Skip to main content

သံအိမ်စံမင်းသား

သံအိမ်စံမင်းသား

သံအိမ်စံမင်းသား

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါနကထာ

တစ်ချိန် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် များစွာသော ရဟန်းသံဃာတော်အပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ခရီးဒေသစာရီ ကြွချီတော်မူသည်ရှိသော် ကောသလမင်းသားတို့၏ ဣစ္ဆာနင်္ဂလအမည်ရ သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်တော်မူ၏။ ဘုရားရှင်နှင့် သံဃာတော် အရှင် မြတ်အပေါင်းသည် ထိုဣစ္ဆာနင်္ဂလရွာအနီး၌ တည်ရှိသော ဣစ္ဆာနင်္ဂလတောအုပ်အတွင်း၌ သီတင်းသုံး စံနေတော်မူ၏။

ထိုအခါ ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားများနှင့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ဘုရှားရှင်၏ ထင်ရှားကျော်ကြားတော်မူသော ဂုဏ်တော်ကျေးဇူးတော်တို့အပေါ်၌ ကြည်ညိုမြတ်နိုးသော စိတ်ဓာတ်ဖြင့် ထိုညဉ့် လွန်မြောက် နောက်တစ်နေ့သို့ ရောက်သောအခါ၌ များစွာကုန်သော ခဲဖွယ် စားဖွယ် အသွယ်သွယ်တို့ကို ယူဆောင်ကာ ဣစ္ဆာနင်္ဂလတောအုပ်အတွင်းသို့ ချဉ်းကပ်ကုန်ပြီးလျှင် တံခါးမုခ်အပြင်ဘက်၌ ပြင်းပြကျယ်လောင်သောအသံ ရှိကုန်သည်ဖြစ်၍ တည်နေကြကုန်၏။

ထိုစဉ်အခါ၌ အရှင်နာဂိတသည် ဘုရားရှင်၏ အလုပ်အကျွေးရဟန်းတော် ဖြစ်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်နာဂိတကို --

နာဂိတ ... ငါးတို့ကို လုယက်ရာ၌ တံငါသည်တို့ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိသူတို့ကား အဘယ်သူတို့နည်း?ဟု မေးမြန်းတော်မူ၏။

မြတ်စွာဘုရား ... ဤသူတို့ကား ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားများနှင့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ပါတည်း။ များစွာကုန်သော ခဲဖွယ် စားဖွယ် အသွယ်သွယ်ကို ယူဆောင်ကြကာ တံခါးမုခ်အပြင်ဘက်၌ မြတ်စွာဘုရားကိုလည်းကောင်း, ရဟန်းသံဃာတော်ကိုလည်းကောင်း ရည်မှန်းပြီးလျှင် ရပ်တည်နေကြပါကုန်သည် မြတ်စွာဘုရားဟု တင်ပြ လျှောက်ထားတော်မူ လေသည်။

ထိုအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူ၏ --

နာဂိတ ... ငါဘုရားရှင်သည် အခြံအရံ အကျော်အစောနှင့် မဆက်ဆံလိုပါ၊ အခြံအရံ အကျော်အစောသည်လည်း ငါဘုရားရှင်နှင့်အတူ မဆက်ဆံပါစေလင့်။

နာဂိတ ...

  1. ဤကာမဂုဏ်မှ ထွက်မြောက်မှု နေက္ခမ္မချမ်းသာ
  2. (ပထမစျာန်, ဒုတိယစျာန်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏ တို့မှ ကင်းဆိတ်မှု ပဝိဝေကချမ်းသာ(အံ၊ဋ္ဌ၊၃၊၆၂။)
  3. ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု ဥပသမချမ်းသာ(အံ၊ဋ္ဌ၊၂၊၁၀၄။)
  4. လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု သမ္ဗောဓချမ်းသာ(အံ၊ဋ္ဌ၊၂၊၁၀၄။)

ဤချမ်းသာသုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ မရရှိ နိုင်သူသည် ထိုမစင်ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို သာယာခံစားလေရာ၏။

နာဂိတ ... ကာမဂုဏ်မှ ထွက်မြောက်မှု နေက္ခမ္မချမ်းသာ, (ပထမစျာန်, ဒုတိယစျာန်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ် မှု ပဝိဝေကချမ်းသာ, ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု ဥပသမချမ်းသာ, လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု သမ္ဗောဓချမ်းသာ -- ဤချမ်းသာ သုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရရှိသော ငါဘုရားရှင်သည် ထိုမစင်ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို အဘယ်မှာလျှင် သာယာခံစားနိုင်ပါအံ့နည်းဟု မိန့်ကြားတော်မူ၏။

ထိုအခါ အရှင်နာဂိတမထေရ်မြတ်က ဤသို့လျှောက်ထားတော်မူ၏---

မြတ်စွာဘုရား ... ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါဘုရား၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါဘုရား။ မြတ်စွာဘုရား ... ယခုအခါ၌ မြတ်စွာဘုရား၏ သည်းခံတော်မူရန်အချိန် ဖြစ်ပါသည်။ မြတ်စွာဘုရား ... ယခုအခါ၌ နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားများနှင့် အမျိုးသား အမျိုးသမီးတို့သည် မြတ်စွာဘုရား ကြွတော်မူလေရာရာ အရပ်သို့ စိတ်ညွတ်ကြကုန်လျက်သာလျှင် လိုက်ပါကြပါ ကုန်လိမ့်မည်။ မြတ်စွာဘုရား ...မိုးကြီးသည်းထန်စွာ ရွာသွန်းလတ်သော် နိမ့်ရှိုင်းရာအရပ်သို့ ရေတို့သည် စီးဆင်းကျကုန်သကဲ့သို့ မြတ်စွာဘုရား ဤဥပမာအတူသာလျှင် နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားများနှင့် အမျိုးသား အမျိုးသမီးတို့သည် မြတ်စွာဘုရား ကြွရောက်တော်မူ လေရာရာ အရပ်သို့ စိတ်ညွတ်ကုန်လျက်သာလျှင် လိုက်ပါကြပါလိမ့်မည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ --

မြတ်စွာဘုရား ... မြတ်စွာဘုရား၏ သီလတော် ပညာတော်သည် ထိုသို့ ကြီးမားတော်မူခြင်းကြောင့် ဖြစ်ပါသည် မြတ်စွာဘုရားဟု တင်ပြ လျှောက်ထားလေသည်။

ထိုအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူပြန်၏ --

နာဂိတ ... ငါဘုရားရှင်သည် အခြံအရံ အကျော်အစောနှင့် မဆက်ဆံလို၊ အခြံအရံ အကျော်အစောသည်လည်း ငါဘုရားရှင်နှင့်အတူ မဆက်ဆံပါစေလင့်၊ နာဂိတ ...ဤကာမဂုဏ်မှ ထွက်မြောက်မှု နေက္ခမ္မ ချမ်းသာ, (ပထမစျာန်, ဒုတိယစျာန်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ်မှု ပဝိဝေကချမ်းသာ, ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု ဥပသမချမ်းသာ, လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု သမ္ဗောဓချမ်းသာ -- ဤချမ်းသာသုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ မရရှိနိုင်သူသည် ထိုမစင်ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို သာယာခံစားလေရာ၏။

ကာမဂုဏ်မှ ထွက်မြောက်မှု နေက္ခမ္မချမ်းသာ, (ပထမစျာန်, ဒုတိယစျာန် တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ်မှု ပဝိဝေကချမ်းသာ, ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု ဥပသမချမ်းသာ, လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု သမ္ဗောဓချမ်းသာ -- ဤချမ်းသာသုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရရှိနေသော ငါဘုရားရှင်သည် ထိုမစင် ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစော ချမ်းသာကို အဘယ်မှာလျှင် သာယာခံစားနိုင်ပါအံ့နည်း။

နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်) တည်ကြည်သော စိတ်ဓာတ်ရှိလျက် ထိုင်နေသော ရွာနီးကျောင်းနေရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ... ထိုငါဘုရားရှင်အား ယခုအခါ၌ ဤရဟန်းကို အာရာမ်စောင့်ကဖြစ်စေ, သာမဏေကဖြစ်စေ, သီတင်းသုံးဖော် တစ်ဦးဦးကဖြစ်စေ ထိုသမာဓိမှ ရွေ့လျောစေလိမ့်မည်ဟု ဤသို့သော စိတ်အကြံအစည်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ထိုကြောင့် ထိုရဟန်းအား ရွာနီးကျောင်းဝယ် နေထိုင်မှုဖြင့် ငါဘုရားရှင်သည် နှစ်သက်တော်မမူပါ။

နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် တောထဲ၌ အိပ်ငိုက်လျက် ထိုင်နေသော တောကျောင်းနေရဟန်းကို တွေ့မြင်ရ၏။ နာဂိတ ထိုငါဘုရားရှင်အား ယခုအခါ၌ ဤရဟန်းသည် ဤအိပ်ချင် ငိုက်မျဉ်းခြင်းကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းမှုကို ပယ်ဖျောက်၍ တစ်ခုတည်းသော သဘောဖြစ်သည့် တောဟူသော အမှတ်သညာကိုသာလျှင် နှလုံးသွင်းလိမ့်မည်ဟု စိတ်အကြံအစည်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ထိုကြောင့် ထိုတောနေရဟန်းအား တောနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက် တော်မူ၏။

နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် တောထဲ၌ (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိမရှိသဖြင့်) မတည်ကြည်သော စိတ် ရှိသည်ဖြစ်၍ ထိုင်နေသော တောကျောင်းနေ ရဟန်းတစ်ပါးကို တွေ့မြင်ရ၏။ နာဂိတ ...ထိုငါဘုရားရှင်အား ယခုအခါ၌ ဤရဟန်းတော်သည်(ဥပစာရ- အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်) မတည်ကြည်သော စိတ်ကိုလည်း (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိသို့ ဆိုက်အောင် ပွားများခြင်းဖြင့်) တည်ကြည်စေ လိမ့်မည်၊ တည်ကြည်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်ဟု ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ... ထိုကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက် တော်မူ၏။

နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် တော်ထဲ၌ (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်) တည်ကြည်သော စိတ်ဓာတ် ရှိသည်ဖြစ်၍ ထိုင်နေသော တောကျောင်းနေရဟန်းတော်ကို တွေ့မြင်ရ၏။ နာဂိတ ... ထိုငါဘုရားရှင်အား ယခုအခါ၌ ဤရဟန်းတော်သည် ကိလေသာတို့မှ မလွတ်မြောက်သေးသော စိတ်ကိုလည်း လွတ်မြောက်စေလိမ့်မည်၊ ကိလေသာတို့မှ လွတ်မြောက်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်ဟု ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ... ထိုကြောင့် ထိုရဟန်းတော်အား တောကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက်တော်မူ၏။

နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် သင်္ကန်း-ဆွမ်း-ကျောင်း-သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း အသုံးအဆောင်တို့ကို ရလေ့ရှိသော ရွာနီးကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏။ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို အလိုရှိသည်ဖြစ်၍ တစ်ပါးထီးတည်း ကိန်းအောင်းမှုကို စွန့်လွှတ်ထား၏၊ ရွာနိဂုံးနှင့် ဝေးကွာသည့် အစွန် အဖျားကျသော တောကျောင်း တောင်ကျောင်းတို့ကို စွန့်လွှတ်ထား၏၊ ရွာနိဂုံး မင်းနေပြည်တော်သို့ ဝင်ရောက်ကာ နေထိုင်သီတင်းသုံး၏။ နာဂိတ ... ထိုကြောင့် ထိုရဟန်းအား ရွာနီးကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက်တော်မမူ။

နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် သင်္ကန်း-ဆွမ်း-ကျောင်း-သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း အသုံးအဆောင်တို့ကို ရလေ့ရှိသော တောကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏။ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို စွန့်ပယ်ရှား၍ တစ်ပါးထီးတည်း ကိန်းအောင်းခြင်းကို မစွန့်လွှတ်၊ ရွာနိဂုံးနှင့် ဝေးကွာသည့် အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့ကို မစွန့်လွှတ်၊ နာဂိတ ... ထိုကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက် တော်မူ၏။

နာဂိတ ... ငါဘုရားရှင်သည် အဓွန့်ရှည်သော လမ်းခရီးကို သွားသည်ရှိသော် ရှေ့မှဖြစ်စေ နောက်မှဖြစ်စေ တစ်စုံတစ်ယောက်ကိုမျှ မတွေ့မြင်ရသောအခါ ငါဘုရားရှင်အား အယုတ်ဆုံးအားဖြင့် ကျင်ကြီး ကျင်ငယ် စွန့်ရန်ပင် ချမ်းသာလှပေ၏ဟု မိန့်ကြားတော်မူ၏။ (အံ၊၂၊၂၉၉-၃၀၂။)

ဤကား အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ်၌ လာရှိသော နာဂိတသုတ္တန် ကောက်နုတ်ချက် ဖြစ်ပါသည်။ ဤသုတ္တန်ကို ကြည့်ခြင်းအားဖြင့် တောကျောင်း တောင်ကျောင်း၌ နေထိုင်သီတင်းသုံးကြကုန်သော တစ်ပါးထီးတည်း ကိန်းအောင်းတော်မူလေ့ရှိကုန်သော ရဟန်းတော်များကို ဘုရားရှင်သည် အလွန်နှစ်ခြိုက်တော်မူကြောင်းကို တွေ့ရှိရ၏။ အလားတူပင် အလောင်းတော်ဘဝကလည်း တောထွက်တော်မူကာ ရသေ့-ရဟန်းပြုပြီးလျှင် စျာန်-အဘိညာဏ် အစရှိသည့် ပါရမီမျိုးစေ့တို့ကို ဘဝပေါင်းများစွာ ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့လေသည်။ နောက်ဆုံးဘဝ၌လည်း ဥရုဝေလတောသို့ တောထွက်တော်မူကာ ဒုက္ကရစရိယကျင့်စဉ်ကို ခြောက်နှစ်ကြာအောင်ပင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့လေသည်။ နောက်ဆုံး ဒုက္ကရစရိယကျင့်စဉ်ကို စွန့်လွှတ်တော်မူပြီးနောက် မဇ္ဈိမပဋိပဒါအကျင့်လမ်းကို ပြောင်းရွှေ့ အားထုတ်တော်မူသည့်အခါ၌လည်း ထိုဥရုဝေလတောအုပ် အတွင်းမှာပင် ဆက်လက်ကာ သီတင်းသုံးတော်မူလျက် ကြိုးစားအားထုတ် တော်မူခဲ့လေသည်။

ထိုကဲ့သို့ အလောင်းတော်ဘဝကလည်း ဘဝပေါင်းများစွာ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ကာ တောထွက်တော်မူပြီးလျှင် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရရာရကြောင်း ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့၏၊ ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌လည်း တောထွက်တော်မူကာ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို အရယူတော်မူခဲ့ လေသည်။ ထိုကဲ့သို့ မိမိကိုယ်တော်တိုင် ဖြတ်သန်းခဲ့ရသည့် ဘဝတို့ကို ရဟန်းတော်များကိုလည်း အတုယူကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် စေလိုတော်မူသော ဆန္ဒတော်ဖြင့် ဤအယောဃရဇာတ်ဒေသနာတော်ကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။

ဤဇာတ်တော်၌ အယောဃရကုမာရ = သံအိမ်စံမင်းသားက သေခြင်းတရား မဆိုက်ရောက်လာမီ အို-နာ-သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ် ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူလို သည့်အတွက် ရသေ့-ရဟန်းပြုကာ တောထွက်လိုကြောင်းကို မယ်တော် ခမည်းတော်တို့အား တင်ပြထား၏။ ထိုတင်ပြချက်တို့ကား ယနေ့ တရားနာ ပရိသတ်တို့အတွက် ယနေ့ စာဖတ်ပရိသတ်တို့အတွက် အတုယူကာ လိုက်နာ ပြုကျင့်ရမည့် ဆိုဆုံးမစကားရပ်တို့ပင် ဖြစ်ကြပေသည်။ အယောဃရမင်းသား သတိသံဝေဂ ကြီးစွာ ရသကဲ့သို့ စာဖတ်ပရိသတ်တို့လည်းသတိသံဝေဂ ရကြကာ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုသည့် ကုသိုလ်ဆန္ဒဓာတ်များ မိမိတို့သန္တာန်၌ ကိန်းဝပ် လာသည်ဆိုပါက တရားဟောတိတ်ခွေမှ ကျမ်းစာအသွင်သို့ ပြောင်းကာ ဤကျမ်းစာကို ရေးသားရကျိုးနပ်ပေပြီဟု ဝမ်းမြောက်နေမည် ဖြစ်ပေသည်။

အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။

န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

ဧဝံ ဝိဟာရိံ အာတာပိံ၊ အဟောရတ္တမတန္ဒိတံ။

တံ ဝေ ဘဒ္ဒေကရတ္တောတိ၊ သန္တော အာစိက္ခတော မုနိ။ (မ၊၃၊၂၂၆။)

= ယနေ့ ပြုသင့်ပြုထိုက်သည့် သမထ-ဝိပဿနာဘာဝနာလုပ်ငန်းရပ် တို့ကို ယနေ့ပင် ပြုလုပ်ပါ၊ နက်ဖန် သဘက် သေမည်, ရှင်မည် ဤနှစ်လီကို မည်သူသိနိုင်ပါအံ့နည်း။ မှန်ပေသည် -- ငါတို့အား စစ်သည်ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနှင့် ဤနေ့ခါမူ သေအံ့ဟူ၍, ဤရက်ခါမူ သေအံ့ဟူ၍, ဤလခါမူ သေအံ့ဟူ၍, ဤနှစ်ခါမူ သေအံ့ဟူ၍ စာချုပ်စာတမ်း စာရွက်တို့နှင့် တကွ သဘောတူ ချိန်းချက်၍ ထားခြင်းမည်သည်ကား မရှိဧကန် မှန်လှ ပေ၏။ ထိုကြောင့် ယနေ့ ပြုသင့်ပြုထိုက်သည့် သမထ-ဝိပဿနာဘာဝနာ လုပ်ငန်းရပ်တို့ကို ယနေ့ပင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။

ဤသို့လျှင် နေ့ညဉ့်တို့ကာလပတ်လုံး ပျင်းရိငြီးငွေ့မှု မရှိဘဲ ကိလေသာ တို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော သမ္မပ္ပဓာန် လုံ့လဝီရိယရှိလျက် သမထ-ဝိပဿနာဘာဝနာတို့ကို အပြင်းအထန် ကြိုးစားအားထုတ် လျက်ရှိသော ထိုသူတော်ကောင်းကို စင်စစ်ဧကန် အမှန်အားဖြင့် ကိလေသာ အပူမီးတို့မှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးတော်မူပြီးသော မုနိထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်က ဘဒ္ဒေကရတ္တ = ကောင်းသော ညတစ်ည ရှိသောရဟန်းဟူ၍ ဟောကြားတော်မူအပ်ပါပေသည်။ (မ၊၃၊၂၂၆။)

နတ်ကုဝေရ, ယက္ခိန္ဒလည်း, ဒေါသသည်းဝှန်, ထက်သည့်မာန်ဖြင့်, ကုမ္ဘဏ်တို့ကို, မျက်တော်ငြို၍, ထိုခဏချင်း, မချုပ်လျင်းဘဲ, လက်တွင်းကိုင် ရှောင်း, လှင်ကန်တောင်းကို, သံချောင်းစကြာ, နတ်ဂဒါဖြင့်, တစ်ခါကြွတ်ကြွတ်, လွှတ်ကပြင်းထန်, ကြွင်းမကျန်အောင်, ကုမ္ဘဏ်တစ်ထွေ, သိန်းကုဋေကို, ဖြတ်ချွေဥက္ခောင်း, ဦးလည်တောင်းလျက်, လျင်ရှောင်းပြန်ကာ, လက်ရောက်လာ၏။ နယနာဝုဓ, ယမမည်ခေါ်, နတ်မင်းကျော်လည်း, မာန်တော် နှိပ်၍, တရိပ်မျက်စောင်း, ထိုးလိုက်ခြောင်းက, အသောင်းဆယ်ဆ, များလှ ကုဋေ, ရက္ခိုသ်တွေကို, ကျွမ်းကြေပြာဖြစ်, ဆားမီးချစ်သို့, ဖျစ်ဖျစ်မည်ထ, ပျောက်ပျက်ရ၏။ ထိုမျှခပင်း, တေဇာပြင်းသား, နတ်မင်းတို့လျက်, တန်ခိုးစက်နှင့်, လက်နက်မျိုးစုံ, စိုးရတုံလည်း, သုံးဘုံအရှင်, သေမင်းသျှင်ကို, ဘယ်တွင်ဘက်ပြိုင်, မဆိုင်ဝံ့ကြ, ထိုမှကျော်ဟိုး, အမျိုးမျိုးတည့်, တန်ခိုးမဟိဒ်, ပုညဇိဒ်နှင့်, ကမ္မဇိဒ်တဖြာ, ဝိဇ္ဇာမယိဒ်, ဣဒ္ဓိဝိဓ်ဖြင့်, ဂုဏ်ဟိတ်ထင်ရှား, လွန်ကြီးမားသား, နဂါးပနန်, သုပဏ်ဣန္ဒ, ဝသနိမ္မိတ်, ဟာရိတ်မဟာ, မိုးဗြဟ္မာက, သမ္မာသမ္ဗုဒ္ဓ, အဆုံးကျအောင်, သေကြမကြွင်း, သေစာရင်းနှင့်, သေမင်းငင်ကြလေကုန်စွ။ (မဃဒေဝ၊၃၅၆။)

ရှင်သေမင်းက လက်မဦးမီ မိမိတို့က အလျင်ဦးအောင် အတိတ်သံသရာ တစ်လျှောက်၌လည်းကောင်း, ယခု ပစ္စုပ္ပန်ဘဝ၌လည်းကောင်း, နောင်အနာဂတ်သံသရာခရီးသည် ထင်ရှားရှိနေသေးလျှင် ယင်းအနာဂတ်သံသရာ ခရီး၌ လည်းကောင်း အိုနာသေရေး ဒုက္ခဘေးမှ မလွတ်အောင် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်စေတတ်သည့် စွမ်းအင်ရှိကြကုန်သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကို အကြွင်းမဲ့ ပယ်ရှားနိုင်ရန်အတွက် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတို့ကို အယောဃရမင်းသားနှင့်တကွ ခုနစ်ပြည်ထောင်သော တိုင်းသူပြည်သား လူအများတို့ကို အတုယူကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ်...

သတ္တဝါတို့အပေါ်၌ အစဉ်သနားစောင့်ရှောက်တော်မူတတ်သော ဘုရားရှင်၏ မဟာကရုဏာတော်မြတ်ကို ပူဇော်လျက် ---

ဖားအောက်တောရဆရာတော်

သံအိမ်စံမင်းသား

(အယောဃရဇာတ် တရားဒေသနာတော်)

၁၃၅၆-ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ မော်လမြိုင်မြို့၊ သာယာကုန်း ဝတ်ကြီးစေတီတော်အတွင်း၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားတော်မူအပ်သော ဇာတကပါဠိတော် ဝီသတိနိပါတ်၌ လာရှိသော အယောဃရဇာတ် တရား ဒေသနာတော် ---

ဒီနေ့ဟောမယ့် ဒီအယောဃရဇာတ် တရားဒေသနာတော်က ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်ပေါ်လာရသလဲ?

ယမေကရတ္တိံ ပဌမန္တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော မဟာဘိနိက္ခမနညေဝ အာရဗ္ဘ ကထေသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၅။)

ယမေက ရတ္တိံ ပဌမန္တိ ဣဒံ = ယမေကရတ္တိံ ပဌမံ ဤသို့ အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်၍ ထားအပ်သော ဤအယောဃရဇာတ် တရား ဒေသနာတော်ကို။ သတ္ထာ = လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည်။ ဇေတဝနေ = ဇေတဝန်ကျောင်းတိုက်တော်၌။ ဝိဟရန္တော = သီတင်းသုံး စံနေတော်မူဆဲအခါ၌။ မဟာဘိနိက္ခမနညေဝ = မြတ်သော တောထွက်တော်မူခြင်းကိုသာလျှင်။ အာရဗ္ဘ = အကြောင်းပြု၍။ ကထေသိ = ဟောကြားတော်မူခဲ့လေပြီ။

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်

အယောဃရဇာတ် တရားဒေသနာတော် ဖြစ်ပေါ်လာပုံကို အဋ္ဌကထာက နိဒါန်းသွယ်ပြီး ပြောပြထားပါတယ်။ တစ်ချိန် မြတ်စွာဘုရားသခင် ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် ရဟန်းသံဃာ တော်အပေါင်းက ယခုလို စည်းဝေးညီမူရာ ဓမ္မာသနဓမ္မာရုံကြီးအတွင်းမှာ စုစည်းမိကြတဲ့ အချိန်အခါမှာ မြတ်စွာဘုရားရှင်ရဲ့ တောထွက်တော်မူခြင်းကို အကြောင်းပြုပြီးတော့ တရားစကားတွေ ဖြစ်ပေါ်နေကြတယ်။ ထိုတရား စကားတွေ ဖြစ်ပေါ်တော်မူခြင်းကိုပဲ အခြေခံပြီးတော့ မြတ်စွာဘုရားက ငါဘုရားရှင်သည် ယခုအခါမှသာ မြတ်သော တောထွက်ခြင်းဖြင့် တောထွက် တော်မူခဲ့သည် မဟုတ်သေး၊ ဟို ရှေးယခင် အလောင်းတော်ဘဝ ဖြစ်စဉ်တုန်းကလည်း ငါဘုရားသည် မြတ်သော တောထွက်တော်မူခြင်းဖြင့် တောထွက် တော်မူခဲ့ဖူးတယ်ဆိုပြီးတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်း ဖြစ်တဲ့ ဒီအယောဃရဇာတ် တရားဒေသနာတော်ကို မြတ်စွာဘုရားရှင် ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။

တစ်ချိန်မှာ ကာသိတိုင်း ဗာရာဏသီပြည်မှာ ဗာရာဏသီ ဘုရင်မင်းကြီး က ထီးဖြူအုပ်ချုပ် မင်းလုပ်တော်မူခဲ့ပါတယ်။ ဗာရာဏသီမင်းရဲ့ မိဖုရားကြီး ဝမ်းကြာတိုက်မှာ သားရတနာကလေး ကိုယ်ဝန်တည်ပြီးတော့ ဖွားမြင်လာတယ် ဆိုကြစို့၊ ဖွားမြင်လာတဲ့ အချိန်အခါမှာ ဘီလူးမတစ်ယောက်က လာပြီးတော့ စားသွားတယ်။ ဘာကြောင့် ဒီဘီလူးမက ဒီလို ကလေးကို လာစားနေ ရသလဲဆိုတော့ ရှေးအတိတ်ဘဝတစ်ခုမှာ မိဖုရားကြီးနဲ့ ဒီဘီလူးမတို့က လင်တူအိမ်ရှင်မများ ဖြစ်ခဲ့ကြပါတယ်။ မိဖုရားကြီးအလောင်းဖြစ်တဲ့ အမျိုးကောင်းသမီးက သားရတနာကလေး ရရှိတယ်။ ဘီလူးမအလောင်းဖြစ်တဲ့ အမျိုးသမီးကတော့ သားရတနာ မရရှိ ဖြစ်နေတယ်။ ဒီလို သားရတနာ ရရှိမှု, မရရှိမှုကို အခြေခံပြီးတော့ တစ်ဦးနဲ့တစ်ဦး မကျေနပ်မှုတွေက ပွားလာ ကြတယ်။ ပွားလာတဲ့ အချိန်အခါမှာ သားမရတဲ့ ဘီလူးမအလောင်းဖြစ်တဲ့ အမျိုးသမီးက ဘာဆုတောင်းသလဲ?

တဝ ဇာတံ ဇာတံ ပဇံ ခါဒိတုံ လဘိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၅။)

တဝ = သင်၏။ ဇာတံ ဇာတံ ပဇံ = မွေးဖွားလာတိုင်း မွေးဖွားလာ တိုင်းသော သားကို။ ခါဒိတုံ = ခဲစားအံ့သောငှာ။ လဘိဿာမိ = အခွင့်အရေးကို ရရလိုပါ၏။

သင့်သားတွေ မွေးလာတိုင်း မွေးလာတိုင်း ငါ စားနိုင်ရလိုပါ၏ ဆိုပြီးတော့ ဒီဆုကို သူက တောင်းတယ်။ အဲဒီ ဆုတောင်းအားလျော်စွာ တစ်ဦးက ဗာရာဏသီမင်းရဲ့ အဂ္ဂမဟေသီ မိဖုရားကြီး လာဖြစ်တယ်၊ တစ်ဦးကတော့ ဘီလူးမ ဖြစ်နေပါတယ်။ သူ့ရဲ့ ဆုတောင်းအားလျော်စွာ သူပြုစု ပျိုးထောင်ခဲ့တဲ့ ကံကလေးက အောင်မြင်မှု ရရှိလာတဲ့ အချိန်အခါမှာ မိဖုရားကြီးက သားရတနာတစ်ဦး မွေးဖွားတဲ့အခါ မိဖုရားကြီးက သားရတနာကို ကြည့်ရှု နေစဉ်မှာပဲ ကြောက်မက် ရွံရှာစက်ဆုပ်ဖွယ် ရုပ်အဆင်းကို ဖန်ဆင်းကာ လာရောက်ပြီး သားရတနာကလေးကို လုယူကာ ထွက်ပြေးသွားတယ်။ မိဖုရား ကြီးကလည်း ဘီလူးမ ... ငါ့သားကို ယူပြေးပြီဆိုပြီး အော်ဟစ်ပါတယ်။ ဒါပေမယ့် ဘီလူးမက ကြာစွယ် ကြာရင်းကို ဝါးစားသလို ဝါးစားပြီးတော့ ဘီလူးမက မိဖုရားကြီးကိုလည်း ကြောက်မက်ဖွယ် လက်ခြေအမူအရာ အမျိုးမျိုးတွေ, အသံအမျိုးမျိုးတွေကို ထင်ရှားပြပြီးတော့ မိဖုရားကြီးအား ခြိမ်းခြောက်ကာ ထွက်ခွာသွားပါတယ်။ ရှင်ဘုရင်ကြီးကလည်း ဒီအကြောင်းကို ကြားလိုက်တဲ့အခါ ဘီလူးမကို ဘာလုပ်နိုင်တော့မှာလဲဆိုပြီး ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။ နောက်ထပ်တစ်ကြိမ် မိဖုရားကြီး ကိုယ်ဝန် တည်ပြန်တယ်၊ ကိုယ်ဝန်ကို အစောင့်အရှောက်တွေ ပေးထားပါတယ်။ သို့သော်လည်း မွေးဖွား လာတဲ့ အချိန်အခါမှာ ဒုတိယသားရတနာကိုလည်း တစ်ဖန် လာပြီး ဒီ ဘီလူးမက စားသွားပြန်တယ်။ တတိယအကြိမ် ရောက်လာပါတယ်။

တတိယအကြိမ်မှာတော့ ဒီမိဖုရားကြီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ စွဲပိုက်တည်နေတဲ့ ပုဂ္ဂိုလ်က ဘုရားအလောင်းတော် သူတော်ကောင်းတစ်ဦး ဖြစ်နေပါတယ်။ ဘုရားအလောင်းတော်တို့ရဲ့ ဘုန်းကံကြောင့် ရှင်ဘုရင်ကြီးလည်း မနေနိုင်တော့ဘူး။ တိုင်းသူပြည်သား လူအများကို စည်းဝေးစေပြီးတော့ လူထုအစည်းအဝေးကြီးတစ်ခု ကျင်းပပါတယ်။ မိဖုရားကြီးမှာ မွေးလာတိုင်း မွေးလာတိုင်း သားရတနာတွေကို ဘီလူးမက လာပြီးတော့ စားနေပြီ၊ ဒါကြောင့် ဒီဘီလူးမ မစားရအောင် နောက်ထပ် ပဋိသန္ဓေ စွဲပိုက်တည်နေတဲ့ ဒီကိုယ်ဝန် သားရတနာကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်သင့်တယ်ဆိုတာကို အကြံဉာဏ်များပေးဖို့ ရှင်ဘုရင်ကြီးဘက်က တင်ပြ တောင်းဆိုပါတယ်။ အဲဒီ အချိန်အခါမှာ တချို့ ပုဂ္ဂိုလ်တွေက ဘယ်လို အကြံဉာဏ်တွေ ပေးကြသလဲ?

သံနှောင်အိမ်ကြီး

အရှင်မင်းမြတ် ဘီလူးတို့မည်သည်မှာ ထန်းရွက်ကို သိပ်ပြီး ကြောက် ကြပါတယ်။ ဒါကြောင့် မိဖုရားကြီးရဲ့ ခြေထောက်တွေ လက်တွေ စသည်ဖြင့် ထိုထို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ထန်းရွက်တွေကို ချည်ပေးသင့်တယ် ဆိုပြီး အကြံဉာဏ်ပေးကြတယ်။ တချို့ပုဂ္ဂိုလ်တွေကတော့ ဘယ်လို အကြံ ဉာဏ်ပေးကြသလဲဆိုတော့ အရှင်မင်းမြတ် ဘီလူးတွေဟာ သံနှောင်အိမ်ကို သိပ်ပြီးတော့ ကြောက်ကြပါတယ်။ ဒါကြောင့် မိဖုရားကြီးအတွက် သားရတနာ မွေးဖွားနေတဲ့ အချိန်အခါမှာ သံနှောင်အိမ်တစ်ခု လိုအပ်ပါတယ်ဆိုပြီး ဒီလို အကြံဉာဏ်ပေးကြတယ်။ အဲဒီ အကြံပေးချက်အတိုင်းပဲ ရှင်ဘုရင်ကြီးကလည်း သဘောကျတာနဲ့ ဒီလိုဆိုလျှင်တော့ သားရတနာ မွေးဖွားဖို့ရန် အတွက် သံနန်းတော်ကြီး (= သံနှောင်အိမ်ကြီး)တစ်ခု ပြုလုပ်စေဆိုပြီးတော့ မိမိရဲ့ တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ ပန်းပဲသမားတွေကို အမိန့်ချမှတ်လိုက်ပါတယ်။ အာယုတ္တကပုရိသခေါ်တဲ့ ပစ္စည်းဘဏ္ဍာတော်ထိန်း (= ဘဏ္ဍာရေး ဝန်ကြီး)ကိုလည်း ဆောက်လုပ်ရန် တာဝန်လွှဲအပ်ပေးလိုက်တယ်။ ဘဏ္ဍာရေး ဝန်ကြီး ဦးဆောင်နေတဲ့ တိုင်းသူပြည်သားတွေလည်း မြို့အတွင်းမှာပဲ မွေ့လျော်ဖွယ်ကောင်းတဲ့ မြေနေရာတစ်ခုကို ရွေးချယ်ပြီး သံနှောင်အိမ်ကြီး (= သံနန်းတော်ကြီး) တည်ဆောက်လိုက်တာ ကိုးလကြာသွားပါတယ်။

အယောဃရမင်းသား မွေးဖွားပြီ

ကိုးလကြာတော့ သံနှောင်အိမ်ကြီး ပြီးသွားပြီ ဆိုကြစို့၊ သံနှောင်အိမ်ကြီး ပြီးသွားတဲ့ အချိန်အခါမှာ မိဖုရားကြီးရဲ့ ကိုယ်ဝန်ကလည်း ရင့်ကျက်လာပြီ ဖြစ်တဲ့အတွက် ဒီသံနှောင်အိမ်ကြီးကို တန်ဆာဆင်စေပြီးတော့ မိဖုရားကြီးကို သံနှောင်အိမ်ထဲ သွင်းခေါ်သွားကြတယ်။ မိဖုရားကြီးကို သံနှောင်အိမ်ထဲမှာပဲ နေစေပြီးတော့ ထိုသံနှောင်အိမ်အတွင်းမှာပဲ သားရတနာကို မွေးဖွားစေပါတယ်။ ချမ်းချမ်းသာသာဖြင့် မွေးဖွားပြီး လာခဲ့ရတယ်။ သားရတနာကလေး မွေးဖွားပြီးတဲ့အချိန်မှာ နို့ထိန်းတို့လက်မှာ သားရတနာကို အပ်ပြီးတော့ မိဖုရားကြီးလည်း နန်းတော်ကို ပြန်လာခဲ့ပါတယ်။ ထိုအချိန်အခါမှာ ဘီလူးမက ဘယ်လို ဖြစ်နေသလဲဆိုတော့ ဝေဿဝဏ်နတ်မင်းကြီးကို သွားပြီးတော့ ရေကြည်တော် ဆက်သနေရတဲ့အလှည့်နဲ့ ကြုံနေပါတယ်။

အဲဒီလို ရေကြည်တော် ဆက်သရမယ့်အလှည့်မှာပဲ ဒီဘီလူးမကလည်း သက်တမ်းကုန်သဖြင့် ဘဝတစ်ပါး ပြောင်းသွားရှာပါတယ်။ ဘဝတစ်ပါး ပြောင်းသွားရှာတဲ့အတွက် ဘီလူးမရဲ့ အနှောင့်အယှက် ရန်ကတော့ လွတ်သွားပြီ၊ ဒါပေမယ့်လို့ ဘီလူးမရဲ့ အနှောင့်အယှက်ရန် ရှိလိမ့်ဦးမယ်ဆိုတဲ့ အထင်ဖြင့် သားရတနာကို ဒီသံနှောင်အိမ်အတွင်းမှာပဲ ဆက်ပြီး ထားပါတယ်။ သံနှောင်အိမ်အတွင်းမှာ ထားပြီးတော့ အတတ်ပညာဟူသမျှကို အကုန်လုံး သင်ပေးတယ်။ မင်းသားတို့တတ်အပ်တဲ့ အတတ်ပညာတွေသာမက သံသရာဝဋ်ဆင်းရဲဒုက္ခနဲ့ ဆက်စပ်နေတဲ့ အတတ်ပညာတွေပါ သင်ပေး တယ်လို့ပဲ ယူဆရပါတယ်။

၁၆-နှစ်အရွယ်သို့ ရောက်ရှိလာခြင်း

သို့သော် သင်ပေးနေတဲ့ ဆရာသမားတွေက အလွန် အမြင်ကျယ်တဲ့ ဆရာသမားတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ဒီလို ဆရာသမားတွေက အတတ်ပညာတွေကို သင်ကြားပေးပြီးတဲ့ အချိန်အခါမှာ မင်းသား ကလေးလည်း (၁၆)နှစ်အရွယ် ရောက်ရှိလာပါတယ်။ အချိန်တန် အရွယ်ရောက်လာတဲ့ အချိန်အခါမှာ ရှင်ဘုရင်ကြီးကလည်း မိမိရဲ့ သားရတနာ၏ အခြေအနေ အရပ်ရပ်အား မှူးကြီးမတ်ရာတွေကို လှမ်းပြီးတော့ မေးမြန်းပါတယ်။ ထိုအခါမှာ မှူးကြီးမတ်ရာတွေကလည်း အရှင်မင်းမြတ် အရှင်မင်းမြတ်ရဲ့ သားရတနာဟာ (၁၆)နှစ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အလွန်ရဲရင့်တဲ့ ကိုယ်အား, ဉာဏ်အား စွမ်းပကားတွေနှင့် ပြည့်စုံ နေတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နေပါပြီ။ ဘီလူးမတစ်ယောက်ကို မဆိုထားဘိ ဘီလူးမ အထောင်ကိုသော်လည်း ချေမှုန်းဖျက်ဆီးနိုင်တဲ့ ကာယအား, ဉာဏအားဆိုတဲ့ စွမ်းအားတွေနဲ့ ပြည့်စုံနေပါပြီဘုရား ...စသည်ဖြင့် သံတော် ဦးတင်ကြတယ်။

အဘိသိက်ခံရန်

ဒီလို သံတော်ဦးတင်လိုက်တဲ့ အချိန်အခါမှာ ရှင်ဘုရင်ကြီးကလည်း အင်မတန် သဘောကျကျေနပ်တဲ့အတွက် ကဲ-ဒီလိုဆိုလျှင် ဗာရာဏသီမြို့ကို တန်ဆာဆင်စေ၊ ဗာရာဏသီမြို့ကို တန်ဆာဆင်ပြီးတဲ့ အချိန်အခါမှာ သားရတနာကို တန်ဆာဆင်ပြီး ဗာရာဏသီမြို့ကို လက်ျာရစ် လှည့်စေ၊ လှည့်ပြီးတဲ့ အချိန်အခါမှာ ဒီသားရတနာကို ဒီနေ့ပဲ ထီးဖြူဆောင်းပြီးတော့ အဘိသိက် သွန်းစေ၊ မင်းအဖြစ် တင်မြှောက်စေဆိုပြီးတော့ အမိန့်ချလိုက်ပါတယ်။ ဒီလို အမိန့်ချတဲ့အတိုင်းပဲ မှူးကြီးမတ်ရာတွေကလည်း ဗာရာဏသီပြည်ကို တန်ဆာ ဆင်ပြီးတဲ့ အချိန်အခါမှာ မင်းသားကလေးကိုလည်း တန်ဆာဆင်ပြီးတော့ သံနှောင်အိမ်ကနေ ထုတ်ပြီး အသင့်ပြင်ဆင်ထားတဲ့ မင်္ဂလာဆင်တော် ကျောက်ကုန်းထက်မှာ တင်ပြီးတော့ အရှင်မင်းသား ... အမျိုးအနွယ်ရဲ့ ဥစ္စာဖြစ်တဲ့ တန်ဆာဆင်ထားတဲ့မြို့ကို လက်ျာရစ်လှည့်ပြီးတဲ့အခါ ကာသိတိုင်းရှင် ခမည်းတော် ဘုရင်မင်းမြတ်ကြီးကို ရှိခိုးပါ၊ ယနေ့ပဲ ထီးဖြူကို ရရှိပါလိမ့်မယ်လို့ တင်ပြ လျှောက်ထားပြီးနောက် ဗာရာဏသီမြို့ကို လက်ျာရစ် လှည့်ပြီး ပြသကြပါတယ်။

ဒီလို ဗာရာဏသီမြို့ကို လက်ျာရစ်လှည့်ပြီး ပြသလိုက်တဲ့ အချိန်အခါ မှာတော့ မင်းသားကလေးကလည်း ဗာရာဏသီမြို့ကို မြင်လိုက်ရတဲ့ အချိန်အခါမှာ အင်မတန် အံ့ဩသွားတယ်။ (၁၆)နှစ်တို့ ကာလပတ်လုံး ဒီလောက် မွေ့လျော်ဖွယ်ကောင်းနေတဲ့, မြေညီညာနေတဲ့, အဆောက်အဦးတွေ, ဘုံဗိမာန်တွေ, ဥယျာဉ်တွေ, ရေကန်တွေ အသွယ်သွယ်တို့နဲ့ ပြည့်စုံပြီးတော့ အင်မတန် လှပတင့်တယ်နေတဲ့ ဒီဗာရာဏသီမြို့ကြီးကို ငါ တစ်ခါမှ မမြင်ခဲ့ရ ပါလားဆိုပြီး စိတ်ထဲမှာ အင်မတန် အံ့ဩသွားတယ်။ ဒီလို အံ့ဩမိတဲ့အတွက် မှူးကြီးမတ်ရာ သေနာပတိတွေကို သူက မေးတယ်။ ဘယ်လို မေးသလဲ? ငါ့ရဲ့ ဖခမည်းတော်ဟာ ဤမျှ (၁၆)နှစ်တာ အချိန်ကာလပတ်လုံး သံနှောင်အိမ်ထဲမှာ ငါ့ကို ဘာကြောင့် သွတ်သွင်းပြီး ထားရတာလဲ၊ ဒီလောက် လှပ တင့်တယ်နေတဲ့ ဗာရာဏသီမြို့ကြီးကို မြင်ခွင့်တောင် တစ်ခါမှ မပေးခဲ့ဘူး။ ငါ့မှာ ဘယ်လို အပြစ်တစ်စုံတစ်ရာ ထင်ရှားရှိနေလို့ ဒီလို သံနှောင်အိမ်ထဲမှာ ချထားရတာလဲ စသည်ဖြင့် ဒီလို မေးမြန်းတယ်။

ဒီအချိန်အခါမှာ မှူးကြီးမတ်ရာတွေလည်း အရှင်မင်းသား ... အရှင်မင်းသားမှာ ဘာအပြစ်မှ မရှိပါဘူး၊ အရှင်မင်းသားရဲ့ နောင်တော်နှစ်ဦး မွေးဖွားခဲ့ဖူးပါတယ်၊ ထိုနောင်တော်နှစ်ဦးကို ဘီလူးမက လာပြီးတော့ ခဲစား သွားပါတယ်၊ ဒါကြောင့် အရှင်မင်းသားကို ဘီလူးမရဲ့ ရန်မှ လွတ်ပါစေခြင်း အကျိုးငှာ ရည်ရွယ်တောင့်တပြီးတော့ ဖခမည်းတော်မင်းကြီးက သံနှောင်အိမ်ထဲမှာ အရှင်မင်းသားကို နေထိုင်စေခြင်း ဖြစ်ပါတယ်၊ သံနှောင်အိမ်ထဲ မှာပဲ မွေးဖွားစေခဲ့ပါတယ်၊ သံနှောင်အိမ်ထဲမှာပဲ အတတ်ပညာအရပ်ရပ်ကို သင်ကြားစေခဲ့ပါတယ်။ ဒီသံနှောင်အိမ်ကို အကြောင်းပြုပြီးတော့ အရှင်မင်းသားလည်း အသက်ရှင်ခွင့် ရရှိခဲ့ပါတယ် စသည်ဖြင့် ဒီလို သံတော်ဦးတင် ကြတယ်။ ဒီလို သံတော်ဦးတင်လိုက်တဲ့ အချိန်အခါမှာ မင်းသားကလေးက စဉ်းစားပြီ၊ ဘယ်လို စဉ်းစားသလဲ?

အယောဃရမင်းသား၏ စဉ်းစားခန်း

သူ့ကို သံနှောင်အိမ်ကနေ အပြင်ဘက်ကို ခေါ်ဆောင်လာစဉ် အချိန်အခါတုန်းက မှူးကြီးမတ်ရာတွေက မင်းစည်းစိမ်ဖြင့် ဒီနေ့ တင်မြှောက်မယ်၊ ဖခမည်းတော်ကို ရှိခိုးပြီးတော့ ထီးဖြူဆောင်းတော်မူပါဆိုပြီး ဒီလို လျှောက်ထားပြီးတော့ အပြင်ကို ခေါ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီနေရာမှာ သူက နည်းနည်းကလေး စဉ်းစားတယ်။ ဘယ်လို စဉ်းစားသလဲ?

ငါဟာ (၁၀)လတို့ ကာလပတ်လုံး လောဟကုမ္ဘီငရဲနှင့်လည်း တူနေတဲ့, မစင်ဘင်ပုတ်ငရဲနှင့်လည်း တူနေတဲ့ မိခင်ဝမ်းထဲမှာ (၁၀)လတို့ ကာလပတ်လုံး နေထိုင်ခဲ့ရတယ်။ မိခင်ရဲ့ ဝမ်းကြာတိုက်မှ ထွက်ခဲ့သော်လည်း (၁၆)နှစ်တို့ ကာလပတ်လုံး ဒီသံနှောင်အိမ်ကြီးထဲမှာပဲ ငါဟာ ဆက်လက်ပြီးတော့ နေထိုင် ရပြန်တယ်။ အပြင်ကို နည်းနည်းကလေးမှ ကြည့်ခွင့်တောင် မရခဲ့ဘူး။ ဥဿဒငရဲထဲမှာ ဝင်ပြီးတော့ ငရဲခံနေရတာနဲ့ သိပ်တူပါတယ်။

ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... သားတော်ဟာ ဘီလူးမရဲ့ ဘေးရန်က လွတ်မြောက်ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် အိုခြင်းတရားမှ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး၊ နာခြင်းတရားမှ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး၊ သေခြင်းတရားမှလည်း ဘယ်တော့မှ မလွတ် မြောက်နိုင်ဘူး၊ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို မည်သည့်သတ္တဝါ တစ်ဦးတစ်ယောက်မျှ အနိုင်ယူဖို့ရန်အတွက် မစွမ်းနိုင်ပါဘူး။ သားတော်သည် ဘဝကြီးငယ်အသွယ်သွယ်မှာ ငြီးငွေ့နေပါတယ်။ ဒါကြောင့် အိုနာသေရေး ဒုက္ခဘေးတို့ သားတော်ထံသို့ မဆိုက်ရောက်လာမီ အချိန်အခါအတွင်းမှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်။ ဒါကြောင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ရန်အတွက် သားတော် အလိုမရှိပါဘူး။ သားတော်ကို ရသေ့ ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါ စသည်ဖြင့် လျှောက်ထားပြီးတဲ့ အချိန်အခါမှာ မယ်တော်, ခမည်းတော် အမှူးရှိနေတဲ့ မှူးကြီး မတ်ရာ သေနာပတိ အစရှိနေတဲ့ တိုင်းသူပြည်သားတွေကို (၂၄)ဂါထာတို့ဖြင့် တရားဓမ္မ ဟောကြားပြသပေးတော်မူပါတယ်။

အယောဃရမင်းသားကလေးက မိဘတွေကို ဦးတည်ပြီးတော့ ဟောကြားပြသနေတဲ့ တရားဒေသနာတော်ကို ဒီနေ့ တရားနာပရိသတ်တို့ကို ဘုန်းကြီးက တစ်ဆင့် ပြန်ပြီး ဟောဖို့ ရည်ရွယ်ထားပါတယ်။ သို့သော်လည်း တရားတော်ကို နာယူတဲ့ အချိန်အခါမှာ ဘုန်းကြီးက ဟောနေတယ်လို့ အာရုံ မယူဘဲ တို့ကို အယောဃရမင်းသားကလေးက တရားတော်တွေကို ဟောကြားပြသပေးနေတာပဲလို့ ဒီလို အာရုံယူပြီးတော့ နာယူနိုင်မယ်ဆိုလျှင်တော့ ပိုပြီး အကျိုးကြီးမားလိမ့်မယ်လို့ ဘုန်းကြီးလည်း မျှော်လင့်ပါတယ်။

ဒါကြောင့် အယောဃရမင်းသားကလေးက မယ်တော်, ခမည်းတော် အမှူးရှိတဲ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား ဟောကြား ပြသနေတဲ့ တရားတော်ကို စတင်ပြီး နာကြားကြည့်ကြရအောင် ---

မွေးခြင်းမှ သေခြင်းသို့

၁။ ယမေကရတ္တိံ ပဌမံ၊ ဂဗ္ဘေ ဝသတိ မာဏဝေါ။

အဗ္ဘုဋ္ဌိတောဝ သော ယာတိ၊ သ ဂစ္ဆံ န နိဝတ္တတိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၇။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ယံ = ယော မာဏဝေါ = အကြင် သတ္တဝါသည်။ ဧကရတ္တိံ = တစ်ခုသော ညဉ့်အခါ၌။ ပဌမံ = ရှေးဦးစွာ။ ဂဗ္ဘေ = မိခင်၏ ဝမ်းကြာတိုက်၌။ ဝသတိ = ပဋိသန္ဓေ အားဖြင့် ကပ်ရောက် တည်နေရပေ၏။ တဿံ ရတ္တိံ = ထိုညဉ့်အချိန်အခါ ကာလ၌။ သော မာဏဝေါ = ထိုသတ္တဝါသည်။ အဗ္ဘုဋ္ဌိတောဝ = တက်ပြီးသော တိမ်တိုက်ကဲ့သို့။ ဟုတွာ = ဖြစ်၍။ ပဋိသန္ဓိက္ခဏတော = ဘဝတစ်ခု၌ ရှေးဦးအစ ခဏဟုခေါ်ဆိုအပ်သော ပဋိသန္ဓေခဏမှ။ ပဋ္ဌာယ = စ၍။ မစ္စုဝသံ = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏ အလိုနိုင်ငံသို့။ ယာတိ = လိုက်ပါ၍ နေရပေ၏။ = သော မာဏဝေါ = ထိုသတ္တဝါသည်။ ဧဝံ = ဤသို့။ ဂစ္ဆံ ဂစ္ဆန္တော = သေမင်းထံသို့ သွားနေရသည်ရှိသော်။ န နိဝတ္တတိ = နောက်ကြောင်းသို့ တစ်ဖန်ပြန်၍ လှည့်လည်နိုင်ရိုးဓမ္မတာ မရှိပါပေ။ အညဒတ္ထု = တကယ်စင်စစ်အားဖြင့်။ မရဏမေဝ = ရှင်သေမင်း၏ အထံသို့ သာလျှင်။ ဥပဂစ္ဆတိ = ကပ်ရောက်၍ သွားနေရပေ၏။

ရှေးဦးစွာ ညဉ့်တစ်ညဉ့် ဆိုကြစို့၊ ညဉ့်တစ်ညဉ့်လို့ ပြောရတာက သတ္တဝါ တွေသည် ပဋိသန္ဓေ စွဲပိုက်တည်နေတဲ့ အချိန်အခါမှာ များသောအားဖြင့် ညဉ့်အခါမှာပဲ ပဋိသန္ဓေ တည်နေလေ့ရှိတဲ့အတွက်ကြောင့် ဒီလို ညဉ့်အခါ ဆိုပြီး ဖော်ပြခြင်း ဖြစ်တဲ့အကြောင်း အဋ္ဌကထာက ရှင်းထားတယ်။ (ဇာတက၊ဋ္ဌ၊၄၊၅၀၁။)

ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... သတ္တဝါတွေဟာ တစ်ခုသော ညဉ့်အခါမှာ ပဋိသန္ဓေ စွဲပိုက်ပြီး မိခင်ရဲ့ ဝမ်းကြာတိုက်မှာ တည်နေကြရပါတယ်။ ဒီလို တည်နေတဲ့ သတ္တဝါတွေကို ကြည့်လိုက်မယ်ဆိုလျှင် တက်ပြီးတဲ့ တိမ်တိုက်လိုပဲ ဘဝတစ်ခုရဲ့ ရှေးဦးအစ ခဏလို့ ခေါ်ဆိုအပ်တဲ့ ပဋိသန္ဓေခဏမှ စပြီး သေမင်းရဲ့ အလိုနိုင်ငံသို့ တရွေ့ရွေ့နဲ့ သွားနေကြရပါတယ်။

တိမ်တိုက်ပမာ

တိမ်တိုက်တစ်ခု ဆိုကြစို့၊ ကောင်းကင်မှာ တိမ်တိုက် အစိုင်အခဲကြီးတစ်ခု ဖြစ်ပေါ်လာပြီ။ ထိုဖြစ်ပေါ်လာတဲ့ တိမ်တိုက်အစိုင်အခဲကြီးကို လေပြင်း မုန်တိုင်းက တိုက်ခတ်လိုက်ပြီ ဆိုကြစို့၊ လေပြင်းမုန်တိုင်းက တိုက်ခတ်လိုက်တဲ့ အချိန်အခါမှာ ဒီတိမ်တိုက်ကြီးသည် ရွေ့လျားသွားပြီဆိုတဲ့အခါ နောက်ထပ် တစ်ဖန် မိမိ မူလနေရာကို ပြန်သွားမယ်ဆိုလျှင် မဖြစ်တော့ဘူး။ လေပြင်း မုန်တိုင်းက ရိုက်ခတ်လိုက်လို့ တိမ်တိုက်သည် အစိုင်အခဲတွေ ကွဲအက်ပြိုပျက် သွားပြီဆိုလျှင်တော့ ပျက်စီးသွားတဲ့အတိုင်းသာ တည်နေကြပါတယ်။ နောက်ထပ်တစ်ဖန် ပြန်ပြီး မူလတည်ရှိနေတဲ့ တိမ်တိုက်အစိုင်အခဲအတိုင်း ပြုပြင် ပြောင်းလဲဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။

ဒီပုံစံအတိုင်းပဲ သတ္တဝါတစ်ဦးဟာ ပဋိသန္ဓေ တည်နေတဲ့ အချိန်အခါ ကနေ စပြီးတော့ သေမင်းဘက်ကို တရွေ့ရွေ့ သွားနေရပါတယ်။ ဒီလို သွားနေရတဲ့ အချိန်အခါမှာလည်း ရှေးဦးအစ ကလလရေကြည်အဖြစ်နဲ့ (၇)ရက်လောက် တည်နေရတယ်။ ဒီလို ကလလရေကြည်အဖြစ်နဲ့ (၇)ရက်လောက် တည်နေပြီးတဲ့ အချိန်အခါမှာ (၇)ရက်လောက်ကျော်တော့ အမြှုပ်ကလေး ဖြစ်သွားပါတယ်။ အမြှုပ်ကလေးအဖြစ်နဲ့ (၇)ရက်လောက် တည်နေပြီးတဲ့ အချိန်အခါ နောက်ထပ် (၇)ရက်လောက်ကြာတော့ ဒီအမြှုပ်ကလေးကနေ ပြောင်းလဲပြီးတော့ အသားစိုင်ကလေး ဖြစ်သွားပါတယ်။ အဲဒီ အသားစိုင် ကလေးအဖြစ်နဲ့ (၇)ရက်လောက် တည်နေပြီး နောက်ထပ် (၇)ရက်လောက် ကြာတဲ့ အချိန်အခါမှာ အသားတုံးကလေး ဖြစ်သွားပါတယ်။ အဲဒီ အသားတုံး ကလေးအဖြစ်နဲ့ (၇)ရက်လောက် တည်ပြီးတဲ့နောက် နောက်ထပ် (၇)ရက်လောက်ကြာတဲ့ အချိန်အခါမှာ ခက်မငါးဖြာ ပေါ်လာပါတယ်။ လက်နှစ်ဘက်, ခြေနှစ်ဘက်, ခေါင်းဆိုတဲ့ အင်္ဂါကလေးတွေ ပေါ်လာပါတယ်။ ဒီလို ပေါ်လာပြီးတဲ့ အချိန်အခါမှာ တစ်ဆင့်တက်ပြီးတော့ တဖြည်းဖြည်း ခြေသည်းတွေ, လက်သည်းတွေ, ဆံပင်တွေ, မွေးညင်းတွေ တဖြည်းဖြည်း ပေါ်လာကြပါတယ်။ ဒီလို ပေါ်လာတဲ့ အချိန်အခါမှာ မိခင်ဖြစ်သူရဲ့ သားအိမ်မှာ ဆက်သွယ်နေတဲ့ ကလေးသူငယ်ရဲ့ ချက်ကြိုးကနေ တစ်ဆင့် မိခင် စားမျို လိုက်တဲ့ အစာအာဟာရတွေသည် ဒီကလေးသူငယ်၏ ခန္ဓာအိမ်အတွင်းသို့ တဖြည်းဖြည်း ပြန့်သွားပါတယ်။ ပြန့်သွားရာကနေ နောက်ဆုံး စက္ခုအကြည် စတဲ့ အကြည်ဓာတ် ရုပ်တရားတွေ တဖြည်းဖြည်း ထင်ရှား ဖြစ်ပေါ်လာလိုက်တာ နောက်ဆုံး ဣန္ဒြေတွေ ပြည့်စုံတဲ့အဆင့်သို့ ရောက်ရှိသွားပါတယ်။

ဒီလို ဣန္ဒြေတွေ ပြည့်စုံတဲ့အဆင့် ရောက်ရှိပြီးလို့ (၉)လ သို့မဟုတ် (၁၀)လ ရံခါ (၇)လပြည့်လို့ ရင့်ကျက်လာတဲ့ အချိန်အခါမှာ မိခင်ရဲ့ ဝမ်းကြာ တိုက်မှ မွေးဖွားထွက်မြောက်လာခဲ့ရပါတယ်။ ဒီလို မွေးဖွားပြီးတဲ့ အချိန်အခါ မှာလည်း ပထမအရွယ်, ဒုတိယအရွယ် စသည်ဖြင့် အရွယ်တွေ အဆင့်ဆင့် ပြောင်းလဲပြီး သွားရပြန်ပါတယ်။ ဒီလို အမြဲမပြတ် ပြောင်းလဲသွားတဲ့ အစဉ် အတိုင်း ရှိနေရာမှာ အမြှုပ်စိုင်ကလေးအဆင့်ကို ရောက်ရှိနေတဲ့ သတ္တဝါဟာ ကလလရေကြည်အဆင့်ကို ပြန်သွားမယ်ဆို သွားလို့ ရနိုင်မလား? မရနိုင် တော့ဘူး။ သားတစ်ကလေးအဆင့် ရောက်နေတဲ့ သတ္တဝါဟာ ငါ အမြှုပ် ကလေးဘဝသို့ ရောက်အောင် ပြန်သွားမယ်ဆိုလျှင်လည်း သွားလို့ ရနိုင် မလား? မရတော့ဘူး။ ပျက်စီးသွားတဲ့ တိမ်တိုက်တွေဟာ မူလတည်ရှိခဲ့တဲ့ နေရာကို ပြန်သွားမယ်ဆိုလျှင် သွားလို့ မရနိုင်သလိုဘဲ ဘယ်လိုမှ ပြောင်းလဲလို့ မရနိုင်တော့ဘူး။

အလားတူပဲ မွေးဖွားပြီးတဲ့ နောက်ပိုင်းမှာလည်း ဒုတိယအရွယ် ရောက်နေတဲ့ပုဂ္ဂိုလ်က ငါဟာ ပထမအရွယ်ကို ပြန်သွားမယ်ဆိုလည်း သွားလို့ မရ တော့ဘူး။ အသက်အရွယ်က သိပ်ကြီးလာပြီ၊ သိပ်ကြီးလာတဲ့ အချိန်အခါမှာ ငါ ငယ်ရွယ်နုနယ်နေတဲ့ အချိန်အခါကာလကို ပြန်ပြီး သွားမယ်ဆိုလျှင်လည်း သွားလို့ ရနိုင်သလား? မရနိုင်တော့ဘူး။ သတ္တဝါတွေဟာ နေ့စဉ်နေ့စဉ် ပဋိသန္ဓေခဏက စပြီးတော့ သေခြင်းမရဏဆိုတဲ့ဘက်သို့ တရွေ့ရွေ့နဲ့ အမြဲတမ်း သွားပြီး နေကြရပါတယ်။ ဘယ်တော့မှ နောက်ပြန်ဆုတ်မယ်ဆိုလျှင် ဆုတ်လို့ မရနိုင်တော့ဘူး။ ဒါတွင်လားဆိုတော့ မကသေးပါဘူး။

တသ္မိံ တသ္မိံ ကောဋ္ဌာသေ သင်္ခါရာ ပုရိမာနံ ပုရိမာနံ ပစ္စယာ ဟုတွာ ပစ္ဆတော အနိဝတ္တိတွာ တတ္ထ တတ္ထေဝ ဘိဇ္ဇန္တိ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၁။)

တသ္မိံ တသ္မိံ ကောဋ္ဌာသေ = ထိုထိုကောဋ္ဌာသအဖို့အစု၌။ ဌိတာ = တည်ရှိကြကုန်သော။ သင်္ခါရာ = ရုပ်နာမ်ဓမ္မသင်္ခါရတရားမှန်သမျှတို့၏။ ပုရိမာနံ ပုရိမာနံ = ရှေးရှေး သင်္ခါရတရားတို့၏။ ပစ္စယာ = အကြောင်းတရား တို့သည်။ ဟုတွာ = ဖြစ်ကြကုန်၍။ ပစ္ဆတော = နောက်ကြောင်းသို့။ အနိဝတ္တိတွာ = တစ်ဖန်ပြန်မလှည့်နိုင်ကြကုန်သည်ဖြစ်၍။ တတ္ထ တတ္ထေဝ = ထိုထိုဖြစ်ဆဲခဏ၌သာလျှင်။ ဘိဇ္ဇန္တိ = ပြိုပျက်စီး၍ သွားကြရလေကုန်၏။

ထိုထို ကောဋ္ဌာသဆိုတာက ကလလရေကြည်ကောဋ္ဌာသ, အမြှုပ် ကောဋ္ဌာသ, သားတစ်ကောဋ္ဌာသ စသည်ဖြင့် အမိဝမ်းတွင်းမှာရှိတဲ့ အချိန်အခါမှာလည်း ကောဋ္ဌာသတွေအဆင့်ဆင့်ပဲ ရှိပါတယ်။ မွေးဖွားပြီးတဲ့နောက်ပိုင်း ကြည့်မယ်ဆိုလျှင်လည်း ပထမအရွယ်, ဒုတိယအရွယ်, တတိယအရွယ်, စတုတ္ထအရွယ် စသည်ဖြင့် အရွယ်တွေ အဆင့်ဆင့်, ကောဋ္ဌာသအဖို့အစုတွေ အဆင့်ဆင့်ပဲ ရှိပါတယ်။ ဒီလို အဆင့်ဆင့် ပြောင်းလဲလာတဲ့ အချိန်အခါမှာ ထိုထိုကောဋ္ဌာသမှာ တည်နေရှိတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့သည် ရှေးရှေး သင်္ခါရတရားတို့၏ အကြောင်းဖြစ်ကြတယ်။ နောက်ကြောင်း ပြန်မလှည့်ကြဘဲ ဖြစ်ဆဲခဏမှာပဲ ပြိုပျက်သွားကြရတယ်။

ဒီစကားကလေးကို ကြည့်လိုက်မယ်ဆိုလျှင် ဒီအယောဃရမင်းသား ကလေးဟာ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို ပရမတ္ထသစ္စာနယ်သို့ ဆိုက်အောင် သူက သိနေပါတယ်။ ဒီနေရာမှာ ရှေးရှေး, နောက်နောက်ဆိုတာက တော့ မဂ္ဂဂမနနည်းနဲ့ ပြောနေပုံရပါတယ်။ ရှေးရှေးသော သင်္ခါရတရားတွေက ဖြစ်ပြီးတာနဲ့ ပျက်သွားကြတယ်။ ပျက်သွားပြီဆိုလျှင်လည်း နောက်နောက်သော သင်္ခါရတရားတွေက အသစ်အသစ် ထပ်ပြီး ဖြစ်ပေါ်လာတယ်။ ရှေးရှေးသော သင်္ခါရတရားတွေ ပျက်စီးသွားခြင်းသည် နောက်နောက်သော အသစ်အသစ်သော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ ဖြစ်ပေါ်လာဖို့ရန်အတွက် အကြောင်းရင်းဖြစ်တယ်လို့ ဒီလို ဆိုလိုပါတယ်။

ဒီလို ရှေးရှေးသော သင်္ခါရတရားတွေက ပျက်သွားပြီးတဲ့ အချိန်အခါမှာ နောက်နောက်သော အသစ်အသစ် သင်္ခါရတရားတွေက ထပ်ထပ်ပြီး ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့သင်္ခါရတရားတွေဟာလည်း ထပ်ထပ်ပြီးတော့ တစ်ဖန် ပျက်ရပြန်တယ်။ ပျက်တဲ့အချိန်အခါမှာလည်း ဘယ်အချိန်အခါမှာ ပျက်သလဲလို့ မေးလျှင်တော့ ထိုထိုဖြစ်ပြီးခဏမှာပဲ ပျက်စီးသွားကြတယ်။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ထိုထိုဥပါဒ်, ဌီ, ဘင်အခိုက်မှာပဲ ပျက်စီးသွားကြတယ်။

ဇရာကာလေ သင်္ခါရာ အမှေဟိ ဧသ ပုဗ္ဗေ ယုဝါ ထာမသမ္ပန္နော ကတော၊ ပုန နံ နိဝတ္တိတွာ တတ္ထေဝ ကရိဿာမာတိ န လဘန္တိ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၁။)

ဇရာကာလေ = အိုမင်းမစွမ်း ဖြစ်ပေါ်နေတဲ့ အချိန်အခါကာလ၌။ ပဝတ္တာ = ဖြစ်ပေါ်၍လာကြကုန်သသော။ သင်္ခါရာ = ရုပ်နာမ်ဓမ္မသင်္ခါရတရား မှန်သမျှတို့သည်။ အမှေဟိ = ငါတို့သည်။ ပုဗ္ဗေ = ရှေးယခင်အခါ၌။ ယုဝါ = ထာမသမ္ပန္နော = နုပျိုလျက် စွမ်းအားနှင့်ပြည့်စုံသည်။ ဟုတွာ = ဖြစ်၍။ ဧသ = ဧသော = ဤသင်္ခါရတရားကို။ ကတော = ပြုလုပ်ခဲ့ပြီးလေပြီ။ ပုန = နောက်ထပ်တစ်ဖန်။ နံ = ထိုသင်္ခါရတရားကို။ နိဝတ္တိတွာ = နောက်ကြောင်းသို့ တစ်ဖန်ပြန်စေ၍။ တတ္ထေဝ = ထိုနုနယ်နေတဲ့ အချိန်အခါကာလ၌ တည်ရှိတဲ့ သင်္ခါရတရားအတိုင်းသာလျှင်။ ကရိဿာမ = ပြုလုပ်ကြပါကုန်အံ့။ ဣတိ = ဤသို့သော အခွင့်အလမ်းမျိုးကို။ န လဘန္တိ = မရရှိနိုင်ကြလေကုန်။

အိုမင်းမစွမ်းဖြစ်လာတဲ့ အချိန်အခါမှာတော့ အိုမင်းနေတဲ့ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သတ္တဝါတွေဟာ များသောအားဖြင့် အလိုမရှိကြတော့ဘူး။ ဩော် ...ဟိုရှေးယခင် တစ်ချိန်တုန်းက တို့ဟာ နုပျိုခဲ့တယ်။ ကာယအား ဉာဏအား စွမ်းအားတွေနဲ့ ပြည့်စုံခဲ့တယ်။ ဒီလို ပြည့်စုံခဲ့တဲ့ အချိန် အခါမှာ တည်ရှိခဲ့တဲ့ သင်္ခါရတရားတွေအတိုင်း တစ်ဖန် ပြန်ဖြစ်အောင် တို့ လုပ်ကြမယ်လို့ ဒီလို ပြုလုပ်မယ်ဆိုလျှင် ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဘာဖြစ်လို့လဲ?

တတ္ထ တတ္ထေဝ အန္တရဓာယန္တိ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၁။)

တတ္ထ တတ္ထေဝ = ထိုထိုခဏ၌ပင်လျှင်။ အန္တရဓာယန္တိ = ကုန်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်း၍ သွားကြရလေကုန်၏။

ထိုသင်္ခါရတရားတွေဟာ ဖြစ်ပြီးတာနဲ့ ပျက်သွားကြတယ်။ ပျက်ပြီးလျှင် တစ်နေရာမှာ သွားပြီး စုပုံထပ်နေတာလည်း မရှိကြဘူး။ အကြောင်းတရားတွေ ထင်ရှားဖြစ်ခဲ့လျှင် အကျိုးတရားတွေ ထင်ရှားဖြစ်ပေါ်လာကြတယ်။ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလျှင် အကျိုးတရားတွေလည်း ချုပ်ငြိမ်း သွားကြတယ်။ မဖြစ်ခင်ကလည်း သူဖြစ်ပြီးလျှင် ငါဖြစ်မယ်၊ ငါဖြစ်ပြီးလျှင် သူဖြစ်မယ် စသည်ဖြင့် ဒီလို တန်းစီပြီး စောင့်နေတဲ့သဘောလည်း မရှိကြဘူး။ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း တစ်နေရာမှာ သွားပြီး အလောင်းကောင်တွေ စုပုံပြီး ထပ်နေသလို တစ်နေရာမှာ စုပုံပြီး ထပ်နေတဲ့သဘောလည်း မရှိကြဘူး။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျောက်ပျက်သွားကြတယ်။ ပြန်ပြီး အစားလိုချင်တယ်ဆိုလျှင်လည်း မရနိုင်ဘူး။ ပျက်စီးသွားတဲ့ တိမ်တိုက်သည် တစ်ဖန် ပြန်ပြီးတော့ ဒီတိမ်သားတွေကို စုဝေးပြီး တိမ်တိုက်ကြီးတစ်ခု ဖြစ်အောင်လုပ်မယ်ဆိုလည်း လုပ်လို့ မရနိုင်တော့ဘူး။

ဒီပုံစံအတိုင်းပဲ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေသည် ပျက်စီးသွားပြီဆိုလျှင် နောက်ထပ်တစ်ဖန် ပြန်ပြီးတော့ အသစ်ဖြစ်အောင် ပြုလုပ်မယ်ဆိုလျှင် ဘယ်လိုမှ ပြုလုပ်လို့ မရနိုင်တော့ဘူး။ ဒီသဘောတရားတွေကို အယောဃရ မင်းသားကလေးက မြင်နေတယ်။ ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဒီအယောဃရမင်းသားကလေး မြင်နေသလို မြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိကြမယ်။ မမြင်သေးတဲ့ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိကြမယ်။ ဒါပေမယ့် ဒီနေရာမှာ မြင်သည်ဖြစ်စေ, မမြင်သည်ဖြစ်စေ ဘုန်းကြီး ပြောလိုတာက ဒီအယောဃရမင်းသားကလေးက ဒီလို အသိဉာဏ် တွေကို သူက ဒီ (၁၆)နှစ်ကာလအတွင်းမှာ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်း အားဖြင့် ရရှိနိုင်ပါသလဲလို့ ပရိသတ်တွေဘက်ကလည်း စဉ်းစားချင် စဉ်းစား ကြပါလိမ့်မယ်။

ပါရမီစွမ်းအား

ဒီအပိုင်းမှာ ဘုန်းကြီး ပါရမီအကြောင်းကို နည်းနည်းကလေး ပြောဖို့ ရည်ရွယ်ထားပါတယ်။ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ရဲ့ ဟို သုမေဓာ ရှင်ရသေ့ဘဝ ဆိုကြစို့၊ ဒီပင်္ကရာဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းပြီးတော့ သဗ္ဗညုတဉာဏ်ကို ရရှိဖို့ရန်အတွက် ဆုတောင်းပန်ထွာခဲ့တဲ့ ဘဝက စပြီးတော့ ကဿပမြတ်စွာဘုရား သာသနာတော်အတွင်းတိုင်အောင် ဆိုကြပါစို့၊ ဒီပင်္ကရာမြတ်စွာဘုရားရှင် အဝင်အပါ (၂၄)ဆူသော ဘုရားရှင်တို့နဲ့ တွေ့ကြုံခဲ့ ရပါတယ်။ ထို (၂၄)ဆူသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်သည် ရှင်ရဟန်းဘဝကို ဘယ်နှစ်ကြိမ် ရခဲ့သလဲဆိုတော့ (၉)ကြိမ် ရရှိခဲ့ပါတယ်။

(၉) ကြိမ်တိုင်အောင် ရှင်ရဟန်းပြုခဲ့ခြင်း

နံပါတ် (၁)ကတော့ ကောဏ္ဍညမြတ်စွာဘုရား သာသနာတော်အတွင်းမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဝိဇိတာဝီအမည်ရှိတဲ့ စကြဝတေး မင်းကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီစကြဝတေးမင်းကြီးက စကြဝတေးမင်း စည်းစိမ်ကို စွန့်လွှတ်ပြီးတော့ ကောဏ္ဍညမြတ်စွာဘုရားရှင်ရဲ့ သာသနာတော် အတွင်းမှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ ဒါက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

နောက်တစ်ခါ မင်္ဂလမြတ်စွာဘုရား လောကမှာ ပွင့်ပေါ်လာပြန်ပါတယ်။ အဲဒီ မင်္ဂလမြတ်စွာဘုရားရဲ့ သာသနာတော်အတွင်းမှာလည်း ဘုန်းကြီးတို့ ဘုရားအလောင်းတော်က သုရုစိအမည်ရှိတဲ့ ပုဏ္ဏားတစ်ဦး ဖြစ်ခဲ့ပါတယ်။ မိမိမှာရှိနေတဲ့ စည်းစိမ်ချမ်းသာတွေကို အကုန်စွန့်လွှတ်ပြီးတော့ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ ဒါက ဒုတိယအကြိမ် ဖြစ်ပါတယ်။

နောက်တစ်ခု သုမေဓမြတ်စွာဘုရား သာသနာတော်တွင်း ဆိုကြစို့၊ သုမေဓမြတ်စွာဘုရား လောကမှာ ပွင့်ထွန်းလာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဥတ္တရအမည်ရှိတဲ့ လုလင်ကလေးတစ်ဦး ဖြစ်ခဲ့ ပါတယ်။ ထိုလုလင်ဘဝမှာလည်း မိမိ ပိုင်ဆိုင်နေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို စွန့်လွှတ်ပြီးတော့ ဘုရားရှင်ရဲ့ သာသနာတော်သို့ ဝင်ရောက် ပြီးတော့ ရှင်ရဟန်းပြုခဲ့ပါတယ်။ ဒါက တတိယအကြိမ် ဖြစ်ပါတယ်။

နောက်တစ်ခု -- သုဇာတမြတ်စွာဘုရား သာသနာတော်တွင်း ဆိုကြစို့၊ လောကမှာ သုဇာတမြတ်စွာဘုရား ပွင့်ထွန်းပေါ်တော်မူလာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က စကြဝတေးမင်းကြီး ဖြစ်နေပါတယ်။ အဲဒီ စကြဝတေးမင်းစည်းစိမ်ကိုလည်း အကုန်စွန့်လွှတ်ပြီးတော့ သုဇတဘုရားရှင်၏ သာသနာတော်တွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့တယ်။ ဒါက စတုတ္ထအကြိမ် ဖြစ်ပါတယ်။

နောက်တစ်ကြိမ်ကတော့ ဖုဿမြတ်စွာဘုရား သာသနာတော်တွင်း ဖြစ်ပါတယ်။ ဖုဿမြတ်စွာဘုရားရှင် လောကမှာ ပွင့်ထွန်းတော်မူလာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဝိဇိတာဝီအမည်ရှိတဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင်တစ်ဦး ဖြစ်နေပါတယ်။ မိမိရဲ့ နန်းစည်းစိမ်ဟူသမျှကို အကုန်လုံး စွန့်လွှတ်ပြီးတော့ ဖုဿဘုရားရှင်၏ သာသနာတော်အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ ဒါက ပဉ္စမ အကြိမ် ဖြစ်ပါတယ်။

နောက်တစ်ကြိမ်ကတော့ ဝေဿဘူမြတ်စွာဘုရားရှင်ရဲ့ သာသနာတော် အတွင်း ဖြစ်ပါတယ်။ ဝေဿဘူမြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူ လာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က သုဒဿန အမည်ရှိနေတဲ့ ရှင်ဘုရင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီ သုဒဿနမင်းစည်းစိမ်ကိုလည်း စွန့်လွှတ်ပြီးတော့ ဝေဿဘူမြတ်စွာဘုရား၏ သာသနာတော် အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့တယ်။ ဒါက ဆဋ္ဌမအကြိမ် ဖြစ်ပါတယ်။

ခုနစ်ကြိမ်မြောက်ကတော့ ကကုသန္ဓဘုရားရှင်ရဲ့ လက်ထက်တော်အခါ ဖြစ်ပါတယ်။ ကကုသန္ဓမြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး လောကမှာ ပွင့်ပေါ်လာပြီ ဆိုကြစို့၊ ကကုသန္ဓမြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး လောကမှာ ပွင့်ပေါ်လာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ခေမအမည်ရှိသော ရှင်ဘုရင်တစ်ဦး ဖြစ်နေပါတယ်။ မိမိရဲ့ နန်းစည်းစိမ်ဟူသမျှကို အကုန်စွန့်လွှတ်ပြီးတော့ ကကုသန္ဓမြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့တယ်။

ရှစ်ကြိမ်မြောက်ကတော့ ကောဏာဂုံမြတ်စွာဘုရား လောကမှာ ပွင့်ပေါ် လာတဲ့ အချိန်အခါမှာ ဖြစ်ပါတယ်။ ကောဏာဂုံမြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူတဲ့ အချိန်အခါမှာလည်း ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ပဗ္ဗတအမည်ရှိနေတဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ မိမိရဲ့ နန်းစည်းစိမ်ဟူသမျှကို အကုန်စွန့်လွှတ်ပြီးတော့ ကောဏာဂုံမြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။

နောက်ဆုံးအကြိမ်ကတော့ ကဿပမြတ်စွာဘုရားရှင်ရဲ့ သာသနာတော် အတွင်းမှာ ဖြစ်ပါတယ်။ ကဿပမြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး လောကမှာ ပွင့်ပေါ်လာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဟာ ဇောတိပါလအမည်ရှိတဲ့ ပုဏ္ဏားလုလင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ထိုအချိန်အခါမှာလည်း ဒီဇောတိပါလလုလင်က ကဿပဘုရားရှင်၏ သာသနာတော်အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ ပေါင်းလိုက်တော့ ရှင်ရဟန်းဘဝ ဘယ်နှစ်ကြိမ် ရခဲ့သလဲလို့ မေးလျှင်တော့ ကိုးကြိမ် ရရှိခဲ့ပါတယ်။

ကိုးကြိမ်တိုင်တိုင် ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဘာတွေလုပ်ခဲ့သလဲ? ဉာဏ်တည်းဟူသော ဦးချိုကို ဘယ်တော့မှ ချမထားဘူး။ ဉာဏ်ထက်မြက်အောင် သွေးနေတယ်။ ဘယ်လိုသွေးသလဲ?

ဗောဓိသတ္တာ ဟိ ဗုဒ္ဓါနံ သမ္မုခေ ပဗ္ဗဇန္တိ။ ပဗ္ဗဇိတွာ စ ပန ဣတ္တရသတ္တာ ဝိယ ပတိတသိင်္ဂါ န ဟောန္တိ၊ စတုပါရိသုဒ္ဓိသီလေ ပန သုပတိဋ္ဌာယ တေပိဋကံ ဗုဒ္ဓဝစနံ ဥဂ္ဂဏှိတွာ တေရသ ဓုတင်္ဂါနိ သမာဒါယ အရညံ ပဝိသိတွာ ဂတပစ္စာဂတဝတ္တံ ပူရယမာနာ သမဏဓမ္မံ ကရောန္တာ ဝိပဿနံ ဝဍ္ဎေတွာ ယာဝ အနုလောမဉာဏံ အာဟစ္စ တိဋ္ဌန္တိ၊ မဂ္ဂဖလတ္ထံ ဝါယာမံ န ကရောန္တိ။ (မ၊ဋ္ဌ၊၃၊၁၉၅။)

နံပါတ် (၁)သီလဖြစ်တဲ့ ပါတိမောက္ခသံဝရသီလလို့ ခေါ်ဆိုအပ်တဲ့ ဝိနည်းကျင့်ဝတ်သိက္ခာပုဒ်တွေကို လုံလုံခြုံခြုံ စောင့်ထိန်းတယ်။

နံပါတ် (၂)သီလဖြစ်တဲ့ ဣန္ဒြိယသံဝရသီလလို့ ခေါ်ဆိုအပ်တဲ့ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးလို့ ခေါ်ဆိုအပ်တဲ့ ဒွါရ (၆)ပါးမှ ကိလေသာတွေ မဝင်အောင် မိမိရဲ့စိတ်ကို သမထဘာဝနာ, ဝိပဿနာဘာဝနာလို့ ခေါ်ဆိုအပ်တဲ့ အာရုံထဲမှာ အမြဲတမ်း သွတ်သွင်းထားတယ်။ ဒီလိုနည်းအားဖြင့် ဣန္ဒြိယသံဝရသီလကို လုံခြုံစွာ စောင့်ထိန်းတယ်။

နံပါတ် (၃)သီလဖြစ်တဲ့ အာဇီဝပါရိသုဒ္ဓိသီလလို့ ခေါ်ဆိုအပ်တဲ့ အသက် မွေးဝမ်းကျောင်းတွေကိုလည်း အထူးသဖြင့် စင်ကြယ်အောင် သုတ်သင်ရှင်းလင်းတယ်။

နံပါတ် (၄)သီလဖြစ်တဲ့ ပစ္စယသန္နိဿိတသီလလို့ ခေါ်ဆိုအပ်တဲ့ ပစ္စည်း လေးပါးကို သုံးစွဲတဲ့အချိန်အခါမှာ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ပြီးတော့ အမြဲတမ်း သုံးစွဲတယ်။

ဒီသီလကြီး (၄)ပါးကို စတုပါရိသုဒ္ဓိသီလလို့ ခေါ်ပါတယ်။ ဒီစတုပါရိသုဒ္ဓိသီလလို့ ခေါ်ဆိုအပ်တဲ့ မြေကြီးပေါ်မှာ ကောင်းစွာ ရပ်တည်ပြီးတော့ ဘုရားအလောင်းတော်သည် ဘာလုပ်သလဲ? ဓုတင် (၁၃)ပါးကို ဆောက်တည်တယ်၊ တောမှာပဲ နေထိုင်တယ်၊ ပရိယတ္တိဘက်က ပိဋကတ်သုံးပုံကို နှုတ်ငုံရအောင် ဆောင်တော်မူတယ်၊ သမထပိုင်း ပဋိပတ်ဘက်ကို ကြည့်လိုက် မယ်ဆိုလျှင်လည်း စျာန်အဘိညာဏ်တွေကို ရရှိအောင် ကြိုးစားအားထုတ် တော်မူတယ်၊ ဝိပဿနာပိုင်း ကြည့်လိုက်မယ်ဆိုလျှင်လည်း သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းတော်မူ ခဲ့ပါတယ်။ (မ၊ဋ္ဌ၊၃၊၁၉၅။)

သင်္ခါရုပေက္ခာဉာဏ်တိုင်အောင်ဆိုတော့ ရုပ်တွေ, နာမ်တွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်တွေလည်း ရရှိခဲ့တယ်။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္စျတ္တသန္တာန်, ဗဟိဒ္ဓသန္တာန် အစရှိတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အကြောင်းတရား, အကျိုးတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်တွေလည်း ရရှိခဲ့တယ်။ အကြောင်းတရားနှင့်တကွ ရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တ သဘောတွေကိုလည်း သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက် သိမြင်ခဲ့တယ်။ ဘယ်နှစ်ကြိမ်လဲ? အားလုံးပေါင်းလိုက်လျှင် ကိုးကြိမ်တိုင်တိုင် ထွင်းဖောက် သိမြင်ခဲ့တယ်။ ကိုးကြိမ်တိုင်တိုင် ဒီလို ဖြည့်ကျင့် ခဲ့တဲ့ ပါရမီမျိုးစေ့တွေက အလောင်းတော်ကို ဘဝတိုင်းမှာ လိုက်ပြီးတော့ ကျေးဇူးပြုပေးနေပါတယ်။ ပါရမီဆိုတာ မြုံသွားတဲ့သဘော မရှိပါဘူး။ ဒီလောက်တွင်လားဆိုတော့ မကသေးပါဘူး။ နောက်ထပ် ထူးခြားတဲ့ဘဝတွေ ရှိနေပါတယ်။

ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဟာ ဒီပင်္ကရာမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာတော့ သုမေဓာရှင်ရသေ့ ဖြစ်ခဲ့တယ်။ ထိုသုမေဓာ ရှင်ရသေ့ဘဝမှာဆိုလျှင်လည်း စျာန်အဘိညာဏ်တွေကို ရရှိတော်မူခဲ့ပါတယ်။ အကယ်၍ ဒီပင်္ကရာဘုရားရှင်က အရဟတ္တဖိုလ်ရောက်ကြောင်း တရားတော်ကလေး တစ်ပုဒ်တစ်ဂါထာလောက် ဟောလိုက်မယ်၊ မိမိကလည်း အရဟတ္တဖိုလ်ကို အလိုရှိခဲ့မယ်ဆိုလျှင် တစ်ပုဒ်တစ်ဂါထာ နာကြားပြီးသည်၏ အဆုံးမှာ အရဟတ္တဖိုလ်ကို ရရှိနိုင်တဲ့ ပါရမီမျိုးစေ့တွေလည်း ပြည့်ပြည့်စုံစုံ ရှိနေတယ်။

ဒီမျိုးစေ့တွေက ဘာတွေလဲလို့ မေးလျှင်တော့ ရုပ်နာမ်ဓမ္မသင်္ခါရ တရားတွေရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက် သိမြင်တတ်တဲ့ ပါရမီမျိုးစေ့တွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် သုမေဓာရှင်ရသေ့ဘဝမှာကတည်းက ဒီမျိုးစေ့တွေက ပြည့်စုံခဲ့ပြီး ဖြစ်ပါတယ်။

နောက်တစ်ခု --- နာရဒမြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူတဲ့ အချိန်အခါမှာလည်း ရသေ့တစ်ဦးပဲ ဖြစ်ခဲ့ပါတယ်။ ထိုအချိန်အခါတုန်းကလည်း စျာန်အဘိညာဏ်တွေကို ရရှိတဲ့ ရသေ့တစ်ဦးပဲ ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုက အတ္ထဒဿီမြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူတဲ့ အချိန်အခါမှာလည်းပဲ သုသီမအမည်ရှိတဲ့ ရသေ့တစ်ဦး ဖြစ်ခဲ့ပါတယ်။ သိဒ္ဓတ္ထအမည်ရှိတဲ့ မြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူလာတဲ့ အချိန်အခါမှာလည်းပဲ မင်္ဂလအမည်ရှိတဲ့ ရသေ့တစ်ဦး ဖြစ်ခဲ့ပါတယ်။ တိဿမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကြီး လောကမှာ ပွင့်ပေါ်တော်မူတဲ့ အချိန် မှာလည်း သုဇာတအမည်ရှိတဲ့ ရသေ့တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီလို ရသေ့ဘဝ တွေမှာလည်း စျာန်အဘိညာဏ်တွေကို အဝါးဝစွာ လေ့လာခဲ့ပါတယ်။ ဘုရားရှင်တို့ရဲ့ အဆုံးအမတွေကို ဦးထိပ်ရွက် ပန်ဆင်ပြီး သဗ္ဗညုတဉာဏ် ရဖို့အတွက် ရည်ရွယ်တောင့်တပြီးတော့ ဝိဇ္ဇာမျိုးစေ့ကောင်း, စရဏမျိုးစေ့ကောင်းတွေကို ဘဝပေါင်းများစွာပဲ ကြဲချစိုက်ပျိုးခဲ့ပါတယ်။

ဒီလို ကြဲချစိုက်ပျိုးခဲ့တဲ့ ပါရမီမျိုးစေ့ကောင်းတွေက ဝိုင်းပြီး ကျေးဇူးပြု လိုက်တဲ့ အချိန်အခါမှာ ဒီအယောဃရမင်းသားကလေးဟာ သံနှောင်အိမ် အတွင်းမှာ (၁၆)နှစ်တိုင်တိုင် နေထိုင်ရတဲ့ အချိန်အခါမှာလည်း ဒီစျာန်အဘိညာဏ်တွေကို ဘဝပေါင်းများစွာ ထူထောင်ခဲ့တဲ့ ပါရမီမျိုးစေ့ကောင်းတွေက ဝိုင်းပြီး ကျေးဇူးပြုလိုက်တဲ့ အချိန်အခါမှာ ဒီစျာန်သမာဓိတွေက လွယ်လွယ်နဲ့ သူ့သန္တာန်မှာ ဖြစ်နိုင်တဲ့သဘော ရှိနေပါတယ်။ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် လေ့လာဆည်းပူးခဲ့တဲ့ ပါရမီမျိုးစေ့တွေက အလွန်ထက်မြက်စူးရှ ခဲ့တဲ့အတွက် ယခုလို အယောဃရမင်းသားဘဝ ရောက်ရှိတဲ့အချိန်အခါမှာလည်း ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ထိုထိုဖြစ်ဆဲခဏမှာပဲ ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း ပျက်သွားနေတဲ့ ဒီအနိစ္စသဘော, ဒုက္ခသဘော, အနတ္တ သဘောတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိနေတယ်။

ဒါကြောင့် ဒီနေ့ သာယာကုန်း ဝတ်ကြီးအသင်းတိုက်မှာ တရားနာနေတဲ့ ပရိသတ်အပေါင်း သူတော်ကောင်းအပေါင်းတို့လည်း ဒီလို မှန်ကန်တိကျနေတဲ့ ပါရမီမျိုးစေ့ကောင်းတွေကို ရအောင် ထူထောင်ထားဖို့ မလိုဘူးလား? သိပ်လိုအပ်ပါတယ်။ ဒါက သာသနာတော်တွင်းမှာ ဘုရားရှင်၏ သာသနာတော်နှင့် တွေ့ကြုံခိုက်မှာသာ ရရှိနိုင်တဲ့ အခွင့်အလမ်းထူးကြီး ဖြစ်ပါတယ်။ ဒီလိုဆိုလျှင် တပည့်တော်တို့လည်း ထူထောင်ချင်ပါတယ်ဘုရား၊ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီပါရမီမျိုးစေ့တွေကို ထူထောင်ရမလဲလို့ မေးစရာတော့ ရှိလာပါတယ်။

မဂ္ဂင် (၈) ပါး

ပါရမီမျိုးစေ့ထူထောင်ပုံအပိုင်းကလေးကို ဘုန်းကြီး အတိုချုပ်ပြီး ဒီနေ့ နည်းနည်း ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ဒီနေ့ အာနာပါန လမ်းစဉ်ကပဲ စတင်ပြီး ဟောကြစို့၊ ရှေးဦးစွာ ဘုန်းကြီးတို့ နိဗ္ဗာန်ကို သွားချင်တယ်ဆိုလျှင်တော့ မဂ္ဂင် (၈)ပါးကျင့်စဉ်တရားတွေကို ဟုတ်တိုင်းမှန်စွာ ကျင့်ရမယ်ဆိုတာကတော့ ဒီနေ့ ဒီတရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း လက်ခံနိုင်လိမ့်မယ်လို့ ဘုန်းကြီး မျှော်လင့်ပါတယ်။ ဘယ့်နှယ်တုံး တရားနာပရိသတ်တွေ လက်ခံနိုင်ကြလား? လက်ခံနိုင်ရမယ်။ မဂ္ဂင် (၈)ပါးက ဘာတွေလဲ?

သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ။ ပေါင်းလိုက်တော့ ဘယ်နှစ်ပါး ရှိသလဲ? (၈)ပါး ရှိပါတယ်။ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုပြီး သီလမဂ္ဂင် (၃)ပါး ရှိပါတယ်။ လောကီမဂ္ဂင်ပိုင်းမှာ ဒီသီလမဂ္ဂင် (၃)ပါးကို ကြိုတင်ပြီး ဆောက်တည်ရပါတယ်။ ဒီနေ့ စောင့်သုံးတဲ့ ဥပုသ်သီလမျိုးလည်း ပုံစံတူပါပဲ။ သီလလုံခြုံပြီဆိုလျှင် သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိခေါ်တဲ့ သမာဓိ ကျင့်စဉ်ကို တစ်ဆင့်တက်ပြီး လှမ်းရပါတယ်။

ဥဂ္ဃဋိတညူပုဂ္ဂိုလ်

ဘုန်းကြီးတို့ သာဝကတွေမှာ အမျိုးအစား လေးမျိုးလေးစား ရှိကြပါတယ်။ နံပါတ် (၁) ဥဂ္ဃဋိတညူပုဂ္ဂိုလ် = သစ္စာ (၄)ပါးနဲ့စပ်တဲ့ တရားစကား တစ်ပုဒ်တစ်ဂါထာလောက်ကို အကျဉ်းချုပ် တရားနာရရုံနဲ့ နာကြားခွင့် ရရုံမျှနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိမယ့် သူတော်ကောင်းများကို ဥဂ္ဃဋိတညူပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲ? ဒီလို ဥဂ္ဃဋိတညူပုဂ္ဂိုလ်တွေဟာ များသောအားဖြင့် ပဋိသမ္ဘိဒါပတ္တ = ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ထိုပဋိသမ္ဘိဒါဉာဏ်ကို ရရှိနေတဲ့ သူတော်ကောင်းတွေသည် ရှေးရှေးသော ဘုရားရှင်တို့၏ သာသနာတော်အတွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့ဖူးခြင်း ကြိုးစားအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ ပုဗ္ဗယောဂနှင့်လည်း ပြည့်စုံရပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ဒီလို ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ကတည်းက သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် လေ့လာဆည်းပူးခဲ့တဲ့ ပုဗ္ဗယောဂတွေ ရှိနေသည့်အတွက် ထိုသူတော်ကောင်းတွေအဖို့ သစ္စာလေးပါးနဲ့စပ်တဲ့ ရုပ်နာမ် ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေနဲ့ ဆက်စပ်ပြီးတော့ တရားဒေသနာတော်တစ်ခုကို ကြားနာခွင့်ရရှိတဲ့ အချိန်အခါမှာ လွယ်လွယ်နဲ့ ကျွတ်တမ်းဝင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို လွယ်လွယ်နဲ့ ကျွတ်တမ်းဝင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးကို ဥဂ္ဃဋိတညူပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပါရမီသည် အကြီးအကျယ် စကားပြောပါတယ်။

ဝိပဉ္စိတညူပုဂ္ဂိုလ်

နောက် နံပါတ် (၂)ပုဂ္ဂိုလ်ကတော့ ဝိပဉ္စိတညူပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဓမ္မစကြာသုတ္တန်တို့လို, အနတ္တလက္ခဏသုတ္တန်တို့လို ခပ်ကျယ်ကျယ်ကလေး တရားတော်ကို ဟောကြားပြသ ဆိုဆုံးမပေးလို့ နာကြားခွင့် ရရှိပါမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆိုက်နိုင်တဲ့ သူတော်ကောင်းတွေကို ဝိပဉ္စိတညူပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ဥဂ္ဃဋိတညူ, ဝိပဉ္စိတညူဆိုတဲ့ ဒီပုဂ္ဂိုလ်နှစ်မျိုးကတော့ တရားနာရုံနဲ့ ကျွတ်တမ်းဝင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ပုံစံထုတ်ပြီး ပြောရမယ် ဆိုလျှင် -- ပဉ္စဝဂ္ဂီငါးဦးတို့ ဆိုကြပါစို့၊ ဒီပုဂ္ဂိုလ်တွေသည် တရားတော်ကို နာကြားခွင့် ရရှိတဲ့အချိန်အခါမှာ ပဋိသမ္ဘိဒါဉာဏ်လေးပါးသို့ ရောက်ရှိ တော်မူတဲ့ ပဋိသမ္ဘိဒါပတ္တရဟန္တာအရှင်မြတ်တွေ ဖြစ်ကြပါတယ်။

ထိုပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူတဲ့ ဒီသူတော်ကောင်းတွေဟာ ရှေးရှေး သော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော ဝိပဿနာကျင့်စဉ်တွေကိုလည်း ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခဲ့ပြီးတဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့်လို့ သူတို့ရဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဉာဏ်တွေက အလွန် ထက်မြက်စူးရှတဲ့သဘော မရှိတဲ့အတွက် သူတို့ဟာ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားကို ခပ်ကျယ်ကျယ်ကလေး ဟောကြားပြသပေးမှ ကျွတ်တမ်းဝင် နိုင်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ မဂ္ဂင် (၈)ပါး အကျင့်မြတ် တရားတွေကို ကျင့်ရမယ့်အချိန်သည် တရားနာယူနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ တရားတော်ကို နာယူနေသည့် အချိန်အခါအတွင်းမှာ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတွေကို စုံစုံညီညီ ဖြည့်ကျင့်နိုင်မယ်ဆိုလျှင်တော့ ထိုသူတော်ကောင်းတွေသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို ရရှိနိုင်ကြပါတယ်။

နေယျပုဂ္ဂိုလ်

နံပါတ် (၃)ပုဂ္ဂိုလ်တစ်မျိုးကတော့ တရားနာရုံနဲ့ ကျွတ်တမ်းဝင်နိုင်တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်တော့ဘူး။ တရားတော်ကို နာယူပြီးတဲ့ အချိန်အခါမှာ နာယူ ပြီးတဲ့တရားတော်တွေကို ကျကျနန မှတ်သား ဆောင်ထားရပါတယ်။ ဆောင်ထားပြီးတဲ့ အချိန်အခါမှာ လက်တွေ့ကျင့်ရပါတယ်။ ဒီလို လက်တွေ့ကျင့် လိုက်တဲ့ အချိန်အခါမှာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ကျွတ်တမ်းဝင်နိုင်တဲ့ သူတော်ကောင်းတွေကိုတော့ နေယျပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။

ပဒပရမပုဂ္ဂိုလ်

နံပါတ် (၄)ပုဂ္ဂိုလ်ကတော့ ပဒပရမပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကတော့ ဒီဘဝမှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို မရနိုင်ပါဘူး။ သို့သော် ပါရမီမျိုးစေ့ တွေကို ထူထောင်မယ်ဆိုလျှင်တော့ ထူထောင်ခွင့် ရနိုင်တဲ့ သူတော်ကောင်းမျိုး ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်လေးမျိုးထဲမှာ မိမိတို့က ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ် ဆိုတာကိုတော့ မိမိကိုယ်ကို နည်းနည်းကလေး စဉ်းစားတတ်ဖို့တော့ လိုပါလိမ့်မယ်။

ယခု တရားနာနေတဲ့ ပရိသတ်တွေဟာ တရားတော်တွေကို နာကြားဖူးတာ အကြိမ်တွေ တော်တော် များနေကြပြီ။ တရားနာရုံနဲ့ မိမိတို့ဟာ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရ,မရ မိမိကိုယ်ကို ပြန်ပြီး ဆန်းစစ်လို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ဒီလို တရားနာရုံနဲ့ မိမိက မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မရနိုင်သေးဘူး ဆိုလျှင်တော့ မိမိက လက်တွေ့ကျင့်ရမယ့် သူတော်ကောင်းဖြစ်တဲ့ နေယျပုဂ္ဂိုလ်စာရင်းထဲမှာ ဝင်နေပြီ။ နေယျပုဂ္ဂိုလ်တို့ရဲ့သဘောက သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာသုံးရပ်အကျင့်မြတ်ကို အစဉ်အတိုင်း စနစ်တကျ ကျင့်ရတဲ့ သဘော ရှိပါတယ်။

သီလမဂ္ဂင် + သမာဓိမဂ္ဂင်

ဒီလို အစဉ်အတိုင်း စနစ်တကျ ကျင့်တဲ့အချိန်အခါမှာလည်း သီလပိုင်းမှာ သီလမဂ္ဂင် (၃)ပါးကို ဖြည့်ကျင့်ပြီးလို့ လုံခြုံပြီဆိုလျှင် ထိုပုဂ္ဂိုလ်က သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိခေါ်တဲ့ သမာဓိမဂ္ဂင် (၃)ပါးကို ပြည့်စုံအောင် တစ်ဆင့်တက်ပြီး ကြိုးစားရပါတယ်။ ဒီမဂ္ဂင် (၃)ပါးထဲမှာ ပါဝင်နေတဲ့ သမ္မာသမာဓိမဂ္ဂင်ကို မဟာသတိပဋ္ဌာနသုတ္တန်ကျင့်စဉ်ထဲမှာ ဘုရားရှင် ကိုယ်တော်တိုင်က အတိအကျ မေးခွန်းထုတ်ပြီးတော့ အတိအကျ ဖြေကြားထား တော်မူပါတယ်။ ဘယ်လို ဖြေကြားထားတော်မူသလဲ?

သမ္မာသမာဓိဆိုတာ ဘာလဲ?

ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ? ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (ဒီ၊၂၊၂၅၀။)

စသည်ဖြင့် ဘုရားရှင် ကိုယ်တော်တိုင်က မေးခွန်းထုတ်ပြီး အတိအကျ ပြန်ပြီး ဖြေကြားထားတော်မူပါတယ်။ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို သမ္မာသမာဓိလို့ ခေါ်ဆိုကြောင်း အတိအကျ ရှင်းထားတော်မူတယ်။ ဒီလို ရှင်းထားတော်မူတဲ့အတွက် ယောဂီသူတော်ကောင်းက နိဗ္ဗာန်ကို တကယ် လိုလားတောင့်တခဲ့မယ်ဆိုလျှင်, မဂ္ဂင် (၈)ပါးကို ကျင့်ရမယ်ဆိုတာကိုလည်း လက်ခံနိုင်တယ်ဆိုလျှင်တော့ သမ္မာသမာဓိမဂ္ဂင်တစ်ခုနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ရမယ်ဆိုတာကိုလည်း လက်ခံနိုင်ရမယ်။

ဒီလို လက်ခံနိုင်ခဲ့မယ်ဆိုလျှင်တော့ သမာဓိတစ်ခုခုကို ထူထောင်ရ တော့မယ်။ ဘာဖြစ်လို့ ဒီသမာဓိတွေကို ထူထောင်နေရပါသလဲလို့မေးလျှင်တော့ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူတဲ့ ရုပ်တရားတွေ, ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူတဲ့ နာမ်တရားတွေက သမာဓိ ရှိမှ သိနိုင်တဲ့ ရုပ်တရား, နာမ်တရားတွေ ဖြစ်နေတယ်။ ဘုရားရှင် ဟောကြား ပြသ ဆိုဆုံးမထားတော်မူတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဆိုတာကလည်း သမာဓိရှိမှ သိနိုင်တဲ့တရားတွေ ဖြစ်နေ ပါတယ်။ ဒါကြောင့် သမာဓိတစ်ခုခုကို ထူထောင်ရပါတယ်။ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)

ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထူထောင်ရမလဲလို့ မေးလျှင် တော့ သမာဓိထူထောင်ပုံအပိုင်းမှာ မြတ်စွာဘုရားသည် ကမ္မဋ္ဌာန်း (၄၀) ဟောကြားထားတော်မူပါတယ်။ မိမိတို့ ကြိုက်နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိကို စတင်ပြီး ထူထောင်နိုင်ပါတယ်။ ဒီနေ့တော့ ဘုန်းကြီးက အာနာပါနကမ္မဋ္ဌာန်းနဲ့ သမာဓိထူထောင်ပုံကို အကျဉ်းချုပ်ပြီး ဟောဖို့ ရည်ရွယ် ထားပါတယ်။

အာနာပါနကျင့်စဉ်

အာနာပါနကမ္မဋ္ဌာန်းနဲ့ သမာဓိထူထောင်ပြီဆိုလျှင် ဘာလုပ်ရမလဲ? မိမိရဲ့ ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ထားပြီး တင်ပလ္လင်ခွေ ထိုင်ပါ၊ အထက်ပိုင်း ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ထားပြီးတဲ့ အချိန်အခါမှာ မိမိရဲ့ သတိ ကလေးကို ကမ္မဋ္ဌာန်းသို့ ရှေးရှုတည်နေပါစေ။ ဒီနေရာမှာ ကမ္မဋ္ဌာန်းဆိုတာက ဘာကို ကမ္မဋ္ဌာန်းခေါ်သလဲလို့ မေးလျှင်တော့ အာရုံကိုပဲ ကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။ အာရုံက ဒီနေရာမှာ အာနာပါနဆိုတော့ ဝင်လေထွက်လေ ဖြစ်ပါတယ်။ ဒီဝင်လေထွက်လေကို ဘယ်နေရာကနေ စောင့်ကြည့်ရမလဲလို့ မေးလျှင်တော့ --

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ဆိုထားတဲ့အတွက် ဝင်လေထွက်လေ ထိထိသွားတဲ့နေရာက စောင့်ပြီး သတိကို ကပ်ပြီး ရှုပွားသုံးသပ်မှ ဒီအာနာပါနဿတိသမာဓိဘာဝနာသည် ပြည့်စုံနိုင်တယ်လို့ ဒီလို သတ်မှတ်ချက် ပေးထားတဲ့အတွက် ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဆိုတဲ့ ဒီနှစ်နေရာမှာ တစ်နေရာကနေ စောင့်ကြည့်ရပါတယ်။ ဒီလို ထိမှုထင်ရှားတဲ့ တစ်နေရာကနေ စောင့်ပြီးတော့ ဝင်လေ ထွက်လေဆိုတဲ့ အာရုံမှာ သတိကလေးက ရှေးရှုတည်နေပါစေ။ သတိကလေး ကပ်ထားပါ။ ကပ်ပြီးတော့ ဘာလုပ်မလဲ?

သော သတောဝ အဿသတိ, သတောဝ ပဿသတိ။ (ဒီ၊၂၊၂၃၁။)

သော = ထို ယောဂါဝစရရဟန်းတော်သည်။ သတောဝ = သတိရှိသည် ဖြစ်၍သာလျှင်။ အဿသတိ = ဝင်လေကို ဖြစ်စေ၏။ သတောဝ = သတိရှိသည်ဖြစ်၍သာလျှင်။ ပဿသတိ = ထွက်လေကို ဖြစ်စေ၏။

ဝင်လေထွက်လေမှာ သတိမြဲအောင် ကြိုးစားရမယ်။ ဘယ်လောက် အထိ မြဲရမလဲလို့ မေးလျှင်တော့ အရဟတ္တဖိုလ် ရောက်သည့်တိုင်အောင် မြဲရမယ့်သဘော ရှိပါတယ်။ မြတ်စွာဘုရားက စတုက္က (၄)ခုနဲ့ ဝင်လေမှာ (၁၆)မျိုး၊ ထွက်လေမှာ (၁၆)မျိုး၊ အားလုံးပေါင်းလိုက်မယ်ဆိုလျှင်တော့ ဝင်လေထွက်လေမှာ (၃၂)မျိုးသော အခြင်းအရာအားဖြင့် ဟောကြားထားတော်မူပါတယ်။ (ပဋိသံ၊၁၇၄။ ဝိသုဒ္ဓိ၊၁၊၂၆၃။) ဒီ (၃၂)မျိုးသော အခြင်းအရာ တွေထဲမှာ ယခု သတိမြဲရမယ့် နံပါတ် (၁) စတုက္ကကို မြတ်စွာဘုရားက ဘယ်လို ဟောကြားထားတော်မူသလဲ?

ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။ (ဒီ၊၂၊၂၃၁။)

ဒီဃံ ဝါ = ရှည်စွာမူလည်း။ အဿသန္တော = ဝင်လေကို ဖြစ်စေသည် ရှိသော်။ ဒီဃံ အဿသာမီတိ = ရှည်စွာ ဝင်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဒီဃံ ဝါ = ရှည်စွာမူလည်း။ ပဿသန္တော = ထွက်လေကို ဖြစ်စေသည်ရှိသော်။ ဒီဃံ ပဿသာမီတိ = ရှည်စွာ ထွက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။

အသက်ရှူရာမှာ ဝင်သက်လေ ထွက်သက်လေက ရှည်လျှင် ရှည်တဲ့ အတိုင်း သိနေပါ။ ဒါက နံပါတ် (၁)အချက် ဖြစ်ပါတယ်။ နောက် နံပါတ် (၂) အချက်ကတော့ --

ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။ (ဒီ၊၂၊၂၃၁။)

ရဿံ ဝါ = တိုစွာမူလည်း။ အဿသန္တော = ဝင်လေကို ဖြစ်စေသည် ရှိသော်။ ရဿံ အဿသာမီတိ = တိုစွာ ဝင်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ရဿံ ဝါ = တိုစွာမူလည်း။ ပဿသန္တော = ထွက်လေ ကို ဖြစ်စေသည်ရှိသော်။ ရဿံ ပဿသာမီတိ = တိုစွာ ထွက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။

အသက်ရှူရာမှာ ဝင်လေထွက်လေက တိုလျှင်လည်း တိုတဲ့အတိုင်း သိပါ။ ဒီနေရာမှာ ရှည်တယ်ဆိုတာက အချိန်ကြာကြာ ဖြစ်တာ၊ တိုတယ် ဆိုတာက အချိန်တိုတို ဖြစ်တာကို ဆိုလိုပါတယ်။

ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)

အဒ္ဓါနဝသေနာတိ ကာလဒ္ဓါနဝသေန။ (မဟာဋီ၊၁၊၃၁၈။)

ဒီအရှည်, အတိုအဆင့်ကို ဘယ်လို ကူးရမလဲလို့ မေးလျှင်တော့ ရှေးဦးစွာ များသောအားဖြင့် ဝင်လေထွက်လေအာရုံမှာ သတိကလေး မြဲအောင် တော့ ပထမ ကြိုးစားရပါတယ်။

ရေတွက်ပေးပါ

ဒီလို ကြိုးစားတဲ့အပိုင်းမှာ အောင်မြင်မှုက မရဘူး။ စိတ်က သိပ်ပြီး ထွက်နေတယ်ဆိုလျှင်တော့ အဋ္ဌကထာများက ရေတွက်တဲ့နည်းကလေး တစ်ခုကို အသုံးပြုဖို့ရန် ညွှန်ကြားထားပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)

ဝင်လေထွက်လေ နှစ်ခုပေါင်းကို တစ်

ဝင်လေထွက်လေ နှစ်

ဝင်လေထွက်လေ သုံး

ဝင်လေထွက်လေ လေး

ဝင်လေထွက်လေ ငါး

ဝင်လေထွက်လေ ခြောက်

ဝင်လေထွက်လေ ခုနစ်

ဝင်လေထွက်လေ ရှစ်

ဒီလောက်ဆို တော်လောက်ပြီ ဆိုကြစို့၊ တစ်ကနေ ငါးအထိလည်း ရေတွက်နိုင်ပါတယ်။ တစ်ကနေ တစ်ဆယ်အထိလည်း ရေတွက်နိုင်ပါတယ်။ ငါးထက်လည်း မနည်းစေနဲ့၊ တစ်ဆယ်ထက်လည်း မပိုစေနဲ့ဆိုပြီး ဒီလို သတ်မှတ်ချက်တော့ ရှိနေပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)

တစ်ကနေ ရှစ်အထိ ရေတွက်ပြီ ဆိုကြစို့၊ ဒီလို ရေတွက်လိုက်တဲ့ အချိန် အခါမှာ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်ကိုမှ မထွက်စေရဘူးလို့၊ ဒီလို စိတ်ကို ခပ်တင်းတင်းကလေး ထားပြီးတော့ ရေတွက်ပါ၊ မထွက်အောင်လည်း ကြိုးစားပါ။ နောက်တစ်ခါ တစ်ကနေ ရှစ်အထိ မထွက်စေရဘူး။ နောက်တစ်ခါလည်း တစ်ကနေ ရှစ်အထိ မထွက်စေရဘူးလို့ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရေတွက်နေမယ်ဆိုလျှင်တော့ ရေတွက်တဲ့ ဂဏနာနည်းရဲ့ စွမ်းအားကြောင့် ဝင်လေထွက်လေအာရုံမှာ သတိကလည်း ကပ်ပြီး တည်နေတတ်ပါတယ်။ စိတ်ကလည်း ငြိမ်သွားတတ်ပါတယ်။

အရှည် - အတိုကို သိအောင် ကြိုးစားပါ

ဒီလို ရေတွက်ခြင်း ဂဏနာနည်းရဲ့ အကူအညီဖြင့် ဝင်လေထွက်လေ အာရုံမှာ ဘာဝနာစိတ်ကလေး ငြိမ်သွားတဲ့ အချိန်အခါမှာ ဝင်လေထွက်လေ ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိနေပါ၊ တိုလျှင်လည်း တိုတဲ့အတိုင်း သိနေပါ၊ ရေလည်း ရေတွက်နေပါ။ ရှည်တယ်ဆိုတာက အသက်ရှူ နှေးတာကို, တိုတယ်ဆိုတာက အသက်ရှူ မြန်တာကို ပြောလိုရင်း ဖြစ်ပါတယ်။ အသက်ရှူ နှေးအောင်, အသက်ရှူ မြန်အောင်, ရှည်အောင်, တိုအောင် သက်သက်တော့ မကြိုးစားပါနဲ့။ ကြိုးစားလျှင်တော့ မောသွားတတ်ပါတယ်။ သမာဓိလည်း ပျက်တတ်ပါတယ်။

ဒီဝင်လေထွက်လေရဲ့ အရှည်, အတိုအာရုံမှာ သတိကလေးက တော်တော်ကလေး မြဲလာတဲ့ အချိန်အခါမှာ အရှည်, အတိုအာရုံမှာ သတိက ဘယ်လောက်ကြာကြာ မြဲနေရမလဲလို့ မေးလျှင်တော့ အနည်းဆုံး တစ်နာရီလောက် မြဲအောင်တော့ ကြိုစားပါ။ တစ်နာရီလောက် မြဲနေပြီဆိုလျှင် မရေတွက်ဘဲ အရှည်, အတိုကို ကူးလျှင်တော့ ပိုကောင်းပါတယ်။ သတိက နည်းနည်းကလေးပဲ မြဲနေတဲ့အချိန်မှာ မရေတွက်တော့ဘဲ အရှည်, အတိုကို ကူးလိုက်လျှင် အရှည်, အတိုမှာလည်း စိတ်က မငြိမ်ပြန် ဖြစ်တတ်ပါတယ်။

ဒီ အရှည်, အတိုကို ရှုတဲ့အပိုင်းမှာ ရှည်လျှင် ရှည်တဲ့အတိုင်း သိနေပါ၊ တိုလျှင်လည်း တိုတဲ့အတိုင်း သိနေပါ၊ ရှည်အောင်, တိုအောင်တော့ မကြိုးစား ပါနဲ့။ ဘယ်လောက်ရှည်သလဲ, ဘယ်လောက်တိုသလဲလို့လည်း လိုက်ပြီးတော့ မတိုင်းပါနဲ့။ အသက်ရှူ နှေးလျှင် နှေးတဲ့အတိုင်း သိနေပါ၊ အသက်ရှူ မြန်လျှင် လည်း မြန်တဲ့အတိုင်း သိနေပါ။ ဒီဝင်လေထွက်လေ အရှည်, အတိုမှာ စိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ပြီး ကပ်သွားပြီဆိုလျှင်တော့ ဘာလုပ်ရ မလဲ? ဒီအပိုင်းမှာလည်း နိမိတ်ပေါ်တတ်ပါတယ်။ သို့သော် ပေါ်စမှာ နိမိတ်သည် များသောအားဖြင့် မခိုင်ခံ့တဲ့သဘော ရှိတတ်ပါတယ်။ ခဏခဏ ပျောက်ပျောက် သွားတတ်ပါတယ်။ ဒီလို ပျောက်သွားတဲ့ အချိန်အခါမှာ နိမိတ်ကို မကြည့်ဘဲနဲ့ လေကိုသာ တစ်ဖက်သတ် ကြည့်နေပါ။ ဒီလို လေကိုသာ ကြည့်နေလိုက်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ၊ နိမိတ်ကလည်း မခိုင့်တခိုင် ဖြစ်နေပြီဆိုလျှင်တော့ နောက်တစ်ဆင့် ကူးရပါတယ်။ နောက်တစ်ဆင့်က ဘယ်လိုလဲ?

အရှည် - အတို၏ အစ - အလယ် - အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားပါ

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ (ဒီ၊၂၊၂၃၁-၂၃၂။)

သဗ္ဗကာယပဋိသံဝေဒီ = ဝင်သက်လေ၏ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ အဿသိဿာမိ = ဝင်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ သဗ္ဗကာယပဋိသံဝေဒီ = ထွက်သက်လေ၏ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။

ဝင်သက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို, ထွက်သက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားပါ။ ဒီနေရာမှာ အစ, အလယ်, အဆုံးဆိုတာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းကလေး အယူအဆ မလွဲမိဖို့တော့ သတိထားရပါမယ်။ ထွက်သက်လေရဲ့ အစက ချက်, အလယ်က ရင်ချိုင့်, အဆုံးက နှာသီးဖျား၊ ဝင်သက်လေရဲ့ အစက နှာသီးဖျား, အလယ်က ရင်ချိုင့်, အဆုံးက ချက်။ ဒီလို လိုက်ပြီးတော့ မရှုရပါဘူး။ (ပဋိသံ၊၁၆၅။ ဝိသုဒ္ဓိ၊၁၊၂၇၂။)

လေကလေး ထိထိသွားတဲ့ နေရာမှာသာ စိတ်ကလေးကို ကပ်ထားပါ၊ ဝင်လေထွက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာက လွဲပြီး အတွင်းဘက်ကိုလည်း လျှောက်မလိုက်ပါနဲ့၊ အပြင်ဘက် ကိုလည်း လျှောက်မလိုက်ပါနဲ့။ ဝင်သက်လေကလေး စ,ထိရာကနေ ဆုံးတဲ့အထိ၊ ထွက်သက်လေကလေး စ,ထိရာကနေ ဆုံးတဲ့အထိ၊ ထိမှုထင်ရှားတဲ့ နေရာကနေ စောင့်ပြီး ကြည့်ဖို့သာ လိုရင်းဖြစ်ပါတယ်။ အထဲဘက်ကို လျှောက်ပြီး ကြည့်နေမယ်ဆိုလျှင် အတွင်းဘက်သို့ စိတ်က ပျံ့သွားတတ် ပါတယ်။ အပြင်ဘက်ကို လျှောက်ပြီး ကြည့်နေမယ်ဆိုလျှင်လည်း အပြင်ဘက်ကို စိတ်က ပျံ့သွားတတ်ပါတယ်။ အတွင်းဘက် အပြင်ဘက်တွေမှာ စိတ်တွေက ပျံ့လွင့်နေလျှင်တော့ ငြိမ်သက်တဲ့သမာဓိက ဘယ်လိုမှ မဖြစ် နိုင်ပါဘူး။ (ပဋိသံ၊၁၆၅။)

ဒါကြောင့် ထိမှုထင်ရှားတဲ့နေရာကို လွှတ်ပြီးတော့ အတွင်းဘက်, အပြင် ဘက်တွေကို မလိုက်ပါနဲ့၊ ဒီစည်းကမ်းကတော့ ရိုရိုသေသေ လိုက်နာရမယ့် သဘော ရှိပါတယ်။ ယခုလို ဝင်လေထွက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုတဲ့အပိုင်းမှာ အသက်ရှူတာနှေးလို့ ရှည်နေလျှင်လည်း ရှည်တဲ့အတိုင်း, အသက်ရှူမြန်လို့ တိုနေလျှင်လည်း တိုတဲ့ အတိုင်း ဝင်လေထွက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင်သာ ရှုနေပါ။

  1. ရှည်မှု,
  2. တိုမှု,
  3. အစ-အလယ်-အဆုံး၊

ဒီသုံးဆင့်လုံးကို စုပေါင်းပြီး တစ်ပေါင်းတည်းသိအောင် ကျင့်ရမည့် အပိုင်း ဖြစ်ပါတယ်။ အသက်ရှူနှေးလို့ ရှည်နေလျှင်လည်း အစ, အလယ်, အဆုံး အကုန်လုံးကို သိရမယ်။ အသက်ရှူမြန်လို့ တိုနေလျှင်လည်း အစ, အလယ်, အဆုံး အကုန်လုံးကို သိနေရမှာ ဖြစ်ပါတယ်။ အဲဒီ အစ, အလယ်, အဆုံးကို ထင်ထင်ရှားရှား သိပြီ၊ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်လာပြီ ဆိုလျှင်တော့ နောက်တစ်ဆင့် ကူးနိုင်ပါတယ်။ ဒီအဆင့်မှာလည်း နိမိတ် ပေါ်တတ်ပါတယ်။ နိမိတ် ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ နောက်တစ်ဆင့်ကို ကူးရပါမယ်။ နောက်တစ်ဆင့်က ဘယ်လိုလဲ?

ငြိမ်အောင် - ငြိမ်းအောင် ကျင့်ပါ

ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (ဒီ၊၂၊၂၃၂။)

ကာယသင်္ခါရံ = ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေဟုခေါ်ဆိုအပ်သော ကာယသင်္ခါရတရားကို။ ပဿမ္ဘယံ ပဿမ္ဘယန္တော = ငြိမ်းစေလျက်။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ ကာယသင်္ခါရံ = ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေဟုခေါ်ဆိုအပ်သော ကာယသင်္ခါရကို။ ပဿမ္ဘယံ ပဿမ္ဘယန္တော = ငြိမ်းစေလျက်။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။

ဝင်လေထွက်လေကလေး သိမ်မွေ့နူးညံ့အောင် လေ့ကျင့်ပါ။ ဝင်သက်လေမှာပဲဖြစ်ဖြစ်, ထွက်သက်လေမှာပဲဖြစ်ဖြစ် ဒီဝင်လေထွက်လေကလေး သိမ်မွေ့အောင် နူးညံ့အောင် လေ့ကျင့်ပါလို့ ဆိုလိုပါတယ်။ ဘယ်လို သိမ်မွေ့ အောင် နူးညံ့အောင် ကျင့်ရမလဲလို့ မေးလျှင်တော့ သက်သက် ဖြည်းဖြည်းကလေး အသက်ရှူရမယ် ဒီလို မဆိုလိုပါဘူး၊ ပုံမှန် ရှူမြဲတိုင်းပဲ ရှူနေပါ။ ဒါပေမယ့် ဒီဝင်သက်လေ, ထွက်သက်လေကို သိမ်မွေ့စေရမယ်ဆိုတဲ့ အာဘောဂ (= နှလုံးသွင်း)ကလေး ယောဂီရဲ့ သန္တာန်မှာ ထိုအချိန်အခါမှာ ထင်ရှား ရှိနေရပါမယ်။ ဒီလို နှလုံးသွင်းဓာတ်ခံဖြင့် ဝင်လေထွက်လေကို ရှူနေမယ် ဆိုလျှင် သမာဓိက တိုးတက် ဖွံ့ဖြိုးလာတဲ့အခါမှာ တဖြည်းဖြည်း လေကလည်း ငြိမ်သက်သွားပါလိမ့်မယ်။ အလွန့်အလွန် သိမ်မွေ့သွားပါလိမ့်မယ်။ ဝင်သက်လေ, ထွက်သက်လေက အလွန့်အလွန် သိမ်မွေ့သွားပြီဆိုလျှင်တော့ အလွန် သိမ်မွေ့နေတဲ့ အပ်ကလေးတစ်ချောင်းကို အလိုရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ထို အပ်ရဲ့နဖားကို ထွင်းမယ့်စူးသည် အလွန်သိမ်မွေ့ဖို့ လိုအပ်သလိုပဲ အလွန် သိမ်မွေ့နေတဲ့ ဝင်လေထွက်လေအာရုံမှာ အလွန်အားကောင်းတဲ့ သတိပညာတွေက လိုအပ်နေပါတယ်။

နာဟံ ဘိက္ခဝေ မုဋ္ဌသတိဿ အသမ္ပဇာနဿ အာနာပါနဿတိဘာဝနံ (အာနာပါနဿတိသမာဓိဘာဝနံ) ဝဒါမိ။ (မ၊၃၊၁၂၇။ သံ၊၃၊၂၉၄။ ဝိသုဒ္ဓိ၊၁၊၂၇၅။)

ဒါကြောင့် ဘုရားရှင်က ဝင်လေထွက်လေအာရုံမှာ သတိလက်လွတ် နေတဲ့ ဝင်လေထွက်လေကို ကွဲကွဲပြားပြား သိတတ်တဲ့ သမ္ပဇဉ်ဉာဏ် ကင်းမဲ့ နေတဲ့ ပုဂ္ဂိုလ်မျိုးတွေကို အာနာပါနဿတိသမာဓိဘာဝနာလုပ်ငန်းကို ငါဘုရား မဟောပါဘူးဆိုပြီး ဒီလို ဟောကြားထားတော်မူပါတယ်။ ဒီလို ဟောကြားတော်မူချက်ဟာလည်း ယခုလို ဝင်လေထွက်လေက အလွန့်အလွန် သိမ်မွေ့သွားတဲ့အပိုင်းကို ရည်ညွှန်းပြီးတော့ ဟောကြားထားတော်မူခြင်း ဖြစ်ကြောင်းကို အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၂၇၅။)က ရှင်းပြထားပါတယ်။

အဲဒီလို သတိ, ပညာ အားကောင်းကောင်းဖြင့် ဒီဝင်လေထွက်လေ အာရုံအပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစား ရပါတယ်။ ငါ့ ဝင်လေထွက်လေက မထင်ရှားဘူးဆိုပြီးတော့ ထင်ရှားအောင် သက်သက် ပြင်းပြင်းထန်ထန်တော့ မရှူရပါဘူး။ ဒါက ဘုရားရှင် ပေးထားတော်မူတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်း လေးဆင့်ကို အစဉ်အတိုင်း ကြိုးစားလိုက်တဲ့ အချိန်အခါမှာ သိမ်မွေ့နူးညံ့နေတဲ့ ဝင်လေထွက်လေအာရုံမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါ လိမ့်မယ်။ ဆယ်ကြိမ် ဆယ့်ငါးကြိမ်လောက် ထိုင်တိုင်းထိုင်တိုင်း ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ နိမိတ် စ,ပေါ်တတ်ပါတယ်။

နိမိတ်နှင့် အလင်းရောင်

သို့သော်လည်း ဒီနေရာမှာ နိမိတ်နဲ့ အလင်းရောင်ကို တချို့ယောဂီများ မကွဲ ရှိတတ်ကြပါတယ်။ ဘာဝနာစိတ်က ငြိမ်လာပြီဆိုလျှင် အလင်းရောင် တွေလည်း ထွက်လာတတ်ပါတယ်။ အဲဒီ အလင်းရောင်တွေ ထွက်လာတဲ့ အချိန်အခါမှာ အလင်းရောင်နဲ့ နိမိတ်ဟာ တခြားစီပဲ ဖြစ်ပါတယ်။ တချို့ ယောဂီတွေမှာ နိမိတ်က ဝေးနေတတ်ပါတယ်။ တချို့ယောဂီတွေမှာ နိမိတ်က နီးနေတတ်ပါတယ်။ ဝေးတဲ့နိမိတ်မှာ ဘာဝနာစိတ်က သွားပြီး ကပ်လိုက်မယ် ဆိုလျှင် ထိတဲ့နေရာကို လွှတ်ပြီးတော့ လိုက်နေတဲ့အတွက်ကြောင့် ဘာဝနာ သမာဓိကလည်း ပျက်သွားတတ်ပါတယ်။

သမာဓိပျက်သည်နှင့် တစ်ပြိုင်နက်တည်း ဒီဝင်လေထွက်လေ နိမိတ်ကလေးဟာလည်း ပျောက်သွားတတ်ပါတယ်။ မပျောက်ဘူးဘဲထား၊ ဘာဝနာ စိတ်က အဲဒီနိမိတ်မှာ သွားကပ်လိုက်လျှင် မငြိမ်တော့ဘူး။ သမာဓိက လျှောကျသွားတတ်ပါတယ်။ ဒီလို ဝေးကွာနေတဲ့နိမိတ်ဟာ နိမိတ်နှင့်တူနေလို့ နိမိတ်လို့ ခေါ်နေရသော်လည်း တကယ့် အာနာပါနနိမိတ်အစစ်တော့ မဟုတ် ပါဘူး။ တကယ့် အာနာပါနနိမိတ်အစစ်ကတော့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာ ဝင်လေထွက်လေနှင့် တစ်သားတည်း ဖြစ်နေပါတယ်။ ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား ဆိုတဲ့ ဝင်လေထွက်လေ ထိတဲ့နေရာကို လွှတ်ပြီးတော့ လိုက်ကြည့်နေတဲ့ အတွက် သမာဓိက လျှောကျသွားခြင်း ဖြစ်ပါတယ်။

ဩကာသေန စ ပရိစ္ဆိန္နံ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)

ဒီအာနာပါနကမ္မဋ္ဌာန်းဟာ ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့နေရာကသာ စောင့်ပြီး ရှုရမယ်လို့ နေရာဒေသဖြင့် ပိုင်းခြား သတ်မှတ်ထားတဲ့ ကမ္မဋ္ဌာန်း တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ထိတဲ့နေရာကို မလွှတ်ပါနဲ့၊ နိမိတ်က ဝေးနေလျှင်လည်း နိမိတ်ကို လိုက်မကြည့်ပါနဲ့၊ နိမိတ်က ပေါ်စမှာ မီးခိုးရောင် ကဲ့သို့ ဖြူညစ်ညစ်အရောင် ပေါ်တတ်ပါတယ်။ ပုံသဏ္ဌာန်ကတော့ သတ္တဝါ တွေရဲ့ နှလုံးသွင်းဓာတ်ခံ သို့မဟုတ် ဘာဝနာသညာလို့ ခေါ်ဆိုအပ်တဲ့ သညာရဲ့ ကွဲပြားမှုအပေါ် အခြေတည်ပြီးတော့ ပုံသဏ္ဌာန်အမျိုးမျိုးတော့ ပြောင်းလဲတတ်ပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

တချို့ယောဂီမှာ ဒီနိမိတ်က ဆင်စွယ်လို အရှည် ပေါ်တတ်တယ်။ တချို့ ယောဂီမှာ မီးချောင်းလို ပေါ်တတ်တယ်, တချို့ယောဂီမှာ ကန့်လန့်ဖြတ်, တချို့ယောဂီမှာ အဝိုင်း, တချို့ယောဂီမှာ ပြင်လိုက် စသည်ဖြင့် ဒီလို အမျိုးမျိုး ပေါ်တတ်ပါတယ်။ အဲဒီ နိမိတ်အပေါ်မှာ ဘာဝနာစိတ်က ဘယ်အခါမှာ ကပ်သွားမလဲလို့ မေးလျှင်တော့ ဝင်လေထွက်လေနဲ့ နိမိတ်ဟာ တစ်သားတည်း ဖြစ်လာတဲ့ အချိန်အခါမှာ ကပ်သွားတတ်ပါတယ်။ အလင်းရောင်က သပ်သပ်, ဒီနိမိတ်က သပ်သပ်ဆိုတာကိုလည်း ယောဂီဘက်က နည်းနည်းကလေး ခွဲခြားပြီး သိတတ်ဖို့တော့ လိုအပ်ပါတယ်။

ပကတိဝင်လေထွက်လေကို အမှီပြုပြီးတော့ ဘာဝနာသမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အဲဒီနိမိတ်သည် ပေါ်စမှာ မီးခိုးရောင်လို ညစ်ထပ်ထပ် ဖြစ်နေ တတ်ပါတယ်။ ဝင်လေထွက်လေအာရုံအပေါ်မှာသာ ဘာဝနာစိတ်က ငြိမ်ဝပ် စွာ ကပ်ပြီး ထားခဲ့မယ်ဆိုလျှင် ဝင်လေထွက်လေနှင့် နိမိတ်က တစ်သားတည်း ဖြစ်လာတဲ့အခါမှာ ဘာဝနာစိတ်ကလည်း နိမိတ်အပေါ်မှာ ကပ်သွားပြီ ဆိုလျှင်တော့ နိမိတ်ကိုသာ ဆက်ရှုနေပါက သမာဓိအားကောင်းလာတဲ့ အခါမှာ နိမိတ်ကလည်း တဖြည်းဖြည်း ဖြူလာတတ်ပါတယ်။ ဖြူရာကနေ နောက်ဆုံးတော့ ဘာဝနာစိတ်က ငြိမ်သထက် ငြိမ်လာပြီဆိုလျှင်တော့ သောက်ရှူးကြယ် (= သောကြာကြယ်)ကဲ့သို့ အလွန်ကြည်လင်တောက်ပပြီး လာတတ်ပါတယ်။ အလွန်ကြည်လင်တောက်ပနေတဲ့ နိမိတ်ကို အာနာပါန ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။ ဒီလို ကြည်လင်တောက်ပလာတဲ့နိမိတ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ မခွာလိုက်နဲ့တော့။

သို့သော် ဒီနိမိတ်က ဝေးနေလျှင်တော့ ဝေးကွာနေတဲ့ နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကို လိုက်မကပ်ပါနဲ့၊ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာ နိမိတ်က ကပ်နေမှသာ လေနှင့်နိမိတ်ကလည်း တစ်ခုတည်း တစ်သားတည်း ဖြစ်နေမှသာ နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကို ကပ်ထားပါ။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာလည်း နိမိတ်က ကပ်နေပြီ၊ ဘာဝနာစိတ် ကလည်း ဒီနိမိတ်မှာ သွားပြီး ငြိနေပြီ, ကပ်နေပြီဆိုလျှင်တော့ မခွာလိုက်နဲ့။ ဒီအချိန်အခါမှာ ပကတိဝင်လေထွက်လေကို မကြည့်တော့ဘဲ နိမိတ်ကိုသာ တစ်ဖက်သတ် ကြည့်နေပါ။ ဒီလို ကြည့်နေမယ်ဆိုလျှင်တော့ ထိုပုဂ္ဂိုလ်ရဲ့ ဘာဝနာစိတ်က ဒီနိမိတ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါလိမ့်မယ်။ နိမိတ်ကလည်း အလွန် ကြည်လင်တောက်ပပြီး လာတတ်ပါတယ်။ ထိုအချိန်အခါမှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာလို့ ခေါ်တဲ့ စျာန်အင်္ဂါ ငါးပါးလည်း ထင်ရှားလာပါလိမ့်မယ်။

ဝိတက် = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော,

ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်နေခြင်းသဘော,

ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်နေခြင်း သဘော,

သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော,

ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်နေခြင်းသဘော။

ပေါင်းလိုက်တော့ စျာန်အင်္ဂါ ငါးပါး ရှိပါတယ်။ ဒီစျာန်အင်္ဂါ ငါးပါးကို ဘယ်အခါမှာ ဆင်ခြင်ရမလဲလို့ မေးလျှင်တော့ နိမိတ်မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလို့ အနည်းဆုံး ဆယ်ကြိမ်, ဆယ့်ငါးကြိမ်လောက် တောက်လျှောက် ကပ်ပြီး တည်နေပြီဆိုမှ ဆင်ခြင်လျှင်တော့ ပိုကောင်းပါတယ်။ ဘာကြောင့်လဲ?

စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းပါစေ၊ စျာန်ဝင်စားမှု များပါစေ

စ,အားထုတ်စ ယောဂီပုဂ္ဂိုလ်များသည် စျာန်အင်္ဂါဆင်ခြင်မှု နည်းရမယ်၊ ငြိမ်သက်မှု သမာဓိစျာန်ဝင်စားမှု များရမယ်ဆိုတဲ့ ဒီစည်းကမ်း သတ်မှတ်ချက် ရှိနေပါတယ်။ (ဝိသုဒ္ဓိ၊၁၊၁၄၈။) စျာန်အင်္ဂါတွေကို ခဏခဏ ဆင်ခြင်ဖန် များနေလျှင်တော့ ဒီစျာန်က လျှောကျသွားတတ်ပါတယ်။ နိမိတ်ကလည်း ပျောက်ပျက်သွားတတ်ပါတယ်။ ဒါကြောင့် ဒီနိမိတ်မှာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားပါ။ ဒီလို ထိုင်တိုင်းထိုင်တိုင်း နိမိတ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့အခါမှာ စျာန်အင်္ဂါတွေကို ဆင်ခြင် ကြည့်ပါ။ ရှေးဦးစွာ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုကို မှီဖြစ်နေတဲ့ ဘဝင်မနောအကြည် (= မနောဒွါရ)ကို သိမ်းဆည်းပါ။

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။)

ဒီလို ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ ဖလ်သား, မှန်သားလို ကြည်နေတဲ့ ဘဝင်မနောအကြည်ဓာတ် (= မနောဒွါရ)ကို စျာန်မှ ထလျှင် ထချင်း သိမ်းဆည်းပါ။ ယင်းမနောဒွါရမှာ အာနာပါနပဋိဘာဂနိမိတ်က ထင်လာတဲ့အခါ စျာန်အင်္ဂါတွေကို သိမ်းဆည်းကြည့်ပါ။ ထိုစျာန်အင်္ဂါတွေသည် ဟဒယဝတ္ထုကို မှီပြီး ဖြစ်ပေါ်နေတဲ့အတွက် ဟဒယဝတ္ထုရှိရာ နှလုံးအိမ်ဘက်ကို ခေတ္တခဏ လှမ်းပြီး ကြည့်လိုက်တဲ့အခါမှာ ဒီစျာန်အင်္ဂါ ငါးပါးက ထင်ရှားနေတာကို တွေ့ရပါလိမ့်မယ်။ ဒီစျာန်အင်္ဂါ ငါးပါးကလည်း ဆင်ခြင်စမှာ မကျွမ်းကျင် သေးလျှင်တော့ ယောဂီအဖို့ တစ်လုံးစီပဲ မြင်တတ်ပါတယ်။ သို့သော် ထပ်ကာ ထပ်ကာ ဆင်ခြင်လို့ ကျွမ်းကျင်လာပြီ, လေ့ကျင့်ခန်းတွေက အောင်မြင်လာပြီ ဆိုလျှင်တော့ စျာန်အင်္ဂါတွေက ပြိုင်တူဖြစ်နေတာကို တွေ့နိုင်ပါတယ်။

ဝသီဘော်ငါးတန်

ဒီလို စျာန်အင်္ဂါတွေ ထင်ရှားလာပြီဆိုလျှင်တော့ မိမိ ရရှိထားတဲ့ ဒီပထမ စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ စျာန်အင်္ဂါတွေကို အချိန်မရွေး ဆင်ခြင်လို့ရအောင် လေ့ကျင့်ရတယ်၊ စျာန်ကို အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ရတယ်၊ အချိန်မရွေး စျာန်မှ ထလို့ ရနိုင်အောင် လေ့ကျင့်ရတယ်၊ တစ်နာရီ ဝင်စားချင်လျှင် တစ်နာရီ၊ တစ်မိနစ် ဝင်စားချင်လျှင် တစ်မိနစ် ရအောင် လေ့ကျင့်ရတယ်။ ဒီလို လေ့ကျင့်လိုက်လို့ ဝသီဘော်ငါးတန် နိုင်နင်းလာပြီဆိုလျှင်တော့ ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တွေကို အဆင့်ဆင့် ကူးလို့ ရနိုင်ပါတယ်။

ဝိပဿနာသို့

ဒီလို စျာန်တွေကို အဆင့်ဆင့် ကူးနိုင်လို့ ဒီစတုတ္ထစျာန်သမာဓိလောက် အထိ အကယ်၍ ဆိုက်သွားပြီဆိုလျှင်တော့ ထိုစတုတ္ထစျာန်သမာဓိမှ ထတဲ့ အချိန်အခါမှာ ရုပ်တွေ, နာမ်တွေကို သိမ်းဆည်းမယ်ဆိုလျှင်တော့ ပိုပြီးတော့ လွယ်လွယ်ကူကူ သိမ်းဆည်းလို့ ရတဲ့သဘော ရှိပါတယ်။ ဒီအချိန်အခါမှာ နာမ်တရားတွေကနေ စပြီး သိမ်းဆည်းချင်လည်း ရတယ်၊ ရုပ်တရားတွေကနေ စပြီး သိမ်းဆည်းချင်လည်း ရပါတယ်။ မိမိတို့ ကြိုက်နှစ်သက်ရာက စပြီးတော့ သိမ်းဆည်းနိုင်ခွင့် ရှိပါတယ်။

ရုပ်ကမ္မဋ္ဌာန်း - နာမ်ကမ္မဋ္ဌာန်း

သမထယာနိကပုဂ္ဂိုလ်များမှာ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့ အနက်က မိမိတို့ ကြိုက်နှစ်သက်ရာက စပြီး သိမ်းဆည်းနိုင်ခွင့် ရှိပါတယ်။ သို့သော်လည်း စျာန်နာမ်တရားတွေက စပြီး မသိမ်းဆည်းချင်တဲ့ သမထယာနိကပုဂ္ဂိုလ်လည်းဖြစ်မယ်၊ စျာန်သမာဓိကို အခြေမခံဘဲ ဝိပဿနာကို တိုက်ရိုက်သွားချင်တဲ့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်လည်း ဖြစ်မယ်ဆိုလျှင်တော့ ရုပ်ကမ္မဋ္ဌာန်းက စပြီး ရှုရပါတယ်။ ရုပ်ကမ္မဋ္ဌာန်းက စရှုရမယ်ဆိုလျှင် ဘယ်လို စရှုရမယ်ဆိုတာနဲ့ ပတ်သက်လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၂) ကတော့ ဓာတ်ကြီးလေးပါးကနေ စရှုဖို့ရန် ညွှန်ကြားထားပါတယ်။ ဘာကြောင့်လဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိတယ်ဆိုတာ မှန်တယ်။ သို့သော် ဝိပဿနာပိုင်း ရောက်လာတဲ့ အချိန်အခါမှာတော့ ကမ္မဋ္ဌာန်းက ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး နှစ်မျိုးပဲ ရှိတော့တယ်။ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို မြတ်စွာဘုရားရှင် ဟောတော်မူပြီ ဆိုလျှင် ဘယ်လိုပုံစံနဲ့သာ ဟောကြားထားတော်မူသလဲ?

ဓာတ်ကမ္မဋ္ဌာန်း

တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀။)

ဒီလို အဋ္ဌကထာကြီးများက သတ်မှတ်ချက် ပေးထားပါတယ်။ မြတ်စွာဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို ဟောတော်မူပြီဆိုလျှင်တော့ စတုဓာတုဝဝတ္ထာန်လို့ ခေါ်ဆို အပ်တဲ့ ဓာတ်ကြီးလေးပါးကနေ စပြီးတော့ ဟောကြားတော်မူပါတယ်။ ဓာတ်ကြီးလေးပါးကို ဟောကြားတော်မူတဲ့ အချိန်အခါမှာလည်း အကျဉ်းနည်းနဲ့ တစ်ခါတစ်ရံ ဟောကြားတော်မူပါတယ်။ တစ်ခါတစ်ရံ အကျယ်နည်းနဲ့ ဟောကြားတော်မူပါတယ်။ အကျဉ်းနည်းနဲ့ ဘယ်မှာ ဟောကြားတော်မူသလဲလို့ မေးလျှင်တော့ မဟာသတိပဋ္ဌာနသုတ္တန် (ဒီ၊၂၊၂၃၄။)မှာ သတိပဋ္ဌာန် ကျင့်စဉ်အဖြစ်နဲ့ မြတ်စွာဘုရားရှင်က ဓာတ်ကြီးလေးပါးကို အကျဉ်းရှုပွားပုံ နည်းစနစ်ဖြင့် ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။

အကျယ်ရှုပွားနည်းကတော့ မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၄။)စတဲ့ ထိုထိုသုတ္တန်တွေနှင့် အဘိဓမ္မာဝိဘင်းပါဠိတော် (အဘိ၊၂၊၈၄။)တွေမှာ ဟောကြားထားတော်မူပါတယ်။ ယောဂီပုဂ္ဂိုလ်က အကျဉ်းနည်း ကြိုက်နှစ်သက်လျှင်လည်း အကျဉ်းနည်းနဲ့၊ အကျယ်နည်း ကြိုက်နှစ်သက်လျှင်လည်း အကျယ်နည်းနဲ့ ဓာတ်ကြီးလေးပါးကို စရှုရမှာ ဖြစ်ပါတယ်။ ဒီနှစ်နည်းလုံးပဲ ရှုနိုင်ခွင့် ရှိပါတယ်။

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း

ဒီနေ့တော့ အကျဉ်းရှုပွားနည်းကနေ စပြီးတော့ ဓာတ်ကြီးလေးပါးရှုပုံကို ဘုန်းကြီး အတိုချုပ်ပြီးတော့ နည်းနည်း ပြောပြပါမယ်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ်ကြီးလေးပါး ရှိပါတယ်။

(၁) ပထဝီဓာတ်က မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘော။

(၂) အာပေါဓာတ်က ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော။

(၃) တေဇောဓာတ်က ပူတဲ့သဘော, အေးတဲ့သဘော။

(၄) ဝါယောဓာတ်က ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘော။

အားလုံးပေါင်းလိုက်တော့ သဘောတရား ဆယ့်နှစ်မျိုး ရှိနေပါတယ်။ ဓာတ်အနေနဲ့ ပြောရလျှင်တော့ ဓာတ်ကြီးလေးပါးပဲ ရှိပါတယ်။ ဒီသဘောတရား ဆယ့်နှစ်မျိုးကို ယောဂီပုဂ္ဂိုလ်က ခြေဆုံးခေါင်းဆုံး ပထမတော့ မြင်အောင် လေ့ကျင့်ရပါတယ်။

ဥပမာ --- မာတဲ့သဘောကို ရှုမယ်ဆိုကြစို့၊ မိမိ ကြိုက်နှစ်သက်တဲ့ မာမှုထင်ရှားတဲ့ တစ်နေရာကနေ စပြီးတော့ မာတဲ့သဘောကို ရှုနိုင်ပါတယ်။ တင်ပါးနဲ့ကြမ်း ထိနေတဲ့နေရာမှာ မာမှုထင်ရှားလျှင် ဒီထင်ရှားတဲ့နေရာက စပြီး တစ်ကိုယ်လုံးမှာ မာတဲ့သဘောကို မြင်အောင် ရှုကြည့်ပါ၊ လက်,လက်ချင်း ထပ်ထားတဲ့နေရာ, ခြေထောက် ခြေထောက်ချင်း ထပ်ထားတဲ့နေရာ စသည်ဖြင့် ဘယ်နေရာကမဆို စ,ရှုနိုင်ပါတယ်။

အလားတူပဲ ကြမ်းမှုထင်ရှားတဲ့ တစ်နေရာကနေ စပြီး ကြမ်းတဲ့သဘော, လေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး လေးတဲ့သဘောတွေကို တစ်ကိုယ်လုံး မြင်အောင် ရှုရပါတယ်။ ပျော့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပျော့တဲ့ သဘော, ချောမှုထင်ရှားတဲ့ တစ်နေရာက စပြီး ချောတဲ့သဘော, ပေါ့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပေါ့တဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုရ ပါတယ်။ အောင်မြင်မှုရပြီဆိုလျှင်တော့ အာပေါဓာတ်က နည်းနည်း အရှုရ ခက်တော့ နောက်မှပဲ ရှုပါ။ ပူမှုထင်ရှားတဲ့ တစ်နေရာက စပြီး ပူတဲ့သဘော, အေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး အေးတဲ့သဘောတွေကို တစ်ကိုယ်လုံး မြင်အောင် ရှုကြပါ။ ဒါက တေဇောဓာတ်ရဲ့ သဘောတရား နှစ်ခု ဖြစ်ပါတယ်။ ထောက်ကန်မှုထင်ရှားတဲ့ တစ်နေရာက စပြီး ထောက်ကန်တဲ့သဘော, တွန်းကန်မှုထင်ရှားတဲ့ တစ်နေရာက စပြီး တွန်းကန်တဲ့သဘောတွေကိုလည်း တစ်ကိုယ်လုံး မြင်အောင် ရှုပါ။ ဒါက ဝါယောဓာတ်ရဲ့ သဘောတရား နှစ်ခု ဖြစ်ပါတယ်။

ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဒီဓာတ်သုံးပါး၊ သဘောတရားအနေနဲ့ ဆယ်မျိုးကို စနစ်တကျ ရှုနိုင်လို့ ဒီသဘောတရား ဆယ်မျိုးကို ခြေဆုံးခေါင်းဆုံး ထပ်ကာထပ်ကာ ရှုလိုက်တဲ့ အချိန်အခါမှာ ထိုယောဂီပဂ္ဂိုလ်ရဲ့သန္တာန်မှာ ဖွဲ့စည်းနေတဲ့ အာဗန္ဓနလက္ခဏာရှိတဲ့ သဘောတရားတစ်ခု ပေါ်လာတတ်ပါတယ်။ မထင်ရှားလျှင်တော့ တွန်းတဲ့သဘောနဲ့ မာတဲ့သဘော နှစ်ခုကို ထပ်ကာထပ်ကာ ရှုခဲ့လျှင် ဒီအာပေါဓာတ်ရဲ့ ဖွဲ့စည်း နေတဲ့ သဘောတရားကလေး ပေါ်လာတတ်ပါတယ်။

ဖွဲ့စည်းတဲ့သဘော ပေါ်လာပြီဆိုလျှင်တော့ သွားအရင်းတို့လို, လျှာ အရင်းတို့လို, လျှာဖျားတို့လို အမြဲတမ်း ယိုစီးမှုထင်ရှားနေတဲ့ တစ်နေရာက စပြီး ယိုစီးတဲ့သဘောတရားကို တစ်ကိုယ်လုံး မြင်အောင် ဆက်ပြီး ရှုကြည့်ပါ။ ထိုအချိန်အခါမှာ တစ်ကိုယ်လုံးမှာ ယိုစီးနေတဲ့သဘောတရားကလေးကို တွေ့ရတတ်ပါတယ်။ အထူးသဖြင့်တော့ တစ်ကိုယ်လုံး လည်ပတ်နေတဲ့ သွေးတွေရဲ့ ယိုစီးနေတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုနိုင်ပါတယ်။ ယိုစီးတဲ့သဘော ဖွဲ့စည်းတဲ့သဘော နှစ်ခုက အာပေါဓာတ် ဖြစ်ပါတယ်။ အားလုံးပေါင်းလိုက်မယ်ဆိုလျှင် ဓာတ်ကြီးလေးပါးပဲ ရှိပါတယ်။

  1. မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့က ပထဝီဓာတ်၊
  2. ယိုစီး, ဖွဲ့စည်းက အာပေါဓာတ်၊
  3. ပူ, အေးက တေဇောဓာတ်၊
  4. ထောက်, တွန်းက ဝါယောဓာတ်။

အားလုံးပေါင်းလိုက်တော့ ဓာတ်ကြီးလေးပါး, သဘောတရား ဆယ့်နှစ်ခု ဖြစ်ပါတယ်။ ဒီသဘောတရား ဆယ့်နှစ်ခုကို ခြေဆုံးခေါင်းဆုံး ထပ်ကာ ထပ်ကာ ရှုလိုက်လို့ အောင်မြင်မှု ရလာပြီ, သွက်သွက်လက်လက် ရှုနိုင်ပြီ, ပြိုင်တူလိုလိုလည်း ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင်တော့ တစ်ကိုယ်လုံးကို ခြုံငုံပြီး ရှုကြည့်ရပါတယ်။ တစ်ကိုယ်လုံးကို ခြုံငုံကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီဓာတ်သဘောတရား ဆယ့်နှစ်ခုကိုလည်း ဉာဏ်ထဲမှာ လွယ်လွယ်ကူကူ တွေ့ပြီ, ပြိုင်တူလိုလိုလည်း တွေ့နေရပြီဆိုတဲ့ အချိန်အခါမှာတော့ နောက်တစ်ဆင့် ဘာလုပ်ရမလဲ?

  1. မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့သဘောတရား ခြောက်ခုကို ကြည့်ပြီး ပထဝီဓာတ်၊
  2. ယိုစီး, ဖွဲ့စည်းသဘောတရား နှစ်ခုကို ကြည့်ပြီး အာပေါဓာတ်၊
  3. ပူ, အေးသဘောတရား နှစ်ခုကို ကြည့်ပြီး တေဇောဓာတ်၊
  4. ထောက်ကန်, တွန်းကန်သဘောတရား နှစ်ခုကို ကြည့်ပြီး ဝါယောဓာတ်။

ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဒီလို မနှေးမမြန် ရှုနေရ ပါတယ်။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် သမာဓိကို ဆက်လက်ပြီး ထူထောင်ပါ။

ဒီလို မနှေးမမြန် ရှုလိုက်တဲ့ အချိန်အခါမှာ တဖြည်းဖြည်း ယောဂီ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သမာဓိက တော်တော်ကလေး အသားတက်လာပြီဆို လျှင်တော့ အဖြူ စ,ပေါ်တတ်ပါတယ်။ ထိုအဖြူမှာလည်း ဒီဓာတ်ကြီးလေးပါးကို မြင်အောင် ဆက်ပြီး စိုက်ရှုရပါတယ်။ အဖြူမှာ ဓာတ်ကြီးလေးပါး စိုက်ရှု လိုက်လို့ အောင်မြင်မှု ရလာပြီဆိုလျှင်တော့ အဖြူကလည်း တဖြည်းဖြည်း ဖြူရာကနေ ရေခဲတုံး, ဖန်တုံး, မှန်တုံးလို ကြည်နေတဲ့ အကြည်ဓာတ်တစ်မျိုး ပေါ်လာပါတယ်။ အဲဒီ အကြည်ဓာတ်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ မြတ်စွာဘုရားက ရုပ်ပိုင်းမှာ စက္ခုပသာဒ, သောတပသာဒ, ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒဆိုပြီး ပသာဒရုပ် ငါးခု ဟောကြားထားတော်မူပါတယ်။

မျက်စိမှာ စက္ခုပသာဒ, ကာယပသာဒ နှစ်မျိုးရှိတယ်၊ နားမှာ သောတပသာဒ, ကာယပသာဒ နှစ်မျိုးရှိတယ်၊ နှာခေါင်းမှာ ကာယပသာဒ, ဃာနပသာဒ နှစ်မျိုး၊ လျှာမှာ ဇိဝှါပသာဒ, ကာယပသာဒ နှစ်မျိုး၊ ကိုယ်မှာတော့ ကာယပသာဒ တစ်မျိုးပဲ ရှိပါတယ်။ ပေါင်းလိုက်တော့ အဲဒီ (၅)ဌာနမှာ ပသာဒရုပ်တွေ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီး တည်ရှိနေတယ်။ နှလုံးမှာတော့ ကာယပသာဒတစ်ခုပဲ ရှိပါတယ်။ ဒီပသာဒရုပ်ဆိုတာက ကြည်နေတဲ့ရုပ်တွေ ဖြစ်ပါတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကတော့ --

စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)

စက္ခုပသာဒစတဲ့ ဒီအကြည်ရုပ် ငါးမျိုးက ရူပါရုံစတဲ့ ဆိုင်ရာဆိုင်ရာ အာရုံကို အာရုံယူတတ်တဲ့ စက္ခုဝိညာဏ်စတဲ့ ဝိညာဏ်ငါးမျိုးတို့ရဲ့ မှီရာအဖြစ် ကျေးဇူးပြုပေးနေတဲ့ ကြေးမုံပြင်လို ကြည်နေတဲ့ အကြည်ဓာတ်တွေပါ ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားပါတယ်။ ဒါက ဘုရားဟောနှင့် စာပေကျမ်းဂန်တွေမှာ လာရှိတဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။

ယောဂီပုဂ္ဂိုလ်က အဖြူမှာ ဓာတ်လေးပါး ဆက်စိုက်လိုက်တဲ့ အချိန် အခါမှာ ဖြူရာကနေ ကြေးမုံအပြင်လို ကြည်နေတဲ့ အကြည်တုံးကြီးကို သွားတွေ့တတ်ပါတယ်။ အကြည်တုံးကြီးကို တွေ့ပြီဆိုလျှင်လည်း အဲဒီ အကြည်တုံးမှာပဲ ဓာတ်လေးပါး ဆက်စိုက်နိုင်ခဲ့မယ်ဆိုလျှင်တော့ ပါရမီရင့်ညောင်းနေတဲ့ သူတော်ကောင်းသာ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ကလာပ်အမှုန် ကလေးတွေကို လွယ်လွယ်နဲ့ တွေ့တတ်ပါတယ်။

ကလာပ်အမှုန်ကို မတွေ့ခဲ့ဘူးဆိုလျှင်တော့ ဒီအကြည်ပြင်မှာ အာကာသဓာတ်လို့ခေါ်တဲ့ အကြားအပေါက်ကလေးကို မြင်အောင် ဆက်ပြီး စိုက်လိုက်တာနဲ့ ကလာပ်အမှုန်ကလေးတွေကို လွယ်လွယ်ကူကူနဲ့ တွေ့နိုင်ပါ တယ်။ ကလာပ်အမှုန်ကို တွေ့လိုက်တဲ့အချိန်အခါမှာ ဒီကလာပ်အမှုန် တစ်ခုတစ်ခုမှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဆိုတဲ့ ဒီဓာတ်ကြီးလေးပါးကို မြင်အောင် ဆက်ပြီး ရှုရပါတယ်။ ဒီလို ဆက်ရှု လိုက်လို့ အောင်မြင်မှု ရလာပြီဆိုလျှင်တော့ ကလာပ်တိုင်း ကလာပ်တိုင်းမှာ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးဆိုတဲ့ (၆)ဌာနလုံးမှာ ဆံပင်, မွေးညင်း, ခြေသည်း,လက်သည်း အစရှိတဲ့ (၄၂)ကောဋ္ဌာသလုံးမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးနှင့်တကွ ဓာတ်ကြီးလေးပါးကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အဆင်း, အနံ့, အရသာ, ဩဇာ စသည်ဖြင့် ဥပါဒါရုပ်တွေကို ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။

ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတွေကို သိမ်းဆည်းခြင်း

ဒီလို ရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ သူတော်ကောင်းက ရုပ်တရား တွေမှာ အောင်မြင်မှုရတဲ့ အချိန်အခါမှာ ဒီရုပ်တရားတွေကို မှီတွယ်ပြီး ရုပ်တရားတွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းရပါတယ်။ မိမိက သမထယာနိကပုဂ္ဂိုလ်ဖြစ်လို့ စျာန်တရားတွေ ကိုပါ ရရှိခဲ့မယ်ဆိုလျှင်တော့ မိမိ ရရှိထားတဲ့ စျာန်နာမ်တရားတွေကိုလည်း သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ဒီရုပ်တရား, နာမ်တရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာတော့ ဒီရုပ်တရား, နာမ်တရားတွေသည် ဘယ်လို အကြောင်းကြောင့် ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး သိမ်းဆည်းရပြန်ပါတယ်။ ဒီရုပ်တရား, နာမ်တရားတွေက အတိတ်က အကြောင်းတရားတွေကြောင့် ဖြစ်ကြတယ်၊ ဒီရုပ်တရား, နာမ်တရားတွေကတော့ ပစ္စုပ္ပန်အကြောင်းတရားကြောင့် ဖြစ်ကြတယ် စသည်ဖြင့် ဒီလို ကွဲကွဲပြားပြားသိအောင် သိမ်းဆည်းရပါတယ်။ ကံကြောင့်ဖြစ်တဲ့ရုပ်, စိတ်ကြောင့်ဖြစ်တဲ့ရုပ်, ဥတုကြောင့်ဖြစ်တဲ့ရုပ်, အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေ ကိုလည်း ကွဲကွဲပြားပြားသိအောင် သိမ်းဆည်းရပါတယ်။(မ၊၁၊၂၈၄။ မ၊ဋ္ဌ၊၂၊၁၆၄၊၊)

အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ်နေတဲ့ ဒီရုပ်တရား, နာမ်တရားတွေဟာလည်း ဘယ်လို အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ် နေရပါသလဲဆိုပြီး အတိတ်အကြောင်းတရား အဆက်ဆက်တွေကို ဆက်လက်ပြီး ကြိုးစားရပါတယ်။ ဒါက ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောကို ရှုပွားသိမ်းဆည်းတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း ဖြစ်ပါတယ်။ ဒီရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေကို စနစ်တကျ သိမ်းဆည်းတတ်ပြီးတဲ့ ထိုသူတော်ကောင်းက ရှေ့တစ်ဆင့်တက်ပြီး ဘာလုပ်ရလဲ?

ဝိပဿနာပိုင်း

ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်း, ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့မြင်အောင် ကြည့်ပြီး ဒုက္ခလို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ ရှုရတယ်။ ဒီလို ရုပ်တရား, နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုနေတဲ့အပိုင်းကိုသာ ဝိပဿနာလို့ ခေါ်ပါတယ်။

ဒီအယောဃရမင်းသားကလေးက ဝိပဿနာဉာဏ်လောက်တော့ အထိုက်အလျောက် ရနေတယ်လို့ ယူဆရပါတယ်။ အထိုက်အလျောက် ဆိုသော်လည်း ဘာဖြစ်လို့ ဒီနေရာမှာ အထိုက်အလျောက်လို့ ပြောနေရသလဲ? ပါရမီတွေ ရင့်ညောင်းနေတဲ့ သူတော်ကောင်း ဖြစ်ပါလျက် ဘာဖြစ်လို့ အထိုက် အလျောက်လို့ ပြောနေရသလဲလို့ မေးလျှင်တော့ အနတ္တလက္ခဏာကို ပညတ် တင်ပြီး ဟောကြားပြသ ဆိုဆုံးမနိုင်ခြင်းသည် သဗ္ဗညုသမ္မာသဗ္ဗုဒ္ဓ ဘုရားရှင် တို့ရဲ့အရာသာ ဖြစ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)တခြားတခြား ပုဂ္ဂိုလ်တွေရဲ့ အရာဌာန မဟုတ်တဲ့အတွက် အလောင်းတော်ဘဝမှာတော့ အနတ္တလက္ခဏာကို ဟုတ်တိုင်းမှန်စွာ ပညတ်တင်ပြီး ဟောကြားပြသနိုင်တဲ့ စွမ်းအားတော့ မရှိပါဘူး။ ဒါကြောင့် အထိုက်အလျောက်လို့ ပြောနေခြင်း ဖြစ်ပါတယ်။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူတဲ့ အချိန်အခါကျမှသာ အနတ္တလက္ခဏာက ထင်ရှားလာပါတယ်။

ဒီလို ဘဝအဆက်ဆက်က ဆည်းပူးခဲ့တဲ့ သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော အသိထူး, ဉာဏ်ထူးတွေ ရှိနေတဲ့ ဒီအယောဃရမင်းသားကလေးက မိမိရဲ့ ဖခမည်းတော် ဦးဆောင်နေတဲ့ တရားနာပရိသတ်အပေါင်းတွေကို တရား စတင်ပြီး ဟောကြားပါတယ်။ ဒါကြောင့် အယောဃရမင်းသားကလေး ဟောကြားနေတဲ့ ဂါထာကလေးကို ပြန်ပြီး နိဒါန်းသွယ်ရအောင် --

၁။ ယမေကရတ္တိံ ပဌမံ၊ ဂဗ္ဘေ ဝသတိ မာဏဝေါ။
အဗ္ဘုဋ္ဌိတောဝ သော ယာတိ၊ သ ဂစ္ဆံ န နိဝတ္တတိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၇။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ယံ = ယော မာဏဝေါ = အကြင် သတ္တဝါသည်။ ဧကရတ္တိံ = တစ်ခုသော ညဉ့်အခါ၌။ ပဌမံ = ရှေးဦးစွာ။ ဂဗ္ဘေ = မိခင်၏ ဝမ်းကြာတိုက်၌။ ဝသတိ = ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရပေ၏။ တဿံ ရတ္တိံ = ထိုညဉ့်အချိန်အခါ ကာလ၌။ သော မာဏဝေါ = ထိုသတ္တဝါသည်။ အဗ္ဘုဋ္ဌိတောဝ = တက်ပြီးသော တိမ်တိုက်ကဲ့သို့။ ဟုတွာ = ဖြစ်၍။ ပဋိသန္ဓိက္ခဏတော = ဘဝတစ်ခု၌ ရှေးဦးအစ ခဏဟုခေါ်ဆိုအပ်သော ပဋိသန္ဓေခဏမှ။ ပဋ္ဌာယ = စ၍။ မစ္စုဝသံ = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏ အလိုနိုင်ငံသို့။ ယာတိ = လိုက်ပါ၍နေရပေ၏။ = သော မာဏဝေါ = ထိုသတ္တဝါသည်။ ဧဝံ = ဤသို့။ ဂစ္ဆံ ဂစ္ဆန္တော = သေမင်းထံသို့ သွားနေရသည်ရှိသော်။ န နိဝတ္တတိ = နောက်ကြောင်းသို့ တစ်ဖန်ပြန်၍ လှည့်လည်နိုင်ရိုးဓမ္မတာ မရှိပါပေ။ အညဒတ္ထု = တကယ်စင်စစ်အားဖြင့်။ မရဏမေဝ = ရှင်သေမင်း၏ အထံသို့သာလျှင်။ ဥပဂစ္ဆတိ = ကပ်ရောက်၍ သွားနေရပေ၏။

ဒီသင်္ခါရတရားတွေက ဖြစ်လိုက် ပျက်လိုက်, ဖြစ်လိုက် ပျက်လိုက်နဲ့ သွားနေကြတယ်။ ဘယ်ကို သွားနေကြသလဲ? သေရမယ့်ဘက်ကို တာစူပြီး သွားနေကြရတယ်။ ပဋိသန္ဓေ တည်နေတဲ့ အချိန်အခါကာလက စပြီးတော့ ဘဝတစ်လျှောက်မှာ ဖြစ်လိုက် ပျက်လိုက်, ဖြစ်လိုက် ပျက်လိုက်နဲ့ သွားနေတဲ့ ဒီသင်္ခါရတရားတွေသည် သေခြင်းဘက်သို့ သွားနေကြပါတယ်။ သေခြင်း တရားသို့သာလျှင် ကျိန်းသေဧကန်အားဖြင့် နောက်ဆုံး ချဉ်းကပ်ပြီးတော့ နေကြရပါတယ်ဆိုပြီးတော့ ဒီလို မယ်တော်, ခမည်းတော် အမှူးရှိနေတဲ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ကို ဟောကြားပြသပေးလိုက် ပါတယ်။ နောက်ထပ် ဘယ်လို ဆက်ပြီး ဟောကြားထားတော်မူသလဲ?

အိုနာသေရေး ဒုက္ခဘေး

၂။ န ယုဇ္ဈမာနာ န ဗလေန ဝဿိတာ၊ နရာ န ဇီရန္တိ န စာပိ မီယရေ။
သဗ္ဗံ ဟိဒံ ဇာတိဇရာယုပဒ္ဒုတံ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၇။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ယုဇ္ဈမာနာ = နှစ်ဘက်အပြိုင်တိုက်သော စစ်မြေပြင်အရပ်၌ စစ်ထိုး၍ နေကြကုန်သော။ ဗလေန = ကိုယ်စွမ်းအား သူရဲကောင်းစွမ်းအားနှင့်။ ဝဿိတာ = ပြည့်စုံကြကုန်သော။ နရာ = စစ်သည်တို့သည်။ န ဇီရန္တိ = မအိုကြသည်ကား။ = မဟုတ်ကြလေကုန်။ ဇီရန္တိ ဧဝ = အိုကြကုန်သည်သာလျှင်တည်း။ န စာပိ မီယရေ = မသေကြသည်ကား။ = မဟုတ်ကြလေကုန်။ မီယန္တိ ဧဝ = သေကျေပျက်စီးကြကုန်သည်သာတည်း။ မဟာယန္တေန = ကြီးစွာသော စက်ယန္တရားအတွင်း၌။ ပီဠိယမာနာ = အကြိတ်ခံ၍ နေကြရကုန်သော။ ဥစ္ဆုဃဋိကာ ဝိယ = ကြံချောင်းတို့ကဲ့သို့။ ဣဒံ သဗ္ဗံ = ဤအလုံးစုံကုန်သော သတ္တဝါအပေါင်းသည်။ ဇာတိဇရာယ = အိုနာသေရေး ဒုက္ခဘေးသည်။ ဥပဒ္ဒုတံ = အမြဲမပြတ် ကပ်၍ ညှဉ်းပန်းနှိပ်စက်၍နေအပ်ပါပေ၏။ တံ = တေန ကာရဏေန = ထိုအကြောင်းအရာကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = ပဋိသန္ဓေ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ...နှစ်ဘက်ပြိုင်ပြီးတော့ စစ်တိုက် နေတဲ့ စစ်မြေပြင်အရပ် တစ်ခု ရှိပါတယ်။ အဲဒီ စစ်မြေပြင်အရပ်မှာ ကိုယ်စွမ်းအား, သူရဲကောင်းစွမ်းအားတို့နဲ့ ပြည့်စုံနေတဲ့ စစ်သည်တော်တွေဟာ တစ်ဘက်နဲ့ တစ်ဘက် ထိုးခတ် တိုက်ခိုက်ပြီး နေကြပါတယ်။ ဒီလောက်တောင် ရဲစွမ်းသတ္တိနဲ့ ပြည့်စုံနေတဲ့ သူရဲကောင်းတွေဟာလည်း မအိုကြရတာ မဟုတ်ပါဘူး၊ အိုကြရတယ်။ မသေကြရတာ မဟုတ်ဘူး၊ သေကြရပါတယ်။ အင်မတန်ကြီးမားတဲ့ စက်ယန္တယားကြီးထဲမှာ ကြံချောင်းတွေကို ထည့်ပြီး ကြိတ်လိုက်တဲ့အခါမှာ ကြံချောင်းတွေဟာ အကြိတ်ခံရသလိုပဲ ဒီသတ္တဝါ အားလုံးဟာလည်း အိုနာသေရေး ဒုက္ခဘေးဆိုတဲ့ စက်ယန္တယားကြီးထဲမှာ လည်ပတ်ပြီးတော့ အကြိတ်ခံနေကြရပါတယ်။ ဒီအိုနာသေရေး ဒုက္ခဘေးတွေက သတ္တဝါအပေါင်းကို အမြဲမပြတ် ကပ်ပြီးတော့ ညှဉ်းပန်းနှိပ်စက်နေ ပါတယ်။

ဒါကြောင့် သားတော်သည် ရသေ့ရဟန်းပြုပြီး အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတော့မယ်။ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ် ဆန္ဒဓာတ်တွေသည် သားတော်ရဲ့ သန္တာန်မှာ ပြင်းပြစွာ ဖြစ်နေပါတယ်ဘုရား။ ဒါကြောင့် သားတော်အား အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်အတွက် ရှင်ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ ခွင့်တောင်းပါတယ်။ ဒီနေရာကလေးမှာ အထူးသဖြင့်တော့ မန်လည်ဆရာတော်ဘုရားကြီးက ဒီဂါထာမျိုးတွေကို အလင်္ကာဂုဏ် ပြောင်မြောက်စွာနဲ့ သီကုံးပြီး ဆိုဆုံးမထားပါတယ်။

မာနဟုံးစုံး, ဘက်မဲ့ကြုံး၍, လက်ရုံးဆန့်မိုး, ပြည်တရိုးကို, စစ်ထိုးဘောင်ဘောင်, ပွဲတိုင်းအောင်လည်း, ဘုန်းခေါင်သနင်း, သျှင်သေမင်းအား, အလျှင်း စစ်ပြိုင်, မအောင်နိုင်ကြောင့်၊ ခုတိုင်မျက်မြင်, လူတို့ခွင်ဝယ်, မထင်ပြက်ပြက်, သေမင်းစက်နှင့်, ပျက်ပျက်ယွင်းယွင်း, ကြေမွလျှင်း၍, သေတွင်းဝင်ကြလေကုန်စွ။ (မဃဒေဝ၊၃၅၄။)

ဘယ်လောက်ပင် မာန်မာန ကြီးမားပြီးတော့, ဘုန်းတန်ခိုးတွေ ကြီးမား လာပြီးတော့, အင်မတန် ကြုံးဝါးပြီးတော့, လက်ရုံးတွေ ဆန့်မိုးပြီးတော့ တစ်ဘက်စစ်သည်တွေကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ချင်ဖြစ်ပါစေ၊ ဒီလောက် စွမ်းအားရှိနေတဲ့ ဒီပုဂ္ဂိုလ်တွေဟာ ပွဲတိုင်းအောင် နေပေမယ့်လို့ သေမင်းကို တိုက်ခိုက်တဲ့ အချိန်အခါမှာ ဘယ်တော့မှ အောင်နိုင်တယ်ဆိုတဲ့သဘောတရား မရှိပါဘူး။ သေမင်းကို တိုက်ပြီဆိုလျှင်တော့ နောက်ဆုံး အရှုံးပေးကြရတာပဲ။ သေမင်းကို အရှုံးပေးပြီးတော့ပဲ ဘဝကို အဆုံးသတ်သွားကြရတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ ဖြစ်ပါတယ်ဆိုပြီးတော့ ဒီလို ဟောကြားဆုံးမထားပါတယ်။

သေမင်းကို နိုင်အောင် မတိုက်နိုင်သူများ

၃။ စတုရင်္ဂိနိံ သေနံ သုဘိံသရူပံ၊ ဇယန္တိ ရဋ္ဌာဓိပတီ ပသယှ။
န မစ္စုနော ဇယိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၈။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ စတုရင်္ဂေနိံ = ဆင်, မြင်း, ရထား, ခြေသည်အားဖြင့် (၄)ပါးသောအင်္ဂါရှိသော။ သေနံ စ = စစ်တပ်ကိုလည်းကောင်း။ သုဘိံသရူပံ = အလွန် ကြောက်မက်ဖွယ်ရှိသော။ ရဋ္ဌဓိပတိ စ = တိုင်းကားပြည့်ရှင် ဘုရင်မင်းမြတ်ကိုလည်းကောင်း။ ဧကစ္စေ = အချို့သော ရန်သူမင်းတို့သည်။ ပသယှ = နိုင်ထက်ကလူ နှိပ်စက်မူ၍။ ဇယန္တိ = အောင်ပွဲယူနိုင်ကြလေကုန်၏။ တေပိ = ထိုအောင်ပွဲခံနိုင်ကြကုန်သော မင်းတို့သည်လည်းပဲ။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏။ သေနံ = စစ်သည်ဗိုလ်ပါ များလှစွာကို။ ဇယိတုံ = အောင်ပွဲခံနိုင်အံ့သောငှာ။ န ဥဿဟန္တိ = မစွမ်းနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထို အကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ... ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင်တပ်ခေါ်တဲ့ အင်္ဂါလေးပါးနှင့် ပြည့်စုံနေတဲ့ စစ်တပ်တွေ ရှိကြပါတယ်။ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားနဲ့ပြည့်စုံနေတဲ့ စစ်တပ်တွေလည်း ရှိကြပါတယ်။ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားနဲ့ ပြည့်စုံနေတဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင်တွေဆိုတာလည်း ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီပုဂ္ဂိုလ်တွေကို တချို့တချို့ ရန်သူမင်းတွေက နိုင်ထက်ကလူ နှိပ်စက်မူပြီးတော့ အောင်ပွဲ ယူနိုင်တဲ့သဘောလည်း ရှိတတ်ပါတယ်။

ဒီလို တချို့တချို့ ရန်သူမင်းတွေဟာ ဘယ်လိုပင် နှိပ်စက်ကလူ နိုင်ထက်မူပြီးတော့ အောင်ပွဲခံယူနိုင်ကြပေမယ့်လို့ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းရဲ့ စစ်သည်ဗိုလ်ပါ များလှစွာကို အောင်ပွဲ ယူဖို့ရန်အတွက် ဘယ်နည်းနဲ့မျှ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် သားတော်သည် ရသေ့ရဟန်းပြု၍ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပါတော့မယ်။ ဒါကြောင့် သားတော်ကို အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါ ဆိုပြီးတော့ ခွင့်တောင်းပါတယ်။ နောက်တစ်ခု ဘယ်လို ဆက်ပြီး ခွင့်တောင်း သလဲ?

ရန်သူလက်မှ လွတ်မြောက်နိုင်ပေမဲ့

၄။ ဟတ္ထီဟိ အေဿဟိ ရထေဟိ ပတ္တိဘိ၊
ပရိဝါရိတာ မုစ္စရေ ဧကစ္စေယျာ။
န မစ္စုနော မုစ္စိတုမုဿဟန္တိ၊
တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၈။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ဟတ္တီဟိ = ဆင်တပ်တို့ဖြင့်လည်းကောင်း။ အေဿဟိ = မြင်းတပ်တို့ဖြင့်လည်းကောင်း။ ရထေဟိ = ရထားတပ်တို့ဖြင့်လည်းကောင်း။ ပတ္တီဘိ = ခြေလျင်တပ်တို့ဖြင့် လည်းကောင်း။ ပရိဝါရိတာ = အဝိုင်းခံကြရကုန်သော။ ဧကစ္စေယျာ = အချို့သောမင်းတို့သည်။ ပစ္စာမိတ္တာနံ = ရန်သူမင်းတို့၏။ ဟတ္ထတော = လက်မှ။ မုစ္စရေ = လွတ်မြောက်နိုင်ကြပေကုန်၏။ တေပိ = ထိုရန်သူတို့၏ လက်မှ လွတ်မြောက်နိုင်ကုန်သော မင်းတို့သည်လည်းပဲ။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံ စိုးနင်း ရှင်သေမင်း၏။ ဟတ္ထတော = လက်မှ။ မုစ္စိတုံ = လွတ်မြောက်အံ့သောငှာ။ န ဥဿဟန္တိ = မစွမ်းနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ ဣတိ = ဤသို့။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြစွာ ဖြစ်နေပါသည်ဘုရား။

ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင်တပ်ဆိုတဲ့ စစ်သည်တွေ အဝိုင်းခံနေရတဲ့ တချို့တချို့ ရှင်ဘုရင်တွေ ရှိကြပါတယ်။ ရန်သူမင်းတို့ရဲ့ အဝိုင်းခံရနေတဲ့ ဒီလို ရှင်ဘုရင်တွေဟာ တစ်ခါတစ်ရံ လွတ်အောင်ရုန်းမယ်ဆိုလျှင် လွတ်အောင်ရုန်းနိုင်တဲ့ သဘောတွေ ထင်ရှားရှိနေပါသေးတယ်။ ဒါပေမယ့်လို့ ရန်သူလက်တွင်းမှ လွတ်အောင်ရုန်းနိုင်သော်လည်း ဒီရှင်ဘုရင်တွေဟာ သေမင်းလက်မှ လွတ်အောင်ရုန်းဖို့ရန်အတွက် ဘယ်နည်းနှင့်မျှ မစွမ်းနိုင်ပါဘူး။ ဒါကြောင့် သားတော်ရဲ့သန္တာန်မှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ အတွက် ရှင်ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး ခွင့်တောင်းပါတယ်။

အင်္ဂါလေးပါး, ရထားမြင်းဆင်, အတင်တင်ဖြင့်, မြေပြင်ညီးလင်း, ဗျူဟာကျင်းပြီး, ဗိုလ်သင်းစီမံ, တင်းခုခံလျက်, လေးလှံအဲမောင်း, စိန်ပြောင်း မီးပေါက်, အမြောက် မြတပူ, ပြောထူလက်နက်, ဝန်းရှက်ရံလစ်, လွန်အားသစ်၍, ထိုးပစ်ပါလျှင်း, ထိုသေမင်းကို, အောင်ခြင်းဘယ်ခါ, မရရာခဲ့။ (မဃဒေဝ၊၃၅၇။)

ဘယ်လောက်ပဲ စစ်သည်ဗိုလ်ပါ များစွာနဲ့ လက်နက်မျိုးစုံနဲ့ အတင်း ခုခံတိုက်ဖျက်ပြီးတော့ ရှင်သေမင်းရဲ့ ရန်ကို ကာကွယ်ပေမယ့်လို့ ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့် --

ဝန်းရှက်ရံလစ်, လွန်အားသစ်၍, ထိုးပစ်ပါလျှင်း, ထိုသေမင်းကို, အောင်ခြင်းဘယ်ခါ, မရရာခဲ့, စားကာ အိပ်ကာ, များသူငါကား, ရက်ကြာလှရှည်, နှစ်ပွားစည်တိုင်း, တူးတည် တူရူ, ရှေးရှူသဖြင့်, သတ်မည်လင့်သည့်, သေမင်းအပါး, ရွေ့ရွေ့သွား၏။ (မဃဒေဝ၊၃၅၇။)

တစ်နေ့တစ်နေ့ တရွေ့ရွေ့နဲ့ တရားဟောနေတဲ့ပုဂ္ဂိုလ်တွေ, တရားနာနေတဲ့ပုဂ္ဂိုလ်တွေ အားလုံး ဘယ်ဘက်ကို သွားနေကြသလဲ? တရွေ့ရွေ့နဲ့ သွားနေတာကတော့ သေမင်းဘက်ကို သွားနေကြတာပဲ။ သေမင်းဘက် မသွားတဲ့အချိန်အခါဆိုတာ ရှိသေးသလား? တစ်စက္ကန့်မှ မရှိဘူး။ ဒါကြောင့်-

တူးတည် တူရူ, ရှေးရှူသဖြင့်, သတ်မည်လင့်သည့်, သေမင်းအပါး, ရွေ့ရွေ့သွား၏။ (မဃဒေဝ၊၃၅၇။)

ဒီသေမင်းက မိမိကိုသတ်မယ့် သေမင်း ဖြစ်ပါတယ်။ အဲဒီ သေမင်းထံကိုပဲ တရွေ့ရွေ့နဲ့ နေ့စဉ်ပဲ သတ္တဝါအားလုံးဟာ သွားနေကြရတယ်။

ကျားခံတွင်းပေါက်, မြွေအာစောက်သို့, မြောက်တိမြောက်တောက်, မျက်စိမှောက်၍, ဝင်ရောက်သားကောင်, တိုးသော့ယောင်တည့်။ (မဃဒေဝ၊၃၅၇။)

ကျားတွေ, မြွေတွေရဲ့ ခံတွင်းထဲသို့ လမ်းချော်ပြီးတော့ ဖြုန်းခနဲ ဝင်သွားမိတာနဲ့ သိပ်တူပါတယ်။ တဖြည်းဖြည်း သွားရင်းသွားရင်းနဲ့ နောက်ဆုံး သေမင်းရဲ့ ခံတွင်းထဲကို ဝင်သွားကြရတယ်။ ဒီလို သေမင်းရဲ့ ခံတွင်းဝသို့ သွားနေရတဲ့အတွက် အိုနာသေရေး ဒုက္ခဘေးနဲ့ တစ်နေ့တော့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အိုနာသေရေး ဒုက္ခဘေးတို့ သားတော်ထံ မရောက်မီ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုဖို့ရန် သားတော်ကို အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ လျှောက်ထား တောင်းပန်ပါတယ်။ နောက်တစ်ခု --

အမုန်ယစ်သော ဆင်ပြောင်ကြီးတို့ပင် ချေမှုန်းလို့ မရနိုင်

၆။ မတ္တာ ဂဇာ ဘိန္နဂဠာ ပဘိန္နာ၊ နဂရာနိ မဒ္ဒန္တိ ဇနံ ဟနန္တိ။
န မစ္စုနော မဒ္ဒိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၈။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ဘိန္နဂဠာ ပဘိန္နာ = ပေါက်ကွဲရာအရပ်မှ ယိုစီးသော မုန်ရှိကြကုန်သော။ မတ္တာ ဂဇာ = အမုန်ယစ်နေတဲ့ ဆင်ပြောင်ကြီးတို့သည်။ ပစ္စတ္ထိကရာဇူနံ = ရန်သူမင်းတို့၏။ နဂရာနိ = မြို့တို့ကို။ မဒ္ဒန္တိ = နင်းနှိပ် ချေမှုန်းနိုင်ကြလေကုန်၏။ ဇနံ = ဗိုလ်ထုကို။ ဟနန္တိ = သတ်ဖြတ် ဖျက်ဆီးနိုင်ကြလေကုန်၏။ တေပိ = ထို ဆင်ပြောင်ကြီးတို့သည်လည်းပဲ။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ မဒ္ဒိတုံ = နင်းနယ် ချေမှုန်းခြင်းငှာ။ န ဥဿဟန္တိ = မစွမ်းနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ် လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည် ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ... အမုန်ယစ်နေတဲ့ ဆင်ကြီးတွေ ဆိုတာ ရှိကြပါတယ်။ အမုန်တွေ ပေါက်ကွဲပြီးတော့ အမုန်ယစ်နေတဲ့ ဒီဆင်ပြောင်ကြီးတွေဟာ တစ်ဘက်ရန်သူမင်းတို့ရဲ့ မြို့တွေကို ဖျက်ဆီးပစ်မယ် ဆိုလျှင်လည်း ဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေ ရှိနေကြပါတယ်။ တစ်ဘက်ရန်သူတို့ရဲ့ ဗိုလ်ထုကို အသေသတ်မယ်ဆိုလျှင်လည်း သတ်ဖြတ်နိုင်တဲ့စွမ်းအားတွေ ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီဆင်ပြောင်ကြီးတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို နင်းနှိပ်ကြိတ်ချေဖို့ရန်အတွက် ဘယ်နည်းနဲ့မှ မစွမ်းနိုင် ကြပါဘူး။ ဒါကြောင့် သားတော်ရဲ့သန္တာန်သို့ အိုနာသေရေး ဒုက္ခဘေးတွေ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို သားတော် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်။ ထိုအိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုဖို့ရန် သားတော်ရဲ့သန္တာန်မှာ ကုသိုလ်ဆန္ဒဓာတ်တွေ ပြင်းပြလှစွာ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြုဖို့ရန်အတွက် ခွင့်ပြုတော် မူပါဆိုပြီး ဆက်လက် ခွင့်တောင်းပါတယ်။

အောက်ထက်ပြင်းဟုန်, ကွဲပေါက်သုန်၍, ကျမုန်တီးတီး, အာသောက်စီးသား, ပြောင်ကြီးမဟာ, ယတြာမျိုးစစ်, ဆိုးမုန်ယစ်တို့်, သစ်နှင့်သံတိုင်, တုရိုဏ်ပြိုင်လျက်, ကြံ့ခိုင်ကြီးမား, မြို့တံခါးနှင့်, ကျောက်သားတူယောင်, ကျောက်တောင်တူနိုး, သူ့မြို့ရိုးကို, ပစ်ထိုးကော်ကြည်း, ဖြိုဖျက်လှည်း၍, ကြော်ကျည်းကျာကျာ, ငှက်ကြိုးကြာသို့, သံဝါကြွေးလျက်, ဝှေ့ပက်နင်းချိုး, သိသိကျိုး၏, တန်ခိုးပြင်းလတ်, သေမင်းငတ်ကို, မလွတ်အတင်း, ဇွတ်တက်နင်း၍, သတ်ဖြတ်ခြင်းငှာ, မစွမ်းပါခဲ့။ (မဃဒေဝ၊၃၅၆)

ဒီဆင်ပြောင်ကြီးတွေဟာ ဘယ်လောက်ပင် စွမ်းအားတွေ ထက်နေ ပေမယ့်လို့ အင်မတန် တန်ခိုးကြီးမားနေတဲ့ ဒီသေမင်းကို ဘယ်လိုမှ သတ်ဖြတ် ခြင်းငှာ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် သားတော်ရဲ့သန္တာန်မှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်အတွက် ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။

လေးသည်တော်များ

၇။ ဣဿာသိနော ကတဟတ္ထာပိ ဝီရာ၊ ဒူရေပါတီ အက္ခဏဝေဓိနောပိ။
န မစ္စုနော ဝိဇ္ဈိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၈။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ကတဟတ္တာ = သုသိက္ခိတာ = ကောင်းစွာ သင်အပ်ပြီးသော လေးအတတ်, မြားအတတ် ရှိကြကုန်သော။ ဝီရာ = ရဲရင့်ကုန်သော။ ဒူရေပါတီ = ဝေးသောအရပ်၌ မြားကို ကျစေခြင်းငှာ စွမ်းနိုင်ကြကုန်သော။ ဣဿာသိနောပိ = လေးသမားတို့သည်လည်းကောင်း။ အက္ခဏဝေဓိနောပိ = မချွတ်မယွင်း မှန်အောင် ပစ်နိုင်သော စွမ်းအားရှိကြကုန်သော လေးသမားတို့သည်လည်းကောင်း။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို။ ဝိဇ္စျိတုံ = မှန်အောင် ပစ်ခွင်းခြင်းငှာ။ န ဥဿဟန္တိ = မစွမ်းနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... အင်မတန် ကျွမ်းကျင်နေတဲ့, ကောင်းစွာ လေ့ကျင့်ထားပြီးတဲ့ လေးသမားတွေ လောကမှာ ရှိကြပါတယ်။ ဝါလဝေဓိလေးသမားဆိုလျှင် သားမြီးကို မှန်အောင် ပစ်ခွင်းနိုင်တဲ့လေးသမား ဖြစ်ပါတယ်။ မြင်းမြီးတို့လို သားမြီးကလေးတစ်ပင်ရဲ့ ထိပ်မှာ ခရမ်းသီးတစ်လုံးလောက် ချည်ပြီး ဒီမြင်းမြီးကလေးကို တန်းတစ်ခုမှာ ချည်ဆွဲထားတယ် ဆိုကြစို့၊ အဝေးကနေ လှမ်းပြီးတော့ ဒီမြင်းမြီးကို မှန်အောင် ပစ်မယ်ဆိုလျှင် ပစ်နိုင်တဲ့ လေးသမားတွေလည်း ရှိကြပါတယ်။ ဝါလဝေဓိ လေးသမားလို့ ခေါ်ပါတယ်။ နောက် လေးသမားတစ်မျိုးကတော့ အက္ခဏဝေဓိလေးသမား ဖြစ်ပါတယ်။ ဒီအက္ခဏဝေဓိလေးသမားဆိုတာကတော့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ မြား ခုနစ်ဆင့်, ရှစ်ဆင့်ကို ဆက်တိုက် ပစ်ကွင်းကို မှန်အောင် မချွတ်မယွင်း ပစ်ခွင်းနိုင်တဲ့ လေးသမား ဖြစ်ပါတယ်။ အဲဒီ လေးသမားမျိုးကိုတော့ အက္ခဏဝေဓိလေးသမားလို့ ခေါ်ပါတယ်။ ဒီအက္ခဏဝေဓိလေးသမားတွေဟာ ညဉ့်အခါ အမိုက်မှောင် ထဲမှာ တည်ရှိနေတဲ့ အရာဝတ္ထုတစ်ခုခုကို လျှပ်စစ်လက်လိုက်တဲ့ အချိန်ကလေးအတွင်းမှာ မှန်အောင် ပစ်ခွင်းနိုင်တဲ့ လေးသမားမျိုး ဖြစ်ပါတယ်။

နောက် လေးသမားကတော့ သဒ္ဒဝေဓိလေးသမား ဖြစ်ပါတယ်။ အသံ ကြားလိုက်လျှင် အသံလာရာအရပ်မှာရှိနေတဲ့ ပစ်ကွင်းကို မှန်အောင် တည့်တည့် ပစ်ခွင်းနိုင်တဲ့ စွမ်းအားရှိတဲ့ လေးသမားမျိုး ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ သရဝေဓိလေးသမား ဖြစ်ပါတယ်။ ရှေ့ပစ်လိုက်တဲ့ မြားတစ်စင်းကို နောက်မြားတစ်စင်းနဲ့ လှမ်းပြီး မှန်အောင် ပစ်မယ်ဆိုလျှင် ပစ်နိုင် ကြတယ်။ ဒီလို ပစ်နိုင်တဲ့ လေးသမားကြီးတွေ လောကမှာ ရှိကြပါတယ်။ ဒီလေးသမားကြီးတွေဟာ ဒီလောက်တောင် စွမ်းအားရှိနေပေမယ့်လို့ (၃၁) နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို မှန်အောင် ပစ်ပါဆိုလျှင် ဘယ်လိုမှ မှန်အောင် မပစ်နိုင်ကြပါဘူး။ ဒါကြောင့် သားတော်ရဲ့သန္တာန်သို့ အိုနာသေရေး ဒုက္ခဘေးတွေ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာ လွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို သားတော် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုပါတယ်။ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုဖို့ရန် ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတာ်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြုဖို့ရန်အတွက် ခွင့်ပြုတော်မူပါဘုရားဆိုပြီး တောင်းပန်ပါတယ်။

ဝါလ-အက္ခဏ, သဒ္ဒ-သရ, နာမမည်ရှိ, ဝေဓိပိုင်းခြား, လေးသမားဟု, မင်းအစုတို့, ယခုဘယ်မှ, ရှာမရပြီ။ (မဃဒေဝ၊၃၅၅။)

ဒီလောက် ကျွမ်းကျင်နေတဲ့ လေးသမားတွေ ယခုအချိန်အခါမှာ ရှိသေးသလား? မရှိကြတော့ဘူး။ ထိုလေးသမားတို့ရဲ့ ခစားရာဖြစ်တဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ယခုအခါမှာ ရှိသေးသလား? တစ်ယောက်မှ မရှိကြတော့ဘူး။ ဒါကြောင့် ---

ဝါလ-အက္ခဏ, သဒ္ဒ-သရ, နာမမည်ရှိ, ဝေဓိပိုင်းခြား, လေးသမားဟု, မင်းအစုတို့, ယခုဘယ်မှ, ရှာမရပြီ, မရဏညစ်, သေမင်းစစ်ကို, မပစ်နိုင်စွာ, မကာနိုင်ကြ, ထိုကိစ္စကြောင့်, တကွမနှေး, ဗိုလ်အလှေးနှင့်, လေးပါ မင်းပါ, သေမင်းရွာသို့, လိုက်ရှာကုန်လျင်း, ထိုတသင်းသည်, မကြွင်းစင်ကြ လေကုန်စွ။ (မဃဒေဝ၊၃၅၅။)

လေးသမားနှင့်တကွ ဗိုလ်ထုတွေ, မင်းတွေပါ အားလုံး သေမင်းရွာသို့ လိုက်ပါသွားကြပြီ။ ဒီသေမင်းကို မှန်အောင် ပစ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ တစ်ယောက်မှ မရှိကြဘူး။ ဒါကြောင့် ဒီရှင်သေမင်းကြီး သားတော်ထံသို့ မဆိုက် ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ဖို့ရန်အတွက် ရသေ့ ရဟန်းပြုဖို့ရန် သားတော်ကို အနူးအညွတ် ခွင့်ပြုတော်မူပါလို့ တောင်းပန် တယ်။ နောက်တစ်ခု --

ကမ္ဘာမီးလောင်ချိန်

၈။ သရာနိ ခီယန္တိ သသေလကာနနာ၊
သဗ္ဗံ ဟိဒံ ခီယတိ ဒီဃမန္တရံ။
သဗ္ဗံ ဟိဒံ ဘဉ္ဇရေ ကာလပရိယာယံ၊
တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၈။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ သရာနိ = အိုင်ကြီးတို့သည်။ ခီယန္တိ = ကုန်ခန်း ပျက်စီးတတ်ကြပါကုန်၏။ သသေလာကာနနာ = တောင်,တောအုပ်နှင့်တကွသော မြေကြီးအထုသည်လည်းပဲ။ ခီယတိ = ကုန်ခန်းပျက်စီးတတ်ပါပေ၏။ ဣဒံ သဗ္ဗံ = ဤအလုံးစုံသော သက်ရှိသက်မဲ့ သင်္ခါရတရားစု မှန်သမျှသည်။ ဒီဃမန္တရံ = ရှည်မြင့်စွာသော အချိန်ကာလသို့။ ပတွာ = ရောက်ရှိသည်ရှိသော်။ ခီယတိ ဧဝ = ကုန်ခန်း ပျက်စီးရသည်သာလျှင်တည်း။ ဣဒံ သဗ္ဗံ = ဤအလုံးစုံသော သက်ရှိသက်မဲ့ သင်္ခါရတရားစု မှန်သမျှသည်။ ကာလပရိယာယံ = ပျက်ချိန်ကာလအလှည့်သို့။ ပတွာ = ဆိုက်ရောက်ခဲ့သည်ရှိသော်။ ဘဉ္ဇရေ ဟိ = ဘဉ္ဇရေ ဧဝ = ပျက်စီး ကြရသည်သာလျှင်တည်း။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

ခမည်းတော်, မယ်တော်တို့ဘုရား ... တစ်ချိန်မှာ ဒီကမ္ဘာကြီးဟာ ကမ္ဘာမီးလောင်ပြီး ပျက်စီးခြင်းသို့ ရောက်ရပါလိမ့်မယ်။ ထိုအချိန်အခါကို လှမ်းမျှော်ပြီး ကြည့်မယ်ဆိုလျှင် ထိုအချိန်အခါမှာ ဘယ်လို ဖြစ်လာသလဲ? နေတစ်စင်း ဝင်ပြီဆိုတာနဲ့ နောက်ထပ် နေတစ်စင်း ထွက်လာပါလိမ့်မယ်။ နေတစ်စင်းဝင်ပြီး နောက်ထပ် နေတစ်စင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း ဘာဖြစ်လာမလဲ? နေနှစ်စင်း ဖြစ်ပေါ်လာတယ်ဆိုလျှင်ပဲ လောကမှာ မြစ်ငယ်တွေ, ချောင်းတွေ, အိုင်တွေ အားလုံး ခန်းခြောက်ကုန် ပါလိမ့်မယ်။ နောက်ထပ် သုံးစင်းမြောက် နေတစ်စင်း ထွက်ပေါ်လာပြီဆိုလျှင်တော့ မြစ်ကြီးတွေရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ အိုင်ကြီး ခုနစ်အိုင်လည်း အားလုံး ခန်းခြောက် သွားပါလိမ့်မယ်။ ဒီလို အိုင်ကြီးတွေ ခန်းခြောက်ပြီးနောက် လေးစင်းမြောက်ကနေ ငါးစင်းမြောက် နေတစ်စင်း ထွက်ပေါ်လာပြီ ဆိုလျှင်တော့ ပင်လယ်သမုဒ္ဒရာတွေပါ အားလုံး ခန်းခြောက်ကုန်ပါတယ်။ ခြောက်စင်းမြောက် နေတစ်စင်း ထွက်ပေါ်လာတဲ့အခါမှာတော့ ဒီစကြဝဠာ တစ်ခုလုံး အကုန်လုံး အခိုးတွေ ထလာပါတော့တယ်။ ခုနစ်စင်းမြောက် နေတစ်စင်းလည်း ထွက်ပေါ်လာတဲ့ အချိန်အခါမှာ အကုန်လုံး မီးဟုန်းဟုန်း ထပြီး တောက်လောင်ကုန်ပါတယ်။ ဒါကြောင့် သတ္တဝါတွေဟာ သံသရာခရီး မဆုံးကြသေးဘူးဆိုလျှင်တော့ တစ်ချိန်မှာ ဒီကမ္ဘာပျက်တဲ့ ဘေးဒုက္ခကြီးတွေနဲ့ ကျိန်းသေဧကန် တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒီလို တွေ့ကြုံရမယ့် ဆင်းရဲဒုက္ခ အဝဝတွေကို သားတော် သိပ်ကြောက် ပါတယ်။ ဒါကြောင့် သားတော်ရဲ့သန္တာန်သို့ ဒီကမ္ဘာပျက်တဲ့ အချိန်အခါမှာ သေရတဲ့ ဘေးဒုက္ခကြီး မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ရသေ့ရဟန်းပြုပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို တောထွက်ဖို့ရန်, ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါ ဆိုပြီး တောင်းပန်တယ်။

နေ့ညညီးညီး, ဇရာမီးတို့, ဖျက်ဆီးပြောင်ရဲ, တောက်လောင်စွဲ၍, ပျက်မြဲဓမ္မတာ, မလွဲသာတည့်, သတ္တဝါထိုထို, သက်ရှိကိုယ်ကား, မဆိုစမာ, သက်မဲ့စွာလျက်, စကြဝဠာလောက, ဩကာသလည်း, ကမ္ဘာ့အလေ့, ပျက်ချိန်စေ့က, ညဉ့်နေ့ဝင်းဝင်း, နေနှစ်စင်းတို့, တစ်စင်းဝင်လျက်, တစ်စင်းထွက်ဖြင့်, ဆက်ဆက်အညီ, ထွန်းပေါ်ချီ၍, ကုန္နဒီပေါင်း, မြစ်လောင်းအိုင်ထုံး, အားလုံး ရေခြောက်, သုံးစင်းမြောက်တွင်, ကုန်ပျောက်မြစ်ကြီး, လေးစင်းညီးမူ, သီးသီး မကြွင်း, အိုင်မင်းခုနစ်သွယ်, ငါးစင်းဝယ်ကား, ပင်လယ်လေးဖြာ, မဟာသမုဒ်, ရေအစုတ်တို့, ခြုတ်ခြုတ်ခန်းကြ, ခြောက်စင်းပသော်, စကြဝဠာတွက်ရေ, ကုဋေသိန်းလုံး, ခိုးဝေဖုံးလျက်, နောက်ဆုံးနေစက်, ခုနစ်ထွက်က, တပြိုင်နက် တောက်, မီးလျှံရောက်၍, ထက်အောက်ဟုန်းဟုန်း, တအုန်းအုန်းဖြင့်, ကျင်းကုန်းသမုဒြာ, ဟေမဝါက, သေလာပံသု, ကျောက်မြေစုနှင့်, နေရုမေရု, သုမေရုဟု, ကြီးထုဗဟို, မြင်းမိုရ်ယုဂန်, သတ္တဗ္ဘဏ်ပါ, မကျန်လောင်ညီး, ထောပတ်မီးသို့, ကျွမ်းပြီးကုန်စင်, စမမြင်အောင်, မထင်မြူလောက်, ကြေပျောက်မချွတ်, ပျက်သတတ်ရှင့်, ဘုံထွတ်နန်းမြင့်, ခုနစ်ဆင့်၌, စံလင့်တပဲး, ငါမင်းရဲလည်း, မလွဲနိုင်စွာ, ဓမ္မတာဖြင့်, ဇရာမီးလျှင်, ဖျက်ဆီးပြောင်ပြောင်, အမြဲလောင်၏, သားချောင်သွေးခန်း, ရွေ့ရွေ့မြန်း၍, မလန်းမလူ, ဇရာဟူသည်, ဆံဖြူသွားကျွတ်, တွတွရွတ်လျက်, ယွင်းချွတ်ပျက်ပြို, နေ့တိုင်းအိုသည်, ဤကိုယ်ပျောက်လိမ့် မနှေးတည်း။ (မဃဒေဝ၊၉၀။)

နောက်ထပ် ဘယ်လို ဆက်ပြီး ဟောကြားထားတော်မူသလဲ?

အရက်သမားပုဆိုးပမာ

၉။ သဗ္ဗေသမေဝဥှိ နရာန နာရိနံ၊ စလာစလံ ပါဏဘုနောဓ ဇီဝိတံ။
ပဋောဝ ဓုတ္တဿ ဒုမောဝ ကူလဇော၊ တံ မေ မတီ ဟောတိ စရာမိဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၈။)

မဟာရာဇ = ခမည်းတော်မင်းမြတ် သောင်းလုံးနတ်တို့ဘုရား။ ဣဓ = ဤလောက၌။ ပါဏဘူနော = ပါဏဘူတာနံ = သတ္တဝါဖြစ်၍ ဖြစ်ကြကုန်သော။ နရာနံ စ = အမျိုးသားတို့၏လည်းကောင်း။ နာရီနံ စ = အမျိုးသမီးတို့၏လည်းကောင်း။ သဗ္ဗေသံ = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့၏။ ဇီဝိတံ = အသက်သည်ကား။ စလာစလံ = တဖျပ်ဖျပ် တုန်လှုပ်၍ နေပါပေ၏။

ဒီလောကမှာ အသက်ရှင်နေတဲ့ သတ္တဝါမှန်ခဲ့လျှင် အမျိုးသားပဲဖြစ်ဖြစ်, အမျိုးသမီးပဲဖြစ်ဖြစ်၊ ဒီသတ္တဝါအားလုံးတို့ရဲ့ အသက်ဟာ အမြဲမပြတ် တဖျပ်ဖျပ် တုန်လှုပ်နေတယ်။ သတ္တဝါတွေဟာ သေဖို့ရန်အချိန်ကို အမြဲတမ်း စောင့်ဆိုင်းနေရတယ်။ ဘယ်တော့ သေမလဲ၊ ဘယ်တော့ သေမလဲ၊ ဘယ်ရောဂါနဲ့ သေမလဲဆိုပြီးတော့ အမြဲတမ်း လှုပ်ရှားနေရတယ်။ ဘာနဲ့ တူသလဲလို့မေးလျှင်တော့ ---

ဓုတ္တဿ = သေသောက်ကြူး၏။ ပဋော = ပုဆိုးသည်။ စလော ဣဝ = တဖျပ်ဖျပ် တုန်လှုပ်၍နေသကဲ့သို့။ ကူလဇော = မြစ်ကမ်းပါး၌ ပေါက်ရောက်လျက်ရှိသော။ ဒုမော = သစ်ပင်သည်။ စလော ဣဝ = တဖျပ်ဖျပ် တုန်လှုပ်၍ နေသကဲ့သို့။ သဗ္ဗေသံ = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့၏။ ဇီဝိတံ = အသက်သည်။ စလော စလံ = တဖျပ်ဖျပ် တုန်လှုပ်၍နေပါပေ၏။

အရက်သမားတို့ရဲ့ ပုဆိုးဟာ တဖျပ်ဖျပ် တုန်လှုပ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒါယကာကြီး ဒါယိကာမကြီးတွေ ဘယ်လိုများ သဘောပေါက် ကြမလဲ? ဒီပရိသတ်ထဲမှာ အရက်သမားတော့ ပါမယ်မထင်ပါဘူး။ သူက ဘယ်လို တုန်လှုပ်သလဲလို့မေးလျှင်တော့ အရက်သမားက အရက်ကို ဘယ်လောက်ကြိုက်သလဲဆိုလျှင် သူက အရက်သောက်ချင်လို့ ပိုက်ဆံ မရှိတော့ဘူးဆိုလျှင် ပုဆိုးတောင် ချွတ်ပေါင်ပြီးတော့ သောက်တယ်။ ဒါကြောင့် ဒီပုဆိုးက အသက်မရှိသော်လည်း အသက်ရှိသကဲ့သို့ ငါ့ကို ဘယ်တော့များ ချွတ်ပြီး ပေါင်နှံမလဲဆိုပြီး တဖျပ်ဖျပ် တုန်လှုပ်နေရတယ်။ ဒီလို အရက်သမားရဲ့ပုဆိုးဟာ တုန်လှုပ်နေသလိုပဲ သတ္တဝါတွေရဲ့ အသက်ဟာလည်း ဒီအတိုင်းပဲ ငါ့အသက် ဘယ်တော့များ သေရမလဲ၊ ငါ့အသက် ဘယ်တော့များ သေမလဲ၊ ငါ့အသက် ဘယ်တော့များ သေရမလဲဆိုပြီး အမြဲတမ်း တဖျပ်ဖျပ် တုန်လှုပ်နေရတယ်။

မြစ်ကမ်းပါးမှာ ပေါက်ရောက်နေတဲ့ သစ်ပင်ဟာ ဘယ်တော့များ မြစ်ထဲ ပြိုကျမလဲ၊ ဘယ်တော့များ မြစ်ထဲ ပြိုကျမလဲဆိုပြီး တဖျပ်ဖျပ် တုန်လှုပ် နေရသလိုပဲ သတ္တဝါတွေရဲ့ အသက်ဟာလည်း ဘယ်တော့များ သေရမလဲ၊ ဘယ်တော့များ သေမလဲဆိုပြီး တဖျပ်ဖျပ် အမြဲတမ်း တုန်လှုပ်နေရတယ်။ ဒါကြောင့် ဒီသေမင်းတရား သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြစွာ ဖြစ်နေ ပါတယ်။ ဒါကြောင့် သားတော်ကို အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။

ကြွေကျသော သစ်သီးပမာ

၁၀။ ဒုမပ္ဖလာနေဝ ပတန္တိ မာဏဝါ၊ ဒဟရာ စ ဝုဒ္ဓါ စ သရီရဘေဒါ။
နာရိယော နရာ မဇ္ဈိမပေါရိသာ စ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၉။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ဒုမပ္ဖလာနိ = သစ်ပင်မှ သစ်သီးတို့သည်။ ပတန္တိ ဣဝ = တဖြည်းဖြည်း ကြွေကျကြကုန်ဘိသကဲ့သို့။ ဒဟရာ စ = ငယ်ရွယ်နုနယ်သည်လည်း ဖြစ်ကြကုန်သော။ ဝုဒ္ဓါ စ = အသက်အရွယ် ကြီးရင့်သည်လည်း ဖြစ်ကြကုန်သော။ နာရီယော စ = အမျိုးသမီးလည်း ဖြစ်ကြကုန်သော။ နရာ စ = အမျိုးသားလည်း ဖြစ်ကြကုန်သော။ မဇ္ဈိမပေါရိသာ စ = ဥဘတောဗျည်း, နပုံးပဏ္ဍုက်လည်းဖြစ်ကြကုန်သော။ ဣမေ မာဏဝါ = ဤသတ္တဝါတို့သည်။ သရီရဘေဒါ = ခန္ဓကိုယ်၏ ပျက်စီးခြင်းကြောင့်။ ပတန္တိ = သေခြင်းတရားတည်းဟူသော မြေပေါ်သို့ တဖြည်းဖြည်း ကြွေကျ၍ နေကြကုန်၏။ တံ = တေန ကာရဏေန = ထို အကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်း ပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်း ကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ...မှည့်နေတဲ့သစ်သီးပဲဖြစ်ဖြစ်, စိမ်းနေတဲ့သစ်သီးပဲဖြစ်ဖြစ်, ငယ်တဲ့သစ်သီးပဲဖြစ်ဖြစ်, ကြီးတဲ့သစ်သီးပဲဖြစ်ဖြစ်, အရွယ်အလတ်စားရှိတဲ့ သစ်သီးပဲဖြစ်ဖြစ် ဘယ်သစ်သီးမဆို လေကတိုက်ခတ်လိုက်ပြီဆိုလျှင်တော့ ကြွေကျတဲ့သဘော ရှိတတ်ပါတယ်။ ဒီအတိုင်းပဲ သတ္တဝါတွေဟာလည်း အသက်ငယ်တဲ့ သတ္တဝါပဲဖြစ်ဖြစ်, အသက်ကြီးတဲ့ သတ္တဝါပဲဖြစ်ဖြစ်, အမျိုးသမီးပဲဖြစ်ဖြစ်, အမျိုးသားပဲဖြစ်ဖြစ်, နပုံးပဏ္ဍုက်ပဲ ဖြစ်ဖြစ်, ဥဘတောဗျည်းပဲဖြစ်ဖြစ်, ဘယ်သတ္တဝါမဆို ဘယ်အခိုက်အတန့်မှာ မဆို ဇရာဆိုတဲ့ လေပြင်းမုန်တိုင်းက တိုက်ခတ်လာပြီဆိုလျှင်, ဗျာဓိဆိုတဲ့ လေပြင်းမုန်တိုင်းက တိုက်ခတ်လာပြီဆိုလျှင်, မရဏဆိုတဲ့ လေပြင်းမုန်တိုင်းက တိုက်ခတ်လာပြီဆိုလျှင် အားလုံး ကြွေကျရတယ်။ သေခြင်းတည်းဟူသော မြေပေါ်မှာ အမြဲတမ်း ကြွေကျတတ်တဲ့သဘော ရှိနေပါတယ်။ ဒါကြောင့် သားတော်ရဲ့သန္တာန်မှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်အတွက် ရသေ့ရဟန်း ပြုဖို့ရန် ကုသိုလ်ဆန္ဒဓာတ်သည် ပြင်းပြစွာ ဖြစ်ပေါ်နေပါတယ် ဘုရား။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်ပါတယ်။

ကြယ်တာရာအပေါင်းတို့၏ မင်းဖြစ်သော လနှင့် ပမာမတူပါ

၁၁။ နာယံ ဝယော တာရကရာဇသန္နိဘော၊ယဒဗ္ဘတီတံ ဂတမေဝ ဒါနိ တံ။
ဇိဏ္ဏဿ ဟီ နတ္ထိ ရတီ ကုတော သုခံ၊ တံ မေ မတီ ဟောတိ စရာမိဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၉။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ အယံ ဝယော = ဤသတ္တဝါတို့၏အရွယ်သည်။ တာရကရာဇသန္နိဘော = ကြယ်တာရာ အပေါင်းတို့၏ မင်းဖြစ်သော လမင်းကဲ့သို့ လဆုတ်ပက္ခ၌ ဆုတ်လျော့ပြီးလျှင် လဆန်းပက္ခ၌ တစ်ဖန်ပြန်၍ပြည့်သည်။ န ဟောတိ = မဖြစ်နိုင်ပေ။

ကြယ်တာရာအပေါင်းတို့ရဲ့ မင်းဖြစ်တဲ့ လမင်းကို လှမ်းကြည့်လိုက်မယ် ဆိုလျှင် လဆုတ်ပက္ခမှာ တဖြည်းဖြည်း လျော့ပြီးတော့ လဆန်းပက္ခ ရောက်လာတဲ့အခါမှာတော့ တစ်ဖန်ပြန်ပြီး ပြည့်လာပြန်တယ်။ ဒါပေမယ့် သတ္တဝါ တွေရဲ့ သက်တမ်းကို ပြန်ကြည့်လိုက်မယ်ဆိုလျှင်လည်း ဒီလို ယုတ်လျော့ပြီးတော့ ပြန်ပြည့်ရိုးဓမ္မတာ ရှိသလား? မရှိနိုင်ဘူး။ ဒါကြောင့် ---

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ အယံ ဝယော = ဤသတ္တဝါတို့၏အရွယ်သည်။ တာရကရာဇသန္နိဘော = ကြယ်တာရာ အပေါင်းတို့၏ မင်းဖြစ်သော လမင်းကဲ့သို့ လဆုတ်ပက္ခ၌ ဆုတ်လျော့ပြီးလျှင် လဆန်းပက္ခ၌ တစ်ဖန်ပြန်၍ပြည့်သည်။ န ဟောတိ = မဖြစ်နိုင်။ သတ္တာနံ = သတ္တဝါတို့၏။ ယံ ဝယံ = အကြင် အရွယ်သည်။ အဗ္ဘတီတံ = ကွယ်လွန်၍ သွားခဲ့လေပြီ။ တံ = ထိုကွယ်လွန်ချုပ်ဆုံး၍ သွားပြီးသော အရွယ်သည်ကား။ ဒါနိ = ယခုအခါ၌။ ဂတမေဝ = ကွယ်လွန်၍ သွားပြီးသည်သာလျှင်တည်း။ ဒါနိ = ယခုအခါ၌။ ဇိဏ္ဏဿ = အိုမင်းရင့်ရော်သောပုဂ္ဂိုလ်အဖို့။ ရတိ = ကာမဂုဏ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းမည်သည်။ နတ္ထိ = မရှိသည်သာလျှင်တည်း။ သုခံ = ကာမဂုဏ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ချမ်းသာသုခသည်။ ကုတော = အဘယ်မှာလျှင် ရှိနိုင်ပါအံ့နည်း။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာ လွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို, တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... ကြယ်တာရာအပေါင်း တို့ရဲ့ မင်းဖြစ်တဲ့ လမင်းဟာ လဆုတ်ပက္ခမှာ ဆုတ်ယုတ်သွားပေမယ့်လို့ လဆန်းပက္ခမှာ ပြန်ပြီး ပြည့်လာသလို သတ္တဝါတွေရဲ့အရွယ်ဟာလည်း ဆုတ်ယုတ်ပြီးတဲ့ အချိန်အခါမှာ ပြန်ပြီး နုပျိုငယ်ရွယ်တဲ့သဘောဆိုတာ မရှိပါဘူး။ သတ္တဝါတွေရဲ့အရွယ်ဟာ ကုန်ဆုံးတဲ့သဘောသာ ရှိနေပါတယ်။ နောက်ထပ် ပြန်ပြီး နုပျိုလာရိုးဓမ္မတာ ဘယ်တော့မှ မရှိပါဘူး။ အိုမင်းရင့်ရော်နေတဲ့ ပုဂ္ဂိုလ်အဖို့ ကာမဂုဏ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှုဆိုတာလည်း မရှိ နိုင်ဘူး။ ကာမဂုဏ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိတဲ့အတွက် ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ ချမ်းသာသုခဆိုတာ ဘယ်မှာ ရှိနိုင်ပါတော့မလဲ? ဒါကြောင့် အိုနာသေရေး ဒုက္ခဘေးတို့ သားတော်သန္တာန်သို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ရှင်ရဟန်းပြုပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်ဘုရား။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြု၍ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဘုရားဆိုပြီး တောင်းပန်တယ်။

ထွက်လေဖြင့် မှုတ်သတ်နိုင်သူများ

၁၂။ ယက္ခာ ပိသာစာ အထဝါပိ ပေတာ၊ကုပိတာ တေ အဿသန္တိ မနုဿေ။
န မစ္စုနော အဿသိတုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၉။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ယက္ခာပိ = တန်ခိုးကြီးမားကြကုန်သော နတ်ဘီလူးတို့သည်လည်းကောင်း။ ပိဿာစာပိ = မြေဘုတ်ဘီလူးတို့သည်လည်းကောင်း။ အထ ဝါ = ထို့ပြင်။ ပေတာပိ = ပြိတ္တာတို့သည်လည်းကောင်း။ ကုပိတာ = အမျက်ထွက်ကြကုန်သည်ဖြစ်၍။ မနုေဿ = လူသားတို့ကို။ အဿသန္တိ = ထွက်သက်လေဖြင့် ပုတ်ခတ် သတ်ဖြတ်နိုင်ကြလေကုန်၏ (ဝါ) ဝင်ပူးနိုင်ကြလေကုန်၏။ တေပိ = ထိုဘီလူး ပြိတ္တာတို့သည်လည်းပဲ။ တထာပိ = ထိုသို့ပင် ပုတ်ခတ်သတ်ဖြတ်နိုင်ကြပါကုန်သော်လည်းပဲ။ တေ = ထိုဘီလူးပြိတ္တာတို့သည်။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံ စိုးနင်း ရှင်သေမင်းအား။ အဿသိတုံ = ထွက်သက်လေဖြင့် ပုတ်ခတ်သတ်ဖြတ်ခြင်းငှာ (ဝါ) ဝင်ပူးခြင်းငှာ။ န ဥဿဟန္တိ = မစွမ်းနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို, တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ...လောကမှာ အင်မတန် တန်ခိုးကြီးတဲ့ နတ်ဘီလူးတွေ, တန်ခိုးကြီးတဲ့ မြေဘုတ်ဘီလူးတွေ, တန်ခိုးကြီးတဲ့ တချို့တချို့ ပြိတ္တာတွေ ရှိကြပါတယ်။ ဒီဘီလူးတွေ, ပြိတ္တာတွေဟာ အမျက်ထွက်လာပြီဆိုလျှင် လူတွေကို သူတို့ရဲ့ ထွက်သက်လေဖြင့် မှုတ်ပြီး သတ်မယ်ဆိုလျှင်လည်း သတ်နိုင်ကြပါတယ်။ ဝင်ပူးမယ်ဆိုလျှင်လည်း ဝင်ပူး နိုင်ကြပါတယ်။ ဒါပေမယ့်လို့ ဒီဘီလူးတွေ, ပြိတ္တာတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ထွက်သက်လေဖြင့် ပုတ်ခတ်သတ်ဖြတ်ဖို့ရန်, ဝင်ပူးရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် သားတော်ရဲ့ သန္တာန်မှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ရသေ့ရဟန်းပြုပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် ပြင်းပြင်းပြပြ ဖြစ်နေပါတယ်ဘုရား။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြု၍ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဘုရားဆိုပြီးတော့ ခွင့်တောင်းပါတယ်။

ဘုတ်ထွက်အတတ်ကို တတ်ကြကုန်သော ဆေးသမားကြီးများ

၁၃။ ယက္ခေ ပိသာစေ အထဝါပိ ပေတေ၊ ကုပိတေပိ တေ နိဇ္ဈပနံ ကရောန္တိ။
န မစ္စုနော နိဇ္ဈပနံ ကရောန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၉။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ကုပိတေ = အမျက်ဒေါသထွက်၍ နေကြကုန်သော။ ယက္ခေပိ = တန်ခိုးကြီးမားတဲ့ နတ်ဘီလူးတို့ကိုလည်းကောင်း။ ပိသာစေပိ = မြေဘုတ်ဘီလူးတို့ကိုလည်းကောင်း။ အထဝါ = ထို့ပြင်။ ပေတေပိ = ပြိတ္တာတို့ကိုလည်းကောင်း။ ဘူတဝေဇ္ဇာ = ဘုတ်ထွက်အတတ်ကို တတ်ကြကုန်သော ဆေးသမားတို့သည်။ နိဇ္ဈပနံ = ပူဇော်သောအမှုဖြင့် သည်းခံစေခြင်း ကြည်ညိုစေခြင်းကို။ ကရောန္တိ = ပြုလုပ်ပေးနိုင်ကြလေကုန်၏။ တထာပိ = ထိုသို့ပင် ပြုလုပ်၍ ပေးနိုင်ကြပါကုန်သော် လည်းပဲ။ တေ = ထိုဘုတ်ထွက်အတတ်ကို တတ်ကြကုန်သော ဆေးသမား တို့သည်။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ နိဇ္ဈပနံ = ပူဇော်သောအမှုဖြင့် သည်းခံစေခြင်း ကြည်ညိုစေခြင်းကို။ န ကရောန္တိ = ပြုလုပ်၍ မပေးနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေးဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ ဣတိ = ဤ သို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ...လောကမှာ မြေဘုတ်ဘီလူးတွေ, တန်ခိုးကြီးမားတဲ့ နတ်ဘီလူးတွေ, ပြိတ္တာတွေဟာ အင်မတန် ဒေါသထွက် လာပြီဆိုလျှင် လူတွေကို ရန်ရှာတတ်ကြပါတယ်။ ဒီလို ရန်ရှာလာပြီဆိုလျှင်လည်း လောကမှာ ဘုတ်ထွက်အတတ်ကို တတ်နေတဲ့ ဆေးသမားတွေ ရှိကြပါတယ်။ ဒီဆေးဆရာတွေကို ပင့်ပြီးတော့ ဒီနတ်ဘီလူးတွေ, ပြိတ္တာတွေကို ကျေနပ်သွားအောင် ပူဇော်ပသပြီးတော့ ကန်တော့ တောင်းပန်မယ်ဆိုလျှင် ဒီနတ်, ဘီလူး, ပြိတ္တာတွေဟာ အေးချမ်းသွားတဲ့သဘော, ခွင့်လွှတ်နိုင်တဲ့ သဘောတွေ ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီဘုတ်ထွတ်အတတ်ကို တတ်နေတဲ့ ဆေးသမားတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ပူဇော်ပသမှုဖြင့် သည်းခံစေခြင်း, ကြည်ညိုစေခြင်းကို ပြုလုပ်မယ်ဆိုလျှင် ဘယ်လိုမှ ပြုလုပ်မပေးနိုင်ကြပါဘူး။ ဒါကြောင့် သားတော်ထံသို့ ဒီအိုနာသေရေး ဒုက္ခဘေးတွေ မဆိုက်ရောက်လာမီ ဒီအိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရန်အတွက် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန် ခွင့်ပြုတော်မူပါဘုရားဆိုပြီးတော့ တောင်းပန်တယ်။

လူတို့ဓမ္မတာ, ဘုံသုံးရွာတွင်, ခန္ဓာပဉ္စ, ဧက-စတု, ဒု-သုပုဂ္ဂိုလ်, ထိုထိုအမျိုး, ကောင်းဆိုး ယုတ်မြတ်, များလူနတ်ကို, မလွတ်စေရ, သန္ဓေစက, စေ့ငကုန်အောင်, ယူဆောင်မကြွင်း, သေစာရင်း၌, သွင်း၍အညီ, မှတ်ပြီးပြီကြောင့်။ (မဃဒေဝ၊၁၃၄။)

လောကမှာ ခန္ဓာငါးပါးရှိတဲ့ သတ္တဝါတွေလည်း ရှိကြတယ်၊ ခန္ဓာလေးပါး ရှိတဲ့ သတ္တဝါတွေလည်း ရှိကြတယ်၊ ခန္ဓာတစ်ပါးရှိတဲ့ သတ္တဝါတွေလည်း ရှိကြတယ်၊ တိဟိတ်ပုဂ္ဂိုလ်ဆိုတဲ့ ဉာဏ်ပညာထက်မြက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်၊ ဒွိဟိတ်ပုဂ္ဂိုလ်ဆိုတဲ့ ဉာဏ်ပညာနုံ့နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်၊ အဟိတ်ပုဂ္ဂိုလ်တွေ, သုဂတိပုဂ္ဂိုလ်တွေ စသည်ဖြင့် ပုဂ္ဂိုလ်တွေ အမျိုးမျိုး ရှိကြပါတယ်။ဘယ်ပုဂ္ဂိုလ်မျိုးမဆို ပဋိသန္ဓေ စပြီး တည်နေရပြီ ဆိုကတည်းက ဒီပုဂ္ဂိုလ်တွေကို သေရမယ်ဆိုပြီးတော့ ရှင်သေမင်းက အမြဲတမ်း စာရင်းကောက်ထားတယ်။ ဒါကြောင့် ---

ဇောဂီဆရာ, ဝိဇ္ဇာယောက်ျား, သမားဆေးတတ်, နတ်ဇီဝက, သမ္ဗရနှင့်, မယအသူရာ, ဣန္ဒဇာဖြင့်, မာယာအတတ်, လှည့်ပတ်ထွေပြား, ပြုတုံငြားလည်း, ကုစားမရ, လက်မှိုင်ချလျက်, တို့ကသာသေ, သူကခွေ၍, သရေစရိုး, မရှိနိုးတည့်။ (မဃဒေဝ၊၁၃၄။)

ကျွမ်းကျင်နေတဲ့ ဇော်ဂျီတွေ, ဝိဇ္ဇာဓိုရ်တွေ, ဆေးသမားတွေက မသေအောင် ဘယ်လိုပင်ကုသော်လည်း ဘယ်လိုမှ မတတ်နိုင်ဘူး။ သရေပွဲဆိုတာ ဘယ်တော့မှ မရှိဘူး။ သေမင်းကသာ နောက်ဆုံး အနိုင်ရသွားပါတယ်။ ဒါကြောင့် ဒီသေခြင်းတရား သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရန်အတွက် သားတော်ကို ရသေ့ ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဘုရားဆိုပြီးတော့ တောင်းပန်ပါတယ်။

ဒဏ်ထားလို့ မရနိုင်

၁၄။ အပရာဓကေ ဒူသကေ ဟေဌကေ စ၊
ရာဇာနော ဒဏ္ဍေန္တိ ဝိဒိတွာန ဒေါသံ။
န မစ္စုနော ဒဏ္ဍယိတုဿဟန္တိ၊
တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၉။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ အပရာဓကေ စ = တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်အား ပြစ်မှားကြကုန်သော လူတို့ကိုလည်းကောင်း။ ဒူသကေ စ = ပြည်ရွာတိုင်းကားကို ဖျက်ဆီးကြကုန်သော လူတို့ကိုလည်းကောင်း။ ဟေဌကေ စ = တိုင်းသူပြည်သား လူအများကို ညှဉ်းပန်းနှိပ်စက်လျက် ရှိကြကုန်သော လူတို့ကိုလည်းကောင်း။ ရာဇာနော = တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်တို့သည်။ ဒေါသံ = အပြစ်ကို။ ဝိဒိတွာန = သိရှိကြကုန်သည်ရှိသော်။ ဒဏ္ဍေန္တိ = ဒဏ်ထားနိုင်ကြလေကုန်၏။ တထာပိ = ထိုသို့ပင် ဒဏ်ထားနိုင်ကြပါကုန်သော်လည်းပဲ။ တေ = ထိုတိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်တို့သည်။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ ဒဏ္ဍယိတုံ = ဒဏ်ထားအံ့သောငှာ။ န ဥဿဟန္တိ = မစွမ်းနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို, တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ...လောကမှာ ရှင်ဘုရင်ကို ပြစ်မှား နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်၊ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်၊ သတ္တဝါတွေကို ဓားပြတိုက်ခြင်း, ဖောက်ထွင်းခြင်း စသည်ဖြင့် အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း လောကမှာ ရှိကြ တယ်။ မင်းပြစ်မင်းဒဏ် သင့်နေတဲ့ ဒီပုဂ္ဂိုလ်တွေကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေက သိရှိတဲ့အချိန်အခါမှာ ဒီအပြစ်ဒေါသတွေကြောင့် ဒဏ်အမျိုးမျိုးကို ပေးကြပါတယ်။

ဒီလို မင်းပြစ်မင်းဒဏ်သင့်နေတဲ့ပုဂ္ဂိုလ်တွေကို ဘယ်လိုပင် ဒဏ်ပေးနိုင်သော်လည်းပဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဒီပုဂ္ဂိုလ်တွေဟာ (၃၁) နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ဒဏ်တပ်ဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် ဒီသေခြင်းတရား သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာသေဘေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ရသေ့ရဟန်းပြုပြီးတော့ သားတော် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လို ပါတယ်။ ရသေ့ရဟန်းပြု၍ တောထွက်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုရန် ခွင့်ပြုတော်မူပါဘုရားဆိုပြီးတော့ တောင်းပန်တယ်။

တောင်းပန်လို့ မရနိုင်

၁၅။ အပရာဓကာ ဒူသကာ ဟေဌကာ စ၊ လဘန္တိ တေ ရာဇိနော နိဇ္ဈပေတုံ။
န မစ္စုနော နိဇ္ဈပနံ ကရောန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၉။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ အပရာဓကာ = တိုင်းပြည်အုပ်ချုပ် မင်းလုပ်သည့်ပုဂ္ဂိုလ်အား ပြစ်မှားကြကုန်သော လူတို့သည်လည်းကောင်း။ ဒူသကာ စ = ပြည်ရွာတိုင်းကားကို ဖျက်ဆီးကြကုန်သော လူတို့သည်လည်းကောင်း။ ဟေဌကေ စ = တိုင်းသူပြည်သား လူအများကို ညှဉ်းပန်းနှိပ်စက်ကြကုန်သော လူတို့သည်လည်းကောင်း။ ရာဇိနော = တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်အား။ နိဇ္ဈပေတုံ = သက်သေတို့ဖြင့် မိမိ၏အပြစ် မရှိသည်အဖြစ်ကို ထင်ရှားပြလျက် ကြည်ညိုစေခြင်း, သည်းခံစေခြင်းငှာ။ လဘန္တိ = အခွင့်ကို ရရှိနိုင်ကြလေကုန်၏။

တထာပိ = ထိုသို့ပင် အခွင့်ရရှိနိုင်ကြပါကုန်သော်လည်းပဲ။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ နိဇ္ဈပနံ = မိမိ၏ အပြစ်မရှိသည် အဖြစ်ကို ထင်ရှားပြလျက် ကြည်ညိုစေခြင်း, ခွင့်လွှတ်စေခြင်းကို။ န ကရောန္တိ = မပြုနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို, တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ...လောကမှာ ရှင်ဘုရင်ကို ပြစ်မှား နေတဲ့ပုဂ္ဂိုလ်တွေ, တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ပုဂ္ဂိုလ်တွေ, တိုင်းသူပြည်သား တွေကို ညှဉ်းပန်းနှိပ်စက်တဲ့ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ တစ်ခါ တစ်ရံ ကျွမ်းကျင်လိမ္မာလာပြီဆိုလျှင် ယခုခေတ်အပြောနဲ့ ပြောလျှင်တော့ ရှေ့နေတို့, ဘာတို့ စသည်နဲ့ ပေါင်းပြီးတော့ မိမိတို့မှာ အပြစ်မရှိကြောင်းကို တရားရုံးမှာ ထင်ရှားပြကြပြီးတော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေကို ကြည်ညိုစေမယ်, ခွင့်လွှတ်စေမယ်ဆိုလျှင် ရနိုင်တဲ့သဘော ရှိကောင်းရှိနိုင်ပါတယ်။

ဒါပေမယ့်လို့ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကိုတော့ မိမိတို့မှာ အပြစ်မရှိတဲ့အကြောင်း သက်သေပြပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းပန်မယ်ဆိုလျှင် ဘယ်လိုမှ အခွင့်အရေး မရနိုင်ကြပါဘူး။ ဒါကြောင့် ဒီသေခြင်းတရား သားတော်သန္တာန်သို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်။ သားတော်ရဲ့သန္တာန်မှာ ရသေ့ရဟန်းပြုပြီးတော့ တောထွက်လို, တရားအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် ပြင်းပြင်း ပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ တောင်းပန်တယ်။

ငဲ့ကွက်တွယ်တာမှု မရှိပါ

၁၆။ န ခတ္တိယောတိ န စ ဗြာဟ္မဏောတိ၊ န အဍ္ဎကာ ဗလဝါ တေဇဝါပိ။
န မစ္စုရာဇဿ အပေက္ခမတ္ထိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၉။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ အယံ = ဤသူသည်ကား။ ခတ္တိယောတိ = မင်းတည်းဟူ၍။ ဧဝံ = ဤသို့လျှင်။ မစ္စုရာဇဿ = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ အပေက္ခံ = ငဲ့ကွက်တွယ်တာမှုမျိုးသည်။ န စ အတ္ထိ = မရှိသည်သာလျှင်တည်း။ အယံ = ဤသူကား။ ဗြဟ္မဏောတိ = ပုဏ္ဏားဟူ၍။ မစ္စုရာဇဿ = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ အပေက္ခံ = ငဲ့ကွက်တွယ်တာမှုမျိုးသည်။ န စ အတ္ထိ = မရှိသည်သာလျှင်တည်း။ ဣမေ = ဤသူတို့ကား။ အဍ္ဎကာ = ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တို့တည်း။ ဣမေ = ဤသူတို့ကား။ ဗလဝါ = ကိုယ်အားဉာဏ်အား စွမ်းပကားနှင့် ပြည့်စုံကြတဲ့ ပုဂ္ဂိုလ်တို့တည်း။ ဣမေ = ဤသူတို့ကား။ တေဇဝါ = ဘုန်းတန်ခိုးကြီးမားတဲ့ ပုဂ္ဂိုလ်တို့တည်း။ ဧဝမ္ပိ = ဤသို့လည်းပဲ။ မစ္စုရာဇဿ = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ အပေက္ခံ = ငဲ့ကွက်တွယ်တာမှုမျိုးသည်။ န စ အတ္ထိ = မရှိသည်သာလျှင်တည်း။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ... ရှင်သေမင်းဆိုတာက ငဲ့ကွက် တွယ်တာတဲ့သဘော ဘယ်တော့မှ မရှိပါဘူး။ ဒီပုဂ္ဂိုလ်ကတော့ ရှင်ဘုရင်ပဲ, ဒီပုဂ္ဂိုလ်ကတော့ ပုဏ္ဏားပဲ, ဒီပုဂ္ဂိုလ်တွေကတော့ သူဌေးသူကြွယ်တွေပဲ, ဒီ ပုဂ္ဂိုလ်တွေကတော့ ကာယအား, ဉာဏအားဆိုတဲ့ စွမ်းအားတွေနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတွေပဲ, ဒီပုဂ္ဂိုလ်တွေကတော့ ဘုန်းတန်ခိုး အာနုဘော် ကြီးမားကြတဲ့ ပစ္စေကဗုဒ္ဓဘုရားရှင်တွေ, သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေ, ရဟန္တာ အရှင်မြတ်တွေ ဖြစ်ကြတယ်ဆိုပြီးတော့ ဒီလို ငဲ့ကွက်တွယ်တာတဲ့သဘော ရှင်သေမင်းမှာ လုံးလုံး မရှိပါဘူး။

ဒါကြောင့် ဒီသေခြင်းတရား သားတော်သန္တာန်သို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ရသေ့ရဟန်းပြုပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုပြီးတော့ တရားအားထုတ်ဖို့ရန် အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ တောင်းပန်တယ်။

အာဒိကပ္ပ, ကမ္ဘာစက, ကာလခုတောင်, ပြည်ကျိုးဆောင်သည်, ဘုန်းခေါင်မဟာ, ကြီးတေဇာနှင့်, စကြာစိုးရ, မင်းထိုမျှက, ဗုဒ္ဓ ပစ္စေကဗုဒ္ဓါ, ရဟန္တာဟု, ခီဏာသဝ, ဝိသုဒ္ဓိဖျား, အရှင်များလည်း, တစ်ပါးမျှတိ, မြဲမရှိဘူး။ (မဃဒေဝ၊၁၃၃။)

တိုင်းပြည်ရဲ့အကျိုးကို ရွက်ဆောင်လာကြတဲ့ စကြဝတေးမင်းကြီးတွေ, မင်းကောင်းမင်းမြတ်တွေ လောကမှာ ထင်ရှားရှိခဲ့ဖူးပါတယ်။ သတ္တဝါအားလုံး တို့ရဲ့ ချမ်းသာသုခကို ရွက်ဆောင်ပေးနေတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေ, ပစ္စေကဗုဒ္ဓဘုရားရှင်တွေ, ရဟန္တာအရှင်မြတ်တွေ လောကမှာ ရှိခဲ့ကြပါတယ်။ ဒီလို သတ္တဝါအားလုံးတို့ရဲ့ ချမ်းသာကို ရွက်ဆောင်ပေးနေတဲ့ သူတော်ကောင်းကြီးတွေသော်လည်း ဒီနေ့ လောကမှာ ရှိကြသေးသလား? မရှိကြတော့ဘူး။ ဒါကြောင့် ---

အာဒိကပ္ပ, ကမ္ဘာစက, ကာလခုတောင်, ပြည်ကျိုးဆောင်သည်, ဘုန်းခေါင်မဟာ, ကြီးတေဇာနှင့်, စကြာစိုးရ, မင်းထိုမျှက, ဗုဒ္ဓ ပစ္စေကဗုဒ္ဓါ, ရဟန္တာဟု, ဝိသုဒ္ဓိဖျား, အရှင်များလည်း, တစ်ပါးမျှတိ, မြဲမရှိဘူး, မျက်စိ-နား-နှာ, ကိုယ်အင်္ဂါကား, အိုနာသေမျိုး, နိမိတ်ဆိုးတည့်။ (မဃဒေဝ၊၁၃၃။)

လောကမှာရှိတဲ့ သတ္တဝါတိုင်းမှာ မျက်စိ, နား, နှာခေါင်းစတဲ့ ကိုယ်အင်္ဂါတွေ ရှိနေကြတယ်။ အဲဒါတွေဟာ ဘာတွေလဲ? သေဖို့ရန်အတွက် နိမိတ်ဆိုးတွေပါပဲ။ အသက်ရှင်ဖို့အတွက် ဟုတ်ကြသလား? မဟုတ်ကြဘူး။

မျက်စိ-နား-နှာ, ကိုယ်အင်္ဂါကား, အိုနာသေမျိုး, နိမိတ်ဆိုးတည့်, ရိုးရွလှုပ်လက်, အုတ်ကျွက်ညံဆူ, နေဘိမူလည်း, ရန်သူသေမင်း, ချောင်းနေလျင်းခဲ့။ (မဃဒေဝ၊၁၃၃။)

သတ္တဝါတွေဟာ လှုပ်လှုပ်ရွရွနဲ့ နေ့စဉ်နှင့်အမျှ ရုန်းကန်ပြီး နေကြရတယ်။ ဘယ်လိုပင် အုတ်အုတ်ကျွတ်ကျွတ်နဲ့ ရုန်းကန် လှုပ်ရှားနေရပေမယ့်လို့ သေမင်းက အမြဲတမ်း ချောင်းမြောင်းနေတယ်။

ငြင်း၍မရ, ခ၍မသာ, ဤခန္ဓာအား, ကြင်နာမဲ့ငြား, သေမင်းဖျားလျှင်, သနားကင်းလစ်, သူမချစ်ဘူး။ (မဃဒေဝ၊၁၃၃။)

ဒီခန္ဓာအိမ်ကြီးဟာ ဘယ်တော့မှ မသေဖို့ရန်အတွက် ငြင်းပယ်လို့လည်း မရဘူး။ ဒီခန္ဓာအိမ်ကြီးကို သေမင်းတရားက ဘယ်တော့မှ ကြင်နာမှုလည်း မရှိဘူး။ မသေပါရစေနဲ့လို့ ဘယ်လိုပင် ငြင်းနေပေမယ့်လို့ ငြင်းလို့လည်း မရနိုင်ဘူး။ ဒီခန္ဓာအိမ်ကြီးကို သေမင်းက ဘယ်တော့မှ မချစ်ဘူး။ သတ္တဝါတွေကသာ ဒီခန္ဓာအိမ်ကြီးကို ချစ်နေကြတယ်။ ဒါကြောင့် --

ငြင်း၍မရ, ခ၍မသာ, ဤခန္ဓာအား, ကြင်နာမဲ့ငြား, သေမင်းဖျားလျှင်, သနားကင်းလစ်, သူမချစ်ဘူး, ပစ္စရက္ခ, ဝဓကသို့, မုချဆတ်ဆတ်, တွေ့ရာသတ်လိမ့်။ (မဃဒေဝ၊၁၃၃။)

ဝဓကဆိုတာက လူသတ်သမားတွေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တိုင်က အာသီဝိသောပမသုတ္တန် (သံ၊၂၊၃၈၁။)များမှာ ဝဓကဆိုတဲ့အသုံးအနှုန်းနဲ့ ဟောကြားထားပါတယ်။ ခန္ဓာငါးပါးဟာ လူသတ်သမားကြီးတွေ ဖြစ်ကြပါတယ်၊ သတ္တဝါတွေရဲ့ နောက်ကနေ ဓားမိုးပြီးတော့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သတ်ပုတ်မယ်ဆိုပြီးတော့ အမြဲတမ်း လိုက်နေကြပါတယ်။

ရူပက္ခန္ဓာခေါ်တဲ့ ရုပ်တရားတွေက ဖောက်ပြန် ပျက်စီးလာပြီဆိုလျှင်လည်း သတ္တဝါတွေဟာ သေကြရတယ်။ ခံစားချက်တွေက ပြင်းထန်လာပြီ ဆိုလျှင်လည်း သတ္တဝါတွေဟာ သေကြရတယ်။ မှတ်သားမှုတွေက ပြင်းထန် လာပြီ, တဏှာရာဂတွေက သိပ်အားကောင်းလာပြီ, ဒေါသတွေက သိပ်အားကောင်းလာပြီဆိုလျှင်လည်း သတ္တဝါတွေဟာ သေကြရတယ်။ စိတ်တွေ ဖောက်ပြန် ပျက်စီးလာပြီဆိုလျှင်လည်း သတ္တဝါတွေဟာ သေကျေပျက်စီး ကြရတယ်။ ဒါကြောင့် ဒီခန္ဓာငါးပါးကို ပိုင်နေတဲ့ သတ္တဝါတွေဟာ လူသတ်သမားကြီး ငါးဦးကို စိုးပိုင်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် --

ပစ္စရက္ခ, ဝဓကသို့, မုချဆတ်ဆတ်, တွေ့ရာသတ်လိမ့်။ (မဃဒေဝ၊၁၃၃)

ဒီခန္ဓာငါးပါးဆိုတဲ့ လူသတ်သမားကြီးတွေက ဘယ်နေရာမှာပဲတွေ့တွေ့ တွေ့တဲ့နေရာမှာ အခွင့်ရလျှင် သတ်ဖို့ အမြဲတမ်း စောင့်ဆိုင်းနေကြပါတယ်။

ပစ္စရက္ခ, ဝဓကသို့, မုချဆတ်ဆတ်, တွေ့ရာသတ်လိမ့်, မှတ်လော့စင်းလျင်း, သွေမယွင်းသည်, ကွင်း၍ မတတ်နိုင်ရေးတည်း။ (မဃဒေဝ၊၁၃၃။)

ဒီသေခြင်းတရားကို ဘယ်သတ္တဝါမှ ရှောင်ကွင်းမယ်ဆိုလျှင် ရှောင်ကွင်းလို့ မရနိုင်ပါဘူး။ ဘာကြောင့်လဲ? ခန္ဓာငါးပါး ကိုယ်တိုင်က လူသတ်သမားကြီး ဖြစ်နေတဲ့အတွက် လူသတ်သမားကြီးကို စိုးပိုင်ထားနေတဲ့ ဒီခန္ဓာ ငါးပါး ပိုင်ရှင်တွေဟာ ဒီသေမင်းကို ဘယ်လိုမှ ရှောင်ကွင်းလို့ မရနိုင်ဘူး။ ဒါကြောင့် ဒီသေမင်းတရားကြီး သားတော်သန္တာန်သို့ မရောက်လာမီ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ရသေ့ရဟန်းပြုပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတော့မယ်။ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ရသေ့ ရဟန်းပြုပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့ သန္တာန်မှာ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြုဖို့ရန် ခွင့်ပြုတော်မူပါ ဆိုပြီးတော့ တောင်းပန်တယ်။

ရက်စက် ကြမ်းကြုတ်သည့် သားကောင်များ

၁၇။ သီဟာ စ ဗျဂ္ဃါ စ အထောပိ ဒီပိယော၊ ပသယှ ခါဒန္တိ ဝိပ္ဖန္ဒမာနံ။
န မစ္စုနော ခါဒိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၀။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ သီဟာ စ = ခြင်္သေ့တို့သည်လည်းကောင်း။ ဗျဂ္ဃါ စ = ကျားတို့သည်လည်းကောင်း။ အထော = ထို့ပြင်။ ဒီပိယော စ = သစ်တို့သည်လည်းကောင်း။ ဝိပ္ဖန္ဒမာနံ = ကြောက်ရွံ့ တုန်လှုပ်လျက်ရှိသောသားကောင်ကို။ ပသယှ = နိုင်ထက်ကလူ နှိပ်စက်မူ၍။ ခါဒန္တိ = ခဲစားနိုင်ကြလေကုန်၏။ တထာပိ = ထိုသို့ပင် ခဲစားနိုင် ကြပါကုန်သော်လည်းပဲ။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို။ ခါဒိတုံ = ခဲစားအံ့သောငှာ။ န ဥဿဟန္တိ = မစွမ်းနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာ လွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ် ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ...လောကမှာ ခြင်္သေ့တွေ, ကျားတွေ, သစ်တွေ ရှိကြပါတယ်။ ဒီခြင်္သေ့တွေ, ကျားတွေ, သစ်တွေဟာ မိမိတို့ကို ကြောက်ရွံ့တုန်လှုပ်နေတဲ့ သားကောင်တွေကို အရဖမ်းပြီးတော့ နှိပ်စက်ကလူ ညှဉ်ဆဲမူပြီးတော့ ခဲစားမယ်ဆိုလျှင် ခဲစားနိုင်တဲ့သဘော ရှိကြပါတယ်။ ဒါပေမယ့် အဲဒီခြင်္သေ့တွေ, ကျားတွေ, သစ်တွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်းတဲ့ ရှင်သေမင်းကိုတော့ ခဲစားပါဆိုလျှင် ဘယ်လိုမှလည်း ခဲစားလို့ မရနိုင်ကြဘူး။ ဒါကြောင့် သားတော်သန္တာန်သို့ သေမင်းတရား မရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ရသေ့ရဟန်းပြု၍ သားတော် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန် အတွက် တောထွက်လို တရားအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် ပြင်းပြလှစွာ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို တောထွက်ပြီး ရသေ့ ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။

ကျားဆိုး သစ်ဆိုး, သားရဲမျိုးနှင့်, တောစိုးခြင်္သေ့, ဟူသ၍လည်း, တွေ့တွေ့ရာရာ, သတ္တဝါကို, ဖမ်းကာလတ်လတ်, ကိုက်စားတတ်လျက်, လောကတ္တယ, စိုးပိုင်သသည့်, မရဏဗိုလ်, သေမင်းကိုမူ, မမျိုနိုင်တတ်, မသတ်နိုင်ကြ။ (မဃဒေဝ၊၃၅၆။)

ခြင်္သေ့တွေ, သစ်တွေ, ကျားတွေ ဘယ်လိုပင် မိမိတို့ကို ကြောက်ရွံ့ တုန်လှုပ်နေတဲ့ သတ္တဝါတွေကို ကိုက်စားနိုင်တဲ့စွမ်းအားတွေ ရှိနေပေမယ့်လို့ တစ်လောကလုံးကို စိုးမိုး အုပ်ချုပ်ထားတဲ့ ဒီရှင်သေမင်းဆိုတဲ့ ဗိုလ်ကြီးကိုတော့ ဘယ်လိုမှ သတ်ဖြတ်နိုင်တဲ့စွမ်းအား မရှိပါဘူး။ ဒါကြောင့် ဒီသေမင်းတရားကြီး သားတော်ထံသို့ မရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် နိုင်ရန်အတွက် တောထွက်လို တရားအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်အား တောထွက်ဖို့ရန် ရသေ့ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ တောင်းပန်တယ်။

မျက်လှည့်သမားများ

၁၈။ မာယာကာရာ ရင်္ဂမဇ္ဈေ ကရောန္တာ၊ မောဟေန္တိ စက္ခူနိ ဇနဿတာဝဒေ
န မစ္စုနော မောဟယိတုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၀။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ မာယာကာရာ = မျက်လှည့်သမားတို့သည်။ ရင်္ဂမဇ္ဈေ = ပွဲသဘင်အလယ်၌။ မာယံ = မျက်လှည့်ကို။ ကရောန္တာ = ပြသကြကုန်သည်ရှိသော်။ တာဝဒေ = ထိုခဏ၌။ စက္ခူနိ = မျက်လှည့်ကြည့်နေကြကုန်သော သတ္တဝါတို့၏ မျက်စိတို့ကို။ မောဟန္တိ = မဟုတ်သည်ကို အဟုတ်ထင်ရှားပြ၍ တွေဝေစေနိုင်ကြလေကုန်၏။ တထာပိ = ထိုသို့ပင် တွေဝေစေနိုင်ကြပါကုန်သော်လည်းပဲ။ တေ = ထို မျက်လှည့်သမားတို့သည်။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ မောဟယိတုံ = မဟုတ်သည်ကို အဟုတ်ထင်ရှားပြ၍ တွေဝေစေခြင်းငှာ။ န ဥဿဟန္တိ = မစွမ်းနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထို အကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်း ပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ...မျက်လှည့်သမားတွေဟာ မျက်လှည့်ပြပြီဆိုလျှင် လူအပေါင်းကို မဟုတ်တာကို အဟုတ်လုပ်ပြီး ထင်ရှားပြတတ်ကြပါတယ်။ ရွှေမဟုတ်တာကို ရွှေလုပ်ပြီး ပြတတ်ကြပါတယ်။ ငွေမဟုတ်တာကိုလည်း ငွေလုပ်ပြီး ပြတတ်ကြပါတယ်။ ဒါပေမယ့်လို့ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို မဟုတ်တာကို အဟုတ်လုပ်ပြီးတော့ ထင်ရှားပြဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒီလို မစွမ်းနိုင်တဲ့အပြင် တစ်နေ့မှာတော့ သေမင်းနောက်သို့ လိုက်ပါသွားကြရပါတယ်။ ဒါကြောင့် ဒီသေခြင်းတရား သားတော်သန္တာန်သို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုလိုတဲ့ တောထွက်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန်, တောထွက်ဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်ပါတယ်။

အဆိပ်ပြင်းထန်သော မြွေဆိုးကြီးများ

၁၉။ အာသီဝိသာ ကုပိတာ ဥဂ္ဂတေဇာ၊ ဍံသန္တိ မာရေန္တိပိ တေ မနုဿေ။
န မစ္စုနော ဍံသိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၀။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ဥဂ္ဂတေဇာ = အဆိပ်တည်းဟူသော ထက်မြက်သော တန်ခိုးအာနိသင်နှင့် ပြည့်စုံကုန်သော။ အာသီဝိသာ = လျင်မြန်သော အဆိပ်ရှိကြကုန်သော မြွေဆိုးကြီးတို့သည်။ ကုပိတာ = အမျက်ထွက်ကြကုန်သည်ရှိသော်။ မနုေဿ = လူသားတို့ကို။ ဍံသန္တိ = ကိုက်လည်း ကိုက်ခဲကြကုန်၏။ မာရေန္တိပိ = သတ်လည်း သတ်ဖြတ်ပစ်ကြကုန်၏။ တထာပိ = ထိုသို့ပင် ကိုက်ခဲ သတ်ဖြတ်နိုင်ကြပါကုန်သော်လည်းပဲ။ တေ = ထိုမြွေဆိုးကြီးတို့သည်။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ ဍံသိတုံ = ကိုက်ဖြတ်သတ်ခြင်းငှာ။ န ဥဿဟန္တိ = မစွမ်းနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ... အင်မတန်မှ ထက်မြက် စူးရှတဲ့ အဆိပ်နဲ့ပြည့်စုံနေတဲ့, အဆိပ်ပြင်းထန်တဲ့ လျင်မြန်တဲ့အဆိပ်ရှိတဲ့ မြွေဆိုးကြီးတွေ လောကမှာ ရှိကြပါတယ်။ ဒီမြွေဆိုကြီးတွေဟာ အမျက်ဒေါသ ချောင်းချောင်း ထွက်လာပြီဆိုလျှင် သူတစ်ပါးတွေကို ကိုက်သတ်နိုင်တဲ့သဘော ရှိကြတယ်။ ဒီမြွေဆိုးကြီးတွေဟာ ဘယ်လိုပင် လူတွေကို ကိုက်သတ်နိုင်သော်လည်း (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ကိုက်သတ်ဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် ဒီသေမင်းကြီး သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် သားတော်ရဲ့သန္တာန်မှာ တောထွက်လို, ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ်ဆန္ဒဓာတ်သည် ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို တောထွက်၍ ရသေ့ရဟန်း ပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။

ဘုတ်ထွက်အတတ်ကို တတ်ကြကုန်သော ဆေးသမားကြီးများ

၂၀။ အာသီဝိသာ ကုပိတာ ယံ ဍံသန္တိ၊ တိကိစ္ဆကာ တေသ ဝိသံ ဟနန္တိ။
န မစ္စုနော ဒဋ္ဌဝိသံ ဟနန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၀။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ အာသီဝိသာ = ပြင်းထန်သော အဆိပ်ရှိကုန်သော မြွေဆိုးကြီးတို့သည်။ ကုပိတာ = အမျက် ထွက်ကြကုန်သည်ရှိသော်။ ယံ = အကြင်သတ္တဝါကို။ ဍံသန္တိ = ကိုက်ခဲကြကုန်၏။ တေသံ = ထိုမြွေဆိုးကြီတို့၏။ ဝိသံ = အဆိပ်ကို။ တိကိစ္ဆကာ = ဆေးသမားတို့သည်။ ဟနန္တိ = ဖျောက်ဖျက်၍ ပေးနိုင်ကြလေကုန်၏။ တထာပိ = ထိုသို့ပင် ဖျောက်ဖျက်၍ ပေးနိုင်ကြပါကုန်သော်လည်းပဲ။ တေ = ထိုဆေးသမားကြီးတို့သည်။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏။ ဒဋ္ဌဝိသံ = ကိုက်ခဲအပ်သောအဆိပ်ကို။ န ဟနန္တိ = ဖျောက်ဖျက်၍ မပေးနိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏ သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... ဒီလောကမှာ အင်မတန် အဆိပ်ပြင်းထန်နေတဲ့ မြွေဆိုးကြီးတွေ ရှိကြပါတယ်။ ဒီမြွေဆိုးကြီးတွေဟာ တစ်ခါတစ်ရံ ဒေါသထွက်လာပြီဆိုလျှင် သတ္တဝါတွေကို ကိုက်ခဲ ကြပါတယ်။ ဒီလို ကိုက်ခဲခံရတဲ့ သတ္တဝါတွေမှာ ကျရောက်နေတဲ့အဆိပ်ကို နှိမ်နင်းနိုင်တဲ့ ဆေးသမားတွေက ဒီအဆိပ်ကို ဖျောက်ဖျက်ပစ်မယ်ဆိုလျှင် ဖျောက်ဖျက်ပေးနိုင်တဲ့စွမ်းအားတွေ ရှိကြပါတယ်။ ဒီဆေးဆရာတွေဟာ မြွေဆိုးကြီးတွေရဲ့အဆိပ်ကို ဖျောက်ဖျက်ပေးနိုင်သော်လည်း သေမင်းကိုက်ခဲတဲ့အဆိပ်ကိုတော့ ဘယ်လိုမှ ဖျောက်ဖျက်ပေးနိုင်တဲ့သဘော မရှိကြပါဘူး။ ဒါကြောင့် ဒီသေခြင်းတရား သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန် တောထွက်လို တရားအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်ပါတယ်။

၂၁။ ဓမ္မန္တရီ ဝေတ္တရဏီ စ ဘောဇော၊ ဝိသာနိ ဟန္တွာန ဘုဇင်္ဂမာနံ။
သုယျန္တိ တေကာလကတာ တထေဝ၊ တံ မေ မတီ ဟောတိ စရာမိဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၀။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ဓမ္မန္တရီ = ဓမ္မန္တရီမည်သော ဆေးဆရာကြီးသည်လည်းကောင်း။ ဝေတ္တရဏီ စ = ဝေတ္တရဏီမည်သော ဆေးဆရာကြီးသည်လည်းကောင်း။ ဘောဇော စ = ဘောဇ မည်သော ဆေးဆရာကြီးသည်လည်းကောင်း။ ဘုဇင်္ဂမာနံ = အဆိပ်ပြင်းထန် ကြကုန်သော မြွေနဂါးတို့၏။ ဝိသာနိ = အဆိပ်တို့ကို။ ဟန္တွာန = ဖျောက်ဖျက် ကြကုန်၍။ သုယျန္တိ = ကောင်းစွာ သွားနိုင်ကြလေကုန်၏။ တေ = ထို ဆေးဆရာကြီးတို့သည်လည်းပဲ။ တထေဝ = ထို့အတူပင်လျှင်။ ဒဋ္ဌဿ = ကိုက်ခဲအပ်သော။ မစ္စုနော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏။ ဝိသာနိ = အဆိပ်တို့ကို။ န ဟနန္တိ = ဖျောက်ဖျက်၍ မပေးနိုင်ကြလေကုန်။ ကာလကတာ = ကွယ်လွန်၍ သွားကြလေကုန်၏။ တံ = တေန ကာရဏေန = ထို အကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရား ကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... လောကမှာ တစ်ချိန်တုန်းက ဓမ္မန္တရီအမည်ရှိတဲ့ ဆေးဆရာကြီးတွေ, ဝေတ္တရဏီအမည်ရှိတဲ့ ဆေးဆရာကြီးတွေ, ဘောဇအမည်ရှိတဲ့ ဆေးဆရာကြီးတွေ အထင်အရှား ရှိခဲ့ဖူးပါတယ်။ အဲဒီ ဆေးဆရာကြီးတွေဟာ အင်မတန် ပြင်းထန်လှတဲ့ မြွေ နဂါးတို့ရဲ့ အဆိပ်တွေကို ပယ်ဖျောက်ပေးမယ်ဆိုလျှင် ပယ်ဖျောက်နိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီဆေးဆရာကြီးတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း ကိုက်ခဲနေတဲ့ ဒီအဆိပ်ကို ပယ်ဖျောက်ဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒီလို မစွမ်းနိုင်တဲ့အတွက် ဒီဆေးဆရာကြီးတွေဟာ ဒီနေ့ လောကမှာ ထင်ရှားမရှိဘဲ ကွယ်လွန်သွားကြရပါတယ်။ ဒါကြောင့် သားတော်ထံသို့ ဒီသေမင်းတရား မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့အတွက် တောထွက်လို, ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ် ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို တောထွက်၍ ရသေ့ရဟန်းပြုဖို့ရန် ခွင့်ပြုတော်မူပါဆိုပြီး လျှောက်ထား တောင်းပန်တယ်။ နောက်တစ်ခု ---

ဝိဇ္ဇာဓိုရ်ယောက်ျားများ

၂၂။ ဝိဇ္ဇာဓရာ ဃောရမဓီယမာနာ၊ အဒဿနံ ဩသဓေဟိ ဝဇန္တိ။
န မစ္စုရာဇဿ ဝဇန္တဒဿနံ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၀။)

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ဝိဇ္ဇာဓရာ = ဝိဇ္ဇာဓိုရ်ယောက်ျားတို့သည်။ ဃောရံ = ဃောရအမည်ရှိသော ဝိဇ္ဇာဓိုရ် အတတ်ကို။ အဓီယမာနာ = သင်ယူကြကုန်၍။ ဃောရံ ဝါ ဝိဇ္ဇံ = ဃောရ အမည်ရှိတဲ့ ဝိဇ္ဇာအတတ်ပညာကိုလည်းကောင်း။ ဂန္ဓာရိံ ဝါ ဝိဇ္ဇံ = ဂန္ဓာရီ အမည်ရှိတဲ့ ဝိဇ္ဇာအတတ်ကိုလည်းကောင်း။ သာဝေတွာ = ပြောကြားကုန်၍။ ဩသဓံ = ဆေးကို။ အာဒါယ = ယူဆောင်ကြကုန်၍။ တေဟိ ဩသဓေဟိ = ထိုဆေးတို့ဖြင့်။ ပစ္စတ္ထိကာနံ = ရန်သူတို့၏။ အဒဿနံ = မမြင်ရာအရပ်သို့။ ဝဇန္တိ = သွားရောက်နိုင်ကြလေကုန်၏။ တထာပိ = ထိုသို့ပင် သွားရောက်နိုင်ကြပါကုန်သော်လည်းပဲ။ တေ = ထိုဝိဇ္ဇာဓိုရ်ယောက်ျားတို့သည်။ မစ္စုရာဇဿ = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏။ အဒဿနံ = မမြင်ရာအရပ်သို့။ န ဝဇန္တိ = မသွားရောက်နိုင်ကြလေကုန်။ တံ = တေန ကာရဏေန = ထိုအကြောင်းတရားကြောင့်။ အဟံ = သားတော်သည်။ ပဗ္ဗဇိတွာ = ရသေ့ ရဟန်းပြု၍။ ဓမ္မံ = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ စရာမိ = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ ဣတိ = ဤသို့လျှင်။ မေ = သားတော်၏သန္တာန်၌။ မတိ = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ ဟောတိ = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။

မယ်တော်, ခမည်းတော်တို့ဘုရား ... လောကမှာ ဝိဇ္ဇာဓိုရ်ယောက်ျားတွေ ရှိကြပါတယ်။ အဲဒီ ဝိဇ္ဇာဓိုရ်ယောက်ျားတွေဟာ ဃောရအမည်ရှိတဲ့ ဝိဇ္ဇာဓိုရ်အတတ်ပညာတွေကို သင်ကြားကြပါတယ်။ သင်ပြီးတဲ့ အချိန်အခါမှာ ဃောရအမည်ရှိတဲ့ ဝိဇ္ဇာအတတ်ကိုသော်လည်းကောင်း, ဂန္ဓာရီအမည်ရှိတဲ့ ဝိဇ္ဇာအတတ်ကိုလည်းကောင်း မန်းမှုတ်ကြပါတယ်။ မန်းမှုတ်ပြီးတော့ မိမိတို့ အလိုရှိတဲ့ ဆေးတွေကို ရအောင် ရှာဖွေကြပါတယ်။ အဲဒီဆေးတွေကို ယူပြီးတော့ ရန်သူတို့ မမြင်တဲ့နေရာကို သွားမယ်ဆိုလျှင် သွားနိုင်တဲ့စွမ်းအားတွေ ဒီဝိဇ္ဇာဓိုရ်ယောက်ျားတွေရဲ့သန္တာန်မှာ ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီဝိဇ္ဇာဓိုရ် ယောက်ျားတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းရဲ့ မမြင်ရာအရပ်သို့ သွားမယ်ဆိုလျှင် ဘယ်လိုမှ ရောက်အောင် မသွားနိုင်ကြပါဘူး။

ဒါကြောင့် သေမင်းတရားကြီး သားတော်ထံ မရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန် ရသေ့ရဟန်းပြုပြီး အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်း ထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။

ရှစ်သောင်းတပသီ, ဇောဂီတက္ကသိုလ်, ဝိဇ္ဇာဓိုရ်တို့, ထိုထိုများစွာ, ပညာဆေးဝါး, အပါးပါးတိ, ပြဒါးမီးနေ, သံသေဓာတ်ပြာ, ရသာယန, ဩသဓစု, အာယုဝါဇီ, ဝသီကရဏ, စသည်လိမ်းသပ်, စားမျိုအပ်နှင့်, အာထဗ္ဗဏာ, ဝိဇ္ဇာမယိဒ်, ဣဒ္ဓိဝိဓ်သို့, မဟိဒ္ဓိမျိုး, တန်းခိုးနတ်ရှိ, သိဒ္ဓိလိုရာ, ပြီးနိုင်စွာသား, မဟာဂန္ဓာရီ, လောကီဉာဏ်ပေါင်း, အင်းကောင်းတတ်ပွန်, မန္တန်မွန်ဖြင့်, ပြုဟန် ပယောဂ, မကျန်ရအောင်, အဋ္ဌသာခါ, ယတြာက, ဂါထာမန်းမှုတ်, အစုတ်အနှံ, ကာယံကိုယ်တွင်း, ဘောက်ကာထွင်း၍, သွင်းသော်လည်းကောင်း, လွတ်ကြောင်းသေဘေး, မထင်ဝေးခဲ့, ပြေး၍ဆုန်းဆုန်း, ဘယ်တွင်ပုန်းအံ့, ကျင်းကုန်းကောင်းကင်, ပင်လယ်ပြင်နှင့်, ဥမင်လိုဏ်ခေါင်း, အောင်းလည်းမလွတ်, မချွတ်မှန်ဘိ, လွဲမရှိဘူး, သိဒ္ဓိပြီးငြား, ဓာတ်ဆေးဝါးနှင့်, ပြဒါးသံပြာ, စားကာမျိုပြု, လုပ်ရတ်မှုဖြင့်, အာယုသမား, ဆရာများတို့, ထင်ရှားခုထိ, ဘယ်မျှရှိခဲ့။ (မဃဒေဝ၊၁၃၃။)

နောက်ထပ် အယောဃရမင်းသားကလေးက ဘယ်လို ဆက်ပြီး တရားဟောကြားထားသေးသလဲ?

တရားကျင့်သူကို တရားက ပြန်လည်စောင့်ရှောက်ပါတယ်

၂၃။ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊ ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ။
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊ န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။ (ဇာတက၊ဋ္ဌ၊၄၊၅၀၀။)

ဓမ္မော = သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်။ ဟဝေ = စင်စစ်ဧကန် အမှန်အားဖြင့်။ ဓမ္မစာရိံ = သုစရိုက်ဆယ်ပါး ဓမ္မအပြားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသောပုဂ္ဂိုလ်ကို။ ရက္ခတိ = တစ်ဖန်ပြန်လည်၍ စောင့်ရှောက်တတ်ပေ၏။

သုစရိုက်ဆယ်ပါး ကုသိုလ်တရားဆိုတာက ဒီသုစရိုက်ဆယ်ပါး ကုသိုလ် တရားကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်ကို တစ်ဖန်ပြန်ပြီးတော့ စောင့်ရှောက်ပေးတယ်။ ဒါက သိပ်အားရဖို့ ကောင်းပါတယ်။ ဒီသုစရိုက်ဆယ်ပါးက ဘယ်တရားတွေဆိုတာက တရားနာပရိသတ်အားလုံး သိကြပြီး ဖြစ်ပါလိမ့်မယ်။ ဒီသုစရိုက်တရား ဆယ်ပါး ထဲမှာ နောက်ဆုံးနံပါတ် ဆယ်ခုမြောက်တရားကတော့ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။ အဲဒီ သမ္မာဒိဋ္ဌိကတော့ ဒီနေရာမှာ တော်တော်ကလေး အရာကျယ်ပါတယ်။ တချို့နေရာမှာတော့ ကံ,ကံရဲ့အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိကို ရည်ညွှန်းထားပါတယ်။ ဒီနေရာမှာကတော့ သမ္မာဒိဋ္ဌိ အားလုံးကိုပဲ ရည်ညွှန်းထားတဲ့သဘော ရှိပါတယ်။ ဒီသမ္မာဒိဋ္ဌိကို အခြေခံ အားဖြင့် အဆင့်ဆင့် ပြောမယ်ဆိုလျှင်တော့ --

  1. နံပါတ် (၁)က ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကံ,ကံ၏အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ကို ဆိုလိုပါတယ်။
  2. နံပါတ် (၂)က စျာနသမ္မာဒိဋ္ဌိ = စျာန်တွေကို ရရှိအောင် ကြိုးစားတယ်၊ စျာန်သမာဓိတွေကို ရရှိအောင် ကြိုးစားတဲ့အခါမှာ စျာန်ရဲ့ အာရုံကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိနေတဲ့ သမ္မာဒိဋ္ဌိမျိုး ဖြစ်ပါတယ်။
  3. နံပါတ် (၃)ကတော့ ဝိပဿနာသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။ ဒီ ဝိပဿနာသမ္မာဒိဋ္ဌိကတော့ ကမ္မဿကတာသမ္မာဒိဋ္ဌိအပေါ်မှာ အခြေခံထားပါတယ်။ ဘာဖြစ်လို့လဲ?

မှန်းဆပြီး သိနေတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိသလို တကယ် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိနေတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်လည်း ရှိနေပါတယ်။ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေတဲ့ ဒီသမ္မာဒိဋ္ဌိဉာဏ်က ဘယ်လိုသဘောလဲလို့မေးလျှင်တော့ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း ဒုက္ခသစ္စာအမည်ရနေတဲ့ ခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတွေကို ယောဂါဝစရပုဂ္ဂိုလ်က ပထမဆုံး သိအောင် ကြိုးစားရပါတယ်။ ဒုက္ခသစ္စာ အမည်ရတဲ့ ဒီခန္ဓာငါးပါးကို ဟုတ်တိုင်းမှန်စွာ သိပြီးတဲ့ အချိန်အခါမှာ ဒီခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတွေသည် ဘယ်လိုအကြောင်းတရားတွေကြောင့် ထင်ရှားဖြစ်ပေါ်နေရသလဲဆိုပြီး အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ယောဂါဝစရပုဂ္ဂိုလ်က သိအောင် ကြိုးစားရပါတယ်။ အဲဒီ အကြောင်းတရားတွေသည် သမုဒယသစ္စာ ဖြစ်ကြပါတယ်။ အဲဒီ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်း ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် သိပြီဆိုလျှင် ဒီအချိန်မှာ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်ပညာကို ရရှိပြီလို့ ပြောနိုင်ပါတယ်။

ဒီလို ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်အမြင် ရရှိနေတဲ့ သူတော်ကောင်း တစ်ဦးက ဒီဒုက္ခသစ္စာအမည်ရတဲ့ ရုပ်တရား, နာမ်တရား၊ သမုဒယသစ္စာ အမည်ရနေတဲ့ အကြောင်းတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့ အခြင်းအရာတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနိစ္စလို့ ရှုရပါတယ်၊ ဖြစ်ခြင်း ပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ ဒုက္ခလို့ ရှုရပါတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ ရှုရပါတယ်။

ဒီလို ရှုလိုက်မယ်ဆိုလျှင် ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား တို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာကို ဟုတ်တိုင်း မှန်စွာ ထိုးထွင်းသိနေတဲ့ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်တွေ ပေါ်လာပါမယ်။ အဲဒီ ဝိပဿနာသမ္မာဒိဋ္ဌိကနေ တစ်ဆင့်တက်ပြီးတော့ ယောဂီပုဂ္ဂိုလ်က ဒီ ဝိပဿနာဉာဏ်တွေကို ရင့်ကျက်အောင် လေ့ကျင့်ခဲ့မယ်ဆိုလျှင်တော့ ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ မဂ်ဉာဏ်ပေါ်လာပါမယ်။ ဒီမဂ်ဉာဏ်ကိုတော့ မဂ္ဂသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ မဂ်ဉာဏ်ရဲ့အဆုံးမှာ ဖိုလ်ဉာဏ် ပေါ်လာပါမယ်။ ထိုဖိုလ်ဉာဏ်ကိုတော့ ဖလသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။

ထိုမဂ္ဂသမ္မာဒိဋ္ဌိ, ဖလသမ္မာဒိဋ္ဌိလို့ ခေါ်ဆိုအပ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံပြုနေကြပါတယ်။ ဒီလို အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူနိုင်တဲ့အဆင့်ထိ ရောက်ခဲ့မယ်ဆိုလျှင် အကယ်၍ ဒီအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို သော်လည်းပဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် ထွင်းဖောက်သိခဲ့မယ်ဆိုလျှင်တော့ ထိုသောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မျက်မှောက်ပြုနေတဲ့ သို့မဟုတ် သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဲ့ တည်ရာဖြစ်တဲ့ ပရမတ္ထသစ္စာအားဖြင့် ခန္ဓာငါးပါး, သမ္မုတိသစ္စာအားဖြင့် ပုဂ္ဂိုလ်သတ္တဝါလို့ ခေါ်ဆိုအပ်တဲ့ ဒီသတ္တဝါကို အပါယ်လေးဘုံသို့ မကျရောက်အောင် ထုတ်ဆောင် ကယ်တင်ပေးနိုင် ပါတယ်၊ စောင့်ရှောက်ပေးနိုင်ပါတယ်။

အကယ်၍ မိမိက သကဒါဂါမိမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရရှိခဲ့မယ်ဆိုလျှင်တော့ ကာမဘုံကို တစ်ကြိမ်ပဲ ပြန်လာခွင့်ရှိတော့တယ်။ အနာဂါမိမဂ်ဉာဏ်, ဖိုလ်ဉာဏ်သာ ရရှိခဲ့မယ်ဆိုလျှင်တော့ ကာမဘုံမှ ကွင်းလုံးကျွတ် လွတ်သွား ပါတယ်။ အရဟတ္တမဂ်ဉာဏ်, ဖိုလ်ဉာဏ်နဲ့ ယှဉ်နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်သာ ရရှိခဲ့မယ်ဆိုလျှင်တော့ (၃၁)ဘုံမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပါတယ်။

ဒါကြောင့် တရားတော်ကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းကို တရားတော်က တစ်ဖန်ပြန်ပြီးတော့ စောင့်ရှောက်တဲ့သဘော ရှိနေပါတယ်။ ဒီအခြင်းအရာတွေကို အယောဃရမင်းသားကလေးက ဟုတ်တိုင်းမှန်စွာ သိနေတယ်။ ဒီလို သိနေတဲ့အတွက် မယ်တော်, ခမည်းတော် တို့ကိုလည်း ဒီသမ္မာဒိဋ္ဌိဉာဏ်တွေနဲ့ ပြည့်စုံအောင် သို့မဟုတ် သုစရိုက်တရား ဆယ်ပါးနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် တိုက်တွန်းချင်တယ်။ ဒါကြောင့် ---

မဟာရာဇ = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ ဓမ္မော = သုစရိုက် (၁၀)ပါး ကုသိုလ်တရားသည်။ ဟဝေ = စင်စစ်ဧကန် အမှန်အားဖြင့်။ ဓမ္မစာရိံ = သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသောပုဂ္ဂိုလ်ကို။ ရက္ခတိ = တစ်ဖန်ပြန်လည်၍ စောင့်ရှောက်တတ်ပေ၏။ သုစိဏ္ဏော = ကောင်းစွာ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်၍ထားအပ်သော။ ဓမ္မော = သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်။ သုခံ = လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို။ အာဝဟတိ = ရွက်ဆောင်၍ ပေးတတ်ပါပေ၏။ သုစိဏ္ဏေ = ကောင်းစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ ထားအပ်သော။ ဓမ္မေ = သုစရိုက်ဆယ်ပါး ကုသိုလ်တရား၌။ ဧသာ = ဧသော = ဤကဲ့သို့သော လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရောက်အောင်မသွေ ပို့ဆောင်၍ ပေးနိုင်ခြင်းသည်။ အာနိသံသော = အကျိုးအာနိသင်ပါပေတည်း။ ဓမ္မစာရီ = သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသောသူသည်။ ဒုဂ္ဂတိံ = အပါယ်ဘူမိ ဒုဂ္ဂတိသို့။ န ဂစ္ဆတိ = ဘယ်တော့မှ မလားရောက်ရတော့ပေ။

သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေကို စံချိန်မီ တကယ်သာ လက်တွေ့ ကျင့်ကြည့်ပါ။ ဒီသုစရိုက်တရားတွေက သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာ သုံးရပ် အကျင့်မြတ်မှာ အားလုံး အကျုံးဝင်နေပါတယ်။ စံချိန်မီအောင်သာ တကယ်လက်တွေ့ ကျင့်ကြည့်ပါ။ ဒီတရားတော်က တရားတော်ကို ကျင့်နေတဲ့ပုဂ္ဂိုလ်ကို တစ်ဖန်ပြန်လည်ပြီး စောင့်ရှောက်မှာ ဖြစ်ပါတယ်။ ကောင်းစွာ ပြည့်ပြည့်စုံစုံ ကျင့်ထားအပ်တဲ့ ဒီသုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေက လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရောက်အောင်မသွေ ပို့ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။ ကောင်းစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ ထားအပ်တဲ့ ဒီသုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေဟာ လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရောက်အောင်မသွေ ပို့ဆောင်နေခြင်းဆိုတဲ့ ဒီသဘောတရားသည် သုစရိုက်ဆယ်ပါး ကုသိုလ်တရားတို့ကြောင့် ရရှိနိုင်တဲ့ အကျိုးအာနိသင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သားတော်လည်း တရားတော်ကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့အတွက် သားတော်ကို တောထွက်ပြီး ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြု တော်မူပါဆိုပြီး တောင်းပန်တယ်။

(၁) ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ, မွေ့သိမ်နက်ကိ, ပါဠိထင်ရှား, ဟောမြွက်ကြားတိုင်း, တရားမထောင့်, အမှန်စောင့်က, စောင့်သည့်တရား, စောင့်သူအားကို, မမှားဆတ်ဆတ်, စောင့်သတတ်တည့်, ယွင်းချွတ်မရှိ, ဟုတ်လှဘိ၏, သု-စိ-ပု-ဘား, စကားလေးလုံး, စွဲသုံးလေ့လာ, မလွတ်ရာဘူး, သမ္မာဝါဒ, မြဲမခွနှင့်။ (မဃဒေဝ၊၂၆၆။)

(၂) ဤလောက၌, မုချတရား, မဟုတ်ငြားသည့်, ဟူးရားအလို, နက္ခတ်ဂြိုဟ်နှင့်, လက်ကိုသတ်တတ်, စနေနတ်နှင့်, စန်းသတ်ရာဟု, နံကိုထုသည့်, သတြုဂြိုဟ်, ဤအဆိုက, နဂိုရ်ယာယီ, လောကီဝါဒ, ဟူသမျှကား, ဓမ္မမစောင်း, သူတော်ကောင်းအား, ပျက်ကြောင်းစင်စစ်, အပြစ်တစ်ခု, မပြုနိုင်ရာ, မှန်လှစွာ၏။ (မဃဒေဝ၊၂၈၁။)

(၃) ရှေးကပြုသား, ကောင်းမှုဟုဆို, ကုသိုလ်အဘို့, ပြည့်စုံမြို့၍, မချို့ဘုန်းကံ, အခံပုည, ရှိကြသူမှာ, ဇာတာမူလ, ဇနမနှိုက်, ပါပဂြဟ, စီးနင်းကျလည်း, ကိုယ်မှတစ်ပါး, ခြွေရံများနှင့်, ကျွဲနွားမျှသာ, ပျက်စီးရာ၏, ကိုယ်မှာချမ်းမြေ့, ဘေးမတွေ့ဘူး, မ-ဟေ့ကုသိုလ်, လူထိုထိုကား, ကိုယ်နှင့်တကွ, ပျက်တတ်စွတည့်, သုခဒုက္ခ, ကြောင်းမူလကို, ကမ္မတရား, နှစ်ပါးဖြင့်သာ, ကျမ်း၌လာ၏, ပုညာ-ပုည, ဝိသေသကို, ဒိဋ္ဌမြော်ငဲ့, ရှုမြင်ပြဲ့လော့, ဘုန်းမဲ့ခြံရံ, ဘုန်းရှိစံ၏, ကံလျှင်အရင်း, စီမံခြင်းဖြင့်, မင်းချင်းရှင်ကျွန်, မလွန်ဓမ္မတာ, ထင်ရှားစွာခဲ့။ (မဃဒေဝ၊၂၅၁။)

ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဒီလို တောထွက်ပြီးတော့ သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ ဒီလိုဆိုလျှင် တောထွက်နိုင်ကြပါ့မလား? ဒီအချိန်ကတော့ မိမိ ကိုယ်ကို ပြန်ပြီး မေးကြည့်ရမယ့်အချိန် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ?

ဓမ္မနှင့် အဓမ္မ - အကျိုးပေးခြင်း မတူညီပါ

၂၄။ န ဟိ ဓမ္မော အဓမ္မော စ၊ ဥဘော သမဝိပါကိနော။
အဓမ္မော နိရယံ နေတိ၊ ဓမ္မော ပါပေတိ သုဂ္ဂတိံ။
(ဇာတက၊ဋ္ဌ၊၄၊၅၀၁။)

မဟာရာဇ = ခမည်းတော်မင်းမြတ် သောင်းလုံးနတ်တို့ဘုရား။ ဓမ္မော စ = သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်လည်းကောင်း။ အဓမ္မော စ = ဒုစရိုက်ဆယ်ပါး မသူတော်တို့၏ အကုသိုလ်တရားသည်လည်းကောင်း။ ဥဘော = ကုသိုလ်တရား, အကုသိုလ်တရား နှစ်ပါးစုံတို့သည်။ သမဝိပါကိနော = ညီမျှသော အကျိုးပေးခြင်း ရှိကြကုန်သည်။ န ဟိ ဟောန္တိ = မဖြစ်ကြလေကုန်။

တစ်ဘက်က သုစရိုက်ဆယ်ပါး ကုသိုလ်တရား ရှိပါတယ်။ တစ်ဘက်က ဒုစရိုက်ဆယ်ပါး အကုသိုလ်တရားဆိုတာ ရှိပါတယ်။ ဒီကုသိုလ်တရားနဲ့ အကုသိုလ်တရား နှစ်မျိုးဟာ အကျိုးပေးညီမျှခြင်းသဘော ဘယ်လိုမှ မရှိနိုင်ပါဘူး။

အဓမ္မော = ဒုစရိုက်ဆယ်ပါး အကုသိုလ်တရားသည်။ နိရယံ = ငရဲသို့။ နေတိ = ရောက်အောင်မသွေ ပို့ဆောင်တတ်ပါပေ၏။ ဓမ္မော = သုစရိုက် ဆယ်ပါး ကုသိုလ်တရားသည်။ သုဂတိံ = လူ နတ် နိဗ္ဗာန် သုံးတန်ဟု ခေါ်ဆိုအပ်သော အကောင်းဆုံး သုဂတိသို့။ ပါပေတိ = မုချမသွေ ရောက်ရှိစေနိုင်ပါပေ၏။

ဒုစရိုက်ဆယ်ပါး အကုသိုလ်တရားက ငရဲသို့ရောက်အောင် ကျိန်းသေ ပို့ဆောင်ပေးနိုင်တဲ့စွမ်းအား ရှိနေပါတယ်။ သုစရိုက်ဆယ်ပါး ကုသိုလ်တရားကလည်း လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ အကောင်းဆုံး သုဂတိသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့စွမ်းအား ရှိနေပါတယ်။

ဒါကြောင့် ဓမ္မနဲ့အဓမ္မ နှစ်ခုမှာ တစ်ခုနဲ့တစ်ခု အကျိုးပေးညီမျှမှုသဘော ဘယ်လိုမှ မရှိနိုင်ပါဘူး။ ဒါကြောင့် သားတော်သည် အပါယ်ဘေးမှ အနည်းဆုံးအားဖြင့် လွတ်မြောက်စေတတ်တဲ့ စွမ်းအားရှိနေတဲ့ သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတာ်ကို ရသေ့ရဟန်းပြု၍ တောထွက်ခွင့် ပြုတော် မူပါဆိုပြီးတော့ တောင်းပန်တယ်။

ကံအရေးကြီးပါသည်

ဗာလအမှု, လေ့လာပြုလျက်, ဒုစရိတ, ဒုကမ္မဖြင့်, ပါပမွေ့လျော်, မသူတော်ကား, နေသော်နေမှား, သွားသော် သွားဆိုး, မကောင်းကျိုးတိ, ကြိုးသို့လည်းငြိ, ဘေးသာထိရှင့်, ပြုမိသမျှ, အပြစ်ရခဲ့။ (မဃဒေဝ၊၂၈၁။)

လူမိုက်ဆိုတာ မကောင်းတဲ့အလုပ်ဖြစ်တဲ့ အကုသိုလ် ဒုစရိုက်တရား တွေကို ကျိန်းသေဧကန် လုပ်နေပြီဆိုလျှင် သူ့သန္တာန်မှာ အကုသိုလ်တရား တွေက ဆက်တိုက် ဖြစ်နေပါတယ်။ ဒီလို အကုသိုလ်တရားတွေ ဆက်တိုက် ဖြစ်နေတဲ့ ဒီသတ္တဝါရဲ့သန္တာန်မှာ အတိတ်က အကျိုးပေးဖို့ရန်အတွက် စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေကလည်း အခွင့်အရေး ပိုပြီး သာလာတတ်ပါတယ်။ ရွာတစ်ရွာမှာ ရွာခံဓားပြတွေက သိပ်အားကောင်းနေပြီဆိုလျှင် ဘေးကဓားပြတွေ ဝင်ရောက်ဖို့ လွယ်ကူနေသလိုပဲ အကုသိုလ်အခံဓာတ်တွေက သိပ်အားကောင်းနေတဲ့ သတ္တဝါတွေရဲ့သန္တာန်မှာ အတိတ်က အကျိုးပေးချင်တဲ့ အကုသိုလ်ကံတွေကလည်း အခွင့်အရေး ပိုပြီးတော့ ရလာတတ်ပါတယ်။ ဒီလို အကုသိုလ်ကံတွေက အခွင့်အရေး ရလာတဲ့အချိန်အခါမှာ ဒီသတ္တဝါတွေဟာ ဘယ်လို ဖြစ်လာသလဲ?

ဗာလအမှု, လေ့လာပြုလျက်, ဒုစရိတ, ဒုကမ္မဖြင့်, ပါပမွေ့လျော်, မသူတော်ကား, နေသော်နေမှား, သွားသော် သွားဆိုး, မကောင်းကျိုးတိ။ (မဃဒေဝ၊၂၈၁။)

နေလျှင်လည်း သူက အမှားနဲ့ပဲ ဖြစ်နေတတ်တယ်။ ဘာလုပ်လုပ် အမှား တွေနဲ့ပဲ တွေ့နေရတယ်။ သွားလျှင်လည်း ဘယ်သွားသွား အမှားနဲ့ပဲ တွေ့နေရတယ်။ ဘာလုပ်လုပ် မကောင်းတဲ့အကျိုးတွေက သူ့သန္တာန်မှာ တွေ့ဖို့ရန် အခံ့သင့် ဖြစ်နေကြတယ်။

ကြိုးသို့လည်းငြိ, ဘေးသာထိရှင့်။ (မဃဒေဝ၊၂၈၁။)

လည်ပင်းမှာ ကြိုးနဲ့ ငြိနေသလို ဘယ်နေရာပဲ သွားလိုက် သွားလိုက် ဘေးနဲ့ပဲ အမြဲ သွားပြီးတော့ တွေ့နေတတ်တယ်။ ဒါကြောင့် ---

ဗာလအမှု, လေ့လာပြုလျက်, ဒုစရိတ, ဒုကမ္မဖြင့်, ပါပမွေ့လျော်, မသူတော်ကား, နေသော်နေမှား, သွားသော် သွားဆိုး, မကောင်းကျိုးတိ, ကြိုးသို့လည်းငြိ, ဘေးသာထိရှင့်, ပြုမိသမျှ, အပြစ်ရခဲ့။ (မဃဒေဝ၊၂၈၁။)

ဘယ်အလုပ်ပဲ လုပ်လုပ် သူလုပ်သမျှတွေဟာ အကုသိုလ်အပြစ်တွေချည်းပဲ ဖြစ်နေတော့တယ်။

ကြောင်းရင်းကြမ္မာ, ကံမပါလျှင်, ကြံရာမပြီး, အချည်းနှီးဖြင့်, ပျက်စီးတတ်စွာ, မချွတ်ရာတည့်။ (မဃဒေဝ၊၂၈၉။)

အတိတ်က အကျိုးပေးမယ်ဆိုတဲ့ ကုသိုလ်ကံကလေးတွေက ရှိနေကြတယ်။ အဲဒီ ကံတွေကလည်း အောင်အောင်မြင်မြင် အကျိုးပေးခွင့် မသာတော့ဘူးဆိုလျှင်တော့ ဘာဖြစ်လာမလဲ?

ကြောင်းရင်းကြမ္မာ, ကံမပါလျှင်, ကြံရာမပြီး, အချည်းနှီးဖြင့်, ပျက်စီးတတ်စွာ, မချွတ်သာတည့်။ (မဃဒေဝ၊၂၈၉။)

အားလုံး ပျက်စီးတတ်တဲ့သဘော ဖြစ်လာတတ်ပါတယ်။ မုဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ ပုံစံလိုပဲ ဘာပဲလုပ်လုပ် မကောင်းတဲ့အကျိုးတွေက အမြဲတမ်း ဆီးကြိုနေတတ်တဲ့သဘော ရှိတတ်ပါတယ်။ ဒါကြောင့် ---

ကြောင်းရင်းကြမ္မာ, ကံမပါလျှင်, ကြံရာမပြီး, အချည်းနှီးဖြင့်, ပျက်စီးတတ်စွာ, မချွတ်ရာတည့်, ကလျာဏာကလျာဏ, ကျင့်ကမ္မဖြင့်, ပုညပါပ, ကိစ္စအမှု, ခွဲဝေရှုသော်, အကုသိုလ်-ကုသိုလ်, နှစ်ခုကိုလည်း, မပြုလိုခဲ, ပြုလိုရဲ၏။ (မဃဒေဝ၊၂၈၉။)

ကုသိုလ်နဲ့ အကုသိုလ် နှစ်မျိုး ရှိပါတယ်။ ဘယ်တရားပဲဖြစ်ဖြစ် မပြုလိုဘူးဆိုလျှင်တော့ အင်မတန် ပြုလုပ်ဖို့ရန် ခဲယဉ်းနေတတ်ပါတယ်။ ပြုလိုတယ်ဆိုလျှင်လည်း အင်မတန် လွယ်ကူတဲ့သဘောလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ---

ကြောင်းရင်းကြမ္မာ, ကံမပါလျှင်, ကြံရာမပြီး, အချည်းနှီးဖြင့်, ပျက်စီးတတ်စွာ, မချွတ်ရာတည့်, ကလျာဏာကလျာဏ, ကျင့်ကမ္မဖြင့်, ပုညပါပ, ကိစ္စအမှု, ခွဲဝေရှုသော်, အကုသိုလ် ကုသိုလ်, နှစ်ခုကိုလည်း, မပြုလိုခဲ, ပြုလိုရဲ၏။ ကံမွဲမပြောင်, ကံမဆောင်လျှင်, ဂုဏ်ရောင်မလှ, မထွန်းပဘူး, ဒုက္ခလူ့ဘောင်, ဆင်းရဲခေါင်လိမ့်။ (မဃဒေဝ၊၂၈၉။)

လောကမှာ ကံကသာ မဆောင်ဘူးဆိုလျှင် ဘယ်လိုမှ ဂုဏ်ပြောင်နိုင်တဲ့ သဘော မရှိတော့ပါဘူး။ ဘဝတစ်ခုမှာ ဆင်းရဲတွေကပဲ အမြဲ အထွတ်တပ်ထားပါလိမ့်မယ်။

သေသူနှင့် ရှင်သူ

ဆယ်ပါးပညတ်, ကုသိုလ်ရပ်ကို, ပြုအပ်ပြီးသည်, လူတမည်ကား, လူ့ပြည်နတ်ပွဲ, ရမခဲတည့်။ (မဃဒေဝ၊၂၉၁။)

သုစရိုက်ဆယ်ပါး ကုသိုလ်တရားဆိုတဲ့ ဒါန, သီလ, ဘာဝနာ, သမထ- ဝိပဿနာကျင့်စဉ်တွေကို စနစ်တစ်ကျ တကယ်လက်တွေ့ ပြည့်ပြည့်စုံစုံသာ ကျင့်ထားပါ။ ဒီလို ကျင့်ထားတဲ့ သူတော်ကောင်းသည် ဘယ်လို ဖြစ်လာမလဲ?

ဆယ်ပါးပညတ်, ကုသိုလ်ရပ်ကို, ပြုအပ်ပြီးသည်, လူတမည်ကား, လူ့ပြည်နတ်ပွဲ, ရမခဲတည့်, ယူစွဲမုချ, ယွင်းမခွဘူး။ (မဃဒေဝ၊၂၉၁။)

လူ့ပြည်, နတ်ပြည်ရဖို့ ဘာမှ သိပ်မခက်ခဲတော့ပါဘူး။ အကယ်၍ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း အာနာပါနစျာန်တွေကို စတုတ္ထစျာန်သို့ တိုင်အောင် ပေါက်ပေါက်ရောက်ရောက် အားထုတ်နိုင်မယ်၊ သမာဓိထူထောင် နိုင်မယ်၊ ဒီစျာန်တွေကိုလည်း မလျောကျနိုင်အောင် ထိန်းကွပ်ထားနိုင်မယ်၊ ရုပ်တရား, နာမ်တရားတွေကို သိမ်းဆည်းနိုင်မယ်၊ အကြောင်းတရား, အကျိုးတရားတွေကို သိမ်းဆည်းနိုင်မယ်၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ထိုးထွင်း သိနိုင်မယ်။ ဒီလို သိနိုင်တဲ့ ဝိပဿနာဉာဏ်တွေ ရရှိလို့ မိမိတို့ရဲ့ ပါရမီအားလျော်စွာ ထိုဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ် ပေါ်လာခဲ့မယ်ဆိုလျှင်တော့ ဒီအရိယာသူတော်ကောင်းရဲ့သန္တာန်မှာ စျာန်တရား တွေသည် လျောကျသွားရိုးဓမ္မတာ ဘယ်တော့မှ မရှိတော့ဘူး။

ဒါကြောင့် သောတာပန်အဖြစ်နဲ့ စျာန်တရားတွေကလည်း မလျောကျဘဲ ဘဝတစ်ခုကို အဆုံးသတ်ခဲ့မယ်ဆိုလျှင် မိမိကလည်း အလိုရှိခဲ့မယ်ဆိုလျှင်တော့ ဗြဟ္မာ့ပြည်, ဗြဟ္မာ့ချမ်းသာကြီးက ကျိန်းသေဧကန် စောင့်ဆိုင်းပြီးတော့ ဆီးကြိုနေပါတယ်။ လာပါ လာပါဆိုပြီးတော့ လှမ်းပြီး လက်ဆွဲခေါ်နေမှာ ဖြစ်ပါတယ်။ ဒီလို ကျိန်းသေနေတဲ့ ကျင့်စဉ်တွေကို လက်တွေ့ကျင့်ရမယ် ဆိုလျှင် အရှင်ဘုရား ဘယ်လောက်ကြာကြာ ကျင့်ရမလဲလို့တော့ မေးစရာ ရှိပါတယ်။ ဒါကတော့ ပါရမီအပေါ်မှာ မူတည်နေပါတယ်။

လပိုင်းလောက်နဲ့ ရနိုင်တဲ့သူတော်ကောင်းတွေလည်း ရှိကောင်းရှိနိုင် ပါတယ်၊ နှစ်ပိုင်းလောက်နဲ့ ရနိုင်တဲ့သူတော်ကောင်းတွေလည်း ရှိကောင်းရှိနိုင် ပါတယ်။ ဘာမှ ဆွေမတော်မျိုးမတော်တဲ့ သူများသားသမီးကိုတောင် ကျွန်ခံ နိုင်သေးလျှင် ဒီလို အိုနာသေရေး ဒုက္ခဘေးကြီးမှ လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ ဗြဟ္မာ့ချမ်းသာကြီးက ဆီးကြိုနေမယ့် ကျင့်စဉ်တွေကို တစ်နှစ်လောက်တော့ ကျင့်ဖို့မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘယ့်နှယ်တုံး တရားနာ ပရိသတ်တွေ မကျင့်နိုင်ကြဘူးလား? ကျင့်နိုင်ရမယ်။ ဒါကြောင့် ---

ဆယ်ပါးပညတ်, ကုသိုလ်ရပ်ကို, ပြုအပ်ပြီးသည်, လူတစ်မည်ကား, လူ့ပြည်နတ်ပွဲ, ရမခဲတည့်, ယူစွဲမုချ, ယွင်းမခွဘူး, ဒါနသီလ, ကုသလ၌, လုံ့လလွှတ်လျှော့, လေဘင်ပေါ့၍, မေ့လျှော့သော့အား, တည်နေငြားက, ပျော်ပါးသောက်ယစ်, ဇောခုနစ်နှင့်, စင်စစ်ထို့သူ, သူသေတူ၏။ (မဃဒေဝ၊၂၉၁။)

ဒါန, သီလ, သမထ, ဝိပဿနာကျင့်စဉ်တွေမှာ မေ့မေ့လျော့လျော့နဲ့ နေထိုင်နေတဲ့ပုဂ္ဂိုလ်တွေကို လူသေတွေလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ? အပါယ်လေးဘုံက သူတို့ကို အမြဲတမ်း ဆီးကြိုနေမယ်။ အပါယ်လေးဘုံမှာ ထပ်ခါထပ်ခါ သေနေရမယ်။ မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်တဲ့ မဂ္ဂင်လမ်းမကြီးပေါ်သို့ တက်ရောက်ကာ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိဖြင့် မလျှောက်သွားနိုင်သေးတဲ့အတွက် မသေရာ အမြိုက်နိဗ္ဗာန်သို့ မရောက်နိုင်သေး ဖြစ်နေကြတယ်။ မသေရာ အမြိုက်နိဗ္ဗာန်လမ်းပေါ်သို့ မလျှောက်နိုင်သေးဘဲ ထပ်ခါထပ်ခါ သေနေရမယ့် ဒုစရိုက်လမ်းမပေါ်မှာသာ လျှောက်ဆဲ ဖြစ်နေသေးတဲ့အတွက် ဒီပုဂ္ဂိုလ်တွေဟာ ရှင်နေပေမယ့်လို့ သေတဲ့ပုဂ္ဂိုလ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။

ဆယ်ပါးပညတ်, ကုသိုလ်ရပ်ကို, ပြုအပ်ပြီးသည်, လူတစ်မည်ကား, လူ့ပြည်နတ်ပွဲ, ရမခဲတည့်, ယူစွဲမုချ, ယွင်းမခွဘူး, ဒါနသီလ, ကုသလ၌, လုံ့လလွှတ်လျှော့, လေဘင်ပေါ့၍, မေ့လျှော့သော့အား, တည်နေငြားက, ပျော်ပါးသောက်ယစ်, ဇောခုနစ်နှင့်, စင်စစ်ထို့သူ, သူသေတူ၏။ အလှူသီတင်း, မကင်းဘာဝနာ, မချာရက်နေ့, မမေ့လျော့တတ်, ထိုသူမြတ်ကား, လူနတ်ခန္ဓာ, ပြောင်းလဲကာလျှင်, ချမ်းသာသုခ, မပျက်ကြကြောင့်, ဘဝသဘော, ရွေ့လျောခြင်းဟူ, စုတိမူလည်း, သေသူမမည်, ဟူတုံသည်တည့်။ (မဃဒေဝ၊၂၉၁)

ဒါန, သီလ, သမထ, ဝိပဿနာကျင့်စဉ်တွေကို အောင်အောင်မြင်မြင် တကယ်လက်တွေ့ ကျင့်နိုင်တဲ့သူတော်ကောင်းတွေကတော့ ဘဝတစ်ခုနှင့် တစ်ခု ပြောင်းလဲပြီး သေနေရပေမယ့်လို့ တကယ်သေတဲ့ပုဂ္ဂိုလ်မျိုးတွေ မဟုတ် ကြဘူး။ ဘာကြောင့်လဲ?

လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ, နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာ အမျိုးမျိုးတွေက ဒီသတ္တဝါတွေကို အမြဲတမ်း ဆီးကြိုပြီး စောင့်ဆိုင်းနေတယ်။ ဒီလို စောင့်ဆိုင်းနေတဲ့အတွက်ကြောင့် ဒီသတ္တဝါတွေကို သေနေတဲ့ ပုဂ္ဂိုလ် တွေလို့ ဘယ်တော့မှ မခေါ်တော့ဘူး။ ရှင်နေတဲ့ပုဂ္ဂိုလ်လို့ပဲ လောကမှာ ခေါ်ဆိုကြပါတယ်။ ဒါကြောင့် ---

ဝိပ္ပလ္လာသအားကောင်းလျှင်

ဝိပ္ပလ္လာသ, ဖောက်ပြန်ကလည်း, မောဟလွှမ်းပြီး, အယူသီး၏, စပါးကြီးချက်ငြိ, ဟူတုံဘိသို့, အဝီစိသွား, အကျင့်မှားကို, မြစ်တားမရ, ဆုံးမမနာ, ရှိတတ်စွာခဲ့။ (မဃဒေဝ၊၃၁၉။)

သညာဝိပ္ပလ္လာသ = အမှတ်မှားမှု, စိတ္တဝိပ္ပလ္လာသ = အသိမှားမှု, ဒိဋ္ဌိဝိပ္ပလ္လာသ = အယူမှားမှုဆိုတဲ့ ဝိပ္ပလ္လာသတရားတွေက ဖောက်ပြန်လာပြီဆိုလျှင် မောဟတွေကလည်း အလွန် ဖိစီးလာတတ်ပါတယ်။ ဒီလို မောဟတရားတွေကလည်း အလွန် အားကောင်းလာပြီဆိုလျှင် ဘာဖြစ်မလဲ?

ဝိပ္ပလ္လာသ, ဖောက်ပြန်ကလည်း, မောဟလွှမ်းပြီး, အယူသီး၏။ စပါးကြီးချက်ငြိ, ဟူတုံဘိသို့, အဝီစိသွား, အကျင့်မှားကို, မြစ်တားမရ, ဆုံးမမနာ, ရှိတတ်စွာခဲ့။ (မဃဒေဝ၊၃၁၉။)

အဝီစိကို ရောက်မယ့်ကျင့်စဉ်သာ ဖြစ်ပါစေ၊ ဘယ်လိုပင် တားမြစ်နေ ပေမယ့်လို့ မရတော့ဘူး။ ဆုံးမပေမယ့်လို့လည်း ဘယ်တော့မှ မနာယူတော့ဘူး။ ဝိပ္ပလ္လာသတရား အားကောင်းနေတဲ့ သတ္တဝါတွေရဲ့သန္တာန်မှာ ဒီလို ဖြစ်ရိုးဓမ္မတာတစ်ခု ဖြစ်တတ်ပါတယ်။

ပညာအားနည်း, သဒ္ဓါသည်းက, အရည်းမည်ကာ, ယူမိစ္ဆာ၌, သဒ္ဓါလေးမြတ်, ဆည်းကပ်တတ်၏။ (မဃဒေဝ၊၃၁၉။)

သဒ္ဓါတရားကတော့ သိပ်ပြီး အားကောင်းနေတယ်။ သို့သော် ပညာက အားနည်းနေတယ်ဆိုလျှင်လည်း အရည်းမည်ကာ...တဲ့။ အရည်းဆိုတာကတော့ ရှေးခေတ် ပုဂံခေတ်တုန်းကတော့ ဘုန်းကြီးတွေကို အရည်းလို့ ခေါ်ပါတယ်။

အရည်းမည်ကာ, ယူမိစ္ဆာ၌၊ (မဃဒေဝ၊၃၁၉။)

အမည်နာမ ကြည့်လိုက်မယ်ဆိုလျှင်တော့ ရဟန်းပဲ၊ ဒါပေမယ့် အယူဝါဒ ကြည့်လိုက်မယ်ဆိုလျှင်တော့ မှားယွင်းနေတဲ့ မိစ္ဆာအယူဝါဒတွေကို လက်ဆုပ် လက်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေကြတယ်။ ဒီလို မှားယွင်း ဖောက်ပြန် နေတဲ့ အယူဝါဒတွေကို လက်ကိုင်ထားတဲ့ အရည်းအမည်ရှိနေတဲ့ ရဟန်းတွေ ကိုသော်လည်း အရိုအသေ အလေးအမြတ် ပြုပြီး သွားဆည်းကပ်တတ်တယ်။ ဘာဖြစ်လို့လဲ? သဒ္ဓါက အားကောင်းပြီး ဉာဏ်ပညာက မရှိတော့ဘူး။ နောက်တစ်ခု ---

သဒ္ဓါနုံ့နဲ ပညာကဲသော်

ပရမတ်အရာ, မလိမ္မာဘဲ, သဒ္ဓါနုန့်နဲ့, ပညာကဲလည်း, အလွဲပြေးဝင်, အမြင်ယွင်းခွ, တိမ်းပါးကြရှင့်, မီးပြသမား, တွင်းကျွံမှားသို့, ဆယ်ပါးကောင်းမှု, လှူဝတ္ထုကို, စွန့်ပြုမလွှတ်, စိတ္တုပ္ပါဒ်မျှ, ဒါနအလှူ, မြောက်သောဟူ၍, အယူဖောက်လွှဲ, မိစ္ဆာစွဲ၏။ (မဃဒေဝ၊၃၁၉။)

သဒ္ဓါတရားကလည်း အားလျော့နေပြန်တယ်။ ပရမတ်တရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ပညာကလည်း သိပ်ပြီး အားနည်း နေတယ်။ သဒ္ဓါတရားကလည်း သိပ်ပြီးတော့ နုံ့နေတယ်၊ ပရမတ္ထသစ္စာကို ထိုးထွင်းသိတတ်တဲ့ ပညာကလည်း နုံ့နေတယ်။ သို့သော် ဝေဖန်ရေးသမား သက်သက် လုပ်နေတဲ့ ဉာဏ်ပညာအတုအယောင်ကတော့ လွန်ကဲနေပြန်တယ်။ ဒီလို သဒ္ဓါက နုံ့လာပြီ, ဝေဖန်ရေးသမားသက်သက် လုပ်နေတဲ့ ပညာ အတုအယောင်ကလည်း လွန်ကဲလာပြီဆိုလျှင်လည်း သူက ဘယ်လို ဖြစ်လာသလဲ?

ရှေ့က မီးပြသွားတဲ့ပုဂ္ဂိုလ်က တွင်းထဲ, ချောက်ထဲ ကျသွားသလိုပဲ နောက်က လိုက်နေတဲ့ပုဂ္ဂိုလ်တွေ အကုန်လုံးလည်း အမှားဆိုတဲ့ ချောက်ကြီးထဲကို အကုန်လုံး ဆင်းကြရတော့တယ်။ ဒါကြောင့် ---

မီးပြသမား, တွင်းကျွံမှားသို့, ဆယ်ပါးကောင်းမှု, လှူဝတ္ထုကို, စွန့်ပြု မလွှတ်, စိတ္တုပ္ပါဒ်မျှ, ဒါနအလှူ, မြောက်သောဟူ၍, အယူဖောက်လွှဲ, မိစ္ဆာစွဲ၏။ (မဃဒေဝ၊၃၁၉။)

ပညာကလည်း ပရမတ်အရာမှာ မလိမ္မာဘူး။ သဒ္ဓါကလည်း အားပျော့လာပြီ ဆိုလျှင်တော့ -- အလှူဒါနဆိုတာ တကယ်လှူမှ မဟုတ်ပါဘူး။ စိတ်ထဲက လှူလျှင်လည်း အလှူဒါန မြောက်ပါတယ် ဆိုပြီးတော့ ဖောက်ပြန် ချွတ်ယွင်းနေတဲ့ မိစ္ဆာအယူတွေကို သွားပြီးတော့ စွဲမိတတ်ပြန်တယ်။ ဒါကြောင့် သဒ္ဓါနဲ့ပညာ မျှတဖို့က အရေးမကြီးဘူးလား?သိပ်အရေးကြီးတယ်။ ယုံကြည်ချက် သဒ္ဓါတရားလည်း ရှိရမယ်၊ ပရမတ်အရာမှာ လိမ္မာကျွမ်းကျင်နေတဲ့ အသိအလိမ္မာ ဉာဏ်ပညာတွေလည်း ရှိဖို့လိုပါတယ်။

ရုပ်တရား, နာမ်တရားတွေ ဟုတ်တိုင်းမှန်စွာသိတဲ့ပညာ, အကြောင်းတရား, အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ပညာ, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ ပညာ။ ဒီအသိအလိမ္မာ ဉာဏ်ပညာတွေရှိဖို့ လိုအပ်နေတယ်။ ဒီလို ဉာဏ်ပညာတွေ မရှိဘူးဆိုလျှင်တော့ ဘာဖြစ်တတ်သလဲ?

လိပ်ခဲပမာ, မြဲမြံစွာလျက်, သတ္တဝါတစ်ယောက်, ယူမှားမှောက်ကို, သိန်းလောက်ဘုရား, လှန်သောအားဖြင့်, ဟောကြားခြေချွတ်, ဖြေမလွှတ်ဘူး။ (မဃဒေဝ၊၃၁၉။)

လိပ်တွေများ အရာဝတ္ထုတစ်ခုခုကို ကိုက်ခဲလိုက်ပြီဆိုလျှင် သိပ်ပြီးတော့ မြဲမြံတဲ့သဘော ရှိတတ်တယ်။ လိပ်တွေဟာ အရာဝတ္ထုတစ်ခုကို ကိုက်ခဲ ထားသလိုပဲ အယူဝါဒတစ်ခုကို သွားပြီး စွဲယူမိမယ်ဆိုလျှင်လည်း မြဲမြဲမြံမြံနဲ့ ဒီသတ္တဝါတစ်ယောက်က ဆုပ်ကိုင်ထားတတ်တဲ့သဘော ရှိနေတတ်တယ်။ ဒီလို မြဲမြံစွာဖြင့် ဖောက်ပြန်ချို့ယွင်းနေတဲ့ မမှန်ကန်တဲ့ ဝါဒတစ်ခု, ကျင့်ဝတ် တစ်ခုကို ဆုပ်ကိုင်ထားပြီဆိုလျှင်တော့ ဒီအယူမှောက်မှားနေတဲ့ သတ္တဝါကို တစ်သိန်းလောက်ရှိတဲ့ ဘုရားတွေက လာပြီးတော့ ပြောင်းပြန်လှန်ပြီး ချေချွတ် ပေးပေမယ့်လို့ ဒီသတ္တဝါဟာ ဘယ်တော့မှ ကျွတ်နိုင်တဲ့သဘော မရှိတော့ဘူး။

ဒါကြောင့် ဒါယကာကြီးတွေ ဒီလို သံသရာခရီး ကျင်လည်နေတဲ့ အချိန်အခါမှာ ပရမတ်ဉာဏ်ပညာမျက်စိကလေးတွေကို ရရှိအောင် ယခုလို သာသနာနဲ့ တွေ့ခိုက်ကြုံခိုက်မှာ ကြိုးစားထားဖို့ မလိုဘူးလား? လိုအပ်နေပါတယ်။ ပရမတ်ဉာဏ်ပညာမရှိလျှင်တော့ အယူဝါဒတွေဟာ တစ်ခါတစ်ရံ ဘဝတစ်ခုမှာ ဖောက်လွှဲဖောက်ပြန် ဖြစ်နိုင်တဲ့သဘော မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ ဒီလို ဖောက်လွှဲဖောက်ပြန် ဖြစ်ပြီဆိုလျှင်တော့ တစ်သိန်းလောက် ရှိနေတဲ့ ဘုရားတွေက ဝိုင်းပြီး ချေချွတ်သော်လည်း ကျွတ်တမ်းဝင်နိုင်တဲ့ သဘော ရှိသေးသလား? မရှိတော့ဘူး။

အကျွတ်မရ, နိယတဖြင့်, ဝါဒအလို, မြေကြီးမျိုလည်း, ယူကိုစွန့်ဘဲ, အကျင့်လွဲ၍, ငရဲခံလိမ့်မည်သောကြောင့်။ (မဃဒေဝ၊၃၁၉။)

ဒီလို ဘုရားရှင် အဆူဆူတွေက ဘယ်လောက်ပဲ ချေချွတ်ပေးနေပေမယ့်လို့ သစ္စကပရိဗိုဇ်တို့လို မိမိရဲ့ အယူဝါဒကို မိမိက အမြဲတမ်း ဆုပ်ကိုင် ထားမယ်။ မြေမျိုပြီး သေရမယ်ဆိုလျှင်တောင်မှ ဒီအယူဝါဒကို စွန့်လွှတ်နိုင်တဲ့ သဘော မိမိမှာ မရှိတော့ဘူး။ ဒါကြောင့် သာသနာတော်နဲ့ တွေ့ခိုက်ကြုံခိုက် ကလေးမှာ ဒီလို ဖောက်ပြန်မှားယွင်းနေတဲ့ အယူဝါဒတွေကို သုတ်သင် ရှင်းလင်းကြောင်းဖြစ်တဲ့ ဘုရားရှင်ရဲ့ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။

ဒီလို တကယ်လက်တွေ့ ကြိုးစားအားထုတ်ဖို့ကောင်းတဲ့ ထုံးကလေးတွေနဲ့ ပတ်သက်ပြီးတော့ အယောဃရမင်းသားကလေးက ဂါထာပေါင်း (၂၄) ဂါထာနဲ့ မယ်တော်, ခမည်းတော်အမှူးရှိတဲ့ ပရိသတ်အပေါင်းကို ဟောကြားပြီး တောထွက်လို တရားအားထုတ်လိုတဲ့အတွက် ရသေ့ရဟန်းပြုခွင့်ကို တောင်းပန်ပါတယ်။

ဒီလို (၂၄)ဂါထာနဲ့ တရားဟောပြီးတော့ ဟောရုံတွင် ပြီးရောလား ဆိုတော့ မဟုတ်သေးပါဘူး။ ဘုရားအလောင်း သူတော်ကောင်းတွေရဲ့ ဓမ္မတာက ယထာဝါဒီ တထာကာရီ = ပြောတဲ့အတိုင်း လိုက်နာပြုကျင့်တဲ့ သဘော ရှိပါတယ်။

ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ပြောတဲ့အတိုင်း လိုက်နာပြုကျင့်နိုင်တဲ့သဘော ရှိကြရဲ့လား? ဒီပရိသတ်ထဲမှာတော့ လိုက်နာပြုကျင့်နိုင်တဲ့ပုဂ္ဂိုလ် ရှိ,မရှိတော့ မပြောတတ်ဘူး။ အယောဃရမင်းသားကတော့ တောထွက်သွားပါတယ်။

အယောဃရမင်းသားကလေးတောထွက်ပြီဆိုတဲ့အခါမှာတော့မယ်တော်, ခမည်းတော်တို့ကလည်း လိုက်ပါပြီးတော့ တောထွက်ကြပါတယ်။ နန်းတွင်းသူ နန်းတွင်းသား အားလုံး, မှူးကြီးမတ်ရာ စစ်သေနာပတိ အားလုံး, တိုင်းသူ ပြည်သားအားလုံး တောထွက်ကြပါတယ်။ ပရိသတ် ဘယ်လောက် ရှိသွားသလဲဆိုလျှင်တော့ ဆယ့်နှစ်ယူဇနာ အတိုင်းအရှည် ရှိပါတယ်။ အဲဒီဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိနေတဲ့ ဒီပရိသတ်တွေကို အယောဃရမင်းသားကလေးက ခေါ်ဆောင်ပြီးတော့ ဟိမဝန္တာသို့ ရှေးရှု တောထွက်သွားပြီ။ အယောဃရမင်းသား ဦးဆောင်နေတဲ့ တိုင်းသူပြည်သား လူအများတို့ တောထွက်လာပြီဆိုတာ သိတဲ့အတွက် သိကြားမင်းကြီးကလည်း မာတလိ နတ်သားကို ရသေ့ရဟန်းတို့နဲ့ ထိုက်တန်တဲ့ ကျောင်းသင်္ခမ်းတွေ, ပရိက္ခရာတွေကို စီမံဖန်တီးဖို့ရန်အတွက် ခိုင်းစေလိုက်ပါတယ်။ အားလုံး ဖန်ဆင်းပြီးပြီ ဆိုကြစို့ ---

အဲဒီ (၁၂)ယူဇနာလောက် ရှိနေတဲ့ ဒီပရိသတ်ကို အယောဃရမင်းသား ကလေးက စျာန်အဘိညာဏ်တရားတွေကို ရရှိအောင် နည်းလမ်းစနစ်တွေကို သွန်သင်ပြသ ဆိုဆုံးမပေးတော်မူပါတယ်။ ဘာကြောင့်လဲ? အတိတ်ဘဝ သံသရာအဆက်ဆက်က ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ စျာန်အဘိညာဏ်တွေကို ရရှိအောင် ကြိုးစားအားထုတ်ခဲ့ခြင်း, ဝိပဿနာပိုင်းမှာလည်း သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခဲ့ဖူးခြင်းကြောင့် ဒီသူတော်ကောင်းတွေကို စျာန်အဘိညာဏ်တွေကို ရရှိအောင် ဆိုဆုံးမဖို့ရန်အတွက် သူ့အတွက်လည်း မခက်ခဲတော့ဘူး။ သူကိုယ်တိုင် လက်တွေ့ ပြန်ပြီး ကျင့်လိုက်တဲ့အချိန်အခါမှာလည်းပဲ လွယ်လွယ်ကူကူနဲ့ ရရှိတဲ့သဘော ရှိနေပါတယ်။

ဒီလို ရရှိတဲ့အတွက် ဒီပရိသတ်တွေကို ဆိုဆုံးမလိုက်တာ ဒီပရိသတ် အားလုံးရဲ့ သုံးပုံ ပုံလိုက်လျှင် နှစ်ပုံလောက်ကတော့ ကွယ်လွန်တဲ့ အချိန်အခါမှာ ဗြဟ္မာ့ပြည်ကို အားလုံး ရောက်ရှိသွားကြပါတယ်။ ကျန်နေတဲ့ တစ်ပုံကိုလည်း ထပ်ပြီး သုံးပုံ ပုံလိုက်မယ်ဆိုလျှင် တစ်ပုံက ဗြဟ္မာ့ပြည်ကို ရောက်ရှိ ကြပါတယ်။ တစ်ပုံကတော့ နတ်ပြည်ကို ရောက်ရှိကြပါတယ်။ ကျန်နေတဲ့ တစ်ပုံကတော့ လူ့ပြည်မှာပဲ ချမ်းသာတဲ့ အမျိုးအနွယ်ဖြစ်တဲ့ ပုဏ္ဏားမျိုး, မင်းမျိုး, သူဌေးမျိုးဆိုတဲ့ ဒီအမျိုးအနွယ်တွေမှာပဲ သွားပြီး လူလာပြီး ဖြစ်ကြပါတယ်။ ဒီလို အမျိုးအနွယ် သုံးခုမှာ သွားပြီးတော့ လူဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့ မေးလျှင်တော့ ဒီနေ့ သာယာကုန်း ဝတ်ကြီးအသင်းတိုက်မှာ ဂေါပကလူကြီးတွေ ရှိကြပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုး တွေလို့ ဘုန်းကြီးကတော့ သဘောပေါက်ပါတယ်။ ဘာဖြစ်လို့လဲ? ဘုရား ဝေယျာဝစ္စ, သံဃာ့ဝေယျာဝစ္စ အစရှိတဲ့ ဒီဝေယျာဝစ္စကိုတော့ သူတို့က ဝါသနာပါကြတယ်။ တကယ်လက်တွေ့ တရားအားထုတ်ဖို့တော့ သူတို့က ဝါသနာမပါကြဘူး။

ဒီလို တောထဲမှာ ဆယ့်နှစ်ယူဇနာလောက်ရှိတဲ့ ပရိသတ်ကြီး တရား အားထုတ်နေတဲ့ အချိန်အခါမှာ သူတို့က တရားအားထုတ်တဲ့ဘက်က မနေဘဲ၊ ဝေယျာဝစ္စဆောင်ရွက်တဲ့ဘက်ကပဲ နေတဲ့အတွက် ဗြဟ္မာ့ပြည်လည်း မရောက်နိုင်ဘူး၊ နတ်ပြည်လည်း မရောက်နိုင်ဘဲ လူ့ပြည်မှာပဲ မင်းမျိုး, သူဌေးမျိုး, ပုဏ္ဏားမျိုးဆိုတဲ့ အမျိုးသုံးခုမှာပဲ လူလာပြီး ဖြစ်ကြရတယ်။ အထက်တန်းကျတာနဲ့ အောက်တန်းကျတာ ဘယ်ဟာက ပိုကောင်းသလဲ? အထက်တန်းကျတာက ပိုကောင်းတယ်ဆိုလျှင်တော့ ဒီနေ့ သာယာကုန်း ဝတ်ကြီးအသင်းတိုက်မှာ ဂေါပကလူကြီး ပြုလုပ်နေကြတဲ့ သူတော်ကောင်းတို့လည်း ရှေးရှေးသော သူတော်ကောင်းတို့ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တဲ့ လမ်းစဉ်အတိုင်း ဒါန, သီလ, သမထ, ဝိပဿနာဘာဝနာ ကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းနဲ့ ကဲ တရားသိမ်းကြစို့ ---

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။

သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။

ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။

ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။

ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။

ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။

တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။

ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။

သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။

တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။

အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

သာဓု သာဓု သာဓုပါဘုရား . . .

___________

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရေး ပြဿနာပေါင်းခ...