Skip to main content

မိရိုးဖလာလွန် ဗုဒ္ဓဘာသာ

မိရိုးဖလာလွန် ဗုဒ္ဓဘာသာ

အမှာစာ

ဆရာသောင်းလွင် (ဘီအေ)

(သကျသီဟဝဋံသကာနှင့် အစိုးရဓမ္မာစရိယ) (ဆဋ္ဌမအကြိမ်)

ငွေရတုနှစ်

ဆဋ္ဌမနှိပ်ခြင်းအမှာစာ

မိရိုးဖလာလွန် ဗုဒ္ဓဘာသာစာအုပ်ကို ၁၉၇၅ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ယခု (၂၀၀၀)ပြည့်နှစ်၊ သြဂုတ်လတွင် ဆဌမအကြိမ် ပုံနှိပ်ထုတ်ဝေပါသည်။ ဘာသာရေး ကုသိုလ်အသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဂျာနယ် မဂ္ဂဇင်းတိုက်များ၊ စာပေထုတ်ဝေရေးတိုက်၊ ပုံနှိပ်တိုက်၊ အလုပ်ရုံ စက်ရုံ ကုမ္ပဏီလီမိတက် တည်ထောင် သူတို့သည် မိမိတို့အသင်းအဖွဲ့လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည်မှ (၂၅)နှစ်တိုင်တိုင် အောင်မြင်စွာ ဆောင်ရွက် နိုင်မှုကို ဂုဏ်ယူသော အားဖြင့် ငွေရတုသဘင်ပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါသည်။ ငွေရတုစာစောင် မဂ္ဂဇင်း များကို တခမ်းတနား ထုတ်ဝေလေ့ရှိကြပါသည်။

မိရိုးဖလာလွန် ဗုဒ္ဓဘာသာစာအုပ်ကို ၁၉၇၅ ခုနှစ်၊ သြဂုတ်လတွင် စတင်ထုတ်ဝေခဲ့ရာ ယခု (၂၀၀၀)ပြည့်၊ သြဂုတ်လတွင် စျေးကွက်သက်တမ်း (၂၅)နှစ်ပြည့်သဖြင့် စာရေးသူ ထုတ်ဝေသူအနေဖြင့် အထူးဝမ်းမြောက်ဂုဏ်ယူရပါသည်။ စျေးကွက် သက်တမ်း(၂၅)နှစ် ငွေရတုတိုင် ဖြန့်ချိရောင်းချပေးကြသော မြန်မာပြည်တဝှမ်းမှ စာအုပ်ဆိုင် ကြီးငယ်တို့အားလည်းကောင်း၊ မြန်မာဘိုးဘေးအစဉ်အဆက် လိုက်နာ ကျင့်သုံးခဲ့သော ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ်ကို ခံယူကျင့်သုံးနိုင်ရန် စာရေးသူ၏ မိရိုးဖလာလွန် ဗုဒ္ဓဘာသာစာအုပ်ကို ဖတ်ရှုလေ့လာ ကျင့်သုံးလျက်ရှိကြသည့် ဗုဒ္ဓဘာသာ စာဖတ်ပရိသတ် တို့အား လည်းကောင်း၊ ဆက်လက်အားပေးဖတ်ရှုကြမည့်-မျိုးဆက်သစ် ဗုဒ္ဓဘာသာဝင်တို့အားလည်းကောင်း၊ အထူးကျေးဇူး တင်ရှိ ပါသည်။

စာအုပ်ဆိုင်ကြီးငယ်နှင့် စာဖတ်ပရိသတ်တို့အား ကျေးဇူးတုံ့ဆပ်သောအားဖြင့် စျေးကွက်သက်တမ်း (၂၅)နှစ်ပြည့် မိရိုး ဖလာလွန် ဗုဒ္ဓဘာသာစာအုပ် အတွင်းစာသားကို ယခင်အကြိမ်ရိုက်စက္ကူများထက် ပိုမိုကောင်းမွန်သော စက္ကူအဖြူ အချော များဖြင့် ပုံနှိပ်၍ အဖုံးကိုလည်း နိုင်ငံခြားဂျူးဘလက်ကဒ်အချောဖြင့် ရိုက်နှိပ်ကာ ပလပ်စတစ်လောင်း၍ လှပသေသပ်စွာ ထုတ်လုပ်ဖြန့်ချိအပ်ပါသည်။

ဤမိရိုးဖလာလွန် ဗုဒ္ဓဘာသာစာအုပ်သည် ပုဂံအနော်ရထာနှင့် ရှင်အရဟံတို့-မျိုးစေ့ချပေးခဲ့၍ မြန်မာ့ဘိုးဘေးဘီဘင် အစဉ်အဆက်တို့ လိုက်နာကျင့်သုံးခဲ့သည့် ထေရဝါဒ ဗုဒ္ဓယဉ်ကျေးမှုများကို ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်ရာ ထေရဝါဒ ဗုဒ္ဓဘာသာမှာ ပိုနေ၍ ဖျက်စရာ၊ မှားနေ၍ ပြင်စရာ၊ လိုနေ၍ ဖြည့်စရာ မရှိသကဲ့သို့ ထိုထေရဝါဒ ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံ၍ ရှင်းလင်းရေးသားထားသော ဤမိရိုးဖလာလွန် ဗုဒ္ဓဘာသာစာအုပ်မှာလည်း ဖျက်စရာ၊ ပြင်စရာ၊ ဖြည့်စရာ တစ်စုံ တစ်ရာမရှိဟု ယူဆပါသဖြင့် ပြင်ဆင်ဖြည့်စွက်ခြင်းမပြုဘဲ ပဉ္စမအကြိမ်ရိုက်အတိုင်း ထပ်မံပုံနှိပ် ထုတ်ဝေလိုက်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှု အမွေအနှစ်များကို အမြဲထိန်းသိမ်းနိုင်ကြပြီး လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ခံစားနိုင်ကြပါစေသတည်း။

မာတိကာ

အကြောင်းအရာ

အခန်း (၁)

ဘာသာရေးအခြေခံ

ဗုဒ္ဓဘာသာဆိုတာဘာလဲ

ဗုဒ္ဓပွင့်ရာကာလနှင့် ဒေသ

ဗုဒ္ဓမပွင့်မီ အင်ဒိယဘာသာများ

ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု

ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ

ဘုရားကို ဘာကြောင့်ကိုးကွယ်ကြသလဲ

အနတ္တနှင့် ဥစ္ဆေဒဝါဒ

ပြတ်စဲဥစ္ဆေဒဝါဒအပြစ်

ဗုဒ္ဓဝင်အကျဉ်း

ဗုဒ္ဓဘာသာ ဘာကြောင့် အရှည်တည်တံ့သလဲ

ဗုဒ္ဓဘာသာ ပျံ့နှံ့ပုံ

ထေရဝါဒဂိုဏ်းနှင့် မဟာယာနဂိုဏ်း

မြန်မာပြည် ဗုဒ္ဓဘာသာအစ

ဗုဒ္ဓဘာသာမရောက်မီ မြန်မာတို့၏ ဘာသာရေး

ဘာသာရေး ယဉ်ကျေးမှုများ ရောထွေးတတ်ခြင်း

အနော်ရထာနှင့် နတ်ကိုးကွယ်မှု

အရည်းကြီးရဟန်းများ

အနော်ရထာ အရည်ကြီးရဟန်းများကို နှိမ်ခြင်း

ရဟန်းတော်နှင့် ဗေဒင်ဆေးဝါးအတတ်

လောကီကျိုးအတွက် နတ် ဗေဒင်ကိုအားကိုး

ဗေဒင် ၄ ပုံနှင့် ဗေဒင်အဟော

ဗေဒင်မန္တာန် တကယ်မှန်သလား

ထေရဝါဒ ဗုဒ္ဓဘာသာစစ်ရဲ့လား

ဗုဒ္ဓ၏ တရားအနှစ်ချုပ်

ဗုဒ္ဓဘာသာဝင်ဟူသည်

ရတနာသုံးပါးဟူသည်

အခန်း (၂)

ဘုရားရတနာ

ဘုရားဆိုတာဘာလဲ

ဘုရားဟု ခေါ်ရခြင်းအကြောင်း

ဘုရားနှင့် ဗုဒ္ဓ

ဘုရားကိုယ်စား စေတီများ

စေတီဆိုတာဘာလဲ

စေတီနဲ့ဘုရား တူမတူ

ဓာတုစေတီ

ဓမ္မစေတီ

ဥဒ္ဒိဿစေတီ

ပရိဘောဂစေတီ

ဗောဓိပင် ကိုးကွယ်မှုအစ

ဗောဓိပင်သည် သစ်ပင်တစ်မျိုးမဟုတ်

ဆင်းတုအစ ဘယ်တုန်းက

သက်တော်ရှိစဉ် ရုပ်တုမရှိ

ဘုရားရှင် နားတော်ပခုံးထိသလား

ဘုရားရှင် မကိုဋ်သရဖူဝတ်သလား

ဒက္ခိဏသာခါပုံ ကျမ်းဂန်နှင့်မညီ

ဘုရားရှင်မှာ သျှောင်ထုံးမရှိ

ဘုရားရှင်ကြွရာ ခြေရာမထင်

ခြေတော်ရာသည် ဥဒ္ဒဿစေတီ

အနေကဇာတင်တယ်ဆိုတာ ဘာလဲ

ဘုရား ၅ ဆူ၊ ၇ ဆူ၊ ၉ ဆူ ရေတွက်ပုံ

ဘုရားကိုးဆူ ပူဇော်ဓလေ့

နှစ်ကျိပ်ရှစ်ဆူဘုရားရေတွက်ပုံ

သမ္ဗုဒ္ဓေဂါထာလာ ၅၁၂၀၂၈ ဆူ ဘုရားများ

သမ္ဗုဒ္ဓေဂါထာ သိစရာများ

အခန်း (၃)

တရားရတနာ

ဘာကြောင့် တရားခေါ်သလဲ

ပိဋကတ်သုံးပုံဆိုတာ ဘာလဲ

နိကာယ်ငါးရပ်ဆိုတာ ဘာလဲ

ဗေဒင်လေးပုံ

သာသနာဆိုတာဘာလဲ

စာသင်နည်းသုံးမျိုး

ပရိယတ်နှင့် ပဋိပတ် ဆက်စပ်ပုံ

ကိုယ့်ကိုယ်နှင့် တရား အားကိုးအားထား

ဘုရား သံဃာ ကိုးကွယ်ရကြောင်း

ဓမ္မ = တရားဆိုတာ ဘာတွေလဲ

မဂ်ဖိုလ်ရမှ အပါယ်ဘေးစိတ်ချ

တရားတော်ကို ပူဇော်ပုံ

အခန်း (၄)

သံဃာရတနာ

သံဃာဆိုတာ ဘာလဲ

သံဃာနှစ်မျိုး

ဦးပဉ္စင်း ရဟန်း ဘုန်းကြီး ဆရာတော်

ရတနာမြတ်သုံးပါး

သံဃာတော်များကျေးဇူး

သံဃာတော်များကို လှူရကြောင်း

အခန်း (၅)

သြကာသကန်တော့ခန်း

ရှိခိုးနှင့် ကန်တော့ တူမတူ

သြကာသဟာ ရှိခိုးလား ကန်တော့လား

အကြီးက အငယ်ကို၊ ရဟန်းက လူကို ကန်တော့နိုင်သည်

ကန်တော့ဖို့ ဘုရားဟောသလား

ကန်တော့လို့ အပြစ်ပျောက် မပျောက်

သြကာသမူကွဲများ

သြကာသအဓိပ္ပာယ်

ကာယကံ၊ ဝစီကံ၊ မနောကံ

ရှိခိုးခြင်းနှင့် ပူဇော်ခြင်း

မြတ်သော ပူဇော်ခြင်း

ဖူးမြော်ခြင်း ကန်တော့ခြင်း

အခန်း (၆)

သြကာသဆုတောင်းခန်း

ဆုတောင်းရုံနဲ့ ရသလား

ဆုတောင်းဖို့ လို မလို

အပါယ်လေးပါး

ကပ်သုံးပါး

ရပ်ပြစ် ၈-ပါး

ရန်သူမျိုး ၅-ပါး

ဝိပတ္တိတရား ၄-ပါး

ဗျဿနတရား ၅-ပါး

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်

ဆုပေးလို့ ရ မရ

အခန်း (၇)

သီလခန်း

ငါးပါးသီလခံပုံ

သီလကို တောင်းလို့ ပေးလို့ ရ မရ

သရဏဂုံဆိုင်ရာ သိစရာများ

သေရင် ဘာကြောင့် သရဏဂုံတင်သလဲ

ဂုဏ်တော်ပွားလို့ အကြောက်ပြေသလား

ကံငါးပါး အကျိုးနှင့် အပြစ်များ

သီလကျိုးပေါက် ပြောက်ကျားပုံ

သီလဆိုင်ရာ သိစရာများ

တစ်လမှာ ဥပုသ်နေ့ ၆ နေ့

ဥပုသ်နေ့မဟုတ်ပဲ ဥပုသ်စောင့်လို့ ရ မရ

ဥပုသ်ဆိုင်ရာ သိစရာများ

သိင်္ဂါလောဝါဒလာ ကျင့်ဝတ်များ

အခန်း (၈)

ဘုရားရှိခိုးခြင်း

ရှိခိုးခြင်းဟူသည်

ဘုရားပင့်၍ ကြွ မကြွ

ဘုရားရှိခိုးဖို့ လို မလို (ရှင်ဝက္ကလိအား ဘုရားမိန့်ချက်)

အသက်မရှိ ဘုရားဆင်းတုရှိခိုး လှူဒါန်းလို့ကုသိုလ်ရ မရ

သာသနာ့ကုန်မျိုးစုံဆိုင်

အကောင်းဆုံးဘုရားရှိခိုး

အနန္တငါးပါးဘုရားရှိခိုး

ဗုဒ္ဓဝင် ဘုရားရှိခိုး (လယ်တီ)

ဗုဒ္ဓဝင် ဘုရားရှိခိုး (ဝိဇ္ဇောဒယ)

အခန်း (၉)

ဆွမ်း ရေချမ်း ဆီမီးကပ်လှူခြင်း

ရုပ်ပွားဆင်းတု ဆွမ်း ရေကပ်လို့ ကုသိုလ် ရ မရ

ဆွမ်း ရေ ကပ်ခြင်းအစ

သားငါးဟင်းနဲ့ ဆွမ်းတော်တင်ကောင်းသလား

ဆွမ်းတော်တင်စားလို့ ဘုန်းနိမ့်သလား

ဆွမ်းတော်ကျ သံဃာလှူလို့ ကောင်း မကောင်း

ဆွမ်းတော်ကြီးတင်ပွဲ

ဇနီးဆွမ်းတော်တင်က ခင်ပွန်းကုသိုလ် ရ မရ

ဆွမ်း၊ ရေ၊ ပန်း၊ ဆီမီးကပ်ပုံ

အခန်း (၁၁)

ပရိတ်ရွတ်ဖတ်ခြင်း

ပရိတ်ဆိုတာ ဘာလဲ

ပရိတ်ရွတ်ခြင်းအစ

ပရိတ်ငယ်ရှိသလား

ပရိတ်ကြီးအချို့ ဘုရားဟောမဟုတ်ဘူးဆိုတာ မှန်သလား

ပရိတ်ကြီး၏ အနှစ်သာရများ

နတ်တွေက လူတွေကို အန္တရာယ်ကင်းအောင် လုပ်နိုင်သလား

ပရိတ်နာလို့ အကျိုးရပုံများ

ဘုရားလက်ထက် ပရိတ်ရွတ်မှု ရှိသလား

ပရိတ်တွေဟာ ကိုယ်တိုင်ကျင့်စရာ

လူတွေက နတ်ကို ပူဇော်ပသ ထိုက်သလား

နတ်ပူဇော်ခြင်းနဲ့ ကိုးကွယ်ခြင်း

မေတ္တသုတ်ဆိုင်ရာ သိမှတ်စရာများ

မေတ္တသုတပါဠိနဲ့ အဓိပ္ပာယ်အကျဉ်း

အခန်း (၁၁)

မေတ္တာပို့ခြင်း

မေတ္တာဆိုတာဘာလဲ

ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသည်

ဗြဟ္မဆိုရ်တရား

မေတ္တာရှေ့သွား ကျင့်ဝတ်များ

လူတစ်ယောက်အပေါ် မေတ္တာလေးချက်သာပို့နိုင်

၅၂၈ သွယ် မေတ္တာပို့ပုံအကျဉ်း

၅၂၈ သွယ် မေတ္တာပို့ပုံအကျယ်

မေတ္တာပို့လို့ ရောက်သလား

မေတ္တာမတုံ့ပြန်သူအပြစ်

မေတ္တာနဲ့ အချစ်

မေတ္တာရဲ့ အနီးရန်၊ အဝေးရန်

အစအဆုံး မေတ္တာမပို့ရသူနဲ့ ပို့ရသူ

မေတ္တာအကျိုး ၁၁-မျိုး

ကရုဏာ မုဒိတာ ဥပေက္ခာ ၁၃၂ စီးပွားပုံ

အခန်း (၁၂)

အမျှဝေခြင်း

အမျှဝေပုံ

အမျှဝေပေးတိုင်းမရ

ကုသိုလ်ကို ရောင်းလို့ ဝယ်လို့ရတယ်

ယမမင်းဆိုတာ ဘာလဲ

အမျှမဝေပဲ သာဓုခေါ်လို့ ပြိတ္တာများ အကျိုးမရ

သာဓုခေါ်က အကျိုးရပုံ

အခန်း (၁၃)

ဘာဝနာခန်း (ပုတီးစိပ်)

ပုတီးစိပ်ဆိုတာ ဘာလဲ

ပုတီးစိပ်အကြောင်း ပိဋကတ်မှာမရှိ

ပုတီးစိပ်တာ ဘာသာရေးပြင်ပလား

ဘာဝနာစိတ်အလုပ်ကို ပုတီးရုပ်တွေနဲ့ လုပ်နိုင်သလား

ပုတီးဘယ်လိုစိပ်ရသလဲ

ပုတီးစိပ်ပုံ

အကြားအမြင်ရနိုင်သလား

သမထအားထုတ်ရင် ဘာရမလဲ

ဝိပဿနာအားထုတ်ရင် ဘာရမလဲ

စျာန်လျှောသလို မဂ်ကောလျှောပါသလား

အရိယာတွေသေရင် ဘယ်ဘုံမှာဖြစ်သလဲ

အခန်း (၁၄)

ဒါနခန်း

ဒါနဆိုတာ ဘာလဲ

ပေးသမျှ ဒါနဖြစ်ပါသလား

ဒါနအင်္ဂါ ၄-ပါး

ရေစက်မချပဲ အလှူ မြောက် မမြောက်

ကျမ်းဂန်လာနဲ့ မြန်မာတို့ ရေစက်ချမတူ

ဒါနသံသရာရှည်သလား

အကျိုးကြီးသော အလှူဖြစ်ရန်

ဥစ္စာပစ္စည်း သုံးစွဲနည်း

လှူလိုက်ရင် ကုန်တာပဲ အဖတ်တင်သလား

နိဗ္ဗာန်ရောက်ကြောင်းထဲမှာ ဒါနမပါကြောင်း

အခန်း (၁၅)

ကံစီမံရာ

လူလူချင်း မတူအောင် ကံကပြုပုံ (သုဘအမေးနှင့် ဗုဒ္ဓအဖြေ)

နိဂုံး

ဤစာအုပ် ဘာကြောင့်ရေးရသလဲ

***

စာရေးသူတွင် သမီး ၃ ယောက်၊ သားတစ်ယောက်ရှိ၏၊ အကြီးဆုံးမှာ ၁၂ နှစ်ရွယ်ရှိ၍ အငယ်ဆုံးမှာ ၆ နှစ်ရွယ်ရှိ၏၊ သူတို့၏ အဘွားသင်ပေးထားသဖြင့် ကလေးများသည် သြကာသ၊ ငါးပါးသီလတောင်းနှင့် ဂုဏ်တော်များကို ပါဠိလိုဆိုတတ်နေ၏၊ သို့ရာတွင် ပါဠိဘာသာဖြင့် ရေးသားထားသော သရဏဂုံနှင့် ငါးပါးသီလ ဂုဏ်တော်များကိုသူတို့ ဘာမှန်းမသိ။ ဘုရား တရား သံဃာကို ဘာမှန်းမသိ။ ဘာကြောင့် ရှိခိုးနေမှန်း မသိ။ အဘွားဖြစ်သူ သင်ပေးသည့်အတိုင်း ကျက်မှတ်ထား၏၊ လူကြီးများက ဘုရားရှိခိုးဟု ဆိုသောအခါ အစဉ်အတိုင်း ဘာမှမသိဘဲ တစ်ခုပြီးတစ်ခု ဆက်ဆိုသွား၏၊ စာရေးသူလည်း ငယ်စဉ်က သဒ္ဒါနှင့် ပိဋကတ်တို့ကို သင်ယူတတ်မြောက်လာမှ ကိုယ်တိုင်ငယ်စဉ်က ဆိုခဲ့သော စာများ၏ အဓိပ္ပာယ်ကို သိ၏၊ စာရေးသူကဲ့သို့ ပါဠိသဒ္ဒါကို မတတ်မြောက်သူများ သူတို့ဆိုနေသည့် ပါဠိဘာသာဖြင့်ရေးသားထားသော ဘာသာရေးကျင့်ဝတ်များ၏ အဓိပ္ပာယ်ကို သိကြမည်လောဟု သံသယဖြစ်မိ၏၊ ထိုစဉ်ကပင် အဓိပ္ပာယ်မသိဘဲ အလွတ်ကျက် ရွတ်ဆိုနေသော ပါဠိဘာသာဖြင့် ရေးသားထားသည့် ကျင့်ဝတ်တို့ကို လူတိုင်းနားလည်အောင် အသိယှဉ် ဗုဒ္ဓဘာသာစာအုပ်ကို ရေးမည်ဟု ဆုံးဖြတ်ခဲ့၏၊ သို့ရာတွင် မိမိကိုယ်တိုင် ပညာအမျိုးမျိုးကို လေ့လာနေရသဖြင့် မရေးဖြစ်ခဲ့။ ယခု စာရေးသူ၏ သားသမီး များလည်း ပါဠိစာသားတို့ကို အဓိပ္ပာယ်မသိဘဲ ဆိုနေကြ၏၊ အချို့ ပါဠိစာသားများပင် မမှန်မကန်ဖြစ်နေ၏၊ ထို့ကြောင့် ကလေးများအား အခြေခံဘာသာကျင့်ဝတ်ဆိုင်ရာတို့ကို တစ်နေ့ နည်းနည်းချင်း ဘုရားရှိခိုးပြီးတိုင်း ရှင်းပြရန် စိတ်ကူး ပေါ်လာ၏၊

စာရေးသူ၏ သားသမီးများမှတဆင့် အခြားကလေးငယ်တို့၏ ဘဝကိုလည်း စဉ်းစားမိလာ၏၊ စာရေးသူမှာ ပါဠိဘာသာနှင့် ပိဋကတ်စာပေများ တတ်ကျွမ်းသောကြောင့် သားသမီးများကို ဘာသာရေးအခြေခံများ ရှင်းပြရန် စိတ်ကူးရ၏၊ စိတ်ကူးဝံ့၏၊ ထိုသို့ ပါဠိနှင့် ပိဋကတ်မတတ်သော မိဘများအဖို့ သူတို့ငယ်စဉ်က ရရှိခဲ့သည့် ပါဠိစာပေများကို သူတို့၏ သားသမီးများအား အလွတ်ရွတ်စေရုံမှတပါး ဘာမျှရှင်းပြနိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် စာရေးသူ၏ သားသမီးများအား ဘာသာရေး အခြေခံများ ရှင်းပြရန်လိုသကဲ့သို့ မြန်မာတစ်ပြည်လုံးရှိ မိဘများ၏ သားသမီးများကိုလည်း ရှင်းပြရန် လိုအပ်လျက်ရှိကြောင်း ထင်မြင်လာပေသည်။ ထိုအခါကျမှ ငယ်စဉ်က ဆုံးဖြတ်ထားခဲ့သော ဘာသာရေးဆိုင်ရာ ရှင်းလင်းချက်စာအုပ် ရေးရန်ကို သတိ ပြန်ရလာ၏၊ စာရေးသူ၏ သားသမီးများနှင့်အတူ တစ်ပြည်လုံးရှိ မိဘများ၏ သားသမီးများကို တပြီုင်တည်း အခြေခံ ဘာသာ ရေး သိမှတ်ဖွယ်များကို ရှင်းပြနိုင်ရန်အတွက် ဤစာအုပ်ငယ်ကို ရေးသားရခြငး ဖြစ်ပါသည်။

မိရိုးဖလာလွန် ဗုဒ္ဓဘာသာဆိုတာ ဘာလဲ

***

မိရိုးဖလာလွန် ဗုဒ္ဓဘာသာကို ပီပီပြင်ပြင် သိရှိနိုင်ရန် မိရိုးဖလာ ဗုဒ္ဓဘာသာကို သိထားသင့်သည်။ မြန်မာတို့သည် အနော်ရထာ မင်းလက်ထက်မှစ၍ တစ်ပြည်လုံး ထေရဝါဒ ဗုဒ္ဓဘာသာကို ကျင့်သုံးခဲ့သည်။ ထိုသို့ ဘိုးဘေးဘီဘင်မှ အစဉ်ဆင်းသက် လာ ခဲ့၍ အကြောင်းအကျိုး စိစစ်ဝေဖန်ခြင်းမပြုဘဲ လက်ခံကျင့်သုံးနေသော ဗုဒ္ဓဘာသာကို မိရိုးဖလာ ဗုဒ္ဓဘာသာဟု ခေါ်သည်။ မိရိုးဖလာ ဗုဒ္ဓဘာသာသည် မှန်ကန်သော ဗုဒ္ဓဘာသာပင်ဖြစ်ပါသည်။ ထိုသို့ မှန်ကန်သဖြင့် ကျိုးကြောင်း စိစစ်စရာ မလိုတော့ သောကြောင့် လူကြီးများကလည်း စိစစ်မပြကြ၊ လူငယ်များကလည်း မေးမြန်းစိစစ်လေ့မရှိကြဘဲ အစဉ်အလာအတိုင်း လက်ခံ ကျင့်သုံးခဲ့ကြသည်။

အခြားဘာသာဝင်တစ်ဦးဦး သို့မဟုတ် ဘာသာရေးကို လုံးဝမကိုးကွယ်သော ရုပ်ဝါဒီတစ်ဦးဦး၊ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း အကျိုးအကြောင်း ဝေဖန်ဆန်းစစ်ပြီးမှ လက်ခံလိုသော ဝိဘဇ္ဇဝါဒီတစ်ဦးဦးက ဘာသာရေးဆိုင်ရာ ကျင့်ဝတ်များအပေါ် အကျိုး အကြောင်း ဝေဖန်ဆန်းစစ် မေးမြန်းလာသောအခါ မိရိုးဖလာ ဗုဒ္ဓဝါဒီသည် ရှင်းလင်းဖြေဆိုနိုင်စွမ်း မရှိတော့ပေ။ ကိုယ့်မြင်း ကိုယ်စီး အထီးမှန်း အမမှန်းမသိ ဖြစ်သည်။ အဟံ ဘန္တေ၊ ဣတိပိ သော ဘဂဝါ၊ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု စသည့် ပါဠိတွေ ကို ချောချောမောမော ဆိုတတ်သည်။ ထိုပါဠိတွေက ဘာအဓိပ္ပာယ်ပြမှန်း မသိသည်ကများပြီး အဓိပ္ပာယ်သိသူတိုင်းလည်း ဘာကြောင့်သီလတောင်းရသည်၊ ဘာကြောင့် ဘုရားဂုဏ်တော် ပွားရသည်၊ ဘာကြောင့်မေတ္တာပို့ရသည်၊ ထိုသို့ သီလတောင်း၊ ဂုဏ်တော်ပွား၊ မေတ္တာပို့သဖြင့် ဘာအကျိုးတွေကို ရမည် စသဖြင့် ခြေခြေမြစ်မြစ်သိသူက နည်းလှသည်။ ဤဗုဒ္ဓဘာသာမျိုးကို မိရိုးဖလာ ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ကုလာစာရခေါ်-မျိုးရိုးစဉ်လာ ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ကံ ကံ၏အကျိုးကို ယုံကြည်မှု သက်သက်ဖြင့် မိရိုးဖလာအစဉ်အလာအရ ပြုအပ်သော ကုသိုလ်ကောင်းမှုသည် အကျိုးပေးမထက်သန်လှပါ။

မိဘတွေ ဘုရားရှိခိုးသည်ကိုမြင်၍ ကြား၍ ဘုရားရှိခိုးခြင်းမျိုး၊ သူတစ်ပါး ဆွမ်းလောင်းသည်ကို မြင်၍ ဆွမ်းလောင်းခြင်မျိုး၊ သဗ္ဗေ သတ္တာ အဝေရာဟောန္တု သူတစ်ပါးဆို၍ လိုက်ဆိုခြင်းမျိုးမဟုတ်ပဲ ဘုရားရှင်၌ ရှိခိုးပူဇော်ထိုက်သော ဂုဏ်တော်များရှိ၍ ထိုဂုဏ်တော်များကို အောက်မေ့ရှိခိုးပူဇော်ခြင်း၊ သံဃာတော်တို့၌ ပစ္စည်းလေးပါး လှူဒါန်းထိုက် ရှိခိုးထိုက်သော ဂုဏ်များ ရှိမှန်း သိ၍ ထိုဂုဏ်တော်များကို မှန်းဆလှူဒါန်းရှိခိုးခြင်း၊ မေတ္တာ၏ အကျိုးအာနိသင်များကို သိရှိ၍ သတ္တဝါတို့အပေါ်၌ ချမ်းသာစေလိုသော မေတ္တာစိတ်ကို ပို့လွှတ်ပွားများခြင်းမျိုးသည် မိရိုးဖလာ ဗုဒ္ဓဘာသာတို့ ကျင့်ရိုးကျင့်စဉ်ကို လွန်မြောက် သွားသောကြောင့် မိရိုးဖလာလွန် ဗုဒ္ဓဘာသာဖြစ်၏၊ အသိဉာဏ်ပညာနှင့်ယှဉ်သော ဉာဏသမ္ပယုတ် ဗုဒ္ဓဘာသာဖြစ်၏၊ အသိဉာဏ်နှင့်ယှဉ်၍ ပြုလုပ်အပ်သော ကုသိုလ်ကောင်းမှုများသည်သာ အဆင့်မြင့်သော တိဟိတ်ကုသိုလ်ဖြစ်၍ အထက်တန်း ကျသော အကျိုးကို ပေးနိုင်၏၊

ဤစာအုပ်သည် မိရိုးဖလာ ဘာသာအဆင့်ကို လွန်မြောက်၍ အသိဉာဏ်နှင့်ယှဉ်သော ဉာဏသမ္ပယုတ် ဗုဒ္ဓဘာသာ၊ တိဟိတ် ဗုဒ္ဓဘာသာဖြစ်အောင် ဗုဒ္ဓဘာသာ မြန်မာအများစု ပြုလုပ်နေသည့် ကုသိုလ်ရေး လုပ်ငန်းများကို အကျိုး အကြောင်း စိစစ်ဝေ ဖန်ပြသောကျမ်းဖြစ်၏၊ ထို့ကြောင့် ဤကျမ်း၏အမည်ကို မိရိုးဖလာလွန် ဗုဒ္ဓဘာသာဟု မှည့်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။

ဤစာအုပ် ဘယ်လိုရေးသလဲ

***

ဤစာအုပ်ကို ကလေးငယ်များအတွက် ရည်ရွယ်၍ ရေးသည်။ ကလေးတိုင်းသည် စကားပြောတတ်၏၊ သို့ရာတွင် ကလေးတိုင်း စာဖတ်တတ်ဦးမည် မဟုတ်ပေ။ ကလေးငယ်များအဖို့က စာပေရေးဟန် ဝါကျခန့်ခန့်ညားညား ရေးသည်ထက် စကား ပြောဟန်ဖြင့် ရေးခြင်းက ကလေးများအဖို့ ပို၍ လွယ်ကူမည်။ ညီအစ်ကို မောင်နှမတစ်စုတွင် စာဖတ်တတ်သူ တစ်ယောက် ရှိပါက ထိုသူဖတ်ပြခြင်းဖြင့် သူကိုယ်တိုင်က ကျန်လူများကို ရှင်းပြပြောဆိုနေသကဲ့သို့ ဖြစ်မည်။ နားထောင်နေသူအဖို့လည်း ပို၍ လွယ်ကူစွာ နားလည်နိုင်မည်။ ထို့ကြောင့် ခန့်ညားသော စာပေပုံစံဖြင့် မရေးဘဲ နားလည်ရန် လွယ်ကူသော စကားပြောဟန်ဖြင့် ရေးထားသည်။

ကလေးငယ်များ စိတ်ဝင်စားလာစေရန်နှင့် အဓိပ္ပာယ်နားလည်မှု ပိုမိုရှင်းလင်းစေရန် အမေးအဖြေပုံစံဖြင့် ရေးထားသည်။ ဤစာအုပ်ပါ အမေးအဖြေတို့ကို တစ်ဆက်တည်းဖတ်သွားခြင်း မပြုဘဲ ပထမစာဖတ်တတ်သူက ဤစာအုပ်ပါ ပုစ္ဆာကိုမေး၍ ကျန်သူများက မိမိသိသလောက် ဖြေကြည့်ကြရမည်။ ထိုသို့ဖြေကြည့်ပြီးမှ ဤစာအုပ်ပါ အဖြေများကို ဆက်လက်နားထောင် မှတ်သားရမည်။ ဤသို့ ကလေးငယ်များကို ကိုယ်တိုင်ဖြေစေခြင်းဖြင့် စိတ်ဝင်စားလာစေရန်အတွက် အမေးအဖြေပုံစံဖြင့် ရေးထားပါသည်။

ဤစာအုပ်ကို ကလေးသူငယ်များအတွက် အဓိကထား၍ရေးသည်။ ထို့ကြောင့် ပညာရှင်သုံး ကျမ်းဂန်ကြီးများမှာကဲ့သို့ ဘယ်ပါဠိတော်၊ ဘယ်အဋ္ဌကထာ၊ စာမျက်နှာဘယ်လောက်တွင် ဘယ်လိုဆိုထားသောကြောင့် ဘာဖြစ်ရမည်၊ ဘာလုပ်ရမည်ဟု ကျမ်းကိုး ကျမ်းညွှန်းများကို မရေးထားပါ။ အချို့ ပြဿနာပေါ်နိုင်သည့် နေရာများတွင်သာ ကျမ်းကိုးညွှန်ပြထားပါသည်။ အကိုးအကား မပြထားသော်လည်း ဤစာအုပ်ပါ အကြောင်းအရာအားလုံးမှာ နိကာယ်ငါးရပ် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာလာ အဓိပ္ပာယ်များကို မြန်မာစကားဖြင့် ထုတ်နုတ်ရေးသားထားခြင်းဖြစ်သည်ဟု မှတ်ယူကြပါရန် ဖြစ်ပါသည်။

ဤစာအုပ်မှာ ဘာတွေရေးထားသလဲ

***

ဤစာအုပ်တွင် စာရေးသူက စာဖတ်ပရိသတ်အား သိစေချင်သော အကြောင်းအရာ ဗဟုသုတတို့ကို ရှာဖွေစုဆောင်း၍ တင်ပြထားသည် မဟုတ်ပါ။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာအများစု နေ့စဉ်ပြုလုပ်နေသည့် ဘာသာရေး ကျင့်စဉ်များဖြစ်သော ကန်တော့ခန်း၊ သီလယူခန်း၊ ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ဆွမ်း၊ ရေ၊ ပန်း၊ ဆီမီး ကပ်လှူခြင်း၊ မေတ္တာပို့၊ အမျှဝေ၊ ပုတီးစိတ်၊ ဘာဝနာပွား စသည့် ကျင့်စဉ်များနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်တို့ကို ဖော်ပြရေးသားခြင်းသာ ဖြစ်ပါသည်။ မိမိရွတ်ဆိုသမျှ စာ၏အဓိပ္ပာယ်ကိုသိရန် မိမိလုပ်ဆောင်သမျှ ဘာသာရေးကျင့်စဉ်များကို ဘာကြောင့် ဘာအကျိုးအတွက် လုပ်ဆောင်ရသည်ကို သိရှိရန် ရည်ရွယ်ပါသည်။

အချုပ်အားဖြင့် ရှေးမြန်မာတို့ စီမံထားခဲ့သော ဘာသာရေးလုပ်ဆောင်ချက်များမှာ မည်သည့်ရည်ရွယ်ချက်များ ရှိသည်ကို ရှင်းလင်းပြခြင်းဖြင့် ရှေးမြန်မာတို့၏ အမြော်အမြင် ကြီးမားပုံကို ဂုဏ်ပြုရေးသားထားချက်များဖြစ်ပါသည်။

ကလေးသူငယ်များအတွက် အဓိကရေးသားသည် ဆိုသော်လည်း ဗုဒ္ဓဘာသာဝင် လူရွယ်လူလတ်များလည်း ဤစာအုပ်ကို ဖတ်ရန်လိုပါသည်။ ထို့ကြောင့် သိပ္ပံပညာ ထွန်းကားသည့် ဒုံးပျံဂြိုဟ်တုခေတ် လူငယ်များ မေးမြန်းလေ့ရှိသော မေးခွန်းများကို ထည့်၍ ဖြေထားပါသည်။ ထိုလေးနက်၍ အဆင့်မြင့်သော အကြောင်းအရာများကို ကလေးသူငယ်များ အဓိပ္ပာယ်မရှင်းလင်း သဘောမပေါက်စေကာမူ ဤသို့ ဖတ်ဖူး ကြားဖူးခြင်းဖြင့် နောင် စဉ်းစားဉာဏ် ရင့်လာသောအခါ သဘောပေါက်လာကြပါ လိမ့်မည်။

ဤစာအုပ်ပါ အချို့သော အခန်းများ၊ အချို့သော ပြဿနာများမှာ စာအုပ်ကြီးတစ်အုပ် သီးသန့်ရေးလောက်အောင် ကျယ်ပြန့် ပါသည်။ ၄င်းတို့ကို ကလေးသူငယ် နားလည်စေရန် တိုတိုကျဉ်းကျဉ်းနှင့် လိုရင်းရောက်အောင် ကြိုးစား၍ရေးထားပါသည်။ ထိုအခန်းများကို အကျယ်သိလိုပါက ထိုပိဋကတ်များတွင် ဆက်လက်ရှာဖွေ ဖတ်ရှုကြရန်ဖြစ်ပါသည်။ ကလေးသူငယ်များ အတွက် လိုအပ်သလောက်သာ ပိုင်းရေးသား၍ မစုံမလင်ဖြစ်သည်ဟု မှတ်ယူကြစေလိုပါသည်။

ဤစာအုပ် ဘယ်လိုဖတ်ရမလဲ

***

ဤစာအုပ်ကို လူကြီး၊ လူရွယ်များဖတ်ပါက အစအဆုံး တဆက်တည်း ဖတ်သွားနိုင်ပါသည်။ သို့ရာတွင် ဤစာအုပ်ကို ဘာသာ ရေးအခြေခံ မရှိသေးသော ကလေးသူငယ်များအတွက် အထူးရည်ရွယ်၍ ရေးသားပါသည်။ ကလေးသူငယ်များသည် ဘာသာ ရေးဆိုင်ရာ အကြောင်းအရာများကို ဆက်တိုက်ဖတ်လိုကြသည်မဟုတ်ပါ။

ဤစာရေးသူ၏ မူလရည်ရွယ်ချက်မှာ ကလေးများ ဘုရားရှိခိုးပြီးပါက ဘာသာရေးဆိုင်ရာ သိစရာများကို အချိန်အဆဖြင့် ဆယ်မိနစ်ခန့် ပြောကြားရန်ဖြစ်ပါသည်။ ပြောကြားရန်ဆိုသော်လည်း ဘုန်းတော်ကြီးများ တရားဟောသကဲ့သို့ ဆက်တိုက် ပြောရန်မဟုတ်ဘဲ မိမိပြောလိုသည့် အကြောင်းတစ်ခုကို ဖြေချင်သလို ဖြေနိုင်ရန်မေးမည်။ သူတို့ကို ဖြေခိုင်းမည်။ ပြီးမှ မိမိဖြေဆိုလိုရာကို ဖြေပြမည်ဟု ရည်ရွယ်ထားပါသည်။

ယခုကိုယ်တိုင် ပြောကြားခြင်းမဟုတ်ဘဲ စာအုပ်ကို ဖတ်စေရာ၌လည်း မူလရည်ရွယ်ချက်အတိုင်း ဖြစ်စေရန်အတွက် ဤစာအုပ်ကို ဘုရားစင်တွင်ထားပါ။ သို့မဟုတ် စာအုပ်စင်တွင် ထားလျှင်လည်း ကလေးများ ဘုရားရှိခိုးတော့မည်ဆိုလျှင် ဘုရားရှေ့သို့ယူဆောင်၍ ချထားပါ။ ဘုရားရှိခိုးပြီးသောအခါ ဆယ်မိနစ်ခန့် ဤစာအုပ်ပါ အမေးအဖြေများကို နေ့စဉ်ရွတ် ဖတ်ရန် ဖြစ်ပါသည်။ ကလေးများတွင် အကြီးဆုံးဖြစ်သူကဖြစ်စေ၊ ကလေးအားလုံး စာတတ်သူများဖြစ်လျှင် တစ်နေ့ တစ်ယောက်အလှည့်ကျဖြစ်စေ ဖတ်နိုင်ပါသည်။

ဖတ်သောအခါ အမေးအဖြေစာအုပ်ကို ဖတ်သကဲ့သို့မဟုတ်ဘဲ ကလေးတစ်ယောက်က ကျန်ကလေးများကို ဤစာအုပ်ပါ မေးခွန်းတစ်ခုကိုဖတ်၍ မေးရမည်။ ကျန်ကလေးများက မိမိထင်မြင်သည့်အတိုင်း ကြားဖူးသည့်အတိုင်း သိသလောက် ဖြေရမည်။ ကျန်ကလေးများ ဖြေပြပြီးမှ မူလမေးခွန်းကို မေးသူက ဤစာအုပ်ပါအဖြေများကို ဖတ်ပြရမည်။ ၁၀-မိနစ်ခန့် မေးဖြေပြီးလျှင် ရောက်သောနေရာကို စက္ကူတစ်ရွက်ဖြင့် မှတ်၍ အခြေခံဘာသာရေး မေး ဖြေမှုကို အပြီးသတ်ရမည်။ နေ့စဉ်မှန်မှန် ဘုရားရှိခိုးပြီးတိုင်း ဤစာအုပ်ကို ၁၀-မိနစ်ခန့် ဖတ်သွားပါက ဘာသာရေးအခြေခံ ခိုင်မာတောင့်တင်းသွားမည် ဖြစ်ပါသည်။ မိမိပြုလုပ်နေသည့် ဘာသာရေးလုပ်ငန်းများ၏ အဓိပ္ပာယ်ကို မိမိသိရှိနိုင်မည် ဖြစ်ပါသည်။

စာရေးသူ၏ရည်ရွယ်ချက်

***

မြန်မာလူမျိုးတို့သည် အင်္ဂလိပ်တို့၏ လက်အောက်ခံ ကိုလိုနီဘဝကို မရောက်ခင်က ဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြ၏၊ ဘုန်းတော်ကြီးကျောင်း ပညာရေးဆိုသည်မှာ အခြေခံ အရေး အဖတ် အတွက်နှင့် ဗုဒ္ဓဘာသာအပေါ်၌ အခြေခံသော မြန်မာ့ယဉ်ကျေးမှုများကို သင်ပြခြင်းဖြစ်၏၊ ဘုန်းကြီးကျောင်းပညာရေးတွင် သိပ္ပံနှင့် စက်မှုပညာရပ်များကို မသင်ပေးသဖြင့် တိုးတက်သော ကမ္ဘာကြီးနှင့် ရင်ပေါင်တန်း မလိုက်နိုင်ခဲ့သော်လည်း နက်နဲသိမ်မွေ့သော ဗုဒ္ဓဘာသာ အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသော မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်းသည် ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ခဲ့ပေသည်။ ဇာတ်နိပါတ်တော်များတွင် ဘုရားလောင်းတို့၏ ကျင့်စဉ်များကို ဖတ်ရှုအားကျ ကျင့်ကြံကြသဖြင့် မြန်မာလူမျိုးတို့သည် သနားကြင်နာတတ်သည်။ ကိုယ်ချင်းစာတတ်သည်။ ယိုင်းပင်းကူညီတတ်သည်။ ခင်မင်ဖော်ရွေကြသည်။ ပေးကမ်း လှူဒါန်းလေ့ရှိသည်။ စိတ်သဘောထား မြင့်မြတ်သည်ဟု ကမ္ဘာက အသိအမှတ်ပြုကြရသည်။

သို့ရာတွင် အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်း ၁၀၀ နီးပါး နေခဲ့ရသဖြင့် မြန်မာတို့၏ အမျိုးသားဇာတိမာန်၊ မူလမြန်မာ့စိတ်ထားနှင့် မူလမြန်မာ့ယဉ်ကျေးမှုများသည် မှေးမှိန်ခဲ့ရသည်။ ယနေ့ မြန်မာလူငယ်များ၏သန္တာန်တွင် မြန်မာ့ယဉ် ကျေးမှုထက် ကမ္ဘာ့ယဉ်ကျေးမှုက လွှမ်းမိုးနေသည်။

မူလယဉ်ကျေးမှု အဆင့်မမြင့်သော လူမျိုးများသည် တိုင်းတစ်ပါးသား ယဉ်ကျေးမှုများကို တိုက်ရိုက်ဖြစ်စေ၊ ပုံစံပြောင်း၍ ဖြစ်စေ အမျိုးသားယဉ်ကျေးမှုအဖြစ် လက်ခံကြရသည်။ မူလအမျိုးသား ယဉ်ကျေးမှုအခိုင်အမာရှိသော လူမျိုးသည် မိမိ အမျိုးသားယဉ်ကျေးမှု အခြေခံအုတ်မြစ်ပေါ်တွင် တိုင်းတပါးယဉ်ကျေးမှုများဖြင့် မွမ်းမံ၍ တိုးချဲ့ကြရသည်။ မြန်မာတို့မှာ ဗုဒ္ဓဘာသာကို အခြေခံသော မူလယဉ်ကျေးမှု အခိုင်အမာရှိပြီးဖြစ်၍ တိုင်းတစ်ပါးယဉ်ကျေးမှုကို တိုက်ရိုက်ယူလက်ခံရန် အကြောင်းမရှိပေ။

မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့လူနေမှုစနစ်သည် ဗုဒ္ဓယဉ်ကျေးမှုအပေါ်တွင် အခြေခံတည်ဆောက်ထားခဲ့သော်လည်း ယနေ့ မြန်မာ့လူ့ဘောင်၏ လူနေမှုစနစ်အရ မြန်မာလူငယ်များသည် ဘုန်းတော်ကြီးများနှင့် ကင်းကွာနေသဖြင့် မြန်မာ့ရိုးရာ ဘာသာ စာရိတ္တများ ခေါင်းပါးလျက် ရှိလေသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများနှင့် မွန်မြတ်သော မြန်မာ့စိတ်ထားများ နည်းပါးလျက် ရှိလေသည်။

ယနေ့ မြန်မာလူငယ်များသည် ဗုဒ္ဓဘာသာခေါင်းဆောင် ရဟန်းသံဃာတော်များနှင့် အဆက်အစပ် အထိအတွေ့ နည်းနေ သဖြင့် အခြေခံဗုဒ္ဓယဉ်ကျေးမှုများနှင့် ထိုဗုဒ္ဓဘာသာအပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသော မြန်မာ့ယဉ်ကျေးမှုများကို မြတ်နိုးမှု၊ ကာကွယ်ထိန်းသိမ်းလိုမှု နည်းပါးနေသည်။

ရှေးခေတ် ဘုန်းတော်ကြီးကျောင်း ပညာရေးသည် ဘာသာစာရိတ္တ ကောင်းမွန်ရေးကို အဓိကထားသင်၍ စိတ်နှလုံး နူးညံ့ ပျော့ပျောင်း သိမ်မွေ့ယဉ်ကျေးသည်။ သို့ရာတွင် သိပ္ပံပညာသင်ကြားရေး အားနည်းခဲ့သဖြင့် တိုးတက်နေသော ကမ္ဘာ၏ နောက်တွင် ကျန်ခဲ့ကာ နောက်ဆုံး ကျွန်ဖြစ်ရသည်။ ယခုခေတ် စာသင်ကျောင်းများတွင် သိပ္ပံပညာရပ်မျိုးစုံကို သင်ကြားလျက် ရှိသည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်သည်။ လူနေမှု အဆင့်အတန်း မြင့်မားသည်။ တိုးတက်နေသော နိုင်ငံကြီးများ အဆင့် မမီသေးသော်လည်း အမီလိုက်လျက်ရှိသည်။

ထိုသို့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုနည်းနေသည့်အတွက် ယခုခေတ် ကလေးသူငယ်တို့၏စိတ်သည် ကြမ်းတမ်းမာကြော နေသည်။ အမျိုးသားရေးစိတ်ဓာတ် ခေါင်းပါးနေသည်။ လူ့ဘဝသည် ရုပ်လောကတိုးတက်၍ အထက်တန်းကျကျ စားနိုင်၊ သောက်နိုင်၊ နေနိုင်၊ ထိုင်နိုင်၊ သွားနိုင်၊ လာနိုင်ရုံမျှဖြင့် ပြီးပြည့်စုံသည် မဟုတ်သေး။ လူအချင်းချင်း ကိုယ်ချင်းစာတရား မေတ္တာတရား ထားနိုင်ရန်လည်း လိုအပ်ပါသည်။ အမျိုးသားရေးအတွက်၊ သတ္တဝါအားလုံး အကျိုးအတွက် ကျင့်ကြံအားထုတ် တော်မူသော ဘုရားလောင်းကို အတုယူ၍ အမျိုးသားကြီးပွားရေး၊ လူ့ဘောင်လောက သာယာဝပြောရေး၊ အများကောင်းစား ရေးအတွက် အများနှင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိရန်လည်း လိုအပ်ပါသည်။

စားဝတ်နေရေးတည်းဟူသော ရုပ်လောက တိုးတက်မြင့်မားလာရေးအတွက် သိပ္ပံပညာရပ်များ လိုအပ်သကဲ့သို့ ကိုယ်ချင်းစာ တရား၊ မေတ္တာတရား၊ အများအကျိုးဆောင်ရွက်လိုသော စိတ်ထားများ ထွန်းကားလာရေးအတွက် စိတ်ဓာတ် ရင့်ကျက်ခိုင်မာ ရေးအတွက် လေ့ကျင့်ပေးရန် လိုအပ်ပါသည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်ရာ၌ ရှေးခေတ်မြန်မာ ဘိုးဘေးအစဉ်အဆက်တို့ သည် ဗုဒ္ဓဘာသာတရားအပေါ် အခြေခံ၍ မြန်မာ့လူ့ဘောင်၊ မြန်မာ့ယဉ်ကျေးမှုကို တည်ထောင်ခဲ့ကြသဖြင့် ယခုကျွန်အဖြစ်မှ လွတ်မြောက်၍ မြန်မာ့လူ့ဘောင်အသစ် ပြန်လည်တည်ဆောက်ကြရာ၌ အခြေခံရမည့် ဗုဒ္ဓဘာသာသည် အစဉ်အလာ မိရိုးဖလာ ဗုဒ္ဓဘာသာမျိုးမဟုတ်ဘဲ အသိဉာဏ်နှင့်ယှဉ်သော မိရိုးဖလာ ဗုဒ္ဓဘာသာများသာ ဖြစ်သင့်သည်ဟု ယုံကြည်ပါသဖြင့် ဤစာအုပ်ကို ရေးသားလိုက်ပါသည်။

ဗုဒ္ဓဘာသာကျင့်ဝတ်များကို အကျိုးအကြောင်းနှင့်တကွ အမှန်အတိုင်းသိ၍ အမှန်အတိုင်း ကျင့်ကြံအားထုတ်ကာ ပစ္စုပ္ပန် ချမ်းသာနှင့် တမလွန်ချမ်းသာနှစ်မျိုးကို ခံစားနိုင်ကြပါစေသတည်း။

ရန်ကုန် ၁၂-၈-၇၅.................သောင်းလွင်

ဘာသာရေးအခြေခံ

အခန်း-၁

မေး။ ။ သင်တို့ ဘယ်ဘာသာကို ကိုးကွယ်သလဲ။

ဖြေ။ ။ ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။

မေး။ ။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။

ဖြေ။ ။ ဗုဒ္ဓဆိုတာက တရားအားလုံးကို ဆရာမရှိဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ သိတဲ့ဘုရား။ ဘာသာဆိုတာက အဲဒီဘုရားရှင် သွန်သင်ပြသ ဟောကြားခဲ့တဲ့ တရားတော်။

အဲဒီလို ဗုဒ္ဓဘာသာဆိုတဲ့ စကားနှစ်လုံးကို ပေါင်းလိုက်တော့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားတော်တွေလို့ အဓိပ္ပာယ် ရတယ်။ အဲဒီဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားတော်အတိုင်း ကျင့်ကြံနေထိုင်တဲ့ လူတွေကို ဗုဒ္ဓဘာသာ (ဗုဒ္ဓဘာသာဝင်)တွေ လို့ ခေါ်တယ်။

မေး။ ။ ဗုဒ္ဓဘာသာကိုးကွယ်မှု အစဉ်အလာ ဘယ်ပုဂ္ဂိုလ်က ဘယ်နိုင်ငံမှာ ဘယ်အချိန်တုန်းက စတင်တည်ထောင်ခဲ့သလဲ။

ဖြေ။ ။ ဗုဒ္ဓဘာသာကိုးကွယ်မှုကို ဂေါတမဘုရားရှင်က အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်တုန်းက စတင်တည်ထောင်ခဲ့တယ်။

မေး။ ။ ဂေါတမဘုရားရှင် မပွင့်မီက အိန္ဒိယမှာ ဘယ်ဘာသာကို ကိုးကွယ်နေကြသလဲ။

ဖြေ။ ။ အဲဒီအချိန်တုန်းက အိန္ဒိယမှာ ဗြဟ္မဏဝါဒလို့ခေါ်တဲ့ ဟိန္ဒူဘာသာကို အများဆုံး ကိုးကွယ်နေကြတယ်။ဟိန္ဒူဘာသာရဲ့ အစောဆုံးစာပေကတော့ ရိ-ဂ်ဝေဒဖြစ်တယ်။ အဲဒီ ရိ-ဂ်ဝေဒထဲမှာ အိန္ဒိယပြည်ထဲကို ရှေးဦးစွာဝင်ရောက်လာကြတဲ့ အာရိယန် လူမျိုးတွေရဲ့ တေးဂီတတွေပါတယ်။ အာရိယန်တွေဟာ နေ လ မီး လေ စတဲ့သဘာဝအင်အားတွေကို သက်ရှိ အဖြစ်ပြောင်းပြီး နေနတ်၊ လေနတ်၊ မီးနတ်၊ မြစ်စောင့်နတ်၊ တောင်စောင့်နတ်တွေအဖြစ်နဲ့ ကိုးကွယ်ပူဇော်နေကြတယ်။ ၈၀၀ ဘီစီလောက်မှာ ဥပနိသျှဒ်ခေါ်တဲ့ ကျမ်းတွေပေါ်လာတယ်။ အဲဒီကျမ်းတွေထဲမှာ…

၁။ ဝတ်ပြုကိုးကွယ် ပူဇော်နည်း။

၂။ အတ္တကို စင်ကြယ်စေဖို့ ခြိုးခြံကျင့်ကြံ အားထုတ်နည်း။

၃။ သံသရာမှ လွတ်မြောက်ရန် ကမ္မဋ္ဌာန်းတရား အားထုတ်နည်းတွေကို ဖော်ပြကြတယ်။

ဟိန္ဒူဝါဒအရ အတ္တဟာ တစ်ဘဝပြီး တစ်ဘဝ ဆက်ကာ ဆက်ကာ သံသရာကျင်လည်နေတယ်။ အဲဒီလိုကျင်လည်ရာမှာ ကောင်းမှု မကောင်းမှုအရ ကောင်းတဲ့ဘဝ၊ ဆိုးတဲ့ဘဝမှာ ကျင်လည်ရတယ်။ အဆုံးအစမရှိ ကျင်လည်နေရတဲ့ သံသရာမှ လွတ်မြောက်ရေး နည်းလမ်းတစ်ခုဟာ ရှိရမယ်လို့ ယုံကြည်ကြတယ်။ အဲဒီလွတ်မြောက်ရေး နည်းလမ်းကို ရှာကြံရာက အဘိဓမ္မာဆရာကြီးတွေ အမြောက်အများ ပေါ်ထွက်လာကြတယ်။ တချို့က အဲဒီဂိုဏ်းဆရာကြီးတွေကို ကိုးကွယ်ပြီး တချို့ကတော့ မီးနတ်၊ နေနတ်၊ လေနတ် စတဲ့ သဘာဝနတ်တွေကို ကိုးကွယ်နေကြတယ်။

မေး။ ။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ သူ့အရင်ပေါ်နေတဲ့ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်မှုဘာသာတွေက ဆင်းသက်လာသလား။

ဖြေ။ ။ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာက ဆင်းသက်လာတာ မဟုတ်တဲ့အပြင် အဲဒီဟိန္ဒူနဲ့ နတ်ကိုးကွယ်မှုဘာသာ ရေးတွေကို လုံးဝဆန့်ကျင်တော်လှန်တဲ့ ဘာသာဖြစ်တယ်။ (ဒါပေမယ့် ကမ္ဘာကိုပြန့်နေတဲ့ ဗုဒ္ဓဘာသာကတော့ ဟိန္ဒူဝါဒနဲ့ နတ်ကိုးကွယ်မှုဝါဒတွေ အနည်းအကျဉ်း ရောနှောပါဝင်နေတယ်လို့ ကြိုတင်မှတ်ထားနှင့်ပါ။)

မေး။ ။ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာဟာ ဘယ်လိုကွဲပြားသလဲ။

ဖြေ။ ။ ဟိန္ဒူဘာသာအဆိုအရ အထက်ကောင်းကင်တစ်နေရာမှာ မအိုမသေဘဲ ထာဝရအသက်ရှင်နေနိုင်တဲ့ ဗြဟ္မာကြီးတစ်ဦး ရှိတယ်။ အဲဒီဗြဟ္မာကြီးက ဒီကမ္ဘာလောကကြီးနဲ့ သက်ရှိသက်မဲ့ သတ္တဝါတွေကို ဖန်ဆင်းထားတယ်။ သူဖန်ဆင်းထားတာ ဖြစ်လို့ လောကကြီးတစ်ခုလုံးကို သူအစိုးရတယ်။ ပိုင်ဆိုင်တယ်။ ဒီသက်ရှိသတ္တဝါတွေရဲ့ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကောင်းမှုဆိုး မှုတွေ အားလုံးဟာ ဖန်ဆင်းရှင်နဲ့သာ ဆိုင်တယ်။

သူဖန်ဆင်းထားတဲ့ သတ္တဝါတွေရဲ့ ကိုယ်ခန္ဓာထဲမှာ ဆိုးလ်၊ အတ္တ။ ဝိညာဉ်လို့ခေါ်တဲ့ အသက်ရှိတယ်။ အဲဒီအတ္တဝိညာဉ်ဟာလဲ ထာဝရတည်မြဲတယ်။ ရုပ်ဝတ္ထုခန္ဓာကိုယ်ကြီးဟာ ဟောင်းမြင်းအိုမင်းသွားတဲ့အခါ ဝိညာဉ်ကလေးက အဲဒီကိုယ်ခန္ဓာကြီးထဲက ထွက်ပြီး အခြားနုပျိုတဲ့ ခန္ဓာကိုယ်ထဲမှာ တဖန်သွားဖြစ်တယ်။ အဲဒီ နာမ်ဝိညာဉ်ကလေးဟာ မူလဖန်ဆင်းရှင်ဖြစ်တဲ့ ဗြဟ္မာကြီး နဲ့ပြန်ပေါင်းမိနိုင်ဖို့အတွက် ဖန်ဆင်းရှင်ဗြဟ္မာကြီးကို မျှော်မှန်းပြီး ပူဇော်ပသမှု၊ ဝတ်ပြုကိုးကွယ်မှု အမျိုးမျိုးတွေပြုလုပ်ရတယ်။ အင်မတန် ပင်ပန်းပြင်းထန်တဲ့ အကျင့်တွေကိုလည်း ကျင့်ကြံအားထုတ်ကြရတယ်။ ဖန်ဆင်းရှင် ဗြဟ္မာကြီးရော ဖန်ဆင်းခံ သတ္တဝါတွေရဲ့ ဝိညာဉ်တွေပါ အစဉ်မြဲတယ်လို့ ယူဆတဲ့အတွက် ထာဝရဝါဒ အတ္တဝါဒလို့ခေါ်တယ်။

ဗုဒ္ဓဘာသာမှာတော့ ဂေါတမဗုဒ္ဓဟာ ဖန်ဆင်းရှင်လဲမဟုတ်ဘူး။ သတ္တဝါတွေကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးဣဒ္ဓိပါဒ်လဲ မရှိဘူး။ သတ္တဝါတွေကို ချမ်းသာအောင် ဆင်းရဲအောင်လဲ မလုပ်နိုင်ဘူး။ ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးတစ်ယောက်ရဲ့ ကောင်းမှု ဆိုးမှုဟာ ဘုရားသခင်နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ အကောင်းနဲ့ အဆိုး၊ ချမ်းသာနဲ့ ဆင်းရဲဟာ တရားတော်အတိုင်းသာ ဖြစ်ရတယ်။ ကောင်းတဲ့တရား၊ ချမ်းသာစေတတ်တဲ့တရားတွေကို ကြံစည်ပြောဆို လုပ်ကိုင်တဲ့လူတွေဟာ လူကောင်း လူချမ်းသာဖြစ်ပြီး မကောင်းတဲ့ ဆင်းရဲစေတတ်တဲ့ တရားတွေကို ကြံစည်ပြောဆို လုပ်ကိုင်တဲ့လူတွေဟာ လူဆိုး လူဆင်းရဲတွေ ဖြစ်မယ်။ ပုဂ္ဂိုလ် သတ္တဝါတိုင်းဟာ မိမိရဲ့ဘဝ ချမ်းသာအောင်၊ ဆင်းရဲအောင်၊ ကောင်းအောင် ဆိုးအောင် ဖန်တီးနေတဲ့ ဗိသုကာတွေဖြစ်တယ်။ တစ်ဦးတစ်ယောက်ရဲ့ အကောင်းနဲ့အဆိုး၊ ချမ်းသာနဲ့ဆင်းရဲကို ဘုရားရှင်လဲ မတတ်နိုင်ဘူး။ တခြားပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကလဲ မတတ်နိုင်ဘူး။ “ဘယ်သူမပြု မိမိမှု” ဆိုတဲ့အယူအဆဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံပင်ရင်း အယူအဆဖြစ်တယ်။

သက်ရှိသတ္တဝါတွေရဲ့ အသက်ဝိညာဉ်ရော ရုပ်ခန္ဓာကိုယ်တွေပါ ဘယ်ဟာမှ တည်မြဲတာမရှိဘူး။ သက်ရှိသက်မဲ့ မြင်မြင်သမျှ အားလုံးဟာ ပျက်စီးကုန်ရမယ်။ ဒါကြောင့် ဗုဒ္ဓက သူ့ရဲ့အယူဝါဒကို အနတ္တဝါဒလို့ ထုတ်ဖော်ကြေငြာတယ်။ အားလုံးတည်မြဲ ပါတယ်၊ အနှစ်သာရရှိပါတယ်လို့ ယုံကြည်နေချိန်မှာ ဗုဒ္ဓက မတည်မြဲဘူး အနှစ်သာရမရှိဘူးလို့ ကြေငြာလိုက်တာဟာ အင်မတန်ကြီးမားတဲ့ မဟာတော်လှန်ရေးကြီး ဖြစ်တယ်။

မေး။ ။ ဗုဒ္ဓဂေါတမဟာ လူတွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ မဖန်တီးနိုင်ရင် ဘုရားကို ဘာကြောင့် ကိုးကွယ်ရသလဲ။

ဖြေ။ ။ ဂေါတမဘုရားရှင်ဟာ လူတွေရဲ့ ကောင်းကျိုး ဆိုးကျိုးကို သူ့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်နဲ့ မဖန်တီး မပြုလုပ်နိုင်ပါဘူး။ ဂေါတမဗုဒ္ဓဟာ တို့ကို မစလိမ့်မယ်၊ ကယ်တင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လူတွေက ကိုးကွယ်နေကြတာ မဟုတ်ပါဘူး။ ဘုရားရှင်ဟာ ဒီပြင်လူတွေ မတွေ့ မသိသေးတဲ့ တရားတွေကို အမှားနဲ့အမှန် ခွဲခြားသိမြင်ခဲ့တယ်။ မကောင်းကျိုးကို ပေးတတ်တဲ့ အကုသိုလ်အမှားတရားနဲ့ ကောင်းကျိုးကို ပေးတတ်တဲ့ ကုသိုလ်အမှန်တရားတွေကို ခွဲခြားပြီးဟောကြားခဲ့တယ်။ ဒီလိုကြံ စည်ပြောဆို လုပ်ဆောင်မှုဟာ ကောင်းတဲ့ဘဝကို ရောက်စေနိုင်တဲ့ သုဂတိလမ်းကောင်း၊ ဒီလိုကြံစည်ပြောဆိုလုပ်ဆောင်မှုဟာ မကောင်းတဲ့ဘဝ ရောက်စေနိုင်တဲ့ ဒုဂ္ဂတိလမ်းဆိုးဖြစ်တယ်လို့ လမ်းကောင်းနဲ့ လမ်းဆိုး၊ လမ်းမှန်နဲ့ လမ်းမှားကို ကွဲကွဲ ပြားပြား ပြတ်ပြတ်သားသား ညွှန်ကြားခဲ့တယ်။ အဲဒီလို ကောင်းဆိုးလမ်းများကို ညွှန်ကြားခဲ့တဲ့ လမ်းညွှန်ပုဂ္ဂိုလ်မြတ်ကြီး တစ်ပါးအနေနဲ့ ကိုးကွယ်ဆည်းကပ် ဝတ်ပြုပူဇော်ကြခြင်းသာ ဖြစ်တယ်။ တစ်ဘဝအတွက် သိသင့်သိထိုက်တဲ့ အသိပညာ အတတ်ပညာတွေကို လေးစားမြတ်နိုး ရှိခိုးပူဇော်တဲ့ သဘောသာဖြစ်တယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်မှုဟာ အခြားဘာသာတွေ မှာလို ကြောက်ရွံ့တဲ့သဘော၊ ကိုယ်လိုချင်တဲ့အကျိုးကို ရအောင် မစစေလိုတဲ့သဘော လုံးဝမပါဘူးဆိုတာ အထူးသတိထား ရမယ်။

မေး။ ။ ဗုဒ္ဓဝါဒဟာ အနတ္တဆိုတော့ လူတွေဟာ သေရင် ဘာမှမဖြစ်ဘဲ ဘဝပြတ်သွားသလား။

ဖြေ။ ။ လူဟာ သေပြီးတဲ့နောက် ဘာမှ ပြန်မဖြစ်ဘဲ ဘဝပြတ်မသွားပါဘူး။ နောက်ဘဝတစ်ခုမှာ ပြန်ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ပျက်စီးခြင်းမရှိ ထာဝစဉ်တည်မြဲနေတဲ့ အတ္တဝိညာဉ်ရှိတယ်ဆိုတဲ့ တည်မြဲဝါဒ သဿတအယူကို တစ်ဖက်မှာ တိုက်ခိုက်ရသလို တစ်ဖက်မှာလဲ “နောင်ဘဝဆိုတာ မရှိဘူး၊ သေပြီးရင်လဲ ဘာမှမဖြစ်ဘူး”လို့ ယူဆတဲ့ ပြတ်စဲဝါဒ ဥစ္ဆေဒ အယူကိုလဲ တော်လှန်ဆန့်ကျင်ခဲ့တယ်။

မေး။ ။ သေပြီးတဲ့နောက် ဘာမှမဖြစ်ဘူးဆိုတဲ့ ပြတ်စဲဥစ္ဆေဒဝါဒမှာ ဘယ်လိုအပြစ်ရှိသလဲ။

ဖြေ။ ။ ဘုရားရှင်လက်ထက်မှာ ပြတ်စဲဝါဒ ဥစ္ဆေဒအယူကို ကြေညာနေတဲ့ သူတွေကတော့ တိတ႓ိဆရာကြီးတွေပဲ ဖြစ်တယ်။ သူတို့အဆိုက သတ္တဝါတွေဟာ ဒီဘဝကို ဘယ်ဘဝကမှ ကူးပြောင်းလာတာ မဟုတ်ဘူး။ အခုဘဝသေဆုံးသွားပြီးရင်လဲ ဘယ်ဘဝမှာမှ မဖြစ်တော့ဘူး။ ဘဝကူးတယ်ဆိုတာ မရှိလို့ နောက်ဘဝ ကောင်းရာ ကောင်းကြောင်းအတွက် ကုသိုလ်ကောင်း မှုတွေလဲ လုပ်စရာမလိုဘူး။ မကောင်းမှု အကုသိုလ်တွေ လုပ်လို့လဲ ဘာအပြစ်မှ မခံရဘူး။ ဒီလို နောင်ဘဝမရှိတဲ့အတွက် နောင်ဘဝ ကောင်းစားရေးအတွက် ကုသိုလ်ကောင်းမှုလဲ လုပ်စရာမလိုဘူး။ အကုသိုလ် မကောင်းမှုတွေကိုလဲ ရှောင်ကြဉ်နေ စရာ မလိုဘူး။ ဒါကြောင့် ဒီဘဝမှာ ကောင်းမယ်ထင်ရင် ကိုယ်အကျိုးရှိမယ်ဆိုရင် ဘာမဆို လုပ်နိုင်တယ်လို့ ဆိုရာရောက် တယ်။ စာနာမှု ယိုင်းပင်းကူညီမှု လုံးဝမရှိတဲ့ လူရိုင်းတို့ရဲ့ အတွေးအခေါ် အပြုအမူသာ ဖြစ်တဲ့အတွက် ဘာသာတရားအားလုံး နဲ့ ဆန့်ကျင်ပြီး စာနာမှု ယိုင်းပင်းမှုတွေနဲ့ ယဉ်ကျေးနေတဲ့ လူ့အဖွဲ့အစည်းတွေက လက်မခံလိုကြတာဖြစ်တယ်။

မေး။ ။ အနတ္တဝါဒဖြစ်တဲ့ ဗုဒ္ဓဘာသာကို စတင်တည်ထောင်သွားတဲ့ ဗုဒ္ဓအကြောင်း အကျဉ်းချုပ်ပြောပြပါ။

ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ အိန္ဒိယနိုင်ငံ ကပိလဝတ်နေပြည်တော် ဘုရင်သုဒ္ဓေါဒနနဲ့ မိဖုရားကြီး မာယာတို့ရဲ့ တစ်ဦးတည်းသော သားတော်ဖြစ်တယ်။ ၁၆-နှစ်အရွယ်မှာ ဒေဝဒဟပြည်သူ ယသော်ဓရာမင်းသမီးနဲ့ အိမ်ထောင်ပြုပြီး ထီးနန်းစည်းစိမ်ကို ခံစား တယ်။ တစ်နေ့ ဥယျာဉ်ကစားထွက်တုန်းမှာ သူအို၊ သူနာ၊ သူသေ၊ နိမိတ် ၃-ပါးကို မြင်တော့ အိုနာသေရေး ဒုက္ခဘေးတွေကို ထင်မြင်သုံးသပ်မိပြီး သတိသံဝေဂရတယ်။ ထို့နောက် ရဟန်းအသွင် နိမိတ်ကိုမြင်တဲ့အခါ အိုနာသေမှု ဒုက္ခမှ ကင်းလွတ်ရာ ဌာနတစ်ခုရှိတယ်။ ဒီဌာနကို ရောက်ဖို့အတွက် လောကီအာရုံခံစားမှုတွေ စွန့်လွှတ်ပြီး ရဟန်းအသွင်နဲ့ အမှန်တရားကို ရှာဖွေရမယ်လို့ သိရှိလာတယ်။ အဲဒီအချိန်မှာ သားတော်ရာဟုလာ ဖွားမြင်တော်မူကြောင်း သတင်းရတယ်။ သံယောဇဉ်အမျှင် မကြီးထွားခင် တောထွက်မှ တော်တော့မယ်လို့ အဲဒီနေ့မှာပဲ လက်စွဲတော်မောင်ဆန်ကိုခေါ်ပြီး ကဏ္ဍကမြင်းနဲ့ ဥရုဝေဠ တောကို ပို့ခိုင်းတယ်။ ဥရုဝေဠတောမှာ ၆-နှစ်တိတိ လူသာမန်တို့ ကျင့်နိုင်ခဲတဲ့ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူတယ်။ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့မှာ သစ္စာလေးပါး အမှန်တရားကို ထိုးထွင်းသိမြင်ပြီး ဘုရားအဖြစ်ကို ရတော်မူတယ်။

သိသင့်သိထိုက်တဲ့ အားလုံးကို ထိုးထွင်းသိမြင်တဲ့အချိန်ကစပြီး ဘုရားရှင်ဟာ သူ့ရဲ့ မူလငယ်နာမည် သိဒ္ဓတ္ထကိုဖျောက်ပြီး ဗုဒ္ဓလို့ အမည်သစ်မှည့်တော်မူတယ်။

ဘုရားဖြစ်တော်မူပြီးတဲ့နောက် ၄၅-ဝါ (၄၅-နှစ်) ကာလပတ်လုံး သူကိုယ်တိုင် ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း ကြိုးစားရှာဖွေထား ရတဲ့ တရားစစ် တရားမှန်တွေကို မနားမနေ ဟောကြားတော်မူပြီး သက်တော် ၈၀ မှာ ပရိနိဗ္ဗာန်စံတော်မူခဲ့တယ်။

မေး။ ။ ဗုဒ္ဓဟာ ပရိနိဗ္ဗာန် စံသွားပြီးဖြစ်ပါလျက် ဗုဒ္ဓဘာသာကိုးကွယ်မှုဟာ ဘာဖြစ်လို့ ယခုတိုင် ဆက်လက်တည်တံ့နေသလဲ။

ဖြေ။ ။ ဗုဒ္ဓဟာ ပရိနိဗ္ဗာန် စံသွားပေမယ့် ဗုဒ္ဓကိုယ်စား ကိုးကွယ်စရာ ဓာတ်တော် မွေတော်တွေ ကျန်ခဲ့တယ်။ သက်တော်ထင် ရှားရှိစဉ်က ဟောခဲ့တဲ့ တရားတော်တွေကို အစဉ်မပြတ် သင်အံဆောင်ရွက် တဆင့်ဟောပြောပေးဖို့ သံဃာဂိုဏ်းတစ်ခု တည်ထောင်ခဲ့တယ်။ အဲသည် သံဃာတော်တွေရဲ့ ကျင့်ဝတ်အဖြစ် ဝိနည်းသိက္ခာပုဒ်တွေလဲ ပညတ်တယ်။ လူ့ယဉ်ကျေးမှုတွေကို လူသားအဆက်ဆက် သယ်ဆောင်ထိန်းသိမ်းခဲ့သလို ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တွေကိုလဲ ဘုရားသားတော်လို့ ခေါ်နိုင်တဲ့ သံဃာတော်တွေက ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ဒီသံဃာတော်တွေရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓသာသနာဟာ ယနေ့တိုင် ဆက်လက်တည်တံ့နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုးရိုးလူတွေက သံဃာတော်တွေကို ရိုသေလေးစား ကိုးကွယ်နေကြရတာ ဖြစ်တယ်။

မေး။ ။ ဗုဒ္ဓဘာသာဟာ အိန္ဒိယပြည်နဲ့ ကမ္ဘာကို ဘယ်လိုပျံ့နှံ့သွားသလဲ။

ဖြေ။ ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်နဲ့ သံဃာတော်တွေဟာ ဂင်္ဂါမြစ်ဝှမ်းတစ်ဝိုက် အင်္ဂတိုင်း၊ မာဂဓတိုင်း၊ ကောသလတိုင်း စတဲ့ တိုင်းကြီးတစ်ဆယ့်ခြောက်တိုင်း အတွင်းမှာသာ ဗုဒ္ဓသာသနာကို ဖြန့်ဖြူးနိုင်ခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန် စံပြီးတဲ့နောက် ရှင်မဟာကဿပစတဲ့ ရဟန္တာ မထေရ်မြတ်ကြီးတွေက ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေကို ဝိနယတစ်စု၊ သုတ္တန္တတစ်စု၊ အဘိဓမ္မာတစ်စု၊ သုံးစုခွဲပြီး စုပေါင်းရွတ်ဆိုပွဲ သံဂါယနာတင်ပွဲကြီး ကျင်းပ တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး မကြာမီ ရာဇဂြိုဟ်ပြည်မှာ ပထမသံဂါယနာ၊ နောက်နှစ်ပေါင်း ၁၀၀ အကြာ ဝေသာလီပြည်မှာ ဒုတိယသံဂါယနာတင်ခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၃၀၀ အကြာ ပါဋလိပုတ်ပြည်မှာ တတိယအကြိမ် စုပေါင်း ရွတ်ဆိုမှု သံဂါယနာတင်ပွဲကြီးကို ကျင်းပခဲ့တယ်။ အဲဒီ တတိယသံဂါယနာတင်ပွဲကြီးကို ချီးမြှောက်ထောက်ပံ့တဲ့ အသောက မင်းတရားကြီးဟာ အိန္ဒိယပြည် တစ်ပြည်လုံးကို ကျယ်ကျယ်ဝန်းဝန်း အုပ်စိုးနိုင်တဲ့အတွက် ဗုဒ္ဓဘာသာ အိန္ဒိယပြည် တစ်ပြည် လုံးကို ပျံ့နှံ့သွားခဲ့တယ်။ အဲဒီ သံဂါယနာတင်ပွဲအပြီးမှာ သာသနာတော် ပြန့်ပွားရေး အရှည်တည်တံ့ရေးအတွက် သာသနာ တော် မရောက်သေးတဲ့ ကိုးတိုင်း ကိုးဌာနကို သာသနာပြုပုဂ္ဂိုလ်များ စေလွှတ် သာသနာပြုခဲ့တယ်။ အဲဒီ ကိုးတိုင်း ကိုးဌာနထဲမှာ သီဟိုဠ်နဲ့ မြန်မာနိုင်ငံဟာ ၁၀-ရာစုနောက်ပိုင်း အိန္ဒိယမှာ သာသနာကွယ်သွားတဲ့အခါ ဗုဒ္ဓဘာသာပင်ရင်း ခေါင်းဆောင် နိုင်ငံတွေ ဖြစ်လာတယ်။ အိန္ဒိယမှာ နှစ်ပေါင်း ၁၅၀၀ လောက် ဗုဒ္ဓဘာသာ ထွန်းကားခဲ့ပြီး ၁၂-ရာစု အေဒီလောက်ရောက်တော့ ဗုဒ္ဓသာသနာဟာ ပင်ရင်းအိန္ဒိယမှာ လုံးဝကွယ်သွားခဲ့တယ်။

မေး။ ။ ဗုဒ္ဓဘာသာမှာ အခြေခံဂိုဏ်းကွဲ ဘယ်နှစ်မျိုးရှိသလဲ။ အဲဒီဂိုဏ်းတွေရဲ့ အဓိကခြားနားချက်က ဘာလဲ။

ဖြေ။ ။ ဗုဒ္ဓဘာသာဟာ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ မဟာယာန ဗုဒ္ဓဘာသာဆိုပြီး ဂိုဏ်းကြီးနှစ်ခုရှိတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး မကြာခင်ပြုလုပ်တဲ့ ပထမသံဂါယနာ သံဃာ့အစည်းအဝေးကြီးမှာ သံဃာတော်အားလုံးဟာ မကွဲမပြား တစ်စည်းတစ်လုံးတည်းပဲ ဖြစ်တယ်။ နှစ်ပေါင်း ၁၀၀-အကြာ ဝေသာလီမှာလုပ်တဲ့ ဒုတိယ သံဂါယနာ အစည်းအဝေးကြီးရောက်တော့ သံဃာတွေ နှစ်စုကွဲသွားတယ်။ အဲဒီ မူလသံဃာဂိုဏ်းကြီးနှစ်ခုဟာလဲ ဂိုဏ်းခွဲတည်ထောင်ကြတာ နှစ်ပေါင်း ၁၀၀-အတွင်း (၁၈) ဂိုဏ်း တိတိရှိလာတယ်။ အခြေခံဂိုဏ်းကြီးတွေကတော့ ထေရဝါဒနဲ့ မဟာယာနဂိုဏ်းကြီး နှစ်ခုပါပဲ။ အဲဒီဂိုဏ်းနှစ်ခုရဲ့ အဓိက ခြားနားချက်ကတော့

ထေရဝါဒဂိုဏ်းက ရှင်မဟာကဿပစတဲ့ မထေရ်ကြီးတွေရဲ့ ပထမသံဂါယနာတင် ပိဋကတ်တွေကို အတိအကျ ထိန်းသိမ်း စောင့်ရှောက်တဲ့ အစဉ်အလာ ရိုးရာဂိုဏ်းဖြစ်တယ်။

မဟာယာန ဗုဒ္ဓဘာသာကတော့ ပိဋကတ်တော်တွေထဲက ဖြုတ်သင့်တာဖြုတ်ပြီး ထည့်သင့်တာတွေ ထည့်ပြီး ဗုဒ္ဓဘာသာကို ခေတ်မီအောင် ပြင်ဆင်တဲ့ဂိုဏ်း ဖြစ်ပါတယ်။ မဟာယာနရဲ့ အမြင့်မြတ်ဆုံး ရည်ရွယ်ချက်က မိမိကိုယ်တိုင် သံသရာမှ လွတ် မြောက်စေတဲ့ အတ္တဟိတသဘော မဟုတ်ဘူး။ သတ္တဝါများကို သံသရာမှ လွတ်မြောက်စေမယ့် ပရဟိတ ကျင့်စဉ်ဖြစ်တယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးတဲ့ ဘုရား ရဟန္တာ တွေဟာ အတုယူစံထားထိုက်တဲ့သူတွေ မဟုတ်ဘူး။ ရအံ့ဆဲဆဲဖြစ်တဲ့ နိဗ္ဗာန်ကို စွန့်လွှတ်ပြီး သတ္တဝါတွေကို သံသရာမှ လွတ်မြောက်အောင် ကယ်တင်ဖို့ကြိုးစားနေတဲ့ ဗောဓိသတ္တ ခေါ် ဘုရားလောင်းတွေကသာ အတုယူ စံထားထိုက်သူတွေ ဖြစ်တယ်လို့ ယုံကြည်တယ်။

ထေရဝါဒ ဗုဒ္ဓဘာသာကတော့ ပွင့်ပြီးတဲ့ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ကာ ဘုရားရှင် ဟောခဲ့တဲ့အတိုင်း ကျင့်ကြံအားထုတ် ခြင်းဖြင့် သံသရာလွတ်မြောက် နိဗ္ဗာန်ရောက်အောင် အားထုတ်ရမယ်လို့ ခံယူတယ်။

မဟာယာနက ပွင့်ဖို့ကျင့်နေတဲ့ ဗောဓိသတ္တ ဘုရားလောင်းကို အရေးထားပြီး ထေရဝါဒက ပွင့်ပြီးတဲ့ ဗုဒ္ဓဘုရားရှင်ကို အရေး ထားတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဟာ မိမိရဲ့ လွတ်မြောက်မှု တစ်ခုတည်းအတွက် အရေးထားတဲ့အတွက် ဟိနယာန အနိမ့်စား လမ်းစဉ်ဖြစ်တယ်။ သူတို့ရဲ့ မဟာယာနကတော့ မိမိကိုယ်တိုင် လွတ်မြောက်မှုသာမက အခြားသူတွေရဲ့ လွတ်မြောက်ရေး အတွက် အပင်ပန်း အဆင်းရဲခံကျင့်နေတာ ဖြစ်လို့ မဟာယာန မြင့်မြတ်တဲ့လမ်းစဉ်လို့ မဟာယာနဂိုဏ်းဝင်တွေက နာမည် တပ်ပေးခြင်းဖြစ်တယ်။

မဟာယာနဗုဒ္ဓဘာသာဟာ တရုတ်၊ ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတွေမှာ ထွန်းကားလို့ မြောက်ပိုင်း ဗုဒ္ဓဘာသာလို့လဲ ခေါ်ကြ တယ်။ ထေရဝါဒ ဗုဒ္ဓဘာသာကတော့ သီဟိုဠ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေမှာ ထွန်းကားလို့ တောင်ပိုင်း ဗုဒ္ဓဘာသာလို့ ခေါ်ကြတယ်။

မေး။ ။ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ဘယ်တုန်းက ရောက်လာသလဲ။

ဖြေ။ ။ ဗုဒ္ဓသည် ဘုရားဖြစ်ပြီးလို့ (၄၉)ရက် အရ လင်းလွန်းပင်ရင်းမှာ စံနေတော်မူစဉ် မြန်မာပြည်သား တပုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်ဟာ ဘုရားရှင်ထံရောက်သွားတယ်။ မုန့်ကြွက်ကျစ် လှူဒါန်းတော်မူလို့ ဘုရားရှင်က ဆံတော် (၈)ဆူ ချီးမြှင့်လိုက်တယ်။ အဲဒီအချိန်မှာ သံဃာမရှိသေးဘူး။ ဘုရားနဲ့ တရားကို ကိုးကွယ်ဆည်းကပ်သူတွေထဲမှာ အစောဆုံးပုဂ္ဂိုလ် တွေအဖြစ်နဲ့ ပိဋကတ်မှာ မှတ်တမ်းတင်ခံရတဲ့ ပုဂ္ဂိုလ်တွေပဲ။ တပုဿနဲ့ ဘလ္လိကတို့ဟာ မြန်မာပြည်ပြန်လာပြီး ဥက္ကလာ မင်းကြီးနဲ့ တိုင်ပင်ကာ ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ကြတယ်။ ဂေါတမဘုရားရှင်ရဲ့ ဆံတော်ပါတဲ့ စေတီထဲမှာ တော့ သက်တမ်းအကြီးဆုံးစေတီပဲ။

ရဟန္တာ ဂဝံပတိထေရ် ပင့်လျှောက်ချက်အရ ဘုရားရှင် ဝါတော် (၈)ဝါအရမှာ ရဟန္တာနှစ်သောင်း နှင့်အတူ သုဝဏ္ဏဘူမိ သထုံကို ဘုရားရှင်ကြွလာပြီး တရားဟောတယ်။

စူလပုဏ်၊ မဟာပုဏ် ကုန်သည်ညီနောင်တို့က လက်လေးသစ်ကို အဖိုးတစ်သိန်းထိုက်တန်တဲ့ စန္ဒကူးနှစ်ကျောင်းတော်ကြီးကို မင်းဘူးခရိုင် လယ်ကိုင်းကျောင်းတော်ရာမှာ ဆောက်လုပ်လှူဒါန်းတယ်။ ကျောင်းအလှူ ရေစက်ချပွဲကို ဘုရားရှင်ကိုယ်တိုင် ဝါတော် (၂၀)ကျော်မှာ ကြွရောက်လာပြီး တရားဟောကြားတယ်၊ သစ္စဗန္ဓရသေ့ကြီး တောင်းပန်လို့ မင်းဘူးမှာ ခြေတော်ရာ ချထားခဲ့တယ်။

သာသနာသက္ကရာဇ် ၁၀၁-ခုနှစ်မှာ သရေခေတ္တရာပြည်၌ ဒွတ္တဘောင်မင်းကြီးလက်ထက် ရဟန္တာ ၅ဝဝကို နေ့စဉ် ပစ္စည်း လေးပါးထောက်ပံ့တယ်။ ဓာတ်တော် ၆ ဆူကို ဌာပနာပြီး “ညည်းညည်း၊ စည်းစည်း၊ ပေါပေါ၊ လျောလျော၊ မြသီတင်း” ဆိုတဲ့ ဘုရားစေတီတွေနဲ့ လက်ရုံးတော်ဓာတ်ကို ဌာပနာတဲ့ မြင်ဗာဟု စေတီတွေဟာ ယနေ့တိုင်ရှိနေတဲ့ ဗုဒ္ဓဘာသာ အထိမ်းအမှတ် တွေဖြစ်တယ်။

ဒါပေမယ့် အဆက်မပြတ်တည်ရှိပြီး အခိုင်အမာ ထွန်းလင်းနေတဲ့ ဗုဒ္ဓဘာသာကတော့ သာသနာ သက္ကရာဇ် ၂၃၅ ခုနှစ်မှာ တတိယသံဂါယနာတင်ပြီး အသောကမင်းကြီး ၉-တိုင်း ၉-ဌာန သာသနာပြု လွှတ်တဲ့အခါမှာ ရှင်သောဏနဲ့ ရှင်ဥတ္တရတို့ ဦးဆောင်တဲ့ သာသနာပြုအဖွဲ့ဟာ မြန်မာနိုင်ငံ ရှေးက သုဝဏ္ဏဘူမိလို့ခေါ်တဲ့ သထုံမြို့ကို ရောက်လာပြီး သာသနာပြုခဲ့ ကြတယ်။

ဘုရားရှင်ပရနိဗ္ဗာန်စံပြီးလို့ နှစ်ပေါင်း (၄၅၀)နှစ်အကြာ သီဟိုဠ်ကျွန်းမှာ ပိဋကတ်သုံးပုံကို ပေရွက်တွေပေါ်မှာရေးပြီး စတုတ္ထသံဂါယနာ တင်တော်မူခဲ့ကြတယ်။ အဲဒီပိဋကတ်သုံးပုံ ပေစာတွေကို သထုံရဟန်းတော်တွေက ကူးယူလေ့လာကြလို့ အောက်မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ခိုင်ခိုင်မာမာ ထွန်းကားနေတယ်။ မြန်မာသက္ကရာဇ် (၄၁၉) ၁၁-ရာစု အေဒီမှာ အနော်ရထာမင်းစောက သထုံမနူဟာမင်းထံက ပိဋကတ်အစုံ (၁၀)နဲ့ ပိဋကတ်တတ် ရဟန်းသံဃာတော်တွေကို ပင့်ဆောင်ပြီး တစ်နိုင်ငံလုံးမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဟာ ထိပ်တန်းထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံကြီးဖြစ်လာခဲ့တယ်။ အနော်ရထာဟာ အကျယ်ဆုံး မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့သလို ထေရဝါဒဗုဒ္ဓ သာသနာကိုလဲ တစ်နိုင်ငံလုံးပြန့်အောင် ဖြန့်နိုင်ခဲ့တယ်။ နိုင်ငံတစ်ဝန်းလုံးမှာ ကြီးမားခိုင်ခံ့တဲ့ စေတီပုထိုးတွေကိုတည်ပြီး သန့်စင်မွန်မြတ်တဲ့ ထေရဝါဒဗုဒ္ဓဘာသာအုတ်မြစ်ကို အခိုင်အမာချထားခဲ့တယ်။

မေး။ ။ အနော်ရထာမင်းစော မတိုင်ခင်က မြန်မာလူမျိုးတွေဟာ ဘယ်ဘာသာကို ကိုးကွယ်နေကြသလဲ။

ဖြေ။ ။ အနော်ရထာမင်းစော ထေရဝါဒဗုဒ္ဓသာသနာကို မဖြန့်မီ မြန်မာလူမျိုးတွေကား

(၁) ကမ္ဘာ့အစောဆုံး ကိုးကွယ်မှုဖြစ်တဲ့ နတ်နဂါးတွေကို ကိုးကွယ်နေကြတယ်။

(၂) အိန္ဒိယပြည် ဟိန္ဒူကုန်သည်တွေဆီကတဆင့် ရရှိတဲ့ဟိန္ဒူနတ်တွေ ဘုရားတွေနဲ့ ဟိန္ဒူဗြဟ္မဏဝါဒတွေကို ကိုးကွယ်နေကြတယ်။

(၃) မြောက်ပိုင်းဗုဒ္ဓဘာသာလို့ခေါ်တဲ့ မဟာယာနဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ တန္တရယာန တိဗက်ဗုဒ္ဓဘာသာကိုလဲ ကိုးကွယ် နေကြတယ်။

(၄) မဟာဂီရိ၊ မြင်းဖြူရှင် စတဲ့ မြန်မာပြည်ဖြစ် နတ်တွေကိုလဲ ကိုးကွယ်နေကြတယ်။

မေး။ ။ အနော်ရထာမင်းစော ထေရဝါဒ ဗုဒ္ဓဘာသာကို ဖြန့်ဖြူးပြီးတဲ့နောက်မှာ မြန်မာလူမျိုးတွေဟာ အထက်ပါ ကိုးကွယ်မှု အဟောင်းတွေကို လုံးဝစွန့်လွှတ်ခဲ့ကြပါသလား။

ဖြေ။ ။ အသစ်ရောက်လာတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုအဟောင်းတွေထက် အဘက်ဘက်က သာလွန်ပြီး ဟောကြားတဲ့ တရားတော်တွေဟာ ပိဋကတ် အခိုင်အမာရှိတယ်။ ရဟန်းတော်တွေရဲ့ နေထိုင်ကျင့်ကြံမှုတွေဟာ ဝိနည်းတော် နဲ့အညီဖြစ်တယ်။ ဒါကြောင့်လဲ မင်းနှင့်တကွ ပြည်သူလူထုက ထေရဝါဒ ဗုဒ္ဓသာသနာအသစ်ကို အင်တိုက်အားတိုက် လှိုက် လှိုက်လှဲလှဲ ကြိုဆိုလက်ခံပြီး လေးလေးစားစား ကြည်ညိုကိုးကွယ်ကြတယ်။

ဒါပေမယ့် ဘိုးဘေး အစဉ်အဆက်က ကိုးကွယ်ဆည်းကပ်လာတဲ့ ရိုးရာနတ်ကိုးကွယ်မှု၊ ဟိန္ဒူဗြဟ္မဏ အယူတွေကို အလွယ်တကူ မစွန့်လွှတ်နိုင်ကြပါဘူး။ ဒါကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာအသစ်ဟာ အဟောင်းဖြစ်တဲ့ နတ်ကိုးကွယ်မှုနဲ့ ဟိန္ဒူဗြဟ္မဏကိုးကွယ်မှု မဟာယာနကိုးကွယ်မှုတွေနဲ့ ယှဉ်တွဲထွန်းကားခဲ့တာ ယနေ့တိုင် ဖြစ်ပါတယ်။

မေး။ ။ နတ်ဟိန္ဒူနဲ့ မဟာယာန ဗုဒ္ဓဘာသာတွေ ရောနှောနေရင် မြန်မာဗုဒ္ဓဘာသာကို ထေရဝါဒ တောင်ပိုင်း ဗုဒ္ဓဘာသာလို့ ခေါ်ဆိုနိုင်ပါ့မလား။

ဖြေ။ ။ ခေါ်ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ မြန်မာလူမျိုးတွေကလဲ ခံယူတယ်။ ကမ္ဘာ ကလဲ အသိအမှတ်ပြုတယ်၊ ရဟန်းတော်တွေဟာ ထေရဝါဒ ဝိနည်းတော်အတိုင်း ကျင့်သုံးနေထိုင်ပြီး ထေရဝါဒ ပိဋကတ်တွေကိုသာ သင်အံဟောကြားတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာက ဘယ်လိုပဲ အသိအမှတ်ပြုပြု မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုထဲမှာ နတ်ဟိန္ဒူနဲ့ မဟာယာန ယဉ်ကျေးမှုတွေ ရောနှောနေတယ်ဆိုတာကိုလဲ အသိအမှတ် ပြုရမှာပဲ။ ဟိန္ဒူဗြဟ္မဏ အယူဝါဒနဲ့ မဟာယာန ဗုဒ္ဓဘာသာတွေကို လက်ခံကျင့်သုံးခဲ့တာ နှစ်ကာလကြာညောင်းလာတဲ့ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ အယူလို့ပဲ မှတ်ထင်နေကြပါတယ်။ ဒီလိုအမှန်ကိုမသိကြတော့လို့လဲ မြန်မာ့ယဉ်ကျေးမှုဟာ ထေရဝါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစစ်စစ်ဖြစ်တယ်လို့ ယုံကြည်မှတ်ယူ နေကြခြင်းဖြစ်ပါတယ်။

မေး။ ။ နတ်ကိုးကွယ်မှုကတော့ ထင်ရှားပါတယ်။ ဟိန္ဒူဗြဟ္မဏနဲ့ မဟာယာန ကိုးကွယ်မှုတွေက ဘယ်ဟာတွေပါလဲ။

ဖြေ။ ။ ထင်ရှားတဲ့ ဟိန္ဒူဗြဟ္မဏ အယူဝါဒတွေကတော့ ဘုရားကိုးဆူပူဇော်တဲ့အခါ ဂြိုဟ်ကြီးကိုးလုံး ဂြိုဟ်နတ်ကြီး ကိုးပါးတို့၊ မြန်မာနိုင်ငံ စေတီပုထိုးတွေရဲ့ အရပ်ရှစ်မျက်နှာမှာ ဂြိုဟ်တိုင် ၈ တိုင်ထားတာတို့၊ ရက်ရာဇာ ပြဿဒါး နဂါးလှည့်စတဲ့ ဗေဒင်အဟောဆိုင်ရာတွေဟာ ဟိန္ဒူဗြဟ္မဏ အယူဝါဒတွေဖြစ်ပြီး ရေမွှေးပုလင်း စသည်တို့၌ ရှင်ဥပဂုတ်ရုပ်တု၊ ရှင်သီဝလိ ရုပ်တုများ ထည့်ကိုးကွယ်မှု၊ အင်းအိုင်၊ ခါးလှည့်၊ လက်ဖွဲ့နဲ့ မှော်အတတ်ပညာတွေဟာ မဟာယာနတန္တရယာနရဲ့ အယူအဆတွေ ဖြစ်တယ်။ ဒီအယူအဆတွေနဲ့ ပတ်သက်ပြီး နောက်မှ ထပ်ရှင်းပါဦးမယ်။

မေး။ ။ အနော်ရထာမင်းစော နတ်ကိုးကွယ်မှုတွေ ဘယ်လိုနှိမ်နင်းခဲ့ပါသလဲ။

ဖြေ။ ။ အနော်ရထာမင်းစောဟာ အလွန်သန့်စင်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံအနှံ့ ဖြန့်ဝေပေမယ့် လူတွေဟာ ကိုးကွယ်မှု အဟောင်းဖြစ်တဲ့ နတ်တွေကိုလဲ စွဲမြဲကိုးကွယ်နေကြတဲ့အတွက် အနော်ရထာမင်းစောဟာ ပုဂံနေပြည်တော်မှာရှိတဲ့ နတ်ကွန်းတွေကို ဖျက်၊ နတ်ရုပ်တွေကို ပိဿနိုးနတ်ကွန်းကြီးထဲထည့်ပြီး သော့ပိတ်ထားစေတယ်။ အဲဒီလို ပိဿနိုး နတ်ကွန်း ကြီးကိုလဲ နတ်ရုပ်တွေ ထည့်လှောင်ထားလို့ နတ်လှောင်ကျောင်းလို့ ခေါ်တွင်ကြတယ်။

ဘုရင်ကိုယ်တိုင်က နတ်ကိုးကွယ်မှုကို နှိမ်နင်းနေပေမယ့် နတ်ကွန်း နတ်ရုပ်မရှိပေမယ့် နတ်တွေကို တိတ်တဆိတ် ပူဇော်ပသ နေကြတယ်။ ဒါကို ဘုရင်အနော်ရထာသိလို့ လူတွေရဲ့ နတ်ကိုးကွယ်လိုတဲ့ ဆန္ဒလဲ ပြည့်ဝစေ၊ နတ်ပူဇော်ဖို့ လာရင်းနဲ့ ဘုရားကိုလဲ ရှိခိုးပူဇော်ဖြစ်ကြစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွှေစည်းခုံဘုရားတည်တဲ့အခါ စေတီဘေးတစ်နေရာမှာ မြန်မာနတ် (၃၇)မင်း ရုပ်လုံးပုံတွေကို ထုလုပ်ထားပေးတယ်။ သူရဿတီ၊ မဟာပိန္နဲစတဲ့ ဟိန္ဒူနတ်တွေကိုတော့ လုံးဝအစ ဖျောက်ပစ်လိုက်ကြတယ်။ ဒီလိုနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ မရောက်ခင်က ထွန်းကားနေတဲ့ နတ်ကိုးကွယ်မှုဟာ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့အတူ ယှဉ်ပြီုင်ထွန်းကားခဲ့တာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ တောင်ပိုင်းထေရဝါဒဘာသာ မရောက်မီ မြောက်ပိုင်း မဟာယာနအနွယ် အရည်းကြီးရဟန်းတွေဟာ ဘယ်လိုကျင့်ကြံ နေထိုင်ကြပါသလဲ။

ဖြေ။ ။ အရည်းကြီးရဟန်းတွေဟာ အဝါရောင်သင်္ကန်းတွေကို မဝတ်ကြဘူး။ ဒီနေ့ ရသေ့တွေဝတ်တဲ့ အညိုမဲပုပ်ပုပ်အရောင် သင်္ကန်းတွေ ဝတ်ဆင်ကြတယ်။ ဆံပင်တွေကို လက်လေးသစ်ကျော်အထိ အရှည်ထားကြတယ်။ မုတ်ဆိတ်မွေး အရှည်ထား ကြတယ်။ ရဟန်းနဲ့မတူဘဲ ရသေ့နဲ့ ပိုတူနေတယ်။ သူတို့မှာ ပိဋကတ်စာပေ အခိုင်အမာမရှိဘူး။ သူတို့ကိုယ်တိုင်လဲ နတ်ကိုးကွယ်တယ်။ လူတွေကိုလဲ နတ်ကိုးကွယ်မှုအတွက် ဆောင်ရွက်ပေးတယ်။ ထန်းရည် အရက်တွေကိုလဲ သောက်တယ်။ အဂ္ဂိရတ်ထိုးတယ်။ ဆေးကုတယ်။ အင်းအိုင် ခါးလှည့်လက်ဖွဲ့၊ မန္တန်တွေကို စီရင်ပေးတယ်။ ဗေဒင်ဟော ဓာတ်ရိုက်လုပ်ငန်းတွေကို လုပ်ကြတယ်။ မင်္ဂလာဆောင်တော့မယ့် သတို့သမီးကို မင်္ဂလာမဆောင်မီ တစ်ည အရည်းကြီးတွေဆီကို လွှတ်ပေးရ တယ်။ ဒါကို ပန်းဦးလွှတ်တယ်လို့ ခေါ်တယ်။ အရည်းကြီးဂိုဏ်း ရဟန်းတွေရဲ့ အင်အားဟာလဲ မနည်းလှဘူး။ ဂိုဏ်းချုပ် အရည်းကြီး (၃၀)နဲ့ နောက်လိုက်အရည်းကြီး ခြောက်သောင်းကျော် ရှိတယ်။ ဒီအရေအတွက်ကိုကြည့်ရင် ပုဂံနေပြည်တော်မှာ အရည်းကြီးသာသနာ ဘယ်လောက်ထွန်းကားခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်တယ်။

မေး။ ။ အရည်းကြီးတွေကို အနော်ရထာမင်းစော ဘယ်လိုနှိမ်နင်းခဲ့သလဲ။

ဖြေ။ ။ သန့်စင်မွန်မြတ်တဲ့ ထေရဝါဒဗုဒ္ဓသာသနာ ပုဂံကို ရောက်လာတဲ့အခါမှာ အနော်ရထာမင်းစော အရည်းကြီးရဟန်းတွေကို လူဝတ်လဲပေးတယ်။ ဆင်ချေးကျုံး၊ မြင်းချေးကျုံး စတဲ့အလုပ်တွေကို လုပ်စေတယ်။ အချို့အရည်းကြီးလူထွက်တွေ ကတော့ ဆေးဆရာ၊ ဗေဒင်ဆရာ၊ ပယောဂဆရာ၊ မျက်လှည့်ဆရာအဖြစ်နဲ့ အသက်မွေးကြတယ်။ အရည်းကြီးရဟန်းတွေဟာ အသွင်အားဖြင့် လုံးဝပျောက်သွားပေမယ့် သူတို့ရဲ့လုပ်ငန်း အမွေအနှစ်တွေကတော့ ယနေ့တိုင် မြန်မာ့ယဉ်ကျေးမှုအဖြစ် ဆက်လက်တည်ရှိနေတယ်။ ဒီပညာရပ်တွေကို ဒီနေ့အထိ ဆက်လက်သယ်ဆောင် ဖြန့်ဖြူးခဲ့သူတွေကတော့ အရည်းကြီး လူထွက် ဆရာတွေပဲဖြစ်တယ်။

မေး။ ။ ထေရဝါဒ ရဟန်းတော်တွေက ဘာဖြစ်လို့ အင်းအိုင်၊ ခါးလှည့် လက်ဖွဲ့၊ မန္တာန် မှော် ပယောဂနဲ့ ဗေဒင်ပညာတွေကို ဆက်ခံဖြန့်ဖြူး ကြပါသလဲ။

ဖြေ။ ။ လူတွေဟာ အသိဉာဏ်မတိုးတက်သေးတော့ အထက်ပါ ပညာရပ်တွေမှာ စွဲလမ်းယုံကြည်ကြတယ်။ မိမိတို့ရဲ့ ပစ္စုပ္ပန် လောလောဆယ် အကျိုးအတွက် ဆရာတွေထံ ချဉ်းကပ်မေးမြန်းကြတယ်။ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ကြတယ်။ လူတွေရဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး ဆရာလိမ် ဆရာညာတွေလဲ ပေါများလာတယ်။ မိမိတို့ကို ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်း နေတဲ့ တကာ တကာမတို့တွေရဲ့ အကျိုးအတွက် ဒီပညာတွေကို တချို့ အနည်းငယ်မျှသော ထေရဝါဒရဟန်းတော်တွေက ဆက်လက် လေ့လာကြတယ်။ တကာ တကာမတွေကို ဟောပြောကြတယ်။ နတ်ကိုးကွယ်မှုကို လုံးဝပိတ်ပင်လို့ မရတဲ့အခါမှာ ဘုရားဖူးပြီးရင်တော့ နတ်တွေကိုပူဇော်ရင် ပူဇော်ကြပစေဆိုပြီး စေတီဘေးမှာ နတ်ရုပ်တွေကို ထားပေးသလိုပါပဲ။ အင်းအိုင် မန္တာန် ပယောဂတွေကို လုံးဝမယုံကြည်ဖို့ ပိတ်ပင်လို့မရတော့ လူလိမ်လူညာတွေ ဘေးမှလဲလွတ်စေတော့။ ဒီပညာနဲ့ ပတ်သက်ပြီး သာသနာနဲ့ ဆက်စပ်မှုလဲ ဖြစ်စေတော့ဆိုတဲ့ သဘောနဲ့ ထေရဝါဒ ရဟန်းတော်များကလဲ ဒီပညာတွေကို အဆင်သင့် သင်ယူခဲ့ သင်ကြားပို့ချပေးခဲ့ကြတာပါပဲ။ ဘာသာရေးရှုထောင့်နဲ့ ဝိနည်းကျင့်ဝတ် ရှုထောင့်အရ မလျော်ပေမယ့် သာသနာပြုရှုထောင့်၊ လူမှုရေး ယဉ်ကျေးမှုရှုထောင့်ကကြည့်ပြီး လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ နတ်နဲ့ဗေဒင် မန္တာန်တွေကို ဘာကြောင့် လူတွေ စွဲလမ်းယုံကြည်ကြတာလဲ။

ဖြေ။ ။ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ဘုရားဟာ အခြားဘာသာတွေရဲ့ ဘုရားတွေလို ကယ်တင်မှု မစမှု မရှိဘူး။ အမှန်တရား ကိုသာ ညွှန်ပြတော်မူနိုင်တယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရတယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ရမယ်လို့ ဗုဒ္ဓက ဟောတယ်။

လူတွေဟာ မရသေးတဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ကို ရချင်တယ်။ ရပြီးသား ရာထူးစည်းစိမ်တွေ ဆုံးရှုံးပျောက်ပျက်သွားမှာကို စိုးရိမ်တယ်။ ကြောက်တယ်။ ဒီလိုချင်တဲ့စိတ်နဲ့ ကြောက်စိတ်ကို နတ်တွေ ဗေဒင်အင်းအိုင် မန္တာန်တွေကသာ လက်ငင်းဒိဋ္ဌ ကူညီမစနိုင်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီလို လောလောဆယ် လောကီကောင်းကျိုးတွေ ရဖို့အတွက် နတ်ဗေဒင်၊ အင်းအိုင် မန္တာန်တွေကို ယုံကြည်အားကိုးနေကြခြင်း ဖြစ်တယ်။

မေး။ ။ ဒီနေ့ မြန်မာတွေ ဟောပြော ယုံကြည်နေကြတဲ့ ဗေဒင်ဟာ ဟိန္ဒူဗြဟ္မဏတွေရဲ့ ဗေဒင် (၄)ပုံနဲ့ တူပါသလား။

ဖြေ။ ။ မတူပါဘူး၊ ဝေဒကျမ်း (၄)မျိုးရှိတဲ့အနက် နောက်ဆုံးမှပေါ်လာတဲ့ အာထဗ္ဗဏဝေဒ ကျမ်းတစ်ကျမ်းနဲ့သာ တူပါတယ်။ အာထဗ္ဗဏဝေဒကျမ်းမှာ စုန်းတစ္ဆေ ကဝေ မှော် ပယောဂအတတ်၊ ဝိဇ္ဇာ ဇော်ဂျီ တပသီတွေနဲ့ အင်းအိုင် ခါးလှည့် လက်ဖွဲ့ အတတ်၊ မြေလျှိုး မိုးပျံတဲ့ ဂန္ဓာရီအတတ်တွေ ပါတယ်။ ဒီနောက်ဆုံး အာထဗ္ဗဏဝေဒကြောင့် ဘာသာရေး သက်သက်ဖြစ်ပြီး မွန်မြတ်တဲ့ အခြားဝေဒသုံးကျမ်းရဲ့ ဂုဏ်သိက္ခာပါ ကျဆင်းခဲ့ရတယ်။ ဒါကြောင့် အချို့ဗြဟ္မဏဆရာကြီးတွေက နောက်ဆုံး အာထဗ္ဗဏဝေဒကို မလေ့လာကြဘူး၊ ပိဋကသုံးပုံသာရှိသလို ဗေဒင်ဟာလဲ သုံးကျမ်းပဲလို့ အသိအမှတ်ပြုကြတယ်။ ရှေ့ပိုင်း ဗေဒင်သုံးကျမ်းဟာလဲ ဟိန္ဒူဗြဟ္မဏ ဘာသာရေးဆိုင်ရာ ဝတ်ပြုကိုးကွယ်မှု ပူဇော်ပသမှုတွေကိုပြတဲ့ ကျမ်းတွေဖြစ်ပါတယ်။ ယနေ့ မြန်မာပြည်မှာဟောနေတဲ့ ဗေဒင်မျိုး မဟုတ်ပါဘူး။

မေး။ ။ ဗေဒင် မန္တာန်တွေဟာ တကယ်မှန်ပါသလား။

ဖြေ။ ။ မှားတာရှိသလို မှန်တာလဲ ရှိပါတယ်။ သိဒ္ဓတ္ထမင်းသားဟာ ဘုရားစစ်စစ်ဖြစ်မယ်လို့ ဗေဒင်ပညာနဲ့ ဟောခဲ့တယ်။ ပုဏ္ဏားအချို့ဟာ ဘုရားရှင်ရဲ့ လက္ခဏာတော်ကိုမြင်တာနဲ့ ဘုရားပဲလို့အတတ်သိပြီး ပူဇော်ကြတာလဲ ရှိပါတယ်။ အခြား မန္တာန်ဗေဒင်နဲ့ ပတ်သက်ပြီး ဟောထားတဲ့ ပိဋကပါဠိတွေ ဇာတ်ဝတ္ထုတွေလဲ ရှိပါတယ်။ မြေလျှိုးမိုးပျံနိုင်တဲ့ ဂန္ဓာရီအတတ်နဲ့ လွဲမှားမှာစိုးလို့ ရဟန်းတွေ တန်ခိုးဣဒ္ဓိပါဒ် မပြရဘူးလို့ ဘုရားရှင်က ပညတ်ခဲ့တယ်။

ဒါပေမယ့် လူတွေရဲ့ အသိဉာဏ်ခေါင်းပါးမှု၊ ယုံလွယ်တတ်မှု၊ ရာထူးဂုဏ်သိန် လာဘ်လာဘရလိုမှုတွေကို အခွင့်ကောင်းယူပြီး ဗေဒင်မန္တာန် အတတ်တွေကို တကယ်တတ်မြောက်အောင်မသင်ဘဲ လိမ်ညာဖြီးဖြန်း စားသောက်နေသူတွေ များကြတဲ့အတွက် သိပ္ပံခေတ် လူငယ်တွေက ဗေဒင်မန္တာန်တွေကို အယုံအကြည် နည်းပါးလာခြင်း ဖြစ်တယ်။

မေး။ ။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဟာ ထေရဝါဒဘာသာ စစ်တယ်လို့ ဆိုနိုင်ပါသလား။

ဖြေ။ ။ ဒီမေးခွန်းရဲ့ အဖြေတိကျမှုအတွက် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာနဲ့ မြန်မာတွေရဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှစ်ခုကို ခွဲခြား ဖြေဆိုပေးရမယ်။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာကတော့ တောင်ပိုင်းထေရဝါဒ ဗုဒ္ဓသာသနာအစစ်ဖြစ်တယ်။ သံဃာတော်တွေဟာလဲ ထေရဝါဒဂိုဏ်းဝင် သံဃာတွေသာဖြစ်တယ်။

မြန်မာတွေရဲ့ ယဉ်ကျေးမှုပုံစံကတော့ ထေရဝါဒ ယဉ်ကျေးမှု၊ မဟာယာနဂိုဏ်းခွဲဖြစ်တဲ့ တိဗက်တန္တရယာန၊ ဟိန္ဒူဗြဟ္မဏဝါဒ။ ကမ္ဘာဦး နတ်ကိုးကွယ်မှုနဲ့ မြန်မာတို့ရဲ့ကိုယ်ပိုင် ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေကို ရောမွှေထားတဲ့ ညွှန့်ပေါင်းယဉ်ကျေးမှုသာ ဖြစ်တယ်။

ဘာသာယဉ်ကျေးမှု တစ်ခုဟာ ဒေသ ကာလအလိုက် ပြောင်းလဲသွားရတာ၊ မူလအခြေခံရှိနှင့်ပြီးဖြစ်တဲ့ ယဉ်ကျေးမှုအဟောင်းတွေနဲ့ ပူးပေါင်း ရောယှက်သွားရတာဟာ ဓမ္မတာပါပဲ။ အခြား ယဉ်ကျေးမှုဆိုင်ရာတွေဟာ ဘယ်လိုရောယှက်နေနေ ဘာသာရေး တရားဆိုင်ရာ ကျင့်ကြံမှုတွေကတော့ ထေရဝါဒ ပိဋကတ်တွေပေါ်မှာ လုံးဝအခြေခံထားတဲ့အတွက် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဟာ ထေရဝါဒ ဗုဒ္ဓဘာသာစစ်တယ်လို့ ဆိုနိုင်ပါတယ်။

မေး။ ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်အနှစ်ချုပ်က ဘာလဲ။

ဖြေ။ ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်အနှစ်ချုပ်ကတော့ စတုသစ္စလို့ခေါ်တဲ့ အမှန်တရားလေးပါးပါပဲ။ သက်ရှိသက်မဲ့ မြင်မြင် သမျှအားလုံးဟာ အမြဲမရှိဘူး။ အစဉ်တစိုက် ပြောင်းလဲနေတဲ့ ပျက်စီးနေတဲ့ အနိစ္စတရားတွေသာ ဖြစ်တယ်။ မပြောင်းမလဲ မပျက်မစီးဘဲ တည်မြဲနေအောင်၊ ကိုယ့်ဆန္ဒအတိုင်းဖြစ်အောင် လုပ်လို့မရတဲ့ အစိုးမရတဲ့ အနတ္တတရားတွေသာဖြစ်တယ်။ ဒီလိုမမြဲမှု အစိုးမရမှုကြောင့် ချစ်တဲ့သူနဲ့ ကွေကွင်းရမှု၊ လိုချင်တာမရမှုဒုက္ခ။ မချစ်တဲ့သူနဲ့ ပေါင်းဖော်ရမှု၊ မလိုအပ်တဲ့ ဘေးဒုက္ခအန္တရာယ်တွေနဲ့ အစဉ်မပြတ် တွေ့ကြုံရမှု ဒုက္ခတွေဖြစ်တယ်။ ဒါကြောင့် ဘုရားရှင်က မြင်မြင်သမျှ သင်္ခါရ အားလုံးဟာ ဒုက္ခသစ္စာ ဆင်းရဲမှု အမှန်တရားတစ်ပါး ဖြစ်တယ်လို့ ဟောတယ်။

ဆင်းရဲမှုတွေဟာ လိုချင်တပ်မက် စွဲလမ်းမှုဆိုတဲ့ လောဘတရားကြောင့်သာ ဖြစ်တယ်။ ဆင်းရဲကြောင်း လောဘဟာ သမုဒယသစ္စာလို့ခေါ်တဲ့ ဒုတိယအမှန်တရားတစ်ခု ဖြစ်တယ်။

အဲဒီ လိုချင်တပ်မက်တဲ့ လောဘအကြောင်းတရား မရှိရင် ဆင်းရဲမှုဟာလဲ မရှိတော့ဘူး။ အဲဒီ ဆင်းရဲအားလုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ တတိယအမှန်တရားဟာလဲ အထင်အရှားရှိတယ်။

ဒီဒုက္ခအားလုံး ချုပ်ငြိမ်းရာနိဗ္ဗာန်ကို ရစေရောက်စေနိုင်တဲ့ ကျင့်စဉ်ရှစ်ပါး အမှန်တရား မဂ္ဂသစ္စာဟာလဲရှိတယ်။

ဆင်းရဲတာကို ရွံမုန်းရင် ဆင်းရဲမှုကိုဖြစ်စေတဲ့ လိုချင်မှုလောဘကို ပယ်ရမယ်။ လိုချင်မှုမရှိတော့ရင် ဆင်းရဲမှုမရှိတဲ့ အေးမြချမ်း သာတဲ့ နိဗ္ဗာန်ကို ရောက်နိုင်တယ်။ အဲဒီနိဗ္ဗာန်ရောက်အောင် ကျင့်ကြံနည်း မဂ္ဂင်တရား ရှစ်ပါးကိုလဲ ဘုရားရှင်က ပြသဟော ကြားခဲ့တယ်။ ဘုရားရှင်ဟောခဲ့သမျှ ပိဋကသုံးပုံ နိကာယ်ငါးရပ်ကို အကျဉ်းချုပ်လိုက်တော့ ဒီအမှန်တရား ၄-ပါးပဲရှိတယ်။ ဒါကြောင့် စတုသစ္စဝိနိမုတ္တော ဓမ္မော နာမ နတ္ထိ၊ အမှန်တရားလေးပါးက လွတ်တဲ့တရားရယ်လို့ မရှိဘူးလို့ ဟောတယ်။

ဗုဒ္ဓဘာသာတွေဟာ နေ့စဉ်လုပ်နေတဲ့ ဒါန၊ သီလ၊ ဘာဝနာ ဘာသာရေးကိစ္စ မှန်သမျှဟာ ဒီအမှန်တရားလေးပါးကို သိဖို့ပဲဖြစ်တယ်။

မေး။ ။ ဘယ်လို ကျင့်ကြံနေထိုင်သူကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်သလဲ။

ဖြေ။ ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးမြတ် ကိုးကွယ်ဆည်းကပ်၍ ကံ ကံ၏အကျိုးကို ယုံကြည်ပြီး ငါးပါးသီလမြဲသူကို ဗုဒ္ဓဘာသာဝင်လို့ခေါ်တယ်။

မေး။ ။ ဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရဟာ ပိဋကတ်လာ ဝေါဟာရဖြစ်ပါသလား။

ဖြေ။ ။ ဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရဟာ ပိဋကတ်မှာ မရှိပါဘူး။ မြန်မာတွေ တီထွင်မှည့်ခေါ်ထားတဲ့ အမည်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရဟာ ပုဂံ၊ ပင်းယ၊ အင်းဝခေတ်တွင်းမှာ မရှိသေးပါဘူး။ ကုန်းဘောင်ခေတ် (၁၈)ရာစုခေတ်မှာမှ တွင်ကျယ်လာတဲ့ ဝေါဟာရတစ်ခု ဖြစ်ပါတယ်။

မေး။ ။ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူကို ပိဋကတ်ထဲမှာ ဘယ်လိုခေါ်ထားပါသလဲ။

ဖြေ။ ။ ရတနာသုံးပါး ဆည်းကပ်သူကို သမ္မာဒိဋ္ဌိ = အမြင်မှန်ရှိသူလို့လဲ ခေါ်ပါတယ်။ ဥပါသက = ရတနာသုံးပါး ဆည်းကပ် ကိုးကွယ်သူလို့လဲ ခေါ်တယ်။ ဥပသကာဆိုတဲ့ အမည်ကို အများဆုံးသုံးကြတယ်။

မြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာဝင်တိုင်းကို ဥပါသကာလို့ အမှန်အတိုင်း မခေါ်ကြဘူး။ ဝတ်ဖြူစင်ကြယ်ဝတ်ပြီး လှည့်လည် အလှူခံသူတွေကိုသာ ဥပါသကာလို့ ခေါ်တယ်။ ဥပါသကဆိုတဲ့ ပါဠိကို ဥပါသကာလို့ မြန်မာမှု ပြောင်းလဲခေါ်ထားခြင်း ဖြစ်တယ်။

မေး။ ။ ဘုရား၊ တရား၊ သံဃာကို ဘာဖြစ်လို့ ရတနာမြတ်သုံးပါးလို့ ခေါ်သလဲ။

ဖြေ။ ။ ရတနာဆိုတာ ပါဠိစကားလုံးဖြစ်တယ်၊ နှစ်သက်ကြည်နူးမှုကို ဖြစ်စေတဲ့အရာလို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် လူတွေ အင်မတန် လိုချင်တပ်မက်တဲ့ ရွှေ၊ ငွေ၊ စိန်၊ ကျောက်တွေကို ရတနာလို့ခေါ်တယ်။ သားသမီးတွေကိုလဲ သားရတနာ သမီးရတနာလို့ ခေါ်တယ်။ ဘုရား၊ တရား၊ သံဃာ သုံးပါးဟာလဲ ကိုးကွယ်ဆည်းကပ်သူတွေကို နှစ်သိမ့်ကြည်နူးမှုကို ဖြစ်စေတဲ့အတွက် ရတနာသုံးပါးလို့ ခေါ်တယ်။

ရတနာအားလုံးထဲမှာ ဘုရား၊ တရား၊ သံဃာ သုံးပါးဟာ အမြတ်ဆုံး အကောင်းဆုံးဖြစ်တဲ့အတွက် ရွှေ၊ ငွေ၊ စိန်၊ ကျောက်စတဲ့ သာမန်ရတနာတွေနဲ့မတူ ကွဲပြားအောင်ဆိုပြီး ရတနာမြတ်သုံးပါးလို့ ခေါ်ကြတယ်။

+++++++++++++++++++++++++++++

အခန်း-၂

ဘုရားရတနာ

မေး။ ။ ဘုရားဆိုတာဘာလဲ။

ဖြေ။ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်တုန်းက အိန္ဒိယနိုင်ငံ ကပိလဝတ်နေပြည်တော်ဘုရင် သုဒ္ဓေါဒနနဲ့ မိဖုရားကြီးမာယာ တို့ရဲ့သား ၂၉-နှစ်အရွယ်မှာ ထီးနန်းကိုစွန့်ပြီး တောထွက်၊ ခြောက်နှစ်တိုင် လူသာမန်တို့ ကျင့်နိုင်ခဲသော အကျင့်ကို အားထုတ်ကျင့်ကြံခဲ့သဖြင့် သစ္စာလေးပါးကို ဆရာမပါဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးဟာ ဘုရားပဲ။

မေး။ ။ ဘာဖြစ်လို့ ဘုရားလို့ ခေါ်ရတာလဲ။

ဖြေ။ ။ ပူဇော်အထူးကို ခံထိုက်လို့ ဘုရားလို့ခေါ်တယ်။ ဘုရားဆိုတဲ့အမည်ဟာ ပူဇာနဲ့ အရဟဆိုတဲ့ ပါဠိစကားနှစ်လုံးကို ပေါင်းစပ်ပြီး ပုဂံခေတ်မြန်မာများ တီထွင်ထားတဲ့ ပါဠိသက် ဝေါဟာတစ်ခု ဖြစ်တယ်။ ပူဇာ အရဟ က = ပူရဟာ = ပုရှာ = ဖုရှာ = ဖုရား= ဘုရား - ဆိုပြီး အသံထွက် အဆင့်ဆင့်နဲ့ စာလုံးပေါင်း အမျိုးမျိုးပြောင်းလာတဲ့ နာမည်ဖြစ်တယ်။

မေး။ ။ တချို့က ဘုရားရှင်ကို ဘာကြောင့် ဗုဒ္ဓလို့ ခေါ်သလဲ။

ဖြေ။ ။ ဘုရားဆိုတာက မြန်မာတွေခေါ်တဲ့ အမည်ဖြစ်တယ်။ ဗုဒ္ဓဆိုတာ ပိဋကတ်တော်ထဲမှာပါတဲ့ အမည်ဖြစ်တယ်။ တရားအားလုံးကို ကိုယ်တိုင်လဲ သိပြီးသူ၊ အခြားလူနတ်ဗြဟ္မာတွေကိုလဲ သိအောင်ဟောနိုင်သူလဲ အဓိပ္ပာယ်ရတယ်။

ဗုဒ္ဓဆိုတဲ့အမည်ဟာ ကမ္ဘာသိတဲ့ သုံးတဲ့နာမည်ဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ဝေါဟာရဟာ ဗုဒ္ဓဘာသာ ဘုရားတစ်ဆူတည်းက ပိုင်တဲ့အမည်ဖြစ်တယ်။ ဘုရားဆိုတဲ့ မြန်မာဝေါဟာရကတော့ ဟိန္ဒူ၊ မဟာမေဒင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဘုရားလေးမျိုးနဲ့ဆိုင်တဲ့ သာမညအမည်ဖြစ်တယ်။

ပိဋကတ်မှာ တိုက်ရိုက်လာတဲ့ အမည်လဲဖြစ်၊ အခြားဘာသာတွေနဲ့ မဆိုင်တဲ့ သီးခြားနာမည်လဲဖြစ်လို့ ဘုရားကို ဗုဒ္ဓလို့ ခေါ်ကြခြင်းဖြစ်တယ်။

မေး။ ။ သက်တော်ထင်ရှား ရှိသူကိုမှ ဘုရား-ဗုဒ္ဓလို့ ခေါ်တယ်ဆိုရင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သွားပြီးဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာမှာ ဘုရားမရှိတော့ဘူး မဟုတ်ပါလား။

ဖြေ။ ။ ဘုရားရှင်ဟာ သင်္ခါရတွေရဲ့ မမြဲတဲ့ အနိစ္စသဘော၊ အစိုးမရ မပိုင်ဆိုင်တဲ့ အနတ္တသဘောအရ ပရိနိဗ္ဗာန် စံဝင်သွားတာ မှန်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ သက်တော်ထင်ရှား ဘုရားမရှိတာ မှန်ပါတယ်။ ဘုရားသခင်ဟာ သက်တော်ထင်ရှားရှိစဉ် လေးဆယ့်ငါးနှစ်လုံးလုံး နေ့ ည မအား ဟောကြားကယ်တင်ရုံနဲ့ အားရတင်းတိမ်တော် မမူသေးတဲ့အတွက် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် လူ နတ် ဗြဟ္မာတွေ ပူဇော်ကိုးကွယ်ဖို့ သူ့ရဲ့ကိုယ်စား (၁) ဓာတုစေတီ (၂) ဓမ္မစေတီ (၃) ဥဒ္ဒိဿစေတီ (၄) ပရိဘောဂစေတီဆိုပြီး ပူဇော်စရာ (၄)မျိုး စေတီလေးမျိုးကို ထားခဲ့ပါတယ်။ ဒီစေတီလေးမျိုးစလုံးပဲဖြစ်ဖြစ်၊ (၄)-မျိုးထဲက တစ်မျိုးပဲဖြစ်ဖြစ် ရှိနေသေးရင် သက်တော်ထင်ရှား ဘုရားရှိတယ်လို့ ဆိုနိုင်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ဒီစေတီ (၄)မျိုး အထင်အရှား ရှိနေတဲ့အတွက် ဘုရားပရိနိဗ္ဗာန် စံဝင်သွားပေမယ့် ဘုရားမရှိဘူးလို့ မပြောနိုင်ပါဘူး။ ဒီစေတီတစ်မျိုးမျိုး ရှိနေသရွေ့ သက်တော်ထင်ရှား ဘုရားရှိနေတယ်လို့ပဲ ဆိုရပါမယ်။

မေး။ ။ စေတီဆိုတာ ဘာလဲ။

ဖြေ။ ။ စေတီဆိုတဲ့ ဝေါဟာရက စေတိယဆိုတဲ့ ပါဠိစကားလုံးကို မြန်မာမှုပြုထားတဲ့ ပါဠိသက်ဝေါဟာရ ဖြစ်တယ်။ မူရင်းပါဠိ စေတိယရဲ့ အဓိပ္ပာယ်ကတော့ ပူဇော်စရာ ပစ္စည်း၊ ပူဇော်ပသရာ နေရာလို့ အဓိပ္ပာယ်ရတယ်။ ဘုရားရှင်လက်ထက်တော်မှာ ဘယ်စေတီမှာ ဘာတရားဟောတယ်ဆိုတာဟာ အဲဒီခေတ်က လူတွေ ပူဇော်ပသနေကြတဲ့ နတ်ကွန်းတွေကို စေတီလို့ခေါ်ထားတာ ဖြစ်တယ် အဲဒီ အချိန်အခါမှာ ဘုရားရှင်ရဲ့ကိုယ်စား အုတ် ကျောက် သဲတွေနဲ့ တည်ထား ကိုးကွယ်တဲ့ စေတီဆိုတာ မရှိသေးဘူး။ ဗုဒ္ဓသက်တော်ထင်ရှား ရှိတော်မူစဉ်မှာ ရံဖန်ရံခါ မိမိရှေ့တော်မှောက်တွင် ပရိနိဗ္ဗာန် ပြုတော်မူတဲ့ သာဝကတွေရဲ့ ဓာတ်တော်တွေကို စေတီတည်ထား စေတော်မူတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ အခါမှာတော့ ဘုရားရှင်ရဲ့ စေတီ (၄)မျိုးနဲ့ ရှေးခေတ် ကိုးကွယ်ခံပစ္စည်း၊ နတ်၊ ဗြဟ္မာတွေနဲ့ နတ်ကွန်းတွေကို စေတီလို့ ခေါ်ခဲ့ကြတယ်။

ဒါပေမယ့် ဝေါဟာရတစ်ခုဟာ ကာလ ဒေသ အခြေအနေအလိုက် အဓိပ္ပာယ်ပြောင်းလဲတတ်တဲ့ သဘောအရ မြန်မာလူမျိုးတွေဟာ အုတ်၊ ကျောက်၊ သဲ၊ အင်္ဂတေတွေနဲ့ အထက်ကို ချွန်ချွန်တည်ထားတဲ့ အဆောက်အအုံ စေတီတွေကိုမှ စေတီလို့ ခေါ်တယ်။ ကျန်စေတီ (၃)မျိုးကို စေတီလို့ မခေါ်ကြတော့ဘူး။ မြန်မာပြည်မှာတော့ နတ်ကွန်း၊ ဓမ္မာရုံတွေကိုလဲ စေတီလို့ မခေါ်ကြတော့ပါဘူး။

မေး။ ။ စေတီနဲ့ ဘုရားဟာ အတူတူပဲလား၊ မတူဘူးလား။

ဖြေ။ ။ မြန်မာဗုဒ္ဓဘာသာတွေ အနေနဲ့တော့ စေတီနဲ့ ဘုရားဟာ မတူပါဘူး။ ရွှေမောဓော၊ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်စတဲ့ စေတီတွေကို စေတီလို့လဲ ခေါ်တယ်။ ဘုရားလို့လဲ ခေါ်တယ်။ ဒါပေမယ့် မဟာမြတ်မုနိ၊ ခြောက်ထပ်ကြီး၊ ငါးထပ်ကြီး စတဲ့ ရုပ်ပွားဆင်းတုတော်တွေကိုတော့ ဘုရားလို့သာ ခေါ်တယ်။ စေတီလို့ မခေါ်ကြဘူး။ ဒါကြောင့် ရွှေတိဂုံဘုရား၊ ရွှေတိဂုံစေတီလို့ နှစ်မျိုးသုံးပေမယ့် မဟာမြတ်မုနိဘုရားလို့သာသုံးပြီး မဟာမြတ်မုနိစေတီလို့တော့ မသုံးကြဘူး။ အမှန်မှာတော့ ရုပ်ပွားဆင်းတုတော်တွေဟာ ဥဒ္ဒိဿစေတီခေါ် စေတီတစ်မျိုး ဖြစ်ပါတယ်။ မူလကျမ်းဂန်အလို အတူတူပါပဲ။ မြန်မာလူမျိုးတွေ အခေါ်မှာတော့ မတူပါဘူး။

မေး။ ။ စေတီလေးမျိုးထဲမှာ ဓာတုစေတီဆိုတာ ဘာလဲ။

ဖြေ။ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလို့ မီးသင်္ဂြိုဟ်တဲ့အခါ ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်တွေကို ဓာတုစေတီလို့ ခေါ်တယ်။ ဘုရားရှင်ရဲ့ အရိုးတော်မှ ဖြစ်လာတဲ့အတွက် သာရီရိကစေတီလို့ ခေါ်တယ်။ မြန်မာတွေကတော့ စေတီဆိုတဲ့ ဝေါဟာရမပါဘဲ ဓာတ်တော်လို့ ခေါ်ကြတယ်။ အနာဂတ် လူသားတွေ ကိုးကွယ်ဆည်းကပ်ဖို့ ဘုရားရှင်ရဲ့ အမွေပစ္စည်းအဖြစ် ထားခဲ့တာဖြစ်လို့ မွေတော်လို့လဲ ခေါ်ကြတယ်။ ဓာတ်တော်တွေကို စေတီပုထိုးထဲမှာ ဌာပနာပြီး ပူဇော်ကြတဲ့အတွက် စေတီကိုပူဇော်မှုဟာ ဓာတ်တော်ကို ပူဇော်ရာရောက်တယ်။ ဓာတ်တော်ကို သီးသန့်ပူဇော်မှုကတော့ အတော်နည်းတယ်။

မေး။ ။ ဓမ္မစေတီဆိုတာ ဘာလဲ။

ဖြေ။ ။ မြတ်စွာဘုရား လေးဆယ့်ငါးဝါအတွင်း ဟောထားခဲ့တဲ့ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို ဓမ္မစေတီလို့ ခေါ်တယ်။ ပဋိစ္စသမုပ္ပါဒ် ပဋ္ဌာန်း စသည်ကို ရွှေ ငွေ ပုရပိုက်မှာရေးပြီး ဌာပနာတဲ့ စေတီကိုလဲ ဓမ္မစေတီလို့ ခေါ်တယ်။

မြန်မာနိုင်ငံမှာ ရှေးက ပိဋကတ်တော်တွေကို သီးသန့်ပူဇော်ကန်တော့တာ မရှိဘူး။ ပိဋကတ် ပေစာထုပ်တွေ၊ စာအုပ်တွ ဝယ်လှူတာကိုပဲ ဓမ္မစေတီ ပူဇော်တယ်လို့ ခေါ်ကြတယ်။ ယခု မျက်မှောက်ခေတ်မှာ ဓမ္မစေတီ - ဓမ္မရတနာကို လက်တွေ့ကျကျ ပူဇော်လိုသူသည် ပရိယတ္တိ ဗဟုသုတနှင့် ပြည့်စုံသူကို ပူဇော်ရမည်ဟု ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူချက်အရ ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်တွေကို တစ်ဦးချင်းအနေနဲ့ လည်းကောင်း၊ အသင်းအဖွဲ့ အနေနဲ့လည်းကောင်း ပူဇော်ကန်တော့နေကြပေပြီ။ ၄င်းပူဇော်ကန်တော့မှုကို ဓမ္မစေတီ ပူဇော်တယ်လို့ ခေါ်ကြရမယ်။

မေး။ ။ ဥဒ္ဒိဿစေတီဆိုတာ ဘာလဲ။

ဖြေ။ ။ ဥဒ္ဒိဿစေတီဆိုတဲ့ ပါဠိစကားက ရည်ရွယ်မှန်းထားခြင်းလို့ အဓိပ္ပာယ်ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်တုန်းက သက်တော်ထင်ရှား မြတ်စွာဘုရား ရှိခဲ့တာကို မှန်းဆလို့ ပေါ်လာတဲ့ ဘုရားအာရုံကို ဥဒ္ဒိဿစေတီလို့ ခေါ်တယ်။ ဘုရားပုံတော်၊ ပန်းချီကား၊ ဘုရားကားတွေနဲ့ ရုပ်ပွားဆင်းတုတော်ပုံတွေဟာလဲ ဥဒ္ဒိဿစေတီတွေ ဖြစ်ပါတယ်။ ဓာတ်တော် မွေတော်တွေ မဌာပနာဘဲ တည်ထားတဲ့ သဲပုံစေတီ၊ အုတ်စေတီ စသည်တွေဟာလဲ ဘုရားရှင်ကိုရည်မှန်း ပြုလုပ်ထားတာဖြစ်လို့ ဥဒ္ဒိဿစေတီတွေ ဖြစ်ပါတယ်။

မေး။ ။ ပရိဘောဂစေတီဆိုတာ ဘာလဲ။

ဖြေ။ ။ မြတ်စွာဘုရားသခင် အသုံးပြုခဲ့တဲ့ သင်္ကန်း သပိတ် ပရိက္ခရာတွေနဲ့ မဟာဗောဓိပင်ကို ပရိဘောဂစေတီလို့ ခေါ်တယ်။ မြန်မာနိုင်ငံမှာ ပရိဘောဂ စေတီအဖြစ် ကိုးကွယ်ဖို့ ဂေါတမမြတ်စွာဘုရားရဲ့ အသုံးအဆောင်ပစ္စည်း တစ်ခုမှ ရှိတယ်လို့ မကြားမိဘူး။ ရွှေတိဂုံဘုရားထဲမှာ ကောဏာဂုံနဲ့ ကဿပ ဘုရားနှစ်ဆူရဲ့ တောင်ဝှေးနဲ့ ရေစစ် ဌာပနာထားတယ်လို့ ရွှေတိဂုံသမိုင်းမှာ အဆိုရှိတယ်။ ပရိဘောဂစေတီအဖြစ်နဲ့ ဗောဓိပင်ကိုပဲ ပူဇော်ကြတယ်။ ဒီဗောဓိပင် ပူဇော်မှုဟာလဲ အမြဲတစေ တစ်နှစ်ပတ်လုံး မဟုတ်ဘဲ ကဆုန်လပြည့် ညောင်ရေသွန်းပွဲနေ့ တစ်နေ့အတွက်သာ ရေလဲသွန်းကြ၊ ပူဇော်ကန်တော့မှုလဲ ပြုကြတယ်။ သီဟိုဠ်နိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီးတစ်ခု တည်တော့မယ်ဆိုရင် စေတီတစ်ဆူနဲ့ ဗောဓိပင်တစ်ပင်ပါ စိုက်လေ့ရှိတယ်။ ဗောဓိပင်ကိုလဲ အလေးထား ပူဇော်ကြတယ်။ ရှင်မဟိန္ဒလက်ထက် အိန္ဒိယမှ မဟာဗောဓိပင် တောင်ကိုင်းကို ဘယ်လိုပင့်တယ်၊ ဘယ်လိုကြိုဆိုတယ်၊ ဘယ်လိုပူဇော်တယ်ဆိုတာ ဖော်ပြတဲ့ ဗောဓိဝံသခေါ် ဗောဓိပင်ကျမ်းတစ်ကျမ်းပင် ပြုစုရေးသားကြတယ်။

မေး။ ။ မဟာဗောဓိပင်ကို ပရိဘောဂစေတီအဖြစ် ကိုးကွယ်မှုဟာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ မဟာဗောဓိပင်ပူဇော်မှုဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကထဲက စခဲ့တယ်။ ဘုရားရှင်ဟာ ဝေနေယျ သတ္တဝါတွေကို တရားဟောဖို့အတွက် အခြားတိုင်းမြို့ရွာတွေကို ခရီးဒေသစာရီ ကြွတော်မူတယ်။ ဘုရားရှင် ခရီးထွက်မှန်းမသိတဲ့ တကာ တကာမတွေက ဘုရားရှင်ဖူးဖို့ ပန်းနံ့သာတွေ ပူဇော်ဖို့ ဇေတဝန်ကျောင်းတော်ကို လာတဲ့အခါ ဘုရားရှင်ကို မတွေ့ရလို့ စိတ်နှလုံး မသာမယာ ဖြစ်ခဲ့ကြတယ်။ ဒီအကြောင်းကို ညီတော်အာနန္ဒာက ဘုရားရှင်ကို လျှောက်ထားတယ်။ ညီတော် အာနန္ဒာက ပူဇော်ထိုက်တဲ့စေတီ ဘယ်နှစ်မျိုးရှိသလဲလို့ဘုရားရှင်ကို လျှောက်ထားတယ်။ ဘုရားရှင်က ဓာတုစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီဆိုပြီး သုံးပါးရှိတယ်လို့ မိန့်ကြားတယ်။ ဓာတုစေတီခေါ် ဓာတ်တော်တွေဟာ ဘုရားပရိနိဗ္ဗာန်စံပြီးမှသာ ပူဇော်လို့ရတယ်။ ဥဒ္ဒိဿနဲ့ ပရိဘောဂစေတီကတော့ သက်တော်ထင်ရှား ရှိနေတုန်းမှာလဲ ပူဇော်လို့ရတယ်။ မဟာဗောဓိပင်ဟာ ဘုရားရှင်ပွင့်တော်မူရာ ဘုရားရှင်၏ အသုံးအဆောင်ဖြစ်လို့ ပရိဘောဂစေတီဖြစ်တယ်လို့ ဟောကြားတယ်။

ဒီအခါမှာ ညီတော်အာနန္ဒာက ဘုရားရှင် တခြားကြွနေတဲ့အခါ ဘုရားရှင်ကိုယ်စား ပူဇော်ကြဖို့ မဟာဗောဓိပင်က အစေ့ကိုယူပြီး ဇေတဝန်ကျောင်းအနီးမှာ စိုက်ပျိုးပါတယ်။ အဲဒီဗောဓိပင်ကို ညီတော်အာနန္ဒာ စိုက်တဲ့အတွက် “အာနန္ဒာဗောဓိပင်”လို့ခေါ်ပါတယ်။ ဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ မရှိတဲ့အခါ ဘုရားရှင်ကိုယ်စား အဲဒီအာနန္ဒာဗောဓိပင်ကိုပဲ ပန်းနံ့သာတွေနဲ့ ပူဇော်ရှိခိုးကြပါတယ်။ အဲဒီအချိန်ကစပြီး ယနေ့တိုင် ဗောဓိပင်ကို ပရိဘောဂစေတီအဖြစ်နဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ပူဇော်ကြတာပါပဲ။

မြန်မာနိုင်ငံမှာ ဗောဓိပင်ပူဇော်မှုဟာ နည်းပါတယ်။ ကဆုန်လပြည့် ညောင်ရေသွန်းပွဲနေ့ တစ်နေ့လောက်ပဲ ညောင်ရေသွန်းလောင်း ပူဇော်ကြပါတယ်။ ဗောဓိပင်ဟာ စေတီတစ်မျိုးဖြစ်တယ် ဆိုတာကိုတောင်မှ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း မသိကြပါဘူး။

မေး။ ။ ဗောဓိပင်ဆိုတာ သစ်ပင်တစ်မျိုးပါလား။

ဖြေ။ ။ ဗောဓိပင်ဆိုတာ သစ်ပင်တစ်မျိုးရဲ့ နာမည်မဟုတ်ပါဘူး။ ဘုရားရှင်တွေ သစ္စာလေးပါးကို သိရာအပင်ဖြစ်လို့ ဗောဓိပင်လို့ ခေါ်တာပါပဲ။ ဂေါတမ ဘုရားရှင်ကတော့ ညောင်ဗုဒ္ဓဟေပင်ရင်းမှာထိုင်ပြီး တရားထူး ရတော်မူလို့ ညောင်ဗုဒ္ဓဟေပင်ကို ဗောဓိပင်လို့ ခေါ်တာဖြစ်တယ်။ ပုန်းညက်ပင်၊ ရေသဖန်းပင်၊ ကန့်ကော်ပင်၊ ပိတောက်ပင် စသည်ဖြင့် ဘုရားတစ်ဆူဆူ၏ ဗောဓိပင်တွေဟာ ဘုရားရှင်အလိုက် ပြောင်းလဲသွားပါတယ်။

မေး။ ။ ဓမ္မပဒမှာ ဥယျာဉ်ခြံ၊ သစ်ပင်ကြီး၊ နတ်ကွန်း၊ တောင်၊ တော တွေကို ကိုးကွယ်လျှင် ကိုးကွယ်ရာမရောက်ပုံပြပြီး ယခုဗောဓိပင်ကို ဘာကြောင့် စေတီအဖြစ် ပြပါသလဲ။

ဖြေ။ ။ ဓမ္မပဒမှာ အဂ္ဂိဒတ္တရသေ့က ဥယျာဉ်ခြံ၊ သစ်ပင်၊ နတ်ကွန်း၊ တော၊ တောင်တွေကို ကိုးကွယ်ဆည်းကပ်ကြလို့ ဟောတဲ့အတွက် လူတွေက ရှိခိုးပူဇော်ကြတယ်။

ဘုရားရှင်က ဒါတွေကိုးကွယ်လို့ ဘေးရန်မပျောက်ဘူးလို့ ဟောတယ်။ ရတနာသုံးပါးကို ကိုးကွယ်မှ ဘေးရန်ပျောက်ကင်းတယ်လို့ ဟောတယ်။ သစ်ပင်ကြီးတွေကို ရှိခိုးတာက သစ်ပင်စောင့်နတ် ရုက္ခစိုးနတ်ကို ရှိခိုးတာဖြစ်တယ်။ ဗောဓိပင်ရှိခိုးတာက ဒီဗောဓိပင်မှာ ပွင့်သွားတဲ့ ဘုရားရှင်ကို ရှိခိုးတာဖြစ်တယ်။ ဗောဓိပင်ဟာ ဘုရားရှင်ကို သတိရစေကြောင်း အထောက်အပံ့သာဖြစ်တယ်။ ဒါကြောင့် ဗောဓိပင်ကို ပူဇော်ရာ ပရိဘောဂစေတီလို့ ဟောတာဖြစ်တယ်။

မေး။ ။ ရုပ်ပွားဆင်းတု ပူဇော်မှုဟာ ဘယ်တုန်းက စခဲ့ပါသလဲ။

ဖြေ။ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီက ဘုရားမရှိတဲ့အခါ ဘုရားရှင်ကိုယ်စား မဟာဗောဓိပင်ကို ပူဇော်ခဲ့တယ်။ ပရိနိဗ္ဗာန် ပြုပြီးတဲ့နောက် ဓာတ်တော်တွေကို ဌာပနာတဲ့ ဓာတုစေတီကို ကိုးကွယ်ခဲ့တယ်။ ဥဒ္ဒိဿစေတီအဖြစ်တော့ စိတ်က ရည်မှန်းရှိခိုး ပူဇော်နေကြတယ်။ ဘုရားရှင်ဟာ လက္ခဏာတော်ကြီး ၃၂၊ လက္ခဏာတော်ငယ် ၈၀ တို့ဖြင့် သပ္ပာယ်တော်မူတဲ့အတွက် ဘုရားရှင်ကို ကိုယ်စားပြုနိုင်တဲ့ ပုံတော်ကို ဘယ်ပန်းချီဆရာမှလဲ ပုံတူရေးဆွဲနိုင်မှာမဟုတ်ဘူး။ ဘယ်ပန်းပု ကျောက်ဆစ်မှလဲ ပုံတူထုနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားတော် ဆင်းတုတော်ကို ထုလုပ်ကိုးကွယ်မှု မပြုခဲ့ကြဘူး။

၄-ရာစု ဘီစီမှာ ဂရိတ်လူမျိုး စစ်ဘုရင် အလက်ဇန္ဒာမင်းကြီးနဲ့ ဂရိတ်တပ်မတော်ကြီးက အိန္ဒိယပြည် အနောက်မြောက်ပိုင်းကို သိမ်းပိုက်လိုက်တဲ့အခါ ဂရိတ်တွေ ဗုဒ္ဓဘာသာဖြစ်လာတယ်။ ဂရိတ်တွေဟာ သူတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေကို ရုပ်တုပြုလုပ် ကိုးကွယ်ကြသလို ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကို ထုလုပ်ကိုးကွယ်ကြတယ်။ ရှာဖွေတွေ့ရှိရတဲ့ သမိုင်းအထောက်အထားအရ ဗုဒ္ဓရုပ်ပွားတော် ဆင်းတုကိုးကွယ်မှုဟာ (၁)ရာစု အေဒီမှာ စခဲ့တယ်လို့ အကြမ်းဖျင်း မှတ်သားနိုင်တယ်။

မေး။ ။ ရုပ်ပွားဆင်းတုကို မကိုးကွယ်ခင်မှာ ဘာတွေကို ဥဒ္ဒိဿစေတီအဖြစ်နဲ့ ရှိခိုးပူဇော်ကြပါသလဲ။

ဖြေ။ ။ ရုပ်ပွားဆင်းတုတော် မကိုးကွယ်ခင်မှာ -

(၁) ဘာအထိမ်းအမှတ် ပုံစံမှမရှိဘဲ ယခုခေတ် နတ်ကိုးကွယ်မှုမှာလို ရည်စူးမှုသက်သက် ကိုးကွယ်တာလဲ ရှိတယ်။

(၂) ပလ္လင်တော်ပုံကို ဘုရားကိုယ်စား ပူဇော်တာလဲ ရှိတယ်။

(၃) လှည်းဘီးပုံ ဓမ္မစကြာကို ဘုရားရှင်ကိုယ်စား ပူဇော်တာလဲရှိတယ်။ ဘီစီ သုံးရာစု အသောကမင်းကြီးခေတ်မှာ စကြာပုံကို ဘုရားရှင်အမှတ် ကိုးကွယ်နေကြတာ တွေ့ရတယ်။

မေး။ ။ ဘုရားသက်တော်ထင်ရှား ရှိစဉ်က ကောသလမင်းကြီးက ဗုဒ္ဓရုပ်ပွားတော် ရွှေဆင်းတု ပြုလုပ်ကိုးကွယ်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ ဘုရားသက်တော်ထင်ရှား ရှိစဉ်က ဗုဒ္ဓရုပ်တု ရွှေဆင်းတုတစ်ဆူကို ကောသလမင်း ပြုလုပ်ကိုးကွယ်ကြောင်း ပါဠိတော် အဋ္ဌကထာဋီကာမှာ မပြ။ ဇင်းမယ်ပဏ္ဏာသ၊ (သို့မဟုတ်) ယွန်းပဏ္ဏာသဟုခေါ်သော ကျမ်း စတုတ္ထဝဂ်၊ သတ္တမမြောက် ဝဋ္ဋင်္ဂုလီဇာတ်မှာ ဖော်ပြတဲ့ အကြောင်းအရာဖြစ်တယ်။ သာသနအာယု ကျမ်းမှာလဲ အလားတူဖော်ပြတယ်။ ဒါပေမယ့် ဒီကျမ်းတွေဟာ သံဂါယနာဝင် ကျမ်းတွေမဟုတ်လို့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့က အခိုင်အမာကျမ်းအဖြစ် အသိအမှတ်မပြုကြဘူး။ ဒါကြောင့် ဘုရားလက်ထက်မှာ ရုပ်တုမရှိသေးဘူးလို့ဘဲ မှတ်ရပါမယ်။

မေး။ ။ ဘုရားရှင်ကိုယ်စား စေတီ (၄)မျိုးထဲမှာ ဘယ်စေတီကို အပူဇော်အများဆုံးလဲ။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဘုရားရှင်ကိုယ်စား စေတီ (၄)မျိုးထဲမှာ ဥဒ္ဒိဿစေတီဖြစ်တဲ့ ရုပ်ပွားတော် ဆင်းတုတော်များနဲ့ ဘုရားကားဟာ အပူဇော် အများဆုံးဖြစ်ပါတယ်။ များရတဲ့အကြောင်းကတော့-

(၁) ဓာတုစေတီနဲ့ ပရိဘောဂစေတီတွေကို လူတိုင်းစေ့ရဖို့မလွယ်ပေမယ့် ရုပ်ပွားဆင်းတုတော်တွေကို လူတိုင်း အလွယ်တကူ ရနိုင်လို့ရယ်။

(၂) ဓာတုစေတီ ဌာပနာထားတဲ့ အုတ်စေတီနဲ့ မဟာဗောဓိပင်ကို ကြည့်ရှုဖူးမြော်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို မျက်စိထဲမြင်အောင် မျှော်မှန်းရတာထက် ရုပ်ပွားဆင်းတုတော်ကို ဖူးမြော်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို စိတ်မှာမြင်အောင် ရည်မှန်းရတာက ပိုပြီးလွယ်ကူလို့ရယ်။

အဲဒီအကြောင်းနှစ်မျိုးကြောင့် ဥဒ္ဒိဿစေတီဖြစ်တဲ့ ရုပ်ပွားဆင်းတုတော်ကို အများဆုံး ကိုးကွယ်ဆည်းကပ်ကြခြင်း ဖြစ်တယ်။

မေး။ ။ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ နားရွက်တော်ဟာ အခုကိုးကွယ်နေကြတဲ့ ရုပ်ပွားဆင်းတု ပုံတော်မှာလို ပခုံးတော်နဲ့ ထိတဲ့အထိ ရှည်ပါသလား။

ဖြေ။ ။ ဘုရားရှင်ရဲ့ နားရွက်တော်ဟာ ပခုံးတော်မှာ ထိနေတယ်လို့ ပိဋကတ်တော်မှာ မဖော်ပြပါဘူး။ ဘုရားရှင်ရဲ့ပုံတော်ကို ဖော်ပြတဲ့ လက္ခဏာတော်ငယ် (၈၀)ကို ဖော်ပြတဲ့အခါမှာလဲ ရှည်သောနား၊ နှစ်လိုဖွယ်သော နားတော် ရှိတော်မူ၏၊ (အာယတရုစိကဏ္ဏတာ…) လို့သာ ပြပါတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ နားရွက်တော်ဟာ ပခုံးကို မထိဘူးလို့ပဲ ယူဆကြတယ်။

အစောဆုံး ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ကြတဲ့ ပန်းပုပညာတွေက အခုပုံမျိုး ထုလုပ်ခဲ့ရာက အစဉ်အလာ ဖြစ်ခဲ့တယ်လို့ ယူဆကြပါတယ်။ သမန္တစက္ခု ဒီပနီကျမ်း စာမျက်နှာ ၂၆၂ မှာ အာယတဏ္ဏတာ - ရှည်လျားသော နားရွက်တော်ရှိသောအဖြစ် (ဤသို့လာသော အာယတကဏ္ဏ လက္ခဏာတော်ကိုရည်၍ ပညာရှိအဆက်ဆက်တို့သည် ရုပ်ပွားဆင်းတုတော် ထုလုပ်ရာ၌ နားရွက်တော်ကို အထွာနှင့်ဖွဲ့၍ အရှည်အလျား ထုလုပ်လေ သည်။ ရှေးစာတမ်းဟောင်းတို့၌ကား နားရွက်တော်ကို ပခုံးတော်သို့ မထိစေနှင့် အမှာရှိသည်။ ယခု ငါတို့လက်ထက်၌မူကား နားရွက်တော်ကို ပခုံးတော်သို့ ထိစေလျက် ထုလုပ်ကြသည်)လို့ မှာထားတယ်။

အရှင်ဇနကာဘိဝံသ ဆရာတော်ရေးတဲ့ ရတနာ့ဂုဏ်ရည်ကျမ်း စာမျက်နှာ ၃၉၆ မှ (အရှည်ဟုဆိုသော်လည်း ယခုကာလ အချို့ဆင်းတုတော်များ၌ ထုထားသကဲ့သို့ ပခုံးတော်ထောက်အောင် ရှည်လျားသည်မဟုတ်ပါ။ ကျိုး၍မသွားအောင် ရုပ်တုတော် ပြုလုပ်သည့် ဆရာတို့က ထောက်ထားဟန် တူပါသည်)လို့ မှာထားတယ်။

မေး။ ။ ဘုရားရှင်ဟာ ဘုရားဖြစ်ပြီးနောက်ပိုင်းမှာ မကိုဋ်သရဖူ စလွယ်တွေကို ဝတ်ဆင်ပါသေးသလား။ ဝတ်ဆင်ထားတဲ့ ဆင်းတုတော်ပုံတွေ ဘာကြောင့် ရှိနေပါသလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ ဘုရားဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မကိုဋ်သရဖူ၊ စလွယ်တွေကို ဝတ်ဆင်တယ်လို့ ပိဋကတ်မှာ မတွေ့ရပါဘူး။ ဝတ်ဆင်ဖို့အကြောင်းလဲ မရှိပါဘူး။ ဒါပေမယ့် ငါဘုရားသည် မင်းပရိသတ် အမျိုးမျိုးထံ ချဉ်းကပ်ဖူးတယ်။ ထိုသို့ ချဉ်းကပ်စဉ် ထိုမင်းတို့၏ အဆင်းအသွင်ကဲ့သို့ပင် ငါဘုရား၏ အဆင်းအသွင်ရှိတယ်ဟူသော စကားတော်အရ အခုအခါ အချို့ ရုပ်ပွားဆင်းတုတော်တွေမှာ မကိုဋ်၊ သရဖူ၊ စလွယ်တွေနဲ့ တွေ့ရတာကတော့ ဘုရားရှင်ကို ကြည်ညိုတဲ့အတွက် ပိုပြီးသပ္ပာယ်အောင် စိန်၊ ကျောက်၊ ပတ္တမြားတွေ စီထားတဲ့ မကိုဋ်၊ သရဖူ၊ စလွယ်တွေနဲ့ ဆင်မြန်းထားပုံရပါတယ်။

မေး။ ။ မာန်မာနကြီးတဲ့ ဇမ္ဗုပတိမင်းကို ချွတ်ဖို့အတွက် ဘုရားရှင်ဟာ ဒီပုံတော်ကို တန်ခိုးနဲ့ဖန်ဆင်းတယ်ဆိုတာ အမှန်ပဲလား။

ဖြေ။ ။ တထာဂတဥဒါနဒီပနီ ခေါ် ဗုဒ္ဓဝင်ကျမ်းမှာ ဇမ္ဗုပတိချွတ်ခန်း အကြောင်းပါတယ်။ ဒီဇာတ်လမ်းကိုလည်း ဇင်းမယ်ပဏ္ဏာသကျမ်းက ယူပြီးရေးတယ်လို့ အမှာပြထားပါတယ်။ အခုမြန်မာပြည်ရှိ ဇင်းမယ်ပဏ္ဏာသ စာအုပ်မှာ ရှာကြည့်တော့ ဇမ္ဗုပတိချွတ်ခန်းအကြောင်း လုံးဝမတွေ့ရဘူး။ ရှေးဟောင်းပုရာဏ်ကျမ်း တစ်ကျမ်းကယူပြီး ရေးထားတာ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဇင်းမယ်ပဏ္ဏာသ ဆိုတာကလဲ ဇာတ်တော်တွေကို နည်းမှီပြီး မဟာယာနဂိုဏ်းဝင် ဆရာတော်တစ်ပါးက ရေးသားထားတဲ့ ဘာသာရေးပုံဝတ္ထု စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ဒီဇမ္ဗုပတိချွတ်ခန်းခေါ်တဲ့ မကိုဋ် စလွယ်ပါ ပုံတော်နဲ့ ပတ်သက်လို့ ကျမ်းအခိုင်အမာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီပုံတော်ဟာ ခမ်းခမ်းနားနား လှလှပပရှိပြီး ဖူးမြော်သူရဲ့စိတ်ကို ကြည်နူးနှစ်သက်စေဖို့အတွက် ရှေးပညာရှိကြီးများက တီထွင်ခဲ့တဲ့ပုံပဲလို့ မှတ်ပြီး ကိုးကွယ်ထိုက်ပါတယ်။

မေး။ ။ ဒက္ခိဏသာခါ ဘုရားပုံတော်ဟာ ဘာဖြစ်လို့ အခြားရုပ်ပွားတော်တွေနဲ့ မတူတာလဲ။

ဖြေ။ ။ ဒက္ခိဏသာခါဆိုတဲ့ ပါဠိစကားနှစ်လုံးက တောင်ဘက်အကိုင်းလို့ အဓိပ္ပာယ်ရတယ်။ (၃)ရာစု ဘီစီမှာ အသောကမင်းတရားကြီးက သားတော်မဟိန္ဒနဲ့ သမီးတော် သင်္ဃာမိတ္တာတို့ကို သီဟိုဠ်ကျွန်းသို့ သာသနာပြု စေလွှတ်တာ်မူတဲ့အခါမှာ ပရိဘောဂစေတီအဖြစ် ပူဇော်ဖို့ မဟာဗောဓိပင်ရဲ့ တောင်ဘက် အကိုင်းတစ်ကိုင်းကို ဖြတ်ယူပင့်ဆောင်ပြီး သီဟိုဠ်မှာ စိုက်ပျိုးကိုးကွယ်ကြတယ်။ ဒီဒက္ခိဏသာခါ ဗောဓိပင်နဲ့ ဒက္ခိဏသာခါ ဘုရားပုံတော်ဟာ ဘယ်လို ဆက်စပ်တယ်ဆိုတာနဲ့ ဘာဖြစ်လို့ အခုလိုပုံတော်တစ်မျိုး ဖြစ်နေတယ်ဆိုတာကိုတော့ စာပေ အထောက်အထား မတွေ့ရသေးဘူး။ ဒီဒက္ခိဏသာခါ ပုံတော်ဘုရား သီဟိုဠ်ကျွန်းကတဆင့် မြန်မာပြည်ကို ရောက်လာတယ်လို့တော့ ဆရာစဉ်ဆက် ပြောစမှတ်ပြုကြတယ်။

ဒက္ခိဏသာခါလို့ခေါ်တဲ့ တောင်ကိုင်းကို ဖြတ်စိုက်တဲ့ဗောဓိပင်ဟာ သီဟိုဠ်မှာရှိတော့ ဒက္ခိဏသာခါ ဘုရားဟာလဲ သီဟိုဠ်ကပဲ လာဖို့ရှိပါတယ်။ ဒါပေမယ့် သီဟိုဠ်မှာနေဖူးတဲ့ ဆရာတော်တွေကို လျှောက်ထားကြည့်တော့ သီဟိုဠ်ဒက္ခိဏသာခါဘုရားဟာ အခုမြန်မာပြည်မှာ တွေ့ရတဲ့ ပုံတော်မျိုးမဟုတ်ဘဲ အခြား ရုပ်ပွားဆင်းတုတော် ပုံမျိုးပဲဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ ဘုရားဆင်းတုတော် တွေကိုဖော်ပြတဲ့ စာအုပ်တွေမှာလဲ ဒက္ခိဏသာခါပုံ တစ်ပုံမှ မပါရှိပါဘူး။ ဒါကြောင့် သီဟိုဠ်ကရောက်တဲ့ ဒက္ခိဏသာခါဟာလဲ ရိုးရိုးဆင်းတုတော်ပုံ ဖြစ်မယ်လို့ပဲ ခန့်မှန်းရပါတယ်။ ဒီနေ့ မြန်မာပြည်မှာတွေ့ရတဲ့ ဒက္ခိဏသာခါ ပုံမျိုးကတော့ မြန်မာပြည်မှာပဲရှိတဲ့ ပုံတော် အထူးအဆန်း ဖြစ်ပုံရပါတယ်။ ဘာကြောင့် ဒီပုံမျိုး ဖြစ်တယ်ဆိုတာတော့ ခိုင်ခိုင်မာမာ မတွေ့ရသေးပါဘူး။

မေး။ ။ ဒက္ခိဏသာခါဘုရားရဲ့ ခေါင်းပေါ်မှာ ဘာဖြစ်လို့ ကြာပွင့် ဆောင်းထားသလဲ။

ဖြေ။ ။ သံဂါယနာတင် ကျမ်းဂန်မဟုတ်တဲ့ မဟာယာနကျမ်းတစ်ခုမှာ ကောသလမင်းကြီးနဲ့ မလ္လိကာမိဖုရားတို့ ဘုရားဖူးဖို့ လာတဲ့အခါ ဘုရားရှင်မရှိ ဖြစ်နေတယ်။ ရှင်မောဂ္ဂလာန်က တန်ခိုးတော်နဲ့ လိုက်ရှာတော့ ကြာမျိုးငါးပါး ဖူးပွင့်နေတဲ့ အနောတတ္ထ အိုင်ထဲမှာ ဘုရားရှင်ဟာ ကြာပွင့်ကြီး တစ်ပွင့်ပေါ်မှာ စျာန်ဝင်စားနေတာကို တွေ့ရတယ်။ အိုင်စောင့်နတ်ကိုးပါးဟာလဲ ဘုရားရှင်ကို ကြာပွင့်ထီး တစ်လက်စီနဲ့ ဆောင်းမိုးထားကြတယ်။ အဲဒီကြာပွင့်ပေါ်မှာ ထိုင်ပြီး ကြာပွင့်ထီးစောင်းတဲ့ အသွင်ဟာ ကြည့်ရှုဖူးမြော်လို့ မဝနိုင်အောင် ကြည်ညိုဖွယ် ရှိပေတယ်လို့ ကောသလမင်းကြီးနဲ့ မလ္လိကာ မိဖုရားကြီးတို့ကို ရှင်မောဂ္ဂလာန်မထေရ် ပြန်လည်မိန့်ကြားတယ်။ ရှင်မောဂ္ဂလာန် မိန့်ကြားချက်ကို ကောသလမင်းကြီးက ကြားတော့ မင်းကြီးလဲ ကြာပွင့်ပေါ်မှာ စျာန်ဝင်စားပြီး ကြာထီးဆောင်းထားတဲ့ ဘုရားရှင်နဲ့ ပုံတော်ကို အာရုံမှာ ဖူးတွေ့ရလို့ အလွန်ကြည်ညိုသွားတယ်။ ဒီပုံမျိုး ဘုရားရုပ်တု ပြုလုပ်ကိုးကွယ် ချင်ပါတယ်လို့ ကောသလမင်းကြီးက လျှောက်တော့ ရှင်မောဂ္ဂလာန်က ခွင့်ပြုလို့ ကြားပန်းထီးဆောင်းပုံကို ဘုရားရှင် လက်ထက်တော်တုန်းကတည်းက ထုလုပ် ကိုးကွယ်တယ်လို့ ယုံကြည်နေကြတယ်။

ဒါပေမယ့် အခုခေတ် ဒက္ခိဏသာခါ ဘုရားတွေမှာလို ကြာပန်းကို ခေါင်းတော်ပေါ်မှာ အုပ်ထားတဲ့ပုံမျိုး မဟုတ်ဘဲ ဦးခေါင်းတော်အထက်က ထီးဆောင်းသလို ဆောင်းထားတယ်လို့ မှတ်ရမယ်။

အခု မြန်မာပြည်မှာ ထုလုပ်ကိုးကွယ်နေတဲ့ လည်ကုတ်တိုတို ပုအိုင့်အိုင့်ပုံတော်ဟာ မကျွမ်းကျင်တဲ့ ပန်းပုဆရာတစ်ယောက်က လိမ်ညာ ရောင်းရာက အဟုတ်ထင်ပြီး ကိုးကွယ်နေကြတဲ့ ပုံတော်အမှား ဖြစ်တယ်လို့ သုတေသီတွေက တစ်ညီတည်း ဆိုနေကြပါပြီ။ ဒါကြောင့် ပန်းပုဆရာများကိုလည်း ယခုလို ပုံတော်ပုအိုင့်အိုင့် လည်ကုတ်တိုတို မသပ္ပာယ်တဲ့ပုံမျိုး မထုလုပ်ကြဖို့၊ ဗုဒ္ဓဘာသာတွေကလဲ ထိုဘုရားရှင်ပုံ မဟုတ်တဲ့ပုံမျိုးကို မကိုးကွယ် မဆည်းကပ်ဖို့ အထူးသတိပေးလိုက်ပါတယ်။

တကယ်လို့ ကြာပွင့်ပေါ်မှာထိုင်၍ စျာန်ဝင်စားပြီး ကြာပန်းထီး မိုးထားတဲ့ပုံ ကိုးကွယ်ချင်တယ်ဆိုရင်လဲ ထုလုပ်ကိုးကွယ်နိုင်ပါတယ်။ ဘုရားရှင် ရုပ်တုတော်ကတော့ အများကိုးကွယ်နေကြတဲ့ ကြည်ညိုဖွယ် သပ္ပာယ်တဲ့ပုံမျိုးပဲ ဖြစ်ရပါမယ်။

မေး။ ။ ဘုရားရှင်မှာ သျှောင်ထုံးရှိပါသလား။

ဖြေ။ ။ ဒီမေးခွန်းကတော့ ယနေ့လက်ရှိ ရုပ်ပွားဆင်းတုတော်တွေကို ကြည့်ပြီး ကလေးတွေနဲ့ ဗုဒ္ဓဘာသာမဟုတ်သူတွေက မေးလေ့ရှိတဲ့ မေးခွန်းပါပဲ။ ဘုရားရှင်မှာ သျှောင်ထုံးမရှိပါဘူး။ သိဒ္ဓတ္ထမင်းသားဘဝက သျှောင်ထုံးကို တောထွက်စဉ်က သန်လျက်နဲ့ ဖြတ်ခဲ့တယ်။ သန်လျက်နဲ့ ဖြတ်တာဖြစ်လို့ အခုခေတ် သင်ဓုန်းဓားနဲ့ ရိတ်သလို မပြောင်သွားပါဘူး။ ဘုရားရှင်ရဲ့ လက်သစ်တော်နဲ့ လက်နှစ်သစ် အငုတ်ကျန်ပါတယ်။ အဲဒီဆံငုတ်တွေဟာ လက်ယာရစ်ခွေပြီး ကျန်ရစ်တာဟာ နိဗ္ဗာန်စံတဲ့ အထိပါပဲ။ ဘုရားဖြစ်တဲ့အခါ ဆံပင်တော်မှ ရောင်လျှံတော်တွေ ထွက်နေတဲ့အတွက် မြင်ရသူတွေက သျှောင်ထုံးပုံသဏ္ဍာန်လို မြင်ရပါတယ်။ ဘုရားရှင်ကို ဖူးတွေ့မြင်ရတဲ့အတိုင်း ရောင်လျှံတော် ကွန့်မြူးနေတဲ့ ဆံတော်ပုံကို ထုထွင်းရာက ယနေ့ ဆင်းတုတွေမှာ ဆံထုံးပုံသဏ္ဍာန် ရှိနေတယ်လို့ပဲ ယူဆကြပါတယ်။

ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက် ဆရာတော်က သူ့ရဲ့စိတ်ကြိုက် မတ်ရပ်တော် ဘုရားပုံတော် ပန်းချီကားတစ်ခုကို ရေးဆွဲစေရာမှာ ခေါင်းတော်မှာ သျှောင်ထုံးပုံသဏ္ဍာန် မပါဘဲ ရဟန်းတော်များကဲ့သို့ ခေါင်းတုံးပုံတော်နဲ့ ရေးဆွဲပူဇော်ထားတာကို မဟာသိမ်တော်ကြီးထဲမှာ ယနေ့တိုင် ဖူးတွေ့မြင်နိုင်ပါတယ်။

မေး။ ။ ဒက္ခိဏသာခါ ဘုရားပုံတော်ကို ကိုးကွယ်ရင် လောကီသိဒ္ဓိ အားလုံးပြီးတယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ ဒက္ခိဏသာခါ ဘုရားပုံတော်ဟာ အမြင်အားဖြင့် ရိုးရိုးရုပ်ပွားတော်တွေလောက် ကြည်ညိုဖွယ် မဆောင်ပါဘူး။ ဒါပေမယ့် ဒက္ခိဏသာခါ ပုံတော်ကို လူတွေက ဘာသာရေးအရ ရုပ်ပွားတော်တစ်ဆူ အနေနဲ့သာ ကိုးကွယ်ကြတာ မဟုတ်ပါဘူး။ ဒက္ခိဏသာခါဘုရားကို ကိုးကွယ်ရင် လာဘ်လာဘ ပေါများမယ်၊ အရောင်းအဝယ် ကောင်းမယ်၊ ရာထူးတိုးမယ်၊ အန္တရာယ်အားလုံး ကင်းမယ်၊ အိမ်လဲ မီးမလောင်နိုင်ဘူး၊ လောကသိဒ္ဓိပေါင်းစုံ ပြီးတယ်လို့ ယုံကြည်ပြီး ကိုးကွယ်ကြပါတယ်။

ဘုရားကို ရှိခိုးတယ်၊ ပူဇော်တယ်ဆိုတာက ရုပ်ပွားတော်၊ ဆင်းတုတော်၊ ဓာတ်တော်၊ စေတီပုထိုးတွေကို ရှိခိုးပူဇော်တာ မဟုတ်ပါဘူး။ အရဟံ စတဲ့ ဂုဏ်တော်တွေနဲ့ ပြည့်စုံတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကို စိတ်အာရုံထဲမှာ ပေါ်လာသည်အထိ မျှော်မှန်းပြီး ရှိခိုးပူဇော်ရတာ ဖြစ်ပါတယ်။ ရုပ်ပွားဆင်းတု ဓာတ်တော် စေတီတွေက သက်တော်ထင်ရှား ဘုရားရှင်ရဲ့ အာရုံထင်မြင် လွယ်ကူဖို့ အထောက်အကူမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုးရိုး ရုပ်ပွားတော်ပဲဖြစ်ဖြစ်၊ ဒက္ခိဏသာခါ ပုံတော်ပဲဖြစ်ဖြစ် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ကြည်ညိုသဒ္ဓါတရား အားကောင်းရင် ကောင်းသလောက် ဝိပဿနာဘက်ကို ကူးလိုက်ရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်အထိ ရနိုင်ပါတယ်။

မေး။ ။ ဘုရားရှင်ကြွတော်မူတဲ့အခါ ခြေတော်ရာ မထင်ဘူးဆိုတာ မှန်ပါသလား။ ဘာကြောင့်ပါလဲ၊ ဘယ်လိုအခါမှာ ထင်ပါသလဲ။

ဖြေ။ ။ ဘုရားရှင်ကြွတော်မူတဲ့အခါ ခြေတော်ရာမထင်တာ မှန်ပါတယ်။ ဘာကြောင့် မထင်သလဲဆိုရင် (၁) နူးညံ့သိမ်မွေ့တဲ့အတွက်၊ (၂) ခွန်အားကြီးမားတော် မူတဲ့အတွက် (၃) လူအများကို သနားငဲ့ညှာတော်မူတဲ့ အတွက်ကြောင့် မထင်ကြောင်းကို အင်္ဂုတ္တုရ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ ဘုရားရှင်ဟာ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ဘုရားဖြစ်လာရပါတယ်။

ဘုရားရှင် ကြွတော်မူရာမှာ ခြေတော်ရာတွေ ထင်နေပါက လူအများက ဒီခြေတော်ရာအားလုံးကို အရိုအသေမပြုဘဲ လွှဲရှောင်မသွားနိုင်ဘဲ နင်းမိ ကျော်မိရင် အကုသိုလ်ဖြစ်ဖို့ ရှိကြပါတယ်။ ခြေတော်ရာကို နင်းသွား ကျော်သွားမယ့်လူတွေ အပြစ်ရမှာကို သနားတော်မူတဲ့အတွက် ဘုရားရှင်ဟာ ခြေတော်ရာမထင်အောင် အဓိဋ္ဌာန်ပြီး ကြွသွားတော်မူပါတယ်။

ဘုရားရှင်ကို အမှတ်တရ ဖူးမြော်လိုသူတွေ အမြတ်တနိုး ဖူးမြော်နိုင်ဖို့ ဖူးမြော်စရာတစ်ခု သနားတော်မူဖို့ တောင်းပန်တဲ့အခါ နောင်အခါလဲ သာသနာတော် ထွန်းကားစည်ပင်ပြီး သာသနာတော် အကျိုးများဖို့ မြင်တော်မူတဲ့အခါ ခြေတော်ရာ ထင်စေသတည်းလို့ အဓိဋ္ဌာန်ပြီး ခြေတော်ရာကို ထင်စေပါတယ်။ မင်းဘူး၊ မန်းစက်တော်က ခြေတော်ရာဟာ သစ္စဗန်ရသေ့ တောင်းပန်လို့ ချခဲ့တာ ယနေ့ သာသနာတော် ၂၅၀၀-ကျော်အထိ တည်တံ့ထွန်းကားနေပါတယ်။

မေး။ ။ ယနေ့ မြန်မာနိုင်ငံနဲ့ သီဟိုဠ်နိုင်ငံမှာ ကိုးကွယ်နေကြတဲ့ ခြေတော်ရာဟာ စေတီလေးပါးထဲမှာ ဘယ်စေတီ အမျိုးအစားလဲ။

ဖြေ။ ။ ခြေတော်ရာဟာ ဘယ်စေတီမျိုးထဲမှာ ပါတယ်လို့တော့ အတိအကျ မတွေ့ရဘူး။ ဂေါတမဘုရားရှင် ခြေတော်ရာနဲ့ ပတ်သက်ပြီး ပိဋကတ်ထဲမှာ ဖွင့်ပြထားတာ မတွေ့ရဘူး။ သစ္စဗန္ဓရသေ့ တောင်းပန်လို့ မင်းဘူးရွှေစက်တော်မှာ ခြေတော်ရာတစ်ဆူ ချတော်မူခဲ့တယ်။ နမ္မဒါနဂါး တောင်းပန်လို့ အောက်ခြေတော်ရာကို ချတော်မူတယ်လို့ ရွှေစက်တော်သမိုင်းမှာ တွေ့ရတယ်။ ဒီခြေတော်ရာကို နှစ်စဉ် ဗုဒ္ဓဘာသာဝင်တွေ အများသွားရောက် ဖူးမြော်နေကြတယ်။ ဘယ်စေတီမျိုးထဲမှာ ပါတယ်လို့ မတွေ့ပေမယ့် ဥဒ္ဒိဿစေတီထဲမှာ ပါတယ်လို့ မှတ်ရပါမယ်။ ဒီခြေတော်ရာကို ဖူးမြော်ခြင်းဖြင့် ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့တယ်ဆိုတာကို မျှော်မှန်းရည်ရော်လို့ ဖြစ်ပါတယ်။

မေး။ ။ ခြေတော်ရာကို ကိုးကွယ်တဲ့ အစဉ်အလာ ရှိပါသလား။

ဖြေ။ ။ အခု ဘဒ္ဒကမ္ဘာမှာပွင့်တဲ့ ဘုရားရှင်လေးဆူ လက်ထက်တော်မှာ ခြေတော်ရာကို ကိုးကွယ်တဲ့ အစဉ်အလာ ပိဋကတ်မှာ မတွေ့ရပါဘူး။ သုန္ဒရထေရ အပဒါန်မှာတော့ တိဿဘုရားရှင် လက်ထက်တော်တုန်းက ခြေတော်ရာကို ပန်းနဲ့ ပူဇော်ခဲ့ရလို့ နတ်ပြည်ရောက်ရတဲ့အကြောင်း ဖွင့်ပြထားပါတယ်။

အင်္ဂုတ္တိုရ်အဋ္ဌကထာမှာတော့ ဒေါဏပုဏ္ဏားကြီးနောက်က လိုက်လာမှန်းသိတော့ ဘုရားရှင်ဟာ ခြေတော်ရာတွေ ထင်ပါစေလို့ အဓိဋ္ဌာန်ပြီး ခြေတော်ရာတွေ ချခဲ့ပါတယ်။ ဒေါဏပုဏ္ဏားကြီးဟာ ခြေတော်ရာမှာ ထင်နေတဲ့ စက်လက္ခဏာတော်တွေကို မြင်ပြီး ဘုရားမှန်းသိတာနဲ့ ခြေရာခံလိုက်သွားတယ်။ ဘုရားရှင်ကလဲ သစ်ပင်တစ်ပင်အောက်မှာ ထိုင်စောင့်နေတယ်။ ဒေါဏပုဏ္ဏားက နတ်လား၊ ဘီလူးလား၊ ကုမ္ဘာန် လား၊ လူလားဆိုတော့ ဘုရားရှင်က ဘာမှ မဟုတ်ဘူး။ ဗုဒ္ဓဖြစ်တယ်လို့ မိန့်ခဲ့တယ်။ ပရိနိဗ္ဗာန်စံတဲ့အခါ ဓာတ်တော်တွေကို ဦးဆောင်ဝေမှာကို သိတော်မူလို့ ခြေတော်ရာချပြီး တွေ့ဆုံစေခဲ့တာ ဖြစ်ပါတယ်။

အပဒါန်အဋ္ဌကထာနဲ့ အင်္ဂုတ္တိုရ်အဋ္ဌကထာမှာ ပဒစေတိယ ခြေတော်ရာကို ပူဇော်စရာလို့ ပြထားတာလဲ တစ်ကြောင်း၊ ဒေါဏပုဏ္ဏားကြီးဟာ စက်လက္ခဏာတော်တွေကို ကြည့်ပြီး ဘုရားမှန်း သိသလို စက်လက္ခဏာတွေပါတဲ့ ခြေတော်ရာကို ဖူးမြော်ရလို့ သက်တော်ထင်ရှား ဘုရားရှင်ကို မျှော်မှန်းပူဇော်နိုင်တဲ့အတွက် ခြေတော်ရာကို ရှိခိုးပူဇော်ထိုက်ပါတယ်။

မေး။ ။ ရုပ်ပွားဆင်းတုတော်တွေကို အနေကဇာ မတင်ဘဲ မကိုးကွယ်ကောင်းဘူးလား။

ဖြေ။ ။ ရုပ်ပွားဆင်းတုတော်တွေကို အနေကဇာ မတင်ဘဲ ကိုးကွယ်ကောင်းပါတယ်။ အနေကဇာတင်တာနဲ့ ပတ်သက်ပြီး ပိဋကတ် အစဉ်အလာ မတွေ့ရပါဘူး။ ရှေးခေတ်မြန်မာကြီးတွေက တီထွင်လိုက်နာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာဖြစ်ပါတယ်။ မြတ်စွာဘုရားသခင်ဟာ သဗ္ဗညုတဉာဏ်ကို ရလို့ ဘုရားဖြစ်တော်မူပြီးတဲ့အခါ အားရကျေနပ်တော်မူတဲ့အတွက် “အနေကဇာတိ သံသာရံ သန္ဓာဝိဿံ အနိဗ္ဗိသံ” စတဲ့ ဂါထာတော်ကို စိတ်တော်ထဲမှာ ကျူးရင့်တော်မူပါတယ်။ အခု ရုပ်ပွားဆင်းတုတော်အသစ်ကို စတင်ပူဇော်တဲ့အခါ မူလက သာမန် ပန်းပုရုပ်တုတစ်ခု အဖြစ်မှ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ကိုယ်စား ဥဒ္ဒိဿစေတီ ဖြစ်လာပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ သက်တော်ထင်ရှား ဘုရားရှင် စိတ်တော်မှာ ရွတ်ဆိုသီကျူးခဲ့တဲ့ “အနေကဇာတိ သံသာရံ” ဂါထာတော်ကို ဘုရားရှင်ကိုယ်စား ရဟန်းတော်တွေက ရွတ်ပေးခြင်းဖြစ်တယ်။ အနေကဇာတိ သံသာရံကို ရွတ်ဆိုပြီး ဘုရားအဖြစ် သိဒ္ဓိတင်ရာ ရောက်တယ်လို့ ယူဆပြီး အနေကဇာတင်တယ်လို့ ခေါ်ကြတာပါပဲ။ အနေကဇာမတင်ဘဲ ဘုရားအဖြစ် ကိုးကွယ်လို့ ရပါတယ်။ ဘိသိက်သွန်း အခမ်းအနား ကျင်းပကြတဲ့ သဘောပါပဲ။

မေး။ ။ ဘုရားရှင်ဟာ ဘုရားဖြစ်ဖြစ်ချင်း ဘာဖြစ်လို့ “အနေကဇာတိ သံသာရံ” ဆိုတဲ့ ဥဒါန်းဂါထာကို ကျူးရင့်တော် မူပါသလဲ။ မြန်မာလို အဓိပ္ပာယ် ဘယ်လိုပါလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ ဘုရားအဖြစ် ရတော်မူပြီးတာနဲ့ တစ်ပြီုင်နက်…

ငါသည် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်ပြီ။ ငါသည် ကြီးစွာသော သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ပြီ။ ငါသည် သတ္တဝါ အပေါင်းကို ဘဝသုံးပါးမှ လွတ်မြောက်အောင် တရားဟောတော်မူနိုင်ပြီလို့ ဆင်ခြင်ပြီး နှစ်သက်အားရမှု ပီတိဖြစ်တော်မူတယ်။ ထိုပီတိစိတ်ဖြင့် “အနေကဇာတိ သံသာရံ”စတဲ့ ဥဒါန်းဂါထာတွေကို ကျူးရင့်တော်မူခဲ့ခြင်း ဖြစ်တယ်။ အဲဒီဥဒါန်းကိုပဲ ဘုရားရှင် ပထမဆုံး ကျူးရင့်တဲ့ ဒေသနာတော်ဖြစ်လို့ “ပထမ ဗုဒ္ဓဝစန = ပထမဆုံး ဘုရားစကားတော်”လို့လဲ ခေါ်ကြတယ်။

ဥဒါန်းဂါထာအဓိပ္ပာယ်

အကြိမ်ကြိမ် ပဋိသန္ဓေ နေရခြင်းဟာ ဆင်းရဲပင်ပန်းလှတယ်။ ငါဟာ ခန္ဓာအိမ်ကို တည်ဆောက်သူ တဏှာလက်သမားကို စူးစမ်းရှာဖွေ မရနိုင်တဲ့အတွက် ဘဝများစွာ သံသရာတစ်လျှောက် ကျင်လည်ခဲ့ရပြီ။

တဏှာယောက်ျား လက်သမား၊ ယခုသင့်ကို ငါတွေ့ပြီ။ သင်ဟာ ခန္ဓာကိုယ်တည်းဟူသော အိမ်သစ်ကို နောက်ထပ် ဆောက်ခွင့်မရှိတော့ပြီ။ ခန္ဓာအိမ် တည်ဆောက်ရာမှာ ထုပ်၊ လျောက်၊ ဒိုင်းမြားအဖြစ် အသုံးပြုရတဲ့ ကိလေသာတရားတွေကို ငါဖျက်ဆီး ချေမှုန်းပစ်ပြီ။ မသိမှု အဝိဇ္ဇာဆိုတဲ့ အိမ်ရဲ့အထွတ်ကိုလဲ ငါဖျက်ဆီးလိုက်ပြီ။ ငါရဲ့ စိတ်တော်အစဉ်ဟာ ပြုပြင်စီရင်မှု ကင်းရာနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ။ ငါဟာ တဏှာကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ပြီ။ ဘုရားစင်စစ် ဖြစ်တော်မူပြီ။

မေး။ ။ အနေကဇာမတင်ဘဲ ကိုးကွယ်လို့ ရသားနဲ့ အနေကဇာတင်တဲ့အတွက် အကျိုးထူးပါသလား။

ဖြေ။ ။ အနေကဇာတင် အခမ်းအနား ကျင်းပတဲ့အတွက် အကျိုးအများကြီး ပိုထူးပါတယ်။ ထူးလို့ ရှေးမြန်မာကြီးတွေက ပိဋက အစဉ်အလာ မဟုတ်ပေမယ့် ဒီအနေကဇာတင် အခမ်းအနားကို စီစဉ်ပြုလုပ် လိုက်နာခဲ့ခြင်း ဖြစ်ပါတယ်။

(၁) အနေကဇာတိ သံသာရံစတဲ့ ဘုရားရှင်ရဲ့ ဥဒါန်းစကားကို ဘုရားရှင်ကိုယ်စား ရဟန်းတော်တွေက ရွတ်ပေးရတာဖြစ်လို့ ရဟန်းတော်တွေကို ဆွမ်း သင်္ကန်းစတဲ့ ပစ္စည်းတွေ လှူဒါန်းရတဲ့ ကုသိုလ်၊ လူပုဂ္ဂိုလ်တွေကို ပင့်ဖိတ်ကျွေးမွေးရတဲ့ ဒါနကုသိုလ်တွေ၊ ကျင့်သုံးဆောက်တည်ရတဲ့ သီလကုသိုလ်တွေ ပိုရတယ်။

(၂) အနေကဇာတိ သံသာရစတဲ့ ဘုရားရှင်ရဲ့ နှုတ်တော်ထွက် ဒေသနာကို ကြားနာရတဲ့ ဓမ္မသဝနကုသိုလ်တွေ ပိုရတယ်။ ဟောကြားရတဲ့ ရဟန်းတွေလဲ ဓမ္မဒေသနာကုသိုလ်တွေ ပြုခွင့်ရတယ်။

(၃) တရားဒေသနာတွေ ကြားနာရလို့ ဗုဒ္ဓဘာသာဆိုင်ရာ အသိအမြင် မှန်ကန်မှု ဒိဋ္ဌိဇုကမ္မ ဖြစ်ရတယ်။

(၄) အလှူရှင်အနေနဲ့ မိမိပြုလုပ်တဲ့ ဘုရားပူဇော်မှုကုသိုလ်၊ ဒါန သီလကုသိုလ်၊ အမျှအတမ်း ပေးဝေခြင်း ပတ္တိဒါနကုသိုလ်ကို ရတယ်။

(၅) အနေကဇာတင်ပွဲ လာရောက်ကြတဲ့ ပရိသတ်တွေအတွက် အလှူကိစ္စ ဝိုင်းဝန်းဆောင်ရွက်ရတဲ့ ဝေယျဝစ္စကုသိုလ်၊ သာဓုအနုမောဒနာ ခေါ်ဆိုရတဲ့ ပတ္တာနုမောဒနာကုသိုလ်တွေ ပိုရတယ်။

အဲဒီလို အကျိုးထူးတွေကို ပိုရစေနိုင်တဲ့အတွက် အနေကဇာတင် အခမ်းအနားကို ကျင်းပတဲ့ အစဉ်အလာကို ရှေးမြန်မာတွေက ယဉ်ကျေးမှု တစ်ခုအနေနဲ့ လိုက်နာကျင့်သုံး လာကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ပယောဂဆရာ၊ အထက်လမ်းဆရာတွေ သုံးနေတဲ့ ဘုရားငါးဆူ အမိန့်တော်ဆိုတာ ဘယ်ဘုရားတွေပါလဲ။

ဖြေ။ ။ အခုတည်ဆဲကမ္ဘာကြီးဟာ ဘုရားငါးဆူပွင့်မှာ ဖြစ်တဲ့အတွက် ဘဒ္ဒကမ္ဘာလို့ခေါ်တယ်။ အဲဒီဘုရားငါးဆူအနက် ကကုသံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ ဘုရားလေးဆူပွင့်ပြီးပြီ၊ အရိမေတ္တယျ ဘုရားတစ်ဆူ ပွင့်ဖို့ကျန်သေးတယ်။ ပွင့်ပြီးလေးဆူနဲ့ ပွင့်လတ္တံ့ တစ်ဆူကိုပေါင်းပြီး ဘုရားငါးဆူ အမိန့်တော်လို့ သုံးကြခြင်းဖြစ်ပါတယ်။ အချို့ဓမ္မာရုံတွေမှာ ဘုရားငါးဆူပုံ ထုလုပ်ကိုးကွယ်နေကြတာ ဖြစ်တယ်။

အချို့ မုခ်ပေါက်လေးခုရှိတဲ့ ပုဂံအာနန္ဒာနဲ့ မန္တလေး အာနန္ဒာလိုဏ်ဂူ ဘုရားတွေမှာ ဘုရားလေးဆူ ကိုးကွယ်တာကတော့ ပွင့်ပြီး ဘုရားလေးဆူကို ရည်မှန်း ပူဇော်ကြခြင်း ဖြစ်တယ်။

မေး။ ။ အာဋာနာဋိယသုတ်မှာ ဝိပဿီဿစ နမတ္ထု စသည်ဖြင့် ဝိပဿီအစ ဂေါတမအဆုံး ဘုရား-၇-ဆူကို ရှိခိုးပူဇော်ထားတယ်။ ဘာဖြစ်လို့ ဒီဘုရား ၇-ဆူကို သီးခြားရှိခိုးရပါသလဲ။

ဖြေ။ ။ အာဋာနာဋိယသုတ်မှာလာတဲ့ ဝိပဿီဿစ နမတ္ထု စက္ခုမန္တဿ သီရီမတော စတဲ့ ဘုရားရှိခိုး ဂါထာတွေက ဗြဟ္မာကြီးရဲ့ ဘုရားရှိခိုးဖြစ်ပါတယ်။ ဗြဟ္မာတွေဟာ အလွန်သက်တမ်းရှည်တဲ့အတွက် ဝိပဿီဘုရား ပွင့်တော်မူတဲ့အချိန်က ဝိပဿီဘုရားရှင်ရဲ့ တပည့်သာဝက ဖြစ်ခဲ့ဖူးတဲ့ ဗြဟ္မာကြီးတွေဟာ အခုဂေါတမပွင့်ချိန်အထိ ဗြဟ္မာ့ပြည်မှာ ရှိနေပါသေးတယ်။ အဲဒီ ဝိပဿီဘုရားကိုမီတဲ့ ဗြဟ္မာကြီးတွေဟာ ဝိပဿီဘုရားရှင်ရဲ့နောက်မှာ ပွင့်တဲ့ သီခိ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ ဘုရား ၇-ဆူကို ဖူးတွေ့ တရားနာခဲ့ရဖူးပါတယ်။ ဒါကြောင့် ဗြဟ္မာကြီးက ဖူးတွေ့တရားနာဖူးတဲ့ ဘုရား ၇-ဆူ ဂုဏ်တော်တွေကို ထုတ်ဖော်ချီးကျူးပြီး ရှိခိုးတာ ဖြစ်ပါတယ်။ အဲဒီ အာဋာနာဋိယသုတ်ဟာ ဗြဟ္မာကြီးရဲ့ ဘုရား ၇-ဆူရှိခိုးကို မှီငြမ်းပြုပြီး ဘုရား ၇-ဆူ ဘုရားရှိခိုးဟာ တွင်ကျယ်နေတာ ဖြစ်ပါတယ်။

မေး။ ။ ဘုရားကိုးဆူ ပူဇော်တယ်ဆိုတာ ဘယ်ဘုရားကို ပူဇော်တာပါလဲ။

ဖြေ။ ။ ဘုရားကိုးဆူ ပူဇော်တယ်ဆိုတာက ဘုရားကိုးဆူကို ပူဇော်တာ မဟုတ်ပါဘူး။ ဘုရားရှင်နှင့်တကွ ရဟန္တာ ၈-ပါး စုစုပေါင်း ကိုးပါးကို ပူဇော်တာ ဖြစ်ပါတယ်။ ဘုရားနှင့်တကွ ကိုးဆူပူဇော်ခြင်းကို ပြောရာက အတိုချုံးပြီး ဘုရားကိုးဆူ ပူဇော်ခြင်းလို့ ဝေါဟာရ ပြောင်းလဲလာပုံ ရပါတယ်။

မေး။ ။ ဘုရားကိုးဆူ ပူဇော်မှုဟာ ပိဋကတ်တော်မှာပါတဲ့ အစဉ်အလာ ဟုတ်ပါသလား။

ဖြေ။ ။ ဘုရားကိုးဆူ ပူဇော်မှုကို ပိဋကတ်တော်မှာ မတွေ့ရပါဘူး။ ပူဇော်ပွဲတစ်ခုအနေနဲ့ ကျင်းပတာ မတွေ့ရပါဘူး။ ဒါပေမယ့် ဓမ္မပဒ အဋ္ဌကထာမှာပါတဲ့ ဖြစ်ရပ်တစ်ခုကို အခြေခံပြီး တီထွင်ထားတဲ့ ပူဇော်ပွဲတစ်ခုသာ ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ဒီဃလင်္ဂိမြို့မှာ သီတင်းသုံးနေစဉ် ပုဏ္ဏားတစ်ယောက်က မွေးခါစ သူ့ရဲ့သားဟာ ၇-ရက်သာ အသက်ရှည်မယ်လို့ တိတ္ထိ ရဟန်းတစ်ပါးက ဟောပါတယ်။ သနားကရုဏာထားပြီး ကယ်မတော်မူပါလို့ လျှောက်တယ်။ ဘုရားရှင်က အိမ်ရှေ့မှာ မဏ္ဍပ်တစ်ခု ထိုးစေပြီး မဏ္ဍပ်အလယ်မှာ ကလေးကို ထားစေပြီး ရဟန္တာ (၈)-ပါးဖြစ်စေ၊ (၁၆)-ပါးဖြစ်စေ နေ့ရော ညပါ (၇) ရက် လုံးလုံး ပရိတ်ရွတ်စေပါတယ်။ (၇) ရက်မြောက်တဲ့နေ့မှာ ဘုရားရှင်ကိုယ်တိုင် ကြွရောက် ရွတ်ဖတ်ပါတယ်။ နတ်ဗြဟ္မာတွေက ပရိတ်တော်နာဖို့ ဘုရားရှင်ကိုဖူးဖို့ မဏ္ဍပ်ဝန်းကျင်မှာ ပြည့်နေတဲ့အတွက် ကလေးကို စားခွင့်ရထားတဲ့ အဝရုဒ္ဓက ဘီလူးဟာ ကလေးနား မကပ်နိုင်လို့ မစားနိုင်တော့ဘူး။ (၈) ရက်မြောက်နေ့မှာ ကလေးအား ဘုရားရှင်ကို ရှိခိုးစေရာ “အသက်ရှည်စေသော်လို့” မေတ္တာပို့လိုက်ရာက ပုဏ္ဏားက သူ၏ကလေးကို “အာယုဝုဍ္ဎန= မောင်သက်ရှည်” လို့ နာမည်ပေးလိုက်တယ်။

ဒီဖြစ်ရပ်ကို နမူနာယူပြီး ဗုဒ္ဓဘာသာဝင်တွေဟာ ဗေဒင်ကိန်းခမ်းအရ ဂြိုဟ်စား ဂြိုဟ်နင်း အတိတ်နမိတ် မကောင်းတဲ့အခါ ဂြိုဟ်ကိုးလုံး ပူဇော်မှုနဲ့ တွဲပြီး ဘုရားကိုးဆူ ပူဇော်တဲ့ အလေ့အထကို တီထွင်ခဲ့ကြတယ်။

မေး။ ။ ဘုရားရှင်နဲ့အတူ အပူဇော်ခံရတဲ့ ရဟန္တာတွေက ဘယ်ရဟန္တာတွေပါလဲ။

ဖြေ။ ။ ဘုရားရှင်နဲ့အတူ အပူဇော်ခံရတဲ့ ရဟန္တာတွေဟာ ဘယ်ရဟန္တာရယ်လို့ အတိအကျ ဖော်မပြထားပါဘူး။ ဒါပေမယ့် အခု ဘုရားကိုးဆူ ပူဇော်ပွဲမှာတော့ ရဟန္တာ ၈-ပါးရဲ့ အမည်ကို တိတိကျကျ ဖော်ပြထားပါတယ်။ ဘယ်ရဟန္တာ ဘယ်အရပ် ဘယ်ထောင့်မှာ နေရမယ်ဆိုတာကိုလဲ အတိအကျ သတ်မှတ်ထားပါတယ်။ အရှေ့မြောက်ထောင့်မှာ ရှင်ရာဟုလာ၊ အရှေ့မှာ ရှင်ကောဏ္ဍည၊ ရှင်ရေဝတက အရှေ့တောင်ထောင့်မှာ၊ ရှင်သာရိပုတ္တရာက တောင်အရပ်မှာ၊ ရှင်ဥပါလိက အနောက်တောင်ထောင့်မှာ၊ ရှင်အာနန္ဒာက အနောက်မှာ ရှင်ဂဝံပတိက အနောက်မြောက်အရပ်မှာ၊ ရှင်မောဂ္ဂလာန်က မြောက်အရပ်မှာ ဆိုပြီး နေရာ သတ်မှတ်ထားပါတယ်။ ဘယ်ရဟန္တာကို ဘာကြောင့် ဘယ်အရပ်မှာ ထားတယ်ဆိုတာတော့ အကြောင်းအခိုင်အမာ မတွေ့ရပါဘူး။ တချို့စာအုပ်တွေမှာက ရဟန္တာ နေ့သင့်အလိုက် နေရာချထားတယ်လို့ ဆိုပါတယ်။ ဥပမာ ရှင်သာရိပုတ္တရာဟာ ဗုဒ္ဓဟူးသားဖြစ်လို့ တောင်အရပ်မှာ ထားတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ရှင်သာရိပုတ္တရာဟာ ဗုဒ္ဓဟူးသားဖြစ်တယ်လို့ ပိဋကတ်မှာ မပါလို့ ယုတ္တိတော့ မတန်ပါဘူး။

မေး။ ။ ဘုရားကိုးဆူ ပူဇော်တဲ့ ဓလေ့ဟာ ဘယ်ခေတ် ဘယ်ဒေသက စခဲ့တာလဲ။

ဖြေ။ ။ ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးဟာ သက္ကရာဇ် ၉၂၀ လောက်မှာ ယိုးဒယားပြည် ဇင်းမယ်ကိုသိမ်းပြီး သားတော် အနော်ရထာကို ဘုရင်ခံခန့်ထားပါတယ်။ ထိုအချိန်က ဇင်းမယ်တွင် လောကီဗေဒင် ကိန်းခန်းအရ ဂြိုဟ်ကြီးကိုးလုံးကို ပူဇော်တဲ့ အစဉ်အလာရှိတယ်။ ဘုရင့်နောင် မင်းတရားကြီးက ဗုဒ္ဓဘာသာ ဆရာတော်ကြီးများနဲ့ တိုင်ပင်ပြီး လူတွေကျင့်သုံးနေတဲ့ ဂြိုဟ်ကိုးလုံး ပူဇော်မှုလဲမပျက်၊ ဗုဒ္ဓဘာသာနည်းအရ ဘုရားရှင်နဲ့ ရဟန္တာများကို ပူဇော်ရာလဲ ရောက်အောင်ဆိုပြီး ဓမ္မပဒကျမ်းလာ အာယာဝဎုန ဝတ္ထုအရ ဘာသာရေး ယဉ်ကျေးမှုအဖြစ် ပြောင်းလဲခဲ့တယ်။ အဲဒီဇင်းမယ်က ဘုရားကိုးဆူ အစဉ်အလာဟာ မြန်မာပြည်ကို ရောက်လာခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့် ဘုရားကိုးဆူ ပူဇော်တဲ့ ဓလေ့ဟာ တောတွေကို မရောက်ပဲ မြို့တွေမှာ အထူးသဖြင့် အောက်မြန်မာပြည် မြို့တွေမှာသာ လုပ်လေ့လုပ်ထ ရှိပါတယ်။

မေး။ ။ ယခုကာလ ဘုရားကိုးဆူ ပူဇော်ပွဲကို ဘယ်လို ပူဇော်နေကြသလဲ။

ဖြေ။ ။ ဘုရားကိုးဆူ ပူဇော်ပွဲဟာ ဂြိုဟ်ကိုးလုံးပူဇော်ပွဲလဲ ဖြစ်ပါတယ်။ ဘုရားကိုးဆူ ပူဇော်ပွဲဟာ စေတနာ သဒ္ဓါတရား သက်သက်အရ ပြုလုပ်တာ မဟုတ်ပါဘူး။ ဗေဒင်ကိန်းခန်းအရ ကံဇာတာ နိမ့်တဲ့အခါမျိုးမှာ လောကီနည်းအရ ရာထူးဂုဏ်သိန် စည်းစိမ် တိုးတက်စေချင်တဲ့ အခါမျိုးမှာ ဘာသာရေးနည်းနဲ့ လောကီနည်း ပေါင်းပြီးလုပ်တဲ့ ပူဇော်ပွဲဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာပြခဲ့တဲ့ ဘုရားရှင်နဲ့ ရဟန္တာ ၈-ပါး အပြင် ဘုရားရှင်နောက်မှာ ကိတ်ဂြိုဟ်ကိုထားပြီး ရဟန္တာ (၈)ဆူရဲ့ နောက်မှာတော့ တနင်္ဂနွေထောင့်မှာ ဂဠုန်ရုပ်ကို စီးထားတဲ့ တနင်္ဂနွေဂြိုဟ်မင်း၊ တနင်္လာထောင့် အရှေ့ရပ်မှာ ကျားရုပ်ကို စီးထားတဲ့ တနင်္လာဂြိုဟ်မင်း စသည်ဖြင့် ဂြိုဟ်ကြီး ၈ လုံးကို နေရာချထားပါတယ်။ လှူဖွယ်ပြင်တဲ့အခါမှာလဲ ဘုရားရဟန္တာကိုးဆူနဲ့ ဂြိုဟ်ကိုးပါးအတွက် ပွဲ ၁၈ ပွဲ ပြင်ဆင် ပူဇော် ကျွေးမွေးရပါတယ်။ ဒါကြောင့် ဘုရားကိုးဆူဟာ ဘာသာရေး ပူဇော်ပွဲနဲ့ လောကီဂြိုဟ်နတ် ပူဇော်ပွဲကို ပေါင်းထားတဲ့ ပူဇော်ပွဲတစ်ခု ဖြစ်ပါတယ်။

မေး။ ။ ဘုရားကိုးဆူ ပူဇော်ပွဲကို ဘာဖြစ်လို့ ညနေပိုင်း ညဘက်ပိုင်းမှာ ပြုလုပ်ပါသလဲ။

ဖြေ။ ။ တကယ့်ပူဇော်ပွဲ အစစ်ကိုတော့ မနက်အရုဏ်တက်မှာ လုပ်ကြပါတယ်။ ဒါပေမယ့် အခမ်းအနားကိုတော့ ညနေမှာ ကျင်းပပါတယ်။ ဘုရားကိုးဆူပူဇော်ပွဲဟာ မြို့တွေမှာ ပြုလုပ်လေ့ရှိတော့ အားလုံး အလုပ်အားလပ်တဲ့ အချိန်အခါလဲဖြစ်၊ ဘုရားကိုးဆူပူဇော်ပွဲ ပြင်ဆင်ထားတဲ့ ဘုရားဆောင်အခမ်းအနားကို ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်များလဲ ဖူးမြော်ကြည်ညိုနိုင်အောင် လူထုပရိတ်သတ်ကိုတော့ ညနေဘက်မှာ ဖိတ်ကြွေးပါတယ်။ ဘုရားရှင်၊ ရဟန္တာတွေနဲ့ ဂြိုဟ်နတ်တွေကိုတော့ မနက်အရုဏ်တက်မှာ ပူဇော် ကျွေးမွေးပါတယ်။

မေး။ ။ အချို့ ဗုဒ္ဓဘာသာတွေ ဘာကြောင့် ဘုရားကိုးဆူ မပူဇော်ကြသလဲ။

ဖြေ။ ။ အချို့ ဗုဒ္ဓဘာသာတွေက ရတနာသုံးပါးကလွဲပြီး ဘာကိုမှ မကိုးကွယ်ကြပါဘူး။ ဘုရားကိုးဆူ ပူဇော်ပွဲမှာ ဂြိုဟ်နတ်တွေကို ကိုးကွယ်ပူဇော်တဲ့ အခမ်းအနားပါနေတဲ့အတွက် ဗုဒ္ဓဘာသာလုပ်ငန်း မဟုတ်ဘူးလို့ ယုံကြည်ကြပြီး မပူဇော်တာပါပဲ။

တချို့ကတော့လဲ ဘုရားနဲ့တကွ ရဟန္တာတွေလဲပါ၊ ဂြိုဟ်နတ်တွေလဲပါဖြစ်လို့ လောကုတ္တရာရေး၊ လောကီရေး နှစ်မျိုးလုံးပါတဲ့ လုပ်ငန်းပဲဆိုပြီး လက်ခံပြုလုပ်ကြပါတယ်။ အင်္ဂုတ္တိုရ်ပါဠိမှာ ဗလိငါးမျိုးကို ပူဇော်ရတဲ့နေရာမှာ ဒေဝတာဗလိနတ်တွေကို တင်မြှောက်ပသခြင်း တစ်မျိုးပါတယ်။ ကြီးပွားကြောင်းတရား (၇)ပါးမှာ ရိုးရာကိုးကွယ်တဲ့ နတ်တွေကို ဗလိနတ်စာ ကျွေးမွေးတင်မြှောက်ရမယ်လို့ ဆိုတဲ့အတွက် ဘုရားကိုးဆူ ပူဇော်တာဟာ ဗုဒ္ဓဘာသာနဲ့ မဆန့်ကျင်ပါဘူး။

မေး။ ။ အချို့အရပ်တွေမှာ နှစ်ကျပ်ရှစ်ဆူ လှည့်ပွဲ၊ ပူဇော်ပွဲတွေ လုပ်ကြတယ်။ နှစ်ကျိပ်ရှစ်ဆူဆိုတာ ဘာဘုရားတွေလဲ။

ဖြေ။ ။ သုမေဓာ ဘုရားအလောင်းဟာ ဒီပင်္ကရာဘုရားရှင်ထံမှာ ဗျာဒိတ်ခံတော်မူတယ်။ ပြီးတော့ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်တော်မူတယ်။ အဲဒီလို ပါရမီဖြည့်ကျင့်နေစဉ် ကာလအတွင်းမှာ ဒီပင်္ကရာဘုရားနဲ့ ဂေါတမဘုရားရှင် အပါအဝင် ဘုရားပေါင်း နှစ်ဆယ့်ငါးဆူ ပွင့်တော်မူတယ်။ ဒါပေမယ့် ဒီပင်္ကရာဘုရားပွင့်တဲ့ ကမ္ဘာမှာ ဒီပင်္ကရာမတိုင်မီ၊ တဏှာင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ ဆိုတဲ့ ဘုရားသုံးဆူ ပွင့်သွားတယ်။ အဲဒီ ဘုရားသုံးဆူကိုပါ ပေါင်းပြီး ဘုရား (၂၈)ဆူ ရည်မှန်းပြီး နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေ တည်ကြတယ်။ နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲတွေ ကျင်းပကြတယ်။

မေး။ ။ သမ္ဗုဒ္ဓေဂါထာမှာလာတဲ့ ငါးသိန်းတစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားတွေဟာ ဘယ်ဘုရားတွေပါလဲ။

ဖြေ။ ။ စိန္တိတံ သတ္တသချေင်္ယျံ၊ နဝသချေင်္ယျ ဝါစကံ၊ ကာယဝါစံ စတုချာတံ၊ ဗုဒ္ဓတ္တံ သမုဝါဂမိ ဟူသော စူဠဗုဒ္ဓဃောသမထေရ် စီရင်သည့် သောတ္တကီကျမ်းလာ ဂါထာအရ ဂေါတမဘုရားအလောင်းတော်ဟာ စိတ်တော်ထဲမှာ ဘုရားဆုကိုတောင်းခဲ့တာ (၇)သချေင်္ကြာတယ်။ အဲဒီ (၇)သချေင်္အတွင်းမှာ ဗြဟ္မဒေဝစတဲ့ ဘုရားပေါင်း တစ်သိန်းနှစ်သောင်းငါးထောင် ပွင့်ပါတယ်။ နှုတ်တော်က မြွက်ဆိုပြီး ဘုရားဆုတောင်းခဲ့တာက (၉)သချေင်္ကြာပါတယ်။ အဲဒီ (၉)သချေင်္အတွင်းမှာ ပေါရာဏသကျဂေါတမ စတဲ့ ဘုရားအဆူပေါင်း သုံးသိန်း ရှစ်သောင်း ခုနှစ်ထောင် ပွင့်ခဲ့ပါတယ်။ ဒီပင်္ကရာဘုရားထံမှစ၍ ကိုယ်ရော နှုတ်ပါ ဘုရားဆုတောင်းခဲ့ ကျင့်ခဲ့တာက လေးသချေင်္နှင့် ကမ္ဘာ တစ်သိန်း ကြာပါတယ်။ အဲဒီကာလအတွင်း ပွင့်တဲ့ ဘုရားပေါင်းက နှစ်ကျိပ်ရှစ်ဆူ ဖြစ်ပါတယ်။ အဲဒီသချေင်္နှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းအတွင်း ပွင့်တော်မူတဲ့ (၅၁၀၂၀၂၈) ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များကို ရည်မှန်းရှိခိုး ပူဇော်တာဖြစ်ပါတယ်။

မေး။ ။ သမ္ဗုဒ္ဓေ ဘုရားရှိခိုးနဲ့ ဆုတောင်းဂါထာကို ဘယ်သူရေးပါသလဲ။ ဘယ်ရည်ရွယ်ချက်နဲ့ ရေးပါသလဲ။

ဖြေ။ ။ သမ္ဗုဒ္ဓေ အန္တရာယ်ကင်း ဘုရားရှိခိုးကို ဘယ်ဆရာတော်ကြီး ရေးတယ်လို့ မှတ်တမ်းအခိုင်အမာ မတွေ့ရပါဘူး။ ရှေးမြန်မာ ဆရာတော်တစ်ပါး စီစဉ်ရေးသားခဲ့တယ်လို့ မှတ်သားရပါမယ်။

ရည်ရွယ်ချက်ကတော့ ဂေါတမဘုရားရှင်ဟာ သချေင်္နှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တယ်။ အဲဒီကာလအတောအတွင်း ဘုရားပေါင်း ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူ ပွင့်တော်မူခဲ့တယ်။ ဒီလိုသိရခြင်းအားဖြင့် “ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော” ဘုရားအဖြစ်ကို ရခဲတယ်ဆိုတာ ပိုပြီး ပေါ်လွင်လာမယ်။ ဂေါတမအရင်က ဘုရားပေါင်း (၅)သိန်းကျော် ပွင့်သွားခဲ့တယ်ဆိုတာကို သိသွားမယ်။ ဘုရားတစ်ဆူကို တစ်ခါရှိခိုးလို့ ကုသိုလ်တစ်ခါရရင် ဘုရားပေါင်း (၅)သိန်းကျော်ကို တစ်ခါရှိခိုးလို့ ကုသိုလ်ပေါင်း ငါးသိန်းကျော် ရမယ်။ အလားတူပဲ တရား သံဃာတော်တွေ ပူဇော်ရာမှာလဲ တစ်ခါပူဇော်တာနဲ့ ကုသိုလ်ပေါင်း (၅)သိန်းကျော် ရမယ်။ ဒီလို အကျိုးအများကြီး ရမယ်ဆိုတော့ ပူဇော်တဲ့သူရဲ့ သဒ္ဓါယုံကြည်မှုဟာလဲ အားကောင်းလာမယ်။ စေတနာဇောဟာလဲ အားကြီးလာမယ်။ စေတနာဇော အားကောင်းရင် အားကောင်းသလောက် အကျိုးဟာလဲ ကြီးမြတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးတဲ့ ဘုရားရှိခိုးဖြစ်တယ်လို့ မှတ်နိုင်တယ်။

မေး။ ။ သမ္ဗုဒ္ဓေဂါထာရွတ်လို့ အန္တရာယ် ကင်းပါသလား။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ပရိတ်ရွတ်တဲ့အခါမှာ ပရိတ်တော်ရွတ်ခြင်းဖြင့် အန္တရာယ်ကင်းမယ်လို့လဲ ယုံကြည်မယ်။ ပရိတ်တော်ရဲ့ အနက်အဓိပ္ပာယ်လဲ သိမယ်ဆိုရင် အန္တရာယ် ကင်းသလိုပါပဲ။ သမ္ဗုဒ္ဓေဂါထာရွတ်ခြင်းဖြင့် အန္တရာယ်ဟူသမျှ ကင်းရှင်းမယ်လို့ ယုံကြည်မှုလဲရှိမယ်။ ရွတ်တဲ့အခါမှာလဲ ဂါထာရဲ့ အနက်အဓိပ္ပာယ်ကို သိမယ်ဆိုရင် တကယ်အန္တရာယ် ကင်းနိုင်ပါတယ်။ ဒီဂါထာဟာ ဥုံခံပြီး မန်းမှုတ်ရတဲ့ မန္တန် မဟုတ်ပါဘူး။ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျပ်ရှစ်ဆူသော ဘုရားတွေနဲ့ ၄င်းတို့ရဲ့ တရား သံဃာတွေကို ရှိခိုးပြီး ဆုတောင်းတဲ့ ဘုရားရှိခိုး ဖြစ်ပါတယ်။ ဒါကြောင့် သမ္ဗုဒ္ဓေဂါထာနဲ့ သူ့ရဲ့ မြန်မာအဓိပ္ပာယ်ကို ရေးပေးလိုက်ပါတယ်။

၁။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။

ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

၂။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။

တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။

၃။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ။

အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

၁။ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ကို တပည့်တော် ဦးတိုက်ရှိခိုးပါ၏၊

၂။ ဂင်္ဂါသဲစုမက မရေမတွက်နိုင်အောင် များပြားသော ပရိနိဗ္ဗာန်ပြုပြီး ဘုရားရှင်များနှင့် ၄င်းတို့၏ တရားတော် သံဃာတော်များကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏၊

၃။ ရှိခိုးရသော အာနုဘော်ကြောင့် အားလုံးသော ဘေးဥပဒ်များ ကင်းရှင်း၍ အန္တရာယ်ဟူသမျှ အကြွင်းမဲ့ ပျောက်ပျက်ပါစေကုန်သတည်း။

မေး။ ။ ဘုရားရှိခိုးရင် ဘုရားဂုဏ်ကို အောက်မေ့ရင် အန္တရာယ် ပျောက်ကင်းတယ်လို့ ကျမ်းဂန်အဆိုရှိပါသလား။

ဖြေ။ ။ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို အောက်မေ့သူဟာ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ကြက်သီးထခြင်းတွေ ပျောက်တယ်လို့ ဘုရားရှင် ကိုယ်တော်တိုင်က ဓဇဂ္ဂသုတ်မှာ ဟောထားပါတယ်။ ဒီလိုပျောက်ရတာလဲ ရတနာသုံးပါးမှာ ရာဂ၊ ဒေါသ၊ မောဟ ကင်းပြီး ကြောက်ရွံ့ ထိတ်လန့်မှုတွေ မရှိလို့ဖြစ်ပါတယ်လို့ ဘုရားရှင်က အကြောင်းပြထားပါတယ်။

အဲဒီ ဓဇဂ္ဂသုတ် ဘုရားဟောတရားကို ထောက်ထားပြီးတော့လဲ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကို ပြုစုတော်မူကြတဲ့ ဆရာတော်တွေဟာ ကျမ်းမပြုမီ ရတနာသုံးပါး ဆရာသမားတွေကို ရှိခိုးကန်တော့ပါတယ်။ ရှိခိုးတဲ့ စာတွေကိုလဲ ကျမ်းဂန်အစမှာ ရေးထည့်ထားကြတယ်။ ကျမ်းပြုပုဂ္ဂိုလ်တွေ ရှိခိုးတဲ့ ရည်ရွယ်ချက်က ရှိခိုးမှုကြောင့် အန္တရာယ်ကင်းပြီး ကျမ်းကို ပြီးအောင်ရေးနိုင်ဖို့ ဖြစ်ပါတယ်။ စာထဲမှာ ရတနာသုံးပါး ရှိခိုးထည့်ရေးတာကတော့ ကျမ်းဂန်ကို သင်တဲ့ တပည့်တွေလဲ ထိုအတိုင်းရှိခိုးပြီး အန္တရာယ်တွေ ကင်းကာ ထိုကျမ်းဂန်ကို ပြီးအောင် သင်ကြားနိုင်ကြဖို့ ဖြစ်ပါတယ်လို့ ဖွင့်ဆိုကြ ပါတယ်။

ဒါကြောင့်လဲ သမ္ဗုဒ္ဓေဘုရားရှိခိုး ဂါထာတွေကို ရွတ်ဆိုတာဟာ ဘုရားကို နှုတ်နဲ့ ရှိခိုးတဲ့ ဝစီဝန္ဒနာ ဖြစ်တဲ့အတွက် မုချဧကန် အန္တရာယ် ကင်းနိုင်တယ်လို့ ယုံယုံကြည်ကြည်နဲ့ မြန်မာလို အဓိပ္ပာယ်သိပြီး ရှိခိုးနိုင်ကြပါတယ်။

+++++++++++++++++++++++++++

တရားရတနာ

အခန်း-၃

မေး။ ။ ဘုရားရှင် လေးဆယ့်ငါးဝါအတွင်း ဟောတော်မူခဲ့တဲ့ ဒေသနာတော်တွေကို ဘာဖြစ်လို့ တရားလို့ ခေါ်သလဲ။

ဖြေ။ ။ ဘုရားရှင်ဟောခဲ့တဲ့ ဒေသနာတော်တွေဟာ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ ပုဂ္ဂိုလ်မရွေး၊ လူမျိုးမရွေး မိမိရဲ့ ပင်ကိုယ်သဘောတရားအတိုင်း ဖြောင့်ဖြောင့်မတ်မတ် ဆောင်ရွက်တတ်လို့ ဓမ္မတရားလို့ ခေါ်တယ်။ လောဘ ဒေါသတရားတွေဟာ ဘယ်ပုဂ္ဂိုလ် ဘယ်ဒေသမှာပဲဖြစ်ဖြစ် လိုချင်တယ်၊ ကြမ်းတမ်းတယ်၊ အဲဒီ လောဘ ဒေါသရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှဟာ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ဆင်းရဲသားပဲဖြစ်ဖြစ်၊ သူဌေးသားပဲဖြစ်ဖြစ် အပါယ်ငရဲကျရောက်ရမယ်။

အလားတူပဲ ဒါန သီလမှုတွေကို လူပဲ လုပ်လုပ်၊ နတ်ပဲလုပ်လုပ်၊ သူဌေးပဲ လုပ်လုပ်၊ ဆင်းရဲသားပဲ လုပ်လုပ် ကောင်းကျိုးခံစားရမယ်။ လူချမ်းသာ နတ်ချမ်းသာကို ရမယ်။ အဲဒီလို ပုဂ္ဂိုလ် ဒေသမရွေး မျက်နှာမလိုက် မိမိရဲ့ မူလသဘောအတိုင်း ဆောင်ရွက်တတ်လို့ တရားလို့ ခေါ်တယ်။

မေး။ ။ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေကို ဘာဖြစ်လို့ ပိဋကသုံးပုံလို့ ခေါ်သလဲ။

ဖြေ။ ။ ပိဋကဆိုတာက တောင်း၊ ခြင်းတောင်းလို့ အဓိပ္ပာယ်ရတယ်။ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေကို တူရာ တူရာ စုပေါင်းပြီး တောင်းထဲကို ထည့်လိုက်မယ်ဆိုရင် သုတ္တန်တရားတွေက တစ်တောင်း၊ ဝိနည်းတရားတွေက တစ်တောင်း၊ အဘိဓမ္မာတရားတွေက တစ်တောင်းဆိုပြီး ၃-တောင်းပဲ ရတယ်။ အမျိုးတူရာ စုပေါင်းထားတဲ့ တရားသုံးမျိုးကို ပိဋကသုံးပုံလို့ ခေါ်တယ်။

မေး။ ။ သုတ္တန်တရားဆိုတာက ဘယ်လိုတရားမျိုးလဲ။

ဖြေ။ ။ သုတ္တန်တရားဆိုတာက ကာလ ဒေသ အကြောင်းအရာအခြေအနေ ပုဂ္ဂိုလ်အခြေအနေကိုကြည့်ပြီး ဟောတဲ့တရားမျိုး ဖြစ်တယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်ကို ဟောတဲ့တရားဟာ ထိုပုဂ္ဂိုလ်နဲ့ ဟပ်ချင်မှ ဟပ်တယ်။ ပိဋကအာဂုံဆောင် ရှင်ပေါဋ္ဌိလရဟန်းကြီးကို တုစ္ဆ = မဂ်ဖိုလ်မရတဲ့ အလကားရဟန်းလို့ ဘုရားရှင်က ကဲ့ရဲ့တာကို ပုံစံယူပြီး ပိဋကသင်ဖို့မလိုဘူး၊ တရားအားထုတ်တာသာ ဘုရားအလိုကျ ဖြစ်တယ်လို့ ပြောဆိုထင်မြင်တာမျိုးတွေ ရှိတယ်။ ဘုရားကို သိပ်ကြည်ညိုနေတဲ့ ဝက္ကလိကို ဘုရားရှင်က ငါဘုရားရဲ့ ခန္ဓာကိုယ် အပုပ်ကောင်ကြီး ကြည့်နေဖို့ မလိုဘူးလို့ ဟောတယ်။ ရှင်ဝက္ကလိ၊ ရှင်ပေါဋ္ဌိလတို့က ပဋိပတ်အဆင့်တက်ဖို့ လိုနေလို့ သတိပေးတာ ဖြစ်တယ်။ ကိုယ်က ရှင်ဝက္ကလိ ရှင်ပေါဋ္ဌိလတို့လို သဒ္ဓါတရားမျိုးတောင် မရောက်သေးဘဲနဲ့ ဘုရားရှိခိုးဖို့မလို၊ စာသင်ဖို့မလိုဘူးလို့ ပြောလို့ မရဘူး။ ဆိုလိုတာက သုတ္တန်တရားဆိုတာ ပုဂ္ဂိုလ်အခြေအနေအရ ဟောတာဖြစ်လို့ ရှေ့နောက်ညှိနှိုင်းယူရတယ်။

မေး။ ။ ဝိနည်းပိဋကဆိုတာက ဘာလဲ။

ဖြေ။ ။ ဝိနည်းပိဋကဆိုတာက ရဟန်းတော်တွေ လိုက်နာကျင့်ကြံဖို့ ဘုရားရှင်ပညတ်ထားတဲ့ ဘုရားဥပဒေတွေ ဖြစ်တယ်။ ဘုရားရှင်ရဲ့ သာသနာတော်ဟာ အရှည်တည်တံ့ဖို့အတွက် သံဃာ့အဖွဲ့ကို ဘုရားရှင် ဖွဲ့စည်းခဲ့တယ်။ ဒီသံဃာ့အဖွဲ့ဟာ သာမန်လူတွေထက် နေထိုင်သွားလာ ကျင့်ကြံမှု ပစ္စည်းအဆင်မြင့်ဖို့ လိုတယ်။ အဲဒီလို အဆင့်မြင့်မှလဲ လူတွေရဲ့ ပစ္စည်းလေးပါးကို အလွယ်တကူ ခံယူရရှိကာ စားဝတ်နေရေး ဒုက္ခကင်းပြီး စာပေပရိယတ် သင်ကြားပို့ချ၊ တရားဟော၊ မဂ်ဖိုလ်ရအောင်လဲကျင့်၊ မဂ်ဖိုလ်ရအောင်လဲ တရားပြသနိုင်မယ်။ သာသနာတော် အရှည်တည်တံ့ရေးမှာ ရဟန်းတော်တွေရဲ့ အကျင့်သိက္ခာ စင်ကြယ်ဖို့ဟာ အရေးပါတဲ့အတွက် သံဃာ့အဖွဲ့ကြီးရဲ့ ကျင့်ဝတ် ဝိနည်းဥပဒေတွေကို ပညတ်ခဲ့တယ်။ ဒီဝိနည်းဥပဒေတွေကို ဝိနည်းပိဋကလို့ ခေါ်ခြင်းဖြစ်တယ်။

ပါရာဇိကဏ်၊ ပါစိတ်၊ မဟာဝါ၊ စူဠဝါ၊ ပရိဝါဆိုပြီး ဝိနည်းငါးကျမ်း ရှိတယ်။

မေး။ ။ အဘိဓမ္မာပိဋကဆိုတာက ဘာလဲ။

ဖြေ။ ။ အဘိဓမ္မာပိဋကဆိုတာက သုတ္တန်ဝိနည်းတွေထက် ထူးကဲလေးနက်တဲ့ တရားတော်တွေလို့ ဆိုလိုတယ်။ အဘိဓမ္မာက ပုဂ္ဂိုလ် နေရာဒေသတွေကို လုံးဝမကြည့်ဘဲ မဖောက်မပြန် မှန်ကန်တိကျတဲ့ တရားတွေကိုသာ ဟောတယ်။ လောဘဆိုရင် ခွေးလောဘ၊ လူလောဘ၊ နတ်လောဘ အတူတူပဲ၊ လိုချင်တဲ့သဘောရှိပြီး အပါယ်ငရဲကို ရောက်စေတတ်တာချည်းပဲ၊ သူဌေးကလှူလှူ၊ ဆင်းရဲသားကလှူလှူ၊ လူကလှူလှူ၊ နတ်ကလှူလှူ တရားကိုယ်အားဖြင့်တော့ စေတနာတစ်ခုတည်းပဲ။ အခုလို ပရမတ္ထတရားတွေကို ဟောပြတဲ့ ဒေသနာကို အဘိဓမ္မာပိဋကလို့ ခေါ်တယ်။

ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဆိုပြီး အဘိဓမ္မာ ၇-ကျမ်းရှိတယ်။

မေး။ ။ နိကာယ်ငါးရပ်ဆိုတာက ဘာလဲ။

ဖြေ။ ။ နိကာယ်ဆိုတာက ပါဠိဘာသာ နိကာယက တစ်ဆင့်ပြောင်းခေါ်တဲ့ မြန်မာအမည်ဖြစ်တယ်။ အဲဒီပါဠိရဲ့ မြန်မာအဓိပ္ပာယ်ကတော့ အစုအပေါင်း ပေါင်းချုပ်လို့ ဆိုလိုတယ်။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်ဆိုပြီး နိကာယ်ငါးရပ် ရှိတယ်။

ဒီဃနိကာယ်ဆိုတာက သုတ်ရှည်တွေကို စုပေါင်းထားတဲ့ သုတ်ရှည်ပေါင်းချုပ်ကျမ်း ဖြစ်တယ်။ ဒီဃနိကာယ် ၃-ကျမ်း ရှိတယ်။

သုတ်လတ်တွေကို စုပေါင်းထားတဲ့ သုတ်လတ်ပေါင်းချုပ်ကို မဇ္ဈိမနိကာယ်လို့ ခေါ်တယ်။ မဇ္ဈိမနိကာယ် ၃-ကျမ်း ရှိတယ်။

စပ်ရာစပ်ရာ တရားတွေကို စုပေါင်းထားတဲ့ တရားပေါင်းချုပ်ကို သံယုတ္တနိကာယ်လို့ ခေါ်တယ်။ သံယုတ္တနိကာယ် သုံးကျမ်းရှိတယ်။

တစ်ခု တစ်ခု တိုးသွားတဲ့တရားတွေကို စုပေါင်းထားတဲ့ တစ်ခုတိုး တရားပေါင်းချုပ်ကျမ်းကို အင်္ဂုတ္တရနိကာယ်လို့ ခေါ်တယ်။ တစ်ပါးစုတရား၊ နှစ်ပါးစုတရား … ၁၁-ပါးစုတရားဆိုပြီး အင်္ဂုတ္တိုရ် ၁၁-ကျမ်းရှိတယ်။ စာအုပ်အဖြစ်တော့ ၃-အုပ်ရှိတယ်။

တရားအတိုတွေကို စုပေါင်းထားတဲ့ တရားအတိုပေါင်းချုပ်ကို ခုဒ္ဒကနိကာယ်လို့ ခေါ်တယ်။ ဒီခုဒ္ဒကနိကာယ်ထဲမှာ ဝိနည်းငါးကျမ်းလဲ ပါတယ်။ အဘိဓမ္မာ ၇-ကျမ်းလဲ ပါတယ်။ သုတ္တန်ပိဋကထဲက သုတ္တနိပါတ်စတဲ့ သုတ္တန် ၁၁-ကျမ်းလဲ ပါတယ်။ ခုဒ္ဒကနိကာယ်မှတပါး ကျန်နိကာယ် လေးရပ်ဟာလဲ သုတ္တန်ပိဋကတွေသာ ဖြစ်တယ်။

မေး။ ။ အများပြောနေကြတဲ့ သုတ်သုံးကျမ်းဆိုတာ ဘာလဲ။

ဖြေ။ ။ အမှန်မှာတော့ သုတ္တန် ၂၃-ကျမ်းရှိပါတယ်။ စာသင်သား ရဟန်းတော်တွေဟာ သုတ္တန်ကျမ်းတွေကို အကုန်အစင် သင်ယူနိုင်ဖို့ မလွယ်ကူတဲ့အတွက် သုတ် ၂၃-ကျမ်းထဲက အစဆုံး ဒီဃနိကာယ် ၃-ကျမ်းကိုပဲ သင်ရိုးသုတ္တန် ပိဋကသုံးကျမ်းလို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် သုတ်သုံးကျမ်းဆိုတာ သင်ရိုးပိဋကသုံးပုံမှာပြတဲ့ ဒီဃနိကာယ် ၃-ကျမ်းကို ခေါ်တယ်လို့ မှတ်ပါ။ အမှန်တော့ သုတ္တန်ပိဋကဟာ ၂၃-ကျမ်း ရှိပါတယ်။

မေး။ ။ ပိဋကသုံးပုံ ဗေဒင်လေးပုံ အကုန်တတ်တယ်ဆိုရာမှာ ဗေဒင်လေးပုံဆိုတာ ဘာလဲ။

ဖြေ။ ။ ဗေဒင်လေးပုံဆိုတာက ဘုရားဟော တရားတော် မဟုတ်ပါဘူး။ ဘုရားမပွင့်မီက အိန္ဒိယပြည်မှာရှိနေတဲ့ ဟိန္ဒူဘာသာရေး ကျမ်းကြီးတွေ ဖြစ်ပါတယ်။ သာမ၊ ယဇု၊ ဣသျှု၊ အာထဗ္ဗဏဆိုတဲ့ ဝေဒကျမ်းကြီး လေးကျမ်းကို မြန်မာတွေက ဗေဒင်လေးပုံလို့ ခေါ်တာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ်မစမီ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်က အိန္ဒိယပြည်ထဲကို ဝင်လာခဲ့တဲ့ အာရိယန်လူမျိုးတွေက အဆင့်ဆင့် အာဂုံဆောင်လာခဲ့တဲ့ အိန္ဒိယပြည်ရဲ့ အစောဆုံး ဟိန္ဒူဘာသာရေးကျမ်းတွေ ဖြစ်ပါတယ်။

မေး။ ။ သာသနာဆိုတာ ဘာလဲ၊ သာသနာ ဘယ်နှစ်မျိုး ရှိသလဲ။

ဖြေ။ ။ သာသနာဆိုတာ အဆုံးအမ သွန်သင်ညွှန်ကြားချက်လို့ ဆိုတယ်။ ဗုဒ္ဓဘာသာ ဆိုတာက ဘုရားရှင်ရဲ့ အဆုံးအမ သြဝါဒလို့ ဆိုလိုတယ်။ သာသနာဟာ သုံးပါးရှိတယ်။

၁။ ပိဋကသုံးပုံ နိကာယ်ငါးရပ်ကို သိအောင် သင်အံလေ့ကျက်တာကို ပရိယတ္တိသာသနာလို့ ခေါ်တယ်။

၂။ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း စျာန် မဂ်ဖိုလ်တရားကို ရရာရကြောင်း ကျင့်ကြံအားထုတ်တာကို ပဋိပတ္တိသာသနာလို့ ခေါ်တယ်။

၃။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ ၉-ပါးကို သိရှိခံစားရတာကို ပဋိဝေဓသာသနာလို့ ခေါ်တယ်။

မေး။ ။ စာပေပရိယတ် သင်ကြားနည်း ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ သုံးနည်းရှိပါတယ်။

၁။ အလဂဒ္ဒုပမာ မြွေအလမ္ပာယ်ဆရာနှင့် တူသော စာသင်နည်းဆိုတာက မြွေအလမ္ပာယ်ဆရာဟာ မြွေဆေးပြီးတယ်ဆိုပြီး မြွေကို ခေါင်းတို့ အမြီးတို့လုပ်ရာ မြွေက ကိုက်လိုက်တော့ သေရသလို စာပေကျမ်းဂန်တွေကို သင်တဲ့လူဟာ သူတစ်ပါးကို ဟိုမေး ဒီမေး ဒုက္ခပေးဖို့ ရည်ရွယ်ချက်နဲ့ သင်တာမျိုးဖြစ်တယ်။

၂။ နိဿရဏတ္ထ = လွတ်မြောက်ရေးအတွက် သင်နည်းဆိုတာက စာပေကျမ်းဂန်ကို တတ်အောင် သင်တယ်။ တတ်ပြီးတော့ မိမိကိုယ်တိုင်လဲ ဝဋ်ဒုက္ခက ကင်းလွတ်အောင် ကျင့်မယ်။ သူတစ်ပါးကိုလဲ ဝဋ်ဒုက္ခမှ ကင်းအောင်ကျင့်ဖို့ ညွှန်ကြားပြသမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ကြားနည်းမျိုး ဖြစ်တယ်။

၃။ ဓမ္မဘဏ္ဍာဂါရိက = တရားဘဏ္ဍာစိုး စာသင်နည်းဆိုတာက ရဟန္တာအရှင်မြတ်တွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ရပြီး ဖြစ်ပေမယ့် တရားတော်တွေ မပျောက်မပျက်ရအောင် ထိန်းသိမ်းတဲ့အနေနဲ့ သင်ကြားခြင်းမျိုး ဖြစ်တယ်။

အဲဒီသုံးမျိုးထဲက နံပါတ် ၂၊ နိဿရဏတ္ထ စာသင်နည်းမျိုး သင်ဖို့၊ သင်ပြီးရင် ကိုယ်တိုင်လဲကျင့်၊ သူတစ်ပါးကိုလဲ ကျင့်အောင် ဟောပြောပြသဖို့ လိုတယ်။

မေး။ ။ ပိဋကသုံးပုံ အာဂုံဆောင်ပြီး စာချနေတဲ့ ဆရာတော်ဦးပေါဋ္ဌိလကို ဘုရားရှင်က ဘာဖြစ်လို့ တုစ္ဆ = အလကား အသုံးမကျတဲ့ ရဟန်းလို့ ဆိုပါသလဲ။

ဖြေ။ ။ ပရိယတ်စာပေ တတ်မြောက်တယ်ဆိုတာက သာသနာရဲ့ ပထမအဆင့်ပဲ ရှိသေးတယ်။ သိတဲ့အတိုင်း ကျင့်ခြင်းဆိုတဲ့ ပဋိပတ် လက်တွေ့လုပ်ငန်းကို လုပ်ဖို့လိုတယ်။ လက်တွေ့ ကျင့်ကြံအားထုတ်မှ ပဋိဝေဓဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရမယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ဆိုတာက ဗုဒ္ဓဘာသာရဲ့ အထွတ်အထိပ် ပန်းတိုင်ပဲ၊ ပန်းတိုင်ရောက်အောင် မသွားဘဲ လမ်းတစ်ဝက်မှာ ရပ်နေတဲ့ ဆရာတော် ဦးပေါဋ္ဌိလကို ဘုရားရှင်က ကဲ့ရဲ့တော်မူခြင်း၊ သတိပေးတော်မူခြင်း ဖြစ်တယ်။

ပရိယတ်သာတတ်ပြီး ပဋိပတ်မကျင့်တဲ့သူဟာ နွားတွေကို အငှားကျောင်းတဲ့ နွားကျောင်းသားနဲ့ တူတယ်။ နွားကျောင်းသားဟာ နွားမတွေကို အစာကျွေး ရေတိုက်ရပေမယ့် နွားနို့ကိုတော့ မသောက်ရဘူး။ နွားရှင်ကသာ နွားနို့ကိုသောက်ရတယ်။ ဒါကြောင့် နွားအငှားကျောင်းသူ မဖြစ်စေဘဲ ကိုယ့်နွားကိုယ်ကျောင်းပြီး ကိုယ်တိုင်နွားနို့ညှစ်စားသူ ဖြစ်စေဖို့အတွက် သိအောင်လဲသင်၊ သိတဲ့အတိုင်းလဲ ကျင့်ကြံအားထုတ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ဗုဒ္ဓဘာသာပန်းတိုင်ကို ရောက်အောင် သွားကြဖို့ လိုပါတယ်။

မေး။ ။ စာချအကျော် ဦးပေါဠိလကို ဘုရားရှင် ကဲ့ရဲ့ခဲ့တာကို ထောက်ပြပြီး ပဋိပတ်ကျင့်ဖို့သာ လိုတယ်။ ပရိယတ်သင်ဖို့ မလိုဘူးလို့ တချို့ပဋိပတ်သမားတွေက ပြောတာ မှန်ပါသလား။

ဖြေ။ ။ မမှန်ပါဘူး။ သာသနဿ ဟိ ပရိယတ္တိမူလံ။ သာသနာတော်သုံးရပ်မှာ ပရိယတ္တိသာသနာဟာ အခြေခံ ပင်ရင်းအကျဆုံးပဲလို့ အဋ္ဌကထာဆရာ ပြပါတယ်။ ရွှေအိုးကို မြေမှာမြှုပ်ထားမှန်း သိပေမယ့် ဘယ်နေရာမှာ မြှုပ်ထားတယ်၊ ရှိတယ်ဆိုတာကို ညွှန်ပြတဲ့ သိုက်စာမရှိရင် ဒီရွှေအိုးကို မရနိုင်ပါဘူး။ ရွှေတိဂုံဘုရား ရှိမှန်းသိပေမယ့် ဘယ်လမ်းက သွားရမယ်လို့ လမ်းမသိဘဲ ခြေဦးတည့်ရာ စွပ်သွားလို့ ရွှေတိဂုံဘုရားကို မရောက်နိုင်ပါဘူး။ ရေကြောင်း လေကြောင်းဆိုင်ရာ အတတ်ပညာတွေ မတတ်ဘဲ ကက်ပတိန်၊ ပိုင်းလော့တွေဟာ မိမိရောက်ချင်တဲ့မြို့ကို သင်္ဘော လေယာဉ်ပျံနဲ့ ရောက်အောင် မသွားနိုင်ပါဘူး။

ဒါကြောင့် သိုက်စာနဲ့တူတဲ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း မြေပုံနဲ့တူတဲ့ ပရိယတ္တိစာပေကို မသင်လို့ မရပါဘူး။ ကမ္မဋ္ဌာန်းဆရာတွေဟာလဲ ပရိယတ္တိစာပေထဲမှာ ပါတဲ့အတိုင်း လေ့လာပြီးမှ တရားပြနေကြခြင်း ဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် မလေ့လာနိုင်ပေမယ့် လေ့လာနေတဲ့ ရဟန်းတော်တွေကို အထင်မသေးသင့်ပါဘူး။ ရဟန်းရှင်တွေ အဆက်ဆက် သင်အံဆောင်ရွက်ခဲ့လို့ တို့ဟာ ဗုဒ္ဓဘာသာတရားတွေကို သိခွင့်ရပါလား၊ ပဋိပတ်တွေကို လမ်းမှန်အတိုင်း ကျင့်နိုင်ပါလားလို့ နှလုံးသွင်းပြီး ပရိယတ်စာပေ သင်အံနေတဲ့ ရဟန်းသံဃာတော်တွေကို တတ်နိုင်သမျှ ထောက်ပံ့အားပေးသင့်ပါတယ်။

မေး။ ။ ပရိယတ္တိမသင်ဘဲ ဆရာကောင်းထံ နည်းခံပြီး ပဋိပတ်တရား အားထုတ်ရင် မဂ်ဖိုလ်ရနိုင်ပါသလား။

ဖြေ။ ။ ရနိုင်ပါတယ်။ လူတွေက အခြေခံစရိုက် အမျိုးမျိုးရှိတဲ့အတွက် ကမ္မဋ္ဌာန်း ၄၀ ဟောထားပေမယ့် တကယ်တော့ အဲဒီ ၄၀ ထဲက တစ်ခုတည်းကို စွဲစွဲမြဲမြဲ ကျင့်ရုံနဲ့ သမာဓိရနိုင်ပါတယ်။ သမာဓိအားကောင်းလာလို့ ဝိပဿနာကိုကူးလိုက်ရင် မဂ်ဖိုလ်ကို ရနိုင်ပါတယ်။

မေး။ ။ နည်းကောင်းတစ်ခုကိုယူပြီး အားထုတ်ရုံနဲ့ မဂ်ဖိုလ်ကို ရနိုင်တယ်ဆိုရင် ပရိယတ္တိစာပေကို အပင်ပန်းခံပြီးသင်ဖို့ လိုပါသေးသလား။

ဖြေ။ ။ လိုပါတယ်။ အိမ်တစ်အိမ်ပေါ်ကို တက်တဲ့အခါ နောက်ဆုံးလှေကားထစ်ကို နင်းပြီး အိမ်ပေါ်ကို ရောက်ရတယ်။ အောက်ဆုံးနဲ့ အလယ်လှေကားထစ်တွေကနေပြီး အိမ်ပေါ်လှမ်းတက်လို့ မရဘူး။ ဒီလိုဖြစ်လို့ အောက်ဆုံးလှေကားထစ် အလယ်လှေကားထစ်တွေဟာ အိမ်ပေါ်ရောက်ဖို့ မလိုအပ်ဘူးလို့ မဆိုနိုင်ပါဘူး။ အောက်ဆုံးထစ် အလယ်ထစ်တွေမရှိရင် အပေါ်ဆုံးလှေကားထစ်ကို ဘယ်လိုရောက်မလဲ။

လူတွေဟာ သရက်ပင်ကို မစားကြဘူး။ ဒါပေမယ့် သရက်ပင်ကို ဒုက္ခခံမစိုက်ဘဲနဲ့ သရက်သီး ဘယ်ကရမလဲ။ သရက်ပင်ရှိမှသာ သရက်သီး ရမှာပေါ့။ သရက်ပင်ကို ကိုယ်တိုင်မစိုက်ဘဲ ဝယ်စားလဲရတာပဲလို့ ပြောနိုင်တယ်။ သရက်သီးဝယ်တယ်ဆိုတာ သရက်ပင်စိုက်တဲ့လူကို အဖိုးအခ ပေးနေရတာပဲဖြစ်တယ်။ အခု ကမ္မဋ္ဌာန်းဆရာကို ပစ္စည်းလေးပါး လှူဒါန်းပူဇော်နေတာ ပရိယတ်အားထုတ်နေတဲ့ သံဃာတော်တွေကို လှူဒါန်းထောက်ပံ့နေတာဟာ သရက်ဥယျာဉ်ပိုင်ရှင်ကို သရက်သီးဖိုး ပေးနေရခြင်းပဲ ဖြစ်တယ်။

ဒါကြောင့် ပဋိပတ်သမားတွေဟာ ပရိယတ်ကို မပစ်ပယ်ပါနဲ့။ ကိုယ်တိုင် စိုက်နိုင်သလောက်စိုက်၊ မစိုက်နိုင်ရင် စိုက်နေတဲ့ပုဂ္ဂိုလ်တွေ စိုက်အားရှိအောင် ပစ္စည်းလေးပါးနဲ့ ထောက်ပံ့အားပေးကြဖို့ အထူးလိုအပ်ပါတယ်။

မေး။ ။ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံဟာ ဘုရားရှင်ကိုယ်စား ဖြစ်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်က ဒီတိုင်းပဲ မိန့်ကြားခဲ့ပါတယ်။ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံခါနီးမှာ ညီတော် အာနန္ဒာဟာ ငိုကြွေးပူဆွေးနေပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က “ချစ်သား အာနန္ဒာ၊ ငါဘုရား ပရိနိဗ္ဗာန် စံသွားရင် သင်တို့မှာ ဆရာမရှိတော့ပြီ ဆိုပြီး အားငယ်နေပါသလား။ အားမငယ်နဲ့။ ငါဘုရား မရှိပေမယ့် ငါဟောခဲ့တဲ့ သုတ် အဘိဓမ္မာနဲ့ ဝိနည်းတရားတွေဟာ ငါဘုရားရဲ့ကိုယ်စား သင်တိုရဲ့ဆရာ ဖြစ်ပေလိမ့်မယ်”လို့ ဟောခဲ့ပါတယ်။

ဘုရားရှင် ဟောတော်မူခဲ့တဲ့အတိုင်း ယခု သာသနာ ၂၅၀၀-ကျော်လာသည်အထိ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကပဲ ဘုရားရှင်ကိုယ်စား ဆောင်ရွက်နေတဲ့အတွက် သာသနာတော်ဟာ အခုအချိန်အထိ တည်တံ့နေခြင်း ဖြစ်ပါတယ်။

မေး။ ။ ဗုဒ္ဓဘာသာတွေအတွက် အဓိက အားကိုးရာက ဘာလဲ။

ဖြေ။ ။ ဗုဒ္ဓဘာသာတွေရဲ့ အဓိက အားကိုးရာက တရားတော်နဲ့ ကိုယ့်ကိုယ်ကို ဖြစ်ပါတယ်။ သံယုတ်၊ သုတ်မဟာဝါ၊ သုတ်ပါထေယျ၊ အပါဒါန်၊ ဓမ္မပဒပါဠိတော်တွေမှာ အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ၊ အတ္တသရဏာ မာ အညသရဏာ၊ ဓမ္မဒီပါ ဘိက္ခဝေ ဝိဟရထ ဓမ္မသရဏာ၊ မာ အညသရဏာ တရားတော်နဲ့ ကိုယ့်ကိုယ်ကိုသာ ကျွန်းကြီးသဖွယ် မှီခိုအားထားကြ၊ အားကိုးကြ၊ အခြား ဘာကိုမှ ဘယ်သူ့ကိုမှ အားမကိုးကြနဲ့လို့ ဟောထားပါတယ်။ တရားကိုသိအောင်လုပ်ပြီး ကိုယ်တိုင် ကျင့်ကြံကြလို့ ဆိုလိုတယ်။

ဒီနေရာမှာ ဂဏမောဂ္ဂလာန်နဲ့ ဘုရားရှင်ရဲ့ အမေးကို သိဖို့လိုတယ်။

ဂဏမောဂ္ဂလာန် - မြတ်စွာဘုရား၊ ဘုရားရှင်ရဲ့ တပည့်သာဝက အားလုံးဟာ တရားထူး ရကြပါသလား။

ဘုရားရှင် - အားလုံးတရားထူး မရကြပါဘူး။ ရသူလဲရှိ၊ မရသူလဲ ရှိပါတယ်။

ဂဏမောဂ္ဂလာန် - ဘယ့်နှယ်လဲ ဘုရားရှင်ကိုယ်တိုင် ဟောကြား ပြသနေပါလျက် ဘာဖြစ်လို့ အားလုံး တရားထူး မရပါသလဲ။

ဘုရားရှင် - ဒီကိစ္စမှာ သင့်ကိုပဲ ငါပြန်မေးဦးမယ်။ သာဝတ္ထိပြည် သွားချင်တဲ့ လူနှစ်ယောက်က ဘယ်လမ်းက သွားရမလဲလို့ သင့်ကို လာမေးရင် သင်က လမ်းမှန်ကို ညွှန်ပြမယ်။ တစ်ယောက်ကတော့ သင်ညွှန်တဲ့ လမ်းအတိုင်းသွားတယ်။ တစ်ယောက်ကတော့ သင်ညွှန်တဲ့ လမ်းအတိုင်း မသွားဘူး။ နှစ်ယောက်စလုံး သာဝတ္ထိပြည်ကို ရောက်ပါ့မလား။

ဂဏမောဂ္ဂလာန် - နှစ်ယောက်လုံး မရောက်ပါ၊ တပည့်တော် ညွှန်တဲ့အတိုင်း သွားသူသာ ရောက်ပါမယ်။ ကျန်တစ်ယောက်ကတော့ မရောက်ပါဘူး။

ဘုရားရှင် - အေး ထိုနည်းအတူပဲ၊ ငါဘုရား ညွှန်ကြား ပြသတဲ့အတိုင်း လိုက်နာကျင့်ကြံသူသာ တရားထူးကို ရပြီး မလိုက်နာ မကျင့်ကြံသူကတော့ တရားထူး မရပါဘူး။ ငါဘုရားက လမ်းမှန် ညွှန်ပြသူသာ ဖြစ်တယ်၊ ငါဘုရား ညွှန်ကြားတဲ့အတိုင်း မလိုက်နာသူတွေ အဖို့တော့ ငါဘုရားကော ဘာတတ်နိုင်မှာတုန်း။

ဂဏမောဂ္ဂလာန် - ဗုဒ္ဓမြတ်စွာဟာ ကယ်တင်ရှင်မဟုတ်၊ လမ်းမှန်ညွှန်ပြသူသာ ဖြစ်ကြောင်း၊ လမ်းမှန်အတိုင်း လိုက်နာ မလိုက်နာ ဆိုတာက လူသားရဲ့ တာဝန်ဖြစ်ကြောင်း သဘောပေါက်ပါပြီဘုရား။

အထက်ပါ ဘုရားရှင်နဲ့ ဂဏမောဂ္ဂလာန် မေးဖြေပုံကို သဘောပေါက်ရင် တရားတော်နှင့် ကိုယ့်ကိုယ်ကိုသာ အားကိုးစရာ ဖြစ်တယ်ဆိုတာ သဘောပေါက်ကြပါလိမ့်မယ်။

မေး။ ။ ဘုရားရှင်နဲ့ သံဃာတော်တွေကို ဘာဖြစ်လို့ ကိုးကွယ်နေကြသလဲ။

ဖြေ။ ။ ဒီနေရာမှာ ကိုးကွယ်နဲ့ အားကိုးဆိုတဲ့ မြန်မာစကားနှစ်လုံးကို ကွဲကွဲပြားပြား သိဖို့လိုတယ်။ အားကိုးတယ်ဆိုတာက သူ့ဆီမှာ တစ်စုံတစ်ရာရဖို့ မျှော်မှန်းတာ ဖြစ်တယ်။ ကိုးကွယ်တယ်ဆိုတာက သူ့ရဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး အလေးအမြတ်ပြုတာ ပူဇော်တာဖြစ်တယ်။

လူတွေ အားကိုအားထားပြုရတဲ့ တရားတွေဟာ ဘုရားရှင်ရဲ့ ဟောကြားချက်တွေ ဖြစ်တယ်။ ဒီတရားမှန်တွေကို ဟောပြောပြသခဲ့တဲ့ ကျေးဇူးရှင်ဖြစ်လို့ အဲဒီကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး အလေးအမြတ်ပြုခြင်း ပူဇော်ကိုးကွယ်ခြင်း ဖြစ်တယ်။ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေဟာ သံဃာတော်တွေသာ အဆက်ဆက် မဆောင်ရွက်ခဲ့ဘူးဆိုရင် အခုသာသနာ ၂၅၀၀-ကျော်အထိ တည်တံ့နေမှာ မဟုတ်ဘူး။ ဘုရားရှင်ရဲ့ တရားတော်တွေ အရှည်တည်တံ့အောင် သင်အံလေ့ကျက် ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်နေတဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး သံဃာတော်တွေကို ကိုးကွယ်ရခြင်း ပူဇော်ရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ရတနာသုံးပါးအနက်က ဘုရားရတနာနဲ့ သံဃာရတနာဟာ ကိုးကွယ်ရာ ပူဇော်ရာသာ ဖြစ်တယ်။ အားကိုးရာ မဟုတ်ဘူး။ တရားရတနာကတော့ ပူဇော်ရာလဲဟုတ်တယ်၊ အားထားရာ ပူဇော်ရာလဲ ဟုတ်တယ်၊ အားထားရာ လက်တွေ့ကျင့်ကြံ အားထုတ်ရာလဲ ဟုတ်တယ်လို့ ခွဲခြားနားလည်ရမယ်။

မေး။ ။ ဓမ္မံ ပူဇေမိမှာ ဘာတွေကို ဘာ့ကြောင့် ဓမ္မ = တရားလို့ ခေါ်သလဲ။

ဖြေ။ ။ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် - ၄-ပါး၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဖိုလ်လေးပါး၊ တပ်မက်စွဲလမ်းတတ်တဲ့ တဏှာကုန်ခန်းရာ နိဗ္ဗာန်နဲ့ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံဆိုတဲ့ ပရိယတ္တိ ဓမ္မတွေကို ပါဠိလို ဓမ္မ၊ မြန်မာလို တရားလို့ ခေါ်တယ်။

ဒီ မဂ်ဖိုလ် နိဗ္ဗာန် တစ်ခုခုကို ရရှိထားတဲ့ ပုဂ္ဂိုလ်နဲ့ ပရိယတ္တိ ဓမ္မက္ခန်ကို သင်အံနေတဲ့ပုဂ္ဂိုလ်ကို အပါယ်လေးပါးသို့ မကျအောင် ဆောင်ထား ဆွဲထားနိုင်တဲ့ အတွက်ကြောင့် အဲဒီတရား ၁၀-ပါးကို ပါဠိလို ဓမ္မ၊ မြန်မာလို တရားလို့ ခေါ်တယ်။

မေး။ ။ သတ္တဝါတွေကို အပါယ်လေးပါး မကျအောင် တရားတော် ၁၀-ပါးက ဘယ်လိုဆောင်ထားပါသလဲ။

ဖြေ။ ။ အပါယ်လေးပါး ကျတော့မယ့် သတ္တဝါတွေကို တရားတော်တွေက အတင်းဆွဲထားတာ မဟုတ်ပါဘူး။ အပါယ်လေးပါးကို ကျရောက်စေနိုင်တဲ့ ကိလေသာခေါ် တရားဆိုး တရားညစ်တွေ ရှိတယ်။ မဂ်တရားလေးပါးက အဲဒီ ကိလေသာ တရားဆိုးတွေကို လုံးဝဖြစ်ခွင့်မရအောင် အကြွင်းမဲ့ ပယ်ဖျက်ပစ်တယ်။ အပါယ်လေးပါးကို ရောက်စေနိုင်တဲ့ အကြောင်း ကိလေသာတွေကို ဖျက်ဆီး ပယ်သတ်ပစ်လို့ အပါယ်မကျတော့တာကိုပဲ တရားတွေက အပါယ်မကျအောင် ဆောင်တယ်လို့ ခေါ်တာပါပဲ။

မေး။ ။ မဂ်တရား ဖိုလ်တရားကသာ အပါယ်မကျအောင် တားဆီးနိုင်ပါသလား။ အခြားကုသိုလ်တွေက မတားဆီးနိုင်ဘူးလား။

ဖြေ။ ။ မဂ်လေးပါးထဲမှာ တစ်ပါးပါးကို ရတဲ့လူဟာ အပါယ်လေးဘုံကို ဘယ်နည်းနဲ့မှ မကျနိုင်တော့ပါဘူး။ ဒါကြောင့် မဂ်တရားက အပါယ်တံခါးကို တကယ်ပိတ်နိုင်တယ်လို့ မှတ်ရပါမယ်။

ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကလဲ အပါယ်လေးပါး မကျရောက်အောင် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ရောက်အောင် ပို့ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေဟာ ကိလေသာတွေကို ခဏတဖြုတ်သာ ပယ်သတ်ထားနိုင်တဲ့အတွက် အခွင့်သင့်ရင် ကိလေသာတရားဆိုးတွေက ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီကိလေသာ တရားဆိုးတွေက အားကောင်းနေတဲ့သူအဖို့ ဒါန၊ သီလ ကုသိုလ်တွေရှိပေမယ့် အပါယ်ကို လုံးဝမရောက်ဘူးလို့ အာမမခံနိုင်ပါဘူး။ လောကီကုသိုလ်တွေက စိတ်မချရသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတွေကိုသာ ဓမ္မလို့ပြခြင်း ဖြစ်ပါတယ်။

မေး။ ။ တရားတော်ကို ဘုရားရှင်ကိုယ်တိုင်က အလေးအမြတ် ပူဇော်ရတယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ ဘုရားရှင်ဟာ သစ္စာလေးပါးကို ဆရာမရှိဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိမြင်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့အခါ ဘုရားရှင်က ရိုသေလေးစားရမယ့် ပုဂ္ဂိုလ်တစ်ယောက်မှ မရှိတော့ဘူး။ တစ်စုံတစ်ခုကို အလေးမပြုဘဲနေရတာ ပေါ့ပေါ့လျှံလျှံ ဖြစ်နေတဲ့အတွက် “ငါရိုသေ လေးစားရမယ့် ပုဂ္ဂိုလ်တော့ မရှိတော့ဘူး။ ငါသိပြီးတဲ့ တရားတွေကိုပဲ ရိုသေလေးစား မြတ်နိုးပူဇော်နေရင် ကောင်းမှာပဲ” လို့ အကြံတော်ဖြစ်ပြီး ဘုရားရှင်ဟာ တရားတော်ကို ရိုသေလေးစား မြတ်နိုးပူဇော်နေပါတယ်။

မေး။ ။ ဘုရားရှင်ဟာ တရားတော်တွေကို ဘယ်လိုပူဇော်ပါသလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ တရားတော်တွေကို ဆွမ်း၊ ပန်း၊ ရေချမ်း စတဲ့ ပစ္စည်းဝတ္ထုတွေနဲ့ ကပ်လှူပူဇော်တာ မဟုတ်ပါဘူး။ လက်အုပ်ချီမိုး ရှိခိုးဝတ်ချပြီးတော့ ကန်တော့တာလဲ မဟုတ်ပါဘူး။ တရားတော်တွေကို ထပ်တလဲလဲ ဆင်ခြင်အောက်မေ့တယ်။ တရားတော်တွေက အစ၊ အလယ်၊ အဆုံး ကောင်းခြင်းသုံးပါးနဲ့ ပြည့်စုံတယ် စသည်ဖြင့် ချီးကျူးထောပနာပြုတယ်။ တရားတော်ကို ရိုသေလေးစား မြတ်နိုးနေတယ်။ အဲဒီလို ချီးမွမ်းခြင်း လေးစားမြတ်နိုးခြင်းကိုပဲ ဘုရားရှင်က တရားတော်ကို ပူဇော်တယ်လို့ ခေါ်တာပဲ။

မေး။ ။ ဗုဒ္ဓဘာသာတွေဟာ ဘုရားရှင်ကို ဆွမ်း၊ ရေ၊ ပန်း၊ ဆီမီးတွေနဲ့ ပူဇော်တယ်။ ကျင့်ဝတ်ပဋိပတ်နဲ့ ပူဇော်တယ်။ သံဃာတော်တွေကို ပစ္စည်းလေးပါးနဲ့ ပူဇော်တယ်။ တရားတော်ကို ဘယ်လိုပူဇော်ရမလဲ။

ဖြေ။ ။ ဒီမေးခွန်းမျိုးကို ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်မှာ ပုဏ္ဏားတစ်ယောက်က မေးဖူးတယ်။ အဲဒီတော့ ဘုရားရှင်က တရားတော်ကို ပူဇော်ချင်ရင် တရားတော်တွေကို သင်အံဆောင်ရွက် တတ်သိတဲ့ ပုဂ္ဂိုလ်ကို ပူဇော်ရမယ်လို့ ဟောတယ်။ ဒါကြောင့် သံဃာတော်တစ်ပါးကို ပူဇော်လိုက်တာဟာ ဒီသံဃာတော်ရဲ့ အကျင့်သီလကို ပူဇော်ရာလဲရောက်တယ်။ ဒီသံဃာတော်ရဲ့ သန္တာန်မှာ ကိန်းဝပ်နေတဲ့ တရားတော်ကို ပူဇော်ရာလဲ ရောက်တယ်။ တရားတော်တွေဟာ ဘုရားကိုယ်စား ဖြစ်တယ်ဆိုတော့ ဘုရားရှင်ကိုလဲ ပူဇော်ရာရောက်တယ်။ ဒါကြောင့် သံဃာတစ်ပါးကို ရှိခိုးပူဇော်တာဟာ ရတနာသုံးပါးကို တစ်ပြီုင်တည်း ရှိခိုးပူဇော်ရာ ရောက်တယ်လို့ မှတ်နိုင်ပါတယ်။

+++++++++++++++++++++++++++++++++++

သံဃာရတနာ

အခန်း-၄

မေး။ ။ သံဃာဆိုတာ ဘာလဲ။ ဘာကြောင့် သံဃာခေါ်သလဲ။

ဖြေ။ ။ သောတပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ဆိုတဲ့ မဂ်လေးပါးကို ရတဲ့ ပုဂ္ဂိုလ် ၄-ယောက် (မဂ္ဂဋ္ဌာန် လေးယောက်)နဲ့ သောတပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဖိုလ်လေးပါးကိုရတဲ့ ပုဂ္ဂိုလ် (ဖလဋ္ဌာန် လေးယောက်) စုစုပေါင်း ပုဂ္ဂိုလ် (၈)ယောက်ကို သံဃာလို့ ခေါ်တယ်။

အပါယ်လေးပါးကို ကျရောက်စေတတ်တဲ့ ကိလေသာတရားဆိုးတွေကို ပယ်သတ်နိုင်လို့ ဘုရားရှင်၏အဆုံးအမကိုသာ လိုက်နာကြပြီး အယူသီလ တူညီကြလို့ ပုဂ္ဂိုလ် (၈)ယောက်ကို သံဃာလို့ ခေါ်တယ်။

မေး။ ။ သံဃာ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ အရိယာသံဃာနဲ့ သမ္မုတိသံဃာဆိုပြီး သံဃာနှစ်မျိုးရှိတယ်။ မဂ္ဂဋ္ဌာန်လေးယောက်၊ ဖလဋ္ဌာန်လေးယောက် ပေါင်း (၈)ယောက်ကို ကိလေသာ အညစ်အကြေးတွေ လုံးဝမရှိ၊ ဖြူစင်သန့်ရှင်းမြင့်မြတ်တဲ့အတွက် အရိယာသံဃာလို့ ခေါ်တယ်။ အရိယာသံဃာကို ပရမတ္ထသံဃာလို့လဲ ခေါ်သေးတယ်။ ဒက္ခိဏေယျသံဃာလို့လဲ ခေါ်သေးတယ်။ မဂ်ဖို်လ်ကို မရသေးဘဲ မဂ်ဖို်လ် ရရာရကြောင်း တရားတော်တွေကို သင်အံနေဆဲဖြစ်တဲ့ ရဟန်းတော်တွေကိုတော့ ဘုရားဝိနည်းတော်အရ သံဃာလို့ ခေါ်ဝေါ် သမုတ်ထားတဲ့အတွက် သမ္မုတိသံဃာလို့ ခေါ်တယ်။

မေး။ ။ သံဃံ ပူဇေမိ သံဃံ သရဏံ ဂစ္ဆာမိမှာ ဘယ်သံဃာကို ပူဇော်ဆည်းကပ်ရမလဲ။

ဖြေ။ ။ သံဃံ ပူဇေမိ သံဃံ သရဏံ ဂစ္ဆာမိမှာ အရိယာသံဃာ၊ ပရမတ္ထသံဃာ၊ ဒက္ခိဏေယျသံဃာ (၈)ပါးကို သံဃာအဖြစ် ပူဇော်ဆည်းကပ်ရမယ်။ ကင်္ခါဝိဘရဏီဋီကာ ကျမ်းပြုဆရာတော်က မလှူမီ ရှေ့အဖို့မှာဖြစ်တဲ့ လှူဒါန်းလိုတဲ့ စေတနာကို ဒါနစေတနာအဖြစ် သတ်မှတ်ရသလို မဂ်ဖိုလ် မရသေးသော်လည်း ရအောင် အားထုတ်နေဆဲဖြစ်တဲ့ ပုထုဇဉ် သံဃာတွေကိုလဲ သံဃာအဖြစ် ပူဇော်ရမယ်။ ကိုးကွယ်ဆည်းကပ်ရမယ်လို့ ဆိုပါတယ်။ ဒီအဆိုကို မဏိမဉ္စူသာဋီကာကျမ်းပြု ဆရာတော်က ထောက်ခံတယ်။ ဆရာတော်ရဲ့ အကြောင်းပြချက်ကတော့ ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်ကို နိဗ္ဗာန်ရောက်အောင် ကျင့်နေတဲ့ သေက္ခပုဂ္ဂိုလ် စာရင်းထဲမှာ ထည့်သွင်းရလို့ပဲလို့ အကြောင်းပြတယ်။

မေး။ ။ ရဟန်း၊ ဦးပဉ္စင်း၊ ဘုန်းကြီး၊ ဆရာတော်ဆိုတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ဟာ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။

(က) အလင်္ကာရဆိုတဲ့ ပါဠိပုဒ်မှာ ရှေ့က (အ)နဲ့ နောက်က (ရ)ကို ဖြုတ်ပြီး လင်္ကာဆိုတဲ့ မြန်မာစာလုံး ဖန်တီးယူလိုက်သလို အရဟန္တဆိုတဲ့ ပါဠိပုဒ်မှာ ရှေ့က (အ)နဲ့ နောက်က (တ)ကို ဖြုတ်ပြီး ရဟံ - ရဟန်းလို့ မြန်မာဝေါဟာရ ဖြစ်လာတယ်။ အရဟန္တဆိုတဲ့ မူလပါဠိပုဒ်က အရိယာ (၈)ယောက်မှာ နောက်ဆုံး အဆင့်အမြင့်ဆုံး ရဟန္တာပုဂ္ဂိုလ်ကို ဆိုလိုပေမယ့် မြန်မာဝေါဟာရ ဖြစ်လာတော့ ရိုးရိုးပုထုဇဉ် ဘုန်းကြီးတွေကို ရဟန်းလို့ ခေါ်တယ်။

(ခ) ရဟန်းအဖြစ်ခံယူတဲ့အခါ အင်္ဂါငါးပါး အချက်အလက်ငါးခုနဲ့ ပြည့်စုံရတယ်။ အဲဒီ အင်္ဂါငါးပါးကို ပါဠိလို ပဉ္စင်္ဂလို့ ခေါ်တယ်။ မဂ္ဂင်္ဂ မဂ္ဂင် ဖြစ်သလို ပဉ္စင်္ဂက ပဉ္စင်း ပဉ္စင်းလို့ မြန်မာဝေါဟာရ ဖြစ်လာတယ်။ လေးစားမှုနဲ့ ရှေ့က (ဦး) ထည့်လိုက်တော့ ဦးပဉ္စင်း ဖြစ်လာတယ်။

ရဟန်းလို့ အဓိပ္ပာယ်ရတဲ့ ပါဠိစကား ဥပသမ္ပန္နပုဒ်က ဥပသမ်း ဥပစမ်း ဥပစင်းလို့ ပြောင်းလာတယ်လို့လဲ ကြံဆကြတယ်။ ယုတ္တိလဲ ရှိပါရဲ့။ ယနေ့အသံထွက်နဲ့လဲ ညီပါရဲ့၊ ဒါပေမယ့် ယနေ့ရေးနေတဲ့ ဦးပဉ္စင်းဆိုတဲ့ စာလုံးပေါင်းနဲ့က မကိုက်တော့ဘူး။ ရဟံက ရဟန်းဖြစ်သလို ဥပစမ်းက ဦးပစင်းဖြစ်လာတယ်ဆိုရင် ဖြစ်နိုင်တဲ့ ရေးထုံးပါပဲ။

(ဂ) ဘုန်းကြီးဆိုတဲ့ ဝေါဟာရကတော့ ဘုန်းကံကြီးမားသူလို့ အဓိပ္ပာယ်ရတယ်။ ပဗ္ဗဇ္ဇိတဘာဝေါဒုလ္လဘော = ရဟန်းအဖြစ်ဆိုတာ ရခဲတယ်။ ရဟန်းအဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေဟာ ရှေးဘုန်း ရှေးကံရှိလို့ ယူဆပြီး ဘုန်းကြီးလို့ ခေါ်တာပါပဲ။ တစ်ခါတစ်ရံ ဘုန်းကြီးအစား ကိုယ်တော်ကို သုံးကြတယ်။ တောင်ကျောင်းကိုယ်တော်၊ ဆွမ်းခံကိုယ်တော်၊ မန္တလေးကကိုယ်တော်၊ ကိုယ်တော်တို့ ဘယ်က ကြွလာသလဲ။

(ဃ) ဘုရင့်ရဲ့ သားသမီးတွေကို သားတော်၊ သမီးတော် ခေါ်သလို ဘုရင်ကိုးကွယ်ခံရတဲ့ ဘုန်းကြီးကိုလဲ ဘုရင့်ဆရာတော်၊ နောက်တော့ ဆရာတော်လို့ ခေါ်တယ်။ ဘုရင်မရှိလို့ ဘုရင့်ဆရာတော်မရှိပေမယ့် သက်တော် ဝါတော်ကြီးတဲ့ ကျောင်းထိုင်ဘုန်းကြီးတွေကိုလဲ ဆရာတော်လို့ ခေါ်ကြတယ်။ ဘုရင့်ဆရာ မဟုတ်ပေမယ့် သူဌေးသားတွေ၊ အရာရှိကြီးတွေရဲ့ ဆရာဖြစ်လို့ ဆရာတော်လို့ ခေါ်တယ်ဆိုရင်လဲ မမှားပါဘူး။

အားလုံးခြုံပြီးပြောရရင်တော့ သက်တော် ဝါတော်ငယ်ပြီး ကိုယ်ပိုင်ကျောင်းမရှိသေးတဲ့ မှီခိုသူ သာသနာ့ဝန်ထမ်းတွေကို ရဟန်း၊ ဦးပဉ္စင်းလို့ ခေါ်ပြီး ကျောင်းပိုင်ရှိပြီး သက်တော် ဝါတော်ကြီးတဲ့ သာသနာ့ဝန်ထမ်းတွေကို ဘုန်းကြီး၊ ဆရာတော်လို့ ခေါ်တယ်။ ဒါကြောင့် ရဟန်းခံတယ်၊ ပဉ္စင်းခံတယ်လို့သာ သုံးပြီး ဘုန်းကြီးခံတယ်၊ ဆရာတော်ခံတယ်လို့တော့ မသုံးရဘူး။

မေး။ ။ ရဟန်းခံတယ်၊ ပဉ္စင်းဘောင် တက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ နိမ့်သောလူဘဝ၊ သာမဏေဘဝမှ မြင့်မြတ်တဲ့ ရဟန်းဘဝ၊ ဦးပဉ္စင်းဘဝကို တက်သွားတာဖြစ်လို့ ရဟန်းဘောင်တက်တယ် ပဉ္စင်းဘဝကို တက်သွားတာဖြစ်လို့ ရဟန်းဘောင်တက်တ် ပဉ္စင်းဘောင်တက်တယ်လို့ ခေါ်ကြတယ်။ သာသနာ့ဘောင် တက်တယ်လို့လဲ သုံးကြတယ်။ ရဟန်းအဖြစ် ပဉ္စင်းအဖြစ် ခံယူတာဖြစ်လို့ ရဟန်းခံတယ်။ ပဉ္စင်းခံတယ်လို့လဲ သုံးကြတယ်။ ရှေးခေတ် (၁၂)ရာသီဘွဲ့ လူးတားတွေမှာ ပဉ္စင်းခံပွဲလို့ အသုံးများပြီး အခုခေတ် ဖိတ်စာတွေမှာတော့ ရဟန်းခံရှင်ပြုလို့ အသုံးများတယ်။

မေး။ ။ ဘုရား၊ တရား၊ သံဃာသုံးပါးကို ဘာဖြစ်လို့ ရတနာမြတ်လို့ ခေါ်သလဲ။

ဖြေ။ ။ နှစ်သက်ဝမ်းမြောက်ပီတိကို ဖြစ်စေတတ်တဲ့ အရာဝတ္ထုတွေကို ရတနာလို့ခေါ်တယ်။ ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ သားသမီးတွေကို ရတနာလို့ ခေါ်တယ်။ ဒါပေမယ့် အထက်ပါ ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ သားသမီးရတနာတွေက နှစ်သက်မှုကို ဖြစ်စေသလို စိတ်ဆင်းရဲမှုကိုလဲ ရံခါ ဖြစ်စေတတ်ကြသေးတယ်။ ဘုရား၊ တရားနဲ့ အရိယာ သံဃာတော်တွေကတော့ သူတို့ကို ကိုးကွယ်ဆည်းကပ်သူ၊ သူတို့ရဲ့ဂုဏ်တွေကို ပွားများအောက်မေ့သူတွေရဲ့ နှစ်သက်မှုကိုသာ အမြဲဖြစ်စေတယ်။ စိတ်ဆင်းရဲမှု နှလုံးမသာယာမှုကို ဘယ်တော့မှ မဖြစ်စေဘူး။ ဒါကြောင့် ရွှေ၊ ငွေ၊ စိန်၊ ကျောက် ဆိုတဲ့ ရတနာတွေထက် မြတ်လို့ ဘုရား၊ တရား၊ သံဃာတွေကို ရတနာမြတ်သုံးပါးလို့ ခေါ်တယ်။

မေး။ ။ ဘုရားရှင်ဟာ သံဃာအဖွဲ့ကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့သလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ရရှိထားတဲ့ တရားတော်တွေကို ဝေနေယျသတ္တဝါတွေကို ဖြန့်ဝေလိုတယ်။ ဘုရားရှင်တစ်ပါးတည်း ဖြန့်ဝေနေရုံနဲ့လဲ မပျံ့နိုင်ဘူး။ ဘုရားရှင် တစ်သက်ဟောကြားရုံနဲ့လဲ ဝေနေယျတွေဟာ မကုန်နိုင်ဘူး။ ဘုရားရှင် သက်တော်ထင်ရှား ရှိနေစဉ်မှာလဲ ဘုရားရှင်ရဲ့ ကိုယ်စားလှယ်တော်အဖြစ်၊ ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့ နောက်မှာလဲ သာသနာ့ အမွေခံတွေအဖြစ်နဲ့ ဝေနေယျတွေကို ဆက်လက်ဟောကြားနိုင်ဖို့အတွက် သံဃာအဖွဲ့ကြီးကို ဖွဲ့စည်းတော် မူခဲ့တယ်။ ဒီနေ့အထိ သာသနာတော် တည်နေတာဟာ သံဃာတော်တွေ ဆက်လက် ထိန်းသိမ်းထားလို့သာ ဖြစ်ပါတယ်။

မေး။ ။ သိကြားမင်းက ဘယ်သူ့ကိုလှူတာ အကျိုးများသလဲ မေးတဲ့အခါမှာ၊ မိထွေးတော် ဂေါတမီက သင်္ကန်းကို ကိုယ်တိုင် ယက်လုပ်လှူဒါန်းတဲ့အခါမှာ ဘုရားရှင်က သံဃာတော်ကို ပေးလှူကြ။ သံဃာတော်ကို လှူတာ အကျိုးအများဆုံးပဲလို့ မိန့်ကြားခဲ့တယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ လေးဆယ့်ငါးဝါ ကာလပတ်လုံး သတ္တဝါတွေကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူခဲ့တယ်။ ဒါနဲ့လဲ အားရတော်မမူသေးဘူး။ ပရိနိဗ္ဗာန် စံပြီးတဲ့နောက် လူတွေကိုးကွယ်ဖို့ ဓာတ်တော်တွေ ထားခဲ့တယ်။ ဘုရားကိုယ်စား တရားတော်တွေ ထားခဲ့တယ်။ ဒီတရားတွေကို သင်အံလေ့လာဖို့ သံဃာအဖွဲ့အစည်းကိုလည်း ဖွဲ့စည်းခဲ့တယ်။ ဒီသာသနာ့ဝန်ဆောင် သာသနာ့ အမွေခံ သံဃအဖွဲ့ကြီး အစဉ်တည်တံ့ရေးအတွက် ဝိနည်းသိက္ခာပုဒ်တွေကို ပညတ်ခဲ့တယ်။ ဒီသံဃအဖွဲ့ကြီး ကြီးပွားမှ အနာဂတ် သာသနာဟာ တည်တံ့ကြီးပွားမယ်ဆိုတာကို မြင်တော်မူတဲ့အတွက် သက်တော်ထင်ရှား ရှိစဉ်ကပင် သံဃာတော်တွေကို ဦးစားပေးခဲ့တယ်။ သံဃာကို ပေးလှူ ပူဇော်တာဟာ ငါဘုရားကို ပေးလှူပူဇော်ရာရောက်တယ်လို့ သံဃာအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့ခြင်း ဖြစ်တယ်။ ဘုရားရှင် မြော်မြင်တော်မူတဲ့အတိုင်း ဘုရားရှင် သာသနာတော်ဟာ ယနေ့အထိ တည်တံ့နေတာဟာလဲ သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် သာသနာတော် အရှည်တည်တံ့လိုရင် ဘုရားရှင် ဟောတော်မူချက်အတိုင်း သံဃာတော်တွေကို ပေးလှူပူဇော် ချီးမြှောက် လှူဒါန်းကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

မေး။ ။ လူတွေဟာ ဘာဖြစ်လို့ သံဃာတော်တွေကို ပစ္စည်းလေးပါး လှူဒါန်းရသလဲ။

ဖြေ။ ။ ဘုရားရှင်က သံဃာတော်တွေကို စားဝတ်နေရေး ကိစ္စတွေမှာ အချိန်မကုန်စေချင်ဘူး။ ပရိယတ် ပဋိပတ်လုပ်ငန်းတွေမှာ အားစိုက်စေချင်တယ်။ စားရေးအတွက် ဆွမ်းခံစားစေတ်။ ဝတ်ရေးအတွက် ပံ့သကူသင်္ကန်း ဝတ်စေတ်။ နေရေးအတွက် သစ်ပင်အောက် သစ်ရွက်မိုးတဲ့ကျောင်းမှာ နေစေတယ်။ ဒါပေမယ့် လူတွေက သံဃာတော်တွေကို မွန်မြတ်တဲ့ ဆွမ်းတွေကျွေးတယ်။ လူနေအိမ်တွေထက် ကောင်းတဲ့ ကျောင်းကြီးတွေမှာ နေစေတယ်။

လူတွေဟာ စားဝတ်နေရေးကိစ္စ လုပ်နေရလို့ ပရိယတ်စာပေ မသင်နိုင်ကြဘူး၊ ရဟန်းသံဃာတော်တွေ ပရိယတ်စာပေ သင်အံနိုင်ဖို့အတွက် စား၊ ဝတ်၊ နေ ပစ္စည်းတွေနဲ့ ထောက်ပံ့ပူဇော်ပေးကြတယ်။ ရဟန်းတော်တွေက စားဝတ်နေရေးအတွက် မပူပင်ရလို့ ပရိယတ်ကို သင်အံနိုင်တယ်။ သူတို့ တတ်သိတဲ့ ပရိယတ်တွေကို သူတို့ကို ပစ္စည်းလေးပါး ထောက်ပံ့တဲ့ ဒကာ ဒကာမတွေကို ဟောပြော ပြသကြတယ်။ ဘာသာရေးကိစ္စတွေမှာ ခေါင်းဆောင်တယ်။ ရဟန်းတော်တွေ အေးအေးဆေးဆေး စာသင်နိုင်အောင်လို့ ပစ္စည်းလေးပါးနဲ့ ထောက်ပံ့လှူဒါန်းကြတယ်။

မေး။ ။ သံဃာတော်တွေကို ဆွမ်းလောင်းလှူတဲ့အခါ ဆွမ်းကပ်တဲ့အခါ ဘယ်လိုဂုဏ်တွေကို ရည်မှန်းပြီး လှူဒါန်းရမလဲ။

ဖြေ။ ။ ငါတို့ဟာ တစ်လမှာ လေးရက်တောင် မှန်မှန် ဥပုသ်မစောင့်နိုင်ဘူး။ ရဟန်းသံဃာတွေဟာ နှစ်ရာနှစ်ဆယ့်ခုနှစ်သွယ်သော သိက္ခာပုဒ်တွေကို နေ့စဉ် အမြဲမပြတ် လုံခြုံအောင် ထိန်းသိမ်းတော်မူကြတယ်။ ဒီသံဃာတော်တွေ ပိဋကတ်တွေကို အစဉ်ဆောင်ရွက် သင်အံလာခဲ့လို့ ဗုဒ္ဓရဲ့ တရားအစစ်အမှန်တွေကို အခုတို့တတွေ သိခွင့် ကျင့်ခွင့် ကြုံရတယ်။ ဒီလို သံဃာတွေက ဘာသာရေးကိစ္စမှာ ဦးဆောင်မှုပေးတဲ့အတွက် အပါယ်လေးပါးမှလွတ်၍ နတ်ရွာ လူ့ပြည်ရောက်စေနိုင်တဲ့ အကျင့်တွေကို ကျင့်ကြံနိုင်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို ရနိုင် ရောက်နိုင်ကြတာ ဖြစ်တယ်လို့ သံဃာတော်တွေရဲ့ လက်တွေ့ကျတဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ပြီး လှူဒါန်းပူဇော်ရမယ်။

မေး။ ။ အချို့ သံဃာတွေဟာ ဝိနည်းတော်အတိုင်း မကျင့်ကြဘူး။ ဒီသံဃာတွေကို ဘယ်လို သဘောထားရမလဲ။

ဖြေ။ ။ လူတွေဟာ လူ့ကျင့်ဝတ်တွေကို အကုန်မဖြည့်ဆည်းနိုင်ကြသလို ရဟန်းတော်တွေဟာလဲ ပုထုဇဉ်ဖြစ်သည့်အလျောက် အချို့ အငယ်စား သိက္ခာပုဒ်တွေကို မလွဲမရှောင်သာ ကျူးလွန်မိကြတာပဲ၊ ကင်းခြေများဟာ ခြေတစ်ချောင်း နှစ်ချောင်းကျိုးလို့ အသွားမပျက်သလို နှစ်ရာနှစ်ဆယ့် ခုနှစ်သွယ်ထဲက တစ်ခု နှစ်ခုပျက်တာဟာ မပြောပလောက်ပါဘူး။ ရဟန္တာတွေတောင်မှ လောကအမြင်အရ အပြစ်မမြင်နိုင်တဲ့ အာပတ်မျိုးသာ မသင့်တော့တာ၊ ဘုရားရှင်ပညတ်ချက်အရ သင့်တဲ့အာပတ် အပြစ်မျိုးတော့ လွန်ကျူးကြသေးတာပဲလို့ နှလုံးသွင်းပြီး သူတို့ သန္တာန်မှာ ရှိတဲ့ ကျန်တဲ့ သိက္ခာပုဒ်တွေကို ရည်မှန်းပြီး ကြည်ညိုကြရမယ်။ အနေအထိုင် အကျင့်သီလ ကြည်ညိုစရာမရှိဘူး ဆိုတာတောင်မှ သူတို့ သင်အံ လေ့ကျက်ထားတဲ့ တရားတော်တွေကို ပူဇော်တဲ့အနေနဲ့ ပူဇော်နိုင်ကြရမယ်။

အကျင့်သီလ လုံးဝမရှိတဲ့ ဒုဿီလပုဂ္ဂိုလ် ဖြစ်နေရင်တောင်မှ အရိယာသံဃာအဖြစ် ရည်မှန်းပြီး လှူဒါန်းရင် အကျိုးကြီးတယ်လို့ ဟောထားတာကို သတိပြုပြီး လှူဒါန်းပူဇော်နိုင်ရမယ်။ မလှူလို မပူဇော်လိုဘူး ဆိုသည့်တိုင်အောင် မပြစ်မှား မကျူးလွန်မိအောင် ခွင့်လွှတ်နိုင်ကြရမယ်။

မေး။ ။ ကိုရင်လေးတွေကို ဘယ်လို ကြည်ညိုရမလဲ။

ဖြေ။ ။ ကိုရင်လေးတွေဟာ အသက်အရွယ် ငယ်တဲ့အတွက် အနေအထိုင်ဟာ ဆရာတော်ကြီးတွေလောက် မသိမ်မွေ့ဘူး။ ကလေးဖြစ်တော့ ကလေးသဘာဝ မပျောက်ဘူး။ ဒါကြောင့် အချို့က ကိုရင်လေးတွေကို မကြည်ညိုကြဘူး။ ကိုရင်လေးတွေ တွေ့ရင် တို့ဟာ တစ်လမှာ ဥပုသ် ၄-ရက်တောင် မှန်မှန် မစောင့်နိုင်ဘူး။ ဒီကိုရင်လေးတွေဟာ ၁၀-ပါးသီလ နေ့စဉ်လုံအောင် ထိန်းနေကြရတယ်။ သေခိယ သိက္ခာပုဒ် ၇၅-ပါးနဲ့ ညီညွတ်အောင် နေထိုင်စားသောက် ကျင့်ကြံရတယ်။ တို့လေးစားနေတဲ့ ဆရာတော်တွေဟာလဲ ဒီလိုကိုရင်လေးဘဝက ကြီးလာရပြီး အကျင့်သီလ ကောင်းလာကြရတယ်။ ဒီကိုရင်လေးဟာလဲ တစ်နေ့မှာ ဆရာတော်ကြီးဖြစ်မယ့် သာသနာမျိုးစေ့ ကလေးတွေပဲ ဖြစ်တယ်။ ဒီကိုရင်လေးတွေသာ မရှိရင် ဒီနေ့ဆရာတော်ကြီးတွေ ပျံတော်မူသွားရင် သာသနာတော် အဆက်ပြတ်သွားတော့မယ်။ သာသနာ မပြတ်အောင် ဆက်ထိန်းသွားမယ့် သာသနာ့ အမွေခံလေးတွေ ဖြစ်တယ်လို့ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် ဆရာတော်ကြီးဘဝကို မျှော်မှန်းပြီး ကြည်ညိုနိုင်ရမယ်။ ကိုရင်လေးတွေ သာသနာ့ဘောင်မှာ ပျော်အောင် အားပေးထောက်ပံ့ ချီးမြှင့်ကြရမယ်။

ရှေးလူတွေ စိုက်ခဲ့တဲ့ အပင်က အသီးတွေကို ယခုစားနေကြတယ်။ နောက်လူတွေ စားဖို့လဲ ကိုယ်က စိုက်ခဲ့ရမယ်။ ရှေးလူတွေ ချီးမြှောက်ထောက်ပံ့ခဲ့တဲ့ ဆရာတော်ကြီးတွေကိုလဲ ကြည်ညိုလေးစား ကိုးကွယ်သလို နောက် သားစဉ်မြေးဆက် ကိုးကွယ်ဆည်းကပ်ဖို့ သာသနာ့အညွှန့် အညှောက်ကလေးတွေကိုလဲ ချီးမြှောက် ထောက်ပံ့ရမယ်လို့ သဘောထားပြီး ကြည်ညိုနိုင်ရမယ်။ ကိုရင်လေးတွေ ဆော့နေပေမယ့် သူတို့ သင်အံလေ့လာထားတဲ့ တရားတော်တွေကို ပူဇော်တဲ့အနေနဲ့ ရိုသေရှိခိုးကြရမယ်။

++++++++++++++++++++++++++++

သြကာသ ကန်တော့ခန်း

အခန်း-၅

မေး။ ။ ရှိခိုးတာနဲ့ ကန်တော့တာဟာ အတူတူပဲလား။ တစ်မျိုးစီလား။

ဖြေ။ ။ ဗုဒ္ဓဘာသာ ကလေးလူကြီး တော်တော်များများကို မေးကြည့်တဲ့အခါမှာ အားလုံးလိုလိုဟာ အတူတူပဲလို့ ဖြေကြတယ်။ ဒီလိုဖြေကြတဲ့အတွက်လဲ သူတို့မှာ အထောက်အထားက ရှိနေတယ်။ ဗုဒ္ဓဘာသာတိုင်း ရနေကြတဲ့ သြကာသ ကန်တော့ကြိုးထဲမှာ (ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏) လို့ ပါနေတော့ ကန်တော့တာနဲ့ ရှိခိုးတာ အတူတူပဲလို့ ထင်နေကြတာပဲ။

အမှန်ကတော့ ကန်တော့တာနဲ့ ရှိခိုးတာဟာ လုံးဝမတူဘူး။ ကန်တော့ရတဲ့ အကြောင်းနဲ့ ရှိခိုးရတဲ့အကြောင်းဟာ မတူသလို ကန်တော့လို့ ရှိခိုးလို့ ရတဲ့အကျိုးတရားတွေလဲ မတူကြဘူး။

မေး။ ။ ကန်တော့တာနဲ့ ရှိခိုးတာ ဘယ်လိုခြားနားသလဲ။

ဖြေ။ ။ အများစုကတော့ အတူတူပဲလို့ ယူဆထင်မြင်နေတဲ့ ဒီလုပ်ငန်းနှစ်ရပ် ခြားနားမှုကို သေသေချာချာ သဘောပေါက်ဖို့ နှိုင်းယှဉ်ဖော်ပြမယ်။

ကန်တော့ရကြောင်း

ကန်တော့ရတဲ့ အကြောင်းက ကန်တော့တဲ့ ပုဂ္ဂိုလ်ဟာ ကန်တော့ခံတဲ့ ဘုရား၊ တရား၊ သံဃာ၊ ဆရာမိဘနဲ့ အခြားပုဂ္ဂိုလ် တစ်ယောက်ယောက် အပေါ်မှာ ကိုယ်နဲ့၊ နှုတ်နဲ့၊ စိတ်နဲ့ တစ်စုံတစ်ရာ ပြစ်မှားကျူးလွန်မှု ရှိတယ်။ ဒီကျူးလွန်ခဲ့တဲ့ အပြစ်ကို ပျောက်စေလိုလို့ ကန်တော့ခြင်း ဖြစ်တယ်။ (အပြစ်ရှိလို့ ကန်တော့ရတယ်။)

ကန်တော့ရကျိုး

ကန်တော့ရတဲ့အတွက် မူလက မိမိပြစ်မှားထားတဲ့ ကိုယ့်မှာရှိနေတဲ့ အပြစ်တွေဟာ ပပျောက်သွားတယ်။ ကြွေးတင်နေတဲ့လူဟာ ကြွေးပြန်ဆပ်လိုက်တော့ ကြွေးကျေသွားသလိုပဲ။ ကိုယ်က စတင်ပြစ်မှားတဲ့ အပြစ်ကြွေးတင်နေတဲ့ လူဟာလဲ ကန်တော့လိုက်တဲ့အခါမှာ အပြစ်တွေဟာ ပြေပျောက်သွားတယ်။ (ကန်တော့ရလို့ အပြစ်ပျောက်တယ်။)

ရှိခိုးရကြောင်း

ရှိခိုးရတဲ့ အကြောင်းက ရှိခိုးတဲ့ပုဂ္ဂိုလ်ဟာ ရှိခိုးခံရတဲ့ ရတနာသုံးပါး ဆရာမိဘနဲ့ အသက်သိက္ခာ ဂုဏ်အင်္ဂါ ကြီးမြင့်သူတွေကို မူလက ပြစ်မှားကျူးလွန်ခဲ့မှု မရှိဘူး။ အဲဒီ ရတနာသုံးပါး မိဘဆရာတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို ကြည်ညိုလေးစားတဲ့ အတွက်ကြောင့် ရှိခိုးခြင်းဖြစ်တယ်။ (ကြည်ညိုလေးစားမှု သဒ္ဓါတရားရှိလို့ ရှိခိုးတယ်။)

ရှိခိုးရကျိုး

ရှိခိုးကန်တော့ရတဲ့အတွက် တဿာ နုဘာဝေန ဟဘန္တရာယော ဆိုတဲ့ ဋီကာဆရာများရဲ့ အဆိုအရ အန္တရာယ်အမျိုးမျိုးကို ပယ်ဖျောက်နိုင်တဲ့ အင်အားကောင်းတဲ့ ကုသိုလ်ကိုရတယ်။ အသက်ဂုဏ်အားဖြင့် ကြီးတဲ့ သူတွေကို ရှိခိုးပူဇော်တဲ့လူဟာ အသက်ရှည် အဆင်းလှ ကိုယ်စိတ်ချမ်းသာ ကာယဗလ ဉာဏဗလကောင်းခြင်း ဆိုတဲ့ အကျိုးတရားတွေကို ရတယ်။ (ရှိခိုးလို့ ကုသိုလ်ရတယ်။)

အထက်ပါ အကြောင်းနှစ်ချက် အကျိုးနှစ်ချက် ခြားနားမှုကို ကြည့်ရင် ကန်တော့တာနဲ့ ရှိခိုးတာဟာ မတူ၊ ခြားနားတယ်ဆိုတာ သိလောက်ပါပြီ။

မေး။ ။ ဗုဒ္ဓဘာသာတိုင်း ဘာသာရေး အခမ်းအနားတွေမှာ ဆိုနေကြတဲ့ သြကာသဟာ ကန်တော့ကြိုးလား။ ဘုရားရှိခိုးလား။

ဖြေ။ ။ နောက်နားမှာ သြကာသမူကွဲ ငါးမျိုးကို ပြထားတယ်။ အဲဒီငါးမျိုးမှာ ပထမနှစ်မျိုးက သြကာသ ကန်တော့ကြိုးဖြစ်တယ်။ ဒုတိယနှစ်မျိုးကတော့ သြကာသ ဘုရားရှိခိုးဖြစ်တယ်။ တတိယအမျိုးကတော့ ကန်တော့ခန်းနဲ့ ဘုရားရှိခိုး နှစ်မျိုးကိုရောပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် တီထွင်ထားကြတဲ့ သြကာသ ရှိခိုးကန်တော့ကြိုး ဖြစ်တယ်။ သြကာသဟာ မူလကတော့ ပြစ်မှားမိတဲ့ အပြစ်တွေကို ပျောက်အောင် ကန်တော့တဲ့ ကန်တော့ကြိုးဖြစ်ပါတယ်။ သြကာသ ဘုရားရှိခိုးတို့၊ သြကာသ ဘုရားရှိခိုး ကန်တော့ကြိုးတို့ ဆိုတာတွေက နောက်မှ ပြောင်းလဲလာတဲ့ တီထွင်ချက်တွေပဲ ဖြစ်တယ်။

မေး။ ။ ရှိခိုးဦးချမပါဘဲ ဝန်ချတောင်းပန် သည်းခံစေတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။

ဖြေ။ ။ ကန်တော့တယ်၊ ဝန်ချတောင်းပန် သည်းခံစေတယ်ဆိုတာက မိမိက ကိုယ်ထိလက်ရောက် နှုတ်နဲ့ စိတ်နဲ့ ပြစ်မှားမိတဲ့ အပြစ်ကို ကုစားတဲ့သဘောပဲ၊ ပြစ်မှားတယ်ဆိုတာက ငယ်သူကသာ ကြီးသူကို ပြစ်မှားတာ မဟုတ်ဘူး။ ပုထုဇဉ်သဘာဝ အမှားနဲ့ မကင်းနိုင်သေးတော့ ကြီးသူကလဲ ငယ်သူကို ပြစ်မှားနိုင်တာပဲ၊ ကြီးသူတွေရဲ့ လုပ်မှား ပြောမှားတွကိုလဲ လောကမျက်မြင် မကြာခဏ ကြုံတွေ့နေရတာပဲ။ အဲဒီလို လူကြီးက လူငယ်ကို ပြစ်မှားမိတဲ့အခါမှာလဲ လူကြီးက လူငယ်ကို ကန်တော့ရမယ်။ ဒီလိုတောင်းပန်တဲ့အခါမှာ လက်အုပ်ချီပြီး ဒူးတုပ် ဦးချ ရှိခိုးကန်တော့လို့ မရဘူး။ မိမိပြစ်မှားခဲ့တဲ့ ငယ်သူထံသွားပြီး မိမိပြုမှား ပြောမှားမိခဲ့သမျှကို နောင်တ သံဝေဂရကာ မာန်မာန နှိမ့်ချတဲ့အသံနဲ့ ငါ့ရှင် (သို့မဟုတ်) နာမည်ကိုခေါ်၍ သင့်အပေါ် ငါ ကိုယ်ထိလက်ရောက် ပြစ်မှားမိတယ်။ နှုတ်ဝစီဖြင့် ကြမ်းတမ်းရိုင်းပြစွာ ပြစ်တင်ကဲ့ရဲ့ ပြောဆို ပြစ်မှားမိခဲ့တယ်။ ဒီအမှားအတွက်လဲ ငါနောင်တ သံဝေဂရပါပြီ။ နောင်ကို ဒီလို မပြစ်မှားမိအောင်လဲ စောင့်ထိန်းပါမယ်။ သတိထားပါမယ်။ ပြစ်မှားမိတဲ့ ငါ့ရဲ့ အပြစ်ကို ခွင့်လွှတ်သည်းခံပါလို့ တောင်းပန်ရမယ်။ ကိုယ့်ထက်ကြီးသူ မြတ်သူကိုလဲ အထက်ပါအတိုင်း ရှိခိုးဦးချမှုမပါပဲ ဝန်ချတောင်းပန် ကန်တော့လို့ ရတယ်။ ရှိခိုးကန်တော့တာက ပိုပြီးလေးနက်တာပေါ့၊ ကိုယ့်ထက်ငယ်သူကို ပြစ်မှားမိရင်လဲ ကန်တော့ရမယ်ဆိုတဲ့ အကြောင်းနဲ့ ကြီးသူ ငယ်သူ အပြန်အလှန် ကန်တော့နည်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ…မှာ အတိအလင်းပဲ ပြထားတယ်။ လူကြီးက လူငယ်ကို ဝန်ချကန်တော့တဲ့ အစဉ်အလာဟာ မြန်မာ့ယဉ်ကျေးမှုမှာ ပျောက်ကွယ်သလောက် ဖြစ်နေတယ်။ ကြီးသူက ငယ်သူကို မပြစ်မှားဖို့၊ ပြစ်မှားမိရင်လဲ မာန်မာန နှိမ်ချတောင်းပန်ဖို့ သံသရာဝန်ထုပ်ကြီးကို အလေးခံသယ်မသွားဖို့ အထူးသတိပြုသင့်ကြပါတယ်။ ဓမ္မပဒစိတ္တသူကြွယ်ဝတ္ထုမှာ ရဟန်းဖြစ်တဲ့ သုဓမ္မမထေရ်က လူဝတ်ကြောင် စိတ္တသူကြွယ်ကို ပြစ်မှားမိ၍ ကန်တော့သည်းခံစေရသည်ကို စံနမူနာ ယူနိုင်ကြပါစေ။

ဒီအချက်ကိုကြည့်ရင် ကန်တော့တာနဲ့ ရှိခိုးတာဟာ မတူဘူး။ ကန်တော့မှုဆိုတာက ကြီးသူငယ်သူ အပြန်အလှန် ကန်တော့ရပြီး ရှိခိုးတာကျတော့ ငယ်သူကသာ ကြီးသူ မြတ်သူကို ရှိခိုးရတယ်ဆိုတာ ထင်ရှားလောက်ပါပြီ။

မေး။ ။ မိမိပြုမှားမိတဲ့ အပြစ်ကို သည်းခံဖို့ ကန်တော့တဲ့ အစဉ်အလာဟာ ပိဋကတ် ပါဠိတော်မှာ ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ တော်တော်များများ ရှိပါတယ်။ ဒါကို ဋီကာဆရာတွေက အစ္စယဒေသနာ = အပြစ်ကို ပြောကြား တောင်းပန်ခြင်း၊ ဝန်ချကန်တော့ခြင်းလို့ ခေါ်ပါတယ်။

၁ - သံယုတ်ပါဠိတော်မှာ ဘုရားရှင်ကို ကဲ့ရဲ့ပြောဆိုမိတဲ့ နတ်သားတစ်စုက ဘုရားရှင်ထံ ဝန်ချကန်တော့ကြပါတယ်။ (သံ-၁-၂၂-၂၃)

၂ - ဘုရားရှင် သိက္ခာပုဒ်ပညတ်ခြင်းနဲ့ ပတ်သက်ပြီး ကဲ့ရဲ့ပြစ်မှားတဲ့ ရဟန်းတစ်ပါးက ဘုရားရှင်ကို ဝန်ချကန်တော့ပါတယ်။ (အံ-၁-၂၃၉) အလားတူ (မ-၁-၁၀၁)

၃ - အရှင်အနုရုဒ္ဓါကို တပ်မက်ပြစ်မှားမိ ဖြားယောင်းမိတဲ့ အမျိုးသမီးတစ်ဦးဟာ ရှင်အနုရုဒ္ဓါကို ဝန်ချကန်တော့ခဲ့ရပါတယ်။ (ဝိ-၂၊ ၂-၂၉)

၄ - ခမည်းတော် ဗိမ္ဗိသာရကို သတ်မိသော အဇာတသတ်မင်းက ဘုရားရှင်ထံ ဝန်ချကန်တော့ခဲ့သည်။ (ဒီ-၁-၈၀)

မေး။ ။ ပါဠိတော်မှာ အပြစ်ရှိလို့ ကန်တော့တဲ့အခါ ဘယ်လိုဆိုပြီး ကန်တော့ပါသလဲ။

ဖြေ။ ။ အစ္စယော မံ ဘန္တေ အစ္စာဂမာ ယထာဗာလံ ယထာမုဠံ ယထာ အကုသလံ (ယောဟံပိတရံ ဓမ္မ ရာဇာနံ ဣဿရိယကာရဏာ ဇီဝိတာဝေါရောပေသိ) တဿမေ ဘန္တေ ဘဂဝါ အစ္စယံအစ္စယတော ပဋိဂဏှာတု၊ အာယတိံ သံဝရာယ လို့ဆိုပြီး ကန်တော့ပါတယ်။ ခမည်းတော် ဗိမ္ဗိသာရကို သတ်ပြီးတော့ အဇာတသတ်က ဘုရားကန်တော့ခန်း ဖြစ်ပါတယ်။ ပါဠိတော်လာ အဓိပ္ပာယ်အတိုင်း မြန်မာလို ကန်တော့မယ်ဆိုရင်တော့…

အရှင်ဘုရား၊ တပည့်တော်သည် မိုက်မဲသည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် အပြစ်သည် တပည့်တော်ကို လွှမ်းမိုးခဲ့ပါ၏၊ (တပည့်တော်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ်ဟူသော အကြာင်းကြောင့် သတ်ခဲ့မိပါ၏) မြတ်စွာဘုရားသည် ထိုတပည့်တော်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကို အပြစ်ဟု လက်ခံတော်မူပါ။ သည်းခံတော်မူပါလို့ ကန်တော့ရမယ်။ ပြစ်မှားပုံချင်း မတူတဲ့အတွက် အပြစ်ဖော်ပြချက်ပဲ ကွွဲတယ်။ အားလုံး ပါဠိတော် ကန်တော့ခန်းတွေဟာ အတူတူပဲ။

မြန်မာစစ်စစ် ကန်တော့နည်း

“(အမေ) ခင်ဗျား၊ ကျွန်တော်ဟာ မိုက်မဲတွေဝေ မလိမ္မာတဲ့အတွက် (အမေ့) အပေါ် ပြစ်မှားမိပါတယ်။ (အမေ့ကို ပြန်အော်မိပါတယ်၊ အမေ့ရှေ့မှာ ကြမ်းကို ဆောင့်နင်းမိပါတယ်) နောင်ကို ဒီလိုမအော်မိ၊ ကြမ်းမဆောင့်မိအောင်လဲ စောင့်စည်းထိန်းသိမ်းပါမယ်။ အမေဟာ ကျွန်တော့်ရဲ့အပြစ်ကို ခွင့်လွှတ်သည်းခံပါခင်ဗျား”ဟု ပြောပြီး ရှိခိုးကန်တော့ရမယ်။

မေး။ ။ ပါဠိတော်မှာ တိုက်ရိုက်လာတဲ့ ကန်တော့နည်းရှိပါလျက်နဲ့ အဲဒီအတိုင်း မြန်မာလို ကန်တော့ကြိုးကိုမရေးဘဲ သြကာသ ကန်တော့ကြိုးကို ဘာဖြစ်လို့ ထွင်ရသလဲ။

ဖြေ။ ။ ပါဠိတော်လာ ကန်တော့နည်းက တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အပေါ် သီးသီးခြားခြား ပြစ်မှားမိတဲ့အပြစ်ကို ဝန်ချတောင်းပန်နည်း ဖြစ်တ်။ ဘယ်ပုဂ္ဂိလ်အပေါ် ဘယ်အချိန်က ဘယ်နေရာမှာ ဘယ်လိုပြစ်မှားမိတဲ့ အပြစ်အတွက် ကန်တော့တယ်ဆိုတာ သေချာတိကျတယ်။

မြန်မာဆရာတော်တွေ တီထွင်တဲ့ သြကာသ ကန်တာ့ကြိုးကတော့ တစ်ဦးတစ်ယောက်အပေါ် တစ်ချိန်က တစ်နေရာမှာ ပြစ်မှားမိတဲ့ အပြစ်တစ်ခုအတွက် သီးသီးခြားခြား ကန်တော့တာမဟုတ်၊ အခုဘဝနဲ့ အစမထင် သံသရာဘဝအမျိုးမျိုးအပေါ် ကိုယ်ထိလက်ရောက်ဖြစ်ဖြစ်၊ နှုတ်နဲ့ စိတ်နဲ့ဖြစ်ဖြစ် ပြစ်မှားခဲ့တဲ့ အပြစ်တွေ အနန္တ ရှိနိုင်တယ်။ ဒီအပြစ်ပြုခဲ့ ပြောခဲ့တဲ့ အပြစ်တွေ အနန္တ ရှိနိုင်တယ်။ ဒီအပြစ်တွေဟာ သိသိသာသာ လွန်ကျူးခဲ့တာရှိသလို အမှတ်မထင် ပြုခဲ့ ပြောခဲ့တဲ့ အပြစ်တွေလဲ ဖြစ်နိုင်တယ်။ အစမထင် သံသရာက ပါလာတဲ့ အပြစ်ကြွေးတွေ ဖြစ်တဲ့အတွက်နဲ့ အခုဘဝမှာလဲ ဘယ်အချိန်က ဘယ်သူ့အပေါ်မှာရယ်လို့ မသိ၊ အမှတ်မထင် ပြစ်မှားမိတဲ့ အပြစ်ကြွေးတွေ ဖြစ်တဲ့အတွက် ပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ကို ပြန်ကန်တော့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒီလို အပြစ်မှားခံ ပုဂ္ဂိုလ် မရှိတော့တဲ့ခါမှာ သူ့အစား လေးစားလောက်တဲ့ ပုဂ္ဂိုလ်နဲ့ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကန်တော့ရင် အပြစ် ပြေပျောက်နိုင်တယ်။ တစ်နေကုန် စားသမျှ သံပရာတစ်ခြမ်းနဲ့ချေ ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဒီဘဝ ဟိုဘဝ ပြုခဲ့သမျှ အပြစ်တွေကို တစ်ထိုင်တည်းနဲ့ ပြေပျောက်စေဖို့အတွက် သြကာသ ကန်တော့ကြိုးကို စီစဉ်တီထွင်ရခြင်း ဖြစ်တယ်။

မေး။ ။ ပါဠိတော်လာ ကန်တော့နည်းအတိုင်း မဟုတ်ဘဲ သြကာသ ကန်တော့ကြိုးကို တီထွင်ရတဲ့အကြောင်း ရှိပါသေးသလား။

ဖြေ။ ။ ရှိပါတယ်။ ရှေ့မှာ ကန်တော့တာနဲ့ ရှိခိုးတာ မတူပုံကို ပြခဲ့တယ်။ ကန်တော့ရလို့ အပြစ်ပြေပျောက်တယ်။ ရှိခိုးပူဇော်ရလို့ ကုသိုလ်အသစ် ရရှိတယ်လို့ ပြခဲ့တယ်။ သြကာသ ကန်တော့ကြိုးဟာ ရတနာသုံးပါးကို ရှိခိုးကန်တော့ရတဲ့အတွက် ကန်တော့မှုလုပ်ငန်း၊ ရှိခိုးမှုလုပ်ငန်း နှစ်ခုလုံး ပြီးသွားတယ်။ အလုပ်နှစ်ခု ပြီးသွားတဲ့အတွက် လွန်ကျူးမိတဲ့ အပြစ်ဟောင်း ပြေပျောက်ခြင်း၊ ရှိခိုးရတဲ့ ကုသိုလ်အသစ်ရခြင်းဆိုတဲ့ အကျိုးနှစ်မျိုး တစ်ခါတည်း ပြီးသွားတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားတယ်။ နည်းလေးဆယ်ထဲမှာပါတဲ့ အမ္ဗသေစန ဂရုနှာန နည်းအရ သရက်ပင်ရင်းမှာ ဆရာကို ရေချိုးစေခြင်း လုပ်ငန်းတစ်ခုဖြင့် ဆရာလဲ ရေချိုးပြီး၊ သရက်ပင်လဲ ရေလောင်းပြီးဆိုတဲ့ အကျိုးနှစ်ခု ပြီးသွားတယ်။ ဒါဟာ ပါဠိတော်လာ ကန်တော့ပုံနဲ့ မတူတဲ့ သြကာသ ကန်တော့ကြိုးရဲ့ ဒုတိယ ထူးခြားချက်ဖြစ်ပါတယ်။

မေး။ ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှာ ပြုခဲ့တဲ့ အပြစ်ဟာ ရတနာသုံးပါးကို ကန်တော့ရုံနဲ့ ပြေပျောက်နိုင်တယ်ဆိုတာ ကျမ်းဂန်နဲ့ ညီရဲ့လား။

ဖြေ။ ။ ညီပါတယ်။ အဇာတသတ်မင်းဟာ ခမည်းတော ဗမ္ဗိသာရမင်းကြီးကို သတ်ပြီးတဲ့နောက် မအိပ်နိုင် မစားနိုင် ဖြစ်နေတဲ့အခါမှာ ဘုရားရှင်ထံသွားပြီး ဝန်ချကန်တော့တယ်။ မြတ်စွာဘုရားကလဲ သည်းခံပါတယ်လို့ မိန့်ကြားပြီး “ဗုဒ္ဓိဟေသာ အရိယဿဝိနယေ” ဒီလို အပြစ်ကို သိလို့ နောင်စောင့်ထိန်းရန် ကန်တော့ဝန်ချခြင်းဟာ ငါဘုရားရဲ့ အဆုံးအမ သာသနာတော်မှာ ကြီးပွားတိုးတက်ခြင်း လက္ခဏာ ဖြစ်တယ်လို့ ချီးမြှောက် ဟောကြားခဲ့တယ်။

ဓမ္မပဒ သီရိမာ ဝတ္ထုမှာ ဥတ္တရာ အလှူဒကာမကို ပြစ်မှားတဲ့ သီရိမာဟာ ဘုရားရှင်ကို ရှိခိုးကန်တော့ရာ ဘုရားရှင်က သည်းခံခွင့်လွှတ်တော်မူလို့ အပြစ်ပြေပျောက်သွားတယ်။

မြန်မာဆရာတော်ကြီးများဟာ အထက်ပါ ပါဠိတော် အဋ္ဌကထာတွေကို ကိုးကားထောက်ထားပြီး သြကာသကန်တော့ကြိုးကို တီထွင်ကြခြင်း ဖြစ်ပါတယ်။ တစ်နေ့စားသမျှ သံပုရာတစ်ခြမ်းနဲ့ ချေသလို ပုဂ္ဂိုလ်မရွေးပေါ်မှာ ပြုခဲ့တဲ့ အပြစ်မှန်သမျှတွေကို သြကာသ ကန်တော့ကြိုးနဲ့ ကန်တော့လိုက်ရုံနဲ့ အကုန်ပြေပျောက်သွားတဲ့အတွက် သြကာသကန်တော့ကြိုးဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အပါယ်တံခါးကို ပိတ်ပေးတဲ့ အာမခံ သော့ခလောက်ကြီးလို့ ဆိုနိုင်တယ်။

ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားခဲ့စေကာမူ သြကာသ ကန်တော့မူထဲမှာ အကျုံးဝင်သွားတဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် သြကာသ ကန်တော့ကြိုးကို တီထွင်တော်မူတဲ့ ဆရာတော်ကြီးတွေရဲ့ အမြော်အမြင် လေးနက်မှုကို ချီးကျူးပူဇော်ထိုက်လှပေတယ်။

မေး။ ။ ကိုယ့်အဖေ ဗိမ္ဗိသာရကို သတ်မိတဲ့ အဇာတသတ်ဟာ ဘုရားကို ကန်တော့တဲ့အတွက် အဲဒီသတ်မိတဲ့ အပြစ်ဟာ ပြေပျောက်သွားပါသလား။

ဖြေ။ ။ ကန်တော့လို့ အပြစ်ပျောက်တယ် ဆိုပေမယ့် အမေကိုသတ်ခြင်း၊ အဖေကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ ဘုရားရှင်ကိုယ်မှ သွေးထွက်အောင် လုပ်ခြင်း၊ သံဃာသင်းခွဲခြင်း ဆိုတဲ့ ကြီးလေးသော အကုသိုလ်လုပ်ငန်းကြီး ၅-ခုကို လုပ်ခဲ့တဲ့လူကျတော့ ကန်တော့တာနဲ့ လုံးဝပျောက်မသွားဘူး၊ အဲဒီ ပဉ္စာနန္တရိယကံလို့ခေါ်တဲ့ အကုသိုလ်ကတော့ ဘယ်လိုကုသိုလ်မျိုး လုပ်လို့မှ လုံးဝပျောက်မသွားဘူး။

ဒါပေမယ့် အဖေဗိမ္ဗိသာရမင်းကို သတ်မိတဲ့ အဇာတသတ်မင်းဟာ စိတ်တွေ ဂယောင်ချောက်ချားဖြစ်ပြီး မစားနိုင် မသောက်နိုင် ညအိပ်လို့မရ ဖြစ်နေရာက ဘုရားရှင်ထံရောက်လို့ ကန်တော့ပြီးတဲ့အခါ သရဏဂုံ တည်ဆောက်ပြီးတဲ့အခါမှာတော့ စိတ်ဓာတ်ဟာ အေးငြိမ်းသွားပြီး နေသာ ထိုင်သာ ရှိသွားတယ်။ စားနိုင် အိပ်နိုင် သွားတယ်။ သာသနာကို ကြည်ညိုချီးမြှောက်တဲ့ မင်းကောင်းတစ်ပါးဖြစ်လာတယ်။ ဒါဟာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် ကန်တော့တဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးဖြစ်တယ်။

မေး။ ။ သီလ မဆောက်တည်ခင် ဒါနမပြုခင် ဘာဝနာကမ္မဋ္ဌာန်းမပွားခင် သြကာသ ကန်တော့မှုကို ဆရာတော်ကြီးတွေဟာ ဘယ်ရည်ရွယ်ချက်နဲ့ စီစဉ်ခဲ့ပါသလဲ။

ဖြေ။ ။ သီလဆောက်တည်တယ်၊ အလှူဒါနပြုတယ်ဆိုတာက လူချမ်းသာ၊ နတ်ချမ်းသာကို ရရှိဖို့ဖြစ်တယ်။ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတယ်ဆိုတာက စျာန်အဘိညာဉ် မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ဖြစ်တယ်။ ဒီဒါန၊ သီလ၊ ဘာဝနာမှုတွေဟာ သူ့မူလ သဘာဝအားဖြင့် လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစွမ်းနိုင်တယ်။ ဒါပေမယ့် ဒီဒါန၊ သီလ၊ ဘာဝနာ အားထုတ်မှုဟာ ပဉ္စာနန္တရိယကံ၊ ရတနာသုံးပါး မိဘဆရာတွေကို ပြစ်မှားခြင်းဆိုတဲ့ အပြစ်တွေ ရှိနေတဲ့အခါမှာ အဲဒီအပြစ်ကြီးတွေက ကြားက ဝင်ခံနေတဲ့အတွက် သူပြုတဲ့ ဒါန၊ သီလ၊ ဘာဝနာတွေဟာ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်ချမ်းသာကို မပေးစွမ်းနိုင်တော့ဘူး။ ဒါကြောင့် ဒီပြစ်မှားမှုတွေ ရှိနေတာကို သဂ္ဂန္တရာယ် နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မရောက်နိုင်တဲ့အပြစ်၊ မဂ္ဂန္တရာယ် မဂ်ဖိုလ်မရနိုင်တဲ့အပြစ်တွေ ရှိနေတယ်လို့ ဆိုရတယ်။ ဒီသဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ်တွေ ရှိနေတဲ့ ပုဂ္ဂိုလ်အဖို့ ကုသိုလ်တွေ ဘယ်လောက်ပဲပြုပြု၊ နတ်ရွာနိဗ္ဗာန်ကို မရောက်နိုင်တော့ဘူး။ ဘုရားရှင်ကိုယ်တိုင်နဲ့ တွေ့ပြီး ဘုရားသာသနာ အလွန်ကြည်ညိုတဲ့ အဇာတသတ်မင်းဟာ ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပဲ လုပ်ခဲ့ပေမယ့် သေတဲ့အခါ လောဟကုမ္ဗိငရဲမှာ အနှစ်ခြောက်သန်း ခံရသလိုပါပဲ။

ဆီဖယောင်းစွန်းနေတဲ့ စက္ကူပေါ်မှာ မင်နဲ့စာရေးလို့ မထင်သလို သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် အပြစ်ကြီးတွေ ရှိနေတဲ့လူဟာလဲ ကုသိုလ်ပြုလို့ အကျိုးမထင်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တစ်ခုခု ပြုမယ့်လူဟာ ဒီကုသိုလ်တွေရဲ့ အကျိုးပေးကို တားမြစ်နိုင်တဲ့ သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် အပြစ်ကြီးတွေ ကင်းစင်နေဖို့ လိုပါတယ်။ မိမိရေးမယ့် စာရွက်မှာ ဆီ ဖယောင်း အစွန်းအကွက် မရှိဖို့ လိုသလိုပါပဲ။ ဒီအန္တရာယ်ကြီး နှစ်ခုနဲ့ အခြားအပြစ်ငယ်ကလေးများပါ ကင်းစင်ပပျောက်စေဖို့အတွက် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တစ်ခုခုကို ပြုမယ့်သူတွေကို ကုသိုလ်မပြုခင် သြကာသကန်တော့ခန်းနဲ့ ကြိုတင် ကန်တော့ခိုင်းခြင်း ဖြစ်တယ်။ ရှေးဆရာတော်ကြီးများ အမြော်အမြင် ကြီးမားတော် မူကြပါပေရဲ့။

မေး။ ။ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှားမိတဲ့ အပြစ်တွေကို ဝန်ချကန်တော့လို့ ကျေပျောက်နိုင်ပါသလား။

ဖြေ။ ။ ဒီအဓိပ္ပာယ်ရှိတဲ့ မေးခွန်းမျိုးကို စွယ်စုံကျော်ထင်ကျမ်းမှာ အောက်ပါအတိုင်း ကျည်းကန်ရှင်ကြီးက မေးထားပါတယ်။

ပြစ်မှားမိသည်၊ ကန်တော့မည်။

ပြစ်ခြည်ကုန်ခန်းပါလိမ့်မည်နည်း။ (အပိုဒ်-၇၁၇)

အထက်ပါအမေးကို ကျီးသဲလေးထပ်ဆရာတော်က တိကနိပါတ် အင်္ဂုတ္တုရ်အဋ္ဌကထာပါဠိကို ကိုးကားဖြေထားပါတယ်။ အဲဒီ အဋ္ဌကထာပါဠိ မြန်မာပြန်အဓိပ္ပာယ်ကို ဖော်ပြပါတယ်။

မိခင်၊ ဖခင်၊ စေတီ၊ ဗောဓိပင်နှင့် ရဟန်းသံဃာတွေအပေါ် ဒေါသစိတ်ဖြင့် ပြစ်မှားမိသည်ရှိသော် အကျွန်ုပ်ပြစ်မှားမိသော အပြစ်ကို သည်းခံ ခွင့်လွှတ်တော်မူပါဟု တောင်းပန်ဝန်ချ ကန်တော့အံ့၊ ထိုသို့ ဝန်ချကန်တော့သည်နှင့် တစ်ပြီုင်နက် ထိုမကောင်းမှု ကံတို့သည် ပပျောက်ကုန်၏၊ ကန်တော့ရသော ကုသိုလ်သည် ပြစ်မှားမိသော အကုသိုလ်အကျိုးပေးကို တားမြစ်လိုက်သဖြင့် ပြစ်မှားမိတဲ့ အကုသိုလ်ဟာ အကျိုးမပေးတော့ဘဲ အဟောသိကံ ဖြစ်သွားတယ် (အသီးမသီးတဲ့ အဖိုပွင့်လို ဖြစ်သွားတယ်)၊ ဒီလို ကန်တော့လိုက်တဲ့အတွက် ပြစ်မှားမိတဲ့ အပြစ်ဟာ နတ်ပြည်ရောက်ဖို့ကိုလဲ မတားမြစ်နိုင်ပါဘူး။ မဂ်ဖိုလ်ရမှုကိုလဲ မတားမြစ်နိုင်ဘူး။

မေး။ ။ ပြစ်မှားမိတဲ့ အပြစ်ကို ဝန်ချကန်တော့လို့ ပြေပျောက်သွားတဲ့ သာဓကရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ သောရေယျ သူဌေးသားဟာ လှပသပ္ပာယ်ကြည်ညိုဖွယ်ကောင်းတဲ့ ရှင်ကစ္စည်းထေရ်ကို တွေ့တဲ့အခါ “ဒီမထေရ် ငါ့မယားလေးဖြစ်ရင် ကောင်းမှာပဲ၊ ငါ့မယားလေး ဒီမထေရ်လိုလှရင် ပိုချစ်မှာပဲ” ဟု စိတ်ထဲမှာ ပြစ်မှားမိတယ်။ သူဌေးသားဟာ ချက်ချင်း မိန်းမဘဝ ပြောင်းသွားတယ်။ မိန်းမဘဝနဲ့ သိဟောင်း ကျွမ်းဟောင်းတွေ သိကုန်မှာစိုးလို့ တက္ကသိုလ်ပြည်ကို ထွက်ပြေးပြီး သူဌေးသားတစ်ယောက်နဲ့ အိမ်ထောင်ကျကာ သားနှစ်ယောက် ရတယ်။ နောင်အခါမှ ကန်တော့လျှင် အပြစ်ပျောက်မှန်းသိ၍ ရှင်မဟာကစ္စည်းထေရ်ကို သွားရောက်ကန်တော့မှ ယောက်ျားပြန်ဖြစ်တဲ့အကြောင်း ဓမ္မပဒအဋ္ဌကထာမှာ ပြထားတယ်။

နောက်ထပ်သာဓက တစ်ခုကိုတော့ ပါရာဇိကဏ်နဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ပြထားတယ်။ ရဟန်းငယ်တစ်ပါးနဲ့ ရဟန်းကြီးတစ်ပါး ဆွမ်းခံတူ ကြွရာမှာ အိမ်တစ်အိမ်က ဆန်ပြုတ် တစ်ပန်းကန်စီ ရပါတယ်။ ရဟန်းကြီးက ဆာလောင်အားကြီးလို့ လေနာထနေတာနဲ့ လူသူရှင်းတဲ့ တစ်နေရာမှာထိုင်ပြီး ဆန်ပြုတ်ကို ဖုံးပေးလိုက်ပါတယ်။ ဒါကို ရဟန်းငယ်မြင်တော့ “ဒီကိုယ်တော်ကြီးကလဲ အစားငန်းလိုက်တာ အရှက်မရှိဘူး”လို့ ကဲ့ရဲ့ရှုတ်ချလိုက်ပါတယ်။

ကျောင်းပြန်ရောက်တော့ ရဟန်းကြီးက ရဟန်းငယ်ကို ဘယ်မဂ်ဖိုလ်အထိ ရပြီလဲလို့ မေးပါတယ်။ ရဟန်းငယ်က သောတာပန်ဖြစ်ကြောင်း ပြန်ပြောတဲ့အခါ သင်အထက်မဂ်အတွက် ဆက်အားမထုတ်နဲ့တော့။ ရဟန္တာကို ပြစ်မှားမိလို့ မဂ္ဂန္တရာယ်ဖြစ်နေပြီ။ အထက်မဂ်ဖိုလ် မရနိုင်တော့ဘူးလို့ ပြောပါတယ်။ ဒီတော့မှ ရဟန်းငယ်ဟာ ရဟန္တာကို ပြစ်မှားမိတဲ့အပြစ်ကို ခွင့်လွှတ်သည်းခံပါလို့ ဝန်ချတောင်းပန်ရတယ်။ ဒါက တောင်းပန်ကန်တော့ရင် အပြစ်မှပြေပျောက်တဲ့ သာဓကတွေဖြစ်တယ်။

ရန်သူတောင်မှ တောင်းပန်ရင် ကျေနပ်ရတယ်ဆိုတဲ့ မြန်မာအစဉ်အလာ လက်သုံးစကားနဲ့ အပြင်းအထန် ရန်ခိုက်ဒေါသဖြစ်ကြပြီးမှ ကြေရာကြေကြောင်း တောင်းပန်လို့ ခွင့်လွှတ်ပြီး မိတ်ဆွေအဖြစ် ပေါင်းသင်းနေကြတဲ့ မျက်မြင်ဒိဋ္ဌ သာဓကတွေကို ကြည့်ရင်လဲ ဝန်ချကန်တော့ရင် အပြစ်ပျောက်တယ်ဆိုတာ ထင်ရှားပါတယ်။

မပြစ်မှားမိအောင်လဲ ဒေါသစိတ်ကို ထိန်းသိမ်းပါ။ စိတ်မထိန်းနိုင်လို့ ပြစ်မှားမိရင်လဲ ဝန်ချကန်တော့ဖို့ ဝန်မလေးကြပါနဲ့လို့ သတိပေးလိုပါတယ်။

မေး။ ။ ပြစ်မှားကျူးလွန်မိတဲ့ သူက ဝန်ချကန်တော့တာကို ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က သည်းမခံ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။ ပြစ်မှားကျူးလွန်မိတဲ့လူက သူ့ရဲ့အပြစ်ကို သူသိလို့ ကြေရာကြေကြောင်း ဝန်ချတောင်းပန် ကန်တော့ပါလျက် ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က သည်းမခံ ခွင့်မလွှတ် အခဲမကျေဘူးဆိုရင် အဲဒီကန်တော့ခံ ပုဂ္ဂိုလ်ဟာ လူမိုက်ဖြစ်တယ်။ သည်းခံခွင့်လွှတ်တဲ့ ပုဂ္ဂိုလ်မှ ပညာရှိသူတော်ကောင်း ဖြစ်တယ်လို့ တိကအင်္ဂုတ္တုရ် ပါဠိတော်မှာ ဘုရားရှင်ဟောကြားထားပါတယ်။ ဘုရားရှင်နှင့် ရဟန္တာ အရှင်သူမြတ်တွေဟာ တစ်ပါးသောသူရဲ့ အပြစ်ကြားသည်ကို သည်းခံစေကြောင်း ခွင့်တောင်းကန်တော့သည်ကို ကျေကျေနပ်နပ် ခွင့်လွှတ်သည်းခံကြတဲ့ထုံးကို နှလုံးမူပြီး မိမိက ကန်တော့ခံ ပုဂ္ဂိုလ်ဖြစ်တဲ့အခါ သူတစ်ပါးရဲ့ အပြစ်ကို ကျေကျေနပ်နပ် ခွင့်လွှတ်သည်းခံခြင်းဖြင့် ပညာရှိအဖြစ် ခံယူနိုင်ကြဖို့ အထူးသတိပြုကြရပါမယ်။

မေး။ ။ သြကာသ ကန်တော့ခန်းကို ဘယ်ခေတ် ဘယ်ဆရာတော် စီစဉ်ရေးသားခဲ့ပါသလဲ။

ဖြေ။ ။ သြကာသ ကန်တော့ခန်းကို ဘယ်ခေတ်က ဘယ်ဆရာတော် ရေးသားခဲ့တယ်လို့ မှတ်တမ်း အခိုင်အမာ ရှာမတွေ့သေးပါဘူး။ ပုဂံပြည် အနော်ရထာမင်းစောလက်ထက် သထုံမှ မွန်ရဟန်းတော် ရှင်အရဟံဟာ ထေရဝါဒ ဗုဒ္ဓဘာသာမျိုးစေ့ကို စတင်ချပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သြကာသကန်တော့ခန်းကိုလဲ ရှင်အရဟံပင် စီစဉ်ရေးသားခဲ့ပေလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

မွန်လူမျိုးတွေထဲမှာ သြကာသနဲ့စတဲ့ မွန်ကန်တော့ခန်းနဲ့ ကန်တော့တဲ့ အစဉ်အလာဟာ ယခုတိုင် ရှိနေသေးတဲ့အတွက် အထက်ပါ ခန့်မှန်းချက်ဟာ ဟုတ်လောက်စရာ ရှိပါတယ်။ ဒါပေမယ့် စကားလုံးဖွဲ့စည်းပုံနဲ့ ဝါကျတည်ဆောက်ပုံကို ကြည့်ပြီး ပုဂံခေတ် မြန်မာစာ အရေးအသား မဟုတ်နိုင်ဘူးလို့ တချို့ပညာရှင်တွေက ယူဆကြတယ်။ မူလမွန်ရဟန်းတော် ရှင်အရဟံမထေရ်က ရှေးမွန်ဆရာတော်ကြီးများ စီစဉ်ရေးသားသည့် မွန်ကန်တော့ခန်းကို မှီငြမ်းပြု၍ မြန်မာဘာသာဖြင့် တီထွင်ချက်ကို ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် မြန်မာဆရာတော် အစဉ်အဆက်တို့က ခေတ်နဲ့အညီ ပြင်ဆင်ရေးသားလာခဲ့တယ်လို့ မှတ်ယူနိုင်ပါတယ်။

ဆရာတော် ခင်ကြီးပျော် ရေးသားတယ်လို့ တစ်ဆင့်ကြား မှတ်တမ်းတင်ထားချက် တချို့တော့ရှိတယ်။ သုတေသီအများစုက လက်မခံကြပါဘူး။ ပင်းယခေတ် ပတူးကြီး သံဃရာဇာက သြကာသ ဒီပနီပါဌ်ကို ရေးခဲ့တယ်ဆိုတော့ ဒီကန်တော့ခန်းဟာ ခင်ကြီးပျော် မတိုင်မီကတည်းက ရှိနှင့်ပြီး ဖြစ်ရမယ်လို့ ယူဆရပါမယ်။

မေး။ ။ ကန်တော့ခြင်း ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ ကိုယ်က ပြစ်မှားမိလို့ အပြစ်ပြေရာပြေကြောင်း ပြန်ကန်တော့တဲ့အခါမှာ ကန်တော့ပုံ ကန်တော့နည်းက သုံးမျိုးရှိတယ်။ တိုက်ရိုက်ကန်တော့နည်းနှစ်မျိုးနဲ့ ကိုယ်စားကန်တော့နည်းက တစ်မျိုးဖြစ်တယ်။ ကြီးသူက ငယ်သူကို ပြစ်မှားမိတဲ့အခါကျတော့ ပြစ်မှားခံရတဲ့ လူငယ် ဂုဏ်ငယ်သူထံသွားပြီး မာန်မာနနှိမ့်ချတဲ့ အမူအရာ အသံအနေအထားနဲ့ ငါကတော့ သင့်ကို ပြစ်မှားမိတယ်။ ဒီအဖြစ်ကို သည်းခံပါလို့ ဝန်ချတောင်းပန်ရမယ်။ ဒါကို ခမာပန၊ သည်းခံစေခြင်း၊ အစ္စယဒေသနာ အပြစ်ကိုပြောကြား ကုစားခြင်းလို့ ခေါ်တယ်။

ငယ်သူက ကြီးသူကို ပြစ်မှားမိတဲ့အခါကျတော့ အပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ရှေ့မှာ အရိုအသေထိုင်ပြီး တပည့်တော် ကျွန်တော် ကျွန်မ ဒီအပြစ်ကို ပြစ်မှားကျူးလွန်မိတယ်။ ဒီအပြစ်ကို သည်းခံခွင့်လွှတ်ပါဆိုပြီး ရှိခိုးကန်တော့ရတယ်။ ကိုယ်စား ကန်တော့တယ်ဆိုတာကတော့ ပြစ်မှားခံရတဲ့သူဟာ ကန်တော့ခံနိုင်တဲ့ အခြေအနေမရှိဘူး။ သေချင်သေသွားမယ်၊ အဝေးရောက်ချင် ရောက်နေမယ်။ တစ်ခါတလေကျတော့ အမှတ်တမဲ့ ဘယ်သူ့ကို ဘယ်တုန်းက ဘယ်လိုပြစ်မှားမိမှန်း မသိတာလဲရှိတယ်။ အဲဒီလို အခါမျိုးကျတော့ အပြစ်မှားခံရသူရဲ့ ကိုယ်စား ရတနာသုံးပါးကို ကန်တော့ရတယ်။ ဒါကြောင့် သြကာသ ကန်တော့ကြိုးဟာ ဒီလို ကိုယ်စား ကန်တော့တဲ့အခါမှာ ဆိုရတဲ့ ကန်တော့ကြိုး ဖြစ်တယ်။

မေး။ ။ သြကာသမူ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ သြကသဟာ မူအမျိုးမျိုးရှိတယ်။ မူအမျိုးမျိုးဆိုပေမယ့် သြကာသ၊ သြကာသစပြီး … ပထမ၊ ဒုတိယ၊ တတိယ အထိသာ ကွဲလွဲကြတာ များတယ်။ ကျန်တာတွေကတော့ အတူတိူလုပါပဲ၊ ဒီလိုရှေ့ပိုင်းမှာ ကွဲလွဲရတာဟာလဲ ရှေ့မှာ ရေးခဲ့တဲ့အတိုင်း မူလ သြကာသ ကန်တော့ခန်းကို သြကာသ ဘုရားရှိခိုးအဖြစ် ပြောင်းလိုက်တဲ့အတွက် ဖြစ်တယ်။ ဒီတော့ မူလကန်တော့ခန်း သြကာသကို အပြည့်အစုံ ရေးပြမယ်။ နောက်မှ ကာလဒေသအလျောက် ပြင်ဆင်ပြောင်းလဲမှု တွေကိုတော့ ကွဲလွဲတဲ့နေရာအထိပဲ မူကွဲအနေနဲ့ ရေးပြမယ်။ မူကွဲတွေကိုလဲ အားလုံးရေးပြမနေဘဲ အသုံးများရာ မူကွဲလောက်သာ ရေးပြမယ်။

သြကာသ ကန်တော့ခန်း

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် (ကံကို ပြုမှားမိသည်ရှိသော်) ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သောဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

ကန်တော့ခန်းမူကွဲ

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ …

သြကာသ ဘုရားရှိခိုးမူကွဲ

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးတို့ဖြင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ …

ဘုရားရှိခိုးမူကွဲ

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရတည်းဟူသော သုံးပါးသော ဒွါရတို့ဖြင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ …

ကန်တော့ရှိခိုးမူကွဲ

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွဲ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ …

မေး။ ။ သြကာသကန်တော့ခန်းကို စီစဉ်တဲ့ ဆရာတော်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဖြေ။ ။ သြကာသမူကွဲ ငါးမျိုးမှာ ပထမနှစ်မျိုးက ကာလဒေသအလျောက် အဆိုအနည်းငယ် ကွဲပြားပေမယ့် ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်က အတူတူဖြစ်တယ်။ အစမထင် သံသရာကစပြီး အခုဘဝ၊ လွန်ခဲ့တဲ့ အတိတ်ကာလတွေမှာ ရတနာသုံးပါး ဆရာမိဘနဲ့ အပေါင်းအသင်း မိတ်ဆွေသင်္ဂဟအပေါ်မှာ ကိုယ်နဲ့ စိတ်နဲ့ နှုတ်နဲ့ ပြစ်မှားကျူးလွန်မိတဲ့ အပြစ်တစ်စုံတစ်ရာ ရှိကောင်းရှိမယ်။ တကယ်လို့များ ရှိခဲ့ရင် ထိုအပြစ်များ ပပျောက်ဖို့အတွက် ရတနာသုံးပါးကို ရှိခိုးကန်တော့တဲ့ ကန်တော့ကြိုးဖြစ်တယ်။

ဒါနမှု၊ သီလမှု၊ ဘာဝနာမှု တစ်ခုခု လုပ်တယ်ဆိုတာ ကုသိုလ်ရဖို့ ဖြစ်တယ်။ ကုသိုလ်ဆိုတာလဲ လူ နတ် နိဗ္ဗာန် သုံးတန်သောအကျိုးကို ခံစားရဖို့ ဖြစ်တယ်။ ကုသိုလ်ပြုတဲ့လူဟာ ကာယကံ၊ ဝစီကံ၊ မနောကံ အပြစ်တွေကို အခံရှိနေမယ်ဆိုရင် ပြုတဲ့ကုသိုလ်ဟာ အကျိုးမဖြစ်ထွန်းဘူး။ ဒါကြောင့် ကုသိုလ်တစ်ခုခု မပြုခင်မှာ မိမိမှာ ရှိကောင်းရှိနေမှာ ဖြစ်တဲ့ အပြစ်တွေ ကင်းစင်နေဖို့အတွက် ရတနာသုံးပါးကို ကန်တော့ဖို့ ဒီသြကာသ ကန်တော့ကြိုးကို စီစဉ်ထားခြင်း ဖြစ်တယ်။

မေး။ ။ သြကာသ ဘုရားရှိခိုးကို စီစဉ်တဲ့ ဆရာတော်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဖြေ။ ။ ကန်တော့တယ်ဆိုတာက အပြစ်ပျောက်ဖို့ ကန်တော့တာ။ ဒီအပြစ်ကလဲ တကယ်ရှိ မရှိ အတတ်သိရတာ မဟုတ်ဘူး။ အပါးပါးသော ကံဖြင့် ပြစ်မှားမိသည်ရှိသော် ဆိုတာကိုက မသေချာတဲ့ သဘောကို ပြနေတယ်။ ပြစ်မှားမိတဲ့ အပြစ်ရှိရင်တော့ ကန်တော့ရလို့ အပြစ် ပြေပျောက်နိုင်ပေမယ့် ပြစ်မှားမိတဲ့ အပြစ်မရှိရင် ကန်တော့လို့ ဘာအကျိုးမှ ရမှာမဟုတ်ဘူး။ ရတနာသုံးပါးကို ရှိခိုးပူဇော်တာကတော့ မုချ အကျိုးခံစားရမှာ ဖြစ်တယ်။ အကျိုးရမှု မသေချာဘဲ ရော်ရည်မှန်းဆ ကန်တော့တာထက် အကျိုးရမှု သေချာတဲ့ ရှိခိုးပူဇော်တာက ပိုကောင်းတယ်ဆိုပြီး သြကာသ ကန်တော့ကြိုးကို သြကာသ ဘုရားရှိခိုးအဖြစ် ပြောင်းလဲ စီစဉ်လိုက်ပုံရတယ်။

မေး။ ။ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ တည်းဟူသော သုံးပါးသောဒွါရတို့ဖြင့် သြကာသ ဘုရားရှိခိုးကို တီထွင်တဲ့ ဆရာတော်ရဲ့ အာဘော်က ဘယ်လိုလဲ။

ဖြေ။ ။ သြကာသကန်တော့ကြိုးကို သြကာသဘုရားရှိခိုး ပြောင်းခဲ့တဲ့ မူရင်းမှာ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့်လို့ ထွင်ခဲ့ပုံရတယ်။ ယနေ့တိုင် အများစုကလဲ ဒီအတိုင်းပဲ ဆိုနေကြတယ်။ ဒါပေမယ့် ၁၂၁၇-ခုနှစ်လောက်တုန်းက အုတ်ဖိုမြို့ ရွှေဆံတော်စေတီ အရံဥပုသ်ဇရပ်တစ်ခုမှာ ဥပုသ်သည်တစ်စုက ကာယကံ ဝစီကံ မှန်တယ်၊ ကျန်တစ်စုက ကာယဒွါရ ဝစီဒွါရဆိုမှ မှန်တယ်ဆိုပြီး အငြင်းပွားကြတယ်။ ဒကာတစ်စုက အုတ်ဖိုဆရာတော်ကြီးထံ သွားလျှောက်ထားကြတဲ့အခါ ဆရာတော်ကြီးက တိကအင်္ဂုတ္တုရ် ဝန္ဒနာသုတ်ကို ကိုးကားပြီး ဒွါရဖြင့် ရှိခိုးတာ မှန်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒကာအချို့က ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးထံ သွားလျှောက်တဲ့အခါ ကံဖြင့် ရှိခိုးကန်တော့တာ မှန်တယ်လို့ ဆုံးဖြတ်ပေးလိုက်တယ်။ အဲဒီအချိန်ကစပြီး သြကာသဟာ ကာယကံ ဝစီကံနဲ့ တစ်မျိုး၊ ကာယဒွါရ၊ ဝစီဒွါရနဲ့ တစ်မျိုးဆိုပြီး နှစ်မျိုးကွဲခဲ့တယ်။

အဲဒီ ဒွါရကိစ္စမပေါ်မီ အုတ်ဖိုဆရာတော်ကြီးနဲ့ ကျန်သံဃာတော်တစ်စုဟာ တံတားနဲ့ ဆက်ထားတဲ့ ရေသိမ်ကိစ္စနဲ့ ပတ်သက်ပြီး ဂိုဏ်းကွဲနေတယ်။ ဘာဂိုဏ်းရယ်လို့ နာမည်သီးခြား မရှိသေးဘူး။ အုတ်ဖိုဆရာတော်ကြီးက သြကာသ သြကာသ သြကာသ ကာယဒွါရ ဝစီဒွါရ စသဖြင့် ရှိခိုးလို့ ဒွါရဂိုဏ်းလို့ နာမည်တွင်လာပြီး ကျန်သံဃာဂိုဏ်းက ကာယကံ ဝစီကံနဲ့ ရှိခိုးလို့ ကံဂိုဏ်းဆိုပြီး တွင်လာတယ်။ သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်းတွေကလဲ ကာယကံ ဝစီကံပဲ အဆိုများလို့ ဒွါရဂိုဏ်းက ကျန်သံဃာအားလုံးကို ကံဂိုဏ်းလို့ ခေါ်တယ်။ ကံမှန်တယ်၊ ဒွါရမှန်တယ် ဆိုတဲ့ ပြဿနာဟာ မင်းတုန်းမင်းလက်ထက် သုဓမ္မာသံဃာ အစည်းအဝေးကို ရောက်သွားတယ်။ သာသနာပိုင် မောင်းထောင်ဆရာတော်က နှစ်မျိုးလုံး မှန်တယ်လို့ ဆုံးဖြတ်တယ်။ ဒါကြောင့် ကံနဲ့ဖြစ်ဖြစ် ဒွါရနဲ့ဖြစ်ဖြစ် မိမိတို့ကြိုက်ရာ မိမိတို့ရရာ သြကာသနဲ့ ရှိခိုးနိုင်တယ်။

မေး။ ။ သြကာသကို ဘုရားရှိခိုး ကန်တော့ကြိုးဖြစ်အောင် တီထွင်တဲ့ ဆရာတော်ရဲ့ သဘောက ဘယ်လိုလဲ။

ဖြေ။ ။ သြကာသကို ကန်တော့ကြိုးအနေနဲ့ ဆိုပြီး ကန်တော့ရင် အပြစ်ရှိရင် အပြစ်ပျောက်မယ်။ အပြစ်မရှိရင် ဘာမှ မရဘူး။ သြကာသကို ဘုရားရှိခိုးအနေနဲ့ ဆိုပြီး ရှိခိုးပြန်ရင် ရှိခိုးတဲ့ ကုသိုလ်ရမယ်။ ပြစ်မှားမိတဲ့ အပြစ်ရှိရင် မပြေပျောက်ဘူး။

ဒီသြကာသ ကန်တော့ကြိုးနဲ့ ဘုရားရှိခိုး နှစ်မျိုးလုံးဟာ တစ်ဖက်မိ တစ်ဖက်လွတ် ဖြစ်နေတယ်။ အပြစ်လဲပျောက် အကျိုးလဲရအောင်ဆိုပြီး သြကာသကန်တော့ခန်း ဘုရားရှိခိုးကို တီထွင်လိုက်တယ်။ ကာယကံစတဲ့ အပြစ်တွေပျောက်ဖို့ ကန်တော့ပါ၏၊ အသက်ရှည်ခြင်းစတဲ့ အကျိုးတွေရဖို့ ရှိခိုးပူဇော်ပါ၏လို့ ရှိခိုးကန်တော့တယ်။

မေး။ ။ သြကာသအမျိုးမျိုးထဲမှာ ဘယ်မူဟာ ပင်ရင်းဖြစ်မလဲ။

ဖြေ။ ။ သြကာသအမျိုးမျိုးဟာ သူ့နည်းနဲ့ သူတော့ အဓိပ္ပာယ်ရှိတာချည်းပဲ။ ဒါပေမယ့် သြကာသ ကန်တော့ခန်းကတော့ မူရင်းဖြစ်ဖို့ များတယ်။ အထက်အောက် မြန်မာပြည်အနှံ့ ဆိုကြတာလဲ ကန်တော့ကြိုး သြကာသပဲ ဖြစ်ပါတယ်။ မြန်မာတွေထက် ထေရဝါဒ ဗုဒ္ဓဘာသာကို စောပြီး ကိုးကွယ်နေကြတဲ့ မွန်လူမျိုးတွေရဲ့ သြကာသကို ကြည့်ရင်လဲ ဘုရားရှိခိုးမဟုတ်ဘဲ ကန်တော့ခန်းဖြစ်တာ ထင်ရှားပါတယ်။ ဒါန သီလ ဘာဝနာ ကုသိုလ်တစ်ခုခုရဲ့ အဦးအစမှာ ပြုလုပ်တဲ့ သြကာသဟာ သီးခြားကုသိုလ်တစ်ခု ရဖို့ထက် ရမယ့်ကုသိုလ်တွေ အကျိုးပေးထက်သန်အောင် ပြုလုပ်သူမှာ အပြစ်ကင်းစင်နေဖို့ ဆိုတာက ပိုပြီး သဘာဝကျပါတယ်။ ကန်တော့ကြိုး သြကာသဟာ မူရင်းဖြစ်ပုံရပါတယ်။ ဒါကြောင့် မူရင်းဖြစ်ပုံရတဲ့ သြကာသကန်တော့ခန်းကိုပဲ ဆက်လက်ရှင်းပြသွားမယ်။

မေး။ ။ ကိုယ်၊ နှုတ်၊ စိတ်နှလုံးသုံးပါးမှာ တစ်ပါးပါးနဲ့ ပြစ်မှားတဲ့လူဟာ ဝန်ချကန်တော့ခြင်း မပြုရင် ဘာဖြစ်သလဲ။

ဖြေ။ ။ ပုထုဇဉ်သဘာဝ လူလူချင်း ဆက်ဆံကြတဲ့ နေရာမှာ တစ်ဦးကို တစ်ဦးက အပြန်အလှန် ပြစ်မှားမိတတ်ကြတယ်။ မိမိပြစ်မှားမိတဲ့ အပြစ်ကို အပြစ်တစ်ခုအနေနဲ့ မရှုတဲ့လူ၊ အပြစ်ရှိမှန်း သိပေမယ့် ဝန်ချကန်တော့ခြင်း မရှိတဲ့လူကို လူမိုက်ဖြစ်တယ်လို့ အင်္ဂုတ္တိုရ် အစ္စယသုတ်မှာ ဟောထားတယ်။ ရေကြောင့်ဖြစ်တဲ့ နွံကို ရေနဲ့ပဲ ပြန်ဆေးရသလို စိတ်ကြောင့်ဖြစ်တဲ့ ပြစ်မှားမှုကိုလဲ မာန်မာန နှိမ့်ချတဲ့စိတ်နဲ့ပဲ ဝန်ချကန်တော့ရုံနဲ့ ဖြေဖျောက်နိုင်တယ်။

ငွေမကုန် လူမပန်းဘဲ ဝန်ချတောင်းပန်ရုံ လွယ်လွယ်လေးနဲ့ ပပျောက်နိုင်တဲ့ အပြစ်တစ်ခုကို ဂုဏ်သိက္ခာအကျခံပြီး သင်းကို ဘာလို့ ကန်တော့ရမှာလဲ ဆိုတဲ့ မာန်မာနလေးကြောင့် မကန်တော့ဘဲ သံသရာကြွေးအဖြစ်နဲ့ ဘဝသံသရာ အဆက်ဆက် သယ်ဆောင်သွားမယ်ဆိုရင် ဒီထက်မိုက်တဲ့လူဟာ လောကမှာ မရှိတော့ဘူး။

အပြစ်ကို အပြစ်ဟု ရှုတဲ့လူ၊ ထိုအပြစ်ကို ဝန်ချတောင်းပန် ကန်တော့ခြင်းဖြင့် ကုစားတဲ့လူဟာ ပညာရှိ သူတော်ကောင်း ဖြစ်တယ်လို့ တိကအင်္ဂုတ္တုရ် အစ္စယသုတ်မှာပဲ ဆက်ဟောထားတဲ့အတွက် ပုထုဇဉ်သဘာဝ လွန်ကျူးမိတဲ့ ပြစ်မှားမှုတွေကို မာန်မာန နှိပ်ချကန်တော့ခြင်းဖြင့် သံသရာကြွေးကင်းသော ပညာရှိ သူတော်ကောင်းအဖြစ် ခံယူနိုင်ကြပါစေ။

မေး။ ။ ဗုဒ္ဓဘာသာတွေဟာ ရတနာသုံးပါးကို ပြစ်မှားတဲ့လူ မရှိပါဘူး။ ဒါကြောင့် ရတနာသုံးပါးကို ကန်တော့တာဟာ အပိုဖြစ်မနေဘူးလား။

ဖြေ။ ။ အရာရာကို ဝေဖန် ဆန်းစစ်ပြီးမှ လက်ခံတဲ့ခေတ်မှာ ဒီမေးခွန်းကို မကြာခဏ ကြားနေရတယ်။ အမှန်မှာတော့ ရတနာသုံးပါးကို ပြစ်မှားမိလို့ ကန်တော့တာ မဟုတ်ဘူး။ အိမ်ထောင်စုတစ်ခုအတွင်း၊ အလုပ်ဌာန၊ ကျောင်းတွေနဲ့ ရပ်ကွက်မြို့ရွာ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းမှာ သိသိထင်ထင်ဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် ပြစ်မှားကျူးလွန်မှုတွေကို ပြုလုပ်မိတတ်ကြပါတယ်။ အဲဒီသားသမီးနဲ့ မိဘဆရာနဲ့ တပည့် ညီအစ်ကို မောင်နှမ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပြစ်မှားမိတဲ့ အပြစ်တွေပျောက်ဖို့ ပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ကိုယ်စား ဗုဒ္ဓဘာသာရဲ့ အမြတ်ဆုံး အလေးစားအပ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးကို ကန်တော့ရခြင်း ဖြစ်တယ်။ ဒါကြောင့် ရတနာသုံးပါးကို မပြစ်မှားပေမယ့် ကန်တော့တာဟာ အပိုမဟုတ်ပါဘူး။ ပြစ်မှားမခံရတဲ့လူ မရှိတော့တဲ့အခါ၊ ဘယ်တုန်းက ဘယ်သူ့ကို ပြစ်မှားမိတယ်လို့ မသိတဲ့အခါ၊ လေးစားအပ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက် ဒါမှမဟုတ် ရတနာသုံးပါးကို ကန်တော့ရမယ်လို့ ရှေ့မှာလဲ ညွှန်ကြားဖော်ပြ ထားခဲ့ပါပြီ။ ဒါကြောင့် ရတနာသုံးပါးကို ကန်တော့တာဟာ မမှားပါဘူး။

မေး။ ။ ကန်တော့ခန်းအစ သြကာသ သြကာသဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ သြကာသဆိုတဲ့ စကားလုံးဟာ ပါဠိစကားလုံးဖြစ်တယ်။ ဒီသြကာသပုဒ်ဟာ အဓိပ္ပာယ်အမျိုးမျိုး ဖြစ်နိုင်ပေမယ့် ဒီနေရာမှာတော့ အခွင့်လို့ အဓိပ္ပာယ်ရှိတယ်။ ပါဠိကျမ်းဂန်တွေမှာ တစ်စုံတစ်ရာ လျှောက်ထားမေးမြန်းချင်တဲ့အခါ “သြကာသံကရောဟိ” “အခွင့်ပြုတော်မူပါဘုရား” “သြကာသံဒေဟိ” “အခွင့်ပေးတော်မူပါဘုရား”လို့ ခွင့်ပန်ပြီးမှ မေးလျှောက်လေ့ရှီတယ်။ အဲဒီပါဠိတော် အစဉ်အလာကို မှီငြမ်းပြုပြီး “ကရောဟိ” “ဒေဟိ” ဆိုတဲ့ ကြိယာကို ဖြုတ်ပြီး သြကာသ သြကာသ သြကာသ ရှိခိုးကန်တော့ပါရစေဘုရား။ ရှိခိုး ကန်တော့ပါရစေဘုရား၊ ရှိခိုးကန်တော့ပါရစေဘုရားလို့ ကန်တော့ ခွင့်တောင်းခြင်းဖြစ်တယ်။ နှစ်ကြိမ် သုံးကြိမ် ဆိုတာကတော့ ရိုသေလေးစားမှုကို ပြဖို့အတွက် ဖြစ်ပါတယ်။ ပိဋကတ်ပါဠိ ယဉ်ကျေးမှုကိုယူပြီး သီဟိုဠ်သားတွေကလဲ “အဝကသ်”လို့ ခွင့်တောင်းကြပြီး မွန်လူမျိုးတွေကလဲ “သြက္ကာဆ-သြက္ကာဆ”လို့ ခွင့်တောင်းကြတယ်။ ဒီသြကာသဆိုတဲ့ စကားလုံးလေးဟာ ပါဠိဘာသာက ဆင်းသက်လာတဲ့ သီဟိုဠ်၊ မွန်၊ မြန်မာယဉ်ကျေးမှု စကားလုံးဖြစ်တယ်လို့ မှတ်သားရမယ်။

မေး။ ။ ရတနာသုံးပါးကို ရှိခိုးကန်တော့တာဟာ ခွင့်တောင်းဖို့ လိုသေးသလား။

ဖြေ။ ။ လိုပါတယ်။ ကန်တော့တယ်ဆိုတာက ကိုယ်ကပြစ်မှားမိလို့ ကိုယ့်အပေါ်မှာ ကျရောက်နေတဲ့ အပြစ်တွေကို ပပျောက်ဖို့ ဝန်ချကန်တော့ခြင်း ဖြစ်တယ်။ ဒါကြောင့် ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က ကျေနပ်ခွင့်လွွှတ် သည်းခံချင်အောင် ကန်တော့ခွင့်တောင်းရခြင်း ဖြစ်တယ်။

ဒီသြကာသ သြကာသ ကန်တော့ပါရစေ၊ ကန်တော့ခွင့်ပြပါဆိုတဲ့ ခွင့်တောင်းခြင်းကို ရှေ့ဆုံးကထားတာကို ထောက်ပြီး ဒီသြကာသ ဆိုရိုးဟာ ကန်တော့ခန်းဖြစ်တယ်။ ဘုရားရှိခိုးရိုးရိုး မဟုတ်ဘူးလို့ ရှေ့မှာဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အကယ်၍သာ ရတနာသုံးပါးကို ရိုသေလေးစားလို့ ရှိခိုးသက်သက်ဆိုရင် သြကာသ နိဒါန်းပျိုးပြီး ကန်တော့ခွင့်တောင်းစရာ မလိုဘူး။ အခုတော့ ကန်တော့ခန်းဖြစ်တဲ့အတွက် သြကာသ၊ သြကာသ၊ သြကာသလို့ ကန်တော့ခွင့်တောင်းနေရခြင်း ဖြစ်တယ်။ ပိဋကတွေထဲမှာလဲ ခွင့်တောင်းပြီးတော့မှ ရှိခိုးတာ မတွေ့ရပါဘူး။ ဒါကြောင့် မူလ သြကာသဟာ ကန်တော့ခန်းလို့ မှတ်ယူကြရပါမယ်။

မေး။ ။ သြကာသမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာက ဘာလဲ။

ဖြေ။ ။ သြကာသ မူကွဲငါးမျိုးမှာ ရှေ့နှစ်မျိုးက ကန်တော့ခန်း၊ အလယ်နှစ်မျိုးကတော့ ဘုရားရှိခိုး၊ နောက်ဆုံးက ရှိခိုးကန်တော့ကြိုးဆိုပြီး သုံးမျိုးကွဲနေတာကို ပြောခဲ့ပြီ။ ကန်တော့ခန်းမှာပါတဲ့ ကာယကံ စသည်နဲ့ ဘုရားရှိခိုးမှာပါတဲ့ ကာယကံစသည်ဟာ မတူဘူး။ ကန်တော့ခန်းမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတာက ပြစ်မှားကျူးလွန်မှု စေတနာကြောင့်ဖြစ်တဲ့ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှား ကျူးလွန်မှု အကုသိုလ် ဒုစရိုက်တွေ ဖြစ်တယ်။ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှားကျူးလွန်မိတဲ့ အပြစ်တွေပျောက်အောင် ရတနာသုံးပါးကို ကန်တော့ပါလို့ ဆိုလိုတယ်။ သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ တွေကတော့ ဒူးပုဆစ်တုပ်ကာ လက်အုပ်ချီဝပ်ချပြီး ကိုယ်ကာယဖြင့် ရှိခိုးခြင်း၊ အစိန္တေယျ၊ အပ္ပမေယျ စသည် ရွတ်ဆိုကာ နှုတ်ဖြင့်ရှိခိုးခြင်း၊ အရဟံစတဲ့ ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့ နှလုံးသွင်းကာ စိတ်နဲ့ ရှိခိုးခြင်းဆိုတဲ့ ကုသိုလ်စေတနာတွေ ဖြစ်ပါတယ်။ ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ ရတနာသုံးပါးကို ရှိခိုးပါတယ်လို့ ဆိုလိုပါတယ်။

မေး။ ။ ကန်တော့ခန်းမှာပါတဲ့ ကာယကံဆိုတာ ဘာလဲ။

ဖြေ။ ။ ကာယကံဆိုတာက ကာယသမ္မဆိုတဲ့ ပါဠိဘာသာက ဆင်းသက်လာတဲ့ စကားလုံးပဲ။ ကိုယ်ထိလက်ရောက် ပြုလုပ်မှုလို့ အဓိပ္ပာယ်ရတယ်။ (၁) သူတစ်ပါး အသက်ကို ကိုယ်ထိလက်ရောက် သတ်ခြင်း။ (၂) သူ့ဥစ္စာကို ခိုးခြင်း။ (၃) သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ခြင်း သုံးပါးကို ကာယကံ (၃)ပါး ကာယဒုစရိုက်သုံးပါးလို့ ခေါ်တယ်။ မိဘလူကြီး ဆရာသမားတွေကို မရိုမသေ ကိုယ်ထိလက်ရောက် ပြုမူခြင်း၊ မိဘစသည်တို့အပေါ် ကျော်လွှားခြင်း၊ ကျော်လွှား၍ ပစ္စည်းများ ပေးယူခြင်း၊ ခြေဆောင့်နင်းခြင်း၊ လက်သီး တုတ် ဓား စသည်ဖြင့် ခြိမ်းခြောက်ခြင်း၊ ထိုးခုတ်ရိုက်နှက်ခြင်း စတဲ့ အပြုအမူတွေဟာ ကာယကံအပြစ်တွေ ဖြစ်တယ်။

မေး။ ။ ကန်တော့ခန်းမှာပါတဲ့ ဝစီကံဆိုတာ ဘာလဲ။

ဖြေ။ ။ ဝစီကံဆိုတာ ဝစီကမ္မဆိုတဲ့ ပါဠိစကားက ဆင်းသက်တဲ့ စကားဖြစ်တယ်။ နှုတ်ဖြင့်ပြောဆိုမှုလို့ အဓိပ္ပာယ်ရတယ်။ ဝစီကံက လေးပါးရှိတယ်။ (၁) မုသာဝါဒါ လိမ်ပြောခြင်း၊ (၂) ပိသုဏဝါစာ ကုန်းတိုက်ပြောဆိုခြင်း၊ (၃) ဖရုသဝါစာ ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းပြပြ ပြောဆိုခြင်း၊ (၄) သမ္ဖမ္ပလာပဝါစာ အကျိုးမရှိသောစကားကို ပြောဆိုခြင်းဆိုပြီး လေးပါးရှိတယ်။ တစ်ဖက်သား အကျိုးထိခိုက် ပျက်ပြားအောင်၊ စိတ်မချမ်းသာအောင် ဆဲရေးခြိမ်းခြောက် ပြစ်တင်ကဲ့ရဲ့ခြင်း၊ ဆရာမိဘတွေကို ပြန်ပြောခြင်း၊ အော်ခြင်း၊ ငေါက်ခြင်း စတဲ့ အပြစ်တွေဟာ ဝစီကံအပြစ်တွေ ဖြစ်တယ်။

မေး။ ။ ကန်တော့ခန်းမှာပါတဲ့ မနောကံဆိုတာ ဘာလဲ။

ဖြေ။ ။ မနောကံဆိုတာ စိတ်ဖြင့်ပြစ်မှားခြင်း ဖြစ်တယ်။ မနောကံ (၃)မျိုးရှိတယ်။

(၁) အဘိဇ္ဈာ - သူတစ်ပါးစည်းစိမ်ကို မတရားကြံစည်မှု။

(၂) ဗျာပါဒ - သူတစ်ပါးကို စိတ်ဖြင့်ပြစ်မှားမှု

(၃) မိစ္ဆာဒိဋ္ဌိ - ကံ ကံ၏ အကျိုးကို မယုံကြည်မှု-

ဆိုပြီး သုံးမျိုးရှိတယ်။ အကျဉ်းချုပ်အားဖြင့်တော့ လူတစ်ဖက်သား အကျိုးယုတ်စေဖို့ ကြံစည်တွေးတောမှု မှန်သမျှဟာ မနောကံဖြစ်တယ်။ ဆရာသမား မိဘတွေက ဆုံးမပြောဆိုတဲ့အခါ ခိုင်းစေတဲ့အခါ စိတ်ထဲမှာ မကျေနပ်မှု (မကြည်မှု) တွေဟာ မနောကံအပြစ်တွေ ဖြစ်တယ်။ ကာယကံ၊ ဝစီကံ မဖြစ်အောင် သတိထား စောင့်ထိန်းလို့ ရပေမယ့် မနောကံမဖြစ်အောင် ထိန်းဖို့ကတော့ မလွယ်ဘူး၊ စိတ်သဘောထား ရင့်ကျက်ဖို့ လိုတယ်။

မေး။ ။ သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာ ဘာလဲ။

ဖြေ။ ။ သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာက ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ရိုသေလေးစားသောအားဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုဖြင့် လက်အုပ်ချီခြင်း၊ ဦးညွှတ် အရိုအသေပြုခြင်း၊ ဦးချရှိခိုးခြင်းဟာ ကာယကံ၊ အစိန္တေယျ သြကာသ စသည်ကို နှုတ်မှဆိုခြင်းဟာ ဝစီကံ၊ စိတ်မှကြည်ညိုလေးစား ဂုဏ်တော်တွေကို ဆင်ခြင် အောက်မေ့နေတာဟာ မနောကံ ဖြစ်တယ်။ ကိုယ်နှုတ် စိတ်သုံးပါးဖြင့် ရတနာသုံးပါးကို ရိုသေစွာ ရှိခိုးရတာ့ ကုသိုလ်စေတနာကို ကာယကံ၊ ဝစီကံ၊ မနောကံလို့ခေါ်တယ်။

မေး။ ။ လက်အုပ်မိုး၍ဆိုတာ ဘယ်လိုဟာလဲ။

ဖြေ။ ။ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရားလို့ တစ်ဆက်တည်း ဆိုသွားတဲ့အတွက် ရှိခိုးခြင်းလုပ်ငန်း တစ်ခုတည်းလို့ ထင်ရတယ်။ အမှန်မှာတော့ လက်အုပ်မိုးတာက တစ်ခု၊ ရှိခိုးတာက တစ်ခု၊ ပူဇော်တာက တစ်ခု၊ ဖူးမြော်တာက တစ်ခု၊ မာန်လျှော့တာတစ်ခု တစ်မျိုးစီဖြစ်တယ်။ ဒါကြောင့် တစ်မျိုးစီခွဲ၍ ရှင်းပြမယ်။

လက်အုပ်မိုးတယ်၊ လက်အုပ်ချီတယ်ဆိုတာက ရိုသေလေးစားမှုကို ပြခြင်းတစ်မျိုး ဖြစ်တယ်။ လက်နှစ်ဖက်ကို ကြာဖူး ကြာငုံသဏ္ဍာန် အုပ်ပြီး နဖူးအထက် ခေါင်းအထက်ကို မြှောက်ထားခြင်းဖြစ်တယ်။ အဲဒီလို လက်နှစ်ဖက်ကို ကြာဖူး ကြာငုံသဏ္ဍာန်အုပ်ပြီး နဖူးအထက် ခေါင်းအထက်ကို မြှောက်ထားခြင်း ဖြစ်တယ်။ အဲဒီလို လက်နှစ်ဖက်ကို နဖူးအထက် ခေါင်းအထက်ကိုရောက်အောင် မြှောက်ပင့်ချီမ ထားရလို့ လက်အုပ်မိုးတယ်၊ လက်အုပ်ချီတယ်လို့ ခေါ်ရတယ်။ ရိုသေလေးစားရမယ့် ဘုရားဆင်းတု၊ စေတီပုထိုး၊ ရဟန်းသံဃာတွေကို မြင်တဲ့အခါ ပုဆစ်ဒူးတုပ်ပြီး ရှိခိုးလို့ရအောင် အခြေအနေက မပေးဘူးဆိုရင် ဥပမာ လမ်းမှာ ရဟန်းသံဃာတွေနဲ့ တွေ့တဲ့အခါ အဝေးမှာ စေတီကို လှမ်းမြင်တဲ့အခါ၊ ကားပေါ်၊ ရထားပေါ်၊ လှည်းပေါ်က ဘုရား သို့မဟုတ် သံဃာတော်ကို လှမ်းမြင်တဲ့အခါ လက်အုပ်ချီပြီးတော့ အရိုအသေပြုရတယ်။ ရှိခိုးတဲ့အခါ လက်အုပ်ချီမှု ပါပေမယ့် လက်အုပ်ချီတဲ့အခါမှာတော့ ရှိခိုးမှုမပါဘူး။

မေး။ ။ ရှိခိုးတယ်ဆိုတာ ဘာလဲ။ ရှိခိုးခြင်း ဘယ်နှစ်မျိုး ရှိသလဲ။

ဖြေ။ ။ ရတနာသုံးပါးကို ရှိခိုးချင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ကုသိုလ်စေတနာကို ရှိခိုးတယ်လို့ ခေါ်တယ်။ အဲဒီစေတနာ ဖြစ်ပေါ်လာတဲ့အခါမှာ ကိုယ်ထိလက်ရောက် ရှိခိုးခြင်း၊ နှုတ်ဖြင့် ရွတ်ဆိုရှိခိုးခြင်း၊ စိတ်ထဲမှာ ဂုဏ်တော်တွေကို အောက်မေ့ကာ စိတ်ထဲမှာ ရှိခိုးခြင်းဆိုပြီး ရှိခိုးခြင်း သုံးမျိုးရှိတယ်။

မေး။ ။ ဘယ်လိုရှိခိုးတာကို ကာယကံနဲ့ ရှိခိုးတယ်လို့ ခေါ်ပါသလဲ။

ဖြေ။ ။ ယောက်ျားဆိုရင် ဆောင့်ကြောင့်ထိုင်ပြီး၊ မိန်းမဆိုရင် ပုဆစ်တုပ် ကျုံ့ကျံ့ထိုင်ပြီး လက်နှစ်ဖက်ကို ကြာဖူးသဏ္ဍာန်အုပ်ပြီး နဖူးပေါ်တင်ကာ လက်အုပ်ချီထားရမယ်။ ယောက်ျားဆိုရင် ပထမဆုံး ကြမ်းပေါ် (မြေကြီးပေါ်မှာ) ဒူးတုပ်လိုက်ရမယ်။ ပြီးမှ လက်နှစ်ဖက်ကို ကြမ်းပြင် (မြေကြီး)ပေါ် ချလိုက်ရမယ်။ ပြီးမှ နဖူးကို ကြမ်းပြင် (မြေပြင်)မှာ ထိပြီး ဝပ်လိုက်ရမယ်။ အခုလို ဒူးနှစ်ဖက် လက်နှစ်ဖက်နဲ့ နဖူးဆိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းငါးမျိုး ကြမ်းပြင်ပေါ် (မြေကြီးပေါ်မှာ) တည်ရှိနေအောင် ရှိခိုးမှ အရိုသေဆုံး ရှိခိုးရာရောက်တယ်။ ဒီလိုရှိခိုးတာကို “ပဉ္စ ပတိဋ္ဌိတ ဝန္ဒနာ” ထိခြင်းငါးပါးနဲ့ ရှိခိုးတယ်လို့ ခေါ်တယ်။ ဒူး တံတောင်ဆစ်နှစ်ဖက်နဲ့ ကြမ်းပြင်ပေါ် မကျဘဲ ပြားပြားဝပ် မရှိဘဲ လက်နှစ်ဖက်နဲ့ ကြမ်းပြင်ကို ပုဆိန်ပေါက်သလို ရှိခိုးတာမျိုးကိုတော့ ပုဆိန်ပေါက် ရှိခိုးတယ်လို့ ခေါ်တယ်။ ရှိခိုးချင်လို့ ရှိခိုးရင်တော့ ထိခြင်းငါးပါးနဲ့ ရှိခိုးပါ။ ရှိမခိုးချင်ရင် ရှိခိုးလို့ဖြစ်လောက်အောင် အခြေအနေမပေးရင် လက်အုပ်ချီ အရိုအသေပြုလိုက်ပါ။ ဝတ်ကျေတန်းကျေ ပုဆိန်ပေါက်တော့ ရှိမခိုးကြပါနဲ့၊ အဲဒီလို ထိခြင်းငါးပါးနဲ့ ရှိခိုးတာကို ကာယဝန္ဒနာ = ကိုယ်ထိလက်ရောက် ကာယကံမြောက် ရှိခိုးခြင်းလို့ ခေါ်တယ်။

မေး။ ။ ဘယ်လိုရှိခိုးတာကို ဝစီကန္ဒနာ = နှုတ်နဲ့ ရှိခိုးတယ်လို့ ခေါ်သလဲ။

ဖြေ။ ။ ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့ စေတနာနဲ့ ဣတိပိသော ဘဂဝါစတဲ့ ဘုရားဂုဏ်တော်၊ သွာက္ခတော ဘဂဝတော ဓမ္မော စတဲ့ တရားဂုဏ်တော်တွေ၊ သုပ္ပဋိပ္ပန္နော ဘဂဝတော သာဝကသံဃောစတဲ့ သံဃာ့ဂုဏ်တော်တွေနဲ့ အခြားဂုဏ်တော်တွေ ဖော်ကျူးတဲ့ ဘုရားရှိခိုးတွေကို ရွတ်ဆိုသီကျူးမှုကို ဝစီဝန္ဒနာ = နှုတ်နဲ့ ရှိခိုးတယ်လို့ ခေါ်တယ်။ ဗုဒ္ဓဘာသာ မြန်မာတွေဟာ နှုတ်နဲ့ရှိခိုးမှု သက်သက်ကို ပြုလုပ်သူ မရှိဘူး။ ဂုဏ်တော် ဘုရားရှိခိုးတွေ မဆိုခင်နဲ့ ဆိုပြီးမှာ ကာယကံရှိခိုးမှုကိုပါ ပူးတွဲ လုပ်ကြတာချည်းပါပဲ။

ဝပ်ချဦးတိုက်မှု မပါဘဲ သွားလာရင်း စားပွဲမှာထိုင်ရင်း ဘုရားဂုဏ်တော်တွေ ရွတ်ဆိုပြီး ဝစီဝန္ဒနာ သက်သက်နဲ့ ရှိခိုးလို့ ရပါတယ်။

မေး။ ။ ဘယ်လိုရှိခိုးတာကို စိတ်နဲ့ ရှိခိုးတယ်လို့ခေါ်သလဲ။

ဖြေ။ ။ ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့ စေတနာရှိပေမယ့် ကိုယ်ထိလက်ရောက် ထိခြင်းငါးပါးနဲ့လဲ ရှိမခိုးဘူး။ ဂုဏ်တော်တွေကို နှုတ်နဲ့ ရွတ်ဆို ရှိခိုးခြင်းလဲ မလုပ်ဘူး။ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို စိတ်အာရုံထဲမှာ အဖန်တလဲလဲ အောက်မေ့ကြည်ညိုနေတယ်။ ဒီလိုစိတ်ထဲမှာ ကြည်ညိုနေတာကို မနောဝန္ဒနာ = စိတ်နဲ့ရှိခိုးတယ်လို့ ခေါ်တယ်။

မေး။ ။ ပူဇော်တယ်ဆိုတာ ဘာလဲ၊ ပူဇော်ခြင်း ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ ပူဇော်တယ်ဆိုတာက မိမိရိုသေလေးမြတ်တဲ့ ရတနာသုံးပါး ဆရာသမားတွေကို ပစ္စည်းဝတ္ထု တစ်ခုခုနဲ့ လှူဒါန်းအရိုအသေပြုတာ တရားတော်အတိုင်း ကျင့်တာကို ပူဇော်တယ်လို့ ခေါ်တယ်။

ပူဇော်မှုဟာ …

(၁) ပစ္စည်းဝတ္ထုနဲ့ ပူဇော်ခြင်း အာမိသပူဇာနဲ့

(၂) တရားတော်နဲ့ ပူဇော်ခြင်း ဓမ္မပူဇာ

ဆိုပြီး နှစ်မျိုးရှိတယ်။

ပန်း၊ ဆီမီး၊ အမွှေးတိုင်၊ ဆွမ်း၊ သင်္ကန်းတစ်ခုခု လှူဒါန်းပူဇော်တာ အာမိသပူဇာ - ပစ္စည်းဝတ္ထုနဲ့ ပူဇော်တယ်လို့ ခေါ်တယ်။

တရားနဲ့ပူဇော်ခြင်းဆိုတာက မြတ်စွာဘုရားဟောထားခဲ့တဲ့ တရားတော်တွေအတိုင်း လက်တွေ့ ကျင့်ကြံအားထုတ်တာကို မြတ်စွာဘုရားကို တရားနဲ့ ပူဇော်တယ်လို့ ခေါ်တယ်။ မိဘဆရာသမားတွေ ပြောစကားကို နားထောင်ပြီး ဆိုဆုံမတဲ့အတိုင်း လိုက်နာကျင့်သုံး ကျင့်ကြံတာ။ မိဘဆရာသမားတွေကို စိတ်ချမ်းသာအောင် လုပ်ကိုင်ဆောင်ရွက်တာကိုလဲ မိဘဆရာသမားတွေကို တရားနဲ့ပူဇော်တယ်လို့ မှတ်သားနိုင်တယ်။

မေး။ ။ ပူဇော်ခြင်းနှစ်ပါးမှာ ဘယ်ပူဇော်ခြင်းက မြတ်ပါသလဲ။

ဖြေ။ ။ ပူဇော်ခြင်းနှစ်ပါးမှာ ပစ္စည်းနဲ့ ပူဇော်တာဟာလဲ မွန်မြတ်တဲ့ ကုသိုလ်လုပ်ငန်းရပ် ဖြစ်ပါတယ်။ ဒါပေမယ့် ပစ္စည်းနဲ့ ပူဇော်တာထက် တရားနဲ့ ပူဇော်တာက ပိုပြီးမြတ်တယ်လို့ ပရိနိဗ္ဗာန်စံလုဆဲမှာ ဘုရားရှင်ကိုယ်တိုင်က အရှင်အာနန္ဒာကို ဟောခဲ့တယ်။

မြတ်စွာဘုရားကို ကုသိန္နာရုံ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံလုဆဲ လဲလျောင်းနေစဉ် နောက်ဆုံးပူဇော်ခြင်းအနေနဲ့ ဗြဟ္မာမင်း ပုဏ္ဏား သူဌေးသူကြွယ်တွေဟာ ပန်းနံ့သာစတဲ့ ပစ္စည်းနဲ့ အစွမ်းကုန် ပူဇော်ကြတယ်။

အဲဒီအခါမှာ မြတ်စွာဘုရားက ညီတော်အာနန္ဒာ၊ ယခု လူ နတ် ဗြဟ္မာတွေဟာ ငါဘုရားကို အမျိုးမျိုး ပူဇော်ပသနေကြတယ်။ ဤသို့ ပူဇော်ခြင်းဖြင့် ငါဘုရားကို မြတ်နိုးသည်၊ ပူဇော်ချီးမြှင့်သည်၊ ဆည်းကပ်သည် မမည်သေး။ ငါဘုရား ဟောတော်မူအပ်တဲ့ တရားတည်းဟူသော အဆုံးအမကို လိုက်နာကျင့်ကြံလျက်နေသော သူသည်သာလျှင် ငါဘုရားကို ရိုသေမြတ်နိုးစွာ ပူဇော်သည် မည်ပေ၏လို့ ဟောတော်မူခဲ့တယ်။ ဒါကြောင့် အစဉ်အလာ ပူဇော်ခဲ့တဲ့ အာမိသပူဇာကိုလဲ ပူဇော်ကြပါ။ ဘုရားအကြိုက်ဆုံး ဓမ္မပူဇာဖြင့် ပူဇော်နိုင်အောင်လဲ သတိပြုကြပါ။

မေး။ ။ ဗုဒ္ဓဘာသာတွေ နေ့စဉ်ပြုလုပ်နိုင်တဲ့ ဓမ္မပူဇာလုပ်ငန်းတွေဟာ ဘာလဲ။

ဖြေ။ ။ ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာ့ဂုဏ်တော် ၉-ပါးကို ရွတ်ဆိုပြီး ဘုရားရှိခိုးတာ၊ ဂုဏ်တော်ပုတီးစိပ်တာ၊ အလုပ်ခွင်ထဲမှာ ရတနာသုံးပါးရဲ့ ဂုဏ်တွေကို စိတ်ထဲမှာ အောက်မေ့ပွားများနေတာ၊ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိဆိုတဲ့ အနုဿတိသုံးပါးဖြစ်တယ်။ သတ္တဝါတွေကို မေတ္တာပို့ခြင်း၊ ဆင်းရဲဒုက္ခရောက်နေသူကို ကိုယ်ချင်းစာ သနားခြင်း၊ ချမ်းသာနေသူတွေကို တွေ့မြင်ရလို့ ဝမ်းမြောက်ကြည်နူးခြင်းဟာ ဗြဟ္မစိုရ်တရား (၃)ပါး ဖြစ်တယ်။ ဒီအနုဿတိသုံးပါးနဲ့ ဗြဟ္မစိုရ်တရား (၃)ပါးဟာ သမထကမ္မဋ္ဌာန်း ၄၀ ထဲမှာ ပုဂ္ဂိုလ်မရွေး၊ နေရာမရွေး၊ အချိန်မရွေး ပွားများနိုင်တဲ့ ဓမ္မပူဇာလုပ်ငန်းတွေ ဖြစ်ပါတယ်။

မေး။ ။ ဖူးမြော်တယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ မြော်တယ်ဆိုတာက မြော်ကြည့်တယ်၊ ရှုမျှော်ခင်းဆိုတဲ့ စကားက မြော်နဲ့အတူတူ ကြည့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဖူးတယ်ဆိုတာက လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကြည့်ရှုတာပဲ ဖြစ်တယ်။ ဘုရားသွားဖူးတယ်။ ဝေဘူဆရာတော် သွားဖူးတယ်ဆိုတဲ့ ဝေါဟာရကို ထောက်ပါ။ ဒါကြောင့် ဖူးနဲ့မြော်နဲ့ ပေါင်းလိုက်တော့ ရိုသေလေးစားထိုက်တဲ့ ဘုရားပုထိုးနဲ့ ဆရာတော် သံဃာတော်တွေကို သွားရောက်တွေ့ဆုံ ကြည့်ရှုတယ်လို့ အဓိပ္ပာယ်ရတယ်။

မေး။ ။ မာန်လျှော့ ကန်တော့တယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ကန်တော့တယ်ဆိုတာက ဝန်ချကန်တော့ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းဆိုပြီး နှစ်မျိုးရှိတယ်။ ကိုယ်၊ နှုတ်၊ စိတ်၊ တစ်ပါးပါးနဲ့ ပြစ်မှား ကျူးလွန်မိတဲ့ အပြစ်တွေကို ကြေရာကြေကြောင်း ဝန်ချတောင်းပန် ကန်တော့ရာမှာ မာန်မာနထောင်လွှား မောက်မာမှုမရှိမှ ဝန်ချတောင်းပန် ကန်တော့လို့ရတယ်။ တချို့ ကိုယ်ကမှားမှန်းသိပေမယ့် မာန်မလျှော့နိုင်လို့ သေတပန်သက်တဆုံး ဝန်ချမသွားခဲ့တာတွေလဲ ရှိတယ်။ ရှိခိုးကန်တော့ရာမှာလဲ မိမိရဲ့ ခန္ဓာကိုယ်မှာ အထွတ်မြတ်ဆုံးဖြစ်တဲ့ ဦးခေါင်းနဖူးကို ကြမ်းပြင် မြေပြင်နဲ့ထိပြီး ရှိခိုးဦးချတယ် ဆိုတာက မာန်မာန လျှော့ချထားနိုင်လို့သာ ဖြစ်တယ်။ ဒီနေရာမှာ မာန်မာနကို လျှော့ချချိုးနှိမ်ပြီး ဝန်ချတောင်းပန် ကန်တော့ပါ၏၊ ရှိခိုးဦးချ ကန်တော့ပါ၏လို့ ဆိုလိုတယ်။

+++++++++++++++++++++++++++++

သြကာသ ဆုတောင်းခန်း

အခန်း-၆

မေး။ ။ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်က စပြီး ရပါလို၏ အရှင်ဘုရားအထိဟာ ဆုတောင်းတာဖြစ်တယ်လို့ ဆိုတယ်။ အပါယ်လေးပါးမှ လွတ်ဖို့ နိဗ္ဗာန်ရောက်ဖို့ ဆုတောင်းလို့ ရပါသလား။

ဖြေ။ ။ အပါယ်လေးပါးဆိုတဲ့ မကောင်းတဲ့ဘုံဘဝ အဖြစ်ဆိုးတွေမှ လွတ်မြောက်ဖို့နဲ့ ကောင်းမြတ်တဲ့ နိဗ္ဗာန်ကိုရဖို့ ဆုတောင်းရုံသက်သက်နဲ့ မရပါဘူး။ အပါယ်လေးပါးစတဲ့ မကောင်းတဲ့ ဘုံဘဝအဖြစ်ဆိုးတွေကို ရောက်စေ ဖြစ်စေမယ့် အပြုအမူ အကြံအစည်တွေကို မပြု မပြော မကြံစည်မိအောင် ရှောင်ကြဉ် စောင့်ထိန်းခြင်းဖြင့် အပါယ်စတဲ့ မကောင်းတဲ့ ဘုံဘဝဌာနတွေက လွတ်မြောက်နိုင်ပါတယ်။

နိဗ္ဗာန်စတဲ့ ကောင်းမြတ်တဲ့အရာကို ရဖို့ဟာလဲ ဆုတောင်းလို့မရဘူး။ နိဗ္ဗာန်ရောက်စေနိုင်တဲ့ သီလ၊ သမာဓိ၊ ပညာ စခန်းသုံးဆင့်ကို လက်တွေ့ ကျင့်ကြံ အားထုတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင် ရောက်နိုင်တယ်။

ဗုဒ္ဓဘာသာဘုရားဟာ လူသားတွေအတွက် လမ်းမှန်ကိုသာ ညွှန်ပြတယ်။ အပါယ်ဆင်းရဲရောက်မယ့် လူကိုလဲ ကိုယ်တိုင် မကယ်နိုင်ဘဲ လူ့ပြည်၊ ဗြဟ္မာ့ပြည် နတ်ပြည် ရောက်အောင်ကိုလဲ မပို့ဆောင်နိုင်ဘူး။ ဆင်းရဲဒုက္ခတွေက လွတ်ကင်းပြီး ချမ်းသာသုခကို ခံစားနိုင်ဖို့အတွက် လူသားဟာ သူကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ကြိုးစားအားထုတ် ကျင့်ကြံယူရမယ်။

မေး။ ။ ဘုရားရှင်ဟာ လူသားတွေအတွက် ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘူးဆိုရင် ဘာအတွက် ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်နေကြပါသလဲ၊ ကိုးကွယ်ဆည်းကပ်ဖို့ လိုပါသေးသလား။

ဖြေ။ ။ ဘုရားရှင်ဟာ လူသားတွေအတွက် တစ်စုံတစ်ရာ မလုပ်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် ဘုရားရှင်ပွင့်တော်မူသည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ။ ဒီကာလအတွင်း လူသားတွေဟာ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်ခဲ့ကြပါတယ်။ ယနေ့တိုင်လဲ ကမ္ဘာအနှံ့ လူသားတွေဟာ ရှိခိုးပူဇော်နေကြပါတယ်။ ဘုရားရှင်ကို ဘာကြောင့် ရှိခိုးပူဇော်နေကြသလဲလို့ မေးရင်တော့ တိတိကျကျ ဖြေဆိုနိုင်တဲ့ ဗုဒ္ဓဘာသာဦးရေဟာ အတော်နည်းပါတယ်။

ဘုရားရှင်ဟာ လူသားတွေအတွက် ဆင်းရဲတွင်းက လွတ်အောင် မကယ်တင်နိုင်ဘူး။ ချမ်းသာသုခ ရအောင်လဲ မပို့ဆောင်ပေဘူး။ လူသားဟာ ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ဆင်းရဲလွတ်အောင် ချမ်းသာတဲ့ သုခဘုံကိုရအောင် ကြိုးစားအားထုတ် ရုန်းကန်ရတယ်။ ဒီလို ကြိုးစား ရုန်းကန်နေတဲ့ နေရာမှာ ဆင်ကန်းတောတိုး ကြိုးစားရုန်းကန်လို့ မရဘူး။ ဘုရားပွင့်တော်မမူမီက လူသားတွေဟာ အစမထင် သံသရာတစ်လျှောက်မှာ မီးနတ်၊ နေနတ်၊ လေနတ်၊ မိုးနတ်၊ တောစောင့်နတ်၊ မြစ်စောင့်နတ်၊ တောစိုးသစ်ပင်ကြီးတွေ စတဲ့ အကောင်အထည် မရှိတဲ့ သဘာဝနတ်ဘုရားတွေကို အားကိုးရာအဖြစ်နဲ့ ကိုးကွယ်အားထား ရှိခိုးပူဇော်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီ မီးနတ်၊ ရေနတ် စတဲ့ ဘုရားတွေဟာ လူသားတွေအတွက် ဘာတစ်ခုမှ လုပ်မပေးနိုင်ပါဘူး။

ဂေါတမဘုရားရှင် ပွင့်လာတဲ့အခါမှာ သင်တို့ ကိုးကွယ်နေတဲ့ မီးနတ်၊ ရေနတ်တွေရော ငါဘုရားပါ သင်တို့ဆင်းရဲကို ဆောင်မပေးနိုင်ဘူး။ သင်တို့ ဆင်းရဲက လွတ်အောင် ချမ်းသာသုခရအောင် သင်တို့သာ အားထုတ်ကြိုးစားရမယ်လို့ အမှန်တရားကို ဟောပြောတော်မူတယ်။ ဒီအခါမှာ လူသားဟာ ဆင်းရဲလွတ်အောင် ဘယ်လိုနေထိုင် ပြောဆိုကြံစည်ရမယ်၊ နတ်ရွာနိဗ္ဗာန်ချမ်းသာကို ရအောင် ဘယ်လိုကျင့်ကြံ အားထုတ်ရမယ်ဆိုတာကို မသိနိုင်ဘဲ ယောင်လည်လည် ဖြစ်နေတယ်။

ဒီအခါမှာ ဘုရားရှင်က ဒီလိုနေထိုင် လုပ်ကိုင်ပြောဆို ကြံစည်တာဟာ ဆင်းရဲလွတ်ကြောင်း၊ ချမ်းသာသုခရကြောင်း ဖြစ်တယ်လို့ နည်းကောင်း လမ်းမှန်ကို ညွှန်ပြတော်မူခဲ့တယ်။ ဘုရားရှင် ညွှန်ပြတော်မူတဲ့အတိုင်း လူသားတွေ ကျင့်ကြံအားထုတ်ကြတဲ့အခါ ဘုရားရှင်ဟောတဲ့အတိုင်း ချမ်းသာသုခကို ရရှိကြတယ်။ ဆင်းရဲဒုက္ခတွေက ကင်းလွတ်ကြတယ်။ ဒီလိုဆင်းရဲက ကင်းလွတ်ကြောင်း၊ ချမ်းသာသုခရကြောင်း တရားလမ်းမှန်ကို ညွှန်ပြနိုင်တဲ့ ဆရာတစ်ဆူအနေနဲ့ ကျေးဇူးတုံ့ပြန်သောအားဖြင့် ကိုးကွယ်ဆည်းကပ်နေကြခြင်း ဖြစ်တယ်။

မေး။ ။ ဗုဒ္ဓဘာသာမှာ ဆုတောင်းလို့ မရဘူး။ ကိုယ်တိုင် အားထုတ်ယူမှ ရတယ်ဆိုရင် ဆုတောင်းဖို့ လိုပါသေးသလား။

ဖြေ။ ။ ဆုတောင်းလို့ မရပေမယ့် ဆုတောင်းဖို့တော့ လိုပါတယ်။ ဒါပေမယ့် ဆုတောင်းရုံ သက်သက်နဲ့ လိုတဲ့အကျိုးကို မရဘူးဆိုတာလဲ သိထားရမယ်။ ဆုတောင်းတယ်ဆိုတာက မိမိစိတ်မှာ ဖြစ်ပေါ်တဲ့ လိုအင်ဆန္ဒတစ်ခုကို နှုတ်မြွက်ပြောဆိုခြင်း ဖြစ်တယ်။ စိတ်ထဲမှာရှိတာကို နှုတ်ကမြွက်ဆို အဓိဋ္ဌာန်ပြုပြီးနောက် လက်တွေ့ကျင့်ကြံ အားထုတ်လိုက်တဲ့အခါ မူလစိတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အကျိုးတရားကို ရရှိခံစားနိုင်တယ်။ ဒါကြောင့် လက်တွေ့ လုပ်ဆောင်မှုရဲ့ ရှေ့သွားဖြစ်တဲ့ ဆုတောင်းခြင်းဟာ လိုအပ်ပါတယ်။

လောကမှာ လူသားတွေ မလိုလား မနှစ်သက်တဲ့ အပါယ်လေးပါး၊ ကပ်သုံးပါးစတဲ့ အကျိုးတရားတွေ ရှိတယ်။ ဒီအပါယ်လေးပါး၊ ကပ်သုံးပါး စသည်မှ လွတ်ရပါလို၏လို့ မကြာမကြာ ဆုတောင်းနေခြင်းဖြင့် ဒီအပါယ်လေးပါး၊ ကပ်သုံးပါးနဲ့ ကြုံတွေ့ရမှာကို ကြောက်လန့်မှု သံဝေဂရမယ်။ ဒီလိုမကြာခဏဆုတောင်းလို့ မကြာခဏသတိရပြီး ကြောက်လာတဲ့အခါမှာ ဒီအပါယ်လေးပါး စသည်ကို ရောက်စေမယ့် မကောင်းတဲ့ အပြုအမူ အပြောအဆို အကျင့်အကြံတွေက ရှောင်ကြဉ်မယ်။

လောကလူသားတွေ အလွန်လိုချင် တောင့်တနေတဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတွေ ရှိတယ်။ ဒီချမ်းသာတွေဟာ အကျိုးတရားတွေ ဖြစ်တယ်။ ဒီချမ်းသာသုခ အကျိုးတရားတွေကို ရပါလို၏လို့ မကြာခဏ ဆုတောင်းခြင်းဖြင့် ပို၍ပို၍ လိုချင် ရောက်ချင်လာမယ်။ ရောက်ချင်စိတ်တွေ များလာရင် ထိုချမ်းသာတွေ ရရာရကြောင်း ကောင်းမြတ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ အကြောင်းတွေကို ကြိုးစားအားထုတ် ကျင့်ကြံလာကြမယ်။ ကောင်းတဲ့ အပြုအမူ အပြောအဆို အကြံအစည်တွေကို လက်တွေ့ လုပ်ဆောင်လာရင် လူ နတ် နိဗ္ဗာန် ချမ်းသာသုခတွေကို တကယ်မုချ ရောက်နိုင်ကြမယ်။

ဒီလို အပါယ်လေးပါးစတဲ့ ဆင်းရဲတွေကို ကြောက်လန့်လာပြီး မကောင်းမှု ဒုစရိုက်တွေကို ရှောင်ကြဉ်မှု အကျင့်တွေဖြစ်လာမှာနဲ့ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တလာပြီး ဒါန၊ သီလ၊ ဘာဝနာစတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လာကြမယ်ဆိုတဲ့ အကျိုးတရားကို မျှော်မှန်းပြီး ရှေ့ဆရာတော်ကြီးများက သြကာသ ဘုရားရှိခိုးမှာ ဆုတောင်းကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ သို့သော် ရပါလို၏ အရှင်ဘုရား ဆိုရုံနှင့်မရ။ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကိုကျင့်မှ ဆင်းရဲကင်းပြီး ချမ်းသာကိုရမယ်လို့ သတိပြုကြရမယ်။

မေး။ ။ ဆုတောင်းရုံနဲ့မရဘူးလို့ ဗုဒ္ဓကိုယ်တိုင် ဟောခဲ့တာ ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ တစ်နေ့မှာ ဘုရားရှင်ဟာ နာဠန္ဒမြို့ ပါဝါရိကာသူဌေး၏ ဥယျာဉ်မှာ သီတင်းသုံး နေပါတယ်။ ထိုအခါ အဘိဗန္ဓက၏သား ရွာသူကြီးက အချို့သော ဗြဟ္မဏတွေဟာ သေတဲ့အခါ နတ်ပြည်ရောက်အောင် လုပ်ပေးနိုင်တယ်လို့ သတင်းကြီးနေပါတယ်။ သူတို့ပြောတဲ့အတိုင်း သူတို့လုပ်ပေးနိုင်ပါ့မလားလို့ လျှောက်တော့ ဘုရားက ဥပမာပေးပြီး ဖြေတယ်။ ကျောက်တုံးကြီးကို ရေထဲပစ်ချပြီး “ဟဲ့ကျောက်တုံး ပေါ်စမ်း ပေါ်စမ်း”လို့ အမိန့်ပေးရုံနဲ့ ပေါ်ပါ့မလား၊ မပေါ်ဘူး၊ မြုပ်တဲ့သဘောရှိတဲ့ ကျောက်တုံးကတော့ မြုပ်မှာပဲ။ ထောပတ်အိုးကို ပင်လယ်ရေအောက် သွားခွဲပြီး “ထောပတ်တွေ ရေအောက်မှာပဲ မြုပ်နေရမယ်”လို့ အမိန့်ပေးနေလို့ကော ရမလား၊ မရဘူး။ ပေါ်တဲ့သဘောရှိတဲ့ ထောပတ်ကတော့ ပေါ်မှာပဲ။ ထိုနည်းတူပဲ ဒုဂ္ဂတိဘုံကို ရောက်စေမယ့် အကုသိုလ် ဒုစရိုက်တွေကို ပြုကျင့်သူဟာ သေရင် အပါယ်လေးပါးဘုံကို ရောက်မှာပဲ။ ဘယ်သူကမှ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်အောင် မတင်နိုင်ဘူး။ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်စေမယ့် ဒါန၊ သီလ၊ ဘာဝနာ တရားတွေကို အားထုတ်ဖြည့်ကျင့်ထားတဲ့ ပုဂ္ဂိုလ်သေရင် နတ်ပြည်၊ ဗြဟ္မာပြည် ရောက်မှာပဲ။ ဘယ်သူကမှ အပါယ်ရောက်အောင် တွန်းမချနိုင်ဘူးလို့ ဟောပါတယ်။

မေး။ ။ ကုသိုလ်ကောင်းမှုပြုပြီး ဆုမတောင်းရင် ဖြစ်ပါသလား။

ဖြေ။ ။ ကုသိုလ်ကောင်းမှုပြုပြီး ဆုမတောင်းရင် ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်က ကောင်းတဲ့အကျိုးကို ပေးမှာအမှန်ပဲ။ ဒါပေမယ့် ဆုမတောင်းထားတဲ့အတွက် တစ်ဘုံဘုံမှာ ချမ်းသာတစ်ခုခုကို ပေးပါလိမ့်မယ်။ ကုသိုလ်ကောင်းမှု ပြုပြီးရင် ဆုတောင်းတာက ပိုကောင်းပါတယ်။ ဥပရိပဏ္ဏာသ အဋ္ဌကထာမှာ ပြဆိုတာက “ကောင်းမှုပြပြီးရင် ဆုတောင်းမှ ဖြစ်ချင်တဲ့ဘုံမှာ လိုချင်တဲ့ချမ်းသာကို ရနိုင်တယ်။ ဆုမတောင်းရင် ဒီကုသိုလ်ကြောင့် ဘာဖြစ်မယ်လို့ မသေချာဘူး (ကတိမမြဲဘူး)။ လိုချင်တာတွေ ဆုတောင်းပြီး ကုသိုလ်ကောင်းမှုကို လက်တွေ့မလုပ်ပြန်ရင်လဲ တောင်းတဲ့အတိုင်း မရဘူး။ ဒါကြောင့် ကုသိုလ်ကောင်းမှုလဲ ပြုကြပါ။ ကုသိုလ်ပြုပြီးရင်လဲ မိမိလိုရာဆုကို တောင်းကြပါလို့ တိုက်တွန်းထားပါတယ်။ ဒီ ဥပရိဏ္ဏာသ အဋ္ဌကထာ တိုက်တွန်းချက်ဟာ ဗုဒ္ဓဘာသာဝင်တိုင်း သတိပြုသင့်တဲ့ အချက်ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုလဲ ပြုကြပါ။ ဆုလဲ တောင်းကြပါ။

မေး။ ။ ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကောင်းတဲ့အကျိုးကို ရမယ်ဆိုပြီး ကုသိုလ်တစ်ခုခုပြုပြီး ဘာဖြစ်လို့ ဆုတောင်းနေကြသလဲ။ ဆုတောင်းတာ အပိုဖြစ်မနေဘူးလား။ ဆုတောင်းဖို့ လိုပါသေးသလား။

ဖြေ။ ။ ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီးရင် ဆုတောင်းဖို့ လိုတာလဲရှိတယ်။ မလိုတာလဲ ရှိတယ်။ အဘိဓမ္မာသဘောအရ ကုသိုလ်တရားကို ၂၁-မျိုး ခွဲတယ်။ ကာမာဝစရကုသိုလ်က (၈)မျိုး၊ မဟဂ္ဂုတ်ကုသိုလ်က (၉)မျိုး၊ မဂ်ကုသိုလ်က (၄)မျိုး ဖြစ်တယ်။ မဟဂ္ဂုတ်စျာန်ကုသိုလ် ၉-မျိုးကို ပြုလုပ်ရရှိသူဟာ ဆုတောင်းနေစရာ မလိုဘူး။ သေရင် ဗြဟ္မာ့ဘုံ ၂၀ မှာ စျာန်ချမ်းသာကို ခံစားရမယ်။ ပထမစျာန်ကုသိုလ်ရသူက ပထမစျာန်ဗြဟ္မာ့ဘုံ၊ စတုတ္ထစျာန်ရတဲ့သူက စတုတ္ထစျာန် ဗြဟ္မာ့ဘုံမှာ စျာန်ချမ်းသာကို ခံစားရတယ်။ ဝိပဿနာကျင့်လို့ မဂ်ကုသိုလ် ၄-ပါးရတဲ့သူဟာလဲ ဖိုလ်ကုသိုလ် ၄-ပါး အကျိုးခံစားရမယ်။ သောတာပတ္တိမဂ် ကုသိုလ်ရတဲ့သူက သောတာပတ္တိဖိုလ်၊ အရဟတ္တမဂ် ရတဲ့သူက အရဟတ္တဖိုလ် အကျိုးခံစားတယ်။ ကာမာဝစရကုသိုလ် ၈-မျိုးကို ပြုလုပ်ထားတဲ့ သူကတော့ လူ့ဘုံနဲ့ နတ်ပြည် ၆ ထပ်လို့ ခေါ်တဲ့ ကာမသုဂတိ ၇ ဘုံမှာ လူချမ်းသာ နတ်ချမ်းသာကို ခံစားရတယ်။ ဒီလိုခံစားရတဲ့နေရာမှာ ဘယ်ကုသိုလ်ဟာ ဘယ်ဘုံမှာ ခံစားရမယ်လို့ ပိုင်းခြားကန့်သတ်မှု မရှိဘူး။ ကာမာဝစရကုသိုလ်တစ်ခုဟာ လူ့ဘုံ စတုမဟာရာဇ် တာဝတိံသာ စတဲ့ သုဂတိ ၇ ဘုံလုံးမှာ ဖြစ်နိုင်တယ်။ လူ့ဘဝတစ်ခုတည်းမှာလဲ လူချမ်းသာတွေက အမျိုးအစားအားဖြင့် မရေမတွက် နိုင်လောက်အောင် များပြားတယ်။ နတ်ပြည်မျာလဲ နတ်ချင်းတူပေမယ့် ချမ်းသာသုခ မတူကြဘူး။ ဘုံဘဝ ၇-ခုမှာ မရေမတွက်နိုင်တဲ့ သုခတွေ ရှိတဲ့အနက်ထဲက ယနေ့ ယခု ပြုရသော ကုသိုလ်ကောင်းမှု ကံကြောင့် ဘယ်ဘုံမှာ ဘယ်လို ချမ်းသာသုခတွေ ခံစား စံစားရပါလို၏လို့ တိကျတဲ့ ဘုံဌာနဲ့ တိကျတဲ့ချမ်းသာကို ထုတ်ဖော် ဆုတောင်းဖို့ လိုတယ်။ ဇောတိက သူဌေးအလောင်းဟာ ကုသိုလ်ပြုပြီး သူပိုင်တဲ့ပစ္စည်းကို သူမပေးဘဲ မြက်၊ ဝါးခြမ်းစိပ်မျှ မယူနိုင်ပါစေနှင့်ဟု ဆုတောင်းခဲ့လို့ ယခု ဇောတိကသူဌေး ဖြစ်တဲ့အခါ သူ့ပစ္စည်းတွေကို ဘယ်သူမှ ခိုးယူလို့ မရဘူး။ အဂ္ဂသာဝကဆု၊ ဧတဒဂ်ဆုတွေကို အတိတ်ဘဝက တောင်းခဲ့ကြတဲ့အတွက် ယခုဘုရားရှင်လက်ထက်မှာ တောင်းတဲ့ဆုနဲ့ ပြည့်စုံကြတာဟာ ပိဋကတ်တော်မှာ နေရာအများ တွေ့နိုင်တယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု တစ်ခုခု ပြုပြီးရင် မိမိလိုတဲ့ဆုကို တောင်းသင့်တယ်လို့ မှတ်ကြရမယ်။

ဒါန၊ သီလ စတဲ့ ကာမာဝစရကုသိုလ်ဟာ နိဗ္ဗာန်ကို တိုက်ရိုက်မရောက်နိုင်ပေမယ့် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်နိုင်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဣဒံ မေ ပုညံ အာသာက္ခယံ ဝဟံ ဟောတု = ဤကောင်းမှုသည် နိဗ္ဗာန်ကို ပေးဆောင်နိုင်ပါစေသတည်း။ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု = ဤကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်စေသတည်းလို့ ဆုတောင်းလေ့ ရှိကြတာ ဖြစ်တယ်။

ရှေ့မှာ ပြခဲ့သလို နိဗ္ဗာန်ကို ဆုတောင်းခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစားလိုစိတ်ဖြစ်ကာ ဝိပဿနာတရားတွေကို လက်တွေ့ကျင့်ကြံဖြစ်ဖို့ အထောက်အပံ့ဖြစ်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏၊ နိဗ္ဗာန် အထောက်အပံ့ ဖြစ်ရပါလို၏လို့တော့ ဆုတောင်းသင့်ပါတယ်။

မေး။ ။ အပါယ်လေးပါးဆိုတာ ဘာလဲ။

ဖြေ။ ။ အပါယ်လေးပါးဆိုတာ ကုသိုလ်ကောင်းမှုပြုဖို့ အခွင့်အခါမရ ချမ်းသာသုခမရှိတဲ့ -

ငရဲ

တိရစ္ဆာန်

ပြိတ္တာ

အသူရကယ်

လေးမျိုးကို ခေါ်တယ်။

မေး။ ။ ငရဲဆိုတာ ဘာလဲ။

ဖြေ။ ။ ငရဲဆိုတာ နိရိယပါဠိက နိရဲ၊ နရဲ၊ ငရဲလို့ အဆင့်ဆင့် ပြောင်းလဲလာတဲ့ ပုဒ်ဖြစ်တယ်။ အကုသိုလ်ဒုစရိုက် ပြုတဲ့လူတွေ သေတဲ့အခါ ရောက်ရှိရတဲ့ ချမ်းသာသုခ လုံးဝမရှိ။ မီးတောက်မီးလျှံတွေ အမြဲလောင်ကျွမ်းနေတဲ့ ဒီကမ္ဘာမြေကြီးရဲ့အောက် ယူဇနာ တစ်သောင်းငါးထောင် အကွာမှာရှိတဲ့ သိဇ္ဇိုဝ်းငရဲ၊ ကာလာသုတ်ငရဲ၊ သံဃာတငရဲ၊ ရောရုဝငရဲ၊ မဟာရောရုဝငရဲ၊ တာပနငရဲ၊ မဟာတာပနငရဲ၊ အဝီစိငရဲဆိုပြီး ငရဲကြီး ရှစ်ထပ်ရှိတယ်။ ငရဲကြီး တစ်ထပ် တစ်ထပ်မှာ ငရဲငယ် ၅-ထပ် ကာရံနေတယ်။

မေး။ ။ တိရစ္ဆာန်ဆိုတာ ဘာလဲ။

ဖြေ။ ။ တိရစ္ဆာန်ဆိုတာကတော့ ယခုမျက်မြင်ဖြစ်နေတဲ့ ငါး၊ လိပ်၊ ခွေး၊ နွား၊ ကြက်၊ ငှက် စတဲ့ တိရစ္ဆာန်အားလုံးကို ခေါ်တယ်။ တိရစ္ဆာန်ဘဝမှာ ချမ်းသာကင်းပုံကတော့ အများမျက်မြင်ပဲ ဖြစ်ပါတယ်။ တိရစ္ဆာန် ဖြစ်ရမှုကို အင်မတန် ကြောက်ဖို့ ကောင်းတယ်။

မေး။ ။ ပြိတ္တာဆိုတာ ဘာလဲ။

ဖြေ။ ။ တစ္ဆေ၊ မှင်စာ၊ သူရဲသဘက်၊ ဖုတ်ကောင်၊ ကျတ်ကောင်တွေကို ပြိတ္တာလို့ ခေါ်တယ်။ သုဿာန်၊ အိမ်ကြိုအိမ်ကြား စသည်မှာ ထမင်းဟင်းကျန်၊ တံတွေး၊ အံဖတ်၊ အပုပ်အစပ်တွေကို ရှာစားနေတဲ့ သတ္တဝတွေ ဖြစ်တယ်။

မေး။ ။ အသူရကာယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစား တစ်မျိုးပဲ။ လူတွေနဲ့ ဝေးကွာတဲ့ သမုဒ္ဒရာမြစ်ကမ်းမှာ နေကြတယ်။ သူတို့ရဲ့ အကုသိုလ်ကြောင့် ရေမသောက် အစာမစားရတဲ့ သတ္တဝါတွေ ဖြစ်တယ်။

မေး။ ။ ကပ်သုံးပါးဆိုတာ ဘာလဲ။

ဖြေ။ ။ ကပ်ဆိုတာ ပါဠိလို့ ကပ္ပကို မြန်မာလို ကပ်လို့ ခေါ်တယ်။ အကြီးအကျယ် ပျက်စီးခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီပျက်စီးခြင်း ကပ်သုံးမျိုးရှိတယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ သေနတ်၊ စိန်ပြောင်း၊ အမြောက်၊ ဗုံး၊ ဒုံးကျည်လက်နက်တွေကို ထိမှန်ပြီး လူအများ သေကြေနေကြတာကို သတ္တန္တရကပ် ဆိုက်တယ်လို့ ခေါ်ပါတယ်။ လက်နက်ထိမှန်၍ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ကျောက်ရောဂါ၊ ဝမ်းရောဂါ၊ ပုလိပ်ရောဂါစတဲ့ ရောဂါဆိုးကြီးတွေဟာ ရပ်ကွက်တစ်ကွက်၊ မြို့ရွာနယ်ပယ် တစ်ခု၊ တိုင်းပြည်တစ်ခုလုံးမှာ ကျရောက်ဖြစ်ပျက်ပြီး လူအများ သေကြေပျက်စီးရတာကို ရောဂန္တရကပ် ဆိုက်ရောက်တယ်လို့ ခေါ်ပါတယ်။ ရောဂါဆိုးတွေ ကျရောက်ပြီး လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

မိုးခေါင်၍ဖြစ်စေ၊ ရေကြီး၍ဖြစ်စေ၊ စစ်မက်ထူပြော၍ မစိုက်မပျိုးနိုင်သောကြောင့် ဖြစ်စေ၊ စိုက်ပျိုးပြီး စပါးသီးနှံများ ကြက်ငှက် ပိုးမွှား ဖျက်ဆီး၍ ဖြစ်စေ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းကို ဒုဗ္ဘိက္ခန္တရကပ် ဆိုက်တယ်လို့ ခေါ်တယ်။ ငတ်မွတ်ခေါင်းပါးလို့ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

မေး။ ။ ရပ်ပြစ်ရှစ်ပါးဆိုတာ ဘာလဲ။

ဖြေ။ ။ ရပ်ပြစ်ရှစ်ပါးဆိုတာက အပြစ်ရှိတဲ့ အရပ် (၈)ပါးကို ခေါ်တယ်။ ထိုအရပ်၊ ထိုဘဝ (၈)မျိုးသို့ ရောက်နေလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်အောင် တရားအားထုတ်ရန် အခွင့်အခါမရလို့ အပြစ်ရှိတဲ့အရပ်၊ အပြစ်ရှိတဲ့ ဘဝလို့ ဆိုရတယ်။ ပါဠိတော်မှာ အက္ခဏလို့ ခေါ်တယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်တဲ့ကလာ (ဒေသ)လို့ ဆိုလိုတယ်။

အပါယ်လေးပါး ရှိတဲ့အနက် အသူရကာယ်ကို ပြိတ္တာ အမျိုးအစားထဲ ထည့်ပြီး …

(၁) ငရဲ

(၂) တိရစ္ဆာန်

(၃) ပြိတ္တာ

(၄) အသညသတ်နဲ့ အရုပဗြဟ္မာဘုံ

(၅) သာသနာတော် မရောက်နိုင်တဲ့ နယ်စွန်နယ်ဖျား လူရိုင်းဒေသ

(၆) သာသနာကို မယုံကြည်တဲ့ မိစ္ဆာဒိဋ္ဌိ လူမျိုးဖြစ်ခြင်း

(၇) တရားတော်ကို နားလည်နိုင်သောဉာဏ် မရှိသူဖြစ်ခြင်း

(၈) ဘုရားမပွင့်တဲ့အခါ လူလာဖြစ်ခြင်း

အဲဒီ အရပ်ရှစ်မျိုးမှ ရောက်နေတဲ့ သတ္တဝါတွေဟာ တရားတော်ကို နာကြားခွင့်၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းတရားကို အားထုတ်ခွင့်မရတဲ့အတွက် ထိုဒေသတွေကို ရောက်မှာကို ဗုဒ္ဓဘာသာဝင်တွေ ကြောက်ကြတယ်။ ဒါကြောင့် ဒီသြကာသ ဆုတောင်းထဲမှာ ထည့်ပြီး ဆုတောင်းထားခြင်း ဖြစ်တယ်။

မေး။ ။ ရန်သူမျိုးငါးပါးဆိုတာ ဘာလဲ။

ဖြေ။ ။ (၁) ရေ၊ (၂) မီး၊ (၃) ခိုးသူ၊ (၄) အမွေခံသားဆိုး၊ (၅) မင်းဆိုး၊ ဤငါးမျိုးကို ရန်သူမျိုးငါးပါးလို့ ခေါ်တယ်။

မေး။ ။ ဝိပတ္တိတရားလေးပါးဆိုတာ ဘာလဲ။

ဖြေ။ ။

(၁) ကာလဝိပတ္တိ = မင်းဆိုးမင်းညစ် အုပ်စိုးသောခေတ်နှင့် ကြုံရခြင်း။

(၂) ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ ဖြစ်နေရခြင်း။

(၃) ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ လက္ခဏာ ဖောက်ပြန်ချွတ်ယွင်းခြင်း။

(၄) ပယောဂဝိပတ္တိ = ကောင်းသောအမှုကိစ္စ၌ အားထုတ် လုံ့လမပြုခြင်းဟု ဝိပတ္တိ ခေါ် ဖောက်ပြန်ချွတ်ယွင်း ပျက်စီးမှုဟာ လေးမျိုးရှိတယ်။

မေး။ ။ ဗျသနတရား ငါးပါးဆိုတာ ဘာလဲ။

ဖြေ။ ။ ပျက်စီးဆုံးပါးခြင်းကို ဗျသနတရားလို့ ခေါ်တယ်။

(၁) ဉာတိဗျသန = ဆွေမျိုးများ ပျက်စီးခြင်း။

(၂) ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။

(၃) ရောဂဗျသန = အနာရောဂါဖြစ်၍ ကျန်းမာမှု ပျက်စီးခြင်း။

(၄) ဒိဋ္ဌိဗျသန = မှားသောအယူကို ယူခြင်း။

(၅) သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း။

မေး။ ။ မဂ်တရားဆိုတာ ဘာလဲ။

ဖြေ။ ။ မဂ်တရားဆိုတာ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ၄-ပါးကိုလဲ ခေါ်တယ်။ အဲဒီလေးပါးကို လောကုတ္တရာကုသိုလ် ၄-ပါးလို့လဲ ခေါ်တယ်။ အဲဒီ မဂ်ကုသိုလ် ၄-ပါးရတဲ့ ပုဂ္ဂိုလ်ကို မဂ္ဂဋ္ဌာန်လေးယောက်လို့ ခေါ်တယ်။

မေး။ ။ ဖိုလ်တရားဆိုတာ ဘာလဲ။

ဖြေ။ ။ ဖိုလ်တရားဆိုတာ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် လေးပါးဖြစ်တယ်။ အဲဒီ ဖိုလ်လေးပါးကို ရနေတဲ့ ပုဂ္ဂိုလ်လေးယောက်ကို ဖလဋ္ဌာန်လေးယောက်လို့ ခေါ်တယ်။ တစ်ယောက်စီကိုတော့ အစဉ်အတိုင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလို့ ခေါ်တယ်။

မေး။ ။ မဂ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးကို ပေါင်းလိုက်တော့ ဘယ်လိုခေါ်သလဲ။

ဖြေ။ ။ မဂ်စိတ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးကို ပေါင်းလိုက်တော့ လောကုတ္တရာစိတ် ၈-ပါးလို့ ခေါ်တယ်။ မဂ္ဂဋ္ဌာန်လေးယောက်၊ ဖလဋ္ဌာန်လေးယောက် ပေါင်း (၈)ယောက်ကို အရိယာပုဂ္ဂိုလ် ၈ ယောက်လို့လဲ ခေါ်တယ်။ အရိယာသံဃာ ၈-ပါးလို့လဲ ခေါ်တယ်။ ပရမတ္ထသံဃာ ၈-ပါးလို့လဲ ခေါ်တယ်။ သံဃာတော် ၈-ပါးလို့လဲ ခေါ်တယ်။ (သံဃံ သရဏံ ဂစ္ဆာမိမှာ သံဃအရ ဒီပရမတ္ထသံဃာ ၈-ပါးကို ယူရတယ်။)

မေး။ ။ နိဗ္ဗာန်တရားဆိုတာ ဘာလဲ။

ဖြေ။ ။ နိဗ္ဗာန်ဆိုတာ နိဗ္ဗာန = နိဝါနဆိုတဲ့ ပါဠိက ပြောင်းလာတဲ့ စကားဖြစ်တယ်။ နိ = ကင်းခြင်း မရှိဘူး + ဝါန = လိုချင်တပ်မက်မှု တဏှာ + နိဗ္ဗာန = လိုချင်တပ်မက်မှု တဏှာမရှိသဖြင့် ဆင်းရဲဒုက္ခလဲ မရှိတော့ဘဲ အေးငြိမ်းချမ်းသာမှုကို နိဗ္ဗာန်လို့ ခေါ်တယ်။ နိဗ္ဗာန်ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အမြတ်ထားကာ အလိုလားအပ်ဆုံးဖြစ်တဲ့ နောက်ဆုံးပန်းတိုင် ဖြစ်တယ်။

မေး။ ။ မဂ် ၄-ပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန် ပေါင်း ၉-မျိုးကို ဘယ်လိုခေါ်သလဲ။

ဖြေ။ ။ မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန် ပေါင်း ၉-မျိုးကို လောကုတ္တရာတရား ၉-မျိုးလို့ ခေါ်တယ်။ ဓမ္မ = တရားတော်လို့လဲ ခေါ်တယ်။ အဲဒီ ၉-မျိုးထဲကို ပိဋကတ်သုံးပုံ ပရိယတ္တိတစ်ပါး ထပ်ဖြည့်ပြီး ဓမ္မ = တရားတော် ၁၀-ပါးလို့လဲ ခေါ်တယ်။ (ဓမ္မံ သရဏံ ဂစ္ဆာမိမှာ ဓမ္မအရ ဒီတရား ၁၀-ပါးကို ယူရတယ်။)

မေး။ ။ လောကုတ္တရာကိုးပါးကို ဆုတောင်းယူလို့ မရ၊ ကျင့်ကြံအားထုတ်မှ ရတယ်ဆိုရင် ဘယ်တရားတွေကို အားထုတ်ရမလဲ။

ဖြေ။ ။ ရှေးဦးစွာ သီလဖြူစင်အောင် စောင့်ထိန်းရမယ်၊ ပြီးတော့ သမာဓိ တည်ကြည်အောင် သမထဘာဝနာကို အားထုတ်ရမယ်။ သမာဓိ အားကောင်းလာတဲ့အခါ ရုပ်နာမ်တရားတွေရဲ့ မမြဲမှု၊ ဆင်းရဲမှု၊ အစိုးမရမှုကို သုံးသပ်ဆင်ခြင်ကာ ဝိပဿနာ ဘာဝနာကို ပွားများရမယ်။ တရားအားထုတ်နည်း အကျယ်ကိုသိချင်ရင် ဝိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းတွေကို ဖတ်ရမယ်။ လက်တွေ့ တရားအားထုတ်ချင်ရင် ရိပ်သာတစ်ခုခုကို သွားပြီး ဆရာတော်ထံ ချဉ်းကပ်၍ ဇွဲလုံ့လကောင်းကောင်းနဲ့ အားထုတ်ကြရမယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆင့်သုံးဆင့်ကို အစဉ်အတိုင်း အားထုတ်သွားရင် မဂ်ဖိုလ်နိဗ္ဗာန် အကျိုးထူးကို ခံစားရမယ်။

မေး။ ။ လူတွေက သြကာသနဲ့ ရှိခိုးကန်တော့ပြီးတဲ့အခါ ဘုန်းတော်ကြီးများက ဆုပေးကြတယ်။ ဆုဟာ ပေးလို့ရပါသလား။

ဖြေ။ ။ ဆုတောင်းခန်းမှ ပြခဲ့တဲ့အတိုင်းပဲ ဆုဟာ တောင်းလို့မရသလို ဘုန်းတော်ကြီးများကလဲ ပေးလို့မရပါဘူး။ လူ နတ် နိဗ္ဗာန် သုံးတန်သော ကောင်းကျိုးတရားကို ရယူချင်တဲ့သူဟာ ထိုတရားတွေကို ရရာရကြောင်း ကောင်းမှုကုသိုလ်တွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှသာ ရမှာဖြစ်တယ်။

မေး။ ။ ဘုန်းကြီးတွေက ဆုပေးပေမယ့် ပေးတိုင်းမရဘူးဆိုရင် ဘာဖြစ်လို့ ဆုပေးတဲ့ အစဉ်အလာကို ရှေးဆရာတော်ကြီးများ တီထွင်ခဲ့ပါသလဲ။

ဖြေ။ ။ ဆုပေးတယ်ဆိုတဲ့ ဝေါဟာရက တွင်ကျယ်နေပေမယ့် အမှန်မှာတော့ ဆုပေးတာ မဟုတ်ပါဘူး။ ဒီလို ရတနာသုံးပါး ဆရာသမားတွေကို ရှိခိုးရတဲ့အတွက် ဒီအကျိုး-ဒီအကျိုးတွေကို ရနိုင်တယ်လို့ နည်းညွှန်လမ်းပြ ဟောပြောတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ရှိခိုးကန်တော့တဲ့ ပုဂ္ဂိုလ် တောင်းတဲ့ဆုတွေဟာ ပြည့်စုံပါစေလို့ ထပ်ဆင့် ဆန္ဒပြုပေးတာပဲ ဖြစ်တယ်။ တစ်နည်းအားဖြင့် တစ်စုံတစ်ရာကို ရချင်လုပ်ချင်နေတဲ့ ပုဂ္ဂိုလ်ကို လုပ်ဖြစ်သွားအောင် အားပေးတိုက်တွန်းတဲ့ သဘောပဲ ဖြစ်တယ်။

ဆုတောင်းခန်းမှာ ဆုဟာ တောင်းလို့ မရပေမယ့် တကယ်ရစေမယ့် လက်တွေ့ လုပ်ဆောင်မှုကို နှိုးဆော်ပေးသလို ဖြစ်လို့ ဆုတောင်းလိုက်တာလိုပဲ ဆုဟာ ပေးလို့မရပေမယ့် ဆုပေးခံရတဲ့ ပုဂ္ဂိုလ်က ဒီဆုတွေကို လိုချင်စိတ်ဖြစ်လာပြီး လက်တွေ့ လုပ်ဆောင်ချင်တဲ့ စိတ်ကို နှိုးဆွပေးရာ ရောက်တဲ့အတွက် ဒီနှိုးဆွချက်အရ လက်တွေ့ တကယ်လုပ်ဆောင် တကယ်အကျိုးရနိုင်တဲ့အတွက် ဆုဟာ ပေးသင့်ပါတယ်။ ဆုပေးမှုဟာ တိုက်ရိုက်အကျိုး မရစေပေမယ့် အခုလို သွယ်ဝိုက်တဲ့နည်းနဲ့ အကျိုးရစေတာကို မြော်မြင်ပြီး ရှေးဆရာတော်များက ဆုပေးတဲ့ အစဉ်အလာကို တီထွင်ထားခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ ဘုန်းကြီးက ဆုပေးပြီးတဲ့အခါ ပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို၏ အရှင်ဘုရားလို့ ဆိုတာကော ပြည့်စုံနိုင်ပါ့မလား။

ဖြေ။ ။ ဆုဟာ တောင်းလို့လဲမရ၊ ပေးလို့လဲ မရဘူးဆိုရင် ပေးတာကို ခံယူလို့လဲ ဘယ်ရမလဲ။ ဒါပေမယ့် အထက်မှာ ပြခဲ့တဲ့အတိုင်း ဆရာတော် ညွှန်ပြတဲ့အတိုင်း ကြိုးစားပါ့မယ်လို့ ဝန်ခံတဲ့သဘော မှတ်ယူပြီး ကြိုးစားရင် အကျိုးကို ဧကန်မုချရနိုင်ပါတယ်။

++++++++++++++++++++++++++++

သီလခန်း

အခန်း-၇

မေး။ ။ ကန်တော့ပြီးရင် သီလခံရတယ်၊ သီလခံယူပုံ အစအဆုံး ဖော်ပြပါ။

ဖြေ။ ။

လူ - အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ အဟံ ဘန္တေ … မေ ဘန္တေ။

တတိယမ္ပိ အဟံ ဘန္တေ …… မေ ဘန္တေ။

ဘုန်းကြီး - ယမဟံ ဝါဒမိ တံ ဝဒေထ။

လူ - အာမ ဘန္တေ

ဘုန်းကြီး - နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (တစ်ခေါက်)

လူ - နမော တဿ …… သမ္မာသမ္ဗုဒ္ဓဿ။ (သုံးခေါက်)

ဘုန်းကြီး - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

လူ - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

ဘုန်းကြီး - ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ …

လူ - ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ …

ဘုန်းကြီး - တတိယမ္ပိ ဗုဒ္ဓံ သရဏံ ….

လူ - တတိယမ္ပိ ဗုဒ္ဓသရဏံ …

ဘုန်းကြီး - တိသရဏ ဂမဏံ ပရိပုဏ္ဏံ။

လူ - အာမ ဘန္တေ။

ဘုန်းကြီး - ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - အာဒိန္နဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - သူရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

လူ - (လိုက်ဆို)

ဘုန်းကြီး - တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ ဓမ္မံ အပ္ပာမာဒေန သမ္ပဒေထ။

လူ - အာမ ဘန္တေ။

မေး။ ။ အဟံ ဘန္တေ က …. မေ ဘန္တေ အထိ ဘာလို့ ခေါ်သလဲ။ ဘာအဓိပ္ပာယ်ဆိုလိုသလဲ။

ဖြေ။ ။ အဟံ ဘန္တေ က … မေ ဘန္တေ အထိကို သီလတောင်းလို့ ခေါ်တယ်။ အဓိပ္ပာယ်ကတော့ အရှင်ဘုရား၊ တပည့်တော်ဟာ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို တောင်းခံပါတယ်။ တပည့်တော်အား ချီးမြှောက်မစသောအားဖြင့် သီလပေးတော်မူပါဘုရားလို့ ဆိုလိုတယ်။

မေး။ ။ သီလကို မြန်မာလိုတောင်းရင်ကော မရဘူးလား။ ဘာဖြစ်လို့ ပါဠိဘာသာနဲ့ စီစဉ်ထားသလဲ။

ဖြေ။ ။ အထက်အတိုင်း မြန်မာလိုဖြစ်ဖြစ် တပည့်တော်ကို သရဏဂုံ ၃-ပါးနဲ့ ငါးပါးသီလ ပေးတော်မူပါလို့ အရပ်သုံးစကားနဲ့ဖြစ်ဖြစ် သီလတောင်းလို့ ရပါတယ်။ ဒါပေမယ့် ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုဖြစ်တဲ့အတွက် ခန့်ညားလေးနက်မှု ရှိအောင်လို့ ဘာသာရေး အခမ်းအနားအားလုံး ညီညီညာညာဆိုလို့ ဘုရားရှင် တရားဟောတော်မူတဲ့ ပါဠိဘာသာနဲ့ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

မေး။ ။ သီလဟာ တောင်းလို့ ပေးလို့ရပါသလား။ ဘုန်းကြီးက သူ့မှာရှိတဲ့ သီလကို ထုတ်ပေးတာလား၊ တောင်းတယ်၊ ပေးတယ်ဆိုတဲ့ စကားကို ဘယ်လိုမှတ်ရမလဲ။

ဖြေ။ ။ သီလဟာ တောင်းလို့ ပေးလို့ မရပါဘူး။ ကိုယ်တိုင် ရှောင်ကြဉ်စောင့်ထိန်းရတဲ့ အမှုဖြစ်ပါတယ်။ ဘုန်းကြီးကလဲ သူ့မှာရှိတဲ့ သီလကို ခွဲဝေ ပေးကမ်းလိုက်တာ မဟုတ်ပါဘူး။ ဘာသာရေးကိစ္စ ဖြစ်တဲ့အတက် စနစ်တကျ မှန်မှန်ကန်ကန် တိတိကျကျ ဖြစ်စေဖို့ သီလဆောက်တည်ပုံ သီလဆောက်တည်နည်းကို ဘုန်းကြီးက ရှေ့က ချပေး ဆိုပေးတာ ဖြစ်ပါတယ်။ လူတွေကလဲ အဲဒီလို ချပေး ဆိုပေးဖို့ တောင်းပန်တာဖြစ်ပြီး သီလပေးတယ်ဆိုတာကလဲ ရှေ့က ဆိုပေးတာသာ ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။

မေး။ ။ လူက သီလပေးဖို့ တောင်းပန်ပြီးတဲ့အခါ ဘုန်းကြီးက “ယမဟံ ဝဒါမိ တံ ဝဒေထ (သီလယူသူ တစ်ယောက်တည်းဆိုရင် တံဝဒေဟိ) ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ လူက သီလယူပုံ ဆိုပေးပါလို့ တောင်းပန်တော့ ဘုန်းကြီးက ပါဠိဘာသာနဲ့ “ယမဟံ ဝဒါမိ တံ ဝဒေထ = မြန်မာလို အခု ငါဆိုတဲ့အတိုင်း လိုက်ဆိုကြ”လို့ တိုက်တွန်းတာ ဖြစ်တယ်။ သီလယူတဲ့လူ တစ်ယောက်တည်းဆိုရင်တော့ ယမဟံ ဝဒါမိ တံဝဒေဟိ ငါဆိုတဲ့အတိုင်း လိုက်ဆိုလို့ ဆိုလိုတယ်။

မေး။ ဘုန်းကြီးက ယံမဟံ ဝဒါမိ တံ ဝဒေထ ဆိုတော့ လူက အာမ ဘန္တေ ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ ဘုန်းကြီးက ငါဆိုတဲ့အတိုင်း လိုက်ဆိုကြလို့ ဆိုတဲ့အခါ လူက မှန်လှပါ၊ လိုက်ဆိုပါမည်ဘုရား လို့ ဝန်ခံတဲ့စကား ဖြစ်တယ်။

မေး။ ။ အဟံ ဘန္တေ စသည်ဖြင့် သီလမတောင်းဘဲ သရဏဂုံ သီလဆောက်တည်လို့ မရဘူးလား။

ဖြေ။ ။ သရဏဂုံသီလကို မတောင်းဘဲ ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင်လက်ထက် သရဏဂုံ ဆောက်တည်ကြတာလဲ တောင်းခံပြီး ဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင် ဟောတဲ့တရားတော်ကို သဘောကျပြီး ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါ ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ ဆောက်တည်လိုက်တာပဲ။ တစ်ချိန်တုန်းက ဗုဒ်ဂိုဏ်းနဲ့ ဘန်းဂိုဏ်းဆိုပြီး နှစ်မျိုးကွဲခဲ့ဖူးတယ်။ ဘန်းဂိုဏ်းဆိုတာက အစဉ်အလာအတိုင်း သီလယူတဲ့အခါ အဟံ ဘန္တေ က စဆိုတဲ့ ဂိုဏ်းပေါ့။ ဗုဒ်ဂိုဏ်းဆိုတာက အဟံ ဘန္တေ စတဲ့ သီလတောင်းတာ အပိုသက်သက် အချိန်ဖြုန်းတာပဲ၊ ဘုရားလက်ထက်ကလဲ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိက စတာပဲဆိုပြီး ကျမ်းဂန်အထောက်အထားနဲ့ အစဉ်အလာကို တော်လှန်တဲ့ဂိုဏ်း ဖြစ်တယ်။ မှန်ပင်မှန်သော်လဲ အစဉ်အလာကို ထိန်းသိမ်းလိုတဲ့ ဗုဒ္ဓဘာသာဝင် အများစုက လက်မခံကြတဲ့အတွက် အခုအခါမှာ ဗုဒ်ဂိုဏ်းဟာ မရှိတော့ပါဘူး။ အခု အများကျင့်သုံးနေတဲ့ အဟံ ဘန္တေကစတဲ့ အစီအစဉ်ဟာလဲ မှားတာမဟုတ်လို့ သရဏဂုံ သီလပေးတဲ့ ဘုန်းကြီးဆီမှာ သီလယူခြင်းဖြင့် သီလနဲ့စပ်တဲ့ တရားတော်တွေလဲ နာကြားခွင့်ရအောင် ဆရာတော်ကြီးများ စီစဉ်ခြင်း ဖြစ်ပါတယ်။ ဗုဒ်ဂိုဏ်းသမားတွေ ယူဆသလို အဟံ ဘန္တေဟာ အချိန်ဖြုန်းတာ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ဗုဒ်ဂိုဏ်းဟာ ပျောက်သွားပြီး ဘန်းဂိုဏ်းသာ ဆက်လက်တည်နေတာ ဖြစ်ပါတယ်။

မေး။ ။ ဘုန်းကြီးထံ သီလမယူဘဲ ဘုရားရှေ့မှာ သီလယူတဲ့အခါ အာမ ဘန္တေ ဆိုဖို့ လိုသေးသလား။

ဖြေ။ ။ ဘုရားထံမှာ သီလဆောက်တည်တဲ့အခါ သရဏဂုံနဲ့ သီလကို ရှေ့ကချပေးတဲ့ ပုဂ္ဂိုလ်လဲ မရှိဘူး။ ငါဆိုတဲ့အတိုင်း လိုက်ဆိုကြလို့ ပြောတဲ့ တိုက်တွန်းတဲ့ ပုဂ္ဂိုလ်လဲ မရှိတဲ့အတွက် မှန်ပါ လိုက်ဆိုပါ့မယ်လို့ အဓိပ္ပာယ်ရှိတဲ့ အာမ ဘန္တေကို ဆိုစရာ မလိုတော့ပါဘူး။

မေး။ ။ နမော တဿ ဆိုတာ ဘာလဲ။

ဖြေ။ ။ နမော တဿစတဲ့ ပါဠိက သရဏဂုံလဲ မဟုတ်ဘူး။ ငါးပါးသီလလဲ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေးလုပ်ငန်း ဆောင်ရွက်တဲ့အခါ အထူးသဖြင့် ပေပုရပိုက်မှာ စာရေးတဲ့အခါ၊ စာအုပ်တွေ ပုံရိုက်နှိပ်တဲ့အခါ အစဆုံးရှိခိုးရတဲ့ မဟာဘုရားရှိခိုးကြီး ဖြစ်တယ်။ နမော တဿဟာ သံယုတ်၊ မဇ္ဈိမ ပဏ္ဏာသ၊ သုတ်မဟာဝါ၊ အင်္ဂုတ္တုရ်ပါဠိတော်တွေမှာလာတဲ့ ဓနဉ္စာနီ ပုဏ္ဏေးမ၊ ဗြဟ္မာယုပုဏ္ဏား၊ သိကြားမင်းနှင့် အာရာမဒဏ္ဍပုဏ္ဏားတို့ရဲ့ ဘုရားရှိခိုး ဥဒါန်းဖြစ်တယ်။

သရဏဂုံသုံပါး ငါးပါးသီလ မဆောက်တည်ခင်မှာ ဘုရားကို ပထမရှိခိုးခိုင်းတာ ဖြစ်တယ်။ နမော တဿ မဟာဘုရားရှိခိုးကြီးရဲ့ မြန်မာလို အဓိပ္ပာယ်ကတော့ “ပူဇော်အထူးကို ခံယူတော်မူထိုက်သော တရားအပေါင်းကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆရာမပြ သိတော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏”လို့ ဆိုလိုတယ်။

မေး။ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ကစပြီး တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ အထိကို ဘာလို့ခေါ်သလဲ။ မြန်မာလို ဘယ်လိုဆိုလိုသလဲ။

ဖြေ။ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ကို သရဏဂုံသုံးပါး ကိုးကွယ် ဆည်းကပ်ခြင်းလို့ ခေါ်တယ်။ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲမှာသိပြီး ဆိုရမယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစားစွာနဲ့ စိတ်စေတနာပါပြီး ကိုးကွယ်ဆည်းကပ်မှ သရဏဂုံ ဆောက်တည်ရာ ရောက်တယ်။ ဘုန်းကြီးဆိုပေးလို့ လိုက်ဆိုတာမျိုး၊ ကိုယ့်ဘာသာရထားလို့ အလွတ်ဆိုတာမျိုးဆိုရင်တော့ အကျိုးမများလှဘူး။ ဘာသာရေးဆိုင်ရာ ပါဠိတွေ ရွတ်ဆိုတဲ့အခါ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကိုသိမှ ကျေးဇူးများတယ်။

မေး။ ။ သရဏဂုံသုံးပါးကို ဘာဖြစ်လို့ သုံးကြိမ်ထပ်ဆိုသလဲ။

ဖြေ။ ။ သုံးကြိမ်ထပ်ဆိုတာ အထူးလေးနက်စေချင်လို့ ဖြစ်တယ်။ တစ်ကြိမ်တစ်ခါဆိုတာကတော့ စိတ်မပါ လက်မပါ ဝတ်ကျေတန်းကျေ ဆိုတာလဲ ဖြစ်နိုင်တယ်။ အခု သရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့် ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်လို့ သူ့ရဲ့ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့ သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်တယ်။ ဘာသာရေးကိစ္စတွေမှာ သုံးကြိမ်ထပ်ဆိုမှု မှန်သမျှဟာ လေးနက်စေချင်လို့ ဖြစ်တယ်လို့ မှတ်ရမယ်။

မေး။ ။ သရဏဂုံနဲ့ ပတ်သက်ပြီး အခြေခံသိစရာ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ သရဏဂုံနဲ့ ပတ်သက်ပြီး သိစရာအခြေခံ (၇)-မျိုးရှိတယ်။

(က) သရဏ - ကိုးကွယ်ရာ၊

(ခ) သရဏဂုံ - ကိုးကွယ်ရာဟု သိစေသောစိတ်၊

(ဂ) သရဏဂုံတည်သူ၊

(ဃ) သရဏဂုံအပြား၊

(င) သရဏဂုံအကျိုး၊

(စ) သရဏဂုံညစ်နွမ်းခြင်း၊

(ဆ) သရဏဂုံ ပျက်စီးခြင်း၊

ဒီ (၇)မျိုးကို အကျဉ်းသိထားရမယ်။

မေး။ ။ သရဏ = ကိုးကွယ်ရာဆိုတာ ဘာလဲ။

ဖြေ။ ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသည် ကိုးကွယ်ဆည်းကပ်သူတို့ရဲ့ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ အပါယ်ဆင်းရဲ၌ ဖြစ်ခြင်းစတဲ့ ဆင်းရဲဒုက္ခတွေကို ပယ်ဖျောက်ချမ်းသာကို ရောက်စေတတ်လို့ သရဏ = ကိုးကွယ်ရာလို့ ခေါ်တယ်။

မေး။ ။ သရဏဂုံ ကိုးကွယ်ဆည်းကပ်မှုဆိုတာ ဘာလဲ။

ဖြေ။ ။ အများအားဖြင့် ဗုဒ္ဓဘာသာတွေက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ စာပိုဒ်သုံးခု၊ သို့မဟုတ် ဒီစာပိုဒ် သုံးခုကို နှုတ်က ရွတ်ဆိုတာကို သရဏဂုံ ဆောက်တည်တာဖြစ်တယ်လို့ ထင်နေကြတယ်။ အမှန်မှာတော့ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးဟာ ဆင်းရဲ ပယ်ဖျောက် ချမ်းသာရောက်စေတဲ့ ဝတ္ထုမှန်သုံးပါး ဖြစ်တယ်လို့ ယုံကြည်တဲ့သဒ္ဓါ၊ သိမှတ်နားလည်တဲ့ ပညာကို သရဏဂုံ၊ သို့မဟုတ် ကိုးကွယ်ဆည်းကပ်မှုလို့ ခေါ်တယ်။ ဘုန်းကြီးက ချပေးလို့ဖြစ်စေ၊ မိရိုးဖလာ အလွတ်ရထားလို့ဖြစ်စေ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဆိုတဲ့အခါ ယုံကြည်မှု သဒ္ဓါတရားကို အသိဉာဏ်နဲ့ မယှဉ်တဲ့ ဉာဏဝိပ္ပယုတ် သရဏဂုံလို့ ခေါ်တယ်၊ ဆင်းရဲပယ်ဖျောက် ချမ်းသာရောက်စေတတ်သော ဝတ္ထုမှန်သုံးပါး ဖြစ်ကြောင်းကို ယုံလဲယုံကြည်မယ်၊ သိရှိနားလည်မှုလဲ ရှိမယ်ဆိုရင်တော့ ယုံကြည်မှုသဒ္ဓါ၊ သိနားလည်မှု ပညာနှစ်ပါးကို အသိဉာဏ်နဲ့ယှဉ်တဲ့ ဉာဏသမ္ပယုတ် သရဏဂုံလို့ ခေါ်တယ်။

မေး။ ။ ဘယ်လိုလူမျိုးကို သရဏဂုံတည်တဲ့လူလို့ ခေါ်သလဲ။

ဖြေ။ ။ ရတနာသုံပါးဟာ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်စေတတ်တဲ့ ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်သူကို လောကီသရဏဂုံ တည်ဆောက်တဲ့လူလို့ ခေါ်ပြီး ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်မှ ရရှိတဲ့ မဂ်စိတ်လေးပါးကို ရတဲ့ အရိယာပုဂ္ဂိုလ်ရှစ်ယောက်ကို လောကုတ္တရာ သရဏဂုံတည်တဲ့လူလို့ ခေါ်တယ်။

မေး။ ။ သရဏဂုံ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ သရဏဂုံဟာ ...

(၁) လောကီသရဏဂုံ

(၂) လောကုတ္တရာသရဏဂုံ

လို့ နှစ်မျိုးရှိတယ်။ ရတနာသုံးပါးဟာ ကြောက်စိတ်ကင်းပျောက် ချမ်းသာရောက်စေတဲ့ ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်သိမှတ်တဲ့ သဒ္ဓါ၊ ပညာဦးဆောင်တဲ့ စိတ်အစဉ်ဟာ အများဆောက်တည်နေကြတဲ့ လောကီသရဏဂုံဖြစ်ပြီး ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်မှရတဲ့ မဂ်စိတ်လေးခုဟာ လောကုတ္တရာသရဏဂုံ ဖြစ်တယ်။

မေး။ ။ သရဏဂုံဆောက်တည်တဲ့အတွက် ဘယ်လိုအကျိုးတွေ ရသလဲ။

ဖြေ။ ။ လောကီသရဏဂုံကို ဆောက်တည်ရတဲ့အတွက် ယခုဘဝမှာ ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းတယ်။ စိတ်ကြည်င်တယ်။ စည်းစိမ်ဥစ္စာ လာဘ်သပ်ပကာ တိုးတယ်။ သေတဲ့အခါမှာ အပါယ်လေးဘုံ မရောက်ဘဲ လူ့စည်းစိမ် နတ်စည်းစိမ်ကို ခံစားရတယ်။ လောကုတ္တရာသရဏုံ ၄-ပါးကတော့ ဖိုလ်လေးပါးအကျိုးကို ခံစားရတယ်။ ဝဋ်ဒုက္ခမှ ကင်းပြီး နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်တယ်။

မေး။ ။ ဘယ်အခါမှာ သရဏဂုံဟာ ပျက်စီးပါသလဲ။

ဖြေ။ ။ လောကုတ္တရာသရဏဂုံကတော့ တစ်ခါရပြီးရင် ဘယ်တော့မှ မပျက်စီးတော့ပါဘူး။ နိဗ္ဗာန်ရတဲ့အထိ ဘဝအဆက်ဆက် တည်မြဲသွားတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ပြီး နိဗ္ဗာန်တိုင် ရောက်သွားနိုင်ပါတယ်။ လောကီသရဏဂုံကတော့ အခြားဘာသာကို ကူးပြောင်းကိုးကွယ်တဲ့အခ ဘဝတစ်ပါး ပြောင်းသွားကွယ်လွန်တဲ့အခါ ပျက်စီးပါတယ်။

မေး။ ။ သရဏဂုံဟာ ဘာကြောင့် ညစ်နွမ်းရပါသလဲ။

ဖြေ။ ။ လောကုတ္တရာ သရဏဂုံကတော့ ဘယ်အခါမှာမှ မညစ်နွမ်းပါဘူး။ ယခု လူအများ ဆောက်တည်နေကြတဲ့ လောကီသရဏဂုံကတော့ ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်စရာ ဟုတ်မှဟုတ်ပါရဲ့လား။ ရတနာသုံးပါးကို ကိုးကွယ်လို့ရော အကျိုးကျေးဇူး ရှိပါရဲ့လားလို့ သံသယစိတ်တွေ ဝင်လာတဲ့အခါ ညစ်နွမ်းတယ်။ ဒါကြောင့် သရဏဂုံ မညစ်နွမ်းအောင် အမြဲတမ်း ဖြူစင်လတ်ဆတ်နေအောင် ရတနာသုံးပါးကို အမြဲတမ်း ယုံကြည်ကိုးစားစိတ်ရှိဖို့ လိုအပ်တယ်။

မေး။ ။ လောကီသရဏဂုံဟာလဲ တစ်ခါဆောက်တည်ထားရင် ဘာသာပြောင်းမှ သေမှ ပျက်စီးတယ်ဆိုရင် အခုဗုဒ္ဓဘာသာတွေ နေ့စဉ်ဆောက်တည်နေတော့ အပိုဖြစ်မနေဘူးလား။ ကျမ်းဂန်တွေမှာလဲ တစ်ကြိမ်ပဲ ဆောက်တည်တယ် မဟုတ်လား။

ဖြေ။ ။ တစ်ကြိမ်ဆောက်တည်ထားတဲ့ လောကီသရဏဂုံဟာ ဘာသာပြောင်းမှ၊ သေမှ ပျက်စီးတာ မှန်ပါတယ်။ ကျမ်းဂန်တွေမှာလဲ ယနေ့မှစ၍ အသက်ထက်ဆုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ တစ်ကြိမ်သာ ဆောက်တည်တာ မှန်ပါတယ်။ ဒါကြောင့် တစ်ခါဆောက်တည်ပြီးရင် ထပ်မဆောက်တည်လဲ ရပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာတွေ သရဏဂုံကို အကြိမ်ကြိမ် ဆောက်တည်တဲ့အတွက် အပြစ်မရှိပါဘူး။ တစ်ကြိမ်ဆောက်တည်တဲ့အတွက် တစ်ခါပဲကုသိုလ်ရမယ်။ အခုအကြိမ်ကြိမ် ဆောက်တည်တဲ့အတွက် အကြိမ်ကြိမ် ကုသိုလ်ရပါတယ်။ ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ အာသေဝနပစ္စည်းဆိုတာ ရှိတယ်။ ကုသိုလ်ကောင်းမှုကို ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်း၊ တစ်ခါလုပ်ထားတဲ့ ကုသိုလ်ကို ထပ်ခါ ထပ်ခါ သတိရ ပွားများနေခြင်းဖြင့် ကုသိုလ်ဟာ အင်အားကြီးမားလာတယ်။ ဒီလို ကုသိုလ်အင်အား ကြီးမားလာအောင်လို့ သရဏဂုံကို အထပ်ထပ် တည်ဆောက်စေတာ ဖြစ်ပါတယ်။

မေး။ ။ သရဏဂုံတည်တဲ့လူဟာ ဘယ်လိုအကျိုး ခံစားရမလဲ။

ဖြေ။ ။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့သူဟာ အပါယ်မလားဘူး။ သေရင် နတ်ပြည်ရောက်တယ်လို့ ဓမ္မပဒပါဠိတော်မှာ ဘုရားဟောထားတယ်။

ရှင်မောဂ္ဂလာန် တာဝတိံသာ နတ်ပြည်ရောက်လို့ သိကြားမင်းနဲ့ နတ်တွေ လာဖူးတဲ့အခါ ရှင်မောဂ္ဂလာန်က သရဏဂုံတည်တဲ့လူဟာ သေရင် နတ်ပြည်ရောက်တယ်။ အဲဒီ နတ်သားဟာ အခြားနတ်သားတွေထက် အသက်၊ အရောင်အဝါ၊ အခြံအရံ။ ချမ်းသာ၊ အစိုးရခြင်း၊ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဒီ ၁၀-ပါးတို့ဖြင့် အခြားနတ်သားတို့ထက် လွန်ကဲတယ်လို့ ရှင်မောဂ္ဂလာန်က ဟောတယ်။

မေး။ ။ ဗုဒ္ဓဘာသာတွေ သေတဲ့အခါ ဘာကြောင့် သရဏဂုံ တင်ကြသလဲ။

ဖြေ။ ။ အထက်ပုစ္ဆာမှာ ဖြေတဲ့အတိုင်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ လောကီသရဏဂုံဟာ သေတာနဲ့တစ်ပြီုင်နက် ပျက်စီးသွားတယ်။ အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကတော့ သရဏဂုံမရပါဘူး။ သေတဲ့လူဟာ ပြိတ္တာဖြစ်နေလို့ တရားလာနာရင်တော့ ကုသိုလ်ရပါတယ်။ သာဓုခေါ်နိုင်ပါတယ်။

မေး။ ။ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တစ်ခုခုနဲ့ တွေ့ကြုံတဲ့အခါ ဘုရားဂုဏ်တော်ကို အောက်မေ့ရွတ်ဖက် သရဇ္ဈာယ်ရင် အကြောက်ပြေပါသလား။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ သံယုတ္တနိကာယ် ဓဇဂ္ဂသုတ်မှာ ဘုရားရှင်ရဲ့ အရဟံ သမ္ဗုဒ္ဓေ စတဲ့ ဂုဏ်တော်တွေကို အောက်မေ့တဲ့ လူတွေမှာ ကြောက်ခြင်း၊ ကြက်သီးထခြင်းတွေ ပျောက်ကင်းတယ်။ ဘာကြောင့် ဒီလိုပျောက်ကင်းရသလဲဆိုတော့ ဘုရားရှင်ဟာ ရာဂကင်းတယ်။ ဒေါသ မောဟတွေ ကင်းပြီး ကြောက်ရွံ့ထိတ်လန့်မှု လုံးဝမရှိတော့လို့ ဖြစ်တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် အကြောင်းပြချက်တွေနဲ့ ဖြေဆိုထားပါတယ်။

မေး။ ။ သရဏဂုံပြီးတော့ ဘုန်းကြီးက “သရဏဂမနံ ပရိပုဏ္ဏံ” ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ “သရဏဂမနံ ပရိပုဏ္ဏံ”ဆိုတဲ့ ပါဠိက မြန်မာလိုတော့ သရဏဂုံဆောက်တည်မှု ပြီးဆုံးပြီလို့ ဆိုလိုတယ်။ လူတွေက “အာမ ဘန္တေ“ ဆိုတာက မှန်ပါ ပြီးစီးကြောင်းပါဘုရားလို့ ဝန်ခံတာဖြစ်တယ်။ ဘုန်းကြီးဆီမှာ သီလမယူဘဲ ဘုရားမှာ ယူတာဆိုရင် အာမ ဘန္တေ ဆိုစရာမလိုဘူး။

မေး။ ။ ပါဏာတိပါတာစတဲ့ ငါးပုဒ်ကို ဘာလို့ခေါ်သလဲ။

ဖြေ။ ။ ပါဏာတိပါတာစတဲ့ ငါးပုဒ်ကို ငါးပါးသီလလို့ ခေါ်တယ်။ တစ်သက်ပတ်လုံး စောင့်ထိန်းရတဲ့ သီလဖြစ်လို့ နိစ္စသီလလို့ ခေါ်တယ်။ သူတော်ကောင်းတို့ အမြဲအလေးဂရုပြုရလို့ ဂရုဓမ္မသီလလို့လဲ ခေါ်တယ်။

မေး။ ။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ဆိုတဲ့ ပါဠိဟာ ဘာဆိုလိုသလဲ။

ဖြေ။ ။ အဲဒီပါဠိက သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ငါဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ဆိုတဲ့ ပါဠိက ဘာဆိုလိုသလဲ။

ဖြေ။ ။ အဲဒီပါဠိက သူတစ်ပါးမပေးသော ဥစ္စာပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ ကာမေသုမိစ္ဆာစာရ စတဲ့ ပါဠိက ဘာဆိုလိုသလဲ။

ဖြေ။ ။ သူတစ်ပါး သားမယားနှင့် ဖောက်ပြားကျူးလွန်ခြင်းမှ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ မုသာဝါဒါ စတဲ့ ပါဠိက ဘာကို ဆိုလိုသလဲ။

ဖြေ။ ။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ သုရာမေရယစတဲ့ ပါဠိရဲ့ အဓိပ္ပာယ်ကဘာလဲ။

ဖြေ။ ။ အရက်သေစာ သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုပါတယ်။

မေး။ ။ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို မြန်မာစကားစစ်စစ်နဲ့ ရှင်းပြပါ။

ဖြေ။ ။ သူတစ်ပါးအသက် မသတ်ဘူး၊ သူတစ်ပါးဥစ္စာ မခိုးပါဘူးလို့ ဘုန်းကြီးဆီမှာ၊ ဘုရားဆီမှာ ကတိပြုထားတယ်။ သတ်ရမယ့်သတ္တဝါ၊ ခိုးစရာပစ္စည်းတစ်ခုခုကို တွေ့တဲ့အခါ ဘုန်ကြီးရှေ့မှာ၊ ဘုရားရှေ့မှာ ဆောက်တည်ထားတဲ့ ကတိကို သတိရပြီး မသတ်ဘူး၊ မခိုးဘူး။ ဘာဖြစ်လို့ မသတ် မခိုးတာလဲ မေးရင် ဘုန်းကြီးရှေ့၊ ဘုရားရှေ့မှာ ကတိပြုဆောက်တည်ထားလို့ ဖြစ်တယ်လို့ ဖြေလိမ့်မယ်။ ဒါကြောင့် ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ စတဲ့ သိက္ခာပုဒ်တွေဟာ၊ ကျင့်ဝတ်တွေဟာ သတ်မှု ခိုးမှုတွေကို ရှောင်ကြဉ်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဒါကြောင့် ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုတယ်။

မေး။ ။ သူ့အသက်သတ်ရင် ဘာဖြစ်တတ်သလဲ၊ မသတ်ရင် ဘာအကျိုးရှိသလဲ။

ဖြေ။ ။ သူ့အသက်သတ်ရင် အပြစ်၊ မသတ်ရင် အကျိုးရှိပုံကို ရှေးဆရာတော်ကြီး ရေးထားတဲ့ လင်္ကာလေးနဲ့ ရေတွက်ပြမယ်။ လင်္ကာလေးကို အရကျက်မှတ်ထားလိုက်ပါ။

ပါဏာတိပါတ်၊ သူ့အသက်က၊ ၁။ ချို့တဲ့အင်္ဂါ ၂။ မွဲပြာရုပ်သွင်

၃။ အားအင်ချို့ယွင်း ၄။ လျင်ခြင်းလည်းဝေး ၅။ ဘေးကိုကြောက်တတ်

၆။ အသတ်ခံရာ ၇။ အနာများလျက် ၈။ ခြွေရံပျက်၍ ၉။ အသက်တိုလျ ပြစ်များစွာသည်၊ ရှောင်ကအပြန် အကျိုးတည်း။

သတ်သူ

၁။ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းခြင်း

၂။ ရုပ်ဆင်းမလှခြင်း

၃။ ခွန်အားနည်းပါးခြင်း

၄။ လေးကန်ထုံထိုင်းခြင်း

၅။ ကြောက်တတ် လန့်တတ်ခြင်း

၆။ သူတစ်ပါးအသတ်ခံရခြင်း

၇။ ရောဂါထူပြောခြင်း

၈။ ခြွေရံနည်းပါးခြင်း

၉။ အသက်တိုခြင်း

ရှောင်သူ

၁။ ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း

၂။ ရုပ်ဆင်း လှပစိုပြည်ခြင်း

၃။ ခွန်အားတောင့်တင်းခြင်း

၄။ ပေါ့ပါး လျင်မြန်ခြင်း

၅။ ရဲစွမ်းသတ္တိရှိခြင်း

၆။ သူတစ်ပါးအသတ် မခံရခြင်း

၇။ ကျန်းမာရွှင်လန်းခြင်း

၈။ ခြွေရံပေါများခြင်း

၉။ အသက်ရှည်ခြင်း

မေး။ ။ ခိုးခြင်းအပြစ် ရှောင်ခြင်းအကျိုးများကို ဖော်ပြပါ။

ဖြေ။ ။ အဒိန္နဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။

ခိုးသူ

၁။ ဥစ္စာမွဲတတ်ခြင်း

၂။ ဆင်းရဲတတ်ခြင်း

၃။ လိုရာမရခြင်း

၄။ စီးပွားပျက်ခြင်း

၅။ ရန်သူမျိုးငါးပါးနှင့် ကြုံတတ်ခြင်း

မခိုးသူ

၁။ ဥစ္စာပေါများခြင်း

၂။ ချမ်းသာတတ်ခြင်း

၃။ လိုရာကို ရတတ်ခြင်း

၄။ စီးပွားတိုးတက်ခြင်း

၅။ ရန်သူမျိုးငါးပါးဘေးမှ ကင်းလွတ်ခြင်း

မေး။ ။ သူများသားမယား လွန်ကျူးသူ အပြစ်ရှောင်ကြဉ်သူ အကျိုးများကို ဖော်ပြပါ။

ဖြေ။ ။ မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်ညတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုတ်၊ -မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣန္ဒြေ။ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။

ကျူးလွန်သူ

၁။ မုန်းသူများ၏

၂။ ရန်သူများ၏

၃။ လာဘ်လာဘနည်း၏

၄။ ကိုယ်စိတ်ဆင်းရဲ၏

၅။ မိန်းမဖြစ်၏

၆။ ကျား မ မဟုတ် ပဏ္ဍုတ်ဖြစ်၏

၇။ အမျိုးယုတ်၏

၈။ အရှက်တကွဲကြုံ၏

၉။ အင်္ဂါချို့ယွင်း၏

၁၀။ စိုးရိမ်နေရ၏

၁၁။ ချစ်သူနှင့် ကွဲတတ်၏

ရှောင်ကြဉ်သူ

၁။ ချစ်သူများ၏

၂။ ရန်သူကင်းရှင်း၏

၃။ လာဘ်လာဘ ပေါများ၏

၄။ ကိုယ်စိတ်ချမ်းသာ၏

၅။ ယောက်ျားဖြစ်၏

၆။ ပဏ္ဍုတ်အဖြစ်မှ လွတ်၏

၇။ အမျိုးမြတ်၏

၈။ အရှက်တကွဲ မဖြစ်ရ

၉။ အင်္ဂါပြည့်စုံ၏

၁၀။ စိုးရိမ်မှုကင်း၏

၁၁။ ချစ်သူနှင့် ပေါင်းရ၏

မေး။ ။ မုသားပြောသူ၊ ရှောင်သူတို့ မည်သို့ ထူးခြားမည်နည်း။

ဖြေ။ ။ မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣန္ဒြေနောက်၊ ပုံယွင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း။

မုသားပြောသူ

၁။ စကားမပီ၊ ဆွံ့အ၏

၂။ သွားများမညီညွှတ်

၃။ အာပုပ်စော်နံ၏

၄။ အသားအရေ ခြောက်ကပ်၏

၅။ မျက်စိ၊ နား စသော ဣန္ဒြေများ နောက်ကျုကျု ရှိ၏

၆။ ပုံပန်းမလှမပ မပြေပြစ်

၇။ သြဇာအာဏာမတည်

၈။ နှုတ်အာကြမ်း၏

၉။ စိတ်ဓာတ်မတည်။ လော်လီဖောက်ပြားတတ်၏

မုသားရှောင်သူ

၁။ စကားပီသ ပြတ်သား၏

၂။ သွားများညီညာလှပ၏

၃။ အာခံတွင်း မွှေး၏

၄။ အသားအရေ စိုပြည်၏

၅။ ဣန္ဒြေများ ကြည်လင်ပြတ်သား၏

၆။ ပုံပန်းလှပပြေပြစ်သည်

၇။ သြဇာအာဏာရှိ၏

၈။ နှုတ်ချိုသာ၏

၉။ စိတ်ဓာတ်တည်ကြည် ခိုင်မာ၏

မေး။ ။ သေရည်သောက်ခြင်း အပြစ်၊ မသောက်ခြင်း အကျိုးများကို ဖော်ပြပါ။

ဖြေ။ ။ သေရည်သောက်လင့်၊ သင့်မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။

အရက်သောက်သူ

၁။ အရေးအခွင့် သင့် မသင့် မသိ

၂။ ပျင်းရိတတ်၏

၃။ မူးရူး မေ့လျော့တတ်၏

၄။ ကျေးဇူးမသိတတ်

၅။ အရှက်အကြောက် နည်း၏

၆။ မကောင်းမှုများကို ပြုလွယ်၏

အရက်ရှောင်သူ

၁။ အရေးအခွင့်ကို သိ၏

၂။ မပျင်းရိတတ်

၃။ မမေ့မလျော့ သတိကောင်း၏

၄။ ကျေးဇူးသိတတ်၏

၅။ အရှက်အကြောက်ရှိ၏

၆။ မကောင်းမှု ပြုခဲ၏

မေး။ ။ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သီလတွေဟာ ဘုရားမပွင့်တဲ့ သာသနာပမှာလဲ ရှိတယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သီလတွေဟာ ဘုရားပွင့်ရာ ကာလမှာရော၊ ဘုရားမပွင့်တဲ့ အခါမှာရော ရှိတယ်။ ဘုရားမပွင့်တဲ့အခါ ပစ္စေကဗုဒ္ဓါ ကမ္မဝါဒီတွေ၊ ရဟန်း၊ ပုဏ္ဏား၊ စကြဝတေးမင်းတွေဟာ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သီလကိုပဲ ဆောက်တည်စေပါတယ်။ ရသေ့၊ ပရိဗိုဇ်တွေဟာလဲ ငါးပါးသီလကို ကျင့်ကြံဖို့ ဟောပါတယ်။ ဘုရားပွင့်တော်မူတဲ့အခါမှာ ဒီ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သီလတွေဟာ ကိုယ်ချင်းစာတရား အပေါ်မှာ အခြေခံထားတဲ့ ကျင့်ဝတ်တွေ ဖြစ်တဲ့အတွက် ဘုရားရှင်များကလဲ ဆက်လက် ဟောကြားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ၅-ပါးသီလကို ဘာသာရေး ကျင့်ဝတ်အနေနဲ့ မဟုတ်ဘဲ ကိုယ်ချင်းစာတရားအပေါ် အခြေခံတဲ့ ကမ္ဘာသုံး ကိုယ်ကျင့်တရားတွေအဖြစ် လက်ခံကျင့်သုံးနေကြတာ ဖြစ်ပါတယ်။

မေး။ ။ ငါးပါးသီလ ခံယူပြီးနောက် ဘုန်းကြီးက တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထလို့ ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို မမေ့မလျော့ ကောင်းစွာ စောင့်ထိန်းကြလို့ တိုက်တွန်းတာ ဖြစ်တယ်။ အဲဒီအခါမှာ လူတွေက “အာမ ဘန္တေ - ဆရာတော် အမိန့်ရှိ မှာကြားတဲ့အတိုင်း ဂရုပြု စောင့်ထိန်းပါမည်ဘုရား”လို့ ကတိပြု လျှောက်ထားရတယ်။ ဘုရားမှာ သီလယူတဲ့အခါ စောင့်ထိန်းကြပါလို့ တိုက်တွန်းသူ မရှိလို့ အာမ ဘန္တေ ဆိုစရာမလိုဘူး။ ဗုဒ္ဓဘာသာဝင်အချို့ ဘုရားရှေ့မှာ သီလခံတဲ့အခါမှာလဲ အာမ ဘန္တေ ကို သုံးနေရာစလုံးမျာ ထည့်ဆိုနေကြတယ်။ ထည့်ဆိုလို့ အပြစ်မရှိပေမယ့် ကိုယ်ဆိုတဲ့စကားကို ကိုယ်နားမလည်ရာ ရောက်တဲ့အတွက် ထည့်မဆိုမိဖို့ သတိပြုရမယ်။

မေး။ ။ သီလကျိုးတယ်။ ပေါက်တယ်၊ ပြောက်တယ်၊ ကျားတယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ အစ၊ အလယ်၊ အဆုံး သိက္ခာပုဒ်ပျက်တာကို သိက္ခာပုဒ်ကျိုးတယ်လို့ ခေါ်တယ်။ အလယ်သိက္ခာပုဒ် ပျက်တာကို သိက္ခာပုဒ် ပျောက်တယ်လို့ ခေါ်တယ်။ သိက္ခာပုဒ် အစဉ်အတိုင်း၊ နှစ်ပါး၊ သုံးပါးပျက်တာကို သိက္ခာပုဒ် အပြောက်ထင်တယ်လို့ ခေါ်တယ်။ အကြား အကြား သိက္ခာပုဒ်တွေ ပျက်တာကို ကျားတယ်လို့ ခေါ်တယ်။ ဒါကြောင့် ဘုန်းတော်ကြီးများက သာဓုကံ ကတွ = မကျိုး မပြောက် မပေါက် မကျားရအောင် ကောင်းစွာ ဂရုစိုက်၍ အပ္ပမာဒေန သမ္ပာဒေထ = မမေ့မလျော့ စောင့်ရှောက်ကြကုန်လော့လို့ သတိပေး တိုက်တွန်းစကား မှာကြားခြင်း ဖြစ်တယ်။ သိက္ခာပုဒ်တွေကို အစ၊ အလယ်၊ အဆုံး ဘယ်နားကမျ မပျက်စီးစေနဲ့လို့ ဆိုလိုတယ်။

မေး။ ။ သီလဆိုတာ ဘာလဲ။

ဖြေ။ ။ သူ့အသက် သတ်ခြင်းစသည်မှ ရှောင်ကြဉ်လိုတဲ့ လူရဲ့သန္တာန်မှာဖြစ်တဲ့ ရှောင်မယ်ဆိုတဲ့ စေတနာဟာ သီလဖြစ်တယ်။ သူ့အသက်သတ်ခြင်း စသည်မှ ရှောင်ကြဉ်တဲ့လူရဲ့ ရှောင်ကြဉ်မှု ဝေရတီစေတသိက်ဟာ သီလဖြစ်တယ်။ မိမိသန္တာန်မှာ အကုသိုလ် ဒုစရိုက်တွေ မဖြစ်ရအောင် ပိတ်ဆို့စောင့်စည်းမှုဟာ သီလဖြစ်တယ်။ သီလ ဆာက်တည်ထားတဲ့သူဟာ သူဆောက်တည်ထားတဲ့ ၅-ပါး၊ ၈-ပါး၊ ၁၀-ပါး သိက္ခာပုဒ်တွေကို မကျူးလွန်ခြင်းဟာ သီလဖြစ်တယ်။

မေး။ ။ ဘာကြောင့် သီလလို့ ခေါ်သလဲ။

ဖြေ။ ။ သြကာသအဖွင့်မှာ ပြခဲ့တဲ့ ကာယကံကျူးလွန်မှု သုံးပါးကို ကိုယ်ထိလက်ရောက် မကျူးလွန်မိအောင်၊ ဝစီကံ လွန်ကျူးမှုလေးပါးကို နှုတ်မှ မြွက်ဟ မကျူးလွန်မိအောင် ကောင်းစွာသိမ်းဆည်း သိုမှီးထားတတ်သောကြောင့် လည်းကောင်း၊ သမာဓိ ပညာ စတဲ့ ကုသိုလ်တရားတွေဟာ သီလတည်းဟူသော မူလအခြေခံပေါ်မှာ ရပ်တည်ဖြစ်သွားရတဲ့အတွက် သမာဓိပညာစတဲ့ ကုသိုလ်တရားတွေကို ဆောင်ပင့်ထားတတ်သောကြောင့် လည်းကောင်း သီလလို့ ခေါ်တယ်။

မေး။ ။ သီလဟာ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ သီလတွေကို အမျိုးပေါင်းများစွာ ခွဲခြားပြထားတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ဗုဒ္ဓဘာသာ မြန်မာအရပ်သားတွေနဲ့ ဆိုင်တဲ့ သီလအမျိုးအစားကိုပဲ ဖော်ပြမယ်။

လူအရပ်သား ဆောက်တည်တဲ့ သီလဟာ ၅-ပါးသီလ၊ ၈-ပါးသီလ၊ ၁၀-ပါးသီလဆိုပြီး ၃-မျိုးရှိတယ်။ ဒါပေမယ့် ၁၀-ပါးသီလက ရွှေငွေ မကိုင်ရတဲ့အတွက် လူအရပ်သားတွေ ဆောက်တည်လေ့ မရှိကြဘူး။ ရှင်သာမဏေများအတွက် သီးခြားလိုပဲ ဖြစ်နေပြီ။ ၅-ပါးသီလကတော့ ဗုဒ္ဓဘာသာ အရပ်သားမှန်သမျှ အမြဲမပြတ တစ်သက်ပတ်လုံး စောင့်ထိန်းတဲ့ သီလဖြစ်တယ်။ ၈-ပါးသီလကတော့ ဥပုသ်နေ့တွေမှာမှ ကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ကျင့်သုံးကြတဲ့ သီလဖြစ်တယ်။ ဒါကြောင့် အရပ်သားတွေနဲ့ ဆိုင်တဲ့ ၅-ပါးသီလနဲ့ ၈-ပါးသီလဆိုင်ရာ သိမှတ်ဖွယ်ရာတွေကိုပဲ ဒီစာအုပ်မှာ ပြသွားပါမယ်။

မေး။ ။ ငါးပါး၊ ရှစ်ပါးသီလ ဆောက်တည်သူချင်း ကုသိုလ် အတူတူ ရကြပါသလား။

ဖြေ။ ။ သီလစောင့်သူချင်း တူပေမယ့် ကုသိုလ်အတူတူ မရကြပါဘူး။ သီလဆောက်တည်သူရဲ့ စိတ်စေတနာအလျောက် အနိမ့်၊ အလတ်၊ အမြတ် ၃-မျိုး ကွာခြားတယ်။ ဘယ်သူဟာ သီလအတော်မြဲတဲ့လူပဲလို့ ဘေးလူတွေက အထင်ကြီးအောင် အချီးမွမ်းခံရအောင် စောင့်ထိန်းတဲ့ သီလဟာ အနိမ့်စားဖြစ်တယ်။ လူ့ပြည် နတ်ပြည်မှာဖြစ်ပြီး စည်းစိမ်ဥစ္စာ ခံစားနိုင်ဖို့ ရည်ရွယ်ဆောက်တည်တဲ့ သီလဟာ အလတ်စား ဖြစ်တယ်။ သီလစောင့်ခြင်းဟာ အရိယာ သူတော်ကောင်းတွေရဲ့ အကျင့်ဖြစ်သည်ဟု ခံယူပြီး စောင့်ထိန်းတဲ့သီလဟာ အမြတ်စားဖြစ်တယ်။ စောင့်ထိန်းရတာချင်း အတူတူ အလတ်စား၊ အမြတ်စားသီလမျိုးဖြစ်အောင် စောင့်ထိန်းဖို့ အထူးလိုအပ်တယ်။

မေး။ ။ ၁၀-ပါးသီလကို လူရော သာမဏေပါ စောင့်သုံးနိုင်တယ်ဆိုတော့ ၁၀-ပါး သီလ ဆောက်တည်ပုံခြင်းဟာ အတူတူပါပဲလား။

ဖြေ။ ။ လူနဲ့ သာမဏေတို့ ၁၀-ပါးသီလ စောင့်ထိန်းပုံခြင်း မတူပါ။ သာမဏေများမှာ သရဏဂုံသုံးပါးကို ဆောက်တည်ပြီးတာနဲ့ ၁၀-ပါး သီလဟာ အလိုလို ဆောက်တည်ပြီးသား ဖြစ်ပါတယ်။ ရဟန်းခံတဲ့အခ ဉတ္တိစတုတ္ထ ကမ္မဝါစာအဆုံးမှာ နှစ်ရာ့နှစ်ဆယ် ခုနှစ်သွယ်သော သိက္ခာပုဒ်တွေကို မဆောက်တည်ဘဲ စောင့်ထိန်းရသလို သာမဏေတွေမှာ သရဏဂုံဆောက်တည်ပြီးတာနဲ့ ၁၀-ပါးသီလဟာ အလိုလို ဆောက်တည်ပြီး ဖြစ်သွားပါတယ်။ သာမဏေမှန်ရင် ၁၀-ပါးသီလဟာ မစောင့်မနေရ နိစ္စသီလ ဖြစ်ပါတယ်။

လူတွေကတော့ သရဏဂုံ ဆောက်တည်ပြီးရုံနဲ့ ၁၀-ပါးသီလ ခံယူပြီး မဖြစ်ပါဘူး။ သီးခြားဆောက်တည်ယူမှ ရပါတယ်။ ဒါကြောင့် ၁၀-ပါးသီလ ဆောက်တည်ခြင်းဟာ မတူပါဘူး။

မေး။ ။ သီလ၏ အကျိုးတရားတွေဟာ ဘာတွေလဲ။

ဖြေ။ ။ ငါးပါးသီလမှာ သီလတစ်ပါးကို စောင့်ထိန်းလို့ ရရှိတဲ့အကျိုး၊ မစောင့်ထိန်းလို့ လွန်ကျူးလို့ ရရှိမယ့်အပြစ်တွေကို ယှဉ်တွဲပြထားတယ်။ အခုပြမှာက သီလအားလုံးဆိုင်တဲ့ အကျိုးဖြစ်တယ်။

အာနန္ဒာ၊ အပြစ်မရှိ ကောင်းသော သီလအကျင့်တို့သည် စိတ်နှလုံးရဲ့ ကြည်သာရွှင်လန်းခြင်း အကျိုးရှိကုန်၏လို့ ဘုရားရှင်က ဟောထားတယ်။

ပြီးတော့ သီတင်းသုံးဖော် မိတ်သင်္ဂဟတို့ရဲ့ ကြည်ညိုခံရသူ၊ မေတ္တာပို့ခံရသူ၊ အလေးပြုခံရသူ၊ အချီးမွမ်းခံရသူ ဖြစ်ချင်ရင် သီလကို ဖြည့်ကျင့်စောင့်ထိန်း ရမယ်လို့ ဘုရားရှင်ဟောတယ်။

ကိလေသာ အညစ်အကြေးကို ဂင်္ဂါယမုံနာ မြစ်ရေနဲ့ ဆေးလို့ မစင်၊ သီလရေစင်နဲ့ ဆေးမှ စင်ကြယ်နိုင်တယ်။ ရာဂ စတဲ့ အပူမီးကို မိုးရေ မြစ်ရေနဲ့ ငြိမ်းသတ်လို့ မရ။ သီလရေစင်နဲ့သာ ပက်ဖျန်းမှ ငြိမ်းအေးနိုင်တယ်။

သီလဟာ နတ်ပြည်တက်ရန် တစ်ခုတည်းသော စောင်းတန်း၊ နိဗ္ဗာန်ဝင်ရန် တစ်ခုတည်းသော တံခါးပေါက် ဖြစ်တယ်။

သီလရှိသူမှာ အောက်ပါအကျိုး ၅-ပါးကို ရနိုင်တယ်။

(က) စည်းစိမ်ဥစ္စာ ကြွယ်ဝတယ်။

(ခ) ဂုဏ်သတင်း ကျော်စောတယ်။

(ဂ) ပရိသတ်ထံ ရဲရဲရင့်ရင့် ကပ်နိုင်တယ်။

(ဃ) မတွေမဝေ သေရတယ်။

(င) သေပြီး နတ်ပြည်ရောက်တယ်။

စသည်ဖြင့် သီလရဲ့အကျိုး အမျိုးမျိုး ပြောကြားထားတယ်။

မေး။ ။ သရဏဂုံနဲ့ ငါးပါးသီလ မြဲတဲ့လူကို သိကြားမင်းက ရှိခိုးတယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ သံယုတ်ပါဠိတော် ဂဟဌသုတ်မှာ

၁။ ကုသိုလ်ကောင်းမှုပြုခြင်း

၂။ သီလရှိခြင်း

၃။ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်း

၄။ တရားနှင့်အညီ သားမယားကို လုပ်ကျွေးခြင်း

ဆိုတဲ့ ကျင့်ဝတ်လေးပါးနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို သိကြားမင်းက ရှိခိုးပူဇော်တယ်လို့ ဟောထားပါတယ်။

မေး။ ။ ဥပုသ်နေ့ဆိုတာ ဘာလဲ၊ ဥပုသ်စောင့်တယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ဥပုသ်နေ့ဆိုတာက ပါဠိလို ဥပေါသထပုဒ်က ဖြစ်လာတဲ့ စကားဖြစ်တယ်။ မြန်မာလိုတော့ ကျင့်သုံးခြင်းလို့ အဓိပ္ပာယ်ရတယ်။ လူတွေဟာ ငါးပါးသီလကို နေ့ညမပြတ် စောင့်ထိန်းကြရတယ်။ ငါးပါးသီလဟာ ကျင့်ရိုးကျင့်စဉ် သီလဖြစ်တယ်။ ရိုးရိုငါးပါးသီလထက် ထူးခြားပြီး အရိယာသံဃာ ပုထုဇဉ် ရဟန်းသာမဏေတွေ ရာသက်ပန် ဆောက်တည်ကျင့်ကြံတဲ့ သီလတွေထဲက မေထုန်မှုမပြု၊ ညစာမစား၊ ပွဲလမ်းမကြည့်၊ ပန်းနံ့သာမခြယ်၊ မြင့်ရာမြတ်ရာမျာ မနေခြင်းဆိုတဲ့ လေးပါးကို အရိယာသံဃာတော် သာမဏေများလို မဟုတ်တောင်မှ ဥပုသ်နေ့လို့ အများသတ်မှတ် စောင့်သုံးကြတဲ့ နေ့တစ်နေ့နဲ့ တစ်ညမှာတော့ ရှောင်ကြဉ်မယ်၊ ဒီရှစ်ပါးသီလနဲ့ ပြည့်စုံအောင် ကျင့်ကြံမယ်ဆိုပြီး အကျင့်သီလနဲ့ ပြည့်စုံပြီးနေတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တယ်။ အများအညီအညွတ် သတ်မှတ်ပြီး ရှစ်ပါးသီလ ဥပုသ်စောင့်နေကြတဲ့နေ့ကို ဥပုသ်နေ့လို့ ခေါ်တယ်။

မေး။ ။ တစ်လမှာ ဥပုသ်နေ့ ဘယ်နှစ်ရက် ရှိသလဲ။

ဖြေ။ ။ ဥပုသ်နေ့က ၃-မျိုး ရှိတယ်။

၁။ ရိုးရိုးဥပုသ် ၂။ နိုးကြားတဲ့ဥပုသ် ၃။ ပါဋိဟာရိယဥပုသ် ၃-မျိုးဖြစ်တယ်။

ရိုးရိုးဥပုသ်က လဆန်း ၈ ရက်၊ ၁၄ ရက်နဲ့ လပြည့်၊ လဆုတ် ၈ ရက်၊ ၁၄ ရက်နဲ့ လကွယ်ဆိုပြီး ၆ ရက်ရှိတယ်။ အဲဒီ ၆ ရက်ထဲက ၁၄ ရက်နေ့ ဥပုသ်ကိုတော့ အချို့ဒေသ သက်ကြီးဝါကြီးတွေကပဲ စောင့်ပါတယ်။ အခုအခါမှာ ဒီလဆန်း လဆုတ် ၁၄ ရက်ကို ဥပုသ်နေ့မှန်း သိတဲ့လူတောင်မှ မရှိသလောက် ဖြစ်နေပြီ။ ဒါကြောင့် ရိုးရိုးဥပုသ်ဟာ စာအရှိ ၆ ရက်၊ လက်တွေ့ လက်ခံကျင့်သုံးတာက ၄ ရက်ဖြစ်တယ်။

နိုးကြားတဲ့ဥပုသ်ဆိုတာက ရိုးရိုးဥပုသ် ၆ ရက်မှာ ရှေ့တစ်ရက် အကြို နောက်တစ်ရက် အပိုနဲ့ နိုးနိုးကြားကြား တက်တက်ကြွကြွ စောင့်တဲ့ ဥပုသ်ဖြစ်တယ်။ ဒီဥပုသ်မျိုးကိုတော့ အခုအခါ စောင့်တဲ့လူ မရှိသလောက် ဖြစ်နေပါပြီ။

ပါဋိဟာရိယ ဥပုသ်ဆိုတာက ဥပုသ်နေ့အဖြစ် သတ်မှတ်ချက်မရှိဘူး၊ ၁၅ ရက်၊ တစ်လ၊ ၄၅ ရက် စသည် ကာလပိုင်းခြားပြီး ဒီရက်အတွင်း ဥပုသ်ဆက်တိုက် စောင့်မယ်လို့ ပိုင်းခြားပြီး စောင့်တာပဲ။ ဒီဥပုသ်မျိုးကိုတော့ အခုခေတ် အချို့ပုဂ္ဂိုလ်တွေ စောင့်ကြပါတယ်။ အချို့ ကမ္မဋ္ဌာန်းရိပ်သာတွေမှာ တရားဝင်တဲ့ နေ့ကစပြီး ထွက်တဲ့နေ့အထိ ၈-ပါးသီလ စောင့်ရတာဟာ ဒီပါဋိဟာရိယ ဥပုသ်မျိုးပါပဲ။

မေး။ ။ ဥပုသ်နေ့မဟုတ်ဘဲ ဥပုသ်စောင့်လို့ မရဘူးလား။ စောင့်ရင် အပြစ်ရှိပါသလား။

ဖြေ။ ။ ဥပုသ်နေ့မဟုတ်ဘဲ ဥပုသ်စောင့်လို့ ဖြစ်ပါတယ်။ အပြစ်မရှိပါဘူး။ ကုသိုလ်ရပါတယ်။ အထက်မှာ ဥပုသ်နေ့တွေ ကန့်သတ်ပြထားတာက ထိုခေတ် ထိုအခါမျာ လူတွေ စောင့်သုံးလေ့ရှိတဲ့ ရက်တွေကို ကန့်သတ်ပြတာပါ။ လူတွေရဲ့ ကုသိုလ်ကောင်းမှုကို မှတ်တမ်းယူတဲ့ စတုမဟာရာဇ် နတ်မင်းကြီးများရဲ့ လျှောက်ထားချက်အရ လူတွေဟာ ၈ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နဲ့ ပါဋိဟာရိယ ခေါ် နေ့ရက်တွေမှာ ဥပုသ်စောင့်ကြတယ်လို့ တာဝတိံသာနတ်တွေ ပြောလေ့ရှိကြောင်းကိုသာ ဘုရားရှင်က ဟောပြထားခြင်း ဖြစ်တယ်။ အခြားရက်တွေမှာ မစောင့်ရ၊ ဒီရက်တွေမှာမှ စောင့်ရမယ်လို့ ဘုရားဟောထားချက် မရှိဘူး။

သံဃာတော်တွေ ဥပုသ်နေ့မဟုတ်ရင် ဥပုသ်မပြုရ၊ ပြုခဲ့လျှင် ဒုက္ကဋ်အာပတ်သင့်စေ (အပြစ်ဖြစ်စေလို့) ပညတ်ထားတယ်။ ဒါကြောင့် လူတွေကလဲ ဥပုသ်နေ့မဟုတ်ဘဲ ဥပုသ်စောင့်ရင် အပြစ်ရှိတယ်လို့ အချို့ကျမ်းတွေမှာ ရေးထားတယ်။ ဒီလို ရေးထားတာဟာ “ဒေသနာတော်နည်း၌ မလိမ္မာသောကြောင့်သာ ဖြစ်သည်”ဟု တိပိဋကဓရ ဆရာတော် အရှင်ဝိစိတ္တသာရက မဟာဗုဒ္ဓဝင်မှာ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ဘယ်နေ့မဆို ဥပုသ်စောင့်လို့ ရပါတယ်။ ယခုကာလ ရုံးပိတ်တဲ့ တနင်္ဂနွေနေ့မှာ ဥပုသ်စောင့်တာဟာ အပြစ်မရှိဘူး။ ဥပုသ်စောင့်ချင်ပေမယ့် တာဝန်နဲ့ ဝတ္တရား အသက်မွေးဝမ်းကျောင်းအတွက် ရုံးတက်နေတဲ့သူအဖို့ တနင်္ဂနွေနေ့မှာ ဥပုသ်စောင့်ကြတာဟာ ခေတ်နဲ့ညီတဲ့ ဥပုသ်နေ့တစ်နေ့ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

မေး။ ။ ဥပုသ်ဘယ်နှစ်မျိုး ရှိသလဲ။

ဖြေ။ ။ တိကအင်္ဂုတ္တိုရ်မှာ သီလယူပြီးနောက် ဆင်ခြင်နှလုံးသွင်း ကွဲပြားပုံကိုကြည့်ပြီး …

(၁) ဂေါပါလဥပုသ် = နွားကျောင်းသား ဥပုသ်။

(၂) နိဂဏ္ဍဥပုသ် = တက္ကတွန်းဥပုသ်

(၃) အရိယဥပုသ် = စင်ကြယ်သောဥပုသ်

ဆိုပြီး ၃-မျိုးရှိတယ်လို့ ဟောထားတယ်။

နွားကျောင်းသား ဥပုသ်ဆိုတာက နွားကျောင်းသားတွေဟာ ဒီနေ့တော့ နွားတွေကို ဒီတောမှာကျောင်းပြီး ဒီချောင်းမှာ ရေတိုက်တယ်၊ နက်ဖြန်ကျရင်တော့ ဘယ်တောမှာကျောင်းပြီး ဘယ်ချောင်းမှာ ရေတိုက်ကြမယ်လို့ စီစဉ်လေ့ရှိသလို ဥပုသ်သည်တွေဟာလဲ ဒီနေ့တော့ ဘာဟင်း ဘာမုန့်တွေစားပြီး နက်ဖြန်၊ သို့မဟုတ် နောက်ဥပုသ်မှာ ဘာဟင်းချက်စားမယ်လို့ အစားအသောက်ကောင်းတွေ စားဖို့စဉ်းစားနေတဲ့ ဥပုသ်မျိုးကို နွားကျောင်းသားဥပုသ် (ဂေါပါလဥပုသ်)လို့ ခေါ်တယ်။

တက္ကတွန်းဥပုသ်ဆိုတာက တတ္ထိတက္ကတွန်းတွေ စောင့်သုံးတဲ့ ဥပုသ်မျိုးဖြစ်တယ်။ ဘယ်နှစ်မိုင်အတွင်းမှာ ရှိတဲ့ သတ္တဝါတွေကိုတော့ မသတ်ကောင်း၊ ဒီမိုင် သတ်မှတ်ချက် ဟိုဘက်မှာရှိတဲ့ သတ္တဝါကိုတော့ သတ်ကောင်းတယ်လို့ ဒုစရိုက်မှုပြုလို့ရအောင် ကြံဖန်စောင့်သုံးတဲ့ သီလမျိုးဖြစ်တယ်။

အရိယာဥပုသ် စင်ကြယ်တဲ့ဥပုသ်ဆိုတာက ဘုရားဂုဏ်တော်စသည်ကို အဖန်ဖန်နှလုံးသွင်းပြီး မိမိစိတ်မှာ ကိလေသာ အညစ်အကြေး စင်ကြယ်အောင် စောင့်သုံးတဲ့ ဥပုသ်မျိုးဖြစ်တယ်။ ဒီဥပုသ်သုံးမျိုးထဲမှာ နွားကျောင်းသားဥပုသ်၊ တက္တတွန်းဥပုသ်မျိုး မဖြစ်စေဘဲ အရိယာဥပုသ်မျိုးဖြစ်အောင် စောင့်ဖို့ သတိပြုကြရမယ်။

မေး။ ။ အရိယာဥပုသ်ဟာ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ အရိယာဥပုသ်ဟာ ၆-မျိုး ကွဲပြားတယ်။

(၁) ရှစ်ပါးသီလ ခံယူပြီး ဘုရားရှင်ရဲ့ အရဟံစတဲ့ ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့နေတဲ့ ဥပုသ်ကို ဗြဟ္မဥပုသ်လို့ ခေါ်တယ်။

(၂) ရှစ်ပါးသီလခံပြီး တရားတော်ရဲ့ သွာက္ခာတစတဲ့ ဂုဏ်တော်တွေကို အဖန်ဖန် နှလုံးသွင်းနေတဲ့ဥပုသ်ကို ဓမ္မဥပုသ်လို့ ခေါ်တယ်။

(၃) သံဃာတော်ရဲ့ သုပ္ပဋိပ္ပန္နစတဲ့ ဂုဏ်တော်တွေကို အောက်မေ့ဆင်ခြင်နေတဲ့ ဥပုသ်ကို သံဃဥပုသ်လို့ ခေါ်တယ်။

(၄) ရှစ်ပါးသီလခံယူပြီး သီလရဲ့ ဂုဏ်ကျေးဇူးကို အဖန်ဖန် နှလုံးသွင်းနေတဲ့ ဥပုသ်ကို သီလဥပုသ်လို့ ခေါ်တယ်။

(၅) နတ်တွေ ဗြဟ္မာတွေဟာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ ဂုဏ်ကျေးဇူးတွေ ရှိကြလို့ နတ်ပြည် ဗြဟ္မာပြည်မှာ ဖြစ်ကြရတယ်။ ငါ့မှာလဲ စင်ကြည်မွန်မြတ်တဲ့ သီလစတဲ့ ဂုဏ်ကျေးဇူးတွေ ရှိပေသည်ဟု နတ်ဗြဟ္မာတို့ကို စံထားကာ စောင့်သုံးတဲ့ ဥပုသ်ကို ဒေဝတာဥပုသ်လို့ ခေါ်တယ်။

(၆) ရှစ်ပါးသီလကို ခံယူကာ ရဟန္တာ ပုဂ္ဂိုလ်တွေဟာ သူ့အသက်ကို လုံးဝမသတ်ဘဲ အမြဲကြင်နာ သနားတော်မူကြသလို ငါလဲ သတ်ဖြတ် ညှင်းဆဲခြင်းမရှိဘဲ ရဟန္တာတွေကို အတုလိုက်ကာ ကျင့်သုံးရပေပြီ။ ဤသို့စသည်ဖြင့် ဥပုသ်အင်္ဂါ ၈-ပါးလုံးကို ဆင်ခြင်အောက်မေ့ စောင့်သုံးတဲ့သီလကို အဋ္ဌင်္ဂုပေါသထ အင်္ဂါ ၈-ပါးကို ဆင်ခြင်တဲ့ ဥပုသ်လို့ ခေါ်တယ်။

ရှစ်ပါးသီလခံယူပြီး ဥပုသ်စောင့်တဲ့လူဟာ အထက်မှာ ပြခဲ့တဲ့ ဥပုသ် ၆-မျိုးထဲက တစ်မျိုးမျိုးဖြစ်အောင် စောင့်သုံးဖို့လိုတယ်။

မေး။ ။ စာကလေးဥပုသ်၊ ဇူဇကာဥပုသ်၊ ကာလနဂါးဥပုသ်ဆိုတာက ဘာလဲ။

ဖြေ။ ။ ဒီဥပုသ်သုံးမျိုးက ကျမ်းဂန်မှာလာတဲ့ ဥပုသ်မဟုတ်ဘူး။ သီလယူပြီး လူတွေစုကာ ကြွက်စီ ကြွက်စီ စကားစုပြောနေတာကို စာကလေးဥပုသ်၊ အစားကောင်း အသောက်ကောင်းတေ ဗိုက်ကားအောင်စားတာကို ဇူဇကာဥပုသ်၊ သီလယူပြီး တရားနှလုံးမသွင်း ဂုဏ်တော်တွေ မပွားဘဲ အိပ်နေတာကို ကာလနဂါးဥပုသ်လို့ နာမည်ပေးထားတာပါပဲ၊ ဒီဥပုသ်မျိုးတွေ မဖြစ်ကြစေနဲ့လို့ ဆရာတော်တွေက သတိပေးတဲ့ ဥပုသ်တွေ ဖြစ်ပါတယ်။

မေး။ ။ ဥပုသ်နေ့မှာ ၈-ပါးသီလ ဘယ်လိုဆောက်တည်ရမလဲ။

ဖြေ။ ။ ငါးပါးသီလ ဆောက်တည်ပုံ အတိုင်းပါပဲ။ အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌသင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။

(အရှင်ဘုရား၊ တပည့်တော် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါ ၈-ပါးရှိသော ဥပုသ်သီလကို တောင်းပန်ပါသည်။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် သီလပေးတော်မူပါဘုရား)

(၈)-ပါးသီလ

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၃။ အဗြဟ္မာစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၇။ နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

မေး။ ။ ငါးပါးသီလနဲ့ မတူတဲ့ သိက္ခာပုဒ် ၄ ခုကို အဓိပ္ပာယ် ရှင်းပြပါ။

ဖြေ။ ။ အဗြဟ္မစရိယာ မမြတ်သော မေထုန်အကျင့်ကို လုံးဝမပြုလုပ်ရဘူး။ ကာမေသုမိစ္ဆာစာရဆိုတာက ကိုယ်ရဲ့ဇနီး၊ ကိုယ်ရဲ့ ခင်ပွန်းမဟုတ်တဲ့ သူနဲ့ မေထုန်မှု မပြုရဘူး။ ဒီအဗြဟ္မစရိယ သိက္ခာပုဒ်ကတော့ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းနဲ့ရော သူတစ်ပါးသမီး ဇနီးခင်ပွန်းနဲ့ရော မေထုန်မှု မပြုရဘူး။

ဝိကာလဘောဇနာ ဆိုတာက နေ့ ၁၂ နာရီက ကျော်ရင် ဖျော်ရည် ဘိလ်ရည် ကြံရည် ထန်းလျက် သကြား ကြံသကာကလွဲလို့ အခြား အစားအသောက် ဘာကိုမှ မစားမသောက်ရဘူး။

နစ္စ ဂီတ ဝါဒိတ ဆိုတာက မကရ၊ မဆိုရ၊ မတီးမှုတ်ရ၊ ကတာ၊ ဆိုတာ၊ တီးတာကို မကြည့်ရ၊ နားမထောင်ရဘူး။

ဥစ္စာသယန မဟာသယန ဆိုတာက တစ်တောင့်ထွာထက် အထက်မြင့်တဲ့ ခုတင်ပေါ်၊ မွေ့ရာပေါ်မှာ မနေရ၊ မအိပ်ရဘူး။

မေး။ ။ ၉-ပါးသီလ ဘယ်လိုဆောက်တည်ရမလဲ။

ဖြေ။ ။ ၉-ပါးသီလကို တသီးတခြား တစ်မျိုးတစ်မည် ဆောက်တည်စရာ မလိုပါဘူး။ ၈-ပါးသီလ ဆောက်တည်ပြီး မေတ္တာပို့အဖွင့်မှာ ပြထားတဲ့အတိုင်း အရပ်ရှစ်မျက်နှာမှာရှိတဲ့ မျက်နှာတစ်ခုခုမှာရှိတဲ့ သတ္တဝါတွေကို ဘေးရန်ကင်းပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပွားများနေရင် ၉-ပါးသီလဖြစ်ပါတယ်။

ဒီနေရာမှာ တိပိဋကဓရ အရှင်ဝိစိတ္တသာရ ဆရာတော်ရဲ့ အဆုံးအဖြတ်ကို သတိပြုသင့်တယ်။

မေတ္တာဟူသည် ဘာဝနာဖြစ်၏၊ သီလကိုသာ ဆောက်တည်ရဖွယ်ရှိသည်။ ဘာဝနာဟူသည် မပြတ်ပွားများရသော တရားမျိုးဖြစ်၏၊ သို့ဖြစ်၍ နဝင်္ဂဥပုသ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ် တစ်ခုပြုလုပ် ဆောက်တည်ရန်မလို၊ ရိုးရိုး ၈-ပါးသီလကို ခံယူပြီးနောက် မေတ္တာတရားကို စွမ်းနိုင်သလောက် ပွားများအားထုတ်နေလျှင် အင်္ဂ ၉-ပါးရှိသော နဝင်္ဂဥပုသ်ကို ကျင့်သုံးသည်မည်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏၊ (မဟာဗုဒ္ဓဝင် အနုဒီပနီ ပတွဲ - ပပိုင်း)တဲ့။

အထက်ပါဆရာတော်၏ အဆုံးအဖြတ်အရ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံဆိုပြီး သီးခြား ၉-ပါးသီလ ဆောက်တည်ရန် မလိုဟု မှတ်ပါ။ ၉-ပါးသီလ မဟုတ်ဘဲ ကိုးပါးဥပုသ်သာ ဖြစ်တယ်လို့ မှတ်ပါ။

မေး။ ။ ဥပုသ်ဟာ ကျောင်းမှာ ဥပုသ်ဇရပ် ဓမ္မာရုံမှာ စောင့်တာ ကောင်းသလား၊ အိမ်မှာစောင့်တာ ကောင်းသလား။

ဖြေ။ ။ ဥပုသ်စောင့်တယ်ဆိုတာ အထက်အရိယာ သီလ ၆-မျိုးမှာ ပြခဲ့တဲ့အတိုင်း သီလဆောက်တည်ပြီးရင် အရိယာသီလတစ်မျိုးမျိုး၊ သို့မဟုတ် ၆-မျိုးလုံးဖြစ်အောင် ပွားများနှလုံးသွင်းနေရမယ်၊ အဲဒီပွားများ နှလုံးသွင်းလို့ရတဲ့ ကောင်းတဲ့နေရာဟာ ဥပုသ်နေ့အတွက် နေလို့အကောင်းဆုံးပဲ၊ အိမ်မှာ ကလေး အလုပ်သမားတွေများပြီး ဗာဟီရကိစ္စတွေရှုပ်လို့ သမာဓိမရရင် ကျောင်းမှာ၊ ဓမ္မာရုံမှာ သွားစောင့်ရတဲ့အတွက် ရဟန်းတော်ကို ဖူးမြော်ရတယ်၊ စုပေါင်းဒါနပြုရတယ်၊ တရားတော် နာရတယ်။ ဓမ္မမိတ်ဆွေချင်း တရားဆွေးနွေးရတယ်။

ဒါပေမယ့် အချို့ဓမ္မာရုံတွေ ကျောင်းတွေမှာက သီလယူပြီး တရားနာပြီးရင် အရိယာဥပုသ်မျိုး ဖြစ်အောင်တော့ မပွားများဘဲ သားအကြောင်း၊ သမီးအကြောင်း၊ စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်း စတဲ့ လောဘ၊ ဒေါသ ဖြစ်စရာတွေကို စုပေါင်းပြောဆိုနေကြတယ် ဆိုရင်တော့ ကျောင်းဥပုသ် ဇရပ်၊ ဓမ္မာရုံမှာ နေကုန်အောင် မနေဘဲ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အရိယာသီလဖြစ်အောင် ပွားများနေရပါမယ်၊ တရားစာပေ ကျမ်းဂန်တွေကို ဖတ်ရှုနေရပါမယ်။

ကိုယ့်အိမ်ထဲမှာလဲ တိတ်ဆိတ်ငြိမ်သက်နေရင်တော့ ဆူညံနေတဲ့ ဓမ္မာရုံမှာထက် အိမ်မှာစောင့်တာကမှ ပိုကောင်းပါတယ်။ စကားမပြောချင်လဲ လောကဝတ်အရ စကားပြောရတာမျိုးလဲ မရှိတော့ဘူးပေါ့။

မေး။ ။ ဥပုသ်စောင့်တဲ့အခါ ငှက်ပျောသီး၊ မုန့်စတဲ့ ပစ္စည်းဝတ္ထုတွေကို ဘာဖြစ်လို့ လှူရသလဲ။

ဖြေ။ ။ မုန့်၊ သစ်သီးတွေ လှူတာကတော့ ဥပုသင်စောင့်တာနဲ့ မဆိုင်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ဘာသာရေးအခြေခံ လုပ်ငန်းကြီးသုံးခု ရှိတဲ့အထဲမှာ သီလဆောက်တည်ပြီး မေတ္တာဘာဝနာ အနုဿတိ ဘာဝနာတွေကို ပွားများခွင့်ရပြီးတာကြောင့် ဒီလို သီလဘာဝနာ ကုသိုလ်ပြုတဲ့နေ့မှာ ဒါနလဲပြုသင့်တယ်ဆိုပြီး သစ်သီး မုန့် စသည် လှူဒါန်းတာပဲ။

ဘုန်းကြီးကျောင်းမှာ သီလသွားယူမှာဖြစ်တော့ ဗုဒ္ဓဘာသာတို့ ထုံးတမ်းအစဉ်အလာအရ ကျောင်းကို သွားတဲ့အခါ လှူဖွယ် ပစ္စည်းတစ်ခုခုပါမှ သွားတဲ့အလေ့အထ အရလဲဖြစ်တယ်။

မေး။ ။ လူတွေ စောင့်သုံးရမယ့် ဂဟဋ္ဌသီလထဲမှာ ၁၀-ပါးသီလ ပါပါလျက် အခုခေတ်လူတွေ ဘာဖြစ်လို့ မစောင့်ကြသလဲ။

ဖြေ။ ။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ရိုးရိုးလူတွေ အမြဲစောင့်တဲ့ သီလအနေနဲ့ ငါးပါးသီလ၊ စွမ်းနိုင်ရင် ၁၀-ပါးသီလ၊ ဥပုသ်နေ့မှာ ဥပုသ်သီလကို စောင့်သုံးရမယ်လို့ ပြောတယ်။ အဲဒီမှာ စွမ်းနိုင်ရင် ၁၀-ပါးသီလကိုလဲ အမြဲစောင့်ရမယ်လို့ အဓိပ္ပာယ် ကောက်ယူမှားကြပြီး ၁၀-ပါးသီလ အမြဲမစောင့်နိုင်လို့ အခုခေတ် ၁၀-ပါးသီလ မစောင့်ကြတာဖြစ်တယ်။

၁၀-ပါးသီလကို အမြဲမစောင့်နိုင်ကြတဲ့ အကြောင်းထဲမှာ နောက်ဆုံးသိက္ခာပုဒ်အရ ရွှေ၊ ငွေကို မကိုင် မခံရဘူး။ ကိုယ့်အိမ်မှာ သိမ်ထားတာ ရှိနေရင်တောင် ၁၀-ပါးသီလ စောင့်လို့မရဘူးလို့ အယူအဆ လွဲမှားကြတဲ့အတွက် ၁၀-ပါးသီလကို အမြဲမစောင့်နိုင်ကြတာ ဖြစ်တယ်။

၁၀-ပါးသီလဟာ အမြဲစောင့်ရတဲ့ နိစ္စသီလ မဟုတ်ဘူး။ တတ်နိုင်သလောက် ၁ ရက်၊ ၂ ရက်၊ ၃ ရက်လဲ စောင့်လို့ရတယ်။ ဒီလို ရံခါ တတ်နိုင်သလောက် စောင့်တဲ့ သီလကို နိယမသီလလို့ ခေါ်တဲ့အကြောင့် ဣတိဝုတ် အဋ္ဌကထာမှာ ဖွင့်ပြထားတယ်။ ပြီးတော့ ၁၀-ပါးသီလ စောင့်သူဟာ အဲဒီစောင့်တဲ့နေ့မှာ ရွှေ၊ ငွေကို မကိုင် မခံ မရောင်းမဝယ်ရင် ပြီးတာပဲ။ အိမ်က ရွှေ၊ ငွေ တွေကို လုံးဝစွန့်ပစ်ဖို့ မလိုတဲ့အကြောင်း ယုတ္တိအကိုး သာဓကတွေနဲ့ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရက မဟာဗုဒ္ဓဝင် ပထမတွဲ အနုဒီပနီမှာ အကျယ်ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ၁၀-ပါးသီလဟာ အမြဲမဟုတ်ဘဲ ရံခါလဲ စောင့်လို့ရတယ်။ အိမ်က ရွှေ၊ ငွေတွေကို မစွန့်ဘဲလဲ စောင့်လို့ရတယ်လို့ မှတ်ပါ။

မေး။ ။ လူတွေရဲ့ စာရိတ္တသီလနဲ့ ဝါရိတ္တသီလကို ခွဲပြပါ။

ဖြေ။ ။ ဝါရိတ္တဆိုတာက တားမြစ်ခြင်းလို့ ဆိုလိုတယ်။ သူ့အသက် သတ်ခြင်းစတဲ့ အကျင့်ငါးပါးကို ရာသက်ပန် ရှောင်ကြဉ်ရမယ်လို့ တားမြစ်ထားတဲ့အတွက် ငါးပါးသီလဟာ ဝါရိတ္တသီလဖြစ်တယ်။ မင်္ဂလသုတ် ဝိနယောစ သုသိက္ခိတော မင်္ဂလာအဖွင့် အဋ္ဌကထာမှာ အကုသိုလ် ကမ္မပထတရား ၁၀-ပါးမှ ရှောင်ကြဉ်တာဟာ လူဝိနည်းဖြစ်တယ်လို့ ဖွင့်ထားတော့ ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါးဖြစ်တဲ့ ဒုစရိုက် ၁၀-ပါးက ရှောင်ကြဉ်မှုကိုလဲ ဝါရိတ္တသီလလို့ မှတ်နိုင်တယ်။ တားမြစ်ထားတဲ့ သီလကို ကျူးလွန်ရင် အပါယ်လေးပါးကို ကျရောက်တတ်တယ်။

စာရိတ္တဆိုတာက ကျင့်ကြံအားထုတ်ခြင်းလို့ ဆိုလိုတယ်။ မကျင့်ရင် အပြစ်မရှိ၊ ကျင့်ရင်တော့ အကျိုးပိုရတဲ့ သီလမျိုးဖြစ်တယ်။ ဒါကြောင့် ၈-ပါးသီလထဲမှာ ပါတဲ့ မေထုန်ရှောင်ခြင်း၊ ညစာရှောင်ခြင်း၊ ပွဲလမ်းသဘင်၊ ပန်းနံ့သာရှောင်ခြင်း၊ မြင့်မြတ်တဲ့ နေရာရှောင်ခြင်း၊ ၄-ပါးဟာ စာရိတ္တသီလ ဖြစ်သင့်တယ်လို့ တိပိဋကဓရ ဆရာတော် အရှင်ဝိစိတ္တသာရက မဟာဗုဒ္ဓဝင်မှာ ပြဆိုထားတယ်။ သက်ကြီးရွယ်ရင့် ပုဂ္ဂိုလ်တွေကို ရိုသေမှု စသည်ဟာလဲ စာရိတ္တသီလဖြစ်သင့်တယ်လို့ ဆရာတော်က ပြထားတယ်။ သိင်္ဂါလောဝါဒသုတ်ဟာ လူ့ဝိနည်းဖြစ်တယ်လို့ သိင်္ဂါလောဝါဒသုတ် အဋ္ဌကထာမှာ ပြထားတယ်။ အဲဒီသုတ်မှာ ဘုရားရှင်ဟောထားတဲ့ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ လင်နဲ့ မယား၊ အရှင်နဲ့ ကျွန် ကျင့်ဝတ်တွေဟာလဲ စာရိတ္တသီလ လူ့ကျင့်ဝတ်တွေလို့ ယူဆသင့်ပါတယ်။

မေး။ ။ သိင်္ဂါလောဝါဒသုတ်မှာ ဘုရားရှင် ဟောထားတဲ့ လူ့ကျင့်ဝတ်တွေက ဘာတွေလဲ။

ဖြေ။ ။ သိင်္ဂါလောဝါဒသုတ်မှာ ဘုရားရှင်က ပါဠိဘာသာနဲ့ ဟောခဲ့တဲ့ကျင့်ဝတ်တွေကို သင်္ဂဇာဆရာတော်ဘုရားကြီးက မှတ်သားလွယ်ကူအောင် အဓိပ္ပာယ်ပေါ်လွင်တဲ့ လင်္ကာသွားလေးနဲ့ ရေးပြခဲ့တယ်။ မြန်မာဗုဒ္ဓဘာသာတိုင်း ရရှိကျင့်သုံးကြတဲ့ ရလဲရထိုက် ကျင့်လဲကျင့်ထိုက် တကယ်ကျင့်ရင် တကယ်လဲ အခုဘဝ နောက်ဘဝအတွက် အကျိုးရှိတဲ့အတွက် ရအောင်ကျက်ပါ၊ လက်တွေ့ ကျင့်ဆောင်ကြပါ။

လူတို့ကျင့်ဝတ်

ဥပါသကာ ဥပါသိကာမများအဖို့ သိင်္ဂါလောဝါဒသုတ်လာ လူတို့ကျင့်ဝတ်

တလောကလုံး၊ ညွှတ်ရုံးဦးချ

နှိုင်းမမျှသား၊ ဘုရားရွှေစက်

ရောင်ပြီုးပြက်ကို၊ ဦးထက်တင်ထား

ရိုညွှတ်တွား၍၊ သားနှင့်အမိ

တပည့်စသည်၊ ပြုရာအံ့ဝတ်

ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်

သုတ်ပါထေယျ၊ ကျမ်း၌ပြသည်

လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်

နတ်ရွာဖို့လုံးလုံး၊ ကျက်စေသော်

သားသမီးကျင့်ဝတ် ၅-ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ

မွေခံထိုက်စေ၊ လှူမျှဝေ၍

စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်

ကျင့်ဖွယ် သားတို့တာ။

မိဘကျင့်ဝတ် ၅-ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်

အတတ်သင်စေ၊ ပေးဝေနှီးရင်း

ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်

ဖခင် မယ်တို့တာ။

တပည့်ကျင့်ဝတ် ၅-ပါး

ညီညာထကြွ၊ ဆုံးမနာယူ

လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး

သင်တွေးအံရွတ်၊ တပည့်ဝတ်

မချွတ်ငါးခုသာ။

ဆရာကျင့်ဝတ် ၅-ပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ

သိပ္ပမချန်၊ ဘေးရန်ဆီးကာ

သင့်ရာအပ်ပို့၊ ဆရာတို့

ကျင့်ဖို့ ဝတ်ငါးဖြာ

လင်ကျင့်ဝတ် ၅-ပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ

မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်

မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

မယားကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ

မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ

ပျင်းရိမမူ၊ ဝတ်ငါးဆူ

အိမ်သူ ကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ၅-ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား

စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ

သစ္စာမှန်စေ၊ ဝတ်ငါးထွေ

ကျင့်လေ မိတ်သဟာ။

သခင်ကျင့်ဝတ် ၅-ပါး

ဝစွာကျွေးမွေး၊ ပြုရေးစီရင်

နာလျှင်ကုစေ၊ ငှဝေရသာ

အခါကိုလွှတ်၊ အရှင့်ဝတ်

မချွတ်ငါးခုသာ။

ကျွန်ကျင့်ဝတ် ၅-ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်

ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား

တတ်အားလှူစေ၊ ဝတ်အားထွေ

ပြုပေ ဒါယကာ။

ရဟန်းကျင့်ဝတ် ၆-ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်

အသစ်ဟောကျူး၊ နာဖူးထပ်မံ

နတ်ထံတင်ရာ၊ မေတ္တာလည်းပြု

ရဟန်းမှု၊ ၆-ခု လွန်သေချာ။

ကျမ်းသိင်္ဂါလ သုတ်ဝယ်ပြ သုံးလောက မြတ်ဆရာ။

ကျင့်ဝတ်မပြေ ပါယ်လေးထွေ လားလေ ရှည်မြင့်ကြာ။

ဤသည့်ဝတ်ကုန် ဆွေမျိုးစုံ ခြောက်ဘုံ ထက်နတ်ရွာ။

လှည်းဘီးပြင်ကာ နားစောင့်ချသို့ မိဘနှင့်သား မယားနှင့်လင် အရှင်နှင့်ကျွန် ထေရ်မွန်ဒကာ မိသဟာနှင့် ဆရာတပည့် တည့်တည့်မချွတ် ကျင့်ဝတ်စုံလင် ဖြူသန့်စင်မူ ရှင်လည်းမသွေ သေလည်းမကွာ နတ်ရွာလူ့ပြည် စံစားမည်တည့် မတည့်ကျင့်ဝတ် ချွတ်သူတို့မှာ မလွတ်သာသည် လေးရွာဖို့လုံးလုံး လူဖြစ်ရှုံး။

ဥစ္စာပျက်ကြောင်း ၆-ပါး

သေစာသောက်စား၊ လမ်းသွားခါမဲ့

ရှုခဲ့သဘင်၊ ပျော်ရွှင်အန်လောင်း

မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား

ယိုယွင်းဥစ္စာ၊ ပျက်ကြောင်းတည်း

သေအရက်သောက်ခြင်း အပြစ် ၆-ပါး

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ

ရောဂါထူပြော၊ ကျော်စောမဲ့ထုံး

မလုံအင်္ဂါ၊ ပညာနည်းပါး

ဤခြောက်ပါးကား၊ သောက်စားသေစာ

အပြစ်တည်း။

အခါမဲ့လမ်းသွားခြင်း

ကိုယ့်သားမယား၊ တခြားဥစ္စာ

လိုရာမဲ့ရှောင်း၊ မကောင်းအရာ

ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု

ဆင်းရဲစု၊ ခြောက်ခု ခါမဲ့ သွားပြစ်တည်း။

သဘင်ပွဲလမ်း အပြစ် ၆-ပါး

ကခြင်းတလီ၊ သီခြင်းတသီး

မှုတ်ခြင်းတသင်း၊ ပြီန်ဖျင်းတအုပ်

လက်ခုပ်တလီ၊ အိုးစည်တဖြာ

ရှိရာရှာ၍၊ ဥစ္စာပျက်မှု

ဤခြောက်ခုကား၊ ကြည့်ရှုသဘင်

အပြစ်တည်း

လောင်းတမ်းကစားခြင်း အပြစ် ၆-ပါး

အောင်သူရန်ပွား၊ ရှုံးသွားစိုးရိမ်

စည်းစိမ်လျော့ပါး၊ တရားသဘင်

မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို

မလိုထိမ်းမြား၊ ဤခြောက်ပါးကား

ပျော်ပါး ကြွေအန်အပြစ်တည်း။

မိတ်ဆွေပျက် ၆ ယောက်

ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ

သေစာကြူးမှု၊ အတူပြုငြား

လှည့်စားတယောက်၊ မျက်မှောက်လှည့်ချက်

နိုင်ထက်လုယူ၊ ဤသူ ၆-ပါး

မိတ်ဖြစ်လားကြောင့်၊ ပျက်ပြား မိတ်ဆွေ

အပြစ်တည်း

ပျင်းရိခြင်း၏ အပြစ် ၆-ပါး

အချမ်းပြင်းဝှန်၊ အပူလွန်နိုး

မိုးချုပ်လှမော၊ စောလွန်းသယောင်

ဆာလောင်ဝမ်းဝ၊ နေကဥစ္စာ

ပညာမပွား၊ ဤခြောက်ပါးကား

ထင်ရှား လူပျင်း အပြစ်တည်း။

အကြီးအကဲ ကျင့်ဝတ် ၆-ပါး

ထကြွ၊ နိုးကြား

သနား၊ သည်းခံ

ဝေဖန်၊ ထောက်ရှု

ဤခြောက်ခု၊ ကြီးသူ့ကျင့်ရာ တရားတည်း။

ကိုယ်ကျိုးငဲ့သော အဆွေခင်ပွန်းတု ၄ ယောက်

လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်

နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ

ဘေးထိရောက်ခါ၊ ပြုလာတုံချင်

ကိုယ်ကျိုးမြင်၍၊ မှီယှဉ်ပေါင်းစု

ဤလေးခု၊ အညဒတ္ထုတရတည်း။

နှုတ်ဖြင့်သာ ဟန်ဆောင်တတ်သော အဆွေခင်ပွန်းတု ၄ ယောက်

လွန်ပြီးစေ့စပ်၊ နာဂတ်တတန်

အဆန်မပါ၊ ဗလာမြှောက်စား

ပေးလိုလားဟန်၊ ပစ္စုပ္ပန်မှာ ပျက်ရာညွှန်ကား

ဤလေးပါးကား၊ မှတ်သားဝစီပရမတည်း။

ချစ်ဖွယ်သာဆိုတတ်သော အဆွေခင်ပွန်းတု ၄ ယောက်

မကောင်းခွင့်ပြု၊ ကောင်းမှုပိတ်ပင်

ရှေ့တွင်ချီးမွမ်း၊ ပြုံးလွှမ်းကွယ်ထောက်

ကဲ့ရဲ့မြောက်၊ လေးယောက် ပီယဘာဏိတည်း။

အကျိုးမဲ့ကို ဆောင်တတ်သော အဆွေခင်ပွန်းတု ၄ ယောက်

ယစ်မျိုးသောက်စား၊ လမ်းသွားခါမဲ့

ရှုငဲ့သဘင်၊ ပျော်ရွှင်လောင်းစား

အရာများမှ အဖော်ရ၊ လေးဝပါယ မိတ်ဆွေတည်း။

ကျေးဇူးဆောင်တတ်သော အဆွေခင်ပွန်းစစ် ၄ ယောက်

မေ့လျော့စောင့်ကာ ဥစ္စာစောင့်ရှောက်

ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက

နှစ်ဆဥစ္စာ၊ ထောက်ပံ့လာသည်

လေးဖြာဥပကာရတည်း။

ဆင်းရဲမကွာ ချမ်းသာပစ်သော အဆွေခင်ပွန်းစစ် ၄ ယောက်

လျှို့ဝှက်စကား၊ ဖော်ကြားမကျန်

တစ်ဖန်ဖုံး၍၊ ထားတွေ့မစွန့်

မတွန့်မကွက်၊ ကိုယ့်အသက်ကို

မိတ်တွက်စွန့်မြောက်၊ ဤလေးယောက်

မှတ်လောက်သုခ၊ ဒုက္ခတည်း။

အကျိုးစီးပွားကိုသာ ပြောကြားတတ်သော အဆွေခင်ပွန်း ၄ ယောက်

မကောင်းမြစ်ထာ၊ ကောင်းရာညွှန်ထား

မကြားစဖူး၊ စကားထူးမြွက်

ထက်နတ်ညွှန်ပြ၊ ဤလေးဝကား

မည်ရ အတ္တက္ခာယီတည်း။

အစဉ်သနားတတ်သော အဆွေခင်ပွန်းစစ် ၄ ယောက်

ဥစ္စာပျက်ပြား၊ သနားကြင်နာ

ပွားခါကြည်နူး၊ ကျေးဇူးမဲ့ကို

ဆိုသော်တားမြစ်၊ ကျေးဇူးလှစ်က

ထပ်ဆင့်ချီးကျူး၊ ဤလေးဦးကား

မိတ်ထူး အနူကမ္ပတည်း။

အရပ် ၆-ပါး

အရှေ့မိဘ၊ တောင်မှ ဆရာ

အနောက်မှာကား၊ သားမယားနှင့်

မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျေးကျွန်

ထက်မွန်ပုဏ္ဏား၊ ရဟန်းများ

၆-ပါး ရပ်မျက်နှာ။

အလောင်းအလျာတို့ အလိုတော် ၆-ပါး

လောဘ၊ ဒေါသ

မောဟကင်းလို၊ တောခိုတဖြာ

ဆိတ်ငြိမ်ရာသက်၊ ဝဋ်မှထွက်

ခြောက်ချက်လောင်းလျာ အလိုတည်း။

အမြဲမပြတ် ဆင်ခြင်ရသော တရား ၅-ပါး

အိုခြင်းတဖြာ၊ နာခြင်းတထွေ

သေခြင်းတခြား၊ ကွဲပြားတတန်

ကံလျှင်ဥစ္စာ၊ ဤ ၅ ဖြာကို

မကွာနေ့ည၊ ဉာဏ်သက်ဝင်၍

ဆင်ခြင်ကြ။

သေခြင်းတစ်ပါး၊ ဤတရားကား

စီးပွားမြားမြောင်၊ အကျိုးဆောင်သည်

အိုအောင် အောက်မေ့ စီဖြန်းကြ။

ဘုရားရှိခိုးခြင်း

အခန်း (၈)

မေး။ ။ ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ နေ့စဉ်လုပ်ငန်းမှာ ငါးပါးသီလခံပြီးရင် ဘာလုပ်ရပါသလဲ။

ဖြေ။ ။ ငါးပါးသီလခံပြီးရင် ဘုရားရှိခိုးရပါတယ်။ ဘုရားရှိခိုးတယ် ဆိုပေမယ့် ဘုရားရော၊ တရားရော၊ သံဃာရော ရတနာသုံးပါးကို ရှိခိုးကြပါတယ်။ ဒါကြောင့် ဘုရားရှိခိုးစကတည်းက ဗုဒ္ဓံပူဇေမိ = ဘုရားကို ပူဇော်ပါ၏၊ ဓမ္မံပူဇေမိ = တရားတော်ကို ရှိခိုးပူဇော်ပါ၏၊ သံဃံပူဇေမိ = သံဃာတော်မြတ်ကို ရှိခိုးပူဇော်ပါ၏လို့ ရတနာသုံးပါးကို ရှိခိုးကြတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ရေးခဲ့ကြတဲ့ ဘုရားရှိခိုးစာအုပ်တွေမှာတော့ ဘုရားဂုဏ်တော်တွေကို ဖော်ကျူးတဲ့ ဘုရားဂုဏ်တော်ဖွင့်တွေက များပါတယ်။ တရားတော်နဲ့ သံဃာတော်ရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးတဲ့ တရား၊ သံဃာ ဂုဏ်တော်ဖွင့်တွေလဲ အနည်းအကျဉ်းတော့ ပါပါတယ်။ ဒါကြောင့် ဘုရားရှိခိုးဆိုတာ ရတနာသုံးပါးကို ရှိခိုးပူဇော်တာလို့ မှတ်နိုင်ပါတယ်။

မေး။ ။ ဘုရားရှိခိုးတယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ သုတ္တန် ဒေသနာတော်နည်းအရ ပြောရရင်တော့ တိကအင်္ဂုတ္တုရ်မှာ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း …

၁။ ပုဆစ်ဒူးတုပ် လက်အုပ်ချီမိုးပြီး ဒူးနှစ်ဖက်၊ လက်ဝါးနှစ်ဖက်၊ နဖူးပြင်ဆိုတဲ့ အင်္ဂါငါးခုကို ကြမ်းပြင်မှာ ထိပြီး ရှိခိုးတဲ့ ကိုယ်ထိလက်ရောက် ရှိခိုးတာ။

၂။ အစိန္တေယျ၊ အပ္ပမေယျ စတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးစပ်ဆိုထားတဲ့ ဂုဏ်တော်တွေကို ရွတ်ဆိုပြီး နှုတ်ဖြင့် အသံထွက်ပူဇော်တာ။

၃။ ကိုယ်နှုတ်မပါ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့ပူဇော်တာ။

ဒီလို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးနဲ့ ရတနာသုံးပါးကို ကြည်ညိုလေးစားနေတာကို ရှိခိုးတယ်လို့ ခေါ်တယ်။

မေး။ ။ အဘိဓမ္မာနည်း၊ ပရမတ္ထနည်းအရ ဘုရားရှိခိုးအဖြစ်တယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ဘုရားရှင်ရဲ့ ဂုဏ်တော် တရားတော်၊ သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ရှိခိုးဦးတိုက်လိုတဲ့ စေတနာကို ဘုရားရှိခိုးတယ်လို့ ခေါ်တယ်။

ဝန္ဒနာနာမ ပဏာမကြိယာဘိ နိပ္ဖာဒိကာ ကုသလ စေတနာ = ရှိခိုးတယ်ဆိုတာ ရှိခိုးမှုကို ပြီးစေတတ်တဲ့ ကုသိုလ်စေတနာသာ ဖြစ်တယ်ဆိုတဲ့ ဋီကာဆရာစကားအရ ကုသိုလ်စေတနာကို ရှိခိုးခြင်းအရ ကောက်ယူရတယ်။

မေး။ ။ ဘုရားရှိမခိုးခင် ဘာလုပ်ကြသေးလဲ။

ဖြေ။ ။ အချို့ ဗုဒ္ဓဘာသာတွေက ဘုရားရှိမခိုးခင်မှာ ဘုရားပင့်ကြတယ်။ အချို့ ဗုဒ္ဓဘာသာတွေကတော့ ဘုရားမပင့်ဘဲ ဘုရားရှိခိုးကို ဆက်ဆိုကြတယ်။

မေး။ ။ ဘုရားရှင်ကို ဘယ်လို ပင့်ကြသလဲ။

ဖြေ။ ။ ဘယ်ခေတ်က ဘယ်ဆရာတော် ရေးသားစီကုံးသွားတယ်လို့ မသိရတဲ့ အောက်ပါ ဘုရားပင့် ဂါထာဟာ မြန်မာပြည်အနှံ့အပြား ဗုဒ္ဓဘာသာဝင်တွေ ရရှိတဲ့ ဘုရားပင့်ဖြစ်တယ်။

ရောင်ခြည်တော် ဘုရားပင့်

အင်္ဂီရသဿ ဘမုကန္တရေ သဉ္ဇာဘာယ ဥဏ္ဏာယစ၊ ဒါဌာဟိစ သေတရံသိယော။

ဝဇိရာဝ ဝိရောစန္တိ၊ သောဇိနော မေမမ ဌာတုသီသကေ။

အင်္ဂီရသဿ = အယုတ် အလတ် အမြတ် ပိုင်းခြား လွန်ကြိုးစား၍ သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံ ကွန့်မြူးလျက် “အင်္ဂီရသ” ဆိုတဲ့ ဘွဲ့ထူးကို အံ့ကျူးခံ့ခိုင် ဘက်မပြီုင်နိုင်အောင် လက်ကိုင်ရရှိတော်မူသော ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ဘမုကန္တရေ = မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌။ သဉ္ဇာဘာယ = နုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဖြစ်ပေါ်၍ လာတော်မူသော။ ဥဏ္ဏာယစ = ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့် ရှည်လျားသဖြင့် စိန်သားနှစ်သွင် ငွေနန်းချည်မျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့်အနေပုံလို ဥဏ္ဏလုံခေါ် မွေရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှလည်းကောင်း၊ ဒါဌာဟိစ = ပတ္တမြားခေါင်ရန်း၊ နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်ဖြင့် မပေါ်အောင် ဖုံးပိတ်၍ ထားအပ်သော သွားတော်လေးဆယ်၊ စွယ်တော် လေးဆူ ဖြူရာရာ ဓာတ်တော်ထူးတို့မှလည်းကောင်း၊ သေတရံသိယော = ပုလဲအနှစ် စိန်စစ်နမူ ဘော်ဖြူငွေရွက် ဖြန့်ကြက်စီခြယ် ငွေကြယ်ရောင်သန်း ကေလာသငွေတောင်ကို နေရောင်လွှမ်းဘိသကဲ့သို့ မြတ်လေးပန်း စံပယ်ငုံ ကြာဖြူပွင့်ဝတ်မှုန်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ်၊ တလည်လည် ထိန်ပြောင်ကြည်သည့် စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်။ ဝဇီရာဝ = စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင် စိန်သားတောင်ကြီးကဲ့သို့။ ဝိရောစန္တိ = ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာ ကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော် မူကြပါပေကုန်၏၊ သောဇိနော = ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်၊ မေမမ = ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကယာစွဲ အထင်လွဲ၍ ငါပဲသမုတ် အကျွန်ုပ်၏၊ သီသကေ = ဦးခေါင်းရတနာ မြတ်ထားရာတင် ဦးထိပ်ပြင်၌၊ ဌာတု = ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေမှု မေတ္တာပြု၍ ကြည့်ရှုကိုယ်တိုင် ခိုင်ခိုင်မတ်မတ် ရပ်တန့်တော်မူလှည့်ပါ။ (ဝါ) ရပ်တန့် ရွှင်ကြည် တည်နေ သီတင်းသုံးတော် မူလှည့်ပါ စိန်ရောင်ခြည် နေတနှုန်းကဲ့သို့ ရွှေဘုံးတော်သခင် အရှင်သူမြတ်ဘုရား။

မေး။ ။ ဘုရားကို ပင့်တဲ့အခါ ဘုရားရှင် ကြွလာပါသလား။

ဖြေ။ ။ အထက်ပါ ဘုရားပင့်ဂါထာကို ရွတ်ဆိုပြီး ပင့်လိုက်တဲ့အခါ ဘုရားရှင်ဟာ မကြွလာပါဘူး။ ဗုဒ္ဓဘာသာတွေရဲ့ ဘုရားက အခြားဘာသာ ဘုရားတွေလို အထက်ကောင်းကင်တစ်နေရာမှာ အသက်ရှင်လျှက် ရှိတာမဟုတ်ပါဘူး။ တစ်နေရာမှာ အသက်ရှင်လျှက် ရှိတာမဟုတ်တဲ့အတွက် ဘုရားရှိခိုးမယ့်လူရဲ့ ပင့်လျှောက်ချက်ကိုလည်း မကြားနိုင်ပါဘူး။ ဒါကြောင့် ဘုရားရှင်ဟာ ကြွလဲ မကြွရောက်ပါဘူး။ ဒီနေရာမှာ ပရိတ်ရွတ်ခါနီး နတ်ပင့်တာနဲ့ သွားမရောသင့်ပါဘူး။ နတ်တွေဆိုတာက အသက်ထင်ရှား ရှိနေတယ်။ အဝေးက ပြောသံ ဆိုသံ ပင့်သံကို ကြားနိုင်လောက်တဲ့ ဒိဗ္ဗသောတ နတ်နားကလဲ ရှိတော့ ပင့်တာကို ကြားပါတယ်။ ကြားတဲ့အတိုင်းလဲ ပရိတ်တရားတော်ကို နာလိုရင် လာပါတယ်။ ဘုရားရှင်ကတော့ သက်တော်ထင်ရှားကလဲ မရှိတော့တဲ့အတွက် ဘယ်သူက ဘယ်လိုပင့်လို့မှ မကြွနိုင်ပါဘူး။

မေး။ ။ ဘုရားဟာ အသက်မရှိလို့ မကြွရင် ဘုရားပင့်တာဟာ အဓိပ္ပာယ်မရှိတဲ့ အပိုအလုပ်ပဲလား။

ဖြေ။ ။ ဘုရားပင့်တာဟာ အဓိပ္ပာယ်မရှိ အပိုအလုပ်တော့ မဟုတ်ပါဘူး။ ရှေ့မှာ ပြခဲ့တဲ့အတိုင်း ဘုရားရှိခိုးတယ်ဆိုတာ ရုပ်ပွား၊ ဆင်းတု၊ စေတီ၊ ပုထိုးကို ရှိခိုးတာ မဟုတ်ပါဘူး။ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းပြီး ရှိခိုးတာ ဖြစ်ပါတယ်။ အထက်ပါ ဘုရားပင့် ဂါထာနဲ့ ဘုရားကို ပင့်လိုက်တဲ့အခါ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးနေတဲ့ ဘုရားရှင်ဟာ ဘုရားရှိခိုးသူရဲ့ အာရုံထဲမှာ လာပေါ်ပါတယ်။ ဒီအခါမှာ ဆင်းတုစေတီလောက်ကိုသာ ရှိခိုးတာ မဟုတ်တော့ဘဲ သက်တော်ထင်ရှားဘုရားကို ရှိခိုးပါတယ်။ ဘုရားမပင့်ဘဲ စေတီ ဆင်းတုတော်ရှေ့မှာ ရှိခိုးတဲ့အခါ သက်တော်ထင်ရှား ဘုရားရှင်ကို အာရုံမရောက်ပဲ ရှိနိုင်ပါတယ်။ မိမိရှိခိုးနေတဲ့အခိုက်မှာ ဘုရားရှင်ဟာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးပြီး မိမိရဲ့ ဦးခေါင်းထက်မှာ ကြွရောက် အပူဇော်ခံနေတယ်လို့ စိတ်အာရုံကို ဖြစ်ပေါ်စေတဲ့အတွက် ပိုပြီးကောင်းပါတယ်။ ဘုရားမပင့်ပေမယ့် သက်တော်ထင်ရှား ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အောက်မေ့ ရှိခိုးနိုင်ရင်တော့ ဘုရားမပင့်ဘဲ ရှိခိုးလို့လဲ ရပါတယ်။

မေး။ ။ ဘုရားရှင်က ရှင်ဝက္ကလိမထေရ်ကို ငါဘုရားရဲ့ ခန္ဓာကိုယ် အပုပ်ကောင်ကြီး ရှိခိုးကြည်ညိုနေလို့ တစ်မဂ် တစ်ဖိုလ် ရမလား။ တရားအားထုတ်ပါလားလို့ မာန်မဲခဲ့တဲ့အတွက် ဘုရားရှိခိုးဖို့ လိုပါသေးသလား။

ဖြေ။ ။ ရှင်ဝက္ကလိမထေရ်ကို ဘုရားရှင် ကိုယ်တော်တိုင်က ငါဘုရားရဲ့ ခန္ဓာကိုယ် အပုပ်ကောင်ကြီးကို ရှိခိုးနေလို့ တစ်မဂ် တစ်ဖိုလ် မရနိုင်ဘူးလို့ ဟောကြားခဲ့ပါတယ်။ ဟောကြားတဲ့အတိုင်း သက်တော်ထင်ရှား ဘုရားကိုယ်တိုင်ကိုပဲဖြစ်ဖြစ်၊ ဘုရားရှင်ကို ရည်မှန်းနိုင်ဖို့ ကိုယ်စားထားခဲ့တဲ့ ဆင်းတု၊ ရုပ်ပွား၊ စေတီတော်တွေကိုဖြစ်ဖြစ် ရှိခိုးပူဇော်ရုံနဲ့တော့ တစ်မဂ် တစ်ဖိုလ်ကို မရနိုင်ပါဘူး။ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ပါဘူး။

ရှင်ဝက္ကလိမထေရ်ဟာ ဘုရားရှင်ရဲ့ ၃၂-ပါးသော လက္ခဏာတော်ကြီးနဲ့ ၈၀ သော လက္ခဏာတော်ငယ်နဲ့ တင့်တယ်သပ္ပာယ်မှုကို ဖူးမြော်ပြီး ကြည်ညိုနေပါတယ်။ အဲဒီလို တစ်သက်လုံး ကြည်ညိုပြီး သေသွားခဲ့ရင် အပါယ်မလားဘူး။ လူချမ်းသာ နတ်ချမ်းသာကို ရမယ်။ ရှင်ဝက္ကလိဟာ တရားကို ကြိုးစားအားထုတ်လိုက်ရင် မဂ်ဖိုလ်ရမှာကို ဘုရားရှင် မြင်တော်မူတယ်။ ဒါကြောင့် ဘုရားရှင်က ရှင်ဝက္ကလိကို မာန်မဲထုတ်လိုက်ပါတယ်။ ရှင်ဝက္ကလိလဲ သတိတရားရပြီး အားထုတ်လိုက်တာ သောတာပန်ဖြစ်သွားတယ်။ နိဗ္ဗာန်ချမ်းသာ လောကုတ္တရာကုသိုလ်နဲ့ ဘုရားရှင်ကို ကြည်ညိုနေတဲ့ ပုထုဇဉ်အဖြစ်က ကာမာဝစရကုသိုလ်နဲ့ နှိုင်းယှဉ်ကြည့်ရင် အဆ ရာ ထောင် မက ကွာခြားတယ်။ အဆင့်မြင့်တဲ့ လောကုတ္တရာကုသိုလ် မဂ်ဖိုလ်တရား ရမှာကိုမြင်လို့ လောကီကုသိုလ်နဲ့ ကျေနပ်နေတဲ့ ရှင်ဝက္ကလိကို မာန်မဲထုတ်လိုက်တာ ဖြစ်တယ်။ ဘုရားရှင်ကို ကြည်ညိုနေတာဟာ လုံးဝအကျိုးမရှိလို့ မဟုတ်ဘူး။

ဒီလိုသေသေချာချာ မသိဘဲ ခုကာလ တချို့ပုဂ္ဂိုလ်တေက ဘုရားရှိခိုးလို့ အလကားပဲ။ တရားပဲအားထုတ်ကြလို့ ပြောဆိုကြတယ်။ တရားအားထုတ်တဲ့လူဟာ ဘုရားရှိခိုးဖို့ မလိုဘူးလို့ ပြောဆိုနေကြတယ်။ ကိုယ့်ကိုယ်ကို ရှင်ဝက္ကလိလို တစ်မဂ် တစ်ဖိုလ် ရမယ် မရဘူး မသေချာသေးတာ့ အပါယ်တံခါးပိတ်ပြီး လူနတ်ချမ်းသာကို ပေးနိုင်တဲ့ ဘုရားရှိခိုးမှုကိုလဲ ပြုလုပ်ကြရပါမယ်။ ဘုရားရှိခိုးမှု၊ သီလဆောက်တည်မှု၊ ဒါနပြုမှုဆိုတဲ့ လောကီကုသိုလ်နဲ့ အားရတင်းတိမ် မနေဘဲ တစ်မဂ် တစ်ဖို် ရရာရကြောင်း ကမ္မဋ္ဌာန်းတရားကိုလဲ တတ်နိုင်သမျှ အားထုတ်ကြရပါမယ်။

မေး။ ။ ဘုရားရှင်ဟာ ပရိနိဗ္ဗာန် စံသွားပြီ မဟုတ်လား။ ဘုရားရှင်ဟာ ကောင်းကင်ဘုံတစ်နေရာမှာ သက်တော်ထင်ရှား တည်ရှိနေတာ မဟုတ်တော့ ရှိခိုးကိုးကွယ်လို့ အကျိုးရပါ့မလား။

ဖြေ။ ။ ပရိနိဗ္ဗာန်က သုံးမျိုးရှိပါတယ်။ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သဗ္ဗညုတဉာဏ်ကို ရတော်မူစဉ်က ကိလေသာ အပူမီးတွေကို အကြွင်းအကျန်မရှိ ငြိမ်းသတ်ခဲ့တဲ့အတွက် ကိလေသပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။ ကုသိန္နာရုံပြည် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်မှာ ခန္ဓာကမ္မဇရုပ် ကင်းချုပ်ကုန်ဆုံးခဲ့ (သေလွန်ခဲ့)တာကို ခန္ဓပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။ သက်တမ်းတိုတဲ့ ကာလမှာ ပွင့်တော်မူကြတဲ့ ဘုရားရှင်တွေဟာ ခန္ဓာကမ္မဇရုပ် ချုပ်ငြိမ်းပျောက်ကွယ်သွားပေမယ့် ဘုရားရှင်ရဲ့ အလောင်းတော်ကို မီးသင်္ဂြိုလ်တဲ့အခါ အရိုးတော်ဟာ ဓာတ်တော်တွေအဖြစ် ကြွင်းကျန်ရစ်ပါစေလို့ အဓိဋ္ဌာန်ပြုမြဲဓမ္မတာ ဖြစ်တယ်။ ဂေါတမဘုရားရှင်ဟာလဲ သက်တမ်းတိုတဲ့ခေတ်မှာ ဘုရားပွင့်လာရတော့ ၄၅ ဝါ တရားဟောရ ချွတ်ရရုံနဲ့ အားရကျေနပ်တော်မမူဘူး။ ဒါကြောင့် ခန္ဓပရိနိဗ္ဗာန် ပြုပြီးနောက်မှာ ဓာတ်တော်တွေ ကျန်ပါစေ။ အဲဒီဓာတ်တော်တွေကို ပူဇော်ပြီး ဘုရားရှင်နဲ့ တိုက်ရိုက်မတွေ့လိုက်ရ၊ တရားမနာရတဲ့ သတ္တဝါတွေ ကျွတ်ပါစေဆိုပြီး ဓာတ်တော်တွေကျန်ဖို့ အဓိဋ္ဌာန်ခဲ့တယ်။ အဓိဋ္ဌာန်တဲ့အတိုင်း ဓာတ်တော်တွေ ကျန်ခဲ့လို့ အခု ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၂၅၀၀ ကျော်အထိ ဗုဒ္ဓသာသနာဟာ ထွန်းလင်းနေတယ်။ နောက် နှစ်ပေါင်းများစွာလဲ ဆက်လက် ထွန်းလင်းနေဦးမှာပဲ။

သာသနာတော် နှစ်ငါးထောင် ပြည့်တဲ့အခါ ဒါမှမဟုတ် သာသနာတော်ကို ကြည်ညိုကိုးကွယ်သူမရှိ။ သာသနာပ ကာလရောက်ချိန် ကျတဲ့အခါ လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်မှာ ရောက်နေတဲ့ ဘုရားရှင်ရဲ့ ဓာတ်တော်တွေဟာ ဗောဓိပင်နှင့် ရွှေပလ္လင်နေရာမှာ ပြန်စုပြီး ဓာတုပရိနိဗ္ဗာန် ပြုတော်မူလိမ့်မယ်။ အဲဒီအခါမှာ ဂေါတမဘုရားရှင်နဲ့ သာသနာဟာ အဆုံးသတ်သွားလိမ့်မယ်။ အဲဒီ ဓာတုပရိနိဗ္ဗာန် မစံခင်အတွင်းမှာတော့ ဓာတုစေတီ = ဓာတ်တော်တွေ၊ ဓမ္မစေတီ = ပိဋကတ်တော်တွေ၊ ဥဒ္ဒိဿစေတီ = ဆင်းတုတော်တွေ၊ ပရိဘောဂစေတီ = ဗောဓိပင်တွေ ဆိုတဲ့ စေတီလေးမျိုးဟာ ဂေါတမဘုရားရှင်ရဲ့ကိုယ်စား ကိုးကွယ်စရာတွေ ဖြစ်တဲ့အတွက် ဒီစေတီလေးမျိုး ရှိနေသမျှ ဘုရားပရိနိဗ္ဗာန် စံသွားပြီလို့ မဆိုနိုင်ပါဘူး။ ဘုရားရှင် သက်တော်ထင်ရှား ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ဟာ ကောင်းကင်ဘုံ တစ်နေရာမှာ မရှိပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ မျက်မှောက်မှာ ဘုရားကိုယ်စား စေတီ ၄-ပါးရှိတဲ့အတွက် ရှိခိုးကိုးကွယ်လို့ အကျိုးရှိပါတယ်။

မေး။ ။ ဘုရားရှင်ရဲ့ ရုပ်ကလာပ်အလောင်းတော်ကို ဘယ်လိုပူဇော် သင်္ဂြိုလ်ရမလဲလို့ ရှင်အာနန္ဒာက မေးတဲ့အခါ အာနန္ဒာ၊ သင်တို့ ငါဘုရားရဲ့ အလောင်းတော်ကို ပူဇော်မှု၌ ကြောင့်ကြမစိုက်ကြကုန်လင့်လို့ ဟောပြီး ပူဇော်ထိုက်တဲ့ ဘုရားရှင်ရဲ့ သရီရဓာတ်တွေကို ပူဇော်ကြလော့။ ပူဇော်မှုကြောင့် နတ်ပြည်သို့ ရောက်လတ္တံ့လို့ ဟောပြန်တော့ ဒေသနာနှစ်ခုဟာ ဆန့်ကျင်မနေဘူးလား။

ဖြေ။ ။ မဆန့်ကျင်ပါဘူး။ ရှင်ဝက္ကလိထေရ်ကို မိန့်တုန်းကလိုပဲ အထက်တန်းကျလာတဲ့ လောကုတ္တရာကုသိုလ်တွေရဖို့ ရဟန်းဝတ်နေကြတဲ့ ဘုရားသားတော်၊ သံဃာတော်တွေအဖို့ အလောင်းတော်ကို ပူဇော်ကာ လောကီကုသိုလ် ရှာမှီးရန်မဟုတ်။ သင်္ခါရတွေကို သုံးသပ်ဆင်ခြင် သတိပဋ္ဌာန်လေးပါး ရှုပွားပြီး အရဟတ္တဖိုလ်ရအောင် အားထုတ်မှုမျိုးဟာ ဘုရားသားတော်တွေရဲ့ အလုပ်ဖြစ်တယ်။ ပူဇော်သက္ကာရ ပြုတယ်ဆိုတာက ဘုရားသားတော်တွေမဟုတ်တဲ့ လူတွေ နတ်တွေရဲ့ အလုပ်ဖြစ်တယ်။ အရဟတ္တဖိုလ်ရအောင် အားမထုတ်နိုင်သေးတဲ့ လူတွေ နတ်တွေကတော့ ဓာတ်တော်တွေ စေတီလေးပါးတွေကို ပူဇော်ခြင်းဖြင့် အပါယ်တံခါးပိတ်ပြီး လူ့ပြည် နတ်ပြည်တံခါးကို ဖွင့်ကြလိမ့်မယ်လို့ ဆိုလိုတယ်။ ဒါကြောင့် အထက်မှာ ဟောခဲ့တဲ့ ဒေသနာနှစ်ခုဟာ မဆန့်ကျင်ပါဘူး။ ဒါကြောင့် ဘုရားရှင်ရဲ့ စေတီ (၄)မျိုးကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ဆည်းကပ် ပူဇော်ကြရမယ်။

မေး။ ။ ဘုရားရှင်ဟာ ဆင်းရဲကိုလည်း မကယ်နိုင်၊ ချမ်းသာကိုလည်း မပေးနိုင်ဘူးဆိုရင် ကိုးကွယ်နေဖို့ လိုပါသေးလား။

ဖြေ။ ။ ဘုရားရှင်က ဆင်းရဲသူကိုလည်း မကယ်နိုင်ဘူး။ ချမ်းသာအောင်လဲ မ မစနိုင်ဘူး။ ဗုဒ္ဓဘာသာတွေ ဘုရားရှိခိုးတာက အခြားဘာသာဝင်တွေ သူတို့ရဲ့ ဘုရားကို ရှိခိုးတာနဲ့ မတူဘူး။ အခြားဘာသာ ဘုရားတွေကတော့ ရှိခိုးသူရဲ့ အပြစ်ကိုလဲ ခွင့်လွှတ်တယ်။ အပြစ်ကလွတ်အောင် ကယ်တင်တယ်။ ချမ်းသာသုခရအောင်လဲ ဖန်တီးပေးတယ်လို့ သူတို့က ယုံကြည်တယ်။ ဂေါတမ ဘုရားရှင်ကတော့ ကယ်လဲ မကယ်ဘူး။ မ လဲ မ မဘူး။ ချမ်းသာတယ် ဆင်းရဲတယ်ဆိုတာ သူတို့နဲ့လဲ မဆိုင်ဘူး။ ကာယကံရှင် လူသားနဲ့သာ ဆိုင်တယ်။ ကောင်းတာလုပ်ရင် အကျိုးခံစားရမယ်။ ဆိုးတာလုပ်ရင် အပြစ်ခံရမယ်။ ဘုရားရှင်ကတော့ လူသားကို အကောင်းနဲ့အဆိုး ညွှန်ပြရုံသာ ညွှန်ပြတယ်။ ဗုဒ္ဓဘာသာတွေက ဘုရားကို ရှိခိုးတာလဲ ဆင်းရဲကကယ်တင်ဖို့၊ နိဗ္ဗာန်ရအောင် လုပ်ပေးဖို့ ရှိခိုးတာမဟုတ်ဘူး။ အမှန်နဲ့ အမှားကို ညွှန်ပြတဲ့ ဆရာတစ်ဆူအနေနဲ့ အရဟံစတဲ့ ဂုဏ်တော်တွေကို အောက်မေ့ပြီးသာ ရှိခိုးပူဇော်ခြင်း ဖြစ်တယ်။ ဘုရားရှင်ကလဲ ငါဘုရားကို ရုပ်အဆင်း သပ္ပာယ်လှပလို့လဲ မမှီဝဲနဲ့။ ပစ္စည်းလေးပါး လွယ်လွယ်ကူကူရလို့လဲ မမှီဝဲနဲ့။ လမ်းမှားနဲ့ လမ်းမှန်ကို ခွဲခြားညွှန်ပြနိုင်တဲ့ ဆရာတစ်ဆူဖြစ်တယ်လို့ ယုံကြည်မှ ကိုးကါယ်ဆည်းကပ်ကြလို့ မူလပဏ္ဏာသမှာ ဟောကြားထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေဟာ ဆင်းရဲက ကယ်တင်ဖို့ ချမ်းသာသုခကို ပေးဖို့ ရှိခိုးတောင်းပန်တာ မဟုတ်ပါဘူး။ လမ်းမှန်ကို ညွှန်ပြပေးတဲ့ ဆရာအနေ၊ ကျေးဇူးရှင်အနေနဲ့သာ အရိုအသေပြုခြင်း၊ ရှိခိုးပူဇော်ခြင်း ဖြစ်ပါတယ်။

မြတ်စွာဘုရား မကယ်တင်နိုင်ဘူးဆိုတဲ့အတွက် ဘုရားရှိခိုးတာ အကျိုးမရှိဘူးလို့ မဆိုလိုဘူး။ ဓမ္မပဒ အာယဝဎုနဝတ္ထုမှာ အသက်ရှည်၊ အဆင်းလှ၊ ကိုယ်စိတ်ချမ်းသာ၊ ခွန်အားဗလ ကောင်းမယ်လို့ ဟောထားတယ်။ ဂုဏ်အားဖြင့် ကြီးသူတွေထဲမှာ ဘုရားရှင်လောက် ဂုဏ်ကြီးတဲ့ ပုဂ္ဂိုလ်မရှိဘူး။ ဒါကြောင့် ရတနာသုံးပါးရဲ့ဂုဏ်က ယုံယုံကြည်ကြည်နဲ့ ပွားများအောက်မေ့ ရှိခိုးတဲ့လူဟာ အသက်ရှည်မယ်။ သူတစ်ပါး လေးစားလောက်အောင် တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်မျိုး ရှိမယ်။ အလုပ်အကိုင် ရောင်းရေးဝယ်တာ အဆင်ပြေပြီး လာဘ်လာဘ ပေါများ၍ ကိုယ်ရောစိတ်ပါ ချမ်းသာမယ်။ ကာယဗလ ကျန်းမာရေးကောင်းမယ်။ ဉာဏဗလ စိတ်ကြည်လင်ပြီး စာသင်လို့ အကြံထုတ်လို့ ကောင်းမယ်။ မိတ္တဗလ လူချစ်လူခင် များမယ်။ စာရိတ္တဗလ အကျင့်ကောင်းမယ်။ ဘောဂဗလ ဝင်ငွေကောင်းပြီး ချမ်းချမ်းသာသာနေနိုင်၊ စားနိုင်မယ်။ ဒီဓမ္မပဒမှာ ဘုရားရှင် ဟောတဲ့အတိုင်း ကြီးပွားချမ်းသာချင်ရင်၊ အကြံအစည်အောင်ချင်ရင် ဘုရားဂုဏ်တော်ကို များများ ပွားပေးကြပါ။ လက်တွေ့အကျိုးရပါလိမ့်မယ်။

မေး။ ။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရမယ်လို့ ဘုရားရှင် ဟောထားတာ ရှိပါသလား။

ဖြေ။ ။ အဂ္ဂိဒတ္တရသေ့ဟာ တပည့်တွေကို တောတောင် သစ်ပင် ဥယျာဉ်ခြံ နတ်ကွန်းတွေကို ရှိခိုးပူဇော်ဖို့ တိုက်တွန်းနေတယ်။ ဒါကို ဘုရားသိတော့ ဒီလို သစ်ပင်တောတောင်တွေကို ရှိခိုးကိုးကွယ်နေတာ မှန်ကန်တဲ့ ဘေးရန်မှကင်းတဲ့ ကိုးကွယ်မှုမျိုး မဟုတ်ဘူး။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မှ ဘေးကင်းတယ်။ မွန်မြတ်တယ်။ ဆင်းရဲခပ်သိမ်းကလဲ ကင်းလွတ်မယ်လို့ ဘုရားရှင်က ဓမ္မပဒမှာ ဟောထားပါတယ်။

မေး။ ။ မြတ်စွာဘုရားရဲ့ ကုန်မျိုးစုံဆိုင်ဆိုတာ ဘာလဲ။ အဲဒီဆိုင်မှာ ဘာကုန်တွေ ရောင်းသလဲ၊ ဘာငွေနဲ့ ဝယ်ရသလဲ။ (မိလိန္ဒမင်းကြီး အမေး)။

ဖြေ။ ။ ဓာတု ဓမ္မ ဥဒ္ဒိဿနဲ့ ပရိဘောဂဆိုတဲ့ စေတီ ၄-မျိုးနဲ့ သံဃာတော်တွေဟာ ဘုရားရှင် ဖွင့်ထားတဲ့ ကုန်မျိုးစုံဆိုင်ကြီး ဖြစ်တယ်။ အဲဒီဆိုင်ကြီးမှာ အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ အဆင်းလှခြင်း၊ အမျိုးမြတ်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ နတ်ပြည်ရောက်ခြင်း၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ကုန်မျိုးစုံကို ဖြန့်ခင်းရောင်းချတယ်။ အဲဒီ အဖိုးတန် ကုန်တွေကို ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံဆိုတဲ့ အဖိုးငွေတွေပေးပြီး ဝယ်ယူနိုင်တယ်လို့ ရှင်နာဂသေနက ဖြေထားတယ်။ ဒါကြောင့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆိုတဲ့ ငွေတွေ များများစုဆောင်းပြီး စေတီ ၄-ပါးနဲ့ သံဃာတော်များဆိုတဲ့ ဘုရားရှင်ရဲ့ ကုန်ပဒေသာစတိုးဆိုင်ကြီးမှာ လူနတ်နိဗ္ဗာန် ချမ်းသားသုံးပါး ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးနိုင်ကြဖို့ အထူးလိုပါတယ်။

အနန္တငါးပါး ဘုရားရှိခိုး

(၁) ဗုဒ္ဓဂုဏော၊ အနန္တောဟု၊ ကျော်စောထင်ရှား၊ သုံးပါးရပ်သူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသာခေါင်၊ နိဗ္ဗာန်သောင်သို့၊ ရွှေဖောင်မဂ္ဂင်၊ သဘောင်္ယာဉ်ဖြင့်၊ ကယ်တင်ဆောင်ယူ၊ ပို့တော်မူသည့်၊ နတ်လူထိပ်ပန်း၊ ရဟန်းတို့ဆရာ၊ အစိန္တေယျာ မဟာအမိတ။ အနန္တဂုဏ်အင်၊ ကျေးဇူးရှင်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ သဒ္ဓါညွှတ်ကျိုး အလွန်မြတ်နိုးလျက် ရှိခိုးပါ၏ အရှင်ဘုရား။

(၂) ဓမ္မဂုဏော အနန္တောဟု တည်သောကမ္ဘာ သတ္တဝါလူနတ် အထပ်ထပ်ကို လေးမြတ်ကြင်နာ အဝိဇ္ဇာနှင့် တဏှာသံယော ကိလေတောမှ ဆေးကြောသုတ်သင် မြူမတင်အောင် ရှောင်ကြဉ်ပေတတ် တရားတော်မြတ်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ သဒ္ဓါညွှတ်ကျိုး လွန်မြတ်နိုးလျက် ရှိခိုးပါ၏ အရှင်ဘုရား။

(၃) သံဃဂုဏော အနန္တောဟု လောဘ ဒေါသ မောဟကင်းကွာ တဏှာကာမ ကိလေသနှင့် ရာဂအမိုက် နှစ်ခြိုက်မပျော် မမွေ့လျော်ဘဲ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းမှန်သည့် မြတ်မွန်ထေရ်ကျော် သံဃာတော်တို့ ဂုဏ်တော်ကြီးစွ အနတ္တကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ သဒ္ဓါရွှင်မြူး ဂုဏ်ရည်စူးလျက် ကြည်နူးကြည်သာ ရှိခိုးပါ၏ အရှင်ဘုရား။

(၄) မာတာပိတုဂုဏော အနန္တောဟု အပြောကျယ်စွာ သံသရာဝယ် မာတာပိတ မိနှင့်ဘတို့ ရေကြည်ကလလ တည်ဦးစပင် ချိုချဉ်ပူစပ် ရှင်းရှင်းပြတ်အောင် မပြတ်ယုယ မိဘတို့မှာ စိုးရိမ်စွာနှင့် အစာဆိမ့်အေး နို့ချိုပေး၍ ကျွေးသည့်မိခင် မွေးဘရှင်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ ဂုဏ်တော်ရည်စူး စိတ်ကြည်နူးလျက် ရွှင်မြူးသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။

(၅) အာစရိယဂုဏော အနန္တောဟု မိန့်ဟောအရ ကောက်ယူပြသော် နယနည်းနာ အဖြာဖြာကို လိမ်မာစေကြောင်း မေတ္တာလောင်း၍ မကောင်းကိုကြဉ် ကောင်းရာယှဉ်လျက် နှုတ်မြွက်သံချို ဆုံးမဆိုသား အတိုများစွာ သံသရာဝယ် သုံးသွယ်သောကပ် လေးရပ်အပါယ် ရှစ်သွယ်ရင်ပြစ် ဆိုးညစ်ယုတ်မာ ပယ်စွန့်ခွာ၍ ခေမာဘုမ္မိ ဘေးမရှိသည့် သန္တိသုခ မုချဧကန် နိဗ္ဗာန်အရောက် ညွှန်ပြသွန်သင် ပဲ့ပြင်ပေးတတ် ဆရာမြတ်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ စိတ်ကြည်နူးလျက် ရွှင်မြူးသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။

ခင်ကြီးဖျော်၏ ဝါစာအစိန္တေယျ ဘုရားရှိခိုး

ဝါစာ ဝါစာ ဝိလာသဂ္ဂ - ဝါစာစိန္တေယျ သံယုတ္တံ။

ဝန္ဒေ သာရဂုဏောပေတံ၊ တေနမှာတုလဝါစကော။

ဝါစာ ဝါစာ ဝိလာသဂ္ဂ ဝါစာ စိန္တေယျ သံယုတ္တံ - ပကတိသောစကား၊ အလွန်တင့်တယ်သော စကား၊ မကြံစည်နိုင်သော စကားနှင့် ပြည့်စုံတော်မူသော၊ သာရဂုဏောပေတံ - ကျေးဇူးတော်အစစ် ဂုဏ်တော်အနှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒေ - ဝန္ဒာမိ - ရှိခိုးပါ၏၊ တေန - ထိုသို့ရှိခိုးရသော ကောင်းမှုကြောင့်၊ အတုလဝါစကော - အတုမရှိသော စကားနှင့် ပြည့်စုံရသည်၊ အမှိ - ဖြစ်ရပါလို၏ အရှင်ဘုရား။

ရူပအစိန္တေယျ ဘုရားရှိခိုး

ရူပ ရူပ ဝိလာသဂ္ဂ - ရူပါစိန္တေယျ သံယုတ္တံ။

ဝန္ဒေ သာရဂုဏောပေတံ၊ တေနမှာတုလဝါစကော။

ရူပ ရူပ ဝိလာသဂ္ဂ ရူပါစိန္တေယျ သံယုတ္တံ - ပကတိသောအဆင်း အလွန်တင့်တယ်သောအဆင်း၊ မြတ်သောအဆင်း၊ မကြံစည်နိုင်သော အဆင်းနျင့် ပြည့်စုံတော်မူသော၊ သာရဂုဏောပေတံ - ကျေးဇူးတော်အစစ် ဂုဏ်တော်နှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ “ဝန္ဒေ-ဝန္ဒာမိ” - ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား၊ တေန - ထိုသို့ ရှိခိုးရသော ကောင်းမှုကြောင့်၊ အတုလရူပါ - အတုမရှိသော အဆင်းနှင့် ပြည့်စုံရသည်၊ အမှိ - ဖြစ်ရပါလို၏ အရှင်ဘုရား။

ဉာဏအစိန္တေယျ ဘုရားရှိခိုး

ဉာဏ ဉာဏ ဝိလာသဂ္ဂ - ဉာဏာစိန္တေယျ သံယုတ္တံ။

ဝန္ဒေ သာရဂုဏောပေတံ၊ တေနမှာတုလဝါစကော။

ဉာဏ ဉာဏ ဝိလာသဂ္ဂ ဉာဏာ စိန္တေယျ သံယုတ္တံ - ပကတိသောဉာဏ်၊ အလွန်တင့်တယ်သော ဉာဏ်၊ မြတ်သောဉာဏ်၊ မကြံစည်နိုင်သော ဉာဏ်နှင့် ပြည့်စုံတော်မူသော၊ သာရဂုဏောပေတံ - ကျေးဇူးတော်အစစ် ဂုဏ်တော်နှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ “ဝန္ဒေ - ဝန္ဒာမိ” ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား၊ တေန - ထိုသို့ ရှိခိုးရသော ကောင်းမှုကြောင့်၊ အတုလဉာဏဝါ - အတုမရှိသော ဉာဏ်နှင့် ပြည့်စုံရသည်၊ အမှိ - ဖြစ်ရပါလို၏အရှင်ဘုရား။

ဣဒ္ဓိအစိန္တေယျ ဘုရားရှိခိုး

ဣဒ္ဓိ ဣဒ္ဓိ ဝိလာသဂ္ဂ - ဣဒ္ဓိ စိန္တေယျ သံယုတ္တံ။

ဝန္ဒေ သာရဂုဏောပေတံ၊ တေနမှာတုလဣဒ္ဓိမာ။

ဣဒ္ဓိ ဣဒ္ဓိ ဝိလာသဂ္ဂ - ဣဒ္ဓိ စိန္တေယျ သံယုတ္တံ - ပကတိသောတန်ခိုး၊ အလွန်တင့်တယ်သော တန်ခိုး၊ မြတ်သောတန်ခိုး၊ မကြံစည်နိုင်သောတန်ခိုးနှင့် ပြည့်စုံတော်မူသော၊ သာရဂုဏောပေတံ - ကျေးဇူးတော်အစစ် ဂုဏ်တော်နှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ “ဝန္ဒေ - ဝန္ဒာမိ” - ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား၊ တေန - ထိုသို့ ရှိခိုးရသော ကောင်းမှုကြောင့်၊ အတုလဣဒ္ဓိ - အတုမရှိသော တန်ခိုးနှင့် ပြည့်စုံရသည်၊ အမှိ - ဖြစ်ရပါလို၏ အရှင်ဘုရား။

ဗုဒ္ဓဝင်ဘုရားရှိခိုး

လယ်တီဆရာတော်ရဲ့ ခုနှစ်နေ့ ဘုရားရှိခိုးနဲ့ စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယ ဆရာတော်ဘုရားရဲ့ ဗုဒ္ဓဝင်ဘုရားရှိခိုး နှစ်ပုဒ်ဟာ ဗုဒ္ဓဝင်ကျမ်းကြီးကို အကျဉ်းချုပ် ရေးထားတဲ့ ဘုရားရှိခိုးတွေ ဖြစ်တယ်။ ကျက်မှတ်ရှိခိုးလိုသူတွေအတွက် ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားတော်မူအပ်သော ခုနှစ်နေ့ ဘုရားရှိခိုး

၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။ (ကြာသပတေးနေ့)

၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။ (သောကြာနေ့)

၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရပ်ဂုံ၊ တောရလှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကို။ (တနလာင်္နေ့)

၄။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။ (ဗုဒ္ဓဟူးနေ့)

၅။ ဘုရားဖြစ်ခါ၊ မိဂါဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။ (စနေနေ့)

၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကုတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။ (အင်္ဂါနေ့)

၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။ (တနင်္ဂနွေနေ့)

စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယ ဆရာတော်ဘုရား၏ ဗုဒ္ဓဝင် ဘုရားရှိခိုး

အနန္တဂုဏသမ္ပန္နော - အရဟံအစ အနန္တအသချေင်္ တွက်ရေမရ များလှသောင်းပြောင်း ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော၊ ဂေါတမော - ဂေါတမနွယ်ဖွား ငါတို့မြတ်စွာဘုရားသည် ..

ဆုပန်

ဒီပင်္ကရာပါဒမူလေ - သာရမဏ္ဍ ကမ္ဘာမ၌ ပွင့်ကြထင်ရှား ရာလေးပါးတွင် တစ်ပါးဝင်သည့် ဒီပင်္ကရာ မြတ်စွာသနင်း ခြေတော်ရင်း၌၊ နိယတမာလံ - ရသေ့သုမေဓာ ဖြစ်စဉ်ခါက သဒ္ဓါပိုမို လွန်ကြည်ညို၍ ကိုယ်ကိုဝပ်စင်း တံတားခင်းသဖြင့် ရှင်ရင်းမြတ်စွာ ဒီပင်္ကရာက ကမ္ဘာဘဒ္ဒ နောင်ကာလ၌ ဗုဒ္ဓတစ်ဆူ ဖြစ်လိမ့်ဟူ၍ ခွန်းကျူချိုမြ နှုတ်တော်ဟသည့် နိယဘခေါ် ဘွဲ့တံဆိပ် အောင်ပန်းတော်ကို၊ ပိလန္ဓိတွာန - ယသော်လောင်းလျာ သုမိတ္တာနှင့် မကွာအတူ ပတ္တနာမူလျက် ကြည်ဖြူနှစ်သက် ဦးထိပ်ရွက် ပန်ဆင်တော်မူပြီး၍ -

ပါရမီဖြည့်

ကပ္ပသတသဟဿဓိကာနိ - ကမ္ဘာတွက်ကိန်း တစ်သိန်းအလွန်ရှိကုန်သော၊ စတ္တာရိအသချေင်္ယျာနိ - လေးသချေင်္တို့ ကာလပတ်လုံး၊ သမတိံသပါရမိယော - ဒါနစသား များလှပေါယ် သုံးဆယ်အညီ ပါရမီတော်တို့ကို၊ ပူရယိတွာန - အယုတ် အလတ် အမြတ်အားဖြင့် ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်ဖြည့်ကျင့်တော်မူပြီး၍ -

ပဋိသန္ဓေနေ

အန္တိမဘဝေ - ဒီပင်္ကရာ မြတ်စွာကျူးနှိပ် ဗျာဒိတ်တော်လာ ကမ္ဘာဘဒ္ဒ အဆုံးစွန်သော ဘဝ၌၊ ဒေဝိယာ - ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန နန်းမတောင်ညာ ခြောက်ပြစ်ကွာသည့် မာယာဒေဝီ မဟေသီထွတ်ထား သောင်းရွေဖျား၏၊ ကုစ္ဆိမှိ - သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌၊ ဝသိတွာန - ဘိုးတော်သကျ အဉ္စနမင်း ဖြိုကြွင်းတွက်စစ် သက္ကရာဇ်လွန် ခြောက်ဆယ့်ခွန်ဝယ် တိမ်စွန်ညိုညို မိုးလုံးစိုသည့် ဝါဆိုလပြည့် ကြွက်မင်းနေ့၌ ချမ်းမြေ့သန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော်မူပြီး၍ -

ဖွားမြင်

လုမ္ဗိနီဝနေ - သာကီဝင်တို့ ရွှင်ပျော်ပျို့သည့် နှစ်မြို့တော်လုံး ပိတုန်းကျေးငှက် ဝဲကာယှက်၍ ပျံတက်ရင့်ကျူး လွန်ပျော်မြူးသား မြင့်ထူးညီညီ ပွင့်ဖူးစီသည့် လုမ္ဗိနီသာမော အင်ကြင်းတော၌၊ ဝိဇာယိတွာန - ခြောက်ဆယ့်ရှစ်ခု ရတုသာယာ ဝိသာခါနှင့် တံငါတိမ်ဘုံ စန်းတွေ့ကြုံသား ကဆုန်လပြည့် သောကြာနေ့၌ ချမ်းမြေ့ကြည်သာ နတ်ဗြဟ္မာနှင့် ဗိုလ်ပါအပေါင်း ရံခညောင်း၍ တစ်သောင်းလောကဓာတ် ပဲ့တင်ထပ်လျက် နှံ့စပ်ကျော်ကျူး သူ့ထက်ထူးအောင် မီးရှူးသန့်စင် ဖွားမြင်တော်မူပြီး၍ -

ထီးနန်းစံ

သောဠသဝဿကာလေ - တစ်ဆယ့်ခြောက်နှစ် သက္ကရာဇ်ကို တွက်စစ်ပြီးမြောက် ရွယ်တော်ရောက်သောအခါ၌၊ ရာဇသိရိံ - တစ်သိန်းခြောက်သောင်း ဆွေတော်ပေါင်းနှင့် မောင်းမမိဿံ လေးသောင်းရံလျက် ရမ္မသုဘ သုရမ္မဟု ထွန်းပြပြီုးပြောင် နန်းသုံးဆောင်ဝယ် ရွှေရောင်နှိုင်းဆ နတ်တမျှသို့ ဘဒ္ဒကဉ္စနာ ဗိမ္မာရွှေလှော် မင်းယသော်နှင့် နှစ်ဖော်သက်ဝေ မြနှင့်ရွှေသို့ ဂဟေတော်စပ် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ သိကြားတုလျှင် စိုးယူပိုင်နင်း ပွဲစုံခင်းလျက် မင်းမင်းတို့ထီး ဘုန်းမီးနေလ မရပြီုင်သော် မင်း၏အသရေတော်ကို၊ အနုဘဝိတွာန - ဆယ့်သုံးနှစ်မျှ အားရရွှင်ပျော် စံစားတော်မူပြီး၍ -

တောထွက်

ဧကနတိံသဝေဿ - တောထွက်ဖို့ရန် ချိန်တန်သင့်မြတ် ကရကဋ်ရာသီ ပါရမီဆော်နှိုး အရွယ်တော် နှစ်ဆယ့်ကိုးသို့၊ ပတ္တေ - တရွေ့ရွေ့ကြီးမြောက် ရောက်တော်မူလတ်သည်ရှိသော်၊ စတုရောနိမတ္တေ - သူအို၊ သူနာ၊ သူသေတစ်ခန်း ရဟန်းတခြား လေးပါးသော နိမိတ်ကြီးတို့ကို၊ ဒိသွာ - ဥယျာဉ်ကစားရန် ထွက်စံတော်မူစဉ် တွေ့မြင်တော်မူသည်ရှိသော်၊ နိဗ္ဗိန္ဒိတွာန - ထီးတော် နန်းတော် ကြငှာန်းတော်၌ မပျော်မမွေ့ ငြီးငွေ့တော်မူလှသည်ဖြစ်၍၊ နိက္ခမန္တော - ကိုးဆယ့်ခုနှစ်ခု ရတုရွှန်းစို ဝါဆိုပုဏ္ဏမ ဗျဂ္ဃဒိနာ ဆွေကြင်ရာမှ သည်းချာမျက်ရှု ရဟုဘုန်းဟေ့ ဖွားသည့်နေ့တွင် မမွေ့နိုင်အောင် သံဝေဆောင်၍ သန်းခေါင်ကာလ တိုးတိုးမျှနှင့် ဆန္ဒမတ်ကျော် အပါခေါ်၍ စီးတော်ယာဉ်လှ ကဏ္ဍကနှင့် နန်းမှခွာရှောင် နော်မာသောင်သို့ ရောက်အောင်မပျက် ထွက်ကြီးထွက်တော်မူလျက်၊ ပဗ္ဗဇိတွာန - ဘဒ္ဒကဉ္စန အလှမျက်ဖျော် ယသော်ကြင်ဆွေ နန်းလုံးမေသည် ရစ်ခွေတွယ်တာမထား ပယ်ကားရှားလျက် ထက်ဖျားဗြဟ္မာ လှူကပ်လာသည့် ရောင်ဝါတင့်ဆန်း ကြာသင်္ကန်းဖြင့် ထီးနန်းမူရာ စွန့်ပစ်ကာလျှင် ကြည်သာရွှင်လန်း တောမြိုင်တန်း၌ ရဟန်းပြုတော်မူပြီး၍ -

ဒုက္ကရစရိယာကျင့်

ဆဗ္ဗဿာနိ - ဥရုဝေလ နာမတင့်ဆန်း နန်းနှင့်မနီး ထီးနှင့်ဝေးကွာ တောမြိုင်သာဝယ် သချင်္ာတွက်စစ် ခြောက်နှစ်တို့ ကာလပတ်လုံး၊ ဒုက္ကရစရိယာနိ - ခန္ဓာညှိုးခွေ ကြွေလုခမန်း အားအင်ကုန်ခန်းအောင် ပင်ပန်းဆင်းရဲ ပြုနိုင်ခဲသည့် လွန်ကဲသော အကျင့်တော်မြတ်တို့ကို၊ စရိတွာန - သွေးသားခန်းခြောက် အသက်ပင်ပျောက်ပျောက် မကြောက်မရွံ့ နောက်မတွန့်ဘဲ သက်စွန့်ကြိုးပမ်း ဖြည့်စွမ်း ကျင့်ကြံတော်မူပြီး၍ -

ဘုရားဖြစ်

ဗောဓိမဏ္ဍေ - အဝိဇဟိတ ဌာနသာစည် ရှေးတည်နှောင်းပျက် အချက်အချာ မင်္ဂလာဘူမိ အတုမရှိသည့် ဗောဓိမဏ္ဍိုင် မြေဦးကိုင်၌၊ ပဉ္စမာရေ - ဒေဝပုတ္တ စသည်အပြား မာရ်ငါးပါးတို့ကို၊ ဇိတွာန - ပါရမီတော်မြတ် အရဟတ္တမဂ် ဓားသန်လျက်ဖြင့် ပယ်ဖျက်ခုတ်ထွင် သုတ်သင်ရှင်းလင်း အောင်ပွဲခင်းလျက် အောင်သတင်းကြူကြူ အောင်လံတော်လွှင့်ထူပြီး၍၊ ဗုဒ္ဓဘာဝံ - လေးပါးသစ္စာ ပုဒိအာကို ဆရာမကူ သယမ္ဘူဖြင့် ဏုမြူမကျန် မဖောက်ပြန်ဘဲ ဝေဖန်ပိုင်းခြား သိမြင်ငြားသည့် သုံးပါးလောက မကိုဋ်ထွတ်ဖူး အောင်ပွဲမှူးတစ်ဆူ နတ်လူတို့မျက်ရစ် ဘုရားရှင်အဖြစ်သို့၊ သမ္ပတ္တော - ရာ့သုံးခုကြုံ ကဆုန်လပြည့် ဆင်မင်းနေ့ဝယ် ကြွေ့ကြွေ့လှိုက်ဆူ ရောက်ကြီး ရောက်တော်မူလေပြီ။ တံ ဗုဒ္ဓံ - ဘုရားအဖြစ်သို့ စင်စစ်ပြီးမြောက် ရောက်တော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ - တပည့်တော်သည်၊ ဝန္ဒာမိ - ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

မှတ်ချက်

၁။ ဘုရားရှင်တို့ ပွင့်တော်မူရာ ကမ္ဘာသည် ငါးမျိုးရှိ၏၊ ယင်းတို့မှာ (၁) ဘုရားတစ်ဆူပွင့်သော သာရကမ္ဘာ၊ (၂) နှစ်ဆူပွင့်သော မဏ္ဍကမ္ဘာ၊ (၃) သုံးဆူပွင့်သော ဝရကမ္ဘာ၊ (၄) လေးဆူပွင့်သော သာရမဏ္ဍကမ္ဘာ၊ (၅) ငါးဆူပွင့်သော ဘဒ္ဒကမ္ဘာတို့ ဖြစ်ကြ၏၊ ဤကမ္ဘာငါးမျိုးကို ဘုရားရှင် ပွင့်တော်မူရာ ဖြစ်သောကြောင့် အသုညကမ္ဘာဟု ခေါ်သည်။ ဤကမ္ဘာများမှတစ်ပါး ဘုရားရှင်တို့ ပွင့်တော်မမူသော ကမ္ဘာများကို သုညကမ္ဘာများဟု ခေါ်သည်။

အဆိုပါ အသုညကမ္ဘာက ငါးမျိုးအနက် ၄ နံပါတ်ဖြစ်သော သာရမဏ္ဍကမ္ဘာကို ရည်ရွယ်၍ “သာရမဏ္ဍ ကမ္ဘာမ”ဟု ဆိုသည်။ ယင်းသာရမဏ္ဍ ကမ္ဘာ၌ တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ၊ ဒီပင်္ကရာ ဟု ဘုရားလေးဆူ ပွင့်တော်မူခဲ့၏၊ ဤအချက်ကို ရည်ရွယ်၍ “ရာလေးပါးတွင် တစ်ပါးပါဝင်သည့် ဒီပင်္ကရာ မြတ်စွာသနင်း”ဟု ဆိုသည်။

၂။ ပါရမီသုံးဆယ် ရေတွက်ပုံ။ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာ ဟူသော ပါရမီဆယ်ပါးကို အယုတ် (အညံ့)စား အလတ်စား၊ အမြတ်စားဟု သုံးမျိုးစီ မြှောက်ပွားလျှင် ပါရမီသုံးဆယ်ဖြစ်၏၊ ဥပမာ - ဒါနပါရမီ (အညံ့စား)၊ ဒါနဥပပါရမီ (အလတ်စား)၊ ဒါနပရမတ္ထပါရမီ (အမြတ်စား) စသည်ဖြင့် ပွားရာ၏၊ ယင်းကိုရည်ရွယ်၍ “အယုတ်၊ အလတ်၊ အမြတ် အားဖြင့် ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်ပြုကျင့်တော်မူပြီး၍” ဟု ဆိုသည်။

မေး။ ။ ဘုရား သို့မဟုတ် ရတနာသုံးပါးကို ရပ်ရင်း၊ အိပ်ရင်း၊ လမ်းလျှောက်ရင်း ရှိခိုးကောင်းပါသလား။

ဖြေ။ ။ အင်္ဂုတ္တိုရ်ပါဠိတော် ဝန္ဒနာသုတ်မှာ ရှိခိုးတာဟာ ကိုယ်နဲ့ရှိခိုးခြင်း၊ နှုတ်နဲ့ရှိခိုးခြင်း၊ စိတ်နဲ့ ရှိခိုးခြင်းဆိုပြီး (၃)မျိုး ရှိတယ်လို့ ဟောတယ်။ အဲဒီသုံးမျိုးထဲမှာ ကိုယ်နဲ့ ရှိခိုးတယ်ဆိုတာက ဘုရားရှင်ကို ရိုသေလေးစားကြောင်း ကိုးကွယ်ဆည်းကပ်ကြောင်းကို ကိုယ်ခန္ဓာနဲ့ ပြတာဖြစ်တဲ့အတွက် အိပ်ရင်း၊ လမ်းလျှောက်ရင်း လက်အုပ်ချီ ရှိခိုးမယ်ဆိုရင် ရိုသေမှုသဘောနည်းတဲ့အတွက် အိပ်ရင်း လမ်းလျှောက်ရင်း ကိုယ်နဲ့ မရှိခိုးသင့်ပါဘူး။ မတ်တပ်ရပ်လျက် လက်အုပ်ချီပြီး ထိုင်လျက်ဦးချပြီး ကိုယ်နဲ့ ရှိခိုးရပါမယ်။

ဂုဏ်တော်တွေကို နှုတ်နဲ့ရွတ်ဆို ပူဇော်တာကို နှုတ်နဲ့ရှိခိုးတယ်လို့ ခေါ်တယ်။ ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့လေးစားနေတာကို စိတ်နဲ့ရှိခိုးတာလို့ ခေါ်တယ်။ နှုတ်နဲ့ စိတ်နဲ့ ရှိခိုးတာကိုတော့ ရပ်ရင်း၊ ထိုင်ရင်း၊ သွားရင်း၊ အိပ်ရင်း၊ လျှောက်ရင်း ဣရိယာပုတ် လေးမျိုးစလုံးမှာ အချိန်မရွေး လုပ်လို့ရပါတယ်။ ဒါကြောင့် အာဋာနာဋိယ ပရိတ်ကို စီစဉ်ပေးတဲ့ ရှေးဆရာတော်ကြီးတွေက …

ဝစသာ မနာသာစေဝ၊ ဝန္ဒာ မေ တေ တထာ ဂတေ။

သယနေ အာသနေ ဌာနေ၊ ဂမာနေစာပိ သဗ္ဗဒါ။

လျောင်းထိုင်ရပ်သွား အခါခပ်သိမ်း ထိုဘုရားရှင်တွေကို နှုတ်နဲ့ စိတ်နဲ့ ရှိခိုးပါ၏လို့ ပြထားပါတယ်။

+++++++++++++++++++++++++++++++++++++++++++++++

ဆွမ်း ရေချမ်း ဆီမီး ကပ်လှူခြင်း

အခန်း-၉

မေး။ ။ ဗုဒ္ဓဘာသာတွေရဲ့ နေ့စဉ်လုပ်ငန်းမှာ ဘုရားရှိခိုးပြီး ဘာလုပ်ပါသလဲ။

ဖြေ။ ။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော် ရှိခိုးပြီးတဲ့အခါ မနက်စောစော အရုဏ်တက်ချိန်ဆိုရင် ဆွမ်း ရေချမ်း ပန်းနဲ့ ဆီမီး ကပ်လှူပူဇော်ပါတယ်။ ညအိပ်ရာဝင် ဘုရားရှိခိုးပြီးရင်တော့ ပန်း ဆီမီးနဲ့ ရေချမ်းပဲ ဆက်ကပ်ပါတယ်။

မေး။ ။ ရုပ်ပွားဆင်းတုတော်နဲ့ စေတီတော်တွေဟာ ဆွမ်း သစ်သီးနဲ့ ရေချမ်းတွေကို တကယ် မဘုဉ်းပေး မသုံးဆောင်ပဲ ဘာကြောင့် လှူဒါန်း ဆက်ကပ်နေကြပါသလဲ။

ဖြေ။ ။ ရုပ်ပွားဆင်းတုတော်တွေနဲ့ စေတီတော်တွေဟာ လူတွေ ဆက်ကပ်ပူဇော်တဲ့ ဆွမ်း သစ်သီး ရေချမ်းတွေကို တကယ်မသုံးဆောင်တာ မှန်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလဲ ရုပ်ပွားဆင်းတုတော်တွေနဲ့ စေတီတော်ကို ဆက်ကပ်လှူဒါန်းတာ မဟုတ်ပါဘူး။ အဲဒီ ရုပ်ပွားဆင်းတုတော်တွေက ကိုယ်စားပြုထားတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းဆက်ကပ်ခြင်းသာ ဖြစ်ပါတယ်။ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်း ကိုးကွယ်ဆည်းကပ်မှုဟာ ဗုဒ္ဓသရဏဂုံ ဖြစ်သလို သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းဆည်းကပ်တဲ့ ဆွမ်း ရေချမ်း အလှူဟာလဲ အလှူဒါနမြောက်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေဟာ ဆွမ်းတော်တင်ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘုရားဆွမ်းတော်တင်တဲ့ အစဉ်အလာဟာ ပိဋကတ်ထဲမှာ ပါရှိပါသလား။

ဖြေ။ ။ ဘုရားရှင်ကို ဆွမ်းတော် ရေတော်ကပ်တာနဲ့ ပတ်သက်လို့ ပိဋကတ်ပါဠိတော်မှာ မတွေ့ရပါဘူး။ ပရိနိဗ္ဗာန်စံပြီးတဲ့ ဘုရားရှင်ကို ရည်စူး၍ ဓာတုစေတီ စသည်ကို ပစ္စည်းလေးပါးနဲ့ ပူဇော်တာဟာ ဘုရားရှင်ကို ပူဇော်ရာရောက်တယ်လို့ အင်္ဂုတ္တိုရ်အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမေစိတ္တေ သမံ ဖလံ = သက်တော်ထင်ရှား ဘုရားရှင်နဲ့ ပရိနိဗ္ဗာန်စံပြီး ဘုရားရှင်ကို ထပ်တူထပ်မျှ ကြည်ညိုလေးစားတဲ့ စိတ်စေတနာနဲ့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုဟာ တူမျှတဲ့ အကျိုးကိုပေးတယ်လို့ ဝိမာနဝတ္ထု ပါဠိတော်မှာလဲ ပြဆိုထားပါတယ်။

မေး။ ။ ဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံသွားတာ မှန်ရင် ပူဇော်မှုကို မသာယာနိုင်၊ မသာယာသော ဘုရားရှင်အား ပြုအပ်သော ကုသိုလ်သည် အကျိုးတစ်စုံတစ်ရာ မရနိုင်ဘူးလို့ တိတ္ထိတွေက ပြောနေကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးပါလို့ မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို မေးတယ်။

ဖြေ။ ။ ရှင်နာဂသိန်က မင်းကြီး၊ ဘုရားရှင်ဟာ သက်တော်ထင်ရှားရှိစဉ်ကပင် ပူဇော်မှုတွေကို မသာယာဘူး။ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာကတည်းက သာယာတပ်မက်မှုကို ပယ်စွန့်ခဲ့ပြီးပြီ။ အခု ပရိနိဗ္ဗာန်စံသွားပြီဆိုမှတော့ သာယာတပ်မက်မှုဟာ ပိုဆိုးတာပေါ့။ မသာယာသည်ဖြစ်တဲ့ မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေကို တည်မှီရာပြုပြီး ဘုရားရှင် ဉာဏ်တော်ရတနာကို အာရုံပြုကာ ကုသိုလ်ကောင်းမှု ပြုခြင်းဖြင့် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိနိုင်ပါတယ်။

ဥပမာပြရရင် တောက်လောင်နေတဲ့ မီးပုံကြီးဟာ မြက် ထင်း စတဲ့ လောင်စာတွေကို မသာယာပါဘူး။ မသာယာတဲ့ မီးပုံကြီးကို မြက် ထင်း စတဲ့ လောင်စာတွေကို ထည့်ပြီး အဲဒီမီးတောက်နဲ့ ထမင်း ဟင်း စသည် ချက်ပြုတ်ကာ အကျိုးရှိအောင် လုပ်နိုင်ကြသလို မသာယာတဲ့ ဘုရားရှင်မှာ ပြုလုပ်တဲ့ ပူဇော်မှုဟာလဲ အကျိုးရှိနိုင်ပါတယ်။

နန္ဒကဘီလူးဟာ ရှင်သာရိပုတ္တရာကို ပြစ်မှားတယ်။ ရှင်သာရိပုတ္တရာက စိတ်မဆိုးဘူး။ ဒါပေမယ့် နန္ဒကဘီလူးဟာ မြေမျိုခံရတယ်။ ဒီလို မြေမျိုခံရတာကိုလဲ ရှင်သာရိပုတ္တရာက ဝမ်းမသာဘူး။ နန္ဒကဘီလူး မြေမျိုခံရတာဟာ အပြစ်မှားခံရတဲ့ ရှင်သာရိပုတ္တရာရဲ့ သာယာမှု မသာယာမှုအပေါ် မူတည်တာ မဟုတ်ဘူး။ ပြုလုပ်တဲ့သူရဲ့ စေတနာပေါ်မှာသာ တည်တယ်။ နန္ဒကဘီလူး စေတနာ မကောင်းတော့ မကောင်းတဲ့အကျိုး ရရှိသလိုပဲ။ မသာယာတဲ့ ဘုရားရှင်မှာ ပြုတဲ့ ပူဇော်မှုကောင်းမှု ကုသိုလ်ဟာလဲ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာအကျိုးကို ခံစားရမယ်လို့ ရှင်နာဂသိန်ဟောပါတယ်။ အဲဒီအချက်ကိုကြည့်ရင် ဆင်းတုစေတီတော်မှာ ဆွမ်း ရေချမ်း ကပ်လှူတာဟာ ဘုရားရှင် သုံးဆောင်သည်ဖြစ်စေ မသုံးဆောင်သည်ဖြစ်စေ ဆက်ကပ်လှူဒါန်းတဲ့သူရဲ့ စေတနာဟာ ထက်သန်ရင့်သန်သလောက် အကျိုးကို ရရှိခံစားနိုင်တယ်လို့ ယုံကြည်နိုင်ပါတယ်။

မေး။ ။ ဘုရားကို ဆွမ်းတော် ရေတော်ကပ်တဲ့ အစဉ်အလာဟာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ အထက်ပုစ္ဆာမှာ ဖြေဆိုခဲ့တဲ့အတိုင်း ဘုရားရှင်ကို ဆွမ်း၊ ရေချမ်း စသည်နဲ့ ပူဇော်တဲ့ အလေ့အကျင့်ဟာ မိလိန္ဒပဥှာကျမ်း မရေးခင်ကတည်းက ရှိနေတယ်လို့ ယူဆနိုင်တယ်။ မိလိန္ဒပဥှာကျမ်းကို သာသနာတော် သက္ကရာဇ် ၅၀၀ (ခရစ်နှစ်မစခင် နှစ် ၁၀၀) ခန့်က ပြုစုခဲ့တယ်။

ဘာသာကိုးကွယ်မှု သမိုင်းကို ပြန်ကြည့်တဲ့အခါ ကမ္ဘာ့အစောဆုံး ဘာသာရေးဖြစ်တဲ့ နတ်ကိုးကွယ်မှုမှာ နတ်တွေကို ထမင်း၊ ဟင်း၊ စားသောက်ဖွယ် အရက်သေစာတွေနဲ့ ပူဇော်ပသခဲ့တာကို တွေ့ရတယ်။ သုဇာတာသူဌေးသမီးရဲ့ ဂဏာနို့ဆွမ်းဟာ ဘုရားရှင်အတွက် စီမံချက်လုပ်တာမဟုတ်ဘဲ ညောင်ပင်စောင့် ရုက္ခစိုးနတ်မင်းကြီးအတွက် ပူဇော်ပသတာ ဖြစ်တယ်။ ဘုရားရှင်မပွင့်မီ ဝေဒခေတ်မှာ ဗြဟ္မဏပုဏ္ဏားတွေဟာ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက် စတဲ့ သတ္တဝါတွေကိုသတ်ပြီး ယဇ်ပူဇော်နေကြတယ်။ ဝေဒလေးပုံမှာပါတဲ့ ယဇုဝေဒဟာ ယဇ်ပူဇော်နည်းတွေကို ပြတဲ့ကျမ်းဖြစ်တယ်။ နတ်ကိုးကွယ်မှု၊ ဗြဟ္မဏတွေရဲ့ ယဇ်ပူဇော်မှုကို အတုယူပြီး ဘုရားဆင်းတုတော် စေတီတော်ကို ဆွမ်း၊ ရေချမ်း ဆက်ကပ်မှုဟာ ဗုဒ္ဓဘာသာ အစပိုင်းလောက်တုန်းကတည်းက ရှိခဲ့မယ်လို့ ယူဆနိုင်တယ်။

ပြီးတော့ ဗုဒ္ဓဘာသာတွေဟာ သံဃာတော်တွေကို ဆွမ်းကပ်ရတယ်။ ဆွမ်းကပ်တော့ ပါဠိတော်တွေမှာ ဗုဒ္ဓပမုခသံဃာ = ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဆွမ်းဆက်ကပ်တယ်လို့ ပါတဲ့အတွက် သံဃာတော်တွေ ဆွမ်းကပ်တဲ့အခါမှာလဲ သက်တော်ထင်ရှား ဘုရားရှင်လို ရည်မှန်းပြီး ဆွမ်း၊ ရေချမ်း ဆက်ကပ်တဲ့ အစဉ်အလာဟာ ဘုရားပရိနိဗ္ဗာန်စံပြီးစက စတင်လာခဲ့တယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံမှာတော့ ထေရဝါဒသာသနာ မထွန်းကားမီ တောင်သူကြီးမင်းခေါ် ပုပ္ပားစောရဟန်းမင်း လက်ထက် ဘုရားမမည်၊ နတ်မမည် ရုပ်တုကြီးကို ထုလုပ်ကိုးကွယ်ပြီး ည၊ နံနက် အစားအစာနဲ့ အရက်သေစာတွေ ပူဇော်တယ်လို့ တွေ့ရတော့ အရည်းကြီးသာသနာမှာလဲ ဆွမ်းတော်ကပ်တဲ့ အစဉ်အလာရှိပြီးလို့ယူဆရတယ်။ မနူဟာမင်းခံတွင်းက မီးတောက်နေတာကို ဆွမ်းတော်စွန့်ပြီး အစာတွေကျွေးခြင်းဖြင့် ဘုန်းနိမ့်အောင် လုပ်ခဲ့တယ်ဆိုတော့ ထေရဝါဒ ဗုဒ္ဓဘာသာအစကပင် ဆွမ်းတော်ကပ်တဲ့ အစဉ်အလာ ရှိခဲ့တယ်လို့ ယူဆနိုင်တယ်။

မေး။ ။ ဘုရားရှင်ကို ဆွမ်း ရေချမ်း ကပ်လှူတဲ့အကြောင်း အဋ္ဌကထာတွေမှာ ပြပါသလား။

ဖြေ။ ။ ပြပါတယ်။ ဥပရိပဏ္ဏာသ အဋ္ဌကထာမှာ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းကပ်လို့ ရပါသလားလို့ မေးပြီး “ရပါတယ်။ နေရာကိုခင်းပြီး ဆင်းတုတော်ကိုချကာ ရဟန်းတော်တွေ ဆွမ်းမကပ်ခင် ဘုရားရှင်ကို ဆွမ်းတစ်ပွဲ ကပ်ရမယ်။ ပြီးမှ သံဃာတော်ကို ကပ်ရမယ်လို့ ပြထားပါတယ်။ အဲဒီဆွမ်းပွဲကို ဘုရားဆင်းတု၊ စေတီ၊ ဝတ်ကြီးဝတ်ငယ်ပြုရတဲ့ ရဟန်းရှိရင် အဲဒီရဟန်းကို ကပ်ရမယ်၊ မရှိဘူးဆိုရင် သံဃာတော်တွေကို ပြန်ကပ်နိုင်တယ်” လို့ ပြထားတယ်။

ဝိနည်းမဟာဝဘ စီဝရက္ခန္ဓက အဋ္ဌကထာမှာ စေတီရုပ်ပွားတော်ရှေ့မှာ ဆွမ်းစသည်ထားပြီး ဘုရားရှင်တို့အား လှူဒါန်းပါ၏ ပြောလှူရမယ်။ လှူပြီးတဲ့ ဆွမ်းတော်ပွဲကို ဘုရားဝတ်ကြီး ဝတ်ငယ်ပြုတဲ့ လူ၊ ရဟန်းက စားနိုင်တယ်။ အမြဲဝတ်ပြုသူ မရှိရင် တံမြက်လှဲခြင်းစတဲ့ ဝတ်တစ်ခုခုကို ပြုလုပ်ပြီး ဆွမ်းတော်ပွဲကို စားနိုင်တယ်လို့ ပြထားတယ်။

ဒီအဋ္ဌကထာမှာ ၂-ခုအရ စေတီ၊ ရုပ်ပွားတော်ကို ဆွမ်းတော်တင်ကောင်းတယ်။ ဆွမ်းတော်ပွဲကျကို ဝတ်တစ်ခုခုပြုပြီး စားကောင်းတယ်လို့ မှတ်ပါ။

မေး။ ။ ဆွမ်းတော်တင်တဲ့အခါ အချို့ဗုဒ္ဓဘာသာတွေဟာ ဟင်းနဲ့မတင်ဘဲ ဘာကြောင့် သစ်သီး၊ အချိုအချဉ်တွေနဲ့သာ တင်သလဲ။ သားငါး ဟင်းတွေနဲ့တင်ရင် အပြစ်ရှိပါသလား။

ဖြေ။ ။ သားငါး ဟင်းတွေနဲ့ တင်လို့ အပြစ်မရှိပါဘူး။ တင်ကောင်းပါတယ်။ ဘုရားရှင်ဟာ သက်တော်ထင်ရှားရှိစဉ်က သားငါးဟင်းလျာတွေကို ဘုဉ်းပေးသုံးဆောင်ပါတယ်။ ရဟန်းတွေကိုလဲ ထူးခြားတဲ့ အသား (၁၀)မျိုးကလွဲရင် ကျန် အသားဟင်းတွေကို ဘုဉ်းပေးသုံးဆောင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဟိန္ဒူဗြဟ္မဏတွေရဲ့ အသက်သတ်လွတ်စားတဲ့ စနစ်ဟာ မြန်မာလူမျိုးတွေဆီ ကူးစက်လာတယ်။ သက်သတ်လွတ် စားရာက သက်သတ်လွတ် ဆွမ်းတော်တင်မှု အစဉ်အလာ ဖြစ်လာခဲ့တယ်။

သက်သတ်လွတ် ဆွမ်းတော်တင်တဲ့ အခြားအကြောင်းတစ်ခုကတော့ ဗုဒ္ဓမပွင့်မီနဲ့ ဗုဒ္ဓခေတ်မှာ အချို့ဗြဟ္မဏတွေဟာ ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဆိတ် စတဲ့ သတ္တဝါတွေကို ရာနဲ့ ထောင်နဲ့ ချီသတ်ပြီး ယဇ်ပူဇော်ပွဲကြီးတွေ (အလှူကြီးတွေ) ပေးနေကြတယ်။ ဒါကို ဘုရားရှင်က အကြီးအကျယ် ရှုတ်ချဟောပြောခဲ့တယ်။ ဒီလို သားကောင်တွေကို အထူးစပါယ်ရှယ်သတ်ပြီး ပြုလုပ်တဲ့ ယဇ်ပူဇော်ပွဲသဘော သက်ရောက်သွားမှာစိုးလို့ သက်သတ်လွတ်ဆွမ်းတော်တင်ကြတာလဲ ဖြစ်ပါတယ်။ ဘုရားကိုးဆူ ပူဇော်ပွဲတွေနဲ့ ရပ်ကွက်တစ်ခုလုံး စုလုပ်ကြတဲ့ ဆွမ်းတော်ကြီးတင် ပွဲတော်တွေမှာလဲ ယဇ်ပူဇော်ပွဲ ဆန်သွားမှာစိုးလို့ သက်သတ်လွတ် မုန့်နဲ့ အသီးအနှံတွေကို တင်ကြတာ ဖြစ်ပါတယ်။

ဆွမ်းတော်ပွဲအတွက် ကြက်ဘဲကောင်လုံးကြော်မျိုး သီးသန့်စီမံတင်တာမဟုတ်ဘဲ နေ့စဉ် စားဦးစားဖျား တင်တဲ့အခါမှာတော့ အသားငါး ဟင်းတွေနဲ့ပဲ တင်နိုင်ပါတယ်။ အသားငါးနဲ့ တင်တဲ့လူတွေလဲ အများပဲ ရှိကြပါတယ်။

မေး။ ။ ရုပ်ပွားဆင်းတုတော်တွေ စေတီတော်တွေကို ဆွမ်းတော်တင်၊ ရေချမ်းကပ်လို့ အကျိုးတစ်စုံတစ်ရာ ရနိုင်ပါသလား။

ဖြေ။ ။ ရနိုင်ပါတယ်။ အခုသိပ္ပံခေတ် ရုပ်ဝါဒီတွေအမြင်မှာတော့ ရုပ်ပွားဆင်းတု စေတီတွေရှေ့မှာ ဆွမ်းတော် ရေတော် တင်လှူထားတာဟာ အဓိပ္ပာယ်မရှိဘူးလို့ မြင်နေတတ်ကြတယ်။ ဆွမ်းတော်တင်တယ် ရေချမ်းကပ်တယ်ဆိုတာက အလှူဒါနပြုခြင်းပါပဲ။ အလှူဒါနဆိုတာက အလှူခံပုဂ္ဂိုလ်က စားသုံးတယ် မစားသုံးဘူးပေါ်မှာ အခြေမခံပါဘူး၊ အလှူရှင်ရဲ့ ပေးလှူတဲ့ စေတနာဟာ အဓိကပါပဲ။ ဒီဒါနစေတနာဟာလဲ ပေးလှူဆဲ ပစ္စည်းဝတ္ထုပေါ်မှာ တွယ်တာ တပ်မက်နေတဲ့ လောဘကို တိုက်ဖျက်ခြင်းသဘောသာ ဖြစ်ပါတယ်။ ဘုန်းကြီးတစ်ပါးကို သင်္ကန်းလှူရာမှာ ဒီဘုန်းကြီးက ဒီသင်္ကန်းကိုဝတ်မှ အလှူမြောက်တာ မဟုတ်ပါဘူး။ သေတ္တာထဲမှာပဲ သိမ်းထားထား အခြားသူတစ်ယောက်ကိုပဲ ပေးပေး မူလလှူတဲ့ လူအဖို့တော့ ဒါနကုသိုလ်ရသလို ရုပ်ပွားတော်က မသုံးဆောင်ပေမယ့် တပ်မက်စွဲလမ်းမှု တဏှာကို ချိုးနှိမ်ပြီး စွန့်လွှတ်ပြီးဖြစ်တဲ့အတွက် ဒါနကုသိုလ်ဖြစ်တယ်လို့ မှတ်နိုင်ပါတယ်။

အလှူဒါနရဲ့ အင်္ဂါ ၄ -ပါးမှာ ပေးလှူလိုတဲ့လူရဲ့ စေတနာ၊ ပေးလှူစရာ ပစ္စည်းဝတ္ထု၊ ထိုပစ္စည်းကို အလှူခံမည့် အလှူခံပုဂ္ဂိုလ်၊ တကယ်ပေးလှူခြင်း၊ ဒီလေးပါးပြည့်စုံရင် အလှူမြောက်ပါတယ်။ အခု ဆွမ်းတော် ရေတော်ကပ်ရာမှာလဲ ဒီလေးပါးစုံတဲ့အတွက် အလှူဒါနမြောက်ပြီး လူနတ်နိဗ္ဗာန် သုံးတန်သော အကျိုးတရားတွေကို ရနိုင်တယ်လို့ ယုံကြည်ပြီး ဆွမ်းရေချမ်း လှူဒါန်းနိုင်ကြပါစေ။

မေး။ ။ ဆွမ်းတော်တင်ပြီး ပြန်စွန့်တဲ့ အစားအသောက်တွေကိုစားရင် ဘုန်းနိမ့်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ ဆွမ်းတော်တင်ပြီးသား စားရင် ဘုန်းနိမ့်တယ်ဆိုတာ မဟုတ်ပါဘူး။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာမှာလဲ အခိုင်အမာ မတွေ့ရပါဘူး။ ဒါပေမယ့် ဆွမ်းတော်တင်ပဲဖြစ်ဖြစ်၊ အခြား ဘုရားပိုင်ပစ္စည်း တစ်ခုခုကိုပဲဖြစ်ဖြစ် လူတိုင်းတော့ အလွယ်တကူ ယူငင်စားသုံးလို့ မရပါဘူး။ ဘုရားကျောင်းဆောင်၊ ဘုရားဝင်း၊ ရင်ပြင်တော် စသည်မှာ တံမြက်လှည်းခြင်းစတဲ့ ဗုဒ္ဓဝေယျာဝစ္စ တစ်ခုခုကို လုပ်ပြီးမှသာ ဘုရားလှူထားတဲ့ ပစ္စည်းကို စားရမယ်။ သုံးရမယ်။ တကယ်လို့ ရဟန်းတစ်ပါး၊ ဥပုသ်စောင့်တဲ့ လူတစ်ယောက်ဟာ မွန်းတည့်ခါနီးမှာ ဘုရားလှူထားတဲ့ ဆွမ်း၊ သစ်သီးကို စားဖို့ကြုံနေရင် တံမြက်စည်းလှည်းပြီးမှ စားမယ်ဆိုရင်လဲ မွန်းလွဲသွားမယ်ဆိုရင် ဆွမ်း၊ သစ်သီးကိုစားပြီးမှ ဗုဒ္ဓဝေယျာဝစ္စ ပြုပါမယ်လို့ စိတ်မှာ နှလုံးသွင်းပြီးမှ စားရမယ်။ စားပြီးတော့လဲ ဗုဒ္ဓဝေယျာဝစ္စကို လုပ်ရမယ်လို့ အဋ္ဌကထာမှာ ဘုရားပစ္စည်း စားသုံးနည်းကို ဖွင့်ပြထားပါတယ်။

ဒီအဋ္ဌကထာ အဖွင့်ကိုကြည့်ရင် ဘုရားပစ္စည်းကို လူတိုင်း မစားသုံးကောင်းဘူး။ ဗုဒ္ဓဝေယျာဝစ္စ တစ်ခုခုကို လုပ်ပြီးမှ စားသုံးကောင်းတယ်လို့ မှတ်နိုင်ပါတယ်။ ဘုန်းကြီးပစ္စည်း ကျောင်းပစ္စည်း ထိုနည်းလည်းကောင်းပါပဲ။

ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆကတော့ ရာဇဝင်အရ သထုံမနူဟာမင်းကို အနော်ရထာမင်းစော ခေါ်ဆောင်ဖမ်းဆီးလာပြီးနောက် မနူဟာမင်း စကားပြောတဲ့အခါ အာခံတွင်းက မီးတောက်မီးလျှံ ထွက်နေတယ်။ အာဏာစက်ရှိနေတယ်။ ဒါကြောင့် အာဏာစက် ညံ့သွားအောင် ဘုရားဆွမ်းတော်တင်ကို စွန့်ပြီးတော့ ကျွေးတော့မှ အာခံတွင်းက မီးတောက်များ ပျောက်သွားတယ်၊ အာဏာစက် ညံ့သွားတယ်လို့ ဆိုတယ်။ ဒီရာဇဝင်စကားအရ ဆွမ်းတော်တင်စားရင် ဘုန်းနိမ့်တယ်လို့ ပြောစမှတ် ပြုနေကြတာပဲ ဖြစ်တယ်။

မေး။ ။ စုန္ဒရဲ့ ဝက်ပျိုသားဟင်းကို ဘုရားရှင် ဘုဉ်းပေးပြီးတဲ့အခါမှာ ဘုရားရှင်က ဘယ်သူမှ မစားစေဘဲ မြေထဲထူးမြှုပ်ဖို့ အမိန့်ရှိတာဟာ ဘုရားရှင်စားပြီးသား အခြားပုဂ္ဂိုလ် မစားကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား။

ဖြေ။ ။ မဟုတ်ပါဘူး။ ဘုရားရှင်စားပြီးသား အခြားသူ မစားကောင်းဘူးလို့ မဟုတ်ပါဘူး။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီးတဲ့အခါ နောက်ဆုံး ဘုဉ်းပေးတဲ့ ဆွမ်းဖြစ်တဲ့အတွက် နတ်တွေက နတ်သြဇာတွေ ထည့်ထားပါတယ်။ နတ်သြဇာတွေပါတဲ့ အာဟာရကို ရဟန်းရှင်များ လူအများစားသုံးခဲ့ရင် အစာကြေနိုင်ဖို့ မရှိပါဘူး။ ဒါကို သိတော်မူတဲ့ ဘုရားရှင်က ကျန်တဲ့ဟင်းတွေ အားလုံးကို မြေကျင်းထဲ တူးမြှုပ်ခိုင်းတာ ဖြစ်ပါတယ်။ တချို့က ဘုရားရှင်စားပြီးသားဖြစ်လို့ မစားကောင်းဘူးလို့ ပြောဆိုကြပါတယ်။ ဘုရားရှင်ရဲ့ အလိုတော်ဆန္ဒအရ နတ်သြဇာတွေကြောင့် မကြေညက်မှာ စိုးလို့ဆိုတာကို သေသေချာချာမသိကြလို့ ဖြစ်ပါတယ်။ အခု ဆွမ်းတော်ပွဲကိုတော့ ဘုရားရှင်ကိုယ်တိုင်ကလဲ စားသုံးတာမဟုတ်လို့ နတ်သြဇာတွေ ထည့်ဖို့လဲ မရှိပါဘူး။ ဒါကြောင့် အဋ္ဌကထာဆရာ အဖွင့်အတိုင်း ဗုဒ္ဓဝေယျာဝစ္စ တစ်ခုခု ပြုလုပ်ပြီး စားကောင်းတယ်လို့ ယူဆသင့်ပါတယ်။

မေး။ ။ ကိုယ်တင်တဲ့ ဆွမ်းတော်ပွဲကို ကိုယ်ပြန်ပြီး စွန့်စားတာဟာ ကောင်းသလား။ မစားတာက ကောင်းသလား။

ဖြေ။ ။ ကိုယ့်ဆွမ်းတော် ကိုယ်ပြန်စွန့်ပြီး မစားတာက ကောင်းပါတယ်။ စားရင် ဘုန်းနိမ့်မှာစိုးလို့ မဟုတ်ပါဘူး။ ပရိစ္စာဂလက္ခဏံ ဒါနံ - အလှူဒါနဆိုတာ လှူဖွယ်ဝတ္ထုကို နှမြောတွယ်တာမှု ငဲ့ကွက်မှု မရှိဘဲ လွတ်လွတ် စွန့်ကြဲလှူဒါန်းခြင်း လက္ခဏာရှိရတယ်။ ဆွမ်းတော် တင်တယ်ဆိုတာက နာမည်လောက်ပဲ၊ ပြီးတော့ ငါပဲစွန့်စားမှာပဲဆိုတဲ့ အသိဝင်ရောက်လာတတ်တယ်။ ဒီအခါမှာ ကိုယ်တင်တဲ့ ဆွမ်းတော်ရဲ့ လှူဖွယ်ကို လုံးဝ အာလယပြတ် မစွန့်လွှတ်နိုင်တဲ့အတွက် ဒါနအမြတ်စား မဖြစ်နိုင်ဘူး။

လုံးဝလွတ်လွတ် ပေးလှူစွန့်လွှတ်တဲ့ ဒါနလက္ခဏာမြောက်ဖို့အတွက် ဒီဆွမ်း၊ ဒီမုန့်၊ ဒီသစ်သီးကို ဘုရားရှင်ကို ဆက်ကပ်မယ်။ ဆွမ်းတော်စွန့်ပြီးရင် ကုသိုလ်အဆင့် ပွားဖို့အတွက် အခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကျီးငှက် တိရစ္ဆာန်တွေကို ပေးလှူစွန့်ကြဲမယ်လို့ စိတ်မှာ ထားသင့်တယ်။ ဒီပစ္စည်းဝတ္ထုပေါ်မှာ တပ်မက်စွဲလန်းမှုကို လုံးဝကင်းစင်ဖို့အတွက် အခြားသူတစ်ဦးတစ်ယောက်ကို ထပ်ဆင့် ပေးလှူလိုက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ့်အိမ်မှာ ဆွမ်းတော်ပွဲစွန့်တာဖြစ်လို့ အခြားအလှူခံပုဂ္ဂိုလ် အလွယ်မတွေ့ဘူးဆိုရင် အဖိုးတန် မွန်မြတ်တဲ့ စားသောက်ဖွယ်တွေလဲ ဖြစ်နေတယ်ဆိုရင် ကိုယ့်အိမ်က ကလေး၊ အိမ်နီးနားချင်းက ကလေးတွေကို ဝေခြမ်းပေးသင့်ပါတယ်။

မေး။ ။ ဆွမ်းတော်ပွဲ စွန့်ပြီးသားကို ရဟန်းသံဃာတော်ကို ပေးလှူလို့ ကောင်းပါသလား။

ဖြေ။ ။ လှူချင်ရင်တော့ လှူနိုင်ပါတယ်။ ဥပရိဏ္ဏာသ အဋ္ဌကထာမှာ ဘုရားဆင်းတုတော် လှူပြီးသားဆွမ်းကို ဘုရားဝတ်ကြီးဝတ်ငယ် ပြုတဲ့ ရဟန်း၊ ဒါမှမဟုတ် ရဟန်းသံဃာတော်များကို လှူဒါန်းနိုင်တယ်လို့ ဖွင့်ထားပါတယ်။ ဒါပေမယ့် သိပ်တော့ မကောင်းပါဘူး။ ဆွမ်းတော်ကပ်လိုက်တယ် ဆိုကတည်းက ဒီပစ္စည်းဟာ ဘုရားပစ္စည်း ဖြစ်သွားပါပြီ။ ဘုရားပစ္စည်းကိုယူပြီး ကိုယ်က လှူတာဖြစ်တဲ့အတွက် စေတနာဟာ သိပ်ထက်ထက်သန်သန် ရှိမှာ မဟုတ်ပါဘူး။ တကယ်လို့ သံဃာတော်တွေကိုလဲ လောင်းလှူချင်တယ်ဆိုရင် မူလကတည်းက သတ်သတ် စီမံခဲ့သင့်ပါတယ်။ ဒါမှလဲ ကိုယ်ပိုင်ပစ္စည်းနဲ့ သံဃာတော်ကို လှူဒါန်းပူဇော်ရာ ရောက်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဆွမ်းတော်ပွဲစွန့်ပြီး ဘုန်းကြီးလှူလိုက် သူတောင်းစားတွေပေးလိုက်ဆိုရင် ဘုန်းကြီးနဲ့ သူတောင်းစား အတူတူထားရာ ရောက်သည့်အတွက် အကျိုးလဲ သိပ်ထူးမှာ မဟုတ်ဘူး။ ဘာသာခြားတွေရဲ့ အမြင်မှာလဲ သံဃာတော်တွေနဲ့ သူတောင်းစားတွေဟာ အတူတူပဲလို့ မှတ်ထင်သွားစရာ ရှိတဲ့အတွက် ဆွမ်းတော်ပွဲစွန့်ပြီး သံဃာတော်များကို မလောင်းလှူတာ ပိုပြီးကောင်းပါတယ်။

မေး။ ။ ဆွမ်းတော်ပွဲစွန့်ပြီး သူတောင်းစားတွေကို ပေးတဲ့အစဉ်အလာဟာ ဘယ်တုန်းက စတင်ခဲ့ပါသလဲ။

ဖြေ။ ။ ရှေးရှေးမြန်မာတွေဟာ ဘုရားစေတီတည်ပြီးရင် အဲဒီဘုရားကို ပြုပြင်မွမ်းမံဖို့အတွက် ဥယျာဉ်တွေ လယ်တွေကို လှူဒါန်းခဲ့ပါတယ်။ ဘုရားရဲ့ ဝေယျာဝစ္စဆောင်ရွက်ဖို့ ကပ္ပိယ (ဘုရားကျွန် ကျောင်းကျွန်) တွေကို လှူဒါန်းခဲ့ပါတယ်။ ဘုရားပိုင်ဥယျာဉ်၊ လယ်ယာကထွက်တဲ့ အခွန်အကောက်တွေကို ဘုရားပြင်ဆင်ဖို့နဲ့ ဘုရားကျွန် ကျောင်းကျွန်တွေရဲ့ စားဝတ်နေရေးအတွက် ခွဲဝေသုံးစွဲရပါတယ်။ ဘုရားရှင်ကို လှူပြီးတဲ့ ဆွမ်းတော်ပွဲကို ဘုရားဝေယျာဝစ္စပြုလုပ်တဲ့ ဘုရားကျွန် ယခုခေတ်အခေါ် သူတောင်းစားတွေကို စွန့်ကြဲခြင်းဖြစ်တယ်။

တစ်နည်းအားဖြင့်တော့ ယခုခေတ် သူတောင်းစားတွေဟာ ဘုရားဝေယျာဝစ္စကို မဆောင်ရွက်ကြတော့ဘူး။ ဘုရားကျွန်အဖြစ် ဘယ်ဘုရင်အမိန့်နဲ့မှ လှူဒါန်းထားတာလဲ မဟုတ်ကြပါဘူး။ သူတောင်းစားတွေဟာ ဆင်းရဲသူတွေဖြစ်လို့ သနားကြင်နာစိတ်နဲ့ အဖိုးတန် မွန်မြတ်တဲ့ အစားတွေ စားသောက်ကြပါစေလို့ စွန့်ကြဲပေးကမ်းတာလဲ ဖြစ်နိုင်တယ်။ ဒီလိုဆင်းရဲသူတွေ စားခွင့်ရအောင် စားခွင့်ကြုံအောင်လဲ ဆွမ်းတော်ပွဲတွေကို ရိုးရိုးလူတွေ မစားကောင်းဘူးလို့ ကရုဏာရှင် မြန်မာကြီးများက ပရိယာယ်နဲ့ ပြောခဲ့တာလဲ ဖြစ်နိုင်ပါတယ်။ အခုလို ရှေးခေတ် ဘုရားကျွန် ယခုခေတ် သူတောင်းစားတွေ စားတာများတော့ ဆွမ်းတော်ပွဲ စားတဲ့လူဟာ ဘုရားကျွန် သူတောင်းစားနဲ့ တစ်တန်းတည်း ဖြစ်သွားတယ်။ ဘုန်းနိမ့်သွားတယ်လို့ ထင်မြင်ယူဆ ပြောဆိုကြတာလဲ ဖြစ်နိုင်ပါတယ်။

မေး။ ။ ဆွမ်းတော်ကြီးတင်တယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ဆွမ်းတော်ကြီး တင်တယ်ဆိုတာ ရွာဦးဘုရား ရပ်ကွက်ဓမ္မာရုံမှာ တစ်ရွာလုံး တစ်ရပ်ကွက်လုံး စုပေါင်းပြီး ပွဲလမ်းသဘင် အခမ်းအနားနဲ့ ပြုလုပ်တဲ့ ဆွမ်းတော်တင်အလှူ ဖြစ်ပါတယ်။ နေ့စဉ် အိမ်မှာတင်တာထက် ကြီးကျယ်တယ်။ တစ်နှစ်မှာ တစ်ကြိမ် အထူးစပယ်ရှယ် ပြုလုပ်တာဖြစ်လို့ ဆွမ်းတော်တင်ပွဲတွေဟာ ကြီးပါတယ်။ ငှက်ပျောဖီးလိုက်၊ သဘောင်္၊ နာနတ်၊ ကျွဲကော၊ ပန်းသီး၊ နို့ဆီဘူး၊ မုန့်သေတ္တာစတဲ့ အဖိုးတန် မွန်မြတ်တဲ့ ဆွမ်းတော်ပွဲတွေနဲ့ တင်ကြပါတယ်။ အများအားဖြင့် ဆွမ်းတော်ကြီးတင်ပွဲနဲ့ သံဃာတော်များ ဆွမ်းကြီးလောင်းပွဲ (ဆွမ်းဆန်စိမ်းလောင်းလှူပွဲ)ကို ပူးတွဲကျင်းပလေ့ ရှိကြပါတယ်။

မေး။ ။ နေ့စဉ် ဆွမ်းတော်တင်မှုဟာ မြန်မာ့ယဉ်ကျေးမှုကို ဘယ်လောက် အထောက်အကူ ပြုပါသလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ အမြတ်ဆုံးအလှူခံပုဂ္ဂိုလ်၊ အချိန်မရွေး လှူဒါန်းနိုင်တဲ့ အလှူခံပုဂ္ဂိုလ် ဖြစ်ပါတယ်။ လောင်းလှူတဲ့ပစ္စည်း အဆင်သင့်ဖြစ်တဲ့အခါ အလှူခံ သံဃာတော်ကို တွေ့ချင်မှ တွေ့ပါမယ်။ အချိန်မှန် ရုံးတက်ရတဲ့ မြို့ကလူတွေဟာ သံဃာတော်ကို ဆွမ်းလောင်းတဲ့ဝတ်ကို နေ့စဉ်ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘုရားရှင်ဟာ အနီးကပ်ဆုံးနဲ့ အမြင့်မြတ်ဆုံး အလှူခံ ဖြစ်ပါတယ်။ မြန်မာတွေဟာ နေ့စဉ် ဆွမ်းတော်တင် အလှူဝတ်တစ်ခုကို ပြုနေခြင်း၊ စွန့်ပြီး ဆွမ်းတော်ပွဲကို ယုတ်စွအဆုံး ကျီး၊ ငှက်၊ ခွေးတွေကို စွန့်ကြဲ ကျွေးမွေးနေခြင်းဖြင့် မြန်မာတွေ အလှူအတန်း ရက်ရော အပေးအကမ်းများပြီး တစ်ဖက်သားကို ကူညီချင်တဲ့ အမျိုးသားစိတ်ဓာတ် ကိန်းအောင်းလာခြင်း ဖြစ်တယ်။ ကမ္ဘာက ချီးကျူးအသိအမှတ်ပြုရတဲ့ အလောင်းတော်ရဲ့ စိတ်ထားလဲဖြစ်တဲ့ အဖိုးတန် မြန်မာ့အမျိုးသား စိတ်ဓာတ်ဟာ နေ့စဉ် အိပ်ရာထချိန်မှာ မှန်မှန်ပြုလုပ်ခဲ့တဲ့ ဆွမ်းတော်တင်ဝတ်က စခဲ့တယ်ဆိုရင် မမှားပါဘူး။ ဒါကြောင့် သီးသန့်ဝယ်ယူ ရှာဖွေထားတဲ့ သစ်သီး၊ မုန့်၊ ပဲ၊ ယို စတဲ့ အသက်သတ်လွတ်ဖြစ်စေ၊ နေ့စဉ် စားဦးစားဖျား ဆွမ်း၊ ဆွမ်းဟင်းများဖြင့် ဖြစ်စေ နေ့စဉ် မှန်မှန် ဆွမ်းတော်တင်ခြင်းဖြင့် ဘုရားရှင်ကို ဆွမ်း၊ ရေချမ်းလှူတဲ့ ကုသိုလ်ကိုလဲ ရယူနိုင်ကြပါစေ၊ ပေးကမ်းလှူဒါန်း ကူညီလိုတဲ့ မြန်မာ့အမျိုးသား စိတ်ဓာတ်ကို တည်ဆောက်ပျိုးထောင် နိုင်ကြပါစေ။

မေး။ ။ ဇနီးဖြစ်သူ ဆွမ်းတော်တင်လျှင် ခင်ပွန်းဖြစ်သူ ကုသိုလ်ရပါသလား။

ဖြေ။ ။ မရပါဘူး။ ယောက်ျားတွေ အထူးသတိပြုစရာကောင်းတဲ့ အချက်ပါပဲ။ အချို့ကတော့ ယောက်ျားဖြစ်သူ ရှာထားတဲ့ ပစ္စည်းနဲ့ လှူဒါန်းတာ ဖြစ်တဲ့အတွက် မိန်းမလှူရင် ယောက်ျားလဲ ကုသိုလ်ရတယ်လို့ ထင်နေကြပါတယ်။ ပစ္စည်ကို ဘယ်သူရှာတယ် ဘယ်သူပိုင်တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ သေလို့ သပိတ်သွတ်တဲ့အခ သေသူပိုင်တဲ့ ပစ္စည်းနဲ့လှူလို့ သေသူ ကုသိုလ်မရပါဘူး။ သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘဝရောက်လို့ သာဓုခေါ်နိုင်တဲ့နေရာမှာ ရောက်နေလို့ သာဓုခေါ်မှသာ သာဓုခေါ်တဲ့အကျိုး ပတ္တာနုမောဒန ကုသိုလ်သာရပြီး အကျိုးခံစားရတယ်လို့ ကျမ်းဂန်မှာပြပါတယ်။ ဒါကိုကြည့်ရင် သူ့ပစ္စည်းကိုလှူလို့ သူကုသိုလ်ရတာ မဟုတ်ပါဘူး။ အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ပစ္စည်း၊ ပေးလှူတဲ့စေတနာ၊ ပေးလှူခြင်းဆိုတဲ့ဒါန၊ အင်္ဂါလေးပါးရှိပါတယ်။ ဒါနမှာ အရေးအကြီးဆုံးဖြစ်တဲ့ စေတနာမရှိတဲ့အတွက် ကုသိုလ်မရခြင်း ဖြစ်ပါတယ်။

မေး။ ။ တစ်အိမ်သားလုံး ကုသိုလ်ရအောင် ဆွမ်းတော် ဘယ်လိုတင်မလဲ။

ဖြေ။ ။ ဆွမ်းတော်ပွဲကိုတော့ ဇနီး၊ သမီး၊ မိခင် တစ်ယောက်ယောက်က ဦးစွာချက်ပြုတ် ပြင်ဆင်ရမှာပဲ။ ပြင်ဆင်ပြီးရင် တစ်ယောက်က ဦးစွာ ဘုရားရှေ့မှာ လက်နှစ်ဖက်နဲ့ ဘုန်းကြီးဆွမ်းကပ်သလို ကပ်ပြီး ဂုဏ်ကိုးပါးရှင် သက်တော်ထင်ရှား မြတ်ဘုရားအား ဆက်ကပ်ပါ၏၊ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေသတည်းလို့ ဆိုပြီး ကပ်ရမယ်။ ကျန်အိမ်သားတွေကလဲ ဘုရားရှိခိုးတော့မယ်ဆိုရင် မရှိခိုးခင် အထက်ပါအတိုင်း ဆိုပြီး ဆွမ်းတော်ပွဲကို ကိုင်မြှောက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်ရမယ်။ အဲဒီလို လူတိုင်း ကိုယ်ထိလက်ရောက် ကပ်မှ လူတိုင်း ကုသိုလ်ရမယ်။

မေး။ ။ ဘုရားကို ဆွမ်းတော်၊ ရေတော် ဘယ်လိုကပ်ပါသလဲ။

ဖြေ။ ။ အလုပ်ကိစ္စများလို့ အချိန်မရဘူးဆိုရင် အထက်မှာဖြေခဲ့သလို ဂုဏ်ကိုးပါးရှင် သက်တော်ထင်ရှား မြတ်ဘုရားအား ဆက်ကပ်ပါ၏၊ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါရစေသတည်းလို့ ဆိုပြီး ကပ်နိုင်တယ်။ အချိန်ရရင်တော့ ရှိခိုးပြီးမှ အောက်ပါ အစဉ်အလာ ဆွမ်းတော်ကပ်ကို ဆိုပြီး ကပ်ရမယ်။

အစဉ်အလာ ဆွမ်းတော်ကပ်

အရဟတာဒိ နဝဂုဏေဟိ - အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ - ပြည့်စုံတော်မူသော၊ နာထံ - လူနတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော၊ ဗုဒ္ဓံ - သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကို၊ ဥဒ္ဒိဿ - ရည်မှတ်၍၊ စေတိယဿ - ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊ ဝဏ္ဏဂန္ဓရသသမ္ပန္နံ - အဆင်း အနံ့ အရသာနှင့် ပြည့်စုံသော၊ ဣမံ ပိဏ္ဍပါတ ခါဒနီယ ဘောဇနိယံ - ဤဆွမ်းခဲဖွယ် ဘောဇဉ်အရသာကို၊ ဒေမိ - ကပ်လှူပါ၏၊ မေ - အကျွန်ုပ်၏၊ ဣဒံပုညံ - ဤကောင်းမှုသည်၊ အာသဝက္ခယံ - အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို၊ ဝဟံ - ရွက်ဆောင်နိုင်သည်၊ ဟောတု - ဖြစ်ပါစေသတည်း။

အစဉ်အလာ ရေတော်ကပ်

အရဟတာဒိ နဝဂုဏေဟိ - အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ - ပြည့်စုံတော်မူသော၊ နာထံ - လူနတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော၊ ဗုဒ္ဓံ - သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကို ဥဒ္ဒိဿ - ရည်မှတ်၍၊ စေတိယဿ - ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂ စေတီတော်မြတ်အား၊ သီတလံ - အေးမြတ်လှစွာသော၊ ဣမံ ပါနိယပရိဘောဇနိယံ - ဤသောက်တော်ရေ၏၊ ဣဒံပုညံ - ဤကောင်းမှုသည်၊ အာသဝက္ခယံ - အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို၊ ဝဟံ - ရွက်ဆောင်နိုင်ကြသည်၊ ဟောတု - ဖြစ်ပါစေသတည်း။

ဆွမ်းတော်ကပ်တစ်မျိုး

ဗုဒ္ဓဿနေန ပူဇေမိ၊ မောစနတ္ထာယ ဝဋ္ဋတော။

ဝိမုတ္တော ခုမ္ပိပါသေဟိ၊ လဘာမိ ပရမံ သုခံ။

ဘန္တေ - အရှင်ဘုရား၊ အဟံ - တပည့်တော်သည်၊ ဝဋ္နတော - သံသရာဝဋ်ဆင်းရဲမှ၊ မောစနတ္ထာယ - ထွက်မြောက်ပါရခြင်း အကျိုးငှာ၊ ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရားအား၊ အနေန - ဤဆွမ်းခဲဖွယ်ဘောဇဉ်ဖြင့်၊ ပူဇေမိ - ကပ်လှူပူဇော်ပါ၏၊ အနေန - ဤကောင်းမှုကြောင့်၊ အဟံ - တပည့်တော်သည်၊ ခုမ္ပိပါသေဟိ - ငတ်မွတ်ခေါင်းပါးခြင်း ဘေးအပေါင်းတို့မှ၊ ဝိမုတ္တော - ကင်းလွတ်သည်ဖြစ်၍၊ ပရမံ - မြတ်လှစွာသော၊ သုခံ - နိဗ္ဗာန်ချမ်းသာကို လဘာမိ - ရလိုပါ၏ အရှင်ဘုရား။

ရေတော်ကပ် တစ်မျိုး

ဗုဒ္ဓဿာနေန ပူဇေမိ၊ မောစနတ္ထာယ ဝဋ္ဋတော။

ဒကဂ္ဂမဂ္ဂသိဉ္စန္တော၊ လဘာမိ ပရမံ သုခံ။

ဘန္တေ - အရှင်ဘုရား၊ အဟံ - တပည့်တော်သည်၊ ဝဋ္ဋတော - သံသရာဝဋ်ဆင်းရဲမှ၊ မောစနတ္ထာယ - ထွက်မြောက်ပါရခြင်း အကျိုးငှာ၊ ဗုဒ္ဓဿ - သစ္စာလေးပါး တရားအပေါင်းကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရားအား၊ အနေန - ဤသော်တော်ရေ သုံးတော်ရေဖြင့်၊ ပူဇေမိ - ကပ်လှူပူဇော်ပါ၏၊ အနေန - ဤကောင်းမှုကြောင့်၊ အဟံ - တပည့်တော်သည်၊ ဒကဂ္ဂမဂ္ဂသိဉ္စန္တော - ကိလေသာတည်းဟူသော ပူပန်ခြင်းကို အရဟတ္တမဂ်ရေစင်ဖြင့် သွန်းလောင်းရသည်ဖြစ်၍၊ ပရမံ - မြတ်လှစွာသော၊ သုခံ - နိဗ္ဗာန်ချမ်းသာကို၊ လဘာမိ - ရပါလို၏ အရှင်ဘုရား။

မေး။ ။ ဘုရားရှင်ကို ဆီမီးပူဇော်တဲ့ အစဉ်အလာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ ဘုရားရှင်ကို ဆီမီးပူဇော်တဲ့ အစဉ်အလာဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ရှိခဲ့ပုံပေါ်ပါတယ်။ မီးပူဇော်လို့ အကျိုးရပုံတွေကို ဝိမာနဝတ္ထု အပဒါန် ပါဠိတော်တွေမှာ ပြထားပါတယ်။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ကို ဖူးမြော်ဖို့ ပရိသတ်ဟာ ညဘက်မှာ လာတာလဲ ရှိပါတယ်။ ဒီအခါမှာ ဂန္ဓကုဋီကျောင်းတော်မှာ မီးပူဇော်ထားဖို့ လိုပါမယ်၊ ညဘက်လာတဲ့အခါ ပရိသတ်ဟာ မီးပူဇော်ကြမှာပါပဲ။ ဘုရားရှင် တာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး သင်္ကဿနဂိုရ်ပြည်ကို ပြန်ဆင်းတဲ့အခါမှာ မြို့သူမြို့သားတွေက ဆီမီးရောင်စုံ ထွန်းညှိပူဇော် ကြိုဆိုကြတယ်။ သီတင်းကျွတ်မီးထွန်းပွဲတော်ဟာ သင်္ကဿနဂိုရ် မီးထွန်းပွဲက စခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘုရားဆီမီး ပူဇော်တဲ့ အလေ့ဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

မေး။ ။ ဆင်းတုစေတီမှာ ဘာဖြစ်လို့ ဆီမီးပူဇော်ရသလဲ။

ဖြေ။ ။ ဆင်းတုစေတီဟာ ညမှောင်ထဲမှာ ရှိနေရင် သက်တော်ထင်ရှား ဘုရားရှင်ကို အာရုံထဲမှာ မှန်းဆပြီး ပူဇော်လို့ မရပါဘူး။ အမှောင်ထုဟာ ကြောက်ရွံ့စိတ်ကို ဖြစ်စေသလို အလင်းရောင်ဟာ ကြည်နူးလန်းဆန်းမှုကို ဖြစ်စေပါတယ်။ ဆင်းတုတော်စေတီကို လင်းလင်းထင်းထင်းမှာ စူးစိုက်ကြည့်ရှု ဖူးမြော်ပြီးမှ သက်တော်ထင်ရှား ဂုဏ်ကိုးပါးရှင် ဘုရားသခင်ကို စိတ်မှာမှန်းဆ ကြည်ညိုရန် လွယ်ကူတဲ့အတွက် ဘုရားရှင်ကို ဆီမီးနဲ့ ပူဇော်ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ တန်ခိုးကြီးဘုရားတွေမှာ မနက်ခင်း၊ နေ့ခင်း အလင်းရောင်ရှိချိန်မှာ မီးထွန်းပူဇော်တာ ကုသိုလ်ရရှိပါသလား။

ဖြေ။ ။ အလှူခံ၊ လှူဖွယ်ပစ္စည်း၊ လှူလိုသောစေတနာ၊ လှူခြင်းဆိုတဲ့ ဒါနအင်္ဂါလေးချက်နဲ့ ပြည့်စုံတဲ့အတွက် ကုသိုလ်ရသင့်သလောက်တော့ ရဖို့ရှိပါတယ်။ ဒါပေမယ့် ဆီမီးထွန်းတဲ့ ရည်ရွယ်ချက်က အမှောင်ခွင်း အလင်းဆောင်ဖို့ အလင်းရောင်ရမှ ဆင်းတုစေတီကို ဖူးမြော်ကြည်ညိုဖို့ ဖြစ်တယ်။ အလင်းရောင် ရှိချိန်မှာ ဖယောင်းတိုင်ထွန်း ပူဇော်တော့ အလင်းရောင်ဟာ ပိုမလာဘူး။ ဒါကြောင့် မနက်ညအမှောင်ထုရှိတဲ့ အခါမှာသာ ဖယောင်းတိုင်နဲ့ လျှပ်စစ်မီးညှိထွန်း ပူဇော်သင့်ပါတယ်။ အလင်းရောင်ရှိချိန်မှာ ဘုရားရောက်လို့ ဆီမီးကိုလဲ ပူဇော်ချင်တယ်ဆိုရင်တော့ မီးပူဇော်ရန်ဆိုတဲ့ အလှူခံသေတ္တာထဲ လှူခဲ့တာ ပိုကောင်းပါတယ်။ ဒါမှမဟုတ်လဲ အမှောင်နည်းနည်းရှိတဲ့ ဓမ္မာရုံထဲ၊ ဂူထဲကဘုရားမှာ ညှိထွန်းပူဇော်ရင် ပိုကောင်းပါတယ်။

အစဉ်အလာဆီမီးပူဇော်ပုံ

မေး။ ။ ဘုရားရှင်ကို ဖယောင်းတိုင် လျှပ်စစ်မီးပူဇော်ပုံ ဖော်ပြပါ။

ဖြေ။ ။ အရဟတာဒိနဝဂုဏေဟိ - အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ - ပြည့်စုံတော်မူသော၊ နာထံ - လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ ဗုဒ္ဓံ - သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ - ရည်မှတ်၍၊ စေတိယဿ - ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊ ပဘာဝဏ္ဏေဟိ - အရောင်အဆင်းတို့ဖြင့်၊ အန္ဓကာရံ - အမိုက် အမှောင်ကို၊ ဝိနာသနံ - ပယ်ဖျောက်တတ်သော၊ ဣဒံဒီပဇာလံ - ဤဆီမီးလျှံကို၊ ပူဇေမိ - ကပ်လှူပူဇော်ပါ၏၊ မေ - အကျွန်ုပ်၏၊ ဣဒံပုညံ - ဤကောင်းမှုသည်၊ အာသဝက္ခယံ - အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို၊ ဝဟံ -ရွက်ဆောင်နိုင်သည်။ ဟောတု - ဖြစ်ပါစေသတည်း။

မေး။ ။ ဘုရားရှင်ကို ဘာပြုလို့ ပန်းကပ်လှူကြပါသလဲ။

ဖြေ။ ။ ပန်းရဲ့အလှ ပန်းရဲ့ ရနံ့ဟာ မြင်ရ ရှူရှိုက်ရသူတွေရဲ့ စိတ်နှလုံးကို ရွှင်ပျလန်းဆန်းစေတယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှု မြင့်မားတဲ့ လူမျိုးမှန်ရင် သူတို့ရဲ့ ဧည့်ခန်းကို ပန်းတွေနဲ့ အလှအပ ပြုပြင်ထားကြတယ်။ ပန်းဥယျာဉ်တွေ စိုက်ပျိုးလေ့ ရှိကြတယ်။ ဗုဒ္ဓဘာသာတွေဟာ စိတ်ရွှင်ပျလန်းဆန်းဖို့အတွက် ဘုရားရှင်ကို လေးစားပူဇော်ဖို့အတွက် ပန်းကိုပူဇော်ကြတယ်။

ပန်းဟာ အလွယ်ကူဆုံး လှူဖွယ်ဝတ္ထု ဖြစ်တယ်။ အချိန်အခါ မရွေးဘဲ လှူဒါန်းပူဇော်နိုင်တဲ့ ပစ္စည်းဖြစ်တယ်။ ဆွမ်းဆိုရင် နံနက်ပိုင်း၊ နေ့လည်ပိုင်း ကပ်လှူလို့ရတယ်။ ဆီမီးဆိုရင်လဲ မနက်နဲ့ ညအမှောင်ထု ရှိချိန်မှသာ ထွန်းညှိပူဇော်လို့ ရတယ်။ ပန်းကတော့ မနက်၊ နေ့၊ ည အချိန်အခါမရွေး ပူဇော်လို့ရတဲ့ လှူဖွယ်ဖြစ်တယ်။ ဒါကြောင့် ဘုရားရှင်ကို ပန်းကပ်လှူဒါန်းကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘုရားပန်းကပ်တဲ့ အစဉ်အလာဟာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ ဘုရားပန်းကပ်တဲ့ အစဉ်အလာဟာ ဘုရားသက်တော်ထင်ရှား ရှိစဉ်ကတည်းက စခဲ့တယ်။ ဘုရားကျောင်းတော် သွားတဲ့အခါ ဂန္ဓမာလာဒိ ဟတ္ထေဟိ = ပန်းနံ့သာ လက်စွဲကုန်လျက် ဆိုတဲ့ စကားလုံးမျိုး ပါဠိတော်မှာ တွေ့ရတယ်။

ကလိင်္ဂဗောဓိဇာတ်မှာ လူတွေက ဘုရားရှင်ကို ပူဇော်ဖို့ ပန်းနံ့သာတွေ ယူဆောင်ပြီး လာကြတယ်။ ဘုရားရှင်ကို မတွေ့ရတော့ ပန်းနံ့သာတွေကို စွန့်ပစ်ပြီး ပြန်ကြတယ်လို့ ဆိုတယ်။ ဒါကြောင့် ဘုရားပန်းလှူတဲ့ အစဉ်အလာဟာ ဘုရားရှင်လက်ထက် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ရှိနေပြီလို့ ဆိုရပါမယ်။

မေး။ ။ ဘုရားရှင်အား ပန်းဘယ်လို ဆက်ကပ်ကြပါသလဲ။

ဖြေ။ ။ မြန်မာလိုအကျဉ်းချုပ် ကပ်လှူပူဇော်မယ်ဆိုရင်တော့ “ဂုဏ်တော်ကိုးပါးရှင် ဘုရားသခင်အား လှပမွှေးကြိုင်သော ဤပန်းဖြင့် လှူဒါန်းပူဇော်ပါ၏၊ ဤကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း” ဆိုပြီး ကပ်နိုင်တယ်။

အစဉ်အလာ ပန်းကပ်ပုံ

အရဟတာဒိ နဝဂုဏေဟိ - အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ - ပြည့်စုံတော်မူသော၊ နာထံ - လူနတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော၊ ဗုဒ္ဓံ - သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ - ရည်မှတ်၍၊ စေတိယဿ - ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီမြတ်အား ဝဏ္ဏ ဂန္ဓ သမ္ပန္န - အဆင်းအနံ့နှင့် ပြည့်စုံသော ဣမံပုပ္ဖံ - ဤပန်းကို၊ ပူဇေမိ - ပူဇော်ပါ၏၊ မေ - အကျွန်ုပ်၏၊ ဣဒံပုညံ - ဤကောင်းမှုသည်၊ အာသဝက္ခယံ - အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို။ ဝဟံ - ရွက်ဆောင်နိုင်သည်၊ ဟောတု - ဖြစ်ပါစေသတည်း။

မေး။ ။ အမွှေးတိုင်ပူဇော်တဲ့ အစဉ်အလာဟာ ကျမ်းဂန်မှာ ရှိခဲ့ပါသလား။

ဖြေ။ ။ ရှိပါတယ်၊ အထက်ပါ ပန်းပူဇော်ခန်းမှာ ပြခဲ့တဲ့အတိုင်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဘုရားကျောင်းတော် သွားကြတဲ့လူတွေဟာ ပန်းနံ့သာ ယူသွားကြတယ်လို့ ဆိုတယ်။ နံ့သာဆိုတာက ရေမွှေး၊ နံ့သာဖြူ၊ ကရမက်၊ သနပ်ခါးခဲ၊ ပရုပ်မွှေး၊ ကတိုးစတဲ့ အခဲနံ့သာ။ နံ့သာဖြူကရမက်ကို မီးရှို့ပူဇော်ခြင်း၊ အမွှေးတိုင် မီးရှို့ပူဇော်ခြင်းစတဲ့ အခိုးနံ့သာတို့ ကိုးမျိုးရှိတဲ့အနက် ကိုးမျိုးစလုံးကို ဘုရားရှင်လက်ထက်က ပူဇော်ခဲ့ကြမယ်လို့ ယူဆရတယ်။

အပဒါန် ပါဠိတော် ဂန္ဓဓူပိယ ထေရအပဒါန်နဲ့ ဂန္ဓပူဇက ထေရအပဒါန်မှာ နံ့သာခဲလှူခဲ့ရလို့ ကမ္ဘာများစွာ အပါယ်မလားခြင်းဆိုတဲ့ အကျိုးခံစားရတယ်လို့ ဟောထားပါတယ်။ ဗောဓိပင်ကို နံ့သာရေ လောင်းလှူရကျိုး၊ ဘုရားရှင်ကို နံ့သာရေမွှေးဖြင့် လောင်းလှူပူဇော်ရကျိုးကို ဟောထားပါတယ်။ ဂန္ဓဓူပိယ ထေရအပဒါန်မှာတော့ နံ့သာအခိုးလှူရလို့ အပါယ်မလားဘဲ စကြဝတေးမင်း အကြိမ်ကြိမ်ဖြစ်ခြင်းစတဲ့ အကျိုးခံစားရတယ်လို့ ဟောထားပါတယ်။ ဒါကြောင့် အခုခေတ် အမွှေးနံ့သာ လှူတဲ့အစဉ်အလာဟာ ဘုရားရှင်လက်ထက်တော်မှာ ရှိခဲ့ပါတယ်လို့ သိရပါတယ်။

မေး။ ။ ဘုရားရှိခိုးစာအုပ်တွေမှာ အမွှေးတိုင်ဆက်ကပ်ပုံဆိုရိုး ဘာကြောင့် မပါရှိသလဲ။

ဖြေ။ ။ ဘုရားရှင်ကို အမွှေးတိုင်ဆက်ကပ်တဲ့ အလေ့ဟာ မူလက တရုတ်လူမျိုး၊ ကုလားလူမျိုးတွေရဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ မြို့မှာ တရုတ်ကုလားနဲ့ နီးနီးကပ်ကပ်နေကြတဲ့ မြန်မာတချို့ကတဆင့် အမွှေးတိုင်ကပ်လှူတဲ့ အလေ့ဟာ မြန်မာတွေဆီ ကူးစက်လာပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဦးရေနဲ့စာရင် အမွှေးတိုင်လှူတဲ့ဦးရေဟာ အတော်နည်းပါးသေးတယ်။ တောရွာတွေမှာဆို လုံးဝမရှိသလောက်ပါပဲ။ ဒါကြောင့် ရှေးက မြန်မာဘုရားရှိခိုးစာအုပ်တွေမှာ အမွှေးတိုင်ကပ်ပုံ ဆိုရိုးမပါတာ ဖြစ်ပါတယ်။

မေး။ ။ အမွှေးတိုင် ဘယ်လိုကပ်ရမလဲ။

ဖြေ။ ။ အစဉ်အလာ ပန်း ရေချမ်းကပ်ပုံကို နည်းယူပြီး အောက်ပါအတိုင်း ကပ်နိုင်ပါတယ်။

အမွှေးတိုင် ကပ်လှူပုံ

အရဟတာဒိ နဝဂုဏေဟိ - အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ - ပြည့်စုံတော်မူသော၊ နာထံ - လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ ဗုဒ္ဓံ - သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ - ရည်မှတ်၍၊ စေတိယဿ - ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား။ ဂန္ဓသမ္ပန္နံ - မွှေးပျံ့သင်းကြိုင် ရနံ့လှို်င်သော၊ ဂန္ဓဓုမံ - ဤအမွှေးတိုင်ကို၊ ပူဇေမိ - ပူဇော်ပါ၏၊ မေ - အကျွန်ုပ်၏၊ ဣဒံပုညံ - ဤကောင်းမှုသည်၊ အာသဝက္ခယံ - အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖို်ဉာဏ် နိဗ္ဗာန်ကို၊ ဝဟံ - ရွက်ဆောင်နိုင်သည်၊ ဟောတု - ဖြစ်ပါစေသတည်း။

++++++++++++++++++++++++++++++++

ပရိတ်ရွတ်ဖတ်ခြင်း

အခန်း-၁၀

မေး။ ။ ဘုရားရှင်ကို ပန်း၊ ဆီမီး (အမွှေးတိုင်)တွေ ကပ်လှူပြီးတော့ ဘာဆက်လုပ်ပါသလဲ။

ဖြေ။ ။ ပန်း၊ ဆီမီးတွေ ဆက်ကပ်ပြီးတော့ ပရိတ်ရွတ်ကြပါတယ်။

မေး။ ။ ပရိတ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ပရိတ်ဆိုတာ ပရိတ္တဆိုတဲ့ ပါဠိဘာသာက ပြောင်းလာတဲ့ စကားလုံးဖြစ်တယ်။ အရန်အတား အကာအကွယ် အစောင့်အရှောက်လို့ အဓိပ္ပာယ်ရတယ်။ လောကီရေးရာ ကြီးပွားချမ်းသာဖို့အတွက် လုပ်ဆောင်နေကြတဲ့ လူတွေရော သံသရာမှ လွတ်မြောက်ရေးအတွက် ကျင့်ကြံအားထုတ်နေကြတဲ့ လူတွေရောဟာ ဘေးရန် အနှောင့်အယှက် ကင်းဝေးဖို့လိုတယ်။ သုတ္တန်ဒေသနာတော်တွေ ရှိတယ်။

ထိုသုတ်တွေဟာ နိကာယ်ငါးရပ်မှာ အနှံ့အပြား ပါရှိနေတယ်။ အဲဒီ အနှံ့အပြားဖြစ်နေတဲ့ ပရိတ္တသုတ်တွေကို ရဟန္တာ အရှင်သူမြတ်များက တစ်ကျမ်းတစ်ဖွဲ့အဖြစ် စုဆောင်းပြီး ပရိတ္တလို့ နာမည်ပေးခဲ့တယ်။ အဲဒီပရိတ္တဆိုတဲ့ ပါဠိနာမည်ကို ပရိတ်ကြီးလို့ မြန်မာမှုပြုခဲ့တယ်။ ပရိတ်ကြီးဟာ သုတ်အရေအတွက်အားဖြင့် (၁၁)သုတ် ရှိတယ်။ ရှေးခေတ် ဘုန်းကြီးကျောင်းပညာရေး သင်ယူမှုစနစ်အရ ကျောင်းသားတိုင်းလိုလိုဟာ ပရိတ်ကြီးကို ရကြတာများတယ်။ အခုခေတ်မှာတော့ တချို့က အကုန်ရပြီး တချို့က တစ်သုတ် နှစ်သုတ်လောက်ပဲ ရကြတယ်။ ဗုဒ္ဓဘာသာမှန်ရင်တော့ ပရိတ်ကြီးကို အနည်းနဲ့အများ ရကြတာချည်းပဲ။ မရသေးရင်လဲ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်လောက်တော့ ရအောင်ကျက်ပြီး အဓိပ္ပာယ်လဲသိအောင် ဖတ်ရှုသင့်တယ်။

မေး။ ။ ပရိတ်ရွတ်တဲ့ အစဉ်အလာဟာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ ပရိတ်ရွတ်တဲ့ အစဉ်အလာကတော့ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က စခဲ့ပါတယ်။ ဝေသာလီပြည်မှာ ရောဂန္တရကပ် ဆိုက်နေစဉ် ဘုရားရှင်ကို လျှောက်ထားပင့်တော့ ဘုရားရှင်ကိုယ်တော်တိုင် လိုက်ကြွချီးမြှင့်ပါတယ်။ ဝေသာလီပြည်ရောက်တော့ ရှင်အာနန္ဒာကို ရတနသုတ်ပရိတ်တွေကို သင်ပေးပြီး ရွတ်စေပါတယ်။ အန္တရာယ်တွေ ပျောက်ကင်း ချမ်းသာသွားတဲ့အခါ ဝေသာလီပြည်သားတွေကို ရတနသုတ်ဆိုင်ရာ တရား၊ သို့မဟုတ် ရတနာသုံးပါးရဲ့ ဂုဏ်ပွားများနည်းတွေကို ဟောခဲ့ပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးတဲ့နောက်လဲ ရဟန္တာ မထေရ်မြတ်တွေဟာ ပရိတ်တော်တွေကို ရွတ်ဖတ်ပြီး တကာ တကာမတွေကို ချီးမြှင့်ခဲ့ပုံ ရပါတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီး နှစ် ၅၀၀ လောက်မှာရေးတဲ့ မိလိန္ဒပဥှာပါဠိတော် မစ္စုပါသမုတ္တိပဥှမှာ ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ မောရသုတ်၊ ဓဇဂ္ဂသုတ်၊ အာဋာနာဋိယသုတ်၊ အင်္ဂုလိမာလသုတ်တွေကို ဖော်ပြထားတယ်။ ဒီပရိတ်တွေရွတ်လို့ သေမင်းရဲ့ ဘေးရန်မှ လွတ် မလွတ် မေးဖြေထားတယ်။ အဲဒီတော့ မိလိန္ဒပဥှာ မရေးမီ အချိန်ကတည်းက အထက်ပါ ပရိတ်ကြီး ၇ သုတ်ကို ရဟန်းတော်များ ရွတ်ဖတ်၊ လူတွေက နာကြားနေကြရပြီလို့ အခိုင်အမာပြောနိုင်တယ်။ မြန်မာပြည်မှာလဲ သာသနာအစ ပုဂံခေတ် ကျန်စစ်သား နန်းတော်ဆောက်တဲ့အခါမှာ သံဃာတော်တွေပင့်ပြီး ပရိတ်ရွတ်ခဲ့တယ်။ ဒါကြောင့် ပရိတ်တော်ဟာ သာသနာ သက်တမ်းနဲ့အမျှ ကြာညောင်းခဲ့တဲ့ ဗုဒ္ဓယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။

မေး။ ။ ပရိတ်ကြီး ၁၁ သုတ်ဆိုလျှင် ပရိတ်ငယ် ရှိပါသလား။

ဖြေ။ ။ ပရိတ်ကြီးဟုဆိုလျှင် ပရိတ်ငယ်လဲ ရှိရမယ်လို့ ကြံဆခဲ့ကြတယ်။ ဘိုးတော်မင်းတရားကြီး လက်ထက်က ပရိတ်ကြီးနဲ့ ပရိတ်ငယ်ကို ခွဲခြားခဲ့တယ်။ ပရိတ်မွှမ်း ဂါထာတွေမှာ ပရိတ္တံ တံ ဘဏာမဟေလို့ ပရိတ္တံပါတဲ့ ရတန၊ မေတ္တ၊ ခန္ဓ၊ ဝဋ္ဋ၊ ဓဇဂ္ဂ၊ အာဋာနာဋိယ၊ အင်္ဂုလိမာလ ပရိတ်တွေကို ပရိတ်ကြီးလို့ သတ်မှတ်ပြီး၊ မင်္ဂလံ တံ ဘဏာမဟေလို့ ပရိတ္တံမပါတဲ့ သုတ်တွေကို ပရိတ်ငယ်လို့ သတ်မှတ်ခဲ့ကြတယ်။

ဒီစာရေးသူကတော့ ပရိတ်ကြီး ၁၁-သုတ်လုံးကို ပရိတ်ကြီးဆိုတဲ့ နာမည်အရ ပရိတ်ကြီးအဖြစ် ယူဆပြီး ယခုအများ ရွတ်ဖတ်နေကြတဲ့ ဓာရဏပရိတ်၊ အဘိဏှသုတ်၊ ပရိမိတ္တဇာလသုတ်၊ သမ္ဗုဒ္ဓေဂါထာ စသည်တွေဟာ ရွတ်ဖတ်ပွားများသူကို အကာအကွယ်ပေးတဲ့ သုတ်ငယ်ဖြစ်တယ်လို့ ထင်ပါတယ်။

မေး။ ။ ပရိတ်ကြီးထဲမှာ တချို့သုတ်တွေ ဘုရားဟောမဟုတ်ဘူးဆိုတာ မှန်ပါသလား။

ဖြေ။ ။ တချို့သုတ်တွေ ဘုရားဟော မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ပုဗ္ဗဏှသုတ်ဟာ အင်္ဂုတ္တုရနိကာယ်က ဘုရားဟော ဂါထာအချို့ကိုယူပြီး ဆရာတော်ကြီးများက ဂါထာအချို့ ဖြည့်စွက်စီစဉ် ထည့်သွင်းထားပါတယ်။ အာဋာနာဋိယသုတ် မူရင်းဟာ အာဏာပြင်းထန်လွန်းတဲ့ သုတ်ဖြစ်လို့ ဘီလူးစသည် ပူးကပ်မှ ရွတ်သင့်တဲ့ သုတ်ဖြစ်တယ်။ ဒီသုတ်ကို နေ့စဉ် ရွတ်လို့ရအောင် မူလ အာဋာနာဋိယသုတ်မှ ဂါထာအချို့ကိုယူကာ ဘုရားဂုဏ်တော်တွေကို ဖြည့်စွက်ပြီး ဆရာတော်ကြီးများ စီစဉ်ထားပါတယ်။ ဗောဇ္ဈင်သုတ်ဟာ ဘုရားဟောတော်မူစဉ်က စုဏ္ဏိယစကားပြေနဲ့ ဖြစ်နေလို့ ရွတ်ဖတ်ရလွယ်ကူပြီး သာယာနာပျော်ဖွယ်ဖြစ်အောင် ရှေးဆရာတော်ကြီးတွေက ဂါထာနဲ့ ပြန်စီကုံးထားပါတယ်။

ပရိတ်တော်တွေရဲ့အစက တံဘဏာမဟေ အထိ ပါဠိတွေဟာ ဘုရားဟော မူရင်းမဟုတ်ဘဲ သက်ဆိုင်ရာ ပရိတ်ရဲ့ဂုဏ်ကို ထုတ်ဖော်ချီးကျူးဖို့အတွက် ရှေးဆရာတော်ကြီးတွေ ထည့်သွင်း ရေးသားထားချက်တွေ ဖြစ်ပါတယ်။ ပရိတ်ကြီးအစ သမန္တာ စက္ကဝါဠေသု စတဲ့ နတ်ပင့်ကစပြီး အာရက္ခံဂဏှန္တု အထိဟာလဲ ရှေးဆရာတော်ကြီးတွေ စီစဉ်ထည့်သွင်းထားချက် ဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကလဲ ဘုရားဟော ပါဠိတော်တွေထဲက ကောက်နုတ်ဖြည့်စွက်ထားတာ ဖြစ်လို့ အားလုံး ဘုရားဟောဖြစ်တယ်လို့ ယူဆရင်လဲ ဖြစ်ပါတယ်။

မိလိန္ဒပဥှာပါဠိတော်နဲ့ အဋ္ဌကထာတွေမှာ ပရိတ်အဖြစ် မဖော်ပြတဲ့ ဝဋ္ဋသုတ်နဲ့ မင်္ဂလသုတ်ကိုလဲ ဘုရားရှင်ရဲ့ သစ္စာပါရမီကို ဖော်ပြဖို့ လူတိုင်းကျင့်သုံးစရာ မင်္ဂလာတွေကို ဖော်ပြဖို့အတွက် မြန်မာဆရာတော်ကြီးတွေက ပရိတ်အဖြစ် ထည့်သွင်းစီစဉ်ပါတယ်။ မင်္ဂလသုတ်က ဘုရားဟောဖြစ်ပြီး ဝဋ္ဋသုတ်ကတော့ စရိယာပိဋကနဲ့ ဝဋ္ဋဇာတ်ကို ပေါင်းစပ်ပြီး စီစဉ်ထားတာ ဖြစ်ပါတယ်။

မေး။ ။ ပရိတ်နာလို့ အန္တရာယ်ကင်းနိုင်ပါသလား။

ဖြေ။ ။ ပရိတ်နာလို့ အန္တရာယ်ကင်းတာလဲ ရှိပါတယ်။ မကင်းတာလဲ ရှိပါတယ်။ ပရိတ်ရွတ်တဲ့ ပုဂ္ဂိုလ်က ပါဠိကို ပီပီသသရွတ်မယ်။ အနက်အဓိပ္ပာယ်ကို သိမယ်။ အန္တရာယ် ကင်းပါစေဆိုတဲ့ မေတ္တာစိတ်ထားနဲ့ ရွတ်မယ်။ ဒီအင်္ဂါသုံးပါးနဲ့ ညီအောင်ရွတ်ရင် ပရိတ်နာတဲ့လူကလဲ ပဉ္စာနန္တရိယကံ မထိုက်ဘူး။ မိစ္ဆာဒိဋ္ဌိအယူ မရှိဘူး။ ပရိတ်တော်ဟာ အန္တရာယ် ကင်းတယ်လို့ နှစ်နှစ်ကာကာ ယုံတယ်။ ဒီအင်္ဂါ သုံးပါးနဲ့ညီအောင် နာကြားမယ်ဆိုရင် ပရိတ်နာလို့ အန္တရာယ် ကင်းပါတယ်။

အထက်ပါ ပရိတ်ရွတ်သူ အင်္ဂါသုံးပါး၊ ပရိတ်နာသူ အင်္ဂါသုံးပါး မညီရင်တော့ ပရိတ်ဟာ အန္တရာယ်မကင်းပါဘူး။ ကိုယ့်ဘာသာကိုယ် အန္တရာယ်ကင်းအောင် ပရိတ်ရွတ်တဲ့ လူအဖို့တော့ ပါဠိပီအောင် ရွတ်မယ်။ အနက်အဓိပ္ပာယ် သိနားလည်မယ်။ ပရိတ်ဟာ အန္တရာယ် ကင်းတယ်လို့ ယုံကြည်မယ်ဆိုရင် အန္တရာယ်ကင်းပါတယ်။ အခုခေတ် အများရွတ်နေကြတာက ပါဠိလဲ မှန်ပါတယ်။ ယုံကြည်မှုလဲ ရှိပါတယ်။ ဒါပေမယ့် ပရိတ်တော်ရဲ့ အနက်အဓိပ္ပာယ်ကို မသိကြတာ များပါတယ်။ အဓိပ္ပာယ် သိနားလည်အောင် လေ့လာပြီးမှ ရွတ်ကြဖို့ လိုပါတယ်။

မေး။ ။ ဗုဒ္ဓဘာသာမှာ ဘုရားရှင်ကရော၊ သံဃာတော်များကပါ ဘာမှ မလုပ်မပေးနိုင်ဘူး။ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုပြီး လူတွေ အန္တရာယ် ကင်းအောင် ဘုန်းကြီးတွေက ပရိတ်ရွတ်ပေးရတယ်ဆိုတာ မဆန့်ကျင်ဘူးလား။

ဖြေ။ ။ ဗုဒ္ဓဘာသာမှာ ဘုရားရှင်နဲ့ သံဃာတော်တွေက လူတွေအတွက် လူ နတ် နိဗ္ဗာန် ချမ်းသာသုခတွေကို ရအောင် မလုပ်မပေး နိုင်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကို ကိုယ်တိုင်လုပ်ယူမှ ရပါတယ်။ ဘုရားရှင်နဲ့ သံဃာတော်တွေကတော့ လမ်းမှန် ညွှန်ပြရုံပါပဲ။ ပရိတ်ရွတ်ပေးတယ်ဆိုတာက ကုသိုလ်ရအောင် ရွတ်ပေးတာ မဟုတ်ပါဘူး။ ဘီလူး၊ သရဲတစ္ဆေ၊ မြေဘုတ်ဘီလူး၊ မင်စာ စတဲ့ ပြိတ္တာတွေ နတ်မိစ္ဆာတွေကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်ကို ကာကွယ် စောင့်ရှောက်တာသာ ဖြစ်ပါတယ်။ မိဘတွေက သားသမီးတွေ အန္တရာယ် ကင်းအောင် ကာကွယ်ပေးနိုင်သလို အစိုးရ၊ ရဲအဖွဲ့က လူကောင်းတွေကို သူခိုးဒမြဘေးမှ ကာကွယ်ပေးနိုင်သလို ဘုရားသားတော် ရဟန်းရှင်များက ဘုရားရှင်ရဲ့ မေတ္တာ သစ္စာတော်ကိုသုံးပြီး ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့ ဗုဒ္ဓဘာသာတွေကို ဘေးအန္တရာယ် အမျိုးမျိုးမှ ကာကွယ်တားဆီးနိုင်ပါတယ်။

မေး။ ။ ပရိတ်ကြီး ၁၁-သုတ်မှာပါတဲ့ အကြောင်းအရာတွေဟာ အကျဉ်းချုပ်အားဖြင့် ဘာတွေပါလဲ။

ဖြေ။ ။ ပရိတ်ကြီး ၁၁-သုတ်ကို လေ့လာကြည့်တဲ့အခါမှာ ပါဝင်နေတဲ့ အဓိကအကြောင်းအရာတွေက-

(၁) ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေ

(၂) သစ္စာဓိဋ္ဌာန်ပြုချက်တွေ

(၃) မေတ္တာပို့သချက်တွေ

(၄) နတ်ကောင်း နတ်မြတ်တွေကို မေတ္တာရပ်ခံချက်တွေ ဖြစ်ပါတယ်။

မေး။ ။ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေပါတဲ့ ပရိတ်တော်ကို ရွတ်ဖတ်တာနဲ့ အန္တရာယ်ကင်းမှုဟာ ဘယ်လိုဆက်စပ်ပါသလဲ။

ဖြေ။ ။ လူသားတွေမှာ အန္တရာယ်ဟာ နှစ်မျိုးရှိပါတယ်။ မိမိဘဝ အဆက်ဆက်က ပြုခဲ့တဲ့ အကုသိုလ်ဟောင်းတွေကြောင့် ဖြစ်တဲ့ အန္တရာယ်တွေနဲ့ အစိမ်းသရဲ၊ တစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာ စတဲ့ ပြိတ္တာ နတ်မိစ္ဆာ နတ်ဆိုးတွေကြောင့် ဖြစ်ရတဲ့ အန္တရာယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ရတနပရိတ် ဓဇဂ္ဂပရိတ်တော်တွေဟာ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖော်ပြထားပါတယ်။ ဒီပရိတ်တော်တွေကို ရွတ်တဲ့အခါ နတ်ကောင်း နတ်မြတ်တွေဟာ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ကြည်ညိုနာကြားဖို့ ပရိတ်ရွတ်တဲ့ နေရာကို လာရောက်ကြပါတယ်။ ဒီနတ်ကောင်း နတ်မြတ်တွေ ရောက်လာတဲ့အတွက် လူကို ဘေးအန္တရာယ်ပြုမယ့် အစိမ်းသရဲ နတ်ဆိုးတွေဟာ ပရိတ်ရွတ်တဲ့လူ ပရိတ်နာတဲ့လူနားကို မကပ်ဝံ့ပါဘူး။ ပရိတ်နာတဲ့သူဟာ ရတနာသုံးပါးရဲ့ ဂုဏ်ကို ယုံယုံကြည်ကြည် နာကြားတယ်။ ဂုဏ်တော်တွေကို စိတ်မှာထားပြီး ကြည်နူးနှစ်သိမ့်နေတဲ့အတွက် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ စိတ်နဲ့ရှိခိုးတဲ့ ကုသိုလ်စေတနာ ဖြစ်ပေါ်တယ်။ အဲဒီ ကုသိုလ်စေတနာဟာ ဘဝအဆက်ဆက်က ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ဖြစ်မယ့် အန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်တယ်။ ဒါကြောင့် ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေပါတဲ့ ပရိတ်တော်တွေဟာ ဘေးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ခြင်း ဖြစ်ပါတယ်။

မေး။ ။ သစ္စာဓိဋ္ဌာန် ပြုချက်တွေပါတဲ့ ပရိတ်တော်နဲ့ အန္တရာယ်ကင်းမှုဟာ ဘယ်လိုဆက်စပ်ပါသလဲ။

ဖြေ။ ။ ရတနသုတ်မှာ ရတနာသုံပါးရဲ့ ဂုဏ်တွေကို ထုတ်ဖော်ပြီးနောက် ဧတေန သစ္စဝစ္စေန သုဝတ္ထိဟောတု = ဤသစ္စာစကားကြောင့် ပရိတ်နာသူအား ချမ်းသာခြင်းဖြစ်ပါစေလို့ သစ္စာဓိဋ္ဌာန်ပြုတယ်။ ဝဋ္ဋသုတ်ပရိတ်မှာ ငုံးမင်းရဲ့ သစ္စာစကားကြောင့် တောမီးဟာ သူ့နားမရောက်ခင် ငြိမ်းသွားတယ်။ အင်္ဂုလိမာလသုတ်မှာ အင်္ဂုလိမာလထေရ်ရဲ့ သစ္စာဓိဋ္ဌာန်စကားကြောင့် ကိုယ်ဝန် လွယ်ကူစွာ ဖွားရတယ်။ ကဋ္ဌဝါဟန ဇာတ်တော်မှာ မိခင်ရဲ့ သစ္စာဓိဋ္ဌာန်ကြောင့် ကလေးငယ်ဟာ ကောင်းကင်မှာ ရပ်တည်နိုင်တယ်။ ပါရမီ ၁၀-ပါးမှာ အပါအဝင်ဖြစ်တဲ့ သစ္စာတန်ခိုးဟာ အစွမ်းထက်ပါတယ်။ ဒါကြောင့် ပရိတ်ကြီးမှာပါတဲ့ သစ္စာဓိဋ္ဌာန်ပြုချက်တွေဟာ ပရိတ်နာယူ (ကိုယ်တိုင်ရွတ်သူ) တွေအတွက် အန္တရာယ်မှ ကာကွယ်နိုင်ခြင်း ဖြစ်ပါတယ်။

မေး။ ။ မေတ္တာပို့သတာနဲ့ ဘေးအန္တရာယ်ကို ကာကွယ်တားဆီးမှုဟာ ဘယ်လို ဆက်စပ်ပါသလဲ။

ဖြေ။ ။ မေတ္တာသုတ်မှာ တောထဲမှာ တရားကျင့်နေတဲ့ ရဟန်းတော်တွေကို နတ်တွေက ခြောက်လှန့်နေတယ်။ ဘုရားရှင်က မေတ္တာသုတ် ပရိတ်ရွတ် မေတ္တာပို့သကြလို့ ဟောတော့ ရဟန်းတွေကလဲ မေတ္တာသုတ် ပရိတ်ကိုရွတ် မေတ္တာပို့သကြတော့ နတ်တွေဟာ ချောက်လှန့်မှု မလုပ်ကြဘဲ ရဟန်းတွေအပေါ်မှာ ချစ်ခင်လာကြတယ်။ ခန္ဓသုတ်မှာ နဂါးမင်းတွေကို မေတ္တာပို့လို့ မြွေကိုက် ပိုးထိခြင်း မရှိကြဘူး။ ပုဗ္ဗဏှသုတ်ဟာလဲ မေတ္တာပို့တဲ့သုတ်ပဲ။ မေတ္တာအကျိုး ဆယ့်တစ်မျိုးရှိတယ်။ မေတ္တာဆိုင်ရာ ဖွင့်ပြချက်တွေလဲ ပိဋကတ်မှာ အများအပြားရှိတယ်။ ဒါကြောင့် မေတ္တာပို့တာနဲ့ အန္တရာယ်ကင်းရခြင်း ဖြစ်ပါတယ်။

မေး။ ။ နတ်ကောင်း နတ်မြတ်တွေက လူကို အန္တရာယ်ကင်းအောင် ပြုလုပ်နိုင်ပါသလား။

ဖြေ။ ။ ဘုရားလက်ထက်တော်တုန်းက ဝေသာလီပြည်မှာ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ပါတယ်။ ဘုရားရှင်နှင့် ညီတော် အာနန္ဒာကိုယ်တိုင် ကြွသွားပြီး ဘုရားရှင်ညွှန်ကြားချက်အရ ညီတော် အာနန္ဒာကိုယ်တိုင် ရတနသုတ် ပရိတ်တော်ကို ရွတ်ပါတယ်။ ရတနပရိတ်တော်ကို နာဖို့ နတ်ကောင်း နတ်မြတ်တွေ စုဝေးရောက်လာကြတဲ့ခါမှာ မူလက ဝေသာလီပြည်သားတွေကို ဒုက္ခပေးတဲ့ နတ်ဆိုး ဘုတ် ပြိတ္တာတွေဟာ ထွက်ပြေးတိမ်းရှောင် ကြရတယ်။ နတ်ဆိုး ပြိတ္တာတွေကြောင့် ဖြစ်နေတဲ့ ကပ်ရောဂါဟာလဲ ပျောက်ကင်းကုန်ကြတယ်။ ဘုရားရှင်ဟောတဲ့ ရတနသုတ် ပရိတ်အစမှာ လူတွေဟာ သင် နတ်မြတ် နတ်ကောင်းတွေကို နေ့ရောညပါ ပူဇော်နေကြတယ်။ ကျေးဇူးတုံ့ပြန်သောအားဖြင့် လူတွေကို မေတ္တာထားပြီး မမေ့မလျော့ စောင့်ရှောက် မစကြပါလို့ ပါရှိတယ်။ ဒါကြောင့် နတ်ကောင်း နတ်မြတ်တွေ အန္တရာယ်ကို ကာကွယ်တားဆီးနိုင်ခြင်း ဖြစ်တယ်။

မေး။ ။ ပရိတ်တော်ဟာ ရွတ်ရ ဖတ်ရ နာကြားရမယ့် တရားလား၊ ကျင့်ကြံအားထုတ်မယ့် တရားလား။

ဖြေ။ ။ ပရိတ်တရားတော်တွေဟာ ရွတ်ရ ဖတ်ရ နာကြားရတဲ့ တရားလဲ ဖြစ်ပါတယ်။ အားထုတ်ရတဲ့ တရားလဲ ဖြစ်ပါတယ်။

မေး။ ။ ပရိတ်တရားတော် ရွတ်ဖတ်နာကြားလို့ အကျိုးရပုံကို ယုတ္တိသာဓကနဲ့ ပြနိုင်ပါသလား။

ဖြေ။ ။ ပြနိုင်ပါတယ်။ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေကို လူတိုင်း သင်အံလေ့ကျက် မဆောင်ရွက်နိုင်ပါဘူး။ ရဟန်းသံဃာတော်များသာ ဆောင်ရွက်နိုင်ပါတယ်။ ရဟန်းသံဃာတော်များက တစ်ဆင့် ဒကာ ဒကာမတွေကို ဟောပြောပေးရပါတယ်။ ပရိတ်ရွတ်တယ်ဆိုတာက ပါဠိဘာသာနဲ့ ဟောပြောတာ ဖြစ်ပါတယ်။ ဒီလို ပါဠိဘာသာနဲ့ ဟောပြောတာကို နာတဲ့လူတွေက နားမလည်ပေမယ့် ပရိတ်တော်ဟာ ဘုရားရှင်ရဲ့ နှုတ်တော်ထွက် ဒေသနာတော် ဖြစ်ပါတယ်။ နာကြားခြင်း ဓမ္မသဝနကုသိုလ် ရနိုင်ပါတယ်။ ဒီတရားနာတဲ့ ကုသိုလ်ဟာ ဘေးရန်အန္တရာယ်ကို ကာကွယ်တားဆီးနိုင်တယ်လို့ ယုံကြည်တယ်၊ ယုံကြည်တဲ့အတိုင်းလဲ တကယ်ပဲ အန္တရာယ်ကို ကာကွယ်တားဆီးပေးနိုင်တယ်။ ဒါကြောင့် ပရိတ်ရွတ်ရ ပရိတ်နာရကျိုး ရှိပါတယ်။

ဒုတိယယုတ္တိကတော့ လောကီဆရာတွေဟာ စုန်းတစ္ဆေ နတ်ဆိုးတွေ ဖမ်းစားတဲ့အခါ လောကီဂါထာမန္တရားတွေကို မန်းမှုတ်ပြီး နှင်ထုတ်နိုင်ပါတယ်။ ဂါထာမန္တရားတွေမှာ တန်ခိုးအစွမ်း ဣဒ္ဓိပါဒ်တွေ ရှိပါတယ်။ ဒီလို တန်ခိုးရှိတာဟာလဲ ဒီဂါထာမန္တန်တွေကို ရသေ့ရှစ်သောင်း ဆရာပေါင်းတွေ ထွက်ရပ်ပေါက် ဝိဇ္ဇာဓိုရ်ဂိုဏ်း ဆရာကြီးတွေဟာ သမထကို ကျင့်ကြံအောင်မြင်ပြီးတဲ့ ပုဂ္ဂိုလ်ထူးတွေ ဖြစ်လို့ပါပဲ။

ပရိတ်တရားတော်တွေဟာ အထက်ပါ လောကီဂါထာ မန္တရားတွေထက် အဆင့်မြင့် တန်ခိုးထက်တဲ့ ဗုဒ္ဓမန္တန်တော်တွေ ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ဣဒ္ဓိအစိန္တေယျ မကြံစည် မတုပနိုင်တဲ့ တန်ခိုးအနန္တနဲ့ ပြည့်စုံပါတယ်။ ဒါကြောင့် ဗုဒ္ဓမန္တန်လို့ ခေါ်ဆိုနိုင်တဲ့ ပရိတ်တော်တွေဟာ ရွတ်ဖတ်နာကြားရုံနဲ့ အန္တရာယ်ကင်း ဘေးရန်တွေ ရှင်းရခြင်း ဖြစ်ပါတယ်။

တတိယယုတ္တိကတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်၊ သစ္စာတော်၊ မေတ္တာတော် ပါဝင်တဲ့ ပရိတ်တော်တွေကို ရွတ်ဖတ်တဲ့အခါမှာ သမ္မာဒေဝ နတ်တွေက လာရောက်နာကြားကြပါတယ်။ ဒီသမ္မာဒေဝနတ်တွေ လာရောက်စုဝေးတဲ့အတွက် အစိမ်းသရဲ၊ ဘီလူး၊ နတ်ဆိုးတွေဟာ အဝေးကို ရှောင်ရှားပေးရပါတယ်။ အရှိန်အဝါရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက် လုံခြုံရေးတွေ စီစဉ်ချထားတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်အနီးတဝိုက် ပတ်ဝန်းကျင် တစ်ရပ်တစ်ရွာ တစ်မြို့လုံး စိတ်ချရသလိုပါပဲ။ သမ္မာဒေဝ နတ်တွေက လူသားတွကို စောင့်ဖို့ ရည်ရွယ်ပြီး လာတာမဟုတ်ပေမယ့် တရားနာဖို့ လာရင်းနဲ့ နတ်မိစ္ဆာ အစိမ်းသရဲတွေကို နှင်ပြီးဖြစ်သွားတဲ့အတွက် ပရိတ်ရွတ်တာကို နာတဲ့လူတွေဟာလဲ အန္တရာယ်ကင်း ချမ်းသာရခြင်း ဖြစ်ပါတယ်။

ရတနသုတ်ပရိတ်ကို ရှင်အာနန္ဒာရွတ်ပေးလို့ ဝေသာလီပြည်သားတွေ အန္တရာယ်ကင်းပါတယ်။ အင်္ဂုလိမာလထေင်္ရ သစ္စာပြု ပရိတ်တော်ကြောင့် မီးမဖွားနိုင်တဲ့ အမျိုးသမီးတွေ လွယ်ကူစွာ မီးဖွားနိုင်ပါတယ်။ အာဋာနာဋိယ ပရိတ်တော်ကို ရဟန်းသံဃာတွေ ရွတ်ပေးလို့ ဘုတ်တစ္ဆေ အစိမ်းသရဲ ဖမ်းစားခံနေရသူတွေ ရောဂါပျောက်ကင်း သွားခဲ့ပါတယ်။ ယနေ့လက်တွေ့လဲ ပရိတ်တော် နာယူလို့ အကျိုးခံစားနေရပါတယ်။ နှစ်ပေါင်း ၂၅၀၀ ကျော်သည်အထိ ပရိတ်တော်တွေကို ရွတ်ဖတ်နာယူနေကြတာကတော့ ပရိတ်တော်ရဲ့ အကျိုးကို တကယ်လက်တွေ့ ခံစားနေရလို့ ဖြစ်ပါတယ်။ ဒါကြောင့် ပရိတ်တော်တွေအပေါ်မှာ သံသယ လုံးဝမရှိဘဲ ယုံယုံကြည်ကြည် ရိုရိုသေသေ နာယူကြ၊ ရွတ်ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မေး။ ။ ဘုရားရှင်ကိုယ်တော်တိုင် ပရိတ်ရွတ်ပြီး သတ္တဝါကို ကယ်တင်ခဲ့တဲ့ထုံး ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ ဒီဃလင်္ဃိမြို့နေ ပုဏ္ဏားတစ်ယောက်ဟာ သူ့ရဲ့သား ၇ ရက်ကြာပြီး သေမယ်လို့ မိတ်ဆွေ ရသေ့က ဟောလို့ ဘုရားထံ ရောက်သွားတယ်။ ဘုရားကလဲ ၇ ရက်ပဲ အသက်ရှည်မယ်လို့ ဟောတယ်။ အသက်ရှည်အောင် လုပ်လို့ရပါသလားလို့ ဆိုတော့ ဘုရားရှင်က အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး ကလေးကို အလယ်မှာထားကာ သံဃာ ၈-ပါးဖြစ်စေ၊ ၁၆-ပါးဖြစ်စေ၊ နေ့ညမပြတ် ပရိတ်ရွတ်ခိုင်းတယ်။ ၇ ရက်မြောက်ညမှာ ဘုရားရှင်ကိုယ်တိုင် ကြွရောက် ပရိတ်ရွတ်တယ်။ ပရိတ်တရားတော်ကို နာဖို့ နတ်ကောင်း နတ်မြတ်တွေ ရောက်လာတဲ့အတွက် တန်ခိုးနည်းတဲ့ နတ်တွေ၊ ဘီလူးတွေဟာ ဆုတ်ပေးရတယ်။ ဝေဿဝဏ်နတ်မင်းထံက အမိန့်ရလို့ ဒီကလေးကိုစားမယ့် အဝရုဒ္ဓက ဘီလူးဟာလဲ တန်ခိုးကြီးနတ်တွေနား မကပ်ဝံ့ဘဲ မဏ္ဍပ်နဲ့ ဝေးရာမှာ သွားနေရတယ်။ ကလေးကို စားခွင့်မရတော့ ဘုရားရှင်က အသက်ရှည်ပါစေ (ဒီဃာယုကောဟောတိ)လို့ ဆုပေးတယ်။ ဒီကလေး အသက်ရှင်လာတာ့ အသက်ရှည်အောင် လုပ်လို့ရပါသလားလို့ ရဟန်းတွေ ဆွေးနွေးတယ်။ ဘုရားရှင်က အသက်ဂုဏ်သိက္ခာကြီးတဲ့ လူတွေကို ရှိခိုးလေ့ရှိသူဟာ အသက်ရှည်ရုံမဟုတ်၊ အဆင်းလှတယ်။ ချမ်းသာတယ်၊ အင်အားကောင်းတယ်လို့ ဟောတယ်။

ဒီဝတ္ထုမှာ သိစေချင်တဲ့ လိုရင်းကတော့ ဘုရားရှင်ကိုယ်တော်တိုင် ပရိတ်ရွတ်ပြီး အသက်သေမယ့်လူတွေကို ကယ်တင်ခဲ့တယ် ဆိုတဲ့အကြောင်း ပရိတ်တရားတော်မှာ ကာကွယ်တားဆီးနိုင်တဲ့ တန်ခိုးရှိတယ်ဆိုတဲ့အကြောင်းပဲ။ ဒါကြောင့် ပရိတ်တရားတော်ကို ယုံယုံကြည်ကြည်နဲ့ နာကြားကြပါ။ တတ်နိုင်ရင် ပရိတ်တရားတော်တွေမှာပါတဲ့ ဂုဏ်တော်တွေ မေတ္တာတွေကို ပွားများကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

မေး။ ။ ပရိတ်တရားတွေဟာ အကျင့်တရား ဖြစ်ပုံကို ရှင်းပြပါ။

ဖြေ။ ။ အထက်မှာ ပြခဲ့တဲ့ ပရိတ်တော်တွေထဲမှာပါတဲ့ အကြောင်းအရာ လေးမျိုးအနက်က နတ်တွေကို မေတ္တာရပ်ခံခြင်း၊ အစောင့်အရှောက် အကာအကွယ်ယူခြင်းတစ်ခုကလွဲ၍ ကျန်သုံးခုဟာ အကျင့်တရားတွေ ဖြစ်တယ်။ ဥပမာ မေတ္တသုတ်ဆိုရင် မေတ္တာပို့နည်း၊ မေတ္တာစိတ်ထားနည်းကို ဖော်ပြခဲ့တဲ့ သုတ်ဖြစ်တယ်။ ညွှန်ကြားခဲ့တဲ့အတိုင်း တကယ် မေတ္တာစိတ်ထား၊ မေတ္တာဘာဝနာ ပွားနေမယ်ဆိုရင် မေတ္တသုတ်ပရိတ်ကို ရွတ်ဖတ်နာယူနေတာထက် ကုသိုလ်အကျိုး ပိုရဖို့ရှိတယ်။ ပရိတ်ရွတ် ပရိတ်နာတဲ့ ဓမ္မဒေသနာ - ဓမ္မသဝန ကုသိုလ်ထက် မေတ္တာ ဘာဝနာကုသိုလ်က ပိုအကျိုးရှိတယ်။

ရတနသုတ်ပရိတ်ဟာ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖော်ညွှန်ထားတဲ့ သုတ်ဖြစ်တယ်။ အဲဒီမှာပါတဲ့ ရတနာသုံးပါးဂုဏ်တွေကို အောက်မေ့ပွားများနေမယ်ဆိုရင် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိဆိုတဲ့ အနုဿတိ ဘာဝနာသုံးပါးကို ပွားများရာ ရောက်ပါတယ်။

အာဋာနာဋိယသုတ်၊ ပုဗ္ဗဏှသုတ် စတဲ့ပရိတ်တော်တွေကလဲ ရတနာသုံးပါး ဂုဏ်တော်ကို ဖော်ထုတ်ချီးကျူး ပူဇော်ထားတာတွေပါပဲ။ ဒီဂုဏ်တော်တွေကို အကာအကွယ်ပြု ဆုတောင်းထားတာပါပဲ။ မေတ္တာတရား ပွားများနည်းတွေကို ဟောကြားထားတာပါပဲ။ မင်္ဂလသုတ်ဆိုရင် လူတိုင်း နေ့စဉ် ကျင့်ရမယ့် ကျင့်ဝတ်တွေကို မင်္ဂလာလုပ်ငန်းအဖြစ်နဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိတ်တော်တွေကို ရွတ်လဲရွတ်ကြပါ။ လက်တွေ့ကျင့်နိုင်အောင် အနက်အဓိပ္ပာယ်နဲ့ ကျင့်ကြံပွားများနည်းတွေကို ဟောပေးကြပါ။ ပရိတ်တရားတော်ကို နာလဲ နာကြပါ။ အဓိပ္ပာယ်သိအောင် အားထုတ်ပြီး လက်တွေ့ ကျင့်ကြံအားထုတ်မှုလဲ ပြုလုပ်ကြပါလို့ တိုက်တွန်းသတိပေးပါတယ်။

မေး။ ။ သမန္တာစက္ကဝါဠေသုဟာ နတ်တွေကို တရားနာဖို့ ပင့်တဲ့ဂါထာဖြစ်တယ်။ ပရိတ်ရွတ်ခါနီး နတ်တွေကို ပင့်တာ ဘုရားအလိုတော်ကျ ဟုတ်ရဲ့လား။

ဖြေ။ ။ နတ်တွေကို တရားနာဖို့ပင့်တာ ဘုရားရှင်ရဲ့ အလိုတော်ကျ ဖြစ်ပါတယ်။ သမန္တာစက္ကဝါဠေသု စတဲ့ နတ်ပင့်ဂါထာကို ရှေးဆရာတော်ကြီး ရေးထားတာပါ။ ဒီလိုရေးတာကလဲ အလွတ်သက်သက် မဟုတ်ပါဘူး။ ဘုရားရှင် ကိုယ်တော်တိုင် ရတနသုတ် ပရိတ်ကို ဟောတဲ့နေရာမှာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ဖော်ပြ သစ္စာမပြုမီမှာ ယာနိဓဘူတာနိ သမာဂတာနိ စတဲ့ ဂါထာနဲ့ နတ်အပေါင်းဟာ နှစ်သက်ရွှင်လန်းပြီး ငါဘုရားရဲ့ တရားတော်ကို ရိုသေစွာ နာယူကြကုန်လော့လို့ တိုက်တွန်းတယ်။ အဲဒီ ရတနသုတ် အစကိုကြည့်ပြီး ပရိတ်ရွတ်ခါနီး နတ်တွေ အဆင်သင့်ဖြစ်နေအောင်၊ အဆင်သင့်ရောက်အောင် သမန္တာ စက္ကဝါဠေသုဂါထာနဲ့ နတ်တွေကိုပင့်ဖို့ ရှေးဆရာတော်တွေ စီစဉ်တာဖြစ်တယ်။ ဘုရားအလိုတော်ကျလဲ ဖြစ်တယ်။

မေး။ ။ လူတွေက နတ်တွေကို ပူဇော် ပသ ထိုက်ပါသလား။

ဖြေ။ ။ ဘုရားရှင်က လူတွေဟာ နတ်တွေကို ပူဇော်ပသနိုင်တယ်လို့ ဟောတယ်။ အင်္ဂုတ္တုရ်ပါဠိတော်မှာ လူတွေဟာ မိမိကြိုးစား ရှာဖွောထားတဲ့ ပစ္စည်းဥစ္စာနဲ့ ဗလိငါးပါးကို ပူဇော်ရမယ်။ အဲဒီ ဗလိငါးပါးထဲမှာ ဒေဝတာဗလိလို့ ခေါ်တဲ့ နတ်တွေကို ပူဇော်ပသမှု ပြုရမယ်လို့ ပါတယ်။ ဒီလို ဗလိငါးပါးကို ပြုလုပ်ခြင်းဖြင့် စည်းစိမ်ဥစ္စာ တိုးတက်ကြောင်း ဖြစ်တယ်လို့ ဟောထားပါတယ်။ အပရိဟာနိယ ခေါ် တိုးတက်ကြီးပွားရေး တရား ၇-ပါးထဲမှာ မိမိတို့ ပူဇော်ပသမြဲဖြစ်တဲ့ နတ်တွေကို ဝတ္တရားမပျက် ပူဇော်ပသရမယ်လို့ ဟောထားပါတယ်။

ဝိနည်းမဟာဝါမှာလဲ ပညာရှိပုဂ္ဂိုလ်ဟာ သီလဝန္တရဟန်းတော်ကို ဆွမ်းလုပ်ကျွေးရမယ်။ နတ်တွေကို ပူဇော်ပသ အမျှဝေရမယ်။ အပူဇော်ခံတဲ့ နတ်တွေဟာ သူတို့ပူဇော်တဲ့ လူတွေကို ကျေးဇူးတုံ့ပြန်ကြတယ်။ သူတို့ မြတ်နိုးတဲ့ လူသားကို သားသမီးရင်းပမာ အမြဲတမ်း စောင့်ရှောက်လေ့ရှိတယ်။ နတ်တွေ အစောင့်အရှောက် ခံရတဲ့လူဟာ ကောင်းမြတ်တဲ့ အာရုံတွေကိုသာ တွေ့ကြုံရတယ်လို့ ဟောထားတယ်။ ကြက်ဆူပင်စောင့်နတ်ကို ဆန်ကွဲမှုန့်နဲ့ ပူဇော်တဲ့အတွက် ကြက်ဆူပင်စောင့်နတ်က ကျေးဇူးတုံ့ဆပ်တဲ့ အနေနဲ့ ရွှေအိုးတွေ တူးဖော်ပေးတယ်လို့ ဇာတ်တော်မှာ ဟောထားတယ်။

ဘုရားရှင်ဟာ လူတွေက နတ်တွေကို ပူဇော်ပသနေတာကို ကိုယ်တွေ့မျက်မြင်ဖြစ်တဲ့ ရတနသုတ်အစမှာ လူတွေဟာ သင်နတ်မင်းတို့ကို နေ့ရောညပါ ပူဇော်ပသနေကြသားပဲ။ ဒါကြောင့် လူသားတွေကို မေတ္တာထားပြီး မမေ့မလျော့ စောင့်ရှောက်ကြကုန်လော့လို့ တိုက်တွန်းပြီးမှ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ထုတ်ဖော်ဟောကြား ထားပါတယ်။ ဒါကြောင့် လူတွေဟာ နတ်တွေကို ပူဇော်ပသ သင့်ပါတယ်။

မေး။ ။ နတ်တွေကို ပူဇော်ပသရမယ် ဆိုတာက နတ်တွေကို ကိုးကွယ်ရမယ်လို့ ဆိုလိုပါသလား။

ဖြေ။ ။ ပူဇော်ပသရမယ်ဆိုတာက ကိုးကွယ်ဆည်းကပ်ရမယ်လို့ ဆိုတာ မဟုတ်ပါဘူး။ ဗလိဆိုတာက ပေးကမ်းထောက်ပံ့ခြင်း၊ ကျွေးမွေးခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဗလိ ၅-ပါးမှာ ဒေဝတာဗလိ - နတ်တွေကို ပသခြင်း၊ အတိထိဗလိ - ဧည့်သည်ကို ကျွေးမွေးခြင်း၊ ဉာတိဗလိ - ဆွေမျိုးတွေကို ပေးကမ်းခြင်း၊ ပုဗ္ဗပေတဗလိ - ကွယ်လွန်သူ ဆွေမျိုးတွေအတွက် လှူဒါန်းအမျှဝေခြင်း၊ ရာဇဗလိ - အစိုးရကို အခွန်ဆောင်ပေးခြင်း ဆိုပြီး ဗလိ ၅-ပါး ပေးကမ်းထောက်ပံ့ခြင်း ၅-ပါးကို ပြပါတယ်။ နတ်တွေကို ပူဇော်တယ်ဆိုတာက နတ်တွေကို စားဖွယ်သောက်ဖွယ်နဲ့ တင်မြှောက်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုပြီးတဲ့အခါ အမျှဝေခြင်းကို လုပ်တာပါပဲ။ ဒါကြောင့် မြန်မာတွေက ဗလိနတ်စာ ကျွေးတယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

နတ်တွေကို မကိုးကွယ်ရဘူးဆိုတဲ့ အကြောင်းကိုတော့ ဓမ္မပဒမှာ အတိအလင်း ဟောထားပါတယ်။ အဂ္ဂိဒတ္တရသေ့ဟာ တော၊ တောင်၊ ဥယျာဉ်၊ သစ်ပင်ကြီးတွေ နတ်ကွန်းတွေကို ကိုးကွယ်ဖို့ လူတွေကို ဟောတယ်။ ဒါကို ဘုရားရှင်သိတော်မူတော့ ဒီလို တော၊ တောင်၊ ဥယျာဉ်၊ သစ်ပင်ကြီး၊ နတ်ကွန်းတွေကို ကိုးကွယ်မှုဟာ ဘေးကင်းသော မြတ်သော ကိုးကွယ်မှု မဟုတ်၊ ဒီလို ကိုးကွယ်မှုကြောင့် ဒုက္ခအပေါင်းမှ မလွတ်နိုင်။ ရတနာသုံးပါးကိုသာ ကိုးကွယ်ခြင်းဟာ ဘေးကင်းသော မွန်မြတ်သော ကိုးကွယ်မှုဖြစ်တယ်။ ဒီရတနာသုံးပါးကို ကိုးကွယ်မှသာ ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းချမ်းသာမယ်လို့ ဟောထားတယ်။ ဒါကြောင့် နတ်တွေကို မကိုးကွယ်ရဘူး၊ တင်မြှောက် ပသရမယ်။ အမျှဝေ မေတ္တာပို့ရမယ်။ နတ်တွေကို ရှိခိုးကန်တော့ဖို့ မလိုကြောင်း၊ နတ်ကိုယ်တိုင် ကုန်သည်တွေကို ပြောတဲ့စကားအရ ဝိမနာဝတ္ထု အဋ္ဌကထာမှာ ဖော်ပြထားတာကို တွေ့ရတယ်။

အခါတစ်ပါး ကုန်သည်တွေဟာ လှည်းပေါင်း တစ်ထောင်နဲ့ ကုန်ပစ္စည်းများ တင်ဆောင်ပြီး ကုန်ကူးကြရာ၊ သဲကန္တာရမှာ မျက်စိလည် လမ်းမှားပြီး အတိဒုက္ခရောက်နေကြလို့ အဲဒီ သဲကန္တာရထဲမှာ ဒုက္ခရောက်နေကြတဲ့ လူတွေကို စောင့်ရှောက်ဖို့ ဝေဿဝဏ်နတ်မင်းရဲ့ စေခိုင်းချက်အရ ဗိမာန်နဲ့ ရောက်ရှိနေတဲ့ ပါယာသိရာဇည နတ်တစ်ဦးက ကယ်တင်လိုက်တယ်။ အဲဒီ ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားကို စပ်တဲ့အနေနဲ့ ကုန်သည်တွေက အဲဒီနတ်ကို ရှိခိုးကန်တော့ပသဖို့ ခွင့်တောင်းကြတယ်။ နတ်က ဘာပြောလိုက်သလဲဆိုရင် “အမောင်ကုန်သည်တို့၊ အကျွန်ုပ်ကို ဂရုစိုက် ပူဇော်ဖို့ မလိုပါ၊ သင်တို့ဟာ သူ့အသက် သတ်ခြင်းစတဲ့ မကောင်းမှုကို ရှောင်ကြဉ်ပြီး တရားတော်နဲ့လျော်စွာ အလှူပေးခြင်း၊ ဥပုသ်စောင့်ခြင်း စတဲ့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြမယ်ဆိုရင် အကျွန်ုပ်ကို ပူဇော်ရာ ရောက်ပေတယ်။ အခုသင်တို့ကို ကယ်တင်တာဟာလဲ သင်တို့အထဲမှာ ရတနာသုံးပးကို ရိုသေကိုင်းညွှတ်တဲ့ ဥပါသကာတစ်ယောက် ပါလာတယ်။ အဲဒီသူတော်ကောင်း တစ်ယောက်အတွက် ကျန်တဲ့သူ အားလုံးဟာလဲ အသက်ချမ်းသာရာ ရကြတယ်။ ဒါကြောင့် အကျွန်ုပ်နတ်ကို ဂရုစိုက်ပြီး ကန်တော့နေစရာ မလိုဘူး”လို့ ပြောလိုက်တယ်။

မေး။ ။ နတ်တွေက မေတ္တာထားပြီး စောင့်ရှောက်အောင် ပူဇော်ပသရမယ်လို့လဲ ဆိုတယ်၊ နတ်တွေကို ကိုးကွယ်လို့ ဘေးမကင်းဘူးလဲ ဆိုတယ်၊ စကားနှစ်ရပ် ဆန့်ကျင်မနေဘူးလား။

ဖြေ။ ။ မဆန့်ကျင်ပါဘူး။ လူအချင်းချင်းတောင်မှ ပေးကမ်းထောက်ပံ့ ချီးမြှင့်ထားမယ်ဆိုရင် ကိုယ့်မှာ ကိစ္စပေါ်တဲ့အခါ အကူအညီ ရနိုင်ပါတယ်။ နတ်တွေကို တင်မြှောက်ပသထားတဲ့အတွက် နတ်တွေက မေတ္တာထားပြီး စောင့်ရှောက်ရင် အစိမ်း သရဲ နတ်ဆိုးတွေရဲ့ ဘေးရန်က လွတ်ကင်းနိုင်ပါတယ်။ နတ်တွေက ဒီလောက်ပဲ ကူညီနိုင်ပါတယ်။ ဒီအကူအညီလောက် မျှော်မှန်းပြီးတော့ပဲ နတ်တွေကို ပူဇော်ပသကြတာ ဖြစ်ပါတယ်။

ကိုးကွယ်တယ်ဆိုတာက လူချမ်းသာ၊ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာအတွက် အခုဘဝချမ်းသာ၊ နောင်တမလွန်ချမ်းသာအတွက် ဖြစ်ပါတယ်။ ဒီအခုဘဝ နောက်ဘဝ ချမ်းသာကိုတော့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မှသာ ရနိုင်ပါတယ်။ ဘုရားမပွင့်မီနဲ့ ဘုရားရှင် လက်ထက်တော်မှာ တော၊ တောင်၊ ဥယျာဉ်၊ သစ်ပင်ကြီး၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြတဲ့ လူတွေရဲ့ ရည်ရွယ်ချက်က ဒီလိုကိုးကွယ်လိုက်ရင် တောစောင့်နတ်၊ တောင်စောင့်နတ်တွေက စောင့်ရှောက်စောင်မလို့ စည်းစိမ်ဥစ္စာ ရတနာတွေတိုးမယ်၊ နောက်ဘဝအတွက်လဲ ချမ်းသာအောင် ကောင်းကင်ဘုံ ရောက်အောင် ငရဲကလွတ်အောင် ကယ်တင်လိမ့်မယ်လို့ မျှော်လင့်ကိုးကွယ်ကြတယ်။ အမှန်မှာတော့ နတ်တွေဟာ စည်းစိမ်ဥစ္စာလဲ မပေးနိုင်ဘူး။ နောင်တမလွန် သုခကိုလဲ မဖန်တီးနိုင်ပါဘူး။ အထက်မှာ ပြခဲ့သလို အစိမ်းသရဲ နတ်ဆိုးတွေရဲ့ ဘေးရန်က ကာကွယ်ပေးနိုင်တာလောက်ပဲ ရှိပါတယ်။ လူသားတွေဟာ ကိုယ့်ကိုယ်ကို ကိုယ်အားမကိုးဘဲ ကိုယ်ပြူသမျှကံသာလျှင် အမွေအနှစ်ဖြစ်တယ်လို့ မခံယူဘဲ နတ်ကွန်းတွေကို ရှိခိုးဆုတောင်းပြီး ပျင်းမနေအောင်လို့၊ တောတောင်သစ်ပင် နတ်တွေကို ကိုးကွယ်ဆည်းကပ်မနေအောင်လို့၊ ဒီနတ်စသည် ကိုးကွယ်မှုဟာ ဘေးကင်းမွန်မြတ်တဲ့ ကိုးကွယ်နည်းမဟုတ်ဘူးလို့ ဟောပါတယ်။ အခုလောက်ရှင်းပြရင် ပူဇော်ပသတာနဲ့ ကိုးကွယ်ဆည်းကပ်တာ မတူတဲ့အကြောင်း သဘောပေါက်လောက်ပါပြီ။

ဒီလောက် အစွမ်းထက်တဲ့ လောကီလောကုတ္တရာအကျိုး ၂-ပါးကို ရစေနိုင်တဲ့ မေတ္တာသုတ်ပရိတ်ကို ရွတ်ပါ။ အောက်ပါ အဓိပ္ပာယ်တွေကို ဆင်ခြင် ပွားများပါ။ ရွတ်ဖို့ပါဠိနဲ့ ပွားများဖို့ မြန်မာလို အကျဉ်းချုပ်ကို ယှဉ်တွဲပြလိုက်ပါတယ်။

(မြန်မာပြန် အတိအကျ မဟုတ်ပါ။ လိုရင်းအကျဉ်း ဖြစ်ပါတယ်။ ဆင်ခြင်ပွားများရ လွယ်အောင်လို့ စကားပြော အရေးပုံစံနဲ့ ပြလိုက်တယ်။)

၁။ ယဿနုဘာဝတော ယက္ခာ၊ နေဝဒေဿန္တိ ဘီသနံ။ ယမှီစေဝါနု ယုဥ္ဖန္ထော၊ ရတ္တိန္ဒိဝ မဟန္ဒိတော။

၂။ သုခံ သုပတိ သုတ္တောစ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘာဏာမ ဟေ။

မေတ္တသုတ်ပရိတ်တော် တန်ခိုးတော်ကြောင့် နတ်တွေက မခြောက်မလှန့်ကြတော့ မေတ္တသုတ် ပရိတ်တော်ကို နေ့ညဉ့်မပြတ် ရွတ်ဖတ်ပွားတဲ့လူတွေဟာ ချမ်းသာစွာ အိပ်ရတယ်။ အိပ်မက်ဆိုးများ မမြင်မက်ကြစတဲ့ ဂုဏ် ၁၁-ပါးနှင့် ပြည့်စုံတဲ့ မေတ္တသုတ်ကို ငါတို့ ရွတ်ဖတ်ကြကုန်စို့။

၃။ ကရဏိယ မတ္ထကုသလေန၊ ယန္တသန္တံ ပဒံအဘသမေစ္စ၊ သက္ကောဥဇူစ သုဟုဇူစ၊ သုဝစောစဿ မုဒုအနတိမာနီ။

ငြိမ်းအေးသော နိဗ္ဗာန်ကို မျက်မှောက်ပြုလိုပြီး အကျိုးစီးပွားလိမ္မာသူဟာ သိက္ခာသုံးပါးကို ကျင့်သုံးရမယ်။ ကျင့်စွမ်းနိုင်ရမယ်၊ ဖြောင့်မတ်ရမယ်၊ အလွန်ဖြောင့်မတ်ရမည်၊ ဆုံးမလွယ်ရမည်၊ စိတ်နူးညံ့ရမယ်၊ မာန်မာန မကြီးရ။

၄။ သန္တုဿကောစ သုဘရောစ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ၊ သန္တိန္ဒြိယောစ နိပကောစ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

ရောင့်ရဲလွယ်ရမယ်၊ မွေးမြူလွယ်ရမည်၊ ကိစ္စနည်းပါးရမည်၊ ပေါ့ပါးသွက်လက်ရမည်၊ ငြိမ်သက်တဲ့ ဣန္ဒြေရှိရမည်၊ ပညာဉာဏ် ရင့်ကျက်ရမည်၊ ယဉ်ကျေးသိမ်မွေ့ရမည်၊။ လူတို့၌ တွယ်တာမက်မောခြင်း မရှိရဘူး။

၅။ နစ ခုဒ္ဒမာစရေကိဉ္စိ၊ ယေန ဝိညူ ပရ ဥပဝဒေယျုံ၊ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ပညာရှိတို့ ကဲ့ရဲ့ပြစ်တင်မည့် မကောင်းမှု ဒုစရိုက်ကို အသေးအဖွဲ အနည်းငယ်မျှပင် မပြုလုပ်ရဘူး။ သတ္တဝါမှတ်သမျှကို ချမ်းသာကြပါစေ၊ ဘေးရန်ကင်း၍ အေးချမ်းသာယာကြပါစေ၊ စိတ်ချမ်းသာကြပါစေလို့ (မေတ္တာပို့ရမယ်)။

၆။ ယေကေစိ ပါဏဘူတတ္ထိ၊ တသာဝါ ထာဝရာဝ နဝသေသာ၊ ဒီဃာဝါယေဝ မဟန္တာာ၊ မဇ္ဈိမာ ရဿကာ အဏုကတူလာ။

၇။ ဒိဋ္ဌာဝါ ယေဝ အဒိဋ္ဌာ၊ ယေဝဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသံဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ထိတ်လန့်တတ်တဲ့ ပုထုဇဉ်သေက္ခ၊ မထိတ်လန့်တတ်တဲ့ ရဟန္တာ။ ရှည်သော၊ တိုသော၊ ကြီးသော၊ ဝိုင်းသော၊ အလတ်စားဖြစ်သော၊ ငယ်သော သတ္တဝါများ၊ အဝေးအနီးရှိ သတ္တဝါများ၊ မြင်ဖူး မမြင်ဖူးသည့် သတ္တဝါများ၊ ပဋိသန္ဓေ ပြန်မနေရသည့် ရဟန္တာ၊ ပြန်နေမည့် ပုထုဇဉ် သေက္ခပုဂ္ဂိုလ်များ၊ လောကရှိ ဤသတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၈။ နပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္တစိနကိဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။

တစ်ယောက်ကို တစ်ယောက် စဉ်းလဲကောက်ကျစ် လှည့်ပတ်မှု မပြုကြပါစေနဲ့၊ ဘယ်အရပ်မှာ ဘယ်ပုဂ္ဂိုလ်ကိုမဆို မထီမဲ့မြင် မပြုကြပါစေနဲ့၊ တစ်ယောက်ကို တစ်ယောက် ကိုယ်နှုတ်ဖြင့်လည်းကောင်း၊ ဒေါသစိတ်ဖြင့်လည်းကောင်း ဆင်းရဲအောင် မလုပ်ပါစေနဲ့။

၉။ မာတာယထာ နိယံ ပုတ္တ-မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

မိခင်သည် တစ်ဦးတည်းသော မိမိရင်သွေးကို အသက်နှင့်လဲကာ ကာကွယ်စောင့်ရှောက်သလို သတ္တဝါများအပေါ် အတိုင်းမသိ မေတ္တာစိတ်ကို ပွားနိုင်ကြပါစေ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓောစ တိရိယဉ္စ၊ အဘမ္ဗာဓံ အဝေရ မသပတ္တံ။

အထက်ဘဝဂ် အောက်အဝီစိနဲ့ အလယ်ဘုံတွေရှိ သတ္တဝါတွေအပေါ်မှာ အပိုင်းအခြားမရှိ ကျယ်ပြန့်တဲ့ မေတ္တာစိတ်နဲ့ အတွင်းရန် အပြင်ရန်တွေ ကင်းကြပါစေ (လို့ ပွားများပါ။)

၁၁။ တိဋ္ဌံ စရံ နိသိန္နောဝ၊ သယာနော ယာဝတဿဝိတ မိဒ္ဓေါ၊ ဧတံသတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။

မေတ္တာစျာန်သတိနဲ့ နေတာကို မြတ်သောနေခြင်း ဖြစ်တယ်လို့ ဘုရားရှင် ဟောထားတဲ့အတွက် ရပ်ရင်း၊ သွားရင်း၊ ထိုင်ရင်း၊ လဲလျောင်းရင်း၊ အိပ်မငိုက်တဲ့အခါ မေတ္တာဘာဝနာ ပွားများနေကြရမယ်။

၁၂။ ဒိဋ္ဌဉ္စ အနုပဂမ္မ၊ သီလဝါဒဿနေန သမ္ပန္နော၊ ကာမေသု ဝိနေယျဝေဓံ၊ နဟိ ဇာတုဂ္ဂဗ္ဗသေယျ ပုနရေတိ။

ထိုပထမစျာန်ကို ရပြီးတဲ့ယောဂီဟာ အတ္တဒိဋ္ဌိ အစွဲမရှိအောင် ပြုပြီးနောက် သေတာပတ္တိမဂ်ဉာဏ်ကို ရ၍ ဝတ္ထုအာရုံ ကာမဂုဏ်တွေကို ပယ်ရှင်းနိုင်တဲ့အတွက် တစ်ဖန် ပဋိသန္ဓေနေစရာ မရှိတော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။

+++++++++++++++++++++++++++++++++++++

မေတ္တာပို့ခြင်း

အခန်း-၁၁

မေး။ ။ ဗုဒ္ဓဘာသာတွေရဲ့ နေ့စဉ်ကျင့်ဝတ်မှာ ပရိတ်ရွတ်ပြီး ဘာလုပ်ပါသလဲ။

ဖြေ။ ။ မိမိကိုယ်မှာ ကျရောက်မယ့် အန္တရာယ်တွေ မကျရောက်အောင် အကာအကွယ် အတားအဆီး ပရိတ်တော်ကို ရွတ်ပြီးတဲ့နောက် သတ္တဝါအားလုံး ကျန်းမာချမ်းသာပါစေ၊ ဆင်းရဲကင်းပါစေ၊ ဘေးရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေလို့မေတ္တာပို့ရပါတယ်။ စာတွေထဲမှာ မေတ္တာပွားတယ်လို့ သုံးပါတယ်။ သတ္တဝါအားလုံး ချမ်းသာပါစေလို့ သတ္တဝါတွေကို မေတ္တပို့လွှတ်တဲ့သဘော သက်ရောက်လို့ မြန်မာတွေကတော့ မေတ္တာပို့တယ်လို့ ခေါ်ပါတယ်။

မေး။ ။ မေတ္တာဆိုတာ ဘာလဲ။

ဖြေ။ ။ မေတ္တာဆိုတာက အဘိဓမ္မာတရားကိုယ်အားဖြင့်တော့ မကြမ်းမတမ်း မပြစ်မှားတဲ့ အဒေါသ စေတသိက်ပဲ။ ဒါပေမယ့် အဒေါသစေတသိက်အားလုံးဟာ မေတ္တာမဟုတ်ပါဘူး။ သီလဆောက်တည်တဲ့အခါ ဒါနပြုတဲ့အခါမှာလဲ အဒေါသ ပါတာပဲ။ အဲဒီ အဒေါသက မေတ္တာမဟုတ်ဘူး။ သတ္တဝါအားလုံး ဒါမှမဟုတ် ကိုယ်မေတ္တာပို့ချင်တဲ့လူကို စိတ်အာရုံမှာ မှန်းပြီး ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေလို့ ပွားနေတဲ့အခိုက်မှာ ဖြစ်တဲ့ အဒေါသကိုသာ မေတ္တာလို့ ခေါ်ပါတယ်။

မေး။ ။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတာ ဘာလဲ။

ဖြေ။ ။ သူတစ်ပါးရဲ့ အကျိုးစီးပွားကို လိုလားခြင်း၊ ဆင်းရဲဒုက္ခရောက်နေတဲ့ ဒုက္ခိတ သတ္တဝါတွေကို ဒုက္ခာမုစ္စန္တု - ဆင်းရဲဒုက္ခမှ ကင်းလွတ်ကြပါစေလို့ ပွားများတာကို ကရုဏာ သနားကြင်နာခြင်းလို့ ခေါ်တယ်။

ချမ်းသာကြွယ်ဝပြီး နေမှု၊ စားမှု အဆင်ပြေနေတဲ့ သုခိတသတ္တဝါတွေကို အာရုံပြုပြီး ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု - ရပြီးတဲ့စည်းစိမ်ဥစ္စာတွေ တည်မြဲကြပါစေလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတာကို မုဒိတာ - သူတစ်ပါး ချမ်းသာနေတာကို ဝမ်းမြောက်ခြင်းလို့ ခေါ်တယ်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ တစ်ခုခုမဖြစ်ပဲ သတ္တဝါတွေအပေါ်မှာ ကမ္မသကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်လို့ ကမ္မသကာ ချတတ်တဲ့ သဘောကို ဥပေက္ခာလို့ ခေါ်တယ်။

မေး။ ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ လေးပါးကို ဘာဖြစ်လို့ အပ္ပမညာ ဗြဟ္မဝိဟာရ - ဗြဟ္မစရိယ တရားလို့ ခေါ်သလဲ။

ဖြေ။ ။ ဒီတရားလေးပါးဟာ အတိုင်းအတာမရှိ များပြားတဲ့ သတ္တဝါတွေကို အာရုံပြုပြီး ပွားများရတဲ့အတွက် အပ္ပမညာ တရားလို့ ခေါ်တယ်။ ဒီတရားလေးပါးကို ပွားများနေခြင်းဟာ မြင့်မြတ်တဲ့ နေခြင်းဖြစ်လို့ ဗြဟ္မဝိဟာရလို့ ခေါ်တယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျင့်တရားတွေဖြစ်လို့ ဗြဟ္မစရိယတရား မြန်မာလို ဗြဟ္မစိုရ်တရားလို့လဲ ခေါ်တာ ဖြစ်ပါတယ်။

မေး။ ။ မေတ္တာမပွားခင် ဘာလုပ်ဖို့လိုသလဲ။

ဖြေ။ ။ မေတ္တာဘာဝနာ မပွားခင် ဒေါသရဲ့ အပြစ်အနာအဆာတွေကို သဘောပေါက်အောင် ဆင်ခြင်သုံးသပ်ဖို့လိုတယ်။ သည်းခံခြင်း၊ ခန္တီတရားရဲ့ အကျိုးအာနိသင်တွေကို ဆင်ခြင်သုံးသပ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာပို့တယ်ဆိုတာ ဒေါသကို ပယ်ဖျောက်ပြီး သည်းခံခြင်း အလေ့အကျင့်ကို မွေးမြူကြတာ ဖြစ်တယ်။ အပြစ်အနာအဆာတွေကို သေသေချာချာ သိမြင်ပြီးမှလဲ တစ်ခုခုကို ပယ်စွန့်နိုင်ဖို့ လွယ်ကူပါတယ်။ အကျိုးအာနိသင်တွေကို ထင်ထင်ရှားရှား မြင်ထားမှလဲ ရအောင်ကြိုးစား အားထုတ်ချင်တယ်။ ဒါကြောင့် မေတ္တာမပို့ခင် ဒေါသရဲ့ အပြစ် သည်းခံခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်အောက်မေ့ဖို့ လိုပါတယ်။

မေတ္တာသုတ်မှာတော့ မေတ္တာမပွားခင် ကြိုတင်ပြီး ကျင့်ကြံအားထုတ်ရမယ့် တရား ၁၅-ပါးကို ဟောထားပါတယ်။ မေတ္တာပုဗ္ဗဘာဂတရား ၁၅-ပါးလို့ ခေါ်ပါတယ်။ အဲဒီမေတ္တာရှေ့ပြေးတရား ၁၅-ပါးကတော့ ရှေ့မေတ္တာသုတ် ပရိတ်တော်ရဲ့ မြန်မာပြန်မှာ (စာမျက်နှာ ၂၈၁)မှာ စွမ်းနိုင်ရမှာက ဒုစရိုက်မှုကို အနည်းငယ်မျှသော်လဲ မကျင့်ရာ အထိ ၁၅-ပါးပဲ ဖြစ်ပါတယ်။ အဲဒီမှာပဲ ပြန်ကြည့်မှတ်ကြပါ။ မေတ္တာမပွားမီ အဲဒီတရား ၁၅-ပါးနဲ့ ပြည့်စုံအောင်လုပ်ပြီးမှ မေတ္တာပွားကြပါ။

မေး။ ။ လူတစ်ယောက်ကို မေတ္တာဘယ်နှစ်ခု ပို့နိုင်ပါသလဲ။ နမူနာ ပို့ပြပါ။

ဖြေ။ ။ လူတစ်ယောက်ကို မေတ္တာ ၄ ခုသာ ပို့နိုင်ပါတယ်။ ဥပမာအားဖြင့် -

ပါဠိလို ……………………………………………………………. မြန်မာလို

မမအာစရိယော…………………………………………………. ငါရဲ့ဆရာ (…………….) သည်

၁။ အဝေရာ ဟောတု ………………………………………….. ရန်ကင်းပါစေ

၂။ အဗျာပဇ္ဇော ဟောတု……………………………………….. ကြောင့်ကြကင်းပါစေ

၃။ အနီဃော ဟောတု …………………………………………. ဆင်းရဲကင်းပါစေ

၄။ သုခိ အတ္တာနံ ပရိဟရန္တု ……………………………………. ချမ်းချမ်းသာသာ ရှိပါစေ

လို့ ဒီလေးပါးပဲ ပို့နိုင်ပါတယ်။

မေး။ ။ ငါးရာနှစ်ဆယ့် ရှစ်သွယ်မေတ္တာ အကျဉ်းပို့ပုံကို ဖော်ပြပါ။

ဖြေ။ ။

ပါဠိလို …………………………………………………………. မြန်မာလို

၁။ သဗ္ဗေ သတ္တာ …………………………………………….. ၁။ သတ္တဝါအားလုံး

၂။ သဗ္ဗေ ပါဏာ ……………………………………………… ၂။ အသက်ရှိသူအားလုံး

၃။ သဗ္ဗေ ဘူတာ …………………………………………….. ၃။ ဖြစ်နေသူအားလုံး

၄။ သဗ္ဗေ ပုဂ္ဂလာ …………………………………………….. ၄။ ပုဂ္ဂိုလ်အားလုံး

၅။ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ ………………………… ၅။ ကိုယ်ခန္ဓာရှိသူ အားလုံး

၆။ သဗ္ဗာ ဣတ္ထိယော ………………………………………… ၆။ မိန်းမသားအားလုံး

၇။ သဗ္ဗေ ပုရိသာ …………………………………………….. ၇။ ယောက်ျားအားလုံး

၈။ သဗ္ဗေ အရိယာ ……………………………………………. ၈။ အရိယာအားလုံးတို့သည်

၉။ သဗ္ဗေ အနရိယာ …………………………………………. ၉။ ပုထုဇဉ်သေက္ခ အားလုံးတို့သည်

၁၀။ သဗ္ဗေ ဒေဝါ ……………………………………………… ၁၀။ နတ်အားလုံးတို့သည်

၁၁။ သဗ္ဗေ မနုဿာ …………………………………………. ၁၁။ လူအားလုံးတို့သည်

၁၂။ သဗ္ဗေ ဝိနိပါတိကာ ……………………………………… ၁၂။ အပါယ်ဘုံသား အားလုံးတို့သည်

၁။ အဝေရာ ဟောန္တု …………………………………………… ၁။ ရန်ကင်းကြပါစေ

၂။ အဗျာပဇ္ဇာ ဟောန္တု …………………………………………. ၂။ စိုးရိမ်ကြောင့်ကြ ကင်းကြပါစေ

၃။ အနီဃာ ဟောန္တု ……………………………………………. ၃။ ဆင်းရဲကင်းကြပါစေ

၄။ သုခိ အတ္တာနံ ပရိဟရန္တု …………………………………… ၄။ ချမ်းသာကြပါစေ

နံပါတ် ၁ မှ ၅ အထိဟာ မည်သူမည်ဝါ၊ ယောက်ျားမိန်းမ စသည် မပိုင်းခြားဘဲ ပို့လို့ အနောဓိသ မေတ္တာ (အနောဒိဿမေတ္တာ)လို့ ခေါ်တယ်။ ၆ က ၁၂ အထိဟာ ယောက်ျား မိန်းမ စသည် ကန့်သတ်ပိုင်းခြားပြီး ပို့လို့ သြဓိသမေတ္တာ (သြဒိဿမေတ္တာဲ)လို့ ခေါ်တယ်။ ပုဂ္ဂိုလ် ၁၂ ဦးအနက် တစ်ဦးဦးကို မေတ္တာ ၄-ပါးစီ ပို့တော့ မေတ္တာ ၄၈-မျိုးရတယ်။

၁။ ပုရတ္တိမာယ ဒိသာယ - အရှေ့အရပ်မှာ

၂။ ပစ္ဆိမာယ ဒိသာယ - အနောက်အရပ်မှာ

၃။ ဥတ္တရာယ ဒိသာယ - မြောက်အရပ်မှာ

၄။ ဒက္ခိဏာယ ဒိသာယ - တောင်အရပ်မှာ

၅။ ပုရတ္တိမာယ အနုဒိသာယ - အရှေ့တောင်ထောင့်မှာ

၆။ ပစ္ဆိမာယ အနုဒိသာယ - အနောက်မြောက်ထောင့်မှာ

၇။ ဥတ္တရာယ အနုဒိသာယ - အရှေ့မြောက်ထောင့်မှာ

၈။ ဒက္ခိဏာယ အနုဒိသာယ - အနောက်တောင်ထောင့်မှာ

၉။ ဟေဠိမာယ ဒိသာယ - အောက်အရပ်မှာ

၁၀။ ဥပရိမာယ ဒိသာယ - အထက်အရပ်မှာ

သဗ္ဗေသတ္တာ - သတ္တဝါအားလုံးတို့သည်။ ………… …………….. ……………. …………… သုခီအတ္တာနံ ပရိဟရန္တု - ချမ်းသာကြပါစေ။

အထက်ပါ အရပ်ဒေသ ၁၀ ခု အနက် တစ်ခုခုမှာ မေတ္တာပေါင်း ၄၈ ခု ပို့နိုင်တဲ့အတွက် မေတ္တာပေါင်း ၄၈၀ ရတယ်။ အရပ် ၁၀ မျက်နှာနဲ့ မတွဲခင် မူလ ၄၈ နဲ့ ပြန်ပေါင်းတော့ ၅၂၈ (ငါးရာနှစ်ဆယ့်ရှစ်သွယ်မေတ္တာ) ဖြစ်ပါတယ်။

(ဒီ ၅၂၈ သွယ် မေတ္တာပို့နည်းက ပဋိသမ္ဘိဒါမဂ် ပါဠိတော် မေတ္တာကထာကို အကျဉ်းချုပ်ပြီး ရှေးဆရာတော်ကြီးများ စီစဉ်ထားတဲ့ မေတ္တာပို့ အချုပ်ဖြစ်တယ်။)

ပဋိသမ္ဘိဒါမဂ် ပါဠိတော် မူရင်းအတိုင်း ငါးရာနှစ်ဆယ့်ရှစ်သွယ်မေတ္တာကို ခွဲခွဲခြားခြား အကျယ်ပို့လိုသူတွေအတွက် အပြည့်အစုံ ရေးပေးလိုက်တယ်။ မြန်မာလိုပို့နည်းကို ရေးလိုက်တယ်။

သတ္တဝါအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

သက်ရှိအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

ဖြစ်နေသူအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

ပုဂ္ဂိုလ်အားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

ကိုယ်ခန္ဓာရှိသူအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

မိန်းမအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

ယောက်ျားအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

အရိယာအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

ပုထုဇဉ်သေက္ခအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

နတ်အားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

လူအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

အပါယ်ဘုံသားအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

…………………………………………………………………………………………………………… ၄၈

အရှေ့အရပ်မှာ သတ္တဝါအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

အရှေ့အရပ်မှာ သက်ရှိအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

အရှေ့အရပ်မှာ အပါယ်ဘုံသားအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

….. ………. ………….. ……… ……… …………. ………. …….. ……… ………. ……….. ……….. ………… ၄၈

အနောက်အရပ်မှာ သတ္တဝါအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

…….. …….. ………. ……… ………. ……… …….. ………. ……….. ………… ………. ……….. ……….

အနောက်အရပ်မှာ အပါယ်ဘုံသားအားလုံး - ရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ၊ ၄

……….. ……….. ……….. ………. ………. ………. ……….. ……… ……….. ………. ……….. ………… ……… ၄၈

ကျန်အရပ်တွေမှာလဲ ၄၈ စီရအောင် ပွားများလိုက်ရင် ၅၂၈ - သွယ် မေတ္တာ ဖြစ်ပါတယ်။

ပါဠိတော်မူရင်း

အထက်ပါ ၅၂၈ သွယ်သော မေတ္တာအကျယ် ပို့နည်းဟာ မေတ္တာပို့ မူရင်းပါဠိတော်ဖြစ်တဲ့ ပဋိသဗ္ဘိဒါမဂ္ဂ ပါဠိတော် မေတ္တာကထာမှာ လာတဲ့နည်း ဖြစ်ပါတယ်။ ဒါကြောင့် သဒ္ဓါတရားထက်သန်ပြီး အချိန်ရသူတွေဟာ အထက်ပါ ပါဠိတော်နည်းအတိုင်း အကျယ်ပို့သင့်ပါတယ်။ အချိန်မရရင်တော့ ဆရာတော်ကြီးများ နည်းအတိုင်း အကျဉ်းပဲ ဆိုကြပါ။

မေး။ ။ မေတ္တာဟာ ပို့လို့ ရောက်ပါသလား။

ဖြေ။ ။ မေတ္တာဟာ ပို့လို့ ရောက်ပါတယ်။

စရိယာပိဋက ပါဠိတော်မှာ “ချစ်သား သာရိပုတြာ၊ ငါဘုရားဟု သုဝဏ္ဏသာမဖြစ်စဉ် သိကြားမင်း ဖန်ဆင်းပေးသော ကျောင်း၌နေကာ တောထဲမှာ ခြင်္သေ့၊ ကျား တို့ကို မေတ္တာပွားနေတယ်။ ခြင်္သေ့၊ ကျားသစ်၊ ဝံ၊ ကျွဲ၊ သမင်၊ ဝက် တို့နှင့်အတူ နေခဲ့တယ်။ တိရစ္ဆာန်တွေက င့ါကိုမကြောက်၊ ငါကလဲ တိရစ္ဆာန်တွေကို မကြောက်၊ မေတ္တာစွမ်းအား ထောက်ပံ့ထားသည်ဖြစ်၍ ထိုအခါ တောထဲမှာ ငါမွေ့လျော်ခဲ့တယ်” ဟု ဘုရားရှင်က ဟောပါတယ်။

မြန်မာနိုင်ငံမှာ အထူးကျော်ကြားတဲ့ တောရဆရာတော် ဦးသီလဟာ ကျားတွေ ဆင်တွေနဲ့ အတူတူ အန္တရာယ်မရှိဘဲ နေခဲ့တယ်။ ဒီနေရာမှာ သုဝဏ္ဏသာမနဲ့ ဆရာတော်ဦးသီလတို့ရဲ့ မေတ္တာဟာ ဆင် ကျား ခြင်္သေ့ စတဲ့ တောရိုင်းသတ္တဝါတွေဆီ ရောက်လို့သာ တောရိုင်းကောင်တွေဟာ သုဝဏ္ဏသာမနဲ့ ဆရာတော်ဦးသီလတို့ကို မေတ္တာတုံ့ပြန် ချစ်ခင်တာဖြစ်တယ်။ ဒါကြောင့် မေတ္တာဟာ ပို့လို့ရောက်တယ်လို့ မှတ်နိုင်ပါတယ်။

ဝိသာခမထေရ်ဟာ စိတ္တလတောင်ကျောင်းမှာ လေးလသီတင်းသုံးပြီး ပြောင်းရွှေ့မယ်အလုပ်မှာ မြစိမ်းပင်နတ်က ငိုပါတယ်။ ဘာကြောင့် ငိုသလဲလို့ မထေရ်ကမေးတော့ အရှင်ဘုရားကြွမယ်ဆိုလို့ ငိုတာပါလို့ လျှောက်တယ်။ အရှင်ဘုရား ဒီမှာသီတင်းသုံးတဲ့အတွက် ဒီအရပ်မှာရှိတဲ့ နတ်၊ ဘီလူး စသည်တွေဟာ အချင်းချင်း မေတ္တာစိတ်ဖြင့် ချစ်ခင်ကြပါတယ်။ အရှင်ဘုရားကြွသွားရင် နတ်၊ ဘီလူးတွေဟာ ငြင်းခုံခိုက်ရန်ဖြစ်ပြီး ကြမ်းတမ်းတဲ့ စကားတွေကို ဆိုကြမယ်လို့ လျှောက်ထားတယ်။ ဒီ ဝိသာခါမထေရ်ရဲ့ အတ္ထုပတ္တိကိုကြည့်ရင် မေတ္တာပို့လို့ရောက်တယ်။ မေတ္တာပို့တဲ့သူမှာသာ အကျိုး ၁၁-ပါးရတာ မဟုတ်ဘူး။ မေတ္တာကို ခံယူတဲ့လူအချင်းချင်းဟာ မေတ္တာတန်ခိုးကြောင့် အချင်းချင်း ချစ်ခင်ကြတယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့် မေတ္တာဟာ ပို့လို့ရတယ်လို့ အခိုင်အမာ မှတ်သားနိုင်ပါတယ်။

မေး။ ။ မေတ္တာပို့သူရဲ့ မေတ္တာကို မတုံ့ပြန်သူဟာ ဘာဖြစ်တတ်ပါသလဲ။

ဖြေ။ ။ မေတ္တာဖြင့် မတုံ့ပြန်သူဟာ မေတ္တာရဲ့တန်ခိုးရှိန်ကြောင့် ဒုက္ခရောက်ရတယ်။ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးဟာ ဒါန၊ သီလ၊ မေတ္တာဘာဝနာ ပွားနေတယ်။ အပြစ်ရှိလို့ နှင်ထုတ်လိုက်တဲ့ အမတ်တစ်ယောက်က ကောသလမင်းထံဝင်ပြီး ကုန်းတိုက်တဲ့အတွက် ကောသလမင်းက ဗြဟ္မဒတ်မင်းနဲ့ အမတ်တွေကို ဖမ်းဆီးချုပ်နှောင်ထားတယ်။ ဗြဟ္မဒတ်မင်းဟာ ရန်သူတော်ကောသလမင်းကို အမျက်မထွက်ဘဲ မေတ္တာပွားနေရာ မေတ္တာစျာန်ကို ရရှိတယ်။ ထိုမေတ္တာတရားရဲ့တန်ခိုးကြောင့် ကောသလမင်းရဲ့ကိုယ်မှာ မီးမြှိုက်ခံရသလို ပူလောင်နေတယ်။ ကောသလမင်းဟာ အထူးနာကျင် အခံရခက်တဲ့အတွက် ဘာကြောင့် ဒီလိုဖြစ်ရသလဲလို့ မှူးမတ်တွေကို မေးတယ်။ မှူးမတ်တွေက သီလရှိတဲ့ မေတ္တာရှင် ဗြဟ္မဒတ်မင်းကို ပြစ်မှားမိတဲ့အတွက်ဖြစ်ကြောင်း လျှောက်ထားတော့မှ ကောသလမင်းဟာ ဗြဟ္မဒတ်မင်းကို သွားရောက်ကန်တော့ပြီး တိုင်းပြည်ကို ပြန်ပေးတယ်လို့ သေယျဇာတ်မှာ ပြတယ်။

ဧကရာဇ ဇာတ်တော်ထဲမှာလဲ ကောသလတိုင်းရှင် ဒုဗ္ဘိသေနမင်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကို တိုက်ခိုက်သိမ်းယူပြီး မင်း မှူးမတ်တွေကို ချုပ်နှောင်ထားတယ်။ ဗြဟ္မဒတ်မင်းက ဒုဗ္ဘိသေနမင်းကို အာရုံပြုပြီး မေတ္တာပို့သလို့ မေတ္တာစျာန်ကို ရတယ်။ ဒုဗ္ဘိသေနမင်း ကိုယ်တွေပူလောင်လို့ ဗာရာဏသီမင်းကို ထောင်ကလွှတ်ပြီး ကန်တော့ရတယ်။

ရတနာသုံးပါးကို မကြည်ညိုဘဲ ဘုရားရှင်ကြွလာက ကြိုကြစတမ်းဆိုတဲ့ ကတိကဝတ်အရ ဘုရားရှင်ကို ကြိုဆိုတဲ့ ရောဇမလ္လမင်းကို စိတ်နှလုံး နူးညံ့အောင်ပြုဖို့ ညီတော်အာနန္ဒ လျှောက်တဲ့အတွက် ဘုရားရှင်က ရောဇကို သီးသန့်အာရုံပြုကာ မေတ္တာဖြန့်ဝေတော်မူတယ်။ ရောဇမလ္လမင်းဟာ အမိနဲ့ ကွဲနေတဲ့ နွားငယ်လို အငြိမ်မနေနိုင်ဘဲ နောက်ဆုံး ဘုရားကျောင်းတော်ကို လိုက်လာရတယ်။

ဒီသေယျဇာတ်၊ ဧကရာဇဇာတ်၊ ရောဇမလ္လမင်းတို့ကို ထောက်ကြည့်ရင် မေတ္တာပို့သူ မေတ္တာရှင်ကို မေတ္တာနဲ့ မတုံ့ပြန်တဲ့လူဟာ မေတ္တာတန်ခိုးတော်အရ ပူလောင်ပြင်းပြ ဒုက္ခရောက်ရတယ်။ မေတ္တာရှင်ဆီကို လာရောက်ဦးညွှတ်ရတယ်ဆိုတာနဲ့ မေတ္တာပို့လို့ ရောက်တယ်ဆိုတဲ့ သက်သေသာဓကတွေ ဖြစ်ပါတယ်။

မေး။ ။ ငါက သူ့ကို ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာနဲ့ပဲ ချစ်ပါတယ်ဆိုတဲ့ စကားဟာ မှန်ရဲ့လား။

ဖြေ။ ။ မမှန်ပါဘူး။ အထက်မှာ ပြခဲ့တဲ့အတိုင်း လူတစ်ယောက်ဟာ တစ်ယောက်ကို မေတ္တာစိတ် ၄ ခုနဲ့သာ ချစ်နိုင်ပါတယ်။ လူတစ်ယောက်ကို မေတ္တာလေးခုသာ ပို့နိုင်ပါတယ်။ အထက်ပါ ၅၂၈ သွယ် မေတ္တာပို့ကို ကြည့်ရင် ရှင်းလင်းပါလိမ့်မယ်။ ရှေးခေတ် မေတ္တာစာအချို့မှာ “ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာသွန်းလောင်းကာဖြင့်”စတဲ့ ပုဂ္ဂိုလ်တစ်ဦးဆီရေးတဲ့ မေတ္တာစာထဲမှာ မှားယွင်းသုံးနှုံးလာခဲ့တာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့်တော့ ပြောသူရဲ့ ရည်ရွယ်ချက်က ကိလေသာအချစ်နဲ့ မချစ်ဘူး၊ မေတ္တာချစ်ပဲ ချစ်တယ်လို့ ပြောလိုတာကို မေတ္တာချစ်လို့ မပြောဘဲ ငါးရာနှစ်ဆယ့်ရှစ်သွယ်မေတ္တာနဲ့ ချစ်တယ်လို့ အသုံးအနှုန်း လွဲမှားသုံးမိတယ်လို့ ယူဆနိုင်ပါတယ်။

မေး။ ။ အချစ်နဲ့မေတ္တာဟာ တူသလား၊ မတူဘူးလား။

ဖြေ။ ။ အဘိဓမ္မာသဘောအရ အချစ်နဲ့ မေတ္တာဟာ မတူပါဘူး။ အချစ်ဆိုတာက တဏှာလောဘ စေတသိက်ဖြစ်ပါတယ်။ မေတ္တာဆိုတာက အဒေါသ ကုသိုလ်စေတသိက် ဖြစ်ပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး တစ်ခါတစ်ရံ စိတ်ချမ်းသာ ပျော်ရွှင်မှုရှိသလို၊ ရံခါ စိတ်ညစ်ရတယ်။ ပူပန်သောက ရောက်ရတယ်၊ စိုးရိမ်ပူဆွေးရတတ်ပါတယ်။ မေတ္တာက အမြဲတမ်း အေးမြကြည်လင်နေတဲ့အတွက် မေတ္တာစိတ် ကိန်းဝပ်နေတဲ့ ပုဂ္ဂိုလ်ဟာ အမြဲစိတ်ချမ်းသာပါတယ်။

ဒါပေမယ့် နေ့စဉ် မြန်မာတို့ အရပ်သုံးမှာတော့ မေတ္တာနဲ့ အချစ်ကို အတူတူလို့ သုံးနေကြပါတယ်။ အချစ်ဆိုတဲ့ စကားလုံးဟာ နည်းနည်းရိုင်းတယ်။ ညစ်ညမ်းတယ်လို့ ယူဆပြီး အချစ်အစား မေတ္တာဆိုတဲ့ စကားလုံးကို သုံးနေကြပါတယ်။ ဘယ်သူက ဘယ်သူ့ကို မေတ္တာရှိနေတယ်၊ လူငယ်ချင်း မေတ္တာမျှနေကြတယ်ဆိုတာက ကိလေသာလောဘအချစ်ကို ယဉ်ကျေးအောင် သုံးထားတာ ဖြစ်ပါတယ်။

မေး။ ။ မိဘက သားသမီးကို ချစ်တာဟာ မေတ္တာချစ်လား၊ တဏှာချစ်လား။

ဖြေ။ ။ မိဘက သားသမီးကိုချစ်တာ၊ သားသမီးက မိဘကိုချစ်တာ၊ လင်မယားဆွေမျိုးသားချင်း အပြန်အလှန်ချစ်ကြတာဟာ သံယောဇဉ်မကင်းတဲ့ တဏှာအချစ်ဖြစ်တယ်။ ကျမ်းဂန်တွေမှာတော့ ဂေဟသိတပေမ = အိမ်မှာမှီတဲ့အချစ်၊ အိမ်သူအိမ်သားချစ်လို့ ခေါ်တယ်။ ဘုရားရှင်ရဲ့ ဖွားဘက်တော် ငယ်ကျွန်ကြီး ဆန္နမထေရ်ဟာ ဘုရားရှင်ကို ဂေဟသိတပေမနဲ့ ချစ်ခင်နေတဲ့အတွက် ဘုရားသက်တော်ထင်ရှား ရှိတုန်းမှာ တရားထူးမရဘူး။ ဘုရားပရိနိဗ္ဗာန်စံပြီးမှ တရားထူးရတယ်။ ဒီ အိမ်သူအိမ်သားချစ်၊ သမီးရည်းစားချစ်မျိုးကို မေတ္တာတုလို့ ခေါ်တယ်။

မိဘ သားသမီး ညီအစ်ကို မောင်နှမအချင်းချင်း မေတ္တာစစ်နဲ့ မချစ်နိုင်ဘူးလို့တော့ မမှတ်ရဘူး၊ အထူးသဖြင့် မိဘက သားသမီး၊ သားသမီးက မိဘ အပေါ်မှာ အကျိုးစီးပွား လိုလားနေတာ၊ ကျန်းမာစေလိုတာဟာ အေးမြကြည်လင်တဲ့ မေတ္တာဖြစ်တယ်။ လိပ်မကြီးဟာ သဲထဲမှာ ဥထားပြီး အဝေးက မေတ္တာပို့နေလို့ ဥတွေဟာ မပုပ်ဘူးလို့ဆိုတယ်၊ သားငယ်ကို နို့တိုက်နေတဲ့ နွားမကြီးကို မုဆိုးက လှံနဲ့ထိုးတာ လှံဟာမစူးပဲ ထန်းရွက်လို ပျော့ခွေကျသွားတယ်လို့ ဝိသုဒ္ဓိမဂ်မှာ ပြထားပါတယ်။

ဒါကြောင့် အိမ်သူအိမ်သားအချင်းချင်း မေတ္တာစစ်နဲ့ ချစ်နိုင်တယ်လို့ မှတ်နိုင်ပါတယ်။

မေး။ ။ မေတ္တာရဲ့ အနီးကပ်ရန်သူနဲ့ အဝေးရန်သူတွေဟာ ဘာတွေလဲ။

ဖြေ။ ။ ပဉ္စနာတရား (၃၇)ပါးထဲမှာ တဏှာပေမ - ဂေဟသိတပေမ ခေါ် အိမ်သူအိမ်သားချစ်ဟာ မေတ္တာ အယောင်ဆောင်ပြီး လူသားတွေကို လှည့်ပတ်တတ်တယ်လို့ ပြထားပါတယ်။ အဲဒီတဏှာချစ် မေတ္တာအတုဟာ အနီးရန်သူဖြစ်တယ်။

ဒေါသစိတ်ကတော့ အဝေးရန်သူဖြစ်တယ်။ အဝေးရန်သူ ဝင်ရောက်လာတာကိုတော့ ကိုယ်ကိုယ်တိုင်ရော၊ ဘေးလူကရော အလွယ်တကူ သိနိုင်ပေမယ့် အယောင်ဆောင်ပြီး ဝင်လာတဲ့ မေတ္တာတု အနီးရန်သူကိုတော့ ဘေးလူလဲ သိဖို့ခဲယဉ်းတယ်။ ကာယကံရှင် ကိုယ်တိုင်တောင်မှ ဘယ်အချိန်မှာ ဘယ်လိုဝင်လာမှန်း မသိလိုက်ကြဘူး။ ဒါကြောင့် မေတ္တာဘာဝနာ ပွားနေတဲ့နေရာမှာ အဝေးရန်သူရော အနီးရန်သူပါ မဖျက်ဆီးနိုင်ဖို့ အထူးသတိပြုရမယ်။

မေး။ ။ ဘယ်ပုဂ္ဂိုလ်တွေကို မေတ္တာစပို့လို့ မရဘူးလဲ။ ဘာကြောင့်လဲ။

ဖြေ။ ။ လုံးဝမချစ်ခင်တဲ့ပုဂ္ဂိုလ်၊ သိပ်ပြီးစွဲလမ်းချစ်ခင်နေတဲ့ပုဂ္ဂိုလ်၊ အလတ်စားချစ်ခင်နေတဲ့ပုဂ္ဂိုလ်၊ ရန်သူပုဂ္ဂိုလ်၊ ဒီလေးယောက်ကို မေတ္တာစမပို့ရဘူး။ ဘာကြောင့်လဲဆိုတော့ လုံးဝမချစ်ခင်တဲ့ သာမန်လူတစ်ယောက်ကို မေတ္တာစိတ် သက်ဝင်ပွာများဖို့ မလွယ်လို့ ဖြစ်ပါတယ်။သိပ်ပြီး ချစ်ခင်စွဲလမ်းနေတဲ့ လူကျတော့လဲ ပြင်းထန်တဲ့ တဏှာချစ်ကနေ ပျော့ပျောင်းနူးညံ့တဲ့ မေတ္တာအဖြစ် ပြန်ပြောင်းဖို့ မလွယ်တဲ့အတွက် ဖြစ်ပါတယ်။ အလယ်အလတ် ချစ်ခင်တဲ့လူကိုလဲ စ စချင်း မေတ္တာအရှိန်မရခင်မှာ မေတ္တာစိတ် သက်ဝင်ပွားများဖို့ မလွယ်လို့ပါပဲ။ ရန်သူအပေါ်မှာ မေတ္တာထားဖို့ မလွယ်တာကတော့ အထင်ရှားဆုံးဖြစ်လို့ ဒီပုဂ္ဂိုလ်လေးယောက်ကို မေတ္တာ စ မပို့ရပါဘူး။ အခြားပုဂ္ဂိုလ်တွေပို့ပြီးလို့ မေတ္တာအရှိန် ရလာတဲ့အခါကျတော့ အဲဒီပုဂ္ဂိုလ်လေးယောက်ကိုလဲ မေတ္တာပို့ရပါတယ်။ မေတ္တာပို့ အစတွင်တော့ ဒီလေးယောက်ကို မပို့ရပါဘူး။

မေး။ ။ ဘယ်ပုဂ္ဂိုလ်မျိုးကို မေတ္တာလုံးဝမပို့ရဘူးလဲ၊ ဘာကြောင့်လဲ။

ဖြေ။ ။ လိင်မတူတဲ့ပုဂ္ဂိုလ်၊ ဥပမာ ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို တစ်ယောက်တည်း ခွဲခြားမေတ္တာ မပွားရဘူး။ ဘာကြောင့်လဲဆိုတော့ ဆန့်ကျင်ဘက်လိင်ဖြစ်လို့ မေတ္တာဟာ ရာဂအဖြစ် ပြောင်းလဲပြီး တဏှာရာဂတွေ ထကြွသောင်းကျန်းလာနိုင်လို့ ဖြစ်ပါတယ်။

ပြီးတော့ သေသွားတဲ့လူကို မေတ္တာလုံးဝ မပွားရဘူး။ ဘာကြောင့်လဲဆိုတော့ သေသွားပြီးတဲ့ ပုဂ္ဂိုလ်ကို မိမိစိတ်မှာ ထင်မြင်လာအောင် အာရုံပြုလို့ မရတဲ့အတွက် ဖြစ်တယ်။

မေး။ ။ ပထမဆုံး မေတ္တာ ဘယ်သူ့ကို ပို့ရသလဲ။ ဘာကြောင့်လဲ။

ဖြေ။ ။ မေတ္တာပို့မယ့်လူဟာ ပထမဆုံး ကိုယ့်ကိုယ်ကို မေတ္တာပို့ရမယ်။ ပို့နည်းကတော့ -

အဟံ အဝေရော ဟောမိ၊ ငါသည် ဘေးရန်ကင်းပါစေ။

အဗျာပဇ္ဈော ဟောမိ၊ စိုးရိမ်ကင်းပါစေ။

အနီဃော ဟောမိ၊ ဆင်းရဲကင်းပါစေ။

သုခီ အတ္တာနံ ပရိဟရာမိ၊ ချမ်းသာပါစေ -

လို့ ပို့ရမယ်။

ဘာကြောင့် ကိုယ့်ကိုယ်ကို ပထမ ပို့ရသလဲဆိုတော့ ငါဟာ ရန်ကင်းချင်တယ်။ ဆင်းရဲကင်းပြီး ချမ်းသာချင်တယ်။ အသက်ရှည်ချင်တယ်။ ငါ့လိုပဲ အခြား သတ္တဝါတွေလဲ ချမ်းသာချင်မယ်၊ အသက်ရှည်ချင်မယ်လို့ ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်မယ်၊ ဒီကိုယ်ချင်းစာစိတ်ဟာ မေတ္တာစိတ်ကို ဖြစ်ပေါ်စေမယ်။ ဒါကြောင့် မေတ္တာပျိုးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ပထမဆုံး မေတ္တာပို့ရမယ်။

မေး။ ။ ကိုယ့်ကိုယ်ကို မေတ္တာပို့ပြီး ဘယ်သူ့ကို ပို့ရမလဲ။

ဖြေ။ ။ ကိုယ့်ကိုယ်ကို မေတ္တာပို့ပြီးရင် မိမိ ချစ်ခင်မြတ်နိုးတဲ့ ချီးမွမ်းဖွယ် အလေးပြုဖွယ်ကောင်းတဲ့ ဆရာသမား ကျေးဇူးရှင် စသည်တို့ကို ပို့ရမယ်။ အဲဒီ ချစ်ခင်လေးစားတဲ့ ပုဂ္ဂိုလ်ရဲ့ အကျင့်သီလ၊ အကြားအမြင် ဗဟုသုတ ရှိပုံတွေကို စိတ်မှာ အောက်မေ့ပြီး ငါ့ရဲ့ဆရာ ………….. သည် ဘေးရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ကိုယ်ရောစိတ်ပါ ချမ်းသာအေးမြပါစေလို့ မေတ္တာလေးချက် ပို့ရမယ်။

ချစ်ခင်လေးစားတဲ့လူကို မေတ္တာပို့ပြီးရင် သိပ်ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို မေတ္တာပွားရမယ်၊ ပြီးတော့ အလယ်အလတ် ချစ်ခင်တဲ့သူကို မေတ္တာပွားရမယ်၊ ပြီးတော့ ကိုယ့်မှာ ရန်သူရှိရင် ရန်သူကို မေတ္တာပွားရမယ်၊ ရန်သူမရှိရင် ရန်သူကို ပွားစရာ မလိုဘူး။ ရန်သူကို ပွားရမယ်ဆိုလို့ ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ရန်သူအဖြစ်နဲ့ သတ်မှတ်ပြီး ရန်သူ မဖြစ် ဖြစ်အောင်လုပ်ပြီး ပွားစရာ မလိုဘူး။ အခုလို ကိုယ့်ကို ပထမ၊ ချစ်ခင်လေးစားသူ ဒုတိယ၊ အလွန်ချစ်သူ တတိယ၊ အလွန်ချစ်သူ တတိယ၊ အလတ်ချစ်သူ စတုတ္ထ၊ ရန်သူကို ပဉ္စမ ပို့ရမယ်ဆိုတာက မေတ္တာဘာဝနာကို ပွားများမယ့် မေတ္တာကမ္မဋ္ဌာန်းထိုင်မယ့် ပုဂ္ဂိုလ်တွေအတွက် ဖြစ်တယ်။

မေး။ ။ သာမန် ဗုဒ္ဓဘာသာတွေဟာ ကိုယ့်ကိုယ်ကို မေတ္တာပို့ပြီးရင် ဘယ်သူ့ကို မေတ္တာပို့ကြသလဲ။

ဖြေ။ ။ ကမ္မဋ္ဌာန်းထိုင်နေတဲ့ ယောဂီမဟုတ်တဲ့ သာမန်ဗုဒ္ဓဘာသာတွေကတော့ ကိုယ့်ကိုယ်ကို မေတ္တာပို့ပြီးရင် ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာပို့နည်းမှာ ပြခဲ့တဲ့အတိုင်း အနောဓိသပုဂ္ဂိုလ် ၅-မျိုး၊ သြဓိသပုဂ္ဂိုလ် ၇-မျိုး၊ စုစုပေါင်း ၁၂-မျိုးမှာ တစ်ဦးကို မေတ္တာ ၄ ချက်၊ စုစုပေါင်း ၄၈ ချက်ကို ပို့ရပါမယ်။ ပြီးတော့ အရပ် ၁၀ မျက်နှာမှာရှိတဲ့ ပုဂ္ဂိုလ် ၁၂-မျိုးကို မေတ္တာလေးချက်စီ စုစုပေါင်း ၄၈၀ ပို့ရမယ်။ ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာ အကျဉ်းအကျယ် ပါဠိလို မြန်မာလို ပို့ပုံတွေကိုတော့ အထက်မှာ ပြခဲ့ပြီးပါပြီ။

မေး။ ။ ၅၂၈ သွယ် မေတ္တာပို့ပြီးတဲ့နောက် အထူးမေတ္တာပို့သင့်တာ ရှိပါသေးသလား။

ဖြေ။ ။ ရှိပါတယ်။ မိမိအိမ်သူအိမ်သား၊ အဝေးရောက် ဆွေမျိုးသားချင်း၊ အထူး ကျေးဇူးရှိသူတွေကို သီးခြား ပို့သင့်ပါတယ်။ ပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့ အကြီးအကဲ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲ၊ အလုပ်တိုက်ရှင်၊ မန်နေဂျာ စသည့် လုပ်ဖော်ကိုင်ဖက် လက်အောက်အမှုထမ်းများ၊ အလုပ်သမားများကို တစ်ဦးစီဖြစ်စေ၊ အစုလိုက်ဖြစ်စေ၊ စိတ်မှာမှန်းပြီး မေတ္တာလေးမျိုးဖြစ်ဖြစ် ချမ်းသာပါစေလို့ မေတ္တာတစ်မျိုးတည်းဖြစ်ဖြစ် ပို့ပေးသင့်ပါတယ်။ မြန်မာလိုပို့တာ အကောင်းဆုံးပါပဲ။

မေး။ ။ မေတ္တာပို့ချင်ရင် ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာပို့နည်းအတိုင်း အကျဉ်းအကျယ်ပဲ ပို့ရသလား။ ဒီပြင်နည်း မပို့ရဘူးလား။

ဖြေ။ ။ ဒီပြင်နည်းပို့လဲ ရပါတယ်။ သတ္တဝါအားလုံးပေါ်မှာ ဘေးကင်းရန်ကွာ ချမ်းသာစေလိုတဲ့ မေတ္တာစေတနာ ရောက်ဖို့က အဓိကပါပဲ။ ဒါကြောင့် မေတ္တာသုတ်ပါဠိတော်မှာဆိုရင် …

သုခိနောဝ ခေမိနော ဟောန္တု၊

သဗ္ဗသတ္ထာ ဘဝန္တု သုခိတတ္တာ။

သတ္တဝါအားလုံး ကိုယ်ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ၊ စိတ်ချမ်းသာပါစေလို့ ပို့တယ်။ ပြီးတော့ …

ယေကေစိ ပါဏဘူတတ္ထိ။ တသာဝါစသည်ဖြင့် ကြောက် မကြောက် သတ္တဝါတွေ၊ မြင်ဖူး၊ မမြင်ဖူးတဲ့ သတ္တဝါတွေ။ အနီးအဝေးရှိ သတ္တဝါတွေ၊ ရဟန္တာနဲ့ ပုထုဇဉ် သေက္ခသတ္တဝါတွေ၊ အရှည် အတို အလတ် သတ္တဝါတွေ၊ အကြီး အငယ် အလတ် သတ္တဝါတွေ၊ အဝ အပိန် မပိန်မဝ သတ္တဝါတွေ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ မေတ္တာပွားပါတယ်။ သတ္တဝါတွေကို အာရုံပြုပုံချင်းလဲ မတူဘူး။ မေတ္တာပို့ပုံချင်းလဲ မတူဘူး။ ဒါကြောင့် ကြိုက်သလို ပို့နိုင်ပါတယ်။

မေး။ ။ မေတ္တာသုတ်နဲ့ ပဋိသမ္ဘိဒါမဂ် ဘာဖြစ်လို့ ပုဂ္ဂိုလ်တွေ တစ်မျိုးစီဟောသလဲ။

ဖြေ။ ။ အချို့ပုဂ္ဂိုလ်တွေကို သတ္တဝါတွေလို့ ခေါ်မှ၊ အချို့က ပါဏ ဘူတ ပုဂ္ဂလ စသည်ခေါ်မှ။ ယောက်ျား မိန်းမ အကြီးအငယ် အပိန်အဝ စသည်ဖြင့် ခေါ်တဲ့ မေတ္တာပို့တဲ့ သတ္တဝါတွေကို ဉာဏ်ထဲမှာ ထင်တယ်။ ပုဂ္ဂိုလ်အမျိုးမျိုးရဲ့ ဉာဏ်အမြင်ပေါက်မှု အမျိုးမျိုးရှိလို့ သတ္တဝါတွေကို အမျိုးမျိုးခေါ်ထားတယ်။ မေတ္တာပို့မယ့်လူတွေက ကြိုက်ရာ ပုဂ္ဂိုလ်အမည်ကို ခေါ်ပြီး မေတ္တာပို့နိုင်အောင်လို့ အမျိုးမျိုးပြထားတယ်။ ဒါကြောင့် ပုဂ္ဂိုလ် သတ္တဝါတွေရဲ့ နာမည် အမျိုးစုံတွေကို ခေါ်ပြီး မေတ္တာမပို့ဘဲ သတ္တဝါအားလုံး ပို့ပို့၊ ပုဂ္ဂိုလ်အားလုံး၊ ယောက်ျား၊ မိန်းမ အားလုံးစတဲ့ တစ်ခုခုကို ခေါ်ပြီး မေတ္တာပို့ရင်လဲ ပြီးပါတယ်။ ဒါကြောင့် ရှေးဆရာတော်ကြီးတွေက အောက်ပါအတိုင်း သတ္တဝါတွေကို ကုန်းနေ၊ ရေနေ၊ ကောင်းကင်နေ သုံးမျိုးခွဲပြီး မေတ္တာပို့ကြပါသေးတယ်။ ဗုဒ္ဓဘာသာတွေ အရများတဲ့ မေတ္တာပို့ဖြစ်လို့ ဖော်ပြလိုက်ပါတယ်။

ဥဒ္ဓံ ယာဝ ဘဝဂ္ဂါစ၊ အဓော ယာဝ အဝီစိတော။

သမန္တာ စက္ကဝါဠေသု ယေသတ္တာ။

(ပထဝီစရာ)၊ အဗျာပဇ္ဇာ နိဝေရာစ၊ နိဒုက္ခာစ နုပ္ပဒ္ဒဝါ။

အထက်ဘဝဂ်၊ အောက်အဝီစိ၊ အတွင်း စကြဝဠာရှိ (ကုန်းနေ) သတ္တဝါအားလုံး ကြောင့်ကြကင်းကြပါစေ၊ ဘေးရန်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ဥပဒ်ကင်းပါစေ။

ပါဠိ ပထဝီစရာ နေရာမှာ ဥဒကေစရာ လဲပြီး မြန်မာကုန်းနေ သတ္တဝါနေရာမှာ ရေနေသတ္တဝါ အစားသွင်းပြီး ရေသတ္တဝါတွေကို မေတ္တာပို့ပါ။

ပထဝီစရာ နေရာမှာ အာကာသေစရာ လဲပြီး ကုန်းနေသတ္တဝါနေရာမှာ ကောင်းကင်နေသတ္တဝါလို့ ပြောင်းကာ ကောင်းကင်သတ္တဝါကို မေတ္တာပို့ပါ။

မေး။ ။ မေတ္တာပို့လို့ ဘာအကျိုးတွေရသလဲ။

ဖြေ။ ။ မေတ္တာပို့တဲ့အတွက် ပို့တဲ့လူမှာ အောက်ပါ မေတ္တာအကျိုး ၁၁-မျိုးကို ရပါတယ်။

အိပ်နိုးချမ်းသာ၊ ယုတ်မာမမက်၊ နှစ်သက်လူနတ်၊ စောင့်မှတ် နတ်များ၊ ဆိပ်ကားမနှံ့၊ စိတ်ပြန့်တည်ကြည်၊ ရွှင်သည့်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ခါဟု၊ မေတ္တာနိသင်၊ ကျိုးဆက်ထင်သည်၊ ရှင်လူအများ ကျင့်ရာသော် …

ဆိုတဲ့ ဝိသုဒ္ဓိမဂ် နိသျှဆရာတော်ရဲ့ လင်္ကာအရ-

၁။ ချမ်းသာစွာ အိပ်ရတယ်။

၂။ ချမ်းသာစွာ နိုးရတယ်

၃။ အိပ်မက်ဆိုး မမက်ဘူး။

၄။ လူတွေ ချစ်တယ်။

၅။ နတ်တွေ ချစ်တယ်။

၆။ နတ်တွေက စောင့်ရှောက်တယ်။

၇။ မီးမလောင်၊ အဆိပ်မတက်၊ လက်နက်မထိဘူး။

၈။ စိတ်တည်ငြိမ်တယ်။

၉။ မျက်နှာကြည်လင် ရွှင်ပြုံးတယ်။

၁၀။ ကြည်ကြည်လင်လင် သေရတယ်။

၁၁။ သေရင် ဗြဟ္မာ့ပြည် ရောက်နိုင်တယ်။

အဲဒီ အကျိုး ၁၁-မျိုးကို ခံစားရတယ်။

ပြီးတော့ ဣတိဝုတ် ပါဠိတော် မေတ္တာ ဘာဝနာသုတ်မှာ ဒါန၊ သီလ စတဲ့ ပုညကိရိယာဝတ္ထု ၁၀-မျိုးကို ပြုလုပ်နေမှုဟာ မေတ္တာစျာန်ကို ပွားများမှုရဲ့ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုပင် မမီဘူး။ မေတ္တာဘာဝနာ အကျိုးကသာ လွှမ်းမိုးတောက်ပြောင် ထွန်းလင်း တင့်တယ်တယ်လို့ ဟောထားတယ်။

ပြီးတော့ မျက်စိတစ်မှိတ် လက်ဖျောက်တစ်တီးကြာလောက် မေတ္တာဘာဝနာကို ပွားများပြီးတဲ့ ရဟန်းဟာ တိုင်းသူပြည်သား ဒကာ ဒကာမတွေက အမြတ်တနိုး လှူဒါန်းတဲ့ဆွမ်းကို စားသင့် စားထိုက်ပြီလို့ အင်္ဂုတ္တိုရ်မှာ ဟောပါတယ်။

အခုကာလ မေတ္တာ ဘာဝနာ ပွားများပြီး အကြားအမြင်ပေါက်ကာ သတ္တဝါတွေကို ကူညီစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ အထင်အရှား ရှိနေတာဟာလဲ မေတ္တာရဲ့တန်ခိုးကို ဖော်ပြနေတာ ဖြစ်ပါတယ်။ နွားနို့တစ်ညှစ်၊ နံ့သာတရှုပ် ရှုသောကာလမျှ မေတ္တာဘာဝနာကို ပွားများတာက ဆွမ်းဟင်းကောင်း အိုးကြီးတစ်ရာ ချက်လှူရသည်ထက် အကျိုးများကြောင်း နိဒါနသံယုတ် သြပမ္မသုတ်မှာ ဟောထားပါတယ်။

အလွန်ထက်လှတဲ့ လှံသွားကို လူတွေ မကိုင်ဝံ့သလို မေတ္တာဘာဝနာ ပွားများနေသူကို ဘီလူး၊ အစိမ်းသရဲတွေက မပူး မကပ်ဝံ့ဘူးလို့ နိဒါနသံယုတ် သတ္တိသုတ်မှာ ဟောထားတယ်။

ယောက်ျားများတဲ့ အိမ်ကို ခိုးသားဓားပြ မနှိပ်စက်နိုင်သလို မေတ္တာဘာဝနာ ပွားထားသူကို ဘီလူး သရဲတွေက မကပ်ရောက် မနှိပ်စက်နိုင်ကြောင်း နိဒါနသံယုတ်မှာ ဟောထားတယ်။

မေတ္တာအကျိုးနဲ့ ပတ်သက်ပြီး ဟောထားချက်တွေ ပိဋကမှာ အတော်များများ ရှိပါသေးတယ်။

မေး။ ။ ညအိပ်တဲ့အခါ ဟောက်တတ်၊ ယောင်တတ်၊ သွားကြိတ်တတ်၊ အအိပ်ကြမ်းတဲ့ လူတွေဟာ မေတ္တာ များများပို့အိပ်ရင် အထက်ပါအကျင့်တွေ ပျောက်တယ်ဆိုတာ ဖြစ်နိုင်ပါသလား။

ဖြေ။ ။ ဖြစ်နိုင်ပါတယ်။ မေတ္တာပို့သူ ရရှိတဲ့ အကျိုး ၁၁-ပါးထဲမှာ ချမ်းသာစွာ အိပ်ရတယ်။ ချမ်းသာစွာ နိုးရတယ်။ အိပ်မက်ဆိုးတွေ မမက်ဘူးလို့ ပါပါတယ်။ ဟောက်တယ်၊ ယောင်တယ်၊ သွားကြိတ်တယ်၊ အိပ်တဲ့အခါ ငြိမ်ငြိမ်ဆိမ်ဆိမ် သိပ်မရှိဘဲ လူးလှိမ့် ကန်ကျောက်ပြီး အိပ်ရတယ်ဆိုတာက သက်သက်သာသာ မအိပ်နိုင်တဲ့သဘော၊ ချမ်းချမ်းသာသာ မနိုးရတဲ့ သဘော ဖြစ်ပါတယ်။ မေတ္တာပွားများပြီး အိပ်ခြင်းဖြင့် အထက်ပါ ရောဂါတွေ ပျောက်ပြီး မေတ္တာအကျိုးတွေကို ခံစားရဖို့ ရှိပါတယ်။ ကျမ်းဂန်မှာ တိုက်ရိုက်မလာပေမယ့် ချမ်းသာစွာ အိပ်ရ နိုးရတယ်ဆိုတဲ့ မေတ္တာအကျိုး ၂-ပါးမှာ အကျုံးဝင်တဲ့အတွက် မေတ္တာ အထူးပို့အိပ်တဲ့လူဟာ အအိပ်ကြမ်း၊ ဟောက်ခြင်း၊ သွားကြိတ်ခြင်းတွေ ပျောက်နိုင်ခြင်း ဖြစ်ပါတယ်။

ဆရာတော်ကြီး တစ်ပါးက ဟောက်တတ်တဲ့ ဒုလ္လဘ ရဟန်းတစ်ပါးကို နည်းပေးလမ်းပြ ပြုလုပ်ခဲ့ရာ တစ်လအတွင်း နည်းပါးသွားပြီး နှစ်လလောက်မှာ လုံးဝပျောက်သွားခဲ့တယ်။ သူ့ရဲ့ကိုယ်တွေ့ကို သူငယ်ချင်းတွေကို တစ်ဆင့်ပြောပြရာက သူငယ်ချင်းတွေလဲ လက်တွေ့ ပျောက်ကင်း ခံစားရတယ်လို့ ဆိုပါတယ်။ ဟောက်တတ်၊ သွားကြိတ်တတ်၊ အအိပ်ကြမ်းရောဂါတွေကို ကုနိုင်တဲ့ ခေတ်မီဆေးဝါး သိပ္ပံဆေး မရှိသေးဘဲ တန်ဖိုးမကြီးတဲ့ လက်တွေ့ပျောက်ကင်းနေတဲ့ ဘုရားရှင်ရဲ့ မေတ္တာဆေးတော်ကြီးကို ယုံကြည်စွာ မှီဝဲနိုင်ကြပါစေ။

မေး။ ။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ပွားနည်းတွေဟာ ပါဠိတော်မှာ မရှိဘူးဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာတော့ ၅၂၈ သွယ် မေတ္တာပွားနည်းပဲ ရှိပါတယ်။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ပွားလိုသူတွေဟာ မေတ္တာပွားနည်းကို နည်းမှီပြီး ပွားနိုင်ကြဖို့ ရှေးဆရာတော်ကြီးတွေက ထည့်သွင်းစီစဉ်ထားပါတယ်။ လူတိုင်းပွားရမယ်လို့တော့ မဆိုလိုပါဘူး။ ဗြဟ္မစိုရ်တရား လေးပါးလုံး စုံသွားအောင် ဆိုပြီး ဆရာတော်ကြီးတွေက ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကလဲ မဟာဝဂ္ဂသံယုတ် မေတ္တာသဟဂတသုတ် ပါဠိတော်မှာ မေတ္တာစိတ် ပျံ့နှံ့စေရန် ဟောတာကို မှီးပြီး ထည့်သွင်းစီစဉ်လိုက်တာ ဖြစ်ပါတယ်။

မေး။ ။ တစ်ရာ့သုံးဆယ့်နှစ်သွယ် ကရုဏာပွားပုံ ပို့ပုံကို အကျဉ်းဖော်ပြပြပါ။

ဖြေ။ ။ အထက်မေတ္တာမှာ ဖော်ပြခဲ့တဲ့ သြဓိသ၊ အနောဓိသ ပုဂ္ဂိုလ် ၁၂-မျိုးဟာ ဆင်းရဲဒုက္ခ ကြုံတွေ့နေရင် သဗ္ဗေသတ္တာ ဒုက္ခာမုစ္စန္တု - ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ သတ္တဝါအားလုံး ဆင်းရဲဒုက္ခမှ လွတ်ကင်းပါစေလို့ ကရုဏာ ၁၂-မျိုးကို ပွားရမယ်။ ပြီးတော့ အရပ် ၁၀ မျက်နှာမှာရှိတဲ့ ပုဂ္ဂိုလ် ၁၂၀ ကို ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ အရှေ့အရပ်မှာ များသတ္တဝါ ဆင်းရဲ ကင်းကွာကြပါစေ စသည်ဖြင့် ကရုဏာ ၁၂၀ ပို့ရမယ်။ အဲဒီတော့ ကရုဏာ ၁၃၂-ပါး ဖြစ်သွားတယ်။

မေး။ ။ ၁၃၂ သွယ် မုဒိတာပွားပုံ အကျဉ်း ဖော်ပြပါ။

ဖြေ။ ။ ကရုဏာမှာ ပွားသလိုပဲ သဗ္ဗေသတ္တာ ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု = ချမ်းသာနေကြတဲ့ အားလုံး သတ္တဝါ ရမြဲစည်းစိမ် ရပါစေလို့ မုဒိတာ ၁၂-မျိုး၊ ချမ်းသာနေကြတဲ့ အရှေ့အရပ်မှာ များသတ္တဝါ ရမြဲစည်းစိမ် ရကြပါစေလို့ မုဒိတာ ၁၂၀ ပေါင်းလိုက်ရင် မုဒိတာ ၁၃၂-ပါး ဖြစ်ပါတယ်။

မေး။ ။ ၁၃၂ သွယ် ဥပေက္ခာပွားပုံကို ဖော်ပြပါ။

ဖြေ။ ။ သဗ္ဗေသတ္တာ ကမ္မသကာ = အားလုံးသတ္တဝါ ကံတရားသာ ကိုယ်ပိုင်ဥစ္စာ ရှိကြတယ်။ …. သဗ္ဗေဝိနိပါတိကာ ကမ္မသကာ = အပါယ်ဘုံ သတ္တဝါ ကံတရားသာ ကိုယ်ပိုင်ဥစ္စာ ရှိကြတယ်လို့ ဥပေက္ခာ ၁၂-မျိုးကို ပွားနိုင်တယ်။

ပုရတ္တိမာယ ဒိသာယ သဗ္ဗေသတ္တာ ကမ္မသကာ = အရှေ့အရပ်ရှိ သတ္တဝါ ကံတရားသာ ကိုယ်ပိုင်ဥစ္စာ ရှိကြတယ် စသည်ဖြင့် အရပ်ဒေသ တစ်ခုမှာ ပုဂ္ဂိုလ် ၁၂ ယောက်ကို ၁၂ ခါ ပွားရမယ်။ အရပ် ၁၀ မျက်နှာ ဥပေက္ခာ ၁၂၀ ရမယ်။ အရပ် မသတ်မှတ်တဲ့ ဥပေက္ခာ ၁၂ နဲ့ ပေါင်းလိုက်ရင် တစ်ရာ့သုံးဆယ့်နှစ်သွယ် ဥပေက္ခာ ဖြစ်ပါတယ်။

မေး။ ။ ဗြဟ္မစိုရ်တရား ပွားနည်းအကျယ် ဘယ်လောက် ရသလဲ။

ဖြေ။ ။

ငါးရာ့နှစ်ဆယ်ရှစ်သွယ်မေတ္တာ - ၅၂၈

တစ်ရာ့သုံးဆယ့်နှစ်သွယ် ကရုဏာ - ၁၃၂

တစ်ရာ့သုံးဆယ့်နှစ်သွယ် မုဒိတာ - ၁၃၂

တစ်ရာ့သုံးဆယ့်နှစ်သွယ် ဥပေက္ခာ - ၁၃၂

စုစုပေါင်း ဗြဟ္မစိုရ်တရား = ၉၂၄-ပါး ရှိပါတယ်။

မေး။ ။ ရှေးဆရာတော်ကြီးတွေက ဗြဟ္မစိုရ်တရား ၉၂၄-ပါးကို အကျဉ်းဆုံးပွားနည်း ဘယ်လို စီစဉ်ခဲ့သလဲ။

ဖြေ။ ။ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ သဗ္ဗေဘူတာ သဗ္ဗေပုဂ္ဂလာ သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ၊ သဗ္ဗာ ဣတ္တိယော သဗ္ဗေပုရိသာ သဗ္ဗေအရိယာ သဗ္ဗေအနရိယာ သဗ္ဗေဒေဝါ သဗ္ဗေမနုဿာ သဗ္ဗေဝိနိပါတိကာ …

အဝေရာ ဟောန္တု အဗျာ ပေဇ္ဇာ ဟောန္တု အနီဃာ ဟောန္တု သုခီ အတ္တာနံ ပရိဟရန္တု (မေတ္တာလေးပါး)၊ ဒုက္ခာ မုစ္စန္တု (ကရုဏာ) ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု (မုဒိတာ) ကမ္မသကာ (ဥပေက္ခာ)

ပုရတ္တိမာယ ဒိသာယ ပစ္ဆိမာယ ဒိသာယ ဥတ္တရာယ ဒိသာယ ဒက္ခိဏာယ ဒိသာယ ပုရတ္တိမာယ အနုဒိသာယ၊ ပစ္ဆိမာယ အနုဒိသာယ ဥတ္တရာယ အနုဒိသာယ ဒက္ခိဏာယ အနုဒိသာယ ဟောဋ္ဌိမာယ ဒိသာယ ဥပရိမာယ ဒိသာယ။

သဗ္ဗေသတ္တာ သဗ္ဗေပါဏာ … သဗ္ဗေ ဝိနိပါတိကာ … အဝေရာ ဟောန္တု အဗျာပဇ္ဈာ ဟောန္တု … ကမ္မသကာ။

အဲဒီ အခုပြခဲ့တာကတော့ ဗြဟ္မစိုရ်တရား ၉၂၄-ပါးကို အကျဉ်းချုံးပြီး ပွားခြင်း ဖြစ်ပါတယ်။ အထက်မှာ ပြပြီးဖြစ်လို့ မြန်မာလိုလဲ ပွားတတ်လောက်ပါပြီ။

မေး။ ။ မေတ္တာချည်း သက်သက် သီးခြား ခွဲပွားလို့ကော မရဘူးလား။

ဖြေ။ ။ ရပါတယ်။ မေတ္တာသက်သက် ခွဲပွားတဲ့ ပုဂ္ဂိုလ်တွေလဲ အများပဲ ရှိပါတယ်။ ကမ္မဋ္ဌာန်းဘာဝနာ ပွားတဲ့ အခါမှာလဲ တစ်ခုစီ ပွားရတာပါပဲ။ မေတ္တာတစ်ခုတည်း ပွားရုံနဲ့ စျာန်သမာဓိကို ရနိုင်ပါတယ်။ အခုလို မေတ္တာ အကျဉ်းသက်သက် ပွားချင်ရင်တော့ သုခီအတ္တာနံ ပရိဟရန္တုမှာ ရပ်လိုက်ရုံပါပဲ။

မေး။ ။ ကရုဏာတစ်မျိုးတည်း၊ မုဒိတာတစ်မျိုးတည်း ဥပေက္ခာတစ်မျိုးတည်း ပွားချင်ရင် ဘယ်လိုပွားရမလဲ။

ဖြေ။ ။ (က) သဗ္ဗေသတ္တာ … သဗ္ဗေ ဝိနိပါတိကာ၊ ဒုက္ခာ မုစ္စန္တုလို့ ပွားများရင် ကရုဏာသက်သက် ပွားနည်း ဖြစ်ပါတယ်။

(ခ) သဗေသတ္တာ … သဗ္ဗေ ဝိနိပါတိကာ ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တုလို့ ပွားရင် မုဒိတာသက်သက် ပွားနည်း ဖြစ်ပါတယ်။

(ဂ) သဗ္ဗေသတ္တာ … သဗ္ဗေ ဝိနိပါတိကာ ကမ္မသကာလို့ ပွားရင် ဥပေက္ခာသက်သက် ပွားနည်း ဖြစ်ပါတယ်။

မေး။ ။ ငါးရာနှစ်ဆယ့်ရှစ်သွယ်မေတ္တာ အကုန်မပွားဘဲနဲ့ အကျဉ်းချုပ်ပွားလို့ ရပါသလား။

ဖြေ။ ။ ရပါတယ်။ သဗ္ဗေသတ္တာ သတ္တဝါအားလုံး ဆိုတဲ့အထဲမှာ ပိုးမွှားတိရစ္ဆာန် လူ နတ် ဗြဟ္မာ သတ္တဝါအားလုံး ပါဝင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းဆုံးနဲ့ အထိရောက်ဆုံး မေတ္တာပို့ချင်ရင် သတ္တဝါအားလုံး ဘေးရန်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာကြပါစေလို့ ပို့ရမယ်။ သတ္တဝါအားလုံး ဘေးရန်ကင်းပါစေလို့ တစ်မျိုးတည်း၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ ဆိုတာတွေကို တစ်မျိုးစီပဲ ပို့လို့ရပါတယ်။

သတ္တဝါအားလုံးလို့ ဆိုတဲ့အခါ ပိုးမွှားတိရစ္ဆာန် လူ နတ် ဗြဟ္မာတွေကို အာရုံထဲမှာ ပေါ်အောင် ကြိုးစားရမယ်။ ဒီသတ္တဝါတွေ အပေါ်မှာ တကယ်လဲ ဘေးရန်ကင်းကွာ ချမ်းသာစေလိုတဲ့ စိတ်စေတနာ ရှိရမယ်။ ဟိုကြည့် ဒီကြည့် စိတ်က တောင်ရောက် မြောက်ရောက် လျှောက်ဆိုနေရင်၊ အဖွဲ့လိုက် မေတ္တာပို့တဲ့အခါ အများနဲ့ ရောယောင် ဆိုသွားရင်တော့ မေတ္တာပို့တာ မဟုတ်ဘဲ မေတ္တာရွတ်ဖတ်တာ ဖြစ်နိုင်ပါတယ်။ မေတ္တာပို့တယ်ဆိုတာ စိတ်လုပ်ငန်း သမာဓိလုပ်ငန်း ဖြစ်တဲ့အတွက် စိတ်စေတနာ ပါပါနဲ့ မေတ္တာပို့အစစ်ဖြစ်ဖို့ အရေးကြီးပါတယ်။

အချိန်ရလို့ မေတ္တာကို များများ ကြာကြာ ပွားများချင်တယ်ဆိုရင် အထက်ပါအတိုင်း သတ္တဝါအားလုံး ချမ်းသာပါစေဆိုတာ အကြိမ်ကြိမ် အထပ်ထပ် ပွားများပေးပါ၊ ပြီးတော့ မိမိ အထူးမေတ္တာပို့သင့်တဲ့ ပုဂ္ဂိုလ်တွေကို အမည်ဖော်ပြီး ပို့ပါ။ ဒါ အကျဉ်းဆုံးနဲ့ အထိရောက်ဆုံး မေတ္တာပို့နည်းပါပဲ။

မေး။ ။ ဘုရားရှေ့မှာ မထိုင်ဘဲ အိပ်ရာထဲမှာ လှဲရင်း၊ ရုံးအလုပ်စားပွဲမှာ ထိုင်ရင်း၊ လမ်းလျှောက်ရင်း မေတ္တာပို့လို့ ရပါသလား။

ဖြေ။ ။ ရပါတယ်၊ ဘုရားရှင်ကိုယ်တိုင်က မေတ္တသုတ်မှာ တိဋ္ဌံ စရံနိသိန္နော ဝါသယာနော ယာဝတဿ ဝိတမိဒ္ဓေါ ရပ်ရင်း၊ သွားရင်း၊ ထိုင်ရင်း၊ လျောင်းရင်း၊ အိပ်ငိုက်မနေဘူးဆိုရင် မေတ္တာပွားနေနိုင်တယ်လို့ ဟောထားပါတယ်။ ဒါကြောင့် ဆင်းရဲ ချမ်းသာမရွေး၊ နေရာမရွေး၊ အလွယ်အကူဆုံး ပြုလုပ်နိုင်တဲ့ မေတ္တာဘာဝနာကို လူတိုင်း ပွားကြဖို့ အထူးသတိပေး တိုက်တွန်းပါတယ်။

မေး။ ။ သဗ္ဗေသတ္တာစတဲ့ မေတ္တာပို့ ဗြဟ္မဝိဟာရ ပွားများနည်းကို အနက်အဓိပ္ပာယ်မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ ရောက်ပါ့မလား။

ဖြေ။ ။ အနက်အဓိပ္ပာယ်မသိဘဲ ပါဠိကို လျှောက်ရွတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်ကိုရွတ်လို့ အန္တရာယ်ကင်းပေမယ့် မေတ္တာကိုရွတ်လို့ မရပါဘူး၊ မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်တော်ကတော့ မသိဘဲရွတ်ပေမယ့် ဘုရားဂုဏ်တော်တွေကို ရွတ်ဖတ်နေတာဖြစ်လို့ အဲဒီပရိတ်ကို ကြားနာလိုတဲ့ နတ်ဗြဟ္မာတွေက ကြားနာနိုင်တဲ့အတွက် မိမိက မသိပေမယ့် ဓမ္မဒေသနာကုသိုလ်တော့ ရနိုင်ပါတယ်။ အဲဒီကုသိုလ်ကြောင့် အန္တရာယ် ကင်းနိုင်ပါတယ်။

ဒီ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေက စိတ်တည်ငြိမ်အောင် သမာဓိရအောင် ပွားများရတဲ့ ဘာဝနာကမ္မဋ္ဌာန်းတွေ ဖြစ်ပါတယ်။ ချစ်မြတ်နိုးတဲ့ သတ္တဝါတွေ အကျိုးကို တကယ်မလိုလားဘဲ၊ ဒုက္ခိတ သတ္တဝါတွေကို တကယ်မသနားဘဲ၊ သုခိတသတ္တဝါတွေကို တကယ်မဝမ်းမြောက်ဘဲ သတ္တဝါတွေဟာ ကမ္မသကာ ကံတရားစီမံရာပဲလို့ တကယ်စိတ်က မရောက်ဘဲ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာတွေကို အရကျက်ပြီး လျှောက်ရွတ်နေလို့တော့ မေတ္တာပို့ရာ မရောက်ပဘူး။ ဒါကြောင့် ပါဠိကို ခက်လို့ အနက်မထင်တဲ့ ပါဠိမတတ်တဲ့ လူတွေဟာ ရှေးငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာပွားနည်းမှာ ပြထားတဲ့အတိုင်း မြန်မာလို မေတ္တာပို့ကြ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ပွားကြရင် အကောင်းဆုံးပါပဲ။

+++++++++++++++++++++++

အမျှဝေခြင်း

အခန်း-၁၂

မေး။ ။ မေတ္တာပို့ပြီးရင် ဘာဆက်လုပ်ရပါသလဲ။

အဖြေ။ ။ မေတ္တာပို့ပြီးရင် အမျှဝေရပါတယ်။ အမျှဝေတယ်ဆိုတာက ကိုယ်ရရှိပြီးတဲ့ ကုသိုလ်ကောင်းမှုကို သတ္တဝါအားလုံးကို ကိုယ်နှင့်ထပ်တူ ရပါစေလို့ ထပ်ဆင့်ပေးဝေတာ ဖြစ်ပါတယ်။ ပါဠိလိုတော့ ပတ္တိဒါနလို့ ခေါ်ပါတယ်။ ရပြီးသားကုသိုလ်ကို ပေးဝေခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်နှင့် အညီအမျှ ရပါစေလို့ ပေးဝေတာဖြစ်လို့ မြန်မာတွေကတော့ အမျှဝေတယ်လို့ ခေါ်ပါတယ်။

ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ နေ့စဉ်လုပ်ငန်းမှာ သရဏဂုံနှင့်တကွ ငါးပါးသီလကို ဆောက်တည်ကာ သီလကုသိုလ် ပြုပြီးပြီ။ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတွေ ဆက်ကပ်လှူဒါန်းကာ ဒါနကုသိုလ်တွေ ပြပြီးပြီ။ ရတနာသုံးပါးကို ရှိခိုးပူဇော်မှု ပဏာမသုတ်တွေ ပြုပြီးပြီ၊ ပရိတ်ရွတ် မေတ္တာပို့ကာ ဘာဝနာကုသိုလ်တွေ ပြုပြီးပြီ။ အဲဒီ မိမိပိုင်ပြီးတဲ့ ဒါန၊ သီလ၊ ဘာဝနာနဲ့ ရတနာသုံးပါး ရှိခိုးတဲ့ ကုသိုလ်တွေကို မိမိနဲ့ ထပ်တူ အခြားသူတွေလဲ ရကြပါစေလို့ ကုသိုလ်တွေကို တစ်ဆင့်ဖြန့်ဝေ လှူဒါန်းတာကို အမျှဝေတယ်လို့ ခေါ်ပါတယ်။

မေး။ ။ အမျှဘယ်လိုဝေပါသလဲ။

ဖြေ။ ။ ယနေ့ ကျွန်ုပ်ပြုလုပ်ခဲ့တဲ့ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ လှူဒါန်းမှုဒါနကုသိုလ်၊ ဆောက်တည်ခဲ့တဲ့ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလကုသိုလ်။ ပရိတ်တော်ကို ရွတ်ဖတ်ကာ မေတ္တာပွားများခဲ့တဲ့ ဘာဝနာကုသိုလ် အဖို့အစုကို ကျေးဇူးရှင် အမိအဘ အဘိုးအဘွား ဆွေမျိုးမိတ်သင်္ဂဟနှင့် အိမ်သူအိမ်သားအားလုံး၊ ဆွေမျိုးတော် မတော်သော ပြိတ္တာအားလုံး၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်။ ခြံစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ အစရှိတဲ့ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အား လည်းကောင်း၊ ယမမင်းအား လည်းကောင်း အမျှပေးဝေပါ၏၊ အားလုံး ကြားကြားသမျှ အမျှရကြပါစေသတည်း၊ အမျှ … အမျှ … အမျှ ယူတော်မူကြပါကုန်လော့ - လို့ အမျှဝေရပါတယ်။

မေး။ ။ ကိုယ်ရပြီးတဲ့ ကုသိုလ်တွေကို အမျှပေးဝေလိုက်လို့ ကိုယ့်မှာ လျော့သွားပါသလား။

ဖြေ။ ။ မလျော့ပါဘူး။ ဆီမီးတစ်တိုင် ထွန်းထားရာမှာ အခြားဆီမီးတိုင်တွေက လာကူးထွန်းတဲ့အခါ မူလမီးတိုင်မှာ အလင်းရောင် လျော့မသွားတဲ့ပြင် နောက်ထပ်ကူးထွန်းတဲ့ မီးရောင်တွေ အကူအညီရလို့ ပိုပြီးတောင် လင်းလာသလို မူက ကုသိုလ်ရှင်မှာလဲ ကုသိုလ်မလျော့တဲ့အပြင် ပတ္တိဒါနကုသိုလ်တစ်ခု အပိုထပ်ပြီး ရပါသေးတယ်။ ဒါကြောင့် ကုသိုလ်ပြုပြီးရင် အမျှဝေဖို့ မမေ့ပါစေနဲ့။

မေး။ ။ အမျှဝေတိုင်း အမျှဝေခံရတဲ့လူအားလုံး ကုသိုလ်ဝေစု ရကြပါသလား။

ဖြေ။ ။ အဝေခံရသူအားလုံး မရပါဘူး။ အမျှဝေသံကို ကြားရပြီး ဝမ်းမြောက်ဝမ်းသာ သာဓု-သာဓု-သာဓု ကောင်းပေစွ၊ ကောင်းပေစွ၊ ကောင်းပေစွလို့ သာဓုအနုမောဒနာ ခေါ်တဲ့ လူတွေသာ ရပါတယ်။ အမျှဝေတာကို မကြားရတဲ့သူ၊ ကြားသိရပေမယ့် သာဓု အနုမောဒနာ မခေါ်သူတွေကတော့ ကုသိုလ်ဝေစု မရကြပါဘူး။

မေး။ ။ ပြုလုပ်ထားတဲ့ ကုသိုလ်ကို အမျှဝေလို့ရတယ်။ လျော့မသွားဘူး။ သာဓုခေါ်တဲ့လူမှာလဲ ကုသိုလ်ထပ်ရတဲ့ သာဓက ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ ဓမ္မပဒ သုမနသာမဏေ ဝတ္ထုမှာ ပြထားပါတယ်။ အန္နဘာရဟာ သုမနသူဌေးအိမ်မှာ မြက်ထမ်းသမား တစ်ယောက် ဖြစ်ပါတယ်။ အန္နဘာရဟာ မြက်ထမ်းသွားရင်း ဥပရိဋ္ဌပစ္စေက ဗုဒ္ဓါကို တွေ့ရပါတယ်။ ဆွမ်းလောင်းပြီး ဆုတောင်းတဲ့အခါ သုမနသူဌေးအိမ်မှာ စောင့်တဲ့ ထီးချက်စောင့် နတ်သမီးက သာဓုခေါ်ပါတယ်။ သုမနသူဋ္ဌေးကလဲ ကုသိုလ်မြဲသူ ဖြစ်ပါတယ်။ သာဓုခေါ်သံကြားတော့ သုမနသူဌေးက သူ့ကောင်းမှုကို သာဓုခေါ်တယ် ထင်ပြီး ခါတိုင်း ကောင်းမှုပြုတာ သာဓုမခေါ်ဘဲ အခုမှ ဘာဖြစ်လို့ သာဓုခေါ်သလဲလို့ မေးပါတယ်။

ထီးချက်စောင့်နတ်က သူဌေးရဲ့ ကောင်းမှုကို သာဓုခေါ်တာ မဟုတ်၊ အန္နဘာရ မြက်ထမ်းသမားရဲ့ ကောင်းမှုကို သာဓုခေါ်တဲ့အကြောင်း ပြောပြတယ်။ သုမနသူဋ္ဌေးက မြက်ထမ်းသမားကို ခေါ်မေးပြီး ဒီကုသိုလ်ကို သူ့ကိုရောင်းဖို့ ပြောတယ်။ မြက်ထမ်းသမားက မရောင်းဘူး။ ဒါဖြင့် အမျှဝေပါလို့ ပြောတော့ မြက်ထမ်းသမားဟာ ပစ္စေကဗုဒ္ဓါဆီ လိုက်ပြီး အမျှပေးဝေလိုက်လျှင် သူ့ဆီမှာ ကုသိုလ်လျော့သွားမလားလို့ မေးပါတယ်။ ပစ္စေကဗုဒ္ဓါက အိမ်တစ်အိမ်က ဆီမီးတိုင်ကို ကျန်အိမ်တွေက လာညှိထွန်းတဲ့အတွက် မူလမီးတိုင်မှာ အလင်းမလျော့ဘဲ အလင်းတွေ ပွားလာသလိုပါပဲ၊ အမျှဝေလို့ ဝေသူမှာ ကုသိုလ်မလျော့ဘဲ သာဓုခေါ်သူမှာ ကုသိုလ်ရကြောင်း ဟောလိုက်တော့ ကုသိုလ်ကို အမျှဝေပါတယ်။ သုမနသူဌေးက ငွေ ၁၀၀၀ ပေးပါတယ်။ မြက်ထမ်းသမားက ကုသိုလ်ကို ရောင်းစားတာ မဟုတ်၊ စေတနာနဲ့ ပေးဝေခြင်းဖြစ်လို့ မယူလိုကြောင်း ပြောတော့ သူဋ္ဌေးကလဲ ကျေးဇူးတင်လို့ ပူဇော်တဲ့အနေနဲ့ ပေးတာဖြစ်တယ်လို့ ပြောတယ်။ အခြားသူဋ္ဌေးတွေက ကုသိုလ်ကို သာဓုခေါ်ပြီး ငွေတွေ ပေးလိုက်ကြတာ မြက်ထမ်းသမားဟာ သူဌေးဖြစ်သွားတယ်။

ဒါကတော့ ကုသိုလ်ကို အမျှဝေလို့ရတယ်။ သာဓုခေါ်ရင် ကုသိုလ်ရတယ်ဆိုတဲ့ သာဓကပဲ ဖြစ်တယ်။

မေး။ ။ ဒါနပြုပြီးနောက် ကုသိုလ်ကို ရောင်းလို့ ဝယ်လို့ ရပါသလား။

ဖြေ။ ။ ဒါနကုသိုလ်ကို ရောင်းလို့ ဝယ်လို့ ရပါတယ်။ ပေးလို့ ကမ်းလို့လဲ ရပါတယ်။ ရောင်းသူ ပေးသူ လျော့မသွားဘဲ ခံယူသူ ဝယ်သူမှာတော့ ကုသိုလ်ရပါတယ်။ သာဓကပြရရင် ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က သာဝတ္ထိပြည်သူ ပြည်သားတွေဟာ ဘုရားရှင်နဲ့ သံဃာတော်တွေကို မိမိတတ်နိုင်သလောက် ၁-ပါး၊ ၂-ပါး၊ ၅-ပါး၊ ၁၀-ပါး စသည် တာဝန်ယူပြီး စာရေးတံ ဆွမ်းပင့်ဖိတ်ပြီး ဆွမ်းကပ်ကြတယ်။ မြို့ထဲမှာ အလွန်တရာ ဆင်းရဲတဲ့အတွက် မဟာဒုဂ္ဂတလို့ ခေါ်တဲ့ မြန်မာတွေကတော့ မဟာဒုဂ်လို့ခေါ်တဲ့ ဆင်းရဲသား တစ်ယောက် ရှိတယ်။

အဲဒီ စာရေးတံဆွမ်းကျွေးပွဲမှာ မဟာဒုဂ်ဟာ ဘုရားရှင်ကို ဆွမ်းကပ်လှူခွင့် ရပါတယ်။ ဘုရင်မင်းမြတ်နဲ့ သူဌေးသူကြွယ်တွေဟာ မဟာဒုဂ်ဆီလာပြီး သူ့ရဲ့ကုသိုလ်ကို ရောင်းဖို့ စျေးအမျိုးမျိုးပေးပြီး ဝယ်ကြပါတယ်။ မဟာဒုဂ်က သူ့ရဲ့ကုသိုလ်ကို ရောင်းလိုက်ရင် လျော့ မလျော့ ဘုရားရှင်ကို သွားမေးပါတယ်။ ဘုရားရှင်က တန်ဖိုးငွေယူပြီး ရောင်းတာပဲဖြစ်ဖြစ်၊ တန်ဖိုးမယူဘဲ ပေးဝေတာပဲဖြစ်ဖြစ် မူလကုသိုလ်ရှင်မှာ လျော့မသွားဘူး။ အနုမောဒနာ ပြုသူတွေမှာတော့ ကုသိုလ်တွေ ထပ်တူထပ်မျှ ရတယ်လို့ ဟောတယ်။ မဟာဒုဂ်ဟာ တန်ဖိုးယူပြီး အမျှဝေတယ်။ သူဌေးသူကြွယ်တွေက ပိုက်ဆံပေးပြီး သာဓုခေါ်ကြတယ်။ ဒါကတော့ အမျှဝေရုံတွင်မက ပြုလုပ်ပြီးတဲ့ ကုသိုလ်ကို အမျှရောင်းလို့လဲ ရတယ်ဆိုတဲ့ သာဓကဖြစ်ပါတယ်။

မေး။ ။ အမျှဝေတဲ့အခါ ဘာဖြစ်လို့ ယမမင်းကို ထည့်ဝေရသလဲ။ ယမမင်းဆိုတာ ဘာလဲ။

ဖြေ။ ။ ယမမင်းဆိုတာက အကုသိုလ်ကံကြောင့် ငရဲကျခံရမယ့် သတ္တဝါတွေကို ငရဲဂိတ်ဝက လွတ်နိုင်မယ့် ကုသိုလ်ပြုဖူး မပြုဖူး စစ်ဆေးမေးမြန်းကာ ကုသိုလ်ကောင်းမှု ပြုဖူးသူဖြစ်ပါက ငရဲမှလွတ်ကာ လူ့ပြည်နတ်ပြည်သို့ တင်ပို့တဲ့ပုဂ္ဂိုလ်ကို ယမမင်းလို့ ခေါ်တယ်။ ငရဲမကျသင့်တဲ့သူတွေ မကျအောင် စစ်ဆေး ကယ်တင်သူ ဖြစ်တယ်။

ယမမင်းဟာ ငရဲကိုရောက်လာတဲ့ လူကို သူအို၊ သူနာ၊ သူသေ၊ ကလေးတွေကို တွေ့တဲ့အခါ တရားသံဝေဂရပြီး ကုသိုလ်ကောင်းမှု ပြုဖူး မပြုဖူး မေးပါတယ်။ ကုသိုလ်ကောင်းမှု တစ်ခုခုပြုဖူးတာကို သတိရပြီး ဖော်ပြနိုင်ရင် ငရဲက လွတ်ခွင့်ပြုပါတယ်။ ကုသိုလ်ကောင်းမှု ပြုစဉ်က ယမမင်းကို အမျှအတမ်း ပေးဝေမယ်ဆိုရင် ကုသိုလ်ပြုသူ ကာယကံရှင်က မေ့နေသည့်တိုင်အောင် အမျှဝေခြင်းခံရတဲ့ ယမမင်းကြီး ကိုယ်တိုင်က သတိရပြီး သင်ဟာ ဘယ်နေ့ ဘယ်ရက်က ဘယ်နေရာ ဘယ်လို ကောင်းမှုတွေကို ပြုလုပ်ပြီး ကျွန်ုပ် ယမမင်းကိုတောင် အမျှဝေခဲ့သေးတယ် မဟုတ်လားလို့ ထုတ်ဖော်သတိပေးပါတယ်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကို ကိုယ်တိုင် မေ့နေရင်တောင်မှ ယမမင်းကြီးက သတိပေးနိုင်ဖို့အတွက် ကုသိုလ်ကောင်းမှု ပြုတိုင်း အမျှဝေတဲ့အခါတိုင်း ယမမင်းကြီးကို အမျှပေးဝေရမယ်လို့ ဥပရိပဏ္ဏာသ အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။

သူကြွယ်တစ်ဦးဟာ မဟာစေတီကို မြတ်လေးပန်းကုံးတစ်ခု လှူပြီး ယမမင်းကြီးကိုပါ အမျှပေးဝေခဲ့ပါတယ်။ သေတဲ့အခါ အဲဒီကုသိုလ်ကို မေ့ပြီး ငရဲဂိတ်ဝကို ရောက်သွားတယ်။ ကုသိုလ်ကောင်းမှု လုပ်ခဲ့ဖူးတာကို သတိမရဘူး။ ဒီတော့ ယမမင်းကြီးက မြတ်လေးပန်း တစ်ကုံးကို မဟာစေတီကို ပူဇော်ပြီး ကျွန်ုပ် ယမမင်းကြီးကိုပါ အမျှဝေဖူးသေးတာပဲလို့ သတိပေးတော့မှ သတိရပြီး ငရဲက လွတ်သွားဖူးတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု ပြုပြီးရင် အမျှဝေပါ။ ယမမင်းကို သီးခြားခေါ်ပြီး အမျှဝေပေးပါ။

မေး။ ။ ကွယ်လွန်သူ မိဘ၊ ဘိုးဘွား ဆွေမျိုးများကို ဘာဖြစ်လို့ အမျှဝေရသလဲ။

ဖြေ။ ။ လူတစ်ယောက်သေရင် ဘဝငါးမျိုးကို ရောက်နိုင်တယ်။ ၁- ငရဲ၊ ၂- တိရစ္ဆာန်၊ ၃- ပြိတ္တာ၊ ၄- အသူရကာယ်၊ ၅- လူ့ဘဝ၊ ၆- နတ်ပြည်ဆိုတဲ့ ဘဝငါးမျိုးကို ရောက်နိုင်တယ်။ ဒီဘဝ ငါးမျိုးအနက် ပြိတ္တာဘဝ ရောက်နေမယ်ဆိုရင် ကျန်တဲ့ဆွေမျိုးသားချင်းတွေက ကုသိုလ်ပြပြီး အမျှပေးဝေရင် အဲဒီဆွေမျိုး ပြိတ္တာတွေ ကြားသိပြီး သာဓုခေါ်နိုင်ရင် ပြိတ္တာဘဝက ကျွတ်လွတ်ပြီး ကောင်းရာသုဂတိ ရောက်နိုင်တယ်။

ကိုယ့်ရဲ့ မိဘ၊ ဘိုးဘွား၊ ဆွေမျိုးတွေဟာ ပြိတ္တာဘဝ ရောက်မယ် မရောက်ဘူးဆိုတာ အတတ် မပြောနိုင်ပေမယ့် တကယ်လို့များ ရောက်နေခဲ့သော် ကုသိုလ်အဖို့ကိုရပြီး ကောင်းရာသုဂတိ ရောက်ပါစေဆိုတဲ့ စေတနာ စိတ်ထားနဲ့ ကုသိုလ်ကောင်းမှု ပြုပြီးတိုင်း မိဘ၊ ဘိုးဘွား၊ ဆွေမျိုးတွေကို အမျှပေးဝေရမယ်။ ဒါကြောင့် သိင်္ဂါလောဝါဒသုတ် သားသမီးကျင့်ဝတ် ငါးပါးထဲမှာ အလှူဒါန ပြုပြီးတိုင်း ကွယ်လွန်သူ မိဘ၊ ဘိုးဘွား၊ ဆွေမျိုးတွေကို အမျှဝေရမယ်လို့ ဘုရားရှင်က ဟောထားတယ်။ ဒါနပြုပြီးတိုင်း ဆွေမျိုးပြိတ္တာတွေကို အမျှဝေကြပါ။

မေး။ ။ ပတ္တိဒါန အမျှပေးဝေပြီး ဘာဆက်လုပ်ပါသလဲ။

ဖြေ။ ။ အမျှပေးဝေပြီးရင် မိမိကဲ့သို့ ကုသိုလ်ကောင်းမှုပြုပြီး အမျှပေးဝေတဲ့ သူတော်ကောင်းတွေ ရှိတယ်။ အဲဒီ သူတော်ကောင်းတွေ ပေးဝေတဲ့ ပတ္တိဒါန အမျှဝေတဲ့ ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာလို့ ခေါ်ရမယ်။ ဒီလို သာဓု အနုမောဒနာ ခေါ်တာကို ပုညကရိယဝတ္ထု ၁၀-ပါးထဲမှာ ပတ္တာနုမောဒနာလို့ ခေါ်တယ်။ အခု သူတစ်ပါးပြုတဲ့ ကုသိုလ်အဖို့ကို သာဓုခေါ်တဲ့အတွက် မူလကုသိုလ်ပြုသူနဲ့အတူ ကုသိုလ်ထပ်ရတယ်။

မေး။ ။ ပြိတ္တာတွေဟာ ကုသိုလ်ရှင်က အမျှဝေလို့ သာဓုခေါ်မှ ပတ္တာ နုမောဒနာ ကုသိုလ်ရသလား။ အမျှမဝေဘဲ ကောင်းမှု ကုသိုလ်ပြုတာကို မြင်ရ ကြားရလို့ သာဓုခေါ်ရင်ကော ပတ္တာနုမောဒနာ ကုသိုလ် ရပါသလား။

ဖြေ။ ။ ပြိတ္တာတွေဟာ ကုသိုလ်ကောင်းမှု ပြုတဲ့လူက အမျှပေးဝေလို့ သာဓုအနုမောဒနာခေါ်မှ ပတ္တာနုမောဒနာ ကုသိုလ်ရပါတယ်။ အမျှမဝေလဲ မြင်လို့ ကြားလို့ သာဓုခေါ်ရုံနဲ့ ပတ္တာနုမောဒနာ ကုသိုလ် မရပါဘူး။

သာဓက ပြရမယ်ဆိုရင်တော့ ဗိမ္ဗိသာရမင်းကြီးဟာ ဝေဠုဝန်ကျောင်းကို ဆောက်လုပ်ပြီး ဘုရားရှင်ကို လှူဒါန်းပါတယ်။ ကျောင်းအလှူ ရေစက်ချ ပွဲတော်ကြီးလဲ အကြီးအကျယ် ကျင်းပတယ်။ ဒီလို ကောင်းမှုပြုနေတာကို ရှေးယခင်က ဆွေမျိုးတော်ဖူးတဲ့ ပြိတ္တာတွေက တွေ့နေ မြင်နေရပါတယ်။ ဒါပေမယ့် ဗိမ္ဗိသာရမင်းကြီးက ဆွေမျိုး ပြိတ္တာတွေကို အမျှမဝေတဲ့အတွက် သာဓု မခေါ်ရပါဘူး။ ဒါကြောင့် ကျောင်းရေစက်ချပွဲကြီး ပြီးတဲ့ညမှာ ဆွေမျိုး ပြိတ္တာတွေက ကိုယ်ထင်ပြပြီး အသံတွေဆူညံ အော်ဟစ်ပါတယ်။ ဒါကို ဘုရားရှင်ကို သွားလျှောက်တော့ ဆွေမျိုးပြိတ္တာတွေက မင်းကြီးကို သတိပေးတာ ဖြစ်တယ်။ မင်းကြီး ကုသိုလ်ပြုပြီး အမျှမဝေလို့ သာဓုမခေါ်ရလို့ သူတို့ရှိကြောင်း သိအောင် သတိပေးတာဖြစ်တယ်လို့ မိန့်ပါတယ်။ ဒါနဲ့ မင်းကြီးက ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ပင့်ပြီး ဆွမ်းသင်္ကန်း စသည် လှူဒါန်း ကုသိုလ်ပြုပြီးတော့ အမျှဝေပါတယ်။ ဒီတော့မှ သာဓုခေါ်ရလို့ ချမ်းသာသုခ ရကြတယ်လို့ ဓမ္မပဒမှာ ပြပါတယ်။

သိင်္ဂါလောဝါဒသုတ် သားသမီးကျင့်ဝတ် ငါးပါးမှာ ကုသိုလ်ကောင်းမှု ပြုပြီးရင် မိဘ ဘိုးဘွား ဆွေမျိုး ပြိတ္တာတွေကို အမျှဝေဖို့ ဝတ္တရားတစ်ခု ပါပါတယ်။ တကယ်လို့သာ ကျန်ရစ်တဲ့ သားသမီးက အမျှမဝေလဲ ဆွေမျိုးပြိတ္တာတွေက ကျန်ရစ်သူတွေ ကုသိုလ်ပြုတာကို စောင့်ကြည့်ပြီး သာဓုခေါ်လို့ရတယ်ဆိုရင် ဒီလိုအမျှဝေဖို့ တာဝန်ဝတ္တရားကို သီးသန့်ဖော်ပြမှာ မဟုတ်ပါဘူး။ စောင့်ကြည့် သာဓုခေါ်လို့ မရလို့သာ ဆွေမျိုးပြိတ္တာတွေကို အမျှဝေခိုင်းတာ ဖြစ်ပါတယ်။

ဒီသာဓကနှစ်ခုကို ကြည့်လိုက်ရင် ကုသိုလ်ပြုသူက အမျှမဝေဘဲ တွေ့မြင်ကြားသိလို့ သာဓုခေါ်ရုံနဲ့ ပတ္တာနုမောဒနာ မဖြစ်ဘူးလို့ မှတ်ပါ။

လောကသဘာဝယုတ္တိကို ကြည့်ရင်လဲ ပိုင်ရှင်က မပေးတဲ့ ပစ္စည်းကို လူတစ်ယောက်ဟာ ရယူပိုင်ခွင့် မရှိပါဘူး။ မူလပိုင်ရှင်က အမျှပေးဝေခြင်းမပြုဘဲ သာဓုခေါ်လို့ ပတ္တာနုမောဒနာ ကုသိုလ်ရဖို့ မရှိပါဘူး။

ဒါကြောင့် ကုသိုလ်ပြုသူအဖို့ အမျှအတမ်း ပေးဝေရတာဟာ ဘာမှာ ဝန်လေး ပင်ပန်းတဲ့ အလုပ်မဟုတ်ပေမယ့် ဆွေမျိုးပြိတ္တာတွေအဖို့ မစားရ မသောက်ရ အလွန်ဆင်းရဲလှတဲ့ ပြိတ္တာဘုံဘဝက လွတ်မြောက်ခြင်းဆိုတဲ့ မဟာချမ်းသာကြီးကို ရရှိစေနိုင်တဲ့အတွက် ဒါနပြုတိုင်း ကုသိုလ်ပြုပြီးတိုင်း ဆွေမျိုးပြိတ္တာတွေကို အမျှအတမ်းဝေကြဖို့ အထူးသတိပြုသင့်ကြပါတယ်။

မေး။ ။ ရိုးရိုးလူတွေဟာ ကုသိုလ်ရှင်က အမျှမဝေဘဲ ကုသိုလ်ပြုနေတာကို တွေ့ရ၊ ကြားရလို့ သာဓုအနုမောဒနာ ခေါ်ရင်ကော ကုသိုလ်ရပါသလား။

ဖြေ။ ။ အလှူရှင်က အမျှမဝေဘဲ သာဓုအနုမောဒနာ ခေါ်ရင်လဲ ကုသိုလ်တော့ ရပါတယ်။ အထက်မှာ ပြခဲ့တာက ပြိတ္တာတွေ လက်ငင်း အကျိုးခံစားခွင့် မရှိတာကို ပြခြင်း ဖြစ်ပါတယ်။ ကောသလမင်းကြီးမှာ အသဒိသအလှူ ဘယ်သူမှ ဘယ်တုန်းကမှ မလှူဖူးတဲ့၊ ဘုရားတစ်ဆူအတွင်း တစ်ကြိမ်သာ လှူနိုင်တဲ့ တစ်နေ့တည်း တစ်ဆယ့်လေးကုဋေကုန် အလှူကြီးကို ပေးလှူပါတယ်။ အဲဒီအလှူမှာ ကာဠအမတ်ကတော့ တစ်နေ့တည်း တစ်ဆယ့်လေးကုဋေ လှူပစ်တာ ငွေဖြုန်းတီးပစ်တာပဲ။ ဘာအကျိုးမှ ရှိမှာလဲ မဟုတ်ဘူး။ ဒီရဟန်းတွေကလဲ စားပြီး အိပ်ကြမှာပဲလို့ စိတ်ထဲမှာ မနာလို ဝန်တိုဖြစ်တယ်။ ဇုဏှအမတ်ကတော့ ဒီအလှူမျိုး ဘုရင်မို့သာ လှူနိုင်ပေတာပဲ။ ဒီအလှူရဲ့အဖို့ကို သတ္တဝါတွေ အမျှတော့ ပေးဝေမှာပါပဲ။ ငါလဲ ဒီကောင်းမှုကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ပါတယ်လို့ ချီးကျူးတယ်။

ဒီအမတ်နှစ်ယောက်ရဲ့ အကြံကို ဘုရားရှင်ကသိတော့ ဒီအလှူရဲ့ အကျိုးတရားတွေကို ဟောရင် ကာဠအမတ်ဟာ ဦးခေါင်း ခုနစ်စိပ်ကွဲမယ်။ ဇုဏှအမတ်ကတော့ သောတာပန်တည်မယ်ဆိုတာကို မြင်တော့ ကာဠကို သနားသောအားဖြင့် ဒီအလှူတော်ကြီးရဲ့ အကျိုးတရားတွေ မဟောဘဲ ဘုရားရှင်က ကြွသွားတယ်။ ကောသလမင်းကြီးက တရားမချီးမြှင့်ဘဲ ကြွသွားလို့ စိတ်မကောင်းဘူး။ ဘုရားကျောင်းတော်ကို လိုက်ပြီး ဘာကြောင့် အနုမောဒနာတရား မဟောပါသလဲလို့ လျှောက်ထားတယ်။ ဘုရားရှင်က အမတ်နှစ်ယောက်ရဲ့ အကြံဖြစ်ပုံ၊ ကာဠ ဒုက္ခရောက်မှာမြင်လို့ မဟောပုံကို မိန့်ကြားတယ်။

ဘုရင်ကြီးက ကာဠအမတ်ကိုခေါ်ပြီး “မင်း ပိုက်ဆံမပါဘဲ ငါ့ပစ္စည်း ငါလှူတာ မင်း ဘာဖြစ်လို့ မနာလိုဝန်တို ရသလဲ” ဆိုပြီး တိုင်းပြည်က နှင်ထုတ်လိုက်တယ်။ အလှူကို ဝမ်းမြောက်ဝမ်းသာရှိတဲ့ ဇုဏှအမတ်ကိုတော့ ဘုရင့်ဘဏ္ဍာတော်တွေနဲ့ ၇ ရက်တိတိ အလှူပြုခွင့်ပေးတယ်။ ဒီတော့မှ ဘုရားရှင်က မင်းကြီး လူမိုက်တွေကတော့ သူတစ်ပါး အလှူပေးတာကို မနာလို ဝန်တိုဖြစ်ကာ အပါယ်ဒုဂ္ဂတိ ရောက်ရတယ်။ ပညာရှိ လူလိမ္မာတွေကတော့ သူများပြုတဲ့ အလှူတွေကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ပြီး လူနတ်ချမ်းသာကို ခံစားရတယ်လို့ တရားဟောပါတယ်။ ဇုဏှအမတ်ဟာလဲ သောတာပန် တည်သွားပါတယ်။ ဒါကြောင့် သူများလှူတာကို မနာလိုဝန်တိုတဲ့ ကာဠအမတ်လို မမိုက်ကြဘဲ သူများအလှူကို ဝမ်းသာအားရ သာဓုခေါ်ပြီး ကုသိုလ်ဝေစု ရအောင် ယူနိုင်တဲ့ ဇုဏှအမတ်လို လူလိမ္မာ ပညာရှိတွေ ဖြစ်နိုင်ကြပါစေ။

မေး။ ။ ကိုယ်တိုင် ကောင်းမှုမပြုဘဲ သာဓုခေါ်ရုံနဲ့ ကုသိုလ်ဝေစု ရနိုင်ပါ့မလား။

ဖြေ။ ။ ရနိုင်ပါတယ်။ သီလာနိသံသဇာတ်မှာ သူတော်စင်ကုန်သည်ကြီးနဲ့ တပည့် နှာပိတဟာ သင်္ဘောပျက်ပြီး ပင်လယ်ထဲ ကျွန်းတစ်ခုပေါ် ရောက်နေရာမှ အရိယာကုန်သည်ကတော့ ဥပုသ်စောင့် မေတ္တာပို့တယ်။ နှာပိတကတော့ လိပ်ဥ ငှက်ဥတွေ ရှာစားနေတယ်။ နဂါးမင်းက လှေတစ်စင်း ဖန်ဆင်းပြီး သူတော်ကောင်း ကုန်သည်ကို ခေါ်တယ်။ ငှက်ဥ လိပ်ဥစားတဲ့ တပည့်ကိုတော့ မခေါ်နိုင်ဘူးလို့ ပြောတယ်။ ဒီအခါ ကုန်သည်က သူ့ရဲ့ ကုသိုလ်အဖို့ကို အမျှအတမ်း ပေးဝေတယ်။ တပည့်က သာဓုခေါ်တယ်။ ဒီတော့မှ နဂါးမင်းက တပည့်နှာပိတကိုလဲ လှေပေါ် တက်လိုက်ခွင့်ပြုတယ်။

ဝိသာခါ ကျောင်းအမကြီး ပုဗ္ဗာရုံကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းပြီးတဲ့အခါ အမျှဝေတယ်။ အမျိုးသမီးတစ်ဦးဟာ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ခေါ်တယ်။ သေတော့ နတ်ပြည်မှာ ခမ်းနားကြီးကျယ်တဲ့ ဗိမာန်ကြီးပိုင် နတ်သမီး ဖြစ်သွားတယ်။ အနုရုဒ္ဓါ နတ်ပြည်ရောက်လို့ ဘာဖြစ်လို့ ခမ်းနားကြီးကျယ်တဲ့ ဗိမာန်ပိုင်ရှင် ဖြစ်ရသလဲ မေးတဲ့အခါ ဝိသာခါရဲ့ ကျောင်းအလှူ အမျှဝေတဲ့အခါ သာဓုခေါ်ခဲ့ရလို့ ဖြစ်ကြောင်း လျှောက်ထားတယ်။

ဒါကြောင့် အမျှဝေလို့ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ရင် ကုသိုလ်ဝေစုကို ရနိုင်တယ်။ အကုန်အကျမများ၊ အလုပ်မပင်ပန်းဘဲ အလွယ်တကူ ကုသိုလ်ရနိုင်တဲ့ သာဓုခေါ်ခြင်း လုပ်ငန်းကို ယုံယုံကြည်ကြည် ပြုလုပ်သင့်ကြပါတယ်။

မေး။ ။ အမျှပေးဝေတဲ့အခါ ဘာဖြစ်လို့ ကြေးစည်တီးကြပါသလဲ။

ဖြေ။ ။ ကုသိုလ်ကောင်းမှု ပြုတဲ့အခါ ကိုယ့်မှာရပြီးတဲ့ ကုသိုလ်ကို အခြားသူတွေ ထပ်တူရဖို့ အမျှပေးဝေတယ်။ ပေးဝေရာမှာ ကိုယ့်ရဲ့အသံက သိပ်မကျယ်ဘူး။ အဝေးကကြားအောင် အကျယ်ကြီး အော်ပြောလို့လဲ ပတ်ဝန်းကျင်လူတွေမှာ အနှောင့်အယှက်ဖြစ်ဖို့ ရှိတယ်။ ဒါကြောင့် အမျှပေးဝေနေပါတယ်။ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ကြပါလို့ တိုက်တွန်းတဲ့အနေနဲ့၊ အသံပေးတဲ့အနေနဲ့ အမျှဝေပြီးရင် ကြေးစည် တီးခတ်လေ့ ရှိပါတယ်။ ကြေးစည်သံ ကြားရင်လဲ ကြားရသူ ဗုဒ္ဓဘာသာတွေ သာဓု သာဓု သာဓုလို့ အနုမောဒနာ ပြုကြပါတယ်။ အမျှပေးဝေမှန်း သိရအောင်လို့ ကြေးစည်တီး ကြေညာခြင်း ဖြစ်ပါတယ်။

မေး။ ။ ပတ္တာနုမောဒနာ သာဓုအနုမောဒနာ ဘယ်လိုခေါ်ရသလဲ။

ဖြေ။ ။ သူတော်ကောင်း သူမြတ်လောင်းတို့ ပေးဝေသော ကုသိုလ်ကောင်းမှု၏ အဖို့ကို အကျွန်ုပ် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုပါ၏၊ သာဓု သာဓု သာဓုလို့ အနုမောဒနာ ပြုရမယ်။

+++++++++++++++++++++++

ဘာဝနာ ပုတီးစိပ်ခန်း

အခန်း-၁၃

မေး။ ။ အမျှဝေ သာဓုခေါ်ပြီးရင် ဘာလုပ်ကြပါသလဲ။

ဖြေ။ ။ ဗုဒ္ဓဘာသာအများစု အထူးသဖြင့် လူငယ်ပိုင်းကတော့ အမျှဝေ သာဓုခေါ်ပြီးရင် ဦးသုံးကြိမ်ချပြီး ဘာသာရေးလုပ်ငန်းကို အဆုံးသတ်ပါတယ်။ ဒါပေမယ့် သက်ကြီးရွယ်ကြီးသူတွေကတော့ အပြီးမသတ်သေးပါဘူး။ ဘုရားရှေ့ထိုင်ပြီးတော့ ဖြစ်ဖြစ်၊ ပက်လက်ကုလားထိုင် အိပ်ရာ ခုတင်ပေါ်မှာဖြစ်ဖြစ် ပုတီးစိပ်ပါတယ်။

မေး။ ။ ပုတီးစိပ်တယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ပုတီးစိပ်တယ်ဆိုတာ စိတ်ဓာတ်တည်ငြိမ်မှု သမာဓိရဖို့အတွက် ပြင်ပအာရုံတွေကို စိတ်မရောက်စေဘဲ ကမ္မဋ္ဌာန်းအာရုံတစ်ခုမှာ စိတ်ကို တည်ငြိမ်နေအောင် ပွားများတာ ဖြစ်ပါတယ်။ ဒီလိုပွားများတဲ့ နေရာမှာ စိတ်ဆိုတာက ဖမ်းချုပ်ဖို့ ခဲယဉ်းတယ်။ အလွန်လျင်မြန်တယ်။ ပြင်ပအာရုံတွေကို ဖြန့်ပြီး ကျက်စားတတ်တယ်။ ဒီစိတ်ကို ထိန်းဖို့ခက်တော့ ရုပ်ဝတ္ထုဖြစ်တဲ့ ပုတီးရဲ့ အကူအညီကိုယူပြီး စိတ်ကိုတည်ငြိမ်အောင် လုပ်ရတယ်။ ဒါကို ပုတီးစိပ်တယ်လို့ ခေါ်တယ်။

မေး။ ။ ပုတီးစိပ်ပါ၊ ပုတီးစိပ်ရမယ်လို့ ပိဋကတ်မှာ ဘုရားဟောခဲ့ပါသလား။

ဖြေ။ ။ နိကာယ်ငါးရပ်၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတွေမှာ ပုတီးစိပ်တာနဲ့ ပတ်သက်ပြီး ဟောထား ရေးထားတာ မတွေ့ရပါဘူး။ ယခု ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အိမ်တိုင်းမှာလိုလို ပုတီးရှိပြီး လူကြီးတိုင်းလိုလို ပုတီးစိပ်ကြပါတယ်။ ပိဋကတ်တတ်ကျွမ်းတဲ့ ဆရာတော်ကြီးများလဲ ပုတီးစိပ်ကြပါတယ်။ ဒါပေမယ့် မြန်မာဆရာတော်တွေ ပြုစုရေးသားတဲ့ ကျမ်းဂန်တွေမှာလဲ ပုတီးစိပ်တာနဲ့ ပတ်သက်ပြီး ရေးထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် ဘာသာရေး လိုက်စားတဲ့ လူတွေရော ဘုန်းကြီးတွေရော မြန်မာတစ်ပြည်လုံးမှာ ရှေးအခါကတည်းက အခုထိ ပုတီးစိပ်နေကြတာပါပဲ။

မေး။ ။ ပုတီးစိပ်တာနဲ့ ပတ်သက်ပြီး ပိဋကတ်မှာ မပြဘူးဆိုရင် ပုတီးစိပ်တာဟာ ဘာသာရေး လုပ်ငန်းလား။

ဖြေ။ ။ ပုတီးစိပ်ပါ၊ ပုတီးကို ဘယ်လိုစိပ်ရမယ်လို့သာ ပိဋကတ်မှာ မပြတာပါ။ ပုတီးစိပ်တဲ့ လုပ်ငန်းရဲ့ အနှစ်သာရကတာ့ ဘာသာရေးလုပ်ငန်းပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ လုပ်ဆောင်ရမယ့် ဘာသာရေး အဓိကလုပ်ငန်းကြီး သုံးခုရှိတယ်။ ဒါန- အလှူပေးရမယ်၊ သီလ- ကိုယ်ကျင့်တရားသီလ စောင့်ထိန်းရမယ်၊ ဘာဝနာ - ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းရမယ်ဆိုပြီး အဓိက ကုသိုလ်ရေးလုပ်ငန်းကြီး သုံးခုရှိတယ်။ ပုတီးစိပ်တာဟာ အဲဒီ လုပ်ငန်းကြီး သုံးခုထဲက နောက်ဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်းအလုပ် ဖြစ်ပါတယ်၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းမှုကို ပိဋကတ်မှာတော့ စိတ်နဲ့စီးဖြန်းဖို့ ဟောပါတယ်။ ဒါကြောင့် ပုတီးစိပ်တယ်ဆိုတာ ကမ္မဋ္ဌာန်းဘာဝနာ ပွားများတာ ဖြစ်တဲ့အတွက် ဘာသာရေးရဲ့ ပြင်ပလုပ်ငန်း မဟုတ်ပါဘူး။

မေး။ ။ ဘုရားက စိတ်နဲ့စီးဖြန်းဖို့ ဟောတာကို လူတွေက ဘာဖြစ်လို့ ပုတီးစိပ်နဲ့ လုပ်ပါသလဲ။

ဖြေ။ ။ ဘုရားက စိတ်နဲ့ စီးဖြန်းဖို့ ဟောပေမယ့် လူတွေက ပုတီးနဲ့ စီးဖြန်းတာ အကြောင်းရှိပါတယ်။ ကမ္မဋ္ဌာန်းဘာဝနာ ပွားတယ်ဆိုတာက စိတ်တည်ငြိမ်မှုအတွက် ဖြစ်ပါတယ်။ စိတ်ကပျံ့လွင့်တဲ့သဘော၊ လျင်မြန်တဲ့ သဘောရှိတယ်။

ထိုထိုအာရုံတွေကို အနှံ့ရောက်သွားတတ်တယ်။ ဒီလို အဖမ်းရခက်တဲ့အတွက် ပုတီးဆိုတဲ့ ရုပ်ဝတ္ထု အကူအညီယူပြီး ရှေးဆရာတော်ကြီးတွေက စီစဉ်ခဲ့ပုံရပါတယ်။ ပုတီးစိပ်က လက်မှာရှိနေတော့ စိတ်ဟာ အခြားကို ပျံ့လွင့်သွားဦးတော့ ချက်ချင်းပြန်သတိရပြီး ကမ္မဋ္ဌာန်းအာရုံပေါ် ပြန်တင်နိုင်တယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အောက်မေ့သတိရဖို့အတွက် ရုပ်ပွားစေတီတော် တည်ထားပေးသလိုပါပဲ။ ကမ္မဋ္ဌာန်းအာရုံမှာ စိတ်မြဲနေဖို့ ပုတီးစိပ် အသုံးပြုနည်းကို ရှေးဆရာတော်တို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပုတီးမပါဘဲ ဂုဏ်တော်တွေကို ဆင်ခြင်တာနဲ့ ပုတီးကိုင်ပြီး ဂုဏ်တော်တွေကို ဆင်ခြင်တာ ဘယ်သူက စွဲမြဲမှု ရှိတယ်ဆိုတာကို လက်တွေ့လုပ်ကြည့်ရင် အကျိုးကို သိနိုင်ပါတယ်။ ဒီလိုအကျိုး လက်တွေ့ရှိလို့ ပိဋကမှာ မပါပေမယ့် ရှေးဆရာတော်တွေက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ ဘုရားက စိတ်နဲ့စီးဖြန်းဖို့ ဟောတာကို လူတွေက ဘာဖြစ်လို့ ပုတီးစိပ်နဲ့ လုပ်ပါသလဲ။

ဖြေ။ ။ ဘုရားက စိတ်နဲ့ စီးဖြန်းဖို့ ဟောပေမယ့် လူတွေက ပုတီးနဲ့ စီးဖြန်းတာ အကြောင်းရှိပါတယ်။ ကမ္မဋ္ဌာန်း ဘာဝနာ ပွားတယ်ဆိုတာက စိတ်တည်ငြိမ်မှုအတွက် ဖြစ်ပါတယ်။ စိတ်ကပျံ့လွင့်တဲ့သဘော၊ လျင်မြန်တဲ့သဘော ရှိတယ်။

ထိုထိုအာရုံတွေကို အနှံ့ရောက်သွားတတ်တယ်။ ဒီလို အဖမ်းရခက်တဲ့အတွက် ပုတီးဆိုတဲ့ ရုပ်ဝတ္ထု အကူအညီ ယူပြီး ရှေးဆရာတော်ကြီးတွေက စီစဉ်ခဲ့ပုံရပါတယ်။ ပုတီးစိပ်က လက်မှာရှိနေတော့ စိတ်ဟာ အခြားကို ပျံ့လွင့် သွားဦးတော့ ချက်ချင်းပြန်သတိရပြီး ကမ္မဋ္ဌာန်းအာရုံပေါ် ပြန်တင်နိုင်တယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အောက်မေ့သတိရဖို့အတွက် ရုပ်ပွားစေတီတော် တည်ထားပေးသလိုပါပဲ။ ကမ္မဋ္ဌာန်းအာရုံမှာ စိတ်မြဲနေဖို့ ပုတီးစိပ် အသုံးပြုနည်းကို ရှေးဆရာတော်တို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပုတီးမပါဘဲ ဂုဏ်တော်တွေကို ဆင်ခြင်တာနဲ့ ပုတီး ကိုင်ပြီး ဂုဏ်တော်တွေကို ဆင်ခြင်တာ ဘယ်သူက စွဲမြဲမှု ရှိတယ်ဆိုတာကို လက်တွေ့လုပ်ကြည့်ရင် အကျိုးကို သိနိုင်ပါတယ်။ ဒီလိုအကျိုး လက်တွေ့ရှိလို့ ပိဋကမှာ မပါပေမယ့် ရှေးဆရာတော်တွေက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ ပုတီးစိပ်တော့ ဘာတွေ စိပ်ရသလဲ။

ဖြေ။ ။ ပုတီးစိပ်တယ်ဆိုတာ ဘာဝနာပွားတာ ဖြစ်တယ်။ ဘာဝနာက သမထဘာဝနာ၊ ဝိပဿနာဘာဝနာ ဆိုပြီး နှစ်မျိုးရှိတယ်။ သမထကမ္မဋ္ဌာန်း သမထဘာဝနာက ၄၀ ရှိတယ်။ အဲဒီ ၄၀ ထဲက ယနေ့ မြန်မာအများစု စီးဖြန်း နေတဲ့ ဘာဝနာကတော့ အနုဿတိ ၁၀-ပါးထဲမှာ ပါတဲ့ ဗုဒ္ဓါနုဿတိ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားများခြင်းကို အပြုလုပ်များပါတယ်။ ဂုဏ်တော်ပုတီးတွေကို စိပ်နေကြပါတယ်။ ဝိပဿနာ ဘာဝနာကတော့ မြင်မြင်သမျှ သက်ရှိ သက်မဲ့တွေဟာ အမြဲမရှိသောကြောင့် အနိစ္စ၊ ဆင်းရဲခြင်းကြောင့် ဒုက္ခ၊ အစိုးမရသောကြောင့် အနတ္တဟု ထပ်ခါ တလဲလဲ ရှုပွားဆင်ခြင်ခြင်း ဖြစ်ပါတယ်။ ဂုဏ်တော် လက္ခဏာသုံးပါးကို ပွားများမှု အရေအတွက်ကို ပုတီးလုံးရေနဲ့ မှတ်တာကို ပုတီးစိပ်တယ်လို့ ခေါ်တာပါပဲ။

မေး။ ။ လက်တွေ့ဂုဏ်တော် ပုတီးစိပ်နည်းကို ညွှန်ပြပါ။

ဖြေ။ ။ ဘုရားရှေ့မှာ သက်သာသလို ထိုင်ပြီးတော့ဖြစ်ဖြစ်၊ ပက်လက်ကုလားထိုင်၊ ခုတင်ပေါ်မှာ သက်သာသလို ထိုင်ပြီး၊ လဲလျောင်းပြီးဖြစ်ဖြစ်၊ အခြားအာရုံတွေကို စိတ်မရောက်အောင် မျက်စိကို မှိတ်ထားပြီး (ဘေးပတ်ဝန်းကျင် အသံများ တိတ်ဆိတ်နေချိန်ဆိုလျှင် ပိုကောင်းသည်။) မိမိစိတ်အာရုံထဲမှာ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ပုံ ပေါ် လာအောင် အာရုံပြုပါ။ ပြီးမှ ဘုရားဂုဏ်တော်ကိုးပါးထဲက အရဟံဂုဏ်တော် တစ်မျိုးတည်းကို အရဟံတစ်ခါဆို ပုတီးတစ်လုံးချ၊ အရဟံ တစ်ခါဆို ပုတီးတစ်လုံးချပြီး ပါဠိလို စိတ်ချင်လဲ စိတ်နိုင်တယ်။ အရဟံ အရဟံဆိုပြီး ပါဠိလို စိပ်ရင် ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားဆိုတဲ့ အဓိပ္ပာယ်ဟာ ထင်ပေါ်စေရမယ်။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားဆိုပြီး ပုတီးတစ်လုံးချ၊ ဒီလို မြန်မာလို ပွားများတာက ပိုကောင်း တယ်။

ဂုဏ်တော်ကိုးပါးထဲက အခြားဂုဏ်တော် တစ်ခုခုကိုလဲ ဒီအတိုင်း စိပ်နိုင်တယ်။ ဘုရားရှင်ကို အာရုံပေါ်မှာ စိတ်တည် ငြိမ်နေဖို့ မိမိစိတ်အစဉ်မှာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေသာ ထင်မြင်နေဖို့ လိုတယ်။ ဂုဏ်တော် တစ်ပါးတည်းကို မဟုတ်။ ဂုဏ်တော်ကိုးပါးကို တစ်ပါးပြီးတစ်ပါး ဆက်ပွား၊ ဘဂဝါပြီး အရဟံ ပြန်ဆက်ပွားရင်လဲ ရတယ်။ ကိုယ်သတ် မှတ်ထားတဲ့ ပုတီးပတ်ကို ရတော့ ရပ်လိုက်ရုံပါပဲ။

ဝိပဿနာဘာဝနာပွား၍ ပုတီးစိပ်နည်းကတော့ မြင်မြင်သမျှသင်္ခါရတွေရဲ့ မမြဲပုံ ဆင်းရဲပုံ အစိုးမရပုံတွေကို ဉာဏ်မှာ ဆင်ခြင်ပြီး နာမရူပံ အနိစ္စံ = နာမ်ရုပ်တရားတို့သည် အမြဲမရှိ အနိစ္စဆိုပြီး ပုတီးတစ်လုံး ချရမယ်။ နာမရူပံ ဒုက္ခံ = နာမ်ရုပ်တရားတို့သည် ဆင်းရဲ၏ ဒုက္ခ။ နာမရူပံ အနတ္တံ = နာမ်ရုပ်တရားတို့သည် အစိုးမရ အနတ္တဟု စိတ်မှာ ဆင် ခြင်ပြီး ပုတီးတစ်လုံးစီ ချရမယ်။ အဓိဋ္ဌာန်သတ်မှတ်ထားတဲ့ ပုတီးပတ်ပြီးတော့ ရပ်လိုက်ရုံပါပဲ။

မေး။ ။ ပုတီးစိပ်မပါဘဲ ဂုဏ်တော်တွေကို အောက်မေ့ အနိစ္စ ဒုက္ခ အနတ္တ ရှုလို့ရပါသလား။

ဖြေ။ ။ ရပါတယ်။ အတူတူပါပဲ၊ ပိဋကထဲမှာလဲ စိတ်မှာ ပွားများဆင်ခြင်ဖို့ ဉာဏ်နဲ့မြင်အောင် ရှုဖို့သာ ဆိုပါတယ်။ ဒါကြောင့် ပုတီးမပါဘဲ ရပါတယ်။ ပုတီးမပါဘဲ ဂုဏ်တော်တွေနဲ့ လက္ခဏာသုံးပါးကို ဆင်ခြင်ရှုပွားနိုင်ရင်တော့ ပိုပြီး အဆင့်အတန်း မြင့်တာပေါ့။ ဒါကြောင့် အခုခေတ် ကမ္မဋ္ဌာန်းရိပ်သာတွေမှာ ပုတီးမပါဘဲ သမထဝိပဿနာတွေကို ရှုဖို့သာ သင်ပြကြပါတယ်။ ပုတီးစိပ်ဖို့ မသင်ပြကြပါဘူး။

မေး။ ။ ဂုဏ်တော်တွေကို ဉာဏ်မှာမထင်မြင်ဘဲ အရဟံ အရဟံ အရဟံ အနိစ္စ ဒုက္ခ အနတ္တ စသည်ဆိုပြီး ပုတီးလုံးတွေ ချသွားတာ မှန်ပါသလား။

ဖြေ။ ။ မမှန်ပါဘူး၊ ပုတီး ဘယ်နှစ်ပတ် စိပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်အရ အနက်အဓိပ္ပာယ်ကို မစဉ်းစားဘဲ အမြန်ဆို အမြန်စိပ်သွားတာက အကျိုးမများလှပါဘူး။ ဒါကြောင့် ပုတီးပတ် မပြည့်ချင် နေပါစေ။ ပုတီးပတ်အရေ နည်းချင် နည်းပါစေ၊ ဂုဏ်တော်တွေကို တကယ်ဉာဏ်မှာ ပေါ်လာအောင် ရုပ်နာမ်တရားတွေရဲ့ မမြဲပုံ ဆင်းရဲပုံ အစိုးမရပုံ ပေါ်လာအောင် ဆင်ခြင် ရှုမှတ်ရပါမယ်။ ပုတီးစိပ်တယ်ဆိုတာ နာမ်လုပ်ငန်း စိတ်လုပ်ငန်း ဖြစ်ပါတယ်။ စိတ်ဟာ မပျံ့လွင့်ဘဲ ကမ္မဋ္ဌာန်းအာရုံ ဂုဏ်တော်တွေ ပွားများမှုထဲမှာ တည်ငြိမ်နေရင် လောဘ ဒေါသ မောဟတွေ မဖြစ်ဘူး။ အကုသိုလ်စိတ်တွေ မဝင်ဘူး။ ဒီလို စိတ်တည်ငြိမ်ဖို့အတွက် သမထဘာဝနာကို ပွားရတယ်။ ဂုဏ်တော်ပုတီး စိပ်ရတယ်။ ပုတီးစိပ်တဲ့နေရာမှာ အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်။ ဒါကြောင့် ပုတီးကို အပြေးမစိပ်ပါနဲ့။

မေး။ ။ သမထအားထုတ်လို့ အကြားအမြင်ရတယ်ဆိုတာ မှန်ပါသလား။ ကျမ်းဂန်မှာ ဆိုပါသလား။

ဖြေ။ ။ မှန်ပါတယ်။ တကယ်အားထုတ်လို့ သမာဓိအား တကယ်ကောင်းလာရင် အကြားအမြင် ရနိုင်ပါတယ်။ ဒိဗ္ဗစက္ခု နတ်မျက်စိ၊ ဒိဗ္ဗသောတ နတ်နားရတယ်လို့ ဆိုပါတယ်။ အာဒေသနာ ပါဋိဟာရိယလို့ ခေါ်ပါတယ်။

မေး။ ။ အကြားအမြင် ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ နောက်ပိုင်းမှာ ဘာဖြစ်လို့ အကြားအမြင်တွေ မကြည်လင်ဘဲ အမှားမှားတွေ ဖြစ်ကုန်ကြပါသလဲ။

ဖြေ။ ။ အကြားအမြင်ရတယ်။ တန်ခိုးဖန်ဆင်းနိုင်တယ် ဆိုတာတွေဟာ လောကီတရားတွေ၊ လောကီအဘိညာဉ်တွေ ဖြစ်ပါတယ်။ လောကီအဘိညာဉ်တွေဟာ သမာဓိအားကောင်းတဲ့အခါ ဖြစ်ပေါ်လာပြီး သမာဓိအားနည်းတဲ့အခါ ပျောက်ကွယ်သွားနိုင်ပါတယ်။ သမာဓိအားနည်းလာတော့ လောဘ၊ ဒေါသ စတဲ့ နီဝရဏတရားတွေ ဝင်လာပါတယ်။ အဲဒီအခါမှာ အကြားအမြင်တွေ စျာန်တန်ခိုးတွေဟာ ပျောက်ကွယ်သွားပါတယ်။ လောကီဖြစ်တဲ့ စျာန်အဘိညာဉ် တွေဟာ လောကုတ္တရာဖြစ်တဲ့ မဂ်ဖိုလ်တရားတွေလို မမြဲပါဘူး၊ သောတာပန် သကဒါဂမ် စတဲ့ လောကုတ္တရာ တရား တွေကတစ်ခါရပြီးရင် ပြန်ပြီးပျောက်ကွယ်သွားတယ်လို့ မရှိပါဘူး။ စျာန်တွေ အကြားအမြင်တွေကတော့ ပြန်ပျောက် ကွယ်သွားနိုင်တယ်လို့ မှတ်ပါ။ ဒါကြောင့် အချို့ အကြားအမြင် ပေါက်သူတွေဟာ လာဘ်လာဘ၊ ဘုန်းကြီးမှု လောဘဘက်ကို လိုက်သွားတဲ့အခါ အကြားအမြင်တွေဟာ မမှန်တော့ဘဲ ဖြစ်ရပါတယ်။

မေး။ ။ သမထကမ္မဋ္ဌာန်းဆိုတာ ဘာလဲ၊ သမထအားထုတ်ရင် ဘာဖြစ်မလဲ။

ဖြေ။ ။ သမထကမ္မဋ္ဌာန်းတွေဟာ ကိလေသာအပူတွေကို ငြိမ်းအေးစေတာကြောင့် သမထလို့ ခေါ်တယ်။ သမထ ကမ္မဋ္ဌာန်း လေးဆယ်ထဲက တစ်ပါးပါးကို စွဲစွဲမြဲမြဲ ပွားများနေရင် ကိလေသာငြိမ်းပြီး စိတ်ဓာတ် တည်ငြိမ်မှုကို ရမယ်။ ဒီသမထအား ကောင်းလာရင် စျာန် ၄-ပါး အဆင့်ဆင့်ကို ရမယ်၊ ဒိဗ္ဗစက္ခု ခေါ် အမြင်ဓာတ်၊ ဒိဗ္ဗသောတ ခေါ် အကြားဓာတ်၊ ပရစိတ္တ ဝိဇာနန ခေါ် သူတစ်ပါးရဲ့စိတ်ကို သိမြင်မှု၊ ပုဗ္ဗေနိဝါသာနုဿတိ ခေါ် ရှေးဘဝတွေကို ပြန်လည်အောက်မေ့ မြင်သိနိုင်မှု။ ဣဒ္ဓိဝိဓ ခေါ် တန်ခိုးဖန်ဆင်းနိုင်တဲ့မှု စတဲ့ လောကီအဘိညာဉ်တွေ ရနိုင်တယ်။

သမထအားကောင်းပြီး စိတ်တည်ငြိမ်နေတဲ့ ပုဂ္ဂိုလ်ဟာ လောကီလိုင်းဖြစ်တဲ့ စျာန် အဘိညာဉ်တွေကို မသွားဘဲ ရုပ်နာမ်တရားတွေရဲ့ မမြဲမှု၊ ဆင်းရဲမှု အစိုးမရမှုကို သုံးသပ်ဆင်ခြင်ခြင်းဖြင့် ဝိပဿနာနယ်ကို ကူးလိုက်ရင် စျာန် အဘိညာဉ်မရဘဲ သောတာပန်၊ သကဒါဂမ်၊ အနာဂါမ်၊ ရဟန္တာ အဆင့်ဆင့် ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ သမထရဲ့ အစွမ်းပါပဲ။

မေး။ ။ ဝိပဿနာ ကမ္မဋ္ဌာန်းဆိုတာ ဘာလဲ၊ ဝိပဿနာ အားထုတ်ရင် ဘာဖြစ်မလဲ။

ဖြေ။ ။ ရှိရှိသမျှ ရုပ်နာမ်ဓမ္မ သင်္ခါရတွေဟာ အမြဲမရှိ ဆင်းရဲ၏၊ အစိုးမရဟု အဖန်ဖန် ရှုမြင်သုံးသပ်မှုကို ဝိပဿနာ လို့ ခေါ်တယ်။ ဒီလက္ခဏာသုံးပါးကို အထပ်ထပ် ရှုမြင်သုံးသပ်ရင် ရုပ်နာမ်တရားတွေကို တပ်မက်စွဲလမ်းမှု မဖြစ် တော့ဘူး၊ မတပ်မက်ရင် ငြီးငွေ့လာမယ်။ ငြီးငွေ့ရင် ဒီရုပ်နာမ်တွေ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ သောတာပန်၊ သကဒါဂမ်၊ အနာဂါမ်၊ ရဟန္တာ အဆင့်ဆင့် ဖြစ်သွားနိုင်တယ်။ ရဟန္တာ ဖြစ်ပြီးရင်တော့ ဘာသာရေး ကိစ္စ လမ်းဆုံးပြီ။ နောက် မဂ်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှလုပ်စရာ မလိုတော့ဘူး။ လောကီစျာန် အကြားအမြင်တွေ လိုလဲ တစ်ခါပြန်ပျောက်သွားရိုး မရှိဘူး၊ ဒါ ဝိပဿနာရှုလို့ ရတဲ့ အကျိုးဖြစ်ပါတယ်။ အရဟတ္တမဂ်ကိုရမှု ရဟန္တာဖြစ် မှုဟာ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်ပါပဲ။ ရဟန္တာ အဖြစ်ထက် ပိုမြင့်တဲ့ ဘာသာရေးရည်မှန်း ချက် မရှိတော့ဘူး။

မေး။ ။ တရားထိုင်တယ်ဆိုတာ ဘာလဲ၊ တရားထိုင်တော့ ဘာဖြစ်မလဲ။

ဖြေ။ ။ တရားထိုင်တယ်ဆိုတာက ဗုဒ္ဓဘာသာတွေရဲ့ လိုရင်းအကျဆုံး အဆင့်မြင့်ဆုံး ကျင့်ဝတ်ဖြစ်တယ်။ ဗုဒ္ဓဘာ သာတွေရဲ့ ပန်းတိုင်က ရုပ်နာမ်တို့ချုပ်ရာ တဏှာကုန်ခန်းရာ နိဗ္ဗာန်ကို ရောက်ဖို့ဖြစ်တယ်။ အဲဒီ နိဗ္ဗာန်ရောက်ဖို့ အတွက် သတိပဋ္ဌာန်တရားကို အားထုတ်ကြတယ်၊ အားထုတ်တဲ့အခါ ဘုရားရှေ့၊ သို့မဟုတ် ဆိတ်ငြိမ်ရာနေရာမှာ ကိုယ်ကို မတ်မတ်ထားထိုင်ပြီး ထွက်သက် ဝင်သက်ကို မလွတ်တမ်း သိအောင် နှာသီးဖျားနှုတ်ခမ်းမှာ တိုးထွက်သွား တာကို သိအောင် သတိနဲ့ ရှုမှတ်ရတယ်။ အဲဒီလိုထိုင်ပြီး ရှုမှတ်ရလို့ တရားထိုင်တယ်လို့ ခေါ်တာပဲ။ လက်တွေ့ အားထုတ်နည်း အကျယ်ကိုတော့ ဝိသုဒ္ဓိမဂ် စတဲ့ တရားအားထုတ်နည်း စာအုပ်တွေဖတ်၊ ဆရာကောင်း (သို့မဟုတ်) ရိပ်သာတစ်ခုကို ချဉ်းကပ်ပြီး လေ့လာ အားထုတ်သင့်ပါတယ်။

မေး။ ။ သမထမပါဘဲ ဝိပဿနာကို ရှုမှတ်အားထုတ်လို့ ရပါသလား။

ဖြေ။ ။ ပါရမီရင့်သန်ပြီး ဉာဏ်အမြင် ရင့်နေသူတွေဟာ စိတ်တည်ငြိမ်မှု သမာဓိရဖို့အတွက် သမထဘာဝနာကို အားထုတ်စရာ မလိုပါဘူး၊ ဘုရားရှင်လက်ထက် တရားဟောတော်မူပြီး သောတာပန် စသည် ဖြစ်သွားတယ်ဆိုတာ ဒီလိုပုဂ္ဂိုလ်တွေပါပဲ။

ဒါပေမယ့် သာမန်ပုဂ္ဂိုလ်တွေမှာတော့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆင့်သုံးဆင့်ကို အစဉ်အတိုင်း တက်ရပါတယ်။ ရှေးဦးစွာ အကျင့်သီလ စင်ကြယ်ရမယ်။ နောက် သမာဓိရအောင် စိတ်တည်ငြိမ်အောင် သမထကို အားထုတ်ရမယ်။ ပြီးမှ ရုပ်နာမ်ဓမ္မတွေကို ရှုပြီး ဝိပဿနာကို ပွားရမယ်။

မေး။ ။ ဝိပဿနာကို ဆက်မရှုဘဲ သမထကို ဆက်ပွားရင် ဘာဖြစ်မလဲ။ စျာန်ရပုဂ္ဂိုလ်သေရင် ဘယ်မှာ ဖြစ်မလဲ။

ဖြေ။ ။ ရပါတယ်။ သမထအားထုတ်လို့ သမာဓိအားကောင်းတဲ့အခါ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်ဆိုတဲ့ စျာန်လေးဆင့်ကို ရမယ်။ စျာန်ရအဖြစ်နဲ့ သေရင် ဗြဟ္မာဘုံ ၂၀ မှာ ဗြဟ္မာဖြစ်ပြီး စျာန်ချမ်းသာကို စံစားနေနိုင်မယ်။ ဗြဟ္မာ့ပြည်ဆိုတာက အသက်မွေးဝမ်းကျောင်းမှု ဘာစီးပွားရေးမှလုပ်စရာမလိုဘူး။ ဘာအာဟာရမှ စားစရာလဲ မလိုဘူး၊ လောကီအာရုံငါးပါးကိုလဲ မခံစားကြတော့ဘူး။ ပြီးတော့ သမာဓိအား ကောင်းတဲ့အခါ ရှေးဘဝ ကို ပြန်မြင်နိုင်တယ် (ပုဗ္ဗနိဝါသာနုဿတိ အဘိညာဉ်)။ အဝေးကို လှမ်းမြင်နိုင်တယ် (ဒိဗ္ဗစက္ခု အဘိညာဉ်)။ အဝေး ကအသံကို လှမ်းကြားနိုင်တယ် (ဒိဗ္ဗသောတ အဘိညာဉ်)။ တန်ခိုးဖန်ဆင်းနိုင်တယ် (ဣဒ္ဓိဝိဓ အဘိညာဉ်)။ သူတစ်ပါးစိတ်မှာ ဘာတွေ စိတ်ကူးနေတယ်ဆိုတာ သိနိုင်တယ် (ပရစိတ္တဝိဇာနန အဘိညာဉ်) တွေကို ရနိုင်တယ်။ ဒါဟာ သမထရဲ့ စွမ်းအားပဲ။

မေး။ ။ စျာန်အဘိညာဉ်တွေရပြီး ဝိပဿနာရှုပြီး မဂ်ဖိုလ်ရအောင် အားထုတ်လို့ ဖြစ်ပါသလား။

ဖြေ။ ။ ဖြစ်ပါတယ်။ စျာန်အဘိညာဉ်တွေက တစ်ဆင့် မဂ်ဖိုလ်ကို ကူးတာလဲ ရှိပါတယ်။

မေး။ ။ စျာန်ရတဲ့ ပုဂ္ဂိုလ်တွေဟာ စျာန်ပြန်လျှောသလို မဂ်ရတဲ့ပုဂ္ဂိုလ်တွေဟာ မဂ်ပြန်လျှောတတ်ပါသလား။

ဖြေ။ ။ မဂ်ရတဲ့ပုဂ္ဂိုလ်တွေဟာ မဂ်ဖိုလ်က ပြန်မလျှောတော့ပါဘူး။ ရပြီးတဲ့ မဂ်ဖိုလ်ဟာ မြဲပါတယ်။ အထက်ဆင့်၊ အထက်မဂ်ကိုသာ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားပါတယ်။ အရိယာပုဂ္ဂိုလ်က ရိုးရိုးပုထုဇဉ် ပြန်ဖြစ်တယ်လို့ မရှိဘူး။

မေး။ ။ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်တွေ သေရင် ဘယ်ဘဝမှာ ဘာသွားဖြစ်သလဲ။

ဖြေ။ ။ သောတာပန်ပုဂ္ဂိုလ်ဟာ လောကီစည်းစိမ်တွေကို ခံစားမေ့လျော့နေရင် အများဆုံး (၇)ဘဝ လူပြန်ဖြစ်နိုင် တယ်။ တစ်ဘဝ နှစ်ဘဝအတွင်းမှာလဲ အထက်မဂ်ဖိုလ်တွေကို ရသွားနိုင်တယ်။ (၇)ဘဝထက်တော့ ပိုပြီး ပဋိသန္ဓေ မနေနိုင်ဘူး၊ သကဒါဂါမ် ပုဂ္ဂိုလ်ဟာ သေပြီး လူ့ပြည်မှာ တစ်ကြိမ်ပဲ ပြန်ဖြစ်နိုင်တယ်။ အနာဂါမ်ပုဂ္ဂိုလ်ကတော့ သေပြီးရင် လူ့ပြည်မှာ လူပြန်မဖြစ်ရဘူး။ အထက်ဗြဟ္မာ့ဘုံမှာ ဖြစ်ပြီး ရဟန္တာဖြစ်ကာ နိဗ္ဗာန်ကို ရောက်ရတယ်။ ရဟန္တာပုဂ္ဂိုလ် သေရင်တော့ ဘယ်ဘုံမှာမှ ဘာမှ ပြန်မဖြစ်တော့ဘူး။ ခန္ဓာငါးပါး ချုပ်ငြိမ်းပြီး တဏှာကုန်ခမ်းရာ အေးငြိမ်းချမ်းသာတဲ့ နိဗ္ဗာန် ရောက်သွားတယ်။

+++++++++++++++++++

ဒါနခန်း

အခန်း-၁၄

မေး။ ။ ဒါန = အလှူပေးတယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ဒါန = အလှူပေးတယ်ဆိုတာက ပေးလှူလိုတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်တဲ့ စေတနာကို ဒါနလို့ ခေါ်တယ်။ စေတနာရှိမှ ပေးလှူဖြစ်တယ်။ စေတနာမရှိက မပေးလှူဖြစ်။ ဒါနဖြစ်မြောက်ရေးမှာ စေတနာက အကြောင်းရင်း ဖြစ်လို့ စေတနာကို ဒါနလို့ ခေါ်ရတယ်။ စေတနာ ဒါနလို့ ခေါ်တယ်။

အဲဒီစေတနာနဲ့ အတူတကွ ဖြစ်တဲ့ လိုချင်တပ်မက်မှု မရှိဘဲ စွန့်လွှတ်ပေးကမ်းမှု အလောဘကိုလဲ ဒါနလို့ ခေါ်နိုင်တယ်။ လောဘစိတ်များနေရင် အလှူမဖြစ်ဘူး။ လောဘနည်းမှ အလှူဖြစ်တယ်။

မေး။ ။ ဒါနံ ဒေတိ = အလှူကို ပေးလှူ၏ဆိုတဲ့စကားမှာ စေတနာတွေကို ပေးလိုက်တာလား။

ဖြေ။ ။ ဒါနံဒေတိ ဆိုတဲ့ စကားမှာတော့ စေတနာကို ဒါနလို့ မခေါ်ဘူး။ လှူဒါန်းဖွယ်ရာ ပစ္စည်းဝတ္ထုတွေကို ဒါနလို့ ခေါ်ရတယ်။ ဒါကြောင့် အထက်ပါ ပါဠိဝါကျကို မြန်မာပြန်ရင် ဒါနံ - ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စသော လှူဖွယ် ပစ္စည်းကို။ ဒေတိ - ပေးလှူ၏လို့ ပြန်ရမယ်။ လှူဖွယ်ပစ္စည်းတွေကို ဝတ္ထုဒါနလို့ ခေါ်ရတယ်။

မေး။ ။ စွန့်လွှတ်ပေးကမ်းမှု ဟူသမျှကို ဒါနလို့ ခေါ်ရပါသလား။

ဖြေ။ ။ ကြောက်၍ပေးခြင်း၊ ပြန်ပေး ဓားပြတွေကို ငွေပေးရခြင်းမျိုး၊ လာဘ်ကို မျှော်ကိုး၍ ပေးခြင်း၊ သူ့ဆီက လက် ဆောင်လိုချင်၍ ကိုယ်က လက်ဆောင်ယူသွားခြင်းမျိုး၊ ချစ်ကြိုက်၍ ပိုးကြေးပန်းကြေး ပေးခြင်းမျိုးမှာ ဒါန မဖြစ်ပါ။

ဒါနံ နာမ ပရံ ဥဒ္ဒိဿ သုဗုဒ္ဓိ ပုဗ္ဗိကာ အန္နာဒိဒသဒါနဝတ္ထု ပရိစ္စာဂစေတနာ = ဒါနဆိုတာ သူတစ်ပါးကို ရည်ရွယ်၍ ကံ ကံ၏အကျိုးကို ယုံကြည်သော ကမ္မဿကတာဉာဏ် ရှေ့သွားရှိတဲ့ စွန့်လှူကြောင်း စေတနာ၊ ထိုစေတနာအရ ပေးလှူမှုကိုသာ ဒါနလို့ ခေါ်ရတယ်။

မေး။ ။ ဒါနမြောက်ဖို့ အင်္ဂါဘယ်နှစ်ပါး ရှိသလဲ။

ဖြေ။ ။ (၁) အလှူပေးပုဂ္ဂိုလ်၊ (၂) အလှူခံပုဂ္ဂိုလ်၊ (၃) လှူဖွယ်ဝတ္ထု၊ (၄) လှူလိုသော စေတနာ၊ ဒီအင်္ဂါ ၄ ချက် ညီညွှတ်ပြည့်စုံမှ အလှူမြောက်တယ်။

မေး။ ။ စေတီရုပ်ပွား တည်ထားတဲ့ အလှူရှင်တွေ အလှူခံမရှိလို့ ဒါန မမြောက်ဘူးလား။

ဖြေ။ ။ မြောက်ပါတယ်။ လူတွေ သွားလာရာ ခရီးလမ်းဆုံမှာ ရေတွင်းရေကန် တူးထားလိုက်လျှင် ခရီးသွားများ ခပ်ယူသုံးဆောင်နိုင်၏၊ ခရီးသွား ခပ်သုံးသူများသည် အလှူခံဖြစ်နိုင်သကဲ့သို့ စေတီရုပ်ပွား တည်ထားပေးလိုက်ပါက နောင်လာနောက်သားတို့ ဖူးမြော်ရင် အဲဒီ ဖူးမြော်သူတွေဟာ အလှူခံသဘော သက်ရောက်တဲ့အတွက် ရုပ်ပွားစေတီ တည်ထားမှုဟာ ဒါနမြောက်တယ်လို့ ဆိုနိုင်ပါတယ်။

မေး။ ။ အလှူပေးတဲ့အခါမှာ ရေစက်ချမှ အလှူမြောက်ပါသလား။

ဖြေ။ ။ ဒါနလက္ခဏာ ၄-ပါးမှာ ရေစက်ချခြင်းလို့ မပါတဲ့အတွက် အင်္ဂါ ၄-ပါး ပြည့်စုံရင် ရေစက်မချလဲ အလှူမြောက် ပါတယ်။

မေး။ ။ ရေစက်မချဘဲ အလှူမြောက်ရင် ဘာဖြစ်လို့ ဗုဒ္ဓဘာသာတွေဟာ အလှူ လှူပြီးရင် ရေစက်ချနေကြသလဲ။

ဖြေ။ ။ ရေစက်ချတယ်ဆိုတာက ဆုတောင်းအမျှဝေခြင်းကို လူတွေကိုယ်စား ဘုန်းကြီးတွေက ဆိုပေးတာ ဖြစ်တယ်။ လူတွေ စနစ်တကျ မဆိုတတ်လို့ ဘုန်းကြီးတွေက ဆိုပေးထားခြင်း ဖြစ်တယ်။

မေး။ ။ ကျမ်းဂန်တွေမှာ ဆင်ဖြူတော်လှူစဉ်၊ ဇေတဝန်ကျောင်းတော်ကြီး လှူတဲ့အခါ ရေစက်ချလှူတယ်လို့ ပါတယ်။ ဒီနေ့ မြန်မာတွေ ရေစက်ချသလို ချပါသလား။

ဖြေ။ ။ ကျမ်းဂန်ထဲမှာပါတဲ့ ရေစက်ချနည်းကတော့ အလှူခံပုဂ္ဂိုလ်ရဲ့ လက်ထဲကို အလှူရှင်က ရေလောင်းချလိုက် တယ်လို့ ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ ဆင်ဖြူတော်၊ ကျောင်းတော်ကြီးတွေဟာ မချီပြီး ကိုယ်ထိလက်ရောက် သာဟတ္ထိကဒါနမြောက်ဖို့အတွက် အဲဒီ မချီ မမနိုင်တဲ့ ဆင်ကြီး၊ ကျောင်းကြီးတွေအစား ရေကို ကိုယ်ထိလက် ရောက်လှူတာ ဖြစ်ပါတယ်။

မြန်မာပြည် ရေစက်ချနည်းကတော့ ကိုယ်ထိလက်ရောက် လှူဒါန်းမှုကို ကိုယ်စားမပြုဘဲ အလှူဒကာကိုယ်စား ဘုန်းတော်ကြီးက ဆုတောင်း အမျှဝေပေးတဲ့ အနေနဲ့ ရှေးဆရာတော်ကြီးတွေက တီထွင်ခဲ့ပုံရပါတယ်။ ဒကာ ကိုယ်စား ဘုန်းကြီးက ဆုတောင်း အမျှဝေပေးတဲ့အခါ အလှူရှင်ဒကာကို စိတ်မပျံ့လွင့်အောင် ရေကို တစ်စက် တစ်စက် ချခိုင်းတယ်လို့ ထင်ရပါတယ်။ ဒီလို တစ်စက် တစ်စက် ချတာကို ကြည့်ပြီး ရေစက်ချတယ်လို့ တွင်နေ တာ ဖြစ်ပါတယ်။ ကျမ်းဂန်တွေမှာတော့ ဒက္ခိဏော ဒကံ - မြတ်သောအလှူရေကို၊ ပါတေတွာ- ကျစေ၍၊ (ဝါ) ချ၍ လို့သာ ဆိုတယ်။ ဥဒကဗိန္ဒုံ - ရေစက်ကို၊ ပါတေတွာ - ကျစေ၍ (ဝါ) ချ၍လို့တော့ မတွေ့ရပါဘူး။

မေး။ ။ ဒါနဟာ သံသရာရှည်စေတယ် ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မဟုတ်ပါဘူး။ သံသရာမှ လွတ်မြောက်လိုတဲ့ အလောင်းတော်တွေဟာ ဒါနဟာ သံသရာမှ ထွက်မြောက် ကြောင်း ဖြစ်လို့သာ ဒါနပါရမီကို ပြုလုပ်ကြပါတယ်၊ ပါရမီ ၁၀-ပါးမှာ ဘုရားလောင်းတွေဟာ ဒါနပါရမီကို ပထမဆုံး ဖြည့်ကြပါတယ်။

အလောင်းတော်တွေဟာ မိမိအတွက် ခုဘဝ နောက်ဘဝ သာယာရေးအတွက် ဘာတစ်ခုမျှ မတောင့်တကြ၊ သတ္တဝါ အများ ကောင်းစားစေလို ချမ်းသာစေလိုသော စေတနာသာထား၍ လှူဒါန်းပေးကမ်းကြတယ်။ ဤဒါနမျိုးကို ပါရမီ မြောက် ဒါနလို့ ခေါ်တယ်။ အကယ်၍ တောင့်တလိုလျှင်လည်း သံသရာမှ လွတ်မြောက်ရေးအတွက် နိဗ္ဗာန်ကိုသာ တောင့်တ၏၊ ထိုတဏှာမှလွတ်ရာ နိဗ္ဗာန်ကို တောင့်တသော ဝဋ္ဋနိဿတိဒါနသည် သံသရာကို မရှည်စေသည့်ပြင် သံသရာမှမြန်စွာ လွတ်မြောက်ကြောင်းပင် ဖြစ်နိုင်ပါတယ်။

မေး။ ။ အကျိုးကြီးအောင် ဘယ်လို လှူရမလဲ။

ဖြေ။ ။ မလှူမီ ဝမ်းမြောက်၊ လှူဆဲမှာ စိတ်ကြည်လင်၊ လှူပြီး ဝမ်းမြောက် ကြည်နူးခြင်းဆိုတဲ့ ဒကာဘက်က အင်္ဂါ ၃-ပါး၊ အလှူခံဘက်က ရာဂ-ဒေါသ-မောဟ ကင်းပြီးသူ၊ ကင်းအောင် ကျင့်နေသူ ဖြစ်ခြင်းဆိုတဲ့ အင်္ဂါ ၃-ပါးနဲ့ ပြည့်စုံ ရင် အကျိုးကြီးတယ်။

မဟာသမုဒ္ဒရာရေကို နှိုင်းဆမရသလို ဒီအင်္ဂါ ၆-ပါးနဲ့ ညီတဲ့ အလှူရဲ့ အကျိုးကျေးဇူးကိုလဲ နှိုင်းယှဉ်ရေတွက် မရဟု အင်္ဂုတ္တိုရ် ဆက္ကနိပါတ် နန္ဒမာတာ ဥပါသိကာရဲ့ အလှူအကြောင်း ဘုရားဟောထားတယ်။

မေး။ ။ ဥစ္စာပစ္စည်း ရှာဖွေရရင် ဘယ်လို ခွဲခြမ်းဝေဖန်ရမလဲ။

ဖြေ။ ။ ကောသလသံယုတ်မှာ သူဌေးကြီးတစ်ဦးဟာ သိန်း ၈၀ ကြွယ်ဝတယ်။ မစားရက်၊ မလှူရက်ဘူး။ နေ့စဉ် ပုန်းရည်နဲ့ ဆန်ကွဲထမင်းစားတယ်။ သူသေတော့ သူ့ပစ္စည်း ဘုရင်သိမ်းသွားတယ်။ ဒါကို အကြောင်းပြုပြီး ဘုရားရှင်က…

လူသူမရှိရာ တောထဲ၌ ဘယ်သူမျှ သောက်သုံးရခြင်း မရှိဘဲ ခြောက်ခန်းသွားသော ရေကန်ကြီးပမာ လူညံ့များ ဥစ္စာရသော် မိမိလည်း မစားရက်၊ သူတစ်ပါးကိုလည်း မပေးရက်ကြ။ ပညာရှိကား ဥစ္စာရသော် မိမိလည်း သုံးစား၊ အများကိစ္စလည်း ဆောင်လျက် ဆွေမျိုးအပေါင်းကို ကျွေးမွေးကာ အကဲ့ရဲ့ မခံရ။ အချီးမွမ်းသာခံရ၍ သေသော် နတ်ပြည်သို့ ရောက်ရ၏၊

လို့ ဟောထားတယ်။ ဒီတော့ ကိုယ်ရှာလို့ရရှိတဲ့ ပစ္စည်းဥစ္စာကို ပညာရှိသုံး သုံးနိုင်ကြဖို့ အထူးသတိပြုသင့်ပါ တယ်။

မေး။ ။ ဒါနပြုတဲ့လူဟာ ငွေကုန် လူပန်းတာပဲ အဖတ်တင်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မမှန်ပါဘူး။ ဒါနပြုတယ်ဆိုတာက အခုအစိုးရ ပင်ထောင်စပါး ဝယ်သလိုပါပဲ။ မိုးဦးကျမှာ စိုက်ပျိုးစရိတ်တွေကို အစိုးရက ထုတ်ပေးထားပြီး စပါးပေါ်တော့ စပါးပြန်ရပါတယ်။ ပေးလှူတာဟာလဲ ပေးတဲ့အခါ ကုန်သွားတာတော့ မှန်ပါတယ်။ အခုဘဝနဲ့ နောက်ဘဝ အဆက်ဆက်မှာ အကျိုးခံစားစေနိုင်မယ့် ကုသိုလ်ကို ကိုယ်က ပြန်ရလိုက်ပါ တယ်။ ကိုယ်ပိုင်တဲ့ ပစ္စည်းကို ယခုဘဝ တစ်သက်တာ သုံးစွဲခြင်း မဟုတ်ဘဲ နောင်သံသရာ ဘဝအဆက်ဆက်မှာ ကိုယ်နဲ့သုံးစွဲနိုင်ဖို့ ကိုယ်နဲ့တစ်ပါတည်း ယူသွားခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ဘယ်ဘဝ ရောက်ရောက် ကိုယ်နဲ့ထပ်တူ အမြဲပါနေတဲ့အတွက် အနုဂါမိကရွှေအိုး = ကိုယ်နဲ့ အမြဲပါနေတဲ့ ရွှေအိုးကြီးနဲ့ တူတယ်လို့ ကျမ်းဂန်မှာ ပြပါတယ်။

ဒီနေ့ ကျွန်တော်တို့ပိုင်တဲ့ ငွေတွေဟာ ဒီမြန်မာပြည်မှာသာ သုံးလို့ရပါတယ်။ အမေရိကန်ဒေါ်လာသုံးတဲ့ နိုင်ငံကို သွားတော့မယ်ဆိုရင် မြန်မာငွေလဲဌာနမှာ ထားခဲ့ပြီး ချက်လက်မှတ်သာ ယူသွားရသလိုပါပဲ။ အလှူဒါနပြုတယ် ဆိုတာက မြန်မာငွေတွေကို ငွေလဲရေးဌာနမှာ သွင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ချက်လက်မှတ် ထုတ်ယူသွားသလို ကုသိုလ်စေတနာဆိုတဲ့ ချက်လက်မှတ်ကို ထုတ်ယူထားခြင်း ဖြစ်ပါတယ်။

လူတိုင်းဟာ ဘဝသံသရာခရီးကို သွားကြရမှာ ဖြစ်တော့ သံသရာခရီးမှာ သုံးလို့ရမယ့် စွဲလို့ရမယ့် ဒါနချက်လက် မှတ်ကိုလဲ လဲလှယ်ထားကြဖို့ အထူး လိုအပ်ပါတယ်။

မေး။ ။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်သီလ၊ သမာဓိ၊ ပညာ သုံးဆင့်သာ ပြပါတယ်။ ဒါန မပါဘူး မဟုတ်လား။

ဖြေ။ ။ မှန်ပါတယ်။ သီလ၊ သမာဓိ၊ ပညာ အဆင့်ဆင့် တက်သွားရင် နိဗ္ဗာန်ရောက်သွားပါမယ်။ ဒါပေမယ့် နိဗ္ဗာန် ခရီးကို တစ်ဘဝတည်း သွားလို့ရောက်တာ မဟုတ်ပါဘူး။ တကယ်လို့သာ အခု တစ်ဘဝတည်းနဲ့ နိဗ္ဗာန်ရောက်မှာ သေချာတယ်ဆိုရင်တော့ ဒါနမပြုလဲ ဖြစ်နိုင်ပါတယ်။ လူသူမရှိတဲ့ တောကြီးတောင်ကြီးထဲမှာ သစ် ဝါး သွားခုတ်မယ့် လူဟာ အဓိကလက်နက်ကြီးဖြစ်တဲ့ ဓားတွေ လွှတွေ ကြိုးတွေ ပါရုံလောက်နဲ့ မလုံလောက်ပါဘူး။ သုံးရက် ငါးရက် ကြာမယ်ဆိုရင် သုံးရက်၊ ငါးရက်စာ ရိက္ခာပါဖို့ လိုပါတယ်။ ရိက္ခာမပါရင်တော့ သူ့ရဲ့ အဓိကလုပ်ငန်း သစ်ဝါးတွေကို မခုတ်မသယ် နိုင်တော့ပါဘူး။ အလားတူပါပဲ။ သံသရာခရီးပေါင်း ဘယ်လောက် လျှောက်ကြရဦးမယ်လို့ မသိကြတဲ့ လူတွေဟာ ဒီခရီးရှည် အတောအတွင်းမှာ စားသုံးဖို့ ရိက္ခာလိုပါတယ်။ ဒါနံ ပါထေယျ မုတ္တမံ - လို့ ဟောပါတယ်။ ဒါကြောင့် ဒါနဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်မဟုတ်ပေမယ့် နိဗ္ဗာန်လမ်း ခရီးရှည်ကြီးကို လျှောက်တဲ့အခါမှာ မရှိမဖြစ် လိုအပ်တဲ့ ရိက္ခာထုပ်ကြီးဖြစ်လို့ မလွဲမသွေ ပြုလုပ်ရမယ့် ဘာသာရေး လုပ်ငန်းကြီး ဖြစ်တယ်လို့ မှတ်ပါ။

+++++++++++++++++++++++

ကံစီမံရာ

အခန်း-၁၅

သုဘအမေး။ ။ အရှင်ဂေါတမ၊ လူတွေဟာ လူချင်းတူပါလျက် အသက် တို - ရှည်၊ ရောဂါ နည်း - များ၊ အဆင်းလှ-မလှ၊ အခြံအရံ များ - မများ၊ စည်းစိမ်ဥစ္စာ နည်း - များ၊ အမျိုး ယုတ် - မြတ်၊ ပညာ ရှိ - မဲ့ ကွဲပြားနေရတာ ဘာကြောင့်ပါလဲ။

ဘုရားရှင်ဖြေ။ ။ လုလင်၊ သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကြတယ်။ ကံရဲ့ အမွေခံတွေ ဖြစ်ကြတယ်။ ကံသာလျှင် ဆွေမျိုး၊ ကံသာလျှင် မှီခိုရာ ရှိကြတယ်။ အယုတ် အမြတ် ချမ်းသာ ဆင်းရဲဖြစ်ဖို့ ကံသာလျှင် ဝေဖန်ပိုင်းခြား ပေးနေတယ်။

သုဘအမေး။ ။ လူတွေ ဘာကြောင့် အသက် တို - ရှည် ဖြစ်ရပါသလဲ။

ဘုရားရှင်အဖြေ။ ။ လုလင်၊ သူ့အသက်ကို သတ်လေ့ရှိသူ၊ ကြမ်းကြုတ်ရက်စက် သနားကြင်နာမှု ကင်းတဲ့လူဟာ သေရင် ငရဲကို ရောက်ရမယ်။ ငရဲမရောက်ဘဲ လူလာဖြစ်ရင် အသက်တိုရတတ်တယ်။

သူ့အသက် သတ်ခြင်းမှ ရှောင်လေ့ရှိသူ၊ သနားကြင်နာတတ်သူ၊ သတ္တဝါတွေရဲ့ အကျိုးကို လိုလားသူဟာ သေရင် နတ်ပြည်ရောက်ရမယ်၊ လူ့ပြည်မှာ ဖြစ်ရင်လဲ အသက်ရှည်ရတယ်။

သုဘအမေး။ ။ လူတွေဟာ ဘာကြောင့် အနာရောဂါ နည်းရ - များရ သလဲ။

ဘုရားရှင်အဖြေ။ ။ တုတ်၊ လက်နက် စသည်ဖြင့် သတ္တဝါတွေကို ညှင်းဆဲနှိပ်စက်တတ်တဲ့လူဟာ သေရင် အပါယ် ရောက်ရမယ်။ လူလာဖြစ်ရင် အနာရောဂါ များရတယ်။ အချို့လူများက ညှင်းဆဲနှိပ်စက်လေ့ မရှိဘူး။ သူတို့သေ သော် နတ်ပြည်မှာ ဖြစ်ရတယ်။ လူ့ပြည်မှာ ဖြစ်ရင်လဲ အနာရောဂါ ကင်းကြတယ်။

သုဘအမေး။ ။ လူတွေ ဘာကြောင့် ရုပ်ဆိုး - ရုပ်ချော ဖြစ်ကြရပါသလဲ။

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ အမျက်ဒေါသ ကြီးတယ်၊ မနှစ်သက်ဖွယ်စကား၊ ကြမ်းတမ်းတဲ့စကားကို ပြောဆို ကြတယ်၊ ထိုသူတွေ သေရင် ငရဲရောက်ရတယ်။ လူ့ပြည်မှာ လာဖြစ်ရင်လဲ အရုပ်ဆိုးကြတယ်။

အချို့ လူတွေကတော့ အမျက်မထွက်၊ မကြမ်းတမ်း၊ သည်းခံတတ်တယ်။ ထိုသူတို့သေရင် နတ်ပြည် ရောက်ရ တယ်။ လူလာဖြစ်ပြန်ရင်လဲ အဆင်းလှပ ရှုချင်စဖွယ် ရှိကြတယ်။

သုဘအမေး။ ။ လူတွေ ဘာကြောင့် အခြံအရံ နည်းကြ များကြပါသလဲ။

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ သူတစ်ပါးတို့ လာဘ်ရမှု၊ အရိုအသေ၊ အမြတ်အနိုး၊ အပူဇော်ခံရမှုကို မနာလို ငြူစူကြ၏၊ ထိုသူတို့သေလျှင် ငရဲပြည်ကိုရောက်၍ လူဖြစ်ပြန်သောအခါ အခြံအရံမရှိ ဖြစ်ရတတ်တယ်။

သူတစ်ပါး လာဘ်ရခြင်း၊ အရိုအသေ၊ အမြတ်အနိုး အပူဇော် ရှိခိုးခံရမှုကို မနာလို ဝန်တိုမဖြစ်၊ ထိုသူသေသောအခါ နတ်ပြည်မှာ ဖြစ်ရတယ်။ လူလာဖြစ်ပြန်တော့လဲ အခြံအရံ များကြရတယ်။

သုဘအမေး။ ။ လူတွေဟာ ဘာ့ကြောင့် စည်းစိမ် နည်းများ ကွဲပြားကြပါသလဲ။

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ သမဏဗြဟ္မဏ ခေါ် ရဟန်းပုဏ္ဏားတွေကို ပေးလှူပူဇော်မှု မပြုကြဘူး။ ပေးလှူ လို့ အကျိုးမရှိဟု မှားယွင်းစွာ ယူဆကြတယ်။ ထိုလူတွေ သေတဲ့အခါ ငရဲမှာ ဖြစ်ရတယ်။ လူလာဖြစ်ပြန်တော့ စည်းစိမ်ဥစ္စာ နည်းပါးကြတယ်။

အချို့ကတော့ သမဏဗြဟ္မဏ ရဟန်းပုဏ္ဏားတွေကို ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို ပေးလှူကြ တယ်။ ထိုသူတွေဟာ သေရင် နတ်ပြည်ရောက်ရတယ်၊ လူလာဖြစ်ပြန်ရင် စည်းစိမ်ဥစ္စာ ပေါများကြတယ်။

သုဘအမေး။ ။ လူတွေဟာ ဘာ့ကြောင့် အမျိုးယုတ်ကြ - မြတ်ကြပါသလဲ။

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ မာန်မာန ခက်ထန် ထောင်လွှားကြတယ်။ ရိုသေမြတ်နိုး ရှိခိုးပူဇော်ထိုက်သူကို မရိုသေ မမြတ်နိုး၊ မပူဇော်၊ ထိုလူတို့ သေရင် ငရဲပြည်မှာဖြစ်၍ လူဖြစ်ပြန်သောအခါ အမျိုးယုတ်မာ အောက်ကျ နောက်ကျ ဘဝမှာ ဆင်းဆင်းရဲရဲဘဝမှာ လာဖြစ်ရတယ်။

အချို့လူများကတော့ မာန်မာန မထောင်၊ ရိုသေမြတ်နိုး ရှိခိုးပူဇော်ထိုက်သူကို ပူဇော်တယ်။ ထိုသူသေရင် နတ်ပြည် ရောက်တယ်။ လူ့ပြည်လာဖြစ်ရင် အမျိုးမြတ်၍ ဂုဏ်သရေရှိ အထက်တန်းလွှာမှာ လာဖြစ်ရတယ်။

သုဘအမေး။ ။ လူတွေ ဘာကြောင့် ပညာမဲ့ ပညာရှိ ဖြစ်ကြပါသလဲ။

ဘုရားရှင်ဖြေ။ ။ အချို့သူများသည် သမဏဗြဟ္မဏပညာ တတ်မြောက်သူကို ချဉ်းကပ်၍ ဆွေးနွေးမေးမြန်း နာခံ မှတ်သားလေ့မရှိ၊ ထိုလူမျိုးသေရင် ငရဲဖြစ်ရတတ်၍ လူဖြစ်လာသောအခါ ပညာမဲ့ကြ၏၊ ဉာဏ်ထိုင်းကြ၏၊

အချို့သူများကား သမဏဗြဟ္မဏ ရဟန်းပုဏ္ဏားတို့ထံ ချဉ်းကပ်လျက် အကောင်း အဆိုး အကြောင်း အကျိုးတရား သဘောတို့ကို ဆွေးနွေးမေးမြန်းကြ၏၊ ထိုသူတို့ သေသော် နတ်ပြည်မှာဖြစ်၍ လူဖြစ်လာပြန်သောအခါ ပညာရှိ၏၊ ဉာဏ်ထက်မြက်၏၊

မေး။ ။ အထက်ပါ မကောင်းမှု ကောင်းမှုတွေဟာ နောက်ဘဝမှာ အကျိုးပေးပါသလား။ ဒီပစ္စုပ္ပန် ဘဝမှာ အကျိုးမပေးဘူးလား။

ဖြေ။ ။ အထက်ပါ ကောင်းမှုတွေကို ပြုလုပ်သူဟာ အခုဘဝမှာ လက်ငင်းဒိဋ္ဌ အကျိုးတွေကို ခံစားနိုင်ပါတယ်။ မကောင်းတဲ့ အပြစ်တွေကို ပြုလုပ်တဲ့သူတွေဟာလဲ ချက်ချင်းလက်ငင်း မကောင်းတဲ့အကျိုးကို ခံစားကြရပါတယ်။ ဒါတွေကတော့ မျက်မြင်ဒိဋ္ဌဖြစ်လို့ ဘုရားရှင်က သီးခြားမဟောတာ ဖြစ်ပါတယ်။ သုဘက မေးလို့ ဘုရားရှင် ဖြေထားတဲ့ မိမိပြုသမျှ ကံသာလျှင် အကြောင်းရင်း၊ ကံ၏ အမွေခံသာ ဖြစ်ကြရမည်ကို နှလုံးသွင်းပြီး ကောင်းတဲ့ အကျိုးတွေရအောင် ကောင်းတာတွေ လုပ်ဖို့၊ မကောင်းတဲ့ အကျို[ၐ]းတွေ မဖြစ်ရအောင် မကောင်းတာတွေ မလုပ်မိအောင် သတိပြုအပ်ပေသတည်း။ ။

++++++++++++++++++++++

နိဂုံး

ကျွန်ုပ်တို့ ကိုးကွယ်ဆည်းကပ် အားထားရာ ဖြစ်သော ဂေါတမဘုရားရှင်သည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ပွင့်တော်မူ သည်။ တရားတော်များကို ပါဠိဘာသာဖြင့် ဟောကြားတော်မူခဲ့သည်။ ဘုရားဟော တရားတော်များကို နိကာယ်အား ဖြင့် ငါးရပ်၊ ပိဋကအားဖြင့် သုံးပုံခွဲခြားကာ ပါဠိဘာသာဖြင့်ပင် သံဂါယနာခြောက်တန်တင်ခဲ့ကြသည်။ ရှေးဆရာတော် ကြီးများက ပါဠိဘာသာဖြင့်ပင် အများအားဖြင့် စီစဉ်ခဲ့ကြသည်။

သို့ရာတွင် သမိုင်း၏ပြောင်းလဲရေး ဖြစ်စဉ်အရ ရဟန်း သာမဏေမဟုတ်သော မြန်မာအရပ်သူအရပ်သား လူသာမန် တို့သည် ပါဠိဘာသာကို သင်ကြားခွင့် မရတော့သဖြင့် မိမိတို့ နေ့စဉ်ရွတ်ဖတ် သီဆိုနေသာ ဘာသာရေး ကျင့်ဝတ် များ၏ အဓိပ္ပာယ်ကို ပီပီပြင်ပြင် ရှင်းလင်းနားလည်ခြင်း မရှိကြတော့ချေ။ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ လူကြီးမိဘ တို့ထံမှ ဘာသာရေးကျင့်ဝတ်များကို ပါဠိဘာသာဖြင့် လက်ခံယူလိုက်သော်လည်း ထိုပါဠိဘာသာ၏ အဓိပ္ပာယ် အပြည့်အစုံကိုကား သင်ယူမှတ်သားခြင်း မပြုလုပ်နိုင်ခဲ့ကြပေ။ ယခုခေတ် သိပ္ပံပညာ ထွန်းကား၍ အရာရာကို ဆန်းစစ်လက်ခံလိုမှုများ ထွန်းကားလာသောအခါ အချို့သော ဘာသာရေးကျင့်ဝတ်များကို ဝေဖန်ဆန်းစစ်လာကြ သည်။ ထိုသို့ ဆန်းစစ်ရာ၌ ထိုဘာသာရေး ကျင့်ဝတ်များကို စီစဉ်ထားသော မြန်မာဘိုးဘေးတို့၏ ရည်ရွယ်ချက်ကို မသိသဖြင့် အဓိပ္ပာယ်မရှိသကဲ့သို့ ထင်မြင်မှတ်ယူ ဝေဖန်ကြ ကုန်သည်။ မိမိကိုယ်တိုင် မှတ်ယူထားရုံမက ဤဘာ သာရေးကျင့်ဝတ်များ မည်သို့မှားသည် စသည်ဖြင့် မိမိကိုယ်ကို ပညာတတ်ကြီးထင်အောင် ပြောဟောကြသည်။

ထိုသို့ ပြောဟောသူက ပုဂ္ဂိုလ် ကာလဒေသကို ကြည့်၍ ဟောထားသော သုတ္တန်ပါဠိကို တရားသေစွဲမှတ် ရွတ်ဆို ကာ ယုတ္တိယုတ္တာရှိရှိ ပြောဟောသောအခါ မူလက ဘာအဓိပ္ပာယ်မှ မသိဘဲ ဘယ်လိုရည်ရွယ်ချက်နှင့် ရှေးမြန်မာတို့ ဤသို့စီစဉ်ခဲ့သည်ကိုမသိဘဲ ပါဠိဘာသာဆိုရိုးကိုသာရွတ်တတ်၍ အသိဉာဏ်နှင့်မယှဉ်သည့် မိရိုးဖလာ ဗုဒ္ဓဘာသာ တို့သည် အဟုတ်ထင်ကုန်ကြသည်။ ထိုဆရာမျိုးကိုပင် ဆရာတစ်ဆူအဖြစ် ကိုးကွယ်ဆည်းကပ်ကြသည်။ မှန်ကန် သော ဘာသာတရားပေါ်၌ သံသယတွေ ဖြစ်လာကြသည်။

ဗုဒ္ဓဘာသာဝင်မှန်သမျှ မိမိပြုလုပ်နေသော ရွတ်ဆိုနေသော ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များကို အဓိပ္ပာယ် သိထားသင့်သည်။ ရည်ရွယ်ချက်ကို သိထားသင့်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မည်သည့်အကျိုးအာနိသင်များ ခံစား ရသည်ကို ကိုယ်တိုင် သိထားသင့်သည်။ ထိုသို့ အခြေခံကျကျ သိထားပါက တတ်ယောင်ကား အဖျက်သမားတို့ မည်သို့ ပြောဟောစေကာမူ မိမိကျင့်ကြံ လုပ်ဆောင်မှုအပေါ်၌ သံသယတွေ ဝင်လာတော့မည် မဟုတ်၊ ထိုတတ် ယောင်ကား စိတ်ကူးယဉ် သမားများကိုပင် အမြင်မှန်ရအောင် ရှင်းပြနိုင်ပေလိမ့်မည်။

မိရိုးဖလာ ဗုဒ္ဓဘာသာအဆင့်မှ အသိနှင့်ယှဉ်သော ဗုဒ္ဓဘာသာအဆင့်သို့ ရောက်၍ ဘုရားရှင်၏ တရားတော်များကို လက်တွေ့ကျင့်ကြံနိုင်ပြီး ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးကို ခံစားနိုင်ကြစေရန် ရေးသားအပ်သော မိရိုးဖလာ လွန် ဗုဒ္ဓဘာသာစာအုပ်သည် ၁၃၁၇ - ခု၊ ဝါခေါင်လဆန်း ၆-ရက်၊ အင်္ဂါနေ့တွင် ပြီးဆုံးအောင်မြင်ပါသတည်း။

ရန်ကုန်၊ ၁၂ - ၈ - ၇၅........သောင်းလွင်

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ