အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
လိုက်နာရမည့် စည်းကမ်းချက်များ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အာနာပါနကို အားထုတ်ရာ၌ အရေးတကြီး လိုက်နာရမည့် စည်းကမ်းချက်များကို သိထားဖို့လိုသည်။
- အရှည်
- အတို
- အစ-အလယ်-အဆုံး (= အကုန်လုံး)
- ငြိမ်းအောင်ကျင့်ခြင်း (= သိမ်မွေ့အောင်, ငြိမ်းအောင် = ချုပ်အောင် ကျင့်ခြင်း)
ဤသို့ အဆင့် (၄)ဆင့်ရှိရာ ဝင်လေ-ထွက်လေ အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေ အောင် ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းတစ်နေရာမှ စောင့်၍ လေဟူသည့်(= ဝင်လေ- ထွက်လေ ဟူသည့်) ပညတ်အာရုံအတုံးအခဲ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် စိုက်ရှုနိုင်သော အခါ ---
- အသက်ရှူနှေး၍ (ရှည်နေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင်-
- အသက်ရှူမြန်၍ (တိုနေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ဝင်လေ-ထွက်လေကို ဆက်၍ ရှုရ၏။
- ထိုသို့ရှုရာ၌ အသက်ရှူနှေးအောင် သို့မဟုတ် အသက်ရှူမြန်အောင်, တစ်နည်း - ရှည်အောင်^ တိုအောင် သက်သက် မပြုပြင်ဘဲ သဘာဝ အတိုင်း ပုံမှန်သာ အသက်ရှူနေပါ။
- ထိုသို့ရှုရာ၌ -
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဆိုလိုရင်း --- ဝင်သက်လေ-ထွက်သက်လေ ထိမှု ထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း အရပ်ကသာ စောင့်၍ ဝင်လေ-ထွက်လေ ကို သတိကပ်၍ ပွားများအားထုတ်သူ၏ သန္တာန် ၌သာလျှင် အာနာပါနဿတိသမာဓိ ဘာဝနာ သည် ပြီးစီး ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဤအထက်ပါ စည်းကမ်းကို လက်မလွှတ်ပါနှင့်။
- သမာဓိအဆင့်မြင့်လာသော် ဝင်သက်လေ-ထွက် သက်လေမှာ အဆင့်ဆင့် အလွန် သိမ်မွေ့လာ တတ်သည်။ ထိုအခါတွင် ---
- အသက်ရှူနှေး၍ (ရှည်နေလျှင်)လည်း သိမ်မွေ့သော ရှည်သော လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင်,
- အသက်ရှူမြန်၍ (တိုနေလျှင်)လည်း သိမ် မွေ့သောတိုသော လေ၏ အစ-အလယ်- အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိ အောင် ဆက်ရှုနေပါ။
- ထိုအခါ၌ သိမ်မွေ့လွန်း၍ မထင်မရှား ဖြစ်လာသော ဝင်လေ-ထွက်လေကို ထင် ရှားအောင် သက်သက် ပြုပြင်၍ အသက် မရှူပါနှင့်။ သဘာဝအတိုင်း သိမ်မွေ့သော ဝင်လေ-ထွက်လေမှာသာ ဘာဝနာစိတ် ကို ကပ်ထားပါ။ ထိရာအရပ် (= နှာသီးဖျား^အထက်နှုတ်ခမ်း)ကို လက်မလွှတ် ပါနှင့်။
- နိမိတ်ပေါ်လာခဲ့သော် မီးခိုးရောင်ကဲ့သို့ ညစ် ထပ်ထပ် အရောင်မှာ ပရိကမ္မနိမိတ်ဖြစ်သည်။ ပကတိသော ဝင်လေ-ထွက်လေမှာလည်း ပရိကမ္မနိမိတ်ပင် ဖြစ်သည်။ ပရိကမ္မနိမိတ်ဟူသည် အခြေခံ ပရိကမ္မသမာဓိ ဖြစ်ပေါ်လာရန် အာရုံ အဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးနေသော အကြောင်းတရားဟု ဆိုလိုသည်။
- ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အရောင် နိမိတ်မှာ ဥဂ္ဂဟနိမိတ်ဖြစ်သည်။
- သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင် တောက်ပနေသော နိမိတ်မှာ ပဋိဘာဂနိမိတ် ဖြစ်သည်။ အဆင့်အမြင့်ဆုံးသော နိမိတ်ဖြစ် သည်။ ဤကား ယေဘုယျ အဖြစ်များသော နိမိတ်တည်း။
- သို့သော် နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင် အမျိုးမျိုး ဖြစ်နိုင်သည်။
- ဘာဝနာသညာ ကွဲပြားမှု ---
ဧဝံ ဧကမေဝ ကမ္မဋ္ဌာနံ သညာနာနတာယ နာနတော ဥပဋ္ဌာတိ၊ သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ တသ္မာ သညာနာနတာယ နာနတော ဥပဋ္ဌာတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)
သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေဝ ပဝတ္တသညာနံ နာနာဝိဓဘာဝတော။ (မဟာဋီ၊၁၊၃၃၅။)
ဆိုလိုရင်း --- တစ်ခုတည်းသော ကမ္မဋ္ဌာန်းပင် ဖြစ်လင့်ကစား နိမိတ်မပေါ်မီ ရှေ့အဖို့က ရှေး မဆွက ဖြစ်ပေါ်နေသော ဘာဝနာသညာ အမှတ်သညာ ကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး အရောင်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်ပေါ် လာရခြင်း ဖြစ်၏။ မှန်ပေသည် --- ဤအာနာပါနနိမိတ်သည် ဘာဝနာသညာကြောင့် ဖြစ်ပေါ် လာရ၏။ ဘာဝနာသညာလျှင် အကြောင်းရင်းခံ ရှိ၏။ ဘာဝနာသညာလျှင် အမွန်အစ ရှိ၏။ ထိုကြောင့် ဘာဝနာသညာ ကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်းဖြစ်၏။
- ဘာဝနာသညာဟူသည် အာနာပါနကို ရှုနေသော ရင့်ကျက်လာသော စိတ်ငြိမ်ဝပ်မှု, ဝင်လေ-ထွက်လေ အာရုံ၌ ငြိမ်ဝပ်စွာ စိတ်ကပ်တည်နေမှု သမာဓိနှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်လာသော အမှတ်သညာတည်း။ ထိုအချိန်အခါမျိုးတွင် အထူးသဖြင့် ပေါ်လာသော နိမိတ်ပေါ်၌ ဘာဝနာစိတ်ကို ငြိမ်နေအောင် လှုပ်မရအောင် ကပ် မထားနိုင်သေးသော အခါမျိုး၌ ဤသို့သော နိမိတ် ... ဤသို့သော နိမိတ် ... စသည်ဖြင့် အမှတ်သညာများ ပြောင်းရွှေ့နေပါက ထိုအမှတ် သညာ ကွဲပြားသလောက် နိမိတ်များလည်း ကွဲပြားနေတတ်ပါသည်။ နိမိတ်တွေ အမျိုးမျိုး ပြောင်းနေပါက ဘာဝနာစိတ်မှာလည်း အာရုံ တစ်ခုတည်းကိုသာ စူးစူးစိုက်စိုက် ကြာရှည်စွာ မရှုပွားနိုင်သည့်အတွက် တဖြည်းဖြည်း သမာဓိ လျှောကျသွားတတ်သည်။
- တစ်ဖန် နိမိတ်က ဝေးကွာနေခဲ့လျှင် ထိုဝေးကွာ နေသော အထူးသဖြင့် နှာသီးဖျား^အထက်နှုတ်ခမ်းအရပ်တွင် ကပ်၍ တည်,မနေသော ဝေးကွာ သော နိမိတ်ကို စိတ်လိုက်၍ စိုက်နေပါက အထက်တွင် တင်ပြထားသော ဝင်လေ-ထွက်လေ ထိမှုထင်ရှားရာ ဌာနဖြစ်သည့် နှာသီးဖျား^အထက်နှုတ်ခမ်းဆိုသည့် ထိရာအရပ်ကို ကျော်လွန် သွားသဖြင့် အာနာပါနဘာဝနာသမာဓိမှာလည်း စျာန်အဆင့်သို့တိုင်အောင် မတိုးတက်နိုင် ဖြစ် တတ်သည်။
- သို့အတွက် ပကတိသော ဝင်လေ-ထွက်လေမှ ဖြစ်ပေါ်လာသော နိမိတ်ကသာလျှင်, နှာသီးဖျား ^အထက်နှုတ်ခမ်းအရပ်တွင် ပကတိသော ဝင်လေ-ထွက်လေနှင့် တစ်သားတည်း တစ်ခုတည်း ဖြစ်နေသော အာနာပါနနိမိတ်ကသာလျှင်, ထို နိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင် ပါမှသာလျှင် အာနာပါနသမာဓိ ဘာဝနာသည် ပြီးစီးပြည့်စုံနိုင်ပေသည်။ စျာန်အဆင့်သို့ တက်ရောက်နိုင်ပေသည်။
- အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)
နိမိတ်ထင်လာသောအခါ ထိုယောဂီပုဂ္ဂိုလ် သည် ထိုထင်လာသော နိမိတ်ကို ---
- အရောင်ကိုလည်း အရောင်အနေနှင့်လည်း နှလုံးမသွင်းပါနှင့်။
- ထိုနိမိတ်၌ ထိုဝင်လေ-ထွက်လေ၌ တည်ရှိ သော မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်း ဆိုသည့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝ လက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။
- ထိုဝင်လေ-ထွက်လေကို သို့မဟုတ် နိမိတ်ကို ဖြစ်ပျက် - အနိစ္စ^ဒုက္ခ^အနတ္တဟု သာမညလက္ခဏာကိုလည်း နှလုံးမသွင်း ပါနှင့်။
- တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎယတော ဝါတရာသိယေဝ ဝဍ္ဎတိ၊ ဩကာသေန စ ပရိစ္ဆိန္နံ။ ဣတိ သာဒီနဝတ္တာ ဩကာသေန စ ပရိစ္ဆိန္နတ္တာ န ဝဍ္ဎေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)
ပိစုပိဏ္ဍာဒိဝသေန ဥပဋ္ဌဟန္တမ္ပိ နိမိတ္တံ ဝါတသင်္ဃာတသန္နိဿယန္တိ ကတွာ ဝုတ္တံဝါတရာသိယေဝ ဝဍ္ဎတီတိ။ ဩကာသေန ပရိစ္ဆိန္နန္တိ နာသိကဂ္ဂမုခနိမိတ္တာဒိဩကာသေန သပရိစ္ဆေဒံ။ ဝါယောကသိဏဝဍ္ဎနေ ဝိယ န ဧတ္ထ ကောစိ ဂုဏော၊ ကေဝလံ ဝါတဝဍ္ဎနမေဝါတိ အာဟ သာဒီနဝတ္တာတိ။ (မဟာဋီ၊၁၊၁၃၁။)
ဆိုလိုရင်း --- အာနာပါနနိမိတ်ကို တိုးပွား အောင်လုပ်ခဲ့သော် ဝါဂွမ်းစိုင် စသည့် ပုံသဏ္ဌာန် အားဖြင့် ထင်လာသော အာနာပါန နိမိတ်ပင် ဖြစ်သော်လည်း ထို နိမိတ်ဟူသည် လေတို့၏ အပေါင်းအစုသာဖြစ်ခြင်းကြောင့် လေအစုအပုံ သာ တိုးပွားလာ၏။ ဝါယောကသိုဏ်းကို တိုးပွား အောင် လုပ်သကဲ့သို့ ဤအာနာပါနနိမိတ်အရာ၌ တိုးပွားအောင် လုပ်ခြင်းသည် အကျိုးမရှိနိုင်ပေ။ တစ်ဖန် ဤအာနာပါနကမ္မဋ္ဌာန်းကို ဝင်လေ-ထွက်လေ ထိမှုထင်ရှားရာ နှာသီးဖျား^အထက် နှုတ်ခမ်းမှာသာ ရှုရမည်ဟု ရှုရမည့် နေရာကို လည်း အတိအကျ သတ်မှတ်ထား၏။ ထိုကြောင့် နိမိတ်ကို ရှည်အောင်, တိုအောင်, ကြီးအောင်, သေးအောင်, လုံးအောင်, ပြားအောင် စသည်ဖြင့် မပြုလုပ်ရပါ။
- နှာသီးဖျား^အထက်နှုတ်ခမ်းဟူသည့် ထိမှု ထင်ရှားရာနေရာကသာ စောင့်၍ ဝင်လေ-ထွက်လေ ကို ဆက်တိုက်သိအောင် ကြိုးစားခြင်းဖြင့် ဝင်လေ- ထွက်လေနှင့် နိမိတ် တစ်သားတည်း တစ်ခုတည်း ဖြစ်လာသောအခါ ထိုနှာသီးဖျား^အထက်နှုတ်ခမ်း အရပ်တွင်သာ တည်ရှိသော နိမိတ်ကိုသာ စိုက်၍ ရှုနေပါက, ဘာဝနာစိတ်ကို ထိုနိမိတ်၌ ကပ်ထား နိုင်ပါက မည်သည့် အရောင်ပင်ဖြစ်ပါစေ, မည် သည့် ပုံသဏ္ဌာန်ပင်ဖြစ်ပါစေ အရောင်နှင့် ပုံသဏ္ဌာန်ကို နှလုံးမသွင်းဘဲ အာနာပါနကြောင့် ဖြစ်ပေါ်လာသော နိမိတ်ကိုလည်း အာနာပါနဟု ပင် သဘောထား၍ ဘာဝနာစိတ်ကို ထိုနိမိတ်၌ ကပ်ထားနိုင်ပါက မီးခိုးရောင်မှ အဖြူရောင်, အဖြူရောင်မှ သောက်ရှူးကြယ်ရောင် စသည်ဖြင့် ဘာဝနာသမာဓိ ရင့်ကျက်သည်နှင့်အမျှ အဆင့်ဆင့် ကူးပြောင်းကာ စျာန်သို့ ကူးမြောက်နိုင်ပေ မည်။ နှာသီးဖျား^အထက်နှုတ်ခမ်းနှင့် ဝေးကွာ နေသော နိမိတ်အမျိုးမျိုးတို့ကို လိုက်ရှုနေပါက သမာဓိမှာ တက်လိုက် ကျလိုက် ဖြစ်ကာ စျာန်သို့ မကူးနိုင်, စျာန်သမာဓိအဆင့်သို့ မရောက်နိုင် ရှိတတ်သည်။ သတိရှိစေ။
- နိမိတ်ကို အလွန့်အလွန် စူးစိုက်ပါက ကလာပ် အမှုန်များကို တွေ့တတ်သည်။ စျာန်သမာဓိသို့ ကူးလိုပါက ကလာပ်အမှုန်များကို တွေ့သော အခါ စိတ်ကို လျှော့ချပေးပါ။ စိတ်ကို မလျော့ မတင်း ထား၍ နိမိတ်ကို စိုက်ရှုနိုင်ပါက စျာန်သမာဓိအဆင့်သို့တိုင်အောင် ကူးတက်နိုင်သည်။ နိမိတ်တွင် တည်ရှိသော ကလာပ်အမှုန် အကြီး အသေးတို့ကို စိုက်ရှုနေပါက ထိုကလာပ်အမှုန် တို့မှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသဖြင့် အာရုံက မငြိမ်သက်သော အာရုံ ဖြစ်ရကား သမာဓိမှာ အာရုံ၏ မငြိမ်သက်မှုကြောင့် မစူးမရှ ရှိတတ်သည်။ သမာဓိ လျှောကျတတ်သည်။ သတိရှိစေ။
(ဆက်လက်ရှုပွားပုံ အဆင့်ဆင့်ကို ဆရာတော်ဘုရား ရေးသားပြုစုသော အာနာပါနကျင့်စဉ်မှ ဝိပဿနာသို့ ကျမ်းစာငယ်မှသည် နိဗ္ဗာနဂါမိနိပဋိပဒါ ကျမ်းစာ ၅-တွဲတိုင်အောင်သော ထိုထိုကျမ်းများတွင် လေ့လာဆည်းပူးနိုင်ပါသည်။)
ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ၌
ရဟန်း^ရှင်ယောဂီများ လိုက်နာရန် စည်းကမ်းများ
- (က) စတုပါရိသုဒ္ဓိသီလသိက္ခာပုဒ်တော်များကို ရိုသေလေးစားစွာ လိုက်နာသောအားဖြင့် မိမိတို့၏ စိတ်ကို စင်ကြယ်အောင် မွေးမြူ ကြရမည်။
(ခ) အထူးသဖြင့် နိဿဂ္ဂိယ အကပ္ပိယဝတ္ထု ပစ္စည်းများကို အာလယပြတ် စွန့်လွှတ်ခဲ့ပြီး ဖြစ်မှ ဤဌာန၌ နေထိုင်သီတင်းသုံးခွင့် ပြုမည်။
(ဂ) ဥပဇ္ဈာယ်ဆရာနှင့် ကင်းနေပြီး နိဿယည်း မငြိမ်းသေးသူဖြစ်က နိဿယည်းယူပြီးမှ သာလျှင် ဤဌာန၌ နေထိုင်သီတင်းသုံးခွင့် ပြုမည်။ - (က) ဝတ်စား နေထိုင် ပြောဆိုပုံတို့ကို ဆိုင်ရာ နာယက ဝန်ဆောင်ထံ သင်ယူရမည်။
(ခ) ဘုရားဝတ်ပြုသည့်အခါ ဥပုသ်ပြုသည့်အခါ ဆရာထံ ချဉ်းကပ်သည့်အခါတို့၌ သင်္ကန်း လက်ကန်တော့ထိုး၍ လက်အုပ်ချီကာ ရိုသေစွာ ဝင်ကြရမည်။ - (က) ကျောင်းဝင်းအပြင်ဘက်နှင့် ရွာတွင်း မြို့တွင်းသို့ သွားလိုသော် ဥပဇ္ဈာယ်ဆရာ (သို့မဟုတ်) နိဿယည်းဆရာနှင့် တာဝန် ရှိသူများကို ပန်ကြားလျှောက်ထား၍ ခွင့်ပြုချက်ရမှ ဝိနည်းသိက္ခာပုဒ်တော်များနှင့် အညီ သွားလာကြရမည်။ ပြန်ရောက်သည့် အခါ ရောက်ရှိကြောင်း အသိပေး လျှောက် ထားရမည်။
(ခ) ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်း၊ ကွမ်း စားခြင်း၊ ဆိုက်ကား, နွားလှည်း, မြင်းလှည်း စီးခြင်းတို့မှ ရှောင်ကြဉ်ကြရမည်။
(ဂ) သီတင်းသုံးဖော်အချင်းချင်း၊ ခန္တီ မေတ္တာ တရားနှင့် ပြုမူဆက်ဆံ ပြောဆို နေထိုင်ကြ ရမည်။ - (က) ယောဂီသစ်များသည် (အခါအားလျော်စွာ သတ်မှတ်ပေးသော အချိန်၌) တာဝန်ကျ သည့် ကမ္မဋ္ဌာနာစရိယထံ ကမ္မဋ္ဌာန်း တောင်း ရမည်။
(ခ) တရားထိုင်ချိန်တိုင်း အချိန်ပြည့် သိမ်ပေါ်၌ တရားရှုမှတ်ရမည်။
(ဂ) နေ့စဉ် အနည်းဆုံး တစ်ကြိမ် မှန်မှန် တရား လျှောက်ထားရမည်။
(ဃ) သတ်မှတ်ထားသော တရားထိုင်ချိန်တိုင်း၌ အချိန်မီ လာရောက်ကြရမည်။
(င) တရားရှုပွားချိန်တွင် လက်-ခြေချိုးခြင်း, ရယ် မောခြင်း, အသံမြည်အောင် ယပ်ခပ်ခြင်း, ဖျာကို ကြမ်းတမ်းစွာ ဆွဲယူခြင်း, ခြေကို ပြင်းပြင်းနင်းခြင်း, တံခါးကို အသံမြည် အောင် ဖွင့်ပိတ်ခြင်းစသည်တို့ကို မပြုလုပ် ရ။မှတ်ချက်။ ။ မတတ်သာ၍ ချောင်းဟန့်ခြင်း, ချောင်းဆိုး ခြင်းစသည် ပြုရသည်ရှိသော် အသံတိုး နိုင်သ၍ တိုးစေရန် အဝတ်ဖြင့်ဖြစ်စေ အုပ်၍ ပြုလုပ်ရမည်။
- (က) ညစဉ် မှန်မှန် မပျက်မကွက် သိမ်၌ တရား နာယူရမည်။
(ခ) အချိန်ပို တရားရှုမှတ်သူများရှိတတ်၍ သိမ် ပေါ်၌ စကားပြောခြင်း၊ ဒေသနာပြောကြား ခြင်း လုံးဝ မပြုလုပ်ကြရပါ။ - (က) တရားထိုင်ချိန်မှ တစ်ပါးသော ဣရိယာပုထ် တို့၌လည်း တရားရှုမှတ်မှုကို သတိမလွတ် စေရန် အမြဲသတိထားကြရမည်။
(ခ) ကျောင်းစဉ်လှည့်လည်၍ဖြစ်စေ၊ စုဝေး၍ ဖြစ်စေ စကားမပြောမိစေရန် အထူး စောင့် စည်းကြရမည်။ - (က) တရားထိုင်နားသည့်အချိန်၌ စကားမပြောဘဲ စင်္ကြံလျှောက်၍သော်လည်းကောင်း၊ ရပ်၍သော်လည်းကောင်း၊ လျောင်း၍သော် လည်းကောင်း မိမိ ရှုပွားဆဲတရားကို တရစပ် ရှုပွားနေရမည်။
(ခ) အကြောင်းအားလျော်စွာ စကားပြောရန် ရှိလျှင်လည်း တိုတိုနှင့် လိုရင်းကို တိုးတိုးသာ ပြောဆိုကြရမည်။
(ဂ) စကားပြောဆိုဆက်ဆံရာ၌ ဂါရဝ-နိဝါတ မင်္ဂလာဖြင့် ကြီးသူကို ငယ်သူက လက်အုပ် ချီလျက် ရိုသေလေးစားစွာ ပြောဆိုကြရမည်။ - (က) တာဝန်ရှိသူတို့က သတ်မှတ်ချထားပေးသော ကျောင်းနေရာ၌သာ သီတင်းသုံး နေ ထိုင်ကြရမည်။
(ခ) သင်္ကန်း၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ထိုင်ခင်းစသော သံဃိကပစ္စည်းများကို ရိုသေစွာ သုံးစွဲကြ၍ ပြန်ကြွသောအခါ လျှော်ဖွပ် သန့်ရှင်းစေပြီးမှ သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံခဲ့ရမည်။ - (က) ကတ္တီပါသဲကြိုး^ကတ္တီပါခင်းဖိနပ် စသော ဝိနည်းတော်နှင့် မအပ်စပ်သော ဖိနပ်များ စီးခြင်းမှ ရှောင်ကြဉ်ရမည်။
(ခ) ထီးများကို အလှပြုလုပ်ထားသော အရေး, ပန်းရစ်စသည်များကို ဖျက်ဆီး၍ ဆောင်းကြရမည်။
(ဂ) အမွှေးဆပ်ပြာနှင့် မွှေးသော အသုံးအဆောင်ပစ္စည်းများကို မသုံးဆောင်ရပါ။(ကိုယ်နံ့နံသူသည်လည်းကောင်း, ကျင်ကြီး-ကျင်ငယ်ကုဋီများ၌လည်းကောင်း အနံ့အသက် ပျောက်စေရန် အမွှေးဆပ်ပြာ အသုံးပြုနိုင်ပါသည်။)
- (က) မြို့ရွာထဲသွားရာ၌ သာမဏသာရုပ္ပဖြစ်အောင် ညီညီညာညာ ဣန္ဒြေရရ သင်္ကန်းရုံ၍ သွားကြရမည်။
(ခ) ဆွမ်းခံကြွရန် လိုအပ်ပါက ဂိလာနပုဂ္ဂိုလ်မှ အပ အားလုံး ဆွမ်းခံကြွကြရမည်။ - (က) ဆွေမျိုးမတော် ဖိတ်ကြားမထားသော ဒါယကာ ဒါယိကာမများထံ၌ ကပ္ပိယ-အကပ္ပိယ ဝတ္ထုပစ္စည်းများကို အလှူခံ (တောင်းယူ) ခြင်းမှ ရှောင်ကြဉ်ကြရမည်။
(ခ) သစ်သီးပေးခြင်း, ပန်းပေးခြင်း, ဆေးကုခြင်း, ဗေဒင်ဟောခြင်း, ချဲပေးခြင်း အစရှိသော ကုလဒူသန အနေသနအမှုများကို လုံးဝ မပြုလုပ်ရ။
(ဂ) မကျန်းမမာဖြစ်ခဲ့သော် သက်ဆိုင်ရာသို့ အသိပေး လျှောက်ထားကြရမည်။
(ဃ) သာသနာဝင်မှတ်တမ်း (သို့မဟုတ်) ရဟန်းဖြစ် ရက်ချုပ် ထောက်ခံစာတို့ကို တာဝန်ရှိသူများထံ တင်ပြနိုင်ကြရမည်။ - (က) အမျိုးသမီးယောဂီများဖြစ်စေ၊ အမျိုးသမီး ဧည့်သည်များဖြစ်စေ မိမိတို့ ကျောင်းပေါ်၌ ဧည့်ခံ၍ စကားမပြောရ။
(ခ) ဧည့်ခံစကားပြောလိုပါက ဆိုင်ရာခွင့်ပန်၍ သတ်မှတ်ပေးသော နေရာ၌ သတ်မှတ်သည့် အချိန်အတွင်း လက်ခံစကားပြောနိုင် ပါသည်။ - (က) အမျိုးသမီးယောဂီများနေထိုင်ရာ ဇရပ် ကျောင်းဆောင်များသို့ အကြောင်းမရှိဘဲ မသွားရပါ။
(ခ) အကြောင်းရှိ၍ သွားပါက ဆိုင်ရာနာယက ၏ ခွင့်ပြုချက်ရယူ၍ သီတင်းသုံးဖော် တစ်ပါးပါး (သို့) ဒကာအဖော်ဖြင့် သွားကြ ရမည်။
(ဂ) သက်ဆိုင်ရာ နာယက၏ ခွင့်ပြုချက်မရဘဲ အမျိုးသမီးဆောင်သို့ သွား၍ စကားပြော ခြင်း၊ ချိန်းချက်၍ ပြောခြင်းများ တွေ့ရှိပါက တိုက်တာမှ ဖယ်ရှားပေးရပါမည်။ - အခါအားလျော်စွာ ထုတ်ပြန်သော စည်းကမ်း, ညွှန်ကြားချက်စသည်တို့ကိုလည်း လိုက်နာရပါမည်။
(ပြင်ဆင်ဖြည့်စွက် ၁၆.၆.၂၀၀၃)
နာယကဆရာတော်များ၊ ဖားအောက်တောရ
ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ၌
ယောဂီများအားလုံးနှင့် ဆိုင်သော အထွေထွေ စည်းကမ်းချက်များ
- ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးနှင့် ဆရာသမားတို့ကို ရိုသေလေးစားရမည်။
- တရားကို အမှန်တကယ်လိုလားပြီး နေ့စဉ် သတ်မှတ်ထားသော တရားထိုင်ချိန် အကြိမ်ပြည့်အောင် အားထုတ်ရမည်။
- ကျန်းမာရေး ကောင်းရမည်။ နေထိုင်မကောင်းပါက သာသနာနုဂ္ဂဟအဖွဲ့သို့ အဆောင်မှူးမှ တစ်ဆင့် အကြောင်းကြားပါ။
- ကိုးပါးသီလကို လုံခြုံအောင် ရိုရိုသေသေ စောင့်ထိန်းပါ။
- တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် တရားလျှောက်ထားရမည်။
- တရားပြဆရာတော်များ နေ့စဉ် တရားစစ်ဆေး ရန် သတ်မှတ်ထားသော အချိန်များ၌သာ တရား လမ်းညွှန်မှုကို ရယူပါ။
- အခါခပ်သိမ်း ဆိတ်ငြိမ်မှုကို အထူး ထိန်းသိမ်းပါ။ သိမ်အတွင်းနှင့် သိမ်ပတ်ဝန်းကျင်တို့တွင် စုပေါင်း ၍ စကားမပြောရ။
- တရားရှုပွားနေစဉ် ကျင်ကြီး-ကျင်ငယ်စသော အရေးပေါ်ကိစ္စမှအပ သိမ်^ဓမ္မာရုံ၌ ဝင်ထွက်ခြင်း မပြုရ။
- အသံသည် သမာဓိ၏ ကြီးစွာသော အနှောင့်အယှက်ဖြစ်သဖြင့် အခါခပ်သိမ်း ဆိတ်ငြိမ်မှုဖြင့် ယောဂီအချင်းချင်း စောင့်ရှောက်ကူညီကြပါ။
- တရားရှုပွားချိန်တွင် လက်-ခြေချိုးခြင်း, ရယ်မောခြင်း, အသံမြည်အောင် ယပ်ခပ်ခြင်း, ဖျာကို ကြမ်းတမ်းစွာ အသံမြည်အောင် ဆွဲယူခြင်း, ခြေကို ပြင်းပြင်းနင်းခြင်း, တံခါးကို အသံမြည်အောင် ဖွင့်ပိတ်ခြင်း စသည်တို့ကို မပြုလုပ်ရ။
- မတတ်သာ၍ ချောင်းဟန့်ခြင်း, ချောင်းဆိုးခြင်း စသည် ပြုရသည်ရှိသော် အသံတိုးနိုင်သ၍ တိုးစေရန် အဝတ်ဖြင့်ဖြစ်စေ အုပ်၍ ပြုလုပ်ရမည်။
- အခါခပ်သိမ်း တရားရှုပွားမှုဖြင့် အများကြည်ညိုစဖွယ် သွားလာနေထိုင်ပါ။
- ကျောင်းဝင်းအတွင်း၌သာ စင်္ကြံလျှောက်ပါ။ စင်္ကြံ လျှောက်ရာ, ရပ်ရာ စသည်တို့၌ သင်ပေးထားသော တရားကို နှလုံးသွင်းပါ။ တရားထိုင်ချိန် အပြည့်ထိုင်ပြီးမှ စင်္ကြံလျှောက်ပါ။
- ရိုးရိုးယဉ်ယဉ် ဣန္ဒြေရရ ဝတ်စားဆင်ယင်ပါ။
- တရားရှုပွားရန် သိမ်သို့သွားသည့်အခါ ရှေ့နောက်စီတန်း၍ သွားပါ၊ သိမ်မှအပြန်တွင်လည်း ရှေ့နောက် စီတန်း၍ ပြန်ပါ။
- ယောဂီအချင်းချင်း တရားဆွေးနွေးရာဝယ် မကျွမ်းကျင်သူများ ဖြစ်ပါက မှားယွင်းတတ်သဖြင့် ဆရာသမားများနှင့်သာ အထူးသဖြင့် ဆွေးနွေးပါ။ သူတစ်ပါး တရားရှုပွားမှုကို ဝေဖန်ခြင်း မပြု ပါနှင့်။
- ကျောင်းဝင်းနှင့် ရိပ်သာဝင်းပြင်ပရှိ စျေးဆိုင်များ သို့ သွားရောက် စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။
- တရားထိုင်ချိန်နှင့် ဆွမ်းခံချိန်တွင် သံချောင်း^ တုံးခေါက်မှ ရေမချိုးရ။ အချိန်မီ ရောက်ရမည်။
ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ
___________
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အခုအချိန်အခါဟာ ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေတဲ့ အချိန်ဖြစ် တယ်။ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဒီပန်းချီကားတစ်ချပ်ကို ရေးဆွဲနိုင်ခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ? အင်မတန် ချောမောလှပနေတဲ့ ရုပ်ပုံသဏ္ဌာန်ကလေးတွေ တစ်ချိန်မှာ ပေါ်လာမယ်၊ မကျွမ်းမကျင်ဘဲနဲ့ ပန်းချီကားတစ်ချပ်ကို သွားပြီး တော့ မိုက်မိုက် ကန်းကန်းနဲ့ ရေးဆွဲမိခဲ့မယ်ဆိုရင် အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့ ပန်းချီကားတစ်ချပ် ပေါ်လာလိမ့်မယ်။
သို့သော် ဉာဏ်ပညာမျက်စိ မရှိတဲ့ အန္ဓဗာလ ပုထုဇန် ငမိုက်သားက ရေးဆွဲလိုက်ခဲ့လို့ရှိရင် ကျွမ်းကျွမ်းကျင်ကျင်နှင့်ပဲဖြစ်ဖြစ်, မကျွမ်းမကျင်နှင့်ပဲ ဖြစ်ဖြစ်, လိမ်လိမ်မာမာနှင့်ပဲဖြစ်ဖြစ်, မိုက်မိုက်ကန်းကန်းနှင့်ပဲဖြစ်ဖြစ် သူရေး ဆွဲလို့ဖြစ်ပေါ်လာမဲ့ ပန်းချီကားတစ်ချပ်သည် ချောမောလှပတဲ့ ပန်းချီကားပဲ ဖြစ်ချင်ဖြစ်ပါစေ, အကျည်းတန် အရုပ်ဆိုးတဲ့ ပန်းချီကားပဲ ဖြစ်ချင်ဖြစ်ပါစေ သူဖြစ်အောင်လုပ်နိုင်တဲ့ ဒီပန်းချီကားချပ်ကို ပရမတ္ထသစ္စာနယ်ဘက်က ဓာတ် ခွဲလိုက်တော့ ဘာတွေသာရှိသလဲ? ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဆိုတဲ့ ခန္ဓာငါးပါးပဲ၊ သူဖြစ်အောင်လုပ်နိုင်တဲ့ စွမ်းအားသည် ဘယ်လို သဘောသာရှိမလဲ? -- ခန္ဓာငါးပါးပဲ။ အဲဒီ ခန္ဓာငါးပါးကိုသာ သူက ဖြစ်အောင် လုပ်နိုင်တယ်၊ ဘာကြောင့်လဲ? - ဒီပုထုဇန်ငမိုက်သားရဲ့ ဘဝဟာ ခန္ဓာငါးပါး ဆိုတဲ့ ချည်တိုင်မှာ တဏှာတည်းဟူသော သံယောဇဉ်ကြိုးနှင့် ခိုင်ခိုင်ခံခံ အချည်နှောင်ခံနေရတဲ့ ဘဝသာဖြစ်တယ်။ ဒိဋ္ဌိဆိုတဲ့ တောက်ကြီးကိုလည်း သူ့ရဲ့လည်ပင်းမှာ ဆွဲထားပြန်သေးတယ်။ သူ့ရဲ့ဘဝဟာ ခန္ဓာငါးပါးဆိုတဲ့ ချည်တိုင်နားမှာ တဝဲလည်လည်နှင့် ငါပဲ-ငါ့ဟာပဲ-ငါ၏အတ္တပဲဆိုပြီး ကပ်ကပ် နေရတဲ့ ဘဝသာ ဖြစ်တယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ သူဟာ ရုပ်နာမ်တွေကို ပရမတ်ဆိုက်အောင်လည်း ထိုးထွင်းမသိသေးဖူး။ မသိတဲ့ အတွက် သူ့မှာ ပရမတ္ထဉာဏ်ပညာမျက်စိက မရှိလေတော့ သူက ဖြစ်အောင် လုပ်နိုင်လျှင် ဘာကိုသာ ဖြစ်အောင်လုပ်နိုင်မလဲ? ခန္ဓာငါးပါးကိုသာ သူက ဖြစ်အောင်လုပ်နိုင်မယ်။ ခန္ဓာငါးပါးဖြစ်ရေးအတွက်သာ သူက ကံတွေကို ထူထောင်နိုင်မယ်။ အဲဒီခန္ဓာငါးပါးသည် ဘယ်လို သဘောရှိသလဲ? ဘုရားရှင် က ဒီအပိုင်းကျတော့ ဝိပဿနာပိုင်း လှည့်သွားပြီ၊ ဒီညလည်း ဝိပဿနာပိုင်း ကိုပဲ အတိုချုပ်ပြီး ပြောဖို့ ရည်ရွယ်ထား ပါတယ်။
___________
တေပရိဝဋ္ဋဓမ္မဒေသနာ
တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာတိ။ နော ဟေတံ ဘန္တေ။ (သံ၊၂၊၁၂၄။)
ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တံ = ထို ငါဘုရားမေးမည့် မေးခွန်းကို။ တုမှေ = သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ ကိံ မညထ = အဘယ်သို့ အောက်မေ့ မှတ်ထင် ယူဆကြကုန်သနည်း။ ရူပံ = ရုပ်တရားသည်။ နိစ္စံ ဝါ = နိစ္စလေလော။ အနိစ္စံ ဝါ = အနိစ္စလေလော။ ဣတိ = ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ = အရှင်ဘုရား ...။ အနိစ္စံ = အနိစ္စဖြစ်ရိုး အမှန်ပါဘုရား။ ဣတိ = ဤသို့ ရွှေနားတော်ကြား အောင် လျှောက်ထားကြလေကုန်ပြီ။
ချစ်သား ရဟန်းတို့ ...ကျွမ်းကျင်တဲ့ ပန်းချီဆေးရေးသမားတစ်ဦးက ပဲဖြစ်ဖြစ် မကျွမ်းကျင် မလိမ္မာတဲ့ ပန်းချီဆေးရေးသမားတစ်ဦးကပဲဖြစ်ဖြစ် ရေးဆွဲလိုက်တဲ့ ပန်းချီကားချပ်ကို ဓာတ်ခွဲကြည့်လိုက်တော့ ခန္ဓာငါးပါးပဲ၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးပဲ၊ အဲဒီ ခန္ဓာငါးပါး သာရှိတဲ့အတွက် သင်ချစ်သားတို့ကို ငါဘုရား မေးခွန်းတစ်ခုမေးမယ်၊ အဲဒီ ရုပ်တရားသည် နိစ္စလား, အနိစ္စလား? ဒီလို မေးတော်မူလိုက်တယ်။ အဲဒီလို မေးတော့ ရဟန်းတွေက ဘယ်လိုဖြေသလဲ? အနိစ္စပါဘုရား - လို့ ဖြေတယ်၊ နောက်တစ်ခု ---
ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။
အဲဒီ အနိစ္စမှန်နေတဲ့ ဒီရုပ်တရားသည် ဒုက္ခလား သုခလားလို့ ဒီလို မေးတော်မူလိုက်တယ်။ အဲဒီလိုမေးတော့ ဒုက္ခပါလို့ ဖြေတယ်။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာတိ။ နော ဟေတံ ဘန္တေ။ (သံ၊၂၊၁၂၄။)
ယံ = အကြင်ရုပ်တရားသည်။ အနိစ္စံ = အနိစ္စတရားသာတည်း။ [ဘာဖြစ်လို့လဲ? အနိစ္စ, ဖြစ်ပြီးပျက်နေလို့] ဒုက္ခံ = ဒုက္ခတရားသာတည်း။ [ဘာဖြစ်လို့လဲ? ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲ ညှဉ်းပန်းနှိပ်စက် ခံနေရတဲ့အတွက် ဒုက္ခပဲ။]
ယံ = အကြင်ရုပ်တရားသည်။ အနိစ္စံ = အနိစ္စတရားသာတည်း။ ဒုက္ခံ = ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓမ္မံ = ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမ သဘောတရားသာတည်း။
ဘယ်လို ဖောက်ပြန်ပျက်စီးသလဲ? ဖြစ်ပြီးတဲ့နောက် မပျက်ဘဲနဲ့ အခိုင် အမာ အနှစ်သာရအားဖြင့် တည်နိုင်တဲ့စွမ်းအား မရှိဘူး၊ ဌီကာလကနေပြီး ပျက်မည့် ဘင်ကာလဘက်သို့ အမြဲတမ်း ယိုင်လဲနေတဲ့သဘောကလေးပဲ။ ဒါကို ဝိပရိဏာမဓမ္မ ဖောက်ပြန် ပျက်စီးတတ်တဲ့သဘော, ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတယ်ဆိုပြီး ဘာသာပြန်ထားတယ်။ ဒါကြောင့် -----
ယံ = အကြင်ရုပ်တရားသည်။ အနိစ္စံ = အနိစ္စတရားသာတည်း။ ဒုက္ခံ = ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓမ္မံ = ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမသဘောတရားသာတည်း။ တံ = ထိုအနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ ဖြစ်၍နေတဲ့ ရုပ်တရားကို။ ဧတံ = ဤရုပ်တရားသည်။ မမ = ငါရဲ့ ရုပ်တရားတည်း။ ဧသော = ဤရုပ်တရားသည်။ အဟမသ္မိ = ငါတည်း။ ဧသော = ဤရုပ်တရားသည်။ မေ = ငါ၏။ အတ္တာတိ = အတ္တတည်းဟူ၍။ သမနုပဿိတုံ = စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ။ ကလ္လံ နု = သင့်တင့် လျောက်ပတ်ပါမည်လော?
အဲဒီရုပ်တရားဟာ အနိစ္စလည်း မှန်တယ်၊ ဒုက္ခလည်း မှန်တယ်၊ ဖောက် ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း မှန်နေတယ်၊ ဒါကြောင့် ဒီရုပ်တ ရားကြီးကို သင်ချစ်သားတို့တစ်တွေ, သင်ချစ်သမီးတို့တစ်တွေဟာ ဒီရုပ်တရား ဟာ ငါ့ရဲ့ရုပ်တရားပဲ, ဒီရုပ်တရားဟာ ငါပဲ, ဒီရုပ်တရားဟာ ငါ့ရဲ့အတ္တပဲလို့ ဒီလို စွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ သင့်တင့်ပါမလားလို့ မြတ်စွာဘုရားက မေးတယ်၊ အဲဒီအချိန်အခါမှာ ရဟန်းတော်များကလည်း --- နော ဟေတံ ဘန္တေ = မသင့်ပါဘူး မြတ်စွာဘုရား ...လို့ ပြန်လျှောက်ထားကြတယ်၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တရားတွေကိုလည်း ပုံစံတူပဲ မေးပါတယ်။
အနိစ္စတစ်ကျော့, ဒုက္ခတစ်ကျော့, အနတ္တတစ်ကျော့ အမေးအဖြေ ပြုလုပ်နေတာပဲ၊ ပုံစံတူမေးတဲ့အခါမှာလည်း ရဟန်းတွေက ပုံစံတူပဲ ပြန်ပြီး တော့ အဖြေပေးကြတော့ ခန္ဓာငါးပါးရှုကွက် အမေးအဖြေ ပြီးသွားပြီ။
ဒီအမေးအဖြေကို ကြည့်လိုက်တော့ ရဟန်းတွေက - ဒီရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးကိုလည်း သိတယ်၊ ဒီခန္ဓာငါးပါး တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောကိုလည်း သိတယ်လို့ ဒီလို အဓိပ္ပါယ်ထွက်လာတယ်။ အဲဒီအခါကျတော့မှ မြတ်စွာဘုရားက ရှေ့ ဆက်ပြီး ဝိပဿနာရှုရမည့် လုပ်ငန်းခွင်ကို ညွှန်ကြားတော်မူတယ်။ ဘယ်လို ညွှန်ကြားတော်မူသလဲ?
တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၁၂၄။)
ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တသ္မာ = ထို့ကြောင့်။ ဣဟ = ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ = သင်ချစ်သားတို့သည် သင် ချစ်သမီးတို့သည်။ အတီတာနာဂတပစ္စုပ္ပန္နံ = အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရားသည်လည်းကောင်း။
အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဲဒီ ရုပ် တရားကို ဘယ်လောက်တဲ့လဲ? ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရားသည် လည်းကောင်း၊ ရုပ်ကလေးတစ်လုံး ဟုတ်သလား? မဟုတ်ဘူး၊ အတိတ် ရုပ်တရား နှစ်ဆယ့်ရှစ်မျိုး ရှိတယ်၊ အမျိုးအစားက နှစ်ဆယ့်ရှစ်မျိုးပဲ - နော်၊ တစ်မျိုး တစ်မျိုးမှာ အရေအတွက်ကတော့ မရေမတွက်နိုင်အောင် များပြား ပါတယ်၊ အတိတ်ရုပ် (၂၈)မျိုး အကုန်လုံး, အနာဂတ်ရုပ် (၂၈)မျိုးလည်း အကုန်လုံး, ပစ္စုပ္ပန်ရုပ် (၂၈)မျိုးလည်း အကုန်လုံးပဲ။ ဒါကြောင့် -----
အတီတာနာဂတပစ္စုပ္ပန္နံ = အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရားသည်လည်းကောင်း။ အဇ္ဈတ္တံ ဝါ = မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌မူလည်းဖြစ်သော။ ဗဟိဒ္ဓါ ဝါ = အပြင် အပ ဗဟိဒ္ဓလောက၌မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ် တရားသည်လည်းကောင်း။
အဇ္ဈတ္တရုပ်တရား (၂၈)မျိုး, ဗဟိဒ္ဓရုပ်တရား (၂၈)မျိုး၊ ဒါက ယောက်ျား, မိန်းမ မခွဲဘဲပြောတာ၊ ခွဲခြားပြီးပြောမယ်ဆိုရင်တော့ အဇ္ဈတ္တမှာ အမျိုးသမီး များအတွက် (၂၇)မျိုး, အမျိုးသားများအတွက် (၂၇)မျိုးပဲ၊ ဘာဝရုပ်က တစ် မျိုးစီပဲ ယေဘုယျအားဖြင့် ရှိကြတယ်၊ ဗဟိဒ္ဓမှာကတော့ ယောကျ်ား မိန်းမ မခွဲခြားဘဲ သာမန် ပေါင်းစုခြုံငုံပြောရင် ဘာဝရုပ်က နှစ်မျိုးရှိနိုင်တဲ့အတွက် ဗဟိဒ္ဓမှာတော့ ရုပ် (၂၈)မျိုးပဲ၊ ဒီတော့ အဲဒီ ရုပ်တရားကိုလည်း ဘယ်လောက် လဲ? ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ ရုပ်အားလုံး လို့ ပြောတယ်။
ဩဠာရိကံ ဝါ = ရုန့်ရင်းကြမ်းတမ်းသည်မူလည်းဖြစ်သော။ သုခုမံ ဝါ = သိမ်မွေ့သည်မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရား သည်လည်းကောင်း။
စက္ခုပသာဒ = မျက်စိအကြည်, သောတပသာဒ = နားအကြည်, ဃာန ပသာဒ = နှာခေါင်းအကြည်, ဇိဝှါပသာဒ = လျှာအကြည်, ကာယပသာဒ = ကိုယ်အကြည်၊ အကြည်ရုပ်က (၅)ခု၊
ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ (ဖောဋ္ဌဗ္ဗာရုံကတော့ ပထဝီ တေဇော ဝါယော) - ပေါင်းလိုက်တော့ အာရုံရုပ် (၇)ခု၊
အကြည်ရုပ် (၅)ခုနှင့် အာရုံရုပ် (၇)ခုကို ပေါင်းလိုက်ရင် ရုပ် (၁၂)မျိုး၊ အဲဒီ (၁၂)မျိုးသော ရုပ်တရားတွေကတော့ ရှုနေတဲ့ယောဂီရဲ့ အသိဉာဏ် ထဲမှာ ထင်ရှားတဲ့အတွက်ကြောင့် သိလွယ် မြင်လွယ်တဲ့ ရုပ်တွေ ဖြစ်ခြင်း ကြောင့် သူတို့ကို ဩဠာရိကရုပ်လို့ ခေါ်ထားပါတယ်၊ အဲဒီ ဩဠာရိကရုပ်က ဘယ်လောက်ရှိသလဲ? (၁၂)မျိုး။
သုခုမဆိုတာက ရုပ် (၂၈)ပါးမှာ ကျန်နေတဲ့ ရုပ်တွေကို သုခုမရုပ်လို့ ခေါ်ပါတယ်၊ အဲဒီတော့ ဩဠာရိကရုပ်ပဲဖြစ်ဖြစ်, သုခုမရုပ်ပဲဖြစ်ဖြစ်, ရုပ် အကုန်လုံးကို၊ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ အကုန်လုံးကို ဒီမှာ ဝိပဿနာရှုဖို့ ဘုရားရှင်က ညွှန်ကြားနေတယ်။
ဟီနံ ဝါ = ယုတ်ညံ့သည်မူလည်းဖြစ်သော။ ပဏီတံ ဝါ = မွန်မြတ် သည်မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရားသည် လည်းကောင်း။
ယုတ်ညံ့တဲ့ ရုပ်ပဲဖြစ်ဖြစ်, မွန်မြတ်တဲ့ ရုပ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ရဲ့အကျိုး ဖြစ်တဲ့ ရုပ်တွေကိုတော့ ယုတ်ညံ့တယ်, ကုသိုလ်ရဲ့ အကျိုးတရားဖြစ်တဲ့ ရုပ် တွေကိုတော့ မွန်မြတ်တယ် စသည်ဖြင့် ဒီလိုခွဲပါတယ်။ ဒီအယုတ်အမြတ်က တော့ အဆင့်အတန်း, ဘုံကိုလိုက်ပြီး ခွဲမယ်ဆိုရင်တော့ အပါယ်သားသတ္တဝါ တွေရဲ့ ရုပ်တွေက သုဂတိသတ္တဝါတွေရဲ့ ရုပ်တွေထက် ပိုပြီးတော့ အဆင့် နိမ့်တယ်, ယုတ်ညံ့တယ်၊ သုဂတိသတ္တဝါတွေကိုတော့ မွန်မြတ်တယ်၊ သုဂတိ သတ္တဝါတွေမှာလည်း အဆင့်ဆင့် ခွဲလိုက်ရင်တော့ - တစ်ဆင့်နှင့် တစ်ဆင့် ယုတ်တာ မြတ်တာတွေ ဖြစ်သွားပါတယ်၊ ဒီတော့ (၃၁)ဘုံအတွင်းရှိ ရုပ် အကုန်လုံးလို့ ဆိုလိုပါတယ်။
ဟီနံ ဝါ = ယုတ်ညံ့သည်မူလည်းဖြစ်သော။ ပဏီတံ ဝါ = မွန်မြတ်သည် မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရားသည်လည်း ကောင်း။ ဒူရေ ဝါ = အသိဉာဏ်နှင့်ဝေးသည်မူလည်းဖြစ်သော။ သန္တိကေ ဝါ = အသိဉာဏ်နှင့် နီးသည်မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရားသည်လည်းကောင်း။ အတ္ထိ = ရှိချေ၏။
ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? (၁၁)မျိုး။
အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ် တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ် ရဲ့ အသိဉာဏ်နှင့် ဝေးတဲ့ရုပ်တရား, သုခုမရုပ်တွေပဲ၊ သန္တိကခေါ်တဲ့ ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နှင့် နီးကပ်နေတဲ့ ရုပ်တရား, ခုနက ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရားတွေပဲ - ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? (၁၁)မျိုး၊ အဲဒီလို (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားတွေကို ဘာလုပ်ရမလဲ?
သဗ္ဗံ ရူပံ = ဤအလုံးစုံသော ရုပ်တရားကို။ ဧတံ = ဤ (၁၁)မျိုးသော ရုပ်တရားသည်။ န မမ = ငါရဲ့ ရုပ်တရား မဟုတ်။ ဧသော = ဤ (၁၁)မျိုး သော ရုပ်တရားသည်။ န အဟမသ္မိ = ငါမဟုတ်။ ဧသော = ဤ (၁၁)မျိုး သော ရုပ်တရားသည်။ န မေ အတ္တာတိ = ငါရဲ့အတ္တမဟုတ်ဟူ၍။ ဧဝံ = ဤသို့လျှင်။ ဧတံ = ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အလုံးစုံသော ရုပ်တရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ သမ္မပ္ပညာယ = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာ ဉာဏ်အလင်းဓာတ်ဖြင့်။ ဒဋ္ဌဗ္ဗံ = ရှုပွားသုံးသပ်အပ်ပေ၏။
ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံအဖြစ် မြတ်စွာဘုရားက ရုပ်တရားတွေ ကို စာရင်းထုတ်ပြလိုက်တာ ဘယ်နှစ်မျိုး ရှိသွားပြီလဲ? (၁၁)မျိုး၊ အဲဒီ (၁၁) မျိုးသော ရုပ်တရားတွေကို - နေတံ မမ = ငါရဲ့ရုပ်တရား မဟုတ်ဘူး၊ နေသော ဟမသ္မိ = ငါမဟုတ်ဘူး၊ န မေသော အတ္တာ = ငါရဲ့အတ္တ မဟုတ်ဘူးလို့ ဒီလို ရှုပါတဲ့။ ဟို ဆန္နောဝါဒသုတ္တန်အဋ္ဌကထာများအရကတော့ အနိစ္စလို့ ရှုပါ, ဒုက္ခလို့ရှုပါ, အနတ္တလို့ရှုပါ ဆိုတာနဲ့ အတူတူပဲဖြစ်တဲ့အကြောင်း ဖွင့် ဆိုထားပါတယ်။ (မ၊ဋ္ဌ၊၄၊၂၃၂။)
ငါ့ဟာ ငါ့ဟာလို့ စွဲနေတာက တဏှာစွဲ၊ ဒုက္ခာနုပဿနာဉာဏ်က ဒီတဏှာစွဲကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်၊ ငါ ငါလို့ ထောင်လွှားနေတဲ့အစွဲက မာနစွဲ၊ အဲဒီ မာနစွဲကို အနိစ္စာနုပဿနာဉာဏ်က ဖြိုခွဲနိုင်တဲ့စွမ်းအားရှိတယ်၊ ငါရဲ့ အတ္တပဲလို့စွဲနေတဲ့ အစွဲကတော့ ဒိဋ္ဌိစွဲ၊ အဲဒီဒိဋ္ဌိစွဲကို အနတ္တာနုပဿနာ ဉာဏ်က ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် ဒီ (၁၁)မျိုးသော အခြင်း အရာအားဖြင့် တည်နေတဲ့ ရုပ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တလို့ လက္ခဏာ ရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုပါလို့ ဒီလို ညွှန်ကြား တယ်။
အလားတူပဲ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ကျန်နာမ်ခန္ဓာ လေးပါးမှာလည်း ပုံစံတူပဲ ညွှန်ကြားထားပါတယ်၊ ဒီတော့ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ပရမတ္ထဓာတ်သားတွေကို ကြည့်လိုက်တော့ အတိတ် ခန္ဓာ ငါးပါး, ပစ္စုပ္ပန် ခန္ဓာငါးပါး, အနာဂတ် ခန္ဓာငါးပါး, အဇ္ဈတ္တ ခန္ဓာငါးပါး, ဗဟိဒ္ဓ ခန္ဓာငါးပါး, ဩဠာရိက ခန္ဓာငါးပါး, သုခုမ ခန္ဓာငါးပါး, ဟီန ခန္ဓာငါးပါး, ပဏီတ ခန္ဓာငါးပါး, ဒူရ ခန္ဓာငါးပါး, သန္တိက ခန္ဓာငါးပါး - ပေါင်းလိုက်တော့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါး, ဥပါဒါနက္ခန္ဓာ တွေပဲ။
အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုပါ၊ အဲဒီလို ဝိပဿနာရှုနိုင်ရင် ဘာဖြစ်မလဲ? ဒီလိုဝိပဿနာဉာဏ်တွေက မိမိတို့ရဲ့ စိတ်ဓာတ်ကို ဖြူစင်သန့် ရှင်းသွားအောင် ပြုပြင်ပေးမယ်။ စိတ်ဓာတ်တွေ ညစ်နွမ်းတော့ သတ္တဝါတွေ ညစ်နွမ်းရတယ်၊ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းခဲ့ရင် သတ္တဝါတွေ ဖြူစင် သန့်ရှင်းတယ်။ ဘာဖြစ်လို့ ညစ်နွမ်းရသလဲလို့မေးတော့ ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ငါပဲ, ငါ့ဟာပဲ, ငါ့ရဲ့အတ္တပဲလို့ စွဲလမ်းထင်မြင် ရှုဆင်ခြင် နေတဲ့အတွက် သတ္တဝါတွေရဲ့ စိတ်ဓာတ်တွေက ညစ်နွမ်းနေရတယ်။
ဒီတော့ သတ္တဝါတွေက ဒီနေရာမှာ ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရား တွေကို ငါပဲ, ငါ့ဟာပဲ, ငါ့ရဲ့အတ္တပဲလို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်မှု မရှိဘဲ အနိစ္စပဲလို့, ဒုက္ခပဲလို့, အနတ္တပဲလို့ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ကြမယ်ဆိုရင် တော့ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်း မသွားနိုင်ဘူးလား? သွားနိုင်တယ်။ ဒါ စိတ်ဓာတ်ဖြူစင်သန့်ရှင်းစေတတ်တဲ့ နည်းလမ်းပဲ။
အဲဒီနည်းလမ်းကို ဘုရားရှင်က ညွှန်ကြားတော့ ဘုရားရှင်ရဲ့တရားကို နာယူနေကြတဲ့ ရဟန်းတော်တွေကလည်း တစ်နည်းအားဖြင့် ပရိသတ် လေး ပါးလုံးကလည်း သဘောပေါက်ကြတယ် နားလည်ကြတယ် ရှုတတ်ကြတယ်၊ ဒီနေ့ ဒီတရားနာပရိသတ်ထဲမှာ ရှုတတ်တဲ့ပုဂ္ဂိုလ်လည်း ရှိချင်ရှိမယ်၊ မရှုတတ် သေးတဲ့ပုဂ္ဂိုလ်တွေလည်း ရှိချင်ရှိကြလိမ့်မယ်၊ မရှုတတ်သေးတဲ့ ပုဂ္ဂိုလ်တွေ အတွက် နည်းနည်းအတိုချုပ်ပြီး ဒီည ဝိပဿနာရှုပုံစနစ်ကလေးကို ပြောကြ ရအောင် ...။
သမာဓိကို ထူထောင်ပါ
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)
ခန္ဓဝဂ္ဂသံယုတ်မှာလည်း မြတ်စွာဘုရား ဟောထားတယ်၊ သစ္စသံယုတ် မှာလည်း ဟောထားပါတယ်။ ခုနက အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ စသည်ဖြင့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီ ခန္ဓာ ငါးပါး ရုပ်တရား နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်ရေး အတွက် ဘာလိုအပ်သလဲ? သမာဓိတစ်ခုကို ကြိုတင်ထူထောင်ရမှာ ဖြစ် တယ်။
မဂ္ဂင်ရှစ်ပါးထဲမှာ ဘုရားရှင်က သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်တစ်ခုကို ထည့် ဟောထားတော်မူတယ်။ ဒီလို ထည့်ဟောထားတဲ့အတွက်ကြောင့် ဒီခန္ဓာငါး ပါး, ရုပ်တရား နာမ်တရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တအခြင်းအရာတွေကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် သမာဓိတစ်ခုကို ကြိုတင်ပြီး ထူထောင်ဖို့ မလိုဘူးလား? လိုအပ်တယ်၊ အဲဒီတော့ သမာဓိထူထောင်တဲ့အပိုင်းက မဂ္ဂင် ရှစ်ပါးထဲမှာ သမ္မာသမာဓိမဂ္ဂင်နှင့် ပြည့်စုံအောင် ကြိုးစားတဲ့အပိုင်း ဖြစ်တယ်၊ ဝိသုဒ္ဓိ (၇)ပါးကျင့်စဉ်အရ စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံအောင် ကြိုးစားခြင်းပဲ ဖြစ် ပါတယ်။
အာနာပါနကျင့်စဉ်အကျဉ်း
အဲဒီတော့ ဒီသမာဓိထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်းလေးဆယ်ရှိတဲ့ အနက် ကြိုက်တဲ့ ကမ္မဋ္ဌာန်းနှင့် သမာဓိကို ထူထောင်နိုင်ပါတယ်။ ဒီညတော့ အာနာပါနကိုပဲ အတိုချုပ်ပြီး သမာဓိထူထောင်ပုံပြောဖို့ ရည်ရွယ်ထားတယ်၊ ဒီတော့ ဘုရားရှင်က ဒီအာနာပါနကမ္မဋ္ဌာန်းကို ညွှန်ကြားတဲ့အချိန်အခါမှာ နံပါတ်တစ် ဒီဃ - အရှည်၊ နံပါတ်နှစ် ရဿ - အတို၊ နံပါတ်သုံး သဗ္ဗကာယပဋိသံဝေဒီ - အစအဆုံး အကုန်လုံး၊ နံပါတ်လေး ပဿမ္ဘယံ - ငြိမ်းအောင် ကျင့်ပါဆိုပြီး အဆင့် ဘယ်နှစ်ဆင့် ချမှတ်ပေးသလဲ? လေးဆင့်၊ ဒါ သမာဓိ ပိုင်း၊ ဒီတော့ အဲဒီလေးဆင့်စလုံးမှာ ယောဂါဝစရပုဂ္ဂိုလ်က ဘယ်လိုအားထုတ် ရမလဲ?
သော သတောဝ အဿသတိ သတောဝ ပဿသတိ။ (မ၊၁၊၇ဝ။)
သတိမြဲဖို့ - အရှည်မှာလည်း သတိမြဲရမယ်၊ အတိုမှာလည်း သတိမြဲ ရမယ်၊ အစအဆုံး အကုန်လုံးမှာလည်း သတိမြဲနေရမယ်၊ ငြိမ်းအောင်ကျင့် တဲ့နေရာမှာလည်း သတိမြဲရမယ်လို့ ဒီလိုဆိုလိုတယ်၊ ဒီတော့ အရှည်မှာလည်း ဝင်သက် ထွက်သက်က နှစ်မျိုး, အတိုကျတော့လည်း ဝင်သက် ထွက်သက်က နှစ်မျိုး, အစအဆုံးအကုန်လုံး ထင်ထင်ရှားရှား သိရာမှာလည်း ဝင်သက် ထွက်သက်က နှစ်မျိုး, ငြိမ်းအောင်ကျင့်တဲ့အပိုင်းမှာလည်း ဝင်သက် ထွက် သက် နှစ်မျိုးပဲ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးရှိသွားသလဲ? - ရှစ်မျိုး၊ ဒါက သမထပိုင်းအတွက် ကွက်ပြီး ပြောတာပါ။
ဒီတော့ အရှည်, အတို, အစအဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပထမလေ့ကျင့်ရမှာဖြစ်တော့ ယောဂါဝစရပုဂ္ဂိုလ်က အဲဒီ ဝင်လေ ထွက်လေကို ရှုပွားသုံးသပ်တဲ့အပိုင်းမှာ -----
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ညွှန်ကြားထားတဲ့အတိုင်း -----
ဝင်တဲ့လေ ထွက်တဲ့လေ ထိမှုထင်ရှားတဲ့ တစ်နေရာကနေ စောင့်ပြီး တော့ စိတ်ကို ထားဖို့ လိုအပ်ပါတယ်။ ကြည့်ရမှာက ဘာကို ကြည့်ရမှာလဲ? ဝင်သက်လေ ထွက်သက်လေကို ကြည့်ရမယ်။ ထိတာကို ကြည့်ရမှာလား? ဝင်လေ ထွက်လေကို ကြည့်ရမှာလား? ဝင်လေ ထွက်လေကို ကြည့်ရမယ်။
အဲဒီလေသည် အထဲဝင်တော့ အထဲလည်း လိုက်မကြည့်နဲ့၊ အပြင် ထွက် တော့ အပြင်လည်း လိုက်မကြည့်နဲ့၊ ထိတဲ့နေရာက စောင့်ပြီး ဒီလေကလေး ကိုကြည့်ပါ၊ အဲဒီ လေကလေးမှာ စိတ်ကိုငြိမ်အောင် ကပ်ကြည့်၊ ကပ်လို့မှ မရဘူးဆိုရင်တော့ အဋ္ဌကထာများက ရေတွက်တဲ့နည်းကို အသုံးပြုဖို့ ညွှန် ကြားထားပါတယ်။ --
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို တစ်
ဝင်လေ ထွက်လေ နှစ်
ဝင်လေ ထွက်လေ သုံး
ဝင်လေ ထွက်လေ လေး
ဝင်လေ ထွက်လေ ငါး
ဝင်လေ ထွက်လေ ခြောက်
ဝင်လေ ထွက်လေ ခုနစ်
ဝင်လေ ထွက်လေ ရှစ်
အဲဒီ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှမထွက်ရဘူးလို့ ဒီလို လေ့ ကျင့်ရတယ်၊ လေ့ကျင့်ဖန် များလာပြီဆိုရင်တော့ တဖြည်းဖြည်း ငြိမ်သွား တတ်ပါတယ်။ တစ်ကနေ တစ်ဆယ်ထိလည်း ရေတွက်နိုင်တယ်။ တစ်ကနေ ငါးထိလည်း ရေတွက်နိုင်တယ်။ ငါးအောက် မလျော့စေနဲ့၊ တစ်ဆယ်ထက် လည်း မပိုစေနဲ့ ဒီလို သတ်မှတ်ချက် ရှိပါတယ်။
ရှစ်အထိကတော့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ပူဇော်တဲ့အနေနှင့် ဆိုပြီး ဆရာသမားများက ဒီလို ညွှန်ကြားပေးတဲ့အတွက် ဘုန်းကြီးလည်း ဒီ ဌာနမှာ ရှစ်အထိပဲ သင်ပေးပါတယ်၊ ဘုရားဂုဏ်တော်ကိုးပါးကို ပူဇော်တဲ့ အနေနဲ့ ကိုးအထိ ရေတွက်လည်းရတယ်၊ ကိုယ်တော်အား ဆယ်ပါး, ဉာဏ် တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်အား ပူဇော်တဲ့အနေတဲ့ တစ်ဆယ်အထိ ရေတွက်လည်း ရပါတယ်၊ ကိုယ်ကြိုက်သလို ယူလို့ရပါတယ်။
အဲဒီတော့ တစ်ကနေ ရှစ်အထိ ရေတွက်ပြီဆိုကြစို့၊ အဲဒီ တစ်ကနေ ရှစ်အထိ စိတ်ကို ဘယ်မှ မထွက်အောင် လေ့ကျင့်ရတယ်၊ လေ့ကျင့်တဲ့အခါ နာရီဝက်လောက် သို့မဟုတ် တစ်နာရီလောက်အထိတော့ ငြိမ်အောင် လေ့ ကျင့်ရတယ်၊ အောင်မြင်မှုရပြီဆိုရင်တော့ အရှည် အတိုကို ကူးနိုင်တယ်။ အရှည်ဆိုတာက အသက်ရှူနှေးတာ, အတိုဆိုတာက အသက်ရှူမြန်တာကို ဆိုလိုတယ်၊ နှေးလည်း နှေးတဲ့အတိုင်းသိ, မြန်လည်း မြန်တဲ့အတိုင်းသိ၊ နှေး အောင် မြန်အောင် ရှည်အောင် တိုအောင် သက်သက် မကြိုးစားပါနှင့်၊ အရှည်-အတိုလို့လည်း မမှတ်နှင့်၊ အနှေး-အမြန်လို့လည်း မမှတ်နှင့်၊ မမှတ်ဘဲ မနေနိုင်ရင်တော့ ဘယ်လိုသာမှတ်ရမလဲ? ဝင်လေ ထွက်လေ ဒါလောက်ပဲ မှတ်ပါ။
အဲဒီ လေကလေးအပေါ်မှာ စိတ်ကလေး ငြိမ်အောင်ကပ်ထား၊ ရှည် လည်း ရှည်တဲ့အတိုင်းသိ၊ တိုလည်း တိုတဲ့အတိုင်းသိ၊ အဲဒီလို ရှုရတဲ့အပိုင်းမှာ အာနာပါနရဲ့ စည်းကမ်းတစ်ခုကတော့ ရှေ့ နောက် ဝဲ ယာ ခန္ဓာကိုယ်ကို နည်းနည်းလေးမှ မလှုပ်အောင် ထိန်းရမယ်ဆိုတဲ့အချက်ပဲ၊ ဣရိယာပုထ် မပြင်ကောင်းဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပေမဲ့ မခံနိုင်ရင်တော့ ပြင်ပါ၊ ဆင်းရဲ နေတဲ့ ဝေဒနာကို အောင့်အီးသည်းခံရမယ်လို့တော့ မဆိုလိုဘူး၊ ငြိမ်သက်မှု သမာဓိကို မရဘူးဆိုရင်တော့ ဣရိယာပုထ် ပြင်နိုင်တယ်။
ဒါပေမဲ့လို့ မိမိက နာရီဝက်အဓိဋ္ဌာန်ပြီးတော့ ငြိမ်အောင်ရှုရမယ်လို့ အဓိဋ္ဌာန်ပြီးထိုင်ခဲ့ရင် နာရီဝက်တော့ မလှုပ်ရှားဘဲ ထိုင်နိုင်ရင် ပိုကောင်းတယ်၊ တစ်နာရီအဓိဋ္ဌာန်ရင်လည်း တစ်နာရီထိုင်နိုင်ရင်တော့ ပိုကောင်းတယ်၊ အဲဒီ တော့ ဒီအရှည် အတိုပေါ်မှာ စိတ်ကလေးငြိမ်အောင် ကပ်ထားလိုက်တဲ့အချိန် အခါမှာ ဒီအပိုင်းမှာ ထိုင်တိုင်း ထိုင်တိုင်း ဝင်လေ ထွက်လေ, အရှည် အတို အာရုံမှာ ဘာဝနာစိတ်က တစ်နာရီလောက် အနည်းဆုံး ကပ်အောင်တော့ လေ့ကျင့်ရပါတယ်၊ ထိုင်တိုင်း ထိုင်တိုင်း ကပ်ပြီဆိုရင်တော့ လေး, ငါး, ခြောက် ထိုင်အတွင်းမှာ, အချို့ ပါရမီရင့်ညောင်းရင်လည်း တစ်ထိုင် နှစ်ထိုင် အတွင်း လောက်မှာ နိမိတ် စပေါ်တတ်ပါတယ်။
ဆယ်ကြိမ်, တစ်ဆယ့်ငါးကြိမ်လောက်၊ နှစ်ရက်, သုံးရက်လောက် ဒီ အရှည်အတိုမှာ ရှုနေလို့မှ နိမိတ်က မပေါ်ရင်တော့ အစအဆုံးကျင့်စဉ်ကို ကူးကြည့်ပါ။ ဝင်လေ-ထွက်လေက ရှည်ရင်လည်း ထိုလေရဲ့ အစ အဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့, ဝင်လေ-ထွက်လေက တိုရင်လည်း ထို လေရဲ့ အစအဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့ ကြိုးစားပါ။ အထဲ လည်း လိုက်မကြည့်ရဘူး၊ အပြင်လည်း လိုက်မကြည့်ရဘူး၊ ထိတဲ့နေရာက လေးမှာ စပြီး ထိတဲ့နေရာမှာ ဆုံးသွားတဲ့အထိ ထိတဲ့နေရာကလေးက စောင့် နေပြီး အစ အဆုံး တောက်လျှောက်သိအောင် ရှုရပါတယ်။
အဲဒီလို အစ အဆုံးကို တောက်လျှောက်သိအောင်ရှုတော့ - သဗ္ဗကာယ ပဋိသံဝေဒီ - လို့ ခေါ်ပါတယ်၊ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုတာပဲ။
အဲဒီအပိုင်းမှာလည်း ဒါက အစ, ဒါက အလယ်, ဒါက အဆုံး - ဒီလို မမှတ်နဲ့၊ မှတ်ရင်တော့ ဉာဏ်က မလိုက်နိုင်တော့ မောလာတတ်တယ်၊ မမှတ် ဘဲ မနေနိုင်ရင် ဘယ်လိုသာမှတ်မလဲ? ဝင်လေ ထွက်လေ ဒီလောက်ပဲမှတ်ပါ၊ ဝင်သက်လေ ထွက်သက်လေလို့ မှတ်ချင်လည်း မှတ်ရတယ်၊ အဲဒီတော့ ဒီ လေအာရုံပေါ်မှာ စိတ်က ကပ်နေဖို့လိုတယ်၊ မမှတ်ဘဲ မနေတတ်သူကိုသာ မှတ်ခိုင်းတာပါ၊ မမှတ်ဘဲ နေနိုင်ခဲ့ရင်တော့ မမှတ်နဲ့၊ လေပေါ်မှာ စိတ်က တောက်လျှောက် သိနေဖို့ လိုရင်းပဲ။ အဲဒီလေကလေးမှာ တောက်လျှောက် သိနေတော့ လေကလေးမှာ ဘာဝနာစိတ်က ငြိမ်သက်စွာ ကပ်ပြီးတည်လာပြီ ဆိုရင်တော့ အရှည်အတိုအပိုင်းမှာပဲဖြစ်ဖြစ်, အခု အစအဆုံးအပိုင်းမှာပဲ ဖြစ်ဖြစ် များသောအားဖြင့် အလင်းရောင်တွေ စပြီးပေါ်တတ်ပါတယ်၊ အဲဒီ အလင်းရောင်တွေကိုတော့ သွားပြီးမကြည့်ရဘူး။
အလင်းရောင်နှင့် နိမိတ်သည် တခြားစီဖြစ်တယ်၊ နိမိတ်ဆိုတာကတော့ အဲဒီ အာနာပါန လေကြောင်းလေးပဲ၊ များသောအားဖြင့် လေကြောင်းလို့ ပြောတာကတော့ အချောင်းစပေါ်တတ်လို့သာ ပြောတာပါ၊ ယောဂီပုဂ္ဂိုလ် တို့ရဲ့ နိမိတ်မပေါ်မီမှာ ဖြစ်ပေါ်နေတဲ့ အမှတ်သညာကို ဘာဝနာသညာလို့ ခေါ်တယ်။
ထိုဘာဝနာသညာကွဲပြားမှုကို အခြေခံပြီးတော့ နိမိတ်တွေက ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်၊ ဒါကြောင့် ဒီအပိုင်းမှာ ယောဂီတို့ကို စိတ် မကစားဖို့ကိုတော့ သတိပေးထားရပါတယ်၊ လေပေါ်မှာ စိတ်ငြိမ်အောင်ကပ် ပါလို့သာ ဒီလောက်ပဲ သတိပေးရတယ်။ အဲဒီလို သတိပေးလိုက်တဲ့ အချိန် အခါမှာ လင်းရောင်ခြည်တွေက သိပ်အားကောင်းလာတော့ မျက်လုံးက ဒီလင်းရောင်ခြည်ရဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက် မျက်ရည်တွေ ကျတတ်ပါ တယ်၊ အောင့်အီးသည်းခံပြီးတော့ မျက်လုံးဘက်ကို အာရုံ မရောက်စေဘဲ လေပေါ်မှာသာ စိတ်ကလေးက ငြိမ်အောင်ကပ်နေပါ။ အဲဒီလို လေပေါ်မှာ စိတ်ကလေးက ငြိမ်အောင် ကပ်ထားလိုက်ပြီဆိုလို့ရှိရင် တဖြည်းဖြည်း ဒီလင်း ရောင်ခြည်စွမ်းအင် အကူအညီနှင့် ဒီလေကြောင်းကလေးကို စတွေ့တတ်ပါ တယ်၊ အများအားဖြင့်တော့ မီးခိုးရောင်ကို စတွေ့တတ်ပါတယ်။
အဲဒီကနေ သမာဓိက ငြိမ်သထက် ငြိမ်လာပြီဆိုလို့ရှိရင် ဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူကို တွေ့တတ်ပါတယ်။ အဲဒီဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူ ကလည်း အချို့လည်း အချောင်း, အချို့ကလည်း အဝိုင်း - စသည်ဖြင့် ပုံ သဏ္ဌာန်အမျိုးမျိုး ရှိတတ်ပါတယ်။ အဲဒီလို ဖြူနေတဲ့အဖြူချောင်းကို တွေ့ပြီ ဆိုရင် တစ်ခါတစ်ရံ ယောဂီက အဲဒီ အဖြူချောင်းပေါ်မှာ တစ်ခါတစ်လေ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ တည်နေအောင် ကြိုးစားရင် ကြိုးစားလို့ ရပါတယ်၊ ဒါပေမဲ့ စပေါ်စမှာ သူက မခိုင်ဘူး၊ အများစုမှာ မခိုင်တဲ့အတွက် ပေါ်လိုက် ပျောက်လိုက် ပေါ်လိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။
အဲဒီအခါမှာ ဒီနိမိတ်ချောင်းပေါ်မှာ ဘာဝနာစိတ်ကို မကပ်ဘဲ မူလရှုမြဲ ဖြစ်တဲ့ ဝင်သက်လေ ထွက်သက်လေ အာရုံပေါ်မှာသာ ဘာဝနာစိတ်ကို ငြိမ် ဝပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားရတယ်၊ အဲဒီလို ကြိုးစားရင်းကနေပြီး တော့ ဒီနိမိတ်ပေါ်လာလို့ နိမိတ်ပေါ်မှာ ဘာဝနာစိတ်က ကပ်နေပြီဆိုရင် လည်း မခွာချနဲ့၊ ကပ်မြဲသာ ကပ်ထားလိုက်တော့၊ အဲဒီ ဘာဝနာစိတ်က ဒီ နိမိတ်အာရုံပေါ်မှာ ကပ်နေတဲ့ အချိန်အခါမှာ ပကတိ ဝင်လေ ထွက်လေကို ပြန်မကြည့်နဲ့၊ ပကတိ ဝင်လေ ထွက်လေကို ကြည့်လိုက်, နိမိတ်ကို ကြည့်လိုက် ခေါက်တုံ့ခေါက်ပြန် ပြုလုပ်နေခဲ့ရင် ဒီသမာဓိသည် ငြိမ်ဝပ်မှုမရှိတဲ့အတွက် စိတ်သည် အာရုံတစ်ခုအပေါ်မှာ ကျရောက်နေတာ မဟုတ်တဲ့အတွက်ကြောင့် သမာဓိ ပျက်သွားတတ်တယ်။
အကယ်၍ ဒီနိမိတ်ချောင်းက မခိုင်သေးဘူးဆိုရင်တော့ ပကတိ ဝင်လေ ထွက်လေကိုသာ ရှုနေပါ၊ ရှုနေရာကနေ နိမိတ်က ခိုင်ပြီး နာရီဝက်လောက် တစ်နာရီလောက် မပျောက်တော့ဘူးဆိုရင်တော့ အဲဒီနိမိတ်မှာ ပြောင်းကပ်ပါ၊ ထိုနိမိတ်သည် ဝေးနေခဲ့ရင်တော့ အကပ်မခံဘူး၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ ပေါ်မှ များသောအားဖြင့် အကပ်ခံတယ်။
ပေါ်တဲ့ အချိန်အခါမှာလည်း နိမိတ်ချောင်းက သိပ်ရှည်နေရင်လည်း ရှည်တဲ့အတိုင်း တောက်လျှောက်လိုက်မကပ်နဲ့၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ တည်ရှိနေတဲ့ နိမိတ်ပေါ်မှာသာ စိတ်ကလေးကို ကပ်သာထားလိုက်။
အဲဒီလို ကပ်ထားလိုက်လို့ ဘာဝနာစိတ်က ဒီအာနာပါနနိမိတ်အာရုံမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ပြီး ကပ်လာပြီဆိုရင်တော့ တဖြည်းဖြည်း ဒီနိမိတ်သည် ဖြူရာကနေ ကြည်ပြီး တောက်လာတတ်ပါတယ်။
ဖြူနေတဲ့နိမိတ်ကိုတော့ ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်၊ ကြည်ပြီး အရောင် ထွက်လာတဲ့ နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်၊ အဲဒီ ပဋိဘာဂ နိမိတ်ဆိုတဲ့ အာရုံမှာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ထိုင်တိုင်း ထိုင်တိုင်း ရအောင် လေ့ကျင့်ရတယ်၊ ထို အချိန်အခါမှာ သွားရင်လည်းရှု, ရပ်လည်းရှု, ထိုင်လည်းရှု, အိပ်လည်းရှု လေ့ ကျင့်ပေးရပါတယ်။
ပထမစျာန်သမာဓိ
အဲဒီလို လေ့ကျင့်လိုက်တဲ့အချိန်အခါမှာ သမာဓိက ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီး တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ, တစ်မိနစ်အဓိဋ္ဌာန်ရင် တစ်မိနစ် ရပြီ၊ နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ရပြီ၊ အဓိဋ္ဌာန်တဲ့အတိုင်း အောင်မြင်မှု ရှိနေပြီဆိုရင်တော့ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က စျာန်အင်္ဂါကို ဆင် ခြင်လို့ရပြီ။
အားထုတ်စပုဂ္ဂိုလ်သည် စျာန်အင်္ဂါ ဆင်ခြင်မှု နည်းပါစေ၊ ဝင်စားမှု များပါစေလို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက (ဝိသုဒ္ဓိ၊၁၊၁၄၈။ မဟာဋီ၊၁၊၁၇၈။) သတ် မှတ်ပေးထားတယ်။ အားထုတ်စပုဂ္ဂိုလ် အခုလို နိမိတ်ရစပုဂ္ဂိုလ်က နိမိတ် အပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တစ်နာရီ, နှစ်နာရီ စသည်ဖြင့် တည်နေအောင် လေ့ကျင့်ပေးရတယ်၊ အဲဒီလို လေ့ကျင့်တဲ့လုပ်ငန်းကို စိုက် စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် စျာန်ဟုခေါ်သတတ် - ဒီလို လယ်တီဆရာတော်ဘုရားက မိန့်ဆိုထားတယ်၊ အာရမ္မဏူပနိဇ္ဈာနစျာန်လို့ ခေါ်ပါတယ်။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက် စိုက် စူးစူးနှင့် မြဲမြဲမြံမြံ တည်တံ့နေအောင် စိတ်ကလေးကို တည်ပြီးကပ်နေ အောင် ရှုနေတဲ့လုပ်ငန်းဖြစ်လို့ ဒါကို စျာန်လို့ ခေါ်တယ်။
မြေလျှိုး မိုးပျံနေတာကို စျာန်လို့ခေါ်တာ မဟုတ်ဘူး၊ မြေလျှိုး မိုးပျံတဲ့ လုပ်ငန်းကတော့ အဘိညာဏ်နှင့် ဆိုင်တယ်၊ အဲဒါက အဘိညာဏ်ပိုင်း။ အခုပြောနေတာက စျာန်ပိုင်းပဲ၊ အဲဒီတော့ စျာန်ဝင်စားမှုများရမယ်၊ စျာန် အင်္ဂါကို ဆင်ခြင်တာ နည်းရမယ်။ ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံ မှာ အနည်းဆုံး လေး ငါး ဆယ်ထိုင်လောက် ဘာဝနာစိတ်က အဓိဋ္ဌာန်တဲ့ အတိုင်း တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ, နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ငြိမ် ဝပ်စွာ ကပ်ပြီးတည်နေပြီဆိုရင်တော့ ထိုပုဂ္ဂိုလ်ဟာ စျာန်အင်္ဂါကို ဆင်ခြင် နိုင်တယ်။ သို့သော် မှတ်ကျောက်တစ်ခုကတော့ အဲဒီ အာနာပါနပဋိဘာဂ နိမိတ်မှာ တစ်နာရီ အဓိဋ္ဌာန်ပြီး တစ်နာရီထိုင်လိုက်လို့ တစ်နာရီလုံး စိတ်က ကပ်နေတယ်ဆိုရင် အဲဒီအချိန်မှာ မိမိက ဘေးအသံတွေကို ကြား-မကြား နည်းနည်း အကဲခတ်ကြည့်ပါ။
ကြားနေသေးတယ်ဆိုရင်တော့ ဒီစျာန်သည် ဆက်တိုက် မရသေးဘူး၊ ကြိုးကြား ကြိုးကြား စျာန်က လျှောလျှောနေတဲ့သဘော ရှိတယ်၊ ဆက်တိုက် ရပြီ၊ ဘာသံမှလည်း မကြားတော့ဘူး၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလေးနှင့် မိမိရဲ့ဘာဝနာစိတ် ဒီနှစ်ခုပဲရှိတော့တယ် လို့လည်း သိနေပြီ၊ ဘာဝနာစိတ်ကလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံ မှာပဲ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ၊ အာနာပါနပဋိဘာဂနိမိတ်အာရုံထဲမှာပဲ ဘာဝနာစိတ်က နစ်မြုပ်နေပြီဆိုရင်တော့ ထိုအချိန်အခါမှာ စျာန်အင်္ဂါကို ဆင်ခြင်လို့ ရနိုင်ပါပြီ။
ဒီစျာန်အင်္ဂါတွေက ဘယ်မှာဖြစ်သလဲလို့မေးတော့ ရှုနေတဲ့ယောဂီပုဂ္ဂိုလ် ရဲ့ နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပါ တယ်၊ ဒီလို ဖြစ်ပေါ်သွားတဲ့အတွက် ထိုယောဂီပုဂ္ဂိုလ်က စျာန်အင်္ဂါကို ဆင်ခြင် တယ်ဆိုလို့ရှိရင် ဟဒယဝတ္ထုရုပ် ရှိရာဘက်ကို ခဏခေတ္တ လှမ်းအာရုံစိုက် ရတယ်၊ ဥပမာ --- တစ်နာရီလောက် အာနာပါန ပဋိဘာဂနိမိတ်အာရုံမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေပါစေလို့ အဓိဋ္ဌာန်လိုက်တယ်၊ အဓိဋ္ဌာန်ပြီးတဲ့အခါ တစ်နာရီပြည့်တဲ့အခါကျတော့မှ ဟဒယဝတ္ထုရုပ်ရှိရာ နှလုံးအိမ်ဘက်ကို လှမ်းပြီး ကြည့်ရတယ်၊ တစ်နာရီ မပြည့်သေးရင်တော့ မကြည့်နဲ့၊ နောက်တစ်ခု ဒီအပိုင်းမှာ သတိထားရမည့်အချက်ကတော့ ဒီ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူနေတဲ့အပိုင်းမှာ စျာန်မဆိုက်ခင်အပိုင်း လေးကိုတော့ ဥပစာရသမာဓိနယ်မြေလို့ သတ်မှတ်ပါတယ်၊ စျာန်ဆိုက်သွားတဲ့ အပိုင်းကိုတော့ အပ္ပနာသမာဓိနယ်မြေလို့ သတ်မှတ်ပါတယ်၊ ဒီလို သမာဓိ နှစ်မျိုးကို ခွဲခြားသတ်မှတ်ထားတော့ ဥပစာရသမာဓိနယ်မြေအပိုင်းကလေး မှာ ခဏ ခဏ ဘဝင်ကျနေတတ်တယ်။
ဘဝင်ဆိုတာကတော့ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော က ယူထားတဲ့ အာရုံကိုသာ လှမ်းသိတယ်၊ ပစ္စုပ္ပန် ယခုလက်ရှိရှုနေတဲ့အာရုံ ဆိုရင်တော့ ဘာအာရုံမျှကို မသိဘူး၊ အခု အာနာပါနပဋိဘာဂနိမိတ်ကို ရှု တယ်၊ အဲဒီနိမိတ်ကိုလည်း မသိတော့ဘူး၊ ပစ္စုပ္ပန်အာရုံဆိုလျှင် ဘယ်အာရုံကိုမှ ဘာမှ မသိတော့ဘူး၊ အဲဒီ ဘာမှမသိတဲ့ ဒီစိတ်က အတိတ်မရဏာသန္နဇောရဲ့ အာရုံကိုတော့သိတယ်၊ ပစ္စုပ္ပန်အာရုံမှန်သမျှသာ မသိတာ၊ အဲဒီ ဘာမှမသိတဲ့ စိတ်ကလေးတွေကို ဘဝင်လို့ ခေါ်တယ်။ ဘယ်ကမ္မဋ္ဌာန်းနှင့်ပဲ ရှုရှုပေါ့လေ၊ များသောအားဖြင့် သမာဓိအတော်အသင့် ဖြစ်လာရင်တော့ နည်းနည်း ဒီ ဘဝင်ကျမှုကလေးတွေတော့ ဖြစ်တတ်ပါတယ်။ အဲဒီ ဘဝင်ကျနေတာကိုပဲ မဂ်ဆိုက်ပြီ ဖိုလ်ဆိုက်ပြီလို့ ယူဆရင်တော့ လမ်းဆုံးသွားပြီ၊ သာသနာနှင့် တွေ့တာ ဘဝတစ်ခု ရှုံးသွားတာပဲ၊ မဂ် ဖိုလ် နိဗ္ဗာန်နှင့် အဝေးကြီး ရှိသေး တယ်၊ ရုပ်နာမ်တောင် မသိသေးတဲ့အဆင့်ပဲ ဖြစ်ပါသေးတယ်။
ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေပြီဆိုလို့ရှိရင် ထိုယောဂီပုဂ္ဂိုလ် က ဘာလုပ်ရမလဲ? - ဟဒယဝတ္ထုရှိရာဘက်ကို မိမိအဓိဋ္ဌာန်ထားတဲ့ တစ် နာရီပြည့်တဲ့ အချိန်အခါလောက် ဆိုကြစို့၊ အဲဒီအချိန်လောက်မှာ လှမ်းပြီး ကြည့်ရတယ်၊ အဲဒီလို လှမ်းပြီးကြည့်လိုက်ရင် အိမ်ရှင် ဘဝင်မနောအကြည် ဓာတ်ကို တွေ့နိုင်ပါတယ်၊ ဒီဘဝင်အကြည်ဓာတ်ကို မနောဒွါရလို့ ခေါ်တယ်။ အဲဒီဘဝင်မနောအကြည်ဓာတ်မှာ အလွန်ကြည်လင်တောက်ပနေတဲ့ အာနာ ပါနပဋိဘာဂနိမိတ်အာရုံက ရှေ့ရှုကျရောက်နေတဲ့အခါ ထင်နေတဲ့အခါမှာ အဲဒီဒွါရနှင့် အာရုံကို ပူးတွဲသိမ်းဆည်းပြီး စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့် လိုက်လို့ရှိရင် ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ ငါးပါးကို ထင်ထင်ရှားရှား တွေ့လိမ့်မယ်။
ဘဝင်စိတ်ဆိုတာဘာလဲ?
ဘဝင် = ဘဝင်္ဂ = ဘဝ + ဘင်္ဂ = ဘဝမှာ စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝရဲ့ အကြောင်းတရားအဖြစ်နှင့် ဖြစ်ပေါ်နေတဲ့ ဝိပါက်စိတ်တစ်မျိုး ဖြစ်ပါ တယ်၊ ပဋိသန္ဓေစိတ်နှင့် မျိုးတူစိတ် ဖြစ်ပါတယ်။ ဒီဘဝင်စိတ်ဟာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း တရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်တစ်မျိုး ဖြစ်ပါတယ်။ လူသားတွေ အတွက် ကွက်ပြောမယ်ဆိုလျှင် အတိတ်သင်္ခါရ-ကံတွေဟာ ကုသိုလ်သင်္ခါရ-ကံတွေသာ ဖြစ်ကြပါတယ်။
ဘဝတစ်ခုမှာ ခေါင်ဆုံးဖြစ်တဲ့ ဘဝင်စိတ်ကို ပဋိသန္ဓေစိတ်, နောက်ဆုံး ဖြစ်တဲ့ ဘဝင်စိတ်ကိုတော့ စုတိစိတ်လို့ ခေါ်ပါတယ်။ ပဋိသန္ဓေနှင့် စုတိ အကြား ဘဝတစ်လျှောက်မှာ ဝီထိစိတ် မဖြစ်လျှင် ဒီဘဝင်စိတ်တွေက ဖြစ် နေကြပါတယ်။ အချို့သောပဋိသန္ဓေနှင့် အချို့သောပဋိသန္ဓေနှင့်ကပ်နေတဲ့ ဘဝင်ကလွဲလျှင် [အကယ်၍ မရဏာသန္နဇောရဲ့အာရုံက ရုပ်တရားဖြစ်နေ လို့ရှိလျှင် မရဏာသန္နဇောရဲ့ နောင်မှာလည်း စုတိစိတ် ကျခဲ့မယ်ဆိုလျှင် ပဋိသန္ဓေအာရုံ, ယင်းပဋိသန္ဓေနှင့်ကပ်နေတဲ့ အချို့သောဘဝင်အာရုံတွေဟာ ယင်းသက်တမ်းမကုန်ဆုံးသေးတဲ့, မရဏာသန္နဇောရဲ့အာရုံဖြစ်တဲ့ ရုပ်ကိုပဲ ဆက်လက်ပြီး အာရုံပြုကြပါတယ်။ ဒီလိုရုပ်အာရုံမျိုးဖြစ်လျှင်တော့ ပဋိသန္ဓေ နှင့် ယင်းဘဝင်အချို့တို့ရဲ့အာရုံကို ပစ္စုပ္ပန်လို့ပဲ ပြောရပါတယ်။] ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့က ယေဘုယျအားဖြင့် အတိတ်ဘဝက သေခါနီးကာလမှာ မရဏာသန္နဇောက ယူထားခဲ့တဲ့ အာရုံကိုပဲ သိပါတယ်၊ အာရုံပြုနေပါတယ်။
ဥပမာ အတိတ်ဘဝ သေခါနီးကာလမှာ မရဏာသန္နဇောက ဝိပဿနာ ကုသိုလ်ဇောဖြစ်လို့ အထက်ကပြောခဲ့တဲ့ သောတာနုဂတသုတ္တန်မှာ လာရှိတဲ့ အတိုင်း သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်ကို အာရုံပြုနေတယ် ဆိုကြစို့၊ ယခု လက်ရှိဘဝ ပဋိသန္ဓေ ဘဝင် စုတိတို့ကလည်း အဲဒီသင်္ခါရတရားတို့ရဲ့ အနိစ္စ အချက်ကိုပဲ အာရုံပြုပါတယ်၊ သိနေပါတယ်၊ ပစ္စုပ္ပန်အာရုံဟူသမျှကိုတော့ မသိပါဘူး။
ဒီဘဝင်ကိုပဲ မနောဒွါရလို့ သုတ္တန်နည်းအရ ခေါ်ဆိုပါတယ်။ ဒီဘဝင်ကို ခုလို စျာန်အင်္ဂါတွေကို သိမ်းဆည်းတော့မည့် ယောဂီက လှမ်းပြီး အာရုံယူ လိုက်တဲ့အခါ သိမ်းဆည်းလိုက်တဲ့အခါ ဘယ်လိုတွေ့တတ်သလဲ? ဒီအပိုင်း ကိုတော့ ရှင်းပြဖို့ လိုပါလိမ့်မယ်။
ဒီဘဝင်ကို အင်္ဂုတ္တိုရ်ပါဠိတော်မှာ (အံ၊၁၊၉။) ဘုရားရှင်က --
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။)
ဒီလို ဟောကြားထားတော်မူပါတယ်။ အဋ္ဌကထာကလည်း --
စိတ္တန္တိ ဘဝင်္ဂစိတ္တံ။ (အံ၊ဋ္ဌ၊၁၊၄၅။)
ဒီလို ဖွင့်ဆိုထားပါတယ်။ ဒီဖွင့်ဆိုချက်အရ အထက်ပါ ပါဠိတော်မှာ လာရှိတဲ့ စိတ္တ (= စိတ်)အရ ဘဝင်စိတ်ကို ရည်ညွှန်းကာ ဘုရားရှင် ဟောကြား တော်မူတယ်လို့ သိရပါတယ်။ ဒီဘဝင်စိတ်က ဘယ်လို သဘောရှိသလဲ? ပဘဿရံ = ပြိုးပြိုးပြက် တလက်လက် တောက်ပတယ်လို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။
ဒီလိုဆိုလျှင် စိတ်မှာ အရောင်ရှိပါသလားလို့တော့ မေးစရာ ရှိတယ်။ အရောင်တော့ မရှိပါဘူး။ (အံ၊ဋ္ဌ၊၁၊၄၅။)
သို့သော် စိတ်သည် တစ်နည်းပြောလျှင် ဘဝင်စိတ်အဝင်အပါဖြစ်တဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်နေတဲ့ စိတ်သည် စိတ္တဇရုပ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဒီစိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်တွေကို ဓာတ်ခွဲ ကြည့်လိုက်လျှင် ကလာပ်တစ်ခုတစ်ခုမှာ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဆိုပြီး သဘောတရား (၈)မျိုးစီ ရှိတတ်ပါတယ်။ စိတ် တစ်ခုတစ်ခုဟာ စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိတယ်။ အထူးသဖြင့် ခုပြောနေတဲ့ သမထဘာဝနာစိတ်တို့လို အဆင့်အတန်း မြင့်နေတဲ့ စိတ်မျိုးတွေ, နောက်ပြောမည့် ဝိပဿနာစိတ်မျိုးတွေဟာ စိတ္တဇ ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ အထူးသဖြင့် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့လို အဆင့်အတန်း မြင့်မား နေတဲ့ စိတ်တွေကြောင့် ဖြစ်ပေါ်သွားကြတဲ့ စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ဟာ ဘာသုရရူပ = အလွန်တောက်ပတဲ့သဘော ရှိပါ တယ်၊ (မဟာဋီ၊၂၊၄၂၈-၄၂၉။) သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် တို့နှင့် ယှဉ်တွဲနေတဲ့ဉာဏ်က ထက်လျှင်ထက်သလို ပိုတောက်ပတဲ့သဘော ရှိပါတယ်။ အလားတူပဲ ဘဝင်စိတ်ကလည်း စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေ နိုင်တော့ ဒီဘဝင်စိတ်ကြောင့် ဖြစ်ပေါ်တဲ့ စိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါဝင်တဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ဟာလည်း တောက်ပတဲ့သဘော ရှိတတ်ပါတယ်၊ ဘဝင် စိတ်နှင့် ယှဉ်တွဲနေတဲ့ဉာဏ်က ထက်လျှင်ထက်သလို နုံ့လျှင်လည်းနုံ့သလို တောက်ပတဲ့သဘောတော့ ရှိပါတယ်။
ဒီနေရာမှာ ဘဝင်စိတ်ကို ဖြစ်စေတတ်တဲ့အကြောင်းရင်းကံနှင့် ယှဉ်တွဲ နေတဲ့ဉာဏ်က ထက်လျှင်ထက်သလို ဘဝင်စိတ်နှင့်ယှဉ်တွဲနေတဲ့ ဉာဏ်က လည်း ထက်မြက်တတ်ပါတယ်။ သောတာနုဂတသုတ္တန်မှာလာတဲ့အတိုင်း အကြောင်းရင်းကံက ဝိပဿနာကံဖြစ်လို့ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်ကို သိနေတဲ့ ကံမျိုးဖြစ်နေလျှင် ဘဝင်စိတ်ကလည်း ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စ အချက်ကိုပဲ သိနေပါတယ်။ ဒီလိုဉာဏ်မျိုးတွေကိုတော့ ထက်မြက်တဲ့ ဉာဏ် တွေလို့ ဆိုရပါတယ်။ ဒီလို ဘဝင်စိတ်တစ်ခုတစ်ခုဟာ စိတ္တဇရုပ်ကလာပ် ပေါင်းစွာကို ဖြစ်စေနိုင်တဲ့အတွက် ကလာပ်တစ်ခုမှာတည်ရှိတဲ့ ရူပါရုံအရောင် အဆင်းနှင့် အခြားကလာပ်တစ်ခုမှာ တည်ရှိတဲ့ ရူပါရုံအရောင်အဆင်းတို့ဟာ အလွန်နီးကပ်စွာ ပွတ်ချုပ်ထိခိုက်ပြီးဖြစ်တဲ့အခါ ယောဂီပုဂ္ဂိုလ်က ဒီဘဝင်စိတ် ရှိရာ ဟဒယဝတ္ထုဘက်ကို လှမ်းကြည့်လိုက်လျှင် အဲဒီရူပါရုံတို့ရဲ့ အပေါင်း အစုကြီးကို လှမ်းပြီးတော့ မြင်တတ်ပါတယ်။ ဒီရူပါရုံအပေါင်းအစုတွေက ကြည်လင်နေတဲ့သဘော ရှိပါတယ်။ ဒီကြည်လင်နေတဲ့သဘောကိုပဲ ဘဝင် မနောအကြည်လို့ တင်စားကာ (အကျိုးရဲ့အမည်ကို အကြောင်း၌ တင်စား ကာ) ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က အဲဒီ ဘဝင်မနော အကြည်ဓာတ်ကိုတော့ ပထမ သိမ်းဆည်းတတ်ဖို့ လိုပါတယ်။
ဒီ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းတဲ့အခါမှာ ခဏခဏ လှမ်းပြီးတော့ နှလုံးအိမ်ဘက်ကိုတော့ မကြည့်ပါနဲ့။ အနည်းဆုံး အာနာပါန ပဋိဘာဂနိမိတ်အာရုံမှာ တစ်နာရီ သို့မဟုတ် နှစ်နာရီလောက် ဘာဝနာစိတ်က ငြိမ်ကပ်စွာကပ်ပြီး တည်နေပြီးမှ ဟဒယဝတ္ထုရှိရာ နှလုံးအိမ်ဘက်သို့ စက္ကန့် ပိုင်းလောက်သာ စိုက်ကြည့်ပါ။
အကယ်၍ မတွေ့ပါက ကြာကြာ မကြည့်ဘဲ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပဲ ထပ်ပြီးရှုပါ၊ သမာဓိကို ပြန်လည်ထူထောင်ပါ။ အာနာပါနပဋိဘာဂ နိမိတ်အာရုံမှာ ဘာဝနာစိတ်က နစ်မြုပ်သွားပြီး အနည်းဆုံး (၁၀)မိနစ် (၁၅)မိနစ်လောက် ထပ်ပြီး နစ်မြုပ်သွားပြီးဆိုပါမှ တစ်ဖန် ပြန်ကြည့်ပါ။ ဒီနည်းအတိုင်း လေ့ကျင့်ပါက ကြည်လင်တောက်ပနေတဲ့ ဘဝင်မနော အကြည်ဓာတ်ကို ဉာဏ်နှင့် တွေ့မြင်နိုင်ပါတယ်။
အဲဒီလို ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်တဲ့အခါ အာနာပါန ပဋိဘာဂနိမိတ်ကိုပဲ ပြန်အာရုံယူကာ ပထမစျာန်ကို ထပ်ပြီးတော့ ဝင်စားပါ၊ စျာန်မှထတဲ့အခါ ဘဝင်မနောအကြည်ဓာတ်ကို ထပ်ပြီး သိမ်းဆည်းကြည့်ပါ။ ဒီလိုသိမ်းဆည်းလိုက်တဲ့အခါ ဘဝင်မနောအကြည်ဓာတ်ဆိုတဲ့ မှန်ထဲမှာ မိမိ ရှုပွားနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ရှေးရှူကျရောက်နေတာ ထင်နေတာကို တွေ့ပြီဆိုလျှင် စျာန်အင်္ဂါတွေကို သိမ်းဆည်းနိုင်ပြီ ဖြစ်ပါတယ်။
စျာန်အင်္ဂါငါးပါး
ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဆိုပြီး ပထမစျာန်မှာ စျာန်အင်္ဂါ ငါးပါး ရှိပါတယ်။
ဝိတက်ဆိုတာက ကြည်လင်နေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ် သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ် ဆင်ခြင်နေခြင်းသဘော၊
ပီတိ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်နေခြင်းသဘော၊
သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော၊
ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံတစ်ခုတည်းပေါ်သို့ စိတ် ကျရောက်တည်ငြိမ်နေခြင်းသဘော -----
ပေါင်းလိုက်တော့ --- သဘောတရား ငါးခု၊ သဘောတရားငါးခုတို့ရဲ့ အပေါင်းကိုတော့ စျာန်လို့ခေါ်တယ်၊ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ တစ်လုံးစီ တစ်လုံးစီကိုတော့ စျာန်အင်္ဂါလို့ ခေါ်တယ်။
လှည်းတစ်ခု ဆိုကြစို့၊ ဝင်ရိုးတို့ လှည်းဘီးတို့ ထမ်းပိုးတို့ စသည်ဖြင့် အားလုံးပေါင်းစုထားတဲ့ အပေါင်းအစုကိုတော့ လှည်းလို့ခေါ်တယ်၊ တစ်ခုစီ တစ်ခုစီဖြုတ်ထားလိုက်တော့ ဒါက ဝင်ရိုး, ဒါက လှည်းဘီး, ဒါက ထမ်းပိုး, စသည်ဖြင့် တစ်ခုစီ ခွဲခြားပြီးတော့ ခေါ်ရတယ်၊ အဲဒီပုံစံအတိုင်းပဲ ဒီစျာန် အင်္ဂါငါးခုတို့ရဲ့ အပေါင်းကို စျာန်လို့ခေါ်တယ်၊ မြေလျှိုးမိုးပျံနေတာကို စျာန် လို့ခေါ်တာ မဟုတ်ပါဘူး၊ အဲဒီစျာန်အင်္ဂါငါးခုတို့ရဲ့ အပေါင်းအစုကို စျာန် လို့ခေါ်တယ်၊ တစ်ခုစီ တစ်ခုစီကိုတော့ စျာန်အင်္ဂါလို့ ခေါ်ပါတယ်။
အဲဒီ စျာန်အင်္ဂါငါးပါးက ဘုန်းကြီးပြောတော့ မပြောချင်ပါဘူး၊ ဒါပေမဲ့ လည်း တရားပွဲကို လာရောက်မနာနိုင်လို့ တကယ်လက်တွေ့လည်း ဒီဌာနမှာ လာရောက်ပြီး အားမထုတ်နိုင်လို့ တရားခွေကလေးကိုပဲ နာပြီး အားထုတ်ရ မည့် အဝေးက တရားနာတဲ့ပုဂ္ဂိုလ်တွေအတွက် ငဲ့ညှာပြီးတော့ နည်းနည်း တော့ ပြောရမှာပေါ့။
စျာန်အင်္ဂါငါးပါးက ဆင်ခြင်စမှာ များသောအားဖြင့် ယောဂီပုဂ္ဂိုလ်တို့ရဲ့ ဉာဏ်မှာ တစ်လုံးစီ ပေါ်တတ်ပါတယ်၊ ယောဂီက ထပ်ကာ ထပ်ကာ လေ့ကျင့် ဖန်များလာလို့ရှိရင် ထပ်ကာ ထပ်ကာ လေ့ကျင့်ရင်တော့ ဉာဏ်ထဲမှာ ပြိုင်တူ ပေါ်ပါတယ်၊ အကယ်၍ ဒီစျာန်အင်္ဂါတွေက ဉာဏ်ထဲမှာ မထင်မရှား ဖြစ် နေသေးရင်တော့ မိမိရှုမြဲဖြစ်တဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံမှာပဲ စိတ် ကို ငြိမ်ဝပ်စွာကပ်ပြီးတော့ တည်နေအောင် ကြိုးစားရတယ်၊ ကြိုးစားလိုက်တဲ့ အချိန်အခါမှာ ငြိမ်ပြီဆိုမှ တစ်ခါပြန်ကြည့်ပါ။ စျာန်ဝင်စားမှုအချိန် တစ်နာရီ ကျော်မှ လေ့ကျင့်ပါ၊ အဲဒီလို လေ့ကျင့်ဖန်များလာရင် ဒီစျာန်အင်္ဂါတွေကို ပြိုင်တူ ပေါ်တာ တွေ့နိုင်ပြီ၊ တွေ့လိုက်တဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က ဒီပထမစျာန်သမာဓိကို ခိုင်ခံ့အောင် ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ ကျင့်ရပါတယ်၊ စျာန်အင်္ဂါကို အချိန်မရွေး ဆင်ခြင်လို့ရအောင် လေ့ကျင့်ရ တယ်၊ ဒီစျာန်ကို ဝင်စားချင်တဲ့အချိန်အခါမှာ အချိန်မရွေးဝင်စားလို့ရအောင် လေ့ကျင့်ရတယ်၊ ထချင်တဲ့အချိန်အခါမှာ အချိန်မရွေး ထလို့ရအောင် လေ့ ကျင့်ရတယ်၊ တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီရအောင်, တစ်မိနစ်အဓိဋ္ဌာန်ရင် တစ်မိနစ်ရအောင် လေ့ကျင့်ထားရတယ်။
အဲဒီစျာန်အင်္ဂါကို ဆင်ခြင်တဲ့အပိုင်းမှာ မနောဒွါရာဝဇ္ဇန်းနှင့် ဆင်ခြင် တဲ့အပိုင်း, ဇောနှင့် ဆင်ခြင်တဲ့အပိုင်းဆိုတာ နှစ်ကဏ္ဍရှိတယ်။ နှစ်ကဏ္ဍရှိတဲ့ အနက်က မနောဒွါရာဝဇ္ဇန်းနှင့် ဆင်ခြင်တာပဲဖြစ်ဖြစ်, ဇောနှင့် ဆင်ခြင်တာပဲ ဖြစ်ဖြစ် အားလုံးအတူတူပဲ၊ အာဝဇ္ဇနဝသီနှင့် ပစ္စဝေက္ခဏာဝသီဆိုပြီးတော့ ဒီလိုနှစ်ခု ခွဲထားတယ်၊ မနောဒွါရာဝဇ္ဇန်းစိတ်နှင့် စျာန်အင်္ဂါကို ဆင်ခြင်တာ ကို အာဝဇ္ဇနဝသီ၊ ပစ္စဝေက္ခဏာဇောစိတ်နှင့် စျာန်အင်္ဂါကို ဆင်ခြင်တာကို ပစ္စဝေက္ခဏာဝသီလို့ ဒီလိုနှစ်ခု ခွဲခြားသတ်မှတ်ထားတယ်။ ပေါင်းလိုက်တော့ ဝသီဘော်ငါးတန်ပဲ၊ အဲဒီဝသီဘော်ငါးတန် နိုင်နင်းအောင်တော့ လေ့ကျင့်ပေး ရပါတယ်။
ဒုတိယစျာန်သမာဓိ
လေ့ကျင့်လို့ ကျေနပ်ပြီဆိုရင်တော့ ဒုတိယစျာန်ကို ကူးနိုင်တယ်၊ ပဉ္စက နည်းအရ ဉာဏ်နုံ့တဲ့ပုဂ္ဂိုလ်များကတော့ ဝိတက်နှင့် ဝိစာရ နှစ်ခုကို တစ်လုံးစီ ဖြုတ်ရတယ်၊ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်များ ဖြစ်ခဲ့ရင်တော့ ဝိတက်နှင့် ဝိစာရကို ပြိုင်တူဖြုတ်လို့ရတယ်။ အဲဒီတော့ ဘယ်လိုဖြုတ်မလဲမေးတော့ ဖြုတ်ပုံနည်း စနစ်တော့ ရှိပါတယ်၊ ဒီဝသီဘော်ငါးတန် နိုင်နင်းအောင် ပထမစျာန်ကို လေ့ ကျင့်ပြီးတဲ့ သူတော်ကောင်းက ဒီပထမစျာန်သည် နီဝရဏရန်သူနှင့် နီးကပ် တယ်လို့ ပထမ ဆင်ခြင်ပါ။
နီဝရဏရန်သူဆိုတာက စိတ်ကလေးက တော်တော်ကလေး အာနာပါန ပဋိဘာဂနိမိတ်မှာ ငြိမ်သွားမှ ဒီ ရာဂ ဒေါသ မောဟစတဲ့ နီဝရဏ အညစ် အကြေးတွေက ကွာကျသွားတယ်၊ မငြိမ်ခင်မှာ ဒီ ရာဂ ဒေါသ မောဟစတဲ့ နီဝရဏတွေက တစ်လှည့်စီ ဝင်ဝင်ပြီးတော့ နှောင့်ယှက်တတ်တဲ့သဘော ရှိတယ်၊ ဒါကြောင့် ဒီပထမစျာန်သည် နီဝရဏရန်သူနှင့်လည်း နီးတယ်၊ ဒုတိယစျာန်လောက်လည်း မငြိမ်သက်ဘူး၊ ဝိတက် ဝိစာရတွေကလည်း ရုန့်ရင်းကြမ်းတမ်းတဲ့ သဘောရှိတယ်၊ ဒါကြောင့် ကျိုးပျက်လွယ်တဲ့သဘော ရှိတယ်၊ ကျိုးပျက်လွယ်တဲ့အတွက် အားနည်းသော စျာန်အင်္ဂါလည်းရှိတယ်။
ဘယ်လို ရုန့်ရင်းကြမ်းတမ်းသလဲလို့ မေးတော့ မိမိတို့က ငြိမ်သက်တဲ့ သမာဓိကို လိုချင်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်၊ ဒီလိုငြိမ်သက်မှု သမာဓိကို အလိုရှိနေတဲ့ သူတော်ကောင်းတစ်ဦးအဖို့၊ ဒီအာရုံပေါ်ကို စိတ် ကလေးကို တင်တင်ပေးနေရတာကိုက ပင်ပန်းနေတယ်၊ ဒီအာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်နေရတာကိုက ပင်ပန်းနေတယ်၊ ဒါကြောင့် အဲဒီ ပင်ပန်းမှု ရှိနေတဲ့အတွက် စိတ်ရဲ့ကြမ်းတမ်းနေတဲ့ အမူအရာတစ်မျိုးပဲလို့ ဒီလိုသဘော ပေါက်ပြီးတော့ ဝိတက်, ဝိစာရကို အလိုမရှိတဲ့ စိတ်ထားနှင့်၊ မတင်ရဘဲနှင့် ငြိမ်နေရင် ပိုကောင်းမှာပဲ၊ မသုံးသပ်ရဘဲနှင့် ငြိမ်နေရင် ပိုကောင်းမှာပဲဆိုတဲ့ ဒီလိုစိတ်ထားမျိုးနှင့် အလွန်ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂ နိမိတ်ကို စိတ်ကလေးက စိုက်ပြီး ကပ်ကြည့်ပေးရတယ်၊ ရှုနေရတယ်။
အဲဒီအချိန်အခါမှာ ဝိတက်, ဝိစာရ ပြုတ်သွားလိမ့်မယ်၊ ပီတိ, သုခ, ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါသုံးပါးရှိတဲ့ ဒုတိယစျာန်ကို ကူးသွားလိမ့်မယ်၊ အဲဒီ ဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရတယ်။
တတိယစျာန်သမာဓိ
ဒုတိယစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့အခါ တတိယစျာန်ကို ကူးချင်ယင် ဒုတိယစျာန်ကို ဝင်စားပြီးနောက် ဒုတိယစျာန်မှ ထကာ ဒီလို ဆင်ခြင်ပါ။ ---
- ဒီဒုတိယစျာန်သမာပတ်ဟာ ဝိတက်, ဝိစာရဆိုတဲ့ နီးကပ်တဲ့ ရန်သူ ရှိတယ်။
- (ပီတိကို ပြန်သိမ်းဆည်းပြီး ဆင်ခြင်ကြည့်ပါ။) ဒီပီတိဟာ စိတ်လှုပ်ရှား မှုကို အများဆုံး ဖြစ်စေတတ်တဲ့အတွက် ရုန့်ရင်းကြမ်းတမ်းရကား ကျိုးပျက်လွယ်တဲ့သဘောရှိတယ်။
- (သုခနှင့် ဧကဂ္ဂတာကို သိမ်းဆည်းပြီး ပြန်ဆင်ခြင်ကြည့်ပါ။) ဒီသုခ ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ တတိယစျာန်က ပိုငြိမ်သက် တယ်။
အဲဒီလို ဆင်ခြင်ပြီးနောက် ဒုတိယစျာန်ကို အလိုမရှိတဲ့စိတ်ထား ပီတိကို ဖြုတ်ပစ်ချင်တဲ့စိတ်ထား ပိုငြိမ်သက်တဲ့ တတိယစျာန်ကို အလိုရှိတဲ့စိတ်ထား နှင့် ဒီ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပဲ စိုက်ရှုရတယ်။ ရှုလိုက်လို့ ပီတိ ပြုတ်သွားခဲ့ရင် သုခ, ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ တတိယစျာန်ကို ဆိုက်မယ်၊ ဆိုက်ရင် ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။
စတုတ္ထစျာန်သမာဓိ
တတိယစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့အခါ စတုတ္ထစျာန်ကို ကူးချင်ရင် တတိယစျာန်ကိုဝင်စားပြီးနောက် တတိယစျာန်မှ ထကာ ဒီလို ဆင်ခြင်ပါ။ ---
- ဒီ တတိယစျာန်သမာပတ်ဟာ ပီတိဆိုတဲ့ နီးကပ်တဲ့ရန်သူရှိတယ်။
- (သုခကို ပြန်သိမ်းဆည်းပြီး ဆင်ခြင်ကြည့်ပါ။ စိတ်ချမ်းသာရင် စိတ် ထဲမှာ တသိမ့်သိမ့်နှင့် နည်းနည်းတော့ လှုပ်ရှားနေတတ်တယ်။) - ဒါကြောင့် သုခဟာ ရုန့်ရင်းကြမ်းတမ်းတဲ့သဘော ရှိတယ်၊ ရုန့်ရင်း ကြမ်းတမ်းတဲ့အတွက် ပျက်စီးလွယ်တဲ့သဘော ရှိတယ်။
- ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ စတုတ္ထစျာန်ကတော့ ပိုပြီး ငြိမ်သက်တယ်။
ဒီလိုဆင်ခြင်ပြီးနောက် သုခကို အလိုမရှိတဲ့ (= တတိယစျာန်ကို အလို မရှိတဲ့) စိတ်နှင့် ပိုပြီးငြိမ်သက်တဲ့ ဥပေက္ခာ ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါနှစ်ပါး ရှိတဲ့ စတုတ္ထစျာန်ကိုလိုချင်တဲ့ စိတ်နှင့် ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပဲ ထပ်ပြီး အာရုံပြုရတယ်။
သုခပြုတ်ချင်တဲ့စိတ်နှင့် ဒီအာနာပါနပဋိဘာဂနိမိတ်ကိုပဲ ထပ်ပြီး ရှုနေ ခဲ့ရင် သုခပြုတ်သွားရင် ဥပေက္ခာခေါ်တဲ့ အလွန်ငြိမ်သက်နေတဲ့ ဝေဒနာ တစ်မျိုး ဝင်လာလိမ့်မယ် - ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်မျိုးရှိ တဲ့ စတုတ္ထစျာန်ကို ဆိုက်မယ်။
ဒီစတုတ္ထစျာန်ကို ဆိုက်-မဆိုက်ကို သိနိုင်တဲ့ အင်မတန် ထင်ရှားတဲ့ အမှတ်အသားကတော့ အသက်မရှူခြင်းပဲ ဖြစ်ပါတယ်၊ အသက်ရှူနေသေး ရင်တော့ စတုတ္ထစျာန်ကို မဆိုက်သေးဘူး၊ အသက်လုံးလုံး မရှူတော့ဘူး ဆိုလို့ရှိရင်တော့ စတုတ္ထစျာန်ကို ဆိုက်သွားပြီ၊ အဲဒီ စတုတ္ထစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ထိုယောဂီ သူတော်ကောင်းက ဘယ်ကမ္မဋ္ဌာန်းကို ကူးချင်သလဲ? ကမ္မဋ္ဌာန်းလေးဆယ်ထဲ က ကူးချင်တဲ့ကမ္မဋ္ဌာန်း ကူး, ကူးလို့ရတယ်။
ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း
ဝိပဿနာသွားချင်တယ် ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရ မလဲ? ရုပ်ကမ္မဋ္ဌာန်းကနေ စတင်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းတဲ့စနစ်တစ်ခု, နာမ်ကမ္မဋ္ဌာန်းကနေ စတင်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းတဲ့ စနစ်တစ်ခု --- နှစ်ခုရှိတဲ့အနက်က ကြိုက်တဲ့စနစ်ဖြင့် ရုပ်နာမ်ကို သိမ်းဆည်းနိုင်ပါတယ်။ ဒီတော့ ဓာတ်ကမ္မဋ္ဌာန်းကနေ စသိမ်းဆည်းတဲ့ စနစ်ကလေးကို နည်းနည်း အတိုချုပ်ပြောမယ် ----- တရားထိုင်တိုင်း ထိုင်တိုင်း အာနာပါနစတုတ္ထစျာန် သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်တွေ အားကောင်းလာတဲ့ အခါ ဓာတ်လေးပါးကို ရှုပါ။
ဓာတ် ဘယ်နှစ်ပါးရှိသလဲ? -- လေးပါး၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊
မာမှု ထင်ရှားတဲ့ တစ်နေရာကစပြီးတော့ မာတဲ့သဘောကို တစ်ကိုယ် လုံးမြင်အောင် ရှုရတယ်၊
ကြမ်းမှုထင်ရှားတဲ့တစ်နေရာကစပြီးတော့ ကြမ်းတဲ့သဘောကို တစ် ကိုယ်လုံးမြင်အောင် ရှုရတယ်၊
လေးမှုထင်ရှားတဲ့ တစ်နေရာကစပြီးတော့ လေးတဲ့သဘောကို တစ် ကိုယ်လုံးမြင်အောင် ရှုရတယ်။
အောင်မြင်မှုရခဲ့ရင်တော့ ပျော့မှုထင်ရှားတဲ့ တစ်နေရာပေါ့၊ အောက် အတွင်းနှုတ်ခမ်းသားကလေးကို လျှာနှင့် ထိထားကြည့်ပါ။ ပျော့နေတာကို တွေ့နိုင်ပါတယ်။ အဲဒီလို ပျော့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပျော့တဲ့ သဘော, ချောမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ချောတဲ့သဘော, ပေါ့မှု ထင်ရှားတဲ့ တစ်နေရာကစပြီး ပေါ့တဲ့သဘော အဲဒီသဘောတရားတွေကို တစ်ကိုယ်လုံး မြင်အောင် ရှုရတယ်၊ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ - ဒါ ပထဝီဓာတ် သဘောတရား ခြောက်ခုပဲ။ (အဘိ၊၁၊၁၇၀။ အဘိ၊ဋ္ဌ၊၁၊၃၆၈။)
အောင်မြင်မှု ရပြီဆိုရင်တော့ နည်းနည်းကျော်လိုက်၊ ပူမှုထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘော, အေးမှုထင်ရှားတဲ့တစ်နေရာကစပြီး အေး တဲ့သဘောကို တစ်ကိုယ်လုံးမြင်အောင် ရှုပါ၊ တေဇောဓာတ်ပဲ။
အောင်မြင်မှုရရင် ဝါယောဓာတ်ကူးလိုက်၊ ထောက်ကန်မှု ထင်ရှားတဲ့ တစ်နေရာကနေပြီး ထောက်ကန်တဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင်ရှု၊ တွန်းကန်မှုထင်ရှားတဲ့ တစ်နေရာကနေပြီး တွန်းကန်တဲ့သဘောကို တစ် ကိုယ်လုံးမြင်အောင် ရှုရတယ်။
ထောက်တယ်ဆိုတာကတော့ ခန္ဓာအိမ်ကို ငြိမ်အောင် ထိန်းထားတဲ့ သဘောကလေးပဲ၊ အိမ်တစ်အိမ်ပြိုတော့မယ်ဆိုရင် ကျားခေါ်တဲ့ တုတ်တစ် ချောင်းနှင့် ကန်ထားသလို ထောက်ထားတဲ့သဘောကလေးပဲ။
တွန်းကန်မှုဆိုတာက ခုနက ဝင်လေ ထွက်လေထဲမှာလည်း ရှိပါတယ်၊ ခေါင်းအလယ်လောက်မှာ စိတ်ကလေး စိုက်ထားပါ၊ သွားကလေးကို နည်း နည်းဖိထား၊ အသက်ရှူကြည့်ပါ။ တွန်းမှုအားတွေ ထင်ရှားနေတာ တွေ့ရပါ တယ်။
အဲဒီ တွန်းကန်မှု, ထောက်ကန်မှုသဘောက ဝါယောဓာတ် - ပေါင်း လိုက်တော့ ဓာတ်သဘော ဆယ်ခု၊
ပထဝီဓာတ်သဘောတရားက ခြောက်မျိုး၊ တေဇောဓာတ်သဘောတရား က ပူမှု, အေးမှု နှစ်မျိုး၊ ဝါယောဓာတ်သဘောတရားက ထောက်မှု, တွန်းမှု နှစ်မျိုး ပေါင်းလိုက်တော့ ဆယ်မျိုး၊ အဲဒီ ဆယ်မျိုးကို ထပ်ကာ ထပ်ကာ ရှုရင် ဖွဲ့စည်းတဲ့သဘောတရား ပေါ်လာမယ်၊ သွားအရင်းတို့ လျှာအရင်းတို့ လျှာဖျားတို့ အဲဒီလို ယိုစီးမှုထင်ရှားတဲ့ တစ်နေရာကစပြီး ယိုစီးတဲ့သဘောကို တစ်ကိုယ်လုံး အသားကြား အရိုးကြား အရေကြား အကြောကြား စိုက်ကြည့်။
တစ်ကိုယ်လုံး မြင်အောင် ကြည့်လိုက်တဲ့အခါ ယိုစီး ဖွဲ့စည်းတဲ့သဘော ထင်ရှားပြီဆိုရင် ဒီယိုစီး ဖွဲ့စည်းသဘောက အာပေါဓာတ် - ပေါင်းလိုက် တော့ ဓာတ်ဘယ်နှစ်ပါး ဖြစ်သွားပြီလဲ? လေးပါး။
အဲဒီ ဓာတ်လေးပါးကို ရှုတတ်ပြီဆိုရင်တော့ ဘုရားဟောဒေသနာတော် အတိုင်း အစဉ်အတိုင်း ပြန်ရှုရတယ်၊ ပထဝီဓာတ် အာပေါဓာတ် တေဇော ဓာတ် ဝါယောဓာတ်ဆိုတဲ့ ဒေသနာစဉ်အတိုင်း မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်း အဲဒီသဘောတရား ဆယ့်နှစ်ခုကို ခြေဆုံးခေါင်းဆုံး သွက်အောင်ရှုပါ။
ခြုံငုံ၍ တစ်ကိုယ်လုံးကိုကြည့်ပါ
သွက်ပြီဆိုရင် ခြုံကြည့်ပါ။ မိမိထိုင်နေတာကို အပေါ်က စီးကြည့်တဲ့ ပုံစံဖြင့် တစ်ကိုယ်လုံးကို ငုံကြည့်ရတယ်။
အဲဒီလို ငုံကြည့်လိုက်တဲ့ အချိန်အခါမှာ ဓာတ်တွေက ပြိုင်တူလိုလို ပေါ်နေပြီဆိုရင်တော့ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ကို ကြည့်ပြီးတော့ ပထဝီဓာတ်၊ ယိုစီး, ဖွဲ့စည်းကို ကြည့်ပြီးတော့ အာပေါဓာတ်၊ ပူ, အေးကို ကြည့်ပြီးတော့ တေဇောဓာတ်၊ ထောက်, တွန်းကို ကြည့်ပြီးတော့ ဝါယော ဓာတ် - အဲဒီလို လေးချက်ရှုပါ။
ဓာတ်လေးပါးအာရုံ၌ စိတ်ကို ငြိမ်အောင်ထိန်းပါ၊ သမာဓိကို ထူထောင် ပါ။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် အဲဒီလို ထပ် ကာထပ်ကာ ရှုလိုက်ပြီဆိုရင် ဘာဖြစ်လာမလဲ? တဖြည်းဖြည်း စိတ်က ဓာတ် လေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေလိမ့်မည်။ ဘာကြောင့်လဲ? ဟို ဘက်က အာနာပါနဖြင့် မိမိက စတုတ္ထစျာန်ဆိုက်အောင် သမာဓိထူထောင် ပြီးမှ ဓာတ်ကြီးလေးပါးကို အာရုံပြု၍ သမာဓိကို ဆက်လက်ထူထောင်လို့ပဲ ဖြစ်တယ်။
ထိုင်တိုင်း ထိုင်တိုင်းတော့ သမာဓိ ထူထောင်ရပါတယ်၊ အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ စတုတ္ထစျာန်သမာဓိဆိုက်အောင် သမာဓိ ထူထောင်ပြီးမှ ဒီဓာတ်လေးပါးကို ရှုလာတဲ့အတွက် ဟိုဘက်က သမာဓိက ကျေးဇူးပြုပေးလိုက်တော့ ဒီဘက်မှာ ဓာတ်လေးပါးပေါ်မှာ စိတ်က ငြိမ်ဝပ်မှု လွယ်လွယ်ကလေးနဲ့ ရလာတယ်၊ ဓာတ်လေးပါးအာရုံ၌ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီးတည်လာပြီဆိုလို့ရှိရင် ထိုယောဂီပုဂ္ဂိုလ်က ဘာလုပ်ရမလဲ? ဓာတ်လေး ပါး အာရုံမှာ ငြိမ်သထက် ငြိမ်အောင် ကပ်ပြီးတော့ ရှုရတယ်။
အဖြူပြင် နှင့် အကြည်ပြင်
ရှုလို့ ငြိမ်ပြီဆိုရင်တော့ ပထဝီဓာတ်မှာ မာတဲ့သဘော၊ အာပေါဓာတ် မှာ ယိုစီးတဲ့သဘော၊ တေဇောဓာတ်မှာ ပူတဲ့သဘော၊ ဝါယောဓာတ်မှာ ထောက်တဲ့သဘော အဲဒီလေးခုကို ဦးစားပေးရှုလိုက်၊ ရှုလို့ ငြိမ်လာပြီဆိုလို့ ရှိရင် ဘာဖြစ်လာတတ်သလဲ? - အဖြူ စပေါ်တတ်ပါတယ်၊ ဘာဖြစ်လို့ ဒီ အဖြူက ပေါ်နေရသလဲဆိုတာကတော့ ရေခဲတုံး တစ်တုံး ကြည့်ပေါ့၊ အမှတ် တမဲ့ ဗြုန်းကနဲ ခပ်လှမ်းလှမ်းက ကြည့်လိုက်ရင်တော့ ဖြူနေတယ်လို့ ထင် ရတယ်၊ သေသေချာချာ အနားကပ်ကြည့်လိုက်တော့ ကြည်နေပါတယ်။ အဲဒီ တော့ အကြည်ဓာတ်ကို မတွေ့ခင်ကလေးမှာ အဖြူပြင်ကို စတွေ့ခြင်း ဖြစ် တယ်။
အဲဒီအဖြူမှာလည်း တည်ရှိနေတဲ့ ဓာတ်လေးပါးကို မြင်အောင် ဆက်ပြီး စိုက်ရှုရပါတယ်။ စိုက်ရှုလိုက်လို့ရှိရင် ရေခဲတုံး မှန်တုံး ဖန်တုံးလို ကြည်နေတဲ့ အကြည်ဓာတ်ကို တွေ့တတ်ပါတယ်၊ ဘာအကြည်လဲလို့မေးတော့ -----
ခုနကပြောခဲ့တဲ့ ရုပ်လောကမှာ ဘုရားရှင်က အကြည်ဓာတ် ဘယ်နှစ်မျိုး ဟောခဲ့သလဲ? ငါးမျိုး၊ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ဆိုပြီး အကြည်ရုပ် ဘယ်နှစ်မျိုးဟောထားသလဲ? ငါးမျိုး။
အဲဒီ ကိုယ်အကြည်ဆိုတာက တစ်ကိုယ်လုံး နေရာအနှံ့အပြားမှာ ရှိ တယ်၊ မရှိတဲ့နေရာ မရှိဘူး၊ တစ်ကိုယ်လုံး အနှံ့အပြားရှိတော့ ဒီအကြည်ရုပ်ကို ကလာပ်အမှုန်ကလေးတွေကို မတွေ့ခင် ပြင်လိုက် အတုံးလိုက် အခဲလိုက်ကြီး သွားတွေ့ခြင်း ဖြစ်ပါတယ်၊ အဲဒီ အကြည်ပြင် အကြည်တုံးမှာလည်း တည်ရှိနေတဲ့ ဓာတ်လေးပါးကို မြင်အောင် ဆက်စိုက်ရှုရတယ်။
စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)
စက္ခုစတဲ့ ငါးမျိုးသော ရုပ်တွေဟာ ရူပါရုံစတဲ့ အာရုံ ငါးမျိုးကို အာရုံ ယူဖို့ရာ စက္ခုဝိညာဏ်စတဲ့ ဆိုင်ရာ ဝိညာဏ် ငါးမျိုးတို့ရဲ့ မှီရာ နိဿယ အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုပေးနေပြီး ကြေးမုံ (= မှန်) အပြင်ကဲ့သို့ ကြည်လင်နေတဲ့ အတွက်ကြောင့် ပသာဒရုပ် မည်ပါတယ်လို့ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ --
ရုပ်ကလာပ်အမှုန်များ
ဓာတ်ကြီးလေးပါးကို စိုက်ရှုလိုက်ပြီဆိုလို့ရှိရင်တော့ ပါရမီတွေ ရင့် ညောင်းတဲ့ သူတော်ကောင်း ဖြစ်ခဲ့ရင်တော့ ဒီရုပ်ကလာပ်အမှုန်ကလေး တွေကို လွယ်လွယ်ကလေးနဲ့ တွေရတတ်ပါတယ်၊ အကြည်တုံးကြီးက ပြိုကွဲ သွားတတ်ပါတယ်။ လွယ်လွယ်ကလေးနဲ့ ဒီ အကြည်ပြင်ကြီးက ကွဲထွက် မသွားဘူးဆိုရင်တော့ ဒီအကြည်ပြင်မှာ အာကာသဓာတ် ရှိနေလေရဲ့လို့ အာရုံယူပြီးတော့ ဒီလင်းရောင်ခြည်စွမ်းအား အကူအညီနှင့် အာကာသ ဓာတ်ကို စိုက်ရှုလိုက်ရင် အမှုန်ကလေးတွေကို စတွေ့တတ်ပါတယ်။
မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။) .. စတဲ့ ထိုထိုသုတ္တန်တို့မှာ အာကာသဓာတ်ကို ရှုရန် ဘုရားရှင်က ညွှန်ကြားထားတော်မူပါတယ်။ လက္ခဏာဟာရနေတ္တိနည်းအရ ဟောကြားသွားတော်မူခြင်း ဖြစ်ပါတယ်။ အာကာသဓာတ်ကို ဦးတည်၍ ဥပါဒါရုပ်တွေကို ရှုပွားသိမ်းဆည်းရန် ဘုရား ရှင်က ညွှန်ကြားတော်မူခြင်း ဖြစ်ကြောင်းကို အဋ္ဌကထာက (မ၊ဋ္ဌ၊၃၊၉၇။) ရှင်းပြထားပါတယ်။
ဒီအမှုန်ကလေးတွေကို ရုပ်ကလာပ်တွေလို့ ခေါ်တယ်၊ ရုပ်ကလာပ် ဆိုတာ ပရမတ္ထသစ္စာနယ်မှာ ရုပ်တို့ရဲ့ အသေးဆုံး အဖွဲ့အစည်းကလေးပဲ။ အဲဒီအမှုန်ကလေးတွေကို စတွေ့ပြီဆိုလို့ရှိရင်လည်း တစ်မှုန် တစ်မှုန်မှာ တည်ရှိတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်လေးပါးကို မြင်အောင် စစိုက်ရှုရတယ်။
အဲဒီဓာတ်လေးပါးကို မြင်အောင် စိုက်ရှုလို့မရဘူး၊ အမှုန်ကလေးတွေ က ပေါ်တာ ပျောက်တာ သိပ်ပြီးမြန်နေပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ဟာ ဘာလုပ်ရ သလဲ? တစ်ကိုယ်လုံး ရှုနေကျအတိုင်း ခြုံပြီးတော့ မာတာကို စိုက်ရှုလိုက်၊ အမှုန်ကလေးတစ်ခုမှာ မာတာကို စိုက်ရှုလိုက်၊ ပျောက်သွားရင် နောက် တစ်မှုန် ပြောင်းစိုက်ပြီးရှု၊ ပျောက်သွား နောက်တစ်မှုန် ပြောင်းစိုက်ပြီးရှု၊ အဲဒီလို ထပ်ကာ ထပ်ကာ ရှုလိုက်လို့ ရှုလိုက်တဲ့ အမှုန်တိုင်းမှာ မာတဲ့သဘော ကို သဘောပေါက်ရင် မာတာ ကြမ်းတာ နှစ်ခုပေါ့၊ နှစ်ခု သဘောပေါက်ရင် သုံးခု စသည်ဖြင့် တဖြည်းဖြည်း ပြောင်းစိုက်ရှုရပါတယ်၊ စိုက်ရှုလိုက်လို့ ဒီအမှုန် တိုင်းမှာ ဓာတ်လေးပါးကို မြင်ပြီဆိုလို့ရှိရင် ဘာဖြစ်မလဲ?
ဥပါဒါရုပ်များကို သိမ်းဆည်းပုံ
ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)
ဟို .. သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက ဖွင့်ထားတယ်၊ ဒီရုပ်က လာပ်တိုင်း ရုပ်ကလာပ်တိုင်း, အမှုန်တိုင်း အမှုန်တိုင်းမှာ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုနိုင်ရင် ကြွင်းကျန်နေတဲ့ ဥပါဒါရုပ်တွေ ထင်ရှားလာပြီ၊ အဲဒီလို ကြွင်းကျန်နေတဲ့ ဥပါဒါရုပ်တွေကို သိမ်းဆည်းပုံကတော့ ဆရာသမား နှင့်သာ စနစ်တကျ ချဉ်းကပ်လေ့လာပေတော့။
အဲဒီတော့ ဥပါဒါရုပ်က (၂၄)မျိုးရှိပါတယ်၊ ရုပ်တို့မည်သည် ကလာပ် ခေါ်တဲ့ အမှုန်ကလေးတွေအနေနဲ့ဖြစ်တော့ အမှုန်တိုင်း အမှုန်တိုင်းမှာ ဓာတ် လေးပါးကို ဦးဆောင်ပြီးတော့ အဆင်း, အနံ့, အရသာ, ဩဇာ အစရှိတဲ့ ဥပါဒါရုပ်တွေကို ဆက်လက်ပြီး သိမ်းဆည်းရတယ်။ အဲဒီ ရုပ်တရားတွေကို သိမ်းဆည်းတဲ့လုပ်ငန်း အောင်မြင်ပြီ ဆိုလို့ရှိရင်တော့ နာမ်တရားတွေကို ဆက်လက်ပြီး သိမ်းဆည်းနိုင်ပါတယ်။
နာမ်တရားများကို သိမ်းဆည်းပုံ
အဲဒီနာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ဖဿကစပြီး သိမ်း ဆည်းတဲ့နည်း, ဝေဒနာကစပြီး သိမ်းဆည်းတဲ့နည်း, အသိစိတ် ဝိညာဏ်က စပြီး သိမ်းဆည်းတဲ့နည်းဆိုပြီးတော့ ရိုးရိုး သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေ အတွက် ညွှန်ကြားထားတာရှိတယ်၊ ဒါပေမဲ့ သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့ ရင်လည်း ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်းတဲ့နေရာမှာ ဒီစနစ်သုံးခု အတိုင်းပဲ သိမ်းဆည်းရပါတယ်။
သမထယာနိကပုဂ္ဂိုလ်ကတော့ စျာန်နာမ်တရားကနေ စသိမ်းဆည်းလို ရင် သိမ်းဆည်းလို့ရတယ်။ စျာန်နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ခုနက ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါတွေကို မိမိက သမထပိုင်းမှာကတည်းက ရှုတတ်ခဲ့ပြီး ဖြစ်တဲ့အတွက် နာမ်ကမ္မဋ္ဌာန်း ပိုင်း ကူးပြီဆိုလို့ရှိရင်လည်း အဲဒီစျာန်အင်္ဂါတွေကနေ စပြီးတော့ စျာန် နာမ်တရားတွေကို သိမ်းဆည်းရပါတယ်။
သိမ်းဆည်းတဲ့အခါမှာ ခုလို အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ပထမစျာန်နာမ်တရားဆိုရင် (၃၄)လုံးအထိ ရှိပါတယ်။ အဲဒီ နာမ်တရားတွေကိုလည်း စနစ်တကျ ဆရာသမားနှင့် ချဉ်းကပ်လေ့လာရပါ တယ်၊ သိမ်းဆည်းရပါတယ်။ ဒွါရ (၆)ပါးလုံးမှာ ဖြစ်ပေါ်နေကြတဲ့ နာမ်တရား အားလုံးကို သိမ်းဆည်းရပါတယ်။
အဲဒီရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါ ရုပ်တရား နာမ်တရားဆိုပြီး ရုပ်-နာမ် ခွဲရတယ်၊ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းရတယ်။ ရူပါရူပပရိဂ္ဂဟလုပ်ငန်းရပ်ဖြစ်တယ်။ နာမ်နှင့် ရုပ်ကို ပိုင်းခြားယူတဲ့ နာမရူပပရိစ္ဆေဒဉာဏ်ပဲ။ တစ်ခါ ဒီရုပ်နာမ်ကလွဲရင် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ -- မရှိဘူး၊ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် မရှိဘူး၊ ရုပ်တရားအစုအပုံ နာမ်တရားအစု အပုံပဲ ရှိတယ်ဆိုတာကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီး ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ မရှိ၊ ရုပ်နာမ်မျှသာ ရှိတယ်ဆိုပြီး ရုပ်နာမ်ကို ပိုင်းခြားမှတ်သား ရပါတယ်၊ နာမရူပဝဝတ္ထာနလုပ်ငန်းလို့ ခေါ်ဆိုတယ်။
အဲဒီလို အဇ္ဈတ္တမှာ ရုပ်သိမ်းဆည်းခြင်း, နာမ်သိမ်းဆည်းခြင်း, ရုပ်နာမ် သိမ်းဆည်းခြင်း, ရုပ်နာမ်ပိုင်းခြားမှတ်သားခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်လေးခုကို ပြုလုပ်ပြီးတဲ့အချိန်အခါကျတော့ ထိုယောဂီပုဂ္ဂိုလ်က ဗဟိဒ္ဓကို ပြောင်းပြီး တော့ အလားတူပဲ ရုပ်သိမ်းဆည်းခြင်း, နာမ်သိမ်းဆည်းခြင်း, ရုပ်နာမ် သိမ်း ဆည်းခြင်း, ရုပ်နာမ်ပိုင်းခြားမှတ်သားခြင်းဆိုတဲ့ ဒီလုပ်ငန်းခွင်လေးခုကို တစ် ဆင့်တက်ပြီး ပြုလုပ်ရပါတယ်။ အဲဒီလုပ်ငန်းခွင်ကို ဘုရားရှင်က ဒီအာနာပါန ပဗ္ဗအပိုင်းမှာ ဘယ်လိုဟောတော်မူသလဲ?
အဇ္ဈတ္တ နှင့် ဗဟိဒ္ဓ
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)
ဒီလို ဟောထားတယ်၊ အဇ္ဈတ္တမှာလည်း ရူပကာယ, နာမကာယ (ပဋိသံ-၁၈၁။) တစ်နည်းအားဖြင့် - အဿာသ-ပဿာသကာယ, ရူပကာယ, နာမ ကာယဆိုတဲ့ ရုပ်တရား နာမ်တရားတွေကို (မဟာဋီ၊၁၊၃၂၀။) သိမ်းဆည်းဖို့၊ ဗဟိဒ္ဓမှာ လည်း ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းဖို့ ဘုရားရှင်က ညွှန်ကြားထားတော်မူတယ်။ အဲဒီ ရုပ်နာမ်တွေကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနမှာ တဖြည်းဖြည်း ချဲ့ထွင်ပြီး (၃၁)ဘုံကုန်အောင် သိမ်းဆည်းတတ်ပြီဆိုရင် ထို ယောဂီပုဂ္ဂိုလ်က ရှေ့တစ်ဆင့် တက်ပြီး ဘာလုပ်ရမလဲ?
သမုဒယ, ဝယ, သမုဒယဝယ
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)
ကာယသ္မိံ = ကာယ၌။ ဝါ၊ ရူပကာယ နာမကာယ၌ (ပဋိသံ-၁၈၁) ။ တစ်နည်း - ကာယသ္မိံ = အဿာသ-ပဿာသကာယ, ကရဇကာယ (= ရူပ ကာယ), နာမကာယ၌ (မဟာဋီ၊၁၊၃၂၀) ။ သမုဒယဓမ္မာနုပဿီ ဝါ = သမုဒယဓမ္မကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။
ကာယသ္မိံ = ကာယ၌။ ဝါ၊ ရူပကာယ နာမကာယ၌ (ပဋိသံ-၁၈၁) ။ တစ်နည်း - ကာယသ္မိံ = အဿာသ-ပဿာသကာယ, ကရဇကာယ (= ရူပ ကာယ), နာမကာယ၌ (မဟာဋီ၊၁၊၃၂၀) ။ ဝယဓမ္မာနုပဿီ ဝါ = ဝယဓမ္မကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။
ကာယသ္မိံ = ကာယ၌။ ဝါ။ ရူပကာယ, နာမကာယ၌ (ပဋိသံ-၁၈၁) ။ တစ်နည်း - ကာယသ္မိံ = အဿာသ-ပဿာသကာယ, ကရဇကာယ (= ရူပ ကာယ), နာမကာယ၌ (မဟာဋီ၊၁၊၃၂၀) ။ သမုဒယဝယဓမ္မာနုပဿီ ဝါ = သမုဒယဓမ္မနှင့် ဝယဓမ္မကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း။ ဝိဟရတိ = နေလေ၏။
ဒီနေရာမှာ သမုဒယဓမ္မနှင့် ဝယဓမ္မကို အဋ္ဌကထာများက ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်ကြီးကို ရည်ညွှန်းကာ ဒီလို ဖွင့်ဆိုထားကြတယ်။ --
သမုဒယဓမ္မာနုပဿီ ဝါတိအာဒီသု ပန အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိအာဒိနာ နယေန ပဉ္စဟာကာရေဟိ ရူပက္ခန္ဓဿ သမုဒယော စ ဝယော စ နီဟရိတဗ္ဗော။ တဥှိ သန္ဓာယ ဣဓ သမုဒယဓမ္မာနုပဿီ ဝါတိအာဒိ ဝုတ္တံ။ (ဒီ၊ဋ္ဌ၊၂၊၃၅၈။ မ၊ဋ္ဌ၊၁၊၃၅၇။)
ဒီအဋ္ဌကထာများက ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ (၅၃)မှာ လာ ရှိတဲ့ ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းများကို ရည်ညွှန်းကာ ဖွင့်ဆိုတော် မူကြခြင်း ဖြစ်ကြတယ်။
ဒီအပိုင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက (ဝိသုဒ္ဓိ၊၂၊၂၆၇။) --
- ပစ္စယတော ဥဒယဗ္ဗယ
- ခဏတော ဥဒယဗ္ဗယ --
ဆိုပြီး နှစ်မျိုး ဖွင့်ဆိုထားပါတယ်။ ပိုမိုပြီးတော့ သဘောပေါက်အောင် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်မှာလာရှိတဲ့ ရူပက္ခန္ဓာ၌ ဥဒယနှင့် ဝယရှုပုံ ပါဠိတော်ကို ပုံစံထုတ်ကာ နာယူကြည့်ကြရအောင် ...။
ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
- အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
- တဏှာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
- ကမ္မသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
- အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
- နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ-၅၃။)
ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကို ပြောကြရအောင် ...။
ရူပက္ခန္ဓာရဲ့ ဖြစ်ခြင်း (= ဥဒယ) ကို ရှုတဲ့သူဟာ အဘယ်ငါးပါးသော လက္ခဏာတို့ကို ရှုမြင်သလဲ?
- အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။
- တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။
- ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။
- အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။
ဒီလို အကြောင်းတရားတို့ရဲ့ ထင်ရှားဖြစ်ခြင်းဆိုတဲ့ အနက်သဘော ကြောင့် အကျိုးရုပ်တရားရဲ့ ဖြစ်ပုံကို ရှုတယ်။ ဒီလိုရှုကွက်ကိုတော့ ပစ္စယတော ဥဒယဒဿန (= အကြောင်းတရားအားဖြင့် အဖြစ်ကို ရှုခြင်း)လို့ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
ဒီလောက်တွင် မကသေးဘူး --
- ဒီရုပ်တရားရဲ့ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကိုလည်း မြင်အောင် ရှုရမယ်လို့ ညွှန်ကြားတော်မူပြန်တယ်။ ဒီရုပ်တရားရဲ့ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ရှုှုခြင်းကိုတော့ ခဏတော ဥဒယဒဿန (= ခဏအားဖြင့် အဖြစ်ကို ရှုခြင်း)လို့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။(ဝိသုဒ္ဓိ၊၂၊၂၆၇။)
ဝေဒနာက္ခန္ဓာစတဲ့ နာမ်ခန္ဓာလေးပါးကိုလည်း ပုံစံတူ ဟောကြားထား တော်မူပါတယ်။
ဒီနေရာမှာ အဝိဇ္ဇာနှင့် တဏှာကို ယူလိုက်လျှင် ယင်းအဝိဇ္ဇာ တဏှာ တို့နှင့် ကိလေသဝဋ်ချင်း တူညီနေတဲ့ ဥပါဒါန်ကိုလည်း ထည့်သွင်း ယူရပါ တယ်။ တစ်ဖန် ကံကို ယူလိုက်လျှင် ယင်းကံနှင့် ကမ္မဝဋ်ချင်း တူညီနေတဲ့ သင်္ခါရကိုလည်း ထည့်သွင်းယူရပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားငါးခု ဖြစ်ပါတယ်။
တစ်ဖန် အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်ပုံကို ရှုရန် ညွှန်ကြားထားတော် မူပြန်တယ်။ ပဝတ္တိပစ္စယခေါ်တဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေထဲမှာ အာဟာရ ဆိုတဲ့ အကြောင်းတရားက အလွန်အားကောင်းတဲ့အတွက် အာဟာရကို ရွေးထုတ်ကာ ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ (မဟာဋီ၊၂၊၄၂၁။)
အာဟာရကိုယူပြီး ဟောတော်မူလိုက်လျှင် ပဝတ္တိအကြောင်း (= ပစ္စုပ္ပန် အကြောင်း) ချင်း တူညီနေတဲ့ စိတ်ဆိုတဲ့ အကြောင်းတရား, ဥတုဆိုတဲ့ အကြောင်းတရားတွေကိုလည်း ထည့်သွင်းယူသင့်ကြောင်းကို ဋီကာဆရာ တော်များက ဖွင့်ဆိုထားတော်မူကြပါတယ်။ (မဟာဋီ၊၂၊၄၂၁။)
ဒါကြောင့် ယောဂီပုဂ္ဂိုလ်က --
- စိတ်ဖြစ်ခြင်းကြောင့် စိတ္တဇရုပ်ဖြစ်ပုံ
- ဥတုဖြစ်ခြင်းကြောင့် ဥတုဇရုပ်ဖြစ်ပုံ
- အာဟာရဖြစ်ခြင်းကြောင့် အာဟာရဇရုပ်ဖြစ်ပုံ --
တွေကိုလည်း ဆက်လက်ရှုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ရဲ့အကြောင်းကို နည်းနည်းတော့ ထပ်ပြော ချင်သေးတယ်။ ယောဂီပုဂ္ဂိုလ်တို့ရဲ့ လက်ရှိခန္ဓာငါးပါးကို ဖြစ်စေတဲ့ အကြောင်း ရင်းဖြစ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေဟာ ဘယ်တုန်းက ဖြစ်ခဲ့တဲ့ တရားတွေလဲလို့တော့ မေးစရာရှိတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကတော့ ဒီလို ဟောကြားထားတော်မူပါတယ်။ --
- ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊
- အာယူဟနာ သင်္ခါရာ၊
- နိကန္တိ တဏှာ၊
- ဥပဂမနံ ဥပါဒါနံ၊
- စေတနာ ဘဝေါတိ
ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မိံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။ (ပဋိသံ-၅၀။)
တတ္ထ ပုရိမကမ္မဘဝသ္မိန္တိ ပုရိမေ ကမ္မဘဝေ၊ အတီတဇာတိယံ ကမ္မဘဝေ ကိရိယမာနေတိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၂၁၄။)
ဒီပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့ရဲ့ ဆိုလိုရင်းသဘောကို ပြောကြ ရအောင် ...။
ရှေးအတိတ်ဘဝဝယ် .. ကမ္မဘဝ အမည်ရတဲ့ ယခုဘဝ လူ့ပြည် လူ့လောကသို့ ရောက်ကြောင်းဖြစ်တဲ့ ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က --
- သစ္စာလေးပါး အမှန်တရားကို မသိဘဲ, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည်ဖြင့် အသိမှားမှုသဘောက အဝိဇ္ဇာ၊
- ထိုထိုယောက်ျားဘဝ သို့မဟုတ် မိန်းမဘဝသို့ ရောက်ကြောင်းဖြစ်တဲ့ ကံကို ပြုစုပျိုးထောင်ခြင်းသဘောက သင်္ခါရ၊
- ထိုထိုယောက်ျားဘဝ သို့မဟုတ် မိန်းမဘဝကို တွယ်တာတပ်မက်ခြင်း သဘောက တဏှာ၊
- ထိုထိုယောက်ျားဘဝ သို့မဟုတ် မိန်းမဘဝသို့ စိတ်ကပ်ရောက်စွဲနေ ခြင်းသဘောက ဥပါဒါန်၊
- သင်္ခါရကို ပြုစုပျိုးထောင်စဉ်က ဖြစ်ခဲ့သော ထိုထို ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာက ကမ္မဘဝ၊ တစ်နည်း - ထိုထိုစေတနာ ဦးဆောင်နေတဲ့ သင်္ခါရတရားစုတို့ရဲ့ ထိုထိုဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိက ကမ္မဘဝ (= ကံ) ဖြစ်ကြတယ်။
ဒီအကြောင်းတရားငါးပါးတို့ဟာ လက်ရှိပစ္စုပ္ပန်ဘဝ ပဋိသန္ဓေခန္ဓာ ငါးပါးတို့ရဲ့ အကြောင်းတရားများ ဖြစ်ကြတယ်။ (ပဋိသံ-၅၀။)
ဒီနေရာမှာ သင်္ခါရနှင့် ကမ္မဘဝ (= ကံ)တို့ရဲ့အထူးကို အဋ္ဌကထာကြီး များက ဒါနကုသိုလ်တစ်ခုကို ပုံစံထားပြီးတော့ အဓိပ္ပါယ် ဖွင့်ဆိုထားကြတယ်။ဘယ်လိုလဲ? --
ဒါနကံတစ်ခုကို ပြုစုပျိုးထောင်တော့မယ် ဆိုကြစို့၊ ဒါနပြုတော့မယ် ဆိုတဲ့ စိတ်ကို ဖြစ်ပေါ်စေပြီးနောက် တကယ်လှူတော့မယ်လို့ စိတ်ကို ဆုံး ဖြတ်ချက်ချပြီးနောက် တစ်လပတ်လုံးသော်လည်းကောင်း တစ်နှစ်ပတ်လုံး သော်လည်းကောင်း ဒါနရဲ့ အဆောက်အဦဖြစ်တဲ့ လှူဖွယ်ဝတ္ထုအစုစု စသည် တို့ကို စီစဉ်နေတဲ့ အလှူရှင်ရဲ့သန္တာန်မှာ ဖြစ်ပေါ်နေကြတဲ့ မလှူမီ ရှေးအဖို့၌ ဖြစ်ပေါ်နေကြတဲ့ ပုဗ္ဗစေတနာ (= ပုရိမစေတနာ)တွေကိုတော့ သင်္ခါရလို့ ခေါ်ဆိုတယ်။ အလှူခံပုဂ္ဂိုလ်တို့ရဲ့ လက်ဝယ် လှူဖွယ်ဝတ္ထုကို တည်စေတဲ့ ပေးလှူနေဆဲ ကုသိုလ်စေတနာတွေကိုတော့ ကမ္မဘဝလို့ ခေါ်ဆိုတယ်။
နောက်တစ်နည်း ဖွင့်ဆိုထားတာကတော့ မလှူမီ, လှူဆဲ, လှူပြီး ကာလတို့မှာ ကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ် သွားကြပါတယ်။ အဲဒီဇောဝီထိပေါင်းများစွာထဲမှာ ဇောဝီထိ တစ်ခုတစ်ခုမှာ ဇော (၇)ကြိမ်စီ ယေဘုယျအားဖြင့် စောကြပါတယ်။ အထူးသဖြင့် ဘဝတစ်ခု ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ မနောဒွါရိက ဇောဝီထိစိတ်အစဉ်တွေကို ရည်ညွှန်းထားပါတယ်။ အဲဒီဇော (၇)တန်တို့အနက် ရှေးဇော (၆)တန်တို့မှာ ရှိတဲ့ စေတနာက ကံကို ပြုစုပျိုးထောင်ကြောင်းဖြစ်တဲ့ သင်္ခါရ ဖြစ်တယ်။ သတ္တမဇောစေတနာကတော့ ကမ္မဘဝ (= ကံ) ဖြစ်ပါတယ်။
တစ်နည်းပြောရလျှင်တော့ ကံကို ပြုစုပျိုးထောင်စဉ်အခါမှာ အထူး သဖြင့် ဒါနတစ်ခုကို ဝမ်းမြောက်ဝမ်းသာနှင့် ကံ-ကံရဲ့အကျိုးကို တတ်သိ နားလည်နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းပြီး ပြုစုပျိုးထောင် ခဲ့တဲ့အခါမှာ ထိုထိုဇောစိတ္တက္ခဏတိုင်းမှာ ယှဉ်ဖက် စိတ်စေတသိက်တွေ (၃၄)လုံးခန့် ယှဉ်တွဲပြီး ဖြစ်ကြပါတယ်။ ဖဿ ဝေဒနာစတဲ့ အညသမာန်း စေတသိက် (၁၃)လုံး၊ သဒ္ဓါ သတိစတဲ့ သောဘဏသာဓာရဏ စေတသိက် (၁၉)လုံး၊ ပညိန္ဒြေ စေတသိက် (၁)လုံး၊ အသိစိတ် (၁)လုံး - ပေါင်း (၃၄) လုံးတို့ ဖြစ်ကြပါတယ်။
အဲဒီတရားစုတွေထဲက စေတနာက ကမ္မဘဝ, ထိုစေတနာနှင့် ယှဉ်ဖက် စိတ်-စေတသိက် (၃၃)လုံးတို့က သင်္ခါရ ဖြစ်ကြပါတယ်။
ဒီရှင်းလင်းချက်ကတော့ သမ္မောဟဝိနောဒနီအဋ္ဌကထာ စာမျက်နှာ (၁၈၂-၁၈၃), ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၁၄-၂၁၅) တို့၌ လာရှိတဲ့ ရှင်းလင်းချက် ဖြစ်ပါတယ်။ သို့သော် ပဋ္ဌာန်းဒေသနာတော် ကမ္မပစ္စည်းပိုင်းမှာတော့ အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့တဲ့ သို့မဟုတ် ပစ္စုပ္ပန်မှာ ပြုစုပျိုးထောင်လိုက်တဲ့ သို့မဟုတ် အနာဂတ်မှာ ပြုစုပျိုးထောင် လတ္တံ့ဖြစ်တဲ့ ထိုထို ကုသိုလ်စိတ်စေတသိက် အကုသိုလ်စိတ်စေတသိက် တရားတွေက သင်္ခါရဖြစ်တယ်။ ထိုသင်္ခါရတရားတွေ ချုပ်ပျက်သွားတဲ့အခါ ထိုထိုဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားကြတယ်၊ အဲဒီစွမ်းအင် ကမ္မသတ္တိကိုတော့ ကံလို့ ခေါ်ဆိုပါ တယ်။
ဒီနေရာမှာ ပြောလိုရင်းကတော့ လက်ရှိဘဝ ပဋိသန္ဓေခန္ဓာငါးပါး အစ ရှိတဲ့ ဝိပါကဝဋ် ရုပ်နာမ်တွေကို ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ရှိတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေဟာ အတိတ်ဘဝ တစ်ခုခုက ပြုစုပျိုးထောင်ခဲ့တဲ့ တရားတွေသာ ဖြစ်ကြတယ်ဆိုတဲ့ အချက် ပါပဲ။
နာနာက္ခဏိကကမ္မသတ္တိ
ဒီအချက်ကို ခိုင်လုံအောင် ပဋ္ဌာန်းဒေသနာတော်မှာ လာရှိတဲ့ ကမ္မပစ္စည်းအကြောင်းကို နည်းနည်းထပ်ပြောမယ်။ အထူးသဖြင့် နာနာက္ခဏိက ကမ္မပစ္စည်းအကြောင်းတရားအကြောင်းကို ထပ်ပြောဦးမယ် ...။
ကမ္မပစ္စယောတိ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)
ကမ္မပစ္စည်းအကြောင်းတရားဆိုတာက ကုသိုလ်ကံ အကုသိုလ်ကံဟာ အကျိုးဝိပါက်နာမ်ခန္ဓာတို့ကိုလည်းကောင်း, ကဋတ္တာရုပ် (= ကမ္မဇရုပ်)တို့ကို လည်းကောင်း ကမ္မပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။ ဘယ်လို ကမ္မပစ္စယသတ္တိက ကျေးဇူးပြုပေးသလဲ? အဋ္ဌကထာက ဒီလို ဖွင့်ဆို ထားတယ်။
ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော။ ကုသလာကုသလဥှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ။ ယဒိ ဒဒေယျ၊ ယံ မနုေဿာ ဒေဝလောကူပဂံ ကုသလကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ။ ယသ္မိံ ပန ခဏေ တံ ကတံ၊ တတော အညသ္မိံ ခဏေ အဝိဇ္ဇမာနမ္ပိ ကေဝလံ ကဋတ္တာယေဝ ဒိဋ္ဌေဝ ဓမ္မေ ဥပပဇ္ဇေ ဝါ အပရေ ဝါ ပရိယာယေ အဝသေသပစ္စယသမာယောဂေ သတိ ဖလံ ဥပ္ပါဒေတိ နိရုဒ္ဓါပိ ပုရိမသိပ္ပါဒိကိရိယာ ဝိယ ကာလန္တရေ ပစ္ဆိမသိပ္ပါဒိကိရိယာယ။ တသ္မာ နာနာက္ခဏိကကမ္မပစ္စယောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)
ဒီအဋ္ဌကထာအဖွင့်ရဲ့ ဆိုလိုရင်းကို ပြောကြရအောင် ...။
ဒီနေရာမှာ ဆိုလိုတဲ့ ကမ္မပစ္စည်း အကြောင်းတရားဆိုတာကတော့ အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့တဲ့ ကံတရားကို ဆိုလိုပါတယ်။
ဒီကံဟာ လွန်ခဲ့တဲ့ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ ကံလည်း ဖြစ် နိုင်တယ်၊ ကမ္ဘာပေါင်းများစွာက ပြုစုပျိုးထောင်ခဲ့တဲ့ ထူထောင်ခဲ့တဲ့ကံလည်း ဖြစ်နိုင်တယ်၊ ကမ္ဘာပေါင်းကုဋေအထက်က ပြုစုပျိုးထောင်ခဲ့တဲ့ကံလည်း ဖြစ်နိုင်တယ်။ အဲဒီကံမှာ မိမိရဲ့အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိ ဆိုတာရှိတယ်။ ကံကို ပြုစုပျိုးထောင်စဉ်အချိန်ကာလနှင့် ကံရဲ့အကျိုးဝိပါက် တို့ ဖြစ်ပေါ်လာတဲ့ အချိန်ကာလဟာ မတူ ထူးခြားကာ ကွဲပြားနေကြတယ်။ ဒီလို အကြောင်းကံနှင့် အကျိုးဝိပါက်တရားတို့ရဲ့ မတူ ထူးခြား ကွဲပြားတဲ့ ကာလရှိတဲ့ အကြောင်းတရားကို နာနာက္ခဏိကကမ္မပစ္စည်းအကြောင်းတရား လို့ ခေါ်ဆိုပါတယ်။
အကြောင်းပြချက်
ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ မိမိရဲ့ ဥပါဒ်-ဌီ-ဘင်အားဖြင့် ဖြစ် ပေါ်နေဆဲခဏမှာ အကျိုးဝိပါက်ကို ဖြစ်စေနိုင်တဲ့ စွမ်းအား မရှိသေးပါဘူး။ ကုသိုလ်ကံ အကုသိုလ်ကံဟာ မိမိရဲ့ ဖြစ်ဆဲခဏမှာပဲ အကယ်၍ အကျိုး ပေးမယ်ဆိုလျှင် - လူသားတစ်ဦးဟာ နတ်ပြည်သို့ ရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်ကံတစ်ခုကို ပြုစုပျိုးထောင်မယ်ဆိုလျှင် - ဒီကံရဲ့အာနုဘော်ကြောင့် ဒီကံကို ပြုစုပျိုးထောင်နေဆဲခဏမှာပဲ နတ်သားဖြစ်လေရာတယ်၊ သို့သော် ဖြစ်ကောဖြစ်သလား? မဖြစ်ပါဘူး။
တကယ်တမ်းပြောကြစို့ဆိုလျှင် - ကံတစ်ခုကို ပြုစုပျိုးထောင်တယ် ဆိုကြစို့၊ အဲဒီကံကို ပြုစုပျိုးထောင်ဆဲခဏမှ အခြားတစ်ပါးသော ခဏမှာသာ ဒီကံက ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား မရှိသော်လည်း သက်သက် ကံကို ပြုစုပျိုးထောင်ပြီးတဲ့အတွက်ကြောင့် ...
- အဲဒီကံက ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်မယ်ဆိုလျှင် မျက်မှောက်ဘဝမှာ အကျိုးပေးမယ်။
- အဲဒီကံက ဥပပဇ္ဇဝေဒနီယကံ ဖြစ်မယ်ဆိုလျှင် လာမည့်အနာဂတ်ဘဝ (= ဒုတိယဘဝ)မှာ အကျိုးပေးမယ်။
- အဲဒီကံက အပရာပရိယဝေဒနီယကံ ဖြစ်မယ်ဆိုလျှင် တတိယအနာဂတ် ဘဝက စပြီး အဆက်ဆက် ရောက်ထိုက်သော အနာဂတ်ဘဝမှာ အကျိုးပေးမယ်။
ဒီလိုအကျိုးပေးတဲ့အခါမှာလည်း ကုသိုလ်ကံ ဖြစ်မယ်ဆိုလျှင် --
- ဂတိသမ္ပတ္တိ = လူ့ပြည် နတ်ပြည်စတဲ့ ကောင်းသောဂတိနှင့် ပြည့်စုံခြင်း
- ဥပဓိသမ္ပတ္တိ = ဥပဓိရုပ်အဆင်းနှင့် ပြည့်စုံခြင်း
- ကာလသမ္ပတ္တိ = သူတော်သူမြတ်, မင်းကောင်းမင်းမြတ်တို့ ပေါ်ထွန်းရာ အချိန်ကာလကောင်းနှင့် ပြည့်စုံခြင်း
- ပယောဂသမ္ပတ္တိ = မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားစတဲ့ ကုသိုလ်တရားတွေကို အားထုတ်ခြင်းပယောဂနှင့် ပြည့်စုံခြင်း --
ဆိုတဲ့ ဒီသမ္ပတ္တိစက် လေးပါးတို့ကို အမှီရတဲ့အခါမှာ ဒီကုသိုလ်ကံက အကျိုးပေးတတ်ပါတယ်။
အလားတူပဲ အကုသိုလ်ကံ ဖြစ်မယ်ဆိုလျှင် --
- ဂတိဝိပတ္တိ = အပါယ်လေးဘုံစတဲ့ မကောင်းတဲ့ဂတိနှင့် ပြည့်စုံခြင်း
- ဥပဓိဝိပတ္တိ = ဥပဓိရုပ်အဆင်းနှင့် မပြည့်စုံခြင်း အင်္ဂါခြေလက် ချို့တဲ့ခြင်း
- ကာလဝိပတ္တိ = သူတော်သူမြတ် မင်းကောင်းမင်းမြတ်တို့ ပေါ်ထွန်းရာ အခါ မဟုတ်ခြင်း
- ပယောဂဝိပတ္တိ = မဂ္ဂင်ရှစ်ပါးကဲ့သို့သော အထက်တန်းကျတဲ့ ကုသိုလ် တရားတွေကို မဖြည့်ကျင့်ဘဲ မသူတော်တရား ဒုစရိုက်တရားတွေကို လက်သွက်သွက်နှင့် ကျူးလွန်နေခြင်း --
ဆိုတဲ့ ဒီဝိပတ္တိစက် လေးပါးတို့ကို အထောက်အပံ့ ရတဲ့အခါမှာ ဒီ အကုသိုလ်ကံက အကျိုးဝိပါက်ကို ဖြစ်စေပါတယ်။
ဒီနေရာမှာ အကြောင်းကံနှင့် အကျိုးဝိပါက်တို့ဟာ မတူ ထူးခြား ကွဲပြား တဲ့ အချိန်ကာလခဏ ရှိနေပါတယ်။ ဥပမာ လက်မှုအတတ်ပညာတစ်ခုကို သင်ယူတယ်ဆိုကြစို့၊ ရှေးရှေးသင်ယူထားတဲ့ အတတ်သင်ယူမှုဟာ နောက် နောက်အတတ်သင်ယူမှုအား အခြေခံအကြောင်းအထောက်အပံ့အဖြစ် ကျေးဇူးပြုရာမှာ ကာလချင်း မတူဘဲ ကာလတစ်ပါးသို့ ရောက်မှ ကျေးဇူးပြု တယ်။ နည်းနည်းရှင်းအောင်တော့ ထပ်ပြောဦးမယ်၊ ကွန်ပြူတာလို အတတ် ပညာတစ်ခုကို သင်ယူတယ်ဆိုလျှင် - ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ လေ့ကျင့်မယ်ဆိုလျှင် - တစ်စထက် တစ်စ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီးတော့ ကျွမ်းကျင်လာတယ်၊ ရှေးရှေးသင်ယူမှုက နောက်နောက် သင်ယူမှုကို အဆင့်မြင့်အောင် ကျွမ်းကျင်အောင် ကျေးဇူးပြုပေးနေတယ်။
ဒီပုံစံအတိုင်းပဲ ကံဆိုတဲ့ စေတနာဟာလည်း ကံကို ပြုစုပျိုးထောင်ရာ ခဏမှာ အကျိုးတရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးမပြုဘဲ နောက်နောက် သော ခဏသို့ ရောက်ပါမှသာလျှင် တစ်နည်းပြောရလျှင်တော့ ရင့်ကျက် လာပါမှသာလျှင် အကျိုးတရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးပါတယ်။ ဒါကြောင့် ဒီကံကို ဒီစေတနာကို နာနာက္ခဏိက - အကျိုးဖြစ်ပေါ်လာရာ ခဏမှ မတူကွဲပြားတဲ့ ခဏဖြစ်တဲ့ စေတနာလို့ ခေါ်ဆိုရတယ်။
ဒီတော့ အကျိုးတရားဖြစ်ပေါ်လာတဲ့အချိန်အခါမှာ ဒီကုသိုလ်စေတနာ ကံ သို့မဟုတ် အကုသိုလ်စေတနာကံဟာ ဥပါဒ်-ဌီ-ဘင်အားဖြင့်တော့ ထင်ရှားမရှိတော့ဘူး။ ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမရှိပေမဲ့လို့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကတော့ ကံကို ပြုစုပျိုးထောင်လိုက်တဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လျက်ပဲ ရှိပါတယ်။ အဲဒီစွမ်းအင်ကမ္မသတ္တိ ကိုပဲ ကံလို့ ခေါ်ဆိုပါတယ်။
သင်္ခါရ ကံတို့လိုပဲ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်း ပုံစံတူပဲ သဘော ပေါက်ပါ။ အကျိုးတရားတွေ ဖြစ်ပေါ်လာတဲ့အချိန်မှာ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်တွေဟာလည်း ဥပါဒ်-ဌီ-ဘင်အားဖြင့်တော့ မရှိကြတော့ပါဘူး။ သို့သော် ဒီသင်္ခါရ ကံတွေက အကျိုးပေးနိုင်အောင် သင်္ခါရ ကံတွေကို အားပေး ထောက်ပံ့နိုင်တဲ့ စွမ်းအင်သတ္တိကတော့ တည်ရှိနေပါတယ်။
ပေါင်းလိုက်လျှင်တော့ အကြောင်းတရားပိုင်းမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုပြီး အကြောင်းတရားငါးခု ဖြစ်ပါတယ်။ အတိတ် အကြောင်းတရား ပစ္စုပ္ပန်အကြောင်းတရား အနာဂတ်အကြောင်းတရားတွေ ကို ပုံစံတူ သဘောပေါက်ပါ။
ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်တွေဟာလည်း နာမ်ပရမတ်တရားတို့ရဲ့ ဓမ္မ တာအတိုင်း အုပ်စုအလိုက်သာ ဖြစ်ကြပါတယ်၊ သောမနဿဝေဒနာနှင့် ယှဉ်တွဲဖြစ်တဲ့ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ဖြစ်မယ်ဆိုလျှင် ဖဿ ဝေဒနာစတဲ့ အညသမာန်းစေတသိက် (၁၃)လုံးနှင့် မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ လောဘ ဒိဋ္ဌိဆိုတဲ့ အကုသိုလ်စေတသိက် (၆)လုံး၊ အသိ စိတ် (၁)လုံး၊ ပေါင်း အလုံး (၂၀)အုပ်စုအနေနှင့် ဖြစ်ကြပါတယ်။
အဲဒီနာမ်တရားအလုံး (၂၀)ထဲမှာ --
- ဝေဒနာက ဝေဒနာက္ခန္ဓာ
- သညာက သညာက္ခန္ဓာ
- ကျန်စေတသိက် (၁၇)လုံးက သင်္ခါရက္ခန္ဓာ
- အသိစိတ်က ဝိညာဏက္ခန္ဓာ --
ပေါင်းလိုက်တော့ နာမ်ခန္ဓာလေးပါး ဖြစ်ပါတယ်။
ဒီနာမ်ခန္ဓာလေးပါးကလည်း အတိတ်မှာဖြစ်ခဲ့တဲ့ ဆိုင်ရာ ဟဒယဝတ္ထု ရုပ်ကို မှီတွယ်ပြီးတော့ ဖြစ်ခဲ့ရတဲ့အတွက် နှလုံးအိမ်အတွင်းမှာ တည်ရှိတဲ့ ဟဒယဝတ္ထုနှင့်တကွသော ဟဒယဒသကကလာပ်စတဲ့ ရုပ်တရားစုတွေက ရူပက္ခန္ဓာ ဖြစ်ကြပါတယ်။
အားလုံးပေါင်းလိုက်တော့ ခန္ဓာငါးပါး ဖြစ်ပါတယ်။ အလားတူပဲ သင်္ခါရ- ကံတွေကလည်း အထက်ကပြောခဲ့သလို နာမ်တရား (၃၄)လုံး ဖြစ်ခဲ့မယ် ဆိုလျှင် ယင်းနာမ်တရားစုတွေထဲက --
- ဝေဒနာက ဝေဒနာက္ခန္ဓာ
- သညာက သညာက္ခန္ဓာ
- ကျန်စေတသိက် (၃၁)လုံးက သင်္ခါရက္ခန္ဓာ
- အသိစိတ်က ဝိညာဏက္ခန္ဓာ --
ဖြစ်ကြပါတယ်။
ဒီနာမ်တရားတွေဟာလည်း အတိတ်က ဆိုင်ရာဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီးတော့မှ ဖြစ်ခဲ့ရတဲ့အတွက် ဟဒယဝတ္ထုနှင့်တကွသော မှီရာရုပ် တွေက ရူပက္ခန္ဓာ ဖြစ်ကြပါတယ်။ အားလုံးပေါင်းလိုက်တော့ ခန္ဓာငါးပါးပဲ ဖြစ်ကြပါတယ်။
ခုပြောခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်အုပ်စုနှင့် မှီရာဝတ္ထုရုပ်ဆိုတဲ့ ခန္ဓာ ငါးပါး, သင်္ခါရ ကံအုပ်စုနှင့် မှီရာဝတ္ထုရုပ်ဆိုတဲ့ ခန္ဓာငါးပါး - ဒီခန္ဓာငါးပါး တွေဟာ အတိတ်ဘဝခန္ဓာငါးပါးတွေထဲမှာ အကျုံးဝင်နေတဲ့ အတိတ်ခန္ဓာ ငါးပါးတို့ရဲ့ အစိတ်အပိုင်း တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ ခန္ဓာငါးပါးတို့သာ ဖြစ်ကြပါတယ်။
ဒါကြောင့် ဒီဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ ဘုရားရှင်က --
ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ ...
စသည်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရန် ညွှန်ကြားတော်မူတဲ့အပိုင်းမှာ ယောဂီပုဂ္ဂိုလ်က ခုပြောခဲ့တဲ့ ကိလေသဝဋ် ကမ္မဝဋ်တို့နှင့် ဆက်နွယ်နေတဲ့ ခန္ဓာငါးပါးတို့ကိုပါ ထည့်သွင်းကာ ဝိပဿနာ ရှုသွားရမှာ ဖြစ်ပါတယ်။ ဒီကိလေသဝဋ် ကမ္မဝဋ်ခန္ဓာတွေဟာ ပစ္စုပ္ပန် ဝိပါကဝဋ်ခန္ဓာတို့ရဲ့ အကြောင်းတရားတွေ အကြောင်းခန္ဓာတွေ ဖြစ်ကြ ပါတယ်။
ခုပစ္စုပ္ပန်ဘဝမှာ ယောဂီပုဂ္ဂိုလ်က ဘုရားရုပ်ပွားတော်တစ်ဆူရဲ့ ရှေ့ မှောက်မှာ ပန်း ဆီမီးတွေကို လှူဒါန်းပြီးတော့ နောင်အနာဂတ်ကာလမှာ ဓမ္မကထိကနတ်သားဖြစ်ရန် ဆုတာင်းပန်ထွာတယ် ဆိုကြပါစို့။
ဓမ္မကထိကနတ်သားလို့ အသိမှားမှု အဝိဇ္ဇာ, ဓမ္မကထိကနတ်သားဘဝ ကို တွယ်တာတပ်မက်မှု တဏှာ, ဓမ္မကထိကနတ်သားဘဝကို စိတ်ကပ်စွဲလမ်း မှု ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်ခန္ဓာတွေနှင့် ပန်း ဆီမီး လှူဒါန်း ပူဇော်ခြင်းဆိုတဲ့ သင်္ခါရ ကံအုပ်စု ကမ္မဝဋ်ခန္ဓာတွေ ဖြစ်သွားကြတယ်။ ဒီကိလေသဝဋ် ကမ္မဝဋ် ခန္ဓာတွေဟာ ထိုယောဂီပုဂ္ဂိုလ်ရဲ့ လက်ရှိ ပစ္စုပ္ပန်ခန္ဓာတွေထဲမှာ အကျုံး ဝင်နေတဲ့ နောင်အနာဂတ် ဝိပါကဝဋ်ခန္ဓာတွေ ရရှိရေးအတွက် ပြုစုပျိုးထောင် နေတဲ့ ခန္ဓာတွေဖြစ်ကြသလို, ပစ္စုပ္ပန်ခန္ဓာတို့ရဲ့အစိတ်အပိုင်း အကြောင်းခန္ဓာ တွေသာ ဖြစ်ကြသလို အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ ကိလေသဝဋ် ကမ္မဝဋ်ခန္ဓာတွေကိုလည်း သဘောပေါက်ဖို့ လိုပါတယ်။
ဆိုလိုတာကတော့ အတိတ်ခန္ဓာတွေကို ဝိပဿနာ ရှုတဲ့အပိုင်းမှာ အတိတ်က ဖြစ်ခဲ့တဲ့ ဝိပါကဝဋ်ခန္ဓာတွေနှင့်တကွ ယခုပြောနေတဲ့ ဒီအတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကိလေသဝဋ် ကမ္မဝဋ်ခန္ဓာတွေကိုပါ ထည့်သွင်းပြီးတော့ ဝိပဿနာ ရှုရမယ်ဆိုတဲ့ အချက်ကို ဆိုလိုရင်း ဖြစ်ပါတယ်။
အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)
ဆိုတဲ့ အဋ္ဌကထာကြီးများရဲ့ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စတဲ့ ပါဠိတော်ကြီး များနှင့်အညီ ညွှန်ကြားထားတော်မူတဲ့အတိုင်း ယောဂီပုဂ္ဂိုလ်က ဒီ သမုဒယဓမ္မာနုပဿီပိုင်းမှာ --
- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အတိတ်အကြောင်းတရား ငါးပါး သမုဒယသစ္စာတရားကြောင့် ပစ္စုပ္ပန်တွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရား တွေ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,
- ပစ္စုပ္ပန်ယခုလက်ရှိဘဝတွင် ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယ သစ္စာတရားကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ အနာဂတ်ခန္ဓာငါးပါး အကျိုးဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံ ကိုလည်းကောင်း,
- အကျိုးခန္ဓာတို့ရဲ့ ဖြစ်မှု ဥဒယကိုလည်းကောင်း, တစ်နည်းပြောရလျှင် အကြောင်းခန္ဓာ အကျိုးခန္ဓာတို့ရဲ့ ဖြစ်မှု ဥဒယကိုလည်းကောင်း မြင်အောင် ရှုရမှာ ဖြစ်ပါတယ်။
သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမ္မသန္တော ဝိစရတိ။ (မ၊ဋ္ဌ၊၁၊၂၈၁။)
ဒီအဋ္ဌကထာကြီးများရဲ့ ညွှန်ကြားချက်အတိုင်း အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ခန္ဓာတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီသမုဒယဓမ္မာနုပဿီပိုင်းမှာ ဘုရားရှင်က --
- အကြောင်းတရားတွေကို သိမ်းဆည်းတတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်,
- အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ခန္ဓာတွေကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်တတ်တဲ့ သမ္မသနဉာဏ်,
-
(က) အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာတွေ ထင်ရှားဖြစ်ပုံ, အကြောင်းခန္ဓာတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာတွေ ချုပ်ငြိမ်းပုံဆိုတဲ့ ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်,
( ခ ) အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ခန္ဓာတို့ရဲ့, တစ်နည်းပြော ရလျှင်တော့ အကြောင်းခန္ဓာ အကျိုးခန္ဓာတို့ရဲ့ ခဏမစဲ တသဲသဲ ဖြစ်မှု ပျက်မှုကို ရှုမြင်တတ်တဲ့ ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်
ဒီဝိပဿနာဉာဏ်သုံးမျိုးကို စုပေါင်းပြီးတော့ ဟောကြားထားတော်မူ တယ်လို့ မှတ်ပါ။
ဝယဓမ္မာနုပဿီ
သမုဒယဓမ္မာနုပဿီပိုင်းကို ဒီလောက်နှင့် ရပ်ပြီးတော့ ဝယဓမ္မာနုပဿီ ပိုင်းကို ဆက်ပြောကြရအောင် ..။
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဘယ်လို ညွှန်ကြားထားတော်မူသလဲ? နာကြည့်ကြရအောင် ...။
ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
- အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
- တဏှာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
- ကမ္မနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
- အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
- ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။
ရူပက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။ (ပဋိသံ-၅၃။)
ဒီပါဠိတော်ကြီးရဲ့ ဆိုလိုရင်းအချက်ကို ပြောဆိုကြရအောင် ...။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာ တရားတွေရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆို အပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာ ငါးပါး ဒုက္ခသစ္စာတရားတို့ရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကို လည်းကောင်း,
စိတ်ချုပ်ခြင်းကြောင့် စိတ္တဇရုပ် ချုပ်ငြိမ်းပုံကိုလည်းကောင်း,
ဥတုချုပ်ခြင်းကြောင့် ဥတုဇရုပ် ချုပ်ငြိမ်းပုံကိုလည်းကောင်း,
အာဟာရချုပ်ခြင်းကြောင့် အာဟာရဇရုပ် ချုပ်ငြိမ်းပုံကိုလည်းကောင်း,
ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့ရဲ့ ပျက်မှု (= ဘင်)ကို လည်းကောင်း --
ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါလို့ ဆိုလိုပါတယ်။ နာမ်ခန္ဓာ လေးပါးကိုလည်း ပုံစံတူပဲ ဆက်လက် ဟောကြားထားတော်မူပါတယ်။
အနုပ္ပါဒနိရောဓ
ဘယ်အချိန်အခါမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း တရားတွေဟာ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပါသလဲလို့ မေးစရာ ရှိပါတယ်။ ဒီအပိုင်းကို ပရမတ္ထမဉ္ဇူသာ အမည်ရှိတဲ့ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ဆရာတော်က ဒီလို ဖွင့်ဆိုထားတော်မူပါတယ်။
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)
ဆိုလိုရင်းကို ပြောကြရအောင် ...။
အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေဟာ ဘယ်အချိန်အခါမှာ ချုပ်မလဲ? အရဟတ္တမဂ် ဆိုက်တဲ့ အချိန်အခါမှာ ချုပ်မယ်။ ဘယ်လို ချုပ်မလဲ? အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်မယ်။
ဥပ္ပါဒနိရောဓ - အနုပ္ပါဒနိရောဓ
ဒီနေရာမှာ ဥပ္ပါဒနိရောဓနှင့် အနုပ္ပါဒနိရောဓအကြောင်းကို နည်းနည်း ထပ်ပြောမယ်။ ဒုက္ခသစ္စာအမည်ရတဲ့ ဥပါဒါနက္ခန္ဓာငါးပါး, သမုဒယသစ္စာ အမည်ရတဲ့ အကြောင်းတရားတွေကို သင်္ခါရတရားတွေလို့ ခေါ်ပါတယ်။ ဒီသင်္ခါရတရားတွေဟာ သင်္ခါရတရား (= သင်္ခတတရား)တို့ရဲ့ ဓမ္မတာအတိုင်း ဖြစ်ပြီးတာနှင့် ပျက်သွားကြတယ်။ သို့သော် ဒီသင်္ခါရတရားတွေကို ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေးနေတဲ့ အကြောင်းတရားတွေက မချုပ်ငြိမ်းကြ သေးဘူး ဆက်လက်ပြီးတော့ ကျေးဇူးပြုပေးနေသေးတယ်ဆိုလျှင် အကျိုး သင်္ခါရတရားတွေဟာ ထပ်ဖြစ်ကြမှာ ဖြစ်တယ်။ ထပ်ဖြစ်လျှင်လည်း ထပ်ပြီး တော့ ပျက်သွားကြပြန်တယ်။ ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ သက်တမ်းကာလစေ့လျှင် ချုပ်ပျက်သွားကြရတာ ဓမ္မတာပဲ။ ဒီလို ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ သက်တမ်းစေ့လို့ ချုပ်ပျက်သွားသော်လည်း အကြောင်းတရားတွေက ကျေးဇူးပြုနေသေးလို့ နောင်တစ်ဖန် ထပ်ဖြစ်ခွင့်ရှိနေသေးတဲ့ ချုပ်ပျက်ပုံကိုတော့ ဥပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်ငြိမ်းမှုလို့ ခေါ်ဆိုတယ်။
ခုဒီနေရာမှာ ချုပ်ငြိမ်းမှုကတော့ ဒီဥပ္ပါဒနိရောဓမျိုး မဟုတ်တဲ့အတွက် အနုပ္ပါဒနိရောဓလို့ ဖွင့်ဆိုထားတယ်။
အနုပ္ပါဒနိရောဓဆိုတာက နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းကို ဆိုလိုပါတယ်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဆိုတဲ့ ကိလေသာတွေဟာ အရဟတ္တ မဂ်ကြောင့် ချုပ်ငြိမ်းသွားတဲ့အခါ နောက်ထပ်တစ်ဖန် ဘယ်တော့မှ ဖြစ်ခွင့် မရှိတဲ့ ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြတယ်။ အကြွင်းအကျန်မရှိ ကုန်စင် အောင် ချုပ်ငြိမ်းသွားတဲ့အတွက် အကြွင်းမဲ့ချုပ်ငြိမ်းခြင်း (= အသေသဝိရာဂ နိရောဓ)လို့လည်း ခေါ်ဆိုတယ်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေ အကြွင်းမဲ့ ချုပ်ငြိမ်းသွားတဲ့အတွက် နောက်ထပ်ဘယ်တော့မှ ပြန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဆိုတဲ့ ကိလေသာအပေါင်း အဖော်ကို ရရှိမှ အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတဲ့ သင်္ခါရ ကံတွေလည်း အကျိုး ပေးနိုင်တဲ့ စွမ်းအင်တွေ ကုန်ခန်းသွားကြတယ်၊ နောက်ထပ် ပဋိသန္ဓေခန္ဓာ ငါးပါး စတဲ့ အနာဂတ်အကျိုးတရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေ လုံးဝ ကုန်ခန်းသွားကြတယ်။ ဒါကြောင့် သင်္ခါရ ကံတွေလည်း နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတယ်လို့ပဲ ပြောရတယ်။
ဒီလို အကြောင်းတရားတွေက နောက်ထပ်တစ်ဖန်မဖြစ်သော ချုပ်ခြင်း ဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း သွားတဲ့အတွက် အကျိုးခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံး ထားပြီးတော့ နောင်တစ်ဖန်ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှုရန် ဘုရားရှင်က ဒီဝယဓမ္မာနုပဿီပိုင်းမှာ ညွှန်ကြားနေတော်မူပါတယ်။
ဒီအပိုင်းကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး ဥဒယဗ္ဗယဉာဏနိဒ္ဒေသပိုင်းမှာ ထည့်သွင်းပြီးတော့ ဟောကြားထားတော်မူပါတယ်။ (ပဋိသံ-၅၃။)
ဥဒယဗ္ဗယဉာဏ်ကို အားသစ်နေဆဲဖြစ်တဲ့ ပုထုဇန်အဆင့်တွင်သာ ရှိသေးတဲ့ ယောဂီပုဂ္ဂိုလ်တစ်ဦးကို အစထားကာ ဥဒယဗ္ဗယဉာဏ်ကို အားသစ် နေတဲ့ ပုထုဇန်ပဲဖြစ်ဖြစ် အရိယာပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်မဆို ဝိပဿနာရှုရန် ညွှန်ကြားနေတဲ့ ညွှန်ကြားလွှာ ဖြစ်ပါတယ်။
အကယ်၍ ဥဒယဗ္ဗယဉာဏ်ကို အားသစ်ဆဲဖြစ်နေတဲ့ ယောဂီပုဂ္ဂိုလ်က ပုထုဇန်အဆင့်တွင်သာ ရှိနေသေးတယ်ဆိုလျှင် အရဟတ္တမဂ်ကို ရရှိမည့် အချိန်သည် ပစ္စုပ္ပန်လို့တော့ မပြောနိုင်တော့ဘူး၊ အနာဂတ်လို့သာ ပြောရ တော့မယ်။ ဒါကြောင့် ဋီကာဆရာတော်က - အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော စသည်ဖြင့် ဖွင့်ဆိုသွားပါတယ်။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ ကြီးကလည်း ပုံစံတူ အဓိပ္ပါယ်တူ ဖွင့်ဆိုထားပါတယ်။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၆။) အဲဒီအနာဂတ်ဟာလည်း ဒီမျက်မှောက်ဘဝမှာပဲ အရဟတ္တဖိုလ်ဆိုက်မည့် ယောဂီပုဂ္ဂိုလ်အတွက်တော့ ဒီဘဝအနာဂတ်ပဲ ဖြစ်ပါတယ်။ သို့သော် နောင် အနာဂတ်ဘဝတစ်ခုခုကျမှ အရဟတ္တဖိုလ်ဆိုက်ရောက်မည့် ယောဂီပုဂ္ဂိုလ် အတွက်ကတော့ ထိုဆိုက်ရောက်မည့်အနာဂတ်ဘဝ အနာဂတ်ခန္ဓာတွေသာ ဖြစ်ကြပါတယ်။
ဒီတော့ အရဟတ္တမဂ် ဆိုက်ရောက်မည့်ဘဝမှာ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီးတော့ အကျိုး ဥပါဒါနက္ခန္ဓာတို့ရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှုရန် ဘုရားရှင်က ညွှန်ကြားနေတော်မူပါတယ်လို့ မှတ်ပါ။
ဒါတွင်မကသေးဘူး၊ အကျိုးခန္ဓာတို့ရဲ့ ခဏမစဲ တသဲသဲ ချုပ်ပျက်မှု ကိုလည်း မြင်အောင် ရှုရန် ညွှန်ကြားထားတော်မူပါတယ်၊ ခဏတော ဝယဒဿနဉာဏ် ဖြစ်ပါတယ်။
အကြောင်းတရားတွေရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း သွားတဲ့အတွက် အကျိုးခန္ဓာတို့ရဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း ပုံကို မြင်အောင်ရှုတဲ့ ဉာဏ်ကိုတော့ ပစ္စယတော ဝယဒဿနဉာဏ်လို့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက (ဝိသုဒ္ဓိ၊၂၊၂၆၇။) ဖွင့်ဆိုထားပါတယ်။
ဒီအပိုင်းကတော့ အနာဂတ်ခန္ဓာတွေနှင့် ဆက်စပ်နေတယ်လို့ သဘော ပေါက်ပါ။
အကြောင်းခန္ဓာတွေရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်း ကြောင့် အကျိုးခန္ဓာတို့ရဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်ပါတယ်၊ အနာဂတ်ခန္ဓာ ပိုင်းမှာ အကျုံးဝင်နေပါတယ်၊ အနာဂတ်ခန္ဓာငါးပါးရှုကွက်မှာ အကျုံးဝင် နေပါတယ်။
အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေဟာ ပစ္စုပ္ပန်ဘဝတွင် ပြုစု ပျိုးထောင်လိုက်တဲ့ ခန္ဓာတွေ ဖြစ်နိုင်စရာရှိသော်လည်း ယင်းတို့ချုပ်ငြိမ်းမည့် အချိန်ကတော့ အနာဂတ်ခန္ဓာပိုင်းနှင့် ဆိုင်နေပါတယ်၊ အရဟတ္တမဂ်ဆိုက် ရောက်ခါနီး အချိန်အထိ ဖြစ်ခွင့်ရှိနိုင်တဲ့ ခန္ဓာတွေ ဖြစ်ကြပါတယ်။
ဓမ္မဋ္ဌိတိဉာဏ်
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ (၄၈) စသည်တို့တွင် ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ = အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း၌ ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏စသည်ဖြင့် အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူတတ် သိမ်းဆည်းတတ်သောဉာဏ်ကို ဓမ္မဋ္ဌိတိဉာဏ်ဟု ဟောကြားထား တော်မူပါတယ်။ နာမရူပဝဝတ္ထာနဉာဏ် = နာမ်ရုပ်တို့ရဲ့ အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားမှတ်သားတတ်သော ဉာဏ်ဟု မခေါ်ဝေါ် မသုံး စွဲဘဲ အဘယ်ကြောင့် ဓမ္မဋ္ဌိတိဉာဏ်လို့ ခေါ်ဝေါ်သုံးစွဲထားရပါသလဲလို့ မေး စရာရှိတယ်။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာက ဒီလို ဖြေဆိုထားပါတယ်။ --
နာမရူပဝဝတ္ထာနေ ဉာဏန္တိ အဝတွာ ဧဝ ကသ္မာ ဓမ္မဋ္ဌိတိဉာဏန္တိ ဝုတ္တန္တိ စေ? ပစ္စယပရိဂ္ဂဟေနေဝ ပစ္စယသမုပ္ပန္နပရိဂ္ဂဟဿ သိဒ္ဓတ္တာ။ ပစ္စယသမုပ္ပန္နေ ဟိ အပရိဂ္ဂဟိတေ ပစ္စယပရိဂ္ဂဟော န သက္ကာ ဟောတိ ကာတုံ။ တသ္မာ ဓမ္မဋ္ဌိတိဉာဏဂဟဏေနေဝ တဿ ဟေတုဘူတံ ပုဗ္ဗေ သိဒ္ဓံ နာမရူပဝဝတ္ထာနဉာဏံ ဝုတ္တမေဝ ဟောတီတိ ဝေဒိတဗ္ဗံ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈။)
နာမရူပဝဝတ္ထာနဉာဏ်လို့ ဟောကြားတော်မမူဘဲ ဘာကြောင့် ဓမ္မဋ္ဌိတိ ဉာဏ်လို့ ဟောကြားထားတော်မူရပါသလဲ? ဒါကတော့ မေးခွန်းပဲ။ ဒီမေး ခွန်းကို အဋ္ဌကထာဆရာတော်က ဒီလို အဖြေပေးထားပါတယ်၊ ဆိုလိုရင်းကို သဘောပေါက်အောင် ပြောမယ် ...။
အကြောင်းတရားတွေကို သိမ်းဆည်းခြင်းဖြင့် အကျိုးတရားကို သိမ်း ဆည်းခြင်း လုပ်ငန်းကိစ္စရပ်လည်း ပြီးစီးသွားတဲ့အတွက်ကြောင့် ဓမ္မဋ္ဌိတိဉာဏ် လို့ ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်။ မှန်ပါတယ် - အကျိုးရုပ်နာမ် တွေကို မသိမ်းဆည်းနိုင်လျှင် အကြောင်းရုပ်နာမ်ကို သိမ်းဆည်းဖို့ရန် ဘယ်လိုမှ မဖြစ်နိုင်ဘူး။
အကြောင်းတရားဆိုတာက အကျိုးတရားကို ဖြစ်စေနိုင်တဲ့ စွမ်းအင် သတ္တိရှိတဲ့တရားကို ဆိုလိုတယ်။ ထိုစွမ်းအင်သတ္တိကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို မြင်ပါမှ ဒီစွမ်းအင်သတ္တိရှိတဲ့တရားဟာ အကြောင်းတရား ပဲလို့ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်မှာ ဖြစ်တယ်။
အကျိုးပစ္စယုပ္ပန်တရားတွေဟာ အကြောင်းတရားအပေါ်၌ တည်နေ ကြပါတယ်။ တည်နေတယ်ဆိုတာကတော့ ဒီလိုပါ -- အကြောင်းတရားတွေ ထင်ရှားရှိကြပါမှ အကြောင်းတရားတွေက ဖြစ်ပေါ်လာအောင် ကျေးဇူးပြု ပေးကြပါမှ အကျိုးပစ္စယုပ္ပန်တရားတွေဟာ ဖြစ်ပေါ်လာနိုင်ခွင့် ရှိကြတယ်။ အကြောင်းတရားတွေက ကျေးဇူးပြုမပေးလျှင် ဖြစ်ပေါ်လာနိုင်တဲ့စွမ်းအင်တွေ မရှိကြဘူး။ အဲဒီလို အကျိုးပစ္စယုပ္ပန်တရားတို့ရဲ့ တည်နေကြောင်း ဖြစ်ပေါ် လာကြောင်းဖြစ်တဲ့ အကြောင်းတရားစုတွေကို ဓမ္မဋ္ဌိတိလို့ ခေါ်ဆို ပါတယ်။ အဲဒီအကျိုးပစ္စယုပ္ပန်တရားစုတို့ရဲ့ တည်ရာ ဖြစ်ပေါ်လာရာ အကြောင်းတရား စုကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ကိုလည်း ဓမ္မဋ္ဌိတိဉာဏ်လို့ပဲ ခေါ်ဆိုပါတယ်။
တစ်ဖန် အကြောင်းတရားတို့ဆိုတာလည်း အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့တဲ့အတိုင်းပဲ ကိလေသဝဋ်အမည်ရတဲ့ ခန္ဓာငါးပါး (= ရုပ်နာမ်တရား), ကမ္မဝဋ်အမည်ရတဲ့ ခန္ဓာငါးပါး (= ရုပ်နာမ်တရား)သာ ဖြစ်ကြတယ်။ ရုပ်နာမ် မှ အလွတ်ဖြစ်တဲ့ အကြောင်းတရားဆိုတာ မရှိစကောင်းဘူး။ ဒါကြောင့် အကြောင်းရုပ်နာမ်တို့ကို သိမ်းဆည်းတတ်တဲ့ ပိုင်းခြားယူတတ်တဲ့ ဉာဏ် ကိုလည်း နာမရူပဝဝတ္ထာနဉာဏ်လို့ ခေါ်ဆိုသင့်တယ်။ ဒီလို ခေါ်ဆိုသင့် ပါလျက် မခေါ်ဆိုဘဲ ဓမ္မဋ္ဌိတိဉာဏ်ဆိုတဲ့ စကားလုံးကို ယူကာ ဟောကြား ထားတော်မူတဲ့အတွက်ကြောင့်ပင် ထိုဓမ္မဋ္ဌိတိအမည်ရတဲ့ အကြောင်းတရား စုရဲ့ အကြောင်းရင်းဖြစ်တဲ့ ရှေးက ပြီးစီးပြီးဖြစ်တဲ့ နာမရူပဝဝတ္ထာနဉာဏ် (= နာမ်ရုပ်ကို ပိုင်းခြားမှတ်သားတတ်တဲ့ဉာဏ်) ကို ဟောတော်မူပြီးသာ ဖြစ်တယ်လို့ သိပါ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈။)
နည်းနည်းတော့ ထပ်ပြီးရှင်းပြဖို့ လိုဦးမယ်ထင်တယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ဦးဆောင်ပြဓာန်းတဲ့ ကိလေသဝဋ်အမည်ရတဲ့ ခန္ဓာငါးပါး (= ရုပ်နာမ်တရား), ကုသိုလ်သင်္ခါရစေတနာ ဦးဆောင်ပြဓာန်းတဲ့ ကမ္မဝဋ် အမည် ရတဲ့ ခန္ဓာငါးပါး (= ရုပ်နာမ်တရား)ဆိုတဲ့ ကိလေသဝဋ် ကမ္မဝဋ် အမည်ရတဲ့ နာမ်ရုပ်တရားတွေဟာလည်း ယင်းနာမ်ရုပ်တို့ကို ဖြစ်ပေါ်စေတတ်တဲ့ ဆိုင်ရာ အကြောင်းတရားတွေ ထင်ရှားရှိကြတဲ့ တရားမျိုးတွေသာ ဖြစ်ကြတယ်။ အကြောင်းကင်းပြီးတော့ အကြောင်းမရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာ ကြတဲ့ တရားမျိုးတွေတော့ မဟုတ်ကြဘူး။ သင်္ခတပရမတ်နယ်မှာ အကြောင်း မရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ တရားဆိုတာ မရှိစကောင်းတဲ့ အတွက်ကြောင့် ဖြစ်တယ်။
ဒီလိုဆိုလျှင် ကိလေသဝဋ် ကမ္မဝဋ်အမည်ရတဲ့ ဒီနာမ်ရုပ်တရားစုတို့ ဟာလည်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားစုတို့ကို စွဲမှီ၍သာ ဖြစ်ပေါ်လာ ကြရတဲ့ သဘာဝဓမ္မ သင်္ခတ ပရမတ်တရားများသာ ဖြစ်ကြတဲ့အတွက် ဒီကိလေသဝဋ် ကမ္မဝဋ် နာမ်ရုပ်တရားစုတို့ဟာလည်း အကြောင်းတရားများ ကြောင့် ဖြစ်ပေါ်လာကြရတဲ့, အကြောင်းတရားများဘက်က ကြည့်လျှင် ပစ္စယုပ္ပန္နဓမ္မ (= ပစ္စယသမုပ္ပန္နဓမ္မ = အကြောင်း တရားတို့ကို စွဲမှီကာ ဖြစ်ပေါ်လာကြတဲ့ အကျိုးတရား) ဆိုတဲ့ အမည်ကို ရကြသည်သာ ဖြစ်ပါတယ်။
အကြောင်းတရားများ
ဒီလိုဆိုလျှင် ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ရဲ့ အကြောင်း တရားတွေက ဘာတွေလဲ? ဒီလိုတော့ မေးစရာရှိတယ်၊ အဖြေကို နားထောင် ကြည့်ပါ ...။
- အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော (မ၊၁၊၆၇။) = အာသဝေါတရား တို့ကို အကြောင်းခံ၍ အဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာ၏ - လို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူတဲ့အတွက် ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ အဝိဇ္ဇာသဝဆိုတဲ့ အာသဝေါတရားတွေက အကြောင်းပစ္စည်း တရား, အဝိဇ္ဇာက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
- ဝေဒနာပစ္စယာ တဏှာ = ဝေဒနာကို အကြောင်းခံပြီးတော့ တဏှာ ဖြစ်ပေါ်လာတယ်လို့ ပဋိပစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့အတွက် ဝေဒနာက အကြောင်းပစ္စည်းတရား, တဏှာက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
- တဏှာပစ္စယာ ဥပါဒါနံ = တဏှာကို အကြောင်းခံကာ ဥပါဒါန်ဟာ ဖြစ်ပေါ်လာတယ်လို့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့အတွက် တဏှာက အကြောင်းပစ္စည်းတရား, ဥပါဒါန်က အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
- အဝိဇ္ဇာပစ္စယာ သင်္ခါရာ = သစ္စာလေးပါး အမှန်တရားကို မသိမှု ယောက်ျား မိန်းမစသည်ဖြင့် အသိမှားမှု အဝိဇ္ဇာကို အကြောင်းခံကာ ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားတွေ ထင်ရှားဖြစ်ပေါ်လာကြ တယ်လို့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ဘုရားရှင် ဟောကြားထား တော်မူတဲ့အတွက် အဝိဇ္ဇာက အကြောင်းပစ္စည်းတရား, သင်္ခါရက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
- ဥပါဒါနပစ္စယာ ဘဝေါ = ဥပါဒါန်ကို အကြောင်းခံကာ ကမ္မဘဝ = ကံ နှင့် (ဥပတ္တိဘဝ)တို့ ဖြစ်ပေါ်လာကြတယ်လို့ ပဋိစ္စသမုပ္ပါဒ်ဒေသနာ တော်မှာပဲ ဘုရားရှင်ဟောကြားထားတော်မူတဲ့အတွက် ဥပါဒါန်က အကြောင်းပစ္စည်းတရား, ကမ္မဘဝ = ကံက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
ဒါကြောင့် အတိတ်အကြောင်းတရားများအဖြစ် သတ်မှတ်ထားတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ဟာလည်း တစ်နည်းပြောရလျှင် တော့ -- အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဦးဆောင်ပြဓာန်းနေတဲ့ နာမ်ရုပ်တရားစုတို့မှာလည်း မိမိတို့ရဲ့ စွဲမှီရာ အတိတ်ဘဝက ဖြစ်ခဲ့တဲ့ ဆိုင်ရာ ဆိုင်ရာ အတိတ်အကြောင်းတရားတွေ ထင်ရှားရှိကြသည်သာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအတိတ် အဝိဇ္္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ဖြစ်ပေါ် စေတတ်တဲ့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားများဘက်က ကြည့်ခဲ့မယ် ဆိုလျှင် ဒီအဝိဇ္္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဦးဆောင်ပြဓာန်းနေတဲ့ နာမ်ရုပ်အစုအပုံတို့ဟာလည်း ပစ္စယုပ္ပန္နဓမ္မ (= ပစ္စယသမုပ္ပန္နဓမ္မ = အကြောင်း တရားတို့ကို စွဲမှီကာ ဖြစ်ပေါ်လာကြတဲ့ အကျိုးတရား) ဆိုတဲ့ အမည်ကို ရကြသည်သာ ဖြစ်ပါတယ်။
အကယ်၍ ယောဂီပုဂ္ဂိုလ်က ပစ္စယသမုပ္ပန္န အမည်ရတဲ့ ဆိုင်ရာ အကြောင်းတရားတို့ကို စွဲမှီကာ ဖြစ်ပေါ်လာကြတဲ့ ကိလေသဝဋ် ကမ္မဝဋ်ဆိုပြီး နာမည်တပ်ထားတဲ့ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဦးဆောင်နေတဲ့ နာမ်ရုပ်တရားစုတို့ကို ရှေးဦးစွာ မသိမ်းဆည်းနိုင်သေးဘူးဆိုလျှင် အဲဒီ နာမ်ရုပ်တရားစုဖြစ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ဒီပစ္စုပ္ပန်ဘဝမှာ ပဋိသန္ဓေဝိပါက်ဝိညာဏ်စတဲ့ ဝိပါက်နာမ်ရုပ်တွေ ထင်ထင် ရှားရှား ဖြစ်ပွားပေါ်ပေါက်လာတာကို ဘယ်လိုမှ သိရှိနိုင်မှာ မဟုတ်ဘူး။ အကြောင်းတရားနှင့် အကျိုးတရားတို့ရဲ့ ကြောင်း-ကျိုးဆက်နွယ်မှုသဘော တရားကို ဘယ်လိုမှ သိရှိနိုင်မှာ မဟုတ်ဘူး။ အကြောင်းတရားနှင့် အကျိုး တရားတို့ကို ကြောင်း-ကျိုးစပ်ကာ - ဤကား အကြောင်းတရား, ဤကား အကျိုးတရား စသည်ဖြင့် ဘယ်လိုမှ သိမ်းဆည်းနိုင်မှာလည်း မဟုတ်ဘူး။ အကြောင်းတရားနှင့် အကျိုးတရားတို့ကို မသိမ်းဆည်းနိုင်ပါကလည်း ပစ္စယပရိဂ္ဂဟဉာဏ်ကိုလည်း ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ဘူး။
ကိလေသဝဋ် - ကမ္မဝဋ် - ဝိပါကဝဋ်
နောက်တစ်နည်းပြောဦးမယ်၊ အတိတ်က အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ဦးဆောင်ပြဓာန်းနေတဲ့ ကိလေသဝဋ် နာမ်ရုပ်တရားစုတို့ကို မသိမ်းဆည်းနိုင် သေးပါက အဲဒီကိလေသဝဋ်ကြောင့် အဲဒီအတိတ်မှာ သင်္ခါရ ကံဆိုတဲ့ ကမ္မဝဋ် နာမ်ရုပ်တရားစုတို့ ဖြစ်ပေါ်လာရတာကို ဘယ်လိုမှ သိရှိနိုင်မှာ မဟုတ်ဘူး။ ပြီးတော့လည်း ဒီသင်္ခါရ ကံဆိုတဲ့ ကမ္မဝဋ်နာမ်ရုပ်တရားစုတွေကို မသိမ်း ဆည်းနိုင်သေးဘူးဆိုလျှင် ယင်းကမ္မဝဋ်ကြောင့် ဒီပစ္စုပ္ပန်ဘဝမှာ ပဋိသန္ဓေ ဝိညာဏ်ဆိုတဲ့ ဝိပါကဝဋ် ဖြစ်ပေါ်လာတာကို ဘယ်လိုမှ သိရှိနိုင်မှာ မဟုတ် ဘူး။ အလားတူပဲ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံစတဲ့ ကြောင်းကျိုးဆက်နွယ်မှု သဘောတရားတွေကိုလည်း သိရှိနိုင်မှာ မဟုတ်တော့ဘူး။
ဆိုင်ရာအတိတ်အကြောင်းတရားတွေကြောင့် ဆိုင်ရာ အတိတ်အကျိုး တရားတွေ ဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် အနာဂတ်အကျိုး တရားတွေ ဖြစ်ပုံ, အနာဂတ် သံသရာခရီး မဆုံးသေးသူတို့အတွက် ဆိုင်ရာ အနာဂတ် အကြောင်းတရားတွေကြောင့် ဆိုင်ရာ အနာဂတ်အကျိုးတရားတွေ ဖြစ်ပုံတို့ကိုလည်း နည်းတူ သဘောပေါက်ပါ။
ဒါကြောင့် နာမရူပဝဝတ္ထာနဉာဏ်လို့ မသုံးစွဲလိုက်ဘဲ ဓမ္မဋ္ဌိတိဉာဏ်လို့ သုံးစွဲလိုက်ခြင်းဖြင့် ဒီဓမ္မဋ္ဌိတိဉာဏ် ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ ဓမ္မဋ္ဌိတိဉာဏ် မဖြစ်မီ ဓမ္မဋ္ဌိတိဉာဏ်ကို ရအောင်အားမထုတ်မီ ရှေးအဖို့မှာ ကြိုတင်ပြီးစီးထားပြီးဖြစ်ရမည့် အတိတ်နာမ်ရုပ် ပစ္စုပ္ပန်နာမ်ရုပ် နှစ်မျိုးလုံး ကို ပိုင်းခြားမှတ်သားခြင်း, ပစ္စုပ္ပန်နာမ်ရုပ် အနာဂတ်နာမ်ရုပ် နှစ်မျိုးလုံးကို ပိုင်းခြားမှတ်သားခြင်းစတဲ့ နာမရူပဝဝတ္ထာနဉာဏ်ကို ဟောပြီးသာဖြစ်တယ် လို့ သိရှိပါ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈။)
ဒီရှင်းလင်းချက်တွေကတော့ အထက်က တင်ပြခဲ့တဲ့ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာရဲ့ ဆိုလိုရင်းသဘောတရားတွေ ဖြစ်ကြပါတယ်။
သစ္စာဒေသနာတော်နည်း
အင်္ဂုတ္တိုရ်ပါဠိတော် ပထမတွဲ တိကနိပါတ် တိတ္ထာယတနသုတ္တန်မှာ -အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ စတဲ့ အနုလောမ ပဋိစ္စသမုပ္ပါဒ်သဘောတရား (= အကြောင်းတရားနှင့် အကျိုးတရားတို့ရဲ့ ကြောင်းကျိုးဆက်နွယ်ကာ အထပ်ထပ်ဖြစ်မှုသဘောတရား) ကို သမုဒယ သစ္စာဆိုတဲ့ အမည်နှင့် ဟောကြားထားတော်မူပါတယ်။ (အံ၊၁၊၁၇၈။) - သတိပဋ္ဌာန်ဒေသနာတော်မှာ လာရှိတဲ့ သမုဒယဓမ္မာနုပဿီပိုင်း ဖြစ်ပါတယ်၊ သံသရာရဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။
နောက်တစ်ခု - အဝိဇ္ဇာရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှု ကြောင့် သင်္ခါရရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံစတဲ့ သံသရာ စက်ရဟတ်ရဲ့ ချုပ်ငြိမ်းပုံအစဉ်ကို ဖော်ပြတဲ့ ပဋိလောမပဋိစ္စသမုပ္ပါဒ်သဘော တရားကိုလည်း နိရောဓသစ္စာအမည်နှင့် မြတ်စွာဘုရားက ဟောကြားထား တော်မူပါတယ်။ (အံ၊၁၊၁၇၈။)
ဒီနိရောဓသစ္စာကတော့ ဥဒယဗ္ဗယဝိပဿနာဉာဏ်ထဲမှာ အကျုံးဝင်တဲ့ ပစ္စယတော ဝယဒဿနဉာဏ် (= အကြောင်းတရားအားဖြင့် ချုပ်ငြိမ်းမှုကို ရှုမြင်တတ်တဲ့ ဝိပဿနာဉာဏ်) နှင့် ထိုးထွင်းသိတဲ့ နိရောဓသစ္စာ ဖြစ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
အဲဒီနိရောဓသစ္စာကို သိတဲ့ ဝိပဿနာဉာဏ်နှင့်တကွသော မဂ္ဂင်တရား ကိုယ်တွေကတော့ လောကီမဂ္ဂသစ္စာတရားတွေ ဖြစ်ကြပါတယ်။ ဝိပဿနာ ဉာဏ်ကို တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာရှုနိုင်တဲ့အခါ ယောဂီပုဂ္ဂိုလ်က ဒီလောကီမဂ္ဂသစ္စာကိုလည်း ထိုးထွင်းသိနိုင်ပါတယ်။ သတိပဋ္ဌာန်ဒေသနာ တော်နည်းအရ ဝယဓမ္မာနုပဿီပိုင်း ဖြစ်ပါတယ်။
ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ် (ဖိုလ်ဉာဏ်) တို့ဖြင့် ထိုးထွင်းသိတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရား တော်မြတ်ကြီးကတော့ လောကုတ္တရာ နိရောဓသစ္စာတရား ဖြစ်ပါတယ်။
အဲဒီ လောကုတ္တရာ နိရောဓသစ္စာကို ထိုးထွင်းသိတဲ့ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ မဂ္ဂင်တရားကိုယ်တွေကတော့ လောကုတ္တရာ မဂ္ဂသစ္စာတရား တွေ ဖြစ်ကြပါတယ်။
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ ဆိုတဲ့အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန်စတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကတော့ ဒုက္ခသစ္စာတရားစုတွေ ဖြစ်ကြပါတယ်။
ပေါင်းလိုက်တော့ လောကီဝိပဿနာဉာဏ်နှင့် ထိုးထွင်းသိအပ်တဲ့ သစ္စာတရားတွေက ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာဆိုတဲ့ သစ္စာလေးပါး ဖြစ်ကြတယ်။
လောကုတ္တရာဖြစ်တဲ့ အရိယမဂ်ဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ သစ္စာ ကလည်း လေးပါးပဲ ဖြစ်ကြပါတယ်။ သို့သော် လောကုတ္တရာ အရိယမဂ် ဉာဏ်က အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ နိရောဓ သစ္စာတရားတော်မြတ်ကိုသာ အာရမ္မဏပဋိဝေဓ (= အာရုံမျက်မှောက် တိုက်ရိုက်ပြုကာ ထိုးထွင်းသိခြင်း)ဖြင့် ထိုးထွင်းပြီး သိတယ်၊ ဒုက္ခ-သမုဒယ-မဂ္ဂဆိုတဲ့ ကျန်သစ္စာသုံးပါးကိုတော့ မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို ပယ်သတ်သောအားဖြင့် ထိုးထွင်းသိခြင်းဆိုတဲ့ အသမ္မောဟပဋိဝေဓသဘော အားဖြင့် ထိုးထွင်းသိတယ်။
ဒီလို လောကီဝိပဿနာဉာဏ် လောကုတ္တရာမဂ်ဉာဏ်တို့ဖြင့် သစ္စာ လေးပါးကို ထိုးထွင်းမသိပါက မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါသလားလို့ မေးစရာရှိတယ်။ သစ္စသံယုတ်မှာလာရှိတဲ့ ကူဋာဂါရ သုတ္တန် ကောက်နုတ်ချက်ကလေးကို နာကြားကြည့်ပါ။ မြတ်စွာဘုရားရှင်သည် ဘယ်လို ဟောကြားထားတော်မူသလဲ? --
ကူဋာဂါရသုတ္တန်တရားတော် ကောက်နုတ်ချက်
ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ - အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။ သံ၊၃၊၃၈၃။)
အနဘိသမေစ္စာတိ ဉာဏေန အနဘိသမာဂန္တွာ။ အပ္ပဋိဝိဇ္ဈိတွာတိ အတ္ထော။ (သံ၊ဋ္ဌ၊၃၊၃၃၀။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ယော စ ခေါ = အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည်ကား။ ဧဝံ = ဤသို့။ ဝဒေယျ = ပြောဆိုလာငြားအံ့။ ကိံ ဝဒေယျ = အသို့ ပြောဆို လေရာသနည်း။
အဟံ = ငါသည်။ ဒုက္ခံ အရိယသစ္စံ = ဒုက္ခအရိယသစ္စာတရားကို။ ပ ။ ဒုက္ခသမုဒယံ အရိယသစ္စံ = ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယအရိယ သစ္စာတရားကို။ ပ ။ ဒုက္ခနိရောဓံ အရိယသစ္စံ = ဒုက္ခချုပ်ကြောင်း ဒုက္ခ ချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတရားကို။ ပ ။ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက် မသိမမြင်မူ၍။ သမ္မာ = ကောင်းမွန်မှန်ကန်စွာ။ ဒုက္ခဿန္တံ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို။ ကရိဿာမိ = ပြုလုပ် ပေအံ့။ ဧဝံ = ဤသို့။ ဝဒေယျ = ပြောဆိုလာငြားအံ့။ ဧတံ ဌာနံ = ဤပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည်။ န ဝိဇ္ဇတိ = မရှိသည်သာတည်း။
ရဟန်းတို့...ပုဂ္ဂိုလ်တစ်ယောက်က ပြောလာပြီဆိုကြစို့၊ ဘယ်လို ပြောသလဲ? ငါဟာ ဒုက္ခအရိယသစ္စာ, ဒုက္ခသမုဒယသစ္စာ, ဒုက္ခနိရောဓ အရိယသစ္စာ, ဒုက္ခချုပ်ရာနိဗ္ဗာန် (= ဒုက္ခနိရောဓ)သို့ ရောက်ကြောင်း ကျင့်စဉ် ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ကာ မသိဘဲ မမြင်ဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခကုန်အောင်, သံသရာဝဋ်ဆင်းရဲဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ဆိုက်ရောက်အောင် ပြုလုပ်မယ် - လို့ ဒီလို လာပြောမယ် ဆိုကြစို့။
အဲဒီပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်ဟာ ပြောဆိုတဲ့အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာဟာ ဘယ်လိုမှ မရှိနိုင်ဘူး။ (သံ၊၃၊၃၉၄။ သံ၊၃၊၃၈၃။)
ဒီလိုဟောကြားထားတော်မူတဲ့ သစ္စာဒေသနာတော်များနှင့်အညီ အရိယ သစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်ကာ မသိပါက မမြင်ပါက သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်သို့ မရောက်နိုင်တဲ့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခကုန်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုတဲ့ ရလိုတဲ့ ရောက်လိုတဲ့ ပုဂ္ဂိုလ် မှန်ခဲ့လျှင်တော့ အရိယသစ္စာလေးပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
ဒီသစ္စာလေးပါးထဲမှာ ဒီနေရာမှာ အထူးပြောလိုတာကတော့ လောကီ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် --
- သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံအပိုင်း
- သမုဒယသစ္စာ ချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခသစ္စာ ချုပ်ငြိမ်းပုံအပိုင်း --
ဒီအပိုင်း နှစ်ပိုင်း ဖြစ်ပါတယ်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုတဲ့အပိုင်းကို် သတိပဋ္ဌာန်ဒေသနာတော်မှာ ဘုရားရှင်က သမုဒယဓမ္မာနုပဿီပိုင်းတွင် ထည့်သွင်းကာ ဟောကြားထား တော် မူပါတယ်။
သမုဒယသစ္စာရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခသစ္စာတရားစုတို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံအပိုင်းကို တော့ သတိပဋ္ဌာန်ဒေသနာတော်မှာ ဘုရားရှင်က ဝယဓမ္မာနုပဿီပိုင်းတွင် ထည့်သွင်းကာ ဟောကြားထားတော်မူပါတယ်။
နောက်တစ်ခုကတော့ ... သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ (မ၊ဋ္ဌ၊၁၊၂၈၁။) စတဲ့ အဋ္ဌကထာကြီးများရဲ့ ညွှန်ကြားချက် အတိုင်း ဒီဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့ရဲ့ ဥပါဒ်အားဖြင့် ဘင်အားဖြင့် တစ်နည်း - ခဏအားဖြင့် ဖြစ်မှုပျက်မှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး လက္ခဏာရေးသုံးတန်သို့ တင်ကာ ဆက်လက်ပြီးတော့ ဝိပဿနာ ရှုရမှာ ဖြစ်ပါတယ်။
အထက်က ကိုးကားတင်ပြထားခဲ့တဲ့ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးအတိုင်း ဖြစ်မှုကို ရှုခြင်းက နိဗ္ဗတ္တိလက္ခဏာကို ရှုခြင်းဖြစ်တယ်၊ ပျက်မှုကို ရှုခြင်းက တော့ ဝိပရိဏာမလက္ခဏာ (= ခန္ဓာတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ လက္ခဏာ)ကို ရှုခြင်းဖြစ်တယ်။ နိဗ္ဗတ္တိလက္ခဏာကို သမုဒယဓမ္မ, ဝိပရိဏာမလက္ခဏာကို ဝယဓမ္မဆိုတဲ့ အမည်နှင့် သတိပဋ္ဌာန်ဒေသနာတော်မှာ ဘုရားရှင်က ဟော ကြားထားတော်မူပါတယ်။
ခုပြောခဲ့တာတွေကို တစ်နည်းထပ်ပြီးတော့ ပြောဦးမယ် ...။
အတိတ်ခန္ဓာငါးပါးထဲမှာ ဆိုင်ရာအတိတ်အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဝိပါကဝဋ်ခန္ဓာငါးပါးတွေလည်း ပါဝင်ကြတယ်၊ ပစ္စုပ္ပန် ဝိပါကဝဋ်ခန္ဓာ စသည်တို့ရဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်တဲ့ ကိလေသဝဋ်ခန္ဓာ, သင်္ခါရ ကံဦးဆောင်တဲ့ ကမ္မဝဋ်ခန္ဓာတွေ လည်း ပါဝင်ကြတယ်။
အလားတူပဲ ပစ္စုပ္ပန်ခန္ဓာငါးပါးထဲမှာလည်း အတိတ်ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတို့ကြောင့် ဖြစ်ပေါ်နေတဲ့ ဝိပါကဝဋ်ခန္ဓာတွေလည်း ပါဝင် ကြတယ်၊ နောင်အနာဂတ်ဝိပါကဝဋ်ခန္ဓာတို့ရဲ့ အကြောင်းရင်း ဖြစ်ကြတဲ့ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေတဲ့ ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတွေလည်း ပါဝင်ကြတယ်။
အလားတူပဲ အနာဂတ်ခန္ဓာတွေထဲမှာလည်း ပစ္စုပ္ပန်ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတွေကြောင့် ဖြစ်ပေါ်လာမည့် ဝိပါကဝဋ်ခန္ဓာတွေလည်း ပါဝင် ကြတယ်၊ နောက်ထပ် ဒုတိယအနာဂတ် စတဲ့ ထိုထို လာလတ္တံ့သော အနာဂတ်အတွက် ရည်ရွယ်ပြုစုပျိုးထောင်လတ္တံ့ဖြစ်တဲ့ ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတွေလည်း ပါဝင်ကြတယ်။
ဒါကြောင့် ဒီဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ ဘုရားရှင်ညွှန်ကြားတော်မူတဲ့ -- ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ စတဲ့ ရှုကွက်မှာ -- အတိတ်, အနာဂတ်, ပစ္စုပ္ပန်ခန္ဓာငါးပါးထဲမှာ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ခန္ဓာတွေ အားလုံး ပါဝင်ကြတယ်လို့ သဘောပေါက်ပါ။
အတိတ် အနာဂတ် ပစ္စုပ္ပန်ခန္ဓာတွေကို သိမ်းဆည်းခြင်း
ဒီဂဒ္ဒုလဗဒ္ဓသုတ္တန်ပိုင်းမှာ မြတ်စွာဘုရားက အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရန် ညွှန်ကြားနေတော်မူပါတယ်။ အတိတ်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုလိုတဲ့ ယောဂီပုဂ္ဂိုလ်က ရှေ့ဦးစွာ အတိတ်ခန္ဓာငါးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်ဖို့ လိုပါ တယ်။ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာလည်း ရှေ့ဦးစွာ ပစ္စုပ္ပန်ခန္ဓာငါးပါးတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်း တတ်ဖို့ လိုပါတယ်။ အနာဂတ်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုလိုတဲ့ ယောဂီ ပုဂ္ဂိုလ်ဟာလည်း ရှေ့ဦးစွာ အနာဂတ်ခန္ဓာငါးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူတတ် သိမ်းဆည်းတတ်ဖို့ လိုပါတယ်။ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ် နာမရူပဝဝတ္ထာနဉာဏ် ဖြစ်ပါတယ်။
နောက်တစ်ခု ပြောဦးမယ် ...။ အတိတ်အကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်အကျိုးတရားဝိပါကဝဋ်ခန္ဓာတွေဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ရှုလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာလည်း အကြောင်းတရားဖြစ်တဲ့ အတိတ်ကိလေသဝဋ်ခန္ဓာ အတိတ်ကမ္မဝဋ်ခန္ဓာတို့ကိုရော ပစ္စုပ္ပန်အကျိုးဝိပါကဝဋ်ခန္ဓာတွေကိုရော ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းယူတတ်ဖို့ လိုပါတယ်။
အလားတူပဲ ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် အနာဂတ်အကျိုး တရားတွေ ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်လိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာလည်း အကြောင်းရင်းဖြစ်တဲ့ ပစ္စုပ္ပန်ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတွေကိုရော အကျိုးဖြစ်တဲ့ အနာဂတ်ဝိပါကဝဋ်ခန္ဓာတွေကိုရော ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းယူတတ်ဖို့ လိုပါတယ်။ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ်, နာမရူပဝဝတ္ထာနဉာဏ်ပဲ ဖြစ်ပါတယ်။
ဒီလို သိမ်းဆည်းပြီးတော့မှ ယောဂီပုဂ္ဂိုလ်က ရှေ့တစ်ဆင့် တက်ကာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတို့ကြောင့် ပစ္စုပ္ပန်ဝိပါကဝဋ်ခန္ဓာတွေ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုရပါတယ်။ ဉာဏ် စဉ်နည်းအရ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါတယ်။ တစ်နည်းပြောရလျှင်တော့ ဓမ္မဋ္ဌိတိဉာဏ် ဖြစ်ပါတယ်။
အလားတူပဲ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားတဲ့ ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတို့ကြောင့် အနာဂတ် ဝိပါကဝဋ်ခန္ဓာတွေ ထင်ရှားဖြစ်ပုံကိုလည်း ဉာဏ်ဖြင့် မြင်အောင် ရှုရပါတယ်။ ပစ္စယပရိဂ္ဂဟဉာဏ် (= ဓမ္မဋ္ဌိတိဉာဏ်)ပင် ဖြစ်ပါတယ်။
ဒီလို အကြောင်းခန္ဓာ အကျိုးခန္ဓာတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းယူတတ်တဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် --
- အတိတ် အကျိုးခန္ဓာ အကြောင်းခန္ဓာ
- ပစ္စုပ္ပန် အကျိုးခန္ဓာ အကြောင်းခန္ဓာ
- အနာဂတ် အကျိုးခန္ဓာ အကြောင်းခန္ဓာ --
ဆိုတဲ့ အတိတ် အနာဂတ် ပစ္စုပ္ပန်ခန္ဓာတွေကို လက္ခဏာရေး သုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီသမုဒယဓမ္မာနုပဿီ-ဝယဓမ္မာနုပဿီပိုင်းမှာ --
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် - အကျိုးရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်ပုံ၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေ ချုပ် ငြိမ်းခြင်းကြောင့် - အကျိုးရုပ်တရားတွေ, နာမ်တရားတွေ ချုပ်ငြိမ်းပုံကို မြင် အောင် တစ်ဆင့်တက်ပြီးတော့ ရှုရပါတယ်။
အဲဒီအပိုင်းမှာ မြတ်စွာဘုရားက ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်ဆိုတဲ့ ဒီဉာဏ်သုံးပါးကို ပေါင်းစုပြီးတော့ ဟောကြားထား တော်မူပါတယ်၊ ဒီတော့ အတိတ်က မိမိက ဘယ်လို အဝိဇ္ဇာ, တဏှာ, ဥပါဒါန် တွေခြံရံပြီးတော့ သင်္ခါရ, ကံတွေကို ထူထောင်ခဲ့တယ်ဆိုတာကိုတော့ မိမိ ကိုယ်တိုင် ဒီအပိုင်းမှာ သိအောင် မြင်အောင် ရှုရပါတယ်။ အဲဒီအပိုင်းကို သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို သိအောင် ရှုတဲ့အပိုင်းဆိုပြီး စာပေကျမ်းဂန်များက ဖော်ပြထားပါတယ်၊ အရိယာသူတော်ကောင်း မှန်ခဲ့ရင် ဒီသစ္စာလေးပါးကို သိသလား, မသိဘူးလား? သိကြတယ်။ သစ္စာလေးပါး ထဲမှာ ဒီသမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ခြင်းဆိုတာကိုတော့ သိရမလား, မသိရဘူးလား? သိရမယ်။ ဒါကြောင့် ဘုရားရှင်က ခုနက ဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ ရဟန်းတွေကို အတိတ်ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာ ငါးပါးတွေကိုပါ ထည့်သွင်းပြီး ဝိပဿနာရှုဖို့ ညွှန်ကြားထားပါတယ်။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ - ဆိုတဲ့ ဒီဘဝကို ဖြစ်ပေါ်လာ အောင် ပြုစုပျိုးထောင်ပေးတတ်တဲ့ သို့မဟုတ် ဒီဘဝခန္ဓာငါးပါးကို ဖြစ်စေ တတ်တဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက ဘယ်တုန်းက ဖြစ်ခဲ့သလဲ? အတိတ်က ဖြစ်ခဲ့တယ်၊ ဒါကြောင့် အတိတ်က ကံကို သိချင်ရင်တော့ အတိတ်ခန္ဓာငါးပါးကို လှမ်းပြီးရှုဖို့ မလိုဘူးလား? - လိုအပ်တယ်။
တစ်ခါ ပစ္စုပ္ပန်မှာ ထူထောင်နေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကြောင့် နောင်အနာဂတ်ခန္ဓာငါးပါးဖြစ်မှာကိုလည်း မြင်အောင်ရှုဖို့ ဘုရားရှင်က ဒီသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ ထည့်ဟောကြားထားတော်မူတယ်။ ဒါကြောင့် အနာဂတ်ခန္ဓာငါးပါးကိုလည်း လှမ်းရှုဖို့ မလိုဘူးလား? - လိုအပ် နေတယ်။
အတိတ်, အနာဂတ်ရှုကွက်တွေက ဒီသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာလည်း ပါပါတယ်၊ အဲဒီလို အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဆိုတဲ့အကြောင်း တရားတွေကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံကို အတိတ်မှာရော, အနာဂတ်မှာရော, ပစ္စုပ္ပန်မှာရော အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး လုံးမှာ ယောဂီပုဂ္ဂိုလ်က မြင်အောင် သိမ်းဆည်းရပါတယ်။
ဝိပဿနာပိုင်း
အဲဒီလို သိမ်းဆည်းပြီးတဲ့အချိန်အခါကျတော့မှ အကြောင်းတရားနှင့် တကွ ဒီ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကလို့ ခေါ်ဆိုအပ်တဲ့ (၁၁)မျိုးသော အခြင်းအရာ အားဖြင့်တည်နေတဲ့ ဒီခန္ဓာငါးပါးတွေကို ဘာလုပ်ရမလဲ? ဖြစ်နေ ပျက်နေတာ ကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင်ကြီး ရှုရတယ်၊ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နှင့် မြင် အောင် ကြည့်ပြီးတော့ ဒုက္ခလို့ တွင်တွင်ရှုရတယ်၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တသဘော တွေကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ တွင်တွင်ရှုရတယ်။ အဲဒီလို အနိစ္စ ဒုက္ခ အနတ္တလို့ လက္ခဏာရေးသုံးတန် တင်ပြီး တွင်တွင် ရှုလိုက်လို့ ဝိပဿနာဉာဏ်တွေက ရင့်ကျက်ခဲ့ရင် ဘာဖြစ်မလဲ?
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။ (သံ၊၂၊၁၂၄။)
အဲဒီလို ဝိပဿနာဉာဏ်တွေဖြင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကလို့ ခေါ်ဆိုအပ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီခန္ဓာငါးပါးတွေကို တွင် တွင်ကြီး ဝိပဿနာရှုနိုင်မယ်ဆိုရင် ခန္ဓာငါးပါးတို့အပေါ်မှာ ငြီးငွေ့လာမယ်၊ ရွံမုန်းလာမယ်၊ စက်ဆုပ်လာမယ်၊ ငြီးငွေ့ခဲ့ရင် နိဗ္ဗိန္ဒဉာဏ်တွေ ရင့်သန်ခဲ့မယ် ဆိုရင် တစ်နည်းအားဖြင့် ဝိပဿနာဉာဏ်တွေအားလုံး ရင့်ကျက်ခဲ့မယ်ဆိုရင် ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ မဂ်ဉာဏ် ပေါ်လာမယ်၊ ထိုအဆင့်ဆင့်သော မဂ်ဉာဏ်တွေက ဆိုင်ရာ ဆိုင်ရာ ကိလေသာတွေကို အဆင့်ဆင့် ပယ်သတ် လိုက်တဲ့အခါမှာ နောက်ဆုံး တဏှာရာဂသည် လုံးဝချုပ်ငြိမ်းသွားမယ်၊ တဏှာ ချုပ်ငြိမ်းခဲ့ရင် တဏှာဦးဆောင်တဲ့ ကိလေသာအားလုံးလည်း ချုပ်ငြိမ်းသွား ပြီ။
ရာဂကုန်ရင် အရဟတ္တဖိုလ် ဆိုက်ပြီ။ အရဟတ္တဖိုလ် ဆိုက်တဲ့အခါမှာ ကိလေသာတို့မှ လွတ်မြောက်သွားပြီ။ ကိလေသာတို့မှ လွတ်မြောက်ခဲ့ရင် ငါ ကိလေသာတို့မှ လွတ်မြောက်ရပေပြီဆိုတဲ့ အသိဉာဏ်တွေ ပစ္စဝေက္ခဏာ ဇောတွေ စောလာတော့မယ်။ အဲဒီ ပစ္စဝေက္ခဏာဇောတို့ရဲ့အဆုံးမှာ ငါဟာ ပဋိသန္ဓေနေမှုတွေကုန်ပြီ၊ ငါသည် သာသနာတော်၌ ကျင့်သင့်ကျင့်ထိုက်တဲ့ မဂ်အကျင့်ကို ကျင့်ပြီးပြီ၊ သာသနာတော်၌ ပြုသင့်ပြုထိုက်တဲ့ မဂ်ကိစ္စကိုလည်း ငါပြုပြီးပြီ၊ နောက်ထပ်တစ်ဖန် ဒီ အရိယာမဂ်ဉာဏ် ရရှိဖို့ရန်အတွက် ငါ့ အတွက် ကြိုးစားအားထုတ်ဖို့ရန် မရှိတော့ပြီဆိုတာ ဒီအချိန်အခါမှာ ကိုယ် တိုင်သိသွားပြီလို့ ဒီလို ဘုရားရှင်က ဒေသနာကို အဆုံးသတ်လိုက်တယ်။
အဲဒါကြောင့် မိမိတို့က အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို အလိုရှိခဲ့ပါတယ် ဆိုရင် ဘာလုပ်ရမလဲ? -- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိက ခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့်တည်နေတဲ့ ဒီခန္ဓာငါးပါးတွေကို ဘာလုပ်ရမလဲ? အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုရမယ်၊ ခန္ဓာငါးပါးသက်သက်လား? မဟုတ်ဘူး၊ အကြောင်းတရားနှင့်တကွ ပဲ။ အကြောင်းတရားနှင့်တကွ ဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည် နေတဲ့ ခန္ဓာငါးပါးကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုနိုင်ခဲ့မယ်ဆိုရင် အရဟတ္တဖိုလ်ပေါက် ရောက်နိုင် တယ်လို့ မြတ်စွာဘုရားရှင်က ဒီဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ ဟောကြားထားတော် မူပါတယ်။
ဒါကြောင့် ဒီဒေသနာတော်ကို ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ ဆုတောင်းရင်း တရားသိမ်းကြစို့။
တရားဒေသနာတော်နိဂုံး
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။
တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။
သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။
တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။
သာဓု သာဓု သာဓုပါဘုရား . . .
___________
Comments
Post a Comment