ မြတ်စွာဘုရားထံမှောက် အဖူးအမြော် လာရောက်၍ တရားနာရသောကြောင့် သောတာပန်ဖြစ်ကြောင်းကို၎င်း ဝိမာနဝတ္ထု အဋ္ဌကထာ စာမျက်နှာ ၂၉၃-မှစ၍ ဖွင့်ပြထားသည်။ အကျယ်ကို အလိုရှိမူ ထိုအဋ္ဌကထာမှ ယူကုန်ရာ၏။)

ဘုရားအလောင်းတော်ရဟန်းသည်

အနုပိယသရက်တော၌ ခုနစ်ရက်နေပြီးမှ

ရာဇဂြိုဟ်ပြည်သို့ ကြွချီတော်မူခြင်းအကြောင်း

     အလောင်းတော်သည် ရဟန်းပြုပြီးလတ်သော် ထိုအရပ်အနီး၌ တည်ရှိသည့် အနုပိယမည်သော သရက်တော၌ ခုနစ်ရက်ပတ်လုံး ရဟန်းချမ်းသာဖြင့် အချိန်ကို ကုန်လွန်စေပြီးသော် တရက်တည်းဖြင့်ပင် ယူဇနာသုံးဆယ်ရှိသော ခရီးကို ခြေလျင်ကြွတော်မူ၍ ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူလေသည်။ (ဤကား ဗုဒ္ဓဝင်အဋ္ဌကထာနှင့် ဇာတ်အဋ္ဌကထာတို့၌ ပြဆိုသော စကားရပ်တည်း။)

     (သုတ္တနိပါတ်အဋ္ဌကထာ အလိုအားဖြင့်) ဘုရားအလောင်းတော်သည် ရဟန်းပြုပြီးသော် အာဇီဝဋ္ဌမကသီလကို သုတ်သင်တော်မူပြီးနောက် အနော်မာမြစ်ကမ်းမှသည် ယူဇနာသုံးဆယ် ဝေးကွာသော ရာဇဂြိုဟ်ပြည်အရပ်သို့ ခုနစ်ရက်ဖြင့်အရောက် ကြွချီတော်မူလေ၏။

ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံဝင်တော်မူကြောင်း

     အလောင်းတော် ရဟန်းမြတ်သည် ရာဇဂြိုဟ်ပြည်အတွင်း ဆွမ်းခံဝင်မည်ရှိလတ်သော် မြို့၏ အရှေ့တံခါးဝ၌ ရပ်တည်တော်မူကာ “ငါသည် အကယ်၍ ဗိမ္ဗိသာရမင်းတရားအား မိမိ ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိလာကြောင်း သတင်းစကား ကြားသိစေခဲ့သော် ဗိမ္ဗိသာရမင်းတရားသည် သုဒ္ဓေါဒနမင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားသည် ငါတို့ပြည်သို့ ရောက်ရှိလာပြီဟု အလေးဂရုပြုကာ များစွာသော ပစ္စည်းတို့ကို ငါ့ထံမှောက် ပို့ရောက်ပေလိမ့်မည်။ ရဟန်းဖြစ်သော ငါ့အား ဗိမ္ဗိသာရမင်းကို အကြောင်းကြားသိစေ၍ ပစ္စည်းလေးတန် ခံယူရန် မသင့်ချေ၊ ယခုပင် ငါသည်

၂၁၀

ဆွမ်းခံလှည့်လည်ပေအံ့”ဟု အကြံတော်ပြုကာ ဃဋိကာရဗြဟ္မာ လှူဒါန်းသည့် ပံသုကူသင်္ကန်းကို ရုံတော်မူကာ မြေသပိတ်ကို ရွှေလက်တော်၌ ကိုင်စွဲ၍ အရှေ့တံခါးဖြင့် မြို့တွင်းသို့ ဝင်ပြီးလျှင် အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်တော်မူလေ၏။

     ရာဇဂြိုဟ်ပြည်ဝယ် ဘုရားအလောင်းတော် ဆွမ်းခံမဝင်မီ လွန်ခဲ့သောခုနစ်ရက်က ပွဲလမ်းသဘင် ကြီးစွာဆင်ယင် ပျော်ရွှင်ကြပြီး၍ ဘုရားအလောင်းတော် ဆွမ်းခံဝင်သည့် ထိုနေ့ကား ဗိမ္ဗိသာရမင်းတရားသည် တိုင်းသားပြည်သူ ဗိုလ်လူတို့အား “ပျော်ပွဲရွှင်ပွဲသဘင် ဆင်ယင်ပြီးမြောက်လေပြီ၊ တိုင်းသူပြည်သား လူအများတို့သည် မိမိတို့ဆိုင်ရာ အလုပ်များကို လုပ်ကိုင်ကြရမည်”ဟူ၍ စည်လည်စေအပ်သည့်နေ့ ဖြစ်ရကား လူများအပေါင်းသည် မင်းရင်ပြင်၌ စုရုံးစည်းဝေးနေဆဲ ဖြစ်လေသည်။ ဗိမ္ဗိသာရမင်းတရားသည်လည်း အလုပ်ကိစ္စ အဝဝကို စီမံခန့်ခွဲရန် ခြင်္သေ့ခံသော လေသာနန်းပြုတင်းကို ဖွင့်၍ ဗိုလ်ပါအပေါင်းကို ကြည့်ရှုလတ်သည်ရှိသော် အလွန် ငြိမ်သက်စွာသော ဣ‌ေန္ဒြဖြင့် ရာဇဂြိုဟ်ပြည်တွင်း ဆွမ်းခံဝင်တော်မူသော ဘုရားအလောင်းကို မြင်တော်မူလေ၏။

     ရာဇဂြိုဟ် ပြည်သူ ပြည်သား လူများအပေါင်းသည် ဘုရားအလောင်းတော်၏ လောကာဓိပတိ အတုမရှိသော အဆင်းတော်ကို ဖူးမြော် တွေ့မြင်ကြရသဖြင့် ဓနပါလအမည်ရှိသော နာဠာဂီရိဆင်မင်း ထိုရာဇဂြိုဟ်မြို့တွင်းသို့ ဝင်သည်ရှိသော် မြို့သူမြို့သား လူအများတို့ လှုပ်လှုပ်ရွရွ ပြောဆိုချောက်ချားကြသကဲ့သို့၎င်း, ဝေပစိတ္တိအသူရာမင်း တာဝတိံသာ နတ်မြို့တွင်းသို့ ဝင်သည်ရှိသော် တာဝတိံသာဘုံသား နတ်သားနတ်သမီးအပေါင်းတို့ လှုပ်လှုပ်ရွရွ ပြောဆိုချောက်ချားကြသကဲ့သို၎င်း ရာဇဂြိုဟ်တမြို့လုံး လှုပ်လှုပ်ရွရွ ပြောဆိုချောက်ချားခြင်းသို့ ရောက်လေ၏။ ဘုရားအလောင်းတော်သူမြတ်သည် ဆဒ္ဒန်ဆင်မင်း၏ တင့်တယ်ခြင်းဖြင့် ရာဇဂြိုဟ်ပြည်အတွင်း အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်တော်မူလတ်သည်ရှိသော် မြို့နေသူ လူအပေါင်းတို့သည်

၂၁၁

အလောင်းတော်၏ လောကာဓိပတိ အတုမရှိသော အဆင်းတော် ကို ဖူးမြော် တွေ့မြင်ကြရသဖြင့် နှစ်သက်ဝမ်းမြောက်ခြင်း, အံ့ဩခြင်း ပြင်းထန်စွာ ဖြစ်ရှိကြကာ အလောင်းတော်၏ အဆင်းတော်ကို ဖူးမြော်ဘို့ရန်တခုကိုသာ ဆင်ခြင်ရိုးရင်း နှလုံးသွင်း ရှိကြလေကုန်သည်။

     ထိုလူများအနက် တယောက်သောသူက အခြား တယောက်သောသူကို “အို မိတ်ဆွေ.. ဘယ့်နှယ်တုန်း၊ လဗိမာန်ကြီးသည် ရာဟုအသူရိန်ကို ကြောက်ရွံ့သဖြင့် မိမိ၏ ရောင်ခြည်အပေါင်းကို လျှို့ဝှက်ဖုံးအုပ်ကာ ဤလူ့ရွာသို့ သက်ဆင်းလာလေသလော”ဟု ပြောဆိုလေသည်။

     ထိုသို့ပြောဆိုသော (ပဌမ)လူကို အခြား (ဒုတိယ)လူတယောက်က ရယ်သွမ်းသွေးကာ “အို မိတ်ဆွေ.. ဘယ့်နှယ် ပြောတာတုန်း၊ ဘယ်တုန်းကများ လပြည့်ဝန်းကြီး လူ့ပြည်သို့ သက်ဆင်းလာသည်ကို မိတ်ဆွေမြင်ရဘူးသနည်း၊ အမှန်ကတော့ ဤသူသည် အသွင်တမျိုးကို ယူဆောင်ကာ (ရုပ်ဖျက်ကာ) ငါတို့ အရှင်မင်းကြီးနှင့် မြို့သူမြို့သားတို့၏ အလွန်မြတ်သည့် တင့်တယ်စံပယ်ခြင်း ကြက်သရေအစုကို မြင်ရ၍ ငါတို့နှင့်အတူ ပျော်ရွှင်မြူးထူး ကစားရန် လာရောက်သော ကာမနတ်မင်း ဖြစ်ပေသည်”ဟူ၍ ပြောဆိုလေ၏။

     ထိုသို့ပြောဆိုသော (ဒုတိယ)လူကို အခြား (တတိယ) လူတယောက်က ရှေးနည်းအတူ ရယ်သွမ်းသွေးကာ “အို မိတ်ဆွေ.. ဘယ့်နှယ်တုန်း၊ သင် ရူးများ ရူးလေသလော၊ ကာမနတ်ဟူသည် အစိုးရခြင်းဂုဏ်မောက်၍ အမျက်ထွက်ခြင်း တည်းဟူသော မီးတောက်ဖြင့် ကြောက်လန့်ဘနန်း အကျွမ်းလောင်အပ်သော ကိုယ်ရှိ၍ မည်းနက်သော အဆင်းရှိသူသာ ဖြစ်ချေသည်။ အမှန်စင်စစ်ကား ယခုမြင်ရသောသူသည် တာဝတိံသာနတ်ပြည်ဟု ထင်မှတ်ကာ ငါတို့၏ ရာဇဂြိုဟ်ပြည်တွင်းသို့ ဝင်ရောက်လာသည့် မျက်စိအမြင်တထောင်ကို ဆောင်တော်မူတတ်သည့် သိကြားနတ်မင်းသာ ဖြစ်ချေသည်”ဟူ၍ ပြောဆိုပြန်လေ၏။

၂၁၂

     ထိုသို့ပြောဆိုသော (တတိယ)လူကို အခြား (စတုတ္ထ) လူတယောက်က အနည်းငယ် ပြုံးရွှင်ကာ “အို မိတ်ဆွေ.. ဘယ့်နှယ်ပြောတာတုန်း၊ သင့်စကား ရှေ့နောက် ဆန့်ကျင်လှပေ၏၊ ထိုသူကို သိကြားနတ်မင်းဟု ဆိုရအောင် ထိုသူ၏ မျက်စိတထောင် အဘယ်မှာနည်း၊ ထိုသူ၏ ဝဇီရစိန်လက်နက်ကား အဘယ်မှာနည်း၊ ထိုသူ၏ ဧရာဝဏ် စီးတော်ဆင်ကား အဘယ်မှာနည်း၊ (သိကြားမင်း စင်စစ်ဖြစ်ပါက မျက်စိတထောင် ဝဇိရစိန်လက်နက် ဧရာဝဏ်စီးတော်ဆင် ပါရှိရမည်။ ယခု ထိုအရာများ လုံးဝ မပါရှိချေ တကား၊) အမှန်ကတော့ ထိုသူသည် ပုဏ္ဏားလူထု မေ့လျော့နေသည်ကို သိရှိ၍ ဗေဒင်စသည်တို့၌ မမေ့မလျော့ လိုက်နာကျင့်သုံးဘို့ တိုက်တွန်းရန် လာရောက်သော ဗြဟ္မာမင်း ဖြစ်ချေသည်”ဟူ၍ ပြောဆိုပြန်လေ၏။

     ထိုသူ လေးယောက်လုံးကို တားမြစ်မောင်းမဲကာ အခြားပညာရှိသူ လူတယောက်က “ဤသူကား လပြည့်ဝန်းလည်းမဟုတ်၊ ကာမနတ်လည်းမဟုတ်၊ မျက်စိတထောင် အမြင်ဆောင်သော သိကြားနတ်မင်းလည်း မဟုတ်၊ ဗြဟ္မာမင်းလည်း မဟုတ်၊ စင်စစ်ကား ဤသူသည် လောကသုံးပါး၏ ရှေ့သွားခေါင်းဆောင် နာယက ဆရာတဆူ ဖြစ်တော်မူသည့် အလွန် အံ့ဩဖွယ်ကောင်းသူ လူထူး လူ့မှူးတဦး ဖြစ်ချေသည်”ဟူ၍ ပြောဆိုလေ၏။

     ဤသို့ ရာဇဂြိုဟ် ပြည်သူပြည်သား လူများအပေါင်းတို့ အချင်းချင်း သူတမျိုး ငါတဖုံ ပြောဆို၍ နေကြကုန်စဉ်ပင် မင်းချင်းယောက်ျားတို့သည် ဗိမ္ဗိသာရမင်းကြီးထံမှောက် သွားရောက်ကြပြီးလျှင် “အရှင်မင်းကြီး.. အထက်မိုးရပ် နတ်မင်းလေလော၊ ဂန္ဓဗ္ဗနတ်လေလော၊ သို့မဟုတ် နဂါးမင်းလေလော၊ ဘီလူးလေလော၊ မည်သူဟူ၍ ခွဲခြားပြောဆိုခြင်းငှါ မသိနိုင်သူ အံ့ဩဖွယ် လူတယောက်သည် အကျွန်ုပ်တို့၏နေရာ ရာဇဂြိုဟ်ပြည်တွင်း၌ ဆွမ်းခံလှည့်လည်နေပါသည်”ဟု လျှောက်ထား ပြောဆိုကြလေကုန်၏။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် ထိုသူတို့စကား ကြားတော်မူပြီး၍ ပြာသာဒ်အထက်ပြင်၌ ရပ်တည်တော်မူရင်းကပင်

၂၁၃

ဘုရားအလောင်းတော် သူမြတ်ကို ကြည့်ရှုဖူးမြင်ရသဖြင့် အံ့ဖွယ်သရဲ မဖြစ်စဘူး ထူးကဲသောစိတ် ဖြစ်တော်မူကာ မင်းချင်းယောက်ျား အမတ်များတို့ကို “အချင်းတို့ .. သွားတည့်ကြကုန်၊ ထို အံ့ဩဖွယ်ကောင်းသောသူကို သေချာစေ့ငု ကြည့်ရှုစုံစမ်းကြကုန်၊ ထိုသူသည် အကယ်၍ ဘီလူးဖြစ်လျှင် မြို့ပြင်သို့အရောက် ကွယ်ပျောက်လိမ့်မည်၊ နတ်ဖြစ်လျှင် ကောင်းကင်ခရီးဖြင့် သွားပေလိမ့်မည်၊ နဂါးမင်းဖြစ်လျှင် မြေအတွင်းသို့ ငုပ်လျှိုး ကွယ်ပျောက်သွားပေလိမ့်မည်၊ လူသားစင်စစ်ဖြစ်လျှင် မိမိရသော ဆွမ်းကို တနေရာရာ၌ စားသုံးပေလိမ့်မည်”ဟု မိန့်ကြားပြောဆို စေလွှတ်တော်မူလိုက်လေ၏။

     ဘုရားအလောင်းတော်သည်လည်း ငြိမ်သက်သော ဣန္ဒြေ ငြိမ်သက်သော စိတ်ရှိတော်မူသည်ဖြစ်၍ အတုမရှိသော အဆင်းတော်၏ တင့်တယ်စံပယ်ခြင်းဖြင့် ဖူးမြင်ကြသူ ရာဇဂြိုဟ် ပြည်သူပြည်သား လူအများ၏ မျက်စိတို့ကို ဆွဲငင်ယူဆောင်သကဲ့သို့ ထမ်းပိုးတပြန် (လေးတောင်ခန့်)ကိုသာ ကြည့်ရှုလျက် အနီ အဖြူ အကြောင် အကြား အကြမ်း အနု ရောပြွမ်းသည့် မိဿကဆွမ်းကို မျှတလောက်ရုံသာ ခံတော်မူပြီးလျှင် မြို့သူမြို့သားတို့ကို “ဤမြို့သို့ ရောက်ဆိုက်လာသော ရဟန်းတို့သည် အဘယ်အရပ်၌ နေစမှတ်ပြုကြသနည်း”ဟု မေးမြန်း၍ လူများအပေါင်းက “ပဏ္ဍ၀တောင်ထိပ်၌ အရှေ့သို့ မျက်နှာမူသော ဂူဝဝယ် ဤမြို့သို့ရောက်ဆိုက်လာသော ရဟန်းများ နေစမှတ်ပြုကြသည်”ဟု ပြောကြားသောအခါ အလောင်းတော် သူမြတ်သည် ဝင်ခဲ့ရင်းဖြစ်သော အရှေ့တံခါးအတိုင်း မြို့မှထွက်ခဲ့၍ ပဏ္ဍဝတောင်ထိပ်၌ အရှေ့သို့ မျက်နှာမူသော ဂူဝဝယ် အရှေ့သို့ မျက်နှာမူကာ ထိုင်နေတော်မူ၍ ယူဆောင်ခဲ့ရင်းဖြစ်သည့် အနုအကြမ်း ရောပြွမ်းသည့် ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ရန် အားထုတ် စီမံတော်မူလေ၏။

     မကြာမီ ရက်ပိုင်းအတွင်းက စကြာမင်းစည်းစိမ်တမျှ ကြီးကျယ် ခမ်းနားလှသည့် မင်းစည်းစိမ်ကို ခံစားသုံးဆောင်ခဲ့၍ အလွန်တရာကြမ်းတမ်း အနုအကြမ်းရော အရောင်မျိုးစုံရောပြွမ်းသည့်

၂၁၄

မိဿကဆွမ်းလုပ်ကို ဘုဉ်းပေးတော်မူရန် အားထုတ်စီမံ၍ ခံတွင်းတော်တွင်း သွင်းမည်အပြုတွင် ထိုဆွမ်းမျိုးကို ထိုဘဝမှာ ရှေးအခါက မြင်ရုံမျှ မမြင်ဘူးသဖြင့် အထူးပင် စက်ဆုပ်ရွံရှာရကား အလောင်းတော်၏ အူအသည်းတို့မှာ ပြောင်းပြန်လန်လျက် ပျို့အန်၍ထွက်မည်လောက် ဆင်းရဲဒုက္ခ ရောက်တော်မူရလေသည်။ ထိုအခါ အလောင်းတော်သူမြတ်သည် “အမောင်သိဒ္ဓတ္ထ.. သင်သည် စားဖွယ် သောက်ဖွယ် အသာတကြည် ရလွယ်လျက် သုံးနှစ်ချို့သော နံ့သာသလေးဆန်ထမင်းကို အထူးထူး အပြားပြား များမြတ်သော အရသာတို့ဖြင့် အလိုတော်ရှိတိုင်း သုံးဆောင်စားသောက်ရာ ရွှေနန်းတော်၌ ထီးနန်းအုပ်ချုပ် မင်းပြုလုပ်သူ ဖြစ်လျက်လည်း ပံသုကူဆောင် ရဟန်းတပါးကို မြင်ရသဖြင့် 'ငါသည်သည်း ဤရဟန်းအတူ ရဟန်းပြုပြီးလျှင် အိမ်စဉ်အတိုင်း လှည့်လည်ကာ ဆွမ်းခံ၍ ရတတ်သမျှသော ဆွမ်းကို အဘယ်အခါမှာ စားရပါမည်နည်း၊ ထိုသို့ ဆွမ်းခံစားရအံ့သောအခါသည် ငါ့အား အဘယ်အခါမှာ ဖြစ်ပါလတံ့နည်း'ဟု ကြံစည်လျက် တောထွက်၍ ရဟန်းပြုခဲ့ပြီ မဟုတ်လော၊ မိမိအကြံ အောင်မြောက်သည့် ယခုအချိန်သို့ ရောက်တော့မှ အဘယ့်ကြောင့် ဤကဲ့သို့ ဖောက်ပြန်ခြင်းအမှုကို သင်ပြုဘိသနည်း”ဟု မိမိကိုယ်ကို မိမိပင် ဆုံးမတော်မူကာ ဖောက်ပြန်ခြင်း အလျှင်းမရှိပဲ ထိုမျှ ကြမ်းတမ်းလှသည့်ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။

     ဗိမ္ဗိသာရမင်းကြီးက အစုံစမ်းလွှတ်လိုက်သော မင်းချင်းအမတ်ယောက်ျား သုံးယောက်သားတို့သည် ဘုရားအလောင်းတော်၏ ထံပါးသို့ ကပ်ရောက်ကာ အလောင်းတော်၏ အခြင်းအရာ အလုံးစုံကို စုံစမ်းဆင်ခြင်ကြပြီးနောက် ထိုသုံးယောက်တို့အနက် နှစ်ယောက်ကား အလောင်းတော်၏အနီးမှာ ချန်ရစ်၍ တယောက်သော မင်းချင်းအမတ်သာလျှင် ဗိမ္ဗိသာရမင်းကြီးထံ ပြန်လာပြီးလျှင် “အရှင်မင်းကြီး.. ထိုဆွမ်းခံသွားသော ရဟန်းသည် ပဏ္ဍဝတောင်ထိပ် အရှေ့သို့ မျက်နှာမူသော ဂူဝ၀ယ်

၂၁၅

ခြင်္သေ့မင်း, ကျားမင်း, ဥသဘနွားမင်းတို့ကဲ့သို့ ကြောက်ရွံ့ခြင်း အလျှင်းမရှိပဲ ခံယူသွားသောဆွမ်းကို မဖောက်မပြန် စားသုံးကာ ချမ်းသာစွာ ထိုင်နေဆဲရှိပါသည်”ဟူ၍ လျှောက်ထားလေလျှင် ဗိမ္ဗိသာရမင်းတရားသည် တမန်၏စကားကို ကြားပြီးသည့်နောက်ပိုင်း အချိန်ကိုမဆိုင်းစေပဲ မွန်မြတ်သော ယာဉ်ရထားဖြင့် အလောင်းတော်ရှိရာ ပဏ္ဍဝတောင်သို့ ထွက်ခဲ့၍ ယာဉ်ဖြင့် သွားနိုင်သလောက် သွားပြီးလျှင် ယာဉ်မှဆင်းသက်ကာ ခြေလျင်ခရီးဖြင့် အလောင်းတော်၏ အနီးအရပ်သို့ ချဉ်းကပ်မိလေလျှင် ဘုရားအလောင်းတော်၏ ခွင့်ပြုတော်မူချက်အရ အေးမြသော ကျောက်ဖျာအပြင်၌ ထိုင်နေလျက် အလောင်းတော်၏ အနေအထိုင် ဣရိယာပုထ်၌ အလွန်ကြည်ညိုလှ၍ ပဋိသန္ထာရစကား ဝမ်းမြောက်စွာ ပြောကြားပြီးလျှင် “အဆွေတော်.. သင်ကား အသက်အရွယ် နုနယ်ပျိုမျစ်ပါသေး၏၊ အလုံးအရပ် အဆင်းသဏ္ဌာန် ကြန်အင်နှင့် ပြည့်စုံသူလည်း ဖြစ်ပါ၏၊ ဇာတ်နှင့်ပြည့်စုံသူ ခတ္တိယနွယ် စင်ကြယ်သူတယောက်ဟူ၍ အကျွန်ုပ် ယူဆပါ၏၊ အကျွန်ုပ်သည် အဆွေတော်အား အကျွန်ုပ်စိုးပိုင်သည့် အင်္ဂတိုင်း, မဂဓတိုင်း နှစ်တိုင်းတို့၌ အဆွေတော်အလိုရှိသမျှ မင်းစည်းစိမ်ကို ပေးပါ၏၊ ထီးနန်းအုပ်ချုပ် မင်းပြုလုပ်တော်မူပါ၊ အဆွေတော်၏ အမျိုးဇာတ်နွယ်ကိုလည်း မိန့်ကြားတော်မူပါ”ဟူ၍ မေးမြန်း လျှောက်ထားကာ မင်းစည်းစိမ်ဖြင့် ဖိတ်ကြားတော်မူလေသည်။

     ထိုအခါ ဘုရားအလောင်းတော်သည် “အကယ်၍ ငါသည် မင်းအဖြစ်ကို အလိုရှိငြားအံ့၊ စတုမဟာရာဇ် နတ်မင်းကြီးလေးဦး အစရှိသော နတ်မင်းတို့ကပင်သော်လည်း ငါ့ကို မိမိ မိမိတို့၏ စိုးပိုင်ရာ စတုမဟာရာဇ်နတ်မင်း တာဝတိံသာနတ်မင်း အစရှိသော နတ်မင်းတို့၏ စည်းစိမ်ဖြင့် ဖိတ်မန္တက ပြုကုန်လေရာ၏။ သို့မဟုတ် ထီးတော် နန်းတော် ကြငှန်းတော်မှာပင် ဆက်လက်စိုးအုပ် နေထိုင်လျှင် စကြဝတေးမင်း အဖြစ်ကို ပြုရမည်ဧကန် မှန်ပေသည်။ ဤဗိမ္ဗိသာရ မင်းတရားကား ထိုအကြောင်းကို မသိ၍ ငါ့ကို ဤသို့ ပြောဆိုကာ မင်းစည်းစိမ်ဖြင့် ဖိတ်မန္တကပြုပေ၏၊

၂၁၆

ငါသည် ယခုပင် ထိုဗိမ္ဗိသာရမင်းတရားကို မိမိ၏ မင်းဖြစ်ကြောင်းကို ကောင်းစွာ သိစေအံ့”ဟု ကြံစည်ဆင်ခြင်တော်မူကာ လက်ရုံးကို မြှောက်ချီ၍ ကိုယ်တော်မြတ်၏ လာခဲ့သော အရပ်မျက်နှာကို ညွှန်ပြတော်မူပြီးလျှင်-

(၁) ဥဇုံ ဇနပဒေါ ရာဇ၊ ဟိမဝန္တဿ ပဿတော။

ဓနဝီရိယေန သမ္ပန္နော၊ ကောသလေသု နိကေတိနော။

ရာဇ = သင်္ဂဟလေးပါး ကျင့်တရားဖြင့် တိုင်းသားပြည်သူ ဗိုလ်ဗိုလ်လူကို ကြည်ဖြူခုံမက် မေတ္တာဖက်၍ နှစ်သက်စေတတ် အိုမင်းမြတ်။ ကောသလေသု = ကောသလတိုင်းတို့၌။ နိကေတိနော = ကမ္ဘာဦးစ ထိုခါကပင် ဝံသစီလျဉ် ဆက်ခဲ့စဉ်သား ထီးရှင်နန်းရိုး ကြငှန်းစိုးခဲ့သည့် နေမျိုးနွယ်လာ မြတ်ဥက္ကာဟု မဟာသုဒ္ဓေါ် ငါ့ခမည်းတော်၏။ ဇနပဒေါ = အုပ်မိုးစိုးပိုင် ကပိလဝတ် တိုင်းခရိုင်သည်။ ဥဇုံ = ဤမှမြောက်ရပ် ဖြောင့်မတ်စွာသာလျှင်။ ဟိမဝန္တဿ ပဿတော = ဟိမဝန္တာ သေလာဘွဲ့ချီး တောင်၏အနီး၌။ အတ္ထိ = ကောက်နှင့်စပါး စားဖွယ်သောက်ဖွယ် သုံးဆောင်ဖွယ်တို့ သွယ်သွယ်ပြည့်ဝ လိုတိုင်းရ၍ အမရဝတီ နတ်စံပြည်သို့ ဂုဏ်ရည်ထွန်းကား ထင်ရှားရှိပေ၏။ ဓနဝီရိယေန = ရတနာခုနစ်ပါး ဥစ္စာများလျက် ယောက်ျားတံခွန် လူရည်ချွန်၍ မိုးစွန်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်နိုင်ကြောင်း သတ္တိကောင်းသား ရှစ်သောင်းနှစ်ထောင် မြားမြောင်စုပေါင်း သူရဲကောင်းတို့နှင့်။ သမ္ပန္နော = တရာ့တပါး မင်းအများတို့ ထိပါးမာန်မူ ရန်မပြုဝံ့အောင် ဇမ္ဗူလွှမ်းခြုံ ပြည့်စုံလှပေ၏။

(၂) အာဒိစ္စာ နာမ ဂေါတ္တန၊ သာကိယာ နာမ ဇာတိယာ။

တမှာ ကုလာ ပဗ္ဗဇိတောမှိ၊ န ကာမေ အဘိပတ္ထယံ။

ရာဇ = သမ္မုတိနတ် အိုမင်းမြတ်။ အဟံ = ငါသည်။ ဂေါတ္တေန = ဝံသစင်ကြယ် အနွယ်တော်အားဖြင့်။

၂၁၇

အာဒိစ္စာ နာမ = နေနတ်သားနှင့် မပြားနွယ်စဉ် သို့ဖြစ်အင်ကြောင့် ခေါ်တွင်နာမ အာဒိစ္စ အမည်ရှိပေသော။ ဇာတိယာ = တန်ခိုးရှိန်လျှပ် အမျိုးဇာတ်အားဖြင့်။ သာကိယာ နာမ = “သကျာ ဝတ ဘော ကုမာရာ” ဥက္ကာကရာဇ် ဥဒါန်းလှစ်၍ ထွန်းသစ်နာမ သာကိယအမည် ရှိပေသော။ တမှာ ကုလာ = ထိုအာဒိစ္စနွယ်စင် သာကီဝင်မင်းမျိုးမှ။ ပဗ္ဗဇိတော = ဘုရားဖြစ်ရန် ရည်သန်မြှော်မှန်း ရဟန်းပြုခဲ့သူသည်။ အမှိ = ဖြစ်ပေ၏။ ကာမေ = ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို။ အဘိပတ္ထယံ- အဘိပတ္ထယန္တော = တောင့်တသွေးချို အလိုရှိသည်ဖြစ်၍။ ပဗ္ဗဇိတော = ရဟန်းပြုခဲ့သည်။ = မဟုတ်ပေ။

(၃) ကာမေသွာဒီနဝံ ဒိသွာ၊ နေက္ခမ္မံ ဒဋ္ဌု ခေမတော။

ပဓာနာယ ဂမိဿာမိ၊ ဧတ္ထ မေ ရဉ္ဇတီ မနော။

ရာဇ = သမ္မုတိနတ် အိုမင်းမြတ်။ အဟံ = ငါသည်။ ကာမေသု = ဝတ္ထုအာရုံ ကာမဂုဏ်တို့၌။ အာဒီနဝံ = သာယာဖွယ်နည်းပါး ဒုက္ခသာများခြင်း အစရှိသော အပြစ်ဒေါသ အာဒီနဝကို။ ဒိသွာ = ဉာဏ်ဖြင့်သက်ဝင် လင်းလင်းမြင်၍၎င်း။ နေက္ခမ္မံ = ဝတ္ထုနှင့် ကိလေသာ ထိုကာမဓာတ်နှစ်ဖြာမှ ရှောင်ခွါကွေကွင်း ထွက်မြောက်ခြင်းကို။ ခေမတော = ရန်မပြုလျှင်း ဘေးကင်းသည့် တရားဟူ၍။ ဒဋ္ဌု- ဒိသွာ = ဉာဏ်ဖြင့်သက်ဝင် လင်းလင်းမြင်၍၎င်း။ ပဗ္ဗဇိတော = ဘုရားဖြစ်ရန် ရည်သန်မြှော်မှန်း ရဟန်းပြုခဲ့သည်။ အမှိ = ဖြစ်ပေ၏။ အဟံ = ငါသည်။ ပဓာနာယ = ပရမတ္ထ နေက္ခမ္မမှန်တုံ သန္တိဓာတ်သူ့ဂုဏ်ဖြင့် လုံးစုံဓမ္မ ဟူသမျှထက် ဆဆမြတ်မွန် ပဓာနမည်သော နိဗ္ဗာန်ကို ရည်သန်သောလျောက် လက်ရမြောက်အောင် ကျင့်ဆောက်ကြိုးကုတ် အားထုတ်ခြင်းငှါ။

၂၁၈

ဂမိဿာမိ = ခုပင်ငါကား သွားပချေအံ့။ ဧတ္ထ = ဤလုံးစုံဓမ္မ ဟူသမျှထက် ဆဆမြတ်မွန် ပဓာနမည်သော နိဗ္ဗာန်၌။ မေ = ငါ၏။ မနော = စိတ်သည်။ ရဉ္ဇတိ = ရရန်စိတ်စွဲ အမြဲနှစ်လို သွေးချိုဆန္ဒ တောင့်တ၍နေပေ၏။

     ဤသုံးဂါထာတို့ဖြင့် မြတ်စွာဘုရားအလောင်းတော်က ကိုယ်တော်မြတ်သည် သာကီဝင်မင်းမျိုးမှ ရဟန်းပြုခဲ့သူဖြစ်ကြောင်း, ဝတ္ထုကာမတို့ကို လုံးဝမလိုလားကြောင်း, ပဓာနမည်သော နိဗ္ဗာန်ကိုသာ ရည်သန်တောင့်တ၍ ရဟန်းပြုခဲ့သူပြီပြီ ထိုပဓာနမည်သော နိဗ္ဗာန်ကို လျင်မြန်စွာရဘို့ရန် ယခုပင် တောအရပ်သို့ ချဉ်းကပ်သွားရောက်ကာ ဒုက္ကရစရိယာကို ကျင့်ကြံတော့မည် ဖြစ်ကြောင်းများကို မိန့်ကြားတော်မူသောအခါ ဗိမ္ဗိသာရမင်းတရားသည် ဘုရားအလောင်းတော် သူမြတ်ကို “အရှင်ဘုရား.. တပည့်တော်သည် ရှေးအခါကပင် 'သုဒ္ဓေါဒနမင်းကြီး၏ သားတော် သိဒ္ဓတ္ထမင်းသားသည် နိမိတ်ကြီးလေးပါးကို မျက်ဝါးထင်ထင် မြင်တော်မူပြီးသော် တောထွက်၍ ရဟန်းပြုကာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်'ဟူသော သတင်းစကားကို ကြားအပ်ပြီး ဖြစ်ပါသည်၊ တပည့်တော်သည် အရှင်ဘုရားတို့၏ ကြီးမားလှသော နေက္ခမ္မဓာတ်ခံ နိဗ္ဗာန်ကိုသာ အလိုရှိသည့် အဓိမုတ္တဆန္ဒတော်အလိုကို ယခုလို ကိုယ်တိုင် တွေ့မြင်ရသဖြင့် 'အရှင်ဘုရားတို့သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလိမ့်မည်'ဟု မမှိတ်မသုန် ယုံကြည်သူဖြစ်ပါသည်၊ အရှင်ဘုရား.. တောင်းပန်စကား တပည့်တော် လျှောက်ထားပါရစေ၊ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသောအခါ ရှေးဦးစွာ တပည့်တော်၏နိုင်ငံသို့ ကြွချီတော်မူပါကုန်ဘုရား”ဟူ၍ လေးနက်စွာ ဖိတ်ကြား လျှောက်ထားပြီးလျှင် ဗိမ္ဗိသာရမင်းတရားသည် ရာဇဂြိုဟ်ပြည်အတွင်းသို့ ပြန်၍ဝင်လေ၏။

၂၁၉

အခဏ်း-၅

အာဠာရနှင့် ဥဒကတို့ထံ နည်းခံဆွေးနွေးခဏ်း

ဘုရားအလောင်းတော်သည် “အာဠာရ”ဂိုဏ်းဆရာကြီးနှင့်

“ဥဒက”ဂိုဏ်းဆရာကြီးတို့ထံ နည်းခံဆွေးနွေး၍

လောကီသမာပတ်ရှစ်ပါးတို့ကို ရရှိတော်မူကြောင်း

အထ ရာဇဂဟံ ဝရရာဇဂဟံ၊

နရရာဇဝရေ နဂရံ တု ဂတေ။

ဂိရိရာဇဝရော မုနိရာဇဝရော၊

မိဂရာဇဂတော သုဂတောပိ ဂတော။

အထ = ထိုရောအခါ၌။ နရရာဇဝရေ = မဂဓတိုင်းသူ ဗိုလ်လူတို့သနင်း ဗိမ္ဗိသာရမင်းသည်။ ဝရရာဇဂဟံ = သမ္မုတိနတ် လူ့ဥက္ကဌ်ဟု မန္ဓာတ်မဟာ ဂေါဝိန္ဒာက တေဇာလျံညီး မင်းဘုန်းကြီးတို့ သိမ်းဆည်းစိုးစံအပ်ပေထသော။ ရာဇဂဟံ နဂရံ = ရာဇဂြိုဟ်တွင်မည် မင်းနေပြည်သို့။ ဂတေ = လောင်းတော်မုနိ တို့ဘုန်းရှိနှင့် ပဋိသန္ထာရစကား ဖိတ်မန်ကြား၍ ခမ်းနားဆင်ယင် ပြည်တော်ဝင်လတ်သည်ရှိသော်။ ဂိရိရာဇဝရော = မြင်းမိုရ်တောင်မင်း ပုံမယွင်းလျှင် ခပင်းဥဿုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူပေထသော။ မုနိရာဇဝရော = ရဟန်းတို့သနင်း ဓမ္မရာဇ်မင်းလည်း ဖြစ်တော်မူပေထသော။ မိဂရာဇဂတော = ခြင်္သေ့မင်းနှယ် စံပယ်သောသွားခြင်း ရှိတော်မူပေထသော။ သုဂတော = လောင်းတော်မုနိ တို့ဘုန်းရှိသည်လည်း။ ဂတော = သန္တိဝရ နိဗ္ဗာနကို အရဖွေမှီ ငါရှာမည်ဟု နှစ်လီစက်ပန်း တောမြိုင်နန်းသို့ ကွန့်မြန်း ကြွချီတော်မူခဲ့လေပြီ..။

     ဤ ဗုဒ္ဓဝံသအဋ္ဌကထာ, ဇိနာလင်္ကာရဋီကာ ကျမ်းတို့၌လာသော ဂါထာဂီတိအတိုင်း ဗိမ္ဗိသာရမင်းတရား

၂၂၀

ရာဇဂြိုဟ်ပြည်တွင်းသို့ ကြွသွားလတ်သည်ရှိသော် ဘုရားအလောင်းတော်သည်လည်း သန္တိဝရ အမည်ရသော နိဗ္ဗာန်ချမ်းသာကို ဖွေရှာတော်မူအံ့သောငှါ ခရီးဒေသစာရီ အစဉ်အတိုင်း ကြွချီလတ်သော် အနွယ်အားဖြင့် “ကာလာမ”အနွယ်၌ဖြစ်သော အမည်အားဖြင့် အာဠာရအမည်ရှိသော ဂိုဏ်းဆရာကြီးထံသို့ ရောက်တော်မူလေသည်။

(ဤ အာဠာရဂိုဏ်းဆရာကြီး ဥဒကဂိုဏ်းဆရာကြီးတို့ထံ နည်းခံဆွေးနွေးသော အခဏ်းကို ပါဠိတော်၌ အကျယ်တဝင့် တိုက်ရိုက်ဟောပြီးဖြစ်၍ ဗုဒ္ဓဝံသအဋ္ဌကထာ ဇာတကအဋ္ဌကထာ စသည်တို့၌ အကျဉ်းဆုံး ရေးသားဖွင့်ပြတော်မူကြသော်လည်း ဗုဒ္ဓဝင်စာဖတ်ပရိသတ်တို့ အဖို့မှာမူ ထိုပါဠိတော်ကို ကြည့်ရှုရန် မလွယ်ကူကြသဖြင့် ဤဗုဒ္ဓဝင်ကျမ်း၌ကား ထိုဂိုဏ်းဆရာကြီးနှစ်ဦးနှင့် တွေ့ဆုံသောအခဏ်းကို အနည်းငယ် အကျယ်ချဲ့၍ ရေးသားပြဆိုပေအံ့။ ။ဤ၌ အလောင်းတော်မြတ်သည် ပူရဏကဿပ အစရှိသော တိတ္ထိဆရာကြီး (ဘုရားအမည်ခံသူ)တို့ထံ မသွားပဲ အဘယ့်ကြောင့် အာဠာရဂိုဏ်းဆရာကြီးနှင့် ဥဒကဂိုဏ်းဆရာကြီးတို့ထံ သွားရောက်တော်မူသနည်းဟု မေးရန်ရှိ၏။ ထိုတိတ္ထိဆရာကြီးတို့၏ အကျင့်လမ်းစဉ်မှာ အနှစ်သာရမရှိသော လမ်းစဉ်သာ ဖြစ်လေသည်။ အလောင်းတော် သူမြတ်သည် လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာထက်ကပင် ထိုအကျင့်လမ်းစဉ်ကို အနှစ်သာရရှိမရှိ စုံစမ်းလိုသဖြင့် ကိုယ်တိုင်ပင် ကျင့်ခဲ့ဘူးလေပြီ။ အနှစ်သာရ မရှိကြောင်းကိုလည်း ကိုယ်တိုင်ကျင့်ခဲ့သဖြင့် ကောင်းကောင်းကြီး သိပြီးဖြစ်လေသည်။ ထို့ကြောင့် ထိုတိတ္ထိဆရာကြီးတို့ထံ မသွားပဲ တခုသော တောအရပ်၌ တပည့်များစွာ ခြံရံလျက် တရားကျင့်နေသည့် ထင်ရှားသော ဂိုဏ်းဆရာကြီးထံသို့ ကြွရောက်တော်မူခြင်း ဖြစ်လေသည်။)

     ဘုရားအလောင်းတော်သည် အာဠာရဂိုဏ်းဆရာကြီးထံသို့ ရောက်သောအခါ ထိုဂိုဏ်းဆရာကြီးကို “ကာလာမအနွယ်၌ဖြစ်သော အိုငါ့ရှင်.. ငါသည် ဤသင်တို့၏သာသနာ၌ မြတ်သောအကျင့်ကို ကျင့်လိုပါသည်”ဟု ခွင့်ပန်စကား ပြောကြားတော်မူလေသော် အာဠာရဂိုဏ်းဆရာကြီးကလည်း “အိုအရှင်သူမြတ်.. အရှင်သူမြတ်သည် ဤအကျွန်ုပ်တို့၏ သာသနာ၌ နေတော်မူပါ၊ အကျွန်ုပ်တို့ ယခု ကျင့်ကြံကြိုးကုတ် အားထုတ်နေသော

၂၂၁

တရားသည် ပညာရှိသူ ပုဂ္ဂိုလ်ဖြစ်က ကာလမကြာမြင့်မီပင် အာစရိယ၀ါဒကို ကိုယ်တိုင် အသိဉာဏ်ပေါက်၍ မျက်မှောက်ပြု ဝင်စားကာ ချမ်းသာစွာနေနိုင်သော တရားမျိုး ဖြစ်ပါသည်”ဟု ခွင့်ပြုအားပေးစကား ရိုးရိုးဖြောင့်ဖြောင့်ပင် ပြောကြားခဲ့လေသည်။

     ဘုရားအလောင်းတော်သည် အာဠာရဂိုဏ်းဆရာကြီး၏ ခွင့်ပြုချက်အရ ရက်များမကြာမြင့်မီပင် ထိုအာဠာရဂိုဏ်းဆရာကြီးတို့၏ အကျင့်လမ်းစဉ်ကို နာယူ သင်ကြားတော်မူလေသည်။ ဘုရားအလောင်းတော်သည် အလွန် ပညာဉာဏ်ကြီးမြတ်သူ ဖြစ်ရကား ထိုဆရာကြီးပြောကြားသည့် အယူဝါဒ အကျင့်လမ်းစဉ်ကို သင်ယူရန် နှုတ်တော်ကို လှုပ်ကာမျှ ဆရာကြီး ရှေ့ကပြောသွားသည်ကို နောက်ကလိုက်၍ ဆိုကာမျှဖြင့်ပင် ထိုအကျင့်လမ်းစဉ်ကို ငါသိပြီဟု ပြောဆိုနိုင်သောအခြေရောက် လွယ်ကူစွာတတ်မြောက် သိမြင်တော်မူခဲ့လေသည်။ ထိုဝါဒလမ်းစဉ်ကို ငါသိ၏ ငါမြင်၏ဟူ၍ ကိုယ်တိုင်လည်း ဝန်ခံ၍ ဂိုဏ်းဆရာကြီးနှင့်တကွ တပည့်များကလည်း ဝန်ခံကြလေသည်။

     ဘုရားအလောင်းတော်သည် အာဠာရဂိုဏ်းဆရာကြီး၏ မိမိတို့ အကျင့်လမ်းစဉ်ကို အာကိဉ္စညာယတန (လောကီ)ဈာန် ပေါက်သည်တိုင်အောင် ပိုင်ပိုင်နိုင်နိုင် ပြောကြားသွားပုံကို စဉ်းစား ဆင်ခြင်တော်မူသောအခါ “အာဠာရ ဂိုဏ်းဆရာကြီးမှာ ဤအာကိဉ္စညာယတန ဈာန်တိုင်အောင်သော တရားလမ်းစဉ် အတွက် ကိုယ်တိုင်သိသည့် ပညာမဖက် သဒ္ဓါတရားသက်သက်ဖြင့် နှုတ်တက်သင်ယူထားရုံမျှ ဟုတ်ပုံမရချေ။ ဧကန္တပင် ဤဆရာကြီးသည် လောကီသမာပတ် ခုနစ်ပါးတို့ကို ကိုယ်တိုင်ရပြီး သိပြီးသူ ဖြစ်ရမည်”ဟု သိမြင်တော်မူလေသည်။ သို့ရကား အလောင်းတော်သူမြတ်သည် အာဠာရဆရာကြီးထံ တဖန်ချဉ်းကပ်ပြီးလျှင် “ကာလာမအနွယ်၌ဖြစ်သော အို ငါ့ရှင်.. ငါ့ရှင်သည် အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဤအယူဝါဒအကျင့်လမ်းစဉ်ကို ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြုကာ ငါနေထိုင်၏ဟု ပြောဆိုပါ သနည်း”ဟု

၂၂၂

တိုက်ရိုက်ပင် မေးမြန်းတော်မူလေသည်။ အာဠာရဆရာကြီးကလည်း ကိုယ်တိုင် သိပြီးဖြစ်သည့်အတိုင်း အာကိဉ္စညာယတနဈာန် တိုင်အောင်သော သမာပတ်ခုနှစ်ပါးတို့ကို (စာပြောမျိုးမဟုတ်) ကိုယ်တိုင်ဝင်စားသော ပုဂ္ဂိုလ်၏ ပြောဆိုနည်းအတိုင်း အပြည့်အစုံ ပြန်ကြား ပြောဆိုလေသည်။

     ထိုအခါ အလောင်းတော်၏ စိတ်သန္တာန်ဝယ် ဤသို့ အကြံဖြစ်လာလေသည်- “အာဠာရဂိုဏ်းဆရာကြီးမှာသာ ဈာန်ပေါက်လောက်အောင် ခိုင်မာသည့် သဒ္ဓါတရားရှိသည်မဟုတ်၊ ငါ့မှာလည်း ဈာန်ပေါက်လောက်အောင် ခိုင်မာသည့် သဒ္ဓါတရားရှိသည်၊ အာဠာရဂိုဏ်းဆရာကြီးမှာသာ အပ္ပနာဈာန် ပေါက်ရောက်နိုင်လောက်အောင် ခိုင်မာလှသည့် ဝီရိယတရား, သတိတရား, သမာဓိတရား, ပညာတရားများ ရှိသည်မဟုတ်၊ ငါ့မှာလည်း အပ္ပနာဈာန်ပေါက် ရောက်နိုင်အောင် ခိုင်မာလှသည့် ဝီရိယတရား, သတိတရား, သမာဓိတရား, ပညာတရားများ ရှိကုန်သည်။ အကြင် အာကိဉ္စညာယတနတိုင်အောင်သော လောကီသမာပတ် ဈာန်ခုနစ်ရပ်ကို အာဠာရဆရာကြီးသည် ငါကိုယ်တိုင်ပင် ထူးသောဉာဏ်ဖြင့် ဆိုက်ရောက် မျက်မှောက် ပြုကာ ဝင်စား၍ ချမ်းသာစွာ နေရ၏ဟု ပြောကြား၏၊ ငါသည်လည်း ထိုလောကီသမာပတ် ဈာန်ခုနစ်ရပ်ကို အာဠာရဆရာကြီးကဲ့သို့ပင် ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံကြိုးကုတ် အားထုတ်ရမူ ကောင်းလေစွာ့..” ဤကဲ့သို့ အကြံဖြစ်ကာ ကသိုဏ်းပရိကံများ ကြိုးစား အားထုတ်တော်မူလေရာ မကြာမီ နှစ်ရက်, သုံးရက်အတွင်းမှာပင် အာဠာရဆရာကြီး ပေါက်ရောက်သည့် အာကိဉ္စညာယတန ဈာန်တိုင်အောင်သော လောကီသမာပတ် ခုနစ်ရပ်တို့ကို ကိုယ်တိုင်မျက်မှောက် ဆိုက်ရောက်သိမြင်ကာ ထိုသမာပတ်ချမ်းသာကို ဝင်စား၍ နေထိုင်တော်မူခဲ့လေသည်။

     အလောင်းတော် သူမြတ်သည် အာဠာရဂိုဏ်းဆရာကြီးထံ တဖန် သွားရောက်ပြီးလျှင် “ငါ့ရှင်ကာလာမ.. ဤမျှသော

၂၂၃

ပဋိပတ်လမ်းစဉ်ဖြင့် ငါ့ရှင်သည် ဤလောကီသမာပတ် ဈာန်ခုနစ်ရပ်ကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ဝင်စား၍နေကြောင်း ပြောဆိုပါသလော”ဟု မေးမြန်းသဖြင့် အာဠာရဆရာကြီးကလည်း ဟုတ်မှန်ကြောင်း ပြောဆိုလတ်သည်တွင် အလောင်းတော်သူမြတ်သည် “ငါ့ရှင်.. ငါသည်လည်း ဤမျှသော ပဋိပတ်လမ်းစဉ်ဖြင့် အာကိဉ္စညာယတန ဈာန်တိုင်အောင်သော လောကီသမာပတ်ဈာန် ခုနစ်ရပ်တို့ကို ကိုယ်တိုင်ပင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေကာ ဝင်စားကာ ချမ်းသာစွာ နေရ၏”ဟု ပြောဆိုတော်မူလတ်လေသည်။ ထိုအခါ အာဠာရဆရာကြီးသည် ဣဿာမစ္ဆရိယ အညစ်အကြေးမအောင်းသည့် သူတော်ကောင်း ပုဂ္ဂိုလ်ကြီးပြီပြီ- “ငါတို့သည် အရှင်မြတ်ကဲ့သို့ ထက်မြက်သောပညာရှင် သီတင်းသုံးဖော်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရကုန်ပြီ၊ အရတော်လိုက်ပါဘိ ငါ့ရှင်..”ဟု ဝမ်းမြောက်ဝမ်းသာစကား အားရစွာ ပြောကြားလေသည်။

ဣဿာဘိဘူတလောကမှိ၊

အာဠာရော ယော အနိဿုကီ။

ဝဏ္ဏဝါဒီ သုဓီရဿ၊

အဟော ဥဠာရဆန္ဒတာ။

ဣဿာဘိဘူတလောကမှိ = လူသူတပါး လွန်ကြီးပွါး၍ ကောင်းစားသည်ကို မနာလိုပဲ ငြိုငြင်တတ်စွာ စိတ်မပါသည့် ဣဿာတရားဆိုး လွှမ်းမိုးအပ်သည့် လောကကြီးထဲ၌။ ယော အာဠာရော = အကြင် ဂိုဏ်း၏ဦးစီး အာဠာရဆရာကြီးသည်။ အနိဿုကီ = မနာလိုဣသာ ကင်းကွာဘိတောင်း သူတော်ကောင်းစင်စစ် ဧကန်ဖြစ်လျက်။ သုဓီရဿ = ထက်မြက်လျင်မြန် သူမတန်သည့် ပဋိဘာန်ကိန်းဝပ် အလောင်းတော် သူမြတ်၏။ ဝဏ္ဏဝါဒီ = ကျေးဇူးစကား ပွင့်လင်းစွာ ပြောကြားတတ်ပေ၏။ သုဓီရဿ = အပြစ်ကင်းကွာ ပညာကိန်းအောင်း

၂၂၄

ထိုသူတော်ကောင်း အာဠာရဆရာကြီး၏။ ဥဠာရဆန္ဒတာ = ဖြူစင်ဖြောင့်မတ် ပူဇော်အပ်သည့် မြတ်သော အလိုဆန္ဒရှိသူ၏ အဖြစ်သည်။ အဟော = အတုယူမှီး လက်ဖျစ်တီး၍ အံ့ချီးထိုက်ပေစွာ့တကား..။

အာဠာရဂိုဏ်းဆရာကြီးက အလောင်းတော်သူမြတ်အား

မိမိ၏ တပည့်ဂိုဏ်းပရိသတ်တဝက်ကို အပ်နှင်း၍

အမြတ်တနိုးပူဇော်ခြင်း

     အာဠာရဂိုဏ်းဆရာကြီးသည် ဣဿာမစ္ဆရိယ အညစ်အကြေး ကင်းဝေးသူပြီပြီ ရှေး ဆိုအပ်ပြီးအတိုင်း ကျေးဇူးစကား ချီးမွမ်းစကား ပြောကြားရုံသာ မဟုတ်ပဲ တဖန် ဆက်၍ “အိုယောက်ျားမြတ်.. အကြင်တရားကို အကျွန်ုပ်သည် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် ဟောကြားခဲ့ပေ၏။ ထိုတရားကို သင်ယောက်ျားမြတ်သည် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် နေနိုင်ပါပေ၏။ အသင် ယောက်ျားမြတ်သည် အကြင်တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် နေတော်မူ၏။ ထိုတရားကိုပင် အကျွန်ုပ်သည် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် ဟောကြားခဲ့ပေ၏။ ဤသို့လျှင် ကျွန်ုပ်သိသောတရားကို ယောက်ျားမြတ် သိတော်မူပေ၏။ ယောက်ျားမြတ် သိတော်မူသော တရားကိုပင် ကျွန်ုပ်လည်း သိပေ၏။ ဤသို့လျှင် ကျွန်ုပ်ကဲ့သို့ပင် အသင် ယောက်ျားမြတ်သည် ဖြစ်တော်မူပေ၏။ အသင် ယောက်ျားမြတ်ကဲ့သို့ပင် ကျွန်ုပ်လည်း ဖြစ်ပါပေ၏။ လာတော်မူပါ ငါ့ရှင်..၊ ငါတို့နှစ်ဦးသား ဤများပြားလှစွာသော တပည့်အပေါင်း ဂိုဏ်းကြီးကို သဘောတူ ထိန်းစောင့်ကြပါစို့”ဟူ၍ ပြောဆိုပြီးလျှင် မိမိ၏တပည့်ဂိုဏ်းကို စည်းဝေး အမှတ်ပေးပြီးလျှင် “တပည့်တို့.. ငါသည်လည်း သမာပတ်ခုနစ်ပါးတို့ကို ရသူဖြစ်ပေသည်၊ ယောက်ျားမြတ်သည်လည်း ငါ့နှယ်ထပ်တူ သမာပတ်ခုနစ်ပါးတို့ကို ရသူဖြစ်ပေသည်၊ ဤမျှသော တပည့်တို့သည် ယောက်ျားမြတ်ထံ နည်းခံကြကုန်၊ ဤမျှသော တပည့်တို့သည် ငါ့ထံ၌ နည်းခံကြကုန်”ဟု ပြောဆိုပြီးလျှင်

၂၂၅

တပည့်ပရိသတ်ကို တဝက်ခွဲ၍ အလောင်းတော် သူမြတ်အား ပေးအပ် ဆောင်နှင်းလေတော့သည်။

     တပည့်ဂိုဏ်းပရိသတ်ကို တဝက်ခွဲ၍ ပေးအပ်ဆောင်နှင်းရုံသာ မဟုတ်ပဲ အာဠာရဂိုဏ်းဆရာကြီး၏ အလုပ်အကျွေး ဒါယကာ ဒါယိကာမများကို နံ့သာပန်း စသည်တို့ကို စွဲကိုင်ကာ ဆရာကြီးထံမှောက် အပူဇော်လာရောက်ကြသော အခါမှာလည်း “သွားကြ သွားကြ ယောက်ျားမြတ်ကို ပူဇော်ကြ”ဟူ၍ မိမိ၏ တပည့်ဒါယကာ ဒါယိကာမများကို ဘုရားအလောင်းတော်ထံသို့ စေလွှတ်ခဲ့လေသည်။ ထိုဒါယကာ ဒါယိကာမတို့သည် အာဠာရဂိုဏ်းဆရာကြီး ပြောဆိုသည့်အတိုင်း ရှေးဦးစွာ ဘုရားအလောင်းတော်ကို ပူဇော်ပြီးမှ ကြွင်းကျန်သော နံ့သာပန်း စသည်တို့ဖြင့် မိမိတို့၏ဆရာကြီး အာဠာရကို ပူဇော်ကြလေသည်။ အဖိုးထိုက်သည့် ညောင်စောင်းအင်းပျဉ်များကို လာရောက်လှူဒါန်းသော အခါမှာလည်း ထိုညောင်စောင်း အင်းပျဉ်များကို ရှေးဦးစွာ အလောင်းတော်အား လှူစေပြီးမှ ကြွင်းကျန်သေးလျှင် မိမိကိုယ်တိုင် အလှူခံလေသည်။ ရောက်လေရာရာ အရပ်တိုင်းမှာပင် မြတ်သော အိပ်ရာနေရာကို အလောင်းတော်သူမြတ်အား ပေးပြီးမှ အကျန် ကိုသာ မိမိခံယူလေသည်။ ဤသို့လျှင် အာဠာရဆရာကြီးသည် စိတ်သဘောထား ကြီးမားမြင့်မြတ် ပြည့်ဝသူပြီပြီ မိမိက ဆရာပင် ဖြစ်လင့်ကစား (ထိုအချိန်မှာ) တပည့်ဖြစ်သော အလောင်းတော်သူမြတ်ကို အမြတ်တနိုး ကော်ရော် ပူဇော်မှုကို ပြုလေသည်။

အလောင်းတော်သူမြတ်သည် လောကီဈာန်သမာပတ်တို့၌

အပြစ်ကိုမြင်ကာ အာဠာရဆရာကြီးထံမှ ဖဲခွါခဲ့ခြင်း

     ဘုရားအလောင်းတော်သူမြတ်မှာ ထိုလောကီသမာပတ် ဈာန်ခုနစ်ရပ်တို့ကို အရကြိုးကုတ် အားထုတ်တော်မူပြီးနောက် များမကြာမီ ကာလအတွင်းမှာပင် ရှေးရှေးဘဝတို့က ထိုဈာန်တို့၌ အလေ့အကျက်ရပြီးသူ ဖြစ်ခြင်းကြောင့်၎င်း, ပညာအဆင်အခြင် ကြီးမြတ်သူ

၂၂၆

ဖြစ်ခြင်းကြောင့်၎င်း ထိုလောကီသမာပတ် ဈာန်ခုနစ်ရပ်တို့၏ ပစ္စုပ္ပန်ဘဝ အားအလာသဘောသွား, တမလွန်ဘဝ၌ ရရှိမည့် အကျိုးများကို စဉ်းစား ဆင်ခြင်တော်မူလတ်သောအခါ ထိုကာကိဉ္စညာယတန တိုင်အောင်သော လောကီဈာန်သမာပတ် ခုနစ်ပါးတို့၏ ပစ္စုပ္ပန်ဘ၀၌ သဘောသွားအလားအလာ, တမလွန်ဘဝ၌ အာကိဉ္စညာယတန ဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေကျိုးပေးလိမ့်မည့် အခြင်းအရာတို့ကို ကောင်းစွာ မြင်သိလေသည်၊ ထိုအခါ ဤလောကီသမာပတ် ဈာန်ခုနစ်ရပ်သည် ဝဋ်ဆင်းရဲ၌ အကျုံး၀င်သော တရားများသာ ဖြစ်ကုန်၏ဟူ၍ ဆုံးဖြတ်ချက် ချမှတ်တော်မူကာ ဤလောကီသမာပတ် ဈာန်ခုနစ်ရပ် တရားအစုသည် ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ဘို့ရန် မဖြစ်နိုင်ချေ၊ တပ်ခြင်းကင်းဘို့ရန် မဖြစ်နိုင်ချေ၊ ရာဂအစရှိသော ကိလေသာများ ချုပ်ငြိမ်းဘို့ရန် မဖြစ်နိုင်ချေ၊ ကိလေသာခပ်သိမ်း ငြိမ်းဘို့ရန် မဖြစ်နိုင်ချေ။ သိသင့်သမျှတရားများကို သိဘို့ရန် မဖြစ်နိုင်ချေ၊ မဂ်ဉာဏ်လေးပါးတို့ကို ရဘို့ရန် မဖြစ်နိုင်ချေ။ နိဗ္ဗာန်ကို မျက်မှောက်ပြုဘို့ရန် မဖြစ်နိုင်ချေ၊ စင်စစ်သော်ကား ဤလောကီသမာပတ် ဈာန်ခုနစ်ရပ်သည် အမြတ်ဆုံး အထက်ဆုံး အကျိုးပေးပါမှ မဟာကပ်ပေါင်း ခြောက်သောင်း အသက်ရှည်သည့် အာကိဉ္စညာယတန ဗြဟ္မာ့ဘုံသို့ ရောက်ရုံသာ အကျိုးပေးလိမ့်မည်။ ထို့ထက်သာလွန်သော အကျိုးကို ပေးနိုင်မည်မဟုတ်၊ ထိုဈာန်၏အကျိုးပေးရာ အာကိဉ္စညာယတန ဗြဟ္မာ့ဘုံမှာလည်း ဇာတိဘေး, ဇရာဘေး, မရဏဘေးတို့မှ မလွတ်မြောက်သေးသော ဌာနသာ ဖြစ်ချေသည်။ သေမင်းကျော့ကွင်းဖြင့် ဝန်းရံအပ်ပြီးသားသာ ဖြစ်ချေသည်ဟူ၍ လေးနက်စွာ ဆင်ခြင် စဉ်းစားတော်မူလေသည်။

     ဆာလောင်မွတ်သိပ်ခြင်း အပြင်းနှိပ်စက်အပ်သော ယောက်ျားသည် နှစ်သက်ဖွယ်သော ထမင်းပွဲကြီးကို ရရှိ၍ ပဌမရှေ့ပိုင်းတွင် ထိုထမင်းပွဲကြီးကို နှစ်သက်အားရစွာ စားသုံးပြီးနောက် သည်းခြေဒေါသ ထ၍ဖြစ်စေ, သလိပ်ဒေါသ ထ၍ဖြစ်စေ, ထိုထမင် ပွဲကြီးထဲ၌ ယင်ကောင် ကျရောက်၍ဖြစ်စေ ထိုထမင်းပွဲကြီးကို

၂၂၇

ငြီးငွေ့စက်ဆုပ်ကာ စွန့်ပယ်ပြီးလျှင် နောက်ထပ်တဖန် ထမင်းတလုပ်ကိုမျှ စားလိုစိတ် မရှိသကဲ့သို့.. ထို့အတူ အလောင်းတော် သူမြတ်သည်လည်း ထိုလောကီသမာပတ် ဈာန်ခုနစ်ရပ်တို့ကို နှစ်ရက်,သုံးရက်အတွင်း အလွယ်နှင့်အားထုတ်၍ ရရှိပြီးလျှင် ပဌမပိုင်း ရှေ့အဖို့၌ ထိုဈာန်သမာပတ်တို့ကို ဝင်စားသုံးဆောင်ပြီးနောက် တဖန် ထိုသမာပတ်တို့၏ ဝဋ်ဆင်းရဲ၌သာ အကျုံးဝင်ခြင်း အစရှိသော ရှေးဖော်ပြရာပါ အပြစ်များကို မြင်တော်မူသောအခါမှစ၍ ထိုသမာပတ် ခုနစ်ပါးတို့ကို ဝသီဘော်ငါးပါးတို့တွင် တပါးပါးဖြင့် လေ့လာသုံးစွဲရန်စိတ် လုံးဝမရှိတော့ပဲ “ဤသမာပတ်ခုနစ်ပါးဖြင့် ဘာမျှအကျိုးမရှိ၊ ဤသမာပတ်ခုနစ်ပါးဖြင့် ဘာမျှအကျိုးမရှိ” ဟူ၍သာ အဖန်ဖန် ပယ်ရှား၍ ထိုသမာပတ်ခုနစ်ပါးမှ ငြီးငွေ့တော်မူသည် ဖြစ်ရကား ထို အာဠာရဆရာကြီးထံမှ ဖဲခွါတော်မူခဲ့လေ၏။

အလောင်းတော်သူမြတ်သည် ဥဒကဂိုဏ်းဆရာကြီးထံရောက်၍

နေဝသညာနာသညာယတနဈာန်ပေါက်အောင်

အားထုတ်ကြိုးစားတော်မူခြင်း

     ဘုရားအလောင်းတော်သည် အာဠာရဂိုဏ်းဆရာကြီးထံမှ ဖဲခွါခဲ့ပြီးနောက် သန္တိဝရ အမည်ရသော နိဗ္ဗာန်ချမ်းသာကို ရှာမှီးတော်မူလိုရကား အစဉ်သဖြင့် ကြွချီတော်မူခဲ့၍ ရာမ၏သားဖြစ်သူ ဥဒကဂိုဏ်းဆရာကြီးထံသို့ ရောက်တော်မူလေ၏။ ရောက်တော်မူပြီးလျှင် ဥဒကဂိုဏ်းဆရာကြီးကို “ငါ့ရှင်.. ငါသည် ဤသင်တို့၏သာသနာ၌ မြတ်သောအကျင့်ကို ကျင့်လိုပါ၏”ဟု ခွင့်တောင်းစကား ပြောကြားတော်မူလေသည်။ ရာမ၏သား ဥဒကဂိုဏ်းဆရာကြီးကလည်း “အရှင်.. အကျွန်ုပ်တို့၏ ဤသာသနာ၌ နေတော်မူပါ၊ ဤအကျွန်ုပ်တို့၏ တရားသည် ပညာရှိသူများ ကြိုးစားပါက အချိန်မကြာမီပင် အာစရိယဝါဒကို မိမိကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် ချမ်းသာစွာ နေနိုင်သောတရား ဖြစ်ပါသည်”ဟူ၍ အခွင့်ပြုစကား ပြောကြားရကား အလောင်းတော်သူမြတ်သည် မကြာမီပင်

၂၂၈

ဥဒကဂိုဏ်းဆရာကြီးတို့၏ အယူဝါဒ အကျင့်လမ်းစဉ်ကို သင်ယူတော်မူလေသည်။ အာဠာရဂိုဏ်းဆရာကြီးထံ သင်ယူစဉ်ကကဲ့သို့ပင် အလွန် ပညာဉာဏ်ကြီးမြတ်သူ ဖြစ်ရကား ဥဒကဆရာကြီး ပြောကြားသည့် အယူဝါဒ အကျင့်လမ်းစဉ်ကို သင်ယူရန် နှုတ်တော်ကို လှုပ်ကာမျှ ဆရာကြီး ရှေ့ကပြောသွားသည်ကို နောက်ကလိုက်၍ ဆိုက မျှဖြင့်ပင် ထိုအကျင့်လမ်းစဉ်ကို ငါသိပြီဟု ပြောဆိုနိုင်သော အခြေရောက် လွယ်ကူစွာ တတ်မြောက် သိမြင်တော်မူခဲ့လေသည်။ ထိုဝါဒလမ်းစဉ်ကို ငါသိ၏ ငါမြင်၏ဟူ၍ ကိုယ်တိုင်လည်း ဝန်ခံ၍ ဂိုဏ်းဆရာကြီး (ဥဒက)နှင့်တကွ တပည့်များကလည်း ဝန်ခံကြလေသည်။

     ဘုရားအလောင်းတော်သည် ဥဒကဂိုဏ်းဆရာကြီး၏ မိမိတို့ အကျင့်လမ်းစဉ်ကို နေဝသညာနာသညာယတန (လောကီ)ဈာန် ပေါက်သည်တိုင်အောင် သင်ရိုးဟောစဉ်အတိုင်း ပြောကြားသွားပုံကို စဉ်းစားဆင်ခြင်တော်မူသောအခါ “ဥဒက၏ ဖခင်ဖြစ်သော ကွယ်လွန်ပြီးသူ ရာမဆရာကြီးမှာ ဤ နေဝသညာနာသညာယတန ဈာန်တိုင်အောင်သော တရားလမ်းစဉ်အတွက် သူတပါး ပြောဆိုသည်ကို ယုံကြည်ခြင်း သက်သက်ဖြင့် နှုတ်တက် သင်ယူထားရုံမျှ ဟုတ်ပုံမရချေ။ ဧကန္တပင် ဥဒက၏ဖခင် ရာမဆရာကြီးသည် လောကီဈာန် ရှစ်ပါးတို့ကို ကိုယ်တိုင်ရပြီးသူ သိပြီးသူ ဖြစ်ရမည်”ဟု သိမြင်တော်မူလေသည်။

(ဤ၌၊ ၊ဥဒကဂိုဏ်းဆရာကြီးမှာ အလောင်းတော်နှင့် ဆွေးနွေး ပြောဆိုနေသော ထိုအချိန်၌ သမာပတ်ရှစ်ပါးကို ကိုယ်တိုင်မရသေးချေ။ မိမိ၏ဖခင် ရာမဆရာကြီး ပြောကြားခဲ့သည့်အတိုင်းသာ အလောင်းတော်ကို ပြောပြနေခြင်း ဖြစ်သည်။ ဥဒကဆရာကြီး ကိုယ်တိုင်မှာမူ မိမိ၏အထံမှ ဘုရားအလောင်းတော်မြတ် အကျင့်လမ်းစဉ်ကို သင်ယူပြီး နှစ်ရက် သုံးရက်အတွင်း လောကီဈာန်ရှစ်ပါး အထွတ်အထိပ် (နေ၀သညာနာသညာယတနဈာန်တိုင်) ပေါက်မြောက်အောင် ရရှိတော်မူပြီး နောက်အခါ အလောင်းတော်သူမြတ် မိမိထံမှ ဖဲသွားသောအချိန်ကျမှ သံဝေဂကြီးစွာရပြီး နဂိုရ်ကလည်း ကမ္မဋ္ဌာန်းအလုပ် အားထုတ်ရင်းရှိသူပြီပြီ အားထုတ်သဖြင့် နေဝသညာနာသညာယတနဈာန်တိုင်အောင်

၂၂၉

ရရှိလေသည်။ ထိုအကြောင်းကို မူလပဏ္ဏာသဋီကာ ဒုတိယအုပ် မျက်နှာ ၁၃၉၊ ၁၄၀-တို့၌ တိုက်ရိုက် ဖွင့်ပြထားလေသည်။ ။ထို့ကြောင့်ပင် ဘုရားအလောင်းတော်သည် ကိုယ်တိုင်စဉ်းစားသော အခါမှာလည်း ဥဒက၏ဖခင် ရာမဆရာကြီးကိုသာ စဉ်းစား ဆင်ခြင်တော်မူလေသည်။ ဥဒကဆရာကြီးနှင့် စကားတုံ့ပြန် မေးမြန်းသော အခါမှာလည်း သူ၏ဖခင် ရာမဆရာကြီးကိုသာ မေးမြန်းတော်မူလေသည်။ ဤအချက်ကို ဗုဒ္ဓဝင် စာဖတ်ပရိသတ်တို့သည် စောစောစီးစီးက ကြိုတင် သတိရှိထားရန် ဖော်ပြခြင်းဖြစ်ပေသည်။)

     အလောင်းတော် သူမြတ်သည် ဥဒကဂိုဏ်းဆရာကြီးထံ တဖန် ချဉ်းကပ်ပြီးလျှင် “အိုငါ့ရှင်.. သင်၏ဖခင် ရာမဆရာကြီးသည် အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဤအယူဝါဒ အကျင့်လမ်းစဉ်ကို ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြုကာ နေထိုင်၏ဟု ပြောဆိုခဲ့ပါသနည်း”ဟူ၍ တိုက်ရိုက်ပင် မေးမြန်းတော်မူလေသည်။ ဥဒကဆရာကြီးသည်လည်း အလောင်းတော်သူမြတ်အား နေဝသညာနာသညာယတနဈာန်တိုင်အောင် ပြန်ကြား ပြောဆိုလေသည်။ ထိုအခါ အလောင်းတော်၏ စိတ်သန္တာန်၌ ဤသို့ အကြံဖြစ်လာလေသည်- “ဥဒက၏ဖခင် ရာမဆရာကြီးမှာသာ နေဝသညာနာသညာယတန ဈာန်ပေါက်အောင် ခိုင်မာသော သဒ္ဓါတရားရှိသည်မဟုတ်၊ ငါ့မှာလည်း နေဝသညာနာသညာယတန ဈာန်ပေါက်အောင် ခိုင်မာသော သဒ္ဓါတရားရှိသည်။ ဥဒက၏ဖခင် ရာမဆရာကြီးမှာသာ နေဝသညာနာသညာယတန ဈာန်ပေါက်အောင် ခိုင်မာလှသော ဝီရိယတရား, သတိတရား, သမာဓိတရား, ပညာတရားများ ရှိသည်မဟုတ်၊ ငါမှာလည်း နေဝသညာနာသညာယတန ဈာန်ပေါက်အောင် ခိုင်မာလှသော ဝီရိယတရား, သတိတရား, သမာဓိတရား, ပညာတရားများ ရှိကုန်သည်။ အကြင် နေဝသညာနာသညာယတန ဈာန်တိုင်အောင်သော လောကီသမာပတ် ဈာန်ရှစ်ရပ်ကို ဥဒက၏ဖခင် ရာမဆရာကြီးသည် ငါကိုယ်တိုင်ပင် ထူးသောဉာဏ်ဖြင့် ဆိုက်ရောက် မျက်မှောက်ပြုကာ ဝင်စား၍ ချမ်းသာစွာ နေရ၏ဟု ပြောကြားခဲ့၏။ ငါသည်လည်း ထိုလောကီသမာပတ် ဈာန်ရှစ်ရပ်တို့ကို

၂၃၀

ရာမဆရာကြီးကဲ့သို့ပင် ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံကြိုးကုတ် အားထုတ်ရမူ ကောင်းလေစွာ့..”၊ ဤကဲ့သို့ အကြံဖြစ်ကာ ကသိုဏ်းပရိကံများ ကြိုးစား အားထုတ်တော်မူလေရာ မကြာမီ နှစ်ရက် သုံးရက်အတွင်းမှာပင် ဥဒက၏ဖခင် ရာမဆရာကြီး ပေါက်ရောက်ခဲ့သည့် နေဝသညာနာသညာယတန ဈာန်တိုင်အောင်သော လောကီသမာပတ် ဈာန်ရှစ်ရပ်တို့ကို ကိုယ်တိုင်မျက်မှောက် ဆိုက်ရောက် သိမြင်ကာ ထိုသမာပတ်ချမ်းသာကို ဝင်စား၍ နေထိုင်တော်မူခဲ့လေသည်။

     အလောင်းတော်သူမြတ်သည် ဥဒကဂိုဏ်းဆရာကြီးထံ တဖန် သွားရောက်ပြီးလျှင် “ငါ့ရှင်.. သင်၏ဖခင် ရာမဆရာကြီးသည် ဤမျှသော ပဋိပတ်လမ်းစဉ်ဖြင့် လောကီသမာပတ် ဈာန်ရှစ်ရပ်တို့ကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ဝင်စား၍နေကြောင်း ပြောဆိုခဲ့ပါသလော”ဟု မေးမြန်းသဖြင့် ဥဒက ဆရာကြီးသည်လည်း ဟုတ်မှန်ကြောင်း ပြောဆိုလတ်သည်တွင် အလောင်းတော်သူမြတ်သည် “ငါ့ရှင်.. ငါသည်လည်း ဤမျှသော ပဋိပတ်လမ်းစဉ်ဖြင့် နေဝသညာနာသညာယတန ဈာန်တိုင်အောင်သော လောကီသမာပတ် ဈာန်ရှစ်ရပ်တို့ကို ကိုယ်တိုင်ပင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေကာ ဝင်စားကာ ချမ်းသာစွာနေရ၏”ဟု ပြောဆိုတော်မူလေ၏။ ထိုအခါ ဥဒက ဂိုဏ်းဆရာကြီးသည်လည်း အာဠာရဆရာကြီးနည်းတူ ဣဿာမစ္ဆရိယ အညစ်အကြေးမအောင်းသည့် သူတော်ကောင်း ပုဂ္ဂိုလ်ကြီးပြီပြီ “အရှင်မြတ်ကဲ့သို့ ထက်မြက်သော ပညာရှင် သီတင်းသုံးဖော် တရားကျင့်ဖော်ကို ဖူးမျှော်တွေ့မြင်ရသော ငါတို့အဖို့ရာ အရတော်လိုက်ပါဘိ ငါ့ရှင်..”ဟူ၍ ဝမ်းမြောက်ဝမ်းသာစကား အားရစွာ ပြောကြားလေသည်။

ဥဒကဂိုဏ်းဆရာကြီးက အလောင်းတော်သူမြတ်အား

ဂိုဏ်းတခုလုံးကိုအပ်၍ ဆရာအရာ၌တင်ထားကာ

အမြတ်တနိုး ပူဇော်ခြင်း

     ဥဒကဂိုဏ်းဆရာကြီးသည် ဣဿာမစ္ဆရိယ အညစ်အကြေး ကင်းဝေးသူပြီပြီ ရှေး ဆိုအပ်ပြီးအတိုင်း ကျေးဇူးစကား ချီးမွမ်းစကား

၂၃၁

ပြောကြားရုံသာမဟုတ်ပဲ တဖန်ဆက်၍ “အိုယောက်ျားမြတ်.. အကျွန်ုပ်၏ဖခင် ရာမဆရာကြီးသည် အကြင်တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် ဟောကြားခဲ့လေပြီ၊ ထိုတရားကို အသင် ယောက်ျားမြတ်သည်လည်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် နေနိုင်ပါပေ၏။ အသင် ယောက်ျားမြတ်သည် အကြင်တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် နေတော်မူ၏။ ထိုတရားကိုပင် အကျွန်ုပ်၏ဖခင် ရာမဆရာကြီးသည်လည်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် ဟောကြားခဲ့လေပြီ။ ဤသို့လျှင် အကျွန်ုပ်၏ဖခင် ရာမဆရာကြီး သိခဲ့ပြီးသောတရားကို ယောက်ျားမြတ် သိတော်မူပေ၏။ ယောက်ျားမြတ် သိတော်မူသော တရားကိုပင် အကျွန်ုပ်၏ဖခင် ရာမဆရာကြီးလည်း သိခဲ့လေပြီ။ ဤသို့လျှင် အကျွန်ုပ်၏ဖခင် ရာမဆရာကြီးကဲ့သို့ပင် အသင်ယောက်ျားမြတ်သည် ဖြစ်တော်မူပေ၏။ အသင် ယောက်ျားမြတ်ကဲ့သို့ပင် အကျွန်ုပ်၏ဖခင် ရာမဆရာကြီးသည်လည်း ဖြစ်ပါပေ၏။ လာတော်မူပါ ငါ့ရှင်.. ငါ့ရှင်သည်ပင် ဤဂိုဏ်းကြီးကို ထိန်းသိမ်း စောင့်ရှောက်တော်မူပါ”ဟူ၍ ပြောဆိုကာ တပည့်ဂိုဏ်းပရိသတ်ကြီး တခုလုံးကို အလောင်းတော်သူမြတ်အား နှင်းအပ်လေတော့သည်။ ဤသို့လျှင် ဥဒကဆရာကြီးသည် သီတင်းသုံးဖော် အတူတကွ တရားကျင့်ဖော် ဖြစ်တော်မူသော အလောင်းတော်သူမြတ်ကို မိမိ၏ ဆရာအရာ၌ တင်ထားလေတော့သည်။

     တပည့်ဂိုဏ်းကြီးတခုလုံးကို နှင်းအပ်ရုံသာမဟုတ်ပဲ ရှေးဆိုအပ်ပြီး အာဠာရဆရာကြီးနည်းတူပင် အမြတ်တနိုး ကော်ရော် ပူဇော်မှုကိုလည်း ပြုလေသည်။ (၂၂၅၊ ပဌမစာခေါင်းကို ပြန်၍ကြည့်ပါ)။

အလောင်းတော်သူမြတ်သည်

လောကီဈာန်သမာပတ်တို့၌ အပြစ်ကိုမြင်၍

ဥဒကဆရာကြီးထံမှ ဖဲခွါခဲ့ခြင်း

     အလောင်းတော်သူမြတ်မှာ ထို လောကီသမာပတ် ရှစ်ပါးတို့ကို အရကြိုးကုတ် အားထုတ်တော်မူပြီးနောက် များမကြာမီ

၂၃၂

ကာလအတွင်းမှာပင် ရှေးရှေးဘဝတို့က ထိုဈာန်တို့၌ အလေ့အကျက်ရပြီးသူ ဖြစ်ခြင်းကြောင့်၎င်း, ပညာအဆင်အခြင် ကြီးမြတ်သူ ဖြစ်ခြင်းကြောင့်၎င်း ထိုလောကီဈာန် ရှစ်ပါးတို့၏ ပစ္စုပ္ပန်ဘ၀ အလားအလာသဘောသွား, တမလွန်ဘဝ၌ ရရှိမည့် အကျိုးများကို စဉ်းစား ဆင်ခြင်တော်မူလတ်သောအခါ ထိုနေ၀သညာနာသညာယတန ဈာန်တိုင်အောင်သော လောကီသမာပတ် ဈာန်ရှစ်ရပ်တို့၏ ပစ္စုပ္ပန်ဘဝ၌ သဘောသွားအလားအလာ, တမလွန်ဘဝ၌ ဘဝဂ်ဘုံခေါ်သော နေဝသညာနာသညာယတန ဗြဟ္မာဘုံ၌ ပဋိသန္ဓေကျိုး ပေးလိမ့်မည့် အခြင်းအရာတို့ကို ကောင်းစွာ သိမြင်တော်မူလေသည်။ ထိုအခါ “ဤလောကီသမာပတ် ဈာန်ရှစ်ရပ်တို့သည် ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော တရားများသာ ဖြစ်ကုန်၏”ဟူ၍ ဆုံးဖြတ်ချက် ချမှတ်တော်မူကာ “ဤလောကီသမာပတ် ဈာန်ရှစ်ရပ် တရားစုသည် ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ဘို့ရန် မဖြစ်နိုင်ချေ။ တပ်ခြင်းကင်းဘို့ရန် မဖြစ်နိုင်ချေ၊ ရာဂအစရှိသော ကိလေသာများ ချုပ်ငြိမ်းဘို့ရန် မဖြစ်နိုင်ချေ။ ကိလေသာခပ်သိမ်း ငြိမ်းဘို့ရန် မဖြစ်နိုင်ချေ၊ သိသင့်သမျှတရားများကို သိဘို့ရန် မဖြစ်နိုင်ချေ၊ မဂ်ဉာဏ်လေးပါးတို့ကို ရဘို့ရန် မဖြစ်နိုင်ချေ။ နိဗ္ဗာန်ကို မျက်မှောက်ပြုဘို့ရန် မဖြစ်နိုင်ချေ။ စင်စစ်သော်ကား ဤလောကီသမာပတ် ဈာန်ရှစ်ရပ်တို့သည် အမြတ်ဆုံး အထက်ဆုံး အကျိုးပေးပါမှ မဟာကပ်ပေါင်း ရှစ်သောင်းလေးထောင် အသက်ရှည်သည့် (ဘဝဂ်ခေါ်သော) နေဝသညာနာသညာယတန ဗြဟ္မာ့ဘုံသို့ ရောက်ရုံသာ အကျိုးပေးလိမ့်မည်။ ထို့ထက်သာလွန်သော အကျိုးကို ပေးနိုင်ကြမည်မဟုတ်၊ ထိုဈာန် ၏အကျိုးပေးရာ နေဝသညာနာသညာယတန ဗြဟ္မာဘုံမှာလည်း ဇာတိဘေး, ဇရာဘေး, မရဏဘေးမှ မလွတ်မြောက်သေးသော ဌာနသာ ဖြစ်ချေသည်၊ သေမင်း၏ ကျော့ကွင်းဖြင့် ဝန်းရံအပ်ပြီးသားသာ ဖြစ်ချေသည်”ဟူ၍ လေးနက်စွာ ဆင်ခြင် စဉ်းစားတော်မူမိလေသည်။

၂၃၃

     ဆာလောင်မွတ်သိပ်ခြင်း အပြင်းနှိပ်စက်အပ်သော ယောက်ျားသည် နှစ်သက်ဖွယ်သော ထမင်းပွဲကြီးကို ရရှိ၍ ပဌမပိုင်းတွင် ထိုထမင်းပွဲကြီးကို နှစ်သက်အားရစွာ စားသုံးပြီးနောက် သည်းခြေဒေါသ ထ၍ဖြစ်စေ, သလိပ်ဒေါသ ထ၍ဖြစ်စေ, ထို ထမင်းပွဲကြီးထဲ၌ ယင်ကောင်ကျ၍ဖြစ်စေ ထိုထမင်းပွဲကြီးကို ငြီးငွေ့စက်ဆုပ်ကာ စွန့်ပယ်ပြီးလျှင် နောက်ထပ်တဖန် ထမင်းတလုပ်ကိုမျှ စားလိုစိတ် မရှိတော့သကဲ့သို့ ထို့အတူ အလောင်းတော် သူမြတ်သည်လည်း ထိုလောကီသမာပတ် ဈာန်ရှစ်ရပ်တို့ကို နှစ်ရက် သုံးရက်အတွင်း အလွယ်နှင့်အားထုတ်၍ ရရှိပြီးလျှင် ပဌမပိုင်း ရှေ့အဖို့၌ ထိုဈာန်သမာပတ်တို့ကို နှစ်သက်စွာ ဝင်စားသုံးဆောင်ပြီးနောက် တဖန် ထိုသမာပတ်တို့၏ ဝဋ်ဆင်းရဲ၌သာ အကျုံးဝင်ခြင်း အစရှိသော ရှေးဖော်ပြရာပါ အပြစ်များကို မြင်တော်မူသော အခါမှစ၍ ထိုသမာပတ်ရှစ်ပါးတို့ကို ဝသီဘော်ငါးမျိုးတို့တွင် တမျိုးမျိုးဖြင့် လေ့လာသုံးစွဲရန်စိတ် လုံးဝမရှိတော့ပဲ “ဤသမာပတ်ရှစ်ပါးဖြင့် ဘာမျှ အကျိုးမရှိ၊ ဤသမာပတ်ရှစ်ပါးဖြင့် ဘာမျှ အကျိုးမရှိ”ဟူ၍သာ အဖန်ဖန်ပယ်ရှား၍ ထိုသမာပတ်ရှစ်ပါးမှ ငြီးငွေ့တော်မူသည်ဖြစ်ရကား ထိုဥဒကဂိုဏ်းဆရာကြီးထံမှ မကြာမီ ဖဲခွါတော်မူခဲ့လေ၏။

**********

အခဏ်း-၆

ဒုက္ကရစရိယာ ကျင့်တော်မူခဏ်း

ဥရုဝေလတောအုပ်သို့ကြွ၍

ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်တော်မူခြင်း

     ဘုရားအလောင်းတော်သည် ဥဒကဂိုဏ်းဆရာကြီးထံမှ ဖဲခွါတော်မူခဲ့ပြီးနောက် နိဗ္ဗာန်တရားကို ရှာမှီးတော်မူလျက် မဂဓတိုင်း၌ အစဉ်သဖြင့် ခရီးဒေသစာရီ လှည့်လည်တော်မူလတ်သော် သေနာနိဂုံးသို့ ရောက်ဆိုက်တော်မူလေသည်။ ထိုသေနာနိဂုံး၏ အနီး၌ ဥရုဝေလတောအုပ်ရှိလေသည်။ ထို ဥရုဝေလတောအုပ်၌ သူတော်သူမြတ်တို့ မွေ့လျော်လောက်သည့် မြေနေမြေထားကို၎င်း,

၂၃၄

စိတ်ကြည်နူးဘွယ်ကောင်းသော တောအုပ်ကို၎င်း, ရွှံ့ညွန်ဗွက်အိုင်မရှိ ပကတိသန့်ရှင်းလျက် ဆင်းရန် တက်ရန် အလွန်ကောင်းသော ဆိပ်ကမ်းရှိပြီး ငွေလွှာငွေပြားကို ခင်းထားသည့်ပမာ သာယာသော သဲအပြင် မြူးရွှင်သော ငါး, လိပ်တို့ဖြင့် စိတ်ကြည်နူးစဖွယ် စင်ကြယ်သော ရေအယဉ်တို့ တသွင်သွင် စီးဆင်းနေသည့် နေရဉ္ဇရာမြစ်ကို၎င်း, တောနေရဟန်းတို့ ဆွမ်းခံ၍ ရလွယ်မည့် ရွာငယ်ကလေးများကို၎င်း တွေ့မြင်တော်မူလေရာ အလောင်းတော်၏ စိတ်သန္တာန်၌ “အိုး.. မြေအပြင်ကလည်း သူတော်သူမြတ်တို့ မွေ့လျော်လောက်ပါဘိ၏၊ တောအုပ်ကလည်း စိတ်ကြည်နူးဘွယ် ကောင်းပါဘိ၏၊ နေရဉ္ဇရာမြစ်ကလည်း ပကတိ သန့်ရှင်းလျက် အဆင်းအတက် လွယ်ကူသော ဆိပ်ကမ်းရှိ၍ မဏိရတနာ မြကျောက်အသွင် စိမ်းလဲ့ကြည်လင်သော ရေအယဉ်တို့ တသွင်သွင်စီးဆင်းလျက် ရှိဘိ၏။ ပတ်ဝန်းကျင်မှလည်း တောနေရဟန်းတို့ ဆွမ်းခံ၍ရလွယ်မည့် ရွာငယ်ကလေးများ ရှိနေ၏။ ဤမြေအရပ်သည် နိဗ္ဗာန်ကိုလိုလားသော အမျိုးကောင်းသား၏အဖို့ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ရန် စွမ်းဆောင်နိုင်မည့်နေရာ ဖြစ်ချေသည်”ဟု အကြံကောင်း ဖြစ်ပွါးကာ ရသမျှသော ထင်းခြောက် သစ်ရွက်ကလေးများဖြင့် ဖြစ်ကတတ်ဆန်း သင်္ခမ်းကျောင်းကလေး ဆောက်လုပ်တော်မူပြီးလျှင် ထိုဥရုဝေလတောအုပ်မှာပင် ပဓာနအလုပ် အားထုတ်တော်မူရန် ထိုင်နေတော်မူလေ၏။

အလောင်းတော်သူမြတ်၏ဉာဏ်၌ ဥပမာသုံးမျိုး ထင်လာပုံ

     ထိုအခါ ဘုရားအလောင်းတော်၏ ဉာဏ်၌ ဥပမာသုံးမျိုးတို့ ထင်လာကုန်၏၊ ထိုဥပမာသုံးမျိုးတို့မှာ-

          (၁) ရေ၌ စိမ်ထားအပ်သည့် ထင်းစိုကြီး (ရေသဖန်းသား အစိုကြီး) ကို မီးကိုအလိုရှိသော ယောက်ျားသည် မည်မျှပင် မီးဖြစ်အောင် မီးပွတ်တံဖြင့် ပွတ်ပါသော်လည်း မီးမဖြစ်နိုင်ပဲ ထိုယောက်ျား ဆင်းရဲရုံသာရှိမည် ဖြစ်သကဲ့သို့ ထို့အတူ လောက၌

၂၃၅

သမဏ,ဗြာဟ္မဏအမည်ခံ ပုဂ္ဂိုလ်တို့သည် မိမိတို့ကိုယ်နှိုက်က ကာမတဏှာ တည်းဟူသော အစိုဓာတ် အစေးဓာတ် မခြောက်မသွေ့ပဲ ဝတ္ထုအာရုံ ကာမဂုဏ်တို့နှင့်လည်း ကင်းရာလွတ်ရာ မနေပါပဲ မည်မျှပင် ကိလေသာကုန်ခန်းရန် ဆင်းရဲစွာ ကျင့်ကြံကြိုးကုတ် အားထုတ်ကြသော်လည်း ထိုသူတို့မှာ မဂ်ဖိုလ်ကို မရရှိပဲ ဆင်းရဲရုံမျှသာ ရှိချိမ့်မည်၊ ဤဥပမာသည် အလောင်းတော်သူမြတ်၏ ဉာဏ်၌ ရှေးဦးပဌမ ထင်လာ၏။

     (ဤဥပမာ၌ ရေသဖန်းသား အစိုကြီးနှင့် ကိလေသာ တဏှာအစေး မခြောက်သွေ့သေးသော ပုဂ္ဂိုလ်တို့ တူကြ၏။ ရေသဖန်းသား အစိုကြီးကို ရေထဲ၌ ချထားခြင်းနှင့် ကိလေသာ တဏှာအစေး မခြောက်သွေ့သောသူတို့ ဝတ္ထုကာမတည်းဟူသော ရေထဲ၌ မိမိကိုယ်ကို ချထားခြင်းသည် တူ၏။ ရေ၌စိမ်ထားသည့် ရေသဖန်းသား အစိုကြီးကို မည်မျှပင် ပွတ်ပါသော်လည်း မီးကိုမရရှိပဲ ဆင်းရဲခြင်းသာ အကျိုးရခြင်းနှင့် ကိလေသာ တဏှာအစေး မခြောက်သွေ့သောသူတို့ ဝတ္ထုကာမများကို မစွန့်လွှတ်ပဲ မည်မျှပင် အားထုတ်သော်လည်း မဂ်ဉာဏ်တည်းဟူသော မီးကို မရရှိနိုင်ခြင်းသည် တူ၏။ ဤဥပမာကား.. သပုတ္တဘရိယပဗ္ဗဇ္ဇာ = ခေါ်သော သားမယားနှင့်တကွ ပြုအပ်သော ပရိဗိုဇ်ရဟန်းတို့၏ ရဟန်းပြုခြင်းအတွက် ထင်လာသော ဥပမာတည်း)။

     (၂) ရေနှင့်ဝေးကွာ ကုန်းပေါ်မှာထားအပ်သော ရေသဖန်းသား ထင်းစိုကြီးကို မီးကိုအလိုရှိသော ယောက်ျားသည် မည်မျှပင် မီးပွတ်တံဖြင့် ပွတ်ပါသော်လည်း စိုနေသည့်အတွက် မီးကိုမရပဲ ဆင်းရဲရုံသာရှိမည် ဖြစ်သကဲ့သို့ ထို့အတူ လောက၌ သမဏ,ဗြာဟ္မဏအမည်ခံ ပုဂ္ဂိုလ်တို့သည် မိမိတို့ကိုယ်နှိုက်က ကာမတဏှာ တည်းဟူသော အစိုဓာတ် အစေးဓာတ် မခြောက်မသွေ့ပါပဲလျက် ဝတ္ထုကာမ တည်းဟူသော ရေမှ ကိုယ်စိတ်တို့ဖြင့်ဖဲခွါ ဝေးစွာပင်နေ၍ ဆင်းရဲကြီးစွာ အားထုတ်ပါသော်လည်း ထိုသူတို့မှာ မဂ်ဖိုလ်ကိုမရရှိပဲ ဆင်းရဲရုံမျှသာ ရှိချိမ့်မည်။

၂၃၆

ဤဥပမာသည် အလောင်းတော်သူမြတ်၏ ဉာဏ်၌ ဒုတိယမြောက် ထင်လာ၏။

     (ဤဥပမာ၌ ရေသဖန်းသား အစိုကြီးနှင့် ကိလေသာ တဏှာအစေး မခြောက်သွေ့သေးသော ပုဂ္ဂိုလ်တို့ တူကြ၏။ ရေသဖန်းသား အစိုကြီးကို ရေနှင့်ဝေးကွာ ကုန်းအရပ်၌ ထားစေကာမူ ပင်ကိုယ်က စိုစွတ်နေသည့်အတွက် မည်မျှပင် ပွတ်ပါသော်လည်း မီးမဖြစ်နိုင်ခြင်းနှင့် ကိလေသာ တဏှာအစေး မခြောက်သွေ့သေး သောသူတို့ ဝတ္ထုကာမတို့မှ ကိုယ်စိတ်တို့ဖြင့်ဖဲခွါ ဝေးစွာပင်နေ၍ ဆင်းရဲကြီးစွာ အားထုတ်ပါသော်လည်း မိမိတို့ကိုယ်နှိုက်က ကိလေသာ တဏှာအစေး မခြောက်မသွေ့ စိုစွတ်နေသည့်အတွက် မဂ်ဉာဏ်တည်းဟူသော မီးမဖြစ်နိုင်ခြင်းသည် တူ၏။ ဤဥပမာကား ဗြဟ္မဏဓမ္မိကပဗ္ဗဇ္ဇာ = ခေါ်သော သားမယားတို့ကို စွန့်ခွါ၍ ပါသဏ္ဍအကျင့်မှားကို လိုက်စားကျင့်ကြံ အားထုတ်ကြသော ပုဏ္ဏားတို့၏ ရဟန်းပြုခြင်းမျိုးအတွက် ထင်လာသော ဥပမာတည်း)။

     (၃) ထို့ပြင်လည်း ရေနှင့်ဝေးကွာ ကုန်းပေါ်မှာထားအပ်သော ရေသဖန်းသားခြောက်ကြီးကို မီးကိုအလိုရှိသော ယောက်ျားသည် မီးပွတ်တံဖြင့် ပွတ်သောအခါ ရေနှင့် ဝေးကွာသောကြောင့်၎င်း, ပင်ကိုယ်ကပင် ခြောက်သွေ့သောကြောင့်၎င်း အလွယ်နှင့် မီးဖြစ်သကဲ့သို့ ထို့အတူ လောက၌ သမဏဗြာဟ္မဏ အမည်ရသော ပုဂ္ဂိုလ်တို့သည် မိမိတို့ကိုယ်နှိုက်က ကာမတဏှာတည်းဟူသော အစိုဓာတ် အစေးဓာတ်လည်း ခြောက်သွေ့ပြီးဖြစ်၍ ဝတ္ထုကာမတို့မှလည်း ကိုယ်စိတ်တို့ဖြင့်ဖဲခွါ ဝေးစွာရှောင်ကြဉ်၍ ဆင်းရဲကြီးစွာ မှန်ကန်သော ရဟန်းတရားကို အားထုတ်သည်ဖြစ်စေ, မပင်မပန်း သက်သာစွာ ရဟန်းတရားကို အားထုတ်သည်ဖြစ်စေ မဂ်ဖိုလ်ကို ရရှိနိုင်ပေ၏။ ဤဥပမာသည် အလောင်းတော်သူမြတ်၏ ဉာဏ်၌ တတိယမြောက် ထင်လာ၏။ (ဥပမာ ဥပမေယျ ရှေးနည်းစဉ်းစား၍ ဟပ်လေ။ ဤဥပမာကား ကိုယ်တော်မြတ်အတွက် ထင်လာသော ဥပမာဖြစ်သည်)။

၂၃၇

ပဉ္စဝဂ္ဂီတို့ အလောင်းတော်ထံသို့ ရောက်ရှိဝတ်ပြုကြခြင်း

     ဘုရားအလောင်းတော် ဖွားမြင်ပြီးစကပင် ရှေး၌ ဆိုအပ်ပြီးသောအတိုင်း ရဟန်းပြုနှင့်ကြသော ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် အလောင်းတော်မင်းသား တောထွက်၍ ရဟန်းပြုမပြု သတင်းစကား နာကြားစုံစမ်းရင်းက အလောင်းတော်မင်းသား တောထွက်၍ ရဟန်းပြုသွားပြီတဲ့ဟူသော သတင်းကို ကြားသိရ၍ ရွာနိဂုံးစသည်တို့၌ အစဉ်သဖြင့် လှည့်လည်ကာ အလောင်းတော်ကို ရှာဖွေကြရာမှ ဥရုဝေလတော၌ အလောင်းတော်ကို တွေ့မှီကြလေသည်။ ထိုအခါ ခြောက်နှစ်ကြာ ပဓာနအလုပ်ကို အားထုတ်တော်မူသော အလောင်းတော်ကို “ယခုပင် ဘုရားဖြစ်တော့မည်၊ ယခုပင် ဘုရား ဖြစ်တော့မည်”ဟု မျှော်လင့်ချက်ကြီးစွာဖြင့် အလောင်းတော်၏နေရာ သင်္ခမ်းကျောင်းပရိဝုဏ်ကို တံမြက်လှည်းခြင်း, အလောင်းတော်အား ရေပူရေချမ်း ကမ်းလှမ်းခြင်း အစရှိသော ဝတ်အကျင့်ဖြင့် ပြုစုလုပ်ကျွေးကြကာ အလောင်းတော်၏ အနီးအပါးမှာပင် လှည့်လည်ကျက်စားလျက် ရှိနေကြကုန်၏။

ပဓာနအလုပ် ဒုက္ကရစရိယာကို ကျင့်တော်မူခြင်း

(၁) အရေမျှ ကြွင်းပစေ (၂) အကြောမျှ ကျန်ပစေ (၃) အရိုးမျှ ကြွင်းပစေ (၄) အသားအသွေးတို့ ခန်းခြောက်သွားမူ သွားပစေ ဤအလုပ်ကိုဖြင့် အောင်မြင်အောင် ပြုလုပ်မည်ဟူသော အင်္ဂါလေးပါးရှိသည့် ဇွဲလုံ့လ ဝီရိယမျိုးကို “ပဓာနဝီရိယ”ဟု ခေါ်၏။ ယခု ဖော်ပြလတံ့သော အကျင့်များကား ထိုပဓာနဝီရိယ ဇွဲလုံ့လမျိုးဖြင့် ပြုအပ်သော အလုပ်မျိုးဖြစ်၍ ပဓာနအလုပ်ဟူ၍ ခေါ်သည်။ ယခု ဖော်ပြလတံ့သော အကျင့်များကား လူသာမန်တို့ ကျင့်ကြံရန် ခဲယဉ်းသော အကျင့်များဖြစ်၍ “ဒုက္ကရစရိယာ” ခေါ်ဆို၏။

     (က) ဘုရားအလောင်းတော်သည် သေနာနိဂုံးသို့ ဝင်ကြွကာ ဆွမ်းခံလှည့်လည်ပြီး မေတ္တာဘာဝနာကို ပွါးများတော်မူ၍

၂၃၈

အချိန်ကာလ ရက်များစွာကို လွန်စေပြီးနောက် အဆင့်တိုးတက်၍ “ရုန့်ရင်းကြမ်းတမ်းသော အလုပ်အလွေ့ပြုလုပ် စားမျိုအပ်သော ဤအစာအာဟာရကို မှီဝဲခြင်းဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ ဤကဲ့သို့ အစာအာဟာရ ဝဝစား၍ မေတ္တာတရား ပွါးရုံမျှဖြင့် ရည်သန်သော သဗ္ဗညုတဉာဏ်ကို ရနိုင်မည်မဟုတ်”ဟူ၍ ဆင်ခြင်စဉ်းစားမိကာ ထိုသို့ ဆွမ်းခံ၍စားခြင်းအမှုကို ပယ်စွန့်တော်မူ၍ ဥရုဝေလတောအုပ်အတွင်း အလိုလိုကြွေကျသော သစ်သီးကြီးငယ်တို့ကိုသာ စားသုံး၍ မျှတတော်မူပြန်၏။ ထိုနည်းဖြင့်လည်း သဗ္ဗညုတဉာဏ်ကို မရနိုင်ရကား “ဤအလိုလိုကြွေကျသော သစ်သီးကြီးငယ် အစာအာဟာရသည်လည်း ကြမ်းတမ်းသေး၏။ သစ်သီးကို ရှာဖွေရခြင်းသည်လည်း ပလိဗောဓတမျိုးပင် ဖြစ်၏”ဟူ၍ ဆင်ခြင် စဉ်းစားတော်မူပြီးလျှင် ကိုယ်တော်မြတ် မှီခိုနေသော သစ်ပင်မှ အလိုလိုကြွေကျသော သစ်သီးဖြင့်သာ မျှတတော်မူပြန်၏။

     (ခ) ဘုရားအလောင်းတော်သည် “အံကြိတ် တောက်ခေါက်၍ အားကြီးလှစွာ သမ္မာဝိတက်နှင့်ယှဉ်သော ကုသိုလ်စိတ်ဖြင့် ကာမဝိတက် အစရှိသော မိစ္ဆာဝိတက်တို့နှင့် တကွဖြစ်သော အကုသိုလ်စိတ်ကို ဖြစ်ခွင့်မပေးရမူ ကောင်းလေစွာ့၊ ပယ်ဖျောက်ရမူ ကောင်းလေစွာ့၊ ထိုအကုသိုလ်စိတ်များကို ဝီရိယမီးပူဖြင့် ခွါပစ်ရမူ ကောင်းလေစွာ့”ဟု ကြံစည်တော်မူကာ အံကြိတ် တောက်ခေါက်ကာ ကုသိုလ်စိတ်ဖြင့် အကုသိုလ်စိတ်ကို နှိပ်တော်မူလေသည်၊ ဖြစ်ခွင့်မပေး၊ ပယ်ဖျောက်တော်မူလေသည်၊ ဝီရိယမီးပူဖြင့် ကိုယ်မှကွာအောင် ပြုတော်မူလေတော့သည်။ ထိုအခါ လက်ကတီး (ချိုင်းကြား)တို့မှ ချွေးများ တတွေတွေ ယိုထွက်၍ လာလေသည်။ ဥပမာအားဖြင့် အားရှိသော ယောက်ျားတယောက်က အားနည်းသော ယောက်ျားတယောက်ကို ဦးခေါင်းက ကိုင်၍ဖြစ်စေ, ပခုံးက ကိုင်၍ဖြစ်စေ ဖိနှိပ်သောအခါ ထိုအားနည်းသော ယောက်ျား၏ ချိုင်းကြားမှ ချွေးများ ယိုထွက်လာသကဲ့သို့တည်း။ ထိုအခါ၌ အလောင်းတော်၏ ဝီရိယကား အလွန်

၂၃၉

ပြင်းထန်လှ၏။ ဆုတ်နစ်ခြင်း အလျှင်းမရှိ။ သတိလည်း အလွန်ထင်လင်း စွဲမြဲလှ၏၊ မေ့ပျောက်ခြင်း အလျှင်းမရှိ။ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တကိုယ်လုံး ထိုးဆွသကဲ့သို့ ဖြစ်နေရကား အလောင်းတော်၏ တကိုယ်လုံးမှာ ပူရှိန်းကာ ငြိမ်းအေးမှုကို မရရှိခဲ့ချေ။ ဤမျှလောက် ဆင်းရဲကြီးစွာ ရောက်ရှိနေသော်လည်း အားထုတ်လိုသော စိတ်ဓာတ်ကား ယုတ်လျော့ ကုန်ခန်း၍ မသွားချေ။

     (ဂ) ဘုရားအလောင်းတော်သည် “ထွက်လေဝင်လေ နှစ်ပါးကို အောင့်ချုပ်၍ထားခြင်း = တည်းဟူသော အပ္ပါနကဈာန်ကို ဖြစ်စေရမူ ကောင်းလေစွာ့”ဟု ကြံစည်တော်မူကာ မလျော့သော လုံ့လဖြင့် ခံတွင်းမှ၎င်း, နှာခေါင်းမှ၎င်း ထွက်သက် ဝင်သက် ထွက်လေ ၀င်လေကို မထွက်မဝင်နိုင်အောင် ချုပ်တည်း၍ အောင့်၍ ထားလေသည်။ ထိုအခါ လေများသည် ခံတွင်းနှာခေါင်းမှ ထွက်ခွင့်မရသဖြင့် နာပေါက်တို့မှ စု၍ ထွက်ကြကုန်၏၊ ထိုသို့ထွက်သော လေတို့၏ အသံကား ပန်းပဲသမားတို့၏ ဖားဖိုမှ လေထွက်သကဲ့သို့ အလွန်ပြင်းထန်လှကုန်၏။ ထိုအခါ၌ အလောင်းတော်၏ ဝီရိယ အလွန်ပြင်းထန်လှ၏။ ဆုတ်နစ်ခြင်း အလျှင်းမရှိ။ သတိလည်း အလွန်ထင်လင်း စွဲမြဲလှ၏။ မေ့ပျောက်ခြင်း အလျှင်းမရှိ။ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တကိုယ်လုံး ထိုးဆွသကဲ့သို့ ဖြစ်နေရကား အလောင်းတော်၏ တကိုယ်လုံးမှာ ပူရှိန်းကာ ငြိမ်းအေးမှုကို မရရှိခဲ့ချေ။ ဤမျှလောက် ဆင်းရဲကြီးစွာ ရောက်ရှိနေသော်လည်း အားထုတ်လိုသော စိတ်ဓာတ်ကား ယုတ်လျော့ ကုန်ခန်း၍ မသွားချေ။

     (ဃ) တဖန် အလောင်းတော်သည် “အပ္ပါနကဈာန်ကိုပင် ထပ်၍ ဖြစ်စေရမူ ကောင်းလေစွာ့”ဟု ကြံစည်တော်မူကာ မလျော့သော လုံ့လဖြင့် ခံတွင်းမှ၎င်း, နှာခေါင်းမှ၎င်း, နားပေါက်တို့မှ၎င်း ထွက်သက်ဝင်သက် ထွက်လေ၀င်လေကို မထွက် မဝင်နိုင်အောင် ချုပ်တည်း၍ အောင့်၍ ထားလေသည်။ ထိုအခါ လေများသည် ခံတွင်း နှာခေါင်း နားပေါက်ကိုမှ ထွက်ခွင့်မရကြသဖြင့်

၂၄၀

ဦးခေါင်းသို့တက်၍ တိုးဝှေ့ ထိုးဆွကြကုန်၏၊ ဥပမာအားဖြင့် အားကြီးသော ယောက်ျားတယောက်က ထက်လှ ချွန်လှစွာသော စူးဖြင့် ဦးခေါင်း၌ မွှေနေသကဲ့သို့တည်း။ ထိုအခါ၌လည်း အလောင်းတော်၏ ဝီရိယကား အလွန် ပြင်းထန်မြဲ ပြင်းထန်လှပေ၏၊ ဆုတ်နစ်ခြင်း အလျှင်းမရှိ၊ သတိလည်း အလွန်ထင်လင်း စွဲမြဲတိုင်း စွဲမြဲလှပေ၏၊ မေ့ပျောက်ခြင်း အလျှင်းမရှိ။ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တကိုယ်လုံး ထိုးဆွထားသကဲ့သို့ ဖြစ်နေရကား အလောင်းတော်၏ တကိုယ်လုံးမှာ ပူရှိန်းကာ ငြိမ်းအေးမှုကို မရရှိခဲ့ချေ။ ဤမျှလောက် ဆင်းရဲကြီးစွာ ရောက်ရှိနေသော်လည်း အားထုတ်လိုသော စိတ်ဓာတ်ကား ယုတ်လျော့ ကုန်ခန်း၍ မသွားချေ။

     (င) တဖန် အလောင်းတော်သည် “အပ္ပါနကဈာန်ကိုပင် ထပ်၍ ဖြစ်စေရမူ ကောင်းလေစွာ့”ဟု ကြံစည်တော်မူကာ မလျော့သော လုံ့လဖြင့် ခံတွင်း နှာခေါင်း နားပေါက်တို့မှ ထွက်သက်ဝင်သက် ထွက်လေ၀င်လေတို့ မထွက်မဝင်နိုင်အောင် ချုပ်တည်းမြဲ ချုပ်တည်း အောင့်မြဲအောင့်၍ ထားလေသည်။ ထိုအခါ အလွန်ပြင်းထန်သော လေတို့ ဦးခေါင်းကို ထိုးကြသဖြင့် အလွန်ပြင်းထန်စွာ ခေါင်းကိုက်ခေါင်းခဲ ဝေဒနာတို့ ဖြစ်လာကြကုန်၏။ ဥပမာအားဖြင့် အားကြီးသော ယောက်ျားတယောက်က သားရေကြိုးဖြင့် ဦးခေါင်းကို ရစ်ပတ်၍ တင်းကြပ်အောင် ပြုလုပ်သောအခါ ဆင်းရဲကြီးစွာ ရောက်သကဲ့သို့တည်း။ (ဤစာဖတ်သူသည် မိမိ၏ စိတ်ကူးဉာဏ်ဖြင့် အားကောင်းသော ယောက်ျားတယောက်က ခိုင်မာလှသော သားရေကြိုးကွင်းကြီးကို ဦးခေါင်း၌စွပ်ပြီး တုတ်ချောင်းတချောင်းဖြင့် လျှိုကာ တင်းကြပ်အောင် လှည့်ပေးနေသည်ကို စဉ်းစား၍ ကြည့်ပါ။ ဤအတိုင်းပင်တည်း။) ထိုအခါ၌လည်း အလောင်းတော်၏ ဝီရိယကား အလွန် ပြင်းထန်မြဲ ပြင်းထန်လှပေ၏၊ ဆုတ်နစ်ခြင်း အလျှင်းပင် မရှိချေ။ သတိလည်း အလွန်ထင်လင်း စွဲမြဲတိုင်း စွဲမြဲလှပေ၏၊ မေ့ပျောက်ခြင်း အလျှင်းပင်မရှိ။ သို့သော် ဆင်းရဲစွာ

၂၄၁

အားထုတ်မှု ဒဏ်ချက်က တကိုယ်လုံး ထိုးဆွသကဲ့သို့ ဖြစ်နေရကား အလောင်းတော်၏ တကိုယ်လုံးမှာ ပူရှိမ်းကာ ငြိမ်းအေးမှုကို မရရှိခဲ့ချေ။ ဤမျှလောက် ဆင်းရဲကြီးစွာ ရောက်ရှိနေသော်လည်း အားထုတ်လိုသော စိတ်ဓာတ်ကား လျော့ပါး ဆုတ်ယုတ် ကုန်ခန်း၍ မသွားချေ။

     (စ) တဖန် အလောင်းတော် သူမြတ်သည် “အပ္ပါနကဈာန်ကိုပင် ထပ်၍ ဖြစ်စေရမူ ကောင်းလေစွာ့”ဟု ကြံစည်တော်မူကာ ရှေးနည်းအတူ မလျော့သောလုံ့လဖြင့် ခံတွင်း နှာခေါင်း နားပေါက်မှ ထွက်သက်ဝင်သက် ထွက်လေ၀င်လေတို့ မထွက် မဝင်နိုင်အောင် ချုပ်တည်းမြဲ ချုပ်တည်း အောင့်မြဲ အောင့်၍ ထားလေသည်။ ထိုအခါ အလွန်ပြင်းထန်သော လေတို့သည် ဝမ်းပိုက်ကို ဖြတ်တောက်သည့်ပမာ လွန်စွာ ထိုးကျင်ကုန်၏။ ဥပမာအားဖြင့် အလုပ်ကျွမ်းကျင်သော နွားသတ်သမား (သို့မဟုတ် နွားသတ်သမား၏ လက်ထောက်တပည့်)က ထက်စွာသော နွားသတ်ဓားဖြင့် ဝမ်းပိုက်ကို ဖြတ်လှီးသကဲ့သို့တည်း။ ထိုအခါလည်း အလောင်းတော်၏ ဝီရိယကား အလွန်ပြင်းထန်မြဲ ပြင်းထန်လှပေ၏၊ ဆုတ်နစ်ခြင်း အလျှင်းပင် မရှိချေ။ သတိလည်း အလွန်လင်လင်း စွဲမြဲတိုင်း စွဲမြဲလှပေ၏၊ မေ့ပျောက်ခြင်း အလျှင်းပင် မရှိချေ။ သို့သော် ဆင်းရဲစွာ အားထုတ်မှု ဒဏ်ချက်က တကိုယ်လုံး ထိုးဆွသကဲ့သို့ ဖြစ်နေရကား အလောင်းတော်၏ တကိုယ်လုံးမှာ ပူရှိန်းကာ ငြိမ်းအေးမှုကို မရရှိခဲ့ချေ။ ဤမျှလောက် ဆင်းရဲကြီးစွာ ရောက်ရှိနေသော်လည်း အားထုတ်လိုသော စိတ်ဓာတ်ကား လျော့ပါးဆုတ်ယုတ် ကုန်ခန်း၍ မသွားချေ။

     (ဆ) တဖန် အလောင်းတော်သူမြတ်သည် “အပ္ပါနကဈာန်ကိုပင် ထပ်၍ ဖြစ်စေရမူ ကောင်းလေစွာ့”ဟု ကြံစည်တော်မူကာ ရှေးနည်းအတူ မလျော့သော လုံ့လဖြင့် ခံတွင်း နှာခေါင်း နားပေါက်တို့မှ ထွက်သက်ဝင်သက် ထွက်လေ၀င်လေတို့ မထွက်မဝင်နိုင်အောင် ချုပ်တည်းမြဲ ချုပ်တည်း အောင့်မြဲ အောင့်၍ ထားလေသည်၊ ထိုအခါ အလောင်းတော်၏ တကိုယ်လုံး၌ အပြင်းအထန်

၂၄၂

ပူလောင်ခြင်း (ဍာဟရောဂါ) ဖြစ်ပေါ်လာလေသည်။ ဥပမာအားဖြင့် အားရှိသော ယောက်ျားနှစ်ယောက်တို့က အားနည်းသော ယောက်ျားတယောက်ကို လက်ဝဲ လက်ျာ လက်မောင်းတဖက်စီ ကိုင်ကြပြီး မီးပုံကြီး၌ ကင်၍ပေးသောအခါ ပြင်းထန်စွာ ပူလောင်ခြင်း ဖြစ်သကဲ့သို့တည်း။ ထိုအချိန်မှာ အလောင်းတော်၏ တကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်နေသည်။ ထိုအခါ၌လည်း ရှေးနည်းအတူ လုံ့လဝီရိယ ဆုတ်နစ်ခြင်းမရှိ ပြင်းထန်လှ၏။ သတိလည်း မေ့ပျောက်ခြင်းမရှိ ထင်လင်းစွဲမြဲလှဘိ၏။ ပဓာနအလုပ် ဆင်းရဲစွာ အားထုတ်မှုဒဏ်ချက်ကြောင့် ငြိမ်းအေးမှုကိုကား မရရှိခဲ့ချေ။ သို့စေကာမူ အားထုတ်လိုသောစိတ်ဓာတ်ကား လျော့ပါးဆုတ်ယုတ် ကုန်ခန်း၍မသွားချေ။

မှာထားချက်။ ။[(က) စကားစုကား ဇိနာလင်္ကာရဋီကာမှ၊ (ခ)အစ (ဆ)တိုင်ကား မဟာသစ္စကသုတ်မှ ဖြစ်သည်။]

စင်္ကြံအတွင်း ထိုင်လျက်သား မူးသွားခြင်း

     ထိုသို့ အလောင်းတော်သူမြတ်အား အလွန်အမင်း ကိုယ်ပူနာ ဖြစ်ပွါးလာသောအခါ အလောင်းတော် သူမြတ်သည် စင်္ကြံအတွင်းမှာပင် မူးမေ့သွားကာ ထိုင်လျက်သား တိမ်းလည်းသွားတော်မူ၏။ (မြင်မကောင်း ရှုမကောင်း လျောင်းလျက် မှောက်လျက် တိမ်းလည်းသွားသည်မဟုတ်၊ သတိကြီးသူဖြစ်သဖြင့် စင်္ကြံသွားရင်းက ထိုင်လျက်သားကလေး တိမ်းလည်းသွားခြင်း ဖြစ်သည်။) ထိုသို့ ဘုရားအလောင်းမြတ် ထိုင်လျက်သား တိမ်းလည်းသွားသောအခါ စင်္ကြံအနီးရှိ နတ်တို့သည် သုံးမျိုးသုံးစား ထင်မြင်ချက် ကွဲပြားကြကာ-

     (၁) အချို့နတ်များက “ရဟန်းဂေါတမသည် သေသွားပြီ”ဟူ၍ ပြောဆိုကြလေသည်၊ (၂) အချို့နတ်များက “ရဟန်းဂေါတမသည် သေပြီးပြီမဟုတ်သေး၊ ယခုမှ သေနေတုန်း သေနေဆဲ ဖြစ်သည်”ဟူ၍ ပြောဆိုကြလေသည်၊ (၃) အချို့နတ်များက “ရဟန်းဂေါတမသည် သေပြီးပြီလည်းမဟုတ်၊

၂၄၃

သေနေတုန်း သေနေဆဲလည်း မဟုတ်၊ ရဟန်းဂေါတမသည် ရဟန္တာဖြစ်သွားပြီ၊ ဤနေပုံမျိုးကား ရဟန္တာ၏ နေပုံမျိုး ဖြစ်သည်”ဟူ၍ ပြောဆိုကြလေသည်။

     ထိုသို့ ပြောဆိုကြသော နတ်သုံးမျိုးတို့အနက် “သေပြီ”ဟု ပြောဆိုသော နတ်များက သုဒ္ဓေါဒနမင်းကြီးထံသို့ သွားကြပြီးလျှင် “အသင်မင်းကြီးတို့၏ သားသည် သေသွားပြီ”ဟူ၍ ပြောဆိုကြလေသည်။ “ငါ့သားတော်သည် ဘုရားဖြစ်ပြီးမှ သေတာလား၊ ဘုရားမဖြစ်သေးမီ သေတာလား”ဟု သုဒ္ဓေါဒနမင်းကြီးက မေးသောအခါ ထိုနတ်တို့က “သင့်သားသည် ဘုရားဖြစ်ခြင်းငှါ မစွမ်းနိုင်ရှာပဲ ပဓာနအလုပ် အားထုတ်ရင်း စင်္ကြံမြေအတွင်းမှာပင် တိမ်းလည်း၍ သေသွားရှာပြီ”ဟူ၍ ပြောဆိုကြလေရာ သုဒ္ဓေါဒနမင်းကြီးက “သင်တို့ပြောစကားကို လားလားမျှ ငါမယုံကြည်၊ ငါ့သားတော်အဖို့ သဗ္ဗညုတဉာဏ်သို့ မရောက်ပဲ (= ဘုရားမဖြစ်ပဲ) သေခြင်းဆိုသော တရားသည် ဖြစ်ပင် မဖြစ်နိုင်”ဟူ၍ တင်းတင်းမာမာကြီးပင် ပြောကြားလိုက် လေသည်။

အစာကိုလျှော့၍ စားတော်မူခြင်း

     ဘုရားအလောင်းတော်သည် မူးမေ့သွားရာမှ သတိရလာသောအခါ “ငါသည် အစာအာဟာရကို လုံးဝမစားပဲ ကျင့်ရမူ ကောင်းလေစွာ့”ဟူ၍ ကြံစည်တော်မူသောအခါ နတ်များက “အို သူတော်ကောင်း အလောင်းတော်ရဟန်းမြတ်.. သင်သည် အစာအာဟာရကို လုံးဝဖြတ်တော်မမူပါလင့်၊ အို သူတော်ကောင်း အလောင်းတော် ရဟန်းမြတ်.. အကယ်၍ သင်သည် အစာအာဟာရကို လုံးဝဖြတ်တောက်ရန် ကျင့်ကြံတော်မူခဲ့ပါလျှင် ငါတို့သည် သင်၏ကိုယ်အတွင်းသို့ မွေးညှင်းပေါက်တို့မှ နတ်ဩဇာကို ထည့်သွင်းကြရပါလိမ့်မည်၊ ထိုနတ်ဩဇာဖြင့် သင်သည် မျှတရပါလိမ့်မည်”ဟူ၍ ပြောဆိုကြလေသည်။ ထိုအခါ အလောင်းတော် သူမြတ်၏ စိတ်သန္တာန်၌ “ငါကလည်း အစာအာဟာရ လုံးဝမစားဘူးဟူ၍ ဝန်ခံငြားအံ့၊ ဤနတ်များကလည်း

၂၄၄

မွေးညှင်းတွင်းတို့မှ နတ်ဩဇာကို ထည့်သွင်း၍ ပေးကုန်ငြားအံ့၊ ထိုနတ်ဩဇာဖြင့်လည်း ငါမျှတ၍ နေငြားအံ့၊ ဤသို့ လုံးဝ အစာမစားဘူးဟု ဝန်ခံပါလျက် နတ်ဩဇာဖြင့် မျှတ၍ နေခြင်းသည် ငါ့အတွက်တာ ရှေ့နောက်မညီ ချွတ်ချွတ်လွဲလွဲသာ ဖြစ်လေရာ၏”ဟု အကြံတော်ဖြစ်ပွါးကာ “အမောင်နတ်တို့.. ဤကဲ့သို့ မွေးညှင်းတွင်းတို့မှ နတ်ဩဇာ ထည့်သွင်းခြင်းအမှုကို မပြုကြပါလင့်၊ ငါသည် မျှတရုံလောက် အစာအာဟာရကို မှီဝဲပါမည်”ဟူ၍ မိန့်ဆိုတော်မူလေသည်။

     ထိုအခါမှစ၍ ဘုရားအလောင်းတော်သည် အစာအာဟာရကို လုံးဝဖြတ်တောက်မှု မပြုပဲ နည်းနည်း နည်းနည်းကိုသာ စားသုံး မှီဝဲတော်မူလေသည်၊ တနေ့အတွက်တာ တရံတခါ ပဲနောက်ပြုတ်ရည် တလက်ဆွမ်း (= တလက်ခုပ်)လောက်ဖြင့်လည်း မျှတတော်မူ၏။ တရံတခါ ပဲပိစပ်ပြုတ်ရည် တလက်ဆွမ်း (= တလက်ခုပ်)လောက်ဖြင့်လည်း မျှတတော်မူ၏။ တရံတခါ ကုလားပဲပြုတ်ရည် တလက်ဆွမ်း (= တလက်ခုပ်)လောက်ဖြင့်လည်း မျှတတော်မူ၏။ တရံတခါ စားတော်ပဲပြုတ်ရည် တလက်ဆွမ်း (= တလက်ခုပ်)လောက်ဖြင့်လည်း မျှတတော်မူ၏။

     ထိုသို့ ပဲပြုတ်ရည်ကလေး တလက်ဆွမ်း (= တလက်ခုပ်)လောက်ဖြင့် မျှတတော်မူရသည့်အတွက် ဘုရားအလောင်းတော်၏ ရူပကာယကား အလွန် ပင်ပန်းနွမ်းနယ်ကာ ပိန်ချုံး၍ သွားလေ၏-

ဘုရားအလောင်းတော်၏ အင်္ဂါကြီးငယ်တို့သည် အစာအာဟာရ နည်းနည်းသာ စားသုံးတော်မူသည့်အတွက် အာသီတိကမည်သော နွယ်, ကာဠမည်သော နွယ်တို့၏ အဆစ်များကဲ့သို့ အရိုးဆက် အဆစ်နေရာတို့က ငေါလျက် မောက်လျက် အဆစ်မဟုတ်သော နေရာတို့က ပိန်လျက် ချိုင့်လျက် နေကုန်၏။

၂၄၅

ဘုရားအလောင်းတော်၏ တင်ပါးတို့သည် ကုလားအုပ် ခွါကြီးများကဲ့သို့ ပတ်ဝန်းကျင် ရှုံ့တွလျက် ဝစ္စမဂ် (= ကျင်ကြီးစွန့်သော နေရာ)တို့က အတွင်းသို့ ချိုင့်၍ ဝင်နေကုန်၏။

ဘုရားအလောင်းတော်၏ ကျောက်ကုန်း (= ကျောရိုး)တို့မှာလည်း ပုတီးလုံးကြီးများကို ကြိုးဖြင့် သီထားသည့်ပမာ အလယ်မှာ နိမ့်ကျလျက် အရိုးငေါငေါ ပေါ်လွင်နေကုန်၏။

စရပ်အို, ကျောင်းအို, အိမ်အိုမှ အချင်ရနယ်များကဲ့သို့ နံရိုးတို့သည်လည်း အကြားအကြား၌ အသားတွေ နိမ့်ကျကုန်ရကား မြင်မကောင်း ရှုမကောင်း စနောင်စနင် မပြေမပြစ် ဖြစ်၍နေကုန်၏။

မျက်လုံးအိမ်အတွင်းရှိ မျက်လုံးတော်တို့ကိုလည်း ရေတွင်းနက်ကြီးထဲက ရေပွက်ကလေးများပမာ အတွင်းသို့ ဝင်လျက်သား နေသည်တို့ကို မြင်ရကုန်၏။

ဦးခေါင်းတော် အရေမှာလည်း ဗူးခါးသီးနုနုကလေးကို ခူး၍ နေလှန်းသည့်ပမာ ရှုံ့၍ တွန့်၍ ညှိုးနွမ်း၍ နေ၏။

ဝမ်းရေတော်နှင့် ကျောသား ကပ်လျက်နေရကား ဝမ်းရေကို စမ်းလိုက်လျှင် ကျောရိုးကိုပါ ကိုင်မိတော့၏၊ ကျောရိုးကို စမ်းလိုက်လျှင်လည်း ဝမ်းရေကိုပါ ကိုင်မိတော့၏။

ကျင်ကြီး ကျင်ငယ်ကို စွန့်မည်ဟူ၍ ထိုင်လိုက်သောအခါ ကျင်ငယ်ဖြစ်နိုင်လောက်အောင် အာဟာရဓာတ်ရည်က ဝမ်းထဲ၌ မရှိသောကြောင့် လုံးဝ ကျင်ငယ်မထွက်ပဲ ကျင်ကြီးသော်မူ ကွမ်းသီးတလုံး, နှစ်လုံးခန့်မျှ စာမြင်းဖြစ်ကာ ခဲယဉ်းစွာ ထွက်ရ၏။ တကိုယ်လုံးမှ ချွေးများ တဖြိုင်ဖြိုင် ယိုစီးကျလာ၏၊ ထိုနေရာမှာပင် မှောက်လျက်သား တိမ်းလည်းသွား၏။

၂၄၆

မိမိကိုယ်ကို အနည်းငယ်မျှ သက်သာရာ ရတန် ရပါစေတော့ဟု လက်ဖြင့် ပွတ်သပ်လိုက်သောအခါ အရင်းပုပ်နေသော ( အသားအသွေး နည်းပါးလှသဖြင့် အရင်းပိုင်းက အသားအသွေးကို အမှီမရသာ) မွေးညှင်းများသည် ကိုယ်မှကျွတ်ကာ လက်၌ ကပ်ငြိ၍ ပါလာကုန်၏။

မြတ်စွာဘုရား အလောင်းတော်၏ ပင်ကိုယ်ပကတိ အဆင်းသည် သိင်္ဂီနိက်ရွှေစင် အဆင်းကဲ့သို့ ဝါဝင်း၍ နေ၏။ သို့သော် ထိုတရားအားထုတ်ချိန်၌ မြင်ရသူတို့ကား တချို့က “ရဟန်းဂေါတမသည် အသားမဲကြီး”ဟု ပြောဆိုကြ၏၊ တချို့ကမူ “ရဟန်းဂေါတမသည် အသားမဲကြီး မဟုတ်၊ ရဟန်းဂေါတမသည် အသားညိုကြီး”ဟု ပြောဆိုကြ၏၊ တချို့ကလည်း “ရဟန်းဂေါတမသည် အသားမဲကြီးလည်း မဟုတ်၊ အသားညိုကြီးလည်း မဟုတ်၊ ရဟန်းဂေါတမသည် ငါးခူရေကဲ့သို့ ပြာလဲ့သော အဆင်းရှိသူ ဖြစ်သည်”ဟု ပြောဆိုကြ၏။

(ဤဗုဒ္ဓဝင် စာဖတ်သူသည် ဤနေရာ၌ ခေတ္တရပ်နား၍ စဉ်းစားကြည့်စမ်းပါ၊ ဘုရားအလောင်းတော်သည် ဤဆိုအပ်ပြီးသော လူသာမန်တို့ ကျင့်နိုင်ခဲသည့် အကျင့်ကို အချိန် ရက် လ တိုတောင်းစွာ ကျင့်သည်မဟုက်၊ ခြောက်နှစ်ကြာ ကျင့်တော်မူခြင်း ဖြစ်သည်။ ထိုမျှလောက် နှစ်ပေါင်း ခြောက်နှစ်ကြာ ဆင်းရဲစွာ ကျင့်ကြံရသော်လည်း ဘုရားအလောင်းတော်၏စိတ်၌- ငါသည် ဤမျှ ခြောက်နှစ်ကြာ ခဲယဉ်းစွာ ကျင့်ရသော်လည်း သဗ္ဗညုတဉာဏ်တော်ကို မရခဲ့၊ ကိုင်း.. ဒါလောက်တောင်ရှိလှတာ ရွှေနန်းတော်သို့ ပြန်သွားပြီး ယသောဓရာမိဖုရား အမှူးရှိသည့် နန်းသူအပေါင်း လေးသောင်းတို့၏ အပြုအစု အမှုအယုကို ခံယူကာ အသက်ထင်ရှား ရှိနေကြသော မယ်တော် (မိထွေးတော် ဂေါတမီကို ဆိုလိုသည်။) ခမည်းတော်တို့နှင့် ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ကို ချမ်းချမ်းသာသာ ငါကြည့်၍ နေပေအံ့ ဟူ၍၎င်း, နတ်၌ဖြစ်သော ဘောဇဉ်နှင့်တူသည့် အလွန်မွန်မြတ်သော ဘောဇဉ်ကို စားသုံးကာ အလွန် အတွေ့အထိ ကောင်းမြတ်သည့် အိပ်ရာနေရာ၌ ချမ်းသာစွာ အိပ်နေတော့မည် ဟူ၍၎င်း ဤကဲ့သို့ အသက်သာခို

၂၄၇

ခန္ဓာကိုယ်ကို အညှာပေးလိုသော အကြံအစည်ဟူ၍ မြူလောက်မျှ မဖြစ်ခဲ့ချေ။ သာမန်လူတယောက်သည် ဤမျှလောက် လက်တွေ့ကျင့်ကြံဘို့ကို မဆိုထားဘိ စိတ်ကူးမျှပင် ကူးဝံ့မည် မဟုတ်ပါချေ။ ထို့ကြောင့် ဤအကျင့်ကို ဒုက္ကရစရိယာ (= သာမန်လူတို့ ကျင့်ဖို့ရန် ခဲယဉ်းသော အကျင့်)ဟူ၍ ခေါ်ဆိုလေသည်)။

မာန်နတ်လာ၍ အကျိုးလိုဟန်စကား ပြောကြားတားမြစ်ခြင်း

     မာရ်နတ်သားသည် မြတ်စွာဘုရားအလောင်းတော် တောထွက်လာစဉ်ကပင် “အို သိဒ္ဓတ္ထမင်းသား.. ယနေ့မှနောက် ခုနစ်ရက်မြောက်လျှင် သင့်အတွက်တာ စကြာရတနာ ဆိုက်ရောက်ပါလိမ့်မည်၊ တောမထွက်ပါလင့်ဟု ပြောဆို တားမြစ်ခဲ့လေသည်။ သို့သော် ဘုရားအလောင်းတော်က “အို မာရ်နတ်.. ငါ၏အတွက် စကြာရတနာ ရောက်လာမည်ကို ငါသိ၏၊ ငါကား စကြဝတေးမင်းစည်းစိမ်ကို အလိုမရှိ၊ သင်သည် သွားလော့၊ ဤအရပ်၌ မရပ်တည်လာလင့်၊ ငါသည် လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းကို ပဲ့တင်ထပ်စေ၍ ဘုရားဖြစ်အောင် ကြိုးကုတ် အားထုတ်မည်”ဟူ၍ ရဲရဲတောက်စကား မိန့်ကြားတော်မူခဲ့လေသည်။ ထိုအချိန်ကစ၍ မာရ်နတ်သားသည် “အကယ်၍ သိဒ္ဓတ္ထမင်းသား စိတ်အစဉ်မှာ ကာမဂုဏ်နှင့် ပတ်သက်၍ ကြံစည်သည့် = ကာမဝိတက်, သူတပါးကို သတ်ဖြတ်ရန် ကြံစည်သည့် = ဗျာပါဒဝိတက်, သူတပါးကို နှိပ်စက်ရန် ကြံစည်သည့် = ဝိဟိံသာဝိတက်- ဤဝိတက်မျိုး ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်သည့် နေရာမှာပင် သတ်ဖြတ်ပစ်မည်”ဟူသော အကြံဖြင့် အလောင်းတော်၏နောက်မှ အခွင့်အပေါက်ကို ကြည့်ရှုကာ ခြောက်နှစ်ကြာအောင် လိုက်ခဲ့လေသည်။ ယခုသော်မူ ခြောက်နှစ်ကြာအောင် အလောင်းတော်၏သန္တာန်၌ ဖော်ပြရာပါ မိစ္ဆာဝိတက်များ ဖြစ်ပွါးသည့်အခွင့်ကို လုံးဝရှာမတွေ့ ဖြစ်ခဲ့လေသည်။

     နှစ်ပရိစ္ဆေဒ ခြောက်နှစ်မျှ အချိန်ကြာသောအခါ မာရ်နတ်သား၏ စိတ်၌ ဤသို့ အကြံဖြစ်လာလေသည်- “သိဒ္ဓတ္ထမင်းသား၏ လုံ့လဝီရိယကား ကြီးမားလှပေ၏၊ ဒုက္ကရအကျင့်ကလည်း

၂၄၈

ပြင်းထန်လှပေ၏၊ တချိန်ချိန်မှာ ဘုရားဖြစ်ချင် ဖြစ်သွားလိမ့်မည်၊ ငါသည် သိဒ္ဓတ္ထမင်းသားထံ ချဉ်းကပ်၍ အဆုံးအမစကား ပြောကြားပြီးလျှင် ဒုက္ကရစရိယာအလုပ်မှ ရပ်သွားစေရမူ ကောင်းလေစွာ့”ဟူ၍ အကြံဖြစ်ကာ အလောင်းတော်ထံ ချဉ်းကပ်၍ မိမိကြံစည်သော အကြောင်းများကို ပြောကြားလေသည်။ (ထိုသို့ မာရ်နတ် လာရောက်၍ အကျိုးလိုလားဟန်ဖြင့် ဖြားယောင်းစကား ပြောကြားလာပုံ, ဘုရားအလောင်းတော်က ရဲရဲတောက် ပြန်ကြားတော်မူပုံများကို ဘုရားဖြစ်ပြီးသည့် နောက်အခါ၌ မြတ်စွာဘုရားသည် “ပဓာနသုတ်”ဟူသော အမည်ဖြင့် ရဟန်းတော်များအား ဟောကြားတော်မူလေသည်။ ယခုအခါ ထို“ပဓာန”သုတ်လာ မာရ်နတ်နှင့် ဘုရားအလောင်းတို့ အပြန်အလှန် ပြောဆိုကြပုံများကို သိလွယ်သော မြန်မာစကားများဖြင့် ဖော်ပြပေအံ့။)

     နေရဉ္ဇရာမြစ်၏အနီး ဥရုဝေလ တောအုပ်ကြီးအတွင်း၌ နိဗ္ဗာန်ကို ရွယ်ချောင်းသည့် စိတ်တမျိုးတည်းသာဖြစ်ရှိလျက် အပ္ပါနကဈာန်ကို အဖန်ဖန် ဖြစ်ပွါးစေလျက် နေတော်မူသော ဘုရားအလောင်း ထံမှောက်သို့ မာရ်နတ်သား လာရောက်ပြီးလျှင်-

ငါ၏အချင်း အို သိဒ္ဓတ်မင်း.. သင်ကား အသွေးအသား ခေါင်းပါးလျော့တုံ တကိုယ်လုံး ပိန်ကြုံ၍ နေချေပြီ၊ ရုပ်ရည်အဆင်း ပျက်ခြင်းမလှ ပျက်ခဲ့ရလေပြီ၊ အသင်၏ သေခြင်းကား အလွန်နီးကပ်လျက် ရှိချေပြီ၊ သေခြင်းတရားအတွက် အစိတ်ပေါင်း တထောင်နှင့် တစိတ် စိတ်၍ ထားကြည့်လျှင် ငွေ့ငွေ့သ ရှိနေသော သင်၏အသက် တစိတ်သာ ကျန်ရှိနေတော့သည်၊ အစိတ် တထောင်လောက်က သေပြီးသား ဖြစ်နေလေပြီ။ အို သိဒ္ဓတ်မင်း.. အသက်ရှည်မှု သတိပြုတော်မူပါ၊ အသက်ရှည်စွာ တည်နေခြင်းသည် အလွန်ကောင်းမြတ် ချီးမွမ်းအပ်သော တရားဖြစ်ပါသည်။ အသက်ရှည်ရှည် နေရပါလျှင် ကုသိုလ်ကောင်းမှုတို့ကို များစွာပြုရပါလိမ့်မည်၊

၂၄၉

ဥပုသ်သီတင်း စောင့်သုံးခြင်းကို ကျင့်ကြံလျှင်သော်၎င်း, ယဇ်မီးကို ပူဇော်လျှင်သော်၎င်း အသင် သိဒ္ဓတ်မင်းအား ကုသိုလ်တရားများစွာ ဖြစ်ပွါးနိုင်ပါသည်။ သင့်အား ယခုလို တော၌နေကာ သေမည်ရှင်မည်မသိ အဆင်းရဲကြီးဖိကာ ချိချိနွမ်းနွမ်း ပဓာနအလုပ်ကို ကြိုးပမ်းခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ (အကျိုးရှိလိမ့်မည် မဟုတ်။) သင်ရည်သန်သည့် နိဗ္ဗာန်ရောက်ဖို့ရန် အစူအစဉ် ကျင့်အင်လမ်းဟောင်း ခရီးကြောင်းကား အသွား အသက် အလွန်ခက်လှဘိ၏၊ အတီအထွင် ငြိုငြင်ဆင်းရဲ ပြုနိုင်ခဲလှဘိ၏၊ သက်ဝင်ချဉ်းနင်း လိုက်စားခြင်းငှါ ခဲယဉ်းလှဘိ၏။

     ဤကဲ့သို့ အလောင်းတော်၏ အကျိုးကို လိုလားဟန် သနားသည့် ကရုဏာသံပါပါဖြင့် ပြောဆိုလာလေသည်။ (သာမန်လူ တယောက်ဆိုလျှင် သူ့စကား နာယူချင်ဘွယ်ပါပေ။)

     ထိုသို့အကျိုးလိုဟန် ကရုဏာသံပါပါ ပြောဆိုလာသော မာရ်နတ်သားကို မြတ်စွာဘုရား အလောင်းတော်က ဤကဲ့သို့ ရဲရဲတောက်စကား မိန့်ကြားတော်မူလေသည်။ ၎င်းတို့မှာ-

မေ့လျော့နေသူ နတ်လူဗြဟ္မာ သတ္တဝါကို သံသရာမှ မထွက်ရအောင် တုတ်နှောင်ဖွဲ့ချည်ပေတတ် ဟယ် မာရ်နတ်.. သင်ကား သူတပါးတို့ကို အန္တရာယ် အနှောက်အယှက် ပြုလိုမှုတည်းဟူသော မိမိမျှော်ကိုး အကျိုးဖြင့်သာ ငါ၏ထံမှောက်သို့ လာရောက်ခြင်း ဖြစ်လေသည်။ (ဤစကားရပ်ဖြင့် အလောင်းတော်သူမြတ်သည် မာရ်နတ်က အကျိုးလို၍ လာဟန်အချက်တို့ကို ချေဖျက်တော်မူလိုက်ခြင်း ဖြစ်လေသည်။)

သင်ပြောသည့် ဝဋ္ဋဂါမိ (= ၀ဋ်အတွင်း သက်ဆင်း ကျရောက်စေတတ်သည့်) ကုသိုလ်မျိုးကို အဏုမြူလောက်မျှ ငါကား အလိုမရှိချေ၊ ဝဋ္ဋဂါမိကုသိုလ်မျိုးကို မျှော်ကိုးတောင့်တ လိုလားကြသူများကိုသာ သင်သည် ဤစကားမျိုးကို

၂၅၀

ပြောထိုက်၏။ (ဤစကားရပ်ဖြင့် အလောင်းတော်သူမြတ်သည် “အသက်ရှည်ရှည် နေရပါလျှင် ကုသိုလ်ကောင်းမှုတို့ကို များစွာ ပြုရလိမ့်မည်”ဟူ၍ ပြောဆိုသော မာရ်နတ်၏စကားကို ပယ်ရှား ချေဖျက်တော်မူလိုက်လေသည်။)

ဟယ် မာရ်နတ်.. သန္တိနိဗ္ဗာန်၌ ယုံကြည်ချက် သဒ္ဓါတရား လားလားမျှမရှိသူ, သဒ္ဓါတရားပင် ရှိသော်လည်း လုံ့လဝီရိယ ပျော့ညံ့ပျင်းရိသူ, သဒ္ဓါတရားနှင့် လုံ့လဝီရိယပင် ရှိစေကာမူ ဉာဏ်ပညာ ကင်းမဲ့သူ ဤသူများကိုသာ သင်သည် အသက်ရှင်ရေး အားပေးမြှောက်ပင့် အခွင့်စုံစမ်း မေးမြန်းသင့်ပေ၏၊ ငါမှာမူကား “အကယ်၍ ငါအားထုတ်ပါမူ ခန္ဓာကင်းပျောက် နိဗ္ဗာန်ပေါက်အောင် ရောက်မည်မုချ ဤဘဝဟု နှစ်ခွမသုန် ယုံကြည်သော သဒ္ဓါတရားလည်း ထင်ရှားစွာရှိ၏။ ကိလေသာတိုက် မြက်အမှိုက်ကို ဖုတ်လှိုက်လောင်ခြစ် ပြာမှုန့်ဖြစ်အောင် အားသစ်တည်ဆောက် ရဲရဲတောက်သည့် လုံလဝီရိယလည်း ရှိ၏။ အဝိဇ္ဇာမှောင် ကျောက်သားတောင်ကို အခေါင်ဖြိုခွဲ တပြန့်ကြဲအောင် ရဲရဲချွန်ချွန် အဝှန်ချေမှုန်း သိကြားဗုံးနှင့်တူသော သူမတူတန် ပညာဉာဏ်လည်း ရှိ၏၊ ကာလရှည်လျား ပြုအပ်ဘူး ပြောအပ်ဘူးသည့် အရာများကို လားလားမျှ မမေ့ပျောက် ဘုရားအဖြစ်သို့ ရောက်နိုင်လောက်သော သတိနှင့် လောကဓံလေ့ မုန်တိုင်းဝှေ့သော်လည်း မရွေ့မယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မာသော သမာဓိတရား ဤနှစ်ပါးတို့လည်း ထင်ရှားရှိကုန်၏။ ဤသို့လျှင် နိဗ္ဗူမှာဘက် အလွယ်နှင့်တက်နိုင်သည့် ငါးချက်အင်္ဂါ စုံလင်စွာဖြင့် ခန္ဓာအသက် မငဲ့ကွက်ပဲ ရက်ရက်စွန့်စား အားထုတ်၍နေသော ငါ့ကိုများပင် သင်မာရ်နတ်သည် အဘယ့်ကြောင့် အသက်ရှင်ရေး အားပေးမြှောက်ပင့် အခွင့်စုံစမ်း မေးမြန်း၍ နေဘိသနည်း၊ စင်စစ်သော်မူ

၂၅၁

ဝီရိယမြဲမြံ ဇွဲသန်သန်အားထုတ်သူ, အပ္ပနာသမာဓိဖြင့် အသိဉာဏ်ထက်မြက်သူ, ရုပ်နာမ်ခန္ဓာ၏ အဖြစ်အပျက်ကို ကွက်ကွက်ထင်ထင် သိမြင်သူ၏ လူ့ခွင်လောက တရက်မျှ အသက်ရှည်ထွေ တည်နေရခြင်းက မြတ်သည်မဟုတ်လော။ (ဤစကားရပ်ဖြင့် အလောင်းတော်သည် “အို သိဒ္ဓတ်မင်း.. သေခြင်းတရား အတွက် အစိတ်ပေါင်း တထောင်နှင့် တစိတ် စိတ်၍ကြည့်လျှင် ငွေ့ငွေ့ကလေးသာ ရှိနေသော သင်၏အသက် တစိတ်သာ ကျန်တော့သည်။ အစိတ်တထောင်လောက်က သေပြီးသားဖြစ်နေလေပြီ”ဟု ချောက်လှန့်စကား ပြောကြားလာသည့် မာရ်နတ်သားကို တဖန် ခြိမ်းချောက်တော်မူလေသည်။)

ဟယ် မာရ်နတ်.. ငါ၏ကိုယ်ဝယ် အပ္ပါနကဈာန်ကို အားထုတ်သည့် လုံ့လဝီရိယ အဟုန်ကြောင့်ဖြစ်သော ဤလေသည် ဂင်္ဂါ ယမုနာ အစရှိသော မြစ်တို့၏ ရေအယဉ်တို့ကိုသော်လည်း ခြောက်သွေ့စေခြင်းငှါ စွမ်းနိုင်လေရာ၏၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသော ငါ၏ သွေးလောက်မျှကိုမူ အဘယ်မှာလျှင် မခြောက်သွေ့စေနိုင်ပဲ ရှိအံ့နည်း၊ ခြောက်သွေ့စေနိုင်အောင် ပြင်းထန်လှပေ၏၊ နိဗ္ဗာန်ကိုမျှော်မှန်း ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်သည့်အတွက် လေအဟုန်နှိပ်စက်၍ ငါ၏ကိုယ်ဝယ်ရှိသော လေးကွမ်းစားမျှလောက်သော သွေးများ ခြောက်သွေ့သွားခဲ့သော် ဗဒ္ဓ, အဗဒ္ဓ နှစ်မျိုးပြားသော သည်းခြေနှင့် စားမျိုအပ်သမျှကို ဗဟိဒ္ဓသို့ အနံ့ဆိုးမထွက်အောင် ဖုံးအုပ်ထားသည့် လေးကွမ်းစားမျှပင်ရှိသော သလိပ်သည်၎င်း, ထိုမျှလောက်ပင်ရှိသော ကျင်ငယ်နှင့် ဩဇာသည်၎င်း ခြောက်သွေ့၍သွားမည် အမှန်ပင်ဖြစ်၏။ သွေး, သည်းခြေ, သလိပ်, ကျင်ငယ်, ဩဇာတို့ အစဉ်သဖြင့် ခြောက်သွေ့သွားကြလျှင် အသားများလည်း ကုန်းခန်း၍သွားမည် အမှန်ပင်ဖြစ်၏။ ထိုသို့ သွေး, သည်းခြေ, သလိပ်,

၂၅၂

ကျင်ငယ်, ဩဇာနှင့် အသားများ ကုန်ခန်း၍သွားကြလျှင် ငါ၏စိတ်သည် တိုး၍ပင် ကြည်လင်၏၊ (ထိုကုန်ခန်းမှုကြောင့် ဘယ်နည်းဖြင့်မျှ ဆုတ်နစ်၍ သွားမည်မဟုတ်။ သင်ကား ဤမျှလောက် ထက်သန်သည့် ငါ၏စိတ်ကို မသိ၍သာ “အို သိဒ္ဓတ်မင်းသား.. သင်ကား အသွေးအသား ခေါင်းပါးလျော့တုံ တကိုယ်လုံး ပိန်ကြုံ၍နေချေပြီ” အစရှိသော ဇီဝိတနိကန္တိစကားကို ပြောကြားလာဘိသည်။) စိတ်သာလျှင် ကြည်လင်သည်မဟုတ်သေး၊ ထိုသို့ ဖြစ်သည်ရှိသော် စကြာမင်းတို့၏ ဘဏ္ဍာစိုးနှင့်တူသော သတိတရား, ၀ဇိရစိန်လက်နက် မိုးကြိုးစက်နှင့်တူသော ပညာတရား, မြင်းမိုရ်တောင်နှင့်တူသော သမာဓိတရား ဤတရားစုသည်လည်း မတုန်လှုပ်ပဲ တိုးတက်ကဲ၍ အမြဲပင် တည်လေသည်။

ကိုယ်သွေးကိုယ်သား ကုန်ခန်းငြားလည်း စိတ်ထားမွန်ရည် တိုး၍ကြည်ကာ နေလင့်ပါသော မဟာပုရိသ ယောက်ျားတံခွန် အလောင်းမွန်တို့ အဝှန်သည်းစွာ ခံကြရာသား ဝေဒနာမြတ် အတုလွတ်သို့ ဆိုက်ကပ်ရောက်ကာ နေလင့်ပါသော ငါ၏စိတ်သည်ကား သို့စဉ်ကလောက် ကိုယ်လုံးခြောက်၍ မီးတောက်ကမန်း အလွန်ပန်းသော်လည်း ကြငှန်းဝေရော် တိုင်းပြည်တော်နှင့် ယသော်ရာဟု နန်းသူ့အပေါင်း ရံရွေတော် လေးသောင်း အစရှိသော ဝတ္ထုကာမတို့၌ တချက်မျှပင် မငဲ့ကွက်မိချေ၊ ဟရေမာရ်နတ်.. ပါရမီထူး ဖြည့်ခဲ့ဘူးသား တဦးသတ္တဝါ ယောက်ျားငါ၏ ပမာဖက်ရှုံး နှလုံးအမူ ဖြူစင်ဖြောင့်မတ်ပုံကို အာရုံခွဲခြမ်း သင်ရှုစမ်းလော့။ (ဤစကားရပ်တို့ဖြင့် အလောင်းတော်သည် ကိုယ်တော်၏စိတ်ဓာတ် ခိုင်ခံ့လှသည်ကို ပြဆိုတော်မူလေသည်။)

၂၅၃

မာရ်စစ်သည် ၁၀-ပါး

(၁) ဟယ် မာရ်နတ်.. အိမ်ရာတည်ထောင် လူ့ဘောင်နေသူ ထိုထိုလူတို့ကို သက်ရှိသက်မဲ့ ဝတ္ထုအာရုံ ကာမဂုဏ်ဟူသော = ဝတ္ထုကာမ, ထိုဝတ္ထုကာမ၌ တွယ်တာတပ်မက်သော တဏှာလောဘ တည်းဟူသော = ကိလေသကာမ- ဤကာမတရား နှစ်ပါးတို့က တရားစစ် တရားမှန်ကို မသိနိုင်အောင် တွေဝေမိန်းမောစေကြသည်၊ ထို့ကြောင့် ထိုဝတ္ထုကာမ, ကိလေသကာမ တရားနှစ်ပါးသည် သင်မာရ်နတ်၏ ပဌမတပ်မတော်ကြီးများ ဖြစ်ကြပေ၏။ (ရဟန်းတို့၌ တဏှာဖြင့် သာယာလောက်သော သင်္ကန်း သပိတ် ပရိက္ခရာ တိုက်တာကျောင်းကန် အရာမ်ဥယျာဉ် ခဋင်ညောင်စောင်း အခင်းအရုံ အလုံးစုံသည်လည်း ရဟန်းတို့၏ ကာမဂုဏ်ဝတ္ထုစုပင်တည်း။ ဗုဒ္ဓုပ္ပါဒဒုလ္လဘ, ပဗ္ဗဇိတဒုလ္လဘကို သိကြလျက် ဂိဟိဘောဂ (= လူ၏ အသုံးအဆောင်)တွေကို မစွန့်နိုင်ကြ၍ ထိုဂိဟိဘောဂအလယ်၌ ပုထုဇဉ်အနေနှင့် သေဆုံးကြသော လူစု, ရုက္ခမူလကျောင်း, ပံသုကူလသင်္ကန်း, ပိဏ္ဍိယာလောပဆွမ်း, ပုတိမုတ္တဆေးတို့ကို ရဟန်းခံစဉ်အခါ ကြားဘူးကြပါလျက် ဂဟပတိတို့ လှူဒါန်းသော ကျောင်း သင်္ကန်း ဆွမ်း ဆေးတို့ကို မစွန့်နိုင်ကြ၍ ထိုပစ္စည်းလေးပါးတည်းဟူသော ရဟန်းတို့၏ ကာမဂုဏ်အလယ်၌ ပုထုဇဉ်အနေနှင့် သေဆုံးကြသော ရဟန်းစု- ဤလူရှင် ရဟန်းတို့သည် မာရ်မင်း၏ ကာမဟူသော ပဌမတပ်မတော်ကြီးနှင့် ဆိုင်မိ၍ မလှတမ သေဆုံးကြသော သူတို့ပေတည်း။ ။လယ်တီဆရာတော်၏ ပဓာနသုတ်နိသျမှ။)

(၂) ဂိဟိဘောဂ အဝဝကို လှလှကြီးစွန့်ခွာ ရဟန်းအဖြစ်သို့ ရောက်ပြန်ပါသော်လည်း အချို့သော ရဟန်းတို့မှာ ရဟန်းအဖြစ်၌ မမွေ့လျော်ခြင်း ပရိယတ်မှု ပဋိပတ်မှုတို့၌ မမွေ့လျော်ခြင်း ဆိတ်ငြိမ်ရာ တောကျောင်း

၂၅၄

တောင်ကျောင်းတို့၌ မမွေ့လျော်ခြင်း သမထဝိပဿနာ ဘာ၀နာမှုတို့၌ မမွေ့လျော်ခြင်းဟူသော = အရတိတရား ဥက္ကဏ္ဌိတတရားတို့ ဝင်ရောက်နှောက်ယှက် ဖျက်ဆီးသည်ကို ခံရတတ်၏၊ သို့ရကား ထိုဆိုအပ်ပြီးသည့် အရတိတရား ဥက္ကဏ္ဌိတတရားများသည် သင်မာရ်နတ်၏ ဒုတိယ တပ်မတော်ကြီးများ ဖြစ်ကြပေ၏။ (အချို့သော ရဟန်းတို့မှာ ဤဒုတိယတပ်မတော်ကြီး အတွင်းမှာပင် စင်းစင်းနစ်မြုပ် သေဆုံးကြလေသည်။)

(၃) ထိုဒုတိယတပ်မတော်ကြီးကို ကျော်နင်းနိုင်ပြန်ပါသော်လည်း အချို့သော ရဟန်းတို့မှာ ဓုတင်ပဋိပတ် လွန်ကျဉ်းကြပ်၍ နွားငတ်ရေချ မစားရပဲ မိဿကဘတ် ရတတ်ရာရာ မျှတသောအခါ၌ ဆာလောင်နွမ်းချိ ဖြစ်တုံဘိသော် ဆားထိသောတီရူး တွန့်တွန့်လူးသကဲ့သို့ အထူးစိတ်စက် အကုန်ပျက်၍ ဝိတက်ဗလပူ ရမ္မက်ထူခြင်း တည်းဟူသော = ထိုခုပ္ပိပါသတရား ဖြစ်ပွါးတတ်ပြန်၏။ ထိုခုပ္ပိပါသတရားသည် သင်မာရ်နတ်၏ တတိယ တပ်မတော်ကြီး ဖြစ်ပေ၏။ (အချို့သော ရဟန်းတို့ ဤတတိယတပ်အတွင်း၌ စင်းစင်းနစ်မြုပ် သေဆုံးကြလေသည်။)

(၄) ထိုသို့ ဆာလောင်မွတ်သိပ်ခြင်း အပြင်းနှိပ်စက်လာသောအခါ အချို့သော ရဟန်းတို့မှာ စိတ်အား ကိုယ်အား နှစ်ပါးအင်ယုတ် အကြံဆုတ်လျက် အားထုတ်လက်ရင်း ရဟန်းတရားတည်းဟူသော အမှုခင်းတို့၌ မချဉ်းလိုချင် ပျင်းစိတ်ဝင်၍ မရွှင်မလန်း စိတ်ကုန်ခန်းခြင်း တည်းဟူသော = တန္ဒီတရား ဖြစ်ပွါးလာတတ်၏၊ ထိုတန္ဒီတရားသည် သင်မာရ်နတ်၏ စတုတ္ထ တပ်မတော်ကြီး ဖြစ်ပေ၏။ (အချို့သော ရဟန်းတို့ ဤစတုတ္ထတပ်အတွင်း၌ စင်းစင်းနစ်မြုပ် သေဆုံးကြလေသည်။)

(၅) အလုပ်မတွင် အပျင်းဝင်၍ မရွှင်ညှိုးနွမ်း စိတ်ကုန်ခန်းသော် တသမ်းသမ်း တဝေဝေ မှိုင်တွေငေးမေ့

၂၅၅

ဖြစ်သည့်နေ့မှ စ၍လည်းကောင်း သင်္ခမ်းကျောင်းဝယ် ဘယ်ပြောင်းညာပြန် မှောက်လှန်လူးလဲ တနွှဲနွှဲအိပ်၍နေခြင်း တည်းဟူသော = ထိနမိဒ္ဓတရား ဖြစ်ပွါးလာတတ်၏။ ထိုထိနမိဒ္ဓတရားသည် သင်မာရ်နတ်၏ ပဉ္စမ တပ်မတော်ကြီး ဖြစ်ပေ၏။ (အချို့သော ရဟန်းတို့ ထိုပဉ္စမတပ်အတွင်း စင်းစင်းနစ်မြုပ် သေဆုံးကြလေသည်။)

(၆) အပျင်းစိတ်ဖြင့် အအိပ်များသော် တရားမတက် စိတ်မထက်ပဲ ရမ္မက်နွယ်နွယ် အားအင်ငယ်၍ ဘယ်ဘယ်ညာညာ ထွေလာစုတ်နုပ် အကြံရှုပ်လျက် သစ်ငုတ်ကိုပင် ဆင်ပဲ ကျားပဲ ဘီလူးပဲဟု အသည်းတုန်ဆတ် တဖျပ်ဖျပ်လန့်ခြင်း တည်းဟူသော = ဘီရုတရား ဖြစ်ပွါးလာတတ်၏၊ ထိုဘီရုတရားသည် သင်မာရ်နတ်၏ ဆဋ္ဌမြောက် တပ်မတော်ကြီး ဖြစ်ပေ၏။ (အချို့သော ရဟန်းတို့သည် ထိုဆဋ္ဌတပ်အတွင်း စင်းစင်း နစ်မြုပ် သေဆုံးကြလေသည်။)

(၇) အလေ့အကျင့်ပြု၍ ကြောက်လန့်မှုကင်းကွာ ရဲရင့်စိတ်ဝင်လာပြီး ဘာဝနာအလုပ် ဆက်လက်၍ အားထုတ်ပြန်လျှင်လည်း ဈာန်လမ်း မဂ်လမ်း စခန်းတိမ်မြုပ် ငုပ်ကြီးငုပ်၍ အလုပ်အကြံ အမှန်မုချ လမ်းရိုးကျမှ ကျပါမည်လား, မကျပဲများ ရှိမည်လားဟု စိတ်ထားဒွိဟ နှစ်ခွဖြစ်ခြင်း တည်းဟူသော = ဝိစိကိစ္ဆာတရား ဖြစ်ပွါးလာတတ်ပြန်၏၊ ထိုဝိစိကိစ္ဆာတရားသည် သင်မာရ်နတ်၏ သတ္တမတပ်မတော်ကြီး ဖြစ်ပေ၏။ (အချို့သော ရဟန်းတို့သည် ထိုသတ္တမတပ်အတွင်း စင်းစင်းနစ်မြုပ် သေဆုံးကြလေသည်။)

(၈) ထိုဝိစိကိစ္ဆာတရား ယုံမှားဒွိဟကို ကင်းစင်ပစေလျက် နေ့ညမယုတ် တွင်တွင်ကြီး ဆက်လက်အားထုတ်ရာ ဘာဝနာနိမိတ် အရိပ်အဆင် အထူးမြင်၍ အထင်ကိုပွါး ဖြစ်လတ်ငြားသော် တပါးသူကို လူရာမသွင်း ဂုဏ်သတင်းကို

၂၅၆

နင်းနယ်ခြေဖျက် အသက်သိက္ခာ ထေရ်ဝါကြီးမား သူတို့အားလည်း ညွတ်တွားမပြု မောက်မာမှု တည်းဟူသော = မက္ခ ထမ္ဘ တရားများ ဖြစ်ပွါးလာတတ်ပြန်၏၊ ထိုမက္ခ ထမ္ဘ တရားများသည် သင်မာရ်နတ်၏ အဋ္ဌမ တပ်မတော်ကြီး ဖြစ်ပေ၏။ (အချို့သော ရဟန်းတို့သည် ထိုအဋ္ဌမတပ်တွင်း၌ စင်းစင်းနစ်မြုပ် သေဆုံးကြလေသည်။)

(၉) ထိုမက္ခ ထမ္ဘ တရားတို့ကို ပယ်ရှား၍ တရားအလုပ် ဆက်လက် အားထုတ်ပြန်သောအခါ ထိုထက်လွန်ကြူး နိမိတ်ထူးများ ဖြစ်ပေါ်လာ၍ မော်လောက် မောက်လောက် ခရီးရောက်လာသောအခါ လာဘ်သပ်ပကာများသည်၌ သာယာတက်ကြွခြင်း = တဏှာမာန၊ အရပ်လေးမျက်နှာ ကြော်ငြာနှံ့ပြားသည်၌ သာယာ တက်ကြွခြင်း = တဏှာမာန၊ သူတပါးတို့ မရစဘူး ထူးမြတ်သောလာဘ်ကို ရရာ၌ သာယာတက်ကြွခြင်း = တဏှာမာန၊ လာဘ်များသည်ထက်များအောင် တရားတု တရားယောင်တို့ကိုပြ၍ ပါပိစ္ဆတဏှာနှင့်ယှဉ်လျက် စင်စစ် မှောက်မှောက်မှားမှား ဝါကြွားပလွှားမှုကိုပြုလျက် မတရားသဖြင့် ရအပ်သော အခြံအရံ အကျော်အစော ဂုဏ်သတင်း၌ သာယာတက်ကြွသော တဏှာမာန - ဤတရားများ ဖြစ်ပွါးလာတတ်ပြန်၏၊ ထိုတရားစုသည် သင်မာရ်နတ်၏ နဝမ တပ်မတော်ကြီး ဖြစ်ပေ၏။ (ထိုနဝမတပ်တွင်း၌ အချို့သော ရဟန်းတို့သည် နစ်မြုပ်ကြလေသည်။)

(၁၀) ထိုနဝမအစုပါ တရားတို့၌ တည်ရှိသော အချို့သော ရဟန်းများသည် မိမိကိုယ်ကို ချီးပင့်မြှောက်စားခြင်း = အတ္တုက္ကံသနမှု, သူတပါးတို့ကို အထင်သေး အမြင်သေး နှိပ်ချခြင်း = ပရဝမ္ဘနမှုတို့ကို ပြုကြကုန်၏၊ ထို အတ္တုက္ကံသန, ပရဝမ္ဘန တရားနှစ်ပါးသည် သင်မာရ်နတ်၏ ဒသမတပ်မတော်ကြီး ဖြစ်ပေ၏။

၂၅၇

လူနတ်ဗြဟ္မာ သတ္တဝါကို သံသရာဝဋ် ဒုက္ခညွတ်မှ မလွတ်စေမှု အတင်းပြုသည် ဗိုလ်ထုကြီးလတ် ဟယ်မာရ်နတ်.. ဤကာမ, အရတိ အစရှိသော တရားဆယ်စုသည် သင်မာရ်နတ်၏ စစ်သည်ဗိုလ်ထု ရမက်စုများ ဖြစ်ကြပေ၏၊ နှလုံးအမူ အဖြူမဖက် ထည်လုံးနက်သော ရမ္မက်ကြီးလတ် သင်မာရ်နတ်၏ ရဟန်းရသေ့ ဟူသရွေ့ကို တွေ့တိုင်းပစ်ခတ် အသေသတ်သော သေနတ်မီးပေါက် အမြောက် စိန်ဗုံးတွေလည်း ဖြစ်ပေ၏။ သဒ္ဓါဆန္ဒ ဝီရိယဉာဏ် မထက်သန်သည့် ပုထုဇန်မွဲ သူမရဲများသည် ထိုတပ်ကြီးဆယ်တန် သင်၏ရန်ကို တွန်းလှန်တိုက်ဖျက် အလွတ်ထွက်ခြင်းငှါ မတတ်နိုင်ကြလေ။ သဒ္ဓါဆန္ဒ ဝီရိယဉာဏ် ထက်သန် ကြီးမား အလွန်တရာ စွန့်စားကြသည့် ယောက်ျား အာဇာနည်များသာလျှင် မြက်နွယ်တပင် ထီမထင်ပဲ အလျင်အမြန် တွန်းလှန်တိုက်ဖျက် လွတ်ထွက်ခြင်းငှါ စွမ်းနိုင်ကြပေ၏၊ ယင်းသို့ တွန်းလှန်တိုက်ဖျက် အလွတ်ထွက်နိုင်မှသာ ယုတ်မာသော အသင်မာရ်နတ်၏လူစု ဗိုလ်ထုများပြား ဆယ်တပ်သားတို့၏ ထား (ဓား)ဘေး လှံဘေး လက်နက်ဘေးမှ ကင်းဝေး လွတ်မြောက်ရာ မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ကောင်းစွာပိုင်ပိုင် ရယူနိုင်၏။

ဟယ်မာရ်နတ်.. “သူမြတ်ပြီပြီ အာဇာနည်မှန်လျှင်း ဤသိဒ္ဓတ်မင်းသည်ကား စစ်တလင်းသို့ရောက်က နောက်သို့တလှမ်း မဆုတ်တမ်းဟု ရဲစွမ်းအောင်လံ တံခွန်မှန်သည့် ဖြူဆံမြက်တိတ် ပန်းနိမိတ်ကို ဦးထိပ်ဝယ်စိုက်ထောင် ရဲပန်းကိုဆောင်ခဲ့သည့် ကြက်တောင်ဗိုလ်ကြီးပါတကား”ဟု ငါ့ကိုအသင် မှတ်စေချင်၏။ (စစ်ပွဲဝယ် နောက်မဆုတ်သော စစ်သူရဲတို့သည် မိမိသည် နောက်သို့မဆုတ်နစ်မည့် သူရဲကောင်းဖြစ်ကြောင်းကို သိစေရန် ဦးခေါင်း၌ဖြစ်စေ, တံခွန် (အလံ)၌ဖြစ်စေ, မိမိစွဲကိုင်သော လက်နက်၌ဖြစ်စေ ဖြူဆံမြက်ကို ဖွဲ့ချည်၍ ထားမြဲဖြစ်သည်၊ ထိုသို့သော သူရဲကောင်း

၂၅၈

စစ်ဗိုလ်မျိုးကို ရှေးခေတ်က “ကြက်တောင်ဗိုလ်ကြီး”ဟူ၍ ခေါ်ဆိုလေသည်။) စစ်မြေပွဲဝယ် အကဲမလှ ဆုတ်ပြီးမှလျှင် သင်၏လက်အောက် ငါ တဖန်ကျရောက်ပြီး ဤလောက၌ အသက်ရှင်ကာ ငါနေရပါမူ အရှက်ကွဲ အကျိုးနဲ အကဲစုတ်နုပ် သတင်းပုပ်၍ စက်ဆုပ်ဖွယ်သာ ဖြစ်ချေ၏။ သို့ရကား- “သင်၏တပ်ကို အရှုံးခံမည့်အစား စစ်မြေပြင်မှာပင် ငါသေရခြင်းက မြတ်လှသေး၏။ အရှုံးပေး အရေးမလှပဲ အသက်ရှင်နေရခြင်းကား အလျှင်းပင် မမြတ်ချေ”ဟု စိတ်နေစွဲယူ မြဲခိုင်သူဟူ၍ ငါ့ကိုအသင် မှတ်စေချင်၏။

အကြောင်းသော်ကား- ဤလောကဝယ် ဗလစွမ်းရေ မရှိချေပဲ ကိလေရန်ဆူး စစ်မြေဦး၌ စစ်မှူးကြိယာ သင်္ကန်းဝါနှင့် ပရိက္ခရာအစုံ ဝတ်ရုံဖွဲ့ယှက် ယောင်ထွက် ထွက်ခဲ့ကြသည့် အချို့အချို့သော ရဟန်းပုဏ္ဏားတို့သည် ဆယ်ပါးတပ်စု ဗိုလ်ထုများဖြင် အသင်၏ တပ်ကြီးအတွင်း စင်းစင်းနစ်မြုပ်ကြရကား သီလစသော ဂုဏ်ကျေးဇူးရောင် မလင်းမပြောင်ပဲ အမှောင်အတွင်း ချဉ်းနင်းသက်ဝင်မိသော သူတို့ကဲ့သို့သာ ဖြစ်ကြရကုန်၏။ ထိုသူများသည် သင်မာရ်နတ်၏ တပ်ကြီးဆယ်တန် အဖိအနှိပ် ခံနေကြရသောကြောင့် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာ သူတော်ကောင်းတို့၏ နိဗ္ဗာန်သို့သွားရောက်ကြောင်း ကောင်းမြတ်သော ဗောဇ္ဈင်ခုနစ်ပါး တရားစကြာ ရတနာလမ်းမကြီးကို ဘယ်နည်းနှင့်မျှ မသိနိုင်ကြပဲ ရှိရကုန်၏။ (ထို့ကြောင့် ငါကား အသင်၏ဆယ်တပ်ကို ရွတ်ရွတ်ချွန်ချွန် အောင်တံခွန်ထူစိုက် အနိုင်တိုက်မည့်သူဟူ၍ မှတ်ယူစေချင်၏။)

     ဤသို့ မြတ်စွာဘုရားအလောင်းတော် မြွက်ကြားသည့် ရဲရဲတောက်စကားကို ကြားရသောအခါ မာရ်နတ်သားသည်

၂၅၉

စကားတစုံတရာ ပြန်ဆိုခြင်းငှါ မတတ်သာပဲ ထိုအရပ်မှရှောင်လွှဲ ဖဲခွါခဲ့လေသတည်း။

မေးမြန်းဖွယ်

ဤဒုက္ကရစရိယာအခဏ်း၌ မေးမြန်းဖွယ် ရှိသည်ကား- ဘုရားအလောင်းသည် ဒုက္ကရစရိယာကို မကျင့်လျှင် ဘုရားဖြစ်ခြင်းငှါ မစွမ်းနိုင်သလော။ (ဒုက္ကရစရိယာကျင့်မှသာ ဘုရားဖြစ်နိုင်သလော၊ ဒုက္ကရစရိယာ မကျင့်လျှင် ဘုရားမဖြစ်နိုင်ဘူးလော-ဟု မေးလိုရင်း ဖြစ်သည်။)

ဒုက္ကရစရိယာကို ကျင့်သည်ဖြစ်စေ, မကျင့်သည်ဖြစ်စေ အကြောင်းဖြစ်သော (ပါရမီ စာဂ စရိယတရားတို့ကို အပြည့်အ၀ ဖြည့်ကျင့်ပြီး ဖြစ်သောကြောင့် ဘုရားဖြစ်နိုင်ပါ၏ဟု.. ဖြေ။

ဒုက္ကရစရိယာကို မကျင့်ပဲလည်း ဘုရားဖြစ်နိုင်ပါလျက် အဘယ့်ကြောင့် အပင်ပန်းခံကာ ကျင့်တော်မူပါသနည်းဟူမူ-

နတ်ဗြဟ္မာနှင့် တကွသော သတ္တဝါအပေါင်းအား မိမိ၏ သူမတူတန် ထက်သန်သော လုံ့လဝီရိယကို အထင်အရှား ပြတော်မူလိုသောကြောင့်၎င်း, ယင်း ဝီရိယ ဂုဏ်ကျေးဇူးသည် နောက်တချိန် ဘုရားဖြစ်ပြီးသောအခါ ပြန်လည်စဉ်းစား ဆင်ခြင်တော်မူလတ်လျှင် ကိုယ်တော်မြတ်၏ စိတ်နှလုံးကို ရွှင်ပြုံး ဝမ်းမြောက်စေလိမ့်မည်-ဟု ဆင်ခြင်တော်မူမိသောကြောင့်၎င်း ဒုက္ကရစရိယာကို အပင်ပန်းခံကာ ကျင့်တော်မူလေသည်။ ဥပမာဖြင့် ထင်စွာပြဦးအံ့.. ပြာသာဒ်မဝယ် ထိုင်နေရင်း မည်သူနှင့်မှ စစ်မခင်း စစ်မတိုက်ရပဲ ပဝေဏီ ထုံးတမ်းစဉ်လာအရ မင်းအဖြစ်ကိုရရှိသော မင်းသည် စစ်သည်ဗိုလ်ပါရုံးစု၍ စစ်ပွဲ၌

၂၆၀

နှစ်ကြိမ်သုံးကြိမ်လောက် တိုက်ပွဲဆင်နွှဲကာ ရန်သူကိုနှိပ်နင်း၍ မင်းအဖြစ်ရောက်သော မင်းကဲ့သို့ ဝမ်းအမြောက်ကြီး မမြောက်နိုင်ချေ၊ မှန်၏.. စစ်ပွဲ၌ နှစ်ကြိမ်သုံးကြိမ်လောက် တိုက်ပွဲဆင်နွှဲပြီး အောင်ပွဲခံယူကာ မင်းအဖြစ်သို့ ရောက်သောမင်းအား မင်းစည်းစိမ်ကို ခံစားရင်း ပရိသတ်ကို ကြည့်ရှု၍ မိမိ၏ လုံ့လဝီရိယကို တဖန်ပြန်၍ အောက်မေ့သည်ရှိသော် “ငါသည် ဤမည်သောဌာန၌ ဤမည်သောအမှုကို ပြု၍ ဤမည် ဤမည်သော ရန်သူကို ဤသို့ ထိုးခုတ် ဤသို့ သတ်ပုတ်ပြီးလျှင် ဤယခု မင်းစည်းစိမ်ကို ရအပ်ပေစွာ့တကား..”ဟု စဉ်းစားတိုင်း စဉ်းစားတိုင်း အားကြီးသော ဝမ်းမြောက်ခြင်း ဖြစ်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည်လည်း နတ်ဗြဟ္မာနှင့်တကွသော သတ္တဝါအပေါင်းအား မိမိ၏ သူမတူတန် ထက်သန်သော လုံ့လဝီရိယကို အထင်အရှား ပြတော်မူလိုသောကြောင့်၎င်း, ယင်းဝီရိယဂုဏ်ကျေးဇူးသည် နောက်တချိန် ဘုရားဖြစ်ပြီးသောအခါ ပြန်လည်စဉ်းစား ဆင်ခြင်တော်မူလတ်လျှင် ကိုယ်တော်မြတ်၏ စိတ်နှလုံးကို ရွှင်ပြုံး ဝမ်းမြောက်စေလိမ့်မည်ဟု ဆင်ခြင်တော်မူသောကြောင့်၎င်း ဒုက္ကရစရိယာကို အပင်ပန်းခံကာ ကျင့်တော်မူလေသည်။

တနည်းကား.. နောက်လာမည့် သာဝကအပေါင်းကို နည်းပေးသောအား သနားစောင့်ရှောက်တော်မူလို သောကြောင့်လည်း ဒုက္ကရစရိယာကို ကျင့်တော်မူသည်။ ထင်ရှားစေဦးအံ့.. မြတ်စွာဘုရား၏ ဒုက္ကရစရိယာ ကျင့်တော်မူပုံကို ကြားသိကြရသော နောက်လာမည့် သာဝကအပေါင်းသည် “မြတ်စွာဘုရားပင်သော်မှ လေးအသင်္ချေ ကမ္ဘာတသိန်း ပါရမီတို့ကို ဖြည့်ကျင့်ပြီး၍လည်း ပဓာနအလုပ် ဒုက္ကရစရိယာကို အားထုတ်တော်မူမှ သဗ္ဗညုတ ရွှေ့ဉာဏ်တော်ကို ရတော်မူလေသည်။ ငါတို့မှာကား အဘယ်ဆိုဘွယ် ရှိအံ့နည်း၊ ကမ္မဋ္ဌာန်းလုပ်ကို အားထုတ်နိုင်မှသာ

၂၆၁

မဂ်ဉာဏ်ကို ရချိမ့်မည်”ဟု ဆင်ခြင်ဝေဘန် အမြင်မှန်ကို ရရှိကာ ပဓာနဝီရိယ (= ကမ္မဋ္ဌာန်းအလုပ် အားထုတ်ခြင်း ဝီရိယ)ကို ပြုလုပ်ကောင်းသည်ဟု အောက်မေ့ပေလိမ့်မည်။ ထိုသို့အောက်မေ့၍ ပြုလုပ်သည်ရှိသော် ပဋိသန္ဓေနေခြင်း, အိုခြင်း, သေခြင်း၏အဆုံး (နိဗ္ဗာန်)ရောက်အောင် ပြုနိုင်ကြပေလိမ့်မည်ဟု နောက်လာမည့် သာဝကတို့ကို နည်းပေးသော သနား စောင့်ရှောက်တော်မူလိုသောကြောင့်လည်း ဒုက္ကရစရိယာကို ကျင့်တော်မူသည်။ (မ-ဋ္ဌ ၂၊ စာမျက်နှာ ၁၈၉-မှ။)

ဘုရားအလောင်းတော်တိုင်း ဘုရားအလောင်းတော်တိုင်းပင် နောက်ဆုံး ပစ္ဆိမဘဝ၌ အနည်းဆုံး ခုနစ်ရက်မှသော်လည်း ဒုက္ကရစရိယာကို ကျင့်တော်မူကြမြဲ ဓမ္မတာဖြစ်သကဲ့သို့ ထို့အတူ ငါတို့မြတ်စွာဘုရားသည်လည်း ဒုက္ကရစရိယာကို ကျင့်စွမ်းနိုင်သူလည်း ဖြစ်ပေ၏။ ကျင့်စွမ်းနိုင်သူ ဖြစ်သည့်အတိုင်း ဤကဲ့သို့ ခြောက်နှစ်ကြာအောင်လည်း ကျင့်တော်မူပေ၏။ ထိုသို့ကျင့်သော်လည်း ထိုဒုက္ကရစရိယာကြောင့် ဘုရားဖြစ်သည်မဟုတ်၊ စင်စစ်ကား မဇ္ဈိမပဋိပတ်ကြောင့်သာ ဘုရားဖြစ်တော်မူသည်။ ဤကဲ့သို့ ဗျတိရေကကို အဦးမူသဖြင့် နတ်နှင့်တကွသော လောကအား ထိုဒုက္ကရစရိယာအကျင့်၏ မဂ်ဉာဏ်ကိုရဘို့ရန် လမ်းမဟုတ်သည်ကို ပြလိုသောကြောင့် ဒုက္ကရစရိယာကို ကျင့်တော်မူ၏။

တပါးသော ဘုရားအလောင်းတို့မှာ အနည်းဆုံး ခုနစ်ရက်၊ အများဆုံး တလ စသည်ဖြင့် ဒုက္ကရစရိယာကို ရက်လတိုတောင်းစွာ ကျင့်ကြရပါသော်လည်း ငါတို့ ဘုရားအလောင်းမှာမူ ကဿပမြတ်စွာ လက်ထက်တော်အခါ ဇာတိမာန်ခက်ထန်သော ဇောတိပါလပုဏ္ဏားဖြစ်စဉ် “ဤဦးပြည်း (= ကတုံး)အား အဘယ်မှာ မဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရနိုင်အံ့နည်း၊ ဗောဓိဉာဏ်ဟူသည်

၂၆၂

အလွန်ရခဲသောအရာ ဖြစ်သည်”ဟု ကြမ်းတမ်းစွာ နှုတ်မြွက်ခဲ့သည့် ၀စီကံဝိပါက်ကြောင့် ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်ရသည်။ (မ-ဋီ ၂၊ ၂၁၃-မှ။)

**********

အခဏ်း—၇

ဘုရားဖြစ်တော်မူခဏ်း

အကျင့်ပြောင်း၍ ကျင့်တော်မူခြင်း

     ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ဘုရားအလောင်းတော် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်ကြာ ကျင့်သုံးပြီးသောအခါ မဟာသက္ကရာဇ် ၁၀၃-ခု နှစ်ဦး တန်းခူးလလွန်မြောက် ကဆုန်လဆန်း ၁-ရက်နေ့အချိန်လောက် ရောက်ရှိခဲ့လေပြီ။ ထိုအချိန်၌ အလောင်းတော်၏ စိတ်သန္တာန်ဝယ် အကြံဖြစ်လတ်သည်ကား—

     “ရှေးအတိတ်ကာလက ဖြစ်ခဲ့ကြသော ရဟန်းပုဏ္ဏားတို့သည် အဆင်းရဲအပင်ပန်းခံ၍ ကျင့်ကြံခဲ့ကြရာဝယ် ဤမျှလောက်သာ အလွန်ဆုံး အဆင်းရဲခံ ကျင့်ကြံနိုင်ခဲ့ကြပေမည်၊ ယခု ငါခံစားရသော ဆင်းရဲဒုက္ခထက် ပို၍ကား အဆင်းရဲခံ ကျင့်ကြံနိုင်ကြမည် မဟုတ်ချေ။ နောက် အနာဂတ်ကာလ၌ ဖြစ်ပေါ်ကြမည့် ရဟန်းပုဏ္ဏားတို့လည်း အဆင်းရဲအပင်ပန်းခံ၍ ကျင့်ကြံကြမည့်အရာဝယ် ဤမျှလောက်သာ အလွန်ဆုံး အဆင်းရဲခံ ကျင့်ကြံနိုင်ကြပေလိမ့်မည်၊ ယခု ငါခံစားရသော ဆင်းရဲဒုက္ခထက် ပို၍ကား အဆင်းရဲခံ ကျင့်ကြံနိုင်ကြလိမ့်မည် မဟုတ်ချေ။ ယခု ပစ္စုပ္ပန်ကာလ၌ ဖြစ်ပေါ်ကြသည့် ရဟန်းပုဏ္ဏားတို့လည်း အဆင်းရဲအပင်ပန်းခံ၍ ကျင့်ကြံအားထုတ်ကြရာဝယ် ဤမျှလောက်သာ အလွန်ဆုံး အဆင်းရဲခံ ကျင့်ကြံကြပေမည်၊ ယခု ငါခံစားရသော ဆင်းရဲဒုက္ခထက် ပို၍ကား အဆင်းရဲခံ ကျင့်ကြံကြမည် မဟုတ်ချေ။ (ငါသည် ကာလသုံးပါး၌ ဖြစ်ပေါ်ကြသည့် ရဟန်းပုဏ္ဏားတို့ အဆင်းရဲခံ၍ ကျင့်ကြံကြသလောက် အောက်သို့ကားမယို ပိုလျှင်သာပိုမည်၊ အဆင်းရဲ

၂၆၃

အပင်ပန်းခံကာ ခြောက်နှစ်ကြာမျှ ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့လေပြီ၊) ထိုသို့ကြိုးကုတ် အားထုတ်ပါသော်လည်း ငါသည် ဤဒုက္ကရစရိယာအကျင့်ဖြင့် သဗ္ဗညုတ ရွှေဉာဏ်တော်ကို မရနိုင်ခဲ့ချေ။ ဘုရားမဖြစ်နိုင်ခဲ့ချေ။ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့ရန် ဘုရားဖြစ်ဖို့ရန် အကျင့်လမ်းကြောင်းကား တမျိုးတမည် ဖြစ်စရာရှိပေ၏”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် ဆက်၍တဖန် စဉ်းစားဆင်ခြင်တော်မူပြန်သော် ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီး လယ်ထွန်မင်္ဂလာ ပြုစဉ်အခါ ဇမ္ဗုသပြေပင်ရိပ်၌ ထိုင်နေတော်မူကာ အာနာပါန ပဌမဈာန်ကို ငါဝင်စား ခံစံခဲ့ဘူးလေပြီ၊ ထိုအာနာပါန ပဌမဈာန် လမ်းကြောင်း အကျင့်သည်ပင် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့ရန် ဘုရားဖြစ်ဖို့ရန် လမ်းကြောင်းမှန် အကျင့်မှန် ဧကန်ဖြစ်ပေမည်ဟု သိမြင်တော်မူလတ်ပြီးကာ “ငါသည် ဝတ္ထုကာမ, ကိလေသကာမတို့မဖက် သက်သက် နေက္ခမ္မဖြင့် ရရှိမည့် ထိုအာနာပါနသမာဓိ ဈာန်ချမ်းသာကို အဘယ့်ကြောင့် ကြောက်ရွံ့အံ့နည်း၊ ငါသည် ထိုအာနာပါန သမာဓိဈာန်ချမ်းသာကို မကြောက်ဧကန် စင်စစ်မှန်၏”ဟု ကြံစည် ဆင်ခြင်တော်မူပြန်လေသည်။

     ထိုနောက်တဖန် ဆက်၍ စဉ်းစား ဆင်ခြင်မိပြန်သည်မှာ.. “ငါသည် ဤမျှလောက် ပင်ပန်းနွမ်းနယ်ခြင်းသို့ရောက် ညှိုးခြောက်နေသော ဤကိုယ်ဖြင့် ထိုအာနာပါန သမာဓိဈာန်ကို ရအောင်ကြိုးကုတ် အားထုတ်နိုင်လိမ့်မည် မဟုတ်ချေ၊ ထမင်းမုံ့ကြမ်း အစာရေစာကိုလှမ်း၍ ဤညှိုးနွမ်းသည့်ခန္ဓာကိုယ်ကို တဖန် စိုပျို လန်းဆန်းစေပြီးမှ ထိုအာနာပါန သမာဓိဈာန်ကို ရအောင်ကြိုးကုတ် အားထုတ်ရမူ ကောင်းလေစွာ့”ဟု စဉ်းစားဆင်ခြင်တော်မူမိလေသည်။ ထိုသို့ စဉ်းစား ဆင်ခြင်တော်မူပြီးသောအခါ အလောင်းတော်သူမြတ်သည် မိမိထားရာအရပ်မှ သပိတ်ကို ယူဆောင်တော်မူကာ သေနာနိဂုံး၌ ဆွမ်းခံလှည့်လည်၍ ထမင်းမုံ့ကြမ်း ရသမျှသော အစာအာဟာရဆွမ်းတို့ကို ဘုဉ်းပေးသုံးဆောင်ကာ ညှိုးနွမ်းနေသော ခန္ဓာကို မျှတစေတော်မူလေသည်။

၂၆၄

နှစ်ရက် သုံးရက် အတွင်းမှာပင် အားအင်ဗလ ပြည့်ဖြိုး၍လာပြီးလျှင် ဒုက္ကရစရိယာ ဆင်းရဲစွာကျင့်စဉ်က ပျောက်ကွယ်နေခဲ့သော မဟာပုရိသ လက္ခဏာတော်ကြီးများလည်း နဂိုရ်ပကတိအတိုင်း ထင်ရှားပေါ်လွင်၍ လာလေကုန်သည်။ အလောင်းတော်၏ ရူပကာယကိုယ်တော်သည် ထိုအချိန်၌ ရွှေရောင်အဆင်း ဝါဝင်းစိုပြေ၍ နေလေသည်။

ဤ၌။ ။ဘုရားအလောင်းတော်သည် ဒုက္ကရစရိယာအကျင့်ကို စွန့်လွှတ်၍ သဗ္ဗညုတဉာဏ်ကို ရဖို့ရန် ဘုရားဖြစ်ဖို့ရန် အကျင့်လမ်းကြောင်းမှန်ကို ဆင်ခြင်တော်မူသောအခါ အာဠာရဂိုဏ်းဆရာကြီး ဥဒကဂိုဏ်း ဆရာကြီးတို့နှင့် တွေ့ဆုံစဉ်က ရရှိတော်မူခဲ့သော လောကီသမာပတ် ဈာန်ရှစ်ရပ်တို့မှာ ဝဋ္ဋပါဒက (= ဝဋ်ဆင်းရဲ၏ အခြေခံ)တို့သာ ဖြစ်ကုန်၏၊ ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီး လယ်ထွန်မင်္ဂလာ ပြုစဉ်အခါ ဇမ္ဗုသပြေပင်ရိပ်၌ ရရှိတော်မူခဲ့သော အာနာပါနသမာဓိကား ကာယဂတာသတိ၌ အတွင်းဝင်သောကြောင့်၎င်း, ခပ်သိမ်းသော ဘုရားအလောင်းတို့အတွက် ဝိပဿနာ၏ အခြေပါဒ ဖြစ်သောကြောင့်၎င်း ထိုအာနာပါနသမာဓိကိုသာ သဗ္ဗညုတရွှေဉာဏ်တော်ကို ရဖို့ရန် ဘုရားဖြစ်ဖို့ရန် လမ်းကြောင်းအကျင့်မှန် ဖြစ်၏ဟူ၍ အမှန်အတိုင်း ဆင်ခြင် စဉ်းစားတော်မူသည်ကို အထူးမှတ်သားရာ၏။ ။မူလပဏ္ဏာသဋီကာ ပဌမအုပ် စာမျက်နှာ ၂၁၅-မှ။)

အလုပ်အကျွေး ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့

အလောင်းတော်ကို စွန့်ခွါ၍ သွားကြကြောင်း

     ဘုရားအလောင်းတော်များ ဒုက္ကရစရိယာအကျင့်ကို ကျင့်ပြီး၍ ဘုရားဖြစ်ခါနီးလတ်သော် အလုပ်အကျွေး ရဟန်းတို့ကသော်လည်း တစုံတခုသော အကြောင်းဖြင့် စွန့်ခွါ၍သွားခြင်း, အလောင်းတော်ကသော်မူလည်း အလုပ်အကျွေး ရဟန်းတို့ကို စွန့်ခွါ၍ သွားတော်မူခြင်းသည် ဓမ္မတာကြီးတခု ဖြစ်လေသည်။ သို့ရကား ဘုရားအလောင်းတော်သူမြတ် ထမင်းမုံ့ကြမ်း ရသမျှသော အစာအာဟာရ ဆွမ်းတို့ကို ဘုဉ်းပေးသုံးဆောင်ကာ ခန္ဓာကိုယ်ကို မျှတစေတော်မူသောအခါ ရှေးကပြဆိုခဲ့ပြီးသော အလုပ်အကျွေး ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့သည် “ရဟန်းဂေါတမသည်

၂၆၅

ပစ္စည်းလာဘ်လာဘများရန် ကျင့်ကြံသူ ဖြစ်လေပြီ၊ ကမ္မဋ္ဌာန်းလူထွက်ကြီးဖြစ်ကာ ပစ္စည်းလာဘ်လာဘ များရန်ဘက်သို့ လည် (= လယ်ဆောင့်) သွားလေပြီ”ဟု ပြောဆိုပြီးကြကာ အလောင်းတော်ကို စွန့်ခွါ၍ ဓမ္မတာတရား၏ နှိုးဆော်ချက်အရ ခပ်သိမ်းသော ဘုရားရှင်တို့၏ ဓမ္မစကြာတရားဦးဟောရာ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောသို့ ဖဲသွားကြလေကုန်၏။ (ဘုရားအလောင်းတော်တိုင်းလိုပင် ဘုရားဖြစ်ခါနီး၌ အလုပ်အကျွေးရဟန်းတို့ အလောင်းတော်သူမြတ်ကို စွန့်ခွါ၍ သွားကြရာဝယ် ဘုရားရှင်တိုင်း မစွန့်အပ်သည့် ဓမ္မစကြာတရားဦးဟောမည့် မိဂဒါဝုန်တောအုပ်သို့ သွားကြမြဲဓမ္မတာ ဖြစ်လေသည်။)

     ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့သည် တန်းခူးလကွယ်နေ့လောက်တွင် ဘုရားအလောင်းတော်ကို စွန့်ခွါ၍ မိဂဒါဝုန်တောသို့ ပြောင်းရွှေ့သွားကြလေသည်။ (ထိုအချိန်ကား အလောင်းတော်အတွက်တာ ဒုက္ကရစရိယာအလုပ် အပြီးတိုင်ရောက်သောအချိန် ဖြစ်လေသည်။) ဘုရားအလောင်းတော်သည် ပဉ္စဝဂ္ဂီတို့ ခွဲခွါ၍ သွားကြသောအခါ ကိုယ်တော်တပါးတည်း ဆိတ်ငြိမ်မှုကို အထူးရသောကြောင့် တရားကို အားထုတ်ရာ၌ သမာဓိသည် အထူးတိုးတက် အားရှိလာလေသည်။ ထိုသို့ ကိုယ်တော်မြတ်တပါးတည်း ၁၅-ရက်ခန့် ဝိဝေကကို အထူးရရှိကာ တရားအလုပ် အားထုတ်တော်မူသဖြင့် သမာဓိတိုးတက်၍ ကဆုန်လဆန်း ၁၄-ရက်နေ့ ညဉ့်သန်းခေါင်ကျော် မိုးသောက်ဘက်သို့ ရောက်လတ်သောအခါ အိပ်မက်ကြီးငါးပါးတို့ကို မြင်မက်တော်မူလေသည်။ ထိုအိပ်မက်ကြီး ငါးပါးတို့ကား-

ဘုရားအလောင်း၏ အိပ်မက်ကြီးငါးပါး

     (၁) မြေအပြင်ကို အိပ်ရာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုလျက် အရှေ့သမုဒြာ၌ လက်ဝဲ (= ဗယ်)လက်ကို ထားလျက် အနောက်သမုဒြာ၌ လက်ျာ (= ညာ)လက်ကို ထားလျက် တောင်သမုဒြာ၌ ခြေတော်နှစ်ဖက်ကို ထားလျက်

၂၆၆

အိပ်စက်တော်မူရသည်ဟု မြင်မက်တော်မူသည်။ ထိုသို့ ပဌမအိပ်မက်ကို မြင်မက်တော်မူခြင်းသည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိတော်မူကာ လူသုံးပါး၌ ဘုရားစင်စစ်ဖြစ်ရန် မြင်မက်တော်မူခြင်း ဖြစ်လေသည်။

     (၂) တိရိယာမည်သော မြက်ပင်မျိုးသည် ထမ်းပိုးခန့်ပမာဏရှိသည့် နီမြန်းသော ရိုးတံဖြင့် ချက်တော်မှပေါက်ထွက်၍ ကြည့်စဉ် ကြည့်စဉ် (=ကြည့်နေတုန်း)ပင် တထွာ, တတောင်, တလံ, တတာ, တဂါဝုတ်, ယူဇနာဝက်, တယူဇနာ- ဤသို့စသည်ဖြင့် မြင့်၍ မြင့်၍ တက်သွားပြီးလျှင် ယူဇနာပေါင်း အထောင်များစွာ အဇဋာပြင် မိုးကောင်းကင်ကိုခိုက်လျက် တည်နေသည်ဟု မြင်မက်တော်မူသည်။ ထိုသို့ ဒုတိယအိပ်မက်ကို မြင်မက်တော်မူခြင်းသည် မဇ္ဈိမပဋိပဒါဖြစ်သော အဋ္ဌင်္ဂီကမဂ္ဂင်တရားကို လူနတ်တို့အား ဟောကြားတော်မူနိုင်ရန် မြင်မက်တော်မူခြင်း ဖြစ်လေသည်။

     (၃) ကိုယ်လုံးဖြူလျက် ဦးခေါင်းနက်သော ပိုးလောက်အပေါင်းတို့သည် ခြေသည်းတော်များမှ ပုဆစ်ဒူးခေါင်းတိုင်အောင် တရွရွတက်ရောက် ဖုံးလွှမ်းကြသည်ဟု မြင်မက်တော်မူသည်။ ထိုသို့ တတိယအိပ်မက်ကို မြင်မက်တော်မူခြင်းသည် ဝတ်ဖြူစင်ကြယ် ဝတ်ကြသည့် များစွာသော လူအပေါင်း (ဦးခေါင်းနက်သူ)တို့ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ကာ မဟာသရဏဂုံ ခံယူကြဖို့ရန် မြင်မက်တော်မူခြင်း ဖြစ်လေသည်။

     (၄) ညို, ရွှေ, နီ, ရော် လေးဖော်သော အဆင်းရှိကြသည့် ငှက်လေးမျိုးတို့သည် အရပ်လေးမျက်နှာမှ ပျံလာကြ၍ ခြေတော်ရင်း၌ ဝပ်စင်းမိကြသောအခါ ငှက်လေးမျိုးလုံးပင် ကိုယ်လုံး ဆွတ်ဆွတ်ဖြူကြသည်ဟု မြင်မက်တော်မူသည်။ ထိုသို့ စတုတ္ထအိပ်မက်ကို မြင်မက်တော်မူခြင်းသည် မင်း, ပုဏ္ဏား, သူကြွယ်, ဆင်းရဲသား အမျိုးလေးပါးတို့မှ အမျိုးကောင်းသားတို့သည် မြတ်စွာဘုရား၏ သာသနာတော်သို့ ဝင်ရောက်၍ ရဟန်းပြုကြပြီးလျှင်

၂၆၇

အရဟတ္တဖိုလ်သို့ ရောက်ရှိကြဖို့ရန် မြင်မက်တော်မူခြင်း ဖြစ်လေသည်။

     (၅) ကြီးစွာသော မစင်တောင်ကြီး၏ အထက်၌ ထိုမစင်ဖြင့် မလူးလည်းပဲ လူးလာတုံ့ခေါက် စင်္ကြံလျှောက်ရသည်ဟု မြင်မက်တော်မူသည်။ ထိုသို့ ပဉ္စမအိပ်မက်ကို မြင်မက်တော်မူခြင်းသည် ဘုရားဖြစ်တော်မူသောအခါ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်းလေးပါးတို့ကို များစွာရတော်မူရန်နှင့် ထိုပစ္စည်းလေးပါးတို့ကို တွယ်တာတပ်မက် ငြိကပ်ခြင်းမရှိပဲ သုံးဆောင်တော်မူရန် မြင်မက်တော်မူခြင်း ဖြစ်လေသည်။

မှတ်သားဖွယ်

အိပ်မက်မက်ခြင်းအကြောင်းလေးပါး

အိပ်မက်မြင်မက်သောသူသည် (၁) ဓာတ်ချောက်ချားခြင်းကြောင့်ဖြစ်စေ (၂) ရှေးကလေ့ကျက် ခံစားဘူးသောကြောင့်ဖြစ်စေ (၃) နတ်များ လှည့်စားသောကြောင့်ဖြစ်စေ (၄) ပုဗ္ဗနိမိတ်ကြောင့်ဖြစ်စေ ဤအကြောင်းလေးပါးတို့ကြောင့် မြင်မက်တတ်၏။

ထိုတွင် (၁) သည်းခြေအစရှိသော ဓာတ်များ ချောက်ချားသောကြောင့် အိပ်မက်မြင်မက်ရာ၌ တောင်ပေါ်မှ လိမ့်ကျသယောင်ယောင်, ကောင်းကင်ခရီးဖြင့် အသည်းတထိတ်ထိတ် သွားရသယောင်ယောင်, ဆင်ကြမ်း, မြင်းကြမ်း, ခြင်္သေ့, သစ်, ကျား–စသော သားရဲများ လူဆိုးသူဆိုး စသည်တို့က မိမိနောက်သို့ တကောက်ကောက် လိုက်နေသယောင်ယောင် ကြောက်မက်ဖွယ်သော အိပ်မက်ကို မြင်မက်တတ်၏။

(၂) ရှေးက လေ့ကျက် ခံစားဘူးသောကြောင့် အိပ်မက်မြင်မက်ရာ၌ မိမိ ရှေးက မြင်ဘူး ကြားဘူး

၂၆၈

သုံးဆောင်ဘူးသော အာရုံများကို မြင်ရ ကြားရ သုံးဆောင်ရသယောင်ယောင် မြင်မက်တတ်၏။

(၃) နတ်များ လှည့်စားသောကြောင့် အိပ်မက် မြင်မက်သေးသောသူအား နတ်များက အကျိုးလိုလား၍ ဖြစ်စေ, အကျိုးမဲ့ကို လိုလား၍ဖြစ်စေ, အကျိုးရရန်, အကျိုးမဲ့ရရန် အာရုံအမျိုးမျိုးတို့ကို ကပ်၍ ဆောင်တတ် ပြတတ်ကုန်၏၊ ထိုသူသည် နတ်တို့၏ အာနုဘော်ကြောင့် ထိုအာရုံအမျိုးမျိုးကို မြင်မက်တတ်၏။

(၄) ပုဗ္ဗနိမိတ်ကြောင့် အိပ်မက် မြင်မက်သောသူသည် ကောင်းမှု, မကောင်းမှု (= ကုသိုလ်ကံ, အကုသိုလ်ကံ)အစွမ်းနှင့် ကောင်းကျိုး, မကောင်းကျိုး ရဖို့ရန် ရှေ့ပြေး ပုဗ္ဗနိမိတ်ဖြစ်သော အိပ်မက်ကို မြင်မက်တတ်၏။ မဟာမာယာဒေဝီ သားရဖို့ရန် အိပ်မက် မြင်မက်သကဲ့သို့၎င်း, ကောသလမင်းကြီး အိပ်မက်ကြီး တဆယ့်ခြောက်ချက်ကို မြင်မက်သကဲ့သို၎င်း, ယခု ဘုရားအလောင်းတော် အိပ်မက်ကြီးငါးပါးကို မြင်မက်သကဲ့သို့၎င်း ကောင်းကျိုး, မကောင်းကျိုး ဖြစ်ပေါ်ရန် မြင်မက်သော အိပ်မက်မျိုးဖြစ်သည်။

အရဆောင်။ ။ဓာတ်မငြိမ်သက်၊ လေ့ကျက်ရှေးခါ၊ ဒေဝါနတ်များ၊ လှည့်စား ပုဗ္ဗ-၊ နိမိတ္တလျှင်၊ အိပ်မက်မြင်၊ လေးအင်အကြောင်းတည်း။

ထိုအိပ်မက်လေးမျိုးတို့တွင်- (၁) ဓာတ်ချောက်ချားခြင်းကြောင့် မြင်မက်သော အိပ်မက်သည်၎င်း (၂) ရှေးက လေ့ကျက် ခံစားဘူးသောကြောင့် မြင်မက်သော အိပ်မက်သည်၎င်း မက်သည့်အတိုင်း မမှန်တတ်၊ (၃) နတ်များ လှည့်စားသောကြောင့် မြင်မက်သော အိပ်မက်ကား မှန်လည်း မှန်တတ်၏၊ လွဲလည်း လွဲတတ်၏။ မှန်၏.. နတ်များ အမျက်ထွက်လတ်သော် ဥပယ်တမျဉ်ဖြင့် ပျက်စီးဖို့ရန် အလွဲလွဲအမှားမှား အိပ်မက်ကို ပြတတ်ကုန်၏။

၂၆၉

နတ်များ အမျက်ထွက်၍ အိပ်မက်အလွဲလွဲပြသောဝတ္ထု

သီဟိုဠ်ကျွန်း ရောဟနအရပ် နာဂကျောင်းတိုက်ကြီး၌ သံဃမထေရ်ကြီးသည် ရဟန်းသံဃာကို မပန်ကြားပဲ ကံ့ကော်ပင်ကြီးတပင်ကို ခုတ်လှည်းစေလေသည်။ ထိုကံကော်ပင်၌ နေထိုင်သော ရုက္ခစိုးနတ်သည် ပဌမပိုင်း၌ ထိုမထေရ်ကြီးကို မှန်ကန်သော အိပ်မက်ကိုပေး၍ ယုံလောက်အောင် ဖြားယောင်းပြီး ယုံလောက်သည့် နောက်တချိန်၌ “ဤနေ့မှနောက် ခုနစ်ရက်မြောက်၌ အရှင်ဘုရား၏ဒါယကာ ပြည့်ရှင်မင်းကြီးသည် နတ်ရွာစံလိမ့်မည်”ဟု အိပ်မက်၌ ပြောကြားလေသည်။ မထေရ်ကြီးသည် ထိုစကားကို ယုံကြည်ကိုးစား၍ နန်းတွင်းသူ မောင်းမမိဿံတို့အား ပြောကြားလေသည်။ နန်းတွင်းသူများသည် တပြိုင်နက်တည်း သည်းစွာ ငိုကြွေးကြလေသည်။ မင်းကြီးက အကြောင်းကို မေးသောအခါ မထေရ်ကြီးက ဤသို့ ပြောဆို ကြောင်း ပြန်ကြား လျှောက်ထားကြလေ၏။ မင်းကြီးသည် ရက်တို့ကို ရေတွက်၍ ခုနစ်ရက်လွန်မြောက်သောအခါ (မိမိ နတ်ရွာမစံသဖြင့် အလွဲလွဲ အမှားမှား ထိတ်လန့်အောင် ပြောကြားရကောင်းလားဟု) မထေရ်ကြီး၏ လက်ခြေတို့ကို ဖြတ်စေခဲ့လေသည်။ (ဤဝတ္ထုကား သာရတ္ထဒီပနီဋီကာ ဒုတိယအုပ် စာမျက်နှာ ၃၁၂-၌ လာသည်။) (၄) ပုဗ္ဗနိမိတ်ကြောင့် မြင်မက်သော အိပ်မက်ကား ဧကန်မှန်သည်သာတည်း။

ထိုအိပ်မက်လေးမျိုးကို ဝိပလ္လာသတရား မပယ်ရှားရသေးသောကြောင့် ပုထုဇဉ် သောတာပန် သကဒဂါမ် အနာဂါမ် ပုဂ္ဂိုလ်တို့သာ မြင်မက်ကြ၏။ ရဟန္တာများကား ဝိပလ္လာသတရား ပယ်ရှားပြီး ဖြစ်သောကြောင့် မမြင်မက်ကုန်။ ။အချိန်အလိုအားဖြင့် နေ့အခါ၌ မြင်မက်သော အိပ်မက်, ညဦးယံ သန်းခေါင်ယံ မိုးသောက်ယံတို့၌ မြင်မက်သော အိပ်မက်တို့သည် အဟောနှင့် မညီတတ်ကြကုန်၊

၂၇၀

မိုးသောက်အားကြီး လင်းခါနီးဝယ် စားသောက်လျက်အပ်သော အစာအာဟာရများ ကြေကျက်၍ ကိုယ်၌ ဩဇာတည်သောအခါ အရုဏ်တက်ချိန်၌ မြင်မက်သော အိပ်မက်သည် အဟောနှင့် ညီတတ်၏၊ ဣဋ္ဌနိမိတ် အိပ်မက်ကို မြင်မက်လျှင် ကောင်းကျိုးရတတ်၏၊ အနိဋ္ဌနိမိတ် အိပ်မက်ကို မြင်မက်လျှင် မကောင်းကျိုး ရတတ်၏။ ။ဤမှတ်ဖွယ်များကို အင်္ဂုတ္တိုရ်အဋ္ဌကထာ တတိယအုပ် ပဉ္စကနိပါတ်အဖွင့် စတုတ္ထပဏ္ဏာသက၊ ၅-ဗြာဟ္မဏ၀ဂ်၊ ၆-မဟာသုပိနသုတ်အဖွင့် စာမျက်နှာ ၇၁-၇၂-တို့မှ ထုတ်နုတ် ဖော်ပြပါသည်။

     ရှေးဖော်ပြရာပါ အိပ်မက်ကြီး ငါးမျိုးတို့ကို လောကီလူများလည်း မမြင်မက်၊ မင်းများလည်း မမြင်မက်ကြ၊ စကြာမင်းများလည်း မမြင်မက်ကြ၊ အဂ္ဂသာဝကတို့လည်း မမြင်မက်ကြ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့လည်း မမြင်မက်ကြ၊ သဗ္ဗညု မြတ်စွာဘုရားတို့လည်း မြင်မက်တော်မမူကြ၊ သဗ္ဗညုမြတ်စွာဘုရား အလောင်းတော် ပုဂ္ဂိုလ်တမျိုးသာလျှင် မြင်မက်၏၊ ငါတို့၏ ဘုရားအလောင်းတော်သည် ထိုအိပ်မက်ကြီး ငါးမျိုးတို့ကို မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လဆန်း ၁၄-ရက်နေ့ ညဉ့်သန်းခေါင်ယံ လွန်မြောက်၍ မိုးသောက်ခါနီး လင်းအားကြီးအချိန်တွင် မြင်မက်တော်မူလေသည်။

အိပ်မက်ကြီးများကို ကိုယ်တော်တိုင် နိမိတ်ဖတ်ခြင်း

     ဘုရားအလောင်းတော်သည် ဤအိပ်မက်ကြီး ငါးပါးတို့ကို မြင်မက်တော်မူပြီးလျှင် လျောင်းစက်ရာမှ ထတော်မူကာ တင်ပလ္လင်ခွေ ထိုင်နေတော်မူပြီးသော် “ငါသည် ကပိလဝတ် နေပြည်တော်၌ နေစဉ်ကာလ ဤအိပ်မက်ကြီး ငါးပါးတို့ကို မြင်မက်ရပါမူ ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးအား ပြောကြားရလေရဲ့၊ ငါ့မယ်တော် အသက်ထင်ရှား အရှင်သား ရှိနေလျှင်လည်း မယ်တော်အား ပြောကြားရလေရဲ့၊ ဤယခု ဥရုဝေလတောအုပ်ကြီး၌ကား

၂၇၁

ဤအိပ်မက်ကြီးများကို လက်ခံနားထောင်ကာ နိမိတ်ဖတ်ပေးမည့်သူ တလူမျှမရှိချေ၊ ငါသည်ပင်လျှင် ငါ့အိပ်မက်ကြီးများကို လက်ခံနာယူကာ နိမိတ်ဖတ်တော့အံ့”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် “ဤပဌမအိပ်မက်သည် ဤမည်သောအကျိုးကို ရဖို့ရန် ပုဗ္ဗနိမိတ်ဖြစ်၏၊ ဤဒုတိယအိပ်မက်သည် ဤမည်သောအကျိုးကို ရဖို့ရန် ပုဗ္ဗနိမိတ်ဖြစ်၏”ဟု ရှေး၌ ပြဆိုအပ်ခဲ့သည့်အတိုင်း ကိုယ်တော်တိုင်ပင် အိပ်မက်ကြီးငါးပါးတို့ကို နိမိတ်ဖတ်တော်မူလေသည်။

သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူခြင်း

     ဤသို့လျှင် ဘုရားအလောင်းတော်သည် ဤအိပ်မက်ကြီးငါးပါးတို့ကို မြင်မက်တော်မူပြီးလျှင် ကိုယ်တော်တိုင်ပင် အိပ်မက်ကြီးတို့၏ နိမိတ်ကို ဖတ်တော်မူ၍ “ငါသည် ယနေ့ပင် မချွတ်ဧကန် ဘုရားဖြစ်လိမ့်မည် မှန်၏”ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူပြီးကာ ထိုညဉ့်လွန်မြောက် မိုးလင်း (လပြည့်နေ့ နံနက်ပိုင်း)သို့ ရောက်လတ်သော် ကိုယ်လက်သုတ်သင် စင်ကြယ်စေ၍ ထိုအရပ်မှ ထွက်ခဲ့ပြီးလျှင် သုဇာတာသူဌေးသမီး နှစ်စဉ်နှစ်စဉ် အပူဇော် အပသရောက်သော ညောင်ပင်ရင်း၌ ဆွမ်းခံရန် အချိန်ကို ငံ့လင့်တော်မူကာ ကိုယ်တော်၏အရောင်ဖြင့် ညောင်ပင်တပင်လုံး ထွန်းလင်း တောက်ပစေလျက် အရှေ့အရပ်သို့ မျက်နှာမူ ထိုင်နေတော်မူလေ၏။

     ထိုစဉ်အခါ ဥရုဝေလအရပ် သေနာနိဂုံး၌ သေနာနီမည်သော သူဌေးကြီး၏သမီး သုဇာတာသည် အရွယ်သို့ ရောက်လတ်သော် ထိုညောင်ပင်ရင်း၌ ဆုတောင်းမှု ပြုခဲ့သည်ကား- “အရှင်ညောင်စောင့်နတ်မင်း.. အကျွန်ုပ်သည် အမျိုးဇာတ်တူ သူဌေးအိမ်သို့ ရောက်ရှိ၍ ပဌမအကြိမ် ကိုယ်ဝန်ရှိလတ်သော် သားကို ရရှိငြားအံ့၊ အရှင်နတ်မင်းကို နို့ဃနာဖြင့် ပူဇော်မှုကို ပြုပါအံ့”ဟူ၍ ဖြစ်သည်။ သုဇာတာ၏ ထိုဆုတောင်းချက်ကား တောင်းတိုင်းပင် ပြည့်စုံခဲ့လေပြီ။ ထို့ကြောင့် ထိုသုဇာတာ သူဌေးသမီးသည်

၂၇၂

နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ထိုညောင်စောင့်နတ်မင်းအား နို့ဃနာဆွမ်းဖြင့် ပူဇော်ပသမှု ဝတ်ပြုခဲ့လေသည်။

(သတိချပ်ရန်။ ။သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူခဏ်းအကြောင်းကို ဖတ်ရှုလျှင် သတိမပြု မဆင်ခြင်က များသောအားဖြင့် “သုဇာတာသည် မြတ်စွာဘုရားအလောင်း ဘုရားဖြစ်တော်မူမည့် ထိုကဆုန်လပြည့်နေ့မှာ အစဆုံးအကြိမ် ဆုတောင်းပြည့်၍ ညောင်စောင့်နတ်အား ဃနာနို့ဆွမ်းဖြင့် ပသပူဇော်သည်”ဟု မှတ်ယူမိတတ်လေသည်။ အမှန်မှာ ထိုနှစ် ထိုအကြိမ်မှ ရှေးလွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ခန့်လောက် ကပင် ဆုတောင်းပြည့်၍ ညောင်စောင့်နတ်အား ဃနာနို့ဆွမ်းဖြင့် ပူဇော်ပသခဲ့ခြင်း ဖြစ်သည်။ အကြောင်းသော်ကား ထိုသုဇာတာ၏သားကား ယသသူဌေးသားတည်း၊ ယသသူဌေးသားသည် မြတ်စွာဘုရား ဘုရားဖြစ်မည့် ထိုနှစ်အချိန်မှာ အိမ်ထောင်ကျ၍ သူဌေးစည်းစိမ်ကိုပင် ခံစားလျက် ရှိနေပေပြီ။ ထိုအကြောင်းကို ထောက်ဆသဖြင့် သုဇာတာ သူဌေးသမီးသည် သားဆုတောင်း ပြည့်ဝခဲ့သဖြင့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က အစပြု၍ ထိုညောင်စောင့်နတ်မင်းအား နှစ်စဉ် နှစ်စဉ် ကဆုန်လပြည့်နေ့၌ နို့ဃနာဆွမ်းဖြင့် ပူဇော်ပသမှု ပြုခဲ့သည်ဟု မှတ်ယူရာ၏။)

     ထိုသုဇာတာ သူဌေးကတော်သည် ဘုရားအလောင်းတော်သူမြတ် ဒုက္ကရစရိယာကျင့်၍ ခြောက်နှစ်ပြည့်မြောက် ကဆုန်လပြည့်နေ့သို့ ရောက်လတ်သော် ညောင်စောင့်နတ်အား ပူဇော်မှုပြုလိုသည် ဖြစ်ရကား- (၁) ရှေးဦးစွာကပင် နို့စားနွားမ တထောင်ကို နွယ်ချိုတော၌ ကျောင်းစေ၍ ထိုနွားမတထောင်တို့မှထွက်သော နို့ရည်ကို အခြားနို့စားနွားမ ငါးရာတို့အား တိုက်ကျွေးစေသည်၊ (၂) ထိုနို့စားနွားမ ငါးရာတို့မှထွက်သော နို့ရည်ကို အခြားနို့စားနွားမ နှစ်ရာ့ငါးဆယ်တို့အား တိုက်ကျွေးစေသည်။ (၃) ထိုနို့စားနွားမ နှစ်ရာ့ငါးဆယ်တို့မှထွက်သော နို့ရည်ကို အခြားနို့စားနွားမ တရာ့နှစ်ဆယ့် ငါးကောင်တို့အား တိုက်ကျွေးစေသည်၊ (၄) ထိုနို့စားနွားမ တရာ့နှစ်ဆယ့်ငါးကောင်မှထွက်သော နို့ရည်ကို အခြားနို့စားနွားမ

၂၇၃

ခြောက်ဆယ့် လေးကောင်တို့အား တိုက်ကျွေးစေသည်၊ (၅) ထိုနို့စားနွားမ ခြောက်ဆယ့်လေးကောင်တို့မှ ယိုထွက်သော နို့ရည်ကို အခြားနို့စားနွားမ သုံးဆယ့်နှစ်ကောင်တို့အား တိုက်ကျွေးစေသည်။ (၆) ထိုနို့စားနွားမ သုံးဆယ့်နှစ်ကောင်တို့မှ ယိုထွက်သော နို့ရည်ကို အခြားနို့စားနွားမ တဆယ့်ခြောက်ကောင်တို့အား တိုက်ကျွေးစေသည်။ (၇) ထိုနို့စားနွားမ တဆယ့်ခြောက်ကောင်တို့မှ ယိုထွက်သော နို့ရည်ကို အခြားနို့စားနွားမ ရှစ်ကောင်တို့အား တိုက်ကျွေးစေသည်။ ဤသို့လျှင် သုဇာတာ သူဌေးကတော်သည် နွားနို့၏ အရည်ပျစ်ရန် ချိုမြိန်သော အရသာရှိရန် ဩဇာရှိရန် ရည်သန်၍ နွားနို့ဆင့်ကဲ လဲလှယ်မှုကို ပြုလုပ်လေသည်။ (ဤကား ဇာတ်အဋ္ဌကထာ၌လာသော စကားရပ်တည်း။)

     ဇိနာလင်္ကာရဋီက အလိုအားဖြင့်.. သုဇာတာ သူဌေးကတော်သည် ပဌမ နို့စားနွားမတရာကို နွယ်ချိုတော၌ ကျောင်းစေသည်၊ ထိုပဌမ နို့စားနွားမတရာမှ မွေးဖွားသော နို့စားနွားမ တရာတို့ကို ထို့အတူ နွယ်ချိုတော၌ ကျောင်းစေသည်။ ထိုဒုတိယ နို့စားနွားမတရာမှ မွေးဖွားသော နို့စားနွားမတရာတို့ကို ထို့အတူ နွယ်ချိုတော၌ ကျောင်းစေပြန်သည်။ ထိုတတိယ နို့စားနွားမတရာမှ မွေးဖွားသော နို့စားနွားမ တရာတို့ကို ထို့အတူ နွယ်ချိုတော၌ ကျောင်းစေပြန်သည်၊ ထိုစတုတ္ထ နို့စားနွားမတရာတို့မှ မွေးဖွားသော နို့စားနွားမတရာတို့ကို ထို့အတူ နွယ်ချိုတော၌ ကျောင်းစေပြန်သည်။ ထိုပဉ္စမ နို့စားနွားမတရာတို့မှ မွေးဖွားသော နို့စားနွားမ တရာတို့ကို ထို့အတူ နွယ်ချိုတော၌ ကျောင်းစေပြန်သည်။ ထိုဆဋ္ဌ နို့စားနွားမတရာတို့မှ မွေးဖွားသော နို့စားနွားမ တရာတို့ကို ထို့အတူ နွယ်ချိုတော၌ ကျောင်းစေပြန်သည်၊ ဤနည်းဖြင့် ခုနစ်ဆက် မြောက်ဖြစ်သော နို့စားနွားမတရာတို့မှ နို့ရည်ကို ညှစ်ယူ၍ ဃနာနို့ဆွမ်းချက်ရန် စီမံလေသည်။

     သုဇာတာ သူဌေးကတော်သည် ကဆုန်လပြည့်နေ့၌ “စောစောပင်လျှင် ဗလိနို့ဃနာပူဇော်မှု ပြုပေအံ့”ဟု ကြံစည်ကာ

၂၇၄

ထိုလပြည့်နေ့နံနက် စောစောထ၍ ဖော်ပြရာပါ နွားမရှစ်ကောင်တို့မှ နွားနို့ကို ညှစ်စေသောအခါ သားငယ်ဖြစ်သော နွားကလေးများသည် (ကြိုးဖြင့် မချည် မတုတ် မနှောင်ရပဲ) အမိနို့စားနွားမ၏ နို့တိုင်ရင်းသို့ မကပ်ရောက်ကြကုန်၊ အထူးအားဖြင့် နွားနို့ခံခွက်များကို နို့တိုင်အနီးသို့ ထည့်သွင်း ခံယူလိုက်လျှင်ပင် မညှစ်ရတော့ပဲ သူ့အလိုလို ဓမ္မတာအားဖြင့် နို့ရည်အယဉ် သွင်သွင်စီး၍ ကျလာလေတော့သည်။ ထိုသို့သော အံ့ဘွယ်ကို မြင်ရကား သုဇာတာ သူဌေးကတော်သည် ရှေးနှစ်များနှင့်မတူ မိမိလက်ဖြင့်ပင် အလိုလိုယိုထွက်သော နို့ရည်များကို သယ်ယူကာ အိုးသစ်၌ ထည့်ပြီးလျှင် မိမိလက်ဖြင့်ပင် မီးကိုမွေး၍ နို့ဃနာကျိုချက်ရန် အားထုတ်လေတော့သည်။

နတ်ဗြဟ္မာတို့ ကူညီကြခြင်း

     ထိုနို့ဃနာကို ချက်အပ်သည်ရှိသော်.. (၁) ကြီးစွာ ကြီးစွာသော အမြှုပ်ကြီးများထ၍ လက်ျာရစ်လည်၍သာ နေကုန်၏။ တပေါက်လောက်မျှလည်း အပြင်သို့ မကျရောက်ပေ၊ (၂) ခုံလောက်အထက် အနည်းငယ်မျှပင် မီးခိုးမတက်ပေ၊ (၃) ထိုအခါ လောကပါလ နတ်မင်းကြီးလေးပါးတို့ လာရောက်၍ ခုံလောက်၌ အစောင့်အရှောက်ကို ယူကြကုန်၏။ (၄) မဟာဗြဟ္မာမင်းသည် နို့ဃနာအိုးကို ထီးမိုး၍ပေးပေ၏။ (၅) သိကြားမင်းသည် ထင်းစ မီးစများကို ညီအောင်ညှိလျက် မီးကို တောက်စေလေသည်။ (၆) နတ်တို့သည် ကျွန်းငယ်နှစ်ထောင် အရံရှိသော လေးကျွန်းတို့၌ နတ်များ လူများ သုံးစွဲကောင်းသည့် ဩဇာကို မိမိတို့၏ နတ်တန်ခိုးဖြင့် အတံ၌ဖွဲ့အပ်သော ပျားလဘို့ကို ညှစ်၍ ပျားရည်ကို ယူကြသည့်အလား စုရုံးဆောင်ယူကြ၍ ထိုနို့ဃနာအိုး၌ ထည့်သွင်းကြလေသည်။

     အထူး မှတ်ဖွယ်ကား- တပါးသော အခါတို့၌ နတ်တို့သည် မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးရန် အလုပ်အလွေ့ ပြုသောအခါမှ

၂၇၅

ဆွမ်းလုပ်တိုင်း ဆွမ်းလုပ်တိုင်း၌ ဆိုအပ်ပြီးသည့် လူများ နတ်များ သုံးစားကောင်းသည့် ဩဇာကို ထည့်ကြလေသည်၊ ဘုရားဖြစ်တော်မူမည့်နေ့ ပရိနိဗ္ဗာန် စံတော်မူမည့်နေ့ ဤနှစ်နေ့၌ကား အိုးထဲ၌ပင် ဆိုအပ်ပြီးသည့် ဩဇာကို ထည့်သွင်းကြလေသည်။

     သုဇာတာ သူဌေးကတော်သည် တနေ့တည်း၌ပင် ထိုနို့ဃနာ ကျိုချက်ရာဌာန၌ ဖော်ပြရာပါ များစွာသော အံ့ဘွယ်ရာတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ရ၍ ပုဏ္ဏာမည်သော ကျွန်မ (= အိမ်စေမ)ကို ခေါ်ပြီးလျှင် “အမိပုဏ္ဏာ.. ယနေ့ ငါတို့၏ ညောင်စောင့်နတ်မင်းသည် အလွန်လျှင် စိတ်ကြည်ပုံရပေသည်၊ ငါသည် ဤမျှ အနှစ်နှစ်ဆယ်ကျော် ကာလအတွင်း၌ ဤသို့သဘောရှိသော အံ့ဘွယ်မျိုးကို မမြင်စဘူး၊ လျင်မြန်စွာ သွား၍ နတ်မင်း၏နေရာ ညောင်ပင်ကို ရှင်းလင်းသုတ်သင်ပါချေ”ဟု စေခိုင်း ပြောဆိုလေ၏။ ပုဏ္ဏာမည်သော ကျွန်မသည်လည်း “ကောင်းပါပြီ အရှင်မ”ဟု ဝန်ခံကာ လျင်မြန်စွာ ညောင်ပင်အနီးသို့ သွားရောက်လတ်သော် ညောင်ပင်ရင်း၌ အရှေ့မျက်နှာလောကဓာတ်ကို ကြည့်ရှုကာ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို၎င်း, ထိုဘုရားအလောင်းတော်၏ ကိုယ်မှထွက်သော အရောင်တို့ဖြင့် ညောင်ပင်တပင်လုံး ရွှေရောင်အဆင်း ဝါဝင်း၍နေသည်ကို၎င်း တွေ့မြင်ရ၍ “ယနေ့ ငါတို့၏ ညောင်စောင့်နတ်မင်းသည် ညောင်ပင်မှ ဆင်းသက်၍ မိမိလက်ဖြင့်ပင်လျှင် ပူဇော်သက္ကာ ဗလိနတ်စာကို ခံယူရန် ထိုင်နေသည်ထင်၏”ဟု ကြံစည်ပြီးလျှင် ထိတ်လန့်တုန်လှုပ်ကာ လျင်မြန်စွာ အိမ်သို့ပြန်ခဲ့၍ သုဇာတာ သူဌေးကတော်အား ထိုအကြောင်းကို ပြောကြားလေ၏။

     သုဇာတာ သူဌေးကတော်သည် ထိုကျွန်မ၏စကားကို ကြားရလျှင် အလွန် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ “သင်သည် ယနေ့မှစ၍ ငါ၏ သမီးအကြီးအရာ၌ တည်လေလော့”ဟု ပြောဆိုကာ သမီးအား လျောက်ပတ်သော အလုံးစုံသော အဆင်တန်းဆာတို့ကို ပေးလေ၏။

၂၇၆

     ဘုရားအလောင်းတော်သူမြတ်တို့မှာ ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်း ဘုဉ်းပေး သုံးဆောင်တော်မူရခြင်းသည် ဓမ္မတာတပါး အပါအဝင် ဖြစ်ပေသည်၊ ထိုသို့ ဘုရားဖြစ်မည့်နေ့၌ အဖိုးတသိန်းတန် ရွှေခွက်ကို ရဖို့ရန် သင့်ရကား သုဇာတာ သူဌေးကတော်သည် “ရွှေခွက်၌ နို့ဃနာကို ထည့်အံ့”ဟူသော စိတ်အကြံကို ဖြစ်စေ၍ အဖိုးတသိန်းတန် ရွှေခွက်ကို တိုက်ခန်းမှ ထုတ်စေပြီးလျှင် ထိုရွှေခွက်၌ နို့ဃနာဆွမ်းကို လောင်းထည့်လိုသည်ဖြစ်၍ ကျက်ပြီးသော နို့ဃနာအိုးကို စောင်းငဲ့ လောင်းထည့်လိုက်လျှင်ပင် အလုံးစုံသော နို့ဃနာသည် ပဒုမာကြာရွက်မှ လျှောကျသော ရေပေါက်ကဲ့သို့ တစက်မျှမကျန် ရွှေခွက်၌ တည်လာလေ၏၊ အလုံးစုံသော နို့ဃနာဆွမ်းသည် ရွှေခွက်တခွက်ပြည့်ရုံသာ ရှိ၏၊ အပိုအလိုဟူ၍ မရှိ။

     သုဇာတာ သူဌေးကတော်သည် နို့ဃနာအပြည့် ထည့်ပြီးသော ထိုရွှေခွက်ကို အခြားရွှေခွက်တခွက်ဖြင့် ဖုံးအုပ်၍ ဖြူစင်စွာသော အဝတ်ဖြင့် ရစ်ပတ်ဖွဲ့နှောင်ပြီးလျှင် အလုံးစုံသော တန်းဆာတို့ဖြင့် မိမိကိုယ်ကိုတန်းဆာဆင်ယင်လျက် ထိုရွှေခွက်ကို ကိုယ်တိုင်ရွက်ချီကာ ကြီးကျယ်စွာသော အဆောင်အယောင် အခမ်းအနားဖြင့် ညောင်ပင်အနီးသို့ သွားလေသော် အလောင်းတော်သူမြတ်ကို မြင်ရလျှင် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကာ ညောင်စောင့်နတ်မင်းဟူသော အမှတ်ဖြင့် အလောင်းတော်ကို မြင်ရာအရပ်မှပင်လျှင် ကိုယ်ကို ညွတ်လျက် ညွှ တ်လျက် သွားရောက်ပြီးလျှင် ဦးခေါင်းမှ ရွှေခွက်ကိုချ၍ ဖွင့်ပြီးသော် ရွှေကရားဖြင့် နံ့သာပန်းမျိုးစုံ ထုံအပ်သောရေကို ထည့်ယူ၍ အလောင်းတော်၏အနီးသို့ ချဉ်းကပ် ရပ်တည်လေ၏။

     တောထွက်တော်မူလာစဉ်အခါက အလောင်းတော်သူမြတ်အား ဃဋိကာရဗြဟ္မာမင်း ကပ်လှူလာသော မြေသပိတ်သည် ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်တော်မူစဉ် ကာလပတ်လုံး အလောင်းတော်ကို စွန့်၍မသွားပဲ

၂၇၇

သူဌေးကတော် သုဇာတာ နို့ဃနာဆွမ်းကပ်ရန်လာသော ထိုခဏ၌ကား ပျောက်ခြင်းမလှ အလိုလို ပျောက်ကွယ်၍ သွားလေသည်။ ဘုရားအလောင်းတော်သည် သပိတ်ကို မမြင်ရကား လက်ျာလက်တော်ကို ဖြန့်၍ ရေကိုခံယူလေသည်၊ သုဇာတာ သူဌေးကတော်သည် ရွှေခွက်နှင့်တကွသော နို့ဃနာဆွမ်းကို အလောင်းတော်၏လက်သို့ ဆက်ကပ်လိုက်လေသည်၊ ဘုရားအလောင်းတော်သည် သုဇာတာ သူဌေးကတော်ကို ကြည့်တော်မူလေ၏။ သုဇာတာ သူဌေးကတော်သည် အလောင်းတော်၏ ကြည့်တော်မူပုံ အခြင်းအရာကို ကောင်းစွာ နားလည်သည် ဖြစ်ရကား “အိုအရှင်.. အကျွန်ုပ်သည် အရှင်တို့အား ရွှေခွက်နှင့်တကွသော နို့ဃနာကို စွန့်လှူအပ်ပါပြီ၊ ရွှေခွက်နှင့်တကွ ခံယူတော်မူကာ အလိုတော်ရှိရာသို့ ကြွတော်မူနိုင်ပါကုန်၏”ဟု ပြောဆို လျှောက်ထား ရှိခိုးပြီးလျှင် “အကျွန်ုပ်၏ စိတ်နှလုံးအလိုဆန္ဒ ပြည့်ဝ အောင်မြောက်သကဲ့သို့ ထို့အတူ အရှင်တို့၏ စိတ်နှလုံး အလိုဆန္ဒသည်လည်း ပြည့်ဝ အောင်မြောက်ပါစေသတည်း”ဟု ပြောဆို ဆုမြွက်၍ သစ်ရွက်ခြောက်၌ကဲ့သို့ပင် တသိန်းတန် ရွှေခွက်၌ ငဲ့ကွက်ခြင်း အလျှင်းမရှိပဲ ဖဲခွါသွားလေ၏။

     ဘုရားအလောင်းတော်သည်လည်း ထိုင်နေရာမှ ထတော်မူ၍ ညောင်ပင်ကို လက်ျာရစ် လှည့်လည်မှုပြုပြီးသော် နို့ဃနာရွှေခွက်ကို ယူဆောင်၍ နေရဉ္ဇရာမြစ်ကမ်းသို့ ကြွမြန်းတော်မူလေ၏။ ထိုနေရဉ္ဇရာမြစ်၌ များစွာသော ဘုရားအလောင်းတော်တို့ ဘုရားဖြစ်မည့်နေ့ဝယ် ဆင်းသက်၍ ရေချိုးတော်မူကြရာ သုပ္ပတိဋ္ဌိတ အမည်ရှိသော ရေချိုးဆိပ်ရှိလေသည်။ ထိုရေချိုးဆိပ်၌ ရွှေခွက်ကို ချထား၍ ဆင်းသက် ရေချိုးတော်မူပြီးလျှင် ထိုဆိပ်ကမ်းမှတက်၍ အေးမြသော သစ်ပင်ရိပ်၌ အရှေ့အရပ်သို့ မျက်နှာမူ ထိုင်နေတော်မူလျက် (ထန်းသီးမှည့်လုံးခန့်မဟုတ်) ထန်းသီးမှည့်အစေ့ခန့် ပမာဏရှိသည့် လေးဆယ့်ကိုးလုပ် မယုတ်မပို ပြုတော်မူကာ ရေမပါသည့် အလုံးစုံသော နို့ဃနာကို ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။ ထိုသို့ လေးဆယ့်ကိုးလုပ်ပြု၍ ဘုဉ်းပေးအပ်သော

၂၇၈

နို့ဃနာသည်ပင် ဘုရားဖြစ်ပြီးနောက် သတ္တသတ္တာဟ(= ၄၉ရက်)ပတ်လုံး ဗောဓိပင်အနီး၌ သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရားအတွက် လေးဆယ့်ကိုးရက်စာ အာဟာရ ဖြစ်လေသည်။ ဤလေးဆယ့်ကိုးရက်အတွင်း အခြားအာဟာရဟူ၍ မရှိ။ ရေချိုးခြင်း မျက်နှာသစ်ခြင်း ကိုယ်လက်သုတ်သင်ခြင်းတို့လည်း မရှိပဲ ဈာန်ချမ်းသာ ဖိုလ်ချမ်းသာတို့ဖြင့်သာ အချိန်ကို ကုန်လွန်စေတော်မူ၏။

     ဘုရားအလောင်းတော်သည် ထိုသုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ရွှေခွက်ကို ကိုင်ယူကာ “အကယ်၍ ငါသည် ယနေ့ ဘုရာ ဖြစ်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသား။ ဘုရားဖြစ်ခြင်းငှါ မစွမ်းနိုင်ပါမူ ရေစုန်သို့ မျောပါစေသား”ဟု အဓိဋ္ဌာန်တော်မူပြီးသော် ထိုရွှေခွက်ကို နေရဉ္ဇရာမြစ်ကျောသို့ မျှောလိုက်လေ၏။ ထိုရွှေခွက်သည် ရေစီးရေယဉ်ကို ဖြတ်လျက် မြစ်လယ်သို့ တည့်တည့်မတ်မတ် သွားပြီးလျှင် မြစ်၏ အလယ်ချက်မ အရပ်မှပင် မြင်းလျင်ကို စိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွား၍ ဝဲဇလုပ်၌ နစ်မြုပ်ကာ ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်၍ ကကုသန်, ကောဏာဂုံ, ကဿပ တည်းဟူသော ပွင့်တော်မူပြီးကြသည့် ဘုရားသုံးဆူတို့၏ (ဘုရားဖြစ်မည့်နေ့၌) အသုံးပြုအပ်သော ရွှေခွက်သုံးလုံးတို့ကို ထိခတ်ကာ “ကိလိ ကိလိ (= ကရစ် ကရစ်)”ဟူသော အသံကို ဖြစ်စေလျက် ထိုရွှေခွက်သုံးလုံးတို့၏အောက်၌ တည်လေ၏။

     ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ “ယမန်နေ့ကပင် ဘုရားတဆူ ပွင့်တော်မူခဲ့လေပြီ၊ ယနေ့တဖန် ဘုရားတဆူ ပွင့်တော်မူပြန်ပြီ”ဟု ပြောဆိုကာ ပိုဒ်ပေါင်းများစွာ ဂါထာတို့ဖြင့် ထောမနာ ချီးမွမ်းစကားကို မြွက်ကြားရွတ်ဆို၍ ထလေ၏။ ။(ကာဠနဂါး၏အဖို့မှာ ကဿပမြတ်စွာဘုရားနှင့် ဤငါတို့မြတ်စွာဘုရား နှစ်ဆူတို့၏ အကြားကာလ မဟာပထဝီမြေကြီး

၂၇၉

တယူဇနာနှင့် သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျားလှသော အချိန်ကာလ သမယသည်ပင် ယမန်နေ့ကနှင့် ယနေ့ဟူ၍ ပြောဆိုယူရလောက်အောင် တိုတောင်းသကဲ့သို့ ဖြစ်ရှိနေပေ၏။)

     ထိုအခါ ဘုရားအလောင်းတော်သည် နေရဉ္ဇရာမြစ်ကမ်းနားဝယ် အလွန်မွှေးကြိုင်သော ရနံ့ရှိသော ပန်းတို့ဖြင့် တန်းဆာဆင်အပ်လျက် စိမ်းလဲ့ညှို့မှိုင်း၍ မြင်သူတိုင်း နှလုံးမွေ့လျော်ဖွယ်ရှိသော အင်ကြင်းတော၌ နေ့သန့်နေထိုင်တော်မူကာ အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်တော်မူ၍ လောကီဈာန်သမာပတ် ရှစ်ပါး, အဘိညာဏ် ငါးပါးတို့ကို ဖြစ်စေတော်မူပြီးလျှင် ညနေချမ်း ဆည်းဈာအချိန်၌ နတ်ဗြဟ္မာတို့ တန်းဆာဆင်အပ်သော လမ်းခရီးဖြင့် ကြွမြန်းတော်မူကာ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်း၍ ရေချိုးပြီးလျှင် နတ်ဖန်ဆင်းသော လမ်းခရီးဖြင့်ပင် မဟာဗောဓိပင်သို့ရှေးရှူ ကြွတော်မူလေ၏။ ထိုအခါ နတ်, နဂါး, ဘီလူး, ဂန္ဓဗ္ဗနတ် စသည်တို့သည် နတ်၌ဖြစ်သော ပန်းနံ့သာ နံ့သာပျောင်းတို့ဖြင့် ညွတ်ညောင်းကော်ရော် ပူဇော်ကြကုန်၏။ နတ်သီချင်းတို့ကိုလည်း သံညှင်းသာချို သီဆိုကြကုန်၏။ စကြဝဠာတိုက်ပေါင်း တသောင်းလုံးပင် နတ်ပန်းနံ့သာတို့ဖြင့်၎င်း, နတ်ဗြဟ္မာတို့၏ ကြေငြာဟစ်ကြွေး ကောင်းချီးပေးသော အသံတို့ဖြင့်၎င်း ဖုံးလွှမ်းလုမတတ် ရှိပေ၏။

     ထိုအခါ သောတ္ထိယမည်သော မြက်ထမ်းပုဏ္ဏားသည် မြက်ကိုထမ်း၍ ခရီးလမ်းရင်ဆိုင် လာလတ်သည်ရှိသော် အလောင်းတော်သူမြတ်၏ အခြင်းအရာ (= မြက်ကို အလိုရှိတော်မူသော အမူအရာ)ကို သိရှိနားလည်ကာ ဘုရားအလောင်းတော် သူမြတ်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေ၏။ ဘုရားအလောင်းတော်သည် ထိုမြက်ရှစ်ဆုပ်ကို ယူဆောင်ကာ မဟာဗောဓိကုန်းအရပ်သို့ တက်ရောက်တော်မူပြီးလျှင် မဟာဗောဓိပင်၏ တောင်ဘက်မှ မြောက်အရပ်သို့ မျက်နှာမူ ရပ်တည်တော်မူလေ၏၊ ထိုခဏ၌

၂၈၀

စကြဝဠာတောင်ပိုင်းသည် အောက်သို့ နိမ့်ရှိုင်းကာ မဟာအဝီစိသို့ ထိအံ့သကဲ့သို့ဖြစ်ကာ စကြဝဠာမြောက်ပိုင်းကား ဘဝဂ်သို့ခိုက်အောင် ပျံတက်အံ့သကဲ့သို့ မြင့်တက်လျက် ရှိလေသည်။ ထိုအခြင်းအရာကို မြင်တော်မူ၍ အလောင်းတော်သူမြတ်သည် ဤအရပ်ကား အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ဆိုက်ရန် အရပ်ဌာန ဖြစ်လိမ့်မည်မဟုတ်”ဟု ဆင်ခြင်တော်မူပြီးလျှင် မဟာဗောဓိပင်ကို လက်ျာရစ် လှည့်လည်တော်မူကာ (= မဟာဗောဓိပင်ကို လက်ျာဘက်က ထားတော်မူကာ) အနောက်အရပ်မျက်နှာသို့ ကြွသွား၍ အရှေ့အရပ်သို့ မျက်နှာမူ ရပ်တည်တော်မူလေ၏။ ထိုခဏ၌ စကြဝဠာ အနောက်ပိုင်းသည် အောက်သို့ နိမ့်ရှိုင်းကာ မဟာအဝီစိသို့ ထိအံ့သကဲ့သို့ဖြစ်ကာ စကြဝဠာ အရှေ့ပိုင်းကား ဘဝဂ်သို့ခိုက်အောင် ပျံတက်အံ့သကဲ့သို့ မြင့်တက်လျက် ရှိလေသည်။ ထိုအခြင်းအရာကို မြင်တော်မူ၍ အလောင်းတော်သူမြတ် သည် “ဤအရပ်လည်း အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ဆိုက်ရန် အရပ်ဌာန ဖြစ်လိမ့်မည် မဟုတ်”ဟု ရှေးနည်းအတူ ဆင်ခြင်တော်မူပြီးလျှင် မဟာဗောဓိပင်ကို လက်ျာရစ် လှည့်လည်တော်မူကာ မြောက်အရပ်သို့ ကြွသွား၍ တောင်အရပ်သို့ မျက်နှာမူ ရပ်တည်တော်မူလေ၏၊ ထိုခဏ၌ စကြဝဠာ မြောက်ပိုင်းသည် အောက်သို့ နိမ့်ရှိုင်းကာ မဟာအဝီစိသို့ ထိအံ့သကဲ့သို့ဖြစ်ကာ စကြဝဠာ တောင်ပိုင်းကား ဘဝဂ်သို့ခိုက်အောင် ပျံတက်အံ့သကဲ့သို့ မြင့်တက်လျက် ရှိလေသည်။ (အလောင်းတော်သူမြတ် ရပ်တော်မူတိုင်းသော တောင်မျက်နှာ, အနောက်မျက်နှာ, မြောက်မျက်နှာ နေရာတို့၌ မဟာပထဝီ ဤမြေကြီး၏ ဖြစ်တည်နေပုံမှာ လှည်းဘီးကို မြေကြီး၌ အပြားလိုက် ချထားပြီးလျှင် အကွပ်အစွန်းအနားကို နင်းသောအခါ အလယ်အချက်ဖြင့် တလှုပ်လှက်လှက် တည်နေသော လှည်းဘီးစက်ကဲ့သို့ ကျောခိုင်းရာဘက်မှ နိမ့်ရှိုင်း၍ မျက်နှာမူရာဘက်မှ မြင့်တက်လျက် ရှိလေသည်။) ထိုအခြင်းအရာကို မြင်တော်မူ၍ အလောင်းတော်သူမြတ်သည် “ဤအရပ်လည်း အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ဆိုက်ရန် အရပ်ဌာန

၂၈၁

ဖြစ်လိမ့်မည်မဟုတ်”ဟု ရှေးနည်းအတူ ဆင်ခြင်တော်မူပြီးလျှင် မဟာဗောဓိပင်ကို လက်ျာရစ် လှည့်လည်တော်မူကာ အရှေ့အရပ်မျက်နှာသို့ ကြွသွား၍ အနောက်အရပ်သို့ မျက်နှာမူ ရပ်တည်တော်မူလေ၏။

(ဤအရာ၌၊ ၊ဗုဒ္ဓဝင်အဋ္ဌကထာဝယ် “အလောင်းတော်သူမြတ်သည် မဟာဗောဓိပင်သို့ ကြွရောက်ကာ လက်ျာရစ် သုံးပတ်လှည့်ပြီးလျှင် အရှေ့မြောက်ထောင့်အရပ်၌ ရပ်တော်မူ၍ မြက်ရှစ်ဆုပ်ကို ကြဲဖြန့်တော်မူ၏” ဟူ၍သာ ဖွင့်ဆိုလေသည်။ တောင်အရပ် အနောက်အရပ် မြောက်အရပ်တို့၌ ရပ်တည်တော်မူသောအခါ မြေကြီးစောင်းထောင် ဖြစ်ရှိကြောင်း မဖွင့်ဆိုချေ။ ။ ဇိနာလင်္ကာရဋီကာ၌ကား.. တောင်အရပ် အနောက်အရပ် မြောက်အရပ်တို့၌ ရပ်တည်တော်မူသောအခါ မဟာပထဝီ မြေကြီးသည် ပဒုမာကြာရွက်ပေါ်၌ ကျရောက်သော ရေပေါက်ကဲ့သို့ တုန်လှုပ်ကြောင်းနှင့် အရှေ့မြောက်ထောင့်အရပ်၌ ရပ်တော်မူ၍ မြက်ရှစ်ဆုပ်ကို ကြဲဖြန့်တော်မူကြောင်း ဖွင့်ဆိုလေသည်။)

     မဟာဗောဓိပင်၏ အရှေ့ဘက်ဝယ် အပရာဇိတ ပလ္လင်တော် ပေါက်ရောက်သည့် အရပ်အဝန်းသည် (ခပ်သိမ်းသော ဘုရားရှင်တို့၏ ပလ္လင်တော်ပေါက်ရောက်ရာ အဝိဇဟိတဌာန ဖြစ်သောကြေင့်) မတုန်မလှုပ် ကြံ့ကြံ့တည်၍ နေလေ၏။ အလောင်းတော် သူမြတ်သည် “ဤအရပ်ကား ခပ်သိမ်းသော ဘုရားရှင်တို့၏ ကိလေသာတို့ကို ဖြိုဖျက်ရာ အောင်မြေအရပ် မှန်ပေသည်”ဟု သိရှိတော်မူကာ ယူဆောင်တော်မူခဲ့သော မြက်ရှစ်ဆုပ်တို့ကို အဖျားမှကိုင်ကာ လှုပ်လှဲကြဲဖြန့်တော်မူလေ၏။

     ထိုကဲ့သို့ ကြဲဖြန့်လိုက်သောခဏ၌ပင် ထိုမြက်ရှစ်ဆုပ်တို့သည် မြက်၏အသွင် ကွယ်ပျောက်၍ တစုံတယောက်သော ပန်းချီဆရာ ပန်းပုဆရာ ရေးထုခြင်းငှာ မတတ်သာအောင် လွန်စွာဆန်းကြယ်သည့် တဆယ့်လေးတောင် ပမာဏရှိသော ရတနာပလ္လင်ကြီးဖြစ်ကြကာ အလွန်အံ့ဩဖွယ်ကောင်းသော ပုံပန်းသဏ္ဌာန်ဖြင့် တည်ရှိကြလေကုန်၏။

၂၈၂

(ဤ၌၊ ၊ပလ္လင်တော်အရပ်အမြင့် ရှိမရှိနှင့်စပ်၍ မှတ်ဖွယ်အထူးကို ဤမဟာဗုဒ္ဓဝင် ပဌမတွဲ ဒုတိယပိုင်း စာမျက်နှာ ၅၈ဝ-မှစ၍ အကျယ်ရေးသား ပြဆိုခဲ့လေပြီ၊ အလိုရှိမူ ထိုမှယူရာ၏။)

     ဘုရားအလောင်းတော်သည် မဟာဗောဓိပင်ကို နောက်ထောက်ကျောခံထား၍ အရှေ့အရပ်သို့ မျက်နှာရှေးရှူ ပြုတော်မူလျက် မြဲမြံသော စိတ်ရှိတော်မူကာ-

(၁) အရေမျှ ကျန်လိုလျှင် ကျန်စေ,

(၂) အကြောမျှ ကျန်လိုလျှင် ကျန်စေ,

(၃) အရိုးမျှ ကျန်လိုလျှင် ကျန်စေ,

     (၄) ငါ၏တကိုယ်လုံး အသားအသွေးအားလုံးတို့ ခန်းခြောက်၍သွားလျှင် သွားစေ- ငါသည် ဘုရားမဖြစ်သမျှ ဤယခု ဖွဲ့ခွေထားသော တင်ပလ္လင်ကို အဘယ်နည်းဖြင့်မျှ ဖျက်လိမ့်မည် မဟုတ်ဟူ၍ အင်္ဂါလေးပါးရှိသော ဝီရိယဖြင့် ဆောက်တည်တော်မူကာ အရာသောမိုးကြိုးစက်တို့ စုပေါင်း ကျရောက်ခြင်းဖြင့်လည်း (= မိုးကြိုးအရာ ပစ်ချခြင်းဖြင့်လည်း) ပျက်စီးခြင်းသဘောမရှိသော အပရာဇိတတင်ပလ္လင် (= ရန်သူတို့ကို မရှုံးပဲ ကိုယ်တော်ကသာ အောင်ပွဲယူမည့် တင်ပလ္လင်ဖွဲ့ခွေခြင်းမျိုး)ကို ဖွဲ့ခွေတော်မူကာ ရတနာပလ္လင်တော်၌ ထိုင်နေတော်မူ၏။

နေမဝင်မီ ဝသဝတ္တီမာရ်နတ်(= ဒေဝပုတ္တမာရ်)ကို

အောင်မြင်တော်မူခြင်း

     မြတ်စွာဘုရား အလောင်းတော်သည် မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်တော်၌ သဗ္ဗညုတဉာဏ်ကို ရယူရန် ထိုင်နေတော်မူလတ်သည်ရှိသော် သိကြားမင်းသည် ဝိဇယုတ္တရခရုသင်းကို မှုတ်၍ ပူဇော်ရပ်တည်လာ၏။ (ထိုခရုသင်းက အတောင် ၁၂၀-ရှိ၍ တကြိမ်မှုတ်လျှင် လေးလကြာမှ အသံစဲသောဟူ၏။) ပဉ္စသိခနတ်သားသည် ဗေဠုဝစောင်းကိုတီးလျက် ပူဇော်ရပ်တည်လာ၏။ သုယာမနတ်မင်းသည် သားမြီးယပ်ကို ခပ်လျက်,

၂၈၃

သန္တုသိတနတ်မင်းသည် ပတ္တမြားယပ်ဝန်းကိုခပ်လျက်, သဟမ္ပတိဗြဟ္မာမင်းသည် သုံးယူဇနာရှိသော ထီးဖြူကို ဆောင်းမိုးလျက် ပူဇော် ရပ်တည်လာ၏။ ကာဠနဂါးမင်းသည် နဂါးမ ကခြေသည်ပေါင်း ရှစ်သောင်း ခြံရံလျက် ထောမနာဂါထာ ရာပေါင်းများစွာ ရွတ်ဆိုလျက် အလောင်းတော်သူမြတ်ကို ရှိခိုးပူဇော် ရပ်တည်လာ၏။ စကြဝဠာတိုက်တသောင်းရှိ နတ်ဗြဟ္မာအပေါင်းတို့သည် အလွန် မွှေးကြိုင်သော ပန်းဆိုင်း နံ့သာ နံ့သာမှုန့် အထုံအခိုး အမွှေးတိုင် စသည်တို့ဖြင့် ပူဇော်ကြကာ ကောင်းချီးအထောင်ကို ဖြစ်စေကြလျက် ပူဇော် ရပ်တည်လာကြကုန်၏။

     ထိုအခါ ဝသဝတ္တီနတ်ပြည်သား မာရ်နတ်သည် မိမိ၏ နတ်စည်းစိမ်ကို စွန့်ပယ်ကာ အလောင်းတော်သူမြတ် ဒုက္ကရစရိယာ ကျင့်သုံးနေသည့် ခြောက်နှစ်ကြာ ကာလပတ်လုံး အလောင်းတော်နောက်မှ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါပြီးလျှင် အလောင်းတော်သူမြတ်၏ ကာမဝိတက် အစရှိသော မိစ္ဆာဝိတက်တို့ကို ကြံစည်သည့်စိတ် ဖြစ်ပေါ်သည့်အချိန်ကို ငံ့မြှော် စုံစမ်းပါသော်လည်း တစိုးတစိမျှ အလောင်းတော် သူမြတ်၏ ချွတ်ချော်တိမ်းပါးမှု (= မိစ္ဆာဝိတက် ကြံစည်မှု)ကို မတွေ့မမြင်)ရှိရာမှ “ယခုသော်မူ သိဒ္ဓတ်မင်းသားသည် ဘုရားဖြစ်ဖို့ရန် မဟာဗောဓိမဏ္ဍိုင်သို့ ကပ်ရောက်လေပြီ၊ ယခုအခါ ဤသိဒ္ဓတ်မင်းသားသည် ငါ၏နယ်ပယ် (= ဘုံသုံးပါး)ကို လွန်မြောက်ရန် ကြိုးကုတ် အားထုတ်နေလေပြီ၊ ငါသည် ယခုပင် သိဒ္ဓတ်မင်းသားအား ဘုံသုံးပါးတည်းဟူသော ငါ၏နယ်ပယ်မှ လွန်မြောက်ရန် အခွင့်အရေး ဘယ်နည်းနှင့်မှ မပေးနိုင်”ဟု ကြံစည်ကာ ဝသဝတ္တီနတ်ပြည်သို့သွား၍ မိမိ၏ မာရ်စစ်သည်ဗိုလ်ပါကို စည်းဝေးစေပြီးလျှင် “အချင်းတို့.. အထူးထူးဖောက်ပြန်၍ ကြောက်မက်ရန်ကောင်းသော အဆင်းကို ဖန်ဆင်းကြပြီးလျှင် တဦးတဦးလျှင် လက်နက် တမျိုးစီ တမျိုးစီ ကိုင်ဆောင်ကြကာ ရေအယဉ်ကြီး ဖိစီးလွှမ်းမိုး၍ လာသည့်ပမာ သိဒ္ဓတ် မင်းသားရှိရာသို့ လျင်လျင်မြန်မြန် သွားကြကုန်”ဟု စေခိုင်း အမိန့်ပေးပြီးလျှင် မိမိကိုယ်တိုင်လည်း

၂၈၄

ယူဇနာ တရာ့ငါးဆယ်ရှိသော ဂိရိမေခလာဆင်ကိုစီး၍ လက်ရုံးပေါင်းတထောင် ဖန်ဆင်းကာ လက်ရုံးတခုလျှင် လက်နက်တမျိုးစီအားဖြင့် လက်နက်အမျိုးပေါင်း တထောင်ကို ကိုင်ဆောင်ကာ လိုက်ပါလာခဲ့လေသည်။

(ဤ၌၊ ၊မာရ်နတ်သားဟူသည် ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ကို တရားဝင်အစိုးရသော နတ်မင်းကြီးမဟုတ်၊ ထိုနတ်ပြည်ကို တရားဝင် အစိုးရသော ဝသဝတ္တီနတ်မင်းကြီးကား အသီးအခြား ရှိသည်။ မာရ်နတ်သားကား လူ့ပြည်လောကဝယ် အခြံအရံ ပရိသက်များစွာဖြင့် တိုင်းပြည်ကို လုယက်တိုက်ဖျက် ပုန်ကန်ဆိုးသွမ်းနေသော သူပုန်ခေါင်းဆောင်ကဲ့သို့ နတ်မိုက်အပင်းအသင်းများစွာ ခြံရံကာဖြင့် လူနတ်ဗြဟ္မာတို့၏ ကုသိုလ်ကောင်းမှုရေးကို အကြီးအကျယ် အနှောက်အယှက်ပေးသော တန်ခိုးကြီးသည့် ထိုပရနိမ္မိတဝသဝတ္တီ နတ်ပြည်သား နတ်သူပုန် ခေါင်းဆောင်တဦးသာ ဖြစ်သည်။)

     အလောင်းတော်ထံမှောက်သို့ ချီတက်လာသော မာရ်နတ်၏ စစ်တပ်ကြီးကား မာရ်နတ်၏ရှေ့မှ ၁၂-ယူဇနာ၊ လက်ျာဘက်မှ ၁၂-ယူဇနာ၊ လက်ဝဲဘက်မှ ၁၂-ယူဇနာ၊ အထက်၌ ၉-ယူဇနာ အမြင့်အစောက် ထုထယ်ရှိ၍ နောက်မျက်နှာကမူ စကြဝဠာတိုက် အဆုံးအစွန်းတိုင်အောင် များပြားလှလေသည်။ ယင်းသည့် မာရ်နတ်စစ်တပ်ကြီး၏ ကြိမ်းမောင်းဟစ်အော် ကြွေးကြော်သောအသံကို ယူဇနာတထောင်ဝေးကွာသော အရပ်မှစ၍ မြေပြိုသောအသံကဲ့သို့ ကြောက်က်ဖွယ်ရာ ကြားရလေသည်။ မာရ်နတ်သည် မိမိကိုယ်တိုင်က လက်ရုံးတထောင် ဖန်ဆင်း၍ လက်နက်မျိုး တထောင်ကို ကိုင်ဆောင်လျက်၎င်း, ထိုမျှများပြားသော မာရ်နတ်၏ စစ်သားတို့သည်လည်း တဦးလျှင် လက်နက်မျိုးစီ ကိုင်ဆောင်ကာ ကြောက်မက်ဖွယ်ရာ အဆင်းသဏ္ဌာန် မျက်နှာအမျိုးမျိုးကို ဖန်ဆင်းကြလျက်၎င်း ဘုရားအလောင်းတော်ကို လွှမ်းမိုးနှိပ်စက် တိုက်ဖျက်ရန်အတွက် ချီတက်၍ လာကြလေကုန်၏။

     ဤသို့ မာရ်နတ်၏စစ်တပ်ကြီး ဗောဓိမဏ္ဍိုင်သို့ ရှေးရှူချီတက်၍ လာသောအခါ စောစောက အလောင်းတော်အား ပူဇော်လျက်ရှိနှင့်ကြသော

၂၈၅

သိကြားနတ်မင်း စသည်တို့အနက် တဦးတယောက်မျှ ကြံ့ကြံ့ရပ်တည် မနေနိုင်ကြပေ။ ဦးတည့်ရာ မျက်နှာမူရာ အရပ်သို့ပင် ပြေးလွှားကြလေ၏၊ သိကြားမင်းသည် ဝိဇယုတ္တရခရုသင်းကြီးကို ကျောပိုး၍ ပြေးလွှားကာ စကြဝဠာတိုက်အနားရေး၌ ရပ်နေလေ၏။ မဟာဗြဟ္မာမင်းသည်လည်း ထီးဖြူကို စကြဝဠာတိုက်အစွန်း၌ စွန့်ပစ်ချထားခဲ့ကာ ဗြဟ္မာ့ပြည်သို့သာ သွားလေတော့၏၊ ကာဠနဂါးမင်းသည်လည်း နဂါးကခြေသည်အပေါင်းကို စွန့်ပစ်၍ မြေ၌ ငုပ်လျှိုးပြီးလျှင် ယူဇနာငါးရာရှိသော “မဉ္ဇေရိက”မည်သော နဂါးဘုံဗိမာန်သို့ သွားရောက်ကာ လက်ဖြင့် မျက်နှာကိုပိတ်လျက် အိပ်နေလေ၏။ တဦးသော နတ်ဗြဟ္မာမျှလည်း မြတ်စွာဘုရားအလောင်းတော်နှင့် မဟာဗောဓိပင်၏ အနီးအပါး၌ ရပ်တည်နေဝံ့သော သူမည်သည် မရှိတော့ပြီ။ ထိုအချိန်၌ အလောင်းတော်သူမြတ်သည် ဆိတ်ငြိမ်သော ဗိမာန်အတွင်း၌ ဗြဟ္မာမင်းကြီးတဦးတည်းသာ နေသကဲ့သို့ တပါးတည်းသာလျှင် ထိုင်နေတော်မူ၏။

မာရ်နတ်သား လာရောက်မည်ဆိုလျှင် ကြိုတင်၍ဖြစ်ပေါ်သော

နိမိတ်ဆိုးကြီးများ

     မာရ်နတ်သား လာရောက်မည်ဆိုလျှင် ဤဆိုလတ္တံ့သော နိမိတ်ဆိုးကြီးများ ကြိုတင်၍ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုနိမိတ်ဆိုးကြီးများမှာ.. အလွန်ကြမ်းတမ်း ကြောက်မက်ဖွယ်ကောင်းသည့် အထောင်မကသော ဥက္ကာများကျခြင်း, အခိုးထကာ မှောင်အတိကျခြင်း, သမုဒြာနှင့်တကွ မဟာပထဝီ ဤမြေကြီး ပြင်းထန်စွာ တုန်လှုပ်ခြင်း, သမုဒြာအခိုးထခြင်း, မြစ်အများ ရေဆန်သို့ ပြန်၍စီးခြင်း, တောင်ထွတ်များပြို၍ မြေသို့ကျခြင်း, သစ်ပင်များတိမ်းလဲ၍ မြေသို့ကျခြင်း, မုန်တိုင်းလေကြမ်း တိုက်ခတ်ခြင်း, ထိုသို့ မုန်တိုင်းလေဆိုး တိုက်ခတ်သဖြင့် ကြောက်မက်ဖွယ်ရာ အသံကြီးများ ဖြစ်ပေါ်ခြင်း, နေမင်းလည်း မှောင်အတွင်းသို့ ဝင်ရောက်ခြင်း, ကောင်းကင်၌ ခေါင်းပြတ်ကိုယ်များ ထိုမှဤမှ သွားလာလှည့်လည်ခြင်း- ဤနိမိတ်ဆိုးကြီးများတို့တည်း။ ထိုသို့ နိမိတ်ဆိုးကြီးများ

၂၈၆

ထင်ရှားပေါ်ပေါက်ကာ မာရ်နတ်သား လာရောက်သည့်အချိန်၌ ဘုရားအလောင်းတော်သည် ငှက်တကာတို့အလယ်၌ ဂဠုန်ငှက်မင်းကဲ့သို့၎င်း, သားကောင်တကာတို့အလယ်၌ ကေသရာခြင်္သေ့မင်းကဲ့သို့၎င်း ကြောက်ရွံ့ခြင်း အလျှင်းမရှိပဲ ရဲရင့်စွာ ထိုင်နေတော်မူ၏။

     ဖော်ပြရာပါ နိမိတ်ဆိုးကြီးများ ထင်ရှား ဖြစ်ပေါ်စဉ်မှာပင် မာရ်နတ်သားသည် လာရောက်၍ မဟာဗောဓိမဏ္ဍိုင်အဝန်းသို့ ဝင်ရောက်ခြင်းငှါ မစွမ်းနိုင်ပဲ ရပ်၍ နေလေသည်။ မာရ်စစ်တပ်ကြီးသည်လည်း အနီးသို့မကပ်ဝံ့ပဲ အလောင်းတော်သူမြတ်ကို ထက်ဝန်းကျင်မှ ဝိုင်းရံလျက် ထားကြကုန်၏။ မာရ်နတ်သည် မိမိ၏စစ်တပ်ကို ကြည့်ရှုကာ “လာကြကုန်၊ ဖမ်းကြကုန်” အစရှိသည့် အမိန့်စကားပြောရုံသာ ပြောကြားနိုင်ပြီး ရဲရဲပူသော သံတွေခဲသို့ ယင်ကောင် မကပ်နိုင်သည့်ပမာ မဟာဗောဓိပင်အနီးသို့ ချဉ်းနင်း ဝင်ရောက်စေခြင်းငှာ မတတ်နိုင်ပဲ မိမိ၏ စစ်တပ်ပရိသတ်ကို တဖန်ထပ်၍ “အချင်းတို့.. သုဒ္ဓေါဒနမင်းကြီး၏သား ဤသိဒ္ဓတ်မင်းနှင့် တူသောသူ တလူမျှ မရှိချေ၊ ငါတို့သည် မျက်နှာရင်ဆိုင် စစ်ပြိုင်ခြင်းငှာ မတတ်နိုင်ကြကုန်၊ ထိုသိဒ္ဓတ်မင်းသားအား နောက်ဘက် (= ကျောဘက်)မှနေကာ စစ်ထိုးကြကုန်အံ့”ဟု ပြောကြားလေသည်။

     ဘုရားအလောင်းတော်သည်လည်း ရှေ့နှင့်ဝဲယာ သုံးမျက်နှာတို့ကို ကြည့်ရှုတော်မူလတ်သည်တွင် ခပ်သိမ်းသော နတ်ဗြဟ္မာတို့ ဝေးရာရှောင်ရှား ပြေးသွားကြပြီဖြစ်ရကား တစုံတရာ မတွေ့မြင် ဆိတ်သုဉ်း၍နေသည်ကို မြင်တော်မူလေ၏။ တဖန် မြောက်အရပ်နံပါးဖြင့် မာရ်စစ်သည်ဗိုလ်များ ချီတက်လွှမ်းမိုး၍ လာသည်ကို မြင်တော်မူ၍ “ဤမျှများပြားသော မာရ်နတ်၏ စစ်သားတို့သည် တဦးတည်းကို ရည်စူးကာ ကြီးစွာသော လုံ့လပြုလာကြ၏၊ ဤအရပ်၌ ငါ၏ အမိသော်၎င်း, အဖသော်၎င်း, ညီအစ်ကိုသော်၎င်း, အခြားတဦးတယောက်သော ဆွေမျိုးသော်၎င်း

၂၈၇

မရှိချေ၊ ငါဆည်းပူးခဲ့သော ပါရမီဆယ်ပါး တရားတို့သည်သာလျှင် ရှည်ကြာလေးမြင့် ငါမွေးမြူအပ်သော ငါ့ပရိသတ်အခြံအရံနှင့် တူကုန်၏၊ သို့ရကား ပါရမီဆယ်ပါး ငါ၏ရဲမက်များကိုသာ အမှီတံကဲပြုကာ ဤပါရမီလက်နက်ဖြင့်ပင် ထိုးခုတ် ပုတ်ခတ်၍ ဤမာရ်နတ်၏ စစ်သည်ဗိုလ်ပါကို ဖျက်ဆီးမှ သင့်လျော်ချေမည်”ဟု နှလုံးပိုက်ကာ ပါရမီဆယ်ပါး ကိုယ်တော်၏ ကုသိုလ်တရားတို့ကိုသာ စဉ်းစားဆင်ခြင်၍ နေတော် မူလေ၏။

မာရ်နတ်သား လက်နက် ၉-မျိုးလွှတ်ခြင်း

     ထိုသို့ အလောင်းတော်သူမြတ် ပါရမီကုသိုလ်တို့ကို စဉ်းစားဆင်ခြင်၍ နေတော်မူသောအခါ မာရ်နတ်သားလည်း “ဤသိဒ္ဓတ်မင်းသားကို လက်နက်ကြီး ၉-ပါးဖြင့် ပစ်လွှင့်ကာ ငါကား ပြေးစေမည်”ဟု ကြံစည်စဉ်းစား၍-

     (၁) ရှေးဦးစွာ လေပွေမုန်တိုင်းကို တိုက်ခတ်စေ ဖြစ်ပေါ်စေ၏၊ ထိုခဏ၌ပင် အရှေ့လေ အနောက်လေ မြောက်လေ တောင်လေတို့သည် ဖြစ်ပေါ်ထကြွကြ၍ ယူဇနာဝက် တယူဇနာခန့် နှစ်ယူဇနာခန့် သုံးယူဇနာခန့် ပမာဏရှိသော တောင်ထွတ်ကြီးများကို ဖြိုခွဲဖောက်ထွင်းကာ တောချုံ သစ်ပင် စသည်တို့ကို အမြစ်မိုးထောင်ဖြစ်အောင် တိုက်ခတ်ကာ ထက်ဝန်းကျင်မှ ရွာ နိဂုံးတို့ကို မုန့်မုန့်ညက်ညက်ဖြစ်အောင် ပြုလုပ်ခြင်းငှါ စွမ်းနိုင်ကုန်သော်လည်း ဘုရားအလောင်းတော်၏ ကောင်းမှုရှိန်စော် ဘုန်းတေဇော်ကြောင့် အာနုဘော်ကင်းပျောက်ကာ အလောင်းတော်သူမြတ်၏ အနီးသို့ ရောက်လတ်သော် သင်္ကန်းကလနားမျှကိုပင် တုန်လှုပ်စေခြင်းငှါ မစွမ်းနိုင်ကြကုန်။

     (၂) ထိုအခါ မာရ်နတ်သည် “ရဟန်းဂေါတမကား ငါပစ်လွှင့်လိုက်သော မုန်တိုင်းလက်နက်ဖြင့် စကြဝဠာတောင်၌ တိုက်မိ ခိုက်မိကာ မုန့်မုန့်ညက်ညက် ပျက်စီးလောက်ပြီ”ဟု ကြံစည်

၂၈၈

ကြည့်ရှုလတ်သည်တွင် အလောင်းတော်သူမြတ်ကို ကြံ့ကြံ့စိုက်အပ်သော တံခါးတိုင်ပမာ မတုန်မလှုပ် ထိုင်မြဲ ထိုင်နေတော်မူသည်ကို မြင်၍ နှလုံးမသာမယာဖြစ်ရှိကာ “ကြီးစွာသော ရေအယဉ်၌ နှစ်မြှုပ်ကာ ငါသတ်မည်”ဟု ကြံစည်စဉ်းစား၍ မိုးတိမ်တိုက်များကို ခဏအတွင်း တက်စေကာ မိုးကြီးသည်းစွာ ရွာသွန်းစေလေသည်။ ထိုသို့ မာရ်နတ် ရွာသွန်းစေသော မိုးရေအဟုန်ကြောင့် ဤမြေကြီးသည် အပေါက်အခေါင်းကြီးဖြစ်၍ သွားလေသည်။ ထိုရေအယဉ်သည် တောဖျား တောင်ဖျား သစ်ပင်ဖျားတို့ကို တိုက်စားလွှမ်းမိုး စီးဆင်းကာ လာလတ်၍ မြတ်စွာဘုရား အလောင်းတော်၏အနီးသို့ ရောက်သောအခါ သင်္ကန်းတော် ချည်တမျှင်ကိုမျှ စိုစွတ်အောင် မတတ်နိုင်ပဲ ကိုယ်တော်မြတ်ကို မထိမူ၍သာ ဝေးရာရှောင်ရှား စီးသွားလေ၏။

     (၃) ထိုအခြင်းအရာကိုမြင်၍ မာရ်နတ်သားသည် “ဤသိဒ္ဓတ်မင်းသားကို ကျောက်ခဲဖြင့် မုန့်မုန့်ညက်ညက်ဖြစ်အောင် ပြုလုပ်မည်”ဟု ကြံစည်ပြီးလျှင် ကျောက်ခဲမိုးကို ရွာစေပြန်လေသည်။ ကြီးစွာ ကြီးစွာသော ကျောက်ခဲကြီးများသည် တောင်ထွတ်ကြီးများပမာ အခိုးအလျှံလွှတ်ကာ ကောင်းကင်ခရီးဖြင့် လိမ့်လာကြ၍ ဘုရားအလောင်းအနီးသို့ ရောက်သောအခါ နတ်၌ဖြစ်သော ပန်းကုံး ပန်းလုံးကြီးများ အဖြစ်သို့သာ ရောက်ကြလေကုန်သည်။

     (၄) ထို့နောင်မှ “ဤ သိဒ္ဓတ်မင်းသားကို နုပ်နုပ်စဉ်း၍ သေစေမည်၊ သတ်ဖြတ်မည်”ဟု ကြံစည်စဉ်းစားပြီးလျှင် လက်နက်မိုးကို ရွာသွန်းစေပြန်လေသည်၊ တဖက်အသွားရှိ နှစ်ဖက်အသွားရှိသည့် လှံဓားစသော လက်နက်အမျိုးမျိုးတို့သည် အခိုးအလျှံလွှတ်ကာ ကောင်းကင်မှလာပြီးလျှင် မဟာဗောဓိမဏ္ဍိုင်အဝန်း၌ မုလေးပန်း (= မြတ်လေးပန်း) စသည်အဖြစ်သို့ ရောက်ရှိကာ ကျရောက်လာကြကုန်၏။

၂၈၉

     (၅) ထို့နောင်မှ မာရ်နတ်သားသည် “သိဒ္ဓတ်မင်းသားကား နုပ်နုပ်အစဉ်းခံရသည့် အသားစုပမာ ဖြစ်ရှာတော့မည်”ဟု ကြံစည် ကြည့်ရှုလတ်သည်တွင် စိန်တောင်ကြီးပမာ မပျက်မစီး ထိုင်နေမြဲ ထိုင်နေတော်မူသည့် အလောင်းတော်သူမြတ်ကို မြင်၍ အံ့ဩခြင်းသို့ ရောက်ရှိကာ တဖန် မီးကျီးစိုင်မိုးကို ရွာသွန်းစေပြန်လေသည်၊ ထိုမီးကျီးစိုင်များသည်လည်း အခိုးအလျှံလွှတ်ကာ အလောင်းတော်၏အနီးသို့ လာရောက်၍ မီးကျီးအသွင်ပျောက်ကာ မုလေးပန်းစသည် အဖြစ်သို့သာ ရောက်ကြလေကုန်၏။

     (၆) ထို့နောင် ပြာပူမိုးကို ရွာသွန်းစေပြန်လေသည်၊ မီး၏အဆင်း အလွန်ပူပြင်းလှသော ပြာအစုသည် ကောင်းကင်က လာရောက်ကာ မြတ်စွာဘုရားအလောင်းတော်၏ ခြေတော်ရင်းသို့ ရောက်သောအခါ နတ်၌ဖြစ်သော စန္ဒကူးမှုန့်များဖြစ်၍ ကျရောက်လာလေ၏။

     (၇) ထို့နောင် သဲပူမိုးကို ရွာသွန်းစေပြန်လေသည်။ အလွန် သိမ်မွေ့နူးညံ့သော သဲမှုန့်များသည် ကောင်းကင်မှ လာရောက်ကာ မြတ်စွာဘုရား အလောင်းတော်၏ ခြေတော်ရင်း၌ နတ်ပန်းများဖြစ်၍ ကျရောက်လာကုန်၏။

     (၈) ထို့နောင် ညွန်ပူမိုးကို ရွာသွန်းစေပြန်လေသည်။ ထိုရွှံ့ညွန်သည်လည်း အခိုးအလျှံလွှတ်ကာ ကောင်းကင်က လာရောက်၍ ဘုရားအလောင်း၏ ခြေတော်ရင်း၌ နတ်၌ဖြစ်သော နံ့သာပျောင်း (= နံ့သာပျစ်)ဖြစ်ကာ ကျရောက်လာလေ၏။

     (၉) ထို့နောင်မှ “ဤသိဒ္ဓတ်မင်းသားကို အမိုက်မှောင်ဖြင့် ချောက်လှန့်၍ ပြေးစေအံ့”ဟု ကြံစည်ကာ အမိုက်မှောင်ကြီးကို ဖြစ်စေပြန်လေသည်၊ ထိုမာရ်နတ်ဖန်ဆင်းလိုက်သော အမိုက်မှောင်သည် လကွယ်, မိုးမှောင်, သန်းခေါင်, တောလယ် = လေးသွယ်သော အင်္ဂါရှိသည့် အမိုက်မှောင်ကြီးကဲ့သို့ဖြစ်၍

၂၉၀

ဘုရားအလောင်းတော်ထံမှောက် ရောက်လတ်သောအခါ နေရောင်ကြိုက်သည့် အမိုက်မှောင်ကဲ့သို့ ပျောက်ကွယ်လေ၏။ ။(ဤ၌ ဘုရားအလောင်းတော်သည် မာရ်နတ်သားက အမိုက်မှောင်ကြီး ဖန်ဆင်းသည်ကို သိတော်မူ၍ ကိုယ်တော်မှ မွေးညှင်းတွင်းပမာဏရှိသော ရောင်ခြည်ကွန်ရက်ကို ကွန့်ထွက်စေတော်မူ၏၊ ထိုရောင်ခြည်ကွန်ရက်သည် မာရ်နတ်သားဖန်ဆင်းသည့် အမိုက်မှောင်ကြီးကို ဖျက်ဆီးလျက် အလင်းကြီး လင်းစေလေသည်ဟု မှတ်ယူရာ၏။)

မာရ်နတ်သား စက်လက်နက်လွှတ်ခြင်း

     မာရ်နတ်သားသည် ဖော်ပြရာပါ လက်နက်ကြီး ၉-ပါးတို့ကို ပစ်လွှင့်၍ တိုက်ဖျက်ပါသော်လည်း အရာမရောက် မအောင်မြောက်ရကား နောက်ထပ်ဆက်ကာ ဥက္ကာကျအောင် ပြုလေသည်။ ယင်းသို့ ဥက္ကာကျရောက်ခြင်းကြောင့် စကြဝဠာတတိုက်လုံး အခိုးတွေဖုံး၍ နေလေသည်။ ကောင်းကင်တခုလုံး မိုးတိမ်မရှိပဲ ထစ်ချုန်းနေ၏။ မိုးကြိုးပေါင်းအထောင်တို့ ကြောက်မက်ဖွယ် ကျရောက်ကုန်၏၊ ထိုမာရ်နတ်သည် ဤမျှဖြင့်လည်း ဘုရားအလောင်းတော်ကို တစုံတခု ဘေးဥပဒ်အန္တရာယ်ကို မပြုနိုင်ရကား “သိဒ္ဓတ္ထမင်း သင်း၏ဦးခေါင်းကိုဖြင့် ထောင်းထောင်းပြတ်ကြွေ မြေသို့ခစေမည်”ဟု ကြံစည်စဉ်းစား၍ စက်လက်နက်ကို တဖန် လွှတ်ပြန်လေသည်။ ထိုစက်လက်နက်၏ အာနုဘော်ကား.. မြေ၌ပစ်လွှင့်လျှင် ၁၂-နှစ်ကြာအောင် မြက်ပင်မပေါက်နိုင်။ ကောင်းကင်၌ ပစ်လွှင့်လျှင် ၁၂-နှစ်ပတ်လုံး မိုးရေတပေါက်မျှ မကျနိုင်အောင် မိုးခေါင်၏။ မြင်းမိုရ်တောင်ထိပ်၌ ပစ်လွှင့်လိုက်လျှင် မြင်းမိုရ်တောင်ကို နှစ်ခြမ်းခွဲ၍ အောက်သို့ လျှောကျနိုင်၏၊ ဤကား ထိုစက်လက်နက်၏ အာနုဘော်တည်း။ ယင်းသို့ မာရ်နတ်သား ပစ်လွှင့်လိုက်သော စက်လက်နက်သည် ကောင်းကင်မှ မိုးကြိုးထစ်ချုန်းသကဲ့သို့ လာရောက်ပြီးလျှင် မာရ်နတ်၏ မာန်မာနကို နှိမ်ချိုးခြင်းအမှုပြုလျက် ဘုရားအလောင်းတော်၏ ခြေတော်ရင်း၌ ခြေသုတ်ကြိုးဝန်းပမာ ခွေလျက်သား ကျရောက်လာလေ၏။

၂၉၁

     မာရ်နတ်သားသည် မည်သည့်အရာကို စွဲယူရမည်ဟု မသိမမြင် (= ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ) အလွန်လျှင် အမျက်ထွက်ရကား “အဘယ့်ကြောင့် ရပ်တည်နေကြသနည်း၊ ဤသိဒ္ဓတ်မင်းသားကို သူမျှော်ကိုးသည့် ဘုရားဖြစ်ခြင်းအကျိုး မပြီးအောင် ပြုကြလော့ ဖမ်းကြလော့ သတ်ကြလော့ ဖြတ်ကြလော့ ခွဲကြလော့ မလွတ်စေကြကုန်လင့်” ဤသို့ စသည်ဖြင့် စေခိုင်းလေ၏။ မိမိကိုယ်တိုင်လည်း ဂိရိမေခလာဆင် ကျောက်ကုန်း၌ ထိုင်နေကာ လက်တဖက်ဖြင့် မြားကိုဝင့်လျက် ဘုရားအလောင်းသို့ ကပ်ရောက်ပြီးလျှင် “အို သိဒ္ဓတ်မင်းသား.. ယခုပင်လျှင် ရတနာပလ္လင်မှ အလျင်အမြန် ထသွားလော့”ဟု ပြောဆိုလေသည်။ ထိုအခါ မာရ်နတ်၏ စစ်သည် ပရိသတ်သည်လည်း များစွာသော ကြောက်မက်ဖွယ်တို့ကို ပြဆောင် ပြုလုပ်ကြကုန်၏။ ဘုရားအလောင်းတော်သည် မာရ်နတ်နှင့်တကွ မာရ်စစ်သည်တို့ ပြုလုပ်သမျှသော ဖောက်ပြန်ပြစ်မှားမှု အလုံးစုံကို မေတ္တာအစွမ်းဖြင့် ပယ်ရှား ဟန့်တားတော်မူ၏။

(ဤအရာ၌၊ ၊မြတ်စွာဘုရား အလောင်းတော်၏ မာရ်နတ်ပစ်လွှင့်သော လက်နက် ၉-ပါးကို အောင်မြင်ခြင်းနှင့်စပ်၍ တောင်တွင်းဆရာတော် ခင်ကြီးဖျော် ရေးသားသည့် လက်နက် ၉-ပါးအောင် ဘုရားရှိခိုးဂါထာကို ဖတ်ရှုနာပျော်သော အနက်ယောဇနာနှင့်တကွ ရေးသား ပြဆိုဦးအံ့။)

ပတ္ထနာဆုသန်နှင့်တကွ မာရ်လက်နက်ကိုးဖြာ အောင်ဇေယျဝန္ဒနာ

ဂါထာပါဌ်နိဿယ

ဝါတံ ဝဿဉ္စ ပါသာဏံ၊ အာဝုဓံ ဝါဠုကံ တထာ။

ကုက္ကုဠံ ကလလင်္ဂါရံ၊ အန္ဓကာရန္တိမေ နဝ။

သတ္ထေ မာရေန ဝိဿဋ္ဌေ၊ ဝိဇယန္တံ ဇိနံ နမေ။

အဟမ္ပိ တေန ပုညေန၊ ဝိဇေယျ သဗ္ဗမာယုဓေ။

၂၉၂

ဝါတံ = လောကထွတ်ထား ဒို့ဘုရားလျှင် ငါးပါးမာရ်ခြေ ပလ္လင်ဗွေ၌ စံနေခိုက်ခါ မာရ်နတ်လာလျက် စက္ကဝါတိုက် တောင်နှင့်ရိုက်၍ ပန်းမှိုက်မြူစုဏ့် သေးဖွဲနုန့်သို့ မုန့်မုန့်ညက်ကြေ ပျက်ပစေဟု စေတနာဆိုး ပြုဖန်ပျိုးသား မိုးရပ်သိမ့်ဟည်း မြေကြီးပဲ့တင် သစ်ပင်ကျောက်တုံး အိမ်အလုံးကို ချေမှုန်းဖြတ်ပိုင်း ရှစ်ရပ်တိုင်းမှ အုံ့မှိုင်းလေဆိုး မုန်တိုင်းလက်နက်မျိုးကို၎င်း။ ဝဿဉ္စ = အဟုန်ဒီးဒီး စီးကျသွယ်သွယ် ရေပြင်ကျယ်၌ မှီဖွယ်ကင်းဖည် သေစိမ့်ရည်၍ တမည်ပြုစား ထန်းလုံးဖျားနှင့် တောင်ဖျားမျှခေါင် အမြင့်ဆောင်သား ရှစ်ဘောင်ရပ်ခန်း ပြည့်မောက်လျှမ်းသည့် မိုးကြမ်းရေဆိုး လက်နက်မျိုးကို၎င်း။ ပါသာဏံ = ကျောက်ဖြင့်ကြိတ်ဖျက် မုန့်မုန့်ညက်လျှင် နှိပ်စက်စေရန် တမည်ဖန်၍ နဘန်မိုးလုံး ထစ်ချုန်းခြိမ့်ညံ တိုက်ခတ်သံနှင့် အလျှံဖြိုးဖြိုး ကျောက်ခဲကျောက်စိုင်မိုးကို၎င်း။ အာဝုဓံ = အသွေးတခြား အသားတထွေ အရေတမျိုး အရိုးတဂိုဏ်း ထိုးခုတ်ပိုင်း၍ မဆိုင်းသေရန် ပြုစီမံသား အလျှံပြိုးပြက် မိုးလုံးလက်အောင် တဖက်အသွား နှစ်ဖက်သွားဟု လှံဓားစသည် အမည်မည်လျှင် စုံစီဖန်ပျိုး လက်နက်မိုးကို၎င်း။ ဝါဠုကံ တထာ = ထွက်လေ ၀င်လေ နှစ်ထွေမရှိ သဲဖြင့်ပိ၍ မချိသေအောင် ပြုဆောင်ဖန်ပျိုး သဲထုမိုးကို၎င်း။ ကုက္ကုဠံ = တစိမ့်စိမ့်ပူ သေအောင်ဟူ၍ သူအကြံပျိုး ပြာပူမိုးကို၎င်း။ ကလလံ = ကျိုက်ကျိုက်ပွက်ဆူ အပူအခိုး ရွှံ့ညွန်မိုးကို၎င်း။ အင်္ဂါရံ = တခဏချင်း အပြင်းပူလောင် သေအောင်ဖန်ပျိုး မီးကျီးမိုးကို၎င်း။ အန္ဓကာရံ = ကြည့်သော်မစွမ်း စမ်းသော်မထင် ကြောက်စိတ်ဝင်၍ အလျင်သေရန် တတန်ပြုဆောင် အမိုက်မှောင်ကို၎င်း။

ဣတိ = ဤသို့။ မာရေန ဝိဿဋ္ဌေ = မာရ်နတ်မိစ္ဆာ အယုတ်တမာလျှင် ကြိမ်းကာဆင့်ဆင့် ပစ်လွှင့်အပ်ကုန်သော။ ဣမေ န၀ သတ္ထေ = လေ, မိုး, ကျောက်, သဲ,

၂၉၃

ညွန်, မီးခဲနှင့် ပြာမွဲ,မိုက်မှောင် ပြောင်ပြောင်လက်နက် ရောင်ပြိုးပြက်ဟု ကိုးချက်ရန်စွယ် လက်နက်မျိုးအန္တရာယ်တို့ကို။ ဝိဇယန္တံ = ဗိုလ်ပါအပေါင်း သောင်းကုဋေအား ဆောင်နိုင်ငြားလည်း ရိုက်လား ပုတ်လား အဖအပါးဝယ် ဆိုးဝါးမာန်မူ သားငယ်တူသို့ သီတဂူနှုန်း ကြည်နှလုံးဖြင့် မြေလုံးငြိမ့်အောင် သက်သေဆောင်၍ အောင်တော်မူကြီး အောင်တော်မူထသော။ (၀ါ) အောင်တော်မူသောကြောင့်။ ဇိနံ = ဇိနဟူသည် အမည်တံဆိပ် ဘွဲ့ပုံလိပ်ဖြင့် ခပ်နှိပ်ပေါ်ထင် အောင်ပွဲရှင် မြတ်စွာဘုရားကို။ နမေ-နမာမိ = ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ရှိခိုးပါ၏ မြတ်စွာဘုရား။ အဟမ္ပိ = စတုသမုဋ္ဌာန် ပြုလုပ်ဖန်သည့် ရုပ်နာမ်ပေါင်းချုပ် အကျွန်ုပ်သည်လည်း။ တေန ပုညေန = လက်နက်မျိုးကို ဖျက်ချိုးနှိမ်ခူး ဂုဏ်ကျေးဇူးဖြင့် ချီးကျူးဝန္ဒနာ စေတနာပဏာမ မြတ်ပုညကြောင့်။ သဗ္ဗမာယုဓေ = သေနတ်လေးမြား လှံဓားမီးပေါက် အမြောက်စိန်ဗုံး ချေမှုန်းခွင်းဖြတ် အကျဉ်းမှတ်သော် လွှတ်အပ်- မလွှတ်အပ် နှစ်ရပ်ကျုံးခြုံ အလုံးစုံသော လက်နက်မျိုးတို့ကို။ ဝိဇေယျံ = ယနေ့ကစ နိဗ္ဗာန်ရသည့် ကာလတခွင် သံသာပြင်ဝယ် မမြင်ရ မကြားရ အဝေးကပင် အောင်ရ နိုင်ရ အောင်နိုင်ရသည့်ကိုယ် ဖြစ်ပါလို၏ မြတ်စွာဘုရား။

အလောင်းတော်၏ ကရုဏာ

(ဤဒေဝပုတ္တမာရ်ကို အောင်မြင်ခဏ်း၌ ဇာတ်အဋ္ဌကထာ, ဗုဒ္ဓဝင် အဋ္ဌကထာတို့ထက် ဇိနာလင်္ကာရဋီကာ၌ ကျယ်ဝန်းစွာ ကြည်ညိုဖွယ်ရာ ဖွင့်ပြသောကြောင့် ထိုဇိနာလင်္ကာရဋီကာမှ အများဆုံး ထုတ်ဖော်ရေးသားပေအံ့။)

(၁) သ ပါဒမူလေ ကီဠန္တံ၊ ပဿန္တော တရုဏံ သုတံ။

ပိတာဝုဒိက္ခိ တံ မာရံ၊ မေတ္တာယန္တော ဒယာပရော။

၂၉၄

     သနားကရုဏာ ပြင်းပြစွာသော မွေးဖသခင် ကျေးဇူးရှင်သည် မိမိခြေရင်း၌ ကစား၍နေသော သားငယ်ကို လက်ခြေတို့ဖြင့် ပုတ်ခတ်စေကာမူ ဖောက်ဖောက်ပြန်ပြန် ပြုလုပ်စေကာမူ အမျက်ထွက်ရန် ဝေးစွာ့၊ သား ဟူသော ချစ်ခြင်းဖြင့် နှစ်သက်ကြည်ဖြူစွာ သားကို လည်ဖက်၍ မိမိရင်ခွင်ထက်၌ အိပ်စက်စေလျက် တစုံတခု ရန်ငြိုးဖွဲ့ခြင်း အလျင်းမရှိသကဲ့သို့ ထို့အတူ အလောင်းတော် သူမြတ်သည်လည်း ယုတ်မာလှသော ထိုမာရ်နတ်သား ပြုသမျှ ပြစ်မှားသမျှဥဿုံ အလုံးစုံကို သည်းခံတော်မူလျက် အနည်းငယ်မျှ နှလုံးမသာယာမှု ပြုတော်မမူပဲ ကြောက်ရွံ့ခြင်းကင်းမဲ့ကာ မေတ္တာကရုဏာမိုး စွေဖြိုးလျက် မာရ်နတ်သားကို ကြည့်တော်မူလေသည်။

(၂) တဒါ သော အာသဘိံ ဝါစံ၊ သီဟနာဒံ နဒီ မုနိ။

န ဇာနာတိ သယံ မယှံ၊ ဒါသဘာဝမ္ပယံ ခလော။


(၃) ယေန ကေနစိ ကမ္မေန၊ ဇာတော ဒေဝပုရေ ဝရေ။

သကံ ဂတိံ အဇာနန္တော၊ လောကဇေဋ္ဌောမှိ မညတိ။

     ထိုသို့ မာရ်နတ်သား စစ်ကြီးချီကာ နှောက်ယှက်လာသော အခါ၌ ဘုရားအလောင်းတော်သည် ရဲရဲတောက်စကား ဤကဲ့သို့ မိန့်ကြားတော်မူလေသည်။ မိန့်ကြားတော်မူပုံမှာ.. “ဤယုတ်မာလှသော မာရ်နတ်သည် မိမိကိုယ်တိုင်က ငါဘုရား ၏ ကျွန်ဖြစ်နေသည်ကို အလျှင်းပင် မသိချေ။ အနည်းငယ်မျှသော ကောင်းမှုကုသိုလ်ကံကြောင့် ဝသဝတ္တီနတ်ပြည်၌ ဖြစ်ရှိလာပြီးလျှင် မိမိ၏ အသက်တမ်း မိမိ၏စုတေရမည့် အချိန် စုတေပြီးနောက် လားရောက်ရမည့် အပါယ်ဘုမ္မိ ဒုဂ္ဂတိကို စိုးစဉ်းမျှ မသိရှာ၍ ငါသည် မြဲ၏ဟု မှတ်ထင်ကာ တလောကလုံး၌ ငါသာလျှင် အစိုးရသူဟူ၍ အောက်မေ့ မှတ်ထင်နေ၏၊ မိမိကိုယ်ရေး သေလျှင် အပါယ်ကျရမည့် ဘေးကိုကား မတွေးမိ မသိရှာချေ၊ ယင်းသို့ မသိသောကြောင့်ပင် ဤသို့ ပြစ်မှားမှုကို ပြုဝံ့ပေ၏။

၂၉၅

(၄) အနန္တလောကဓာတုမှိ၊

သတ္တာနံ ဟိ ကတံ သုဘံ။

မယှေကပါရမိတာယာပိ၊

ကလံ နာဂ္ဃတိ သောဠသိံ။


(၅) တိရစ္ဆာနော သသော ဟုတွာ၊

ဒိသွာ ယာစကမာဂတံ။

ပစိတွာန သကံ မံသံ၊

ပတိတောဂ္ဂိမှိ ဒါတဝေ။

     အနန္တများစွာ စကြဝဠာ လောကဓာတ်၌ သတ္တဝါတို့ပြုသမျှ ကောင်းမှုကုသိုလ်အစုကို ဉာဏ်ပညာချိန်ခွင်တဖက်၌ထား၍ ငါဘုရား၏ ပါရမီကောင်းမှု ကုသိုလ်အစုကို ဉာဏ်ပညာချိန်ခွင် အခြားတဖက်၌ထား၍ ချိန်စက်ကြည့်မည်ဆိုက သတ္တဝါတို့ပြုသမျှ ကောင်းမှုကုသိုလ်အစုသည် ငါဘုရား၏ ပါရမီဆယ်ပါး ကောင်းမှုများအနက် ပါရမီကောင်းမှု တခု၏ (၂၅၆) နှစ်ရာငါးဆယ်ခြောက်စိတ် စိတ်လျှင် တစိတ်ကိုပင် လိုက်၍ မမှီနိုင်ချေ။ မှန်၏၊ ငါကား တိရစ္ဆာန်ယုန်ငယ် ဖြစ်စဉ်ဘဝမှာပင် အလှူခံပုဂ္ဂိုလ် ငါ့ထံမှောက် လာရောက်သည်ကို မြင်ရလျှင် အားရဝမ်းသာစွာ မိမိ၏အသားကို ဖုတ်ကင်ပေးလှူလိုသည့်အတွက် မီးပုံထဲသို့ ရဲရဲကြီး ခုန်ချခဲ့လေပြီ။

(ဤ၌၊ ၊အနန္တလောကဓာတ် စကြဝဠာ သတ္တဝါတို့ပြုသမျှ ကောင်းမှုကုသိုလ်အစုသည် ငါဘုရားအလောင်း တဦးတည်းပြုသည့် ပါရမီဆယ်ပါး ကုသိုလ်များအနက်မှ ပါရမီတပါးပါးနှင့် နှိုင်းစာလျှင် ထိုပါရမီကောင်းမှုတခု၏ ၂၅၆-စိတ်စိတ်လျှင် တစိတ်ကိုပင် လိုက်၍ မမှီနိုင်ချေဟူသော အလောင်းတော်၏ ရဲရဲတောက် မိန့်ကြားချက်စကားသည် သာမန် စဉ်းစားလျှင် များလှလွန်လှသည်ဟု ထင်မှတ်ဖွယ် ရှိပေ၏။ စင်စစ်သော်မူ မများမလွန်ပါ။ အလွန်ပင် သဘာဝကျ၍ မှန်ကန်သောစကား ဖြစ်ပေ၏။

၂၉၆

ထင်ရှားစေဦးအံ့.. ဘုရားအလောင်းတော်မှတပါး အခြားသူတို့သည် ကုသိုလ်ကောင်းမှု ပြုလုပ်ရာဝယ် လူ့ချမ်းသာ နတ်ချမ်းသာတို့ကို တောင့်တ၍ ပြုကြသည်ကသာ များလှ၏။ (ယနေ့ သာသနာတွင် လူဖြစ်ရ၍ “ဘဝနှင့် စည်းစိမ်တို့ကို ဆုသန်တောင့်တ၍ လှူဒါန်းရသော ဝဋ္ဋနိဿိတဒါနသည် နိဗ္ဗာန်ကိုတောင့်တ၍ လှူဒါန်းသော ဝိဝဋ္ဋနိဿိတ ဒါနကဲ့သို့ အကျိုးမကြီး မမွန်မြတ်”ဟူ၍ သိသော ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်များပင် အလှူဒါန ပြုလုပ်သောအခါ ဘဝစည်းစိမ်တရားကို နှုတ်မြွက်၍ ဆုမတောင်းစေကာ စိတ်ထဲကမူ ထိုဘဝစည်းစိမ်တရားတို့ကို လိုလားလျက် ရှိချေသည်။) ယင်းသို့ အခြားသူများ ပြုလုပ်အပ်သော ကောင်းမှုကုသိုလ်အစုသည် ၀ဋ်ကိုတောင့်တ၍ ပြုလုပ်ကြသည့်အတိုင်း ၀ဋ်ဆင်းရဲအကျိုးကို ပေးသဖြင့် ထိုအခြား သူများမှာ မိမိတို့ပြုလုပ်သည့် ကုသိုလ်ဥစ္စာဖြင့် လူ့ဘ၀ လူ့စည်းစိမ် နတ်ဘ၀ နတ်စည်းစိမ် တည်းဟူသော အသုံးအဆောင်တို့ကို ဝယ်ယူသုံးဆောင်ကြသကဲ့သို့ ဖြစ်ရကား ငွေရတိုင်း ရတိုင်း အသုံးအဆောင်တို့ကို ဝယ်ယူသုံးဆောင်သောသူအား ငွေဟူ၍ မစုမိသကဲ့သို့ ဘုရားအလောင်းမှတပါး အခြားသော ဝဋ္ဋာဘိရတ (= ဘဝစည်းစိမ် ဝဋ်ဆင်းရဲ၌ မွေ့လျော်နှစ်ခြိုက်ကြသော) သတ္တဝါတို့မှာ ကောင်းမှုကုသိုလ်ဥစ္စာ မစုမိပဲ လူမွဲချည်း ဖြစ်ကြလေသည်။

မြတ်စွာဘုရား အလောင်းတော်သည်ကား ပါရမီကောင်းမှု ပြုလုပ်တိုင်း ပြုလုပ်တိုင်း သဗ္ဗညုတ ရွှေဉာဏ်ကိုသာ ဆုပန်တောင့်တ၍ ပြုတော်မူလေသည်။ ထို့ကြောင့် ဘုရားအလောင်းတော်၏ ပြုသမျှ ကုသိုလ် ကောင်းမှုများသည် သဗ္ဗညုတဉာဏ်အကျိုးကို မပေးရသေးသမျှ အရှိန်မစဲ အလောင်းတော်သန္တာန်၌ ကမ္မသမင်္ဂီအနေအားဖြင့် ရှိမြဲရှိ၍ နေလေသည်၊ ထို့ကြောင့် မသုံးရက် မစွဲရက်

၂၉၇

ငွေကိုစု၍ ထားသောသူမှာ ဥစ္စာစီးပွါး တနေ့တခြား တိုးတက် များပြားလာသကဲ့သို့ ဘုရားအလောင်းတော် မှာလည်း ကုသိုလ်ကောင်းမှု ဥစ္စာများ တဘဝထက် တဘဝ တိုးတက် များပြားလာရကား အလောင်းတော် သူမြတ်သည် ကုသိုလ်ဥစ္စာ လွန်စွာကြွယ်ဝသူ ဖြစ်လေသည်။

ကုဋေများစွာ ချမ်းသာကြွယ်ဝသော သူဌေးတဦးကို ဆင်းရဲမွဲတေသူ လူပေါင်းများစွာတို့ ဥစ္စာစီးပွါးရေး၌ ယှဉ်ပြိုင်သော်လည်း ရှုံးကြရမည်သာ ဖြစ်သကဲ့သို့ ပါရမီကောင်းမှု ကုသိုလ်ဥစ္စာ မရေမတွက်နိုင်အောင် ချမ်းသာသော မြတ်စွာဘုရားအလောင်း ကောင်းမှုကုသိုလ်သူဌေးကြီးကို ကုသိုလ်ဥစ္စာ ရတိုင်းရတိုင်း ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ အသုံးအဆောင်တို့ကို ရှာ၍မလောက်နိုင်အောင် ဝယ်ယူ သုံးဆောင်ကြသဖြင့် ကုသိုလ်ကောင်းမှုဥစ္စာ လွန်စွာဆင်းရဲ မွဲတေကြသည့် အနန္တလောကဓာတ် သတ္တဝါလူမွဲတို့ ကုသိုလ်ကောင်းမှု တည်းဟူသော စီးပွါးရေး၌ ယှဉ်ပြိုင်ကြသော်လည်း ရှုံးကြရမည်သာ ဖြစ်လေသည်။ ထို့ကြောင့် မြတ်စွာဘုရား အလောင်းတော်၏ ရဲရဲတောက်စကား (ရှေးဖော်ပြရာပါ)) မိန့်ကြားချက်သည် စကားကြူး စကားလွန်မဟုတ် အလွန်ပင် သဘာဝကျ၍ မှန်ကန်သော စကားသာဖြစ်၏။)

(၆) ဧဝံ အနန္တပုညေဟိ၊ သိဒ္ဓံ ဒေဟမိမံ ပန။

ယထာဘူတံ အဇာနန္တော၊ မနုဿောတိ ဟိ မညတိ။

     ဤသို့ ဖော်ပြရာပါ အနန္တကောင်းမှု ကုသိုလ်တို့ကြောင့် ဖြစ်ပေါ်လာသော ဤဘဝ ငါ၏ကိုယ်ကို မာရ်နတ်သားကား အမှန်အတိုင်း မသိရှာ၍ သာမန်လူတယောက်အနေ အောက်မေ့ မှတ်ထင်ချေ၏။

၂၉၈

(၇) နာဟံ မနုဿော နာမနုဿော၊ န ဗြဟ္မာ န စ ဒေဝတာ။

ဇရာမရဏံ လောကဿ၊ ဒဿေတုံ ပနိဓာဂတော။

     ငါကား သာမန်ခုနစ်ရက်သား လူစားမဟုတ်ချေ။ ဘီလူးလည်း မဟုတ်ချေ။ ဗြဟ္မာလည်း မဟုတ်ချေ၊ နတ်လည်း မဟုတ်ချေ။ (ခုနစ်ရက်သား လူစားသာမန် မဟုတ်ပဲလျက် လူမိန်းမ၏ ဝမ်းတိုက်၌ အဘယ့်ကြောင့် လာရောက်ဖြစ်ပွါးရသနည်း ဟူမူကား) သတ္တဝါအပေါင်းအား အိုနာသေရေး သံသရာဒုက္ခဘေးကို ထင်ရှား ဟောပြဖို့ရန် ဤလူ့ပြည်လောက လူမိန်းမ၏ ဝမ်းတိုက်၌ လာရောက် ဖြစ်ပွါးလေသည်။

(ထင်ရှားစေဦးအံ့..၊ အလောင်းတော်သူမြတ်ကို လူဟူ၍၎င်း, ဘီလူးဟူ၍၎င်း, နတ်ဟူ၍၎င်း, မာရ်ဟူ၍၎င်း, ဗြဟ္မာဟူ၍၎င်း ဧကန်ဧက ပြောဆိုရန် မတတ်သာချေ။ အကြောင်းကား ထို လူ, ဘီလူး, နတ်, မာရ်, ဗြဟ္မာတို့မှာ အလောင်းတော်၏ အလုပ်မျိုး လုံးဝမရှိသောကြောင့် ဖြစ်သည်။

သို့ဖြစ်လျှင် အဘယ့်ကြောင့် လူမိန်းမ (= မယ်တော်မာယာ)ဝမ်းမှ ဖွားသနည်းဟု မေးဖွယ်ရှိ၍ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းအား အိုနာသေရေး သံသရာဒုက္ခဘေးကို ထင်ရှားဟောပြဖို့ရန် ဤလူ့ပြည်လောက လူမိန်းမ (= မယ်တော်မာယာ)၏ ဝမ်းတိုက်၌ လာရောက် ဖြစ်ပွါးရသည်ဟု ဖြေကြားတော်မူခြင်းဖြစ်သည်။

ချဲ့ဦးအံ့..၊ သတ္တဝါတို့ကို ဖြစ်ပွါးစေတတ် ဖန်ဆင်းတတ်သော နတ်, မာရ်, ဗြဟ္မာ, အတ္တဟူ၍ တဦးမျှ မရှိချေ။ စင်စစ်ကား ကိုယ်စီကိုယ်ငှ မိမိတို့ ခန္ဓာအစဉ်၌ဖြစ်သော တဏှာသည်သာလျှင် အဖန်ဖန် ပဋိသန္ဓေကို ပြီးစေ၏။ ကုသိုလ် အကုသိုလ်ကံများလည်း တဏှာ၏ စွမ်းရည်ကြောင့်ပင် ဖြစ်ကြ၏၊ ထင်ရှားစေဦးအံ့..၊

၂၉၉

ကံသည် လယ်နှင့်တူ၏။ ကံနှင့်တကွ ဖြစ်ဖော်ဖြစ်ဖက် ဝိညာဏ်သည် မျိုးစေ့နှင့်တူ၏၊ တဏှာလောဘသည် ရေနှင့်တူ၏။ လယ်မြေ, မျိုးစေ့, ရေ- သုံးပါးပေါင်းဆုံခြင်းကြောင့် သစ်ပင်၏ အညွန့်အညှောက် ပေါက်ရောက်သကဲ့သို့ ကံတည်းဟူသော လယ်မြေ, ကံ၏အဖော် ဝိညာဏ်တည်းဟူသော မျိုးစေ့, တဏှာ လောဘ တည်းဟူသော ရေငွေ့- ဤသုံးပါး ပေါင်းဆုံမိခြင်းကြောင့် သတ္တဝါ ဖြစ်ပေါ်၏။ တဏှာလောဘ တည်းဟူသော ရေငွေ့မရှိလျှင် ကံတည်းဟူသော လယ်မြေ, ဝိညာဏ်တည်းဟူသော မျိုးစေ့တို့ ရှိသော်လည်း ဘဝအပင် အညွန့်အညှောက် မပေါက်တော့ချေ။ ထို့ကြောင့်ပင် တဏှာရေငွေ့ကို ပယ်သတ်ပြီး ဖြစ်တော်မူကြသောကြောင့် ရဟန္တာအရှင်မြတ်တို့သည် တဖန် ဘဝအသစ်၌ မဖြစ်ကြကုန်။

ဤသို့ ကုသိုလ်ကံ အကုသိုလ်ကံ တည်းဟူသော လယ်မြေ, ကံနှင့်တကွ ဖြစ်ဖော်ဖြစ်ဖက် ဝိညာဏ်တည်းဟူသော မျိုးစေ့, တဏှာတည်းဟူသော ရေငွေ့- ဤအကြောင်းသုံးပါးတို့ ပေါင်းဆုံမိခြင်းကြောင့် ဖြစ်ပေါ်လာသော သတ္တဝါအား ဇာတိအစရှိသော ဒုက္ခပေါင်းများစွာတို့ ရေအယဉ်ပမာ လွှမ်းမိုး နှိပ်စက်ကြကုန်၏။ ဘုရားအလောင်းတော်သည်လည်း သတ္တဝါတို့၏ ထိုဇာတိဒုက္ခ အစရှိသော များစွာသော ဘေးဒုက္ခတို့ကို ပယ်ရှားလိုသူ ဖြစ်၏၊ ဇာတိအစရှိသော ဒုက္ခအပေါင်း၏ အကြောင်းရင်းကား တဏှာပင်တည်း၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဇာတိမဖြစ်တော့ချေ၊ ဇာတိမဖြစ်လျှင် ဇရာ, မရဏ စသည်တို့လည်း မဖြစ်တော့ကုန်၊ သို့ရကား တဏှာသာလျှင် အရင်းအကျဆုံး ပယ်သတ်ရမည့်တရား ဖြစ်၏။ ထိုတဏှာသည်လည်း ရူပါရုံအစရှိသော အာရုံခြောက်ပါးတို့၌ မြဲသည်, ချမ်းသာသည်, တင့်တယ်သည်, ခိုင်မာသည်ဟူသော အမှတ် (= နိစ္စသညာ, သုခသညာ, သုဘသညာ,

၃၀၀

အတ္တသညာ)ဖြင့် သုခကို အလိုရှိကြသူ သတ္တဝါတို့အား မောဟ၏စွမ်းအားဖြင့် ဖြစ်ပေါ်၏၊ သို့ရကား ထိုတဏှာ၏ အကြောင်းရင်းဖြစ်သော အာရုံခြောက်ပါးတို့၌ အပြစ်ဒေါသကို မြင်အောင်ပြမှသာလျှင် တဏှာကို ပယ်စွန့်နိုင်မည်ဖြစ်၏၊ အာရုံခြောက်ပါးတို့၌ အပြစ်ဟူသည်မှာလည်း ထိုအာရုံခြောက်ပါးတို့၌ ဖြစ်ပေါ်နေသော အနိစ္စစသော အခြင်းအရာများတည်း၊ ထိုအနိစ္စစသော အခြင်းအရာကိုလည်း ဇရာမရဏကို မြင်မှသာလျှင် သိမြင်နိုင်သည်။ (ဇရာမရဏကိုမြင်မှ အာရုံခြောက်ပါး၏ အနိစ္စအခြင်းအရာစသော အပြစ်များကို မြင်နိုင်မည်။ အာရုံခြောက်ပါးတို့၌ အပြစ်ကိုမြင်မှ ထိုအာရုံခြောက်ပါးတို့၌ တပ်မက်သော တဏှာလောဘကို ပယ်နိုင်မည်၊ တဏှာလောဘကို ပယ်နိုင်မှ ဇာတိအစရှိသော သံသရာဒုက္ခများ ငြိမ်းအေးမည်။) သို့ရကား ဇရာမရဏကို သိမြင်ခြင်းသည် သံသရာဒုက္ခ ငြိမ်းအေးခြင်း၏ အရင်းမူလ ပဓာနကိစ္စ ဖြစ်ပေ၏။ ထို့ကြောင့် သတ္တဝါတို့၏ ဇာတိအစရှိသော သံသရာဒုက္ခ အပြီးတိုင် ငြိမ်းအေးရန်အတွက် အရင်းမူလ ပဓာနဖြစ်သော ဇရာမရဏတရားကို သတ္တဝါတို့အား ထင်ရှားထုတ်ဖော် ဟောပြတော်မူခြင်းအကျိုးငှါ ဘုရားလောင်းတော်သည် ဤလူ့ပြည်လူ့ရွာ မယ်တော်မာယာ၏ ၀မ်းကြာတိုက်၌ ကိန်းပိုက်သန္ဓေ လာရောက် ဖြစ်ပွါးတော်မူပေသည်။

ဆက်၍ ထင်ရှားစေဦးအံ့..၊ ဘုရား အလောင်းတော်သည် အကယ်၍ နတ်အဖြစ်သို့ ကပ်ရောက်၍ဖြစ်စေ, ဗြဟ္မာအဖြစ်သို့ ကပ်ရောက်၍ဖြစ်စေ တရားကိုဟောငြားအံ့၊ တန်ခိုးပြာဋိဟာကို ပြငြားအံ့၊ တပါးသော သူတို့သည် ယုံကြည်ကြမည် မဟုတ်ကုန်၊ ဤနတ်မင်း ဗြဟ္မာမင်းသည် မိမိကိုယ်တိုင်က ချမ်းသာသုခရှိသူ မြဲသူ ခိုင်မာသူဖြစ်လျက် ငါတို့အား အနိစ္စဟူ၍ ဒုက္ခဟူ၍ အနတ္တဟူ၍

၃၀၁

ဟောလာချေ၏။ သူ၏စကားသည် ဘယ်လိုစကားမျိုးပါလိမ့်-ဟု အောက်မေ့ကာ ယုံကြည်ကြမည် မဟုတ်၊ ရိုသေစွာ နားထောင်ကြလိမ့်မည်လည်း မဟုတ်ကုန်၊ နတ်ဗြဟ္မာမည်သည် အဘယ်အရာကို မပြောဆို မဟောပြနိုင်ပဲ ရှိအံ့နည်း၊ ပြောဆို ဟောပြနိုင်မည်သာ ဖြစ်၏၊ အဘယ်မည်သော တန်ခိုးပြာဋိဟာကို မပြုလုပ် မဖန်ဆင်းနိုင်ပဲ ရှိအံ့နည်း၊ ပြုလုပ် ဖန်ဆင်းနိုင်မည်သာ ဖြစ်၏၊ ဤနတ် ဤဗြဟ္မာ၏ ဟောပြမှု တန်ခိုးပြာဋိဟာကို ပြသ ဖန်ဆင်းမှုကား အံ့ဩဖွယ် မဟုတ်ချေ-ဟု အောက်မေ့ မှတ်ထင်ကြမည်သာ ဖြစ်၏။

ခပ်သိမ်းသော လူအပေါင်းတို့ မြင်စဉ်ပင် မယ်တော်ဝမ်းတိုက်မှ ဖွားမြင်ကာ အရွယ်ရောက်က ကာမသုခကို ခံစားပြီးလျှင် သားတော်ကို ရရှိလတ်သော် ထိုသားတော်ကိုစွန့်၍ တောထွက်ကာ ရဟန်းပြုပြီးနောက် ဒုက္ကရစရိယာအကျင့်ကြီးကို ကျင့်ကြံတော်မူပြီးလျှင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ရှိ (= ဘုရားအဖြစ်သို့ ရောက်ရှိ)ပြီးကာ တရားကို ဟောကြားလတ်သော်၎င်း, ဇရာမရဏကို ထင်ရှားပြတော်မူလတ်သော်၎င်း, လက္ခဏာရေးသုံးပါးကို ဟောကြားတော်မူလတ်သော်၎င်း “ဤယောက်ျားမြတ်သော်မှ သို့စဉ် တန်ခိုးအာနုဘော်ကြီးသူ ဉာဏ်ပညာကြီးသူ အလုံးစုံသော တရားသဘောကို မကြွင်းမကျန် သိမြင်သူ ဖြစ်ပါလျက်လည်း အိုခြင်း နာခြင်း သေခြင်းသဘောကို မလွန်မြောက်နိုင်ချေ။ ငါတို့၌ကား ဆိုဖွယ် အကြောင်းမရှိ”ဟု အောက်မေ့ကြကာ တရားတော်ကို ရိုသေစွာ နားထောင်ကြပေလိမ့်မည်၊ “ဇာတိ အစရှိသော ဒုက္ခတို့ကို ပယ်ရှားဘို့ရန် တရားဟောတော်မူသော ငါတို့မြတ်စွာဘုရားသည် ခပ်သိမ်းသော တရားတို့ကို ပိုင်းခြား သိမြင်တော်မူပါပေစွာ့၊ ထိုဇာတိအစရှိသော ဒုက္ခမရှိရာ နိဗ္ဗာန်သည် ချမ်းသာလှပါပေစွာ့”ဟု

၃၀၂

ဘုရား တရားတို့၌ သက်ဝင် ယုံကြည်ကြပြီးလျှင် တရားဒေသနာတော်ကို အစဉ်လျှောက်သဖြင့် ဉာဏ်ကို တရား၌ စေလွှတ်သွတ်သွင်းကာ ဥပါဒါနက္ခန္ဓာငါးပါး တရားစင်စစ်ဖြစ်သော ဤအတ္တဘောကို ဒုက္ခအနေအားဖြင့်၎င်း, ဒုက္ခ၏ အကြောင်းအနေအားဖြင့်၎င်း သိမြင်ကြပြီးလျှင် ထိုဥပါဒါနက္ခန္ဓာငါးပါး တရားစင်စစ်ဖြစ်သော အတ္တဘောကို ဖြစ်စေတတ်သည့် တဏှာလောဘ၏ အပြစ်ကို ကောင်းစွာ မြင်ကြကုန်၏။ ထိုသတ္တဝါတို့သည် ထိုသို့ မြင်ကြကုန်လျက် တဏှာလောဘ တည်းဟူသော သမုဒယသစ္စာ၎င်း, ထိုတဏှာလောဘ သမုဒယသစ္စာကြောင့်ဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၌၎င်း လန့်ကြ ရှက်ကြ စက်ဆုပ်ကြပြီးလျှင် တဏှာကို အကြွင်းမဲ့ ချုပ်ငြိမ်းစေကြလိမ့်မည်။ ထိုသို့ ချုပ်ငြိမ်းစေကြသည်ရှိသော် အနုပါဒါပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းကြရန် ထိုက်တန်ကြပေလိမ့်မည်။ ထို့ကြောင့် “သတ္တဝါအပေါင်းအား အိုနာသေရေး သံသရာဒုက္ခဘေးတို့ကို ထင်ရှားပြဖော် ဟောတော်မူလိုသည့်အတွက် ဤလူ့ပြည်လောက မယ်တော်မာယာ၏ ၀မ်းကြာတိုက်၌ လာရောက်ဖြစ်ပွါး ဖွားတော်မူလေသည်”ဟု မိန့်ဆိုတော်မူခြင်း ဖြစ်သည်။)

(၈) အနုပလိတ္တော လောကေန၊

ဇာတောနန္တဇိနော အဟံ။

ဗုဒ္ဓေါ ဗောဓိတလေ ဟုတွာ၊

တာရေမိ ဇနတံ ဗဟုံ။

     ဟယ်မာရ်နတ်.. ငါကား လူ့ပြည်လောက၌ လာရောက် ဖြစ်ပွါးသော်လည်း တစုံတခုသော သတ္တဝါသင်္ခါရနှင့်မျှ လိမ်းကျံ ငြိကပ်ခြင်း အလျှင်းမရှိပဲသာ ဖြစ်ခဲ့လေပြီ၊ ငါသည် အနန္တသတ္တဝါသင်္ခါရ အနန္တကိလေသာတို့ကို အောင်နိုင်ခြင်းကြောင့် အနန္တဇိနအမည်တော် ရရှိကာ ယခုပင် ဤအပရာဇိတပလ္လင်၌

၃၀၃

ထိုင်နေစဉ် ထိုင်နေရင်း ဤတင်ပလ္လင်ကို မဖျက်ပဲ ခပ်သိမ်းသော ကိလေသာတို့ကို ဖုတ်ကြည်းသင်္ဂြိုဟ် ပယ်ရှားပြီးလျှင် လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူကာ များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ရောက်အောင် ဆယ်တင်ပေအံ့၊ သင်သည် ငါ့ကို ဘယ်နည်းနှင့်မျှ တားမြစ်ခြင်းငှါ မစွမ်းနိုင်ချေ၊ သင်၏အရာ မဟုတ်။

(၉) သမန္တာ ဓဇိနိံ ဒိသွာ၊

ယုဒ္ဓံ မာရံ သဝါဟနံ။

ယုဒ္ဓါယ ပစ္စုဂစ္ဆာမိ၊

မာ မံ ဌာနာ အစာဝယိ။


(၁ဝ) ယံ တေ တံ နပ္ပသဟတိ၊

သေနံ လောကော သဒေဝကော။

တံ တေ ပညာယ ဘေစ္ဆာမိ၊

အာမံ ပက္ကံဝ အသ္မနာ။

     ဟယ်မာရ်နတ်.. ငါသည် ထက်ဝန်းကျင်မှ အလံတလူလူ လွှင့်ထူချီတက်လာသည့် သင်၏စစ်တပ်ကြီးကို၎င်း, ဂိရိမေခလာဆင်နှင့် တကွသော သင့်ကို၎င်း မြင်ရသည့်အတွက် ရဲရဲကြီး စစ်ဖက်အံ့သောငှါ ပညာဖြင့် ရှေးရှူ သင့်ဘက်သို့ မျက်နှာမူကာ ငါကား ချီတက်ခဲ့၏။ (ကိုယ်တော်ထ၍ ချီတက်သည်ကို မဆိုလို၊ ပညာဖြင့် ချီတက်သည်ကို ဆိုလို၏။) သင်သည် ငါ့ကို ဤအပရာဇိတပလ္လင်တော်မှ ဘယ်နည်းနှင့်မျှ ထစေနိုင် ရွေ့စေနိုင်မည် မဟုတ်၊ မရွေ့စေနိုင်အောင်ပင် ငါကား ပြုလုပ်မည်။

     ဟယ်မာရ်နတ်.. အားကောင်းမောင်းသန်သော ယောက်ျားသည် အိုးထိန်းသည်ပြုလုပ်အပ်သမျှ ဖုတ်ပြီး, မဖုတ်ရသေး (ကျက်ပြီး, မကျက်သေး)သော အိုးခွက်အလုံးစုံကို ကြီးစွာသော ကျောက်ခဲဖြင့် တလုံးမကျန် ဖြိုဖျက်ထုခွဲသကဲ့သို့၊ ငါသည်လည်း

၃၀၄

လောကကြီး တခုလုံးက အရှုံးပေးကာ အော့နှလုံးနာရသော သင်၏ ကာမရာဂ စသည်ဆယ်ရပ် (ရှေးကဖော်ပြအပ်ပြီးသာ) စစ်တပ်ကြီးကို (တနည်း) ရှေ့နှင့်ဝဲယာ (၁၂) တဆယ့်နှစ်ယူဇနာစီရှိ၍ အမြင့်ထုအားဖြင့် (၉) ကိုးယူဇနာ နောက်မျက်နှာမှ စကြဝဠာတံတိုင်းအထိ လွှမ်းမိုး ချီတက်လာသော သင်၏ စစ်တပ်ကြီးကို ငါတကိုယ်တည်းဖြစ်လျက် ယခုထိုင်သည့်နေရာကိုမျှ မပျက်စေပဲ (= နေရာမှ ငါမထပဲ) ပညာစွမ်းဖြင့် တဦးမကျန် တွန်းလှန် ဖြိုခွဲပစ်ပေအံ့၊ သင့်ကို၎င်း, သင်၏ စစ်သည်ဗိုလ်ပါကို၎င်း ခဲဖြင့်ပစ်ကာ ကျီးအပေါင်းကို ပြေးစေသည့်ပမာ ယခု မကြာမီပင် ပြေးစေအံ့။

(ဤ ၉-နံပါတ် ၁၀-နံပါတ် ဂါထာတို့သည် ပဓာနသုတ်၌ မြတ်စွာဘုရား ဟောတော်မူအပ်သော ဂါထာတို့ဖြစ်သည်။ ၁-မှ ၈-တိုင် ဂါထာများနှင့် ဤမှနောက်၌ ပြဆိုလတံ့သော ဂါထာတို့သည်ကား ဇိနာလင်္ကာရ ကျမ်းပြုဆရာ ဗုဒ္ဓရက္ခိတ မထေရ်သူမြတ်သည် မြတ်စွာဘုရား၏ အလိုတော်ကျ ထိုထိုသုတ္တန်ပါဠိတော်တို့မှယူ၍ စီကုံး ရေးသားအပ်သော ဂါထာဖြစ်သည်။)

(၁၁) ဣစ္ဆန္တော သာသပေ ဂဗ္ဘေ၊ စင်္ကမာမိ ဣတော စိတော။

ဣစ္ဆန္တော လောကဓာတုမှိ၊ အတ္တဘာဝေန ဆာဒယိ။

     ဟယ် မာရ်နတ်.. ငါကား အလိုရှိလျှင် (= သေးငယ်လိုလျှင်) မုန်ညင်းစေ့အတွင်း၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်နိုင်၏။ အလိုရှိလျှင် (= ကြီးစေလိုလျှင်) လောကဓာတ် စကြဝဠာတိုက်ကြီး တခုလုံးကိုသော်လည်း မိမိ၏ အတ္တဘောဖြင့် ဖုံးအုပ်၍ ထားနိုင်၏။

(၁၂) ဧတေ သဗ္ဗေ ဂဟေတွာန၊ စုဏ္ဏေတုံ အစ္ဆရာယပိ။

အတ္ထိ ထာမဗလံ မယှံ၊ ပါဏဃာတော န ရုစ္စတိ။

     ဟယ်မာရ်နတ်.. သင်နှင့်တကွ သင့်စစ်သည်ဗိုလ်ပါ အလုံးစုံတို့ကို ဖမ်းယူပြီးလျှင် လက်ဖြောက်မျှဖြင့် မုန့်မုန့်ညက်ညက် ပြုလုပ်နိုင်ရန် စွမ်းအားသတ္တိ ငါ့အား ရှိပေ၏။ သို့စေကာ ငါသည်

၃၀၅

ပါဏာတိပါတဒုစရိုက်မှု (= သူ့အသက်ကိုသတ်ဖြတ်ခြင်း မကောင်းမှု)ကို အဏုမြူမျှ မနှစ်သက်အပ်ပေ။

(၁၃) ဣမဿ ဂဏ္ဍုပ္ပါဒဿ၊ အာဝုဓေန ဗလေန ကိံ။

မယှံ ဟိ တေန ပါပေန၊ သလ္လာပေါပိ န ရုစ္စတိ။

     တီကောင်လောက်မျှ ပမာဏရှိသည့် ဤမာရ်နတ်အား ငါသည် လက်နက်သုံးသဖြင့်၎င်း, ကိုယ်အင်အားကို သုံးသဖြင့်၎င်း အဘယ်အကျိုးရှိအံ့နည်း။ မှန်၏။ ငါသည် ယုတ်မာလှသော ဤမာရ်နတ်နှင့် ယခုလောက် စကားပြောဆိုနေရသည်ကိုပင် မနှစ်သက်အပ်ပေ။

(ဤဖော်ပြရာပါ ရဲရဲတောက်စကားတို့ကို ဘုရားအလောင်းတော် မဆိုမီက မာရ်နတ်သားသည် “အို သိဒ္ဓတ်မင်းသား.. သင်သည် ငါ၏ဥစ္စာ ဤအပရာဇိတ ပလ္လင်တော်နေရာ၌ အဘယ့်ကြောင့် နေထိုင်သနည်း”ဟု ပြောဆိုသောအခါ အလောင်းတော်သူမြတ်က “ပလ္လင်တော်သည် သင်၏ဥစ္စာဖြစ်ကြောင်း သက်သေကား အဘယ်သူနည်း”ဟု မေးတော်မူ၏။ မာရ်နတ်သားက “တပါးသောသူတို့ကို သက်သေဆောင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤယခု သင်၏မျက်မှောက်၌ ရောက်ရှိနေဆဲဖြစ်သည့် မာရ်စစ်သည် ဗိုလ်ပါအပေါင်းသည် ငါ၏ သက်သေတည်း”ဟု ပြောဆိုကာ လက်ကိုဆန့်တန်းလိုက်သောအခါ မာရ်နတ်၏ ပရိသတ်သည် တပြိုင်နက်တည်းပင် “ငါသည် သက်သေ၊ ငါသည် သက်သေ”ဟူ၍ ပြောဆိုကြကာ ကုဋေသိန်းပေါင်းများစွာ ထွက်ပေါ်လာကြသည်။ မြေပြိုသော အခါကဲ့သို့ ဆူညံလျက် ရှိချေ၏။ ထို့ကြောင့် ထိုမာရ်နတ်၏ ပရိသတ်ကို ဟန့်တားကာ ကိုယ်တော်မြတ်၏ သက်သေကို ဖော်ပြတော်မူလို၍ ဤဂါထာကို ရွတ်ဆိုတော်မူလေ၏။)

(၁၄) ပလ္လင်္ကံ မမ ဘာဝါယ၊

ကိမတ္ထညေန သက္ခိနာ။

ကမ္ပိတာ မဒ္ဒိယာ ဒါနာ၊

သက္ခိ ဟောတိ အယံ မဟီ။

၃၀၆

     ဟယ်မာရ်နတ်.. ငါသည် ဤအပရာဇိတပလ္လင်ကို လိုလား တောင့်တသဖြင့် ဘဝများစွာ ကမ္ဘာဘာတို့၌ မလှူခဲ့ဘူးသော ဒါနဟူ၍ မရှိ၊ မစောင့်ထိန်းဘူးသော သီလဟူ၍ မရှိ၊ မကျင့်ခဲ့ဘူးသော ဒုက္ကရအကျင့်ဟူ၍ မရှိ၊ ဟယ်မာရ်နတ်.. ဘဝများစွာ အတိတ်ကမ္ဘာဘာက လှူဒါန်းခဲ့သည့် ဒါနပါရမီစသည်ကို ထားလိုက်ပါဦး၊ ဝေဿန္တရာ ဘဝတခုမှာပင် မဒ္ဒီမိဖုရားကို အထွတ်အထိပ်ရောက်ပြု၍ ခုနစ်ကြိမ်တိုင်တိုင် အလှူကြီးများကို ပေးအပ်ခဲ့စဉ်က မဟာပထဝီ ဤမြေကြီးသည် ခုနစ်ကြိမ်တိုင်တိုင် တုန်လှုပ်ခဲ့လေပြီ။ ယခုအခါ ဤအပရာဇိတပလ္လင်၌ အလုံးစုံသော လောကကို အောင်နိုင်ရန် ထိုင်နေစဉ် သင်၏ မာရ်စစ်တပ်ကြီး ချီတက် စစ်ထိုးလာလတ်သော် ဤမဟာပထဝီမြေကြီးသည် အဘယ့်ကြောင့် မတုန်မလှုပ် ဆိတ်ဆိတ်ဖြစ်၍ နေဘိသနည်း၊ ဟယ် မာရ်နတ်.. သင်ကား သင့်ပရိသတ်ကို မတရားသက်သေ ခံစေခဲ့လေပြီ၊ ဤမြေကြီးကား သင့်အား၎င်း, ငါ့အား၎င်း သမာသမတ် ညီမျှသော မြေကြီးဖြစ်ချေသည်၊ စေတနာလည်းမရှိ၊ ထိုသို့ သင်နှင့် ငါတို့အဖို့ သမာသမတ်ညီမျှ၍ လုံးဝစေတနာမရှိသော မဟာပထဝီ ဤမြေကြီးသည် ယခုပင်လျှင် ငါ၏သက်သေ ဖြစ်ပေလတံ့ဟု မိန့်ဆိုတော်မူကာ ဘုရားအလောင်းတော်သည် မိုးတိမ်ဝမှ လျှပ်နွယ် အတူ ကြက်သရေရှိလှသော လက်ျာလက်တော်ကို သင်္ကန်းတွင်းမှထုတ်ကာ မဟာပထဝီမြေကြီးသို့ ရှေးရှု ညွှန်ပြတော်မူလေ၏။

     ထိုခဏမှာပင် မဟာပထဝီမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်လည်ကာ သည်းထန်စွာ မြည်ဟည်းလေ၏။ မြေကြီး၏အသံဖြင့် ကောင်းကင်တခွင်လုံးသည် မိုးချုန်းသံကဲ့သို့ သည်းစွာသော အသံကို မြည်စေလေ၏။ မြင်းမိုရ်တောင်ကို ရံလျက်တည်သော တောင်စဉ်ခုနစ်ထပ်နှင့်တကွ ဟိမဝန္တာတောင် အစရှိသည်တို့သည် သည်းထန်စွာ မြည်ဟည်းကြကုန်၏။ စကြဝဠာတိုက်အလုံးသည် မီးလောင်သော ဝါးတောပမာ တဖျောင်းဖျောင်း တဖျန်းဖျန်း ကြောက်လန့်ဘနန်း ကြမ်းတမ်းသောအသံကို

၃၀၇

မြည်ဟည်းလေ၏၊ လောလောပူသော အိုကင်းထဲ၌ ပေါက်ပေါက်စပါးတို့ တဖြောင်းဖြောင်းပေါက်၍ နေကြသကဲ့သို့ ကောင်းကင်တခုလုံး၌ မိုးတိမ်မရှိပဲ ကြောက်မက်ဖွယ် ထစ်ချုန်း၍နေသည့်ပြင် ရဲရဲတောက်သော မီးကျီးမိုးပမာ မိုးပေါက်မီးပွါး တဖွားဖွားပြန့်လျက် မိုးကြိုးတို့သည်လည်း တဖြုန်းဖြုန်း ကျလာကုန်၏။ အုန်းအုန်းဆူညံ မြည်သံမစဲသည့် မြေကြီးနှင့် ကောင်းကင်တို့၏ အကြားသို့ ရောက်ရှိနေသော မာရ်နတ်သားသည် အားထားကိုးကွယ်ရာမရှိ အလွန်အမင်း ကြောက်လန့်ရကား စစ်တံခွန် (= စစ်အလံ)ကြီးကိုလှဲကာ ထိုနေရာမှာပင် လက်နက်တထောင်ကိုလည်း စွန့်ပစ်ခဲ့၍ ဂိရိမေခလာဆင်ကြီးကိုလည်း ပြန်စောင်းမကြည့်နိုင်ပဲ ဦးတည့်ရာသို့ရှေးရှူ တအားသွန် ပြေးလေတော့၏။ မာရ်နတ်မင်းပြေးလျှင်ပင် မာရ်စစ်တပ်ကြီးလည်း ဖရိုဖရဲ ပြိုကွဲပျက်စီးကာ လေမုန်တိုင်း တိုက်ခတ်အပ်သော ပြာမှုန့်များကဲ့သို့ မျက်နှာရှေးရှူ မူမိရာ မူမိရာအရပ်ဖြင့်ပင် ပြေးလွှားကြ၍ ဝသဝတ္တီ နတ်ပြည်သို့သာလျှင် ပြန်သွားကြလေကုန်၏။

     ဤသို့လျှင် မြတ်စွာဘုရား အလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ နေမဝင်မီပင် ဒေ၀ပုတ္တမာရ် (= ဝသဝတ္တီမာရ်နတ်)ကို အောင်မြင်တော်မူ၍ သတ္တလောကတခုလုံးကို အောင်မြင်ခြင်းသို့ ရောက်တော်မူရကား ဘေးမရှိ ရန်မရှိ ရွံ့ရှာခြင်းမရှိသော အဖြစ်သို့ ရောက်တော်မူလေသည်၊ ထိုခဏမှာပင် မာရ်နတ်လာစဉ်က ကြောက်ရွံ့သဖြင့် ပြေးသွားကြသော နတ်ဗြဟ္မာတို့သည် “မည်သူနိုင်၍ မည်သူရှုံးမည်နည်း”ဟု ကြည့်ရှုနေကြရာမှ မာရ်နတ်၏ ပရိသတ် စစ်တပ်ကြီး ဖရိုဖရဲ ပြိုကွဲပျက်စီးသွားသည်ကို တွေ့မြင်ကြသဖြင့် တပြိုင်နက်တည်းပင် “ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ” စသည်ဖြင့် ထောမနာနက်လေး ဟစ်ကြွေးကြ လေသည်။ မာရ်နတ်သားကား ရှုံးလေပြီ၊ သိဒ္ဓတ်မင်းသားကား အောင်လေပြီ၊ အောင်ပွဲပူဇော်မှုကို ငါတို့ ပြုကုန်အံ့”ဟု နဂါး-နဂါးချင်း, ဂဠုန်-ဂဠုန်ချင်း, နတ်-နတ်ချင်း, ဗြဟ္မာ-ဗြဟ္မာချင်း ကောင်းတင်းကြွေးကြော်ကာ

၃၀၈

နံ့သာပန်းစသည် လက်စွဲကြကုန်လျက် မြတ်စွာဘုရားအလောင်းတော် စံနေရာ မဟာဗောဓိပလ္လင်သို့ တညီတညွတ်တည်း စည်းဝေး လာရောက်ကြကုန်၏။

ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ။

မာရဿ စ ပါပိမတော ပရာဇယော။

ဥဂ္ဃေါသယုံ ဗောဓိမဏ္ဍေ ပမောဒိတာ၊

ဇယံ တဒါ နာဂဂဏာ မဟေသိနော။ (၁)

     အယံ = အသက်မရှိ ကယ်မှန်ဘိလျက် သက်ရှိကဲ့သွင် ဤမြေပြင်နှင့် ကောင်းကင်ရိုက်ကျူး ဤအောင်မြင်မှု အထူးသည်ကား။ သိရီမတော = စက္ကဝါဠ ဤလောကဝယ် ရှိသမျှဥဿုံ ကောင်းသိရ်ဂုဏ်တို့ နှိုင်းပုံယှဉ်စေ မတူပေသား ကြက်သရေတော်အပေါင်း စုအောင်းကိန်းပျော်ရာ ဖြစ်တော်မူထသော။ ဗုဒ္ဓဿ ဟိ = သစ္စာဉေယျ ဟူသမျှကို မြူစမကျန် သဗ္ဗဉ်ဉာဏ်ဖြင့် အမှန်သိမြင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏သာလျှင်။ ဇယော = လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ကောင်းတင်းခြိမ့်ညံ အောင်ပွဲတော် ခံယူခြင်းပေတည်း။ ပါပိမတော = ယုတ်မာညစ်ညမ်း ပညာကာဏ်း၍ အန္ဓစင်စစ် ဧကန်ဖြစ်သော။ မာရဿ စ = ဗောဓိမကိုဋ် ပလ္လင်မြိုက်ကို သိမ်းပိုက်ယူမည် စစ်ကြီးချီ၍ ရှစ်ဒီငြိမ့်ညောင်း မြေပြင်စောင်းမျှ ခြိမ်းမောင်း တိုက်ခိုက်လာသော မာရ်နတ်သား၏ကား။ ပရာဇယော = ဘုန်းရှိန်ကိုကြောက် တပ်ကိုခေါက်၍ နောက်သို့ပြန်ကျုံ့ ရန်စမြုံ့ကို မတုံ့နိုင်ပဲ ဗုံးဗုံးလဲ၍ စစ်ပွဲ ရှုံးနိမ့်ခြင်းပေတည်း။ ဣတိ = ဤသို့။ တဒါ= ထိုမဟာသက္ကရာဇ် ရာ့သုံးနှစ်ကြုံ ကဆုန်လပြည့် မာရ်အောင်သည့်နေ့၌။ ဗောဓိမဏ္ဍေ = သဗ္ဗညုဉာဏ် ရင့်သန်ကြည်ရာ အပရာဇိတ ဌာနအောင်ခန်း ပလ္လင်နန်း၌။ ပမောဒိတာ = နှစ်သက်အားရမ်း ရွှင်လန်းဝမ်းမြောက်ကြကုန်သော။ နာဂဂဏာ = နတ်နဂါးအပေါင်းတို့သည်။ မဟေသိနော = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးသော မြတ်စွာဘုရား၏။

၃၀၉

ဇယံ = ကောင်းတင်းခြိမ့်ညံ အောင်ပွဲသံကို။ ဥဂ္ဃေါသယုံ = စက္ကဝါတိုက် သောင်းလုံးခိုက်အောင် ကျူးရိုက်ထွေငေါ် ကြွေးကြော်ကြလေကုန်ပြီ။

ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ။

မာရဿ စ ပါပိမတော ပရာဇယော။

ဥဂ္ဃေါသယုံ ဗောဓိမဏ္ဍေ ပမောဒိတာ၊

ဇယံ တဒါ သုပဏ္ဏသံဃာပိ မဟေသိနော။ (၂)

     အယံ = အသက်မရှိ ကယ်မှန်ဘိလျက် သက်ရှိကဲ့သွင် ဤမြေပြင်နှင့် ကောင်းကင်ရိုက်ကျူး ဤအောင်မြင်မှု အထူးသည်ကား။ သိရီမတော = စက္ကဝါဠ ဤလောကဝယ် ရှိသမျှဥဿုံ ကောင်းသိရ်ဂုဏ်တို့ နှိုင်းပုံယှဉ်စေ မတူပေသား ကြက်သရေတော်အပေါင်း စုအောင်းကိန်းပျော်ရာ ဖြစ်တော်မူထသော။ ဗုဒ္ဓဿ ဟိ = သစ္စာဉေယျ ဟူသမျှကို မြူစမကျန် သဗ္ဗဉ်ဉာဏ်ဖြင့် အမှန်သိမြင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏သာလျှင်။ ဇယော = လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ကောင်းတင်းခြိမ့်ညံ အောင်ပွဲတော် ခံယူခြင်းပေတည်း။ ပါပိမတော = ယုတ်မာညစ်ညမ်း ပညာကာဏ်း၍ အန္ဓစင်စစ် ဧကန်ဖြစ်သော။ မာရဿ စ = ဗောဓိမကိုဋ် ပလ္လင်မြိုက်ကို သိမ်းပိုက်ယူမည် စစ်ကြီးချီ၍ ရှစ်ဒီငြိမ့်ညောင်း မြေပြင်စောင်းမျှ ခြိမ်းမောင်း တိုက်ခိုက်လာသော မာရ်နတ်သား၏ကား။ ပရာဇယော = ဘုန်းရှိန်ကိုကြောက် တပ်ကိုခေါက်၍ နောက်သို့ပြန်ကျုံ့ ရန်စမြုံ့ကို မတုံ့နိုင်ပဲ ဗုံးဗုံးလဲ၍ စစ်ပွဲ ရှုံးနိမ့်ခြင်းပေတည်း။ ဣတိ = ဤသို့။ တဒါ= ထိုမဟာသက္ကရာဇ် ရာ့သုံးနှစ်ကြုံ ကဆုန်လပြည့် မာရ်အောင်သည့်နေ့၌။ ဗောဓိမဏ္ဍေ = သဗ္ဗညုဉာဏ် ရင့်သန်ကြည်ရာ အပရာဇိတ ဌာနအောင်ခန်း ပလ္လင်နန်း၌။ ပမောဒိတာ = နှစ်သက်အားရမ်း ရွှင်လန်းဝမ်းမြောက်ကြကုန်သော။ သုပဏ္ဏသံဃာပိ = ဂဠုန်မင်း အပေါင်းတို့သည်လည်း။ မဟေသိနော = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးသော

၃၁၀

မြတ်စွာဘုရား၏။ ဇယံ = ကောင်းတင်းခြိမ့်ညံ အောင်ပွဲသံကို။ ဥဂ္ဃေါသယုံ = စက္ကဝါတိုက် သောင်းလုံးခိုက်အောင် ကျူးရိုက်ထွေေငေါ် ကြွေးကြော်ကြလေကုန်ပြီ။

ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ၊

မာရဿ စ ပါပိမတော ပရာဇယော။

ဥဂ္ဃေါသယုံ ဗောဓိမဏ္ဍေ ပမောဒိတာ၊

ဇယံ တဒါ ဒေဝဂဏာ မဟေသိနော။ (၃)

     အယံ = အသက်မရှိ ကယ်မှန်ဘိလျက် သက်ရှိကဲ့သွင် ဤမြေပြင်နှင့် ကောင်းကင်ရိုက်ကျူး ဤအောင်မြင်မှု အထူးသည်ကား။ သိရီမတော = စက္ကဝါဠ ဤလောကဝယ် ရှိသမျှဥဿုံ ကောင်းသိရ်ဂုဏ်တို့ နှိုင်းပုံယှဉ်စေ မတူပေသား ကြက်သရေတော်အပေါင်း စုအောင်းကိန်းပျော်ရာ ဖြစ်တော်မူထသော။ ဗုဒ္ဓဿ ဟိ = သစ္စာဉေယျ ဟူသမျှကို မြူစမကျန် သဗ္ဗဉ်ဉာဏ်ဖြင့် အမှန်သိမြင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏သာလျှင်။ ဇယော = လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ကောင်းတင်းခြိမ့်ညံ အောင်ပွဲတော် ခံယူခြင်းပေတည်း။ ပါပိမတော = ယုတ်မာညစ်ညမ်း ပညာကာဏ်း၍ အန္ဓစင်စစ် ဧကန်ဖြစ်သော။ မာရဿ စ = ဗောဓိမကိုဋ် ပလ္လင်မြိုက်ကို သိမ်းပိုက်ယူမည် စစ်ကြီးချီ၍ ရှစ်ဒီငြိမ့်ညောင်း မြေပြင်စောင်းမျှ ခြိမ်းမောင်း တိုက်ခိုက်လာသော မာရ်နတ်သား၏ကား။ ပရာဇယော = ဘုန်းရှိန်ကိုကြောက် တပ်ကိုခေါက်၍ နောက်သို့ပြန်ကျုံ့ ရန်စမြုံ့ကို မတုံ့နိုင်ပဲ ဗုံးဗုံးလဲ၍ စစ်ပွဲ ရှုံးနိမ့်ခြင်းပေတည်း။ ဣတိ = ဤသို့။ တဒါ= ထိုမဟာသက္ကရာဇ် ရာ့သုံးနှစ်ကြုံ ကဆုန်လပြည့် မာရ်အောင်သည့်နေ့၌။ ဗောဓိမဏ္ဍေ = သဗ္ဗညုဉာဏ် ရင့်သန်ကြည်ရာ အပရာဇိတ ဌာနအောင်ခန်း ပလ္လင်နန်း၌။ ပမောဒိတာ = နှစ်သက်အားရမ်း ရွှင်လန်းဝမ်းမြောက်ကြကုန်သော။ ဒေဝဂဏာ= ထက်ခွင်မိုးရပ် နတ်မင်းအပေါင်းတို့သည်။ မဟေသိနော = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးသော

၃၁၁

မြတ်စွာဘုရား၏။ ဇယံ = ကောင်းတင်းခြိမ့်ညံ အောင်ပွဲသံကို။ ဥဂ္ဃေါသယုံ = စက္ကဝါတိုက် သောင်းလုံးခိုက်အောင် ကျူးရိုက်ထွေေငေါ် ကြွေးကြော်ကြလေကုန်ပြီ။

ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ၊

မာရဿ စ ပါပိမတော ပရာဇယော။

ဥဂ္ဃေါသယုံ ဗောဓိမဏ္ဍေ ပမောဒိတာ၊

ဇယံ တဒါ ဗြဟ္မဂဏာပိ မဟေသိနော။ (၄)

     အယံ = အသက်မရှိ ကယ်မှန်ဘိလျက် သက်ရှိကဲ့သွင် ဤမြေပြင်နှင့် ကောင်းကင်ရိုက်ကျူး ဤအောင်မြင်မှု အထူးသည်ကား။ သိရီမတော = စက္ကဝါဠ ဤလောကဝယ် ရှိသမျှဥဿုံ ကောင်းသိရ်ဂုဏ်တို့ နှိုင်းပုံယှဉ်စေ မတူပေသား ကြက်သရေတော်အပေါင်း စုအောင်းကိန်းပျော်ရာ ဖြစ်တော်မူထသော။ ဗုဒ္ဓဿ ဟိ = သစ္စာဉေယျ ဟူသမျှကို မြူစမကျန် သဗ္ဗဉ်ဉာဏ်ဖြင့် အမှန်သိမြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သာလျှင်။ ဇယော = လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ကောင်းတင်းခြိမ့်ညံ အောင်ပွဲတော် ခံယူခြင်းပေတည်း။ ပါပိမတော = ယုတ်မာညစ်ညမ်း ပညာကာဏ်း၍ အန္ဓစင်စစ် ဧကန်ဖြစ်သော။ မာရဿ စ = ဗောဓိမကိုဋ် ပလ္လင်မြိုက်ကို သိမ်းပိုက်ယူမည် စစ်ကြီးချီ၍ ရှစ်ဒီငြိမ့်ညောင်း မြေပြင်စောင်းမျှ ခြိမ်းမောင်း တိုက်ခိုက်လာသော မာရ်နတ်သား၏ကား။ ပရာဇယော = ဘုန်းရှိန်ကိုကြောက် တပ်ကိုခေါက်၍ နောက်သို့ပြန်ကျုံ့ ရန်စမြုံ့ကို မတုံ့နိုင်ပဲ ဗုံးဗုံးလဲ၍ စစ်ပွဲ ရှုံးနိမ့်ခြင်းပေတည်း။ ဣတိ = ဤသို့။ တဒါ= ထိုမဟာသက္ကရာဇ် ရာ့သုံးနှစ်ကြုံ ကဆုန်လပြည့် မာရ်အောင်သည့်နေ့၌။ ဗောဓိမဏ္ဍေ = သဗ္ဗညုဉာဏ် ရင့်သန်ကြည်ရာ အပရာဇိတ ဌာနအောင်ခန်း ပလ္လင်နန်း၌။ ပမောဒိတာ = နှစ်သက်အားရမ်း ရွှင်လန်းဝမ်းမြောက်ကြကုန်သော။ ဗြဟ္မဂတာ = ထက်ခွင်ရပ်ရွာ ဗြဟ္မာမင်း အပေါင်းတို့သည်လည်း။ မဟေသိနော = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး

၃၁၂

လေ့ကျက်တော်မူပြီးသော မြတ်စွာဘုရား၏။ ဇယံ = ကောင်းတင်းခြိမ့်ညံ အောင်ပွဲသံကို။ ဥဂ္ဃေါသယုံ = စက္ကဝါတိုက် သောင်းလုံးခိုက်အောင် ကျူးရိုက်ထွေေငေါ် ကြွေးကြော်ကြလေကုန်ပြီ။

     ဤစကြဝဠာမှကြွင်းသည့် စကြဝဠာ တိုက်တသောင်း၌ နေကြသော နတ်ဗြဟ္မာ အပေါင်းတို့သည်လည်း ပန်း, နံ့သာ, နံ့သာပျောင်းတို့ဖြင့် ညွတ်ညောင်းကော်ရော် ပူဇော်ကြကုန်လျက်၎င်း, အထူးထူး အပြားပြားသော ထုတိဝဏ္ဏနာ မင်္ဂလာစကား မြွက်ကြား ကျူးသီကြကုန်လျက်၎င်း အလောင်းတော် သူမြတ်ထံသို့ လာရောက်စည်းဝေး ညီမူကြလေကုန်၏။

(ဤကား ဒေဝပုတ္တမာရ် (= ဝသဝတ္တီမာရ်နတ်သား)ကို

အောင်မြင်တော်မူသော အခဏ်းတည်း။)


အထူးမှာထားချက်။ ။(မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်နေ့ အလောင်းတော်၏ ခရီးစဉ် လုပ်ငန်းစဉ်ကို ဖော်ပြရာ၌ အခြားသော အကြောင်းအရာတို့မှာ ဗုဒ္ဓဝင်အဋ္ဌကထာ, ဇာတ်အဋ္ဌကထာနိဒါန်း, ဇိနာလင်္ကာရဋီကာကျမ်းတို့၌ အဓိပ္ပါယ်တူညီ၍ ဆိုပုံသာ အကျဉ်းအကျယ် ကွဲပြားကြ၍ အင်ကြင်းတော၌ နေ့သန့် နေထိုင်တော်မူသော အခဏ်း၌ကား ဗုဒ္ဓဝင်အဋ္ဌကထာ, ဇာတ်အဋ္ဌကထာနိဒါန်းတို့၌ ထိုအင်ကြင်းတော၌ နေ့သန့်နေထိုင်စဉ် တစုံတခုသော သမာပတ်အဘိညာဏ် ရရှိတော်မူကြောင်း မလာရှိချေ။ ဇိနာလင်္ကာရဋီကာ၌ကား ထိုအင်ကြင်းတော၌ နေ့သန့်နေထိုင်တော်မူစဉ် လောကီဈာန်သမာပတ် ရှစ်ပါး အဘိညာဏ် ငါးပါးတို့ကို ရရှိတော်မူကြောင်း ရေးသားဖွင့်ဆိုလေသည်၊ မဟာဗောဓိပင်သို့ ကြွရောက်တော်မူသောအခါ အလောင်းတော်သူမြတ်မှာ မဇ္ဈိမပုရိသ (= အားလျစ်လျူရှိသော) ယောက်ျား ကုဋေတသောင်းအား တည်းဟူသော ကာယဗလနှင့် အဘိညာဏ်ဗလများ ပြည့်စုံပြီးသားဖြစ်ကြောင်း ဖွင့်ဆိုလေသည်။ ထိုဇိနာလင်္ကာရဋီကာ ဆရာ၏ ဖွင့်ဆိုချက်သည် မိမိရေးသားသည့် “မာရ်နတ်သား စစ်ချီလာသောအခါ အလောင်းတော်သူမြတ် မိန့်ဆိုတော်မူအပ်သည့် 'ငါအလိုရှိလျှင် မုန်ညင်းစေ့အတွင်း၌ စင်္ကြံလျှောက်နိုင်၏။ အလိုရှိလျှင် စကြဝဠာတိုက်ကြီးကို ကိုယ်ဖြင့် ဖုံးထားနိုင်၏'စသော စကားရပ်များ”နှင့်၎င်း, ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်၏ အရာဖြစ်သော “ဝေဿန္တရာဘဝက

၃၁၃

ဒါနကြီးများကို သက်သေညွှန်ပြခြင်း” စသည်နှင့်၎င်း ညီညွတ်လှပေ၏၊ အပြစ်မဆိုသာ။

ဤဇိနာလင်္ကာရဋီကာ ဆရာတော်၏ အလိုအားဖြင့် ဘုရားအလောင်းတော်သည် အာဌာရဂိုဏ်းဆရာကြီး ဥဒကဂိုဏ်းဆရာကြီးတို့နှင့် တွေ့စဉ်ကပင် လောကီသမာပတ် လောကီအဘိညာဏ် ငါးရပ်တို့ကို ရပြီးဖြစ်၏၊ ၎င်းတို့ကို ဒုက္ကရစရိယာကျင့်စဉ် ခြောက်နှစ်ပတ်လုံး အသုံးအစွဲ မပြုသဖြင့် (အသုံးအစွဲမပြုပဲထားသည့် ရွှေခွက်များမှာ အညစ်အကြေး စွဲသကဲ့သို့) အညစ်အကြေး စွဲသကဲ့သို့ ဖြစ်နေသည်ကို (တဖန် ပွတ်တိုက် သန့်ရှင်းစေသည့်ပမာ) အင်ကြင်းတော၌ စင်ကြယ်အောင် ပြုတော်မူသည်။ မာရ်နတ်သားကို အောင်မြင်ပြီးသည့်နောက်မှ (မိမိ၌ရှိသော ရွှေခွက်ကို လှလှကြီး အသုံးချသည့်ပမာ) မိမိရပြီးသော ပုဗ္ဗေနိဝါသအဘိညာဏ်နှင့် ဒိဗ္ဗစက္ခုအဘိညာဏ်တို့ကို ဝိဇ္ဇာဉာဏ်ပေါက် အခြေသို့ရောက်အောင် လှလှကြီး သုံးဆောင်တော်မူသည်ဟု ဆိုလိုရိပ်ထင်၏။ ထူးဆန်း၍ မှတ်ဖွယ်ကောင်းသောကြောင့် အထူးထုတ်ဖော်ပြခြင်း ဖြစ်သည်။)

ပု,ဒိ,အာ- ဝိဇ္ဇာသုံးပါးကို ရတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရား အလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ နေမဝင်မီပင် ဒေဝပုတ္တမာရ်ဟူ၍ ခေါ်ဆိုအပ်သော ဝသဝတ္တီမာရ်နတ်ကို အောင်မြင်တော်မူပြီးနောက် ထိုနေ့ညဉ့်ဦးယံဝယ် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, သန်းခေါင်ယံဝယ် ဒိဗ္ဗစက္ခုဉာဏ်, မိုးသောက်ယံဝယ် အာသဝက္ခယဉာဏ် တည်း ဟူသော ဝိဇ္ဇာဉာဏ်သုံးပါးတို့ကို အစဉ်အတိုင်း ရတော်မူ၍ ဘုရားအဖြစ်သို့ ကဆုန်လပြည့်နေ့ မိုးသောက်ယံတွင် ရောက်ရှိတော်မူလေသည်။ ထိုအကြောင်းအရာ အကျယ်သော်ကား-

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် ရတော်မူကြောင်း

     ရှေး၌ဖြစ်ဘူးသော ခန္ဓာအစဉ်နှင့် ထိုခန္ဓာအစဉ်မှ အစဉ်လျှောက်၍ သိအပ်သော နိဗ္ဗာန်တရား, အမည် အမျိုးစသော ပညတ်တရား ဤတရားအစုကို “ပုဗ္ဗေနိဝါသ”ဟူ၍ ပါဠိလို

၃၁၄

ခေါ်ဆို၏၊ ထိုပုဗ္ဗေနိဝါသကို အောက်မေ့သော သတိနှင့်ယှဉ်သည့် အဘိညာဏ်အထူးကို “ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်”ဟူ၍ ခေါ်ဆို၏။ ထိုကိုပင် ပဌမဝိဇ္ဇာဉာဏ်ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ထိုပဌမဝိဇ္ဇာဉာဏ်ကို ရှေးပညာရှင်တို့က “ပု”ဟူ၍ အာဒိသင်္ကေတနည်း (= အစအက္ခရာဖြင့် မှတ်သောနည်း)ဖြင့် ခေါ်ဆို ပညတ်တော်မူကြလေသည်။ ထိုပဌမဝိဇ္ဇာဉာဏ်ကို ရတော်မူပုံ အကျယ်အကြောင်းအရာသော်ကား-

     ဤသို့ အလောင်းတော်သူမြတ်သည် ဝသဝတ္တီမာရ်နတ်ကို အောင်မြင်တော်မူ၍ ကြည်ဖြူရွှင်ပြုံး အပရာဇိတ ပလ္လင်တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် စကြဝဠာပေါင်း တိုက်တသောင်း၌ နေထိုင်ကြသော ဘုမ္မဇိုဝ်းနတ်မှအစ များလှစွာသော နတ်ဗြဟ္မာအပေါင်းတို့သည် “အချင်းများစွာ နတ်ဗြဟ္မာတို့.. လာကြကုန်။ အလောင်းတော်မြတ်၏ အောင်မြင်ခြင်း, မာရ်နတ်၏ ရှုံးနိမ့်ခြင်းကား လင်းလင်းထင်ထင် ဖြစ်ခဲ့လေပြီ၊ အလောင်းတော်သူမြတ်၏အတွက် အောင်ခြင်းမင်္ဂလာသဘင်ပွဲ ဘုရားဖြစ်အံ့သော မင်္ဂလာသဘင်ပွဲကို တပေါင်းတစုတည်း ဆင်နွှဲကြကုန်စို့”ဟု ဟစ်အော် ကြွေးကြော်ကြကာ တပြိုင်နက်တည်း အလောင်းတော်သူမြတ်ထံသို့ စုရုံး စည်းဝေး လာရောက်ကြလေကုန်၏။

     ထိုအချိန်၌ ယူဇနာငါးဆယ်ပမာဏရှိသော အထောင်သောရောင်ခြည်တို့ဖြင့် တင့်တယ်သည့် နေဝန်းသည် အနားအကွပ်၌ ဆွဲကိုင်ကာ မဟာသမုဒ် ဝဲဇလုတ်၌ နှစ်မြှုပ်အပ်သည့် ရွှေလှည်းဘီးကြီးပမာ ၀င်လုဆဲဆဲရှိပေသည်။ လေးဆယ့်ကိုးယူဇနာ ပမာဏရှိလျက် အေးမြသောအရောင်ကို တပြောင်ပြောင် လွှတ်ကွန့်ကာ စကြာမြသား လ-ရထားသည် စကြဝဠာတိုက်အလုံးကို ထွန်းလင်း တောက်ပစေပြီးလျှင် နို့ရည် သမုဒြာမှ တရွေ့ရွေ့ မြင့်တက် ပေါ်ထွက်လာသော (တဦးတယောက်သောသူက) အနားအကွပ်၌ ဆွဲကိုင်ကာ အဇဋာပြင် မိုးကောင်းကင်သို့ မြှောက်တင်ပစ်လွှင့်အပ်သည့် ငွေရထားလှည်းဘီးပမာ

၃၁၅

အရှေ့အရပ်မျက်နှာမှ ထွက်ပေါ်ဆဲဆဲ ရှိနေပေသည်။ (စကြဝဠာတိုက်ကြီးကို ရွှေနန်းတော်ကြီးအသွင် စိတ်ထဲ၌ ထင်မြင်ထားပါ) စကြဝဠာတိုက် တည်းဟူသော ရွှေနန်းတော်ကြီး၏ အလယ်၌ အလောင်းတော် သူမြတ်သည် မိမိ၏ ရွှေအဆင်းကဲ့သို့သော အဆင်းရှိသော ကိုယ်တော်ရောင်ဖြင့် ထိုမဟာဗောဓိမဏ္ဍိုင် ကုန်းမြေနှင့်တကွ ပတ်ဝန်းကျင် သက်ရှိသက်မဲ့ ဝတ္ထုအပေါင်းကို ရွှေရည်အယဉ်၌ နစ်မြုပ်စေသည့်ပမာ လွန်စွာ တင့်တယ်တော်မူပေသည်။ ယင်းသို့ တင့်တယ်တော်မူသော မြတ်စွာဘုရား အလောင်းတော်သည် ဣန္ဒနီလာ ကျောက်မျက်ရတနာ ထီးနှင့်တူသော မဟာဗောဓိပင်အရင်း၌ အပရာဇိတပလ္လင်တော်ဝယ် ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူကာ တရားကို သုံးသပ် ဆင်ခြင်တော်မူလေ၏။ (ဘုရားအလောင်းတော်သူမြတ် တရားကို သုံးသပ် ဆင်ခြင်ပုံအကျယ် နောက်၌ ထင်ရှားလတံ့။)

နတ်ဗြဟ္မာတို့ ကြီးစွာပူဇော်ပသခြင်း

     ထိုအခါ၌ သိကြားနတ်မင်းသည် ယူဇနာ (၁၂ဝ) တရာ့နှစ်ဆယ်ရှိသော ဝိဇယုတ္တရခရုသင်းကို တာဝတိံသာ နတ်ပြည်၌ ရပ်တည်ကာ နတ်ဗြဟ္မာတို့ စည်းဝေးကြရန် မှုတ်လေ၏၊ ထိုခရုသင်းသံသည် ယူဇနာတသောင်းကျယ်သော နတ်ပြည်အလုံး ပြန့်၍ အနှံ့ကြားရ၏၊ ထိုခရုသင်း မှုတ်ရင်း မှုတ်ရင်းပင် မဟာဗောဓိမဏ္ဍိုင်သို့ လျင်မြန်ပြေးလွှား အရောက်သွားလေသည်။ (ဤ စကြဝဠာ သိကြားမင်းသာလျှင် မဟုတ်၊ ဇာတိခေတ်ပေါင်း စကြဝဠာတိုက် တသောင်းအတွင်းရှိသည့် သိကြားနတ်မင်း အားလုံးပင် ခရုသင်းကို မှုတ်ကြလျက် ဘုရားအလောင်းတော် ထံမှောက်သို့ လာရောက်ကြလေသည်။)

     မဟာဗြဟ္မာမင်းသည် စကြဝဠာတောင်ထိပ်၌ ထားခဲ့သော ထီးဖြူကို စွဲကိုင်ကာ ဘုရားအလောင်းတော်၏ အထက်၌ ဆောင်းမိုးပေးကာ ပူဇော်လာလေသည်။ (ဇာတိခေတ်ပေါင်း စကြဝဠာ တိုက်တသောင်း အတွင်းရှိကြသည့် မဟာဗြဟ္မာမင်းတို့သည်လည်း

၃၁၆

လာရောက်ကြကာ ဤစကြဝဠာကို ဗြဟ္မာမင်း၏ထီးဖြူများဖြင့် အကြားမလပ် ထီးရွက်ချင်းစပ်အောင် ကိုင်ဆောင် ရပ်တည်လာကြကုန်၏။)

     ယာမာနတ်ပြည်သနင်း သုယာမနတ်မင်းသည်လည်း သုံးဂါဝုတ် ပမာဏရှိသော သားမြီးယပ်ကို စွဲကိုင်ကာ ယပ်လေခပ်လျက် အလောင်းတော်၏အနီး၌ ရပ်တည် ပူဇော်လာလေသည်။ (ဇာတိခေတ်ပေါင်း စကြဝဠာ တိုက်တသောင်းအတွင်း ရှိကြသည့် သုယာမနတ်မင်းတို့သည်လည်း သားမြီးယပ်ကို အသီးသီး စွဲကိုင်ကြကာ ဤစကြဝဠာအပြည့် လာရောက် ပူဇော်ကြလေသည်။)

     တုသိတာနတ်ပြည်သနင်း သန္တုသိတနတ်မင်းသည် သုံးဂါဝုတ် ပမာဏရှိသော ပတ္တမြားယပ်ဝန်းကို စွဲကိုင်ကာ ယပ်လေခပ်လျက် ရပ်တည်ပူဇော်လာ၏။ (ဇာတိခေတ်ပေါင်း အခြားစကြဝဠာ တိုက်တသောင်း၌ စိုးအုပ်နေထိုင်ကြသည့် သန္တုသိတ နတ်မင်းအပေါင်းတို့သည်လည်း ပတ္တမြားယပ်ဝန်းကို အသီးသီး စွဲကိုင်ကြကာ ဤစကြဝဠာအပြည့် လာရောက် ပူဇော်ကြလေသည်။)

     ပဉ္စသိခနတ်သားသည် သုံးဂါဝုတ် ပမာဏရှိသော ဗေဠုဝနတ်စောင်းကို ယူဆောင်ကာ ကခြေသည်နတ်အပေါင်း ခြံရံလျက် က-သီ-တီးမှုတ်ခြင်းအမှု ပြုလုပ်ကော်ရော် ပူဇော် ရပ်တည်လာလေသည်။(ဇာတိခေတ်ပေါင်း အခြားစကြဝဠာ တိုက်တသောင်း၌ နေထိုင်ကြသည့် ကခြေသည် နတ်အပေါင်းတို့သည်လည်း က-သီ-တီးမှုတ်ကာ လာရောက် ပူဇော်ကြလေသည်။)

     ထိုမှတပါး ဇာတိခေတ် စကြဝဠာ တိုက်တသောင်းအတွင်း နေထိုင်ကြသည့် နတ်သား နတ်သမီး အပေါင်းတို့သည် ဤစကြဝဠာ၌ စုရုံးကြကာ အချို့ကား ရတနာတုရိုဏ်တိုင်ကို ကိုယ်စီ စွဲကိုင်ကာ ပတ်ဝန်းကျင် ဝန်းရံလျက် ရပ်တည် ပူဇော်ကြလေသည်။

၃၁၇

အချို့ကား ရတနာခုနစ်ပါးဖြင့်ပြီးသော ပူဇော်ဖွယ်တို့ကို အစီအရီ စွဲကိုင်ကြလျက်, အချို့ကား ရွှေငှက်ပျောပင်တို့ကို အစီအရီ စွဲကိုင်ကြလျက်, အချို့ကား ရတနာခုနစ်ပါးဖြင့်ပြီးသော ကြက်သရေတိုက်အိမ်တို့ကို အစီအရီ စွဲကိုင်ကြလျက်, အချို့ကား သားမြီးယပ်တို့ကို အစီအရီ စွဲကိုင်ကြလျက်, အချို့ကား ချွန်းတောင်းတို့ကို, အချို့ကား ငါးကြင်းအစုံတို့ကို, အချို့ကား ဇလပ်ပန်းတို့ကို, အချို့ကား ရွှေအင်းပျဉ်ဝန်းတို့ကို, အချို့ကား ရေပြည့်ဖလားတို့ကို, အချို့ကား ရေပြည့်အိုးတို့ကို, အချို့ကား ခရုသင်းတို့ကို, အချို့ကား မီးမွှေယောက်မတို့ကို, အချို့ကား ပတ္တမြားဆီမီးတိုင်တို့ကို, အချို့ကား ရွှေမှန်ကြီးများကို, အချို့ကား ကျောက်စီမှန်ကြီးများကို, အချို့ကား ရတနာခုနစ်ပါး စီခြယ်သော မှန်ကြီးများကို, အချို့ကား ပတ္တမြားဆီမီးတို့ကို, အချို့ကား တံခွန်ကုက္ကားတို့ကို, အချို့ကား ပဒေသာပင်တို့ကို အစီအရီ စွဲကိုင်ကြလျက် သူ့အစု သူငန်းဖြင့် ဝန်းကျင်ပတ်ခြံ ရံလျက် ရံလျက် ပူဇော်လာကြကုန်၏။ စကြဝဠာ တိုက်တသောင်း၌ နေထိုင်ကြသော နတ်အပေါင်းတို့သည် ကခြေသည်အသွင်ကို ယူကြ၍ နတ်၏ကခြင်း သီဆိုခြင်းအမှုကို ပြုလုပ်ကြကာ နတ်ပန်း နတ်နံ့သာ နတ်နံ့သာမှုန့် စသည်တို့ဖြင့် ပူဇော်လာကြကုန်၏။ ထိုအချိန်၌ ကောင်းကင် တပြင်လုံးသည် သည်းထန်စွာ ရွာသွန်းသော မိုးပေါက် မိုးရေအယဉ်တို့ဖြင့် ထက်ဝန်းကျင် ပြည့်၍နေသည့်အလား နတ်ပန်းမိုး နတ်နံ့သာမိုးတို့ဖြင့် အကြားမလပ် ပြည့်၍သာ နေလေ၏။

     ထိုသို့ နတ်ဗြဟ္မာအပေါင်းတို့ သောင်းသောင်းဖျဖျ ကြီးကျယ်ခမ်းနားစွာ ပူဇော်ကြခြင်းမှာ “ငါတို့သည် ဤအလောင်းတော်သူမြတ် ဘုရားဖြစ်လတ်သောအခါ တရားတော်ကို နာယူကြရသဖြင့် မဂ်ဖိုလ်နိဗ္ဗာန် တည်းဟူသော လောကုတ္တရာ အမြိုက်တရားကို ရရှိကြပြီးလျှင် ထိုလောကုတ္တရာ တရားကိုးပါးကို အာရုံပြု၍ဖြစ်သော နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားကို ဤဘုရားအထံ၌ ဧကန် ရကြပေလိမ့်မည်၊ မျက်စိ၏ အမြိုက်ရသာ သာယာဖွယ်ဖြစ်သော ပြာဋိဟာတန်ခိုး အမျိုးမျိုးကိုလည်း

၃၁၈

ဖူးမြင်ကြရပေတော့မည်။ ထိုဘုရားမြတ်စွာသည် ငါတို့ကို အမြိုက်တရား ဟောကြားတော်မူလျက် ဇာတိတည်းဟူသော ခရီးခဲ, ဇရာတည်းဟူသော ခရီးခဲ, ဗျာဓိတည်းဟူသော ခရီးခဲ, မရဏတည်းဟူသော ခရီးခဲ, သောက, ပရိဒေ၀, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ခရီးခဲအပေါင်းမှ လွတ်မြောက်စေတော်မူလိမ့်မည်၊ ကယ်တင်တော်မူလိမ့်မည်”ဟု ယုံကြည်အားရ ဝမ်းမြောက်ကြသောကြောင့် ဖြစ်ပေ၏။

     ဘုရားအလောင်းတော် သူမြတ်သည် ဖော်ပြအပ်ပြီးသော အကြောင်းကြောင့် နှစ်ထောင်းကော်ရော် နတ်ဗြဟ္မာတို့ စကြဝဠာအပြည့် ပူဇော်အပ်သော်လည်း ထိုမျှများပြားလှသော ပူဇော်အထူးကို မျက်ဝါးထင်ထင် တွေ့မြင်ကြားသိနေရစေကာမူ ထိုပူဇော်အထူး၌ ငြိကပ်တွယ်တာ သာယာမှု အလျှင်းပင် မပြု၊ နှလုံးလည်း သွင်းတော်မမူပဲ ကိုယ်တော်မြတ်၏ ထောက်တည်အားထားရာ တရားတော်ကိုသာလျှင် ဆင်ခြင် သုံးသပ် ကြံစည်လျက် နေတော်မူ၏။

     ယင်းသို့ နေတော်မူသော မြတ်စွာဘုရား အလောင်းတော်၏ အခြေအနေမှာ စကြဝဠာတောင်ကြီးကား ကာဆီးဝန်းရံ၍ ထားအပ်သော တင်းထိမ်ကန့်လန့်ကာနှင့် တူ၍ အထက် မိုးကောင်းကင်ကား နက္ခတ်ကြယ်တာရာ တည်းဟူသော ရွှေကြယ် ငွေကြယ်တို့ စီခြယ်အပ်သည့် ဗိတာန်မျက်နှာကြက်နှင့် တူပေ၏၊ စကြဝဠာတိုက်ကြီးသည် သုဂတိဘုံ ခုနစ်ရပ်တည်းဟူသော အထပ်ခုနစ်ထပ်ရှိသည့် ပြာသာဒ်နန်းမတော်ကြီးနှင့် တူပေ၏။ ထိုသည့် စကြဝဠာတိုက် တည်းဟူသော ပြာသာဒ်နန်းမတော်ကြီးအတွင်းဝယ် မဟာဗောဓိမဏ္ဍိုင် ကုန်းတော်အရပ်သည် ညီလာခံရာ ခန်းမဆောင်ကြီးနှင့် တူ၍ အပရာဇိတ ပလ္လင်တော်သည်ကား ညီလာခံရာ ရာဇပလ္လင်တော်ကြီးနှင့် တူပြီးလျှင် မဟာဗောဓိပင်သည် မြရတနာဖြင့်ပြီးသော ထီးတော်ကြီးနှင့် တူပေ၏။

     ထိုသို့ မဟာဗောဓိမဏ္ဍိုင် ကုန်းမြေတည်းဟူသော ညီလာခံရာ အောင်မြေချာ ခန်းမဆောင်ကြီးအတွင်းဝယ် အရင်းမှ အဖျားတိုင်

၃၁၉

အတောင်တရာ ပမာဏရှိ၍ အဝန်းအားဖြင့်လည်း အတောင်တရာ ပမာဏရှိသည့် မဟာဗောဓိပင် တည်းဟူသော မြရတနာထီးတော်ကြီး ပိတ်ဆီးမိုးကာလျက် အပရာဇိတပလ္လင် တည်းဟူသော ရာဇပလ္လင်၌ သီတင်းသုံး ထိုင်နေတော်မူသော မြတ်စွာဘုရား အလောင်းတော်သည် ပတ်ဝန်းကျင်မှ စကြဝဠာတိုက်အပြည့် နတ်ဗြဟ္မာတို့ ပူဇော်လျက်ရှိကြသည်ကို ကြည့်ရှုတော်မမူ နားထောင်တော်မမူပဲ တရားတော်ကိုသာ ဆင်ခြင်အောက်မေ့တော်မူသဖြင့် လုံ့လဝီရိယတော်လည်း မဆုတ်မနစ် အလွန်ထက်သန် သတိလည်း မမေ့မပျောက် အလွန်ထင်လင်း ကိုယ်စိတ်နှစ်ပါးလည်း မပူမပန် အလွန် ငြိမ်းအေးတော်မူရကား ရူပါဝစရ ပဌမဈာန်ကို တဖန်ထပ်၍ ရရှိ ဝင်စားတော်မူပြန်လေသည်။

     ထိုရူပါဝစရ ပဌမဈာန်ကို ၀င်စားတော်မူသော အလောင်းတော်သူမြတ်၏ စိတ်အစဉ်မှာ နီဝရဏတရားတို့သည် အလွန့်အလွန် ကင်းစင်လျက် ရှိပေ၏။ ဝတ္ထုကာမ, ကိလေသကာမတို့မှ ကင်းဆိတ်ခြင်းကြောင့် ပီတိသုခတရားတို့ တဖွားဖွား ဖြစ်ပေါ်လျက်ရှိပေ၏။

     ထို့နောက်တဖန် ရူပါဝစရဒုတိယဈာန်ကို ဝင်စားတော်မူပြန်သောအခါ အလောင်းတော်သူမြတ်၏ စိတ်အစဉ်မှာ ဝိတက် ဝိစာရ တည်းဟူသော လှုပ်ရှားမှု ချောက်ချားမှုများ ကင်းစင်ပြီးလျှင် အတွင်းအဇ္ဈတ္တ သန္တာန်၌ သဒ္ဓါဖြူစင် အလွန်ပင် ကြည်လင်လျက် သမာဓိလည်း သူမတူအောင် တည်ကြည်လှပေ၏။ ထိုသမာဓိကြောင့်ပင် ပီတိသုခတရားတို့သည် တိုး၍ တိုး၍ ဖြစ်ပွါးလျက် ရှိကုန်ပေ၏။

     ထို့နောက်တဖန် ရူပါဝစရ တတိယဈာန်ကို ရရှိ ဝင်စားတော်မူပြန်သောအခါ အလောင်းတော်သူမြတ်၏ စိတ်အစဉ်မှာ ပေါ်လွင်ထင်ရှားသည့် ပီတိတရားပင် ကွယ်ပျောက်၍ သုခဝေဒနာသက်သက်ဖြင့် ရှင်းရှင်းလင်းလင်း ချမ်းသာလျက် ရှိသည့်ပြင် အထွတ်အထိပ်ရောက်သည့် သုခဝေဒနာ၌သော်မှလည်း

၃၂၀

ငြိတွယ်မှု မရှိ အညီအမျှ လျစ်လျူရှုနိုင်သည့် ဈာနုပေက္ခာခေါ်သော တတြမဇ္ဈတ္တတာ စေတသိက်နှင့် ပြည့်စုံ၍ သတိလည်း အလွန်ထင်လင်း ပညာလည်း အလွန်ထက်မြက်လှပေ၏။

     ထို့နောက်တဖန် ရူပါဝစရ စတုတ္ထဈာန်ကို ရရှိ ဝင်စားတော်မူပြန်သောအခါ အလောင်းတော်သူမြတ်၏ စိတ်အစဉ်မှာ ကိုယ်စိတ်နှစ်ပါး၏ ဆင်းရဲမှု ချမ်းသာမှုတို့ကို ပယ်ပြီးဖြစ်ရကား လျစ်လျူရှုကာ အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာဖြင့်သာ တည်ငြိမ်စွာ အာရုံကို ခံစားလျက်ရှိပေ၏။ ဤဥပေက္ခာဝေဒနာ နှင့် တတြမဇ္ဈတ္တတာ စေတသိက်တို့၏ ကျေးဇူးပြုချက်ကြောင့် ထိုစတုတ္ထဈာန်၌ ပါရှိသည့် သတိအစရှိသော ယှဉ်ဖော်ယှဉ်ဖက် တရားတို့သည်လည်း လရောင်ပမာ လွန်စွာ စင်ကြယ်ကြကုန်၏။

အလောင်းတော်၏ စိတ်အစဉ်မှာ ဂုဏ်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံခြင်း

     ယခုအခါ ဘုရားအလောင်းတော်၏ စိတ်အစဉ်ကို ကြည်ညိုနှစ်သက်စွာ ပြန်လည်ပြင်ဆင် ကြည့်ရှုစိစစ်လျှင် ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်စဉ်ကလည်း မာရ်နတ်မင်း အခွင့်အပေါက်ရှာ၍ မရလောက်အောင်ပင် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် တည်းဟူသော မိစ္ဆာဝိတက်သုံးပါးတို့နှင့် မရော၊ အလွန်လျှင် စင်ကြယ်သော စိတ်အစဉ်ကိုသာ တွေ့မြင် ကြည်ညိုရပေမည်။ တဖန် ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့တွင်လည်း အင်ကြင်းတော၌ နေ့သန့်နေတော်မူသောအခါ လောကီသမာပတ် ဈာန်ရှစ်ရပ်တို့ဖြင့် အလွန်စင်ကြယ်သော စိတ်အစဉ်ကိုသာ ကြည်ညိုဖွယ်ရာ တွေ့မြင်ရပေမည်။ ထို့ထက် အလွန်အားဖြင့် ယခုအခါ မဟာဗောဓိပင် အပရာဇိတရွှေပလ္လင်၌ သီတင်းသုံး နေထိုင်တော်မူ၍ ဒေဝပုတ္တမာရ်ကို အောင်မြင်ပြီးလျှင် စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့၏ စကြဝဠာတိုက်အပြည့် စည်းဝေးရောက်ရှိ ပူဇော်ကြသည်ကို အာရုံမထား ကိုယ်တော်မြတ်၏ တရားအလုပ်ကိုသာ အားထုတ် နှလုံးသွင်းတော်မူသဖြင့် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း (တိက္ခပညပုဂ္ဂိုလ်တို့ဆိုင်ရာ) ရူပါဝစရ

၃၂၁

ဈာန်လေးရပ်ကို တဖန်ထပ်၍ ရရှိဝင်စားတော်မူပြီးသော အလောင်းတော်၏ စိတ်အစဉ်မှာ စတုတ္ထဈာန်သမာဓိဖြင့် သမာဓိအင်အား အလွန်ပင် ကြီးမားနေရကား-

(၁) အလွန်စင်ကြယ်သော စတုတ္ထဈာန်စိတ္တုပ္ပါဒ်၏ ကျေးဇူးပြုချက်ကြောင့် ရှေ့နောက်ဆက်စဉ် ထက်ဝန်းကျင် စင်ကြယ်၍ နေပေ၏။

(၂) ထိုသို့ စင်ကြယ်သောကြောင့်ပင်လျှင် ပွတ်တိုက်အပ်သော လှော်ဦးသစ်စ ရွှေစင်ပမာ အရောင် တလက်လက် ထွက်တော့လုမတတ် ပြိုးပြိုးပြက် ဖြူစင်၍ နေပေ၏။

(၃) လောဘ၏ အကြောင်းဖြစ်သော သုခသောမနဿတို့ကို၎င်း, ဒေါသ၏ အကြောင်းဖြစ်သော ဒုက္ခဒေါမနဿတို့ကို၎င်း ပယ်ပြီး ခွါပြီး ဖြစ်ရကား လောဘ ဒေါသ တည်းဟူသော စိတ်၏ အညစ်အကြေးတို့မှလည်း ကင်းဝေးလျက် ရှိပေ၏။

(၄) ထိုသို့ စိတ်၏အညစ်အကြေး ကြေးညှော်တို့မှ ကင်းဝေးသောကြောင့်ပင် စိတ်ကို ညစ်နွမ်းစေတတ် နှိပ်စက်တတ်သော ဥပက္ကိလေသ တရားတို့မှလည်း ကင်းစင်လျက် ရှိပေ၏။

(၅) ကိုယ်တော်၏ စိတ်တော်ကို ဝသီဘော်ငါးဖြာတို့ဖြင့် လေ့လာနိုင်နင်းပြီး ဖြစ်၍၎င်း, တဆယ့်လေးပါးသော အခြင်းအရာတို့ဖြင့် ကောင်းစွာဆုံးမပြီး ယဉ်ကျေးပြီး ဖြစ်၍၎င်း, ကိုယ်တော်၏ အလိုအကြိုက် လိုက်ပါနိုင်လောက်အောင်ပင် ကောင်းစွာ ကြိတ်နယ်ပြီးသော သားရေကဲ့သို့၎င်း, ကောင်းစွာ အပြေအပြစ် ပြုအပ်ပြီးသော ချိပ်တုံးကဲ့သို့၎င်း စိတ်တော်အစဉ်သည် နူးညံ့လျက် ရှိပေ၏။

၃၂၂

(၆) နူးညံ့သောကြောင့်ပင် လှော်ပြီး ဦးပြီးသော ရွှေစင်ရွှေကောင်းသည် အလိုရှိရာ အဆင်တန်းဆာကို ပြုလုပ်ရန် ဆွဲတိုင်းထင် ငင်တိုင်းရ လွယ်ကူ ကောင်းမွန်လှသကဲ့သို့ ကိုယ်တော်မြတ် အလိုတော်ရှိရာ အတိတ်ဖြစ်ရပ် ဇာတ်တော်ကို အောက်မေ့ သိမြင်ခြင်း, ဝေးသောအဆင်း ဖုံးကွယ်သောအဆင်း သိမ်မွေ့နူးညံ့သော အဆင်းများကို နတ်မျက်စိပမာ ကောင်းစွာ မြင်နိုင်ခြင်းစသော ထိုထိုကိစ္စ အဝဝတို့ကို လှလှကြီး ပြီးစေနိုင်ရန် ကောင်းမွန် လွယ်ကူလျက် ရှိပေ၏။

(၇) ဆိုအပ်ပြီးသော ဂုဏ်သတ္တိများ ကင်း၍မသွားအောင် ကောင်းစွာပွါးများ လေ့လာအပ်ပြီးဖြစ်သောကြောင့် စိတ်တော်အစဉ်သည် ဆိုအပ်ပြီးသော ဂုဏ်တို့၌ (ရော့ရဲရဲမဟုတ်) ကြံ့ကြံ့ခိုင်ကျည် တည်လျက် ရှိပေ၏။

(၈) ထိုသို့ ကြံ့ကြံ့ခိုင်ကျည် တည်သောကြောင့်ပင်လျှင် တုန်လှုပ်ခြင်း အလျင်းမရှိ။

(တနည်း)

(၇) နူးညံ့ခြင်း အလိုရှိရာ ထိုထိုကိစ္စ အဝဝတို့ကို လှလှကြီး ပြီးစေနိုင်ရန် ကောင်းမွန်လွယ်ကူလျက် ရှိခြင်းကြောင့် စိတ်တော်အစဉ်သည် ကိုယ်တော်၏ အလိုအတိုင်း တည်နေပေ၏။ (၈) ယင်းသို့ တည်နေသော စိတ်တော်အစဉ်သည် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ အလင်းဓာတ်အင်အား ကြီးမားလှသဖြင့် မသဒ္ဓါခြင်း ပျင်းရိခြင်း မေ့လျော့ခြင်း ပြန့်လွင့်ခြင်း မသိခြင်း ကိလေသာအမှောင် ကျခြင်းတို့ကြောင့် တုန်လှုပ်ခြင်း အလျှင်းပင်မရှိ၊ (၀ါ) မသဒ္ဓါခြင်း စသည်တို့ စိတ်အစဉ်မှာ အငွေ့အသက်မျှ မဝင်ရောက်နိုင်ကြကုန်။

၃၂၃

တနည်းအားဖြင့်-

(၁) အလောင်းတော်၏ စိတ်အစဉ်သည် စတုတ္ထဈာန် သမာဓိဖြင့် ကောင်းစွာ တည်ကြည်လျက်ရှိ၏။ (၂) နီဝရဏတို့မှ ဝေးကွာသဖြင့် ရှေ့နောက်ဝန်းကျင် စင်ကြယ်လျက် ရှိပေ၏။ (၃) စိတ်ကို ချောက်ချားစေတတ်သော ဝိတက်အစရှိသော ရုန့်ရင်းသော ဈာန်အင်္ဂါတရားတို့ကို လွန်မြောက်လာပြီးဖြစ်သဖြင့် ပြိုးပြိုးပြက် အရောင်ထွက်လုမတတ် သန့်ရှင်းကြည်လင်နေ၏။ (၄) ဈာန်ကိုရခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်တတ်သော မာန မာယာ သာဌေယျ စသည်တို့ မရှိခြင်းကြောင့် အညစ်အကြေးကင်းလျက် ရှိပေ၏၊ (၅) အဘိဇ္ဈာ အစရှိသော စိတ်ညစ်ညူးကြောင်း ဥပက္ကိလေသ တရားတို့မှလည်း ကင်းလျက်ရှိပေ၏၊ (၆) ဝသီဘော်ငါးဖြာ လေ့လာနိုင်နင်းပြီးသောကြောင့် နူးညံ့လျက် ရှိပေ၏၊ (၇) ဣဒ္ဓိအမျိုးမျိုး၏ အခြေခံအဖြစ်သို့ ရောက်နေသဖြင့် အလိုတော်ရှိရာ တရားနှင့်ဆိုင်သော အမှုတို့ကို ပြုလုပ်ရန် ကောင်းမွန် လွယ်ကူလျက် ရှိပေ၏၊ (၈) ဘာဝနာမှု ပြည့်စုံလုံလောက်သဖြင့် မကုန်မလှုပ် ကြံ့ကြံ့ခိုင်ကျည် တည်လျက် ရှိပေ၏။

     ဤသို့ ဆိုအပ်ပြီးသော အင်္ဂါ ဂုဏ် ရှစ်ပါးတို့နှင့် ပြည့်စုံသော အလောင်းတော်သူမြတ်၏ စိတ်တော်သည် အဘိညာဏ်ဖြင့် မျက်မှောက်ပြု၍ သိရမည့် တရားတို့ကို အဘိညာဏ်ဖြင့် မျက်မှောက်ပြု၍ သိရန် ရှေးရှုဆောင်နိုင်ရေးအတွက် စိတ်တော်က ညွတ်လိုက်ရုံသာ လွန်စွာ လွယ်ကူလျက် ရှိလေသည်။ စိတ်တော်က အဘိညာဏ်၏ အာရုံသို့ ညွတ်တော်မူလိုက်လျှင် အလွယ်နှင့်ပင် အဘိညာဏ်ဇော ဖြစ်ပွါးလာနိုင်၏။

၃၂၄

(၁) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် (= ပဌမဝိဇ္ဇာဉာဏ်)ကို

ရတော်မူခြင်း

     ထိုသို့ စိတ်တော်က အဘိညာဏ်၏အာရုံသို့ ညွတ်တော်မူလိုက်လျှင် အလွယ်နှင့်ပင် အဘိညာဏ်ဇော ဖြစ်ပွါးလာနိုင်လောက်အောင် စိတ်အစဉ် ကောင်းမွန်လျက် ရှိသောကြောင့် အလောင်းတော်သူမြတ်သည် ရှေးဖော်ပြရာပါ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၍ အလွန်သန့်ရှင်း တည်ကြည်နေသော စိတ်အစဉ်ကို ရှေး၌ ဖြစ်ဘူး ခံစားဘူး တွေ့ကြုံမြင်ခဲ့ရဘူးသာ အာရုံတို့ကို အောက်မေ့ သိမြင်နိုင်သည့် ပုဗ္ဗေနိဝါသအဘိညာဏ်ဉာဏ် ဖြစ်ပေါ်၍လာရန် ညွတ်တော်မူလိုက်လေသည်။ ထိုအခါ အလွယ်တကူပင် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် အသိဉာဏ်ထူး ဖြစ်ပွါးလာလေသည်။ ထိုဉာဏ်ဖြင့် လွန်ခဲ့သော ဘဝမှစ၍ သုမေဓာ ရှင်ရသေ့ဘဝတိုင်အောင်၎င်း, ထို့ထက် ရှေးကျသော ဘဝများစွာက ဘ၀တို့ကို၎င်း, ထိုမှတဖန် တုံ့ပြန်ကာ အောက်မေ့သိမြင် ဆင်ခြင်တော်မူလေရာ ဘုရားဖြစ်မည့် ယခုဘဝသို့ မရောက်မီ သေတကေတု နတ်သားဘဝတိုင်အောင်၎င်း ထိုထိုဘဝတို့၌ ဖြစ်ခဲ့ရသမျှ ရရှိ တွေ့ကြုံ ခံစံခဲ့ရသမျှ အကြောင်းအရာ အလုံးစုံကို သိမြင်တော်မူလေသည်။

     (ဤအဘိညာဏ်ဉာဏ်ကို ညဉ့်ဦးယံ၌ ရတော်မူသည်။ ။ဤ၌ တဝီထိမှာမှ တကြိမ်သာ ဖြစ်ရိုးရှိသော အဘိညာဏ်ဇော တချက်မျှဖြင့် ဤမျှ များပြားသော ဘဝတို့က ဖြစ်ခဲ့သမျှ ရရှိတွေ့ကြုံ ခံစံခဲ့ရသမျှ အာရုံအမျိုးမျိုးတို့ကို အဘယ်သို့လျှင် သိမြင်နိုင်အံ့နည်းဟု ယုံမှားသံသယ ဝင်ဖွယ်ရှိ၏။ အဖြေကား.. အဘိညာဏ်ဉာဏ်ဇောတချက်သာ ဖြစ်သော်လည်း ထိုအဘိညာဏ်ဇောဖြင့် ထိုထိုဘဝ၌ ဖြစ်ရပ်တို့ကို ဖုံးကွယ်ထားသည့် မောဟကို ပယ်ရှင်းပစ်လိုက်သည်၊ ထို့နောင်မှ အဘိညာဏ်ဝီထိ၏ နောက်လိုက် ပစ္စဝေက္ခဏာဝီထိ အဆက်ဆက်တို့ဖြင့် ထိုထိုဘဝတို့၌ ဖြစ်ခဲ့သမျှ ရရှိတွေ့ကြုံ ခံစံခဲ့ရသမျှ ဖြစ်ရပ်အာရုံ အမျိုးမျိုးတို့ကို သိမြင်ခြင်း ဖြစ်သည်။)

၃၂၅

     ဤသို့ ပုဗ္ဗေနိဝါသာနုဿတိ ဝိဇ္ဇာဉာဏ်ဖြင့် ဘဝအဆက်ဆက်ကို ဆင်ခြင် သိမြင်တော်မူသော အလောင်းတော်သူမြတ်သည်-

“ထိုထိုသို့သော အနမတဂ္ဂ ဘဝသံသရာ အဆက်ဆက်တို့၌ နာမ်ရုပ်တရား နှစ်ပါးတို့သာလျှင် ဖြစ်ကုန်စွာ့တကား၊ ပဋိသန္ဓေအခါ, ပဝတ္တိအခါ, စုတိအခါ ဤအခါ သုံးမျိုးလုံးမှာပင် နာမ်ရုပ်တရား နှစ်ပါးတို့သာလျှင် ဖြစ်ကုန်စွာ့တကား၊ အလုံးစုံသော ဘုံဌာန အလုံးစုံသော ကာလတို့၌ပင် ထိုနာမ်ရုပ်တရားတို့သည် ရှေ့နောက်မပြတ် သန္တာန်စပ်ကာ ဆီမီးအလျှံကဲ့သို၎င်း, မြစ်ရေအယဉ်ကဲ့သို့၎င်း အကြောင်းအကျိုး အဆက်ဆက်ဖြင့် နာမ်ရုပ်အဆက်ဆက်တို့သာလျှင် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော ဒွါရခြောက်ပါးတို့၌ ရူပါရုံကိုမြင်ခြင်း သဒ္ဒါရုံကို ကြားခြင်းစသော မိမိတို့ဆိုင်ရာ ကိစ္စတို့ကို ပြီးစေကြ ပြုလုပ်ကြကုန်လျက် ကိုယ်လှုပ်ရှားမှု နှုတ်လှုပ်ရှားမှုစသော အထူးထူးသော ဝိညတ်တို့ကို ဖြစ်စေကြကာ ဖြစ်ကုန်စွာ့တကား၊ (တကယ်စင်စစ်) ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမဟူ၍ လားလားမျှ မရှိကုန်စွာ့တကား။ ထိုပုဂ္ဂိုလ်သတ္တဝါကို ဖန်ဆင် ပြုလုပ်တတ်သော နတ်မင်း, မာရ်မင်း, ဗြဟ္မာမင်းဟူ၍ တဦးတယောက်မျှ မရှိကုန်စွာ့တကား”..

ဟူ၍ ထိုးထွင်းသိမြင်ကာ လောကုတ္တရာမဂ်ဖိုလ်သို့ ရောက်ဖိုရဖို့ရန် ဧကန်စိတ်ချရသည့် အသိဉာဏ်ထူးများကိုလည်း ရရှိတော်မူလေသည်၊ သို့ရကား ရုပ်သည် အတ္တတည်းဟူ၍၎င်း, အတ္တသည် ရုပ်ရှိ၏ ဟူ၍၎င်း, အတ္တ၌ ရုပ်သည် တည်ရှိ၏ ဟူ၍၎င်း, အတ္တသည် ရုပ်၌ တည်ရှိ၏ ဟူ၍၎င်း, ရူပက္ခန္ဓာနှင့် စပ်၍ဖြစ်သော အတ္တဒိဋ္ဌိ (= သက္ကာယဒိဋ္ဌိ) လေးပါး၊ ထို့အတူ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာတို့နှင့် စပ်၍ဖြစ်သော အတ္တဒိဋ္ဌိ

၃၂၆

(= သက္ကာယဒိဋ္ဌိ) လေးပါးစီ လေးပါးစီအားဖြင့် အတ္တဒိဋ္ဌိ (= သက္ကာယဒိဋ္ဌိ)ပေါင်း ၂၀-ကို အလောင်းတော်မြတ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဖြင့် ဝိက္ခမ္ဘနပဟာန်အနေ ပယ်စွန့်ပြီး ဖြစ်လေ၏။ ထို့အတူ အတိတ် အဓွန့်၌ဖြစ်သော မောဟကိုလည်း ပယ်စွန့်ပြီး ဖြစ်လေ၏။

(၂) ဒိဗ္ဗစက္ခုအဘိညာဏ် (= ဒုတိယဝိဇ္ဇာဉာဏ်)ကို

ရတော်မူခြင်း

     အလောင်းတော်သူမြတ်သည် ထိုနေ့ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ကို ရရှိတော်မူပြီးလျှင် ထိုအဘိညာဏ်ဖြင့် အတိတ်ဖြစ်ရပ် ဘဝဇာတ်များစွာတို့ကို အောက်မေ့သိမြင် ဆင်ခြင်တော်မူ၍ သက္ကာယဒိဋ္ဌိ (၂၀) နှစ်ဆယ်နှင့်တကွ အတိတ်အဓွန့်၌ဖြစ်သော မောဟတရားကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ရှားတော်မူပြီးသော် ရှေးဖော်ပြရာပါ အင်္ဂါရှစ်ဖုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော ကိုယ်တော်၏ စိတ် အစဉ်ကို သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိမြင်နိုင်သည့် စုတူပါတဉာဏ်, ကံအားလျော်စွာ လားရောက်ကြရသော သတ္တဝါတို့၏ အကြောင်းရင်း အခြေခံ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ဝေဘန်သိမြင်သော ယထာကမ္မူပဂဉာဏ်များ ဖြစ်ပေါ်လာရန် ညွတ်တော်မူလေသည်။

(စုတူပပါတဉာဏ် ဟူသည်နှင့် ဒိဗ္ဗစက္ခုဉာဏ် ဟူသည်မှာ အတူတူပင်တည်း၊ ဒိဗ္ဗစက္ခုဉာဏ်ကိုပင် စုတူပပါတဉာဏ်ဟူ၍ ခေါ်သည်။ ဒိဗ္ဗစက္ခုဉာဏ် ပြည့်စုံလာလျှင် ယထာကမ္မူပဂဉာဏ်နှင့် အနာဂတံသဉာဏ်တို့လည်း ပြည့်စုံလေတော့သည်။)

     ထိုသို့ စိတ်တော်ကို စုတူပပါတခေါ်သော ဒိဗ္ဗစက္ခုဉာဏ် ဖြစ်ပေါ်လာရန် ညွတ်လိုက်သောအခါ အလွယ်တကူပင် ဒိဗ္ဗစက္ခု (= ဒုတိယဝိဇ္ဇာ) အသိဉာဏ်ထူး ဖြစ်ပွါးလာလေသည်။ ထိုဉာဏ်ဖြင့် စုတေခါနီး သတ္တဝါတို့ကို၎င်း, ပဋိသန္ဓေနေပြီးစ သတ္တဝါတို့ကို၎င်း အမျိုးအနွယ် ဇာတ်ဂုဏ် စသည်ဖြင့်

၃၂၇

အောက်တန်း နောက်တန်းကျသူ အထက်တန်း ရောက်သူတို့ကို၎င်း, ရုပ်ရည်အဆင်း လှသူ မလှသူတို့ကို၎င်း, သုဂတိဘုံဘဝသို့ ရောက်သူ ဒုဂ္ဂတိဘုံဘဝသို့ ရောက်သူတို့ကို၎င်း, (တနည်း) အလောဘအခြေခံသော ကုသိုလ်ကံ အကျိုးဆက်ကြောင့် ချမ်းသာကြွယ်ဝသူ လောဘအခြေခံသော အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဆင်းရဲမွဲတေသူတို့ကို၎င်း မြင်တော်မူ၏။

     ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် အောက် အပါယ်ဘုံသား သတ္တဝါတို့ ဆင်းရဲဒုက္ခ ခံစားနေကြရသည်ကို မြင်တော်မူပြီးလျှင် “ဤအပါယ်ဘုံသား သတ္တဝါတို့သည် အဘယ်သို့သောကံကို ပြုကြ၍ ဤမျှ ကြောက်မက်ဖွယ်သော ဆင်းရဲဒုက္ခကို ခံကြရကုန်သနည်း”ဟု ဆင်ခြင်တော်မူလေသည်။ ထိုအခါ ထိုသတ္တဝါတို့၏ အကုသိုလ်ကံကို သိမြင်သော ယထာကမ္မူပဂအဘိညာဏ် အသိဉာဏ်ထူး ဖြစ်ပွါးလာလေသည်။ ထို့အတူ လူ့ရပ် နတ်ရွာ ဗြဟ္မာဘုံသား လူနတ်ဗြဟ္မာ သတ္တဝါအများကို ကြီးမားသော ချမ်းသာသုခကို အဆင့်ဆင့် မြင့်၍ မြင့်၍ ခံစားနေကြရသည်ကို ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် မြင်တော်မူပြီးလျှင် “ဤလူနတ်ဗြဟ္မာ သတ္တဝါတို့သည် အဘယ်သို့သောကံကို ပြုခဲ့ကြ၍ ဤမျှ (အဆင့်ဆင့်) ကြီးကျယ်ခမ်းနားသော လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့ကို စံစားကြရကုန်သနည်း”ဟု ဆင်ခြင်တော်မူလေသည်။ ထိုအခါ ထိုသတ္တဝါတို့၏ ကုသိုလ်ကံကို သိမြင်သော ယထာကမ္မူပဂအဘိညာဏ် အသိဉာဏ်ထူး ဖြစ်ပွါးလာလေသည်။

     ထိုယထာကမ္မူပဂ အဘိညာဏ် အသိဉာဏ်ထူးဖြင့် “ဤအပါယ်ဘုံသား သတ္တဝါများသည် ရှေးရှေးဘဝတို့က ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုမှား ပြောမှား ကြံမှားခဲ့ကြကုန်၏။ အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲဆဲရေး ကဲ့ရဲ့စကား ပြောမှားခဲ့ကြကုန်၏။ မိစ္ဆာအယူရှိကြကုန်၏၊ ထိုမိစ္ဆာအယူဖြင့် အထူးထူးသော အကုသိုလ်ကံတို့ကို ကိုယ်တိုင်လည်း ဆောက်တည်ပြုမှားခဲ့၍ သူတပါးကိုလည်း ဆောက်တည်စေ ပြုမှားစေခဲ့ကြကုန်၏။

၃၂၈

ထိုသူတို့သည် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်ကာလ၌ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံတို့၌ ဘဝပဋိသန္ဓေ ကပ်ရောက်နေကြရကုန်၏” ဟူ၍၎င်း, “သုဂတိဘုံသား ဤသတ္တဝါများသည်ကား ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တို့ကို ကောင်းစွာပြု ကောင်းစွာပြော ကောင်းစွာ ကြံခဲ့ကြကုန်၏။ အရိယာပုဂ္ဂိုလ်တို့ကိုလည်း မစွပ်စွဲ မဆဲရေး မကဲ့ရဲ့ကြကုန်၊ ဖြောင့်မှန်သော အယူရှိခဲ့ကြကုန်၏၊ ထိုဖြောင့်မှန်သော အယူဖြင့် အထူးထူးသော ကုသိုလ်ကံတို့ကို ကိုယ်တိုင်လည်း ဆောက်တည်ပွါးများခဲ့ကြ၍ သူတပါးကိုလည်း ဆောက်တည်စေ ပွါးများစေခဲ့ကြကုန်၏။ ထိုသူတို့သည် ထိုကုသိုလ်ကံကြောင့် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်ကာလ၌ လူ့ရပ်နတ်ရွာ ဗြဟ္မာနှစ်ဆယ် သုဂတိဘုံနယ်၌ ဘဝပဋိသန္ဓေ ကပ်ရောက်နေကြရကုန်၏” ဟူ၍၎င်း သတ္တဝါတို့၏ ရှေးကပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ဝေဘန်ချဲ့ထွင် အမှန်အတိုင်း သိမြင်တော်မူလေသည်။

     ဤဒိဗ္ဗစက္ခု (= ဒုတိယဝိဇ္ဇာ)ဉာဏ်ကို အလောင်းတော်သူမြတ်သည် ထိုနေ့ သန်းခေါင်ယံ၌ ရတော်မူလေသည်။ ဤဒိဗ္ဗစက္ခု (= ဒုတိယဝိဇ္ဇာ)ဉာဏ်ဖြင့် အလောင်းတော်သူမြတ်၏ သန္တာန်၌ “သတ္တဝါတို့၏ စုတိ ပဋိသန္ဓေကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာ မောဟဓာတ် ကင်းပြတ်လေသည်။ ထိုဒိဗ္ဗစက္ခုဉာဏ်လျှင် အခြေခံရှိသော ယထာကမ္မူပဂ အဘိညာဏ်ဖြင့် သတ္တဝါတို့၏ ရှေးအတိတ်ကံ အကြောင်းမှန်ကို ဝေဘန်ချဲ့ထွင် အလင်းပေါက် သိမြင်တော်မူရကား ကင်္ခါယုံမှား ဆယ့်ခြောက်ပါးကိုလည်း ပယ်ရှားပြီး ဖြစ်သောကြောင့် ကင်္ခါဝိကရဏဝိသုဒ္ဓိ စခန်းသို့လည်း အလောင်းတော်သူမြတ်သည် ဆိုက်ရောက်တော်မူလေ၏။

(၃) အာသဝက္ခယ (= တတိယဂိဇ္ဇာ)ဉာဏ်ကို ရတော်မူ၍

ဘုရားဖြစ်တော်မူခြင်း

(ဤအာသဝက္ခယဉာဏ်၌ အလွန်သိမှတ်ဖွယ် အချက်အလက်များ အရေးကြီးသည့် မှတ်ချက်များပါ စုံလင်စွာ

၃၂၉

ရေးသားမည်ဖြစ်ပါ၍ အကျဉ်း အကျယ် နှစ်သွယ်သော စကားအစဉ်ဖြင့် ရေးသား ဖော်ပြပေအံ့။)

အကျဉ်းအားဖြင့်-

     အလောင်းတော်သူမြတ်သည် ညဉ့်၏ ပစ္ဆိမယံ (= နောက်ဆုံးပိုင်း)၌ အာသဝက္ခယ အမည်ရှိသော အရဟတ္တမဂ်ဉာဏ်သို့ ဆိုက်ရောက်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိလျက် လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူရန် ရှေးဖော်ပြရာပါ ဂုဏ်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော စိတ်တော်အစဉ်ကို အရဟတ္တမဂ်ဉာဏ်ကို ရဖို့ရန် ညွတ်တော်မူပြီးလျှင် အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏဟူ၍ အင်္ဂါ တဆယ့်နှစ်ပါးရှိသော ပဋိစ္စသမုပ္ပါဒ်၌ ဉာဏ်တော်ကို သက်စေတော်မူပြီးလျှင် ထိုပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ရပ်ပါ တရားတို့ကို အနုလုံ ပဋိလုံ အစုံအဆန်အားဖြင့် သုံးသပ် အဖန်ဖန် အထပ်ထပ် ဆင်ခြင်တော်မူလျက် ယထာဘူတဉာဏဒဿန ခေါ်ဆိုသော အရိယမဂ်သို့ ဆိုက်ရောက်တော်မူလေသည်။ (ဤကား အကျဉ်းစကားရပ်တည်း။)

အကျယ်အားဖြင့်ကား-

     ယထာဘူတဉာဏဒဿနခေါ်သော ဤမဂ်ဉာဏ်လေးရပ်သည် လောကဝယ် အလွန် တန်ခိုးကြီးမားသည့် သိကြားနတ်မင်း ဗြဟ္မာမင်း ဈာန်သမာပတ် အဘိညာဏ် ကြီးမြတ်သည့် ကာလဒေဝိလရသေ့ နာရဒရသေ့စသော ရသေ့သူတော်ကောင်းများ ဤပုဂ္ဂိုလ်များ၏ သန္တာန်၌ မဖြစ်ပဲ ဆရာမရှိ မိမိဘာသာ ရဟန်းအဖြစ်သို့ ကပ်ရောက်သော အလောင်းတော်သူမြတ်၏ သန္တာန်မှာသာ အစမထင် အတိတ်သံသရာတခွင်က အိပ်မက်ဖြင့်မျှပင် မမြင်မက်စဘူး မျက်မှောက်မပြုအပ်စဘူးသည့် သိမ်မွေ့နူးညံ့ အလွန်နက်နဲလှစွာသော ဤမဂ်ဉာဏ်လေးရပ် အဘယ့်ကြောင့် ဖြစ်ပွါးရသနည်းဟု မေးမြန်းဖွယ်ရှိ၏၊ အဖြေကား..

၃၃၀

ပါရမီတော်များ၏ ကျေးဇူးကြီးမားလှပုံ

     အလောင်းတော် သူမြတ်သည် ဘဝအနေအားဖြင့် အရာ အထောင် အသိန်း ကိန်းချ၍ မရေတွက်နိုင်အောင် မြားမြောက်လှသည့် လေးအသင်္ချေ ကမ္ဘာတသိန်း ကာလအတွင်း၌ ကိုယ်တော်၏ အသက်ကိုပင်သော်လည်း မငဲ့ကွက် မခြွင်းချန် (အောက် ပကိဏ္ဏကခဏ်း၌ ဖော်ပြခဲ့သော) ဘာဝနာလေးတန် အခြေခံလျက် လှူဒါန်းခဲ့သော ဒါနပါရမီကောင်းမှု အစုစုဖြင့် ဘ၀တိုင်း ဘဝတိုင်း ထိုထိုအာရုံကို အာရုံပြု၍ ဖြစ်တိုင်း ဖြစ်တိုင်းသော လောဘကိလေသာကို ပယ်သတ်လျက် အလွန်နည်းပါးအောင် ပြုကျင့်တော်မူကာ “ဤပုဂ္ဂိုလ်သူမြတ်၏ သန္တာန်၌ လောဘဓာတ် ကိလေသာတရား မရှိများ မရှိလေရော့သလား”ဟူ၍ သူတပါးတို့ ပြောကြားလောက်သော အခြေသို့ ရောက်စေတော်မူခဲ့လေသည်။

     ထို့အတူ လေးအသင်္ချေ ကမ္ဘာတသိန်း ကာလပတ်လုံး ဆည်းပူးတော်မူခဲ့သော သီလပါရမီ ခန္တီပါရမီ မေတ္တာပါရမီတော်များဖြင့် အမျက်ထွက်ခြင်း (= ကောဓတရား) ပြစ်မှားခြင်း (= ဒေါသတရား)များကို တားမြစ်တော်မူလျက် အလွန်ရှည်ကြသော ကာလပတ်လုံး မေတ္တာရေချမ်း သွန်းဖြန်းခြင်းဖြင့် ကောဓမီးကို၎င်း, ထိုကောဓမီးနှင့်တကွ ဖြစ်ဖော်ဖြစ်ဖက် ဖြစ်ကြသည့် မနာလိုမှု (= ဣဿာတရား) ဝန်တိုမှု (= မစ္ဆရိယတရား) နောင်တတဖန် ပူပန်မှု (= ကုက္ကုစ္စတရား)များကိုလည်း ပယ်ရှားတော်မူခဲ့လေသည်။

     ဘဝများစွာ ကပ်ကမ္ဘာတို့၌ ကောင်းစွာဆည်းပူး ပွါးများအပ်သော ပညာပါရမီတော်မြတ်ဖြင့် မောဟတည်းဟူသော အမိုက်မှောင်ဓာတ်ကို ပယ်ဖြတ်ပြီးတော်မူလျက် ဖောက်ပြန်မှားယွင်းသော မိစ္ဆာအယူကိုလည်း စွန့်ပယ်တော်မူကာ လွန်စွာ သန့်စင်သော ပညာရှင်ကြီး ဖြစ်တော်မူသည့်ပြင် ဖူးမြော်တွေ့ကြုံရသမျှသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့ကို၎င်း, ထိုမှတပါး အခြားသော ပညာရှိတို့ကို၎င်း ဆည်းကပ်ပြီးလျှင် “အဘယ်တရားသည် အပြစ်မရှိသော တရားဖြစ်၍ အဘယ်တရားသည်

၃၃၁

အပြစ်ရှိသောတရား ဖြစ်ပါသနည်း၊ အဘယ်တရားသည် မည်းညစ်၍ အဘယ်တရားသည် ဖြူစင်ပါသနည်း” ဤသို့ စသည်ဖြင့် မေးမြန်း စူးစမ်းတော်မူခဲ့သည့် အတွက်လည်း တရားအချက်အလက်တို့၌ ယုံမှားခြင်း (= ဝိစိကိစ္ဆာတရား)ကို ပယ်ဖျောက်၍ ပညာတရားကို တဘဝထက် တဘဝ တိုးတက်ဖြစ်ပွါး ကြီးထွားစေခဲ့လေသည်။

     မိမိအမျိုးအိမ်၌ မိမိထက် အသက်အရွယ်ကြီးသူ အမိအဖ ဦးကြီး ဦးလေး စသူတို့အား ရှိခိုးခြင်း, မြတ်နိုးခြင်း, ပူဇော်ခြင်း, နေရာပေးခြင်း, နေရာမှ ကြိုတင်ထနှင့်ခြင်း, ခရီးဦးကြိုဆိုခြင်း စသည်ဖြင့် အရိုအသေပြုလျက်၎င်း, အကျင့်ဂုဏ်နှင့် ပြည့်စုံကြသူ ပညာရှင်တို့အား အရိုအသေပြုလျက် မာနတရား ဥဒ္ဓစ္စတရားများကို ပယ်ရှားတော်မူကာ ကိုယ်တော်တိုင်က အစွယ်ကျိုးသောမြွေ, ဦးချိုကျိုးသောနွားလား, ခြေသုတ်ကြိုးဝန်းများပမာ မာန်ထောင်လွှားခြင်း ကင်းပလျက် သူတပါးကိုလည်း သည်းခံခြင်း, အကျိုးလိုလားခြင်း, သနားစောင့်ရှောက်ခြင်းများ၏ ကျေးဇူးစကားကိုသာ ချီးမွမ်းပြောဆိုလေ့ ရှိတော်မူသည်။

     အလောင်းတော်သူမြတ်သည် တောထွက်ခြင်း (= နေက္ခမ္မ)ဖြင့် ပြည်စည်းစိမ် မင်းစည်းစိမ်ကို စွန့်ပယ်ကာ ရဟန်းပြုလျက် တောအရပ်၌ ဈာန်သမာပတ်ကို ဖြစ်စေပြီးလျှင် နီဝရဏတရား ငါးပါးတို့ကို ပယ်ခွါတော်မူကာ ဘဝတိုင်း ဘဝတိုင်း၌ ဖြစ်ပေါ်သမျှသော ကာမရာဂတရား မိန်းမတို့၌ မွေ့လျော်နှစ်ခြိုက်ခြင်း (= ဣတ္ထိရတိ) တရားများကို ပယ်ဖျောက်တော်မူလျက်၎င်း, သစ္စာပါရမီတော်ဖြင့် လောကကို ချွတ်ယွင်း လွဲမှားစေတတ်သော မိစ္ဆာဝါစာစကားကို ပယ်ရှားတော်မူလျက်၎င်း, ဝီရိယပါရမီတော်ဖြင့် လွန်ကဲသော ကုသိုလ်မျိုးဖြစ်သည့် သမထဝိပဿနာ ဘာဝနာလုပ်ငန်းတို့၌ မပျော်ပိုက်နိုင်ခြင်း (= အရတိတရား) ပျင်းရိခြင်း (= ကောသဇ္ဇတရား)တို့ကို ပယ်ဖျောက်၍ ကိုယ်တော်မြတ်၏ စိတ်ကို ကုသိုလ်မှုတို့၌ အမြဲတစေ ထကြွလုံ့လ

၃၃၂

ဝီရိယ ရှိစေတော်မူလျက်၎င်း- ဤဆိုအပ်ပြီးသော အစဉ်ဖြင့် ကိုယ်တော်၏ ခန္ဓာအစဉ်ကို တဘဝထက်တဘဝ သန့်ရှင်းစင်ကြယ်သည်ထက် စင်ကြယ်အောင် ကျင့်ကြံ အားထုတ်တော်မူခဲ့လေသည်။

     ဤသို့ ဒါနစသော ပါရမီကောင်းမှု ကုသိုလ်အစုဖြင့် ထိုထို ကိလေသာတရားများကို ပယ်ရှားတော်မူသော အလောင်းတော်သူမြတ်သည် တဘဝ တဘဝမှာပင်လျှင် စင်ကြယ်အောင် ပြုပြီးသော ကိလေသာတရားတို့က တဖန်ဖြစ်လိုက်, ထိုကိလေသာတရားတို့ကို စင်ကြယ်အောင် သုတ်သင်လိုက်, တဖန် ကိလေသာ တရားတို့က (သမုစ္ဆေဒပဟာန် မဂ်ဉာဏ်ဖြင့် မပယ်ရသေးသည့်အတွက်) ဖြစ်ပွါးလိုက်, အလောင်းတော် သူမြတ်ကလည်း အရှုံးမပေး အညံ့မခံပဲ မဟာကုသိုလ် မဟဂ္ဂုတ်ကုသိုလ်များဖြင့် ထိုကိလေသာတရားတို့ကို (တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်တို့ဖြင့်) ပယ်ရှားသုတ်သင်လိုက်- ဤနည်းနှင်နှင် လေးအသင်္ချေ ကမ္ဘာတသိန်း ကာလတို့၌ စိတ်၏ အညစ်အကြေးဖြစ်သော ကိလေသာတရားအစုကို သုတ်သင်ချေမှုန်းလျက် အခြံအရံ ကိလေသာဗိုလ်ထုနှင့် တကွသော အဝိဇ္ဇာမောဟ ကိလေသဗိုလ်ချုပ်ကို သုတ်သင် ရှင်းလင်းတော်မူလျက်၎င်း, သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ တည်းဟူသော ဣန္ဒြေငါးပါးတို့ကို တဘဝထက် တဘဝ ရင့်သန်ကြီးထွားစေလျက်၎င်း အစဉ်သဖြင့် ရဲရဲတောက် ပါရမီများကို ပွါးများကြိုးကုတ် အားထုတ်၍ ဘဝခရီးခဲကြီးကို ဖြတ်ကျော်လာခဲ့ရာ ဝေဿန္တရာမင်းဖြစ်၍ မဒ္ဒီမိဖုရားကို လှူဒါန်းခြင်းဖြင့် ဘုရားဖြစ်အောင် ပြုလုပ်ပေးနိုင်သော တရားတို့ကို အပြီးအဆုံး ကျင့်သုံးတော်မူပြီးလျှင် ဘုရားဖြစ်ရန် အချိန်ကိုသာ စောင့်ဆိုင်း ငံ့မြှော်လျက် တုသိတာနတ်ပြည်၌ နတ်စည်းစိမ်ကို ခံစံကာ နေတော်မူခဲ့ခြင်း ဖြစ်လေသည်။

     ဤသို့ ဒါနအစရှိသော ပါရမီကောင်းမှု ကုသိုလ်အစုဖြင့် လောဘ ဒေါသစသော ထိုထိုကိလေသာ အင်္ဂါတရားတို့ကို

၃၃၃

ပယ်ရှားသုတ်သင်ကာ ဉာဏ်ပညာ အထွတ်အထိပ်ရောက် ပြီးမြောက်ပွါးစည်သူ ဖြစ်သောကြောင့် ဘုရားအလောင်းတော် သူမြတ်၏ သန္တာန်မှာသာ အလွန်တရာ သိမ်မွေ့နူးညံ့ နက်နဲလှစွာသော မဂ်ဉာဏ်လေးရပ်တို့ (ဆရာမကူရပဲ) ဖြစ်ပွါးလေသည်။

     ထိုမှတပါးလည်း ဘုရားအလောင်းတော်သည် ဒီပင်္ကရာ မြတ်စွာသနင်း ခြေတော်ရင်းမှစ၍ လူသာမန်တို့ ပြုလုပ်ရန် ခဲယဉ်းလှသည့် ဒါနစသော ပါရမီကောင်းမှု ကုသိုလ်အစုကို ပြုလုပ်ဆည်းပူး ပွါးများ အားထုတ်ပြီးလျှင် ထိုကုသိုလ်များအတွက် တစုံတခုသော ဘဝစည်းစိမ်ကိုမျှ တောင့်တဆုပန်မှု ပြုတော်မမူခဲ့ပေ။ ကိုယ်တော်ပြုသမျှ ဒါနစသော ကောင်းမှုကုသိုလ်တို့အတွက် “ဤကောင်းမှုအစုသည် သဗ္ဗညုတဉာဏ် ဖြစ်ပေါ်ရန်အတွက် ဥပနိဿယည်း ပစ္စည်းအထောက်အပံ့ ဖြစ်ပါစေသား”ဟူ၍သာ တောင့်တဆုပန်မှု ပြုတော်မူခဲ့လေသည်။ တပါးသောသူတို့ကား ထိုထို ကောင်းမှုကုသိုလ်ကို ပြုပြီးသော် နတ်စည်းစိမ် လူ့စည်းစိမ်ကို တောင့်တဆုပန်ကြ၍ ထိုထိုဆုပန်ချက်အားလျော်စွာ လူ့စည်းစိမ် နတ်စည်းစိမ် တည်းဟူသော အကျိုးကို ရရှိခံစားကြကာ မိမိတို့ ရတိုင်း ရတိုင်းသော ကုသိုလ်ကောင်းမှု ဥစ္စာစုကို စားသုံး ဖြုန်းပစ်ကြသူများနှင့် တူလှကုန်၏။ အလောင်းတော် သူမြတ်သည်ကား ထိုသို့မပြုပဲ ကျီကြထဲ၌ စပါးအပြည့်ထည့်သွင်းကာ မသုံးမစွဲ အမြဲစောင့်ရှောက်နေသော သူကဲ့သို့ ပြုတိုင်း ပြုတိုင်းသော ကောင်းမှုကုသိုလ်အစုကို “သဗ္ဗညုတဉာဏ် အထွတ်တပ်သော မဂ်ဉာဏ်လေးရပ်၏သာ ပစ္စည်းအထောက်အပံ့ ဖြစ်စေသား”ဟု ဆုပန် တောင့်တတော်မူကာ ကောင်းစွာသိုမှီး သိမ်းဆည်း၍ ထားလေသည်၊ သို့ရကား လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ကာလမြင့်ညောင်းအောင် ဘုရားအလောင်းတော် စုဆောင်းခဲ့သမျှသော ပါရမီကောင်းမှု ကုသိုလ်အစုသည် ယခုနောက်ဆုံး ဘုရားဖြစ်မည့် သိဒ္ဓတ္ထဘဝ၌ ဘုရားအဖြစ်တိုင်ရောက်အောင် အကျိုးပေးရန်

၃၃၄

အခွင့်ဖန်လာပြီဖြစ်သဖြင့် ကုသိုလ်တွေက အလွန်များ အကျိုးပေးရမည့် ဘဝကား တဘဝသာဖြစ်၍ အလွန်ပြည့်ကျပ် ကျဉ်းမြောင်းသကဲ့သို့ပင် ရှိချေသည်။

     ဤသို့ ဘုရားဖြစ်ရန် တခုကိုသာ ရည်သန်တောင့်တခဲ့ခြင်း ပတ္ထနာစွမ်းအားဖြင့် ဘုရားဖြစ်မည့် ယခု နောက်ဆုံးဘဝ တခုထဲ၌ စုပေါင်းတိုးဝှေ့ကာ အကျိုးပေးမည့် ကုသိုလ်တရား အလွန် အားကြီးလှသောကြောင့် ဘုရားအလောင်းတော်သူမြတ်၏ သန္တာန်မှာ အလွန်တရာ သိမ်မွေ့နူးညံ့ နက်နဲလှစွာသော မဂ်ဉာဏ်လေးရပ်တို့ ဆရာမကူပဲ ဖြစ်ပွါးလေသည်။ ။(ဤ ဘုရားဖြစ်တော်မူခဏ်း၌ ဇိနာလင်္ကာရကျမ်းလာ ကြည်ညိုဖွယ်ရာ အချက်အလက်တို့ကို များစွာဖော်ပြခြင်း ဖြစ်ပါသည်။)

အလောင်းတော်သည် ကုဋေသုံးသန်းခြောက်သိန်းသော

မဟာဝဇီရဝိပဿနာတရား ပွါးတော်မူခြင်း

     ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း ဒါနစသော ပါရမီကောင်းမှု ကုသိုလ်စုဖြင့် လောဘ ဒေါသစသော ထိုထိုကိလေသာ အင်္ဂါကို ပယ်ခွါသုတ်သင်အပ်ပြီး ဖြစ်ရကား နိဗ္ဗာန်ခရီးကို ကာဆီးဖုံးကွယ်မှု ပြုလုပ်တတ်သည့် မောဟကိလေသာ ဗိုလ်ချုပ်ကိုလည်း အခြံအရံနှင့်တကွ သုတ်သင်ရှင်းလင်းပြီးဖြစ်သော ဘုရားအလောင်းတော်သည် ထိုသည့် ကဆုန်လပြည့်နေ့ မိုးသောက်ယံ (ညဉ့်၏ နောက်ပိုင်း)အချိန်၌ မဟာဝဇိရ ဝိပဿနာတရား ပွါးများ အားထုတ်တော်မူလေသည်။ အားထုတ်တော်မူပုံအမြွက်မှာ..

     အာဏာခေတ်ဟုခေါ်သော စကြဝဠာတိုက်ပေါင်း ကုဋေတသိန်းတို့ရှိရာ စကြဝဠာ တတိုက်တတိုက်အတွင်း၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်ပွါးသော တရားအနှစ်ကို ဆင်ခြင်တော်မူသောအခါ စကြဝဠာ တတိုက်တတိုက်၌ လူတွေ နတ်တွေ ဗြဟ္မာတွေ မည်မျှပင် များနေစေကာမူ ပရမတ္ထ သဘာဝ ဓမ္မအစစ်အနေဖြင့် အဝိဇ္ဇာ, သင်္ခါရ(ဟူသော အတိတ်အဓွန့်ကာလ အကြောင်းတရား)၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ(ဟူသော

၃၃၅

ပစ္စုပ္ပန်အဓွန့်ကာလ အကျိုးတရား)၊ တဏှာ, ဥပါဒါန်, ကမ္မဘဝ(ဟူသော ပစ္စုပ္ပန်အဓွန့်ကာလ အကြောင်းတရား)တို့နှင့် (ဥပပတ္တိဘဝဖြစ်သော) ဇာတိ, ဇရာ+မရဏ(ဟူသော အနာဂတ်အကျိုးတရား) ဤပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါးတည်းဟူသော ပရမတ္ထသဘာဝ ဓမ္မတရားကိုယ်ကို ကောင်းစွာ သိမြင်တော်မူလေသည်။

     ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားကို ဆင်ခြင်တော်မူသောအခါ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏဟူ၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး တရားသား (ဝိပဿနာတင်ရမည့် တရားအစု)ကို ကောင်းစွာ သိမြင်တော်မူသကဲ့သို့ ကျန်သော စကြဝဠာတိုက်တို့၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားသားကိုလည်း ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူသောအခါ ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့ နည်းတူပင် ပဋ္ဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါးစီ တည်းဟူသော ဝိပဿနာတင်ရမည့် တရားအစုကို ကောင်းစွာ သိမြင်တော်မူလေသည်။

     ဤသို့ စကြဝဠာတိုက်ပေါင်း ကုဋေတသိန်း တည်းဟူသော အာဏာခေတ်အတွင်း ရှိနေကြသည့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ခန္ဓာအစဉ်ဝယ် ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားသားကို စဉ်းစား ဆင်ခြင်တော်မူသော အလောင်းတော်သူမြတ်၏ ဉာဏ်တော်ဖြင့် သိမြင်အပ်သော ဝိပဿနာတင်ရမည့် တရားအစုတို့ကား အဝိဇ္ဇာပေါင်း ကုဋေတသိန်း, သင်္ခါရပေါင်း ကုဋေတသိန်း, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏပေါင်းလည်း ကုဋေတသိန်းစီ ဖြစ်ရကား

၃၃၆

(၁၂-ရပ်ပေါင်းလျှင်) အလောင်းတော်သူမြတ်၏ ဝိပဿနာစာရခေါ်သော (ဝိပဿနာတင်ရမည့်) တရားသားတို့မှာ ကုဋေ တသန်းနှစ်သိန်းတို့ ဖြစ်လေကုန်သည်။

     အလွန်ထွေးရှုပ်၍ အခုတ်အထွင် ခဲယဉ်းလှသည့် တောအုပ်ကြီးကို ရှင်းလင်းခုတ်ထွင် သုတ်သင်သော ယောက်ျားသည် မိမိစွဲကိုင်သောဓားကို ကျောက်ပေါ်တင်၍ သွေးကာ သွေးကာ ထက်လှစွာသော မိမိဓားဖြင့် အလွန်ထွေးရှုပ်သည့် တောအုပ်ချုံပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်သကဲ့သို့ မြတ်စွာဘုရား အလောင်းတော်သည်လည်း တထောင့်ငါးရာ ကိလေသာတောအုပ် ချုံပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်ရန်အတွက် ကိုယ်တော်၏ လက်သုံးဖြစ်သော မဟာဝဇီရဝိပဿနာ ဉာဏ်ပညာဓားအသွား ထက်မြက်စေရန် အာနာပါန စတုတ္ထဈာန်သမာပတ် တည်းဟူသော ဓားသွေးသည့်ကျောက်၌ သွေးသွေးပြီးလျှင် (= အာနာပါန စတုတ္ထဈာန် သမာပတ်ကို ၀င်စား ဝင်စားပြီးလျှင်) ဖော်ပြရာပါ ကုဋေတသန်း နှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့ကို တခုစီ တခုစီ အနိစ္စလက္ခဏာယာဉ် တင်၍၎င်း, ဒုက္ခလက္ခဏာယာဉ် တင်၍၎င်း, အနတ္တလက္ခဏာယာဉ် တင်၍၎င်း ဆင်ခြင် သုံးသပ်တော်မူလေသည်။

     သို့ရကား ကုဋေတသန်း နှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့၌ တခုတခုလျှင် အနိစ္စဝိပဿနာဉာဏ်, ဒုက္ခဝိပဿနာဉာဏ်, အနတ္တဝိပဿနာဉာဏ်ဟူ၍ ဝိပဿနာဉာဏ် သုံးပါးစီ သုံးပါးစီ ဖြစ်သောကြောင့် ကုဋေ တသန်းနှစ်သိန်းကို တည်၊ သုံးဖြင့်မြှောက်ပွါး၍ မဟာဝဇိရ ဝိပဿနာ ဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်း ဖြစ်လေသည်။

(ဤမဟာဝဇီရဝိပဿနာဉာဏ် အကြောင်းအရာ အမြွက်သည် ဥပရိပဏ္ဏာသဋီကာ အနုပဒသုတ်အဖွင့် စာမျက်နှာ ၂၇၅-၌၎င်း၊ ဝိနည်း သာရတ္ထဒီပနီဋီကာ တတိယအုပ် မဟာခန္ဓက သာရိပုတ္တမောဂ္ဂလ္လာနပဗ္ဗဇ္ဇာ ကထာအဖွင့် စာမျက်နှာ ၂၂၉-၌၎င်း လာရှိသည်။)

၃၃၇

     ဘုရားအလောင်းတော်တိုင်းပင်လျှင် ဘုရားဖြစ်ခါနီး၌ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံ ပဋိလုံအားဖြင့် သုံးသပ် ဆင်ခြင်တော်မူကြမြဲ ဓမ္မတာဖြစ်သည်။ ငါတို့မြတ်စွာဘုရား အလောင်းတော်သည်လည်း ရှေးဘုရားအလောင်းတော်တို့နည်းတူပင် (ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံ ပဋိလုံ သုံးသပ် ဆင်ခြင်တော်မူသည်။ ထိုအခါ ဇာတိခေတ် စကြဝဠာတိုက်ပေါင်း လောကဓာတ်တသောင်းလုံး ရေဆုံးအောင် တုန်လှုပ်လေသည်။

     မြတ်စွာဘုရား အလောင်းတော်သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဘုရားရှင်တိုင်း၏ဓမ္မတာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး တရားအစု၌ ကုဋေ သုံးသန်း ခြောက်သိန်းသော မဟာဝဇိရ ဝိပဿနာ သမ္မသနဉာဏ်ကို ဖြစ်စေတော်မူပြီးသောအခါ အာနာပါန စတုတ္ထဈာန်ကို တဖန် ဝင်စားတော်မူပြန်လေသည်။ (ထိုသို့ ဝင်စားတော်မူခြင်းမှာ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက် ဝိပဿနာဉာဏ်ပညာ အသွားထက်စိမ့်သောငှါ အာနာပါန စတုတ္ထဈာန်သမာပတ် တည်းဟူသော ဓားသွေးသည့် ကျောက်ကောင်း၌ တဖန် သွေးတော်မူပြန်ခြင်းဖြစ်သည်။) ထိုသို့ အာနာပါန စတုတ္ထဈာန်ကို တဖန် ဝင်စားတော်မူပြီးလျှင် (= အထက် ဝိပဿနာ ဉာဏ်ပညာ အသွားထက်အောင် သွေးတော်မူပြီးလျှင်) ထိုဈာန်မှထ၍ ခန္ဓာငါးပါး တရားအစုတို့၌ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက် အထက် ဝိပဿနာဉာဏ်ပညာများကို အလွယ်တကူ ဖြစ်ပွါးစေတော်မူလေသည်။

(ဤ၌။ ။အလောင်းတော်သူမြတ်သည် ရှေးရှေးသော ဘုရားရှင်တို့၏အထံ၌ ရဟန်းပြု၍ ပိဋကသုံးပုံကို သင်ကြားတတ်မြောက်ပြီးလျှင် ဝိပဿနာအလုပ် အားထုတ်တော်မူခဲ့ရာ ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီန၀ဉာဏ်, နိဗ္ဗိဒါဉာဏ်, မုစ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်တိုင်ရောက်အောင် လေ့လာပွါးများ အားထုတ်တော်မူခဲ့ဘူးသောကြောင့်၎င်း- ရှေးဖော်ပြရာပါ မဟာဝဇိရ ဝိပဿနာ သမ္မသနဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်းတို့ဖြင့် လေ့လာပွါးများ ဉာဏ်ပညာအား အလွန်တရာ ကြီးမားလှသောကြောင့်၎င်း-

၃၃၈

အထက် အထက် ဝိပဿနာ ဉာဏ်ပညာများကို အလွယ်တကူ ရရှိတော်မူသည်ဟု ယုံကြည်စွာ မှတ်သားရာ၏။ ဇိနာလင်္ကာရဋီကာနှင့် သုတ်မဟာဝါဋီကာ မျက်နှာ ၅၅-ကို မှီငြမ်းပြုသည်။)

     ဤသို့ အလောင်းတော်သူမြတ်သည် အထက်အထက်ဖြစ်သော ဝိပဿနာ ဉာဏ်ပညာများသို့ အလွယ်တကူ တက်ရောက်တော်မူခဲ့၍ နောက်ဆုံး အနုလောမဉာဏ်မြောက် ရောက်တော်မူလတ်သောအခါ ခရီးဝေးမှပြန်လာ၍ မိမိအိမ်သို့ ဝင်အံ့ဟူ၍ တံစက်မြိတ်အတွင်း ဝင်မိသော ယောက်ျားအား တံခါးဟင်းလင်းပွင့်နေသော အိမ်အတွင်း၌ တံခါးခုံတွင်ရွေ့သာ ရပ်နားမှု အလျှင်းမပြုပဲ အိမ်တွင်းသို့သာ တောက်လျှောက် ၀င်ရောက်လေသကဲ့သို့ ထို့အတူ အလောင်းတော် သူမြတ်သည်လည်း ဥဒယဗ္ဗယဉာဏ် အစရှိသော ဉာဏ်စဉ်ရှစ်ပါးဖြင့် အဆင့်ဆင့် တက်ရောက်တော်မူခဲ့ရာ (နိဗ္ဗာန်မြို့နန်းအဝင်ဝ) တံခါးခုံနှင့်တူသော သစ္စာနုလောမဉာဏ်တွင်ရွေ့သာ ရပ်နားတော်မမူပဲ မဂ္ဂဝီထိစိတ်အစဉ်တွင် အဝင်အပါဖြစ်ကြသည့် ပရိကံ, ဥပစာ, အနုလုံ အမည်ရှိကြသော သစ္စာနုလောမဉာဏ် သုံးပါးတို့ဖြင့် ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဟူသော သစ္စာလေးပါး အမှန်တရားတို့ကို ဖုံးလွှမ်း ကာကွယ်တတ်သည့် အဝိဇ္ဇာ မောဟတည်းဟူသော တိမ်လွှာတိမ်တိုက် မှောင်အမိုက်ကို ပယ်ရှားအပ်ပြီးလတ်သော် တိမ်စင်ကောင်းကင်၌ လဝန်းကို လင်းလင်းမြင်သည့်ပမာ ဂေါတြဘူဉာဏ်၏ အခြားမဲ့၌ ဖြစ်ပွါးသော သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်တည်းဟူသော အလင်းဓာတ်ကြီးကို လင်းလင်းထင်ထင် မျက်မှောက်ပြု၍ သိမြင်တော်မူလေသည်။ (သောတာပတ္တိမဂ်ဉာဏ်စိတ် တကြိမ်ဖြစ်၍ ချုပ်ပြီးလျှင် ထို၏အခြားမဲ့၌ အကာလိက (= အခါမလင့် မဖင့်မနွှဲ အချိန်မဆွဲပဲ အကျိုးပေးခြင်း) တည်းဟူသော တရားတော်၏ ဂုဏ်တော်အတိုင်း ထိုသောတာပတ္တိမဂ်၏ အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ဇော သုံးကြိမ်ဖြစ်၍ ချုပ်ပြီးလျှင် ဘဝင်စိတ်များ ဖြစ်လေတော့သည်။)

၃၃၉

     ထိုသို့ သောတာပတ္တိမဂ်သို့ ရောက်တော်မူသောကြောင့် အလောင်းတော်သူမြတ်၏သန္တာန်၌ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသဟူသော ကိလေသာသုံးရပ်တို့ အမြစ်ပြုတ် ပယ်အပ်ပြီး ဖြစ်လေတော့သည်။ ထိုကိလေသာများ နောက်ထပ်တဖန် အလောင်းတော်သူမြတ်၏သန္တာန်၌ မဖြစ်နိုင်တော့ပြီ။

အထက်မဂ်ဖိုလ်တို့ကို ရတော်မူ၍ ဘုရားဖြစ်တော်မူခြင်း

     ဘုရားအလောင်းတော် သူမြတ်သည် သောတာပတ္တိမဂ်ဖိုလ်ကို ရရှိတော်မူပြီးသောအခါ-

မဂ်,ဖိုလ်,နိဗ္ဗာန်၊ ပယ်-ကြွင်းကျန်၊ နှစ်တန် ကိလေသာ။

အစဉ်သမှု၊ အမြင်ရှု၊ ငါးခု ပစ္စဝေက္ခဏာ-

ဟူသောအတိုင်း (၁) ရှေးဦးစွာ သောတာပတ္တိမဂ်ကို ဆင်ခြင်တော်မူသည်၊ (၂) ထို့နောက် ထိုသောတာပတ္တိမဂ်၏ အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ကို ဆင်ခြင်တော်မူသည်။ (၃) ထို့နောက် ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို ဆင်ခြင်တော်မူသည်၊ (၄) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကို ဆင်ခြင်တော်မူသည်၊ (၅) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် မပယ်ရသေးပဲ ကြွင်းကျန်နေသည့် ကိလေသာတို့ကို ဆင်ခြင်တော်မူသည်။ (ဤသို့ ဆင်ခြင်သည့်ဉာဏ်တော် ငါးပါးကို ပစ္စဝေက္ခဏာဉာဏ်တော် ငါးပါးဟူ၍ ခေါ်သည်။)

     ထိုသို့ ပစ္စဝေက္ခဏာဉာဏ်တော် ငါးပါးဖြင့် သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ်, ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်, ထိုမဂ်ဖြင့် ပယ်အပ်သော ကိလေသာ, ထိုမဂ်ဖြင့် မပယ်အပ်သေးပဲ ကြွင်းကျန်သော ကိလေသာ ဤတရားငါးပါးကို ဆင်ခြင်တော်မူပြီးသောအခါ အလောင်းတော်သူမြတ်သည် တဖန် ထပ်၍ ဥဒယဗ္ဗယဉာဏ် အစရှိသော ဝိပဿနာဉာဏ်စဉ်များကို ပွါးများ

၃၄၀

အားထုတ်တော်မူပြန်လတ်သည်တွင် မကြာမီပင် နှစ်ဆင့်မြောက်ဖြစ်သည့် သကဒါဂါမိမဂ်ဖိုလ်သို့ ရောက်တော်မူလေသည်။ ထို သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်း ကြမ်းတမ်းသော ကာမရာဂကိလေသာ, ရုန့်ရင်း ကြမ်းတမ်းသော ဗျာပါဒ (= ဒေါသ) ကိလေသာတို့ကို အမြစ်ပြုတ် ပယ်တော်မူသည်။ ထိုအချိန်မှစ၍ အလောင်းတော်သူမြတ်၏ သန္တာန်၌ (မီးဖြင့် အကျွမ်းဖုတ်မြှိုက်အပ်သော မျိုးစေ့ကဲ့သို့) ရုန့်ရင်း ကြမ်းတမ်းသော ကာမရာဂကိလေသာ အနုသယဓာတ်, ရုန့်ရင်း ကြမ်းတမ်းသော ဗျာပါဒ (= ဒေါသ) ကိလေသာ အနုသယဓာတ်တို့ အကြွင်းမဲ့ ပြတ်လေတော့သည်။

     ဘုရားအလောင်းတော် သူမြတ်သည် သကဒါဂါမိမဂ်ဖိုလ်ကို ရရှိတော်မူပြီးသောအခါ ရှေးနည်းအတူ ပစ္စဝေက္ခဏာဉာဏ်တော် ဇောဝါရငါးမျိုးတို့ဖြင့် သကဒါဂါမိမဂ်, သကဒါဂမိဖိုလ်, ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သောနိဗ္ဗာန်, ထိုမဂ်ဖြင့် ပယ်အပ်သော ကိလေသာ, ထိုမဂ်ဖြင့် မပယ်အပ်သေးပဲ ကြွင်းကျန်သော ကိလေသာ ဤတရားငါးပါးတို့ကို ဆင်ခြင်တော်မူပြီးလျှင် တဖန် ထပ်၍ ဥဒယဗ္ဗယဉာဏ် အစရှိသော ဝိပဿနာ ဉာဏ်စဉ်များကို ပွါးများ အားထုတ်တော်မူပြန်လတ်သည်တွင် မကြာမီပင် သုံးဆင့်မြောက်ဖြစ်သည့် အနာဂါမိမဂ်ဖိုလ်သို့ ရောက်တော်မူလေသည်။ ထိုအနာဂါမိမဂ်ဖြင့် သိမ်မွေ့သော ကာမရာဂ ကိလေသာနှင့် သိမ်မွေ့သော (= ဒေါသ) ကိလေသာတို့ကို အမြစ်ပြတ် ပယ်တော်မူသည်။ ထိုအချိန်မှစ၍ အလောင်းတော် သူမြတ်၏ သန္တာန်၌ ဝါသနာအဓာတ်နှင့်တကွ သိမ်မွေ့သော ကာမရာဂကိလေသာ အနုသယဓာတ်, သိမ်မွေ့သော ဗျာပါဒ (= ဒေါသ) ကိလေသာ အနုသယဓာတ်တို့ အကြွင်းမဲ့ ပြတ်လေတော့သည်။

     ဘုရားအလောင်းတော် သူမြတ်သည် အနာဂါမိမဂ်ဖိုလ်ကို ရရှိတော်မူပြီးသောအခါ ရှေးနည်းအတူ ပစ္စဝေက္ခဏာဉာဏ်တော် ဇောဝါရငါးမျိုးတို့ဖြင့် အနာဂါမိမဂ်ကို၎င်း, အနာဂါမိဖိုလ်ကို၎င်း,

၃၄၁

ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို၎င်း, ထိုအနာဂါမိမဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကို၎င်း, ထိုအနာဂါမိမဂ်ဖြင့် မပယ်အပ်သေးပဲ ကြွင်းကျန်သော ကိလေသာတို့ကို၎င်း ဆင်ခြင်တော်မူပြီးလျှင် တဖန်ထပ်၍ ဥဒယဗ္ဗယဉာဏ် အစရှိသော ဝိပဿနာ ဉာဏ်စဉ်များကို ပွါးများ အားထုတ်တော်မူပြန်လတ်သည်တွင် မကြာမီပင် လေးဆင့်မြောက်ဖြစ်သော အရဟတ္တမဂ်, အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။ ထိုအရဟတ္တမဂ်ဖြင့် ရူပရာဂကိလေသာ, အရူပရာဂကိလေသာ, မာနကိလေသာ, ဥဒ္ဓစ္စကိလေသာ, အဝိဇ္ဇာကိလေသာ တည်းဟူသော ကျန်သေးသည့် ကိလေသာတို့ကို ဝါသနာအငွေ့အသက်ပါမကျန် အမြစ်ပြုတ် ပယ်တော်မူသည်။ ထိုအချိန်မှစ၍ အလောင်းတော်သူမြတ်၏ သန္တာန်၌ ဝါသနာအငွေ့အသက်နှင့်တကွ တထောင့်ငါးရာ ကိလေသာတရား အနုသယဓာတ် ခုနစ်ရပ်တို့ အကြွင်းမဲ့ ပြတ်လေတော့သည်။

     (ဤ အရဟတ္တမဂ်ဖိုလ်ကို ရပြီးသောအခါ အရဟတ္တမဂ်ကို၎င်း, အရဟတ္တဖိုလ်ကို၎င်း, ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို၎င်း, ပယ်အပ်ပြီးသော ကိလေသာတို့ကို၎င်း အသီးအသီး ဆင်ခြင်သည့် ပစ္စဝေက္ခဏာဉာဏ်တော် ဇောဝါရလေးမျိုးတို့ ဖြစ်ပြန်လေသည်။ ပစ္စဝေက္ခဏာဉာဏ်တော်များကို ပေါင်းလတ်သည်ရှိသော် သောတာပတ္တိမဂ်ဖိုလ်ကို ရပြီးသောအခါ၌ ငါးပါး, သကဒါဂါမိမဂ်ဖိုလ်ကို ရပြီးသောအခါ၌ ငါးပါး, အနာဂါမိမဂ်ဖိုလ်ကို ရပြီးသောအခါ၌ ငါးပါး, အရဟတ္တမဂ်ဖိုလ်ကို ရပြီးသောအခါ၌ လေးပါး- ဤသို့အားဖြင့် တဆယ့်ကိုးပါး ဖြစ်သတည်း၊ ဤပစ္စဝေက္ခဏာဉာဏ် တဆယ့်ကိုးတန်ကိုပင်လျှင် ဝိမုတ္တိဉာဏဒဿန ဂုဏ်ကျေးဇူးဟူ၍ ခေါ်ဆိုသည်။ ပစ္စဝေက္ခဏာဉာဏ်အရာဝယ် အရဟတ္တမဂ်ကို ရပြီးသောအခါ၌ ကြွင်းကျန်သော ကိလေသာဟူ၍ မရှိတော့ရကား ထိုကြွင်းကျန်သော ကိလေသာကို ဆင်ခြင်သည့် ပစ္စဝေက္ခဏာဉာဏ်လည်း မဖြစ်တော့၍ ပစ္စဝေက္ခဏာဉာဏ် လေးပါးသာလျှင် ရလေတော့၏။)

၃၄၂

လူသုံးပါး၌ ဘုရားဖြစ်တော်မူခြင်း

     ဘုရားအလောင်းတော်သူမြတ်သည် အရဟတ္တမဂ်၏ အခြားမဲ့ဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်တော်မူလျှင်ပင် အလွန်စင်ကြယ်သော စိတ်အစဉ် ရှိတော်မူလျက် ပဋိသမ္ဘိဒါဉာဏ်တော်လေးပါး, အသာဓာရဏဉာဏ်တော် ခြောက်ပါး, ဗုဒ္ဓဉာဏ်တော် တဆယ့်လေးပါး, အာဝေဏိကဂုဏ်တော် တဆယ့်ရှစ်ပါး, ဝေသာရဇ္ဇဉာဏ်တော် လေးပါး အစရှိသော မြတ်စွာဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်များနှင့်တကွ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုပါ ရတော်မူ ရောက်တော်မူကာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားဖြစ်တော်မူလတ်သတည်း။ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူသည်နှင့် တပြိုက်နက် နေအရုဏ်လည်း တက်လေတော့သည်။ (သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူခြင်းကိုပင် မြတ်စွာဘုရားဖြစ်ခြင်းဟု ခေါ်ဆိုသည်။)

မြတ်စွာဘုရား၏ ဝိသုဒ္ဓိခုနစ်ပါး

     ဤအရာ၌ ဗုဒ္ဓဝင်အကြောင်းအရာစကားကို အကြားဖြတ် တန့်ရပ်၍ မြတ်စွာဘုရား၏ ဝိသုဒ္ဓိခုနှစ်ပါး (= နိဗ္ဗာန်ရောက်အောင် ပို့ဆောင်သည့် ရထားကြီးခုနစ်စီး)တို့ကို သိသာရုံ ရေတွက် ထုတ်ဖော် ပြဆိုဦးအံ့။

(၁) သီလဝိသုဒ္ဓိ

     ဘုရားအလောင်းတော်သည် အနော်မာမြစ်ကမ်း၌ ရပ်နားတော်မူကာ ရဟန်းပြုပြီးလျှင် ဒုစရိုက်တို့မှ ထိန်းသိမ်းစောင့်ရှောက်ခြင်း (= သံဝရသီလ)ကို ဆောက်တည်မှု ပြုတော်မူခဲ့လေသည်။ ထိုသံဝရသီလဟူသည်မှာ.. သူ့အသက်ကို သတ်ဖြတ်မှုမှ ရှောင်ကြဉ်ခြင်း, အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးဝှက် လုယက် ယူငင်မှုမှ ရှောင်ကြဉ်ခြင်း, ကာမမှုတို့၌ ဖောက်ပြန်မှားယွင်းစွာ ပြုကျင့်မှုမှ ရှောင်ကြဉ်ခြင်း (= မမြတ်သော မေထုန်ကြီးငယ်အမှုမှ ရှောင်ကြဉ်ခြင်း), မမှန်သောစကားကို ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း, ဂုံးတိုက်စကား

၃၄၃

ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း, ကြမ်းတမ်းသောစကား (= ဆဲရေးစကားစသည်)ကို ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း, ပြိန်ဖျင်းသော စကား (= အကျိုးမရှိသော စကား)ကို ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း, မကောင်းယုတ်မာသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်းအားဖြင့် ရှစ်ပါးသော အာဇီဝဋ္ဌမကသီလပင် ဖြစ်၏။

     ဣန္ဒြေခြောက်ပါး တံခါးကြီးခြောက်ပေါက်ကို လုံခြုံစွာ ထိန်းသိမ်းမှုတည်းဟူသော ဣန္ဒြိယသံဝရသီလမှာလည်း ပုထုဇဉ် သာမန်လူများကဲ့သို့ အသစ်ကြိုးကုတ် ပြုပြင်အားထုတ်ရန်မလို၊ ပင်ကိုယ်ကပင် ပြီးစီးပြီးသား ဣန္ဒြေတို့ကို စောင့်စည်း ထိန်းသိမ်းပြီးသား ဖြစ်တော်မူ၏။ အာဇီဝဋ္ဌမကသီလဖြင့်ပင် အာဇီဝပါရိသုဒ္ဓိသီလလည်း ပြီးစီးပြီးသား ဖြစ်တော်မူ၏။

     ပစ္စည်းလေးပါးဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သည့် ကိလေသာတရားတို့ကို ပယ်ရှားဘို့ရန် ကျင့်ကြံအားထုတ် ဆင်ခြင်ရသော ပစ္စယသန္နိဿိတသီလအတွက်လည်း အထူးအားထုတ်ဖွယ် မလို၊ တောထွက်တော်မူခါနီးကပင် ပစ္စည်းနှင့်စပ်သည့် တဏှာလောဘ အဦးချီသော အကုသိုလ်ကိလေသာစုကို တဒင်္ဂပဟာန် အနေအားဖြင့် ပယ်ရှားပြီး ဖြစ်တော်မူသည်၊ အရဟတ္တမဂ်ဖြင့်ကား အနုသယ (= ကိလေသာမျိုးစေ့ ဓာတ်)ကိုသာ ပယ်သတ်မှု ပြုအပ်လေသည်။ ဤကား အလောင်းတော်သူမြတ်၏ သီလဝိသုဒ္ဓိတည်း။

(၂) စိတ္တဝိသုဒ္ဓိ

     အာဠာရဂိုဏ်းဆရာကြီး ဥဒကဂိုဏ်းဆရာကြီးတို့၏ အထံ၌ နေစဉ်အခါ ဖြစ်ပွါးစေခဲ့သော သမာပတ်ရှစ်ပါး လောကီအဘိညာဏ် ငါးပါးတို့မှာ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်သုံးစဉ်ကာလအတွင်း မပွါးများ မလေ့လာ မသုံးစွဲအပ်သောကြောင့် (အသုံးမပြုသော ရွှေခွက်ကြီးများပမာ) အညစ်အကြေး စွဲကပ်သည့်အလား မသန့်မရှင်း မှေးလျက် မှိန်လျက် ရှိကြကုန်၏၊

၃၄၄

ဘုရားဖြစ်မည့်နေ့၌ သုဇာတာ သူဌေးကတော် လှူအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် အင်ကြင်းတော၌ နေ့သန့် နေတော်မူသောအခါ ထိုသမာပတ်ရှစ်ပါး အဘိညာဏ် ငါးပါးတို့ကို (အညစ်အကြေးစွဲကပ်သော ရွှေခွက်ကို ဆေးကြောသုတ်သင်သည့်ပမာ) တဖန်ထပ်၍ ဖြစ်စေတော်မူသောအားဖြင့် သန့်ရှင်း စင်ကြယ်စေတော်မူသည်။ ဤသမာပတ်ရှစ်ပါး အဘိညာဏ်ငါးပါး တရားများသည် အလောင်းတော် သူမြတ်၏ စိတ္တဝိသုဒ္ဓိဖြစ်ပေ၏။

(၃) ဒိဋ္ဌိဝိသုဒ္ဓိ

     ထို့နောင်မှ အလောင်းတော်သူမြတ်သည် ထိုနေ့ညနေချမ်းအခါ မဟာဗောဓိမဏ္ဍိုင်သို့ ကြွရောက်၍ အပရာဇိတပလ္လင်၌ သီတင်းသုံး နေထိုင်တော်မူကာ နေမဝင်မီ ဒေဝပုတ္တမာရ်ကို အောင်တော်မူ၍ ညဉ့်ဦးယံ (= ညဉ့်၏ ပဌမပိုင်းအချိန်)ဝယ် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ဖြစ်စေပြီးစေလျက် ရှေး၌ ဆိုအပ်ခဲ့ ပြီးသည့်အတိုင်း နာမ်ရုပ်နှစ်ပါးတို့၏ ဖြစ်ဟန်ကို ကောင်းစွာသိမြင်၍ သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို ဖျောက်ပယ် ဖြိုခွဲတော်မူခဲ့လေသည်။ ဤကား အလောင်းတော်သူမြတ်၏ ဒိဋ္ဌိဝိသုဒ္ဓိပေတည်း။

(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ

     ထို့နောင် မဇ္ဈိမယံ (= ညဉ့်၏ အလယ်ပိုင်းအချိန်)၌ ဒိဗ္ဗစက္ခု အဘိညာဏ်လျှင် အခြေခံရှိသော ယထာကမ္မူပဂဉာဏ်တော်ဖြင့် ကံအားလျော်စွာ လားရောက်ကြသော သတ္တဝါတို့ကို ရှုမြင်လျက် ကံနှင့် ကံ၏အကျိုးတရားတို့ကို ပြတ်သားရှင်းလင်းစွာ မျက်မှောက်ပြု သိမြင်တော်မူသဖြင့် ယုံမှားခြင်းများ ကင်းစင်သွားလေသည်။ ဤကား အလောင်းတော်သူမြတ်၏ ကင်္ခါဝိတရဏဝိသုဒ္ဓိပေတည်း။

(၅) မဂ္ဂါမဂ္ဂဉာဏဒသနဝိသုဒ္ဓိ

     (နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းဟုတ်သည် မဟုတ်သည်ကို သိသောဉာဏ်ကို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဟူ၍ ခေါ်၏။)

၃၄၅

အလောင်းတော်သူမြတ်သည် ပစ္ဆိမယံ (= ညဉ့်၏ နောက်ပိုင်းအချိန်)၌ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ရပ်ဝယ် ဉာဏ်တော်ကို သက်စေပြီးသော် ကလာပသမ္မသနဉာဏ်မှစ၍ အနိစ္စာနုပဿနာ ဒုက္ခာနုပဿနာ အနတ္တာနုပဿနာစသော အနုပဿနာ ခုနစ်ပါးကို အခြေခံပြုကာ ရုပ်နာမ်ဓမ္မတို့၏ အဖြစ်အပျက်ကို ရှုမြင်သည့် ဥဒယဗ္ဗယဉာဏ်ကို ဖြစ်စေတော်မူလေသည်။ ထိုအခါ အလောင်းတော်သူမြတ်အား အရောင် အလင်း အစရှိသော ဝိပဿနုပက္ကိလေသ (= ဝိပဿနာညစ်ညူးကြောင်း) တရားတို့ ဖြစ်ပွါး၍ လာလေသည်။

     မြတ်စွာဘုရား၏ အရောင်အလင်းမှာ တပါးသောသူတို့၏ အရောင်အလင်းကဲ့သို့ တကွက်တကွင်း တစိတ်တဒေသသာ လင်းသည်မဟုတ်ချေ၊ စင်စစ်သော်ကား အလွန်ထက်မြက်လှစွာသော (ရှေးဖော်ပြရာပါ) မဟာ၀ဇိရဝိပဿနာ ဉာဏ်တော်မြတ်ဖြင့် ကိုယ်တော်နှင့်တကွ အတိုင်းမသိသော သတ္တဝါတို့သန္တာန်၌ ဖြစ်ပေါ်၍နေသော တေကာလိက တရားသားအစုကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ရပ်အနေဖြင့် အကျဉ်းချုပ်ဉာဏ်ဖြင့် ယူပြီးလျှင် တဖန် ထိုပစ္စသမုပ္ပါဒ် အင်္ဂါတဆယ့်နှစ်ရပ်သော တရားသားတို့ကို နာမ်ရုပ်အနေအားဖြင့် နှစ်ဖို့နှစ်စုထားပြီးလျှင် ထိုနာမ်ရုပ်တရားတို့ကို ဥဒယဗ္ဗယဉာဏ်ဖြင့် ရှုပွါးတော်မူသော အလောင်းတော်သူမြတ်၏ သန္တာန်၌ ဝီရိယလည်း အလွန် အားကောင်းလှ၏။ သတိလည်း အလွန်ထင်လင်းလှ၏၊ စိတ်တော်လည်း အလွန်တည်ကြည်လှ၏၊ ထို့ကြောင့် ပညာလည်း အလွန် ထက်မြက်လှ၏၊ သဒ္ဓါတရားလည်း အားကောင်းလှ၏၊ ကိုယ်စိတ်၏ ချမ်းသာခြင်း သုခတရား, ငြိမ်းအေးခြင်း ပဿဒ္ဓိတရားတို့ တဖွားဖွားဖြစ်လျက် ရှိကြ၏၊ ခပ်သိမ်းသော သင်္ခါရတရားတို့၌ လျစ်လျူရှုတတ်သော ဝိပဿနုပေက္ခာခေါ်သည့် တတြမဇ္ဈတ္တတာ စေတသိက်လည်း အလွန်အားကောင်းလျက် ရှိ၏၊ ယင်းသို့ သုခ-ပဿဒ္ဓိ အစရှိသော တရားတို့ဖြင့် ချီးမြှောက်ထောက်ပံ့အပ်သော စိတ်ရှိသော အလောင်းတော်သူမြတ်၏ သန္တာန်၌

၃၄၆

(၁) မွေးညှင်းရွှင်ပျ ကြက်သီးထစေနိုင်သော = ခုဒ္ဒိကာပီတိ၊ (၂) ခဏခဏ လျှပ်စစ်ပြက်သကဲ့သို့ ဖြစ်ပွားသော = ခဏိကာပီတိ၊ (၃) သမုဒြာကမ်းကို လှိုင်းတံပိုး ရိုက်ခတ်သည့်ပမာ ခန္ဓာကိုယ်တွင်းသို့ ချဉ်းနင်း သက်ဝင် သက်ဝင်၍ ပျက်ပျက်သွားသော = ဩက္ကန္တိကာပီတိ၊ (၄) ထို့ထက် အားကြီးစွာ ခန္ဓာကိုယ်ကို ကောင်းကင်သို့ ပျံတက်စေနိုင်လောက်အောင် ပမာဏကြီးမားသော = ဥဗ္ဗေဂါပီတိ၊ (၅) ဂွမ်းဝါနုကို ဆီစိမ်ဘိသကဲ့သို့ တကိုယ်လုံးအပြည့် နှံ့၍တည်သော = ဖရဏာပီတိ၊ ဤပီတိငါးမျိုးလည်း တဖြိုးဖြိုးဖြစ်လျက် ရှိကြ၏။ နှလုံးတော်, သွေးတော်, မျက်စိ, နား, နှာစသော ဣန္ဒြေတော်တို့လည်း အလွန် ကြည်လင်လှ၏။

     ထို့ကြောင့် ကိုယ်တော်မြတ်မှ အရောင်အလင်းတို့ ထွက်ကုန်လျက် အောက်အရပ်မျက်နှာ မြေထု ရေထု လေထုတို့ကို ရွှေရောင်အဆင်း ဝါဝင်းအောင် ပြုကြ၍ အောက် အဇဋာကာသ ဟင်းလင်းအပြင်သို့ သက်ဝင်ပြေးသွားကြလေသည်၊ အထက်အရပ်၌လည်း ဘဝဂ်တိုင်အောင် ရွှေရောင်အဆင်း ဝါဝင်းအောင် ပြုကြ၍ အထက် အာကာသကောင်းကင် ဟင်းလင်းအပြင်သို့ သက်ဝင်ပြေးသွားကြလေသည်။ ဖီလာ အရပ်မျက်နှာအားဖြင့်လည်း လောကဓာတ် စကြဝဠာ တိုက်တသောင်း ထွန်းလင်းစေလျက် အနန္တစကြဝဠာအနှံ့ ပြေးသွားကြလေသည်။ (ထိုသို့ ဝိပဿနာညစ်ညူးကြောင်း တရားများ ဖြစ်လာသောအခါ မလိမ္မာသော ယောဂါဝစရပုဂ္ဂိုလ်များသည် ထိုဝိပဿနာညစ်ညူးကြောင်း တရားများကိုပင် မဂ်ပဲ ဖိုလ်ပဲဟု အထင်ကပ်ကာ မူလကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ ထိုဝိဿနာညစ်ညူးကြောင်း တရားတို့ကိုပင် သာယာတပ်မက်၍ နေတတ်ကြ၏။) ဘုရားအလောင်းတော် သူမြတ်သည် ထိုပဿနာညစ်ညူးကြောင်း တရားများ ကိုယ်တော်၏သန္တာန်၌ ဖြစ်ပေါ်လာသောအခါ “ဤတရားများသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကို ရဖို့ရန် လမ်းကြောင်း မဟုတ်ကြကုန်၊ ဝိပဿနာညစ်ညူးကြောင်းများသာ ဖြစ်ကြ၏။ ငါ အားထုတ်ရင်းဖြစ်သော ဥဒယဗ္ဗယဉာဏ်

၃၄၇

စသည်တို့သာ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကိုရရန် လမ်းကောင်းဧကန် စင်စစ်မှန်ကုန်၏”ဟု စဉ်းစားဆင်ခြင် သိမြင်တော်မူပြီးလျှင် ကိုယ်တော်၏ စိတ်တော်ကို ဝိပဿနာညစ်ညူးကြောင်း တရားတို့၌ တဝဲလယ်လယ် တာတွယ်ငြိကပ်ခွင့်ကို အလျှင်းမပေးပဲ ဝိပဿနာအာရုံသို့ ရှေးရှူညွတ်စေတော်မူသည်။

     ဤသို့ အလောင်းတော်သူမြတ်၏ သန္တာန်၌ ဝိပဿနာညစ်သွားကြောင်းတရားတို့ အများနည်းတူ ဖြစ်ပွါးလာသောအခါ ထိုတရားတို့၌ သာယာတပ်မက်သည့် နိကန္တိခေါ် သိမ်မွေ့လှစွာသော တဏှာလောဘကို ဖြစ်ခွင့်မပေးပဲ ဤတရားစုသည် ဗောဓိရောက်ကြောင်း လမ်းကောင်းများ မဟုတ်ကြ၊ ဝိပဿနာညစ်ညူးကြောင်းမျှသာ ဖြစ်ကြ၏။ ဥဒယဗ္ဗယဉာဏ် အစရှိသည်သာလျှင် ဗောဓိရောက်ကြောင်း လမ်းကောင်းဧကန် စင်စစ်မှန်၏ဟု ပိုင်းခြားသိမြင် စင်ကြယ်စွာသော ဉာဏ်အထူးသည် အလောင်းတော်သူမြတ်၏ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိမည်၏။

(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိနှင့်

(၇) ဉာဏဒဿနဝိသုဒ္ဓိ

     အလောင်းတော်သူမြတ်၏ သန္တာန်၌ဖြစ်သော ဥဒယဗ္ဗယဉာဏ် အစ အနုလောမဉာဏ် တိုင်အောင်သော ဝိပဿနာဉာဏ်တော် ကိုးပါးသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိမည်၏။ အလောင်းတော်သူမြတ် ရရှိအပ်သော အရိယမဂ်လေးပါးတို့သည် ဉာဏဒဿနဝိသုဒ္ဓိမည်၏။

(ဤအရာ၌။ ။ဘုရားရှင်၏ သောတာပတ္တိမဂ်သည် ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးရှိသော ပဌမဈာန်မဂ်၊ သကဒါဂါမိမဂ်သည် ပီတိ, သုခ, ဧကဂ္ဂတာ, ဈာန်အင်္ဂါသုံးပါးရှိသော ဒုတိယဈာန်မဂ်၊ အနာဂါမိမဂ်သည် သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးရှိသော တတိယဈာန်မဂ်၊ အရဟတ္တမဂ်သည် ဥပေက္ခာ, ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးရှိသော စတုတ္ထဈာန်မဂ် ဖြစ်ကြောင်းကိုလည်း အထူးမှတ်ယူရာ၏။ ။ဥပရိပဏ္ဏာသအဋ္ဌကထာ ဥပက္ကိလေသသုတ်အဖွင့် စာမျက်နှာ ၁၄၉-မှ)

၃၄၈

     ဤသို့လျှင် ဖော်ပြရာပါ ဝိသုဒ္ဓိခုနစ်ပါး တရားမြတ် အဆင့်ဆင့်သည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန် ဖြစ်ပေ၏။ ကာလသုံးပါး၌ ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ပွင့်တော်မူကြလတံ့သော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့သည်၎င်း, (အောက်ထစ်ပိုင်းခြား အယုတ်အားဖြင့်) တစပဉ္စကကမ္မဋ္ဌာန်းကို စီးဖြန်းပွါးများ၍ အရိယမဂ်ကို ရကြသော ပုဂ္ဂိုလ်သူမြတ်တို့သည်၎င်း, မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကျောင်းတော်မှာနေရင်းကပင် ကိုယ်တော်ရောင်လွှတ်ကာ ကိုယ်တော်ကို ထင်စွာပြ၍ ဟောကြားအပ်သည့် (= ဩဘာသ)ဂါထာကို ကြားနာရ၍ အရိယမဂ်ကို ရတော်မူကြသော ပုဂ္ဂိုလ်သူမြတ်များသည်၎င်း ဤဝိသုဒ္ဓိခုနစ်ပါး တရားမြတ် အဆင့်ဆင့်ဖြင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူကြလေသည်။

     မေးဖွယ် ရှိပြန်သည်ကား.. ကာလသုံးပါး၌ ဖြစ်ထွန်း ပွင့်ပေါ်တော်မူကြသည့် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက အားလုံးတို့သည်ပင် ဤဝိသုဒ္ဓိခုနစ်ပါး တရားမြတ် အဆင့်ဆင့်ဖြင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုကြရသည်ချည်း ဖြစ်ကြသော် အလုံးစုံသော ထိုအရှင်သူမြတ်တို့သည် တထပ်တည်း တူညီကြလေရာသည် မဟုတ်လော၊ အဘယ့်ကြောင့် ဤသူကား ဘုရား, ဤသူကား ပစ္စေကဗုဒ္ဓါ, ဤသူကား အဂ္ဂသာဝက, ဤသူကား မဟာသာဝက, ဤသူကား ပကတိသာဝကဟူ၍ ကွဲပြားခြားနားမှု ရှိရသနည်းဟု မေးဖွယ်ရှိ၏။

     အဖြေကား.. ဝိသုဒ္ဓိခုနစ်ပါး တရားမြတ်အဆင့်ဆင့်ဖြင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုကြရသည်ချည်း ဖြစ်ကြသော်လည်း ပညာချင်း မတူထူးပြား ခြားနားမှု, အကျင့်ပဋိပဒါချင်း မတူထူးပြား ခြားနားမှု, သဒ္ဓါတရားချင်း မတူထူးပြား ခြားနားမှု, အလိုအဇ္ဈာသယဓာတ်ချင်း မတူထူးပြား ခြားနားမှုဟူသော အခြေခံ အကြောင်းတရားတို့ မတူထူးပြား ခြားနားမှု ရှိလေသည်။ ထို့ကြောင့် ကမ္ဘာတသိန်းကြာ (သို့မဟုတ်) ထို့ထက်အလွန်ဖြစ်စေ၊ (သို့မဟုတ်) ထို့အောက် ယုတ်လျော့၍ ဖြစ်စေ မိမိ၏

၃၄၉

သဒ္ဓါခွန်အား ပညာခွန်အား စွမ်းပကားအားလျော်စွာ ပါရမီတို့ကို ဖြည့်ကျင့်၍ သုတမယဉာဏ်ဖြင့် (သူတပါးထံမှ တရားကို ကြားနာရ၍ အရဟတ္တဖိုလ်ပေါက် ရောက်ကြသော အရှင်မြတ်တို့သည် ပကတိသာဝက၊ မဟာသာဝကတို့ မည်ကြလေသည်။

     တသင်္ချေနှင့် ကမ္ဘာတသိန်းကြာ (သို့မဟုတ် ထို့ထက်အနည်း ငယ်ပို၍ ဖြစ်စေ၊ ထို့ အောက် အနည်းငယ် ယုတ်လျော့၍ဖြစ်စေ) ပါရမီတို့ကို ဖြည့်ကျင့်၍ သုတမယဉာဏ်ဖြင့် အရဟတ္တဖိုလ်ပေါက် ရောက်ကြသော အရှင်မြတ်တို့သည် အဂ္ဂသာဝကတို့ မည်ကြလေသည်။

     နှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီတို့ကို ဖြည့်ကျင့်၍ အလိုလိုသိသော သယမ္ဘူဉာဏ်ဖြင့် (သူတပါးထံ တပည့်မခံရပဲ) အရဟတ္တဖိုလ်ပေါက် ရောက်ကြပြီးလျှင် သူတပါးတို့ကိုကား မဂ်ပေါက်ဖိုလ်ပေါက် နိဗ္ဗာန်ရောက်ကောင် တရားပြ ချေချွတ်နိုင်စွမ်း မရှိကြသော အရှင်မြတ်တို့သည် ပစ္စေကဗုဒ္ဓါတို့ မည်ကြလေသည်။

     (အောက်ထစ်ပိုင်းခြား အယုတ်အားဖြင့်) လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ပါရမီတော်တို့ကို ဖြည့်ကျင့်၍ ပစ္စေကဗုဒ္ဓါအလောင်း, သာဝကအလောင်းတို့၏ ဖြည့်ကျင့်ခြင်းငှါ အရာမဟုတ်သည့် စွန့်ခြင်းကြီး ငါးပါးတို့ကို ရဲရဲကြီး ပြုတော်မူကြကာ ဆရာမကူ သယမ္ဘူမှန် မိမိအလိုလိုသိသော သယမ္ဘူဉာဏ်ဖြင့် သဗ္ဗညုတဉာဏ် အထွတ်တပ်သည့် အရဟတ္တဖိုလ်သို့ ရောက်ရှိတော်မူကြပြီးလျှင် ထိုထိုဝေါဟာရတို့၌ သူမတူတန် ကျွမ်းကျင် လိမ္မာတော်မူကြလျက် အထူးထူးသော နည်းတို့ဖြင့် သိမ်မွေ့နက်နဲစွာသော ပါဠိ၏နက်နဲခြင်း, အနက်၏နက်နဲခြင်း, ဒေသနာ၏ နက်နဲခြင်း, ထိုးထွင်း၍သိမှု ဉာဏ်ပညာ၏ နက်နဲခြင်း တည်းဟူသော နက်နဲခြင်းလေးပါးနှင့် ပြည့်စုံသည့် တရားဒေသနာကို သတ္တဝါတို့၏ အလိုအဇ္ဈာသယနှင့် ကိုက်ညီအောင် ဟောပြ၍ ဝေနေယျတို့အားလည်း မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်ကြ မှီခိုကိုးစား အားထားရာ ဖြစ်တော်မူကြသည့် အတုလပုဂ္ဂိုလ်

၃၅၀

အရှင်သူမြတ်တို့သည် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားတို့ မည်တော်မူကြလေသည်။ ဤ ငါတို့ ဘုရားအလောင်းတော် အရှင်သူမြတ်သည်လည်း ဤသို့သောသဘော ရှိတော်မူသည်ဖြစ်ရကား သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား အတုမရှိသော မြတ်စွာဘုရား ဖြစ်တော်မူလေသည်။ (ဤကား အဖြေတည်း။)

ဘုရားဖြစ်တော်မူသောအခါ များစွာသော အံ့ဩဖွယ်တို့

ဖြစ်ပေါ်လာခြင်း

     ဤသို့ ဘုရားအလောင်းတော် သူမြတ်သည် လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းကို ရိုက်ညောင်းတုန်ခတ် ပဲ့တင်ထပ်စေလျက် နေအရုဏ်စက် တက်လတ်သောအချိန်၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူသောအခါ လောကဓာတ် စကြဝဠာတိုက်ပေါင်း တသောင်းလုံး အလှဆုံး တန်းဆာဆင်ပြီးသား ဖြစ်၍နေပုံမှာ..

     အရှေ့ဖျား စကြဝဠာအနားရေး၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည် အနောက်ဖျား စကြဝဠာအနားရေး၌ ခိုက်လျက် တည်ကုန်၏။ ထို့အတူ အနောက်ဖျား စကြဝဠာအနားရေး၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည်လည်း အရှေ့ဖျား စကြဝဠာအနားရေး၌ ခိုက်လျက် တည်ကုန်၏၊ တောင်အရပ်ဖျား စကြဝဠာ အနားရေး၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည် မြောက်အရပ်ဖျား စကြဝဠာအနားရေး၌ ခိုက်လျက်တည်ကုန်၏။ မြောက်အရပ်ဖျား စကြဝဠာအနားရေး၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည်လည်း တောင်အရပ်ဖျား စကြဝဠာအနားရေး၌ ခိုက်လျက် တည်ကုန်၏။ မြေအပြင်၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည် ဗြဟ္မာ့ပြည်ကို ခိုက်လျက် တည်ကုန်၏၊ ဗြဟ္မာပြည်၌ ဖွဲ့ယှက်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည်လည်း မြေပြင်ကိုခိုက်လျက် တည်ကုန်၏။

၃၅၁

     စကြဝဠာပေါင်း တိုက်တသောင်းတို့၌ အပွင့်ပွင့်သော သစ်ပင်အမျိုးမျိုးတို့သည်လည်း ရာသီမလင့် တပြိုင်နက်တည်း ပွင့်ကြကုန်၏၊ အသီးသီးသော သစ်ပင်အမျိုးမျိုးတို့သည်လည်း ရာသီမလင့် တပြိုင်နက်တည်း အခိုင်လိုက် အပြွတ်လိုက် သီးကြကုန်၏။ ပင်စည်ပန်း အခက်ပန်း နွယ်ပန်းတို့လည်း အဆန်းတကြယ် ပွင့်ကြကုန်၏။ ကောင်းကင်မှလည်း အပင်ကိုမမြင်ရပဲ ပန်းခိုင်များ တွဲလျားကျလျက် ရှိကုန်၏၊ အောက်မြေအလွှာ ကျောက်ဖျာကြီးများကို ဖောက်ခွဲ၍ အဆင့်ဆင့် ခုနစ်ထပ်စီ ခုနစ်ထပ်စီ အရွက်မပါ အရိုးနှင့် ပဒုမာကြာပန်းတို့လည်း အဆန်းတကြယ် ပွင့်ပေါ်လာကြကုန်၏။ သို့ရကား ဇာတိခေတ် လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းသည် ထိုအချိန်၌ မြေတသိမ့်သိမ့် တငြိမ့်ငြိမ့် တုန်လှုပ်လျက် ရှိသဖြင့် အလုံးပြုကာ ပစ်လွှင့်အပ်သော ပန်းလုံးကြီးကဲ့သို့၎င်း, အစီအလျဉ် အစဉ်သင့်စွာ ခင်းထားအပ်သည့် ပန်းမွေ့ရာအခင်းကြီးကဲ့သို့၎င်း ဖြစ်၍နေလေ၏။

     ထိုမှတပါးလည်း ဘုရားအလောင်းတော် ဖွားမြင်တော်မူသော အခဏ်း (စာမျက်နှာ-၄၅)၌ ပြဆိုအပ်ခဲ့သော နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့လည်း ထင်ရှားဖြစ်ပေါ်ကြကုန်၏။

ဥဒါန်းကျူးရင့်တော်မူခြင်း

     ဤသို့ သဗ္ဗညုတ ရွှေဉာဏ်တော်နှင့်တကွ ဘုရာ့ဘုန်းဂုဏ် အလုံးစုံတို့ကို ပြည့်စုံစွာ ရရှိတော်မူပြီးသော မြတ်စွာဘုရားသည်-

“ငါသည် ကြီးစွာသော သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရလေပြီတကား၊ ငါသည် အလွန်မြတ်လှစွာသော သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်ကို ရအပ်လေပြီတကား၊ ကြီးစွာသော အောင်ပွဲသဘင်ကို ဆင်ယင် ကျင်းပအပ်ခဲ့လေပြီတကား၊ ငါသည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို တရားဟော၍

၃၅၂

ဘဝသုံးပါးတည်းဟူသော အနှောင်အဖွဲ့မှ လွတ်စေခြင်းငှါလည်း စွမ်းနိုင်သူ ဖြစ်၏”–

ဟူ၍ စဉ်းစားဆင်ခြင်တော်မူလေသည်။

     ထိုသို့ စဉ်းစား ဆင်ခြင်တော်မူသောအခါ မြတ်စွာဘုရား၏ သန္တာန်တော်၌ လွန်စွာ့ လွန်စွာ နှစ်သက်အားရမ်း ဝမ်းမြောက်ခြင်း ပီတိတရား ထပ်တလဲလဲ ဖြစ်ပေါ်လာလေသည်။ မြတ်စွာဘုရားသည် ထိုသို့ ထပ်တလဲလဲ ဖြစ်ပေါ်လာသော ပီတိအဟုန်ဖြင့် အလုံးစုံသော သဗ္ဗညုမြတ်စွာဘုရားရှင်တို့ ဘုရားဖြစ်ပြီးလျှင် ကျူးရင့်တော်မူကြမြဲ ဓမ္မတာဖြစ်သည့် ဤဆိုလတံ့သော ဥဒါန်းနှစ်ဂါထာကို ကျူးရင့်တော်မူလေသည်။

(၁) အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။


(၂) ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။

ဝိသင်္ခါရံ ဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။

     (၁) ပုနပ္ပုနံ = ဘဝသံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ။ ဇာတိ = ယောနိလေးထွေ လှည့်ပတ်မွှေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်။ ဒုက္ခာ = သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာနောက်ဆက် ဝင်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်းရဲလှပေဘိ၏။ (တသ္မာ = ထို့ကြောင့်)။ အဟံ = ဘုရားအလျာ သူမြတ်ငါသည်။ ဂဟကာရံ = ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား လက်သမားကို။ ဂဝေသန္တော = လက်သယ်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက်။ (ဝါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်။ အနိဗ္ဗိသံ - အနိဗ္ဗိသန္တော = တဏှာယောက်ျား လက်သမားကို ပိုင်းခြားထင်ထင် လင်းလင်းမြင်သည့်

၃၅၃

သဗ္ဗညုတာ ဉာဏ်မဟာကို သမ္ဘာနုကွေး ငါမရသေးသည်ဖြစ်၍။ (ဝါ) ငါမရသေးသောကြောင့်။ အနေကဇာတိသံသာရံ = ဘဝများစွာ သံသရာကာလပတ်လုံး။ သန္ဓာဝိဿံ = ခန္ဓာငါးချက် ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌ မရပ်မနား တဖားဖားလျှင် ပြေးသွား ကျင်လည်ခဲ့ရလေပြီ။

     (၂) ဂဟကာရက = ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား ဟယ် လက်သမား။ ဣဒါနိ = ဘုရားဖြစ်လာ ယခုအခါ၌။ တွံ = သင် တဏှာယောက်ျား လက်သမားကို။ ဒိဋ္ဌော = သဗ္ဗညုတ ဉာဏ်ကိုရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်။ အသိ = ဖြစ်ပေ၏။ တွံ = သင် တဏှာယောက်ျား လက်သမားသည်။ ဂေဟံ = ဒုက္ခယှက်လိမ် ခန္ဓာကိုယ် အတ္တဘောတည်းဟူသော အိမ်ကို။ ပုန န ကာဟသိ = နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဉာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်လှောက် နင် တည်ဆောက်နိုင်တော့မည် မဟုတ်တော့ချေ။ တေ = သင် တဏှာယောက်ျား လက်သမား၏။ သဗ္ဗာ = တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ဖာသုကာ = အခိုင်အမာတည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်လျောက်ဒိုင်းမြား ကိလေသာ တရားတို့ကို။ ဘဂ္ဂါ = ဝါသနာ အငွေ့အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်ကုန်ပြီ။ ဂဟကူဋံ = သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အဝိဇ္ဇာတည်းဟူသော အိမ်၏အထွတ်ကို။ ဝိသင်္ခတံ = မှုန့်မှုန့်ကြေမွ ငါဖျက်ချအပ်လေပြီ။ စိတ္တံ = ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်။ ဝိသင်္ခါရံ = သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့။ ဂတံ = အာရုံမျက်မှောက် သန္တိဓာတ်

၃၅၄

သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ။ အဟံ = သုံးလောကထွတ်ထား ငါဘုရားသည်။ တဏှာနံ ခယံ = တဏှာတရား ရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသဝက္ခယ စတုတ္ထမဂ်ဖိုလ်သို့။ ဂတော = စက္ကဝါရိုက်ခြောင်း တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်သာဝမ်းမြောက် ငါ ဆိုက်ရောက်တော်မူခဲ့လေပြီ။

မှတ်သားရန်။ ။ဥဒါန်းသည် စိတ်တော်ဖြင့်သာ ကျူးရင့်သော မနသာဥဒါန်း, နှုတ်တော်ချွေမြွက် အသံထွက်၍ ကျူးရင့်သော ၀စသာဥဒါန်းဟူ၍ နှစ်မျိုးရှိရာ ဤ “အနေကဇာတိသံသာရံ” အစရှိသော ဥဒါန်းဂါထာကို မြတ်စွာဘုရားသည် စိတ်ဖြင့်သာ ကျူးရင့်တော်မူသည်၊ ထို့ကြောင့် ဤဥဒါန်းကို မနသာဥဒါန်းဟူ၍ မှတ်ယူရာ၏။ “ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ” အစရှိသော ဥဒါန်းပါဠိတော်လာ ဥဒါန်းများကိုကား မြတ်စွာဘုရားသည် နှုတ်တော်ချွေမြွက် အသံထွက်၍ ကျူးရင့်တော်မူသည်။ ထို့ကြောင့် ထိုဥဒါန်းပါဠိတော်လာ ဥဒါန်းတို့ကို ဝစသာဥဒါန်းဟူ၍ မြဲမြံစွာ မှတ်ယူအပ်၏။

(ဤ ဘုရားဖြစ်တော်မူခဏ်း၌ လာရှိသည့် ပဋိစ္စသမုပ္ပါဒ်တရား, ပဋိသမ္ဘိဒါဉာဏ်တော် လေးပါး, အသာဓာရဏဉာဏ်တော် ခြောက်ပါး, ဒသဗလဉာဏ်တော်, စုဒ္ဒသဗုဒ္ဓဉာဏ်တော်, အာဝေဏိကဂုဏ်တော် တဆယ့်ရှစ်ပါး, ဝေသာရဇ္ဇဉာဏ်တော် လေးပါးတို့၏ အကြောင်းအရာ သိမှတ်ဖွယ် မကျဉ်းမကျယ်ကို ဓမ္မရတနာအခဏ်းသို့ရောက်မှ ရေးသား ဖော်ပြပေအံ့။)

ဘုရားဖြစ်တော်မူခဏ်း ပြီး၏။

၃၅၅

အခဏ်း-၈

သတ္တဌာန စံနေတော်မူခဏ်း

(၁) ပလ္လင်္ကသတ္တာဟ

     ဤသို့လျှင် ဘုရားဖြစ်တော်မူပြီးနောက် ကဆုန်လပြည့်ကျော် ၁-ရက်နေ့သို့ ရောက်သစ်စအခါ မြတ်စွာဘုရားသည် ဝမ်းမြောက်ရွှင်လန်း ဥဒါန်းကျူးရင့်တော်မူ၍ ထိုအပရာဇိတပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ (= တင်ပလ္လင်ခွေ) ထိုင်နေတော်မူစဉ်ပင်-

“ငါသည် ဤ အပရာဇိတပလ္လင်ကို ရရှိရန် ပါရမီဆယ်ပါး တရားတို့ကို မြောက်မြားစွာ သူမတူတန်အောင် ဖြည့်ကျင့်ဆည်းပူးလျက် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကြာ ကာလပတ်လုံး ကျင်လည်ခဲ့ရလေပြီ၊ ဤမျှ လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ကာလပတ်လုံး ဤအပရာဇိတပလ္လင်ကို ရရှိရန် တန်ဆာဆင်အပ်ပြီးသော ဦးခေါင်းတော်ကိုဖြတ်၍ ငါလှူခဲ့ရပေါင်း များလှပြီ၊ မျက်လုံးတော် အစုံတို့ကို၎င်း, နှလုံးသားကို၎င်း ထုတ်၍ ငါလှူခဲ့ရပေါင်း များလှပြီ၊ ဇာလီမင်းသားကဲ့သို့သော သားတော်များကို၎င်း, ကဏှာဇိန်မင်းသမီးကဲ့သို့သော သမီးတော်များကို၎င်း, မဒ္ဒီဒေဝီကဲ့သို့သော ဇနီးများကို၎င်း အလှူခံပုဂ္ဂိုလ်တို့အား ကျွန်ပြုလုပ်ခိုင်းကြရန် ငါလှူခဲ့ရပေါင်း များလှပြီ။ ဤပလ္လင်သည် ငါဘုရား၏ မာရ်ငါးပါးကို တစမကြွင်း ပယ်ရှင်းအောင်မြင်ရာ ပလ္လင်လည်း ဖြစ်ပေ၏၊ ဘုန်းကြက်သရေ မင်္ဂလာရှိကာ လွန်စွာမြင့်မြတ်သော ပလ္လင်လည်း ဖြစ်ပေ၏။ ဤအပရာဇိတ ပလ္လင်တော်၌ ထိုင်နေစဉ်ပင် ငါ၏ ဘုရားဖြစ်ရန် ကြံစည်တောင့်တ လိုလားအပ်သမျှကို ပြည့်စုံခဲ့ကုန်ပြီ၊ ဤမျှကျေးဇူး အထူးများလှသော ပလ္လင်တော်မှ ငါသည် မထသေး”—

ဟု ကြံစည်ပြီးလျှင် ကုဋေအသိန်းမက များလှစွာသော အရဟတ္တဖိုလ် စတုတ္ထဈာန် သမာပတ်တို့ကို ဝင်စားလျက် ထိုအပရာဇိတ

၃၅၆

ပလ္လင်တော်ထက်မှာပင် ခုနှစ်ရက်ကြာ သီတင်းသုံး ထိုင်နေတော်မူလေသည်။

     မြတ်စွာဘုရားသည် ကဆုန်လပြည့်ကျော် ၁-ရက်နေ့ တနေ့ပတ်လုံး ကုဋေအသိန်းမက များလှစွာသော အရဟတ္တဖိုလ် စတုတ္ထဈာန် သမာပတ်တို့ကို ဝင်စားလျက် ဝိမုတ္တိချမ်းသာ (= အရဟတ္တဖိုလ်ချမ်းသာ)ကို ခံစား သုံးဆောင်တော်မူ၍ ထိုကဆုန်လပြည့်ကျော် ၁-ရက်နေ့ ညဉ့်ဦးယံ (ညဉ့်၏ ပဌမပိုင်းအချိန်)၌ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာဟူသော အကြောင်းကြောင့် ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရဟူသော သင်္ခါရသုံးမျိုးတို့ ဖြစ်ကုန်စွာ့တကား- ဤသို့ အစရှိသည်ဖြင့် သံသရာဝဋ်ဒုက္ခ၏ ဖြစ်စဉ်တည်းဟူသော အနုလောမအားဖြင့်၎င်း, အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော = အရဟတ္တမဂ်ဖြင့် အဝိဇ္ဇာတရား အကြွင်းမရှိ (မဖြစ်မှုတည်းဟူသော ချုပ်ခြင်းဖြင့်) ချုပ်ခြင်းကြောင့် ပုညာပုည အာနေဉ္ဇ သင်္ခါရသုံးမျိုးတို့ (မဖြစ်မှုတည်းဟူသော) ချုပ်ခြင်းဖြင့် ချုပ်ကြသည်- ဤသို့ အစရှိသည်ဖြင့် သံသရာဝဋ်ဒုက္ခ၏ ချုပ်စဉ်တည်းဟူသော ပဋိလောမအားဖြင့်၎င်း နှလုံးသွင်း ဆင်ခြင်တော်မူလေသည်။

(ဤ၌။ ။မြတ်စွာဘုရား၏ ရွှေဉာဏ်တော်ဝယ် ခပ်သိမ်းသော တရားတို့သည် ခပ်သိမ်းသော အခြင်းအရာဖြင့် ထင်လင်းပြီး ဖြစ်သော်လည်း မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ဝိပဿနာနှလုံး သုံးတော်မူခဲ့စဉ်က ပဋိစ္စသမုပ္ပါဒ်တရားကို အဦးမူသဖြင့် ဝိပဿနာနှလုံး ကျင့်သုံးတော်မူခဲ့သောကြောင့်၎င်း, ထိုပဋိစ္စသမုပ္ပါဒ် တရားတော်က လွန်စွာ သိမ်မွေ့နက်နဲ မြင်နိုင်ခဲသောကြောင့်၎င်း ပဋိစ္စသမုပ္ပါဒ်ကိုသာ သံသရာဝဋ်ဒုက္ခ ဖြစ်စဉ် ချုပ်စဉ်ဟူသော အနုလုံ ပဋိလုံအားဖြင့် ဆင်ခြင်တော်မူသည်ဟု အထူးမှတ်သားရာ၏။)

     ထိုသို့ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံ ပဋိလုံအားဖြင့် အဖန်ဖန် သုံးသပ် ဆင်ခြင်တော်မူသောအခါ မြတ်စွာဘုရား၏ ရွှေဉာဏ်တော်၌ အဝိဇ္ဇာအစရှိသော အကြောင်းတရားကြောင့်

၃၅၇

သင်္ခါရ အစရှိသော အကျိုးတရားတို့ မရပ်မနား ဖြစ်ပွါးမှုတည်းဟူသော သံသရာဝဋ်ဒုက္ခ၏ ဖြစ်စဉ် အနုလုံအနက်သဘောနှင့် အဝိဇ္ဇာအစရှိသော အကြောင်းတရားတို့ (မဖြစ်သော ချုပ်ခြင်းဖြင့်) ချုပ်ခြင်းကြောင့် သင်္ခါရအစရှိသော အကျိုးတရားတို့ (မဖြစ်သော ချုပ်ခြင်းဖြင့်) ချုပ်ငြိမ်းမှု တည်းဟူသော သံသရာဝဋ်ဒုက္ခ၏ ချုပ်စဉ် ပဋိလုံအနက်သဘောကို တိုး၍ တိုး၍ ထင်လင်းသိသာသဖြင့် မြတ်စွာဘုရား၏ နှလုံးသား ဟဒယဝတ္ထုပေါ်ဝယ် နှစ်သက် ဝမ်းမြောက်ခြင်း ပီတိတရား ဦးဆောင်သည့် မဟာကြိယာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကဇောအစဉ်တို့ တသွင်သွင်ဖြစ်၍ နေလေသည်။

     အိုးခွက်အတွင်းသို့ ထောပတ်ကိုဖြစ်စေ ဆီကိုဖြစ်စေ လောင်း၍ထည့်သောအခါ ထို အိုးခွက်တို့ပြည့်၍ ပိုလျှံသော ထောပတ်ဆီသည် အပြင်သို့လျှံ၍ ထွက်လာကုန်သကဲ့သို့ မြတ်စွာဘုရား၏ နှလုံးအိမ် ဟဒယဝတ္ထု တည်းဟူသော အိုးခွက်၌ တရားသဘောကို တိုး၍ တိုး၍ ထင်လင်းသိမြင်မှုကို အကြောင်းပြုကာ ဖြစ်ပေါ်လာသော ပညာဉာဏ် ရှေ့သွားရှိသည့် ပီတိတရား တည်းဟူသော ထောပတ်ဆီတို့သည် နှလုံးအိမ် ဟဒယဝတ္ထု တည်းဟူသော အိုးခွက်တို့ ပြည့်ပြီးလျှင် ဝမ်းတွင်း၌မဆံ့ အပြင်သို့လျှံ၍ ထွက်လာသည့်ပမာ ထိုပညာဉာဏ် ရှေ့သွားရှိသော ပီတိကို အကြောင်းပြု၍ ဥဒါန်းဂါထာကို ကျူးရင့်တော်မူလေသည်။

ယဒါ ဟေ၀ ပါတုဘဝန္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြာဟ္မဏဿ။

အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊

ယတော ပဇာနာတိ သဟေတုဓမ္မံ။

အာတာပိနော = တစ်ထောင့်ငါးရာ ကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန်လုံ့လ ဝီရိယလည်း ရှိပေထသော။ ဈာယတော = အာနာပါန စသည်ဖုံဖုံ သမထအာရုံနှင့် အလုံးစုံသော ရုပ်နာမ်ဓမ္မတို့၏

၃၅၈

အနိစ္စ ဒုက္ခ အနတ္တခြင်းရာ လက္ခဏာကို အပ္ပနာခိုက် ဈာန်မဂ်ဆိုက်အောင် စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန်ပေထသော (ဝါ) ရှုအားသန်သောကြောင့်။ ဗြဟ္မဏဿ = မကောင်းမှုဟူသမျှကို အပပြုပြီးသော ရဟန္တာသခင် အရှင်သူမြတ်၏ သန္တာန်၌။ ယဒါ = အကြင်အခါ၌။ ဓမ္မာ = ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့သည်။ ဟဝေ = စင်စစ်။ ပါတုဘဝန္တိ = ဥပါဒ်ထင်ရှား ဖြစ်ပွားကြလေကုန်၏။ ယတော = ယင်းသို့ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ ထင်ရှား ဖြစ်ပေါ်ခြင်းကြောင့်။ သဟေတုဓမ္မံ = အဝိဇ္ဇာအစရှိသော အကြောင်းတရားနှင့်တကွ သင်္ခါရအစရှိသော အကျိုးတရားထု ဒုက္ခအစုကို။ ပဇာနာတိ = ပိုင်းခြားထင်ထင် သိမြင်တော်မူခဲ့လေ၏။ အထ = ထိုသို့ ပဋိစ္စဓာတ် သမုပ္ပါဒ်ကို အတတ်ထင်ထင် လင်းလင်းမြင် သောအခါ၌။ အဿ = ထိုရဟန္တာသခင် အရှင်သူမြတ်၏ သန္တာန်၌။ သဗ္ဗာ = တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ကင်္ခါ = ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း, ပဋိစ္စသမုပ္ပါဒ်တရားတို့ကို မသိမြင်ခြင်း ကြောင့် ကာလသုံးပါးဝယ် ဖြစ်ပွားသည့် ရုပ်နာမ်တရားတို့၌ ယုံမှားခြင်းတရား တစ်ဆယ့်ခြောက်ပါးတို့သည်။ ဝပယန္တိ- ဝိအပယန္တိ = နေလျှံရှိန်ကျောက် ဆီးနှင်းပေါက်သို့ ကင်းပျောက်ချုပ်ငြိမ်း ရုပ်သိမ်းကြလေကုန်၏။

     ထို့နောက် မဇ္ဈိမယံ (= ညဉ့်၏ အလယ်ပိုင်း) ရောက်သောအခါ မြတ်စွာဘုရားသည် ထိုမဇ္ဈိမယံ ကာလပတ်လုံး အကြောင်းအကျိုးတို့ ဆက်စပ်ဖြစ်ပွါးသည့် ပဋိစ္စသမုပ္ပါဒ်တရားကိုပင် အနုလုံ ပဋိလုံအားဖြင့် အဖန်ဖန်သုံးသပ် ဆင်ခြင်တော်မူလေသည်။ ထိုသို့ ဆင်ခြင်တော်မူသောအခါ မြတ်စွာဘုရား၏ ရွှေဉာဏ်တော်၌ အကြောင်းတရားတို့၏ ကုန်ရာဖြစ်သော နိဗ္ဗာန်တရား တိုး၍ တိုး၍ ထင်လင်းသိသာသဖြင့် ပညာတရား ပီတိတရားတို့ ရှေ့သွားဦးဆောင်သည့် မဟာကြိယာ သောမနဿသဟဂုတ်

၃၅၉

ဉာဏသမ္ပယုတ် အသင်္ခါရိက ဇောစိတ္တုပ္ပါဒ်အစဉ်တို့ တသွင်သွင် ဖြစ်ပွါးပြီးလျှင် ထိုပီတိအဟုန်ကို ငုံ၍မထားနိုင်ပဲ ဝမ်းတွင်းမဆံ့ အပြင်သို့ ပြန့်၍ လျှံ၍ ထွက်လာသည့်ပမာ ထိုပညာဉာဏ် ရှေ့သွားရှိသော ပီတိကို အကြောင်းပြု၍ ဥဒါန်းဂါထာကို ကျူးရင့်တော်မူပြန်လေသည်။

ယဒါ ဟေ၀ ပါတုဘဝန္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြာဟ္မဏဿ။

အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊

ယတော ခယံ ပစ္စယာနံ အဝေဒိ။

အာတာပိနော = တစ်ထောင့်ငါးရာ ကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန်လုံ့လ ဝီရိယလည်း ရှိပေထသော။ ဈာယတော = အာနာပါန စသည်ဖုံဖုံ သမထအာရုံနှင့် အလုံးစုံသော ရုပ်နာမ်ဓမ္မတို့၏ အနိစ္စ ဒုက္ခ အနတ္တ အချင်းအရာ လက္ခဏာကို အပ္ပနာခိုက် ဈာန်မဂ်ဆိုက်အောင် စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန်ပေထသော (ဝါ) ရှုအားသန်သောကြောင့်။ ဗြဟ္မဏဿ = မကောင်းမှုဟူသမျှကို အပပြုပြီးသော ရဟန္တာသခင် အရှင်သူမြတ်၏ သန္တာန်၌။ ယဒါ = အကြင်အခါ၌။ ဓမ္မာ = ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့သည်။ ဟဝေ = စင်စစ်။ ပါတုဘဝန္တိ = ဥပါဒ်ထင်ရှား ဖြစ်ပွားကြလေကုန်၏။ ယတော = ယင်းသို့ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ ထင်ရှား ဖြစ်ပေါ်ခြင်းကြောင့်။ ပစ္စယာနံ = အဝိဇ္ဇာအစရှိသော အကြောင်းတရားတို့၏။ ခယံ = ကုန်ခမ်းရာမှန် အသင်္ခတနိဗ္ဗာန်ကို။ အဝေဒိ = ထိုးထွင်းထင်ထင် သိမြင်တော်မူခဲ့လေပြီ။ အထ = ထိုသို့ ပစ္စယက္ခယ အမည်ရသည့် အသင်္ခတ နိဗ္ဗာန်ပရမတ်ကို အတတ်ထင်ထင် လင်းလင်းမြင်သောအခါ၌။ အဿ = ထိုရဟန္တာသခင် အရှင်သူမြတ်၏သန္တာန်၌။

၃၆၀

သဗ္ဗာ = တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ကင်္ခါ = နိဗ္ဗာန်ကိုထိုးထွင်း မသိခြင်းကြောင့် ကိုယ်တွင်း၌မှာ ဖြစ်ပေါ်လာမည့် ကင်္ခါယုံမှား တရားစုတို့သည်။ ဝပယန္တိ- ဝိအပယန္တိ = နေလျှံရှိန်ကျောက် ဆီးနှင်းပေါက်သို့ ကင်းပျောက် ချုပ်ငြိမ်းကြကုန်၏။

     ထို့နောက် ပစ္ဆိမယံ (= ညဉ့်၏ နောက်ပိုင်းအချိန်)သို့ ရောက်သောအခါ မြတ်စွာဘုရားသည် ထိုပစ္ဆိမယံ ကာလပတ်လုံးလည်း အကြောင်းအကျိုးတို့ ဆက်စပ်ဖြစ်ပွါးသည့် ပဋိစ္စသမုပ္ပါဒ်တရားကိုပင် အနုလုံ ပဋိလုံအားဖြင့် အဖန်ဖန် သုံးသပ် ဆင်ခြင်တော်မူပြန်လေသည်။ ထိုသို့ ဆင်ခြင်တော်မူသောအခါ မြတ်စွာဘုရား၏ ရွှေဉာဏ်တော်၌ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ရဟတ်၏ မပြတ်လည်ပုံ ချုပ်ပြတ်ပုံတို့ကို လင်းလင်းသိမြင်သော အရိယမဂ်တရားတို့ တိုး၍ တိုး၍ ထင်လင်းသိသာသဖြင့် ပညာတရား ပီတိတရားတို့ ရှေ့သွားဦးဆောင်သည့် မဟာကြိယာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ဇောစိတ္တုပ္ပဒ်အစဉ်တို့ တသွင်သွင်ဖြစ်ပွါးပြီးလျှင် ထိုပီတိအဟုန်ကို ငုံ၍မထားနိုင်ပဲ ဝမ်းတွင်းမဆံ့ အပြင်သို့ ပြန့်၍ လျှံ၍ ထွက်လာသည့်ပမာ ထိုပညာဉာဏ်ရှေ့သွားရှိသော ပီတိကို အကြောင်းပြု၍ သုံးကြိမ်မြောက် ဥဒါန်းဂါထာကို ကျူးရင့်တော်မူပြန်လေသည်-

ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြာဟ္မဏဿ။

ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊

သူရိယောဝ ဩဘာသယမန္တလိက္ခံ။

အာတာပိနော = တစ်ထောင့်ငါးရာ ကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန်လုံ့လ ဝီရိယလည်း ရှိပေထသော။ ဈာယတော = အာနာပါန စသည်ဖုံဖုံ သမထအာရုံနှင့် အလုံးစုံသော ရုပ်နာမ်ဓမ္မတို့၏

၃၆၁

အနိစ္စ ဒုက္ခ အနတ္တခြင်းရာ လက္ခဏာကို အပ္ပနာခိုက် ဈာန်မဂ်ဆိုက်အောင် စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန်ပေထသော (ဝါ) ရှုအားသန်သောကြောင့်။ ဗြဟ္မဏဿ = မကောင်းမှုဟူသမျှကို အပပြုပြီးသော ရဟန္တာသခင် အရှင်သူမြတ်၏ သန္တာန်၌။ ယဒါ = အကြင်အခါ၌။ ဓမ္မာ = ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့သည်။ ဟဝေ = စင်စစ်။ ပါတုဘဝန္တိ = ဥပါဒ်ထင်ရှား ဖြစ်ပွားကုန်၏။ (တဒါ = ထိုအခါ၌။) သူရိယော = ယုဂန္ဓိုရ်တောင်စွန်းမှ ပေါ်ထွန်းထွက်ပြူ ဥဒည်မူသော နေမင်းသည်။ အန္တလိက္ခံ = အဇဋာပြင် မိုးကောင်းကင်ကို။ ဩဘာသယံ- ဩဘာသယန္တော = မိမိအရောင် ခြည်တထောင်ဖြင့် မိုက်မှောင်ပယ်ရှင်း ထွန်းလင်းတောက်ပလျက်။ တိဋ္ဌတိ ဣ၀ = တည်သကဲ့သို့။ (သော ဗြဟ္မဏော = ထိုရဟန္တာသခင် အရှင်သူမြတ်သည်။ တေဟိ ဓမ္မေဟိ = ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ဖြင့်။) မာရသေနံ = ကာမရာဂ စသည်ဆယ်ထပ် မာန်စစ်တပ်ကို။ ဝိဓူပယံ- ဝိဓူပယန္တော = မှုန့်မှုန့်ညက်ညက် တိုက်ဖျက်ပယ်ဖျောက်လျက်။ တိဋ္ဌတိ = ပညာတန်ဆောင် ဉာဏ်တော်ရောင်ဖြင့် ထွန်းပြောင်ထိန်လက် ပြိုးပြိုးပြက်လျှင် နေစက်နှုန်းတူ တည်တော်မူ၏။

(ဥဒါန်းပါဠိတော်၌ “ညဉ့်၏ ပထမပိုင်း၌ ပဋိစ္စသမုပ္ပါဒ်ကို အနုလုံအားဖြင့် ဆင်ခြင်တော်မူကြောင်း၊ သန်းခေါင်ယံ (= ညဉ့်၏ ဒုတိယပိုင်း)၌ ပဋိလုံအားဖြင့် ဆင်ခြင်တော်မူကြောင်း၊ တတိယယံ (= ညဉ့်၏ နောက်ပိုင်း)၌ အနုလုံ ပဋိလုံအားဖြင့် ဆင်ခြင်တော်မူကြောင်း” ဟောတော်မူသည်ကား ပလ္လင်္ကသတ္တာဟ ပြည့်မြောက်သည့် ခုနစ်ရက်မြောက်ညဉ့်၌ ဆင်ခြင်တော်မူသည်ကို ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်။)

     မြတ်စွာဘုရားသည် ကဆုန်လပြည့်ကျော် ၁-ရက်နေ့ ညဉ့်သုံးယံ ကာလပတ်လုံး ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံ ပဋိလုံ ဆင်ခြင်တော်မူ၍ ရှေးဖော်ပြရာပါ ဥဒါန်းသုံးဂါထာတို့ကို

၃၆၂

ကျူးရင့်တော်မူပြီးလျှင် ကဆုန်လပြည့်ကျော် ၂-ရက်နေ့ , ၃-ရက်, ၄-ရက်, ၅-ရက်, ၆-ရက်, ၇-ရက်နေ့တို့၌လည်း ထိုအပရာဇိတ ပလ္လင်တော်မှာပင် သီတင်းသုံး စံနေတော်မူကာ အရဟတ္တဖိုလ်ချမ်းသာကို ဝင်စား သုံးဆောင်တော်မူလေသည်။

(၂) အနိမိသသတ္တာဟ

(မျက်လုံးတော်ကိုမမှိတ်ပဲ မဟာဗောဓိပင်နှင့် အပရာဇိတ ပလ္လင်တော်ကို စူးစူးစိုက်စိုက် ကြည့်ရှုနေတော်မူသော ခုနစ်ရက်ကို “အနိမိသသတ္တာဟ”ဟူ၍ ခေါ်ဆိုသည်။)

     ထိုသို့ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက် ခုနစ်ရက်ပတ်လုံး အပရာဇိတပလ္လင်တော်၌ (တင်ပလ္လင်ခွေမှုကို မပြင်ပဲ တထိုင်တည်းဖြင့်) အရဟတ္တဖိုလ်ချမ်းသာကို ခံစား သုံးဆောင်တော်မူ၍ ခုနစ်ရက်ပြည့်မြောက်သောအခါ (ရှေးဘုရားတို့လက်ထက်က မဂ်ဖိုလ်ကိုရခဲ့သဖြင့် ဘုရားရှင်၏ဂုဏ်ကျေးဇူးကို တစိတ် တဒေသ သိရှိကြသော အရိယနတ်ဗြဟ္မာတို့မှတပါး) အချို့သော (ပုထုဇဉ်) နတ်ဗြဟ္မာတို့၏သန္တာန်၌ “မြတ်စွာဘုရားသည် ယခုထက်တိုင်ပင် ပလ္လင်တော်မှ ထတော်မမူသေး၊ ယခု ရရှိပြီးသော ဂုဏ်ကျေးဇူးမှတပါး အခြား ဘုရားဖြစ်အောင် ပြုနိုင်သည့် ဂုဏ်ကျေးဇူးတို့ ရှိများ ရှိကုန်လေသေးသလော”ဟု ယုံမှားမှု ဖြစ်ပေါ်လာလေသည်။

     ထိုအခါ မြတ်စွာဘုရားသည် ရှစ်ရက်မြောက်နေ့ (လပြည့်ကျော် ၈-ရက်နေ့)၌ အရဟတ္တဖိုလ် သမာပတ်မှ ထတော်မူ၍ နတ်ဗြဟ္မာတို့၏ ယုံမှားမှုကို သိရှိတော်မူကာ ထိုနတ်ဗြဟ္မာတို့၏ ယုံမှားမှုကို ပယ်ရှားတော်မူအံ့သောငှါ ကောင်းကင်သို့ ပျံတက်၍ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူလေ၏။ (ဤယခု မဟာဗောဓိမဏ္ဍိုင်၌ ပြအပ်သော ယမိုက်ပြာဋိဟာ, ကပိလဝတ်ပြည်ဝယ် ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ပြအပ်သော ယမိုက်ပြာဋိဟာ, ဝေသာလီပြည်ဝယ် ပါထိကပုတ္တတက္ကတွန်းကို

၃၆၃

အကြောင်းပြု၍ဖြစ်သော အစည်းအဝေး၌ ပြအပ်သော ယမိုက်ပြာဋိဟာ ဤရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ (= ယမိုက်ပြာဋိဟာ)စုသည် ကဏ္ဍမ္ဗသရက်ပင်အနီး၌ ပြအပ်သော ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာနှင့် တူညီ၏။ ကဏ္ဍမ္မသရက်ပင်အနီး၌ ပြအပ်သော ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာအကြောင်း အကျယ်စကားရပ်သည် နောက်၌ ထင်ရှားလတံ့။)

     မြတ်စွာဘုရားသည် ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူ၍ နတ်ဗြဟ္မာတို့၏ ယုံမှားမှုကို ပယ်ရှားတော်မူပြီးလျှင် ကောင်းကင်မှ ဆင်းသက်တော်မူ၍ အပရာဇိတပလ္လင်တော်မှ စဉ်းငယ် အရှေ့အရပ်သို့ ယွန်းသော မြောက်အရပ် (= အရှေ့မြောက်ထောင့်အရပ်)၌ မတ်မတ်ကြံ့ခိုင် ရွှေတုရိုဏ်တိုင်ကဲ့သို့ ရပ်တည်တော်မူပြီးလျှင် “ငါသည် ဤအပရာဇိတ ပလ္လင်တော်၌ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရအပ်လေပြီ တကား”ဟု စဉ်းစား ဆင်ခြင်တော်မူကာ လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ဆည်းပူးတော်မူခဲ့သော ပါရမီတော်တို့၏ အကျိုးဖြစ်သည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရတော်မူရာ အပရာဇိတပလ္လင်တော်နှင့် မဟာဗောဓိပင်ကို မျက်လုံးတော် မမှိတ်ပဲ ကြည့်ရှုလျက် ခုနစ်ရက်ကို လွန်စေတော်မူသည်။ ထိုအရပ်သည် အနိမိသစေတီဟူ၍ မည်တွင်လေသည်။

(၃) စင်္ကမသတ္တာဟ

     ထို့နောက် တတိယသတ္တာဟသို့ ရောက်သောအခါ မြတ်စွာဘုရားသည် အပရာဇိတပလ္လင်တော်နှင့် အနိမိသစေတီတို့၏အကြား အရှေ့အနောက် အလျားရှိသော နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သည့် ရတနာစင်္ကြံ၌ တရားတော်ကို ဆင်ခြင်ကာ ဖလသမာပတ်ကို ဝင်စားကာဖြင့် လူးလာတုံ့ခေါက် စင်္ကြံလျှောက်လျက် ခုနစ်ရက်ကို ကုန်လွန်စေတော်မူသည်။ ထိုအရပ်သည် ရတနစင်္ကမစေတီဟူ၍ မည်တွင်လေသည်။

၃၆၄

(၄) ရတနဃရသတ္တာဟ

     ထို့နောက် စတုတ္ထသတ္တာဟသို့ ရောက်သောအခါ မြတ်စွာဘုရားသည် မဟာဗောဓိပင်မှ အနောက်မြောက်ထောင့် အရပ်ဝယ် နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သော ရတနာဃရ ရွှေအိမ်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူကာ အဘိဓမ္မာပိဋက တရားတော်မြတ်ကို သုံးသပ် ဆင်ခြင်တော်မူလေသည်။

     ဇိနာလင်္ကာရဋီကာ အလိုအားဖြင့်.. ရတနာဃရ ရွှေအိမ်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူကာ တရားတော်ကို သုံးသပ်ဆင်ခြင်၍ ဝေနေယျ သတ္တဝါအပေါင်းကို ကြည့်ရှု ဆင်ခြင်တော်မူလတ်သည်တွင် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့သည် သီလ၌တည်၍ သမာဓိဖြင့် စိတ်ကို တည်ကြည်အောင် ပြုပြီးလျှင် ပညာဖြင့် ဝိပဿနာအလုပ် အားထုတ်ကျင့်ကြံ၍ မဂ်ဖိုလ်နိဗ္ဗာန် တည်းဟူသော အရိယာဘုံသို့ သက်ရောက်ကြကြောင်း သီလ, သမာဓိ, ပညာတည်းဟူသော ပဋိပတ်လမ်းစဉ် လမ်းကြောင်းကို ကောင်းစွာ သိမြင်တော်မူသဖြင့် ရှေးဦးစွာ သီလကိုပြဆိုရာ ဝိနည်းပိဋကကို သုံးသပ်ဆင်ခြင်တော်မူလေသည်၊ ထို့နောက် သမာဓိကိုပြဆိုရာ၌ သုတ္တန်ပိဋကကို သုံးသပ် ဆင်ခြင်တော်မူလေသည်။ ထို့နောက် ပညာကိုပြဆိုရာ အဘိဓမ္မာပိဋကကို သုံးသပ် ဆင်ခြင်တော်မူလေသည်။

     အဘိဓမ္မာပိဋက တရားတော်များကို သုံးသပ် ဆင်ခြင်တော်မူသောအခါ အောက်ဖြစ်သော ဓမ္မသင်္ဂဏီကျမ်း, ဝိဘင်းကျမ်း, ဓာတုကထာကျမ်း, ပုဂ္ဂလပညတ်ကျမ်း, ကထာဝတ္ထုကျမ်း, ယမိုက်ကျမ်းတို့ကို သုံးသပ် ဆင်ခြင်တော်မူသော အခိုက်၌ သဗ္ဗညုတ ရွှေဉာဏ်တော်က ကျယ်ဝန်း တရားနည်းက ကျဉ်းသဖြင့် ရွှေဉာဏ်တော် မကွန့်မြူးလောက်သေးရကား ရောင်ခြည်တော်ခြောက်ပါးတို့ မကွန့်မြူကြသေးပဲ ခုနစ်ဆင့်မြောက်ဖြစ်သည့် အနန္တနယ သမန္တပဋ္ဌာန်းကျမ်းကြီးကို သုံးသပ် ဆင်ခြင်တော်မူသောအခါ (မဟာသမုဒြာအတွင်း၌ မြူးကွန့်ခွင့်ကိုရသော

၃၆၅

ယူဇနာ တထောင်ရှိသည့် တိမိင်္ဂလငါးကြီးပမာ) သဗ္ဗညုတရွှေဉာဏ်တော်သည် မြူးကွန့်ခွင့်ကို ရတော်မူလေသည်။

     အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးဝယ် အလွန်သိမ်မွေ့နူးညံ့နက်နဲသော တရားအချက်တို့ကို သုံးသပ် ဆင်ခြင်တော်မူလတ်သောအခါ မြတ်စွာဘုရား၏ သန္တာန်၌ အလွန် နှစ်သက် ဝမ်းမြောက်ခြင်း ပီတိတရား ဖြစ်ပွါးလာလေသည်။ ပီတိတရား ဖြစ်ပွါးသောကြောင့် သွေးတော် ကြည်လင်လေသည်။ သွေးတော် ကြည်လင်ခြင်းကြောင့် အရေတော် ကြည်လင်လေသည်။ အရေတော် ကြည်လင်ခြင်းကြောင့် ကိုယ်တော်ရှေ့ပိုင်းမှ အိမ်လုံး တောင်လုံးခန့် ပမာဏရှိသော ရောင်ခြည်တော်တို့သည် ထွက်ပေါ် ကွန့်မြူးကြ၍ ကောင်းကင်၌ ပျံသန်းသွားသော ဆဒ္ဒန်ဆင်မင်းပမာ အရှေ့အရပ်မျက်နှာ အနန္တစကြဝဠာတို့သို့ မြူးကွန့် ပြေးသွားကြကုန်၏။

     ကိုယ်တော်နောက်ပိုင်းမှလည်း ထို့အတူ ရောင်ခြည်တော်တို့ ထွက်ပေါ်ကွန့်မြူးကြ၍ အနောက်အရပ်မျက်နှာ အနန္တစကြဝဠာတို့သို့ မြူးကွန့် ပြေးသွားကြကုန်၏။ လက်ျာနံပါးတော်မှလည်း ထို့အတူ ရောင်ခြည်တော်တို့ ထွက်ပေါ်ကွန့်မြူးကြ၍ တောင်အရပ်မျက်နှာ အနန္တစကြဝဠာတို့သို့ မြူးကွန့် ပြေးသွားကြကုန်၏။ လက်ဝဲနံပါးတော်မှလည်း ထို့အတူ ရောင်ခြည်တော်တို့ ထွက်ပေါ်ကွန့်မြူးကြ၍ မြောက်အရပ်မျက်နှာ အနန္တစကြဝဠာတို့သို့ ကွန့်မြူး ပြေးသွားကြကုန်၏၊ ခြေဖဝါးတော် အပြင်တို့မှလည်း သန္တာညွန့်အဆင်းရှိသော ရောင်ခြည်တော်တို့ ထွက်ပေါ်ကွန့်မြူးကြ၍ မြေထု ရေထု လေထုကို ထွင်းဖောက်ပြီးလျှင် အောက် အဇဋာပြင် ကောင်းကင်သို့ သက်ဝင် ပြေးသွားကြကုန်၏။ ဦးခေါင်းတော်မှလည်း နီလာဆွဲကြိုးကုံးကို လှည့်ပတ်သည့်ပမာ ညိုသော ရောင်ခြည်တော်အလုံးတို့သည် တလုံးပြီးတလုံး ထွက်ပေါ်ကွန့်မြူးကြ၍ ကာမာဝစရ နတ်ပြည်ခြောက်ရွာ ဗြဟ္မာ့ပြည် နှစ်ဆယ်တို့ကို ကျော်တက်၍ အထက်အဇဋာကာသ

၃၆၆

ကောင်းကင်သို့ ပျံတက်ကွန့်မြူးကြလေသည်။ ထိုအချိန်မှာ အနန္တစကြဝဠာ၌ရှိကြသည့် အနန္တသတ္တဝါ အားလုံးတို့ သည် ရွှေရောင်အဆင်း ဝါဝင်းတောက်ပ၍ နေကြကုန်၏။

အထူးအားဖြင့်.. ပဋ္ဌာန်းတရားတော်ကို သုံးသပ် ဆင်ခြင်တော်မူသည့် ထိုနေ့၌ မြတ်စွာဘုရား၏ ကိုယ်တော်မှ ထွက်ပေါ် ကွန့်မြူးကြသော ရောင်ခြည်တော်တို့သည် ယနေ့တိုင်အောင်ပင် အနန္တစကြဝဠာ လောကဓာတ်တို့သို့ ဥတုဇရုပ် အဆက်ဆက်အနေအားဖြင့် သွားလျက် ရှိကြကုန်၏။

ဆဗ္ဗဏ္ဏရံသိဝန္ဒနာ ဂါထာများ

ဤအရာ၌ မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရား ရေးသား ဖွဲ့ဆိုတော်မူအပ်သော “ဆဗ္ဗဏ္ဏရံသိဝန္ဒနာ = ရောင်ခြည်တော်ခြောက်ပါး ဘုရားရှိခိုး” ဂါထာပါဌ်အနက်တို့ကို သုတကာမီပုဂ္ဂိုလ်တို့ အလို့ငှါ ထုတ်ဖော်ရေးသား ပြဆိုဦးအံ့။

၁။ သတ္တသတ္တာဟမဇ္ဈမှိ၊ နာထော ယော သတ္တ သမ္မသိ။

ပတွာ သမန္တပဋ္ဌာနံ၊ ဩကာသံ လဘတေ တဒါ။

နာထော = လူသုံးမျိုးတို့၏ ကိုးစားရာတဆူ ဖြစ်တော်မူသော။ ယော သတ္ထာ = အကြင် မြတ်စွာဘုရား ကိုယ်တော်မြတ်သည်။ သတ္တသတ္တာဟမဇ္ဈမှိ = ပလ် + နိမ် + စင် + ဃ + အ + မု + - ဟု သတ္တာဟခုနစ်လီ နောစာလီဝယ် ချက်လယ်ဗွေချာ ရတနာဃရ သတ္တာဟ၌။ (ဝါ) ပလ္လင်္ကသတ္တာဟ, အနိမိသသတ္တာဟ, စင်္ကမသတ္တာဟ, ရတနာဃရသတ္တာဟ, အဇပါလသတ္တာဟ, မုစလိန္ဒသတ္တာဟ, ရာဇာယတနသတ္တာဟ- ဟူသော သတ္တာဟခုနစ်လီ နောစာလီဝယ် ချက်လယ်ဗွေချာ ရတနာဃရ

၃၆၇

သတ္တာဟ၌။ သတ္တ = ဓမ် + ဝိ + ဓာ + လ + က + ယ + ပဋ္ဌာန်း အဘိဓမ္မာ ခုနစ်ကျမ်းတို့ကို။ (ဝါ) ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း အဘိဓမ္မာ ခုနစ်ကျမ်းတို့ကို။ သမ္မသိ = ကပ်အလီလီ ဖြည့်ခဲ့ညီသား ပါရမီဘုန်းစည် အတည်တည်ကြောင့် နှိုင်းရှည်မဲ့ရှဲ နက်နဲမွေ့သိမ် တေဇိန်ပြောထု သဗ္ဗညုဖြင့် ရှေးရှုတပ်တပ် သုံးသပ် ဆင်ခြင်တော်မူလေပြီ။ တဒါ = ထိုသို့ သုံးသပ်ဆင်ခြင်တော် မူသောအခါ၌။ သမန္တပဋ္ဌာနံ = ယူဇနာပေါင်း ရှစ်သောင်းလေးထောင် နက်ဝှမ်းဆောင်သား ကျောက်တောင်ပတ်ခွေ သမုဒ်ရေထက် အနေကျယ်ဝှမ်း နည်းစုံဆန်းသော သမန္တပဋ္ဌာန်းကျမ်းကြီးသို့။ ပတွာ = ဉာဏ်ရည်တော်လျောက် အစဉ်ရောက်၍။ ဉာဏံ = ကပ်အလီလီ ဖြည့်ခဲ့ညီသား ပါရမီဘုန်းစည် အတည်တည်ကြောင့် နှိုင်းရှည်မဲ့ရှဲ နက်နဲမွေ့သိမ် တေဇိန်ပြောထု သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်သည်။ ဩကာသံ = မြူးထူးကျက်စား ကစားခွင့်ကို။ လဘတေ = ရတော်မူလေ၏။

၂။ ယောဇနာနံ သတာယာမော၊

ပဉ္စ တိမိရပိင်္ဂလော။

ကီဠောကာသံ သမုဒ္ဒေဝ၊

ဂမ္ဘီရေ လဘတေ ယထာ။

ယထာ = ပမာတန္တု အပြိုင်ပြု၍ နှိုင်းရှုစရာ ဥပမာပုံဆို အဘယ်လိုနည်းဟူမူကား။ ယောဇနာနံ = ခုနစ်တောင်တတာ ဝီသာဥသဘ ဂါဝုတသီတိ စတ္တာရိဂါဝါ ယူဇနာတို့၏။ ပဉ္စသတာယာမော = ငါးရာရှည်လျား လွန်ကြီးမားသော။ တိမိရပိင်္ဂလော = တိမိရပိင်္ဂလ အမည်ရသော ငါးကြီးသည်။ ဂမ္ဘီရေ = ယူဇနာပေါင်း ရှစ်သောင်းလေးထောင် နက်ဝှမ်းဆောင်သော။ သမုဒ္ဒေ၀- သမုဒ္ဒေ ဧ၀ = တောင်ခွေပတ်ချုပ် ရေသမုဒ်၌သာလျှင်။

၃၆၈

ကီဠောကာသံ = မြီးဆံရွှင်ပျယ် စံပယ်ခတ်ကူး မြူးထူးကျက်စား ကစားခွင့်ကို။ လဘတေ ယထာ = ရလေသကဲ့သို့။ ဧဝံ တထာ = ထို့အတူ။ ဉာဏံ = ကပ်အလီလီ ဖြည့်ခဲ့ညီသား ပါရမီဘုန်းစည် အတည်တည်ကြောင့် နှိုင်းရှည်မဲ့ရှဲ နက်နဲမွေ့သိမ် တေဇိန်ပြောထု သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်သည်။ ဩကာသံ = မြူးထူးကျက်စား ကစားခွင့်ကို။ လဘတေ = ရတော်မူလေ၏။

၃။ သမ္မသန္တဿ တံ ဓမ္မံ၊

တဒါ သတ္ထု သရီရတော။

တံ တံ ဓာဝန္တိ ဆဗ္ဗဏ္ဏာ၊

လောဟိတာဒိပသီဒနာ။

တဒါ = ထိုသို့ အခွင့်ရတော်မူသော အခါ၌။ တံ ဓမ္မံ = ပရမာဏုမြူ ပုံတူအလား (သိမ်မွေ့နူးညံ့စွာသော) ထိုပဋ္ဌာန်းတရားကို။ သမ္မသန္တဿ = သုံးသပ် ဆင်ခြင်တော်မူသော။ သတ္ထု = ဗြဟ္မာနတ်လူ သုံးဘုံသူကို ကြည်ဖြူရွှင်ပြုံး ရွှေနှလုံးဖြင့် ဆုံးမတော်မူပေတတ်သော မြတ်စွာဘုရား၏။ လောဟိတာဒိပသီဒနာ = သွေးတော်စသည် ကြည်လင်တောက်ပခြင်းကြောင့်။ သရီရတော = ပကတိအတောင် တစ်ဆယ့်ရှစ်တောင်ပေါ် ရွှေကိုယ်တော်မှ။ ဆဗ္ဗဏ္ဏာ = ညို + ရွှေ + ဖြူ + နီ + မောင်းရီ + ပြိုးပြက် တခဲနက်အား ခြောက်ပါးသော အဆင်းရှိသော ရောင်ခြည်တော်တို့သည်။ တံ တံ ဌာနံ = ဝဲယာရှေ့နောက် အထက်အောက်ဟု ဆိုအပ်သော ထိုထိုအရပ်ဌာနသို့။ ဓာဝန္တိ = ထိုဤမားမား ပြေးသွားတော်မူကြလေကုန်၏။

၄။ နီလာယော နီလဋ္ဌာနေဟိ

ပီတောဒါတာ စ လောဟိတာ။

တမှာ တမှာ တု မဉ္ဇေဋ္ဌာ

နိက္ခမိံသု ပဘဿရာ။

၃၆၉

နီလဋ္ဌာနေဟိ = ဆံတော် မျက်နက်တော်ဟု ဆိုအပ်သော ညိုရာရာ အရပ်တော်တို့မှ။ နီလာယော = ဝန်းကျင်ပျံဝဲ ဖြန့်မြှောက်ကြဲအပ်သော အောင်မည်းညို ကြာညို မျက်စဉ်းညိုကဲ့သို့လည်းကောင်း, တလျှပ်လျှပ် တငြိမ့်ငြိမ့် တအိမ့်အိမ့် တနွှဲနွှဲ တလွှဲလွှဲခပ်အပ်သော ပတ္တမြားယပ်ညို ပုဆိုးညိုကဲ့သို့၎င်း, ထိုထိုရပ်ခွင် ဝန်းကျင်ပတ်ခွေ မိုးနှင့်မြေကို လွှမ်းအုပ်ညိုစေလျက် မည်းနက်ရောင်တွဲ့ ပြာလဲ့စိမ်းစို ညိုသောအဆင်းရှိသော ရောင်ခြည်တော်တို့သည်။ နိက္ခမိံသု = ပဋ္ဌာန်းဒေသနာတော်မြတ်ကို သုံးသပ် ဆင်ခြင်တော်မူသည့် နေ့ကစ၍ ယခုည ယခုနေ့တိုင်အောင် အရောင်ရှိန်ရှိန် တထိန်ထိန်နှင့် အိမ်လုံး တောင်လုံးခန့် ပမာဏ ကြွကြွဝင်းဝင်း ထွန်းလင်း တောက်ပလျက် ထွက်ခွာဝေးခြား ပြေးသွားတော်မူကြလေကုန်ပြီ။

ပီတဋ္ဌာနေဟိ = ရွှန်းအိကိုယ်ရည် ဝါရွှေရာအရပ်တော်တို့မှ။ ပီတာ = ပတ်လည်ဝန်းကျင် ရွှေရည်ယဉ်ဆမ်း ရွှေပုဆိုး ဖြန့်လှမ်းသကဲ့သို့၎င်း, ကျီကျူမှုန့်ရွှေဝါ မြင်းသီလာဆေးဒန်း ပွင့်မဟာလှေခါးပန်းတို့သည် ကောင်းကင်ပြည့် ပြွမ်းသကဲ့သို့၎င်း ဖုံးလွှမ်းမိုးကာ ဆယ်မျက်နှာရပ်ခွင်ကို ဝါလွင် ထိန်လင်းစေလျက် ဝါဝင်းထိန်ပြေ ရွှေသောအဆင်းရှိသော ရောင်ခြည်တော်တို့သည်။ နိက္ခမိံသု = ပဋ္ဌာန်းဒေသနာတော်မြတ်ကို သုံးသပ်ဆင်ခြင်တော်မူသည့် နေ့ကစ၍ ယခုည ယခုနေ့တိုင်အောင် အရောင်ရှိန်ရှိန် တထိန်ထိန်နှင့် အိမ်လုံး တောင်လုံးခန့် ပမာဏ ကြွကြွဝင်းဝင်း ထွန်းလင်းတောက်ပလျက် ထွက်ခွါဝေးခြား ပြေးသွားတော်မူကြလေကုန်ပြီ။

ဩဒါတဋ္ဌာနေဟိ = အရိုးတော် သွားတော် မျက်ဖြူတော်ဟု ဆိုအပ်သော ဖြူရာရာအရပ်တော်တို့မှ။ ဩဒါတာ = ပတ်လည်ဝန်းကျင် ငွေအိုးမှ သွန်အပ်သော

၃၇၀

နို့ရည်အယဉ် ကောင်းကင်ပြည့်ငွေဗိတာန် ဝေဟာသံတိမ်မြင့်က တဝင့်ဝင့် တနွှဲနွှဲ တလွှဲလွှဲခပ်အပ်သော ငွေပြားယပ် ငွေစံပယ် သင်းခွေနွယ်ကြာဖြူ မြတ်လေးဖြူကြက်ရုံးတို့ အုပ်ဖုံးကာ ယှက်ထွေးသကဲ့သို့ ဖြူဖွေးသပ္ပါယ် စင်ကြယ်သန့်ရှင်းသော အဆင်းရှိသော ရောင်ခြည်တော်တို့သည်။ နိက္ခမိံသု = ပဋ္ဌာန်း ဒေသနာတော်မြတ်ကို သုံးသပ် ဆင်ခြင်တော်မူသည့် နေ့ကစ၍ ယခုည ယခုနေ့တိုင်အောင် အရောင်ရှိန်ရှိန် တထိန်ထိန်နှင့် အိမ်လုံးတောင်လုံးခန့် ပမာဏ ကြွကြွဝင်းဝင်း ထွန်းလင်းတောက်ပလျက် ထွက်ခွာဝေးခြား ပြေးသွားတော်မူကြလေကုန်ပြီ။

လောဟိတဋ္ဌာနေဟိ = မျက်စိသားသွေး နီတွေးရာအရပ်တော်တို့မှ။ လောဟိတာ = ဆုန်းမှုန့်တပ်စွဲ ရဲသောချိပ်ရည် ကမ္ပလာနီမြန်း လယ်ခေါင်ရမ်းမိုးစွေ ပန်းကသစ်အနေလို ရေမြေရော ကောင်းကင်ပါ အာကာသအဇဋာမှာ တိမ်မိလ္လာယှက်ပြေးသကဲ့သို့ နီတွေးထိန်ကျင် လွင်သောအဆင်းရှိသော ရောင်ခြည်တော်တို့သည်။ နိက္ခမိံသု = ပဋ္ဌာန်းဒေသနာတော်မြတ်ကို သုံးသပ်ဆင်ခြင်တော်မူသည့် နေ့ကစ၍ ယခုည ယခုနေ့တိုင်အောင် အရောင်ရှိန်ရှိန် တထိန်ထိန်နှင့် အိမ်လုံး တောင်လုံးခန့် ပမာဏ ကြွကြွဝင်းဝင်း ထွန်းလင်းတောက်ပလျက် ထွက်ခွာဝေးခြား ပြေးသွားတော်မူကြလေကုန်ပြီ။

တု = ထိုမှတစ်ပါးကုန်သော။ မဉ္ဇေဋ္ဌာ = မည်းနီညိုလောင်း ရောယှက်ပေါင်းသဖြင့် မှောင်းမှဲ့မှိုင်းအုံ မှုန်ရည်သော အဆင်းရှိသော ရောင်ခြည်တော်တို့သည်လည်းကောင်း။ ပဘဿရာ = လကဆုန်ခါ အဇဋာပြင်ကျယ် ကောင်းကင်လယ်က လျှပ်နှယ်ယှက်ကူး ပိုးရေမြူးစံ မီးပေါက်လျှံကဲ့သို့ ဝဲပျံတက်သက် ပြိုးပြိုးပြက်သောအားဖြင့် တခဲနက် အဆင်းရှိသော ရောင်ခြည်တော်တို့သည်လည်းကောင်း။ တမှာ တမှာ သရီရပဒေသာ = ဤသို့သောဓာတ် ဤအရပ်ဟု

၃၇၁

မသတ်မှတ်နိုင် ထွန်းပြိုင်ရွှန်းစို ထိုထိုကိုယ်တော် အစိတ်မှ။ နိက္ခမိံသု = ပဋ္ဌာန်းဒေသနာတော်မြတ်ကို သုံးသပ်ဆင်ခြင်တော်မူသည့် နေ့ကစ၍ ယခုည ယခုနေ့တိုင်အောင် အရောင်ရှိန်ရှိန် တထိန်ထိန်နှင့် အိမ်လုံး တောင်လုံးခန့် ပမာဏ ကြွကြွဝင်းဝင်း ထွန်းလင်းတောက်ပလျက် ထွက်ခွာဝေးခြား ပြေးသွားတော်မူကြလေကုန်ပြီ။

၅။ ဧဝံ ဆဗ္ဗဏ္ဏရံသိယော၊

ဧတာ ယာဝဇ္ဇဝါသရာ။

သဗ္ဗာ ဒိသာ ဝိဓာဝန္တိ၊

ပဘာ နဿန္တိ တတ္ထိကာ။

ဧဝံ = ဤသို့။ ဧတာ ဆဗ္ဗဏ္ဏရံသိယော = ညို + ရွှေ + ဖြူ + နီ + မောင်းရီ + ပြိုးပြက် တခဲနက်အားဖြင့် ထိုခြောက်ပါးသော အဆင်းရှိသော ရောင်ခြည်တော်တို့သည်။ ယာဝဇ္ဇဝါသရာ = သာသနာတော်ရောင် ထွန်းပြောင်ထိန်လက် ယနေ့ထက်တိုင်အောင်။ သဗ္ဗာ ဒိသာ = ဝန်းကျင်ပတ်ခြုံ လုံးစုံနှံ့စပ် အရပ်ဒိသာ ဆယ်မျက်နှာတို့သို့။ ဝိဓာဝန္တိ = ထိုဤမားမား ပြေးသွားကြလေကုန်ပြီ။ တတ္ထိကာ = ရောင်ခြည်တော်ခြောက် အစဉ်လျှောက်၍ ရောက်လေရာရာ ပဒေသာပင် ဥယျာဉ်ဗိမာန် အစရှိသော ထိုထိုအရပ်၌ ဖြစ်ကုန်သော။ ပဘာ = လက်ဆယ်ချောင်းဖြင့် သောင်းစက္ကဝါ ထွန်းနိုင်ပါသား ဗြဟ္မာနတ်မင်း စသည်တို့၏ ကိုယ်ရောင် ဘုန်းရောင် အစရှိသော အရောင်တို့သည်။ နဿန္တိ = တေဇိန်ပယ်ရှင်း မထွန်းလင်းနိုင်သည်ဖြစ်၍ ကွယ်ကင်း ပြေပျောက်ကြရလေကုန်၏။

၆။ ဣတိ ဆဗ္ဗဏ္ဏရံသိတ္တာ၊

အင်္ဂီရသောတိ နာမသော။

လောကေ ပတ္ထဋဂုဏံ တံ၊

ဝန္ဒေ ဗုဒ္ဓံ နမဿိယံ။

၃၇၂

ဣတိ- ဧဝံ ယထာဝုတ္တနယေန = အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ ဆဗ္ဗဏ္ဏရံသိတ္တာ = ခြောက်ပါးသော အဆင်းရှိသော ရောင်ခြည်တော် ရှိတော်မူသည်၏အဖြစ်ကြောင့်။ နာမသော = လွန်ကဲထူးမြတ် ဂုဏ်သကတ်ကြောင့် ရတော်မူအပ်သော အတ္ထာနုဂတာ အမည်တော်အားဖြင့်။ အင်္ဂီရသောတိ = အင်္ဂီရသဟူ၍။ လောကေ = လောကသုံးရပ် ဘုံသုံးထပ်၌။ ပတ္ထဋဂုဏံ = ကျေညာအောက်ထက် ပြန့်တက်ကျော်စောသော ကျေးဇူးတော် ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူထသော။ နမဿိယံ = တလောကလုံး ညွတ်ရုံးဖြန့်မိုး ရှိခိုးပူဇော်ခြင်းငှာ ထိုက်တော်မူပေထသော။ တံ ဗုဒ္ဓံ = သစ္စာလေးပါး မြတ်တရားကို ပတ္တမြားမျက်ရှင် လက်ဝယ်တင်သို့ ထင်ထင်ကြီး သိတော်မူပါပေသော လောကထွတ်ထား ထိုမြတ်စွာဘုရားကို။ အဟံ = တရားဉာဏ်ဝင် ရှုဆင်ခြင်မူ မစင်မကြယ် ရွံဖွယ်လုံးလုံး သုံးဆယ့်နှစ်၀ ကောဋ္ဌာသကို ကာယသမုတ် အကျွန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ = သက်တော်ရှိစဉ် သုံးလူ့ရှင်ကို ထင်ထင်မှန်းရည် ယုံကြည်ကြိမ်ကြိမ် သဒ္ဓါရှိန်ဖြင့် ဦးနှိမ်ညွတ်ကာ လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။

     ပဋ္ဌာန်းတရားတော်သည် ကောင်းကင်ကဲ့သို့ နည်းပေါင်း အနန္တနှင့် ပြည့်စုံ၏၊ မြေကြီးအထုပမာ ပြန့်ကျယ်လှစွာ၏၊ သမုဒြာရေထုပမာ နက်နဲလှစွာ၏၊ ထိုသို့ပင် ဖြစ်သော်လည်း သဗ္ဗညုတဉာဏ်တော်၏အလား ကြီးမားလျင်မြန်လှစွာသောကြောင့် ခုနစ်ရက်ဖြင့်ပင် သုံးသပ်ဆင်ခြင်ခြင်းကိစ္စ ပြီးဆုံးလေသည်။ ထိုသို့ တရားရတနာကို ဆင်ခြင်သုံးသပ်၍ ခုနစ်ရက်ပတ်လုံး နေတော်မူရာအရပ်သည် ရတနာဃရစေတီဟူ၍ မည်တွင်လေသည်။

(၅) အဇပါလသတ္တာဟ

     ဤသို့လျှင် မြတ်စွာဘုရားသည် မဟာဗောဓိပင်၏ အနီး၌ပင် လေးသတ္တာဟ (= ၂၈-ရက်)တို့ကို ကုန်လွန်စေပြီးနောက်

၃၇၃

ပဉ္စမသတ္တာဟသို့ ရောက်သောအခါ မဟာဗောဓိပင်မှ အရှေ့အရပ်၌ တည်ရှိသော အဇပါလ ညောင်ပင်ရင်းသို့ ကြွရောက်တော်မူပြီးလျှင် ခုနစ်ရက်ပတ်လုံး တရားကိုဆင်ခြင်ကာ ဖလသမာပတ်ကို ဝင်စားကာဖြင့် အဇပါလညောင်ပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူသည်။ (ထိုညောင်ပင်ရိပ်သို့ ဆိတ်ကျောင်းသားများ လာရောက်နေထိုင်မှု များသောကြောင့် အဇပါလညောင်ပင်ဟူ၍ တွင်လေသည်။ အဇပါလ = ဆိတ်ကျောင်းသားတို့ အရိပ်ခိုနားနေရာ + နိဂြောဓ = ညောင်ပင်။)

     ထိုအခါ အမျိုးအမည်အားဖြင့် မထင်ရှားသည့် တဟုန်းဟုန်း မာန်မူခြင်းသဘောရှိသော ပုဏ္ဏားတယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် နှစ်လိုဝမ်းမြောက်ဖွယ်စကားကို ပြောကြားလေ၏၊ နှစ်လိုဝမ်းမြောက်ဖွယ်ရှိ၍ အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ပြောကြား ပြီးဆုံးစေပြီးနောက် သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည်နေပြီးလျှင် ထို (ဟုံဟုင်္က)ပုဏ္ဏားသည် မြတ်စွာဘုရားကို-

“အရှင်ဂေါတမ.. လောက၌ အဘယ်မျှသော တရားဖြင့် ဗြာဟ္မဏခေါ် သူမြတ်စင်စစ် ဖြစ်နိုင်ပါသနည်း၊ သူမြတ်ဖြစ်အောင် ပြုတတ်သော တရားများကား အဘယ်တရားများ ဖြစ်ပါသနည်း”-

ဟူသော အမေးစကားကို လျှောက်ထား မေးမြန်းလေ၏။

     ဤ၌ ထို (ဟုံဟုင်္က)ပုဏ္ဏားအား မြတ်စွာဘုရားသည် တရားနာခံပြု၍ တရားဟောစေကာမူ သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိမည်မဟုတ်။ မှန်၏.. ဓမ္မစကြာတရားကို မဟောမီ မြတ်စွာဘုရား ရွတ်ဆိုဟောကြားအပ်သော တရားဂါထာကို ကြားနာရသော သူတို့အား တပုဿ, ဘလ္လိက ကုန်သည်ညီနောင်တို့အား သရဏဂုံပေးခြင်းမျိုးကဲ့သို့ပင် ဝါသနာဘာဂိယမျှသာ အကျိုးရနိုင်သည်။ သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်ကာ မဂ်ဖိုလ်ပေါက် မရောက်နိုင်ချေ။ ယင်းသို့ဖြစ်ခြင်းမှာ ဓမ္မတာပင်ဖြစ်သည်။

၃၇၄

(သာရတ္ထဒီပနီဋီကာ ၃၊ မျက်နှာ ၁၄၈-မှ။) ထိုသို့ ထို(ဟုံဟုင်္က)ပုဏ္ဏားမှာ တရားဒေသနာ၏ တည်ရာမဟုတ် (= သစ္စာလေးပါးတရား သိမြင်မည့်သူ မဟုတ်)သဖြင့် မြတ်စွာဘုရားသည် (ဟုံဟုင်္က)ပုဏ္ဏားကို တရားနာခံအရာ ထားတော်မမူ၊ ထိုပုဏ္ဏားမေးလျှောက်သည့် အနက်အဓိပ္ပါယ်ကို သိရှိတော်မူကာ ဤဥဒါန်းဂါထာကို ကျူးရင့်တော်မူလေသည်-

ယော ဗြာဟ္မဏော ဗာဟိတပါပဓမ္မော၊

နိဟုံဟုင်္ကော နိက္ကသာဝေါ ယတတ္တော။

ဝေဒန္တဂူ ဝုသိတဗြဟ္မစရိယော၊

ဓမ္မေန သော ဗြဟ္မဝါဒံ ဝဒေယျ။

ယဿုဿဒါ နတ္ထိ ကုဟိဉ္စိ လောကေ။

     ယော ဗြာဟ္မဏာ = အကြင် ဗြာဟ္မဏခေါ်တွင် ရဟန္တာ အရှင်သူမြတ်သည်။ ဗာဟိတပါပဓမ္မော = မကောင်းမှု ဟူသမျှကို အပပြုပြီး ဖြစ်တော်မူ၏။ နိဟုံဟုင်္ကော = တဟုန်းဟုန်း မာန်မူခြင်းမှလည်း ကင်းစင်ပေ၏။ နိက္ကသာဝေါ = ကိလေသာမည် ဖန်ရည်စိုစွတ်ခြင်းမှလည်း ကင်းရှင်း၏။ ယတတ္တော = ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်သော စိတ်လည်း ရှိတော်မူ၏။ (ဝါ) ယတတ္တော = သီလသံဝရဖြင့် စောင့်ထိန်းအပ်သော နှလုံးလည်း ရှိတော်မူ၏။ ဝေဒန္တဂူ = မဂ်ဉာဏ်လေးပါးတို့ဖြင့် သင်္ခါရတရားတို့၏ ဆုံးရာဧကန် စင်စစ်မှန်သော နိဗ္ဗာန်ထုတ်ချောက် မျက်မှောက်ပြုသောအားဖြင့် ရောက်တော်မူ၏။ (ဝါ) မဂ်ဉာဏ်လေးပါးတို့၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်သို့လည်း ရောက်တော်မူ၏။ ဝုသိတဗြဟ္မစရိယော = နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော မဂ်အကျင့်ကို ကျင့်သုံးတော်မူပြီး ဖြစ်တော်မူ၏။ ယဿ = အကြင်ရဟန္တာသခင် အရှင်သူမြတ်၏ (သန္တာန်၌)။ လောကေ = ဖြစ်လျှင်ပျက်ရ အလုံးစုံသော လောက၌။ (ဝါ) လောကတွင်။ ကုဟိဉ္စိ = ရောက်ဆိုက်တွေ့ကြုံ တစုံတခုသော အာရုံ၌မျှ။ ဥဿဒါ = ရာဂတရား ဖြစ်ပွါးထူခြင်း

၃၇၅

ရာဂုဿဒ, ဒေါသတရား ဖြစ်ပွါးထူပြောခြင်း ဒေါသုဿဒ, မောဟတရား ဖြစ်ပွါးထူပြောခြင်း မောဟုဿဒ, မာနတရား ဖြစ်ပွါးထူပြောခြင်း မာနုဿဒ, ဒိဋ္ဌိတရား ဖြစ်ပွါးထူပြောခြင်း ဒိဋ္ဌုဿဒ- ဤဥဿဒငါးမျိုး တရားဆိုးတို့သည်။ နတ္ထိ = တစိုးတစိ မရှိကြကုန်။ သော ဗြာဟ္မဏော = ထိုဗြာဟ္မဏခေါ်တွင် ရဟန္တာအရှင်သူမြတ်သည်။ ဓမ္မေန = မဖောက်မပြန် သင့်မြတ်လျော်ကန်သော အကြောင်းမှန်ဖြင့်။ ဗြဟ္မဝါဒံ = ငါကားဗြာဟ္မဏ မှန်မောလှဟု မြွက်ဟထင်လင်း ပြောဆိုခြင်းကို။ ဝဒေယျ = မရွံ့မကြောက် ရဲရဲတောက် ပြောဆိုရာ၏။

ဤ၌။ ။(၁) မကောင်းမှုကို အပပြုပြီးဖြစ်ခြင်း (၂) ထို့ကြောင့် တဟုန်းဟုန်း မာန်မူမှုမှ ကင်းစင်ခြင်း (၃) ကိလေသာမည် ဖန်ရည်တပ်စွန်းမှု ကင်းစင်ခြင်း (၄) သီလသံဝရဖြင့် စိတ်နှလုံးကို စောင့်သုံး ထိန်းချုပ်ပြီးဖြစ်ခြင်း (၅) အရဟတ္တဖိုလ် (သို့မဟုတ် နိဗ္ဗာန်)သို့ ရောက်ပြီးဖြစ်ခြင်း (၆) ထို့ကြောင့် မဂ်တည်းဟူသော မြတ်သောအကျင့်ကို အပြီးတိုင် ကျင့်သုံးပြီး ဖြစ်ခြင်း (၇) ထို့ကြောင့် ဥဿဒငါးမျိုး တရားဆိုးတို့ ဖြစ်ပွါးမှုမရှိခြင်း ဤတရား ခုနစ်ပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏခေါ်ဆိုသည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။)

မာရ်နတ်မင်း လက်လျှော့ အရှုံးပေးခြင်း

     ထိုသို့ မြတ်စွာဘုရားသခင် အဇပါလညောင်ပင်ရင်း၌ နေတော်မူသောအခါ မာရ်နတ်မင်းသည် ခုနစ်နှစ်ကြာ အပြစ်တင်ရန် အခွင့်အပေါက်ကို ရှာကြံလျက် မြတ်စွာဘုရားနောက်သို့ တကောက်ကောက် လိုက်ခဲ့ပါသော်လည်း အပြစ်တင်ရန် အမှုအပေါက်ကို အဏုမြူလောက်မျှပင် မရရှိခဲ့ရကား ဘုရားထံမှောက် သွားရောက်ပြီးလျှင်-

“အိုရဟန်းဂေါတမ.. သောကတရား လွှမ်းမိုး နှိပ်စက်အပ်သည်ဖြစ်၍ ဤတောအရပ်ဝယ် ကြံမှိုင်၍ နေဘိသလော၊ သင်သည် အရာအထောင်သောဥစ္စာကို ရှုံးခဲ့လေသလော၊ သို့မဟုတ် အရာအထောင်သော ဥစ္စာကိုတည်း

၃၇၆

တောင့်တကာ ကြံမှိုင်၍ နေဘိသလော၊ သို့မဟုတ် မြို့ရွာအတွင်း လွန်လွန်မင်းမင်း အကုသိုလ်မှု ပြုခဲ့မိသဖြင့် သူတပါးတို့၏မျက်နှာကို မကြည့်ဝံ့ပဲ ဤတောထဲ၌ လာရောက်ကာ ကြံမှိုင်၍ နေဘိသလော၊ အဘယ့်ကြောင့် လူအများနှင့် မိတ်ဆွေဖွဲ့မှုကို မပြုဘိသနည်း။ သင့်မှာ တစုံတယောက်နှင့်မျှ မေတ္တာနှီးရင်း မိတ်ဖွဲ့ခြင်း အလျှင်းမရှိပါတကား”–

ဟု မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်ထား ပြောကြားလေသည်။ ထိုအခါ မြတ်စွာဘုရားက-

“အို မာရ်နတ်.. ငါဘုရားသည် သောက၏ အကြောင်းရင်းတရားမှန်သမျှကို တူးဖြိုဖျက်ဆီးပြီးလျှင် အကုသိုလ်ဟူ မြူမျှမရှိပဲ စိုးရိမ်ခြင်း အလျှင်းကင်းမဲ့လျက် ဈာန်နှစ်ပါးကို ဝင်စားလျက်သာ ငါနေ၏။ ငါဘုရားသည် ဘဝတဏှာကို အကြွင်းမဲ့ ဖြတ်တောက်ပြီးလျှင် တွယ်တာတပ်မက်ခြင်း အလျှင်းမရှိပဲ ဈာန်နှစ်ပါးကို ဝင်စားလျက်သာ ချမ်းသာစွာ နေ၏။ (သင်ထင်သည့်အတိုင်း ဥစ္စာရှုံးသဖြင့် သောကရောက်ကာ ဥစ္စာကို လိုချင်သဖြင့် လောဘတပ်ကာ ငါ ကြံမှိုင်၍ နေသည်မဟုတ်)”–

ဟု ဖြေကြားသောအခါ မာရ်နတ်မင်းသည် တဖန်ထပ်၍-

“အိုရဟန်းဂေါတမ.. လောက၌ အကြင်လူ အကြင်ရဟန်းတို့သည် အကြင် ရွှေငွေစသော အသုံးအဆောင် အကြင် သင်္ကန်းစသော ပစ္စည်းလေးရပ်တို့၌ ဥစ္စာဟူ၍ စွဲလမ်း ပြောဆိုကြကုန်၏။ ထိုလူ ထိုရဟန်း ထိုရွှေငွေစသည် ထိုသင်္ကန်းစသည်တို့၌ သင်၏စိတ် ငြိကပ်တွယ်တာနေလျှင် သင်သည် ငါ၏နယ်ပယ် ဘဝသုံးသွယ်မှ ဘယ်နည်းနှင့်မျှ လွတ်နိုင်မည်မဟုတ်”–

ဟု ပြောဆိုပြန်၏။ ထိုအခါ မြတ်စွာဘုရားက-

၃၇၇

“အို မာရ်နတ်.. ငါဘုရားမှာ ရွှေငွေစသော အသုံးအဆောင် သင်္ကန်းစသော ပစ္စည်းလေးရပ်တို့၌ ဥစ္စာဟူ၍ တွယ်တာတပ်မက်ခြင်း အလျှင်းမရှိ၊ ငါဘုရားကား အခြားသူများကဲ့သို့ ငါ့ဥစ္စာဟူ၍ ပြောဆိုသူမဟုတ်ချေ။ အို မာရ်နတ်.. ငါဘုရားကို သင်သည် ဤသို့ထူးချွန် ပုဂ္ဂိုလ်မွန်ဟူ၍ မှတ်ယူဘိလော့၊ ဘဝသုံးပါးကို ငါဘုရား စွန့်ပယ်ပြီးဖြစ်ရကား သင်၏နယ်ပယ်ဖြစ်သည့် ဘဝသုံးပါး, ယောနိလေးပါး, ဂတိငါးပါး, ဝိညာဏဋ္ဌိတိ ခုနစ်ပါး, သတ္တာဝါသ ကိုးပါးတို့၌ ငါဘုရား၏ သွားရာလမ်းကြောင်းကို သင် မြင်ရလိမ့်မည်မဟုတ်”–

ဟု မိန့်တော်မူသောအခါ မာရ်နတ်မင်းသည် တဖန်ထပ်၍-

“အို ရဟန်းဂေါတမ.. အကယ်၍ သင်သည် နိဗ္ဗာန်သို့ရောက်ကြောင်း ဘေးကင်းရာ လမ်းကောင်းကို သိသည်ဖြစ်အံ့၊ သင်တဦးတည်းသာ သွားပါတော့လော၊ အဘယ့်ကြောင့် သူတပါးကို ဟောဖော်ချေချွတ်လိုရသေးသနည်း”-

ဟု ပြောဆို အညွန့်တက်ပြန်လေ၏။ ထိုအခါ မြတ်စွာဘုရားက-

“အို မာရ်နတ်.. (သင်သည် မည်သို့ပင် ဟန့်တားစေကာမူ) ငါဘုရားသည် ဘဝ၏ တဖက်ကမ်း နိဗ္ဗာန်နန်းသို့ ကူးသန်းလိုကြသူ နတ်လူဗြဟ္မာ သတ္တဝါတို့က သေခြင်းမှကင်းလွတ်ရာ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကို မေးလျှောက်ကြသည်ရှိသော် ထိုလူနတ်ဗြဟ္မာ သတ္တဝါတို့အား နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော တရားလမ်းကောင်းကို ဖြေကြား ဟောပြအံ့သည်သာဖြစ်၏”–

ဟု မိန့်ဆိုတော်မူလေရာ မာရ်နတ်မင်းသည် ရွာသူသားငယ်တို့ ရိုက်ချိုးသဖြင့် တက်မ (= လက်မ)ကျိုးသော ပုဇွန်ပမာ ကြံရာမရ ဖြစ်ရှိပြီးလျှင်-

၃၇၈

မေဒဝဏ္ဏဉ္စ ပါသာဏံ၊ ဝါယသော အနုပရိယဂါ။

အပေတ္ထ မုဒုံ ဝိန္ဒေမ၊ အပိ အဿာဒနာ သိယာ။


အလဒ္ဓါ တတ္ထ အဿာဒံ၊ ဝါယသေတ္တော အပက္ကမေ။

ကာကော၀ သေလမာသဇ္ဇ၊ နိဗ္ဗိဇ္ဇာပေမ ဂေါတမ။

ဂေါတမ = ဂေါတမအမည်ရှိသော မဟာသမ္မတမင်း၏ အနွယ်ဖြစ်တော်မူသော မြတ်စွာဘုရား..။ (ယထာ = ဥပမာဆိုသည် ရှိသော်ကား။) ဧတ္ထ = ဤအိအိရွဲရွဲ သားဆီခဲကြီး၌။ မုဒုံ = မွမွရွရွ နူးညံ့လှသော မံသဆိမ့်အီ အသားဆီကို။ အပိ ဝိန္ဒေမ = ရကုန်ငြားအံ့လည်း မသိ။ (ဝါ) ရကုန်မည်စင်စစ်တည်း။ အဿာဒနာ = ကြောခြင်စိမ့်စိမ့် ကိုယ်လုံးအိမ့်မျှ ချိုဆိမ့်လှစွာ အရသာဖြင့် သာယာမူးမေ့ လျှာအတွေ့သည်။ အပိ သိယာ = ဖြစ်ငြားအံ့လည်းမသိ။ (ဝါ) ဖြစ်မည်စင်စစ်တည်း။ (ဣတိ = ဤသို့အကြံ ဥပါဒါန်ဖြင့်။) ဝါယသော = ကျီးမိုက်သည်။ မေဒဝဏ္ဏဉ္စ = အဆီခဲအသွေးအဆင်း ရှိသည်သာလျှင်ဖြစ်သော။ ပါသာဏံ = ကျောက်လုံးကြီးကို။ အနုပရိယဂါ = အဋ္ဌဒိသာ ရှစ်မျက်နှာ၌ ချာချာလည်ပတ် ဝန်းဝိုင်းလတ်၍ အငတ်အားကြီး နှုတ်သီးအားကိုး ဆိတ်ဆွထိုးလေ၏။

သော ဝါယသော = ထိုကျီးမိုက်သည်။ တတ္ထ = ထိုကျောက်လုံးကြီး၌။ အဿာဒံ = သာယာကောင်းမြေ့ လျှာအတွေ့ကို။ အလဒ္ဓါ = မရသည်ဖြစ်၍။ ဧတ္တော = ထိုကျောက်လုံးကြီးမှ။ အပက္ကမေ = ရှောင်ခွါဆုတ်ရှဲ ဖယ်လွှဲရလေ၏။ သော ကာကော = ထိုကျီးမိုက်သည်။ တံ သေလံ = အဆီခဲလို ရွှန်းရွှန်းစိုသော ထိုကျောက်လုံးကို။ အာသဇ္ဇ = ထိုးဆိတ်ထိပါး၍။ နိဗ္ဗိဇ္ဇတိ ဣ၀ = ရသာအငွေ့ မြူတစေ့မျှ မတွေ့လေပဲ အပန်းသဲ၍ ဖယ်လွှဲရလေဘိ၏သို့။ မယမ္ပိ = အကျွန်ုပ်တို့သည်လည်း။

၃၇၉

ဘဝန္တံ = အရှင်ဘုရားကို။ အာသဇ္ဇ = နှောက်ယှက်ထိပါး စောင့်စားချုတ်ချယ်၍။ နိဗ္ဗိဇ္ဇာပေမ = အလိုပါမှု ဘာတခုမျှ မပြုနိုင်ပဲ နှလုံးကွဲမျှ အသဲနာကျင် ပူပင်ညှိုးချုံး စိတ်ကုန်ဆုံးလျက် ဒုန်းဒုန်းချပါကုန်တော့၏။-

ဟူသော ဤနိဗ္ဗေဇနီယ (= လက်လျှော့ညှိုးချုံး အရှုံးပေးသော) နှစ်ဂါထာတို့ကို ရွတ်ဆိုလေ၏။

မာရ်နတ်မင်းသမီးတို့ လာရောက်ဖြားယောင်းခြင်း

     ထို့နောက် မာရ်နတ်မင်းသည် “ငါကား အပြစ်တင်ရန် အခွင့်အပေါက်ကို ရှာကြံလျက် ဤမျှလောက် ကာလပတ်လုံး နောက်ယံတွယ်တာ လိုက်ခဲ့ပါသော်လည်း ဤသိဒ္ဓတ္ထမင်းသား၏ အပြစ်ပြုဖွယ် စဉ်းငယ်လောက်မျှ ချွတ်ချော်တိမ်းပါးသော အချက်များကို မတွေ့မမြင်ရချေ။ ယခုအခါ၌ကား ဤသိဒ္ဓတ္ထမင်းသားသည် ငါ၏ အလိုနိုင်ငံ ဘုံသုံးတန်ကို တော်လှန်လွန်မြောက် သွားခဲ့လေပြီ”ဟု တွေးတောပူပန် ကြံစည်ပြီးလျှင် အလွန်ပင် နှလုံးမသာယာခြင်းသို့ ရောက်ရှိရကား မြတ်စွာဘုရားနှင့် မနီးမဝေးသော လမ်းမကြီး၌ ကြံတွေးငေးမှိုင် တယောက်တည်း ဆောင့်ကြောင့်ထိုင်ပြီးနောက် တဆယ့်ခြောက်ပါးသော အကြောင်းများကို အဖန်ဖန် စိတ်ကူးပြီး မြေကြီးမှာ တဆယ့်ခြောက်ကြောင်းသော အရေးတို့ကို ရေးခြစ်ဆွဲငင်ကာ နေလေ၏။ တဆယ့်ခြောက်ကြောင်းသော အရေးတို့ကား-

(၁) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က ဒါနပါရမီကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ပဌမ အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၂) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က သီလပါရမီကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ၊

၃၈၀

ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ဒုတိယ အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၃) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က နေက္ခမ္မပါရမီကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် တတိယ အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၄) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က ပညာပါရမီကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် စတုတ္ထ အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၅) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က ဝီရိယပါရမီကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ၊ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ပဉ္စမ အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၆) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က ခန္တီပါရမီကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ၊ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ခြောက်ခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၇) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က သစ္စာပါရမီကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ

၃၈၁

ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ခုနစ်ခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၈) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က အဓိဋ္ဌာနပါရမီကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ရှစ်ခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၉) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က မေတ္တာပါရမီကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ကိုးခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၁၀) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က ဥပေက္ခာပါရမီကို မဖြည့်ကျင့် ဆည်းပူးခဲ့မိချေ၊ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ဆယ်ခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၁၁) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က သူတပါးတို့နှင့် မဆက်ဆံသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်ကို ရရန်အကြောင်း ကောင်းမှုဆယ်လီ ပါရမီတို့ကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ဆယ့်တစ်ခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၁၂) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က သူတပါးတို့နှင့် မဆက်ဆံသော

၃၈၂

အာသယာနုသယဉာဏ်ကို ရရန်အကြောင်း ကောင်းမှုဆယ်လီ ပါရမီတို့ကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ၊ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ဆယ့်နှစ်ခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၁၃) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က သူတပါးတို့နှင့် မဆက်ဆံသော မဟာကရုဏာ သမာပတ္တိဉာဏ်ကို ရရန်အကြောင်း ကောင်းမှုဆယ်လီ ပါရမီတို့ကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် ဆယ့်သုံးခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၁၄) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က သူတပါးတို့နှင့် မဆက်ဆံသော ယမကပါဋိဟာရိယဉာဏ်ကို ရရန်အကြောင်း ကောင်းမှုဆယ်လီ ပါရမီတို့ကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ၊ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် တဆယ့်လေးခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၁၅) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က သူတပါးတို့နှင့် မဆက်ဆံသော အနာဝရဏဉာဏ်ကို ရရန်အကြောင်း ကောင်းမှုဆယ်လီ ပါရမီတို့ကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် တဆယ့်ငါးခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

(၁၆) “ငါသည် ဤသိဒ္ဓတ်မင်းသားကဲ့သို့ ရှေးရှေးဘဝတို့က သူတပါးတို့နှင့် မဆက်ဆံသော

၃၈၃

သဗ္ဗညုတဉာဏ်ကို ရရန်အကြောင်း ကောင်းမှုဆယ်လီ ပါရမီတို့ကို မဖြည့်ကျင့် မဆည်းပူးခဲ့မိချေ။ ထို့ကြောင့်ပင် ဤအလောင်းမင်းသားနှင့် တူတန်ညီမျှသူ ငါမဖြစ်နိုင်”ဟု စိတ်ကူးလျက် တဆယ့်ခြောက်ခုမြောက် အကြောင်းအရေးကို ရေးခြစ် ဆွဲငင်လေ၏။

     ထိုအခါ တဏှာ, အရတိ, ရဂါ အမည်ရှိကြသော မာရ်နတ်မင်း၏ သမီးသုံးယောက်တို့သည် “ငါတို့၏ဖခင် (မာရ်နတ်မင်း)ကို မတွေ့မမြင်ရချေ၊ ယခုအခါ ငါတို့ဖခင်သည် အဘယ်အရပ်မှာ ရှိလေသနည်း”ဟု ကြည့်ရှုကြကုန်လတ်သော် နှလုံးမသာယာခြင်းသို့ရောက်၍ မြေပေါ်မှာ ရေးခြစ်လျက် ကြံတွေးငေးမှိုင် ဆောင့်ကြောင့်ထိုင်နေသော မာရ်နတ်မင်းကို မြင်ကြသဖြင့် ဖခင် မာရ်နတ်မင်းထံသို့ လျင်မြန်စွာ ချဉ်းကပ် ရောက်လာကြပြီးလျှင် “ဖခင်.. အဘယ့်ကြောင့် နှလုံးမသာယာပဲ ဆင်းဆင်းရဲရဲ ဖြစ်နေရပါသနည်း”ဟု မေးမြန်းကြကုန်၏။ မာရ်နတ်မင်းက “ချစ်သမီးတို့.. ဤရဟန်းကြီးဂေါတမသည် ငါဖခင်၏ အလိုနိုင်ငံ ဘဝသုံးတန်ကို တော်လှန်လွန်မြောက် သွားခဲ့လေပြီ၊ ဤမျှလောက် ခုနစ်နှစ်ကြာ ကာလပတ်လုံး အပြစ်တင်ရန် အခွင့်အပေါက်ကို တကောက်ကောက် လိုက်လံကြည့်ရှုပါသော်လည်း ထိုရဟန်းကြီးဂေါတမ၏ အမှုယွင်းဖောက် အပြစ်တင်ရန် အခွင့်အပေါက်ကို အဏုမြူလောက်မျှ မတွေ့ရချေ။ ထို့ကြောင့်ပင်လျှင် ငါဖခင်သည် နှလုံးမသာယာပဲ ငြိုငြင်ဆင်းကာ နေရ၏”ဟု သမီးသုံးယောက်တို့အား ပြောကြားလေသော် “ဖခင် ယင်းသို့ဖြစ်လျှင် ဘာတခုကိုမျှ ကြောင့်ကြ စိုးရိမ်တော်မမူပါလင့်၊ အကျွန်ုပ်တို့သည် ထိုရဟန်းကြီးဂေါတမကို မိမိ၏အလိုသို့ လိုက်ပါအောင် ဖြားယောင်းသွေးဆောင်၍ ဖခင်ထံမှောက် ရောက်အောင် ခေါ်ဆောင်ခဲ့ကြပါမည်”ဟု သမီးသုံးယောက်တို့က ပြောဆိုကြပြန်၏။

     ထိုအခါ မာရ်နတ်မင်းက “ ချစ်သမီးတို့.. ဤရဟန်းကြီးဂေါတမကို လောက၌ မည်သူတဦးတယောက်မျှ မိမိ၏ အလိုအကြိုက်သို့

၃၈၄

လိုက်ပါလာအောင် ဖြားယောင်းသွေးဆောင်ခြင်းငှါ တတ်နိုင်မည်မဟုတ်ချေ။ ဤရဟန်းကြီးဂေါတမသည် မတုန်မလှုပ် မြဲမြံခိုင်ခံ့သော အစလသဒ္ဓါ၌ တည်သူဖြစ်ပေသည်”ဟု ပြောဆိုလတ်သော် သမီးသုံးယောက်တို့က “ဖခင်.. အကျွန်ုပ်တို့သည် မိန်းမများဖြစ်ကြပါသည်၊ ယခုပင်လျှင် ထိုရဟန်းကြီးဂေါတမကို ရာဂကျော့ကွင်း စသည်ဖြင့် တုတ်နှောင်ဖွဲ့ချည်၍ အလျင်အမြန် ဖခင်ထံသို့ ခေါ်ဆောင်ခဲ့ကြပါကုန်အံ့၊ သို့အတွက် သင်ဖခင် စိတ်ပျက်ပူပင်ကာ မနေပါလင့်”ဟု ပြောဆိုကြပြီးနောက် နတ်သမီး သုံးယောက်တို့သည် ဘုရားထံမှောက် သွားရောက်ကြပြီးလျှင် “အရှင်ရဟန်း.. အရှင်မြတ်၏ ခြေရင်း၌ ဝပ်စင်းတုပ်ကွ နေထိုင်ကြပြီးလျှင် လိုသမျှ အာရုံကိုပေး၍ လုပ်ကျွေး ပြုစုကြပါရစေ”ဟု ဖြားယောင်းစကား ပြောကြား ကြကုန်၏။ မြတ်စွာဘုရားသည် ထိုမာရ်နတ်မင်းသမီး သုံးယောက်တို့ ပြောဆိုသော စကားကို နှလုံးသွင်းမှု မပြုသည့်ပြင် မျက်စိတော်ကိုပင် ဖွင့်၍မကြည့်ပဲ ဖလသမာပတ်ကို ၀င်စားကာ နိဗ္ဗာန်ချမ်းသာကို ခံစားလျက် နေတော်မူ၏။

     တဖန် မာရ်နတ်သမီး သုံးယောက်တို့သည် “ယောက်ျားတို့၏ အလိုဆန္ဒမှာ အမျိုးမျိုး ရှိကြ၏။ အချို့သော ယောက်ျားတို့သည် ကုမာရီနွယ် ပျိုရွယ်သူတို့၌ ချစ်ခင်ကြကုန်၏။ အချို့သော ယောက်ျားတို့သည် ပဌမအရွယ်သို့ ရောက်ရှိတည်နေသော မိန်းမတို့၌ ချစ်ခင်တပ်မက် နှစ်သက်ကြကုန်၏။ အချို့သော ယောက်ျားတို့သည် မဇ္ဈိမအရွယ်သို့ ရောက်ရှိတည်နေသော မိန်းမတို့၌ ချစ်ခင်တပ်မက် နှစ်သက်ကြကုန်၏။ သို့ဖြစ်၍ ငါတို့သည် အမျိုးမျိုးအစားစားသော အရွယ်အဆင်းတို့ဖြင့် ဤရဟန်းကြီးကို ဖြားယောင်းသွေးဆောင်ကြကုန်စို့”ဟု အချင်းချင်း ပြောဆိုတိုင်ပင်ပြီးနောက် တယောက်တယောက်လျှင် တရာစီ တရာစီ (၁) ကုမာရီနွယ် ပျိုရွယ်သူ မိန်းမများအသွင် (၂) သားမဖွားသေးသော မိန်းမများအသွင် (၃) တကြိမ်သားဖွားပြီးသော မိန်းမများအသွင် (၄) နှစ်ကြိမ် သားဖွားပြီးသော မိန်းမများအသွင်

၃၈၅

(၅) မိန်းမလတ်များအသွင် (၆) မိန်းမကြီးများအသွင် အမျိုးမျိုးအဖုံဖုံ လှပတင့်တယ် ချစ်ခင်ဖွယ်ဖြစ်အောင် ဖန်ဆင်းကြပြီးလျှင် ခြောက်ကြိမ်တိုင်တိုင် မြတ်စွာဘုရားထံမှောက်သို့ သွားရောက် ချဉ်းကပ်ကြကုန်လျက် ရှေးနည်းအတူ “အရှင်ရဟန်း.. အရှင်မြတ်၏ခြေရင်း၌ ဝပ်စင်းတုပ်ကွ နေထိုင်ကြပြီးလျှင် လိုသမျှအာရုံကိုပေး၍ လုပ်ကျွေး ပြုစုကြပါရစေ”ဟု ဖြားယောင်းစကား ပြောကြားကြသောအခါလည်း မြတ်စွာဘုရားသည် ရှေးနည်းအတူ ထိုမာရ်နတ်မင်းသမီး သုံးယောက်တို့ ပြောဆိုသော စကားကို နှလုံးသွင်းမှု မပြုသည့်ပြင် မျက်စိတော်ကိုပင် ဖွင့်၍မကြည့်ပဲ ဖလသမာပတ်ကို ၀င်စားကာ နိဗ္ဗာန်ချမ်းသာကို ခံစားလျက်သာ နေတော်မူ၏။

     ထိုအခါ မြတ်စွာဘုရားသည် “နတ်သမီးတို့.. ဖဲသွားကြကုန်လော့၊ သင်တို့သည် အဘယ်အကျိုးကို မြင်၍ ဤကဲ့သို့ အလိုပါကြောင်း ဖြားယောင်း သွေးဆောင်မှုကို ပြုလုပ်အားထုတ်ကြကုန်ဘိသနည်း၊ ဤအမှုမျိုးကို ရာဂ, ဒေါသ, မောဟ မကင်းသေးသော သူတို့၏ မျက်မှောက်၌သာ ပြုလုပ်ခြင်းငှါ လျောက်ပတ်၏၊ ငါဘုရားသည်ကား ရာဂတရားကို အကြွင်းမဲ့ ပယ်အပ်ပြီးပြီ၊ ဒေါသတရားကို အကြွင်းမဲ့ ပယ်အပ်ပြီးပြီ၊ မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်အပ်ပြီးပြီ”ဟု မိန့်ဆိုတော်မူပြီးလျှင် ကိုယ်တော်မြတ်၏ ကိလေသာတရား ပယ်စွန့်ထားပြီး ဖြစ်ပုံကို အာရုံပြု၍-

ယဿ ဇိတံ နာဝဇီယတိ၊

ဇိတမဿ နော ယာတိ ကောစိ လောကေ။

တံ ဗုဒ္ဓမနန္တဂေါစရံ၊

အပဒံ ကေန ပဒေန နေဿထ။


ယဿ ဇာလိနီ ဝိသတ္တိကာ၊

တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။

တံ ဗုဒ္ဓမနန္တဂေါစရံ၊

အပဒံ ကေန ပဒေန နေဿထ။

၃၈၆

ယဿ = အကြင်မြတ်စွာဘုရားသည်။ ဇိတံ = အောင်အပ်ပြီးသော ကိလေသာကို။ နာဝဇီယတိ = တဖန် မအောင်အပ်၊ (အောင်ဖွယ်မရှိဟု ဆိုလိုသည်)။ လောကေ = လောက၌။ အဿ = ထိုမြတ်စွာဘုရားအား။ ဇိတံ = အောင်အပ်ပြီးသော ကိလေသာသည်။ ကောစိ = တစုံတခုမျှ။ နော ယာတိ = အစဉ်မလိုက်။ (အထ = ထိုသို့ဖြစ်လျက်။) အနန္တဂေါစရံ = သဗ္ဗညုတဉာဏ်အစွမ်းဖြင့် အဆုံးမရှိသော ကျက်စားရားအာရုံ ရှိတော်မူထသော။ အပဒံ = ရာဂစသော အကြောင်းမရှိထသော။ တံ ဗုဒ္ဓံ = ထိုဘုရားရှင်ကို။ ကေန ပဒေန = အဘယ်အကြောင်းဖြင့်။ နေဿထ = ဆောင်ကုန်အံ့နည်း။

ယဿ = အကြင်မြတ်စွာဘုရားအား။ ကုဟိဉ္စိ = တစုံတခုသော လောကသို့။ နေတဝေ = ဆောင်ခြင်းငှါ။ ဇာလိနီ = ရစ်ပတ်မြှေးယှက် ကွန်ရက်နှင့် တူစွာထသော။ ဝိသတ္တိကာ = အဆိပ်လျင်သောသဘော ရှိထသော။ (ဝါ) အထူးသဖြင့် ကပ်ငြိတတ်ထသော။ တဏှာ = တဏှာသည်။ နတ္ထိ = မရှိ။ (အထ = ထိုသို့ဖြစ်လျက်။) အနန္တဂေါစရံ = သဗ္ဗညုတဉာဏ်အစွမ်းဖြင့် အဆုံးမရှိသော ကျက်စားရာအာရုံ ရှိတော်မူထသော။ အပဒံ = ရာဂစသော အကြောင်းမရှိထသော။ တံ ဗုဒ္ဓံ = ထိုဘုရားရှင်ကို။ ကေန ပဒေန = အဘယ်အကြောင်းဖြင့်။ နေဿထ = ဆောင်ကုန်အံ့နည်း။ (သင်္ဂဇာဆရာတော်၏ အနက်။)

     ဓမ္မပဒပါဠိတော် ဗုဒ္ဓဝဂ်လာ ဤနှစ်ဂါထာတို့ကို မြွက်ဆို မိန့်ကြားတော်မူ၏။ ထိုနတ်သမီး သုံးယောက်တို့သည် “ငါတို့ဖခင်သည် အမှန်ကိုပင် ပြောဆိုပေ၏။ ဤရဟန်းကြီး ဂေါတမသည် အရဟံဂုဏ်ရှင် သုဂတဂုဏ်ရှင် ဖြစ်တော်မူရကား လောက၌ ရာဂဖြင့် ဖြားယောင်းသွေးဆောင်ရန် လွယ်ကူသူမဟုတ်” ဤသို့ အစရှိသော ချီးမွမ်းစကားကို ပြောကြားကြပြီးလျှင် ဖခင် မာရ်နတ်မင်းထံသို့ ပြန်သွားကြကုန်၏။

၃၈၇

တရားတော်ကို အရိုအသေအလေးအမြတ်ပြု၍နေရန်

အကြံတော်ဖြစ်ခြင်း

     မြတ်စွာဘုရားသည် ဤအဇပါလ သတ္တာဟ၌ စံနေတော်မူစဉ်ပင် “သူတပါး၌ ရိုသေမှု ကျိုးနွံမှု မပြုပဲ (= ရိုသေကျိုးနွံရမည့်သူ မရှိပဲ) နေထိုင်ရခြင်းသည် ဆင်းရဲ၏၊ ငါသည် အဘယ်မည်သော ကိလေသာခပ်သိမ်း ငြိမ်းအေးပြီးသူ မကောင်းမှုကို အပပြုပြီးသူကို အရိုအသေ အလေးအမြတ်ပြု၍ ဆည်းကပ်ပြီးလျှင် နေရပါမည်နည်း”ဟု ကြံစည် စဉ်းစားတော်မူ၏။ ထိုအခါ မြတ်စွာဘုရားအား ဆက်၍ အကြံဖြစ်ပြန်သည်မှာ “ငါသည် မပြည့်စုံ မလုံလောက်သေးသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်ကို ပြည့်စုံ လုံလောက်စေရန် ငါ့ထက် သီလ, သမာဓိ, ပညာ, ဝိမုတ္တိဂုဏ်အားဖြင့် သာလွန်မြင့်မြတ်သူကို ဆည်းကပ်ပြီးလျှင် နေအံ့”ဟု ကြံစည်တော်မူ၍ ကိုယ်တော်မြတ်ထက် သီလ, သမာဓိ, ပညာ, ဝိမုတ္တိဂုဏ်အားဖြင့် သာလွန်မြင့်မြတ်သူကို သဗ္ဗညုတရွှေဉာဏ်တော်ဖြင့် ဆင်ခြင် ကြည့်ရှုတော်မူသောအခါ ကိုယ်တော်မြတ်ထက် သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်အားဖြင့် သာလွန်မြင့်မြတ်သူ ဘုံသုံးပါး၌ တဦး တယောက်ကိုမျှ မတွေ့ရှိရကား “ငါသည် မိမိထိုးထွင်း၍ သိပြီးသော တရားကိုသာလျှင် အရိုအသေ အလေးအမြတ်ပြု၍ နေရမူ ကောင်းလေစွာ့”ဟု အကြံအစည် ဖြစ်တော်မူပြန်၏။

     ထိုအခါ သဟမ္ပတိ ဗြဟ္မာကြီးသည် မြတ်စွာဘုရား၏ စိတ်အကြံအစည်ကို သိပြီးလျှင် ဘုရားထံမှောက်သို့ တခဏခြင်း လာရောက်ချဉ်းကပ်၍ လက်ဝဲဘက်ပခုံး၌ ဗြဟ္မာတဘက်ကို လောပတ်တင်ပြီးလျှင် လက်ျာဒူးကို မြေ၌ထောက် လက်အုပ်ကို ချီမြှောက်လျက် “ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား.. ရှင်တော်ဘုရား၏ ဤအကြံသည် ကြံစည်တော်မူတိုင်း မှန်ပါသည်ဘုရား၊ မြတ်စွာဘုရား.. အတိတ်ကာလ၌ ပွင့်တော်မူကြပြီးသော မြတ်စွာဘုရားတို့သည်လည်း တရားကိုသာလျှင် အရိုအသေ အလေးအမြတ်ပြု၍ နေတော်မူကြပါကုန်ပြီ၊

၃၈၈

နောက် အနာဂတ်ကာလ၌ ဖြစ်ပွင့်တော်မူကြမည့် မြတ်စွာဘုရားတို့သည်လည်း တရားကိုသာလျှင် အရိုအသေ အလေးအမြတ်ပြု၍ နေတော်မူကြပါကုန်လတ္တံ့။ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား.. ယခု ပစ္စုပ္ပန်ကာလ၌ ဖြစ်ပွင့်တော်မူဆဲဖြစ်သော အရှင်မြတ်ဘုရားသည်လည်း တရားကိုသာလျှင် အရိုအသေ အလေးအမြတ်ပြု၍ နေတော်မူစေချင်ပါ၏”ဟု လျှောက်ထားပြီးလျှင်-

ယေ စ အတီတာ သမ္ဗုဒ္ဓါ၊ ယေ စ ဗုဒ္ဓါ အနာဂတာ။

ယော စေတရဟိ သမ္ဗုဒ္ဓေါ၊ ဗဟူနံ သောကနာသနော။


သဗ္ဗေ သဒ္ဓမ္မဂရုနော၊ ဝိဟံသု ဝိဟရန္တိ စ။

အထောပိ ဝိဟရိဿန္တိ၊ ဧသာ ဗုဒ္ဓါန ဓမ္မတာ။


တသ္မာ ဟိ အတ္တကာမေန၊ မဟတ္တမဘိကင်္ခတာ။

သဒ္ဓမ္မော ဂရုကာတဗ္ဗော၊ သရံ ဗုဒ္ဓါန သာသနံ။-

ဟူသော ဤသုံးဂါထာကို တဖန်ဆက်၍ လျှောက်ပြန်လေသည်။

ဘန္တေ = ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား..။ အတီတာ = အတိတ်ကာလ၌ ဖြစ်ပွင့်တော်မူကြကုန်ပြီးသော။ ယေ စ သမ္ဗုဒ္ဓါ = အကြင် မြတ်စွာဘုရားတို့သည်၎င်း။ အနာဂတာ = အနာဂတ်ကာလ၌ ဖြစ်ပွင့်တော်မူကြကုန်လတံ့သော။ ယေ စ ဗုဒ္ဓါ = အကြင် မြတ်စွာဘုရားတို့သည်၎င်း။ ဧတရဟိ = ယခု ပစ္စုပ္ပန်ကာလ၌။ ဥပ္ပန္နော = ဖြစ်ပွင့်တော်မူဆဲဖြစ်သော။ ဗဟူနံ = များစွာသော နတ်လူဗြဟ္မာ သတ္တဝါတို့၏။ သောကနာသနော = သောကတည်းဟူသော ငြောင့်တံသင်းကို ပယ်ရှင်း ဖျက်ဆီးတော်မူတတ်သော။ ယော စ သမ္ဗုဒ္ဓေါ = အကြင် မြတ်စွာဘုရားသည်၎င်း။ အတ္ထိ = ရှိတော်မူ၏။

သဗ္ဗေ = ခပ်သိမ်းဥဿုံ အလုံးစုံသော တေကာလိက ဘုရားရှင်တို့သည်။ သဒ္ဓမ္မဂရုနော = တရားတော်ကို အရိုအသေ အလေးအမြတ် ပြုတော်မူကြကုန်လျက်။

၃၈၉

ဝိဟံသု စ = နေလည်း နေတော်မူကြကုန်ပြီ။ ဝိဟရန္တိ စ = နေလည်း နေတော်မူကြကုန်ဆဲ။ (ဂါရဝဗဟုဝုစ်ဖြစ်သည်။) အထောပိ = ထိုမှတပါး။ ဝိဟရိဿန္တိ စ = နေလည်း နေတော်မူကြကုန်လတ္တံ့။ ဧသာ = ဤသို့ တရားကိုသာ အရိုအသေပြု၍ နေခြင်းသည်။ ဗုဒ္ဓါနံ = သဗ္ဗညု မြတ်စွာဘုရားတို့၏။ ဓမ္မတာ = ထုံးတမ်းစဉ်လာ ဓမ္မတာပေတည်း။

တသ္မာ ဟိ- တသ္မာ ဧဝ = ထို့ကြောင့်သာလျှင်။ အတ္တကာမေန = အကျိုးရကြောင်း မိမိ၏ အစီးအပွါးကောင်းကို လိုလားတောင့်တသော။ မဟတ္တံ = အကျိုးကြီးမြတ် ပူဇော်အပ်သူ၏အဖြစ်ကို။ အဘိကင်္ခတာ = တောင့်တလင့်ဆို အလိုရှိသောပုဂ္ဂိုလ်သည်။ ဗုဒ္ဓါနံ = မြတ်စွာဘုရားတို့၏။ သာသနံ = သုံးပါးသိက္ခာ သာသနာကို။ သရံ- သရန္တေန = အောက်မေ့သည်ဖြစ်၍။ သဒ္ဓမ္မော = သူတော်ကောင်းတို့၏ဥစ္စာ တရားရတနာကို။ ဂရုကာတဗ္ဗော = ရိုသေကပ်ဆည်း နေ့ညဉ့်မှီး၍ ကျောက်ထီးတန္တု အလေးပြုအပ်၏။

     သဟမ္ပတိ ဗြဟ္မာကြီးသည် မြတ်စွာဘုရားကို ဤသုံးဂါထာကို လျှောက်ဆိုပြီးနောက် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ လက်ျာရစ်လှည့်ပြီးလျှင် ထိုနေရာမှာပင် ကွယ်ပျောက်၍ ဗြဟ္မာပြည်သို့ ရောက်လေသည်။ ထိုအခါ မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာကြီး၏ တောင်းပန် လျှောက်ထားချက်နှင့် ကိုယ်တော်မြတ်အား သင့်လျော် လျောက်ပတ်ချက်ကို ပြက်ပြက်ထင်ထင် သိမြင်တော်မူကာ ကိုယ်တော်မြတ်သိပြီးသော တရားတော်ကိုသာ အရိုအသေ အလေးအမြတ်ပြု၍ နေတော်မူလေ၏။ (နောက်အခါ သံဃာတော်တို့ (၁) ထေရ်ကြီးဝါကြီးတို့ များပြားမှု (= ရတ္တညုမဟတ္တ) (၂) သံဃာအရေအတွက် များပြားမှု (= ဝေပုလ္လမဟတ္တ) (၃) သာသနာတော် ကျယ်ပြန့်လာမှု (= ဗြဟ္မစရိယမဟတ္တ) (၄) လာဘ်လာဘ များပြားမှု (= လာဘဂ္ဂမဟတ္တ)

၃၉၀

ဤ မဟတ္တလေးပါးနှင့် ပြည့်စုံလာသောအခါ မြတ်စွာဘုရားသည် သံဃာ၌လည်း အရိုအသေ အလေးအမြတ်မှု ပြုတော်မူသည်၊ ထို့ကြောင့်ပင် မိထွေးတော် မဟာပဇာပတိဂေါတမီက မြတ်စွာဘုရားအတွက် သင်္ကန်းလျာအစုံ လှူဒါန်းလာသောအခါ “မိထွေးတော်.. သံဃာအား လှူပါလေ၊ သံဃာအား လှူအပ်သည်ရှိသော် ဘုရားကိုရော သံဃာကိုပါ ပူဇော်အပ်သည် ဖြစ်ပေလတံ့”ဟု မိန့်ဆိုတော်မူကာ သံဃာ၌ ရိုသေမှု မြတ်နိုးမှုကို အထင်အရှား ပြုတော်မူလေသည်။)

(၆) မုစလိန္ဒသတ္တာဟ

     မြတ်စွာဘုရားသည် ထိုအဇပါလ (= ဆိတ်ကျောင်း) ညောင်ပင်ရင်း၌ သီတင်းသုံးတော်မူကာ တရားတော်မြတ်ကို သုံးသပ် ဆင်ခြင်လျက် ခုနစ်ရက်ကို ကုန်လွန်စေပြီး၍ ထိုအဇပါလ ညောင်ပင်ရင်းမှ ဖဲခွါခဲ့ပြီးလျှင် မဟာဗောဓိပင်မှ အရှေ့တောင် မုစလိန္ဒာအိုင်အနီး ကျည်းပင်ရင်းသို့ ကြွသွားတော်မူပြီးလျှင် ထိုကျည်းပင်ရင်း၌ အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူကာ ခုနစ်ရက်ပတ်လုံး တခုတည်းသော ထက်ဝယ် (= တင်ပလ္လင်)ဖြင့် ထိုင်နေတော်မူ၏။

     ထိုအခါ အခါမဲ့မိုးကြီး (မိုးဥတုမရောက်မီ ရွာသောမိုးကြီး) ခုနစ်ရက်ပတ်လုံး ရွာဖြိုး စွေသွန်းလေသည်။ (ဤမိုးမျိုးကား စကြာမင်း ပေါ်ထွန်းသောအခါ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသောအခါ = ဤအခါနှစ်ပါး၌သာ ရွာသွန်းလေသည်။) ထိုမိုးကြီး ရွာသွန်းလတ်သော် မုစလိန္ဒာအိုင်၏ အောက်၌ရှိသော နဂါးဘုံဗိမာန်ကို အစိုးရသည့် အလွန် တန်ခိုးအာနုဘော်ကြီးသော မုစလိန္ဒာနဂါးမင်းသည် “ဤအခါမဲ့မိုးကြီးသည် ငါ၏ဘုံဗိမာန်အတွင်းသို့ မြတ်စွာဘုရားသခင် ဝင်လျှင်ဝင်ခြင်းပင် ရွာသွန်းခဲ့လေပြီ၊ မြတ်စွာဘုရားအတွက် နေထိုင်ရန်ကျောင်းတော်ကို ရရှိမှ သင့်ပေမည်”ဟု ကြံစည် စဉ်းစားကာ မုစလိန္ဒာနဂါးမင်းသည် မိမိကိုယ်တိုင်က ရတနာခုနှစ်ပါးဖြင့်ပြီးသော ပြာသာဒ်ကြီးကို

၃၉၁

ဖန်ဆင်းနိုင်သော တန်ခိုးအာနုဘော်နှင့် ပြည့်စုံသူ ဖြစ်စေကာမူ “ဤသို့ တန်ခိုးဖြင့် ရတနာပြာသာဒ်ကြီး ဖန်ဆင်း၍ လှူခဲ့သော် ငါ့မှာ အကျိုးကြီးလိမ့်မည်မဟုတ်၊ ငါသည် မြတ်စွာဘုရားအား ကိုယ်ဖြင့် ဝေယျာဝစ္စကောင်းမှု ပြုပေအံ့”ဟု ကြံစည်ပြီးလျှင် ကြီးမားလှစွာသော ခန္ဓာကိုယ်အတ္တဘောကို ဖန်ဆင်း၍ မြတ်စွာဘုရားကို အချမ်း, အပူ, မှက်, ခြင်, ယင်ရဲ စသည်တို့ မထိပါး မနှိပ်စက်နိုင်စေရန် အခွေခုနစ်ထပ် ရစ်ပတ်ကာရံလျက် ဦးခေါင်းတော်ထက်၌ ပါးပျဉ်းဖြင့် ဖြန့်ကြက်အုပ်ဖုံး ဆောင်းမိုး၍ ထားလေ၏။

(အခွေ၏ အတွင်းအရပ်သည် လောဟပါသာဒပြာသာဒ် အောက်ထပ်မျှ ကျယ်ဝန်း၏၊ မြတ်စွာဘုရားသည် အလိုတော်ရှိရာ လျောင်း, ထိုင်, ရပ်, သွား ဣရိယာပုထ်လေးပါးဖြင့် နေထိုင်တော်မူပါစေဟု နဂါးမင်း ရည်ရွယ်ရင်းဖြစ်၏။ ထိုကြောင့် ဤမျှ ကျယ်ဝန်းသောအရပ်ကို အခွေတို့ဖြင့် ရစ်ပတ်ခြင်းဖြစ်လေသည်။ အလိုတော်ရှိရာ ဣရိယာပုထ်ဖြင့် နေထိုင်တော်မူပါစေ ဟူသည်ကား နဂါးမင်း၏ အလိုဆန္ဒ ရည်ရွယ်ချက်မျှသာ ဖြစ်၏၊ မြတ်စွာဘုရားသည်ကား ထိုင်ခြင်း ဣရိယာပုထ်ဖြင့်ပင် ခုနစ်ရက်ကို လွန်စေတော်မူသည်။ အခွေ၏အတွင်း အလယ်၌ ရတနာပလ္လင်ကို ခင်းထားအပ်၏၊ ထိုပလ္လင်၏အထက်၌ ရွှေကြယ်တို့ဖြင့် ဆန်းကြယ်သော နံ့သာပန်းဆိုင်းများ တွဲလျားကျသော ဗိတာန်မျက်နှာကြက်ကို ကြက်အပ်၏။ လေးထောင့်တို့၌ နံ့သာဆီမီးတို့ကို ညီးညီးပြောင်ပြောင် ထွန်းဆောင်ညှိသီးအပ်ပေ၏။ အရပ်လေးမျက်နှာတို့၌ စန္ဒကူးနံ့သာ ကြုတ်တို့ကို ဖွင့်လှစ်၍ ထားအပ်ကုန်၏။ အခွေ၏အတွင်း အလယ်ချက်မ ရတနာပလ္လင်၌ မြတ်စွာဘုရား သီတင်းသုံး နေတော်မူ၍ ဖလသမာပတ်ချမ်းသာကို ခုနစ်ရက်ပတ်လုံး ဝင်စား ခံစား သုံးဆောင်တော်မူလေသည်)။ (မ-ဋ္ဌ ၂၊ မျက်နှာ ၉ဝ-မှ)။

     ဤသို့လျှင် မြတ်စွာဘုရားသည် မကျဉ်းမြောင်းသော ဂန္ဓကုဋီတိုက်အတွင်း၌ သီတင်းသုံးရသကဲ့သို့ မုစလိန္ဒာနဂါးမင်း၏ အခွေခုနစ်ထပ်အတွင်းမှာ သီတင်းသုံးတော်မူ၍ အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် ခုနစ်ရက်ကို ကုန်လွန်စေတော်မူပြီးသောအခါ မုစလိန္ဒာနဂါးမင်းသည် အလွန်မြင့်မား မိုးသားတိမ်ရိပ်

၃၉၂

ကင်းစင်သည့် ကောင်းကင်အပြင်ကို ကြည့်ရှုသိမြင်သဖြင့် မြတ်စွာဘုရားကို မိမိ၏ အခွေပါးပျဉ်းတို့ဖြင့် ရစ်ပတ်ဖုံးအုပ်ထားရန် မလိုတော့ရကား နဂါးအသွင်ကို ပယ်ဖျောက်ပြီးလျှင် ရှုချင်စဖွယ် လုလင်ငယ်အသွင် ဖန်ဆင်း၍ မြတ်စွာဘုရား၏ ရှေ့တော်၌ မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးလျက်သာ ရပ်တည်ကာနေလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် “ဖလသမာပတ်ဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစား၍ နေသောသူအား နေလေရာရာ အရပ်တိုင်းမှာပင် ချမ်းသာသုခ ဖြစ်၏”ဟူသော အကြောင်းကို ကောင်းစွာဆင်ခြင် သိမြင် ဝမ်းမြောက်တော်မူရကား ပီတိအဟုန်ကို ငုံ၍မထားနိုင်ပဲ-

သုခေါ ဝိဝေကော တုဋ္ဌဿ၊

သုတဓမ္မဿ ပဿတော။

အဗျာပဇ္ဇံ သုခံ လောကေ၊

ပါဏဘူတေသု သံယမော။


သုခါ ဝိရာဂတာ လောကေ၊

ကာမာနံ သမတိက္ကမော။

အသ္မိမာနဿ ယော ဝိနယော၊

ဧတံ ဝေ ပရမံ သုခံ။

ဝိဝေကော = ဥပဓိလေးတန် ဆိတ်ရာမှန်သည့် နိဗ္ဗာန်တရားသည်။ သုခေါ = အလွန်တရာ ချမ်းသာလှစွာ၏။ တုဋ္ဌဿ = လေးပါးသော မဂ်ဉာဏ်ဖြင့် ရည်သန်ချက်ပြည့်ဝ အားရရောင့်ရဲသော။ သုတဓမ္မဿ = ဉာဏ်ပညာစက္ခုအတွင်း ထင်လင်းပြီးသော တရားရှိသော။ (ဝါ) ထင်လင်းပြီးသော တရားရှိသောကြောင့်။ ပဿတော = ပညာမျက်စိဖြင့် ဥပဓိလေးတန် ဆိတ်ရာမှန်သည့် နိဗ္ဗာန်တရား, ထိုမှတပါး သိသင့်သမျှ တရားတို့ကို ကြည့်ရှုဆင်ခြင် အကြွင်းမဲ့သိမြင်သော ပုဂ္ဂိုလ်၏။ အဗျာပဇ္ဇံ = လူနတ်ဗြဟ္မာ သတ္တဝါတို့၌ အမျက်မပွါး မေတ္တာထားခြင်းသည်။

၃၉၃

လောကေ = လောက၌။ သုခံ = ချမ်းသာလှပေ၏။ ပါဏဘူတေသု = လူနတ်ဗြဟ္မာ သတ္တဝါတို့၌။ သံယမော = မညှဉ်းပန်း မနှိပ်စက်လို ဗြဟ္မစိုရ် ကရုဏာတရား ပွါးများခြင်းသည်။ သုခေါ = ချမ်းသာလှပေ၏။

လောကေ = လောက၌။ ကာမာနံ = ၀တ္ထုအာရုံ ကာမဂုဏ်တို့ကို။ သမတိက္ကမော = သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန် လွန်မြောက်ရာဖြစ်သော။ ဝိရာဂတာ = ရာဂကင်းသူဟူ၍ အသိဉာဏ်သဒ္ဓါတို့ဖြစ်ကြောင်း ကောင်းမြတ်သော အနာဂါမိမဂ်သည်။ သုခါ = ချမ်းသာလှပေ၏။ အသ္မိမာနဿ = ငါတလူလူ မာန်မူထောင်လွှားမှုကို။ ယော ဝိနယော = အပြီးအငြိမ်း ပယ်ဖျောက်ရာ အကြင် အရဟတ္တဖိုလ်သည်။ အတ္ထိ = ရှိ၏။ ဧတံ = ဤအရဟတ္တဖိုလ်သည်။ ဝေ = စင်စစ်။ ပရမံ သုခံ = သင်္ခတတရားအလုံးတွင် အမြတ်ဆုံးသော ချမ်းသာပေတည်း။

ဤဥဒါန်းစကား (နှစ်ဂါထာ)တို့ကို မြွက်ဆို ကျူးရင့်တော်မူလေ၏။

(၇) ရာဇာယတနသတ္တာဟ

     မြတ်စွာဘုရားသည် ကျည်းပင်ရင်း၌ အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူလျက် ခုနစ်ရက်လွန်မြောက် သတ္တမသတ္တာဟသို့ ရောက်သောအခါ ကျည်းပင်ရင်းမှ ဖဲခွါခဲ့ပြီးလျှင် မဟာဗောဓိပင်၏ တောင်မျက်နှာ ရာဇာယတန (= လင်းလွန်းပင်ရင်း)သို့ ကြွသွား ထိုင်နေတော်မူ၍ ထိုလင်းလွန်းပင်ရင်း၌ အရဟတ္တဖိုလ်ချမ်းသာကိုပင် ခံစားတော်မူကာ ခုနစ်ရက်ပတ်လုံး သီတင်းသုံး ထိုင်နေတော်မူ၏။

(ဤမျှဖြင့် ခုနစ်ရက် ခုနစ်လီ = သတ္တသတ္တာဟ = လေးဆယ့်ကိုးရက် ပြည့်ခဲ့လေပြီ၊ ဤလေးဆယ့်ကိုးရက် အတွင်း၌ မြတ်စွာဘုရားမှာ ခံတွင်းဆေးခြင်း, မျက်နှာတော်သစ်ခြင်း, ကိုယ်လက်သုတ်သင်ခြင်း (= ကျင်ကြီးကျင်ငယ် စွန့်ခြင်း), ရေချိုးတော်မူခြင်း,

၃၉၄

ဆွမ်းဘုဉ်းပေးတော်မူခြင်း, ရေသုံးဆောင်တော်မူခြင်း, လျောင်းစက်တော်မူခြင်း ကိစ္စများ အလျှင်းပင် မရှိချေ။ ဈာန်ချမ်းသာ ဖိုလ်ချမ်းသာဖြင့်သာ အချိန်ကို ကုန်လွန်စေတော်မူ၏။)

     ထိုအခါ လေးဆယ့်ကိုးရက် (= သတ္တသတ္တာဟ) ပြည့်မြောက်သော ဝါဆိုလဆန်း ၅-ရက် ဗုဒ္ဓဟူးနေ့တွင် ထိုလင်းလွန်းပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရားအား မျက်နှာတော်သစ်လိုသော စိတ်အကြံဖြစ်သည်ကို သိရှိ၍ သိကြားနတ်မင်းသည် ဆေးကြဇုသီးကို ဆက်ကပ်လေသည်။ ထိုကြဇုသီးကို မြတ်စွာဘုရားသည် ဘုဉ်းပေးတော်မူလေသည်။ ထိုဆေးကြဇုသီးကို ဘုဉ်းပေးပြီးလျှင်ပြီးခြင်း မြတ်စွာဘုရားအား သရီရဝလဉ္ဇနကိစ္စ (= ကိုယ်လက်သုတ်သင်ခြင်းခေါ်သည့် ကျင်ကြီးကျင်ငယ် စွန့်ခြင်းကိစ္စ) ဖြစ်လေသည်။ ထို့နောက် မြတ်စွာဘုရားအား သိကြားမင်းသည်ပင် နဂါးပြည်မှာဖြစ်သော ကွမ်းရိုးဒန်ပူကို၎င်း, (မျက်နှာသစ်ရန်) အနောတတ်အိုင်ရေကို၎င်း ဆက်ကပ် လှူဒါန်းလာသည်။ မြတ်စွာဘုရားသည် သိကြားမင်း ဆက်ကပ်လာသည့် ထိုကွမ်းရိုးဒန်ပူကို ဝါးတော်မူပြီးလျှင် အနောတတ်အိုင်ရေဖြင့် ခံတွင်းဆေးခြင်း, မျက်နှာတော်သစ်ခြင်း အမှုကိုပြု၍ ထိုလင်းလွန်းပင်ရင်း၌ပင် ထိုင်နေတော်မူလေ၏။

တပုဿနှင့် ဘလ္လိက (= ဘလ္လိယ) ကုန်သည်ညီနောင်တို့

ဒွေဝါစိကသရဏဂုံတည်ခြင်း

     ထိုအခါ တပုဿ (နောင်တော်)နှင့် ဘလ္လိက (ညီတော်) ကုန်သည်နှစ်ယောက်တို့သည် လှည်းအစီးပေါင်း ငါးရာတို့ဖြင့် မိမိတို့နေရာ ဥက္ကလာဇနပုဒ်မှ မဇ္ဈိမဒေသသို့ ကူးသန်းရောင်းဝယ်ရန် သွားကြကုန်သည်ရှိသော် မြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူရာ လင်းလွန်းပင်၏အနီး ခရီးမဖြင့် သွားကြကုန်ဆဲဖြစ်၏။ ထိုအခါ ရွှံ့ညွှန်ရေမရှိပဲ ညီညွတ်သောမြေအပြင်၌ပင် ထိုကုန်သည်ညီနောင်တို့၏ ကုန်တင်လှည်းများသည် ရွှံ့ညွှန်၌ နစ်ကျွံ၍နေသည့်ပမာ တန့်ရပ်ကာ တည်နေကြကုန်၏။ “အကြောင်း အဘယ်သို့ ရှိသနည်း”ဟု ကုန်သည်ညီနောင်တို့ ကြံစည်တိုင်ပင်၍

၃၉၅

နေကြစဉ်ပင် ထိုကုန်သည်ညီနောင်တို့၏ ရှေးဘဝက ဆွေမျိုးရင်းချာ တော်စပ်ခဲ့ဘူးသော နတ်သားသည် သစ်ပင်ခွထက်၌ ကိုယ်ထင်ရှားပြလျက် “အမောင်တို့.. မြတ်စွာဘုရားသည် ဘုရားဖြစ်၍ မကြာသေးမီ သတ္တသတ္တာဟ (= လေးဆယ့်ကိုးရက်) ကာလပတ်လုံး ဆွမ်းအစာအာဟာရ သုံးဆောင်တော်မမူပဲ အရဟတ္တဖိုလ် ချမ်းသာကိုသာ ခံစားတော်မူလျက် ယခုအခါ လင်းလွန်းပင်ရင်း၌ပင် နေထိုင်သီတင်းသုံးဆဲ ရှိနေသည်၊ အမောင်တို့သည် မြတ်စွာဘုရားကို ဆွမ်းအစာအာဟာရဖြင့် မြတ်နိုးကော်ရော် ပူဇော်ကြကုန်လော့၊ ယင်းသို့ မြတ်နိုးကော်ရော် ပူဇော်ခြင်းသည် အမောင်တို့အဖို့ရာ နေ့ရှည်ရက်လျား စီးပွါးချမ်းသာ ဖြစ်ပေလိမ့်မည်”ဟု ပြောဆိုလေ၏။

     ထိုစကားကိုကြား၍ ကုန်သည်ညီနောင်တို့သည် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကြကာ “ဆွမ်းချက်နေလျှင် အချိန်ကြာလိမ့်မည်”ဟု အောက်မေ့ ဆင်ခြင်ကြပြီးလျှင် မိမိတို့မှာ အသင့်ပါလာသော မုံ့ကြွက်ကျစ် (နှင့်) ပျားဆုပ်မုံ့တို့ကို ယူဆောင်ကြကာ မြတ်စွာဘုရားထံမှောက်သို့ သွားရောက်ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် သင့်လျောက်ပတ်ရာ အရပ်၌ ရပ်တည်ကြ၍.. “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် အကျွန်ုပ်တို့၏ မုံ့ကြွက်ကျစ် (နှင့်) ပျားဆုပ်မုံ့တို့ကို ခံယူတော်မူပါ။ ယင်းသို့ ခံယူတော်မူခြင်းသည် အကျွန်ုပ်တို့အဖို့ရာ နေ့ရှည်ရက်လျား စီးပွါးချမ်းသာ ဖြစ်ပါလိမ့်မည်”ဟု ရိုသေစွာ လျှောက်ထားကြကုန်၏။

     ထိုအခါ မြတ်စွာဘုရားသည် (သုဇာတာ၏ ဃနာနို့ဆွမ်းကို ခံယူသောနေ့ကပင် တောထွက်စဉ်အခါ ဃဋိကာရဗြဟ္မာကြီး ကပ်လှူသော မြေသပိတ် ကွယ်ပျောက်ခဲ့လေသောကြောင့်) “ရှေးရှေး နောင်တော် မြတ်စွာဘုရားတို့သည် လက်တော်တို့ဖြင့် အာဟာရကို အလှူမခံကြကုန်၊ ထို့ကြောင့် ငါသည် ယခု ကုန်သည်ညီနောင်တို့ လှူဒါန်းအပ်သော မုံ့ကြွက်ကျစ် (နှင့်) ပျားဆုပ်မုံ့တို့ကို အဘယ်အရာဝတ္ထုဖြင့် အလှူခံရပါမည်နည်း”ဟု

၃၉၆

ကြံစည်တော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံတော်ကို သိကြ၍ အရပ်လေးမျက်နှာတို့မှ ဓတရဋ္ဌ, ဝိရုဠှက, ဝိရူပက္ခ, ကုဝေရဟူသော စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည် ဣန္ဒနီလာ ကျောက်ညိုသပိတ် လေးလုံးတို့ကို မြတ်စွာဘုရားအား ရိုသေစွာ ဆက်ကပ် လှူဒါန်းကြလေသည်။ မြတ်စွာဘုရားသည် ထိုဣန္ဒနီလာ ကျောက်သပိတ် လေးလုံးတို့ကို အလှူမခံပဲ ပယ်မြစ်တော်မူ၏။ တဖန် နတ်မင်းကြီး လေးယောက်တို့သည် ပဲနောက်အဆင်းရှိသော (ပကတိ) ကျောက်သပိတ် လေးလုံးတို့ကို ဆက်ကပ် လှူဒါန်းကြပြန်ကုန်၏။ မြတ်စွာဘုရားသည် ထို(ပကတိ) ကျောက်သပိတ် လေးလုံးတို့ကို အလှူခံတော်မူပြီးလျှင် နတ်မင်းကြီး လေးယောက်တို့ကို သနားချီးမြှောက်တော်မူသောအားဖြင့် ထိုကျောက်သပိတ် လေးလုံးတို့ကို ထပ်လျက် “သပိတ်တလုံးတည်း ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန် ပြုတော်မူလိုက်လျှင် ထိုသပိတ်လေးလုံးသည် အနားလေးရစ်ရှိသော သပိတ်တလုံးတည်းအဖြစ်သို့ ရောက်လေ၏။

     မြတ်စွာဘုရားသည် ထိုသပိတ်ဖြင့် ကုန်သည်ညီနောင်တို့ လှူဒါန်းအပ်သော မုံ့ကြွက်ကျစ် (နှင့်) ပျားဆုပ်မုံ့များကို အလှူခံတော်မူ၍ ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ကုန်သည်ညီနောင်တို့နှင့် သင့်လျော် လျောက်ပတ်သော အနုမောဒနာတရားကို ဟောကြားတော်မူလေသည်။ ထိုအခါ ကုန်သည်ညီနောင် နှစ်ယောက်တို့သည် (ထိုအချိန်၌ သံဃာရတနာ မပေါ်ထွန်းသေးသောကြောင့်) မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ ဆည်းကပ်ကြကုန်လျက် “ဧတေ မယံ ဘန္တေ ဘဂဝန္တံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ”ဟု ဘုရားနှင့် တရားတော်ကိုသာ ရည်ညွှန်း၍ နှစ်ခွန်းသာဆိုရသော ဒွေဝါစိကသရဏဂုံတည် ဥပါသကာများ ဖြစ်ကြလေကုန်၏။ (ထိုသူနှစ်ဦးတို့သည်ပင် လောက၌ ပဌမဆုံး ဒွေဝါစိကသရဏဂုံတည်သူ ဥပါသကာများ ဖြစ်ကြသည်။)

၃၉၇

     ထိုအခါ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့အား အမြဲမပြတ် ဆည်းကပ်ကိုးကွယ် ပူဇော်ရန် ပူဇော်ဖွယ်ဝတ္ထု တခုခုကို ကရုဏာရှေ့ထား ပေးသနားတော်မူပါဘုရား”ဟု ကုန်သည်ညီနောင်တို့ လျှောက်ထားကြသဖြင့် မြတ်စွာဘုရားသည် လက်ျာလက်တော် (= ညာလက်တော်)ဖြင့် ကိုယ်တော်မြတ်၏ ဦးခေါင်းတော်ကို သုံးသပ်၍ ဆံတော်ဓာတ်တို့ကို ကုန်သည်ညီနောင်တို့အား ချီးမြှင့် ပေးသနားတော်မူလေ၏။ ကုန်သည်ညီနောင်တို့သည် ဆံတော်ဓာတ်တို့ကို ရရှိ၍ အမြိုက်ရည်ဖြင့် သွန်းလောင်းအပ်သည့်ပမာ လွန်စွာ ဝမ်းမြောက်ကြ၍ ရောင်းဝယ်ဖောက်ကားမှု ပြုကြပြီးနောက် မိမိတို့နေရာ ဥက္ကလာဇနပုဒ် ပေါက္ခရဝတီမြို့သို့ ပြန်လည် ဆိုက်ရောက်ကြလေလျှင် ဆံတော်ဓာတ်တို့ကို ရွှေကြုတ်အတွင်း ထည့်သွင်းကြ၍ စေတီတော်တည်ထား ကိုးကွယ်ကြလေကုန်၏။

ရာဇာယတနသတ္တာဟ ပြီး၏။

ဤအရာ၌ လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော “သတ္တဌာနဘုရားရှိခိုးလင်္ကာ”ကို သဒ္ဓါတရား ပွါးစိမ့်သောငှါ ထည့်သွင်း ဖော်ပြပေအံ့။

(၁) ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်၊ ပညိန္ဒြေ၊ ချွေရာမှန်သိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစံပယ်သည်၊ ၊ဘုန်းကြွယ် လက်ဦးပွဲပေကို။

(၂) နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူငြိမ်းချမ်း၊

၃၉၈

ပလ္လင်နန်းကို၊ ဖြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်၊ ၊ကြည်လင် ညွတ်နူးဘွယ်ပေကို။

(၃) သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတော်ဘုရား၊ ပျော်စံစားသည်၊ ၊တရား ဆင်ခြင်လျက်ပေကို။

(၄) လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဘွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်၊ ၊ရောင်ရှင် ခြောက်ဖြာညီးလို့ကို။

(၅) ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စမ္ပယ်နေသည်၊ ၊ရိုသေ မြတ်နိုးဘွယ်ပေကို။

(၆) ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညိုပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စမ္ပယ်နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်၊ ၊ရှေးကျိုး သမ္ဘာတော်ကြောင့်ကို။

(၇) ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်၊ ၊ကြီးမား ဉာဏ်တော်ဖွင့်လို့ကို။

၃၉၉

ထိုခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်၊ ၊ကောင်းကျိုးခပ်သိမ်း ပြည့်စေသော်။

သတ္တဌာနဘုရားရှိခိုး ပြီး၏။

သတ္တဌာနစံနေတော်မူခဏ်း ပြီး၏။

**********

အခဏ်း-၉

မြတ်စွာဘုရားသည် တရားတော်၏နက်နဲပုံကို

လေးနက်စွာ ဆင်ခြင်တော်မူခြင်း

     ထို့နောက် ဘုရားဖြစ်သည့် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မှ သတ္တသတ္တာဟ (= လေးဆယ့်ကိုးရက်) လွန်မြောက်၍ ရက်ပေါင်းငါးဆယ်သို့ရောက်သော ဝါဆိုလဆန်း ၆-ရက် ကြာသပတေးနေ့ နံနက်ခင်းအခါ မြတ်စွာဘုရားသည် လင်းလွန်းပင်ရင်း သီတင်းသုံး ထိုင်နေရာမှ ထပြီးလျှင် တဖန် အဇပါလ (= ဆိတ်ကျောင်း) ညောင်ပင်ရင်းသို့ပင် ကြွသွား ချဉ်းကပ်တော်မူလျက် ထိုအဇပါလညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ (= တင်ပလ္လင်ခွေ) ထိုင်နေတော်မူ၏။ ထိုအခါ နားမျက်စိ ဆိတ်ငြိမ်ရာသို့ ကပ်ချဉ်းမိကာ တပါးတည်း ကိန်းစံတော်မူသော မြတ်စွာဘုရားအား ဤသို့ စိတ်အကြံအစည် ဖြစ်တော်မူ၏-

     “သယမ္ဘူမှန် ပင်ထွက်ဉာဏ်ဖြင့် ငါဘုရားထိုးထွင်း၍ လင်းလင်းထင်ထင် သိမြင်အပ်ပြီးသော ဤသစ္စာလေးပါး တရားအစုသည် (မြေအထုကို ခံလင့်သော ရေထုပမာ) နက်နဲလှစွာ၏။ (မြင်းမိုရ်တောင်ကြီးဖြင့် ဖုံးအုပ်၍ထားအပ်သော မုန်ညင်းစေ့ပမာ) မြင်နိုင်ခဲလှစွာ၏၊ (အကြိမ်တရာ ခွဲစိတ်အပ်သော သားမြီးစွန်း တခုဖြင့် သားမြီးစွန်းတခုကို တည့်တည့်မှန်အောင် ထိုးရထောက်ရသည့်ပမာ) လွန်စွာ သိနိုင်ခဲလှ၏၊ ငြိမ်းချမ်းလှစွာ၏၊

၄၀၀

မွန်မြတ်လှစွာ၏၊ (ဤနှစ်ပုဒ်ကား လောကုတ္တရာတရားကို ရည်ရွယ်သည်။) တက္ကီသမားတို့၏ အကြံဝိတက်ဖြင့် သက်ဝင် ကျက်စားအပ်သော တရားမဟုတ်၊ (ဉာဏ်ပညာဖြင့်သာ သက်ဝင် ကျက်စားအပ်သော တရားဖြစ်၏။) သိမ်မွေ့လှစွာ၏၊ အကျင့်မှန်ကို ကျင့်ကြံကုန်ဘိ ပညာရှိတို့သာ သိမြင်အပ်သော တရားဖြစ်၏။ ဤသတ္တဝါအပေါင်းသည်ကား အာရုံငါးပါး ကာမဂုဏ်တရား တည်းဟူသော ကာမာလယ, ထိုကာမဂုဏ်ငါးပါးကို မှီဝဲသုံးဆောင်တတ်သည့် တဏှာလောဘ တည်းဟူသော တဏှာလယ- ထိုအာလယနှစ်ပါးတို့ဖြင့် မွေ့လျော် ထိုအာလယနှစ်ပါးတို့၌ ပျော်ပိုက်နှစ်ခြိုက် ခုံမင်၍ နေကြကုန်၏။ ယင်းသို့ အာလယနှစ်ပါးတို့ဖြင့် မွေ့လျော်, အာလယနှစ်ပါးတို့၌ ပျော်ပိုက် နှစ်ခြိုက် ခုံမင်၍ နေကြသော သတ္တဝါအပေါင်းသည် အကြောင်းအကျိုး ဆက်စပ်ဖြစ်ပွါးသည့် ဤပဋိစ္စသမုပ္ပါဒ်တရားကို သိမြင်နိုင်ခဲလှစွာ၏။ ခပ်သိမ်းသော သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ ကာမုပဓိ, ခန္ဓုပဓိ, ကိလေသုပဓိ, အဘိသင်္ခါရုပဓိ တည်းဟူသော ဥပဓိ အလုံးစုံကို အကုန်ပယ်စွန့်ရာ တဏှာအပြား တရာ့ရှစ်ပါးတို့၏ ကုန်ခန်းရာ, တထောင့်ငါးရာ ကိလေသာရာဂတို့၏ ကင်းရာ, ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားကိုကား သာ၍ပင် မြင်နိုင်ခဲလှစွာ၏။ ငါဘုရားကလည်း ထိုမျှလောက် နက်နဲသောတရားကို ဟောကြားငြားအံ့။ ဣန္ဒြေနုန့်သူ မကျွတ်ထိုက်သော နတ်လူတို့ကလည်း ငါဘုရား၏ ထိုတရားကို မသိမြင်နိုင် နားမလည်နိုင်ကြလျှင် ယင်းသို့ မသိမြင်နိုင်သူ နားမလည်သူ မကျွတ်ထိုက်သော နတ်လူတို့အား တရားဟောခြင်းသည် ငါဘုရား၏အတွက်တာ ပင်ပန်းနွမ်းနယ်ရုံသာ ဖြစ်လေရာ၏” ဤကဲ့သို့ မြတ်စွာဘုရားအား စိတ်အကြံအစည် ဖြစ်တော်မူလာ၏။

     ထို့ပြင်လည်း မြတ်စွာဘုရားမှာ အလွန်တရာ အံ့ဩဖွယ်ကောင်းသော ဤနှစ်ဂါထာတို့သည်လည်း ရှေးက မကြားဘူးကုန်ပဲ စိတ်ထဲ၌ ထင်ရှား ပေါ်လာကြပြန်ကုန်၏၊ ထိုနှစ်ဂါထာတို့ကား-

၄၀၁

(၁) ကိစ္ဆေန မေ အဓိဂတံ၊

ဟလံ ဒါနိ ပကာသိတုံ။

ရာဂဒေါသပရေတေဟိ၊

နာယံ ဓမ္မော သုသမ္ဗုဓော။


(၂) ပဋိသောတဂါမိံ နိပုဏံ၊

ဂမ္ဘီရံ ဒုဒ္ဒသံ အဏုံ။

ရာဂရတ္တာ န ဒက္ခန္တိ၊

ကမောခန္ဓေန အာဝုတာ။

(၁) မေ = ငါဘုရားသည်။ ကိစ္ဆေန = ပါရမီဖြည့်စဉ်အခါ ခဲယဉ်းစွာ ကျင့်ကြံအားထုတ်သဖြင့်။ အဓိဂတံ = ရရှိ သိမြင်အပ်သော။ ဣမံ ဓမ္မံ = ဤသစ္စာလေးပါး တရားအချက်ကို။ ဒါနိ-ဣဒါနိ = ငါဘုရား၏ သနားကြင်နာမှု တည်းဟူသော အဇ္ဈတ္တိကနိဒါန်းသာ ပြည့်စုံ၍ လောကဂရု ဗြဟ္မာ၏တောင်းပန်မှု တည်းဟူသော ဗာဟိရနိဒါန်း မပြည့်စုံသေးမီ ယခု လောလောဆယ်အခါ၌။ ပကာသိတုံ = နတ်လူတို့အား ထင်ရှားစွာ ဟောပြခြင်းငှါ။ ဟလံ = အခွင့်မလျော် မသင့်တော်သေးချေ။ အယံ ဓမ္မော = ဤသစ္စာလေးပါး တရားအချက်ကို။ ရာဂဒေါသပရေတေဟိ = ရာဂဒေါသတရားဆိုးတို့ လွှမ်းမိုးနှိပ်စက်အပ်ကုန်သော သူတို့သည်။ န သုသမ္ဗုဓော = လင်းလင်းထင်ထင် အလွယ်နှင့် သိမြင်ကြမည် မဟုတ်ချေ။

(၂) တမောခန္ဓေန = အဝိဇ္ဇာစု မှောင်အထုသည်။ အာဝုတာ = ပညာမျက်စိ ဘိတ်မရှိအောင် လွှမ်းဖိအုပ်ဖုံး အပ်ကုန်သည်ဖြစ်၍။ ရာဂရတ္တာ = ကာမရာဂ, ဘဝရာဂ, ဒိဋ္ဌိရာဂတို့ဖြင့် တပ်မက်စွဲလမ်းကြသူ နတ်လူ အပေါင်းတို့သည်။ နိပုဏံ = သိမ်မွေ့သော။ ဂမ္ဘီရံ = (မြေအထုကို ခံလင့်သော ရေထုပမာ) နက်နဲလှစွာသော။ ဒုဒ္ဒသံ = (မြင်းမိုရ်တောင်ကြီးဖြင့် ဖုံးအုပ်၍ ထားအပ်သော မုန်ညင်းစေ့ပမာ) မြင်နိုင်ခဲလှစွာသော။ အဏုံ = အဏုမြူပမာ

၄၀၂

သိမ်မွေ့စွာသော။ ပဋိသောတဂါမိံ = သံသရာ့အဆန် နိဗ္ဗာန်သို့ရောက်ကြောင်း သစ္စာလေးပါး တရားကောင်းကို။ န ဒက္ခန္တိ = မြင်နိုင်ကြလိမ့်မည် မဟုတ်ကုန်။ ။(ဤအကြံအစည်ကား ခပ်သိမ်းသော ဘုရားရှင်တို့အားပင် ဖြစ်မြဲဓမ္မတာ ဖြစ်သည်။)

     ထိုသို့ ကြံစည် ဆင်ခြင်တော်မူသော မြတ်စွာဘုရားအား (၁) သတ္တဝါတို့၏သန္တာန်၌ ကိလေသာထူပြောမှုဟူသော အကြောင်း၊ (၂) တရားတော်၏ အလွန်နက်နဲမှုဟူသော အကြောင်း၊ (၃) ကိုယ်တော်မြတ်၏ တရားတော်၌ အလွန်ရိုသေမှုဟူသော အကြောင်း ဤအကြောင်း သုံးပါးကြောင့် လောလောဆယ် တရားဟောရန်အရေး အားထုတ်မှု ကြောင့်ကြမှု မပြုသေးသောအနေဖြင့် စိတ်တော်အစဉ် ညွတ်လေ ဖြစ်လေသည်။

     ထိုစိတ်တော်အစဉ် ဟူသည်လည်း ရောဂါဝေဒနာအမျိုးမျိုးတို့ဖြင့် လွှမ်းမိုးနှိပ်စက်အပ်သော သူနာထံသို့ အကုအသ ရောက်ရှိလာသော ဆေးဆရာသည် 'အဘယ်ကုထုံး အဘယ်ဆေးများဖြင့် ဤသူနာ၏ အနာရောဂါကို ပျောက်ငြိမ်းအောင် ကုစားရပါမည်နည်း'ဟု ကြံစည်သကဲ့သို့ ဤအတူပင် ကိလေသာ အနာရောဂါအမျိုးမျိုး လွှမ်းမိုးနှိပ်စက်အပ်သော သတ္တဝါအပေါင်းကို၎င်း, တရားတော်၏ လွန်စွာနက်နဲ မြင်နိုင်ခဲ့ပုံ ကို၎င်း မြင်တော်မူသော မြတ်စွာဘုရား 'အဘယ်တရားကို ဤသတ္တဝါတို့အား ဟောရပါမည်နည်း၊ အဘယ်သို့သော တရားဆင်နည်းဖြင့် ဤသတ္တဝါတို့အား ဟောရပါမည်နည်း'ဟု သတ္တဝါတို့၏ သစ္စာလေးပါး တရားသိနိုင်ရေးကို ကြံတွေးဆင်ခြင်သည့် စိတ်အစဉ်သာလျှင်တည်း။ (“သတ္တဝါတို့အား ငါဘုရားသည် လုံးဝ တရားမဟောတော့ဘူး”ဟူ၍ စိတ်အားကို ဒုန်းဒုန်းလျှော့ချလိုက်ခြင်းမျိုး မဟုတ်။ အကျယ်ကို မိလိန္ဒပဉှာ၌ ကြည့်ရာ၏။)

တနည်းကား.. မြတ်စွာဘုရားရှင်တို့၏ တရားဟောတော်မူခြင်းသည် (၁) ကိုယ်တော်မြတ်တို့၏

၄၀၃

အဇ္ဈတ္တသန္တာန်၌ ဖြစ်ပွားသော သတ္တဝါတို့ကို သနားကြင်နာမှု = မဟာကရုဏာတော် တည်းဟူသော အဇ္ဈတ္တိကနိဒါန်း၊ (၂) လောကဂရု = တလောကလုံးက အလေးပြုအပ်သည့် ဗြဟ္မာမင်း၏ တရားဟောရန် တောင်းပန်ခြင်း = ဗြဟ္မယာစန တည်းဟူသော ဗာဟိရနိဒါန်းဟူ၍ အကြောင်းနိဒါန်းနှစ်ပါးရှိလေရာ ထိုမြတ်စွာဘုရား တရားတော်၏ နက်နဲပုံ သတ္တဝါတို့၏ ကိလေသာထူပြောပုံတို့ကို ဆင်ခြင်တော်မူသောအချိန်၌ မြတ်စွာဘုရား၏ မဟာကရုဏာတော် တည်းဟူသော အဇ္ဈတ္တိကနိဒါန်းကား ပြည့်စုံပြီး ရှိလေပြီ၊ ၂-အမှတ်ပါ ဗြဟ္မာမင်း၏ တောင်းပန်ခြင်း တည်းဟူသော ဗာဟိရနိဒါန်းကား ထိုအချိန်၌ မပြည့်စုံသေး (= ဗြဟ္မာ၏ တောင်းပန်မှုကား မဖြစ်သေး။) ထို့ကြောင့် ဗြဟ္မာမင်း၏ တောင်းပန်ခြင်း တည်းဟူသော ဗာဟိရနိဒါန်း ပြည့်စုံသောအခါသို့ရောက်မှ တရားဟောဖို့ရန် ဤသို့ စိတ်ညွတ်တော်မူခြင်းဖြစ်သည်။

ဗြဟ္မာမင်းတောင်းပန်မှ တရားဟောခြင်းသည် မြတ်စွာဘုရားရှင်တိုင်း၏ ဓမ္မတာကြီးတခု ဖြစ်သည်။ ထိုသို့ ဗြဟ္မာမင်းတောင်းပန်မှ တရားဟောခြင်း၏ အကြောင်းမှာ.. သာသနာပြင်ပ (= ဘုရားမပွင့်မီ) ဗာဟိရကာလ၌ လူဝတ်ကြောင်များ, ရသေ့ပရိဗိုဇ်များ, ရဟန်း ပုဏ္ဏားဟု သမုတ်အပ်သူ သူတော်စင်များတို့သည် ဗြဟ္မာကိုသာ အလေးပြု၍ ကိုးကွယ်ကြကုန်၏။ သို့ရကား လောကဂရု = တလောကလုံးက အလေးပြုအပ်သော ဗြဟ္မာကြီးက မြတ်စွာဘုရားကို အလေးပြုညွတ်တွား ကိုင်းရှိုင်းလာလျှင် တလောကလုံးကပင် မြတ်စွာဘုရားကို အလေးပြုညွတ်တွား ကိုင်းရှိုင်းပေလိမ့်မည်၊ သက်ဝင် ယုံကြည်ပေလိမ့်မည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားတို့သည် ဗြဟ္မာမင်းတောင်းပန်မှ တရားဟောတော်မူကြမြဲဓမ္မတာ ဖြစ်သည်။ ဤသို့ ဗြဟ္မာမင်း၏ တောင်းပန်ခြင်း တည်းဟူသော

၄၀၄

ဗာဟိရနိဒါန်း ပြည့်စုံသောအခါသို့ရောက်မှ တရားဟောဖို့ရန် ဤသို့ စိတ်ညွတ်တော်မူခြင်း ဖြစ်လေသည်။

သဟမ္ပတိဗြဟ္မာကြီး တရားဟောရန် တောင်းပန်လာခြင်း

(သဟမ္ပတိဗြဟ္မာကြီး ဟူသည်မှာ.. ကဿပမြတ်စွာဘုရား၏ သာသနာ၌ သဟကမည်သော မထေရ်မြတ်သည် ရူပါဝစရ ပဌမဈာန်ကိုရ၍ ဈာန်မလျှောကျပဲ စုတေသောအခါ ပဌမဈာန်ဘုံ၌ အန္တရကပ် ခြောက်ဆယ့်လေးကပ် = အသင်္ချေယျကပ် တကပ် အသက်ရှည်သော မဟာဗြဟ္မာကြီး ဖြစ်လေသည်။ ထိုမဟာဗြဟ္မာကြီးကို သဟမ္ပတိဗြဟ္မာ”ဟူ၍ ထိုဘုံသား ဗြဟ္မာတို့က အသိအမှတ်ပြုကာ ခေါ်ဆိုကြကုန်၏။ ။သံ-ဋ္ဌ ၁၊ ၁၈၂။ သာရတ္ထဋီ ၃၊ ၁၅၅-မှ)

     ထိုသို့ မြတ်စွာဘုရားအား တရားဟောရန်အရေး အားမထုတ်သေးသောအနေဖြင့် စိတ်ညွတ်တော်မူသောအခါ သဟမ္ပတိဗြဟ္မာကြီးအား “နဿတိ ၀တ ဘော လောကော၊ ဝိနဿတိ ဝတ ဘော လောကော- အစရှိသည်ဖြင့် အို အချင်းတို့.. လောကကြီးသည် ပျက်စီးတော့မည်ကကား၊ အို အချင်းတို့.. လောကကြီးသည် ပျက်စီးတော့မည်တကား၊ လောက၌ တရားအလုံးစုံကို အကုန်မကျန် အမှန်ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်သည်ဖြစ်၍ နတ်လူတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် အားမထုတ်သောအနေဖြင့် ညွတ်ခဲ့လေပြီတကား”ဟု ဤသို့ စိတ်အကြံဖြစ်ပြီးလျှင် ကိုယ်အား စိတ်အား လွန်ကြီးမားသော ယောက်ျားသည် ကွေးထားသောလက်ကို ဆန့်သကဲ့သို့၎င်း, ဆန့်ထားသောလက်ကို ကွေးသကဲ့သို့၎င်း ထို့အတူပင် သဟမ္ပတိ ဗြဟ္မာကြီးသည် မဟာဗြဟ္မာအပေါင်း တသောင်းတို့နှင့်တကွ ဗြဟ္မာပြည်၌ ကွယ်ခဲ့ပြီးလျှင် မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ ထင်ရှားပေါ်ပေါက်လာ၏။ ထိုအခါ သမ္ပတိဗြဟ္မာကြီးသည် အပေါ်ရုံ

၄၀၅

(ဗြဟ္မာ့တဘက်)ကို လက်ဝဲပခုံးထက်၌ တင်ထားကာ (= လောပတ်တင်ကာ) လက်ျာဒူးဝန်းကို မြေ၌ထောက်လျက် (= ဗြဟ္မာထိုင် ထိုင်လျက်) မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးပြီးသော်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား တရားဟောတော်မူပါလော့။ ကောင်းသောစကားကို ပြောကြားတော်မူတတ်သော မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းအား တရားဟောတော်မူပါလော့။ ဉာဏ်ပညာမျက်စိ၌ ကိလေသာမြူမှုန် နည်းပါးကုန်သော သတ္တဝါတို့သည် များစွာ ရှိကြပါကုန်၏။ ထိုသတ္တဝါတို့သည် မြတ်စွာဘုရား၏ တရားတော်ကို မကြားနာကြရကုန်သည်ရှိသော် မိမိတို့ ရသင့်ရထိုက်သော မဂ်ဖိုလ်တရားထူးမှ ဆုတ်ယုတ် ဆုံးရှုံးကြပါကုန်လိမ့်မည်။ မြတ်စွာဘုရားဟောကြားမည့် တရားတော်ကို သိမြင် နားလည်နိုင်သော သူတို့သည်လည်း ထင်ရှား ဖြစ်ပေါ်ကြပါကုန်လိမ့်မည်ဘုရား”–

ဟု လျှောက်ဆိုပြီးလျှင် တဖန် သဟမ္ပတိဗြဟ္မာကြီးသည် စုဏ္ဏိယ = စကားပြေဖြင့် လျှောက်ထားပြီးနောက် ဂါထာစကားဖြင့်လည်း ဤသို့ လျှောက်ထား တောင်းပန်ပြန်လေသည်-

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရား ပွင့်ထွန်းတော်မမူမီ ရှေးအခါက မဂဓတိုင်းတို့၌ ကိလေသာအညစ်အကြေး ရှိကြသည့် ပူရဏကဿပစသော တိတ္ထိဆရာကြီး ခြောက်ဦးတို့သည် ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှား ဖြစ်ပေါ်ခဲ့ပါပြီ။ သို့ဖြစ်၍ အရှင်မြတ်ဘုရားသည် (ကဿပမြတ်စွာ သာသနာ ကွယ်ပသည်မှစ၍ ပိတ်ဆို့၍နေသော) အမြိုက်နိဗ္ဗာန် ဝင်ရန်မှန်လှ မဂ်တံခါးမကြီးကို ဖွင့်လှစ်တော်မူပါလော့။ ဤသတ္တဝါအပေါင်းတို့သည် ကိလေသာ

၄၀၆

အညစ်အကြေးမှ ကင်းဝေးတော်မူသော ရှင်တော်မြတ်ဘုရား ထိုးထွင်း သိမြင်အပ်သည့် သစ္စာလေးပါး မြတ်တရားကို နာကြားကြပါကုန်စေ။

ကောင်းမြတ်ကြည်လင် ပညာရှင်ဖြစ်တော်မူ၍ ထက်ဝန်းကျင် မြင်စွမ်းနိုင်သည့် ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရား.. မျက်စိအမြင်ကောင်းသော ယောက်ျားသည် ကျောက်အတိပြီးသော တောင်ထိပ်၌ ရပ်တည်လျက် ထက်ဝန်းကျင်ရှိသူ လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ ပူဆွေးစိုးရိမ်ခြင်း ကင်းဝေးတော်မူပြီးသော မြတ်စွာဘုရားသည် ပညာဖြင့်ပြီးသော ရတနာပြာသာဒ်ထက်သို့ တက်တော်မူပြီးလျှင် (ပဋိသန္ဓေနေခြင်း, အိုခြင်း, နာခြင်း, သေခြင်း စသည်ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍) စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်း ကျရောက်နေသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ကြည့်ရှုတော်မူပါလော့။

ကြီးမြတ်ရဲရင့်သော လုံ့လဝီရိယ ရှိတော်မူလျက် အလုံးစုံသော စစ်ပွဲတို့၌ ရှုံးတော်မမူ အောင်ပွဲသာ ယူတော်မူသော မြတ်စွာဘုရား.. ထတော်မူပါလော့၊ ဝေနေယျ သတ္တဝါအပေါင်းကို ဇာတိခရီးခဲ, ဇရာခရီးခဲ အစရှိသည်တို့မှ လွတ်မြောက်စေကာ နိဗ္ဗာန်တည်းဟူသော ဘေးမဲ့အရပ်သို့ ပို့ဆောင်တော်မူတတ်သဖြင့် လှည်းကုန်သည်မှူးနှင့် အလားတူလျက် ကာမစ္ဆန္ဒတည်းဟူသော တဏှာမြီကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား.. လောက၌ တရားသဘင် ဆင်ယင်ကျင်းပရန် ဒေသစာရီ ကြွချီတော်မူပါလော့။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်မြတ်ဘုရားသည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းအား သစ္စာလေးပါး တရားကို ဟောကြားတော်မူပါလော့။ မြတ်စွာဘုရား ဟောကြားမည့် တရားတော်ကို သိမြင်နားလည်နိုင်သော သူတို့သည်လည်း ထင်ရှား ဖြစ်ပေါ်ကြပါကုန်လိမ့်မည်ဘုရား။

၄၀၇

     ဤသို့လျှောက်ထား တောင်းပန်ပြန်လေသည်။ (မြတ်စွာဘုရား ကိုယ်တော်မြတ်၏ သန္တာန်၌ တရားတော်၏ နက်နဲပုံ သတ္တဝါတို့၏ ကိလေသာထူပြောပုံကို ဆင်ခြင်တော်မူ၍ တရားဟောရန်အရေး အားမထုတ်သေးသောအနေဖြင့် စိတ်တော်အစဉ် ညွတ်လတ် ဖြစ်လတ်သောအခါ ဗြဟ္မာမင်း လာရောက်၍ တရားဟောရန် တောင်းပန်ခြင်းသည် ခပ်သိမ်းသော ဘုရားရှင်တိုင်း၏ ဓမ္မတာဖြစ်သည်။ ဗုဒ္ဓဝင်အဋ္ဌကထာ ဓမ္မတာသုံးဆယ်အဖွင့်မှ။)

မြတ်စွာဘုရားသည် သတ္တလောကကို ကြည့်ရှုတော်မူခြင်း

     ထိုသို့ သဟမ္ပတိဗြဟ္မာမင်း တရားဟောရန် တောင်းပန်သောအခါ မြတ်စွာဘုရားသည် (၁) ဗြဟ္မာမင်း၏ တောင်းပန်ခြင်း တည်းဟူသော ဗာဟိရနိဒါန်း၊ (၂) ကိုယ်တော်မြတ်၏ သတ္တဝါတို့၌ သနားကြင်နာတော်မူခြင်း မဟာကရုဏာတော် တည်းဟူသော အဇ္ဈတ္တိကနိဒါန်း ဤနိဒါန်းနှစ်ရပ် ပြည့်စုံပြီဖြစ်လတ်ရကား အာသယာနုသယဉာဏ်, ဣန္ဒြိယပရောပရိယတ္တဉာဏ်နှစ်ပါး တည်းဟူသော ဗုဒ္ဓစက္ခုအစုံဖြင့် သတ္တလောကကို ကြည့်ရှုတော်မူလေသည်။

     ထိုသို့ ကြည့်ရှုတော်မူသောအခါ ကြာညိုတော ကြာနီတော ကြာဖြူတောဝယ် ရေ၌ဖြစ်ပွါး ရေမှာပင် ကြီးထွား၍ ရေအတွင်း၌မြုပ်ကာ ဖွံ့ဖြိုးကြီးပွါးလျက်ရှိသော ကြာတမျိုး (၁)၊ ရေ၌ဖြစ်ပွါး ရေမှာပင် ကြီးထွား၍ ရေမျက်နှာပြင်နှင့်အညီ တည်ရှိသော ကြာတမျိုး (၂)၊ ရေ၌ဖြစ်ပွါး ရေမှာပင် ကြီးထွား၍ ရေမှအထက် စွင့်စွင့်တက်တည်ရှိကာ ရေနှင့် မလိမ်းကျံ မကပ်ငြိသော ကြာတမျိုး (၃)၊ (ထိုကြာသုံးမျိုးတို့အနက် ၃-အမှတ်ပါ ရေမှအထက် စွင့်စွင့်တက် တည်နေသော ကြာတို့ကား ယနေ့ပွင့်မည့် ကြာများဖြစ်သည်။ ၂-အမှတ်ပါ ရေမျက်နှာပြင်နှင့် တညီတည်း တည်နေသော ကြာတို့ကား နက်ဖြန် (နောက်တနေ့)၌ ပွင့်မည့်ကြာများ ဖြစ်သည်၊ ၁-အမှတ်ပါ ရေအတွင်း၌မြုပ်ကာ ဖွံ့ဖြိုး ကြီးပွါးလျက်ရှိသော ကြာကား တတိယနေ့ (= သန်ဘက်ခါ)၌

၄၀၈

ပွင့်မည့်ကြာများဖြစ်သည်။) ထိုကြာသုံးမျိုးမှ အလွတ်ဖြစ်၍ ရေမှအထက် လုံးဝမပေါ်တက်တော့ပဲ ပွင့်လည်း မပွင့်တော့ပဲ ငါးစာ လိပ်စာ ဖြစ်ရမည့် အနာရောဂါမကင်းသော ကြာတမျိုး (၄)၊ ဤကြာလေးမျိုးတို့အတူ ပညာမျက်စိ၌ ကိလေသာမြူမှုန် ကင်းစင် နည်းပါးသော သတ္တဝါ, ပညာမျက်စိ၌ ကိလေသာမြူမှုန် များပြားသော သတ္တဝါ, သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ တည်းဟူသော ဣန္ဒြေငါးပါး ထက်မြက်ရင့်ကျက်သော သတ္တဝါ, ထိုဣန္ဒြေငါးပါး နုန့်နှေးနုနယ်သော သတ္တဝါ, သဒ္ဓါအစရှိသော အခြင်းအရာ ကောင်းသော သတ္တဝါ မကောင်းသော သတ္တဝါ, ဟောအပ်သောတရားကို သိလွယ်မည့် သတ္တဝါ, သိနိုင်ခဲမည့် သတ္တဝါ, ခန္ဓာစသော လောကနှင့် ကိလေသာတရား ဒုစရိုက်တရား အဘိသင်္ခါရတရား ဘဝဂါမိ ကံတရား ဤအပြစ်များကို သန်လျက်ချီမိုး၍ ထိုးခုတ်အံ့သော ရန်သူယောက်ျားပမာ ကြောက်လန့်ဖွယ်မှု ဘေးအစုဟု ရှုလျက်နေသော သတ္တဝါ, ထိုသို့ မနေသော သတ္တဝါတို့ကို ပိုင်းခြား သိမြင်တော်မူလေ၏။

(ဤ၌ မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ကြည့်ရှုတော်မူသောအခါ (၁) ရေမှပေါ်တက်၍ နေထွက်လျှင်ထွက်ခြင်း ယနေ့ပင် ပွင့်မည့်ကြာများကဲ့သို့ အကျဉ်းမာတိကာ ဥဒ္ဒေသမျှ ဟောလိုက်လျှင်ပင် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြမည့် ဥဂ္ဃဋိတညူပုဂ္ဂိုလ်၊ (၂) ရေမျက်နှာပြင်နှင့်အညီ တည်နေကာ နက်ဖြန်ပွင့်မည့် ကြာများကဲ့သို့ အကျဉ်းမာတိကာ ဥဒ္ဒေသကို ကြားနာရရုံဖြင့် ကျွတ်တမ်းမဝင်သေးပဲ ထိုမာတိကာ ဥဒ္ဒေသကို အကျယ်ဝိတ္တာရ နိဒ္ဒေသပဒဘာဇနီ ချဲ့ထွင်၍ဟောမှ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြမည့် ဝိပဉ္စိတညူပုဂ္ဂိုလ်၊ (၃) ရေအတွင်း၌ နစ်မြုပ်ကာ ဖွံ့ဖြိုးကြီးပွါးလျက် တတိယနေ့ (သန်ဘက်ခါ)မှပွင့်မည့် ကြာများကဲ့သို့ တရားတော်ကို အကျဉ်းအကျယ် နာရသော်လည်း ထိုတထိုင်တည်း ကျွတ်တမ်းမဝင်သေးပဲ ကလျာဏမိတ်ဆွေတို့ကို မှီဝဲကာ ထိုတရားကို အဖန်ဖန် ပွါးများလေ့လာ နှလုံးသွင်း၍ နောက်ရက် နောက်လ နောက်နှစ်တို့သို့ရောက်မှ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြမည့် နေယျပုဂ္ဂိုလ်၊ (၄) ရေမှအထက်သို့ တက်လည်းမတက် ပွင့်လည်း မပွင့်တော့ပဲ ရေထဲမှာပင် ငါးစာ လိပ်စာ ဖြစ်ရမည့် အနာအဆာမကင်းသော

၄၀၉

ကြာမျိုးကဲ့သို့ ယခုဘဝ မည်မျှပင် တရားကို နာယူလေ့လာ ပွါးများသော်လည်း မဂ်ဖိုလ်ကိုမရပဲ နောက်နောက်ဘဝတို့အတွက် တရားအထုံဝါသနာ ပါရုံမျှအကျိုးရှိ၍ ကိလေသာတည်းဟူသော ငါးလိပ်တို့၏ အစာဖြစ်ကာ ဘဝဆုံးရသော ပဒပရမပုဂ္ဂိုလ် ဤပုဂ္ဂိုလ် လေးမျိုးတို့ကို အစုလိုက် အစုလိုက် မြင်တော်မူလေသည်။

ထိုသို့ မြင်တော်မူပြီးသောအခါ မြတ်စွာဘုရားသည် ထိုပုဂ္ဂိုလ် လေးမျိုးတို့အား ဆိုင်ရာအကျိုးကို သည်ပိုးရွက်ဆောင်နိုင်မည့် တရားဒေသနာကို ကောင်းစွာဆင်ခြင် သိမြင်တော်မူ၍ တရားဟောဖို့ရန် ထက်သန်သောဆန္ဒကို ဖြစ်စေတော်မူပြီးနောက် တဖန် ဘုံသုံးပါး၌ ရှိသမျှဥဿုံ အလုံးစုံသော သတ္တဝါတို့ကို ကျွတ်ထိုက်သော ဘဗ္ဗပုဂ္ဂိုလ်, မကျွတ်ထိုက်သော အဘဗ္ဗပုဂ္ဂိုလ်ဟူ၍ နှစ်စုနှစ်ပုံ ခွဲဝေ ဆင်ခြင်တော်မူလေ၏။ ထိုပုဂ္ဂိုလ်နှစ်မျိုးတို့တွင်လည်း အဘဗ္ဗပုဂ္ဂိုလ်တို့ကို ဖယ်ရှား မဆင်ခြင် မစဉ်းစားတော့ပဲ ကျွတ်ထိုက်သော ဘဗ္ဗပုဂ္ဂိုလ်တို့ကိုသာ ရွှေဉာဏ်တော်ဖြင့် သိမ်းဆည်း ယူငင်တော်မူပြီးလျှင် ရာဂစရိုက် ထူပြောသော သတ္တဝါတို့ကား ဤမျှတို့တည်း၊ ဒေါသစရိုက် ထူပြောသော သတ္တဝါတို့ကား ဤမျှတို့တည်း၊ မောဟစရိုက် ထူပြောသော သတ္တဝါတို့ကား ဤမျှတို့တည်း၊ ဝိတက်စရိုက် ထူပြောသော သတ္တဝါတို့ကား ဤမျှတို့တည်း၊ သဒ္ဓါစရိုက် ထူပြောသော သတ္တဝါတို့ကား ဤမျှတို့တည်း၊ ပညာစရိုက် ထူပြောသော သတ္တဝါတို့ကား ဤမျှတို့တည်းဟု ခြောက်ပုံ ခြောက်စု ပြုတော်မူပြီးလျှင် “ငါကား တရားကို ဟောတော့အံ့”ဟု ကြံစည်တော်မူလေ၏။)

     ထိုသို့ ခွဲဝေဆင်ခြင် သိမြင်တော်မူပြီးလျှင် မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာကြီးကို ဂါထာဖြင့် ဝန်ခံစကား ဤသို့ မြွက်ကြားတော်မူလေ၏-

အပါရုတာ တေသံ အမတဿ ဒွါရာ၊

ယေ သောတဝန္တော ပမုဉ္စန္တု သဒ္ဓံ။

ဝိဟိံသသညီ ပဂုဏံ န ဘာသိံ၊

ဓမ္မံ ပဏီတံ မနုဇေသု ဗြဟ္မေ။

     အဓိပ္ပါယ်ကား.. အို သဟမ္ပတိဗြဟ္မာကြီး.. ကျွတ်ထိုက်သသူ ထိုနတ်လူတို့အတွက် အမြိုက်နိဗ္ဗာန်သို့ ဝင်ရန်မှန်လှ မဂ္ဂင်ရှစ်ပါး တံခါးမကြီး (= ဝင်ပေါက်တံခါးကြီး) ရှစ်ပေါက်တို့ကို

၄၁၀

ငါဘုရားသည် ပိတ်ဆို့၍ မထားအပ်ပါကုန်၊ (အမြဲတစေ ဖွင့်လှစ်၍သာ ထားအပ်ပေကုန်၏။) သောတပသာဒ နားကောင်းကြသော နတ်လူတို့သည် ငါဘုရား၏အပေါ်၌ ယုံကြည်မှုသဒ္ဓါတရားကို စေလွှတ် ဖြစ်ပွါးစေကြပါကုန်။

     (သောတပသာဒ နားကောင်းကြသော သူတို့သာ ငါဘုရား ဟောကြားအပ်သော တရားကို နာယူနိုင်ကြပေမည်။ ထိုသူတို့သည်လည်း ငါဘုရားအပေါ် ယုံကြည်ခြင်း သဒ္ဓါတရားရှိမှသာ တရားတော်ကိုယ် ယုံကြည်စွာ ကျင့်ကြံကြ၍ နိဗ္ဗာန်တံခါး ပွင့်ကြပေမည်။ သောတပသာဒ နားပင်ကောင်းကြသော်လည်း ငါဘုရား အပေါ်၌ ယုံကြည်ခြင်းသဒ္ဓါတရား မရှိကြပါမူ တရားတော်ကိုလည်း မယုံကြည်ပဲ လိုက်နာပွါးများ အားထုတ်မှု ပြုကြလိမ့်မည် မဟုတ်၊ မယုံကြည် မလိုက်နာ မပွါးများ အားမထုတ်လတ်သော် နိဗ္ဗာန်တံခါး ပွင့်ကြလိမ့်မည် မဟုတ်၊ ထို့ကြောင့် သောတပသာဒ နားကောင်းကြသော သတ္တဝါတို့သည် ငါဘုရားအပေါ်၌ ယုံကြည်မှု သဒ္ဓါတရားကို စေလွှတ်ကာ တရား နာကြပါကုန်စေဟူ၍ ဆိုလိုရင်းဖြစ်သည်။

     တနည်းကား- ကဿပမြတ်စွာ သာသနာ ကွယ်ပချိန်မှစ၍ ယနေ့တိုင်အောင်ပင် ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန်တို့ကို မတွေ့ကြရသည့်အတွက် သတ္တဝါတို့၏ သန္တာန်၌ သဒ္ဓါတရားတည်းဟူသော ရတနာကို အထုပ်ပြုကာ လက်ဆုပ်ထဲ၌ ဆုပ်၍ထားသည့်ပမာ သဒ္ဓါတရားအစစ်အမှန် မဖြစ်နိုင်ပဲ ရှိခဲ့သည်။ ဤအတွင်း၌ တိတ္ထိဆရာကြီးတို့အား ကြည်ညိုခြင်းကား သဒ္ဓါတရား အစစ်မဟုတ်၊ မိစ္ဆာဓိမောက္ခ = အလွဲကို အမှန်ထင်သော အကုသိုလ်စိတ္တုပ္ပါဒ်မျှသာ ဖြစ်သည်။ ယခုမူ ဘုရားစစ် ဘုရားမှန် ပေါ်ထွန်းလာပြီဖြစ်၍ သောတပသာဒ နားကောင်းကြသော နတ်လူတို့သည် ကဿပမြတ်စွာ သာသနာကွယ်ပချိန်ကစ၍ အထုပ်ပြုကာ လက်ဆုပ်ထဲ၌ ဆုပ်၍ ထားရှိသကဲ့သို့သော သဒ္ဓါတရားတည်းဟူသော ရတနာထုပ် ရတနာလက်ဆုပ်ကို အထုပ်ဖြေကြပါကုန်စေ၊ လက်ဆုပ်ဖြေကြပါကုန်စေဟု ဆိုလိုသည်။)

၄၁၁

     အို သဟမ္ပတိဗြဟ္မာကြီး.. ငါဘုရားသည် ရှေးရှေး ရက်များကမူ တရားဟောရန် နိဒါန်းနှစ်ပါး မပြည့်စုံသေးရကား တရားဟောစေကာမူ သတ္တဝါတို့အား အကျိုးမရ၊ ငါဘုရား ပင်ပန်းရုံမျှသာရှိမည်ကို ကောင်းစွာ သိမြင်သဖြင့် မိမိ လေ့လာအပ်ပြီးသည့် မွန်မြတ်သောတရားကို လူနတ်ဗြဟ္မာ သတ္တဝါတို့အား မဟောကြားခဲ့ခြင်း ဖြစ်ပေသည်။

     ထိုအခါ သဟမ္ပတိဗြဟ္မာကြီးသည် “ငါ့ကို မြတ်စွာဘုရား တရားဟောရန် ဝန်ခံစကား မိန့်ကြား ခွင့်ပြုတော်မူလေပြီ”ဟု နှစ်သက်ရွှင်လန်း ဝမ်းမြောက်လျက် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီး၍ လက်ျာရစ် သုံးပတ်လှည့်ပြီးလျှင် ထိုနေရာ၌ပင် ကွယ်ပျောက် (= မိမိနေရင်း ဗြဟ္မာ့ပြည်သို့ ရောက်)လေ၏။

ဓမ္မစကြာတရားဟောရန်

မိဂဒါဝုန်တောသို့ ကြွတော်မူခြင်း

     ထိုသို့ သဟမ္ပတိဗြဟ္မာကြီး ပြန်သွားပြီးသောအခါ မြတ်စွာဘုရားသည် “ငါကား အဘယ်သူအား ရှေးဦးစွာ တရားဟောရပါမည်နည်း၊ အဘယ်သူသည် ငါဟောသောတရားကို လျင်မြန်စွာ သိပါမည်နည်း”ဟု ကြံစည်ဆင်ခြင်တော်မူသည်။ တဖန်ဆက်၍ “ကာဠာမ၏ အမျိုးအနွယ်ဖြစ်သော ဤအာဠာရဂိုဏ်းဆရာကြီးသည် ဇာတိပညာ, ဘာဝနာပညာ, ပါရိဟာရိကပညာ တည်းဟူသော ပညာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်ပေ၏၊ ရှည်လျားစွာသော ကာလကပင် ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန် ကင်းစင်သည့် အပ္ပရဇက္ခပုဂ္ဂိုလ်လည်း ဖြစ်ပေ၏၊ ငါဘုရားသည် ကာဠာမ၏ အနွယ်ဖြစ်သော အာဠာရဂိုဏ်းဆရာကြီးအား ရှေးဦးစွာ တရားဟောရမူ ကောင်းလေစွာ့၊ ထိုအာဠာရ ဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော တရားကို လျင်မြန်စွာ ထိုးထွင်းသိလိမ့်မည်”ဟူ၍ မြတ်စွာဘုရားအား အကြံအစည် ဖြစ်ပြန်လေသည်။

၄၁၂

     ထိုအခါ နတ်သားတယောက်သည် ကိုယ်ထင်မပြပဲ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ကာဠာမ၏ အနွယ်ဖြစ်သော အာဠာရဂိုဏ်းဆရာကြီးသည် သေလွန်၍ ခုနစ်ရက်ရှိခဲ့ပါပြီဘုရား”ဟု မြတ်စွာဘုရားအား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် နတ်သား လျှောက်ထားရုံမျှဖြင့် ပုံ၍ယုံကြည်မှု ဆုံးဖြတ်ချက်ချမှု ပြုတော်မမူဦးပဲ ကိုယ်တော်တိုင် သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ကြည့်ရှုတော်မူလတ်သော် နတ်သား လျှောက်ထားသည့်အတိုင်း လွန်ခဲ့သော ခုနစ်ရက်ကပင် အာဠာရဂိုဏ်းဆရာကြီးသည် စုတိပြတ်ကြွေ သေလွန်ခဲ့ပြီးလျှင် အရူပဗြဟ္မာလေးဘုံတို့အနက် သုံးဆင့်မြောက်ဖြစ်သော အာကိဉ္စညာယတနဘုံ၌ ဖြစ်သည်ကို သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ကောင်းစွာ သိမြင်တော်မူလေသည်။

     ထိုအခါ မြတ်စွာဘုရားအား “ကာဠာမ၏ အနွယ်ဖြစ်သော အာဠာရဂိုဏ်းဆရာကြီးသည် ရသင့်ရထိုက်သော မဂ်ဖိုလ်တရားမှ အရှုံးကြီး ရှုံးလေစွာ့တကား၊ အကယ်၍များ အာဠာရ ဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော ဤတရားတော်ကို ကြားနာရပါမူ လျင်မြန်စွာ သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေရာ၏”ဟု အကြံတော်ဖြစ်ပြီးလျှင် တဖန်ဆက်၍ “ငါကား အဘယ်သူအား ရှေးဦးစွာ တရားဟောရပါမည်နည်း။ အဘယ်သူသည် ငါဟောသောတရားကို လျင်မြန်စွာ သိပါမည်နည်း”ဟု အကြံဖြစ်ပြန်လေ၏။ ထိုအခါ “ရာမ၏ သားဖြစ်သော ဤဥဒက ဂိုဏ်းဆရာကြီးသည် အာဠာရနည်းတူ ပညာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်ပေ၏၊ ရှည်လျားစွာသော ကာလကပင် ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန်ကင်းစင်သည့် အပ္ပရဇက္ခပုဂ္ဂိုလ်လည်း ဖြစ်ပေ၏၊ ငါဘုရားသည် ရာမ၏သားဖြစ်သော ဥကဂိုဏ်းဆရာကြီးအား ရှေးဦးစွာ တရားဟောရမူ ကောင်းလေစွာ့၊ ထိုဥဒကဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော တရားကို လျင်မြန်စွာ ထိုးထွင်းသိမြင်လိမ့်မည်”ဟူ၍ မြတ်စွာဘုရားအား အကြံအစည် ဖြစ်ပြန်လေသည်။

၄၁၃

     ထိုအခါ နတ်သားတယောက်သည် ကိုယ်ထင်မပြပဲ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရာမ၏ သားဖြစ်သော ဥဒကဂိုဏ်းဆရာကြီးသည် ယမန်နေ့ညဉ့် သန်းခေါင်အချိန်ကပင် သေလွန်၍ သွားခဲ့ပြီဘုရား”ဟု မြတ်စွာဘုရားအား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် နတ်သား လျှောက်ထားရုံဖြင့် နတ်ကိုပုံ၍ ယုံကြည်မှု ဆုံးဖြတ်ချက်ချမှု ပြုတော်မမူဦးပဲ ကိုယ်တော်တိုင် သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ကြည့်ရှုတော်မူလတ်သော် နတ်သား လျှောက်ထားသည့်အတိုင်း လွန်ခဲ့သော ညဉ့်သန်းခေါင်ကပင် ဥဒကဂိုဏ်းဆရာကြီးသည် စုတိပြတ်ကြွေ သေလွန်ခဲ့ပြီးလျှင် အရူပဗြဟ္မာလေးဘုံတို့အနက် လေးဆင့်မြောက်သော (ဘဝဂ်ခေါ်သည့်) နေဝသညာနာသညာယတနဘုံ၌ ဖြစ်သည်ကို သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ကောင်းစွာ သိမြင်တော်မူလေသည်။

     ထိုအခါ မြတ်စွာဘုရားအား “ရာမ၏ သားဖြစ်သော ဥဒကဂိုဏ်းဆရာကြီးသည် ရသင့်ရထိုက်သော မဂ်ဖိုလ်တရားမှ အရှုံးကြီး ရှုံးလေစွာ့တကား၊ အကယ်၍များ ဥဒကဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော ဤတရားတော်ကို ကြားနာရပါမူ လျင်မြန်စွာ သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေရာ၏”ဟု အကြံတော်ဖြစ်ပြီးလျှင် တဖန်ဆက်၍ “ငါကား အဘယ်သူအား ရှေးဦးစွာ တရားဟောရပါမည်နည်း၊ အဘယ်သူသည် ငါဟောသောတရားကို လျင်မြန်စွာ သိပါမည်နည်း”ဟု အကြံတော် ဖြစ်ပြန်လေ၏။

     ထိုအခါ မြတ်စွာဘုရားအား ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် ငါဘုရား၏အပေါ်၌ လွန်စွာ ကျေးဇူးများကြကုန်၏၊ ယင်း ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် ဥရုဝေလ တောအုပ်အတွင်း၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ကြံနေသော ငါဘုရားကို ဆည်းကပ်နီးပါး ခစားလုပ်ကျွေးဘူးကြကုန်၏။ သိုဖြစ်၍ ငါသည် ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့အား ရှေးဦးစွာ တရားဟောရပါမူ ကောင်းလေစွာ့”ဟု အကြံတော်ဖြစ်ပြီးလျှင် တဖန်ဆက်၍

၄၁၄

“ယခုအခါ၌ ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့သည် အဘယ်အရပ်၌များ နေကြကုန်သနည်း”ဟု အကြံတော် ဖြစ်ပြီးနောက် ဒိဗ္ဗစက္ခု အဘိညာဏ်ဖြင့် ကြည့်ရှုတော်မူလတ်သော် ဗာရာဏသီပြည်အနီး ဣသိပတန အမည်ရှိသော “မိဂဒါဝုန်”တောကြီး၌ ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့ နေထိုင်ကြသည်ကို မြင်တော်မူလေ၏။

(ဤအရာ၌။ ။ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့ ကိုယ်တော်မြတ်အပေါ်၌ ကျေးဇူးများပုံကို ထည့်သွင်းစဉ်းစား ဆင်ခြင်တော်မူသည်ကား မြတ်စွာဘုရားသည် သူ့ကျေးဇူးကို အထူးအောက်မေ့သူဖြစ်၍ ဆင်ခြင်တော်မူလေသည်၊ ကျေးဇူးမပြုဘူးသူအား တရားမဟောလို၍ ဆင်ခြင်သည်မဟုတ်။)

     မြတ်စွာဘုရားသည် “ငါဘုရားသည် မိဂဒါဝုန်တောသို့ ကြွသွား၍ ဓမ္မစကြာတရားကို ဟောကြားမည်”ဟု ကြံစည်တော်မူပြီးလျှင် ဗောဓိမဏ္ဍိုင်ကုန်း၏ အနီးမှာပင် ဆွမ်းခံလှည့်လည်ကာ ဝါဆိုလဆန်း ၁၄-ရက်နေ့တိုင်အောင် နေတော်မူပြီးနောက် ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ နံနက်စောစောကပင် “ဗာရာဏသီပြည်သို့ ကြွသွားတော့အံ့”ဟု သပိတ်သင်္ကန်းကို ပြင်ဆင်ယူဆောင်ကာ တဆယ့်ရှစ်ယူဇနာ ဝေးကွာ သောခရီးကို မြေပြင်မှ ခြေလျင် ကြွသွားတော်မူလေ၏။

(မဟာဗောဓိနှင့် ဂယာ (= ဗုဒ္ဓဂယာ)ကား သုံးဂါဝုတ် ဝေးကွာ၏။ မဟာဗောဓိနှင့် ဗာရာဏသီပြည်မှာ တဆယ့်ရှစ်ယူဇနာ ဝေးကွာ၏။ ရှေးရှေး မြတ်စွာဘုရားရှင်တို့သည် ဓမ္မစကြာတရားကို ဟောကြားရန် မိဂဒါဝုန်တောသို့ ကောင်းကင်ခရီးဖြင့် ဈာန်ယာဉ်စီးကာ ကြွတော်မူကြကုန်၏။ အကျွန်ုပ်တို့၏ မြတ်စွာဘုရားမှာ ဥပကတက္ကတွန်း၏ အနာဂါမ်ဖြစ်လတံ့သောအကြောင်း ရှေးကောင်းမှုကို မြင်တော်မူသဖြင့် “ယခုအခါ ဥပကသည် ဤခရီးသို့ လာနေ၏၊ ထိုဥပကသည် ငါဘုရားကို ဖူးမြင်တွေ့ရှိ စကားနှီးနှော ပြောဆိုပြီး သွားလိမ့်မည်၊ နောက်တချိန်တွင် လူ့ဘောင်ကိုငြီးငွေ့၍ ငါဘုရားထံမှောက် လာရောက် တရားနာပြီးလျှင် ယခုဘဝ အနာဂါမ်အရိယာဖြစ်၍ ဒုတိယဘဝ၌ အဝိဟာဘုံသို့ ကပ်ရောက်ကာ ရဟန္တာဖြစ်လိမ့်မည်”ဟု သိတော်မူပြီးလျှင် တဆယ့်ရှစ်ယူဇနာ ဝေးကွာသောခရီးကို မြေပြင်မှ ခြေလျင် ကြွတော်မူလေသည်။)

၄၁၅

ဥပကတက္ကတွန်းနှင့် တွေ့တော်မူခြင်း

     ထိုသို့ မြတ်စွာဘုရားသည် မဟာဗောဓိမှ ဗာရာဏသီပြည်သို့ မြေပြင်မှ ခြေလျင် ကြွသွားတော်မူလတ်သော် မဟာဗောဓိနှင့် ဗုဒ္ဓဂယာ၏ အကြား၌ ခရီးသွားနေဆဲရှိသော ဥပကတက္ကတွန်းသည် မြတ်စွာဘုရားရှင်ကိုမြင်၍ အနီးသို့ ချဉ်းကပ်ပြီးလျှင် “ငါ့ရှင်.. သင်၏ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော ဣန္ဒြေခြောက်ပါးတို့သည် ကြည်လင်လှကုန်၏၊ ကိုယ်ရေအဆင်းသည်လည်း သန့်ရှင်းစင်ကြယ်လျက် ပြိုးပြိုးပြက် ရှိပေ၏။ ငါ့ရှင်.. သင်သည် အဘယ်ဆရာကို ရည်မှန်း၍ ရဟန်းပြုခဲ့ပါသနည်း၊ သင်၏ဆရာကား အဘယ်သူနည်း၊ အဘယ်သူ၏တရားကို သင် နှစ်သက်ပါသနည်း”ဟု မြတ်စွာဘုရားကို မေးမြန်းလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥပကတက္ကတွန်းကို ဂါထာဖြင့် ဤသို့ ဖြေကြားတော်မူ၏-

(၁) သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ၊

သဗ္ဗေသု ဓမ္မေသု အနုပလိတ္တော။

သဗ္ဗဉ္ဇဟော တဏှာက္ခယေ ဝိမုတ္တော၊

သယံ အဘိညာယ က-မုဒ္ဒိသေယျံ။

     ဥပက.. ငါဘုရားသည် ဘုံသုံးပါး၌ဖြစ်သော တရားအားလုံးကို လွှမ်းမိုးစိုးအုပ်၍ တည်သူဖြစ်၏။ တရားအလုံးစုံကို အကုန်အစင် အကြွင်းမဲ့ သိမြင်သူလည်းဖြစ်၏။ ခပ်သိမ်းသော တေဘူမကတရားတို့၌ တပ်မက်ခြင်း, ပြစ်မှားခြင်း, တွေဝေခြင်း အစရှိသည့် ကိလေသာတည်းဟူသော လိမ်းကျံခြင်းမှလည်း ကင်းစင်သူဖြစ်၏၊ ခပ်သိမ်းသော တေဘူမကတရားကို ပယ်ရှား စွန့်ပစ်ပြီးသူလည်း ဖြစ်၏၊ တဏှာ၏ကုန်ရာ နိဗ္ဗာန်၌ စိတ်ချညွတ်ညွတ် ကျွတ်လွတ်သက်ဝင်၍ တည်သူလည်းဖြစ်၏။ (သို့ရကား) တရားအလုံးစုံကို ဆရာမရှိ မိမိအလိုလို ထိုးထွင်းသိမြင်သူ ဖြစ်သောကြောင့် အဘယ်မည်သော သူတယောက်ကို “ဤသူကား ငါ၏ ဆရာတည်း”ဟု ညွှန်ပြဖွယ်ရာ ရှိအံ့နည်း၊ မရှိသည်သာ။

၄၁၆

(၂) န မေ အာစရိယော အတ္ထိ၊ သဒိသော မေ န ဝိဇ္ဇတိ။

သဒေဝကသ္မိံ လောကသ္မိံ၊ နတ္ထိ မေ ပဋိပုဂ္ဂလော။

     ဥပက.. ငါဘုရားအား ဆရာဟူ၍ မရှိ၊ (ထက်မြတ်သူ ဆရာကို မဆိုထားဘိ) ငါနှင့်တူသော သူသည်ပင် မရှိ။ နတ်နှင့်တကွသော သတ္တလောက၌ သီလအစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့် ငါဘုရား၏ ကိုယ်စားပြုလောက်သူပင် မရှိ။

(၃) အဟံ ဟိ အရဟာ လောကေ၊ အဟံ သတ္ထာ အနုတ္တရော။

ဧကောမှိ သမ္မာသမ္ဗုဒ္ဓေါ၊ သီတိဘူတောသ္မိ နိဗ္ဗုတော။

     ဥပက.. ငါသည် လောက၌ ပူဇော်အထူးကို ခံထိုက်သော အရဟံဂုဏ်ရှင် ဖြစ်ပေ၏၊ ငါသည် လောက၌ အတုမရှိ လွန်ကဲမြင့်မြတ်သော လူနတ်တို့၏ဆရာလည်း ဖြစ်ပေ၏၊ ငါသည် တရားအလုံးစုံကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်း သိမြင်နိုင်သည်ဖြစ်၍ ပြိုင်ဖက်မပြူ တဆူတည်းသာဖြစ်၏၊ ကိလေသာမီး အေးငြိမ်းပြီးသူလည်း ဖြစ်၏။

(၄) ဓမ္မစက္ကံ ပဝတ္တေတုံ၊ ဂစ္ဆာမိ ကာသိနံ ပုရံ။

အန္ဓီဘူတသ္မိံ လောကသ္မိံ၊ အာဟဉ္ဆံ အမတဒုန္ဒုဘိံ။

     ဥပက.. ငါဘုရားသည် ဓမ္မစကြာတရားကို ဟောကြားခြင်းငှါ ကာသိတိုင်း ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောသို့ သွားပေအံ့၊ ပညာမျက်စိ မရှိစမ်းတန်း သူကန်းသဖွယ်ဖြစ်သော နတ်လူအပေါင်း၌ တရားဒေသနာတည်းဟူသော အမြိုက်စည်ကြီးကို ရိုက်တီးဆော်ရွမ်းပေအံ့။ (တရားဒေသနာ တည်းဟူသော အမြိုက်စည်ကြီး ရိုက်တီးဆော်ရွမ်းရန် ကာသိတိုင်း ဗာရာဏသီပြည်သို့ ငါသွားအံ့ဟု ဆိုလိုသည်။)

     ထိုအခါ ဥပကတက္ကတွန်းသည် “ငါ့ရှင်.. သင်ဝန်ခံသည့် အတိုင်းသာဆိုလျှင် သင်သည် အနန္တဉာဏ်ရှင် မာရ်ငါးပါးကို အောင်မြင်ပြီးသူ ဖြစ်မှာဘဲ”ဟူ၍ မြတ်စွာဘုရားကို ပြောဆိုလေသည်။ မြတ်စွာဘုရားကလည်း-

၄၁၇

(၅) မာဒိသာ ဝေ ဇိနာ ဟောန္တိ၊ ယေ ပတ္တာ အာသဝက္ခယံ။

ဇိတာ မေ ပါပကာ ဓမ္မာ၊ တသ္မာဟမုပက ဇိနော။

     ဥပက.. ငါကဲ့သို့ သဘောရှိကုန်သော မြတ်စွာဘုရားတို့သည် အာသဝေါတရား လေးပါးတို့၏ကုန်ရာ အရဟတ္တမဂ်ဉာဏ်သို့ ရောက်တော်မူကုန်လျက် ယုတ်မာဆိုးဝါး အကုသိုလ်တရားတို့ကို ပယ်ရှား အောင်မြင်တော်မူကြကာ ဇိနအမည်တော် ရှိကုန်၏။ ငါသည်လည်း ထိုဘုရားတို့နည်းတူ အာသဝက္ခယ (= အရဟတ္တမဂ်) ဉာဏ်သို့ရောက်လျက် ယုတ်မာဆိုးဝါး အကုသိုလ်တရားတို့ကို ပယ်ရှားအောင်မြင်ပြီး ဖြစ်သောကြောင့် ဇိနအမည်တော်ရှိ၏ဟူ၍ ဥပကတက္ကတွန်းကို မိန့်တော်မူလေ၏။

     ထိုအခါ ဥပကတက္ကတွန်းသည် “ငါ့ရှင်.. သင်ပြောသည့်အတိုင်း ဟုတ်တန်ရာ၏”ဟု ပြောဆိုလျက် ဦးခေါင်းကို ညိတ်ပြီးလျှင် လမ်းခရီးကို ဖယ်လွှဲ၍ ဝင်္ကဟာရဇနပုဒ်သို့ သွားလေ၏။ (ဤသို့ မြတ်စွာဘုရားနှင့် စကားနှီးနှော အမေးအဖြေ အပြန်အလှန် ပြောလိုက်ရခြင်းသည်ပင် ဥပက၏အဖို့ရာ နောက်အခါ၌ ရဟန်းပြုဖို့ရန် အားကိုးရန် အကြောင်းတခု ဖြစ်လေ၏။ မှန်၏.. ဥပကသည် အဓိကာရ (= အထိကရ) ကောင်းမှု ကုသိုလ်ထူးရှိသော သူပေတည်း၊ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် ထိုဥပကနှင့် တွေဆုံရန် ခြေလျင် ကြွတော်မူခဲ့ခြင်း ဖြစ်သည်။)

(ဤ၌။ ။ဓမ္မစကြာတရား မဟောမီ မြတ်စွာဘုရား ဟောကြားအပ်သည့် တရားစကားကို ကြားနာရသူတို့မှာ မဂ်ဖိုလ်မရ၊ တရားအထုံ ဝါသနာပါရုံမျှ အကျိုးခံစားရမြဲ ဓမ္မတာဖြစ်သောကြောင့် ဥပကသည် ဤမျှနက်နဲသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးနှင့်စပ်သည့် တရားစကားကို ကြားနာရပါသော်လည်း မဂ်ဖိုလ်ကိုမရပဲ နောက်အခါ ရဟန်းပြုရန် အထုံဝါသနာပါရုံမျှ အကျိုးခံစားရလေသည်။)

ဥပကဝတ္ထု အကျဉ်းချုပ်

ဥပကတက္ကတွန်းသည် ဝင်္ကဟာရဇနပုဒ်၌ မုဆိုးရွာငယ်တခုကို အမှီပြု၍ ထိုမုဆိုးရွာငယ်တွင် အကြီးအကဲဖြစ်သော

၄၁၈

မုဆိုး၏ ကိုးကွယ် လုပ်ကျွေးခြင်းကိုခံလျက် ကျောင်းငယ်တခုဖြင့် နေလေ၏။ (ထိုဇနပုဒ်၌ မှက်ကြမ်းဘေး ထူပြောလှသောကြောင့် ဥပကတက္ကတွန်းကို အိုးစရည်းကြီးတလုံး၌ နေစေကြကုန်၏။)

မုဆိုးသည် ဝေးစွာသော သမင်တောသို့ သွားလိုသည်ဖြစ်၍ “သမီး.. ငါတို့၏ဆရာ ရဟန္တာအရှင်မြတ်အား လျောက်ပတ် ကောင်းမွန်စွာ ပြုစုလုပ်ကျွေးရစ်လော့၊ မမေ့မလျော့နှင့်”ဟု သမီး စာပါ (ဆာဝါ၊ သုတ္တနိ-ဋ္ဌ၊ ၁၊ ၂၄၈။ ။မ-ဋ္ဌ၊ ၂၊ ၉၄။)ကို မှာထားခဲ့၍ သားများ ညီများနှင့်တကွ တောအရပ်သို့ သွားလေ၏။

မုဆိုးကြီး၏သမီး စာပါသည်ကား ကြည့်ရှုချင်ဖွယ် တင့်တယ်လှပ၏၊ မိန်းမတို့၏ ပြည့်စုံဖွယ်ရာ ကိုယ်အင်္ဂါ အစိတ်အပိုင်း အဖို့အစုနှင့် ပြည့်စုံ၏။ ဖခင်မုဆိုးကြီး ခရီးထွက်၍ နောက်တနေ့၌ ဥပကတက္ကတွန်းသည် မုဆိုးကြီးအိမ်သို့ လာလတ်သော် ဆွမ်းပြင်ဆင်မှု စသည်ကိုပြု၍ ဆွမ်းကျွေးရန် အနီးသို့ကပ်လာသော ထိုမုဆိုးသမီး စာပါကိုမြင်၍ ရာဂဖြင့် နှိပ်စက်အပ်ရကား ဆွမ်းကိုပင် မစားနိုင်ပဲ ခွက်ဖြင့် ဆွမ်းကိုယူ၍ မိမိနေရာသို့သွားပြီးလျှင် ဆွမ်းခွက်ကို သင့်လျော်ရာ၌ ချထား၍ “စာပါကိုရမှ ငါ့အသက် ရှင်တော့မည်၊ မရလျှင် ငါသေတော့မည်”ဟု အောက်မေ့ကာ အစာမစားပဲ လျောင်းလဲ အိပ်စက်၍နေ၏။

ခုနစ်ရက်မြောက်နေ့၌ မုဆိုးကြီးသည် အိမ်သို့ ပြန်လာပြီး သမီးစာပါကို ဆရာဥပက၏ အကြောင်းခြင်းရာကို မေးမြန်းလတ်သည်တွင် စာပါက “ဖခင်.. ဖခင်၏ဆရာ ဥပကသည် တနေ့သာ အိမ်သို့လာ၍ နောက်ထပ် မလာတော့ပါဘူး”ဟု ပြောဆိုလေသော် ဖခင်မုဆိုးကြီးသည် (အဝတ်အစားလဲလှယ်မှု မပြုနိုင်ပဲ) တောမှလာခဲ့သော အသွင်ဖြင့်ပင် “ဆရာဥပကကို ချဉ်းကပ်၍

၄၁၉

အကြောင်းအရာကို မေးအံ့”ဟူ၍ ကြံကာ ထိုခဏမှာပင် ဆရာဥပက၏ နေရာသို့ သွားရောက်၍ “ဘယ်လို မကျန်းမာခြင်းမျိုးလဲဘုရား..”ဟု ခြေတို့ကို စမ်းသပ်ဆုပ်နယ်ကာ မေးမြန်းလေ၏။ ဥပကတက္ကတွန်းသည် အဖြေစကား မပြောကြားသေးပဲ ညည်းတွား၍သာ ဘယ်စောင်းညာပြန် လူးလဲ၍ နေလေ၏။ မုဆိုးကြီးက “ပြောသာပြောပါ အရှင်ဘုရား၊ အကျွန်ုပ်ပြုလုပ်နိုင်သော အရာခပ်သိမ်းကို ပြုလုပ်ပေးပါမည်”ဟူ၍ ဆိုလေသော် ဥပကတက္ကတွန်းသည် “စာပါကိုရမှ ငါ့အသက်ရှင်မည်၊ မရလျှင် ဤနေရာ၌ သေရခြင်းကသာ မြတ်၏”ဟု ဆိုလေ၏။

မုဆိုးကြီးက“အရှင်ဘုရား.. တစုံတခုသော အတတ်ပညာကို တတ်သိပါ၏လား”ဟု မေးလတ်သော် ဥပကတက္ကတွန်းက “မတတ်သိပါ”ဟူ၍ ပြောဆို ဖြေကြားလေသည်။ တဖန် မုဆိုးကြီးက “အရှင်ဘုရား.. တစုံတခုသော အတတ်ပညာကိုမျှ မတတ်သိသောသူသည် အိမ်ထောင်မှုကို စီမံခန့်ခွဲနိုင်မည် မဟုတ်ပါ”ဟု ပြောဆိုလေသော် ဥပကတက္ကတွန်းက “ငါသည် တစုံတခုသော အတတ်ပညာကို မတတ်သိပါ၊ စင်စစ်သော်ကား ငါသည် သင်တို့၏ ရရှိသော အသားများကို ထမ်းပိုးဆောင်ယူပါမည်၊ အသားများကိုလည်း ရောင်းချပါမည်”ဟု ပြောဆိုလေ၏။

မုဆိုးကြီးသည် “ငါတို့သည်လည်း ဤသို့ အသားများကို ထမ်းယူ၍ ရောင်းချခြင်းကိုသာ နှစ်သက်အပ်ပါ”ဟု ပြောဆိုကာ အပေါ်ရုံအဝတ်ကိုပေး၍ လူဝတ်လဲစေပြီးသော် အိမ်သို့ခေါ်ဆောင်၍ သမီးစာပါကို ဥပကအား ထိမ်းမြား ပေးစားလေ၏။

ထိုဥပကနှင့် စာပါ ဇနီးမောင်နှံတို့ ဆက်ဆံပေါင်းသင်းမှုကို အစွဲပြု၍ ဖွားမြင်ဖြစ်ပေါ်လာသော သားကို

၄၂၀

သုဘဒ္ဒဟု အမည်မှည့်ကြလေ၏။ စာပါသည် သားကလေး ငိုကြွေးသောအခါ၌-

အမဲသားထမ်း၊ တက္ကတွန်း၊ ရဟန်းလူထွက်သား၊ ၊မုဆိုးနောက်လိုက်၊ ငါ့ကိုကြိုက်၊ အမိုက် လူထွက်သား၊ ၊မိခင်ချော့သိပ်၊ အငိုတိတ်၊ မောင်အိပ်ပါတော့လား။

မြကြိုးလိမ် စိန်ပုခက်ကယ်နှင့်၊ စက်ပါတော့ သားရွှေစင်။ ။ပျော်ကြောင်းငယ် မာယာနှင့်၊ ဖွဲ့ဆိုကာ အမေလွှဲမယ်ပ၊ ရွှေခဲအငိုတိတ်၊ မင်းအိပ်စေချင်။ ။မောင့်ဖခင် လူတွင်နောက်ဆုံး။ ။သည့်နှယ်ကို ရှောင်ခွါလို့၊ နောက်နောင်ခါ လွတ်အောင်ရှားပါတော့၊ မွေးမယ်တော် ခုမှာထားလိုက်မယ်၊ သားလှရွှေကုံး။*

ဤသို့စသည် မြည်တွန်တောက်တီး ပြောဆိုကာ သားချော့သီချင်းဖြင့် ဥပကကို ထိပါးစောင်းချိတ်ကာ ပြက်ရယ်ပြောင်လှောင်မှု ပြုလေ၏။

ထိုအခါ ဥပကက “ရှင်မ.. သင်က ငါ့ကို ကိုးကွယ်ရာမဲ့သူဟူ၍ မှတ်ထင်သလော၊ ငါ့မှာ အနန္တဇိန အမည်ရှိသော မိတ်ဆွေကောင်းကြီး ရှိလေသည်။ ငါသည် ထိုအနန္တဇိန မိတ်ဆွေကောင်းထံသို့ သွားလိမ့်မည်”ဟု ပြောဆိုလတ်သော် စာပါသည် “ဤသို့ စောင်းချိတ်ထိပါး ပြောကြားလျှင် ဤဥပကသည် နာကျည်းကျင်နာ မခံသာရှိ၏”ဟု သိပြီးလျှင် ထိုသားချော့သီချင်းကို အဖန်ဖန် သီဆိုလေ၏။ ဥပကသည် တနေ့သ၌ စာပါအား အသိမပေး မပြောကြားတော့ပဲ မဇ္ဈိမဒေသသို့ ဖဲခဲ့လေ၏။

မြတ်စွာဘုရားသည်လည်း ထိုအချိန်အခါမှာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူခိုက်ဖြစ်၍ “ရဟန်းတို့.. အနန္တဇိနဟူ၍ မေးမြန်းသူ


* မန်လည်ဆရာတော် ရေးသည်။

၄၂၁

လာရောက်ခဲ့သည်ရှိသော် ထိုသူအား ငါဘုရားကို ပြကြကုန်လော့”ဟူ၍ ရဟန်းတို့ကို စောစောကပင် ကြိုတင် မှာကြားထားတော်မူနှင့်၏။ ဥပကသည်လည်း “အနန္တဇိနသည် အဘယ်အရပ်၌ နေသနည်း”ဟု လမ်းတလျှောက် တွေ့မြင်သူများကို မေးမြန်းလျက် လာခဲ့ရာ အစဉ်သဖြင့် သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန်ကျောင်းတိုက်အလယ်၌ ရပ်ပြီးလျှင် “အရှင်တို့.. အနန္တဇိနသည် အဘယ်၌ နေပါသနည်း”ဟု ရဟန်းတို့ကို မေးမြန်း လျှောက်ထားလေ၏။ ထိုဥပကကို ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ခေါ်ဆောင်သွားကြကုန်၏။ ဥပကသည် မြတ်စွာဘုရားကို မြင်လျှင်ပင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် တပည့်တော်ကို မှတ်မိသိရှိကြပါကုန်သေး၏လော”ဟု မေးမြန်း လျှောက်ထားလေ၏။ မြတ်စွာဘုရားက “ဥပက.. အိမ်း ငါဘုရားသည် သင့်ကို မှတ်မိသိရှိ၏၊ သင်သည် ယခုအခါ အဘယ်အရပ်၌ နေသနည်း”ဟု မေးတော်မူလတ်သော် ဥပကသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ဝင်္ကဟာရဇနပုဒ်၌ နေပါ၏”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက “ဥပက.. သင်သည် အသက်အရွယ်ကြီးရင့်သူ ဖြစ်ခဲ့လေပြီ၊ သင်သည် ရဟန်းပြုလုပ်နိုင်ပါမည်လော”ဟု မေးမြန်းတော်မူလတ်သော် ဥပကသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော် ရဟန်းပြုပါမည်ဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရှင်ရဟန်းပြုစေပြီးလျှင် ဥပကအား သင့်လျော်သော ကမ္မဋ္ဌာန်းကို ပေးတော်မူ၏။ ဥပကသည် ကမ္မဋ္ဌာန်းအလုပ် ကြိုးစားအားထုတ်လျက် အနာဂါမိဖိုလ်၌ တည်ပြီးလျှင် ထိုဘဝမှ စုတေခဲ့၍ သုဒ္ဓါဝါသဗြဟ္မာ့ဘုံ ငါးဘုံတို့တွင် အောက်ဆုံး (ပဌမ) အဝိဟာဘုံ၌ ဖြစ်လေ၏။ ထိုအဝိဟာဘုံ၌ ဖြစ်ပြီးလျှင် မကြာမီပင် အရဟတ္တဖိုလ်သို့ ရောက်လေသည်။

၄၂၂

စာပါအကြောင်း အကျဉ်းချုပ်

ဥပကလူထွက် စွန့်ခွါဖဲသွားလတ်သည်ရှိသော် စာပါသည် လူ့ဘောင်၌ ငြီးငွေ့၍ သုဘဒ္ဒသားငယ်ကို အဖိုးအား အပ်နှင်းခဲ့ပြီးလျှင် ဥပကသွားသော လမ်းခရီးအတိုင်း သွား၍ သာဝတ္ထိပြည်သို့ ရောက်သောအခါ ဘိက္ခုနီမတို့အထံ၌ ရဟန်းမိန်းမပြု၍ ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်လေရာ လေးပါးသော မဂ်အစဉ်ဖြင့် အရဟတ္တဖိုလ်၌တည်၍ အာသဝေါကုန်ခန်း ရဟန္တာမ ဖြစ်ပြီးလျှင် စာပါထေရီဟူ၍ အမည်တွင်လေ၏။ ။(ထေရီဂါထာ အဋ္ဌကထာ စာမျက်နှာ ၂၃၁-မှ။)

မြတ်စွာဘုရား မိဂဒါဝုန်တောသို့ ရောက်တော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားသည် အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ ညနေချမ်းအချိန်၌ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော ပဉ္စဝဂ္ဂီတို့အထံသို့ ဆိုက်ရောက်တော်မူလေ၏။ ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ကြ၍-

“ငါ့ရှင်တို့.. ဤရဟန်းကြီး ဂေါတမသည် လာနေပြီ၊ ထိုရဟန်းကြီး ဂေါတမသည် ကမ္မဋ္ဌာန်းအလုပ်မှ လျှောကျသူ (= ကမ္မဋ္ဌာန်း လူထွက်ကြီး) ဖြစ်၏၊ ပစ္စည်းလေးပါးပေါများရန် ကျင့်ကြံသူဖြစ်၏။ ပစ္စည်းလေးပါး ပေါများရန်ဘက်သို့ လည်ဆောင့်သွားသူဖြစ်၏။ ထိုရဟန်းကြီး ဂေါတမကို ရှိမခိုးကြစတမ်း၊ ခရီးဦးကြို မပြုကြစတမ်း၊ သပိတ်သင်္ကန်း လှမ်း၍မယူကြစတမ်း၊ သို့သော် ထိုရဟန်းကြီးဂေါတမ ထိုင်လိုလျှင် ထိုင်ရအောင် နေရာကိုမူကား ခင်းထားကြမည်”–

ဟု အချင်းချင်း ကတိကဝတ် ထားကြလေကုန်၏။ မြတ်စွာဘုရားသည် ပဉ္စဂ္ဂီရဟန်း ငါးဦးတို့၏ စိတ်ဖြစ်ပုံကို သိတော်မူ၍

၄၂၃

ထိုပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့ကို အထူးရည်ညွှန်းကာ ဩဓိဿက မေတ္တာတရား ပွါးများတော်မူလေ၏။ ထိုပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် မြတ်စွာဘုရားကိုယ်တော်မြတ် မိမိတို့၏အနီးသို့ နီးကပ် နီးကပ်၍ လာလျှင် ဗုဒ္ဓ တေဇော် အာနုဘော် မေတ္တာတော် အာနုဘော်တို့ဖြင့် တွေ့ထိအပ်ကြရကား မူလ ထားခဲ့ရင်း ကတိကဝတ်၌ မတည်နိုင်ကြပဲ ငါးဦးလုံးပင် မြတ်စွာဘုရားကို ခရီးဦး ကြိုဆိုကြ၍ တဦးက မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို လှမ်းယူလေ၏။ အခြားတဦးက နေရာကို ခင်းလေ၏၊ အခြားတဦးက ခြေဆေးရေကို, အခြားတဦးက ခြေဆေးအင်းပျဉ်ကို, အခြားတဦးက ခြေပွတ်အိုးခြမ်းကို အသီးအသီး ချထားလေ၏။

     မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီတို့ ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူပြီးလျှင် ခြေတော်တို့ကို ဆေးကြောတော်မူလေသည်။ (ဤပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့သည် ကတိကဝတ် ပျက်ပြားကြကာ မြတ်စွာဘုရားအား ကာယကံအနေဖြင့် ရိုသေကျိုးနွံမှု ပြုကြသော်လည်း) စကားပြောဆိုသောအခါ မြတ်စွာဘုရားကို “ဂေါတမ”ဟူသော အမည်ဖြင့်၎င်း, “အာဝုသော = ငါ့ရှင်”ဟူ၍ ကိုယ်ရည်တူထားကာ ပြောကြားခြင်းဖြင့်၎င်း ပြောဆိုကြလေသည်။ “ငါ့ရှင်ဂေါတမ.. ငါတို့သည် ဥရုဝေဠတောအုပ်အတွင်း (သင်) ကမ္မဋ္ဌာန်းအလုပ် အားထုတ်စဉ်အခါ၌ သင်၏သပိတ်သင်္ကန်းများကို ယူဆောင်သည်ပိုးကာ လှည့်လည်ခဲ့ကြပါကုန်၏၊ မျက်နှာသစ်ရေနှင့် ဒန်ပူကိုလည်း ကမ်းလှမ်းခဲ့ကြပါကုန်၏၊ (သင်)နေသော သင်္ခမ်းကျောင်း ပရိဝုဏ်ကိုလည်း တံမြက်လှည်းခဲ့ကြကုန်၏။ ငါတို့ငါးဦး ဖဲခွါသွားပြီးနောက် အဘယ်သူသည် သင်၏ ဝတ်ကြီးဝတ်ငယ်ကို ပြုစုပါသနည်း၊ ငါတို့ ဖဲခွါသွားကြသောအခါ သင်သည် ထွေရာလေးပါး အကြံမများပဲ ရှိပါ၏လား” ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရားကို “ဂေါတမ”ဟူသော အမည်ဖြင့်၎င်း, “အာဝုသော = ငါ့ရှင်”ဟူ၍ ကိုယ်ရည်တူထားကာ ပြောကြားခြင်းဖြင့်၎င်း ပဋ္ဋိသန္ဓာရစကား ပြောကြားကြလေ၏။

၄၂၄

     ထိုအခါ မြတ်စွာဘုရားသခင်က “ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့.. သင်တို့သည် ငါဘုရားကို “ဂေါတမ”ဟူသော အမည်ဖြင့်၎င်း, အာဝုသော = ငါ့ရှင်”ဟူ၍ ကိုယ်ရည်တူထား ပြောကြားခြင်းမျိုးဖြင့်၎င်း မပြောဆိုကြကုန်လင့်။ ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့.. ငါသည်ကား သစ္စာဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် အမှန်ထိုးထွင်း လင်းလင်းသိမြင်သည်ဖြစ်၍ ပူဇော်အထူးကို ခံထိုက်သော ဘုရားစင်စစ် ဖြစ်လတ်ပြီ၊ ရဟန်းတို့.. သင်တို့သည် နားကို စိုက်ထောင်ကြကုန်လော့၊ ငါဘုရားသည် အမြိုက်နိဗ္ဗာန်တရားကို ရရှိပေါက်ရောက်ခဲ့လေပြီ၊ ငါဘုရားသည် သင်တို့ကို ဆုံးမသင်ကြားပေးပေအံ့၊ ငါဘုရားသည် သင်တို့အား တရားဟောပေအံ့၊ ငါဘုရား ဆုံးမအပ်သည့်အတိုင်း သင်ချစ်သားတို့ လိုက်နာကျင့်သုံးကြလျှင် အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွါ၍ သာသနာဝန်ထမ်း ရဟန်းအဖြစ်သို့ ကပ်ရောက်ကြသည့် ဇာတိကုလပုတ္တ (= အမျိုးဇာတ်အားဖြင့်ဖြစ်သော အမျိုးကောင်းသား), အာစာရကုလပုတ္တ (= ဇာတ်ပင် နိမ့်စေကာမူ ကိုယ်ကျင့်ကောင်းသဖြင့် ကုလပုတ္တ အမည်ရသော အမျိုးကောင်းသား) ဤအမျိုးကောင်းသား နှစ်မျိုးတို့ မြှော်ကိုးတောင့်တအပ်သည့် အရဟတ္တဖိုလ်ချမ်းသာကို မျက်မှောက်ဘ၀မှာပင် မကြာမြင့်မီ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် နေကြရပေလိမ့်မည်”ဟု မိန့်ဆိုတော်မူလတ်သော် ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် (မယုံကြည်နိုင်ကြပဲ) “ငါ့ရှင်ဂေါတမ.. သင်သည် ဒုက္ကရစရိယာ ခြောက်နှစ်ကြာကျင့်စဉ်က လူသာမန်တို့ ကျင့်နိုင်ခဲသော အပါနကဈာန်ကို ကျင့်ကြံဝင်စားခြင်း စသည်ဖြင့်မှလည်း အရိယာအဖြစ်ကို ပြုစွမ်းနိုင်သည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို မရပဲလျက် ယခုအခါ သင်သည် ပစ္စည်းလေးပါး ပေါများရန် ကျင့်ကြံသောသူ ဖြစ်ခါမှ, ပဓာနအလုပ်မှ လျှောကျပြီးသူ (= ကမ္မဋ္ဌာန်းလူထွက်ကြီး) ဖြစ်ခါမှ, ပစ္စည်းလေးပါး ပေါများရန်ဘက်သို့ လည်ဆောင့်သွားသူ ဖြစ်ခါမှ လူတို့၏ သာမန် ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သည့် အရဟတ္တမဂ်ဉာဏ်

၄၂၅

သဗ္ဗညုတဉာဏ်ကို အဘယ်မှာလျှင် ရနိုင် ရောက်နိုင်ပါမည်နည်း”ဟူ၍ (ရိုးသားစွာပင်) ပြန်ကြား ပြောဆိုကြလေ၏။

     ထိုသို့ ပြောဆိုကြသည်ရှိသော် မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့ကို “ရဟန်းတို့.. ငါဘုရားသည် ပစ္စည်းလေးပါး ပေါများဖို့ရန် ကျင့်ကြံသောသူ မဟုတ်ပေ၊ ပဓာနအလုပ်မှ လျှောကျပြီးသူ (= ကမ္မဋ္ဌာန်း လူထွက်ကြီး)လည်း မဟုတ်ပေ၊ ပစ္စည်းလေးပါး ပေါများရန်ဘက်သို့ လည်ဆောင့်သွားသူလည်း မဟုတ်ပေ။ ရဟန်းတို့.. ငါသည် သစ္စာဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် အမှန်ထိုးထွင်း လင်းလင်းသိမြင်သည်ဖြစ်၍ ပူဇော်အထူးကို ခံထိုက်သော ဘုရားစင်စစ် ဖြစ်လတ်ပြီ။ ရဟန်းတို့.. သင်တို့သည် နားကို စိုက်ထောင်ကြကုန်လော့၊ ငါဘုရားသည် အမြိုက်နိဗ္ဗာန်တရားကို ရရှိ ပေါက်ရောက်ခဲ့လေပြီ၊ ငါဘုရားသည် သင်တို့ကို ဆုံးမသင်ကြားပေးပေအံ့၊ ငါဘုရားသည် သင်တို့အား တရားဟောပေအံ့၊ ငါဘုရား ဆုံးမအပ်သည့် အတိုင်း သင်ချစ်သားတို့ လိုက်နာကျင့်သုံးကြလျှင် အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွါ၍ သာသနာဝန်ထမ်း ရဟန်းအဖြစ်သို့ ကပ်ရောက်ကြသည့် ဇာတိကုလပုတ္တ, အာစာရကုလပုတ္တ အမျိုးကောင်းသား နှစ်မျိုးတို့ မြှော်ကိုးတောင့်တအပ်သည့် အရဟတ္တဖိုလ်ချမ်းသာကို မျက်မှောက်ဘဝမှာပင် မကြာမြင့်မီ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေပြီးလျှင် နေကြရပေလိမ့်မည်”ဟူ၍ မိန့်ဆိုတော်မူလတ်သော် ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် (မယုံကြည်နိုင်ကြသေးပဲ) နှစ်ကြိမ်မြောက်လည်း ရှေးနည်းအတူပင် ပြောဆိုကြပြန်ကုန်၏။

     ဒုတိယအကြိမ်မြောက် မြတ်စွာဘုရားက ရှေးနည်းအတူ “ပစ္စည်းလေးပါး ပေါများရန် ကျင့်ကြံသောသူ မဟုတ်ကြောင်း” စသည်ကို မိန့်ဆိုတော်မူသော်လည်း ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် (မယုံကြည်မြဲ မယုံကြည်နိုင်ကြသေးပဲ) သုံးကြိမ်မြောက်လည်း ရှေးနည်းအတူပင် ပြောဆိုကြပြန်ကုန်၏။

၄၂၆

     ထိုအခါ မြတ်စွာဘုရားသည် (မူတမျိုးပြောင်းလွှဲကာ) “ရဟန်းတို့.. သင်တို့ကို ငါဘုရားသည် ရှေးအခါ ဥရုဝေလတောအုပ်ဝယ် ပဓာနအလုပ်ကို အားထုတ်နေစဉ်ကာလက သင်တို့အားရှိ မပျင်းမရိအောင် သင်တို့ထံလာ၍ 'ငါ့ရှင်တို့.. ငါတို့သည် အရပ်တပါး ဖဲသွားကုန်အံ့ဟူ၍ ထွေရာလေးပါး အကြံမများကြလင့်၊ ငါ့အား အရောင်တွေ အလင်းတွေ ကမ္မဋ္ဌာန်းနိမိတ်တွေ ထင်လာပြီ'ဟူ၍များ သင်တို့ကို အထင်ကြီးအောင် ငါဘုရား ပြောဆိုခဲ့ဘူးသည်ကို သင်တို့ စဉ်းစားမိကြပါသလား”ဟူ၍ မိန့်ဆိုတော်မူလတ်သော် ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည်လည်း “အကယ်၍များ ဤရဟန်းဂေါတမသည် ပဓာနအလုပ်ကို အားထုတ်စဉ်အခါက 'ငါ ရဟန္တာဖြစ်ပြီ'ဟု ပြောဆိုလျှင် ငါတို့ ယုံကြည်ကြမည်သာ ဖြစ်၏။ သို့သော်လည်း ဤရဟန်းဂေါတမသည် ထိုစဉ်က ထိုကဲ့သို့ ဝါကြွားလှည့်ဖြား၍ မပြောကြားခဲ့ချေ၊ ယခုမူကား တကယ်စင်စစ် ရှိသောဂုဏ်ကိုသာလျှင် ပြောဆိုခြင်းဖြစ်သည်”ဟု စဉ်းစား ဆင်ခြင်မိကြပြီးလျှင် ထိုစကား တခွန်းတည်းဖြင့်ပင် သတိရကြပြီး မြတ်စွာဘုရားအပေါ်၌ ရိုသေခြင်း ဂါရဝတရားကို ဖြစ်ပွါးစေကြ၍ “အမှန်ပင် ဤရဟန်းကြီး ဂေါတမသည် ဘုရားဖြစ်လာပြီ”ဟု မမှိတ်မသုန် ယုံကြည်ကြပြီးလျှင် “နော ဟေတံ ဘန္တေ = မြတ်စွာဘုရား ရှေးအခါ ပဓာနအလုပ်ကို အားထုတ်နေစဉ်ကာလက ရှင်တော်ဘုရား ဤစကားမျိုး မိန့်ကြား ပြောဆိုဘူးသည်ကို အကျွန်ုပ်တို့ စဉ်းစား၍မရပါ (= မပြောဆိုဘူး)”ဟူ၍ ပြန်ကြား လျှောက်ထား ဝန်ခံကြလေသည်။

     မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့ကို ကိုယ်တော်မြတ် ဘုရားဖြစ်ကြောင်း ကောင်းစွာသိစေနိုင်လေပြီ၊ ထိုအခါ ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် မြတ်စွာဘုရား စကားတော်ကို ရိုသေစွာ နာယူကြကုန်ပြီ၊ နားကိုစိုက်၍ ထောင်ကြကုန်ပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ရှိရန် မိမိတို့စိတ်ကို ရှေးရှူဆောင်ကြလေကုန်ပြီ။ ထိုအခါ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ ဘုရားစင်စစ် အမှန်ဖြစ်ကြောင်းကို ပဉ္စဝဂ္ဂီရဟန်းတို့ကို ကောင်းစွာသိစေ၍

၄၂၇

မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့် စနေနေ့ ညနေချမ်း နေမင်းကလည်း မိမိအရောင်အလင်းဖြင့် ပကတိမှောင်ထုကို ပယ်ရှင်းလွှင့်ဖျောက် ထွန်းလင်းတောက်ပလျက် အနောက်အရပ်၌ ဝင်လုဆဲဆဲ လမင်းကလည်း ဥတ္တရာသဠ်နက္ခတ်နှင့်ယှဉ်ကာ မိမိ၏ အရောင်အလင်းဖြင့် ပကတိမှောင်ထုကို ပယ်ရှင်းလွှင့်ဖျောက် ထွန်းလင်းတောက်ပလျက် အရှေ့လောကဓာတ်မှ ထွက်လာဆဲ အချိန်တွင် ဓမ္မစက္ကပဝတ္တနသုတ္တန်ကို အစဆုံး ဟောကြားတော်မူရန် “ဒွေမေ ဘိက္ခဝေ အန္တာ” အစရှိသည်ကို ဟောကြားတော်မူလေသည်။

(ဤ “ဒွေမေ ဘိက္ခဝေ အန္တာ”ဟူသော ပုဒ်ကို ရွတ်ဆိုလိုက်သည်နှင့် တပြိုင်နက် ထွက်ပေါ်လာသော အသံတော်သည် အထက်ဘဝဂ် အောက်အဝီစိသို့ ခိုက်လျက် လောကဓာတ် စကြဝဠာတိုက်ပေါင်း တသောင်းလုံး ပြန့်နှံ့၍ တည်လေသည်။ ထိုအခါမှာပင် ကုသိုလ်မူလ ရင့်ကျက်ပြီးဖြစ်ကြ၍ သစ္စာလေးပါး တရားသိရန် အဓိကာရကုသိုလ်ထူး ပြုခဲ့ဘူးကြသော ဗြဟ္မာပေါင်း တဆယ့်ရှစ်ကုဋေတို့သည် တညီတညွတ်တည်း စည်းဝေးနှင့်ပြီး ဖြစ်ကုန်၏။)

     ထိုသို့ မြတ်စွာဘုရားသခင် ဓမ္မစကြာတရား ဟောကြားတော်မူသောအခါ အရှင်ကောဏ္ဍညသည် ဒေသနာတော်ကို အစဉ်လျှောက်သဖြင့် ဉာဏ်ကို စေလွှတ်ဖြစ်ပွါးစေခဲ့ရာ သုတ္တန်ပြီးဆုံးသောအခါ၌ ဗြဟ္မာပေါင်း တဆယ့်ရှစ်ကုဋေတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။

     ဤသို့လျှင် မြတ်စွာဘုရား ဓမ္မစကြာတရား ဟောတော်မူသော အခါ၌လည်း ပဋိသန္ဓေ နေတော်မူသောအခါ, ဖွားမြင်တော်မူသောအခါ, ဘုရားဖြစ်တော်မူသော အခါများမှာကဲ့သို့ပင် အံ့ဖွယ်သရဲ ထူးကဲသည့် သုံးဆယ့်နှစ်ပါးသော နိမိတ်ကြီးများ ထင်လာကြကုန်၏။

     ထိုသို့ အရှင်ကောဏ္ဍည သောတာပတ္တိဖိုလ်၌ တည်သောအခါ မြတ်စွာဘုရားသည် “အညာသိ ၀တ ဘော ကောဏ္ဍညော၊

၄၂၈

အညာသိ ၀တ ဘော ကောဏ္ဍညော = အိုး.. ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေပြီတကား၊ အိုး.. ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေပြီတကား”ဟု ဝမ်းမြောက်ရွှင်လန်း ဥဒါန်းစကားကို တသောင်းတိုက်သား နတ်လူတို့ ကြားသိလောက်အောင် မြွက်ဆို ကျူးရင့်တော်မူလေ၏။ ဤသို့ မြတ်စွာဘုရားက “အညာသိ ဝတ” စသည်ဖြင့် ဥဒါန်းစကား မိန့်ကြား ကျူးရင့်တော်မူသောကြောင့်ပင် အရှင်ကောဏ္ဍညမထေရ်၏ အမည်သည် “အညာသိကောဏ္ဍညမထေရ်”ဟူ၍ ထင်ရှား မည်တွင်လေသည်။

     ထိုသို့ သောတာပန် ဖြစ်ပြီးသောအခါ အရှင်အညာသိကောဏ္ဍည မထေရ်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်သာမဏေအဖြစ်ကို ရပါရစေဘုရား၊ ရဟန်းအဖြစ်ကို ရပါရစေဘုရား”ဟူ၍ မြတ်စွာဘုရားကို ရှင်ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းတော်အတွင်းမှ လက်ျာရွှေလက်တော်ကို ထုတ်ဖော်ဆန့်တန်းလျက် ဗြဟ္မာမင်း၏ အသံကဲ့သို့သော အသံဖြင့် “(၁) ဧဟိ ဘိက္ခု၊ (၂) သွာက္ခာတော ဓမ္မော၊ (၃) စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ = (၁) ရဟန်း.. လာလော့၊ သင်ချစ်သား တောင်းခံအပ်သော ရှင်ရဟန်းအဖြစ်ကို ခံယူလော့၊ (၂) တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်ပြီ၊ (၃) သင်သည် ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ အထက်မဂ်သုံးပါး တည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် ရအောင်အားထုတ်လော့”ဟု မိန့်ကြားတော်မူလေ၏။ ထိုသို့ မြတ်စွာဘုရား မိန့်ဖော်ကြားသည့် စကားဝါကျ သုံးခွန်းတို့တွင် ၁-အမှတ်ပါ ပဌမဝါကျ ပြီးဆုံးလျှင်ပင် အရှင်အညာသိ ကောဏ္ဍည၏ ရဟန်းခံခြင်း ရဟန်းပြုခြင်းကိစ္စ ပြီးမြောက် အောင်မြင်လေတော့သည်။

၄၂၉

(ထို အရှင်ကောဏ္ဍညအား မြတ်စွာဘုရားက “ဧဟိ ဘိက္ခု”ဟု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက်ပင် နဂိုအသွင် ကွယ်ပျောက်လျက် ရှင်ရဟန်းအဖြစ် ပြီးမြောက် အောင်မြင်လေသည်။ ဆံရိတ်ပြီး သင်္ကန်းများကို ဝတ်ရုံပြီး ဖြစ်လေတော့၏။ သင်္ကန်းတထည်ကို ခါး၌ဝတ်လျက် အခြားသင်္ကန်းတထည် ဧကစ္စီကိုရုံလျက် အခြားသင်္ကန်းတထည် သင်္ကန်းကြီးကို ပခုံး၌တင်လျက် လက်ဝဲပခုံးစွန်း၌ သပိတ်ကိုလွယ်လျက် ပရိက္ခရာရှစ်ပါးတို့ သူ့နေရာ၌သူ အဆင်သင့် ဆင်ယင်ပြီးဖြစ်ကာ ဝါတော်ခြောက်ဆယ်ရ (သက်တော်ရှစ်ဆယ်ရှိ)သော မထေရ်ကြီးကဲ့သို့ ကြည်ညိုဖွယ်သော ဣရိယာပုထ်နှင့် ပြည့်စုံလျက် မြတ်ဘုရားတည်းဟူသော ဆရာဥပဇ္ဈာယ်ရှိကာ မြတ်စွာဘုရားကို ရှိခိုးလျက် တည်နေလေ၏။

ဤ ဧဟိဘိက္ခုရဟန်းတို့ ရရှိသော ပရိက္ခရာကို ဣဒ္ဓိမယပရိက္ခရာဟူ၍ ခေါ်၏။ အကြင်သူသည် သင်္ကန်းစသော ပရိက္ခရာရှစ်ပါး (ထိုမျှမတတ်နိုင်လျှင် သပိတ်သင်္ကန်းကို သောတာပန်စသော အရိယာပုဂ္ဂိုလ်အားဖြစ်စေ, ပုထုဇန် သီလဝန္တရဟန်းအားဖြစ်စေ လှူဒါန်း ဆက်ကပ်ပြီးလျှင် “ဤယခု လှူဒါန်းဆက်ကပ်သော ပရိက္ခရာအလှူသည် နောက်အခါ၌ ဧဟိဘိက္ခုရဟန်းဖြစ်ဖို့ရန် ပစ္စည်းအထောက်အပံ့ ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှုကို ပြု၏၊ ထိုသူ၏ ထိုပရိက္ခရာအလှူသည် အဓိကာရကောင်းမှုနှင့် ပြည့်စုံလတ်သည်ရှိသော် မြတ်စွာဘုရားတို့၏ မျက်မှောက်တော်၌ ဣဒ္ဓိမယပရိက္ခရာကို ရဖို့ရန် (= ဧဟိဘိက္ခု ရဟန်းဖြစ်ဖို့ရန်) ဖြစ်နိုင်၏။ ။သာရတ္ထ-ဋီ ၂၊ မျက်နှာ ၅၁-မှ)

     မြတ်စွာဘုရားသည် ထိုမိဂဒါဝုန်တော၌ပင် ဝါကပ် နေထိုင်တော်မူ၍ နောက်တနေ့ (ဝါဆိုလပြည့်ကျော် ၁-ရက်နေ့)၌ ဝပ္ပမထေရ်ကို အဆုံးအမ ဩဝါဒပေးတော်မူလျက် (ဆွမ်းခံမကြွပဲ) ကျောင်း၌သာလျှင် နေတော်မူ၏။ ကျန်သော ရဟန်းလေးပါးတို့ ဆွမ်းခံထွက်ကြကုန်၏။ ဝပ္ပမထေရ်သည် ထိုနေ့ နံနက်ခင်းမှာပင် သောတာပန်ဖြစ်လေ၏။ ထိုနည်းအတူ နောက်တနေ့ (= ဝါဆိုလပြည့်ကျော် ၂-ရက်နေ့)၌ ဘဒ္ဒိယမထေရ်ကို, နောက်တနေ့ (= ဝါဆိုလပြည့်ကျော် ၃-ရက်နေ့)၌ မဟာနာမမထေရ်ကို, နောက်တနေ့ (= ဝါဆိုလပြည့်ကျော် ၄-ရက်နေ့)၌ အဿဇိမထေရ်ကို အဆုံးအမ ဩဝါဒပေးတော်မူလျက် ဆွမ်းခံမကြွပဲ ကျောင်း၌သာလျှင် နေတော်မူ၏။ ထိုမထေရ်တို့သည်လည်း

၄၃၀

မိမိ မိမိတို့၏ နေ့၌ပင် သောတာပတ္တိဖိုလ်သို့ ရောက်ရှိကြပြီးလျှင် မြတ်စွာဘုရားအထံတော်၌ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ခံယူကြကုန်၏။

     မြတ်စွာဘုရားသည် ဝါဆိုလပြည့်ကျော် ၅-ရက် ကြာသပတေးနေ့သို့ ရောက်သောအခါ ပဉ္စ၀ဂ္ဂီရဟန်းတို့အား အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်ကြစေရန် အနတ္တလက္ခဏသုတ္တန်ကို ဟောကြားတော်မူ၏။ အနတ္တလက္ခဏသုတ္တန် ဒေသနာနိဂုံး ပြီးဆုံးသောအခါ၌ ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်ကြလေကုန်၏။

(ဓမ္မစက္ကပဝတ္တနသုတ္တန်နှင့် အနတ္တလက္ခဏသုတ္တန်တို့အတွက် သိမှတ်ဖွယ်ရာကို ဓမ္မရတနာအခဏ်းသို့ရောက်မှ ဖော်ပြပါမည်။)

**********

အခဏ်း-၁၀

သာတာဂိရနတ်မင်းနှင့် ဟေမ၀တနတ်မင်းတို့အကြောင်း

(ဟေမဝတသုတ်)

     မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လုဆဲဆဲအချိန်တွင် ဓမ္မစကြာတရားကို ဟောတော်မူ၏။ ထိုနေ့ညဉ့် သန်းခေါင်ယံအချိန်တွင် ဟေမဝတသုတ် (တနည်း သာတာဂိရသုတ်)ကို ဟောတော်မူ၏။ ထိုသုတ်ကို ဟောတော်မူရခြင်း၏ အကြောင်းအရာ အကျယ်ကား-

     ဤ ဘဒ္ဒကမ္ဘာတွင် လူတို့၏အသက် အနှစ် (၂၀၀၀၀) နှစ်သောင်းတမ်း၌ ကဿပမြတ်စွာဘုရား ပွင့်ထွန်းတော်မူ၍ (အာယုကပ်၏ ငါးပုံလေးပုံဖြစ်သည့်) အနှစ် (၁၆ဝဝဝ) တသောင်းခြောက်ထောင်ကြာ ကာလပတ်လုံး တည်နေတော်မူပြီးလျှင် ပရိနိဗ္ဗာန် စံတော်မူခဲ့လေသည်။ ထို ကဿပမြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို ကြီးစွာသော ပူဇော်မှုဖြင့်

၄၃၁

ပူဇော်ကြကာ ဈာပနကိစ္စကို ပြုကြလေသည်။ ထိုကဿပ မြတ်စွာဘုရား၏ သရီရဓာတ် မွေတော်မြတ်သည် အစိတ်စိတ်အမြွာမြွာမဖြစ်ပဲ ရွှေစိုင်ရွှေတုံးကြီးကဲ့သို့ တလုံးတခဲတည်းဖြစ်၍သာ ကြွင်းကျန် တည်ရှိလေသည်။ ဤကဲ့သို့ တည်ခြင်းသည် သက်တော်ရှည် မြတ်စွာဘုရားတို့၏ ထုံးတမ်းစဉ်လာ ဓမ္မတာဖြစ်၏။

     သက်တော်တိုသော မြတ်စွာဘုရားတို့သည်ကား လူများအပေါင်းတို့ အသီးသီး စေ့ငအောင် မဖူးမြော်ကြရကုန်မီပင် ပရိနိဗ္ဗာန် စံဝင်တော်မူကြကုန်၏။ ထို့ကြောင့် သက်တော်တိုသော မြတ်စွာဘုရားတို့သည် “ထိုထိုမြို့ရွာ ဒေသတို့၌ နေထိုင်ကြသူ လူများအပေါင်းသည် ငါဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ဓာတ်တော်ပူဇော်မှုကို ပြု၍လည်း ကုသိုလ်တရား တိုးပွါးစေရစ်ကြကုန်လိမ့်မည်”ဟု ငဲ့ညှာထောက်ထား သနားသဖြင့် “ဓာတ်တော်များသည် အစိတ်စိတ်အမြွာမြွာ ကွဲပြန့်ရစ်ကြစေကုန်သတည်း”ဟု အဓိဋ္ဌာန်တော်မူကြကုန်၏။ သို့ရကား ထိုသက်တော်တိုသော မြတ်စွာဘုရားတို့၏ သရီရဓာတ် မွေတော်မြတ်တို့သည် အကျွန်ုပ်တို့ကိုးကွယ်ရာ မြတ်စွာဘုရား၏ ဓာတ်တော် မွေတော်များကဲ့သို့ ရွှေမှုန့်များပမာ အစိတ်စိတ်အမြွာမြွာကွဲလျက် ပြန့်နှံ့တော်မူကြကုန်၏။

     လူအပေါင်းတို့သည် ကဿပမြတ်စွာဘုရား၏ တဆူတည်းသော သရီရဓာတ် မွေတော်မြတ်ကို ဓာတ်တော်တိုက် တည်ဆောက်ကြ၍ အမြင့်တယူဇနာ အဝန်းအဝိုင်းအားဖြင့်လည်း တယူဇနာရှိသော စေတီတော်ကြီးကို တည်ထားကြကုန်၏။ ထိုစေတီတော်ကြီးမှာ အပိုင်းအခြားအားဖြင့် တမျက်နှာ တမျက်နှာလျှင် တဂါဝုတ်စီ တဂါဝုတ်စီ အလျားရှိ၍ တမျက်နှာ တမျက်နှာလျှင် မုခ်ဦး ဝင်ပေါက်တံခါးကြီး တပေါက်စီ တပေါက်စီ ရှိရကား တံခါးတပေါက်နှင့် တပေါက်အကြား တဂါဝုတ်စီ တဂါဝုတ်စီ ကွာခြားလေသည်။

     တံခါးမုခ်ဦးတပေါက်ကို ဗာရာဏသီပြည့်ရှင် ကိကီမင်းကြီးက ဒါယကာခံ၏၊ အခြားတပေါက်ကို ကိကီမင်းကြီး၏သားတော်

၄၃၂

ပထဝိန္ဓရမင်းသားက ဒါယကာခံ၏၊ အခြားတပေါက်ကို စစ်သူကြီး ဦးဆောင်၍ အမတ်အပေါင်းတို့က ဒါယကာခံကြ၏။ အခြားတပေါက်ကို သူဌေးကြီးဦးဆောင်၍ တိုင်းသားပြည်သူတို့က ဒါယကာခံကြ၏။ စေတီတော်ကြီး တည်ထားရာ၌ စီအပ်သော အုတ်တို့ကား ရွှေအုတ် ရတနာအုတ်များသာ ဖြစ်သည်။ အုတ် တချပ် တချပ်လျှင် အဖိုးတသိန်း တသိန်း တန်၏။ ဆေးဒန်း မြင်းသီလာတို့ဖြင့် အင်္ကတေကိစ္စကို ပြုကြ၍၎င်း, မွှေးကြိုင်သင်းပျံ့သော ဆီထောပတ်တို့ဖြင့် ရေကိစ္စကို ပြုကြ၍၎င်း ထိုစေတီတော်ကြီးကို တည်ထားကြကုန်၏။

     ဤကဲ့သို့ စေတီတော်ကြီး တည်ထားပြီးသောအခါ အမျိုးကောင်းသား သူငယ်ချင်း နှစ်ယောက်တို့သည် လူ့ဘောင်မှထွက်၍ မြတ်စွာဘုရား မျက်မှောက်တော်က တပည့်ခံခဲ့ကြသော သာဝကကြီးတို့အထံတွင် ရှင်ရဟန်းပြုကြကုန်၏။ (အထူးမှတ်ရန်မှာ.. သက်တော်ရှည် မြတ်စွာဘုရားတို့၏ သာသနာ၌ ဘုရား လက်ထက်တော်က တပည့်ခံခဲ့ရသော သာဝကကြီးများကသာ ရှင်သာမဏေပြုပေးခြင်း, ရဟန်းခံပေးခြင်း, နိဿယည်းပေးခြင်းအမှုကို ပြုတော်မူကြရကုန်၏၊ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက်မှ ဖြစ်ကြသော တပည့်သာဝကတို့သည်ကား ထိုအမှုမျိုး ပြုလုပ်ခွင့်ကို မရနိုင်ကုန်။)

     ထိုအခါ ထိုအမျိုးကောင်းသား သူငယ်ချင်း ရဟန်းနှစ်ပါးတို့သည် “အရှင်မြတ်တို့ဘုရား.. မြတ်စွာဘုရား သာသနာတော်၌ အားထုတ်ဖွယ် ရဟန်းအလုပ်တို့ကား အဘယ်မျှ ရှိပါကုန်သနည်းဘုရား”ဟု သာဝကကြီးတို့ကို လျှောက်ထား မေးမြန်းကြကုန်၏။ ထိုအခါ သာဝကကြီးတို့က ငါ့ရှင်တို့.. မြတ်စွာဘုရား သာသနာတော်၌ အားထုတ်ဖွယ် ရဟန်းအလုပ်တို့ကား (၁) ဝါသဓုရခေါ် ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကျင့်သုံးမှု တည်းဟူသော အားထုတ်ဖွယ် ရဟန်းအလုပ်၊ (၂) ပရိယတ္တိဓုရခေါ် စာပေပရိယတ် သင်ကြားပို့ချမှု တည်းဟူသော အားထုတ်ဖွယ် ရဟန်းအလုပ်ဟူ၍ နှစ်ပါးရှိကုန်၏။ ထိုနှစ်ပါးတို့တွင်-

၄၃၃

(၁) အမျိုးကောင်းသား ရဟန်းတော်သည် ဆရာဥပဇ္ဈာယ်များအထံ၌ ငါးဝါတိုင်တိုင် နေပြီးလျှင် ဝတ်ကြီးဝတ်ငယ်များကို ဖြည့်ကျင့်၍ ပါတိမောက်ကို၎င်း, နှစ်ဘာဏဝါရ သုံးဘာဏဝါရမျှ ရှိသော သုတ္တန်တို့ကို၎င်း လေ့လာနိုင်နင်းအောင်ပြုလျက် ဝိပဿနာအလုပ် ကမ္မဋ္ဌာန်းအားထုတ်ပုံကို ကျကျနန သင်ယူပြီးလျှင် ဂိုဏ်းဂဏသံဃာ ဒါယကာ ဒါယိကာမများ၌ တွယ်တာခင်မင်မှုကို ဖြတ်တောက်ကာ လူသူမနီး တောကြီးထဲသို့ ဝင်ပြီးနောက် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်အပ်၏။ ဤသို့ အားထုတ်ခြင်းသည် ဝါသဓုရခေါ် ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကျင့်သုံးမှု တည်းဟူသော အားထုတ်ဖွယ်ရာ ရဟန်းအလုပ်မည်၏။ (၂) မိမိ၏ အစွမ်းအလျောက် နိကာယ်တရပ် ပိဋကတ်ကိုဖြစ်စေ, နိကာယ်နှစ်ရပ် ပိဋကတ်ကိုဖြစ်စေ, နိကာယ်သုံးရပ် ပိဋကတ်ကိုဖြစ်စေ, နိကာယ်လေးရပ် ပိဋကတ်ကိုဖြစ်စေ, နိကာယ်ငါးရပ် ပိဋကတ်ကိုဖြစ်စေ တတ်မြောက်လိမ္မာအောင် သင်ယူပြီးလျှင် သဒ္ဒါအနက် မချွတ်မယွင်း သန့်ရှင်းစင်ကြယ်အောင် ပရိယတ္တိသာသနာတော်ကို အားထုတ်အပ်၏။ ဤသို့ အားထုတ်ခြင်းသည် ပရိယတ္တိဓုရခေါ် စာပေပရိယတ် သင်ကြားပို့ချမှု တည်းဟူသော အားထုတ်ဖွယ်ရာ ရဟန်းအလုပ်မည်၏”ဟူ၍ မိန့်ဆိုတော်မူကြကုန်၏။

     ထိုအခါ ထိုအမျိုးကောင်းသား သူငယ်ချင်း ရဟန်းနှစ်ပါးတို့သည် “ရဟန်းအလုပ် အားထုတ်ဖွယ်ရာ ဓုရနှစ်ပါးတို့တွင် ဝါသဓုရသည်သာလျှင် သာလွန်မြင့်မြတ် ချီးမွမ်းအပ်၏”ဟု ပြောဆိုကြပြီးလျှင် “ငါတို့သည်ကား အသက်အရွယ် ငယ်ကြသေး၏။ အသက်ကြီးသောအခါမှ ဤဝါသဓုရကမ္မဋ္ဌာန်းအလုပ်ကို ဖြည့်ကျင့်ကြကုန်အံ့၊ အသက်အရွယ် မကြီးပြင်းသေးမီ ပရိယတ္တိဓုရခေါ် စာပေပရိယတ် သင်ကြားပို့ချမှု တည်း ဟူသော ရဟန်းအလုပ် အားထုတ်ဖွယ်ရာကို ပြည့်စုံပြီးစီးအောင် ဖြည့်ကျင့်ကြဦးမည်”ဟု တိုင်ပင်ကာ ပရိယတ်အမှုကို ကြိုးစား အားထုတ်ကြလေရာ ပင်ကိုယ် ပကတိကပင် ပညာရှိသူများဖြစ်ကြ၍ ကာလမကြာမီပင်

၄၃၄

ပိဋကသုံးပုံ အလုံးစုံ၌ တဖက်ကမ်းရောက် တတ်မြောက် ကျွမ်းကျင်ကြကုန်လျက် ဝိနည်းအဆုံးအဖြတ် အရာ၌လည်း လွန်စွာ ကျွမ်းကျင်လိမ္မာတော်မူကြကုန်၏။ ထိုအမျိုးကောင်းသား သူငယ်ချင်း ရဟန်းနှစ်ပါးတို့အား ပရိယတ်တတ်မြောက်မှုကို အကြောင်းပြုကာ သာသနာတော်ဝယ် ထင်ပေါ်ကျော်စောခြင်း တပည့်ပရိသတ် အခြံအရံများခြင်းသည်၎င်း, ယင်းသို့ အခြံအရံများမှုကို အကြောင်းပြု၍ လာဘ်လာဘ လွန်စွာ ပေါများခြင်းသည်၎င်း ဖြစ်လေ၏။ တပါးတပါးလျှင် တပည့်တပန်း ရဟန်းပရိသတ် ငါးရာ ငါးရာစီ ရှိကြကုန်၏။

     ထိုမထေရ်မြတ်နှစ်ပါးတို့သည် မိမိတို့ထံမှောက် ရောက်ရှိ ဆည်းကပ်လာကြသည့် ပရိသတ်လေးပါးတို့အား မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒ အစစ်အမှန်ကို ညွှန်ကြား ဟောပြကုန်လျက် နေတော်မူကြကုန်၏၊ သို့ရကား ဘုရားတဖန် ပွင့်တွန်းတော်မူပြန်သော အခါကဲ့သို့ သာသနာသုံးပါး စည်ကားတောက်ပလျက် ရှိလေ၏။

ဓမ္မဝါဒီရဟန်းနှင့် အဓမ္မဝါဒီရဟန်းတို့၏ ဝိနည်းမှုခင်း

     ထိုအခါ တောရွာကျောင်းတိုက်တခု၌ ဓမ္မဝါဒီရဟန်းနှင့် အဓမ္မဝါဒီရဟန်း ဤရဟန်းနှစ်ပါးတို့ နေထိုင်ဆဲရှိကြကုန်၏။ ထိုရဟန်းနှစ်ပါးတို့တွင် အဓမ္မဝါဒီရဟန်းသည် ရက်စက်ရုန့်ရင်းသူ နှုတ်ထွက်ကြမ်းသူဖြစ်၏။ တနေ့သော် အဓမ္မဝါဒီရဟန်း၏ ဝိနည်းသိက္ခာပုဒ်ကို လွန်ကျူးသောအပြစ်ကို ဓမ္မဝါဒီရဟန်း ထင်ထင်ရှားရှား ကြားသိလတ်၍ ဓမ္မဝါဒီရဟန်းက “ငါ့ရှင်.. သင်ပြုသော ဤအမှုသည် သာသနာတော်အား မလျောက်ပတ်”ဟု အဓမ္မဝါဒီရဟန်းကို အပြစ်တင် စောဒနာလေ၏။ ထိုအခါ အဓမ္မဝါဒီရဟန်းက “ငါ့ရှင်.. သင် ဘာကိုမြင်လို့လဲ၊ သင် ဘာကိုကြားလို့လဲ၊ အရမ်း မစွပ်စွဲနှင့်” ဤသို့ အစရှိသည်ဖြင့် စကားရင်းပျောက်အောင် ဖြန့်၍ (= ဖြန်း၍) ပြောဆိုလေသော်

၄၃၅

ဓမ္မဝါဒီရဟန်းက“ငါ့ရှင်.. ဝိနည်းဓိုရ်မထေရ်မြတ်ကြီးများ သိကြပါလိမ့်မည်”ဟု ပြောဆိုလေ၏။

     ထိုအခါ အဓမ္မဝါဒီရဟန်းသည် “ဤဝတ္ထုကို ဝိနည်းဓိုရ်မထေရ်ကြီးတို့ တရားလမ်းရှိတိုင်း ဆုံးဖြတ်ကြလျှင် ငါ့အား ဧကန်ပင် သာသနာတော်၌ ထောက်ရာတည်ရာ ရှိတော့မည်မဟုတ်”ဟု စဉ်းစားမိ၍ ထိုဝိနည်းဓိုရ် မထေရ်ကြီးတို့ကို မိမိဘက်သို့ပါအောင် သွေးဆောင်ဖြားယောင်းမှု ပြုလိုသဖြင့် ထိုခဏ၌ပင် လက်ဆောင်အတွက် ပရိက္ခရာတို့ကို ယူဆောင်လျက် ထိုဝိနည်းဓိုရ်မထေရ်ကြီး နှစ်ပါးတို့၏ ထံမှောက်သို့ သွားရောက်ချဉ်းကပ်ပြီးလျှင် မိမိ ယူဆောင်ခဲ့သော ရဟန်းပရိက္ခရာ အသုံးအဆောင်တို့ကို ရိုသေလေးမြတ် ဆက်ကပ်လှူဒါန်းကာ ထိုဝိနည်းဓိုရ် မထေရ်ကြီးတိုထံ နိဿယည်းယူ၍နေရန် အားထုတ်လေတော့သည်။ ထိုဝိနည်းဓိုရ် မထေရ်ကြီးနှစ်ပါးကို ရိုသေလေးမြတ် ချဉ်းကပ်နီးပါး ခစားလုပ်ကျွေးလျက် အလုံးစုံသော ဝတ်ကြီးဝတ်ငယ်ကို ပြည့်စုံစွာ ဖြည့်ကျင့်လိုသူအယောင် ဟန်ဆောင်ပြုလုပ်လေ၏။

     ထို့နောက် တနေ့သ၌ အဓမ္မဝါဒီရဟန်းသည် ဝိနည်းဓိုရ် မထေရ်ကြီးနှစ်ပါး ညီမူစည်းဝေးရာဌာနသို့ သွားရောက်ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် မထေရ်ကြီးတို့က ပြန်သွားဘို့ရန် ခွင့်လွှတ်အပ်သော်လည်း ရပ်တည်မြဲတိုင်း ရပ်တည်ပေကပ်၍ နေလေသည်။ ထိုအခါ မထေရ်ကြီးတို့က ထိုအဓမ္မဝါဒီရဟန်းကို “ငါ့ရှင်.. သင့်မှာ ပြောစရာ အကြောင်းထူးတခုခု ရှိပါသလား”ဟု မေးမြန်းတော်မူကြကုန်၏။ အဓမ္မဝါဒီရဟန်းသည် “ရှိပါသည် အရှင်ဘုရားတို့.. တပည့်တော်မှာ ရဟန်းတပါးနှင့် သိက္ခာပုဒ်ကို လွန်ကျူးချက်နှင့် ပတ်သက်၍ ငြင်းခုံမှု ဖြစ်ခဲ့ပါသည်၊ ထိုစောဒကရဟန်းသည် အကယ်၍ ဤအကြောင်းဝတ္ထုကို အရှင်မြတ်တို့၏ထံမှောက်သို့ လာရောက်လျှောက်ထားလျှင် တရားလမ်းရှိတိုင်း ဆုံးဖြတ်သင့်တိုင်း ဆုံးဖြတ်တော် မမူကြပါလင့်”ဟု လျှောက်ထားလေ၏။ မထေရ်ကြီးတို့က “သံဃာ့ဘောင်သို့ သက်ရောက်လာသော အကြောင်းဝတ္ထုကို ဆုံးဖြတ်သင့်သည့်အတိုင်း

၄၃၆

မဆုံးဖြတ်ရန် မသင့်လျော်ဘူး”ဟု မိန့်ဆိုတော်မူကြလေသော် ထိုအဓမ္မဝါဒီရဟန်းသည် “အရှင်ဘုရားတို့.. ဤကဲ့သို့ ဆုံးဖြတ်မှု ပြုကြပါလျှင် တပည့်တော်မှာ သာသနာတော်၌ ထောက်ရာ တည်ရာ ရှိတော့မည်မဟုတ်ပါ၊ ထိုမကောင်းမှုသည် တပည့်တော်၏ မကောင်းမှုပင် ဖြစ်ပါစေတော့ (= သံသရာအပြစ်ကို တပည့်တော်ပင် ခံပါမည်)။ အရှင်ဘုရားတို့ကသာ ထိုအမှုကို မဆုံးဖြတ်ကြပါကုန်လင့်”ဟု လျှောက်ထားလေ၏။

     ဝိနည်းဓိုရ် မထေရ်ကြီးတို့သည်လည်း ထိုအဓမ္မဝါဒီရဟန်းက အတင်းအကြပ် (မလွှဲမရှောင်သာအောင်) လျှောက်ထားပြောဆိုအပ်ရကား “ကောင်းပါပြီ ငါ့ရှင်”ဟု နောက်ဆုံးတွင် ဝန်ခံစကား မိန့်ကြားတော်မူလိုက်ကြကုန်၏။ ထိုအဓမ္မဝါဒီရဟန်းသည် ဝိနည်းဓိုရ်မထေရ်ကြီးတို့အထံမှ ဝန်ခံချက်ကို ရယူပြီးလျှင် တဖန် ထိုတောရွာကျောင်းတိုက်သို့ ပြန်သွား၍ “ဝိနည်းဓိုရ်မထေရ်ကြီးတို့ထံ ပြုလုပ်ရန် ကိစ္စအဝဝ ပြီးစီးခဲ့ပြီ”ဟု အောက်မေ့ကာ ဓမ္မဝါဒီရဟန်းကို ရှေးကထက်တိုး၍ လွှမ်းမိုးနှိပ်စက် မထီမဲ့မြင်ပြုလျက် ကြမ်းကြုတ်ခက်ထန်စွာ ပြောဆိုလေ၏။

     ဓမ္မဝါဒီရဟန်းသည် “ဤအဓမ္မဝါဒီရဟန်းကား ရွံရှားခြင်း ကင်းလှချေတကား”ဟု အောက်မေ့ကာ ထိုခဏမှာပင် တောရွာကျောင်းတိုက်မှ ထွက်ခဲ့၍ ဝိနည်းဓိုရ်မထေရ်ကြီးတို့၏ အခြံအရံ ရဟန်းတထောင်တို့၏ အထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့ရှင်တို့.. သံဃာ့ဘောင်သို့ သက်ရောက်လာသော အကြောင်းဝတ္ထုကို တရားလမ်းရှိသည့်အတိုင်း ဆုံးဖြတ်သင့်သည် မဟုတ်ပါလော၊ သို့မဟုတ် အကြောင်းဝတ္ထုကို သံဃာ့ ဘောင်သို့ မသက်ရောက်စေပဲ စောဒကရဟန်း စုဒိတကရဟန်းတို့ကို အချင်းချင်း မိမိတို့၏အပြစ်ကို ဝန်ခံစကား ပြောကြားစေ၍ ညီညွတ်အောင် ပြုသင့်သည် မဟုတ်ပါလော။ ယခုမူကား ဤဝိနည်းဓိုရ် မထေရ်ကြီးတို့သည် အကြောင်းဝတ္ထုကိုလည်း မဆုံးဖြတ်ကြကုန်၊ ညီညွတ်အောင်လည်း မပြုလုပ်ကြကုန်၊ ဤသို့ ဆုံးလည်းမဆုံးဖြတ် ညီညွတ်အောင်လည်း မပြုလုပ်ခြင်းသည် ဘယ့်နှာပါလိမ့်”ဟု

၄၃၇

လျှောက်ထား တိုင်ကြားလေသည်။ ထိုတပည့်ရဟန်း တထောင်သည်လည်း ဓမ္မဝါဒီရဟန်း လျှောက်ထားသောစကားကို ကြားကြရလျက် “ဝိနည်းဓိုရ်ဆရာတော်ကြီး နှစ်ပါးတို့သည် တစုံတခု အကြောင်းထူးကို သိအပ်ပြီးဖြစ်လိမ့်မည်”ဟု အောက်မေ့ကြကာ တစုံတရာ ပြန်ကြားပြောဆိုမှု မပြုကြပဲ ဆိတ်ဆိတ်နေကြကုန်၏။

     ထိုအခါ အဓမ္မဝါဒီရဟန်းသည် အခွင့်ကောင်းကို ရယူ၍ “ငါ့ရှင်.. သင်သည် ရှေးအခါက 'ဝိနည်းဓိုရ် မထေရ်များ သိကြပါလိမ့်မည်'ဟု ပြောဆိုခဲ့၏၊ ကဲ ယခုအခါ ဝိနည်းဓိုရ်မထေရ်တို့အား ထိုအကြောင်းဝတ္ထုကို လျှောက်ထားပါဦးတော့လား”ဟု ဓမ္မဝါဒီရဟန်းကို ဖိနှိပ်ပြောဆိုကာ “သင်သည် ယနေ့ကစ၍ အရှုံးကြီး ရှုံးလေပြီ၊ ထို ငါတို့နေထိုင်ရာ တောရွာကျောင်းတိုက်သို့ သင်ပြန်၍ မလာခဲ့လေလင့်”ဟု ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆို၍ ဖဲသွားလေ၏။

     ထို့နောင်မှ ဓမ္မဝါဒီရဟန်းသည် ဝိနည်းဓိုရ် မထေရ်ကြီးတို့ထံသို့ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရားတို့သည် မြတ်စွာဘုရား၏ သာသနာတော်ကို မငဲ့ကုန်ပဲ 'ဤအဓမ္မဝါဒီရဟန်းသည် ငါတို့ကို ပြုစုလုပ်ကျွေးပေ၏၊ ငါတို့ကို နှစ်သိမ့်စေ၏'ဟု ပုဂ္ဂိုလ်ကိုသာလျှင် ငဲ့ကွက်ကြကုန်၏ (= သာသနာ၏မျက်နှာကို မကြည့်ပဲ ပုဂ္ဂိုလ်၏မျက်နှာကိုသာ ကြည့်ကြ၏)။ သာသနာတော်ကို မစောင့်ရှောက်ကြပဲ အလဇ္ဇီ ဒုဿီလပုဂ္ဂိုလ်ကိုသာလျှင် စောင့်ရှောက်ကြကုန်၏။ ယနေ့ကစ၍ အရှင်ဘုရားတို့သည် ဝိနည်းအဆုံးအဖြတ်ကို မဆုံးဖြတ်သင့်တော့ချေ။ ယနေ့မှာမှ ကဿပမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီတကား”ဟု ကျယ်စွာသောအသံဖြင့် မြည်တမ်း၍ “ကဿပမြတ်စွာ သာသနာကား ပျက်စီးခြင်းမလှ ပျက်စီးရချေပြီ”ဟု ငိုကြွေးလျက် ထိုဝိနည်းဓိုရ်တို့ထံမှ ထွက်ခွာ ဖဲသွားလေ၏။

     ထိုအခါ ဝိနည်းဓိုရ် မထေရ်ကြီးနှစ်ပါးတို့သည် ထိတ်လန့်သော သံဝေဂစိတ်နှလုံး ဖြစ်ရှိကြကာ “ငါတို့သည် အလဇ္ဇီဒုဿီလ

၄၃၈

ပုဂ္ဂိုလ်ကိုသာ စောင့်ရှောက်ကုန်လျက် သာသနာတော် တည်းဟူသော ရတနာစိုင်ကြီးကို ထူးအိုင်ချောက်ကမ်းပါး၌ ပစ်ချမိခဲ့လေကုန်ပြီ”ဟု နောင်တတဖန် ပူပန်ခြင်း ကုက္ကုစ္စကို ဖြစ်စေကြကုန်၏။ ထိုဝိနည်းဓိုရ် မထေရ်ကြီးနှစ်ပါးတို့သည် ထိုကုက္ကုစ္စဒဏ်ချက် နှိပ်စက်အပ်သော စိတ်နှလုံးရှိကြကုန်ရကား စုတိပြတ်ကြွေ သေလွန်သောအခါ အထက်အထက်နတ်ပြည်၌ မဖြစ်နိုင်ကြပဲ ထိုမထေရ်နှစ်ပါးတို့တွင် တပါးသည် ဟိမဝန္တာတောအတွင်း ဟေမဝတမည်သော တောင်၌ ဟေမဝတအမည်ရှိသော နတ်ဘီလူးမင်း ဖြစ်လေသည်။ အခြားတပါးသည် မဇ္ဈိမဒေသအတွင်း သာတမည်သော တောင်၌ သာတာဂိရ အမည်ရှိသော နတ်ဘီလူးမင်း ဖြစ်လေ၏။ ထိုမထေရ်ကြီးနှစ်ပါးတို့၏ အခြံအရံဖြစ်ကြသည့် ရဟန်းတထောင်တို့သည်လည်း ထိုမထေရ်ကြီးနှစ်ပါးတို့၏ အတုကိုသာ လိုက်ပါ ကျင့်ကြံကြကုန်လျက် အထက်အထက်နတ်ပြည်၌ မဖြစ်နိုင်ကြကုန်ပဲ ထိုနတ်မင်းကြီးနှစ်ဦးတို့၏အထံ၌ အသီးအသီး ငါးရာစီ ငါးရာစီ အခြံအရံ နတ်ဘီလူးများ ဖြစ်ကြလေကုန်၏။ ထိုဝိနည်းဓိုရ် မထေရ်ကြီးတို့၏ ပစ္စည်းလေးပါး ဒါယကာတို့သည်ကား အထက်နတ်ပြည်၌ ဖြစ်ကြလေကုန်၏။

     ဤဟေမဝတနတ်မင်းနှင့် သာတာဂိရနတ်မင်း နှစ်ဦးတို့သည် နှစ်ကျိပ်ရှစ်ဦးသော နတ်စစ်သူကြီးတို့တွင် စာရင်းအဝင်အပါ တန်ခိုးအာနုဘော် လွန်စွာကြီးမားကြသော နတ်မင်းကြီးများလည်း ဖြစ်ကြကုန်၏။ တလ တလလျှင် ရှစ်ကြိမ် ရှစ်ကြိမ် တရားဆုံးဖြတ်ရန် ဟိမဝန္တာတောအတွင်း ဆေးဒန်း မြင်းသီလာ ကျောက်အပြင်ဝယ် နာဂဝတီအမည်ရှိသော မဏ္ဍပ်၌ (သီဟိုဠ်မူအလို ဘဂလဝတီမည်သော တောင်၌) နတ်တို့၏ အစည်းအဝေးပွဲ ဖြစ်မြဲဓမ္မတာတည်း။ ထိုအစည်းအဝေးပွဲ၌ ဟေမ၀တနတ်မင်းနှင့် သာတာဂိရ နတ်မင်းတို့သည်လည်း ပါဝင်စည်းဝေးကြရမြဲဓမ္မတာ ဖြစ်၏။

     ထိုအခါ သာတာဂိရနတ်မင်း ဟေမဝတနတ်မင်းတို့သည် ထိုနတ်အစည်းအဝေးပွဲကြီး၌ အချင်းချင်း တွေ့မြင်ကြ၍

၄၃၉

လူ့ပြည်ကဖြစ်ရပ်ကို မှတ်ကြပြီးလျှင် “မိတ်ဆွေ.. သင်သည် အဘယ်အရပ်၌ ဖြစ်ရသနည်း၊ မိတ်ဆွေသင်ကော အဘယ်အရပ်၌ ဖြစ်ရသနည်း”ဟု မိမိ မိမိ၏ ဖြစ်ရာအရပ် ဘုံဌာနကို မေးမြန်းဖြေဆိုကြ၍ “မိတ်ဆွေ.. ငါတို့ကား ပျက်စီးခြင်းကြီး ပျက်စီးကြရချေပြီ၊ ငါတို့သည် ရှေးအခါ ကဿပမြတ်စွာ သာသနာတော်အတွင်း၌ နှစ်ပေါင်းနှစ်သောင်း ကာလပတ်လုံး ရဟန်းတရားကို ကြိုးစားအားထုတ်ခဲ့ပါလျက် တယောက်သော အလဇ္ဇီဒုဿီလ ပါပမိတ်ကို အမှီပြု၍ နတ်ဘီလူးမျိုး၌ ဖြစ်ကြရကုန်၏။ ငါတို့၏ ပစ္စည်းလေးပါး ဒါယကာတို့သည်ကား အထက် ကာမာဝစရနတ်ပြည်တို့၌ ဖြစ်ကြလေကုန်ပြီ”ဟူ၍ ပြောဆိုကြကာ ပြင်းထန်စွာ နှလုံးမသာမယာ ဖြစ်ကြလေကုန်၏။

ကတိကဝတ် ထားကြခြင်း

     ထို့နောက်မှ သာတာဂိရနတ်မင်းသည် “အဆွေတော် ဟေမ၀တနတ်မင်း.. သင်တို့၏နေရာ ဟိမဝန္တာတော မည်သည်ကား အံ့ဘွယ်သရဲ ထူးကဲသော တောဟု ခေါ်ဝေါ်သမုတ်အပ်သော တောဖြစ်ပေသည်၊ သို့ဖြစ်၍ တစုံတခု အံ့ဘွယ်သရဲ ထူးကဲသော အကြောင်းကို တွေ့မြင်ကြားသိခဲ့လျှင် ငါ့အားလည်း လာရောက် ပြောကြားလှည့်ပါ”ဟု ဟေမဝတနတ်မင်းကို မှာကြားပြောဆိုလေ၏။ ဟေမဝတ နတ်မင်းသည်လည်း “အဆွေတော် သာတာဂိရနတ်မင်း.. သင်၏နေရာ မဇ္ဈိမဒေသမည်သည်ကား မြင့်မြတ်သောပုဂ္ဂိုလ်တို့ ဖြစ်ထွန်းပေါ်ပေါက် နေထိုင်ရာဖြစ်သဖြင့် အံ့ဘွယ်သရဲ ထူးကဲသော ဒေသဟု သမုတ်အပ်ပေ၏၊ သို့ဖြစ်၍ တစုံတခု အံ့ဘွယ်သရဲ ထူးကဲသောအကြောင်းကို တွေ့မြင်ကြားသိခဲ့လျှင် ငါ့အားလည်း လာရောက် ပြောကြားလှည့်ပါ”ဟု သာတာဂိရနတ်မင်းကို မှာကြားပြောဆိုလေ၏။ ဤသို့လျှင် သာတာဂိရနတ်မင်းနှင့် ဟေမဝတနတ်မင်း သူငယ်ချင်းနှစ်ယောက်တို့သည် အချင်းချင်း ကတိကဝတ်စကား ပြောဆိုမှာထားမှု ပြုကြလျက် ထိုနတ်ဘီလူးဘဝကို မစွန့်နိုင်ကြပဲ ပေါင်းသင်းဆက်ဆံကာ နေထိုင်ခဲ့ကြရာ ဘုရားတဆူနှင့် တဆူ အကြားကာလတည်းဟူသော

၄၄၀

ဗုဒ္ဓန္တရ အသင်္ချေယျကပ်တခုပင် ကျော်လွန်ခဲ့လေသည်။ ဤကာလအတွင်း မဟာပထဝီ မြေကြီးသည်လည်း တယူဇနာနှင့် သုံးဂါဝုတ်မျှ အထက်သို့ မြင့်တက်ခဲ့လေပြီ။

     ထိုအခါ အကျွန်ုပ်တို့၏ ဘုရားအလောင်းတော်သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ဘုရားဆုပန် နိယတဗျာဒိတ် ခံတော်မူခဲ့သည်မှ ဝေဿန္တရာမင်းဘဝတိုင်အောင် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကြာ ကာလပတ်လုံး ပါရမီဆယ်ပါး တရားတို့ကို ဖြည့်ကျင့်ဆည်းပူး (အထွတ်အထိပ်ရောက်အောင်) ပြည့်စုံစေဦး၍ တုသိတာနတ်ပြည်၌ ဖြစ်တော်မူပြီးလျှင် ထိုတုသိတာနတ်ပြည်၌ နက်သက်တမ်းပြည့်အောင် တည်နေတော်မူလျက် ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း စကြဝဠာတိုက်တသောင်းမှ နတ်အပေါင်းတို့ လာရောက်ကာ ဘုရားဖြစ်ရန် တောင်းပန်အပ်ရကား ကြည့်ခြင်းကြီးငါးပါးကို ကြည့်ရှုတော်မူ၍ နတ်ဗြဟ္မာအပေါင်းတို့အား ဘုရားဖြစ်ရန် ဝန်ခံစကား ပြောကြားလိုက်ပြီးလျှင် နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့ ထင်ရှားဖြစ်ကုန်စဉ် လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းကို တုန်လှုပ်စေ၍ ဤလူ့ပြည်ဝယ် မဟာမာယာဒေဝီ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ ယူနေတော်မူခဲ့၏။

     ဤသာတာဂိရနတ်မင်းနှင့် ဟေမဝတနတ်မင်း သူငယ်ချင်း နှစ်ဦးတို့သည် ထိုသို့ မြတ်စွာဘုရားအလောင်း ပဋိသန္ဓေ တည်နေတော်မူသောအခါ ဖြစ်ပေါ်သော နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့ကို တွေ့မြင်ကြကုန်သော်လည်း “ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေတော်မူခြင်းကြောင့် ဤနိမိတ်ကြီးတို့ ဖြစ်ပေါ်ကုန်၏”ဟု မစဉ်စား မဆင်ခြင်မိကြ မသိရှိကြကုန်။ ဘုရားအလောင်းတော် ဖွားမြင်တော်မူသော အခါ၌၎င်း, တောထွက်တော်မူသော အခါ၌၎င်း, ဘုရားဖြစ်တော်မူသော အခါ၌၎င်း, နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့သည် ထင်ရှား ဖြစ်ကြကုန်၏။ ထိုနိမိတ်ကြီးတို့ကို တွေ့မြင်ကြပါကုန်သော်လည်း နတ်မင်းကြီး နှစ်ဦးတို့သည် “ဤအကြောင်းများကြောင့် ဤနိမိတ်ကြီးများ ဖြစ်ကြကုန်၏”ဟု ရှေးနည်းအတူပင် မစဉ်းစား မဆင်ခြင်မိကြ မသိရှိလိုက်ကြကုန်။

၄၄၁

     မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့ကို ခေါ်တော်မူ၍ အပြန်သုံးပါး အခြင်းအရာ တဆယ့်နှစ်ပါးရှိသော ဓမ္မစကြာဒေသနာကို ဟောကြားတော်မူသည်ရှိသော် ထင်ရှား ဖြစ်ပေါ်လာသည့် မြေငလျင်ကြီးစွာ လှုပ်ခြင်းကို၎င်း, အံ့ဘွယ်သရဲ ထူးကဲသော နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့ကို၎င်း ထိုနတ်မင်းကြီး နှစ်ဦးတို့အနက် သာတာဂိရနတ်မင်းကြီး တဦးသာလျှင် ပဌမဦးစွာ မြင်လတ်၍ ထိုနိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့၏ အကြောင်းရင်းဖြစ်သည့် မြတ်စွာဘုရား ဓမ္မစကြာတရား ဟောတော်မူနေဆဲဖြစ်သည်ကို သိရှိပြီးလျှင် မိမိ၏အခြံအရံ နတ်ဘီလူးပရိသတ် ငါးရာနှင့်တကွ မြတ်စွာဘုရားထံမှောက် လာရောက်ချဉ်းကပ်၍ ဓမ္မစကြာတရားဒေသနာကို နာကြားပါသော်လည်း တစုံတခုသော မဂ်ဖိုလ်တရားထူးကို မရနိုင်ချေ။

     အကြောင်း.. သာတာဂိရနတ်မင်းသည် ဓမ္မစကြာတရားကို နာကြားနေစဉ် မိမိ၏သူငယ်ချင်း ဟေမဝတနတ်မင်းကို အောက်မေ့အမှတ်ရ၍ “ငါ၏သူငယ်ချင်း ဟေမဝတနတ်မင်းသည် ဤတရားပွဲကြီးသို့ လာရောက်သလော၊ မလာရောက်သလော”ဟု တွေးတောကြံစည်ကာ တရားနာပရိသတ်ကို ကြည့်ရှုလတ်သည်တွင် မိမိ၏သူငယ်ချင်း ဟေမဝတနတ်မင်းကို မမြင်ရ၍ “ငါ၏သူငယ်ချင်း ဟေမဝတနတ်မင်းနှယ် ကြာမြင့်နောက်ကျလိုက်လေ၊ ဤမျှလောက် အနက်သဒ္ဒါ ဆန်းကြယ်လှစွာသော မြတ်စွာဘုရား၏ ဓမ္မစကြာ တရားဒေသနာကို မနာကြားရတော့ချေ”ဟု စိတ်ပျံ့လွင့်နေမှုကြောင့်ပင် မဂ်ဖိုလ်တရားထူးကို မရနိုင်ပဲ ရှိလေ၏။

     နေဝင်သော်လည်း မြတ်စွာဘုရား ဓမ္မစကြာတရား ဟောကြား၍ မပြီးဆုံးသေးချေ၊ ထိုအခါ သာတာဂိရနတ်မင်းသည် “ငါ၏သူငယ်ချင်း ဟေမဝတနတ်မင်းကို သွားရောက်ခေါ်ယူခဲ့ပြီးမှ ထိုသူငယ်ချင်းနှင့် အတူတကွ လာရောက်၍ တရားဒေသနာကို နာကြားတော့အံ့”ဟု ကြံစည်စိတ်ကူးပြီးလျှင် ဆင်ယာဉ်, မြင်းယာဉ်, ဂဠုန်ယာဉ် စသည်တို့ကို ဖန်ဆင်း၍ နတ်ဘီလူးပေါင်း

၄၄၂

ငါးရာတို့ ခြံရံလျက် ဟိမဝန္တာသို့ရှေးရှူ ကောင်းကင်ခရီးဖြင့် သွားလေ၏။

နတ်မင်းနှစ်ဦးတို့ ကောင်းကင်၌ တွေ့ဆုံကြခြင်း

     မြတ်စွာဘုရား အလောင်းတော် ပဋိသန္ဓေ နေတော်မူသောအခါ, ဖွားတော်မူသော အခါ, တောထွက်တော်မူသောအခါ, ဘုရားဖြစ်တော်မူသောအခါ, ပရိနိဗ္ဗာန် စံတော်မူသောအခါတို့၌ နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့သည် ထင်ရှား ဖြစ်ပေါ်ကြသော်လည်း ကြာမြင့်စွာ မတည်ကြပဲ ဖြစ်ပြီးလျှင် ခဏအတွင်း ပျောက်ကင်းချုပ်ကွယ်ကြကုန်၏။ မြတ်စွာဘုရား ဓမ္မစကြာတရား ဟောကြားတော်မူသောအခါ၌ကား ထိုနိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့သည် အံ့ဘွယ်သရဲ ထူးကဲသော သဘောရှိကြလျက် တခဏခြင်း ပျောက်ကင်း၍မသွားကြပဲ ကာလအတန်ကြာ တည်ပြီးမှသာ ချုပ်ပျောက်ကြလေသည်။ သို့ရကား ဟေမ၀တနတ်မင်းသည်လည်း ဟိမဝန္တာတောအတွင်း၌ ထိုနိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့ အံ့ဘွယ်သရဲ ထူးထူးကဲကဲ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရ၍ “ဤတောအတွင်း၌ ငါဖြစ်လာရသောအခါမှစ၍ ဤကဲ့သို့ အံ့ဘွယ်သရဲ ထူးကဲသော မွေ့လျော်ဖွယ်နှင့် ပြည့်စုံစွာ ဤတောင်ကြီးကား တခါမျှ မဖြစ်ဘူးချေ၊ ယခုကား ဖြစ်၍နေပေ၏။ ကိုင်း.. ယခုပင် (ငါတို့၏ ကတိကဝတ်အတိုင်း) ငါ၏သူငယ်ချင်း သာတာဂိရနတ်မင်းကို သွားရောက်ခေါ်ဆောင်ခဲ့၍ ထိုသူငယ်ချင်းနှင့် အတူတကွ လာရောက်ကာ ဤအံ့မခန်းသည့် ဟိမဝန္တာတောပန်းတို့၏ အသရေစည်းစိမ်ချမ်းသာကို မွေ့လျော်ပျော်ပါး ခံစားပေအံ့”ဟု စိတ်ကူးကြံစည်ပြီးလျှင် သာတာဂိရနတ်မင်းအတူပင် ဆင်ယာဉ်, မြင်းယာဉ်, ဂဠုန်ယာဉ် စသည်တို့ကို ဖန်ဆင်း၍ နတ်ဘီလူးပေါင်း ငါးရာတို့ ခြံရံလျက် မဇ္ဈိမဒေသသို့ရှေးရှူ ကောင်းကင်ခရီးဖြင့် လာလေ၏။

     ထိုအခါ နတ်မင်းကြီးနှစ်ဦးတို့သည် ရာဇဂြိုဟ်မြို့၏အပေါ် ကောင်းကင်အပြင်၌ ရင်ဆိုင်တွေ့ရှိကြ၍ အချင်းချင်း

၄၄၃

တယောက်နှင့်တယောက် လာရောက်ကြခြင်း၏ အကြောင်းကို မေးမြန်းကြသည်တွင် ဟေမ၀တနတ်မင်းက “အဆွေတော် သာတာဂိရနတ်မင်း.. ဟိမဝန္တာတောအတွင်း၌ ငါနတ်ဖြစ်လာသော အခါမှစ၍ ဤဟိမဝန္တာတောင်ကြီးသည် ဤကဲ့သို့ အခါမဲ့ ဖူးပွင့်ကြသော သစ်ပင်တို့ဖြင့် မွေ့လျော်ဖွယ်ရာ တခါမျှ မဖြစ်စဘူးချေ။ သို့ရကား ငါသည် သင်နှင့်အတူတကွ ထိုအံ့မခန်း ဟိမဝန္တာတောပန်းတို့၏ အသရေ စည်းစိမ်ချမ်းသာကို မွေ့လျော်ပျော်ပါး ခံစားပေအံ့ဟူ၍ ကြံစည်ပြီးလျှင် သင့်ကိုခေါ်ရန်အတွက် ထွက်လာခဲ့သည်”ဟု ပြောဆိုလေ၏။

     သာတာဂီရနတ်မင်းကလည်း “အဆွေတော် ဟေမ၀တနတ်မင်း.. သင်သည် ဤအခါမဲ့ပန်းတို့ ထူးဆန်းစွာ ဖူးပွင့်ခြင်း၏ အကြောင်းကို သိပါရဲ့လား”ဟု ဟေမဝတနတ်မင်းကို မေးမြန်းလေလျှင် ဟေမ၀တနတ်မင်းသည် “မသိပါ အဆွေတော် သာတာဂိရနတ်မင်း..”ဟူ၍ ဖြေကြားလေ၏။ တဖန် သာတာဂိရနတ်မင်းက “အဆွေတော် ဟေမဝတနတ်မင်း.. ဤအံ့ဘွယ်သရဲ ထူးကဲသော သဘောသည် ဟိမဝန္တာ တောကြီး တခုတည်း၌သာ ဖြစ်ပေါ်သည်မဟုတ်၊ စင်စစ်သော်ကား စကြဝဠာ လောကဓာတ်ပေါင်း တိုက်တသောင်း တို့၌ပင် အညီအမျှ ဖြစ်ကြသည်သာ၊ အဆွေတော် ဟေမဝတနတ်မင်း.. လောကသုံးခွင် ဘုံအပြင်၌ မြတ်စွာဘုရားသခင် ဖြစ်ပွင့်တော်မူလာပြီ၊ ထိုမြတ်စွာဘုရားသည်ကား ယခုအခါ ဗာရာဏသီပြည်အနီး ဣသိပတန အမည်ရှိသော မိဂဒါဝုန်တောကြီး၌ ဓမ္မစကြာတရား ဟောကြားနေဆဲ ရှိတော်မူ၏။ ထိုသို့ မြတ်စွာဘုရား ဓမ္မစကြာတရား ဟောတော်မူသောကြောင့် လောကတခွင်လုံး၌ အံ့မဆုံးအောင် မဖြစ်ဘူးမြဲ ထူးကဲသော နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့ ထင်ရှား ဖြစ်ပေါ်လာကြကုန်၏”ဟု ဟေမဝတနတ်မင်းကို ပြောဆိုလေ၏။

     ဤသို့လျှင် သာတာဂိရနတ်မင်းသည် မိမိ၏သူငယ်ချင်း ဟေမဝတနတ်မင်းကို မြတ်စွာဘုရား ထင်ရှား ဖြစ်ပွင့်တော်မူလာပြီဖြစ်ကြောင်း

၄၄၄

ပြောကြား၍ ထိုသူငယ်ချင်း ဟေမဝတနတ်မင်းကို မြတ်စွာဘုရားအထံသို့ ခေါ်ဆောင်လိုရကား-

အဇ္ဇ ပန္နရသော ဥပေါသထော၊

ဒိဗ္ဗာ ရတ္တိ ဥပဋ္ဌိတာ၊

အနောမနာမံ သတ္ထာရံ၊

ဟန္ဒ ပဿာမ ဂေါတမံ။

(အဆွေတော် ဟေမဝတနတ်မင်း..) ယနေ့ကား ပန္နရသီ တိထီကြိမ်တွေ့ လပြည့်နေ့ ဥပုသ်ပေတည်း၊ ယနေ့ညဉ့်ကား (မြတ်စွာဘုရား ဓမ္မစကြာတရား ဟောကြားတော်မူသော နေ့ဖြစ်၍ စကြဝဠာတိုက်တသောင်းမှ တရားနာ လာရောက်ကြသော) နတ်ဗြဟ္မာအပေါင်းတို့၏ ကိုယ်ရောင် အဝတ်တန်းဆာရောင် ဗိမာန်ရောင်တို့ဖြင့်၎င်း, လရောင် ကြယ်ရောင် နက္ခတ်အရောင်တို့ဖြင့်၎င်း, ဝိသုဒ္ဓိနတ် ဘုရားမြတ်၏ ကိုယ်တော်ရောင်ဖြင့်၎င်း ဇမ္ဗူဒိပ်တကျွန်းလုံးကို အလှဆုံး တန်းဆာဆင်ထားသည့်ပမာ အလွန်သာယာသော ညဉ့်အခါဖြစ်ပေ၏။ (အဆွေတော် ဟေမဝတနတ်မင်း..) ဘုရား ဟုတ်သလော, မဟုတ်သလောဟု တွေးတောယုံမှား စိတ်များမနေပါလင့်၊ လာပါလော့၊ ယခုပင် မယုတ်လျော့သော ဂုဏ်ကျေးဇူးတို့ဖြင့် ဗုဒ္ဓ+ဘဂဝါ အစရှိသည့် အမည်ထူးကို ရရှိတော်မူလျက် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာတဆူ ဖြစ်တော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို သွားရောက် ဖူးမြော်ကြပါကုန်စို့..

ဟူ၍ ဟေမဝတနတ်မင်းကို ပြောဆိုလေ၏။

     ထိုအခါ ဟေမဝတနတ်မင်းသည် သာတာဂိရနတ်မင်း ပြောဆိုသောစကားကို ကြား၍ “ဤသာတာဂိရနတ်မင်းသည် 'အနောမနာမံ သတ္ထာရံ' အစရှိသည်ဖြင့် မိမိ ဖူးတွေ့ခဲ့ရသော ပုဂ္ဂိုလ်ကား ဘုရားသဗ္ဗညူ စင်စစ်ဖြစ်သည်ကို ရဲရဲဝံ့ဝံ့ပြောဆို၏။ လောက၌

၄၄၅

ဘုရားသဗ္ဗညူတို့ကား ဖြစ်နိုင်ခဲ ရနိုင်ခဲကုန်၏၊ ပူရဏကဿပ စသည်တို့လို ပုဂ္ဂိုလ်များကသာ ဘုရားသဗ္ဗညူဟု ဝန်ခံကြလျက် မိစ္ဆာဉာဏ်ဖက်ပြီးလျှင် လူများအပေါင်းကို အလွန်ပင် နှိပ်စက် ဖျက်ဆီးကြ၏။ သာတာဂိရနတ်မင်း ဖူးတွေ့ခဲ့သော ရဟန်းဂေါတမသည် ဘုရားသဗ္ဗညူစင်စစ် ဖြစ်ခဲ့လျှင် တာဒိဂုဏ် (= ကောင်းဆိုးနှစ်တန် လောကဓံကြောင့် ဖောက်ပြန်တုန်လှုပ်ခြင်း မရှိမှုဂုဏ်)နှင့် စင်စစ်ပြည့်စုံသူ ဖြစ်ရလိမ့်မည်၊ ထို့ကြောင့် မြတ်စွာဘုရားတို့မှာသာ ပြည့်စုံနိုင်သော တာဒိဂုဏ်နှင့် ပြည့်စုံသူ ဟုတ်မဟုတ်ကို ငါစုံစမ်းဦးအံ့”ဟူ၍ ကြံစည်ပြီးလျှင် တာဒိလက္ခဏာကို မေးမြန်းလိုသည်ဖြစ်၍-

ကစ္စိ မနော သုပဏိဟိတော၊

သဗ္ဗဘူတေသု တာဒိနော။

ကစ္စိ ဣဋ္ဌေ အနိဋ္ဌေ စ၊

သင်္ကပ္ပဿ ဝသီကတာ။

(အဆွေတော် သာတာဂိရနတ်မင်း..) အသို့နည်း၊ သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ စိတ်သည် တာဒိဂုဏ်နှင့် ပြည့်စုံသူပြီပြီ ခပ်သိမ်းသော သတ္တဝါတို့၌ ချစ်ခြင်း မုန်းခြင်း အလျှင်းပင်မရှိ ပကတိ တည်တံ့ပါ၏လော။ အသို့နည်း၊ သင်ဖူးတွေ့ခဲ့ရသော ဘုရားဂေါတမသည် ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ ချစ်မုန်းသောအား ဖြစ်ပွါးတတ်သည့် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်တို့ကို ပယ်ရှားကင်းရှင်း နိုင်နင်းအောင် ပြုအပ်ပါကုန်၏လော-

ဟူသော ဤဂါထာကို ရွတ်ဆိုမေးမြန်းလေ၏။

     ထိုအခါ သာတာဂိရနတ်မင်းသည် မြတ်စွာဘုရား၏ တကယ်စင်စစ် သဗ္ဗညူဘုရားဖြစ်ကြောင်း အပြီးအပြတ် ဆုံးဖြတ်အပ်ပြီးသူ ဖြစ်သဖြင့် ထိုဟေမဝတနတ်မင်း စုံစမ်းမေးမြန်းအပ်သည့် အလုံးစုံသော သဗ္ဗညုမြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ကို ဝန်ခံဖြေကြားလိုရကား-

၄၄၆

မနော စဿ သုပဏိဟိတော၊

သဗ္ဗဘူတေသု တာဒိနော။

အထော ဣဋ္ဌေ အနိဋ္ဌေ စ၊

သင်္ကပ္ပဿ ဝသီကတာ။

(အဆွေတော် ဟေမဝတနတ်မင်း..) ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ စိတ်တော်သည် တာဒိဂုဏ်နှင့် ပြည့်စုံသူပြီပြီ ခပ်သိမ်းသော သတ္တဝါတို့၌ ချစ်ခြင်း မုန်းခြင်း အလျှင်းပင်မရှိ ပကတိတည်တံ့ပါ၏။ (ယခု ဘုရားဖြစ်သောအခါ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသည်ကို မဆိုထားဘိဦး၊ ဘုရားဖြစ်ရန် ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်ကပင် ဆဒ္ဒန်ဆင်မင်းဘဝ၌ ကိုယ်တော်၏အသက်ကို လုပ်ကြံသတ်ဖြတ်သော သောနုတ္တိုရ်မုဆိုးကိုလျက် ရန်ငြိုးထားခြင်း မရှိ၊ မိမိ၏အစွယ်ကို ကိုယ်တိုင်ဖြတ်၍ ပေးအပ် လှူဒါန်းတော်မူခဲ့၏။ မျောက်မင်းဘဝ၌လည်း ကိုယ်တော်၏ဦးခေါင်းကို ကျောက်တုံးဖြင့် ထုခတ်သတ်ဖြတ်သော ရန်သူပုဏ္ဏားကိုလျက် အမျက်မဆီး ခရီးလမ်း ညွှန်ပြတော်မူခဲ့၏။ ဝိဓုရသုခမိန်ဘဝ၌လည်း ကိုယ်တော်၏ခြေနှစ်ဖက်ကို ဆွဲကိုင်၍ ယူဇနာခြောက်ဆယ်ရှိသော ကာဠတောင်အောက် ချောက်ကမ်းပါးအတွင်းသို့ ရက်ရက်စက်စက် ဦးခေါင်းဇောက်ထိုး ပစ်ချသော ပုဏ္ဏကဘီလူးကိုလျက် အမျက်မထား တရားဟောတော်မူခဲ့၏။ ထို့ကြောင့် “မနော စဿ သုပဏိဟိတော”စသည်ဖြင့် သာတာဂိရနတ်မင်း ရဲရဲတင်းတင်း ဖြေဆိုခြင်းဖြစ်သည်။) အဆွေတော် ဟေမဝတနတ်မင်း.. ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ ချစ်မုန်းသောအား ဖြစ်ပွါးတတ်သည့် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်တို့ကို ပယ်ရှားကင်းရှင်း နိုင်နင်းအောင် ပြုအပ်ပါကုန်ပြီ-

ဟူသော ဤဂါထာကို ရွတ်ဆိုဖြေကြားလေ၏။

၄၄၇

     ဤသို့ ဟေမ၀တနတ်မင်းသည် ရှေးဦးစွာ မနောဒွါရနှင့်စပ်၍ တာဒိဂုဏ်နှင့် ပြည့်စုံသည် မပြည့်စုံသည်ကို မေးမြန်း၍ သာတာဂိရနတ်မင်းကလည်း ပြည့်စုံကြောင်း ဝန်ခံစကား ပြောကြားလတ်သည်ကို ကြားနာရပြီးလျှင် ပို၍ခိုင်မြဲအောင် ယခုအခါ ဒွါရသုံးပါးနှင့်စပ်၍လည်း စင်ကြယ်မှု ရှိမရှိကို မေးမြန်းလိုရကား- (တနည်း) ရှေးဦးစွာ ဒွါရသုံးပါးနှင့်စပ်၍ တာဒိဂုဏ်နှင့် ပြည့်စုံသည် မပြည့်စုံသည်ကို အကျဉ်းချုပ်အားဖြင့် မေးမြန်း၍ သာတာဂိရနတ်မင်းကလည်း ပြည့်စုံကြောင်း ဝန်ခံစကား ပြောကြားလတ်သည်ကို ကြားနာရပြီးလျှင် ပို၍ခိုင်မြဲအောင် အကျယ်အားဖြင့် မေးမြန်းလိုရကား-

ကစ္စိ အဒိန္နံ နာဒိယတိ၊

ကစ္စိ ပါဏေသု သညတော။

ကစ္စိ အာရာ ပမာဒမှာ၊

ကစ္စိ ဈာနံ န ရိဉ္စတိ။

(အဆွေတော် သာတာဂိရနတ်မင်း..) သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် အသို့နည်း အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတပါး၏ဥစ္စာကို ခိုးယူခြင်းမှ ကင်းသူဖြစ်ပါ၏လော၊ အသို့နည်း သတ္တဝါတို့၌ သတ်ဖြတ်ညှဉ်းဆဲခြင်း ဒုစရိုက်မှုမှ ကောင်းစွာ စောင့်စည်း ရှောင်ကြဉ်သူ ဖြစ်ပါ၏လော၊ အသို့နည်း ငါးဖြာအာရုံ ကာမဂုဏ်တို့၌ ခုံမင်ငြိကပ် တပ်မက်မော၍ စိတ်ထားပျော်မွေ့ မေ့လျော့ခြင်း ပမာဒ (= ကာမေသုမိစ္ဆာစာရ, အဗြဟ္မစရိယ ဒုစရိုက်များ)မှ ကင်းရှင်း ဝေးကွာပါ၏လော၊ အသို့နည်း နီဝရဏငါးပါး ပယ်ရှားဝေးလံလျက် ဈာန်သမာပတ်ကို မဆိတ်သုဉ်းစေသူ ဖြစ်ပါ၏လော-

ဟူသော ဤဂါထာကို ရွတ်ဆိုမေးမြန်းပြန်လေ၏။

     ထိုအခါ သာတာဂိရ နတ်မင်းကလည်း (မြတ်စွာဘုရားသည် ယခု ဘုရားဖြစ်သောအခါမှာသာ အဒိန္နာဒါန် စသည်တို့မှ

၄၄၈

စင်စစ် ရှောင်ကြဉ်သည် မဟုတ်သေး၊ ရှေးလွန်ခဲ့သော အတိတ်အခါကလည်း ရှည်မြင့်စွာသော ကာလပတ်လုံး အဒိန္နာဒါန် စသည်တို့မှ ရှောင်ကြဉ်တော်မူခဲ့၏။ ထိုထိုဒုစရိုက်မှုမှ ရှောင်ကြဉ်ခဲ့ခြင်း ဝိရတီကောင်းမှုကုသိုလ် အာနုဘော်ကြောင့် ထိုထိုမဟာပုရိသ လက္ခဏာတော်ကြီးများကို ရရှိတော်မူ၏။ တလောကလုံးကလည်း “ရဟန်းဂေါတမသည် အဒိန္နာဒါန်ဒုစရိုက်မှ ရှောင်ကြဉ်တော်မူ၏” စသည်ဖြင့် မြတ်စွာဘုရား၏ ကျေးဇူးစကား ပြောကြားကြရလေသည်။ ထို့ကြောင့်) စင်ကြယ်သန့်ရှင်း ရဲတင်းသော စကားဖြင့် ဖြေကြားလိုသည်ဖြစ်၍-

န သော အဒိန္နံ အာဒိယတိ၊

အထော ပါဏေသု သညတော။

အထော အာရာ ပမာဒမှာ၊

ဗုဒ္ဓေါ ဈာနံ န ရိဉ္စတိ။

(အဆွေတော် ဟေမဝတနတ်မင်း..) ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သည့် သူတပါးဥစ္စာကို ခိုးယူခြင်းမှ ကင်းသူဖြစ်ပေ၏။ သတ္တဝါတို့၌ သတ်ဖြတ်ညှဉ်းဆဲခြင်း ဒုစရိုက်မှုမှ ကောင်းစွာ စောင့်စည်း ရှောင်ကြဉ်သူ ဖြစ်ပေ၏၊ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ ခုံမင်ငြိကပ် တပ်မက်မော၍ စိတ်ထားပျော်မွေ့ မေ့လျော့ခြင်း ပမာဒ (= ကာမေသုမိစ္ဆာစာရ, အဗြဟ္မစရိယ ဒုစရိုက်များ)မှ ကင်းရှင်း ဝေးကွာပေ၏၊ နီဝရဏငါးပါး ပယ်ရှားဝေးလံလျက် ဈာန်သမာပတ်ကို မဆိတ်သုဉ်းစေသူလည်း ဖြစ်ပေ၏-

ဟူသော ဤဂါထာကို ရွတ်ဆိုဖြေကြားလေ၏။

     ဤ ဟေမဝတနတ်မင်းသည် ကာယဒွါရ၌ စင်ကြယ်ကြောင်း အဖြေစကားကို ကြားသိရပြီးနောက် ယခုအခါ ဝစီဒွါရ၌ စင်ကြယ်မှု ရှိ-မရှိကို မေးမြန်းလိုရကား-

၄၄၉

ကစ္စိ မုသာ န ဘဏတိ၊

ကစ္စိ န ခီဏဗျပ္ပထော။

ကစ္စိ ဝေဘူတိယံ နာဟ၊

ကစ္စိ သမ္ဖံ န ဘာသတိ။

အဆွေတော် သာတာဂိရနတ်မင်း.. အသို့နည်း သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် မုသားစကား မပြောကြားသူ ဖြစ်ပါ၏လော၊ အသို့နည်း သတ္တဝါတို့အား စိတ်ထားညစ်နွမ်းအောင် ညှဉ်းပန်းတတ်သော ကြမ်းတမ်းယုတ်မာ ဖရုသဝါစာစကား မပြောကြားသူ ဖြစ်ပါ၏လော၊ အသို့နည်း သူနှစ်ဦး၏ မေတ္တာတရား ပျက်ပြား ဆိတ်သုဉ်းစေတတ်သော ဂုံးတိုက်စကား မပြောကြားသူ ဖြစ်ပါ၏လော၊ စပါးပိန် စပါးဖျင်းအလား အစီးအပွါး အနှစ်မဲ့ သမ္ဖပ္ပလာပစကား မပြောကြားသူ ဖြစ်ပါ၏လော-

ဟူသော ဤဂါထာကို ရွတ်ဆိုမေးမြန်းလေ၏။

     ထိုအခါ သာတာဂိရ နတ်မင်းကလည်း (မြတ်စွာဘုရားသည် ယခု ဘုရားဖြစ်သောအခါမှာသာ ၀စီဒုစရိုက်တို့မှ ရှောင်ကြဉ်သည် မဟုတ်သေး၊ ရှေးလွန်ခဲ့သော အတိတ်အခါကလည်း ကာလရှည်မြင့်စွာပင် မုသာဝါဒ စသည်တို့မှ ရှောင်ကြဉ်တော်မူခဲ့၏။ ထိုထို ၀စီဒုစရိုက်တို့မှ ရှောင်ကြဉ်ခဲ့သော ဝိရတီကောင်းမှုကုသိုလ် အာနုဘော်ကြောင့် မွေးတွင်းတော် တခုတခု၌ မွေးညှင်းတော် တပင်တပင်စီသာ ပေါက်ရောက်ခြင်း ဥဏ္ဏလုံမွေးရှင်တော် ပေါက်ရောက်ခြင်းစသော ထိုထို မဟာပုရိသ လက္ခဏာတော်ကြီးများကို ရရှိတော်မူ၏။ တလောကလုံးကလည်း “ရဟန်းဂေါတမသည် မုသာဝါဒဒုစရိုက်မှ ရှောင်ကြဉ်တော်မူ၏” စသည်ဖြင့် မြတ်စွာဘုရား၏ ကျေးဇူးစကား ပြောကြားကြရလေသည်။ ထို့ကြောင့်) စင်ကြယ်သန့်ရှင်း ရဲတင်းသောစကားဖြင့် ဖြေကြားလိုသည်ဖြစ်၍-

၄၅၀

မုသာ စ သော န ဘဏတိ၊

အထော န ခီဏဗျပ္ပထော။

အထော ဝေဘူတိယံ နာဟ၊

မန္တာ အတ္ထံ သုဘာသတိ။

အဆွေတော် ဟေမဝတနတ်မင်း.. ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် မုသားစကားကို မပြောကြားသူလည်း မှန်ပေ၏။ ကြမ်းတမ်းယုတ်မာ ဖရုသဝါစာစကား မပြောကြားသူလည်း မှန်ပေ၏။ ဂုံးတိုက်စကား မပြောကြားသူလည်း မှန်ပေ၏။ ပညာဖြင့်ပိုင်းခြား၍ အကျိုးရှိသော စကားကိုသာ ပြောကြားတော်မူပေ၏-

ဟူသော ဤဂါထာကို ရွတ်ဆိုဖြေကြားလေ၏။

     ဤသို့ ဟေမဝတနတ်မင်းသည် ဝစီဒွါရ၌ စင်ကြယ်ကြောင်း အဖြေစကားကို ကြားသိရပြီးနောက် ယခုအခါ မနောဒွါရ၌ စင်ကြယ်မှု ရှိမရှိနှင့် မောဟကိုလွန်မြောက်လျက် စက္ခုငါးပါးနှင့် ပြည့်စုံသူ ဟုတ် မဟုတ်ကို မေးမြန်လိုရကား-

ကစ္စိ နရဇ္ဇတိ ကာမေသု၊

ကစ္စိ စိတ္တံ အနာဝိလံ။

ကစ္စိ မောဟံ အတိက္ကန္တော၊

ကစ္စိ ဓမ္မေသု စက္ခုမာ။

အဆွေတော် သာတာဂိရနတ်မင်း.. အသို့နည်း သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ခုံမင်တပ်မက်ခြင်း တည်းဟူသော အဘိဇ္ဈာတရား ပယ်ရှားကင်းရှင်းသူ မှန်ပါ၏လော၊ အသို့နည်း သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် ဗျာပါဒ-ဒေါသတရားဖြင့် ဖောက်ပြားနောက်ကျုခြင်းမှ ကင်းရှင်းပါ၏လော၊ အသို့နည်း သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် မိစ္ဆာဒိဋ္ဌိ၏ အခြေခံအကြောင်းတရား

၄၅၁

မောဟလေးပါးကို ပယ်ရှားလွန်မြောက်ပြီးသူ မှန်ပါ၏လော၊ အသို့နည်း အလုံးစုံသော တရားတို့၌ အဆီးအတား အပိတ်အပင်မရှိ ထိုးထွင်းမြင်သိတတ်သော ပညာမျက်စိရှိသူ မှန်ပါ၏လော-

ဟူသော ဤဂါထာကို ရွတ်ဆိုမေးမြန်းလေ၏။ (ဤဂါထာ၌ “ဒွါရသုံးသွယ် စင်ကြယ်ရုံမျှဖြင့်လည်း ဘုရားမဟုတ်သေး၊ သဗ္ဗညုတဉာဏ် (တနည်း စက္ခုငါးပါး)နှင့် ပြည့်စုံသူဖြစ်မှသာ ဘုရားစင်စစ် ဖြစ်နိုင်သည်”ဟု နှလုံးသွင်း၍ “ကစ္စိ ဓမ္မေသု စက္ခုမာ = တရားအလုံးတို့၌ ထိုထွင်းမြင်သိတတ်သော ပညာမျက်စိရှိသူ မှန်ပါ၏လော”ဟူ၍ မေးမြန်းခြင်း ဖြစ်လေသည်။)

     ထိုအခါ သာတာဂိရနတ်မင်းကလည်း (မြတ်စွာဘုရားသည် အရဟတ္တဖိုလ်သို့ မရောက်သေးမီ အနာဂါမိမဂ်ခဏကပင် ကာမရာဂကိလေသာနှင့် ဗျာပါဒကိလေသာတို့ကို ပယ်ရှားပြီးဖြစ်သောကြောင့် ကာမဝတ္ထုတို့၌ တပ်မက်သာယာခြင်း ကင်းရှင်းတော်မူခဲ့၏၊ ဗျာပါဒ = ဒေါသတရားဖြင့် ဖောက်ပြားနောက်ကျုခြင်းမှ ကင်းရှင်းသောစိတ်လည်း ရှိတော်မူ၏၊ သောတာပတ္တိမဂ်ခဏကပင် မိစ္ဆာဒိဋ္ဌိ၏ အကြောင်းဖြစ်သည့် (သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော) သစ္စပဋိစ္ဆာဒကမောဟကို ပယ်ရှားပြီးဖြစ်သောကြောင့် မောဟကိုလွန်မြောက်ပြီးသူလည်း ဖြစ်ပေ၏၊ ဆရာမကူ သယမ္ဘူဉာဏ်ဖြင့်ပင် သစ္စာလေးပါးကို သိမြင်တော်မူသောကြောင့် ဗုဒ္ဓဟူသော အမည်တော်နှင့် ဉာဏ်မျက်စိများကိုလည်း ရတော်မူပြီးဖြစ်၏၊ ထို့ကြောင့်) မြတ်စွာဘုရား၏ မနောဒွါရ၌ စင်ကြယ်ခြင်းရှိကြောင်းနှင့် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိ၍ ဘုရားစင်စစ် ဖြစ်တော်မူကြောင်းကို ရဲရဲတောက် ကြွေးကြော် ဖြေကြားလိုသည်ဖြစ်၍-

န သော ရဇ္ဇတိ ကာမေသု၊

အထော စိတ္တံ အနာဝိလံ။

သဗ္ဗမောဟံ အတိက္ကန္တော၊

ဗုဒ္ဓေါ ဓမ္မေသု စက္ခုမာ။

၄၅၂

အဆွေတော် ဟေမဝတနတ်မင်း.. ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ခုံမင်တပ်မက်ခြင်း တည်းဟူသော အဘိဇ္ဈာတရား ပယ်ရှား ကင်းရှင်းသူလည်း မှန်ပေ၏၊ ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ စိတ်တော်သည် ဗျာပါဒ = ဒေါသတရားဖြင့် ဖောက်ပြားနောက်ကျုခြင်းမှလည်း ကင်းရှင်းပေ၏။ ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် မိစ္ဆာဒိဋ္ဌိ၏ အခြေခံအကြောင်းတရား အလုံးစုံသော မောဟလေးပါးကို ပယ်ရှား လွန်မြောက်ပြီးသူလည်း မှန်ပေ၏၊ ခပ်သိမ်းသော တရားတို့ကို သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်းသိမြင်တော်မူသောကြောင့် ဗုဒ္ဓဟူသောအမည်ကို ရရှိတော်မူသည့်ပြင် စက္ခုငါးပါးနှင့်လည်း ပြည့်စုံတော်မူပေ၏-

ဟူသော ဤဂါထာကို ရွတ်ဆိုဖြေကြားလေ၏။

     ဤသို့လျှင် ဟေမဝတနတ်မင်းသည် မြတ်စွာဘုရားရှင်၏ ဒွါရသုံးပါး၌ စင်ကြယ် သန့်ရှင်းတော်မူခြင်းနှင့် သဗ္ဗညုဘုရားစင်စစ် ဖြစ်တော်မူခြင်းကို ကြားသိရွှင်လန်း အလွန်ဝမ်းမြောက်ပြီးလျှင် အတိတ်ဘဝ ကဿပမြတ်စွာ သာသနာတော်အတွင်းက အကြားအမြင်များခြင်း = ဗာဟုသစ္စမင်္ဂလာကြောင့် လွန်စွာသန့်ရှင်းသော ဉာဏ်ပညာဖြင့် မထစ်မငြိ ချက်တိုင်းထိသော စကားရှိသူ ဖြစ်ရကား အံ့ဘွယ်သရဲ ထူးကဲ သော မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ဆက်၍တဖန် နာယူပြန်လိုရကား-

ကစ္စိ ဝိဇ္ဇာယ သမ္ပန္နော၊

ကစ္စိ သံသုဒ္ဓစာရဏော။

ကစ္စိဿ အာသဝါ ခီဏာ၊

ကစ္စိ နတ္ထိ ပုနဗ္ဘဝေါ။

အဆွေတော် သာတာဂိရနတ်မင်း.. သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် ဘုရားတကာ ပြည့်စုံရာသော ဝိဇ္ဇာမျက်စိနှင့် ပြည့်စုံသူ မှန်ပါ၏လော၊

၄၅၃

အသို့နည်း နိဗ္ဗာန်သို့သွားကြောင်း ခြေကောင်းသဖွယ်ဖြစ်သည့် စင်ကြယ်သော စရဏတရား တဆယ့်ငါးပါးရှိသူ မှန်ပါ၏လော၊ အသို့နည်း သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ သန္တာန်၌ အာသဝေါတရား လေးပါးတို့ ပါးရှားကုန်ခန်းပြီး ဖြစ်ကြပါကုန်၏လော၊ အသို့နည်း သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားမှာ တဖန် ဘဝအသစ်၌ ဖြစ်ရခြင်း(= ပဋိသန္ဓေနေရခြင်း) ကင်းပါ၏လော-

ဟူသော ဤဂါထာကို ရွတ်ဆိုမေးမြန်းလေ၏။

     ထိုအခါ သာတာဂိရနတ်မင်းသည် မြတ်စွာဘုရား၏ သဗ္ဗညုဘုရားစင်စစ် ဖြစ်တော်မူခြင်း၌ နှစ်နှစ်ကာကာ သက်ဝင်ယုံကြည် ဆုံးဖြတ်အပ်သော စိတ်နှလုံးရှိသူ ဖြစ်ရကား ဟေမဝတနတ်မင်း မေးမြန်းအပ်သည့် ဂုဏ်အားလုံးတို့ မြတ်စွာဘုရား၌ ထင်ရှားကုံလုံ ပြည့်စုံစွာရှိကြောင်း ဝန်ခံ ဖြေကြားလိုသည်ဖြစ်၍-

ဝိဇ္ဇာယ စေဝ သမ္ပန္နော၊

အထော သံသုဒ္ဓစာရဏော။

သဗ္ဗဿ အာသဝါ ခီဏာ၊

နတ္ထိ တဿ ပုနဗ္ဘဝေါ။

အဆွေတော် ဟေမဝတနတ်မင်း.. ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် ဘုရားတကာ ပြည့်စုံရာသော ဝိဇ္ဇာမျက်စိနှင့် ပြည့်စုံသူလည်း မှန်ပေ၏၊ ထို့ပြင် နိဗ္ဗာန်သို့သွားကြောင်း ခြေကောင်းသဖွယ် စင်ကြယ်သော စရဏတရား တဆယ့်ငါးပါးရှိသူလည်း မှန်ပေ၏။ ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ သန္တာန်၌ အလုံးစုံသော အာသဝေါတရားတို့ ပါးရှားကုန်ခန်းပြီးလည်း ဖြစ်ကြပါကုန်၏။ ထို ငါဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားမှာ တဖန် ဘဝအသစ်၌ဖြစ်ရခြင်း (= ပဋိသန္ဓေနေရခြင်း)လည်း ကင်းပေ၏-

ဟူသော ဤဂါထာကို ရွတ်ဆိုဖြေကြားလေ၏။

၄၅၄

     ထိုအခါ ဟေမဝတနတ်မင်းသည် “ယခု သာတာဂိရနတ်မင်း ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရားသည် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားစင်စစ် ဖြစ်ပေ၏”ဟု မြတ်စွာဘုရား၌ ယုံမှားခြင်း ကင်းပြီးလျှင် ကောင်းကင်၌ ရပ်တည်ရင်းကပင် မြတ်စွာဘုရားကို ချီးမွမ်းလိုသဖြင့်၎င်း, သာတာဂိရ နတ်မင်းကိုလည်း ဝမ်းမြောက်စေလိုသဖြင့်၎င်း-

သမ္ပန္နံ မုနိနော စိတ္တံ၊

ကမ္မုနာ ဗျပ္ပထေန စ။

ဝိဇ္ဇာစရဏသမ္ပန္နံ၊

ဓမ္မတော နံ ပသံသသိ။

အဆွေတော် သာတာဂိရနတ်မင်း.. သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ စိတ်တော်သည် တာဒိဂုဏ်နှင့်လည်း ပြည့်စုံပါပေ၏၊ ကာယကံ စင်ကြယ်မှု, ၀စီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှုတို့နှင့်လည်း ပြည့်စုံပါပေ၏၊ အဆွေတော် သာတာဂိရနတ်မင်းသည် ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး, စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို ဟုတ်မှန်သောအတိုင်းပင် ချီးမွမ်းစကား ပြောကြားပါပေ၏-

ဟူသော ဤဂါထာကို ရွတ်ဆိုချီးမွမ်း အားရမ်းနှစ်သက်စေလေ၏။

     ထိုအခါ သာတာဂိရ နတ်မင်းသည်လည်း “အဆွေတော် ဟေမဝတနတ်မင်း.. သင်ပြောဆိုသော အကြောင်းအရာသည် ပြောသည့်အတိုင်း အမှန်ပင်ဖြစ်ပေ၏၊ အဆွေတော်သည် မြတ်စွာဘုရား၏ဂုဏ်ကို ကောင်းကောင်းကြီးလည်း သိအပ်ပါ ပြီ။ ကောင်းစွာလည်း ဝမ်းမြောက်အပ်ပါပြီ”ဟု ပြောဆိုလိုသော အဓိပ္ပါယ်ဖြင့် ထိုဟေမဝတနတ်မင်းကိုပင် တဖန် ဝမ်းမြောက်စေပြန်လိုရကား-

၄၅၅

သမ္ပန္နံ မုနိနော စိတ္တံ၊

ကမ္မုနာ ဗျပ္ပထေန စ။

ဝိဇ္ဇာစရဏသမ္ပန္နံ၊

ဓမ္မတော အနုမောဒသိ။

အဆွေတော် ဟေမဝတနတ်မင်း.. ငါဖူးတွေခဲ့ရသော မြတ်စွာဘုရား၏ စိတ်တော်သည် တာဒိဂုဏ်နှင့်လည်း ပြည့်စုံပေ၏။ ကာယကံစင်ကြယ်မှု, ဝစီကံစင်ကြယ်မှု, မနောကံ စင်ကြယ်မှုတို့နှင့်လည်း ပြည့်စုံပေ၏၊ အဆွေတော် ဟေမ၀တနတ်မင်းသည် ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး, စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဟုတ်မှန်သောအတိုင်းပင် ကြည်ညိုဝမ်းမြောက်ပါပေ၏-ဟူ၍ ပြောဆိုပြီးလျှင် ဟေမဝတနတ်မင်းကို မြတ်စွာဘုရားထံသို့ သွားရောက်ရန် တိုက်တွန်းနှိုးဆော် ခေါ်ယူလိုသဖြင့်-

သမ္ပန္နံ မုနိနော စိတ္တံ၊

ကမ္မုနာ ဗျပ္ပထေန စ။

ဝိဇ္ဇာစရဏသမ္ပန္နံ၊

ဟန္ဒ ပဿာမ ဂေါတမံ။

အဆွေတော် ဟေမဝတနတ်မင်း.. ငါဖူးတွေခဲ့ရသော မြတ်စွာဘုရား၏ စိတ်တော်သည် တာဒိဂုဏ်နှင့်လည်း ပြည့်စုံပေ၏၊ ကာယကံစင်ကြယ်မှု, ဝစီကံစင်ကြယ်မှု, မနောကံ စင်ကြယ်မှုတို့နှင့်လည်း ပြည့်စုံပေ၏။ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး, စရဏ တဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို ယခုပင် သွားရောက်ဖူးမြော်ကြပါစို့-

ဟူသော ဤဂါထာကို ရွတ်ဆိုခေါ်ယူလေသည်။

     ထိုအခါ ဟေမဝတနတ်မင်းသည် ရှေးဘဝက ပါလာသော ဉာဏ်ပညာ ဗဟုဿုတ အစွမ်းရှိသူပြီပြီ မိမိနှစ်သက်အပ်သော

၄၅၆

ဂုဏ်ကျေးဇူးတို့ဖြင့် မြတ်စွာဘုရားကို ချီးမွမ်းလျက် သာတာဂိရနတ်မင်းကို ဘုရားဖူးသွားရန် ဝန်ခံခေါ်ယူလိုသည်ဖြစ်၍-

ဧဏီဇင်္ဃံ ကိသံ ဝီရံ၊

အပ္ပါဟာရံ အလောလုပံ။

မုနိံ ဝနသ္မိံ ဈာယန္တံ၊

ဧဟိ ပဿာမ ဂေါတမံ။


သီဟံ ဝေကစရံ နာဂံ၊

ကာမေသု အနပေက္ခိနံ။

ဥပသင်္ကမ္မ ပုစ္ဆာမ၊

မစ္စုပါသပ္ပမောစနံ။

အဆွေတော် သာတာဂိရနတ်မင်း.. လာ သွားကြစို့၊ တောဝမြိုင်ဖျား ဧဏီသားကဲ့သို့ လုံးလျားတင့်တယ်သည့် သလုံးမြင်းခေါင်း ရှိတော်မူသော ရှည်ခြင်းငါးမည် တိုသည်ကားလေး အသေးစတု မြင့်မှုခြောက်ဆင့် ဝန်းသင့်သည့်အရာ ဝန်းလှစွာသည့် အင်္ဂါကြီးငယ်တို့နှင့် ပြည့်စုံတော်မူသော ကိုယ်တွင်းကိုယ်ပ နှစ်ဝသောရန်ကို တွန်းလှန်တိုက်ဖျက်ခြင်းငှါ စွမ်းနိုင်သည့် လုံ့လဝီရိယရှိတော်မူသော တထပ်တည်းသာ ကိုယ်ခန္ဓာ မျှတရုံ အစာအာဟာရကို မှီဝဲလေ့ရှိသော အစာအာဟာရ၌ လောလုပ္ပတဏှာတရားကို ပယ်ရှားပြီးဖြစ်တော်မူသော မဂ်ဉာဏ်လေးပုံနှင့် ပြည့်စုံတော်မူသော ဆိတ်ငြိမ်ရာ တောအရပ်၌ ဈာန်ဝင်စားကာ နေလေ့ရှိတော်မူသော ဂေါတမနွယ်ဖွား ရှင်တော်ဘုရားကို သွားရောက်ဖူးမြော်ကြပါကုန်စို့။

အဆွေတော် သာတာဂိရနတ်မင်း.. ငါတို့သည် ကေသရာ ခြင်္သေ့မင်းအတူ သာမန်လူတို့ ချဉ်းကပ်ရန်မလွယ်ကူ လောကဓံတိုကို သည်းခံနိုင်တော်မူ ကြောက်ရွံ့ခြင်း ကင်းတော်မူသော လောကဓာတ်တိုက်တခု၌

၄၅၇

တဆူတည်းသာ ဖြစ်ပွင့်တော်မူသော ဆဒ္ဒန်ဆင်မင်းအတူ ကြီးမားသော ကာယဉာဏ ဗလစွမ်းဟုန်နှင့် ပြည့်စုံတော်မူသော ဝတ္ထုကာမဟူသမျှတို့၌ ဆန္ဒရာဂ ကင်းရှင်းတော်မူသော မြတ်စွာဘုရားထံမှောက်သို့ သွားရောက်ချဉ်းကပ်ကြပြီးလျှင် သေမင်း၏ကျော့ကွင်း တည်းဟူသော တေဘူမက ဝဋ်ဒုက္ခမှ လွတ်မြောက်ရာမှန် နိဗ္ဗာန်တရားကို လျှောက်ထား မေးမြန်းကြပါကုန်စို့-

ဟူသော ဂါထာတို့ကို ရွတ်ဆိုကာ သာတာဂိရနတ်မင်းနှင့်တကွ အခြံအရံဖြစ်ကြသည့် နတ်ဘီလူးတထောင်တို့ကို ဘုရားထံမှောက် သွားရောက်ဖူးမြော် တရားတော်နာယူရန် တိုက်တွန်းခေါ်ယူလေသည်။

ကာဠီအမျိုးသ္မီး သောတာပန်တည်ခြင်း

     ထိုနေ့ကား ရာဇဂြိုဟ်မြို့၌ ဝါဆိုလ ပွဲသဘင်ကြီး ဆင်ယင်ကျင်းပနေသောနေ့ ဖြစ်လေသည်။ ထိုအခါ ထက်ဝန်းကျင်မှ မွန်မြတ်သော အဆင်တန်းဆာတို့ဖြင့် တန်းဆာဆင်အပ်သော တာဝတိံသာ နတ်မြို့တော်ဝယ် တင့်တယ်ကြီးမြတ်သော နတ်၏စည်းစိမ်ကို ခံစားသော နတ်သမီးကဲ့သို့ ရာဇဂြိုဟ်ပြည်ကြီးဝယ် ကုရရဃရမြို့၌နေသူ ကာဠီအမည်ရှိသော အမျိုးသမီးသည် မိဖတို့၏ အိမ်ပြာသာဒ်ထက်သို့ တက်၍ ခြင်္သေ့ခံသော လေသွန်တံခါးကို ဖွင့်လျက် ဖွားမြင်အံ့ဆဲဆဲသော ကိုယ်ဝန်၏ ပင်ပန်းခြင်းကို ပယ်ဖျောက်လိုသဖြင့် လေညှင်းခံကာ ရပ်တည်နေဆဲ ဖြစ်၏။

(ကာဠီအမျိုးသမီးကား ရာဇဂြိုဟ်ပြည်သူ ဖြစ်၏။ အရွယ်ရောက်သောအခါ ကုရရဃရမြို့၌ အိမ်ထောင်ကျ၍ သောဏကုဋိကဏ္ဏမထေရ်၏အလောင်း ကိုယ်ဝန်ရှိသောအခါ မိဖရပ်ဌာန်ပြန်၍ ကိုယ်ဝန်သားကို ဖွားမြင်အံ့ဟု ကြံစည်ကာ ရာဇဂြိုဟ်ပြည် မိဖနေအိမ်သို့ ပြန်လာ၍ ပြာသာဒ်ထက်သို့ တက်ပြီးလျှင် ဖွားအံ့ ဆဲဆဲသော ကိုယ်ဝန်ကြောင့်ဖြစ်သည့် ပင်ပန်းခြင်းကို ပယ်ဖျောက်ရန် လေညှင်းခံ၍နေခိုက် နတ်ဘီလူးမင်းနှစ်ဦးတို့ ပြောဟောသော ဘုရားဂုဏ်တော်များကို တဆင့်စကား ကြားရ နာရလေသည်။)

၄၅၈

     ကာဠီအမျိုးသမီးသည် ထိုနတ်ဘီလူးစစ်သူကြီး နှစ်ဦးတို့ အသီးသီး ပြောဆိုကြသည့် ဘုရားရှင်၏ ဂုဏ်တော်နှင့်စပ်သော တရားစကားကို အစ အလယ် အဆုံး သုံးပါးလုံး ကြားနာရ၍ “မြတ်စွာဘုရားတို့သည် ဤသို့ အံ့ဘွယ်အထူး ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူပါပေစွာ့တကား”ဟု ဘုရားဂုဏ်ကို အာရုံပြု၍ နှစ်သက်ခြင်း ပီတိတရားကို ဖြစ်ပွါးစေပြီးလျှင် ထိုပီတိဖြင့်ပင် နီဝရဏတရားတို့ကို ပယ်ခွါ၍ ဝိပဿနာကမ္မဋ္ဌာန်းစီးဖြန်းမှု ပြုလေလျှင် ထိုနေရာ၌ ရပ်တည်နေရင်းပင် သောတာပတ္တိဖိုလ်သို့ ရောက်ရှိလေ၏။ ထိုကာဠီအမျိုးသမီးသည် မာတုဂါမ မင်းမိန်းမတို့အနက် ရှေးဦးစွာ သောတာပန်တည် အရိယသာဝိကာဖြစ်၍ အမျိုးသမီးပိုင်းတွင် အကြီးဆုံးအစ်မကြီးသဖွယ် ဖြစ်လေသည်။ ထိုညဉ့်မှာပင် ကာဠီအမျိုးသမီးသည် (သောဏကုဋိကဏ္ဏမထေရ်၏အလောင်း) သတို့သားကို ဖွားမြင်ပြီးနောက် မိဖအိမ်တွင် အလိုရှိသလောက် နေထိုင်ပြီးလျှင် မိမိနေရာ ကုရရဃရမြို့သို့ ပြန်သွားလေ၏။

     ထိုသို့ မြတ်စွာဘုရားကို ရှေးက တကြိမ်တခါမျှ မဖူးမတွေ့ရဘူးပဲလျက် အဆင့်စကား ကြားသိကာ ဘုရားဂုဏ်ကို သက်ဝင်ယုံကြည်ပြီးလျှင် သူတပါးအတွက် ခူး၍ထားသော ထမင်းပွဲကို အလွယ်တကူ စားသုံးသူကဲ့သို့ သောတာပတ္တိဖိုလ်၌ တည်သောကြောင့်ပင်လျှင် ထိုကာဠီအမျိုးသမီး ဥပါသိကာကို မြတ်စွာဘုရားသည် နောက်အခါ ဇေတဝန်ကျောင်း၌ ရဟန်းအပေါင်းတို့အလယ်၌ ထိုင်နေတော်မူကာ ဥပါသိကာမတို့ကို ဧတဒဂ်ဘွဲ့နှင်းသဘင် ယင်တော်မူလတ်သည်ရှိသော် “ချစ်သားရဟန်းတို့.. အဆင့်စကား ကြားသဖြင့် ရတနာသုံးပါး၌ သက်ဝင်ကြည်ညိုကြသူ ငါဘုရား၏တပည့်မ ဥပါသိကာအပေါင်းတွင် ကုရရဃရမြို့၌နေသူ ကာဠီအမည်ရှိသော အမျိုးသမီးသည် အမြတ်ဆုံး အသာလွန်ဆုံး ဖြစ်၏”ဟူ၍ အနုဿဝပသာဒ (= အဆင့်ကြားရုံဖြင့် ကြည်ညိုသော)အရာ၌ ဧတဒဂ်ထားတော်မူလေ၏။

၄၅၉

နတ်စစ်သူကြီးနှစ်ဦးတို့ ဘုရားထံမှောက် ရောက်ရှိကြခြင်း

     သာတာဂိရနတ်မင်းနှင့် ဟေမဝတနတ်မင်း နှစ်ဦးတို့သည် မိမိတို့၏ အခြွေအရံဖြစ်သည့် နတ်ဘီလူးပေါင်းတထောင် ခြံရံကုန်လျက် ထိုညဉ့် သန်းခေါင်ယံအချိန်၌ပင် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောသို့ သွားရောက်ကြ၍ ဓမ္မစကြာတရား ဟောကြားတော်မူစဉ် ဖွဲ့ခွေသော တင်ပလ္လင်ကို မဖျက်ရသေးပဲ ထိုင်နေမြဲ ထိုင်နေတော်မူသော မြတ်စွာဘုရားအထံသို့ ဆည်းကပ် ရှိခိုးပြီးလျှင်-

အက္ခာတာရံ ပဝတ္တာရံ၊

သဗ္ဗဓမ္မာန ပါရဂုံ။

ဗုဒ္ဓံ ဝေရဘယာတီတံ၊

မယံ ပုစ္ဆာမ ဂေါတမံ။

သစ္စာလေးပါး မြတ်တရားကို အကျဉ်းအကျယ် နှစ်သွယ်ပိုင်းခြား ဟောကြားတော်မူသော ခပ်သိမ်းသော တရားတို့၌ အဘိညာ + ပရိညာ + ပဟာန + ဘာဝနာ + သစ္ဆိကိရိယ + သမာပတ္တိအား ခြောက်ပါးသော အခြင်းအရာတို့ဖြင့် တဖက်ကမ်းရောက် တတ်မြောက်သိမြင်တော်မူသော, မောဟတည်းဟူသော အိပ်ပျော်ခြင်းမှလည်း နိုးကြားတော်မူသော, ပါဏာတိပါတ စသည်ငါးတန် ဘေးရန်တို့ကိုလည်း လွန်မြောက်တော်မူပြီးသော ဂေါတမနွယ်ဖွား ရှင်တော်ဘုရားကို အကျွန်ုပ်တို့သည် မသိမမြင်သောအချက်များကို လျှောက်ထား မေးမြန်းပါရစေကုန်ဘုရား-

ဟူသော ဤဂါထာဖြင့် မြတ်စွာဘုရားကို ချီးမွမ်းလျက် ပြဿနာ မေးလျှောက်ရန် ခွင့်ပန်ကြလေကုန်သည်။ ထိုသို့ ခွင့်ပန်ပြီးလျှင် ထိုနတ်မင်းကြီး နှစ်ဦးတို့တွင် တန်ခိုးပညာ သာလွန်မြင့်မြတ်သော ဟေမဝတနတ်မင်းသည် မိမိမေးလျှောက်လိုသော အကြောင်းအရာကို မေးလျှောက်လိုရကား-

၄၆၀

ကိသ္မိံ လောကော သမုပ္ပန္နော၊

ကိသ္မိံ ကုဗ္ဗတိ သန္ထဝံ။

ကိဿ လောကော ဥပါဒါယ၊

ကိသ္မိံ လောကော ဝိဟညတိ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်ဘရား ထင်ရှားရှိလတ်သော် သတ္တလောက သင်္ခါရလောကနှစ်ပါး ထင်ရှားဖြစ်ပါသနည်း။ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် အဘယ်တရား၌ “ငါ + ငါ့ဥစ္စာ”ဟူ၍ တဏှာဒိဋ္ဌိတို့ဖြင့် မိတ်ဖွဲ့မှု ပြုကြပါသနည်း။ အဘယ်တရားကို အစွဲပြု၍ သတ္တလောက သင်္ခါရလောကဟူ၍ ခေါ်ဝေါ်မှု ဖြစ်ပါသနည်း။ အဘယ်တရား ထင်ရှားရှိလတ်သော် (တနည်း အဘယ်တရားကြောင့်) လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် ပင်ပန်းနွမ်းနယ်ရသနည်း-

ဟူသော ဤဂါထာဖြင့် မြတ်စွာဘုရားကို လျှောက်ထားမေးမြန်းလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် (မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် တည်းဟူသော) အဇ္ဈတ္တိကာယတနခြောက်ပါး၊ (အဆင်း, အသံ, အနံ့ အရသာ, အတွေ့အထိ, စိတ်ဖြင့် သိအပ်သောတရား တည်းဟူသော) ဗာဟိရာယတန ခြောက်ပါးတို့၏အစွမ်းဖြင့် ထိုဟေမ၀တနတ်မင်း၏ အမေးကို ဖြေတော်မူလိုသည်ဖြစ်၍-

ဆသု လောကော သမုပ္ပန္နော၊

ဆသု ကုဗ္ဗတိ သန္ထဝံ။

ဆန္နမေဝ ဥပါဒါယ၊

ဆသု လောကော ဝိဟညတိ။

ဟေမဝတနတ်မင်း.. အဇ္ဈတ္တိကာယတန ခြောက်ပါး ဗာဟိရာယတနခြောက်ပါးတို့ ထင်ရှားရှိလတ် ဖြစ်လတ်သော် သတ္တလောက သင်္ခါရလောကနှစ်ပါး

၄၆၁

ထင်ရှားဖြစ်ပေါ်လာ၏။ ။(လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း တည်းဟူသော သတ္တလောကသည် ပရမတ္ထတရားသားအားဖြင့် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် တည်းဟူသော အဇ္ဈတ္တိကာယတန ခြောက်ပါး၊ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, စိတ်ဖြင့် သိအပ်သောတရားအစု တည်းဟူသော ဗာဟိရာယတနခြောက်ပါး၊ ဤအာယတန တဆယ့်နှစ်ပါးတို့သာလျှင် ဖြစ်၏၊ ထိုအာယတန တဆယ့်နှစ်ပါးကိုလွှတ်၍ လူနတ်ဗြဟ္မာ သတ္တဝါဟူ၍ မရှိ၊ လယ်ယာမိုးမြေ ရွှေငွေစပါး အစရှိသော သင်္ခါရလောက ဟူသည်လည်း ပရမတ္ထ တရားသားအားဖြင့် ဗာဟိရာယတန ခြောက်ပါးသာလျှင် ဖြစ်၏။ ထိုဗာဟိရာယတန ခြောက်ပါးကိုလွှတ်၍ သက်မဲ့ခန္ဓာတည်းဟူသော သင်္ခါရလောကဟူ၍ မရှိ၊ ထို့ကြောင့် မြတ်စွာဘုရားသည် “ ဆသု လောကော သမုပ္ပန္နော = အဇ္ဈတ္တိကာယတန ခြောက်ပါး ဗာဟိရာယတနခြောက်ပါးတို့ ထင်ရှားရှိလတ် ဖြစ်ပေါ်လတ်သော် သတ္တလောက သင်္ခါရလောကနှစ်ပါး ထင်ရှားဖြစ်ပေါ်လာ၏”ဟူ၍ ဖြေဆိုတော်မူသည်။)

ဟေမဝတနတ်မင်း.. လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် အဇ္ဈတ္တိကာယတန ခြောက်ပါး ဗာဟိရာယတန ခြောက်ပါး ဤတရားအစု၌ “ငါ+ငါ့ဥစ္စာ”ဟူ၍ တဏှာဒိဋ္ဌိတို့ဖြင့် မိတ်ဖွဲ့မှုပြု၍ နေကြ၏။ ။(လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် ငါ သူတပါး ယောက်ျား မိန်းမ လယ်ယာ မိုးမြေ အစရှိသည် ထင်မှတ်၍ “ငါ”ဟူ၍၎င်း “ငါ့ဥစ္စာ”ဟူ၍၎င်း တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူမိတ်ဖွဲ့အပ်သမျှ တရားအစုသည် ပရမတ္ထ တရားသားအားဖြင့် ဖော်ပြရာပါ အဇ္ဈတ္တိကာယတန ခြောက်ပါး, ဗာဟိရာယတန ခြောက်ပါး တရားအစုမျှသာဖြစ်၏။ မှန်၏.. လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် မျက်စိကိုမူလည်း “ငါ+ငါ့ဥစ္စာ”ဟူ၍ စွဲယူထင်မှတ် တဏှာဒိဋ္ဌိတို့ဖြင့် မိတ်ဖွဲ့ကြ၏၊ နားကိုမူလည်း

၄၆၂

“ငါ+ငါ့ဥစ္စာ”ဟူ၍ စွဲယူထင်မှတ် တဏှာဒိဋ္ဌိတို့ဖြင့် မိတ်ဖွဲ့ကြ၏။ နှာကိုသော်၎င်း, လျှာကိုသော်၎င်း, ကိုယ်ကိုသော်၎င်း, စိတ်ကိုသော်၎င်း, အဆင်းကိုသော်၎င်း, အသံကိုသော်၎င်း, အနံ့ကိုသော်၎င်း, အရသာကိုသော်၎င်း, အကြမ်းအနု အပူအအေးစသော အတွေ့အထိကိုသော်၎င်း, စိတ်ဖြင့် ကြံသိအပ်သည့် ဓမ္မကိုသော်၎င်း “ငါ+ငါ့ဥစ္စာ”ဟူ၍ စွဲယူထင်မှတ် တဏှာဒိဋ္ဌိတို့ဖြင့် မိတ်ဖွဲ့ကြ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် “ဆသု ကုဗ္ဗတိ သန္ထဝံ = လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် အဇ္ဈတ္တိကာယတန ခြောက်ပါး ဗာဟိရာယတန ခြောက်ပါး ဤတရားအစု၌ “ငါ+ငါ့ဥစ္စာ”ဟူ၍ တဏှာဒိဋ္ဌိတို့ဖြင့် မိတ်ဖွဲ့မှု ပြုနေကြ၏”ဟူ၍ ဖြေဆိုတော်မူသည်။)

ဟေမဝတနတ်မင်း.. အဇ္ဈတ္တိကာယတန ခြောက်ပါး ဗာဟိရာယတန ခြောက်ပါးတို့ကိုပင် အစွဲပြု၍ သတ္တလောက, သင်္ခါရလောကဟူ၍ ခေါ်ဝေါ်မှု ဖြစ်ပေါ်လေသည်။ ။(ဇော်ပြရာပါ အာယတန တဆယ့်နှစ်ပါးကို အစွဲပြု၍ လူနတ်ဗြဟ္မာ သတ္တဝါဟူသော ဝေါဟာရ (= သတ္တလောက) လယ်ယာ မိုးမြေ ဆန်ရေစပါး အစရှိသော (= သင်္ခါရလောက) ဝေါဟာရများ ထင်ရှား ဖြစ်ပေါ်သည်၊ သိသာပြီ။)

ဟေမဝတနတ်မင်း.. အဇ္ဈတ္တိကာယတန ခြောက်ပါး ဗာဟိရာယတန ခြောက်ပါး ဤတရားတို့ ထင်ရှားရှိလတ်သော် (တနည်း ဤတရားများကြောင့်) လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် ပင်ပန်းနွမ်းနယ်ရ၏။ ။(အာဒိတ္တပရိယာယ ဒေသနာတော်အတိုင်း အာယတန တဆယ့်နှစ်ပါးတို့ကို ရာဂမီး, ဒေါသမီး, မောဟမီး အစရှိသော တဆယ့်တမီးတို့ တညီးညီး တပြောင်ပြောင် တောက်လောင်လျက် ရှိပေ၏။ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတည်းဟူသော သတ္တလောက ဟူသည်မှာလည်း

၄၆၃

ပရမတ္ထတရားသားအားဖြင့် အာယတန တဆယ့်နှစ်ပါး (အတွင်းခြောက်ပါး, အပြင်ခြောက်ပါး)တို့သာလျှင် ဖြစ်၏။ ထိုအာယတနတို့မှာလည်း အမြဲတစေ တဆယ့်တမီးတို့ အသီးသီး တောက်လျက် လောင်လျက် ရှိချေ၏။ အာယတန ရှိသောကြောင့် မီးအလောင်ခံရသည်၊ မီးအလောင်ခံရသောကြောင့် ပင်ပန်း ဆင်းရဲကြရသည်။ အာယတနမရှိလျှင် လောင်စာမရှိ၍ မီးလောင်ဖွယ် မရှိ၊ မီးမလောင်လျှင် ပင်ပန်းဆင်းရဲဖွယ်မရှိ၊ ထို့ကြောင့် မြတ်စွာဘုရားသည် “ဆသု လောကော ဝိဟညတိ = အဇ္ဈတ္တိကာယတနခြောက်ပါး ဗာဟိရာယတနခြောက်ပါး ဤတရားတို့ ထင်ရှားရှိလတ်သော် (တနည်း ဤတရားများကြောင့်) လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် ပင်ပန်းနွမ်းနယ်ရ၏”ဟူ၍ ဖြေဆိုတော်မူသည်။

ဝဋ္ဋ အမေးအဖြေခဏ်း ပြီး၏။

     ထိုအခါ ဟေမဝတနတ်မင်းသည် ဆင်းရဲနှင့်စပ်သဖြင့် မိမိမေးမြန်း လျှောက်ထားချက်ကို မြတ်စွာဘုရားက အာယတန တဆယ့်နှစ်ပါး အစွမ်းဖြင့် အကျဉ်းချုံး၍ (ဆသု လောကော သမုပ္ပန္နော- စသည်ဖြင့်) မိန့်မြွက် ဖြေကြားတော်မူချက်ကို ကောင်းစွာကွဲပြား မမှတ်သားနိုင်၍ ထိုမြတ်စွာဘုရား ဖြေကြားအပ်သည့် အာယတနတရား၏ သရုပ်သဘောကို၎င်း, ထိုအာယတနတရား၏ ဆန့်ကျင်ဘက် သဘောကို၎င်း သိလို ရကား အကျဉ်းအားဖြင့်ပင် ဝဋ္ဋတရား, ဝိဝဋ္ဋတရား (= ဝဋ်ဆင်းရဲတရားနှင့် ဝဋ်ကင်းရာတရား) နှစ်ပါးကို မေးမြန်းလျှောက်ထားလိုသဖြင့်-

ကတမံ တံ ဥပါဒါနံ၊

ယတ္ထ လောကော ဝိဟညတိ။

နိယျာနံ ပုစ္ဆိတော ဗြူဟိ၊

ကထံ ဒုက္ခာ ပမုစ္စတိ။

၄၆၄

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. (ဆသု လေကော ဝိဟညတိ-ဟူ၍ ဖြေကြားတော်မူချက်အရ) အကြင်တရား ခြောက်ပါးတို့ ရှိလတ်သော် (တနည်း အကြင်တရား ခြောက်ပါးတို့ကြောင့်) လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည် ပင်ပန်းနွမ်းနယ်ရ၏။ သတ္တဝါတို့ ပင်ပန်းနွမ်းနယ်ရန်အကြောင်း စွဲယူအပ်သော ထိုတရား ခြောက်ပါးဟူသည် အဘယ်ပါနည်း။ (ဤစကားရပ်ဖြင့် ဒုက္ခသစ္စာကို မေးလျှောက်သည်၊ ဒုက္ခသစ္စာကို တိုက်ရိုက်မေးမြန်း လျှောက်ထားခြင်းဖြင့် ထိုဒုက္ခသစ္စာ၏ အကြောင်းဖြစ်သောကြောင့် သမုဒယသစ္စာကိုလည်း မေးမြန်းလျှောက်ထားအပ်ပြီး ဖြစ်လေ၏။)

သံသရာဝဋ်မှ ထွက်မြောက်ကြောင်းတရားကား အဘယ်ပါနည်း၊ အဘယ်သို့သော အခြင်းအရာ (တရားထူး)ဖြင့် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရပါသနည်း၊ သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း တရားကို မေးမြန်း လျှောက်ထားအပ်သော ရှင်တော်ဘုရားသည် အကျွန်ုပ်တို့အား ဖြေကြားတော်မူပါလော့။ (ဤဂါထာ နောက်ထက်ဝက် စကားရပ်ဖြင့် မဂ္ဂသစ္စာကို တိုက်ရိုက်မေးလျှောက်သည်၊ မဂ္ဂသစ္စာကို တိုက်ရိုက်မေးမြန်း လျှောက်ထားခြင်းဖြင့် ထိုမဂ္ဂသစ္စာ၏ အာရုံဖြစ်သောကြောင့် နိရောဓသစ္စာ (= နိဗ္ဗာန်)ကိုလည်း “တနွယ်ငင်ရာ တစင်ပါ"ဟူ၏သို့ မေးမြန်းလျှောက်ထားအပ်ပြီး ဖြစ်လေတော့၏။)

     ဤသို့ ဟေမဝတနတ်မင်းက ဒုက္ခသစ္စာနှင့် မဂ္ဂသစ္စာတို့ကို သရုပ်အားဖြင့် ထင်ရှားဖော်ပြ၍၎င်း, သမုဒယသစ္စာနှင့် နိရောဓသစ္စာတို့ကို ထင်ရှားမပြမူ၍၎င်း သစ္စာလေးပါးနှင့်စပ်၍ အမေးပုစ္ဆာ ပြဿနာကို မေးမြန်း လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် ထိုဟေမဝတနတ်မင်း မေးလျှောက်အပ်သော နည်းအတိုင်းပင် ဖြေကြားတော်မူလိုရကား-

၄၆၅

ပဉ္စ ကာမဂုဏာ လောကေ၊

မနောဆဋ္ဌာ ပဝေဒိတာ။

ဧတ္ထ ဆန္ဒံ ဝိရာဇေတွာ၊

ဧဝံ ဒုက္ခာ ပမုစ္စတိ-

ဟူသော ဂါထာကို ဟောကြားတော်မူလေသည်။ အဓိပ္ပါယ်ကား-

ဒါယကာ ဟေမဝတနတ်မင်း.. လောက၌ စိတ်လျှင် ခြောက်ခုမြောက်ရှိကုန်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ ဤကာမဂုဏ်ငါးပါးတို့ကို ငါဘုရား ထင်ရှား ဟောပြအပ်ကုန်ပြီ။ ။(ဤဂါထာ ထက်ဝက်၌ စိတ်ဟူသော စကားရပ်ဖြင့် မနာယတနကို တိုက်ရိုက် ဟောပြတော်မူသည်။ ထိုသို့ စိတ်တည်းဟူသော မနာယတနကို တိုက်ရိုက်ဟောကြားခြင်းဖြင့် ထိုစိတ်၏ အာရုံဖြစ်သောကြောင့် ဓမ္မာယတနကိုလည်း ဟောကြားအပ်ပြီး ဖြစ်လေတော့၏။ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ ကာမဂုဏ်ငါးပါးဖြင့် ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန ငါးပါးတို့ကို တိုက်ရိုက် ဟောပြတော်မူသည်။ ထိုငါးပါးကို ဟောကြားခြင်းဖြင့် ထိုအာရုံငါးပါးကို ယူတတ်ကြသည့် မျက်စိ, နား, နှာ, လျှာ, ကိုယ် တည်းဟူသော အာယတန ငါးပါးတို့ကိုလည်း ဟောကြားအပ်ပြီး ယူအပ်ပြီး ဖြစ်လေတော့၏။ သို့ရကား ဤဂါထာ ရှေ့ထက်ဝက်ဖြင့် အဇ္ဈတ္တိကာယတန ခြောက်ပါး, ဗာဟိရာယတန ခြောက်ပါး တည်းဟူသော အာယတန တဆယ့်နှစ်ပါး သတ္တလောက၏ ပင်ပန်းနွမ်းနယ်ကြောင်း စွဲယူအပ်သည့် ဥပါဒါနခေါ် ဝဋ်တရားကို ဖြေကြားတော်မူလေသည်။)

ဒါယကာ ဟေမဝတနတ်မင်း.. ဤအာယတန တဆယ့်နှစ်ပါး ဒုက္ခသစ္စာ ဝဋ်တရားအစု၌

၄၆၆

(ခန္ဓာအနေဖြင့်ဖြစ်စေ, အာယတနအနေဖြင့်ပင်ဖြစ်စေ, ဓာတ်အနေဖြင့် ဖြစ်စေ, အကျဉ်းချုပ် နာမ်ရုပ်အနေဖြင့်ဖြစ်စေ ပိုင်းခြားမှတ်သားပြီးလျှင် လက္ခဏာရေးသုံးပါးတင်၍ ဝိပဿနာရှုလျက် အရဟတ္တမဂ်လျှင် အဆုံးရှိသော ဝိပဿနာဖြင့်) တဏှာဆန္ဒကို အကြွင်းမဲ့ ပယ်ရှားဖျက်ဆီးရမည်၊ ယင်းသို့ ပယ်ရှားဖျက်ဆီး၍ ဤနည်းဖြင့် ဝဋ်ဆင်းရဲမှ လွတ်မြောက်ရပေ၏။ ။(ဤဂါထာ နောက်ထက်ဝက်ဖြင့် ဝိဝဋ္ဋအမေးကို ဖြေကြားတော်မူ၏၊ မဂ္ဂသစ္စာကိုလည်း ပြတော်မူ၏။ သမုဒယသစ္စာနှင့် နိရောဓသစ္စာတို့ကိုကား ရှေးအမေးဂါထာနည်းအတိုင်း သင်္ဂြိုဟ်အပ်သောကြောင့် ပြပြီးမည်ကုန်၏။ ။တနည်း- ဤအဖြေဂါထာ ရှေ့ထက်ဝက်ဖြင့် ဒုက္ခသစ္စာကို ပြတော်မူ၏။ ဂါထာ နောက်ထက်ဝက်ပါ စကားရပ်စုတွင် ဆန္ဒရာဂဟူသော စကားဖြင့် သမုဒယသစ္စာကို ပြတော်မူ၏။ ဝိရာဇေတွာ = ပယ်ရှားဖျက်ဆီး၍ဟူသော စကားရပ်၌ ဝိရာဂပုဒ်အရဖြင့် တဏှာ၏ ကင်းရာ ချုပ်ရာ နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို ပြတော်မူ၏။ ဤနည်းဖြင့်ဟူသော စကားရပ်ဖြင့် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း မဂ္ဂင်ရှစ်ပါး အကျင့်နည်းလမ်းကို ဖော်ပြသောကြောင့် မဂ္ဂသစ္စာကို ပြတော်မူ၏။ ဤသို့လျှင် ဤအဖြေဂါထာ၌ သစ္စာလေးပါး တရားတို့ကို မြတ်စွာဘုရား ဟောပြတော်မူအပ်ကုန်၏။)

     ဤသို့လျှင် သစ္စာလေးပါးတရားတို့ အတွင်းစကားသားအနေဖြင့် အပြည့်အစုံ ပါဝင်သော ဤအဖြေဂါထာဖြင့် မြတ်စွာဘုရားသည် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း မဂ္ဂင်ရှစ်ပါးတည်းဟူသော နိယျာနတရားကောင်းကို ပြတော်မူပြီးလျှင် တဖန် ထိုနိယျာနတရားကောင်းကိုပင် ကိုယ်တော်မြတ် မိန့်ဆိုတော်မူလိုသော သဘာဝနိရုတ္တိစကားအစဉ်ဖြင့် အခိုင်အမာ မိန့်ကြားတော်မူပြီးလျှင် နောက်ဆုံးအချုပ် နိဂုံးအုပ်တော်မူလိုရကား-

၄၆၇

ဧတံ လောကဿ နိယျာနံ၊

အက္ခာတံ ဝေါ ယထာတထံ။

ဧတံ ဝေါ အဟမက္ခာမိ၊

ဧဝံ ဒုက္ခာ ပမုစ္စတိ-

ဟူသော ဤဂါထာကို ဟောကြားတော်မူပြန်၏။ အဓိပ္ပါယ်ကား-

ဒါယကာ ဟေမဝတနတ်မင်း.. သင်တို့အား ငါဘုရားသည် ကာမဓာတ် ရူပဓာတ် အရူပဓာတ် တည်းဟူသော တေဓာတုက (သင်္ခါရ)လောကမှ ထွက်မြောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါး ဤနိယျာနတရားကို အမှန်အတိုင်း ဟောကြားအပ်ပေပြီ။ ဤသို့ မဂ္ဂင်ရှစ်ပါး တရားလမ်းကြောင်းဖြင့်သာလျှင် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်ကြ၍ အခြားလွတ်မြောက်ရန် နည်းလမ်းမရှိသောကြောင့် (သင်တို့က အကြိမ်တထောင်ပင် ထပ်လှောက်၍ မေးလျှောက်ကြစေကာမူ) ဤမဂ္ဂင်ရှစ်ပါး တရားကိုသာလျှင် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနတရားကောင်းဟူ၍ သင်တို့အား ငါဘုရား ဟောကြားမည်သာ ဖြစ်၏၊ (အခြားတနည်းပြောင်း၍ ဟောလိမ့်မည်မဟုတ်-ဟု ဆိုလိုသည်)။ (တနည်း) ဤသို့ မဂ္ဂင်ရှစ်ပါး တရားလမ်းကြောင်းဖြင့်သာလျှင် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်ကြ၍ အခြား လွတ်မြောက်ရန်နည်းလမ်း မရှိသောကြောင့် အောက်အောက်မဂ်ဖိုလ်ကို ရပြီးသော သင်တို့အား အထက်အထက်ဖြစ်သော မဂ်ဖိုလ်ကို ရခြင်း ရောက်ခြင်းငှါလည်း ဤမဂ္ဂင်ရှစ်ပါး တရားကိုသာလျှင် သံသရာမှ ထွက်မြောက်ကြောင်း နိယျာနတရားကောင်းဟူ၍ ငါဘုရား ဟောကြားမည်သာ ဖြစ်၏၊ (အခြား တနည်းပြောင်း၍ ဟောလိမ့်မည်မဟုတ်ဟု ဆိုလိုသည်)။

၄၆၈

နတ်ဘီလူးများ သောတာပန်တည်ကြခြင်း

     ဤသို့လျှင် မြတ်စွာဘုရားသည် အရဟတ္တဖိုလ် အထွတ်တပ်သဖြင့် တရားဒေသနာကို ကောင်းစွာ ပြီးဆုံးစေလေသည်။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ သာတာဂိရနတ်မင်းနှင့် ဟေမဝတနတ်မင်း နှစ်ဦးတို့သည် နောက်ပါ အခြံအရံ နတ်ဘီလူးပေါင်း တထောင်တို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ (= သောတာပန်အရိယာ ဖြစ်ကြလေကုန်၏)။

ဝဋ္ဋ ဝိဝဋ္ဋ မေးဖြေခဏ်း ပြီး၏။

     ထိုအခါ ဟေမ၀တနတ်မင်းသည် ပင်ကိုယ် ပကတိကပင် တရားတော်၌ ရိုသေလေးစားသူ ဖြစ်သည့်ပြင် ယခုအခါ သောတာပန် အရိယာအဖြစ်၌ တည်ပြန်ရကား မြတ်စွာဘုရားသခင်၏ ဆန်းကြယ်စွာသော အနက်သဒ္ဒါနှင့် ပြည့်စုံသည့် တရားဒေသနာကို ကြားနာရခြင်း၌ လွန်စွာ့လွန်စွာ မရောင့်ရဲ တင်းမတိမ်နိုင်ရကား မြတ်စွာဘုရားကို သေက္ခဘူမိတရား (= အောက်အရိယာတို့၏ ဖြစ်ရာတရား) အသေက္ခဘူမိတရား (= ရဟန္တာပုဂ္ဂိုလ်၏ ဖြစ်ရာတရား) နှစ်ပါးကို မေးမြန်းလိုရကား-

ကော သုဓ တရတီ ဩဃံ၊

ကောဓ တရတိ အဏ္ဏဝံ။

အပ္ပတိဋ္ဌေ အနာလမ္ဗေ၊

ကော ဂမ္ဘီရေ န သီဒတိ-

ဟူသော ဂါထာကို ရွတ်ဆို လျှောက်ထားလေ၏။ အဓိပ္ပါယ်ကား-

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤလောက၌ အဘယ်သို့သော အကျင့်ဂုဏ်နှင့် ပြည့်စုံသောသူသည် ဩဃလေးခန်း ရေပြင်ကြမ်းကို ကူးသန်းနိုင်ပါသနည်း၊ ဤလောက၌ အဘယ်သို့သော အကျင့်ဂုဏ်နှင့် ပြည့်စုံသောသူသည် အပြောကျယ်လျက် နက်လည်းနက်စွာ သံသရာတည်းဟူသော သမုဒြာကို ကူးသန်းနိုင်ပါသနည်း။

၄၆၉

အောက်အဖို့ဖြင့်လည်း ထောက်တည်ရာမရှိ အထက်အဖို့ဖြင့်လည်း ဆွဲတွယ်ရာမရှိပဲ နက်နဲလှစွာ သံသရာတည်းဟူသော သမုဒြာ၌ မနစ်မွန်း ချမ်းသာစွာ တည်နေသောသူသည် အဘယ်သူနည်းဘုရား-ဟူ၍ ဆိုလိုသည်။ ။(ဤ၌ ဂါထာရှေ့ထက်ဝက်ဖြင့် သေက္ခဘူမိကို မေးလျှောက်သည်၊ နောက်ထက်ဝက်ဖြင့် အသေက္ခဘူမိကို မေးလျှောက်သည်။)

     ထိုအခါ မြတ်စွာဘုရားသည် အမေးဂါထာ ရှေ့ထက်ဝက်ဖြင့် မေးမြန်းအပ်သည့် သေက္ခဘူမိတရားကို ဖြေကြားတော်မူလိုသဖြင့်-

သဗ္ဗဒါ သီလသမ္ပန္နော၊

ပညဝါ သုသမာဟိတော။

အဇ္ဈတ္တစိန္တီ သတိမာ၊

ဩဃံ တရတိ ဒုတ္တရံ။-

ဟူသော ဂါထာကို မိန့်ဆို ဖြေကြားတော်မူလေ၏။ အဓိပ္ပါယ်ကား-

ဒါယကာ ဟေမဝတနတ်မင်း.. အကြင်ရဟန်းသည် (အသက်ကိုပင် စွန့်ရစေကာမူ သိက္ခာပုဒ်လွန်ကျူးမှုကို မပြုပဲ ထိန်းသိမ်းစောင့်ရှောက်လျက်) အခါခပ်သိမ်း သီလနှင့် ပြည့်စုံ၏၊ လောကီ, လောကုတ္တရာ ပညာအထူးနှင့်လည်း ပြည့်စုံ၏၊ ဥပစာရသမာဓိ, အပ္ပနာသမာဓိနှင့်လည်း ပြည့်စုံကာ ကောင်းစွာတည်ကြည်၏၊ နိယကဇ္ဈတ္တခေါ်သော မိမိ၏ ရုပ်နာမ်ခန္ဓာတရား၌ လက္ခဏာရေးသုံးပါးသို့တင်၍ ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန်ရှုလေ့ရှိ၏။ ထိုသိက္ခာသုံးပါး (= သီလ, သမာဓိ, ပညာ တရားစု)ကို အမြဲမပြတ် ပြုကျင့်အောင် ရွက်ဆောင်နိုင်သော သတိတရားနှင့်လည်း ပြည့်စုံ၏၊ ထိုသို့ သီလ, သမာဓိ, ပညာ သိက္ခာသုံးပုံ ကြန်အင်စုံသော ရဟန်းသည် သာမန်လူတို့

၄၇၀

ကူးမြောက်နိုင်ခဲသော ဩဃလေးခန်း ရေပြင်ကြမ်းကို ကူးသန်းနိုင်ပေ၏-ဟု ဆိုလိုသည်။

     ဤသို့ မြတ်စွာဘုရားသည် သေက္ခဘူမိတရားကို ဖြေကြားတော်မူပြီး၍ ယခုအခါ အသေက္ခဘူမိတရားကို ဖြေကြားတော်မူလိုသဖြင့်-

ဝိရတော ကာမသညာယ၊

သဗ္ဗသံယောဇနာတိဂေါ။

နန္ဒီဘဝပရိက္ခီဏော၊

သော ဂမ္ဘီရေ န သီဒတိ။-

ဟူသော ဂါထာကို မိန့်ဆို ဖြေကြားတော်မူလေ၏၊ အဓိပ္ပါယ်ကား-

ဒါယကာ ဟေမဝတနတ်မင်း.. အကြင်သူသည် ဝတ္ထုကာမတို့၌ တွယ်တာတပ်မက်သော တဏှာနှင့်ယှဉ်သော သညာတရား အလုံးတို့မှ အမြစ်ပြတ် ရှောင်ကြဉ်ခြင်းဖြင့် ရှောင်ကြဉ်ပြီး ဖြစ်ပေ၏၊ မဂ်လေးပါးဖြင့် သံယောဇဉ်ဆယ်မျိုး လွန်ရှည်ကြိုးကို ပယ်ချိုးလွန်မြောက်ပြီးလည်း ဖြစ်ပေ၏၊ နန္ဒီခေါ်သော တဏှာသုံးပါး ဘဝသုံးပါးကိုလည်း အကြွင်းမဲ့ ကုန်ခန်းပြီးသူ ဖြစ်ပေ၏။ ထိုသို့သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်သည် အောက်အဖို့ဖြင့်လည်း ထောက်တည်ရာ မရှိ၊ အထက်အဖို့ဖြင့်လည်း ဆွဲကိုင်မှီတွယ်ရာမရှိပဲ နက်နဲကျယ်ဝန်းလှစွာ သံသရာတည်းဟူသော သမုဒြာ၌ (တဏှာကုန်သဖြင့် သဥပါဒိသေသ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ရောက်၍၎င်း, ဘဝကုန်ခန်းသဖြင့် အနုပဒိသေသ နိဗ္ဗာန်တည်းဟူ သော ကြည်းကုန်းထက်သို့ ရောက်၍၎င်း အသက်သာဆုံး အချမ်းသာဆုံးသို့ ရောက်ရှိကာ) မနစ်မြုပ်သောသူ မည်၏-ဟု ဆိုလိုသည်။

သေက္ခဘူမိ အသေက္ခဘူမိ မေးဖြေခဏ်း ပြီး၏။

၄၇၁

ထုတိဂါထာများရွတ်၍ နတ်ဘီလူးတို့ ပြန်သွားကြခြင်း

     ထိုအခါ ဟေမဝတနတ်မင်းသည် မိမိသူငယ်ချင်း သာတာဂိရနတ်မင်းကို၎င်း, နောက်ပါအခြံအရံ နတ်ဘီလူး တထောင်ကို၎င်း ကြည့်ရှု၍ နှစ်သက်ကျေနပ် အားရဝမ်းမြောက်ကာ ဖော်ပြလတံ့သော ၅-ဂါထာတို့ဖြင့် မြတ်စွာဘုရားကို နှစ်လိုအားရမ်း ချီးမွမ်းပြီးလျှင် မိမိ၏သူငယ်ချင်း သာတာဂိရနတ်မင်းပါ အခြွေအရံ ပရိသတ် နတ်ဘီလူးပေါင်း တထောင်နှင့်တကွ ရိုသေမြတ်နိုး ရှိခိုးကြ၍ မိမိနေရာဌာနသို့ ပြန်သွားလေ၏။ ထုတိဝန္ဒနာ ၅-ဂါထာတို့ ဟူသည်ကား-

(၁) ဂမ္ဘီရပညံ နိပုဏတ္ထဒဿိံ၊

အကိဉ္စနံ ကာမဘဝေ အသတ္တံ။

တံ ပဿထ သဗ္ဗဓိ ဝိပ္ပမုတ္တံ၊

ဒိဗ္ဗေ ပထေ ကမမာနံ မဟေသိံ။

(ဘောန္တော = သူငယ်ချင်းကောင်း အိုနတ်အပေါင်းတို့..။) ဂမ္ဘီရပညံ = နက်နဲလှစွာ ခန္ဓာစသောတရားတို့၌ ခွဲခြားစိတ်ဖြာ သိမြင်တတ်သော ဉာဏ်ပညာနှင့် ကောင်းစွာလောက်လုံ ပြည့်စုံတော်မူထသော။ နိပုဏတ္ထဒဿိံ = သိမ်မွေ့သော ပညာရှင်တို့ ထုတ်ဆင် မေးမြန်းအပ်သည့် ပြဿနာ၏အနက်ကို ပြက်ပြက်ကုန်စင် အမှန်အတိုင်း သိမြင်တော်မူထသော။ အကိဉ္စနံ = ရာဂဒေါသ မော+ မာနနှင့် ထိုမှဒိဋ္ဌိ ဒုစ္စရိတာ ကိလေသာဟု သင်္ချာခုနစ်မျိုး ကြောင့်ကြမှုတရားဆိုးတို့ စိုးစဉ်းမျှ ရှိတော်မမူထသော။ ကာမဘဝေ = ကာမနှစ်ပါး ဘ၀သုံးပါး တရားအစု၌။ အသတ္တံ = ငြိကပ် တွယ်တာခြင်း ကင်းတော်မူထာ။ သဗ္ဗဓိ = ခန္ဓာ အာယတန စသည်ဖုံဖုံ ခပ်သိမ်းသော အာရုံ၌။ ဝိပ္ပမုတ္တံ = ဆန္ဒရာဂ အနှောင်အဖွဲ့ကင်းသဖြင့် ရှင်းရှင်းလွတ်တော်မူပြီးထသော။ ဒိဗ္ဗေ ပထေ = သမာပတ်ရှစ်ဖော် ဒိဗ္ဗလမ်းမတော်၌။ ကမမာနံ = အဖန်ဖန်ဝင်စား

၄၇၂

စင်္ကြံကြွသွားတော်မူနိုင်ထသော။ မဟေသိံ = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးထသော။ တံ = ထိုဂေါတမနွယ်ဖွား မြတ်စွာဘုရားကို။ ပဿထ = မျက်မှောက်ထင်ထင် ဖူးမြင်ကြကုန်လော့။

(၂) အနောမနာမံ နိပုဏတ္ထဒဿိံ၊

ပညာဒဒံ ကာမာလယေ အသတ္တံ။

တံ ပဿထ သဗ္ဗဝိဒုံ သုမေဓံ၊

အရိယေ ပထေ ကမမာနံ မဟေသိံ။

(ဘောန္တော = သူငယ်ချင်းကောင်း အိုနတ်အပေါင်းတို့..။) အနောမနာမံ = မယုတ်လျော့သော ဂုဏ်ကျေးဇူးတို့ဖြင့် ချီးကျူးဝေါဟာ သမ္မာသမ္ဗုဒ္ဓ စသည်ပျံ့ပျူး အမည်ထူးရှိတော်မူထသော။ နိပုဏတ္ထဒဿိံ = သိမ်မွေ့သော ပညာရှင်တို့ ထုတ်ဆင်မေးမြန်းအပ်သည့် ပြဿနာ၏အနက်ကို ပြက်ပြက်ကုန်စင် အမှန်အတိုင်း သိမြင်တော်မူထသော။ ပညာဒဒံ = ပညာရကြောင်း အကျင့်ကောင်းကို ငြိမ့်ညောင်းသာယာ ဟောပြကာဖြင့် ပညာအထူးကို ဖြန့်ဖြူးပေးဝေတော်မူထသော။ ကာမာလယေ = တဏှာဒိဋ္ဌိတို့ဖြင့် စွဲငြိတပ်မက်ရာ ကာမဝတ္ထု အစုစု၌။ အသတ္တံ = ငါ+ငါ့ဥစ္စာ တဏှာဒိဋ္ဌိ ကပ်ငြိခြင်း ကင်းတော်မူထသော။ သဗ္ဗဝိဒုံ = ခပ်သိမ်းသော တရားကို ပိုင်းခြားသိမြင်တော်မူထသော။ သုမေဓံ = သဗ္ဗညုတဉာဏ်၏ အခြေခံ ပါရမီဉာဏ်လည်း ရှိတော်မူထသော။ အရိယေ ပထေ = ဖလသမာပတ် ခေါ်မှတ်တွင်ညောင်း အရိယလမ်းကြောင်း၌။ ကမမာနံ = အချိန်ရသမျှ ဝင်စားကြွသွားတော်မူထသော။ မဟေသိံ = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးထသော။ တံ = ထိုဂေါတမနွယ်ဖွား မြတ်စွာဘုရားကို။ ပဿထ = မျက်မှောက်ထင်ထင် ဖူးမြင်ကြကုန်လော့။

၄၇၃

(၃) သုဒိဋ္ဌံ ဝတ နော အဇ္ဇ၊

သုပ္ပဘာတံ သုဟုဋ္ဌိတံ။

ယံ အဒ္ဒသာမ သမ္ဗုဒ္ဓံ၊

ဩဃတိဏ္ဏမနာသဝံ။

(ဘောန္တော = သူငယ်ချင်းကောင်း အိုနတ်အပေါင်းတို့..။ မယံ = ငါတို့သည်။) ဩဃတိဏ္ဏံ = ဩဃလေးခန်း ရေပြင်ကြမ်းကို ကူးသန်း လွန်မြောက်တော်မူပြီးထသော။ အနာသဝံ = လေးဖြာအာသဝေါ ကွာလျှော ကုန်ခန်းတော်မူပြီးထသော။ သမ္ဗုဒ္ဓံ = မြတ်စွာဘုရားကို။ ယံ-ယသ္မာ = အကြင်ကြောင့်။ အဒ္ဒသာမ = ကံကောင်းထောက်မ မဂ်ဖိုလ်ရအောင် ဒိဋ္ဌထင်ထင် ဖူးမြင်ကြရကုန်ပြီ။ တသ္မာ = ထို့ကြောင့်။ နော = ငါတို့၏။ အဇ္ဇ = ယနေ့။ ဒိဋ္ဌိ = မျက်စိအာရုံ တွေ့ကြုံဖူးမြင်ရခြင်းသည်။ သုဒိဋ္ဌံ = ဒဿနာနုတ္တရိယ အခွင့်ကောင်းရ၍ ကောင်းလှသော ဖူးမြင်ရခြင်းသည်။ အဟောသိ ဝတ = ဖြစ်ခဲ့လေပြီတကား။ ပဘာတံ = နံနက်မိုးသောက် အချိန်သို့ရောက်ရခြင်းသည်။ သုပ္ပဘာတံ = အပြစ်ခပ်သိမ်း ကင်းငြိမ်းလွန်မြောက် ကောင်းသော မိုးသောက်ခြင်းသည်။ အဟာသိ ဝတ = ဖြစ်ခဲ့လေပြီတကား။ ဥဋ္ဌိတံ = ဘဝင်စိတ်ကျ အိပ်ရာမှထရခြင်းသည်။ သုဟုဋ္ဌိတံ = လောဘ ဒေါသ မောဟမအောင်း ကောင်းစွာ ထရခြင်းသည်။ အဟာသိ ဝတ = ဖြစ်ခဲ့လေပြီဟကား။

(၄) ဣမေ ဒသသတာ ယက္ခာ၊

ဣဒ္ဓိမန္တော ယသဿိနော။

သဗ္ဗေ တံ သရဏံ ယန္တိ၊

တွံ နော သတ္ထာ အနုတ္တရော။

ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်း တောက်ပတော်မူသော မြတ်စွာဘုရား..။ ဣဒ္ဓိမန္တော = ကမ္မဇိဒ္ဓိမျိုး တန်ခိုးနှင့် ပြည့်စုံကြကုန်သော။ ယသဿိနော =

၄၇၄

လွန်စွာများမြတ် လာဘ်အခြံအရံရှိကုန်သော။ ဒသသတာ = ရာပေါင်းဆယ်စောင် တထောင်အရေအတွက် ရှိကုန်သော။ သဗ္ဗေ = ခပ်သိမ်းကုန်သော။ ဣမေ ယက္ခာ = ဤနတ်ဘီလူးအပေါင်းတို့သည်။ တံ = အရှင်ဘုရားကို။ သရဏံ = ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ယန္တိ = အကျွန်ုပ်တို့နှင့်တကွ လောကဥတ္တရာ မဟာသရဏဂုံ ကိုယ်လုံးထုံ၍ ခိုလှုံ ဆည်းကပ်ကြပါကုန်၏။ တွံ = အရှင်မြတ်ဘုရားသည်။ နော = အကျွန်ုပ်တို့၏။ အနုတ္တရော = အတုမရှိ လွန်ကဲဘိသော။ သတ္ထာ = ပဌမအရိယာ ဘုံသာကွန်းပြောက် နန်းကြီးဆောက်နိုင်အောင် ချီးမြှောက်မစ ဆုံးမတတ်စွာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်တော်မူပါပေ၏။

(၅) တေ မယံ ဝိစရိဿာမ၊

ဂါမာ ဂါမံ နဂါ နဂံ။

နမဿမာနာ သမ္ဗုဒ္ဓံ၊

ဓမ္မဿ စ သုဓမ္မတံ။

ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်း တောက်ပတော်မူသော မြတ်စွာဘုရား..။ တေ မယံ = ထိုအကျွန်ုပ်တို့သည်။ (ဣတော ပဋ္ဌာယ = ယနေ့မှစ၍။) သမ္ဗုဒ္ဓံ- သမ္ဗုဒ္ဓဘာဝဉ္စ = သုံးလောကထွတ်ထား ရှင်တော်ဘုရား၏ များပြားပြောဟုန် ကျေးဇူးဂုဏ်နှင့် ပြည့်စုံထင်ရှား ဟုတ်မှန်သော ဘုရားအဖြစ်ကို၎င်း။ ဓမ္မဿ = မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်၏။ သုဓမ္မတဉ္စ = ဝဋ်မှထွက်ကြောင်း ကောင်းသောတရား၏ အဖြစ်ကို၎င်း။ နမဿမာနာ =

(သုံးလူ့ရှင်ပင် ဒို့ထိပ်တင်သည် သဗ္ဗညုတ ဉာဏဦးကိုင် စိုးမိုးပိုင်သည့် ဘုန်းလှိုင်ဘုရား မှန်လှငြား၏။ မြတ်ဖျားဇိနော် စိန္တေယျော်သည် ဆယ်ဖော်ဓမ္မ မြတ်ထွတ်လှကို စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့်

၄၇၅

ပြည့်စုံထင်ရှား ဟောညွှန်ကြားခဲ့။ ရှစ်ပါးအရိယာ မြတ်သံဃာလည်း သိက္ခာသုံးရပ် ချီးမွမ်းအပ်သည့် စေ့စပ်လုံးစုံ ကျင့်ဖုံဖုံကို အာရုံနှစ်လို့ အားသစ်မြို့၏)–

ဤသို့စသည် ရတနာသုံးမည်၏ ဂုဏ်ရည်သီးသီး အံ့မပြီးကို တချီးမွမ်းမွမ်း မြွက်ဆိုညွှန်း၍ ဦးစွန်းထိပ်ပြင် ဆယ်လက်စုံတင်ပြီးလျှင် ကြည်ရွှင်မြတ်နိုး ရှိခိုးပူဇော် နိဗ္ဗာန်ဆော် ဖြစ်ကြကုန်လျက်။ ဂါမာ = နတ်ရွာတခုမှ။ ဂါမံ = နတ်ရွာတခုသို့၎င်း။ နဂါ = နတ်တောင်တခုမှ။ နဂံ = နတ်တောင်တခုသို့၎င်း။ ဝိစရိဿာမ = လှည့်လည်ကျက်စား သွားလာ ကြွေးကြော်ကြပါကုန်အံ့ဘုရား။ ။(ဤ ဟေမဝတသုတ်ကား သုတ္တနိပါတ် ပါဠိတော်၊ ၁-ဥရဂဝဂ်၌ လာရှိသည်။)

ဤတွင်ရွေ့ သာတာဂိရနတ်မင်းနှင့် ဟေမဝတနတ်မင်းတို့အကြောင်း

(ဟေမဝတသုတ်) ပြီး၏။

**********

အခဏ်း-၁၁

မောနေယျအကျင့်ကို ဟောကြားတော်မူခြင်း

(နာလကသုတ်မှ)

(ဘုရားတဆူတဆူ ပွင့်တော်မူလျှင် မောနေယျအကျင့်ကို ကျင့်ကြံသောရဟန်း တပါး တပါး ပေါ်ထွန်းမြဲ ဓမ္မတာဖြစ်၏။ ဤအကျွန်ုပ်တို့၏ အစိန္တေယျ သုံးလောကထွတ်ထား မြတ်စွာဘုရား ဖြစ်ပွင့်တော်မူသောအခါ ထိုမောနေယျအကျင့်ကို မေးမြန်းလျှောက်ထား ကျင့်ကြံအားထုတ်သော ရဟန်းကား ရှေးစာမျက်နှာ ၆၃၊ ၆၄-တို့၌ ဖော်ပြခဲ့သော (ကာလဒေဝိလရသေ့ကြီး၏တူတော်) နာလကရဟန်း ဖြစ်ပေသည်၊ ထိုနာလကလုလင်၏ ဘုရားမပွင့်မီကပင် ကြိုတင်၍ ရဟန်းပြုခဲ့ကြောင်း ထိုစာမျက်နှာ ၆၃၊ ၆၄-တို့၌ ပြဆိုခဲ့လေပြီ။)

၄၇၆

     မြတ်စွာဘုရားသည် (ရှေး၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) ဝါဆိုလပြည့်နေ့၌ ဓမ္မစကြာတရားကို ဟောကြားတော်မူ၍ ဗြဟ္မာ တဆယ့်ရှစ်ကုဋေတို့နှင့်တကွ အရှင်ကောဏ္ဍညမထေရ်ကို ကျွတ်တမ်းဝင်စေပြီး ထိုဝါဆိုလပြည့်ကျော် ၅-ရက်နေ့၌ ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့ကို အရဟတ္တဖိုလ်ရောက်အောင် အနတ္တလက္ခဏသုတ္တန်ကို ဟောကြား ချေချွတ်တော်မူပြီးလျှင် ဝါဆိုလပြည့်ကျော် (၇) ခုနစ်ရက်နေ့မြောက် ရောက်လတ်သောအခါ ဓမ္မစကြာတရားနာပရိသတ်၌ အပါအဝင်ဖြစ်ကြသည့် ရှင်နာလက၏အကျိုးကို လိုလားသော နတ်တို့က “အရှင်နာလက.. မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာတရားဦး ဟောကြားပြီးလေပြီ၊ လူသုံးပါး၌ မြတ်စွာဘုရားကား ထင်ရှား ပွင့်တော်မူလာပြီ” ဤသို့ အစရှိသည်ဖြင့် ရှင်နာလကအား မြတ်စွာဘုရား ပွင့်တော်မူပြီဖြစ်ကြောင်းနှင့် ဓမ္မစကြာတရား ဟောကြားတော်မူပြီးဖြစ်ကြောင်း လျှောက်ထား ပြောကြားကြလေသည်။

     အရှင်နာလကသည် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ့်ငါးနှစ်ကပင် အစပြုကာ ရသေ့ရဟန်းပြုပြီးလျှင် “ရေငုပ်ဖန်များလျှင် နားချို့တဲ့လိမ့်မည်၊ နားချို့တဲ့လျှင် တရားစကားကို မကြားရ၍ တရားတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ချေရာသည်”ဟု နှလုံးပိုက်၍ ဆွေမျိုးတို့၏အစဉ်အလာ အကျင့်စာရိတ္တဖြစ်သော ရေငုပ်ခြင်းအကျင့်ကိုပင် ပယ်လျက် မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာမည့် အချိန်ကို စောင့်မျှော်နေသူ ဖြစ်ရကား ထိုနတ်များ လျှောက်ထား ပြောကြားသော သတင်းစကားကို ကြားသိရလျှင် “ငါ၏ဦးရီးတော် ကာလဒေဝိလရှင်ရသေ့က ငါ့အား ဆုံးမစကား မိန့်ကြားခဲ့သော အချိန်အခါသည် ကောင်းစွာ ဆိုက်ရောက်လတ်ပေပြီ”ဟူ၍ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကာ ဝါဆိုလပြည့်ကျော် (၇) ခုနစ်ရက်နေ့တွင် ဟိမဝန္တာမှ ဖဲခဲ့၍ ဣသိပတန မိဂဒါဝုန်တောသို့ အရောက်သွားလေရာ “နာလကရသေ့သည် ယနေ့ ရောက်လာလိမ့်မည်၊ ထိုနာလကရသေ့အား မောနေယျအကျင့်ကို ဟောကြားမည်”ဟူသော အလိုတော်ဖြင့် မြော်လင့်ငံ့ဆိုင်းကာ

၄၇၇

မြင့်မြတ်သော ဘုရားနေရာ၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေနှင့်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရလေလျှင် အလွန်ပင် သဒ္ဓါယိုဖိတ် ကြည်ညိုစိတ် ရှိလှသည်ဖြစ်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင်-

အညာတမေတံ ဝစနံ၊

အသိတဿ ယထာတထံ။

တံ တံ ဂေါတမ ပုစ္ဆာမိ၊

သဗ္ဗဓမ္မာန ပါရဂုံ။


အနဂါရိယုပေတဿ၊

ဘိက္ခာစရိယံ ဇိဂီသတော။

မုနိ ပဗြူဟိ မေ ပုဋ္ဌော၊

မောနေယျံ ဥတ္တမံ ပဒံ။-

ဟူသော နှစ်ဂါထာကို ရွတ်ဆိုမေးမြန်း လျှောက်ထားလေ၏။ အဓိပ္ပါယ်ကား-

ဘုန်းတော်ကြီးသော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရား.. (အကျွန်ုပ်၏ ဦးရီးတော်) ကာလဒေဝိလရသေ့က အကျွန်ုပ်အား လွန်ခဲ့သောနှစ်ပေါင်း (၃၅) သုံးဆယ့်ငါးနှစ်က ပြောဆို မှာကြားခဲ့သော စကားသည် (ယခုအခါ မြတ်စွာဘုရားကို မျက်ဝါးထင်ထင် ဖူးမြင်ရပါ၍) မချွတ်မယွင်း ဖြောင့်စင်းမှန်ကန်လှပေ၏ဟု အကျွန်ုပ်ကိုယ်တွေ့ သိမြင်အပ်ပါပြီ၊ ထို့ကြောင့် ခပ်သိမ်းသောတရားတို့၌ ခြောက်ပါးသော အခြင်းအရာဖြင့် ပါရဂူမြောက် ဖက်ကမ်းရောက်တော်မူပြီးသော ရှင်တော်ဘုရားကို (သိလိုကျင့်လိုရေးဖြင့်) မေးမြန်းလျှောက်ထားပါရစေ။

(အာဂါ + နာဂါ သေက္ခာ + သေက္ခ ပစ္စေကဟု ငါးဝသော မုနိတို့ထက် ဆထက်လွန်သာ ဂုဏ်များစွာကြောင့်) မဟာမုနိဖြစ်တော်မူသော မြတ်စွာဘုရား.. အိမ်ရာမထောင် ရဟန်းဘောင်သို့ ကပ်ရောက်လျက်

၄၇၈

ဆွမ်းခံခြင်းဖြင့် မှီတင်းနေထိုင်သော ရဟန်း၏ မဂ်ဉာဏ်လေးပါးသို့ရောက်ကြောင်း ကောင်းမြတ်သော အကျင့် ပဋိပတ်ကို အကျွန်ုပ်မေးလျှောက်အပ်သော အရှင်ဘုရားသည် အကျွန်ုပ်အား သနားကြည်ဖြူ ဟောကြား တော်မူပါဘုရား-ဟူ၍ ဆိုလိုသည်။

     ထိုအခါ မြတ်စွာဘုရားသည် အရှင်နာလကား “မောနေယျံ တေ ဥပညိဿံ” အစရှိသော (၂၃) နှစ်ဆယ့်သုံးဂါထာတို့ဖြင့် မောနေယျအကျင့်ပဋိပတ်ကို အကျယ် ဟောကြားတော်မူသည်။

(ဤ၌ မောနေယျ ဟူသည်ကား မဂ်ဉာဏ်လေးပါးကို ခေါ်ဆိုသည်၊ အထူးသဖြင့် အရဟတ္တမဂ်ဉာဏ်ကို မောနေယျဟူ၍ ခေါ်၏။ ထို့ကြောင့် မဂ်ဉာဏ်လေးပါးသို့ရောက်ကြောင်း ကောင်းမြတ်မှန်ကန်သော အကျင့်ကို မောနေယျပဋိပဒါ = မောနေယျအကျင့်ဟူ၍ ခေါ်ကြောင်း ကောင်းစွာ မှတ်ယူရာ၏။)

     ထိုဟောကြားတော်မူအပ်သည့် မောနေယျအကျင့် ပဋိပဒါ (၂၃) နှစ်ဆယ့်သုံးဂါထာ ပါဠိနှင့် မြန်မာစကားပြေတို့ကား-

(၁) မောနေယျံ တေ ဥပညိဿံ၊

ဒုက္ကရံ ဒုရဘိသမ္ဘဝံ။

ဟန္ဒ တေ နံ ပဝက္ခာမိ၊

သန္ထမ္ဘဿု ဒဠှော ဘဝ။

ချစ်သားနာလက.. သင့်အား ငါဘုရားသည် အတီအထွင် ငြိုငြင်ဆင်းရဲ ပြုနိုင်ခဲလှသည့်ပြင် သက်ဝင်ချဉ်းနင်း ဖြစ်စေခြင်းငှါလည်း ခဲယဉ်းစွာသော မောနေယျအကျင့်ကို ထင်ရှားသိစေ ဟောပြပေအံ့။ (ချစ်သားနာလက.. သင်မေးအပ်သော မောနေယျအကျင့်မှာ ပုထုဇန်အချိန်အခါကစ၍ ကိလေသာစိတ် ဘိတ်မဖြစ်စေပဲ

၄၇၉

ဇွဲကောင်းကောင်းဖြင့် ကျင့်ကြံအပ်သော တရားဖြစ်၍ ကျင့်နိုင်ခဲ ဖြစ်စေနိုင်ခဲသော အကျင့်မျိုးဖြစ်သည်-ဟု ဆိုလိုသည်။)

ချစ်သားနာလက.. (ကိုင်း) သင့်အား ငါဘုရားသည် မောနေယျအကျင့်ကို အကျယ်အားဖြင့် ဟောကြားပေအံ့။ (သင်ချစ်သားသည် ဆည်းပူးအပ်ပြီးသော ကောင်းမှုကုသိုလ်ရှိသူ ဖြစ်ပေ၏။ ထို့ကြောင့်) သင်ချစ်သားသည် ပြုနိုင်ခဲသည်ကို ပြုစွမ်းနိုင်သော ဝီရိယဖြင့် မိမိကိုယ်ကို ကြံ့ခိုင်စွာထားပြီးလျှင် မလျှော့သောလုံ့လဖြင့် မြဲမြံစွာ ကျင့်ကြံကြိုးကုတ် အားထုတ်လော့။

(၂) သမာနဘာဂံ ကုဗ္ဗေထ၊

ဂါမေ အက္ကုဋ္ဌဝန္ဒိတံ။

မနောပဒေါသံ ရက္ခေယျ၊

သန္တော အနုဏ္ဏတော စရေ။

ချစ်သားနာလက.. မြို့ရွာဇနပုဒ်များ၌ (လူများက) မိမိအား အမျက်ထွက်ကာ ထိပါးဆဲဆိုခြင်းကို၎င်း, ကြည်ညွတ်ရိုကျိုး ရှိခိုးတုံ့ဝပ်ခြင်းကို၎င်း မုန်းချစ်မဟူ အတူအမျှဖြစ်အောင် ကျင့်ဆောင်အားထုတ် ပြုလုပ်ရမည်။ သူတော်ကောင်းဖြစ်သောသူသည် (မိမိအား ထိပါးဆဲဆိုလာမှုကြောင့်) နှလုံးမရွှင် ငြိုငြင်သောအား စိတ်ပြစ်မှားခြင်းကို ဟန့်တား စောင့်ရှောက်ရမည်၊ ကြည်ညွတ်ရိုကျိုး ရှိခိုးတုံ့ဝပ်မှုကြောင့် မြင့်မော်တက်ကြွခြင်း အလျင်းမရှိအောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်ရမည်။ (မြို့ရွာဇနပုဒ်အတွင်း မှီတင်းနေထိုင်သူတို့က ဆဲရေးလာလျှင် စိတ်ပြစ်မှား အမျက်ပွါးခြင်းကို ဟန့်တား စောင့်ရှောက်ရမည်။ ပြည့်ရှင်မင်းကပင် ရှိခိုး ဦးညွှတ်လာသော်လည်း တက်ကြွခြင်း မရှိစေရ၊ ဤနည်းဖြင့် လူတို့၏ ဆဲရေးခြင်း ရှိခိုးခြင်းကို မုန်းချစ်မဟူ တူမျှအောင် ကျင့်ရမည်-ဟု ဆိုလိုသည်။)

၄၈၀

(ဤဂါထာဖြင့် မြို့ရွာနှင့်စပ်သော ကိလေသာကို ပယ်ရှားရန် ဟောတော်မူသည်။)

(၃) ဥစ္စာဝစာ နိစ္ဆရန္တိ၊

ဒါယေ အဂ္ဂိသိခူပမာ။

နာရိယော မုနိံ ပလောဘေန္တိ၊

တာ သု တံ မာ ပလောဘယုံ။

ချစ်သားနာလက.. တော၌လည်း မီးလျှံပမာ လောင်ကျွမ်းတတ်စွာသော အာရုံအမျိုးမျိုးတို့ ထင်လာတတ်ကုန်၏၊ (တနည်း- တောမီးလောင်သောအခါ မီးလျှံမီးညွန့်တို့သည် အခိုးရှိမရှိ အညိုရောင် အဝါရောင် အနီရောင် အကြီးအငယ် စသည်အား အထူးထူး အပြားပြား ထွက်ပေါ်ကြကုန်သကဲ့သို့၊ ဤအတူ လူ, ဘီလူး, ခြင်္သေ့, သစ်, ကျား, ငှက်အမျိုးမျိုး, ထိုသတ္တဝါတို့၏ အသံအမျိုးမျိုး, အသီး, အပွင့်, ရွက်ညွန့်စသောအားဖြင့် တောအရပ်၌လည်း ကြောက်ဖွယ်အာရုံ, နှစ်သက်တပ်မက်ဖွယ် အာရုံ, မုန်းတီးဖွယ်အာရုံ, တွေဝေဖွယ်အာရုံ အမျိုးမျိုးတို့သည် ထင်လာတတ်ကုန်၏။ ဤသို့ ထင်လာသော အာရုံအမျိုးမျိုးတို့အနက်) အပျော်အပါး ဥယျာဉ်ကစား တောကစားလာကြသော မိန်းမများ, ထင်းခွေ ပန်းခူး ဟင်းရွက်ခူး သစ်သီးကောက် လာကြသော မိန်းမများသည် ရဟန်းတပါးတည်း ဆိတ်ငြိမ်ရာ၌နေသည်ကို မြင်ကြရလျှင် ပြုံးရွှင်ခြင်း, ထိပါးရိပါး ပြောကြားခြင်း, ငိုကြွေးခြင်း, ရော့ရဲစွာဝတ်ခြင်း စသည်တို့ဖြင့် ဖြားယောင်း သွေးဆောင်တတ်ကြကုန်၏၊ ထိုမိန်းမများက သင်ချစ်သားကို မဖြားယောင်းကြစေကုန်လင့် (ထိုမိန်းမများ မဖြားယောင်းနိုင်အောင် ကျင့်ကြံ အားထုတ်လေ-ဟု ဆိုလိုသည်။)

(ဤဂါထာဖြင့် တောနှင့်စပ်သော ကိလေသာကို ပယ်ရှားရန် ဟောတော်မူ၏။)

၄၈၁

(၄) ဝိရတော မေထုနာ ဓမ္မာ၊

ဟိတွာ ကာမေ ပရောပရေ။

အဝိရုဒ္ဓေါ အသာရတ္တော၊

ပါဏေသု တသထာဝရေ။


(၅) ယထာ အဟံ တထာ ဧတေ၊

ယထာ ဧတေ တထာ အဟံ။

အတ္တာနံ ဥပမံ ကတွာ၊

န ဟနေယျ န ဃာတယေ။

ချစ်သားနာလက.. ကောင်းကောင်းဆိုးဆိုး (မေထုန်မှ ကြွင်းသော) ကာမအာရုံ အမျိုးမျိုးတို့ကို ပယ်ရှားပြီးလျှင် မေထုန်အကျင့်မှ သင်ချစ်သား ဝေးစွာရှောင်ရှားသူ ဖြစ်ရမည်။ (သူတပါး၏ အသင်းအပင်းဝင်) သတ္တဝါတို့၌ ဆန့်ကျင်မုန်းတီးခြင်း အလျှင်းမပြုပဲ (မိမိအသင်းအပင်းဝင်) သတ္တဝါတို့၌လည်း ချစ်ခင်တပ်မက်မှု အလျှင်းပင်မပြုပဲ “ငါကဲ့သို့ပင် ထိုသတ္တဝါတို့သည် အသက်ရှည်ကြလို မသေကြလို ချမ်းသာကြလို မဆင်းရဲကြလိုကုန်၊ ထိုသတ္တဝါတို့ကဲ့သိုပင် ငါသည်လည်း အသက်ရှည်လို မသေလို ချမ်းသာလို မဆင်းရဲလို”ဟု မိမိကိုယ်ကို ဥပမာပြုကာ (= ကိုယ်ချင်းစာတရားထား၍) တဏှာမကင်းသေးသော ပုထုဇန်, သောတာပန်, သကဒါဂါမ်, အနာဂါမ်သတ္တဝါ (တသသတ္တဝါ)နှင့် တဏှာလောဘ ကင်းပြီးသော ရဟန္တာ (ထာဝရသတ္တဝါ)တို့ကို ကိုယ်တိုင်လည်း မသတ်ဖြတ် မညှဉ်းဆဲရာ၊ သူတပါးကိုလည်း သတ်ဖြတ်ညှဉ်းဆဲရန် မခိုင်းစေရာ။

(ဤဂါထာတို့၌ “ဟိတွာ ကာမေ ပရောပရေ = ကောင်းကောင်းဆိုးဆိုး ကာမအာရုံ အမျိုးမျိုးတို့ကို ပယ်ရှား၍”ဟူသော စကားရပ်ဖြင့် ဣန္ဒြိယသံဝရသီလကို မြတ်စွာဘုရား ဟောကြားတော်မူ၏။ ကြွင်းသော

၄၈၂

စကားရပ်တို့ဖြင့် မေထုန်မှ ရှောင်ကြဉ်ခြင်း, သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်းတို့ကို အဦးပြု၍ ပါတိမောက္ခသံဝရသီလကို မြတ်စွာဘုရား ဟောကြားတော်မူ၏။)

(၆) ဟိတွာ ဣစ္ဆဉ္စ လောဘဉ္စ၊

ယတ္ထ သတ္တော ပုထုဇ္ဇနော။

စက္ခုမာ ပဋိပဇ္ဇေယျ၊

တရေယျ နရကံ ဣမံ။

ချစ်သားနာလက.. ပုထုဇန် သတ္တဝါအပေါင်းသည် အကြင် သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပုံ ရဟန်းကာမဂုဏ်၌ တပ်မက်ငြိတွယ်လျက် တည်၏၊ သင်ချစ်သားသည် ထိုသင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပုံ ရဟန်းတို့၏ ကာမဂုဏ်၌ မရသေးသည်ကို လိုချင်တပ်မက်ခြင်း (= ဣစ္ဆာတရား)ကို၎င်း, ရပြီးသည်ကို မပေးလို မလှူရက် တပ်မက်ခြင်း (= လောဘတရား)ကို၎င်း ရှောင်ရှားစွန့်ပယ်ကာ ပညာမျက်စိရှိသူဖြစ်၍ ဟောပြီး ဟောဆဲ ဟောလတံ့ဖြစ်သော မောနေယျအကျင့်မြတ်ကို ကျင့်ကြံအားထုတ်ရမည်။ ယင်းသို့ ကျင့်ကြံ အားထုတ်သည်ရှိသော် ဖြည့်နိုင်ခဲသောကြောင့် နရက်ချောက်ဟု ခေါ်ဆိုအပ်သည့် မိစ္ဆာဇီဝဖြစ်ကြောင်း မကောင်းသော ပစ္စည်းလေးဖြာ တွယ်တာတပ်မက်ခြင်း တဏှာတရားကို ကူးသန်းလွန်မြောက်နိုင်ရာ၏။

(ဤဂါထာဖြင့် ပစ္စည်းလေးပါး၌ တွယ်တာတပ်မက်သော တဏှာတရား ပယ်ရှားမှုကို အဦးပြု၍ အာဇီဝပါရိသုဒ္ဓိသီလကို မြတ်စွာဘုရား ဟောကြားတော်မူ၏။)

(၇) ဦနူဒရော မိတာဟာရော၊

အပ္ပိစ္ဆဿ အလောလုပေါ။

သဒါ ဣစ္ဆာယ နိစ္ဆာတော၊

အနိစ္ဆော ဟောတိ နိဗ္ဗုတော။

၄၈၃

ချစ်သားနာလက.. မောနေယျအကျင့်ကို ကျင့်ကြံလိုသော ရဟန်းသည် (ဓမ္မိယလဒ္ဓ ပစ္စည်းလေး၀တွင် ဆွမ်းကိုစားသည်ရှိသော် လေးလုပ် ငါးလုပ် လျှော့စားသဖြင့်) ပါးလျသောဝမ်းရှိသူ ဖြစ်ရမည်။ (လေးလုပ် ငါးလုပ် လျှော့စားရုံမျှဖြင့်လည်း မပြီးသေး၊ ထိုဆွမ်းကို ပစ္စဝေက္ခဏာတင် ဆင်ခြင်စားသုံးခြင်းဖြင့် ဂုဏ်အပြစ်အားဖြင့်လည်း) ပိုင်းခြား နှိုင်းရှည်အပ်သော အစာအာဟာရရှိသူ ဖြစ်ရမည်။ (ဤမျှဖြင့်လည်း မပြီးသေး၊ (၁) ပစ္စည်းလေးဖြာတို့၌ တဏှာလောဘ နည်းပါးခြင်း တည်းဟူသော ပစ္စယအပ္ပိစ္ဆ၊ (၂) မိမိ ဓုတင်အကျင့်မြတ်ကို ကျင့်ကြံနေကြောင်း သူတပါးတို့ကို အသိမပေးလိုခြင်း တည်းဟူသော ဓုတင်္ဂအပ္ပိစ္ဆ၊ (၃) မိမိ စာပေကျမ်းဂန် တတ်မြောက်ကျွမ်းကျင်မှု ဗဟုသုတရှိသည်ကို သူတပါးတို့အား အသိမပေးလိုခြင်း တည်းဟူသော ပရိယတ္တိအပ္ပိစ္ဆ၊ (၄) မိမိ မဂ်ဖိုလ်တရားထူး ရရှိကြောင်းကို သူတပါးတို့အား အသိမပေးလိုခြင်း တည်းဟူသော အဓိဂမအပ္ပိစ္ဆ) ဤအပ္ပိစ္ဆတရား လေးပါးနှင့် ပြည့်စုံသူလည်း ဖြစ်ရမည်။ (ဤမျှဖြင့်လည်း မပြီးသေး) အရဟတ္တမဂ်ဖြင့် တဏှာတည်းဟူသော လော်လည်ခြင်းကို အကြွင်းမဲ့ပယ်ပြီးသူဖြစ်အောင် ကြိုးကုတ်အားထုတ်ရမည်။ (ဤသို့ လောလုပ္ပတဏှာ ကင်းပြီးသောသူ ဖြစ်လတ်သော်) အခါခပ်သိမ်းပင် ဆာလောင်မွတ်သိပ်ခြင်း အပြင်းနှိပ်စက်အပ်သော သူပမာ ပစ္စည်းလေးဖြာကို လွန်စွာ တပ်မက်တတ်သော လောဘတဏှာတရားဖြင့် မလိုချင်သူဖြစ်ကာ ကိလေသာဟူသော ဆာလောင်ခြင်းကင်းသူ ဖြစ်လိမ့်မည်။ ထိုသို့ဖြစ်လတ်သော် ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းအေးပြီးသူ ဖြစ်လိမ့်မည်။

(ဤဂါထာ ဖြင့် ဘောဇနေ မတ္တညုတာ = အစာအာဟာရ၌ အတိုင်းအရှည်ပမာဏကို သိခြင်းကို အဦးပြု၍

၄၈၄

ပစ္စယသန္နိဿိတသီလ (တနည်း- ပစ္စယပရိဘောဂသီလ)နှင့် ထိုမှ အစဉ်လျှောက်၍ အရဟတ္တဖိုလ်တိုင် ရောက်စေနိုင်သော အကျင့်ပဋိပတ်ကို မြတ်စွာဘုရား ဟောကြားတော်မူ၏။)

(၈) သ ပိဏ္ဍစာရံ စရိတွာ၊

ဝနန္တမဘိဟာရယေ။

ဥပဋ္ဌိတော ရုက္ခမူလသ္မိံ၊

အာသနူပဂတော မုနိ။


(၉) သ ဈာနပသုတော ဓီရော၊

ဝနန္တေ ရမိတော သိယာ။

ဈာယေထ ရုက္ခမူလသ္မိံ၊

အတ္တာနမဘိတောသယံ။

ချစ်သားနာလက.. မောနေယျအကျင့်ကို ကျင့်သော ထိုရဟန်းသည် ဆွမ်းခံလှည့်လည်ပြီး (= ဆွမ်းစားခြင်းကိစ္စကို ပြုပြီး)လျှင် (လူတို့နှင့် အခါရှည်လျား စကားပြောခြင်း စသည်ကို ပြုမနေပဲ) မိမိနေရာ တောအရပ်သို့သာ သွားရမည်။ မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် (တောသို့ရောက်သောအခါ) သစ်ပင်ရင်း၌ဖြစ်စေ မိမိနေရာ၌ဖြစ်စေ ထိုင်နေရမည်။

(ဤ၌ “ဆွမ်းခံ လှည့်လည်ပြီးလျှင်”ဟူသော စကားဖြင့် ပိဏ္ဍပါတ်ဓုတင်ကို ပြတော်မူ၏။ ဥက္ကဌ်ပိဏ္ဍပါတ် ဓုတင်ကို ဆောက်တည်သော ရဟန်းသည် သပဒါနစာရိကဓုတင်, ဧကာသနိက်ဓုတင်, ပတ္တပိဏ္ဍိကဓုတင်, ခလုပစ္ဆာဘတ္တိကဓုတင်, တိစီဝရိက်ဓုတင်, ပံသုကူလိကဓုတင်တို့ကိုလည်း ဆောက်တည် ကျင့်သုံးရကား ထိုဓုတင်ခြောက်ပါးတို့ကိုလည်း ပြဆိုတော်မူအပ်ပြီး ဖြစ်လေ၏။

“မိမိနေရာ တောအရပ်တို့သာ သွားရမည်”ဟူသော စကားဖြင့် အာရညကင်ဓုတင်ကို ပြတော်မူ၏။ ။“သစ်ပင်ရင်း၌ဖြစ်စေ မိမိနေရာ၌ဖြစ်စေ ထိုင်နေရမည်”ဟူသော စကားဖြင့် ရုက္ခမူလိကဓုတင်

၄၈၅

နေသဇ္ဇိကဓုတင် နှစ်ပါးကို ပြတော်မူ၏။ ဤဓုတင်ဆယ်ပါးကို အစဉ်အားလျော်စွာ ဟောတော်မူသဖြင့် ထိုဓုတင်တို့အား လျော်လျောက်ပတ်သောကြောင့် အဗ္ဘောကာသိကဓုတင် ယထာသန္တတိကဓုတင် သုသာန်ဓုတင် သုံးပါးတို့ကိုလည်း ပြတော်မူပြီး ဖြစ်လေသည်၊ သို့ရကား ဤဂါထာဖြင့် မြတ်စွာဘုရားသည် နာလကမထေရ်အား ဓုတင် တဆယ့်သုံးပါးတို့ကို ဟောကြားတော်မူအပ်၏။)

ချစ်သားနာလက.. ထိုဓုတင် တဆယ့်သုံးပါးတို့ကို ဆောင်လျက် မောနေယျပဋိပတ် အကျင့်မြတ်ကို ကျင့်သောရဟန်းသည် မဖြစ်သေးသော လောကီဈာန်ကို ဖြစ်စေခြင်း ဖြစ်ပြီးရပြီးသော လောကီဈာန်ကို ၀သီငါးဖြာ လေ့လာနိုင်နင်းအောင် ပြုခြင်းတို့ဖြင့် လောကီဈာန်တရားတို့၌ လေ့လာကြိုးကုတ် အားထုတ်လျက် အပ္ပနာသမာဓိ ရှိသည်ဖြစ်၍ လူသံမနှော တောအရပ်၌ မွေ့လျော်ပျော်ပိုက်သူ ဖြစ်ရာ၏။ (လောကီဈာန် သက်သက်ကိုသာ အားထုတ်ရုံမျှဖြင့် မပြီးသေး) ထိုတောအရပ်ရှိ သစ်ပင်ရင်း၌ (သောတာပတ္တိမဂ် စသည်နှင့်ယှဉ်သော လောကုတ္တရာဈာန်ဖြင့်လည်း) မိမိကိုယ်ကို အလွန်ရွှင်လန်း နှစ်သက်စေလျက် ဈာန်ဝင်စားကာ နေထိုင်ရာ၏။

(ဤဂါထာဖြင့် လောကီ လောကုတ္တရာ ဈာန်၌ လေ့လာကြိုးကုတ် အားထုတ်ခြင်းဖြင့် တောကျောင်း၌ မွေ့လျော်ခြင်းကို၎င်း, အရဟတ္တဖိုလ်ကို၎င်း မြတ်စွာဘုရား ဟောကြားတော်မူ၏။)

     အရှင်နာလကသည် ဤဆိုအပ်ပြီးသော တရားဒေသနာကို ကြားနာရလျှင် တောသို့ဝင်၍ အစာအာဟာရ မစားပဲလည်း မောနေယျအကျင့်ကို ဖြည့်ကျင့်ရန် အလွန်ပင် စိတ်အားထက်သန်လျက်ရှိ၏၊ အစာအာဟာရမစားပဲ ရဟန်းတရားကို အားထုတ်ခြင်းငှါလည်း မစွမ်းနိုင်ချေ။ မှန်၏.. အစာအာဟာရမစားပဲ ရဟန်းတရားကို အားထုတ်သူအား အသက်ရှည်မှု မဖြစ်နိုင်၊

၄၈၆

စင်စစ်သော်ကား ကိလေသာတရားတို့ကို မဖြစ်ပွါးစေပဲ အစာအာဟာရကို ရှာမှီးရမည်သာဖြစ်၏၊ ဤသို့ ကိလေသာတရားတို့ကို မဖြစ်ပွါးစေပဲ အစာအာဟာရကို ရှာမှီးခြင်းသည် သာသနာတော်၌ နည်းလမ်းကျသောအလုပ် ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်နာလကမထေရ်အား “နောက်နောက် နေ့ရက်များ၌ မြို့ရွာတွင်းသို့ ဆွမ်းခံလှည့်လည်ရာ၏၊ သို့သော် ကိလေသာတရားတို့ကိုမူ မဖြစ်စေရာ”ဟူ၍ ပြတော်မူခြင်းငှါ အရဟတ္တဖိုလ်သို့ ရောက်ခြင်းလျှင် အဆုံးရှိသော(= နောက်ဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သော) ဆွမ်းခံအကျင့်ဝတ်ကို ဟောတော်မူလိုသည်ဖြစ်၍ ဤဆိုလတံ့သော ခြောက်ဂါထာတို့ကို မိန့်မြွက် ဟောကြားတော်မူပြန်လေသည်။

(၁၀) တတော ရတျာဝိဝသာနေ၊

ဂါမန္တမဘိဟာရယေ။

အဝှာနံ နာဘိနန္ဒေယျ၊

အဘိဟာရဉ္စ ဂါမတော။

ချစ်သားနာလက.. မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် ထို(ဆိုအပ်ပြီးသည့် ဆွမ်းခံလှည့်လည်ပြီး တောသို့ ရှေးရှုသွားသည်)မှ အထက် နောက်ရက်များ၌လည်း ညဉ့်ကိုလွန်မြောက် မိုးသောက်သောအခါ၌ (ဆွမ်းခံချိန် မရောက်သေးမီအတွင်း ကျောင်းတွင်း၌ပင် စေတိယင်္ဂဏဝတ် စသည်ကို ပြုကျင့်လျက် ကာယဝိဝေက, စိတ္တဝိဝေကတရား ပွါးများပြီးလျှင် အသွားအပြန် ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍) ဆွမ်းခံရွာသို့ သွားရမည်။

ရွာတွင်းသို့ ရောက်သောအခါ “အရှင်ဘုရား.. တပည့်တော်တို့၏အိမ်၌ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟူ၍ ပင့်ဖိတ် ကပ်လှူအပ်သောဆွမ်း (“ဤအိမ်က ငါအား ဆွမ်းလှူလေမည်လော၊

၄၈၇

မလှူလေမည်လော၊ ကောင်းသည်ကို လှူလေမည်လော၊ မကောင်းသည်ကို လှူလေမည်လော”ဟု တွေးတောထွေပြား အကြံပွါးလျက် ခံအပ်သောဆွမ်း)များကို မနှစ်သက်ရာ၊ မခံယူရာ။ ။(အကယ်၍ ဒကာများက သပိတ်ကို အတင်းယူကာ ဆွမ်းအပြည့်ထည့်၍ လှူလိုက်သော်ကား ထိုဆွမ်းကိုစား၍ ရဟန်းတရားကို အားထုတ်ရာ၏။ ဓုတင်အကျင့် မပျက်စီးပေ။ သို့သော် ထိုဆွမ်းမျိုးကို ရလိမ့်နိုး မျှော်ကိုးသောစိတ်ဖြင့်ကား ထိုရွာသို့ မဝင်ကောင်း။)

(ရွာတွင်းသို့ ဝင်ရောက်ပြီးသော မောနေယျရဟန်းအား ဒါယကာများက မိမိတို့အိမ်သို့ မပင့်မဖိတ်ပဲ အိမ်စဉ်လျှောက်၍ ဆွမ်းမခံမီပင် ရဟန်းရှိရာသို့ လာကြ၍ ဟင်းခွက်ပေါင်းများစွာဖြင့် ကပ်လှူလာသော ဆွမ်းမျိုးကို အဘိဟာရဆွမ်းဟူ၍ ခေါ်ဆို၏။) ယင်း အဘိဟာရဆွမ်းကိုလည်း (ဟင်းခွက်ပေါင်းအရာဖြင့် ကပ်လာစေကာမူ) ဆွမ်းတလုံးကိုမျှ မခံယူရာ၊ (အိမ်စဉ်လျှောက်၍သာ ဆွမ်းခံရမည်ဟု ဆိုလိုသည်။)

(၁၁) န မုနီ ဂါမမာဂမ္မ၊

ကုလေသု သဟသာ စရေ။

ဃာသေသနံ ဆိန္နကထော၊

န ဝါစံ ပယုတံ ဘဏေ။

ချစ်သားနာလက.. မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် ရွာတွင်းသို့ ရောက်လတ်သည်ရှိသော် ဒါယကာ ဒါယိကာမများ၌ (အေးအတူ ပူအမျှ သာသနာတော်နှင့် မလျောက်ပတ်သည့် ဒကာ ဒကာမများနှင့်) ရောနှောမှုကို မပြုရာ။ သူအ-ကဲ့သို့ဖြစ်၍ ဆွမ်းအစာအာဟာရကို ရရှိဖို့ရန် နိမိတ်ဩဘာ ပရိယာယ် သွယ်ဝိုက်သော စကားမျိုးကို မပြောကြားရာ။

၄၈၈

(၁၂) အလတ္ထံ ယဒိဒံ သာဓု၊

နာလတ္ထံ ကုသလံ ဣတိ။

ဥဘယေနေဝ သော တာဒီ၊

ရုက္ခံဝုပနိဝတ္တတိ။

ချစ်သားနာလက.. မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် ရွာသို့ ဆွမ်းခံဝင်လတ်သော် ဆွမ်းအနည်းငယ်မျှကိုပင် ရလျှင်လည်း “ယင်းသို့ရခြင်းသည် ကောင်း၏”ဟူ၍၎င်း, ဆွမ်းမရလျှင်လည်း “ယင်းသို့ မရခြင်းသည် အပြစ်မရှိ”ဟူ၍၎င်း ကြံစည်စဉ်းစား နှလုံးထားလျက် ဆွမ်းရခြင်း မရခြင်း နှစ်ပါးဖြင့်ပင် ဖောက်ပြန် တုန်လှုပ်ခြင်းမရှိ တာဒိဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ (သစ်သီးရှာသော ယောက်ျားသည် သစ်ပင်သို့ ချဉ်းကပ်ပြီးလျှင် သစ်သီးကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ မုန်းချစ်မပြု လျစ်လျူရှုကာ ထိုသစ်ပင်ကို စွန့်ခွါဖဲသွားသကဲ့သို့၊ ထိုအတူ ဆွမ်းမရခြင်း ဆွမ်းရခြင်းကြောင့် မုန်းချစ်မပြု လျစ်လျူရှုကာ) ဒါယကာတို့အိမ်ကို စွန့်ခွါ ဖဲသွားရာ၏။

(၁၃) သ ပတ္တပါဏိ ဝိစရန္တော၊

အမူဂေါ မူဂသမ္မတော။

အပ္ပံ ဒါနံ န ဟီဠေယျ၊

ဒါတာရံ နာဝဇာနိယာ။

ချစ်သားနာလက.. သပိတ်ပိုက်ကာ ဆွမ်းခံလှည့်လည်သော ထိုမောနေယျရဟန်းသည် မအ-သော်လည်း အ-သောသူဟု လူတို့မှတ်ထင်အောင် ကျင့်ရာ၏ (စကားထွေလာ မပြောရာ-ဟု ဆိုလိုသည်)။ အနည်းငယ်မျှ လှူဒါန်းသည်ကိုလည်း ထိုအလှူဝတ္ထုကို မရှုတ်ချ မကဲ့ရဲ့ရာ။ အနည်းငယ်မျှ လှူဒါန်းသူဟူ၍လည်း ဒါယကာကို မထီမဲ့မြင်မှု (= အထင်သေးမှု) မပြုရာ။

၄၈၉

(၁၄) ဥစ္စာဝစာ ဟိ ပဋိပဒါ၊

သမဏေန ပကာသိတာ။

န ပါရံ ဒိဂုဏံ ယန္တိ၊

နယိဒံ ဧကဂုဏံ မုတံ။

(ချစ်သားနာလက.. မောနေယျရဟန်းသည် ဤဆိုခဲ့ပြီးသည့်အတိုင်း ဆွမ်းခံအကျင့်ဝတ်နှင့် ပြည့်စုံသူ ဖြစ်လတ်သောအခါ ဤမျှဖြင့် တင်းတိမ်ရောင့်ရဲမှုကို မပြုပဲ လွန်ကဲထူးမြတ်သော ပဋိပတ်အကျင့်ကို ကျင့်ကြံအားထုတ် ပြုလုပ် ပြီးစီးစေရမည်။ မှန်၏.. သာသနာတော်သည် ပဋိပတ်တည်းဟူသော အနှစ်သာရရှိ၏။ “ပဋိပတ်အကျင့်သည် သာသနာတော်၏ အနှစ်သာရဖြစ်၏။ ပဋိပတ်ကိုကျင့်မှ သာသနာတော်၏ အနှစ်သာရသို့ ဆိုက်ရောက်မည်”ဟု ဆိုလိုသည်။) မဂ်သို့ရောက်ကြောင်း ထိုအကျင့်ကောင်းကိုလည်း အမြတ်စား အညံ့စား နှစ်မျိုးဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်ပြီ။

(ထင်ရှားစေဦးအံ့.. ရဟန်းတရားကို ပွါးများကြိုးကုတ် စ၍အားထုတ်သည်မှ နီဝရဏငါးပါးတို့ကို ခွါနိုင်သည်တိုင်အောင် ဤအတွင်းသည် ပဋိပဒါ၏ခေတ် ပဋိပဒါ၏နယ်ပယ် မည်၏၊ ဤအတွင်း အလွယ်တကူ မပင်မပန်း နီဝရဏငါးပါးတို့ကို ခွါစွန့်နိုင်လျှင် သုခါပဋိပဒါဟူ၍ ခေါ်၏။ ငြိုငြင်ပင်ပန်း ခဲယဉ်းစွာကျင့်မှ နီဝရဏတို့ကို ခွါစွန့်ရလျှင် ဒုက္ခာပဋိပဒါဟူ၍ ခေါ်၏။ နီဝရဏငါးပါးတို့ကို ခွါစွန့်ပြီးသည်မှစ၍ မဂ်ဉာဏ်သို့ ရောက်သည်တိုင်အောင် ဤအတွင်းသည် အဘိညာခေတ် အဘိညာ (= ဝိပဿနာ ဉာဏ်ပညာ)၏ နယ်ပယ်မည်၏။ နီဝရဏ ငါးပါးတို့ကို ခွါစွန့်ပြီးသည်နောက် မဂ်ဉာဏ်သို့ အလျင်အမြန်ရောက်သော ဝိပဿနာဉာဏ်တို့ကို ခိပ္ပါဘိညဟူ၍ ခေါ်၏။ ထိုမဂ်ဉာဏ်သို့ နှေးနှေးကန်ကန်ရောက်မူ ထိုဝိပဿနာဉာဏ်တို့ကို ဒန္ဓာဘိညဟူ၍ ခေါ်၏။

၄၉၀

(၁) အချို့သော ပုဂ္ဂိုလ်တို့မှာ ရဟန်းတရား အားထုတ်လတ်သော် နီဝရဏငါးပါးတို့ကို မပင်မပန်း အလွယ်တကူနှင့် ပယ်ပြီးလျှင် မဂ်ဉာဏ်သို့ လျင်မြန်စွာ ရောက်ကြ၏။ ထိုပုဂ္ဂိုလ်တို့၏ ပဋိပဒါ = အကျင့်မျိုးကို သုခါပဋိပဒါခိပ္ပါဘိညာဟူ၍ ခေါ်၏ (ဤအကျင့်မျိုးကို အမြတ်စားဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏)။ (၂) အချို့သောသူတို့မှာ နီဝရဏငါးပါးတို့ကို အလွယ်တကူနှင့် ပယ်ပြီးနောက် နှေးကန်စွာ မဂ်ဉာဏ်သို့ ရောက်ဆိုက်ကြ၏။ ထိုပုဂ္ဂိုလ်တို့၏ ပဋိပဒါ = အကျင့်မျိုးကို သုခါပဋိပဒါခန္ဓာဘိညာဟူ၍ ခေါ်၏။ (၃) အချို့မှာ နီဝရဏငါးပါးတို့ကို ငြိုငြင်ပင်ပန်း ခဲယဉ်းစွာကျင့်မှ ခွါစွန့်နိုင်ပြီးလျှင် မဂ်ဉာဏ်သို့ကား လျင်မြန်စွာ ရောက်ဆိုက်ကြ၏၊ ထိုသူတို့၏ ပဋိပဒါ (= အကျင့်မျိုး)ကို ဒုက္ခာပဋိပဒါခိပ္ပါဘိညာဟူ၍ ခေါ်၏။ (၄) အချို့မှာ နီဝရဏငါးပါးတို့ကိုလည်း ပြိုငြင်ပင်ပန်း ခဲယဉ်းစွာကျင့်၍ စွန့်ခွါပြီးနောက် မဂ်ဉာဏ်သို့လည်း နှေးနှေးကန်ကန် ရောက်ဆိုက်ကြ၏၊ ထိုသူတို့၏ ပဋိပဒါ (= အကျင့်မျိုး)ကို ဒုက္ခာပဋိပဒါခန္ဓာဘိညာဟူ၍ ခေါ်၏ (ဤ ၂၊ ၃၊ ၄-အမှတ်ပါ အကျင့်သုံးမျိုးကို အညံ့စားဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏)။

ချစ်သားနာလက.. ထိုအမြတ်စား အညံ့စား အကျင့်နှစ်ပါးဖြင့် နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းသို့ ရောက်ဆိုက်ရာမှာလည်း မဂ်ဉာဏ်တခုတည်းဖြင့် နိဗ္ဗာန်သို့ နှစ်ကြိမ် နှစ်ခေါက် မရောက်ကောင်းချေ၊ (မဂ်ဉာဏ်သည် တကြိမ်ဖြစ်လိုက်လျှင်ပင် မိမိပယ်ရမည့် ကိလေသာကို အပြီးသတ် ပယ်သောကြောင့် နောက်ထပ်တဖန် ထိုခန္ဓာသန္တာန်မှာ ဖြစ်ရိုးမရှိသဖြင့် “မဂ်ဉာဏ်တခုတည်းဖြင့် နိဗ္ဗာန်သို့ နှစ်ကြိမ်နှစ်ခေါက် မရောက်ကောင်းချေ”ဟု ဟောတော်မူခြင်းဖြစ်သည်)။ ဤနိဗ္ဗာန်တရားသည်

၄၉၁

(မဂ်ဉာဏ်တခုတည်းဖြင့်) တကြိမ်တည်းသာ အပြီးရောက်ဆိုက်ကောင်းသည့် တရားမျိုးလည်း မဟုတ်ချေ၊ (မဂ်ဉာဏ်တခုတည်းဖြင့် ကိလေသာအလုံးစုံကို အကုန်ပယ်နိုင်သည် မဟုတ်၊ မဂ်ဉာဏ် လေးပါးတို့ဖြင့်သာ ဆိုင်ရာ ဆိုင်ရာ ဝေခွဲ၍ ကိလေသာတို့ကို သူ့အစုနှင့်သူ အကြွင်းမဲ့ ပယ်နိုင်သောကြောင့် “မဂ်ဉာဏ် တချက်တည်းဖြင့် နိဗ္ဗာန်သို့ အပြီးတိုင် အရဟတ္တဖိုလ်ပေါက် မရောက်ဆိုက်နိုင်၊ မဂ်ဉာဏ် လေးရပ်ဖြင့်သာ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်သို့ အပြီးတိုင် ဆိုက်ရောက်နိုင်၏”ဟူလို)။

(၁၅) ယဿ စ ဝိသတာ နတ္ထိ၊

ဆိန္နသောတဿ ဘိက္ခုနော။

ကိစ္စာကိစ္စပ္ပဟီနဿ၊

ပရိဠာဟော န ဝိဇ္ဇတိ။

ချစ်သားနာလက.. (ဤသို့ ဟောပြအပ်ခဲ့သော ပဋိပဒါနှစ်ရပ်တွင် မိမိရထိုက်ရာ အကျင့်ပဋိပတ်ဖြင့် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်အောင် ကျင့်ကြံအားထုတ်ပြီးသော) အကြင် မောနေယျရဟန်းအား (အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်ရှား သတ်ဖြတ်အပ်ပြီးဖြစ်၍) တရာ့ရှစ်ပါး အကျယ်ပြန့်ပွါးသည့် တဏှာ ဝိစရိုက်တရားတို့လည်း မရှိကုန်၊ ထိုသို့ (အရဟတ္တမဂ်ဖြင့်) ကိလေသာ ရေအယဉ်ကိုလည်း အကြွင်းမဲ့ဖြတ်ပြီး ကုသိုလ်အမှု အကုသိုလ်အမှုတို့ကိုလည်း ပယ်ပြီးသော မောနေယျရဟန်း၏ သန္တာန်၌ ရာဂကြောင့် ဖြစ်သော ပူလောင်မှု ဒေါသကြောင့်ဖြစ်သော ပူလောင်မှုများ အနည်းငယ်မျှ မရှိတော့ချေ။

(ဤဂါထာဖြင့် ပဋိပဒါ၏ အကျိုးအာနိသင်ကို ပြတော်မူ၏။)

     ဤဂါထာတို့ကို ကြားသိရသောအခါ အရှင်နာလက၏ စိတ်သန္တာန်၌ “မောနေယျအကျင့်သည် ဤမျှလောက်သာဆိုလျှင်

၄၉၂

အလွယ်သားပဲ ခဲယဉ်းသည်မဟုတ်၊ မငြိုမငြင် မပင်မပန်း အလွယ်နှင့်ပင် ငါဖြည့်စွမ်းနိုင်မှာပါ”ဟူ၍ အကြံအစည် ဖြစ်လေသည်။ ထို့ကြောင့် ထိုအရှင်နာလကအား မြတ်စွာဘုရားသည် “ချစ်သားနာလက.. မောနေယျအကျင့်သည် သင်ထင်သည့်အတိုင်း ကျင့်ကြံအားထုတ်ရန် လွယ်ကူသည့်အလုပ်မဟုတ်၊ ဧကန်စင်စစ် ခဲယဉ်းသော အကျင့်ဖြစ်သည်”ဟု ထပ်၍တဖန် ပြတော်မူပြန်လို၍ ဤဂါထာတို့ကို ဟောကြားတော်မူ၏။

(၁၆) မောနေယျံ တေ ဥပညိဿံ၊

ခုရဓာရူပမော ဘဝေ။

ဇိဝှာယ တာလုမာဟစ္စ၊

ဥဒရေ သညတော သိယာ။

ချစ်သားနာလက.. သင်ချစ်သားအား မောနေယျအကျင့်ကို ဆက်၍တဖန် သိစေဦးအံ့၊ မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် သင်ဓုန်းသွားလျှင် နှိုင်းယှဉ်ဖွယ်ရာ ဥပမာရှိသူ ဖြစ်ရမည်။ (အဓိပ္ပါယ်ကား.. ပျားရည်လိမ်းသုတ်ထားသော ဓားသွားကို လျက်သောသူသည် လျှာပြတ်မည့်ဘေးမှ စောင့်ရှောက် သတိပြုရသကဲ့သို့ ထို့အတူ တရားသဖြင့် ရအပ်သော ပစ္စည်းလေးပါးတို့ကို သုံးဆောင်သော မောနေယျရဟန်းသည် မိမိ၏စိတ်ကို ကိလေသာဖြစ်မည့်ဘေးမှ စောင့်ရှောက်သွားရာ၏။ မှန်၏.. ပစ္စည်းလေးပါးတို့ကို စင်ကြယ်သော နည်းလမ်းဖြင့် ရဖို့ရန်လည်း ခဲယဉ်းလှ၏၊ ရပြီးသောအခါမှာလည်း အပြစ်ကင်းအောင် သုံးဆောင်ရန်လည်း ခဲယဉ်းလှ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ပစ္စယသန္နိဿိတ သီလကိုသာလျှင် ဖန်ဖန်များစွာ ဟောကြားတော်မူသည်။) ချစ်သားနာလက.. မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် လျှာဖြင့် အာစောက်ကို ဖိနှိပ်ထောက်ပြီးလျှင် (= တောက်ခေါက်ပြီးလျှင်) ( ရသတဏှာကို ပယ်ခွါလျက် မိစ္ဆာဇီဝနည်းလမ်းဖြင့် ဖြစ်ပေါ်ရရှိသော

၄၉၃

ပစ္စည်းလေးပါးတို့ကို မမှီဝဲပဲ) ဝမ်းအတွက် စောင့်စည်းသူ ဖြစ်ရမည်။ (ဝမ်းရေးအတွက် ဓမ္မိယလဒ္ဓပစ္စည်းကို မရရှိလျှင် ရသတဏှာကို ပယ်ရှားပြီး အန်ကြိတ် တောက်ခေါက်၍ သည်းခံနိုင်ရမည်၊ မိစ္ဆာဇီဝနည်းလမ်းဖြင့် ရှာမှီး၍ကား ဘယ်နည်းနှင့်မျှ မသုံးစွဲရာဟု ဆိုလိုသည်။)

(၁၇) အလီနစိတ္တော စ သိယာ၊

န စာပိ ဗဟု စိန္တယေ။

နိရာမဂန္ဓော အသိတော၊

ဗြဟ္မစရိယပရာယဏော။

ချစ်သားနာလက.. မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် (ကုသိုလ်တရား ပွါးများခြင်း၌ မရပ်မနား ပြုလေ့ရှိသောအားဖြင့် အမြဲတစေ) မပျင်းရိသော စိတ်ရှိသူလည်း ဖြစ်ရမည်။ ဆွေကြောင်း မျိုးကြောင်း မြို့ကြောင်း ရွာကြောင်း- စသည်အားဖြင့် ထွေရာလေးပါး အကြံမများရာ။ ကိလေသာတည်းဟူသော အစိမ်းနံ့ကင်းလျက် တဏှာဒိဋ္ဌိတို့ဖြင့် တစုံတခုသော ဘဝကြီးငယ်၌ မမှီတွယ်ပဲ သုံးပါးသိက္ခာ သာသနာ တည်းဟူသော မြတ်သောအကျင့်လျှင် လည်းလျောင်းအားပြုရာရှိသူလည်း ဖြစ်ရမည်။

(၁၈) ဧကာသနဿ သိက္ခေထ၊

သမဏူပါသနဿ စ။

ဧကတ္တံ မောနမက္ခာတံ၊

ဧကော စေ အဘိရမိဿသိ။

အထ ဘာဟိသိ ဒသ ဒိသာ။

ချစ်သားနာလက.. မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် အဖော်မမှီး တကိုယ်ထီးသာ ဆိတ်ငြိမ်စွာ နေခြင်းငှါ၎င်း,

၄၉၄

ရဟန်းတို့ချဉ်းကပ်ရာ သုံးဆယ့်ရှစ်ပါး သော ကမ္မဋ္ဌာန်းအာရုံကို အဖန်ဖန်ကြိုးကုတ် အားထုတ်ခြင်းငှါ၎င်း ကျင့်ကြံ အားထုတ်ရမည် (ဤ၌ တကိုယ်ထီးနေခြင်းဖြင့် ကာယဝိဝေကကို ဟောတော်မူ၏၊ ကမ္မဋ္ဌာန်းအာရုံကို အားထုတ် ပွားများခြင်းဖြင့် စိတ္တဝိဝေကကို ဟောတော်မူ၏)။ ယင်းသို့ ကာယဝိဝေက, စိတ္တဝိဝေက နှစ်ပါးဖြင့် အဖော်မမှီး တကိုယ်ထီးနေခြင်းကို မောနေယျအကျင့်ဟူ၍ ငါဘုရား ဟောကြားတော်မူအပ်၏။ ချစ်သားနာလက.. သင်ချစ်သားသည် ကာယစိတ္တ ဝိဝေကနှစ်ပါးဖြင့် အဖော်မမှီး တကိုယ်ထီးသာ မွေ့လျော်နိုင်သည်ရှိသော် ထက်ဝန်းကျင် အရပ်ဆယ်မျက်နှာတို့၌ ကျော်စောထင်လင်းသူ ဖြစ်ပေလတံ့။

(၁၉) သုတွာ ဓီရာနံ နိဃောသံ၊

ဈာယီနံ ကာမစာဂိနံ။

တတော ဟိရိဉ္စ သဒ္ဓဉ္စ၊

ဘိယျော ကုဗ္ဗေထ မာမကော။

ချစ်သားနာလက.. အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန် နှစ်ပါးကို အဖန်ဖန် ဝင်စားကြကုန်လျက် ဝတ္ထုကာမ, ကိလေသကာမ နှစ်ပါးတို့ကို ပယ်ရှား စွန့်ပစ်တော်မူကြပြီးသော ပညာရှိအပေါင်း သူတော်ကောင်းတို့၏ ကောင်းချီးမြွက်ဖော် ကြွေးကြော်သံကို ကြားရသည်ရှိသော် (သင်ချစ်သားသည်) ထိုကောင်းချီးသံအတွက် (စိတ်မပြန့်လွင့်စေပဲ) ရှေးကထက်တိုး၍ ရှက်နိုးခြင်း ဟိရီတရားကို၎င်း, (ဤမောနေယျအကျင့်သည် သံသရာမှ ကျွတ်လွတ် ထွက်မြောက်ကြောင်း အကျင့်ကောင်းတည်းဟု) သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားကို၎င်း (အကြိမ်ကြိမ် ဖြစ်ပွါးစေလျက်) နိယျာနိကအကျင့်ကိုသာ ပြုလုပ်အားထုတ် ပွါးများရာ၏၊ ယင်းသို့ ပွါးများသည်ရှိသော် ငါဘုရား၏ သားတော်စင်စစ် ဖြစ်ပေလိမ့်မည်။

၄၉၅

(၂၀) တံ နဒီဟိ ဝိဇာနာထ၊

သောဗ္ဘေသု ပဒရေသု စ။

သဏန္တာ ယန္တိ ကုသောဗ္ဘာ၊

တုဏှီ ယန္တိ မဟောဒဓီ။

ချစ်သားနာလက.. ထို (ငါဘုရား ဟောကြားအပ်ခဲ့သည့် “ပညာရှိတို့၏ ကောင်းချီးသံကို ကြားရသော် စိတ်ပြန့်လွင့် တုန်လှုပ်ခြင်းကို မဖြစ်စေပဲ ဟိရီတရား သဒ္ဓါတရားကိုသာ ဆဆထပ်ပိုး တိုး၍ပြုရာ၏”ဟူသော) ဩဝါဒအချက်ကို ဤဆိုလတံ့သော မြစ်ကြီးဥပမာ ချောင်းငယ် မြောင်းငယ် ဥပမာတို့ဖြင့် သိရမည်။ ချောင်းငယ် မြောင်းငယ်များသည် တလှုပ်လှက်လက် အသံထွက်ကာ စီးသွားကြကုန်၏။ ဂင်္ဂါ-စသော မြစ်ကြီးတို့သည်ကား မလှုပ်မလှက် အသံမထွက်ပဲ တိတ်တိတ် ဆိတ်ဆိတ်သာ စီးသွားကြကုန်၏။ (ထို့အတူပင် ငါဘုရား၏သားတော် မပြီသသောသူသည် ချောင်းငယ် မြောင်းငယ်များ ပမာ “ငါကား မောနေယျအကျင့်ကို ဖြည့်ကျင့်သူ ဖြစ်ပေ၏”ဟု ပြန့်လွင့်တုန်လှုပ်၏။ ငါဘုရား၏သားတော် ပြီသသောသူသည်ကား ဆိုအပ်ပြီးသည့် ဟိရီတရား သဒ္ဓါတရား နှစ်ပါးကို ဖြစ်ပွါးစေကာ မြစ်ကြီးများပမာ နှိမ်ချသောစိတ်ရှိလျက် ဆိတ်ဆိတ်သာလျှင် တည်နေ၏-ဟု ဆိုလိုသည်။)

(၂၁) ယဒူနကံ တံ သဏတိ၊

ယံ ပူရံ သန္တမေဝ တံ။

အဍ္ဎကုမ္ဘူပမော ဗာလော၊

ရဟဒေါ ပူရောဝ ပဏ္ဍိတော။

ချစ်သားနာလက.. (ငါဘုရား တဆင့်တိုး၍ တမျိုးညွှန်ပြလိုသည်မှာ) အကြင် အိုးခွက်သည် ရေမပြည့်ပဲ ယုတ်လျော့၏။ ထိုအိုးခွက်သည် ဗောင်ဗင်ခတ်လျက် အသံထွက်၏။ အကြင် အိုးခွက်သည် ရေဖြင့်ပြည့်၏၊

၄၉၆

ထိုရေပြည့်သော အိုးခွက်သည် အသံမထွက် ငြိမ်သက်၏။ သူမိုက်သည် ရေတဝက်ဖြင့် အသံထွက်သော အိုးခွက်နှင့် တူ၏။ ပညာရှိသည် ရေပြည့်သော အိုင်ကြီးနှင့် တူ၏။

ဤ၌ “သူမိုက်သည် မငြိမ်မသက် အသံထွက်သောအားဖြင့် ရေမပြည့်သောအိုးနှင့် တူ၍ ပညာရှိသည် အသံမထွက် ငြိမ်သက်သောအားဖြင့် ရေပြည့်သောအိုင်ကြီးနှင့် တူခဲ့သော် မြတ်စွာဘုရားသည် အဘယ့်ကြောင့် တရားဟောရန် အားထုတ်သည်ဖြစ်၍ များစွာသောစကားကို ပြောကြားတော်မူသနည်း”ဟူ၍ စောဒကတက်ဖွယ် ရှိလာပြန်သောကြောင့် ဤနောက်ဆုံး နှစ်ဂါထာကို ဟောကြားတော်မူသည်။

(၂၂) ယံ သမဏော ဗဟုံ ဘာသတိ၊

ဥပေတံ အတ္ထသဉှိတံ။

ဇာနံ သော ဓမ္မံ ဒေသေတိ၊

ဇာနံ သော ဗဟု ဘာသတိ။


(၂၃) ယော စ ဇာနံ သံယတတ္တော၊

ဇာနံ န ဗဟု ဘာသတိ။

သ မုနီ မောနမရဟတိ၊

သ မုနီ မောနမဇ္ဈဂါ။

ချစ်သားနာလက.. ရဟန်းမြတ်ဖြစ်တော်မူသော ငါဘုရားသည် အနက်သဒ္ဒါနှင့် ပြည့်စုံသည့် အကျိုးစီးပွါးနှင့် စပ်ယှဉ်သော အကြင်စကားကို များစွာဟောကြား၏။ (ထိုစကားကို ပြန့်လွင့်ခြင်း တုန်လှုပ်ခြင်း ဥဒ္ဓစ္စဖြင့် ဟောသည်မဟုတ်၊ စင်စစ်သော်ကား) ထိုရဟန်းမြတ်ဖြစ်သော ငါဘုရားသည် အကျိုးရှိ-မရှိ အသိဉာဏ်ပညာတရားဖြင့် ပိုင်းခြားသိမြင်လျက် တရားကိုသာလျှင် ဟောကြားခြင်း ဖြစ်၏ (တနေ့လုံး ဟောကြားစေကာမူ အချိန်ဖင့်နွှဲအောင် တမင်ဆွဲ၍ ဟောနေခြင်း မဟုတ်ချေ)။ ယင်းသို့ တရားကိုသာ

၄၉၇

ဟောဆိုရာမှာလည်း “ဤတရားသည် ဤသူအတွက် အကျိုးဖြစ်ကြောင်း အစီးအပွါးကောင်းတည်း၊ ဤတရားသည် ဤသူအတွက် အကျိုးဖြစ်ကြောင်း အစီးအပွါးကောင်းတည်း”ဟု အထူးထူး အပြားပြား ခွဲခြားသိမြင်၍သာလျှင် များစွာ ဟောကြားတော်မူ၏။ (ပင်ကိုယ်က စကားများသူဖြစ်၍ အနှစ်မပါသော စကားကို ပြောကြားနေခြင်း မဟုတ်-ဟု ဆိုလိုသည်။)

ချစ်သားနာလက.. မောနေယျအကျင့်ကိုကျင့်သော အကြင်ရဟန်းသည် ငါဘုရား ခွဲခြားသိမြင်၍ ဟောကြားအပ်သော တရားကို (နိဗ္ဗေဓဘာဂိယဉာဏ်ပညာ = ကိလေသာတို့ကို ဖြိုခွဲနိုင်သော အသိဉာဏ်ပညာဖြင့်) သိမြင်ကာ လုံခြုံအောင် ထိန်းစောင့်အပ်သော စိတ်ရှိလျက် (သတ္တဝါတို့အား စီးပွါးချမ်းသာ မဖြစ်စေနိုင်မည့် စကားကို) သိသည်ဖြစ်၍ များစွာမပြောကြား။ ထိုမောနေယျအကျင့်ကို ကျင့်သောရဟန်းသည်သာ မောနေယျအကျင့်ကို ထိုက်တန်သူ ဖြစ်ပေ၏။ (ထိုက်တန်ရုံမျှသာ မဟုတ်သေး၊ စင်စစ်သော်ကား) ထိုမောနေယျရဟန်းသည် အရဟတ္တမဂ်ဉာဏ်ကို ဧကန်ပင် ရနိုင်၏။

     ဤသို့လျှင် မြတ်စွာဘုရားသည် အရဟတ္တဖိုလ် အထွတ်တပ်လျက် မောနေယျ အကျင့်ပဋိပတ်နှင့်စပ်သော တရားဒေသနာတော်မြတ်ကို ဟောကြား ပြီးဆုံးစေတော်မူ၏။

အရှင်နာလက၏ အလိုနည်းခြင်းသုံးပါး

     ထိုသို့ မြတ်စွာဘုရားသခင် အရဟတ္တဖိုလ် အထွတ်တပ်၍ မောနေယျအကျင့်ပဋိပတ်ကို အကျယ်တဝင့် ဟောပြအပ်သည်ကို ကြားနာရသည်ရှိသော် အရှင်နာလကမထေရ်သည် (၁) ဘုရားဖူးခြင်း (၂) တရားနာခြင်း (၃) မောနေယျအကျင့်ကို မေးမြန်းခြင်း ဤသုံးဌာနတို့၌ အလိုနည်းပါးသူ ဖြစ်လေ၏။ ချဲ့ဦးအံ့-

၄၉၈

     (၁) အရှင်နာလကမထေရ်သည် မောနေယျ အကျင့်ပဋိပတ်နှင့်စပ်သော တရားဒေသနာကို ကြားနာပြီးသောအဆုံး၌ အလွန် ကြည်လင်ရွှင်ပျ အားရသောစိတ်ရှိလျက် မြတ်စွာဘုရားကို ရိုသေမြတ်နိုး အားရအင်ပြည့် ရှိခိုးပြီးလျှင် တောအရပ်သို့ ဝင်လေတော့၏။ ထိုသို့ တောဝင်သည်မှစ၍ နောက်ထပ်တဖန် “ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရပါမူ ကောင်းလေစွာ့”ဟူသော အလိုဆန္ဒမျိုး အရှင်နာလကမထေရ်၏ သန္တာန်၌ တကြိမ်မျှ မဖြစ်တော့ချေ။ ဤကား ထိုအရှင်နာလက၏ ဘုရားဖူးခြင်း၌ အလိုနည်းပါးမှုပေတည်း။

     (၂) ထို့အတူ “ငါသည် နောက်ထပ်တဖန် တရားကို နာရပါမူ ကောင်းလေစွာ့”ဟူသော အလိုဆန္ဒမျိုးလည်း အရှင်နာလကမထေရ်၏ သန္တာန်၌ တကြိမ်မျှ မဖြစ်တော့ချေ။ ဤကား ထိုအရှင်နာလက၏ တရားနာခြင်း၌ အလိုနည်းပါးမှုပေတည်း။

     (၃) ထို့အတူပင် “ငါသည် နောက်ထပ်တဖန် မောနေယျအကျင့်ကို မြတ်စွာဘုရားအား လျှောက်ထား မေးမြန်းရပါမူ ကောင်းလော့”ဟူသော အလိုဆန္ဒမျိုးလည်း အရှင်နာလကမထေရ်၏ သန္တာန်၌ တကြိမ်မျှ မဖြစ်တော့ချေ။ ဤကား ထိုအရှင်နာလက၏ မောနေယျအကျင့်ကို မေးမြန်းခြင်း၌ အလိုနည်းပါးမှုပေတည်း။ (ဘုရားတဆူတဆူလျှင် တဦးတဦးသာ ပေါ်ထွက်သည့် ပုဂ္ဂလဝိသေသ သာဝကဝိသေသ ဖြစ်သည်အားလျော်စွာ မြတ်စွာဘုရားကို တကြိမ်မျှ ဖူးမြင်ရရုံ တရားတော်ကိုလည်း တကြိမ်မျှ ကြားနာရရုံ မောနေယျအကျင့်ကိုလည်း တကြိမ်မျှ မေးလျှောက်လိုက်ရရုံဖြင့်ပင် တင်းတိမ်အားရ အလိုဆန္ဒ ပြည့်ဝသွားသည့်အတွက် နောက်ထပ်တဖန် ဘုရားကိုဖူးလိုသော အလိုဆန္ဒ, တရားတော်ကို နာလိုသော အလိုဆန္ဒ, ပုစ္ဆာကို မေးလျှောက်လိုသော အလိုဆန္ဒတို့ မဖြစ်မပေါ်တော့ခြင်း ဖြစ်ပေသည်၊ သဒ္ဓါတရား ခေါင်းပါး၍ ဘုရားမဖူးလိုခြင်း, တရားမနာလိုခြင်း, ပုစ္ဆာမမေးလျှောက်လိုခြင်း ဖြစ်သည်မဟုတ်။)

၄၉၉

အရှင်နာလက ရဟန္တာဖြစ်ခြင်း

     ဤသို့လျှင် အရှင်နာလကမထေရ်သည် အလိုနည်းခြင်းသုံးပါးနှင့် ပြည့်စုံသူဖြစ်၍ တောင်ခြေအရင်း တောအတွင်းသို ဝင်ပြီးလျှင် တောအုပ်တခု၌ တရက်သာနေ၍ နှစ်ရက်မနေ၊ သစ်တပင်ရင်း၌လည်း တရက်သာနေ၍ နှစ်ရက်မနေ၊ ရွာတရွာ၌ တရက်သာ ဆွမ်းခံ၍ နှစ်ရက်ဆွမ်းမခံချေ။ ဤနည်းဖြင့် တတောမှ တတောသို့၎င်း, သစ်တပင်ရင်းမှ သစ်တပင်ရင်းသို့၎င်း, တရွာမှ တရွာသို့၎င်း ပြောင်းရွှေ့ လှည့်လည် တော်မူကာ မိမိနှင့် သင့်လျော် လျှောက်ပတ်သော မောနေယျအကျင့်ကို ကျင့်တော်မူသည်ရှိသော် မကြာမီပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။

မောနေယျပုဂ္ဂိုလ်သုံးမျိုးနှင့်

အရှင်နာလက ပရိနိဗ္ဗာန်စံဝင်ခြင်း

     မောနေယျအကျင့်ကို ကျင့်သော ပုဂ္ဂိုလ်တို့သည် (၁) အထက်ဆုံး အမြတ်ဆုံး ကျင့်ကြံသော ဥက္ကဋ္ဌပုဂ္ဂိုလ်၊ (၂) အလယ်အလတ် ကျင့်ကြံသော မဇ္ဈုံပုဂ္ဂိုလ်၊ (၃) လျော့လျော့နုန့်နုန့် ကျင့်ကြံသော မုဒုံပုဂ္ဂိုလ်ဟူ၍ သုံးမျိုးရှိ၏။

     ထိုသုံးမျိုးတို့တွင် (၁) အထက်ဆုံး အမြတ်ဆုံး ကျင့်ကြံသော ဥက္ကဌ်ပုဂ္ဂိုလ်သည် (၇) ခုနစ်လသာ အသက်ရှည်၏၊ (၂) အလယ်အလတ် ကျင့်ကြံသော မဇ္ဈုံပုဂ္ဂိုလ်သည် (၇) ခုနစ်နှစ်သာ အသက်ရှည်၏၊ (၃) လျော့လျော့နုန့်နန့် ကျင့်ကြံသော မုဒုံပုဂ္ဂိုလ်သည် (၁၆) တဆယ့်ခြောက်နှစ်သာ အသက်ရှည်၏။

     ထိုမောနေယျပုဂ္ဂိုလ် သုံးမျိုးတို့တွင် ဤအရှင်နာလကမထေရ်သည်ကား မောနေယျအကျင့်ကို အထက်ဆုံး အမြတ်ဆုံးပြု၍ ဖြည့်ကျင့်သော ဥက္ကဌ်ပုဂ္ဂိုလ်ဖြစ်သောကြောင့် (၇) ခုနစ်လသာ အသက်ရှည် တည်တော်မူ၍ မိမိ၏ အာယုသင်္ခါရ (= ဇီဝိတိေန္ဒြသန္တာန်အစဉ်) ကုန်တော့မည်ကို စဉ်းစားဆင်ခြင် သိမြင်တော်မူသဖြင့် ကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရေချိုးတော်မူလျက်

၅၀၀

သင်းပိုင်ကို အဝန်းညီစွာ ပြင်ဆင်သပ်ယပ် ဝတ်တော်မူပြီးလျှင် ခါးပန်းကို ပန်းတော်မူပြီးနောက် သင်္ကန်းကြီးနှင့် ဧကစ္စီကို ထပ်လျက်ရုံပြီးကာ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည်ဖက်သို့ မျက်နှာတူရူမူပြီးလျှင် လက်နှစ်ဖက်ဒူး နဖူးမြေထား ထိခြင်းငါးပါးဖြင့် ရှိခိုး၍ လက်အုပ်ကို မြှောက်ချီကာ ဟိင်္ဂုလကမည်သော တောင်ကိုမှီ၍ ရပ်တော်မူလျက်သာလျှင် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘဝဇာတ် သိမ်းတော်မူလေ၏။

ဓာတ်တော်များကို စေတီတည်ခြင်း

     ထိုအခါ မြတ်စွာဘုရားသည် အရှင်နာလကမထေရ် ပရိနိဗ္ဗာန် စံဝင်ကြောင်းကို ကြည့်ရှုသိမြင်တော်မူသဖြင့် နောက်ပါရဟန်းသံဃာများနှင့်တကွ ထိုအရပ်သို့ ကြွသွားတော်မူပြီးလျှင် ဈာပနမှု ဘုရားကိုယ်တိုင် ဦးစီးစီမံ၍ ပြုပြီးနောက် ဓာတ်တော်များကို ကောက်ယူစေပြီးလျှင် စေတီတည်ထားစေတော်မူ၍ ရာဇဂြိုဟ်ပြည်သို့ပင် ပြန်ကြွတော်မူလေ၏။

မောနေယျအကျင့်ကို ဟောကြားတော်မူခြင်းအကြောင်း ပြီး၏။

**********

အခဏ်း-၁၂

ယသသူဌေးသား ရဟန်းပြုခြင်းအကြောင်း

     မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့နှင့် အရှင်နာလကမထေရ်အား ဓမ္မစက္ကပဝတ္တနသုတ္တန်, အနတ္တလက္ခဏသုတ္တန်, နာလကသုတ္တန်တို့ကို ဟောကြားချွေချွတ်၍ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောမှာပင် ဝါကပ်နေထိုင် သီတင်းသုံးတော်မူစဉ် သေနနိဂုံးသူ (ဃနာနို့ဆွမ်းကပ်လှူသူ) ဗာရာဏသီ သူဌေးကတော်ကြီးဖြစ်သော သုဇာတာ၏သား ယသအမျိုးကောင်းသားသည် သိမ်မွေ့နူးညံ့သော ကိုယ်နှုတ်နှလုံးရှိသူ ဖြစ်သည့်ပြင် များပြားလှစွာသော စည်းစိမ်ဥစ္စာ အခြံအရံနှင့်လည်း ပြည့်စုံသူ ဖြစ်၏။

၅၀၁

     ထိုယသသူဌေးသားမှာ ဆောင်းရာသီ စံနေရန်အတွက် ပြာသာဒ်တဆောင်, နွေရာသီ စံနေရန်အတွက် ပြာသာဒ်တဆောင်, မိုးရာသီ စံနေရန်အတွက် ပြာသာဒ်တဆောင်ဟူ၍ ပြာသာဒ်သုံးဆောင်တို့ ရှိလေသည်။ ယသသူဌေးသားသည် (မြတ်စွာဘုရား မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူခိုက်ဖြစ်သော ထိုအခါ၌) မိုးရာသီဖြစ်သဖြင့် မိုးဥတုနှင့် လျောက်ပတ်သော စံအိမ်ပြာသာဒ်ထက်၌ မိုးလေးလပတ်လုံး တီးမှုတ် ကခုန် သီဆိုမှု၌ ကျွမ်းကျင်လိမ္မာသော ကခြေသည်အပေါင်း ခြံရံလျက် စံအိမ်ပြာသာဒ်ကြီးတဆောင်လုံးမှာ ယောက်ျားဟူ၍ တယောက်မျှမရှိပဲ တံခါးစောင့်မှအစ ဖျော်ဖြေမှုယုသူ ဟူသမျှတို့မှာ မိန်းမချည်းဖြစ်လျက် လွန်ကဲကြီးကျယ်သော ကာမဂုဏ်ချမ်းသာကို ခံစားပျော်ပါး၍ ပြာသာဒ်အောက်သို့ မဆင်းပဲ နေထိုင်ဆဲ ဖြစ်လေသည်။ (ယသ၏ဖခင် သူဌေးကြီးကား “ဤမျှ ခမ်းနားကြီးမားသော စည်းစိမ်ချမ်းသာကို ခံစား၍နေသည့် ငါ့သားအား ယောက်ျားတယောက်ယောက်ကိုမြင်လျှင် ရွံရှာကြောက်လန့်ခြင်း အလျှင်းပင် မဖြစ်ပါစေလင့်”ဟု ရည်ရွယ်ကာ စံအိမ်ပြာသာဒ်ကြီးအတွင်း ပြုဖွယ်ကိစ္စ အဝဝတို့အတွက် မိန်းမများကိုသာ ခန့်စီမံခြင်း ဖြစ်လေသည်။)

     ထိုသို့ ယောက်ျားမပါ တူရိယာငါးပါးတို့ဖြင့် တီးမှုတ် သီဆို ကခုန်ပျော်ပါး မိန်းမသားများဖြင့်သာ ကြီးမားသော ကာမစည်းစိမ်ကို မြိန်ရှက်စွာ ခံစားသုံးစွဲ၍နေခိုက် တနေ့သ၌ ယသသူဌေးသားသည် စောစီးစွာ အိပ်ပျော်၍ သွားလေသည်။ အဖျော်အဖြေ အပြုအစု အယုအယ ကခြေသည်အပေါင်းသည်လည်း သူဌေးသား အိပ်ပျော်လတ်သော် မလိုအပ်တော့ပြီဖြစ်၍ မိမိတို့ စွဲကိုင်ရင်းဖြစ်သော တူရိယာများကို အသီးအသီး ပွေ့လျက် ပိုက်လျက် ခေါင်းအုံးလျက် အိပ်စက်ကြလေ၏။ ပွဲကြည့်ဧည့်ခံဆောင် ထိုခန်းမကြီးအတွင်း၌ကား ထိန်ထိန်လျှံညီ ဆီမီးများကို တညဉ့်လုံး ထွန်းထားအပ်လေသည်။

၅၀၂

     ထိုအခါ ယသသူဌေးသားသည် သူတပါးတို့မနိုးခင် အလျင်လက်ဦး အိပ်ရာမှ နိုးလတ်၍ မိမိ၏အခြွေအရံ မောင်းမကခြေသည်များ တချို့က စောင်းကိုပိုက်လျက် တချို့က မုရိုးစည်ကိုလွယ်လျက် တချို့က ထက်စည် (ဖားစည်)ကို ပွေ့ဖက်လျက် တချို့က ဆံပင်တွေ ဖရိုဖရဲကျဲလျက် တချို့က တံထွေးလျှာရည် တစီစီယိုကျလျက် တချို့က ယောင်ယမ်းစကား ပြောကြားလျက် လက်သို့ရောက်ရှိသော သုသာန်ပမာ လွန်စွာ စက်ဆုပ်ဖွယ် အိပ်မောကျ၍ နေကြသည်ကို မြင်ရလေသော် ယသသူဌေးသားအား ကာမဂုဏ်တို့၏ အာဒီနဝအပြစ်သဘော ထင်ရှား၍လာလေ၏။ ကာမဂုဏ်တို့၌ ငြီးငွေ့သောစိတ်များ တရိပ်ရိပ် ဖြစ်ပွါး တည်ရှိလာလေ၏။

     ထိုအခါ ယသသူဌေးသားသည် သံဝေဂကြီးစွာ ဖြစ်ရှိရကား “ဥပဒ္ဒုတံ ၀တ ဘော၊ ဥပဿဋ္ဌံ ဝတ ဘော = အို.. သူရောကိုယ်ပါ ခပ်သိမ်းသော သတ္တဝါတို့၏ ခန္ဓာကိုယ်ဆိုး ဤဒုက္ခအိုးကြီးကို အမျိုးမျိုးသော ကိလေသာတရားတို့ ထိပါးနှိပ်စက်အပ်လှချည့်တကား၊ အို.. သူရောကိုယ်ပါ ခပ်သိမ်းသော သတ္တဝါတို့၏ ခန္ဓာကိုယ်ဆိုး ဒုက္ခအိုးကြီးကို အမျိုးမျိုးသော ကိလေသာတရားတို့ ညှဉ်းပန်း နှိပ်စက်အပ်လှချည့်တကား”ဟု သံဝေဂဉာဏ်အစွမ်းကြောင့်ဖြစ်သော ဥဒါန်းစကားကို တယောက်တည်း မြွက်ဆို ကျူးရင့်လေ၏။

     ထိုအခါ ယသသူဌေးသားသည် (မိမိ၏ အတွေ့အကြုံ အာရုံတို့၌ ငြီးငွေ့၍) အိပ်ရာညောင်စောင်း လျောင်းရာမှထကာ ရွှေခြေနင်းများကို စီးနင်းလျက် (မည်သူတဦးတယောက်ကိုမျှ အသိမပေးပဲ) ထွက်ခဲ့လေရာ အိမ်တံခါးဝသို့ရောက်လျှင် နတ်တို့က “ယသသူဌေးသား၏ ရှင်ရဟန်းပြုခြင်းကိစ္စအတွက် တဦးတယောက်မျှ အဆီးအတား အန္တရာယ် မပြုနိုင်စေသတည်း”ဟု စောစီးကပင် ကြိုတင်၍ တံခါးကို ဖွင့်ထားနှင့်ကြသဖြင့် လွယ်လင့်စွာပင် အိမ်မှထွက်ခဲ့၍ မြို့တံခါးသို့ ရောက်ပြန်သော် ရှေးနည်းအတူပင် မြို့စောင့်နတ်များက မြို့တံခါးကို ဖွင့်လှစ်ထားနှင့်ကြသဖြင့်

၅၀၃

လွယ်လင့်စွာပင် အဆီးအတား အနှောက်အယှက်မရှိ မြို့မှ ထွက်ခဲ့၍ ခရီးဆက်လေရာ ဗာရာဏသီပြည်အနီး ဣသိပတန မိဂဒါဝုန်တောကြီးသို့ စောစီးစွာပင် ဆိုက်ရောက်လေ၏။

     ထိုအချိန်၌ မြတ်စွာဘုရားသည် ညဉ့်၏ မိုးသောက်ယံ နောက်ပိုင်းတွင် စောစီးစွာထ၍ ဟင်းလင်းအပြင် လွင်တီးခေါင်၌ စင်္ကြံလျှောက်တော်မူနေဆဲ ဖြစ်ရကား ယသသူဌေးသား အဝေးမှ လာနေသည်ကို မြင်တော်မူလေလျှင် စင်္ကြံမှဆင်းသက်ကာ သင့်လျော်စွာ ခင်းထားအပ်သော ဘုရားနေရာ၌ ထိုင်နေတော်မူလေ၏။ ထိုအခါ ယသသူဌေးသားသည် မြတ်စွာဘုရား၏ အနီးထံမှောက် ရောက်ရှိလတ်သော် ယခင်မြွက်ဆို ကျူးရင့်ခဲ့သော သံဝေဂဥဒါန်းစကားကိုပင် မြွက်ဆို ကျူးရင့်ပြန်လေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ယသသူဌေးသားကို “ချစ်သားယသ.. ဤငါဘုရား သိရှိ၍ထားသော နိဗ္ဗာန်တရားသည် အမျိုးမျိုးသော ကိလေသာတို့ မနှိပ်စက် မညှဉ်းပန်းအပ်သော တရားဖြစ်ပေ၏။ ချစ်သား ယသ.. လာလော့၊ ဤနေရာ၌ သင်ချစ်သား ထိုင်နေလော့၊ သင်ချစ်သားအား ငါဘုရားသည် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို ဟောပြပေအံ့”ဟူ၍ ဖိတ်ခေါ်စကား တိုက်တွန်းစကားကို မိန့်ကြားတော်မူလေ၏။ ထိုအခါ ယသသူဌေးသားသည် “ဤမြတ်စွာဘုရား သိမြင်ထားသည့် နိဗ္ဗာန်တရားသည် အမျိုးမျိုးသော ကိလေသာတို့ မနှိပ်စက် မညှဉ်းပန်းအပ်သောတရား ဖြစ်သတဲ့”ဟု နှစ်သက်ရွှင်လန်း ဝမ်းမြောက်တက်ကြွသော စိတ်ရှိလျက် မိမိ စီးနင်းခဲ့သော ရွှေခြေနင်းများကို ချွတ်ပြီးလျှင် မြတ်စွာဘုရားရှင်အနီးသို့ ရိုသေလေးမြတ် ချဉ်းကပ်၍ ရှိခိုးကာ လျောက်ပတ်သော နေရာ၌ ထိုင်နေလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် လျောက်ပတ်သောနေရာ၌ ထိုင်နေပြီးသော ယသသူဌေးသားအား မဂ်ဖိုလ် ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား၊ (၂) သီလကထာ = သီလနှင့်စပ်သော

၅၀၄

တရားစကား၊ (၃) သဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား၊ (၄) မဂ္ဂကထာ = မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကျင့်စဉ်နှင့်စပ်သော တရားစကားတို့ကို အစဉ်အတိုင်း ဟောကြားတော်မူလေ၏။

ဒါနကထာ

     ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား ဟူသည်မှာ “ဤ ဒါနကောင်းမှုသည် မျက်မှောက်ဘဝချမ်းသာ, တမလွန်ဘဝချမ်းသာ, နိဗ္ဗာန်ချမ်းသာတို့၏ အကြောင်းဖြစ်၏။ လူ့စည်းစိမ် နတ်စည်းစိမ် အစရှိသော စည်းစိမ်အမျိုးမျိုးတို့၏ အကြောင်းရင်းဖြစ်၏၊ အသုံးအဆောင်ဖြစ်သော အာရုံဝတ္ထုများ ထိုဝတ္ထုများကို သုံးဆောင်၍ဖြစ်သော ချမ်းသာမှုများ၏ တည်ရာလည်း ဖြစ်၏။ ဗျသနဘေးရောက်ဆိုက်သော သတ္တဝါများအဖို့ အစောင့်အရှောက်ကောင်းလည်း ဖြစ်၏။ ပုန်းအောင်းရာ လားရာ လည်းလျောင်းရာလည်း ဖြစ်၏။ ဤပစ္စုပ္ပန်ဘဝ, တမလွန်ဘဝတို့၌ ဒါနနှင့်တူသော မှီရာတည်ရာ ဆွဲတွယ်ရာ အစောင့်အရှောက် ကောင်း ပုန်းအောင်းရာ လားရာ လည်းလျောင်းရာဟူ၍ မရှိချေ။

     မှန်၏.. ဤဒါနကောင်းမှုသည် မှီရာဖြစ်သောကြောင့် ရတနာခြယ်စီသော သီဟာသနပလ္လင်နှင့် တူ၏၊ ထောက်တည်ရာ ဖြစ်သောကြောင့် မဟာပထဝီမြေကြီးနှင့် တူ၏၊ ဆွဲတွယ်ရာ ဖြစ်သောကြောင့် မျက်မမြင်သူကန်းတို့၏ ဆွဲလှမ်းအားပြုရာ ကြိုးနှင့်လည်း တူ၏။ ဆက်ဦးအံ့.. ဤဒါနကောင်းမှုသည် အပါယ်ဘူမိ ဒုဂ္ဂတိဆင်းရဲမှ ကူးမြောက်ကြောင်း ဖြစ်သောကြောင့် သင်္ဘောလှေနှင့် တူ၏။ လောဘ မစ္ဆရိယ အစရှိသော တဖက်ရန်သူဘေးမှ ကင်းရှင်းသက်သာစေတတ်သောကြောင့် စစ်မြေအရပ်၌ တပ်မှူး သူရဲကောင်း သဖွယ်လည်း ဖြစ်၏၊ ဆင်းရဲမွဲတေခြင်းဘေးမှ ကင်းဝေးအောင် စောင့်ရှောက်တတ်သောကြောင့် ခိုင်ခံ့စွာပြုပြင် စီရင် မွမ်းမံအပ်သော မြို့ကြီးသဖွယ်လည်း ဖြစ်၏။ မနာလိုခြင်း = ဣဿာ, ဝန်တိုခြင်း = မစ္ဆရိယ - အစရှိသော

၅၀၅

အကုသိုလ် အညစ်အကြေးတို့ မလိမ်းထေး မကပ်ငြိအပ်သောကြောင့် ပဒုမာကြာပန်းသဖွယ်လည်း ဖြစ်၏၊ ထိုမစ္ဆရိယအစရှိသော အကုသိုလ် အမှိုက်သရိုက်တို့ကို ဖုတ်မြှိုက် လောင်ကျွမ်းစေတတ်သောကြောင့် မီးသဖွယ်လည်း ဖြစ်၏၊ ထိုအကုသိုလ်ရန်သူတို့ ချဉ်းကပ်နိုင်ခဲသောကြောင့် အဆိပ်လျင်သော မြွေသဖွယ်လည်း ဖြစ်၏။ ထိတ်လန့်ကြောက်ရွံ့ခြင်း ကင်းစေတတ်သောကြောင့် ခြင်္သေ့မင်းသဖွယ်လည်း ဖြစ်၏။ (အလှူရှင် ဒါယကာသည် ယခုဘဝမှာလည်း တစုံတခုသော ရန်သူမှ မထိတ်လန့်ရပေ။ တမလွန်မှာမူကား ဆိုဖွယ်ရာမရှိပြီ)၊ အင်အားကြီးမားသောကြောင့် ဆင်ပြောင်ကြီးသဖွယ် ဖြစ်၏ (အလှူရှင်ဒါယကာသည် ယခုဘဝမှာလည်း အပင်းအသင်းအားကောင်း၍ တမလွန်ဘဝမှာလည်း ကိုယ်အား ဉာဏ်အား စသည်တို့ အလွန်အားကြီးသူ ဖြစ်၏)၊ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်၌ အလွန်အကြူး အထူးကြီးပွါးကြောင်း ကောင်း မြတ်သော မင်္ဂလာဟု ပညာရှိသူတော်ကောင်းတို့ အသိအမှတ် ပြုအပ်သောကြောင့် ဖြူစင်သော နွားလား ဥသဘသဖွယ်လည်း ဖြစ်၏။ ဝိပတ္တိလေးမျိုး ဆင်းရဲသော မြေဆိုးမှ လွန်မြောက်ကာ သမ္ပတ္တိလေးမျိုး ဘေးကင်းရာ မြေကောင်းသို့ ရောက်စေတတ်သောကြောင့် (ဆောင်တတ်သောကြောင့်) ၀လာဟက သိန္ဓောမြင်းမင်းသဖွယ်လည်း ဖြစ်၏။

     ဤဒါနကောင်းမှုသည် ဘုရားသွားခဲ့သော လမ်းကောင်းလမ်းကြောင်း လမ်းမှန်လည်း ဖြစ်၏၊ ငါဘုရား၏ အဆက်အနွယ်လည်း ဖြစ်၏။ ငါဘုရားသည် ပါရမီ ကောင်းမှုကုသိုလ်တို့ကို ဖြည့်ကျင့်စဉ် ဝေလာမအလှူကြီး မဟာဂေါဝိန္ဒ အလှူကြီး မဟာသုဒဿန အလှူကြီး ဝေဿန္တရာ အလှူကြီး အစရှိသော အလှူကြီးပေါင်း များစွာတို့ကို ဖြစ်စေအပ် (လှူဒါန်းအပ်)ခဲ့ကုန်ပြီ။ ယုန်သူတော်ကောင်း ဗောဓိလောင်းဖြစ်စဉ် ငါဘုရားသည် အလျှံမစဲ မီးပုံကြီးထဲ၌ မိမိကိုယ်ကို စွန့်လှူကာ အလှူခံပုဂ္ဂိုလ်တို့၏စိတ်ကို အရပိုင်ပိုင် ငါချိုင်၍ ယူအပ်ခဲ့လေပြီ။ ။(ဤ၌ အလှူခံပုဏ္ဏား သိကြားမင်း၏စိတ်သည်

၅၀၆

အာရုံတပါးသို့ မသွားရောက်တော့ပဲ အလောင်းတော် ယုန်ပညာရှိ၏ အလှူရဲရင့်ပုံကိုသာ ထပ်တလဲလဲ အာရုံပြု၍ ဖြစ်ရှိနေသည်။ ထိုသို့ ဖြစ်နေသည်ကိုပင် “အလှူခံပုဂ္ဂိုလ်တို့၏စိတ်ကို အရပိုင်ပိုင် ငါ ချိုင်ယူအပ်ခဲ့လေပြီ”ဟု ယဉ်ကျေးစွာ ဝင်္ကဝုတ္တိအလင်္ကာနည်းဖြင့် ဟောကြားခြင်း ဖြစ်သည်။ ။ဤ၌ “မိမိကိုယ်ကို စွန့်လှူကာ”ဟူသော စကားရပ်ဖြင့် “ဒါန၏အကျိုးကို ကောင်းကောင်းကြီး သိမြင်တော်မူကြသောကြောင့် အလောင်းတော်ကြီးများသည် မိမိ၏ အသက်ကိုပင်သော်လည်း စွန့်လှူတော်မူကြကုန်၏။ သို့ရကား အဘယ်မည်သော ပညာရှင်သည် အပြင်အပ ဗာဟိရ၀တ္ထု၌ ငြိတွယ်မှုကို ပြုသင့်ပေအံ့နည်း၊ မပြုသင့်သည်သာတည်း”ဟူ၍ ဩဝါဒကို ပေးတော်မူ၏။)

     ဆက်ဦးအံ့.. ဒါနကောင်းမှုသည် လောကီဘက်၌ သိကြားမင်းစည်းစိမ်, မာရ်နတ်မင်းစည်းစိမ်, ဗြဟ္မာမင်းစည်းစိမ်, စကြာမင်းစည်းစိမ်တို့ကို ပေးစွမ်းနိုင်၏။ လောကုတ္တရာဘက်၌လည်း သာဝကဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, သမ္မာသမ္ဗောဓိဉာဏ်တို့ကို ပေးစွမ်းနိုင်၏။

     ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရားသည် ယသသူဌေးသားအား ဒါနနှင့်စပ်သော တရားစကားကို ဟောကြားတော်မူ၏။

သီလကထာ

(ဒါနကောင်းမှု ပြုသူမှသာ သီလကို စောင့်ထိန်းနိုင်သောကြောင့် ဒါနကထာ၏ အခြားမဲ့၌ သီလကထာကို မြတ်စွာဘုရား ဟောကြားတော်မူ၏။ ထင်ရှားစေဦးအံ့.. ဒါနဟူသည်မှာ အလှူခံပုဂ္ဂိုလ်တို့၌ အစီးအပွါးကို လိုလား၍ဖြစ်စေ ပူဇော်လို၍ဖြစ်စေ မိမိဥစ္စာကို သူတပါးတို့အား စွန့်ကြဲပေးကမ်းခြင်းဖြစ်သည်၊ သို့ရကား ဒါနကောင်းမှု ပြုသောသူသည် သတ္တဝါတို့အပေါ်၌ အစီးအပွါးကို ဧကန်လိုလားသူ ပုဂ္ဂိုလ်သူမြတ်ဖြစ်၍ သူတပါးကို သတ်ဖြတ်ရန်အကြောင်း သူတပါး၏ဥစ္စာကို ခိုးယူရန်အကြောင်း

၅၀၇

လုံးဝ မရှိနိုင်ချေ။ ထို့ကြောင့် ဒါနကောင်းမှု ပြုသူမှသာ သီလကို စောင့်ထိန်းနိုင်ရကား မြတ်စွာဘုရားသည် ဒါနကထာ၏ အခြားမဲ့၌ သီလကထာကို ဟောကြားတော်မူ၏။)

     သီလကထာ = သီလနှင့်စပ်သော တရားစကား ဟူသည်မှာ “ဤသီလကောင်းမှုသည် သတ္တဝါတို့၏ မှီရာ ထောက်တည်ရာ ဆွဲတွယ်ရာ အစောင့်အရှောက်ကောင်း ပုန်းအောင်းရာ လားရာ လည်းလျောင်းရာဖြစ်၏။ ဤသီလကောင်းမှုသည် ငါဘုရား၏ အဆက်အနွယ်ဖြစ်၏၊ ငါဘုရားသည် သင်္ခပါလနဂါးမင်း ဖြစ်စဉ်အခါ, ဘူရိဒတ်နဂါးမင်း ဖြစ်စဉ်အခါ, စမ္ပေယျနဂါးမင်း ဖြစ်စဉ်အခါ, သီလဝမင်း ဖြစ်စဉ်အခါ, မာတုပေါသကဆင်မင်း ဖြစ်စဉ်အခါ, ဆဒ္ဒန်ဆင်မင်း ဖြစ်စဉ်အခါ အစရှိသော အဆုံးမရှိ အပိုင်းအခြားမရှိသော ဘဝပေါင်းများစွာတို့၌ သီလကို မကျိုးမပေါက် မကျားမပျောက်အောင် စောင့်ရှောက် ဖြည့်ကျင့်ခဲ့လေပြီ။

     မှန်၏.. ဤပစ္စုပ္ပန်ဘဝစည်းစိမ် တမလွန်ဘဝစည်းစိမ်တို့အတွက် သီလနှင့်တူသော မှီရာ ထောက်တည်ရာ ဆွဲတွယ်ရာ အစောင့်အရှောက်ကောင်း ပုန်းအောင်းရာ လားရာ လည်းလျောင်းရာဟူ၍ မရှိ၊ သီလတည်းဟူသော အဆင်တန်းနှင့်တူသော အဆင်တန်းဆာမျိုး, သီလတည်းဟူသော ပန်းနှင့်တူသော ပန်းမျိုး, သီလတည်းဟူသော နံ့သာနှင့်တူသော နံ့သာမျိုးဟူ၍ မရှိ။ ဆက်ဦးအံ့.. သီလပန်းကို ပန်ဆင်ကာ သီလနံ့သာကို လိမ်းကျံလျက် သီလတည်းဟူသော အဆင်တန်ဆာ ဆင်၍ထားသူကို နတ်နှင့်တကွသော လူအပေါင်းပင် ကြည့်ရှု၍ တင်းမတိမ် အားမရနိုင်ချေ။

     ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရားသည် ယသသူဌေးသားအား သီလနှင့်စပ်သော တရားစကားကို ဟောကြားတော်မူ၏။

သဂ္ဂကထာ

(ဤသီလကောင်းမှုကို အကြောင်းပြု၍ ဤမည်သော နတ်ရွာစည်းစိမ်ကို ရရှိ၏-ဟု ပြဆိုဘို့ရန် သီလကထာ၏

၅၀၈

အခြားမဲ့၌ သဂ္ဂကထာ = နတ်ရွာနှင့်စပ်သော တရားစကားကို ဟောကြားတော်မူ၏။)

     သဂ္ဂကထာ = နတ်ရွာနှင့်စပ်သော တရားစကား ဟူသည်မှာ “ဤနတ်ရွာသုဂတိ မည်သည်ကို လူတိုင်းလူတိုင်း အလိုရှိအပ် နှစ်သက်အပ်၏၊ လူတိုင်းလူတိုင်း၏ စိတ်နှလုံးကို ပွါးတိုး စိုပြေစေတတ်၏၊ ဤနတ်ရွာ၌ အမြဲတစေ ပျော်ရွှင်မှုကို၎င်း, စည်းစိမ်ချမ်းသာတို့ကို၎င်း ရအပ်ပေ၏။ စတုမဟာရာဇ် နတ်တို့သည် လူတို့၏ အရေအတွက်အားဖြင့် အနှစ်ကိုးသန်းကြာ နတ်စည်းစိမ်ချမ်းသာကို ခံစားကြရကုန်၏။ တာဝတိံသာနတ်တို့သည်ကား လူတို့၏ အရေအတွက်အားဖြင့် နှစ်ပေါင်း သုံးကုဋေ ခြောက်သန်းကြာ နတ်စည်းစိမ်ချမ်းသာကို ခံစားကြရကုန်၏။

     ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရားသည် ယသသူဌေးသားအား နတ်ရွာချမ်းနှင့်စပ်သော တရားစကားကိုလည်း ဟောကြားတော်မူ၏။ (မှန်၏.. နတ်ရွာစည်းစိမ်ကား များပြား ကြီးကျယ်လှသောကြောင့် ထိုနတ်ရွာစည်းစိမ်အကြောင်း ဟောကြားတော်မူကြသော မြတ်စွာဘုရားတို့၏ ခံတွင်းတော်ပင် မလောက်နိုင်အောင် မဆံ့နိုင်အောင် ရှိချေ၏။)

မဂ္ဂကထာ

     ဤ၌ နတ်ရွာချမ်းသာအကြောင်းကို ဟောပြီးလျှင် “ထိုနတ်ရွာချမ်းသာသည် ရာဂစသော ကိလေသာတို့ဖြင့် အမြဲတစေ အညှဉ်းပန်း အနှိပ်စက် ခံနေရ၏၊ အရိယမဂ်ကား လုံးလုံးလျားလျား ကိလေသာတို့မှ လွတ်မြောက်ပြီးဖြစ်သောကြောင့် ထိုကိလေသာတို့ဖြင့် အညှဉ်းပန်း အနှိပ်စက် မခံရချေ”ဟူ၍ ပြဆိုရန် သဂ္ဂကထာ၏ အခြားမဲ့၌ အရိယမဂ်နှင့်စပ်သော တရားစကားကို ဟောကြားတော်မူဘို့ပင် ဖြစ်၏၊ ထိုမဂ္ဂကထာကို ဟောကြားတော်မူလိုသော မြတ်စွာဘုရားသည် ထိုမဂ်ကိုရဘို့ရန် အကြောင်းဥပါယ်ဖြစ်သည့်အတွက် ကာမာနံ အာဒီနဝကထာ +

၅၀၉

နေက္ခမ္မေ အာနိသံသကထာ (= ကာမဂုဏ်တို့၏ အပြစ်ကို ဖော်ပြသော တရားစကား + ထိုကာမဂုဏ်တို့မှ ထွက်မြောက်ရာ ရှင်ရဟန်းအဖြစ်မှစ၍ နိဗ္ဗာန်တိုင်အောင်သော နေက္ခမ္မတရား၌ အကျိုးအာနိသင်ကို ဖော်ပြသော တရားစကား)တို့ကိုလည်း ဟောကြားတော်မူသည်။

ကာမာနံအာဒီန၀နှင့် နေက္ခမ္မေအာနိသံသကထာ

     မြတ်စွာဘုရားသည် ယသသူဌေးသားအား နတ်ရွာချမ်းသာနှင့်စပ်သော တရားစကားဖြင့် စိတ်ကို ဖြားယောင်းဆွဲဆောင်ပြီးလျှင် တဖန်“(ဆင်ကြီးကို အလှဆုံးဖြစ်အောင် တန်းဆာဆင်ပြီးလျှင် ထိုဆင်ကြီး၏ နှာမောင်းကို တောင်းလောင်းဖြတ်ချလိုက်သော သူကဲ့သို့)” “ဤ နတ်ရွာချမ်းသာ ဟူသည်လည်း မမြဲသော အနိစ္စတရားသာ ဖြစ်၏၊ မခိုင်ခံ့သော အဒ္ဓုဝတရားသာ ဖြစ်၏။ ထိုနတ်ရွာချမ်းသာ၌ သာယာတပ်မက်မှု ဆန္ဒရာဂကို မပြုသင့်ပေ၊ ဝတ္ထုအာရုံ ကာမဂုဏ်တို့သည် သာယာဖွယ်က နည်းပါးလျက် ဆင်းရဲပင်ပန်းရသည်ကသာ များလှကုန်၏၊ ဤဝတ္ထုအာရုံ ကာမဂုဏ်တရားအစု၌ သာယာဖွယ်က တရွေးလောက် အပြစ်တွေက မြင်းမိုရ်လောက် များပြားလှ၏”—

     ဤသို့ အစရှိသည်ဖြင့် (ကိုယ်တော်မြတ်၏ တောထွက်ခဏ်း၌ ဆင်ခြင်စဉ်းစားတော်မူခဲ့ သိရှိတော်မူခဲ့သည့်အတိုင်း) ကာမဂုဏ်တို့၏ အပြစ်ကို၎င်း, သူယုတ်တို့သာ မှီဝဲအပ်၍ သူမြတ်တို့ မမှီဝဲ မသုံးစွဲအပ်သည့် ယုတ်ညံ့သော အခြင်းအရာကို၎င်း, ထိုကာမတရားတို့က သတ္တဝါတို့အား ညှဉ်းပန်းနှိပ်စက်ပုံ အပူတိုက်ပုံကို၎င်း အကျယ်တဝင့် ဟောကြားတော်မူပြီးလျှင်-

     ထိုကာမတရားတို့၌ အပြစ်ဒေါသ များပြားသည်နှင့်အမျှ ရဟန်းအဖြစ်ကစ၍ နိဗ္ဗာန်တိုင်အောင်သာ နေက္ခမ္မတရားအစု၌ အပြစ်ဒေါသ ကင်းစင်ပုံ ဆင်းရဲဒုက္ခနည်းပါးပုံ အကျိုးအာနိသင်ကိုလည်း အကျယ်တဝင့် ဟောကြားတော်မူလေသည်။

၅၁၀

ယသသူဌေးသား သောတာပန်တည်ခြင်း

     ထိုသို့ ယသသူဌေးသားကို ဒါနကထာ အစရှိသော တရားဟောစဉ်ဖြင့် ဟောကြားတော်မူ၍ ထိုယသသူဌေးသား ခံ့သောစိတ်ရှိ, နူးညံ့သောစိတ်ရှိ, ပိတ်ပင်ခြင်းနီဝရဏမှ ကင်းသောစိတ်ရှိ, တက်ကြွ ဝမ်းမြောက်သောစိတ်ရှိ, ကြည်လင်သော စိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားသည် ယသသူဌေးသားအား ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ တည်းဟူသော သစ္စာလေးဝ သာမုက္ကံသိက ဓမ္မ ဒေသနာကို ဟောကြားပြသတော်မူလေ၏။

     (ထင်ရှားစွာ ပြဆိုရပါမူ.. မြတ်စွာဘုရားသည် ယသသူဌေးသားအား ဒါနကထာ အစရှိသော တရားဒေသနာအစဉ်ကို ဟောကြားတော်မူသောအခါ ယသသူဌေးသား၏ စိတ်အစဉ်မှာ မသဒ္ဓါခြင်း, ပျင်းရိခြင်း, မေ့လျော့ခြင်း, ပြန့်လွင့်ခြင်း, တွေဝေခြင်း တည်းဟူသော စိတ်၏အပြစ်ဒေါသများ ကင်းစင်သွားသဖြင့် သစ္စာလေးချက် နဲနက်သောတရားကို နာယူနိုင်လောက်သောအခြေမှာ တည်ရှိနေ၏၊ ဒိဋ္ဌိ မာန အစရှိသော ကိလေသာများ ကင်းသဖြင့် ဇမ္ဗူရာဇ်ရွှေစင်ပမာ ဆွဲတိုင်းထင် ငင်တိုင်းရ နူးညံ့သောအခြေမှာ တည်ရှိနေ၏။ နီဝရဏငါးပါး ကင်းရှင်းနေ၏။ နိဗ္ဗာန်ရောက်ကြောင်း ကောင်းသော အကျင့်လမ်းစဉ်၌ အလွန်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားတို့နှင့် ယှဉ်လျက်နေ၏။ သဒ္ဓါတရားနှင့် ပြည့်စုံသဖြင့် အလွန်ပင် ကြည်လင်နေ၏။ ထိုအခါကျမှ မြတ်စွာဘုရားသည် ဘုရားရှင်တို့မှသာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက်နှင့်လျော်စွာ မဂ်ရောက်ဖိုလ်တည်ဖြစ်အောင် ဟောစွမ်းနိုင်သည့် ဒေသနာဆင်နည်းဖြင့် ယသသူဌေးသားအား ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ တည်းဟူသော သစ္စာလေးချက် တရားနက်ကို ဟောကြားတော်မူလေ၏ဟု ဆိုလိုသည်။)

     ထိုသို့ ဟောကြားတော်မူသောအခါ လောက ဥပမာအားဖြင့် အညစ်အကြေးကင်းအောင် ဆေးကြော လျှော်ဖွပ်ပြီးသော

၅၁၁

အဝတ်အထည်သည် က၀ါသည် (= ပင်းမင်းဆရာ) ဆိုးအပ်သော အဝါ အနီ အစရှိသော ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ တလက်လက်တောက်ပသော အရောင်ရှိသကဲ့သို့ ထို့အတူ ယသသူဌေးသား၏ သန္တာန်၌ သောတာပတ္တိမဂ်ဉာဏ်အမြင် တည်းဟူသော ဓမ္မစက္ခုဝိဇ္ဇာသည် နိရောဓသစ္စာနိဗ္ဗာန်ကို မျက်မှောက်ထင်ထင် အာရုံပြုလျက် အပါယ်သို့ လားရောက်ကြောင်းဖြစ်သော ရာဂအစရှိသော ကိလေသာမြူတို့ကို ပယ်ရှားလျက်၎င်း, ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာအညစ်အကြေးတို့ကို အကြွင်းမဲ့ ပယ်သတ်လျက်၎င်း, ဖြစ်ဖြစ်သမျှဥဿုံ အလုံးစုံသော သင်္ခါရတရားအစုသည် ပျက်စီးချုပ်ပျောက်ခြင်းသဘော ရှိစွာ့တကားဟု ပိုင်းခြား ထင်ထင် (မည်သူတဦးတယောက်မျှ ဖျက်၍မရအောင်) သိမြင်လျက်၎င်း လျင်မြန်သော ဝိပဿနာဉာဏ်ပညာရှိသူ, ထက်သော ဉာဏ်ပညာရှိသူ, သုခပဋိပဒါခိပ္ပါဘိညရှိသူဖြစ်ရကား ထိုတထိုင်တည်းမှာပင် (ဖော်ပြရာပါ သောတာပတ္တိမဂ်ဉာဏ်အမြင်သည်) ထင်ရှား ဖြစ်ပေါ်လာလေ၏။ သောတာပန်ပုဂ္ဂိုလ် ဖြစ်လေ၏ဟု ဆိုလိုသည်။

(ဤ၌၊ ၊အညစ်အကြေး လိမ်းထေးညစ်ပေနေသော အဝတ်အထည်ကို ကဝါသည် (= ပင်းမင်းဆရာ)သည် အဝါ အနီ အစရှိသော အလိုရှိရာ ဆိုးရည်မျိုးကို တပ်ဆိုးသော်လည်း အကျိုးမရနိုင် မစွဲနိုင်သကဲ့သို့ ကာမစ္ဆန္ဒနီဝရဏ ဗျာပါဒနီဝရဏ အစရှိသော နီဝရဏကိလေသာ အညစ်အကြေး လိမ်းထေးနေသော သတ္တဝါ၏စိတ်ကို သစ္စာလေးပါးတည်းဟူသော ဆိုးရည်ကို တပ်ဆိုးသော်လည်း အကျိုးမရနိုင် မတပ်စွဲနိုင်ချေ။ အညစ်အကြေး လိမ်းထေးညစ်ပေနေသော အဝတ်အထည်ကို ကျောက်ပြင်၌တင်ကာ ရေဖြင့်ဆွတ်လျက်ဆွတ်လျက် အညစ်အကြေးစွဲငြိရာအရပ်၌ ဆပ်ပျာ နွားချေး ပြာ ဤသုံးမျိုးတို့ဖြင့် ပွတ်တိုက်ဖွပ်လျှော်၍ စင်ကြယ်ပြီးသော အဝတ်အထည်ကိုသာ ကဝါသည် (= ပင်းမင်းဆရာ)သည် အလိုရှိရာ ဆိုးရည်မျိုးကို တပ်ဆိုးလျှင် အကျိုးရ တပ်စွဲကာ အလိုရှိရာ အရောင်တလက်လက် ထွက်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားတည်းဟူသော ကဝါသည် (= ပင်းမင်းဆရာ သစ္စာလေးမျိုး ဆေးဆိုးသော ဆရာကြီး)သည်လည်း ကိလေသာအညစ်အကြေး လိမ်းထေးညစ်ပေ၍နေသော ယသသူဌေးသား၏ စိတ်အစဉ်တည်းဟူသော

၅၁၂

အဝတ်အထည်ကို အနုပုဗ္ဗိကထာ = တရားဟောစဉ် ကျောက်ပြင်၌ တင်ထားပြီးလျှင် ယသသူဌေးသား၏ သဒ္ဓါတရားတည်းဟူသော ရေစင်ဖြင့် ဆွတ်ကာဆွတ်ကာ ၎င်း၏ သတိ, သမာဓိ, ပညာ ဤသုံးမျိုးတို့ဖြင့် ပွတ်တိုက်ဖွပ်လျှော်တော်မူ၍ နီဝရဏကိလေသာ အညစ်အကြေး ကင်းဝေးစင်ကြယ်ပြီးသောအခါ ထို ယသသူဌေးသား၏ စိတ်အစဉ်တည်းဟူသော အဝတ်အထည်ကို သစ္စာလေးပါး တရားဆိုးရည်ကို တပ်ဆိုးသောအား ဟောကြားလိုက်သောအခါ ထိုယသသူဌေးသား၏ စိတ်အစဉ်၌ မဂ်ဉာဏ် (သောတာပတ္တိမဂ်ဉာဏ်)အမြင် ပေါ်ပေါက်ကာ သစ္စာလေးပါး တရားဆိုးရည်ကို မည်သူတဦးတယောက်မျှ ဖျက်ဆီး၍မရအောင် စွဲ၍သွားလေသည်ဟု ဆိုလိုသည်။)

ဖခင်သူဌေးကြီး သောတာပန်တည်ခြင်းနှင့်

ယသသူဌေးသား ရဟန္တာဖြစ်ခြင်းအကြောင်း

     နံနက်မိုးသောက် ရောက်လတ်သောအခါ ယသသူဌေးသား၏မိခင် သုဇာတာ သူဌေးကတော်ကြီးသည် နံနက်စောစောထလျက် ယသသူဌေးသားစံနေရာ ပြာသာဒ်ထက်သို့ တက်၍ ကြည့်ရှုလေသော် သားဖြစ်သူ ယသသူဌေးသားကို မမြင်သဖြင့် ပူပန်သောက ရောက်ရှိကာ ယသ၏ဖခင် သူဌေးကြီးထံမှောက် သွားရောက်ပြီးလျှင် “သူဌေးမင်း.. သင်သူဌေးမင်း၏သား ယသကို မတွေ့မမြင်ရ”ဟု ပြောဆိုလေ၏၊ ထိုအခါ ဖခင်သူဌေးကြီးသည် အဆောတလျင် အရပ်လေးမျက်နှာတို့သို့ မြင်းစေကျော်တို့ကို စေလွှတ်ပြီးလျှင် မိမိကိုယ်တိုင်ကမူ ဣသိပတန မိဂဒါဝုန်တောဘက်သို့ ခရီးထွက် ရှာဖွေခဲ့ရာ ယသသူဌေးသား စီးသွားသော ရွှေခြေနင်းရာတို့ကို မြင်တွေ့၍ ထိုခြေနင်းရာကိုပင် ခံယူလျက် အစဉ်တစိုက် လိုက်ခဲ့လေ၏။

     မြတ်စွာဘုရားသည်လည်း ယသ၏ဖခင် သူဌေးကြီး လာနေသည်ကို အဝေးမှပင် မြင်တော်မူ၍ “ငါဘုရားသည် ယသသူဌေးသားကို ဖခင်သူဌေးကြီး မမြင်ရအောင် တန်ခိုးဖြင့် ဖုံးကွယ်ထားမှ သင့်တော့မည်”ဟု ကြံစည်တော်မူပြီးလျှင် ယသသူဌေးသားကို ဖခင်သူဌေးကြီး မမြင်ရအောင် တန်ခိုးတော်ဖြင့် ဖုံးကွယ်ထားနှင့်လေသည်။

၅၁၃

     ထိုအခါ ဖခင်သူဌေးကြီးသည် မြတ်စွာဘုရားထံမှောက်သို့ လာရောက်ပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယသအမျိုးကောင်းသားကို အရှင်ဘုရား တွေ့မြင်လိုက်ပါသလား”ဟု လျှောက်ထားမေးမြန်းလေ၏၊ ထိုအခါ မြတ်စွာဘုရားက “သူဌေးကြီး.. သားကိုတွေ့လိုလျှင် ဤနေရာ၌ပင် ထိုင်ဦးလော့၊ သင်သူဌေးကြီးသည် ဤနေရာ၌ ထိုင်နေရင်းကပင် ဤအနား၌ ထိုင်နေသော သင်၏သား ယသအမျိုးကောင်းသားကို တွေ့မြင်ရပေလိမ့်မည်”ဟု မိန့်ဆိုတော်မူလတ်သော် ဖခင်သူဌေးကြီးသည် “ငါသည် ဤနေရာ၌ ထိုင်နေရင်းကပင် ဤအနား၌ ထိုင်နေသော ငါ့သား ယသအမျိုးကောင်းသားကို တွေ့မြင်ရပေလိမ့်မည်”ဟု နှစ်သက်အားရ ဝမ်းမြောက်ကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် သင့်လျော်သော နေရာ၌ ထိုင်နေလေ၏။ ထိုသို့ ထိုင်နေပြီးသောအခါ မြတ်စွာဘုရားသည် ဖခင်သူဌေးကြီးအား ရှေး၌ ဆိုအပ်ပြီးသော နည်းအတိုင်း မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား၊ (၂) သီလကထာ = သီလနှင့်စပ်သော တရားစကား၊ (၃) သဂ္ဂကထာ = နတ်ရွာ သုဂတိနှင့်စပ်သော တရားစကား၊ (၄) မဂ္ဂကထာ = မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကျင့်စဉ်နှင့်စပ်သော တရားစကားတို့ကို အစဉ်အတိုင်း ဟောကြားတော်မူ၍ ထိုဖခင်သူဌေးကြီး ခံ့သောစိတ်ရှိ၊ နူးညံ့သောစိတ်ရှိ၊ ပိတ်ပင်ခြင်း နီဝရဏမှ ကင်းသောစိတ်ရှိ၊ တက်ကြွဝမ်းမြောက်သော စိတ်ရှိ၊ ကြည်လင်သော စိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားသည် ထိုဖခင်သူဌေးကြီးအား သစ္စာလေးဝ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြားတော်မူလေလျှင် ဖခင်သူဌေးကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ (ဤယသ၏ဖခင် သူဌေးကြီးသည် ဤဘုရားသာသနာတွင် လူဒါယကာတို့ဘက်မှ အစဆုံး သောတာပန်တည်သော အရိယသာဝက ဖြစ်လေသည်။)

၅၁၄

     ထိုအခါ ယသ၏ဖခင် သူဌေးကြီးသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အလွန် နှစ်သက်ဖွယ်ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အလွန် နှစ်သက်ဖွယ်ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. လောက ဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်သကဲ့သို့၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်သကဲ့သို့၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြား လိုက်သကဲ့သို့၎င်း, 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားသကဲ့သို့၎င်း ထို့အတူပင် မြတ်စွာဘုရားသည် အကျွန်ုပ်အား များစွာသော အကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပေပြီ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ သိမှတ်ဆည်းကပ်ပါ၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာဟူ၍ မှတ်ယူတော်မူပါလော့”ဟု မြတ်စွာဘုရားအား လျှောက်ထားကာ လောကုတ္တရာသရဏဂုံ ခံယူလေ၏။ (ထို ယသသူဌေးသား၏ဖခင် သူဌေးကြီးသည်သာလျှင် လောက၌ အစဆုံး တေဝါစိက သရဏဂုံတည် သောတာပန် အရိယာဥပါသကာ ဒါယကာကြီး ဖြစ်လေ၏။)

ယသသူဌေးသား ရဟန္တာဖြစ်ခြင်း

     ဖခင်သူဌေးကြီးအား မြတ်စွာဘုရား တရားဟောကြားတော်မူစဉ်ပင် ယသသူဌေးသားသည် သောတာပတ္တိမဂ်သို့ ရောက်စဉ်က မိမိသိမြင်ခဲ့ရသော တရားလမ်း ကျင့်စဉ်အတိုင်း သစ္စာလေးပါးတရားအစုကို သုံးသပ် ဆင်ခြင်လေလျှင် အထက်မဂ်သုံးပါးသို့ အစဉ်အတိုင်း ရောက်ရှိကာ ရဟန္တာဖြစ်လေ၏၊ သို့ရကား ယသသူဌေးသား၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် တစုံတခုသော

၅၁၅

တရားကိုမျှ “ငါ+ငါ့ဥစ္စာ”ဟု စွဲယူမှု အလျှင်းကင်းပြတ်ပြီးလျှင် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းကြသော အာသဝေါတရားတို့မှ ရှင်းရှင်းကြီး လွတ်မြောက်ပြီး ဖြစ်လေတော့၏။

ဖခင်သူဌေးကြီး သားကိုမြင်၍

ဘုရားနှင့်တကွ အိမ်သို့ ဆွမ်းစားပင့်ခြင်း

     ထိုအခါ မြတ်စွာဘုရားသည် “ယသ အမျိုးကောင်းသားကား အာသဝေါကုန်ခန်း ရဟန္တာဖြစ်လေပြီ၊ ရှေးလူဖြစ်စဉ်ကလို လူ့ဘောင်သို့ လျှောကျ၍ ကာမစည်းစိမ်ကို ဘယ်နည်းနှင့်မျှ ခံစား သုံးဆောင်တော့မည် မဟုတ်ချေ။ သို့ရကား သားအဖနှစ်ဦး အချင်းချင်း မမြင်ရအောင် ဖန်ဆင်းထားသော တန်ခိုးအစီအရင်ကို ငြိမ်းစေမှ သင့်တော်တော့မည်”ဟု ကြံစည်တော်မူပြီးလျှင် ထိုအချင်းချင်း မမြင်ရအောင် ဖန်ဆင်းထားသော တန်ခိုးအစီအရင်ကို ငြိမ်းစေတော်မူလေ၏၊ သားအဖနှစ်ဦးတို့သည် အချင်းချင်း မြင်ကြစေသတည်းဟု အဓိဋ္ဌာန်ပြုတော်မူလေ၏။

     ဖခင်သူဌေးကြီးသည် ပကတိ ထိုင်နေရင်းကပင် မိမိအနီး၌ ထိုင်နေသော သားဖြစ်သူ ယသအမျိုးကောင်းသားကို (ဘွားကနဲ) မြင်ရလေလျှင် အလွန်ဝမ်းမြောက်သော စိတ်ရှိလျက် “ချစ်သားယသ.. သင့်မိခင်သည် သင်ချစ်သားကို မမြင်ရသည့်အတွက် စိုးရိမ်ပူဆွေး ငိုကြွေးခြင်းသို့ ရောက်၍နေရှာပြီ၊ သင့်မိခင်အား အသက်ကို ပေးပါလော့”ဟု ယသ အမျိုးကောင်းသားအား ပြောကြားလေ၏။

     ထိုအခါ ယသသူဌေးသားသည် (ဖခင်သူဌေးကြီးအား အဖြေခွန်းတုံ့မပေးပဲ) မြတ်စွာဘုရားကို မော်၍ ဖူးမြော်ကြည့်ရှုလေ၏။ ထိုအခါ မြတ်စွာဘုရားက ဖခင်သူဌေးကြီးကို “ဒါယကာသူဌေးကြီး.. ယခု ငါဘုရား မေးမြန်းမည့်စကားကို သင်သူဌေးကြီးသည် အဘယ်သို့ သဘောကျသနည်း၊ သင်သူဌေးကြီးသည် သေက္ခ ဉာဏ်အမြင်ဖြင့် သစ္စာလေးပါးတရားကို သိမြင်အပ်သကဲ့သို့ ထို့အတူ အကြင်သူသည် သေက္ခဉာဏ်အမြင်ဖြင့် သစ္စာလေးပါးတရားကို

၅၁၆

သိမြင်အပ်လေပြီ၊ ထိုသူသည် သောတာပတ္တိမဂ်သို့ ရောက်စဉ်က မိမိသိမြင်ခဲ့ရသော တရားလမ်းကျင့်စဉ်အတိုင်း သစ္စာလေးပါး တရားအစုကို သုံးသပ်ဆင်ခြင် သိမြင်၍ အထက်မဂ်သုံးပါးသို့ အစဉ်အတိုင်းရောက်ရှိကာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်လေရာ၏၊ ထိုရဟန္တာဖြစ်ပြီးသောသူသည် ရှေးလူဖြစ်စဉ်ကလို လူ့ဘောင်သို့ လျှောကျကာ ကာမစည်းစိမ်ကို ခံစားပါဦးမည်လော”ဟု မေးမြန်းတော်မူလေရာ ဖခင်သူဌေးကြီးက “မခံစားတော့ပါဘုရား”ဟု အဖြေစကား ပြန်ကြားလျှောက်ထားလေသည်။

     တဖန် မြတ်စွာဘုရားက (မိန့်ဆိုတော်မူလိုရင်းသို့ ရောက်အောင်) “ဒါယကာသူဌေးကြီး.. သင်သူဌေးကြီးသည် သေက္ခဉာဏ်အမြင်ဖြင့် သစ္စာလေးပါးတရားကို သိမြင်အပ်သကဲ့သို့ ထို့အတူ သင်၏သား ယသ အမျိုးကောင်းသားသည်လည်း သေက္ခဉာဏ်အမြင်ဖြင့် သစ္စာလေးပါးတရားကို (သင်မရောက်ခင်ကပင်) သိမြင်အပ်ပြီး ဖြစ်လေသည်၊ ထိုယသ အမျိုးကောင်းသားသည် သောတာပတ္တိမဂ်သို့ ရောက်စဉ်က မိမိသိမြင်ခဲ့ရသော တရားလမ်းကျင့်စဉ်အတိုင်း သစ္စာလေးပါး တရားအစုကို သုံးသပ်ဆင်ခြင် သိမြင်၍ အထက်မဂ်သုံးပါးသို့ အစဉ်အတိုင်းရောက်ရှိကာ ယခုအခါ အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ် ဖြစ်လေပြီ။ ဒါယကာသူဌေးကြီး.. ယသ အမျိုးကောင်းသားသည် ရှေးလူဖြစ်စဉ်ကလို လူ့ဘောင်သို့လျှောကျကာ ကာမစည်းစိမ်တို့ကို ဘယ်နည်းနှင့်မျှ ခံစားသုံးဆောင်တော့မည် မဟုတ်ချေ”ဟု ဖခင်သူဌေးကြီးအား မိန့်ကြားတော်မူသောအခါ ထိုဖခင်သူဌေးကြီးသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယသအမျိုးကောင်းသား၏စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် တစုံတခုသောတရားကိုမျှ “ငါ+ငါ့ဥစ္စာ”ဟု စွဲယူမှု အလျှင်းကင်းပြတ်ပြီးလျှင် အာသဝေါတရားတို့မှ ရှင်းရှင်းကြီး လွတ်မြောက်ပြီးဖြစ်ရကား (ရဟန္တာဖြစ်ပြီးရကား-ဟု ဆိုလိုသည်) ယသအမျိုးကောင်းသားသည် စီးပွါးချမ်းသာ လာဘ်လာဘတို့ကို ကောင်းစွာရအပ်ပါပြီ၊

၅၁၇

လူအဖြစ်ကိုလည်း ကောင်းစွာရအပ်ပါပြီ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ယနေ့နံနက်ဖြစ်သော ကောင်းမှုကုသိုလ်နှင့် နှစ်သက်ဝမ်းမြောက်ခြင်း အကျိုးငှါ ယသအမျိုးကောင်းသား နောက်လိုက်ရဟန်းနှင့် အတူတကွ တပည့်တော်၏ ဆွမ်းကို သည်းခံ သာယာတော်မူပါဘုရား”ဟု လျှောက်ထား ပင့်ဖိတ်လေရာ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် သူဌေးကြီး၏ ဆွမ်းစားပင့်လျှောက်ချက်ကို လက်ခံသာယာတော်မူ၏။

     ထိုအခါ သူဌေးကြီးသည် မြတ်စွာဘုရား လက်ခံတော်မူကြောင်းကို ကောင်းစွာသိ၍ ထိုင်ရာမှထပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုးလျက် လက်ျာရစ်လှည့်ပြီး၍ မိမိအိမ်သို့ ပြန်လေ၏။

ယသသူဌေးသား ရဟန်းပြုခြင်း

     ထိုအခါ ယသသူဌေးသားသည် ဖခင်သူဌေးကြီး ပြန်သွား၍ မကြာမီပင် မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုးပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား၏ထံတော်၌ ရှင်အဖြစ်ကို ရပါရစေ ရဟန်းအဖြစ်ကို ရပါရစေ”ဟု ရှင်ရဟန်းအဖြစ်ကို တောင်းပန်လေသော် မြတ်စွာဘုရားသည် “ဧဟိ ဘိက္ခု၊ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ = ချစ်သား.. လာလော့၊ သင်ချစ်သား တောင်းခံအပ်သော ရှင်ရဟန်းအဖြစ်ကို ခံယူလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်ပြီ၊ ပစ္ဆိမစိတ် ပရိနိဗ္ဗာနစုတိစိတ်တိုင်အောင် သင်ချစ်သားသည် သီလသိက္ခာ သာသနာ တည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်လေလော့”ဟု ရွှေလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက် ယသအမျိုးကောင်းသားသည် ရှစ်ပါးသော ဣဒ္ဓိမယပရိက္ခရာတို့ သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင်ပြီးသားဖြစ်လျက် အဝါ ၆၀-ရသော မထေရ်ကြီးပမာ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးလျက် ရဟန်းပြုပြီးသား ရဟန်းအသွင်သို့ ကူးပြောင်းသွားလေတော့သည်။

၅၁၈

(ဧဟိ ဘိက္ခုဟူ၍ မြတ်စွာဘုရားက ရွှေနှုတ်မြွက်၍ ခေါ်တော်မူလိုက်ခြင်းသည်ပင် ထိုအရှင်ယသအဖို့ရာ ဧဟိဘိက္ခုရဟန်းခံခြင်း ဖြစ်လေသည်၊ သိမ်ဝင်ဖွယ်ရာမရှိပြီ)။ (ထိုသို့ အရှင်ယသ ရဟန်းဖြစ်သောအခါ လူ့ပြည်လူသား ရဟန္တာအရှင်မြတ်များကား မြတ်စွာဘုရား, ပဉ္စဝဂ္ဂီမထေရ်ငါးပါး, အရှင်ယသ ဤသို့အားဖြင့် ခုနစ်ပါး ဖြစ်ကြကုန်၏။)

မိခင်သူဌေးကတော်ကြီး သုဇာတာနှင့်

ယသ၏ဇနီးဟောင်းတို့ သောတာပန်တည်ကြခြင်း

     ယသသူဌေးသားကို ဧဟိဘိက္ခု ရဟန်းပြုပြီးသောအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းတော်ကို ပြင်ဆင်ဝတ်ရုံလျက် သပိတ်သင်္ကန်းကို ယူဆောင်တော်မူပြီးလျှင် အရှင်ယသကို နောက်လိုက်ရဟန်းပြုကာ ဖခင်သူဌေးကြီးအိမ်သို့ ကြွသွား၍ ခင်းထားအပ် မြတ်သောနေရာ၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလေ၏။ ထိုအခါ အရှင်ယသ၏ မိခင်ဖြစ်သော သုဇာတာ သူဌေးကတော်ကြီးနှင့် ဇနီးဟောင်းတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် သင့်တင့် လျောက်ပတ်သော နေရာ၌ ထိုင်နေကြလေကုန်၏။

     ထိုသို့ ထိုင်နေပြီးသောအခါ မြတ်စွာဘုရားသည် ထိုမိခင်နှင့် ဇနီးဟောင်းတို့အား ရှေး၌ ဆိုအပ်ပြီးသာနည်းအတိုင်း မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား၊ (၂) သီလကထာ = သီလနှင့်စပ်သော တရားစကား၊ (၃) သဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား၊ (၄) မဂ္ဂကထာ = မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းကျင့်စဉ်နှင့်စပ်သော ကာမဂုဏ်တို့၏ အပြစ်ကိုဖော်ပြသော တရားစကား, တောထွက်ခြင်း၌ အကျိုးကို ဖော်ပြသော တရားစကားတို့ကို အစဉ်အတိုင်း ဟောကြားတော်မူ၍ ထိုသူနှစ်ဦးတို့ ခံ့သောစိတ်ရှိကြ နူးညံ့သော စိတ်ရှိကြ ပိတ်ပင်ခြင်း နီဝရဏ ကင်းသောစိတ်ရှိကြ

၅၁၉

တက်ကြွ ဝမ်းမြောက်သော စိတ်ရှိကြ ကြည်လင်သော စိတ်ရှိကြသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားသည် ထိုယသ၏မိခင် သူဌေးကတော်ကြီး သုဇာတာနှင့် ဇနီးဟောင်းတို့အား သစ္စာလေး၀ သာမုက္ကံသိကဓမ္မဒေသနာကို ဟောကြားတော်မူလေလျှင် ယသ၏မိခင် သူဌေးကတော်ကြီး သုဇာတာနှင့် ဇနီးဟောင်းတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

     ထိုအခါ ယသ၏မိခင် သူဌေးကတော်ကြီး သုဇာတာနှင့် ဇနီးဟောင်းတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. လောက ဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်သကဲ့သို့၎င်း, ဖုံးအုပ်ထားအပ်သော အရာဝတ္ထုကို ဖွင့်လှစ်လိုက်သကဲ့သို့၎င်း, မျက်စိလည် လမ်းမှားသောသူအား လက်ကိုဆွဲကာ လမ်းမှန်ကို ပြောကြားလိုက်သတဲ့သို့၎င်း 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားသကဲ့သို့၎င်း ထို့အတူပင် မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား များစွာသောအကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပေပြီ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုအကျွန်ုပ်တို့ နှစ်ဦးသားသည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ သိမှတ် ဆည်းကပ်ကြပါကုန်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်ကြသူ ဥပါသိကာ (ဒါယိကာမ)တို့ဟူ၍ မှတ်ယူတော်မူပါလော့”ဟု မြတ်စွာဘုရားအား လျှောက်ထားကြကာ လောကုတ္တရာသရဏဂုံ ခံယူကြလေ၏။ (ထိုယသ၏မိခင် သူဌေးကတော်ကြီး သုဇာတာနှင့် ဇနီးဟောင်းတို့သည် လူ့ပြည်လောက၌ အစဆုံး

၅၂၀

တေဝါစိက သရဏဂုံတည် သောတာပန်အရိယာ ဥပါသိကာ ဒါယိကာမတို့ ဖြစ်ကြလေ၏။)

     ထိုအခါ အရှင်ယသမထေရ်၏ မယ်တော် ခမည်းတော်တို့နှင့် ဇနီးဟောင်းတို့သည် မြတ်စွာဘုရားနှင့် အရှင်ယသတို့ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိကမြောက် ဆက်ကပ် ကျွေးမွေးကြပြီးလျှင် မြတ်စွာဘုရား ဆွမ်းစားတော်မူပြီးသည်ကို သိကြ၍ အပြစ်ခြောက်ပါးလွတ်ရာ သင့်လျော် လျောက်ပတ်သော နေရာ၌ ထိုင်နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်ယသမထေရ်၏ မယ်တော် ခမည်းတော်တို့နှင့် ဇနီးဟောင်းတို့ကို တရားစကား ဟောကြား ပြသတော်မူပြီးလျှင် ထိုင်နေရာမှထ၍ ဣသိပတန မိဂဒါဝုန်တောသို့ ကြွသွားတော်မူလေ၏။

(ဤ၌ မြတ်စွာဘုရားသည် ဆွမ်းမဘုဉ်းပေးမီ အရှင်ယသ၏ မိခင်နှင့် ဇနီးဟောင်းတို့အား ရှေးဦးစွာ တရားဟောတော်မူခြင်းမှာ အရှင်ယသ ရဟန်းပြုသဖြင့် မိခင်နှင့် ဇနီးဟောင်းတို့သည် သောကစူးဝင်လျက် ရှိကြသောကြောင့် ဝမ်းမြောက်ဝမ်းသာ အလှူကိုလည်း မပေးနိုင်ကြလေရာ မြတ်စွာဘုရားအပေါ်၌ နှလုံးမသာမယာဖြစ်ကြ၍ မဂ်ဖိုလ်ကိုလည်း မရနိုင်ကြလေရာသောကြောင့် မြတ်စွာဘုရားသည် ရှေးဦးစွာ ထိုသူနှစ်ဦးတို့ သောကကင်းပျောက်အောင် တရားဟောပြီးမှ ဆွမ်းဘုဉ်းပေးတော်မူသည်-ဟု မှတ်ယူရာ၏။ ။ဝဇိရဗုဒ္ဓိဋီကာမှ။)

အရှင်ယသ၏ သူငယ်ချင်းဟောင်း ငါးကျိပ်လေးဦးတို့

ရဟန်းပြုကြခြင်းအကြောင်း

     ဗာရာဏသီပြည်၌ သူဌေးမျိုးအစဉ်အဆက်မှ ဆင်းသက်လာကြသည့် အရှင်ယသ၏ လူဖြစ်စဉ်အခါ သူငယ်ချင်းဟောင်းများ ဖြစ်ကြသော ဝိမလ သူဌေးသား, သုဗာဟု သူဌေးသား, ပုဏ္ဏဇိ သူဌေးသား, ဂဝမ္ပတိ သူဌေးသား ဤသူဌေးသား လေးဦးတို့သည် မိမိတို့၏ မိတ်ဆွေသူငယ်ချင်းဖြစ်သော ယသသူဌေးသားမှာ ကြီးကျယ်လှစွာသော စည်းစိမ်ဥစ္စာများကို ပယ်ရှားစွန့်ပစ်၍ ရှင်ရဟန်းပြုလေပြီဟု သတင်းစကား ကြားသိကြလေလျှင်

၅၂၁

“ငါတို့၏ သူငယ်ချင်းဖြစ်သူ ယသအမျိုးကောင်းသား ဆံမုတ်ဆိတ်များကို ပယ်ရှား၍ သင်္ကန်းကို ဝတ်ရုံပြီးလျှင် အိမ်ရာတည်ထောင် လူ့ဘောင်မှ ထွက်ခွါ၍ ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ရာ မြတ်စွာဘုရား၏ ဓမ္မဝိနယ (= တရားသဖြင့် ဆုံးမရာ) သာသနာတော်သည် ယုတ်ညံ့သောအရာ ဖြစ်လိမ့်မည်မဟုတ် (အထွတ် အမြတ်စင်စစ် ဖြစ်ပေလိမ့်မည်)။ ထိုရှင်ရဟန်းအဖြစ်သည်လည်း ယုတ်ညံ့သောအရာ ဖြစ်လိမ့်မည်မဟုတ် (အထွတ်အမြတ်စင်စစ် ဖြစ်ပေလိမ့်မည်)”ဟု တွေးတောဆင်ခြင် ကြံစည်ကြပြီးလျှင် ထိုသူဌေးသား လေးဦးတို့သည် အရှင်ယသမထေရ်ထံသို့ သွားရောက် ချဉ်းကပ်ကြလျက် အရှင်ယသမထေရ်ကို ရိုသေမြတ်နိုး ရှိခိုးကြပြီးသော် သင့်လျော်သောနေရာ၌ ရပ်တည်၍ နေကြကုန်၏။

     ထိုအခါ အရှင်ယသမထေရ်သည် လူ့ဘဝက သူငယ်ချင်းဟောင်းဖြစ်ကြသည့် ထိုသူဌေးသား လေးယောက်တို့ကို ခေါ်ဆောင်၍ မြတ်စွာဘုရားထံမှောက်သို့ သွားရောက် ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးသော် သင့်လျော်သောနေရာ၌ ထိုင်နေကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤဝိမလ သူဌေးသား, သုဗာဟု သူဌေးသား, ပုဏ္ဏဇိ သူဌေးသား, ဂဝမ္ပတိ သူဌေးသား ဤလေးဦးသားတို့သည် ဗာရာဏသီပြည်၌ သူဌေးမျိုးအစဉ်အဆက်မှ ဆင်းသက်လာသော အမျိုးကောင်းသူဌေးသားများလည်း ဖြစ်ကြပါကုန်၏။ ရှေးလူဖြစ်စဉ်အခါ ကပည့်တော်၏ သူငယ်ချင်းဟောင်းများလည်း ဖြစ်ကြပါကုန်၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တပည့်တော်၏ သူငယ်ချင်းဖြစ်ကြသော သူဌေးသား လေးယောက်တို့ကို ဆုံးမကံမြစ်တော်မူပါဘုရား”ဟု မြတ်စွာဘုရားအား လျှောက်ထား တောင်းပန်လေ၏။

     ထိုသူဌေးသား လေးဦးတို့အား မြတ်စွာဘုရားသည် ရှေး၌ ဆိုအပ်ပြီးသောနည်းအတိုင်း မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ၊ (၂) သီလ ကထာ၊ (၃) သဂ္ဂကထာ၊ (၄) မဂ္ဂကထာ = ကာမာနံ အာဒီန၀ +

၅၂၂

နေက္ခမ္မေ အာနိသံသကထာ ဒေသနာအစဉ်အတိုင်း ဟောကြားတော်မူ၍ ထိုသူလေးဦးတို့ ခံ့သောစိတ်ရှိကြ နူးညံ့သောစိတ် ရှိကြ ပိတ်ပင်ခြင်း နီဝရဏကင်းသော စိတ်ရှိကြ တက်ကြွဝမ်းမြောက်သော စိတ်ရှိကြ ကြည်လင်သောစိတ် ရှိကြသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားသည် ထိုသူလေးဦးတို့အား သစ္စာလေး၀ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြားတော်မူလေလျှင် အရှင်ယသ၏ သူငယ်ချင်းဟောင်းဖြစ်ကြသည့် ထိုသူဌေးသား လေးဦးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

     ထိုသူဌေးသား လေးဦးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြပြီးလျှင် မြတ်စွာဘုရား ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်ကို ရကြပါရစေ၊ ရဟန်းအဖြစ်ကို ရကြပါရစေ”ဟု ရှင်ရဟန်းအဖြစ်ကို တောင်းပန်ကြလေသော် မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေါ အစရှိသည်ဖြင့် = ရဟန်းတို့.. လာကြလော့၊ သင်ချစ်သားတို့ တောင်းပန်အပ်သော ရှင်ရဟန်းအဖြစ်ကို ခံယူကြလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်ပြီ၊ သင်ချစ်သားတို့သည် ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ အထက်မဂ်သုံးပါးတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် ရအောင် အားထုတ်ကြလော့”ဟု ရွှေလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက် ထိုသူဌေးသား လေးဦးတို့သည် ရှစ်ပါးသော ဣဒ္ဓိမယပရိက္ခရာကို သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင်ပြီးသားဖြစ်ကြလျက် အဝါ ၆ဝ-ရသော မထေရ်ကြီးများပမာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြလျက် ရဟန်းပြုပြီးသား ဖြစ်ကြလေတော့သည်။ အံ့ဩဖွယ်ရာ လူ့အသွင် ကွယ်ပျောက်၍ ရဟန်းအသွင်သို့ ကူးရောက်သွားကြလေတော့သည်။ (ဧထ ဘိက္ခဝေါ-ဟူ၍ မြတ်စွာဘုရားက ရွှေနှုတ်တော်မြွက်၍ ခေါ်တော်မူလိုက်ခြင်းသည်ပင် ထိုသူဌေးသားလေးဦးတို့အဖို့ရာ ဧဟိဘိက္ခု-ရဟန်းခံခြင်းပင် ဖြစ်လေသည်၊ သိမ်ဝင်ဖွယ်ရာ မရှိပြီ။)

၅၂၃

     ထိုသူဌေးသား လေးဦးတို့ကို ဧဟိဘိက္ခု ရဟန်းပြုပြီးသောအခါ မြတ်စွာဘုရားသည် ထိုရဟန်းလေးပါးတို့ကို တရားစကားဖြင့် ဆုံးမကံမြစ်တော်မူလေ၏၊ ယင်းသို့ တရားစကားဖြင့် ဆုံးမကံမြစ်တော်မူအပ်သည်ရှိသော် ထိုသူဌေးသား ရဟန်းလေးပါးတို့သည် မကြာမြင့်မီပင် အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏၊ ထိုသို့ သူဌေးသားလေးဦးတို့ ရဟန္တာဖြစ်ကြသောအခါ လူ့ပြည်လူသား ရဟန္တာအရှင်မြတ်များကား မြတ်စွာဘုရား, ပဉ္စဝဂ္ဂီမထေရ်ငါးပါး အရှင်ယသ, အရှင်ဝိမလ, အရှင်သုဗာဟု, အရှင်ပုဏ္ဏဇိ, အရှင်ဂ၀မ္ပတိ ဤသို့အားဖြင့် တဆယ့်တပါး ဖြစ်ကြကုန်၏။

အရှင်ယသ၏ သူငယ်ချင်းငါးကျိပ်တို့ ရဟန်းပြုကြခြင်းအကြောင်း

     ထိုအခါ အရှင်ယသ၏ လူဖြစ်စဉ်အခါ သူငယ်ချင်းဟောင်းများဖြစ်ကြသည့် ရှေးအစဉ်အဆက်အားဖြင့်ပင် အမျိုးကောင်းသားများဖြစ်ကြသော ဇနပုဒ်နေသူ သူငယ်ချင်းငါးကျိပ်တို့သည် ရှေးနည်းအတူ မိမိတို့၏ မိတ်ဆွေ သူငယ်ချင်းဖြစ်သော ယသသူဌေးသားမှာ ကြီးကျယ်လှစွာသော စည်းစိမ်ဥစ္စာများကို ပယ်ရှားစွန့်ပစ်၍ ရှင်ရဟန်းပြုလေပြီ-ဟု သတင်းစကား ကြားသိကြလေလျှင် “ငါတို့၏ သူငယ်ချင်းဖြစ်သူ ယသအမျိုးကောင်းသား ဆံမုတ်ဆိတ်များကို ပယ်ရှား၍ သင်္ကန်းကို ဝတ်ရုံပြီးလျှင် အိမ်ရာတည်ထောင် လူ့ဘောင်မှ ထွက်ခွါ၍ ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ရာ မြတ်စွာဘုရား၏ ဓမ္မဝိနယ သနာတော်သည် ယုတ်ညံ့သောအရာ ဖြစ်လိမ့်မည်မဟုတ် (အထွတ်အမြတ်စင်စစ် ဖြစ်ပေလိမ့်မည်)။ ထိုရှင်ရဟန်းအဖြစ်သည်လည်း ယုတ်ညံ့သောအရာ ဖြစ်လိမ့်မည်မဟုတ် (အထွတ်အမြတ်စင်စစ် ဖြစ်ပေလိမ့်မည်)”ဟု တွေးတောဆင်ခြင် ကြံစည်ကြပြီးလျှင် ထိုသူငယ်ချင်းဟောင်း ငါးကျိပ်တို့သည် အရှင်ယသမထေရ်ထံသို့ သွားရောက် ချဉ်းကပ်ကြလျက် အရှင်ယသမထေရ်ကို ရိုသေမြတ်နိုး ရှိခိုးကြပြီးသော် သင့်လျော်သော နေရာ၌ ရပ်တည်၍ နေကြကုန်၏။

၅၂၄

     ထိုအခါ အရှင်ယသမထေရ်သည် လူ့ဘဝက သူငယ်ချင်းဟောင်းဖြစ်ကြသည့် ထိုဇနပုဒ်သား အမျိုးကောင်းသား ငါးကျိပ်တို့ကို ခေါ်ဆောင်၍ မြတ်စွာဘုရားထံတော်မှောက်သို့ သွားရောက်ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးသော် သင့်လျော်သောနေရာ၌ ထိုင်နေကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤငါးကျိပ်သော ဇနပုဒ်၌နေသူ အမျိုးကောင်းသားတို့သည် ရှေး အစဉ်အဆက်အားဖြင့်ပင် အမျိုးကောင်းသားများ ဖြစ်ကြပါကုန်၏၊ ရှေးလူဖြစ်စဉ်အခါ တပည့်တော်၏ သူငယ်ချင်းဟောင်းများလည်း ဖြစ်ကြပါကုန်၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တပည့်တော်၏ သူငယ်ချင်းဟောင်းများဖြစ်ကြသော ဤအမျိုးကောင်းသား ငါးကျိပ်တို့ကို ဆုံးမကံမြစ်တော်မူပါဘုရား”ဟု မြတ်စွာဘုရားအား လျှောက်ထား တောင်းပန်လေ၏။

     ထိုအမျိုးကောင်းသား ငါးကျိပ်တို့အား မြတ်စွာဘုရားသည် ရှေး၌ ဆိုအပ်ပြီးသော နည်းအတိုင်း မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ၊ (၂) သီလကထာ၊ (၃) သဂ္ဂကထာ၊ (၄) မဂ္ဂကထာ = ကာမာနံ အာဒီန၀ + နေက္ခမ္မေ အာနိသံသကထာ ဒေသနာအစဉ်အတိုင်း ဟောကြားတော်မူ၍ ထိုအမျိုးကောင်းသား ငါးကျိပ်တို့ ခံ့သောစိတ်ရှိကြ နူးညံ့သောစိတ်ရှိကြ ပိတ်ပင်ခြင်း နီဝရဏကင်းသော စိတ်ရှိကြ တက်ကြွ ဝမ်းမြောက်သော စိတ်ရှိကြ ကြည်လင်သော စိတ်ရှိကြသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား ငါးကျိပ်တို့အား သစ္စာလေးဝ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြားတော်မူလေလျှင် အရှင်ယသ၏ သူငယ်ချင်းဟောင်းများဖြစ်ကြသည့် ထိုအမျိုးကောင်းသား ငါးကျိပ်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

     ထိုအမျိုးကောင်းသား ငါးကျိပ်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကြပြီးလျှင် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား..

၅၂၅

အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်ကို ရကြပါရစေ၊ ရဟန်းအဖြစ်ကို ရကြပါရစေ”ဟု ရှင်ရဟန်းအဖြစ်ကို တောင်းပန်ကြလေသော် မြတ်စွာဘုရားသည် (ရှေးနည်းအတူပင်) “ဧထ ဘိက္ခဝေါ- အစရှိသည်ဖြင့် = ရဟန်းတို့.. လာကြလော့၊ သင်ချစ်သားတို့ တောင်းပန်အပ်သော ရှင်ရဟန်းအဖြစ်ကို ခံယူကြလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ၊ သင်ချစ်သားတို့သည် ဝဋ်ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ အထက်မဂ်သုံးပါးတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် ရအောင်အားထုတ်ကြလော့”ဟု ရွှေလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု- ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက် ထိုအမျိုးကောင်းသား ငါးကျိပ်တို့သည် ရှစ်ပါးသော ဣဒ္ဓိမယပရိက္ခရာတို့ သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင်ပြီးသား ဖြစ်ကြလျက် အဝါ ၆ဝ-ရသော မထေရ်ကြီးများပမာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြလျက် ရဟန်းပြုပြီးသား ဖြစ်ကြလေတော့သည်။ အံ့ဩဖွယ်ရာ လူ့အသွင် ကွယ်ပျောက်၍ ရဟန်းအသွင်သို့ ကူးရောက်သွားကြလေတော့သည်။ (ဧထ ဘိက္ခဝေါ-ဟူ၍ မြတ်စွာဘုရားက ရွှေနှုတ်တော်မြွက်၍ ခေါ်တော်မူလိုက်ခြင်းသည်ပင် ထိုအမျိုးကောင်းသား ငါးကျိပ်တို့အဖို့ရာ ဧဟိ ဘိက္ခု- ရဟန်းခံခြင်းပင် ဖြစ်လေသည်။ သိမ်ဝင်ဖွယ်ရာကိစ္စ လုံးဝမရှိတော့ပြီ။)

     ထိုအမျိုးကောင်းသား ငါးကျိပ်တို့ကို ဧဟိဘိက္ခု- ရဟန်းပြုပြီးသောအခါ မြတ်စွာဘုရားသည် ထိုရဟန်းငါးကျိပ်တို့ကို တရားစကားဖြင့် ဆုံးမကံမြစ်တော်မူလေ၏၊ ယင်းသို့ တရားစကားဖြင့် ဆုံးမကံမြစ်တော်မူအပ်ကုန်သည်ရှိသော် ထိုအမျိုးကောင်းသား ရဟန်းငါးကျိပ်တို့သည် မကြာမြင့်မီပင် အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။ ထိုသို့အမျိုးကောင်းသား ငါးကျိပ်တို့ ရဟန္တာဖြစ်ကြသောအခါ လူ့ပြည်လူသား ရဟန္တာအရှင်မြတ်များကား ရှေးတဆယ့်တပါးနှင့်ပေါင်း၍ ခြောက်ကျိပ်တပါး ဖြစ်ကြကုန်၏။

၅၂၆

အရှင်ယသတို့၏ ရှေးကောင်းမှုအကြောင်း

     ရှေးလွန်လေပြီးသောအခါ သူငယ်ချင်း ငါးကျိပ်ငါးယောက်တို့သည် အသင်းအဖွဲ့ ဖွဲ့စည်း၍ စေတနာဝန်ထမ်း ကောင်းမှုကုသိုလ်များကို ပြုလုပ်ကြကုန်လျက် ခိုကိုးရာမဲ့ ကွယ်လွန်ကြသော သူတို့၏ ဥတုဇရုပ်ကလာပ်များကို ဖုတ်ကြည်းသင်္ဂြိုဟ်မှု အခမဲ့ ပြုလုပ်နေထိုင်ကြရာ တနေ့သ၌ ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင် မိန်းမတယောက် ကွယ်လွန်သည်ကို တွေ့ရှိကြ၍ ဖုတ်ကြည်းသင်္ဂြိုဟ်ရန် သုသာန်သို့ ထုတ်ဆောင်ခဲ့ကြကုန်၏။

     ထိုစေတနာဝန်ထမ်း သူငယ်ချင်း ငါးကျိပ်ငါးယောက်တို့အနက် ငါးကျိပ်သောသူတို့သည် ငါးယောက်သော သူငယ်ချင်းတို့ကို “မင်းတို့ပဲ ပြီးအောင် သင်္ဂြိုဟ်ခဲ့ကြပါတော့”ဟု မှာကြား တာဝန်ပေးထားခဲ့ပြီးလျှင် ရွာသို့ ဝင်နှင့်ကြလေကုန်၏။

     ထိုအခါ ကျန်ငါးယောက်တို့အနက် ခေါင်းဆောင်ဖြစ်သော (ယသသူဌေးသားအလောင်း) လုလင်သည် ထိုဥတုဇရုပ်ကလာပ်ကို တန်စူးဝါးဖြင့် ထိုးဆွလှန်လှောကာ ဖုတ်ကြည်းသင်္ဂြိုဟ်မှု ပြုလုပ်လတ်သည်ရှိသော် အသုဘသညာကို ရရှိလေ၏။ ထိုယသသူဌေးသားအလောင်း လုလင်သည် ကျန်လေးယောက်သော သူငယ်ချင်းတို့အားလည်း “သူငယ်ချင်းတို့.. သင်တို့သည် ဤမစင်မကြယ် စက်ဆုပ်ဖွယ်ကောင်းသော အသုဘရုပ်အလောင်းကို ကြည့်ရှုကြကုန်လော့”ဟု သတိပေးစကား ပြောကြား ပြသလေ၏။ ထိုသူငယ်ချင်း လေးယောက်တို့သည်လည်း ယသသူဌေးသားအလောင်း လုလင်၏ ပြောကြားပြသချက်အရ ထိုဥတုဇရုပ်ကလာပ်၌ အသုဘသညာကို ရရှိကြပြန်လေ၏။

     ထိုသူငယ်ချင်း ငါးဦးတို့သည် ဖုတ်ကြည်းသင်္ဂြိုဟ်မှု ပြီးစီးအောင်ပြုပြီးလျှင် ရွာသို့ ရောက်လတ်သည်ရှိသော် ပြန်သွားနှင့်ကြသော အဖွဲ့ဝင်သူငယ်ချင်း ငါးကျိပ်တို့အား မိမိတို့ တွေ့ရှိသိမြင်ခဲ့ရသည့်အတိုင်း အသုဘအကြောင်းအရာကို တဆင့်ပြန်ကြား ပြောဆိုကြသဖြင့် ထိုငါးကျိပ်သော သူငယ်ချင်းတို့သည်လည်း အသုဘသညာကို ရရှိကြပြန်လေ၏။

၅၂၇

     ယသသူဌေးသားအလောင်း ခေါင်းဆောင်ဖြစ်သော လုလင်သည်ကား သူငယ်ချင်းများကို ပြောကြားရုံမျှမကပဲ မိမိအိမ်သို့ ပြန်ရောက်သောအခါ မိခင်ဖခင်တို့နှင့်တကွ ဇနီးအိမ့်ရှင်မအားလည်း ထိုအသုဘအကြောင်းအရာကို တဆင့်ပြန်ကြား ပြောဆိုသဖြင့် မိခင်ဖခင် ကျေးဇူးရှင်တို့နှင့်တကွ ဇနီးအိမ့်ရှင်မတို့သည်လည်း အသုဘသညာကို ရရှိကြပြန်လေ၏။

     ထိုယသသူဌေးသားအလောင်း အမှူးပြုသော ငါးကျိပ်ရှစ်ယောက်သော သူတို့သည် မိမိတို့ရရှိသော အသုဘသညာကို အခြေတည်ပြုကာ အသုဘဘာဝနာကို ဆက်လက် ပွါးများခဲ့ကြလေသည်။ ဤကား ထိုသူ ငါးကျိပ်ရှစ်ဦးတို့၏ ရှေးကောင်းမှု ဖြစ်၏။

     ထိုရှေးကောင်းမှုကြောင့်ပင် ယခု ဗာရာဏသီသူဌေးသား ဖြစ်လာရသောဘဝ၌ ကခြေသည်တို့အပေါ်ဝယ် အရှင်ယသ၏ သုသာန်ဟူသော အမှတ်သညာ ဖြစ်ပေါ်လာရလေသည်။ ထိုရှေးဘဝက ပွါးများခဲ့ဘူးသော အသုဘဘာဝနာ ကောင်းမှု ဥပနိဿယည်းနှင့် ပြည့်စုံခြင်းကြောင့်ပင် ငါးကျိပ်ရှစ်ဦးသော သူတို့၏ မဂ်ဖိုလ်တရားထူးကို ရခြင်းဖြစ်ပေ၏။

ယသသူဌေးသား ရဟန်းပြုခြင်းအကြောင်း ပြီး၏။

**********

အခဏ်း-၁၃

ရဟန္တာခြောက်ကျိပ်ကို သာသနာပြု လွှတ်တော်မူခြင်းအကြောင်း

     မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက် ပဌမဝါကို ဣသိပတန မိဂဒါဝုန်တော၌ ဝါကပ်တော်မူ၍ ထိုမိဂဒါဝုန်တော၌ သီတင်းကျွတ် လပြည့်နေ့တိုင်အောင် နေတော်မူရာ တနေ့သ၌ မြတ်စွာဘုရားသည် ခြောက်ကျိပ်သော ရဟန္တာအရှင်မြတ်တို့ကို ခေါ်တော်မူပြီးလျှင်-

၅၂၈

“ရဟန်းတို့ .. ငါဘုရားသည် နတ်တို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း, လူတို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း ဤတဏှာလောဘ ကိလေသာကျော့ကွင်း အလုံးစုံတို့မှ ကင်းရှင်း လွတ်မြောက်ခဲ့လေပြီ။ ရဟန်းတို့.. သင်တို့သည်လည်း နတ်တို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း, လူတို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း ဤတဏှာ လောဘ ကိလေသာကျော့ကွင်း အလုံးစုံတို့မှ ကင်းရှင်း လွတ်မြောက်ကြလေပြီ။

ရဟန်းတို့.. သင်တို့သည် မြောက်မြားလှစွာသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ လောကီ လောကုတ္တရာ ချမ်းသာစီးပွါး ကောင်းကျိုးတရား ဖြစ်ပွါးရန် အရပ်ရှစ်မျက်နှာ ဒေသစာရီ လှည့်လည်သောအား (တနေ့လျှင် တယူဇနာ အလွန်ဆုံးထား၍) သွားကြကုန်လော့။ (လမ်းတကြောင်း ရဟန်းနှစ်ပါးပေါင်း၍ သွားခဲ့သော် တပါးက တရားဟောလျှင် ကျန်တပါးက အလုပ်မရှိ ဆိတ်ဆိတ်သာ ထိုင်နေရမည် ဖြစ်သောကြောင့်) လမ်းတကြောင်း၌ ရဟန်းနှစ်ပါးပေါင်း၍ မသွားကြကုန်လင့်။

ရဟန်းတို့.. သင်တို့သည် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံလျက် အနက်နှင့်လည်းပြည့်စုံ သဒ္ဒါပုဒ်ပါဌ် အက္ခရာနှင့်လည်း ပြည့်စုံသော တရားကို ဟောကြားကြကုန်လော့။ အပိုအလိုမရှိ ထက်ဝန်းကျင်ပြည့်စုံသော ဒုစရိုက်အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော သီလ သမာဓိ ပညာ သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို နတ်လူတို့အား ထင်ရှားပြကြကုန်လော့။

၅၂၉

ရဟန်းတို့.. ဉာဏ်ပညာမျက်စိ၌ ကိလေသာမြူမှုန် နည်းပါးကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့သည် များစွာ ရှိကြကုန်၏။ ထိုသူတို့သည် တရားတော်ကို မနာကြားရလျှင် မဂ်ဖိုလ်တရားထူးကိုရခြင်းမှ ဆုံးရှုံးနစ်နာကြပေလိမ့်မည်။ တရားအချက် သဘောနက်ကို ပြက်ပြက်ထင်ထင် နားလည်သိမြင်ကြမည့် နတ်လူတို့သည်လည်း အထင်အရှား ပေါ်ပေါက်လာကြပေလိမ့်မည်။

ရဟန်းတို့.. ငါဘုရားသည်လည်း (ဤမိဂဒါဝုန်တောမှာပင် ကျောင်းကန်ပရိဝုဏ်ကောင်းများကို ဆောက်လုပ်စေကာ အလုပ်အကျွေး ဒါယကာတို့ ပစ္စည်းလေးပါးဖြင့် အပြုအစု အမှုအယုကို ခံယူကာ နေလိမ့်မည်မဟုတ်၊ စင်စစ်သော်ကား..) ရသေ့ညီနောင် ရှင်တထောင်တို့ကို ချေချွတ်ရန် တရားဟောရန် ဥရုဝေလတောအုပ်ရှိရာ သေနနိဂုံးသို့ သွားပေအံ့”-

ဟူ၍ သာသနာပြု စေလွှတ်စကား မိန့်ကြားတော်မူလေ၏။

(အထူးမှတ်သားရန်။ ။ဖော်ပြရာပါ မိန့်ခွန်းတော် စကားဝါကျ ၅-ပိုဒ်တို့အနက် တတိယစာပိုဒ်ပါ “အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံလျက်” ဟူရာ၌ ကောင်းခြင်း (= ကလျာဏ)ဂုဏ်သည် သာသနာတော်၏ ကောင်းခြင်း (= ကလျာဏ)ဂုဏ် ဒေသနာတော်၏ ကောင်းခြင်း (= ကလျာဏ)ဂုဏ်ဟူ၍ နှစ်ပါးရှိ၏။

ထိုနှစ်ပါးတို့တွင် သီလသည် သာသနာတော်၏ အစကောင်းခြင်းဂုဏ် မည်၏၊ သမထ ဝိပဿနာ မဂ်ဉာဏ်လေးပါးတို့သည် သာသနာတော်၏ အလယ်ပိုင်း ကောင်းခြင်းဂုဏ် မည်၏၊ ဖိုလ်လေးပါး နိဗ္ဗာန်တို့သည် သာသနာတော်၏ အဆုံးပိုင်း ကောင်းခြင်းဂုဏ် မည်၏။ ။(တနည်း) သီလ သမာဓိတို့သည် အစ, ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့သည် အလယ်, ဖိုလ် နိဗ္ဗာန်တို့သည် အဆုံးပိုင်း ကောင်းခြင်းဂုဏ်မည်၏။ ။(တနည်း) သီလ သမာဓိ ဝိပဿနာဉာဏ်တို့သည် အစပိုင်း, မဂ်လေးပါးသည် အလယ်ပိုင်း, ဖိုလ်လေးပါး နိဗ္ဗာန်တို့သည် အဆုံးပိုင်း ကောင်းခြင်းဂုဏ် မည်၏။

၅၃၀

ဒေသနာတော်၏ ကောင်းခြင်းဂုဏ်ဟူရာ၌ လေးပါဒရှိသော ဂါထာဖြစ်လျှင် ပဌမပါဒသည် အစပိုင်း, ဒုတိယ တတိယပါဒတို့သည် အလယ်ပိုင်း, စတုတ္ထပါဒသည် အဆုံးပိုင်းကောင်းခြင်း မည်၏။ ငါးပါဒ ခြောက်ပါဒရှိသော ဂါထာဖြစ်လျှင် ပဌမပါဒသည် အစပိုင်း, နောက်ဆုံး (ပဉ္စမ ဆဋ္ဌ) ပါဒသည် အဆုံးပိုင်း, ကျန်သော (သုံးပါဒ လေးပါဒ)တို့သည် အလယ်ပိုင်း ကောင်းခြင်းမည်၏။ ။အနုသန္ဓေစကားစပ် တမျိုးသာရှိသော သုတ္တန်ဖြစ်ခဲ့လျှင် ထိုသုတ်၏နိဒါန်းသည် အစပိုင်း, ဣဒမဝေါစ အစရှိသော နိဂုံးစကားစုသည် အဆုံးပိုင်း, ကြွင်းကျန်သော စကားရပ်စုသည် အလယ်ပိုင်း ကောင်းခြင်းမည်၏။ အနုသန္ဓေစကားစပ် များစွာပါရှိသော သုတ္တန်ဖြစ်ခဲ့လျှင်လည်း နိဒါန်းသည် အစပိုင်း, ဣဒမဝေါစ အစရှိသော နိဂုံးစကားစုသည် အဆုံးပိုင်း, အလယ်၌ များစွာသော အနုသန္ဓေ စကားရပ်စုသည် အလယ်ပိုင်း ကောင်းခြင်းမည်၏။ သာသနာတော်၏ကောင်းခြင်း (= ကလျာဏ)ဂုဏ် သုံးမျိုးတို့အနက် တမျိုးမျိုးကိုဖြစ်စေ နှစ်မျိုး သုံးမျိုးလုံးကိုဖြစ်စေ ဖော်ပြသော တရားဒေသနာ ဂါထာသုတ္တန်တို့ကို ဆိုလိုသည်။)

မာရ်နတ်လာ၍ အဟန့်အတား ပြောကြားခြင်း

     ဤသို့ မြတ်စွာဘုရားက ခြောက်ကျိပ်သော ရဟန္တာတို့ကို သာသနာပြု စေလွှတ်သောစကား မိန့်ကြားတော်မူသောအခါ မာရ်နတ်သားသည် “ဤရဟန်းကြီးဂေါတမသည် စစ်ကြီးတိုက်ရန် စီမံခန့်ခွဲသည့်အလား “လမ်းတကြောင်း၌ ရဟန်းနှစ်ပါးပေါင်း၍ မသွားကြလင့်၊ တရားကိုဟောကြ”ဟု ခြောက်ကျိပ်သော ရဟန္တာ သာသနာစစ်ဦးစီး သူရဲကောင်းကြီးများကို စေလွှတ်၍နေချေ၏။ ဤခြောက်ကျိပ်တို့အနက် တဦးဦးက တရားဟောလျှင်ပင် ငါ့စိတ်မှာ မသက်သာချေ၊ ရဟန်းကြီးဂေါတမ စီမံခန့်ခွဲသည့်အတိုင်း ခြောက်ကျိပ်သော ရဟန္တာတို့ တရားဟောကြမူကား အဘယ်မှာ ဖြစ်နိုင်အံ့နည်း၊ ငါသည် ယခုပင် ထိုရဟန်းကြီးဂေါတမကို ဟန့်တားပေအံ့”ဟု ကြံစည်၍ မြတ်စွာဘုရားထံမှောက်သို့ လာရောက်ချဉ်းကပ်ပြီးလျှင်-

၅၃၁

ဗဒ္ဓေါသိ သဗ္ဗပါသေဟိ၊

ယေ ဒိဗ္ဗာ ယေ စ မာနုသာ။

မဟာဗန္ဓနဗဒ္ဓေါသိ၊

န မေ သမဏ မောက္ခသိ။

အို ရဟန်းဂေါတမ.. သင်ကား နတ်တို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း၊ လူတို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း ဤတဏှာလောဘ ကိလေသာကျော့ကွင်း အလုံးစုံတို့ဖြင့် ဖွဲ့မိပြီးသူ နှောင်မိပြီးသူ ဖြစ်ပေ၏။ ဘဝသုံးဆောင် အချုပ်ထောင်၌ ကိလေသာ အနှောင်အဖွဲ့တို့ဖြင့် တုပ်နှောင်ထားအပ်သူလည်း ဖြစ်ပေ၏။ အို ရဟန်းဂေါတမ.. (ထိုဆိုအပ်ပြီးသော အကြောင်းကြောင့်) သင်သည် ငါ၏ပိုင်စံ ဘဝသုံးပါးတည်းဟူသော နိုင်ငံမှ ဘယ်နည်းနှင့်မျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်-

ဟူ၍ “ဤသို့ ပြောလိုက်လျှင် ဤရဟန်းကြီးသည် တပါးသော သတ္တဝါတို့အား သံသရာမှ လွတ်မြောက်ရန်အတွက် အားထုတ်မှု ပြုလိမ့်မည်မဟုတ်”ဟု အောက်မေ့မှတ်ထင်ကာ အဟန့်အတားစကား ပြောကြားလာလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် မာရ်နတ်သားကို (ချင်းပြောချက်နှင့် ကိုယ်တော်၏ဖြစ်ရပ်တို့ မိုးနှင့်မြေပမာ ဝေးကွာလှကြောင်း မီးနှင့်ရေပမာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိကြောင်းကို ဖော်ပြတော်မူလိုသဖြင့်)–

မုတ္တာဟံ သဗ္ဗပါသေဟိ၊

ယေ ဒိဗ္ဗာ ယေ စ မာနုသာ။

မဟာဗန္ဓနမုတ္တောမှိ၊

နိဟတော တွမသိ အန္တက။

အယုတ်တမာ ဆိုးညစ်စွာသည့် မိစ္ဆာသူသတ် ဟယ် မာရ်နတ်.. ငါဘုရားကား နတ်တို့အာရုံ ကာမဂုဏ်၌မှီသော

၅၃၂

တဏှာလောဘ ကျော့ကွင်း, လူတို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း ဤအလုံးစုံသော တဏှာလောဘ ကိလေသာကျော့ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်ပြီးသူ ဖြစ်ပေ၏။ ဘ၀သုံးဆောင် အချုပ်ထောင်၌ ကိလေသာ အနှောင်အဖွဲ့ကြီးတို့မှလည်း အပြီးလွတ်မြောက်ပြီးသူ မှန်ပေ၏။ ဤကိလေသာစစ်ပွဲ၌ သင့်ကို ငါကား အပြီးအပိုင် အနိုင်သတ်အပ်လေပြီ။ (သင်ကား အရှုံးကြီးရှုံးသူ ဖြစ်လေပြီ)-

ဟု ရဲရဲတောက်စကား မိန့်ကြားတော်မူသောအခါ တဖန်ထပ်၍ မာရ်နတ်က-

အန္တလိက္ခစရော ပါသော၊

ယွာယံ စရတီ မာနသော။

တေန တံ ဗာဓယိဿာမိ၊

န မေ သမဏ မောက္ခသိ။

အို ရဟန်းဂေါတမ.. အကြင် ရာဂတည်းဟူသော ကျော့ကွင်းသည် သတ္တဝါတို့၏ အတွင်းစိတ်ဓာတ်၌ ဖြစ်ပွါးကာ အဘိညာဏ်ရ ဈာနလာဘီ ကောင်းကင်ပျံ ပုဂ္ဂိုလ်တို့ကိုသော်မှလည်း မလွတ်တန်း ဖွဲ့နှောင်နိုင်၏။ သင့်ကို ထိုရာဂတည်းဟူသော ကျော့ကွင်းဖြင့် ဖွဲ့နှောင်သတ်ညှဉ်းပေအံ့၊ အိုရဟန်းဂေါတမ.. သင်သည် ငါ၏ပိုင်စံ ဘဝသုံးပါးတည်းဟူသော တိုင်းနိုင်ငံမှ ဘယ်နည်းနှင့်မျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်-

ဟူ၍ အဟန့်အတားစကား ပြောကြားပြန်လေသည်။

     ထိုအခါ မြတ်စွာဘုရားသည်-

ရူပါ သဒ္ဒါ ရသာ ဂန္ဓာ၊

ဖောဋ္ဌဗ္ဗာ စ မနောရမာ။

ဧတ္ထ မေ ဝိဂတော ဆန္ဒော၊

နိဟတော တွမသိ အန္တက။

၅၃၃

အယုတ်တမာ ဆိုးညစ်စွာသည့် မိစ္ဆာသူသတ် ဟယ် မာရ်နတ်.. (ဤလောက၌) နတ်လူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးမွေ့လျော် ပျော်ပိုက်စေနိုင်ကုန်သော အဆင်းအမျိုးမျိုး, အသံအမျိုးမျိုး, အရသာအမျိုးမျိုး, အနံ့အမျိုးမျိုး, အတွေ့အထိအမျိုးမျိုး ဤအာရုံငါးပါး ကာမဂုဏ်တရားတို့သည် ထင်ရှားရှိကုန်၏။ (ထိုကာမဂုဏ်ငါးပါးတို့၌ လိုက်စားတွယ်တာ သာယာတပ်မက်သော တဏှာလောဘ မကင်းကြသူများကိုသာ သင်၏ ရာဂကျော့ကွင်းဖြင့် နှောင်ဖွဲ့၍ ရနိုင်ချေသည်။) ငါဘုရားမှာမူ ဤအာရုံငါးပါး ကာမဂုဏ်တရားတို့၌ လိုက်စားတွယ်တာ သာယာတပ်မက်သည့် တဏှာလောဘ ဆန္ဒရာဂ အလျှင်းကင်းပြီး ဖြစ်လေပြီ။ (ထို့ကြောင့် ဤကိလေသာစစ်ပွဲ၌) သင့်ကို ငါကား အပြီးအပိုင် အနိုင်သတ်အပ်လေပြီ။ (သင်ကား အရှုံးကြီး ရှုံးလေပြီ)—

ဟူ၍ ရဲရဲတောက်စကား မိန့်ကြားတော်မူလတ်သည်ရှိသော် မာရ်နတ်သားသည် မူလက မြတ်စွာဘုရားအပေါ်၌ “တန်ခိုးကြီးသူ နတ်သားတယောက် လာရောက်တားမြစ်သည်ဟု အောက်မေ့ကာ ဆုတ်နစ်လက်လျှော့လိမ့်မည်လား”ဟု ထင်မှတ်ကာ ပြောဆိုခဲ့ရာမှ မြတ်စွာဘုရားက “ဟယ်မာရ်နတ်.. သင့်ကို ငါကား အပြီးအပိုင် အနိုင်သတ်အပ်လေပြီ”ဟု မိန့်ကြားသဖြင့် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ငါ့ကိုသိ၍ သွားချေပြီ။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကိုသိ၍ သွားချေပြီ”ဟု ကိုယ်စိတ်မရွှင် မကြည်လင်ပဲ ငြိုငြင်ဆင်းရဲလျက် ထိုအရပ်မှာပင် ကွယ်ပျောက်လေတော့၏။

သရဏဂုံသုံးပါးဖြင့် ရှင်ရဟန်းပြုရန်

ခွင့်ပြုတော်မူခြင်းအကြောင်း

     (မြတ်စွာဘုရားသခင်က ရဟန်းတော်များကို သာသနာပြု စေလွှတ်တော်မူသည့် ထိုပဌမဝါအချိန်မှာ ရဟန်းတော်များအတွက်

၅၃၄

ဝါဆိုဝါကပ်ရန် ခွင့်မပြုရသေးသောအချိန် ဖြစ်သည်။ ထို့ကြောင့်) မြတ်စွာဘုရားသခင်က ရဟန်းတော်များကို သာသနာပြု စေလွှတ်တော်မူသောအခါ၌ ရဟန်းတော်များသည် အထူးထူးသောအရပ် အထူးထူး သော ဇနပုဒ်များမှ ရှင်ပြုလို ရဟန်းပြုလိုကြသော ရှင်လောင်း ရဟန်းလောင်းများကို “ထိုရှင်လောင်း ရဟန်းလောင်းများကို မြတ်စွာဘုရားသည်ပင် ရှင်ပြု၍ ပေးတော်မူလိမ့်မည်၊ ရဟန်းပြု၍ ပေးတော်မူလိမ့်မည်”ဟု နှလုံးပိုက်ကြကာ မြတ်စွာဘုရား အထံတော်သို့ ခေါ်ဆောင်လာကြလေကုန်၏။ ထိုသို့ ခေါ်ဆောင်လာကြရာ၌ ခေါ်ဆောင်လာသော ရဟန်းတို့နှင့် ရှင်လောင်း ရဟန်းလောင်းတို့မှာ လွန်စွာ ပင်ပန်း ဆင်းရဲ နွမ်းနယ်ကြကုန်၏။

     (သာသနာပြု ရဟန်းတော်များက သာသနာပြုတရားကို ဟောကြားကြသောအခါ ဧဟိဘိက္ခု- ရဟန်းဖြစ်ရန် ရှေးကုသိုလ်ကံအကြောင်းနှင့် ပြည့်စုံသောသူများသာ မဟုတ်ပဲ ဧဟိဘိက္ခု ရဟန်းဖြစ်ရန် ရှေးကုသိုလ်ကံအကြောင်းနှင့် မပြည့်စုံသော သူများအားလည်း ရှင်ပြုလိုစိတ် ရဟန်းပြုလိုစိတ် ဖြစ်ပေလိမ့်မည်၊ မြတ်စွာဘုရားတို့သည်လည်း ထိုဧဟိဘိက္ခု- ရဟန်းဖြစ်ရန် ရှေးကုသိုလ်ကံအကြောင်းနှင့် မပြည့်စုံသော သူများကို ရဟန်းပြုပေးရိုး အစဉ်မရှိ၊ ထို့ကြောင့် ဧဟိဘိက္ခု- အခေါ်ခံထိုက် မခံထိုက်သော ရှင်လောင်း ရဟန်းလောင်းကို သောင်းပြောင်းထွေလာ ရောယှက် များပြားလာသောအခါ ဧဟိဘိက္ခု- အခေါ်မခံထိုက်သော ရှင်လောင်း ရဟန်းလောင်းတို့အားလည်း ရှင်ရဟန်းပြုရမည့် အစီအရင်ကို ခွင့်ပြု ပညတ်တော်မူလိုသဖြင့်) မြတ်စွာဘုရားအား အကြံဖြစ်တော်မူသည်မှာ “ယခုအခါ၌ ရဟန်းတို့သည် အထူးထူးသောအရပ် အထူးထူးသော ဇနပုဒ်များမှ ရှင်ပြုလို ရဟန်းပြုလိုကြသော ရှင်လောင်း ရဟန်းလောင်းများကို 'မြတ်စွာဘုရားသည်ပင် ထိုသူတို့ကို ရှင်ပြု၍ ပေးတော်မူလိမ့်မည်။ ရဟန်းပြု၍ ပေးတော်မူလိမ့်မည်'ဟု နှလုံးပိုက်ကြကာ ငါဘုရားအထံသို့ ခေါ်ဆောင်လာကြရသဖြင့် ထိုခေါ်ဆောင်လာသော

၅၃၅

ရဟန်းတို့နှင့် ရှင်လောင်း ရဟန်းလောင်းတို့မှာ လွန်စွာ ပင်ပန်း ဆင်းရဲ နွမ်းနယ်ကြကုန်၏။ 'ရဟန်းတို့.. ယခုအခါ၌ သင်တို့သည်ပင် ထိုထိုအရပ် ထိုထိုဇနပုဒ်တို့၌ ရှင်ပြုလိုကြ ရဟန်းပြုလိုကြသော ရှင်လောင်း ရဟန်းလောင်းများကို ရှင်ပြု၍ ပေးကြကုန်လော့၊ ရဟန်းပြု၍ ပေးကြကုန်လော့'ဟု ရဟန်းတို့အား ငါဘုရားသည် ခွင့်ပြုရပါမူ ကောင်းလေစွာ့”ဟု အကြံဖြစ်တော်မူလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန်၌ တပါးတည်း ကိန်းစံတော်မူရာမှ ထတော်မူလျက် ထိုသို့ အကြံဖြစ်မှုဟူသော နိဒါန်းအကြောင်းအရာ၌ သင့်လျော် လျောက်ပတ်သော တရားစကားကို ရဟန်းများအား ဟောကြားတော်မူပြီးလျှင် နေ့အခါ တပါးတည်း ကိန်းစံတော်မူစဉ်က ဖြစ်ရှိခဲ့သော ကိုယ်တော်မြတ်၏ အကြံအစည်ကို အပြည့်အစုံ မိန့်ကြားတော်မူပြီးသော် “ရဟန်းတို့.. ယခုအခါ၌ သင်တို့သည်ပင် ထိုထိုအရပ်, ထိုထိုဇနပုဒ်တို့၌ ရှင်ပြုလိုကြ ရဟန်းပြုလိုကြသော ရှင်လောင်း ရဟန်းလောင်းများကို ရှင်ပြု၍ ပေးကြကုန်လော့၊ ရဟန်းပြု၍ ပေးကြကုန်လော့၊ (ထိုသို့ သင်ချစ်သားတို့ကိုယ်တိုင်ပင် ရှင်ရဟန်းပြုပေးရန်) ငါဘုရား ခွင့်ပြု၏။

     ရဟန်းတို့.. ဤဆိုလတံ့သောနည်းအတိုင်း ရှင်လောင်း ရဟန်းလောင်းများကို ရှင်ရဟန်းပြုပေးရမည်၊ (ပြုပေးပုံကား) ရှေးဦးစွာ ဆံမုတ်ဆိတ်များကို ပယ်ရိတ်ရမည်။ ပြီးလျှင် ဖန်ရည်စွန်းသော သင်္ကန်းများကို ဝတ်ဆင်စေရမည်။ ပြီးလျှင် ကိုယ်ဝတ်စံပယ်တင်စေ၍ (= လက်ကတော့ထိုးစေ၍), ရဟန်းတို့၏ ခြေတို့ကို ရှိခိုးစေ၍, ဆောင့်ကြောင့်ထိုင်စေ၍, လက်အုပ်ကို ချီမြှောက်စေ၍ ဤသို့ ဆိုလော့ဟု တိုက်တွန်းစကား ပြောကြားကာ-

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

၅၃၆

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ-

ဟူ၍ (သရဏဂုံသုံးပါးကို ရှေ့မှ တိုင်တည် ချပေးရမည်။)

     “ရဟန်းတို့.. ဤဆိုအပ်ပြီးသော သရဏဂုံသုံးပါးတို့ဖြင့် ရှင်ပြုပေးရန် ရဟန်းပြုပေးရန် ငါဘုရား ခွင့်ပြု၏”ဟု မိန့်ကြားတော်မူလေ၏။

(ဤ၌၊ ၊ရှင်ပြုပေးခြင်း ရဟန်းပြုပေးခြင်းဟူသည်မှာ (၁) ဆံမုတ်ဆိတ်ကို ပယ်ရိတ်ခြင်း = ကေသစ္ဆေဒန၊ (၂) ဖန်ရည်စွန်းသော သင်္ကန်းတို့ကို ဝတ်ရုံစေခြင်း = ကာသာယစ္ဆာဒန၊ (၃) သရဏဂုံပေးခြင်း = သရဏဒါန ဤသုံးပါးတို့ပင် ဖြစ်သည်။)

ဒုတိယအကြိမ်မြောက် မာရ်နတ်လာ၍

အဟန့်အတားစကား ပြောကြားခြင်း

     ထိုအခါ မြတ်စွာဘုရားသည် ဣသိပတန မိဂဒါဝုန်တောမှာပင် တန်ဆောင်မုန်း လပြည့်နေ့တိုင်အောင် မိုးလေးလပတ်လုံး သီတင်းသုံး နေထိုင်တော်မူပြီးလတ်သော် ရဟန်းတို့ကို ခေါ်ယူစည်းဝေးပြီးလျှင်-

“ချစ်သားရဟန်းတို့.. ငါဘုရားသည် နည်းမှန်လမ်းကျ နှလုံးသွင်းခြင်း, နည်းမှန်လမ်းကျ အားထုတ်ခြင်းဖြင့် အတုမရှိ လွန်မြတ်သော အရဟတ္တဖိုလ်ကို ရအပ်ရောက်အပ်လေပြီ၊ အတုမရှိ လွန်မြတ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်လေပြီ (အရဟတ္တဖိုလ်သမာပတ်ကို မပြတ်ဝင်စားအပ်လေပြီ)။ ချစ်သားရဟန်းတို့.. သင်ချစ်သားတို့သည်လည်း နည်းမှန်လမ်းကျ နှလုံးသွင်းခြင်း, နည်းမှန်လမ်းကျ အားထုတ်ခြင်းဖြင့် အတုမရှိ လွန်မြတ်သော အရဟတ္တဖိုလ်ကို ရကြ ရောက်ကြကုန်လော့၊ အတုမရှိ လွန်မြတ်သော အရဟတ္တဖိုလ်ကို

၅၃၇

မျက်မှောက်ပြုကြကုန်လော့ (အရဟတ္တဖိုလ်သမာပတ်ကို မပြတ်ဝင်စားကြကုန်လော့)”–

ဟူ၍ မိန့်ကြားတော်မူ၏။

(ယင်းသို့ မိန့်ကြားခြင်းမှာ “ငါတို့ကား အာသဝေါကုန်ခန်း ရဟန္တာများ ဖြစ်ကြကုန်၏၊ ငါတို့အား တရားအလုပ် အားထုတ်ခြင်းဖြင့် အဘယ်အကျိုး ရှိတော့အံ့နည်း၊ အကျိုးထူးရှိတော့မည် မဟုတ်”ဟု ပုထုဇန်ဘဝက စွဲပါလာသော ဆုတ်နစ်တတ်သည့် ဝါသနာ အပြစ်ဒေါသအလျောက် ဆုတ်နစ်ခြင်းသို့ မရောက်မူ၍ မြို့စွန်ရွာဖျား တောကျောင်းများ၌ ဖလသမာပတ်ဖြင့်သာ အချိန်ကို ကုန်လွန်စေရန်၎င်း, ထိုသို့ ရဟန္တာများ ဖလသမာပတ် ဝင်စားနေသည်ကို မြင်ကြရ၍ အခြားသော ရဟန်းတို့အားလည်း ဒိဋ္ဌာနုဂတိ = မြင်အပ်သည်ကို အတုလိုက်ခြင်း ဖြစ်စေရန်၎င်း ဆုံးမတော်မူခြင်း ဖြစ်သည်။)

     ထိုအခါ မာရ်နတ်သားသည် ဘုရားရှိရာအရပ်သို့ လာရောက်ပြီးလျှင်-

ဗဒ္ဓေါသိ မာရပါသေဟိ၊

ယေ ဒိဗ္ဗာ ယေ စ မာနုသာ။

မဟာဗန္ဓနဗဒ္ဓေါသိ၊

န မေ သမဏ မောက္ခသိ။

အို ရဟန်းဂေါတမ.. သင်ကား နတ်တို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း, လူတို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း ဤတဏှာလောဘ ကိလေသာ ကျော့ကွင်းတို့ဖြင့် ဖွဲ့မိပြီးသူ နှောင်မိပြီးသူ ဖြစ်ပေ၏။ ဘဝသုံးဆောင် အချုပ်ထောင်၌ ကိလေသာအနှောင်အဖွဲ့တို့ဖြင့် တုပ်နှောင်ထားအပ်သူလည်း ဖြစ်ပေ၏။ အို ရဟန်းဂေါတမ.. (ဆိုအပ်ပြီးသော အကြောင်းကြောင့်) သင်သည် ငါ၏ပိုင်စံ ဘ၀သုံးပါး တည်းဟူသော နိုင်ငံမှ ဘယ်နည်းနှင့်မျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်”-

ဟူ၍ အဟန့်အတားစကား ပြောကြားလာလေ၏။

၅၃၈

     ထိုအခါ မြတ်စွာဘုရားသည် မာရ်နတ်သားကို (ချင်း၏ ပြောချက်နှင့် ကိုယ်တော်၏ ဖြစ်ရပ်တို့ မိုးနှင့်မြေပမာ ဝေးကွာလှကြောင်း မီးနှင့်ရေပမာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိကြောင်းကို ဖော်ပြတော်မူလိုသဖြင့်)–

မုတ္တာဟံ မာရပါသေဟိ၊

ယေ ဒိဗ္ဗာ ယေ စ မာနုသာ။

မဟာဗန္ဓနမုတ္တောမှိ၊

နိဟတော တွမသိ အန္တက။

ဟယ် မာရ်နတ်.. ငါဘုရားကား နတ်တို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း, လူတို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်း ဤလောဘတဏှာ ကိလေသာကျော့ကွင်းတို့မှ ရှင်းရှင်းကြီး လွတ်မြောက်ပြီးသူ ဖြစ်လေပြီ၊ ဘဝသုံးဆောင် အချုပ်ထောင်၌ ကိလေသာ အနှောင်အဖွဲ့ကြီးတို့မှလည်း အပြီးတိုင် လွတ်မြောက်ပြီးသူ မှန်ပေ၏။ ဤကိလေသာစစ်ပွဲ၌ သင့်ကို ငါကား အပြီးအပိုင် အနိုင်ပွဲဆုံး သင်ရှုံးအောင် ငါသတ်အပ်လေပြီ။ (သင်ကား အရှုံးကြီးရှုံးသူ ဖြစ်လေပြီ)-

ဟု ရဲရဲတောက်စကား မိန့်ကြားတော်မူလေ၏။ ထိုအခါ မာရ်နတ်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ငါ့ကို သိ၍ သွားချေပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိ၍သွားချေပြီ”ဟု ကိုယ်စိတ်မရွှင် မကြည်လင်ပဲ ငြိုငြင်ဆင်းရဲလျက် ထိုအရပ်မှာပင် ကွယ်ပျောက်လေတော့၏။

ဒုတိယအကြိမ်မြောက် မာရ်နတ်လာ၍

အဟန့်အတားစကား ပြောကြားခြင်းအကြောင်း ပြီး၏။

၅၃၉

ဘဒ္ဒဝဂ္ဂီ နောင်ညီမင်းသား သုံးကျိပ်တို့

ရဟန်းပြုခြင်းအကြောင်း

(နေရာဌာန တခုခု၌ သီတင်းသုံး နေထိုင်တော်မူကြသော မြတ်စွာဘုရားတို့မှာ ထိုနေရာဌာန၌ အရိပ်အာဝါသ ရေမိုးစသည် ချို့တဲ့မှု, အနေအထိုင် ဆင်းရဲမှု, ထိုဒေသရှိ လူများ၏ သဒ္ဓါတရားစသည် နည်းပါးမှု ခေါင်းပါးမှုများကို အစွဲပြု၍ မမွေ့လျော် မပျော်ပိုက်ခြင်းဟူ၍ မရှိ။ ထိုနေရာဌာန၌ အရိပ်အာဝါသ ရေမိုးစသည် ပြည့်စုံမှု, ထိုဒေသရှိ လူများ၏ သဒ္ဓါတရား စသည်နှင့် ပြည့်စုံမှုများကို အစွဲပြု၍လည်း “ဤအရပ်၌ ငါတို့ချမ်းသာစွာ နေကြရကုန်၏”ဟု အောက်မေ့ကာ မွေ့လျော်ပျော်ပိုက်၍ ထိုအရပ်ဌာန၌ ကြာမြင့်စွာ နေခြင်းသည်လည်း မရှိ။ စင်စစ်ကား အကြင်အရပ်၌ မြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူလျှင် သတ္တဝါများ သရဏဂုံ၌ တည်ကြမည်ဖြစ်အံ့၊ ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလတို့ကိုလည်း ဆောက်တည် ကျင့်သုံးကြမည်ဖြစ်အံ့၊ ရှင်ရဟန်း ပြုကြမည်မူလည်း ဖြစ်အံ့၊ သတ္တဝါများအား မဂ်ဖိုလ်၏ ဥပနိဿယည်း ပစ္စည်းကောင်းမှု ကုသိုလ်အထူးမူလည်း ရှိသည်ဖြစ်အံ့။ ထိုအရပ်၌ မြတ်စွာဘုရားသည် သတ္တဝါတို့ကို ထိုသရဏဂုံ သီလ ရှင်ရဟန်းအဖြစ် မဂ်ဖိုလ်တည်းဟူသော ကောင်းကျိုးချမ်းသာတို့၌ တည်စေတော်မူလိုသော အလိုတော် အာသယဖြင့်သာ နေထိုင် သီတင်းသုံးတော်မူကြကုန်၏။ ထိုသို့ ချေချွတ်ရမည့် သတ္တဝါများကို ချေချွတ်တော်မူပြီး၍ ချေချွတ်ရမည့်သတ္တဝါတို့ ကုန်ပြန်သော် အရပ်တပါးသို့ ကြွသွားတော်မူကြမြဲဓမ္မတာ ဖြစ်ပေ၏။)

     ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီမထေရ်ငါးဦး စသည်တို့အား ချေချွတ်ရန် အလိုဆန္ဒ ပြည့်ဝအောင် နေတော်မူပြီးလျှင် ကိုယ်တော်တပါးတည်းသာ သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍

၅၄၀

ဥရုဝေလ တောအုပ်ရှိရာအရပ်သို့ ခရီးဒေသစာရီ ကြွချီတော်မူခဲ့ရာ လမ်းခရီးအကြား၌ ကပ္ပါသိကမည်သော တောအုပ်အတွင်းသို့ ဝင်ပြီးလျှင် တခုသော သစ်ပင်ရင်း၌ နေထိုင် သီတင်းသုံးတော်မူ၏။

     ထိုအခါ (ရုပ်ရည်အဆင်း တင့်တယ်လှပ၍ စိတ်နေစိတ်ထား ကောင်းမြတ်ကြလျက် အသင်းလိုက် အဖွဲ့လိုက် လှည့်လည် ကျက်စား သွားလာ နေထိုင်တတ်ကြသောကြောင့်) ဘဒ္ဒဝဂ္ဂီအမည်ရှိသော မင်းသားနောင်ညီ သုံးကျိပ်တို့သည် မယားကိုယ်စီကိုယ်ငှ ပါရှိကြလျက် ထိုကပ္ပါသိကတောအုပ်၌ ပျော်မြူး နေထိုင်ကြဆဲ ဖြစ်ကုန်၏။ သူငယ်ချင်း မင်းသားတယောက်မှာ မယားမရှိသဖြင့် ပြည့်တန်းဆာမတယောက်ကို အခပေးကာ ခေါ်ဆောင်လာခဲ့ပေ၏။ ထိုအခါ ငှါးရမ်းလာသော ထိုပြည့်တန်းဆာမသည် ထိုမင်းသားများ သောက်စားမူးယစ် မေ့လျော့ကာ နေကြကုန်စဉ် ဥစ္စာပစ္စည်းများကို ခိုးယူကာ တိမ်းရှောင် ထွက်ပြေးလေ၏။

     ထိုအခါ ထိုသူငယ်ချင်း မင်းသားတို့သည် အဖော်သူငယ်ချင်း၏ အမှုတာဝန်ကို ဝိုင်းဝန်း ရွက်ဆောင်သောအားဖြင့် ထိုကပ္ပါသိက တောအုပ်အတွင်း၌ လှည့်လည်ကြ၍ ထိုမိန်းမပျောက်ကို လိုက်လံ ရှာဖွေကြသည်ရှိသော် တခုသော သစ်ပင်ရင်း၌ မြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူသည်ကို တွေ့မြင်ကြကုန်လျှင် မြတ်စွာဘုရားထံမှောက်သို့ သွားရောက် ချဉ်းကပ်ပြီးလျှင် (မြတ်စွာဘုရားကို ရှိမခိုးနိုင်သေးပဲ) “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် မိန်းမတယောက်ကို တွေ့မြင်လိုက်ပါသလား”ဟု လျှောက်ထား မေးမြန်းကြကုန်၏။ မြတ်စွာဘုရားက “မင်းသားတို့.. သင်တို့မှာ မိန်းမဖြင့် အဘယ်အလုပ် ရှိ၍နည်း”ဟု မေးမြန်းလေသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်တို့ သူငယ်ချင်း မင်းသားသုံးကျိပ်တို့သည် မယားကိုယ်စီကိုယ်ငှ ပါရှိကြလျက် ဤကပ္ပါသိကတောအုပ်၌ ပျော်မြူး နေထိုင်ကြဆဲ ဖြစ်ပါကုန်သည်၊ သူငယ်ချင်း မင်းသားတယောက်မှာ မယားမရှိသဖြင့် ပြည့်တန်းဆာမတယောက်ကို

၅၄၁

အခပေးကာ ခေါ်ဆောင်လာခဲ့ရာ ထိုပြည့်တန်းဆာမသည် တပည့်တော်များ သောက်စားမူးယစ် မေ့လျော့ကာ နေထိုင်ကြကုန်စဉ် ဥစ္စာပစ္စည်းများကို ခိုးယူကာ ထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။ သူငယ်ချင်းဖြစ်ကြသော တပည့်တော်များသည် အဖော်သူငယ်ချင်း၏ အမှုတာဝန်ကို ဝိုင်းဝန်းရွက်ဆောင်သောအားဖြင့် ထိုမိန်းမပျောက်ကို လိုက်လံရှာဖွေကာ ဤကပ္ပါသိကတောအုပ်၌ လှည့်လည်ကြပါကုန်၏”ဟု လျှောက်ထားကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားက “မင်းသားတို့.. သင်တို့အဖို့ရာ မိန်းမပျောက်ကို ရှာခြင်းနှင့် မိမိကိုယ်ကိုရှာခြင်း ဤနှစ်မျိုးတို့တွင် အဘယ်ရှာခြင်းက မြတ်သည်ဟု သဘောကျကြကုန်သနည်း”ဟု မေးမြန်းတော်မူလေလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်တို့အဖို့ရာ မိမိကိုယ်ကို ရှာခြင်းကသာ မြင့်မြတ်ပါသည်ဘုရား”ဟု လျှောက်ထားကြကုန်၏။ မင်းသားတို့.. သို့ဖြစ်လျှင် (ဒီလိုဆိုလျှင်) သင်တို့သည် ထိုင်ကြကုန်လော့၊ သင်တို့အား ငါဘုရားသည် တရားဟောပေအံ့”ဟု မြတ်စွာဘုရားက မိန့်ကြားတော်မူလတ်သော် “ကောင်းပါပြီ ရှင်တော်ဘုရား”ဟု လျှောက်ထားကြပြီးလျှင် ထိုဘဒ္ဒဝဂ္ဂီ သူငယ်ချင်းမင်းသား သုံးကျိပ်တို့သည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကြ၍ အပြစ်ခြောက်ပါးကင်းလွတ်ရာ သင့်လျောက်ပတ်သော နေရာ၌ ထိုင်နေကြကုန်၏။

     ထိုဘဒ္ဒဝဂ္ဂီ သူငယ်ချင်းမင်းသား သုံးကျိပ်တို့အား မြတ်စွာဘုရားသည် ရှေး၌ ဆိုအပ်ပြီးသော နည်းအတိုင်း မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါန ကထာ၊ (၂) သီလကထာ၊ (၃) သဂ္ဂကထာ၊ (၄) မဂ္ဂကထာ = ကာမာနံအာဒီနဝ + နေက္ခမ္မေ အာနိသံသကထာ ဒေသနာအစဉ်အတိုင်း ဟောကြားတော်မူ၍ ထိုမင်းသားသုံးကျိပ် ခံ့သောစိတ်ရှိကြ နူးညံ့သော စိတ်ရှိကြ ပိတ်ပင်ခြင်း နီဝရဏကင်းသော စိတ်ရှိကြ တက်ကြွဝမ်းမြောက်သော စိတ်ရှိကြ ကြည်လင်သော စိတ်ရှိကြသည်ကို

၅၄၂

သိတော်မူသောအခါ မြတ်စွာဘုရားသည် ထိုမင်းသား သုံးကျိပ်တို့အား သစ္စာလေးဝ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြားတော်မူလေလျှင် ထိုဘဒ္ဒဝဂ္ဂီ သူငယ်ချင်းမင်းသား သုံးကျိပ်တို့သည် အချို့ကား သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ အချို့ကား သကဒါဂါမိဖိုလ်၌ တည်ကြလေကုန်၏။ အချို့ကား အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။ (တယောက်မျှ ပုထုဇဉ်အဖြစ်ဖြင့် မကျန်ရှိခဲ့ချေ။)

     ထိုဘဒ္ဒဝဂ္ဂီ သူငယ်ချင်းမင်းသား သုံးကျိပ်တို့သည် အသီးသီး သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ်၌ တည်ကြပြီးလျှင် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်ကို ရကြပါရစေ၊ ရဟန်းအဖြစ်ကို ရကြပါရစေ”ဟု ရှင်-ရဟန်းအဖြစ်ကို တောင်းပန်ကြလေသော် မြတ်စွာဘုရားသည် ရှေးနည်းအတူပင် “ဧထ ဘိက္ခဝေါ- အစရှိသည်ဖြင့် = ရဟန်းတို့.. လာကြလော့၊ သင်ချစ်သားတို့ တောင်းပန်အပ်သော ရှင်-ရဟန်းအဖြစ်ကို ခံယူကြလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ၊ သင်ချစ်သားတို့သည် ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ အထက်မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် ရအောင် အားထုတ်ကြလော့”ဟု ရွှေလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက် ထိုဘဒ္ဒဝဂ္ဂီ သူငယ်ချင်း မင်းသား သုံးကျိပ်တို့သည် ဣဒ္ဓိမယပရိက္ခရာကို သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင်ပြီးသား ဖြစ်ကြလျက် အဝါ ၆ဝ-ရသော မထေရ်ကြီးများပမာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြလျက် ရဟန်းပြုပြီးသား ဖြစ်ကြလေတော့သည်။ အံ့ဩဖွယ်ရာ လူ့အသွင် ကွယ်ပျောက်၍ ရဟန်းအသွင်သို့ ကူးရောက်သွားကြလေတော့သည်။ ။(ဧထ ဘိက္ခဝေါ-ဟူ၍ မြတ်စွာဘုရားက ရွှေနှုတ်တော်မြွက်၍ ခေါ်တော်မူလိုက်ခြင်းသည်ပင် ထိုမင်းသား သုံးကျိပ်တို့အဖို့ရာ ဧဟိဘိက္ခု ရဟန်းခံခြင်းပင် ဖြစ်လေသည်။ သိမ်ဝင်ဖွယ်ရာကိစ္စ လုံးဝမရှိတော့ပြီ။)

၅၄၃

(ဤ၌၊ ၊ထိုမင်းသားသုံးကျိပ်တို့သည် ဆက္ကနိပါတ် တုဏ္ဍိလဇာတ်၌ သေသောက်ကြူး သုံးကျိပ်တို့ ဖြစ်ခဲ့ကြပြီ၊ ထိုအခါ ဘုရားအလောင်းတော် မဟာတုဏ္ဍိလ ဝက်မင်း၏ အဆုံးအမ ဩဝါဒတရားကို ကြားနာ၍ ငါးပါးသီလကို ကောင်းစွာ စောင့်ရှောက်ခဲ့ကြ၏။ ဤသို့ ငါးပါးသီလကို ကောင်းစွာ စောင့်ရှောက်ခဲ့ခြင်းသည် ထိုမင်းသား သုံးကျိပ်တို့၏ ယခုဘဝ၌ တပေါင်းတည်း တပြိုင်နက်တည်း သစ္စာလေးပါးတရားကို သိဖို့ရန် ရှေးကောင်းမှုဖြစ်သည်။ ထိုမင်းသား သုံးကျိပ်တို့မှာ ငါးပါးသီလကို တပေါင်းတည်း အညီအညွတ် စောင့်ရှောက်ခဲ့ခြင်းမှတပါး အသီးအသီး ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်၌ သူတော်ကောင်းတရားကို ကြားနာခြင်း, သရဏဂုံ ဆောက်တည်ခြင်း, အလှူပေးခြင်း, သီလထိန်းစောင့်ခြင်း, သမထဘာဝနာ ဝိပဿနာ ဘာဝနာတို့ကို ပွါးများ အားထုတ်ခြင်းအားဖြင့် များစွာသော ဝိဝဋ္ဋနိဿိတကုသိုလ်များလည်း ထင်ရှားရှိခဲ့၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားနှင့်တွေ့သော ထိုနေ့မှာပင် အောက်မဂ် အောက်ဖိုလ်ရခြင်း ဧဟိဘိက္ခု ရဟန်းဖြစ်ခြင်း-စသော ဂုဏ်ကျေးဇူးအထူးများ ပြည့်စုံခြင်း ဖြစ်လေသည်။

ထိုဘဒ္ဒဝဂ္ဂီမထေရ် သုံးကျိပ်တို့သည် ကောသလမင်းကြီးနှင့် ဖတူမိကွဲ ညီအစ်ကိုတော်စပ်သူ မင်းသားများ ဖြစ်ကြ၏၊ ထိုမထေရ်တို့သည် ကောသလတိုင်း အနောက်ပိုင်း ပါဝေယျပြည်၌ အနေများသောကြောင့် ပါဠိတော်များ၌ ထိုမထေရ်တို့၏အမည်မှာ “ပါဝေယျက” မထေရ်များဟူ၍ ထင်ရှားလေသည်။ ထိုမထေရ်တို့ကိုပင် အကြောင်းပြု၍ နောက်အခါ၌ ကထိန်သင်္ကန်းကို မြတ်စွာဘုရား ခွင့်ပြုတော်မူသည်။ ထိုပါဝေယျက ဘဒ္ဒဝဂ္ဂီ မထေရ်သုံးကျိပ်တို့သည် နောက်တချိန်၌ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ နေတော်မူစဉ် (သံ၊ ၁၊ ၃၉၄) အနမတဂ္ဂသံယုတ် ဒုတိယဝဂ်၊ ၃-တိံသမတ္တသုတ်လာ အနမတဂ္ဂ တရားဒေသနာကို ကြားနာကြရသဖြင့် အရဟတ္တဖိုလ်၌ တည်ကြကုန်၏။)

**********

အခဏ်း–၁၄

ရသေ့ညီနောင် ရှင်တထောင်တို့ကို ချေချွတ်တော်မူခြင်းအကြောင်း

     မြတ်စွာဘုရားသည် ဘဒ္ဒဝဂ္ဂီ မင်းသားသုံးကျိပ်တို့ကို အောက်မဂ် အောက်ဖိုလ် သုံးပါးတို့၌ တည်စေကာ ရဟန်းအဖြစ်ရောက်

၅၄၄

ချီးမြှောက် ချေချွတ်တော်မူပြီးသောအခါ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီတော်မူလတ်သော် ဥရုဝေလတောအုပ်သို့ ရောက်တော်မူ၏။

     ထိုအချိန်၌ ဥရုဝေလတောအုပ်ဝယ် (၁) ဥရုဝေလကဿပ (နောင်ကြီး)၊ (၂) နဒီကဿပ (ညီလတ်)၊ (၃) ဂယာကဿပ (ညီငယ်)ဟူသော ရသေ့ညီနောင် သုံးဦးတို့သည် နေထိုင်ဆဲ ရှိကြကုန်၏၊ ထိုသုံးဦးတို့တွင် ဥရုဝေလကဿပ ရသေ့သည် တပည့်ရသေ့ငါးရာတို့၏ ခေါင်းဆောင်ဦးစီး ဆရာကြီးဖြစ်၏။ နဒီကဿပ ရသေ့သည် တပည့်ရသေ့ သုံးရာတို့၏ ခေါင်းဆောင်ဦးစီး ဆရာကြီးဖြစ်၏၊ ဂယာကဿပ ရသေ့သည် တပည့်ရသေ့ပေါင်း နှစ်ရာတို့၏ ခေါင်းဆောင်ဦးစီး ဆရာကြီးဖြစ်၏။

     ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလ ကဿပ ရသေ့၏ သင်္ခမ်းကျောင်းသို့ ကြွရောက်တော်မူပြီးလျှင် ဥရုဝေလကဿပ ရသေ့ကို “အို ကဿပ.. သင့်အား အကယ်၍ ဝန်မလေးခဲ့ပါမူ သင်၏ မီးတင်းကုပ်၌ ယနေ့တညဉ့်မျှ ငါဘုရား သီတင်းသုံး နေထိုင်လိုပါသည်”ဟု ခွင့်ပန်စကား မိန့်ကြားတော်မူလေ၏။ ဥရုဝေလကဿပ ရသေ့ကလည်း “အို ရဟန်းကြီး.. ကျွန်ုပ်အတွက်တာ ဝန်လေးမှုမရှိပါ။ (အထူး ပြောကြားလိုသည်ကတော့) ဤမီးတင်းကုပ်၌ ကြမ်းတမ်းလှ၍ တန်ခိုးကြီးမားလျက် ထက်မြက်လျင်မြန် ပြင်းထန်သည့် အဆိပ်ရှိသော နဂါးမင်းရှိပါသည်၊ ထိုနဂါးမင်းသည် သင်ရဟန်းကြီးကို မညှဉ်းပန်း မနှိပ်စက်စေချင်ပါ”ဟူ၍ ပြန်ကြား ပြောဆိုလတ်သောအခါ မြတ်စွာဘုရားက နှစ်ကြိမ်မြောက် ခွင့်ပန်စကား ရှေးနည်း အတူ ပြောကြားသောအခါ, သုံးကြိမ်မြောက် ခွင့်ပန်စကား ရှေးနည်းအတူ ပြောကြားသောအခါတို့မှာလည်း ဥရုဝေလကဿပ ရသေ့သည် ရှေးနည်းအတူပင် မိမိအဖို့ရာ ဝန်မလေးကြောင်း၊ သို့ရာတွင် ထိုမီးတင်းကုပ်ထဲမှာ တန်ခိုးပြင်းထန် လျင်မြန်ထက်မြက်သည့် အဆိပ်ရှိသော နဂါးမင်းရှိ၍ ထိုနဂါးမင်းက မြတ်စွာဘုရားကို မညှဉ်းပန်း မနှိပ်စက်စေလိုကြောင်း (= ညှဉ်းပန်းနှိပ်စက်မည်ကို စိုးရိမ်ကြောင်း) ပြန်ကြား

၅၄၅

ပြောဆိုသဖြင့် စတုတ္ထအကြိမ်မြောက်၌ မြတ်စွာဘုရားက “အို ကဿပ.. ထိုနဂါးမင်းသည် ငါဘုရားကို ညှဉ်းပန်းနှိပ်စက်မှု ဧကန်ပင် မပြုနိုင်ပါ၊ ငါတိုက်တွန်းလိုသည်မှာ သင်ကသာ ငါဘုရားကို မီးတင်းကုပ်၌ နေထိုင်ရန်အမှု ခွင့်ပြုပါလော့”ဟု မိန့်ဆိုတော်မူသောအခါ ဥရုဝေလကဿပ ရသေ့သည် “အို ရဟန်းကြီး.. အလိုရှိတိုင်း ချမ်းသာစွာ နေထိုင်တော်မူပါလော့”ဟု ခွင့်ပြုစကား ပြန်ကြား ပြောဆိုလေ၏။

     ထိုသို့ ဥရုဝေလကဿပ ရသေ့က ခွင့်ပြုသောအခါ မြတ်စွာဘုရားသည် မီးတင်းကုပ်အတွင်းသို့ဝင်၍ မြက်ဖျာကလေးကိုခင်းကာ ကိုယ်ကို မတ်မတ်ထားလျက် ကမ္မဋ္ဌာန်းအာရုံသို့ရှေးရှု သတိကို ဖြစ်စေတော်မူ၍ ထက်ဝယ်ဖွဲ့ခွေ (= တင်ပလ္လင်ခွေ) ထိုင်နေတော်မူလေ၏။ နဂါးမင်းသည် မြတ်စွာဘုရားကိုယ်တော်မြတ် မီးတင်းကုပ်အတွင်း ဝင်လာသည်ကို မြင်လေလျှင် အလွန်ပင် စိတ်ဆိုးလှသဖြင့် (ဖွဲပြာအလား မြတ်စွာဘုရားကို မုန့်မုန့်ညက်ညက် ပျက်စီးရန် ရည်သန်၍) မြတ်စွာဘုရားရှိရာသို့ အခိုးတလူလူ လွှတ်လေ၏။

     ထိုအခါ မြတ်စွာဘုရားသည် “ငါကား ဤနဂါး၏ အရေထူ အရေပါး အသား အကြော အရိုး ရိုးတွင်းခြင်ဆီများကို မထိပါး မနာကျင်စေမူ၍ ချင်း၏တန်ခိုးကို ငါဘုရား၏တန်ခိုးဖြင့် အုပ်မိုး ဖိလွှမ်း ကုန်ခန်းစေရမူ ကောင်းလေစွာ့”ဟု အကြံတော်ပြုပြီးလျှင် ထိုနဂါးမင်း၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို မထိပါး မနာကျင်စေရန် တန်ခိုးတော်ကိုပြုဖန်၍ ထိုနဂါးမင်းလွှတ်သောအခိုးထက် သာလွန်ပြင်းထန်သော အခိုးကို လွှတ်တော်မူ၏။ နဂါးမင်းသည် မိမိအမျက်ကို မအောင့်အည်းနိုင်ရကား မီးတောက်မီးလျှံများကို လွှတ်ပြန်လေ၏။ မြတ်စွာဘုရားသည်လည်း တေဇောကသိဏဈာန် (= တေဇောကသိုဏ်းကို အာရုံပြုသော ဈာန်)ကို ဝင်စား၍ ထို့ထက်ကြီးမား ပြင်းထန်သော မီးတောက်မီးလျှံများကို

၅၄၆

လွှတ်တော်မူလေ၏။ ဘုရားနှင့် နဂါး နှစ်ဦးသားတို့၏ ကြီးမားသော မီးတောက်မီးလျှံများကြောင့် မီးတင်းကုပ်တခုလုံး မီးဟုန်းဟုန်းတောက်လုမတတ် ရှိလေ၏။

     ထိုအခါ ဥရုဝေလကဿပ ဆရာကြီး အမှူးရှိသော ရသေ့အပေါင်းတို့သည် မီးတင်းကုပ်ကို ချဉ်းကပ် ဝိုင်းအုံကြကုန်လျက် “အို အချင်းတို့.. အလွန်အမင်း အဆင်းလှပသော ရဟန်းကြီးကို နဂါးမင်းသည် ညှဉ်းပန်း နှိပ်စက်အပ်ပါပေတကား”ဟု စိုးရိမ်စကား ပြောကြားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့်လွန်မြောက် မိုးသောက်လတ်သောအခါ နဂါးမင်း၏ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို မထိပါး မနာကျင်စေမူ၍ ကိုယ်တော်မြတ်၏တန်ခိုးဖြင့် နဂါးမင်း၏တန်ခိုးကို အုပ်မိုးဖိလွှမ်း ကုန်ခန်းစေပြီးလျှင် နဂါးမင်းကို သပိတ်၌ထည့်ကာ “အို ကဿပ.. ဤကား သင်ပြောကြားသော နဂါးပေတည်း၊ ထိုနဂါး၏တန်ခိုးကို ငါဘုရား၏တန်ခိုးဖြင့် အုပ်မိုးဖိလွှမ်း ကုန်ခန်းစေအပ်ပြီ”ဟု ပြောဆိုမိန့်ကြားတော်မူကာ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား နဂါးကို ပြသတော်မူလေ၏။ ထိုအခါ ဥရုဂေလကဿပ ရသေ့ဆရာကြီးအား-

ရဟန်းကြီးသည် တန်ခိုးပြင်းထန် လျင်မြန်သော အဆိပ်ရှိသော နဂါးမင်း၏တန်ခိုးကို မိမိတန်ခိုးဖြင့် အုပ်မိုးဖိလွှမ်း ကုန်ခန်းစေနိုင်ရကား ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏။ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်လေ၏။

     ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် မြတ်စွာဘုရား၏ ဤပဌမအကြိမ် နဂါးမင်းကို ဆုံးမသော တန်ခိုးပြာဋိဟာဖြင့်ပင် အလွန် ကြည်ညိုလှရကား မြတ်စွာဘုရားကို “အို ရဟန်းကြီး.. ဤအရပ်၌ပင် နေထိုင် သီတင်းသုံးတော်မူပါ၊ အကျွန်ုပ်သည်

၅၄၇

သင်ရဟန်းကြီးအား အမြဲမပြတ် ဆွမ်းဝတ်ဖြင့် ဆက်ကပ်လုပ်ကျွေးပါမည်”ဟု ဖိတ်မန်စကား လျှောက်ထား ပြောကြားလေ၏။

ရှေးဦးစွာ တန်ခိုးပြာဋိဟာပြခဏ်း ပြီး၏။


     ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပ ရသေ့ဆရာကြီး၏ သင်္ခမ်းကျောင်းအနီး တခုသောတောအုပ်၌ နေထိုင်တော်မူ၏။ ထိုအခါ စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည် ညဉ့်ဦးယံလွန်မြောက် သန်းခေါင်ယံအချိန်သို့ ရောက်လတ်သော် အလွန်နှစ်လိုဖွယ်သော အဆင်းရှိကြကုန်လျက် တောအုပ်ကြီး တခုလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပစေကြ၍ မြတ်စွာဘုရားထံမှောက်သို့ လာရောက် ချဉ်းကပ်ကြကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကြပြီးလျှင် မီးပုံကြီးလေးပုံပမာ ထက်ဝန်းကျင် အရပ်လေးမျက်နှာ၌ ရပ်တည်ဆည်းကပ်လျက် နေကြကုန်၏။

     ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် ထိုညဉ့်လွန်မြောက် မိုးသောက်လတ်သောအခါ၌ မြတ်စွာဘုရား အထံတော်သို့ လာရောက်ပြီးလျှင် မြတ်စွာဘုရားကို “အို ရဟန်းကြီး.. ဆွမ်းစားချိန်တန်ပါပြီ၊ ဆွမ်းပြင်၍လည်း ပြီးပါပြီ၊ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါလော့။ အို ရဟန်းကြီး.. ယမန်နေ့ ညဉ့်ဦးယံလွန်မြောက် သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ အလွန် နှစ်လိုဖွယ်သော အဆင်းရှိကြကုန်လျက် တောအုပ်ကြီးတခုလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပစေကြ၍ သင်ရဟန်းကြီးထံမှောက်သို့ လာရောက်ချဉ်းကပ်ကြကာ သင်ရဟန်းကြီးကို ရိုသေမြတ်နိုး ရှိခိုးကြပြီးလျှင် မီးပုံကြီးလေးပုံပမာ ထက်ဝန်းကျင် အရပ်လေးမျက်နှာ၌ ရပ်တည်ဆည်းကပ်လာကြသော သူတို့ကား အဘယ်သူတို့ပါနည်း”ဟု မေးမြန်းလျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက “အို ကဿပ။. သင်မေးသော ထိုသူလေးဦးတို့ကား စတုမဟာရာဇ် နတ်မင်းကြီးလေးဦးတို့ ဖြစ်ကြသည်။ ငါဘုရားထံမှောက်သို့ တရားနာရန် လာရောက်ချဉ်းကပ်ကြခြင်း

၅၄၈

ဖြစ်သည်”ဟု ဥရုဝေလကဿပ ရသေ့ဆရာကြီးအား မိန့်ကြားတော်မူသောအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ဤရဟန်းကြီးထံသို့ စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သော်မှ တရားနာရန် ချဉ်းကပ် လာရောက်ကြရကုန်၏၊ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပ ရသေ့ဆရာကြီး၏ စိတ်အကြံအစည်ကို သိသော်လည်း (မရင့်ကျက်သေးသဖြင့်) အောင့်အည်းသည်းခံတော်မူလျက် ဥရုဝေလကဿပ ရသေ့ဆရာကြီး လှူဒါန်းသော ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုတောအုပ်အတွင်းမှာပင် နေထိုင် သီတင်းသုံးတော်မူလေ၏။

နှစ်ကြိမ်မြောက် တန်ခိုးပြာဋိဟာပြခဏ်း ပြီး၏။


     ထိုအခါ နတ်တို့သနင်း သိကြားမင်းသည် ညဉ့်ဦးယံလွန်မြောက် သန်းခေါင်ယံအချိန်သို့ ရောက်လတ်သော် အလွန် နှစ်လိုဖွယ်သော အဆင်းရှိလျက် တောအုပ်ကြီးတခုလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပစေ၍ မြတ်စွာဘုရား၏ ထံမှောက်သို့ လာရောက်ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ရှေးဖြစ်သော စတုမဟာရာဇ် နတ်မင်းကြီးတို့၏ အရောင်အဆင်းများထက် သာလွန်၍ နှစ်သက်ဖွယ်ရှိသည့်ပြင် အထူးပင် မွန်မြတ်လှသည်ဖြစ်၍ ကြီးမားတောက်ပစွာသော မီးတောက်မီးပုံကြီးပမာ သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည် ဆည်းကပ်နေလေ၏။

     ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် ထိုညဉ့်လွန်မြောက် မိုးသောက်လတ်သောအခါ၌ မြတ်စွာဘုရား အထံတော်သို့

၅၄၉

လာရောက်ပြီးလျှင် မြတ်စွာဘုရားကို “အို ရဟန်းကြီး.. ဆွမ်းစားချိန်တန်ပါပြီ၊ ဆွမ်းပြင်၍လည်း ပြီးပါပြီ၊ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါလော့။ အို ရဟန်းကြီး.. ယမန်နေ့ ညဉ့်ဦးယံလွန်မြောက် သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ အလွန် နှစ်လိုဖွယ်သော အဆင်းရှိလျက် တောအုပ်ကြီးတခုလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပစေ၍ သင်ရဟန်းကြီးထံမှောက်သို့ လာရောက် ချဉ်းကပ်ကာ သင်ရဟန်းကြီးကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ရှေးဖြစ်သော စတုမဟာရာဇ် နတ်မင်းကြီးတို့၏ အရောင်အဆင်းများထက် သာလွန်၍ နှစ်သက်ဖွယ်ရှိသည့်ပြင် အထူးပင်မွန်မြတ်လှသည်ဖြစ်၍ ကြီးမားတောက်ပစွာသော မီးတောက်မီးပုံကြီးပမာ သင့်လျောက်ပတ်ရာ အရပ်၌ ရပ်တည် ဆည်းကပ်လာသောသူကား အဘယ်သူနည်း”ဟု မေးမြန်း လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက “အို ကဿပ.. သင်မေးသော ထိုသူကား နတ်တို့သနင်း သိကြားမင်းဖြစ်ပေသည်၊ ငါဘုရားထံမှောက်သို့ တရားနာရန် လာရောက်ဆည်းကပ်ခြင်း ဖြစ်ပေသည်”ဟု ဥရုဝေလကဿပ ရသေ့ဆရာကြီးအား မိန့်ကြားတော်မူသောအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ဤရဟန်းကြီးထံသို့ နတ်တို့သနင်း သိကြားမင်းသော်မှ တရားနာရန် ချဉ်းကပ် လာရောက်ရပေ၏၊ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုတော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပ ရသေ့ဆရာကြီး၏ စိတ်အကြံအစည်ကို သိသော်လည်း (ထိုရသေ့ဆရာကြီး၏ ဣန္ဒြေ မရင့်ကျက်သေးသဖြင့်) ဣန္ဒြေရင့်ကျက်မည့်အချိန်ကိုသာ စောင့်မြှော်အောင့်အည်း သည်းခံတော်မူလျက် ဥရုဝေလကဿပ ရသေ့ဆရာကြီး လှူဒါန်းသော

၅၅၀

ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုတောအုပ်အတွင်းမှာပင် နေထိုင် သီတင်းသုံးတော်မူလေ၏။

သုံးကြိမ်မြောက် တန်ခိုးပြာဋိဟာပြခဏ်း ပြီး၏။


     ထိုအခါ သဟမ္ပတိ ဗြဟ္မာမင်းသည် ညဉ့်ဦးယံလွန်မြောက် သန်းခေါင်ယံအချိန်သို့ရောက်လတ်သော် အလွန်နှစ်လိုဖွယ်သောအဆင်းရှိလျက် တောအုပ်ကြီးတခုလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပစေ၍ မြတ်စွာဘုရား၏ ထံမှောက်သို့ လာရောက်ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ရှေးဖြစ်သော စတုမဟာရာဇ် နတ်မင်းကြီးလေးဦးနှင့် သိကြားမင်းတို့၏ အရောင်အဆင်းများထက် သာလွန်၍ နှစ်သက်ဖွယ်ရှိသည့်ပြင် အထူးပင် မွန်မြတ်လှသည်ဖြစ်၍ ကြီးမားတောက်ပစွာသော မီးတောက်မီးပုံကြီးပမာ သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည် ဆည်းကပ်နေလေ၏။

     ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် ထိုညဉ့်လွန်မြောက် မိုးသောက်လတ်သောအခါ၌ မြတ်စွာဘုရား အထံတော်သို့ လာရောက်ပြီးလျှင် မြတ်စွာဘုရားကို “အို ရဟန်းကြီး.. ဆွမ်းစားချိန်တန်ပါပြီ၊ ဆွမ်းပြင်၍လည်း ပြီးပါပြီ၊ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါလော့။ အို ရဟန်းကြီး.. ယမန်နေ့ ညဉ့်ဦးယံလွန်မြောက် သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ အလွန် နှစ်လိုဖွယ်သော အဆင်းရှိလျက် တောအုပ်ကြီးတခုလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပစေ၍ သင်ရဟန်းကြီးထံမှောက်သို့ လာရောက်ချဉ်းကပ်ကာ သင်ရဟန်းကြီးကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ရှေးဖြစ်သော စတုမဟာရာဇ် နတ်မင်းကြီးလေးဦးနှင့် သိကြားမင်းတို့၏ အရောင်အဆင်းများထက် သာလွန်၍ နှစ်သက်ဖွယ်ရှိသည့်ပြင် အထူးပင် မွန်မြတ်လှသည်ဖြစ်၍ ကြီးမားတောက်ပစွာသော မီးတောက်မီးပုံကြီးပမာ သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည် ဆည်းကပ်လာသောသူကား အဘယ်သူနည်း”ဟု မေးမြန်း လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက

၅၅၁

“အို ကဿပ.. သင်မေးသော ထိုသူကား သဟမ္ပတိဗြဟ္မာမင်း ဖြစ်ပေသည်၊ ငါဘုရားထံမှောက်သို့ တရားနာရန် လာရောက်ဆည်းကပ်ခြင်း ဖြစ်ပေသည်”ဟု ဥရုဝေလကဿပ ရသေ့ဆရာကြီးအား မိန့်ကြားတော်မူသောအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ဤရဟန်းကြီးထံသို့ သဟမ္ပတိ ဗြဟ္မာမင်းသော်မှ တရားနာရန် ချဉ်းကပ်လာရောက်ရပေ၏၊ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏။ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်ပြန်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပ ရသေ့ကြီး၏ စိတ်အကြံအစည်ကို သိတော်မူပါသော်လည်း (ထိုရသေ့ဆရာကြီး၏ ဣန္ဒြေ မရင့်ကျက်သေးသဖြင့်) ဣန္ဒြေရင့်ကျက်မည့် အချိန်ကိုသာ စောင့်မြှော်အောင့်အည်း သည်းခံတော်မူလျက် ဥရုဝေလကဿပ ရသေ့ဆရာကြီး လှူဒါန်းသော ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုတောအုပ်အတွင်းမှာပင် နေထိုင် သီတင်းသုံးတော်မူလေ၏။

လေးကြိမ်မြောက် တန်ခိုးပြာဋိဟာပြခဏ်း ပြီး၏။


     ဤသို့သောနည်းဖြင့် မြတ်စွာဘုရားသခင် ဥရုဝေလတောအုပ်၌ သီတင်းသုံး နေထိုင်တော်မူသောအခါ အင်္ဂတိုင်းသူတိုင်းသား မဂဓတိုင်းသူတိုင်းသား လူများအပေါင်းသည် လစဉ် လစဉ် ကြီးစွာသော အလှူပွဲကြီးသဘင် ဆင်ယင်ကျင်းပကာ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား ပူဇော်လှူဒါန်းမြဲဖြစ်၍ ထိုပူဇော် လှူဒါန်းသည့် ပွဲကြီးသဘင်ရက် ရောက်လတ်၍ အလျင်တရက်ကပင် ကြိုတင်ပြီးလျှင် ဆွမ်းခဲဖွယ် ဘောဇဉ်ပွဲများကို ပြုပြင်စီရင်ရန် (နံနက်မိုးသောက်လျှင် ဥရုဝေလကဿပ ရသေ့ဆရာကြီးထံသို့)

၅၅၂

သွားရောက်ပူဇော်ကြရန် စီမံစိုင်းပြင်းလျက် ရှိလေ၏။ ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

“ယခုအခါ ငါ့အတွက် ပူဇော်ပွဲကြီးကား ဖြစ်လုဆဲ စီမံနေဆဲရှိ၏၊ (နံနက်မိုးသောက် ရောက်လတ်သောအခါ) အင်္ဂတိုင်းသူတိုင်းသား မဂဓတိုင်းသူတိုင်းသား လူများအားလုံးသည် များစွာသော ခဲဖွယ်ဘောဇဉ်ပွဲများကို ယူဆောင်ကြကာ ငါ၏သင်္ခမ်းကျောင်းသို့ လာကြပေလိမ့်မည်။ ထိုလူများ ရောက်လာညီမူကြသောအခါ ရဟန်းကြီးသည် (တန်ခိုးအာနုဘော် ကြီးမားသူ ဖြစ်သည့်အလျောက်) ထိုလူများ၏ အလယ်တွင် ကြီးကျယ်သော တန်ခိုးပြာဋိဟာကို ပြသခဲ့ပါလျှင် (လူအများက ရဟန်းကြီးအား လွန်စွာ ကြည်ညိုကြပေလိမ့်မည်၊ ထိုအခါ) ရဟန်းကြီးအား လာဘ်ပူဇော်သက္ကာရများ တနေ့တခြား တိုးပွါးပေတော့မည်။ ငါ့အတွက်ကား (ကြည်ညိုသဒ္ဓါတရား နည်းပါးသွားကြမည်ဖြစ်၍) လာဘ်ပူဇော်သက္ကာရများ တနေ့တခြား လျော့ပါး ဆုတ်ယုတ်၍ သွားပေလိမ့်မည်။ သို့ရကား ရဟန်းကြီးသည် အလိုက်သိစွာ နက်ဖြန်ခါ ဆွမ်းအတွက် ငါ့သင်္ခမ်းကျောင်းသို့ မလာရောက်ပါမူ ကောင်းလေစွာ့”

ဟူ၍ အကြံအစည်ဖြစ်လေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပ၏ စိတ်အကြံကို ကိုယ်တော်မြတ်၏ စေတောပရိယ အဘိညာဏ်စိတ်ဖြင့် ပိုင်းခြားထင်ထင် သိမြင်တော်မူ၍ ဥတ္တရကုရု မြောက်ကျွန်းသို့ ကြွတော်မူ၍ ထိုမြောက်ကျွန်းမှဆွမ်းကို ခံယူတော်မူပြီးလျှင် ဟိမဝန္တာ အနောတတ်အိုင်အနီး၌ ဆွမ်းဘုဉ်းပေးတော်မူ၍ ထိုအိုင်၏အနီး စန္ဒကူးတောအတွင်း၌ နေ့သန့် နေထိုင်တော်မူလေ၏။

၅၅၃

(မဟာဝံသကျမ်း အဆိုအားဖြင့်၊ ၊ညနေချမ်းအချိန်သို့ရောက်လျှင် နောင်သောအခါ သာသနာတော်၏ ထွန်းလင်းတောက်ပရာ ဖြစ်မည်ကို သိတော်မူ၍ လင်္ကာဒီပခေါ်ဆို သီဟိုဠ်ကျွန်းသို့ ကိုယ်တော်တပါးတည်း ကြွသွားတော်မူကာ နတ်ဘီလူးတို့ကို နှိပ်နင်း ဆုံးမတော်မူပြီးလျှင် သုမနနတ်မင်းအား အစဉ်သဖြင့် ကိုးကွယ်ပူဇော်ရစ်ရန် ဆံတော်ဓာတ် တလက်ဆုပ်မျှ ပေးအပ် ချီးမြှောက်တော်မူခဲ့လေသည်။)

     ထို့နောင်မှ နောက်တနေ့ နေအရုဏ်မတက်မီပင် ဥရုဝေလတောအုပ်သို့ ပြန်လည် ကြွရောက်တော်မူကာ သီတင်းသုံး နေထိုင်မြဲ နေထိုင်တော်မူလေ၏။

     နောက်တနေ့နံနက် ဆွမ်းစားချိန်သို့ ရောက်သောအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ချဉ်းကပ်ပြီးလျှင် “အို ရဟန်းကြီး.. ဆွမ်းစားချိန်တန်ပါပြီ၊ ဆွမ်းပြင်၍လည်း ပြီးပါပြီ၊ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါလော့။ အို ရဟန်းကြီး.. ယမန်နေ့က အဘယ့်ကြောင့် မလာသနည်း၊ အကျွန်ုပ်တို့မှာ သင်ရဟန်းကြီးကို 'အဘယ့်ကြောင့် ရဟန်းကြီး မလာပါလိမ့်နည်း'ဟု အမှတ်တရရ ရှိနေကြပါ၏၊ သင်ရဟန်းကြီးအတွက် ဆွမ်းခဲဖွယ်ဘောဇဉ်များကို ချန်ထားကြပါ၏”ဟူ၍ လောကွတ်ပျူငှာစကား ပြောကြားလေ၏။ ထိုအခါ မြတ်စွာဘုရားက-

အို ကဿပ.. ယမန်နေ့က သင်၏စိတ်အစဉ်မှာ “ယခုအခါ ငါ့အတွက် ပူဇော်ပွဲကြီးကား ဖြစ်လုဆဲ စီမံနေဆဲရှိ၏။ (နက်ဖြန်မိုးသောက် ရောက်လတ်သောအခါ) အင်္ဂတိုင်းသူတိုင်းသား, မဂဓတိုင်းသူတိုင်းသား လူများအားလုံးသည် များစွာသော ခဲဖွယ်ဘောဇဉ်ပွဲများကို ယူဆောင်ကြကာ ငါ၏သင်္ခမ်းကျောင်းသို့ လာကြပေလိမ့်မည်၊ ထိုလူများ ရောက်လာညီမူကြသောအခါ ရဟန်းကြီးသည် (တန်ခိုး အာနုဘော်ကြီးမားသူ ဖြစ်သည့်အလျောက်) ထိုလူများ၏အလယ်တွင် ကြီးကျယ်သော တန်ခိုးပြာဋိဟာကို ပြသခဲ့ပါလျှင်

၅၅၄

(လူအများက ရဟန်းကြီးအား များစွာ ကြည်ညိုကြပေလိမ့်မည်၊ ထိုအခါ) ရဟန်းကြီးအား လာဘ်ပူဇော်သက္ကာရများ တနေ့တခြား တိုးပွးပေတော့မည်၊ ငါ့အတွက်ကား (ကြည်ညိုသဒ္ဓါတရား နည်းပါးသွားကြမည်ဖြစ်၍) လာဘ်ပူဇော်သက္ကာရများ တနေ့တခြား လျော့ပါးဆုတ်ယုတ်၍ သွားပေလိမ့်မည်။ သို့ရကား ရဟန်းကြီးသည် (အလိုက်သိစွာ) နက်ဖြန်ခါ ဆွမ်းအတွက် ငါhသင်္ခမ်းကျောင်းသို့ မလာရောက်ပါမူ ကောင်းလေစွာ့”ဟု စိတ်အကြံအစည် ဖြစ်ခဲ့သည် မဟုတ်လော။

အို ကဿပ.. ငါဘုရားသည် သင်၏စိတ်အကြံကို ငါဘုရား၏ စေတောပရိယ အဘိညာဏ်စိတ်ဖြင့် ပိုင်းခြားထင်ထင် အမှန်အတိုင်းသိမြင်၍ ယမန်နေ့နံနက်က ဥတ္တရကုရု မြောက်ကျွန်းသို့ သွားရောက်၍ ထိုမြောက်ကျွန်းမှ ဆွမ်းကို ခံယူခဲ့ပြီးလျှင် ဟိမဝန္တာ အနောတတ်အိုင်အနီး၌ ဆွမ်းဘုဉ်းပေး၍ ထိုအိုင်၏အနီး စန္ဒကူးတောအတွင်း၌ နေ့သန့် နေထိုင်ခဲ့လေသည်-

ဟူ၍ မိန့်ကြားတော်မူသောအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ရဟန်းကြီးသည် မိမိ၏စိတ်ဖြင့် ငါ၏စိတ်အကြံကို သိမြင်နိုင်ပေ၏၊ သို့ရကား ရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်ပြန်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပ ရသေ့ဆရာကြီး၏ စိတ်အကြံအစည်ကို သိတော်မူပါသော်လည်း ရှေးနည်းအတူ ဣန္ဒြေရင့်ကျက်မည့်အချိန်ကို စောင့်မျှော်တော်မူလျက် ဥရုဝေလကဿပ ရသေ့ဆရာကြီး

၅၅၅

လှူဒါန်းသောဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ထိုတောအုပ်အတွင်းမှာပင် သီတင်းသုံး နေထိုင်တော်မူလေ၏။

ငါးကြိမ်မြောက် တန်ခိုးပြာဋိဟာပြခဏ်း ပြီး၏။


     ထို့နောက် တနေ့သ၌ မြတ်စွာဘုရားသည် သေနနိဂုံးသူ ပုဏ္ဏာ (= ပြည့်ဝ)အမည်ရှိသော သူဌေးကျွန်မ ကွယ်လွန်အနိစ္စရောက်ရှိရာ ပိုက်ဆံလျှော်မျှင်ဖြင့် ရက်လုပ်အပ်သော အဝတ်အထည်ဖြင့်ထုပ်လျက် သုသာန်၌ စွန့်ပစ်ထားသော ဥတုဇရုပ်အလောင်းမှ တတုမ္ဗ (= တပြည်သား)ခန့်ရှိသော ပိုးလောက်များကို အသာအယာ ဖယ်ရှားလျက် ထိုပိုက်ဆံလျှော်မျှင်အဝတ်ကို ပံသုကူသင်္ကန်းအဖြစ် ကောက်ယူတော်မူလေ၏။

     ထိုအခါ မဟာပထဝီ ဤမြေကြီးသည် ကောင်းချီးပေးသောအနေဖြင့် မြည်ဟီးလျက် ပြင်းစွာတုန်လှုပ်၏၊ ကောင်းကင်အလုံးသည်လည်း ထစ်ချုန်းမြည်ဟီးလေ၏၊ နတ်ဗြဟ္မာအပေါင်းသည်လည်း ကောင်းချီးနုမော် သာဓုခေါ်ကြလေ၏။ မြတ်စွာဘုရားသည် ထိုပံသုကူအဝတ်ကို ကောက်ယူခဲ့ပြီးလျှင် ဥရုဝေလတောအုပ်အတွင်း နေတော်မူရင်းဌာနသို့ ပြန်ကြွတော်မူခဲ့၍ “ဤပံသုကူအဝတ်ကို ငါဘုရားသည် အဘယ်အရပ်၌ ဖွပ်လျှော်ရပါမည်နည်း”ဟု ကြံစည်တော်မူလတ်သည်တွင် သိကြားမင်းသည် မြတ်စွာဘုရား၏ စိတ်အကြံတော်ကို မိမိစိတ်ဖြင့် သိရှိကာ မိမိလက်ဖြင့် မြေကြီးကို သုံးသပ်ကာမျှမှာပင် လေးထောင့်ရေကန်ကို (သိကြားအာနုဘော်ဖြင့်) ဖြစ်စေ၍ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား .. ရှင်တော်ဘုရားသည် ဤရေကန့်၌ ပံသုကူအဝတ်ကို ဖွပ်လျှော်တော်မူပါလော့”ဟူ၍ လျှောက်ထား ပြောဆိုလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် သိကြားမင်းဖန်ဆင်းသော ရေကန်အတွင်း၌ ပံသုကူအဝတ်ကို ဖွပ်လျှော်တော်မူလေ၏။ ထိုအခါလည်း မဟာပထဝီ ဤမြေတုန်လှုပ်ခြင်း, ကောင်းကင်အလုံး

၅၅၆

ထစ်ချုန်းခြင်း, နတ်ဗြဟ္မာအပေါင်းတို့ ကောင်းချီးနုမော် သာဓုခေါ်ခြင်းတို့ ဖြစ်မြဲဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ပံသုကူအဝတ်ကို ဖွပ်လျှော်တော်မူပြီးလျှင် “ငါသည် ဤပံသုကူအဝတ်ကို အဘယ်နေရာ၌ နယ်ရပါမည်နည်း”ဟု ကြံစည်တော်မူပြန်လျှင် သိကြားမင်းသည် ဘုရားရှင်၏ စိတ်အကြံတော်ကို မိမိစိတ်ဖြင့် သိရှိကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤကျောက်ဖျာ၌ ပံသုကူအဝတ်ကို နယ်တော်မူပါဘုရား”ဟု လျှောက်ထား၍ မိမိ၏တန်ခိုးဖြင့် ကျောက်ဖျာကြီးကို ဖန်ဆင်းကာ ရေကန်အနီး၌ ချထားလေ၏။

     မြတ်စွာဘုရားသည် သိကြားဖန်ဆင်းသော ကျောက်ဖျာ၌ ပံသုကူအဝတ်ကို နယ်ပြီးပြန်လျှင် “ငါသည် ဤပံသုကူအဝတ်ကို အဘယ်အရပ်၌ ချိတ်ဆွဲကာ တန်းရ လှန်းရပါမည်နည်း”ဟု ကြံစည်တော်မူလတ်သည်တွင် ထိုသင်္ခမ်းကျောင်းအနီး ရေခံတက်ပင်စောင့် နတ်မင်းသည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိရှိကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ဤရေခံတက်ပင်၌ ပံသုကူအဝတ်ကို ချိတ်ဆွဲကာ တန်းလှန်းတော်မူပါဘုရား”ဟု လျှောက်ထား၍ ရေခံတက်အကိုင်းကို ညွတ်ကိုင်းစေလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ရေခံတက်ကိုင်း၌ ပံသုကူအဝတ်ကို တန်းလှန်းတော်မူပြီးလျှင် “ငါသည် ဤပံသုကူအဝတ်ကို အဘယ်အရပ်၌ ပြန့်အောင် ဖြန့်ရပါမည်နည်း”ဟု ကြံစည်တော်မူလတ်သည်တွင် သိကြားမင်းသည် မြတ်စွာဘုရား၏ စိတ်အကြံတော်ကို မိမိ၏စိတ်ဖြင့် သိရှိကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ဤကျောက်ဖျာပေါ်၌ ပံသုကူအဝတ်ကို ပြေပြန့်အောင် ဖြေဖြန့်တော်မူပါဘုရား”ဟု လျှောက်ထား၍ ကြီးစွာသော ကျောက်ဖျာကို ချထားပြန်လေ၏။

     နောက်တနေ့ နံနက်မိုးသောက် ရောက်သောအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်ပြီးလျှင် “အိုရဟန်းကြီး.. ဆွမ်းစားချိန် တန်ပါပြီ၊

၅၅၇

ဆွမ်းပြင်၍လည်း ပြီးပါပြီ၊ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါလော့။ ဘယ့်နှယ်လဲ ရဟန်းကြီး.. ရှေးတုန်းက ဤနေရာ၌ ဤလေးထောင့်ရေကန် မရှိခဲ့ပါ။ ယခုမူကား ဤနေရာ၌ ဤရေကန် ရှိ၍နေပါပကော။ ဤကျောက်ဖျာကြီး နှစ်ချပ်တို့ကို ရှေးတုန်းက (ကျွန်ုပ်တို့) မချထားအပ်ကုန်၊ ဤကျောက်ဖျာကြီး နှစ်ချပ် ကို အဘယ်သူလာ၍ ချထားအပ်ကုန်သနည်း။ ရှေးတုန်းက ဤရေခံတက်ကိုင်းသည် မညွတ်ကိုင်းပါပဲလျက် ထိုရေခံတက်ကိုင်းသည် ယခုအခါ အဘယ့်ကြောင့် ညွတ်ကိုင်း၍ နေပါသနည်း”ဟု လျှောက်ထား မေးမြန်းလေ၏။

     ထိုအခါ မြတ်စွာဘုရားက ပံသုကူသင်္ကန်းကို ကောက်ယူတော်မူသည်မှစ၍ အလုံးစုံသော ဖြစ်ရပ်များကို အစဉ်အတိုင်း မိန့်ကြားတော်မူလေလျှင် ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

နတ်တို့သနင်း သိကြားမင်းသော်မှ ဤရဟန်းကြီး၏ ဝေယျာဝစ္စ အဝဝကို လာရောက်ပြုစုရချေပြီ၊ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်ပြန်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပ ရသေ့ဆရာကြီး၏ စိတ်အကြံအစည်ကို သိတော်မူပါသော်လည်း ရှေးနည်းအတူ ဣန္ဒြေရင့်ကျက်မည့်အချိန်ကို စောင့်မျှော်တော်မူလျက် ဥရုဝေလကဿပ ရသေ့ဆရာကြီး လှူဒါန်းသောဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ထိုတောအုပ် အတွင်းမှာပင် သီတင်းသုံး နေထိုင်တော်မူ၏။

ခြောက်ကြိမ်မြောက် တန်ခိုးပြာဋိဟာပြခဏ်း ပြီး၏။

ခုနစ်ကြိမ်မြောက် တန်ခိုးပြာဋိဟာ

     နောက်တနေ့မိုးသောက် ရောက်သောအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် မြတ်စွာဘုရား ထံတော်မှောက်သို့

၅၅၈

လာရောက်ပြီးလျှင် “အို ရဟန်းကြီး.. ဆွမ်းစားချိန် တန်ပါပြီ၊ ဆွမ်းပြင်၍လည်း ပြီးပါပြီ၊ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါလော့”ဟူ၍ ဆွမ်းစား ပင့်လျှောက်လေသော် မြတ်စွာဘုရားသည် “အို ကဿပ.. သင်သည် သွားနှင့်လော့၊ ငါဘုရား နောက်က လိုက်လာခဲ့မည်”ဟု မိန့်ကြား၍ ဥရုဝေလကဿပ ရသေ့ဆရာကြီးကို လွှတ်လိုက်ပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းဦးသပြေပင်သို့ ကြွသွား၍ ဇမ္ဗုသပြေသီးကို ယူဆောင်ကာ ဥရုဝေလကဿပ ရသေ့ဆရာကြီး၏ အလျင်လက်ဦး လာနှင့်၍ ဥရုဝေလကဿပ၏ မီးတင်းကုပ်၌ ထိုင်နေတော်မူနှင့်၏။

     ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် မိမိ၏နောက်မှလာ၍ မိမိ၏အလျင်လက်ဦး မီးတင်းကုပ်၌ လာနှင့်၍ ထိုင်နေလင့်သော မြတ်စွာဘုရားကို မြင်လေလျှင် “အို ရဟန်းကြီး.. ကျွန်ုပ်သည် သင်ရဟန်းကြီး၏ အလျင်လက်ဦး လာနှင့်ပါလျက် ကျွန်ုပ်၏နောက်မှလာသာ သင်က ကျွန်ုပ်၏ အလျင်လက်ဦး ရောက်နှင့်၍ မီးတင်းကုပ်၌ ထိုင်နေ၏၊ သင်ရဟန်းကြီးသည် အဘယ်လမ်းခရီးဖြင့် လာခဲ့ပါသနည်း”ဟု မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက “အို ကဿပ.. ငါသည် သင့်ကို သွားနှင့်လော့ဟု လွှတ်လိုက်ပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းဦးသပြေပင်သို့ သွားရောက်၍ ဇမ္ဗုသပြေသီးကို ယူဆောင်ကာ သင်၏အလျင်လက်ဦး လာနှင့်၍ မီးတင်းကုပ်၌ ငါထိုင်နေနှင့်၏။ အို ကဿပ.. ဤဇမ္ဗုသပြေသီးသည် အဆင်း အနံ့ အရသာနှင့် ပြည့်စုံလှ၏၊ သင်စားလိုမူ စားလော့”ဟု မိန့်ကြားတော်မူလတ်သော် ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် “အို ရဟန်းကြီး.. တော်ပါပြီ၊ သင်ရဟန်းကြီးသာလျှင် ထိုဇမ္ဗုသပြေသီး ကို ထိုက်တန်သူ ဖြစ်ပါသည်။ သင်ရဟန်းကြီးသာလျှင် ထိုဇမ္ဗုသပြေသီးကို စားသုံးပါလော့”ဟု မြတ်စွာဘုရားအား လျှောက်ထားပြီးလျှင် ထိုဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ဤရဟန်းကြီးသည် ငါ့ကို ရှေးဦးစွာ သွားနှင့်ရန် လွှတ်လိုက်ပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းဦး သပြေပင်သို့သွား၍

၅၅၉

ဇမ္ဗုသပြေသီးကို ယူဆောင်ကာ ငါ၏အလျင်လက်ဦး လာနှင့်၍ မီးတင်းကုပ်၌ ထိုင်နေလင့်၏။ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်ပြန်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပ ရသေ့ဆရာကြီး၏ စိတ်အကြံအစည်ကို သိတော်မူပါသော်လည်း ရှေးနည်းအတူ ဣန္ဒြေရင့်ကျက်မည့်အချိန်ကို စောင့်မျှော်တော်မူလျက် ဥရုဝေလကဿပ ရသေ့ဆရာကြီး လှူဒါန်းသောဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ထိုတောအုပ်အတွင်းမှာပင် သီတင်းသုံး နေထိုင်တော်မူ၏။

ရှစ်ကြိမ်, ကိုးကြိမ်, ဆယ်ကြိမ်, ဆယ့်တကြိမ်မြောက်

တန်ခိုးပြာဋိဟာ

     နောက်တနေ့မိုးသောက် ရောက်သောအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်ပြီးလျှင် “အို ရဟန်းကြီး.. ဆွမ်းစားချိန်တန်ပြီ၊ ဆွမ်းပြင်၍လည်း ပြီးပါပြီး ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါလော့”ဟူ၍ ဆွမ်းစားပင့်လျှောက်လေသော် မြတ်စွာဘုရားသည် “အို ကဿပ.. သင်သည် သွားနှင့်လော့၊ ငါဘုရား နောက်က လိုက်လာခဲ့မည်”ဟု မိန့်ကြား၍ ဥရုဝေလကဿပ ရသေ့ဆရာကြီးကို လွှတ်လိုက်ပြီးလျှင်-

(က) ဇမ္ဗူဒိပ်ကျွန်းဦး သပြေပင်၏အနီးရှိ သရက်ပင်သို့ ကြွသွား၍ သရက်သီးကို ယူဆောင်ကာ (ပေယျာလ)၊

(ခ) ဇမ္ဗူဒိပ်ကျွန်းဦး သပြေပင်၏အနီးရှိ ရှိရှားပင်သို့ ကြွသွား၍ ရှိရှားသီးကို ယူဆောင်ကာ (ပေယျာလ)၊

၅၆၀

(ဂ) ဇမ္ဗူဒိပ်ကျွန်းဦး သပြေပင်၏အနီးရှိ ဖန်ခါးပင်သို့ ကြွသွား၍ ဖန်ခါးသီးကို ယူဆောင်ကာ (ပေယျာလ)၊

(ဃ) တာဝတိံသာနတ်ပြည်သို့ ကြွသွား၍ ပင်လယ်ကသစ်ပွင့်ကို ယူဆောင်ကာ ဥရုဝေလကဿပ ရသေ့ဆရာကြီး၏ အလျင်လက်ဦး လာနှင့်၍ ဥရုဝေလကဿပ၏ မီးတင်းကုပ်၌ ထိုင်နေတော်မူနှင့်၏။

     ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် မိမိ၏နောက်မှလာ၍ မိမိ၏အလျင်လက်ဦး မီးတင်းကုပ်၌ လာနှင့်ရောက်နှင့်၍ ထိုင်နေလင့်သော မြတ်စွာဘုရားကို မြင်လေလျှင် “အို ရဟန်းကြီး.. ကျွန်ုပ်သည် သင်ရဟန်းကြီး၏ အလျင်လက်ဦး လာနှင့်ပါလျက် ကျွန်ုပ်၏နောက်မှလာသော သင်ရဟန်းကြီးက ကျွန်ုပ်၏အလျင် လက်ဦး ရောက်နှင့်၍ မီးတင်းကုပ်၌ ထိုင်နေ၏။ သင်ရဟန်းကြီးသည် အဘယ်လမ်းခရီးဖြင့် လာခဲ့ပါ သနည်း”ဟု မြတ်စွာဘုရားကို မေးမြန်း လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက “အို ကဿပ.. ငါသည် သင့်ကို သွားနှင့်လော့ဟု လွှတ်လိုက်ပြီးလျှင် တာဝတိံသာနတ်ပြည်သို့ သွားရောက်၍ ပင်လယ်ကသစ်ပွင့်ကို ယူဆောင်ကာ သင်၏အလျင်လက်ဦး လာနှင့်၍ မီးတင်းကုပ်၌ ငါထိုင်နေနှင့်၏။ အို ကဿပ.. ဤပင်လယ်ကသစ်ပွင့်သည် အဆင်း အနံ့နှင့် ပြည့်စုံလှ၏။ သင်အလိုရှိလျှင် ယူလော့”ဟု မိန့်ကြားတော်မူလတ်သော် ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် “အို ရဟန်းကြီး.. တော်ပါပြီ၊ သင်ရဟန်းကြီးသာလျှင် ထိုပင်လယ်ကသစ်ပွင့်ကို ထိုက်တန်သူ ဖြစ်ပါသည်။ သင်ရဟန်းကြီးသာလျှင် ထိုပင်လယ်ကသစ်ပွင့်ကို ယူပါလော့”ဟု မြတ်စွာဘုရားအား လျှောက်ထားပြီးလျှင် ထိုဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ဤရဟန်းကြီးသည် ငါ့ကို ရှေးဦးစွာ သွားနှင့်ရန် လွှတ်လိုက်ပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ကြွသွား၍ ပင်လယ်ကသစ်ပွင့်ကို ယူဆောင်ကာ ငါ၏အလျင်လက်ဦး

၅၆၁

လာနှင့်၍ မီးတင်းကုပ်၌ ထိုင်နေလင့်၏။ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏။ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်ပြန်လေ၏။

ဆယ့်နှစ်ကြိမ်မြောက် တန်ခိုးပြာဋိဟာစသည်

     (၁၂) ထိုအခါ၌ ရသေ့ငါးရာတို့သည် မီးပူဇော် လုပ်ကျွေးလိုကုန်သည်ဖြစ်၍ ထင်းတုံးများကို ခွဲကြပါသော်လည်း ကွဲအောင် မခွဲနိုင်ပဲ ရှိကြကုန်၏။ ထိုအခါ ရသေ့ငါးရာတို့အား “ငါတို့တတွေ ထင်းတုံးများကို ကွဲအောင် မခွဲနိုင်ခြင်းသည် ဧကန္တပင် ရဟန်းကြီး၏ တန်ခိုးအာနုဘော် ဖြစ်ပေမည်”ဟု စိတ်အကြံအစည် ဖြစ်လေ၏။

     ထိုအကြောင်းကို ဥရုဝေလကဿပရသေ့ဆရာကြီးက မြတ်စွာဘုရားအား လျှောက်ထား ပြောကြားလေလျှင် မြတ်စွာဘုရားသည် “အို ကဿပ.. ထင်းတုံးများကို ခွဲအပ်ပြီးသား ဖြစ်စေလိုသလော”ဟု မေးမြန်းလေ၏။ ဥရုဝေလကဿပ ရသေ့ဆရာကြီးက “အို ရဟန်းကြီး.. ထင်းတုံးများကို ခွဲအပ်ပြီးသား ဖြစ်စေလိုပါကုန်၏”ဟု ပြန်ကြားပြောဆိုလေသည်။ ထိုအခါ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြောင့် ထင်းတုံးငါးရာတို့သည် အံ့ဩဖွယ်ရာ တပြိုင်နက်တည်းပင် တဖြန်းဖြန်းကွဲ၍ သွားကုန်၏။ ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ဤရဟန်းကြီးသည် တပည့်များ အနည်းနည်းဖြင့် ခွဲ၍မရနိုင်သော ထင်းတုံးများကိုသော်မှ တပြိုင်နက်တည်းကွဲအောင် ခွဲနိုင်ပေ၏၊ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်ပြန်လေ၏။

၅၆၂

     (၁၃) ထိုအခါ ရသေ့ငါးရာတို့သည် မီးပူဇော် လုပ်ကျွေးလိုကုန်သည်ဖြစ်၍ မီးမွှေးကြသော်လည်း မီးတောက်အောင် မမွှေးနိုင်ပဲ ရှိကြကုန်၏။ ထိုအခါ ရသေ့ငါးရာတို့အား “ငါတို့တတွေ မီးတောက်အောင် မီးမမွှေးနိုင်ကြခြင်းသည် ဧကန္တပင် ရဟန်းကြီး၏ တန်ခိုးအာနုဘော် ဖြစ်ပေမည်”ဟု စိတ်အကြံအစည် ဖြစ်လေ၏။

     ထိုအကြောင်းကို ဥရုဝေလကဿပရသေ့ဆရာကြီးက မြတ်စွာဘုရားအား လျှောက်ထား ပြောကြားလေလျှင် မြတ်စွာဘုရားသည် “အို ကဿပ.. မီးများကို တောက်ကြစေလိုသလော”ဟု မေးမြန်းလေ၏။ ဥရုဝေလကဿပ ရသေ့ဆရာကြီးက “အို ရဟန်းကြီး.. မီးများကို တောက်စေလိုပါကုန်၏”ဟု ပြန်ကြားပြောဆို လေသည်။ ထိုအခါ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြောင့် အံ့ဩဖွယ်ရာ မီးပုံကြီး (မီးတောက်ကြီး) ငါးရာတို့ တပြိုင်နက်တည်းပင် တဟုန်းဟုန်း တောက်လေကုန်၏။ ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ဤရဟန်းကြီးသည် ငါ့တပည့်များ အနည်းနည်းဖြင့် တောက်လောင်အောင် မမွေးနိုင်ကြသည့် မီးပုံကြီး (မီးတောက်ကြီး) ငါးရာတို့ကို တပြိုင်နက်တည်းပင် တဟုန်းဟုန်း တောက်လောင်စေအပ်ကုန်၏၊ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်ပြန်လေ၏။

     (၁၄) ထိုအခါ ရသေ့ငါးရာတို့သည် မီးပူဇော်မှု ပြုကြပြီးလတ်သော် ထိုမီးတောက် မီးလျှံများကို ငြိမ်းစေခြင်းငှါ (= ငြှိမ်းသတ်ခြင်းငှါ) မတတ်နိုင်ပဲ ရှိကြကုန်၏။ ထိုအခါ ရသေ့ငါးရာတို့အား “ငါတို့တတွေ မီးတောက်မီးလျှံများကို

၅၆၃

မငြှိမ်းမသတ်နိုင်ခြင်းမှာ ဧကန္တပင် ရဟန်းကြီး၏ တန်ခိုးအာနုဘော် ဖြစ်ပေမည်”ဟု စိတ်အကြံအစည် ဖြစ်လေ၏။

     ထိုအကြောင်းကို ဥရုဝေလကဿပရသေ့ဆရာကြီးက မြတ်စွာဘုရားအား လျှောက်ထား ပြောကြားလေလျှင် မြတ်စွာဘုရားသည် “အို ကဿပ.. မီးတောက်များကို ငြိမ်းစေလိုသလော”ဟု မေးမြန်းလေ၏။ ဥရုဝေလကဿပ ရသေ့ဆရာကြီးက “အို ရဟန်းကြီး.. မီးတောက်များကို ငြိမ်းစေလိုပါကုန်၏”ဟု ပြန်ကြား ပြောဆိုလေသည်။ ထိုအခါ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြောင့် မီးတောက် (= မီးပုံကြီး) ငါးရာတို့သည် အံ့ဩဖွယ်ရာ တပြိုင်နက်တည်းပင် ငြိမ်းစဲ၍ သွားကုန်၏။ ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ဤရဟန်းကြီးသည် တပည့်များ ဘယ်နည်းနှင့်မှ မငြိမ်းသတ်နိုင်သော မီးတောက်မီးပုံကြီး ငါးရာတို့ကို တပြိုင်နက်တည်း ငြိမ်းစေနိုင်၏၊ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်ပြန်လေ၏။

     (၁၅) ထိုအခါ ရသေ့ငါးရာတို့သည် ဆောင်းရာသီအတွင်း နှင်းလည်း အလွန်ကျ အေးလည်း အလွန်အေးလှသည့် (အန္တရဋ္ဌကခေါ်သော) ညဉ့်များ၌ နေရဉ္ဇရာမြစ်အတွင်း သက်ဆင်းကြ၍ “တကြိမ် ရေမှပေါ်လျှင် မကောင်းမှုမှ စင်ကြယ်နိုင်၏”ဟု မိစ္ဆာအယူဝါဒ ရှိကြသော အချို့ရသေ့တို့သည် (ရှေးဦးစွာ တကိုယ်လုံး ရေထဲ၌ ငုပ်ကြပြီးလျှင်) တကြိမ် ရေမှပေါ်လျှင်ပင် ကမ်းပေါ်သို့ တက်ကြကုန်၏၊ (ထိုအယူဝါဒရှိသူများက များလှ၏၊ ထိုသူတို့ကား မငုပ်ပဲ မပေါ်နိုင်၍သာ ငုပ်ကြခြင်းဖြစ်သည်)။ “တကြိမ် ရေငုပ်လျှင် မကောင်းမှုမှ စင်ကြယ်နိုင်၏”ဟု မိစ္ဆာအယူဝါဒ ရှိကြသော အချို့ရသေ့တို့သည် ဦးခေါင်းပါ ရေ၌ တကြိမ်ငုပ်၍

၅၆၄

ပေါ်လျှင်ပင် ကမ်းပေါ်သို့ တက်ကြကုန်၏၊ (ထိုအယူဝါဒရှိသူ များကား အနည်းအပါးသာ)။ “အကြိမ်ကြိမ်ပေါ်ခြင်း အကြိမ်ကြိမ် ငုပ်ခြင်းတို့ကိုပြု၍ ရေချိုးလျှင် မကောင်းမှုမှ စင်ကြယ်နိုင်၏”ဟု မိစ္ဆာအယူဝါဒရှိကြသော အချို့ရသေ့တို့သည် အခါမပြတ် အကြိမ်ကြိမ် ငုပ်တုံပေါ်တုံ ရေချိုးခြင်းအမှု ပြုကြကုန်၏၊ (ထိုအယူဝါဒရှိသူတို့သည်လည်း များလှ၏)။ ထိုအခါ မြတ်စွာဘုရားသည် မီးအိုးကင်း ငါးရာတို့ကို ဖန်ဆင်းတော်မူ၏၊ ယင်းမီးအိုးကင်း ငါးရာတို့၌ ရသေ့တို့သည် ရေငုပ်ပြီး၍ တက်လာလျှင် မီးလှုံကြကုန်၏။

     ထိုအခါ ထိုရသေ့ ငါးရာတို့အား “ဤမီးအိုးကင်း ငါးရာတို့ကို ဖန်ဆင်း၍ထားခြင်းမှာ ဧကန္တပင် ရဟန်းကြီး၏ တန်ခိုးအာနုဘော် ဖြစ်ပေမည်”ဟု စိတ်အကြံအစည် ဖြစ်လေ၏။ ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

“ဤရဟန်းကြီးသည် ဤမျှများပြား ငါးရာအတိုင်းအရှည်ရှိသော မီးအိုးကင်းတို့ကို ဖန်ဆင်းနိုင်ပေ၏။ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေး-

ဟူ၍ အကြံဖြစ်ပြန်လေ၏။

အန္တရဋ္ဌက စိစစ်ချက်

     အန္တရဋ္ဌက ဟူသည်မှာ “အကြား၌ရှစ်ခုသော (= အကြား၌ဖြစ်သော ရှစ်ခုအပိုင်းအခြားရှိသော) ရက်”ဟူ၍ အဓိပ္ပါယ်ရသည်။ ယင်းအန္တရဋ္ဌကပုဒ်ကို သက္ကတကျမ်းလာ အဋ္ဌကာပုဒ်နှင့် နှိုင်းယှဉ်သုံးသပ်လျှင် ဤဆိုလတံ့သာအတိုင်း အနက်အဓိပ္ပါယ် ရရှိလာလေသည်။

၅၆၅

“အဋ္ဌကာ ဆိုသည်မှာ (၁) ကွယ်လွန်သူ မိဖ ဘိုး ဘေး စသည်တို့အား ရည်ညွှန်း၍ ကျွေးမွေးပူဇော်မှုနှင့် (၂) ယင်းသို့ ကျွေးမွေးပူဇော်ရာနေ့”ဟူ၍ ဝါစပ္ပတိ (၁၊၅၁၆)နှင့် ကပ္ပဒုမ (၁၊၁၄၈)တို့၌ ဖွင့်ဆိုသည်။

     ယင်း ကျွေးမွေးပူဇော်မှု အစီအရင်နှင့် ကျွေးမွေးပူဇော်ရာနေ့ သတ်မှတ်သော ဝါဒအများရှိသည်တွင် ကျွေးမွေးပူဇော်ရာနေ့ သတ်မှတ်သော ဝါဒအချို့မှာ ဤဆိုလတံ့သောအတိုင်း ဖြစ်သည်။

(၁) “တဒပိ ဖုဿမာဃဖဂ္ဂုဏာနံ ကဏှပက္ခသတ္တမျာဒီသု ကတ္တဗ္ဗံ = ထို (နေ့သုံးပါးအပေါင်းဖြင့် ပြီးစေအပ်သော ကွယ်လွန်သူ မိဖ ဘိုးဘေး စသည်တို့အား ရည်ညွှန်း၍ ကျွေးမွေးပူဇော်မှု အထူး)ကိုလည်း ပြာသို တပို့တွဲ တပေါင်းလတို့၏ လဆုတ်ပက္ခ ခုနစ်ရက်မြောက်နေ့ စသည်တို့၌ ပြုအပ်၏”ဟူ၍ ဝါစပ္ပတိ (၁၊၅၁၆)၌ အသွလာယန ဂေဟသုတ်အဆိုကို ဖော်ပြသည်။

(၂) “အဋ္ဌကာ (ထီ) ဖုဿမာဃဖဂ္ဂုဏာနံ ကဏှပက္ခာဋ္ဌမီ = အဋ္ဌကာဆိုသည်မှာ (ဣတ္ထိလိင်) ပြာသို တပို့တွဲ တပေါင်းလတို့၏ လဆုတ်ပက္ခ ရှစ်ရက်မြောက်နေ့”ဟူ၍ သက္ကတ သဒ္ဒကောတ္ထုဘအဘိဓာန် (၁၀၀)၌ ဆိုသည်။

စကားချပ်

ပြာသို တပို့တွဲ၊ စိုရွှဲငွေနှင်း၊ သုတ်လေညှင်းနှင့်၊ ယင်း နှစ်လကြား(၁)၊ တပါးထိုမြို့၊ တပို့တပေါင်း၊ ရှေးနှောင်းအညီ၊ လေးရက်စီမှတ် (၂)၊ အန္တရဌ်ဟု၊ ပညတ်နာမ၊ ကြားရှစ်ည၌၊ တောက်ပလင်းဟုန်၊ တက်အရုဏ်ဝယ်၊ ခိုက်တုန်လွန်ကဲ၊ ဧစမြဲတည်း-ဟူ၍ မဃဒေဝလင်္ကာသစ် ပိုဒ်ရေ (၂၈၀) ၌ စပ်ဆိုထားချက်မှာ ဖော်ပြရာပါ ဝါဒနှစ်ရပ်ကို မှီငြမ်းပြုလေသလောဟု စဉ်းစားဆင်ခြင်ရန် ရှိသည်။

၅၆၆

(၃) “အတြာယံ ဘေဒေါ.. ဟေမန္တသိသိရာနံ စတုန္နမပရပက္ခာနမဋ္ဌမီသွဋ္ဌကာ ဧကဿံ ဝါ = ဤ၌ ဤဆိုလတံ့သည်ကား အထူးတည်း.. ဟေမန္တနှင့် သိသိရရတု (= ဆောင်းဥတုလေးလ)တို့၏ လေးခုကုန်သော လဆုတ်ပက္ခတို့၏ ရှစ်ရက်မြောက် နေ့တို့၌သော်၎င်း, တခုသော လဆုတ်ပက္ခ၏ ရှစ်ရက်မြောက် နေ့၌သော်၎င်း အဋ္ဌကာ (= ကွယ်လွန်သူ မိဖ ဘိုးဘေး စသည်တို့အား ရည်ညွှန်း၍ ကျွေးပူဇော်မှု)ကို ပြုအပ်၏”ဟူ၍ ဝါစပ္ပတိ (၁၊၅၁၇)၌ အသွလာယနသုတ်အဆိုကို ဖော်ပြထားသည်။

(၄) “အဋ္ဌကာဆိုသည်မှာ လပြည့်ပြီးနောက် ရှစ်ရက်မြောက်နေ့ (အထူးအားဖြင့် ဟေမန္တနှင့် သိသိရဟူသော ဆောင်းလေးလအတွင်း၌ မိဖ ဘိုးဘေး စသည်တို့အား (ဝါ) ကွယ်လွန်သူတို့အား ပူဇော်ရာ ထိုလပြည့်ပြီးနောက် ရှစ်ရက်မြောက်နေ့)”ဟူ၍ ဝီလျံ၏ သက္ကတ အင်္ဂလိပ်အဘိဓာန် (၁၁၇)၌ ဖော်ပြကြောင်း သိရှိရလေသည်။

     အမှတ်(၃)(၄)တို့ဖြင့် ပြအပ်သော ဝါဒနှစ်ခုတို့အရ “တန်ဆောင်မုန်းလဆုတ် ရှစ်ရက်နှင့် နတ်တော်လဆုတ် ရှစ်ရက်အားဖြင့် ဟေမန္တရတု၌ အဋ္ဌကာရက် နှစ်ခု, ပြာသိုလဆုတ် ရှစ်ရက်နှင့် တပို့တွဲလဆုတ် ရှစ်ရက်အားဖြင့် သိသိရရတု၌ အဋ္ဌကာရက် နှစ်ခု = ဤသို့အားဖြင့် ရတုနှစ်ပါး (= ဆောင်းဥတုလေးလ)တို့၌ အဋ္ဌကာရက်ပေါင်း လေးမျိုးရှိကြောင်း သိသာထင်ရှားသည်။

     ဤနည်းအတူပင် သာသနိကကျမ်းတို့၌ လာရှိသော အန္တရဋ္ဌက ရက်သည်လည်း ဆောင်းဥတု လေးလအတွင်း၌ လေးမျိုးပင် ရှိသင့်ရာသည်၊ သို့ရာတွင် အဋ္ဌကထာ ဋီကာတို့၌-

၅၆၇

“အန္တရဋ္ဌကဆိုသည်မှာ တပို့တွဲလ၏ အဆုံးလေးရက်နှင့် တပေါင်းလ၏ အစလေးရက် ဤသို့အားဖြင့် နှစ်လတို့၏အကြား ရှစ်ရက်”–

ဟူ၍ တညီတည်း ဖွင့်ဆိုတော်မူကြသည်။

     ထိုဖွင့်ဆိုချက်တို့တွင် အချို့မှာ မုချ (= တိုက်ရိုက်)အဖွင့်မျိုးဖြစ်၍ အချို့မှာ ဥပစာ ပရိယာယ် (= တင်စားသွယ်ဝိုက်သော) အဖွင့်မျိုး ဖြစ်လေသလောဟု စဉ်းစား ဆင်ခြင် သုံးသပ်ရန်ရှိသည်။

     အထူးအားဖြင့် ဤရသေ့ညီနောင် ရှင်တထောင် ချေချွတ်ခဏ်းနှင့် စပ်ဆိုင်သော အန္တရဋ္ဌကအဖွင့် (သာရတ္ထ၊ ၃၊ ၂၀၇)ကား သာ၍ပင် ဥပစာ ပရိယာယ် အဖွင့်မျိုးလောဟု စဉ်းစား ဆင်ခြင် သုံးသပ်ရန်ရှိသည်၊ ယင်းအဖွင့်မျိုးတွင်လည်း ဥပလက္ခဏနည်း, နိဒဿနနည်း, အန္တဒီပကနည်းအားဖြင့် သိစေသော အဖွင့်မျိုးလေလောဟု မှန်းဆရန် ရှိလေသည်။

     မှန်၏.. သာရတ္ထဒီပနီဋီကာ ဆရာတော်ကြီးသည် (မြတ်စွာဘုရားသခင် ပြာသိုလပြည့်နေ့ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်တော်မူကြောင်း ဖွင့်ပြသော) ဇာ-ဋ္ဌ၊ ၁၊ ၁၀၀-နှင့် ဗုဒ္ဓဝံသ-ဋ္ဌ၊ ၅-စကားရပ်တို့ကို၎င်း, (တပို့တွဲလပြည့်နေ့၌ အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်ကြောင်း ဖွင့်ပြသော) မ-ဋ္ဌ၊ ၃၊ ၁၄၅-၆- စကားရပ်တို့ကို၎င်း သိမြင်တော်မူပြီးပင် ဖြစ်ပါလျက် ဤရသေ့ညီနောင် ရှင်တထောင် ချေချွတ်ခဏ်းနှင့်ဆိုင်ရာ အန္တရဋ္ဌကရက်အရ “တပို့တွဲလနှင့် တပေါင်းလတို့၏အကြား ရှစ်ရက်”ကို ဖွင့်ပြတော်မူခြင်းသည် ဖော်ပြရာပါ နည်းသုံးမျိုးဖြင့် သိစေသော အဖွင့်မျိုးလေလောဟု သာလွန်၍ပင် စဉ်းစားမှန်းဆရန် ရှိပေသည်။

     ဤ(စဉ်းစားမှန်းဆချက်)အတိုင်းဖွင့်ပြတော်မူခဲ့သော် “ဟေမန္တဥတု၏ အတွင်းဖြစ်သော တပို့တွဲလ၏ အဆုံးလေးရက်နှင့် တပေါင်းလ၏ အစလေးရက် ဤသို့အားဖြင့် နှစ်လတို့၏အကြား

၅၆၈

ရှစ်ရက်”တည်းဟူသော အစိတ်စကား, အထင်ကိုဆိုသော စကား, အဆုံးကိုပြသော စကားရပ်ဖြင့် အပေါင်းဖြစ်သော အစ အလယ်ဖြစ်သော (ဆောင်းလေးလအတွင်း၌ ရှိစကောင်း ရစကောင်းသည့်) အခြားအန္တရဋ္ဌက ရက်(ညဉ့်) သုံးမျိုးကိုလည်း ရယူအပ်သောကြောင့် ထိုစကားရပ်ဖြင့်ပင်-

(၁) တန်ဆောင်မုန်းလ၏ အဆုံးနှင့် နတ်တော်လ၏ အစ ရှေ့နောက် လေးရက်စီ အကြား ရှစ်ည, (၂) နတ်တော်လ၏ အဆုံးနှင့် ပြာသိုလ၏ အစ ရှေ့နောက် လေးရက်စီ အကြားရှစ်ည, (၃) ပြာသိုလ၏ အဆုံးနှင့် တပို့တွဲလ၏အစ ရှေ့နောက် လေးရက်စီ အကြားရှစ်ည, (၄) တပို့တွဲလ၏အဆုံးနှင့် တပေါင်းလ၏အစ ရှေ့နောက် လေးရက်စီ အကြားရှစ်ည–

ဤအလုံးစုံသော အန္တရဋ္ဌက ရက်(ညဉ့်) လေးမျိုးတို့ကိုပင် ရအပ်လေတော့သည်။

     ထိုအန္တရဋ္ဌက လေးမျိုးတို့တွင် “ယခု ဥရုဝေလ တောအုပ်အတွင်း၌ သီတင်းသုံး နေထိုင်တော်မူစဉ် ရသေ့ညီနောင် ရှင်တထောင်တို့ကို ချေချွတ်ခဏ်းနှင့် စပ်ဆိုင်သော အန္တရဋ္ဌကအရ မည်သည့်အန္တရဋ္ဌက ဖြစ်သင့်သည်”ဟု စိစစ် ဝေဘန်သည်ရှိသော်-

မ-ဋ္ဌ၊ ၃၊ ၁၄၆-၌ “တပို့တွဲလပြည့်နေ့တွင် အရှင်သာရိပုတ္တရာမထေရ် ရဟန္တာဖြစ်ကြောင်း” ဖွင့်ပြသောကြောင့် တပို့တွဲလ၏အဆုံးနှင့် တပေါင်းလ၏အစ (၄)အမှတ်ပြ အန္တရဋ္ဌက မဖြစ်နိုင်။

တဖန် ဇာ-ဋ္ဌ၊ ၁၊ ၁၀၀-နှင့် ဗုဒ္ဓဝံသ-ဋ္ဌ၊ ၅-တို့၌ “မြတ်စွာဘုရားသည် ပြာသိုလပြည့်နေ့၌ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်တော်မူကြောင်း” ဖွင့်ဆိုထားသောကြောင့် ပြာသိုလ၏ အဆုံးနှင့် တပို့တွဲလ၏ အစ (၃)အမှတ်ပြ အန္တရဋ္ဌကလည်း မဖြစ်နိုင်။

၅၆၉

     ထိုသို့ဖြစ်လျှင် မည်သည့်အန္တရဋ္ဌက ဖြစ်နိုင်သနည်း၊ လေးနက်စွာ ဆင်ခြင်သုံးသပ်လျှင်-

ဇာ-ဋ္ဌ၊ ၁၊ ၁၀၀-၌၎င်း, ဗုဒ္ဓဝံသ-ဋ္ဌ ၊၅-၌၎င်း “မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက် ဗာရာဏသီပြည် မိဂဒါဝုန်တော ပဌမဝါဆို၍ ဝါကျွတ်လတ်သော် ဥရုဝေလတောအုပ်သို့ ကြွတော်မူကာ ထိုတော၌ သုံးလပတ်လုံး သီတင်းသုံး နေထိုင်တော်မူလျက် ရသေ့ညီနောင်သုံးဦး ခေါင်းဆောင်သော ရှင်တထောင်တို့ကို ဆုံးမချေချွတ်တော်မူကြောင်း ဖွင့်ဆိုထားသောကြောင့် ယင်းသို့ သီတင်းသုံး နေထိုင်တော်မူရာ သုံးလတာ ကာလအတွင်း၌ ရသင့်သော (၁) အမှတ်ပြ တန်ဆောင်မုန်းလ၏ အဆုံးနှင့် နတ်တော်လ၏ အစ အန္တရဋ္ဌက (၂)အမှတ်ပြ နတ်တော်လ၏ အဆုံးနှင့် ပြာသိုလ၏ အစ အန္တရဋ္ဌက = ဤအန္တရဋ္ဌက နှစ်မျိုးတို့အနက် တမျိုးမျိုးသာ ဖြစ်နိုင်ခွင့်ရှိသည်။

ထိုနှစ်မျိုးတို့တွင်လည်း (၂)အမှတ်ပြ နတ်တော်လ၏ အဆုံးနှင့် ပြာသိုလ၏ အစ ရှေ့နောက်လေးရက်စီ အကြား ရှစ်ည-တည်းဟူသော ဒုတိယမြောက် အန္တရဋ္ဌကသည်သာ ဤအရာ၌ သာလွန်၍ ဖြစ်နိုင်ခွင့်ရှိသည်။

     ဤသို့ ရသေ့ညီနောင် ရှင်တထောင်တို့ကို ချေချွတ်ခဏ်း၌လာသော အန္တရဋ္ဌကအရ “နတ်တော်လ၏ အဆုံးနှင့် ပြာသိုလ၏ အစ ရှေ့နောက် လေးရက်စီ အကြား ရှစ်ညဖြစ်သည်”ဟူ၍ ဆုံးဖြတ်နှစ်သက် လက်ခံယုံကြည်မှသာလျှင် ဇာ-ဋ္ဌ၊ ၁၊ ၁၀၀ နှင့် ဗုဒ္ဓဝံသ-ဋ္ဌ၊ ၅-တို့၌လာသော “မြတ်စွာဘုရား၏ သီတင်းကျွတ်မှ တပေါင်းလအထိ ခရီးစဉ်” ဒီဃနခသုတ် ပါဠိတော် (မ၊ ၃၊ ၁၆၈)နှင့် ၎င်းအဋ္ဌကထာ (မ-ဋ္ဌ၊ ၃၊ ၁၄၆)တို့၌လာသော “အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူရာနေ့” ဝိနည်းမဟာဝဂ္ဂ (ဝိ၊ ၃၊ ၄၁) ပါဠိတော်နှင့် ၎င်းအဖွင့် သာရတ္ထဋီကာ (သာရတ္ထ၊ ၃၊ ၂၀၇)၌လာသော

၅၇၀

“အန္တရဋ္ဌကရက်”တို့သည် ဆန့်ကျင်ဖွယ်မထင် တညီတညွတ်တည်း ဖြစ်ကုန်ရာသည်။

ဤကား အန္တရဋ္ဌက စိစစ်ချက်တည်း။


     (၁၆) ထိုအခါ တနေ့သ၌ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဥရုဝေလတောအုပ်ဝယ် အခါမဲ့မိုးကြီးသည် သည်းထန်စွာ ရွာသွန်းလေ၏။ ကြီးစွာသော ရေအယဉ်သည်လည်း တသွင်သွင် စီးကျလျက် ရှိပေ၏။ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ အရပ်မှာလည်း နိမ့်ဝှမ်းသော အရပ်ဖြစ်၍ ရေလွှမ်းမိုးခံရမည့် အရပ်ပင် ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားအား “ငါသည် ထက်ဝန်းကျင်မှ စီးကျလာသော ရေအယဉ်ကို ဖယ်ရှားပြီးလျှင် (ပတ်ဝန်းကျင် ရေဝန်းရေဝိုင်း၏အလယ်) မြူတထောင်းထောင်းထသော မြေပြင်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်၍ နေရမူ ကောင်းလေစွာ့”ဟု အကြံတော်ရှိကာ ထိုသို့ ကြံစည်တော်မူတိုင်းပင် ထက်ဝန်းကျင်မှ စီးကျလာသော ရေအယဉ်ကို ဖယ်ရှားပြီးလျှင် ပတ်ဝန်းကျင် ရေဝန်းရေဝိုင်း၏အလယ် မြုတထောင်း ထောင်းထသော မြေအပြင်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်၍ နေတော်မူ၏။

     ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် “ရဟန်းကြီးကို ရေမတိုက် မမျောပါစေလင့်”ဟု အကြံပြုကာ ရသေ့များစွာတို့နှင့်တကွ ရေအပြင်တွင် လှေဖြင့် မြတ်စွာဘုရား သီတင်းသုံးတော်မူရာအရပ်သို့ လှော်ခတ်၍ သွားလေသော် ထက်ဝန်းကျင်မှ စီးကျလာသော ရေအယဉ်ကို ဖယ်ရှား၍ ပတ်ဝန်းကျင် ရေဝန်းရေပိုင်း၏အလယ် မြူတထောင်းထောင်းထသော မြေအပြင်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်၍ နေတော်မူသော မြတ်စွာဘုရားကို အံ့ဩဖွယ်ရာ တွေ့မြင်လေ၏။ ထိုသို့ တွေ့မြင်လေလျှင် မယုံကြည်ရဲဖြစ်ကာ “အို ရဟန်းကြီး.. ရေဝန်းရေပိုင်း၏အလယ် မြူတထောင်းထောင်းထသော မြေအပြင်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်၍ နေသောသူကား အသင်ရဟန်းကြီးပင်

၅၇၁

ဖြစ်လေသလော”ဟု မေးမြန်းသည်တွင် မြတ်စွာဘုရားသည်လည်း “အို ကဿပ.. အိမ်း ငါဟုတ်သည်”ဟု မိန့်ဆိုတော်မူကာ ရသေ့တို့ ကြည့်နေစဉ်ပင် ကောင်းကင်သို့ ပျံတက်၍ ၎င်းတို့၏လှေထက်၌ သက်ကြွ ရပ်တည်တော်မူလေ၏။ ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား-

ဤရဟန်းကြီးကို အဟုန်သည်းစွာ စီးဆင်းလာသော ချောင်းရေအယဉ်သော်မှလည်း မတိုက်မျောနိုင်ချေ၊ သို့ရကား ဤရဟန်းကြီးသည် ကြီးမားသော တန်ခိုးအာနုဘော် ရှိပါပေ၏၊ ထိုသို့ပင် တန်ခိုးအာနုဘော် ကြီးမားသော်လည်း ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာကား မဟုတ်သေးချေ-

ဟူ၍ အကြံဖြစ်ပြန်လေ၏။

ဥရုဝေလကဿပဆရာကြီး တပည့်ငါးရာနှင့်တကွ ရဟန်းပြုခြင်း

မြတ်စွာဘုရားသည် ရှေးရှေးနေ့ရက်တို့က ထိုရသေ့တို့၏ ဣန္ဒြေ မရင့်ကျက်သေးသဖြင့် ရင့်ကျက်ချိန်ကိုသာ စောင့်မျှော်ငံ့လင့်တော်မူ၍ ထိုရသေ့တို့၏ အထင်သေးမှုကို အောင့်အည်းသည်းခံ၍ လာခဲ့ရာ သုံးလနီးပါးမျှ အချိန်ကြာခဲ့လေသည်။ ယခုမူ ထိုရသေ့တို့၏ ဣန္ဒြေရင့်ကျက်ပြီဖြစ်၍ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းကြီး မိန့်ကြားတော်မူကာ ချေချွတ်ဆုံးမတော်မူပေတော့မည်။

     ထိုသို့ ရေမလွှမ်းမိုးအောင် တန်ခိုးပြာဋိဟာ ပြတော်မူပါသော်လည်း ဥရုဝေလကဿပ ရသေ့ဆရာကြီးမှာ ရှေးနည်းအတူပင် မိမိကသာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်၍ မြတ်စွာဘုရားကိုမူ အာသဝေါကုန်ခန်း ရဟန္တာမဟုတ်သေးဟူ၍ ကြံစည်စဉ်းစား အမှားကိုသာ တွေးတောသောအခါ မြတ်စွာဘုရား၏ စိတ်သန္တာန်တော်၌-

၅၇၂

“(ဤအတိုင်းသာ လျစ်လျူရှုထားက) ဤမဂ်ဖိုလ်မနီး အချည်းနှီးသော ယောက်ျား (= ဥရုဝေလကဿပ)အား “ဤရဟန်းကြီးသည် တန်ခိုးအာနုဘော်ကား ကြီးမားပေ၏။ သို့စေကာ ငါလိုတော့ အာသဝေါကုန်ခန်း ရဟန္တာမဟုတ်သေး”ဟူ၍သာ ကြာမြင့်စွာ အကြံမှား အစည်မှား ဖြစ်ပွါးနေပေလိမ့်မည်၊ ငါဘုရားသည် ယခုအခါ ဤဥရုဝေလကဿပ ရသေ့ကို ထိတ်လန့်သံဝေဂ ရစေရပါမူကား ကောင်းလေစွာ့”

ဟူ၍ စိတ်အကြံတော် ဖြစ်ပေါ်လာပြီးလျှင် ဥရုဝေလကဿပ ရသေ့ဆရာကြီးကို-

“အို ကဿပ.. သင်သည် (၁) အာသဝေါကုန်ခန်း ရဟန္တာလည်း မဟုတ်ချေ၊ (၂) အရဟတ္တမဂ်သို့ ရောက်ဆိုက်သူလည်း မဟုတ်ချေ၊ (၃) (ထိုသို့ ရောက်ဆိုက်ရန်ကို မဆိုထားဘိ) သင့်မှာ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ရောက်ဖို့ရန် အကျင့်မှန်လည်း အဏုမြူမျှပင် မရှိသေးချေ”-

ဟူ၍ စကားသုံးခွန်းဖြင့် ပွင့်ပွင့်လင်းလင်း ရှင်းရှင်းကြီး မိန့်ကြားတော်မူလိုက်ရာ ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် သံဝေဂ ကြီးစွာရလျက် မြတ်စွာဘုရား၏ ခြေတော်အစုံတို့၌ ဦးခေါင်းဖြင့် တုံ့ဝပ်ပွတ်တိုက်ပြီးလျှင် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ရှင်တော်ဘုရား အထံတော်၌ ရှင်အဖြစ်ကို ရပါရစေ၊ ရဟန်းအဖြစ်ကို ရပါရစေ”ဟူ၍ ရှင်ရဟန်းပြုပေးရန် တောင်းပန်စကား လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် (ရသေ့ငါးရာတို့၏ ဣန္ဒြေရင့်ကျက်နေပြီကို သိတော်မူသဖြင့် ) ဥရုဝေလကဿပ ရသေ့ဆရာကြီးကို-

“အို ကဿပ.. သင်ကား ငါးရာသောရသေ့တို့၏ ရှေ့ဆောင်ဦးစီး အမှူးအကြီး ပါမောက္ခကြီး ဖြစ်ပေသည်၊

၅၇၃

(တပည့်များကို မပန်ကြားက သင့်လျော်မည် မဟုတ်ချေ။) ထိုတပည့်ရသေ့ ငါးရာတို့ကိုလည်း ခွင့်ပန်စကား ပြောကြားဦးလော့၊ (သို့မှသာလျှင်) ထိုတပည့်ရသေ့ ငါးရာတို့သည် မိမိတို့သဘောနှစ်ခြိုက်ရာ ပြုလုပ်နိုင်ကြပေလိမ့်မည်”–

ဟူ၍ မိန့်ကြားတော်မူလေလျှင် ဥရုဝေလကဿပ ရသေ့ဆရာကြီးသည် တပည့်ရသေ့ ငါးရာတို့၏ နေရာသို့ သွားရောက်လျက် “အို ဆရာတို့.. ကျွန်ုပ်သည် ရဟန်းကြီးအထံ၌ တပည့်ခံကာ အကျင့်မြတ်ကို ကျင့်သုံးရန် အလိုရှိပါ၏၊ အရှင်တို့သည် မိမိတို့သဘောနှစ်ခြိုက်ရာ ပြုလုပ်တော်မူကြကုန်လော့”ဟူ၍ ပြောဆိုလေ၏။ ထိုအခါ ရသေ့ငါးရာတို့သည် “အို အရှင်ဆရာကြီး.. အကျွန်ုပ်တို့သည် (နဂါးမင်းကို ဆုံးမသည့်အချိန်ကစ၍) ကြာမြင့်စွာကပင် ရဟန်းကြီး၌ အလွန်အမင်း ကြည်ညိုရင်း ရှိကြပါကုန်၏။ အကယ်၍ အရှင်ဆရာကြီးသည် ရဟန်းကြီးအထံ၌ တပည့်ခံကာ အကျင့်မြတ်ကို ကျင့်သုံးခဲ့ပါမူ ကျွန်ုပ်တို့ ငါးရာလုံးပင် ရဟန်းကြီးအထံ၌ တပည့်ခံကြကာ အကျင့်မြတ်ကို ကျင့်သုံးကြပါမည်”ဟု ပြန်ကြား ပြောဆိုကြကုန်၏။

     ထိုအခါ ဥရုဝေလကဿပ ရသေ့ဆရာကြီးနှင့်တကွ ငါးရာသော ရသေ့တို့သည် ဆံပင်များ, ဆံကျစ်ဝန်းများ, မီးဆုံ ကရား အပ်စသော ရသေ့ပရိက္ခရာများ, ထမ်းပိုးများ, မီးမွှေယောက်မစသည့် မီးပူဇော်ဖွယ် အသုံးအဆောင် အဆောက်အဦများကို နေရဉ္ဇရာမြစ်ရေကျော၌ မျှောလိုက်ကြပြီးလျှင် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက် ဆည်းကပ်ကြပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်အစုံတို့၌ ဦးခေါင်းဖြင့် တုံ့ဝပ်ပွတ်တိုက်ကြ၍ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် ရှင်တော်ဘုရား အထံတော်၌ ရှင်အဖြစ်ကို ရကြပါရစေ၊ ရဟန်းအဖြစ်ကို ရကြပါရစေ”ဟူ၍ ရှင်ရဟန်းပြုပေးရန် တောင်းပန်စကား လျှောက်ထားကြလေကုန်၏။

၅၇၄

     ထိုအခါ မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေါ အစရှိသည်ဖြင့် = ရဟန်းတို့.. လာကြလော့၊ သင်ချစ်သားတို့ တောင်းပန်အပ်သော ရှင်ရဟန်းအဖြစ်ကို ခံယူကြလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ၊ သင်ချစ်သားတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှါ သိက္ခာသုံးရပ် မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြလော့”ဟု ရွှေလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက် ဥရုဝေလကဿပ ဆရာကြီးနှင့်တကွ ထိုငါးရာသော ရသေ့တို့သည် ဣဒ္ဓိမယပရိက္ခရာကို သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင်ပြီးသား ဖြစ်ကြလျက် အဝါ ၆၀-ရသော (= သက်တော် ရှစ်ဆယ်ရှိပြီး) မထေရ်ကြီးများပမာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြလျက် ရဟန်းပြုပြီးသား ဖြစ်ကြလေတော့သည်။ အံ့ဩဖွယ်ရာ ရသေ့အသွင် ကွယ်ပျောက်၍ ရဟန်းအသွင်သို့ ကူးရောက်သွားကြလေတော့သည်။ ။(ဧထ ဘိက္ခဝေါ-ဟူ၍ မြတ်စွာဘုရားက ရွှေနှုတ်တော်မြွက်၍ ခေါ်တော်မူလိုက်ခြင်းသည်ပင် ထိုရသေ့တို့အဖို့ရာ ဧဟိဘိက္ခု ရဟန်းခံခြင်း ဖြစ်လေသည်၊ သိမ်ဝင်ဖွယ်ရာကိစ္စ လုံးဝ မရှိတော့ပြီ။)

နဒီကဿပ(ညီလတ်)ဆရာကြီး တပည့်များနှင့်တကွ ရဟန်းပြုခြင်း

     ဥရုဝေလကဿပ ရသေ့ဆရာကြီးနှင့်တကွ တပည့်ရသေ့ ငါးရာတို့ နေရဉ္ဇရာမြစ်ရေကျော မျှောလိုက်သည့် ရသေ့ပရိက္ခရာများကို အောက်(= အကြေ)ဆိပ်ကမ်း၌နေသော (ညီအလတ်) နဒီကဿပ ဆရာရသေ့ မြင်လေလျှင် “ငါ့အစ်ကိုကြီးအား တစုံတခု ဘေးဥပဒ် မဖြစ်ပါစေလင့်”ဟု အောက်မေ့ကာ “သွားကြလော့၊ နောင်တော်ကြီး (မည်သို့ဖြစ်သည်)ကို သိအောင်စုံစမ်းကြ”ဟု ပြောဆို၍ တပည့်ရသေ့ နှစ်ယောက် သုံးယောက်တို့ကို အလျင်လက်ဦး စေလွှတ်လိုက်ပြီးလျှင် မိမိကိုယ်တိုင်လည်း တပည့်ရသေ့ သုံးရာတို့နှင့် အတူတကွ ဥရုဝေလကဿပ အရှင်သူမြတ် သီတင်းသုံးရာအရပ်သို့ ချဉ်းကပ်၍ အရှင်ဥရုဝေလကဿပကို

၅၇၅

“အို နောင်ကြီးကဿပ.. ဤရဟန်းအဖြစ်သည် ချီးမွမ်းအပ် (မြတ်ပါ)သလော”ဟု မေးမြန်းလေ၏။

     ထိုအခါ အရှင်ဥရုဝေလကဿပ မထေရ်သည် “အိမ်း.. ငါ့ရှင်.. ဤရဟန်းအဖြစ်သည် လွန်စွာပင် ချီးမွမ်းအပ် မြတ်ပေ၏”ဟု (ညီအလတ်) နဒီကဿပကို ပြန်ကြားပြောဆိုလေလျှင် ထိုနဒီကဿပ ရသေ့ဆရာနှင့်တကွ ရသေ့သုံးရာတို့သည် ရှေးနည်းအတူ ရသေ့ပရိက္ခရာ အသုံးအဆောင်များ, မီးပူဇော်ဖွယ် အသုံးအဆောင် အဆောက်အဦများကို နေရဉ္ဇရာမြစ်ရေကျော၌ မျှောလိုက်ကြပြီးလျှင် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက် ဆည်းကပ်ကြ၍ မြတ်စွာဘုရား၏ ခြေတော်အစုံတို့၌ ဦးခေါင်းဖြင့် တုံ့ဝပ်ပွတ်တိုက်ကြပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် ရှင်တော်ဘုရား အထံတော်၌ ရှင်အဖြစ်ကို ရကြပါရစေ၊ ရဟန်းအဖြစ်ကို ရကြပါရစေ”ဟူ၍ ရှင်ရဟန်းပြုပေးရန် တောင်းပန်စကား လျှောက်ထားကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေါ- အစရှိသည်ဖြင့် = ရဟန်းတို့.. လာကြလော့၊ သင်ချစ်သားတို့ တောင်းပန်အပ်သော ရှင်ရဟန်းအဖြစ်ကို ခံယူကြလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ၊ သင်ချစ်သားတို့သည် ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှါ သိက္ခာသုံးရပ် မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြလော့”ဟု ရွှေလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက် နဒီကဿပ ရသေ့ဆရာနှင့်တကွ ထိုသုံးရာသော ရသေ့တို့သည် ဣဒ္ဓိမယပရိက္ခရာကို သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင်ပြီးသား ဖြစ်ကြလျက် အဝါ ၆ဝ-ရသော(= သက်တော် ရှစ်ဆယ်ရှိပြီး) မထေရ်ကြီးများပမာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြလျက် ရဟန်းပြုပြီးသား ဖြစ်ကြလေတော့သည်။ အံ့ဩဖွယ်ရာ ရသေ့အသွင်ကွယ်ပျောက်၍ ရဟန်းအသွင်သို့ ကူးရောက်သွားကြလေတော့သည်။ (ဧထ ဘိက္ခဝေါ-ဟူ၍ မြတ်စွာဘုရားက ရွှေနှုတ်တော်မြွက်၍ ခေါ်တော်မူလိုက်ခြင်းသည်ပင်

၅၇၆

ထိုရသေ့တို့အဖို့ရာ ဧဟိဘိက္ခု ရဟန်းခံခြင်း ဖြစ်လေသည်၊ သိမ်ဝင်ဖွယ်ရာကိစ္စ လုံးဝ မရှိတော့ပြီ။)

ဂယာကဿပ(ညီငယ်)ဆရာကြီး တပည့်များနှင့်တကွ ရဟန်းပြုခြင်း

     ဥရုဝေလကဿပ ရသေ့ဆရာကြီးနှင့် တပည့်ရသေ့ငါးရာ, နဒီကဿပ (ညီအလတ်) ရသေ့ဆရာနှင့် တပည့်ရသေ့သုံးရာတို့ နေရဉ္ဇရာမြစ်ရေကျော မျှောလိုက်သည့် ရသေ့ပရိက္ခရာများကို အောက် (= အကြေ) ဆိပ်ကမ်း၌နေသော (ညီအငယ်) ဂယာကဿပ ဆရာရသေ့မြင်လေလျှင် “ငါ့အစ်ကိုကြီး ဥရုဝေလကဿပနှင့် အစ်ကိုလတ် နဒီကဿပတို့အား တစုံတခု ဘေးဥပဒ် မဖြစ်ပါစေလင့်”ဟု အောက်မေ့ကာ “သွားကြလော့၊ နောင်တော်ကြီး နောင်တော်လတ်တို့ (မည်သို့ဖြစ်သည်)ကို သိအောင်စုံစမ်းကြ”ဟု ပြောဆို၍ တပည့်ရသေ့ နှစ်ယောက် သုံးယောက်တို့ကို အလျင်လက်ဦး စေလွှတ်လိုက်ပြီးလျှင် မိမိကိုယ်တိုင်လည်း တပည့်ရသေ့နှစ်ရာတို့နှင့် အတူတကွ ဥရုဝေလကဿပ အရှင်သူမြတ် သီတင်းသုံးရာအရပ်သို့ ချဉ်းကပ်၍ အရှင်ဥရုဝေလကဿပကို “အို နောင်ကြီးကဿပ.. ဤရဟန်းအဖြစ်သည် လွန်စွာပင် ချီးမွမ်းအပ် မြတ်ပါသလာ”ဟု မေးမြန်းလေ၏။

     ထိုအခါ အရှင်ဥရုဝေလကဿပ မထေရ်သည် “အိမ်း.. ငါ့ရှင်.. ဤရဟန်းအဖြစ်သည် လွန်စွာပင် ချီးမွမ်းအပ် မြတ်ပေ၏”ဟု (ညီအငယ်) ဂယာကဿပကို ပြန်ကြား ပြောဆိုလေလျှင် ထိုဂယာကဿပ ရသေ့ဆရာနှင့်တကွ ရသေ့နှစ်ရာတို့သည် ရှေးနည်းအတူ ရသေ့ပရိက္ခရာ အသုံးအဆောင်များ, မီးပူဇော်ဖွယ် အသုံးအဆောင် အဆောက်အဦများကို နေရဉ္ဇရာမြစ်ရေကျော၌ မျှောလိုက်ကြပြီးလျှင် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ဆည်းကပ်ကြ၍ မြတ်စွာဘုရား၏ ခြေတော်အစုံတို့၌ ဦးခေါင်းဖြင့် တုံ့ဝပ်ပွတ်တိုက်ကြပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် ရှင်တော်ဘုရားအထံတော်၌

၅၇၇

ရှင်အဖြစ်ကို ရကြပါရစေ၊ ရဟန်းအဖြစ်ကို ရကြပါရစေ”ဟူ၍ ရှင်ရဟန်းပြုပေးရန် တောင်းပန်စကား လျှောက်ထားကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေါ- အစရှိသည်ဖြင့် = ရဟန်းတို့.. လာကြလော့၊ သင်ချစ်သားတို့ တောင်းပန်အပ်သော ရှင်ရဟန်းအဖြစ်ကို ခံယူကြလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ၊ သင်ချစ်သားတို့သည် ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ သိက္ခာသုံးရပ် မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြလော့”ဟု ရွှေလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက် ဂယာကဿပ ရသေ့ဆရာနှင့်တကွ ထိုနှစ်ရာသော ရသေ့တို့သည် ဣဒ္ဓိမယပရိက္ခရာကို သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင်ပြီးသား ဖြစ်ကြလျက် အဝါ ၆ဝ-ရသော(= သက်တော် ရှစ်ဆယ်ရှိပြီး) မထေရ်ကြီးများပမာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြလျက် ရဟန်းပြုပြီးသား ဖြစ်ကြလေတော့သည်။ အံ့ဩဖွယ်ရာ ရသေ့အသွင် ကွယ်ပျောက်၍ ရဟန်းအသွင်သို့ ကူးရောက် သွားကြလေတော့သည်။ ။(ဧထ ဘိက္ခဝေါ-ဟူ၍ မြတ်စွာဘုရားက ရွှေနှုတ်တော်မြွက်၍ ခေါ်တော်မူလိုက်ခြင်းသည်ပင် ထိုရသေ့တို့အဖို့ရာ ဧဟိဘိက္ခု ရဟန်းခံခြင်းဖြစ်လေသည်၊ သိမ်ဝင်ဖွယ်ရာကိစ္စ လုံးဝ မရှိတော့ပြီ။)

(ဤတန်ခိုးပြာဋိဟာ ပြတော်မူခဏ်း၌ ငါးရာသော ထင်းတုံးတို့ ရသေ့များခွဲ၍မရခြင်း, တပြိုင်နက် အံ့ဩဖွယ်ရာ ကွဲကြခြင်း, ရသေ့များ မီးမွေး၍မရခြင်း, တပြိုင်နက် အံ့ဩဖွယ်ရာ မီးတောက်လောင်ခြင်း, ရသေ့များ မီးကို မငြိမ်းသတ်နိုင်ခြင်း, တပြိုင်နက် အံ့ဩဖွယ်ရာ မီးငြိမ်းခြင်း, မီးအိုးကင်း ငါးရာတို့ကို ဖန်ဆင်းခြင်း ဤအရပ်ရပ်သော ထူးခြားချက်တို့မှာ မြတ်စွာဘုရား၏ အဓိဋ္ဌာန်တော်ကြောင့်ပင် ဖြစ်ကုန်၏။ ။ဤနည်းဖြင့် ဥရုဝေလတောအုပ်အတွင်း၌ ကဿပညီနောင် ရသေ့တထောင်တို့အား

၅၇၈

ချေချွတ်ရန် မြတ်စွာဘုရား ဖန်ဆင်းတော်မူအပ်သော တန်ခိုးပြာဋိဟာတို့မှာ ပါဠိတော်၌ တိုက်ရိုက် ဖော်ပြအပ်သည်တို့ကား တဆယ့်ခြောက်ပါး၊ တိုက်ရိုက် မဖော်ပြအပ်သည်တို့ကား သုံးထောင့်ငါးရာ = နှစ်ရပ်ပေါင်း (၃၅၁၆) သုံးထောင့်ငါးရာ တဆယ့်ခြောက်ပါးတို့ ဖြစ်ကုန်၏။)

အာဒိတ္တပရိယာယသုတ္တန်ကို ဟောကြားတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလတောအုပ်၌ ရသေ့ညီနောင် ရှင်တထောင်တို့အား ချေချွတ်ရန် အလိုတော်ဆန္ဒ ပြည့်ဝအောင် နေထိုင် သီတင်းသုံးတော်မူပြီးလျှင် ဂယာရွာ၏အနီး ဂယာသီသမည်သော (ဆင်ဦးကင်းနှင့်တူသည့်) ကျောက်ဖျာကြီးရှိရာအရပ်သို့ ရသေ့ဖြစ်ဘူးကြသော ရဟန်းတထောင်တို့နှင့် အတူတကွ ကြွတော်မူ၍ ထိုဂယာသီသ ကျောက်ဖျာအပြင်၌ ရဟန်းတော်ပေါင်း တထောင်တို့နှင့်အတူတကွ ထိုင်နေတော်မူ၏။

     ထိုသို့ထိုင်နေတော်မူပြီးလျှင် “ဤရဟန်းတထောင်တို့အား အဘယ်သို့သော တရားစကားသည် သပ္ပါယ ဖြစ်မည်နည်း”ဟု ဆင်ခြင်တော်မူလတ်သော် “ဤသူတို့သည် ညဉ့်တိုင်း နံနက်တိုင်း မီးကို လုပ်ကျွေး ပူဇော်ကြသူများ ဖြစ်ကုန်၏၊ သို့ဖြစ်၍ ဤရဟန်းတထောင်တို့အား အာယတန တဆယ့်နှစ်ပါးတို့ကို တဆယ့်တသီး မီးအလျှံတို့ အဖန်ဖန်လောင်ကျွမ်းမှုကို ဖော်ပြ၍ အာဒိတ္တပရိယာယ ဓမ္မဒေသနာကို ဟောကြားရလျှင် ဤရဟန်းတထောင်တို့သည် အရဟတ္တဖိုလ်သို့ ရောက်နိုင်ကြပေလိမ့်မည်”ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူပြီးလျှင်-

ဒွါရခြောက်ပါး, အာရုံခြောက်ပါး, ဝိညာဏ်ခြောက်ပါး, ဖဿခြောက်ပါး, ဖဿပစ္စယဝေဒနာ တဆယ့်ရှစ်ပါး, ဤတရားအလုံးစုံတို့ကို ရာဂမီး, ဒေါသမီး, မောဟမီး, ဇာတိမီး, ဇရာမီး, မရဏမီး, သောကမီး,

၅၇၉

ပရိဒေဝမီး, ဒုက္ခမီး, ဒေါမနဿမီး, ဥပါယာသမီး ဤတဆယ့်တပါးသော မီးတို့ အသီးသီး တောက်လောင် နေပုံကို အကျယ်ညွှန်ပြသည့်-

အာဒိတ္တပရိယာယသုတ္တန်ကို ဟောတော်မူလေသော် ထိုရဟန်းတထောင်တို့သည် မဂ်ဉာဏ်လေးပါးတို့သို့ အစဉ်အတိုင်း ရောက်ရှိကြကာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြလေကုန်၏။ သို့ရကား ထိုရဟန်းတထောင်တို့၏ စိတ်တို့သည် တဏှာဒိဋ္ဌိတို့ဖြင့် တစုံတခုသော တရားကိုမျှ “ငါ+ငါ့ဥစ္စာ”ဟု စွဲယူမှု အလျှင်း ကင်းပြတ်ပြီးလျှင် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းကြသော အာသဝေါတရားတို့မှ ရှင်းရှင်းကြီး လွတ်မြောက်ကြပြီး ဖြစ်လေကုန်၏။

(အာဒိတ္တပရိယာယသုတ္တန်နှင့်စပ်၍ သိမှတ်ဖွယ်တို့ကို ဓမ္မရတနာအခဏ်းသို့ရောက်မှ ဖော်ပြပါမည်။)

**********

အခဏ်း-၁၅

မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်တော်မူခြင်းအကြောင်း

     ထိုအခါ မြတ်စွာဘုရားသည် ဂယာသီသအရပ်၌ ရသေ့ဖြစ်ခဲ့ဘူးသူ ရှင်တထောင်တို့အား အရဟတ္တဖိုလ်ပေါက် ချေချွတ်ရန် အလိုတော်ဆန္ဒ ပြည့်ဝအောင် နေထိုင် သီတင်းသုံးတော်မူပြီးလျှင် (တောထွက်လာခဲ့စဉ် ဘုရင်ဗိမ္ဗိသာရမင်းတရားနှင့် တွေ့ခဲ့စဉ်က) “အရှင်ဘုရား.. တောင်းပန်စကား တပည့်တော် လျှောက်ထားပါသည်၊ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသောအခါ ရှေးဦးစွာ တပည့်တော်၏နိုင်ငံသို့ ကြွချီတော်မူပါကုန်ဘုရား”ဟူ၍ (အောက်စာမျက်နှာ ၂၁၈-က) လျှောက်ထားတောင်းပန်သော ဗိမ္ဗိသာရမင်းကြီး၏ စကားကို ပြေလည်စေမှု နှလုံးတော်ပြုကာ

၅၈၀

ရသေ့ဖြစ်ခဲ့ဘူးသူ ရဟန္တာ (၁၀၀၀) တထောင်ခြံရံလျက် ရာဇဂြိုဟ်ပြည်ဘက်သို့ ခရီးဒေသစာရီ ကြွချီတော်မူ၍ ရာဇဂြိုဟ်ပြည်အနီး ကြီးစွာသော ထန်းပင်ပျိုစင် တောဥယျာဉ်သို့ ဆိုက်ရောက်တော်မူလေလျှင် ဥယျာဉ်အတွင်းဝယ် ပြန့်ကျယ်သော အရိပ်လည်းရှိ လူအပေါင်းတို့ မြတ်နိုးကော်ရော် ပူဇော်ရာလည်းဖြစ်သည့် သုပ္ပတိဋ္ဌအမည်ရှိသော ပညောင်ပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူလေ၏။

(ဤ၌၊ ၊မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက် ပဌမဝါကို ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်တော်မူ၍ ဝါကျွတ်လတ်သော် ပဝါရဏာပြုပြီးလျှင် ဥရုဝေလတောအုပ်သို့ ကြွသွားတော်မူသည်။ ထိုဥရုဝေလတောအုပ်၌ သုံးလပတ်လုံး သီတင်းသုံး နေထိုင်တော်မူလျက် ရသေ့ညီနောင် ရှင်တထောင်တို့ကို အရဟတ္တဖိုလ်ပေါက် ချေချွတ်ဆုံးမတော်မူပြီးနောက် ရဟန္တာ (၁ဝဝဝ) တထောင်ခြံရံလျက် ပြာသိုလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်တော်မူပြီးလျှင် နှစ်လပတ်လုံး ထိုရာဇဂြိုဟ်ပြည်၌ သီတင်းသုံး နေထိုင်တော်မူသည်။ ဇာတက-ဋ္ဌ ၁။ မျက်နှာ ၁၀၀-နှင့် ဗုဒ္ဓဝံသ-ဋ္ဌ၊ မျက်နှာ ၂၄-တို့မှ။)

     ထိုအခါ ဥယျာဉ်မှူး၏ သံတော်ဦး တင်လျှောက်ချက်အရ ဗိမ္ဗိသာရမင်းတရားသည် မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်သို့ရောက်ဆိုက် ကြွချီတော်မူလာကြောင်း သတင်းကောင်းစကား ကြားသိလေသည်၊ ကြားသိပုံအကျယ်မှာ-

အို အချင်းတို့.. အသမ္ဘိန္န သကျနွယ်ဖွား သာကီဝင်မင်းသားဖြစ်၍ သာကီဝင်မင်းမျိုးမှ တောထွက်ကာ ရဟန်းပြုတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားသည် ယခုအခါ ငါတို့နေရာ ရာဇဂြိုဟ်ပြည်သို့ ဆိုက်ရောက်ကာ ရာဇဂြိုဟ်ပြည်၏အနီး ထန်းပင်ပျိုဥယျာဉ်အတွင်း သုပ္ပတိဋ္ဌ ပညောင်ပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူ၏။

ထိုဂေါတမနွယ်ဖွား မြတ်စွာဘုရား၏ ဂုဏ်သတင်းသည် ဤဆိုလတံ့သောအတိုင်း ဘဝဂ်မဆံ့ နှံ့၍တက်၏။ ဤအကြောင်း ဤအကြောင်းများကြောင့် မြတ်စွာဘုရားသည်

၅၈၁

အရဟံ အစ ဘဂဝါ အဆုံး ကိုးပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူ၏။ ထိုမြတ်စွာဘုရားသည် နတ်ဗြဟ္မာနှင့်တကွသော ဤသတ္တလောကကို ကိုယ်တော်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု သိရှိတော်မူပြီးလျှင် ဟောကြားထုတ်ဖော် သိစေတော်မူပေ၏။

ထိုဂေါတမနွယ်ဖွား မြတ်စွာဘုရားသည် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံလျက် အနက်နှင့်လည်းပြည့်စုံ သဒ္ဒပုဒ်ပါဌ် အက္ခရာနှင့်လည်း ပြည့်စုံသော တရားကို ဟောကြားတော်မူပေ၏။ အပိုအလိုမရှိ ထက်ဝန်းကျင်ပြည့်စုံသော ဒုစရိုက်အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော သီလ သမာဓိ ပညာ သုံးပါးသိက္ခာ သာသနာတော်တည်းဟူသော မြတ်သောအကျင့်ကို နတ်လူတို့အား ထင်ရှားပြတော်မူပေ၏။

ထိုသို့ကျေးဇူး ဂုဏ်အထူးနှင့် ပြည့်စုံတော်မူကြသည့် အပူဇော်ခံသခင် အရှင်မြတ်တို့အား ရိုသေလေးမြတ် ဆည်းကပ်ဖူးမြင်ရခြင်းသည် လွန်ကဲထူးလတ် ကောင်းမြတ်သည်သာ ဖြစ်ပေ၏-

ဟူ၍ သတင်းကောင်းစကား ကြားသိလေသည်။

     ထိုအခါ ဗိမ္ဗိသာရမင်းတရားသည် မဂဓတိုင်းသား ပုဏ္ဏားသူဌေးပေါင်း (၁၂၀၀၀၀) တသိန်းနှစ်သောင်း ခြံရံလျက် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ဝေး + နီး + ရှေ့ + နောက် + မြင့်မောက် + လေတင် = ဤအပြစ်ခြောက်ပါး ကင်းစင်ရာအရပ်၌ ထိုင်နေလေ၏။

     ဗိမ္ဗိသာရမင်းကြီးနှင့် အတူတကွ ပါလာကြသော ပုဏ္ဏားသူဌေးပေါင်း တသိန်းနှစ်သောင်းတို့အနက် (၁) အချို့သော ပုဏ္ဏားသူဌေးတို့သည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကြ၍ အပြစ်ခြောက်ပါး ကင်းစင်ရာအရပ်၌ ထိုင်နေကြကုန်၏။ (၂) အချို့သော ပုဏ္ဏားသူဌေးတို့သည် မြတ်စွာဘုရားနှင့်

၅၈၂

ဝမ်းမြောက်ဝမ်းသာ တသက်ပတ်လုံး အောက်မေ့ထိုက်သော စကားကို ပြောကြားပြီးလျှင် အပြစ်ခြောက်ပါး ကင်းစင်ရာအရပ်၌ ထိုင်နေကြကုန်၏။ (ဤပုဏ္ဏား နှစ်စုတို့ကား သမ္မာဒိဋ္ဌိ တဖက်သတ်၌ ရှိကြသော သူတို့တည်း။)

     (၃) အချို့သော ပုဏ္ဏားသူဌေးတို့သည် မြတ်စွာဘုရား ရှိတော်မူရာဘက်သို့ လက်အုပ်ကို ညွတ်ကိုင်းပြီးလျှင် အပြစ်ခြောက်ပါး ကင်းစင်ရာအရပ်၌ ထိုင်နေကြကုန်၏။ ။(ဤပုဏ္ဏားတို့ကား မိစ္ဆာဒိဋ္ဌိဘက် သမ္မာဒိဋ္ဌိဘက် လှေနံနှစ်ဖက်နင်းသူတို့တည်း။ ထိုသူတို့၏ စိတ်အကြံမှာ (က) အကယ်၍ ငါတို့ကို မိစ္ဆာဒိဋ္ဌိ အယူရှိသူတို့က “အဘယ့်ကြောင့် သင်တို့သည် ရဟန်းဂေါတမကို ရှိခိုးကြသနည်း”ဟု အပြစ်တင်စကား ပြောကြားလာလျှင် ထိုသူတို့အား “လက်အုပ်ချီမြှောက်မှု ပြုကာမျှဖြင့် အဘယ်မှာလျှင် ရှိခိုးသည်မည်အံ့နည်း”ဟု ပြောကုန်အံ့၊ (ခ) အကယ်၍ ငါတို့ကို သမ္မာဒိဋ္ဌိ အယူရှိသူတို့က “အဘယ့်ကြောင့် သင်တို့သည် မြတ်စွာဘုရားကို ရှိမခိုးကြသနည်း”ဟု အပြစ်တင်စကား ပြောကြားလာလျှင် “ဘယ့်နှယ်လဲဗျာ ဦးခေါင်းဖြင့် မြေကြီး၌ တိုက်ခတ်မှ ရှိခိုးခြင်းမည်ရမှာလား၊ စင်စစ်မှာမူ လက်အုပ်ချီမိုးမှုသည်လည်း ရှိခိုးခြင်းသာလျှင်ဖြစ်၏”ဟု ပြောကုန်အံ့ဟူ၍ ကြံစည်ကြကာ နှစ်ဖက်ရ ပြောဆိုနိုင်ရန် နေထိုင်ကြခြင်း ဖြစ်လေသည်။)

     (၄) အချို့သော ပုဏ္ဏားသူဌေးတို့သည် “အိုအရှင်ဂေါတမ.. ဤမည်သောသူ၏သား အကျွန်ုပ်ဒတ္တ, အကျွန်ုပ်မိတ္တသည် ဤအရှင့်ထံမှောက်သို့ လာရောက်ပါသည်” စသည်ဖြင့် အမည်ကို ထုတ်ဖော်ပြောဆိုကြကာ အပြစ်ခြောက်ပါး ကင်းစင်ရာအရပ်၌ ထိုင်နေကြကုန်၏။ အချို့သော ပုဏ္ဏားသူဌေးတို့သည် “အို အရှင်ဂေါတမ.. ဝါသေဋ္ဌအနွယ်ရှိသော အကျွန်ုပ်သည်, ကစ္စာယနအနွယ်ရှိသော အကျွန်ုပ်သည် ဤအရှင့်ထံမှောက်သို့ လာရောက်ပါသည်” စသည်ဖြင့် အနွယ်ကို ထုတ်ဖော်ပြောဆိုကြကာ အပြစ်ခြောက်ပါး ကင်းစင်ရာအရပ်၌

၅၈၃

ထိုင်နေကြကုန်၏။ ။(ဤပုဏ္ဏားတို့ကား ဆင်းရဲနွမ်းပါး မထင်ရှားသူများ ဖြစ်ကြသည်။ ထိုပုဏ္ဏားတို့သည် ပရိသတ်အလယ်၌ အမည်အနွယ်ကို ပြောကြားခြင်းဖြင့် ထင်ရှားကြရကုန်လိမ့်မည်ဟု ကြံစည်ကာ ဤသို့ အမည်အနွယ်ကို ထုတ်ဖော် ပြောကြားကြခြင်း ဖြစ်လေသည်။)

     (၅) အချို့သော ပုဏ္ဏားသူဌေးတို့ကား စကားမပြော တုဏှီဘောသာ ထိုင်နေကြကုန်၏။ ။(ဤပုဏ္ဏားတို့ကား စိတ်တွင်းက အကြံကောက်သူများ မသိဆိုးဝါး မိုက်ကန်းသူများ ဖြစ်ကြကုန်၏။ ထိုသူနှစ်မျိုးတို့တွင် စိတ်တွင်းက အကြံကောက်သူ (= ကေရာဋိကသမား)များကား “စကားတခွန်း နှစ်ခွန်းလောက် ပြောမိလျှင် အကျွမ်းဝင်မှု ဖြစ်လိမ့်မည်၊ အကျွမ်းဝင်လာလျှင် ဆွမ်းတခါနှစ်ခါ မကျွေးက သင့်လျော်မည်မဟုတ်”ဟု ကြံစည်ကာ အကျွမ်းဝင်ရမည် ဆွမ်းကျွေးရမည်ကို တွေးတော ကြောက်ရွံ့သဖြင့် စကားမပြော တုဏှီဘော ထိုင်နေကြခြင်းဖြစ်သည်။ မသိဆိုးဝါး မိုက်ကန်းသူများကား မသိသောကြောင့်ပင် မြေကြီးပေါ်၌ ချထားအပ်သော မြေစိုင်ခဲကြီးများပမာ ထိုင်မိထိုင်ရာ နေရာ၌သာ စကားမပြော တုဏှီဘော ထိုင်နေကြခြင်းဖြစ်သည်။)

ထိုပုဏ္ဏားတို့ ယုံမှားသံသယ ဖြစ်ရှိခြင်း

     ထိုသို့ ထိုင်နေကြပြီးသောအခါ ထိုတသိန်းနှစ်သောင်းသော မဂဓတိုင်းသား ပုဏ္ဏားသူဌေးတို့၏ စိတ်သန္တာန်၌ “ဘယ့်နှယ်လဲ ရဟန်းကြီးကပင် ဥရုဝေလကဿပ ဆရာကြီးထံ၌ တပည့်ခံကာ မြတ်သောအကျင့်ကို ကျင့်လေသလော၊ သို့မဟုတ် ဥရုဝေလကဿပ ဆရာကြီးကပင် ရဟန်းကြီး၏အထံ၌ တပည့်ခံကာ မြတ်သောအကျင့်ကို ကျင့်လေသလော”ဟု အကြံအစည် ဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုပုဏ္ဏားသူဌေးပေါင်း တသိန်းနှစ်သောင်းတို့၏ စိတ်အကြံအစည်ကို ကိုယ်တော်မြတ်၏ စေတောပရိယ အဘိညာဏ်ဖြင့် သိမြင်တော်မူ၍ အရှင်ဥရုဝေလကဿပကို-

၅၈၄

ကိ မေဝ ဒိသွာ ဥရုဝေလဝါသိ၊

ပဟာသိ အဂ္ဂိံ ကိသကောဝဒါနာ။

ပုစ္ဆာမိ တံ ကဿပ ဧတမတ္ထံ၊

ကထံ ပဟီနံ တဝ အဂ္ဂိဟုတ္တံ။

ဥရုဝေလတောအုပ်၌ နေလေ့ရှိသော အိုချစ်သား ကဿပ.. သင်သည် (ရသေ့တို့၏ ခေါင်းပါးသော အကျင့်ဖြင့်) ကြုံလှီသော ကိုယ်ခန္ဓာရှိကြသည့် ရသေ့တို့ကို ဆုံးမတတ်သူ ဆရာကြီးဖြစ်ပါလျက် အဘယ်အပြစ်ကိုမြင်၍ မီးပူဇော်မှုကို ပယ်ရှားစွန့်ပစ်သနည်း။ ချစ်သားကဿပ.. သင့်ကို ငါဘုရားသည် ထိုအကြောင်းကို မေးမြန်း၏။ အဘယ်အကြောင်းကြောင့် သင်သည် မီးပူဇော်ခြင်းအကျင့်ကို စွန့်ပယ်အပ်သနည်း”-

ဟူ၍ ဂါထာဖြင့် မိန့်ကြား မေးမြန်းတော်မူလေ၏။ ထိုအခါ အရှင်ဥရုဝေလကဿပ မထေရ်သည်-

ရူပေ စ သဒ္ဒေ စ အထော ရသေ စ၊

ကာမိတ္ထိယော စာဘိဝဒန္တိ ယညာ။

ဧတံ မလန္တီ ဥပဓီသု ဉတွာ၊

တသ္မာ န ယိဋ္ဌေ န ဟုတေ အရဉ္ဇိံ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယဇ်ပူဇော်ခြင်းဟူသော အကြောင်းကြောင့် (ကာမဂုဏ်ငါးပါး မိန်းမများတို့ ပြည့်စုံနိုင်ကုန်၏ဟူ၍) အဆင်း, အသံ, အနံ့, အရသာ, အတွေ့ တည်းဟူသော ငါးဖြာအာရုံ ကာမဂုဏ်တို့ကို၎င်း, ထိုကာမဂုဏ်ငါး လက်သည်းအားဖြင့် ခုပ်စားတတ်သူ ကျားနှင့်တူသော မိန်းမများကို၎င်း (ယဇ်ဆရာကြီးများ) ပြောကြားကြပါသည်။ ခန္ဓာငါးပါး ဥပဓိတရားတို့၌ ထိုအာရုံငါးပါး မိန်းမများကို အညစ်အကြေးများသာ ဖြစ်ကြောင်း ကောင်းစွာ သိမြင်သောကြောင့် တပည့်တော်သည် ယဇ်ကြီးပူဇော်မှု၌လည်း မမွေ့လျော်

၅၈၅

မနှစ်ခြိုက် မပျော်ပိုက်တော့ပါ။ နေ့စဉ်နေ့တိုင်း မီးပူဇော်မှု၌လည်း မမွေ့လျော် မနှစ်မြိုက် မပျော်ပိုက်တော့ပါဘုရား-

ဟူ၍ မြတ်စွာဘုရားကို ဂါထာဖြင့် ပြန်လည်ဖြေကြား လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားက-

ဧတ္ထေ၀ တေ မနော န ရမိတ္ထ (ကဿပါတိ ဘဂဝါ)၊

ရူပေသု သဒ္ဒေသု အထော ရသေသု။

အထ ကော စရဟိ ဒေဝမနုဿလောကေ၊

ရတော မနော ကဿပ ဗြူဟိ မေတံ။

ချစ်သားကဿပ.. သင်ချစ်သား၏ စိတ်နှလုံးသည် အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ တည်းဟူသော ကာမဂုဏ်ငါးပါးနှင့် မိန်းမများ၌ မမွေ့လျော် မနှစ်ခြိုက် မပျော်ပိုက်ငြားအံ့၊ ချစ်သားကဿပ.. ယင်းသို့ အာရုံငါးပါး မိန်းမများ၌ မမွေ့လျော် မနှစ်ခြိုက် မပျော်ပိုက်ခဲ့သော် နတ်ပြည် လူ့ပြည်ဝယ် အဘယ်အာရုံ၌ သင်ချစ်သား၏ စိတ်နှလုံးသည် မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်သနည်း။ ဤအကြောင်းကို သင်ချစ်သား သည် ငါဘုရားအား ဖြေကြားပြောဆိုလော့-

ဟူ၍ ဥရုဝေလကဿပ အရှင်မြတ်ကို ဂါထာဖြင့် မေးမြန်းတော်မူသောအခါ အရှင်ဥရုဝေလကဿပ မထေရ်သည်-

ဒိသွာ ပဒံ သန္တမနူပဓီကံ၊

အကိဉ္စနံ ကာမဘဝေ အသတ္တံ။

အနညထာဘာဝိမနညနေယျံ၊

တသ္မာ န ယိဋ္ဌေ န ဟုတေ အရဉ္ဇိံ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ရာဂအစရှိသော ကြောင့်ကြခြင်း အလျှင်းမရှိသည်ဖြစ်၍ ကာမတရား ဘဝတရားမှလည်း အချင်းခပ်သိမ်း မငြိမကပ် ကျွတ်လွတ်သော (ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ကင်းသဖြင့်

၅၈၆

ဖောက်ပြန်ခြင်း အလျှင်းမရှိသော (ကိုယ်တိုင်ပွါးအပ်သော မဂ်ဖြင့်သာ ရောက်အပ် ရအပ်သဖြင့်) တပါးသောသူသည် သိစေအပ်သည့် တရားမျိုးလည်း မဟုတ်သော ဥပဓိလေးတန် ဆိတ်ရာမှန်သည့် သန္တိလက္ခဏာရှိသော နိဗ္ဗာန်တရားကို ပိုင်းခြားထင်ထင် သိမြင်ရပြီဖြစ်သောကြောင့် တပည့်တော်သည် ယဇ်ကြီးပူဇော်မှု၌လည်း မမွေ့လျော် မနှစ်ခြိုက် မပျော်ပိုက်တော့ပါ။ နေ့စဉ်နေ့တိုင်း မီးပူဇော်မှု၌လည်း မမွေ့လျော် မနှစ်ခြိုက် မပျော်ပိုက်တော့ပါဘုရား-

ဟူ၍ ဂါထာဖြင့်ပင် ဖြေကြား လျှောက်ထားပြီးလျှင် အရှင်ဥရုဝေလကဿပ မထေရ်သည် မိမိကိုယ်တိုင်က မြတ်စွာဘုရား၏ တပည့်ဖြစ်ကြောင်း ကောင်းစွာ ထင်ရှားစိမ့်သောငှါ နေရာမှထ၍ ကိုယ်ဝတ်စံပယ်တင်ပြီးလျှင် မြတ်စွာဘုရား၏ ခြေဖမိုးတော်၌ ဦးခေါင်းကို တင်ထား၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် အကျွန်ုပ်၏ဆရာ ဖြစ်တော်မူပါ၏၊ အကျွန်ုပ်ကား အရှင်ဘုရား၏ တပည့်သာလျှင် ဖြစ်ပါ ၏”ဟု လျှောက်ဆို၍ ပဌမအကြိမ် ထန်းတဆင့်ခန့် ကောင်းကင်သို့ ပျံတက်၍ သက်ဆင်းပြီးမှ မြတ်စွာဘုရားကို ရှိခိုးပြန်၏။ ဒုတိယအကြိမ် ထန်းနှစ်ဆင့်ခန့် တတိယအကြိမ် ထန်းသုံးဆင့်ခန့် ဤသို့ စသည်ဖြင့် ထန်းခုနစ်ဆင့်ခန့်တိုင်အောင် ခုနစ်ကြိမ်ပင် ကောင်းကင်သို့ ပျံတက်၍ သက်ပြီးမှ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အပြစ်ခြောက်ပါး ကင်းလွတ်ရာအရပ်၌ ထိုင်နေတော်မူ၏။

     ထို တန်ခိုးပြာဋိဟာကို တွေ့မြင်ကြရ၍ များစွာသော ပုဏ္ဏားသူဌေးအပေါင်းသည် “ဩ.. မြတ်စွာဘုရားသည် တန်ခိုးအာနုဘော် ကြီးမားတော်မူပါပေ၏၊ သို့စဉ်ကလောက် အားရှိခိုင်ခံ့သော မိစ္ဆာဒိဋ္ဌိအယူရှိလျက် မိမိကိုယ်ကို ရဟန္တာဟု မှတ်ထင်နေသော ဥရုဝေလကဿပ ရသေ့ဆရာကြီးကိုပင်သော်လည်း ဒိဋ္ဌိကွန်ရက်ကို ချိုးဖျက်တော်မူကာ မြတ်စွာဘုရားသည် ယဉ်ကျေးအောင် ဆုံးမတော်မူအပ်ပေပြီ”ဟူ၍ မြတ်စွာဘုရား၏

၅၈၇

ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကိုသာလျှင် ချီးမွမ်း ပြောဆိုကြလေ၏။

     ထိုသူတို့၏ ချီးမွမ်းပြောဆိုသော စကားကို ကြားတော်မူ၍ မြတ်စွာဘုရားသည် “ပုဏ္ဏားသူဌေးအပေါင်းတို့.. ယခုအခါ သဗ္ဗညုတရွှေဉာဏ်တော်သို့ ရောက်ရှိသည့် ငါဘုရားသည် ဥရုဝေလကဿပကို ယဉ်ကျေးအောင် ဆုံးမခြင်းမှာ မအံ့ဩလောက်သေးပါ၊ ငါဘုရားသည် ရှေးအခါ ရာဂမကင်းသေးသော အလောင်းတော်ဘဝ ဖြစ်စဉ်ကလည်း နာရဒမည်သော ဗြဟ္မာမင်းဖြစ်၍ ဤဥရုဝေလကဿပအလောင်း (= အင်္ဂတိမင်းကြီး)၏ မိစ္ဆာအယူ ကွန်ရက်ကို ချိုးဖျက်ခဲ့ရလေပြီ”ဟု မိန့်တော်မူ၍ ထိုပုဏ္ဏားသူဌေးပရိသတ် တောင်းပန်အပ်သဖြင့် မဟာနာရဒကဿပဇာတ်ကို ဟောကြားတော်မူလေသည်။ (မဟာနာရဒကဿပဇာဟ် အကျယ်ကို ဇာတ်ကြီးဆယ်ဖွဲ့ဝတ္ထု၌ ဖတ်ရှုမှတ်သားရာ၏။)

     မြတ်စွာဘုရားသည် အရှင်ဥရုဝေလကဿပ ဝန်ခံချက်အရဖြင့် ထိုပုဏ္ဏားသူဌေးပေါင်း တသိန်းနှစ်သောင်းတို့ “ဥရုဝေလကဿပ ဆရာကြီးကသာ တပည့်ခံ၍ ရဟန်းကြီးဂေါတမထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးပါတကား”ဟူ၍ ယုံမှားသံသယ ကင်းစင်သော စိတ်ဖြစ်ကြသည်ကို စေတောပရိယ အဘိညာဏ်ဖြင့် ပိုင်းခြား သိမြင်တော်မူ၍ ဗိမ္ဗိသာရမင်းကြီး အမှူးပြုသော ထိုပုဏ္ဏားသူဌေးပေါင်း တသိန်းနှစ်သောင်းတို့အား ရှေး၌ ဆိုအပ်ပြီးသော နည်းအတိုင်း မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ၊ (၂) သီလကထာ၊ (၃) သဂ္ဂကထာ၊ (၄) မဂ္ဂကထာ = ကာမာနံအာဒီနဝ + နေက္ခမ္မေအာနိ သံသကထာ ဒေသနာအစဉ်အတိုင်း ဟောကြားတော်မူ၍ ဗိမ္ဗိသာရမင်းကြီးနှင့်တကွ ထိုပုဏ္ဏားသူဌေးပေါင်း တသိန်းနှစ်သောင်းတို့ ခံ့သောစိတ်ရှိကြ နူးညံ့သောစိတ်ရှိကြ ပိတ်ပင်ခြင်း နီဝရဏကင်းသော စိတ်ရှိကြ တက်ကြွဝမ်းမြောက်သော စိတ်ရှိကြ ကြည်လင်သော စိတ်ရှိကြသည်ကို သိတော်မူသောအခါ

၅၈၈

မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းကြီးနှင့်တကွ ထိုပုဏ္ဏားသူဌေးတို့အား သစ္စာလေးဝ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြားတော်မူလေလျှင် ဗိမ္ဗိသာရမင်းကြီး အမှူးပြုသော ပုဏ္ဏားသူဌေးပေါင်း တသိန်းတသောင်းတို့သည် ထိုနေရာ၌ပင် သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏။ ကျန်သော ပုဏ္ဏားသူဌေးပေါင်း တသောင်းတို့ကား သရဏဂုံတည် ဥပါသကာများ ဖြစ်ကြလေကုန်၏။

ဗိမ္ဗိသာရမင်းကြီး၏ တောင့်တချက်ငါးပါး

     ထိုအခါ သောတာပန်ဖြစ်ပြီးသော မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီးသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား ရှေးမင်းသားဖြစ်စဉ်ကပင် ငါးပါးသော တောင့်တချက်တို့သည် ဖြစ်ခဲ့ဘူးပါကုန်၏။ ထိုတောင့်တချက် ငါးပါးတို့သည် အကျွန်ုပ်အား ယခုအခါ၌ ပြည့်စုံကြကုန်ပြီ။

     (၁) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား ရှေးမင်းသား ဖြစ်စဉ်က “ငါ့ကို မဂဓတိုင်းသူ လူအပေါင်းတို့က ရာဇအဘိသိက် သွန်းဖျန်းကြပါမူ ကောင်းလေစွာ့”ဟု တောင့်တချက် ဖြစ်ခဲ့ပါသည်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤသည်ကား အကျွန်ုပ်၏ ပဌမတောင့်တချက် ဖြစ်ပါ၏။ အကျွန်ုပ် ၏ ထိုပဌမတောင့်တချက်သည် ပြည့်စုံခဲ့ပါပြီ။

     (၂) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား ရှေးမင်းသားဖြစ်စဉ်က “ငါမင်းဖြစ်သောအခါ ငါ၏နိုင်ငံတော်သို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် ကြွချီဆိုက်ရောက်လာပါမူ ကောင်းလေစွာ့”ဟု တောင့်တချက် ဖြစ်ခဲ့ပါသည်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသည်ကား အကျွန်ုပ်၏ ဒုတိယတောင့်တချက် ဖြစ်ပါ၏။ အကျွန်ုပ်၏ ထိုဒုတိယ တောင့်တချက်သည်လည်း ယခုအခါ၌ ပြည့်စုံခဲ့ပါပြီ။

     (၃) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား ရှေးမင်းသားဖြစ်စဉ်က “ငါသည် ငါ၏နိုင်ငံတော်သို့

၅၈၉

ကြွရောက်တော်မူလာသော ထိုမြတ်စွာဘုရားကို ရိုသေလေးမြတ် ဆည်းကပ်ရပါမူ ကောင်းလေစွာ့”ဟု တောင့်တချက် ဖြစ်ခဲ့ပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤသည်ကား အကျွန်ုပ်၏ တတိယ တောင့်တချက် ဖြစ်ပါ၏။ အကျွန်ုပ်၏ ထိုတတိယ တောင့်တချက်သည်လည်း ယခုအခါ၌ ပြည့်စုံခဲ့ပါပြီ။

     (၄) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား ရှေးမင်းသားဖြစ်စဉ်က “ငါ၏နိုင်ငံတော်သို့ ကြွရောက်တော်မူလာသော ထိုမြတ်စွာဘုရားသည် ငါ့အား နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သောတရားကို ဟောကြားတော်မူပါမူ ကောင်းလေစွာ့”ဟု တောင့်တချက် ဖြစ်ခဲ့ပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤသည်ကား အကျွန်ုပ်၏ စတုတ္ထ တောင့်တချက် ဖြစ်ပါ၏။ အကျွန်ုပ်၏ ထိုစတုတ္ထ တောင့်တချက်သည်လည်း ယခုအခါ၌ ပြည့်စုံခဲ့ပါပြီ။

     (၅) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား ရှေးမင်းသားဖြစ်စဉ်က “ငါသည် ထိုမြတ်စွာဘုရား ဟောကြားအပ်သော တရားကို ပိုင်းခြားထင်ထင် သိမြင်ရပါမူ ကောင်းလေစွာ့”ဟု တောင့်တချက် ဖြစ်ခဲ့ပါသည်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤသည်ကား အကျွန်ုပ်၏ ပဉ္စမတောင့်တချက် ဖြစ်ပါ၏။ အကျွန်ုပ်၏ ထိုပဉ္စမ တောင့်တချက်သည်လည်း ယခုအခါ၌ ပြည့်စုံခဲ့ပါပြီ။

     ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား ရှေးမင်းသားဖြစ်စဉ်က ဤငါးပါးသော တောင့်တချက်တို့သည် ဖြစ်ခဲ့ဘူးပါကုန်၏၊ ထိုတောင့်တချက် ငါးပါးလုံးပင် အကျွန်ုပ်အား ယခုအခါ၌ ပြည့်စုံကြပါကုန်ပြီ။

     ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား..

၅၉၀

လောကဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်ဘိသကဲ့သို့၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်ဘိ သကဲ့သို့၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်ဘိသကဲ့သို့၎င်း, “မျက်စိ အမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားဘိသကဲ့သို့၎င်း, ထို့အတူပင် မြတ်စွာဘုရားသည် အကျွန်ုပ်အား များစွာသော အကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပြီ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ သိမှတ် ဆည်းကပ်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာဟူ၍ မှတ်ယူတော်မူပါလော့။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ရဟန်းသံဃာတော်အပေါင်းနှင့်တကွ တပည့်တော်၏ဆွမ်းကို သည်းခံ သာယာတော်မူပါဘုရားဟု လျှောက်ထား ပင့်ဖိတ်လေရာ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် ဗိမ္ဗိသာရမင်းကြီး၏ ဆွမ်းစားပင့်လျှောက်ချက်ကို လက်ခံ သာယာတော်မူ၏။

     ထိုအခါ မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းတရားသည် မြတ်စွာဘုရား လက်ခံတော်မူကြောင်းကို ကောင်းစွာသိ၍ ထိုင်ရာမှထ၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် လက်ျာရစ်လှည့်ပြီး၍ ရွှေနန်းတော်သို့ ပြန်လေ၏။

(ဤ၌၊ ၊ဗိမ္ဗိသာရမင်းတရားသည် သောတာပန်တည်ပြီးမှ သရဏဂုံ ခံယူခြင်းဖြစ်သည်။ ထိုဗိမ္ဗိသာရမင်းတရားအား သောတာပတ္တိမဂ်ကို ရလျှင်ပင် သရဏဂုံကိစ္စ ပြီးစီးပြီးဖြစ်သော်လည်း ထိုမဂ်ခဏ၌ “မြတ်စွာဘုရားသည် တရားတော်သည် သံဃာတော်သည် ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာ ဧကန်စင်စစ်မှန်၏”ဟူ၍

၅၉၁

စိတ်ထဲကသာ ဆုံးဖြတ်ချက်ချရုံ အခြေအနေသို့ ရောက်ခဲ့လေသည်၊ ယခုအခါ နှုတ်မြွက်၍ အတ္တသန္နိယျာတန သရဏဂုံကို ဆောက်တည်ခြင်းဖြစ်သည်။ ဤဗိမ္ဗိသာရမင်းတရားသည် သောတာပတ္တိမဂ်သို့ ရောက်သဖြင့်ပင် နိယတသရဏဂုံ (= မပျက်စီးနိုင်သော လောကုတ္တရာသရဏဂုံ) တည်ပြီးသူဖြစ်၏၊ ထိုနိယတသရဏဂုံ တည်ပြီးသူဖြစ်ကြောင်းကို သူတပါးတို့အား နှုတ်ဖြင့် ထင်စွာဖွင့်ဟ ဖော်ပြလို၍၎င်း, ပဏိပါတသရဏဂုံ ခံယူလိုသည်ဖြစ်၍၎င်း ဤသို့ နှုတ်မြွက်၍ လျှောက်ထားခြင်းဖြစ်သည်။)

မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင်းသို့

ဆွမ်းစားကြွတော်မူခြင်း

     ထိုအခါ မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းတရားသည် ထိုညဉ့်လွန်မြောက် နောက်တနေ့ နံနက်မိုးသောက် ရောက်လတ်သောအခါ မိမိနန်းတော်၌ မွန်မြတ်သော ခဲဖွယ်ဆွမ်း ဘောဇဉ်ဆွမ်းများကို ကောင်းစွာ ချက်ပြုတ်ပြင်ဆင် စီရင်စေပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဆွမ်းစားချိန်တန်ပါပြီ၊ ဆွမ်းပြင်၍လည်း ပြီးပါပြီ”ဟု မြတ်စွာဘုရားအား ဆွမ်းဘုဉ်းပေးကြွတော်မူရန် ပင့်လျှောက်စေလေ၏။

ပရိသတ်ထူထပ်လှသဖြင့် သိကြားမင်းဆင်းလာခြင်း

     ရာဇဂြိုဟ်ပြည်အတွင်းသို့ မြတ်စွာဘုရား ဆွမ်းစားကြွတော်မူခါနီးအချိန်၌ မြတ်စွာဘုရားကို ဖူးမြင်ဘူးသူ မဖူးမြင်ဘူးသူ ဖြစ်ကြသည့် တဆယ့်ရှစ်ကုဋေမျှသော ရာဇဂြိုဟ်ပြည်သား လူအများတို့သည် မြတ်စွာဘုရားကို ဖူးမြင်လိုကြသဖြင့် စောစောစီးစီးပင် ရာဇဂြိုဟ်ပြည်မှထွက်၍ ထန်းပင်ပျိုနု တောဥယျာဉ်သို့ အစုလိုက် အစုလိုက် အစီအရီ သွားကြလေ၏။ သုံးဂါဝုတ်မျှရှိသော လမ်းခရီးသည် မဆံ့နိုင်လောက်အောင် လူတို့ဖြင့် တင်းကျမ်းပြည့်လျှမ်းလျက်ရှိ၏၊ ထန်းပင်ပျိုနု တောဥယျာဉ်တခုလုံး အကြားမလပ် လူတို့ဖြင့် ပြည့်ကျပ်လျက်ရှိ၏။ လူများအပေါင်းသည် မြတ်စွာဘုရား၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်, ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့်

၅၉၂

တင့်တယ်ခြင်း အသရေအစုသို့ ရောက်သော ရူပကာယကိုယ်တော်ကို ဖူးမြော်ကြရာဝယ် အားရတင်းတိမ် ရောင့်ရဲသည်ဟူ၍ မရှိနိုင်အောင် ဖြစ်လေသည်။

     ဥယျာဉ်တခုလုံး လမ်းတလျှောက်လုံး ဘုရားဖူးသူ လူအပေါင်းဖြင့် ပြည့်ကျပ်လျက်ရှိသောကြောင့် ရဟန်းတော်တပါး ထွက်နိုင်လောက်ရုံအရပ်ပင် မရှိသလောက် ဖြစ်နေ၏။ ဤအတိုင်းသာဆိုလျှင် ထိုနေ့အဖို့ မြတ်စွာဘုရားမှာ ဆွမ်းပင် ပြတ်လေရာ၏။ ထိုသို့ မြတ်စွာဘုရားအား ဆွမ်းပြတ်မှု မဖြစ်ပါစေလင့်ဟု ပြောဆိုသည့်အလား သိကြားမင်း၏ ထိုင်နေရာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာသည် ပူနွေးသော အခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် အကြောင်းအရာကို ဆင်ခြင်လတ်သော် ထိုအကြောင်းကို ကောင်းစွာသိမြင်လတ်၍ လုလင်ပျိုအသွင် ဖန်ဆင်းပြီးလျှင် ဘုရား တရား သံဃာ ရတနာသုံးပါးနှင့်စပ်သော ချီးမွမ်းစကားများကို မြွက်ကြား ကျူးရင့်လျက် မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ ဘွားကနဲ ပေါ်ပေါက် သက်ရောက်၍ နတ်တန်ခိုး အာနုဘော်ဖြင့် ဘုရားအမှူးပြုသော သံဃာတော်တို့ ကြွချီလောက်သောအရပ်ကို ပြုလုပ်ဖန်ဆင်း၍ နိဗ္ဗာန်ဆော် လုလင်ပျိုပမာ-

ဒန္တော ဒန္တေဟိ သဟ ပုရာဏဇဋိလေဟိ၊

ဝိပ္ပမုတ္တော ဝိပ္ပမုတ္တေဟိ။

သိင်္ဂီနိက္ခသဝဏ္ဏော၊

ရာဇဂဟံ ပါဝိသိ ဘဂဝါ။

(ဘောန္တော = တိုင်းသားပြည်သူ အိုလူအပေါင်းတို့..)။ သိင်္ဂီနိက္ခသဝဏ္ဏော = ယုတ္တိကတ စသည်အပြား ရွှေရှစ်ပါးတွင် ခေါင်ဖျားအဋ္ဌမ မြတ်ထွတ်လှသား တနိက္ခအချိန်မှီသည့် သိင်္ဂီရွှေပြားပမာ ဝါရွှေမှည့်ဝင်းသည့် အဆင်းရှိတော်မူထသော။ ဘဂဝါ = ရွှေဘုန်းတော်သခင် ဘုရားရှင် ကိုယ်တော်မြတ်သည်။

၅၉၃

ဒန္တော = ကိုယ်တော်တိုင်ပင် ယဉ်ကျေးတော်မူပြီးဖြစ်၍။ ဒန္တေဟိ = ကိုယ်တော်တိုက်ကျွေး အမြိုက်ဆေးဖြင့် ယဉ်ကျေးကြကုန်ပြီးသော။ ဝိပ္ပမုတ္တော = ရှေ့ဆောင်ပုင်္ဂဝ ကိုယ်တိုင်ကပင် ဘဝသုံးထပ် ဝဋ်သုံးရပ်မှ ကျွတ်လွတ်တော်မူပြီးဖြစ်၍။ ဝိပ္ပမုတ္တေဟိ = ကိုယ်တော်ညွှန်ပြ ဓမ္မောဇဖြင့် ဘဝသုံးထပ် ၀ဋ်သုံးရပ်မှ ကျွတ်လွတ်တော်မူကြကုန်ပြီးသော။ ပုရာဏဇဋိလေဟိ = ရသေ့ဖြစ်ဟောင်း ရဟန္တာပေါင်း တထောင်တို့နှင့်။ သဟ = အတူတကွ။ ရာဇဂဟံ = ရာဇဂြိုဟ်မည်လျှင်း ပြည်အတွင်းသို့။ ပါဝိသိ = မဂဓတိုင်းရှင် ဘုရင်ဥက္ကဌ် တောင်းပန်လတ်၍ စက်မြတ်နှစ်ပြင် နေလသွင်သို့ ကြွဝင် ချီမြန်းတော်မူခဲ့လေပြီ။

မုတ္တော မုတ္တေဟိ သဟ ပုရာဏဇဋိလေဟိ၊

ဝိပ္ပမုတ္တော ဝိပ္ပမုတ္တေဟိ။

သိင်္ဂီနိက္ခသဝဏ္ဏော၊

ရာဇဂဟံ ပါဝိသိ ဘဂဝါ။

(ဘောန္တော = တိုင်းသားပြည်သူ အိုလူအပေါင်းတို့..)။ သိင်္ဂီနိက္ခသဝဏ္ဏော = ယုတ္တိကတ စသည်အပြား ရွှေရှစ်ပါးတွင် ခေါင်ဖျားအဋ္ဌမ မြတ်ထွတ်လှသား တနိက္ခအချိန်မှီသည့် သိင်္ဂီရွှေပြားပမာ ဝါရွှေမှည့်ဝင်းသည့် အဆင်းရှိတော်မူထသော။ ဘဂဝါ = ရွှေဘုန်းတော်သခင် ဘုရားရှင် ကိုယ်တော်မြတ်သည်။ မုတ္တော = ကိုယ်တော်တိုင်သာ ထောင့်ငါးရာသော ကိလေသာဝဋ် မာရ်မင်းညွတ်မှ ကျွတ်လွတ်တော်မူပြီးဖြစ်၍။ မုတ္တေဟိ = ကိုယ်တော်ညွှန်းချွေ ဓမ္မုပဒေဖြင့် ကိလေသာ၀ဋ် မာရ်မင်းညွတ်မှ ကျွတ်လွတ်တော်မူကြကုန်ပြီးသော။ ဝိပ္ပမုတ္တော = ရှေ့ဆောင်ပုင်္ဂဝ ကိုယ်တိုင်ကပင် ဘဝသုံးထပ် ဝဋ်သုံးရပ်မှ ကျွတ်လွတ်တော်မူပြီးဖြစ်၍။ ဝိပ္ပမုတ္တေဟိ = ကိုယ်တော်ညွှန်ပြ ဓမ္မောဇဖြင့် ဘဝသုံးထပ် ၀ဋ်သုံးရပ်မှ ကျွတ်လွတ်တော်မူကြကုန်ပြီးသော။

၅၉၄

ပုရာဏဇဋိလေဟိ = ရသေ့ဖြစ်ဟောင်း ရဟန္တာပေါင်း တထောင်တို့နှင့်။ သဟ = အတူတကွ။ ရာဇဂဟံ = ရာဇဂြိုဟ်မည်လျှင်း ပြည်အတွင်းသို့။ ပါဝိသိ = မဂဓတိုင်းရှင် ဘုရင်ဥက္ကဌ် တောင်းပန်လတ်၍ စက်မြတ်နှစ်ပြင် နေလသွင်သို့ ကြွဝင် ချီမြန်းတော်မူခဲ့လေပြီ။

တိဏ္ဏော တိဏ္ဏေဟိ သဟ ပုရာဏဇဋိလေဟိ၊

ဝိပ္ပမုတ္တော ဝိပ္ပမုတ္တေဟိ။

သိင်္ဂီနိက္ခသဝဏ္ဏော၊

ရာဇဂဟံ ပါဝိသိ ဘဂဝါ။

(ဘောန္တော = တိုင်းသားပြည်သူ အိုလူအပေါင်းတို့..)။ သိင်္ဂီနိက္ခသဝဏ္ဏော = ယုတ္တိကတ စသည်အပြား ရွှေရှစ်ပါးတွင် ခေါင်ဖျားအဋ္ဌမ မြတ်ထွတ်လှသား တနိက္ခအချိန်မှီသည့် သိင်္ဂီရွှေပြားပမာ ဝါရွှေမှည့်ဝင်းသည့် အဆင်းရှိတော်မူထသော။ ဘဂဝါ = ရွှေဘုန်းတော်သခင် ဘုရားရှင် ကိုယ်တော်မြတ်သည်။ တိဏ္ဏော = ဩဃလေးခဏ်း ရေပြင်ကြမ်းကို ကူးသန်းလွန်မြောက် ကိုယ်တော်တိုင် တဖက်ကမ်းသို့ ရောက်တော်မူပြီးဖြစ်၍။ တိဏ္ဏေဟိ = ကိုယ်တော်သခင် ပေးအပ်နှင်သား အဋ္ဌင်္ဂိက စက်ယာဉ်လှဖြင့် ဩဃလေးခဏ်း ရေပြင်ကြမ်းကို ကူးသန်းလွန်မြောက် တဖက်ကမ်းသို့ ရောက်တော်မူကြကုန်ပြီးသော။ ဝိပ္ပမုတ္တော = ရှေ့ဆောင်ပုင်္ဂဝ ကိုယ်တိုင်ကပင် ဘဝသုံးထပ် ဝဋ်သုံးရပ်မှ ကျွတ်လွတ်တော်မူပြီးဖြစ်၍။ ဝိပ္ပမုတ္တေဟိ = ကိုယ်တော်ညွှန်ပြ ဓမ္မောဇဖြင့် ဘဝသုံးထပ် ၀ဋ်သုံးရပ်မှ ကျွတ်လွတ်တော်မူကြကုန်ပြီးသော။ ပုရာဏဇဋိလေဟိ = ရသေ့ဖြစ်ဟောင်း ရဟန္တာပေါင်း တထောင်တို့နှင့်။ သဟ = အတူတကွ။ ရာဇဂဟံ = ရာဇဂြိုဟ်မည်လျှင်း ပြည်အတွင်းသို့။ ပါဝိသိ = မဂဓတိုင်းရှင် ဘုရင်ဥက္ကဌ် တောင်းပန်လတ်၍ စက်မြတ်နှစ်ပြင် နေလသွင်သို့ ကြွဝင် ချီမြန်းတော်မူခဲ့လေပြီ။

၅၉၅

သန္တော သန္တေဟိ သဟ ပုရာဏဇဋိလေဟိ၊

ဝိပ္ပမုတ္တော ဝိပ္ပမုတ္တေဟိ။

သိင်္ဂီနိက္ခသဝဏ္ဏော၊

ရာဇဂဟံ ပါဝိသိ ဘဂဝါ။

(ဘောန္တော = တိုင်းသားပြည်သူ အိုလူအပေါင်းတို့..)။ သိင်္ဂီနိက္ခသဝဏ္ဏော = ယုတ္တိကတ စသည်အပြား ရွှေရှစ်ပါးတွင် ခေါင်ဖျားအဋ္ဌမ မြတ်ထွတ်လှသား တနိက္ခအချိန်မှီသည့် သိင်္ဂီရွှေပြားပမာ ဝါရွှေမှည့်ဝင်းသည့် အဆင်းရှိတော်မူထသော။ ဘဂဝါ = ရွှေဘုန်းတော်သခင် ဘုရားရှင် ကိုယ်တော်မြတ်သည်။ သန္တော = ကိလေသာဟူ အပူခပ်သိမ်း ကိုယ်တော်တိုင် အေးငြိမ်းတော်မူပြီးဖြစ်၍။ သန္တေဟိ = ကိုယ်တော်မျှဝေ အမြိုက်ရေဖြင့် ကိလေသာဟူ အပူခပ်သိမ်း အေးငြိမ်းတော်မူကြကုန်သော။ ဝိပ္ပမုတ္တော = ရှေ့ဆောင်ပုင်္ဂဝ ကိုယ်တိုင်ကပင် ဘဝသုံးထပ် ဝဋ်သုံးရပ်မှ ကျွတ်လွတ်တော်မူပြီးဖြစ်၍။ ဝိပ္ပမုတ္တေဟိ = ကိုယ်တော်ညွှန်ပြ ဓမ္မောဇဖြင့် ဘဝသုံးထပ် ၀ဋ်သုံးရပ်မှ ကျွတ်လွတ်တော်မူကြကုန်ပြီးသော။ ပုရာဏဇဋိလေဟိ = ရသေ့ဖြစ်ဟောင်း ရဟန္တာပေါင်း တထောင်တို့နှင့်။ သဟ = အတူတကွ။ ရာဇဂဟံ = ရာဇဂြိုဟ်မည်လျှင်း ပြည်အတွင်းသို့။ ပါဝိသိ = မဂဓတိုင်းရှင် ဘုရင်ဥက္ကဌ် တောင်းပန်လတ်၍ စက်မြတ်နှစ်ပြင် နေလသွင်သို့ ကြွဝင် ချီမြန်းတော်မူခဲ့လေပြီ။

ဒသဝါသော ဒသဗလော၊

ဒသဓမ္မဝိဒူ ဒသဘိ စုပေတော။

သော ဒသသတပရိဝါရော၊

ရာဇဂဟံ ပါဝိသိ ဘဂဝါ။

(ဘောန္တော = တိုင်းသားပြည်သူ အိုလူအပေါင်းတို့..)၊ ဒသဝါသော = အရိယဝါသ ဓမ္မအပြား

၅၉၆

ဆယ်ပါးတို့နှင့် ပြည့်စုံတော်မူထသော။ ဒသဗလော = ကာယဗလ ဆယ်ပါး, ဉာဏဗလ ဆယ်ပါးတို့နှင့်လည်း ပြည့်စုံတော်မူထသော။ ဒသဓမ္မဝိဒူ = ကမ္မပထတရား ဆယ်ပါးတို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူထသော။ ဒသဘိ = အသေက္ခအင်္ဂါတရား ဆယ်ပါးတို့နှင့်။ ဥပေတော = လောက်ငကုံလုံ ပြည့်စုံတော်မူထသော။ သော ဘဂဝါ = ထိုရွှေဘုန်းတော်သခင် ဘုရားရှင် ကိုယ်တော်မြတ်သည်။ ဒသသတပရိဝါရော = ရသေ့ဖြစ်ဟောင်း ရဟန္တာပေါင်းတထောင် အခြံအရံရှိသည်ဖြစ်၍။ ရာဇဂဟံ = ရာဇဂြိုဟ်မည်လျှင်း ပြည်အတွင်းသို့။ ပါဝိသိ = မဂဓတိုင်းရှင် ဘုရင်ဥက္ကဌ် တောင်းပန်လတ်၍ စက်မြတ်နှစ်ပြင် နေလသွင်သို့ ကြွဝင် ချီမြန်းတော်မူခဲ့လေပြီ။—

ဤဘုန်းတော်ဘွဲ့ဂါထာတို့ကို သာယာနာပျော်ဖွယ် သီဆိုကျူးရင့်လျက် ဘုရားအမှူးရှိသော ရဟန်းအပေါင်း၏ ရှေ့တူရူမှ လူအပေါင်းကို နှိုးဆော်ကာ သွားလေ၏။

     ထိုအခါ ရာဇဂြိုဟ်ပြည်သူပြည်သား လူအများတို့သည် လုလင်ပျိုအသွင် ဖန်ဆင်းသည့် နတ်တို့သနင်း သိကြားမင်းကို မြင်ကြလေလျှင်-

“အချင်းတို့ ... ဤလုလင်ပျိုသည် အလွန်ပင် အဆင်းလှပါပေစွာ့တကား၊

ဤလုလင်ပျိုသည် ကြည့်ရှုချင်ဖွယ် ရှိပါပေစွာ့တကား၊

ဤလုလင်ပျိုသည် ကြည်ညိုဖွယ် ရှိပါပေစွာ့တကား၊

ဤလုလင်ပျိုသည် အဘယ်သူ၏ အလုပ်အကျွေးများ ဖြစ်ပါလိမ့်မည်နည်း-

ဟူ၍ အချင်းချင်း ပြောကြားကြကုန်သည်ရှိသော် နတ်တို့သနင်း သိကြားမင်းသည်-

၅၉၇

ယော ဓီရော သဗ္ဗဓိ ဒန္တော၊

သုဒ္ဓေါ အပ္ပဋိပုဂ္ဂလော။

အရဟံ သုဂတော လောကေ၊

တဿာဟံ ပရိစာရကော။

(ဘောန္တော = တိုင်းသားပြည်သူ အိုလူအပေါင်းတို့..)။ လောကေ = လောက၌။ ယော = အကြင် မြတ်စွာဘုရားသည်။ ဓီရော = သဗ္ဗညုတ ဉာဏသခင် ပညာရှင်ကြီးတဆူ ဖြစ်တော်မူပေ၏။ သဗ္ဗဓိ = ဣန္ဒြေခြောက်ပါး တံခါးကြီးခြောက်ပေါက်လုံးတို့၌။ ဒန္တော = အကုသိုလ်ညစ် အပြစ်ကင်းဝေး ယဉ်ကျေးတော်မူပြီးလည်း ဖြစ်ပါပေ၏။ သုဒ္ဓေါ = တထောင့်ငါးရာ ကိလေသာဟူ မြူမငြိတွယ် စင်ကြယ်တော်မူပြီးလည်း ဖြစ်ပေ၏။ အပ္ပဋိပုဂ္ဂလော = လောကဓာတ် ဘုံသုံးဆိုင်ဝယ် နှုန်းပြိုင်အပ်သူ တယောက်လူမျှ မပြူမရှိပေ။ အရဟံ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇာဝိသေအထူးကိုလည်း ခံယူတော်မူထိုက်ပေ၏။ သုဂတော = လူလျှင်နာလို မနာလိုလည်း မဂ်ဖိုလ်တိုင်ထိ အကျိုးရှိသည့် အဝိပရီတံ မှန်သောစကား ဤနှစ်ပါးကို ဟောကြား ပြောဆိုတော်မူပေ၏။ အဟံ = လုလင်ပျိုဟန် သဏ္ဌာန်သွင်ရုပ် အကျွန်ုပ်သည်။ တဿ = ထိုအံ့ဖွယ်အထူး ဂုဏ်ကျေးဇူးတို့နှင့် ချီးကျူးလောက်လုံ ပြည့်စုံတော်မူသော မြတ်စွာဘုရား၏။ ပရိစာရကော = အလုပ်အကျွေး ဒါယကာကလေးပါပေတည်း။-

ဟူ၍ ထိုလူအပေါင်းတို့ကို ဂါထာစကားဖြင့် ပြန်ကြား ပြောဆိုလေ၏။

ဗိမ္ဗိသာရမင်းကြီး ဝေဠုဝန်ဥယျာဉ်ကို လှူဒါန်းခြင်း

     မြတ်စွာဘုရားသည် နတ်တို့သနင်း သိကြားမင်း သွားခွင့်ရရန် စီမံအပ်သောခရီးသို့ ကြွတော်မူ၍ ရဟန်းတထောင် ခြံရံလျက်

၅၉၈

ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူလေ၏။ ဗိမ္ဗိသာရမင်းတရားသည် ဘုရားအမှူးရှိသော သံဃာကို ရွှေနန်းတော်သို့ပင့်၍ မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိက သက္ကစ္စမြောက် လက်ရောက်ကြည်ဖြူ ကပ်လှူ ကျွေးမွေးပြီးလျှင် အပြစ်ခြောက်ပါး ကင်းလွတ်ရာအရပ်၌ ထိုင်နေလေ၏။ ထိုသို့ ထိုင်နေပြီးသောအခါ ဗိမ္ဗိသာရမင်းတရားအား-

(၁) မြို့ရွာနှင့် မဝေးလွန်းခြင်း၊

(၂) မြို့ရွာနှင့် မနီးကပ်လွန်းခြင်း၊

(၃) သွားလမ်းလာလမ်းနှင့် ပြည့်စုံခြင်း၊

(၄) လူတိုင်း လူတိုင်း အလိုရှိသောအခါ သွားလာဖို့ရန် လွယ်ကူခြင်း၊

(၅) အာရုံငါးတန် မြို့သံ ရွာသံ လူသံတို့မှ ဆိတ်ငြိမ်ခြင်း၊ ဖော်ပြရာပါ အင်္ဂါငါးပါးနှင့် ပြည့်စုံသည့် အဘယ်အရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံး စံနေတော်မူပါမည်နည်း-

ဟု အကြံအစည်ဖြစ်လတ်၍ မိမိပိုင်သော ဝေဠုဝန်ဥယျာဉ်သည် ဖော်ပြရာပါ အင်္ဂါငါးပါးနှင့် ပြည့်စုံသဖြင့် ထိုဝေဠုဝန်ဥယျာဉ်ကို ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းအား လှူဒါန်းရမူ ကောင်းလေစွာ့ဟု ဆင်ခြင်စဉ်းစားပြီးလျှင် မြတ်စွာဘုရားကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ရတနာသုံးပါးနှင့် ကင်းကွာ၍ မနေနိုင်ပါ၊ အခါဟုတ်ဟုတ် မဟုတ်ဟုတ် ဘုရားထံမှောက်သို့ လာရောက်လိုပါ၏၊ ယခု ရှင်တော်ဘုရား သီတင်းသုံးတော်မူရာ ထန်းပင်ပျိုနု တောဥယျာဉ်သည်ကား မြို့နှင့် အလွန် ဝေးကွာလှပါသည်။ ဤတပည့်တော်တို့၏ ဝေဠုဝန်ဥယျာဉ်မှာမူ မြို့နှင့် ဝေးလည်းမဝေးလွန်း နီးလည်း မနီးလွန်းလှပါ။

၅၉၉

သွားလမ်း လာလမ်းနှင့်လည်း ပြည့်စုံပါ၏၊ မြတ်စွာဘုရားတို့နှင့် ထိုက်တန်သော နေရာလည်း ဖြစ်ပါ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဤဝေဠုဝန်ဥယျာဉ်ကို အလှူခံတော်မူစေချင်ပါသည်”–

ဟု လျှောက်ထားကာ ရွှေကရားဖြင့် ပန်းရနံ့ထုံအပ်သော ရေကြည်ကို ထည့်ပြီးလျှင် ဝေဠုဝန်ဥယျာဉ်တော်ကို စွန့်လှူလိုရကား-

“ဧတာဟံ ဘန္တေ ဝေဠုဝနံ ဥယျာနံ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံဃဿ ဒမ္မိ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ဤဝေဠုဝန်ဥယျာဉ်ကို မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းပါ၏”–

ဟု နှုတ်မြွက် လှူဒါန်းပြီးလျှင် မြတ်စွာဘုရား၏ လက်တော်၌ ရေစက်ကို သွန်းချလေသည်။ ထိုဝေဠုဝန် ဥယျာဉ်အရံကို အလှူခံသောအခါ “မြတ်စွာဘုရား၏ သာသနာတော်အမြစ်ကား တွယ်လေပြီ”ဟု ပြောဆိုကာ ပီတိ၏အလိုနိုင်ငံသို့ လိုက်ပါကခုန်သော အမျိုးသမီးပမာ ဤမဟာပထဝီမြေကြီးသည် တယိမ်းယိမ်း တနွဲ့နွဲ့ တုန်လှုပ်လေ၏။

(အထူးမှတ်ရန်မှာ.. ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ဝေဠုဝန်ကျောင်းတိုက် အရံကိုထား၍ အခြားတပါးသော မြေကြီးကို တုန်လှုပ်စေ၍ အလှူခံအပ်သော ကျောင်းတိုက်အရံဟူ၍ မရှိ။ ။ဗုဒ္ဓဝံသအဋ္ဌကထာစသည်)။

ဗုဒ္ဓဝံသအဋ္ဌကထာကျမ်းလာ ဝိဟာရာနုမောဒနာ ဆယ်ဂါထာ

     ထိုအခါ မြတ်စွာဘုရားသည် ဝေဠုဝန်အရံကို အလှူခံတော်မူပြီးလျှင် မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီးအား ကျောင်းအလှူ အနုမောဒနာတရား ဟောကြားတော်မူလေသည်မှာ-

(၁) အာဝါသဒါနဿ ပနာနိသံသံ၊

ကော နာမ ဝတ္တုံ ပုရိသော သမတ္ထော။

အညတြ ဗုဒ္ဓါ ပန လောကနာထာ၊

ယုတ္တော မုခါနံ နဟုတေန စာပိ။

၆၀၀

(မဟာရာဇ = မြတ်သောမင်းကြီး..)။ လောကနာထာ = လူသုံးပါးတို့၏ ကိုးစားမှီခိုရာ ဖြစ်တော်မူသော။ ဗုဒ္ဓါ = သဗ္ဗညုထွတ်ထား မြတ်စွာဘုရားကို။ အညတြ = ကြဉ်ဖယ်ရှောင်ရှား အလွတ်ထား၍။ အာဝါသဒါနဿ = အရိပ်အာဝါသ ကျောင်းအလှူဒါန၏။ အာနိသံသံ = အကျိုးများဖြင် အာနိသင်ကို။ မုခါနံ = ခံတွင်းတို့၏။ နဟုတေန = တသောင်းနှင့်။ (ဝါ- မုခါနံ နဟုတေန = ခံတွင်းပေါင်း တသောင်းနှင့်)။ ယုတ္တော စာပိ = မဖြစ်စဘူး အထူးတလည် ယှဉ်သည်လည်းဖြစ်သော။ ကော နာမ ပုရိသော = အဘယ်မည်သော ယောက်ျားသည်။ ဝတ္တုံ = အပြည့်အစုံ အံကုံအင ထုတ်ပြရှင်းလင်း ဟောကြားခြင်းငှါ။ သမတ္ထော = စွမ်းနိုင်ချိမ့်မည်နည်း။ (န သမတ္ထော ဧဝ = ဘုရားကိုချန် ဤလူ့ဌာန်ဝယ် သာမန်လူများ ဘယ်နည်းအားမျှ ဟောကြားခြင်းငှာ မစွမ်းနိုင်သည်သာတည်း)။

(၂) အာယုဉ္စ ဝဏ္ဏဉ္စ သုခံ ဗလဉ္စ၊

ဝရံ ပသတ္ထံ ပဋိဘာနမေဝ။

ဒဒါတိ နာမာတိ ပဝုစ္စတေ သော၊

ယော ဒေတိ သံဃဿ နရော ဝိဟာရံ။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ ယော နရော = အမှတ်မထင် အကြင်သူသည်။ သံဃဿ = သံဃာတော်အား။ ဝိဟာရံ = နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို။ ဒေတိ = သဒ္ဓါရွှင်လန်း ဆောက်လုပ်လှူဒါန်း၏။ သော နရော = သဒ္ဓါကြည်ဖြူ ထိုကျောင်းလှူသောသူကို။ အာယုဉ္စ = အသက်ကို၎င်း။ ဝဏ္ဏဉ္စ = အဆင်းကို၎င်း။ သုခဉ္စ = ချမ်းသာကို၎င်း။ ဗလဉ္စ = ခွန်အားကို၎င်း။ ဝရံ ပသတ္ထံ = သာလွန်မြင့်မြတ် ချီးမွမ်းအပ်သော။ ပဋိဘာနမေ၀ စ = ဉာဏ်ပညာ ပဋိဘာန်ကို၎င်း။ ဒဒါတိ နာမာတိ = သဒ္ဓါရွှင်လန်း ပေးလှူဒါန်းသူ မည်၏ဟူ၍။

၆၀၁

ပဝုစ္စတေ = အကျိုးရမှု အကြောင်းပြု၍ သမ္မုတိဝေါဟာ သာယာနှုတ်ချို ခေါ်ဆိုအပ်၏။

(၃) ဒါတာ နိဝါသဿ နိဝါရဏဿ၊

သီတာဒိနော ဇီဝိတုပဒ္ဒဝဿ။

ပါလေတိ အာယုံ ပန တဿ ယသ္မာ၊

အာယုပ္ပဒေါ ဟောတိ တမာဟု သန္တော။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ သီတာဒိနော = အချမ်းအပူ အစရှိသော။ ဇီဝိတုပဒ္ဒဝဿ = အသက်၏အန္တရာယ် အသွယ်သွယ်ကို။ နိဝါရဏဿ = ဖျောက်လွှင့်ပယ်ရှား မြစ်တားနိုင်သော။ နိဝါသဿ = နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို။ ဒါတာ = သဒ္ဓါရွှင်လန်း ဆောက်လုပ်လှူဒါန်းသော။ (ယော = အကြင်သူသည်)။ ယသ္မာ = အကြင့်ကြောင့်။ တဿ = ထိုကျောင်း၌ကျိန်းအောင်း ရဟန်းသံဃာအပေါင်း၏။ အာယုံ = အသက်ကို။ ပါလေတိ = ဘေးရန်မရောက် ကောင်းစွာ စောင့်ရှောက်သည်မည်၏။ (တသ္မာ = ထို့ကြောင့်)။ တံ = ထိုသဒ္ဓါကြည်ဖြူ ကျောင်းလှူသောသူကို။ အာယုပ္ပဒေါ ဟောတိ = အသက်အလှူ ပေးလှူသောသူဟူ၍။ သန္တော = ဘုရားအစ များလှဘိတောင်း သူတော်ကောင်းတို့သည်။ အာဟု = ချီးမွမ်းစကား ပြောကြားနှုတ်ချို မိန့်ဆိုတော်မူကြလေကုန်ပြီ။

(၄) အစ္စုဏှသီတေ ဝသတော နိဝါသေ၊

ဗလဉ္စ ဝဏ္ဏော ပဋိဘာ န ဟောတိ။

တသ္မာ ဟိ သော ဒေတိ ဝိဟာရဒါတာ၊

ဗလဉ္စ ဝဏ္ဏံ ပဋိဘာနမေဝ။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ အစ္စုဏှသီတေ = အလွန်ပူလွန်း အလွန်အေးလွန်းသော။ နိဝါသေ = ဟင်းလင်းအပြင် လွင်တီးခေါင်စသော နေရာ၌။

၆၀၂

ဝသတော = ဥတုဒဏ်ချက် နှိပ်စက်ပြင်းထန် ခံနေရသော ရဟန်း၏။ ဗလဉ္စ = ခွန်အားသည်၎င်း။ ၀ဏ္ဏော စ = အဆင်းသည်၎င်း။ ပဋိဘာ စ = အသိဉာဏ်ပညာသည်၎င်း။ န ဟောတိ = ဥပနိသျည်း ပစ္စည်းထောက်ပံ့ လျော့ယုတ်ညံ့၍ ကြံ့ကြံ့ခိုင်ခိုင် မဖြစ်နိုင်။ (လုံခြုံသော ကျောင်းအတွင်း၌ နေရမှသာလျှင် ဖြစ်နိုင်၏ဟု ဆိုလိုသည်)။ တသ္မာဟိ- တသ္မာ ဧဝ = ထို့ကြောင့်သာလျှင်။ ဝိဟာရဒါတာ = နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို လှူဒါန်းသော။ သော = ထိုသူသည်။ ဗလဉ္စ = ခွန်အားကို၎င်း။ ဝဏ္ဏဉ္စ = အဆင်းကို၎င်း။ ပဋိဘာနမေဝ စ = အသိဉာဏ်ပညာကို၎င်း။ ဒေတိ = သဒ္ဓါရွှင်လန်း လှူဒါန်းသူ မည်ပေ၏။

(၅) ဒုက္ခဿ သီတုဏှသရီသပါ စ၊

ဝါတာတပါဒိပ္ပဘဝဿ လောကေ။

နိဝါရဏာနေကဝိဓဿ နိစ္စံ၊

သုခပ္ပဒေါ ဟောတိ ဝိဟာရဒါတာ။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ ဝိဟာရဒါတာ = နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို လှူဒါန်းသောသူသည်။ လောကေ = ဘေးရန်ပြောထ လူ့လောက၌။ သီတုဏှသရီသပါ = အချမ်းအပူ မြွေကင်းသန်း တည်းဟူသော ရန်သူကြောင့်။ ဥပ္ပန္နဿ = ဖြစ်သော။ ဒုက္ခဿ စ = ဆင်းရဲဒုက္ခ အဝဝကို၎င်း။ ဝါတာတပါဒိပ္ပဘဝဿ = လေကြမ်း နေကြမ်း စသည်တို့ကြောင့်ဖြစ်သော။ အနေကဝိဓဿ = တပါးမက များပြားလှသော။ ဒုက္ခဿ စ = ဆင်းရဲဒုက္ခ အ၀၀ကို၎င်း။ နိစ္စံ = အမြဲ။ နိဝါရဏာ = ကျောင်းဖြင့်ဟန့်တား မဖြစ်ပွါးအောင် ပယ်ရှားတားမြစ်ခြင်းကြောင့်။ သုခပ္ပဒေါ = ချမ်းသာသုခ အလှူဒါနကို ပေးလှူသောသူ မည်သည်။ ဟောတိ = ဖြစ်၏။

၆၀၃

(၆) သီတုဏှဝါတာတပဍံသဝုဋ္ဌိ-

သရီသပါဝါဠမိဂါဒိဒုက္ခံ။

ယသ္မာ နိဝါရေတိ ဝိဟာရဒါတာ။

တသ္မာ သုခံ ဝိန္ဒတိ သော ပရတ္ထ။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ ဝိဟာရဒါတာ = နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို လှူဒါန်းသောသူသည်။ ယသ္မာ = အကြင့်ကြောင့်။ သီတုဏှဝါတာတပဍံသဝုဋ္ဌိ သရီသပါဝါဠမိဂါဒိဒုက္ခံ = အချမ်း, အပူ, လေ, နေပူ, မှက်, ခြင်, အခါမဲ့မိုး, မြွေဆိုး ကင်းသန်း ကြမ်းသောသားကောင် စသည်တို့ကြောင့်ဖြစ်သော ဆင်းရဲဒုက္ခကို။ နိဝါရေတိ = ကျောင်းဖြင့်ဟန့်တား မဖြစ်ပွါးအောင် ပယ်ရှားတားမြစ်ပေ၏။ တသ္မာ = ထို့ကြောင့်။ သော = ထိုနေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို လှူဒါန်းသောသူသည်။ ပရတ္ထ = တမလွန်လောက ဟိုဘဝ၌။ သုခံ = ကာယစိတ္တ သုခနှစ်ပါးကို။ ဝိန္ဒတိ = မြေလက်ခတ်နဲ မလွဲပိုင်ပိုင် ရယူနိုင်ပေ၏။

(၇) ပသန္နစိတ္တော ဘဝဘောဂဟေတုံ၊

မနောဘိရာမံ မုဒိတော ဝိဟာရံ။

ယော ဒေတိ သီလာဒိဂုဏောဒိတာနံ၊

သဗ္ဗံ ဒဒေါ နာမ ပဝုစ္စတေ သော။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ ယော = အကြင်သူသည်။ ပသန္နစိတ္တော = သဒ္ဓါ ရွှန်းစို ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍။ မုဒိတော = နှစ်သက်ရွှင်လန်း ဝမ်းမြောက်ဝမ်းသာ။ ဘဝဘောဂဟေတုံ = ဘဝ,ဘောဂ သမ္ပတ္တိနှစ်ပါး၏ အကြောင်းဖြစ်သော။ မနောဘိရာမံ = ရှုမြင်သူ အလုံးတို့၏ စိတ်နှလုံးပျော်ပိုက် နှစ်ခြိုက် မွေ့လျော်ဖွယ်ရာဖြစ်သော။ ဝိဟာရံ = နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို။ သီလာဒိဂုဏောဒိတာနံ = သီလက္ခန္ဓ

၆၀၄

စသည်ငါးပါး ကျေးဇူးတရားတို့ တိုးပွါးစည်ပင် ရဟန်းတော် အရှင်သူမြတ်တို့အား။ ဒေတိ = သဒ္ဓါရွှင်လန်း ဆောက်လုပ်လှူဒါန်း၏။ သော = ထိုကျောင်းဗိမာန်အလှူ ပေးလှူသောသူကို။ သဗ္ဗံ ဒဒေါ နာမ = ဗလ, ဝဏ္ဏ, သုခ, စက္ခု, လေးခုဥဿုံ အလုံးစုံကို ပေးလှူသောသူ မည်၏ဟူ၍။ ပဝုစ္စတေ = အဆူဆူသောဘုရားတို့ ဟောကြား ချီးမွမ်းအပ်ပေ၏။ (သော စ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ- ဟူသော သံယုတ် ပါဠိတော်ကို ရည်ညွှန်းသည်။)

(၈) ပဟာယ မစ္ဆေရမလံ သလောဘံ၊

ဂုဏာလယာနံ နိလယံ ဒဒါတိ။

ခိတ္တော၀ သော တတ္ထ ပရေဟိ သဂ္ဂေ၊

ယထာဘတံ ဇာယတိ ဝီတသောကော။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ ယော = အကြင်သူသည်။ သလောဘံ = ခုံမင်တပ်မက် မစွန့်ရက်ခြင်း တည်းဟူသော လောဘတရားနှင့် တကွသော။ မစ္ဆေရမလံ = ဝန်တိုစေးနဲခြင်း မစ္ဆရိယအညစ်အကြေးကို။ ပဟာယ = ပယ်စွန့်၍။ ဂုဏာလယာနံ = သီလအစရှိသော ဂုဏ်ကျေးဇူးတို့၏တည်ရာ ရဟန်းသံဃာ အရှင် မြတ်တို့အား။ နိလယံ = နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို။ ဒဒါတိ = သဒ္ဓါရွှင်လန်း ဆောက်လုပ် လှူဒါန်း၏။ ပရေဟိ = ဝန်ထမ်းသမား သူတပါးတို့သည်။ အာဘတံ = သည်ပိုး ဆောင်ယူအပ်သော ဝန်ထုပ်ကို။ ခိတ္တံ ယထာ = လိုရာဌာန၌ ပစ်ချအပ်သကဲ့သို့။ တထာ = ထို့အတူ။ သော = ထိုသဒ္ဓါရွှင်လန်း ကျောင်းလှူဒါန်းသောသူကို။ (၀ါ) သဒ္ဓါရွှင်လန်း ကျောင်းလှူဒါန်းသောသူသည်။ ပရေဟိ = ဝန်ထမ်းသမား ကံသင်္ခါရတရားတို့က။

၆၀၅

ခိတ္တော၀ = သုဂတိရောက်အောင် သည်ဆောင် ပို့ချအပ်သည် ဖြစ်၍သာလျှင်။ တတ္ထ သဂ္ဂေ = ထိုတင့်တယ်လျောက်ပတ် ကောင်းမြတ်သည့်အာရုံ ငါးပါးသော အစုအပုံတို့ရှိရာ နတ်တို့ရွာ၌။ ဝီတသောကော = စားဝတ်နေရေး ပူဆွေးစိုးရိမ်ရခြင်း အလျှင်း ကင်းမဲ့သည်ဖြစ်၍။ ဇာယတိ = ဘဝပဋိသန္ဓေ ကပ်ရောက် ဖြစ်ပွါးရလေ၏။

(၉) ဝရေ စာရုရူပေ ဝိဟာရေ ဥဠာရေ။

နရော ကာရယေ ဝါသယေ တတ္ထ ဘိက္ခူ။

ဒဒေယျန္နပါနဉ္စ ဝတ္ထဉ္စ နေသံ၊

ပသန္နေန စိတ္တေန သက္ကစ္စ နိစ္စံ။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ တသ္မာ = ထို့ကြောင့်။ နရော = ကိုယ်ကျိုးစီးပွါး ထောက်ထားမြော်မြင် ပညာရှင်ယောက်ျားသည်။ ဝရေ = ချီးမွမ်းအပ် မြတ်ကုန်ထသော။ စာရုရူပေ = နှစ်သက်စဖွယ် တင့်တယ်ခြင်းသဘော ရှိကုန်သော။ ဥဠာရေ = ပြန့်ပြောခံ့ထယ် ကြီးကျယ်ကုန်သော။ ဝိဟာရေ = နေထိုင်ဖို့ရန် ကျောင်းဗိမာန်တို့ကို။ ကာရယေ- ကာရေယျ = လက္ခကံကျွေး တန်ဖိုးပေးကာ ဆောက်လုပ်စေရာ၏။ တတ္ထ = ထိုတည်ဆောက်ပြီးသော ကျောင်းဗိမာန်၌။ ဘိက္ခူ = ဗဟုသုတ ပြည့်ဝစုံလင် ရဟန်းတော်အရှင်မြတ်တို့ကို။ ဝါသယေ- ဝါသေယျ = ကျောင်းထိုင်ပြုရန် တောင်းပန်စကား လျှောက်ထားပန်ထွာ နေထိုင်စေရာ၏။ နေသံ = ကျောင်းနေခေါ်တွင် ထိုအရှင်တို့အား။ ပသန္နေန = သဒ္ဓါရွှန်းစို ကြည်ညိုစွာသော။ စိတ္တေန = စိတ်ဖြင့်။ နိစ္စံ = အမြဲ။ သက္ကစ္စ = ရိုသေသမှု အလေးပြု၍။ အန္နပါနဉ္စ = စားဖွယ်သောက်ဖွယ် အသွယ်သွယ်ကို၎င်း။ ဝတ္ထဉ္စ = အဝတ်သင်္ကန်းကို၎င်း။ ဒဒေယျ = သဒ္ဓါရွှင်လန်း လှူဒါန်း ထောက်ပံ့ရာ၏။

၆၀၆

(၁၀) တသ္မာ မဟာရာဇ ဘဝေသု ဘောဂေ၊

မနောရမေ ပစ္စနုဘုယျ ဘိယျော။

ဝိဟာရဒါနဿ ဖလေန သန္တံ၊

သုခံ အသောကံ အဓိဂစ္ဆ ပစ္ဆာ။

မဟာရာဇ = မြတ်သောမင်းကြီး..။ တသ္မာ = ထို့ကြောင့်။ (တုဝံ = သင်မင်းကြီးသည်)။ ဝိဟာရဒါနဿ = သဒ္ဓါကြည်ဖြူ ယခုလှူအပ်သော ကျောင်းအလှူ၏။ ဖလေန = အကျိုးအားဖြင့်။ ဘဝေသု = သုဂတိခေါ်ဆို ဘ၀ထိုထိုတို့၌။ မနောရမေ = စိတ်နှလုံး၏ ရွှင်ပြုံးမွေ့လျော်ရာ ဖြစ်ကုန်သော။ ဘောဂေ = စည်းစိမ် မြားမြောင် အသုံးအဆောင်တို့ကို။ ဘိယျော = ဆဆထပ်ပိုး တိုး၍တိုး၍။ ပစ္စနုဘုယျ = ကြိမ်ကြိမ်ဖန်ဖန် ခံစံသုံးဆောင်ပြီး၍။ ပစ္ဆာ = နောက်ကာလ၌။ အသောကံ = စိုးရိမ်ရခြင်း အလျှင်းမရှိသော။ သန္တံ = သန္တိလက္ခဏာ အေးငြိမ်းစွာသော။ သုခံ = နိဗ္ဗာန်ချမ်းသာသို့။ အဓိဂစ္ဆ- အဓိဂမိဿသိ = လေးပါးသော မဂ်ဉာဏ် လေးပါးသာ ဖိုလ်ဉာဏ်တို့ဖြင့် ဧကန်ဆိုက်ရောက် မျက်မှောက် ပြုရပေလတ္တံ့-

ဤသို့လျှင် မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းတရားအား (ဖော်ပြရာပါ အနက်အဓိပ္ပါယ်ရှိသည့်) ဝိဟာရအနုမောဒနာ ကျောင်းလှူတရား ဟောကြား ချီးမြှောက်တော်မူပြီးလျှင် နေရာမှ ထတော်မူကာ နောက်ပါရဟန်းတထောင် ခြံရံလျက် ဝေဠုဝန်ကျောင်းအရံသို့ ကြွစံ သီတင်းသုံးတော်မူလေ၏။

(ဤ၌၊ ၊ဗိမ္ဗိသာရမင်းကြီး ဝေဠုဝန်ဥယျာဉ်အရံကို ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းသည် ဆိုရာ၌ ပဓာနနည်း၊ ဥက္ကဋ္ဌနည်းအားဖြင့်သာ ဥယျာဉ်အရံကို လှူဒါန်းသည်ဟု ရေးသားဖွင့်ဆိုခြင်း ဖြစ်သည်၊ စင်စစ်သော်ကား ထိုဝေဠုဝန် ဥယျာဉ်အတွင်းဝယ် (ရမဏီယပါသာဒဟမ္မိယဝိမာနဝိဟာရဍ္ဎယောဂမဏ္ဍပါဒိပဋိမဏ္ဍိတံ = မွေ့လျော်ဖွယ်ကောင်းသော အထွတ်တပ်သည့် ပြာသာဒ်,

၆၀၇

အထွတ်မပါသော ပြာသာဒ်ဦးပြည်း, ဗိမာန်, လေးဖက်မိုးကျောင်း, နှစ်ဖက်မိုးကျောင်း, မဏ္ဍပ်ကနားဖျင်းတို့ဖြင့် တန်ဆာဆင်အပ်သော ဝေဠုဝန်ဥယျာဉ်ဟူ၍ ဗုဒ္ဓဝင်အဋ္ဌကထာ၌ ဖွင့်ဆိုသောကြောင့်) ရဟန်းတော်များ သီတင်းသုံး နေထိုင်ဖွယ်ရာ ကျောင်းပြာသာဒ် အဆောက်အဦများလည်း ပါရှိပြီး ဖြစ်သည်ဟူ၍ မှတ်ယူရာ၏။)

အရံဥယျာဉ်ကို ခံယူရန် ခွင့်ပြုတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းကြီး ဝေဠုဝန် ဥယျာဉ်အရံကို လှူဒါန်းသော အကြောင်းဝတ္ထု၌ တရားစကား ဟောကြားတော်မူပြီးလျှင်-

“အနုဇာနာမိ ဘိက္ခဝေ အာရာမံ = ရဟန်းတို့.. အရံဥယျာဉ်ကို ခံယူရန် ငါဘုရား ခွင့်ပြု၏”–

ဟု ရဟန်းတို့ကို မိန့်ကြား၍ ကျောင်းအရံ ဥယျာဉ်ကို ခံယူရန် ခွင့်ပြုတော်မူလေသည်။

တိရောကုဋ္ဋသုတ္တန်ကို ဟောကြားတော်မူခြင်း

(ခုဒ္ဒကပါဌ ပါဠိအဋ္ဌကထာမှ)

     မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းအရံကို အလှူခံတော်မူပြီးသည်မှ နောက်တနေ့၌ တိရောကုဋ္ဋသုတ္တန်ကို ဟောကြားတော်မူသည်။ အကြောင်းအရာ အကျယ်သော်ကား-

     ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကာသိမည်သော ပြည်ဝယ် ဇယသေနမင်းကြီး ထီးနန်းစိုးအုပ် မင်းပြုလုပ်တော်မူဆဲဖြစ်၏။ (ဓမ္မပဒအဋ္ဌကထာ ယမကဝဂ် အရှင်သာရိပုတ္တရာဝတ္ထု အဖွင့်နှင့် အင်္ဂုတ္တိုရ်အဋ္ဌကထာ ဧကကနိပါတ် ဧတဒဂ္ဂဝဂ် ဥရုဝေလကဿပဝတ္ထု အဖွင့်တို့၌ မဟိန္ဒမင်းကြီးဟူ၍ ဖွင့်ဆိုသည်။) ထိုဇယသေနမင်းကြီး၏ သီရိမာအမည်ရှိသော မိဖုရားကြီးမှ ဘုရားအလောင်း ဖုဿမည်သော သားတော်ကို ဖွားမြင်ခဲ့၍ အစဉ်သဖြင့် ဖုဿဘုရားအလောင်း

၆၀၈

ဘုရားအဖြစ်သို့ ရောက်တော်မူလေသော် ဇယသေနမင်းကြီးသည် “ငါ၏သားကြီးသည် တောထွက်ကာ ရဟန်းပြု၍ ဘုရားဖြစ်ခဲ့လေပြီ၊ သို့ရကား 'ငါ့ဘုရား၊ ငါ့တရား၊ ငါ့သံဃာ'ဟု မြတ်နိုးမှုကို ဖြစ်စေပြီးလျှင် အခါခပ်သိမ်း မိမိသာလျှင် ဘုရားအမှူးရှိသော သံဃာကို ပြုစုလုပ်ကျွေးဆည်းကပ်၍ သူတပါးတို့အား ဆည်းကပ်ခွင့် လုပ်ကျွေးပူဇော်ရန် အခွင့်ကို မပေးပဲ ကျောင်းတော်တံခါးမုခ်မှသည် မိမိ၏ ရွှေနန်းတော် တိုင်အောင် ဝဲယာနှစ်ဖက်၌ ဝါးထရံဘိတ္တိများ ကာရံ၍ အထက်၌ ရွှေကြယ်စီကာ နံ့သာပန်းဆိုင်းများ တွဲလျားကျသော ဗိတာန်မျက်နှာကြက် ကြက်စေပြီးလျှင် အောက်၌ ငွေရောင်အသွေး ဖြူဖွေးသောသဲများကို ဖြန့်ခင်းစေပြီးမှ ထို၏အထက်၌ ပန်းအမျိုးမျိုးတို့ကို ကြဲဖြန့်ခင်းစေ၍ ထိုခရီးဖြင့်သာ မြတ်စွာဘုရား ကြွလာတော်မူရန် စီမံ ပြုလုပ်လေသည်။

     ဖုဿမြတ်စွာဘုရားသည် ကျောင်းတော်၌ပင် သင်္ကန်းကိုရုံ၍ ရဟန်း အပေါင်း ခြံရံကာ တင်းထိမ်ကန့်လန့်ကာအတွင်းကပင် ရွှေနန်းတော်အရောက် ကြွရောက် ဆွမ်းဘုဉ်းပေးပြီးလျှင် ထိုတင်းထိမ်ကန့်လန့်ကာအတွင်းကပင် ကျောင်းတော်သို့တဖန် ပြန်ကြွတော်မူရ၏။ မြို့သူမြို့သား တဦးတယောက်မျှ ဆွမ်းတယောက်မမျှ လောင်းလှူခွင့် မရချေ။ ထိုအခါ မြို့သူမြို့သား လူအများတို့သည်-

“လောက၌ မြတ်စွာဘုရား ထင်ရှား ပွင့်ထွန်းတော်မူပါလျက် ငါတို့မှာ ကုသိုလ်ပြုခွင့် မရကြကုန်၊ လနေတို့သည် လူအလုံးတို့အား အလင်းရောင်ပေးဘို့ရန် ဖြစ်ပေါ်လာကုန်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားတို့သည်လည်း ခပ်သိမ်းသော သတ္တဝါတို့၏ စီးပွါးချမ်းသာဖြစ်ထွန်းရန် ပွင့်ပေါ်တော်မူလာကြကုန်၏။ ဤမင်းကြီးသည်ကား သူခပ်သိမ်းတို့၏ ကောင်းမှုလယ်မြေကြီးကို မိမိတဦးတည်းသာ သိမ်းပိုက်၍ ထားဘိ၏”–

ဟု ကဲ့ရဲ့ရှုတ်ချစကား ပြောကြားကြကုန်၏။

၆၀၉

     ထိုအခါ ဖုဿမြတ်စွာဘုရား၏ ဖတူမိကွဲဖြစ်သော ညီတော်မင်းသား သုံးယောက်တို့သည်လည်း-

“ဘုရားတို့မည်သည်မှာ အလုံးစုံသော သတ္တလောက၏ အစီးအပွါးအလို့ငှါ ပွင့်ထွန်းတော်မူကြခြင်း ဖြစ်သည်။ တဦးတယောက်တည်း စီးပွါးချမ်းသာဖြစ်ထွန်းရန် ပွင့်ထွန်းတော်မူကြခြင်း မဟုတ်ချေ။ ငါတို့၏ ခမည်းတော် မင်းကြီးသည်ကား သူတပါးတို့အား မြတ်စွာဘုရားကို ပြုစုလုပ်ကျွေး ပူဇော်ရန် အခွင့် မပေးချေ၊ ငါတို့သည် ဘယ်လိုနည်းဖြင့် မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးခွင့်ကို ရကြပါမည်နည်း”—

ဟု ကြံစည်ကြလေကုန်၏။ မြို့သူမြို့သားတို့သည် မင်းသားတို့နှင့် တစိတ်တည်း တဝမ်းတည်း ဖြစ်ကြပြီးလျှင် “ဥပါယ်တမျဉ်ကို ပြုလုပ်ကြကုန်စို့”ဟု တိုင်ပင်ညီညွတ်ကြ၍ မြို့စွန်ပြည်ဖျား၌ သူပုန်ထသကဲ့သို့ ပြုလုပ်စေကြကုန်၏။

     ထိုအခါ မင်းကြီးသည် “မြို့စွန်နယ်ဖျား ပျက်ပြားနေသည်”ဟူသော သတင်းကို ကြားသိရ၍ သားတော်မင်းသား သုံးဦးတို့ကို သူပုန်ရန်နှိမ်နင်းရန် စေလွှတ်လိုက်လေသည်။ မင်းသားတို့သည် မြို့စွန်နယ်ဖျားကို သူပုန်ရန်အေးငြိမ်းအောင် ပြုလုပ်ပြီးလျှင် ခမည်းတော်မင်းကြီးထံ ပြန်လာကြကုန်သည်ရှိသော် ခမည်းတော် ဇယသေနမင်းကြီးသည် နှစ်သက်အားရတော်မူလှသဖြင့် “သားတော်များ အလိုရှိအပ်သောဆုကို ယူကုန်လော့”ဟု ဆုပေးစကား ပြောကြားလေ၏။ မင်းသားသုံးဦးတို့သည်“ခမည်းတော် မင်းကြီး.. အကျွန်ုပ်တို့ကား အခြားဆုကို အလိုမရှိပါကုန်။ မြတ်စွာဘုရားကို ရိုသေလေးမြတ် ဆည်းကပ်လုပ်ကျွေးရမှု ဆုကိုသာ အလိုရှိပါကုန်၏”ဟူ၍ လျှောက်ထားကြလေကုန်၏။

     ခမည်းတော်မင်းကြီးသည် “သားတော်တို့.. သင်တို့သည် ဤဆုကိုထား၍ အခြားဆုကို ယူကြကုန်လော့”ဟူ၍ ပြောဆိုလေ၏။

၆၁၀

မင်းသားတို့က “ခမည်းတော်မင်းကြီး.. အကျွန်ုပ်တို့သည် အခြားဆုကို အလိုမရှိကြကုန်”ဟူ၍ ဆိုကြလေသော် “သားတော်တို့.. ထိုသို့ဖြစ်ခဲ့လျှင် ကာလအပိုင်းအခြားပြု၍ ယူကြကုန်လော့” ဟု မင်းကြီး ဆိုလတ်သည်တွင် မင်းသားတို့သည် ခုနစ်နှစ်အချိန်ပိုင်း၍ တောင်းခံကြကုန်၏။ ခမည်းတော်မင်းကြီးသည် ခုနစ်နှစ်အချိန်ကို ကြာမြင့်သည်ဟူ၍ မပေးပဲရှိလေသော် ဤနည်းဖြင့်လျှော့၍ ခြောက်နှစ်, ငါးနှစ်, လေးနှစ်, သုံးနှစ်, နှစ်နှစ်, တနှ,စ် ခုနစ်လ, ခြောက်လ, ငါးလ, လေးလတိုင်အောင် လျှော့၍ လျှော့၍ တောင်းကြပြန်ပါသော်လည်း ခမည်းတော်မင်းကြီးက မပေးနိုင်ပဲရှိသဖြင့် သုံးလမျှ ပြုစုလုပ်ကျွေးရန်ဆုကို တောင်းကြသည်တွင် မင်းကြီးသည် “ကောင်းပြီ ယူကြလော့”ဟု အခွင့်ပြုလေ၏။

     မင်းသားညီနောင် သုံးဦးတို့သည် ခမည်းတော် မင်းကြီးထံမှ မြတ်စွာဘုရားကို ဝါတွင်းသုံးလပတ်လုံး ပြုစုလုပ်ကျွေးနိုင်ခွင့်ဆုကို ရရှိကြ၍ လွန်စွာနှစ်သက် ဝမ်းမြောက်ကြကုန်လျက် ဖုဿမြတ်စွာဘုရားထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးကြပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ဝါတွင်းသုံးလပတ်လုံး ပြုစုလုပ်ကျွေးလိုကြပါကုန်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တပည့်တော်တို့၏နေရာ ဇနပုဒ်၌ ဤဝါတွင်းသုံးလပတ်လုံး သီတင်းသုံး နေထိုင်တော်မူရန် လက်ခံတော်မူပါဘုရား”ဟူ၍ လျှောက်ဆိုကြကုန်၏။ မြတ်စွာဘုရားသည်လည်း ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူလေ၏။

     ထိုအခါ မင်းသားညီနောင် သုံးဦးတို့သည် မြတ်စွာဘုရား လက်ခံတော်မူခြင်းကို သိရှိကြ၍ မိမိတို့၏ ဇနပုဒ်၌ အတွင်းဝန်အမတ်ထံသို့-

“အတွင်းဝန်အမတ်.. ငါတို့သည် ဤဝါတွင်းသုံးလပတ်လုံး နောင်တော် ဖုဿမြတ်စွာဘုရား အမှူးရှိသော ရဟန်းတော်ပေါင်း (၉၀၀၀၀) ကိုးသောင်းတို့ကို

၆၁၁

ပစ္စည်းလေးရပ်ဖြင့် ဆည်းကပ်ခစား လုပ်ကျွေးပူဇော်လိုကြပါကုန်၏။ ရဟန်းအပေါင်းနှင့်တကွ မြတ်စွာဘုရား သီတင်း သုံး နေထိုင်တော်မူရန် ကျောင်းစသော အဆောက်အဦများကို အလျင်အမြန် ပြီးစီးပြည့်စုံအောင် စီမံ ဆောက်လုပ်ရမည်”–

ဟု အမိန့်တော် အမှာစာကို ရေးသား ပေးပို့ကြလေကုန်၏။ အတွင်းဝန်အမတ်သည် မင်းသားတို့မိန့်မှာသည့် အမိန့်စာပါ)အတိုင်း အလုံးစုံကို ပြီးစီးပြည့်စုံအောင် အလျင်အမြန် စီမံဆောက်လုပ်ပြီးလျှင် “အမိန့်တော် အမှာစာအတိုင်း ကျောင်းစသော အဆောက်အဦများ အလုံးစုံ ပြီးစီး ပြည့်စုံပါပြီ”ဟု သတင်းစကား ပြန်ကြား တင်လျှောက်လေ၏။

     ထိုအခါ မင်းသားသုံးဦးတို့သည် ရဲမက်စစ်သည်တော် (၁ဝဝဝ) တထောင်တို့နှင့် အတူတကွ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ကြကုန်လျက် (၂၅ဝ၀) နှစ်ထောင့်ငါးရာသော ဝေယျာဝစ္စအမှု ပြုလုပ်ကြသောသူ အပေါင်းတို့ကို ဘုရားအမှူးရှိသော သံဃာတော်အား ပစ္စည်းလေးဖြာ ချမ်းသာစေမှု ပြုစုလုပ်ကျွေးစေကုန်လျက် မိမိတို့နေရာ ဇနပုဒ်သို့ ဘုရားအမှူးရှိသော သံဃာတော်တို့ကို ပင့်ဆောင်ကြပြီးလျှင် အသင့်ဆောက်လုပ်ပြီးဖြစ်သော ကျောင်းအရံ အဆောက်အဦများကို ဘုရားအမှူးရှိသော သံဃာတော်အား ဆောင်နှင်း လှူဒါန်းကြ၍ ထိုကျောင်းအရံ၌ သီတင်းသုံး နေထိုင်စေကြလေကုန်၏။

သဒ္ဓါတရားရှိသည့် ဘဏ္ဍာစိုးဇနီးမောင်နှံ

     ထိုမင်းသားသုံးဦးတို့၏ ဘဏ္ဍာစိုးဖြစ်သူ သူဌေးသားသည်ကား သူဌေးကတော်ကလေးနှင့်တကွ ရတနာသုံးပါး၌ သက်ဝင်ကြည်ညိုသော သဒ္ဓါတရားနှင့်ပြည့်စုံသူ ဖြစ်ပေ၏။ ထိုဘဏ္ဍာစိုး သူဌေးသည် (မင်းသားတို့၏ ကိုယ်စားပြုကာ) မင်းသားသုံးဦးတို့၏ ဘဏ္ဍာတိုက်တို့မှ တလှည့်စီ တလှည့်စီအားဖြင့် ဘုရား အမှူးရှိသော ရဟန်းတော်များအတွက် လှူဒါန်းရန် ဝတ္ထုတို့ကို သဒ္ဓါကြည်ဖြူစွာပင် အတွင်းဝန်အမတ်အား ပေးအပ်လေ၏။

၆၁၂

အတွင်းဝန် အမတ်သည်လည်း ထိုဘဏ္ဍာစိုးပေးအပ်သည့် လှူဒါန်းဖွယ်ဝတ္ထုများကို ယူဆောင်၍ ဇနပုဒ်နေသူ လူပေါင်း (၁၁၀၀၀) တသောင်းတထောင်တို့နှင့် အတူတကွ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် စီမံပြုလုပ် ချက်ပြုတ်ကြပြီးလျှင် ဘုရားအမှူးရှိသော ရဟန်းတော်အပေါင်းအား နေ့စဉ်မပြတ် ဆက်ကပ်လှူဒါန်းလေ၏။ (မင်းသားသုံးဦးတို့သည်ကား ရဲဘက်ငယ်ကျွန် စစ်သည်တော် (၁၀ဝ၀) တထောင်တို့နှင့် အတူတကွ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ကြကုန်လျက် သီတင်းသီလ ဆောက်တည်ကြ၍ ကျောင်းတော်မှာပင် ဘုရားအမှူးရှိသော သံဃာတော်တို့၏ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ဖြည့်ကျင့် ပြုလုပ်ကြကာ တရားနာယူလျက် နေကြကုန်၏။)

စိတ်ထားဆိုးသော အတွင်းဝန်၏ဆွေမျိုးများ

     အတွင်းဝန်မင်း စေခိုင်းအပ်သည့် ဝေယျာဝစ္စဆောင်ရွက်သူ လူပေါင်း (၁၁၀ဝ၀) တသောင်းတထောင် တို့အနက် အချို့သော အတွင်းဝန်၏ဆွေမျိုးများသည် ကောက်ကျစ်ထိပါး ဆိုးဝါးသော စိတ်ထားရှိကြကုန်သဖြင့် အလှူဒါန၏ အန္တရာယ် အနှောက်အယှက်ကို အမျိုးမျိုး ပြုလုပ်ကြကာ ဘုရားနှင့်တကွ သံဃာတော်တို့အတွက် ချက်ပြုတ်စီမံ၍ထားသော လှူဖွယ်ဝတ္ထုများကို ကိုယ်တိုင်လည်း လုယက် ခိုးဝှက် စားသောက်ကြသည့်ပြင် သားသမီးများကိုလည်း ကျွေးမွေးကြကုန်၏။ အလှူတင်းကုပ် (= မဏ္ဍပ်)များကိုလည်း မီးတိုက်ကြကုန်၏။

မြတ်စွာဘုရားကို ခမည်းတော်ထံ ပြန်ပို့ခြင်း

     မင်းသားသုံးဦးတို့သည် ဝါကျွတ်၍ သံဃာတော်တို့ ပဝါရဏာပြုပြီးလတ်သော် မြတ်စွာဘုရားအား ကြီးစွာသော ပူဇော်သဘင် ပွဲကြီးယင်ပြီး၍ ခမည်းတော်မင်းတရားနှင့် မူလစကားကတိအတိုင်း မြတ်စွာဘုရားကို ရှေ့သွားပြုကြကာ ခမည်းတော် မင်းတရားကြီး၏ နိုင်ငံတော်သို့ တဖန် ပို့ဆောင်ကြလေသည်။ ထိုခမည်းတော် ဇယသေနမင်းကြီးစံရာ ကာသိနေပြည်တော်သို့

၆၁၃

ဆိုက်ရောက်ပြီးလျှင် မကြာမြင့်မီပင် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံယူတော်မူလေ၏။ (သံယုတ်အဋ္ဌကထာ အလိုအားဖြင့် ဖုဿမြတ်စွာဘုရားသည် မင်းသားတို့၏အထံမှာပင် ပရိနိဗ္ဗာန် စံတော်မူ၏။)

     ခမည်းတော် ဇယသေန မင်းကြီးသည်၎င်း, မင်းသားညီနောင် သုံးဦးတို့သည်၎င်း, မင်းသားတို့၏ အတွင်းဝန် အမတ်သည်၎င်း, ဘဏ္ဍာစိုး သူဌေးသည်၎င်း အစဉ်အတိုင်း စုတေသေဆုံးကြ၍ အခြံအရံပရိသတ် များနှင့်တကွ နတ်ရွာသုဂတိသို့ လားရောက်ကြကုန်၏။ ကောက်ကျစ်ထိပါး စိတ်ဆိုးဝါးကြသည့် အတွင်းဝန်အမတ်၏ ဆွေမျိုးများတို့ကား ငရဲဘုံသို့ လားရောက်ကြရကုန်၏။

     ဤသို့လျှင် ထိုသူနှစ်ဖွဲ့တို့ နတ်ပြည်တပြည်မှ နတ်ပြည်တပြည်သို့ ငရဲပြည်တပြည်မှ ငရဲပြည်တပြည်သို့ လှည့်လည်ဖြစ်ပွါး ကျက်စားကြရကုန်စဉ် ကိုးဆယ့်နှစ်ကမ္ဘာတို့ကား လွန်ခဲ့လေကုန်ပြီ။ ထို့နောက် ဤဘဒ္ဒကပ်၌ ကဿပမြတ်စွာဘုရား ပွင့်ထွန်းတော်မူသောအခါ ထိုကောက်ကျစ်ထိပါး စိတ်ဆိုးဝါးကြသည့် (အတွင်းဝန်အမတ်၏) ဆွေမျိုးများသည် ပြိတ္တာဘုံ၌ ဖြစ်ကြလေကုန်၏။ ထိုအခါ လူအပေါင်းတို့သည် မိမိ မိမိတို့၏ ဆွေမျိုးပြိတ္တာများအတွက် အလှူဒါန ပေးလှူကြ၍ “ဣဒံ အမှာကံ ဉာတီနံ ဟောတု = ဤကောင်းမှုသည် ငါတို့၏ ဆွေမျိုးပြိတ္တာတို့အတွက် ဖြစ်ပါစေ”ဟု မြွက်ဆို ရည်ညွှန်း အမျှအတမ်း ပေးဝေကြလေသော် ထိုသူတို့၏ ဆွေမျိုးပြိတ္တာများသည် စည်းစိမ်ချမ်းသာကို ရရှိကြကုန်၏။

     ထိုအခါ အတွင်းဝန်၏ ဆွေမျိုးပြိတ္တာတို့သည်လည်း ထိုသို့ အခြားပြိတ္တာများ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြသည်ကို မြင်ကြ၍ ကဿပမြတ်စွာဘုရား ထံမှောက်သို့ သွားရောက် ချဉ်းကပ်ကြပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အသို့နည်း အကျွန်ုပ်တို့သည်လည်း ဤသို့သော စည်းစိမ်ကို ရကြပါဦးမည်လော”ဟု မေးလျှောက်ကြလေသော် ကဿပမြတ်စွာဘုရားသည် “အိုပြိတ္တာ အပေါင်းတို့.. သင်တို့သည် ယခုအခါ၌ကား ထိုသို့သော စည်းစိမ်ကို

၆၁၄

မရနိုင်ကြကုန်သေး၊ စင်စစ်သော်ကား နောက်အခါ အန္တရကပ်တကပ် လွန်လတ်သောကာလ၌ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်၊ ထိုဂေါတမမြတ်စွာဘုရား လက်ထက်တော်၌ ဗိမ္ဗိသာရအမည်ရှိသောမင်းကြီး ထင်ရှားဖြစ်ပေါ်လိမ့်မည်၊ ထိုဗိမ္ဗိသာရမင်းကြီးသည် ဤဘဒ္ဒကမ္ဘာမှ လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာထက်က သင်ပြိတ္တာအပေါင်းတို့၏ ဆွေမျိုးရင်း (အတွင်းဝန်အမတ်) ဖြစ်ခဲ့ဘူးလေပြီ၊ ထို (သင်တို့၏ ဆွေမျိုးတောင်း) ဗိမ္ဗိသာရမင်းကြီးသည် ဂေါတမမြတ်စွာဘုရားအား အလှူဒါန ပေးလှူပြီးလျှင် သင်တို့အား အမျှခွန်း ညွှန်းပေလိမ့်မည်။ ထိုအခါ သင်တို့သည် ဤသို့သော စည်းစိမ် ချမ်းသာမျိုးကို ရကြပေလိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

     ဤမျှော် ကဿပမြတ်စွာဘုရား မိန့်ကြားတော်မူသည်ရှိသော် ထိုပြိတ္တာများအဖို့ ထိုကဿပမြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သော စကားသည် “နက်ဖြန်ခါ ရကြလိမ့်မည်”ဟု မိန့်ကြားတော်မူအပ်သကဲ့သို့ လွန်စွာ့လွန်စွာ ဝမ်းမြောက်ဖွယ်ရာဖြစ်၍ နေလေ၏။

     ထို့နောက် ဘုရားတဆူနှင့် တဆူအကြား (ကဿပမြတ်စွာဘုရားနှင့် ဂေါတမ မြတ်စွာဘုရားတို့၏အကြား) ရှည်လျားလှသောကာလ (= အန္တရကပ် တကပ်သာသာ၊ ဗုဒ္ဓန္တရ အသင်္ချေယျ တခေတ်)ကို လွန်မြောက်လတ်သော် ငါတို့၏ မြတ်စွာဘုရားသည် လောက၌ ထင်ရှား ဖြစ်ပွင့်တော်မူလာ၏၊ ထိုမင်းသားညီနောင် သုံးဦးတို့သည်လည်း အခြံအရံတထောင်တို့နှင့် အတူတကွ နတ်ပြည်မှ စုတေခဲ့၍ မဂဓတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်ကြ၍ အစဉ်သဖြင့် ရသေ့ရဟန်း ပြုကြပြီးလျှင် ဂယာသီသအရပ်၌ ရသေ့ညီနောင် ရှင်တထောင် ဖြစ်ကြလေကုန်၏။ ထိုစဉ်အခါ မင်းသားသုံးဦးတို့၏ အတွင်းဝန်အမတ်သည် ယခုအခါ မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီး ဖြစ်လာ၏၊ ထိုစဉ်အခါ ဘဏ္ဍာစိုးသူဌေးသည် ယခုအခါ ဝိသာခသူဌေး ဖြစ်လာ၏၊ ထိုစဉ်က သူဌေးကတော်သည် ယခုအခါ ဓမ္မဒိန္နာသူဌေးသမီး ဖြစ်လာ၏။

၆၁၅

ထိုစဉ်က ကြွင်းကျန်သော ပရိသတ်သည် ယခုအခါ ဗိမ္ဗိသာရမင်းကြီး၏ ပရိသတ်အခြံအရံများ ဖြစ်လာကြ၏။

     အစိန္တေယျ သုံးလောကထွတ်ထား ငါတို့ မြတ်စွာဘုရားသည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ရာဇဂြိုဟ်ပြည်သို့ ရောက်သည့်နေ့၌ ဗိမ္ဗိသာရမင်းကြီးနှင့်တကွ အခြံအရံပုဏ္ဏားသူဌေးပေါင်း တသိန်းတသောင်းတို့ကို သောတာပတ္တိဖိုလ်၌ တည်စေပြီးလျှင် နောက်တနေ့၌ သိကြားမင်းနိဗ္ဗာန်ဆော် ရှေ့ဆောင်၍ ဗိမ္ဗိသာရမင်းကြီး၏ ရွှေနန်းတော်၌ ကြီးစွာသော အလှူကို ခံယူတော်မူ၏။

     ထိုအခါ ဗိမ္ဗိသာရမင်းကြီး၏ ထိုဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့သည် “ငါတို့၏ ဆွေမျိုးဟောင်းဖြစ်သော ဗိမ္ဗိသာရမင်းကြီးသည် ယခုပင်လျှင် ငါ့တို့အား ဒါနကောင်းမှု ကုသိုလ်အမျှခွန်း ညွှန်းပေလိမ့်မည်၊ ယခုပင်လျှင် ညွှန်းပေလိမ့်မည်”ဟု တောင့်တမြှော်ခေါ်လျက် ဝန်းရံ ရပ်တည်လာကြကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည်ကား အလှူကြီးကို ပေးလှူပြီးလျှင် “မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူပါမည်နည်း”ဟု မြတ်စွာဘုရားအတွက် ကျောင်းတော်နေရာကိုသာ ကြံစည်စဉ်းစားနေသည့်အတွက် ထိုအလှူဒါန ကောင်းမှုအဖို့ကို တစုံတယောက်သော သူအားမျှ အမျှခွန်း မညွှန်းမမြွက်မိချေ။ မင်းကြီး၏ ဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့သည် မြော်လင့်ချက် ကင်းပြတ်ကြကာ အကာလ ညဉ့်အခါ၌ မင်းကြီး၏နန်းတော်ဝယ် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဟစ်အော်နာကျည်း ညည်းညူသောအသံကို ပြုကြလေကုန်၏။

     ဗိမ္ဗိသာရမင်းကြီးသည် ထိုအသံကိုကြား၍ ပြင်းစွာ ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်ပြီးလျှင် နံနက်မိုးသောက် ရောက်သောအခါ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ချဉ်းကပ်လျက် ရိုသေမြတ်နိုး ရှိခိုးပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ယမန်နေ့ ညဉ့်အခါဝယ် ဤသို့ ကြောက်မက်ဖွယ်သော အသံကို ကြားရပါပြီ၊ တပည့်တော်အား

၆၁၆

ထိုအသံအတွက် မည်ကဲ့သို့သော အကျိုးအပြစ် ဖြစ်ပေလိမ့်မည်နည်း”ဟု မြတ်စွာဘုရားကို လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက “မြတ်သောမင်းကြီး.. မကြောက်လင့်၊ ထိုအသံအတွက် သင့်အား တစုံတခုသော မကောင်းကျိုးမျှ ဖြစ်လိမ့်မည်မဟုတ်ချေ။ စင်စစ်သော်ကား သင်၏ ဆွေမျိုးဟောင်းများ ပြိတ္တာဘုံ၌ ဖြစ်ပွါးလျက် ရှိကြသည်။ ထိုသင့်ဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့သည် ဗုဒ္ဓန္တရအသင်္ချေကပ် တကပ်ပတ်လုံး မြတ်စွာဘုရားအား အလှူဒါနကို ပေးပြီးလျှင် ငါတို့အား အမျှခွန်း ညွှန်းပေလိမ့်မည်ဟု သင်မင်းကြီးကိုသာ မြော်ခေါ်တောင့်တကြလျက် လှည့်လည်သွားလာကာ နေကြကုန်၏။ သင်မင်းကြီးသည် ယမန်နေ့က ထိုဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့အား ကောင်းမှုကုသိုလ် အမျှခွန်းကို မညွှန်းမြွက်ခဲ့မိချေ။ ထို့ကြောင့် သင့်ဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့သည် မြော်လင့်ချက် ကင်းပြတ်ကြကာ ထိုသို့သော ကြောက်မက်ဖွယ်အသံကို ပြုကြခြင်းဖြစ်သည်”ဟု ဖြေကြားတော်မူလေလျှင် ဗိမ္ဗိသာရမင်းကြီးသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုတဖန် လှူဒါန်း၍ အမျှခွန်းညွှန်းလျှင် ရကြပါဦးမည်လော”ဟု ထပ်မံ မေးလျှောက်ပြန်ရာ မြတ်စွာဘုရားက “အိမ်း.. ရနိုင်ကြ၏ မြတ်သောမင်းကြီး..”ဟု ဖြေကြားတော်မူလတ်သော် ဗိမ္ဗိသာရမင်းကြီးသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. သို့တပြီးကား မြတ်စွာဘုရားသည် ယနေ့ ကောင်းမှုကုသိုလ်အလို့ငှါ တပည့်တော်၏ အလှူဒါနကို လက်ခံတော်မူပါဘုရား၊ ထိုဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့အား ကောင်းမှုကုသိုလ် အမျှခွန်း ညွှန်းပါအံ့”ဟု မြတ်စွာဘုရားကို လျှောက်ထားလေသော် မြတ်စွာဘုရားသည် ထိုဗိမ္ဗိသာရမင်းကြီး ပင့်လျှောက်ချက်ကို ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူလေ၏။

     မင်းကြီးသည် ရွှေနန်းတော်သို့ ပြန်သွား၍ ကြီးစွာသော အလှူဒါနကို စီမံပြီးလျှင် မြတ်စွာဘုရားအား အလှူခံကြွရန် အချိန်တန်ကြောင်း ကြားလျှောက်စေလေ၏၊ မြတ်စွာဘုရားသည်

၆၁၇

ရွှေနန်းတော်သို့ ကြွတော်မူ၍ ခင်းထားအပ် မြတ်သောနေရာ၌ ရဟန်းသံဃာအပေါင်းနှင့် အတူတကွ ထိုင်နေတော်မူလေ၏။ ထိုဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့သည်လည်း “ယနေ့တော့ ကုသိုလ်အမျှ ဧကန်ပင် ရကြတော့မည်”ဟု ရွှေနန်းတော်သို့ လာရောက်ကြကာ နံရံတဖက်စသည်၌ စောင့်မြော်ရပ်တည်နေကြကုန်၏။

     မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ထိုဒုက္ခရောက်နေကြသည့် ဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့ကို မင်းကြီးမြင်နိုင်ရန် စီမံ ဖန်ဆင်းတော်မူလေသည်။ မင်းကြီးသည် မြတ်စွာဘုရား ရွှေလက်တော်သို့ ရေစက်လောင်းလှူရင်း “ဣဒံ မေ ဉာတီနံ ဟောတု = ဤရေကြည်ရေစက် အလှူသည် အကျွန်ုပ်၏ ဆွေမျိုးများအတွက် ဖြစ်ပါစေသတည်း”ဟု အမျှခွန်း ညွှန်းလေသော် ထိုခဏ၌ပင် (ဆွေမျိုးပြိတ္တာတို့ ကုသိုလ်အဖို့ဘာဂ ရရှိကြသဖြင့်) ထိုဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့ သုံးဆောင်ရန် ကြာမျိုးငါးပါးတို့ဖြင့် အပြည့်ဖုံးအပ်သော ရေကန်များ ဘွားကနဲ ဖြစ်ပေါ်လာကြလေသည်။ ထိုဆွေမျိုးပြိတ္တာတို့သည် ထိုရေကန်တို့၌ သောက်ကြ ချိုးကြ၍ ပူပန်ခြင်း ပင်ပန်းခြင်း ရေသိပ် (= ရေငတ်)ခြင်း ကင်းကြကာ ရွှေရောင်အဆင်း ဝါဝင်းသော ကိုယ်အဆင်း ရှိကြလေကုန်၏။ မင်းကြီးသည် တဖန် ယာဂုဆွမ်း ခဲဖွယ်ဆွမ်း ဘောဇဉ်ဆွမ်းတို့ကို အစဉ်အတိုင်း ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းဆက်ကပ်၍ အမျှခွန်း ရှေးနည်းအတူ ညွှန်းလေသော် ထိုခဏ၌ပင် ထိုဆွေမျိုးဟောင်း ပြိတ္တာအပေါင်းတို့ သုံးဆောင်ရန် နတ်၌ဖြစ်သော ယာဂုခဲဖွယ်ဘောဇဉ်တို့ ထင်ရှား ဖြစ်ပေါ်လာကြလေသည်။ ထိုဆွေမျိုးပြိတ္တာတို့သည် ထိုဒိဗ္ဗယာဂု ခဲဖွယ်ဘောဇဉ်တို့ကို (ရှေးကငတ်ခဲ့သမျှ အတိုးချ၍) အားပါးတရ သုံးဆောင် စားသောက်ကြရ၍ ပြည့်ဖြိုးစိုပြေသော မျက်စိ, နား, နှာ, လျှာ, ကိုယ် ဣန္ဒြေနှင့် ပြည့်စုံခြင်းသို့ ရောက်ကြလေကုန်၏။

     ထို့နောက် မင်းကြီးသည် အဝတ်သင်္ကန်း အိပ်ရာနေရာများကို ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းဆက်ကပ်၍ အမျှခွန်း ရှေးနည်းအတူ ညွှန်းလေသော် ထိုခဏ၌ပင်

၆၁၈

ထိုဆွေမျိုးပြိတ္တာတို့ သုံးဆောင်ရန် နတ်၌ဖြစ်သော အဝတ်များ, နတ်၌ဖြစ်သော ယာဉ်များ, နတ်၌ဖြစ်သော ဘုံဗိမာန် ပြာသာဒ်များ, နတ်၌ဖြစ်သော အခင်းအခြုံ အိပ်ရာနေရာ အဆင်တန်ဆာ အမျိုးမျိုးတို့သည် ဖြစ်ထွန်း ပေါ်ပေါက်၍လာကုန်၏။ ထိုစည်းစိမ်ချမ်းသာများ အလုံးစုံကို ဗိမ္ဗိသာရမင်းကြီး မြင်နိုင်အောင် မြတ်စွာဘုရားသည် အဓိဋ္ဌာန်တော်မူ၏။ ထိုသို့ အဓိဋ္ဌာန်တော်မူချက်အရ ထိုစည်းစိမ်အလုံးစုံကို ဗိမ္ဗိသာရမင်းကြီးသည် ကောင်းစွာ မျက်ဝါး ထင်ထင် တွေ့မြင်ရကား အလွန်လျှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိလေ၏။

(တေ ပေတတ္တဘာဝံ ဝိဇဟိတွာ ဒိဗ္ဗတ္တဘာဝေ သဏ္ဌဟိံသု၊ ဓမ္မပဒအဋ္ဌကထာ အရှင်သာရိပုတ္တရာမထေရ်ဝတ္ထု ပဌမအုပ် စာမျက်နှာ ၆၆-အလိုအားဖြင့် ထိုဆွေမျိုးပြိတ္တာတို့သည် ပြိတ္တာ၏ကိုယ်အဖြစ်ကို စွန့်၍ နတ်၏ကိုယ်အဖြစ်၌ တည်ကြလေကုန်သည်။)

     ထို့နောက် မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးလတ်လျှင် မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီးအား အနုမောဒနာတရား ဟောကြားအံ့သောငှါ-

တိရောကုဋ္ဋေသု တိဋ္ဌန္တိ၊

သန္ဓိသိင်္ဃာဋကေသု စ။

ဒွါရဗာဟာသု တိဋ္ဌန္တိ၊

အာဂန္တွာန သကံ ဃရံ။-

အစရှိသော (၁၂) တဆယ့်နှစ်ဂါထာတို့ဖြင့် တန်းဆာဆင်အပ်သည့် ဤတိရောကုဋ္ဋသုတ္တန် ဒေသနာကို ဟောကြားတော်မူလေ၏။

(ဤတိရောကုဋ္ဋသုတ္တန်ကား ခုဒ္ဒကပါဌပါဠိတော်၊ ပေတဝတ္ထု ပါဠိတော်တို့၌ လာရှိ၏။ ပါဠိအနက်အကျယ်ကို ထိုခုဒ္ဒကပါဌ မြန်မာပြန်၊ ပေတဝတ္ထုပါဠိတော် မြန်မာပြန်တို့၌ ကြည့်ရှုမှတ်သားရာ၏။)

၆၁၉

     ဤတိရောကုဋ္ဋသုတ္တန် ဒေသနာနိဂုံး ဆုံးလတ်သောအခါ ပြိတ္တာဘုံ၌ဖြစ်ရခြင်း၏ အပြစ်ဒေါသကို မြင်လောက် ကြောက်လောက်အောင် မြတ်စွာဘုရား ဟောကြား ဖွင့်ပြတော်မူချက်အရ ထိတ်လန့်သံဝေဂ ရရှိကြကာ အသင့်အားဖြင့် အားထုတ်ကျင့်ဆောင်ကြသည့် သတ္တဝါပေါင်း ရှစ်သောင်း လေးထောင်တို့သည် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

     ဒုတိယနေ့၌လည်း မြတ်စွာဘုရားသည် နတ်လူတို့အား ဤတိရောကုဋ္ဋသုတ္တန်ကိုပင် ဟောကြားတော်မူ၏။ ခုနစ်ရက်မြောက်နေ့တိုင်အောင် ဤနည်းအတူပင် ဟောကြားတော်မူလေရာ ထိုနည်းအတူပင် ရှစ်သောင်းလေးထောင်, ရှစ်သောင်းလေးထောင်စီသော သတ္တဝါတို့ ဓမ္မာဘိသမယ ကျွတ်တမ်းဝင်ကြလေသည်။

ဤတွင်ရွေ့ကား မဟာဗုဒ္ဓဝင် ဒုတိယတွဲတည်း။

(က)

မဟာဗုဒ္ဓဝင်ဒုတိယတွဲ

အနုဒီပနီ

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


အခဏ်း (၁)၊ စာမျက်နှာ (၃)

ကောလာဟလ ငါးပါးအကြောင်း

     ကောလာဟလဟူသည် အုတ်အုတ်ကျက်ကျက် “ဤသို့ ဖြစ်တော့မည်တဲ့”ဟု မဖြစ်မီက ကြိုတင်၍ သတင်းစကား တဦး နှစ်ဦးကစ၍ အများအပြား စုပေါင်းကာ စကားတူ အသံတူ ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို ဆိုလိုသည်။

     ဤအရာတွင် နောက်နောင်အခါ အမှန်မုချ ဖြစ်ပေါ်လာမည်ကို မဖြစ်ပေါ်မီ ဝေးလံစွာသော အချိန်ကာလက ကြိုတင်၍ ရှေ့ပြေးနိမိတ်အနေဖြင့် လူအများ စုရုံးကာ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းမျိုးကိုသာ “ကောလာဟလ”ဟူ၍ ဆိုလို သည်၊ ထိုထိုမြို့ရွာ စသည်တို့၌ ရောက်တတ်ရာရာ အမှန်လည်း မဖြစ်လာနိုင်ပါပဲလျက် “စကြာမင်း ပေါ်တော့မည်တဲ့” အစရှိသည်ဖြင့် အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို ဆိုလိုသည်မဟုတ်။

     လောက၌ ကြိုတင်၍ နိမိတ်ရှေ့ပြေးအနေဖြင့် ထိုအုတ်အုတ် ကျက်ကျက်ဖြစ်ခြင်း ကောလာဟလသည်-

(၁) ကပ္ပကောလာဟလ,

(၂) စက္ကဝတ္တိကောလာဟလ,

(၃) ဗုဒ္ဓကောလာဟလ,

(၄) မင်္ဂလကောလာဟလ,

(၅) မောနေယျကောလာဟလ-

ဟူ၍ ငါးမျိုးရှိ၏။ ထိုငါးမျိုးတို့တွင်-

(ကာ)

(၁) ကပ္ပကောလာဟလ

     ကမ္ဘာကြီး ပျက်တော့မည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ကပ္ပကောလာဟလဟူ၍ ခေါ်ဆို၏။ ကမ္ဘာပျက်လုနီးလာသောအခါ မပျက်မီ နှစ်ပေါင်းတသိန်းက ကြိုတင်၍ လောကဗျူဟာ အမည်ရှိသော ကာမာဝစရနတ်တို့သည် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ကြပြီးလျှင် ဆံပင်ကို ဖားရရားချကုန်၍ ငိုယိုသောမျက်နှာမှ မျက်ရည်တို့ကို သုတ်ကာ သုတ်ကာ အလွန်မသက်သာသော အသွင်အပြင် အခြင်းအရာတို့ဖြင့် လူတို့သွားလာရာ ခရီးလမ်းတို့၌ လှည့်လည်ကြကုန်လျက်-

အချင်းတို့.. ဤနှစ်မှစ၍ နောက် အနှစ်တသိန်းလွန်သော အခါ၌ ဤကမ္ဘာလောကကြီးသည် ပျက်စီးပေတော့မည်။ မဟာသမုဒြာသည်လည်း ခန်းခြောက်တော့မည်၊ မဟာပထဝီမြေကြီးသည်၎င်း, မြင်းမိုရ်တောင်မင်းသည်၎င်း ဤအလုံးစုံတို့သည် (မီးဖျက်မည့် ကမ္ဘာဖြစ်လျှင်) မီးလောင်၍ ပျက်စီးကုန်လိမ့်မည်၊ (ရေဖျက်မည့် ကမ္ဘာဖြစ်လျှင်) ရေလွှမ်းမိုး၍ ပျက်စီးကုန်လိမ့်မည်၊ (လေဖျက်မည့် ကမ္ဘာဖြစ်လျှင်) လေပြင်း လေကြမ်းတိုက်ခတ်၍ ပျက်စီးကုန်လိမ့်မည်၊ မြင်းမိုရ်သမုဒြာတို့၏တည်ရာ ဤမဟာပထဝီ မြေကြီးမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကမ္ဘာလောကကြီး ပျက်စီးလိမ့်မည်။ အိုအချင်းတို့.. သင်တို့သည် မေတ္တာတရားကို ပွါးများကြကုန်လော့၊ ကရုဏာတရားကို ပွါးများကြကုန်လော့၊ မုဒိတာတရားကို ပွါးများကြကုန်လော့၊ ဥပေက္ခာဗြဟ္မစိုရ်တရားကို ပွါးများကြကုန်လော့၊ အမိအဖတို့ကို ရိုသေစွာ ပြုစုလုပ်ကျွေးကြကုန်လော့၊ သက်ကြီးသူအို ရိုသေထိုက်သူကို ရိုသေကြကုန်လော့၊ ကုသိုလ်ကောင်းမှုတို့၌ အစဉ်နိုးကြားကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်-

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ “ကမ္ဘာကြီး ပျက်တော့မည်တဲ့.. ကမ္ဘာကြီး ပျက်တော့မည်တဲ့”ဟူ၍ လူအများ စုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို “ကပ္ပကောလာဟလ”ဟူ၍ ခေါ်ဆို၏။

(၂) စက္ကဝတ္တိကောလာဟလ

     လူ့ပြည်လောက၌ အရံကျွန်းငယ် နှစ်ထောင်နှင့်တကွ ကျွန်းကြီးလေးကျွန်း လူ့ပြည်တဝှန်းလုံးကို သိမ်းကျုံးအစိုးရသော “စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်တဲ့”ဟု လူအပေါင်းတို့ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို

(ကိ)

စက္ကဝတ္တိကောလာဟလဟူ၍ ခေါ်ဆို၏။ လူ့ပြည်လောက၌ စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်ကို ကြိုတင်သိရှိကြကုန်သော လောကပါလ ကာမာဝစရနတ်တို့သည် စကြဝတေးမင်း မဖြစ်ပေါ်မီ နှစ်ပေါင်း တရာက ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျက်-

အချင်းတို့.. ဤနေ့မှနောက် နှစ်ပေါင်းတရာ စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ စကြဝတေးမင်း ဖြစ်ထွန်း ပေါ်ပေါက်လာလိမ့်မည်–

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ “စကြဝတေးမင်း ပေါ်တော့မည်တဲ့.. စကြဝတေးမင်း ပေါ်တော့မည်တဲ့”ဟူ၍ လူအများစုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို “စက္ကဝတ္တိကောလာဟလ”ဟူ၍ ခေါ်ဆို၏။

(၃) ဗုဒ္ဓကောလာဟလ

     လူ့ပြည်လောက၌ “ဘုရားပွင့်တော်မူတော့မည်တဲ့”ဟု လူအပေါင်းတို့ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ဗုဒ္ဓကောလာဟလဟူ၍ ခေါ်ဆို၏။ လူ့ပြည်လောက၌ သဗ္ဗညုမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာတော့မည်ကို ကြိုတင်သိရှိကြကုန်သော သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည် ကိုယ်၌ ဗြဟ္မာတို့၏အဝတ်အစား အဆင်တန်ဆာတို့ကို ဝတ်ဆင်ကြကုန်၍ ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်းကြကုန်ပြီးလျှင် ကြည်လင်ရွှင်လန်း ဝမ်းမြောက်သော စိတ်ရှိကြလျက် ဘုရားမပွင့်မီ နှစ်ပေါင်းတထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျက်-

အချင်းတို့.. ယနေ့မှနောက် နှစ်ပေါင်းတထောင် စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ သဗ္ဗညုမြတ်စွာဘုရား ထင်ရှား ပွင့်ပေါ်တော်မူလိမ့်မည်-

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ “မြတ်စွာဘုရား ပွင့်တော်မူတော့မည်တဲ့.. မြတ်စွာဘုရား ပွင့်တော်မူတော့မည်တဲ့”ဟူ၍ လူအများစုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို “ဗုဒ္ဓကောလာဟလ”ဟူ၍ ခေါ်ဆို၏။

(ဤဗုဒ္ဓကောလာဟလ အရာ၌ “ဘုရားမပွင့်မီ အနှစ်တထောင်က ကြိုတင်၍ ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်လာ၏”ဟူသော စကားကို

(ကီ)

ပွင့်တော်မူလတံ့သော ဘုရားရှင်တို့၏ အသက်တမ်း ခေတ်အားလျော်စွာသာလျှင် မိန့်ဆိုသောစကားဟူ၍ မှတ်သားရာ၏၊ ပွင့်တော်မူကြမည့် ဘုရားရှင်ဟူသမျှအတွက် အသက်တမ်းခေတ်ကို မငဲ့ပဲ မိန့်ဆိုသော သာမညစကားဟူ၍ မမှတ်သားရာ။ အကြောင်းကိုဆိုသော်.. အသက်တမ်းရှည်သောခေတ်၌ ပွင့်တော်မူကြသည့် ဒီပင်္ကရမင်းသား, ကောဏ္ဍညမင်းသား, မင်္ဂလမင်းသား- စသည်တို့မှာ ဘုရားဖြစ်ရန် လူ့ပြည်သို့ သက်ဆင်း၍ လူအဖြစ်ဖြင့် မင်း၏စည်းစိမ်ချမ်းသာကို နှစ်ပေါင်း တသောင်းခန့် ကိုးထောင်ခန့် စသည် ကြာမြင့်အောင်ခံစံပြီးမှ တောထွက်၍ ဒုက္ကရစရိယာ ကျင့်တော်မူကြကာ ဘုရားဖြစ်တော်မူကြကုန်၏။ ဗုဒ္ဓကောလာဟလမှာလည်း အစဦးစွာ နတ်ပြည်၌ဖြစ်ပေါ်ပြီးမှ ထိုကောလာဟလအရ စကြဝဠာတိုက်တသောင်းရှိ နတ်ဗြဟ္မာအပေါင်းတို့ အလောင်းတော်နတ်သားထံ ချဉ်းကပ်တောင်းပန်ကြမြဲဖြစ်၏။ ထိုသို့ တောင်းပန်၍ အလောင်းတော်နတ်သား၏ ဝန်ခံချက်ကို ရမှသာ သုဒ္ဓါဝါသဗြဟ္မာကြီးတို့ လူ့ပြည်လောက၌ လှည့်လည်၍ ကြွေးကြော်ကြခြင်းဖြစ်၏၊ သို့ရကား ဗုဒ္ဓကောလာဟလ လူ့ပြည်လောက၌ ဖြစ်ပေါ်ပြီးသည့်နောက် နှစ်ပေါင်း တထောင်မက ငါးထောင်မက နှစ်ပေါင်း တသောင်းခန့် ကိုးထောင်ခန့် ကြာမြင့်ပြီးမှ သက်တော်ရှည် မြတ်စွာဘုရားတို့ ပွင့်တော်မူကြသဖြင့် “ဗုဒ္ဓကောလာဟလအတွက် အနှစ်တထောင်” ဆိုသောစကားကို ဘုရားရှင်တိုင်းအတွက် မိန့်ဆိုသောစကားဟူ၍ မမှတ်ယူပဲ ဂေါတမ မြတ်စွာဘုရားကဲ့သို့ သက်တမ်းတိုတော်မူကြသော ဘုရားရှင်တို့အတွက်သာ မိန့်ဆိုသောစကားဟူ၍ မှတ်သင့်ပေ၏။)

(၄) မင်္ဂလကောလာဟလ

     မင်္ဂလာတရား၏ သဘောသွား အနက်အဓိပ္ပါယ်ကို အတိအကျ အမှန်အတိုင်း မဆုံးဖြတ်နိုင်ကြပဲလျက် သူတမျိုး ငါတမျိုး လူအများစုရုံးကာ ဤအရာကို မင်္ဂလာတရားခေါ်၏၊ ဤအရာကို မင်္ဂလာတရားခေါ်၏ဟူ၍ မိမိတို့ ထင်မြင်ရာကို မင်္ဂလာတရားဟု အသီးသီး ပြောကြားကြကာ “မင်္ဂလာတရားဟူသည် ဤအရာတဲ့”ဟူ၍ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို မင်္ဂလကောလာဟလဟူ၍ ခေါ်ဆို၏၊ ဤလူ့ပြည်လောက၌ မင်္ဂလာတရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူလိမ့်မည်ကို ကြိုတင် သိရှိကြကုန်သော သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည် မင်္ဂလာတရားကို လိုလားတောင့်တကြသည့် လူတို့၏ စိတ်အကြံကို သိကြကုန် သဖြင့် မင်္ဂလာတရားကို မြတ်စွာဘုရား မဟောကြားမီ တဆယ့်နှစ်နှစ်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျက်-

(ကု)

အချင်းတို့ ယနေ့မှနောက် တဆယ့်နှစ်နှစ် စေ့ရောက်သောအခါ မင်္ဂလာတရားကို မြတ်စွာဘုရား ဟောကြားတော်မူလိမ့်မည်-

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မင်္ဂလာတရားနှင့်စပ်၍ လူအများ စုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ် ကျက်ကျက် ပြောဆိုကြခြင်းကို “မင်္ဂလကောလာဟလ”ဟူ၍ ခေါ်ဆို၏။

(၅) မောနေယျကောလာဟလ

     မောနေယျ အကျင့်ပဋိပတ်နှင့်စပ်၍ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို မောနေယျကောလာဟလဟူ၍ ခေါ်ဆို၏။ (ဤမောနေယျအကျင့် ပဋိပတ်အကြောင်းအရာ အကျယ်ဝိတ္ထာရကို သံဃရတနာ ထေရာဝင်ကျမ်း နာဋကမထေရ်၏ အပိုင်းအခဏ်း၌ အကျယ်ရေးသား ဖော်ပြထားသည်။) လူ့ပြည်လောက၌ ရဟန်းတပါးသည် မြက်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ မောနေယျအကျင့်ပဋိပတ်ကို မေးလျှောက်လိမ့်မည်ဟု ကြိုတင်သိရှိကြကုန်သော သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည် မဟောမီ ခုနစ်နှစ်ကပင် ကြိုတင်၍ ရှေးနည်းအတူ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျက်-

အချင်းတို့ ယနေ့မှနောက် ခုနစ်နှစ် စေ့ရောက်သောအခါ ရဟန်းတော်တပါး မြတ်စွာဘုရားထံ ချဉ်းကပ်၍ မောနေယျအကျင့် ပဋိပတ်ကို မေးလျှောက်လိမ့်မည်–

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မောနေယျအကျင့် ပဋိပတ်ဟူသော စကားကို လူအများ စုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို “မောနေယျကောလာဟလ”ဟူ၍ ခေါ်ဆို၏။

     ဤကား ကောလာဟလ ငါးမျိုးတို့တည်း၊ ဤကောလာဟလများ အကြောင်းကို ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတကအဋ္ဌကထာ ကောသလသံယုတ်အဋ္ဌကထာ ခုဒ္ဒကပါဌအဋ္ဌကထာ သုတ္တနိပါတအဋ္ဌကထာ ဇိနာလင်္ကာရဋီကာတို့၌ ဖွင့်ဆိုအပ်၏။

ကောလာဟလငါးပါးအကြောင်း ပြီး၏။

(ကူ)

အခဏ်း(၁)၊ စာမျက်နှာ (၄)

နတ်တို့စုတေခါနီး၌ ထင်လာသော ပုဗ္ဗနိမိတ်ငါးပါး

ပုဗ္ဗနိမိတ် ငါးပါးတို့ဟူသည်မှာ-

(၁) နတ်ပန်းတို့ ညှိုးနွမ်းခြင်း၊

(၂) နတ်ဝတ်တန်းဆာတို့ ညစ်နွမ်းခြင်း၊

(၃) လက်ကတီးကြား (= ချိုင်းကြား)တို့မှ ချွေးယိုခြင်း၊

(၄) ရုပ်ရည်အဆင်း ဖောက်ပြန်ခြင်း၊

(၅) မိမိနေရာ နတ်ဘုံဗိမာန်၌ မမွေ့လျော် မပျော်ပိုက်ခြင်း-

ဤငါးမျိုးတို့ပင်တည်း။ ထိုငါးမျိုးတို့တွင်..

     (၁) နတ်ပန်းတို့ ညှိုးနွမ်းခြင်း ဟူသည်ကား.. ထိုနတ်ဘဝ ပဋိသန္ဓေယူသောနေ့ (နတ်ဖြစ်သောနေ့)၌ အဆင်တန်းဆာ ဖြစ်လာခဲ့ကုန်သော နတ်ပန်းတို့ ညှိုးနွမ်းလာရခြင်းကို ဆိုလိုသည်။ ထိုနတ်ပန်းတို့သည် နတ်ဘဝကို ရသည်နှင့်တပြိုင်နက် ထိုနတ်တို့၏ကိုယ်၌ အသင့်ဖြစ်ပေါ် ပါရှိလာကြပြီးလျှင် နတ်သက်တမ်းတလျှောက်လုံး နတ်တဘဝလုံးတွင် မည်သည့်အခါမှာမှ မညှိုးနွမ်းခဲ့ပဲ အမြဲအစဉ်ပင် လန်းဆန်း လတ်ဆတ်ခဲ့၍ ထိုနတ်ဘဝက စုတေခါနီးကာလ လူတို့၏ အရေအတွက်အားဖြင့် ခုနစ်ရက်သာ အသက်ကြွင်းကျန်တော့သည့်အခါမှာ ညှိုးနွမ်းလာကုန်သည်။ (အလောင်းတော် သေတကေတု နတ်သားမှာလည်း တုသိတာနတ်များ အသက်တမ်း တလျှောက်လုံး (လူတို့ အရေအတွက်အားဖြင့် နှစ်ပေါင်း ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်း ကာလပတ်လုံး) ထိုနတ်ပန်းများ တရံတခါမျှ မညှိုးနွမ်းခဲ့ဘူးပဲ ထိုနတ်ဘဝက စုတေခါနီး လူတို့အရေအတွက် ခုနစ်ရက်အလိုမှာ ညှိုးနွမ်းလာကြသည်။)

     (၂) နတ်ဝတ်တန်းဆာတို့ ညစ်နွမ်းခြင်းဟု ဆိုရာ၌လည်း ရှေးနည်းအတိုင်းပင် နတ်သက်တမ်း တလျှောက်လုံး နတ်တဘဝလုံးတွင် မည်သည့်အခါမှာမှ နတ်ဝတ်တန်းဆာများ မညစ်နွမ်းခဲ့ပဲ စုတေခါနီး ခုနစ်ရက် အလိုမှာမှ ထိတ်လန့်ဖွယ်ရာ ညစ်နွမ်းလာကြသည်။

     (၃) လက်ကတီးကြား (= ချိုင်းကြား)တို့မှ ချွေးယိုခြင်းဟု ဆိုရာ၌ ထိုနတ်ပြည်ဝယ် လူ့ပြည်မှာကဲ့သို့ ဥတုဖောက်ပြန် ပြင်းထန်သော ပူအိုက်ခြင်း ချမ်းအေးခြင်း အလျှင်းမရှိခဲ့ဘူးသော်လည်း စုတေခါနီး ခုနစ်ရက် အလိုမှာမှ ကိုယ်အင်္ဂါအစိတ်အပိုင်း (အထူးသဖြင့် ချိုင်းကြား)တို့မှ ချွေးလုံးချွေးပေါက်များ ယိုစီးကျဆင်းလာကြသည်။

(ကေ)

     (၄) ရုပ်ရည်အဆင်း ဖောက်ပြန်ခြင်းဟု ဆိုရာမှာလည်း ထိုနတ်တို့အား မိမိတို့၏ နတ်သက်တမ်း တလျှောက်လုံး နတ်တဘဝလုံးတွင် တရံတခါမျှ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်လိပ်ခြင်းစသော အိုမင်းရင့်ရော်ဟန် ဖောက်ပြန်ချွတ်ယွင်း အဆင်းယုတ်လျော့မှု တစုံတရာ မဖြစ်လာ မထင်လာခဲ့ဘူးပဲ အမြဲအားဖြင့် နတ်သမီးတို့မှာ အသက် တဆယ့်ခြောက်နှစ်အရွယ် နတ်သားတို့မှာ အသက်နှစ်ဆယ်အရွယ် ပမာဏ၌သာ တည်နေကြကုန်သည်၊ ဤသို့ နတ်သား နတ်သမီးတို့မှာ ကြီးစွာသော ကုသိုလ်ကောင်းမှုကြောင့် ရှုချင်စဖွယ် နုနယ်ပျိုမျစ်၍ အသစ်စက်စက် တလက်လက် တဝင်းဝင်း အဆင်းအရောင် တောက်ပြောင် လှပနေကြသည်ဖြစ်လျက် နတ်သက်လျှောကြွေ စုတေခါနီးအချိန်သို့ ရောက်သောအခါ သွေ့ခြောက်ညစ်နွမ်းလျက် ပင်ပန်းညှိုးလျသော ကိုယ်အတ္တဘောအနေဖြင့် ရုပ်ရည်အဆင်း ဖောက်ပြန်ခြင်းဖြစ်၍ လာရလေသည်။

     (၅) မိမိနေရာ နတ်ဘုံဗိမာန်၌ မမွေ့လျော် မပျော်ပိုက်ခြင်းဟု ဆိုရာမှာလည်း ထိုနတ်တို့သည် နတ်သက်တမ်း တလျှောက်လုံး နတ်တဘဝလုံးတွင် မိမိတို့ နတ်ဘုံဗိမာန်၌ မမွေ့လျော် မနှစ်ခြိုက် မပျော်ပိုက်ခြင်း အလျှင်းမရှိခဲ့ဘူးပဲ စုတေလုနီးခါမှ မိမိတို့နေရာ နတ်ဘုံဗိမာန်၌ မမွေ့လျော် မနှစ်ခြိုက် မပျော်ပိုက်နိုင်ခြင်း ဖြစ်ပေါ်လာရလေသည်။

ပုဗ္ဗနိမိတ်ငါးပါး နတ်တိုင်းလည်း မဖြစ်

     ဤဆိုအပ်ပြီးသောအတိုင်း စုတေခါနီးဝယ် ပုဗ္ဗနိမိတ်ငါးမျိုးတို့ ဖြစ်ပေါ်လာကြသည် ဆိုသော်လည်း နတ်တိုင်း နတ်တိုင်းမှာပင် ဖြစ်သည်ဟူ၍ မမှတ်ယူရ၊ လူ့ပြည်လောက၌ ဘုန်းတန်ခိုးကြီးမားကြသော မင်း မှူးမတ် စသည်တို့အတွက်သာလျှင် စုတေခါနီး၌ ဥက္ကာကျခြင်း, မြေလှုပ်ခြင်း, လ-နေကြတ်ခြင်းစသော နိမိတ်တို့ ဖြစ်ပေါ်ကုန်သကဲ့သို့ ထို့အတူ နတ်ပြည်၌လည်း တန်ခိုးဘုန်းကံ ထက်သန်ကြီးမားသော နတ်သား နတ်သမီးတို့မှာသာလျှင် ဤပုဗ္ဗနိမိတ်ငါးမျိုးတို့ ဖြစ်ပေါ်ကြသည်။ တန်ခိုးဘုန်းကံ သေးငယ်သော နတ်တို့မှာကား ဤနိမိတ်ငါးပါးတို့ မဖြစ်ပေါ်ကြချေ။

     ထိုသို့ ဖြစ်ပေါ်လာသော ပုဗ္ဗနိမိတ်ငါးပါးတို့၏ အကျိုးအပြစ်များကိုလည်း လူ့ပြည်၌ ပုဗ္ဗနိမိတ်တို့၏ အကျိုးအပြစ်များကို နိမိတ်ဖတ်ဆရာ ပညာရှိတို့သာ သိကြသကဲ့သို့ ပညာရှိသော နတ်တို့သာလျှင် သိကြကုန်၏၊ ပညာမရှိသော နတ်တို့ မသိကြကုန်။

     ထိုသို့ စုတေရန် ပုဗ္ဗနိမိတ်များ ထင်လာသောအခါ ကုသိုလ်အား နည်းပါးကြသော နတ်တို့သည် “ယခု ဘယ်ဘုံမှာ ဖြစ်လိမ့်မည်ဟု ဘယ်သူသိအံ့နည်း”ဟု ပြင်းထန်စွာ ကြောက်ရွံ့ တုန်လှုပ်ကြကုန်၏။ ကုသိုလ်အား ကြီးမားကြသော

(ကဲ)

နတ်တို့သည်ကား “ငါတို့သည် ပေးလှူခဲ့သောအလှူဒါန စောင့်ရှောက်ခဲ့သော ဥပုသ်သီလ ပွါးများခဲ့သော ဘာဝနာကောင်းမှု ကုသိုလ်ကို အကြောင်းပြု၍ အထက်နတ်ပြည်တို့၌ စည်းစိမ်ကို ခံစားကြရကုန်လတံ့”ဟု အောက်မေ့ကြကာ ကြောက်ရွံ့ခြင်း အလျှင်းမရှိကြကုန်။ (သုတ်မဟာဝါ မဟာပဒါနသုတ် အဋ္ဌကထာ ဒီ-ဋ္ဌ ၂-၂၁-မှ)။

အခဏ်း(၁)၊ စာမျက်နှာ(၁၄)

ဒုတိယအရွယ်၌ ပဋိသန္ဓေယူခြင်းအကြောင်း

     အဘယ့်ကြောင့် ဒုတိယအရွယ်၏ တတိယအသက်ပိုင်းကျမှ အလောင်းတော်ပဋိသန္ဓေကို မယ်တော်မာယာ ယူရသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား.. ပဌမအရွယ်၌ တည်နေဆဲ သတ္တဝါတို့၏ ကိုယ်အတ္တဘော၌ ဆန္ဒရာဂတဏှာ ပြင်းထန် ထက်သန် အားကြီးမြဲဖြစ်သည်။ ထို့ကြောင့်ပင် ထိုပဌမအရွယ်၌ ကိုယ်ဝန် ပဋိသန္ဓေ စွဲကပ်လာသော မိန်းမတို့သည် မိမိတို့၏ ကိုယ်ဝန်ကို အန္တရာယ်ကင်းအောင် မစောင့်ရှောက်နိုင်ကြကုန်၊ မထိန်းသိမ်းနိုင်ကြကုန်သည်သာ များလှ၏။ ထို့ကြောင့် ထိုမိန်းမတို့၏ ကိုယ်ဝန်သည်လည်း ရောဂါအနာ များပြားထူပြော၏။

     မဇ္ဈိမဝယ-ဟု ခေါ်ဆိုသော ဒုတိယအရွယ် = အသက်တမ်း၏ သုံးပုံတပုံဖြစ်သော အလယ်ပိုင်းကို သုံးပိုင်းပိုင်းပြန်၍ နှစ်စိတ်နှစ်ပိုင်းကိုလွန်ကာ တတိယ အစိတ်အပိုင်းသို့ ရောက်သောအခါတွင်မူကား ထိုမိန်းမတို့၏ ဂဗ္ဘာသယခေါ် ကိုယ်ဝန်တည်ရာ သားအိမ်ဝမ်းတိုက်သည် သန့်ရှင်းစင်ကြယ်၏၊ သန့်ရှင်းစင်ကြယ်သော ဝမ်းတိုက်၌ ဖြစ်ရသော သားငယ်တို့သည် အနာရောဂါ ကင်းရှင်းကြကုန်၏။

     ပစ္ဆိမဘ၀သား ဘုရားအလောင်းတော်၏ မယ်တော်မည်သည် ပဌမအရွယ်၌ စည်းစိမ်ချမ်းသာကို ခံစားစံစား၍ မဇ္ဈိမအရွယ်၏ တတိယပိုင်း၌ အလောင်းတော်သားကို ဖွားမြင်ပြီးလျှင် စုတေရမြဲ ဓမ္မတာဖြစ်သည်။ (အလောင်းတော်ကို ဖွားမြင်ပြီးနောက် ခုနစ်ရက်မြောက်၌ မယ်တော် နတ်ရွာစံခြင်းမှာလည်း ဓမ္မတာပင် ဖြစ်ချေသည်၊ သားတော်ကို ဖွားမြင်ရခြင်းကြောင့်မဟုတ်၊ စင်စစ်သော်ကား အလောင်းတော်နတ်သား၏ ကြည့်ခြင်းကြီးငါးပါး အခဏ်းတွင် မယ်တော်၏အသက်ပိုင်းကို ကြည့်ရှုရာ၌ အလောင်းတော် ပဋိသန္ဓေ တည်နေသည်မှနောက် ဆယ်လနှင့် ခုနစ်ရက် မယ်တော်အသက်ကြွင်းရှိသည်ကို မြင်မှသာ အလောင်းတော်နတ်သားသည် စုတေမြဲ ဖြစ်သည်။ ဤအကြောင်းအရာကို ဆင်ခြင်သောအားဖြင့် အလောင်းတော် ပဋိသန္ဓေ မနေမီကပင် မယ်တော်၏ အသက်ကြွင်း ဆယ်လနှင့် ခုနစ်ရက်သာ ရှိတော့သည်ကို သတိပြု၍

(ကော)

အလောင်းတော်ကို ဖွားမြင်ရခြင်းကြောင့် မယ်တော် နတ်ရွာစံခြင်းမဟုတ်၊ အချိန်စေ့ရောက်၍သာ မယ်တော် နတ်ရွာစံခြင်း ဖြစ်သည်ဟု ယုံမှားမရှိ မှတ်ယူရာ၏)။ (ဒီ-ဋ္ဌ ၂-၂၉-စသည်)။

အခဏ်း (၁)၊ စာမျက်နှာ (၃၂)

     မဟာမာယာဒေဝီ မိဖုရားကို ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့ ပို့ဆောင်သော အခဏ်း၌-

(ဒေ၀ဒဟပြည်နှင့် ကပိလဝတ်၏အကြား ငါးယူဇနာရှိသော အရပ်ကို ခတ်အပ်သောတလင်းအသွင် သန့်စင်စွာ ညီညွတ်စေ၍)-

ဟု ဇိနတ္ထပကာသနီကျမ်း၌ ရေးသား၏။

တထာဂတဥဒါနဒီပနီကျမ်း၌ကား (ကပိလဝတ်ပြည်မှ ဒေ၀ဒဟပြည်တိုင် ယူဇနာ သုံးဆယ်ရှိသော ခရီးကို ညီညွတ်လှအောင် တူးဆွချဲ့ထွင် ဖို့ပြင်စေ၍)-

ဟု ရေးသား၏၊ ရေးသားပုံချင်း မတူကြ။

     ဤ မဟာဗုဒ္ဓဝင်ကျမ်း၌ကား ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတ်အဋ္ဌကထာတို့၌ ခရီးအဝေးအကွာကို မဖွင့်ဆိုပဲ ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်တိုင်အောင် ခရီးလမ်းကို ညီညွတ်အောင် ပြုပြင်စေကြောင်း သာမညသာ ဖွင့်ဆိုသဖြင့် ထိုအဋ္ဌကထာတို့ ဖွင့်ဆိုသည့်အတိုင်း ရေးသားခြင်းဖြစ်သည်။

     မဟာမာယာဒေဝီ စီးနင်းလိုက်ပါသော ယာဉ်ကိုလည်း ဤမဟာဗုဒ္ဓဝင်ကျမ်း၌ ဇာတ်အဋ္ဌကထာ ဗုဒ္ဓဝင်အဋ္ဌကထာတို့ ဖွင့်ဆိုသည့်အတိုင်း ရွှေထမ်းစင်ကို စီးနင်းလိုက်ပါကြောင်း ရေးသားခဲ့ပေသည်။ (ထိုရွှေထမ်းစင်ကို လူတထောင် မည်သို့ မြှောက်ချီ ထမ်းဆောင်မည်နည်း ဟူ၍ကား သံသယမဖြစ်သင့်ပေ။ အကြောင်းမှာ.. “အလောင်းတော်မင်းသားကို နို့ထိန်း နှစ်ရာ့လေးကျိပ်တို့က နို့တိုက် ထိန်းပိုက်ရ၏”ဟု ဆိုရာ၌ကဲ့သို့ အလှည့်ကျ ထမ်းဆောင်ရသည် ဖြစ်နိုင်သောကြောင့်တည်း၊ တနည်း.. ရွှေထမ်းစင်ကို ရှည်လျားစွာ တပ်ဆင် ဖွဲ့နှောင်ထားသော စန္ဒားယများကြိုး စသည်ဖြင့် တပြိုင်နက် ဆောင်ယူမည်ဆိုကလည်း ဆောင်ယူနိုင်ဖွယ် ရှိသောကြောင့်တည်း)။

     တထာဂတဥဒါနဒီပနီကျမ်းပဌမတွဲ စာမျက်နှာ(၁ဝ၆)(၁၀၇)တို့၌ကား-

(ယူဇနာသုံးဆယ် ခရီးလမ်း တလျှောက်လုံးကို ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်မွမ်းမံလျက် တန်းဆာဆင်ယင်စေပြီးလျှင် တိမ်တိုက်မှလာသော

(ကော်)

ဝလာဟကသိန္ဓောမျိုး ဖြစ်ကုန်သော ကြာဖြူအဆင်းရှိကုန်သော မြင်းဖြူကြီးရှစ်စီးတို့က-သော ရထားယာဉ်ဗိမာန်၌ သုဒ္ဓေါဒနမင်းကြီးနှင့်အတူ စီးတော်မူလျက် ယူဇနာခွဲခရီးသို့တိုင်အောင် လိုက်၍ ပို့တော်မူပြီးသော် တဦးကိုတဦး ကန်တော့နှစ်သိမ့်စေကြ၍ မင်းကြီး ပြန်လည်လာခဲ့ကြောင်း)နှင့် (ထိုမြင်းဖြူကြီး ရှစ်စီးတို့ကလည်း ငါတို့သည် ဤသို့ ဘုရားအလောင်းတော် ကိုယ်ဝန်ဆောင်သော မယ်တော်မဟာမာယာကို ဤသို့ ရုန်းဆောင် ထမ်းပို့ရသဖြင့် နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ကောင်း ဖြစ်ကြကုန်လတံ့-ဟု အောက်မေ့စဉ်းစား နှလုံးထားကြကုန်၍ ဝမ်းမြောက်ဝမ်းသာ ရွှင်မြူးစွာ ရုန်းဆောင်ကြကုန်၏) အစရှိသည်ဖြင့်-

ထူးထွေဆန်းပြား ခမ်းနားကျယ်ဝန်းစွာ ရေးသားပြဆိုထားသည်။ ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတ်အဋ္ဌကထာ ဇိနာလင်္ကာရဋီကာတို့၌ကား ထိုကဲ့သို့ မပြဆိုကြ၊ ရွှေထမ်းစင်ဖြင့်သာ ကြွချီကြောင်း ဖွင့်ပြကြသဖြင့် ထိုအဋ္ဌကထာဋီကာတို့ ဖွင့်ဆိုသည့်အတိုင်း ဤမဟာဗုဒ္ဓဝင်၌ ရေးသားခဲ့ပေသည်။

     လုမ္ဗိနီ အင်ကြင်းတောအကြောင်း ခေါင်းစဉ်ပါ စကားရပ်စု၌ ဇာတ်အဋ္ဌကထာ၏ ဖွင့်ပြပုံနှင့် ဗုဒ္ဓဝင်အဋ္ဌကထာ၏ ဖွင့်ပြပုံ စကားနှစ်ရပ် ခွဲခြားဖော်ပြခဲ့ရာ ဗုဒ္ဓဝင်အဋ္ဌကထာ ဖွင့်ပြပုံဖြစ်သည့် နောက်စကားရပ်၌ ( )ကွင်းအတွင်းရှိ “ထိုပန်းနံ့ဝတ်ရည်တို့ကို ခံစားသွားလာ ပျံဝဲလျက်ရှိကြကုန်သော သူတပါးအဖို့ကိုပါ ဆောင်ယူတတ်”ဟူသော စကားရပ်မှာ ငါးခုန်ဆရာတော်၏ ဗုဒ္ဓဝင်အတိုင်း ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ပေသည်။ ထိုဆရာတော်၏လက်ကိုင် ဗုဒ္ဓဝင်အဋ္ဌကထာ၌ “အနုဘုတ္တသဉ္စာရာဟိ”ဟူ၍ ပါဠိနေ ရှိဟန်တူ၏။ ယနေ့ လက်ရှိဖြစ်သည့် ဗုဒ္ဓဝင်အဋ္ဌကထာ ရှေးမူ ဆဋ္ဌမူ စာအုပ်တို့၌ကား “အနုဘုတ္တပဉ္ဇရာဟိ”ဟူ၍ ရှိသည်။ ဤစာအုပ်မူများအရ “ပဉ္ဇရ”သဒ္ဒါ၏ အနက်ကို ရှာကြသော် လှောင်အိမ် (ချိုင့်)ဟောကြောင်း အဘိဓာန်တို့၌ ဆို၏။ ယခု နေရာနှင့် လှောင်အိမ် (ချိုင့်)ကား မလျော်လှပေ။ ဤအချက်ကို မကျေနပ်နိုင်၍-

     သီဟိုဠ်မူ အဋ္ဌကထာကို ရှာဖွေကြည့်ရှုရာ ထိုသီဟိုဠ်မူအဋ္ဌကထာ၌ “ဘူတသဉ္စရာဟိ”ဟူ၍ ပါဠိရှိနေသည်။ ဤသီဟိုဠ်မူအရ ဘူတ-သဒ္ဒါ သစ်ပင်ဟော၊ သဉ္စာရ-သဒ္ဒါ လှည့်လည်ပျံဝဲခြင်းဟောဖြစ်၍ (သစ်ပင်ကြီးငယ်တို့၌ လှည့်လည် ပျံဝဲကြကုန်သော)ဟူ၍ မြန်မာပြန်ဆိုရပေမည်။

     တဖန် “ပရဘတမဓုကရ၀ဓူဟိ”ဟူသောပါဠိကို ငါးခုန်ဆရာတော်၏မူ ဗုဒ္ဓဝင်၌ “သူတပါးအဖို့ကိုပါ ဆောင်ယူတတ်သော ပျားပိတုန်းမတို့ဖြင့်”ဟူ၍ အနက်မြန်မာ ပြန်ဆိုထားသည်။ ပရဘတ-သဒ္ဒါ ဥဩငှက်ဟော

(ကံ)

အဘိဓာန်လာသော်လည်း ဤ၌ ထိုအနက်ကို မလိုအပ်ပေ၊ အရာမဟုတ်ပေ။ ထို့ကြောင့်ပင် ငါးခုန်ဆရာတော်က သင့်လျော်အောင် သူတပါးအဖို့ကို ဆောင်ယူတတ်သောဟူ၍ ပြန်ခဲ့ခြင်း ဖြစ်ပေသည်။ ဤအရာ၌ အသင့်ယုတ္တိရှိလောက်သော မြန်မာပြန်အနက်ကို စဉ်းစားဆင်ခြင်ရာတွင် ပျားနှင့်စပ်သည့် အကြောင်းအရာများ၌ (၁) အရပ်လေးမျက်နှာမှ ရရာဝတ်ရည်အမျိုးမျိုးကို ဆောင်ယူတတ်သော ဝတ်ရည်ဆောင်ပျား၊ (၂) ထိုဝတ်ရည်ဆောင်ပျားများ ဆောင်ယူခဲ့သမျှ အရသာအမျိုးမျိုးပါရှိသော ဝတ်ရည်အမျိုးမျိုးတို့ကို ပျားအုံမှ စောင့်နေကြကာ ချိုမြိန်သော အရသာရှိသည့် ပျားရည်ဖြစ်အောင် ပြုလုပ်တတ်သော အရည်ပြုပျားမများ-စသည်ဖြင့် ပျားကောင်တို့မှာ အလုပ်ကိစ္စအလိုက် အထူးထူးရှိကြောင်း မှတ်သား ဖတ်ကြားရဘူးသည်။ ဤဗုဒ္ဓဝင်အဋ္ဌကထာ၌ (၂)အမှတ်ပါ အရည်ပြုပျားမတို့ကို ဖွင့်ဆိုလိုရိပ် ရှိပေ၏၊ ထို့ကြောင့် “ပရဘတမဓုကရ၀ဓူဟိ”ကို “တပါးသော (ဝတ်ရည်ဆောင်)ပျားတို့ ဆောင်ယူအပ်သမျှသော ဝတ်ရည် အမျိုးမျိုးကို ပျားရည်ဖြစ်အောင် ပြုလုပ်တတ်သည့် (အရည်ပြု)ပျားမတို့သည်-ဟု အနက်ပြန်၍ ထိုကွင်းအတွင်း စကားရပ်ကို-

(သစ်ပင်ကြီးငယ်တို့၌ လှည့်လည်ပျံဝဲကြကုန်သော ဝတ်ရည်ဆောင်ပျားတို့ ဆောင်ယူခဲ့သမျှသော ဝတ်ရည်အမျိုးမျိုးကို ချိုမြိန်သော အရသာရှိသည့် ပျားရည်ဖြစ်အောင် ပြုလုပ်တတ်ကြသော အရည်ပြုပျားမတို့သည်)–

ဟူ၍ မြန်မာစကားပြေ ပြန်ဆိုမှ အသင့်ယုတ္တိရှိပေမည်။

အခဏ်း (၁)၊ စာမျက်နှာ (၃၆)

     ဘုရားအလောင်းတော်ကို ဖွားမြင်ခဏ်း၌ တထာဂတဥဒါနဒီပနီ-စသော မြန်မာဗုဒ္ဓဝင်ကျမ်းအချို့၌ “မဟာမာယာဒေဝီမိဖုရား သားတော်ကို ဖွားမြင်လုလု နီးကပ်လာသောအချိန်မှာ ညီမတော် ပဇာပတိဂေါတမီက လက်ဝဲဖက်မှနေ၍ မှီတွဲဖေးမပေးရကြောင်း၊ ကိုယ်လုပ်မောင်းမတို့၏ ဝိုင်းဝန်းကူညီမှုကို ရယူ၍ ဖွားမြင်ရကြောင်း”အနေဖြင့် ရေးသားဖော်ပြကြကုန်၏။ ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတ်အဋ္ဌကထာ ဇိနာလင်္ကာရဋီကာ တို့၌ကား ဖွားမြင်ရန်အချိန် နီးကပ်၍ ကမ္မဇလေများ လှုပ်ရှားလာသောအခါ မဟာမာယာနှင့် အတူပါလာသူ လူတို့က မဟာမာယာအား တင်းထိမ်ကန့်လန့်ကာကို ဝန်းပတ်ကာရံပေးကြပြီးလျှင် ထိုလူတို့သည် မဟာမာယာ၏ အနီးအပါးမှ ဖဲခွါနေကြကြောင်း၊ ထိုသို့ ဖဲခွါစဉ်မှာပင် အလောင်းတော်ကို ဖွားမြင်ကြောင်း ဖွင့်ဆိုသောကြောင့် ထိုအဋ္ဌကထာ ဋီကာတို့ ဖွင့်ဆိုသည့်အတိုင်းသာ ဤမဟာဗုဒ္ဓဝင်ကျမ်း၌ ရေးသားခဲ့ပေသည်။

(ကား)

     ဘုရားအလောင်းတော် ဖွားမြင်ခြင်းကို ပြဆိုသော စကားအစဉ်၌ ဖွားမြင်ပြီးလျှင်ပြီးခြင်းပင် ရေအေးရေနွေးဖြင့် အအေးအပူ ဥတုမျှတအောင် ယူစေကြောင်း ရေးသားခဲ့သည်ကား မဟာပဒါနသုတ်ပါဠိတော် ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတ်အဋ္ဌကထာတို့၌ ဖွင့်ဆိုသော စကားအစဉ်အတိုင်း ရေးသားခြင်းဖြစ်၏။

     သုတ်မဟာဝါအဋ္ဌကထာတို့၌ အထူးဖွင့်ပြသည်ကား- “ထိုရေအယဉ် နှစ်မျိုးတို့တွင် ရေအေးအယဉ်သည် ရွှေဖျဉ်း၌ ကျရောက်၏၊ ရေနွေးအယဉ်ကား ငွေဖျဉ်း၌ ကျရောက်၏၊ ဤကောင်းကင်မှ ကျရောက်လာသော ရေအေးရေနွေး ရေအယဉ်အစုံကိုလည်း မြေအပြင်၌ တစုံတခုသော အညစ်အကြေးဖြင့် မရောယှက်သည့် သားတော်နှင့် မယ်တော်တို့အတွက် သောက်သုံးရန် ရေကို၎င်း, သူတပါးတို့နှင့် မဆက်ဆံသော ကစားမြူးထူးရန် ရေကို၎င်း ပြဆိုခြင်းငှါ ဟောတော်မူအပ်သည်။ ထိုကောင်းကင်မှကျသော ရေအေးရေနွေးတို့မှတပါး ရွှေအိုး ငွေအိုးတို့ဖြင့် သယ်ခပ်အပ်သောရေ, ဟံသဝတ္တကရေကန် စသည်၌ရှိသော ရေတို့၏ အပိုင်းအခြားကား မရှိ၊ များပြားလှ၏”ဟူ၍ ဖြစ်သည်။ အထူးမှတ်သားရန် ဖြစ်သည်။

အခဏ်း (၁)၊ စာမျက်နှာ (၅၇)

ကာဠဒေဝိလ ရှင်ရသေ့အကြောင်း

     (ဤရှင်ရသေ့၏အမည်ကို သီဟိုဠ်မူ၌ ဒေဝလရသေ့ဟု ဖွင့်ဆို၏၊ မြန်မာမူ၌ ဒေဝိလရှင်ရသေ့ဟု ဖွင့်ဆို၏။) ထိုဒေဝိလရှင်ရသေ့၏ အကြောင်းအရာကို သုတ္တနိပါတ အဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၂၀၃-မှ ယူဆောင်၍ ပြဆိုပေအံ့။

     ဤဒေဝိလရသေ့သည်ကား သုဒ္ဓေါဒနမင်းကြီး၏ ခမည်းတော် ကပိလဝတ်ပြည့်ရှင် ဘုရင်သီဟဟနုမင်းကြီး၏ ဆရာပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့၏။ ကိုယ်ရေအဆင်း မည်းနက်သည်ဖြစ်၍ ထိုရသေ့၏အမည်ကို အသိတ-ဟူ၍လည်း ခေါ်ဝေါ်ကြ၏။ သီဟဟနုမင်းကြီး၌ ဆိုက်ရောက် ကြုံတွေ့လာသမျှသော တိုင်းရေးပြည်ရေး မင်းရေး စိုးရေး အစရှိသည့် အရေးအရာ ခပ်သိမ်းတို့ကို ပြေငြိမ်းကုန်စင်အောင် ကြံဆောင်ညွှန်ပြ အမှုတော်ထမ်းရွက်ရသော မင်းဆရာ ပညာရှိအမတ်ကြီး ဖြစ်ပေ၏။

     သီဟဟနုမင်းကြီး ထီးနန်းအုပ်စိုးစဉ် သားတော် သုဒ္ဓေါဒနမင်းသား အဘိသိက်မခံရသေးမီ မင်းသားအဖြစ်ဖြင့် အိမ်နိမ့်စံစဉ်ကာလကပင် ထိုသုဒ္ဓေါဒနမင်းသားအား မင်းလိုက်စိုးသုံး ထုံးပုံနည်းနာ အဖြာဖြာတို့နှင့်တကွ သိပ္ပံပညာ အလိမ္မာ အရည်အသွားတို့ကို သင်ကြားပြသပေးရသော အကြီးတော်ဆရာလည်း ဖြစ်ပေသည်။

(ခ)

     သီဟဟနု မင်းကြီးနောက် သားတော် သုဒ္ဓေါဒနမင်းသားက ဆက်လက်၍ ခမည်းတော်၏အရိုက်အရာ ကပိလဝတ်ပြည်ထီးနန်းကို သိမ်းမြန်းစိုးစံ အဘိသိက်ခံယူပြီးသော အခါ၌လည်း ထို(အသိတပုဏ္ဏား) ပုရောဟိတ်ဟောင်းသည်ပင် သုဒ္ဓေါဒနမင်း၏ ဆရာပုရောဟိတ် ဖြစ်ရပြန်၏။

     ယင်းသို့ သုဒ္ဓေါဒနမင်းသား ထီးနန်းစိုးစံ အဘိသိက်ခံပြီးသောအခါ၌ ငယ်ဆရာဖြစ်ခဲ့သော ထို(အသိတပုဏ္ဏား) ပုရောဟိတ်ကို သုဒ္ဓေါဒနမင်းကြီးက မိမိငယ်ရွယ်စဉ် မင်းသားဘဝကကဲ့သို့ ညွတ်ညွတ်ပျပျ ဂါရဝတရားဖြင့် လေးစားရိုသေခြင်းအထူးကို မပြုတော့ဘဲ ညဉ့်ညဉ့်နေ့နေ့ ညီလာခံသဘင်သို့ ဝင်သောအခါတို့၌ အဘိသိက်ခံပြီးသော သာကီဝင် ဘုရင်မင်းတို့၏ ထုံးတမ်းဓမ္မတာအတိုင်း ထိုဆရာပုရောဟိတ်ကို လက်အုပ်ချီကာမျှသာ အရိုအသေ ပြုလေတော့သည်။

     ဤသို့ ရှေးအခါကကဲ့သို့ ဝိသေသဂါရဝမြောက်မြောက်ကြီး ညွတ်ပျရိုသေခြင်းကို မခံရသောကြောင့် ဗြာဟ္မဏဇာတိ အာစရိယမာန်ဖြင့် မကျေနပ် မနှစ်သက်၍ ထိုမင်းထံ ခစားဝင်ထွက်ရခြင်း၌ စိတ်အိုက်ငြီးငွေ့ လာတော့သဖြင့် အသိတပုရောဟိတ်က မိမိ ရသေ့ရဟန်းပြုလိုကြောင်း သုဒ္ဓေါဒနမင်းကြီးထံ ခွင့်တောင်း ပန်ကြားလေသည်။

     သုဒ္ဓေါဒန မင်းကြီးသည် ဆရာပုရောဟိတ်၏ ခိုင်မြဲသောဆုံးဖြတ်ချက်ကို သိရှိတော်မူကာ ထိုဆရာ ပုရောဟိတ်အား “ရသေ့ရဟန်း ပြုလိုလျှင် ပြုပါတော့၊ သို့ရာတွင် ရသေ့ရဟန်းပြုပြီးသောအခါ ဝေးလံသောအရပ်သို့ ကြွရောက် နေတော်မမူပဲ အစဉ်မပြတ် ဆရာ့ကို တွေ့ဆုံဖူးမျှော်လွယ်ရန် ကျွန်ုပ်၏ဥယျာဉ်၌ပင် သီတင်းသုံး နေထိုင်ပါ”ဟူ၍ တောင်းပန်သဖြင့် “ကောင်းပြီ၊ ရှိစေတော့”ဟု ဝန်ခံပြီးလျှင် ထိုဆရာ ပုရောဟိတ်ပုဏ္ဏားသည် ရသေ့ရဟန်းပြုပြီးလျှင် သုဒ္ဓေါဒနမင်းကြီး၏ အပြုအစုကို ခံယူကာ မင်းဥယျာဉ်၌ပင် နေထိုင်လျက် ကသိုဏ်းပရိကံ ဘာဝနာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွါးများ၍ လောကီအဘိညာဏ် ငါးပါးနှင့်တကွ သမာပတ်ရှစ်ပါးတို့ကို ရရှိလေ၏။ ထိုဆရာရသေ့သည် ထိုသို့ ရသေ့ရဟန်းပြုကာ ဈာန်သမာပတ် ရသောအခါမှစ၍ သုဒ္ဓေါဒနမင်းကြီး၏နန်းတော်၌ နေ့စဉ် နေ့စဉ် ဆွမ်းဘုဉ်းပေးပြီးသောအခါ ဟိမဝန္တာ တောင် စတုမဟာရာဇ်နတ်ပြည် တာဝတိံသာနတ်ပြည် အစရှိသော အရပ်ဌာနတို့သို့ သွားရောက်လျက် နေ့သန့်(နေခို) နေထိုင်လေ့ရှိပေ၏။

ဤကား အသိတဣသိခေါ်သော ကာဠဒေဝိလရှင်ရသေ့၏

အကြောင်းအရာတည်း။

(ခါ)

အခဏ်း (၁)၊ စာမျက်နှာ (၆၅)

ဘုရားအလောင်းတော်၏ မျိုးဆက်ဆွေစဉ် ရာဇဝင်အကျဉ်းချုပ်

     အလောင်းတော် သေတကေတုနတ်သား၏ အမျိုးကိုကြည့်ရှုခြင်း တည်းဟူသော ကုလဩလောကနနှင့် စပ်ဆက်၍ သာကီဝင်မင်းမျိုးတို့၏အစဉ် ရာဇဝင်အဆက် ရာဇက္ကမကို ပြဆိုလတံ့သောအတိုင်း အကျဉ်းချုပ်အားဖြင့် မှတ်သားရာ၏၊ ဤသို့ မှတ်သားခြင်းဖြင့် မြတ်စွာဘုရား အလောင်းတော်၏ အမျိုးဇာတ်အားဖြင့် မြင့်မြတ်ခြင်း ဇာတိမဟတ္တဂုဏ်ကို သိမှတ်သည်မည်၏။

     ဤဘဒ္ဒကမ္ဘာ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်၏ ရှေးဦးစွာသော အန္တရကပ်၌ ဖြစ်ကြကုန်သော ကမ္ဘာဦးသူ လူအပေါင်းတို့၏ လက်မွန်မဆွ ပဌမမင်းသည်ကား ကျွန်ုပ်တို့မြတ်စွာဘုရား၏ အလောင်းတော်သူမြတ် ဖြစ်ပေသည်၊ အမည်တော်အားဖြင့် မနုဟူသော အမည်ရင်း ရှိလေသည်။

     ထိုမနုမည်သော အလောင်းတော်မင်းမြတ်သည် ကမ္ဘာဦးသူ လူအပေါင်းတို့ထက် အလွန်အဆင်းလှ၏၊ အလွန် ရှုချင်ဖွယ်ရှိ၏၊ အလွန် ကြည်ညိုဖွယ်ရှိ၏၊ ဘုန်းတန်ခိုး အာနုဘော်လည်း ကြီးမြတ်ပေ၏၊ ကောင်းမြတ်သော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံပေ၏။

     ယင်းသည့် ခေတ်ကာလ ကမ္ဘာဦးအခါ၌ ပဌမရှေ့ပိုင်းတွင် ကမ္ဘာဦး ထိုလူတို့ အလွန်တရာ ကိုယ်ကျင့်တရား ဖြူစင်ကြပြီးနောက် ကာလအတန်ကြာ ရောက်သောအခါ သူတပါးဥစ္စာကို ခိုးယူကဲ့ဝှက်ခြင်း (အဒိန္နာဒါန်) အစရှိသော မကောင်းမှုကို ပြုလုပ်ကျူးလွန်သူတို့ ပေါ်ပေါက်ဖြစ်ပွါးလာသဖြင့် ထိုမကောင်းမှုများမှ လွတ်ကင်း လျော့ပါး၍ ပြကတေ့ ချမ်းသာစွာ နေနိုင်ကြရန်အကျိုးငှါ ထိုကမ္ဘာဦးသူ လူအပေါင်းတို့ စည်းဝေးတိုင်ပင်ကြကုန်လျက် မိမိတို့အပေါ်၌ ထိုက်လျော်စွာ စီရင်အုပ်ချုပ်မည့်သူကို ရွေးချယ်စိစစ် တင်မြှောက်ရန် အညီအညွတ် သဘောတူဆုံးဖြတ် ပြဋ္ဌာန်းကြကုန်၏။

     ထိုသို့ ဆုံးဖြတ်ချက်အရ မြတ်စွာဘုရား အလောင်းတော်ဖြစ်သော မနုသည်သာလျှင် အသင့်မြတ်ဆုံး ဂုဏ်အင်္ဂါကျေးဇူးအပေါင်းနှင့် ပြည့်စုံသည်ဟူ၍ အယူဆန္ဒ ညီညွတ်ကြကုန်၏၊ ထိုသို့ ညီညွတ်ကြပြီးသော် ထိုကမ္ဘာဦးသူ လူအပေါင်းတို့သည် အလောင်းတော် မနုမည်သော ပုဂ္ဂိုလ်သူမြတ်ထံသို့ ဝိုင်းဝန်း ချဉ်းကပ်ကြကုန်လျက် မိမိ (ကမ္ဘာဦးသူ လူအပေါင်း)တို့ကို ကောင်းမွန် ထိုက်လျောက်ရာ အစီအရင်ဖြင့် စိုးမိုးအုပ်ချုပ်ရန် တောင်းပန်ကြကုန်၏။

     ယင်းသို့ စီရင်စိုးမိုး အုပ်ချုပ်ရခြင်း တည်းဟူသော အလုပ်တာဝန်ကို ဆောင်ရွက်ရသဖြင့် အအုပ်အချုပ်ခံရသူ လူအပေါင်းတို့က ကိုယ်စီကိုယ်ငှ

(ခိ)

မိမိတို့လုပ်ဆောင်ရရှိသော သလေးစပါးရိက္ခာ အဖို့အစုတို့မှ ဆယ်စုလျှင် တစု၊ ဆယ်ပုံလျှင် တပုံ၊ ဆယ်ဖို့လျှင် တဖို့၊ ဆယ်ခိုင်လျှင် တခိုင်ကို အလောင်းတော်သူမြတ်အား စီရင်အုပ်ချုပ်ခ အနေအားဖြင့် အခွန်အတုတ်ကို ပေးဆက် ပူဇော်ကြကုန်၏။

အမည်သုံးပါး ရရှိခြင်း

အလောင်းတော်သူမြတ်ကို အခွန်အတုတ် ပေးဆက်ပူဇော်ရာ တရားသဖြင့် စီရင်စိုးမိုး အုပ်ချုပ်သူအဖြစ်ဖြင့် လူအပေါင်းတို့က အကန့်အကွက်မရှိ၊ တညီတညွတ်တည်း သဘောတူ ကောင်းစွာ သမုတ်ကြကုန်၏၊ ထို့ကြောင့် အလောင်းတော် မနုပုဂ္ဂိုလ်သူမြတ်သည် မဟာသမ္မတဟူသော အမည်တော်ကိုလည်း ရရှိတော်မူပေ၏။

လယ်ယာမြေတို့နှင့် ပတ်သက်စပ်လျဉ်း၍ သူပိုင်ငါပိုင် အငြင်းပွါးခြင်း ခိုက်ရန်ဖြစ်ခြင်းစသော အမှုများ မရှိကြရန် (အကယ်၍ ရှိလာပြန်ကလည်း) ဆုံးဖြတ်စီမံ အုပ်စိုးခွင့် အာဏာရှိသောကြောင့် အလောင်းတော် မနုပုဂ္ဂိုလ်သူမြတ်သည် ခတ္တိယဟူသော အမည်တော်ကိုလည်း ရရှိတော်မူပေ၏။

လူအပေါင်းတို့ကို ကောင်းမွန်ဖြောင့်မှန်သော မင်းကျင့်တရားတို့ဖြင့် စီရင်ထိန်းစောင့်လျက် နှစ်သက်ချစ်ကြည်စေတတ်သောကြောင့် အလောင်းတော် မနုပုဂ္ဂိုလ်သူမြတ်သည် ရာဇဟူသော အမည်တော်ကိုလည်း ရရှိတော်မူပေ၏။

     ဤဘဒ္ဒကမ္ဘာ၌ လူမင်းတကာတို့တွင် မဟာသမ္မတ, ခတ္တိယ, ရာဇဟူသော အမည်သုံးပါးတို့ကို ဤဘုရားလောင်း မနုပုဂ္ဂိုလ်သူမြတ်သည်သာလျှင် ရှေးဦးစွာ ရရှိခဲ့လေသည်။

     နေမင်းသည် သတ္တဝါတို့အား အမြင် အဆင်း အလင်းကို ပေးလျက် ရောင်ခြည်တထောင်ကို ဆောင်သကဲ့သို့၊ ထို့အတူ ကမ္ဘာဦးသူ လူအပေါင်းတို့၏ မျက်စိသဖွယ်လည်းဖြစ်၍ ဒုတိယနေတစင်း ထွန်းလင်း ထွက်ပေါ်လာသည့်အလား များမြတ်သော ဂုဏ်ကျေးဇူးအရောင်တို့ကို ဆောင်ပေတတ်သောကြောင့် အနွယ်တော်အားဖြင့် အာဒိစ္စဝံသ (= နေမင်း၏အနွယ်)ဟူ၍လည်း ထိမ်းမှတ် ခေါ်ဆိုကြရလေသည်။

(ဤအရာ၌၊ ၊ကမ္ဘာဦး မဟာသမ္မတမင်းနှင့် ပတ်သက်၍၎င်း, ဤဘဒ္ဒကမ္ဘာ၏ လေးပုံတပုံ လေးပိုင်းတပိုင်းဖြစ်သော ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေကပ်၏ အစိတ်အပိုင်း ကာလများဖြစ်သည့် အန္တရကပ် ၆၄-ကပ်တို့တွင်

(ခီ)

ယခုရောက်ဆဲဖြစ်သည့် လေးခုမြောက် စတုတ္ထ အန္တရကပ်နှင့် ပတ်သက်၍၎င်း ကျမ်းပြုဆရာ ပညာရှိများ ဝါဒကွဲပြား အထူးထူး အထွေထွေ ရေးသားကြသော်လည်း ရတနာပူရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော် ဖလ်နန်းရှင် မင်းတရားလက်ထက် မှန်နန်းတော်ဆောင်အတွင်း၌ သုံးနှစ် သုံးမိုး ရဟန်းပညာရှိ မှူးမတ်ပညာရှိတို့ ပေါင်းဆုံစည်းဝေး ညှိနှိုင်းတိုင်ပင်၍ စီရင်ရေးသားအပ်သော မှန်နန်း မဟာရာဇဝင်တော်ကြီး၌၎င်း, ထို့နောက် ပဉ္စမသင်္ဂါယနာတင် ဘုရင် မင်းတုန်းမင်းတရားကြီး တောင်းပန်၍ “သုဇာတာဘိသီရိဓဇာဓိပတိပဝရမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ မိုးထားသာသနာပိုင် ဆရာတော်ဘုရားကြီး ရေးသား ဆုံးဖြတ်အပ်သော ကပ္ပဝိနိစ္ဆယပါဌ်နိဿကျမ်း၌၎င်း- “မဟာသမ္မတဟူသည် ဤဘုရားအလောင်းတော် မဟာသမ္မတမင်း တပါးတည်းသာလျှင် ဖြစ်ကြောင်း, ယခုရောက်ဆဲ အန္တရကပ်မှာလည်း လေးခုမြောက်ဖြစ်သော (စတုတ္ထ) အန္တရကပ်သာလျှင် ဖြစ်ကြောင်းများကို များပြားခိုင်မာလှသော ပါဠိ အဋ္ဌကထာ ဋီကာ အကိုးအကားသာဓကတို့ကို ဖော်ပြကိုးကားလျက် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်လေသည်။

အထူးသဖြင့် ကပ္ပဝိနိစ္ဆယကျမ်း၌ စံနစ်တကျ (စောဒနာ သောဓနာ) အမေးအဖြေ စသည်များဖြင့် ဝိသေသကဏ္ဍများကို စီစဉ်၍ ကျယ်ဝန်းပြည့်စုံစွာပင် အန္တရကပ် ၁၁-ကပ်ဆိုသော အယူဝါဒ, မဟာသမ္မတမင်း ၁၁-ယောက်ဆိုသော အယူဝါဒ, ၁၂-ခုမြောက် အန္တရကပ်, ၁၉-ခုမြောက် အန္တရကပ်စသည် အယူဝါဒရှိသူများနှင့်တကွ ယုံမှားသံသယရှိသူ များရှင်လူတို့ စင်ဖြူသန့်ရှင်း ယုံမှားကင်းလောက်အောင် အခိုင်အမာ ရေးသား ဆုံးဖြတ်ထားပေသည်။

ထိုမဟာသမ္မတမင်းစသော မင်းတို့၏ အစဉ်အဆက် ရာဇက္ကမကို ရေတွက်ပြဆိုရာ၌ သီလက္ခန် အမ္ဗဋ္ဌသုတ် အဋ္ဌကထာ၊ ၎င်း ဋီကာသစ်၊ အဋ္ဌကနိပါတ် စေတိယဇာတ် အဋ္ဌကထာ၊ မဟာဝင်၊ ဒီပဝင်၊ ရာဇဝင်တို့ဝယ် အနည်းငယ်စီ ကွဲလွဲခြားနားကြကုန်၏၊ ယခု ပြဆိုလတံ့သည်ကား မဟာဝင်ကျမ်းနှင့် မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်းတို့ကို အဓိက မှီငြမ်းပြု၍ ပြဆိုခြင်းပေတည်း။

(က)။ ။(၁) ရှေးဦးစွာ ဘုရားအလောင်းတော် မနုအမည်ရှိသော မဟာသမ္မတမင်း၊

(၂) ထိုမဟာသမ္မတမင်း၏သား ရောစမင်း၊

(ခု)

(၃) ထိုရောစမင်း၏သား ဝရရောစမင်း၊

(၄) ထိုမင်း၏သား ကလျာဏမင်း၊

(၅) ထိုမင်း၏သား ဝရကလျာဏမင်း၊

(၆) ထိုမင်း၏သား ဥပေါသထမင်း၊

(၇) ထိုမင်း၏သား မန္ဓာတုမင်း (အလောင်းတော် မန္ဓာတ်မင်းကြီး)၊

(၈) ထိုမင်း၏သား ဝရမင်း၊

(၉) ထိုမင်း၏သား ဥပဝရမင်း၊

(၁၀) ထိုမင်း၏သား စေတိယမင်း။

(၁၁) ထိုမင်း၏သား မုစလမင်း၊

(၁၂) ထိုမင်း၏သား မဟာမုစလမင်း၊

(၁၃) ထိုမင်း၏သား မုစလိန္ဒမင်း၊

(၁၄) ထိုမင်း၏သား သာဂရမင်း၊

(၁၅) ထိုမင်း၏ သာဂရဒေဝမင်း။

(၁၆) ထိုမင်း၏သား ဘရတမင်း၊

(၁၇) ထိုမင်း၏သား အင်္ဂီရသမင်း၊

(၁၈) ထိုမင်း၏သား ရုစိမင်း၊

(၁၉) ထိုမင်း၏သား သုရုစိမင်း (မဟာရုစိလည်း ဟူ၏)။

(၂၀) ထိုမင်း၏သား ပတာပမင်း၊

(၂၁) ထိုမင်း၏သား မဟာပတာပမင်း၊

(၂၂) ထိုမင်း၏သား ပနာဒမင်း၊

(၂၃) ထိုမင်း၏သား မဟာပနာဒမင်း၊

(၂၄) ထိုမင်း၏သား သုဒဿနမင်း၊

(၂၅) ထိုမင်း၏သား မဟာသုဒဿနမင်း၊

(၂၆) ထိုမင်း၏သား နေရုမင်း၊

(၂၇) ထိုမင်း၏သား မဟာနေရုမင်း၊

(၂၈) ထိုမင်း၏သား အစ္စိမမင်း၊

     ဤ နှစ်ကျိပ်ရှစ်ယောက်ကုန်သော မင်းတို့သည် နှစ်ပေါင်းအသင်္ချေ အသက်ရှည်ကုန်၏။ နောက် နှစ်ကျိပ်ခုနစ်ယောက်သော မင်းတို့သည် မဟသမ္မတမင်း၏ သား မြေး အဆက်ဆက်တို့ ဖြစ်ကုန်၏။ ထိုနှစ်ကျိပ်ရှစ်ယောက်သော

(ခူ)

မင်းတို့တွင် အချို့မင်းတို့သည် ကုသဝတီပြည်၌ စိုးအုပ်စံနေကြကုန်၏။ အချို့သော မင်းတို့သည် ရာဇဂြိုဟ်ပြည်၌ စိုးအုပ်စံနေကြကုန်၏။ အချို့သော မင်းတို့သည် မိထိလာပြည်၌ စိုးအုပ်စံနေ ကြကုန်၏။

(ခ)။ ။ထိုမင်းပေါင်း နှစ်ကျိပ် ရှစ်ယောက်တို့တွင် နောက်ဆုံးဖြစ်သော အစ္စိမမင်း၏ သားတော်သည် ကုသဝတီပြည်ကို ပြန်လည်တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေးအဆက်ဆက်တို့သည် (၁၀၀) တရာတိုင်တိုင်ပင် ရှိခဲ့ကုန်၏။ (ဒီပဝင်ကျမ်း၌ကား ကပိလဝတ်ပြည်၌ စိုးစံကြသောဟူ၏။)

     ဤ (က)မှတ် (ခ)မှတ်ပါ (၁၂၈) တရာ့နှစ်ကျိပ် ရှစ်ယောက်သော မင်းတို့၏ အကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၂၆)၌-

ဝသုန္ဓရေ၊ ဤမြေကမ္ဘာ၊ ပေါ်ဦးစွာ၌၊ သူရိယာနတ်၊ ရောင်သဟသ်နှင့်၊ ပညတ်ဂုဏ်တူ၊ သယမ္ဘူတိ၊ နှစ်ဆူပြိုင်ပ၊ ဂေါတမ-ဟု၊ အာဒိစ္စချည်း၊ တနွယ်တည်းသာ၊ ခြည်းခြည်းသံခြေ၊ ခေါ်မှတ်စေလျက်၊ သပြေဇမ္ဗူ၊ ကပ်ဦးသူတို့၊ ဆယ်ဆူစုံပူး၊ တိုက်နဖူးဖြင့်၊ ဆံဦးမကြွင်း၊ ကိုယ်သက်နှင်း၍၊ မင်းဟုထိပ်ပြင်၊ မြှောက်ကြတင်သည့်၊ ဗုဒ္ဓင်္ကုရ၊ ဘုရာ့ညွန့်ဖူး၊ ပန်ဆုထူးနှင့်၊ လူ့မှူးဘုန်းပွင့်၊ နေနှစ်ဆင့်မှ၊ နေမင်းဆွေမိတ်၊ နေမြိတ်ဝံသာ၊ နွယ်တော်လာကား၊ မဟာသမ္မတ၊ သားရောစနှင့်၊ ဝရရောစ၊ ကလျာဏ-က၊ ဝရကလျာဏ၊ နောက်မှသားတော်၊ ဥပေါ်သထ၊ သားလှမန္ဓာတ်၊ စကြာနတ်တည့်၊ သားမြတ်ဝရ၊ ထိုပြီးမှလည်း၊ ဥပဝရ၊ စေတိယဟု၊ မုစလရာဇာ၊ မဟာမုစလ၊ တေဇလျှံထိန်၊ မုစလိန္ဒ၊ သာဂရနှင့်၊ သာဂရဒေဝ၊ ဘရတတွင်ညီ၊ အင်္ဂီရသ၊ ထိုမှရုစိ၊ သုရုစိမည်ရ၊ ပတာပတဖြာ၊ မဟာပတာပ၊ ပနာဒ-က၊ ကြီးလှပညာ၊ မဟာပနာဒ၊ နာမပညတ်၊ သုဒသ်မည်သာ၊ မဟာသုဒသ်၊ တွင်မှတ်နေရု၊ နှိုင်းတုဖက်ကွာ၊ မဟာနေရု၊ မျက်ရှုသားလှ၊ အစ္စိမ-ဟု၊ အဋ္ဌဝီသာ၊ မြတ်ရာဇာက၊ တရာတိုင်တိုင်၊ စောဘုန်းလှိုင်တို့၊ ခရိုင်သောင်းတိုက်၊ ဇနပိုဒ်ကို၊ ခွန်ရိုက်ကျုံးကာ၊ စက်ဘုန်းဖြာကို၊ ကုသာဝတီ၊ ပူရီမှိုင်းညို၊ ရာဇဂြိုဟ်နှင့်၊ နဂိုရ်အောင်ချာ၊ မိထိလာဝယ်၊ လူ့ရွာစည်းစိမ်၊ စံကြငြိမ်သည်၊ ၊မွေ့သိမ်ဧးမြ သာချမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ဂ)။ ။အစ္စိမမင်း၏ သားမြေးစဉ်ဆက် တရာသော မင်းတို့အနက် နောက်ဆုံး တရာမြောက်ဖြစ်သော မင်းသည်ကား အရိန္ဒမမင်း

(ခေ)

မည်၏၊ ထိုအရိန္ဒမမင်း၏ သားတော်သည် အယုဇ္ဈပူရမည်သောပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေးအဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုအယုဇ္ဈပူရပြည်၌ (၅၆) ငါးကျိပ်ခြောက်ယောက် ရှိခဲ့ကုန်၏။

(ဃ)။ ။ထို ငါးကျိပ်ခြောက်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဒုပ္ပသဟ အမည်ရှိ၏၊ ထိုဒုပ္ပသဟမင်း၏ သားတော်သည် ဗာရာဏသီပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေးအဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဗာရာဏသီပြည်၌ မင်းပေါင်း (၆၀) ခြောက်ကျိပ် ရှိခဲ့ကုန်သည်။

(င)။ ။ထိုခြောက်ကျိပ်ကုန်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား အဇိတ အမည်ရှိ၏၊ ထိုအဇိတမင်း၏ သားတော်သည် ကမ္ဗလမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သား မြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုကမ္ဗလပြည်၌ မင်းပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင် ရှိခဲ့ကုန်သည်။

(စ)။ ။ထိုရှစ်သောင်းလေးထောင်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဗြဟ္မဒတ္တ အမည်ရှိ၏၊ ထိုဗြဟ္မဒတ္တမင်း၏ သားသည် ဟတ္ထိပူရမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဟတ္ထိပူရပြည်၌ (၃၆) သုံးကျိပ်ခြောက်ယောက် ရှိခဲ့ကုန်သည်။

     ဤ (ဂ)မှတ် (ဃ)မှတ် (င)မှတ် (စ)မှတ်ပါ မင်းပေါင်း (၈၄၁၅၂) ရှစ်သောင်း လေးထောင် တရာ ငါးဆယ် နှစ်ဆက်တို့၏ အကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၂၇)၌-

တရာအားလုံး၊ မင်းအဆုံးတွင်၊ လက်ရုံးဝရဇိန်၊ စက်ဘုန်းရှိန်နှင့်၊ အရိန္ဒမ၊ နရိန္ဒ၏၊ သားက သားဆက်၊ ဆင်းသက်စဉ်လျောက်၊ ငါးကျိပ်ခြောက်တို့၊ မချောက်မချား၊ တရားမခွ၊ မြဲနိစ္စဖြင့်၊ လူများစောဓီး၊ ရိပ်ဖြူထီးနှင့်၊ ရိုက်တီးပဟိုရ်၊ နန်းပွဲကြို၍၊ နဂိုရ်သာလှ၊ အယုဇ္ဈဟု၊ ပုရရွှေပြည်၊ စိုးကြတည်၏။ ဘုန်းစည်စိုးချုပ်၊ မိုးသို့အုပ်သား၊ ဒုပ္ပသဟ၊ မင်းကပွါးလျက်၊ သားမြေးဆက်၍၊ ဆင်းသက်ကုန်ကြ၊ အဇိတရာဇာ၊ တိုင်အောင်သာလျှင်၊ အာဏာတက်ဆိပ်၊ ဘုန်းစက်ရိပ်နှင့်၊ ခြောက်ကျိပ်သင်္ချာ၊ ထိုရာဇာတို့၊ ဗာရာဏသီ၊ ပုရီပြည်မ၊ စိုးတည်ကြရှင့်။ အဇိတမင်း၊ သားရင်းမြေးပေါင်း၊ မြစ်တော်လောင်း၍၊ ရှစ်သောင်းလေးထောင်၊ မြားမြောင်စွာလှ၊ မင်းထိုမျှလည်း၊ ကမ္ဗလပြည်ကြီး၊

(ခဲ)

စံတည်မှီးမှ။ ။တသီးဆုံးစွန်၊ မင်းမွန်ဗြဟ္မဒတ်၊ နေနွယ်နတ်က၊ မပြတ်ဆက်ခံ၊ ကမ္ဗလဝံသ၊ မင်းလှအဆုံး၊ သုံးကျိပ်အောက်ဆူ၊ ဘူဓိပတိ၊ လူဘုန်းယှိတို့၊ ဟတ္ထိပုရ၊ ပြည်သာစွ၌၊ ထာဝရကိန်း၊ တရားထိန်း၍၊ မုဒိန်းရွမ်းဆော်၊ စံကြပျော်သည်၊ ၊နန်းပေါ်မရွေ့ ရွှင်ဝမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ဆ)။ ။ထိုမင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ကမ္ဗလဝံသ အမည်ရှိ၏၊ ထိုကမ္ဗလဝံသမင်းသည် ဧကစက္ခုအမည်ရှိသော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဧကစက္ခုပြည်၌ (၃၂) သုံးကျိပ် နှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(ဇ)။ ။ထိုသုံးကျိပ်နှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ပုရိန္ဒေဝ အမည်ရှိ၏၊ (အချို့စာမူများ၌ သုရိန္ဒေဝဟူ၍၎င်း, မုနိန္ဒဒေဝဟူ၍၎င်း ရှိသည်)၊ ထိုပုရိန္ဒေဝမင်း၏ သားတော်သည် ဝဇိရမုတ္တိမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဝဇိရမုတ္တိပြည်၌ (၂၈) နှစ်ကျိပ် ရှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(ဈ)။ ။ထိုနှစ်ကျိပ် ရှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သာဓိန အမည်ရှိ၏၊ ထိုသာဓိနမင်း၏ သားတော်သည် မထုရမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုမထုရပြည်၌ (၂၂) နှစ်ကျိပ် နှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(ည)။ ။ထိုနှစ်ကျိပ်နှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဓမ္မဂုတ္တ အမည်ရှိ၏၊ ထိုဓမ္မဂုတ္တမင်း၏ သားတော်သည် အရိဋ္ဌပုရမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုအရိဋ္ဌပုရပြည်၌ (၁၈) တကျိပ်ရှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(ဋ)။ ။ထိုတကျိပ်ရှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သိပ္ပိ အမည်ရှိ၏၊ ထို သိပ္ပိမင်း၏ သားတော်သည် ဣန္ဒပတ္ထနဂိုရ်မည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဣန္ဒပတ္ထနဂိုရ်ပြည်၌ (၁၇) တကျိပ်ခုနစ်ယောက် ရှိခဲ့ကုန်သည်။

(ခေါ)

     ဤ (ဆ)မှတ် (ဇ)မှတ် (ဈ)မှတ် (ည)မှတ် (ဋ)မှတ်ပါ ငါးရပ်မင်းပေါင်း (၁၁၇) တရာ့တဆယ့် ခုနစ်ယောက်တို့၏ အကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၂၈)၌-

ထိုကမ္ဗလ၊ မင်းဝံသ၏၊ ပုတ္တနတ္တာ၊ မြတ်ရာဇာတို့၊ သင်္ချာပြည့်သိပ်၊ သုံးကျိပ်နှစ်ပါး၊ တရားမခွ၊ မြဲနိစ္စဖြင့်၊ ဧကစက္ခု၊ ပြည်သေတ္တု၌၊ တစုတရုံး၊ စံရွှင်ပြုံးရှင့်။ ။နှောင်းဆုံးဘူမိန်၊ ပူရိန်ဒေ၀၊ မင်းကဆက်ပေါ်၊ သားတော်မြေးမြစ်၊ နှစ်ကျိပ်ရှစ်မူ၊ နန်းသစ်သိင်္ဂီ၊ ပြောင်းကာချီ၍၊ ဝဇီရမုတ်၊ ပုရုတ္တရ၊ ရွှေပြည်မ၌၊ သာဓိနမင်းတိုင်၊ စိုးစံထိုင်လျက်၊ ဘုန်းလှိုင်မင်းလှ၊ သာဓိန၏၊ သားကမြေးကွန့်၊ မြစ်တော်ညွန့်၍၊ အဓွန့်ရှည်ညောင်း၊ မိုးနှောင်းသံတင်၊ ဘုရင်စည်ကား၊ တရားမယုတ်၊ ဓမ္မဂုတ်တိုင်၊ နရုတ္တမ၊ ဗာဝီသတို့၊ မထုရပြည်၊ ထောင်တည်ဘန်ဆန်း၊ ရွှေနန်းစံကြ။ ။မင်းဓမ္မက၊ ပွါးထဋ္ဌာရသ်၊ မပြတ်ဆက်ကာ၊ နေနွယ်ဖြာ၍၊ စဉ်လာမကင်း၊ မင်းသိပ္ပိကျ၊ အရိဋ္ဌ-ဟု၊ ပုရပြည်ကြီး၊ စိုးကြပြီးသော်။ ။နေမီးမယွင်း၊ သိဒ္ဓိမင်း၏၊ သားရင်းမြေးရင်း၊ သက်ဆင်းဆက်ခံ၊ ဗြဟ္မဒေဝ၊ မင်းသို့ကျအောင်၊ တေဇရန်နှိပ်၊ တကျိပ်ခုနစ်၊ မဟာရာဇ်တို့၊ အနှစ်ရှည်ကြာ၊ ဘုန်းရောင်ဖြာ၍၊ အောင်ချာပြည်မြတ်၊ ဣန္ဒပတ်၌၊ မိုးနတ်တရထည်၊ စံကြတည်သည်၊ ၊ရွှေစည်နေ့ည ဆော်ရွမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ဌ)။ ။ဆိုအပ်ပြီးသည့် ငါးရပ်မင်းပေါင်း (၁၁၇) တရာတဆယ့် ခုနစ်ယောက်တို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဗြဟ္မဒေဝ အမည်ရှိ၏၊ ထိုဗြဟ္မဒေဝမင်း၏ သားတော်သည် ဧကစက္ခုပြည်၌ပင် စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဧကစက္ခုပြည်၌ (၁၅) တကျိပ်ငါးယောက် ရှိပြန်ကုန်သည်။

(ဍ)။ ။ထိုတကျိပ်ငါးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဗလဒတ္တ အမည်ရှိ၏၊ ထိုဗလဒတ္တမင်း၏ သားတော်သည် ကောသမ္ဗီမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုကောသမ္ဗီပြည်၌ (၁၄) တကျိပ်လေးယောက်တို့ ရှိခဲ့ကုန်သည်။

(ဎ)။ ။ထိုတကျိပ်လေးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဟတ္ထိဒေဝ အမည်ရှိ၏၊ ထိုဟတ္ထိဒေဝမင်း၏

(ခေါ်)

သားတော်သည် ကဏ္ဏဂေါစ္ဆိမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုကဏ္ဏဂေါစ္ဆိပြည်၌ (၉) ကိုးယောက်တို့ ရှိခဲ့ကုန်သည်။

(ဏ)။ ။ထိုကိုးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား နရဒေ၀ (နရစိုး) အမည်ရှိ၏။ ထိုနရဒေဝမင်း၏ သားတော်သည် ရောစနမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုရောစနပြည်၌ (၇) ခုနစ်ယောက် ရှိခဲ့ကုန်သည်။

(တ)။ ။ထိုခုနစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား မဟိန္ဒ အမည်ရှိ၏၊ ထိုမဟိန္ဒမင်း၏ သားတော်သည် စမ္ပာပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက် ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုစမ္ပာပြည်၌ (၁၂) တကျိပ်နှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

     ဤ (ဌ)မှတ် (ဍ)မှတ် (ဎ)မှတ် (ဏ)မှတ် (တ)မှတ်ပါ ငါးရပ်မင်းပေါင်း (၅၇) ငါးကျိပ် ခုနစ်ယောက်တို့၏ အကြောင်းကို မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၂၉)၌-

ဗြဟ္မဒေဝ၊ မင်းကဆက်ပွါး၊ တကျိပ်ငါးတည့်၊ နောက်ဖျားဆုံးသတ်၊ ဗလဒတ်ဟု၊ မင်းမြတ်တိုင်ကျ၊ ဘူမိန္ဒတို့၊ ဧကစက္ခု၊ ရှေးပြုပြည်တော်၊ ပြန်ကြပျော်၏။ ။နုဘော်ထန်ပြင်း၊ မင်းဗလဒတ်၊ နွယ်မြတ်သားမြေး၊ တကျိပ်လေးလည်း၊ ကျူးဧးကျံကျံ၊ ပဉ္စင်ခံလျက်၊ ကုသမ္ဗက၊ တာပသ၏၊ ဌာနသာမော၊ ကြို့ပင်တောကို၊ နတ်ပြောစီရင်၊ မြို့ကြီးယင်၍၊ ရဇ္ဇင်စုံညီ၊ ကောသမ္ဗီဝယ်၊ သိင်္ဂီရွှေနန်း၊ စံကြမြန်းပြီး။ ။ဆုံးခန်းစိုးဘိ၊ ဘုန်းတန်းယှိသား၊ ဟတ္ထိဒေဝ၊ ရာဇိန္ဒ၏၊ ဝံသသက်ဆင်း၊ ကိုးပါးမင်းမူ၊ ပျော်ခင်းသာလှ၊ ပြည်ကဏ္ဏကို၊ တည်ကြအုပ်မိုး။ ။ထိုမင်းကိုးတွင်၊ နရစိုးမည်၊ နှောင်းဆုံးတည်မှ၊ ဘုန်းစည်မြေးသား၊ ခုနစ်ပါးတို့၊ ထီးပွါးနန်းပွါး၊ ထောင်တည်ခြား၍၊ တရားစည်ကြီး၊ ရိုက်တီးနေ့ည၊ ယွင်းမခွဘဲ၊ ရောစနမည်၊ မြတ်ရွှေပြည်၌၊ နှစ်ရှည်မပြောင်း၊ စံကြညောင်းလျက်။ ။နှောင်းတွင်အဆုံး၊ ပြိုင်ဘက်ရှုံးသား၊ လက်ရုံးဝင်းထိန်၊ မင်းမဟိန်၏၊ ဝရဇိန်နတ်စက်၊ စိန်လက်နက်သို့၊ ထိန်လက်တေဇ၊ သားမြေးစသည်၊ နာဂဒေဝ၊ စောလှဘုန်းလှိုင်၊ မင်းဆုံးတိုင်အောင်၊ ဦးကိုင်စိုးလစ်၊ တကျိပ်နှစ်ကား၊ ဖြူရှစ်စကြာ၊ မိုးကြက်ကာ၍၊ စမ္ပာပြည်သစ်၊

(ခံ)

နန်းမြေခေတ်၌၊ ဘွင့်လှစ်ဥကင်၊ စံမြူးရွှင်သည်၊ ၊ကြည်လင်မကြော့ မကြမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ထ)။ ။ဆိုအပ်ပြီးသည့် ငါးရပ်မင်းပေါင်း (၅၇) ငါးကျိပ် ခုနစ်ယောက်တို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား နာဂဒေဝ အမည်ရှိ၏၊ ထိုနာဂဒေဝမင်း၏ သားတော်သည် မိထိလာပြည်ကို ဒုတိယတဖန် အသစ်တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏သားမြေး အဆက်ဆက်တို့သည် ထိုမိထိလာပြည်၌ ထိုမင်းနှင့်တကွ (၂၅) နှစ်ကျိပ် ငါးယောက်တို့ ရှိပြန်ကုန်သည်။

(ဒ)။ ။ထိုနှစ်ကျိပ်ငါးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သမုဒ္ဒဒတ္တ အမည်ရှိ၏၊ ထိုသမုဒ္ဒဒတ္တမင်း၏ သားတော်သည် ရာဇဂြိုဟ်ပြည်၌ စိုးအုပ်စံနေပြန်ရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုရာဇဂြိုဟ်ပြည်၌ (၂၅) နှစ်ကျိပ် ငါးယောက်တို့ပင် ရှိခဲ့ကုန်သည်။

(ဓ)။ ။ထိုနှစ်ကျိပ်ငါးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား တိဓင်္ကရ အမည်ရှိ၏၊ ထိုတိဓင်္ကရမင်း၏ သားတော်သည် တက္ကသိုလ်ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သား မြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ တက္ကသိုလ်ပြည်၌ (၁၂) တကျိပ်နှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(န)။ ။ထို တကျိပ်နှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးမင်းသည်ကား တာလိဿရ အမည်ရှိ၏၊ ထိုတာလိဿရမင်း၏ သားတော်သည် ကုသိနာရုံပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုကုသိနာရုံပြည်၌ (၁၂) တကျိပ်နှစ်ယောက်တို့ပင် ရှိခဲ့ကုန်သည်။

(ပ)။ ။တကျိပ်နှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ပုရိန္ဒအမည်ရှိ၏၊ ထိုပုရိန္ဒမင်း၏ သားတော်သည် တာမလိတ္ထိယမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုတာမလိတ္ထိယပြည်၌ (၉) ကိုးယောက်တို့ ရှိခဲ့ကုန်၏။

(ခါး)

     ဤ (ထ)မှတ် (ဒ)မှတ် (ဓ)မှတ် (န)မှတ် (ပ)မှတ်ပါ ငါးရပ်မင်းပေါင်း (၈၃) ရှစ်ကျိပ် သုံးယောက်တို့၏ အကြောင်းကို မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ(၃၀)၌-

စမ္ပာပြည်သစ်၊ နန်းမြေခေတ်၌၊ ကာရှစ်ရိပ်ဖြူ၊ နှောင်းဆုံးယူသား၊ ဇမ္ဗူအုပ်မိုး၊ နာဂစိုး၏၊ နွယ်ရိုးစဉ်စီ၊ ပဉ္စဝီဖြင့်၊ ကျင့်ညီဓမ္မ၊ ရာဇညတို့၊ ဝိဒေဟတိုင်း၊ ရှေးသမိုင်းနှင့်၊ ကသိုဏ်းပမာ၊ မြေမျက်နှာတွင်၊ မိထိလာပြည်မ၊ ဒုတိယဖြင့်၊ တည်ကြနန်းဘုံ၊ စံကြတုံ၏။ ။ဆုံးကြုံနရုတ်၊ ဘုန်းဟုန်သုတ်သား၊ သမုဒ္ဒဒတ်၊ မင်းမြတ်ကပွား၊ နှစ်ကျိပ်ငါးလည်း၊ နောက်ဖျားဘုရင်၊ တိဓင်္ကရ၊ မင်းသို့ကျအောင်၊ သာလှနဂိုရ်၊ ရာဇဂြိုဟ်၌၊ ပဟိုရ်ရွမ်းဆော်၊ စံကွန်းပျော်မှ။ ။မင်းကျော်တိဓင်၊ ယင်းနွယ်ဝင်ဖြင့်၊ ဘုရင်တာလိသ်၊ ဆုံးပိတ်ဒွါဒသ်၊ မဟာရတ်တို့၊ ပြည်မြတ်မှိုင်းညို၊ တက္ကသိုလ်ဝယ်၊ နဂိုရ်ထာဝရ၊ ကိန်းမှန်ချ၍၊ စံကြတသင်း။ ။တာလိသ်မင်းမှ၊ သက်ဆင်းကုန်ကြ၊ မင်းဒွါဒလည်း၊ ဓမ္မဆယ်ပါး၊ တရားလက်ယှိ၊ ပျက်မငြိဘဲ၊ ကုသိနာရုံ၊ ရွှေဘုံပြည်နန်း၊ သိမ်းမြန်းစံကြ။ ။ပုရိန္ဒဟု၊ ဆုံးကျရာဇာ၊ မင်းမြတ်စွာ၏၊ သည်းချာဆက်နွယ်၊ မင်းကိုးသွယ်ကား၊ ပျော်ဘွယ်မဆိတ်၊ မွမ်းမွမ်းထိတ်မျှ၊ တာမလိတ္ထိယ၊ ရွှေပြည်မ၌၊ သာဂရဒေဝ၊ မင်းဆုံးကျအောင်၊ ဒသရာဇဓံ၊ စိုးကြစံသည်၊ ၊နိုင်ငံစည်ပြန့် ပြည်ဝှမ်းတည်း။—

ဟူ၍ စပ်ဆိုထားလေသည်။

(ဖ)။ ။ဆိုအပ်ပြီးသည့် ငါးရပ်မင်းပေါင်း (၈၃) ရှစ်ကျိပ် သုံးယောက်တို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သာဂရဒေဝ အမည်ရှိ၏၊ ထိုသာဂရဒေဝမင်း၏ သားတော်သည်ကား (မဂ္ဃဒေဝခေါ်) မဃဒေဝ အမည်ရှိ၏၊ ထိုမဃဒေဝမင်းမှစ၍ ထိုမင်း၏ သားမြေးဖြစ်သော မင်းအဆက်ဆက်တို့သည် မိထိလာပြည်၌ စိုးအုပ်စံနေကြရာ မင်းဆက်ပေါင်း (၈၄ဝဝဝ) ရှစ်သောင်း လေးထောင်တို့တိုင်အောင် ရှိခဲ့ကုန်သည်။

(ဗ)။ ။ထိုမဃဒေဝ မင်းဆက်ပေါင်း ရှစ်သောင်းလေးထောင်တို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား (နိမိ) နေမိမင်း ဘုရားအလောင်းတော်တည်း၊ ထိုအလောင်းတော် နေမိမင်း၏ သားတော်သည်ကား ကဠာရဇနက အမည်ရှိ၏၊ ထိုမင်း၏ သားတော်သည်ကား သမင်္ကရ အမည်ရှိ၏၊ ထိုမင်း၏ သားတော်သည်ကား အသောစ (အသောက-ဟူ၍လည်း ရှိ၏) အမည်ရှိ၏။ ဤကဠာရဇနကမင်း,

(ဂ)

သမင်္ကရမင်း, အသောစမင်းတို့မှ စ၍ ထိုမင်းတို့၏ သားမြေး အဆက်ဆက်ဖြစ်သော မင်းပေါင်း (၈၄၀၀၃) ရှစ်သောင်း လေးထောင် သုံးယောက်တို့သည် ဗာရာဏသီပြည်၌ ဒုတိယတဖန် မြို့နန်းတည်၍ စိုးအုပ်စံနေကြကုန်သည်။

(ဘ)။ ။ထိုရှစ်သောင်း လေးထောင် သုံးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သီဟပ္ပတိ အမည် ရှိ၏။

(၁) ထိုသီဟပ္ပတိမင်း၏သား ဝိဇိတသေနမင်း၊

(၂) ထိုမင်း၏သား ဓမ္မသေနမင်း၊

(၃) ထိုဓမ္မသေနမင်း၏သား နာဂသေနမင်း၊

(၄) ထိုနာဂသေနမင်း၏သား သမိဒ္ဓမင်း၊

(၅) ထိုသမိဒ္ဓမင်း၏သား ဒိသမ္ပတိမင်း၊

(၆) ထိုဒိသမ္ပတိမင်း၏သား ရေဏုမင်း၊

(၇) ထိုရေဏုမင်း၏သား ကုသမင်း၊

(၈) ထိုကုသမင်း၏သား မဟာကုသမင်း၊

(၉) ထိုမဟာကုသမင်း၏သား နဝရဋ္ဌမင်း၊

(၁ဝ) ထိုနဝရဋ္ဌမင်း၏သား ဒသရဋ္ဌမင်း၊

(၁၁) ထိုဒသရဋ္ဌမင်း၏သား အလောင်းတော် ရာမမင်း၊

(၁၂) ထိုရာမမင်း၏သား ဝိဠာရဋ္ဌမင်း၊

(၁၃) ထိုဝိဠာရဋ္ဌမင်း၏သား စိတ္တရံသီမင်း၊

(၁၄) ထိုစိတ္တရံသီမင်း၏ အမ္ဗရံသီမင်း၊

(၁၅) ထိုအမ္ဗရံသီမင်း၏သား သုဇာတမင်း၊

(၁၆) ထိုသုဇာတမင်း၏သား ဩက္ကာကမင်း၊

     ဤ (၁၆) တကျိပ် ခြောက်ယောက်ကုန်သော မင်းတို့သည်လည်း ဗာရာဏသီပြည်၌ပင် ဆက်လက်စိုးအုပ် စံနေကြကုန်သည်။

     ကပ်ဦးအစ ဘုရားအလောင်းတော် မဟာသမ္မတမင်းမှစ၍ ဩက္ကာကမင်းသို့တိုင်အောင် မင်းဆက်ပေါင်း သားမြေး အစဉ်အဆက်အားဖြင့် (၂၅၂၅၅၆) နှစ်သိန်း ငါးသောင်း နှစ်ထောင် ငါးရာ ငါးကျိပ် ခြောက်ယောက်ရှိကုန်၏။

(ဂါ)

     ဤဆိုအပ်ပြီးသည့် (ဖ)မှတ်ပါ မင်းပေါင်း ရှစ်သောင်းလေးထောင်၊ (ဗ)မှတ်ပါ မင်းပေါင်း ရှစ်သောင်းလေးထောင်သုံးယောက်၊ (ဘ)မှတ်ပါ မင်းပေါင်း တကျိပ်ခြောက်ယောက်တို့အကြောင်းနှင့်တကွ မဟာသမ္မတမင်းမှစ၍ ရေတွက်သော် ဩက္ကာကမင်းတိုင်အောင် မင်းပေါင်း နှစ်သိန်း ငါးသောင်း နှစ်ထောင် ငါးရာ ငါးကျိပ် ခြောက်ယောက် ရှိပြီဖြစ်ကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၃၁)၌—

သာဂရဒေဝ၊ တေဇနေစက်၊ မင်းမှဆက်သား၊ ဘုန်းတက်ကြွကြွ၊ မဃဒေဝ၊ စောလောင်းက-တိ၊ အစပြဋ္ဌာန်း၊ ရဟန်းပြုချည်း၊ စု၍စည်းသို့၊ ရှေးနည်းနောက်မှီ၊ ဆက်ကာစည်ပြီး၊ ပဝေဏီထုံး၊ မြတ်နှလုံးကို၊ စွဲသုံး လက်ယှိ၊ ရာဇိသိဖြင့်၊ နေမိမင်းစစ်၊ လောင်းတော်ဖြစ်တိုင်၊ ရှစ်သောင်းလေးထောင်၊ ရာဝင်ပြောင်သည့်၊ မင်းခေါင်များစွာ၊ မြတ်ရာဇာတို့၊ မိထိလာရွှေနန်း၊ ပြန်စံမြန်းရှင့်။ ။ကြငှန်းဓိပတိ၊ မင်းနေမိ၏၊ ဘုန်းယှိ သည်းချာ၊ ကာဠာဇနက်၊ ဘုန်းစက်နေသွင်၊ သမင်္ကရ၊ အသောစ-က၊ စ၍အဖြောင့်၊ ရှစ်သောင်းလေးထောင်၊ သုံးယောက်အောင်လျှင်၊ ရွှေတောင်သိင်္ဂ၊ ဗာရာဏ၌၊ ဒုတိယနန်းတည်၊ စိုးကုန်သည်တည့်။ ။ရုံးရည်ထွန်းပ၊ ဆုံးစွန်ကျသား၊ ဝိဇိတမည်ခေါ်၊ ထိုမင်းကျော်၏၊ သားတော်ဘုန်းယှိ၊ နတ်တရှိသို့၊ ဝိဇိတသေန၊ တေဇပြင်းရှိန်၊ ဓမ္မသိန်နှင့်၊ နာဂသိန်မည်ရ၊ သမိဒ္ဓ-က၊ ကြီးလှနာမံ၊ ဒိသမ္ပတိ၊ ထိုပြိရေဏု၊ ကုသရာဇာ၊ မဟာကုသ၊ ထို့နောင်မှလျှင်၊ နဝရဋ္ဌ၊ ဒသရဋ္ဌ၊ လောင်းရာမ-တိ၊ သားလှဆက်ကာ၊ ဝိဠာရဋ္ဌ၊ စိတ္တရံသီ၊ တွင်ညီနာမ၊ အမ္ဗရံသီ၊ ကျော်ညီထင်ရှား၊ သားသုဇာတ၊ ဩက္ကာက-တိုင်၊ သောဠသမင်း၊ လူမှန်ကင်းတို့၊ ယင်းဗာရာပြည်၊ တီးရွှေစည်နှင့်၊ ကျူးမြည်သာယာ၊ စံချမ်းသာရှင့်။ ။မဟာသမ္မတ၊ မင်းကစ၍၊ ဩက္ကာကထိ၊ အယှိတွက်ကိန်း၊ ဂဏန်းချိန်းသော်၊ နှစ်သိန်းငါးသောင်း၊ နှစ်ထောင့်ငါးရာ၊ ငါးကျိပ်သာ၍၊ သင်္ချာနောက်ပွါး၊ မင်းခြောက်ပါးတည့်၊ ပိုင်းခြားရွှေမင်၊ ရှေးဦးတင်သည်၊ ၊ရာဝင်ပထမ ဝေခြမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ဤ၌၊ ၊သီလက္ခန်အဋ္ဌကထာ အမ္ဗဋ္ဌသုတ်အဖွင့်နှင့် သုတ္တနိပါတအဋ္ဌကထာ မုနိသုတ်အဖွင့်တို့၌ “မဃဒေဝမင်းဆက်ပေါင်း ရှစ်သောင်း လေးထောင်တို့၏ နောက်၌ ဩက္ကာကမင်းဆက် သုံးဆက်ရှိကြောင်း၊ တတိယမြောက် ဩက္ကာကမင်းအား မောင်းမအခြံအရံ ငါးရာစီရှိသော မိဖုရားကြီး ငါးဦးစီရှိကြောင်း စသည်ကို” ဖွင့်ပြသောကြောင့်

(ဂိ)

သကျသာကီဝင်မင်းတို့သည် တတိယ ဩက္ကာကမင်း၏ အမျိုးအဆက်အနွယ်တို့ ဖြစ်ကုန်၏ဟု သိမှတ်ရာ၏၊ ဖော်ပြရာပါ နှစ်သိန်းငါးသောင်း နှစ်ထောင့်ငါးရာ ငါးကျိပ် ခြောက်ယောက်မြောက် ဩက္ကာကမင်းကိုလည်း တတိယမြောက် ဩက္ကာကမင်းဟူ၍ မှတ်ယူအပ်၏။)

ဩက္ကာကမင်း အကြောင်း

     ထိုနှစ်သိန်း ငါးသောင်း နှစ်ထောင့် ငါးရာ ငါးကျိပ် ခြောက်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော ဩက္ကာကရာဇ်မင်း၏ မိဖုရားတို့ကား ဟတ္ထာ, စိတ္တာ, ဇန္တု, ဇာလိနီ, ဝိသာခါဟူ၍ ငါးယောက်တို့ ရှိကုန်၏၊ တယောက် တယောက်လျှင် မောင်းမမိဿံ အခြွေအရံ ငါးရာစီ ငါးရာစီ ရှိကုန်၏။

(ဩက္ကာကမင်းကို ဩက္ကာကဟူ၍ ခေါ်ဝေါ်ရခြင်းအကြောင်းမှာ ထိုမင်း စကားပြောဆိုသောအခါ အာခံတွင်းမှ ဝင်းဝင်းလက်လက် ဥက္ကာရောင် (မီးရှူးရောင်ကဲ့သို့) ထွက်သောကြောင့် ဩက္ကာကမင်းဟု ခေါ်ဝေါ်ကြောင်း သီလက္ခန်အဋ္ဌကထာ အမ္ဗဋ္ဌသုတ်၌ ဖွင့်ပြသည်။ ။မြန်မာရာဇဝင်၌လည်း ကျန်စစ်သားမင်း, မနုဟာ (သထုံ)မင်းစသော မင်းယောက်ျား အထူးတို့သည် ဩက္ကာကမင်းကဲ့သို့ပင် အာခံတွင်းမှ ဝင်းဝင်းလက်လက် စက်ရောင် (သို့မဟုတ်) ဥက္ကာရောင် (သို့မဟုတ်) အရောင်ထူးတမျိုး ထွက်သည်ဟူ၍ မှတ်ယူဖွယ် ရှိပေသည်။

ဩက္ကာကမင်းကြီး၏ စံနေရာ တိုင်းပြည်ကိုလည်း ဗာရာဏသီပြည်ဟူ၍ ဧကန္တ မမှတ်ယူသင့်ပေ၊ အကြောင်းမှာ- ထိုဩက္ကာကမင်းကြီး၏ သမီးတော်အကြီးဆုံး ပိယာမင်းသမီးနှင့် ဗာရာဏသီပြည့်ရှင် ရာမမင်းတို့ သင့်မြတ်ကြောင်း စသည်ကို အမ္ဗဋ္ဌသုတ် အဋ္ဌကထာ၌ပင် ပြဆိုသောကြောင့် သကျသာကီဝင်မင်းတို့၏ အာဒိပုရိသအနွယ်တော်တွင် ပဓာနဖြစ်သည့် ယခု ဩက္ကာက (တတိယဩက္ကာက)မင်းကြီး၏ စံရာတိုင်းပြည်ကား ဗာရာဏသီပြည်မှတပါး အခြားတိုင်းပြည်သာလျှင် ဖြစ်၏ဟူ၍ မှတ်ယူသင့်ပေသည်။)

     ထိုမိဖုရား ငါးယောက်တို့တွင် အကြီးဆုံးဖြစ်သော ဟတ္ထာမိဖုရားမှ ဥက္ကာမုခ, ကရကဏ္ဍု, ဟတ္ထိနိက, သိနိသူရဟူ၍ သားတော်လေးပါး၊ ပိယာ, သုပ္ပိယာ, အာနန္ဒာ, ဝိဇိတာ, ဝိဇိတသေနာဟူ၍ သမီးတော်ငါးပါး ဖွားမြင်လေသည်။

     သားတော်လေးပါး, သမီးတော်ငါးပါး ဖွားမြင်ပြီးနောက် ဟတ္ထာမိဖုရားကြီး နတ်ရွာစံ (ကွယ်လွန်)သွားသောအခါ ဩက္ကာကမင်းကြီးသည် အသက်အရွယ် နုနယ်ပျိုမျစ်၍ နှစ်သက်ဖွယ်ရာ လွန်စွာအဆင်းလှပသော မင်းသမီးငယ်တယောက်ကို

(ဂီ)

မိဖုရားကြီးအရာ၌ တင်မြှောက်သဖြင့် ထိုမိဖုရားမှ ဇန္တုအမည်ရှိသော သားငယ်ကို ဖွားမြင်၍ ငါးရက်မြောက်သောနေ့၌ သားတော်ငယ် ဇန္တုကို ရှုချင်ဖွယ်ရာ တန်းဆာဆင်ယင်ပြီး မင်းကြီးအား ပြသသည်တွင် ဩက္ကာကမင်းကြီးသည် အလွန်နှစ်သက်တော်မူရကား ထိုမိဖုရားအား “အလိုရှိရာ ဆုတခုကို ယူလော့”ဟု ပြောဆိုကာ ဆုပေးလေသည်။

     ထိုမိဖုရားသည် ဆွေမျိုးများနှင့် တိုင်ပင်ပြီးသော် သားတော်ငယ် ဇန္တုအား မင်းအဖြစ် (ထီးနန်းအရိုက်အရာ) ပေးအပ်ရန် ဆုတောင်းလေသည်။ ဩက္ကာကမင်းကြီးသည် “ဟယ် အယုတ်မ.. ပျက်လော့၊ သင်ကား ငါ့သားတော်တို့၏ အန္တရာယ်ကို အလိုရှိဘိ၏”ဟု မြည်တွန်ခြိမ်းချောက် ငေါက်ငမ်း ငြင်းဆန်လျက်သာ နေခဲ့ရာ၊ အခါအခွင့် သင့်တိုင်း သင့်တိုင်းပင်လျှင် ထိုမိဖုရားက မင်းကြီးကို နှစ်သိမ့်စေပြီးလျှင် “အရှင်မင်းကြီး.. မင်းတို့မည်သည် ပြောဆိုခဲ့သော (ကတိ) ဝန်ခံချက်ကို မုသား မဖြစ်စေသင့်ပါ၊ ပေးမည်ဆိုသည့်အတိုင်း ပေးစေလိုပါသည်”ဟု အဖန်တလဲလဲ သားတော်ဇန္တုအား ထီးနန်းလွှဲအပ်ရန် တောင်းပန် လျှောက်ထားသောကြောင့် ဩက္ကာကမင်းကြီးသည် ဥက္ကာမုခစသော သားတော်ကြီးတို့ကို ခေါ်စေပြီးသော် စိတ်နှလုံးမသက်မသာ ဝမ်းနည်းစွာဖြင့် ဤသို့မိန့်တော်မူ၏-

“သားတော်တို့.. ခမည်းတော်သည် မောင်တို့၏ညီငယ် ဇန္တုမင်းသားကို မြင်ရ၍ ဝမ်းမြောက်လှစွာ ဇန္တု၏မယ်တော်အား အလိုရှိရာဆု တခုခုကို ယူရန် ပေးခဲ့မိလေပြီ၊ ထိုဇန္တု၏ မယ်တော်သည် မိမိ၏သား ဇန္တုအား ထီးနန်းစည်းစိမ်ကို လွှဲအပ်ဖို့ရန် ပြင်းထန်စွာ အလိုရှိနေသည်။ ခမည်းတော်၏ မင်္ဂလာဆင်တော် မင်္ဂလာမြင်းတော် မင်္ဂလာရထားတော်တို့ကို ချန်လှပ်၍ သားတော်တို့ အလိုရှိသမျှ ဆင်, မြင်း, ရထားတို့ကို ယူငင်ဆောင်ကြဉ်း၍ ခမည်းတော် မကွယ်လွန်မီ ဤပြည်မှ လွတ်ရာသို့ သွားရောက် နေကြကုန်ဦး၊ ခမည်းတော် ကွယ်လွန်ပြီးသည့်နောက်မှ ဤပြည်ထီးနန်းကို သိမ်းမြန်းစိုးအုပ်ကြကုန်လော့”–

ဟူ၍ မိန့်ကြားတော်မူပြီးလျှင် သားတော်ကြီးများကို အမတ်ကြီး ရှစ်ယောက်တို့နှင့် အတူတကွ စေလွှတ်လိုက်လေသည်။

     ဥက္ကာမုခစသော သားတော်ကြီးတို့သည်လည်း စိတ်နှလုံး မသက်မသာ များစွာငိုကြွေးကြကုန်၍ “ခမည်းတော်ဘုရား.. သားတော်တို့၏ အပြစ်ဒေါသများရှိခဲ့သော် သည်းခံတော်မူပါကုန်”ဟု ပြောဆိုကြကာ ခမည်းတော်မင်းကြီးကို၎င်း၊ မင်းမောင်းမတို့ကို၎င်း ကျေရာကျကြောင်း တောင်းပန်ကန်တော့ကြကုန်ပြီးသော် “ခမည်းတော်ဘုရား.. သမီးတော်တို့လည်း မောင်တော်တို့နှင့်

(ဂု)

အတူတကွ လိုက်ပါကြပါရစေ”ဟု ခမည်းတော်ကို ပန်ကြား၍ အတူတကွ လိုက်ပါရန် မြို့မှထွက်လာကြ သော အစ်မတော် နှမတော် ငါးပါးတို့ကိုပါ ခေါ်ငင် ဆောင်ကြဉ်းကြ၍ အမတ်ကြီးရှစ်ဦးပါ စစ်အင်္ဂါလေးပါး ခြံရံလျက် မြို့တော်မှ ထွက်ခဲ့ကြကုန်၏။ “သားတော်ကြီးများသည် ခမည်းတော် နတ်ရွာစံလျှင် ဧကန်ပင် ထီးနန်းစိုးအုပ်ကြလိမ့်မည်။ စောစောကပင် မင်းသားများထံ ခစား လုပ်ကျွေး ပြုစုကြကုန်အံ့”ဟု အကြံဖြစ်ကာ များစွာသော လူအပေါင်းတို့သည် မင်းသားတို့နောက်သို့ လိုက်ပါလာကြကုန်၏။

     ထိုသို့ လိုက်ပါလာကြသော ဗိုလ်ပါပရိသတ်၏ အတိုင်းအရှည် ပမာဏကား ပဌမနေ့၌ တယူဇနာ၊ ဒုတိယနေ့၌ နှစ်ယူဇနာ၊ တတိယနေ့၌ သုံးယူဇနာ၊ တနေ့ထက်တနေ့ တိုးတက်များပြား၍လာသည်တွင် မင်းသားတို့သည် ဤသို့ တိုင်ပင်ကြကုန်၏- “ငါတို့၏ စစ်သည်ဗိုလ်ပါ အင်အားသည် အလွန် များပြားလှသည်ဖြစ်ရာ ဤစစ်အင်အားဖြင့် အနီးအပါး အခြားသော သာမန္တရာဇ်မင်း၏ တိုင်းပြည်နိုင်ငံကို လုပ်ကြံတိုက်ခိုက် ငါတို့ သိမ်းပိုက်လိုပါမူကား မည်သည့်မင်း မည်သည့်နိုင်ငံကမျှ ခုခံဝံ့ကြမည် မဟုတ်ပေ။ သို့သော် သူတပါးတို့၏ တိုင်းကားနိုင်ငံကို ညှဉ်းပန်းနှိပ်စက် နိုင်ထက်ကလူ လုယူအုပ်စိုးခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အကျိုးမရှိသည်သာ။ ဤဇမ္ဗူဒီပါကျွန်းကြီးသည် ကျယ်ဝန်း ကြီးမားလှပေ၏။ လွတ်လပ်သော တောအရပ်၌ မြို့နန်းအသစ် တည်ထောင်ကြကုန်အံ့”ဟူ၍ တိုင်ပင် သဘောတူ ညီညွတ်ကြပြီးလျှင် ဟိမဝန္တာတောသို့ ရှေးရှုဦးတည် သွားရောက်ကြကာ မြို့နန်းတည်ရန်နေရာကို ရှာကြကုန်၏။

ကပိလဝတ်ပြည် တည်ထောင်ကြခြင်း

     ထိုစဉ်အခါ ကျွန်ုပ်တို့၏ မြတ်စွာဘုရား အလောင်းတော်သည် ဥစ္စာအနှစ် များပြားကြွယ်ဝလှစွာသော ဗြာဟ္မဏမဟာသာရ = ပုဏ္ဏားသူဌေးမျိုး၌ ကပိလအမည်ရှိသော ပုဏ္ဏားသူဌေးဖြစ်၍ ထိုသူဌေးအဖြစ်ကို စွန့်လွှတ် တောထွက်ကာ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာတောင်နံပါး ကြီးမားသော ကျွန်းသစ်တော၏အတွင်း သန့်ရှင်း ကြည်လင်သော ရေကန်၏အနီး၌ သစ်ရွက်မိုးကျောင်း ဆောက်လုပ်ဖန်တီး၍ နေတော်မူဆဲ ဖြစ်လေသည်။

     ထိုဘုရားအလောင်းတော် ကပိလရှင်ရသေ့သည် ဘူမိဇာလအမည်ရှိသော အတတ် (မြေကြန်အင်္ဂါကိုသိသော အတတ်)ကို တတ်သိသူဖြစ်၍ မြေ၏အောက်၌ အတောင်ရှစ်ဆယ် မြေ၏အထက်၌ အတောင်ရှစ်ဆယ်တိုင်အောင် မြေ၏ အကျိုးအပြစ်တို့ကို သိမြင်တော်မူ၏။ ထိုကပိလရှင်ရသေ့၏ သစ်ရွက်မိုးကျောင်း ဆောက်လုပ်နေထိုင်ရာ မြေနယ်တဝိုက်၌ မြက် သစ်ပင် ချုံနွယ်တို့သည်

(ဂူ)

လက်ျာရစ်လည်ကုန်လျက် ထို မြက် သစ်ပင် ချုံနွယ်တို့၏ အညွန့် နှာမောင်းတို့သည် အရှေ့အရပ်မျက်နှာသို့သာ မျက်နှာရှေးရှူ ထွက်ပြူ ပေါက်ရောက်ကြကုန်၏။ ဤမျှသာမကသေး- ခြင်္သေ့ ကျား အစရှိသော သားရဲ သားကြမ်းတို့သည် မိမိတို့၏ အစာဖြစ်သော သမင် ဝက်တို့ကို လိုက်ကြကုန်သော်၎င်း, မြွေ ကြောင်တို့သည် ဖား ကြွက်တို့ကို လိုက်ကြကုန်သော်၎င်း ထိုနေရာသို့ ရောက်ကြလျှင် မလိုက်နိုင် မဖမ်းယူနိုင်ကြတော့ကုန်ပဲ ထိုသမင် ဝက် ဖား ကြွက်တို့က ဤခြင်္သေ့စသော သားရဲ သားကြမ်း မြွေ ကြောင်တို့ကို ခြိမ်းချောက်တုံ့ပြန် ရန်မူအပ်ကြသဖြင့် ဆုတ်နစ်၍သာ ပြန်လည် ပြေးသွားကြရသည်ချည်း ဖြစ်ကုန်၏။ အလောင်းတော် ကပိလရှင်ရသေ့သည် ဤအခြင်းအရာတို့ကို တွေ့ရှိ သိမြင်ရသောကြောင့်ပင် “ဤအရပ် နယ်ပယ်သည် ရန်ကိုအောင်နိုင်ရာ မြေချာဥက္ကဌ် အထွတ်အမြတ်တည်း”ဟု သိရှိတော်မူသောကြောင့် ထိုအရပ်၌ မိမိအတွက် သစ်ရွက်မိုး ကျောင်းသင်္ခမ်းကို ဖန်ဆင်း ဆောက်လုပ်တော်မူခဲ့ပေ၏။

     ဥက္ကာမုခမင်းသား အမှူးရှိသော မင်းသားတို့သည် မြို့ရွာတိုင်းပြည် တည်ထောင်လိုကြသဖြင့် မြို့ကို ရှာဖွေလှည့်လည်ကြရာတွင် ထိုအလောင်းတော် ကပိလရှင်ရသေ့၏ သစ်ရွက်မိုး သင်္ခမ်းကျောင်းအရပ်သို့ ရောက်လာကြ၍ အလောင်းတော် ရှင်ရသေ့က မေးမြန်းသဖြင့် ရှင်ရသေ့အား မိမိတို့ မြို့တည်ရန် မြို့ရာမြေ ရှာဖွေကြည့်ရှုလာကြကြောင်းကို လျှောက်ထားကြကုန်၏။ အလောင်းတော် ကပိလရှင်ရသေ့သည် လည်း ထိုအကြောင်းကိုသိ၍ ထိုမင်းသားတို့အပေါ် သနားတော်မူလှသဖြင့်-

မင်းသားတို့.. ဤငါ၏ သင်္ခမ်းကျောင်းနေရာ၌ တည်ထောင်အပ်သောမြို့သည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ အမြတ်ဆုံးသောမြို့ ဖြစ်လိမ့်မည်။ ဤမြို့၌ ဖွားမြင်သော ယောက်ျားတို့တွင် တယောက် တယောက်သော ယောက်ျားသည် အခြား တပါးသောအရပ်၌ ဖွားမြင်သော လူယောက်ျား အရာ အထောင်ကိုပင် လွှမ်းမိုး နိုင်နင်းခြင်းငှါ စွမ်းနိုင်ပေလိမ့်မည်၊ ထို့ကြောင့် ဤငါ၏သင်္ခမ်းကျောင်းနေရာ၌ မြို့သစ်တည်ထောင် ဖန်ဆင်းကြလေကုန်။ ဤငါ၏ ကျောင်းသင်္ခမ်းနေရာ၌ မင်းအိမ်နန်းတော် တည်ဆောက်ကြလေကုန်။ ဤနေရာမြေ၏ ကောင်းမွန် ထူးမြတ်ပုံကို ပြဆိုရသော် ဤအရပ်၌ အထောက်အမှီပြုရမူ ဒွန်းစဏ္ဍား၏ သားပင်သော်လည်း စကြဝတေးမင်း၏ အားစွမ်းဖြင့် အလွန် ချီးမွမ်းအပ်သူ ဖြစ်ပေလိမ့်မည်-

ဟူ၍ မိန့်ကြားတော်မူ၏။ မင်းသားတို့က “အရှင်ရသေ့.. ဤနေရာသည် အရှင်ရသေ့၏ နေဆဲ အသုံးပြုဆဲ နေရာဖြစ်သည် မဟုတ်ပါလော”ဟု လျှောက်ထားကြရာ

(ဂေ)

ကပိလရှင်ရသေ့က “မင်းသားတို့ ဤနေရာသည် ငါ၏ အသုံးပြုဆဲ နေရာဟူ၍ ထွေရာစဉ်းစား အကြံမများကြကုန်လင့်၊ ငါ၏အတွက် အစွန်အဖျား နံပါးတနေရာတွင် ကျောင်းသင်္ခမ်း ဆောက်လုပ်ကြပြီးလျှင် ငါညွှန်ပြရာ ဤနေရာ၌ပင် မြို့နန်း တည်ဆောက်ကြကုန်၊ မြို့၏ အမည်ကိုလည်း ကပိလဝတ္ထုဟူ၍ မှည့်ခေါ်ကြကုန်”ဟူ၍ မိန့်ကြားတော်မူ၏။

     ဥက္ကာမုခမင်းသား အမှူးရှိသော မင်းသားလေးယောက်တို့နှင့်တကွ မှူးမတ် စစ်သည် ဗိုလ်ပါတို့သည် အလောင်းတော် ကပိလရှင်ရသေ့ မိန့်ဆိုညွှန်ကြားသည့်အတိုင်း မင်းအိမ်နန်းတော်နှင့်တကွ မြို့ကို တည်ထောင်ကြပြီးလျှင် ထိုမြို့ ထိုပြည်ကို ကပိလဝတ္ထုမြို့ ကပိလဝတ္ထုပြည်ဟူ၍ မှည့်ခေါ်သမုတ်ကာ နေထိုင် ကြလေသည်။

သကျသာကီဝင်ဟု ဖြစ်ပွါးလာခြင်း

     ယင်းသို့ နေထိုင်ကြသဖြင့် မင်းသားတို့ အသက်ကြီးမြင့်၍ အိမ်ထောင်သင့်သောအရွယ်သို့ ရောက်လာသောအခါ မှူးမတ်အပေါင်းတို့သည် “အမတ်မင်းတို့.. ဤမင်းသားတို့သည် အရွယ်ရောက်ကြလေကုန်ပြီ၊ အကယ်၍ ထိုမင်းသားတို့၏ ခမည်းတော် ဩက္ကာကမင်းကြီး အနီး၌ရှိခဲ့ပါလျှင် ထိုခမည်းတော်မင်းကြီးသည် ဤမင်းသား မင်းသမီးတို့အား ထိမ်းမြားမင်္ဂလာ ပြုတော်မူလေရာ၏၊ ယခုသော်မူ အကျွန်ုပ်တို့၏ တာဝန်ဖြစ်ချေပြီ”ဟု ကြံစည် အောက်မေ့ကြပြီးလျှင် မင်းသားတို့နှင့် အတူတကွ တိုင်ပင်ကြကုန်၏။

     မင်းသားတို့ကလည်း “အို-အချင်း အမတ်တို့.. ဤအရပ်၌ ငါတို့နှင့် အမျိုးဇာတ်နွယ်တူသော မင်းသမီးများ မရှိကြကုန်၊ နှမတော်များနှင့် အမျိုးဇာတ်နွယ်တူသော မင်းသားများလည်း မရှိကြကုန်၊ အမျိုးဇာတ်နွယ် မတူသူချင်း ထိမ်းမြားပေါင်းဖက်ခြင်း ပြုလုပ်ခဲ့သော် ငါတို့မှ ဖွားမြင်သက်ဆင်းလာကြသော သားသမီးတို့သည် အဖမျိုးဘက်မှ၎င်း, အမိမျိုးဘက်မှ၎င်း မသန့်ရှင်း မစင်ကြယ်ကြ၍ အမျိုးဇာတ်နွယ် ရောယှက်ပျက်ပြားခြင်း = (ဇာတိသမ္ဘေဒ)သို့ ရောက်ကြကုန်လိမ့်မည်၊ သို့ရကား ငါတို့ မောင်နှမကိုးယောက်တို့တွင် အစ်မအကြီးဆုံးဖြစ်သော ပိယာမင်းသမီးကို အမိအရာ၌ တင်မြှောက်ကြ၍ ကြွင်းကျန်သော ငါတို့ မောင်လေး ယောက်နှင့် နှမလေးယောက်အားဖြင့် ရှစ်ယောက်တို့သည် အမျိုးဇာတ်နွယ် မရောမယှက် မပျက်ပြားစေခြင်းငှါ အချင်းချင်း ထိမ်းမြားစုံဖက်ခြင်းကို ပြုကြကုန်အံ့”ဟု တိုင်ပင် ညီညွတ်ကြပြီးလျှင် ထိုမင်းသားတို့သည် အစ်မအကြီးဆုံး ပိယာမင်းသမီးကို အမိအရာ၌ တင်မြှောက်ထားကြ၍ ဇာတ်နွယ်ရောယှက် ပျက်ပြားမည်ကို စိုးရွံ့ကြသောကြောင့်

(ဂဲ)

နှမတော်လေးဦးတို့နှင့် အစုံစီ အစုံစီ ထိမ်းမြားစုံမက် အိမ်ထောင်ဖက်ပြုလုပ် နေကြလေကုန်၏။

     ယင်းသို့ နေခဲ့ကြရာ ထိုဥက္ကာမုခ မင်းသားမင်းသမီး အစုံအစုံသော အိမ်ထောင်ရှင်တို့အား သားသမီးတို့ဖြင့် ပွါးစီးစည်ပင်ခြင်းသို့ ရောက်ခဲ့လေသည်။ ထိုသို့ ဥက္ကာမုခမင်းသား အမှူးရှိကုန်သော သားတော် သမီးတော်တို့ ကပိလဝတ်ပြည် တည်ထောင်ကြ၍ အခြားတပါးသောအမျိုးနှင့် အိမ်ထောင်ဖက်စပ် လက်ထပ် ထိမ်းမြားခြင်း မပြုကြပဲ မိမိတို့ အဖတူ အမိတူ မွေးချင်းသားချင်း အရင်းအချာ မောင်နှမအရင်း အချင်းချင်း ထိမ်းမြားအိမ်ထောင်မှု ပြုကြ၍ ကြီးပွါးချမ်းသာစွာ နေကြကြောင်းကို ခမည်းတော် ဩက္ကာကမင်းကြီး ကြားသိရလေသော် ခမည်းတော်မင်းကြီးသည် အလွန် ဝမ်းမြောက်လှသည်ဖြစ်၍ မှူးမတ်ဆွေမျိုး ပရိသတ်တို့အလယ်၌-

“သကျာ ဝတ ဘော ကုမာရာ = အို-အချင်းတို့.. ငါ၏ သားတော် သမီးတော်တို့သည် စွမ်းနိုင်ကြပေစွာ့တကား၊

ပရမာ သကျာ ဝတ ဘော ကုမာရာ = အို-အချင်းတို့.. ငါ၏ သားတော် သမီးတော်တို့သည် လွန်ကဲ မြင့်မြတ်ကုန်သည်ဖြစ်၍ စွမ်းနိုင်ကြပေစွာ့တကား-

ဟူ၍ ချီးကျူးစကား မြွက်ကြား ကျူးရင့်တော်မူလေသည်။

     ဤသို့ “သကျာ ဝတ = စွမ်းနိုင်ကြပေစွာ့တကား”ဟူ၍ ခမည်းတော် ဩက္ကာကမင်းကြီး ချီးကျူးစကား မြွက်ကြားကျူးရင့်ချက်အရ စွမ်းဆောင်နိုင်ခြင်း အနက်အဓိပ္ပါယ်ရှိသော သကျ-ဟူသော စကားကို အကြောင်းအစွဲပြု၍ ထိုဥက္ကာမုခစသော မင်းသား မင်းသမီးတို့နှင့်တကွ ထိုမင်းသား မင်းသမီးတို့မှ ဖွားမြင်သက်ဆင်းလာကြသော မင်းမျိုးအဆက်ဆက်တို့ကို သကျ = သာကိယ = သာကီဝင် = သာကီမျိုး = သာကီနွယ်တို့ဟူ၍ ခေါ်တွင်မှတ်သား ထင်ရှားခဲ့ကြကုန်တော့သည်။

(ဤကား သကျသာကီဝင်မင်းဟု ဖြစ်ပွါးလာခြင်းအကြောင်းတည်း။)

ကောလိယပြည် တည်ထောင်ခြင်းအကြောင်း

     ထိုမှနောက် အခါတပါး၌ ဥက္ကာမုခစသော မောင်နှမအိမ်ထောင်ရှင်တို့၏ အကြီးဆုံး အစ်မဖြစ်သော ပိယာမင်းသမီးမှာ ကုဋ္ဌရောဂါ နူနာစွဲကပ်လာခဲ့လေ၏။ ထိုမင်းသမီး၏ကိုယ်၌ ကလောပွင့် (သို့မဟုတ်) ပင်လယ်ကသစ်ပွင့်နှင့်တူသော အပိမ့် အဖု အကွက်တို့သည် ဖြစ်ပေါ်လာခဲ့ကုန်၏။

(ဂေါ)

     ထိုသို့ဖြစ်လာရကား မောင်ဖြစ်သော မင်းသားညီနောင်တို့သည် “ဤမျှ စက်ဆုပ်ဖွယ် နူနာရောဂါရှိသူ အစ်မကြီးပိယာနှင့် ငါတို့သည် အတူတကွ တပေါင်းတည်း နီးကပ်စွာ နေထိုင်စားသောက်ခြင်းအမှု ပြုကြကုန်သည်ရှိသော် ငါတို့အပေါ် ဤနူနာရောဂါ ကူးစက် ပြန့်ပွါး၍ လာပေလိမ့်မည်”ဟု ကြံစည်စဉ်းစား တိုင်ပင်ကြပြီးလျှင် တနေ့သ၌ ဥယျာဉ်ကစားသွားကြသည့် အနေကဲ့သို့ သွားဟန်ပြုကြကာ အစ်မကြီးပိယာကို ရထား၌ တင်ယူခဲ့ကြပြီး တောအရပ် လျောက်ပတ်သောနေရာသို့ ရောက်သည်တွင် လျောင်း, ထိုင်, ရပ်, သွား လေးပါးသော ဣရိယာပုထ်ဖြင့် မျှတလောက်ဖွယ်ရှိသော လေးထောင့်ကျင်းကြီးတခုကို တူးစေကြ၍ ထိုလေးထောင့်ကျင်း မြေတိုက်အတွင်း၌ စားသောက်ဖွယ်ရာ ရိက္ခာအပြည့်အစုံတို့ကို ထားသိုစီမံကြပြီးလျှင် ကျင်းထဲ၌ အစ်မကြီးပိယာကို ချထား၍ ဘေးရန်အန္တရာယ်တို့မှ ကာကွယ် လွတ်ကင်းနိုင်စေခြင်းငှါ ထိုလေးထောင့်ကျင်း၏ အထက်၌ ပျဉ်ချပ်အမိုးကို အုပ်မိုးဖုံးပိတ်ပြီးသော် ထိုပျဉ်ချပ်အမိုး၏ အစွန်းအနား ထိပ်ပြင်တို့၌ မြေမှုန့်တို့ဖြင့် အစုအမြောင်း မွမ်းမံပြုလုပ် ဖို့အုပ်ခဲ့ကြပြီးနောက် မိမိတို့၏ ကပိလ၀တ်နေပြည်တော်သို့ ပြန်ခဲ့ကြကုန်၏။

     ထိုစဉ်အခါတွင် ရာမအမည်ရှိသော ဗာရာဏသီမင်းသည် ကုဋ္ဌရောဂါ နူနာစွဲကပ်၍ ကိုယ်လုပ်မောင်းမစသော နန်းသူနန်းသား အခြွေအရံအပေါင်းတို့က စက်ဆုပ်ရွံရှာအပ်ရကား ထိတ်လန့်ခြင်း သံဝေဂဖြစ်သောကြောင့် သားတော်ကြီးအား မင်းအဖြစ် (မင်းစည်းစိမ်)ကို ဆောင်နှင်းအပ်နှံခဲ့ပြီးလျှင် တောသို့ဝင်၍ သစ်ရွက်မိုးတဲ ပြုလုပ် တည်ဆောက်ကာ သစ်မြစ်သစ်သီးတို့ကို စားသုံး၍ မကြာမြင့်မီပင် နူနာရောဂါ ကင်းရှင်း ရွှေရောင်အဆင်း ရှိသည်ဖြစ်၍ ထိုမှဤမှ လှည့်လည်ရာတွင် ပင်စည်ပင်လုံးကြီးမား၍ အတွင်း၌ကား အခေါင်းရှိသော သစ်ပင်တပင်ကို တွေ့ရှိ၍ ထိုသစ်ပင်၏အတွင်း၌ တဆယ့်ခြောက်တောင်ပမာဏ ကျယ်ဝန်းသော အရပ်ကို အပြေအပြစ်ဖြစ်အောင် သုတ်သင်ပြီးလျှင် ထွက်ဝင်ရန် တံခါးမ လေသာတံခါးတို့ကို၎င်း လှေကားကို၎င်း တပ်ဆင်၍ နန်းဆောင်ခန်းငယ်ပမာ ဖြစ်စေလျက် ထိုသစ်ခေါင်းအိမ်၌ပင် ကြိုတင်နေထိုင်နှင့်ဆဲ ဖြစ်လေသည်။

     ထိုရာမမင်းသည် မီးအိုးကင်းကြီးတခု၌ မီးကိုထည့်၍ ညဉ့်အခါ၌ သမင် တောဝက် စသည်တို့၏ အော်မြည်သံကို အရပ်ဌာနအားဖြင့် မှတ်သားနားထောင်ပြီး အိပ်လေ့ရှိပေ၏၊ နံနက်မိုးသောက် ရောက်သောအခါ ထို အသံကြားရာ အရပ်ဌာနသို့ သွားရောက်ကြည့်ရှု၍ ခြင်္သေ့ သစ် ကျား စသည်တို့၏ စားကြွင်းဖြစ်သော သမင်သား ဝက်သား စသည်တို့ကို ကောက်ယူဆောင်ကြဉ်းခဲ့ပြီးလျှင် ချက်ပြုတ်စားသောက်၍ နေလေ့ရှိပေ၏။

(ဂေါ်)

     တနေ့သ၌ ရာမမင်းနေရာနှင့် မနီးမဝေးဖြစ်သော ပိယာမင်းသမီး၏ နေထိုင်ရာ မြေအိမ်ကျင်းတိုက်မှ မင်းသမီး၏ ကိုယ်အနံ့ရသဖြင့် ကျားတကောင်သည် ထိုမင်းသမီးနေထိုင်ရာ ကျင်းတိုက်အမိုး ပျဉ်ချပ်ကို လက်သည်းတို့ဖြင့် ကုပ်ဖဲ့ ဖွင့်လှစ်လာသဖြင့် မင်းသမီးလည်း အလွန်ကြောက်ရွံ့ ထိတ်လန့်ရကား ကျယ်လောင်စွာ ဟစ်အော်သည်ရှိသော် ရာမမင်းသည် မိုးလင်းခါနီး၌ မီးအိုးကင်းဝယ် မီးထည့်၍ ထိုင်နေရင်းမှ ထိုအသံကိုကြားရ၍ “ဤအသံကား မိန်းမအသံတည်း”ဟု ဆင်ခြင် စဉ်းစားပြီးလျှင် နံနက်စောစော ထိုမင်းသမီးရှိရာ မြေတိုက်ကျင်းအနီးသို့ သွားရောက်၍ “ဤကျင်းတိုက်မြေအိမ်အတွင်း၌ ရှိသူကား အဘယ်သူနည်း”ဟု မေးမြန်းလေ၏။ “အကျွန်ုပ်ကား မိန်းမပါတည်း”ဟု ဖြေကြားလေလျှင် “အဘယ်အမျိုးအနွယ် ရှိသူနည်း”ဟု မေးမြန်းပြန်၏။ “အရှင်.. အကျွန်ုပ်ကား ဩက္ကာကမင်းကြီး၏ သမီးတော်ပါတည်း”ဟု ဖြေကြားလေလျှင် “အပြင်သို့ ထွက်ခဲ့လော့”ဟု ပြောဆိုပြန်၏။ “အရှင် အပြင်သို့ထွက်ရန် မတတ်နိုင်ပါ”ဟု ပြောဆိုလေလျှင် “အဘယ့်ကြောင့်နည်း”ဟု မေးမြန်း၍ “အရှင်.. အကျွန်ုပ်အား အရေဖျားရောဂါ ရှိပါသည်”ဟူ၍ ဖြေကြားသောအခါ ရာမမင်းသည် အလုံးစုံသော အကြောင်းခြင်းရာဖြစ်ပုံကို မေးမြန်း၍ ခတ္တိယမာန်ဖြင့် မထွက်လာသော မင်းသမီးကို “ငါသည်လည်း ခတ္တိယနွယ်ရိုး မင်းမျိုးပင်တည်း”ဟု မိမိ၏ မင်းအဖြစ်ကို သိစေပြီးလျှင် လှေကားချပေး၍ မင်းသမီးကို မြေကျင်းတိုက်ခန်းမှ ထုတ်ယူကာ မိမိ၏ နေရာအရပ်သို့ ဆောင်ကြဉ်းခဲ့ပြီးနောက် မိမိစားသုံးခဲ့သော ဆေးဝါးတို့ကိုပင် စားသုံးစေ၍ ထိုကုဋ္ဌရောဂါ နူနာပျောက်ကင်း ရွှေအဆင်းရှိသည်ကို ပြုပြီးလျှင် ထိုပိယာမင်းသမီးနှင့် အညီအညွတ် သဘောတူ အိမ်ထောင်ပြုလျက် နေလေ၏။

     ယင်းသို့ နေထိုင်ကြရာ ထိုပိယာမိဖုရားသည် နှစ်ယောက် နှစ်ယောက်ကုန်သော သားမြွာတို့ကို တဆယ့်ခြောက်ကြိမ်တိုင်တိုင် ဖွားမြင်သဖြင့် သားတော်ပေါင်း သုံးကျိပ်နှစ်ယောက်ရှိခဲ့၍ ထိုသားတော်များ အစဉ်သဖြင့် အရွယ်သို့ရောက် ကြီးမြောက်လာသောအခါ ခမည်းတော် ရာမမင်းသည် ထိုသားတော်တို့ကို မင်းသားတို့ တတ်မြောက်သင့်သမျှသော အတတ်ပညာတို့ကို သင်ကြားပေးလေသည်။

     တနေ့သ၌ ရာမမင်း၏ နေပြည်တော်ရင်းဖြစ်သော ဗာရာဏသီပြည်မှ တောလည်မုဆိုးတဦးသည် ဟိမဝန္တာ၏ အနီးအပါး နံပါးဖြစ်သော ထိုတောအရပ်သို့ ရတနာတို့ကို ရှာဖွေလှည့်လည် လာရောက်သည်တွင် ရာမမင်းကို တွေ့မြင်ရ၍ သိမှတ်ခဲ့ဘူးရင်းဖြစ်ရကား “အရှင်မင်းကြီး.. အကျွန်ုပ်သည် အရှင်မင်းကြီးတို့ကို ကောင်းစွာသိပါ၏”ဟု လျှောက်ဆိုသဖြင့် မိမိ၏တိုင်းတော် ပြည်တော် နိုင်ငံတော်အကြောင်း အလုံးစုံကို ထိုမုဆိုးအား မေးမြန်း ကြားနာစဉ်တွင်

(ဂံ)

သားတော်သုံးကျိပ် နှစ်ယောက်တို့သည် ထိုနေရာသို့ ရောက်ရှိလာကြကုန်၏။ မုဆိုးသည် ထိုမင်းသားတို့ကို မြင်၍ “အရှင်မင်းကြီး.. ဤသူငယ်တို့သည်ကား အဘယ်သူတို့နည်း”ဟု မေးမြန်းလေ၏၊ “ငါ၏ သားတော်တို့တည်း”ဟု ဖြေကြားလေသော် ထိုမင်းသားတို့၏ အမိဖက်မှ ဆင်းသက်လာသော အမျိုးအနွယ်ကို တဖန် မေးမြန်းသိရှိရ၍ မုဆိုးသည် “ဗာရာဏသီပြည့်ရှင်မင်းအား လျှောက်ကြားဖွယ် စကားလက်ဆောင်ကောင်းကို ငါရရှိပေပြီ”ဟူ၍ အောက်မေ့ကာ ဗာရာဏသီပြည်သို့ ပြန်ခဲ့ပြီးလျှင် ဗာရာဏသီမင်းအား ထို အကြောင်းအလုံးစုံကို လျှောက်ထားလေ၏။

     ရာမမင်း၏ သားတော်ဖြစ်သော ဗာရာဏသီ ပြည့်ရှင်မင်းသည်လည်း ခမည်းတော်ကို ပြန်လည်ပင့်ဆောင်ရပေတော့မည်ဟု အလွန်ဝမ်းမြောက်စွာ စစ်အင်္ဂါလေးပါးဖြင့် ခမည်းတော် ရာမမင်းရှိရာသို့ လာရောက်ပြီးလျှင် ခမည်းတော်ကို ရိုသေစွာရှိခိုးလျက် “ခမည်းတော်မင်းကြီ.. ဗာရာဏသီမင်းအဖြစ်ကို တဖန် လက်ခံတော်မူပါ”ဟူ၍ တောင်းပန်စကား လျှောက်ထားလေ၏။ ခမည်းတော် ရာမမင်းသည်လည်း “ချစ်သား.. ဗာရာဏသီမင်းအဖြစ်ကို ခမည်းတော် အလိုမရှိတော့ပြီ၊ ဗာရာဏသီပြည်သို့လည်း ငါမလိုက်တော့ပြီ၊ ဤအရပ်မှာပင် ငါ၏နေရာ ဤသစ်ပင်ကို ပယ်ရှား၍ ဤကလောပင်ကြီး၏နေရာကို ငါ၏စံအိမ်နန်း ဆောက်ထားလျက် ငါ့အလို့ငှါ မြို့နန်းအသစ် တည်ထောင်လော့”ဟု စေခိုင်းသဖြင့် သားတော် ဗာရာဏသီမင်းသည် ခမည်းတော်ရာမမင်း မိန့်ဆိုညွှန်ကြားတိုင်းပင် မြို့သစ်ကို တည်ထောင်လေ၏။

     ဤမြို့သစ်၏အမည်ကို ခမည်းတော်၏နေရာ ကလောပင်ကိုပယ်ရှား၍ မြို့တည်သောကြောင့် ကောလိယမြို့ ကောလိယပြည်ဟူ၍၎င်း, ကျားတို့သွားရာ လမ်းခရီးပေါ်၌ တည်ထားသောကြောင့် ဗျဂ္ဃပဇ္ဇမြို့ဟူ၍၎င်း အမည်နှစ်မျိုးလုံးပင် ခေါ်တွင် သမုတ်စေ၍ သားတော် ဗာရာဏသီမင်းသည် ခမည်းတော်ရာမမင်းကို ရှိခိုး၍ မိမိ၏မြို့သို့ ပြန်ခဲ့လေ၏။

     ရာမမင်းနှင့် ပိယာမိဖုရားတို့သည် ထိုကောလိယမြို့သစ်၌ စံနေခဲ့ကြရာ တနေ့သ၌ အရွယ်သို့ ရောက်လေပြီးသော သားတော်တို့ကို မယ်တော်ပိယာ မိဖုရားသည်-

“အမောင်သားတော်တို့.. အမောင်တို့၏ ဦးရီးတော်ဖြစ်ကြသော သာကီဝင်မင်းတို့သည် ကပိလဝတ်ပြည်၌ စိုးအုပ်စံနေကြကုန်၏၊ အမောင်တို့ ဦးရီးတော်များ၏ သမီးတော်တို့သည် ဤသို့ဤပုံ ထုံးနှောင်ဝတ်ဆင်မှု ရှိကြကုန်၏၊ ဤသို့ဤပုံ အသွင်အပြင် အနေအထား အမူအရာ ရှိကြကုန်၏၊ ထိုမင်းသမီးတို့ ရေချိုးရန် ရေချိုးဆိပ်သို့ လာကြသောအခါ

(ဂါး)

အမောင်တို့ နှစ်သက်မြတ်နိုးရာရာ မင်းသမီးတို့ကို ဆွဲကိုင် ခေါ်ငင်ကာ ဆောင်ကြဉ်းချေကြလော့”—

ဟူ၍ သင်ပြညွှန်ကြားလေ၏။

     မင်းသားတို့သည်လည်း မယ်တော်ညွှန်ကြား သင်ပြသည့်အတိုင်းပင် ကပိလဝတ်ပြည် ဦးရီးတော် သာကီဝင်မင်းတို့၏ သမီးတော်များ ရေချိုးရာဆိပ်သို့ သွားရောက် ကြည့်ရှုကြပြီးသော် ကိုယ်စီကိုယ်ငှ မိမိတို့ကြိုက်နှစ်သက်ရာ မင်းသမီးတို့ကို ကြည့်ရှု ရွေးချယ်ကြကုန်ပြီးလျှင် ထိုမင်းသမီးများ ရေချိုးပြီးစ ဆံပင်တို့ကို ခြောက်သွေ့စေသော ခဏ၌ မင်းသမီးတို့ကို ဆွဲယူကြကုန်လျက် မိမိတို့၏ အမည်နာမစသည်တို့ကို ပြောကြားကြကုန်၍ ဆောင်ကြဉ်းခဲ့ကြကုန်၏။

     ထိုအကြောင်းကို သာကီဝင်မင်းတို့ ကြားသိကြလေသော် “အချင်းတို့.. ရှိပစေ၊ ထိုကောလိယမင်းသားတို့သည် ငါတို့အစ်မကြီး၏ သားများဖြစ်ကြ၍ ငါတို့၏တူသား ဆွေမျိုးရင်းတို့သာ ဖြစ်ကုန်၏”ဟု ပြောဆိုကြကာ အပြစ်မယူ ကြည်ဖြူကျေနပ်ကြကုန်၍ ဆိတ်ဆိတ်သာ နေကြကုန်၏။

     ဤသို့ သကျသာကီဝင်နှင့် ကောလိယမင်းတို့ အချင်းချင်း ထိမ်းမြားမှု ပြုခဲ့ကြရာ ဘုရားမြတ်စွာ လက်ထက်တော်တိုင်အောင်ပင် အနွယ်အဆက် မပျက်ပဲ ဆင်းသက်ခဲ့လေသည်။

     ဤသို့အားဖြင့် သကျ သာကီဝင် မင်းမျိုးတို့သည် ဆွေမျိုးအရင်းအချာချင်း သန့်ရှင်းစင်ကြယ် တင့်တယ်မွန်မြတ်စွာပင် နွယ်ဇာတ်မျိုးရိုး ဖွံ့ဖြိုးပြန့်ပွါးခြင်းသို့ ရောက်ခဲ့ကုန်၏။ သကျသာကီဝင်တို့၏ အမွန်မူလဖြစ်သော ဩက္ကာကမင်းကြီးမှ မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းတိုင်အောင် မျိုးရိုးနွယ်ဇာတ် ပြတ်ခြားကွဲပြားခြင်း မရှိခဲ့သောကြောင့် ဤသကျသာကီဝင်တို့သည် “အသမ္ဘိန္န ခတ္တိယနွယ်တော်စင်”ဟု ရာဇဝင်အထွတ်အဖျား ကြီးပွါးမြင့်မြတ်ခြင်းသို့သာ ရောက်ခဲ့ကြကုန်၏။

ဒေဝဒဟပြည် တည်ထောင်ကြောင်း

     ကပိလဝတ်ပြည်၌ နေကြကုန်သော သာကီဝင်မင်းတို့သည် နှလုံးမွေ့လျော်ဖွယ်ရာ သာယာတင့်တယ်သော ရေအိုင်ကြီးတခုသို့ သွားရောက်ကြကုန်၍ ရေကစားလေ့ ရှိကြကုန်သည်။ ထိုရေအိုင်သည် သာကီဝင်မင်းတို့၏ ရေကစားရာ အိုင်ဖြစ်သောကြောင့် ဒေဝဒဟ-ဟု အမည်တွင်ခဲ့လေသည်။ (ဒေ၀ = သမ္မုတိ နတ်ဖြစ်သော သာကီဝင်မင်းတို့၏ + ဒဟ = ရေကစားရာ ရေအိုင်ဟု ဆိုလိုသည်)။

(ဃ)

     နောက်အခါတွင် ဤရေအိုင်သို့ ရေကစားလာကြသော သာကီဝင်တို့သည် ကပိလဝတ် ပြည်သို့ မပြန်ကြပဲ ထိုရေအိုင်၏အနီး၌ တည်းခိုစံနေရာ မင်းတဲ (မင်းကွန်း)တည်ဆောက် နေထိုင်ခဲ့ကြရာမှ အစဉ်သဖြင့် စည်ကား ကြီးကျယ်၍ တိုင်းပြည် တပြည်အဖြစ်သို့ ရောက်လာရကား ထိုဒေဝဒဟရေအိုင်ကို အစွဲပြု၍ ထိုပြည်၏အမည်ကိုလည်း ဒေဝဒဟပြည်ဟုပင် ခေါ်ဝေါ် သမုတ်ကြကုန်တော့သည်။

     ထိုပြည်၌ စံနေကြသော သာကီဝင်မင်းတို့သည်လည်း ထိုပြည်ကိုပင် အစွဲပြု၍ ဒေဝဒဟသာကီဝင်ဟူ၍ အမည်တွင်ကြလေကုန်သည်။

(ဥပရိပဏ္ဏာသအဋ္ဌကထာ ဒေဝဒဟသုတ်အဖွင့် စာမျက်နှာ ၁-ကို အမှီပြုသည်။)

ဥက္ကာမုခသာကီဝင်မင်းဆက်အကြောင်း

     ကပိလဝတ်ပြည်, ကောလိယပြည်, ဒေဝဒဟပြည် ဤသာကီဝင် သုံးပြည်ထောင်တို့တွင် ကပိလဝတ်ပြည်ကို တည်ထောင်သော-

(၁) ဥက္ကာမုခမင်း (ဤမင်း၏ ခံတွင်းမှလည်း စကားပြောဆိုသောအခါ ခမည်းတော် ဩက္ကာကမင်းကြီးကဲ့သို့ပင် ဝင်းဝင်းလက်လက် စက်ရောင်ထွက်သည်)၊

(၂) ထိုမင်း၏ သားတော် နိပုဏမင်း၊

(၃) ထိုမင်း၏ သားတော် စန္ဒိမမင်း၊

(၄) ထိုမင်း၏ သားတော် စန္ဒမုခမင်း၊

(၅) ထိုမင်း၏ သားတော် သိဝိမင်း၊

(၆) ထိုမင်း၏ သားတော် သိဉ္စယမင်း (သိဉ္စည်းမင်း)၊

(၇) ထိုမင်း၏ သားတော် အလောင်းတော် ဝေဿန္တရာမင်း၊

(၈) ထိုမင်း၏ သားတော် ဇာလီမင်း၊

(၉) ထိုမင်း၏ သားတော် သီဟဝါဟနမင်း၊

(၁ဝ) ထိုမင်း၏ သားတော် သီဟဿရမင်း၊

     ဤတကျိပ်သော သာကီဝင် မင်းမျိုးတို့သည်၎င်း, တဖန် ထိုသီဟဿရမင်း၏ သားမြေးမြစ် အဆက်ဆက် ဖြစ်ကုန်သော ဇေယျသေနမင်း အဆုံးရှိသည့် ရှစ်သောင်း နှစ်ထောင်ကုန်သော သာကီဝင်မင်းတို့သည်၎င်း သက္ကတိုင်း ကပိလဝတ်ပြည်ကြီး၌ အဆက်ဆက်သော မင်းတို့ ဖြစ်ကြကုန်၏။

(ဃာ)

     ထို ရှစ်သောင်း နှစ်ထောင် တကျိပ်သော သာကီဝင်မင်းတို့တွင် အဆုံးစွန်ဖြစ်သော ဇေယျသေနမင်း၌ သားတော် သီဟဟနု, သမီးတော် ယသောဓရာဟူ၍ နှစ်ယောက်ရှိ၏။

     ထိုခေတ်အခါတွင် ဒေဝဒဟပြည်၌ စိုးစံလျက်ရှိသော ဥက္ကာသက္ကမင်းနှင့် ယသဝတီ မိဖုရားကြီးတို့၌ သားတော်အဉ္စန, သမီးတော် ကဉ္စနာဟူ၍ နှစ်ယောက်ပင် ရှိ၏။

     ထိုသို့ သားတော် သမီးတော် နှစ်ယောက်စီ ရှိကြရာဝယ် ကပိလဝတ်ပြည် ဇေယျသေနမင်း၏ သားတော် သီဟဟနုမင်းသားနှင့် ဒေ၀ဒဟပြည် ဥက္ကာသက္ကမင်း၏ သမီးတော် ကဉ္စနာမင်းသမီးတို့ကို စုံဖက်ထိမ်းမြား၍ သားတော်ငါးယောက် သမီးတော် နှစ်ယောက်အားဖြင့် သားတော် သမီးတော် ခုနစ်ယောက် ထွန်းကား ဖြစ်ပွါးခဲ့လေသည်။ သားတော် ငါးယောက်တို့ဟူသည်ကား (၁) သုဒ္ဓေါဒန၊ (၂) အမိတောဒန၊ (၃) ဓောတောဒန၊ (၄) သက္ကောဒန၊ (၅) သုက္ကောဒန ဤငါးယောက်တို့ ဖြစ်ကုန်၏။ (သုတ္တနိပါတ်အဋ္ဌကထာ ဒုတိယအုပ် သမ္မာပရိဗ္ဗာဇနီယသုတ်အဖွင့်အတိုင်း ဖော်ပြသည်။) သမီးတော် နှစ်ယောက်တို့ ဟူသည်ကား (၁) အမိတ္တာမင်းသမီး၊ (၂) ပါလိတာမင်းသမီး ဤနှစ်ယောက်တို့ ဖြစ်သည်။

     ထို့ပြင်တဖန် ဒေဝဒဟပြည် ဥက္ကာသက္ကမင်း၏ သားတော် အဉ္စနမင်းသားနှင့် ကပိလဝတ်ပြည် ဇေယျသေနမင်း၏ သမီးတော် ယသောဓရာ မင်းသမီးတို့ကို စုံဖက်ထိမ်းမြား၍ သားတော်နှစ်ယောက် သမီးတော်နှစ်ယောက် ပေါင်း လေးယောက် မွေးဖွားဖြစ်ပွါးခဲ့လေသည်။ (ဤ၌ အဉ္စနမင်း၏အမည်ကို မဟာသုပ္ပဗုဒ္ဓဟူ၍လည်း ခေါ်ဆိုဖွင့်ပြကြ၏။) သားတော်နှစ်ယောက်တို့ ဟူသည်ကား (၁) သုပ္ပဗုဒ္ဓမင်းသားနှင့် (၂) ဒဏ္ဍပါဏိ မင်းသားတို့တည်း၊ သမီးတော်တို့ ဟူသည်ကား (၁) သီရိမဟာမာယာမင်းသမီးနှင့် (၂) ပဇာပတိဂေါတမီ မင်းသမီးတို့ ဖြစ်ကုန်၏။

     သီဟဟနုမင်း၏ သားတော် သုဒ္ဓေါဒနမင်းသားနှင့် အဉ္စနမင်း၏ သမီးတော် သီရိမဟာမာယာမင်းသမီး ပဇာပတိဂေါတမီမင်းသမီး ဤညီအစ်မ နှစ်ပါးစုံတို့ကို စုံဖက်ထိမ်းမြားရာတွင် အစ်မတော် သီရိမဟာမာယာမိဖုရားကြီးမှ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူသည်။ ညီမတော် ပဇာပတိဂေါတမီ မင်းသမီးမှ သမီးတော် ရူပနန္ဒာမင်းသမီး, သားတော် နန္ဒမင်းသားတို့ကို ဖွားမြင်တော်မူသည်။

(ဃိ)

     ဤသို့ အကျဉ်းမျှပြဆိုခဲ့သော စကားအစဉ်အားဖြင့် ကပိလဝတ်ပြည်ကို စတင် တည်ထောင်ခဲ့သော ဥက္ကာမုခမင်းမှစ၍ ထိုမင်း၏ သားမြေး အဆက်ဆက် သီဟဿရမင်းတိုင်အောင် မင်းပေါင်း (၁၀) တကျိပ်၊

     ထိုသီဟဿရမင်း၏ သားမြေး အဆက်ဆက် ဇေယျသေနမင်းတိုင်အောင် မင်းပေါင်း (၈၂၀၀၀) ရှစ်သောင်းနှစ်ထောင်၊

(၁) ထိုဇေယျသနမင်း၏သား သီဟနုမင်း၊

(၂) ထိုမင်း၏သားတော် သုဒ္ဓေါဒနမင်း၊

(၃) ထိုမင်း၏သားတော် အလောင်းတော် သိဒ္ဓတ္ထမင်း၊

ဤသို့လျှင် သုံးရပ်ပေါင်း (၈၂၀၁၃) ရှစ်သောင်းနှစ်ထောင် တကျိပ်သုံးယောက်ကုန်သော သာကီဝင်မင်းတို့သည် ကပိလဝတ်နေပြည်တော်၌ စိုးစံသော အသမ္ဘိန္န သကျသာကီဝင် ဘုရင်မင်းမြတ်တို့ချည်းသာလျှင် ဖြစ်ကုန်၏။ (ဤကား ကပိလဝတ်ပြည် သာကီဝင်မင်းဆက်တို့ကို အကျဉ်းမျှ ပြဆိုခြင်းတည်း)။

     ရှေးဖော်ပြခဲ့ပြီးသော ကပ်ဦးအစ မဟာသမ္မတမင်းမှစ၍ ဩက္ကာကမင်းတိုင်အောင် မင်းပေါင်း (၂၅၂၅၅၆) နှစ်သိန်း ငါးသောင်း နှစ်ထောင့် ငါးရာ ငါးကျိပ် ခြောက်ယောက်တို့နှင့် ယခုမင်းဆက် ဥက္ကာမုခမင်းမှစ၍ ဘုရားအလောင်း တော်သိဒ္ဓတ္ထမင်းတိုင်အောင် သာကီဝင်မင်းပေါင်း (၈၂၀၁၃) ရှစ်သောင်း နှစ်ထောင်တကျိပ် သုံးယောက်တို့ကို ပေါင်း၍ အလုံးစုံ မင်းဆက်ပေါင်းကား (၃၃၄၅၆၉) သုံးသိန်း သုံးသောင်း လေးထောင့် ငါးရာ ခြောက်ကျိပ် ကိုးယောက်တို့ ဖြစ်ကုန်၏။

     ထို့ကြောင့် မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၃၂-၃၃)တို့၌-

(၃၂) ထိုဩက္ကာက၊ ရာဇိန္ဒ၏၊ တကွမပြား၊ လေးယောက်သားနှင့်၊ ငါးပါးသမီး၊ နတ်ရွယ်ညီးတို့၊ တောကြီးဟေမာ၊ ထွက်ကြလာ၍၊ မဟာဣသိန္ဒ၊ တာပသ၏၊ သာကဝနေ၊ ကျောင်းရာမြေဝယ်၊ ဇေယျာနက်သန်၊ အောင်ကွက်မှန်နှိုက်၊ ဗိမာန်ထီးနန်း၊ တည်ဖန်ဆန်း၍၊ ပြဋ္ဌာန်းနာမ၊ တိုင်းသက္ကနှင့်၊ ကပိလဝတ္ထု၊ ပြည်သေတ္တုဟု၊ ဇမ္ဗုဦးစွန်း၊ မော်ကွန်းသိင်္ဂီ၊ ထိုးစိုက်စီလျက်၊ နောင်ညီလေးပါး၊ နှောင်းဖွားရွယ်လှ၊ ငယ်နှမတို့၊ ဝံသမပြား၊ မျိုးမခြားအောင်၊ စုလျားပတ်နှောင်၊ ပြည်တည်ထောင်ပြီး၊ ယခေါင်နောင်မင်း၊ အာခံတွင်းက၊ ဝင်းဝင်းပြောင်ဝါ၊ စက်ရောင်ဖြာသား၊ ဥက္ကာမုခ၊ မင်းကဆင့်ပွါး၊ သားနိပုဏ၊ စန္ဒိမနှင့်၊ စန္ဒမုခ၊ ထိုမှသိဝိ၊ ထိုပြီ့းသိဉ္စည်း၊ ကျော်သည်းဝေဿန်၊ ဘုန်းအန်ထန်ပြင်း၊

(ဃီ)

ဇာလီမင်းက၊ သားရင်းသီဟ၊ ဝါဟနနှင့်၊ တေဇလွှံပတ်၊ သီဟဿရ၊ မင်းမှစ၍၊ သကျမျိုးမြတ်၊ သာကီဇာတ်တို့၊ မပြတ်သမ္ဘိန်၊ ထွန်းခဲ့ထိန်ရှင့်၊ ဇေယျသိန်မင်းဖျား၊ သားသီဟနု၊ အတုလွတ်ကျော်၊ သုဒ္ဓေါ်မင်းမြတ်၊ လောင်းသိဒ္ဓတ်ဟု၊ အထွတ်ဆုံးတိုင်၊ နှုန်းမပြိုင်အောင်၊ မဏ္ဍိုင်ဌာနီ၊ ပြည်ကပီဝယ်၊ သာကီမင်းပေါင်း၊ ရှစ်သောင်းအခေါင်၊ နှစ်ထောင်တွက်ကျုံး၊ တကျိပ်သုံးတို့၊ ကျွန်းလုံးကျော်ဟိုး၊ နတ်နှယ်မိုး၍၊ နေမျိုးပေါ်တွင်၊ ညွန့်ဖူးတင်သည်၊ ၊ရာဝင်ဒုတိယ ရွှေကျမ်းတည်း။-

ဟူ၍၎င်း,

(၃၃) ဤသို့လျှင်တိ၊ မဟာဝင်လျဉ်၊ ရာဝင်စဉ်တွင်၊ ဓမ္မဉ္စရ၊ ရာဇညတို့၊ သမ္မတဂိုဏ်း၊ ဥက္ကာဂိုဏ်းဟု၊ နှစ်ပိုင်းအစု၊ ဂိုဏ်းကြီးပြု၍၊ တိုင်းပြုပြည်ပြု၊ အစိတ်ရှုက၊ စတုဝီသ၊ အစုရ၏။ ထိုမျှရာဇာ၊ စောချုပ်ခြာတို့၊ သင်္ချာသရုပ်၊ နှစ်ပါးအုပ်ပြီး၊ အချုပ်ထိန်းသော်၊ သုံးသိန်းသုံးသောင်း၊ လေးထောင့်ငါးရာ၊ ခြောက်ကျိပ်သာ၍၊ နောက်မှာအစွန်း၊ ကိုးယောက်ထွန်းသည်၊ ၊မော်ကွန်းတင်ပြ မှတ်ကြမင်းစဉ် အကျဉ်းတည်း။-

ဟူ၍၎င်း ရေးသားစပ်ဆိုခဲ့လေပြီ။

     အဉ္ဇနမင်း၏သားတော် သုပ္ပဗုဒ္ဓမင်းသားနှင့် သီဟဟနုမင်း၏သမီးတော် အမိတ္တာတို့ကို စုံဖက်ထိမ်းမြားရာတွင် သမီးတော် ဘဒ္ဒကဉ္စနာ = ယသောဓရာ မင်းသမီးနှင့် သားတော် ဒေဝဒတ်မင်းသားတို့ကို ဖွားမြင်လေသည်။

     ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီးနှင့် သီရိမဟာမာယာ မိဖုရားကြီးတို့၏ သားတော် အလောင်းတော် သိဒ္ဓတ္ထမင်းသားနှင့် ဒေဝဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓမင်းနှင့် အမိတ္တာမိဖုရားတို့၏ သမီးတော် ဘဒ္ဒကဉ္စနာ = ယသောဓရာ မင်းသမီးတို့ကို စုံဖက် ထိမ်းမြားရာတွင် သားတော်ရာဟုလာ မင်းသားကို ဖွားမြင် လေသည်။

(မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းမှာ ဤရာဟုလာမင်းသားမှတပါး အခြားသားတော် တဦးတယောက်မျှ မရှိချေ၊ အချို့ ဗုဒ္ဓဝင်ကျမ်းငယ်တို့၌ အလောင်းတော် သိဒ္ဓတ္ထမင်းမှာ ယသောဓရာမှတပါး အခြားသော မိဖုရားငယ် မောင်းမမိဿံတို့မှ ဖွားမြင်သော သားတော်များ ရှိသေးလေဟန် ကြံဖန်ရေးသား ကြသော်လည်း သာသနာတော် ကျမ်းဂန်တို့၌ အရိပ်အငွေ့မျှမရှိ၊ ရာဟုလာ သားတော်တပါးသာ ရှိကြောင်း

(ဃု)

ဖွင့်ပြသဖြင့် သားတော်ရာဟုလာ တပါးတည်းဟူ၍သာ အခိုင်အမာ မှတ်ယူကြစေကုန်သတည်း။)

မြတ်စွာဘုရား၏ဘိုးတော် အဉ္ဇနမင်းကြီး

သက္ကရာဇ်ဖြိုခြင်းအကြောင်း

     မြတ်စွာဘုရား၏ ဘိုးတော် (သီရိမဟာမာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟပြည့်ရှင် ဘုရင်အဉ္ဇနမင်းကြီးသည် မိမိ၏ ခေတ်လက်ထက်၌ ရှိရင်းစွဲ ရောက်ဆဲဖြစ်သော ဂေါဇာသက္ကရာဇ် (၈၆၄၉) ရှစ်ထောင် ခြောက်ရာ လေးဆယ့်ကိုးခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့အထိ ဖြိုပြီးလျှင် (= ဗေဒင်နည်းအရ ဖျောက် ချေပယ်ဖျက် စွန့်ပစ်လိုက်ပြီးလျှင် (တနည်း) ထိုရေးမှတ်ခဲ့သော သက္ကရာဇ်အရေအတွက်ကို ရေးမှတ်သုံးစွဲခြင်း မပြုကြရန် စီမံပြဋ္ဌာန်းပြီးလျှင်) တန်းခူးလဆန်း ၁-ရက် တနင်္ဂနွေနေ့ကိုအစပြု၍ သက္ကရာဇ်တခုကို ထားလေသည် (= ထိုအခါကစ၍ သက္ကရာဇ်တခုကို အသုံးပြုရန် ပြဋ္ဌာန်းခဲ့သည်)။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟူ၍ နောက်အခါ၌ ခေါ်ဝေါ်ကြ၏။

     ဤသို့ သက္ကရာဇ်ဖြိုခြင်း အကြွင်းတခုကိုထားခြင်း အကြောင်းတို့ကို ပြဆိုချက်တို့မှာ ရာဇဝင်တို့၌ပြဆိုသော လောကသင်္ကေတ စကားတို့သာ ဖြစ်ကုန်၏။ စင်စစ်ကား သက္ကရာဇ်ဖြိုသော အကြောင်းအရာနှင့် ရောက်လာသောနှစ်ကို မှတ်သားချက် သက္ကရာဇ်ဟူသော အခေါ်အဝေါ် ဝေါဟာရ ကောဇာ+ဂေါဇာဟူသော အသုံးအနှုန်းတို့သည် သင်္ဂါယနာတင် ကျမ်းဂန်တို့၌ မပါရှိခဲ့ကုန်ချေ။ လောကအကြောင်းဆိုင်ရာ ဗေဒင်ကျမ်း ရာဇဝင်ကျမ်းတို့၏ အဆို အလိုအားဖြင့်သာ ရှိခဲ့ကုန်၏။ ထိုလောကအသုံးအဆောင် ဗေဒင် ရာဇဝင်ကျမ်းဂန်တို့၌ ရှိကြသော နည်းနာ အသုံးအနှုန်းတို့ကိုပင် နှစ်ပရိစ္ဆေဒ အချိန်ကာလတို့ကို မှတ်သားလွယ်ကူရန် အကျိုးငှါ မြန်မာပြည် ပုဂံခေတ် ပင်းယခေတ်စသောကာလ ကျမ်းပြုဆရာ ပညာရှိ အဆက်ဆက်တို့ ယူငင်သုံးစွဲ ရေးမှတ်ခေါ်ဝေါ်ခြင်းအမှု ပြုခဲ့ကုန်သည်။

သက္ကရာဇ် + သကရာဇ်၊ ကောဇာ + ဂေါဇာ

ရေးထုံးများအကြောင်း

     ဤသက္ကရာဇ် + သကရာဇ်၊ ကောဇာ + ဂေါဇာ ရေးထုံးများအကြောင်း သမန္တစက္ခုဒီပနီကျမ်း ဒုတိယတွဲ၌ မုံရွေးဇေတဝန် ဆရာတော်ဘုရား အကျယ် ဖြေဆိုရေးသားပြီး ရှိလေပြီ။ ထိုဝိနိစ္ဆယအဆုံး၌ ဆရာတော်ကြီး၏ နှလုံးသွင်း ယူဆချက်ကို-

(ဃူ)

ဤသို့စသည်ဖြင့် နည်းနာနယ များစွာပင် တွေ့မြင်ကြားသိရဘူး၏၊ ကာလဒေသအလျောက် သင်္ကေတပညတ် မှတ်ထား ရေးသားရရုံမျှသာ အကျိုးရှိသည်၊ ထိုအရေးအသား အမှတ်အက္ခရာ တိမ်းယိမ်းသည် ဟူ၍ သံသရာရေး လျော့ပါးနွမ်းနယ်ကောင်းသော အရာမဟုတ် ဖြစ်၍တကြောင်း၊ ဤသို့သော အရေးကို အတပ်မှန် သိရသဖြင့် ဝဋ်တရားမှ ထွက်မြောက်နိုင်အောင် အကျိုးဆောင်သောပညာ သမ္မာဒိဋ္ဌိဉာဏ်၏ အာရုံမဟုတ်သည်လည်း တကြောင်းဖြစ်၍ ငါတို့အလိုကား လျော်ရာ လျော်ရာ သင့်ကြလေသည်ချည်းပင် ဖြစ်တော့သည်ဟူ၍ နှလုံးသွင်းသင့်မည် ထင်ပေသည်-

ဟူ၍ ရေးသားတော်မူချက်ကား အလွန်နှစ်သက်ဖွယ် ကောင်းလှပေ၏။

     အချုပ်အားဖြင့် လူများကို ထိန်းစောင့်ခြင်းငှါစွမ်းနိုင်သော မင်းတို့ စီမံပြဋ္ဌာန်းသော နှစ်အပိုင်းအခြား အမှတ်အသားဖြစ်၍ သက္ကရာဇ်ဟူ၍၎င်း၊ သကမည်သောမင်း စီမံပြဋ္ဌာန်းသော နှစ်အပိုင်းအခြား အမှတ်အသားဖြစ်၍ သကရာဇ်ဟူ၍၎င်း၊ နေလတို့၏ အသွားအလာ အချိန်အပိုင်းအခြားကို ကောဇာဟူ၍၎င်း ဂေါဇာဟူ၍၎င်း ခေါ်ဝေါ်ပညတ် သမုတ်အပ်လေသည်။ ။(သက္ကရာဇပုဒ်မှ သက္ကရာဇ်ဟူသော ဝေါဟာရ ဖြစ်ပေါ်လာသည်။ သက္က = လူများကို ထိန်းစောင့်ခြင်းငှါ စွမ်းနိုင်သော + ရာဇ = မင်း၊ သက္ကရာဇ = လူများကို ထိန်းစောင့်ခြင်းငှါ စွမ်းနိုင်သော မင်းတို့ စီမံပြဋ္ဌာန်းသတ်မှတ်အပ်သည့် နှစ်အပိုင်းအခြား သက္ကရာဇ်ဟု ဆိုလိုသည်။ ။သကရာဇပုဒ်မှ သကရာဇ်ဟူသော ဝေါဟာရ ဖြစ်ပေါ်လာသည်။ သက = သကမည်သော + ရာဇ = မင်း၊ သကရာဇ = သကမည်သောမင်း စီမံပြဋ္ဌာန်း သတ်မှတ်အပ်သည့် နှစ်အပိုင်းအခြား သကရာဇ်ဟု ဆိုလိုသည်။ ။ကောဇာ + ဂေါဇာ ဟူသည်၌ ကောသဒ္ဒါ နေဟော၊ ဂေါသဒ္ဒါ နေလနှစ်ပါးဟော ဖြစ်သည်။ ဇာသဒ္ဒါ လှည့်လည်သွားလာခြင်းဟောဖြစ်၍ နေလတို့၏ အသွားအလာ တဆယ့်နှစ်ရာသီခွင်တွင် တပါဒ် တပါဒ်ပြည့်သော အချိန်အပိုင်းအခြားကို ကောဇာနှစ် ဂေါဇာနှစ် တနှစ် တနှစ်ဟူ၍ ခေါ်ဆိုလေသည်။ ဂေါစာရ်နှစ်ဟူ၍လည်း ရေးစမှတ် ပြုကြပေ၏)။

ကလိယုဂ်နှင့် သက္ကရာဇ်အသုံး

     သက္ကရာဇ်ဟူသော စကား၏ ရှေ့မှ ကလိယုဂ်ဟူသော ဝိသေသနပုဒ် ထည့်၍ “ကလိယုဂ်သက္ကရာဇ် နှစ်ပေါင်း ဤမျှ”ဟူ၍ သုံးနှုန်းရာ၌ ကလိယုဂ်ဟူသည်နှင့် သက္ကရာဇ်ဟူသည် အနက်တူ မဟုတ်ပေ၊ ကလိယုဂ်ဆန်းသော ခေတ်တွင် သက္ကရာဇ်နှစ်ပေါင်း ဤမျှဟူ၍ ဆိုလိုရင်းဖြစ်သည်။ အနည်းငယ် ထင်ရှားစေဦးအံ့..၊

(ဃေ)

     အန္တရကပ်ခေါ်သော တက်ကပ်ဆုတ်ကပ် တစုံတစုံအနက် တက်ကပ်၌ ကတယုဂ် တြေတာယုဂ် ဒွါပရယုဂ် ကလိယုဂ်ဟူ၍ ယုဂ်လေးပါး (နှစ်ပရိစ္ဆေဒ)တို့ အလှည့်အလည် ဆန်းတုံ ကွယ်တုံ ရှိခဲ့ရာ ထိုယုဂ်လေးပါး ဆန်းကြ ကွယ်ကြသည့် အကြိမ်ပေါင်း ခြောက်ဆယ်ပြည့်မှ တက်ကပ်တကပ်ဆုံး၏။ ဆုတ်ကပ်၌လည်း ထိုနည်းအတူပင်တည်းဟူ၍ လောကီကျမ်းတို့၌ အဆိုရှိသည်။ ထိုယုဂ် လေးပါးတို့တွင် ရှေးဦးစွာ ကတယုဂ်သည် နှစ်ပေါင်း (၁၇၂၈၀ဝ၀) တသန်း ခုနစ်သိန်း နှစ်သောင်း ရှစ်ထောင် အရေအတွက်ရှိ၏။ ထို့နောင် တြေတာယုဂ် ဆန်း၏၊ ထိုတြေတာယုဂ်သည် နှစ်ပေါင်း (၁၂၉၆ဝဝဝ) တသန်း နှစ်သိန်း ကိုးသောင်း ခြောက်ထောင် အရေအတွက်ရှိ၏။ ထို့နောင် ဒွါပရယုဂ် ဆန်း၏၊ ထိုဒွါပရယုဂ်သည် နှစ်ပေါင်း (၈၆၄၀၀၀) ရှစ်သိန်း ခြောက်သောင်း လေးထောင် အရေအတွက်ရှိ၏။ ထို့နောင် ကလိယုဂ်ဆန်း၏၊ ထိုကလိယုဂ်သည် နှစ်ပေါင်း (၄၃၂၀၀၀) လေးသိန်း သုံးသောင်း နှစ်ထောင် အရေအတွက်ရှိ၏။ (ကလိယုဂ်နှစ်တွင် တဆတိုးလျှင် ဒွါပရယုဂ်သက်၊ နှစ်ဆတိုးလျှင် တြေတာယုဂ်သက်၊ သုံးဆတိုးလျှင် ကတယုဂ်သက်ဖြစ်သည်ကို သတိပြုရာ၏။) ယုဂ်လေးပါးအပေါင်း နှစ်ပရိစ္ဆေဒသော်ကား (၄၃၂ဝဝဝဝ) လေးသန်း သုံးသိန်း နှစ်သောင်း အရေအတွက်ရှိ၏။

     ကတယုဂ် နှစ်ပိုင်းတွင် သတ္တဝါတို့ ခြေလေးချောင်းထောက်၍ နေသကဲ့သို့ သတ္တဝါတို့ကို လေးပုံပုံလျှင် လေးပုံလုံး တရားစောင့်ကြ၏။ တြေတာယုဂ်တွင် ခြေသုံးချောင်းထောက်၍ နေသကဲ့သို့ လေးပုံသုံးပုံသာလျှင် တရားစောင့်၍ ကျန်တပုံကား တရားမစောင့် ရှိ၏။ ဒွါပရယုဂ် နှစ်ပိုင်းတွင် လေးပုံ နှစ်ပုံ (တဝက်သာ) တရားစောင့်၍ ကျန်နှစ်ပုံ (တ၀က်)ကား တရားမစောင့် ရှိ၏။ ကလိယုဂ်နှစ်ပိုင်းတွင် လေးပုံ တပုံသာ တရားစောင့်၍ ကျန်သုံးပုံကား တရားမစောင့် ရှိ၏။

     အကျွန်ုပ်တို့၏ဆရာ ဂေါတမနွယ်ဖွား မြတ်စွာဘုရားသည် ကလိယုဂ်နှစ်ပေါင်း (၂၅၇၀) နှစ်ထောင် ငါးရာ ခုနစ်ဆယ်မြောက်တွင် ပွင့်ထွန်းတော်မူကြောင်းကို ဂေါတမပုရာဏ်ကျမ်း ပဌမကဏ္ဍ၌-

ကလေရာရဗ္ဘတော သုည-သတ္တပဉ္စဒုကေ ဂတေ။

သံဝစ္ဆရေ ဗဘုဝ ဝေ၊ ဓမ္မဝိဒေါ ဂေါတမာဘိဓော။

     ကလိယုဂ်နှစ်ဆန်းသည်မှ နှစ်ပေါင်း (၂၅၇၀) နှစ်ထောင် ငါးရာ ခုနစ်ဆယ်သို့ ရောက်သောနှစ်၌ တရားကိုသိမြင်သော ဂေါတမမြတ်စွာဘုရား ဖြစ်ပွင့်တော်မူပြီဟူ၍ ရေးသားချက်ရှိလေသည်။

(ဃဲ)

     ယခု ရောက်ဆဲ သာသနာနှစ်နှင့် ယခုရောက်ဆဲ ကလိယုဂ်နှစ်တို့ကို သိလိုသော် “သက္ကရာဇ်ဒီဃ၊ တည်ပြီးမှလျှင်၊ ဒွေးအဋ္ဌနှင့်၊ ဧကဧကာ၊ နှောတို့ပါက၊ သာသနာနှစ်၊ အတိတ်ဖြစ်၏”ဟူသော ရှေးလင်္ကာအတိုင်း ရောက်ဆဲ သက္ကရာဇ်နှစ်ကိုတည်၊ ၁၁၈၂-ကို ရောလျှင် အတိတ်သာသနာနှစ် ဖြစ်၏။ (ဥပမာ) ယခုရောက်ဆဲ ၁၃၂၃-ခုနှစ်တွင် အတိတ်သာသနာနှစ်ပေါင်း မည်မျှရှိပြီဟု သိလိုလျှင် ရောက်ဆဲသက္ကရာဇ် ၁၃၂၃-ခုနှင့် ၁၁ဂ၂-ကို ပေါင်း၍ နှော၍ ရသောနှစ်ပေါင်း ၂၅၀၅-သည် အတိတ်သာသနာနှစ်ဖြစ်၏။

     သာသနာနှစ်ကိုသိလျှင် “သုညသတ္တ၊ ပည်း ဒွယ၊ နှောထ ကလိယုဂ်” ဟူသောအတိုင်း ယခုရောက်ဆဲ သာသနာနှစ် ၂၅၀၅-တွင် ၂၅၇၀-ကို ရော၍ နှော၍ ရသောနှစ်ပေါင်း (၅၀၇၅) ငါးထောင် ခုနစ်ဆယ်ငါးသည် ယခုရောက်ဆဲ ကလိယုဂ်နှစ်မည်၏။

     အချုပ်အားဖြင့် “ကလိယုဂ် သက္ကရာဇ်နှစ်ပေါင်း ဤရွေ့ဤမျှ”ဟူ၍ ရေးသား သုံးစွဲကြရာ၌ “ကလိယုဂ်ခေတ်တွင် သက္ကရာဇ်နှစ်ပေါင်း ဤရွေ့ဤမျှ”ဟု ဆိုလိုရင်း ဖြစ်သည်ကို သတိပြုရာ၏၊ ကလိယုဂ်မှာ ဆိုခဲ့ပြီးသည့်အတိုင်း နှစ်ပေါင်း လေးသိန်း သုံးသောင်း နှစ်ထောင်ရှိ၏၊ သက္ကရာဇ်မှာ မင်းတို့ပြဋ္ဌာန်း ဆုံးဖြတ်သည့် အတိုင်း လိုက်နာမှတ်သားရသော နှစ်အရေအတွက် ဖြစ်သည်။

     ယုဂ်လေးပါးအကြောင်းနှင့် ကလိယုဂ်နှစ် ၂၅၇၀-၌ မြတ်စွာဘုရား ပွင့်တော်မူကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဓမ္မစရိယာနိသံသခဏ်း ပိုဒ်ရေ (၅၅၃)၌-

လေးတန်ယုဂ၊ ထိုလောက်မျှတွင်၊ ကတနှစ်တွင်း၊ လူခပင်းတို့၊ မကြွင်းဥဿုံ၊ လုံးစုံသမ္မာ၊ မှန်သစ္စာ၏၊ တြေတာတုံ၊ လေးပုံပုံငြား၊ သုံးပုံအားဖြင့်၊ တရားတည်ကြ၊ တပုံပ၏။ ဒွါပရစက်၊ ထိုယုဂ်သက်၌၊ ထက်ဝက်ကောင်းဆိုး၊ နှစ်မျိုးညီဘိ။ ယုဂ်ကလိကား၊ အသိအယူ၊ အမူကောင်းစွာ၊ သတ္တဝါနည်းလှ၊ တဘို့မျှဖြင့်၊ သုံးဆချွတ်ယွင်း၊ တရားကင်း၏။ ယင်း ကလိယုဂ်၊ သမုတ်လူ့ဘောင်၊ နှစ်ယခေါင်တွင်၊ နှစ်ထောင်ကျော်ထ၊ ငါးရာ့ခုနစ်ဆယ်၊ ပြည့်ကယ်တုံလျက်၊ ဆန်းလွန်တက်မှ၊ ရာသက်ကာလ၊ ဟာယန၌၊ သကျသီဟ၊ ဂေါတမဟု၊ လောကထွတ်ထား၊ မြတ်ဘုရားလျှင်၊ ထင်ရှားလူ့ရွာ၊ ဖြစ်ပွင့်လာ၍...

စသည်ဖြင့် စပ်ဆိုလေသည်။

(ဃော)

စာမျက်နှာ (၉၄)

ကရဝိက်ငှက်မင်း၏ အသံသာယာပုံနှင့်

အသန္ဓိမိတ္တာမိဖုရားဝတ္ထု

     ဓမ္မာသောက မင်းတရား၏ အသန္ဓိမိတ္တာ မိဖုရားသည် (မြတ်စွာဘုရား၏အသံတော် သာယာပုံနှင့်စပ်၍) “ဤလောက၌ မြတ်စွာဘုရား၏ အသံတော်နှင့်တူသော တဦးဦး၏အသံသည် ရှိပါသလော”ဟူ၍ သံဃာတော်ကို မေးမြန်း လျှောက်ထားသဖြင့် သံဃာတော်က“ရှိပေသည် ကရဝိက်ငှက်မင်း၏ အသံသည် မြတ်စွာဘုရား အသံတော်နှင့် တူ၏”ဟု ဖြေကြားတော်မူ၏။ တဖန် အသန္ဓိမိတ္တာမိဖုရားက “ထိုကရဝိက်ငှက်တို့သည် အဘယ်အရပ်၌ နေပါကုန်သနည်းဘုရား”ဟု လျှောက်ထားသောအခါ သံဃာတော်က “ဟိမဝန္တာအရပ်၌ နေကုန်၏”ဟု ဖြေကြားတော်မူ၏။

     အသန္ဓိမိတ္တာမိဖုရားက အသောကမင်းကြီးကို “အရှင်မင်းကြီး.. ကရဝိက်ငှက်ကို ကြည့်လိုလှပါသည်”ဟု လျှောက်ထားသဖြင့် အသောကမင်းတရားသည် “ဤလှောင်ချိုင့်၌ နားနေ၍ ကရဝိက်ငှက်သည် လိုက်ပါလာရမည်”ဟု အမိန့်တော်ပြန်၍ ရွှေလှောင်ချိုင့်ကို လွှတ်လိုက်လေသည်။ လှောင်ချိုင့်သည် သွားလတ်၍ ကရဝိက်ငှက်တကောင်၏ ရှေ့၌ ရပ်တည်လေ၏၊ ထိုကရဝိက်ငှက်သည် “ဤလှောင်ချိုင့်ကား မင်း၏အာဏာဖြင့်လာသော လှောင်ချိုင့်ဖြစ်လေသည်။ အာဏာကိုဖီဆန်၍ မလိုက်ပါပဲနေခြင်းငှါ မတတ်နိုင်”ဟု ဆင်ခြင်အောက်မေ့ကာ လှောင်ချိုင့်၌ နားတည်လေသည်။ လှောင်ချိုင့်သည် လာလတ်၍ မင်းကြီး၏ ရှေ့မှောက်၌ တည်လေ၏။

     ကရဝိက်ငှက် ရောက်လာသော်လည်း အသံတွန်မြည်အောင် မပြုနိုင်ပဲ ရှိကြသည်တွင် အသောကမင်းတရားက “အချင်းတို့.. အဘယ်သို့သောနည်းဖြင့် (ဘယ်လိုပြုလုပ်လျှင်) ဤကရဝိက်ငှက်တို့သည် အသံတွန်မြည်ကြကုန်သနည်း”ဟု မေးမြန်း၍ မှူးမတ်တို့က “အရှင်မင်းကြီး.. ဤကရဝိက်ငှက်တို့သည် ချင်းတို့၏ ဆွေမျိုးများကိုမြင်လျှင် အသံတွန်မြည်ကြကုန်၏”ဟု လျှောက်ထားကြသဖြင့် အသောကမင်းတရား သည် ကရဝိက်ငှက်၏ ပတ်ဝန်းကျင်မှ ကြေးမုံ (မှန်)တို့ဖြင့် ကာရံစေတော်မူ၏။

     ကရဝိက်ငှက်သည် မိမိ၏အရိပ်ကို မြင်ရလျှင်ပင် ငါ့ဆွေမျိုးတွေ လာကုန်ပြီဟု ထင်မှတ်လျက် တောင်ပုံကို ရိုက်ခတ်ကာ ချိုမြိန်သာယာလှစွာသော အသံဖြင့် ပတ္တမြားပြွေ (ပုလွေ)ကို ညှင်းသကဲ့သို့ ဖြည်းညှင်းသာယာစွာ တွန်ကျူး ရင့်ရူလေသည်။ ကရဝိက်ငှက်မင်း၏ တွန်ကျူးရင့်ရူသံကို ကြားကြရကုန်သော အသန္ဓိမိတ္တာမိဖုရားနှင့်တကွ ပါဋလိပုတ် ပြည်သူပြည်သား လူအများတို့သည်

(ဃော်)

ထိုကရဝိက်ငှက်မင်း၏ အသံဖြင့် မူးယစ်ကြသကဲ့သို့ဖြစ်ကာ ကခုန်ကြတော့မည့်ပမာ လွန်စွာမြူးတူး အထူးနှစ်သက်ကြကုန်၏။

     အသန္ဓိမိတ္တာမိဖုရား စဉ်းစားဆင်ခြင်မိသည်မှာ “တိရစ္ဆာန်ဖြစ်သော ဤကရဝိက်ငှက်၏ အသံသည်ပင် ဤမျှလောက် ချိုမြိန်သာယာလှပေ၏။ သဗ္ဗညုတဉာဏ်တော်ဖြင့် ဘုန်းတန်ခိုးအသရေတော် အထွတ်အထိပ်သို့ ရောက်တော်မူသော မြတ်စွာဘုရား၏ အသံတော်မှာ အဘယ်သို့ နေလိမ့်မည်နည်း၊ မည်ရွေ့မည်မျှ ချိုမြိန်သာယာလှပေ၏ဟုပင် ပိုင်းခြား ကန့်သတ်နိုင်တော့မည် မဟုတ်ပေတကား”ဟု မြတ်စွာဘုရားကို အာရုံပြုကာ နှစ်သက်ခြင်း (= ပီတိ)ကို ဖြစ်စေ၍ ထိုပီတိကို မစွန့်မခွါပဲ ဝိပဿနာတရား အဆင့်ဆင့်ပွါးသဖြင့် အသန္ဓိမိတ္တာမိဖုရားသည် မိန်းမရွေဘော် ခုနစ်ရာတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေသည်။ (မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ မျက်နှာ ၂၆၃-မှ)။

စာမျက်နှာ (၇၁)မှ (၉၈)တိုင်

လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့၏

အကြောင်းကံစသည်

     ပြဆိုအပ်ပြီးသော မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့တွင် တပါး တပါး၌ (၁) ကမ္မ၊ (၂) ကမ္မသရိက္ခက၊ (၃) လက္ခဏ၊ (၄) လက္ခဏာနိသံသ ဤလေးချက်တို့ကို ထင်စွာပြ၍ ဖွင့်ဆိုရေးသားမှသာ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ကို ကောင်းစွာ ဖွင့်ဆိုရေးသားအပ်သည် မည်ကုန်၏-ဟူ၍ ဇိနာလင်္ကာရဋီကာကျမ်း၌ ပြဆိုသောကြောင့် ဤအရာဝယ် ထိုကမ္မ, ကမ္မသရိက္ခက, လက္ခဏ, လက္ခဏာနိသံသဟူသော လေးချက်တို့၏ အနက်သဘောကို ရှေးဦးစွာ အကျဉ်းမျှ ပြဆိုဦးအံ့..။

     ထိုလေးချက်တို့တွင် (၁) ကမ္မဟူသည်ကား.. ဘုရားဖြစ်ရန် ရည်သန်ပြုလုပ် အားထုတ် ဆည်းပူးတော်မူခဲ့သည့် လက္ခဏာတော်ကြီးများကို ဖြစ်စေတတ်သော ရှေးကောင်းမှုကုသိုလ် အဆောက်အဦကို ခေါ်ဆိုသည်။ (၂) ကမ္မသရိက္ခက ဟူသည်ကား.. ကံနှင့်တူစွာ ဖြစ်ပေါ်လာသည့် လက္ခဏာတော်တို့၏ ထိုထိုအစွမ်းသတ္တိဂုဏ်ကို ခေါ်ဆိုသည်။ (၃) လက္ခဏ ဟူသည်ကား.. ရှေးကောင်းမှုကုသိုလ် အဆောက်အဦကြောင့် ယခုဘဝ ရရှိသော ညီညာသော ဖဝါးတော် တရာ့ရှစ်ကွက် စက်လက္ခဏာ အရေးအသား အစရှိသော သုံးဆယ့်နှစ်မျိုးတို့ကို ခေါ်ဆိုသည်။ (၄) လက္ခဏာနိသံသ ဟူသည်ကား.. လက္ခဏာတော်ကို ဖြစ်စေတတ်သည့် ရှေးကောင်းမှု ကုသိုလ်ကံ၏ အကျိုးဆက် အကျိုးဖျားကို ခေါ်ဆိုသည်။

(ဃံ)

(ဥပမာ။ ။အလောင်းတော်သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က ဘုရားဖြစ်ကြောင်း ကောင်းမှုကုသိုလ်တို့ကို မည်သူတဦးတယောက်မျှ တားဖျက်၍ မရနိုင်အောင် မြဲမြဲမြံမြံ ကြံ့ကြံ့ခိုင်ခိုင် မယိုင်မလှုပ် အားထုတ်ဆည်းပူးတော်မူခဲ့လေသည်။ ထိုသို့ အားထုတ် ဆည်းပူးတော်မူအပ်သော ကောင်းမှုကံကြောင့် နတ်ရွာသုဂတိ၌ ဆယ်ပါးသော ဌာနတို့ဖြင့် သူ့ထက်ကဲချွန် သာလွန်သော နတ်စည်းစိမ်ကို ခံစံတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ရွှေခြေနင်းပမာ ညီညာသော ဖဝါးတော်အပြင် ရှိခြင်းတည်းဟူသော လက္ခဏာတော်ကြီးကို ရတော်မူလေ၏။ ထိုလက္ခဏာတော် ပါရှိသည့်အတွက် အလောင်းတော်သူမြတ်သည် တစုံတယောက်သော လူနတ်ဗြဟ္မာ သတ္တဝါကမျှ ရွေ့ရှားတုန်လှုပ်စေခြင်းငှါ မတတ်နိုင်အောင် မြဲမြဲကြံ့ခိုင် မယိုင်မလှုပ် မတ်မတ်ရပ်တည်တော်မူနိုင် ကြွချီတော်မူနိုင်၏။ ထိုကောင်းမှုကံကြောင့်ပင်လျှင် လောဘ ဒေါသ မောဟ အစရှိသော ကိုယ်တော်မြတ်၏ အတွင်းကိလေသာ ရန်သူများနှင့် ဆန့်ကျင်မှုကို ထင်ထင်ရှားရှား ပြုသူ မပြုသူဟူ၍ နှစ်ထွေပြားသော အပြင်အပ ရန်သူတို့သည် ကိုယ်တော်မြတ်ကို တုန်လှုပ် ချောက်ချားစေခြင်းငှါ မတတ်နိုင်ကြကုန်။

ဤအရာ၌ ရှေးရှေး ဘဝများစွာတို့က မည်သူတဦးတယောက်မျှ တားဖျက်၍မရနိုင်အောင် မြဲမြံကြံ့ခိုင် မယိုင်မလှုပ် အားထုတ် ဆည်းပူးတော်မူခဲ့သော ရှေးကောင်းမှု ကုသိုလ်တော်အစုသည် (၁) ကမ္မမည်၏။ ညီညာသော ဖဝါးတော်အပြင်ရှိခြင်းသည် (ဝါ) ညီညာသော ဖဝါးတော်သည် ရှေးကုသိုလ်ကံအကြောင်းကို သိမှတ်ကြောင်း ဖြစ်သောကြောင့် (၃) လက္ခဏမည်၏၊ ထိုလက္ခဏာတော်၏ အစွမ်းသတ္တိဖြစ်သော မြဲမြံကြံ့ခိုင် မယိုင်မလှုပ် မတ်မတ်ခိုင်ကျည် ရပ်တည်တော်မူနိုင်ခြင်း ကြွချီတော်မူနိုင်ခြင်းသည် (၂) ကမ္မသရိက္ခကမည်၏၊ အကြောင်းဖြစ်သော ကံတော်မှာ မြဲမြံကြံ့ခိုင် မယိုင်မလှုပ် အားထုတ်ခြင်း စွမ်းရည်သတ္တိ ပါရှိသကဲ့သို့ အကျိုးဖြစ်သော လက္ခဏာတော်မှာလည်း မြဲမြံကြံ့ခိုင် မယိုင်မလှုပ် မတ်မတ်ခိုင်ကျည် ရပ်တည်တော်မူနိုင်ခြင်း ကြွချီတော်မူနိုင်ခြင်း စွမ်းရည်သတ္တိ ပါရှိလာလေသည်၊ ဤသို့ အကြောင်းဖြစ်သော ရှေး ကုသိုလ်ကံမှာ ပါရှိသည့် ဂုဏ်ထူးသတ္တိနှင့် တူသော အကျိုးဖြစ်သည့် လက္ခဏာတော်တို့မှာပါရှိသည့် ဂုဏ်ထူးသတ္တိကို ကမ္မသရိက္ခက (= ကံနှင့်တူသောသဘော)ဟူ၍ ခေါ်ဆိုလေသည်။ ရေရှိသော (ရေပါသော) ဗူးကို ယူဆောင်လျှင်ပင် အတွင်းကပါရှိသည့် ရေကိုလည်း ယူဆောင်ခြင်းကိစ္စ

(ဃား)

ပြီးသကဲ့သို့ အစွမ်းသတ္တိ ဂုဏ်ထူးရှိသော လက္ခဏာတော်ကို ယူလိုက် ဆိုလိုက်လျှင်ပင် ထိုလက္ခဏာတော်၏ အစွမ်းသတ္တိ ဂုဏ်ထူးကိုလည်း ယူပြီး ဆိုပြီး ဖြစ်လေသည်။ ထို့ကြောင့်ပင် ပါထိကဝဂ္ဂ လက္ခဏသုတ်အဋ္ဌကထာ၌ လက္ခဏာနှင့် ကမ္မသရိက္ခက အချက်ကို ဖွင့်ပြပုံမှာ တူ၍နေလေသည်။ ရှေးရှေး ဘဝများစွာတို့က မြဲမြံကြံ့ခိုင် မယိုင်မလှုပ် အားထုတ်တော်မူခဲ့သော ကောင်းမှုကုသိုလ်တော် အစုသည် “ဖဝါးတော် ညီညာခြင်း လက္ခဏာတော်” တည်းဟူသော အကျိုးရင်းကို အကျိုးပေးလိုက်ရရုံမျှဖြင့် အားမရ တင်းမတိမ်နိုင်သေးသကဲ့သို့ ထိုလက္ခဏာတော်ကို ရရှိသောဘဝဝယ် အလောင်းတော်သူမြတ်ကို အတွင်းအပ ရန်သူတို့ ကျူးကျော်ဝံ့စား လှုပ်ချောက်ချားမှု မပြုနိုင်ခြင်းတည်းဟူသော အကျိုးဖျား အကျိုးဆက်ကိုလည်း ဆက်၍ တဖန် အကျိုးပေးပြန်လေသည်။ ထိုအကျိုးဆက် အကျိုးဖျားသည် (၄) လက္ခဏာနိသံသ မည်၏။

ယခုအခါ အလောင်းတော်သူမြတ်၏ လက္ခဏာတော်ကြီးနှင့်စပ်၍ ထိုရှေးကံအကြောင်းထူး စသည်တို့ကို ဖတ်ကြားလွယ် မှတ်သားလွယ်သော မြန်မာစကားဖြင့် လက္ခဏသုတ် ပါဠိတော်စသည်၌ လာရှိသည့် အတိုင်း အကျဉ်းအားဖြင့် ရေးသားဖော်ပြပေအံ့။)

ဖဝါးတော် ညီညာကြောင်း

     (၁) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က မည်သူတဦးတယောက်မျှ တားမြစ်ဖျက်ဆီး၍ မရနိုင်အောင် ဘုရားဖြစ်ကြောင်း ကောင်းမှုကုသိုလ်အထူးတို့ကို မြဲမြံကြံ့ခိုင် မယိုင်မလှုပ် အားထုတ်ဆည်းပူးတော်မူခဲ့၏။ ထိုကောင်းမှုကုသိုလ်ကံကြောင့် နတ်ရွာသုဂတိဘုံဌာန၌ အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, အစိုးရခြင်း, အခြွေအရံများခြင်း, နတ်တို့၏ အသုံးအဆောင်ဖြစ်သော ရူပါရုံပေါများခြင်း, သဒ္ဒါရုံပေါများခြင်း, ဂန္ဓာရုံပေါများခြင်း, ရသာရုံပေါများခြင်း, ဖောဋ္ဌဗ္ဗာရုံပေါများခြင်း ဤဆယ်ပါးသော အရာဌာနတို့ဖြင့် တပါးသောနတ်တို့ထက် သာလွန်သော နတ်စည်းစိမ်ကို ခံစံတော်မူပြီးနောက် တဖန် လူ့ပြည်သို့ ဖြစ်ရောက်တော်မူလာသောအခါ “ရွှေခြေနင်းပမာ ညီညာသော ဖဝါးတော်ရှိခြင်း” တည်းဟူသော မဟာပုရိသ လက္ခဏာတော်ကြီးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်နှင့် ပြည့်စုံတော်မူသည့်အတွက် မဟာသုဒဿန စကြာမင်းဘဝ၌ကဲ့သို့ လူ့ပြည်လောက၌ အိမ်ရာစိုးအုပ် လူပြုလုပ်နေလျှင် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော လေးကျွန်းသနင်း စကြာမင်းဖြစ်တော်မူကာ တစုံတယောက်သော လူသားရန်သူတို့ မတုန်လှုပ်စေနိုင် မချောက်ချားစေနိုင် အန္တရာယ်မပြုနိုင်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ အကယ်၍ နောက်ဆုံးပစ္ဆိမ

(င)

သိဒ္ဓတ္ထမင်းသားဘဝမှာကဲ့သို့ တောထွက်၍ ရဟန်းပြုလျှင် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိကာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားဖြစ်တော်မူပြီးလျှင် လောဘ ဒေါသ မောဟ အစရှိသော အတွင်းကိလေသာရန်သူ ဆန့်ကျင်မှုကို ထင်ထင်ရှားရှား ပြု မပြုအားဖြင့် နှစ်မျိုးပြားကြသည့် ရဟန်း ပုဏ္ဏား နတ် မာရ် ဗြဟ္မာမှအစ တစုံတယောက်သော ရန်သူကမျှ ကိုယ်တော်မြတ်နှင့်တကွ ကိုယ်တော်၏ အကျိုးတရားတို့ကို မဟန့်တားနိုင်ခြင်း မဖျက်ဆီးနိုင်ခြင်း အန္တရာယ် မပြုနိုင်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

(ဤ၌ တချိန်က မန္တလေးမြို့ တောင်ပြင် ဘုံကျော်ကျောင်းတိုက် ဒေါင်းကျောင်း၌ သီတင်းသုံးကာ စာချသဘင် ပွဲကြီးယင်တော်မူခဲ့သည့် (ယခုအခါ ကွယ်လွန်ပြီးဖြစ်သော) ဆရာတော် ဦးဃောသိတ ရေးသား ဖွဲ့ဆိုတော်မူခဲ့သည့် လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး ဘုရားရှိခိုးလင်္ကာမှ ဆိုင်ရာစာပိုဒ်တို့ကို အဆုံးသတ် ထည့်စွက်၍ ဗုဒ္ဓဝင်စာဖတ် ပရိသတ်တို့ အရကျက်၍ ဘုရားကို ကြည်ညိုနိုင်ရန် ဖော်ပြရေးသား သွားပေအံ့။)

(အရကျက်ရန်)။ ။ဘ၀ထိုထို၊ ရှေးအဟိုဝယ်၊ ကုသိုလ်ပွါးလူး၊ တရားထူး၌၊ စူးစိုက်မြဲလျက်၊ ဆောက်တည်ချက်ကို၊ တားဖျက်မနိုင်၊ ကြံ့ခိုင်ခဲ့ခြင်း၊ ကောင်းမှုရင်းကြောင့်..၊ ရွှေခြေနင်းဟန်၊ နင်းပြန်အတူ၊ ကြွမူမခြား၊ ဖဝါးတော်ညီညာ၊ လက္ခဏာတော်၊ အာနုဘော်ဖြင့်..၊ ကျူးကျော်ဝံ့စား၊ လှုပ်ချောက်ချားအောင်၊ စွမ်းအားရှိမူ၊ ဘယ်ရန်သူမျှ၊ မပြုဝံ့ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ဖဝါးတော်ဝယ် တရာ့ရှစ်ကွက် စက်လက္ခဏာပါရှိကြောင်း

     (၂) အလောင်းတော်သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က သတ္တဝါများ ချမ်းသာဘို့ကို ကောင်းစွာ ရွက်ဆောင်တော်မူခဲ့၏၊ ထိတ်လန့်ကြောက်ရွံ့သူတို့ကိုလည်း ထိုထိတ်လန့်ကြောက်ရွံ့ခြင်းမှ လွတ်ကင်းအောင် စောင့်ရှောက် ကယ်တင်တော်မူခဲ့၏၊ အခြံအရံနှင့်တကွသော အလှူဒါနကို ပြုတော်မူခဲ့၏၊ (ဥပမာ သင်္ကန်းအလှူ အဝတ်အလှူကို ဦးတည်အဓိကထား၍ လှူလိုသောအခါ ထိုအဝတ်သင်္ကန်းအလှူဒါန၏ အခြံအရံ ပရိဝါရကောင်းမှု ကုသိုလ်အနေဖြင့် အလှူခံပုဂ္ဂိုလ်တို့အား ဆွမ်းကျွေးလိုက်သေး၏၊ နေရာထိုင်ခင်း ပေးလှူလိုက်သေး၏၊ ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်လိုက်သေး၏၊ အဖျော်ယမကာများ ဆက်ကပ်လိုက်သေး၏၊ ပြီးမှ သီလခံယူကာ သဗ္ဗညုတဆုကြီးကို ဆုတောင်း၍ လှူလိုရင်းဖြစ်သော အဝတ်သင်္ကန်းကို ရိုရိုသေသေ လှူဒါန်းလေသည်၊ ဤသို့ အခြံအရံ ကောင်းမှုနှင့်တကွသော အလှူဒါနကို ပြုတော်မူခဲ့၏။) ထိုကောင်းမှု

(ငါ)

ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာပင် နတ်ရွာသုဂတိ၌ ရှေး၌ ဆိုအပ်ပြီးသည့်နည်းအတူ ဆယ်ပါးသောဌာနတို့ဖြင့် သာလွန်သော နတ်စည်းစိမ်ကို ခံစံတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ဖဝါးတော်အပြင်၌ ရှေးဖော်ပြရာပါ စက်တော်အစုံ ပါရှိခြင်းတည်းဟူသော (၂) အမှတ်ပြ လက္ခဏာတော်ကြီးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်နှင့် ပြည့်စုံတော်မူသည့်အတွက် အိမ်ရာတည်ထောင် လူ့ဘောင်၌နေလျှင် လေးကျွန်းသနင်း စကြာမင်းဖြစ်၍ ပုဏ္ဏား သူကြွယ်အစရှိသော များသော အခြံအရံရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ နောက်ဆုံးပစ္ဆိမ သိဒ္ဓတ္ထမင်းသား ဘဝမှာကဲ့သို့ တောထွက်၍ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်တော်မူ၍ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာ နတ် လူ အသူရာ နဂါး ဂန္ဓဗ္ဗနတ် များမြတ်သော ပရိသတ်အခြံအရံ ရှိခြင်းတည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ အတိတ်ဘဝများက အခြံအရံ ပရိဝါရကောင်းမှုနှင့်တကွ ပြည့်စုံစွာ ပေးလှူခဲ့သော ဒါနကောင်းမှုသည် ကမ္မမည်၏၊ သပရိဝါရ ဒါနကောင်းမှု ပြုခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသတည်းဟု ဖော်ပြပြောဆိုသည့်ပမာ စက်လက္ခဏာတော်၏ ခပ်သိမ်းသော အရာအားဖြင့် ပြည့်စုံခြင်းသည် ကမ္မသရိက္ခက မည်၏၊ စက်လက္ခဏာသည် လက္ခဏမည်၏၊ အခြံအရံများခြင်းသည် လက္ခဏာနိသံသမည်၏။

(အရကျက်ရန်)။ ။သူ့ချမ်းသာအောင်၊ မကြောက်အောင်ရွယ်၊ စောင့်ရှောက်ကယ်၍၊ ဖွယ်ရာခြံရံ၊ လှူဒါနံကြောင့်..၊ ဝန်းရံပတ်လျက်၊ ရာ့ရှစ်ကွက်ဖြင့်၊ မြချက်ပုံတောင်း၊ အကွပ်ဆောင်း၍၊ ထောင်ပေါင်းအကန့်၊ ရှင်းသန့်ပြတ်သား၊ ခြေတော်ဖဝါး၌၊ ကြီးမားတေဇော်၊ စက်တော်ရတနာ၊ လက္ခဏာဖြင့်..၊ မကွာခစား၊ ထံတော်ပါးဝယ်၊ များသောအခြံအရံ ရှိတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။


ဖနောင့်တော် လက်ချောင်း ခြေချောင်းတော် သွယ်ရှည်၍

ဖြောင့်မတ်သော ကိုယ်တော်ရှိကြောင်း

     (၃) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝများစွာတို့က သူတပါးအသက်ကို သတ်ဖြတ်ခြင်းမှ ဝေးစွာရှောင်ကြဉ်တော်မူခဲ့၏။ သူတပါးကို ညှဉ်းပန်းရန်အနေဖြင့် တုတ်ဓားလက်နက်တို့ကို စွဲကိုင်တော်မမူခဲ့ချေ၊ ပါဏာတိပါတ ဒုစရိုက်မှုပြုရန် အလွန် ရှက်ကြောက်တော်မူ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ စီးပွါးချမ်းသာကို လိုလားစောင့်ရှောက် သနားတတ်သည့် မေတ္တာစိတ် ကရုဏာစိတ်တို့ဖြင့် နေတော်မူခဲ့၏။ ထိုကောင်းမှုကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ

(ငိ)

နတ်ရွာသုဂတိ၌ ရှေး ဆိုအပ်ပြီးသည့်နည်းအတူ ဆယ်ပါးသော ဌာနတို့ဖြင့် သာလွန်သော နတ်စည်းစိမ်ကို ခံစံတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ရှည်လျားသော ဖနောင့်တော်ရှိခြင်း တည်းဟူသော (၃) အမှတ်ပြ လက္ခဏာတော်ကြီး၊ ရှည်သွယ်သော ခြေချောင်းတော် လက်ချောင်းတော်ရှိခြင်း တည်းဟူသော (၄) အမှတ်ပြ လက္ခဏာတော်ကြီး၊ ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော်ရှိခြင်း တည်းဟူသော (၁၅) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး သုံးပါးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး သုံးပါးနှင့် ပြည့်စုံတော်မူသည့်အတွက် အိမ်ရာတည်ထောင် လူ့ဘောင်၌နေလျှင် လေးကျွန်းသနင်း စကြာမင်းဖြစ်၍ အသက်ရှည်ခြင်း အသက်တမ်းမပြည့်မီ အကြားကာလ၌ တစုံတယောက်က အသက်၏အန္တရာယ်ကို မပြုနိုင်ခြင်း (သေအောင် မပြုနိုင်ခြင်း) တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ နောက်ဆုံးပစ္ဆိမ သိဒ္ဓတ္ထမင်းသားဘဝမှာကဲ့သို့ တောထွက်၍ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်တော်မူ၍ အသက်ရှည်ခြင်း, အာယုကပ် အသက်တမ်း၏ ငါးပုံ့လေးပုံမပြည့်မီ အကြားကာလ၌ ရဟန်း ပုဏ္ဏား နတ် မာရ် ဗြဟ္မာ အစရှိသည့် တစုံတယောက်သော ရန်သူကမျှ အသက်တော်၏ အန္တရာယ်ကို မပြုနိုင်ခြင်း (သေအောင် မပြုနိုင်ခြင်း) တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

အန္တရာယ်မပြုနိုင်သော တရားလေးပါး

     မြတ်စွာဘုရားတို့အား သူတပါးတို့က အန္တရာယ်မပြုနိုင်ကောင်းသော တရားလေးမျိုးရှိကုန်၏။ လေးမျိုးတို့သည်ကား-

(၁) မြတ်စွာဘုရားတို့၏အတွက် ရည်မှတ်၍ ဆောင်ယူအပ်သော ပစ္စည်းလေးပါးတို့ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မတတ်နိုင်။

(၂) မြတ်စွာဘုရားတို့၏ အသက်တော်ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မတတ်နိုင်။

(၃) မြတ်စွာဘုရားတို့၏ လက္ခဏာတော်ကြီးငယ်တို့ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။

(၄) မြတ်စွာဘုရားတို့၏ ရောင်ခြည်တော်တို့ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။ ဤလေးမျိုးတို့တည်း။

(ဗုဒ္ဓဝင်အဋ္ဌကထာအဆုံး မျက်နှာ ၃၅၂-မှ)

(ငီ)

(၁) မြတ်စွာဘုရားတို့၏အလို့ငှါ ရှေးရှုဆောင်အပ်သော ပစ္စည်းလေးပါး လာဘ်လာဘတို့ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။

(၂) မြတ်စွာဘုရားတို့၏ အသက်တော်ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။

(၃) မြတ်စွာဘုရားတို့၏ လက္ခဏာတော်ငယ် ရှစ်ဆယ်နှင့် ကိုယ်တော်ရောင်ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။ (မြတ်စွာဘုရား၏ ကိုယ်တော်ရောင် ထွန်းပရာအရပ်၌ လရောင် နေရောင် နတ်ဗြဟ္မာတို့၏ ကိုယ်ရောင်များ ထိုးဖောက်၍ မထွန်းလင်းနိုင်ကုန်။)

(၄) မြတ်စွာဘုရားတို့၏ သဗ္ဗညုတဉာဏ်တော်ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။

(ဝိနည်း ပါရာဇိကဏ်အဋ္ဌကထာ ပဌမအုပ်၊ မျက်နှာ ၁၄၇-မှ)

ပစ္စည်းလေးဝ၊ သက်ဇီဝ၊ လက္ခဏကြီးငယ်။

ရောင်ခြည်တော်ခြောက်၊ စုံတယောက်၊ မနှောက်အန္တရာယ်။

လာဘ်နှင့် သက်တော်၊ ကိုယ်ရောင်တော်၊ ဉာဏ်တော် သဗ္ဗညု။

ဝိနည်းဋ္ဌကထာ၊ ကျမ်း၌လာ၊ မိန့်မှာ တနည်းရှု။


ကမ္မ, ကမ္မသရိက္ခကစသည် လေးချက်

     ဤလက္ခဏာတော်ကြီး သုံးရပ်တို့၌ (၁) ကမ္မဟူသည် ပါဏာတိပါတဒုစရိုက်မှ ရှောင်ကြဉ်ခဲ့ခြင်းတည်း။ (၂) ကမ္မသရိက္ခကဟူသည် ဖနောင့်တော် လက်ချောင်းတော် ခြေချောင်းတော်တို့၏ ရှည်သွယ်သော ဂုဏ်သတ္တိ, ကိုယ်တော်၏ ဖြောင့်မတ်သော ဂုဏ်သတ္တိတို့ပင်တည်း။ ထင်ရှားစေဦးအံ့.. ပါဏာတိပါတမှု ပြုလုပ်သောသူတို့သည် ထိုသူ့သက်သတ်မှု ပြုလိုကုန်လတ်သော် ခြေသံကြားမည်ကို စိုးသဖြင့် ခြေဖျားထောက်ကာ သွားရောက် သတ်ဖြတ်ကြကုန်သည်။ ထိုသူများ လူဖြစ်လာသောအခါ ပါဏာတိပါတဒုစရိုက်မှု ခြေဖျားထောက်၍ ပြုခဲ့သည်ကို လူအများသိစေသားဟု ဖော်ပြသည့်ပမာ ထိုသူတို့သည် တချို့မှာ လေးကိုင်းပမာ အတွင်းဘက်သို့ ခြေကောက်၍ နေကြကုန်၏၊ တချို့မှာ အပြင်ဘက်သို့ ခြေကောက်၍ နေကြကုန်၏။ တချို့မှာ ဖဝါးပြင်အလယ်ပိုင်း ရှိုင်း၍ နေကုန်၏၊ တချို့မှာ ခြေဖျားခွင်၍ တချို့မှာ ဖနောင့်ခွင်ကုန်၏၊ အလောင်းတော်သူမြတ်အားမှာမူ ခြေဖျားထောက်၍ သွားရောက်ကာ

(ငု)

သူတပါးကို မသတ်ခဲ့ကြောင်း(= ပါဏာတိပါတမှု မပြုခဲ့ကြောင်း) လူအပေါင်း သိစေသားဟု ဖော်ပြသည့်ပမာ ဖနောင့်တော်၏ ရှည်သွယ်ခြင်း လက္ခဏာတော် ဖြစ်ပေါ်လာ၏။ ထို့အတူ ပါဏာတိပါတ ဒုစရိုက်သမား အခြားလူတို့သည် သူတပါးကိုသတ်ရန် သွားသောအခါ ပကတိ မတ်မတ်သွားလျှင် သူတပါးတို့ မြင်မည်စိုး၍ ငုံ့လျှိုးသွားရောက်ကာ သူတပါးကို သတ်ခဲ့ကြကုန်သည်၊ ထိုသူများ လူဖြစ်လာသောအခါ ပါဏာတိပါတဒုစရိုက်မှု ငုံ့လျှိုးသွားရောက်၍ ပြုခဲ့သည်ကို လူအများ သိစေသားဟု ဖော်ပြသည့်ပမာ ထိုသူတို့သည် တချို့မှာ ကုန်းကြ တချို့မှာ ပုကွကြ တချို့မှာ ဆွံ့ကြကုန်၏၊ အလောင်းတော်သူမြတ်အားမှာမူ ဤကဲ့သို့ ငုံ့လျှိုးသွား၍ သူတပါးကို မသတ်ခဲ့ကြောင်း လူအပေါင်း သိစေသားဟု ဖော်ပြသည့်ပမာ ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့ ဖြောင့်စင်းသော ကိုယ်တော်တည်းဟူသော မဟာပုရိသ လက္ခဏာတော် ဖြစ်ပေါ်လာ၏။ ထို့အတူ ပါဏာတိပါတ ဒုစရိုက်သမား အခြားလူတို့သည် သူတပါးကို သတ်လိုကုန်လတ်သော် လက်သီးကိုဆုပ် လက်နက်တင်းပုတ်တို့ကို စွဲကိုင်ကာ သူတပါးကို သတ်ခဲ့ကြကုန်သောကြောင့် ထိုသူတို့၏ ထိုမကောင်းမှုပြုခဲ့ပုံကို လူအများ သိစေသားဟု ဖော်ပြသည့်ပမာ ထိုသူတို့သည် လက်ချောင်းသော်လည်း တိုကြကုန်၏၊ လက်တခုလုံးသော်လည်း တိုကြကုန်၏၊ လက်ချောင်းသော်မူလည်း ကွေးကောက်ကြကုန်၏၊ တချို့မှာ လက်ချောင်းဟူ၍မထင် လက်ဝါးပြင် တပြင်ထဲဖြစ်၍ နေကုန်၏၊ အလောင်းတော် သူမြတ်မှာမူကား ဤကဲ့သို့ လက်သီးဆုပ်၍ တင်းပုတ် လက်နက်တို့ကို စွဲကိုင်ကာ သူ့အသက်ကို မသတ်ခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသားဟု ဖော်ပြသည့်ပမာ လက်ချောင်းတော်များ တင့်တယ် ရှည်သွယ်ခြင်းတည်းဟူသော မဟာပုရိသလက္ခဏာတော် ဖြစ်ပေါ်လာ၏။ ဤသို့ ဖနောင့်တော် ရှည်သွယ်ခြင်း လက်ချောင်း ခြေချောင်းတော်တို့ ရှည်သွယ်ခြင်း ကိုယ်တော် ဖြောင့်မတ်ခြင်း လက္ခဏာတော်ကြီးသုံးပါးတို့၏ ထိုဘဝဝယ် အသက်ရှည်မည်ကို သိစေသော အကြောင်းနိမိတ်အဖြစ်ဖြင့် ရှည်သွယ် ဖြောင့်မတ်စွာဖြစ်ခြင်း ဂုဏ်သတ္တိသည် ကမ္မသရိက္ခကမည်၏။ ရှည်သွယ်သော ဖနောင့်တော် လက်ချောင်း ခြေချောင်းတော် ဖြောင့်စင်းသော ကိုယ်တော်တို့သည် (၃) လက္ခဏမည်ကုန်၏။ အသက်တမ်းပြည့်ရှည် တည်နေခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ခြ ပုန်း ပိုး ရွ၊ စသည်မကြွင်း၊ သတ်ဖြတ်ခြင်းကို၊ အလျှင်းမပြု၊ ဤကောင်းမှုကြောင့်..၊ ဖနောင့်လက်ချောင်း၊ ခြေချောင်းသွယ်ရှည်၊ ဖြောင့်သည်ကိုယ်မှာ၊ လက္ခဏာဖြင့်..၊ မေတ္တာမပ္ပါး၊ တဖက်သားတို့၊ တုတ်ဓားဆောင်ယူ၊ သတ်လိုမူလည်း၊ ဘယ်သူမစွမ်း၊ ဘေးဘျမ်းမရှိ၊ ပကတိ အသက်ရှည်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။

(ငူ)

ခုနစ်ဌာန အသားတော်ပြည့်ဖြိုးကြောင်း

     (၄) အလောင်းတော် သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က မွန်မြတ်၍ အရသာနှင့်ပြည့်စုံသော မုံ့ခဲဖွယ်တို့ကို၎င်း, ဘောဇဉ်တို့ကို၎င်း, ထောပတ်ဆီဥ စသည်တို့ကို၎င်း, နို့ဃနာ စသည်တို့ကို၎င်း, အဖျော်မျိုးတို့ကို၎င်း ပေးလှူတော်မူခဲ့၏။ “ထိုကောင်းမှုကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ခြေဖမိုးတော် နှစ်ဖက်, လက်ဖမိုးတော် နှစ်ဖက်, ပခုံးတော် နှစ်ဖက်, လည်ကုပ်တော် ဤခုနစ်ဌာနတို့၌ အသားတော်ပြည့်ဖြိုးခြင်းတည်းဟူသော (၁၆) အမှတ်ပြ လက္ခဏာတော်ကြီးကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်၍၎င်း မွန်မြတ်၍အရသာနှင့် ပြည့်စုံသော ခဲဖွယ် စားဖွယ် သာယာဖွယ် လျက်ဖွယ် သောက်ဖွယ်တို့ကို များစွာ ရတော်မူ၏။

     ဤ၌ လေးအသင်္ချေ ကမ္ဘာတသိန်း ကာလပတ်လုံး လှူခဲ့သော မွန်မြတ်သော ဘောဇဉ်အလှူသည် (၁) ကမ္မည်၏။ ခုနစ်ဌာန အသားတော်တို့က အလောင်းတော်သူမြတ်၏ ရှေးအတိတ်ဘဝတို့က မွန်မြတ်သော ခဲဖွယ်ဘောဇဉ် စသည်ကို လှူဒါန်းခဲ့သော ရှေးကောင်းမှုကို နတ်လူအများ သိစေသားဟု ထင်ရှား ဖော်ပြ သည့်ပမာ ပြည့်ဖြိုးစွာ ဖြစ်ပေါ်လာခြင်း ယခုဘဝ လာဘ်လာဘကောင်း ပေါများမည်ကို သိစေတတ်သော အကြောင်းနိမိတ် ဖြစ်ခြင်းသည် (၂) ကမ္မသရိက္ခကမည်၏။ ခုနစ်ဌာန ပြည့်ဖြိုးသော အသားတော်သည် (၃) လက္ခဏမည်၏။ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို ရခြင်းသည် (၄) လက္ခဏာနိသံသမည်၏။

(အရကျက်ရန်)။ ။ချိုမြိန်ကောင်းမြတ်၊ ရသာဓာတ်ကို၊ ဆက်ကပ်ပူဇော်၊ လှူဘူးသော်ကြောင့်..၊ ခြေတော်ဖမိုး၊ လက်ဖမိုးတော်၊ ပခုံးတော်နှင့်၊ ကုပ်(ဂုတ်)တော်ခုနစ်ချက်၊ စုံ့လျက်ဖြိုးဖြိုး၊ ညှပ်ရိုးပခုံး၊ လက်ရုံးရင်တော်၊ ခုနစ်ဖော်လည်း၊ ရှုမြှော်မညှိုး၊ ဆူဖြိုးတင့်စွာ၊ လက္ခဏာဖြင့်..၊ အရသာဓာတ်၊ ထူးအမြတ်ကို၊ မပြတ်သုံးဆောင်တော်မူရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


လက်ခြေနူးညံ့၍ ရွှေကွန်ရက်ခက်သကဲ့သို့ ရှိတော်မူကြောင်း

     (၅) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝများစွာတို့က လူများအပေါင်းကို သင်္ဂဟတရား လေးပါးဖြင့် ချီးမြှောက်တော်မူခဲ့၏။ ပေးကမ်းမှ နှစ်သက်သူကို ပေးကမ်းခြင်း (= ဒါန)တည်းဟူသော သင်္ဂဟတရားဖြင့် ချီးမြှောက်တော်မူ၏။ ပိယဝါစာ ချိုသာစကား ပြောကြားခြင်းကိုသာ အလိုရှိသူကို

(ငေ)

ပိယဝါစာ ချိုသာစကား ပြောကြားခြင်း သင်္ဂဟတရားဖြင့် ချီးမြှောက်တော်မူခဲ့၏။ အကျိုးရှိအောင် ပြောဆို ခြင်းကို အလိုရှိသောသူတို့ကို “ဤအမှုမျိုးကို သင်ပြုသင့်၏၊ ဤအမှုမျိုးကို သင် မပြုသင့်၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို သင်မှီဝဲသင့်၏။ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို သင်မမှီဝဲသင့်” စသည်ဖြင့် အကျိုးရှိအောင် ကျင့်ကြံပြောဆိုခြင်း (= အတ္ထစရိယာ) သင်္ဂဟတရားဖြင့် ချီးမြှောက်တော်မူ၏၊ ဆင်းရဲချမ်းသာ အရာရာဝယ် ကိုယ်တူကျင့်မှ (တန်းတူထားမှ) ကျေနပ် နှစ်သက်သူကို ကိုယ်တူကျင့်ခြင်း (= သမာနတ္တတာ) သင်္ဂဟတရားဖြင့် ချီးမြှောက်တော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ လက်ဖဝါးတော် ခြေဖဝါးတော် နူးညံ့ခြင်း တည်းဟူသော (၅)အမှတ်ပြ လက္ခဏာတော်ကြီး၊ ရွှေဇာကွန်ရက်ခက်သကဲ့သို့ လက်ချောင်း ခြေချောင်းတော်ရှိခြင်း တည်းဟူသော (၆)အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးကို ရတော်မူ၏၊ အလောင်းတော် သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်၍၎င်း ကောင်းစွာသိမ်းဆည်း လုံးစည်းပေါင်းစု လက်တွင်းပြုအပ်သကဲ့သို့ မပြတ် ဆည်းကပ်ခစားသော ပရိသတ်အခြံအရံရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများ ဆည်းပူးခဲ့သော သင်္ဂဟတရား လေးပါးဖြင့် လူများအပေါင်းကို ချီးမြှောက်မှု ရှေးကုသိုလ်တော်သည် (၁) ကမ္မမည်၏။ သင်္ဂဟတရားလေးပါးဖြင့် သူတပါးကို မချီးမြှောက်ခဲ့သူတို့မှာ လက်ခြေကြမ်းတမ်း၍ လက်ချောင်း ခြေချောင်း မညီမညွတ် ရှိကြ၏၊ အလောင်းတော်သူမြတ်မှာမူကား ဘဝများစွာက သူတပါးတို့ကို သင်္ဂဟတရားလေးပါးဖြင့် ချီးမြှင့်ထောက်ပံ့ခဲ့ကြောင်း နတ်လူအပေါင်းကို သိသာစေရန် လက်ဖဝါး ခြေဖဝါး နူးညံ့၏။ လက်ချောင်း ခြေချောင်းတော်တို့ ရွှေဇာကွန်ရက်ခက်သည့်ပမာ ညီညွတ်စွာ ဖြစ်ပေါ်လာကုန်၏၊ ဤသို့ လက်ဖဝါး ခြေဖဝါးကို နူးညံ့စွာဖြစ်ခြင်း ရွှေဇာကွန်ရက်ခက်သကဲ့သို့ လက်ချောင်း ခြေချောင်းတို့ ညီညွတ်ခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခကမည်၏။ နူးညံ့သော လက်ဖဝါး ခြေဖဝါးတော် ညီညွတ်သော လက်ချောင်း ခြေချောင်းတော်တို့သည် (၃) လက္ခဏ မည်ကုန်၏။ ကောင်းစွာသိမ်းဆည်း လုံးစည်းပေါင်းစု လက်တွင်းပြုအပ်သကဲ့သို့သော ပရိသတ်အခြံအရံရှိခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ချစ်ဖွယ်စကား၊ ပေးကမ်းငြား၍၊ စီးပွါးဆောင်လင့်၊ ကိုယ်တူကျင့်ဟု၊ လေးဆင့်သင်္ဂြိုဟ်၊ သူ့ကိုယ်ထောက်ထား၊

(ငဲ)

ကောင်းမှုအားကြောင့်၊ လက်ဖဝါးနှင့်၊ ခြေဖဝါးပါ၊ နူးညံ့စွာ၏။ ရှစ်ဖြာလက်ချောင်း၊ ဆယ်ချောင်းခြေတော်၊ ညီမျှသော်ကြောင့်၊ မုယော်တွင်လစ်၊ အတွင်းဆစ်၌၊ ရေးရစ်ဖြောင့်လေ့၊ စပါးစေ့များ၊ ပွတ်တံခါးသို့၊ ဖြောင့်သားညီညာ၊ လက္ခဏာဖြင့်၊ ကောင်းစွာသိမ်းဆည်း၊ လုံးစည်းပေါင်းစု၊ လက်တွင်းပြုအပ်၊ ပရိသတ်သာ၊ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ဖမျက်တော်မြင့်၍ မွေးညှင်းတော် ပျံကြောင်း

     (၆) အလောင်းတော်သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က ပြိန်ဖျင်းသော သမ္ဖပ္ပလာပစကားကို ပြောကြားတော်မမူပဲ ပစ္စုပ္ပန် တမလွန် အကျိုးကိုမှီသော တရားစကားကို ပြောကြားတော်မူခဲ့၏။ သံသရာဝဋ်မှ လွတ်မြောက်ကြောင်း ကောင်းမှုဆယ်ပါးနှင့်စပ်သော တရားစကားကို ဟောကြားတော်မူခဲ့၏။ လူများအပေါင်းအား ထိုကောင်းမှုဆယ်ပါးနှင့်စပ်သော ကြီးပွါးမြင့်မောက် အထက်တန်းရောက်စေနိုင်သည့် တရားစကားကို ထင်ရှားအောင် ဟောပြ၍ ဓမ္မအလှူကြီးကို ပေးလှူတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ မြူမလိမ်းတွယ် စဉ်းငယ်မြင့်သော ဖမျက်တော်ရှိခြင်း တည်းဟူသော ( ၇) အမှတ်ပြ လက္ခဏာတော်ကြီး၊ မျက်နှာတော်ကို မော်၍ဖူးသည့်ပမာ အထက်သို့သာ အဖျားကော့သည့် မွေးညှင်းတော်ရှိခြင်း တည်းဟူသော (၁၄) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးတို့ကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ လူတကာတို့ထက် ကြီးကဲမြင့်မြတ် အထက်တန်းရောက်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ နောက်ဆုံး ပစ္ဆိမ သိဒ္ဓတ္ထမင်းသား ဘဝမှာကဲ့သို့ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့ထက် ကြီးကဲမြင့်မြတ် အထက်တန်းရောက်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ အထက်တန်းပေါက် ရောက်စေတတ်သည့် တရားစကား ဟောကြားညွှန်ပြခဲ့ခြင်း ကောင်းမှုကုသိုလ်သည် (၁) ကမ္မမည်၏။ အထက်တန်းပေါက် ရောက်စေတတ်သော တရားစကား မပြောကြားသူတို့မှာ ထိုအကြောင်းကို လူအပေါင်း သိစေသားဟု ဖော်ပြသည့်ပမာ ဖမျက်နိမ့်ကျခြင်း မွေးညှင်းဖျားများ အောက်သို့စိုက်လျက်နေခြင်း ဖြစ်ကုန်၏။ အလောင်းတော် သူမြတ်မှာမူကား အထက်တန်းပေါက် ရောက်စေတတ်သော တရားစကားကို ဟောကြားခဲ့ကြောင်း

(ငေါ)

နတ်လူအပေါင်းတို့ သိစေသားဟု ဖော်ပြသည့်ပမာ ဖမျက်တော်မြင့်၍ မွေးညှင်းပျံခြင်း လက္ခဏာတော်နှစ်ပါး ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ သို့ရကား ထိုအကြောင်းကို သိစေတတ်သည့် ဖမျက်တော်၏ မြင့်စူးခြင်း မွေးညှင်းတော်ပျံခြင်း ဂုဏ်သတ္တိတို့သည် (၂) ကမ္မသရိက္ခကမည်ကုန်၏။ မြင့်စူးသော ဖမျက်တော် အထက်သို့ ကော့သော မွေးညှင်းတော်ဒြဗ်တို့သည် (၃) လက္ခဏ မည်ကုန်၏။ သတ္တဝါခပ်သိမ်းတို့ထက် ကြီးကဲမြင့်မြတ် အထက်တန်းရောက်ခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ကြောင်းကျိုးဖော်ပြ၊ မြတ်ဓမ္မကို၊ မိန့်ဟဟောကျူး၊ ပြုခဲ့ဘူး၍..၊ မြင့်စူးဖမျက်၊ ရွှေမျက်ခွက်ကို၊ မော့လျက်ဖူးဟန်၊ မွေးညှင်းပျံသည့်၊ နှစ်တန်ခြင်းရာ၊ လက္ခဏာဖြင့်..၊ သတ္တဝါအလုံး၊ လူတဖြုံးကို၊ လွှမ်းဖုံးပိုမောက်၊ အခေါင်ရောက်သဖြင့်၊ ပါမောက်တဆူ၊ ဖြစ်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ဧဏီမည်သောသား (တနည်း-စပါးဖုံး)ကဲ့သို့

လုံးဝန်းတင့်တယ်သော သလုံးတော်ရှိကြောင်း

     (၇) အလောင်းတော် သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က မိမိထံမှောက် နည်းခံရောက်ကြသည့် အန္တေဝါသိက တပည့်တို့ကို အမြန်သိနိုင်အောင် အမြန်ကျင့်ကြံနိုင်အောင် ကြာရှည်စွာ မပင်ပန်းရအောင် နှုတ်မှုပညာအမျိုးမျိုး လက်မှုပညာအမျိုးမျိုး ငါးပါးသီလ ဆယ်ပါးသီလ ပါတိမောက္ခသံဝရသီလ တည်းဟူသော အကျင့် (= စရဏ)မျိုး ကမ္မဿကတာ ပညာမျိုးတို့ကို ဆရာစားဟူ၍မချန် ရိုသေစွာ လျင်မြန်စွာပို့ချ ပြသတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းနှင့်တူသော (တနည်းအားဖြင့်- စပါးဖုံးနှင့်တူသော) လုံးလျားပြည့်ကြွယ် တင့်တယ်သည့် သလုံးတော်ရှိခြင်း တည်းဟူသော (၈) အမှတ်ပြ လက္ခဏာတော်ကြီးကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကို ရတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ သက်ရှိသက်မဲ့ဖြစ်သော မင်းသုံးမင်းဆောင်တို့ကို လျင်မြန်ပြည့်စုံစွာ ရတော်မူခြင်း ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ ရဟန်းအသုံးအဆောင်ပစ္စည်းတို့ကို လျင်မြန်ပြည့်စုံစွာ ရတော်မူခြင်း အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာ နှုတ်မှုပညာစသည်ကို တရိုတသေ လျင်မြန်စွာ တတ်မြောက်အောင် သင်ပြတော်မူခဲ့သော ကောင်းမှုသည် (၁) ကမ္မမည်၏။ ထိုကဲ့သို့ တပည့်တို့ကို ရိုသေလျင်မြန်စွာ အတတ်ပညာကို မသင်ပြပဲ အချိန်ဆွဲကာ

(ငေါ်)

မိမိရှေ့၌ ရိုသေစွာနေစေခြင်း, ထိုထိုကိစ္စတို့ကို စေပါးခြင်း စသည်ဖြင့် တပည့်တပန်းတို့ကို ပင်ပန်းစေသောသူတို့မှာ သလုံးသားများ ခြစ်၍ လှီး၍ ချထားသည့်ပမာ နောက်သို့စု၍ နေကုန်၏။ အလောင်းတော် သူမြတ်မှာမူကား တရိုတသေ လျင်လျင်မြန်မြန် ဆရာစားမချန် အပြည့်အစုံ သင်ပြခဲ့ကြောင်း နတ်လူ အပေါင်းတို့ သိစေသားဟု ဖော်ပြသည့်ပမာ အစဉ်သဖြင့် မြင့်တက်လုံးဝန်းသော သလုံးတော်လက္ခဏာ ဖြစ်ပေါ်လာ၏၊ သို့ရကား သလုံးတော်၏ အစဉ်သဖြင့် မြင့်တက်လုံးဝန်းခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ အစဉ်သဖြင့် မြင့်တက်လုံးဝန်းသော သလုံးတော်ဒြဗ်သည် (၃) လက္ခဏမည်၏။ လျောက်ပတ်သော အသုံးအဆောင်ကို လျင်မြန်ပြည့်စုံစွာ ရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။နှုတ်မှုပညာ၊ လက်ပညာကို၊ ကောင်းစွာပို့ချ၊ သင်ခဲ့ပြ၍..၊ တောဝမြိုင်ဖျား၊ ဧဏီသားသို့၊ စပါးဖုံးဟန်၊ လုံးလျားတင့်တယ်၊ သလုံးတော်ချယ်သဖြင့်..၊ သုံးဖွယ်သုံးရာ၊ အဖြာဖြာကို၊ မြန်စွာခဏ၊ ရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


သိမ်မွေ့သော အရေတော်ရှိကြောင်း

     (၈) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က ပညာရှိသော ရဟန်းပုဏ္ဏား သူမြတ်များထံသို့ ခစားဆည်းကပ်တော်မူကာ “အရှင်ဘုရား.. အဘယ်တရားသည် ကုသိုလ်မည်ပါသနည်း၊ အဘယ်တရားသည် အကုသိုလ်မည်ပါသနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်မရှိပါသနည်း၊ အဘယ်တရားကို မှီဝဲအပ်ပါသနည်း၊ အဘယ်တရားကို မမှီဝဲအပ်ပါသနည်း၊ အဘယ် တရားကို တပည့်တော် ပြုလုပ်အပ်သည်ရှိသော် ရှည်ကြာလေးမြင့် ဆင်းရဲဖို့ရန်ဖြစ်၍ အဘယ်တရားကို တပည့်တော် ပြုလုပ်အပ်သည်ရှိသော် ရှည်ကြာလေးမြင့် ချမ်းသာဖို့ရန် ဖြစ်ပါသနည်း”ဟု မေးမြန်းဆွေးနွေးမှု ပြုတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်သောအခါ နူးညံ့သော အရေတော်တည်းဟူသော လက္ခဏာတော်ကြီးကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ ပညာရှိကြီးတဆူ ဖြစ်တော်မူရာ၏၊ ကာမဘောဂီ လူအပေါင်းတို့တွင် အလောင်းတော်သူမြတ်နှင့် ပညာတူသူ အလောင်းတော်သူမြတ်ထက် ပညာသာသူ တလူမျှ မရှိချေ။ နောက်ဆုံး ပစ္ဆိမ သိဒ္ဓတ္ထမင်းသား ဘဝမှာကဲ့သို့ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ ကြီးမြတ်သောပညာ ရှိတော်မူ၏၊ အထူးထူးသော ခန္ဓာ အာယတန

(ငံ)

ဓာတ် စသည်တို့ကိုသိသော ပုထုပညာ, ပီတိသောမနဿနှင့်တကွ ဖြစ်သော ဟာသပညာ, လျင်မြန်စွာသိသော ဇဝနပညာ, ကိလေသာတို့ကို လျင်မြန်စွာ ပယ်ဖြတ်တတ်သော တိက္ခပညာ, ဖောက်ခွဲနိုင်ခဲသော လောဘ ဒေါသ မောဟအထုကို ဖောက်ခွဲထိုးထွင်း သိမြင်သော နိဗ္ဗေဓိကပညာနှင့် ပြည့်စုံတော်မူ၏။ သတ္တဝါခပ်သိမ်းတို့ထက် လွန်ကဲ ထူးမြတ်သော ဉာဏ်ပညာရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

(အရကျက်ရန်)။ ။ရဟန်းပုဏ္ဏား၊ သူမြတ်များသို့၊ ခစားဆည်းကပ်၊ သို့ပြုအပ်မည်၊ မအပ်မည်ကို၊ စိတ်ကြည်ညွတ်နူး၊ မေးခဲ့ဘူး၍..၊ နူးညံ့အရေ၊ ပိန်းကြာရွှေတွင်၊ ရေမတင်သို့၊ မြူလျှင်ကင်းဝေး၊ ညစ်ကြေးမလိမ်း..၊ ခပ်သိမ်းသတ္တဝါ၊ လောကဓာဝယ်၊ ပညာသာသူ၊ တူသူကင်းပြီး၊ ပညာရှိကြီးတဆူ ဖြစ်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ရွှေရောင်မယွင်း ဝါဝင်းသော အဆင်းရှိကြောင်း

     (၉) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က အမျက်ဒေါသ နည်းပါးတော်မူခဲ့၏၊ ထွက်သောအမျက်ကိုလည်း လျင်မြန်စွာ ပယ်ဖျောက်ထိန်းသိမ်း ငြိမ်းစေတော်မူခဲ့၏။ စိတ်ပူပန် ပင်ပန်းခြင်း ဥပါယာသတရား နည်းပါးတော်မူခဲ့၏၊ သူတပါးတို့က အမျက်ထွက်ဖွယ်ရာ များစွာပြောဆိုသော်လည်း ဒေါသ၏အစွမ်းဖြင့် စိတ်၏ငြိစွန်းခြင်း အမျက်ထွက်ခြင်း ဖောက်ပြန်ခြင်း အကြိတ်အခဲတည်ခြင်း အလျှင်းမရှိ။ ဤတွင်မျှမကသေး နူးညံ့သိမ်မွေ့လှစွာသော အခင်းအရုံ အဝတ်အထည်တို့ကိုလည်း ပေးလှူတော်မူခဲ့၏။ ထိုကောင်း မှု ကုသိုလ်ကံတို့ကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ သိင်္ဂီနိက် ရွှေစင်အဆင်းကဲ့သို့ ဝါဝင်းသော အရေအဆင်းရှိခြင်း တည်းဟူသော (၁၁) အမှတ်ပြ လက္ခဏာတော်ကြီးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍၎င်း သိမ်မွေ့နူးညံ့သော အဝတ်အရုံ အခြုံအခင်းတို့ကို ရလွယ်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာက အမျက်မထွက်ခဲ့ခြင်း, နူးညံ့သော အဝတ်အရုံ အခြုံအခင်းတို့ကို လှူဒါန်းခဲ့ခြင်းသည် (၁) ကမ္မမည်၏။ အမျက်ထွက်သောသူ၏ အရေအဆင်းသည် နောက်ကျု၏၊ ထိုသူ၏မျက်နှာသည် အကြည့်ရခက်အောင် အရုပ်ဆိုးလျက်ရှိ၏၊ လောက၌ အဝတ်ဝတ်ခြင်းနှင့်တူသော

(ငါး)

တန်ဆာဆင်ခြင်းမည်သည်မရှိ၊ ထို့ကြောင့် အမျက်ထွက်ခဲ့သောသူ အဝတ်အရုံ အခြုံအခင်း မလှူဒါန်းခဲ့သော သူများမှာ အမျက်ထွက်ခဲ့ခြင်း အစရှိသည့် ထိုသူ၏ ရှေးမကောင်းမှုကို လူအများ သိစေသားဟု ဖော်ပြသည့်ပမာ အဆင်းသဏ္ဌာန် မလှပဲ ရှိကြကုန်၏။ အမျက်မထွက်သောသူ၏ မျက်နှာသည် တင့်တယ်၏၊ အရေအဆင်းသည် ကြည်လင်၏။ မှန်၏.. သတ္တဝါတို့သည်-

၁။ ရှေးဘဝများက အစာအာဟာရကို လှူခဲ့ခြင်း၊

၂။ ရှေးဘဝများက အဝတ်အရုံကို လှူခဲ့ခြင်း၊

၃။ ရှေးဘဝများက တံမြက်လှည်းကျင်း သုတ်သင်ခဲ့ခြင်း၊

၄။ အမျက်မထွက်ခဲ့ခြင်း-

ဤအကြောင်း လေးပါးတို့ကြောင့် ရုပ်ရည်အဆင်း ကြည်ညိုဖွယ်ရှိခြင်း တည်းဟူသော အကျိုးကို ရကုန်၏၊ ဤအကြောင်း လေးမျိုးလုံးကိုပင် အလောင်းတော်သူမြတ်သည် ဘဝများစွာက ပြုခဲ့ဘူးသည်သာ ဖြစ်ကုန်၏။ ထို့ကြောင့် အလောင်းတော်သူမြတ်မှာ ထိုကောင်းမှုလေးပါးတို့ကို ပြုခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသားဟု ထင်ရှားဖော်ပြ ပြောဆိုသည့်ပမာ သိင်္ဂီနိက်ရွှေစင်အဆင်း ဝါဝင်းသော ကိုယ်ရေအဆင်း တည်းဟူသော (၁၁) အမှတ်ပြ မဟာပုရိသလ က္ခဏာတော်ကြီး ထင်ရှားဖြစ်ပေါ်လာ၏။ သို့ရကား ထိုကောင်းမှုလေးပါးကို ပြုခဲ့ကြောင်း ကောင်းစွာသိစေတတ်သည့် ကိုယ်ရေအဆင်း၏ သိင်္ဂီနိက်ရွှေစင် အဆင်း ဝါဝင်းတင့်တယ်တော်မူခြင်းသည် (၂) ကမ္မသရိက္ခက မည်၏။ သိင်္ဂီနိက်ရွှေစင်အဆင်း ဝါဝင်းသော ကိုယ်သားကိုယ်ရေတော်ဒြဗ်သည် (၃) လက္ခဏမည်၏။ နူးညံ့သိမ်မွေ့သော အဝတ်အရုံ အခြုံအခင်းတို့ကို ရတော်မူခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ချိုးဖဲ့နှိပ်စက်၊ ဆိုတုံလျက်လည်း၊ အမျက်မလို၊ စိတ်မတိုခဲ့၊ ကြည်ညိုချမ်းမြေ့၊ ချောမွေ့နုမွတ်၊ အဝတ်အရုံ၊ အခြုံအခင်း၊ လှူခဲ့ခြင်းကြောင့်..၊ အဆင်းအရေ၊ ဇမ္ဗူရွှေသို့၊ လျှံဝေဝင်းဝါ၊ လက္ခဏာဖြင့်..၊ ဖဲဝါကတ္တီ၊ သိုးမွေးထည်နှင့်၊ ပိုးထည်နုပျောင်း၊ ထည်လိပ်ကောင်းကို၊ လူပေါင်းဗြဟ္မာ၊ နတ်ဒေဝါတို့၊ များစွာကပ်လှူ၊ မပြတ်ရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


အအိမ်ဖြင့်ဖုံးလွှမ်းအပ်သည် ယောက်ျားနိမိတ် ရှိတော်မူကြောင်း

     (၁၁) အလောင်းတော် သူမြတ်သည် ရှေးဘဝများစွာတို့က ကြာမြင့်စွာ ကွဲကွာကွေကွင်း နေကြကုန်သော အမျိုးအဆွေ မိတ်ခင်ပွန်းတို့ကို အညီအညွတ်ဖြစ်အောင် ရွက်ဆောင် စေ့စပ်ပေးတော်မူခဲ့၏၊ အမိနှင့်သား စိတ်ဝမ်းကွဲပြားနေလျှင်၎င်း,

(စ)

အဖနှင့်သား စိတ်ဝမ်းကွဲပြားနေလျှင်၎င်း, ညီအစ်ကိုချင်း မောင်နှမချင်း ညီအစ်မချင်း စိတ်ဝမ်းကွဲပြားနေလျှင်၎င်း အညီအညွတ်ဖြစ်အောင် ရွက်ဆောင်ပေးတော်မူခဲ့၏၊ ထိုသို့ ရွက်ဆောင်ပေးသဖြင့် မိတ်ခင်ပွန်းချင်း သားနှင့်အမိ သားနှင့်အဖ ညီနှင့်အစ်ကို မောင်နှင့်နှမ ညီအစ်မတို့ ညီညွတ်၍ နေကြသည်ကိုလည်း အလွန်ဝမ်းမြောက်တော်မူ၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ဆဒ္ဒန်ဆင်မင်းပမာ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားမြတ်နိမိတ် ရှိတော်မူခြင်း တည်းဟူသော (၁၀) အမှတ်ပြ မဟာပုရိသ လက္ခဏာတော်ကြီးကို ရတော်မူ၏။ အလောင်းတော် သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ ရန်သူစစ်သည်တဖက်ကို ညက်ညက်ချေမှုန်းနိုင်သည့် သူရသတ္တိပြည့်ဝသော အထောင်မကသော သားကောင်းတို့ကို ရရှိခြင်းတည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ ကိလေသာရန်သူ စစ်သည်တဖက်ကို ညက်ညက်ချေမှုန်းနိုင်သည့် သူရသတ္တိပြည့်ဝသော အထောင်မက (ထောင်ပေါင်းများစွာ) အရိယာသာဝက သားတော်တို့ကို ရရှိတော်မူခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာ ဆွေမျိုးများကို ညီညွတ်အောင် ပြုခဲ့ခြင်းကောင်းမှုသည် (၁) ကမ္မမည်၏။ “ဆွေမျိုးများသည် တဦးနှင့်တဦး ညီညွတ်နေကြလျှင် တယောက်သည် တယောက်၏အပြစ်ကို ဖုံးလွှမ်းကြကုန်၏၊ ထိုဆွေမျိုးများသည် ခိုက်ရန်ငြင်းခုံမှု ပြုသောအခါ ပြုကြပါသော်လည်း တယောက်ယောက်၏ အပြစ်ဒေါသ ဖြစ်ပေါ်လာလျှင် သူတပါးကို မသိစေလိုကြကုန်၊ “ဤကား ထိုသူ၏ အပြစ်တည်း”ဟု ပြောဆိုလျှင် အားလုံးထကြ၍ “ဘယ်သူ မြင်သနည်း၊ ဘယ်သူ ကြားသနည်း၊ ငါတို့ဆွေမျိုးထဲမှာ ဤအပြစ်မျိုး ပြုလုပ်တတ်သူ တလူမရှိ” ဤသို့ စသည်ဖြင့် အပြစ်ကို ဖုံးလွှမ်းကြကုန်၏။ အလောင်းတော်သူမြတ်သည်လည်း ရှေးရှေးဘဝများစွာတို့က ဆွေမျိုးအချင်းချင်း စိတ်ဝမ်းကွဲနေသည်ကို ညီညွတ်အောင် စေ့စပ်ပေးခြင်းဖြင့် ဤအပြစ်ကိုဖုံးလွှမ်းမှုကို ပြုအပ်သည် မည်ပေ၏၊ ထို့ကြောင့် အလောင်းတော်သူမြတ်မှာ ဆွေမျိုးအချင်းချင်း အပြစ်ကို ဖုံးလွှမ်းနိုင်အောင် စိတ်ဝမ်းကွဲသည်ကို ညီညွတ်အောင် စေ့စပ်မှုပြုတော်မူခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသားဟု ထင်ရှား ဖော်ပြသည့်ပမာ အပြစ်နှင့်တူသော ယောက်ျားနိမိတ်တော်မှာ အအိမ်ဖြင့် ဖုံးလွှမ်းလျက် ဖြစ်ပေါ်လာ၏၊ သို့ရကား ဆွေမျိုးအချင်းချင်း အပြစ်ကိုဖုံးကာ ချမ်းသာစွာ နေနိုင်ကြအောင် ညီညွတ်အောင် စေ့စပ်ဆောင်ရွက်ခဲ့မှု ရှေးကံအကြောင်းကို သိစေတတ်သည့် ယောက်ျားနိမိတ် တော်မှာ အအိမ်ဖြင့်ဖုံးလွှမ်းခြင်းသည် (၂) ကမ္မသရိက္ခက မည်၏။

(စာ)

အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ်ဒြဗ်သည် (၃) လက္ခဏမည်၏။ ထောင်ပေါင်းများစွာ အရိယာသာဝက သားတော်တို့ကို ရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။မိသားအဖ၊ မောင်နှမဟု၊ သဟာယချင်း၊ ကွေကွင်းခဲ့ရာ၊ တွေ့အောင်ရှာ၍၊ ကောင်းစွာထက်ကြပ်၊ ပေါင်းစပ်ခဲ့ဘူး၊ ကောင်းမှုထူးကြောင့်..၊ ဆင်မှူးဆဒ္ဒန်၊ ပုံသဏ္ဌာန်သို့၊ နေဟန်တင့်ဆုံး၊ အိမ်ဖုံးစေ့စပ်၊ သပ်ယပ်ထင်ရှား၊ ယောက်ျားနိမိတ်၊ တံဆိပ်ပြီစွာ၊ လက္ခဏာဖြင့်..၊ များစွာစုပေါင်း၊ ထောင်သောင်းမက၊ သားကောင်းရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


အလံအရပ် ညီမျှ၍ ရပ်တော်မူလျက် မညွတ်ပဲ

ဒူးဝန်းတော်ကို သုံးသပ်တော်မူနိုင်ကြောင်း

     (၁၁) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က မိမိ၏ အခြွေအရံ လူအပေါင်းကို သင်္ဂြိုဟ်ချီးမြှောက်ခြင်းအမှု ပြုတော်မူသည်ရှိသော် ပညာရှိသူ မရှိသူ ဂုဏ်ကျေးဇူးရှိသူ မရှိသူတို့ကို ကိုယ်တိုင်သိအောင် စုံစမ်း၍ အမှန်အတိုင်း ပုဂ္ဂိုလ်၏အရည်အချင်းကို သိရှိတော်မူပြီးကာ “ဤသူကား ဤမျှ ပူဇော်သက္ကာရကို ခံထိုက်၏၊ ဤသူကား ဤမျှ ပူဇော်သက္ကာရကို ခံထိုက်၏”ဟု အရည်အချင်းအလိုက် သင်္ဂြိုဟ် ချီးမြှောက်တော်မူခဲ့၏။ တကျပ်တန်သူအား ကျပ်ဝက် (ငါးမူး = ပြားငါးဆယ်)ကိုပေးလျှင် ထိုပေးသူသည် အပေးခံရသူ၏ ကျပ်ဝက်ကို ဖျက်ဆီးသည်မည်၏။ တကျပ်တန်သူအား နှစ်ကျပ်ပေးလျှင်လည်း ထိုပေးသောသူသည် မိမိပိုင်တကျပ်ကို ဖျက်ဆီးပစ်သည်မည်၏၊ ထို့ ကြောင့် ဤနှစ်မျိုးလုံးကိုပင် ပြုတော်မမူပဲ (တိုး၍ လျှော့၍ မချီးမြှောက်ပဲ) တကျပ်တန်သူအား တကျပ် ချီးမြှောက်တော်မူ၏။ နှစ်ကျပ်တန်သူအား နှစ်ကျပ် ချီးမြှောက်တော်မူခဲ့၏၊ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင်အဝန်းကဲ့သို့ ဝန်းသော (လုံးချောသပ္ပါယ်သော) ကိုယ်တော်ရှိခြင်း” တည်းဟူသော (၁၉) အမှတ်ပြ လက္ခဏာတော်ကြီး၊ “ရပ်တော်မူလျက်ပင် ကိုယ်တော်ကို မကိုင်းညွတ်ပဲ လက်ဖဝါးတော်နှစ်ဖက်ဖြင့် ပုဆစ်ဒူးဝန်းတော်နှစ်ဖက်ကို သုံးသပ် ထိတွေ့နိုင်ခြင်း” တည်းဟူသော (၉) အမှတ်ပြ လက္ခဏာတော်ကြီးတို့ကို ရတော်မူပေ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ စည်းစိမ်ဥစ္စာ ရတနာရွှေငွေ အသုံးအဆောင် ဘဏ္ဍာကျီကြ ပေါများခြင်း

(စိ)

တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ ရှင်ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ ဩတ္တပ္ပ တည်းဟူသော သူတော်ကောင်းဥစ္စာတို့ လွန်စွာပေါများခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ပုဂ္ဂိုလ်၏အရည်အချင်းနှင့် ညီညွတ်လိုက်လျောအောင် ချီးမြှောက်ပေးကမ်းခဲ့ခြင်းသည် (၁) ကမ္မမည်၏။ ထိုကံနှင့် အလားတူစွာ ဤယခု လူ့ဘဝ၌ အလံနှင့်အရပ် ညီညွတ်လိုက်လျောခြင်း, ကိုယ်တော်အထက်ပိုင်း အောက်ပိုင်း ညီညွတ် လိုက်လျောခြင်းသည် (၂) ကမ္မသရိက္ခက မည်၏။ ပညောင်ပင်ဝန်းကဲ့သို့ ဝန်းသော ကိုယ်ဒြဗ်တော်, အပေါက်အဆက်ညီမျှသော အထက်အောက် ကိုယ်ဒြဗ်တော်သည် (၃) လက္ခဏ မည်၏။ သူတော်ဥစ္စာ ခုနစ်ဖြာတို့ ပေါများခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ပုဂ္ဂိုလ်ယုတ်မြတ်၊ ရွေးချယ်လတ်၍၊ လျောက်ပတ်သင့်လျော်၊ ပူဇော်ခဲ့ဟန်၊ ကောင်းမှုကံကြောင့်..၊ အလံအရပ်၊ ညီလတ်ရွှန်းရွှန်း၊ ပညောင်ဝန်းသို့၊ ဝန်းသောကိုယ်တော်၊ ရပ်သော်စူးစူး၊ မညွတ်ဦးပဲ၊ ရွှေဒူးဝန်းပေါ်၊ လက်ဝါးတော်ဖြင့်၊ သုံးသော်မှီလောက်၊ ကိုယ်ထက်အောက်လည်း၊ အပေါက်အဆက်၊ ညီလျက်အမျှ၊ ကုန်းမကွတည့်၊ ပုဏ္ဏကာယာ၊ လက္ခဏာဖြင့်..၊ သဒ္ဓါ သီလ၊ သုတ စာဂါ၊ ပညာ ဟိရီ၊ ဩတ္တပ္ပီဟု၊ ခုနစ်လီဥစ္စာ၊ ရတနာသာရ၊ မြတ်ဓနဖြင့်၊ ကြွယ်ဝချမ်းသာတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ကိုယ်တော်ပြည့်ဖြိုး၍ ရေစီးကြောင်းမထင် ကျောပြင်ရှိခြင်းနှင့်

လည်တိုင်ဖြိုးတော်မူကြောင်း

     (၁၂) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က လူအပေါင်း၏ အကျိုးစီးပွါးကို အလိုရှိတော်မူခဲ့၏။ ချမ်းသာခြင်း ယောဂလေးခင်းမှ ဘေးကင်းခြင်းကို အလိုရှိတော်မူခဲ့၏။ ဤသူတို့သည် ဘယ်သို့သောနည်းနှင့် (ဘယ်လိုနည်းနှင့်) သဒ္ဓါတရားဖြင့် ကြီးပွါးကြပါကုန်မည်နည်း၊ ငါးပါးသီလ ဆယ်ပါးသီလဖြင့် ကြီးပွါးကြပါကုန်မည်နည်း၊ ဘယ်လိုများ ပညာရှိ သူတော်ကောင်းတို့၏ စကားကို လိုက်နာခြင်း သုတဖြင့်၎င်း, စွန့်ကြဲပေးလှူခြင်း စာဂဖြင့်၎င်း, မှန်ကန်သော တရားဖြင့်၎င်း, ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို သိသော ကမ္မဿကတာ ဉာဏ်ပညာဖြင့်၎င်း ကြီးပွါးကြပါကုန်မည်နည်း။ ဘယ်လိုများ ဥစ္စာစပါးဖြင့် လယ်ယာမြေဝတ္ထုဖြင့် အခြေနှစ်ချောင်း အခြေလေးချောင်းရှိ သတ္တဝါတို့ဖြင့် သား မယား ကျွန် အမှုလုပ် ဆွေမျိုးမိတ်သင်္ဂဟတို့ဖြင့်

(စီ)

ပွါးတိုး ကြီးမြင့်ကြပါကုန်မည်နည်းဟု အကျိုးစီးပွါးတို့ကို အလိုရှိတော်မူခဲ့၏။ အကျိုးများရန် ကြံစည်စဉ်းစား ပွါးများတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ အောင်မောင်းပြည့်ဝသည့် ကိုယ်တော်ရှိခြင်း” တည်းဟူသော (၁၇) အမှတ်ပြ လက္ခဏာတော်ကြီး၊ “ရွှေပျဉ်ချပ်ပမာ ခါးတော်မှစ၍ အထက် လည်ကုပ်တိုင်အောင် ရေစီးကြောင်း (အကြား)မထင် ပြည့်ဖြိုးစင်သည့် ကျောက်ကုန်းတော်ရှိခြင်း” တည်းဟူသော (၁၈) အမှတ်ပြ လက္ခဏာတော်ကြီး၊ “ညီလည်း ညီညွတ် လုံးလည်း လုံးဝန်းသည့် လည်တိုင်တော်ရှိခြင်း” တည်းဟူသော (၂၀) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး သုံးပါးတို့ကို ရတော်မူပေ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးသုံးပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ မင်း၏အသုံးအဆောင် ခပ်သိမ်းသော စည်းစိမ်တို့မှ မယုတ်လျော့ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ ရှင်ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ သဒ္ဓါ သီလ သုတ စာဂ ပညာ အစရှိသော လောကီ လောကုတ္တရာ ဂုဏ်ကျေးဇူးတို့မှ မယုတ်လျော့ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ လူများအပေါင်း၏ အကျိုးစီးပွါးကို လိုလားတော်မူခြင်းသည် (၁) ကမ္မမည်၏။ ထိုကဲ့သို့ သူတပါးတို့ အကျိုးစီးပွါး ကြီးထွားတိုးတက်ရန် လိုလားတော်မူခဲ့ကြောင်း ကောင်းစွာဖော်ပြသည့်ပမာ ကိုယ်တော် ကျောက်ကုန်းတော် လည်တိုင်တော်တို့ ပြည့်ဖြိုးလုံးဝန်းခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ ပြည့်ဖြိုးလုံးဝန်းသော ကိုယ်တော် ကျောက်ကုန်းတော် လည်တိုင်တော်သည် (၃) လက္ခဏ မည်၏။ ဥစ္စာစီးပွါးစသည် သဒ္ဓါတရား စသည်တို့ဖြင့် မယုတ်လျော့ခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။သူတပါးကို၊ ကောင်းစေလို၍၊ ကုသိုလ်ပညာ၊ ဥစ္စာဓန၊ သဟာယများ၊ ဘယ်သို့ပွါးအံ့၊ သူ့အားတောင့်တ၊ ကြောင့်ကြခဲ့ဟန်၊ ကောင်းမှုကံကြောင့်..၊ မြိုင်ယံပျော်မွေ့၊ ရွှေခြင်္သေ့၏၊ ရှေ့ထက်ဝက်ကိုယ်၊ ပမာလိုလျှင်၊ ကိုယ်တော်အောင်မောင်း၊ ရေစီးကြောင်းမထင်၊ ရွှေကျောပြင်နှင့်၊ စည်သွင်မုရိုး၊ ပြည့်ဖြိုးလုံးခြင်း၊ လည်ပင်းသပ္ပါယ်၊ ဤသုံးသွယ်ဖြင့်..၊ ဤဝယ်လောကီ၊ ဤသည်လောကုတ်၊ ဂုဏ်ပေါင်းထုတ်သော်၊ ယုတ်လျော့ခြင်းရာ၊ မထင်ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(စု)

အရသာကြော(၇၀၀၀)တို့ အဖျားထောင်၍ လည်၌ စွပ်လျက်ရှိကြောင်း

     (၁၃) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က သတ္တဝါတို့ကို လက်ဖြင့်သော်၎င်း, ခဲဖြင့်သော်၎င်း, တုတ်လှန်ကန်ဖြင့်သော်၎င်း, ဓားစသော လက်နက်ဖြင့်၎င်း ညှဉ်းပန်းနှိပ်စက်မှု ပြုတော်မမူခဲ့ချေ။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်သောအခါ “နှမ်းလုံးခန့်မျှ နည်းငယ်လှသော အရသာကိုသော်လည်း တကိုယ်တော်လုံး ပျံ့နှံ့အောင် ဆောင်နိုင်သည့် ခုနစ်ထောင်သော အရသာကြောတို့ အဖျားချင်းအပ် လည်မှာစွပ်လျက် ရှိခြင်း” တည်းဟူသော (၂၁) အမှတ်ပြု လက္ခဏာတော်ကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရှင်ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်၍၎င်း အနာရောဂါနည်းပါးခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ သတ္တဝါတို့ကို မညှဉ်းဆဲခဲ့ခြင်း ကောင်းမှုကုသိုလ်သည် (၁) ကမ္မမည်၏။ လက်စသည်ဖြင့် အရိုက်အပုတ် ခံရသောသူအား ထိုထိုအရိုက်အပုတ် ခံရသောအရပ်၌ သွေးစုခြင်း သွေးကြည်ဥခြင်းက အစပြု၍ အတွင်းမှာပင် ပြည်တည်ကာ ပေါက်ကွဲသဖြင့် ရောဂါအနာ များလှစွာ၏။ အလောင်းတော်သူမြတ်ကား ဘဝများစွာက သတ္တဝါတို့ကို မညှဉ်းဆဲခြင်း တည်းဟူသော အနာရောဂါကင်းကြောင်း ကောင်းမှုကုသိုလ်ကို ပြုခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသားဟု ထင်ရှားဖော်ပြသည့်ပမာ အရသာကြောများ အဖျား ထောင်လျက် လည်မှာစွပ်လျက် ရှိခြင်းတည်းဟူသော လက္ခဏာတော်ကို ရတော်မူ၏။ သို့ရကား အရသာကြောများ သူတပါးနှင့်မတူ ထိုကဲ့သို့ တည်နေဖြစ်ပွါးခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ အဖျားထောင်၍ လည်မှာစွပ်လျက်ရှိသော အရသာကြောများသည် (၃) လက္ခဏ မည်၏။ အနာရောဂါ ကင်းခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

     ဤ၌ အလောင်းတော်သူမြတ်၏ အရသာကြာတို့ကလည်း နှမ်းလုံးခန့်မျှသော ရသဓာတ်ကိုပင်သော်လည်း တကိုယ်လုံး ပျံ့နှံ့အောင် ပို့ဆောင်ကြကုန်သည်၊ ဝမ်းမီးကလည်း မနုံ့လွန်း မထက်လွန်း အလယ်အလတ်ဖြစ်၍ စားသမျှ အစာအာဟာရကို လှလှကြီးကြေအောင် ချေချက်ပေးသည်။ ထို့ကြောင့် သူတပါးတို့ထက် အနာရောဂါ ကင်းရှင်းတော်မူခြင်းဖြစ်သည်။

(အရကျက်ရန်)။ ။သတ္တဝါခပင်း၊ မညှဉ်းဆဲရှောင်၊ ကုသိုလ်ဆောင်၍..၊ ခုနစ်ထောင်သော၊ ရသာကြောများ၊ အဖျားချင်းအပ်၊ လည်မှာစွပ်၍၊ မီးဓာတ်ဂဟဏီ၊ ဇီရဏီလည်း၊ အညီချက်ချေ၊

(စူ)

အစာကြေသဖြင့်..၊ ထွေထွေရောဂါ၊ ကင်းရှင်းကွာသည်၊ ကျန်းမာတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


မျက်လုံးတော် အလွန်ညို၍

မျက်တောင်မွေးတော် အလွန်နုကြောင်း

     (၁၄) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က သတ္တဝါတို့အပေါ်မှာ အမျက်ထွက်ကာ ပုဇွန်မျက်လုံးပမာ မျက်လုံးတော်ကို ပြူး၍လည်း ကြည့်တော်မမူခဲ့၊ အမျက်ထွက်ကာ မျက်စောင်းထိုး၍လည်း ကြည့်တော်မမူခဲ့။ အမျက်ထွက်ကာ ထိုသူကကြည့်သောအခါ မိမိက မျက်စိကိုမှိတ်ထား၍ ထိုသူက မျက်နှာလွှဲမှ စိတ်ဆိုးသော ကြည့်ခြင်းဖြင့်လည်း ကြည့်တော်မမူခဲ့ပဲ သူတပါးတို့ကို ချစ်ကြည်သောစိတ် ပျံ့ပျူးသော စိတ်ရှိ၍ ဖြောင့်ဖြောင့်ပြန့်ပြန့် ချစ်မြတ်နိုးစွာသာ ကြည့်တော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “အလွန်ညိုကြည်သည့် မျက်လုံးတော်ရှိခြင်း” တည်းဟူသော (၂၉) အမှတ်ပြ လက္ခဏာတော်ကြီးနှင့် “ဖွားသစ်စ နွားနီငယ်၏ မျက်တောင်မွေးကဲ့သို့ အလွန်နူးညံ့နုပျိုသည့် မျက်တောင်မွှေးတော်ရှိခြင်း” တည်းဟူသော (၃၀) အမှတ် လက္ခဏာတော်ကြီးတို့ကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှစ်ပါးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း ဆိုင်ရာ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ချစ်ချစ်ခင်ခင် ကြည်ကြည်ညိုညို ကြည့်ရှုဖူးမြော်ကြခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာက သတ္တဝါတို့အား ချစ်ခင်သော မျက်စိဖြင့် ကြည့်တော်မူခဲ့ခြင်းသည် (၁) ကမ္မမည်၏။ အမျက်ထွက်၍ မျက်စောင်းထိုးကြည့်သူ မျက်မှောင်ကုပ်၍ ကြည့်သူတို့မှာ ထိုအမူအရာအတိုင်း မျက်စိဖြစ်၍ နေတတ်၏။ ချစ်ခင်ကြည်ညိုသောစိတ်ဖြင့် ကြည့်သောသူ၏ မျက်စိကား ငါးပါးသောအဆင်းဖြင့် ကြည်လင်လှပ၏၊ အလောင်းတော် သူမြတ်မှာလည်း ဖော်ပြရာပါ မျက်လုံးတော် မျက်တောင်မွေးတော်တို့က ရှေးဘဝများစွာဝယ် သတ္တဝါတို့ကို ချစ်ခင်ကြည်ညိုသော မျက်စိဖြင့်သာ ဖြောင့်ဖြောင့်ကြည်ကြည် ကြည့်တော်မူခဲ့သည်၏အဖြစ်ကို ထင်စွာဖော်ပြသည့်ပမာ ငါးပါးသော အဆင်းတို့ဖြင့် ညိုကြည်ခြင်း မျက်တောင်မွေးတော် နူးနူးညံ့ညံ့ ကော့ရရော့ရှိခြင်း ဂုဏ်သတ္တိနှင့် ပြည့်စုံစွာ မျက်လုံးတော် မျက်တောင်မွေးတော်တို့ ဖြစ်ပေါ်လာ၏၊ ထိုဂုဏ်သတ္တိနှစ်မျိုးသည် (၂) ကမ္မသရိက္ခက မည်၏။ အလွန်ညိုကြည်သည့် မျက်လုံးတော် အလွန်နူးညံ့နုပျိုသည့် မျက်တောင်မွေးတော် ဤနှစ်ပါးတို့သည် (၃) လက္ခဏ မည်၏။

(စေ)

သတ္တဝါတို့၏ ချစ်ခင်ကြည်ညိုစွာ အဖူးအမြော်ခံရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။မျက်စောင်းမထိုး၊ မကျိုးမျက်မှောင့်၊ ဖြောင့်ဖြောင့်ချစ်ကြည်၊ ကြည့်ခဲ့သည်ကြောင့်..၊ ညိုကြည်မျက်လုံး၊ အံ့မဆုံးအောင်၊ ရွှေမျက်တောင်မွေး၊ သွယ်သေးနုစွာ၊ လက္ခဏာဖြင့်..၊ ပိယာသိဒ္ဓိ၊ နတ်ဆေးရှိသို့၊ တြိဘုံခန်း၊ ရဟန်းလူများ၊ သိကြားဗြဟ္မာ၊ နတ်သူရာဟု၊ သတ္တဝါထိုထို၊ ကြည်ညိုလေးမြတ်၊ ချစ်ခင်အပ်ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


သင်းကျစ်တော်အသားလွှာပါရှိကြောင်း

     (၁၅) အလောင်းတော် သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက် လှူဒါန်းပေးကမ်းမှု သီလဆောက်တည်မှု ဥပုသ်ကျင့်သုံးမှု အမိအဖကို ပြုစုလုပ်ကျေးမှုစသော ကုသိုလ်ကောင်းမှု အစုစုတို့၌ ရှေ့သွားဦးစီး အမှူးအကြီးပြုကာ စီမံရွက်ဆောင်တော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “နဖူးတော်ဝယ် ပကတိ ပင်ကိုယ်အားဖြင့်ပင် သင်းကျစ်ရွှေပြား တပ်စီ၍ထားသကဲ့သို့ သင်းကျစ်တော်အသားလွှာ ပါရှိခြင်း” တည်းဟူသော (၃၂) အမှတ်ပြ လက္ခဏာတော် ကြီးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍၎င်း သတ္တဝါထိုထို များလူဗိုလ်တို့ ကိုယ်တော်၏ နောက်လိုက်ဖြစ်ရခြင်း ကိုယ်တော်မြတ်က ရှေ့သွားခေါင်းဆောင် ဖြစ်ရခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ကုသိုလ်မှုတို့၌ ရှေ့သွားခေါင်းခံ စီမံအားထုတ်ခြင်း ကောင်းမှုသည် (၁) ကမ္မမည်၏။ အကြင်သူသည် ရှေ့သွားခေါင်းခံပြု၍ ဒါနစသော ကုသိုလ်မှုတို့ကို စီမံဆောင်ရွက်၏။ ထိုသူသည် ပရိသတ်ပွဲလယ်၌ မျက်နှာမသာမယာမရှိရပဲ ဦးခေါင်းကို ရဲရဲထောင်ကာ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့နှင့် ပြည့်စုံသော ဦးခေါင်းရှိ၍ လှည့်လည်ကျက်စား သွားလာရ၏၊ ပရိသတ်နောက်လိုက် အခြံအရံလည်း များလှစွာ၏၊ အလောင်းတော် သူမြတ်သည်လည်း ရှေးရှေးဘဝ များစွာတို့က ကုသိုလ်မှုတို့၌ ရှေ့သွားခေါင်းခံ စီမံအားထုတ်တော်မူခဲ့၏။ ထိုအကြောင်းကို နတ်လူအပေါင်းတို့ သိသာစေရန် နဖူးတော်ဝယ် သင်းကျစ်တော် အသားလွှာ ပကတိပါရှိလာ၏၊ (တနည်း ပြည့်ဖြိုးလုံးဝန်းသော ဦးခေါင်းတော် ဖြစ်ပေါ်လာ၏။) သို့ရကား သင်းကျစ်တော်အသားလွှာ

(စဲ)

(တနည်း ပြည့်ဖြိုးသော ဦးခေါင်းတော်)၏ ထိုရှေးကံအကြောင်းကို သိစေတတ်သော အစွမ်းသတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ သင်းကျစ်တော်အသားလွှာဒြဗ် (တနည်း- ပြည့်ဖြိုးလုံးဝန်းသော ဦးခေါင်းတော်ဒြဗ်)သည် (၃) လက္ခဏ မည်၏။ သတ္တဝါထိုထို များလူဗိုလ်တို့ ကိုယ်တော်နောက်၌ စိုက်စိုက်မကွာ လိုက်ပါရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ကုသိုလ်တရား၊ ဟူသည်များ၌၊ ရှေ့သွားအမှူး၊ ဦးစီးခေါင်းခံ၊ ဆော်စီမံဘူး၊ ကောင်းမှုထူးကြောင့်၊ နဖူးတော်ဝယ်၊ ရွှေပြားချယ်သို့၊ တင့်တယ်လှစ်လှစ်၊ အသားစစ်မှ၊ သင်းကျစ်တော်လွှာ၊ လက္ခဏာဖြင့်..၊ သတ္တဝါထိုထို၊ များလူဗိုလ်တို့၊ ကိုယ်တော်နောက်၌၊ စိုက်စိုက်မကွာ၊ လိုက်ရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


မွေးတွင်းတော် တခုတခု၌ မွေးညှင်းတော် တပင်စီနှင့်

နဖူးတော်၌ ဥဏ္ဏလုံမွေးရှင်တော် ပါရှိကြောင်း

     (၁၆) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က မဟုတ်မမှန်စကား (= မုသားစကား) ပြောကြားခြင်းမှ ရှောင်ရှားတော်မူခဲ့၏၊ ဟုတ်မှန်သော စကားကိုသာ ပြောဆိုတော်မူခဲ့၏၊ (မုသားစကား အကြားမညှပ်ပဲ) ရှေး ဟုတ်မှန်သောစကားနှင့် နောက် ဟုတ်မှန်သောစကားတို့ စပ်လျက် ရှိတော်မူ၏။ မြဲမြံခိုင်ခံ့သော စကားရှိတော်မူ၏၊ လူအများ သက်ဝင်ခုံတည် ယုံကြည်ရသော စကားရှိတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “မွေးညှင်းတွင်း တတွင်းတတွင်းလျှင် မွေးညှင်းတော် တပင်စီ တပင်စီသာ ပေါက်ရောက်ခြင်း” တည်းဟူသော (၁၃) အမှတ်ပြ လက္ခဏာတော်ကြီးနှင့် “မျက်မှောင် (မျက်ခုန်း)တော်နှစ်ဖက် အလယ်ချက်၌ ဥဏ္ဏလုံမွေးရှင်တော် ပေါက်ရောက်ခြင်း” တည်းဟူသော (၃၁) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးကို ရတော်မူ၏။ အလောင်းတော် သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း သတ္တဝါထိုထို များလူဗိုလ်တို့ ကိုယ်တော်၏စိတ်ကြိုက် အလိုလိုက်ကြရခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာက အမှန်ကိုသာ ပြောကြားခဲ့ခြင်း ကောင်းမှုကုသိုလ်သည် (၁) ကမ္မ မည်၏။ အလောင်းတော်သူမြတ်မှာ ဘဝများစွာက ထွေရာလေးပါး အမှားကိုမပြောပဲ အမှန်တခုကိုသာ ပြောကြားတော်မူခဲ့ကြောင်း နတ်လူအပေါင်းကို သိသာစေရန် မွေးတွင်းတော် တတွင်းတတွင်း၌

(စော)

မွေးညှင်းတော် တပင်စီ တပင်စီသာ ပေါက်ရောက်၍ ဥဏ္ဏလုံမွေးရှင်တော် ထူးဆန်းစွာ ပေါက်ရောက်ရကား အမှန်စကား တခွန်း ကိုသာ ပြောဆိုခဲ့ကြောင်း သိစေတတ်သည့် မွေးညှင်းတော် တပင်စီတပင်စီသာ ပေါက်ရောက်ခြင်း, ဥဏ္ဏလုံမွေးရှင်တော် ပေါက်ရောက်ခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ ထိုမွေးညှင်းတော်ဒြဗ်, ဥဏ္ဏလုံမွေးရှင်တော် ဒြဗ်သည် (၃) လက္ခဏ မည်၏။ သတ္တဝါထိုထို များလူဗိုလ်တို့ ကိုယ်တော်စိတ်ကြိုက် အလိုလိုက်ကာ ပါရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။မလိမ်မထောင့်၊ သစ္စာစောင့်၍၊ ရိုးဖြောင့်မှန်စင်း၊ တရားရင်းကြောင့်..၊ မွေးတွင်းတခု၊ မြွာမစုပဲ၊ တခုစီတွင်၊ တပင်စီသာ၊ ရှင်းစွာသင့်လျော်၊ မွေးညှင်းတော်နှင့်၊ မျက်မှောင်တော်နှစ်ဖက်၊ အလယ်ချက်ဝယ်၊ လံဝက်လောက်မျှ၊ ဆွဲက ရှည်လာ၊ လွှတ်လိုက်ခါမူ၊ လက်ျာရစ်ခွေ၊ ဖြူရောင်ဝေသည့်၊ ရွှေနဖူးဝယ်၊ သောက်ရှူးကြယ်သို့၊ နုနယ်ဂွမ်းပုံ၊ ဥဏ္ဏလုံဖြင့်..၊ သုံးဘုံလူဗိုလ်၊ ကိုယ်တော်စိတ်ကြိုက်၊ အလိုလိုက်ခါ၊ ပါရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


သွားတော် ၄၀-စေ့၍ သွားတော်မကျဲ သိပ်သဲစေ့စပ်ကြောင်း

     (၁၇) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က တယောက်နှင့် တယောက် အချစ်ဆိတ်သုဉ်းစေတတ်သည့် ကုန်းချောစကား ပြောကြားခြင်း (ဂုံးတိုက်ခြင်း)မှ ရှောင်ရှားတော်မူခဲ့၏၊ ကွဲပြားကုန်သော သူတို့ကို အချင်းချင်း သင့်မြတ်အောင် စေ့စပ်တော်မူခဲ့၏။ ညီညွတ်ကုန်သော သူတို့အား ညီညွတ်မှု မပျက်ပြားအောင် အားပေးတော်မူခဲ့၏၊ ညီညွတ်မှု သာမဂ္ဂီရှိရာအရပ် ညီညွတ်သောသူတို့၌ အလွန် နှစ်ခြိုက်မွေ့လျော် ပျော်ပိုက်တော်မူခဲ့၏။ ညီညွတ်သောသူတို့ကို မြင်ရကြားရလျှင် အလွန် နှစ်သက်အားရတော်မူခဲ့၏။ အချင်းချင်း ညီညွတ်အောင် ပြုတတ်သည့် စကားကိုသာ ပြောကြားတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “သွားတော်ချောင်းရေ (၄၀) လေးဆယ် အစေ့အင ရှိတော်မူခြင်းတည်းဟူသော (၂၃) အမှတ်ပြု လက္ခဏာတော်ကြီးနှင့် “သွားတော် မကျဲမကွာ စေ့စပ်စွာရှိခြင်း” တည်းဟူသော (၂၅) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း သူတပါးတို့ ဖျက်ဆီး၍

(စော်)

မပျက်စီး စိတ်ဝမ်းမကွဲသည့် ပရိသတ်အခြံအရံရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာ သံသရာက ဂုံးတိုက်စကား မပြောကြားခဲ့ခြင်း ညီညွတ်စေတတ်သည့် စကားကိုသာ ပြောကြားခဲ့ခြင်းသည် (၁) ကမ္မမည်၏။ ဂုံးတိုက်စကား ပြောကြားခဲ့သူမှာ သူတဖက်သားတို့၏ ညီညွတ်မှုကို ဖျက်ဆီးခဲ့ ကွဲပြားစေခဲ့သောကြောင့် သွားအချောင်းရေ လေးဆယ် မပြည့်မစုံ ပေါက်သည့်ပြင် ကျဲလည်း ကျဲကုန်၏၊ အလောင်းတော် သူမြတ်မှာမူ ဘ၀များစွာ သံသရာက ဂုံးတိုက်စကား မပြောကြားခဲ့ကြောင်း နတ်လူအပေါင်းတို့ သိသာရန် သွားတော်လေးဆယ် အစေ့အငပေါက်၍ သွားတော်တို့ မကျဲပဲ သိပ်သဲစေ့စပ်လှပေ၏။ သို့ရကား ဂုံးတိုက်စကား မပြောကြားခဲ့ကြောင်းကို သိစေတတ်သည့် သွားအချောင်းရေ လေးဆယ် အစေ့အင ပေါက်ရောက်ခြင်း မကျဲခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ ထိုဂုဏ်သတ္တိရှိသော မကျဲသောသွားဒြဗ်, လေးဆယ်စေ့ငသော သွားတော်ဒြဗ်သည် (၃) လက္ခဏ မည်၏။ သူတပါးတို့ ဖျက်ဆီး၍ မပျက်စီး စိတ်ဝမ်းမကွဲသည့် ပရိသတ်အခြံအရံရှိခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ဂုံးတိုက်စကား၊ ကြဉ်ရှောင်ရှား၍၊ ကွဲပြားမကပ်၊ ကြားစေ့စပ်သဖြင့်၊ စေ့စပ်ပြီးကို၊ မြဲအောင်ဆိုခဲ့၊ ထိုကုသိုလ်တော်၊ နှိုးပင့်ဆော်၍..၊ သွားတော်လေးဆယ်၊ ပြည့်ဖြိုးကြွယ်လျက်၊ သေးသွယ်စိပ်စိပ်၊ သိပ်သိပ်ထူထဲ၊ မကျဲသွားမှာ၊ လက္ခဏာဖြင့်..၊ ညီညာမြဲစွဲ၊ သူပင်ခွဲလည်း၊ မကွဲပြိုနိုင်၊ ကြံ့ခိုင်စေ့စပ်၊ ပရိသတ်သာ၊ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ရှည်ပြန့်နူးညံ့သော လျှာတော်နှင့်

အင်္ဂါရှစ်တန် ဗြဟ္မာကရဝိက်သံ ရှိတော်မူကြောင်း

     (၁၈) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က ရုန့်ရင်းကြမ်းတမ်းသော ဆဲရေးစကား ပြောကြားခြင်းမှ ရှောင်ရှားတော်မူခဲ့၏၊ လူအများ နှစ်သက်၍ လူအများ၏ စိတ်နှလုံးကို ပွါးစေတတ်သည့် အပြစ်ကင်းလှ ကြားရချမ်းသာ ချစ်ဖွယ်ရာတအင် နှလုံးသို့သက်ဝင်၍ ယဉ်ကျေးသော စကားကိုသာ ပြောကြားတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “ရှည်လျားနူးညံ့ ပြန့်သောလျှာတော် ရှိခြင်း” တည်းဟူသော (၂၇) အမှတ်ပြ လက္ခဏာတော်ကြီးနှင့် “ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အသံတော်ရှိခြင်း” တည်းဟူသော

(စံ)

(၂၈) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးတို့ကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း ကိုယ်တော်မြတ်၏စကားကို လူနတ်ဗြဟ္မာ သတ္တဝါတို့ လိုက်နာရခြင်း, စကားစူး၍ ဩဇာပြန့်လှိုင် အာဏာထူးပိုင်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာ သံသရာက သူနားမချမ်း ကြမ်းကြမ်းကြုတ်ကြုတ် အယုတ်တမာ ဆဲရေးတိုင်းထွာသည့် (= ဖရုသဝါစာ)စကား မပြောကြားခဲ့ခြင်း, သိမ်မွေ့ယဉ်ကျေး ချိုအေးသာကြည်သော စကားကို ပြောကြားတော်မူခဲ့ခြင်းသည် (၁) ကမ္မမည်၏။ ဆဲရေးတိုင်းထွာ ဖရုသဝါစာစကား ပြောကြားခဲ့သူတို့ မှာ လျှာကို လှည့်ကာလှည့်ကာ ဆဲရေးစကား ပြောကြားခဲ့ကြောင်း အများသိစေရန် လျှာထူခြင်း, လျှာတွဲခြင်း, လျှာကွဲခြင်းအပြစ်များ ရရှိကြလေသည်။ အလောင်းတော်သူမြတ်မှာမူ ထိုကဲ့သို့သော ဆဲရေးတိုင်းထွာ ဖရုသဝါစာစကား မပြောကြားခဲ့ပဲ သိမ်မွေ့ယဉ်ကျေး ချိုအေးသာကြည်သော စကားကိုသာ ပြောဆိုတော်မူခဲ့ကြောင်း နတ်လူအပေါင်းတို့ သိသာရန် လျှာတော်ရှည်ပြန့် နူးညံ့သေးသွယ်ခြင်း အကျိုးရင်းလက္ခဏာကို ရတော်မူ၏။ ဆဲရေးတိုင်းထွာစကား ပြောကြားသူတို့မှာ အသံကွဲ အသံအက်ကြီးဖြင့် ဆဲရေးတိုင်းထွာခဲ့ကြောင်း အများသိစေရန် အသံကွဲခြင်း အသံအက်ခြင်းစသော အပြစ်များ ရရှိကြလေသည်။ အလောင်းတော်သူမြတ်မှာ ဘဝများစွာက အသံကွဲအက်ကြောင်း ဆဲရေးစကား မပြောကြားခဲ့သည်ကို နတ်လူအပေါင်းတို့ သိစေသားဟု ထင်ရှားဖော်ပြသည့်ပမာ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ရှိခြင်းအကျိုး ရတော်မူခဲ့လေသည်။ သို့ရကား လျှာတော်ရှည်ပြန့် နူးညံ့ခြင်း, အသံတော်၏ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံခြင်းသည် (၂) ကမ္မသရိက္ခက မည်၏။ သိမ်မွေ့ရှည်ပြန့် နူးညံ့သော လျှာတော်ဒြဗ်, အင်္ဂါရှစ်ပါးရှိသော အသံတော်ဒြဗ်သည် (၃) လက္ခဏ မည်၏။ ကိုယ်တော်၏စကားကို လူနတ်များ လိုက်နာရခြင်း, စကားစူး၍ ဩဇာပြန့်လှိုင် အာဏာထူးပိုင်တော်မူခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။သူ့နားမချမ်း၊ ကြမ်းကြမ်းကြုတ်ကြုတ်၊ အယုတ်တမာ၊ မဆိုပါပဲ၊ ချိုသာအေးကြည်၊ ဆိုခဲ့သည်ကြောင့်..၊ လျှာရှည်ကြီးပြန့်၊ လျှာနူးညံ့လျက်၊ ရှင်းသန့်ချိုသာ၊ သိသာနာဖွယ်၊ ပွဲလယ်မထွက်၊ လုံးနက်ပဲ့တင်၊ အင်္ဂါရှစ်တန်၊ ဗြဟ္မာကရဝိက်၊ ကောင်းဟိတ်သံသာ၊ လက္ခဏာဖြင့်..၊ ဆိုခါရင့်ကျူး၊ စကားစူး၍၊ အထူးလိုက်နာ၊ ဩဇာပြန့်လှိုင်၊ အာဏာထူး ပိုင်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(စား)

လဆန်း ၁၂ -ရက်လနှင့် ခြင်္သေ့မင်း၏မေးတို့ကဲ့သို့

ဖြိုးသော မေးတော်ရှိကြောင်း

     (၁၉) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က အနှစ်မပါသော စပါးပြိန် စပါးဖျင်းအလား အကျိုးမရှိသည့် ပြိန်ဖျင်းသော (= သမ္ဖပ္ပလာပ)စကား ပြောကြားခြင်းမှ ရှောင်ကြဉ်တော်မူခဲ့၏။ အချိန်ကာလအား လျောက်ပတ် လျော်ကန်သော စကားကိုသာ ပြောကြားတော်မူခဲ့၏၊ ဟုတ်မှန်သောစကား အကျိုးရှိသောစကား တရားနှင့်စပ်သောစကား အဆုံးအမဩဝါဒ ဝိနည်းနှင့်စပ်သော စကားမျိုးကိုသာ ပြောကြားတော်မူခဲ့၏၊ ကြားသူတို့ စိတ်နှလုံးသေတ္တာထဲ၌ သိုမှီးသိမ်းဆည်း မှတ်ထားသင့်လောက်အောင် အကြောင်းသက်သေ ဥပဒေနည်းညွှန်းနှင့်တကွ အပိုင်းအခြား သားနားတိတိ အနက်အဓိပ္ပါယ်ရှိသည့် စကားကိုသာ ပြောကြားတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “ခြင်္သေ့မင်း၏ မေးကဲ့သို့သော (ပြုံးတော့မည့် အရိပ်သွေးနေသည့်) ဖြိုးသော မေးတော်ရှိခြင်း” တည်းဟူသော (၂၂) အမှတ်ပြ လက္ခဏာတော်ကြီးကို ရရှိတော်မူ၏။ အလောင်းတော် သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း အတွင်းအပရန်သူ တယောက်လူမျှ ကလူနိုင်ထက် မချိုးဖျက်နိုင်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ပြိန်ဖျင်းသော (= သမ္ဖပ္ပလာပ)စကား မပြောကြားခဲ့ခြင်းသည် (၁) ကမ္မမည်၏။ အတိတ်ဘဝက ပြိန်ဖျင်းသည့်စကား ပြောကြားခဲ့သူတို့မှာ ထိုအခါက မေးတလှုပ်လှုပ် အကျိုးမရှိသည့်စကား ပြောကြားခဲ့သည်ကို အများသိသာစေရန် မေးချိုင့်၍နေခြင်း မေးကောက်၍နေခြင်းစသော မေးနှင့်ဆိုင်ရာ အပြစ်များကို ရရှိကြလေသည်။ အလောင်းတော် သူမြတ်မှာမူကား ထိုကဲ့သို့ ပြိန်ဖျင်းသည့်စကား မပြောကြားခဲ့ခြင်း အကျိုးပြည့်နှက်သည့် စကားကိုသာ ပြောကြားတော်မူခဲ့ခြင်းကို နတ်လူအပေါင်းတို့ သိသာစေရန် မေးတော်ဖြိုးခြင်းအကျိုး ရတော်မူလေသည်၊ သို့ရကား အတိတ်ဘဝက အကျိုးပြည့်သောစကားကို ပြောကြားခဲ့ကြောင်း သိစေတတ်သည့် မေးတော်၏ဖြိုးခြင်း တည်းဟူသော ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ ထိုဂုဏ်သတ္တိရှိသည့် ပြည့်ဖြိုးသော မေးတော်ဒြဗ်သည် (၃) လက္ခဏမည်၏။ အတွင်းအပရန်သူ တယောက်လူမျှ ကလူနိုင်ထက် မချိုးဖျက်နိုင်ခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။အနှစ်မဆံ၊ ယူရန်ကင်းလျှော၊ အသောအဖျင်း၊ ပြောခြင်းမလေ့၊ ကုသိုလ်ငွေ့ကြောင့်..၊ ခြင်္သေ့မင်းလို၊ ရွှန်းစိုပုံ့ပုံ့၊

(ဆ)

ဖြိုးစုန့်စုန့်လျှင်၊ ပြုံးတော့မည့်ပုံ၊ ဆန်းတုံဆယ့်နှစ်ရက်၊ စန်းယုန်စက်သို့၊ ရောင်ယှက်ထွန်းပေါ်၊ မြတ်မေးတော်ဖြင့်..၊ ကျူးကျော်ဘယ်သူ၊ တယောက်လူမျှ၊ ကလူနိုင့်ထက်၊ မချိုးဖျက်နိုင်ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ညီညွတ်သော သွားတော်နှင့်

ဖြူဖွေးသော စွယ်တော်လေးဆူရှိကြောင်း

     (၂၀) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က ယုတ်မာသော အသက်မွေးမှုကို ရှောင်ရှား၍ ဖြူစင်သော အသက်မွေးမှုဖြင့် အသက်မွေးမြူတော်မူခဲ့၏၊ ချိန်စဉ်းလဲ တောင်းစဉ်းလဲ အသပြာစဉ်းလဲ စသော စဉ်းလဲမှုအမျိုးမျိုးမှ၎င်း, တံစိုးလက်ဆောင်စား၍ ကောက်ကျစ်မှုကို ပြုခြင်း ထိုထိုဥပါယ်တမျဉ်ဖြင့် လှည့်ပတ်ခြင်း အတုအပပြု၍ ကောက်ကျစ် လှည့်ပတ်ခြင်းမျိုးတို့မှ၎င်း, လက်ခြေကို ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း လုယက်ခြင်း ပြည်ရွာကို ဖျက်ဆီးနှောက်ယှက်ခြင်း နိုင်ထက်ကလူ ပြုမူခြင်းတို့မှ၎င်း ဝေးစွာ ရှောင်ကြဉ်တော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “ညီညွတ်သော သွားတော်ရှိခြင်း” တည်းဟူသော (၂၄) အမှတ်ပြု လက္ခဏာတော်ကြီးနှင့် “သောက်ရှူးကြယ်ပမာ လွန်စွာစင်ကြယ် ဖြူဝင်းသာ အရောင်တလက်လက်ထွက်သည့် စွယ်တော်လေးဆူရှိခြင်း” တည်းဟူသော (၂၆) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးတို့ကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, နောက်ဆုံးပစ္ဆိမ သိဒ္ဓတ္ထဘဝမှာကဲ့သို့ ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း စင်ကြယ်သော ပရိသတ်အခြံအရံရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာက အသက်မွေးမှု စင်ကြယ်ခဲ့ခြင်းသည်၊ (၁) ကမ္မမည်၏။ အသက်မွေးမှု မစင်ကြယ်ခဲ့သော သူတို့မှာ ထိုအကြောင်းကို အများသိသာရန် ဖော်ပြသည့်ပမာ သွားများ အထက်အောက် အတွင်းအပြင် မညီမညွတ် ပေါက်ရောက်၍ အစွယ်များမှာလည်း ညစ်နွမ်းကြလေသည်။ အလောင်းတော် သူမြတ်မှာမူကား ဘဝများစွာ သံသရာက အသက်မွေးမှု စင်ကြယ်ခဲ့ကြောင်း နတ်လူအပေါင်းတို့ သိသာရန် ဖော်ပြသည့်ပမာ သွားတော်များ ညီညီညွတ်ညွတ် ပေါက်၍ စွယ်တော်လေးဆူတို့သည်လည်း အလွန်ဖြူစင်ကုန်၏၊ သို့ရကား ရှေးရှေးဘဝတို့က အသက်မွေးမှု စင်ကြယ်ခဲ့ကြောင်း ကောင်းစွာ သိစေတတ်သည့်

(ဆာ)

သွားတော်တို့၏ ညီညွတ်ခြင်း, စွယ်တော်လေးဆူတို့၏ ဖြူဖွေးသန့်စင်ခြင်း ဂုဏ်သတ္တိများသည် (၂) ကမ္မသရိက္ခက မည်၏။ ဖြူဖွေးသော စွယ်တော်ဒြဗ်, ညီညွတ်သော သွားတော်ဒြဗ် ဝတ္ထုများသည် (၃) လက္ခဏ မည်၏။ စင်ကြယ်သော ပရိသတ်အခြံအရံ ရှိခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ကြီးငယ်တောင်းလျှင်၊ ချိန်ခွင်တိုရှည်၊ လိမ်လည်လုယက်၊ ခိုးနှိပ်စက်၍၊ အသက်မွေးခြင်း၊ ကင်းခဲ့သောကြောင့်..၊ မခေါမသီ၊ စိန်ကိုစီသို့၊ ပြေညီသွားတော်၊ စွယ်တော်လေးဆူ၊ ဆွတ်ဆွတ်ဖြူသား၊ ကိုယ်တော့်သွား၏၊ နှစ်ပါးခြင်းရာ၊ လက္ခဏာဖြင့်..၊ ယုတ်မာကောက်ကျစ်၊ ဆိုးညစ်သောသူ၊ မပါမူ၍၊ ဖြောင့်ဖြူသပ္ပါယ်၊ လ၌ကြယ်သို့၊ စင်ကြယ်သော အခြံအရံ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


နိဂုံးချုပ် လက္ခဏာတော်ဘုရားရှိခိုး

(အရကျက်ရန်)။ ။ဤသို့ကောင်းမှု၊ ကိုယ်တော်ပြု၍၊ ယခုခါဝယ်၊ သုံးဆယ့်နှစ်ပါး၊ ယောက်ျားအင်္ဂါ၊ လက္ခဏာဖြင့်၊ စကြာသခင်၊ ဖြစ်မည်လျှင်တည့်၊ စက်-ဆင်-မြင်း-မြ၊ မ-ဌေး-သား-ဟု၊ ခုနစ်ပါးရတနာ၊ သားမှာတထောင်၊ လေးကျွန်းဘောင်ဝယ်၊ ဘုန်းခေါင်စက္ကဝတ်၊ မချွတ်ဖြစ်မည်၊ လျှောက်တင်သည်ကို၊ မထီမလေး၊ တံတွေးပေါက်နှယ်၊ စွန့်ပစ်ပယ်၍၊ သောင်းနယ်လောကဓာတ်၊ လွှံ့ပတ်ကျေညာ၊ မဟာဓမ္မရာဇ်၊ မင်းဆုံးဖြစ်လျက်၊ ရေစစ်တွက်ကျုံး၊ အံ့မဆုံးအောင်၊ ဘုန်းတော်ခြောက်စုံ၊ ဂုဏ်တော်အနန်၊ ဉာဏ်တော်ဖြာဖြာ၊ လက္ခဏာနိသင်၊ အမြဲဆင်သော၊ ရှင်ပင်ဘုရား၊ ကိုယ်တော်အားကို၊ ကိုးစားကြပ်ကြပ်၊ မြဲဆည်းကပ်လျက်၊ တုံ့ဝပ်ရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။


ဒွတ္တိံသ မဟာပုရိသလက္ခဏာ ဒီပနီကဗျာ

     ဤ၌ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး ရေးသား စပ်ဆိုတော်မူအပ်သော “ကမ္မ, ကမ္မသရိက္ခက, လက္ခဏ, လက္ခဏာနိသံသ လေးပါးစုံကိုပြသည့် ဒွတ္တိံသမဟာပုရိသလက္ခဏဒီပနီကဗျာ”ကိုလည်း ဗဟုသုတ ဖြစ်ပွါးစေရန် ထည့်သွင်း ဖော်ပြဦးအံ့။ ၎င်းမှာ-

သုတ်ပါထေယျ၊ လက္ခဏသုတ်၊ ဟောထုတ်ဖွင့်ချဲ့၊ သုံးဆဲ့နှစ်ဖြာ၊ လက္ခဏာကို၊ စကြာမင်းဖျား၊ စောဘုရားတို့၊ ကံအားလျော်ညီ၊ ရကြောင်းသီပိမ့်။

(ဆိ)

အတီရှေးက၊ ကုသလ၌၊ မြဲစွဆောက်တည်၊ ခဲ့ဘူးသည်ကြောင့်၊ သက်ရှည်ဆင်းဝါ၊ ချမ်းသာစိုးရ၊ ခြွေရံခလျက်၊ ရူပ သဒ္ဒါ၊ ဂန္ဓာ ရသ၊ ဖောဋ္ဌဗ္ဗဖြင့်၊ လွတ်ထဆယ်မည်၊ နတ်ဖြစ်သည်နောက်၊ လူ့ပြည်ရောက်လည်း၊ မမောက်မခွက်၊ မွတ်မွတ်ညက်သား၊ မြေထက်ဖဝါး၊ နင်းချသွားသော်၊ ပြားပြားညီထိ၊ သုပတိဋ္ဌိတ၊ ပါဒလက္ခဏာ၊ ဖြစ်ပေါ်လာ၍၊ ကင်းကွာရန်သူ၊ တွင်းပဟူ၏။ (၁)

ဗိုလ်လူအများ၊ ချမ်းသာပွါးဘို့၊ ဆီးတားဘေးဘျမ်း၊ ခြံရံပန်းလျက်၊ လှူဒါန်းသည့်တာ..၊ နတ်ဖြစ်ရာမူ၊ ပုဒ်တိုင်းတူပြီ၊ ဤလူတို့ဘောင်၊ ကန့်တထောင်နှင့်၊ ရုပ်ရောင်ပီပြင်၊ စက်ဝန်းထင်၍၊ စက္ကင်္ကိတ၊ ပါဒလက္ခဏာ၊ ပြည့်စုံလာလျက်..၊ ခြွေရံတက်၏။ (၂)

သူ့သက်မသတ်၊ ကောင်းမှုမြတ်ကြောင့်..၊ ရှည်လတ်ပဏှိ၊ အင်္ဂုလိနှင့်၊ ဖြောင့်ဘိကိုယ်မှာ၊ မိုးဗြဟ္မာသို့၊လက္ခဏာသုံးပါး၊ ပေါ်ထင်ရှား၍..၊ ရှည်လျားအသက်။ (၃)

ရသာပြက်ကို၊ လှူဆက်ဘူးလေ၊ ကောင်းမှုတွေကြောင့်..၊ လက် ခြေ ပခုံး၊ လည်လုံးဖွံ့တုတ်၊ သတ္တုဿဒါ၊ လက္ခဏာနှင့်..၊ ရသာ လာဘ်ရ။ (၄)

သင်္ဂဟဝတ္ထု၊ ချီးမြှောက်မှုကြောင့်..၊ မုဒုပျောင်းညက်၊ ကွန်ရက်ရှက်သို့၊ ခြေလက်ဖဝါး၊ နှစ်ပါးပြည့်လျှံ..၊ ခြွေရံမကွဲ၊ ထံပါးမြဲ၏။ (၅)

ခပဲလူပေါင်း၊ ချမ်းသာကြောင်းကို၊ ကျိုးကြောင်းပြလျက်၊ ဟောဖော်မြွက်ကြာင့်..၊ ဖမျက်မြင့်ခေါင်၊ သရေဆောင်သည့်၊ ကော့ထောင်မွေးဖျား၊ နှစ်ပါးရလတ်..၊ သူ့ထက် မြတ်၏။ (၆)

အတတ်ပညာ၊ ပြစ်မဲ့ရာကို၊ လျင်စွာတတ်စေ၊ ပို့ချပေလို့..၊ ဧဏီဇင်္ဃ၊ သလုံးလှ၍..၊ ဘောဂလျင်စွာ၊ ပြည့်စုံလာ၏။ (၇)

ပညာလိုရွေ့၊ မေးမြန်းလေ့ကြောင့်..၊ သိမ်မွေ့ကိုယ်ရေ..၊ ဉာဏ်မိုးစွေ၏။ (၈)

ချုပ်နေမာန်မျက်၊ သဒ္ဓါထက်၍၊ လှူဆက်ချောနု၊ ခင်းရုံမှုကြောင့်..၊ ရွှေတုအဆင်း၊ ချောလွန်မင်းသည်..၊ အခင်းကိုယ်ရုံ၊ ပေါများတုံ၏။ (၉)

(ဆီ)

မဆုံကွဲနေ၊ မျိုးမိတ်ဆွေကို၊ ရှာဖွေစပ်ပေး၊ ကုသိုလ်ရေးကြောင့်..၊ ဖုံးမြှေးအိမ်ရေ၊ သိုရှိလေ၍..၊ သားတွေပေါလှ၊ ထောင်မကတည့်။ (၁၀)

ဗလအလျောက်၊ ရွေးနုတ်ကောက်၍၊ ချီးမြှောက်စိုးစံ၊ ကုသိုလ်ကံကြောင့်..၊ အလံကိုယ်တူ၊ မညွတ်မူ၍၊ ကိုင်ယူဒူးဝန်း၊ နှစ်ပါးထွန်းလျက်..၊ ပြည့်မွန်းဥစ္စာ၊ ကောင်းကျိုးလာ၏။ (၁၁)

သတ္တဝါအများ၊ ကျိုးစီးပွါးကို၊ လိုလားမမေ့၊ ကုသိုလ်လေ့ကြောင့်..၊ ခြင်္သေ့ရှေ့ကိုယ်၊ ကဲ့နှစ်ကိုယ်နှင့်၊ ပြည့်မိုကျောပြင်၊ လည်တွင်လုံးလှ၊ သုံးပါးရ၍..၊ ဘောဂခြွေရွေ၊ မယုတ်လေတည်း။ (၁၂)

သဗ္ဗေသတ္တာ၊ ချစ်ကြင်နာ၍၊ ချမ်းသာစေလို၊ မဖျက်ဖြိုတိ..၊ လည်မျိုစုနှောင်၊ ရသာဆောင်သည့်၊ ခုနစ်ထောင်ကြောဖျား၊ တည်ဆုံငြား၍..၊ နာဖျားကင်းကွေ၊ အစာကြေ၏။ (၁၃)

မစွေဖြောင့်စွာ၊ ချစ်မေတ္တာဖြင့်၊ မျက်လွှာဖွင့်လျက်၊ ရှုကြည့်တွက်ကြောင့်..၊ မည်းနက်ရွှင်ပြုံး၊ မျက်လုံးမျက်မွေး၊ ဒွေးလက္ခဏ..၊ များချစ်ကြ၏။ (၁၄)

ပြုကြကုသိုလ်၊ ကံထိုထို၌၊ လူဗိုလ်ရှေ့ဦး၊ ဆောင်ခဲ့ဘူးလို့..၊ နဖူးသင်္ကျစ်၊ ပေါ်ဖြစ်လက္ခဏာ..၊ ဟောတိုင်းပါ၍၊ သတ္တဝါအများ၊ ကျင့်လိုက်စား၏။ (၁၅)

မုသားရှောင်ကွင်း၊ ဆိုခဲ့ခြင်းကြောင့်..၊ မွေးတွင်းတစ်တွင်၊ မွေးတပင်နှင့်၊ လဲသွင်ဖြူတုံ၊ မျက်မှောင်ဆုံမှာ၊ ဥဏ္ဏလုံမွေး၊ အမှတ်ဒွေးတည်း..၊ ကျွန်ကျေးဗိုလ်ထု၊ လိုတိုင်းပြု၏။ (၁၆)

ပိသုဏပယ်၊ ကုသိုလ်ကယ်လို့..၊ လေးဆယ်ပြည့်မြဲ၊ သွားမကျဲဟု၊ နှစ်တွဲလက္ခဏာ..၊ ခြွေရံမှာလည်း၊ ညီညာကြည်ဧ၊ လုံးတထွေးတည်း။ (၁၇)

ဆဲရေးဆိုမည်၊ ရှောင်ခဲ့သည်ကြောင့်..၊ ပါး ရှည် ပြန့် လျှာ၊ သံ ဗြဟ္မာသို့၊ လက္ခဏာနှစ်ပါး..၊ ဆိုစကားကို၊ အများယူကြ။ (၁၈)

(ဆု)

ထိုးဇာတ်ပြသို့၊ သမ္ဖဖျင်းစွေ့၊ ရှောင်ကြဉ်လေ့ကြောင့်..၊ ခြင်္သေ့မေးတူ၊ ပြည့်ဝန်းမူလျက်..၊ ရန်သူဝေးကွာ၊ မဖျက်လာတည်း။ (၁၉)

မိစ္ဆာဇီဝ၊ ရှောင်ခဲ့ရလို့..၊ ညီမျှသွားတော်၊ စွယ်တော်ဖြူလွင်၊ နှစ်ပါးအင်နှင့်..၊ သန့်စင်ခြွေရွေ၊ ပြည့်စုံပေ၏။ (၂ဝ)

ဆိုလေသမျှ၊ ဒွတ္တိံသဟု၊ ကြီးလှလက္ခဏာ၊ ပြည့်စုံလာမူ၊ လူ့ရွာထင်ရှား၊ စကြာဘွားနှင့်၊ ဘုရားသော်လျှင်၊ ဖြစ်မြဲပင်ဟု၊ ဗေဒင်တတ်များ၊ ဟောမြွက်ထားသည်၊ ၊အများနည်းယူ ကျင့်ဘွယ်ကောင်းသတည်း။

ဤဆိုအပ်ပြီးသည်ကား လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့၏

အကြောင်းကံစသည်ကို ပြဆိုချက်ပေတည်း။

မဟာဗုဒ္ဓဝင် (ဒုတိယတွဲ) အနုဒီပနီပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ