Skip to main content

ဝိသုဒ္ဓိမဂ်-မြန်မာပြန် (စတုတ္ထတွဲ)

ဝိသုဒ္ဓိမဂ်-မြန်မာပြန် စတုတ္ထတွဲ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁၇-ပညာဘူမိနိဒ္ဒေသ - ပညာ၏ ဖြစ်ရာဘုံ(အာရုံ)ကို ပြဆိုချက်

ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုခြင်း

     [၁၄၈]† ၅၇ဝ†။ ယခုအခါ၌ ''ခန္ဓာ အာယတန ဓာတ် ဣန္ဒြေ သစ္စာ ပဋိစ္စသမုပ္ပါဒ်စသည် အပြားရှိကုန်သော တရားတို့သည် (ဤ ဝိပဿနာပညာ၏)၂ ဖြစ်ရာဘုံ (အာရုံ) ဖြစ်ကုန်၏''ဟူ၍ ဆိုအပ်ခဲ့ကုန်ပြီးသော ဤ(ဝိပဿနာ)ပညာ၏ ဖြစ်ရာဘုံ (အာရုံ)ဖြစ်ကုန်သော တရားတို့တွင် ပဋိစ္စသမုပ္ပါဒ်တရားသည်၎င်း၊ (ပဋိစ္စသမုပ္ပါဒ်စသည်-ဟူသော စကားထဲ၌ ပါဝင်သော) ''စသည်''ဟူသော စကားဖြင့် ပေါင်းယူအပ်ကုန်သော ပဋိစ္စသမုပ္ပန် တရားတို့သည်၎င်း (ဖွင့်ပြရန်) ကြွင်းကျန်ကြသေး၏။ ထို့ကြောင့် ထို(ကြွင်းကျန်သေးသော ၂-ပါးသော) တရားတို့ကို ဖွင့်ပြရန် အစဉ် ရောက်လတ်ပေပြီ။


မှတ်ချက်

     † ဤသို့သော ထောင့်ကွင်းဂဏန်းဖြင့် ဝိသုဒ္ဓိမဂ် ဒုတိယတွဲ၌ ရောက်ရာစာမျက်နှာကို ပြသည်။

     † ဤသို့သော ကွင်းမဲ့ဂဏန်းဖြင့် ဝိသုဒ္ဓိမဂ်၌ စာပိုဒ်နံပါတ်ကို ပြသည်။

     ၁- ယခုအခါ၌.. ကြွင်းကျန်ကြသေး၏၊.. အစဉ် ရောက်လတ်ပေပြီ-ဟု စပ်ပါ။

     ၂- ဤကဲ့သို့ လက်သည်းကွင်းဖြင့် ပြထားသော စကားများသည် ဖြည့်စွက်ချက်, သို့မဟုတ် ဖွင့်ပြချက်, လိုပုဒ်၏အနက်, သို့မဟုတ် တနည်းအနက်ပြန်ချက်များ ဖြစ်သည်။

     ၃- ဝဏ္ဏနာက္ကမော-ပုဒ်၌ ဖွင့်ပြခြင်း၏ အစဉ်-ဟု သဒ္ဒါနက်ရသော်လည်း မြန်မာစကား ချောစေရန်အတွက် ဖွင့်ပြရန် အစဉ်-ဟု ပြန်ထားသည်။

     ထို(၂-ပါးသော) တရားတို့တွင် မသိမှု (အဝိဇ္ဇာ) အစရှိသော အကြောင်းတရားတို့ကို ပဋိစ္စသမုပ္ပါဒ်-ဟူ၍ ရှေးဦးစွာ သိအပ်(ကုန်)၏။ မှန်ပေ၏၊ မြတ်စွာဘုရားသည်-

''ကတမော စ ဘိက္ခဝေ ပဋိစ္စသမုပ္ပါဒေါ? အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ၊ သင်္ခါရပစ္စယော ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ ပဋိစ္စသမုပ္ပါဒေါ''

''ရဟန်းတို့၊ ပဋိစ္စသမုပ္ပါဒ်ဟူသည် အဘယ်နည်း? ရဟန်းတို့၊ မသိမှု- အဝိဇ္ဇာဟူသော အကြောင်းကြောင့် ပြုပြင်အားထုတ်မှု- သင်္ခါရတို့ ဖြစ်ကြသည်၊ သင်္ခါရဟူသော အကြောင်းကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်သည်၊ ဝိညာဏ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်ဖြစ်သည်၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် အာယတန၆-ပါး ဖြစ်သည်၊ အာယတန ၆-ပါးဟူသော အကြောင်းကြောင့် အာရုံကိုတွေ့မှု-ဖဿ ဖြစ်သည်၊ ဖဿဟူသော အကြောင်းကြောင့် အကောင်းအဆိုးခံစားမှု- ဝေဒနာဖြစ်သည်၊ ဝေဒနာဟူသော အကြောင်းကြောင့်


မှတ်ချက်

     ၁- ပါဠိ၌ ဓမ္မာ-တရားတို့ကို-ဟူသော ကံပုဒ်နှင့် အရတူ ဗဟုဝုစ်ဖြင့်ဆိုထားသော ဝေဒိတဗ္ဗာ-ပုဒ်၏ အနက်ဖြစ်သည်။ မြန်မာ၌မူ ဗဟုဝုစ်ပြ (ကုန်)မပါပဲ သိအပ်၏-ဟု ဆိုလျှင် သာ၍ ချောမောသည်။ သို့ဖြစ်၍ မြန်မာစကား အလိုအားဖြင့် ထိုဗဟုဝုစ်ပြ (ကုန်)မပါပဲ ဖတ်လိုက ဖတ်ရန် ကုန်-ဟူသော စကားကို လက်သည်းကွင်းဖြင့် ပြထားသည်။ နောက်၌လည်း နည်းတူပင်။

     ၂- ဤပဋိစ္စသမုပ္ပါဒ် ဒေသနာပါဠိကို မူရင်းအတိုင်း ဤ၌ ဖော်ပြထားခြင်းမှာ နောက်၌ ဖွင့်ပြလတံ့သော သမ္ဘဝန္တိ-ပုဒ်၏ အဖွင့် ဧဝံ-ပုဒ်၏ အဖွင့်-စသည်တို့နှင့် အလွယ်တကူ တိုက်ဆိုင်ကြည့်နိုင်ရန် ဖြစ်သည်။

တပ်မက်ဆာလောင်မှု- တဏှာဖြစ်သည်၊ တဏှာဟူသော အကြောင့်ကြောင့် စွဲလမ်းမှု-ဥပါဒါန် ဖြစ်သည်၊ ဥပါဒါန်ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ-ဘဝ ဖြစ်သည်၊ ဖြစ်ကြောင်းကံဟူသော အကြောင်းကြောင့် ဘဝအသစ်ဖြစ်မှု-ဇာတိ ဖြစ်သည်၊ ဇာတိဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ဇရာမရဏဖြစ်သည်၊ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း စိတ်နှလုံး၏ ပြင်းစွာပူပန်ခြင်းတို့ ဖြစ်ကြသည်။ ဤပုံဤနည်းဖြင့် ချမ်းသာခြင်းနှင့် မရောမယှက် သက်သက်သော ဤဆင်းရဲအစု၏(သာလျှင်) ဖြစ်ခြင်း ရှိချေသည်။ ရဟန်းတို့၊ ဤ(အဝိဇ္ဇာ အစရှိသော အကြောင်း)သဘောကို ပဋိစ္စသမုပ္ပါဒ်ဟု ဆိုအပ်၏''ဟူသော ဤစကားတော်ကို ဟောတော်မူ(အပ်)ခဲ့ပေသည်။

     အိုခြင်း သေခြင်းစသော အကျိုးတရားတို့ကိုကား ပဋိစ္စသမုပ္ပန်တရားတို့ဟူ၍ သိအပ်ကုန်၏။ မှန်ပေ၏၊ မြတ်စွာဘုရားသည်-


မှတ်ချက်

     ၁- ဤ၌ ဥပပတ္တိဘဝကို မပြပဲ ကမ္မဘဝကိုသာ ပြခြင်းသည် မှတ်ယူရန် လွယ်ကူခြင်းအကျိုးငှါ ဖြစ်သည်၊ သို့သော်လည်း ကမ္မဘဝကိုပြလျှင် ယင်း၏အကျိုး ဥပပတ္တိဘဝလည်း ပါဝင်သည်ဟု ယူအပ်၏။

     ၂- ဤပုံဤနည်းဖြင့်.. ဖြစ်ပေါ်ခြင်း-ဟု စပ်ပါ။ ပြခဲ့သည့်အတိုင်း အဝိဇ္ဇာအစရှိသော အကြောင်းအဆက်ဆက်ကြောင့် သင်္ခါရ-အစရှိသော အကျိုးအဆက်ဆက်၏ ဖြစ်ပေါ်ခြင်း-ဟု ဆိုလို၏။

     ၃- ဤဝါကျကို ထောက်လျှင် အဝိဇ္ဇာအစရှိသော အကြောင်းကြောင့် သင်္ခါရအစရှိသော အကျိုးတရား ဆင်းရဲအစု၏ ဖြစ်ပေါ်နေခြင်း- ဖြစ်ပေါ်နေပုံကိုသာလျှင် ပဋိစ္စသမုပ္ပါဒ်-ဟု ဆိုလိုသကဲ့သို့ ရှိပေ၏။

     ၄- လက်သည်းကွင်းအတွင်းရှိ စကားများမှာ အဋ္ဌကထာ၏ အလိုနှင့်အညီ ပေါ်လွင်စေရန် ဖော်ပြထားသော စကားများဖြစ်သည်။

     ၅- ပါဠိ၌ ဘဝဂတာ-ဟု တတိယန္တ အဝုတ္တကတ္တားဖြင့် ဆိုခဲ့သောကြောင့်၎င်း၊ ဤအရာ၌ ကံကိုသာ ပြလိုရင်း ဖြစ်သောကြောင့်၎င်း ဝုတ္တံ-ဟောတော်မူအပ်ခဲ့ပေသည်-ဟု ကံဟောပုဒ်ဖြင့် ပြဆိုထားပေသည်။ သို့သော် မြန်မာ၌မူ မြတ်စွာဘုရားသည်-ဟူသော ကတ္တားပုဒ်သည် ဝုတ္တကတ္တားလည်း ဖြစ်နိုင်၏၊ ထို့ပြင် ဟောအပ်-ဟုဆိုလျှင် ဟောသင့်-ဟူသော

''ရဟန်းတို့၊ ပဋိစ္စသမုပ္ပန် (အကြောင်းကိုစွဲ၍ တကွဖြစ်ကုန်သော) တရားတို့သည် အဘယ်တို့နည်း? ရဟန်းတို့၊ အိုခြင်း သေခြင်းသည် မမြဲ၊ အကြောင်းတရားတို့က ပေါင်းစုညီညွှတ်၍ ပြုပြင်အပ်သော တရားပေတည်း၊ အကြောင်းကိုစွဲ၍ တကွဖြစ်ပေါ်၏၊ ကုန်ခြင်းသဘော ရှိ၏၊ ပျောက်ကွယ်ခြင်းသဘော ရှိ၏၊ ပျက်ပြယ်ခြင်းသဘော ရှိ၏၊ ချုပ်ခြင်းသဘော ရှိ၏။ ရဟန်းတို့၊ ဘဝအသစ် ဖြစ်မှုသည်--။ ဖြစ်ကြောင်းကံ(ဘဝ)သည်--။ စွဲလမ်းမှု သည်--။ ဆာလောင်တပ်မက်မှုသည်--။ ခံစားမှုသည်--။ အာရုံကို တွေ့မှုသည်--။ အာယတန ၆-ပါးသည်--။ နာမ်ရုပ်သည်--။ ဘဝသစ် ဝိညာဏ်သည်--။ ပြုပြင်အားထုတ်မှုတို့သည်--။ ရဟန်းတို့၊ မသိမှုသည် မမြဲ၊ အကြောင်းတရားတို့က ပေါင်းစုညီညွှတ်၍ ပြုပြင်အပ်သော တရားပေတည်း၊ အကြောင်းကိုစွဲ၍ တကွဖြစ်ပေါ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျောက်ကွယ်ခြင်း သဘောရှိ၏၊ ပျက်ပြယ်ခြင်း သဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။ ရဟန်းတို့၊ ဤ(အိုခြင်း သေခြင်း အစရှိသော အကျိုး)သဘောတို့ကို ပဋိစ္စသမုပ္ပန်တရားတို့-ဟု ဆိုအပ်ကုန်၏''ဟူသော-- ဤစကားတော်ကို ဟောတော်မူခဲ့ပေသည်။


မှတ်ချက်

အနက်က သာ၍ ထင်ရှားတတ်သည်။ သို့ဖြစ်၍ ထို(အပ်)ဟူသော ကံဟောပစ္စည်းကို မဖတ်လိုက ချန်၍ဖတ်နိုင်ရန် ယင်းကို လက်သည်းကွင်းဖြင့် ပြထားသည်။ နောက်၌လည်း နည်းတူပင်။ တရံတခါ၌ ကံဟော ဗဟုဝုစ်ဟော ၂-ခုလုံးကို (အပ်ကုန်)ဟု လက်သည်းကွင်းဖြင့် ပြထားသည်ကိုလည်း တွေ့ရလိမ့်မည်။ ထိုသို့ တွေ့ရာ၌လည်း မြန်မာစကားအရ ယင်းတို့ကို မဖတ်လိုလျှင် မဖတ်ပဲ ချန်ထားနိုင်ရန် ပြထားသည်ဟု မှတ်ပါ။

     ၁- ဤ၌ အိုခြင်း သေခြင်းသည် မမြဲ-ဟု ဟောတော်မူခြင်းသည် အိုတတ် သေတတ်သော တရားတို့၏ မမြဲခြင်းကို သိစေလိုသောကြောင့် ဖြစ်သည်၊ အိုခြင်း သေခြင်းကို မြဲစေလိုသောကြောင့်၎င်း၊ ယင်းတို့မြဲလျှင် ကောင်းမည်ဟု သိစေလိုသောကြောင့်၎င်း ဟောတော်မူခြင်းကား မဟုတ်ပေ။

     ၅၇၁။ ဤဆိုလတံ့သည်ကား ဤဆိုခဲ့ပြီးသုတ်ပုဒ် စကားတော်တို့၌ အဓိပ္ပါယ်အကျဉ်းပေတည်း။ အဝိဇ္ဇာစသော အကြောင်းတရားတို့ကို ပဋိစ္စသမုပ္ပါဒ်-ဟူ၍ သိအပ်ကုန်၏။ ထိုထိုအကြောင်းတရားတို့ကြောင့် ဖြစ်သော အကျိုးတရားတို့ကို ပဋိစ္စသမုပ္ပန်တရားတို့-ဟူ၍ (သိအပ်ကုန်၏)။ အဘယ်ကြောင့် ဤစကားကို [၁၄၉] သိအပ်သနည်းဟူမူ? မြတ်စွာဘုရား၏ စကားဖြင့် (သိအပ်ပေ၏)။ မှန်ပေ၏၊ မြတ်စွာဘုရားသည် ပဋိစ္စသမုပ္ပါဒ်တရား ပဋိစ္စသမုပ္ပန်တရားတို့ကို ဟောကြားရာသုတ်၌-

     ''ရဟန်းတို့၊ ပဋိစ္စသမုပ္ပါဒ်ဟူသည် အဘယ်နည်း? ရဟန်းတို့၊ ဘဝအသစ်ဖြစ်ခြင်းဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ဖြစ်သည်၊ (ဤသို့ဖြစ်ရာ၌) အကြောင်းတရား၏ တည်သည်၏အဖြစ်, အကြောင်းတရား၏ ကိန်းသေ မြဲသည်၏အဖြစ်, ဤအိုခြင်း သေခြင်း၏ အကြောင်းအဖြစ်ဟူသော ထိုဓာတ်သဘောသည် မြတ်စွာဘုရားတို့ ပွင့်တော်မူသည်ဖြစ်စေ၊ မပွင့်တော်မူသည်ဖြစ်စေ တည်ရှိနေသည်သာလျှင်တည်း။ ထိုဓာတ်သဘောကို မြတ်စွာဘုရားသည် မျက်မှောက်ထင်ထင် သိ(မြင်)တော်မူ၏၊ မျက်မှောက်ထင်ထင် တွေ့(မြင်)တော်မူ၏၊ မျက်မှောက်ထင်ထင် သိ(မြင်)တော်မူပြီး၍ မျက်မှောက်ထင်ထင် တွေ့(မြင်)တော်မူပြီး၍ ပြောကြားတော်မူ၏၊ ဟောကြားတော်မူ၏၊ အပြားအားဖြင့် သိစေတော်မူ၏၊ (သတ္တဝါတို့၏ဉာဏ်၌) တည်စေတော်မူ၏၊ ဖွင့်တော်မူ၏၊ ဝေဘန်တော်မူ၏၊ ပေါ်လွင်သည်ကို ပြုတော်မူ၏၊ ရဟန်းတို့၊ ဘဝအသစ်ဖြစ်ခြင်းကြောင့် အိုခြင်း သေခြင်း ဖြစ်သည်-ဟု ရှုကြကုန်လော့-ဟူ၍လည်း မိန့်တော်မူ၏။ ရဟန်းတို့၊ ဖြစ်ကြောင်းကံဟူသော အကြောင်းကြောင့် ဘဝအသစ်ဖြစ်ခြင်း (ဇာတိ)ဖြစ်သည်၊.. ရဟန်းတို့၊ မသိမှုဟူသော အကြောင်းကြောင့် ပြုပြင်အားထုတ်မှုတို့ ဖြစ်ကြသည်၊ ..ထိုဓာတ်သဘောသည် မြတ်စွာဘုရားတို့ ပွင့်တော်မူသည်ဖြစ်စေ..ပေါ်လွင်သည်ကို ပြုတော်မူ၏၊ ရဟန်းတို့၊ မသိမှုဟူသော အကြောင်းကြောင့် ပြုပြင်အားထုတ်မှုတို့ ဖြစ်ကြသည်-ဟု ရှုကြကုန်လော့-ဟူ၍လည်း မိန့်တော်မူ၏။ ရဟန်းတို့၊ ဤသို့လျှင် ထို(ဘဝအသစ် ဖြစ်ခြင်းဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ဖြစ်သည် အစရှိသော) အရာတို့၌ မှန်ကန်သောသဘော (တထတာ)ကို၊ မချွတ်ယွင်းသောသဘော (အဝိတထာတာ)ကို၊

တပါးသောအပြား (တမျိုးတမည်)အားဖြင့် မဟုတ်သောသဘော၊ တပါးသော အကြောင်းကြောင့် မဖြစ်သောသဘော (အနညထတာ)ကို ဤအိုခြင်း သေခြင်း စသည်တို့၏ အကြောင်းသဘော (ဣဒပ္ပစ္စယတာ)ကို ပဋိစ္စသမုပ္ပါဒ်-ဟု ဆိုအပ်၏''ဟူ၍-

     ၅၇၂။ ဤသို့ ပဋိစ္စသမုပ္ပါဒ်ကို ဟောတော်မူသော မြတ်စွာဘုရားသည် မှန်ကန်သောသဘော (တထတာ) အစရှိသော ဝေဝုစ်စကားလှယ်တို့ဖြင့် အကြောင်းတရားတို့ကိုသာလျှင် ပဋိစ္စသမုပ္ပါဒ်-ဟူ၍ ဟောတော်မူ(အပ်ကုန်)၏။ ထို့ကြောင့် ''ပဋိစ္စသမုပ္ပါဒ်သည် အိုခြင်း သေခြင်း အစရှိသော (အကျိုး)တရားတို့၏ အကြောင်းအဖြစ်လျှင် မှတ်ကြောင်းလက္ခဏာရှိ၏၊ ဝါ၊ အကြောင်းဟု မှတ်အပ်၏။ (မပြတ်ဖြစ်ခြင်းဟူသော) ဆင်းရဲကို အစဉ်လိုက်(၍ ဖြစ်) စေခြင်းကိစ္စရှိ၏၊ စက်ဆုပ်ဖွယ်လမ်းဟု (ဝါ၊ လမ်းမှားဟု)* ဉာဏ်အား ရှေးရှုထင်၏''ဟူ၍ မှတ်အပ်ပေသည်။

     ဆက်၍ ရှင်းပြဦးအံ့၊ ထိုသို့ (သိအပ်)သော ဤပဋိစ္စသမုပ္ပါဒ်ကို မယုတ်မလွန်သည်သာလျှင် ဖြစ်ကုန်သော ထိုထို(ဆိုင်ရာ) အကြောင်းတို့ကြောင့် ထိုထို(ဆိုင်ရာ) အကျိုးတရား ဖြစ်သင့်သောကြောင့် မှန်ကန်သောသဘော (တထတာ)ဟူ၍၎င်း၊ အကြောင်းတရားတို့ ညီညွတ်ကြလျှင်


မှတ်ချက်

     ၁- ဤအနက်သည် ''အညထာ-တပါးသော အပြားအားဖြင့်၊ န-မဟုတ်''ဟူသော ဝစနတ္ထ-သဒ္ဒါနက် ဖြစ်သည်။

     ၂- ဤအရာ၌ တပါးသော အပြားအားဖြင့် ဖြစ်ခြင်း-ဟူသည်မှာ မဆိုင်သော အကြောင်းတပါးကြောင့် ဖြစ်ခြင်းပင်တည်း။ သို့ဖြစ်၍ ဤအနက်သည် ကျရောက်သော အနက်- ဆိုလိုအပ်သော အနက် ဖြစ်သည်။

     * ဤသို့သော လက်သည်းကွင်းမှာ ဝါ-တနည်းအနက်၏ အပိုင်းအခြား၌ ယုံမှားကင်းစေရန် ဖြစ်သည်၊ နောက်၌လည်း နည်းတူပင်။

     ၃- ဤပဋိစ္စသမုပ္ပါဒ်ကို.. ဟောတော်မူ(အပ်)ပေသည်-ဟု ဤသို့ စပ်ပါ။

     ၄- ဤအကြောင်းဟိတ်ပုဒ်ကို အကျိုးတရားဖြစ်သင့်-နှင့် စပ်ပါ။ အကြောင်း၄-ခု စုံညီသောအခါ ဖြစ်တတ်သော အကျိုးသည် ထိုအကြောင်း၄-ပါးအောက်လည်း မယုတ်လျော့၊ ထို၄-ပါးထက်လည်း မပိုလွန်သော အကြောင်း၄-ပါးတိတိ စုံညီသောအခါ ဖြစ်သည်။ ဥပမာ စက္ခုဝိညာဏ်

ထိုအကြောင်းတရားတို့ကြောင့် ဖြစ်သင့်သော အကျိုးတရားများသည် တမုဟုတ်မျှသော်လည်း မဖြစ်ပဲ မရှိသောကြောင့် မချွတ်ယွင်းသောသဘော (အဝိတထတာ)ဟူ၍၎င်း၊ အခြားအကျိုးတရား၏ အကြောင်းတို့ကြောင့် အခြားအကျိုးတရား မဖြစ်ခြင်းကြောင့် တပါးသော အပြားအားဖြင့် မဖြစ်သောသဘော၊ ဝါ၊ တပါးသော အကြောင်းကြောင့် မဖြစ်သောသဘော (အနညထတာ)ဟူ၍၎င်း၊ ဆိုအပ်ခဲ့တိုင်းကုန်သော ထိုအိုခြင်း သေခြင်းစသော အကျိုးတရားတို့၏ အကြောင်းဖြစ်သောကြောင့်၎င်း, အကြောင်းအပေါင်း ဖြစ်သောကြောင့်၎င်း ဤအိုခြင်း သေခြင်းစသော အကျိုးတရားတို့၏ အကြောင်းသဘော၊ ဝါ၊ အကြောင်းအပေါင်း (ဣဒပ္ပစ္စယတာ)ဟူ၍၎င်း ဟောတော်မူ(အပ်)ပေသည်။

     ၅၇၃။ ထို(ဣဒပ္ပစ္စယတာပုဒ်)၌ ဤဆိုလတံ့သည်ကား သဒ္ဒါ၏အနက် (ဝစနတ္ထ)ပေတည်း။ ဤ(အိုခြင်း သေခြင်းစသော အကျိုးတရား)တို့၏ အကြောင်းတို့သည် ဣဒပ္ပစ္စယမည်ကုန်၏။ ဤအိုခြင်း သေခြင်းစသော အကျိုးတရားတို့၏ အကြောင်း (ဣဒပ္ပစ္စယ)တို့သည်ပင်လျှင် ဣဒပ္ပစ္စယတာ မည်၏။ တနည်းကား ဤအိုခြင်း သေခြင်းစသော အကျိုးတရားတို့၏ အကြောင်းတို့အပေါင်းသည် ဣဒပ္ပစ္စယတာ မည်၏။ ဤဝစနတ္ထ၌ (ပုဒ်ပြီးပုံ အစီအရင်ကို) မှတ်ကြောင်းဖြစ်သော သုတ်ကိုမူ သဒ္ဒါကျမ်းမှ ရှာယူအပ်၏


မှတ်ချက်

မြင်သိမှုသည် မျက်စိကြည်ခြင်း၊ အဆင်းထင်ခြင်း၊ မြင်နိုင်လောက်အောင် အလင်းရှိခြင်း၊ နှလုံးသွင်းခြင်း-ဟူသော ဤအကြောင်း၄-ပါးလုံး အစုံအလင် ညီညွတ်သောအခါ ဖြစ်သကဲ့သို့ပင်တည်း။ ထို့ကြောင့် မယုတ်မလွန်သည်သာလျှင် ဖြစ်ကုန်သော ထိုထို(ဆိုင်ရာ) အကြောင်းတို့ကြောင့်ဟု ဆိုသည်။

     ၁-အဋ္ဌကထာဆရာလက်ထက်ဆီက ပါဠိသဒ္ဒါကျမ်းများ ပြည့်ပြည့်စုံစုံ မထွန်းကားသေးသောကြောင့် ပါဏိနိစသော သက္ကတသဒ္ဒါကျမ်းများကို ညွှန်ဟန်ရှိ၏။ သို့သော် ယခုအခါ၌မူ ထိုသက္ကတသဒ္ဒါကျမ်းတို့မှ ပါဠိပိဋကနှင့်အညီ ထုတ်ဆောင်၍ ပြုစုထားသော ပါဠိသဒ္ဒါကျမ်းများလည်း ရှိနေပြီဖြစ်သောကြောင့် ရူပသိဒ္ဓိ သဒ္ဒနီတိ မောဂ္ဂလာန် အစရှိသော သဒ္ဒါကျမ်းတို့မှလည်း ရှာ၍ ယူနိုင်၏။ ထိုတွင် အများသိလွယ်သော

ကေစိဝါဒ

     ၅၇၄။ အချို့ဆရာတို့သည်ကား ''အကြောင်းကိုစွဲ၍ မှန်စွာလည်း တိတ္ထိတို့ ကြံဆအပ်သော ပကတိ ပုရိသစသော အကြောင်းကိုမငဲ့ပဲ ဖြစ်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်မည်၏''ဟု ဤသို့ (ဝစနတ္ထကို ကြံပြီးလျှင်) ဖြစ်ခြင်းမျှကို ပဋိစ္စသမုပ္ပါဒ်ဟူ၍ [၁၅ဝ] ဆိုကြ၏။ ထိုစကား မသင့်ပေ၊


မှတ်ချက်

ရူပသိဒ္ဓိကျမ်းနံပါတ် ၃၈ဝ- ဂါမဇနဗန္ဓုသဟာယာဒီဟိ တာ-ဟူသော သုတ်၏ ဝုတ္တိကို ကြည့်လျှင် ဒေဝတာ-ပုဒ်၌ကဲ့သို့ သကတ်အနက်၊ ဂါမတာ- စသည်၌ကဲ့သို့ သမူဟအနက်တို့၌ဖြစ်ကြောင်း သိနိုင်၏။

     ၁- အကြောင်းကိုစွဲ၍ မှန်စွာလည်း.. ဖြစ်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်မည်၏-ဟု စပ်၍ယူပါ။ ထိုစကားရပ်၌ အကြောင်းကိုစွဲ၍-ဟူသော စကားဖြင့် ပဋိစ္စသမုပ္ပါဒ်၏ အနက်ကို ပြသည်၊ မှန်စွာ-ဟူသော စကားဖြင့် သမုပ္ပါဒ-မှ သံ-၏အနက်ကို ပြသည်၊ လည်း-ဟူသော နိပါတ်ပုဒ်ဖြင့် စွဲ၍သာ ဖြစ်သည်မဟုတ်၊ မှန်စွာလည်း ဖြစ်သည်ဟု ပေါင်းဆည်းပြသည်၊ ဖြစ်ခြင်း-ဟူသော စကားဖြင့် ဥပ္ပါဒ-၏အနက်ကို ပြသည်။ ထိုကြောင့် ပဋိစ္စ + သံ + ဥပ္ပါဒ- ပဋိစ္စသမုပ္ပါဒ- အကြောင်းကိုစွဲ၍ မှန်စွာဖြစ်ခြင်း-ဟု အဖြောင့်အမှန် သဒ္ဒါနက်ကို ရသည်။ ဤသဒ္ဒါနက်အတိုင်းပင် ကေစိ-အချို့ဆရာတို့က ယူကြသည်။ ယင်း ကေစိဆရာတို့သည် မဟာဝိဟာရဝါသီ ဂိုဏ်းသားထဲကလော၊ အဘယဂီရိဝါသီဂိုဏ်းသား ဇေတဝနဝါသီ ဂိုဏ်းသားတို့ထဲကလော၊ ဇမ္ဗုဒီပဝါသီ မထေရ်တို့လော-ဟု စိစစ်ခဲ့သော် ဋီကာအဖွင့်စသည် မရှိသောကြောင့် မည်သို့မျှ မဖြေနိုင်ပေ။ အကယ်၍ ထိုဝါဒသည် ဇမ္ဗုဒီပဝါသီမထေရ်တို့၏ ဝါဒဖြစ်ခဲ့ပါလျှင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်တို့မှ ဆင်းသက်လာသော ဝါဒလည်း ဖြစ်နိုင်သောကြောင့် ထိုဝါဒကိုလည်း အလေးအနက်ပြု၍ စဉ်းစားသင့်ပေ၏။

     ၂- ပကတိဝါဒကို တီထွင်ခဲ့သော ကပိလရသေ့က ပကတိသည် ပုရိသမည်သော အတ္တနှင့် ပေါင်းစပ်မိသောအခါ ယင်းပကတိမှ မဟာဖြစ်လာသည်၊ မဟာမှ အဟံကာရ၊ ယင်းမှ တမ္မတ္တငါးပါး၊ ဣန္ဒြေ၁၁-ပါးတို့ ဖြစ်လာကြသည်။ တမ္မတ္တမှ ဘုတ်ရုပ်ကြမ်းငါးပါး ဖြစ်လာသည်။ ဤအစဉ်ဖြင့် သက်ရှိ သက်မဲ့ လောကကြီးတခုလုံး ဖြစ်ပေါ်လာသည်ဟု ဆို၏။ အဏုဝါဒကို တီထွင်ခဲ့သော ကဏာဒရသေ့သည် ပရမာဏုမြူကလေးများက ပေါင်းစပ်၍ လောကကြီးတခုလုံး ဖြစ်ပွါးလာသည်ဟု ဆို၏။ အချို့ သာသနာပ ရသေ့တို့ကလည်း

အဘယ်ကြောင့်ဆိုသော်? ကိုးကွယ်ဖွယ်ရာ ပါဠိတော် မရှိခြင်းကြောင့်၎င်း၊ ပါဠိတော်နှင့် ဆန့်ကျင်ခြင်းကြောင့်၎င်း၊ နက်နဲမှုနှင့် နည်းတို့၏ မဖြစ်သင့်ခြင်းကြောင့်၎င်း၊ (သဒ္ဒါစည်းကမ်းနှင့် မညီ၍) သဒ္ဒါနည်းပျက်ခြင်းကြောင့်၎င်း ဖြစ်ပေသည်။

     ချဲ့၍ ပြရလျှင် ''ဖြစ်ခြင်းမျှသည် ပဋိစ္စသမုပ္ပါဒ်မည်၏''ဟု (ပြဆိုသော) သုတ် ပါဠိတော် မရှိပေ၊ ထို့ပြင် ထိုဖြစ်ခြင်းမျှကို ပဋိစ္စသမုပ္ပါဒ်ဟု ဆိုသောသူအား ပဒေသဝိဟာရသုတ်နှင့် ဆန့်ကျင်ခြင်း (အပြစ်)ဖြစ်၏။ အဘယ်သို့ ဆန့်ကျင်သနည်းဟူမူ? ''ထိုစဉ်အခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ညဉ့်၏ ပဌမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ


မှတ်ချက်

ဣဿရခေါ်သော ဘုရားသခင်က ဖန်ဆင်း၍ ဖြစ်လာသည်ဟု ဆိုကြ၏။ ထိုသို့ ဆိုကြသည့်အတိုင်း ပကတိပုရိသ-အဏု-ဣဿရတို့ကြောင့် ဖြစ်လာသည်ဟုဆိုလျှင် မှန်စွာဖြစ်ခြင်းမဟုတ်၊ ထိုသာသနာပ တိတ္ထိဆရာတို့ ကြံဆထားသော ပကတိပုရိသစသော အကြောင်းနှင့် စပ်ဆိုင်ခြင်းမရှိပဲ အဝိဇ္ဇာအစရှိသော အကြောင်းမှန် သက်သက်ကြောင့်သာလျှင် ဖြစ်ခြင်းကို မှန်စွာဖြစ်ခြင်းဟု ဆိုလိုကြောင်း သိစေလိုသောကြောင့် သံ-မှန်စွာ-ဟု ဆိုသည်။ ထို မှန်စွာ-ဟူသည်မှာလည်း တိတ္ထိတို့ ကြံဆအပ်သော ပကတိ ပုရိသစသော အကြောင်းကို မငဲ့ပဲ ထိုအကြောင်းများနှင့် မစပ်မဆိုင်ပဲ အဝိဇ္ဇာအစရှိသော အကြောင်းမှန် သက်သက်ကြောင့်သာလျှင်ဟု ဆိုလိုကြောင်း ဤစကားရပ်ဖြင့် ဖွင့်ပြသည်။ ထို့ကြောင့် တိတ္ထိတို့ ကြံဆအပ်သော ပကတိ ပုရိသစသော အကြောင်းကို မငဲ့ပဲ-ဟူသော စကားရပ်ကို မှန်စွာ-ဟူသော ပုဒ်၏အဖွင့်ဟု မှတ်။ ပကတိဝါဒ စသည်တို့ကို အကျယ်သိလိုလျှင် ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ စတုတ္ထတွဲ စာမျက်နှာ ၂၁၁-စသည်၌ ကြည့်ပါ။

     ၁- ကေစိဝါဒီတို့ အလိုအားဖြင့် ဤ၌ ထုတ်ပြခဲ့သော ပဋိစ္စသမုပ္ပါဒ် သုတ်များကိုပင် သာဓကအဖြစ် ထုတ်ပြဖွယ်ရှိပေ၏။ အကြောင်းမူကား ''ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ ပဋိစ္စသမုပ္ပါဒေါ- ဤအစဉ်ဖြင့် ချမ်းသာနှင့် မရောမယှက် သက်သက် ဆင်းရဲအစု၏သာလျှင် ဖြစ်ပေါ်ခြင်း ရှိချေသည်။ ရဟန်းတို့ ဤ(ဖြစ်ပေါ်ခြင်း)သဘောကို ပဋိစ္စသမုပ္ပါဒ်-ဟု ဆိုအပ်၏''ဟူသော စကားရပ်၌ အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဆင်းရဲအစု၏ ဖြစ်ပေါ်ခြင်းကိုပင် ပဋိစ္စသမုပ္ပါဒ်-ဟု သိစေလိုသကဲ့သို့ ရှိသောကြောင့်ပေတည်း။

၁၀

(အလျော်နှင့် အပြန်)အားဖြင့် နှလုံးသွင်းတော်မူလေပြီ''ဟု ဤသို့စသည်ကို မိန့်ဆိုခြင်းကြောင့် ပဋိစ္စသမုပ္ပါဒ်ကို နှလုံးသွင်းခြင်းသည် မြတ်စွာဘုရား၏ ပဌမာဘိသမ္ဗုဒ္ဓဝိဟာရ (ဘုရားဖြစ်တော်မူပြီးခါစ၌ လက်ဦး နှလုံးသွင်းနေခြင်း) မည်၏။ ထို ပဌမာဘိသမ္ဗုဒ္ဓဝိဟာရ၏ တစိတ်တဒေသဖြစ်သော နေခြင်းသည်ကား ပဒေသဝိဟာရ (တစိတ်တဒေသကို နှလုံးသွင်းနေခြင်း) မည်၏။ ဘုရားဟောတော်မူပုံကား..

''ရဟန်းတို့၊ ထိုငါသည် သစ္စာလေးပါးကို သိပြီးသည် (ဘုရားဖြစ်ပြီးသည်)ဖြစ်၍ ရှေးဦးစွာ (ပဋိစ္စသမုပ္ပါဒ်ကို နှလုံးသွင်းခြင်းဟူသော) အကြင်နေခြင်းဖြင့် (ထိုစဉ်ကာလက) နေ၏၊ ထိုနေခြင်း၏ တစိတ်တဒေသဖြင့် (ယခု လခွဲအတွင်း၌) နေခဲ့ပေပြီ'' ဟူ၍ပင်တည်း။

     ဆက်၍ ရှင်းဦးအံ့၊ ထို ပဒေသဝိဟာရသုတ်၌ (မြတ်စွာဘုရားသည်) ပဋိစ္စသမုပ္ပါဒ်ကို ရှုခြင်းဖြင့် နေတော်မူခဲ့၏၊ ဖြစ်ခြင်းမျှကို ရှုခြင်းဖြင့် နေတော်မူခဲ့သည်မဟုတ်ဟု သိအပ်၏၊ ဘုရားဟောတော်မူပုံကား-

''ထိုသို့ ပဒေသဝိဟာရဖြင့်နေသော ငါသည် ဤသို့ သိပေ၏၊ မှားသော အယူဟူသော အကြောင်းကြောင့်လည်း ခံစားမှု(ဖြစ်၏)၊ မှန်သော အယူဟူသော အကြောင်းကြောင့်လည်း ခံစားမှု(ဖြစ်၏) မှားသော အကြံအစည် ဟူသော အကြောင်းကြောင့်လည်း ခံစားမှု(ဖြစ်၏)'' ဤသို့ စသည်ပင်တည်း၊ အလုံးစုံကို ချဲ့၍သိအပ်၏။

     ဤသို့ (ပြဆိုခဲ့သည့်အတိုင်းပင်) ဖြစ်ခြင်းမျှကို ပဋိစ္စသမုပ္ပါဒ်ဟု ဆိုသောသူအား ပဒေသဝိဟာရသုတ်နှင့် ဆန့်ကျင်ခြင်း(အပြစ်) ဖြစ်သည်။ ထို့အတူ ကစ္စာနသုတ်နှင့်လည်း ဆန့်ကျင်ခြင်း(အပြစ်) ဖြစ်သည်။


မှတ်ချက်

     ၁- အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြသည် စသည်ဖြင့် ဖြစ်စဉ်အားလျော်စွာ နှလုံးသွင်းသည်ကို အနုလုံ (အလျော်)အားဖြင့် နှလုံးသွင်းသည် ဟူ၍၎င်း၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရတို့၏ ချုပ်ခြင်းဖြစ်သည် စသည်ဖြင့် ဖြစ်စဉ်နှင့် ပြောင်းပြန် နှလုံးသွင်းသည်ကို ပဋိလုံ (အပြန်)အားဖြင့် နှလုံးသွင်းသည် ဟူ၍၎င်း ဆိုသည်။

     ၂- (မိန့်ဆိုခြင်းကြောင့်.. လက်ဦး နှလုံးသွင်းနေခြင်း) မည်၏-ဟု စပ်ပါ။

၁၁

     ချဲ့၍ ပြဦးအံ့၊ ကစ္စာနာသုတ်၌လည်း ''ကစ္စည်း၊ လောက၏ ဖြစ်ကြောင်းတရားကို မှန်စွာသိတတ်သော ဝိပဿနာပညာ မဂ်ပညာဖြင့် အမှန်အတိုင်း သိမြင်သောသူအား လောက၌ မရှိသည်၏အဖြစ်သည်၊ ဝါ၊ သေပြီးလျှင် မရှိတော့ဟု ယူခြင်းသည် မဖြစ်တော့ပေ''ဟူသော စကားဖြင့် အစဉ်အတိုင်း ဖြစ်ကြောင်းကိုပြသော (အနုလုံ) ပဋိစ္စသမုပ္ပါဒ်ကို လောက၏အကြောင်း ဖြစ်သောကြောင့် ''လောကသမုဒယ (လောက၏ ဖြစ်ကြောင်းတရား)'' ဟူ၍ ဥစ္ဆေဒဒိဋ္ဌိကို အကြွင်းမဲ့ ပယ်နုတ်ခြင်းအကျိုးငှါ ပြတော်မူအပ်ပေသည်၊ ဖြစ်ခြင်းမျှကို ပြအပ်သည် မဟုတ်ပေ၊ မှန်ပေ၏။ ဖြစ်ခြင်းမျှကို ပြခြင်းဖြင့် ဥစ္ဆေဒဒိဋ္ဌိကို အကြွင်းမဲ့ ပယ်နုတ်ခြင်း မဖြစ်ပေ၊ အကြောင်းတို့၏ မပြတ်စဲခြင်းကို ပြခြင်းဖြင့်သာလျှင် (ဥစ္ဆေဒဒိဋ္ဌိကို အကြွင်းမဲ့ ပယ်နုတ် ခြင်း) ဖြစ်ပေသည်။ (အဘယ်ကြောင့်ဆိုသော်) အကြောင်းတို့၏ မပြတ်စဲခြင်း ရှိလတ်သော် အကျိုးတို့၏ မပြတ်စဲခြင်းကြောင့်ပင် ဖြစ်သည်ဟု (သိအပ်၏)။ ဤသို့ (ပြဆိုခဲ့သည့်အတိုင်းပင်) ဖြစ်ခြင်းမျှကို ပဋိစ္စသမုပ္ပါဒ်ဟု ဆိုသောသူအား ကစ္စာနာသုတ်နှင့် ဆန့်ကျင်ခြင်း(အပြစ်)လည်း ဖြစ်သည်။

     နက်နဲခြင်းနှင့် နည်းတို့၏ မဖြစ်သင့်ခြင်းကြောင့် ဟူရာ၌ (ဤသို့ သိအပ်၏။) မြတ်စွာဘုရားသည် ''အာနန္ဒာ၊ ပဋိစ္စသမုပ္ပါဒ်သည် နက်လည်းနက်၏၊ နက်ယောင်လည်း ရှိ၏''ဟူသော ဤစကားကို ဟောတော်မူခဲ့ပေသည်။ နက်နဲသည်၏အဖြစ်မည်သည် လေးပါးအပြားရှိ၏၊ ထိုလေးပါးအပြားရှိသော နက်နဲသည်၏အဖြစ်ကို နောက်၌ ဖွင့်ပြပါအံ့၊ ထိုနက်နဲသည်၏ အဖြစ်သည် ဖြစ်ခြင်းမျှ၌ မရှိပေ။ လေးပါးအပြားရှိသော နည်းတို့ဖြင့်


မှတ်ချက်

     ၁- ပဋိစ္စသမုပ္ပါဒ်ကို.. လောကသမုဒယဟူ၍.. ပြတော်မူအပ်ပေသည်-ဟု စပ်ပါ။

     ၂- ဤအရာ၌ ကေစိတို့က ''ဖြစ်ခြင်းမျှကို ပဋိစ္စသမုပ္ပါဒ်-ဟုဆိုသည် မဟုတ်ပါ။ စင်စစ်အားဖြင့်မူ အကြောင်းကိုစွဲ၍ မှန်စွာဖြစ်ခြင်း- အကြောင်းမှန်ကြောင့် ဖြစ်ခြင်းကိုသာ ပဋိစ္စသမုပ္ပါဒ်ဟု ဆိုပါသည်၊ ထိုအကြောင်းမှန်ကြောင့် ဖြစ်ခြင်းသည်ကား အလွန်နက်နဲပါသည်၊ ဘုရား ပစ္စေကဗုဒ္ဓါနှင့် ဘုရားတပည့်များသာလျှင် သိနိုင်ပါသည်''ဟု ချေပဖွယ်ရှိ၏။ အဝိဇ္ဇာစသော အကြောင်းမှန်ကြောင့် ဖြစ်ခြင်းကို မနက်နဲဟု မဆိုသင့်ပေ၊ အောက်ထစ်ဆုံးအားဖြင့် ဥဒယဗ္ဗယဉာဏ်နှင့် ပြည့်စုံသော ယောဂီတို့သာလျှင် ထိုဖြစ်ခြင်းကို

၁၂

တန်ဆာဆင်အပ်သော ဤပဋိစ္စသမုပ္ပါဒ်ကို (ဆရာတို့) ဖွင့်ပြကြကုန်၏။ ထိုနည်းလေးပါး အပေါင်းသည်လည်း ဖြစ်ခြင်းမျှ၌ မရှိပေ။ ဤဆိုခဲ့သည့်အတိုင်း နက်နဲခြင်းနှင့် နည်းတို့၏ မဖြစ်သင့်ခြင်းကြောင့်လည်း ဖြစ်ခြင်းမျှသည် ပဋိစ္စသမုပ္ပါဒ် မမည်ပေ။

သဒ္ဒါနည်းပျက်ခြင်း

     ၅၇၅။ သဒ္ဒါနည်း ပျက်ခြင်းကြောင့် ဟူရာ၌ (ဤသို့ သိအပ်၏။) ဤပဋိစ္စသဒ္ဒါသည်လည်း (တခုတည်းဖြစ်၍) တူသော ကတ္တား၌၊ ဝါ၊ ကတ္တားတူလတ်သော် ရှေးကာလ- ရှေးကြိယာ၌ ယှဉ်အပ်သည်ဖြစ်၍ (ဝါကျ၏ အနက်ကို နားလည်ခြင်းဟူသော) အကျိုးပြီးခြင်းကို ပြုတတ်ပေသည်။ အဘယ်ကဲ့သို့နည်းဟူမူ? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခု ဝိညာဏံ-ဟူသော


မှတ်ချက်

ကိုယ်ပိုင်ဉာဏ်ဖြင့် သိနိုင်ကြပေသည်။ ဤအချက်ကို ဝိသုဒ္ဓိမဂ် ဒု၊ ၂၆၇၊ ၂၆၈-တို့၌ ဥဒယ-ဖြစ်ခြင်းမြင်သော ဉာဏ်ကို ချီးကျူးထားသော စကားများနှင့်လည်း နှီးနှောကြည့်သင့်၏။

     ၁- ပဋိစ္စသမုပ္ပါဒ်ကို နည်းလေးပါးဖြင့် တန်ဆာဆင်၍ ဖွင့်ပြကြသည်ဟု ဆိုလို၏။

     ၂- ဤ ပဋိစ္စသဒ္ဒါသည်လည်း.. ရှေးကြိယာ၌ ယှဉ်အပ်သည်ဖြစ်၍.. အကျိုးပြီးခြင်းကို ပြုတတ်ပေသည်-ဟု စပ်ပါ။ ဤ၌ ''လည်း''- ဟူသော နိပါတ်ဖြင့် အခြား တွာပစ္စယန္တများသာ မဟုတ်၊ ဤပဋိစ္စသဒ္ဒါသည်လည်း ရှေးကြိယာ၌ ယှဉ်အပ်ပါမှ အကျိုးကို ပြီးစေသည်-ဟု ပေါင်းဆည်းပြ၏။

     ၃- နှထွာ ဘုဉ္ဇတိ-ရေချိုးပြီး၍ စား၏-ဟု ဆိုရာ၌ ရေချိုးခြင်းကြိယာ စားခြင်းကြိယာတို့ကို ပြုသူကတ္တားသည် တယောက်တည်းပင် ဖြစ်သည်။ ဘုတွာ သယတိ-စားပြီး၍ အိပ်၏-ဟု ဆိုရာ၌လည်း စားခြင်းကြိယာ အိပ်ခြင်း ကြိယာတို့ကို ပြုသူကတ္တားသည် တယောက်တည်းပင် ဖြစ်သည်။ ထိုအတူ စွဲမှီ၍ ဖြစ်ခြင်း-ဟုဆိုသော ဤအရာ၌လည်း စွဲမှီခြင်းကြိယာနှင့် ဖြစ်ခြင်းကြိယာတို့မှာ ကတ္တားတခုတည်း ရှိသင့်သည်၊ ထိုသို့ ကတ္တားတူသော ကြိယာ၂-ခု ရှိရာတွင် ရှေးကြိယာ၌ တွာပစ္စယန္တပုဒ်ကို ယှဉ်ရသည်၊ ထိုသို့ ယှဉ်ပါမှ အကျိုးပြီးခြင်းကို ပြုတတ်သည်ဟု ဆိုလို၏။

၁၃

ပါဠိ၌ကဲ့သို့ပင်တည်း။ ဤကေစိ (အချို့ဆရာတို့၏) ဝါဒ၌ကား ဘာဝသာဓနဖြစ်သော [၁၅၁] ဥပ္ပါဒသဒ္ဒါနှင့်အတူတကွ ယှဉ်အပ်သည်ဖြစ်၍ တူသောကတ္တား၏ မရှိခြင်းကြောင့် သဒ္ဒါနည်းပျက်ခြင်းသို့ ရောက်၏၊ တစုံတခုသော အကျိုးမျှကိုလည်း မပြီးစေ။ ဤသို့လျှင် သဒ္ဒါနည်း ပျက်ခြင်းကြောင့်လည်း ဖြစ်ခြင်းမျှသည် ပဋိစ္စသမုပ္ပါဒ် မမည်ပေ။

     ထိုစကားရပ်၌ ''ပဋိစ္စသမုပ္ပါဒေါ ဟောတိ''ဟူ၍ ဟောတိ-သဒ္ဒါနှင့်တကွ ယှဉ်ကုန်အံ့-ဟု တစုံတယောက်က ပြန်လည် ချေပငြားအံ့၊ ထိုစကားသည်


မှတ်ချက်

     ၁- စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ-မျက်စိနှင့် အဆင်းတို့ကို စွဲမှီ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်သည်-ဟူရာ၌ စွဲမှီခြင်းကြိယာနှင့် ဖြစ်ပေါ်ခြင်းကြိယာ ၂-ပါးလုံးမှာ စက္ခုဝိညာဏ်-ဟူသော ကတ္တားတခုတည်းသာရှိ၍ ပဋိစ္စ-သဒ္ဒါသည် ဝါကျ၏အနက်ကို သိနားလည်ခြင်းဟူသော အကျိုးကို ပြီးစေနိုင်သည်။ ထို့အတူပင် ဤ၌လည်း စွဲမှီခြင်းကြိယာနှင့် ဖြစ်ခြင်းကြိယာ ၂-ပါးလုံးမှာ တခုတည်းသော ကတ္တားရှိသင့်သည်-ဟု ဆိုလို၏။ ဤအရာတွင် ပုဗ္ဗကာလ၌ တွာပစ္စည်းဖြင့် သဒ္ဒါရုပ်ပြီးပုံကို အကျယ်သိလိုလျှင် ဝိသုဒ္ဓိမဂ်ဋီကာနိဿယ တတိယတွဲ နှာ ၅၄၇-စသည်၊ ၅၆၅-စသည်တို့၌ ကြည့်ပါ။

     ၂- ကေစိဆရာတို့၏ ဝါဒ၌ သမုပ္ပါဒ-ပုဒ်သည် ကတ္တားဟောမဟုတ် ဘော-ကြိယာဟော ဘာဝသာဓနဖြစ်၍ ကတ္တားမရှိ၊ ထို့ကြောင့် ရှေးကြိယာ၌ ပဋိစ္စ-ဟု တွာပစ္စည်းဖြင့် သဒ္ဒါရုပ်မပြီးနိုင်။ ကတ္တားဟူသော (ကတ္တားတခုတည်းသာရှိသော) ကြိယာ ၂-ခုတို့တွင် ရှေးကြိယာ၌ တွာပစ္စည်း သက်ရမည်ဟူသော သဒ္ဒါစည်းကမ်း ပျက်သည်ဟု ဆိုလို၏။ သို့သော် ကေစိဆရာတို့ အလိုအားဖြင့် ဝိသုဒ္ဓိမဂ် ဒု၊ ၃ဝ၂-ကြောင်းရေ ၂ဝ-၌ ဂန္တွာ အဘယဋ္ဌာနေ ဌာနံ-သွားပြီး၍ ဘေးမရှိရာအရပ်၌ တည်ခြင်း-ဟူသော စကားကဲ့သို့၎င်း၊ ၎င်း ၃ဝ၃-ကြောင်းရေ ၁၅-၌ ပလာယိတွာ အဘယဒေသေ ဌာနံ-ပြေးပြီး၍ ဘေးမရှိရာအရပ်၌ တည်ခြင်း-ဟူသော စကားကဲ့သို့၎င်း၊ ၎င်း ၃ဝ၄-ကြောင်းရေ ၈-၌ အာရုယှ နိသီဒနံ- တက်ပြီး၍ ထိုင်နေခြင်းဟူသော စကားကဲ့သို့၎င်း၊ ပဋိစ္စ-စွဲမှီ၍၊ သမုပ္ပါဒေါ- မှန်စွာဖြစ်ခြင်းဟူသော ဤအနက်သည်လည်း သဒ္ဒါနည်း မပျက်, သင့်ရာပါသည်ဟု ချေပဖွယ်ရှိပေ၏။ ဤပုဒ်အနက်မျိုး သဒ္ဒါနည်းမပျက်ကြောင်းကို ဝိသုဒ္ဓိမဂ် မဟာဋီကာ ဒု၊ ၂၃၇၊ ကြောင်းရေ ၂၈-စသည်၌ အကျယ် ရှင်းလင်းပြထားသည်။

၁၄

မသင့်ပေ၊ အဘယ်ကြောင့်နည်းဟူမူ? ယှဉ်ခြင်း၏ မရှိခြင်းကြောင့်၎င်း၊ ဖြစ်ခြင်း၏ ဖြစ်ခြင်း(ဥပါဒ်)သို့ ရောက်ခြင်း အပြစ်ရှိခြင်းကြောင့်၎င်း ဖြစ်ပေသည်။ ချဲ့၍ပြအံ့၊ ''ပဋိစ္စသမုပ္ပါဒံ ဝေါ ဘိက္ခဝေ ဒေသေဿမိ၊ ကတမော စ ဘိက္ခဝေ ပဋိစ္စသမုပ္ပါဒေါ ။ပ။ အယံ ဝုစ္စတိ ဘိက္ခဝေ ပဋိစ္စသမုပ္ပါဒေါ''ဟူသော ဤပုဒ်တို့တွင် တခုသော ပုဒ်နှင့်သော်မှလည်း ဟောတိ-သဒ္ဒါသည် ယှဉ်ခြင်းသို့ မရောက်ပေ။ ထို့ပြင် ဖြစ်ခြင်းသည်လည်း မဖြစ်တတ်ပေ။ အကယ်၍ ဖြစ်တတ်ငြားအံ့၊ ဖြစ်ခြင်း၏လည်း (အသေးစိတ်)ဖြစ်ခြင်းသည် ရောက်လေရာ၏။ ဤတွင် စကားတရပ် ပြီးသည်။

     ၅၇၆။ အကြင်သူတို့သည်လည်း ''ဤသင်္ခါရစသည်တို့၏ အကြောင်းတို့၏ အဖြစ်သည် ဣဒပ္ပစ္စယတာ မည်၏၊ ''အဖြစ်''မည်သည်လည်း အဝိဇ္ဇာစသည်တို့၏ သင်္ခါရစသည်တို့ ဖြစ်ပေါ်ခြင်း၌ (ဝါ၊ ဖြစ်ပေါ်ပေးရန်) ကျေးဇူးပြုသော အခြင်းအရာဟူသော အကြောင်းပေတည်း၊ ထိုအဝိဇ္ဇာစသည်တို့၏ ဖြစ်ပုံအခြင်းအရာ အထူး၌ ''ပဋိစ္စသမုပ္ပါဒ်''ဟူသော အမည်(ဖြစ်သည်)''ဟု ထင်မှတ်ကုန်၏၊ ထိုသူတို့၏ ထိုထင်မှတ်ခြင်းသည် မသင့်ပေ။ အဘယ်ကြောင့်နည်းဟူမူ? အဝိဇ္ဇာ စသည်တို့၏ အကြောင်းအဖြစ်ကို ဟောတော်မူသောကြောင့်ပေတည်း။ ဟောပုံကို ချဲ့၍ပြရလျှင် မြတ်စွာဘုရားသည် ''အာနန္ဒာ၊ ထို(သို့ ဘဝအသစ်ဖြစ်ခြင်း မရှိလျှင် အိုခြင်း သေခြင်း မရှိနိုင်သော)ကြောင့် ဤအရာ၌ ဘဝအသစ် ဖြစ်ခြင်းဟူသော ဤသဘောသည်သာလျှင် အိုခြင်း သေခြင်း၏ မူလအကြောင်းတည်း၊ ဤသဘောသည်သာလျှင် အပ်နှင်းသော အကြောင်းပေတည်း၊ ဤသဘောသည်သာလျှင် ဖြစ်ပေါ်ကြောင်းတည်း၊ ဤသဘောသည်သာလျှင် အထောက်အပံ့ အကြောင်းတည်း ။ပ။ မသိမှု (အဝိဇ္ဇာ)ဟူသော ဤသဘောသည်သာလျှင် ပြုပြင်အားထုတ်မှု (သင်္ခါရ)တို့၏ (မူလအကြောင်းတည်း- အထောက်အပံ့ အကြောင်းတည်း)''ဟူသော ဤစကားဖြင့် မသိမှု(အဝိဇ္ဇာ) စသည်တို့ကိုသာလျှင် အကြောင်းဟု ဟောတော်မူ(အပ်)ပေသည်၊ ထိုမသိမှု စသည်တို့၏ ဖြစ်ပုံအခြင်းအရာအထူးကို (အကြောင်းဟု) ဟောတော်မမူ(အပ်)ပေ။


မှတ်ချက်

     ၁- ဘာဝ, အဖြစ်, ဖြစ်ကြောင်း- အရတူ၏၊ သဒ္ဒပဝတ္တိနိမိတ်ကို ရ၏။ ပါဠိပညာရှင်တို့၏ အရာသာ ဖြစ်သည်။

၁၅

ထို့ကြောင့် ''အကြောင်းတရားတို့ကို ပဋိစ္စသမုပ္ပါဒ်ဟူ၍ သိအပ်ကုန်၏''ဟု ငါဆိုအပ်ခဲ့သော စကားကို မှန်ကန်စွာ ဆိုအပ်သော စကားဟု သိအပ်၏။

ပဋိစ္စသမုပ္ပါဒ်ပုဒ်၏ ဝစနတ္ထများ

     ၅၇၇။ ဆက်၍ ဆိုဦးအံ့၊ ''ပဋိစ္စသမုပ္ပါဒ်''ဟူသော ဤသဒ္ဒါရိပ်ဖြင့် ''ဖြစ်ခြင်းကိုသာလျှင် ဤပဋိစ္စသမုပ္ပါဒ်''ဟု ဟောတော်မူအပ်သည်ဟူ၍ ဖြစ်သော ထင်မှတ်ခြင်းကို ဤ(ပဋိစ္စသမုပ္ပါဒေါ-ဟူသော) ပုဒ်၏ ဤဆိုလတံ့သော အနက်ကို ယူ၍ ငြိမ်းစေအပ်၏။ မှန်ပေ၏၊ မြတ်စွာဘုရားသည်-

ထိုအကြောင်းအပေါင်းကြောင့်ဖြစ်သော အကျိုးတရားအပေါင်း၌ ဤပဋိစ္စသမုပ္ပါဒ-သဒ္ဒါကို နှစ်ပါးအပြားအားဖြင့် (အလိုရှိကြ၏)၊ ထို့ကြောင့် ထိုအကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤအဝိဇ္ဇာ အစရှိသော အကြောင်းကို ဖလူပစာအားဖြင့် ဤသို့ (ပဋိစ္စသမုပ္ပါဒ်ဟူ၍) ဟောတော်မူ(အပ်)၏။

     ချဲ့၍ပြအံ့၊ အကြောင်းအပေါင်းကြောင့်ဖြစ်သော အကျိုးတရားအပေါင်း၌ ပဋိစ္စသမုပ္ပါဒ-ဟူသော ဤသဒ္ဒါကို နှစ်ပါးအပြားအားဖြင့် (ဆရာတို့) အလိုရှိကြလေသည်။ အလိုရှိကြပုံမှာ- ထိုအကျိုးတရားအပေါင်းသည် မျက်မှောက် သိအပ်သည်ရှိသော် (လောကုတ္တရာ) စီးပွါးအလို့ငှါ၎င်း၊ (လောကုတ္တရာ) ချမ်းသာအလို့ငှါ၎င်း ဖြစ်၏၊ ထို့ကြောင့် ထိုအကျိုးတရားအပေါင်းကို ပညာရှိတို့သည် မျက်မှောက်သိခြင်းငှါ ထိုက်ကုန်၏၊ ထိုသို့ မျက်မှောက် သိထိုက်သောကြောင့် (ထိုအကျိုးတရား အပေါင်းသည်) ပဋိစ္စမည်၏။ ထို့ပြင် (ထိုအကျိုးတရား အပေါင်းသည်) ဖြစ်လတ်သော်


မှတ်ချက်

     ၁- ပဋိ-မျက်မှောက် + ဣစ္စ-သိအပ်-သိထိုက်သော အကျိုးတရား= ပဋိစ္စ-မျက်မှောက် သိအပ်-သိထိုက်သော အကျိုးတရား။ ဤအလိုအားဖြင့် ဤပဋိစ္စသဒ္ဒါသည် တွာပစ္စယန္တမဟုတ်၊ တျ-ပစ္စယန္တဖြစ်၍ ပဋိစ္စော ပဋိစ္စာ ပဋိစ္စံ-ဟု လိင်သုံးပါးရှိသော သဒ္ဒါဖြစ်သည်။ ဤတိလိင် ပဋိစ္စ-သဒ္ဒါကို ပါဠိပိဋက၌ ထင်ရှားမတွေ့ရ၊ ပဋိသမ္ဘိဒါမဂ်ပါဠိ နှာ ၅ဝ-၌ အဝိဇ္ဇာ ပဋိစ္စ-စသည်ဖြင့် ရှိရာတွင်လည်း ယင်း၏ အဋ္ဌကထာ၌ တျပစ္စယန္တ တွာပစ္စယန္တ ၂-မျိုးလုံး

၁၆

အတူတကွလည်း (ဖြစ်၏)၊ တခု တခုချင်း မဖြစ်၊ မှန်ကန်စွာလည်း ဖြစ်၏၊ အကြောင်းမဲ့အားဖြင့် (ဝါ၊ မဆိုင်သော အကြောင့်ကြောင့်)လည်း မဖြစ်၊ ထို့ကြောင့် သမုပ္ပါဒလည်း မည်၏။ ဤသို့လျှင် ထိုအကျိုးအပေါင်းသည် မျက်မှောက် သိထိုက်၍ ပဋိစ္စလည်းမည်, အတူတကွ မှန်စွာဖြစ်တတ်၍ သမုပ္ပါဒလည်း မည်သောကြောင့် ပဋိစ္စသမုပ္ပါဒ မည်ပေသည်။ တနည်းသော်ကား အတူတကွ ဖြစ်တတ်သောကြောင့် သမုပ္ပါဒမည်၏။ သို့သော်လည်း အကြောင်းတို့၏ ညီညွတ်ခြင်းကို စွဲ၍ မစွန့်မူ၍(သာလျှင် ဖြစ်တတ်၏)၊ ထို့ကြောင့် ဤသို့လည်း ပဋိစ္စသမုပ္ပါဒ မည်ပြန်ပေသည်။ ဆက်၍ ဆိုဦးအံ့၊ ဤအဝိဇ္ဇာအစရှိသော အကြောင်းအပေါင်းသည် (ပဋိစ္စသမုပ္ပါဒမည်သော သင်္ခါရစသော) ထိုအကျိုးအပေါင်း၏ အကြောင်းဖြစ်ပေသည်။ ဤသို့ (ပဋိစ္စသမုပ္ပါဒမည်သော) ထိုအကျိုးတရားအပေါင်း၏ အကြောင်းဖြစ်သောကြောင့် ဤအဝိဇ္ဇာအစရှိသော အကြောင်းအပေါင်းကိုလည်း


မှတ်ချက်

ဖွင့်ပြထားသောကြောင့် မပြတ်သားပဲရှိ၏။ စက္ခုဉ္စ ပဋိစ္စ- စသည်ဖြင့် တွာပစ္စယန္တသာလျှင် အထင်အရှား တွေ့ရ၏။

     ၁- သံ-တကွ-ပေါင်းတည်း + ဝါ-မှန်စွာ + ဥပ္ပါဒ-ဖြစ်ပေါ်သည်= သမုပ္ပါဒ- တပေါင်းတည်း မှန်စွာ ဖြစ်ပေါ်သော အကျိုးတရား။

     ၂- ပဋိစ္စ-မျက်မှောက်သိထိုက်သော + သမုပ္ပါဒ-တပေါင်းတည်း မှန်စွာဖြစ်သော အကျိုးတရား= ပဋိစ္စသမုပ္ပါဒ-မျက်မှောက် သိထိုက်သော တပေါင်းတည်း မှန်စွာဖြစ်သော အကျိုးတရား။ ဤဝစနတ္ထအလို သဒ္ဒါနက်အားဖြင့် အကျိုးတရားကိုသာ မုချရ၏၊ ပဋိစ္စသမုပ္ပန္န-နှင့် အရတူလျက် ရှိ၏။

     ၃- သံ-အတူတကွ + ဥပ္ပါဒ-ဖြစ်သောတရား= သမုပ္ပါဒ-အတူတကွ တပေါင်းတည်း ဖြစ်သောတရား။

     ၄- ပဋိစ္စ-အကြောင်းညီညွတ်ခြင်းကိုစွဲ၍ + သမုပ္ပါဒ-တပေါင်းတည်းဖြစ်သော တရား= ပဋိစ္စသမုပ္ပါဒ- အကြောင်းညီညွတ်ခြင်းကို စွဲ၍ တပေါင်းတည်းဖြစ်သော တရား။ မုချအားဖြင့် အကျိုးတရားကိုပင် ရ၏၊ ပဋိစ္စသမုပ္ပန္န-နှင့် အရတူပင် ဖြစ်သည်။

     ၅- အကြောင်းအပေါင်းကိုလည်း.. ပဋိစ္စသမုပ္ပါဒ်ဟူ၍သာလျှင် ဖလူပစာ(....)ဖြင့် ဟောတော်မူ(အပ်)သည်-ဟု စပ်ပါ။

၁၇

လောက၌ သလိပ်၏ အကြောင်းဖြစ်သော တင်လဲကို ''တင်လဲသည် သလိပ်ပင်''ဟု ဆိုအပ်သကဲ့သို့၎င်း၊ သာသနာတော်၌ ချမ်းသာ၏ အကြောင်းဖြစ်သော မြတ်စွာဘုရားတို့၏ ပွင့်တော်မူခြင်းကို ''မြတ်စွာဘုရားတို့၏ ပွင့်တော်မူခြင်းသည် ချမ်းသာ၏''ဟု ဟောအပ်သကဲ့သို့၎င်း ထို့အတူ ပဋိစ္စသမုပ္ပါဒ ဟူ၍သာလျှင် ဖလူပစာ (အကျိုး၏အမည် ဝေါဟာရ)ဖြင့် ဟောတော်မူ(အပ်)သည်ဟူ၍ သိအပ်၏

၅၇၈။ တနည်း ဝစနတ္ထကား-

အကြင် အကြောင်းအပေါင်းကို ရှေးရှုရောက်အပ်၏၊ ထို့ကြောင့် ဤအကြောင်းအပေါင်းကို ပဋိစ္စဟူ၍ ဆိုအပ်၏။ ထို့ပြင် အတူတကွ (တပေါင်းတည်း)ဖြစ်သော အကျိုးတရားတို့ကို ဖြစ်စေတတ်သောကြောင့် ထိုအကြောင်းအပေါင်းကို သမုပ္ပါဒ-ဟူ၍လည်း ဆိုအပ်၏။

     ချဲ့၍ပြအံ့၊ ဤပြဆိုခဲ့ပြီးသော အကြင် အကြောင်းအပေါင်းကို သင်္ခါရစသည်တို့၏ ထင်ရှားဖြစ်ခြင်းငှါ အဝိဇ္ဇာအစရှိသော တခုတခုသော အကြောင်းကို ခေါင်းတပ်သဖြင့် (ပဋိစ္စသမုပ္ပါဒ်ဒေသနာ၌) ညွှန်ပြထားအပ်၏၊ ထိုအကြောင်းအပေါင်းကို (မိမိနှင့်)ဆိုင်ရာ အကျိုးကို ပြီးစေတတ်သော သဘောအားဖြင့်၎င်း၊ ချို့တဲ့ခြင်းမရှိသော သဘောအားဖြင့်၎င်း အကြောင်းညီညွတ်ခြင်း၏ အင်္ဂါဖြစ်သော အစိတ်အကြောင်းတို့တွင် အချင်းချင်းသည် ရှေးရှုရောက်အပ်၏-ဟု ဝစနတ္ထပြု၍ ပဋိစ္စ-ဟု ဆိုအပ်၏။ ထိုသို့ ပဋိစ္စ-ဟု


မှတ်ချက်

     ၁- ဤဝစနတ္ထ ၂-နည်း၌ ပဋိစ္စသမုပ္ပန္န-သဒ္ဒါကဲ့သို့ပင် မုချအားဖြင့် အကျိုးတရားကိုသာ ရ၏။ ထိုအကျိုး၏ ပဋိစ္စသမုပ္ပါဒ-ဟူသော အမည်ကို အကြောင်း၌ တင်စား၍ အကြောင်းတရားကိုပင် ပဋိစ္စသမုပ္ပါဒ-ဟု ဟောတော်မူသည်-ဟု ဆို၏။

     ၂- ထိုအကြောင်းအပေါင်းကို.. ပဋိစ္စ-ဟု ဆိုအပ်၏-ဟု စပ်ပါ။

     ၃- ပဋိ-ရှေးရှု + ဣစ္စ-ရောက်အပ်သည် = ပဋိစ္စ- အကြောင်းတရားအချင်းချင်း ရှေးရှုရောက်အပ်သည်။ သုံးချောင်းထောက်များ၌ တချောင်းတချောင်းက အခြား၂-ချောင်းကို မှီရသကဲ့သို့ ဆိုင်ရာအကျိုး ပြီးစေရန်အတွက်၎င်း၊ မိမိတို့အကြောင်းအင်္ဂါ စုံလင် ညီညွတ်စေရန်အတွက်၎င်း အချင်းချင်း ရှေးရှု ကပ်ရောက်အပ်သည်၊ စွဲမှီအပ်သည်ဟူ၍ပင် ဆိုလို၏။ အကြောင်းတရားကိုပင် ရ၏။

၁၈

ဆိုအပ်သော ဤအကြောင်းသည် တကွသာလျှင် ဖြစ်ကြသော အချင်းချင်း အသီးအခြား မခွဲခြမ်းအပ်သော ဖြစ်ခြင်းရှိကြသော အကျိုးတရားတို့ကို ဖြစ်စေတတ်သောကြောင့် သမုပ္ပါဒ-ဟူ၍လည်း ဆိုအပ်၏။ ဤနည်းဖြင့်လည်း ထိုအကြောင်းအပေါင်းသည် ပဋိစ္စလည်းမည်၍ သမုပ္ပါဒ်လည်း မည်သောကြောင့် ပဋိစ္စသမုပ္ပါဒ မည်ပေသည်

၅၇၉။ ဝစနတ္ထ နည်းတမျိုးကား-

(အဝိဇ္ဇာအစရှိသော) ဤအကြောင်းအပေါင်းသည် အချင်းချင်း စွဲမှီ၍(သာလျှင်) အကျိုးတရားတို့ကို အညီအညွတ်၎င်း၊ တကွ၎င်း ဖြစ်စေတတ်၏။ ထို့ကြောင့်လည်း ဤသို့ (ပဋိစ္စသမုပ္ပါဒဟူ၍) ဤသာသနာတော်၌ မြတ်စွာဘုရား ဟောကြားတော်မူ(အပ်)ပေသည်။

     ချဲ့၍ပြအံ့၊ အဝိဇ္ဇာ အစရှိသည်ကို ခေါင်းတပ်သဖြင့် (ခေါင်းတပ်၍) ညွှန်ပြအပ်သော အကြောင်းတို့တွင် အကြင် အကြောင်းတို့သည် သင်္ခါရအစရှိသော အကျိုးတရားကို ဖြစ်စေတတ်ကုန်၏။ ထိုဖြစ်စေတတ်သော အကြောင်းတို့သည် အချင်းချင်း ချို့တဲ့ခြင်းရှိလတ်သော် (အကြောင်းအင်္ဂါ မစုံလင်လတ်သော်) ဖြစ်စေရန် မစွမ်းနိုင်ကြသောကြောင့် အချင်းချင်းကို မစွဲမှီမူ၍ကား မဖြစ်စေနိုင်ကုန်။ ထို့ကြောင့် ဤအဝိဇ္ဇာအစရှိသော အကြောင်းအပေါင်းသည် (အချင်းချင်းကို) စွဲမှီ၍ အကျိုးတရားတို့ကို တစိတ်တဒေသမျှသာ မဟုတ်မူ၍ အညီအညွတ်လည်း (ဖြစ်စေတတ်၏)၊ ရှေးနောက်ကျသည်၏အဖြစ်ဖြင့် မဟုတ်မူ၍ တကွ(တပေါင်းတည်း တပြိုင်နက်)လည်း ဖြစ်စေတတ်၏။ ထို့ကြောင့် မှန်ကန်သော အနက်(ပရမတ္ထ)သို့ အစဉ်လိုက်သော အမည်ဝေါဟရ၌ ကျွမ်းကျင်တော်မူသော မြတ်စွာဘုရားသည်


မှတ်ချက်

     ၁- သံ-တပေါင်းတည်း ဖြစ်တတ်သော အကျိုးတရားတို့ကို + ဥပ္ပါဒ-ဖြစ်စေတတ်သော တရား = သမုပ္ပါဒ-တပေါင်းတည်း ဖြစ်တတ်သော အကျိုးတရားတို့ကို ဖြစ်စေတတ်သော တရား။

     ၂- ပဋိစ္စ-အချင်းချင်း ရှေးရှု ကပ်ရောက်အပ်သည်ဖြစ်၍ + သမုပ္ပါဒ-တပေါင်းတည်း ဖြစ်တတ်သော အကျိုးတရားတို့ကို ဖြစ်စေတတ်သော အကြောင်းတရား = ပဋိစ္စသမုပ္ပါဒ-အချင်းချင်း ရှေးရှု ကပ်ရောက်အပ်သည်ဖြစ်၍ တပေါင်းတည်း ဖြစ်တတ်သော အကျိုးတရားတို့ကို ဖြစ်စေတတ်သော အကြောင်းတရား။

၁၉

ဤသာသနာတော်၌ ဤသို့ ဟောတော်မူအပ်၏၊ ''ပဋိစ္စသမုပ္ပါဒ် ဟူ၍သာလျှင် ဟောတော်မူအပ်သည်''- ဤကား ''ဧဝံ ဘာသိတာ-ဤသို့ ဟောတော်မူအပ်၏''-ဟူသော စကား၏ ဆိုလိုရင်း အနက်ဖြစ်သည်

၅၈ဝ။ အကျိုးကား ဤသို့ ဟောတော်မူသော မြတ်စွာဘုရားသည်-

(ပဋိစ္စ-ဟူသော) ရှေ့ပုဒ်ဖြင့် သဿတဝါဒ စသည်တို့၏ မရှိခြင်းကို (ပြတော်မူအပ်၏)။ (သမုပ္ပါဒ-ဟူသော) နောက်ပုဒ်ဖြင့် ဥစ္ဆေဒဝါဒ စသည်တို့ကို ဖျက်ဆီး ပယ်ဖျောက်ခြင်းကို (ပြတော်မူအပ်၏)။ (ပဋိစ္စသမုပ္ပါဒ-ဟူသော) နှစ်ပုဒ်အပေါင်းဖြင့် မဇ္ဈိမပဋိပဒါအကျင့်ကို ပြတော်မူ(အပ်)၏။

     ရှေ့ပုဒ်ဖြင့် ဟူရာ၌ (ဤသို့ သိအပ်၏၊) အကြောင်းတို့၏ ညီညွတ်ခြင်းကိုပြသော ပဋိစ္စ-ပုဒ်ဖြင့် မပြတ်ဖြစ်သော ဝဋ်သုံးပါး တရားတို့၏ အကြောင်းညီညွတ်ခြင်း၌ (နှင့်)စပ်သော ဖြစ်ခြင်းရှိသောကြောင့် သဿတဝါဒ အဟေတုဝါဒ ဝိသမဟေတုဝါဒ ဝသဝတ္တိဝါဒ အပြားရှိကုန်သော သဿတဝါဒ


မှတ်ချက်

     ၁- ပဋိစ္စ-အချင်းချင်းကို စွဲမှီ၍ + သမုပ္ပါဒ-အကျိုးတရားတို့ကို အညီအညွတ် တပြိုင်နက် ဖြစ်စေတတ်သော တရား = ပဋိစ္စသမုပ္ပါဒ- အချင်းချင်းကို စွဲမှီ၍ အကျိုးတရားတို့ကို အညီအညွတ် တပြိုင်နက် ဖြစ်စေတတ်သော တရား။ ပဋိစ္စသမုပ္ပါဒ် ဟူ၍သာလျှင်-ဟူသော စကားဖြင့် ဤသို့-ဟူသောပုဒ်၏ ဆိုလိုရင်းအနက်ကို ဖွင့်ပြသည်။

     ၂- ပုဂ္ဂိုလ်သတ္တဝါဟုခေါ်သော အတ္တကောင်သည် ပျက်စီးခြင်းမရှိ၊ ခန္ဓာကိုယ်ကြီး ပျက်စီးသွားသော်လည်း သူက မပျက်၊ တနေရာရာ၌ တည်မြဲလျက် ရှိသည်ဟု ယူဆပြောဆိုသော ဝါဒသည် သဿတဝါဒမည်၏။

     ၃- ချမ်းသာခြင်း ဆင်းရဲခြင်းသည် အကြောင်းမရှိ၊ အဆင်သင့်သည်အားလျော်စွာ အလိုလို ဖြစ်ပေါ်သည်ဟု ယူဆပြောဆိုသော ဝါဒသည် အဟေတုဝါဒမည်၏။

     ၄- ပကတိ အဏု ကာလ စသည်တို့၏ အစွမ်းအားဖြင့် လောကဖြစ်နေသည်ဟု ယူဆပြောဆိုသော ဝါဒသည် ဝိသမဟေတုဝါဒ- မညီညွတ်သော အကြောင်း- မှားယွင်းသော အကြောင်းကို ယုံကြည်သော ဝါဒမည်၏။

     ၅- ဣဿရ ပုရိသ ပဇာပတိဟုခေါ်သော ဘုရားသခင်က ဖန်ဆင်းခြင်းကြောင့် ဖြစ်သည်ဟု ယူဆပြောဆိုသော ဝါဒသည် ဝသဝတ္တိဝါဒ- ဘုရားသခင်၏ အလိုအတိုင်းဟု ယုံကြည်သော ဝါဒမည်၏။

၂၀

စသည်တို့၏ မရှိခြင်းကို ပြတော်မူ(အပ်)၏။ မှန်ပေ၏၊ သဿတဝါဒတို့အားသော်၎င်း၊ အဟေတု (အကြောင်းမရှိ)စသည်၏ အစွမ်းအားဖြင့်ဖြစ်သော ဝါဒတို့အားသော်၎င်း အကြောင်းတို့၏ ညီညွတ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤသို့ သိအပ်၏။ နောက်ပုဒ်ဖြင့် ဟူရာ၌ (ဤသို့ သိအပ်၏၊) (သင်္ခါရအစရှိသော အကျိုး)တရားတို့၏ ဖြစ်ပေါ်ခြင်းကို ပြတတ်သော သမုပ္ပါဒပုဒ်ဖြင့် အကြောင်းတို့၏ ညီညွတ်ခြင်းရှိလတ်သော် အကျိုးတရားတို့၏ ဖြစ်ခြင်းကြောင့် ဥစ္ဆေဒဝါဒ နတ္ထိကဝါဒ အကိရိယဝါဒတို့ကို ဖျက်ဆီး ပယ်ဖျောက်အပ်ကုန်၏။ ထို့ကြောင့် ဥစ္ဆေဒဝါဒစသည် ဖျက်ဆီး ပယ်ဖျောက်ခြင်းကို ပြတော်မူ(အပ်)၏။ မှန်ပေ၏၊ ရှေးရှေးအကြောင်း၏ အစွမ်းအားဖြင့် အကျိုးတရားတို့သည် အဖန်ဖန်အထပ်ထပ် ဖြစ်နေကုန်လတ်သော် ပြတ်စဲခြင်းသည်၎င်း၊ ဝါ၊ ဥစ္ဆေဒဝါဒသည်၎င်း၊ နတ္ထိကဝါဒ အကိရိယဝါဒတို့သည်၎င်း အဘယ်မှာ ဖြစ်နိုင်ကြပါအံ့နည်း၊ ဤသို့ သိအပ်၏။ နှစ်ပုဒ် အပေါင်းဖြင့် ဟူရာ၌ (ဤသို့ သိအပ်၏၊) အလုံးစုံသော ပဋိစ္စသမုပ္ပါဒ-ဟူသော သဒ္ဒါဖြင့် ထိုထိုအကြောင်းတို့၏ ညီညွတ်ခြင်းရှိလတ်သော် အကြောင်းအကျိုးအစဉ်ကို မပြတ်စေမူ၍ ထိုထိုအကျိုးတရားတို့၏ ဖြစ်သင့်ခြင်းကြောင့် (၁) မဇ္ဈိမပဋိပဒါခေါ် အလယ်လမ်းအကျင့်, (၂) ''ထိုခံစားရမည့်သူပင် ပြုသည်၊ ထိုပြုသူပင် ခံစားသည် (ဟူ၍၎င်း)၊ တပါးသောသူက ပြုသည်၊ တပါးသောသူက


မှတ်ချက်

     ၁- သေသောအခါ သတ္တဝါသည် လုံးဝမရှိတော့ပဲ ပြတ်စဲသွားသည်ဟု ယူဆပြောဆိုသော ဝါဒသည် ဥစ္ဆေဒဝါဒမည်၏။

     ၂- ကုသိုလ်ကံ အကုသိုလ်ကံ အကျိုးမရှိဟု ယူဆပြောဆိုသော ဝါဒသည် နတ္ထိကဝါဒမည်၏။

     ၃- သတ်ခြင်း၊ ခိုးယူလုယက်ခြင်း- စသည်ကို ပြုသော်လည်း အကုသိုလ်ကံ မဖြစ်၊ ပေးလှူခြင်း၊ သတ်မှုမှကြဉ်ရှောင်ခြင်း- စသည်ကို ပြုသော်လည်း ကုသိုလ်ကံမဖြစ်-ဟု ယူဆပြောဆိုသော ဝါဒသည် အကိရိယဝါဒမည်၏။

     ၄- ထိုထိုအကျိုးတရားတို့၏ ဖြစ်သင့်ခြင်းကြောင့်.. အကျင့်လမ်းမှန်ကို ပြတော်မူ(အပ်)၏-ဟု စပ်ပါ။

     ၅- သဿတ ဥစ္ဆေဒ-ဟု ဆိုအပ်သော အဖို့-အစွန်း၂-ပါးသို့ မကပ်ရောက်မူ၍ ဆိုင်ရာအကြောင်းတို့ကြောင့် သင့်လျော်သောအကျိုး၏ ဖြစ်ခြင်းကို ဤအရာ၌ အလယ်လမ်းအကျင့်-ဟု ဆိုလို၏။

၂၁

ခံစားသည်ဟူ၍၎င်း'' (ဖြစ်သော)ဝါဒကို ပယ်ခြင်း, (၃) မိန်းမ ယောက်ျားစသော နယ်ပယ် အရပ်သုံးစကား၌ မြဲမြံစွာ နှလုံးမသွင်းခြင်း, (၄) လောကသုံး အမည်ပညတ်ကို မကျော်လွန်ခြင်း (မပယ်ခြင်း)ဟူသော သိသင့် သိထိုက်သော အကျင့်လမ်းမှန်ကို ပြတော်မူ(အပ်)၏။ ဤသည်ကား ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ-ဟူသော သဒ္ဒါမျှ၏ အနက်ပေတည်း

ပဋိစ္စသမုပ္ပါဒ် အနက်အဖွင့် ခဲယဉ်းပုံ

     ၅၈၁။ ထိုမှတပါးသော အနက်ကား ပဋိစ္စသမုပ္ပါဒ်ကို ဟောတော်မူသော မြတ်စွာဘုရားသည် ''အဝိဇ္ဇာပစ္စယာ သင်္ခါရာ'' ဤသို့ အစရှိသောနည်းဖြင့်


မှတ်ချက်

     ၁- ကမ္မဝဋ်နှင့် ဝိပါကဝဋ်သည် သဘောအားဖြင့်၎င်း၊ ဖြစ်ရာကာလအားဖြင့်၎င်း ကွဲပြားသောကြောင့် ပဋိစ္စသမုပ္ပါဒ်ကို သိသူအား ''ပြုသူသည်ပင် ခံစားရသည်''ဟူသော အယူဝါဒကင်း၏။ ကံဖြစ်ခဲ့သော ရုပ်နာမ်အစဉ်သန္တာန်၌ပင်လျှင် အကျိုးဖြစ်ပေါ်ခြင်းကြောင့် ''ပြုသူက တခြား၊ ခံစားသူက တခြား''ဟူသော အယူဝါဒလည်း ကင်း၏။ အဘယ့်ကြောင့်နည်းဟူမူ ဇကတ္တနည်းအရအားဖြင့် ပြုခိုက်ရုပ်နာမ်နှင့် ခံစားခိုက်ရုပ်နာမ်သည် တခုတည်းသောအစဉ်၌ ဖြစ်၍ တယောက်တည်းပင်ဟု ဆိုအပ်သောကြောင့်ပေတည်း။

     ၂- ပဋိစ္စသမုပ္ပါဒ်ကို သိသူမှာ အကြောင်းအကျိုး ရုပ်နာမ်အစဉ်မျှသာဟု သဘောကျနေသောကြောင့် သာမန်ပုဂ္ဂိုလ်များမှာကဲ့သို့ နယ်ပယ် အရပ်သုံးစကား အမည်ပညတ်အရာ၌ မိန်းမစင်စစ်- ယောကျာ်းစင်စစ် စသည်အနေအားဖြင့် မြဲမြံစွာ စွဲလမ်းမှုကင်း၏။

     ၃- သတ္တဝါဟူသည်မှာ ရုပ်ကိုဆိုသလော၊ ဝေဒနာစသည်တို့ကို ဆိုသလော စသည်ဖြင့် ဝေဘန်ခွဲခြားခြင်းကို မပြုမူ၍ ခေါ်ဝေါ်ပြောဆိုရိုးအတိုင်း သတ္တဝါ ယောက်ျား-မိန်းမ အိုးခွက်-စသည်ဖြင့် ပြောဆိုသုံးစွဲခြင်းသည် လောကသုံး အမည်ပညတ်ကို မကျော်လွန်ခြင်း- မပယ်ခြင်းမည်၏။

၄- ဤအရာ၌ ဋီကာဆရာဖွင့်ပြသော ဝစနတ္ထအထူးတခုကို ထုတ်ပြအံ့။

     ပဋိစ္စ- စွဲမှီသင့်သောအကြောင်းကို စွဲမှီ၍ + သံ-စပ်သောအကျိုး၏ + ဥပ္ပါဒ-ဖြစ်ခြင်း= ပဋိစ္စသမုပ္ပါဒ- စွဲမှီသင့်သောအကြောင်းကို စွဲမှီ၍ စပ်ရာအကျိုး၏ ဖြစ်ခြင်း။ အတိုချုပ်အားဖြင့် စွဲမှီ၍ အကျိုး၏ဖြစ်ခြင်းဟု ဆိုလို၏။ ပြခဲ့သော အဋ္ဌကထာ ဝစနတ္ထများထက် မှတ်ရန်လွယ်ကူပေ၏။ သို့သော် အကျိုး၏ ဖြစ်ခြင်းမျှကို မယူပဲ ဖြစ်စေတတ်သော သတ္တိနှင့်တကွ အကြောင်းကို

၂၂

စကားအစဉ် ပါဠိတော်ကို ချထားတော်မူခဲ့၏။ ထိုပဋိစ္စသမုပ္ပါဒ် ပါဠိတော်၏ အနက်အဖွင့်ကို ပြုလိုသော ဆရာသည် ခွဲခြမ်းဝေဘန်၍ ဆိုလေ့ရှိသော ပုဂ္ဂိုလ်အပေါင်းသို့၊ ဝါ၊ ခွဲခြမ်းဝေဘန်၍ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ တပည့်ပရိသတ်သို့ သက်ဝင်ပြီးလျှင် ဆရာတို့ကို မစွပ်စွဲသည်ဖြစ်၍၎င်း၊ သာသနဓမ္မတည်းဟူသော မိမိအယူကို၊ ဝါ၊ မဟာဝိဟာရဝါသီ ဂိုဏ်းသားတို့၏ ဝါဒတည်းဟူသော မိမိအယူကို မကျော်လွန်သည်ဖြစ်၍၎င်း၊ သာသနာ ပ တိတ္ထိတည်းဟူသော သူတပါးတို့၏ အယူကို၊ ဝါ၊ အဘယဂိရိဂိုဏ်းသားစသော


မှတ်ချက်

ပဋိစ္စသမုပ္ပါဒ်-ဟု ကောက်ယူရန်လည်း ညွှန်ပြသွား၏။ အဋ္ဌကထာ၌ ပြခဲ့သော ဖလူပစာမျိုးပင်ဟု ယူရာ၏။ ဤဝစနတ္ထ၌ ကေစိတို့၏ ဝစနတ္ထကဲ့သို့ပင် သဒ္ဒါနည်းပျက်ခြင်းအပြစ် မဖြစ်ရာပြီလောဟု စောဒနာဖွယ်ရှိသောကြောင့် ထိုအချက်ကိုလည်း ကျယ်ပြန့်စွာ ဖြေရှင်းပြထားသည်။

     ဤအရာ၌ ထုတ်ပြသော ဝစနတ္ထတို့တွင် ကေစိတို့၏ ဝစနတ္ထကို ''သဘာဝကျ၍ အရှင်းဆုံး အဖြောင့်ဆုံး''ဟု သဘောကျ၏။ ထိုဝစနတ္ထ၌ သမုပ္ပါဒမှ သံ-သဒ္ဒါကို ''ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ အဝိဇ္ဇာသမုဒယာ ရူပသမုဒယော'' အစရှိသော ပါဌ်တို့၌ သမုဒယမှ သံ-သဒ္ဒါကဲ့သို့ အနက်ထူးမရှိဟုဆိုလျှင် သာ၍ ရှင်းလင်းရာ၏။ အကြောင်းမူကား ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရား ဟောတော်မူခြင်းသည် အကျိုးတရားတို့ မှန်စွာ အညီအညွတ် တပေါင်းတည်း ဖြစ် မဖြစ်၊ စပ်သောအကျိုး ဟုတ် မဟုတ်ကို သိစေလိုရင်းကြောင့် မဟုတ်ပေ။ ''အဝိဇ္ဇာအစရှိသော အကြောင်းကြောင့် သင်္ခါရအစရှိသော အကျိုးတရားမျှသာ, တနည်းအားဖြင့် ဆင်းရဲအစုမျှသာ ဖြစ်ခြင်းရှိသည်၊ ချမ်းသာဟူ၍၎င်း, အစဉ်တည်နေသော ပုဂ္ဂိုလ် သတ္တဝါ အတ္တကောင်ဟူ၍၎င်း မရှိ''ဟု သိစေလိုရင်းကြောင့်သာလျှင် ဖြစ်ပေသည်။ ဤအချက်ကို လေးနက်စွာ နှလုံးသွင်း ဆင်ခြင်ပါကုန်။ ထို့ကြောင့် ပဋိစ္စ- အကြောင်းကို စွဲမှီ၍ + သမုပ္ပါဒ- အကျိုး၏ ဖြစ်ပေါ်ခြင်း = ပဋိစ္စသမုပ္ပါဒ- အကြောင်းကို စွဲမှီ၍ အကျိုး၏ ဖြင်ပေါ်ခြင်း။ ဤဝစနတ္ထအရ အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဖြစ်ပေါ်ခြင်းကို ပဋိစ္စသမုပ္ပါဒ်ခေါ်သည်ဟု ပြောဆိုရလျှင် သိနားလည်လွယ်ခြင်း အကျိုးရှိရာ၏။ ယခုခေတ်၌ ဤအတိုင်းပင် ပြောဟောနေကြပေသည်။

     ၁- ရှေးဆရာတို့ မဆိုအပ်သော မှားသောအနက်ကိုပြလျှင် ဆရာတို့ကို စွပ်စွဲရာရောက်၏၊ ထိုသို့ မပြသဖြင့် စွပ်စွဲခြင်း မရှိမူ၍ အနက်အဖွင့်ကို ပြုသင့်သည်ဟု ဆိုလို၏။

၂၃

သူတပါးတို့၏အယူကို အပြစ်တင်သောအားဖြင့် ကြောင့်ကြမစိုက်သည်ဖြစ်၍၎င်း၊ သုတ်ပါဠိကို မပယ်မြစ် မထိခိုက်စေသည်ဖြစ်၍၎င်း၊ ဝိနည်းကို လျော်စေသည်ဖြစ်၍၎င်း၊ မဟာပဒေသလေးပါးတို့ကို ကြည့်သည်ဖြစ်၍၎င်း၊ (ပဋိစ္စသမုပ္ပါဒ်)ပါဠိကို ပြသည်ဖြစ်၍၎င်း၊ (ထိုပါဠိ၏)အနက်ကို ကောင်းစွာ ယူစေသည်ဖြစ်၍၎င်း၊ ထိုအနက်ကိုပင် တဖန်လည်စေကာ (ပြောင်းလဲ၍) တပါးသော ပရိယာယ်တို့ဖြင့် ညွှန်ပြသည်ဖြစ်၍၎င်း ပဋိစ္စသမုပ္ပါဒ်၏ အနက်အဖွင့်ကို ပြုအပ်ပေသည်။ ဤမျှသာ မဟုတ်သေး၊ ပဋိစ္စသမုပ္ပါဒ်၏ အနက်အဖွင့်သည် ပင်ကိုရင်းသဘောအားဖြင့်လည်း ပြုနိုင်ခဲသည်သာလျှင် ဖြစ်ပေသည်။ ရှေးဆရာတို့ အဘယ်သို့ ဆိုခဲ့ကြသနည်းဟူမူ?

(၁) သစ္စာလေးပါး၊ (၂) သတ္တဝါ၊ (၃) ပဋိသန္ဓေ၊ (၄) ပဋိစ္စသမုပ္ပါဒ်ဟူသော (ဤ)တရားလေးပါးတို့ကို မြင်နိုင်ခဲကုန်၏၊ ဟောပြောခြင်းငှါလည်း အလွန်တရာ ပြုနိုင်ခဲကုန်၏-ဟု ဆိုခဲ့ကြလေသည်။


မှတ်ချက်

     ၁- ရှေးရှေးဘဝများက ရှိခဲ့သော ထိုစိတ်ဝိညာဏ်သည်ပင်လျှင် ယခုဘဝတိုင်အောင် ပြောင်းရွှေ့လာခဲ့သည်၊ တစိတ်တည်းပင် ဖြစ်သည်-ဟု ဘုရားဟောသည်ကို သိနားလည်ပါသည်- စသည်ဖြင့်ဆိုလျှင် စက္ခုဝိညာဏ်သည် မမြဲ စသည်ဖြင့် ဟောထားသော သုတ်ပါဠိတော်များကို ပယ်မြစ်သည် ထိခိုက်စေသည် မည်၏။

     ၂- မေထုနဓမ္မ အစရှိသော အန္တရာယ်ပြုတတ်သည့် အမှုတို့ကို မှီဝဲသော်လည်း ရဟန်းမှာ အန္တရာယ်ကို မပြုတတ်ကြောင်း ဘုရားဟောသည်ကို သိနားလည်ပါသည်၊ အိမ်မက်ထဲ၌ ကျုးလွန်မှုကြောင့်လည်း အာပတ်သင့်သည်၊ ဤသို့ စသည်ဖြင့်ဆိုလျှင် ဝိနည်းကို မလျော်စေသည် ဆန့်ကျင်စေသည်မည်၏။

     ၃- မဟာပဒေသ ၄-ပါးတို့ကို သုတ်မဟာဝါပါဠိ နှာ ၁ဝ၂၊ ၎င်း၏ အဋ္ဌကထာ နှာ ၁၅၅-စသည်တို့၌ ကြည့်ပါ။

     ၄- သတ္တဝါ-ဟူသည်ကား သတ္တဝါမှ ဆိတ်သုဉ်းသည်၏ အဖြစ်ဟူ၍ ဆရာတို့ ဖွင့်ဆိုကြ၏၊ ထိုသို့ပင် ဆိုကြသော်လည်း စင်စစ်မှာမူ သတ္တဝါမှ ဆိတ်သုဉ်းသော သင်္ခါရတို့၌ သတ္တဝါဟူသော ဝေါဟာရသည်၎င်း သတ္တဝါ၏ လိုအပ်သောကိစ္စ ပြီးစီးခြင်းသည်၎င်း (အသိခက် အပြောခက်၏)။ (ဝိသုဒ္ဓိမဂ်မဟာဋီကာ)။ ။သတ္တ ဝေါဟာရဟူသည်ကား သတ္တဝါဟုဖြစ်သော အမည်တည်း။ ယင်းကို မြင်နိုင်ခဲသည်ဟု ဆိုသင့်ပေစွ၊ အစဉ်သန္တာန်အားဖြင့် မပြတ်ဖြစ်နေကုန်သော ရုပ်နာမ်တရားအပေါင်းတို့ကို စွဲမှီ၍ သတ္တဝါဟူသော အမည်ပညတ်သည် (ဖြစ်၏)။ ထိုသတ္တဝါပညတ်သည် ထိုစွဲမှီရာ ရုပ်နာမ်တို့မှတပါး အခြားစင်စစ် မဟုတ်ဟူသော အဖို့, တပါးတခြား စင်စစ်ဟုတ် သည်ဟူသော အဖို့တို့ကို မကပ်မူ၍

၂၄

     ထို(သို့ ပဋိစ္စသမုပ္ပါဒ်၏ အနက်အဖွင့်ကို ပြဆိုခဲ့သောနည်းဖြင့် ပြုအပ်သည်၏အဖြစ်၊ ပြုရန်လည်း ခဲယဉ်းသည်၏ အဖြစ်)ကြောင့် ပါဠိတော်ဟူသော အာဂုံနှင့် မဂ်ဖိုလ်ဟူသော အဓိဂမသို့ ရောက်ပြီးပုဂ္ဂိုလ်တို့မှ တပါးသူဆိုလျှင် ပဋိစ္စသမုပ္ပါဒ်၏ အနက်အဖွင့်ကိုပြုရန် မလွယ်ကူပေ-ဟု နှိုင်းချိန်ပြီးလျှင်-

ပဋိညာနှင့် ဥယျောဇဉ်

[၁၅၄] ပဋိစ္စသမုပ္ပါဒ်၏အဖွင့်ကို ယခု ဆိုလိုသောငါသည် သမုဒ္ဒရာသို့ သက်ဆင်းမိသော သူကဲ့သို့ ထောက်တည်ရာကို မရနိုင်ပေ

သို့သော်လည်း အထူးထူးသော နည်းတို့ဖြင့် တန်ဆာဆင်အပ်သော (ပါဠိဒေသနာတရားတော် တည်းဟူသော) ဤသာသနာတော်သည်၎င်း၊ (ပဋိစ္စသမုပ္ပါဒ်၏ အဖွင့်အဋ္ဌကထာဟူသော) ရှေးဆရာတို့၏ ပို့ချစဉ်စကားသည်၎င်း အဆက်မပြတ်မူ၍ ဖြစ်လျက် တည်ရှိ၏။

ထို့ကြောင့် ထိုနှစ်ပါးကို ကောင်းစွာမှီ၍ ဤပဋိစ္စသမုပ္ပါဒ်၏ အနက်အဖွင့်ကို အားထုတ် ပြုစုပေအံ့၊ ထိုအနက်အဖွင့်ကို ကောင်းစွာ စိတ်ကိုထားကုန်လျက်၊ ဝါ၊ တည်ကြည်သော စိတ်ရှိကုန်လျက် နာယူ လေ့လာကြပါကုန်လော့။

တိုက်တွန်းသင့်ပေစွ၊ ရှေးဆရာတို့သည်-

''တစုံတယောက်သောသူသည် ဤပဋိစ္စသမုပ္ပါဒ်ကို စီးပွါးသဖွယ် အရိုအသေပြု၍၊ ဝါ၊ အရိုးစွဲသကဲ့သို့ မြဲမြံအောင်ပြု၍ နာယူငြားအံ့၊


မှတ်ချက်

(ထိုသတ္တဝါအကြောင်းကို) အမှန်အတိုင်း ကောင်းစွာယူခြင်းနှင့် (သူတပါးအား) သိအောင်ပြောပြခြင်းကို ပဋိစ္စသမုပ္ပါဒ်၌ မကျွမ်းကျင်သောသူသည် ပြုနိုင်ခဲ ဖြစ်စေနိုင်ခဲ၏။ (အနုဋီကာ) ဤထက် အကျယ်သိလိုလျှင် ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ တတိယတွဲ နှာ ၅၇၅-၆ တို့၌ မှတ်ချက်ကို ကြည့်ပါ။

     ၁- ထောက်တည်ရာကို မရနိုင်ဟူသည်မှာ ကိုယ်ပိုင်ဉာဏ်ဖြင့် မရနိုင်သည်ကို ဆိုသည်။ (ဋီကာ)

၂၅

ထိုသူသည် ရှေးကာလထက် နောက်ကာလ၌ဖြစ်သော အထူးကို ရပေရာ၏၊ ရှေးကာလထက် နောက်ကာလ၌ဖြစ်သော အထူးကို ရပြီးလျှင် သေမင်း၏မမြင်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ပေရာ၏''ဟု မိန့်ဆိုအပ်ခဲ့ပေ၏။

     ၅၈၂။ (ဤအရာ၌ ဣတိ ပိုဟန်ရှိ၏) အားထုတ်ပြုစုပေအံ့ဟု ဝန်ခံခဲ့သည့်အတိုင်း ချဲ့၍ပြအံ့၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ- အစရှိသည်တို့၌ အစမှပင်လျှင် ရှေးဦးစွာ-

ဒေသနာ အထူးအပြားအားဖြင့်၎င်း၊ အနက်လက္ခဏာစသည် ဧကဝိဓစသည်အားဖြင့်၎င်း၊ အင်္ဂါတို့ကို ပိုင်းခြားသတ်မှတ်ခြင်းအားဖြင့်၎င်း အဆုံးအဖြတ်ကို သိအပ်၏။

ဒေသနာအပြား

     ထိုဂါထာဝယ် ဒေသနာအထူးအပြားအားဖြင့်- ဟူရာ၌ အကျယ်ကား- နွယ်ကို ဆောင်ယူကုန်သော ယောက်ျားလေးယောက်တို့၏ နွယ်ကို ယူခြင်းကဲ့သို့ အစမှသော်၎င်း၊ အလယ်မှသော်၎င်း စ၍ အဆုံးတိုင်အောင် (ဟောခြင်း)၊ အဆုံးမှသော်၎င်း၊ အလယ်မှသော်၎င်း စ၍ အစတိုင်အောင် (ဟောခြင်း)ဟူ၍ မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာသည် လေးပါးအပြားရှိ၏။

     ချဲ့၍ပြဦးအံ့၊ နွယ်ကို ဆောင်ယူသော ယောက်ျားလေးယောက်တို့တွင် တယောက်သည် နွယ်၏ အမြစ်အရင်းကိုသာလျှင် ရှေးဦးစွာ မြင်၏၊ ထိုသူသည် ထိုနွယ်ကို အမြစ်အရင်း၌ဖြတ်၍ အလုံးစုံကို ဆွဲငင်လျက် ယူပြီးလျှင် အမှုကိစ္စ၌ထည့်၍ ပြုလုပ်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည် ''ရဟန်းတို့၊ ဤဆိုခဲ့သည့်အတိုင်းပင် အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့


မှတ်ချက်

     ၁- နောက်ကာလ၌ဖြစ်သော အထူး- ဟူသည်ကား (နာယူရန်) အားထုတ်စပြုသောအခါမှ စ၍ ခဏတိုင်း ခဏတိုင်း (မဖြစ်ဘူးသေးသော) အသိဉာဏ်အထူးကို၎င်း ကိလေသာကုန်ခြင်း အထူးကို၎င်း ရ၏၊ ဤကား ဆိုလိုသော အနက်ပေတည်း။ (ဋီကာ)

     ၂- အစမှပင်လျှင်.. သိအပ်၏-ဟု စပ်ပါ။

     ၃- ထို့အတူ-ဟူရာ၌ တူသင့်ရာကိုသာ ဆိုသည်၊ နွယ်ကို ဆောင်ယူသူ၏ အမြစ်အရင်းကိုသာ မြင်ခြင်း စသည်တို့နှင့်ကား တူသည်ဟု မဆိုလို။

၂၆

ဖြစ်ကြ၏ ။ပ။ ဘဝအသစ် ဖြစ်မှုဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ဖြစ်၏''ဟု အစမှစ၍ အဆုံးတိုင်အောင်လည်း ပဋိစ္စသမုပ္ပါဒ်ကို ဟောတော်မူ၏။

     ထိုမှတပါး ထို (ဆိုခဲ့သော) ယောက်ျားတို့တွင် တယောက်သည် နွယ်၏အလယ်ပိုင်းကို ရှေးဦးစွာမြင်၏၊ ထိုသူသည် (ထိုနွယ်ကို) အလယ်၌ဖြတ်၍ အထက်ပိုင်း (အဖျားပိုင်း)အဖို့ကိုသာလျှင် ဆွဲငင်လျက် ယူပြီးလျှင် အမှုကိစ္စ၌ထည့်၍ ပြုလုပ်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည် ''ခံစားမှုဝေဒနာကို ဝမ်းမြောက်လျက် နှစ်သက်သော ချီးမွမ်းပြောဆိုသော မျိုသွင်း သိမ်းပိုက်လျက် တည်သော [၁၅၅] ထိုပုဂ္ဂိုလ်အား နှစ်သက်ခြင်းသည် ဖြစ်၏၊ ခံစားမှုတို့၌ဖြစ်သော ထိုနှစ်သက်ခြင်းသည် စွဲလမ်းမှု (ဥပါဒါန်)ပင်တည်း၊ စွဲလမ်းမှုဟူသော အကြောင်းကြောင့် ထိုသူအား ဖြစ်ကြောင်းကံ (ဘဝ)သည် ဖြစ်၏၊ ဖြစ်ကြောင်းကံဟူသော အကြောင်းကြောင့် ဘဝအသစ် ဖြစ်ပေါ်မှု (ဇာတိ)သည် ဖြစ်၏'' ဤသို့ စသည်ဖြင့် အလယ်မှစ၍ အဆုံးတိုင်အောင်လည်း ဟောတော်မူ၏။

     ထို့ပြင် ထို (ဆိုခဲ့သော) ယောက်ျားတို့တွင် တယောက်သည် နွယ်၏အဖျားကို ရှေးဦးစွာ မြင်၏။ ထိုသူသည် (ထိုနွယ်ကို) အဖျား၌ကိုင်၍ အဖျားမှ အစဉ်လျှောက်သဖြင့် နွယ်ရင်းတိုင်အောင် အလုံးစုံကို ယူပြီးလျှင် အမှုကိစ္စ၌ထည့်၍ ပြုလုပ်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည် ''ဘဝအသစ် ဖြစ်ပေါ်မှုဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ဖြစ်၏ဟူ၍ ဤသို့လျှင် ဤစကားကို (ငါဘုရား) ဟောတော်မူ(အပ်)၏။ ရဟန်းတို့၊ ဘဝအသစ် ဖြစ်ပေါ်မှုဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ဖြစ်လေသလော? သို့မဟုတ် မဖြစ်လေသလော? ဤအရာ၌ သင်တို့မှာ အဘယ်သို့ ဖြစ်သနည်း (ထင်သနည်း)ဟု မေးတော်မူ၏။ အရှင်ဘုရား၊ ဘဝအသစ် ဖြစ်ပေါ်မှုဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ဖြစ်ပါသည်၊ ဤအရာ၌ တပည့်တော်တို့မှာ ဘဝအသစ် ဖြစ်ပေါ်မှုဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ဖြစ်၏-ဟူ၍ ဤသို့သာလျှင် ဖြစ်ပါသည် (ထင်ပါသည်)ဘုရားဟု လျှောက်ထားကြကုန်၏။ ဖြစ်ကြောင်းကံ (ဘဝ)ဟူသော အကြောင်းကြောင့် ဘဝအသစ်ဖြစ်ပေါ်မှု ဖြစ်၏ ။ပ။ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏ဟူ၍ ဤသို့လျှင် ဤစကားကို

၂၇

(ငါဘုရား) ဟောတော်မူ(အပ်)၏။ ရဟန်းတို့၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြလေသလော? သို့မဟုတ် မဖြစ်ကြလေသလော? ဤအရာ၌ သင်တို့မှာ အဘယ်သို့ ဖြစ်သနည်းဟု မေးတော်မူ၏''၊ ဤသို့ အဆုံးမှစ၍ အစတိုင်အောင်လည်း ပဋိစ္စသမုပ္ပါဒ်ကို ဟောတော်မူ၏။

     ထို့ပြင် ထို(ဆိုခဲ့သော) ယောက်ျားတို့တွင် တယောက်သည် နွယ်၏ အလယ်ကိုသာလျှင် ရှေးဦးစွာ မြင်၏။ ထိုသူသည် (ထိုနွယ်ကို) အလယ်၌ဖြတ်၍ အောက်သို့ (အရင်းဖက်သို့)သက်လျက် နွယ်ရင်းတိုင်အောင် ယူပြီးလျှင် အမှုကိစ္စ၌ထည့်၍ ပြုလုပ်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည် ''ရဟန်းတို့၊ ဤလေးပါးသော အာဟာရတို့သည် အဘယ်လျှင် အကြောင်းရှိကုန်သနည်း? အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း? အဘယ်လျှင် ဖြစ်ရင်းရှိကုန်သနည်း? အဘယ်လျှင် အမွန်အစ ရှိကုန်သနည်း? ဤလေးပါးသော အာဟာရတို့သည် တပ်မက်ခြင်းလျှင် အကြောင်း ရှိကုန်၏၊ တပ်မက်ခြင်းလျှင် ဖြစ်ကြောင်းရှိကုန်၏၊ တပ်မက်ခြင်းလျှင် ဖြစ်ရင်းရှိကုန်၏၊ တပ်မက် ခြင်းလျှင် အမွန်အစရှိကုန်၏။ တပ်မက်ခြင်းသည် အဘယ်လျှင် အကြောင်းရှိသနည်း-။ ခံစားမှုသည်-။ အာရုံကို တွေ့မှုသည်-။ အာယတန ၆-ပါးသည်-။ နာမ်ရုပ်သည်-။ ဘဝသစ် ဝိညာဏ်သည်-။ သင်္ခါရတို့သည် အဘယ်လျှင် အကြောင်းရှိကုန်သနည်း ။ပ။ သင်္ခါရတို့သည် အဝိဇ္ဇာလျှင် အကြောင်းရှိကုန်၏ ။ပ။ အဝိဇ္ဇာလျှင် အမွန်အစရှိကုန်၏'' ဤသို့ အလယ်မှစ၍ အစတိုင်အောင်လည်း ဟောတော်မူ၏။

     ၅၈၃။ အဘယ်ကြောင့် ဤသို့ လေးပါးအပြားအားဖြင့် ဟောတော်မူ(အပ်)သနည်းဟု မေးငြားအံ့၊ ပဋိစ္စသမုပ္ပါဒ်၏ ထက်ဝန်းကျင် (အလုံးစုံ) ကောင်းသည်၏ အဖြစ်ကြောင်း၎င်း၊ ကိုယ်တော်တိုင်လည်း ဒေသနာတော်ကို တင့်တယ်စေနိုင်သော ဉာဏ်သို့ ရောက်တော်မူသည်၏ အဖြစ်ကြောင့်၎င်း (ဟောတော်မူသည်ဟု ဖြေဆိုအပ်၏)။ ချဲ့၍ပြဦးအံ့၊ ပဋိစ္စသမုပ္ပါဒ်သည် ထက်ဝန်းကျင် ကောင်းပါပေ၏။ (ထိုသို့ ကောင်းသောကြောင့်ပင် ထိုလေးပါးသော ဒေသနာထဲက တပါးပါးသော) ထိုထိုဒေသနာမှ (အစဉ်လျှောက်၍) အရိယမဂ်ကို ထိုးထွင်း၍ သိခြင်းငှါ၊ ဝါ၊ ပဋိစ္စသမုပ္ပါဒ်တရားကို ထိုးထွင်း၍ သိခြင်းငှါ ဖြစ်သည်သာလျှင်တည်း။ (ထို့ပြင်) မြတ်စွာဘုရားသည် လေးပါးသော ဝေသာရဇ္ဇဉာဏ်- လေးပါးသော ပဋိသမ္ဘိဒါဉာဏ်တို့နှင့် ယှဉ်ခြင်းကြောင့်၎င်း၊

၂၈

လေးပါးအပြားရှိသော နက်နဲသည်၏အဖြစ်သို့ ရောက်ခြင်းကြောင့်၎င်း ဒေသနာတော်ကို တင့်တယ်စေနိုင်သော ဉာဏ်ကိုလည်း ရောက်တော်မူ ရတော်မူ၏၊ ဒေသနာတော်ကို တင့်တယ်စေနိုင်သော ဉာဏ်ကို ရတော်မူသည်၏ အဖြစ်ကြောင့် ထိုမြတ်စွာဘုရားသည် အထူးထူးသော နည်းတို့ဖြင့်သာလျှင် တရားတော်ကို ဟောတော်မူ၏။

     အထူးအားဖြင့်မူကား ထိုမြတ်စွာဘုရား၏ (ဝါ၊ ထိုပဋိစ္စသမုပ္ပါဒ်ကို) အစမှစ၍ အနုလုံအားဖြင့်ဟောသော ဒေသနာသည်၂ (သံသရာဝဋ်) မပြတ်ဖြစ်ခြင်း၏ အကြောင်းကို ခွဲခြမ်းခြင်း၌ တွေဝေသော (မခွဲခြမ်းနိုင်ပဲ ရှိနေသော) သတ္တဝါအပေါင်းကို မြင်တော်မူသည်ဖြစ်၍ (မြင်တော်မူသဖြင့်) မိမိတို့၏ ဥစ္စာဖြစ်ကုန်သော (အကျိုးတရားဟူသော မိမိတို့နှင့် သက်ဆိုင်ကုန်သော) အဝိဇ္ဇာအစရှိသော အကြောင်းတို့ကြောင့် (သင်္ခါရအစရှိသော သံသရာဝဋ်၏) မပြတ်ဖြစ်ခြင်းကို ပြခြင်းအကျိုးငှါ၎င်း၊ ဖြစ်စဉ်ကို ပြခြင်းအကျိုးငှါ၎င်း (ဟောသောဒေသနာ) ဖြစ်ပေသည်ဟု သိအပ်၏။ အဆုံးမှစ၍ ပဋိလုံအားဖြင့် ဟောသောဒေသနာသည် ''ဤသတ္တဝါအပေါင်းသည် ပင်ပန်းဆင်းရဲခြင်းသို့ [၁၅၆] ရောက်ရရှာချေသည်တကား၊ ပဋိသန္ဓေလည်း


မှတ်ချက်

     ၁- လေးပါးအပြားရှိသော နက်နဲသည်၏အဖြစ်သို့ ရောက်ခြင်းကြောင့်- ဟူရာ၌ ''ဓမ္မ အတ္ထ ဒေသနာ ပဋိဝေဓဟူသော နက်နဲသော အရာတို့၌ ထောက်တည်ရာကိုရသဖြင့် မြဲမြံစွာ တည်သည်၏အဖြစ်ကြောင့်''ဟူ၍ ဖြောင့်သော အနက်ကို သိအပ်၏ (ဋီကာ)။

     ၂- ဟောသော ဒေနာသည်.. (ဟောသောဒေသနာ) ဖြစ်ပေသည်ဟု သိအပ်၏-ဟု စပ်ပါ။

     ဤ၌ ဒေသီယတိ ဧတာယ-ဟု ဝစနတ္ထပြု၍ ''ဟောကြောင်းဖြစ်သော ဒေသနာ''ဟု ဆိုသင့်သော်လည်း မြန်မာစကား ချောစေရန် ''ဟောသောဒေသနာ''ဟု ဆိုထားသည်။ ဒေသနာပုဒ်ကို ဟောခြင်းဟု ပြန်လျှင် ပဌမ ဒုတိယ ဒေသနာ ဝါကျတို့၌ ချောသော်လည်း တတိယ စတုတ္ထ ဒေသနာ ဝါကျတို့၌ကား မချော။ တာသု ယာ အစရှိသော နောက်ဆုံးဝါကျ၌ကား ထိုဟောခြင်းဟူသော အနက်သည် လုံးဝပင် မသင့်။ ထို့ကြောင့် ယင်းပုဒ်ကို ''ဟောသောဒေသနာ'' ဟူ၍ပင် ပြန်သည်။ ထို့ပြင် ပဝတ္တာ-ပုဒ်ကို ဟောတိ-ပုဒ်ကဲ့သို့ပင် ပကတိ ဝိကတိ ကတ္တားတို့နှင့် ယှဉ်စေ၍ ပြန်စေခြင်းမှာလည်း ဤဝါကျ၌ မြန်မာစကား ချောစေရန်အတွက်ပင် ဖြစ်သည်။

၂၉

နေရရှာ၏၊ အိုလည်း အိုရရှာ၏၊ သေလည်း သေရရှာ၏၊ အဖန်တလဲလဲ စုတေလည်း စုတေရရှာ၏၊ အဖန်တလဲလဲ ဖြစ်လည်း ဖြစ်ရရှာ၏'' ဤသို့အစရှိသော နည်းဖြင့် ပင်ပန်းဆင်းရဲခြင်းသို့ရောက်သော သတ္တလောကကို အစဉ်လိုက်ကာ ကြည့်ရှုတော်မူသည်ဖြစ်၍ (ကြည့်ရှုတော်မူသဖြင့်) ဘုရားမဖြစ်မီ ရှေးအဖို့၌ ဖြစ်ခဲ့သော ပဋိဝေဓ(ဝိပဿနာ)ဉာဏ်သို့ အစဉ်လျှောက်သဖြင့် အိုခြင်း သေခြင်း အစရှိသော ထိုထိုဆင်းရဲ၏ ကိုယ်တော်တိုင် သိခဲ့သော (ဘဝအသစ်ဖြစ်ခြင်း အစရှိသော) အကြောင်းကို ပြတော်မူခြင်းအကျိုးငှါ (ဟောသောဒေသနာ ဖြစ်ပေသည်ဟု သိအပ်၏)။ အလယ်မှစ၍ အစတိုင်အောင်ဖြစ်သော ဒေသနာသည်၂ အာဟာရတို့၏အကြောင်းကို ပိုင်းခြားခြင်းသို့ အစဉ်လျှောက်သဖြင့် (အဝိဇ္ဇာ သင်္ခါရဟူသော) အတိတ်အဓွန့်တိုင်အောင် ကျော်လွန်လျက် ဆောင်ပြီးလျှင် တဖန် အတိတ်အဓွန့်မှစ၍ အကြောင်းအကျိုးအစဉ်ကို ပြခြင်းအကျိုးငှါ (ဟောသောဒေသနာ ဖြစ်ပေသည်ဟု သိအပ်၏)။ အဘယ်မှစ၍ အဆုံးတိုင်အောင်ဖြစ်သော ဒေသနာသည် ပစ္စုပ္ပန်အဓွန့်၌ အနာဂတ်အဓွန့် (ဘဝ)၏ အကြောင်းတရားတို့ ဖြစ်ပေါ်သည်မှစ၍ အနာဂတ်အဓွန့်ကို ပြခြင်းအကျိုးငှါ (ဟောသောဒေသနာ ဖြစ်ပေသည်ဟု သိအပ်၏)။ ထိုလေးပါးသော ဒေသနာတို့တွင် ဝဋ်ဆင်းရဲဖြစ်ခြင်း၏ အကြောင်း၌ လွန်စွာတွေဝေသော ဝေနေယျ သတ္တဝါအပေါင်းအား မိမိတို့နှင့်ဆိုင်သော အဝိဇ္ဇာအစရှိသော အကြောင်းတို့ကြောင့် (သင်္ခါရ အစရှိသော တရားတို့၏) မပြတ်ဖြစ်ခြင်းကို ပြခြင်းအကျိုးငှါ၎င်း၊ ဖြစ်စဉ်ကို ပြခြင်းအကျိုးငှါ၎င်း အစမှစ၍ အနုလောမဒေသနာကို ဟောတော်မူ(အပ်)ပေသည်၊ ထိုအနုလောမ ဒေသနာကို ဤပညာဘူမိနိဒ္ဒေသ၌ (ဖွင့်ပြရန် မူရင်းအဖြစ်ဖြင့်) ချထားအပ်ခဲ့သည်ဟူ၍ သိအပ်၏။

အဝိဇ္ဇာကို အစထား၍ ဟောခြင်းအကြောင်း

     ၅၈၄။ မေးခွန်းသွင်း၍ ရှင်းပြဦးအံ့၊ ဤပဋိစ္စသမုပ္ပါဒ် ဒေသနာ၌ အဝိဇ္ဇာကို အဘယ်ကြောင့် လက်ဦးအစ၌ ဟောတော်မူ(အပ်)ပါသနည်း?


မှတ်ချက်

     ၁- ထိုထိုဆင်းရဲ၏.. အကြောင်းကို-ဟု စပ်ပါ။

     ၂- နှာ ၂၈-၂-မှတ်ချက်အတိုင်း ဖြစ်သည်။

၃၀

ပကတိဝါဒရှိသော ပုဂ္ဂိုလ်တို့၏ ပကတိကဲ့သို့ အဝိဇ္ဇာသည်လည်း အကြောင်းကင်းလေသလော? လောက၏အကြောင်းရင်း ဖြစ်လေသလော? ဤကား အမေးပေတည်း။ အကြောင်းကင်းသည် မဟုတ်ပါ၊ မှန်ပေ၏၊ ''အာသဝဖြစ်ပေါ်ခြင်းကြောင့် အဝိဇ္ဇာဖြစ်ပေါ်သည်''ဟု အဝိဇ္ဇာ၏ အကြောင်းကို (မြတ်စွာဘုရား) ဟောတော်မူ(အပ်)ပေသည်။ သို့သော်လည်း မူလအကြောင်းဖြစ်နိုင်သော အကြောင်းပရိယာယ်ကား ရှိပေ၏၊ ထိုအကြောင်းပရိယာယ်ကား အဘယ်နည်းဟူမူ? ဝဋ်ကိုဟောသောစကား (ဝဋ္ဋကထာ)၏ ဦးခေါင်းအဖြစ်ပေတည်း။

     မှန်ပေ၏၊ မြတ်စွာဘုရားသည် ဝဋ္ဋကထာကို ဟောတော်မူသည်ရှိသော် နှစ်ပါးသော တရားတို့ကို ဦးခေါင်းပြု၍ ဟောတော်မူ၏၊ အဝိဇ္ဇာကိုမူလည်း (ဦးခေါင်းပြု၍ ဟောတော်မူ၏)။ ဟောတော်မူပုံကား-

''ရဟန်းတို့၊ ဤကာလမှ ရှေး၌ အဝိဇ္ဇာသည် မဖြစ်ခဲ့ မရှိခဲ့သေး၊ ထိုမှနောက်၌ စ၍ ဖြစ်လာခဲ့သည်-ဟု (ဆိုဖွယ်ရာ) အဝိဇ္ဇာ၏ ရှေးဖြစ်သော အစွန်းသည် မထင်ပေ၊ ရဟန်းတို့၊ ဤအတိုင်းပင် ဤစကားကို (ငါဘုရား) ဟောဆို(အပ်)ပေသည်။ ထိုသို့ ဟောဆိုသော်လည်း ဤအဝိဇ္ဇာ၏အကြောင်း (အာသဝ)ကြောင့် အဝိဇ္ဇာ(ဖြစ်ပေါ်သည်ဟု အဝိဇ္ဇာ၏အကြောင်းသည်) ထင်သေး၏'' ဟူ၍ပင်တည်း။

     ဘဝဏှာကိုမူလည်း (ဦးခေါင်းပြု၍ ဟောတော်မူ၏)။ ဟောတော်မူပုံကား-

''ရဟန်းတို့၊ ဤကာလမှ ရှေး၌ ဘဝတဏှာသည် မဖြစ်ခဲ့ မရှိခဲ့သေး၊ ထိုမှနောက်၌ စ၍ဖြစ်လာခဲ့သည်ဟု (ဆိုဖွယ်ရာ) ဘဝတဏှာ၏ ရှေးဖြစ်သော အစွန်းသည် မထင်ပေ၊ ရဟန်းတို့၊ ဤအတိုင်းပင် ဤစကားကို (ငါဘုရား) ဟောဆို(အပ်)ပေသည်။ ထိုသို့ ဟောဆိုသော်လည်း ဤဘဝတဏှာ၏ အကြောင်း(ဝေဒနာ)ကြောင့် ဘဝတဏှာ (ဖြစ်ပေါ်သည်ဟု ဘဝတဏှာ၏ အကြောင်းသည်) ထင်သေး၏'' ဟူ၍ပင်တည်း။


မှတ်ချက်

     ၁- ပကတိဝါဒကို အကျယ်သိလိုလျှင် ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ စတုတ္ထတွဲ နှာ ၂၁၁-စသည်၌ ကြည့်ပါ။

၃၁

     ၅၈၅။ မြတ်စွာဘုရားသည် ဝဋ္ဋကထာကို ဟောတော်မူသည်ရှိသော် အဘယ်ကြောင့် ဤတရားနှစ်ပါးတို့ကို ဦးခေါင်းပြု၍ ဟောတော်မူသနည်းဟူမူ? သုဂတိ ဒုဂ္ဂတိသို့ ရောက်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံ၏ ထူးသောအကြောင်း ဖြစ်သောကြောင့် (ဟောတော်မူပေသည်)။ ချဲ့၍ ပြဦးအံ့၊ အဝိဇ္ဇာသည် ဒုဂ္ဂတိသို့ ရောက်စေတတ်သော အကုသိုလ်ကံ၏ ထူးသောအကြောင်း (ဖြစ်သည်)။ အဘယ်ကြောင့်နည်း? အဝိဇ္ဇာ လွှမ်းမိုး နှိပ်စက်အပ်သည်ဖြစ်၍၊ ဝါ၊ အဝိဇ္ဇာ လွှမ်းမိုးနှိပ်စက်ခံရသော ပုထုဇဉ်ပုဂ္ဂိုလ်သည် မီးပူဖြင့် အကင်ခံရခြင်း ဆောက်ပုတ်ဖြင့် အရိုက်နှက် ခံရခြင်းတို့ကြောင့်ဖြစ်သော ပင်ပန်းဆင်းရဲခြင်းတို့ဖြင့် နှိပ်စက်အပ်သော (အနှိပ်စက်ခံရသော) အသတ်ခံရမည့် နွားမသည် ထိုပင်ပန်းခြင်းက နှိပ်စက်(အပ်)သောကြောင့် သာယာဖွယ်မရှိသည့်ပြင် မိမိ၏ အကျိုးမဲ့ကိုလည်း ဆောင်တတ်စေကာမူ [၁၅၇] ရေနွေးပူသောက်ခြင်းကို အားထုတ် ပြုလုပ်ဘိသကဲ့သို့ ထို့အတူ ကိလေသာပူပန်ခြင်း ရှိသောကြောင့်၊ ဝါ၊ ကိလေသာဖြင့် ပူလောင်ခြင်းကြောင့် သာယာဖွယ်မရှိသည့်ပြင် ဒုဂ္ဂတိသို့ ရောက်စေတတ်သောကြောင့် မိမိ၏ အကျိုးမဲ့ကိုလည်း ဆောင်တတ်စေကာမူ သူ့အသက်ကို သတ်ခြင်း အစရှိသော ဒုဂ္ဂတိသို့ ရောက်စေတတ်သော ကံအမျိုးမျိုးကို အားထုတ်ပြုလုပ်၏။ ထို့ပြင် ဘဝတဏှာသည် သုဂတိသို့ ရောက်စေတတ်သောကံ၏


မှတ်ချက်

     ၁- အဝိဇ္ဇာနှင့် တဏှာဟူသော အစဉ်အားလျော်စွာ ဒုဂ္ဂတိ သုဂတိ-ဟု ဆိုသင့်သော်လည်း ပါဠိသဒ္ဒါနည်းအရ ဒွန်သမာသ်၌ အကောင်းအမြတ်ကို ရှေ့ထားရသောကြောင့် သုဂတိ ဒုဂ္ဂတိ-ဟု ဝိသုဒ္ဓိမဂ်၌ ဆိုထားသည်၊ ထိုအစဉ်အတိုင်းပင် ပြန်ထားသည်။

     ၂- ပုထုဇဉ်ပုဂ္ဂိုလ်သည်.. ကံအမျိုးမျိုးကို အားထုတ်ပြုလုပ်၏-ဟု စပ်ပါ။

     ၃- နှိပ်စက်(အပ်)သောကြောင့်.. ရေနွေးပူသောက်ခြင်းကို အားထုတ်ပြုလုပ်ဘိသကဲ့သို့-ဟု စပ်ပါ။

     ၄- ရေနွေးပူကို သောက်ခြင်းသည် ထိုနွားမမှာ သာယာဖွယ်လည်း မရှိ၊ သူ၏ အကျိုးမဲ့ကိုလည်း ဆောင်တတ် ဖြစ်စေတတ်၏၊ သို့ပင်ဖြစ်စေကာမူ (သို့ပင် ဖြစ်ငြားသော်လည်း) ရေနွေးပူသောက်ခြင်းကို ထိုနွားမ ပြုသည်ဟု ဆိုလို၏။

     ၅- ကိလေသာဖြင့် ပူလောင်ခြင်းကြောင့်.. ကံအမျိုးမျိုးကို အားထုတ်ပြုလုပ်၏-ဟု စပ်ပါ။

၃၂

ထူးသောအကြောင်း (ဖြစ်သည်)။ အဘယ်ကြောင့်နည်း? ဘဝတဏှာ နှိပ်စက်(အပ်)သော ပုထုဇဉ်ပုဂ္ဂိုလ်သည် ပြဆိုခဲ့သော ထိုနွားမသည် ရေအေးကို ဆာလောင်တောင့်တသဖြင့် သာယာဖွယ်ရှိသည့်ပြင် မိမိ၏ ပင်ပန်းဆင်းရဲခြင်းကိုလည်း ပယ်ဖျောက်တတ်သော ရေအေးသောက်ခြင်းကို အားထုတ် ပြုလုပ်သကဲ့သို့ ကိလေသာအပူ ကင်းခြင်းကြောင့် သာယာဖွယ်ရှိသည့်ပြင် သုဂတိသို့ ရောက်စေတတ်သောကြောင့် မိမိ၏ ဒုဂ္ဂတိဆင်းရဲဟူသော ပင်ပန်းခြင်းကိုလည်း ပယ်ဖျောက်တတ်သော သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း အစရှိသော သုဂတိသို့ ရောက်စေတတ်သော ကံအမျိုးမျိုးကို အားထုတ်ပြုလုပ်၏


မှတ်ချက်

     ၁- ပုထုဇဉ်ပုဂ္ဂိုလ်သည်.. ကံအမျိုးမျိုးကို အားထုတ်ပြုလုပ်၏-ဟု စပ်ပါ။

     ၂- ရေအေးကို ဆာလောင် တောင့်တသဖြင့်.. ရေအေးသောက်ခြင်းကို အားထုတ် ပြုလုပ်သကဲ့သို့-ဟု စပ်ပါ။

     ၃- ကိလေသာအပူ ကင်းခြင်းကြောင့်.. ကံအမျိုးမျိုးကို အားထုတ်ပြုလုပ်၏-ဟု စပ်ပါ။

     ၄- သဝရခေါ်သော လူရိုင်းတို့သည် (နွားကိုသတ်လျှင်) အရိုးနှင့်အသား မကပ်စေရန် အကြိမ်ကြိမ် မီးပူတိုက်၍ ရိုက်နှက်ပြီးလျှင် ရေနွေးပူကို သောက်စေ၍ ဝမ်းသက်(စေကုန်၏၊ ထိုသို့ ဝမ်းသက်စေ)ပြီးသော ဖူးဖူးရောင်လျက် အရိုးမှ အသားကွာထွက်နေသော နွားကို သတ်ကြသတဲ့၊ ထို့ကြောင့် မီးပူဖြင့် အကင်ခံရခြင်း- အစရှိသော ဥပမာစကားကို အဋ္ဌကထာဆရာ ဆိုပေသည်။ ထိုဥပမာ၌ အသတ်ခံရမည့်နွားသည် မသိမှုအဝိဇ္ဇာ နှိပ်စက်ခံရသည်၏ အဖြစ်ကြောင့် အဆိုပါ ရေနွေးပူသောက်ခြင်းကို အားထုတ်ပြုလုပ်သကဲ့သို့ ထို့အတူ ပုထုဇဉ်ပုဂ္ဂိုလ်သည် အဆိုပါ ဒုဂ္ဂတိသို့ ရောက်စေတတ်သော ကံကို (အားထုတ်ပြုလုပ်၏)။ ထို့ပြင် ထိုနွားသည် ရေနွေးပူ သောက်ခြင်း၌ အပြစ်မြင်၍ တဏှာ၏အစွမ်အားဖြင့် ရေအေးသောက်ခြင်းကို အားထုတ် ပြုလုပ်သကဲ့သို့ ထို့အတူ ပုထုဇဉ်ပုဂ္ဂိုလ်သည် အဝိဇ္ဇာ အလွန်အားကြီးသောကြောင့် ဒုဂ္ဂတိသို့ ရောက်စေတတ်သော ကံ၌ အပြစ်မြင်၍ တဏှာ၏အစွမ်းဖြင့် သုဂတိသို့ ရောက်စေတတ်သော ကံကို အားထုတ်ပြုလုပ်၏။ မှန်ပေ၏၊ ဆင်းရဲ၌ အဝိဇ္ဇာသို့ တဏှာက နောက်မှလိုက်၏၊ ချမ်းသာ၌ တဏှာသို့ အဝိဇ္ဇာက နောက်မှလိုက်၏။ (ဋီကာအဖွင့်) ဤအရာ၌ ဂါဝီဟု ဆိုသော်လည်း နွားမကိုသာ မယူသင့်၊ နွားသာမန်ကို ယူသင့်၏၊ အကြောင်းမူကား- သဝရတို့သည် နွားထီးကိုလည်း သတ်ကြမည့်ပြင် ဂါဝီ-သဒ္ဒါသည်လည်း နွားသာမန်ကို ဟောနိုင်သောကြောင့်ပေတည်း။

၃၃

     ၅၈၆။ ထိုမှတပါး ဝဋ္ဋကထာ၏ ဦးခေါင်းဖြစ်သော ထို(အဝိဇ္ဇာနှင့် တဏှာဟူသော) တရား၂-ပါးတို့တွင် အချို့သုတ်၌ မြတ်စွာဘုရားသည် တခုသောတရားလျှင် မူလရှိသော ဒေသနာကို ဟောတော်မူ၏၊ ဤဒေသနာသည် အဘယ်နည်းဟူမူ? ''ရဟန်းတို့၊ ဤသို့ဆိုလျှင် သင်္ခါရတို့သည် အဝိဇ္ဇာလျှင် အကြောင်းရှိကုန်၏။ ဘဝသစ် ဝိပါက် ဝိညာဏ်သည် သင်္ခါရလျှင် အကြောင်းရှိ၏'' ဤသို့ အစရှိသော ဒေသနာသည်၎င်း၊ ထို့ပြင် ''ရဟန်းတို့၊ ဥပါဒါန်၏ အာရုံဖြစ်ကုန်သော တရားတို့၌ သာယာဖွယ်ကို ရှုလေ့ရှိသည်ဖြစ်၍ နေသောသူအား တဏှာသည် တိုးပွါး၏။ တဏှာဟူသော အကြောင်းကြောင့် ဥပါဒါန်ဖြစ်၏'' ဤသို့ အစရှိသော ဒေသနာသည်၎င်း (ဖြစ်ပေသည်)။ အချို့သုတ်၌ ၂-ပါးသော တရားလျှင် မူလရှိသော ဒေသနာကိုလည်း (ဟောတော်မူ၏)။ ဤဒေသနာသည် အဘယ်နည်းဟူမူ? ''ရဟန်းတို့၊ အဝိဇ္ဇာဟူသော အပိတ်အဆို့ရှိသော တဏှာနှင့်ယှဉ်သော သူမိုက်အား ဤသို့ (အဝိဇ္ဇာက ပိတ်ဆို့ထားခြင်း၊ တဏှာနှင့် ယှဉ်ခြင်းကြောင့်)* ဝါ၊ ဤအဝိဇ္ဇာ တဏှာဟူသော တရား၂-ပါးကြောင့် (ခန္ဓာငါးပါးဟူသော၊ ဝါ၊ အာယတန ၆-ပါးဟူသော) ဤကာယသည် ဖြစ်ပေါ်လာ၏။ ဤသို့ (ခန္ဓာငါးပါးဟူသော၊ ဝါ၊ အာယတန ၆-ပါးဟူသော) ဤ မိမိသန္တာန်၌ဖြစ်သော ကာယသည်၎င်း၊ အပြင်ပ သူတပါးသန္တာန်၌ရှိသော နာမ်ရုပ်သည်၎င်း၊ ဤသို့သောအပြားဖြင့် (မိမိသန္တာန်၌ဖြစ်သော ကာယနှင့် အပြင်ပသန္တန်၌ရှိသော နာမ်ရုပ်ဟူသော) ဤအတွင်းအပြင်တရား ၂-ပါးအပေါင်းသည် ဒွယ(နှစ်ခုအပေါင်း တစုံ)မည်၏။ ဤအတွင်းအပြင် တရားတစုံကို စွဲ၍ ဖဿဖြစ်ပေါ်၏။ ဖဿ၏ အကြောင်းတို့သည် ၆-ပါးတို့သာလျှင်တည်း။ ယင်း အာယတန ၆-ပါး တို့ကြောင့် (ဖြစ်ပေါ်သော ဖဿဖြင့်) တွေ့ထိသည်ဖြစ်၍ သူမိုက်သည် ချမ်းသာဆင်းရဲကို ခံစားရ၏'' ဤသို့ အစရှိသော ဒေသနာပင်တည်း။ ထိုဒေသနာတို့တွင် ''အဝိဇ္ဇာဟူသော အကြောင့်ကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏''ဟူသော ဤဒေသနာသည် ဤပညာဘူမိနိဒ္ဒေသ၌ အဝိဇ္ဇာ၏ အစွမ်းအားဖြင့် တခုသောတရားလျှင် မူလရှိသော ဒေသနာပေတည်း-ဟု သိအပ်၏။ ဤဆိုခဲ့သည့်အတိုင်း ပဋိစ္စသမုပ္ပါဒ်ကို ပြရာ၌ ရှေးဦးစွာ ဒေသနာအပြားအားဖြင့် အဆုံးအဖြတ်ကို သိအပ်၏။


မှတ်ချက်

     * ဤလက်သည်းကွင်းအတွင်းက စကားသည် ဧဝံ-ဤသို့-ဟူသော ပုဒ်၏ အဖွင့်ဖြစ်သည်။

     ၁- ဤဆိုခဲ့သည့်အတိုင်း.. အဆုံးအဖြတ်ကို သိအပ်၏-ဟု စပ်ပါ။

၃၄

အဝိဇ္ဇာစသည်တို့၏ အနက်

     ၅၈၇။ အနက်အားဖြင့် ဟူသည်ကား အဝိဇာအစရှိသော ပုဒ်တို့၏ အနက်အားဖြင့်။ ဤအနက်ဟူသည် အဘယ်နည်း? ပြည့်စေခြင်း- ဆည်းပူးခြင်းငှါ မသင့်သော အနက်သဘောကြောင့် ကာယဒုစရိုက် အစရှိသည်သည် အဝိန္ဒိယမည်၏၊ ''မရသင့် မရထိုက်သော အမှု''- ဤကား အဝိန္ဒိယ-၏ အနက်ပေတည်း။ ထို မရသင့် မရထိုက်သော အမှုကို ရတတ်သောကြောင့် အဝိဇ္ဇာမည်၏။ ထိုမှ ပြန်သောအားဖြင့် ကာယသုစရိုက် အစရှိသည်သည် ဝိန္ဒိယ မည်၏၊ ထိုရသင့် ရထိုက်သော အမှုကို မရတတ်သောကြောင့် အဝိဇ္ဇာမည်၏။ ခန္ဓာတို့၏ အစုဟူသော အနက်သဘောကို၊ အာယတနတို့၏ ဖြစ်စေခြင်းဟူသော အနက်သဘောကို၊ ဓာတ်တို့၏ အတ္တ သတ္တ ဇီဝမှ ဆိတ်သော အနက်သဘောကို၊ ဣန္ဒြေတို့၏ အစိုးရခြင်း အနက်သဘောကို၊ သစ္စာတို့၏ မှန်သော အနက်သဘောကို မသိအပ်သည်ကို ပြုတတ်သောကြောင့်လည်း အဝိဇ္ဇာမည်၏။ ဒုက္ခသစ္စာ စသည်တို့၏ နှိပ်စက်ခြင်းစသည်တို့၏ အစွမ်းအားဖြင့် ဟောအပ်သော လေးပါးအပြားရှိသော အနက်ကို မသိအပ်သည်ကို ပြုတတ်သောကြောင့်လည်း အဝိဇ္ဇာမည်၏၄။ အဆုံးအပိုင်းအခြားကင်းသော သံသရာ၌ အလုံးစုံသော ယောနိ, အလုံးစုံသော ဂတိ, အလုံးစုံသော ဘဝ, အလုံးစုံသော ဝိညာဏဋ္ဌိတိ, အလုံးစုံသော သတ္တာဝါသတို့၌ သတ္တဝါတို့ကို


မှတ်ချက်

     ၁- အဝိန္ဒိယ-နောင် ဝိန္ဒတိ-အနက်၌ အ-ပစ္စည်းသက်၊ န္ဒိယ-ကို ဒျ-ပြု၊ တဖန် ဒျ-ကို ဇ္ဇ-ပြု၍ ထီလိင်ဇောတက အာ-ပစ္စည်းနှင့်တကွ အဝိဇ္ဇာ-ဟု ရုပ်ပြီးစေအပ်၏။ ဤအလို အဝိဇ္ဇာဟူသည်မှာ မရထိုက်သော ကာယဒုစရိုက် စသည်ကို ရတတ်-ဖြစ်စေတတ်သော တရား-ဟု ဆိုလို၏။

     ၂- ပြည့်စေခြင်း- ဆည်းပူးခြင်းငှါ သင့်သော အနက်သဘောကြောင့်-ဟု ဆိုလို၏။

     ၃- န + ဝိန္ဒယ-မှ- အဝိဇ္ဇာ-ဟု ရုပ်ပြီးစေအပ်၏။

     ၄- အဝိဒိတံ- မသိအပ်သည်ကို၊ ကရောတိ- ပြုတတ်၏-ဟူသော အနက်၌ အဝိဒိတ-နောင် အ-ပစ္စည်းသက်၊ တကိုချေ၊ ဒိ-မှ ဣ-ကို ယ-ပြု၊ ဒျ-ကို ဇ္ဇ-ပြု၍ အဝိဇ္ဇာ-ဟု ရုပ်ပြီးစေအပ်၏။ သို့မဟုတ် အဝိဒိတ-၏ ပရိယာယ်ဖြစ်သော အဝိဒျ-နောင် အ-ပစ္စည်းသက်၊ ဒျ-ကို ဇ္ဇ-ပြု၍ ပြီးစေအပ်၏။ ဤအဖွင့်များဖြင့်ပင် န ဝိဒတီတိ- မသိတတ်သောကြောင့်၊ အဝိဇ္ဇာ- အဝိဇ္ဇာမည်၏-ဟူသော ဝစနတ္ထနှင့်၊ ဝိဒတီတိ- သိတတ်သောကြောင့်၊ ဝိဇ္ဇာ- ဝိဇ္ဇာမည်၏။ ဝိဇ္ဇာ-သိတတ်သည်၊ န-မဟုတ်၊ ဣတိ-ဤအကြောင်းကြောင့်၊ အဝိဇ္ဇာ-

၃၅

ပြေးသွားစေတတ်သောကြောင့် အဝိဇ္ဇာမည်၏။ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မိန်းမ ယောက်ျား အစရှိသော ပညတ်တို့၌ သွားတတ်- ဖြစ်တတ်၏၊ ထင်ရှားရှိကုန်သော ခန္ဓာစသည်တို့၌လည်း မသွားတတ် မဖြစ်တတ်၊ ထို့ကြောင့်လည်း အဝိဇ္ဇာမည်၏။ တနည်းသော်ကား [၁၅၈] စက္ခုဝိညာဏ် အစရှိသည်တို့၏ ဝတ္ထုနှင့် အာရုံတို့ကို၎င်း၊ ပဋိစ္စသမုပ္ပါဒ်တရား ပဋိစ္စသမုပ္ပန် တရားတို့ကို၎င်း ဖုံးလွှမ်းတတ်သောကြောင့်လည်း အဝိဇ္ဇာမည်၏။


မှတ်ချက်

အဝိဇ္ဇာမည်၏-ဟူသော ဝစနတ္ထတို့ကိုလည်း ပြသည်ဟု ယူအပ်၏။ မှန်ပေ၏၊ မသိအပ်သည်ကို ပြုခြင်း- မသိအောင်ပြုခြင်းသည် သိတတ်သောဉာဏ်၏ ဆန့်ကျင်ဖက်ဖြစ်သည်။ အဝိဇ္ဇာ-ပုဒ်၌ အ-သဒ္ဒါသည်လည်း ဆန့်ကျင်ဖက်ကို ဟော၏၊ ထို့ကြောင့် အဝိဇ္ဇာဟူသည်မှာ သိတတ်သော ဝိဇ္ဇာဉာဏ်၏ ဆန့်ကျင်ဖက်ပေတည်း၊ သိတတ်သောဉာဏ်၏ ဆန့်ကျင်ဖက် ဟူသည်မှာလည်း အမှန်ကို မသိမူ၍ အလွဲအမှားကို သိတတ်- သိစေတတ်သော တရားပေတည်း။ သို့ဖြစ်၍ မသိအပ်သည်ကို ပြုသည်ဆိုသော စကားနှင့် သိတတ်သောဉာဏ်၏ ဆန့်ကျင်ဖက်ဟူသော စကားသည် တူညီလျက်ရှိ၏။ ထို့ကြောင့် ဆိုခဲ့သော ဝစနတ္ထတို့ကိုလည်း ပြခြင်းဖြစ်သည်ဟု သိအပ်ပေသည်။

     ၁- အန္တဝိရဟိတေ- အဆုံးအပိုင်းအခြားကင်းသော သံသရာ၌၊ ဇဝါပေတိ- ပြေးသွားစေတတ်၏ - ဟူသော ဝစနတ္ထ၌ အန္တ-မှ အ-ကို၎င်း၊ ဝိရဟိတေ-မှ ဝိ-ကို၎င်း၊ ဇဝါပေတိ-မှ ဇ-ကို၎င်း ယူပြီးလျှင် ကြွင်းသော အက္ခရာတို့ကို ချေ၍ ဇ-အက္ခရာတလုံးကိုလည်း လာစေကာ အဝိဇ္ဇာ-ဟု ဆိုသည်။ (ဋီကာ)

     ၂- အဝိဇ္ဇမာနေသု- ထင်ရှားမရှိသော ပညတ်တို့၌၊ ဇဝတိ- ပြေးသွားတတ်- ဖြစ်တတ်၏-ဟူသော ဝစနတ္ထ၌ အဝိဇ္ဇာမာနဇဝ-မှ အဝိဇ္ဇာ-ဟု ရုပ်ပြီးစေအပ်၏။ ဝိဇ္ဇာမာနေသုပိ ခန္ဓာဒီသု- ထင်ရှားရှိသော ခန္ဓာစသည်တို့၌လည်း၊ န ဇဝတိ၊ မသွားတတ်- မဖြစ်တတ်-ဟူသော ဝစနတ္ထ၌ န+ဝိဇ္ဇမာန+ဇဝ-မှ အဝိဇ္ဇာ-ဟု ပြီးစေအပ်၏။ ချေသင့်သည်ကို ချေ၍ လာသင့်သည်ကို လာစေကာ န-ကို အ-ပြု၍ ပြီးစေအပ်၏။

     ၃- သဒ္ဒါနက်ကို ပြဆိုပြီးလျှင် သဘာဝအနက်ကို ပြခြင်းငှါ အပိစ-တနည်းသော်ကား စသည်ကို (အဋ္ဌကထာဆရာ) ဆိုအပ်ပေသည်။ (ဋီကာ) ဤဋီကာနှင့်အညီ ဖုံးလွှမ်းတတ်သောကြောင့် အဝိဇ္ဇာမည်၏-ဟူသော စကားမှာ ဝစနတ္ထ သဒ္ဒါနက်မဟုတ်၊ ဆိုလိုအပ်သော သဘာဝအနက်ဖြစ်သည်ဟု မှတ်ရာ၏။ ထိုသဘာဝအနက်၌ ပဋိစ္စသမုပ္ပါဒ်တရားနှင့် ပဋိစ္စသမုပ္ပန်တရားတို့ကို ဖုံးလွှမ်းခြင်းသည် စက္ခုဝိညာဏ် စသည်တို့၏ ဝတ္ထုနှင့် အာရုံတို့ကို ဖုံးလွှမ်းခြင်းဖြင့်လည်း ပြီးစီးသည်ဟု ဋီကာ၌ ပြဆို၏။

၃၆

     အကြင်အကြောင်းကို စွဲမှီ၍ အကျိုးသည် ဖြစ်၏၊ ထိုစွဲမှီရာ အကြောင်းသည် ပစ္စယမည်၏။ (ထိုပစ္စယ-၏ ဝစနတ္ထ၌) (ပတိ-၏အစား ပဋိစ္စ-) စွဲမှီ၍ဟူရာ၌ ''မကင်းမူ၍ မစွန့်မူ၍''ဟူသော အနက်ကို (သိအပ်၏)။ (အယ-၏အစား ဧတိ-) ဖြစ်၏-ဟူရာ၌ ''ဖြစ်လည်းဖြစ်၏ မပြတ်ဖြစ်လျက် တည်လည်းတည်၏''ဟူသော အနက်ကို (သိအပ်၏)။ တနည်းသော်ကား ကျေးဇူးပြုတတ်သော အနက်သဘောသည်၁ ပစ္စယ၏ အနက်ပေတည်း။ ထိုအကြောင်းသဘောသည် အဝိဇ္ဇာလည်းမည်, ပစ္စယလည်း မည်သောကြောင့် အဝိဇ္ဇာပစ္စယမည်၏။ ထို အဝိဇ္ဇာဟူသော အကြောင်း(ပစ္စယ)ကြောင့်။ ပြုပြင်အပ်သော အကျိုးတရားကို ပြုပြင်တတ်ကုန်သောကြောင့် သင်္ခါရတို့ မည်ကုန်၏။ တနည်းသော်ကား သင်္ခါရတို့သည် (၁) အဝိဇ္ဇာဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရတို့နှင့် (၂) သင်္ခါရသဒ္ဒါဖြင့်လာသော (ဟောထားသော) သင်္ခါရတို့ဟူ၍ ၂-ပါးအပြားရှိကုန်၏။ ထို ၂-ပါးတို့တွင် သုံးပါးကုန်သော ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရတို့နှင့် သုံးပါးကုန်သော ကယာသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရတို့ ဟူကုန်သော ဤ၆-ပါးတို့သည် အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဖြစ်သော သင်္ခါရတို့မည်ကုန်၏။ ထိုသင်္ခါရ အလုံးစုံတို့သည်လည်း လောကီကုသိုလ်စေတနာ- အကုသိုလ်စေတနာမျှသာလျှင် ဖြစ်ကုန်၏။


မှတ်ချက်

     ၁- ပတိ-ပဋိစ္စ-စွဲမှီ၍ + အယ-ဧတိ-ဖြစ်သည် = ပတိ + အယ = ပတျယ=ပစ္စယ ဖြစ်ရန် စွဲမှီခဲ့သော အကြောင်း- စွဲမှီ၍ ဖြစ်ကြောင်း။

     ၂- ဤအဖွင့်သည် ''အဝိဇ္ဇာပစ္စယာ သင်္ခါရာ- အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြသည်''ဟူသော မူရင်းစကား၌ ရှိခဲ့သော ''အဝိဇ္ဇာပစ္စယာ- အဝိဇ္ဇာဟူသော အကြောင်းကြောင့်''ဟူသော ပုဒ်ကို သူ့ရှိရင်းဝိဘတ်နှင့် ပြန်၍ပြသော အဖွင့်ဖြစ်သည်။ ဝိဘတျန္တသံဝဏ္ဏနာ- ဝိဘတ်အဆုံးရှိသည့်အတိုင်းပြသော အဖွင့်ဟူ၍လည်း ခေါ်၏။ မြန်မာပြန်၌ကား ဤအဖွင့်ဖြင့် အကျိုးမရှိပေ။

     ၃- ပြုပြင်-ဟု ဆိုသော်လည်း အဟောင်းကို ပြုပြင်ခြင်းကား မဟုတ်၊ အသစ်ပြုခြင်း အသစ်ဖြစ်စေခြင်းကိုသာ ဤသင်္ခါရ-ပုဒ်အရာ၌ ဆိုလိုသည်။

     ၄- အဝိဇ္ဇာကြောင့်ဖြစ်သော သင်္ခါရတို့သည် သင်္ခါရသဒ္ဒါဖြင့်လာသော သင်္ခါရတို့၌ အတွင်းဝင်ကုန်ငြားသော်လည်း ယင်းသင်္ခါရတို့သည် ဤပဋိစ္စသမုပ္ပါဒ်ဒေသနာ၌ ပဓာန လိုရင်းဖြစ်ကြသောကြောင့် ယင်းသင်္ခါရတို့ကို

၃၇

     ထိုမှတပါး (၁) သင်္ခတ သင်္ခါရ (၂) အဘိသင်္ခတ သင်္ခါရ (၃) အဘိသင်္ခရဏက သင်္ခါရ (၄) ပယောဂါဘိသင်္ခါရ ဟူကုန်သော ဤ၄-ပါးတို့သည် သင်္ခါရသဒ္ဒါဖြင့်လာသော သင်္ခါရတို့မည်ကုန်၏။ ထို၄-ပါးတို့တွင် ''အနိစ္စာ ဝတ သင်္ခါရာ- (သင်္ခါရတို့သည် မမြဲလေကုန်စွတကား)'' ဤသို့အစရှိသော ပါဠိတို့၌ ဟောထားအပ်ကုန်သော အလုံးစုံလည်းဖြစ်ကုန်သော အကြောင်းရှိသော တရားတို့သည် သင်္ခတသင်္ခါရ မည်ကုန်၏။ ''ကံကြောင့်ဖြစ်ကုန်သော ဘုံသုံးပါး၌ ဖြစ်ကုန် (အတွင်းဝင်ကုန်)သော ရုပ်နာမ်တရားတို့သည် အဘိသင်္ခတသင်္ခါရ မည်ကုန်၏''ဟူ၍ အဋ္ဌကထာတို့၌ ဆို(အပ်ကုန်)၏။


မှတ်ချက်

အသီးအခြားထုတ်၍ ဆိုထားသည်။ ထို့ကြောင့် ၂-ပါးအပြားရှိ၏ ဟူရာ၌ သင်္ခါရသဒ္ဒါဖြင့်လာသော သင်္ခါရ၄-ပါးထဲက အဘိသင်္ခရဏက သင်္ခါရကို ချန်၍ ကြွင်းသော သင်္ခါရ ၃-ပါးကိုသာလျှင် သင်္ခါရသဒ္ဒါဖြင့်လာသော သင်္ခါရဟူ၍ ယှဉ်စေအပ်-ယူအပ်၏။ တနည်းကား သင်္ခါရသဒ္ဒါဖြင့်လာသော သင်္ခါရတို့ဟူသော စကားဖြင့် သင်္ခါရအားလုံးအပေါင်းကို ဆိုသည်၊ ထိုအပေါင်း၏ (အပေါင်းထဲမှ) အစိတ်ဖြစ်သော အဝိဇ္ဇာပစ္စယသင်္ခါရတို့ကို ဤ၌ ဖွင့်ရမည့် သင်္ခါရအဖြစ်ဖြင့် ယူအပ်ကုန်၏။ ထို့ကြောင့် ဖွင့်ရမည့်သင်္ခါရနှင့် အလုံးစုံကိုသိမ်းယူသည့် သင်္ခါရတို့ အလိုအားဖြင့် ၂-ပါး အပြားရှိသည်၏အဖြစ်ကို ဆိုထားသည်ဟု သိအပ်၏။ (ဋီကာ)

     ၁- အလုံးစုံလည်းဖြစ်သော- ဟူသော စကားဖြင့် တစိတ်တဒေသလည်းဖြစ်သောဟု ပေါင်းဆည်း၏။ အလုံးစုံလည်း သင်္ခတသင်္ခါရမည်သည်၊ တစိတ်တပိုင်းလည်း သင်္ခတသင်္ခါရမည်သည်ဟု ဆိုလို၏။ နောက်၌လည်း ဤသို့သောစကားကို နည်းတူပင် သိပါလေ။

     ၂- သင်္ခတ- ကံ စိတ် ဥတု အာဟာရစသော ဆိုင်ရာအကြောင်းတို့က ပေါင်းစုညီညွတ်၍ ပြုအပ်- ဖြစ်စေအပ်သော + သင်္ခါရ-သင်္ခါရတရား = သင်္ခတသင်္ခါရ- ဆိုင်ရာအကြောင်းတို့က ပေါင်းစုညီညွတ်၍ ပြုအပ်သော သင်္ခါရတရား။

     ၃- အဘိ- ရှေးရှုပြုဘိသကဲ့သို့ + သင်္ခတ-ပြုအပ်သော + သင်္ခါရ-သင်္ခါရတရား = အဘိသင်္ခတသင်္ခါရ- ငါ့ဥစ္စာဟု ရှေးရှုပြုသလိုပင် ကံကပြုအပ်သော သင်္ခါရတရား၊ ကံကြောင့်ဖြစ်သော လောကီဝိပါက်နှင့် ကမ္မဇရုပ်တရားများပင် ဖြစ်သည်။ ယင်းတို့သည် ကံအကြောင်းက ပြုအပ်သော သင်္ခတသင်္ခါရပင် ဖြစ်ငြားသော်လည်း ကံက ငါ့ဥစ္စာအနေအားဖြင့် ဖြစ်စေအပ်သောကြောင့် ထူးကဲသော သင်္ခတဖြစ်သည်ဟူသော အလိုဖြင့် အဋ္ဌကထာ၌ ယင်းတို့ကို အဘိသင်္ခတသင်္ခါရဟု အထူးထုတ်၍ ဆိုထားသည်။ (ဋီကာ)

၃၈

ထိုအဘိသင်္ခတ သင်္ခါရတို့သည်လည်း ''အနိစ္စာ ဝတ သင်္ခါရာ''ဟူသော ဤပါဌ်၌သာလျှင် သိမ်းယူအပ်ခြင်းသို့ ရောက်ကုန်၏။ ယင်း အဘိသင်္ခတ သင်္ခါရတို့၏ လာရာဌာနသည်ကား (ပါဠိတော်၌) အသီးအခြား မထင်ပေ။ ဘုံသုံးပါး၌ဖြစ်သော (အတွင်းဝင်သော) ကုသိုလ် အကုသိုလ်စေတနာကိုကား အဘိသင်္ခရဏကသင်္ခါရ-ဟု ဆိုအပ်၏။ ထိုအဘိသင်္ခရဏကသင်္ခါရ၏ လာရာဌာနသည် ''အဝိဇ္ဇာဂတောယံ ဘိက္ခဝေ ပုရိသပုဂ္ဂလော ပုညဉ္စေ သင်္ခါရံ အဘိသင်္ခရောတိ- (ရဟန်းတို့ အဝိဇ္ဇာရှိသော ဤယောက်ျားပုဂ္ဂိုလ်သည် ပုညမည်သော သင်္ခါရကို အကယ်၍ ပြုလုပ်ငြားအံ့)'' ဤသို့ အစရှိသော ပါဠိတို့၌ ထင်ပေ၏။ ကိုယ်၌ဖြစ်သော ဝီရိယ စိတ်၌ဖြစ်သော ဝီရိယကိုကား ပယောဂါဘိသင်္ခါရ-ဟု ဆိုအပ်၏။ ထို ပယောဂါဘိသင်္ခါရသည် ''ယာဝတိကာ အဘိသင်္ခါရဿ ဂတိ၊ တာဝတိကာ ဂန္တွာ အက္ခာဟတံ မညေ အဋ္ဌာသိ- (လက်ဖြင့် တွန်းလှိမ့်လိုက်ခြင်းဟူသော အားထုတ်မှု၏ အရှိန်ရှိသလောက် (လှည်းဘီးသည်) လိမ့်သွားပြီးလျှင် (အရှိန်ကုန်ရာ၌) ဝင်ရိုးဖြင့် ထိုးလျှိုထားအပ်ဘိသကဲ့သို့ ထောင်လျက် တည်နေလေ၏)'' ဤသို့ အစရှိသော ပါဠိတို့၌ လာပေ၏။

     ဆက်၍ ဖော်ပြဦးအံ့၊ သက်သက် ဤဆိုခဲ့သော သင်္ခါရတို့သည်သာလျှင် (သင်္ခါရသဒ္ဒါဖြင့်လာသော သင်္ခါရတို့မည်ကြသည်) မဟုတ်ကုန်သေး၊ (စင်စစ်သော်ကား) ''ဒါယကာဝိသာခ၊ မှတ်သားမှု-သညာ, ခံစားမှု-ဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်)သို့ ဝင်ရောက်သော ရဟန်းအား ဝိတက် ဝိစာရဟူသော ဝစီသင်္ခါရသည် ရှေးဦးစွာချုပ်၏၊ ထို့နောင်မှ ဝင်သက်ထွက်သက်ဟူသော ကာယသင်္ခါရသည် (ချုပ်၏)၊ ထို့နောင်မှ သညာဝေဒနာဟူသော စိတ္တသင်္ခါရသည် (ချုပ်၏)။'' ဤသို့ အစရှိသောနည်းဖြင့် သင်္ခါရသဒ္ဒါဖြင့် လာကုန်သော အခြားတပါးသော သင်္ခါရတို့သည်လည်း


မှတ်ချက်

     ၁- အဘိသင်္ခရဏက- ရှေးရှုပြုတတ်သော၊ ဝါ၊ အထူးသဖြင့် ပြုတတ်သော + သင်္ခါရ- သင်္ခါရတရား = အဘိသင်္ခါရ- ရှေးရှုပြုတတ်သော၊ ဝါ၊ အထူးသဖြင့် ပြုတတ်သော သင်္ခါရတရား၊ အဝိဇ္ဇာပစ္စယသင်္ခါရနှင့် အရတူပင် ဖြစ်သည်။

     ၂- ပယောဂ-ယှဉ်စေမှု၊ ဝါ-အားထုတ်မှု + အဘိသင်္ခါရ- ရှေးရှုပြုမှု၊ ဝါ-အထူးပြုမှု = ပယောဂါဘိသင်္ခါရ- ကိုယ်နှုတ်စိတ်ဖြင့် အားထုတ်မှုဟူသော ပြုလုပ်မှု၊ ကိုယ်နှုတ်စိတ်ဖြင့် ကြောင့်ကြဗျာပါရစိုက်မှု- အားထုတ်မှုပင် ဖြစ်သည်။

၃၉

များစွာ ရှိကြသေး၏။ ထိုသင်္ခါရတို့တွင် သင်္ခတသင်္ခါရတို့ဖြင့် သိမ်းယူ ရေတွက်ခြင်းသို့ မရောက်သော (ဝါ၊ မသိမ်းယူ မရေတွက်နိုင်သော) သင်္ခါရမည်သည် မရှိပေ။ ဤ (သင်္ခါရသဒ္ဒါ၏ အနက်ကိုပြသော စကား)မှ နောက်၌ ''သင်္ခါရဟူသော အကြောင်းကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်သည်'' ဤသို့ အစရှိသော စကားရပ်တို့၌ ဆိုအပ်ခဲ့ပြီးသော (သင်္ခါရ၏အနက် ပစ္စယ၏အနက် အစရှိသော) အနက်ကို ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏

     [၁၅၉] ထူးရာကို ပြဆိုအံ့၊ မဆိုအပ်သေးသော (ဝိညာဏ စသည်၏) အနက်၌ (ဤသို့ သိအပ်၏)၊ (အာရုံကို) သိတတ်သောကြောင့် ဝိညာဏ်မည်၏။ (အာရုံဆီသို့) ညွတ်တတ်သောကြောင့် နာမ်မည်၏။ ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏။ (ထိုထို ဒွါရ အာရုံတို့၌) ဖြစ်တတ်သော စိတ်စေတသိက်တို့ကို (ထင်ရှားပေါ်လာအောင်) ချဲ့တတ်- ကျယ်ပြန့် ဖြစ်ပွါးစေတတ်သောကြောင့်၎င်း၊ ရှည်သော သံသရာဆင်းရဲကို ဆောင်တတ်- ဖြစ်စေတတ်သောကြောင့်၎င်း အာယတနမည်၏။ (အာရုံကို) တွေ့ထိတတ်သောကြောင့် ဖဿမည်၏။ ခံစားတတ်သောကြောင့် ဝေဒနာမည်၏။ ဆာလောင်တတ်သောကြောင့် တဏှာမည်၏။ စွဲလမ်းတတ်သောကြောင့် ဥပါဒါန် မည်၏။ ဖြစ်တတ်သောကြောင့်၎င်း၊ ဖြစ်စေတတ်သောကြောင့်၎င်း ဘဝမည်၏။ ဖြစ်ခြင်းသည် ဇာတိမည်၏။ ရင့်ယော်ခြင်း- အိုခြင်းသည် ဇရာမည်၏။ သေကြောင်းသဘော ဖြစ်သောကြောင့် မရဏမည်၏။ စိုးရိမ်-ပူဆွေးခြင်းသည် သောကမည်၏။ ငိုကြွေးမြည်တမ်းခြင်းသည် ပရိဒေဝမည်၏။ ဆင်းရဲစေတတ်သောကြောင့် ဒုက္ခမည်၏၊ တနည်း- ဥပါဒ်-ဌီတို့အရ နှစ်ပါးအပြားအားဖြင့် တူးဖြိုတတ်သောကြောင့် ဒုက္ခမည်၏။ နှလုံးမသာသည်၏အဖြစ်- (နှလုံးမသာခြင်း)သည် ဒေါမနဿမည်၏။ ပြင်းစွာ စိတ်ပင်ပန်းခြင်းသည် ဥပါယာသမည်၏။


မှတ်ချက်

     ၁- ဤစကားဖြင့် ပစ္စယ-၏အနက်ကို အဝိဇ္ဇာပစ္စယာ-ပုဒ်၌ ပြခဲ့သည့်အတိုင်း သိရန်၊ အဝိဇ္ဇာ-နှင့် ပစ္စယ သမာသ်တွဲစပ်သကဲ့သို့ သင်္ခါရစသည်နှင့် သမာသ်တွဲစပ်ပုံများကို သိရန် ညွှန်ပြသည်။

     ၂- ဒုက္ခဝေဒနာသည် ဖြစ်ဆဲနှင့် တည်ဆဲ၌ ဆင်းရဲစေတတ်သောကြောင့် ၂-ပါးအပြားအားဖြင့် တူးဖြိုတတ်သည်ဟု ဆိုသည်။

၄၀

(သမ္ဘဝန္တိ) ဖြစ်ကုန်၏-ဟူရာ၌ ဖြစ်ပေါ်ကုန်၏(ဟု ဆိုလို၏)။ ဤသမ္ဘဝန္တိ-ဖြစ်ကုန်၏-ဟူသော ပုဒ်ကို သောကစသည်တို့နှင့်သာလျှင် စပ်ယှဉ်အပ်သည်မဟုတ် (သင်္ခါရာ-သင်္ခါရတို့သည်- အစရှိကုန်သော) အလုံးစုံသော (ကတ္တား)ပုဒ်တို့နှင့်လည်း စပ်ယှဉ်အပ်ပေ၏။ အပြစ်ကား ဤသို့ မစပ်ယှဉ်မူ၍ ''အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့သည်''ဟု (ဤမျှသာ) ဆို(အပ်)ပါမူ (သင်္ခါရတို့သည်) အဘယ်ကို ပြုကုန်သနည်းဟု မထင်ရှားလေရာ။ သမ္ဘဝန္တိ-ဖြစ်ကုန်၏-ဟူ၍ စပ်ယှဉ်ပါမူကား ''ထိုအကြောင်းသဘောသည် အဝိဇ္ဇာလည်းမည်, ပစ္စယလည်း မည်သောကြောင့် အဝိဇ္ဇာပစ္စယ- အဝိဇ္ဇာဟူသော အကြောင်းမည်၏၊ ထိုအဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏''-ဟု အကြောင်းနှင့်အကျိုး ပိုင်းခြားသတ်မှတ်ခြင်းကို ပြုအပ်ပေသည် (ပြုခြင်းကိစ္စ ပြီးပေသည်)။ (သင်္ခါရပစ္စယာ ဝိညာဏံ- သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်သည်- အစရှိသော) အလုံးစုံသော ပုဒ်တို့၌ ဤနည်းပင်တည်း

     ဧဝံ(ဤပုံ- ဤနည်းဖြင့်)ဟူသော ပုဒ်သည် ပြအပ်ခဲ့ပြီးသော နည်းကို ညွှန်ပြ(ကြောင်းဖြစ်)သော ပုဒ်ပေတည်း။ ထိုပုဒ်ဖြင့် ''အဝိဇ္ဇာအစရှိသော အကြောင်းတို့ကြောင့်သာလျှင် (ဖြစ်ကုန်၏)၊ ဣဿရခေါ် ဘုရားသခင်၏ ဖန်ဆင်းခြင်း စသည်တို့ကြောင့် (ဖြစ်ကြသည်)မဟုတ်''ဟု ပြ၏။ ဧတဿ (ဤ)-ဟူသည်ကား ဆိုအပ်ခဲ့တိုင်းသော ဆိုအပ်ခဲ့သမျှသော။


မှတ်ချက်

     ၁- ဤ သမ္ဘဝန္တိ-ပုဒ် စပ်ယှဉ်ပုံကို ပြရာ၌ ''သမ္ဘဝန္တိသဒ္ဒါ၏ ယှဉ်စပ်ခြင်းကို ပြုအပ်၏''ဟု ပါဠိသွားအတိုင်း မပြန်မူ၍ မြန်မာစကားချောစေရန် ''ဤသမ္ဘဝန္တိ ဖြစ်ကုန်၏-ဟူသော ပုဒ်ကို.. စပ်ယှဉ်အပ်ပေ၏''ဟု ပြန်ထားသည်။ နောက်၌လည်း ပါဠိသွားအတိုင်း အတိအကျမဟုတ်ရာ၌ ဤနည်းပင်ဟု မှန်ယူပါကုန်။ ထို့ပြင် ဤသမ္ဘဝန္တိ-ပုဒ် စပ်ယှဉ်ပုံကို အဋ္ဌကထာ၌ ပြဆိုခြင်းမှာလည်း ပဋိစ္စသမုပ္ပါဒ် ပါဠိမူရင်းအတွက်သာ ဖြစ်သည်။ မြန်မာပြန်၌မူကား ဤအဋ္ဌကထာအဖွင့်နှင့်အညီ ''သင်္ခါရတို့ ဖြစ်ကြသည်၊ ဝိညာဏ် ဖြစ်သည်''-ဤသို့ စသည်ဖြင့် ယှဉ်သင့်သော ပုဒ်တိုင်းနှင့် ယှဉ်ပြထားပြီး ဖြစ်သောကြောင့် နောက်ထပ် ဖြည့်စွက်စပ်ယှဉ်ရန် မလိုတော့ပါ။ ထို့ပြင် ဖြစ်ကုန်၏-နှင့် ဖြစ်ကြသည်၊ ဖြစ်၏-နှင့် ဖြစ်သည်၊ ဤသို့သော ဝေါဟာရများကိုလည်း အနက်တူ ပရိယာယ်များဟု မှတ်ယူကြစေလို၏။

၄၁

ကေဝလဿ-ဟူသည်ကား မရောမယှက် သက်သက်သော၊ ဝါ၊ အလုံးစုံသော။ ဒုက္ခက္ခန္ဓဿ-ဟူသည်ကား ဆင်းရဲအပေါင်း၏ (ဖြစ်ခြင်းသာတည်း)၊ သတ္တဝါ၏(ဖြစ်ခြင်း) မဟုတ်၊ ချမ်းသာ တင့်တယ်သောအရာ စသည်တို့၏ (ဖြစ်ခြင်းလည်း) မဟုတ်။ သမုဒယော-ဟူသည်ကား ဖြစ်ခြင်းတည်း။ ဟောတိ-ဟူသည်ကား (သမ္ဘဝတိ) ဖြစ်၏-(ဟု ဆိုလို၏)။ ဤဆိုခဲ့သည့်အတိုင်း ပဋိစ္စသမုပ္ပါဒ်(ပါဠိ)၌ အနက်အားဖြင့် အဆုံးအဖြတ်ကို သိအပ်၏

အဝိဇ္ဇာစသည်တို့၏ လက္ခဏာ ရသ စသည်

     ၅၈၈။ လက္ခဏာ စသည်အားဖြင့်- ဟူသည်ကား အဝိဇ္ဇာ စသည်တို့၏ လက္ခဏာ စသည်အားဖြင့်။ ဤလက္ခဏာ စသည်ကား အဘယ်နည်းဟူမူ? အဝိဇ္ဇာသည် မသိခြင်းလက္ခဏာ ရှိ၏၊ ဝါ၊ သိသောဉာဏ်၏ ဆန့်ကျင်ဖက် လက္ခဏာရှိ၏၊ အလွန်တွေဝေစေခြင်း ကိစ္စရှိ၏၊


မှတ်ချက်

     ၁- ဤကေဝလဿ-၏ အဖွင့်၂-ခုထဲမှ ရှေးအဖွင့်ကိုသာ မြန်မာပြန်၌ ဖော်ပြထားသည်။

     ၂- အစုနှင့် အပေါင်းသည် အရတူပင် ဖြစ်သောကြောင့် ခန္ဓ-အစု-ကို သမူဟ-အပေါင်းဟု ဖွင့်သည်။

     ၃-၄- ဤစာပိုဒ်၌ သဒ္ဒါနက် အဖွင့်များသည် ပဋိစ္စသမုပ္ပါဒ် ပါဠိမူရင်းအတွက်သာ ဖြစ်သည်၊ မြန်မာပြန်၌ကား ဤအဖွင့်များနှင့်အညီ အသင့်လျော်ဆုံးကိုယူ၍ ပြထားပြိးဖြစ်သောကြောင့် ထပ်မံ၍ ဖွင့်ပြရန် မလိုတော့ပါ။ အထူးအားဖြင့် သမုဒယော-၏အဖွင့်၊ ဟောတိ-၏ အဖွင့်များသည် မြန်မာပြန်၌ အပိုပင်ဖြစ်သည်။ သို့သော်လည်း အဋ္ဌကထာ၌ရှိသမျှကို အတိအကျသိလိုသော ပုဂ္ဂိုလ်တို့အတွက် ထိုသို့သော ပုဒ်အဖွင့်များကို ဤ၌ ဖော်ပြခြင်း ဖြစ်သည်။ နောက်၌လည်း ဤသို့သော အဖွင့်များကို တွေ့ရလျှင် ဤနည်းပင် မှတ်ယူကြပါကုန်။

     ၅- အဝိဇ္ဇာသည် အညာဏ-မသိခြင်း လက္ခဏာရှိ၏ ဟူရာ၌ အမှန်ကို မသိရုံမျှမဟုတ်၊ ဉာဏ်၏ဆန့်ကျင်ဖက်- ဉာဏ်အသိမှပြောင်းပြန် အလွဲအမှားကို သိခြင်း ထင်မှတ်ခြင်း သဘောလည်း ရှိသေး၏၊ ပုံကား ဉာဏ်က ဒုက္ခကို ဒုက္ခဟု အမှန်အတိုင်းသိသည်။ အဝိဇ္ဇာက ဒုက္ခကို သုခဟု သိသည် ထင်မှတ်သည်၊ ဤသို့ စသည်ဖြင့် ဉာဏ်၏ ဆန့်ကျင်ဖက်လည်း ဖြစ်၏၊ ထို့ကြောင့် ကျမ်းဂန်တို့၌ အညာဏပုဒ်ကို ဉာဏ်၏ ဆန့်ကျင်ဖက်ဟူ၍လည်း ဖွင့်ပြကြလေသည်။ ထိုအဖွင့်အားလျော်စွာ အဝိဇ္ဇာ၏ အလွဲသိတတ်ပုံကို ထင်ရှားစေရန် ဤ၌လည်း ဒုတိယအနက် ထပ်၍ ပြဆိုထားခြင်းဖြစ်သည်။

၄၂

(အာရုံ၏ သဘောမှန်ကို) ဖုံးလွှမ်းသော သဘောဟု ဉာဏ်အား ရှေးရှုထင်၏၊ အာသဝလျှင် နီးသောအကြောင်းရှိ၏။

     သင်္ခါရတို့သည် ပြုပြင်ခြင်း လက္ခဏာရှိကုန်၏၊ အားထုတ်ခြင်း ကိစ္စရှိကုန်၏၊ စေ့ဆော်တိုက်တွန်းတတ်သော တရားဟု ဉာဏ်အား ရှေးရှုထင်ကုန်၏၊ အဝိဇ္ဇာလျှင် နီးသောကြောင်းရှိကုန်၏။

     ဝိညာဏ်သည် (အာရုံကို) အထူးသိခြင်း လက္ခဏာရှိ၏၊ ရှေ့သွားခြင်း ကိစ္စရှိ၏၊ (ရှေးဘဝနှင့် ရှေးစိတ်နှင့်) စပ်သောအားဖြင့် ဉာဏ်အား ရှေးရှုထင်၏၊ သင်္ခါရလျှင် နီးသောအကြောင်းရှိ၏၊ တနည်း ဝတ္ထုနှင့် အာရုံလျှင် နီးသောအကြောင်းရှိ၏။

     နာမ်သည် (အာရုံဆီသို့) ညွတ်ခြင်း လက္ခဏာရှိ၏၊ အညီအညွတ် အပြားအားဖြင့်ယှဉ်ခြင်း ကိစ္စရှိ၏၊ အသီးအသီး မခွဲခြမ်းအပ်သော အရာဟု ဉာဏ်အား ရှေးရှုထင်၏၊ ဝါ၊ အသီးအသီးမဖြစ်သော မကွဲသော တရားဟု ဉာဏ်အား ရှေးရှုထင်၏၊ ဝိညာဏ်လျှင် နီးသောအကြောင်းရှိ၏။

     ရုပ်သည် ဖောက်ပြန်ခြင်း လက္ခဏာရှိ၏၊ ဖရိုဖရဲကြဲခြင်း ကိစ္စရှိ၏၊ အဗျာကတတရားဟု ဉာဏ်အား ရှေးရှုထင်၏၊ ဝါ၊ အာရုံကို မယူတတ်- မသိတတ်သော တရားဟု ဉာဏ်အား ရှေးရှုထင်၏၊ ဝိညာဏ်လျှင် နီးသောအကြောင်းရှိ၏။

     သဠာယတန- အာယတန ၆-ပါးသည် (ထိုထိုဒွါရနှင့်ဆိုင်သော တရားတို့ကို ဖြစ်စေရန်) အားထုတ်ခြင်း လက္ခဏာရှိ၏၊ မြင်ခြင်းအစရှိသော ကိစ္စရှိ၏၊ တည်ရာဝတ္ထုအဖြစ် ဖြစ်ကြောင်း ဒွါရအဖြစ်ဖြင့် ဉာဏ်အား ရှေးရှုထင်၏၊ နာမ်ရုပ်လျှင် နီးသောအကြောင်းရှိ၏။

     ဖဿသည် (အာရုံကို) တွေ့ခြင်းလက္ခဏာရှိ၏၊ တိုက်ခိုက်ခြင်း ကိစ္စရှိ၏၊ (ဒွါရ အာရုံ ဝိညာဏ်ဟူသော အကြောင်းသုံးပါးတို့၏)


မှတ်ချက်

     ၁- ဤ၌ အဗျာကတ-၏ အနက်ကို ''အာရုံကို မယူတတ်- မသိတတ်''ဟု ပြန်ခြင်းသည် ''စေတနာမရှိ အဗျာကတတရားတည်း''ဟူသော ဤဝိသုဒ္ဓိမဂ် (ပ-၃၄၈-စသည်)၌ကဲ့သို့ အာရုံမရှိသည်၏အဖြစ်၊ အာရုံကို မယူတတ်- မသိတတ်သည်၏ အဖြစ်ကိုမူလည်း အဗျာကတအဖြစ်-ဟု ပြဆိုသော ဋီကာနှင့် အညီပေတည်း။ ဤအနက်သည် ယောဂီတို့၏ဉာဏ်၌ ထင်ပုံနှင့် အထူးသင့်လျော်ပေ၏။

၄၃

ပေါင်းဆုံမိသောအားဖြင့် ဉာဏ်အား ရှေးရှုထင်၏၊ အာယတန ၆-ပါးလျှင် နီးသောအကြောင်းရှိ၏။

     ဝေဒနာသည် (အာရုံကို)ခံစားခြင်း လက္ခဏာရှိ၏၊ အာရုံ၏အရသာကို သုံးဆောင်ခြင်း ကိစ္စရှိ၏၊ ချမ်းသာနှင့် ဆင်းရဲ အနေအားဖြင့် ဉာဏ်အား ရှေးရှုထင်၏၊ ဖဿလျှင် နီးသောအကြောင်းရှိ၏။

     တဏှာသည် ဒုက္ခ၏ အကြောင်းအဖြစ်ဟူသော လက္ခဏာရှိ၏၊ နှစ်သက်ခြင်း ကိစ္စရှိ၏၊ မရောင့်ရဲသည်၏ အဖြစ်ဖြင့် ဉာဏ်အား ရှေးရှုထင်၏၊ ဝေဒနာလျှင် နီးသောအကြောင်းရှိ၏။

     [၁၆ဝ] ဥပဒါန်သည် ဆုပ်ကိုင်ထားခြင်း လက္ခဏာရှိ၏၊ ဝါ၊ ပြင်းစွာစွဲလမ်းခြင်း လက္ခဏာရှိ၏၊ မလွှတ်ခြင်း ကိစ္စရှိ၏၊ မြဲမြံသောတဏှာနှင့် ဒိဋ္ဌိဟု ဉာဏ်အား ရှေးရှုထင်၏၊ တဏှာလျှင် နီးသောအကြောင်းရှိ၏။

     ဘဝသည် ကံနှင့် ကံ၏အကျိုး အဖြစ်ဟူသော လက္ခဏာရှိ၏၊ ဖြစ်စေခြင်း ဖြစ်ခြင်း ကိစ္စရှိ၏၊ ကုသိုလ် အကုသိုလ်နှင့် အဗျာကတတရားဟု ဉာဏ်အား ရှေးရှုထင်၏၊ ဥပါဒါန်လျှင် နီးသောအကြောင်းရှိ၏။

     ဇာတိ-စသည်တို့၏ လက္ခဏာစသည်တို့ကို သစ္စနိဒ္ဒေသ၌ ဆို(အပ်)ခဲ့ပြီးသော နည်းဖြင့်သာလျှင် သိအပ်ကုန်၏၊ ဤဆိုခဲ့သည့်အတိုင်း ဤပဋိစ္စသမုပ္ပါဒ်၌ လက္ခဏာ စသည်အားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်၏။

ဧကဝိဓစသော အပြား

     ၅၈၉။ ဧကဝိဓ-စသည်အားဖြင့်- ဟူရာ၌ (အကျယ်ကား) အဝိဇ္ဇာသည် အညာဏ (မသိတတ်သည်၏) အဖြစ် အဒဿန (မမြင်တတ်သည်၏) အဖြစ်


မှတ်ချက်

     ၁- အကုသိုလ်၏ အကျိုးဝိပါက် ဥပေက္ခာဝေဒနာသည် အလိုမရှိအပ်သော အနိဋ္ဌာရုံဖြစ်သောကြောင့် ဒုက္ခဖြင့် သိမ်းယူအပ်၏၊ ကုသိုလ်၏ အကျိုးဝိပါက် ဥပေက္ခာဝေဒနာသည် အလိုရှိအပ်သော ဣဋ္ဌာရုံဖြစ်သောကြောင့် သုခဖြင့် သိမ်းယူအပ်၏။ ထိုကြောင့် အလယ်အလတ်ဥပေက္ခာကို မဖော်ပြတော့ဘဲ ချမ်းသာနှင့် ဆင်းရဲအနေအားဖြင့် ဉာဏ်အား ရှေးရှုထင်၏-ဟု ဆိုသည်။ (ဋီကာ)

     ၂- ကမ္မဘဝသည် ကံ၏အဖြစ် လက္ခဏာရှိ၏၊ ဥပပတ္တိဘဝသည် ကံ၏အကျိုးအဖြစ် လက္ခဏာရှိ၏-ဟု အစဉ်အတိုင်း ယှဉ်၍ယူပါ။ ရသနှင့် ပစ္စုပဋ္ဌာန် အရာတို့၌လည်း နည်းတူပင်ယူပါ။

၄၄

မောဟစသည်၏ အဖြစ်အားဖြင့် တပါးတည်းသာ ရှိ၏။ အပ္ပဋိပတ္တိအဝိဇ္ဇာ မိစ္ဆာပဋိပတ္တိအဝိဇ္ဇာအားဖြင့် ၂-ပါးအပြားရှိ၏၊ သသင်္ခါရ အသင်္ခါရအားဖြင့်(လည်း) ထို့အတူ ၂-ပါးအပြားရှိ၏။ သုခ ဒုက္ခ ဥပေက္ခာဟူသော ဝေဒနာသုံးပါးနှင့် ယှဉ်သောအားဖြင့် ၃-ပါးအပြားရှိ၏။ သစ္စာလေးပါးကို ထိုးထွင်း၍ မသိသောအားဖြင့် ၄-ပါးအပြားရှိ၏။ ဂတိငါးပါး၏ အပြစ်ကို ဖုံးလွှမ်းသောအားဖြင့် ငါးပါးအပြားရှိ၏။ ဒွါရ အာရုံအားဖြင့်မူကား အလုံးစုံ လည်း ဖြစ်ကုန်သော နာမ်တရားတို့၌ ၆-ပါး အပြားရှိသည်၏အဖြစ်ကို သိအပ်၏။

     သင်္ခါရတို့သည် သာသဝတရားအဖြစ် ဝိပါကဓမ္မဓမ္မအဖြစ် စသည်အားဖြင့် တပါးတည်းသာရှိ၏။ ကုသိုလ်နှင့် အကုသိုလ်အားဖြင့် ၂-ပါးအပြားရှိကုန်၏။ ပရိတ္တ (ကာမ)တရားနှင့် မဟဂ္ဂုတ်တရား၊ ဟီန (အယုတ်အညံ့)တရားနှင့် မဇ္ဈိမ (အလယ်အလတ်)တရား၊ မိစ္ဆတ္တနိယတတရားနှင့် အနိယတတရားတို့ အရအားဖြင့် ထို့အတူ ၂-ပါး(စီ) အပြားရှိကုန်၏။ ပုညာဘိသင်္ခါရ စသည်အားဖြင့် သုံးပါးအပြားရှိကုန်၏။ ယောနိလေးပါးတို့ကို ဖြစ်စေတတ်သောအားဖြင့် လေးပါးအပြားရှိကုန်၏။ ဂတိငါးပါးတို့ကို ရောက်စေတတ်သောအားဖြင့် ငါးပါးအပြား ရှိကုန်၏။

     ဝိညာဏ်သည် လောကီ ဝိပါက် ဝိညာဏ်စသည် အဖြစ်အားဖြင့်၊ ဝါ၊ လောကီအဖြစ် ဝိပါက်စသည် အဖြစ်အားဖြင့် တပါးတည်းသာရှိ၏


မှတ်ချက်

     ၁- အဝိဇ္ဇာဟူသမျှသည် မသိတတ်သည်ချည်းသာ- အသိဉာဏ်၏ ဆန့်ကျင်ဖက်ချည်းသာ၊ ဤသို့ စသည်ဖြင့် အကွဲအပြား မရှိ တပါးတည်း တမျိုးတည်းသာ ရှိသည်ဟု ဆိုလို၏။ နောက်၌လည်း တပါးတည်းသာရှိသည် ဟူရာ၌ နည်းတူပင်။

     ၂- သစ္စာ၄-ပါးကို အမှန်အတိုင်း မသိခြင်းသည် အပ္ပဋိပတ္တိအဝိဇ္ဇာ မည်၏၊ ပြောင်းပြန် မှားယွင်းစွာသိခြင်း- အသိအမြင် လွဲမှားခြင်းသည် မိစ္ဆာပဋိပတ္တိအဝိဇ္ဇာ မည်၏။

     ၃- အာသဝေါတရားတို့၏ အာရုံဖြစ်ထိုက်သော လောကီတရားဟူသမျှကို သာသဝ-ဟု ခေါ်သည်၊ ဝိပါက်ကို ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ် တရားတို့ကို ဝိပါကဓမ္မဓမ္မ-ဟု ခေါ်သည်။

     ၄- အာနန္တရိယကံ ငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိသည် မိစ္ဆတ္တနိယတမည်၏၊ ကြွင်းသော အကုသိုလ်နှင့် လောကီကုသိုလ် ဟူသမျှသည် အနိယတမည်၏။

     ၅- ဋီကာ၌ လောကိယဝိဘာဂါဒိဘာဝတော-ဟု ပါဌ်ပျက်လျက် ရှိ၏။

၄၅

ဟိတ်ရှိနှင့် ဟိတ်မရှိ စသည်အားဖြင့် ၂-ပါးအပြားရှိ၏။ ဘဝသုံးပါး၌ အကျုံးဝင်သောအားဖြင့်၎င်း၊ ဝေဒနာသုံးပါးနှင့် ယှဉ်သောအားဖြင့်၎င်း၊ အဟိတ် ဒွိဟိတ် တိဟိတ်အားဖြင့်၎င်း သုံးပါးအပြားရှိ၏။ ယောနိလေးပါးနှင့် ဂတိငါးပါးတို့ အလိုအားဖြင့် ၄-ပါးအပြားရှိ၏၊ ငါးပါးအပြားလည်းရှိ၏။

     နာမ်ရုပ်သည် ဝိညာဏ်လျှင် မှီရာရှိသောအားဖြင့်၎င်း၊ ကံလျှင် အကြောင်းရှိသောအားဖြင့်၎င်း တပါးတည်းသာ ရှိ၏၊ အာရုံကို ယူတတ်သည်၏အဖြစ်နှင့် မယူတတ်သည်၏ အဖြစ်အားဖြင့် ၂-ပါးအပြားရှိ၏။ အတိတ် အစရှိသောအားဖြင့် သုံးပါးအပြားရှိ၏။ ယောနိနှင့် ဂတိတို့၏ အလိုအားဖြင့် လေးပါးအပြားလည်း ရှိ၏၊ ငါးပါးအပြားလည်း ရှိ၏။

     သဠာယတနသည် စိတ်စေတသိက်တို့၏ ဖြစ်ရာအရပ် စုဝေးရာ တည်ရာ အရပ်အားဖြင့် တပါးတည်းသာ ရှိ၏၊ ဘူတရုပ်တို့ကို ကြည်လင်စေသည်၏ အဖြစ်နှင့် ဝိညာဏ်၏အဖြစ် စသည်အားဖြင့် ၂-ပါးအပြားရှိ၏။ ရောက်သောအာရုံ, မရောက်သောအာရုံ, နှစ်ပါးအစုံမဟုတ်သော အာရုံရှိသည်၏ အဖြစ်အားဖြင့် သုံးပါးအပြားရှိ၏။ ယောနိ၄-ပါးနှင့် ဂတိသုံးပါးတို့၌ အကျုံးဝင်သောအားဖြင့် လေးပါးအပြားလည်း ရှိ၏၊ ငါးပါး အပြားလည်းရှိ၏၊ ဤသို့ ဤနည်ဖြင့် ဖဿ အစရှိသည်တို့၏လည်း ဧကဝိဓစသည်၏ အဖြစ်ကို သိအပ်၏။


မှတ်ချက်

     ၁- ဤအရာတွင် ဋီကာ၌ ''ဝိညာဏ်အားဖြင့်-ဟူသော ပါဌ်သည် သင့်၏၊ သို့သော် ဝိညာဏ် စသည်အားဖြင့်ဟု ရွတ်ဖတ်ကြ၏။ ဧကသိက်နည်းဖြင့် ဗာဟိရာယတနကိုလည်း သိမ်းယူအပ်လျှင် စသည်(အာဒိ)သဒ္ဒါဖြင့် ထိုဗာဟိရာယတန၏၊ ဝါ၊ ထိုဧကသိက်နည်း သဋ္ဌာယတန၏ သိမ်းယူအပ်သည်၏အဖြစ်ကို မှတ်အပ်၏''ဟု မိန့်ဆို၏။ ထိုအလိုအားဖြင့် သဠာယတန၏အရ ဧကသိက်နည်းဖြင့် ဗာဟိရာယတနပါယူလျှင် အဇ္ဈတ္တိက ဗာဟိရအားဖြင့် ၂-မျိုးကွဲသည်ကို စသည်အရဖြင့် ယူရမည်ဟု ဆိုလို၏။ အဇ္ဈတ္တိကာယတန ၆-ပါးသည်လည်း ရုပ်အာယတနနှင့် နာမ်အာယတနအားဖြင့်၎င်း၊ အာရုံကို ယူတတ် မယူတတ်သော သာရမ္မဏနှင့် အနာရမ္မဏအားဖြင့်၎င်း ကွဲပြားသောကြောင့် ထို၂-ပါးကွဲပုံများကို စသည်(အာဒိ)သဒ္ဒါဖြင့် ပြသည်ဟု ယူလျှင်လည်း သင့်ရာ၏။

     ၂- ဃာန ဇိဝှါ ကာယတို့သည် ရောက်သောအာရုံ ရှိကုန်၏။ စက္ခု သောတတို့သည် မရောက်သောအာရုံ ရှိကုန်၏။ မနာယတနသည် ရောက် မရောက်ဟု မဆိုအပ်သော အာရုံရှိ၏။

၄၆

ဤဆိုခဲ့သည့်အတိုင်း ဤပဋိစ္စသမုပ္ပါဒ်၌ ဧကဝိဓ စသည်အားဖြင့် အဆုံးအဖြတ်ကို သိအပ်၏။

အင်္ဂါတို့ကို ပိုင်းခြားခြင်း

     ၅၉ဝ။ အင်္ဂါတို့ကို ပိုင်းခြားသတ်မှတ်ခြင်းအားဖြင့် ဟူရာ၌ (အကျယ်ကား) ဤပဋိစ္စသမုပ္ပါဒ်၌ (သောက) စိုးရိမ်ပူဆွေးခြင်း စသည်တို့ကို ဘဝစက်၏ မပြတ်စဲခြင်းကို ပြခြင်းအကျိုးငှါ ဟောတော်မူ(အပ်ကုန်)၏။ မှန်ပေ၏၊ အိုခြင်း သေခြင်းက နှိပ်စက်(အပ်)သော သူမိုက်အား ထိုစိုးရိမ်ခြင်းစသည်တို့ ဖြစ်ကုန်၏။ [၁၆၁] (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဆင်းရဲသော ခံစားမှုက တွေ့ထိ နှိပ်စက်(အပ်)သည်ရှိသော် စိုးရိမ်၏ ပင်ပန်း၏ ငိုကြွေး၏ ရင်ကိုထုလျက် မြည်တမ်း၏ ပြင်းစွာတွေဝေခြင်းသို့ ရောက်၏'' ဟူ၍ပင်တည်း။

     ထိုစိုးရိမ်ခြင်း စသည်တို့၏ ဖြစ်ခြင်းရှိနေသမျှ ကာလပတ်လုံးလည်း အဝိဇ္ဇာ၏ဖြစ်ခြင်း ရှိသောကြောင့် တဖန်လည်း ''အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏''ဟူသော ဘဝစက်သည် အဆက်မပြတ် ဆက်စပ်ပြန်တော့သည်သာတည်း။ ထို့ကြောင့် ထိုစိုးရိမ်ခြင်း စသည်တို့၏ (အလွှာအဖို့ကို) အိုခြင်း သေခြင်းနှင့်သာလျှင် တူသော၊ ဝါ၊ တခုတည်းသော အလွှာအဖို့ပြု၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့ကို တဆယ့်နှစ်ပါးတို့ဟူ၍သာလျှင် သိအပ်ကုန်၏၊ ဤဆိုခဲ့သည့်အတိုင်း ဤပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါတို့ကို ပိုင်းခြား သတ်မှတ်ခြင်းအားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်၏။

     ဤသည်ကား ပဋိစ္စသမုပ္ပါဒ်၌ ရှေးဦးစွာ အကျဉ်းချုပ်စကားပေတည်း။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ပုဒ် ပြဆိုချက်

     ၅၉၁။ ဤဆိုလတံ့သည်ကား အကျယ်ပြသောနည်း ဖြစ်ပေသည်။ အဝိဇ္ဇာဟူသည်မှာ သုတ္တန်နည်းအားဖြင့် ဒုက္ခအစရှိသော လေးဌာနတို့၌ မသိခြင်းပင်တည်း။ အဘိဓမ္မာနည်းအားဖြင့် ပုဗ္ဗန္တ စသည်တို့နှင့်တကွ ရှစ်ဌာနတို့၌ (မသိခြင်းပင်တည်း)။ မှန်ပေ၏။

၄၇

''ထိုပဋိစ္စသမုပ္ပါဒ်၌ အဝိဇ္ဇာဟူသည် အဘယ်နည်း? ဒုက္ခ၌ မသိခြင်းသည်၎င်း ။ပ။ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျယ်၌ မသိခြင်းသည်၎င်း၊ ရှေးအဖို့၌ မသိခြင်းသည်၎င်း၊ နောက်အဖို့၌ (မသိခြင်းသည်၎င်း)၊ ရှေးအဖို့ နောက်အဖို့၌ (မသိခြင်းသည်၎င်း)၊ ဣဒပ္ပစ္စယတာခေါ် အကြောင်းတရားနှင့် ပဋိစ္စသမုပ္ပန်ခေါ် အကျိုးတရားတို့၌ မသိခြင်းသည်၎င်း (အဝိဇ္ဇာမည်၏)''ဟု ဤ စကားကို (မြတ်စွာဘုရား) ဟောတော်မူ(အပ်)ပေသည်။

     ထိုရှစ်ပါးသော ဌာနတို့တွင် လောကုတ္တရာသစ္စာ ၂-ပါးကို ချန်ထား၍ ကြွင်းသော ၆-ဌာနတို့၌ အာရုံ(ပြုသည်)၏ အစွမ်းအားဖြင့်လည်း အဝိဇ္ဇာသည် ဖြစ်ပေ၏။ ဤသို့ပင် ဖြစ်ငြားသော်လည်း ဖုံးလွှမ်းသည်၏ အစွမ်းအားဖြင့်သာလျှင် (ဒုက္ခ၌ မသိခြင်း အစရှိသော) ဤဒေသနာစကားရပ်၌ အလိုရှိအပ်၏။ မှန်ပေ၏၊ ထိုအဝိဇ္ဇာသည် ဖြစ်လတ်သော် ဒုက္ခသစ္စာကို ဖုံးလွှမ်း၍ တည်၏၊ ဟုတ်မှန်သော မိမိ၏ ပင်ကိုရင်း သဘောလက္ခဏာကို ထိုးထွင်း၍ သိခြင်းငှါ (အခွင့်)မပေး၊ ထို့ အတူ သမုဒယသစ္စာကို၊ နိရောဓသစ္စာကို၊ မဂ္ဂသစ္စာကို၊ ရှေးအဖို့ဟု ဆိုအပ်သော အတိတ်ခန္ဓာ ငါးပါးအပေါင်းကို၊ နောက်အဖို့ဟု ဆိုအပ်သော အနာဂတ်ခန္ဓာ ငါးပါးအပေါင်းကို၊ ရှေးအဖို့ နောက်အဖို့ဟု ဆိုအပ်သော ထိုအတိတ် အနာဂတ် နှစ်ပါးစုံ ခန္ဓာငါးပါးအပေါင်းကို၊ ဣဒပ္ပစ္စယတာနှင့် ပဋိစ္စသမုပ္ပန်တရားဟု ဆိုအပ်သော ဤသင်္ခါရစသော အကျိုးတရားတို့၏ အကြောင်းဖြစ်သော အဝိဇ္ဇာအစရှိသော ပဋိစ္စသမုပ္ပါဒ်တရားကို၎င်း၊ အဝိဇ္ဇာစသော အကြောင်းကို စွဲမှီ၍ဖြစ်သော သင်္ခါရအစရှိသော ပဋိစ္စသမုပ္ပါဒ် အကျိုးတရားတို့ကို၎င်း ဖုံးလွှမ်း၍တည်၏၊'' ဤသည်ကား အဝိဇ္ဇာတည်း၊ ဤသည်တို့ကား သင်္ခါရတို့တည်း''ဟု ဤသို့ စသည်ဖြင့် ဟုတ်မှန်သော မိမိ၏ ပင်ကိုရင်း သဘောလက္ခဏာကို ထိုးထွင်း၍ သိခြင်းငှါ (အခွင့်)မပေး။ ထို့ကြောင့် ''ဒုက္ခ၌ မသိခြင်းသည်၎င်း ။ပ။


မှတ်ချက်

     ၁- ရသိတဗ္ဗော ပဋိဝိဇ္ဈိတဗ္ဗော- ထိုးထွင်း၍ သိအပ်သော၊ သဘာဝေါ-သဘောသည်၊ ရသော- ရသမည်၏။ အတ္တနော ရသော-မိမိ၏ သဘောသည်။ သရသော- သရသမည်၏။ ယာထာဝေါ ယထာဘူတော- ဟုတ်မှန်သော၊ သရသော-မိမိ၏ သဘောသည်။ ယာထာဝသရသော- ယာထာဝသရသမည်၏။ သော ဧဝ-ထို ဟုတ်မှန်သော မိမိ၏ ပင်ကိုရင်း သဘောသည်ပင်လျှင်၊

၄၈

ဣဒပ္ပစ္စယတာနှင့် ပဋိစ္စသမုပ္ပန်တရားတို့၌ မသိခြင်းသည်၎င်း (အဝိဇ္ဇာမည်၏)''ဟူ၍ ဆိုအပ်ပေသည်။

     ၅၉၂။ သင်္ခါရတို့ ဟူသည်ကား ပုညာဘိသင်္ခါရစသော သုံးပါးတို့နှင့် ကာယသင်္ခါရစသော သုံးပါးတို့ဟူ၍ ရှေး၌ အကျဉ်းအားဖြင့် ဆိုအပ်ခဲ့ပြီးသော သင်္ခါရ ၆-ပါးတို့ပင်တည်း။ အကျယ်အားဖြင့်မူကား ဤသင်္ခါရ ၆-ပါးတို့တွင် ပုညာဘိသင်္ခါရဟူသည်မှာ ဒါန သီလ စသည်တို့၏ အစွမ်းအားဖြင့်ဖြစ်သော ကာမာဝစရ ကုသိုလ်စေတနာ ရှစ်ပါးတို့နှင့် ဘာဝနာ၏ အစွမ်းအားဖြင့်သာလျှင်ဖြစ်သော ရူပါဝစရကုသိုလ် စေတနာငါးပါးတို့ ဟူ(ကုန်)သော ၁၃-ပါး(ကုန်)သော စေတနာတို့ပင် ဖြစ်(ကြ)သည်။ အပုညာဘိသင်္ခါရ ဟူသည်မှာ ပါဏာတိပါတ စသည်တို့၏ အစွမ်းအားဖြင့်ဖြစ်သော [၁၆၂] အကုသိုလ်စေတနာ ၁၂-ပါးတို့ပင် (ဖြစ်သည်)။ အာနေဉ္ဇာဘိသင်္ခါရ ဟူသည်မှာ ဘာဝနာ၏ အစွမ်းအားဖြင့်သာလျှင်ဖြစ်သော အရူပါဝစရ ကုသိုလ်စေတနာ ၄-ပါးတို့ပင် (ဖြစ်သည်)။ ဤသို့အားဖြင့် သင်္ခါရတို့သည် (အကျဉ်းအားဖြင့်) သုံးပါးဖြစ်ကုန်သော်လည်း ၂၉-ပါးသော စေတနာတို့ ဖြစ်ကြပေသည်။


မှတ်ချက်

လက္ခိတဗ္ဗတ္တာ- မှတ်အပ်သည်၏ အဖြစ်ကြောင့်၊ ယာထာဝသရသလက္ခဏံ- ယာထာသရသလက္ခဏာ မည်၏ဟူသော ဋီကာအဖွင့်နှင့်အညီ ပြန်ဆိုချက်ဖြစ်သည်။ ဤသို့သောအရာ၌ ရသဖြင့် ကိစ္စကို မဆိုလို၊ ပင်ကိုရင်းသဘောကိုသာ ဆိုလိုသည်ဟု မြဲမြံစွာ မှတ်ထားရမည်။

     ၁- ဤသို့ (အကျယ်)သရုပ်အားဖြင့်.. ၂၉-ပါးသော စေတနာတို့ ဖြစ်ကြပေသည်-ဟု စပ်ပါ။

     ၂- တယောပိ-၌ အပိ-ကို သော်လည်းဟု ပြန်ထားးသည်၊ ယင်း အပိ-သဒ္ဒါသည် အမြတ် အများ ဟောပုဒ်နောင် တည်လျှင် ချီးမြှောက်ခြင်း သမ္ဘာဝနာအနက်ကို ထွန်းပြ၏၊ ရှုတ်ချခြင်း ဂရဟာအနက်ကိုလည်း ပေါင်းဆည်းယူ၏၊ အယုတ် အနည်းဟော ပုဒ်နောင် တည်လျှင် ဂရဟာအနက်ကို ထွန်းပြ၏၊ သမ္ဘာဝနာအနက်ကိုလည်း ပေါင်းဆည်းယူ၏၊ ဤ၌ကား သုံးပါးဟူသော အနည်းနောင် တည်သောကြောင့် သုံးပါးအနည်းငယ်မျှသာ ဖြစ်ပါသည်ဟု ဂရဟာအနက်ကို ပြပြီးလျှင်၊ သို့သော်လည်း ၂၉-ပါး များစွာလည်း ဖြစ်ပါသေးသည်ဟု သမ္ဘာဝနာအနက်ကို ပေါင်းဆည်းယူသည်။

၄၉

     ဤမှတပါးသော သင်္ခါရသုံးပါးတို့တွင်မူကား ကာယသဉ္စေတနာသည် ကာယသင်္ခါရမည်၏၊ ဝစီသဉ္စေတနာသည် ဝစီသင်္ခါရမည်၏၊ မနောသဉ္စေတနာသည် စိတ္တသင်္ခါရမည်၏။ ဤသင်္ခါရသုံးပါးအပေါင်း (တိက်)ကို ကံကို အားထုတ်ဆဲခဏ၌ ပုညာဘိသင်္ခါရ စသည်တို့၏ ဒွါရအားဖြင့်ဖြစ်ခြင်းကို ပြခြင်းငှါ ဟောတော်မူ(အပ်)ပေသည်။ ချဲ့၍ပြဦးအံ့၊ ကာယဝိညတ်ကို ဖြစ်စေ၍ ကာယဒွါရမှဖြစ်ကုန်သော ရှစ်ပါးသော ကာမဝစရ ကုသိုလ်စေတနာတို့နှင့် တဆယ့်နှစ်ပါးသော အကုသိုလ်စေတနာဟူသော နှစ်ဆယ်တိတိသော စေတနာတို့သည် ကာယသင်္ခါရမည်၏။ ဝစီဝိညတ်ကို ဖြစ်စေ၍ ဝစီဒွါရမှဖြစ်သော ထိုနှစ်ဆယ်တိတိသော စေတနာတို့သည်ပင်လျှင် ဝစီသင်္ခါရမည်၏။ အဘိညာစေတနာကိုမူကား နောက်(သင်္ခါရပစ္စယာ ဝိညာဏံအရာ)၌ ဝိညာဏ်၏အကြောင်း မဖြစ်သောကြောင့် ဤ(ကာယသင်္ခါရ ဝစီသင်္ခါရကို ယူသော)အရာ၌ မယူအပ်ပေ။ ဆက်၍ ဆိုဦးအံ့၊ အဘိညာ စေတနာကဲ့သို့ပင် ဥဒ္ဓစ္စစေတနာသည်လည်း (ဝိညာဏ်၏အကြောင်း) မဖြစ်ပေ၊ ထို့ကြောင့် ထိုဥဒ္ဓစ္စစေတနာကိုလည်း ဝိညာဏ်၏ အကြောင်းအဖြစ်၌ ပယ်နုတ်အပ်၏။ သို့သော် အလုံးစုံလည်း ဖြစ်ကုန်သော ဤနှစ်ဆယ်တိတိသော စေတနာတို့သည် အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဖြစ်ကြပေ၏။ ထို့ပြင် နှစ်ပါးစုံလည်း ဖြစ်ကုန်သော ကာယဝိညတ် ဝစီဝိညတ်တို့ကို မဖြစ်စေမူ၍ မနောဒွါရ၌ဖြစ်သော အလုံးစုံလည်းဖြစ်သော နှစ်ဆယ့်ကိုးခု (တခုယုတ် သုံးဆယ်)သော စေတနာတို့သည် စိတ္တသင်္ခါရမည်၏ဟု (သိအပ်၏)။ ဤသို့လျှင် ဤတိက်သည် (ပုညာဘိသင်္ခါရစသော) ရှေးတိက်သို့သာလျှင် ဝင်လေသည်။ ဤသို့(ဖြစ်သောကြောင့်) သရုပ်သဘောအားဖြင့် ပုညာဘိသင်္ခါရ စသည်တို့၏သာလျှင် အစွမ်းအားဖြင့် အဝိဇ္ဇာ၏ ကျေးဇူးပြုတတ်သည်၏အဖြစ်ကို သိအပ်ပေသည်။

     ၅၉၃။ ထိုစကားရပ်၌ ''သင်္ခါရတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏-ဟူသော ဤသဘောကို အဘယ်သို့ သိအပ်ပါသနည်း''ဟူ၍ (တစုံတယောက်သော


မှတ်ချက်

     ၁- အဘိညာစေတနာကိုမူကား.. ဤ(...)အရာ၌ မယူအပ်ပေ-ဟု စပ်ပါ။

     ၂- ဤ၌ ''သာလျှင်''ဟူသော စကားဖြင့် ကာယသင်္ခါရစသည်ကို နစ်စေသည်၊ အဝိဇ္ဇာက ကျေးဇူးပြုပုံကို ပုညာဘိသင်္ခါရစသည်တို့ အလိုအားဖြင့်သာလျှင် သိအပ်သည်၊ ထိုအတိုင်းပင် ပြမည်ဟု ဆိုလို၏။

၅၀

စောဒကပုဂ္ဂိုလ်၏ စောဒနာဖြင့်) ဖြစ်ရာ၏။ အဝိဇ္ဇာရှိလတ်သော် (သင်္ခါရတို့၏) ရှိခြင်းကြောင့် (သိအပ်ပေ၏)။ ချဲ့၍ပြအံ့၊ ဒုက္ခစသည်တို့၌ အဝိဇ္ဇာဟုဆိုအပ်သော မသိမှုကို မပယ်(အပ်)သေးသော ပုဂ္ဂိုလ်သည် ရှေးဦးစွာ ဒုက္ခသစ္စာ၌၎င်း ပုဗ္ဗန္တ (ရှေးအဖို့)စသည်တို့၌၎င်း မသိခြင်းကြောင့် သံသရာဆင်းရဲကို ချမ်းသာဟုထင်သော အမှတ်သညာဖြင့် ယူပြီးလျှင် ထိုဆင်းရဲ၏ပင်လျှင် အကြောင်းဖြစ်သော သုံးပါးအပြား ရှိသည်လည်းဖြစ်သော သင်္ခါရတို့ကို အားထုတ်ပြုလုပ်၏။ သမုဒယသစ္စာ၌ မသိခြင်းကြောင့် ဒုက္ခ၏အကြောင်း ဖြစ်ကုန်သော်လည်း တဏှာ၏ အခြံအရံဖြစ်သော သင်္ခါရတို့ကို သုခ၏အကြောင်းဟု ထင်မှတ်လျက် အားထုတ်ပြုလုပ်၏။ ထို့ပြင် နိရောဓသစ္စာ၌၎င်း၊ မဂ္ဂသစ္စာ၌၎င်း မသိခြင်းကြောင့် ဒုက္ခ၏ ချုပ်ရာမဟုတ်သော်လည်း (ဗြဟ္မာ့ပြည်စသော) ဂတိအထူး၌ ဒုက္ခချုပ်ရာဟု အမှတ်ရှိသည်ဖြစ်၍၎င်း၊ ဒုက္ခချုပ်ရာ၏ (ရောက်ကြောင်း) အကျင့်လမ်း မဟုတ်ကုန်သော်လည်း ယဇ်ပူဇော်ခြင်းနှင့် အမရအကျင့် စသည်တို့၌ ဒုက္ခချုပ်ရာ၏ (ရောက်ကြောင်း) အကျင့်လမ်းဟု


မှတ်ချက်

     ၁- အညာဏ- မသိမှုဟု ဆိုသော်လည်း အသိညာဏ်မရှိခြင်း, မဟုတ်ခြင်းမျှကို မဆိုလို၊ အသိဉာဏ်၏ ဆန့်ကျင်ဘက် အဝိဇ္ဇာကိုသာ ဆိုလိုသည်ဟု သိစေရန် ''အဝိဇ္ဇာဟု ဆိုအပ်သော''ဟု ဝိသေသနဖြင့် အထူးပြု၍ ဆိုသည်။ (ဋီကာ)

     ၂- ဒုက္ခဒုက္ခတာ ဝိပရိဏာမဒုက္ခတာ သင်္ခါရဒုက္ခတာတို့ဖြင့် ပညာရှိတို့သည် ဒုက္ခဟူ၍သာလျှင် ယူအပ်သော သံသရာဆင်းရဲကို ချမ်းသာဟုထင်သော အမှတ်သညာဖြင့် နှလုံးသွင်းပြီးလျှင်(ဟု ဆိုလို၏)။ ဤစကားဖြင့် ထို ဒုက္ခ၌ တဏှာဖြစ်ခြင်းကို ပြသည်။ (ဋီကာ)

     ၃- သင်္ခါရတို့သည် ဒုက္ခ၏အကြောင်း ဖြစ်ကုန်၏၊ သို့သော်လည်း ထိုသင်္ခါရတို့ကို သုခ၏အကြောင်းဟု ထင်မှတ်လျက် ပြုလုပ်သည်ဟု ဆိုလို၏။

     ၄- ဗြဟ္မာ့ပြည်စသော ဂတိအထူးသည် ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်ကား မဟုတ်၊ သို့သော်လည်း ထိုဂတိအထူးကို ဒုက္ခချုပ်ရာဟု ထင်မှတ်သည်ဟု ဆိုလို၏။

     ၅- ယဇ်ပူဇောခြင်းစသော အကျင့်သည် ဒုက္ခချုပ်ရာ နိဗ္ဗာန်၏(ရောက်ကြောင်း) အကျင့်လမ်းကား မဟုတ်၊ သို့သော်လည်း ထိုအကျင့်တို့ကို အကျင့်လမ်းမှန်ဟု ထင်မှတ်သည်ဟု ဆိုလို၏။

     ၆- အရာမက များစွာသော သားကောင်တို့ကို ချည်နှောင်ထားခြင်းဖြင့် ကြောက်ဖွယ်ကောင်းသော ဝါဇပေယျယဇ် စသည်သည် ယည-ယဇ်ပူဇော်ခြင်း

၅၁

အမှတ်ရှိသည်ဖြစ်၍၎င်း ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို တောင့်တလျက် ယဇ်ပူဇော်ခြင်းနှင့် အမရအကျင့် စသည်ကို ရှေ့သွားပြုသဖြင့် သုံးပါး အပြားရှိသည်လည်းဖြစ်သော သင်္ခါရတို့ကို အားထုတ်ပြုလုပ်၏။

     တနည်းသော်ကား (အဝိဇ္ဇာကို မပယ်ရသေးသော) ထိုသူသည် လေးပါးသော သစ္စာတို့၌ အဝိဇ္ဇာကို မပယ်အပ်သေးသည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့် အထူးအားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်း အစရှိသော များစွာသော အပြစ်တို့နှင့် ရောပြွမ်းသော်လည်း ကောင်းမှု၏အကျိုး (လူ့ချမ်းသာစသည်)ဟု ဆိုအပ်သော ဒုက္ခကို


မှတ်ချက်

မည်၏။ (ဋီကာ) ယဇ်ပူဇော်ပုံကိုပြသော အစီအရင်အရ ကြီးကျယ်သောယဇ်ကို ဥက္ကဋ္ဌနည်းဖြင့် ပြသည်။ သို့သော် စသည်-ဆိုသော စကားအရအားဖြင့် ''ဆင်းရဲငြိမ်းရာသို့ ရောက်ကြောင်းအဖြစ်ဖြင့် ယုံကြည်၍ နွားတကောင်မျှ ဆိတ်တကောင်မျှ စသည်ကို သတ်၍ ပူဇော်ခြင်းကိုလည်း ဤအရာ၌ ''ယဇ်ပူဇော်ခြင်း''ဟူ၍ပင် ယူအပ်၏။ အသေကင်းကြောင်းဟု ယုံကြည်ယူဆအပ်သော ဒုက္ကရကိရိယာခေါ် ခဲယဉ်းစွာ ပြုကျင့်မှုသည် အမရအကျင့် မည်၏။ တနည်း သေခြင်းကင်းသော နတ်ဖြစ်လိမ့်မည်ဟု ယုံကြည်မြှော်လင့်၍ ကျင့်သောအကျင့်သည် အမရအကျင့် မည်၏။ တနည်း ဆင်းရဲပင်ပန်းသောကြောင့် သေစေနိုင်သော အကျင့်သည် အမရအကျင့်မည်၏။ (၃-နည်းလုံး ဋီကာအဖွင့်ချည်းပင်။)

     ၁- ထိုယဇ်ပူဇော်ခြင်း စသည်ကို ပြုလုပ်ရာ၌ ကာယသင်္ခါရစသည် အလိုလိုပါဝင်သွား၏၊ ထို့ကြောင့် ရှေ့သွားပြုသဖြင့်-ဟု ဆိုသည်၊ မုခေန-ပုဒ်၏ အနက်ဖြစ်သည်၊ သဒ္ဒါနက်အားဖြင့် ''မျက်နှာပြုသဖြင့်- ခံတွင်းပြုသဖြင့်- အမှူးပြုသဖြင့်''ဟူ၍ ဖြစ်၏။ အကြောင်းပြုသဖြင့်- အရင်းခံပြုသဖြင့်-ဟူ၍လည်း ပြန်ဆိုနိုင်၏။

     ၂- အဝိဇ္ဇာကို မပယ်ရသေးခြင်းကြောင့်ဟု ဆိုလို၏။

     ၃- ကောင်းမှု၏ အကျိုးဟုဆိုအပ်သော ဒုက္ခသည် ဇာတိအစရှိသော များစွာသော အပြစ်တို့နှင့် ရောပြွမ်းနေ၏၊ သို့ရောပြွမ်းနေသော်လည်း ထို(ကောင်းမှုအကျိုး) ဒုက္ခကို ဒုက္ခဟု မသိသောကြောင့်၊ ဝါ၊ သုခဟု ထင်သောကြောင့် ထိုဒုက္ခကို ရရန်အတွက် ပုညာဘိသင်္ခါရကို ပြုသည်ဟု ဆိုလို၏။

၅၂

ဒုက္ခဟု မသိသည်ဖြစ်၍ ထို(ကောင်းမှု၏ အကျိုးဟုဆိုအပ်သော) ဒုက္ခကို ရခြင်းငှါ ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရ အပြားရှိသော [၁၆၃] ပုညာဘိသင်္ခါရကို အားထုတ်ပြုလုပ်၏၊ (ဥပမာ ပြရလျှင်) နတ်သ္မီးကို အလိုရှိသောသူသည် တောင်ထိပ်ဖျားမှ ခုန်ချခြင်းကို ပြုသကဲ့သို့တည်း။ သည်မျှသာမကသေး သုခဟု သမုတ်အပ်သော်လည်း ထိုကောင်းမှုအကျိုး၏ (စုတေအံ့သောအခါဟူသော) အဆုံး၌ ပြင်းစွာပူပန်ခြင်းကို ဖြစ်စေတတ်သော ဝိပရိဏာမဒုက္ခ အဖြစ်ကို၎င်း၊ သာယာဖွယ်နည်းသည်၏ အဖြစ်ကို၎င်း မမြင်သည်ဖြစ်၍လည်း၊ ဝါ၊ မမြင်သောကြောင့်လည်း ထိုကောင်းမှုအကျိုး၏ အကြောင်းဖြစ်သော ဆိုအပ်ခဲ့ပြီးသော (ကာယသင်္ခါရစသည်) အပြားရှိသည်သာလျှင်ဖြစ်သော


မှတ်ချက်

     ၁- ပုညာဘိသင်္ခါရသည် (လူ့လောက နတ်လောက ရူပဗြဟ္မာ့လောက၌) ဇာတိအစရှိသော ချောက်၌ ကျခြင်းကြောင့်ဖြစ်သော ဆင်းရဲကို ဖြစ်စေတတ်၏။ ထို့ကြောင့် တောင်ထိပ်ဖျားမှ ခုန်ချခြင်းနှင့် တူသည်ဟု ဆိုသည်။ (ဋီကာ)

     ၂- ''သည်မျှသာမကသေး''ဟူသော စကားသည် ဝါကျာရမ္ဘဇောတက စ-သဒ္ဒါ၏ အနက်ဖြစ်သည်၊ ရှေးဝါကျ၌ ကောင်းမှုအကျိုးသည် များစွာသော အပြစ်တို့နှင့် ရောပြွမ်းခြင်းကြောင့် ဒုက္ခဖြစ်ကြောင်း ထိုဒုက္ခကို မသိကြောင်း ပြခဲ့၏။ သုခဟု သမုတ်အပ်သော ကောင်းမှုအကျိုး သက်သက်သည်လည်း ဝိပရိဏာမဒုက္ခ ဖြစ်သေး၏။ သာယာဖွယ်လည်း နည်း၏၊ ထိုသို့ ဝိပရိဏာမဒုက္ခဖြစ်ပုံ သာယာဖွယ်နည်းပုံကို မမြင်သောကြောင့်လည်း ပုညာဘိသင်္ခါရကို အားထုတ်၏၊ ထိုသို့ အားထုတ်ပုံကိုဆိုရန် ကြွင်းကျန်နေသေးသောကြောင့် ဤနောက်ဝါကျကို ပြဆိုသည်။ ထို့ကြောင့် ရှေးဝါကျ၌ဆိုခဲ့သော ဤမျှသာ မကသေးပါ၊ ဆက်လက်၍ ဆိုဖွယ်ရှိပါသေးသည်ဟု ထိုဝါကျာရမ္ဘဇောတကဖြင့် သိစေသည်။

     ၃- လက်သည်းကွင်းအတွင်းက စကားမှာ ပြည်မူ ဝိသုဒ္ဓိမဂ်နိဿယမှယူ၍ ပြသော စကားဖြစ်သည်၊ သို့သော် မသေမီပင် စီးပွါးပျက်ခြင်း၊ အခြွေအရံပျက်ခြင်း၊ ရာထူးမှ လျှောကျခြင်း စသည်ဖြင့် ကောင်းမှုအကျိုး၏ အဆုံးကိုလည်း ယူလျှင် သင့်ရာပါသေး၏။

     ၄- အပ္ပဿာဒါတိ ပရိတ္တသုခါ-ဟု ဖွင့်သော မ-ဋ္ဌ (ပ-၃၆၇)နှင့်အညီ ပြန်ဆိုထားသော အနက်ဖြစ်သည်၊ ရဟန္တာ၏ အမြင်နှင့်ဆိုလျှင် ''သာယာဖွယ် မရှိသည်၏အဖြစ်''ဟူသော အနက်လည်း သင့်၏။

၅၃

ပုညာဘိသင်္ခါရကို အားထုတ်ပြုလုပ်၏။ (ဥပမာ) ပိုးဖလံသည် ဆီမီးလျှံသို့ တိုးဝင်ခြင်းကို ပြုသကဲ့သို့၎င်း၊ ပျားရည်ပေါက်၌ တပ်မက်သောသူသည် ပျားရည်သုတ်လိမ်းထားသော ဓားသွားကို (လျှာဖြင့်) လျက်ခြင်းကို ပြုသကဲ့သို့၎င်းပင်တည်း။

     ထိုမှတပါး အကျိုးဝိပါက်နှင့်တကွ ဖြစ်ကုန်သော ကာမဂုဏ်ကို မှီဝဲခြင်း အစရှိသည်တို့၌ အပြစ်ကို မမြင်သည်ဖြစ်၍၊ ဝါ၊ မမြင်သောကြောင့် ချမ်းသာဟုထင်သော အမှတ်သညာဖြင့်၎င်း၊ ကိလေသာက လွှမ်းမိုးဘိစီး(အပ်)သည်၏ အဖြစ်ဖြင့်၎င်း ဒွါရသုံးပါးအပေါင်း၌လည်း ဖြစ်သော အပုညာဘိသင်္ခါရကို အားထုတ်ပြုလုပ်၏၊ (ဥပမာ) သူငယ်သည် မစင်ဖြင့် ကစားခြင်းကို ပြုသကဲ့သို့၎င်း၊ သေလိုသောသူသည် အဆိပ်စားခြင်းကို ပြုသကဲ့သို့၎င်း ပင်တည်း။

     ထိုမှတပါး အရူပကုသိုလ်၏ အကျိုးဝိပါက်တို့၌လည်း သင်္ခါရဒုက္ခအဖြစ် ဝိပရိဏာမဒုက္ခအဖြစ်ကို မသိသည်ဖြစ်၍၊ ဝါ၊ မသိသောကြောင့် သဿတအယူ အစရှိသော ဖောက်ပြန်မှားယွင်းသော ဝိပလ္လာဖြင့် စိတ္တသင်္ခါရဖြစ်သော အာနေဉ္ဇာဘိသင်္ခါရကို အားထုတ် ပြုလုပ်၏၊ (ဥပမာ) မျက်စိလယ် လမ်းမှားသောသူသည် ဘီလူးမြို့ဆီသို့ ရှေးရှုသွားသောလမ်းကို လိုက်သွားခြင်းကို ပြုသကဲ့သို့ပင်တည်း။


မှတ်ချက်

     ၁- နှံကောင်၊ ပရွက်ပျံ၊ ပိလူ၊ ပရစ်၊ သရက်ပိုး အစရှိသော ခုန်တတ်- ပျံတတ်သော ပိုးကောင်မျိုးကို ပိုးဖလံ-ဟု ခေါ်သည်၊ ထိုဖလံ-ဟူသော စကားသည်လည်း ပျံ-၏ မိတ္တူ ပ္လံ-မှ ဖြစ်လာသည်ဟူ၍ ယူအပ်၏။ ယူသင့်ပုံကား ပုဂံခေတ် ရေးနည်းအားဖြင့် ပျံ-ကို ပ္လံ-ဟု ရေးရ၏၊ ထားဝယ်ခရိုင်၌ ပျံသည်-ဟူသော စကားကို ပ္လံသည်-ဟု ယခုတိုင် ပြောဆိုနေကြ၏။ ထို ပ္လံ-မှ ရွေ့လျော၍ ဖလံဖြစ်လာသည်။ ထို့ကြောင့် ပိုးဖလံ-ဟူသည်မှာ ခုန်တတ်- ပျံတတ်သော ပိုးပျံ-ဟု အနက်အဓိပ္ပါယ်ရသည်၊ ပရွက်ပျံ-ဟူသော စကားကဲ့သို့ပင် ဖြစ်သည်။

     ၂- ကာမဂုဏ်ကို မှီဝဲခြင်း စသည်တို့၌၎င်း, ယင်းတို့၏ အကျိုးဝိပါက်တို့၌၎င်း, အပြစ်ကို မမြင်သောကြောင့်ဟု ဆိုလို၏။ ဤအနက်ကို သဝိပါကေသု- အကျိုးဝိပါက်နှင့်တကွ ဖြစ်ကုန်သော ဟု ဆိုရာ၌ သဟ-တကွ-နှင့် ယှဉ်ခြင်းက ပြသည်။ သားမယားနှင့်တကွ လာသည်ဟူရာ၌ သားမယားပါလာခြင်းကို ပြသကဲ့သို့ပင်တည်း။

၅၄

     ဤဆိုခဲ့သည့်အတိုင်း အဝိဇ္ဇာရှိခြင်းကြောင့်သာလျှင် သင်္ခါရတို့၏ရှိခြင်း (ဖြစ်သည်)၊ အဝိဇ္ဇာမရှိပါမူကား (သင်္ခါရတို့၏ရှိခြင်း) မဖြစ်နိုင်ပေ၊ ထို့ကြောင့် ''ဤသင်္ခါရတို့သည် အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏''ဟူသော ဤသဘောကို သိအပ်ပေသည်။ မှန်ပေ၏၊ (မြတ်စွာဘုရားသည်)-

''ရဟန်းတို့၊ ပညာမရှိသောသူသည် အဝိဇ္ဇာရှိသည်ဖြစ်၍၊ ဝါ၊ အဝိဇ္ဇာရှိနေသောကြောင့် ပုညာဘိသင်္ခါရကိုလည်း ပြုလုပ်၏၊ အပုညာဘိသင်္ခါရကိုလည်း ပြုလုပ်၏၊ အာနေဉ္ဇာဘိသင်္ခါရကိုလည်း ပြုလုပ်၏။ ရဟန်းတို့၊ အကြင်အခါ၌မူကား ရဟန်း၏(သန္တာန်၌) အဝိဇ္ဇာကို ပယ်အပ်ပြီ၊ ဝါ၊ အဝိဇ္ဇာ ကင်းပျောက်လေပြီ။ (အရဟတ္တမဂ်ပညာဟူသော) ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်လေပြီ၊ ထိုအခါ၌ ထိုရဟန်းသည် အဝိဇ္ဇာကင်းခြင်းကြောင့် ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခြင်းကြောင့် ပုညာဘိသင်္ခါရကို မပြုလုပ်တော့သည်သာလျှင်တည်း''ဟူသော ဤစကားကို ဟောတော်မူ(အပ်)ပေ၏။

ပဋ္ဌာန်းပစ္စည်းကို ပြဆိုချက်

     ၅၉၄။ ဤအရာ၌ (တန့်ရပ်၍ စောဒကပုဂ္ဂိုလ်က) ''အဝိဇ္ဇာသည် သင်္ခါရတို့အား ကျေးဇူးပြုတတ်၏-ဟူသော ဤစကားကို ရှေးဦးစွာ လက်ခံပါကုန်၏၊ သို့သော် အဘယ်သင်္ခါရတို့အား အဘယ်သို့သော အခြင်းအရာအားဖြင့် ကျေးဇူးပြုသည်-ဟူသော ဤစကားကို ဆိုသင့်ပါသေးသည်''ဟူ၍ (စောဒနာကို)ဆို၏။ ထိုကျေးဇူးပြုတတ်သည်၏ အဖြစ်၌ ဤဆိုလတံ့သော အဖြေစကားကို ပြန်ကြား ဖြေဆိုအပ်ပေ၏။ ဖြေဆိုဟန်ကား-

မြတ်စွာဘုရားသည်-

''ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ အာသေဝနပစ္စယော၊ ကမ္မပစ္စယော၊


မှတ်ချက်

     ၁- ဋီကာနှင့်အညီ တတြ-၏ အနက်ဖြစ်သည်။ ထိုစောဒနာ စကားရပ်၌-ဟု ပြန်လျှင်လည်း သင့်၏။

၅၅

ဝိပါကပစ္စယော၊ အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊ ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယော''ဟူ၍

     ''ဟေတုပစ္စည်း၊ အာရမ္မဏပစ္စည်း.. ဝိဂတပစ္စည်း၊ အဝိဂတပစ္စည်း'' ဟူသော ၂၄-ပါးသော ပစ္စည်းတို့ကို ဟောတော်မူ(အပ်ကုန်)၏။

     [၁၆၄] ထို (ဟေတုပစ္စယောစသော စကားတော်)၌ (အနက်အကျယ်ကား) ထိုသဘောသည် ဟေတုလည်းမည်, ပစ္စယလည်း မည်သောကြောင့် ဟေတုပစ္စယမည်၏၊ ဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ဟိတ်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား-ဟု ဆိုလို၏။ အာရမ္မဏပစ္စယ- အာရမ္မဏပစ္စည်း စသည်တို့၌လည်း ဤနည်းပင်တည်း။

(၁) ဟေတုပစ္စည်း

     ၅၉၅။ ထို (ဟေတုပစ္စယ-စသည်)တို့၌ ဟေတု-ဟိတ်-ဟူသော ဤအမည်သည် စကား၏ အစိတ်, အကြောင်း, မူလတို့၏ အမည်ပေတည်း။ ချဲ့၍ပြအံ့၊ လောက(နျာယကျမ်း)၌ ပဋိညာဉ် ဟိတ် စသည်ဖြင့်ဆိုသော စကားတို့၌ စကား၏အစိတ်ကို ဟေတု-ဟိတ်ဟု ဆိုအပ်၏။ သာသနာတော်(ကျမ်း၌)မူ ''ယေ ဓမ္မာ ဟေတုပ္ပဘဝါ- အကြင်တရားတို့သည် အကြောင်းလျှင်


မှတ်ချက်

     ၁- ဤပါဠိမူရင်းကို ပြခြင်းသည် နောက်၌ ပြလတံ့သော အဖွင့်များနှင့် တိုက်ဆိုင်ကြည့်ရန် ဖြစ်သည်။

     ၂- ဟေတု-ဟိတ်-အမြစ်မ,သဖွယ်ဖြစ်၍ + ပစ္စယ- ကျေးဇူးပြုတတ်သည် = ဟေတု-ပစ္စယ-ဟိတ်-အမြစ်မ,သဖွယ်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

     ၃- ဝစနာဝယဝ- စကား၏အစိတ်-ဟု သာမည ဆိုထားသော်လည်း နျာယကျမ်းလာ စကား၏ အစိတ်အပိုင်း ငါးပါးလုံးကို ဆိုလိုသည်မဟုတ်၊ ထိုငါးပါးထဲမှ ဒုတိယဖြစ်သော (ပဋိညာကို ပြီးစေတတ် ထောက်ခံတတ်သော) အကြောင်းပြစကားကိုသာ ဆိုလိုသည်။ ထို့ကြောင့် ဋီကာ၌ ဝစနာဝယဝဟူသော စကားကို သာဓနအဝယဝကိုရည်၍ ဆိုသည်ဟု ဖွင့်ပြထားပေသည်။ နျာယကျမ်းလာ စကား၏ အစိတ်အပိုင်း ငါးပါးကို သုတပွါးရန်အတွက် အကျဉ်းချုပ် ထုတ်ပြဦးအံ့။

၅၆

အမွန်အစ ရှိကုန်၏'' ဤသို့ စသည်တို့၌ အကြောင်းကို (ဆိုအပ်၏)။ ''တယော ကုသလဟေတူ၊ တယော အကုသလဟေတူ- သုံးပါးကုန်သော ကုသိုလ်ဟိတ်တို့၊ သုံးပါးကုန်သော အကုသိုလ်ဟိတ်တို့'' ဤသို့ အစရှိသော စကားတို့၌ မူလကို ဟိတ်ဟု ဆိုအပ်၏။ ထိုမူလကို ဤ၌ အလိုရှိအပ်၏။ ပစ္စယ-ဟူသော ဤပုဒ်၌မူ ဤကား ဝစနတ္ထ- သဒ္ဒါနက်ပေတည်း။ စွဲ၍ ဤအကြောင်းကြောင့် ဖြစ်၏။ ထို့ကြောင့် စွဲ၍ဖြစ်ကြောင်းသည် ပစ္စယမည်၏။


မှတ်ချက်

စကားအချေအတင် ပြောဆိုသောအခါ အသိခက်သောအနက်ကို ပြဆိုသောအခါတို့၌ အခြားပုဂ္ဂိုလ်များ နှစ်သက် လက်ခံနိုင်အောင် ဝစနာဝယဝခေါ် စကား၏ အစိတ်အပိုင်း ငါးပါးလုံးကို ပြည့်စုံစွာ ပြောဆိုရ၏။ ၎င်းတို့မှာ-

(၁) ပဋိညာ- မိမိ၏ ဝါဒအဖြစ်ဖြင့် ဝန်ခံတင်ပြချက် အဆိုတင်ပြချက်၊

(၂) ဟေတု- ထိုတင်ပြချက် မှန်ကန်ကြောင်း သိစေရန် အကြောင်းပြချက်၊

(၃) ဥဒါဟရဏ- ပုံတူ ဥပမာထုတ်ပြချက်၊

(၄) ဥပနယ- ဥပမာနှင့် ဥပမေယျ နှီးနှောဆောင်ကပ်၍ ပြချက်၊

(၅) နိဂုံး- အဆုံးသတ် အတည်ပြု ဆုံးဖြတ်ချက်တို့ပင် ဖြစ်သည်။

ပုံစံထုတ်၍ ပြအံ့-

(၁) အသံသည် မမြဲ၊ (ပဋိညာ)

(၂) ဖြစ်ခြင်းသဘော ရှိသောကြောင့်၊ (ဟေတု)

(၃) ဖြစ်ခြင်းသဘောရှိသော အရာဟူသမျှသည် အိုးခွက်ကဲ့သို့ပင် မမြဲသည်ချည်းသာ၊ (ဥဒါဟရဏ)

(၄) ထို့အတူပင် အသံသည်လည်း ဖြစ်ခြင်းသဘော ရှိ၏၊ (ဥပနယ)

(၅) ထို့ကြောင့် အသံသည် မမြဲ၊ (နိဂုံး)

ထို့ထက် ထင်ရှားသော ပုံစံတခုကို ထုတ်ပြဦးအံ့-

(၁) ထိုတောင်၌ မီးရှိ၏၊ (ပဋိညာ)

(၂) (အဘယ့်ကြောင့်နည်း) မီးခိုးရှိနေသောကြောင့်တည်း၊ (ဟေတု)

(၃) မီးခိုးရှိရာ အရပ်တိုင်းမှာ စဖိုအိမ်၌ကဲ့သို့ မီးရှိစမြဲပင်၊ (ဥဒါဟရဏ)

၅၇

(စွဲ၍ဖြစ်၏-ဟူသည်မှာ) ထိုအကြောင်းကို မစွန့်မူ၍ ဖြစ်၏-ဟု ဆိုလို၏။ ထင်ရှားပြရလျှင်- အကြင် အကျိုးတရားသည် အကြင် အကြောင်းတရားကို မစွန့်မူ၍ တည်မူလည်း တည်၏၊ ဖြစ်မူလည်း ဖြစ်၏၊ ထိုအကြောင်းတရားသည် ထိုအကျိုးတရား၏ ပစ္စယမည်သည်ဟု ဆိုလို၏။ လက္ခဏာအားဖြင့်မူကား ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဘောသည်၊ ဝါ၊ ကျေးဇူးပြုတတ်သော လက္ခဏာသဘောသည် ပစ္စယမည်၏။ မှန်ပေ၏၊ အကြင် အကြောင်းတရားသည် အကြင် အကျိုးတရားအား တည်ခြင်းငှါ၎င်း ဖြစ်ခြင်းငှါ၎င်း ကျေးဇူးပြုတတ်၏၊ ထိုအကြောင်းတရားကို ထိုအကျိုးတရား၏ ပစ္စယ-ကျေးဇူးပြုတတ်သော အကြောင်းဟု ဆိုအပ်၏။ ပစ္စယ-ပစ္စည်း၊ ဟေတု-ဟိတ်၊ ကာရဏ-အကြောင်း၊ နိဒါန-နိဒါန်း၊ သမ္ဘဝ-ဖြစ်ကြောင်း၊ ပဘဝ-ဖြစ်ခဲ့ရာ အမွန်အစ-ဤသို့ အစရှိသော အမည်အပေါင်းသည် လိုရင်းအနက်အားဖြင့် တူ၏၊ သဒ္ဒါအားဖြင့်သာ ထူးသည်။ ဤသို့လျှင် အကြောင်းရင်းမြစ်မ မူလဟူသော အနက်သဘောကြောင့် ဟေတုမည်၏၊ ကျေးဇူးပြုတတ်သော


မှတ်ချက်

(၄) ထို့အတူပင် ထိုတောင်၌ မီးခိုးရှိနေသည်၊ (ဥပနယ)

(၅) ထို့ကြောင့် ထိုတောင်၌ မီးရှိကြောင်း သိရပေသည်။ (နိဂုံး)

     ဤစကားအစိတ် ငါးပါးတို့တွင် (၁) ပဋိညာနှင့် (၅) နိဂုံးသည်၎င်း၊ (၂) ဟေတုနှင့် (၄) ဥပနယသည်၎င်း အနက်အရအားဖြင့် တူညီလျက်ရှိ၏။ ထို့ကြောင့် ထိုငါးပါးတို့တွင် (၁-နှင့် ၂)ကို ချန်၍ (၃-၄-၅)တို့ကို ပြဆိုရုံမျှဖြင့်လည်း လုံလောက်သည်၊ သို့မဟုတ် (၄-နှင့်-၅)ကို ချန်၍ (၁-၂-၃)တို့ကို ပြဆိုရုံမျှဖြင့်လည်း လုံလောက်သည်-ဟု ယခုခေတ် ပညာရှိတို့က ဆိုကြ၏။ ထိုတွင်လည်း (၁-နှင့် ၂)သည်သာလျှင် အရေးအကြီးဆုံး ဖြစ်သည်။ ထို့ကြောင့်ပင် လောကီကျမ်းတို့၌၎င်း၊ သာသနာဝင် အဋ္ဌကထာ ဋီကာကျမ်းတို့၌၎င်း (၁) ပဋိညာခေါ် လိုရင်းအနက် အဓိပ္ပါယ်ကို ပြဆိုချက်နှင့် (၂) ဟေတုခေါ် အကြောင်းပြ ထောက်ခံချက် စကားတို့ကိုသာ များစွာ ပြဆိုလေ့ ရှိကြပေသည်။ ဤအရာ၌ ဟေတု-ဟူသည်မှာ ဒဠှီဝါကျလည်း ပါဝင်သည်-ဟု မှတ်အပ်၏။ ဤစကားအစိတ် ငါးပါးနှင့် စပ်၍ ဤထက် ကျယ်ပြန့်စွာ လေ့လာလိုလျှင် ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ စတုတ္ထတွဲ စာမျက်နှာ-၅ စသည်၌ ကြည့်ပါ။

     ၁- အကြောင်းရင်းမြစ်မ မူလ အနက်သဘော ဟူသည်မှာ အထပ်ထပ်ဖြစ်လျက် ကြာရှည်စွာ ခိုင်ခံ့ တည်တံ့စေသော သဘောသတ္တိပင် ဖြစ်သည်၊ နောက်၌ ဖွင့်ပြလတံ့။

၅၈

အနက်သဘောကြောင့် ပစ္စယမည်၏။ ဤသို့ (ဖြစ်သောကြောင့်) အကျဉ်းအားဖြင့် အကြောင်းရင်းမြစ်မ, မူလဟူသော သဘောအားဖြင့် ကျေးဇူးပြုတတ်သော တရားသည် ဟေတုပစ္စည်းမည်၏။

     ထိုဟေတုပစ္စည်းသည် သလေးမျိုးစေ့ စသည်တို့သည် သလေးပင် စသည်တို့၏ (သလေးအဖြစ် စသည်ကို ပြီးစေတတ်သ)ကဲ့သို့၎င်း၊ ပတ္တမြား၏ ညိုသောအဆင်း စသည်တို့သည် ပတ္တမြား၏ အညိုရောင် စသည်တို့ကို (ပြီးစေတတ်ကုန်သ)ကဲ့သို့၎င်း ကုသိုလ်စသည်တို့၏ ကုသိုလ်စသည်အဖြစ်ကို ပြီးစေတတ်၏၊ ဤသည်ကား (ရေဝတ)ဆရာတို့၏ အလိုပေတည်း။ စိစစ်၍ ပြအံ့၊ ဤသို့ (ရေဝတဆရာတို့၏ အလိုအတိုင်း) ဖြစ်ပါမူ ထိုဟိတ်ကြောင့်ဖြစ်သော ရုပ်တို့၌ ဟိတ်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် မပြီးစီး မပြည့်စုံပဲ ရှိရာ၏။ မှန်ပေ၏၊ ထိုကုသိုလ်စသော ဟိတ်သည် ထို(ဟိတ်ကြောင့် ဖြစ်သော) ရုပ်တို့၏ ကုသိုလ်စသည် အဖြစ်ကို မပြီးစေနိုင်၊ သို့သော် (ဟေတုသတ္တိဖြင့်) ကျေးဇူးမပြုတတ်သည်လည်း မဟုတ်ပေ။ သာဓကပြရလျှင်- ''ဟိတ်တို့သည် ဟိတ်နှင့်ယှဉ်ကုန်သော တရားတို့အား၎င်း၊ ထိုဟိတ်ကြောင့် ဖြစ်ကုန်သော ရုပ်တို့အား၎င်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏''ဟူသော ဤစကားကို ဟောတော်မူ(အပ်)ပေ၏။ သည်မျှသာ မဟုတ်သေး၊ အဟိတ်စိတ်တို့၏ အဗျာကတအဖြစ်သည် (အဗျာကတအဖြစ်ကို ပြီးစေတတ်သော) ဤဟိတ်နှင့်ကင်း၍ ပြီးစီး၏၊ ထို့ပြင် ဟိတ်ရှိသော (သဟိတ်)တရားတို့၏လည်း ကုသိုလ်စသည်၏ အဖြစ်သည် ယောနိသော မနသိကာရ စသည်နှင့်သာ စပ်၏၊ သမ္ပယုတ် (ယှဉ်ဖက်)ဟိတ်နှင့် စပ်သည်မဟုတ်၊ ဆက်ဦးအံ့၊ အကယ်၍ (သမ္ပယုတ်)ဟိတ်တို့၌


မှတ်ချက်

     ၁- ဟေတုပစ္စည်းသည်- ကုသိုလ်စသည်၏ အဖြစ်ကို ပြီးစေတတ်၏-ဟု စပ်ပါ။

     ၂- ဟေုတပစ္စည်းက မိမိကြောင့်ဖြစ်သော အကျိုးပစ္စယုပ္ပန် တရားတို့ကို မိမိကဲ့သို့ပင် ကုသိုလ်စသည်၏ အဖြစ်ကို ပြီးစေသည်-ဟု ဆိုခဲ့ပါလျှင်- ထိုအဆိုအတိုင်း မှန်ခဲ့ပါလျှင်-ဟု ဆိုလို၏။

     ၃- ပါဠိမူရင်း၌ ဤပုဒ်တွင် သမ္ပယုတ္တ-သဒ္ဒါ ပိုနေဟန်ရှိ၏။ အကြောင်းမူကား- ကြဉ်ရန် ဝိပ္ပယုတ်ဟိတ်ဟူ၍ မရှိသောကြောင့်၎င်း၊ မယှဉ်သောဟိတ်က ကျေးဇူးပြုလေသေးသလား-ဟု သံသယဖြစ်ဖွယ် မရှိသောကြောင့်၎င်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် ထိုသဒ္ဒါမလိုကြောင်း သိစေရန် ၎င်းကို ဤ၌ လက်သည်းကွင်းဖြင့် ပြထားသည်။

၅၉

သူ့ပင်ကိုသဘောဖြင့်သာလျှင် ကုသိုလ်စသည်၏အဖြစ် ပြီးစီး၍ (ဟိတ်နှင့်)ယှဉ်သော တရားတို့၌ (ကုသိုလ်စသည်၏ အဖြစ်သည်) ဟိတ်နှင့် စပ်ဆိုင်ငြားအံ့၊ (သို့ဖြစ်လျှင်) အလောဘသည် ကုသိုလ်ဖြစ်စေ၊ အဗျာကတ ဖြစ်စေ (တမျိုးမျိုးသာ) ဖြစ်ရာ၏။ စင်စစ်သော်ကား (ကုသိုလ်ရော အဗျာကတရော) ၂-မျိုးလုံးလည်း ဖြစ်ပေ၏၊ ထို့ကြောင့် (ဟိတ်နှင့်)ယှဉ်သော တရားတို့၌ကဲ့သို့ ထို့အတူ ဟိတ်တို့၌လည်း ကုသိုလ်စသည်၏ အဖြစ် (ပြီးကြောင်း)ကို ရှာကြံအပ်လေရာ၏

     [၁၆၅] အသင့်အလျော်ကား (ဤသို့ပေတည်း)၊ ဟိတ်တို့၏ မူလအနက်သဘောကို ကုသိုလ်စသည်၏ အဖြစ်ကို ပြီးစေသည်၏ အစွမ်းအားဖြင့် မယူမူ၍ ကောင်းစွာတည်တံ့သည်၏ အဖြစ်ကို ပြီးစေသည်၏ အစွမ်းအားဖြင့် ယူ(အပ်)ပါမူ တစုံတရာမျှ မဆန့်ကျင်ပေ။ အကြောင်းမူကား- စည်ပင်ပြန့်ပွါးသော အမြစ်ရှိကြသော သစ်ပင်တို့သည် မြဲမြံခိုင်ခံ့လျက် ကောင်းစွာ တည်တံ့ကုန်သကဲ့သို့ ဟေတုပစ္စည်း(သတ္တိဖြင့် ကျေးဇူးပြုခြင်း)ကို ရကုန်သော ပစ္စယုပ္ပန်တရားတို့သည် မြဲမြံခိုင်ခံ့လျက် ကောင်းစွာ (ကြာရှည်စွာ) တည်တံ့ကုန်၏၊ (ဟေတုပစ္စည်းကို မရသော) အဟိတ်တရားတို့သည်ကား နှမ်းစေ့ခန့်မှော်စသော မှော်တို့ကဲ့သို့ပင် ကောင်းစွာ မတည်တံ့ကြကုန်၊ (ဤကား မဆန့်ကျင်ခြင်း၏ အကြောင်းပေတည်း)။ ဤသို့ ဖြစ်သောကြောင့်၊ ဝါ၊ သို့ဖြစ်၍ ''အကြောင်းရင်းမြစ်မ မူလဟူသော သဘောအားဖြင့် ကျေးဇူးပြုတတ်သော တရား''ဟူရာ၌ ကောင်းစွာ တည်တံ့သည်၏ အဖြစ်ကို ပြီးစေသောအားဖြင့် ကျေးဇူးပြုတတ်သော တရားသည် ဟေတုပစ္စည်းမည်၏ဟူ၍ သိအပ်ပေ၏


မှတ်ချက်

     ၁- ဟိတ်နှင့်ယှဉ်သော တရားတို့၌ ဟိတ်ကြောင့် ကုသိုလ်စသည်အဖြစ် ပြီးသည်-ဟု ကုသိုလ်စသည်အဖြစ် ပြီးကြောင်းတရားကို ရေဝတဆရာတို့ ရှာကြံကြသကဲ့သို့ ဟိတ်တို့၌လည်း ကုသိုလ်စသည်အဖြစ် ပြီးအောင် ကျေးဇူးပြုသော အကြောင်းတရားကို ရှာသင့်ရှာထိုက်သော အပြစ်ရောက်သည်-ဟု ဆိုလို၏။

     ၂- မူလအနက်သဘောကို.. မယူမူ၍.. ယူ(အပ်)ပါမူ-ဟု စပ်ပါ။

     ၃- ဟေတုပစ္စည်း၌ အကျဉ်းမှတ်ဖွယ်ကား- လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ-ဟူသော ဤဟိတ် ၆-ပါးသည် ဟေတုပစ္စည်းမည်၏။ ထိုဟိတ်တို့နှင့်ယှဉ်သော သဟိတ်စိတ် ၇၁-ပါး၊ မောဟမူဒွေမှ

၆၀

(၂) အာရမ္မဏပစ္စည်း

     ၅၉၆။ ထိုဟေတုပစ္စည်းမှနောက် ပစ္စည်းတို့တွင် ဆွဲကိုင်အပ်သော အာရုံ၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် အာရမ္မဏပစ္စည်းမည်၏။ ''ရူပါယတန (အဆင်း)သည် စက္ခုဝိညာဏဓာတ် (မြင်သိမှု)အား (အာရမ္မဏ ပစ္စယသတ္တိ- အာရုံအပြုခံခြင်း သဘောအားဖြင့် ကျေးဇူးပြု၏)'' ဤသို့ စသည်ဖြင့် စတင်အားထုတ်ခဲ့ ဟောခဲ့ပြီး၍လည်း ''အကြင်အကြင် တရားကို အာရုံပြု၍ အကြင်အကြင် စိတ် စေတသိက် တရားတို့သည် ဖြစ်ကုန်၏၊ (ထိုသို့ ဖြစ်ရာ၌) ထိုထို အာရုံတရားတို့သည် ထိုထိုစိတ် စေတသိက် တရားတို့အား အာရမ္မဏပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု(ကုန်)၏''ဟု နိဂုံးချုပ် အဆုံးသတ်(အပ်)သောကြောင့် တစုံတခုသော တရားမျှ ထိုအာရမ္မဏပစ္စည်း မဖြစ်သည် မရှိ၊ (ဖြစ်သည်ချည်းသာတည်း)။ ဥပမာဖြင့် ထင်စွာပြရလျှင် အားနည်းသော ယောက်ျားသည် ဒုတ်တောင်ဝှေးကိုဖြစ်စေ၊ ကြိုးကိုဖြစ်စေ ဆွဲကိုင်၍သာလျှင် ထလည်းထနိုင် ရပ်လည်း ရပ်တည်နိုင်သကဲ့သို့ ထို့အတူပင် စိတ်စေတသိက်တရားတို့သည် အဆင်းအစရှိသော အာရုံကို အာရုံပြု(ဆွဲကိုင်)ကုန်၍သာလျှင် ဖြစ်လည်း ဖြစ်နိုင်ကုန်၏၊ တည်လည်း တည်နိုင်ကုန်၏၊ ထို့ကြောင့် စိတ်စေတသိက်တို့၏ အာရုံဖြစ်ကုန်သော


မှတ်ချက်

မောဟ ကြဉ်သော စေတသိက် ၅၂-ပါး၊ သဟိတ်စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်၊ သဟိတ် ပဋိသန္ဓေ ကမ္မဇရုပ်- ဤတရားအပေါင်းသည် ဟေတုပစ္စည်း၏ ပစ္စယုပ္ပန်မည်၏။

     ၁- ဆွဲကိုင်သော အာရုံ၏ အဖြစ်ဖြင့်-ဟူသော အနက်သည် အာလမ္ဗိတဗ္ဗဘာဝေန-ဟူသော ဋီကာအဖွင့်နှင့်အညီ ပြန်သောအနက် ဖြစ်သည်။ ထိုဋီကာအဖွင့်ကို ထောက်ဆကြည့်လျှင် အာရမ္မဏ-သဒ္ဒါသည် အာလမ္ဗန-မှ ဖြစ်လာကြောင်း ထင်ရှား၏။

     ၂- ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ-ဟူသော ပါဠိကို အတိအကျ အပြည့်အစုံ ပြန်လျှင် ''စိတ်, စေတသိက် တရားဟူကုန်သော အကြင်အကြင် တရားတို့သည် ဖြစ်ကုန်၏''ဟူ၍ ဖြစ်သည်။ သို့သော်လည်း ထိုသို့ အတိအကျပြန်လျှင် မြန်မာစကား မချောရုံမျှသာ ရှိမည်။ အနက်အဓိပ္ပါယ်ကား မထူးခြား။ ထို့ကြောင့် ဓမ္မာတပုဒ်ကိုချန်၍ အထက်ပါအတိုင်း ပြန်ထားသည်။ နောက်၌လည်း ဤသို့သော ပြန်ချက်များကို နည်းတူပင် မှတ်ပါ။

၆၁

အလုံစုံလည်းဖြစ်ကုန်သော တရား(ဟူသမျှ)တို့ကို အာရမ္မဏပစ္စည်းဟူ၍ သိအပ်ကုန်၏

(၃) အဓိပတိပစ္စည်း

     ၅၉၇။ အကြီးအမှူးအဖြစ်ဟူသော သဘောအားဖြင့် ကျေးဇူးပြုတတ်သော တရားသည် အဓိပတိပစ္စည်းမည်၏။ ၎င်းသည် သဟဇာတာဓိပတိ, အာရမ္မဏာဓိပတိတို့၏ အစွမ်းအားဖြင့် ၂-ပါးအပြားရှိ၏။ ထိုတွင် ''ဆန္ဒာဓိပတိ- ကြီးမှူးလွန်ကဲသော ဆန္ဒသည် ဆန္ဒနှင့်ယှဉ်ကုန်သော စိတ် စေတသိက် တရားတို့အား၎င်း၊ ထိုဆန္ဒကြောင့်ဖြစ်သော ရုပ်တို့အား၎င်း အဓိပတိပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဤသို့ စသည်ဖြင့် ဟောတော်မူသောကြောင့် ဆန္ဒ ဝီရိယ စိတ် ဝီမံသ (ပညာ)ဟု ဆိုအပ်ကုန်သော လေးပါးသော တရားတို့ကို (သဟဇာတ)အဓိပတိပစ္စည်းဟု သိအပ်(ကုန်)၏။ သို့သော်လည်း (လေးပါးလုံး) တပြိုင်နက်ကား (အဓိပတိပစ္စည်း) မဖြစ်ကြ၊ (တပါးချင်းသာလျှင် ဖြစ်သည်)။ ချဲ့၍ပြအံ့၊ အကြင်အခါ၌ ဆန္ဒကို အကြီးအမှူးပြု၍ စိတ်သည် ဖြစ်၏၊ ထိုအခါ၌ ဆန္ဒသည်သာလျှင် အဓိပတိပစ္စည်းဖြစ်သည်၊ ဆန္ဒမှတပါးသော စိတ် ဝီရိယ ဝီမံသတို့သည် (အဓိပတိပစ္စည်း) မဖြစ်ကြ။ ကြွင်းသော တရားတို့ အဓိပတိပစ္စည်းဖြစ်ရာ၌လည်း ဤနည်းပင်တည်း။

     ထိုမှတပါး အကြင်တရားကို အလေးအမြတ် (အာရုံ)ပြု၍ စိတ် စေတသိက် တရားတို့သည် ဖြစ်ကုန်၏၊ ထိုအလေးအမြတ် အာရုံပြုအပ်သော တရားသည်


မှတ်ချက်

     ၁- အာရမ္မဏပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား- ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံဟူသော ဤအာရုံ ၆-ပါးသည် အာရမ္မဏပစ္စည်းမည်၏။ ထိုအာရုံတို့ကို အာရုံပြု၍ဖြစ်သော စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါးသည် အာရမ္မဏပစ္စည်း၏ ပစ္စယုပ္ပန်မည်၏။ အာရုံ ၆-ပါးတို့တွင် ဓမ္မာရုံဟူသည်မှာ (၁) ပသာဒရုပ် ၅-ပါး၊ (၂) သုခုမရုပ် ၁၆-ပါး၊ (၃) စိတ် ၈၉-ပါး၊ (၄) စေတသိက် ၅၂-ပါး၊ (၅) ပညတ်၊ (၆) နိဗ္ဗာန်ဟူသော ဤ ၆-မျိုးပင် ဖြစ်သည်။

     ၂- အလေးအမြတ် အာရုံပြုအပ်သောတရား ဟူသည်မှာ- (၁) ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈-ခု၊ (၂) (ဒေါသမူ ၂၊ မောဟမူ ၂၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ် ကြဉ်သော) စိတ် ၈၄-ခု၊ (၃) (ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ ကြဉ်သော) စေတသိက် ၄၇-ခု၊ (၄) နိဗ္ဗာန်-ဟူသော ဤတရားများပင် ဖြစ်သည်။

၆၂

ထိုအလေးပြုတတ်သော စိတ် စေတသိက် တရားတို့၏ အာရမ္မဏာဓိပတိပစ္စည်းမည်၏။ ထို့ကြောင့် ''အကြင်အကြင် တရားကို အလေးပြု၍ အကြင်အကြင် စိတ် စေတသိက် တရားတို့သည် ဖြစ်ကုန်၏။ ထိုထို အလေးပြုအပ်သော တရားတို့သည် ထိုထို အလေးပြုတတ်သော စိတ် စေတသိက် တရားတို့အား အဓိပတိပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏''ဟု (မြတ်စွာဘုရား) ဟောတော်မူ(အပ်)ပေသည်

(၄-၅) အနန္တရ-သမနန္တရပစ္စည်း

     ၅၉၈။ အခြားမရှိသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော (ရှေးရှေး) စိတ်စေတသိက် တရားသည် အနန္တရပစ္စည်းမည်၏။ ကောင်းစွာ အခြားမရှိသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော (ရှေးရှေး) စိတ်စေတသိက် တရားသည် သမနန္တရပစ္စည်းမည်၏။ ဤပစ္စည်း ၂-ပါးကို [၁၆၆] များစွာသော


မှတ်ချက်

     ၁- အလေးပြုတတ်သော စိတ်စေတသိက်- ဟူသည်မှာ လောဘမူစိတ် ၈-ခု၊ မဟာကုသိုလ်စိတ် ၈-ခု၊ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄-ခု၊ လောကုတ္တရာစိတ် ၈-ခုဟူသော ဤစိတ် ၂၈-ခုနှင့် (ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ, အပ္ပမညာ ကြဉ်သော) စေတသိက် ၄၅-ခုတို့ပင် ဖြစ်သည်။

     ၂- အဓိပတိပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား- အဓိပတိတပ်ခိုက် ဆန္ဒ, ဝီရိယ, စိတ်, ဝီမံသဟူသော ၄-ပါးတို့တွင် တပါးပါးသည် သဟဇာတာဓိပတိပစ္စည်း မည်၏။ (မောဟမူ ၂၊ ဟသိတုပ္ပါဒ် ကြဉ်သော) အဓိပတိ ရခိုက်-ရနေဖြစ်သော သာဓိပတိဇောစိတ် ၅၂-ခု၊ ထိုစိတ်တို့နှင့်ယှဉ်သော (ဝိစိကိစ္ဆာနှင့် အဓိပတိတရားကိုယ် ကြဉ်သော) စေတသိက် ၅၁-ခု၊ သာဓိပတိစိတ္တဇရုပ်ဟူသော ဤစိတ်စေတသိက် ရုပ်တရားအပေါင်းသည် သဟဇာတာဓိပတိ ပစ္စယုပ္ပန်မည်၏။ အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော ရုပ် ၁၈-ခု၊ စိတ် ၈၄-ခု၊ စေတသိက် ၄၇-ခု၊ နိဗ္ဗာန်ဟူသော ဤတရားအပေါင်းသည် အာရမ္မဏာဓိပတိပစ္စည်းမည်၏။ (နှာ-၆၁ မှတ်ချက် ၂-၌ ပြခဲ့သောတရားများပင်ဖြစ်သည်။) အလေးအမြတ်ပြုတတ်သော စိတ် ၂၈-ခု၊ စေတသိက် ၄၅-တို့သည် အာရမ္မဏာဓိပတိပစ္စယုပ္ပန်မည်၏။ (မှတ်ချက် ၁-၌ ပြခဲ့သော တရားများပင် ဖြစ်သည်)။

၆၃

အပြားတို့ဖြင့် (ဆရာတို့) ချဲ့၍ ဖွင့်ပြကြကုန်၏၁။ သို့သော်လည်း ယခုဆိုမည့် စကားသည်သာလျှင် အနှစ်သာရဖြစ်သည်။ ယင်း အနှစ်သာရကား-''စက္ခုဝိညာဏ်၏ အခြားမဲ့၌ မနောဓာတ်(ခေါ် သမ္ပဋိစ္ဆိုန်းစိတ်) ဖြစ်သည်၊ မနောဓာတ်၏ အခြားမဲ့၌ မနောဝိညာဏဓာတ်(ခေါ် သန္တီရဏစိတ်) ဖြစ်သည်'' ဤသို့ အစရှိသော စိတ်အစဉ် (စိတ္တနိယာမ)သည် ရှေးရှေး(အခြားမဲ့)စိတ်၏ အစွမ်းအားဖြင့်သာလျှင် ပြီးစီး၏၊ အခြားတပါးသော အခြင်းအရာအားဖြင့် မပြီးစီးပေ။ ထို့ကြောင့် မိမိ မိမိ၏ အခြားမဲ့၌ သင့်လျော်သော စိတ္တုပ္ပါဒ် (စိတ်စေတသိက်)ကို ဖြစ်စေရန် စွမ်းနိုင်သော စိတ်စေတသိက်တရားသည် အနန္တရပစ္စည်းမည်၏။ ထို့ကြောင့်ပင်လျှင် ''အနန္တရပစ္စည်း ဟူသည်ကား စက္ခုဝိညာဏဓာတ်သည်၎င်း၊ ယင်းဓာတ်နှင့်ယှဉ်သော စေတသိက်တရားတို့သည်၎င်း မနောဓာတ်အား၎င်း ယင်းဓာတ်နှင့်ယှဉ်သော စေတသိက်တရားတို့အား၎င်း အနန္တရပစ္စည်း(သတ္တိ) ဖြင့် ကျေးဇူးပြု၏'' ဤသို့ စသည်ကို (မြတ်စွာဘုရား) ဟောတော်မူခဲ့ပေသည်။ အကြင်တရားသည် အနန္တရပစ္စည်းဖြစ်၏၊ ထိုတရားသည်ပင်လျှင် သမနန္တရပစ္စည်းဖြစ်၏၊ မှန်ပေ၏။ ဥပစယရုပ်နှင့် သန္တတိရုပ်တို့၌ကဲ့သို့၎င်း အဓိဝစနဒုက်နှင့် နိရုတ္တိဒုက် စသည်တို့၌ကဲ့သို့၎င်း ဤအနန္တရနှင့် သမနန္တရပစ္စည်းတို့၌ သဒ္ဒါမျှသာထူးသည်၊ သဘောအနက်အားဖြင့်မူကား ထူးခြားခြင်း မရှိပေ။

     ''သဘောတရားအားဖြင့် အခြားမရှိသည်၏ အဖြစ်ကြောင့် အနန္တရပစ္စည်းမည်၏၊ ကာလအားဖြင့် အခြားမရှိသည်၏ အဖြစ်ကြောင့် သမနန္တရပစ္စည်းမည်၏''ဟူ၍ ထူးခြားကြောင်း- ထူးခြားပုံကို (ရေဝတ)ဆရာတို့သည် အလိုရှိ(အပ်)၏၊ ထိုထူးခြားပုံသည်လည်း ''နိရောဓသမာပတ်မှ ထသော (အနာဂါမ်)ပုဂ္ဂိုလ်၏ နေဝသညာနာသညာယတန ကုသိုလ်သည် (အနာဂါမိ)ဖလသမာပတ်အား သမနန္တရပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဤသို့စသော ပါဠိတော်စကားတို့နှင့် ဆန့်ကျင်၏။ ထိုဆန့်ကျင်ရာ၌ (ပြေလည်စေရန်အလို့ငှါ) ''စိတ်စေတသိက် သဘောတရားတို့၏ (ကာလမခြားပဲ)


မှတ်ချက်

     ၁- သဘောတရား တပါးအားဖြင့် အခြားမရှိသည်၏ အဖြစ်သည် အနန္တရပစ္စည်း မည်၏။ ကာလအားဖြင့် အခြားမရှိသည်၏ အဖြစ်သည် သမနန္တရပစ္စည်း မည်၏-ဤသို့ စသည်ဖြင့် ချဲ့၍ ဖွင့်ပြကြကုန်၏။

၆၄

ဖြစ်စေခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်သည် မယုတ်လျော့ပါ၊ သို့သော်လည်း နိရောဓသမာပတ် ဘာဝနာ၏ အစွမ်းဖြင့် တားမြစ်ထားသောကြောင့်(သာလျှင်) (ပစ္စယုပ္ပန် စိတ်စေတသိက်) တရားတို့သည် ကာလအခြားမဲ့၌ မဖြစ်ပဲ ရှိကြပါသည်''ဟူ၍ ချေပသော စကားကို (ထိုဆရာတို့က) ဆိုကြ၏၊ ထိုစကားသည်လည်း ကာလဖြင့် အခြားမရှိသည်၏အဖြစ် မရှိခြင်းကိုသာလျှင် ပြီးစေ၏။ ပြီးစေပုံကား- ထိုနိရောဓသမာပတ်မှ ထသောအခါ စိတ်စေတသိက်ဖြစ်ရာ၌ ဘာဝနာ၏ အစွမ်းကြောင့် ကာလအားဖြင့် အခြားမရှိသည်၏ အဖြစ်သည် မရှိပါ၊ သို့ဖြစ်သောကြောင့် ငါတို့သည်လည်း ဤကာလအားဖြင့် အခြားမရှိသည်၏အဖြစ် မရှိခြင်းကိုသာလျှင်၊ ဝါ၊ ဤခုနစ်ရက် အစရှိသော ကာလအားဖြင့် အခြားရှိသည်၏အဖြစ် ရှိခြင်းကိုသာလျှင် ဆိုပါကုန်၏။ ယင်းသို့ ကာလအားဖြင့် အခြားမရှိသည်၏အဖြစ် မရှိခြင်းကြောင့် (ထိုဆရာတို့၏ အနက်အရအားဖြင့်) သမနန္တရပစ္စည်းအဖြစ်သည် မသင့်ပါ၊ အဘယ့်ကြောင့်ဆိုသော် ထိုဆရာတို့၏ အယူသည် ''ကာလအားဖြင့် အခြားမရှိသည်၏အဖြစ်ကြောင့် သမနန္တရပစ္စည်းမည်သည်''ဟု ဖြစ်သောကြောင့်ပေတည်း။ ထို(သို့ ပြဆိုခဲ့သည့်အတိုင်း ''ကာလအားဖြင့် အခြားမရှိသည်၏ အဖြစ်ကြောင့် သမနန္တရပစ္စည်းမည်သည်''ဟူသော အနက်၏ မသင့်ခြင်း)ကြောင့် မြဲမြံစွာ နှလုံးသွင်းခြင်းကို မပြုမူ၍ ဤအနန္တရ သမနန္တရဟူသော ပစ္စည်း၂-ပါးတို့၌ သဒ္ဒါမျှဖြင့်သာလျှင် ထူးခြားခြင်းကို ယုံကြည် ယူဆအပ်၏၊ အနက်အားဖြင့် (ထူးခြားခြင်းကို) မယူဆအပ်ပေ၊ အဘယ်သို့ ထူးခြားသနည်းဟူမူ? ဤပစ္စည်း စိတ်စေတသိက်တရားတို့အား (ပစ္စယုပ္ပန်နှင့်) ခြားကွယ်တတ်သော အခြားနာမ်တရားသည် မရှိ၊ ထို့ကြောင့် အနန္တရမည်ကုန်၏။ ပုံသဏ္ဌာန် မရှိခြင်းကြောင့် ကောင်းစွာ


မှတ်ချက်

     ၁- အန+မရှိ + အန္တရ-အခြား အကွယ်= အနန္တရ- အခြားမရှိသည်ဖြစ်၍ + ပစ္စယ- ကျေးဇူးပြုတတ်သည်= အနန္တရပစ္စယ- အခြားမရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ ဤ အနန္တရပစ္စည်း၌ အကျဉ်းချုပ်မှတ်ဖွယ်ကား- ရှေးရှေးအခြားမဲ့ စိတ်စေတသိက် အပေါင်းသည် အနန္တရပစ္စည်းမည်၏။ နောက်နောက် အခြားမဲ့ စိတ်စေတသိက်အပေါင်းသည် အနန္တရပစ္စယုပ္ပန်

၆၅

အခြားမရှိကြကုန်၊ ထိုသို့ ကောင်းစွာ အခြားမရှိကြသောကြောင့် သမနန္တရမည်ကုန်၏

(၆) သဟဇာတပစ္စည်း

     ၅၉၉။ ဖြစ်ပေါ်ဆဲပင်လျှင် (မိမိနှင့်) အတူတကွ (တပေါင်းတည်း ပြိုင်တူ) (ပစ္စယုပ္ပန်တရားတို့ကို) ဖြစ်ပေါ်စေသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် သဟဇာတပစ္စည်းမည်၏။ (ဥပမာ) ဆီမီးသည် (ဖြစ်ပေါ်ဆဲပင်လျှင်) အလင်းရောင်ကို (ဖြစ်ပေါ်စေလျက် ကျေးဇူးပြုသ)ကဲ့သို့ပေတည်း။ ထို သဟဇာတပစ္စည်းသည် နာမ်ခန္ဓာ စသည်တို့၏ အစွမ်းအားဖြင့် ၆-ပါးအပြားရှိ၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''(၁) လေးပါးကုန်သော စိတ်စေတသိက် နာမ်ခန္ဓာတို့သည် အချင်းချင်း သဟဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏၊ (၂) လေးပါးကုန်သော မဟာဘုတ်တို့သည် အချင်းချင်း (သဟဇာတသတ္တိဖြင့် ကျေးဇူးပြု၏)၊ (၃) ပဋိသန္ဓေခဏ၌ စိတ်စေတသိက် နာမ်နှင့် (ဟဒယဝတ္ထု)ရုပ်သည် အချင်းချင်း (သဟဇာတသတ္တိဖြင့် ကျေးဇူးပြု၏)၊ (၄) စိတ်စေတသိက် တရားတို့သည် စိတ်ကြောင့်ဖြစ်သော (စိတ္တဇ)ရုပ်တို့အားဖြင့် (သဟဇာတသတ္တိဖြင့် ကျေးဇူးပြု၏)၊


မှတ်ချက်

မည်၏။ (ရှင်းလင်းချက်- ရဟန္တာတို့၏ စုတိစိတ်သည် နောက်ဆုံးစိတ် ဖြစ်သောကြောင့် ရှေးရှေးစိတ်ဟုဆိုသော ပစ္စည်းတရားထဲ၌ မပါဝင်၊ နောက်နောက်စိတ်ဟုဆိုသော ပစ္စယုပ္ပန်တရားထဲ၌သာ ပါဝင်သည်)။

     ၁- သံ-ကောင်းစွာ + အနန္တရ- အခြားမရှိသည်ဖြစ်၍ + ပစ္စယ-ကျေးဇူးပြုတတ်သည်= သမနန္တရပစ္စယ- ကောင်းစွာ အခြားမရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ ဤသို့ သဒ္ဒါမျှသာ အနန္တရ-မှ ထူးသည်၊ သဘောအနက်အလုံးစုံ အနန္တရ-နှင့် တူ၏။

     ၂- သဟ- ပစ္စယုပ္ပန်တရားများနှင့် အတူတကွ- တပေါင်းတည်း- တပြိုင်နက် + ဇာတ-ဖြစ်၍ + ပစ္စယ-ကျေးဇူးပြုတတ်သည် = သဟဇာတပစ္စယ- တကွဖြစ်၍ ကျေးဇူးပြုတတ်သသော တရား။

     ၃- လက်သည်းကွင်းအတွင်းရှိ (ဟဒယဝတ္ထု)ဟူသော စကားသည် အဋ္ဌကထာအလိုအားဖြင့် ဖော်ပြခြင်းဖြစ်သည်၊ နောက်၌လည်း နည်းတူပင်။

၆၆

(၅) မဟာဘုတ်တို့သည် ဥပါဒါရုပ်တို့အား (သဟဇာတသတ္တိဖြင့် ကျေးဇူးပြု၏)၊ (၆) (ဟဒယဝတ္ထု) ရုပ်တရားတို့သည် စိတ်စေတသိက် နာမ်တရားတို့အား အချို့သော (ပဋိသန္ဓေ)ကာလ၌ သဟဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏၊ အချို့သော (ပဝတ္တိ)ကာလ၌ သဟဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးမပြု'' ဟူ၍ပင်တည်း။

     ဤ နောက်ဆုံးအပိုဒ် စကားကို ဟဒယဝတ္ထုကိုသာ ရည်၍ ဟော(အပ်) သည်

(၇) အညမညပစ္စည်း

     [၁၆၇] ၆ဝဝ။ အချင်းချင်း (အပြန်အလှန်) ဖြစ်စေတတ်- ထောက်ပံ့တတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် အညမညပစ္စည်းမည်၏။ (ဥပမာ) အချင်းချင်း ထောက်ပံ့လျက် ထောင်နေသော သစ်သား သုံးချောင်းကဲ့သို့ပေတည်း။ ထို အညမညပစ္စည်းသည် နာမ်ခန္ဓာစသည်တို့၏ အစွမ်းအားဖြင့် ၃-ပါးအပြားရှိ၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား- '' (၁) လေးပါးကုန်သော စိတ်စေတသိက် နာမ်ခန္ဓာတို့သည် (အချင်းချင်း ကျေးဇူးပြုသော) အညမညပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏၊ (၂) လေးပါးကုန်သော မဟာဘုတ်တို့သည် (အညမညပစ္စည်းသတ္တိဖြင့်


မှတ်ချက်

     ၁- နှာ-၆၅ မှတ်ချက် ၃-အတိုင်း ဖြစ်သည်။

     ၂- ဤသဟဇာတပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား-

(၁) စိတ် ၈၉-ခု၊ စေတသိက် ၅၂-ခု ပဝတ္တိ ပဋိသန္ဓေ နာမ်ခန္ဓာ ၄-ပါးသည် အချင်းချင်း သဟဇာတပစ္စည်းလည်း မည်၏၊ ပစ္စယုပ္ပန်လည်း မည်၏။

(၂) ကလာပ်တူ မဟာဘုတ် ၄-ပါးသည် အချင်းချင်း သဟဇာတပစ္စည်းလည်း မည်၏၊ ပစ္စယုပ္ပန်လည်း မည်၏။

(၃) ပဉ္စဝေါကာရပဋိသန္ဓေ နာမ်ခန္ဓာ ၄-ပါးနှင့် ဟဒယဝတ္ထုသည် အချင်းချင်း သဟာဇာတပစ္စည်းလည်း မည်၏၊ ပစ္စယုပ္ပန်လည်း မည်၏။

(၄) အရူပဝိပါက် ၄-ခု၊ ဒွေပဉ္စဝိညာဏ်-၁ဝ၊ ရဟန္တာတို့၏ စုတိစိတ်မှ တပါးသော ရုပ်ကိုဖြစ်စေတတ်သည့် စိတ် ၇၅-ခု၊ စေတသိက် ၅၂-ခု၊ ပဝတ္တိ ပဋိသန္ဓေ နာမ်ခန္ဓာ ၄-ပါးသည် သဟဇာတပစ္စည်း မည်၏၊ ထို စိတ်စေတသိက်တို့ကြောင့်ဖြစ်သော စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်သည် သဟဇာတပစ္စယုပ္ပန် မည်၏။

၆၇

ကျေးဇူးပြု၏)၊ (၃) ပဋိသန္ဓေခဏ၌ စိတ်စေတသိက် နာမ်နှင့် ဟဒယဝတ္ထုရုပ်သည် အညမညပစ္စည်း (သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း

(၈) နိဿယပစ္စည်း

     ၆ဝ၁။ (မြေကြီးစသည်သည် သစ်ပင်စသည်၏ တည်ရာဖြစ်သကဲ့သို့) တည်ရာ အခြင်းအရာအားဖြင့်၎င်း၊(ပန်းချီကား အဝတ် စသည်သည် ပန်းချီဆေး စသည်၏ မှီရာဖြစ်သကဲ့သို့) မှီရာအခြင်းအရာအားဖြင့်၎င်း ကျေးဇူးပြုတတ်သော တရားသည် နိဿယပစ္စည်းမည်၏၊ (ဥပမာ) မြေကြီးစသည်နှင့် အဝတ် စသည်တို့သည် သစ်ပင်စသည်နှင့် ပန်းချီဆေး စသည်တို့၏ (တည်ရာမှီရာ ဖြစ်ကုန်သ)ကဲ့သို့ပေတည်း။ ထိုနိဿယပစ္စည်းကို ''လေးပါးကုန်သော စိတ်စေတသိက် နာမ်ခန္ဓာတို့သည် အချင်းချင်း နိဿယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဤသို့(စသည်ဖြင့်) သဟဇာတပစ္စည်း၌ ဆိုအပ်ခဲ့သော နည်းဖြင့်ပင်လျှင် သိအပ်၏။ အထူးကား ဤနိဿယပစ္စည်း၌ ၆-ခုမြောက်အဖို့ကို ''စက္ခာယတနသည် စက္ခုဝိညာဏဓာတ်အား၎င်း ။ပ။ သောတာယတနသည်..၊ ဃာနယတနသည်..၊ ဇိဝှါယတနသည်..၊ ကာယာယတနသည် ကာယဝိညာဏဓာတ်အား၎င်း၊ ထိုဝိညာဏ်နှင့်ယှဉ်သော (စေတသိက် ၇-ပါး) တရားတို့အား၎င်း နိဿယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ အကြင်ရုပ်ကိုမှီ၍ (ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေးခေါ်) မနောဓာတ်သည်၎င်း၊ (အရူပဝိပါက် ၄-ခုကြဉ်သော ၇၂-ပါးသော) မနောဝိညာဏဓာတ်သည်၎င်း ဖြစ်ကုန်၏၊ ထို(မှီရာ)ရုပ်သည် မနောဓာတ်အား၎င်း၊ မနောဝိညာဏဓာတ်အား၎င်း၊ ထိုဓာတ် ၂-ပါးနှင့်ယှဉ်သော စေတသိက်တရားတို့အား၎င်း နိဿယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏''ဟူ၍ ဤသို့ ဝေဘန် ဟောတော်မူ(အပ်)ပေသည်


မှတ်ချက်

(၅) မဟာဘုတ် ၄-ပါးသည် သဟဇာတပစ္စည်းမည်၏၊ ယင်းတို့နှင့် ကလာပ်တူ ဥပါဒါရုပ်များသည် သဟဇာတပစ္စယုပ္ပန်မည်၏။

     ၁- အညမညပစ္စည်း၌ အကျဉ်းမှတ်ဖွယ်သည် သဟဇာတ၌ မှတ်ဖွယ်(၁-၂-၃)တို့နှင့် တူ၏၊ သဟဇာတ-အရာ၌ အညမည-ဟု လဲထည့်ရန်မျှသာ ထူးသည်။

     ၂- နိဿယပစ္စည်းသည် သဟဇာတနိဿယ ပုရေဇာတနိဿယအားဖြင့် ၂-ပါးအပြားရှိ၏။ ထိုတွင် သဟဇာတနိဿယ၌ အကျဉ်းချုပ် မှတ်ဖွယ်သည်

၆၈

(၉) ဥပနိဿယပစ္စည်း

     ၆ဝ၂။ ဥပနိဿယပစ္စယောဟူသော ဤပုဒ်၌မူ ဤဆိုလတံ့သည်ကား ရှေးဦးစွာ ဝစနတ္ထ သဒ္ဒါနက်ပေတည်း။ ထိုအကြောင်းနှင့်စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့် မှီရာဟူသော မိမိ၏အကျိုးသည် (ထိုမှီရာအကြောင်းကို) မှီအပ်၏ မစွန့်လွှတ်အပ်၊ ထိုသို့ မစွန့်လွှတ်ပဲ မှီအပ်သောကြောင့် နိဿယမည်၏။ ဥပနိဿယမည်ပုံမှာ လွန်ကဲပြင်းပြသော အာယာသ- ပင်ပန်းခြင်းသည် ဥပါယာသမည်သကဲ့သို့ ထို့အတူ လွန်ကဲသော နိဿယ-မှီရာသည် ဥပနိဿယမည်၏။ ဤ ဥပနိဿယဟူသော အမည်သည် အားကြီးသော အကြောင်း၏ အမည်ပေတည်း။ ထို့ကြောင့် အားကြီးသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် ဥပနိဿယပစ္စည်းမည်၏ဟူ၍ သိအပ်၏။


မှတ်ချက်

သဟဇာတ၌ ပြခဲ့သော မှတ်ဖွယ် ၅-ပါးနှင့် တူ၏။ ပုရေဇာတနိဿယ၌ မှတ်ဖွယ်အကျဉ်းကား-

(၁) ရှေးဦးအစ အတီတဘဝင်နှင့် အတူဖြစ်ခဲ့၍ စက္ခုဝိညာဏ်၏ မှီရာဖြစ်သော စက္ခာယတနခေါ် စက္ခုပသာဒရုပ်သည် နိဿယပစ္စည်းမည်၏၊ စက္ခုဝိညာဏ်စိတ်နှင့် စေတသိက် (၇)ပါးသည် နိဿယပစ္စယုပ္ပန်မည်၏။

(၂-၃-၄-၅) ရှေးဦးအစ အတီတဘဝင်နှင့် အတူဖြစ်ခဲ့၍ သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်တို့၏ မှီရာဖြစ်သော သောတာယတန, ဃာနယတန, ဇိဝှါယတန, ကာယာယတနခေါ် ပသာဒရုပ် ၄-ပါးသည် နိဿယပစ္စည်းမည်၏၊ သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်နှင့် ယှဉ်ဘက် စေတသိက် (၇)ပါးသည် နိဿယပစ္စယုပ္ပန်မည်၏။

(၆) ပဋိသန္ဓေစိတ်စသော ရှေးရှေးအခြားမဲ့စိတ်နှင့် အတူဖြစ်ခဲ့သော ဟဒယဝတ္တုရုပ်သည် နိဿယပစ္စည်းမည်၏၊ ပဌမဘဝင် အစရှိသော (အရူပဝိပါက် ၄-ခုမှ တပါးသော) မနောဝိညာဏဓာတ်, မနောဓာတ်ခေါ် နောက်နောက် စိတ်စေတသိက်သည် နိဿယပစ္စည်းမည်၏။ စုတေခါနီး၌မူ စုတိစိတ်မှ ရှေး ၁၇-ခုမြောက် စိတ်နှင့်အတူ ဖြစ်ခဲ့သော ဟဒယဝတ္ထုရုပ်က နိဿယပစ္စည်း၊ စုတိတိုင်အောင် ၁၆-ခုသော စိတ်နှင့်ယှဉ်ဘက် စေတသိက်အပေါင်းက နိဿယပစ္စယုပ္ပန် ဖြစ်သေး၏။

၆၉

     ထို ဥပနိဿယသည် (၁) အာရမ္မဏူပနိဿယ (၂) အနန္တရူပနိဿယ (၃) ပကတူပနိဿယဟူ၍ ၃-ပါးအပြားရှိ၏။ ထို၃-ပါးတို့တွင် ရှေးဦးစွာ အာရမ္မဏူပနိဿယပစ္စည်းကို-

''လှူဖွယ်ဝတ္ထုကို ပေးလှူပြီးလျှင် သီလကို ဆောက်တည်ပြီးလျှင် ဥပုသ်စောင့်ခြင်းအမှုကို ပြုပြီးလျှင် ထိုဒါန သီလ ဥပုသ်စောင့်ခြင်းကို အလေးပြု၍ ဆင်ခြင်၏၊ ရှေးကာလ၌ ကောင်းစွာကျင့်ခဲ့သော ကောင်းမှုတို့ကို အလေးပြု၍ ဆင်ခြင်၏၊ ဈာန်မှ ထပြီးလျှင် ဈာန်ကို အလေးပြု၍ ဆင်ခြင်၏၊ သေက္ခ (ကျင့်ဆဲ)ပုဂ္ဂိုလ်တို့သည် (သောတာပတ္တိမဂ်၏ ရှေးအခြားမဲ့ဖြစ်သော) ဂေါတြဘူကို အလေးပြု၍ ဆင်ခြင်ကုန်၏၊ (အထက်မဂ်သုံးပါး၏ ရှေးအခြားမဲ့ဖြစ်သော) ဝေါဒါန်ကို အလေးပြု၍ ဆင်ခြင်ကုန်၏၊ သေက္ခပုဂ္ဂိုလ်တို့သည် မဂ်မှထ၍ မဂ်ကို အလေးပြု၍ ဆင်ခြင်ကုန်၏''ဟု

     ဤသို့ အစရှိသောနည်းဖြင့် အာရမ္မဏာဓိပတိပစ္စည်းနှင့် ထူးခြားခြင်းကို မပြုမူ၍ ဝေဘန် ဟောကြားတော်မူ(အပ်)၏။ ထိုစကားရပ်၌၊ ဝါ၊ ထိုသို့ အတူပြု၍ ဟောရာ၌ အကြင်အာရုံကို အလေးပြု၍ စိတ်စေတသိက်တို့သည် ဖြစ်ကုန်၏၊ ထိုအာရုံသည် ကိန်းသေအမြဲအားဖြင့် ထိုစိတ်စေတသိက်တို့၏ အာရုံတို့တွင် အားကြီးသောအာရုံ ဖြစ်ပေသည်။ သို့ဖြစ်၍ [၁၆၈] အလေးပြုအပ်သည်၏ အဖြစ်မျှဟူသော အနက်သဘောကြောင့် အာရမ္မဏာဓိပတိမည်၏၊ အားကြီးသော အကြောင်းဟူသော အနက်သဘောကြောင့် အာရမ္မဏူပနိဿယမည်၏ဟူ၍ ဤအာရမ္မဏာဓိပတိနှင့် အာရမ္မဏူပနိဿယတို့၏ ဤသို့သော ထူးခြားခြင်းကို သိအပ်ပေသည်။

     အနန္တရူပနိဿယပစ္စည်းကိုလည်း ''ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်ခန္ဓာတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်ခန္ဓာတို့အား


မှတ်ချက်

     ၁- တေသံ အာရမ္မဏေသု-ဟုရှိသော မူကွဲအရ ပြန်ထားသောအနက် ဖြစ်သည်။ ထိုသို့ပြန်မှ ထို-ဟူသော စကားဖြင့် ရှေးဝါကျ၌ ဆိုခဲ့ပြီးသော စိတ်စေတသိက်တို့ကို စွဲမိ၍ သဒ္ဒါနည်းအရ သင့်လျော်ပေသည်။

     ၂- ဤ အာရမ္မဏူပနိဿယ၌ အကျဉ်းမှတ်ဖွယ်သည် အာရမ္မဏာဓိပတိ၌ မှတ်ဖွယ်နှင့် တူ၏။

၇၀

ဥပနိဿယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဤသို့ အစရှိသောနည်းဖြင့် အနန္တရပစ္စည်းနှင့် ထူးခြားခြင်းကို မပြုမူ၍၊ ဝါ၊ အတူပြု၍သာလျှင် ဝေဘန်တော်မူ(အပ်)၏။ သို့သော် မာတိကာထားရာ (ပစ္စယနိဒ္ဒေသပါဠိ)၌မူ ယင်းပစ္စည်း ၂-ပါးတို့တွင် ''စက္ခုဝိညာဏဓာတ်သည်၎င်း၊ ယင်း ဝိညာဏဓာတ်နှင့်ယှဉ်သော စေတသိက် (၇)ပါး တရားတို့သည်၎င်း မနောဓာတ်အား၎င်း၊ ယင်းဓာတ်နှင့်ယှဉ်သော (၁ဝ)ပါးသော စေတသိက်တရားတို့အား၎င်း အနန္တရပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဤသို့ အစရှိသောနည်းဖြင့် အနန္တရပစ္စည်း၏ လာခြင်းကြောင့်၊ ဝါ၊ အနန္တရပစ္စည်းကို ဟောခြင်းကြောင့်၎င်း၊ ''ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား ဥပနိဿယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဤသို့ အစရှိသောနည်းဖြင့် အနန္တရူပနိဿယပစ္စည်း၏ လာခြင်းကြောင့်၊ ဝါ၊ အနန္တရူပနိဿယပစ္စည်းကို ဟောခြင်းကြောင့်၎င်း မာတိကာထားရာ၌ ထူးခြားခြင်း ရှိသေး၏။ ထိုမာတိကာထားရာ၌ ထူးခြားခြင်းသည်လည်း သဘောအနက်အားဖြင့် တခုတည်းအဖြစ်- တူသည်၏ အဖြစ်သို့သာလျှင် ရောက်၏။ ဤသို့ပင် ထူးငြားသော်လည်း မိမိ မိမိ၏ အခြားမဲ့၌ သင့်လျော်သော စိတ္တုပ္ပါဒ်ကို ဖြစ်စေခြင်းငှါ စွမ်းနိုင်သည်၏အဖြစ်ကြောင့် အနန္တရပစ္စည်းအဖြစ်ကို (သိအပ်၏)၊ နောက်စိတ်ကို ဖြစ်စေရာ၌ ရှေးစိတ်၏ အားကြီးသည်၏ အဖြစ်ကြောင့် အနန္တရူပနိဿယပစ္စည်းအဖြစ်ကို သိအပ်၏။ ဥပမာဖြင့် ပြရလျှင်- ဟေတုပစ္စည်း စသည်တို့တွင် အချို့သောတရားနှင့် ကင်း၍လည်း စိတ်သည် ဖြစ်နိုင်သကဲ့သို့ ထို့အတူ အခြားမဲ့စိတ်နှင့်ကင်း၍ စိတ်၏ ဖြစ်ခြင်းမည်သည် မရှိ၊ ထို့ကြောင့် အားကြီးသောအကြောင်း ဖြစ်ပေ၏။ သို့ဖြစ်၍ မိမိ မိမိ၏ အခြားမဲ့၌ သင့်လျော်သောစိတ်ကို ဖြစ်စေသည်၏ အစွမ်းအားဖြင့် အနန္တရပစ္စည်းမည်၏၊ အားကြီးသော အကြောင်း၏ အစွမ်းအားဖြင့် အနန္တရူပနိဿယပစ္စည်း မည်၏ဟူ၍ ဤပစ္စည်း ၂-ပါးတို့၏ ဤသို့သော ထူးခြားခြင်းကို သိအပ်ပေသည်


မှတ်ချက်

     ၁- ယင်းပစ္စည်း ၂-ပါးတို့တွင်.. အနန္တရပစ္စည်း၏ လာခြင်းကြောင့်.. အနန္တရူပနိဿယပစ္စည်း၏ လာခြင်းကြောင့်-ဟု စပ်ပါ။

     ၂- ဤ အနန္တရူပနိဿယ၌ မှတ်ဖွယ် အကျဉ်းချုပ်သည် အနန္တရ၌ မှတ်ဖွယ်နှင့် တူ၏။

၇၁

     ပကတူပနိဿယကိုမူ (ဤသို့ သိအပ်၏)- ပကတ-(မိမိ၏အကျိုးကို ပြီးစေနိုင်အောင်) ကောင်းစွာပြုပြင်အပ်သော + ဥပနိဿယ- အားကြီးသော အကြောင်းသည် ပကတူပနိဿယမည်၏။ ပကတ-ကောင်းစွာ ပြုပြင်အပ်သည် မည်သည်မှာ မိမိသန္တာန်၌ ပြီးစေအပ်သော သဒ္ဓါ သီလ စသည်သည်၎င်း၊ ဝါ၊ သဒ္ဓါ သီလ သုတ စာဂ ပညာသည်၎င်း၊ မှီဝဲအပ်သော ဥတု ဘောဇဉ် စသည်သည်၎င်း၊ ဝါ၊ ဥတု ဘောဇဉ် ပုဂ္ဂိုလ် ကျောင်း အိပ်ရာ နေရာသည်၎င်း (ပကတမည်သည်) ဖြစ်ပေသည်။ တနည်း ဝစနတ္ထကား- (အာရမ္မဏ အနန္တရတို့နှင့် မရောယှက်ပဲ) မိမိ၏ ပင်ကိုပကတိ သဘောအားဖြင့်သာလျှင် ဥပနိဿယ- အားကြီးသော အကြောင်းသည် ပကတူပနိဿယမည်၏။ အာရမ္မဏ အနန္တရတို့နှင့် မရောယှက်သော ဥပနိဿယ-ဟု ဆိုလို၏။ ထို ပကတူပနိဿယ၏ အပြားကို-

''ပကတူပနိဿယကား- သဒ္ဓါတရားကို အမှီပြု၍ အလှူဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်၏၊ ဥပုသ်စောင့်သုံးခြင်းအမှုကို ပြု၏၊ ဈာန်ကို ဖြစ်စေ၏၊ ဝိပဿနာကို ဖြစ်စေ၏၊ မဂ်ကို ဖြစ်စေ၏၊ အဘိညာဉ်ကို ဖြစ်စေ၏၊ သမာပတ်ကို ဖြစ်စေ၏။ သီလကို-။ သုတကို-။ စာဂကို-။ ပညာကို အမှီပြု၍ အလှူဒါနပေးလှူ၏ ။ပ။ သမာပတ်ကို ဖြစ်စေ၏။ သဒ္ဓါသည်၊ သီလသည်၊ သုတသည်၊ စာဂသည်၊ ပညာသည် (နောက်ထပ်ဖြစ်သော) သဒ္ဓါအား၊ သီလအား၊ သုတအား၊ စာဂအား၊ ပညာအား ဥပနိဿယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဤသို့ အစရှိသောနည်းဖြင့်-

များသောအပြားအားဖြင့် သိအပ်၏။ ဤဆိုခဲ့သည့်အတိုင်း ဤသဒ္ဓါအစရှိသော တရားတို့သည် (ကောင်းစွာ ပြုပြင်အပ်သောကြောင့်) ပကတလည်း မည်ကုန်၏၊ အားကြီးသော အနက်သဘောကြောင့် ဥပနိဿယလည်း မည်ကုန်၏၊ ထို၂-ပါးသော အကြောင်းကြောင့် ပကတူပနိဿယမည်သည်ဟု သိအပ်၏


မှတ်ချက်

     ၁- ကုသိုလ်, အကုသိုလ် ဝိပါက် ကြိယာ ရုပ် ဥတု ဘောဇဉ် ပုဂ္ဂိုလ် ကျောင်း အိပ်ရာ နေရာ တစုံတခုကို စွဲမှီ၍ ကုသိုလ်စသည် ဖြစ်ပွါးလျှင် စွဲမှီရာ ကုသိုလ်စသည်က ပကတူပနိဿယပစ္စည်း၊ စွဲမှီ၍ဖြစ်သော ကုသိုလ်,

၇၂

(၁ဝ) ပုရေဇာတပစ္စည်း

     [၁၆၉] ၆ဝ၃။ (ပစ္စယုပ္ပန်တရားတို့ မဖြစ်မီ) ရှေးဦးစွာ ဖြစ်ပြီးလျှင် ဖြစ်ဆဲ-ရှိဆဲ-တည်ဆဲ၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော (နိပ္ဖန္နရုပ် ၁၈-ခုဟူသော) တရားသည် ပုရေဇာတပစ္စည်းမည်၏။ ထို ပုရေဇာတပစ္စည်းသည် ပဉ္စဒွါရ၌ စက္ခုစသော ဝတ္ထု, ရူပါယတနစသော အာရုံ, ဟဒယဝတ္ထုတို့၏ အစွမ်းအားဖြင့် ၁၁-ပါးအပြားရှိ၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''စက္ခာယတနသည် စက္ခုဝိညာဏဓာတ်အား၎င်း၊ ထိုဝိညာဏဓာတ်နှင့်ယှဉ်သော စေတသိက် (၇-ပါး) တရားတို့အား၎င်း ပုရေဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ သောတာယတနသည် သောတဝိညာဏဓာတ်အား၎င်း-။ ဃာနာယတနသည် ဃာနဝိညာဏဓာတ်အား၎င်း-။ ဇိဝှါယတနသည် ဇိဝှါဝိညာဏဓာတ်အား၎င်း-။ ကာယာယတနသည် ကာယဝိညာဏဓာတ်အား၎င်း ထိုဝိညာဏဓာတ်နှင့်ယှဉ်သော စေတသိက် (၇-ပါး) တရားတို့အား၎င်း ပုရေဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ ရူပါယတနသည် စက္ခုဝိညာဏဓာတ်အား၎င်း-။ သဒ္ဒါယတနသည် သောတဝိညာဏဓာတ်အား၎င်း-။ ဂန္ဓာယတနသည် ဃာနဝိညာဏဓာတ်အား၎င်း-။ ရသာယတနသည် ဇိဝှါဝိညာဏဓာတ်အား၎င်း-။ ဖောဋ္ဌဗ္ဗာယတနသည် ကာယဝိညာဏဓာတ်အား၎င်း၊ ထို ဝိညာဏဓာတ်နှင့်ယှဉ်သော စေတသိက် (၇-ပါး) တရားတို့အား၎င်း ပုရေဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ ရူပါယတနသည် သဒ္ဒါယတနသည် ဂန္ဓာယတနသည် ရသာယတနသည် ဖောဋ္ဌဗ္ဗာယတနသည် မနောဓာတ်အား၎င်း၊ ထိုမနောဓာတ်နှင့်ယှဉ်သော စေတသိက် (၁ဝ-ပါး) တရားတို့အား၎င်း ပုရေဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ အကြင်ရုပ်ကို အမှီပြု၍ မနောဓာတ်သည်၎င်း၊ မနောဝိညာဏဓာတ်သည်၎င်း ဖြစ်ကုန်၏၊ ထိုမှီရာရုပ်သည် မနောဓာတ်အား၎င်း၊ ထိုဓာတ်နှင့်ယှဉ်သော စေတသိက် တရားတို့အား၎င်း ပုရေဇာတပစ္စည်း(သတ္တိ)ဖြင့်


မှတ်ချက်

အကုသိုလ် ဝိပါက် ကြိယာ စိတ် စေတသိက် နာမ်ခန္ဓာက ပကတူပနိဿယ ပစ္စယုပ္ပန် ဖြစ်သည်။

၇၃

ကျေးဇူးပြု၏၊ (အရူပဝိပါက် ၄-ခုကြဉ်သော ၇၂-ပါးသော) မနောဝိညာဏဓာတ်အား၎င်း၊ ထိုဓာတ်နှင့်ယှဉ်သော စေတသိက် (၅၂ပါး) တရားတို့အား၎င်း (ပဌမဘဝင်မှစ၍ ပဝတ္တိကာလဟု ဆိုအပ်သော) အချို့သောကာလ၌ ပုရေဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏၊ (ပဋိသန္ဓေခဏဟု ဆိုအပ်သော) အချို့သောကာလ၌ ပုရေဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးမပြု၊ (သဟဇာတပစ္စည်းသတ္တိဖြင့်သာ ကျေးဇူးပြု၏)'' ဟူ၍ပင်တည်း

(၁၁) ပစ္ဆာဇာတပစ္စည်း

     ၆ဝ၄။ (ပစ္စည်းတရားတို့မဖြစ်မီ) ရှေးဦးစွာ ဖြစ်နှင့်ကုန်သော (ဧကဇကာယ ဒွိဇကာယ တိဇကာယ-ဟု ဆိုအပ်ကုန်သော) ရုပ်တရားတို့ကို ထောက်ပံ့တတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော


မှတ်ချက်

     ၁- ဝတ္ထုပုရေဇာတ, အာရမ္မဏပုရေဇာတ ၂-ပါးတို့တွင် ဝတ္ထုပုရေဇာတ၌ အကျဉ်းချုပ် မှတ်ဖွယ်သည် ပုရေဇာတနိဿ၌ ပြခဲ့သော မှတ်ဖွယ် (၁-၂-၃-၄-၅-၆)တို့နှင့် တူ၏။ အာရမ္မဏပုရေဇာတ၌ အကျဉ်းချုပ် မှတ်ဖွယ်ကား-

(၁) ရှေးဦးအစ အတီတဘဝင်းနှင့် အတူဖြစ်ခဲ့၍ ပဉ္စဒွါရာဝဇ္ဇန်း ပဉ္စဝိညာဏ် အစရှိသော ပဉ္စဒွါရိက စိတ် စေတသိက်တို့၏ အာရုံဖြစ်သော ရူပါရုံ, သဒ္ဒါရုံ,ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့သည် ပုရေဇာတပစ္စည်းမည်၏။ ထိုအာရုံတို့ကို အာရုံပြု၍ဖြစ်သော ပဉ္စဒွါရိက စိတ်စေတသိက်အပေါင်းသည် ပုရေဇာတပစ္စယုပ္ပန်မည်၏။

(၂) ရှေးဦးအစ အတီတဘဝင်နှင့် အတူဖြစ်ခဲ့၍ မနောဒွါရာဝဇ္ဇန်းဇော တဒါရုံတို့၏ အာရုံဖြစ်သော နိပ္ဖန္နရုပ် ၁၈-ခုဟူသော အာရုံ၆-ပါးသည် ပုရေဇာတပစ္စည်းမည်၏၊ ထိုအာရုံကို အာရုံပြု၍ဖြစ်သော မနောဒွါရာဝဇ္ဇန်းဇော တဒါရုံ စိတ်စေတသိက်အပေါင်းသည် ပစ္စယုပ္ပန်မည်၏။

     ၂- ဤ၌ ဧကဇကာယ-ဟူသည်မှာ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ဖြစ်သော ကမ္မဇရုပ်အပေါင်းကို ထိုခဏအတွက် ခေါ်အပ်သော အမည်ဖြစ်သည်၊ ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ ဥတုဇရုပ်အပေါင်းနှင့်တကွ ဒွိဇကာယ ဖြစ်လာသည်၊ ပဌမဘဝင်စိတ် ဖြစ်ပေါ်သောအခါ ပဋိသန္ဓေခဏက ဖြစ်ခဲ့သော ယင်းဒွိဇကာယအား ပဌမဘဝင် စိတ်စေတသိက်အပေါင်းက ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြု ထောက်ပံ့၏။ ထိုပဌမဘဝင်အခိုက်၌ စိတ္တဇရုပ်အပေါင်းနှင့်တကွ

၇၄

(အရူပဝိပါက် ၄-ခုကြဉ်သော စိတ် ၈၅-ခု၊ စေတသိက် ၅၂-ခုဟု ဆိုအပ်သော) နာမ်တရားသည် ပစ္ဆာဇာတပစ္စည်း မည်၏။ (ဥပမာ) အာဟာရ၌ဖြစ်သော တောင့်တမှု စေတနာသည် လင်းတငယ်တို့၏ ကိုယ်တို့အား (ထောက်ပံ့သောအားဖြင့် ကျေးဇူးပြုသ)ကဲ့သို့ပေတည်း။ ထို့ကြောင့်-

''နောက်၌ဖြစ်ကုန်သော (ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဖြစ်နေစိတ် ၈၅-ခု၊ စေတသိက် ၅၂-ခုဟူသော) နာမ်တရားတို့သည် ရှေး၌ ဖြစ်နှင့်သော (ဧကဇ ဒွိဇ တိဇ စတုဇကာယဟု ဆိုအပ်သော) ဤရုပ်ကိုယ်အား ပစ္ဆာဇာတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏''ဟူ၍ (မြတ်စွာဘုရား) ဟောတော်မူ(အပ်)ပေသည်


မှတ်ချက်

တိဇကာယဖြစ်လာ၏၊ ထို့ကြောင့် ဒုတိယဘဝင်မှစ၍ တိဇကာယအား ဒုတိယဘဝင်စသည်က ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြု ထောက်ပံ့၏။ ကာမလောက၌ အာဟာရဇရုပ် ဖြစ်ပေါ်သောအခါ နောက်နောက် စိတ်စေတသိက်အပေါင်းက စတုဇကာယအား ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြု ထောက်ပံ့၏။ နိရောဓသမာပတ်မှ ထသောအခါ ကာမလောက၌ တိဇကာယအား၊ ရူပလောက၌ ဒွိဇကာယအား အနာဂါမိဖိုလ် အရဟတ္တဖိုလ် စိတ်စေတသိက်အပေါင်းက ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြု ထောက်ပံ့၏။ သို့ဖြစ်၍ ဧကဇကာယအား အသီးအခြား ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြု ထောက်ပံ့ခြင်းမည်သည် မရှိပေ။ သို့သော်လည်း ပဌမဘဝင်စသည်က ဒွိဇကာယ တိဇကာယအား ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြုရာ၌ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏက ဖြစ်ခဲ့သော ဧကဇကာယသည်လည်း ပစ္ဆာဇာတပစ္စယုပ္ပန်အဖြစ်ဖြင့် ပါဝင်ပေ၏၊ ထိုသို့ ပါဝင်သောကြောင့်၎င်း၊ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ဧကဇကာယရှိကြောင်း သိစေလို ထင်ရှားစေလိုသောကြောင့်၎င်း ဤအရာ၌ ဧကဇကာယကို ရှေးဆရာတို့ ထည့်သွင်းဖော်ပြကြသည် ဖြစ်ရာ၏။ ပဋ္ဌာန်း အဋ္ဌကထာ၌မူ ကာမလောက၌ စတုသမုဋ္ဌာနိကရုပ်အား၊ ရူပလောက၌ တိသမုဋ္ဌာနိကရုပ်အား ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြုကြောင်းမျှသာ ပြဆိုသည်။

     ၁- ဤပစ္ဆာဇာတပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား- ပဉ္စဝေါကာရဘုံ၌ ပဌမဘဝင်အစရှိသော နောက်နောက် စိတ် စေတသိက် အပေါင်းသည် ပစ္ဆာဇာတပစ္စည်းမည်၏။ ပဋိသန္ဓေစိတ် အစရှိသော ရှေးရှေးစိတ်တို့နှင့် အတူဖြစ်ခဲ့၍ ရုပ်၏ဌီခဏ၌ တည်ဆဲဖြစ်သော တကိုယ်လုံးရှိ ရုပ်အပေါင်းသည် ပစ္ဆာဇာတပစ္စယုပ္ပန်မည်၏။

၇၅

(၁၂) အာသေဝနပစ္စည်း

     ၆ဝ၅။ (ပစ္စယုပ္ပန်တရားတို့ကို ကုသိုလ်အစရှိသော အဖြစ်ဖြင့် မိမိနှင့်တူအောင် အဖန်တလဲလဲ ပြုပြင်ခြင်း ဖြစ်စေခြင်းဟူသော) မှီဝဲစေခြင်း အထုံရစေခြင်း သဘောဖြင့်၊ ဝါ၊ (မိမိနှင့်တူသော သဘောရှိသည်၏အဖြစ်သို့ ရောက်စေခြင်းဟူသော) ထုံစေခြင်းသဘောဖြင့်၊ ဝါ၊ (မိမိနှင့်တူသော သဘောရှိသည်၏အဖြစ်ကို ယူစေခြင်းဟူသော) ထုံစေခြင်း- အထုံရစေခြင်း သဘောဖြင့် အခြားမဲ့၌ ဖြစ်ကုန်သော (ပဌမဇော ဖိုလ်ဇောကြဉ်သော နောက်နောက်ဇော ၅၁-ခု၊ စေတသိက် ၅၂-ခုဟူသော) ပစ္စယုပ္ပန်တရားတို့အား လေ့လာသည်၏အဖြစ် အားကြီးသည်၏ အဖြစ်အလို့ငှါ၊ ဝါ၊ အလေ့အလာရရန် အားကောင်းရန်အလို့ငှါ ကျေးဇူးပြုတတ်သော (အဆုံးဇောကြဉ်သော ရှေးရှေးလောကီဇော ၄၇-ခု၊ စေတသိက် ၅၂-ခုဟူသော) တရားသည် အာသေဝနပစ္စည်းမည်၏။ (ဥပမာ) ကျမ်းဂန်စသည်တို့၌ ရှေးရှေးဖြစ်သော (သင်ယူခြင်း ကြားနာခြင်း ဆောင်ခြင်း အစရှိသော) အားထုတ်ခြင်း (မှီဝဲခြင်း)ကဲ့သို့ပေတည်း။ ထိုအာသေဝနပစ္စည်းသည် ကုသိုလ်ဇော


မှတ်ချက်

     ၁- ဤလက်သည်းကွင်းအတွင်းရှိ အနက်သည် ပြည်မူ ဝိသုဒ္ဓိမဂ်နိဿယ၌ ''ကုသလာဒိဘာဝေန အတ္တနာ သဒိသဿ ပယောဂေန ကရဏီယဿ ပုနပ္ပုနံ ကရဏံ ပဝတ္တနံ''ဟူသော ဋီကာကို မြန်မာပြန်ကာ ဆောင်၍ပြသောအနက် ဖြစ်သည်။ ထိုအရာ၌ (ကုသိုလ်စသည်၏ အဖြစ်ဖြင့် ပစ္စည်းဖြစ်သော မိမိနှင့်တူသည်ဖြစ်၍၊ ဝါ၊ တူသော ပစ္စယုပ္ပန်တရား၏၊ ဝါ၊ တူစွာ ပယောဂဖြင့် ပြုသင့်သော ကိစ္စကို အဖန်ဖန်ပြုခြင်း ဖြစ်စေခြင်းဟူသော)ဟု ပြန်လျှင်လည်း သင့်သကဲ့သို့ ရှိ၏။ ထိုသို့ ပြန်ရာ၌ ပစ္စယုပ္ပန်တရား၏ မှီဝဲခြင်းကို ရသောကြောင့် ''မှီဝဲစေခြင်း- အထုံရစေခြင်း'' ဟူရာ၌လည်း ''မှီဝဲခြင်း- အထုံရခြင်း''-ဟု ပြင်ရလိမ့်မည်။ အဓိပ္ပါယ်မှာ ထိုသို့ အထုံရအောင် ကျေးဇူးပြုသည်-ဟု ယူရာ၏။

     ၂- ဤလက်သည်းကွင်းအတွင်းရှိ အနက်သည်လည်း ''အတ္တသဒိသသဘာဝတာပါဒနံ ဝါသနံ ဝါ''ဟူသော ဋီကာအရ ပြန်ဆိုသော အနက်ဖြစ်သည်။

     ၃- ဤလက်သည်းကွင်းအတွင်းရှိ အနက်မှာမူ (အတ္တသဒိသသဘာဝတာပါဒနံ)ဟူသော အဖွင့်အရ ပေါ်လွင်ထင်ရှားအောင် ပြန်ဆိုသောအနက် ဖြစ်သည်။

     ၄- အထုံရစေခြင်းသဘောဖြင့်.. ကျေးဇူးပြုတတ်သော-ဟု စပ်ပါ။

၇၆

အကုသိုလ်ဇော ကြိယာဇောတို့၏ အစွမ်းအားဖြင့် သုံးပါးအပြားရှိ၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ရှေးရှေး၌ ဖြစ်ကုန်သော (လောကီ)ကုသိုလ်(ဇော နာမ်ခန္ဓာ)တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်(ဇော နာမ်ခန္ဓာ)တရားတို့အား အာသေဝနပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ ရှေးရှေး၌ ဖြစ်ကုန်သော အကုသိုလ်(ဇော နာမ်ခန္ဓာ)တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်(ဇော နာမ်ခန္ဓာ)တရားတို့အား..။ ရှေးရှေး၌ ဖြစ်ကုန်သော ကြိယာ(ဇော နာမ်ခန္ဓာ) အဗျာကတတရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကြိယာ(ဇော နာမ်ခန္ဓာ) အဗျာကတတရားတို့အား အာသေဝနပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း

(၁၃) ကမ္မပစ္စည်း

     ၆ဝ၆။ စိတ်၏ ပယောဂ-ဗျာပါရ-ဟု ဆိုအပ်သော ပြုမှု-အားထုတ်မှု၏ အဖြစ်ဖြင့်၊ ဝါ၊ ပြုလုပ်အားထုတ်ခြင်း အမူအရာသဘောဖြင့် ကျေးဇူးပြုတတ်သော (စေတနာ ၈၉-ခုဟူသော) တရားသည် ကမ္မပစ္စည်းမည်၏။ ထိုကမ္မပစ္စည်းသည် (ပစ္စယုပ္ပန်နှင့်) ထူးခြားကွဲပြားသော ခဏရှိသော ကုသိုလ်စေတနာ အကုသိုလ်စေတနာ၏ အစွမ်းအားဖြင့်၎င်း၊ (ပစ္စယုပ္ပန်နှင့်) အတူတကွ တပြိုင်နက်ဖြစ်သော အလုံးစုံလည်းဖြစ်သော (၈၉-ခုသော) စေတနာ၏ အစွမ်းအားဖြင့်လည်းကောင်း ၂-ပါး အပြားရှိ၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ကုသိုလ် အကုသိုလ်ကံသည် ဝိပါက် (အကျိုး)ဖြစ်ကုန်သော (စိတ်စေတသိက် နာမ်)ခန္ဓာတို့အား၎င်း၊ (ကဋတ္တာရုပ်ခေါ်) ကမ္မဇရုပ်တို့အား၎င်း၊


မှတ်ချက်

     ၁- ဤအာသေဝနပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား- ရှေးရှေး အခြားမဲ့ဖြစ်သော လောကီဇော ၄၇-ခုသည် အာသေဝနပစ္စည်းမည်၏။ နောက်နောက် အခြားမဲ့ဖြစ်သော မဂ်ဇော ၄-ခုနှင့်တကွ ယင်းလောကီဇော ၄၇-ခုသည် အာသေဝနပစ္စယုပ္ပန်မည်၏။

     ၂- ဤ ဝါ-တနည်းပြသော ဒုတိယအနက်သည် ကိရိယဘာဝေန-၌ ဘာဝ-ကို သဘာဝဟောယူ၍ ပြန်ထားသော အနက်ဖြစ်သည်။

၇၇

(နာနာက္ခဏိက) ကမ္မပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ (၈၉-ခုသော) စေတနာသည် ယှဉ်ကုန်သော စိတ်စေတသိက် တရားတို့အာ၎င်း၊ ထိုစေတနာကြောင့်ဖြစ်သော ရုပ်တို့အား၎င်း (သဟဇာတ) ကမ္မပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း

(၁၄) ဝိပါကပစ္စည်း

     [၁၇ဝ] ၆ဝ၇။ အားထုတ်မှု လုံ့လ ဗျာပါရကင်းသော ငြိမ်သက်သည်၏အဖြစ်ဖြင့် အားထုတ်မှု လုံ့လ ဗျာပါရကင်းသော ငြိမ်သက်သည်၏ အဖြစ်အလို့ငှါ၊ ဝါ၊ အားထုတ်မှုကင်းသော ငြိမ်သက်ခြင်းဖြစ်ရန် ကျေးဇူးပြုတတ်သော ဝိပါက် (အကျိုး)တရားသည် ဝိပါကပစ္စည်းမည်၏။ ထိုဝိပါကပစ္စည်းသည် ပဝတ္တိကာလ၌ ထိုဝိပါက်ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊ ပဋိသန္ဓေကာလ၌ ကမ္မဇရုပ်တို့အား၎င်း၊ ပဝတ္တိ ပဋိသန္ဓေ ကာယအလုံးစုံ၌ ယှဉ်ဘက် စိတ် စေတသိက်တို့အား၎င်း (ဝိပါကပစ္စည်းသတ္တိဖြင့်) ကျေးဇူးပြုတတ်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ဝိပါက် အဗျာကတဖြစ်သော ခန္ဓာတပါးသည် ခန္ဓာသုံးပါးတို့အား၎င်း၊ စိတ္တဇရုပ်တို့အား၎င်း ဝိပါကပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏ ။ပ။ ပဋိသန္ဓေခဏ၌ ဝိပါက်အဗျာကတဖြစ်သော ခန္ဓာတပါးသည် ခန္ဓာသုံးပါးတို့အား၎င်း၊ ပဋိသန္ဓေကမ္မဇရုပ်တို့အား၎င်း..။ ခန္ဓာသုံးပါးတို့သည်


မှတ်ချက်

     ၁- ဤကမ္မပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား-

(၁) ကုသိုလ် အကုသိုလ်ကံ စေတနာသည် နာနာက္ခဏိက ကမ္မပစ္စည်းမည်၏၊ ထိုကံ၏ အကျိုးဖြစ်သော ဝိပါက် စိတ်စေတသိက်နှင့် ကမ္မဇရုပ်သည် နာနာက္ခဏိက ကမ္မပစ္စယုပ္ပန်မည်၏။

(၂) စေတနာ ၈၉-ခုသည် သဟဇာတကမ္မပစ္စည်းမည်၏၊ ယှဉ်ဘက်စိတ် ၈၉-ခု၊ စေတသိက် ၅၁-ခု၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်သည် သဟဇာတကမ္မပစ္စယုပ္ပန် မည်၏။

     ၂- ဤဝိသေသနပုဒ်များသည် နိရုဿာဟော သန္တဘာဝေါ-ဟူသော ဋီကာနှင့်အညီ သန္တ-ငြိမ်သက်သည်၏ ဝိသေသနမဟုတ်၊ ဘာဝ-အဖြစ်၏ ဝိသေသနာများ ဖြစ်သည်။ ထို့ကြောင့် ဗျာပါရကင်းသော ငြိမ်သက်ခြင်း-ဟု ဆိုလို၏။

     ၃- ငြိမ်သက်သည်၏ အဖြစ်ဖြင့်.. ကျေးဇူးပြုတတ်သော-ဟု စပ်ပါ။

၇၈

ခန္ဓာ တပါးအား၎င်း၊ ခန္ဓာ ၂-ပါးတို့သည် ခန္ဓာ ၂-ပါးတို့အား၎င်း၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့အား၎င်း ဝိပါကပစ္စည်း (သတ္တိ)ဖြင့် ကျေးဇူးပြု၏။ ခန္ဓာတို့သည် ဝတ္ထုရုပ်အား ဝိပါကပစ္စည်း (သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း

(၁၅) အာဟာရပစ္စည်း

     ၆ဝ၈။ ရုပ်နာမ်တို့အား ထောက်ပံ့တတ်သည်၏ အဖြစ်ဖြင့်၊ ဝါ၊ ထောက်ပံ့တတ်သော သဘောဖြင့် ကျေးဇူးပြုတတ်ကုန်သော ၄-ပါးသော အာဟာရတို့သည် အာဟာရပစ္စည်းမည်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''အလုပ်အလွေ့ မဟုတ်သော်လည်း အလုပ်အလွေ့ကဲ့သို့ ပြုအပ်သော (ကံ-စိတ်-ဥ-ဟာ ကြောင်း၄-ဖြာကြောင့်ဖြစ်သော ဩဇာခေါ်) အာဟာရသည် (ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုဇကာယ တိဇကာယဟု ဆိုအပ်သော) ဤရုပ်အပေါင်းကိုယ်အား အာဟာရပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။


မှတ်ချက်

     ၁- ဤဝိပါကပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား- ဝိပါက်စိတ် ၃၆-ခု၊ စေတသိက် ၃၈-ခုသည် ဝိပါကပစ္စည်းမည်၏၊ ယှဉ်ဘက် စိတ်စေတသိက်အပေါင်းနှင့် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်သည် ဝိပါကပစ္စယုပ္ပန်မည်၏။

     ၂- အာဟာရဇရုပ် စသည်တို့ကို ဖြစ်စေတတ်သော်လည်း ထောက်ပံ့တတ်သည်၏အဖြစ်- ထောက်ပံ့မှုသည် အာဟာရတရားတို့၏ ပြဓာန်းသောကိစ္စ ဖြစ်သည်၊ ထို့ကြောင့် ရုပ်နာမ်တို့အား ထောက်ပံ့တတ်သည်၏ အဖြစ်ဖြင့်-ဟု ဆိုသည်။ (ဋီကာ)

     ၃- စားဖွယ်သည် မစားမီက အလုပ်အလွေ့ မဟုတ်သေး၊ စားသောအခါ အလုပ်အလွေ့ပြု၍ စားရသည်၊ ထို့ကြောင့် ပါဠိနည်းအရ မူလကအတိုင်း မဟုတ်တော့ပဲ တဖြစ်ပြောင်းလဲခြင်းအနက်၌ ကဗဠ-နောင် ဤ-ပစ္စည်းနှင့်တကွ ကဗဠီကာရဟု ပုဒ်ပြီးသည်၊ ထိုပုဒ်ပြီးပုံအားလျော်စွာ (အလုပ်အလွေ့ မဟုတ်သော်လည်း အလုပ်အလွေ့ကဲ့သို့ ပြုအပ်သော)ဟု အနက်ပြန်သည်၊ ဆိုလိုရင်းမှာ စားသောက်အပ်သော-ဟူ၍ပင် ဆိုလို၏။

     ၄- ဤ၌ တိဇကာယ- ဟူသည်မှာ ပဌမဆုံးအကြိမ် အာဟာရက ထောက်ပံ့သော အခါ၌၎င်း၊ နိရောဓသမာပတ် ဝင်စားခိုက်၌၎င်း ရှိသော ရုပ်အပေါင်းကို ယူအပ်၏။

၇၉

(ဖဿ စေတနာ ဝိညာဏ်ဟူသော) နာမ်အာဟာရတို့သည် ယှဉ်ဘက် နာမ်တရားတို့အား၎င်း၊ ထိုနာမ်အာဟာရတို့ကြောင့် ဖြစ်သော ရုပ်တို့အား၎င်း အာဟာရပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း။

ပဉှာဝါရ၌မူကား-

''ပဋိသန္ဓေခဏ၌ ဝိပါက် အဗျာကတ ဖြစ်ကုန်သော (ဖဿ စေတနာ ဝိညာဏ်ဟူသော) အာဟာရတို့သည် ယှဉ်ဘက် နာမ်ခန္ဓာတို့အား၎င်း၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့အား၎င်း အာဟာရပစ္စည်း (သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍လည်း ဟောတော်မူ(အပ်)သေး၏

(၁၆) ဣန္ဒြိယပစ္စည်း

     ၉ဝ၉။ အစိုးရခြင်း သဘောအားဖြင့် ကျေးဇူးပြုတတ်ကုန်သော ဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့မှ တပါးကုန်သော နှစ်ဆယ်သော ဣန္ဒြေတို့သည် ဣန္ဒြိယပစ္စည်းမည်၏။ ထိုဣန္ဒြေ နှစ်ဆယ်တို့တွင် စက္ခုန္ဒြေ စသည်တို့သည်၊ ဝါ၊ စက္ခုန္ဒြေ ။ပ။ ကာယိန္ဒြေ သုခိန္ဒြေ ဒုက္ခိန္ဒြေတို့သည် (စက္ခုဝိညာဏ် အစရှိသော ငါးပါးသော) နာမ်တရားတို့အားသာလျှင် ကျေးဇူးပြုတတ်၏၊ ကြွင်းသော ဣန္ဒြေ(၁၃)ပါးတို့သည် ရုပ်နှင့်နာမ် (၂-ပါးလုံး)တို့အား ကျေးဇူးပြုတတ်ကုန်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''စက္ခုန္ဒြေသည် စက္ခုဝိညာဏဓာတ်အား၎င်း ။ပ။ သောတိန္ဒြေသည်-။ ဃာနိန္ဒြေသည်-။ ဇိဝှိန္ဒြေသည်-။ ကာယိန္ဒြေသည်


မှတ်ချက်

     ၁- ဤအာဟာရပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား-

(၁) စတုသမုဋ္ဌာနိကဖြစ်သော ဩဇာသည် အာဟာရပစ္စည်းမည်၏၊ ကလာပ်တူဩဇာမှ တပါးသော စတုသမုဋ္ဌာနိက ရုပ်အပေါင်းသည် အာဟာရပစ္စယုပ္ပန်မည်၏။

(၂) ဖဿ စေတနာ ဝိညာဏ်ဟု ဆိုအပ်သော နာမ်အာဟာရတရား ၃-ပါးသည် အာဟာရပစ္စည်းမည်၏၊ ယှဉ်ဘက် စိတ်စေတသိက် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်သည် အာဟာရပစ္စယုပ္ပန်မည်၏။

     ၂- သုခိန္ဒြေ ဒုက္ခန္ဒြေတို့သည် ရုပ်ကို မဖြစ်စေတတ်သော ကာယဝိညာဏ်နှင့်သာ ယှဉ်သောကြောင့် ယှဉ်ဘက် နာမ်အားသာလျှင် ကျေးဇူးပြုတတ်သည်။

၈၀

ကာယဝိညာဏဓာတ်အား၎င်း၊ ထိုဓာတ်နှင့်ယှဉ်သော စေတသိက် နာမ်တရားတို့အား၎င်း ဣန္ဒြိယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ ရုပ်ဇီဝိတိန္ဒြေသည် ကလာပ်တူ ကမ္မဇရုပ်တို့အား ဣန္ဒြိယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ (သရုပ်အားဖြင့် ၈-ပါး၊ ဣန္ဒြိယဘေဒအားဖြင့် ၁၅-ပါးကုန်သော) နာမ်ဣန္ဒြေတို့သည် ယှဉ်ဘက် နာမ်တရားတို့အား၎င်း၊ ထိုဣန္ဒြေတို့ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း ဣန္ဒြိယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း။

ပဉှာဝါရ၌မူကား-

''ပဋိသန္ဓေခဏ၌ ဝိပါက် အဗျာကတ ဖြစ်ကုန်သော ဣန္ဒြေတို့သည် ယှဉ်ဘက် နာမ်ခန္ဓာတို့အား၎င်း၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့အား၎င်း ဣန္ဒြိယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏''ဟူ၍လည်း ဟောတော်မူ(အပ်)သေး၏


မှတ်ချက်

     ၁- သရုပ်အားဖြင့် ၈-ပါးဟူသည်မှာ ဇိဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ-ဟူသော ဤရှစ်ပါးပင် ဖြစ်သည်။ ထိုတွင် ဝေဒနာမှ သုခ ဒုက္ခ သောမနဿ ဥပေက္ခာ-ဟု ၅-ပါးပြားသောကြောင့်၎င်း၊ ပညာမှ ပညိန္ဒြေ အနညာတညဿာမီတိန္ဒြေ အညာတာဝိန္ဒြေ-ဟု ၄-ပါးပြားသောကြောင့်၎င်း ဣန္ဒြေအပြားအားဖြင့် ၁၅-ပါးဖြစ်သည်။

     ၂- ဤဣန္ဒြိယပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား-

(၁) ရှေးဦးအစ အတီတဘဝင်နှင့် အတူဖြစ်ခဲ့၍ ပဉ္စဝိညာဏ်၏ မှီရာဖြစ်သော ပသာဒရုပ် ဣန္ဒြေငါးပါးသည် ပုရေဇာတိန္ဒြိယပစ္စည်းမည်၏၊ ပဉ္စဝိညာဏ်နှင့် ယှဉ်ဘက်စေတသိက် (၇)ပါးသည် ပုရေဇာတိန္ဒြိယ ပစ္စယုပ္ပန်မည်၏။

(၂) ဇီဝိတရုပ်သည် ရူပဇီဝိတိန္ဒြိယပစ္စည်းမည်၏၊ ကလာပ်တူ အခြား ကမ္မဇရုပ်အပေါင်းသည် ရူပဇိဝိတိန္ဒြိယ ပစ္စယုပ္ပန်မည်၏။

(၃) ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာဟူသော နာမ်ဣန္ဒြေတို့သည် သဟဇာတိန္ဒြိယပစ္စည်းမည်၏၊ ယှဉ်ဘက် စိတ် စေတသိက်အပေါင်းနှင့် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်သည် သဟဇာတိန္ဒြိယ ပစ္စယုပ္ပန်မည်၏။

၈၁

(၁၇) ဈာနပစ္စည်း

     ၆၁ဝ။ (အာရုံကို) ကပ်၍ရှုခြင်း (စူးစူးစိုက်စိုက်)ရှုခြင်း သဘောဖြင့် ကျေးဇူးပြုတတ်ကုန်သော ဒွေပဉ္စဝိညာဏ်၌ သုခနှင့် ဒုက္ခ ဝေဒနာ၂-ပါးအပေါင်းကို ချန်ထား၍ အလုံးစုံလည်း ဖြစ်ကုန်သော ကုသိုလ်စသည် အပြားရှိကုန်သော (ဝိတက် ဝိစာရ ပီတိ သောမနဿ ဒေါမနဿ ဥပေက္ခာ ဧကဂ္ဂတာတို့ အလိုအားဖြင့်) ခုနစ်ပါးကုန်သော ဈာနင် (ဈာန်၏ အစိတ်အင်္ဂါ)တို့သည် ဈာနပစ္စည်းမည်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ဈာနင်တို့သည် ဈာန်နှင့်ယှဉ်သော စိတ်စေတသိက် တရားတို့အား၎င်း၊ ထိုဈာန်ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း [၁၇၁] ဈာနပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း။

ပဉှာဝါရ၌မူကား-

''ပဋိသန္ဓေခဏ၌ ဝိပါက် အဗျာကတ ဖြစ်ကုန်သော ဈာနင်တို့သည် ယှဉ်ဘက် နာမ်ခန္ဓာတို့အား၎င်း၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့အား၎င်း ဈာနပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍လည်း ဟောတော်မူ(အပ်)သေး၏


မှတ်ချက်

     ၁- ကျေးဇူးပြုတတ်ကုန်သော.. ဈာနင်(...)တို့သည်-ဟု စပ်ပါ။

     ၂- ဝေဒနာ ငါးပါးတို့တွင် သုခနှင့် ဒုက္ခသည် စင်စစ် ဈာနင်မဟုတ်သောကြောင့် အထက်ပါအတိုင်း ချန်ထားရန် ဆိုပေသည်၊ ယင်းသို့ ဆိုခြင်းဖြင့်ပင် ပဉ္စဝိညာဏ်နှင့်ယှဉ်သော ဥပေက္ခာ ဧကဂ္ဂတာတို့ကိုလည်း ဈာနင်မဟုတ်ဟု သိစေသည်။ သို့သော် ယင်း ဥပေက္ခာနှင့် ဧကဂ္ဂတာတို့သည်ကား အခြားစိတ်တို့နှင့် ယှဉ်ခိုက်၌ ဈာနင်ဖြစ်ကြသေး၏၊ ထို့ကြောင့် ယင်းတို့ကိုကား ချန်ထားရန် ဤအရာ၌ မဆိုပေ။ မဂ္ဂပစ္စည်း၏ အဆုံး၌ကား ပြလတံ့။

     ၃- ဤ၌ အလုံးစုံဟူသော စကားဖြင့် ကုသိုလ်စသောအပြား အလုံးစုံကိုသာ ဆိုလိုသည်၊ စိတ္တုပ္ပါဒ်အလုံးစုံ၌ တရားတို့ကိုကား ဆိုလိုသည်မဟုတ်။

     ၄- ဤဈာနပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား- ဒွေပဉ္စဝိညာဏ်၌ ဝေဒနာ ဧကဂ္ဂတာမှ တပါးသော ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာဟူသော ဈာနင်တရားတို့သည် ဈာနပစ္စည်းမည်၏၊ ယှဉ်ဘက် စိတ် ၇၉-ခု၊ စေတသိက် ၅၂-ခု၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မရုပ်သည် ဈာနပစ္စယုပ္ပန်မည်၏။

၈၂

(၁၈) မဂ္ဂပစ္စည်း

     ၆၁၁။ အမှတ်မရှိ တစုံတခုသော အခြင်းအရာအားဖြင့်၊ ဝါ၊ အမှန်နှင့်အမှား တပါးပါးအားဖြင့် ထွက်မြောက်ကြောင်း (ပြီးမြောက်ကြောင်း) သဘောဖြင့် ကျေးဇူးပြုတတ်ကုန်သော ကုသိုလ်စသည် အပြားရှိကုန်သော ၁၂-ပါးသော မဂ္ဂင်(မဂ်၏ အစိတ်အင်္ဂါ)တို့သည် မဂ္ဂပစ္စည်းမည်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''မဂ္ဂင်တို့သည် မဂ်နှင့်ယှဉ်သော စိတ်စေတသိက် တရားတို့အား၎င်း၊ ထိုမဂ်ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း မဂ္ဂပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း။

ပဉှာဝါရ၌မူကား-

''ပဋိသန္ဓေခဏ၌ ဝိပါက်အဗျာကတ ဖြစ်ကုန်သော မဂ္ဂင်တို့သည် ယှဉ်ဘက် နာမ်ခန္ဓာတို့အား၎င်း၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့အား၎င်း မဂ္ဂပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏''ဟူ၍လည်း ဟောတော်မူ(အပ်)သေး၏။


မှတ်ချက်

     ၁-၂- သမ္မဒိဋ္ဌိအစရှိသော သမ္မာမဂ္ဂင်သည် အမှန်အားဖြင့် ထွက်မြောက်ကြောင်း ဖြစ်၏၊ မိစ္ဆာဒိဋ္ဌိအစရှိသော မိစ္ဆာမဂ္ဂင်သည် အမှားအားဖြင့် ထွက်မြောက်ကြောင်း ဖြစ်၏။ ဤ၌ နိယျာန- ထွက်မြောက်ကြောင်း ဟူသည်မှာလည်း သူ့ဆိုင်ရာကိစ္စ ပြီးစီးထမြောက်ကြောင်းကိုပင် ဆိုသည်။ ဝဋ်မှ ထွက်မြောက်ကြောင်းဟု ဆိုလိုသည်မဟုတ်၊ ဤအချက်ကို အထူးသတိပြုအပ်၏။

     ၃- မဂ္ဂင်၁၂-ပါး ဟူသည်မှာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ-ဟူသော သမ္မာမဂ္ဂင် (၈)ပါးနှင့် မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါယာမ မိစ္ဆာသမာဓိ-ဟူသော မိစ္ဆာမဂ္ဂင် ၄-ပါးတို့ပင် ဖြစ်သည်။ မိစ္ဆာဝါစာ-ကမ္မန္တ-အာဇီဝနှင့် မိစ္ဆာသတိတို့မှာ တရားကိုယ် သီးခြားမရှိ၊ ထိုသို့သော အခြင်းအရာအားဖြင့်ဖြစ်သော အကုသိုလ်စေတနာနှင့် အကုသိုလ်စတ္တုပ္ပါဒ်မျှသာ ဖြစ်သည်။ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိ ဓမ္မုဒ္ဒေသဝါရ၌၎င်း၊ ဤမဂ္ဂပစ္စည်းအရာ၌၎င်း ထိုမိစ္ဆာမဂ္ဂင် ၄-ပါးကို မပြခြင်းဖြစ်သည်။

၈၃

     အထူးမှတ်ဖွယ်ကား- ဤ၂-ပါးသော ဈာနပစ္စည်းနှင့် မဂ္ဂပစ္စည်းတို့ကို (အစဉ်အတိုင်း) ဒွေပဉ္စဝိညာဏ်စိတ်တို့နှင့် အဟိတ်စိတ်တို့၌ မရအပ်ကုန်ဟု သိအပ်ကုန်၏

(၁၉) သမ္ပယုတ္တပစ္စည်း

     ၆၁၂။ တူသောဝတ္ထု ရှိသည်၏အဖြစ် တူသောအာရုံ ရှိသည်၏အဖြစ် တူသောဖြစ်ခြင်း ရှိသည်၏အဖြစ် တူသောချုပ်ခြင်း ရှိသည်၏အဖြစ်ဟု ဆိုအပ်သော၊ ဝါ၊ တည်ရာတူခြင်း အာရုံတူခြင်း အဖြစ်တူခြင်း အချုပ်တူခြင်းဟု ဆိုအပ်သော သမ္ပယုတ်အဖြစ် (ယှဉ်သည်၏ အဖြစ်)ဖြင့် ကျေးဇူးပြုတတ်သော စိတ်စေတသိက် နာမ်တရားတို့သည် သမ္ပယုတ္တပစ္စည်း မည်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''လေးပါးကုန်သော စိတ်စေတသိက် နာမ်ခန္ဓာတို့သည် အချင်းချင်း သမ္ပယုတ္တပစ္စည်း (သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း

(၂ဝ) ဝိပ္ပယုတ္တပစ္စည်း

     ၆၁၃။ တူသောဝတ္ထုရှိသည် စသည်၏အဖြစ်သို့ မရောက်သောအားဖြင့်၊ ဝါ၊ တည်ရာတူခြင်းစသည် မရှိသောအားဖြင့် စိတ်စေတသိက် နာမ်တရားတို့အား


မှတ်ချက်

     ၁- ဤမဂ္ဂပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား- ပညာ ဝိတက် သမ္မာဝါစာ-ကမ္မန္တ-အာဇီဝ ဝီရိယ သတိ သမာဓိ မိစ္ဆာဒိဋ္ဌိ-ဟူသော မဂ္ဂင်တရားကိုယ် ၉-ပါးသည် မဂ္ဂပစ္စည်းမည်၏။ ထိုမဂ္ဂင်းတို့နှင့်ယှဉ်သော သဟိတ်စိတ် ၇၁-ခု၊ စေတသိက် ၅၂-ခု၊ သဟိတ်စိတ္တဇရုပ် သဟိတ်ပဋိသန္ဓေကမ္မဇရုပ် ဤတရားအပေါင်းသည် မဂ္ဂပစ္စယုပ္ပန်မည်၏။

     ၂- သမ္ပယုတ်အဖြစ် ဟူသည်မှာ ယှဉ်သည်ဟု ဆိုရခြင်း-သိရခြင်း၏ အကြောင်းဖြစ်သည်။ ထို့ကြောင့် တည်ရာတူခြင်းစသော ၄-ပါးတို့ကို သမ္ပယုတ်အင်္ဂါဟု ခေါ်သည်။

     ၃- ဤသမ္ပယုတ္တပစ္စည်း၌ အကျဉ်းချုပ် မှတ်ဖွယ်ကား- စိတ် ၈၉-ခု၊ စေတသိက် ၅၂-ခု (ပဝတ္တိ ပဋိသန္ဓေ နာမ်တရားအပေါင်း)သည် အချင်းချင်း သမ္ပယုတ္တပစ္စည်းလည်း မည်၏၊ ပစ္စယုပ္ပန်လည်း မည်၏။

     ၄- တည်ရာတူခြင်းစသည် မရှိသောအားဖြင့်.. ကျေးဇူးပြုတတ်သော-ဟု စပ်ပါ။ ဆိုလိုသည်မှာ တည်ရာတူခြင်းစသော သမ္ပယုတ်လက္ခဏာ

၈၄

ကျေးဇူးပြုတတ်သော ရုပ်တရားတို့သည်၎င်း၊ ရုပ်တရားတို့အား ကျေးဇူးပြုတတ်သော စိတ်စေတသိက် နာမ်တရားတို့သည်၎င်း ဝိပ္ပယုတ္တပစ္စည်း မည်၏။ ထိုဝိပ္ပယုတ္တပစ္စည်းသည် သဟဇာတဝိပ္ပယုတ် ပစ္ဆာဇာတဝိပ္ပယုတ် ပုရေဇာတဝိပ္ပယုတ်တို့၏ အစွမ်းအားဖြင့် သုံးပါးအပြားရှိ၏။ မှန်ပေ၏၊ (မြတ်စွာဘုရားသည်)-

''တကွဖြစ်ကုန်သော ကုသိုလ်ခန္ဓာတို့သည် စိတ္တဇရုပ်တို့အား ဝိပ္ပယုတ္တပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ နောက်၌ဖြစ်ကုန်သော ကုသိုလ်ခန္ဓာတို့သည် ရှေး၌ဖြစ်သော ဤရုပ်အပေါင်းကိုယ်အား ဝိပ္ပယုတ္တပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဤသို့ အစရှိသော ဤစကားကို ဟောတော်မူ(အပ်)ပေ၏။

အထူးကား- အဗျာကတပုဒ်၏ သဟဇာတဝိဘင်း၌..

''ပဋိသန္ဓေခဏ၌ ဝိပါက်အဗျာကတဖြစ်သော ခန္ဓာတို့သည် ကမ္မဇရုပ်တို့အား ဝိပ္ပယုတ္တပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏၊ ပဋိသန္ဓေ ဝိပါက်ခန္ဓာတို့သည် ဝတ္ထုရုပ်အား၊ ဝတ္ထုရုပ်သည် ပဋိသန္ဓေ ဝိပါက်ခန္ဓာတို့အား ဝိပ္ပယုတ္တပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍လည်း ဟောတော်မူ(အပ်)သေး၏။

     ပုရေဇာတဝိပ္ပယုတ်ကိုမူကား စက္ခုန္ဒြေစသော ဝတ္ထုရုပ်တို့၏ အစွမ်းအားဖြင့်သာလျှင် သိအပ်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ရှေး၌ဖြစ်သော စက္ခာယတနသည် စက္ခုဝိညာဏ်အား ။ပ။ ကာယာယတနသည် ကာယဝိညာဏ်အား ဝိပ္ပယုတ္တပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ ဝတ္ထုရုပ်သည် ဝိပါက်အဗျာကတ ဖြစ်ကုန်သော ကြိယာအဗျာကတ ဖြစ်ကုန်သော ခန္ဓာတို့အား ။ပ။ ဝတ္ထုရုပ်သည် ကုသိုလ်ခန္ဓာတို့အား ။ပ။ ဝတ္ထုရုပ်သည် အကုသိုလ်ခန္ဓာတို့အား ဝိပ္ပယုတ္တပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း


မှတ်ချက်

ကင်းသောအားဖြင့်၊ ဝါ၊ တပေါင်းတည်း ရောယှက်ခြင်းမရှိသောအားဖြင့် ကျေးဇူးပြုသည်၊ မရောမယှက်ပဲ ကျေးဇူးပြုသည်-ဟု ဆိုလို၏။

     ၁- ဤဝိပ္ပယုတ္တပစ္စည်း၌ သဟဇာတ ပစ္ဆာဇာတ ပုရေဇာတဟု ၃-မျိုးရှိရာတွင် သဟဇာတဝိပ္ပယုတ္တ၌ မှတ်သားဖွယ် အကျဉ်းချုပ်သည် သဟဇာတအကျဉ်းချုပ်

၈၅

(၂၁) အတ္ထိပစ္စည်း

     ၆၁၄။ (အကြောင်းကိုစွဲ၍ ဖြစ်ဆဲ ရှိဆဲ) ပစ္စုပ္ပန် သဘောလက္ခဏာဖြစ်သော ရှိနေဆဲ၏အဖြစ်ဖြင့် ထိုသို့ ရှိနေဆဲသာလျှင်ဖြစ်သော တရားအား ထောက်ပံ့တတ်သည်၏ အဖြစ်ဖြင့်၊ ဝါ၊ ထောက်ပံ့သောအားဖြင့် ကျေးဇူးပြုတတ်သော တရားသည် အတ္ထိပစ္စည်းမည်၏။ ထိုအတ္ထိပစ္စည်း၏ မာတိကာ(ခေါင်းစဉ်)ကို နာမ်ခန္ဓာ, မဟာဘုတ်, နာမ်ရုပ်, စိတ်စေတသိက်, မဟာဘုတ်, အာယတန, ဝတ္ထုရုပ်တို့၏ အစွမ်းဖြင့် ခုနစ်ပါးအပြားအားဖြင့် [၁၇၂] ထားတော်မူ(အပ်)၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''(၁) လေးပါးကုန်သော စိတ်စေတသိက် နာမ်ခန္ဓာတို့သည် အချင်းချင်း အတ္ထိပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏၊ (၂) လေးပါးကုန်သော မဟာဘုတ်တို့သည်..၊ (၃) ပဋိသန္ဓေခဏ၌ စိတ်စေတသိက် နာမ်နှင့် (ဟဒယ)ဝတ္ထုရုပ်သည်..၊ (၄) စိတ် စေတသိက် တရားတို့သည် စိတ်ကြောင့်ဖြစ်သော (စိတ္တဇ)ရုပ်တို့အား..၊ (၅) မဟာဘုတ်တို့သည် ဥပါဒါရုပ်တို့အား..၊ (၆) စက္ဓာယတနသည် စက္ခုဝိညာဏဓာတ်အား၎င်း ။ပ။ ကာယာယတနသည် ။ပ။ ရူပါယတနသည် ။ပ။ ဖောဋ္ဌဗ္ဗာယတနသည် ကာယဝိညာဏဓာတ်အား၎င်း၊ ထိုဝိညာဏဓာတ်နှင့် ယှဉ်သော စေတသိက်(၇)ပါး တရားတို့အား၎င်း အတ္ထိပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏၊ ရူပါယတနသည် ။ပ။ ဖောဋ္ဌဗ္ဗာယတနသည် မနောဓာတ်အား၎င်း၊ ထိုမနောဓာတ်နှင့်ယှဉ်သော စေတသိက်(၁ဝ)ပါး တရားတို့အား၎င်း..။ (၇) အကြင်ရုပ်ကို အမှီပြု၍ မနောဓာတ်သည်၎င်း၊ မနောဝိညာဏဓာတ်သည်၎င်း ဖြစ်ကုန်၏၊ ထိုမှီရာရုပ်သည် မနောဓာတ်အား၎င်း၊ မနောဝိညာဏဓာတ်အား၎င်း၊ ထိုဓာတ်တို့နှင့်ယှဉ်သော စေတသိက်(၅၂-ပါး) တရားတို့အား၎င်း အတ္ထိပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း။


မှတ်ချက်

မှတ်ဖွယ် (၃၊ ၄)အပိုဒ်နှင့် တူ၏။ ပစ္ဆာဇာတဝိပ္ပယုတ္တ၌ မှတ်ဖွယ်အကျဉ်းချုပ်သည် ပစ္ဆာဇာတမှတ်ဖွယ်နှင့် တူ၏။ ပုရေဇာတဝိပ္ပယုတ္တ၌ မှတ်ဖွယ်အကျဉ်းချုပ်သည် ပုရေဇာတနိဿယ မှတ်ဖွယ်အကျဉ်း (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆)အပိုဒ်နှင့်တို့နှင့် တူ၏။

     ၁- ရှိနေဆဲ၏အဖြစ်ဖြင့်.. ကျေးဇူးပြုတတ်သော-ဟု စပ်ပါ။

၈၆

     ပဉှာဝါရ၌မူကား (၁) သဟဇာတတ္ထိပစ္စည်း၊ (၂) ပုရေဇာတတ္ထိပစ္စည်း၊ (၃) ပစ္ဆာဇာတတ္ထိပစ္စည်း၊ (၄) အာဟာရတ္ထိပစ္စည်း၊ (၅) ဣန္ဒြိယတ္ထိပစ္စည်းဟူ၍လည်း (ခေါင်းစဉ်)ထားပြီးလျှင် ရှေးဦးစွာ (၁) သဟဇာတတ္ထိပစ္စည်း၌ ''တခုသော ခန္ဓာသည် သုံးပါးကုန်သော ခန္ဓာတို့အား၎င်း၊ ထိုခန္ဓာကြောင့်ဖြစ်သော ရုပ်တို့အား၎င်း အတ္ထိပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဤသို့ အစရှိသောနည်းဖြင့် အကျယ်ပြခြင်းကို ပြုတော်မူ(အပ်)၏။ (၂) ပုရေဇာတတ္ထိ ပစ္စည်း၌ ရှေး၌ဖြစ်ကုန်သော စက္ခုစသည်တို့၏ အစွမ်းအားဖြင့်၊ ဝါ၊ စက္ခု သောတ ဃာန ဇိဝှါ ကာယ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ဝတ္ထု ရူပ သဒ္ဒ ရူပါယတန ။ပ။ စက္ခာယတန ။ပ။ ကာယာယတန ဝတ္ထုတို့၏ အစွမ်းအားဖြင့် အကျယ်ပြခြင်းကို ပြုတော်မူ(အပ်)၏။ (၃) ပစ္ဆာဇာတတ္ထိပစ္စည်း၌ ရှေး၌ဖြစ်သော ဤရုပ်အပေါင်းကိုယ်အား နောက်၌ဖြစ်ကုန်သော စိတ်စေတသိက်တို့၏ ကျေးဇူးပြုခြင်း၏ အစွမ်းအားဖြင့် အကျယ်ပြခြင်းကို ပြုတော်မူ(အပ်)၏။ (၄-၅) အာဟာရတ္ထိပစ္စည်းနှင့် ဣန္ဒြိယတ္ထိပစ္စည်းတို့၌ ''အလုပ်အလွေ့ မဟုတ်သော်လည်း အလုပ်အလွေ့ကဲ့သို့ ပြုအပ်သော (ဩဇာခေါ်) အာဟာရသည် ဤရုပ်အပေါင်းကိုယ်အား အတ္ထိပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏။ ရုပ်ဇီဝိတိန္ဒြေသည် ကမ္မဇရုပ်တို့အား အတ္ထိပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏''ဟူ၍ ဤသို့ အကျယ်ပြခြင်းကို ပြုတော်မူ(အပ်)၏


မှတ်ချက်

     ၁- ဤ၌ စက္ခု-မှ ဝတ္ထု-တိုင်အောင် ၁၁-ပါးသည် ဝိပဿနာအား ကျေးဇူးပြုသော အာရမ္မဏပုရေဇာတတ္ထိပစ္စည်း ဖြစ်သည်၊ ထို့နောင် ရူပနှင့် သဒ္ဒသည် ဒိဗ္ဗစက္ခု- ဒိဗ္ဗသောတ အဘိညာဉ်အား ကျေးဇူးပြုသော ပစ္စည်းဖြစ်သည်၊ ထို့နောင် ရူပါယတနစသော ငါးပါးသည် စက္ခုဝိညာဏ်စသည်အား ကျေးဇူးပြုသော အာရမ္မဏပုရေဇာတတ္ထိပစ္စည်း ဖြစ်သည်၊ ထို့နောင် စက္ခာယတနစသော ဝတ္ထုရုပ် ၆-ပါးသည် စက္ခုဝိညာဏ်စသည်အား ကျေးဇူးပြုသော ဝတ္ထုပုရေဇာတတ္ထိပစ္စည်း ဖြစ်သည်။

     ၂- ဤအတ္ထိပစ္စည်း၌ ကျဉ်းချုပ် မှတ်ဖွယ်ကား- (၁) သဟဇာတတ္ထိသည် သဟဇာတနှင့်တူ၏၊ (၂) ပုရေဇာတတ္ထိသည် ပုရေဇာတနှင့်တူ၏၊ (၃) ပစ္ဆာဇာတတ္ထိသည် ပစ္ဆာဇာတနှင့်တူ၏၊ (၄) အာဟာရတ္ထိသည် ကဗဠီကာရ အာဟာရပစ္စည်းနှင့် တူ၏၊ (၅) ဣန္ဒြိယတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့်တူ၏။

၈၇

(၂၂) နတ္ထိပစ္စည်း

     ၆၁၅။ မိမိ၏အခြားမဲ့၌ ဖြစ်ဆဲဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားတို့အား ဖြစ်ခွင့်ပေးသောအားဖြင့် ကျေးဇူးပြုတတ်ကုန်သော ကောင်းစွာ ရှေးအခြားမဲ့၌ ချုပ်လေကုန်ပြီးသော စိတ် စေတသိက် နာမ်တရားတို့သည် နတ္ထိပစ္စည်းမည်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ကောင်းစွာ ရှေးအခြားမဲ့၌ ချုပ်လေကုန်ပြီးသော စိတ်စေတသိက် တရားတို့သည် (မိမိသို့) အတုလိုက်၍ ဖြစ်ကုန်သော၊ ဝါ၊ ပစ္စုပ္ပန်ဖြစ်ကုန်သော စိတ်စေတသိက် တရားတို့အား နတ္ထိပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း

(၂၃) ဝိဂတပစ္စည်း

     ထိုနတ္ထိပစ္စည်း တရားတို့သည်ပင်လျှင် ကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကြသောကြောင့် ဝိဂတပစ္စည်းမည်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ကောင်းစွာ ရှေး အခြားမဲ့၌ ကင်းလေကုန်ပြီးသော စိတ်စေတသိက် တရားတို့သည် (မိမိသို့) အတုလိုက်၍ ဖြစ်ကုန်သော၊ ဝါ၊ ပစ္စုပ္ပန်ဖြစ်ကုန်သော စိတ်စေတသိက် တရားတို့အား ဝိဂတပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏'' ဟူ၍ပင်တည်း


မှတ်ချက်

     ၁- ဤ၌ ပဌမအနက်သည် မြန်မာဆရာ အစဉ်အဆက် ပေးရိုးအနက် ဖြစ်သည်၊ ပဋိ-မိမိကို အတူပြု၍- မိမိသို့ အတုလိုက်၍ + ဥပ္ပန္နာနံ-ဖြစ်ကုန်သော- ပဋုပ္ပန္နာနံ- မိမိသို့ အတုလိုက်၍ ဖြစ်ကုန်သော။ ဒုတိယအနက်မှာ ပဋုပ္ပန္နာနန္တိ ပစ္စုပ္ပန္နာနံ-ဟု ဖွင့်ပြသော ပဋ္ဌာန်းအဋ္ဌကထာ- မဟာဋီကာတို့နှင့်အညီ ပြန်သော အနက်ဖြစ်သည်။

     ၂- နတ္ထိပစ္စည်းသည် အနန္တရပစ္စည်းနှင့် တူ၏။

     ၃- ဝိဂတပစ္စည်းသည်လည်း အနန္တရပစ္စည်းနှင့် တူ၏။

၈၈

(၂၄) အဝိဂတပစ္စည်း

     ထိုမှတပါး အတ္ထိပစ္စည်း တရားတို့သည်ပင်လျှင် မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အဝိဂတပစ္စည်း မည်၏-ဟု သိအပ်၏။ ထိုသို့ နတ္ထိ အတ္ထိ ပစ္စည်းတို့ကိုပင်လျှင် ဝိဂတ အဝိဂတပစ္စည်းဟု သိအပ်ပါသော်လည်း ဒေသနာတော်ကို တင့်တယ်အောင် တန်းဆာဆင်တတ်သော သဗ္ဗညုတဉာဏ်တော်၏ အစွမ်းအားဖြင့်၎င်း၊ ထိုသို့ (ဝိဂတပစ္စယော အဝိဂတပစ္စယော-ဟု)ဟောသော အခြင်းအရာအားဖြင့် ဆုံးမသွန်သင်ထိုက်သော ဝေနေယျတို့၏ အစွမ်းအားဖြင့်၎င်း ဤ(ဝိဂတပစ္စည်း အဝိဂတပစ္စည်း တစုံဟူသော) ဒုက်ကို ဟောတော်မူ(အပ်)ပေသည်၊ (ဥပမာ) (ဟိတ်ရှိသော တရား + ဟိတ်မရှိသော တရားဟူသော) အဟေတုကဒုက်ကို ဟောပြီးဖြစ်ပါလျက်လည်း (ဟိတ်နှင့်ယှဉ်သော တရား + ဟိတ်နှင့်မယှဉ်သော တရား)ဟူသော ဟေတုဝိပ္ပယုတ္တဒုက်ကို (ဟောအပ်သ)ကဲ့သို့ပင်တည်း။ ဤတွင် ပဋ္ဌာန်းပစ္စည်းကို ပြဆိုသော စကားရပ် ပြီး၏။

အဝိဇ္ဇာပစ္စယာ သင်္ခါရာပုဒ်၌ အကျယ်ပြဆိုချက်

[၁၇၃] ၆၁၆။ ဤဆိုခဲ့သည့်အတိုင်း ဤ၂၄-ပါးသော ပစ္စည်းတို့တွင် ဤအဝိဇ္ဇာသည် ပုည(အဘိသင်္ခါရ)တို့အား ၂-ပါးသော အပြားအားဖြင့် ကျေးဇူးပြု၏၊ တပါးကုန်သော (အပုည) အဘိသင်္ခါရတို့အားမူကား များသောအပြားအားဖြင့် ကျေးဇူးပြု၏၊ နောက်ဆုံးဖြစ်ကုန်သော (အာနေဉ္ဇ) အဘိသင်္ခါရတို့အား ထိုအဝိဇ္ဇာသည် တပါးတည်းသော အပြားအားဖြင့် ကျေးဇူးပြု၏ဟု သိအပ်၏။


မှတ်ချက်

     ၁- အဝိဂတပစ္စည်းသည် အတ္ထိပစ္စည်းနှင့် တူ၏။

     ၂- ပုညာနံ-ပုဒ်၏ မြန်မာပြန်ဖြစ်သောကြောင့် ပါဠိနှင့် တိကျသောအနက်ကို ယူလိုက ယူနိုင်ရန်အတွက် အဘိသင်္ခါရ-ဟူသော အနက်ပိုကို လက်သည်းကွင်းဖြင့် ပြထားသည်။ သို့သော် ပရေသံ-နှင့် ပစ္ဆိမာနံ-ပုဒ်တို့၏ အနက်၌ အဘိသင်္ခါရ-ဟူသော ပဓာနအနက်မပါလျှင် မလျော်သောကြောင့် ထိုအရာတို့၌ကား ယင်းအနက်ကို လက်သည်းကွင်းဖြင့်မပြပဲ ဖော်ထားသည်။

၈၉

     ထိုဂါထာ၌ ပုညတို့အား ၂-ပါးအပြားအားဖြင့် ဟူသည်ကား (ပုညာဘိသင်္ခါရတို့အား) အာရမ္မဏပစ္စည်းဖြင့်၎င်း၊ ဥပနိဿယပစ္စည်းဖြင့်၎င်း၊ ဤသို့ ၂-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ချဲ့၍ပြအံ့၊ ထိုအဝိဇ္ဇာသည် အဝိဇ္ဇာကို ကုန်တတ်သောအားဖြင့် ပျက်တတ်သောအားဖြင့်၊ ဝါ၊ ကုန်သွားသည် ပျက်သွားသည်ဟု သုံးသပ်သောကာလ၌ ကာမာဝစရ ပုညာဘိသင်္ခါရတို့အား အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏။ (စေတောပရိယ ပုဗ္ဗေနိဝါသ အနာဂတံသဉာဏ်ဟု ဆိုအပ်သော) အဘိညာဉ်တို့နှင့် ယှဉ်သောစိတ်ဖြင့် (မိမိ၏၎င်း၊ သူတပါး၏၎င်း၊) မောဟနှင့် တကွဖြစ်သောစိတ်ကို သိသောကာလ၌ ရူပါဝစရ (ပုညာဘိသင်္ခါရ)တို့အား (အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏)။ ထိုမှတပါး (အဝိဇ္ဇာ၏အပြစ်ကို မြင်ခြင်းကြောင့်) အဝိဇ္ဇာကို လွန်မြောက်ခြင်းအကျိုးငှါ (ဝဋ်ကင်းရာနိဗ္ဗာန်ကို တောင့်တသဖြင့်) ပေးလှူခြင်းအစရှိသော ကာမဝစရ ပုညကြိယဝတ္ထုတို့ကို ဖြည့်ကျင့် ဆည်းပူးသော သူအား၎င်း၊ ရူပါဝစရဈာန်တို့ကို ဖြစ်စေသောသူအား၎င်း ၂-ပါးလည်းဖြစ်ကုန်သော ထို(ကာမ ရူပ) ပုညာဘိသင်္ခါရတို့အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။ ထို့အတူပင် (ဘဝ၏အပြစ်ကို ဖုံးကွယ်တတ်သော) အဝိဇ္ဇာဖြင့် ပြင်းစွာ တွေဝေသောကြောင့် ကာမဘဝ စည်းစိမ်ချမ်းသာ ရူပဘဝ စည်းစိမ်ချမ်းသာတို့ကို တောင့်တ၍ ထိုပုညာဘိသင်္ခါရ ၂-မျိုးတို့ကိုပင်လျှင် ပြုသောသူအား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။

     တပါးကုန်သော အဘိသင်္ခါရတို့အားမူကား များသော အပြားအားဖြင့် ဟူသည်ကား အပုညာဘိသင်္ခါရတို့အား များသော အပြားအားဖြင့် ကျေးဇူးပြု၏။ အဘယ်သို့နည်းဟူမူ? ဤအဝိဇ္ဇာသည် အဝိဇ္ဇာကို အာရုံပြု၍ ရာဂစသည် ဖြစ်သောကာလ၌ အာရမ္မဏပစ္စည်းဖြင့် (ကျေးဇူးပြု၏)၊


မှတ်ချက်

     ၁- အပြည့်အစုံဆိုလိုလျှင် အာရမ္မဏပစ္စည်းသတ္တိဖြင့်၎င်း-ဟု ရှေး၌ကဲ့သို့ သတ္တိပါထည့်၍ ဆိုပါ။ နောက်၌လည်း နည်းတူပင်မှတ်ပါ။

     ၂- အဝိဇ္ဇာသည်-ဟူသော ကတ္တားကို ကျေးဇူးပြု၏-ဟူသော ကြိယာပုဒ်တို့နှင့် စပ်ပါ။

     ၃- ဥပနိဿယပစ္စည်း ၃-မျိုးတို့တွင် ပကတူပနိဿယ ပစ္စည်းကို ဆိုသည်။ နောက်၌လည်း ဥပနိဿယပစ္စည်းဟု သာမာန်ဆိုလျှင် ပကတူပနိဿယ ပစ္စည်းကို ဆိုသည်ဟု မှတ်ပါ။

     ၄- ဤကတ္တားပုဒ်ကို ကျေးဇူးပြု၏ဟူသော ကြိယာပုဒ်နှင့် စပ်ပါ။

၉၀

အလေးအမြတ်ပြု၍ သာယာသောကာလ၌ အာရမ္မဏာဓိပတိပစ္စည်း အာရမ္မဏူပနိဿယ ပစ္စည်းတို့ဖြင့် (ကျေးဇူးပြု၏)။ အဝိဇ္ဇာဖြင့် ပြင်းစွာတွေဝေလျက် အပြစ်မမြင်သည်ဖြစ်၍ ပါဏာတိပါတ- သူ့အသက်ကို သတ်ခြင်း စသည်တို့ကို ပြုသောသူအား ဥပနိဿယပစ္စည်းဖြင့် (ကျေးဇူးပြု၏)။ ဒုတိယဇော စသည်တို့အား အနန္တရ သမနန္တရ အနန္တရူပနိဿယ အာသေဝန နတ္ထိ ဝိဂတပစ္စည်းတို့ဖြင့် (ကျေးဇူးပြု၏)။ အမှတ်မရှိ တစုံတခုသော အကုသိုလ်ကို ပြုသောသူအား ဟေတု သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတပစ္စည်းတို့ဖြင့် (ကျေးဇူးပြု၏)။ ဤသို့ များသော အပြားအားဖြင့် ကျေးဇူးပြု၏။

     နောက်ဆုံးဖြစ်ကုန်သော အဘိသင်္ခါရတို့အား ထိုအဝိဇ္ဇာသည် တပါးတည်းသော အပြားအားဖြင့် ကျေးဇူးပြု၏ဟု သိအပ်၏ ဟူသည်ကား အာနေဉ္ဇာဘိသင်္ခါရတို့အား ဥပနိဿယပစ္စည်းဖြင့်သာလျှင် တပါးတည်းသော အပြားအားဖြင့် ကျေးဇူးပြု၏ဟု သိအပ်၏။ ဤအဝိဇ္ဇာ၏ ထိုဥပနိဿယအဖြစ်ကိုမူ ပုညာဘိသင်္ခါရ၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင် သိအပ်ပေ၏။

အကြောင်းတခုတည်းကြောင့် ဖြစ်နိုင်သလော

     ဤအရာ၌ (ရပ်တန့်၍ စောဒကပုဂ္ဂိုလ်သည် စေဒနာကို) ဆို၏၊ ဆိုပုံကား- ဤအဝိဇ္ဇာသည် (အကူအညီ အဖော်မမှီး) တပါးတည်းသာလျှင်(ဖြစ်လျက်) သင်္ခါရတို့အား ကျေးဇူးပြုသလော၊ သို့မဟုတ် အခြား(အကူအညီ အဖော်) အကြောင်းတို့သည်လည်း ရှိကြပါသေးသလောဟူ၍ ဆို၏။ (အဝိဇ္ဇာ၏ အကြောင်းတပါးနှင့် ကင်းသည်၏အဖြစ် မကင်းသည်၏အဖြစ်ဟူသော) ဤအရာ၌ အဘယ်ကို ဆိုသင့်အံ့နည်း? (သင်၏ စောဒနာသည် မပြည့်စုံသေး၊ ကြွင်းကျန်နေသော စောဒနာကိုလည်း ဆိုဦးလော့)။ တပါးတည်းသာဖြစ်လျက်


မှတ်ချက်

     ၁- ကိံ ပန ဝတ္တဗ္ဗံ-ဟူသော ဋီကာအဖွင့်နှင့်အညီ ကိံ ပန-၏ အနက်ဖြစ်သည်၊ ဆိုသင့် ဖြေသင့်သော စကားမရှိသေး၊ ဤမျှဆိုလျှင် ဘယ်လိုအဖြေကိုမျှ မပေးနိုင်ဟု ဆိုလို၏။

     ၂- ဤ လက်သည်းကွင်းအတွင်းရှိ စကားများသည် ''အဘယ်ကို ဆိုသင့်အံ့နည်း'' ဟူသော ရှေ့စကားဖြင့် ဆိုလိုသော အချက်များကို ထုတ်ဖော်ပြသော

၉၁

အကယ်၍ ကျေးဇူးပြုငြားအံ့၊ (သို့ဖြစ်လျှင်) တခုတည်းသော အကြောင်းရှိသည်- အကြောင်းတခုတည်းကြောင့် ဖြစ်သည်ဟူသော အယူဝါဒသည် ဖြစ်၏။ သို့မဟုတ် အခြားတပါးသော အကြောင်းတို့သည်လည်း ရှိကြငြားအံ့၊ (သို့ဖြစ်လျှင်) ''အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြသည်''ဟု အကြောင်းတပါးတည်းကို ပြခြင်းသည် မသင့်လျော်သည် မဟုတ်လောဟူ၍ (ဆို၏)။ မသင့်လျော်သည်မဟုတ်၊ (သင့်လျော်သည်သာလျှင်တည်း)။ အဘယ့်ကြောင့်နည်းဟူမူ?

ဤလောက၌ တခုသောအကြောင်းကြောင့်(ဖြစ်သော) တခုသောအကျိုးသည် မရှိ၊ များစွာသော အကျိုးသည်လည်း မရှိ၊ များစွာသော အကြောင်းကြောင့်လည်း (ဖြစ်သော) တခုသောအကျိုးသည် မရှိ၊ သို့သော်လည်း အကြောင်းတခုနှင့် အကျိုးတခုကို ပြရာ၌ အကျိုးကျေးဇူးကား ရှိပေ၏။ ထို့ကြောင့် (သင့်လျော်ပေသည်)။

     [၁၇၄] ချဲ့၍ပြရလျှင်- ဤလောက၌ တခုသော အကြောင်းကြောင့် (ဖြစ်သော) တခုသော အကျိုးမည်သည် တစုံတခုမျှ မရှိပေ၊ များစွာသော အကျိုးသည်လည်း မရှိပေ၊ များစွာသော အကြောင်းတို့ကြောင့်(ဖြစ်သော) တခုသော အကျိုးသည်လည်း မရှိပေ။ စင်စစ်သော်ကား များစွာသော အကြောင်းတို့ကြောင့် များစွာသော အကျိုးသည်သာလျှင် ဖြစ်တတ်ပေသည်။ ထိုစကား မှန်ပေ၏၊ ဥတု မြေ မျိုးစေ့ ရေ-ဟု ဆိုအပ်ကုန်သော များစွာသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်သော အညှောက်-အညွန့်ဟု ဆိုအပ်သော အဆင်း အနံ့ အရသာ အစရှိသော များစွာသော အကျိုးကိုသာလျှင် တွေ့မြင်ရပေသည်။ သို့သော်လည်း ''အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြသည်။ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်ဖြစ်သည်''


မှတ်ချက်

စကားများ ဖြစ်သည်။ ထို့ကြောင့် ဋီကာ၌ ''အသမတ္တာ တေ စောဒနာ၊ အဝသိဋ္ဌဉ္စ တာဝ ကထေဟီတိ ဝုတ္တံ ဟောတိ''ဟု ထုတ်ဖော်ပြထားပေသည်။ ထိုပြဆိုချက်ကိုပင် ယူ၍ ဤ၌ ဖော်ပြထားခြင်းဖြစ်သည်။

     ၁- ဤဝါကျ၌ တာဝ-ရှေးဦးစွာဟူသော စကားသည် ပါဠိ၌ ကျေးဇူးများသော်လည်း မြန်မာ၌ကား ဤအရာတွင် အကျိုးမရှိရုံမျှမက စပ်ဟပ်ယူရန် ခက်သည်။ ထို့ကြောင့် ထိုတာဝ-ပုဒ်ကို ဤ၌ မပြပဲ ခြွင်းချန်ထားသည်။

၉၂

ဤသို့ စသည်ဖြင့် တခု တခုသော အကြောင်းအကျိုးပြခြင်းကို (ထိုထိုအရာ၌) ပြုထား၏၊ ထိုသို့ပြရာ၌ အကျိုးကျေးဇူးကား ရှိပေ၏၊ ပယောဇဉ်ခေါ် ရည်ရွယ်အပ်သော အကျိုးကား ရှိပေ၏

     ချဲ့၍ပြအံ့၊ မြတ်စွာဘုရားသည် အချို့ဒေသနာစကားရပ်၌ (ဟောသင့်သောတရား၏) ပြဓာန်းခြင်းကြောင့်၊ အချို့ဒေသနာ စကားရပ်၌ ထင်ရှားခြင်းကြောင့်၊ အချို့ဒေသနာ စကားရပ်၌ မဆက်ဆံခြင်းကြောင့် ဒေသနာကို တင့်တယ်စေနိုင်သော ဉာဏ်တော်အား၎င်း၊ ဝေနေယျတို့(၏ အလိုအဇ္ဈာသယ)အား၎င်း လျော်သောအားဖြင့် တခုတည်းသာလျှင်ဖြစ်သော အကြောင်းကို၎င်း အကျိုးကို၎င်း ပြတော်မူ၏။ ပြတော်မူပုံကား- ''ဖဿဟူသော အကြောင်းကြောင့် ဝေဒနာဖြစ်သည်''ဟူသော ဒေသနာစကားရပ်၌ ပြဓာန်းခြင်းကြောင့် တခုစီသာလျှင်ဖြစ်သော အကြောင်းနှင့် အကျိုးကို ဟောတော်မူ၏။ မှန်ပေ၏၊ ဖဿအားလျော်စွာ ဝေဒနာကို ပိုင်းခြားဆုံးဖြတ်ခြင်းကြောင့် ဖဿသည် ဝေဒနာ၏ ပြဓာန်းသောအကြောင်း ဖြစ်ပေသည်။


မှတ်ချက်

     ၁- အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြသည်-ဟူသော စကားရပ်၌ တခုသော အကြောင်းပြခြင်းကို (ပြုအပ်၏)၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်ဖြစ်သည်ဟူသော စကားရပ်၌ တခုသော အကျိုးပြခြင်းကို (ပြုအပ်၏) ဤသို့သောနည်းဖြင့် ထိုထိုအရာ၌ တခုတခုသော အကြောင်းအကျိုးပြခြင်းကို ပြုအပ်၏။ (ဋီကာ)

     ၂- ဤနောက်ဝါကျဖြင့် ရှေးဝါကျကို ဖွင့်ပြသည်။ ဆိုလိုရင်းမှာ ရှေးဝါကျ၌ အတ္ထော-အကျိုးဟူသည်မှာ အကြောင်းကြောင့် ဖြစ်ပေါ်သော ဖလ-အကျိုးမဟုတ်၊ စီးပွါးဥစ္စာ စသည်လည်း မဟုတ်၊ ပယောဇန- ပယောဇဉ် ခေါ်သော ထိုသို့ပြဆိုခြင်းဖြင့် သိစေလိုအပ်သော ရည်ရွယ်သည့် အကျိုးကျေးဇူးသာ ဖြစ်သည်ဟု သိစေ၏။

     ၃- ဤဟိတ်ပုဒ်တို့ကို ပြတော်မူ၏-ဟူသော ကြိယာပုဒ်နှင့် စပ်ပါ။

     ၄- ဖဿအားလျော်စွာ ဝေဒနာကို ပိုင်းခြားဆုံးဖြတ်ခြင်းကြောင့်-ဟူရာ၌-

''ရဟန်းတို့၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿ-အာရုံတွေ့မှုကိုစွဲ၍ သုခဝေဒနာ ဖြစ်ပေါ်သည်'' ဤသို့ အစရှိသော စကားရပ်ဖြင့်၎င်း၊ ''မျက်စိကို၎င်း အဆင်းတို့ကို၎င်း စွဲ၍ မြင်သိမှု-စက္ခုဝိညာဏ် ဖြစ်ပေါ်သည်၊ မျက်စိ အဆင်း မြင်သိမှုဟူသော သုံးပါးတို့၏ တွေ့ဆုံခြင်းသည်

၉၃

ဝေဒနာအားလျော်စွာ ဖဿကို ပိုင်းခြားဆုံးဖြတ်ခြင်းကြောင့် ဝေဒနာသည်လည်း ဖဿ၏ ပြဓာန်းသောအကျိုး ဖြစ်ပေသည်။ ''သလိပ်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ဝါ၊ သလိပ်ကြောင့် ဖြစ်ကုန်သော အနာတို့''ဟူသော ဒေသနာစကားရပ်၌ ထင်ရှားခြင်းကြောင့် တခုတည်းသော အကြောင်းကို ဟောတော်မူ၏။ မှန်ပေ၏၊ ဤအနာဖြစ်ရာ၌ သလိပ်သည် ထင်ရှား၏၊ ကံစသော အကြောင်းတို့သည်၊ ဝါ၊ ကံ အာဟာရ ဥတု စိတ် ဝိသမာဟာရ ပိတ္တ ဝါတ ဥပက္ကမတို့သည် မထင်ရှားကုန်၊ (အကြောင်းမူကား- သလိပ်ကို ကုသခြင်းဖြင့် ရောဂါပျောက်ခြင်းကြောင့်ပေတည်း)။ ''ရဟန်းတို့၊ အလုံးစုံသော အကုသိုလ်တရားတို့သည် အယောနိသော မနသိကာရလျှင် အကြောင်းရင်း ရှိကုန်၏''ဟူသော ဒေသနာစကားရပ်၌ မဆက်ဆံခြင်းကြောင့်


မှတ်ချက်

ဖဿပေတည်း၊ ဝါ၊ သုံးပါးတို့၏ တွေ့ဆုံခြင်းကြောင့် ဖဿ ဖြစ်ပေါ်သည်၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာဖြစ်ပေါ်သည်'' ဤသို့ အစရှိသော စကားရပ်ဖြင့်၎င်း၊ (ပိုင်းခြားဆုံးဖြတ်ခြင်းကြောင့်-၌ စပ်) သုခဝေဒနာဖြစ်ကြောင်း ဖဿစသည် စက္ခုသမ္ဖဿ စသည်အားလျော်စွာ သုခဝေဒနာစသည်နှင့် စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာစသည်တို့ကို ပိုင်းခြားဆုံးဖြတ်ခြင်းကြောင့်(ဟု ဆိုလို၏)။ ထင်ရှားစေအံ့၊ မျက်စိအဆင်း စသည်တို့ တူညီကြသော်(လည်း) ဖဿ၏အစွမ်းအားဖြင့် သုခစသည်၏ ပြောင်းလဲမှု မရှိခြင်းကြောင့်၎င်း၊ အဆင်းတို့နှင့် နှလုံးသွင်းမှုစသည်တို့ တူညီကြသော် တိုက်ခိုက်ခြင်း၏ အစွမ်းအားဖြင့် စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာစသည်၏ ပြောင်းလဲမှု မရှိခြင်းကြောင့်၎င်း၊ အခြားအကြောင်းတို့၏ တူညီခြင်းရှိသော်လည်း ဖဿ၏အစွမ်းအားဖြင့် သုခစသော ဝေဒနာ စက္ခုသမ္ဖဿဇ-စသော ဝေဒနာတို့၏ ဩဠာရိက သုခုမ စသည်(အဖြစ်)ဖြင့် ရောယှက်မှု မရှိခြင်းကြောင့်၎င်း- ဤသည်ကား ''ဖဿအားလျော်စွာ ဝေဒနာကို ပိုင်းခြား ဆုံးဖြတ်ခြင်းကြောင့်''-ဟူသော စကား၏ ဆိုလိုသော အနက်ပေတည်း။ ယခုပင် ဆိုအပ်ခဲ့သော ဖဿ၏ (အကြောင်းအဖြစ်၌ စပ်) သုခစသည်တို့၏ မဖောက်မပြန် မှန်ကန်သော အကြောင်းအဖြစ်သည်ပင်လျှင် ဝေဒနာအားလျော်စွာ ဖဿကို ပိုင်းခြားဆုံးဖြတ်ခြင်း မည်၏၊ တနည်း အကြောင်းအကျိုးအထူးဖြင့် အကျိုးအကြောင်းအထူးကို ဆုံးဖြတ်ခြင်း ဖြစ်ရသည်၊ ထို့ကြောင့် (ဝေဒနာကို ပိုင်းခြားခြင်း, ဖဿကို ပိုင်းခြားခြင်းဟူသော) ၂-ဌာနလုံးတို့၌လည်း ဆုံးဖြတ်ခြင်းကို ပိုင်းခြားခြင်းဟူ၍ ဆို(အပ်)ပေသည်။ (ဋီကာ)

၉၄

တခုတည်းသော အကြောင်းကို ဟောတော်မူ၏။ မှန်ပေ၏၊ အယောနိသော မနသိကာရသည် အကုသိုလ်တရားတို့၏ (ကုသိုလ် အဗျာကတတို့နှင့်) မဆက်ဆံသော အကြောင်းပေတည်း။ ဝတ္ထု အာရုံ စသည်တို့သည်ကား ဆက်ဆံသော အကြောင်းတို့ပေတည်း၊ ဤသို့ မဆက်ဆံသော အကြောင်းဖြစ်ခြင်းကြောင့် (တခုသောအကြောင်းကို ဟောတော်မူပေသည်)။ ထို(သို့ ပြဓာန်းခြင်း ထင်ရှားခြင်း မဆက်ဆံခြင်းကြောင့် တခုသောအကြောင်းကို ဟောတော်မူသည်ဟု ဆိုခဲ့သော) အကြောင်းကြောင့် ဤပဋိစ္စသမုပ္ပါဒ် ဒေသနာ၌ ဤအဝိဇ္ဇာကို (အဝိဇ္ဇာမှ) တပါးကုန်သော ဝတ္ထု အာရုံ သဟဇာတ်တရား အစရှိကုန်သော သင်္ခါရ၏ အကြောင်းတို့ ရှိကြပါကုန်သော်လည်း ''(ရဟန်းတို့၊ သံယောဇဉ် ဖြစ်ဖွယ်အာရုံ အကြောင်းတရားတို့၌) သာယာဖွယ်ဟု ရှုလေ့ရှိသောသူအား ဆာလောင်တပ်မက်မှု-တဏှာ တိုးပွါးသည်၊ (တဏှာဟူသော အကြောင်းကြောင့် ဥပါဒါန်ဖြစ်သည်၊ ဥပါဒါန်ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ- သင်္ခါရဟူသော ဘဝဖြစ်သည်)'' ဟူ၍၎င်း၊ ''အဝိဇ္ဇာဖြစ်ခြင်းကြောင့် အာသဝဖြစ်ခြင်းရှိသည်'' ဟူ၍၎င်း ဟောတော်မူခြင်းကြောင့် (အဝိဇ္ဇာသည်) တပါးကုန်သော တဏှာအစရှိကုန်သော သင်္ခါရ၏ အကြောင်းတို့၏လည်း အကြောင်း (ဖြစ်ပေသည်)၊ ဤသို့ ပြဓာန်း(သောအကြောင်း ဖြစ်)ခြင်းကြောင့်၎င်း၊ ''ရဟန်းတို့၊ ပညာမရှိသောသူသည် အဝိဇ္ဇာရှိသည်ဖြစ်၍၊ ဝါ၊ အဝိဇ္ဇာရှိနေသောကြောင့် ပုညာဘိသင်္ခါရကိုလည်း ပြုလုပ်၏'' ဤသို့ (ဟောတော်မူသောကြောင့် အဝိဇ္ဇာသည် သင်္ခါရတို့၏ အကြောင်းအဖြစ်ဖြင့် ထင်ရှား၏၊ အဝိဇ္ဇာကင်းသော ရဟန္တာအား ပုညာဘိသင်္ခါရစသည် မဖြစ်သောကြောင့် ရဟန္တာနှင့် မဆက်ဆံသော အကြောင်းလည်း ဖြစ်၏၊ ဤသို့) ထင်ရှား(သော အကြောင်း


မှတ်ချက်

     ၁- အဝိဇ္ဇာကို.. သင်္ခါရတို့၏ အကြောင်းဖြင့် ပြတော်မူ(အပ်)သည်ဟု သိအပ်ပေသည်-ဟု စပ်ပါ။

     ၂- အဝိဇ္ဇာမှတပါးသော အကြောင်းတို့ ရှိကြပါကုန်သော်လည်း အဝိဇ္ဇာကိုသာ သင်္ခါရတို့၏ အကြောင်းဖြင့် ပြတော်မူ(အပ်)သည်-ဟု ဆက်စပ်၍ ယူပါ။

     ၃- ဤသို့ ပြဓာန်း(...) ခြင်းကြောင့်၎င်း.. သင်္ခါရတို့၏ အကြောင်းအဖြစ်ဖြင့် ပြတော်မူ(အပ်)သည်-ဟု စပ်ပါ။

၉၅

ဖြစ်)ခြင်းကြောင့်၎င်း၊ မဆက်ဆံ(သော အကြောင်းဖြစ်)ခြင်းကြောင့်၎င်း၊ သင်္ခါရတို့၏ အကြောင်းအဖြစ်ဖြင့် ပြတော်မူ(အပ်)သည်ဟု သိအပ်ပေသည်။ သည်မျှသာ မဟုတ်သေး၊ ဤဆိုခဲ့သော တခုတခုသော အကြောင်း အကျိုးကို ပြရာ၌ အဖြေစကားဖြင့်ပင်လျှင် (ဖဿဟူသော အကြောင်းကြောင့် ဝေဒနာ ဖြစ်သည်၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာဖြစ်သည်-ဤသို့ အစရှိသော) တခု တခုသော အကြောင်းအကျိုးကိုပြရာ အလုံးစုံတို့၌(လည်း) (ဝေနေယျတို့၏ အလိုအားဖြင့် တရားကို သိစေခြင်းဟု ဆိုအပ်သော) ပယောဇဉ်ခေါ် ရည်ရွယ်အပ်သော အကျိုးကို သိအပ်ပေသည်။ ဤတွင် တရပ်ပြီး၏။

အဝိဇ္ဇာက ကုသိုလ်၏အကြောင်း ဖြစ်နိုင်ပုံ

     ၆၁၈။ ဤအရာ၌ (ရပ်တန့်၍ စောဒကပုဂ္ဂိုလ်သည် စောဒနာကို) ဆို၏၊ (ဆိုပုံကား) ဤသို့ ဖြေရှင်းခဲ့သည့်အတိုင်း တခုသောအကြောင်းနှင့် တခုသောအကျိုးကို ပြသင့်သော်လည်း စင်စစ် မလိုလားအပ်သည့် မကောင်းကျိုး ရှိသော အပြစ်ရှိသော အဝိဇ္ဇာ၏ ပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရတို့၏


မှတ်ချက်

     ၁- ဤဆိုခဲ့သော.. အဖြေစကားဖြင့်ပင်လျှင်-ဟု စပ်ပါ။

     ၂- အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြသည်-ဟု တခုသော အကြောင်းကို ပြရာ၌၎င်း၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်ဖြစ်သည်ဟု တခုသောအကျိုးကို ပြရာ၌၎င်း-ဟု ဆိုလို၏။

     ၃- အဖြေစကားဖြင့်ပင်လျှင်.. ရည်ရွယ်အပ်သော အကျိုးကို သိအပ်ပေသည်-ဟု စပ်ပါ။

     ၄- အဝိဇ္ဇာ၏.. အကြောင်းအဖြစ်-ဟု စပ်ပါ။ အကုသိုလ် အဝိဇ္ဇာက ကုသိုလ်သင်္ခါရတို့၏ အကြောင်းဖြစ်ခြင်းသည် အဘယ်သို့ သင့်ပါအံ့နည်း၊ မသင့်ရာ-ဟု ဆိုလို၏။

၉၆

အကြောင်းအဖြစ်သည် အဘယ်သို့ သင့်ပါအံ့နည်း၊ အကြောင်းမူကား (ခါးသော) တမာမျိုးစေ့မှ (ချိုသော) ကြံပင် မပေါက်တတ်သောကြောင့်ပင်ဟူ၍ ဆို၏။ (အဖြေကား) အဘယ့်ကြောင့် မသင့်ပဲ ရှိအံ့နည်း၊ (သင့်သည်သာတည်း)။ အကြောင်းမူကား- လောက၌

[၁၇၅] ပစ္စယုပ္ပန် သဘောတရားတို့၏ ဆန့်ကျင်သော အကြောင်းသည်၎င်း၊ မဆန့်ကျင်သော အကြောင်းသည်၎င်း (ပြီးစီးထင်ရှား၏)၊ ထို့အတူ တူသော အကြောင်းသည်၎င်း၊ မတူသော အကြောင်းသည်၎င်း ပြီးစီးထင်ရှား၏၊ သို့သော်လည်း ထိုပစ္စယုပ္ပန် သဘောတရားတို့သည် (အကြောင်းမှ ရင့်ကျက်လာသော) ဝိပါက်ခေါ် အကျိုးတရားတို့ချည်းသာလျှင်(ကား) မဟုတ်ကြပေ။ (ထို့ကြောင့် သင့်ပေသည်)။

     ချဲ့၍ပြအံ့၊ ပစ္စယုပ္ပန် သဘောတရားတို့၏ တည်ရှိခြင်း, သဘော, ကိစ္စ စသည်တို့ဖြင့် ဆန့်ကျင်သော အကြောင်းသည်၎င်း၊ မဆန့်ကျင်သော အကြောင်းသည်၎င်း လောက၌ ပြီးစီးထင်ရှား၏၊ ချဲ့ဦးအံ့၊ ရှေးစိတ်သည်


မှတ်ချက်

     ၁- ပြည်မူနိဿယ၌လည်း ဤအရာ၌ ဤအတိုင်းပင် အနက်ပြန်ထားသည်။ ရှေး၌ ကျေးဇူးပြုပုံကို အကျယ် ရှင်းပြခဲ့ပြီး ဖြစ်သောကြောင့်၎င်း၊ နောက်၌ ကျေးဇူးပြုပုံကိုမပြပဲ အကြောင်းဖြစ်ပုံကိုသာ ပြလတံ့ဖြစ်သောကြောင့်၎င်း သင်္ခါရတို့၏ အကြောင်းအဖြစ်ကို စောဒနာခြင်းသာ သင့်သည်၊ ကျေးဇူးပြုခြင်းကို စောဒနာရန်လည်း မသင့်၊ နောက်၌ ဖြေရှင်းရန်လည်း မသင့်။

     ၂- သဘောတရားတို့၏.. အကြောင်းသည်-ဟု စပ်ပါ။ ပြည်မူနိဿယအလိုအားဖြင့် ''သဘောတရားတို့အား ဆန့်ကျင်သည်မူလည်းဖြစ်သော မဆန့်ကျင်သည်မူလည်းဖြစ်သော တူသည်မူလည်းဖြစ်သော မတူသည်မူလည်း ဖြစ်သော ပစ္စည်းသည်၊ ဝါ၊ ကျေးဇူးပြုတတ်သော တရားသည် ထင်၏၊ ဝါ၊ ပြီးစီး၏''ဟု ပြန်ရာ၏။ ဤ၌ကား ရှင်းလင်း ပြတ်သားစေရန်အလို့ငှါ ပစ္စယောပုဒ်ကို ဝိရုဒ္ဓေါစသော ၄-ပုဒ်လုံးနှင့် ယှဉ်၍ ဆန့်ကျင်သော အကြောင်းသည်၎င်း- စသည်ဖြင့် ပြန်ထားသည်။

၉၇

နောက်စိတ်၏ တည်ရှိခြင်းအားဖြင့် ဆန့်ကျင်သော အကြောင်းပေတည်း။ ရှေးကာလ၌ဖြစ်သော အတတ်ပညာ စသည်ကို သင်ယူလေ့ကျင့်ခြင်းသည်လည်း နောက်ကာလ၌ ဖြစ်ကုန်သော အတတ်ပညာ စသည်ဖြင့် ပြုလုပ်ခြင်းတို့၏ (တည်ရှိခြင်းအားဖြင့် ဆန့်ကျင်သော အကြောင်းပေတည်း)၊ ကံသည် ကမ္မဇရုပ်၏ သဘောအားဖြင့် ဆန့်ကျင်သော အကြောင်းပေတည်း၊ နို့ရည်စသည်တို့လည်း နို့ဓမ်းစသည်တို့၏ (သဘောအားဖြင့် ဆန့်ကျင်သော အကြောင်းပေတည်း)၊ အလင်းသည် စက္ခုဝိညာဏ်၏ ကိစ္စအားဖြင့်


မှတ်ချက်

     ၁- နောက်စိတ်၏.. အကြောင်းပေတည်း-ဟု စပ်ပါ။ ပြည်မူနိဿယ၌ကား- ပုရိမစိတ္တံ၊ ရှေးစိတ်သည်။ အပရစိတ္တဿ၊ နောက်စိတ်အား။ ဌာနဝိရုဒ္ဓေါ၊ ထင်ရှားတည်ရှိခြင်းအားဖြင့် ဆန့်ကျင်သည်ဖြစ်၍။ ပစ္စယော၊ သည်။ သိဒ္ဓေါ၊ ၏။-ဟု ဆိုထား၏။ သိဒ္ဓေါ၊ ထင်၏-ပြီးစီး၏-ဟူသော ကြိယာမှာ ရှေးစိတ်သည်- ဟူသော ပဌမကတ္တားနှင့် ပစ္စယော-ကျေးဇူးပြုတတ်သော တရားသည်-ဟူသော ဒုတိယကတ္တား- ဤ၂-ပုဒ်လုံး ပြိုင်တူစပ်ရန် မဖြစ်နိုင်။ ထို့ကြောင့် ကျေးဇူးပြုတတ်သော တရားဖြစ်လျက် ထင်၏-ပြီးစီး၏-ဟု ဤသို့ ရည်ရွယ်၍ ရေးခဲ့လေသလားဟု စဉ်းစားရန်ရှိ၏။ သို့သော် ထိုအနက်လည်း အကြောင်းအဖြစ်ကို မပေါ်လွင်စေသောကြောင့် မကောင်းလှ။ နောက်အပိုဒ်တို့၌လည်း အနက်ကွဲလွဲချက်များကို နည်းတူပင် သိပါလေ။

     ၂- ရှေးစိတ်ကား တည်ရှိဆဲမဟုတ် ချုပ်ပျောက်လေပြီ၊ နောက်စိတ်ကား တည်ရှိဆဲဖြစ်၏၊ ဤသို့ တည်ရှိခြင်း- မရှိခြင်းအားဖြင့် ဆန့်ကျင်သည်ဟု ဆိုလို၏။

     ၃- ရှေးကာလ၌ဖြစ်သော.. သင်ယူလေ့ကျင့်ခြင်းသည်လည်း-ဟု စပ်ပါ။

     ၄- နောက်ကာလ၌ ဖြစ်ကုန်သော.. ပြုလုပ်ခြင်းတို့၏-ဟု စပ်ပါ။

     ၅- ကံသည် ရုပ်နှင့် နမန-ညွတ်ခြင်း + ရုပ္ပန-ဖောက်ပြန်ခြင်း သဘောအားဖြင့်၎င်း၊ သာရမ္မဏ-အာရုံကို ယူတတ်ခြင်း + အနာရမ္မဏ-အာရုံကို မယူတတ်ခြင်း သဘောအားဖြင့်၎င်း- ဤသို့ စသည်ဖြင့် ဆန့်ကျင်သည်ဟု ဆိုလို၏။ (ဋီကာ)

     ၆- နို့ရည်သည် ချိုသောအရသာရှိ၏၊ နို့ဓမ်းသည် ချဉ်သောအရသာရှိ၏၊ ဤသို့စသော သဘောအားဖြင့် ဆန့်ကျင်သည်။ (ဋီကာ)

၉၈

ဆန့်ကျင်သော (အကြောင်းပေတည်း)၊ တင်လဲ စသည်တို့သည်လည်း အရက်စသည်တို့၏ (ကိစ္စအားဖြင့် ဆန့်ကျင်သော အကြောင်းပေတည်း)၊ မဆန့်ကျင်သော အကြောင်းကား မျက်စိ အဆင်း စသည်တို့သည် စက္ခုဝိညာဏ် စသည်တို့၏ တည်ရှိခြင်းအားဖြင့် မဆန့်ကျင်သော အကြောင်းတို့ပေတည်း၊ ရှေး၌ဖြစ်သော ဇောစသည်တို့သည် နောက်၌ဖြစ်သော ဇောစသည်တို့၏ သဘောအားဖြင့်လည်း မဆန့်ကျင်, ကိစ္စအားဖြင့်လည်း မဆန့်ကျင်သော အကြောင်းတို့ပေတည်း။

     နောက်တပိုဒ်၏ အကျယ်ကား ဆန့်ကျင် မဆန့်ကျင်ကုန်သော အကြောင်းတို့သည် ပြီးစီးထင်ရှားကြသကဲ့သို့ ဤအတူပင် တူ-မတူကုန်သော အကြောင်းတို့သည်လည်း (ပြီးစီးထင်ရှားကုန်၏)။ ချဲ့ဦးအံ့၊ တူသည်သာလျှင်ဖြစ်သော ဥတုနှင့် အာဟာရဟု ဆိုအပ်သော ရုပ်သည် ဥတုဇရုပ်- အာဟာရဇရုပ်၏ အကြောင်း(ဖြစ်၏)၊ (တူသည်သာလျှင် ဖြစ်ကုန်သော) သလေးမျိုးစေ့ စသည်တို့သည်လည်း သလေးစပါး စသည်တို့၏ (အကြောင်းဖြစ်ကုန်၏)။ မတူသော ရုပ်သည်လည်း နာမ်၏ (အကြောင်းဖြစ်၏)၊ (မတူသော) နာမ်သည်လည်း ရုပ်၏ အကြောင်းဖြစ်၏၊ (မတူကုန်သော) နွားမွေး, သိုးမွေး, သားချို, နို့ဓမ်း, နှမ်းမှုန့် စသည်တို့သည်လည်း နေဇာမြက်, မြားမြက်, မြက်နံ့သာ စသည်တို့၏ (အကြောင်းဖြစ်ကုန်၏)။ သို့သော်လည်း


မှတ်ချက်

     ၁- အလင်းသည် သိခြင်းကိစ္စမရှိ၊ စက္ခုဝိညာဏ်သည် သိခြင်းကိစ္စရှိ၏၊ ဤသို့ ဆန့်ကျင်သည်။ (ဋီကာ)

     ၂- တင်လဲစသည်တို့မှာ မူးယစ်စေခြင်း ကိစ္စမရှိ၊ အရက်မှာ မူးယစ်စေခြင်း ကိစ္စရှိ၏၊ ဤသို့ ဆန့်ကျင်သည်။ (ဋီကာ)

     ၃- အကြောင်းအကျိုး ၂-ပါးလုံး တည်ရှိဆဲချည်းဖြစ်၍ မဆန့်ကျင်-ဟု ဆိုသည်။ (ဋီကာ)

     ၄- နွားမွေးနှင့် သိုးမွေးတို့သည် နေဇာမြက်၏ အကြောင်းဖြစ်သည်၊ ထိုအမွေးတို့ စုဝေးရာအရပ်၌ နေဇာမြက်ပေါက်တတ်သည် ဟူ၏။ အဝိ-သဒ္ဒါသည် သိုးကိုဟော၏၊ ထို့ကြောင့် အဝိလောမကို သိုးမွေးဟု ပြန်သည်။ သို့သော် အနုဋီကာ၌ အဝီတိ စ ရတ္တာ ဧဠကာ-ဟု ဖွင့်သောကြောင့် ဆိတ်ကို ဆိုသည်ဟူ၍လည်း ယူဖွယ်ရှိ၏။ သို့ရာတွင် ဧဠကာပုဒ်ကလည်း

၉၉

အကြင် ပစ္စယုပ္ပန်တရားတို့အား ထို ဆန့်ကျင် မဆန့်ကျင်ကုန်သော တူ-မတူကုန်သော အကြောင်းတို့သည် ကျေးဇူးပြုကုန်၏။ ထိုကျေးဇူးခံ ပစ္စယုပ္ပန် အကျိုးတရားတို့သည် ထို ကျေးဇူးပြုတတ်သော အကြောင်းတရားတို့၏ (ရင့်ကျက်လာသော) ဝိပါက်တို့သည်သာလျှင် မဟုတ်ကြကုန်။

     ဤဆိုခဲ့သည့်အတိုင်း အကြောင်းအကျိုး၏ ဖြစ်ခြင်းကြောင့် ဤအဝိဇ္ဇာသည် အကျိုးဝိပါက်၏ အစွမ်းအားဖြင့် စင်စစ် မလိုလားအပ်သော အကျိုးရှိသည့်ပြင် ပင်ကိုရင်းသဘော၏ အစွမ်းအားဖြင့် အပြစ်ရှိသည် ဖြစ်ငြားသော်လည်း အလုံးစုံလည်းဖြစ်ကုန်သော ဤပုညာဘိသင်္ခါရ စသည်တို့အား ထိုက်သည်အားလျော်စွာ တည်ရှိခြင်း, ကိစ္စ, သဘောအားဖြင့် ဆန့်ကျင်, မဆန့်ကျင်သော အကြောင်း၏ အစွမ်းအားဖြင့်၎င်း၊ တူ-မတူသော အကြောင်း၏ အစွမ်းအားဖြင့်၎င်း အကြောင်းဖြစ်သည်ဟု သိအပ်၏။ ဤအဝိဇ္ဇာ၏ ထိုအကြောင်းဖြစ်ပုံကိုလည်း ''ချဲ့၍ပြအံ့၊ ဒုက္ခစသည်တို့၌ အဝိဇ္ဇာဟုဆိုအပ်သော မသိမှုကို မပယ်(အပ်)သေးသော ပုဂ္ဂိုလ်သည် ရှေးဦးစွာ ဒုက္ခသစ္စာ၌၎င်း၊ ပုဗ္ဗန္တ(ရှေးအဖို့) စသည်တို့၌၎င်း မသိခြင်းကြောင့် သံသရာဆင်းရဲကို ချမ်းသာဟုထင်သော အမှတ်သညာဖြင့် ယူပြီးလျှင် ထိုဆင်းရဲ၏ပင်လျှင် အကြောင်းဖြစ်သော သုံးပါး အပြားရှိသည်လည်းဖြစ်သော သင်္ခါရတို့ကို အားထုတ်ပြုလုပ်၏'' ဤသို့ အစရှိသောနည်းဖြင့် (စာပိုဒ် ၅၉၃-၌) ဆိုအပ်ခဲ့ပြီးသည်သာလျှင်တည်း။


မှတ်ချက်

ဆိတ်ဟောမဟုတ်၊ သိုးဟောပင် ဖြစ်သောကြောင့် ဆိတ်ဟုပြန်ရန် မသင့်ပေ။ ထို့ပြင် သားချိုသည် မြားမြက်၏ အကြောင်း၊ နို့ဓမ်း နှမ်းမှုန့်တို့သည် မြက်နံ့သာ၏ အကြောင်းစသည်- အရအားဖြင့် မှော်သည် ဟင်းနုနွယ်၏ အကြောင်း၊ မြည်းနှင့် မြင်းမသည် လားမြင်း၏ အကြောင်းဖြစ်သည်၊ ဤသို့ စသည်ကို ယူ။ (ဋီကာ)

     ၁- ဣတိ-ပုဒ်၏ အနက်ဖြစ်သည်၊ ဆန့်ကျင်-မဆန့်ကျင်- တူ-မတူသောအကြောင်း၏ ဖြစ်ခြင်း၊ ဝိပါက်မဟုတ်သော အကျိုး၏လည်း ဖြစ်ခြင်းကြောင့်ဟု ဆိုလို၏။ ဤပုဒ်ကို သိအပ်၏-နှင့် စပ်ပါ။

     ၂- ဤအဝိဇ္ဇာသည်.. အပြစ်ရှိသည် ဖြစ်ငြားသော်လည်း.. အကြောင်းဖြစ်သည်ဟု- ဤသို့ စပ်ပါ။

၁၀၀

စုတိ ပဋိသန္ဓေ စသည်၌ တွေဝေ၍ သင်္ခါရသုံးပါးကို ပြုကြောင်း

     ၆၁၉။ သို့သော်လည်း ဤဆိုလတံ့သော အခြားနည်းပရိယာယ်ကိုလည်း (သိအပ်သေး၏)-

အကြင်ပုဂ္ဂိုလ်သည် စုတိနှင့် ပဋိသန္ဓေ၌၎င်း၊ သံသရာ၌၎င်း၊ သင်္ခါရတို့၏ လက္ခဏာ၌၎င်း၊ (ပဋိစ္စသမုပ္ပါဒ်) ပဋိစ္စသမုပ္ပန် တရားတို့၌၎င်း တွေဝေ၏- (မှန်စွာမသိ)။ ထိုပုဂ္ဂိုလ်သည် ဤဆိုခဲ့သော သင်္ခါရသုံးပါးတို့ကို အားထုတ် ပြုလုပ်၏၊ ထို့ကြောင့် ဤအဝိဇ္ဇာက သုံးပါး အပြားရှိသည်လည်းဖြစ်ကုန်သော ထိုသင်္ခါရတို့အား ကျေးဇူးပြုသည်ဟု သိအပ်ပေ၏။

     [၁၇၆] ဤစုတိ ပဋိသန္ဓေ စသည်တို့၌ တွေဝေသောသူသည် ထိုဆိုခဲ့သော သင်္ခါရသုံးပါးတို့ကို အဘယ်သို့ ပြုပါသနည်း?ဟု မေးငြားအံ့၊ ရှေးဦးစွာ စုတိ၌ တွေဝေသောသူသည် ''အလုံးစုံသော ဘဝ ယောနိ ဂတိ-စသည်တို့၌ (နောက်ဆုံး ရုပ်နာမ်)ခန္ဓာတို့၏ ပျက်ခြင်းသည် သေခြင်းမည်၏''ဟု (အမှန်အတိုင်း) မယူမူ၍ ''သတ္တဝါသည် (အကောင်လိုက်) သေပျောက်သွားသည်၊ အတ္တကောင်ဟူသော သတ္တဝါ၏ (ဘဝတပါး) ခန္ဓာကိုယ်တပါးသို့ ပြောင်းရွှေ့သွားခြင်း (ဖြစ်သည်)''ဟု ဤသို့ အစရှိသည်တို့ကို မှားယွင်းစွာ ကြံဆယူ၏။

     ဘဝသစ်၌ ကပ်ရောက်၍ ဖြစ်ခြင်းဟူသော ပဋိသန္ဓေ၌ တွေဝေသောသူသည် ''အလုံးစုံသော ဘဝ ယောနိ ဂတိ စသည်တို့၌ (ရှေးဦးစွာသော ရုပ်နာမ်)ခန္ဓာတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဘဝအသစ်ဖြစ်ခြင်း ပဋိသန္ဓေမည်၏''ဟု ဘဝသစ်၌ ကပ်ရောက်၍ ဖြစ်ခြင်းဟူသော ပဋိသန္ဓေကို (အမှန်အတိုင်း) မယူမူ၍ ''သတ္တဝါသည် (အကောင်လိုက်ပင်) ကပ်ရောက်၍ ဖြစ်၏၊ အတ္တကောင်ဟူသော သတ္တဝါ၏ ခန္ဓာကိုယ်အသစ် ဖြစ်ပေါ်လာခြင်းပင်''ဟု ဤသို့ စသည်တို့ကို မှားယွင်းစွာ ကြံဆယူ၏။


မှတ်ချက်

     ၁- ခန္ဓာကိုယ်အသစ် ဖြစ်ပေါ်လာခြင်း ဟူသည်ကား- ဤလူ့ဘဝ၌ အိုမင်းသောကိုယ်ကို သေသောအားဖြင့် ပစ်ချရသောအခါ တမလွန်လောက၌ အကျုံးဝင်သော ကိုယ်အသစ်၏ ဖြစ်ပေါ်ခြင်းတည်း၊ အဘယ်ကဲ့သို့နည်းဟူမူ? (အောက်ပါဂါထာကို ဘဂဝါဂီတိ စသည်တို့၌) ဆိုကြသကဲ့သို့ပင်တည်း။

၁၀၁

သံသရာ၌ တွေဝေသောသူသည်

''ခန္ဓာ အာယတန ဓာတ်တို့၏ မပြတ်မစဲဖြစ်နေသော အစဉ်ကို သံသရာဟု ခေါ်ဆိုအပ်သည်''ဟု

     ဤသို့ ဖွင့်ပြအပ်သော ရုပ်နာမ်တို့၏ဖြစ်စဉ်- သံသရာကို ဤသို့ ပြဆိုသည့်အတိုင်း မှန်ကန်စွာ မယူမူ၍ ''သတ္တဝါဟု ဆိုအပ်သော ဤအတ္တကောင်သည် ဤမျက်မှောက်လောက (လူ့ဘဝ)မှ တပါးသောလောကသို့ ပြောင်းရွှေ့ သွား၏၊ တပါးသောလောကမှ ဤလောကသို့ ပြောင်းရွှေ့လာ၏''ဟု ဤသို့ အစရှိသည်တို့ကို မှားယွင်းစွာ ကြံဆယူ၏။


မှတ်ချက်

ဝတ္ထာနိ ဇိဏ္ဏာနိ ယထာ ပဟာယ၊ နဝါနိ ဂဏှာတိ နရော ပရာနိ။

နိက္ခိပ္ပ ဒေဟံ ဣဓ ဇိဏ္ဏမေဝံ၊ ဂဏှာတိ အတ္ထာဘိနဝံ သုခေသီ။

(ဘဂဝါဂီတိ ၁၁၊ ၂၂) လူသည် အိုမင်းဟောင်းနွမ်းသော အဝတ်တို့ကို ပယ်စွန့်၍ အခြား အဝတ်သစ်တို့ကို ယူ-ဝတ်သကဲ့သို့ ဤအတူပင် ချမ်းသာကို အလိုရှိသော အတ္တသည် ဤလောက၌ အိုမင်းသောကိုယ်ကို ပယ်ချစွန့်ပစ်၍ ကိုယ်အသစ်ကို ယူ၏။ (ဋီကာ)

     ဤဋီကာ အဆိုကိုပင် အကြောင်းပြု၍ အချို့က အထက်ပါ ဂါထာအဆိုကို ဗုဒ္ဓသာသနာဝင်ကျမ်းက လက်ခံသယောင်ယောင် ပြောဆိုကြ၏။ အမှန်စင်စစ်အားဖြင့်မူ ထိုဂါထာအဆိုကို လက်ခံသည်မဟုတ်၊ ပဋိသန္ဓေကို အမှန်အတိုင်းမသိသော အဝိဇ္ဇာကြောင့် မိစ္ဆာအယူဖြစ်ပုံကို သာဓကအဖြစ် ထုတ်ပြခြင်းမျှသာ ဖြစ်သည်။

     ၁- တွေဝေသောသူသည်.. မှားယွင်းစွာ ကြံဆယူ၏-ဟု စပ်ပါ။

     ၂- ဤအရာ၌ ပြောင်းရွှေ့လာ၏၊ ပြောင်းရွှေ့သွား၏-ဟု ဆိုသင့်သော်လည်း ရှေး၌ ဆိုခဲ့သော စုတိနှင့် ပဋိသန္ဓေ အစဉ်အားလျော်စွာ ဤ၌ ဆိုထားသည်။

၁၀၂

     သင်္ခါရတို့၏ လက္ခဏာ၌ တွေဝေသောသူသည် သင်္ခါရတို့၏ သဘာဝလက္ခဏာကို၎င်း၊ သာမညလက္ခဏာကို၎င်း (အမှန်အတိုင်း) မယူမူ-မသိမူ၍၊ ဝါ၊ မသိသောကြောင့် ရုပ်နာမ်သင်္ခါရတို့ကို အတ္တကောင်ဟူ၍၎င်း၊ အတ္တကောင်၏ ဥစ္စာဟူ၍၎င်း၊ မြဲသည်ဟူ၍၎င်း၊ တင့်တယ်သည်ဟူ၍၎င်း၊ ချမ်းသာသည်- ကောင်းသည်ဟူ၍၎င်း မှားယွင်းစွာ ကြံဆယူ၏။

     (ပဋိစ္စသမုပ္ပါဒ်နှင့်) ပဋိစ္စသမုပ္ပန်တရားတို့၌ တွေဝေသောသူသည် အဝိဇ္ဇာ စသည်တို့ကြောင့် သင်္ခါရ စသည်တို့၏ မပြတ်ဖြစ်ခြင်းကို (အမှန်အတိုင်း)


မှတ်ချက်

     ၁- ဤ၌ သင်္ခါရ-ဟူသည်မှာ အကြောင်းတရားတို့က ပေါင်းစုညီညွှတ်၍ ပြုအပ်သော သင်္ခတသင်္ခါရတို့ ဖြစ်သည်။

     ၂- သဘာဝလက္ခဏာ ဟူသည်မှာ ရုပ်တရား၏ ရုပ္ပန-ဖောက်ပြန်ခြင်း လက္ခဏာ၊ နာမ်တရား၏ နမန-အာရုံဆီသို့ ညွတ်သွားခြင်း လက္ခဏာ၊ ပထဝီ၏ ကက္ခဠတ္ထ-ခက်မာ ကြမ်းတမ်းခြင်း လက္ခဏာ၊ ဖဿ၏ ဖုသန-အာရုံကို တွေ့ခြင်း လက္ခဏာ- ဤသို့ အစရှိသော သဘောတရား အသီးသီး၏ ပင်ကိုရင်းသဘောပင် ဖြစ်သည်။ ရုပ်၏ လက္ခဏာသည် နာမ်နှင့် မဆိုင်သောကြောင့်၊ နာမ်၏ လက္ခဏာသည်လည်း ရုပ်နှင့် မဆိုင်သောကြောင့်၊ ပထဝီ စသည်တို့၏ လက္ခဏာသည်လည်း အာပေါ စသည်တို့နှင့် မဆိုင်သောကြောင့်၊ ဖဿ စသည်တို့၏ လက္ခဏာသည်လည်း ဝေဒနာစသည်တို့နှင့် မဆိုင်သောကြောင့် ယင်း သဘာဝလက္ခဏာကို ဝိသေသလက္ခဏာ ဟူ၍လည်း ခေါ်၏။

     ၃- သာမညလက္ခဏာ ဟူသည်မှာ ရုပ်နာမ်သဘောတရား အားလုံးနှင့် ဆိုင်သော လက္ခဏာ ဖြစ်သည်၊ အနိစ္စတာဟုခေါ်သော အနိစ္စလက္ခဏာ၊ ဒုက္ခတာဟုခေါ်သော ဒုက္ခလက္ခဏာ၊ အနတ္တတာဟုခေါ်သော အနတ္တလက္ခဏာ- ဤ၃-ပါးသည် ဖြစ်ပျက်သမျှ သင်္ခါရ ရုပ်နာမ် အားလုံးတို့နှင့် သက်ဆိုင်၏၊ ထို့ကြောင့် ယင်းလက္ခဏာ ၃-ပါးကို သာမညလက္ခဏာဟု ခေါ်သည်။

     ၄- ခန္ဓာ ၅-ပါးတို့တွင် တပါးပါးကို ဖြစ်စေ၊ ၂-ပါး ၃-ပါး ၄-ပါးကိုဖြစ်စေ အတ္တကောင်ဟု စွဲလမ်းလျှင် ကျန်သော ခန္ဓာ ၄-ပါး ၃-ပါး ၂-ပါး ၁-ပါးတို့ကို အတ္တနိယ- အတ္တကောင်၏ အစိတ်အပိုင်း-ဟု စွဲလမ်းသည်။ (ဋီကာ) တကိုယ်လုံးကို အတ္တကောင်ဟု စွဲလမ်းပြီးလျှင် ငါ့လက် ငါ့ခြေ စသည်ဖြင့် စွဲလမ်းခြင်းကိုလည်း အတ္တနိယ-ငါ့ဥစ္စာဟု စွဲလမ်းခြင်းပင် ဟူ၍လည်း ယူသင့်၏။

၁၀၃

မယူမူ၍ ''အတ္တကောင်သည် သိမူလည်း သိတတ်၏၊ ဝါ၊ သိတတ်သည်ဟူ၍၎င်း၊ မသိမူလည်း မသိတတ်၊ ဝါ၊ မသိတတ်ဟူ၍၎င်း။ (နောင်ဘဝ၌ ချမ်းသာ ဆင်းရဲကို ခံစားရလတံ့သော) ထိုအတ္တကောင်သည်ပင်လျှင် (ကောင်းမှု မကောင်းမှုကို) ကိုယ်တိုင်လည်း ပြုလုပ်၏၊ သူတပါးကိုလည်း ပြုလုပ်စေ၏


မှတ်ချက်

     ၁- အတ္တာ ဇာနာတိ ဝါ-ဟူသော ပါဌ်ကို ပြန်သော အနက်များဖြစ်သည်၊ ပဌမအနက်သည် ရှိရင်းအတိုင်း ပြန်ချက်ဖြစ်သည်၊ ဒုတိယအနက်သည် ဣတိ-အပိုထည့်၍ ဇာနာတိ ဣတိ ဝါ-ဟူသော ပါဌ်ကို ပြန်ချက်ဖြစ်သည်။ န ဇာနာတိ ဝါ-ဟူသော နောက်အပိုဒ်လည်း နည်းတူပင် ပြန်ထားသည်။ ထိုသို့ ပြန်ခြင်းအကြောင်းမှာ အတ္တဝါဒီ ပုဂ္ဂိုလ်တို့က အတ္တသည် သိလည်း သိ၏၊ မသိလည်း မသိဟု ဤသို့ နှစ်မျိုးနှစ်ထွေ မစွဲလမ်းကြပဲ အတ္တသည် သိတတ်၏- ဤသို့ဖြစ်စေ၊ အတ္တသည် မသိတတ်- ဤသို့ဖြစ်စေ တိတိကျကျ စွဲလမ်းကြသောကြောင့် ယင်းတို့၏ စွဲလမ်းပုံနှင့် ကိုက်ညီစေရန် ပြန်ခြင်းဖြစ်သည်။

     ၂- အတ္တသည် သိတတ်၏ဟူ၍ ကပိလဂိုဏ်းဝင် (သာင်္ချဝါဒီ)တို့ကဲ့သို့ မှားယွင်းစွာ ကြံဆ၏။ (အတ္တသည်) မသိတတ်ဟူ၍ ကဏာဒဂိုဏ်းဝင် (အဏုဝါဒီ)တို့နှင့် အာဇီဝကဂိုဏ်းဝင် (ဂျိန်းဝါဒီ)တို့ကဲ့သို့ မှားယွင်းစွာ ကြံဆ၏။ မှန်ပေ၏၊ ကဏာဒဆရာသည်လည်း အတ္တသည် သူ့ပင်ကိုယ်အားဖြင့်၊ ဝါ၊ သူချည်းသက်သက် မသိတတ်၊ မဟာခေါ် ဗုဒ္ဓိဂုဏ်နှင့် ပေါင်းစပ်မိသော အခါ၌သာ သိတတ်သည်ဟု အလိုရှိပေ၏။ (ဋီကာ) ဤကပိလဝါဒ စသည်တို့ကို ဤထက် ကျယ်ပြန့်စွာ လေ့လာလိုလျှင် ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ စတုတ္ထတွဲ နှာ ၂၁ဝ စသည်၌ ကြည့်ပါလေ။

     ၃- ဤစကားဖြင့် ကံကို ပြုသူနှင့် ကံ၏အကျိုးကို ခံစားရသောသူသည် တယောက်တည်းပင် ဖြစ်သည်ဟု စွဲလမ်းပုံကို ပြသည်။ ဗုဒ္ဓတရားတော်နှင့် တူသယောင်ယောင် ထင်မှတ်ဖွယ်ရှိ၏။ သို့သော် စင်စစ်ကား မတူပါ၊ ဤအတ္တစွဲရှိသူမှာ ''ကံကို ပြုစဉ်ကလည်း ဤအတ္တ ဤသူပင် ပြုသည်၊ ထိုကံ၏အကျိုးကို ခံစားရသော အခါ၌လည်း ဤအတ္တ ဤသူပင် ခံစားရသည်၊ ဘဝဟောင်းက အတ္တသည်ပင် ဘဝသစ်သို့ရောက်၍ ခံစားရသည်၊ တယောက်တည်း- တကိုယ်တည်းပင်''ဟု ယူဆလျက်ရှိ၏။ ဗုဒ္ဓတရားတော်အဆိုမှာ ''ကံကို ပြုစဉ်ကလည်း အတ္တကောင် မရှိ၊ ပြုလိုသော စိတ် စေတနာစသော နာမ်တရားနှင့် ပြုလုပ်သော ရုပ်တရားအစဉ်သာ ရှိသည်၊ ထို နာမ်ရုပ်များသည်လည်း ရေစီးကဲ့သို့ ခဏမစဲ အသစ်အဟောင်း

၁၀၄

(ကောင်းမှု မကောင်းမှုကို ပြုခဲ့ ပြုစေခဲ့သော) ထိုအတ္တကောင်သည် ပဋိသန္ဓေခဏ၌ ကပ်ရောက်၍ ဖြစ်၏၊ ထိုအတ္တကောင်၏ ကိုယ်ကို ပရမာဏုမြူနှင့် ဣဿရခေါ် ဘုရားသခင် စသည်တို့သည် ကလလရေကြည် စသည်တို့၏အဖြစ်ဖြင့် (ဒွိအဏုက စသည်တို့ကို ဖြစ်စေသောအားဖြင့်၎င်း၊ အလိုတော်၏ အစွမ်းအားဖြင့်၎င်း) ကောင်းစွာ တည်ထားကုန်လျက် စက္ခုစသော ဣန္ဒြေတို့ကို ပြည့်စုံစေကုန်၏၊ ထိုအတ္တကောင်သည် စက္ခုစသော ဣန္ဒြေတို့နှင့် ပြည့်စုံသည်ဖြစ်၍ (အာရုံကို) တွေ့ထိ၏၊ ခံစား၏၊ ဆာလောင်တပ်မက်၏၊ စွဲလမ်း၏၊ စေ့ဆော်အားထုတ်၏၊ ထိုစေ့ဆော်အားထုတ်သော အတ္တကောင်သည် တဖန် ဘဝတပါး၌ ဖြစ်၏'' ဟူ၍သော်၎င်း၊ ''အတ္တကောင်ဟူသော သတ္တဝါအားလုံးတို့သည် ကိန်းသေမြဲခြင်းဖြင့် စုရုံး ပေါင်းစပ်သောအားဖြင့် လူ နတ် ငှက်စသည် အဖြစ်တို့၌ ပြောင်းလဲရင့်ကျက်ကုန်၏၊ ဝါ၊ ကိန်းသေမြဲခြင်းဖြင့်၎င်း၊ စုရုံး ပေါင်းစပ်ခြင်းဖြင့်၎င်း၊ ပင်ကိုသဘောဖြင့်၎င်း လူ နတ် ငှက်စသော အထူးထူးအပြားပြား ကွဲပြားသည်၏အဖြစ်သို့ ရောက်ကုန်၏'' ဟူ၍သော်၎င်း မှားယွင်းစွာ ကြံဆယူ၏။

     (မှားယွင်းစွာ ကြံစည်သော) ထိုသူသည် အဝိဇ္ဇာက ဉာဏ်အမြင်ကန်းအောင် ပြုလုပ်အပ်သည်ဖြစ်၍ ဤဆိုခဲ့သည်အတိုင်း မှားယွင်းစွာ ကြံစည်လျက် ဥပမာအားဖြင့် မျက်မမြင်ဒုက္ခိတသည် မြေပြင်၌ လှည့်လည်သွားလာလတ်သော်


မှတ်ချက်

ပြောင်းလဲလျက်ရှိ၏၊ ထိုနာမ်ရုပ်အစဉ်ထဲမှာပင် အကြောင်းညီညွတ်သောအခါ ထိုကံ၏အကျိုး နာမ်ရုပ်အသစ် ဖြစ်ပေါ်လာသည်။ ထိုသို့ အကျိုးတရားအသစ် ဖြစ်ပေါ်လာသည်ကိုပင် ပုဂ္ဂိုလ်က အကျိုးကို ခံစားသည်ဟု လောကဝေါဟာရအားဖြင့် ပြောရသည်၊ သို့သော် ခံစားတတ်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တကောင်ကား စင်စစ်အားဖြင့် မရှိ၊ နာမ်ရုပ်အစဉ်မျှသာ ရှိသည်''ဟု ပြဆိုလျက် ရှိသည်။ ထို့ကြောင့် ဗုဒ္ဓတရားတော်နှင့် မတူပါ။

     ၁- ကိုယ်ကို.. ကောင်းစွာ တည်ထားကုန်လျက်.. ပြည့်စုံစေကုန်၏-ဟု စပ်ပါ။

     ၂- ဤစကားဖြင့် သဠာယတန ဖြစ်သည်ကို ပြ၏။

     ၃- ဤစကားဖြင့် ကမ္မဘဝ ဖြစ်သည်ဟု ပြ၏။

     ၄- ဟူ၍သော်၎င်း.. မှားယွင်းစွာ ကြံဆယူ၏-ဟု စပ်ပါ။

     ၅- ကြံစည်လျက်.. ထို့အတူပင်.. အားထုတ်ပြုလုပ်၏-ဟု စပ်ပါ။

၁၀၅

လမ်းကောင်း လမ်းမှန်သို့၎င်း၊ လမ်းမဟုတ်သော လမ်းမှားသို့၎င်း၊ ကုန်းမြင့်သို့၎င်း၊ ကျင်းချိုင့်သို့၎င်း၊ ညီညွတ်ရာသို့၎င်း၊ မညီညွတ်ရာသို့၎င်း၊ ကပ်ရောက်သွားသကဲ့သို့ ထို့အတူပင် ပုညာဘိသင်္ခါရကို၎င်း၊ အပုညာဘိသင်္ခါရကို၎င်း၊ အာနေဉ္ဇာဘိသင်္ခါရကို၎င်း အားထုတ်ပြုလုပ်၏-ဟု သိအပ်ပေသည်။

ထို့ကြောင့်-

[၁၇၇] ''ဥပမာဖြင့် ပြရလျှင်- ရှေ့သွား ခရီးလမ်းညွှန်ကင်းသော ဝမ်းတွင်းကန်း မျက်မမြင်ဖြစ်သော သူသည်၊ တရံတခါ လမ်းကောင်းလမ်းမှန်ဖြင့် သွား၍ တရံတခါ လမ်းမဟုတ်သော လမ်းဆိုးလမ်းမှားဖြင့်လည်း သွားသကဲ့သို့၊

ထို့အတူ ခရီးညွှန် လမ်းပြ ဆုံးမသူ မရှိသော မလိမ္မာသောသူသည် သံသရာ၌ ကျင်လည်လတ်သော် တရံတခါ ကောင်းမှုကိုပြု၏၊ တရံတခါ မကောင်းမှုကိုလည်း ပြု၏။

အကြင်အခါ၌မူ ထိုမလိမ္မာသောသူသည် ဒေသနာတရားတော်ကိုသိ၍ သစ္စာ ၄-ပါးတို့ကို သိလတံ့၊ ဝါ၊ နိဗ္ဗာန်တရားကို (မဂ်ဉာဏ်ဖြင့်)သိလျက် (ကြွင်း)သစ္စာတို့ကို (ကိစ္စပြီးသောအားဖြင့်) သိလတံ့၊ ထိုသို့ သိသောအခါ၌ (ထိုသူသည်) အဝိဇ္ဇာငြိမ်းခြင်းကြောင့် (ကိလေသာ ဆင်းရဲခပ်သိမ်း) ငြိမ်းသည်ဖြစ်၍ သွားလာနေထိုင်ရပေလတံ့''ဟူသော ဤစကားကို ဆိုအပ်ပေ၏။

     ဤဆိုခဲ့သော စကားသည် အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဟူသော ပုဒ်၌ အကျယ်ပြဆိုသော စကားပေတည်း။

သင်္ခါရပစ္စယာ ဝိညာဏံပုဒ်၌ အကျယ်ပြဆိုချက်

     ၆၂ဝ။ သင်္ခါရပစ္စယာ ဝိညာဏံ-ဟူသော ပုဒ်၌ ဝိညာဏ်-ဟူသည်ကား စက္ခုဝိညာဏ် အစရှိသော ၆-ပါး အပြားရှိသော ဝိညာဏ်ပေတည်း။ ထို ၆-ပါးတို့တွင် စက္ခုဝိညာဏ်သည် ကုသလဝိပါက် (ကုသိုလ်၏အကျိုး) အကုသလဝိပါက် (အကုသိုလ်၏အကျိုး)ဟူ၍ ၂-ပါးအပြားရှိ၏။


မှတ်ချက်

     ၁- ထို့ကြောင့်.. ဤစကားကို ဆိုအပ်ပေ၏-ဟု စပ်ပါ။

၁၀၆

သောတဝိညာဏ် ဃာနဝိညာဏ် ကာယဝိညာဏ်တို့သည်လည်း ထို့အတူ ၂-ပါးစီ အပြားရှိကုန်၏။ မနောဝိညာဏ်သည် ကုသလဝိပါက် အကုသလဝိပါက်ဖြစ်သော (သမ္ပဋိစ္ဆိုန်းဒွေးခေါ်) မနောဓာတ် ၂-ပါး၊ (သန္တီရဏသုံးခုဟူသော) အဟိတ် မနောဝိညာဏဓာတ် ၃-ပါး၊ သဟိတ် ကာမဝစရဝိပါက်စိတ် ရှစ်ပါး၊ ရူပါဝစရဝိပါက်စိတ် ၅-ပါး၊ အရူပါဝစရ ဝိပါက်စိတ် ၄-ပါး- ဤသို့အားဖြင့် ၂၂-ပါး အပြားရှိ၏။ ဤသို့လျှင် ဤဆိုခဲ့သော ၆-ပါးသော ဝိညာဏ်တို့ဖြင့် အလုံးစုံလည်း ဖြစ်ကုန်သော ၃၂-ပါးသော လောကီဝိပါက် ဝိညာဏ်တို့ကို သိမ်းယူအပ်ပြီး ဖြစ်ကုန်၏။ လောကုတ္တရာ ဝိပါက်တို့ကိုမူ ဝဋ်ကိုပြရာစကား၌ မသင့်လျော်ကြသောကြောင့် မယူအပ်ကုန်။

     (သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်ဟူသော) ထိုစကားရပ်၌ ''ဆိုအပ်ပြီးသော (၃၂-ပါး) အပြားရှိသော ဝိညာဏ်သည် သင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်သည်-ဟူသော ဤသဘောကို အဘယ်သို့ သိအပ်ပါသနည်း''ဟူသော စောဒနာ ဖြစ်ရာ၏။ (အဖြေကား) ဆည်းပူးအပ်ပြီးသော ကံမရှိလတ်သော် ဝိပါက်၏ မရှိခြင်း-မဖြစ်ခြင်းကြောင့် (သိအပ်ပေသည်)။ မှန်ပေ၏၊ ဤ ၃၂-ပါးသော ဝိညာဏ်သည် ဝိပါက်(အကျိုး)ပေတည်း၊ ဝိပါက် ဝိညာဏ် အကျိုးတရားသည်လည်း ဆည်းပူးအပ်ပြီးသော ကံမရှိလျှင် မဖြစ်တတ်ပေ။ အကယ်၍ (ကံမရှိပဲ) ဖြစ်နိုင်ငြားအံ့၊ (သို့ဖြစ်လျှင်) အလုံးစုံသော သတ္တဝါတို့အား အလုံးစုံသော ဝိပါက် ဝိညာဏ်တို့ ဖြစ်ကုန်ရာ၏။ ထိုသို့ကား မဖြစ်ကြကုန်၊ ထို့ကြောင့် ''သင်္ခါရဟူသော အကြောင်းကြောင့် ဤဝိညာဏ် ဖြစ်သည်''ဟူသော ဤသဘောကို သိအပ်ပေသည်။

     အဘယ်သင်္ခါရဟူသော အကြောင်းကြောင့် အဘယ်ဝိညာဏ် ဖြစ်ပါသနည်း?ဟု မေးငြားအံ့၊ ရှေးဦးစွာ (ပြရန်မှာ) ကာမာဝစရ ပုညာဘိသင်္ခါရဟူသော အကြောင်းကြောင့် ကုသလဝိပါက် ဖြစ်ကုန်သော


မှတ်ချက်

     ၁- မနောဝိညာဏ်သည်.. ၂၂-ပါး အပြားရှိ၏-ဟု စပ်ပါ။

     ၂- ဤဝါကျ၌ သရုပ်ပ ြစကားများကို နိဿယနည်းမပြန်ပဲ သိလွယ်အောင် မြန်မာစကားပြေ တိုတိုနှင့် ရှင်းရှင်း ပြန်ထားသည်၊ နောက်၌လည်း ဤသို့သော စကားများကို ဤနည်းဖြင့် ပြန်သင့်ရာ၌ ဤနည်းပင် ပြန်သွားမည်။

     ၃- အကြောင်းကြောင့်.. ၁၆-ပါးသော ဝိညာဏ်တို့သည် ဖြစ်ကုန်၏-ဟု စပ်ပါ။

၁၀၇

စက္ခုဝိညာဏ် အစရှိကုန်သော ဝိညာဏ် ၅-ပါး၊ မနောဝိညာဏ်တွင်၊ ဝါ၊ မနောဝိညာဏ်ထဲမှ (သမ္ပဋိစ္ဆိုန်းခေါ်) မနောဓာတ် ၁-ပါး၊ (သန္တီရဏခေါ်) မနောဝိညာဏဓာတ် ၂-ပါး၊ ကာမာဝစရ မဟာဝိပါက်စိတ် ၈-ပါးဟူသော ၁၆-ပါးသော ဝိညာဏ်တို့သည် ဖြစ်ကုန်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ကာမာဝစရ ကုသိုလ်ကံကို ပြုအပ်ပြီးသောကြောင့် ဆည်းပူးအပ်ပြီးသောကြောင့် ဝိပါက် (အကျိုး)ဖြစ်သော စက္ခုဝိညာဏ်သည် ဖြစ်ပေါ်၏ (၁)၊ ---သောတဝိညာဏ်သည် ဖြစ်ပေါ်၏ (၂)၊ ---ဃာနဝိညာဏ်သည် ဖြစ်ပေါ်၏ (၃)၊ --- ဇိဝှါဝိညာဏ်သည် ဖြစ်ပေါ်၏ (၄)၊ --- [၁၇၈] ကာယဝိညာဏ်သည် ဖြစ်ပေါ်၏ (၅)၊ --- ဝိပါက်ဖြစ်သော မနောဓာတ်သည် ဖြစ်ပေါ်၏ (၆)၊ --- သောမနဿသဟဂုတ် (ရွှင်လန်းဝမ်းသာမှုနှင့် တကွဖြစ်သော) မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်၏ (၇)၊ --- ဥပေက္ခာသဟဂုတ် (မရွှင်မညှိုး အညီအမျှခံစားမှုနှင့် တကွဖြစ်သော) မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်၏ (၈)၊ --- သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် (ဉာဏ်နှင့်ယှဉ်သော) မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်၏ (၁၊ ၉)၊ --- သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မနောဝိညာဏဓာတ်သည် သသင်္ခါရ (တိုက်တွန်းခြင်းရှိသော အကြောင်းအပေါင်း)ကြောင့် ဖြစ်ပေါ်၏ (၂၊ ၁ဝ)၊ --- သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် (ဉာဏ်နှင့်မယှဉ်သော) မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်၏ (၃၊ ၁၁)၊ --- သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် မနောဝိညာဏဓာတ်သည် သသင်္ခါရကြောင့် ဖြစ်ပေါ်၏ (၄၊ ၁၂)၊ --- ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်၏ (၅၊ ၁၃)၊ --- ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် မနောဝိညာဏဓာတ်သည် သသင်္ခါရကြောင့် ဖြစ်ပေါ်၏ (၆၊ ၁၄)၊ ---ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်၏ (၇၊ ၁၅)၊


မှတ်ချက်

     ၁- ဤစကားဖြင့် တိုက်တွန်းခြင်းမရှိသော အသင်္ခါရိကစိတ်ကို ပြ၏။ နောက်၌လည်း နည်းတူပင်။

     ၂- ဤစကားဖြင့် တိုက်တွန်းခြင်းရှိသော သသင်္ခါရိကစိတ်ကို ပြ၏။ နောက်၌လည်း နည်းတူပင်။

၁၀၈

--- ဥပေက္ခာသဟဂုတ်သည် ဉာဏဝိပ္ပယုတ် မနောဝိညာဏဓာတ်သည် သသင်္ခါရကြောင့် ဖြစ်ပေါ်၏ (၈၊ ၁၆)'' ဟူ၍ပင်တည်း

     ထိုမှတပါး ရူပါဝစရ ပုညာဘိသင်္ခါရဟူသော အကြောင်းကြောင့် ၅-ပါးသော ရူပါဝစရဝိပါက် ဝိညာဏ်တို့သည် ဖြစ်ကုန်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ထိုဆိုခဲ့သော ရူပါဝစရ ကုသိုလ်ကံကိုပင်လျှင် ပြုအပ်ပြီးသောကြောင့် ဆည်းပူးအပ်ပြီးသောကြောင့် ဝိပါက်ဖြစ်သော လိုချင်ဖွယ် ဝတ္ထုကာမနှင့် လိုချင်တတ်သော ကိလေသကာမတို့မှ ကင်းဆိတ်၍သာလျှင် ပဌမဈာန်သို့ ရောက်လျက် နေ၏ (၁)၊ ...ဒုတိယဈာန်သို့... (၂)၊ ... တတိယဈာန်သို့... (၃)၊... စတုတ္ထဈာန်သို့... (၄)၊ ...ပဉ္စမဈာန်သို့ ရောက်လျက် နေ၏ (၅)'' ဟူ၍ပင်တည်း

     ဤဆိုခဲ့သည့်အတိုင်း ပုညာဘိသင်္ခါရဟူသော အကြောင်းကြောင့် ၂၁-ပါး အပြားရှိသော ဝိညာဏ်သည် ဖြစ်၏။

     ထိုမှတပါး အပုညာဘိသင်္ခါရဟူသော အကြောင်းကြောင့် အကုသလဝိပါက် ဖြစ်ကုန်သော စက္ခုဝိညာဏ် အစရှိကုန်သော ဝိညာဏ် ၅-ပါး၊ မနောဓာတ် ၁-ပါး၊ မနောဝိညာဏဓာတ် ၁-ပါးဟူသော ၇-ပါး အပြားရှိသော ဝိညာဏ်သည် ဖြစ်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''အကုသိုလ်ကံကို ပြုအပ်ပြီးသောကြောင့် ဆည်းပူးအပ်ပြီးသောကြောင့် ဝိပါက်ဖြစ်သော စက္ခုဝိညာဏ်သည် ဖြစ်ပေါ်၏ (၁)


မှတ်ချက်

     ၁- ဓမ္မသင်္ဂဏီပါဠိ နှာ ၁ဝ၄၊ ၁ဝ၆-စသည်၌၎င်း၊ မြန်မာပြန် ၁၆၆၊ ၁၆၉-စသည်၌၎င်း ရှိသည်။ အဘိဓမ္မာပါဠိကို ဤ၌ အကျဉ်းမျှသာ ပြထားသောကြောင့် အကျယ်ကို ကြည့်လိုလျှင် အလွယ်တကူ ကြည့်နိုင်ရန် ညွှန်ကြားသည်။ သုတ်ပါဠိများမှာ ကျမ်းရင်း၌ ကြည့်သော်လည်း အကျယ်မရှိသောကြောင့် မညွှန်ကြားပေ။ သို့သော် ကြည့်လိုလျှင် ဝိသုဒ္ဓိမဂ်စာကိုယ်၌ ညွှန်ကြားချက်ဖြင့် သိနိုင်၏။

     ၂- ဤ ဝိသေသနပုဒ်ကို ပဌမဈာန်သို့-စသော ပုဒ်များနှင့် စပ်ပါ။

     ၃- ဓမ္မသင်္ဂဏီ ၁၁၆၊ မြန်မာ ၁၈၃-၌ ရှိသည်။

၁၀၉

.... သေတ- (၂)၊ .... ဃာန- (၃)၊ .... ဇိဝှါ- (၄)၊ .... ကာယဝိညာဏ်သည် ဖြစ်ပေါ်၏ (၅)၊ ...ဝိပါက်ဖြစ်သော မနောဓာတ်သည် ဖြစ်ပေါ်၏ (၁၊ ၆)၊ ...ဝိပါက် မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်၏ (၁၊ ၇)'' ဟူ၍ပင်တည်း

     ထိုမှတပါး အာနေဉ္ဇာဘိသင်္ခါရဟူသော အကြောင်းကြောင့် ၄-ပါးသော အရူပဝိပါက် ဝိညာဏ်တို့သည် ဖြစ်ကုန် ၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ထိုဆိုခဲ့သော အရူပါဝစရ ကုသိုလ်ကံကိုပင်လျှင် ပြုအပ်ပြီးသောကြောင့် ဆည်းပူးအပ်ပြီးသောကြောင့် ဝိပါက်ဖြစ်သော အချင်းခပ်သိမ်း၊ ဝါ၊ အလုံးစုံကုန်သော ရူပသညာတို့ကို ကျော်လွန်ခြင်း- ပယ်ခြင်းကြောင့် အာကာသာနဉ္စာယတနသညာနှင့် တကွဖြစ်သော...

စတုတ္ထဈာန်သို့ရောက်လျက် နေ၏ (၁)၊ ...ဝိညာဏဉ္စာယတနသညာနှင့် တကွဖြစ်သော... (၂)၊ ...အာကိဉ္စညာယတနသညာနှင့် တကွဖြစ်သော... (၃)၊ ...နေဝသညာနာသညာယတနသညာနှင့် တကွဖြစ်သော သုခနှင့် ဒုက္ခကို ပယ်ခြင်းကြောင့် စတုတ္ထဈာန်သို့ရောက်လျက် နေ၏ (၄)'' ဟူ၍ပင်တည်း

     [၁၇၉] ၆၂၁။ ဤဆိုခဲ့သည့်အတိုင်း သင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်သော ဝိညာဏ်ကို သိနားလည်ပြီးလျှင် ယခုအခါ၌ ထိုဝိညာဏ်၏ ဤဆိုလတံ့သော ဖြစ်ပုံကို သိအပ်၏။ ဖြစ်ပုံကား- (၃၂-ပါးသော) ဤဝိညာဏ် အလုံးစုံသည်လည်း ပဝတ္တိ ပဋိသန္ဓေ၏ အစွမ်းအားဖြင့် နှစ်မျိုး နှစ်ထွေ ဖြစ်၏။ ထိုတွင် ဒွေပဉ္စဝိညာဏ် (၁ဝ)၊ မနောဓာတ် ၂-ပါး၊ သောမနဿသဟဂုတ် အဟိတ် မနောဝိညာဏဓာတ် (၁-ပါး)ဟူသော ဤ၁၃-ပါးသော ဝိညာဏ်တို့သည် ပဉ္စဝေါကာရဘုံ၌ ပဝတ္တိကာလ၌သာလျှင် ဖြစ်ကုန်၏။


မှတ်ချက်

     ၁- ဓမ္မသင်္ဂဏီ ၁၃၆-စသည်၊ မြန်မာ ၂၁၂-စသည်၌ ရှိသည်။

     ၂- ဤဝိသေသနများကို စတုတ္ထဈာန်သို့- ပုဒ်တို့နှင့် စပ်ပါ။

     ၃- ဓမ္မသင်္ဂဏီ ၁၁၇၊ မြန်မာ ၁၈၄-၌ ရှိသည်။

     ၄- ပဉ္စ-ငါးပါး + ဝေါဟာရ-ခန္ဓာ = ခန္ဓာငါးပါးရှိသော ကာမ ၁၁-ဘုံ ရူပ ၁၅-ဘုံ ဤ၂၆-ဘုံကို ပဉ္စဝေါကာရဘုံ-ဟု ခေါ်သည်။

၁၁၀

ကြွင်းသော ၁၉-ပါးသော ဝိညာဏ်တို့သည် သုံးပါးသော ဘဝတို့၌ ထိုက်သည်အားလျော်စွာ ပဝတ္တိကာလ၌၎င်း၊ ပဋိသန္ဓေကာလ၌၎င်း ဖြစ်ကုန်၏။

     အဘယ်သို့နည်းဟူမူ? ရှေးဦးစွာ(ပြရန်မှာ) ကုသလဝိပါက် စက္ခုဝိညာဏ် အစရှိကုန်သော ငါးပါးသော ဝိညာဏ်တို့သည် ကုသလဝိပါက်ဖြင့်ဖြစ်စေ၊ အကုသလဝိပါက်ဖြင့်ဖြစ်စေ (ပဋိသန္ဓေအားဖြင့်) ဖြစ်ပြီးသောသူအား အစဉ်အတိုင်း ရင့်ကျက်ခြင်းသို့ရောက်သော (စက္ခုစသော) ဣန္ဒြေရှိလတ်သော် စက္ခုပသာဒ စသည်တို့အား ထင်ခြင်းသို့ရောက်သော ဣဋ္ဌသော်၎င်း, ဣဋ္ဌမဇ္ဈတ္တသော်၎င်း ဖြစ်သော အဆင်းအစရှိသော အာရုံကို အာရုံပြု၍ စက္ခု အစရှိသော ပသာဒရုပ်ကို မှီ၍ မြင်ခြင်းကိစ္စ, ကြားခြင်းကိစ္စ, နံခြင်းကိစ္စ, လျက်ခြင်း(စားခြင်း) ကိစ္စ, ထိခြင်းကိစ္စကို ပြီးစေကုန်လျက် ဖြစ်ကုန်၏။ အကုသလဝိပါက် စက္ခုဝိညာဏ် အစရှိကုန်သော ငါးပါးသော ဝိညာဏ်တို့သည်လည်း ထို့အတူပင် ဖြစ်ကုန်၏။ အထူးကား ထိုအကုသလဝိပါက် ဝိညာဏ်တို့၏ အာရုံသည် အနိဋ္ဌသော်၎င်း, အနိဋ္ဌမဇ္ဈတ္တသော်၎င်း သက်သက် ဖြစ်၏၊ ဤမျှသာလျှင် ထူးပေသည်။ ဆက်ဦးအံ့၊ ဤဝိညာဏ် ၁ဝ-ပါးတို့သည် ကိန်းသေ


မှတ်ချက်

     ၁- ငါးပါးသော ဝိညာဏ်တို့သည်.. အဆင်း အစရှိသော အာရုံကို အာရုံပြု၍ စက္ခုအစရှိသော ပသာဒရုပ်ကို မှီ၍.. ပြီးစေကုန်လျက် ဖြစ်ကုန်၏-ဟု စပ်ပါ။

     ၂- အလွန်ကောင်းမြတ်၍ အလွန် အလိုရှိအပ်သော အာရုံကို ဣဋ္ဌ-ဟု ဆိုသည်၊ အတိဣဋ္ဌာရုံ-ဟုလည်း ခေါ်ရ၏။ အလိုရှိအပ်ကာမျှ သာမန်အာရုံကို ဣဋ္ဌမဇ္ဈတ္တ-ဟု ဆိုသည်၊ ဣဋ္ဌာရုံဟုလည်း ခေါ်ရ၏။

     ၃- ကုသလဝိပါက် ဝိညာဏ်တို့၏အာရုံနှင့် မရောပဲ သက်သက်- သီးခြားဖြစ်သည်၊ ဤအာရုံမျှသာ ထူးခြားသည်ဟု ဆိုလို၏။

     ၄- ဒသပိ-ကို အတိအကျပြန်လျှင် ဆယ်ပါးတို့သည်လည်း-ဟု ပြန်ရ၏၊ ထို၌ အပိ-လည်း-ဟူသော စကားဖြင့် ၉-ပါး ရှစ်ပါးစသော အစိတ်ကို ပေါင်းဆည်း၏။ မြန်မာ၌ကား ၁ဝ-ပါးဟု ဆိုရုံမျှဖြင့်ပင် အပေါင်းရော အစိတ်ပါ အလုံးစုံကို ယူနိုင်၏။ ထို့ကြောင့် အပိ-၏အနက် ''လည်း''ဟူသော စကားဖြင့် အနက်အဓိပ္ပါယ် မထူးခြားသည့်ပြင် ပါဠိနည်းကို မသိသူများမှာ ဘာကိုဆိုလိုသနည်းဟု စဉ်းစားဖွယ်ရှိ၏။ သို့ဖြစ်၍ ဤ၌ ထိုအပိ-ကို မပြန်ပဲ ချန်ထားသည်။ နောက်၌လည်း အကျိုးမများလောက်ရာ၌ ဤနည်းပင် ပြန်သွားမည်။

၁၁၁

မြဲသော ဒွါရ အာရုံ ဝတ္ထု ဌာနလည်း ရှိကုန်၏၊ ကိန်းသေမြဲသော ကိစ္စရှိကြသည်သာလျှင်လည်း ဖြစ်ကုန်၏

     ထို့နောင် ကုသလဝိပါက် စက္ခုဝိညာဏ် စသည်တို့၏ အခြားမဲ့၌ ကုသလဝိပါက် မနောဓာတ် (သမ္ပဋိစ္ဆိုန်း)သည် ထိုစက္ခုဝိညာဏ် စသည်တို့၏ပင်လျှင် အာရုံကို (လက်ခံသောအားဖြင့်) အာရုံပြု၍ ဟဒယဝတ္ထုကိုမှီ၍ သမ္ပဋိစ္ဆိုန်း (လက်ခံခြင်း)ကိစ္စကို ပြီးစေလျက် ဖြစ်၏။ အကုသလဝိပါက် ဝိညာဏ်တို့၏ အကုသလဝိပါက် မနောဓာတ်သည် ထို့အတူပင် ဖြစ်၏။ ဆက်ဦးအံ့၊ ဤမနောဓာတ် ၂-ပါးသည်ကား မမြဲသော ဒွါရ အာရုံ ရှိ၏၊ မြဲသော ဝတ္ထုဌာနရှိ၏၊ မြဲသော ကိစ္စလည်း ရှိ၏

     ထိုမှတပါး သောမနဿဟဂုတ် အဟိတ် မနောဝိညာဏဓာတ်သည် ကုသလဝိပါက် မနောဓာတ်၏ အခြားမဲ့၌ ထိုမနောဓာတ်၏ပင်လျှင် အာရုံကို အာရုံပြု၍ ဟဒယဝတ္ထုကိုမှီ၍ သန္တီရဏ (စုံစမ်းခြင်း)ကိစ္စကို ပြီးစေလျက်၎င်း၊ ၆-ဒွါရတို့၌ အားကြီးသော အာရုံ၌ ကာမာဝစရ သတ္တဝါတို့အား များသောအားဖြင့် လောဘနှင့်ယှဉ်သောဇော၏ အဆုံး၌ ဘဝင်အစဉ်ကိုဖြတ်၍


မှတ်ချက်

     ၁- စက္ခုဝိညာဏ်သည် စက္ခုဒွါရ၌သာ ဖြစ်၏၊ အဆင်းကိုသာ အာရုံပြု၏၊ စက္ခုဝတ္ထုကိုသာ မှီ၏၊ အာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းတို့၏ အကြားဌာန၌သာ ဖြစ်၏၊ ဒဿန- မြင်ခြင်းကိစ္စသာ ရှိ၏၊ အခြားဒွါရ စသည်တို့နှင့် မဆိုင်။ ထို့အတူ သောတဝိညာဏ် စသည်တို့သည်လည်း သောတဒွါရ စသည်တို့နှင့်သာ အသီးအသီး သက်ဆိုင်ကုန်၏၊ အခြားဒွါရ စသည်တို့နှင့် မသက်ဆိုင်ကုန်၊ ဤသို့ ကိန်းသေမြဲပေသည်။

     ၂- မနောဓာတ်ခေါ် သမ္ပဋိစ္ဆိုန်းစိတ် ၂-ခုသည် ရံခါ စက္ခုဒွါရ၌ဖြစ်၍ အဆင်းကို အာရုံပြု၏၊ ရံခါ သောတ, ဃာန, ဇိဝှါ, ကာယဒွါရတို့၌ ဖြစ်၍ အသံ, အနံ့, အရသာ, အတွေ့တို့ကို အာရုံပြု၏၊ ထို့ကြောင့် မမြဲသော ဒွါရ အာရုံ ရှိ၏။ ထို့ပြင် ရှေးစိတ်နှင့်အတူ ဖြစ်ခဲ့သော ဟဒယဝတ္ထုကို မှီ၏၊ ပဉ္စဝိညာဏ်နှင့် သန္တီရဏတို့၏ အကြားဌာန၌သာ ဖြစ်၏၊ လက်ခံခြင်း သမ္ပဋိစ္ဆိုန်းကိစ္စသာ ရှိ၏၊ ထို့ကြောင့် မြဲသော ဝတ္ထု ဌာန ကိစ္စ ရှိပေသည်။ နောက်၌လည်း မြဲပုံ မမြဲပုံကို နည်းမှီး၍ ယူရာ၏။

     ၃- ပြီးစေလျက်၎င်း.. ဖြစ်၏-ဟု စပ်ပါ။

     ၄-၅- များသောအားဖြင့်.. ဇော၏အဆုံး၌.. ဖြစ်၏-ဟု စပ်ပါ။ ဤတဒါရုံသည် အများအားဖြင့် လောဘဇော၏ အဆုံး၌ ဖြစ်တတ်သည်၊ အနည်းအားဖြင့်မူ

၁၁၂

ဇောသည် ယူအပ်ပြီးသော အာရုံ၌ တဒါရုံ၏ အစွမ်းအားဖြင့်၎င်း တကြိမ်သော်၎င်း, ၂-ကြိမ်သော်၎င်း ဖြစ်၏ဟူ၍ မဇ္ဈိမအဋ္ဌကထာ၌ ဆို(အပ်)၏။ အဘိဓမ္မာ အဋ္ဌကထာ၌ကား တဒါရုံ(အရာ)၌ ၂-ခုသော စိတ်အကြိမ်တို့သည် လာကုန်၏။ ဤစိတ်သည်ကား တဒါရုံဟူ၍၎င်း, ပိဋ္ဌိဘဝင်ဟူ၍၎င်း ဤသို့အားဖြင့် ၂-ပါးသော အမည်တို့ကို ရ၏။ မမြဲသော ဒွါရ အာရုံ ရှိ၏၊ မြဲသော ဝတ္ထုရှိ၏၊ မမြဲသော ဌာနနှင့် ကိစ္စလည်း ရှိ၏၊ ဤဆိုခဲ့သည့်အတိုင်း ရှေးဦးစွာ ၁၃-ပါးသော ဝိညာဏ်တို့သည် ပဉ္စဝေါကာရဘုံ၌ ပဝတ္တိကာလ၌သာလျှင် ဖြစ်ကုန်၏ဟူ၍ သိအပ်(ကုန်)၏။

     [၁၈ဝ] ကြွင်းသော ၁၉-ပါးသော (ဝိပါက်) ဝိညာဏ်တို့တွင် မိမိအားလျော်သော ပဋိသန္ဓေဖြင့် မဖြစ်သော ဝိညာဏ်မည်သည် တစုံတခုမျှ မရှိ။ ပဝတ္တိကာလ၌ကား ရှေးဦးစွာ(ပြရန်မှာ) ကုသလဝိပါက် အကုသလဝိပါက် ဖြစ်ကုန်သော ၂-ပါးသော (ဥပေက္ခာသဟဂုတ် သန္တီရဏဟူသော) အဟိတ် မနောဝိညာဏဓာတ်တို့သည် ပဉ္စဒွါရ၌ ကုသလဝိပါက် အကုသလဝိပါက် မနောဓာတ်တို့၏ အခြားမဲ့၌ သန္တီရဏကိစ္စကို၎င်း၊ ၆-ဒွါရတို့၌ ရှေး၌ဆိုအပ်ခဲ့သော နည်းဖြင့်ပင်လျှင် တဒါရုံကိစ္စကို၎င်း၊ မိမိသည် ယူအပ်သော ပဋိသန္ဓေမှ နောက်ကာလ၌ ဘဝင်ကို ဖြတ်တတ်သော ဝီထိစိတ်တို့၏ဖြစ်ခြင်း မရှိလတ်သော်


မှတ်ချက်

အခြားသော ဒေါသဇော, မောဟဇော, ကာမကုသိုလ်ဇော, ကြိယာဇောတို့၏ အဆုံး၌လည်း ဖြစ်တတ်သေးသည်-ဟု ဆိုလိုဟန်ရှိ၏။ သို့သော် မူလဋီကာ၌ ''ဇောဖြင့် တဒါရုံကို မှတ်ရာ၌ သောမနဿဇော၏ အခြားမဲ့၌ သောမနဿတဒါရုံကို ဆိုထားသောကြောင့် သောမနဿသဟဂုတ် (လောဘဇော)တို့ကိုသာ ရည်၍ ဆိုသည်-ဟု သိအပ်၏။ များသောအားဖြင့်-ဟု ဆိုခြင်း၏ အကြောင်းမှာ တိဟိတ်ဇော၏ အဆုံး၌လည်း တခါတရံ အဟိတ်တဒါရုံ ဖြစ်တတ်သောကြောင့်ပင်''ဟု ဖွင့်ပြထား၏။ ထို့ထက် ကျယ်ပြန့်စွာ သိလိုလျှင် ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ စတုတ္ထတွဲ နှာ ၇၅-၇၆-တို့၌ ကြည့်ပါ။

     ၁- အဟိတ် မနောဝိညာဏဓာတ်တို့သည်.. ၄-ပါးသော ကိစ္စတို့ကို ပြီးစေကုန်လျက် ဖြစ်ကုန်၏-ဟု စပ်ပါ။

     ၂- နောက်ကာလ၌.. ဘဝင်ကိစ္စကို၎င်း-ဟု စပ်ပါ။

၁၁၃

(မရှိသောအခါများ၌) ဘဝင်ကိစ္စကို၎င်း၊ အဆုံး၌ စုတိကိစ္စကို၎င်း၊ ဤသို့အားဖြင့် ၄-ပါးသော ကိစ္စတို့ကို ပြီးစေကုန်လျက် မြဲသော ဝတ္ထုရှိကုန်သည်၎င်း၊ မမြဲသော ဒွါရ အာရုံ ဌာန ကိစ္စ ရှိကုန်သည်၎င်း ဖြစ်၍ ဖြစ်ကုန်၏။(မရှိသောအခါများ၌) ဘဝင်ကိစ္စကို၎င်း၊ အဆုံး၌ စုတိကိစ္စကို၎င်း၊ ဤသို့အားဖြင့် ၄-ပါးသော ကိစ္စတို့ကို ပြီးစေကုန်လျက် မြဲသော ဝတ္ထုရှိကုန်သည်၎င်း၊ မမြဲသော ဒွါရ အာရုံ ဌာန ကိစ္စ ရှိကုန်သည်၎င်း ဖြစ်၍ ဖြစ်ကုန်၏

     ရှစ်ပါးသော ကာမဝစရ သဟိတ် ဝိပါက်စိတ်တို့သည် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင် ၆-ဒွါရတို့၌ တဒါရုံကိစ္စကို၎င်း၊ မိမိသည် ယူအပ်သော ပဋိသန္ဓေမှ နောက်ကာလ၌ ဘဝင်ကိုဖြတ်တတ်သော ဝီထိစိတ်တို့၏ဖြစ်ခြင်း မရှိလတ်သော် ဘဝင်ကိစ္စကို၎င်း၊ အဆုံး၌ စုတိကိစ္စကို၎င်း- ဤသို့အားဖြင့် ၃-ပါးသော ကိစ္စတို့ကို ပြီးစေကုန်လျက် မြဲသော ဝတ္ထုရှိကုန်သည်၎င်း၊ မမြဲသော ဒွါရ အာရုံ ဌာန ကိစ္စ ရှိကုန်သည်၎င်း ဖြစ်၍ ဖြစ်ကုန်၏။

     ၅-ပါးသော ရူပါဝစရဝိပါက်စိတ်တို့သည်၎င်း၊ ၄-ပါးသော အရူပါဝစရ ဝိပါက်စိတ်တို့သည်၎င်း၊ မိမိသည် ယူအပ်သော ပဋိသန္ဓေမှ နောက်ကာလ၌ ဘဝင်ကိုဖြတ်တတ်သော ဝီထိစိတ်တို့၏ဖြစ်ခြင်း မရှိလတ်သော် ဘဝင်ကိစ္စကို၎င်း၊ အဆုံး၌ စုတိကိစ္စကို၎င်း- ဤသို့အားဖြင့် ကိစ္စ ၂-ပါးကို ပြီးစေကုန်လျက် ဖြစ်ကုန်၏။ ထိုရူပဝိပါက် အရူပဝိပါက်စိတ်တို့တွင် ရူပါဝစရ ဝိပါက်စိတ်တို့သည် မြဲသော ဝတ္ထု အာရုံ ရှိကုန်၏၊ မမြဲသော ဌာန ကိစ္စ ရှိကုန်၏။ အရူပါဝစရ ဝိပါက်စိတ်တို့သည်ကား အမြဲတမ်း မှီရာဝတ္ထု မရှိကုန်သည်၎င်း၊ မြဲသော အာရုံရှိကုန်သည်၎င်း၊ မမြဲသော ဌာန ကိစ္စ ရှိကုန်သည်၎င်း ဖြစ်၍ ဖြစ်ကုန်၏။ ဤသို့လျှင် ဤဆိုခဲ့သည့်အတိုင်း ရှေးဦးစွာ ပဝတ္တိကာလ၌ ၃၂-ပါး အပြားရှိသော ဝိပါက်ဝိညာဏ်သည် သင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်ပေသည်။ ထိုသို့ဖြစ်ရာ၌ (ပုညာဘိသင်္ခါရ အစရှိသော) ထိုထိုသင်္ခါရတို့သည် ထို ၃၂-ပါးသော ဝိပါက်ဝိညာဏ်အား (နာနာက္ခဏိက) ကမ္မပစ္စည်းဖြင့်၎င်း၊ ပကတူပနိဿယ ပစ္စည်းဖြင့်၎င်း ကျေးဇူးပြုကုန်၏။

     ၆၂၂။ ပဋိသန္ဓေကာလ၌ ဖြစ်ပုံကား- ''ကြွင်းသော ၁၉-ပါးသော ဝိပါက် ဝိညာဏ်တို့တွင် မိမိအားလျော်သော ပဋိသန္ဓေဖြင့် မဖြစ်သော ဝိညာဏ်မည်သည်


မှတ်ချက်

     ၁- ဤ၌ အဖြောင့်အားဖြင့်ဆိုလျှင် ''၄-ပါးသော ကိစ္စတို့ကို ပြီးစေကုန်လျက် ဖြစ်ကုန်၏၊ မြဲသော ဝတ္ထု ရှိကုန်၏၊ မမြဲသော ဒွါရ အာရုံ ဌာန ကိစ္စ ရှိကုန်၏''ဟု ဆိုလို၏။

၁၁၄

တစုံတခုမျှ မရှိ''ဟု ဆိုခဲ့သော စကားသည် အလွန်ကျဉ်းသောကြောင့် သိနားလည်ရန် ခဲယဉ်း၏၊ ထို့ကြောင့် ထိုစကား၏ အကျယ်နည်းကို ပြခြင်းအကျိုးငှါ-

''ပဋိသန္ဓေတို့သည် အဘယ်မျှ ရှိကုန်သနည်း? ပဋိသန္ဓေစိတ်တို့သည် အဘယ်မျှ ရှိကုန်သနည်း? အဘယ်စိတ်ဖြင့် အဘယ်ဘဝ၌ ပဋိသန္ဓေသည် ဖြစ်သနည်း? ပဋိသန္ဓေ၏ အာရုံသည် အဘယ်နည်း?ဟူသော မေးခွန်းအပေါင်းကို ထုတ်ဆိုအပ်၏။

     (အဖြေကား) အသညသတ် (ရုပ်)ပဋိသန္ဓေနှင့်တကွ ပဋိသန္ဓေတို့သည် ၂ဝ-ရှိကုန်၏၊ ပဋိသန္ဓေစိတ်တို့သည် ဆိုအပ်ခဲ့ပြီးသော အပြားရှိကုန်သော ၁၉-ပါးတို့ပင်တည်း။ ထို၁၉-ပါးတို့တွင် အကုသလဝိပါက် အဟိတ် မနော ဝိညာဏဓာတ်ဖြင့် အပါယ်၄-ဘုံတို့၌ ပဋိသန္ဓေသည် ဖြစ်၏။ ကုသလဝိပါက် (အဟိတ် မနောဝိညာဏဓာတ်)ဖြင့် လူ့လောက၌ ဝမ်းတွင်းကန်း, ဝမ်းတွင်းနားပင်း, ဝမ်းတွင်းရူး, ဝမ်းတွင်းအ, နပုန်း အစရှိသော သူတို့၏ (ပဋိသန္ဓေသည် ဖြစ်၏)။ ရှစ်ပါးသော သဟိတ် ကာမာဝစရ ဝိပါက်စိတ်တို့ဖြင့် ကာမာဝစရ နတ်(ပြည် ၆-ထပ်)တို့၌၎င်း၊ လူတို့၌၎င်း ဘုန်းကံရှိသောသူတို့၏ ပဋိသန္ဓေသည် ဖြစ်၏။ ငါးပါးသော ရူပါဝစရ ဝိပါက်စိတ်တို့ဖြင့် ရူပဗြဟ္မာ့လောက၌ (ပဋိသန္ဓေသည် ဖြစ်၏)။ လေးပါးသော အရူပါဝစရ ဝိပါက်စိတ်တို့ဖြင့် အရူပလောက၌ (ပဋိသန္ဓေသည် ဖြစ်၏)။ ထိုမှတပါး အကြင်စိတ်ဖြင့် အကြင်ဘုံ၌ ပဋိသန္ဓေသည် [၁၈၁] ဖြစ်၏။ ထိုဘုံ၌ ထိုပဋိသန္ဓေသည်ပင်လျှင် ထိုစိတ်အားလျော်သော ပဋိသန္ဓေမည်၏။ ထိုမှတပါး ပဋိသန္ဓေ၏ အာရုံတို့သည် အကျဉ်းအားဖြင့် အတိတ် ပစ္စုပ္ပန် နဝတ္တဗ္ဗ-မဆိုအပ်သော အာရုံဟူ၍ သုံးပါးတို့ပင်တည်း။ အသညသတ် ပဋိသန္ဓေမှာ အာရုံမရှိဟု သိအပ်၏။


မှတ်ချက်

     ၁- ဇစ္စန္ဓ- ပဋိသန္ဓေကန်းကို ဝမ်းတွင်းကန်းဟူ၍၎င်း၊ ဇာတိဥမ္မတ္တက- ပဋိသန္ဓေရူးကို ဝမ်းတွင်းရူးဟူ၍၎င်း ပြောဆိုကြသကဲ့သို့ ဤ၌ ဇာတိဗဓိရ-ကို ဝမ်းတွင်းနားပင်း ဟူ၍၎င်း၊ ဇာတိဧဠမူဂ-ကို ဝမ်းတွင်းအ ဟူ၍၎င်း ပြန်ထားသည်။

     ၂- ဤ၌ အစရှိ-ဟူသော စကားဖြင့် မမ္မန-မမ်းစွဲသော- စကားထစ်သောသူ စသည်တို့ကို ယူသည်။ (ဋီကာ)

၁၁၅

     ထိုပဋိသန္ဓေတို့တွင်၊ ဝါ၊ ထိုသုံးပါးသော အာရုံတို့တွင် ဝိညာဏဉ္စာယတန ပဋိသန္ဓေ, နေဝသညာနာသညာယတန ပဋိသန္ဓေတို့၏ အာရုံသည် အတိတ်သာ ဖြစ်သည်။ ဆယ်ပါးသော ကာမဝစရ ပဋိသန္ဓေတို့၏ (အာရုံသည်) အတိတ်သော်၎င်း, ပစ္စုပ္ပန်သော်၎င်း ဖြစ်သည်။ ကြွင်းသော ပဋိသန္ဓေ ခုနစ်ပါးတို့၏ (အာရုံသည်) (အတိတ်ဟူ၍၎င်း ပစ္စုပ္ပန်ဟူ၍၎င်း) မဆိုအပ်သော နဝတ္တဗ္ဗသာလျှင် ဖြစ်သည်။

ပဋိသန္ဓေစိတ် ဖြစ်ပုံကို ပြဆိုချက်

     ဤဆိုခဲ့သည့်အတိုင်း သုံးပါးသော အာရုံတို့၌ ဖြစ်သော ပဋိသန္ဓေသည် အတိတ်လျှင် အာရုံရှိသည်မူလည်းဖြစ်သော နဝတ္တဗ္ဗလျှင် အာရုံရှိသည်မူလည်းဖြစ်သော စုတိစိတ်၏ အခြားမဲ့၌သာလျှင် ဖြစ်၏၊ ပစ္စုပ္ပန်လျှင် အာရုံရှိသော စုတိစိတ်မည်သည်ကား မရှိချေ၊ ထို့ကြောင့် (အတိတ်နှင့် နဝတ္တဗ္ဗဟူသော) အာရုံ ၂-ပါးတို့တွင် တပါးပါးလျှင် အာရုံရှိသော စုတိစိတ်၏ အခြားမဲ့၌ (အတိတ် ပစ္စုပ္ပန် နဝတ္တဗ္ဗဟူသော) အာရုံ ၃-ပါးတို့တွင် တပါးပါးလျှင် အာရုံရှိသော ပဋိသန္ဓေ၏ သုဂတိ ဒုဂ္ဂတိတို့၏ အစွမ်းအားဖြင့် ဖြစ်ပုံအခြင်းအရာကို သိအပ်၏။

     ၆၂၃။ ဖြစ်ပုံအခြင်းအရာ အကျယ်ကား- ရှေးဦးစွာ (ပြရန်မှာ) ကာမာဝစရ သုဂတိဘုံ၌တည်သော မကောင်းမှုကံရှိသော ပုဂ္ဂိုလ်အား ''(ရှေးကပြုဘူးသော) ထိုမကောင်းမှုကံတို့သည် ထိုမကောင်းမှုကို ပြုခဲ့သောသူအား ထို သေခါနီးဆဲဆဲကာလ၌ (ညနေချမ်း၌ တောင်ရိပ်များ တွဲကျလာကုန်သကဲ့သို့) ကျလာ-ထင်လာကုန်၏'' ဤသို့ အစရှိသည်ကို ဘုရား ဟောတော်မူသောကြောင့် သေရအံ့သော ညောင်စောင်း၌ လဲလျောင်းနေစဉ်၂ ဆည်းပူးအပ်ခဲ့တိုင်းသော မကောင်းမှုကံသည်သော်၎င်း (ထိုကံပြုစဉ်က ရခဲ့သော အာရုံဖြစ်သော) ကမ္မနိမိတ်သည်သော်၎င်း မနောဒွါရ(ဟူသော


မှတ်ချက်

     ၁- ရူပဝိပါက် ၅-ပါးနှင့် အာကာသနဉ္စာယတန ဝိပါက် အာကိဉ္စညာယတန ဝိပါက်-ဟူသော ဤခုနစ်ပါးကို ဆိုသည်။

     ၂- မကောင်းမှုကံရှိသော ပုဂ္ဂိုလ်အား.. သေရအံ့သော ညောင်စောင်း၌ လဲလျောင်းနေစဉ်.. ထင်ပေါ်လာခြင်းသို့ ရောက်၏-ဟု စပ်ပါ၊ ထင်ပေါ်လာသည်ဟူ၍ပင် ဆိုလို၏။

၁၁၆

စိတ်ထဲ)၌ ထင်ပေါ်လာခြင်းသို့ ရောက်၏။ ထို ထင်ပေါ်လာသည့် ကံ ကမ္မနိမိတ်ကို အာရုံပြု၍ဖြစ်သော တဒါရုံအဆုံးရှိသော ဇောဝီထိ၏ အခြားမဲ့၌ ဘဝင်၏အာရုံကို အာရုံပြုလျက် စုတိစိတ်သည် ဖြစ်၏။ ထိုစုတိစိတ် ချုပ်လတ်သော် ထင်ပေါ်ခြင်းသို့ရောက်သော၊ ဝါ၊ ထင်ပေါ်နေသော ထိုကံကိုသာလျှင်ဖြစ်စေ၊ ထိုကမ္မနိမိတ်ကိုသာလျှင်ဖြစ်စေ အာရုံပြု၍ မပြတ်စဲသေးသော ကိလေသာ၏အစွမ်းက အထူးညွတ်စေအပ်သော၊ ဝါ၊ အထူးညွတ်စေအပ်သောကြောင့် ဒုဂ္ဂတိဘုံ၌ အကျုံးဝင်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏။ ဤသည်ကား အတိတ်လျှင် အာရုံရှိသော စုတိစိတ်၏ အခြားမဲ့၌(ဖြစ်သော) အတိတ်လျှင် အာရုံရှိသော ပဋိသန္ဓေပေတည်း။

     အခြားတပါးသော ပုဂ္ဂိုလ်အား ဆိုခဲ့ပြီးသော အပြားရှိသော မကောင်းမှုကံ၏ အစွမ်းအားဖြင့် ငရဲစသည်တို့၌ မီးလျှံ မီးတောက်၏ အဆင်းအစရှိသော ဒုဂ္ဂတိနိမိတ်သည် မနောဒွါရ၌ ထင်ပေါ်လာခြင်းသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်အား၊ ဝါ၊ ထိုပုဂ္ဂိုလ်၏ စိတ်အစဉ်သန္တာန်၌ ဘဝင် ၂-ကြိမ်ဖြစ်၍ ချုပ်ပြီးလတ်သော် ထိုဂတိနိမိတ်အာရုံကို အာရုံပြု၍ တကြိမ်သော အာဝဇ္ဇန်း၎င်း၊ သေခြင်း၏ နီးသည်၏အဖြစ်ကြောင့် နုံ့စွာဖြစ်သော အဟုန်ရှိကြသောကြောင့် ၅-ကြိမ်သော မရဏာသန္နဇောတို့၎င်း၊ ၂-ကြိမ်သော တဒါရုံတို့၎င်း- ဤသို့အားဖြင့် သုံးမျိုးသော ဝီထိစိတ်တို့သည် ဖြစ်ကုန်၏။ ထို့နောင် ဘဝင်၏အာရုံကို


မှတ်ချက်

     ၁- အာရုံပြု၍.. ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏-ဟု စပ်ပါ။

     ၂- ပဋိသန္ဓေစိတ်သည်-ဟူသော ပုဒ်၏ ဝိသေသန ဖြစ်သည်၊ ဤဝိသေသနသည် ဟိတ်အနက် ပါဝင်နေသောကြောင့် ဟေတုမန္တဝိသေသန မည်၏။ အရိယာမဂ်ဖြင့် မပယ်ရသေး၍ မပြတ်စဲသေး, မကင်းသေးသော အဝိဇ္ဇာ တဏှာ အစရှိသော ကိလေသာ၏ အားအစွမ်းက အထူး ညွတ်စေအပ်သောကြောင့် ပဋိသန္ဓေစိတ် ဆက်၍ ဖြစ်ပေါ်ပြန်သည်ဟု ဆိုလို၏။

     ၃- ထိုပုဂ္ဂိုလ်အား၊ ဝါ၊ ထိုပုဂ္ဂိုလ်၏ စိတ်အစဉ်သန္တာန်၌.. သုံးမျိုးသော ဝီထိစိတ်တို့သည် ဖြစ်ကုန်၏-ဟု စပ်ပါ။

     ၄- ဤဟိတ်ကို နုံ့စွာဖြစ်သောနှင့်သာ စပ်ပါ၊ သေခါနီးဖြစ်သောကြောင့် ဇောတို့သည် မသန်စွမ်းကုန်၊ အားနည်းစွာ နုံ့စွာဖြစ်သော အဟုန်ရှိကုန်၏၊ ထို့ကြောင့် ပကတိကာလ၌ကဲ့သို့ ခုနစ်ကြိမ်တိုင်အောင် မဖြစ်နိုင်ကြ၊ ၅-ကြိမ်မျှသာ ဖြစ်ကြသည်ဟု ဆိုလို၏။

၁၁၇

အာရုံပြု၍ တကြိမ်သော စုတိစိတ်သည် ဖြစ်၏။ ဤမျှဖြင့် ၁၁-ခုသော စိတ္တက္ခဏတို့သည် လွန်လေကုန်၏။ ထိုအခါ၌ ထိုပုဂ္ဂိုလ်အား ကြွင်းသေးသော စိတ္တက္ခဏ ၅-ခုမျှ အသက်ရှိသော၊ ဝါ၊ စိတ္တက္ခဏ ၅-ချက်မျှ အသက်ကြွင်းရှိသေးသော ထိုဂတိနိမိတ်အာရုံ၌ပင်လျှင် ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏။ ဤသည်ကား အတိတ်လျှင် အာရုံရှိသော စုတိ၏အခြားမဲ့၌ (ဖြစ်သော) ပစ္စုပ္ပန်လျှင် အာရုံရှိသော ပဋိသန္ဓေပေတည်း။

     [၁၈၂] အခြားတပါးသော ပုဂ္ဂိုလ်အား သေခါနီးကာလ၌ (စက္ခုဒွါရ အစရှိသော) ငါးပါးသောဒွါရတို့တွင် တပါးပါးသောဒွါရ၌ ရာဂစသည်တို့၏ အကြောင်းဖြစ်သော၊ ဝါ၊ ရာဂစသည်တို့၏ အာရုံအကြောင်း ဖြစ်သောကြောင့် ယုတ်ညံ့သော (အနိဋ္ဌ)အာရုံသည် ထင်ပေါ်လာခြင်းသို့ ရောက်၏။ ထိုပုဂ္ဂိုလ်အား


မှတ်ချက်

     ၁- ၁၁-ခုသော စိတ္တက္ခဏတို့ဟူသည်မှာ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ မရဏာသန္နေဇော ၅-ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ စုတိစိတ် ၁-ကြိမ်- ဤ၁၁-ကြိမ်တို့ ဖြစ်သည်။

     ၂- ဤစိတ္တက္ခဏ ၅-ချက် အကြွင်းနှင့် ရှေးဘဝက ၁၁-ချက်ကို ပေါင်းလိုက်လျှင် စိတ္တက္ခဏ ၁၆-ချက်သာ ရှိသောကြောင့် ရုပ်၏အသက်သည် စိတ္တက္ခဏ ၁၇-ချက် ရှိသည်ဟုဆိုသော စကားနှင့် မဆန့်ကျင်ပြီလော-ဟူမူ? ဤ ၁၆-ချက်မှာ ရုပ်အာရုံ၏ ထင်ပေါ်နိုင်သော ကာလမှစ၍ တွက်ထားသော အရေအတွက် ဖြစ်သည်၊ ဖြစ်ခါစ မထင်ပေါ်နိုင်သေးသော အတီတဘဝင်ခေါ် စိတ္တက္ခဏ ၁-ချက်ခန့် ရှိသေးသည်၊ ထို အတီတဘဝင် ခဏပါဆိုလျှင် စိတ္တက္ခဏ ၁၇-ချက်ပင် ဖြစ်သောကြောင့် မဆန့်ကျင်ဟု ဋီကာဆရာတို့ မိန့်ဆိုကြ၏။

     ၃- ဤအာရုံသည် ဘဝသစ် ပဋိသန္ဓေ ဘဝင် စုတိ-ဟူသော အကုသလဝိပါက်၏ အာရုံဖြစ်သည်၊ အကုသလဝိပါက်၏ အာရုံသည် အနိဋ္ဌာရုံသာ ဖြစ်သည်၊ သေခါနီး၌ ဣဋ္ဌာရုံ ကမ္မနိမိတ်ကိုစွဲ၍ သေလာခဲ့သော် ပဋိသန္ဓေ အစရှိသော အကုသလဝိပါက်သည် ဣဋ္ဌာရုံကိုပင် အာရုံပြုရာ မရောက်ပြီလော?ဟု စောဒနာဖွယ်ရှိ၍ ဟီနံ အာရမ္မဏံ- ယုတ်ညံ့သော (အနိဋ္ဌ)အာရုံသည်ဟူသော ဤစကားကို ဆိုသည်၊ ပကတိအားဖြင့် လိုချင်နှစ်သက်ဖွယ် ဣဋ္ဌာရုံပင် ဖြစ်သော်လည်း ယုတ်ညံ့သော အနိဋ္ဌာရုံသာ မည်ပါသည်ဟု ဆိုလို၏။ အဘယ့်ကြောင့်နည်းဟူမူ? အကုသလဝိပါက်ကို ဖြစ်စေတတ်သော ရာဂစသော ယုတ်ညံ့သော ကိလေသာတို့၏ အာရုံဖြစ်သောကြောင့်

၁၁၈

အစဉ်အတိုင်း ဝုဋ္ဌောအဆုံးရှိသော ဝီထိစိတ် ဖြစ်ပြီးလတ်သော် သေခြင်း၏ နီးသည်၏အဖြစ်ကြောင့် နုံ့စွာဖြစ်သော အဟုန်ရှိကြသောကြောင့် ၅-ကြိမ်သော ဇောတို့သည်၎င်း၊ ၂-ကြိမ်သော တဒါရုံတို့သည်၎င်း ဖြစ်ကုန်၏။ ထို့နောင် ဘဝင်၏အာရုံကို အာရုံပြု၍ တကြိမ်သော စုတိစိတ်သည် ဖြစ်၏။ ဤမျှဖြင့်လည်း ၂-ကြိမ်သော ဘဝင်တို့၎င်း၊ အာဝဇ္ဇန်း၎င်း၊ ဒဿနခေါ် စက္ခုဝိညာဏ်၎င်း၊ သမ္ပဋိစ္ဆိုန်း၎င်း၊ သန္တီရဏ၎င်း၊ ဝုဋ္ဌော၎င်း၊ ၅-ကြိမ်သော ဇောတို့၎င်း၊ ၂-ကြိမ်သော တဒါရုံတို့၎င်း၊ စုတိစိတ် တကြိမ်၎င်း- ဤသို့အားဖြင့် ၁၅-ခုသော စိတ္တက္ခဏတို့သည် လွန်လေကုန်၏။ ထိုအခါ၌ ထိုပုဂ္ဂိုလ်အား စိတ္တက္ခဏတချက်မျှ အသက်ကြွင်းရှိသေးသော ထိုကမ္မနိမိတ် အာရုံ၌ပင်လျှင် ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏။ ဤသည်လည်း အတိတ်လျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌(ဖြစ်သော) ပစ္စုပ္ပန်လျှင် အာရုံရှိသော ပဋိသန္ဓေပေတည်း၊ ဤဆိုအပ်ခဲ့သော ဖြစ်ပုံသည် ရှေးဦးစွာ (ပြရန် အစဉ်ရောက်သော) အတိတ်လျှင် အာရုံရှိသော သုဂတိစုတိ၏ အခြားမဲ့၌ အတိတ်နှင့် ပစ္စုပ္ပန်လျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ၏ ဖြစ်ပုံ အခြင်းအရာပေတည်း။

     ၆၂၄။ ထိုမှတပါး ဒုဂ္ဂတိဘုံ၌တည်သော ဆည်းပူးထားသည့် အပြစ်ကင်းသော ကုသိုလ်ကံရှိသော ပုဂ္ဂိုလ်အား ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ထိုအပြစ်ကင်းသော ကုသိုလ်ကံသည်သော်၎င်း၊ (ထိုကံကိုပြုစဉ်က ရခဲ့သော အာရုံဖြစ်သော) ကမ္မနိမိတ်သည်သော်၎င်း မနောဒွါရ၌ ထင်ပေါ်လာခြင်းသို့ ရောက်၏။ ဤသို့ အစရှိသည်ဖြင့် မည်းညစ်သောအဖို့ (ကဏှပက္ခ)၌ ဖြူစင်သောအဖို့ (သုက္ကပက္ခ)ကို လဲလှယ်ထား၍ အလုံးစုံကို ရှေးနည်းဖြင့်သာလျှင် သိအပ်၏။ ဤသည်ကား အတိတ်လျှင် အာရုံရှိသော ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌ အတိတ်နှင့် ပစ္စုပ္ပန်လျှင် အာရုံရှိသော သုဂတိပဋိသန္ဓေ၏ ဖြစ်ပုံ အခြင်းအရာပေတည်း။


မှတ်ချက်

ဖြစ်ပေသည်။ ဥပမာ- မွန်မြတ်သော အစာဖြစ်စေကာမူ ခွေးပါးစပ်ထဲသို့ ရောက်နေလျှင် အယုတ်အညံ့ အနိဋ္ဌာရုံသာ ဖြစ်သကဲ့သို့ပင်တည်း။ တနည်း အပါယ်ပဋိသန္ဓေ၏ အာရုံဖြစ်သောကြောင့် အနိဋ္ဌာရုံမည်၏။

     ၁- ဝီထိစိတ် ဖြစ်ပြီးလတ်သော်.. ဖြစ်ကုန်၏-ဟု စပ်ပါ။

၁၁၉

     ၆၂၅။ ထိုမှတပါး သုဂတိဘုံ၌တည်သော ဆည်းပူးထားသည့် အပြစ်ကင်းသော ကုသိုလ်ကံရှိသော ပုဂ္ဂိုလ်အား ''(ရှေးက ပြုဘူးသော) ထိုကောင်းမှုကံတို့သည် ထိုကောင်းမှုကို ပြုခဲ့သောသူအား ထိုသေခါနီးဆဲဆဲ ကာလ၌ (ညနေချမ်း၌ တောင်ရိပ်များ တွဲကျလာကုန်သကဲ့သို့) ကျလာ ထင်လာကုန်၏'' ဤသို့ အစရှိသည်ကို ဘုရားဟောတော်မူသောကြောင့် သေရအံ့သော ညောင်စောင်း၌ လဲလျောင်းနေစဉ် ဆည်းပူးအပ်ခဲ့တိုင်းသော ကုသိုလ် ကံသည်သော်၎င်း၊ (ထိုကံပြုစဉ်က ရခဲ့သော အာရုံဖြစ်သော) ကမ္မနိမိတ်သည်သော်၎င်း မနောဒွါရ၌ ထင်ပေါ်လာခြင်းသို့ ရောက်၏။ (ကုသိုလ်ကံသည်သော်၎င်း ကမ္မနိမိတ်သည်သော်၎င်းဟု ဆိုသော) ထိုအနိယမ (ကိန်းသေ မဟုတ်သော) စကားကိုလည်း ဆည်းပူးထားသော ကာမာဝစရကုသိုလ်ကံ ရှိသူနှင့်သာ (ဆိုင်သည်ဟု သိအပ်၏)။ ဆည်းပူးထားသော မဟဂ္ဂုတ်ကံရှိသော ပုဂ္ဂိုလ်အားမူကား ကမ္မနိမိတ်သည်သာလျှင် ထင်ပေါ်လာခြင်းသို့ ရောက်၏။ ထိုထင်ပေါ်သော ကံ ကမ္မနိမိတ်ကို အာရုံပြု၍ဖြစ်သော တဒါရုံ အဆုံးရှိသည်မူလည်းဖြစ်သော တဒါရုံကင်းလျက် သက်သက်မူလည်းဖြစ်သော ဇောဝီထိ၏ အခြားမဲ့၌ ဘဝင်၏အာရုံကို အာရုံပြု၍ စုတိစိတ်သည် ဖြစ်၏။ ထိုစုတိစိတ် ချုပ်လတ်သော် ထင်ပေါ်ခဲ့သော ထိုကံကိုသာလျှင် ဖြစ်စေ၊ ထိုကမ္မနိမိတ်ကိုသာလျှင် ဖြစ်စေ အာရုံပြု၍ မပြတ်စဲသေးသော ကိလေသာ၏အစွမ်းက အထူးညွတ်စေအပ်သော သုဂတိဘုံ၌ အကျုံးဝင်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏။ ဤသည်ကား အတိတ်လျှင် အာရုံရှိသော စုတိ၏အခြားမဲ့၌ အတိတ်လျှင် အာရုံရှိသည်မူလည်းဖြစ်သော နဝတ္တဗ္ဗ-(ကသိုဏ်းစသော ပညတ်)လျှင် အာရုံရှိသည်မူလည်းဖြစ်သော ပဋိသန္ဓေပေတည်း။


မှတ်ချက်

     ၁-၂- ဆည်းပူးထားသည့် အပြစ်ကင်းသော ကုသိုလ်ကံရှိသော ပုဂ္ဂိုလ်အား.. လဲလျောင်းနေစဉ် ထင်ပေါ်လာခြင်းသို့ ရောက်၏-ဟု စပ်ပါ။

     ၃- အာရုံပြု၍ဖြစ်သော.. ဇောဝီထိ၏-ဟု စပ်ပါ။

     ၄- တဒါရုံကင်းလျက် သက်သက် ဇောဝီထိဟူသည်မှာ မဟဂ္ဂုတ် ကမ္မနိမိတ်လျှင် အာရုံရှိသော ဇောဝီထိပင် ဖြစ်သည်၊ ယင်း ဇောဝီထိကို မဟဂ္ဂုတ်ဝိပါက်၏ ဥပစာကဲ့သို့ မှတ်အပ်၏။ (ဋီကာ)

၁၂၀

     အခြားတပါးသော ပုဂ္ဂိုလ်အား သေခါနီးကာလ၌ ကာမဝစရကုသိုလ်ကံ၏ အစွမ်းအားဖြင့် လူ့လောက၌ အမိဝမ်း၏ နီသောအဆင်းဟု ဆိုအပ်သည်မူလည်းဖြစ်သော နတ်လောက၌ ဥယျာဉ် ဗိမာန် ပဒေသာပင် စသည်တို့၏ အဆင်းဟု ဆိုအပ်သည်မူလည်းဖြစ်သော သုဂတိနိမိတ်သည် မနောဒွါရ၌ ထင်ပေါ်လာခြင်းသို့ ရောက်၏။ ထိုပုဂ္ဂိုလ်အား [၁၈၃] ဒုဂ္ဂတိနိမိတ်၌ ပြအပ်ခဲ့ပြီးသော အစဉ်ဖြင့်သာလျှင် စုတိစိတ်၏ အခြားမဲ့၌ ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏။ ဤသည်ကား အတိတ်လျှင် အာရုံရှိသော စုတိ၏အခြားမဲ့၌ (ဖြစ်သော) ပစ္စုပ္ပန်လျှင် အာရုံရှိသော ပဋိသန္ဓေပေတည်း။

     အခြားတပါးသော ပုဂ္ဂိုလ်အား သေခါနီးကာလ၌ ဆွေမျိုးတို့သည် ''ချစ်သား၊ သင်၏ (နတ်ရွာနိဗ္ဗာန်)အကျိုးငှါ ဤဘုရားအား ပူဇော်ခြင်းကို ပြု(အပ်)ပေသည်၊ စိတ်ကို ကြည်လင်ပါစေလော့'' ဤသို့ စသည်ဖြင့် ပြောကြားကုန်၍ ပန်းဆိုင်း တံခွန် ကုက္ကား စသည်တို့၏ အစွမ်းအားဖြင့် အဆင်းရူပါရုံကိုဖြစ်စေ၊ တရားနာခြင်း, တူရိယာဖြင့် ပူဇော်ခြင်း စသည်တို့၏ အစွမ်းအားဖြင့် အသံ-သဒ္ဒါရုံကိုဖြစ်စေ၊ အခိုး အထုံ နံ့သာ စသည်တို့၏ အစွမ်းအားဖြင့် အနံ့-ဂန္ဓာရုံကိုဖြစ်စေ၊ ''ချစ်သား၊ ဤလျက်ဖွယ်ကို လျက်ကြည့်ပါလော့၊ သင်၏အကျိုးငှါ လှူအပ်သော လှူဖွယ်ဖြစ်သည်'' ဤသို့ စသည်ဖြင့် ပြောကြားကုန်၍ ပျားရည် တင်လဲ စသည်တို့၏ အစွမ်းအားဖြင့် အရသာ ရသာရုံကိုဖြစ်စေ၊ ''ချစ်သား၊ ဤအဝတ်ကိုအထည်ကို စမ်းသပ် တွေ့ထိကြည့်ပါလော့၊ သင်၏အကျိုးငှါ လှူအပ်သော လှူဖွယ်ဖြစ်သည်'' ဤသို့ စသည်ဖြင့် ပြောကြားကုန်၍ စိန့်ပြည်ဖြစ် (တရုပ်ပြည်ဖြစ်)အထည် သောမာရပြည်ဖြစ်အထည် စသည်တို့၏ အစွမ်းဖြင့် အတွေ့-ဖောဋ္ဌဗ္ဗာရုံကိုဖြစ်စေ ငါးဒွါရ၌ ဆောင်ပေးကုန်၏။ ထိုပုဂ္ဂိုလ်အား ထင်ပေါ်ခြင်းသို့ရောက်သော အဆင်းအစရှိသော ထိုအာရုံ၌ အစဉ်အတိုင်းဖြစ်သော ဝုဋ္ဌော၏အဆုံး၌၊ ဝါ၊ ဝုဋ္ဌောအဆုံးရှိသောစိတ် ဖြစ်ပြီးလတ်သော် သေခြင်း၏ နီးသည်၏အဖြစ်ကြောင့်


မှတ်ချက်

     ၁- သေခါနီးကာလ၌.. ထင်ပေါ်လာခြင်းသို့ ရောက်၏-ဟု စပ်ပါ။

     ၂- ဆွေမျိုးတို့သည်.. ပြောကြားကုန်၍.. ပြောကြားကုန်၍.. ပြောကြားကုန်၍- ငါးဒွါရ၌ ဆောင်ပေးကုန်၏ဟု စပ်ပါ။

     ၃- ဤ၌ ပဌမအနက်သည် ဥပ္ပန္နဝေါဋ္ဌဗ္ဗနာဝသာနေ-ဟူသော ရှိရင်းပါဌ်၏ အနက်ဖြစ်သည်။ ဒုတိယအနက်သည် ဥပ္ပန္နေ ဝေါဋ္ဌဗ္ဗနာဝသာနေ-ဟု ရှိသင့်သောပါဌ်ကို မြှော်၍ ပြန်သောအနက် ဖြစ်သည်။

၁၂၁

နုံ့စွာဖြစ်သော အဟုန်ရှိကြသောကြောင့် ၅-ကြိမ်သော မရဏာသန္နဇောတို့သည်၎င်း၊ ၂-ကြိမ်သော တဒါရုံတို့သည်၎င်း ဖြစ်ကုန်၏။ ထို့နောင် ဘဝင်၏အာရုံကို အာရုံပြု၍ တကြိမ်သော စုတိစိတ်သည် ဖြစ်၏။ ထိုစုတိစိတ် အဆုံး၌ စိတ္တက္ခဏ ၁-ချက်မျှ တည်ခြင်းရှိသော ထို(မရဏာသန္နဇော၏) အာရုံ၌ပင် ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏၊ ဤသည်လည်း အတိတ်လျှင် အာရုံရှိသော စုတိ၏အခြားမဲ့၌ (ဖြစ်သော) ပစ္စုပ္ပန်လျှင် အာရုံရှိသော ပဋိသန္ဓေပေတည်း။

     ၆၂၆။ ထိုမှတပါး ပထဝီကသိုဏ်းဈာန် စသည်တို့၏ အစွမ်းအားဖြင့် ရထားသော မဟဂ္ဂုတ်တရား ရှိသည်ဖြစ်၍ (ရူပါဝစရ) သုဂတိ၌တည်သော တခြားတပါးသော ပုဂ္ဂိုလ်အား သေခါနီးကာလ၌ ကာမာဝစရ ကုကုသိုလ်ကံနှင့် ကမ္မနိမိတ် ဂတိနိမိတ်တို့တွင် တပါးပါးသည်သော်၎င်း၊ ပထဝီကသိုဏ်း အစရှိသော ကမ္မနိမိတ်သည်သော်၎င်း၊ ပဌမနှင့် တတိယ အရူပ မဟဂ္ဂုတ်စိတ်သည်သော်၎င်း၃ မနောဒွါရ၌ ထင်ပေါ်လာခြင်းသို့ ရောက်၏၊ စက္ခုဒွါရနှင့် သောတဒွါရတို့တွင် တပါးပါးသောဒွါရ၌ ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကောင်းမြတ်သော အာရုံသည်မူလည်း ထင်ပေါ်လာခြင်းသို့ ရောက်၏။ ထိုပုဂ္ဂိုလ်အား အစဉ်အတိုင်းဖြစ်သော ဝုဋ္ဌော၏အဆုံး၌ သေခြင်း၏ နီးသည်၏အဖြစ်ကြောင့် နုံ့စွာဖြစ်သော အဟုန်ရှိကြသောကြောင့် မရဏာသန္နဇောတို့သည် ၅-ကြိမ်သာ ဖြစ်ကုန်၏။ ရူပ အရူပ မဟဂ္ဂိုတ်ဘုံ၌တည်သော ပုဂ္ဂိုလ်တို့အား တဒါရုံ(ဖြစ်ခြင်း) မရှိသောကြောင့် ဇော၏ အခြားမဲ့၌သာလျှင် ဘဝင်၏အာရုံကို အာရုံပြု၍ စုတိစိတ်တကြိမ် ဖြစ်၏။ ထိုစုတိစိတ်၏ အဆုံး၌ ကာမာဝစရသုဂတိ, မဟဂ္ဂုတ်သုဂတိတို့တွင် တပါးပါးသော သုဂတိ၌ အကျုံးဝင်သော ထင်မြဲတိုင်းသော အာရုံတို့တွင် တပါးပါးကို အာရုံပြုသော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏။ ဤသည်ကား နဝတ္တဗ္ဗလျှင်


မှတ်ချက်

     ၁- ဤအာရုံသည် ကာမသုဂတိ၌ ဖြစ်မည့်ပုဂ္ဂိုလ်အား ထင်ပေါ်သည်။

     ၂- ဤအာရုံသည် ရူပဘုံနှင့် ပဌမ တတိယ အရူပဘုံတို့၌ ဖြစ်မည့်ပုဂ္ဂိုလ်အား ထင်ပေါ်သည်။

     ၃- ဤအာရုံသည် ဒုတိယနှင့် စတုတ္ထ အရူပဘုံတို့၌ ဖြစ်မည့်ပုဂ္ဂိုလ်အား ထင်ပေါ်သည်။

     ၄- အကျုံးဝင်သော.. ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏-ဟု စပ်ပါ။

၁၂၂

အာရုံရှိသော (ရူပါဝစရ) သုဂတိစုတိ၏ အခြားမဲ့၌(ဖြစ်သော) အတိတ် ပစ္စုပ္ပန် နဝတ္တဗ္ဗအာရုံတို့တွင် တပါးပါးကို အာရုံပြုသော ပဋိသန္ဓေပေတည်း။

     ဤဆိုခဲ့ပြီးကို အစဉ်မှီးသဖြင့် အရူပစုတိ၏လည်း အခြားမဲ့၌(ဖြစ်သော) ပဋိသန္ဓေကို သိအပ်၏။ (၆၂၅-အပိုဒ်မှ စ၍ ဆိုခဲ့သော) ဤဖြစ်ပုံအခြင်းအရာသည် အတိတ်နှင့် နဝတ္တဗ္ဗလျှင် အာရုံရှိသော သုဂတိစုတိ၏ အခြားမဲ့၌ အတိတ် နဝတ္တဗ္ဗ ပစ္စုပ္ပန်လျှင် အာရုံရှိသော သုဂတိပဋိသန္ဓေ၏ ဖြစ်ပုံ အခြင်းအရာပေတည်း။

     [၁၈၄] ၆၂၇။ ထိုမှတပါး ဒုဂ္ဂတိဘုံ၌တည်သော မကောင်းမှုကံရှိသော ပုဂ္ဂိုလ်အား ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ထိုမကောင်းမှုကံသည်သော်၎င်း၊


မှတ်ချက်

     ၁- အရူပစုတိနောင် ပဋိသန္ဓေဖြစ်ပုံကို သီးခြားခွဲ၍ ဆိုခြင်း၏ အကြောင်းကား- အရူပစုတိ၏ အခြားမဲ့၌ ရူပါဝစရပဋိသန္ဓေ မရှိ၊ အထက်အထက် အရူပစုတိ၏ အခြားမဲ့၌ အောက်အောက် အရူပပပဋိသန္ဓေလည်း မရှိ၊ ထို့ကြောင့် နေဝသညာစုတိ၏ အခြားမဲ့၌ နဝတ္တဗ္ဗကို အာရုံပြုသော ပဋိသန္ဓေ မရှိ၊ ထိုဘုံ၌ ထပ်ဖြစ်လျှင် အတိတ်ကို အာရုံပြုသော ပဋိသန္ဓေဖြစ်၏၊ ကာမဘုံ၌ဖြစ်လျှင် အတိတ်နှင့် ပစ္စုပ္ပန် တပါးပါးကို အာရုံပြုသော ပဋိန္ဓေ ဖြစ်၏။ အောက် အရူပစုတိ ၃-ခုတို့၏ အခြားမဲ့၌လည်း အတိတ်နှင့် နဝတ္တဗ္ဗ တပါးပါးကို အာရုံပြုသော အရူပပဋိသန္ဓေကို၎င်း၊ အတိတ်နှင့် ပစ္စုပ္ပန် တပါးပါးကို အာရုံပြုသော ကာမပဋိသန္ဓေကို၎င်း ဖြစ်သင့်သည်အားလျော်စွာ ယှဉ်စေအပ်၏။ ဤသို့သော အထူးကို သိစေလိုသောကြောင့် သီးခြားထုတ်၍ ဆိုပေသည်။ (ဋီကာကို ချုံးပြသည်)

     ၂- စာပိုဒ် ၆၂၅-မှစ၍ ပြခဲ့သော စုတိနှင့် ပဋိသန္ဓေတို့တွင် အတိတ်ကို အာရုံပြုသော စုတိစိတ်သည် ကာမသုဂတိစုတိ ၉-ပါးနှင့် ဒုတိယ စတုတ္ထ အရူပစုတိ ၂-ပါးအားဖြင့် ဤ၁၁-ပါးပေတည်း။ နဝတ္တဗ္ဗကို အာရုံပြုသော စုတိစိတ်သည် ရူပစုတိ ၅-ပါးနှင့် ပဌမ တတိယ အရူပစုတိ ၂-ပါးအားဖြင့် ဤ၇-ပါးပေတည်း။ ထို့ကြောင့် မူလဋီကာ၌ အတီတာရမ္မဏာ ဧကာဒသဝိဓာ နဝတ္တဗ္ဗာရမ္မဏာ သတ္တဝိဓာ-ဟု ဆိုပေသည်။ ဒုတိယ စတုတ္ထ အရူပပဋိသန္ဓေတို့သည် ပဌမ တတိယ အရူပကုသိုလ်စိတ်ဟူသော အတိတ်ကိုသာ အာရုံပြုကုန်၏၊ ကြွင်းသော မဟဂ္ဂုတ်ပဋိသန္ဓေတို့သည် ကသိုဏ်းစသော ပညတ်ဟူသော နဝတ္တဗ္ဗကို အာရုံပြုကုန်၏။ ကာမပဋိသန္ဓေတို့သည် အတိတ်ကိုလည်း အာရုံပြုကုန်၏၊ မချုပ်သေးသော ကမ္မနိမိတ် ဂတိနိမိတ်ကို ရသောအခါ ပစ္စုပ္ပန်ကိုလည်း အာရုံပြုကုန်၏။

၁၂၃

ကမ္မနိမိတ်သည်သော်၎င်း၊ ဂတိနိမိတ်သည်သော်၎င်း မနောဒွါရ၌ ထင်ပေါ်လာခြင်းသို့ ရောက်၏၊ သို့မဟုတ် အကုသိုလ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော (ငါးပါးသော) အာရုံသည် ငါးပါးသော ဒွါရ၌ ထင်ပေါ်လာခြင်းသို့ ရောက်၏။ ထိုသို့ ထင်ပေါ်လာသောအခါ ထိုပုဂ္ဂိုလ်အား အစဉ်အတိုင်း(ဖြစ်သော) စုတိ၏အဆုံး၌ ဒုဂ္ဂတိ၌ အကျုံးဝင်သော ထိုထင်ပေါ်သော အာရုံတို့တွင် တပါးပါးကို အာရုံပြုသော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏။ ဤသည်ကား အတိတ်လျှင် အာရုံရှိသော ဒုဂ္ဂတိစုတိ၏အခြားမဲ့၌ အတိတ်နှင့် ပစ္စုပ္ပန်လျှင် အာရုံရှိသော (ဒုဂ္ဂတိ)ပဋိသန္ဓေ၏ ဖြစ်ပုံ အခြင်းအရာပေတည်း၊ ဤမျှသော စကားအစဉ်ဖြင့် ၁၉-ပါး အပြားရှိသည်လည်းဖြစ်သော ဝိညာဏ်၏ ပဋိသန္ဓေကိစ္စအားဖြင့် ဖြစ်ခြင်းကို ပြအပ်ပြီး ဖြစ်ပေပြီ။

၆၂၈။ ထိုဆိုခဲ့သော အလုံးစုံလည်းဖြစ်သော ဤဝိပါက်ဝိညာဏ်သည် ဤဆိုခဲ့သောနည်းဖြင့်-

ပဋိသန္ဓေခဏ၌ ဖြစ်လတ်သော် နှစ်ပါးအပြားအားဖြင့် (ကျေးဇူးပြုသော) ကံကြောင့် ဖြစ်၏။ ထို့ပြင် မိဿ(ရောသောပဋိသန္ဓေ) အစရှိကုန်သော အပြားတို့ဖြင့် ဤဝိပါက်ဝိညာဏ်၏ ဒုဝိဓ (၂-ပါးအပြား) အစရှိသော အပြားကို (သိအပ်၏)။

     ထိုအကျဉ်းချုပ် (ဂါထာ)စကား၏ အကျယ်ကား- ၁၉-အပါး အပြားရှိသည်လည်းဖြစ်သော ဤဝိပါက် ဝိညာဏ်သည် ပဋိသန္ဓေခဏ၌ ဖြစ်လတ်သော် နှစ်ပါးအပြားအားဖြင့် (ကျေးဇူးပြုသော) ကံကြောင့် ဖြစ်၏။ မှန်ပေ၏၊ မိမိနှင့်ဆိုင်သော ဇနက (ဖြစ်စေတတ်သော) ကံသည် ဤဝိပါက်ဝိညာဏ်အား နာနာက္ခဏိက ကမ္မပစ္စည်းဖြင့်၎င်း၊ ပကတူပနိဿယ ပစ္စည်းဖြင့်၎င်း ကျေးဇူးပြုပေ၏။ (မပြရသေးသော) သာဓကကို ပြရလျှင်-


မှတ်ချက်

     ၁- စုတိ၏ အဆုံး၌.. ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်၏-ဟု စပ်ပါ။

     ၂- အကျုံးဝင်သော.. ပဋိသန္ဓေစိတ်သည်-ဟု စပ်ပါ။

     ၃- သန္ဓိမှိ- ပဋိသန္ဓိမှိ-ဟု ရှိသောပါဌ်နှင့်အညီ ပြန်အပ်သော အနက်ပေတည်း။ ပြည်မူနိဿယ၌ကား ပဋိသန္ဓေအားဖြင့်-ဟု ပြန်၍ တတိယာအနက်၌ သတ္တမီဝိဘတ်ဟု ဆို၏။

     ၄- နာနာက္ခဏိက ကမ္မပစ္စည်း၏ သာဓကပါဌ်ကို ဝိပါက်ဝိညာဏ်သရုပ် ပြရာ၌ ကုသလဿ ကမ္မဿ ကဋတ္တာ အစရှိသည်ဖြင့် ပြခဲ့ပြီးဖြစ်သောကြောင့် မပြရသေးသော ပကတူပနိဿယပစ္စည်း၏ သာဓကပါဌ်ကိုသာ ဤအရာ၌ ထုတ်ပြသည်။ (ဋီကာ)

၁၂၄

''ကုသိုလ် အကုသိုလ်ကံသည် ဝိပါက်အား ဥပနိဿယပစ္စည်း(သတ္တိ)ဖြင့် ကျေးဇူးပြု၏''ဟူသော ဤစကားကို (မြတ်စွာဘုရား) ဟောတော်မူ(အပ်)ပေ၏။ ထိုမှတပါး ဤသို့ (ကံကြောင့်)ဖြစ်သော ဤဝိညာဏ်၏ မိဿ(ရုပ်နှင့်ရောသော ပဋိသန္ဓေ) အစရှိကုန်သော အပြားတို့ဖြင့်... ဒုဝိဓ (၂-ပါးအပြား) အစရှိသော အပြားကို သိအပ်၏။

     ထိုအပြားကား အဘယ်နည်းဟူမူ? ဤဝိပါက် ဝိညာဏ်သည် ပဋိသန္ဓေ၏ အစွမ်းအားဖြင့် တပါးသာ ဖြစ်ငြားသော်လည်း ရုပ်နှင့်တကွ ရော-မရော (မိဿ-အမိဿ) အပြားအားဖြင့် ၂-ပါးအပြားရှိ၏။ ကာမဘဝ ရူပဘဝ အရူပဘဝတို့၏ အပြားအားဖြင့် ၃-ပါးအပြားရှိ၏။ ဥမှပေါက်ဖွားသော အဏ္ဍဇယောနိ, သူငယ်အိမ်-အချင်းမှ ပေါက်ဖွားသော ဇလာဗုဇယောနိ, အညှိမှ ပေါက်ဖွားသော သံသေဒဇယောနိ, အနီး၌ ကျလာသကဲ့သို့ ကိုယ်ထင်ရှား အပြည့်အစုံဖြစ်သော ဩပပါတိကယောနိတို့၏ အစွမ်းအားဖြင့် ၄-ပါး အပြားရှိ၏၊ (နိရယ- ပေတ- တိရစ္ဆာန- ဒေဝ- မနုဿ)ဂတိတို့၏ အစွမ်းအားဖြင့် ၅-ပါးအပြားရှိ၏။ ဝိညာဏ်၏တည်ရာ- ဝိညာဏဋ္ဌိတိတို့၏ အစွမ်းအားဖြင့် ၇-ပါး အပြားရှိ၏။ သတ္တဝါတို့၏နေရာ သတ္တဝါသတို့၏ အစွမ်းအားဖြင့် ၈-ပါး အပြားရှိ၏။

၆၂၉။ ထိုမိဿနှင့် အမိဿ ပဋိသန္ဓေဝိညာဏ် ၂-ပါးတို့တွင်-

မိဿ (ရုပ်နှင့်ရောသော ပဋိသန္ဓေဝိညာဏ်)သည် ဘာဝရုပ် (ရှိ-မရှိ) အပြားအားဖြင့် ၂-ပါး အပြားရှိ၏။ ထို၂-ပါးတို့တွင် သ-ဘာဝ (ဘာဝရုပ်ရှိသော ပဋိသန္ဓေ) ဝိညာဏ်သည်လည်း ၂-ပါး အပြားရှိပြန်၏။ အစ(၌ ဆိုခဲ့သော မိဿ-ပဋိသန္ဓေဝိညာဏ်)နှင့်တကွ အယုတ်အနည်းအားဖြင့် ဒသကကလာပ်တို့သည် ၂-ခုဖြစ်စေ၊ ၃-ခုဖြစ်စေ (ဖြစ်ကုန်၏)။

     ချဲ့၍ပြအံ့၊ မိဿသည် ဘာဝရုပ် အပြားအားဖြင့် ၂ပါး အပြားရှိ၏ ဟူသည်ကား- ဤဆိုခဲ့သော မိဿ(ရုပ်နှင့်ရောသော) ပဋိသန္ဓေဝိညာဏ်နှင့် အမိဿ (ရုပ်နှင့်မရောသော) ပဋိသန္ဓေဝိညာဏ်တို့တွင် မိဿ-ပဋိသန္ဓေဝိညာဏ်သည် အရူပဘဝကို ကြဉ်၍၊ ဝါ၊ အရူပမှ တပါးသော ဘဝတို့၌ ဖြစ်၏


မှတ်ချက်

     ၁- အရူပဘဝသည် အမိဿပဋိသန္ဓေ၏ ဖြစ်ရာဌာန ဖြစ်သည်၊ ယင်းအမိဿမှာ အပြားမရှိ။

၁၂၅

ထိုမိဿ-ပဋိသန္ဓေ ဝိညာဏ်သည် ရူပဘဝ၌ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေဟု ဆိုအပ်သော ဘာဝရုပ်နှင့်ကင်း၍ ဖြစ်ခြင်းကြောင့်၎င်း၊ ကာမဘဝ၌ ဇာတိပဏ္ဍုက်၏ ပဋိသန္ဓေကိုကြဉ်၍၊ ဝါ၊ ဇာတိပဏ္ဍုက်၏ ပဋိသန္ဓေမှ တပါးဆိုလျှင် ဘာဝရုပ်နှင့်တကွသာ ဖြစ်ခြင်းကြောင့်၎င်း သ-ဘာဝ-ဘာဝရုပ်ရှိသော ပဋိသန္ဓေဝိညာဏ်, အ-ဘာဝ-ဘာဝရုပ်မရှိသော ပဋိသန္ဓေဝိညာဏ်ဟု ၂-ပါး အပြားရှိ၏။

     [၁၈၅] ထို၂-ပါးတို့တွင် သ-ဘာဝဝိညာဏ်သည်လည်း ၂-ပါးအပြားရှိပြန်၏ ဟူသည်ကား- ထို ၂-ပါးတို့တွင်လည်း သ-ဘာဝ ပဋိသန္ဓေဝိညာဏ်သည် အမဖြစ်ကြောင်း- ဣတ္ထိဘာဝရုပ်, အထီးဖြစ်ကြောင်း- ပုမ္ဘာဝရုပ်တို့တွင် တပါးပါးနှင့်တကွ ဖြစ်ခြင်းကြောင့် ၂-ပါး အပြားရှိသည်ပင်လျှင် ဖြစ်ပြန်၏။

     အစနှင့်တကွ အယုတ်-အနည်းအားဖြင့် ဒသကကလာပ်တို့သည် ၂-ခုဖြစ်စေ ၃-ခုဖြစ်စေ ဟူသည်ကား- မိဿ အမိဿဟူသော ဒုက်(တစုံ)၌ အစဖြစ်သော ရူပမိဿ-ရုပ်နှင့်ရောသော အကြင် ပဋိသန္ဓေဝိညာဏ်သည် (ရှိ၏)၊ ထို ပဋိသန္ဓေဝိညာဏ်နှင့်တကွ ဝတ္ထုဒသက ကာယဒသကတို့၏ အစွမ်းအားဖြင့် ဒသကကလာပ် ၂-ခုတို့သည်သော်၎င်း၊ ဝတ္ထုဒသက ကာယဒသက ဘာဝဒသကတို့၏ အစွမ်းအားဖြင့် ဒသကကလာပ် ၃-ခုတို့သည်သော်၎င်း အယုတ်ဆုံး အနည်းဆုံးအားဖြင့် ဖြစ်ကုန်၏။ ဤဒသကကလာပ် ၂-ခု ၃-ခုအောက် ရုပ်တို့၏ ယုတ်လျော့ခြင်းမည်သည် မရှိတော့ပေ။ ဆက်ဦးအံ့။ ဤဆိုခဲ့သည့်အတိုင်း အယုတ်ဆုံး- အနည်းဆုံးဖြစ်သော ထိုရုပ်ကလာပ်


မှတ်ချက်

     ၁- ပဋိသန္ဓေကာလကပင် ဘာဝရုပ် မပါခဲ့သောသူကို ဇာတိပဏ္ဍုက်ခေါ်သည်။ မွေးပြီးသည့်နောက်မှ သို့မဟုတ် ဘာဝရုပ် ဖြစ်ပြီးသည့်နောက်မှ သင်းကွပ်ခြင်း စသည်ကြောင့် ဘာဝရုပ်ချို့တဲ့သောသူကို ဩပက္ကမိကပဏ္ဍုက် ဟု ခေါ်သည်။ ထို ဩပက္ကမိကပဏ္ဍုက်ကို စင်စေရန် ဤသို့ဆိုသည် ဖြစ်ရာ၏။

     ၂- ဘာဝရုပ် ချို့သူအား ဒသကကလာပ် ၂ခု၊ မချို့သူအား ၃-ခု ဖြစ်သည်၊ ဂဗ္ဘသေယျကကို ရည်၍ဆိုသော စကားဖြစ်သည်။ အခြား ပဋိသန္ဓေတို့၌ ကလာပ်များစွာပင် တပြိုင်နက် ဖြစ်ကြသည်။ ဂါဝုတ်များစွာ ပမာဏရှိသော ဗြဟ္မာ့ကိုယ်၌ ကလာပ်ပေါင်းများစွာပင် တပြိုင်နက်ဖြစ်ကုန်၏။

၁၂၆

အတိုင်းအရှည်သည် ဖြစ်လတ်သော် အဏ္ဍဇ ဇလာဗုဇ အမည်ရှိသော ၂-ပါးသော ယောနိတို့၌ ဇာတိဥဏ္ဏာခေါ် သိုးမွေး၏ တခုသောအမျှင်ဖြင့် (နှစ်၍) ထုတ်ယူအပ်သော ထောပတ်ကြည်ပမာဏရှိလျက် ကလလ-ရေကြည်ဟု ရအပ်သော အမည်ရှိလျက် ဖြစ်ပေါ်၏။ (ယောနိတို့၌ ဖြစ်ပေါ်၏ဟု ဆိုခဲ့သော) ထိုရှေ့စကားရပ်၌ ယောနိတို့၏ ဂတိအစွမ်းအားဖြင့် ဖြစ်သင့်-မဖြစ်သင့် အပြားကို သိအပ်၏။

     ၆၃ဝ။ သိအပ်သော ထိုအပြားကား- ထိုယောနိနှင့် ဂတိတို့တွင်


မှတ်ချက်

     ၁- ဖြစ်လတ်သော်.. ၂-ပါးသော ယောနိတို့၌.. ပမာဏရှိလျက်.. အမည်ရှိလျက် ဖြစ်ပေါ်၏-ဟု စပ်ပါ။

     ၂- ထိုနေ့၌ မွေးခါစသိုး၏ အမွေးကို ဇာတိဥဏ္ဏာခေါ်သည် (ကေစိဝါဒ)၊ ဟိမဝန္တာအရပ်၌ ဇာတိမန္တ မျိုးသန့်သိုး၏ အမွေးကို ဇာတိဥဏ္ဏာခေါ်သည် (အပရေဝါဒ)၊ အမိ၏ ဝမ်းဗိုက်ကို ခွဲ၍ ထုတ်ယူအပ်သော သိုးငယ်၏ အမွေးကို ဇာတိဥဏ္ဏာခေါ်သည် (အညေဝါဒ။ ဝိသုဒ္ဓိမဂ်ဋီကာ) ဤဝါဒ ၃-ခုတို့တွင် အပရေဝါဒကို မူလဋီ ဒု၊ ၁၇-၌ တွေ့ရ၏။

     ၃- ဤဝါကျကို အဖြောင့်အားဖြင့်ဆိုလျှင် ''ဤဆိုခဲ့သည့်အတိုင်း ရုပ်ကလာပ် ၂-ခု ၃-ခု အပေါင်းသည် အဏ္ဍဇ ဇလာဗုဇ ယောနိတို့၌ ဖြစ်၏၊ ဇာတိဥဏ္ဏာ- သိုးမွေးတမျှင်ဖြင့် နှစ်၍ယူအပ်သော ထောပတ်ကြည်ပမာဏ ရှိ၏၊ ယင်းကို ကလလ-ရေကြည်ဟူ၍လည်း ခေါ်၏''ဟု ဆိုနိုင်၏။ ဤကလလ-ရေကြည်၏ ပမာဏကို သမ္မောဟဝိနောဒနီ နှာ ၂ဝ-၌လည်း အလားတူပင် ပြထားသည်။ အနောက်တိုင်း ဆရာဝန်တို့ကမူ အိုဗာခေါ်သော အမိ၏ သွေးဥနှင့် အဖ၏ သုက်ပိုးတကောင်- သုက်မှုန့်တခုတို့ ပေါင်းစပ်ရာမှ ပဋိသန္ဓေဖြစ်လာသည်ဟု ဆိုကြ၏။ ယင်း သွေးဥနှင့် သုက်မှုန့်တခု စပ်ပြီးသော ဝတ္ထုကိုလည်း ပကတိမျက်စိဖြင့် မမြင်နိုင်အောင် အလွန်သေးငယ်သည်ဟု ဆိုကြ၏။ ထိုဆရာတို့၏ အဆိုနှင့် နှီးနှော၍ ယူလိုလျှင် ယင်းသွေးဥ သုက်မှုန့် ၂-မျိုးစပ်ဝတ္ထုထဲ၌ ဒသကကလာပ် ၂-ခု ၃-ခု ကံကြောင့်ဖြစ်ပေါ်သည်ဟု ယူသင့်၏။ ထိုသို့ယူလျှင် ''အယံ ခေါ မေ ကာယော ရူပီ-ငါ၏ ဤ ရုပ်ကိုယ်သည်၊ စတုမဟာဘူတိကော- ဓာတ် ၄-ပါးဖြင့် ပြီး၏၊ မာတာပေတ္တိကသမ္ဘဝေါ- မိဘတို့၏ သုက်သွေး၌ ဖြစ်၏''ဟု ဟောထားသော သီလက္ခန်ပါဠိ (၇၂) စသည်နှင့် ညီညွတ်၍၎င်း၊ မိဘတို့၏ ရုပ်ရေ အသွေးအရောင် အသွင်နှင့် တူပုံတို့ကို ထောက်ဆ၍၎င်း သင့်လျော်သည်ဟု ဆိုသင့်ပေ၏။

၁၂၇

နိရယဂတိခေါ် ငရဲ၌(၎င်း)၊ ဘုမ္မဇိုဝ်းနတ်မှ တပါးသော ဒေဝဂတိဆိုင်ရာ နတ်တို့၌၎င်း၊ (အဏ္ဍဇ ဇလာဗုဇ သံသေဒဇ-ဟူသော) ရှေးပိုင်း ယောနိ ၃-ပါးတို့ မရှိကုန်။ (ကြွင်းသော တိရစ္ဆာန ပေတ မနုဿ-ဟူသော) ဂတိ ၃-ပါး၌ ယောနိ လေးပါးလုံးတို့သည်လည်း ရှိကုန်၏။

     ထိုအကျဉ်းချုပ် (ဂါထာ)စကားရပ်၌ နတ်တို့၌၎င်း ဟူရာဝယ် ၎င်း-ဟူသော သဒ္ဒါဖြင့် ငရဲ၌၎င်း ဘုမ္မဇိုဝ်းမှ တပါးသော နတ်တို့၌၎င်း (မရှိကုန်သ)ကဲ့သို့ ဤအတူပင် အမြဲ မီးလောင်ခံရ၍ ဆာလောင်ခြင်းရှိကြသော (နိဇ္ဈာမတဏှိက) ပြိတ္တာတို့၌လည်း ရှေးပိုင်း ယောနိ ၃-ပါးတို့ မရှိကြဟု သိအပ်၏။ မှန်ပေ၏၊ ထိုနိဇ္ဈာမတဏှိက ပြိတ္တာတို့သည် ဥပပါတ်တို့သာလျှင် ဖြစ်ကုန်၏။ ကြွင်းသော တိရစ္ဆာန် ပြိတ္တာ လူ-ဟု ဆိုအပ်သောဂတိ ၃-ပါး၌၎င်း၊ ရှေးဝါကျ၌ ကြဉ်ခဲ့သော ဘုမ္မဇိုဝ်းနတ်တို့၌၎င်း ယောနိ လေးပါးလုံးတို့သည်လည်း ရှိကုန်၏။ ထိုယောနိတို့တွင်-

(ဥပပါတ်ယောနိရှိသော) ရူပဗြဟ္မာတို့၌ သုံးဆယ်သော ရုပ်တို့သည်၎င်း၊ ကိုးပါးသော ရုပ်တို့သည်၎င်း (ပဋိသန္ဓေစိတ်နှင့်တကွ ဖြစ်ကုန်၏)။ ထိုမှ တပါးကုန်သော သံသေဒဇယောနိ ဥပပါတ်ယောနိရှိသော သတ္တဝါတို့၌ အလွန်ဆုံး- အများဆုံးအားဖြင့် ခုနစ်ဆယ်သော ရုပ်တို့သည် (ပဋိသန္ဓေစိတ်နှင့်တကွ ဖြစ်ကုန်၏)၊ သို့မဟုတ် အယုတ်ဆုံး- အနည်းဆုံးအားဖြင့် သုံးဆယ်သော ရုပ်တို့သည်သော်လည်း (ဖြစ်ကုန်၏)။

     ရှေးဦးစွာ (ပြသင့်သော) ဥပပါတ်ယောနိရှိသော သတ္တဝါတို့၌ အတွင်းဝင်သော ရူပဗြဟ္မာတို့၌ စက္ခုဒသက သောတဒသက ဝတ္ထုဒသကတို့နှင့် ဇီဝိတနဝက ကလာပ်အားဖြင့် ၄-ပါးသော ကလာပ်တို့၏ အစွမ်းဖြင့် သုံးဆယ်သော ရုပ်တို့သည်၎င်း၊ ကိုးပါးသော ရုပ်တို့သည်၎င်း ပဋိသန္ဓေစိတ်နှင့် အတူတကွ


မှတ်ချက်

     ၁- ၎င်း-ဟူသော သဒ္ဒါဖြင့်.. ပြိတ္တာတို့၌လည်း.. မရှိကြဟု သိအပ်၏-ဟု စပ်ပါ။

     ၂- နိ-အမြဲ + ဈာမ- မီးလောင်ခံရသည် + တဏှာ-ဆာလောင်ခြင်း + ဣက-ရှိသည် = နိဇ္ဈာမတဏှိက- အမြဲ မီးလောင်ခံနေရလျက် ဆာလောင်ခြင်းလည်း များနေသော ပြိတ္တာ။

     ၃- အထ ဝါ-မှ အထ-ကို သို့မဟုတ်ဟု ပြန်၍ ဝါ-ကို တိံသ-နှင့်တွဲ၍ တိံသ ဝါ- သုံးဆယ်တို့သည်သော်လည်း-ဟု ပြန်သည်။

၁၂၈

ဖြစ်ကုန်၏။ ထိုမှတပါး ရူပဗြဟ္မာတို့ကို ထား၍ တပါးကုန်သော သံသေဒဇယောနိ ဥပပါတ်ယောနိ ရှိကုန်သော သတ္တဝါတို့၌ အလွန်ဆုံး- အများဆုံးအားဖြင့် စက္ခုဒသက သောတဒသက ဃာနဒသက ဇိဝှါဒသက ကာယဒသက ဝတ္ထုဒသက ဘာဝဒသကတို့၏ အစွမ်းအားဖြင့် ခုနစ်ဆယ်သော ရုပ်တို့သည် (ဖြစ်ကုန်၏)၊ ထိုရုပ်ခုနစ်ဆယ်တို့သည်လည်း (ကောင်းကင်တည် ကာမာဝစရ)နတ်တို့၌ အမြဲတမ်းပင် (ဖြစ်ကုန်၏)။ (စက္ခုဒသက အစရှိသော) ထိုရှေ့စကားရပ်၌ အဆင်း အနံ့ အရသာ ဩဇာ ဓာတ်ကြီး၄-ပါး စက္ခုပသာဒ ဇီဝိတရုပ်ဟူသော ရုပ်ဆယ်ခု အတိုင်းအရှည်ရှိသော ဤရုပ်အစု- ရုပ်အပေါင်းသည် စက္ခုဒသကကလာပ် (မျက်စိနှင့်တကွ ရုပ်ဆယ်ခုအပေါင်း) မည်၏။ ကြွင်းသော ဒသကကလာပ် နဝကကလာပ်တို့ကို နည်းတူပင် [၁၈၆] သိအပ်ကုန်၏။ အယုတ်ဆုံး- အနည်းဆုံးအားဖြင့်မူကား ပဋိသန္ဓေကန်း ပဋိသန္ဓေနားပင်းဖြစ်လျက် ပဋိသန္ဓေအားဖြင့် ဃာနပသာဒချို့သူ နပုန်းအား (ပဋိသန္ဓေကပင် မျက်စိ နား နှာ ချို့ခဲ့သော နပုန်းအား) ဇိဝှါဒသက ကာယဒသက ဝတ္ထုဒသကတို့၏ အစွမ်းအားဖြင့် သုံးဆယ်သောရုပ်တို့သည် ဖြစ်ကုန်၏။ ထို့ပြင် အလွန်ဆုံး အယုတ်ဆုံးတို့၏ အလယ်ကြား၌ သင့်လျော်သော အထူးကြံခြင်းကို သိအပ်သေး၏

     ၆၃၁။ ဤဆိုခဲ့သည့်အတိုင်း သိနားလည်ပြီးလျှင် တဖန်-


မှတ်ချက်

     ၁- တပါးကုန်သော.. ဥပပါတ်ယောနိ ရှိကုန်သော-ဟု စပ်ပါ။ ဗြဟ္မာ့လောက၌ သံသေဒဇ မရှိ၊ ဥပပါတ်သာ ရှိသည်၊ ထိုဥပပါတ်ဗြဟ္မာ့တို့မှ တပါးဆိုလျှင် ဥပပါတ်ယောနိရှိသော သတ္တဝါတို့ကိုသာ ရသည်။

     ၂- ပဋိသန္ဓေမှ မျက်စိကန်းခဲ့လျှင် ကလာပ် ၆-စည်း၊ ရုပ် ၆ဝ၊ နားပင်းခဲ့လျှင်၊ ဃာနချို့ခဲ့လျှင်၊ ဘာဝချို့ခဲ့လျှင် ထို့အတူပင် ကလာပ် ၆-စည်း၊ ရုပ် ၆ဝ ဖြစ်သည်ဟူ၍၎င်း၊ စက္ခု သောတ ၂-ပါးချို့ခဲ့လျှင်၊ စက္ခု ဃာန၊ စက္ခု ဘာဝ ၂-ပါးချို့ခဲ့လျှင်၊ သောတ ဃာန၊ သောတ ဘာဝ၊ ဃာန ဘာဝ ၂-ပါးချို့ခဲ့လျှင် ကလာပ် ၅-စည်း၊ ရုပ် ၅ဝ ဖြစ်သည်ဟူ၍၎င်း ဤသို့ စသည်ဖြင့်ကြံ၍ ယူရန် ညွှန်ပြသည်။

     ၃- တဖန်.. အထူးကို သိအပ်၏-ဟု စပ်ပါ။

၁၂၉

ခန္ဓာ အာရုံ ဂတိ ဟိတ် ဝေဒနာ ပီတိ ဝိတက် ဝိစာရတို့ဖြင့် စုတိနှင့် ပဋိသန္ဓေတို့၏ အချင်းချင်း ကွဲပြား-မကွဲပြားသော အထူးကို သိအပ်၏

     ချဲ့၍ပြအံ့၊ မိဿ အမိဿအားဖြင့် ၂-ပါးအပြားရှိသော ပဋိသန္ဓေနှင့် ယင်းပဋိသန္ဓေ၏ အတိတ် အခြားမဲ့ဖြစ်သော စုတိတို့၏ ဤဆိုခဲ့သော ခန္ဓာစသည်တို့ဖြင့် ကွဲပြား-မကွဲပြားသော အထူးကို သိအပ်၏။ ဤကား ထိုဂါထာ၏ အနက်ပေတည်း။

     အဘယ်သို့ သိအပ်သနည်းဟူမူ? တရံတခါ ခန္ဓာ ၄-ပါးရှိသော အရူပစုတိ၏ အခြားမဲ့၌ ခန္ဓာ ၄-ပါး ရှိသည်ပင်လျှင်ဖြစ်သော အာရုံအားဖြင့်လည်း မကွဲပြားသော ပဋိသန္ဓေသည် ဖြစ်၏၊ တရံတခါ မဟဂ္ဂုတ်မဟုတ်သည့် ဗဟိဒ္ဓ အာရုံရှိသော (ပဌမအရူပစုတိ၏ အခြားမဲ့၌) မဟဂ္ဂုတ် အဇ္ဈတ္တလျှင် အာရုံရှိသော (ဒုတိယ စတုတ္ထ အရူပပဋိသန္ဓေသည် ဖြစ်၏)။ ဤသည်ကား ရှေးဦးစွာ အရူပဘုံတို့၌သာလျှင် သိကြောင်းဖြစ်သော နည်းပေတည်း

     ထိုမှတပါး တရံတခါ ခန္ဓာ ၄-ပါးရှိသော အရူပစုတိ၏ အခြားမဲ့၌ ခန္ဓာ ၅-ပါးရှိသော ကာမာဝစရ ပဋိသန္ဓေသည် (ဖြစ်၏)။ တရံတခါ ခန္ဓာ ၅-ပါးရှိသော ကာမာဝစရ စုတိ၏သော်၎င်း၊ ရူပါဝစရ စုတိ၏သော်၎င်း အခြားမဲ့၌


မှတ်ချက်

     ၁- နောက် အကျယ်ပြရာ၌ ဉာတဗ္ဗော-ဟု ဖွင့်သောကြောင့် ဤ၌ ပရိညေယျော-ကို သိအပ်၏-ဟူ၍သာ ပြန်သည်။ ပရိ-သဒ္ဒါ အနက်ထူးမရှိဟု ယူသည်။

     ၂- အရူပ ၄-ဘုံတွင် ထိုထိုဘုံမှ စုတေပြီးလျှင် ထိုထိုဘုံ၌ပင် ပြန်၍ဖြစ်သော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် ဆိုသည်။ (ဋီကာ) ဒုတိယဘုံမှ စတုတ္ထဘုံသို့ တက်၍ဖြစ်သော ပုဂ္ဂိုလ်၏ စုတိ ပဋိသန္ဓေကိုလည်း ယူလျှင် သင့်ရာ၏။ ဤဝါကျဖြင့် ခန္ဓာနှင့် အာရုံ ၂-ပါးလုံး တူသည်ကို ပြသည်။

     ၃- ခန္ဓာသာတူ၍ အာရုံကွဲသည်ကို ပြသည်။

     ၄- ဤဆိုခဲ့သည့်အတိုင်း နည်းအမြွက်မျှကို ပြပြီးဖြစ်သောကြောင့် ဆိုပြီးကို၎င်း, မဆိုရသေးသည်ကို၎င်း အလုံးစုံကို သိမ်းရုံး၍ ဤဝါကျကို ဆိုသည်။ (ဋီကာ)

     ၅- ဤစကားဖြင့် ခန္ဓာနှင့် အာရုံ ၂-ပါးလုံးကွဲသည်ကို ပြသည်။

၁၃၀

ခန္ဓာ ၄ပါးရှိသော အရူပပဋိသန္ဓေသည် (ဖြစ်၏)။ ဤအတူပင် အတိတ်လျှင် အာရုံရှိသော စုတိ၏(အခြားမဲ့၌) ပစ္စုပ္ပန်လျှင် အာရုံရှိသော ပဋိသန္ဓေသည် ဖြစ်၏။ အချို့ သုဂတိစုတိ၏ (အခြားမဲ့၌) အချို့ ဒုဂ္ဂတိပဋိသန္ဓေသည် (ဖြစ်၏)။ အဟိတ်စုတိ၏ (အခြားမဲ့၌) သဟိတ်ပဋိသန္ဓေသည် (ဖြစ်၏)။ ဒွိဟိတ်စုတိ၏ (အခြားမဲ့၌) တိဟိတ်ပဋိသန္ဓေသည် (ဖြစ်၏)။ ဥပေက္ခာသဟဂုတ်စုတိ၏ (အခြားမဲ့၌) သောမနဿသဟဂုတ် ပဋိသန္ဓေသည် (ဖြစ်၏)။ ပီတိမရှိသော စုတိ၏ (အခြားမဲ့၌) ပီတိရှိသော ပဋိသန္ဓေသည် (ဖြစ်၏)။ ဝိတက်မရှိသော စုတိ၏ (အခြားမဲ့၌) ဝိတက်ရှိသော ပဋိသန္ဓေသည် (ဖြစ်၏)။ ဝိစာရမရှိသော စုတိ၏ (အခြားမဲ့၌) ဝိစာရရှိသော ပဋိသန္ဓေသည် (ဖြစ်၏)။ ဝိတက် ဝိစာရ မရှိသော စုတိ၏ (အခြားမဲ့၌) ဝိတက် ဝိစာရရှိသော ပဋိသန္ဓေသည် (ဖြစ်၏)။


မှတ်ချက်

     ၁- ဤစကားဖြင့်လည်း ခန္ဓာနှင့် အာရုံ ၂-ပါးလုံးကွဲသည်ကိုပင် ပြန်လှန်သောအားဖြင့် ပြသည်။

     ၂- ဤမှစ၍ ကဒါစိ-တရံတခါ-ဟု မဆိုတော့ပဲ ရှေးနည်းကိုမှီ၍ သိရန် အကျဉ်းချုံးပြသည်၊ ထို့ကြောင့် ဧဝံ-ကို ဤအတူ-ဟု ပြန်သည်။

     ၃- ဤစကားဖြင့် အာရုံကွဲပုံကို အမြွက်မျှ ပြခြင်းဖြစ်သည်၊ အပြည့်အစုံပြခြင်းကား မဟုတ်ပေ။

     ၄- ဤ၌ အချို့-ဟု ဆိုခြင်း၏ အကျိုးကို ရှာသင့်၏။ ဤအရာ၌ ဤသို့သောအဓိပ္ပါယ် ဖြစ်ရာ၏- နာနတ္တကာယ- နာနတ္တသညီတို့၌ ဟောထားသော အချို့သော ဝိနိပါတိကတို့သည် တိဟိတ်စသော ပဋိသန္ဓေ ရှိကုန်၏။ ယင်းတို့၏ ပဋိသန္ဓေကို ဝိနိပါတိက(ချင်း သဘောတူသည်)၏ အဖြစ်ဖြင့် ဒုဂ္ဂတိပဋိသန္ဓေဟု ယူပြီးလျှင် (နစ်စေရန် ဆိုသည်-၌စပ်) ထိုဝိနိပါတိက ပဋိသန္ဓေသည်လည်း အချို့ သုဂတိစုတိ၏ အခြားမဲ့၌သာ မဟုတ်ပဲ သုဂတိစုတိအားလုံး၏ အခြားမဲ့၌ ဖြစ်သောကြောင့် ထိုဝိနိပါတိက ပဋိသေန္ဓေကို နစ်စေရန် အချို့ ဒုဂ္ဂတိ-ဟု ဆိုသည်။ မှန်ပေ၏၊ အပါယ်ပဋိသန္ဓေသည်သာလျှင် အချို့ သုဂတိစုတိ၏ အခြားမဲ့၌ ဖြစ်သည်၊ (ရူပ-အရူပနှင့်တကွ) အလုံးစုံသော သုဂတိစုတိ၏ အခြားမဲ့၌ မဖြစ်နိုင်ပေ။ တနည်းကား ဒုဂ္ဂတိပဋိသန္ဓေသည် အချို့သုဂတိစုတိ၏ အခြားမဲ့၌လည်း ဖြစ်၏၊ ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌လည်း ဖြစ်၏၊ ဤသို့ ၂-ပါးအပြားရှိ၏။ ထိုတွင် နောက် ပဋိသန္ဓေကို ကြဉ်၍ ရှေးပဋိသန္ဓေကိုသာလျှင် ယူခြင်းငှါ အချို့ ဒုဂ္ဂတိပဋိသန္ဓေ-ဟု ဆိုအပ်ပေသည်။ (ဋီကာ)

၁၃၁

ဤသို့အားဖြင့်၎င်း, ထိုထိုပြဆိုခဲ့သော ကွဲပြားခြင်းအထူး၏ ပြန်လှန်ခြင်းအားဖြင့်၎င်း ယှဉ်သင့်သည်အားလျော်စွာ ယှဉ်စေအပ်၏

အတိတ်ဘဝမှ ပြောင်းရွှေ့မလာကြောင်း

၆၃၂။ ဤဆိုခဲ့သည့်အတိုင်း ဤဝိညာဏ်သည် ရအပ်သော (အဝိဇ္ဇာအစရှိသော) အကြောင်းရှိသည်ဖြစ်၍ သဘောတရားမျှ (ဖြစ်လတ်သော်) ဘဝတပါးသို့ ကပ်ရောက်သည်ဟူ၍ (ဆိုအပ်၏)။ ထိုဝိညာဏ်၏ ထိုအတိတ်ဘဝမှ ပြောင်းရွှေ့လာခြင်းမည်သည် မရှိ၊ ထိုရှေးဘဝမှ အကြောင်းနှင့်၊ ဝါ၊ ထိုရှေးဘဝ၌ (ပြီးခဲ့သော) အကြောင်းနှင့် ကင်း၍လည်း မဖြစ်ပေ။

     ချဲ့၍ပြအံ့၊ ဤဆိုခဲ့သည့်အတိုင်း ဤဝိညာဏ်သည် ရအပ်သော (အဝိဇ္ဇာ စသည်နှင့်တကွ သင်္ခါရဟူသော) အကြောင်းရှိသည်ဖြစ်၍၊ ဝါ၊ အကြောင်းကို ရသည်ဖြစ်၍ ရုပ်နာမ်သဘောတရားမျှ ဖြစ်လတ်သော် ဘဝတပါးသို့


မှတ်ချက်

     ၁- အချို့ သုဂတိစုတိ၏ အခြားမဲ့၌ အချို့ ဒုဂ္ဂတိပဋိသန္ဓေသည် ဖြစ်၏-ဤသို့သော ကွဲပြားခြင်းအထူးတို့၌ အချို့ ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌ အချို့ သုဂတိပဋိသန္ဓေသည် ဖြစ်၏-ဤသို့ စသည်ဖြင့် သင့်လျော်ရာကို ယှဉ်စေအပ်၏။ မဟဂ္ဂုတ်မဟုတ်သည့် ဗဟိဒ္ဓအာရုံရှိသော စုတိ၏အခြားမဲ့၌ မဟဂ္ဂုတ် အဇ္ဈတ္တအာရုံရှိသော ပဋိသန္ဓေသည် ဖြစ်၏- ဤသို့ စသည်တို့၌ အပြန်အလှန် ယှဉ်စေခြင်းကို မပြုအပ်၊ အကြောင်းမူကား- မဟဂ္ဂုတ် အဇ္ဈတ္တအာရုံ ရှိသော စုတိ၏ အခြားမဲ့၌ မဟဂ္ဂုတ်မဟုတ်သည့် ဗဟိဒ္ဓအာရုံရှိသော ပဋိသန္ဓေသည် အရူပဘုံတို့၌ မရှိသောကြောင့်ပေတည်း။ အတိတ်လျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ ပစ္စုပ္ပန်လျှင် အာရုံရှိသော ပဋိသန္ဓေသည် ဖြစ်၏-ဟူသော ဤကွဲပြားခြင်း အထူး၏လည်း အပြန်အလှန် ယှဉ်ဖွယ်မရှိသည်သာ။ (ဋီကာ) အချို့ကို ချန်ထားသည်။ မကွဲပြားခြင်း-တူခြင်း အထူးကိုလည်း သိလွယ်သောကြောင့် ဤ၌ မပြခြင်းဖြစ်သည်။

     ၂- ဧတံ ဝိညာဏံ- ဤဝိညာဏ်သည်၊ အဝိဇ္ဇာဒိသဟကာရိကာရဏဿ သင်္ခါရဿ ဝသေန- အဝိဇ္ဇာအစရှိသော အတူပြုဖော်ပြုဖက် အကြောင်းရှိသော သင်္ခါရ၏ အစွမ်းအားဖြင့်၊ လဒ္ဓပစ္စယံ-ရအပ်သော အကြောင်းရှိသည် ဖြစ်၍၊ ဗာဟိရကပရိကပ္ပိတဿ အဓိတိဋ္ဌနကဿ- သာသနပတိတ္ထိတို့ ကြံဆအပ်သော စီမံခန့်ခွဲတတ်သော အတ္တ၏ (ဋီကာပါဌ်၌ အဓိပတိဋ္ဌနကဿ-ဟု ပ-ပိုနေသည်)၊

၁၃၂

ကပ်ရောက်သည်ဟု ဆိုအပ်၏၊ သတ္တဝါ ဖြစ်ပေါ်သည်မဟုတ်၊ ဇီဝခေါ်သော အသက်ကောင် ဖြစ်ပေါ်သည်မဟုတ်။ သည်မျှသာမကသေး၊ ထိုဝိညာဏ်၏ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ ပြောင်းရွှေ့လာခြင်းသည်လည်း မရှိ၊ ထိုအတိတ်ဘဝမှ၊ ဝါ၊ ထိုအတိတ်ဘဝ၌ (ပြီးခဲ့သော) အကြောင်းနှင့် ကင်း၍လည်း ဤပစ္စုပ္ပန်ဘဝ၌ ထင်ရှားဖြစ်ခြင်းမည်သည် မရှိပေ။ ထိုဝိညာဏ်(၏ ဖြစ်ပုံ)ကို ထင်ရှားသော လူ၏ စုတိပဋိသန္ဓေအစဉ်ဖြင့် ပြကုန်အံ့။

     [၁၈၇] အတိတ်ဘဝ၌ မိမိ၏ ပင်ကိုသဘောအားဖြင့်သော်၎င်း၊ ဝါ၊ သူ့အလိုလိုသော်၎င်း၊ (မိမိ သူတပါးတို့၏) သေကြောင်းလုံ့လပြုမှုဖြင့်သော်၎င်း


မှတ်ချက်

အဘာဝတော- မရှိခြင်းကြောင့်၊ ရူပါရူပဓမ္မမတ္တံ- ရုပ်နာမ်သဘောတရားမျှသည်-ဟု ဤသို့ ဖွင့်ပြသော ဋီကာနှင့်အညီ ပြန်ဆိုထားသော ပြည်မူနိဿယအတိုင်း ဝိညာဏ်ကို ပဓာနပြု၍ ပြန်ဆိုအပ်သော အနက်ဖြစ်သည်။ ထိုပြန်ဆိုချက်မှာ ပဋိသန္ဓေဝိညာဏ်ကို ပြဆိုနေသော အခဏ်းဖြစ်သောကြောင့် သင့်သည်ဟူ၍ပင် ဆိုဖွယ်ရှိပေ၏။ သို့သော်လည်း ဧတံ ဝိညာဏံ-နှင့် ဓမ္မမတ္တံသည် အရတူဖြစ်သင့်ပါလျက် ရူပါရူပဓမ္မမတ္တံ-ဟု ဖွင့်ပြထားသောကြောင့် အရတူဟူ၍လည်း မဆိုနိုင်၊ အရမတူပဲ ကွဲသည်-ဟူ၍လည်း ဆိုရန်ခက်သည်။ ဤအရာ၌ ပဋိသန္ဓေ ရုပ်နာမ်အားလုံးကိုပင် အဋ္ဌကထာဆရာ ရည်သည်ဟူ၍လည်း ဆိုသင့်၏။ ထို့ကြောင့် ဧတံ-နှင့် ဓမ္မမတ္တံ-ကို အရတူတွဲ၍ အောက်ပါအတိုင်းပြန်လျှင် သာ၍သင့်လျော်ရာ၏။

     ဤဆိုခဲ့သည့်အတိုင်း ရအပ်သော အကြောင်းရှိသည်ဖြစ်၍ (အသစ် ဖြစ်ပေါ်လတ်သော်၊ ဝါ၊ အသစ်ဖြစ်ပေါ်လာသော) ဤသဘောတရားမျှကို ''ဘဝတပါးသို့ ကပ်ရောက်သည်''ဟု (ဆိုအပ်၏)။

     ၁- ဤဝါကျ၌လည်း အောက်ပါအတိုင်းပြန်လျှင် သာ၍ သင့်လျော်ရာ၏- ချဲ့၍ပြအံ့၊ ဤဆိုခဲ့သည့်အတိုင်း ရအပ်သော (အဝိဇ္ဇာ စသည်နှင့်တကွ သင်္ခါရ-ဟူသော) အကြောင်းရှိသည်ဖြစ်၍၊ ဝါ၊ အကြောင်းကို ရသည်ဖြစ်၍ အသစ်ဖြစ်ပေါ်လတ်သော်၊ ဝါ၊ အသစ်ဖြစ်ပေါ်လာသော ဤရုပ်နာမ် သဘောတရားမျှကို ''ဘဝတပါးသို့ ကပ်ရောက်သည်''ဟု ဆိုအပ်၏။

     ဤ၌ ဥပ္ပဇ္ဇမာနံ- ဖြစ်ပေါ်သည်-ဟူသော အဖွင့်ဖြင့် ရှေးဘဝမှ ပြောင်းရွှေ့လာသော အဟောင်းမဟုတ်- အသစ်ဖြစ်ကြောင်း ထင်ရှားသိစေလို၏၊ ထို့ကြောင့် ထိုအနက်ပေါ်စေရန် အသစ်-ဟူသော စကားပါထည့်၍ ပြန်ထားသည်။

၁၃၃

နီးသော သေခြင်းရှိသည်ဖြစ်၍၊ ဝါ၊ သေလုနီးဖြစ်၍ သည်းမခံနိုင်လောက်အောင် ပြင်းထန်ကုန်သော အလုံးစုံသော အင်္ဂါကြီးငယ် အစပ်တို့၏ အဖွဲ့တို့ကို ဖြတ်တတ်ကုန်သော သေခါနီး၌ဖြစ်သော ဝေဒနာတည်းဟူသော ဓားတို့၏ ကျရောက်ခြင်း- ဖြစ်ခြင်းကို သည်းမခံနိုင်သောလူ၏ နေပူထဲ၌ ပစ်ချထားအပ်သော ထန်းရွက်စိမ်း ထန်းရွက်စိုကဲ့သို့ အစဉ်အတိုင်း ခြောက်သွေ့ဆဲဖြစ်နေသော ကိုယ်၌ စက္ခုစသော ဣန္ဒြေတို့ ချုပ်ကုန်လတ်သော်၊ ဝါ၊ ချုပ်ကုန်သကဲ့သို့ ဖြစ်လတ်သော်၄ ဟဒယဝတ္ထု၏တည်ရာ အရပ်မျှ၌ ကာယိန္ဒြေ မနိန္ဒြေ ဇီဝိတိန္ဒြေတို့ တည်ကုန်လတ်သော် ထိုခဏ၌ ကြွင်းကျန်လျက်ရှိသော ယဒယဝတ္ထုကိုမှီသော ဝိညာဏ်သည် (မာတုဃာတကတံ စသည်နှင့် မဟဂ္ဂုတ်ကံဟူသော) ဂရုကံ (မပြတ်မှီဝဲအပ်သော) အာစိဏ္ဏကံ (သေခါနီး၌ ပြုအပ်သော) အာသန္နကံ (ရှေးဘဝ၌ ပြုခဲ့သော) ကဋတ္တာကံတို့တွင် တပါးပါးသော ကြွင်းသော အဝိဇ္ဇာစသော အကြောင်းကိုရသည့် သင်္ခါရဟုဆိုအပ်သော ကံကိုဖြစ်စေ၊ ထိုကံက ထင်စေအပ်သော ကမ္မနိမိတ် ဂတိနိမိတ်(တို့တွင် တပါးပါး)ဟုဆိုအပ်သော အာရုံကိုဖြစ်စေ အာရုံပြု၍ ဖြစ်၏။ ဤဆိုခဲ့သည့်အတိုင်း


မှတ်ချက်

     ၁- သေလုနီးဖြစ်၍.. သည်းမခံနိုင်သော လူ၏-ဟု စပ်ပါ။

     ၂- ပြင်းထန်ကုန်သော.. ဝေဒနာတည်းဟူသော ဓားတို့၏-ဟု စပ်ပါ။

     ၃- ရှေး ပဋိညာဉ်ဝါကျ၌ ''လူ၏ စုတိ ပဋိသန္ဓေ''ဟု ဆိုခဲ့သောကြောင့် ဤ၌ အသဟန္တဿ-ကို သည်းမခံနိုင်သော လူ၏-ဟု ဖော်၍ ပြန်သည်။ လူ၏-ဟူသော ထိုပုဒ်ကို ကိုယ်၌-ဟူသော ပုဒ်နှင့် စပ်ပါ။

     ၄- ဤ၌ ပဌမအနက်သည် နိရုဒ္ဓေသု-ဟူသော ပါဌ်အရ အတိအကျပြန်သော အနက်ဖြစ်သည်၊ လူ့လောက၌ သေခါနီးမှာ အများအားဖြင့် မျက်စိစသည်က အလျင် ချုပ်ဖွယ်ရှိ၏၊ ထိုအများချုပ်ဟန်ကို ဆိုသည်ဟု ယူလျှင် အတိအကျပြန်သော ထိုအနက် သင့်ရာ၏။ သို့သော် ပဉ္စဒွါရဝီထိနောင် စုတိဖြစ်ပုံကို ပြသောစကားတို့နှင့် မဆန့်ကျင်စေရန် ဋီကာတို့၌ ''အလွန်နုံ့စွာဖြစ်ခြင်းသို့ ရောက်သည်ကို ရည်၍ ဆိုသည်''ဟု ဖွင့်ပြထားကြသည်နှင့် ညီစေလိုသောကြောင့် ''ချုပ်ကုန်သကဲ့သို့ ဖြစ်လတ်သော်''ဟု ဒုတိယအနက်ကို ထပ်ဆင့်၍ ပြထားသည်။

     ၅- ဝိညာဏ်သည်.. အာရုံပြု၍ ဖြစ်၏-ဟု စပ်ပါ။

     ၆- တပါးပါးသော.. ကံကို-ဟု စပ်ပါ။

၁၃၄

ဖြစ်နေသော ထိုဝိညာဏ်ကို တဏှာနှင့် အဝိဇ္ဇာတို့ကို မပယ်ရသေးသောကြောင့် အဝိဇ္ဇာက ဖုံးကွယ်အပ်သော အပြစ်ရှိသော ထိုကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံ၌ တဏှာက ညွတ်စေ၏၊ စုတိ၏အနီး ဇောဝိညာဏ်နှင့် တကွဖြစ်သော သင်္ခါရတို့သည် (ထိုဝိညာဏ်ကို ထိုကံအစရှိသော အာရုံ၌) ပစ်ချကုန်၏။ (မရဏာသန္နဇော စုတိ ပဋိသန္ဓေဟူသော) စိတ်အစဉ်၏ အစွမ်းအားဖြင့် တဏှာက ညွတ်စေအပ်သည်ဖြစ်၍ သင်္ခါရတို့က ပစ်ချအပ်သည်ဖြစ်၍၊ ဝါ၊ ပစ်ချအပ်သော ထိုဝိညာဏ်သည် ဤဘက်ကမ်း သစ်ပင်၌ ဖွဲ့ချည်အပ်သော ကြိုးကို ဆွဲကိုင်၍ မြောင်းကို ခုန်ကျော်သော သူကဲ့သို့ ရှေးဘဝ၌ဖြစ်သော မှီရာဝတ္ထုကိုလည်း စွန့်၏၊ ကံက ဖြစ်စေအပ်သော တပါးသော (နောက်ဘဝ) မှီရာဝတ္ထုကို ရောက်သည် ဖြစ်၍သော်၎င်း မရောက်သည် ဖြစ်၍သော်၎င်း အာရမ္မဏ အစရှိသော၊ ဝါ၊ အာရုံသမ္ပယုတ်ကံဟူသော


မှတ်ချက်

     ၁- ဝိညာဏ်ကို.. ညွတ်စေ၏.. ပစ်ချကုန်၏-ဟု စပ်ပါ။

     ၂- ဤဟိတ်ကို အဝိဇ္ဇာက ဖုံးကွယ်-နှင့်၎င်း၊ တဏှာက ညွတ်စေ-နှင့်၎င်း စပ်ပါ။

     ၃- သဟဇာတသင်္ခါရတို့ ဟူသည်ကား စုတိအနီး ဇောဝိညာဏ်နှင့် တကွဖြစ်ကုန်သော စေတနာတို့ပေတည်း၊ တနည်း အလုံးစုံလည်းဖြစ်ကုန်သော ဖဿအစရှိသော တရားတို့ပေတည်း။ (ဋီကာ) ဤဋီကာနှင့်အညီ စုတိအနီး ဇောဝိညာဏ်နှင့် တကွဖြစ်ကုန်သော စေတနာတို့ကို သို့မဟုတ် ထိုဇောဝိညာဏ်တို့နှင့် တကွဖြစ်သော ဖဿအစရှိသော စေတသိက်တို့ကို သင်္ခါရဟု ဆိုသည်၊ ထိုသင်္ခါရတို့က စိတ်ဝိညာဏ်ကို ပဋိသန္ဓေ၏ တည်ရာဖြစ်သော ကံအစရှိသော အာရုံ၌ ပစ်ချကြသည်- ပစ်ချကြသကဲ့သို့ ဖြစ်ကြသည်-ဟူ၍ သိအပ်၏။

     ၄- တဏှာက ညွတ်စေသည်၊ သင်္ခါရတို့က ပစ်ချသည်-ဟူသည်မှာ စိတ်တခုတည်းကို ဆိုသည်မဟုတ်၊ မရဏာသန္နေဇော စုတိ ပဋိသန္ဓေဟူသော ဤစိတ်အစဉ် အလိုအားဖြင့် ညွတ်စေသည်၊ ပစ်ချသည်ဟု ဆိုလို၏။

     ၅-၆- ဟဒယဝတ္ထုဟု ဆိုအပ်သော မှီရာကို ပဉ္စဝေါကာရဘဝ၌ ရောက်သည်- ရသည်ဖြစ်၍၎င်း၊ စတုဝေါကာရဘဝ၌ မရောက်သည်- မရသည်ဖြစ်၍၎င်း သက်သက် အာရုံ သမ္ပယုတ်တရားနှင့် ကံဟူသော အကြောင်းတရားတို့ကြောင့်သာလျှင် မပြတ်ဖြစ်သွား၏။ ထိုစကားထဲ၌ အဿာဒယမာနံ- ဟူသည်ကား ပါပုဏန္တံ-ရောက်သည်၊ ပဋိလဘမာနံ-ရသည်(ဖြစ်၍)၊ ဤကား အနက်။ (ဋီကာ)

၁၃၅

ပစ္စည်း (အကြောင်းတရား)တို့ကြောင့်သာလျှင် (အဆက်မပြတ်) ဖြစ်သွား၏။

     ဆက်၍ ရှင်းဦးအံ့၊ ဤစုတိနှင့် ပဋိသန္ဓေဝိညာဏ်တို့တွင် ရှေးဝိညာဏ်ကို ထင်ရှားရှိသော ဘဝမှ ရွေ့လျော- ပျက်စီးသွားခြင်းကြောင့် စုတိစိတ်ဟု ခေါ်ဆိုအပ်၏၊ နောက်ဝိညာဏ်ကို ဘဝတပါး-ဘဝသစ်၏ အစစွာ အစပ်ဖြစ်သောကြောင့်၊ ဝါ၊ ဘဝတပါး ယောနိတပါး ဂတိတပါး စသည်တို့ကို ဆက်စပ်တတ်သောကြောင့် ပဋိသန္ဓေစိတ်ဟု ခေါ်ဆိုအပ်၏။ ထိုသို့ ဘဝသစ်၌ဖြစ်သော ဤစိတ်ဝိညာဏ်သည် ရှေးဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ လာသည်လည်းမဟုတ်၊ ထိုရှေးဘဝမှ ကံ သင်္ခါရ (တဏှာဖြင့်)ညွတ်ခြင်း ကံစသော အာရုံအစရှိသော အကြောင်းကို ကြဉ်၍၊ ဝါ၊ အကြောင်းနှင့်ကင်း၍ ထင်ရှားဖြစ်ပေါ်လာသည်လည်း မဟုတ်ဟူ၍ သိအပ်ပေသည်။

ပဲ့တင်သံစသည် ဥပမာ

၆၃၃။ ဤသို့ (ပဋိသန္ဓေဝိညာဏ်၏ ရှေးဘဝမှ မလာခြင်း, ရှေးဘဝမှ အကြောင်းနှင့်လည်း မကင်းမူ၍) ဖြစ်ခြင်း၌ ပဲ့တင်သံ စသည်တို့သည် ပုံတူဥပမာတို့ ဖြစ်ကြပေသည်။ ထို့ပြင် အစဉ်သန္တာန်၏ စပ်ခြင်းကြောင့် တခုတည်း- တယောက်တည်း၏ အဖြစ်သည်လည်း မရှိ၊ ကွဲပြားသည်၏ အဖြစ်သည်လည်း မရှိပေ။

     ချဲ့၍ပြအံ့၊ ဤပဋိသန္ဓေဝိညာဏ်၏ ရှေးဘဝမှ ဤဘဝသို့ မလာခြင်းနှင့် အတိတ်ဘဝ၌ အကျုံးဝင်သော အကြောင်းတို့ကြောင့် ဖြစ်ခြင်းဟူသော ဤအရာ၌ ပဲ့တင်သံ ဆီမီးလျှံ တံဆိပ်ရေး မျက်နှာရိပ်လျှင် အတူရှိကုန်သော သဘောတရား- အရာဝတ္ထုတို့သည် ပုံတူဥပမာတို့ ဖြစ်ကြပေသည်၊ ရှင်းဦးအံ့၊ ပဲ့တင်သံ ဆီမီးလျှံ တံဆိပ်ရေး မျက်နှာရိပ်တို့သည် မူလအသံစသည်လျှင် အကြောင်းရှိကုန်သည်ဖြစ်၍ ဖြစ်ပေါ်ကုန်၏။ အကြောင်း၏တည်ရာ အရပ်တပါးသို့ မသွားမူ၍၊ ဝါ၊ အကြောင်း၏တည်ရာမှ တပါးသောအရပ်သို့


မှတ်ချက်

     ၁- ဤဥပမာစကားဖြင့် ပဋိသန္ဓေစိတ်သည် ရှေးဘဝက အကြောင်းနှင့် မကင်းမူ၍ ဖြစ်သည်ကို နှိုင်းယှဉ်၍ သိစေ၏၊ သိလွယ်၏၊ ထင်ရှား၏။

၁၃၆

မသွားမူ၍ ဖြစ်ပေါ်ကုန်သကဲ့သို့ ဤပဋိသန္ဓေစိတ် ဝိညာဏ်သည်လည်း ဤအတူပင် ဖြစ်ပေသည်။

     ထို့ပြင် ဤသို့ဖြစ်ရာ၌ အစဉ်သန္တာန်၏ စပ်ခြင်းကြောင့် တခုတည်း- တယောက်တည်း အဖြစ်သည်လည်း မရှိ၊ ကွဲပြားသည်၏ အဖြစ်သည်လည်း မရှိပေ။ အစဉ်သန္တာန်ဖြင့် စပ်ခြင်းရှိလျှင် စင်စစ် တခုတည်း- တယောက်တည်း တူသည်၏အဖြစ်သည် အကယ်၍ ဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် နို့ရည်မှဖြစ်သော နို့ဓမ်းမည်သည် မရှိလေရာ။ သို့မဟုတ် စင်စစ် ကွဲပြားသည်၏ အဖြစ်သည်လည်း အကယ်၍ ဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် နို့ဓမ်းသည် နို့ရည်နှင့် စပ်သည် မဖြစ်လေရာ။ အလုံးစုံသော အကြောင်းနှင့် အကြောင်းကြောင့်ဖြစ်သော အကျိုးတို့၌ (အပြစ်ရောက်ပုံမှာ) ဤနည်းပင်တည်း။


မှတ်ချက်

     ၁- ဤဥပမာ စကားဖြင့် ရှေးဘဝမှ တရားများ ပြောင်းရွှေ့မလာပုံကို နှိုင်းယှဉ်၍ သိစေ၏။ သို့သော် ဤစကားကို သဘောပေါက် နားလည်ရန် ခက်၏။ ထို့ကြောင့် ဋီကာဖွင့်ပုံကို ထုတ်ပြဦးအံ့။ ဟောန္တိ အညတြ အဂန္တွာ-ဟူသည်ကား မူလအသံ အစရှိသော အကြောင်း၏အရပ်သို့ မသွား-မရောက်မူ၍ အသံစသည်လျှင် အကြောင်းရှိကုန်၏၊ (အဘယ်ကြောင့်ဆိုသော်) ထိုဖြစ်ပေါ်သည်မှ ရှေး၌ မရှိသေးခြင်းကြောင့်ပေတည်း။ ဤအတူပင် ဤပဋိသန္ဓေ ဝိညာဏ်သည်လည်း အကြောင်း၏အရပ်သို့ မသွား-မရောက်မူ၍ ထို အဝိဇ္ဇာအစရှိသော အကြောင်းကြောင့် ဖြစ်၏၊ (အဘယ့်ကြောင့်ဆိုသော်) ထိုဖြစ်ပေါ်သည်မှ ရှေး၌ မရှိသေးခြင်းကြောင့်ပေတည်း။ ထို့ကြောင့် ဤပဋိသန္ဓေဝိညာဏ်သည် အကြောင်း၏ အရပ်ဖြစ်သော ရှေးဘဝမှ ဤဘဝသို့ လာခဲ့သည်မဟုတ်၊ (ဥပမာ) ပဲ့တင်သံ စသည်တို့သည် မူလရင်းအသံစသည်၏ အရပ်မှ မလာကုန်သကဲ့သို့ပင်တည်း၊ ထိုရှေးဘဝ၌ (ပြီးခဲ့သော) အကြောင်းနှင့်ကင်း၍ ဖြစ်သည်လည်း မဟုတ်။ (ဥပမာ) မူလရင်းအသံ စသည်နှင့်ကင်း၍ ပဲ့တင်သံစသည်တို့ မဖြစ်ကြသကဲ့သို့ပင်တည်း။ ဤကားအနက်။ တနည်းကား- ဟောန္တိ အညတြ အဂန္တွာ-ဟူသည်ကား မဖြစ်သေးမီ ရှေးကာလ၌ အကြောင်း၏အရပ်၌ စုဝေးတည်ရှိနေပြီးလျှင် ထိုအရပ်မှ တပါးသောအရပ်သို့ သွား၍ ထိုအကြောင်းကြောင့် ဖြစ်ကြသည် မဟုတ်ကုန်၊ (အဘယ့်ကြောင့်ဆိုသော်) ဖြစ်ပေါ်သည်မှ ရှေးကာလ၌ မရှိသေးခြင်းကြောင့်ပေတည်း။ မူလအသံရင်း စသည်ကြောင့် မဖြစ်ကြသည်လည်း မဟုတ်ကုန်သကဲ့သို့ ဤပဋိသန္ဓေဝိညာဏ်သည် ဤအတူပင်တည်း။ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ယှဉ်စေအပ်၏။ (ဋီကာ)

၁၃၇

ဆက်၍ အပြစ်ကို ဖော်ပြဦးအံ့၊ ဤဆိုခဲ့သည့်အတိုင်း ၂-စွန်း ၂-ဖက်လုံး အပြစ်ရောက်ခဲ့သော် (''သလေးနီ၏မျိုးစေ့၊ သလေးနီ၏အသီး'' ဤသို့ အစရှိသော) အလုံးစုံသော လောကဝေါဟာရ၏ ကျေပျက်ခြင်းသည် [၁၈၈] ဖြစ်လေရာ၏။ ထိုသို့ လောကဝေါဟာရ၏ ပျက်ခြင်းကိုလည်း အလိုမရှိအပ်ပေ။ ထို့ကြောင့် (အစဉ်သန္တာန်ဖြင့်စပ်သော အကြောင်းနှင့် အကျိုးဖြစ်သော) ဤဝိညာဏ်တို့၌ စင်စစ် တခုတည်းအဖြစ် တူသည်၏အဖြစ်ကို၎င်း စင်စစ် ကွဲပြားသည်၏ အဖြစ်ကို၎င်း မယူအပ်ပေ။

အရေးပါသော စောဒနာနှင့် ဖြေရှင်းချက်

     ၆၃၄။ ဤအရာ၌ (ရပ်တန့်၍ စောဒကသည် စောဒနာကို) ဆို၏၊ (ဆိုပုံကား)- ဘဝဟောင်းမှ ဘဝသစ်သို့ မပြောင်းပဲ ဘဝသစ်၌ ဝိညာဏ်အသစ်၏ ထင်ရှားဖြစ်ခြင်း ဟုတ်ပါမူ ဤလူ့အတ္တဘော၌ ရှိကြသော ခန္ဓာဟောင်းတို့၏ ချုပ်ကုန်ပြီး ဖြစ်ကြသောကြောင့်၎င်း၊ အကျိုး(ဝိညာဏ်)၏ အကြောင်းဖြစ်သော ကံ၏ ထို(အကျိုးဝိညာဏ်ဖြစ်ရာ ဘဝသစ်)သို့ မသွားခြင်း- မရောက်ခြင်းကြောင့်၎င်း ထိုဝိညာဏ်သည် (ကံကို ပြုခဲ့သော သူမှ) တပါးသောသူ၏ အကျိုးသည်လည်း ဖြစ်ရာ၏၊ (ပြုအပ်ခဲ့သော ကံမှ) တပါးသောအကြောင်းကြောင့် ဖြစ်သည်လည်း ဖြစ်ရာ၏။ သည်မျှသာမကသေး၊ (သဘောတရားမျှ ဖြစ်လတ်သော် ဘဝတပါးသို့ ကပ်ရောက်သည်-ဟု ဆိုအပ်ကြောင်း ဆရာသည်ပင် ဆိုအပ်ခဲ့သောကြောင့် အကျိုးကို)ခံစားသူ မရှိလျှင် ထိုအကျိုးသည် အဘယ်သူ၏အကျိုး ဖြစ်ရာသနည်း၊ ထို့ကြောင့် (သဘောတရားမျှသာ ဖြစ်ပေါ်လျက် ဘဝတပါးသို့ ကပ်ရောက်သည်၊ သတ္တဝါ အသက်ကောင်ဖြစ်သည် မဟုတ်၊ ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ခြင်းမရှိ-ဟု ဆိုသော) ဤအစီရင်- ဤအဆိုသည် မကောင်းပါ-ဟု ဆို၏။ ထိုစောဒနာ၌ ဤအဖြေကို ဆိုအပ်ပေ၏-

တခုသော အစဉ်သန္တာန်၌ (ဖြစ်ပေါ်လာသော) အကျိုးသည် တပါးသောသန္တာန်၏ အကျိုးမဟုတ်၊ (ထိုသန္တာန်၌ ဖြစ်ခဲ့သော ပြုမှုကံမှ) တပါးသော အကြောင်းကြောင့်လည်း ဖြစ်သည်မဟုတ်၊ မျိုးစေ့တို့ကို ပြုပြင်စိုက်ပျိုးခြင်းသည် ဤအနက်ကို ပြီးစေနိုင်ပေ၏။


မှတ်ချက်

     ၁- စာပိုဒ်နံပါတ် ၆၃၂-၌ ဆိုခဲ့သည်။

၁၃၈

     ချဲ့၍ပြအံ့၊ တခုသော အစဉ်သန္တာန်၌ အကျိုးဖြစ်လတ်သော်၊ ဝါ၊ ဖြစ်ပေါ်လာသော အကျိုးသည် ထို(ကံဖြစ်ရာ တရားအစု အစဉ်သန္တာန်)၌ စင်စစ် တခုတည်း တူသည်၏အဖြစ်နှင့် ထူးခြား ကွဲပြားသည်၏ အဖြစ်တို့ကို ပယ်မြစ် ထားသောကြောင့် တပါးသောသန္တာန်- တပါးသောသူ၏ (အကျိုး)ဟူ၍၎င်း၊ တပါးသော အကြောင်းကြောင့် (ဖြစ်သည်)ဟူ၍၎င်း (ဆိုအပ်-ဆိုသင့်သည်) မဖြစ်ပေ။ အကြောင်းယုတ္တိကား- ဤဆိုခဲ့သော အနက်ကို မျိုးစေ့တို့ကို ပြုပြင်စိုက်ပျိုးခြင်းက ပြီးစေနိုင်ပါသည်။ ချဲ့၍ပြအံ့၊ သရက်စေ့ စသည်တို့ကို ပြုပြင်စိုက်ပျိုးခြင်းတို့ကို ပြုလျှင် ထိုမျိုးစေ့၏ အစဉ်သန္တာန်၌ ရအပ်သော အကြောင်းရှိပါမူ၊ ဝါ၊ အကြောင်းညီညွတ်ပါမူ နောင်အခါတပါး၌ အကျိုးထူး-အသီးထူး ဖြစ်ပေါ်လာလတ်သော်၊ ဝါ၊ ဖြစ်ပေါ်လာသော အကျိုးထူး-အသီးထူးသည် အခြားတပါးသော မျိုးစေ့တို့၏ အကျိုး-အသီး မဟုတ်ပေ၊ အခြားတပါးသော မျိုးစေ့ကို ပြုပြင်စိုက်ပျိုးခြင်းကြောင့် ဖြစ်သည်လည်း မဟုတ်ပေ။ သို့သော် ထိုမျိုးစေ့များနှင့် ထိုပြုပြင်စိုက်ပျိုးမှုတို့သည် အသီးသီးရာဌာနသို့ကား မရောက်ကြကုန်။ ဤဥပမာအတူပင် ဥပမေယျဖြစ်သော ဤအနက်သဘော၏ ပြီးစီးပုံကို သိအပ်ပေသည်။ သည်မျှသာမကသေး၊ သူငယ်၏ကိုယ်၌ ကပ်ယှဉ် ထည့်သွင်းပေးအပ်ကုန်သည်ဖြစ်၍ နောင်အခါတပါးဝယ် လူကြီး၏ကိုယ် စသည်တို့၌ အကျိုးကို ပေးတတ်ကုန်သော


မှတ်ချက်

     ၁- အကျိုးသည်.. (ဆိုအပ်-ဆိုသင့်သည်) မဖြစ်ပေ-ဟု စပ်ပါ။

     ၂- စတုမဓုရခေါ် အချိုလေးမျိုးနှင့် ချိပ်ရည်စသည်ဖြင့် ထုံစေခြင်းသည့် သရက်နှင့် မာတုလုင်္ဂခေါ် ရှောက်ပန်းစသော မျိုးစေ့တို့ကို အထူးပြုပြင် စိုက်ပျိုးခြင်းမည်၏။ ဤဥပမာ၌ ကံရှိသော သတ္တဝါသည် အထူးပြုပြင် စိုက်ပျိုးအပ်သော မျိုးစေ့နှင့်တူ၏၊ ကံသည် အထူးပြုပြင် စိုက်ပျိုးခြင်းနှင့်တူ၏၊ သတ္တဝါ၏ ပဋိသန္ဓေဝိညာဏ် အစရှိသော အစဉ်သည် မျိုးစေ့၏ အညှောက်အစရှိသော အစဉ်နှင့်တူ၏၊ ထိုမျိုးစေ့၏ အညှောက်စသော အစဉ်၌ ဖြစ်သော ချိုသော သရက်သီး၏၎င်း၊ နီသော အမွှာရှိသော ရှောက်ပန်းသီး၏၎င်း ဖြစ်ခြင်းသည် ထိုသရက်မျိုးစေ့ ရှောက်ပန်းမျိုးစေ့၏သာလျှင် ဖြစ်ခြင်းကဲ့သို့၎င်း၊ ထိုအထူးပြုပြင် စိုက်ပျိုးခြင်းကြောင့်သာလျှင် ဖြစ်ခြင်းကဲ့သို့၎င်း၊ ဝိညာဏ်အစရှိသော အကျိုး၏ ဖြစ်ခြင်းကို ကံကိုပြုသော သတ္တဝါ၏သာလျှင် ဖြစ်ခြင်းဟူ၍၎င်း၊ ထိုကံကြောင့်သာလျှင် ဖြစ်ခြင်းဟူ၍၎င်း သိအပ်၏။ (ဋီကာ)

၁၃၉

ပညာ အတတ် ဆေး စသည်တို့ဖြင့်လည်း ဤဆိုခဲ့သော အနက်(ပြီးစီးခြင်း)ကို သိအပ်သေး၏

     ခံစားသူမရှိလျှင် ထိုအကျိုးသည် အဘယ်သူ၏အကျိုး ဖြစ်ရာသနည်း-ဟု ဆိုသော ထိုစကား၌လည်း-

အကျိုး၏ ဖြစ်ပေါ်ခြင်းဖြင့်ပင်လျှင် သုံးဆောင်သည်ဟု သမုတ်ခြင်း- ခေါ်ဆိုခြင်းသည် ပြီး၏။ သစ်ပင်၏ အသီးဖြစ်ပေါ်ခြင်းဖြင့် သီးသည်ဟု သမုတ်ခြင်း- ခေါ်ဆိုခြင်း ပြီးသကဲ့သို့ပင်တည်း။

     ချဲ့၍ပြအံ့၊ သစ်ပင်ဟု ဆိုအပ်ကုန်သော ရုပ်သဘောတရားတို့၏ တစိတ်ဖြစ်သော သစ်သီး၏ ဖြစ်ပေါ်ခြင်းဖြင့်ပင်လျှင် သစ်ပင်သီးသည်ဟူ၍၎င်း အသီးရှိသည်ဟူ၍၎င်း ခေါ်ဆိုအပ်သကဲ့သို့ ထို့အတူ နတ်လူဟု ဆိုအပ်ကုန်သော


မှတ်ချက်

     ၁- သူငယ်၏ကိုယ်၌ ပြုအပ်သော ဝိဇ္ဇာခေါ် ပညာကိုသင်ခြင်း, သိပ္ပခေါ် အတတ်ကို သင်ယူလေ့လာခြင်း, ဆေးနှင့် ယှဉ်စေခြင်းတို့သည် ကြီးရင့်သောသူ၏ကိုယ်သို့ မရောက်ကုန်၊ သို့သော်လည်း ထိုသင်ယူလေ့လာခြင်း ယှဉ်စေခြင်းဟူသော အကြောင်းကြောင့် ပညာ၏ ထက်မြက်ခြင်း, အတတ်ကို တတ်သိနားလည်ခြင်း, အနာရောဂါကင်းခြင်းတို့သည် ကြီးရင့်သော လူကြီး၏ကိုယ်၌ ဖြစ်ကုန် ပြီးစီးကုန်၏။ ထိုပညာထက်မြက်ခြင်း စသည်တို့သည် အခြားသူအား ဖြစ်သည်မဟုတ်ကုန်၊ (အဘယ့်ကြောင့်နည်း?) ထိုသူငယ်၏ ရုပ်နာမ်အစဉ်သန္တာန်၌ အတွင်းဝင်သည်သာလျှင်ဖြစ်သော လူကြီး၏ကိုယ်၌ ဖြစ်ခြင်းကြောင့်ပေတည်း။ ထိုပညာ၏ ထက်မြက်ခြင်း စသည်တို့သည် ငယ်စဉ်က ယှဉ်စေခဲ့သော ပညာကိုသင်ခြင်း စသည်နှင့် ကင်း၍ တပါးသောအကြောင်းကြောင့် ဖြစ်ကြသည်လည်း မဟုတ်ပေ၊ (အဘယ်ကြောင့်နည်း?) ငယ်စဉ်က ပညာသင်ခြင်းစသည် မရှိခဲ့သော် ကြီးသောအခါ ပညာထက်မြက်ခြင်းစသော အကျိုး၏ မရှိခြင်းကြောင့်ပေတည်း။ ဤအတူပင် ဤအရာ၌လည်း (မရဏာသန္နဇော စုတိ ပဋိသန္ဓေစသော) စိတ်အစဉ်သန္တာန်၌ ဖြစ်ပေါ်လာသော ပဋိသန္ဓေဝိညာဏ်စသော အကျိုးသည် (ကံကိုပြုသူမှ) အခြားသူ၏ အကျိုးမဟုတ်၊ အခြားအကြောင်းကြောင့် ဖြစ်သည်လည်း မဟုတ်ဟု ယှဉ်စေအပ်၏။ စောဒနာဖွယ်အချက်ကို ဆက်၍ရှင်းဦးအံ့၊ ဤဥပမာစကားဖြင့် သင်္ခါရမရှိလျှင် အကျိုး၏ မရှိခြင်းကိုသာလျှင် ပြပေသည်၊ အခြားအကြောင်းကို ပယ်မြစ်ခြင်းကို ပြသည်ကား မဟုတ်ပေ။ (ဋီကာ)

၁၄၀

ခန္ဓာ၅-ပါး ၄-ပါးတို့၏ တစိတ်ဖြစ်သော၁ သုံးဆောင်ခြင်းဟု ဆိုအပ်သော ချမ်းသာဆင်းရဲဟူသော အကျိုး၏ ဖြစ်ပေါ်ခြင်းဖြင့်ပင်လျှင် လူသည် သို့မဟုတ် နတ်သည် သုံးဆောင်၏ဟူ၍၎င်း၊ ချမ်းသာ၏ ဆင်းရဲ၏ဟူ၍၎င်း ခေါ်ဆိုအပ်၏။ ထို့ကြောင့် ဤအရာ၌ ခန္ဓာတို့မှ တပါးသော သုံးဆောင်တတ်သူမည်သော (အတ္တ)ကတ္တားဖြင့် တစုံတခုသော အကျိုးမရှိဟု ဆိုအပ်၏။

     [၁၈၉] ၆၃၅။ ဤသို့ ဘဝဟောင်းမှ ပြောင်းရွှေ့လာခြင်းမရှိပဲ ဘဝသစ်၌ ထင်ရှားဖြစ်ခြင်းနှင့် ထိုသို့ဖြစ်ရာဝယ် စောဒနာဖွယ်ကို ဖြေရှင်းခြင်း သင့်လျော် ပြည့်စုံငြားသော်လည်း ဤသင်္ခါရတို့သည် ထင်ရှားရှိကုန်လျက်မူလည်း အကျိုးအား ကျေးဇူးပြုကုန်သလော၊ သို့မဟုတ် ထင်ရှားမရှိကုန်မူ၍ ကျေးဇူးပြုကုန်သလော။ အကယ်၍ ထင်ရှားရှိကုန်လျက် ကျေးဇူးပြုကြပါမူ ဖြစ်ဆဲခဏ၌ပင်လျှင် ထိုသင်္ခါရတို့၏ အကျိုးဝိပါက်သည် ဖြစ်ပေါ်ရာ၏၊ သို့မဟုတ် မရှိကုန်မူ၍ ကျေးဇူးပြုကြပါမူ (ထိုသင်္ခါရတို့) ဖြစ်ပေါ်သည်မှ ရှေးကာလ၌၎င်း၊ နောက်ကာလ၌၎င်း အမြဲတမ်း အကျိုးကို ဆောင်ပေးတတ် ဖြစ်ပေါ်စေတတ်သည် ဖြစ်ကုန်ရာ၏-ဟူ၍ အကြင် တစုံတယောက်သောသူသည် ဆိုရာ၏၊ ထိုသူကိုလည်း ဤသို့ ပြောကြား ဖြေဆိုအပ်၏-

ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့် ဤသင်္ခါရတို့သည် (အကျိုးအား) ကျေးဇူးပြုတတ်ကုန်၏၊ သို့သော် အမြဲတမ်း အကျိုးကို ဆောင်တတ်- ဖြစ်ပေါ်စေတတ်သည်ကား မဟုတ်ကြပေ။ ထိုအရာ၌ အာမခံခြင်း အစရှိသော ပုံတူ ဥပမာကို သိအပ်ပေ၏။

     ချဲ့၍ ပြအံ့၊ သင်္ခါရတို့သည် ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် မိမိ၏ အကျိုးအား ကျေးဇူး ပြုတတ်ကုန်၏၊ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်သော်၎င်း၊ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်သော်၎င်း (ကျေးဇူး ပြုတတ်ကြသည်ကား) မဟုတ်ကြပေ။ (မြတ်စွာဘုရား) ဟောတော်မူပုံကား- ''ကာမာဝစရကုသိုလ်ကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့် ဆည်းပူးအပ်ပြီးသည်၏ အဖြစ်ကြောင့် အကျိုးဝိပါက်ဖြစ်သော စက္ခုဝိညာဏ်သည် ဖြစ်ပေါ်၏'' ဤသို့ စသည်ပင်တည်း။ သို့သော်လည်း မိမိ၏ ထိုက်သင့်သော


မှတ်ချက်

     ၁- ဤ ဝိသေသနများကို အကျိုး၏-ဟူသော ဝိသေသျပုဒ်နှင့် စပ်ပါ။

၁၄၁

အကျိုးအား ကျေးဇူးပြုကြပြီးလျှင် တဖန် အကျိုးကို ဆောင်တတ် ဖြစ်စေတတ်သည်ကား မဟုတ်ကုန်၊ (အဘယ့်ကြောင့်ဆိုသော်) အကျိုးဝိပါက်ကို ရင့်ကျက်စေကြပြီး- ဖြစ်စေကြပြီးသောကြောင့်ပေတည်း။ ဆိုခဲ့သော ထိုအနက်သဘောကို ထင်ရှားစေရာ၌ အာမခံခြင်း အစရှိသော ဤဆိုလတံ့ဖြစ်သော ပုံတူဥပမာကို သိအပ်ပေ၏- လောက၌ အကြင်သူသည် တစုံတခုသော ပစ္စည်းဥစ္စာကို ပြန်လည်ပေးအပ်ရန်အတွက် အာမခံခြင်းကို ပြု၏၊ ဘဏ္ဍာ- အသုံးအဆောင်ကိုမူလည်း ဝယ်ယူ၏၊ အကြွေးကိုမူလည်း ချေးယူ၏၊ ထိုသူ၏ ထိုအာမခံခြင်း ဝယ်ယူခြင်း ချေးယူခြင်းကို ပြုခြင်းမျှသည်သာလျှင် ထိုသက်ဆိုင်သော ပစ္စည်းဥစ္စာကို ပေးအပ်ခြင်းစသည်၌ ကျေးဇူးပြုသော အကြောင်းဖြစ်ပေသည်။ အာမခံခြင်းစသော ကြိယာ၏ ထင်ရှားရှိခြင်း မရှိခြင်းသည် အကြောင်းမဟုတ်ပေ။ ထို့ပြင် ထိုသက်ဆိုင်သော ပစ္စည်းဥစ္စာကို ပေးအပ်ခြင်း စသည်မှ နောက်ကာလ၌လည်း တာဝန်ကို ဆောင်သည်- တာဝန်ရှိသည်သာလျှင် မဖြစ်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ပြန်လည်ပေးအပ်ခြင်း စသည်တို့ကို ပြုအပ်ပြီး ဖြစ်သောကြောင့်ပေတည်း။ ဤအတူပင် ပြုအပ်ပြီး ဖြစ်သောကြောင့်သာလျှင် သင်္ခါရတို့သည်လည်း မိမိ၏အကျိုးအား ကျေးဇူးပြုတတ်ကုန်၏၊ ထိုက်တန်သော အကျိုးကို ပေးသည်မှ နောက်ကာလ၌လည်း အကျိုးကို ဆောင်တတ်- ဖြစ်စေတတ်သည်ကား မဟုတ်ကြပေဟု သိအပ်၏။ ဤမျှသော စကားအစဉ်ဖြင့် မိဿ အမိဿတို့၏ အစွမ်းဖြင့် ၂-ပါးအားဖြင့်လည်း ဖြစ်သော ပဋိသန္ဓေဝိညာဏ်၏ သင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်ပုံကို ပြအပ်ပြီး ဖြစ်ပေပြီ။

ဝိညာဏ် ၃၂-ပါးလုံးဖြစ်ပုံကို ပေါင်း၍ပြဆိုခြင်း

     ၆၃၆။ ယခုအခါ ထို ၃၂-ပါးသော ဝိညာဏ်အလုံးစုံတို့၌ပင်လျှင် ဖြစ်ပေါ်နိုင်သည့် တွေဝေခြင်းကို ပယ်ဖျောက်ခြင်းအကျိုးငှါ-

ဘဝစသည်တို့၌ ပဋိသန္ဓေ ပဝတ္တိတို့၏ အစွမ်းအားဖြင့် ဤဆိုခဲ့သော သင်္ခါရတို့သည် အကြင် ဝိပါက် ဝိညာဏ်တို့အား ကျေးဇူးပြုကုန်၏၊


မှတ်ချက်

     ၁-၂- ဤစကား ၂-ရပ်ဖြင့် ''အာမခံခြင်း အစရှိသော''ဟု ဆိုခဲ့ရာတွင် ''အစရှိသော''၏ အရကို ပြသည်။

၁၄၂

(ထိုဝိပါက်ဝိညာဏ်တို့ကို သိအပ်ကုန်၏)၊ ကမ္မပစ္စည်း အစရှိသော အကြင် အခြင်းအရာအားဖြင့်လည်း ကျေးဇူးပြုကုန်၏၊ (ထိုအခြင်းအရာအားဖြင့်လည်း ထိုသင်္ခါရတို့ကို) သိအပ်ကုန်၏။

     ထိုဂါထာ စကားရပ်၌ ဘဝသုံးပါး ယောနိလေးပါး ဂတိငါးပါး ဝိညာဏဋ္ဌိတိခုနစ်ပါး သတ္တာဝါသကိုးပါးဟူသော ဤအရာတို့သည် ဘဝစသည်တို့ မည်ကုန်၏။ ဤဘဝစသည်တို့၌ ပဋိသန္ဓေကာလ၌၎င်း၊ ပဝတ္တိကာလ၌၎င်း ဤဆိုခဲ့သော သင်္ခါရတို့သည် အကြင်ဝိပါက် ဝိညာဏ်တို့အား ကျေးဇူးပြုတတ်ကုန်၏။ (ထို ဝိပါက် ဝိညာဏ်တို့ကို သိအပ်ကုန်၏)၊ ကမ္မပစ္စည်းစသော အကြင် အခြင်းအရာအားဖြင့်လည်း ကျေးဇူးပြုတတ်ကုန်၏၊ ထိုအခြင်းအရာအားဖြင့် (ထိုသင်္ခါရတို့ကို) သိအပ်ကုန်၏။ ဤကား ဂါထာ၏အနက်။

     [၁၉ဝ] ထိုသိအပ်သော သင်္ခါရနှင့် ဝိညာဏ်တို့တွင် ရှေးဦးစွာ (ပြရန် အစဉ်ရောက်သော) ပုညာဘိသင်္ခါရထဲတွင် ကာမဝစရကုသိုလ်စေတနာ ရှစ်ပါးအပြားရှိသော ပုညာဘိသင်္ခါရသည် သာမညအားဖြင့် ကာမဘဝ၌ သုဂတိဘုံမှာ ၉-ပါးသော ဝိပါက်ဝိညာဏ်တို့အား ပဋိသန္ဓေကာလ၌ နာနာက္ခဏိက ကမ္မပစ္စည်းဖြင့်၎င်း၊ ပကတူပနိဿယ ပစ္စည်းဖြင့်၎င်း ဤသို့ ၂-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ရူပါဝစရကုသိုလ်စေတနာ ငါးပါးအပြားရှိသော ပုညာဘိသင်္ခါရသည် ရူပဘဝ၌ ၅-ပါးသော ဝိပါက်ဝိညာဏ်တို့အား ပဋိသန္ဓေကာလ၌သာလျှင် ကျေးဇူးပြု၏။

     ထိုမှတပါး ဆိုအပ်ပြီးသော အပြားရှိသော ကာမဝစရ ပုညာဘိသင်္ခါရသည် ကာမဘဝ၌ သုဂတိဘုံမှာ ဥပေက္ခာသဟဂုတ် အဟိတ် မနောဝိညာဏဓာတ်သည်


မှတ်ချက်

     ၁- ဝိပါက်ဝိညာဏ် ၉-ပါး ဟူသည်မှာ မဟာဝိပါက်ရှစ်ပါးနှင့် ကုသလဝိပါက် ဥပေက္ခာသန္တီရဏပင် ဖြစ်သည်။

     ၂- ပဋိသန္ဓိယံ ဧဝ-ဟူသော ပါဌ်အရ အတိအကျပြန်သော အနက်ဖြစ်သည်၊ ပဋိသန္ဓေအား ကျေးဇူးပြုလျှင် ဘဝင်နှင့် စုတိအားလည်း ကျေးဇူးပြုတော့သည်သာ ဖြစ်သောကြောင့် ယင်းဘဝ စုတိတို့ကိုလည်း ဤပဋိသန္ဓေအရ၌ ထည့်သွင်း၍ ဆိုသည်ဟု ယူလျှင် သင့်ရာ၏။ သို့သော် နောက်၌ ဆိုလတံ့သော အရူပကုသိုလ်အရာ၌ကား.. ဘဝင်နှင့် စုတိကို ပဝတ္တိကာလအဖြစ်ဖြင့် သီးခြားထုတ်၍ ဆိုထားသေး၏။

၁၄၃

ကြဉ်အပ်ကုန်သော၊ ဝါ၊ ဥပေက္ခာသန္တီရဏမှ တပါးကုန်သော ၇-ပါးကုန်သော ကာမ (အဟိတ် ကုသလ)ဝိပါက် ဝိညာဏ်တို့အား ဆိုအပ်ပြီးသော နည်းဖြင့်ပင်လျှင် ၂-ပါးအပြားအားဖြင့် ပဝတ္တိ၌ ကျေးဇူးပြု၏၊ ပဋိသန္ဓေကာလ၌ ကျေးဇူးမပြု။ ထိုကာမ ပုညာဘိသင်္ခါရသည်ပင်လျှင် ရူပဘဝ၌ (ကုသလဝိပါက် စက္ခုဝိညာဏ် သောတဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ ၂-ခုဟူသော) ၅-ပါးသော ဝိပါက်ဝိညာဏ်တို့အား ထို့အတူပင်လျှင် ပဝတ္တိ၌ ကျေးဇူးပြု၏၊ ပဋိသန္ဓေ၌ မဟုတ်။ ထိုမှတပါး ကာမဘဝ၌ ဒုဂ္ဂတိဘုံမှာ ရှစ်ပါးလည်းဖြစ်ကုန်သော ကာမ (အဟိတ်ကုသလ)ဝိပါက် ဝိညာဏ်တို့အား ထို့အတူပင် ပဝတ္တိ၌ ကျေးဇူးပြု၏၊ ပဋိသန္ဓေ၌ မဟုတ်။ ထိုဒုဂ္ဂတိဘုံတို့တွင် ငရဲ၌ မဟာမောဂ္ဂလ္လာန်ထေရ်၏ ငရဲသို့ လှည့်လည်သောအခါ စသည်တို့၌ ဣဋ္ဌာရုံနှင့် တွေ့ကြုံခြင်းကြောင့် ထိုပုညာဘိသင်္ခါရက ကျေးဇူးပြုပေသည်၊ ထိုမှတပါး တိရစ္ဆာန်တို့၌၎င်း, တန်ခိုးကြီးသော ပြိတ္တာတို့၌၎င်း ဣဋ္ဌာရုံကို ရအပ်-ရနိုင်သည်သာတည်း။

     ထိုကာမ ပုညာဘိသင်္ခါရသည်ပင်လျှင် ကာမဘဝ၌ သုဂတိဘုံမှာ ၁၆-ပါးလုံးလည်း ဖြစ်ကုန်သော ကုသလဝိပါက် ဝိညာဏ်တို့အား ထို့အတူပင် ပဝတ္တိ၌၎င်း, ပဋိသန္ဓေ၌၎င်း ကျေးဇူးပြု၏။ သာမညအားဖြင့်မူ (ကာမ ရူပ) ပုညာဘိသင်္ခါရသည် ရူပဘဝ၌ ၁ဝ-ပါးကုန်သော ဝိပါက်ဝိညာဏ်တို့အား ထို့အတူပင် ပဝတ္တိ၌၎င်း, ပဋိသန္ဓေ၌၎င်း ကျေးဇူးပြု၏။

     အကုသိုလ်စေတနာ ၁၂-ပါး အပြားရှိသော အပုညာဘိသင်္ခါရသည် ကာမဘဝ၌ ဒုဂ္ဂတိဘုံမှာ တခုသော (ဥပေက္ခာသန္တီရဏ) ဝိညာဏ်အား ထို့အတူပင် ပဋိသန္ဓေကာလ၌ ကျေးဇူးပြု၏၊ ပဝတ္တိ၌ မဟုတ်။ (ဥပေက္ခာသန္တီရဏမှ တပါးသော) ၆-ပါးသော အကုသလဝိပါက် ဝိညာဏ်တို့အား ပဝတ္တိ၌ ကျေးဇူးပြု၏၊ ပဋိသန္ဓေ၌ မဟုတ်။ ခုနစ်ပါးလုံးလည်းဖြစ်သော အကုသလဝိပါက် ဝိညာဏ်တို့အား ပဝတ္တိ၌၎င်း, ပဋိသန္ဓေ၌၎င်း (ကျေးဇူးပြု၏)။

     ထိုမှတပါး ကာမဘဝ၌ သုဂတိဘုံမှာ ခုနစ်ပါးသော ထိုဝိညာဏ်တို့အားပင်လျှင် ထို့အတူပင် ပဝတ္တိ၌ ကျေးဇူးပြု၏၊ ပဋိသန္ဓေ၌ မဟုတ်။ ရူပဘဝ၌ (အကုသလဝိပါက် စက္ခုဝိညာဏ် သောတဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏဟူသော)


မှတ်ချက်

     ၁- ရူပဘုံ၌ ရကောင်းသော အဟိတ် ကုသလဝိပါက် ငါးပါးနှင့် ရူပဝိပါက် ငါးပါးကို ဆိုသည်။

၁၄၄

၄-ပါးသော ဝိပါက်ဝိညာဏ်တို့အား ထို့အတူပင် ပဝတ္တိ၌ ကျေးဇူးပြု၏။ ပဋိသန္ဓေ၌ မဟုတ်။ ထိုသို့ ကျေးဇူးပြုခြင်းသည်လည်း ကာမာဝစရဘုံ၌ အနိဋ္ဌဖြစ်သော အဆင်းကို မြင်ခြင်း အသံကို ကြားခြင်း၏ အစွမ်းအားဖြင့် ဖြစ်၏၊ ဗြဟ္မာ့လောက၌မူ အနိဋ္ဌဖြစ်သော ရူပါရုံစသည်တို့ မရှိကြပေ။ ထို့အတူပင် (ကောင်းကင်ဘုံ) ကာမဝစရ နတ်ပြည်လောက၌လည်း (အနိဋ္ဌ ရူပါရုံစသည်တို့ မရှိကြပေ)

     အာနေဉ္ဇာဘိသင်္ခါရသည် အရူပဘဝ၌ ၄-ပါးသော ဝိပါက်ဝိညာဏ်တို့အား ထို့အတူပင် ပဝတ္တိ၌၎င်း, ပဋိသန္ဓေ၌၎င်း ကျေးဇူးပြု၏။

     [၁၉၁] ဤဆိုခဲ့သည့်အတိုင်း ရှေးဦးစွာ ဘဝတို့၌ ပဋိသန္ဓေ ပဝတ္တိတို့၏ အစွမ်းအားဖြင့် ဤသင်္ခါရတို့သည် အကြင် ဝိပါက်ဝိညာဏ်တို့အား ကျေးဇူးပြုကုန်၏၊ (ထိုဝိပါက် ဝိညာဏ်တို့ကို သိအပ်ကုန်၏)။ ကမ္မပစ္စည်း အစရှိသော အကြင် အခြင်းအရာအားဖြင့်လည်း ကျေးဇူးပြုကုန်၏၊ ထိုအခြင်းအရာအားဖြင့် (ထိုသင်္ခါရတို့ကို) သိအပ်ကုန်၏။ ဤနည်းဖြင့်ပင်လျှင် ယောနိစသည်တို့၌လည်း သိအပ်ကုန်၏။

     ၆၃၇။ ထိုသိအပ်သော ဝိညာဏ်နှင့် သင်္ခါရတို့၌ ဤဆိုလတံ့သော စကားသည် အစဖြစ်သော ဘဝမှစ၍ အမြွက်မျှ ပြခြင်းပေတည်း- ဤသင်္ခါရတို့တွင် ရှေးဦးစွာ ပုညာဘိသင်္ခါရသည် ၂-ပါးသော (ကာမ-ရူပ)ဘဝတို့၌ ပဋိသန္ဓေကို ပေးပြီးလျှင် အလုံးစုံသော မိမိ၏ အကျိုးဝိပါက်ကို ဖြစ်စေ၏။ ထို့အတူ အဏ္ဍဇအစရှိသော ၄-ပါးသော ယောနိတို့၌၎င်း၊ နတ်နှင့်လူဟု ဆိုအပ်သော ၂-ပါးသော ဂတိတို့၌၎င်း၊ (၁) ကိုယ်လည်းကွဲပြား


မှတ်ချက်

     ၁- ဤစကားကို အများ၏ အစွမ်းအားဖြင့် ဆိုသည်၊ မှန်ပေ၏၊ ထိုကာမာဝစရ နတ်တို့အား ဣဋ္ဌသာလျှင် ဖြစ်ကုန်သော ရူပါရုံစသည်တို့သည် များစွာထင်ကုန်၏၊ တရံတခါ၌သာလျှင် အနိဋ္ဌာရုံထင်၏။ တရံတခါထင်ပုံမှာ- အချို့ နတ်တို့အားသာလျှင် (သေခါနီး) ပုဗ္ဗနိမိတ်ထင်သောကာလ စသည်တို့၌ ပန်ဆင်ထားသော ပန်း၏ညှိုးနွမ်းခြင်းစသော အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံခြင်း ဖြစ်ပေသည်။ (ဋီကာ)

     ၂- ဤအရာ၌ကား- ဘဝင်စုတိကို ရည်၍ ပဝတ္တိကာလ၌ ကျေးဇူးပြုကြောင်း သီးခြား ဆိုထားသည်။

၁၄၅

ပဋိသန္ဓေသညာလည်း ကွဲပြားသော နာနတ္တကာယနာနတ္တသညီ (၂) ကိုယ်သာကွဲပြား၍ သညာတူသော နာနတ္တကာယဧကတ္တသညီ (၃) ကိုယ်တူ၍ သညာကွဲပြားသော ဧကတ္တကာယနာနတ္တသညီ (၄) ကိုယ်လည်းတူ သညာလည်းတူသော ဧကတ္တကာယဧကတ္တသညီဟု ဆိုအပ်ကုန်သော ၄-ပါးသောဝိညာဏ်၏ တည်ရာဘုံ- ဝိညာဏဋ္ဌိတိတို့၌၎င်း၊ အသည သတ္တာဝါသ၌မူ ဤပုညာဘိသင်္ခါရသည် ရုပ်မျှကိုသာလျှင် ပြုပြင်တတ်သောကြောင့် ၄-ပါးသာလျှင် ဖြစ်ကုန်သော (ဝိညာဏဋ္ဌိတိ ၄-ပါးနှင့် အရတူဖြစ်သော) သတ္တဝါတို့၏နေရာ- သတ္တာဝါသတို့၌၎င်း ပဋိသန္ဓေကို ပေးပြီးလျှင် အလုံးစုံသော မိမိ၏အကျိုးဝိပါက်ကို ဖြစ်စေ၏၊ ထို့ကြောင့် ဤပုညာဘိသင်္ခါရသည် ဤဆိုခဲ့သော ၂-ပါးသော ဘဝတို့၌၎င်း၊ ၄-ပါးသော ယောနိတို့၌၎င်း၊ ၂-ပါးသော ဂတိတို့၌၎င်း၊ ၄-ပါးသော ဝိညာဏဋ္ဌိတိတို့၌၎င်း၊ ၄-ပါးသော သတ္တာဝါသတို့၌၎င်း ၂၁-ပါးသော ဝိပါက်ဝိညာဏ်တို့အား ဆိုအပ်ပြီးသော နည်းဖြင့်ပင်လျှင် ဖြစ်သင့်သည်အားလျော်စွာ ပဋိသန္ဓေ၌၎င်း၊ ပဝတ္တိ၌၎င်း ကျေးဇူးပြု၏။

     အပုညာဘိသင်္ခါရသည်ကား တခုသော ကာမဘဝ၌သာလျှင် ၄-ပါးသော ယောနိတို့၌၎င်း၊ နတ်လူမှကြွင်းသော ၃-ပါးသော ဂတိတို့၌၎င်း၊


မှတ်ချက်

     ၁- ကာမာဝစရ နတ်တို့သည်၎င်း၊ လူတို့သည်၎င်း၊ ဝိနိပါတိက နတ်တို့သည်၎င်း နာနတ္တကာယနာနတ္တသညီ မည်ကုန်၏။

     ၂- ပဌမဈာန် ၃-ဘုံ၌ ဗြဟ္မာတို့သည်၎င်း၊ အပါယ် ၄-ဘုံ၌ သတ္တဝါတို့သည်၎င်း နာနတ္တကာယဧကတ္တသညီ မည်ကုန်၏။ ထိုတွင် ဗြဟ္မပါရိသဇ္ဇာတို့ထက် ဗြဟ္မပုရောဟိတာတို့၏ ကိုယ်ကာယ ကြီးကုန်၏၊ ဗြဟ္မပုရောဟိတာ တို့ထက် မဟာဗြဟ္မာတို့၏ ကိုယ်ကာယ ကြီးကုန်၏။

     ၃- ဒုတိယဈာန် ဗြဟ္မာတို့သည် ဧကတ္တကာယနာနတ္တသညီ မည်ကုန်၏။ ယင်းတို့မှာ အဝိတက္က ဈာန်သညာနှင့် အဝိတက္ကအဝိစာရ ဈာန်သညာ ဤ၂-ပါးတို့တွင် တပါးပါးသော ပဋိသန္ဓေသညာ ရှိကုန်၏။

     ၄- တတိယဈာန်ဘုံနှင့် အသညသတ်မှ တပါးသော စတုတ္ထဈာန်ဘုံတို့၌ ဗြဟ္မာတို့သည် ဧကတ္တကာယဧကတ္တသညီ မည်ကုန်၏။

     ၅- ကာမဝိပါက် ၁၆-ပါးနှင့် ရူပဝိပါက် ၅-ပါးကို ဆိုသည်။

၁၄၆

နာနတ္တကာယဧကတ္တသညီဟု ဆိုအပ်သော တပါးသော ဝိညာဏဋ္ဌိတိတို့၌၎င်း၊ ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော တပါးသော သတ္တာဝါသ၌၎င်း ပဋိသန္ဓေ၏ အစွမ်းအားဖြင့် ရင့်ကျက်လျက် အကျိုးပေး၏၊ ထို့ကြောင့် ဤအပုညာဘိသင်္ခါရသည် တပါးသောဘဝ၌၎င်း၊ ၄-ပါးသော ယောနိတို့၌၎င်း၊ ၃-ပါးသော ဂတိတို့၌၎င်း၊ တပါးသော ဝိညာဏဋ္ဌိတိတို့၌၎င်း၊ တပါးသော သတ္တာဝါသ၌၎င်း ခုနစ်ပါးသော ဝိပါက်ဝိညာဏ်တို့အား ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ပဋိ သန္ဓေ၌၎င်း၊ ပဝတ္တိ၌၎င်း ကျေးဇူးပြု၏။

     အာနေဉ္ဇာဘိသင်္ခါရသည်ကား တပါးသာလျှင်ဖြစ်သော အရူပဘဝ၌၎င်း၊ တပါးသော ဥပပါတ်ယောနိ၌၎င်း၊ တပါးသော ဒေဝဂတိ၌၎င်း၊ အာကာသနဉ္စာယတန အစရှိကုန်သော ၃-ပါးသော ဝိညာဏဋ္ဌိတိတို့၌၎င်း အာကာသနဉ္စာယတန အစရှိကုန်သော ၄-ပါးသော သတ္တာဝါသတို၌၎င်း ပဋိသန္ဓေ၏ အစွမ်းအားဖြင့် ရင့်ကျက်လျက် အကျိုးပေးတတ်၏။ ထို့ကြောင့် ဤအာနေဉ္ဇာဘိသင်္ခါရသည် တပါးသောဘဝ တပါးသောယောနိ တပါးသောဂတိ ၃-ပါးသော ဝိညာဏဋ္ဌိတိ ၄-ပါးသော သတ္တာဝါသတို့၌ ၄-ပါးသော အရူပဝိပါက် ဝိညာဏ်တို့အား ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ပဋိသန္ဓေ၌၎င်း၊ ပဝတ္တိ၌၎င်း ကျေးဇူးပြု၏-ဟု သိအပ်၏။ ဤဆိုခဲ့သည့်အတိုင်း..

[၁၉၂] ဘဝစသည်တို့၌ ပဋိသန္ဓေ ပဝတ္တိတို့၏ အစွမ်းအားဖြင့် ဤဆိုခဲ့သော သင်္ခါရတို့သည် အကြင် ဝိပါက်ဝိညာဏ်တို့အား ကျေးဇူးပြုကုန်၏။ (ထိုဝိပါက်ဝိညာဏ်တို့ကို သိအပ်ကုန်၏)၊ ကမ္မပစ္စည်း အစရှိသော အကြင် အခြင်းအရာအားဖြင့်လည်း ကျေးဇူးပြုကုန်၏။ (ထိုအခြင်းအရာအားဖြင့်လည်း ထိုသင်္ခါရတို့ကို) သိအပ်ကုန်၏။ ဤတွင် တရပ်ပြီး၏။

     ဤဆိုခဲ့သော စကားသည် သင်္ခါရပစ္စယာ ဝိညာဏံဟူသော ပုဒ်၌ အကျယ်ပြဆိုသော စကားပေတည်း။


မှတ်ချက်

     ၁- အောက် အရူပ ၃-ဘုံကို ဆိုသည်။ နေဝသညာမှာ စိတ်ဝိညာဏ် အလွန်သိမ်မွေ့သောကြောင့် ဝိညာဏဋ္ဌိတိ မမည်။

     ၂- နေဝသညာသည် သတ္တဝါတို့နေရာ သတ္တာဝါသကား မည်၏၊ ထို့ကြောင့် ယင်း နေဝသညာနှင့်တကွ အရူပ ၄-ဘုံကို ဆိုသည်။

၁၄၇

ဝိညာဏပစ္စယာ နာမရူပံ-ပုဒ်၌ အကျယ်ပြဆိုချက်

၆၃၈။ ဝိညာဏပစ္စယာ နာမရူပံ-ဟူသော ပုဒ်၌...

နာမ်ရုပ်တို့ကို ခွဲခြမ်းဝေဘန်သောအားဖြင့်၎င်း၊ ဘဝစသည်တို့၌ ဖြစ်ခြင်းအားဖြင့်၎င်း၊ ပေါင်းယူခြင်းအားဖြင့်၎င်း၊ ကျေးဇူးပြုပုံ နည်းအားဖြင့်၎င်း အဆုံးအဖြတ်ကို သိအပ်၏။

     ချဲ့၍ပြအံ့၊ နာမ်ရုပ်တို့ကို ခွဲခြမ်းဝေဘန်သောအားဖြင့်-ဟူသော ဤစကား၌ နာမ်ဟူသည်မှာ အာရုံဆီသို့ ရှေးရှုညွတ်တတ် သွားတတ်သောကြောင့် ဝေဒနာအစရှိသော ၃-ပါးသော ခန္ဓာတို့ပင် ဖြစ်သည်။ ရုပ်-ဟူသည်မှာ ၄-ပါးသော မဟာဘုတ်တို့သည်၎င်း၊ မဟာဘုတ် ၄-ပါးတို့ကို စွဲမှီ၍ဖြစ်သော ဥပါဒါရုပ်တို့သည်၎င်း ဖြစ်ကြပေသည်။ ထိုနာမ်နှင့် ရုပ်တို့ကို (သုခဝေဒနာ စသည်ဖြင့်၎င်း၊ ပထဝီဓာတ် စသည်ဖြင့်၎င်း) ခွဲခြမ်းဝေဘန်ခြင်းကို ခန္ဓာတို့ကို အကျယ်ပြဆိုရာ ခန္ဓနိဒ္ဒေသ၌ ဆိုအပ်ခဲ့ပြီး ဖြစ်ပေသည်။ ဤဆိုခဲ့သည့်အတိုင်း ဝိညာဏပစ္စယာ နာမရူပံဟူသော ဤပုဒ်၌ ရှေးဦးစွာ နာမ်ရုပ်တို့ကို ခွဲခြမ်း ဝေဘန်သောအားဖြင့် အဆုံးအဖြတ်ကို သိအပ်ပေ၏။

     ဘဝစသည်တို့၌ ဖြစ်ခြင်းအားဖြင့်-ဟူသော ဤစကား၌လည်း (သိရန်မှာ)- နာမ်သည် တခုသော (သညာမဲ့)သတ္တာဝါသကို ချန်ထား၍ အလုံးစုံသော ဘဝ ယောနိ ဂတိ ဝိညာဏဋ္ဌိတိ (ရှစ်ပါးသော)သတ္တာဝါသတို့၌ ဖြစ်၏၊ ရုပ်သည် ၂-ပါးသော (ကာမ-ရူပ)ဘဝ ၄-ပါးသောယောနိ ၅-ပါးသောဂတိ ရှေးဖြစ်သော ၄-ပါးသော ဝိညာဏဋ္ဌိတိ (အသညသတ်နှင့်တကွ) ၅-ပါးသော သတ္တာဝါသတို့၌ ဖြစ်၏။

     ဤဆိုခဲ့သည့်အတိုင်း ဖြစ်လျက်ရှိသော ဤနာမ်ရုပ်တွင်၊ ဝါ၊ ဤနာမ်ရုပ်ထဲမှ ဘာဝရုပ်မရှိသော ဂဗ္ဘသေယျကနှင့် အဏ္ဍဇသတ္တဝါတို့အား ပဋိသန္ဓေခဏ၌ ဝတ္ထုဒသက ကာယဒသကတို့၏ အစွမ်းအားဖြင့် ရုပ်ထဲမှ ၂-ခုသော


မှတ်ချက်

     ၁- စာပိုဒ်နံပါတ် ၆၃၇- ပဌမပိုဒ်၌ ပြခဲ့သော နာနတ္တကာယနာနတ္တသညီ စသည်ကို ဆိုသည်။

     ၂- ဂဗ္ဘသေယျက-ဟူသော အမည်ဖြင့် ဇလာဗုဇကို ဆိုသည်။

၁၄၈

(သန္တတိသီသ) ကလာပ်စည်းအစဉ်၏ ခေါင်းတို့သည်၊ ဝါ၊ ကလာပ်စည်းအစဉ်၏ မူလအရင်း ကလာပ်တို့သည်၎င်း၊ ၃-ပါးသော (စေတသိက်) နာမ်ခန္ဓာတို့သည်၎င်း ထင်ရှားဖြစ်ပေါ်ကုန်၏၊ ထို့ကြောင့် ထိုဘာဝရုပ်ချို့သော ဂဗ္ဘသေယျကနှင့် အဏ္ဍဇတို့အား၊ ဝါ၊ ဂဗ္ဘသေယျကနှင့် အဏ္ဍဇတို့၏ အကျယ်အားဖြင့် ရူပရုပ်အဖို့မှ၊ ဝါ၊ ရူပရုပ်ထဲမှ နှစ်ဆယ်သော တရားတို့နှင့် သုံးပါးသော နာမ်ခန္ဓာတို့ဟူသော ဤ ၂၃-ပါးသော တရားတို့ကို ''ဝိညာဏ်ဟူသော အကြောင်းကြောင့်ဖြစ်သော နာမ်ရုပ်''ဟူ၍ သိအပ်ကုန်၏၊ မယူအပ်သေးသည်ကိုသာ ယူသောနည်းဖြင့်မူ၊ ဝါ၊ ယူအပ်ပြီးကို ထပ်၍မယူသော နည်းဖြင့်မူ တခုသော သန္တတိသီသမှ ၉-ပါးသော ရုပ်တို့ကို ပယ်၍ ၁၄-ပါးသော တရားတို့ကို (သိအပ်ကုန်၏)။ ဘာဝရုပ်ရှိသော ဂဗ္ဘသေယျကနှင့် အဏ္ဍဇတို့အား ဘာဝဒသကကို ထည့်၍ ၃၃-ပါးသော တရားတို့ကို (သိအပ်ကုန်၏)။ ၎င်းတို့အားလည်း ယူအပ်ပြီးကို ထပ်၍မယူသော နည်းဖြင့်မူ သန္တတိသီသ ၂-ခုမှ ၁၈-ပါးသော ရုပ်တရားတို့ကို ပယ်၍ ၁၅-ပါးသော တရားတို့ကို (ဝိညာဏ်ကြောင့်ဖြစ်သော နာမ်ရုပ်ဟု သိအပ်ကုန်၏)။

     ထိုမှတပါး ဥပပါတ်သတ္တဝါတို့တွင် ပဌမဈာန်ဗြဟ္မာ စသည်တို့အား ပဋိသန္ဓေခဏ၌ စက္ခုဒသက သောတဒသက ဝတ္ထုဒသကနှင့်


မှတ်ချက်

     ၁- သန္တတသီလတို့ ဟူသည်ကား- ကလာပ်အစဉ်သန္တာန်၏ မူလရင်း ကလာပ်တို့ပေတည်း။ (ဋီကာ)

     ၂- အဏ္ဍဇတို့၏.. ဤ ၂၃-ပါးသော တရားတို့ကို.. နာမ်ရုပ်ဟူ၍ သိအပ်ကုန်၏-ဟု စပ်ပါ။

     ၃- အကျယ်အားဖြင့်.. နှစ်ဆယ်သော.. ၂၃-ပါးသော-ဟု စပ်ပါ။ ဤ၌ အကျယ်ဟူသည်မှာ အမျိုးတူရုပ်တို့ကို မလျှော့ပဲ ယူခြင်းပင် ဖြစ်သည်။

     ၄- ပဋိသန္ဓေခဏ၌ ဝိကာရရုပ်တို့ မရှိကြသေးသော်လည်း လက္ခဏရုပ်နှင့် အာကာသရုပ်ကား ရှိ၏၊ ထို့ကြောင့် ပရမတ္ထအားဖြင့် မပြီးစီးသော ထိုလက္ခဏာရုပ်, အာကာသရုပ်တို့ကို ကြဉ်လိုသည်ဖြစ်၍ ရူပရုပ်အဖို့ဟု မိန့်ဆိုသည်။ (ဋီကာ) ရူပရုပ်ဟူသည်မှာ ပရမတ္ထအားဖြင့် ပြီးစီးသော နိပ္ဖန္န-ရုပ်ပင် ဖြစ်သည်။

     ၅- ဖဿ စသည်တို့ကို သင်္ခါရက္ခန္ဓာအဖြစ်ဖြင့် တခုတည်းအဖြစ်သို့ ဆောင်၍ ၂၃-ပါးသော တရားတို့ဟူ၍ ဆိုသည်။ (ဋီကာ)

၁၄၉

ဇီဝိတနဝကကလာပ်တို့၏ အစွမ်းအားဖြင့် ရုပ်အဖို့မှာ ၄-ပါးသော သန္တတိသီသတို့သည်၎င်း၊ ၃-ပါးသော နာမ်ခန္ဓာတို့သည်၎င်း ထင်ရှားဖြစ်ကုန်၏။ ထို့ကြောင့် ထိုဗြဟ္မာတို့အား အကျယ်အားဖြင့် ရူပရုပ်ထဲမှ ၃၉-ပါးသော တရားတို့နှင့် ၃-ပါးသော နာမ်ခန္ဓာတို့ဟူသော [၁၉၃] ဤ ၄၂-ပါးသော တရားတို့ကို ''ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်''ဟု သိအပ်ကုန်၏။ ယူအပ်ပြီးကို ထပ်၍မယူသော နည်းဖြင့်မူ သန္တတိသီသ ၃-ခုမှ ၂၇-ပါးသော တရားတို့ကို ပယ်၍ ၁၅-ပါးသော တရားတို့ကို (သိအပ်ကုန်၏)။

     ထိုမှတပါး ဗြဟ္မာတို့မှကြွင်းသော ဥပပါတ်တို့အား၎င်း ဘာဝရုပ်ရှိသည့်ပြင် စက္ခုစသော အာယတနပြည့်စုံသော သံသေဒဇတို့အား၎င်း၊ ပဋိသန္ဓေခဏ၌ ရုပ်အဖို့မှ ၇-ပါးသော သန္တတိသီသတို့သည်၎င်း၊ ၃-ပါးသော နာမ်ခန္ဓာတို့သည်၎င်း ထင်ရှားဖြစ်ကုန်၏။ ထို့ကြောင့် ကာမဘဝ၌ ထိုဥပပါတ်နှင့် သံသေဒဇတို့အား အကျယ်အားဖြင့် ရူပရုပ်ထဲမှ ၇ဝ-သော တရားတို့နှင့် ၃-ပါးသော နာမ်ခန္ဓာတို့ဟူသော ဤ ၇၃-ပါးသော တရားတို့ကို ''ဝိညာဏ် ဟူသော အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်''ဟု သိအပ်ကုန်၏။ ယူအပ်ပြီးကို ထပ်၍မယူသော နည်းဖြင့်မူ ရုပ်သန္တတိသီသ ၆-ခုမှ ၅၄-ပါးသော တရားတို့ကို ပယ်၍ ၁၉-ပါးတို့ကို (သိအပ်ကုန်၏)။ ဤဆိုခဲ့သော နာမ်ရုပ် အရေအတွက်သည် အလွန်ဆုံး အများဆုံးပေတည်း။ အယုတ်အလျော့- အနည်းအားဖြင့်မူကား ထိုထို ရုပ်သန္တတိသီသကလာပ် ချို့တဲ့သော သတ္တဝါတို့အား ထိုထိုချို့တဲ့သော ကလာပ်၏ အစွမ်းအားဖြင့် ယုတ်စေ၍ ယုတ်စေ၍၊ ဝါ၊ လျှော့၍ လျှော့၍ အကျဉ်းအားဖြင့်၎င်း အကျယ်အားဖြင့်၎င်း ပဋိသန္ဓေခဏ၌ ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်အရေအတွက်ကို သိအပ်၏။

     ထိုမှတပါး အရူပပုဂ္ဂိုလ်တို့အား နာမ်ခန္ဓာ ၃-ပါးတို့ကိုသာလျှင် သိအပ်ကုန်၏။ အသညသတ် ပုဂ္ဂိုလ်တို့အား ရုပ်အဖို့မှ ဇီဝိတနဝကကလာပ်ရုပ်ကိုသာလျှင်


မှတ်ချက်

     ၁- သန္တတိသီသ ၇-ပါးဟူသည်မှာ စက္ခုဒသက, သောတ, ဃာန, ဇိဝှါ, ကာယ, ဘာဝ, ဝတ္ထုဒသက ကလာပ်တို့ပင် ဖြစ်သည်။

     ၂- ဤစကားဖြင့် ဝိညာဏ်ကြောင့် နာမ်သက်သက် ဖြစ်သည်ကို ပြသည်။

၁၅၀

သိအပ်၏။ ဤဆိုခဲ့သော စကားသည် ပဋိသန္ဓေခဏ၌ သိရန် နည်းပေတည်း။

     ပဝတ္တိကာလ၌မူကား ရုပ်ဖြစ်ရာအရပ်ဘုံ အလုံးစုံတို့၌ ပဋိသန္ဓေစိတ်နှင့် တကွဖြစ်သော ကမ္မဇရုပ်တို့တွင် ဥတုမှ၊ ဝါ၊ ဥတုခေါ် တေဇောဓာတ်ကြောင့် ဥတုသမုဋ္ဌာန်ရှိသော သုဒ္ဓဋ္ဌက-သက်သက်သော အဋ္ဌကကလာပ်ရုပ်သည် ပဋိသန္ဓေစိတ်၏ ဌီခဏ၌ ထင်ရှားဖြစ်၏။ ပဋိသန္ဓေစိတ်သည်ကား ရုပ်ကို မဖြစ်စေတတ်၊ အကြောင်းမူကား- ကမ်းပါးပြတ်၌ ကျလုနီး- ကျဆဲဖြစ်သော ယောက်ျားသည် အခြားသော ကျလုနီး- ကျဆဲလူ၏ အထောက်အပံ့ ဖြစ်ရန် မစွမ်းနိုင်သကဲ့သို့ ထို့အတူပင် ထိုပဋိသန္ဓေစိတ်သည် တည်ရာဝတ္ထုရုပ် အားနည်းသောကြောင့် ရုပ်ကိုဖြစ်စေရန် မစွမ်းနိုင်ပေ။ ပဋိသန္ဓေစိတ်မှ အထက်ဖြစ်သော နောက်ကာလ၌မူ ရှေးဦးစွာဖြစ်သော ပဌမဘဝင်မှ စ၍ စိတ်လျှင် ဖြစ်ကြောင်းရှိသော သုဒ္ဓဋ္ဌကကလာပ်သည် ဖြစ်၏၊ ပဋိသန္ဓေခဏမှနောက်၌ ဖြစ်ပြီးသော ဥတုခေါ် တေဇောဓာတ်ကြောင့်၎င်း၊ စိတ်ကြောင့်၎င်း သဒ္ဒနဝကကလာပ်သည် အသံဖြစ်ပေါ်သော ကာလ၌ ဖြစ်၏။ ကဗဠီကာရ- စားမျိုအပ်သော အာဟာရကိုမှီ၍ အသက်ရှင်ကုန်သော ဂဗ္ဘသေယျကသတ္တဝါတို့အားမူကား-

အမိဝမ်း၌တည်သော ထိုသူငယ်၏ မိခင်သည် ထမင်း အဖျော်ဟူသော အကြင်ဘောဇဉ်ကို သုံးဆောင်၏၊ မိခင်သုံးဆောင်သော ထိုဘောဇဉ်ဖြင့် အမိဝမ်း၌တည်နေသော ထိုသူငယ်သည် ထိုအမိ၏ဝမ်းထဲ၌ မျှတလျက် ရှိ၏-ဟု


မှတ်ချက်

     ၁- ဤစကားဖြင့် အဘိသင်္ခါရ ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်သည်ကို ပြသည်။

     ၂- ဥတုသမုဋ္ဌာန် ရှိ-ဟူသည်မှာ ဥတုလျှင် ဖြစ်ကြောင်းရှိသော ဝါ-ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်ပင် ဖြစ်သည်။

     ၃- ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ရသ, ဩဇာ-ဟူသော ဤရုပ်ရှစ်ခုအပေါင်း သက်သက်ကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။

     ၄- သုဒ္ဓဋ္ဌကကလာပ်၌ ပါဝင်သော ရုပ်ရှစ်ခုနှင့် အသံရုပ်-ဟူသော ဤ ၉-ခုကို သဒ္ဒနဝကကလာပ် ခေါ်သည်၊ အသံနှင့်တကွ ရုပ် ၉-ခုအပေါင်းဟု ဆိုလို၏။

     ၅- သတ္တဝါတို့အားမူကား.. ကိုယ်၌.. သုဒ္ဓဋ္ဌကကလာပ်သည် ဖြစ်၏-ဟု စပ်ပါ။ သတ္တဝါတို့၏-ဟုဆိုမှ သဒ္ဒါနည်းကျသည်၊ သို့သော် မြန်မာလို မချောမော မပြေပြစ်ပေ။

၁၅၁

ဆိုသောကြောင့် မိခင်စားမျိုအပ်သော အာဟာရ အစဉ်လျောက်အပ်သောကိုယ်၌ (အာဟာရလျှင် ဖြစ်ကြောင်းရှိသော သုဒ္ဓဋ္ဌကကလာပ်သည် ဖြစ်၏)၊ ဥပပါတ်ပုဂ္ဂိုလ်တို့အား အလုံးစုံတို့၏ ရှေးဦးစွာ မိမိ၏ခံတွင်း၌ရှိသော တံထွေးကို မျိုသောအခါ၌ အာဟာရလျှင် ဖြစ်ကြောင်းရှိသော သုဒ္ဓဋ္ဌကကလာပ်သည် (ဖြစ်၏)၊ သို့ဖြစ်၍ အာဟာရဇ သုဒ္ဓဋ္ဌကကလာပ်နှင့် ဥတုဇ စိတ္တဇ ဖြစ်ကုန်သော အလွန်ဆုံးအားဖြင့် (ဖြစ်နိုင်သော) သဒ္ဒနဝကကလာပ် ၂-ခုတို့၏ အစွမ်းအားဖြင့် ဤ၂၆-ပါးသော ရုပ်နှင့် တခုတခုသော စိတ္တက္ခဏ၌ ၃-ကြိမ်ဖြစ်သော၊ ဝါ၊ ၃-ကြိမ်ဖြစ်သည်ကို ရည်၍ ရှေး၌ဆိုအပ်ခဲ့သော ၇ဝ-အပြားရှိသော ကမ္မဇရုပ်အားဖြင့် ၉၆-ပါးအပြားရှိသော ရုပ်သည်၎င်း ၃-ပါးသော နာမ်ခန္ဓာတို့သည်၎င်း (ဖြစ်ပေါ်ကုန်၏)၊ သို့ဖြစ်သောကြောင့် အကျဉ်းအားဖြင့် ၉၉-ပါးသော တရားတို့ကို (ဝိညာဏ်ကြောင့်ဖြစ်သော နာမ်ရုပ်ဟု သိအပ်ကုန်၏)။ တနည်းကား အသံရုပ်သည် တရံတခါ၌သာ ထင်ရှားဖြစ်ခြင်းကြောင့် အမြဲတမ်းမရှိ- အနိယတသာတည်း၊ ထို့ကြောင့် ထိုဥတုဇ စိတ္တဇ အသံရုပ် ၂-ခုလုံးကို ပယ်၍ ဤဆိုခဲ့သော ၉၇-ပါးသော တရားတို့ကို ဖြစ်သင့်သည်အားလျော်စွာ အလုံးစုံသော သတ္တဝါတို့၏ ''ဝိညာဏ် ဟူသော အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်''ဟူ၍ သိအပ်၏။ မှန်ပေ၏၊ ထိုအလုံးစုံသော သတ္တဝါတို့အား အိပ်ပျော်နေကုန်သော်လည်း မေ့လျော့နေကုန်သော်လည်း ခဲစားနေကုန်သော်လည်း သောက်နေကုန်သောလည်း နေ့၌၎င်း, ညဉ့်၌၎င်း ဤဆိုခဲ့သော (၉၇-ပါးသော) တရားတို့သည် ဝိညာဏ်ဟူသော အကြောင်းကြောင့် မပြတ်ဖြစ်ကုန်၏။ ထို ၉၇-ပါးသော


မှတ်ချက်

     ၁- အာဟာရဇရုပ် ၈-ပါး + ဥတုဇရုပ် ၉-ပါး + စိတ္တဇရုပ် ၉-ပါး ပေါင်း ၂၆-ပါး ဖြစ်သည်။

     ၂- သုံးကြိမ်ဖြစ်သော.. ကမ္မဇရုပ်-ဟု စပ်ပါ။

     ၃- ၂၆-ပါးနှင့် ၇ဝ-ပေါင်း ၉၆-ပါး ဖြစ်သည်။

     ၄- ကာယဒသကကလာပ်ပေါင်း များစွာရှိသော်လည်း ပေါင်း၍ ရုပ် ၁ဝ-သာ ရေတွက်သည်၊ အခြားကလာပ်တို့ကိုလည်း နည်းတူပင် ပေါင်း၍ ရေတွက်သည်၊ ထိုသို့ ပေါင်း၍ ရေတွက်သည်ကိုပင် အကျဉ်းဟု ဆိုသည်။

     ၅- ၉၇-ပါးသော တရားတို့တွင် စိတ္တဇရုပ်တို့သည် ဒွေပဉ္စဝိညာဏ် ၁ဝ-နှင့် အရူပဝိပါက် ၄-ခုတို့မှ တပါးသော စိတ် ၇၅-ပါးတို့၏ ဥပါဒ်ခဏတိုင်း ဖြစ်ကုန်၏။

၁၅၂

တရားတို့၏ ဝိညာဏ်လျှင် အကြောင်းရှိသည်၏ အဖြစ်ဟူသော ထိုအခြင်းအရာကိုမူကား နောက်၌ ဖွင့်ပြကုန်အံ့။

     ဆက်ဦးအံ့၊ ကံကြောင့်ဖြစ်သော (ကမ္မဇ)ရုပ်သည် ၃-ပါးသောဘဝ ၄-ပါးသောယောနိ ၅-ပါးသောဂတိ ၄-ပါးသော ဝိညာဏဋ္ဌိတိ ၅-ပါးသော သတ္တာဝါသတို့၌ အလုံးစုံတို့၏ ရှေးဦးစွာ (ဖြစ်လျက်) တည်ငြားသော်လည်း (စိတ် ဥတု အာဟာရဟူသော သုံးပါးသော အကြောင်းကြောင့် ဖြစ်သော) တိသမုဋ္ဌာနိကရုပ်က မထောက်ပံ့(အပ်)လျှင် ကောင်းစွာ (အရှည်)တည်ခြင်းငှါ မစွမ်းနိုင်၊ တိသမုဋ္ဌာနိက ရုပ်သည်လည်း ထိုကမ္မဇရုပ်က မထောက်ပံ့(အပ်)လျှင် (ကောင်းစွာတည်ခြင်းငှါ) မစွမ်းနိုင်ပေ။ စင်စစ်သော်ကား အဖျားချင်းယှက်လျက် အရင်းဖက်ဖြင့် အရပ်လေးမျက်နှာတို့၌ အသီးအသီး မြဲမြံစွာ ချထားအပ်ကုန်သော (၄-ခုသော) ကျူစည်းတို့သည် လေတိုက်အပ်ကုန်သော်လည်း ကောင်းစွာ တည်ကုန်သကဲ့သို့၎င်း (အချင်းချင်း ဖွဲ့တွယ်ပူးကပ်လျက် တည်ကုန်သော) လှေပျက် ဖောင်ပျက်တို့သည် မဟာသမုဒ္ဒရာ၌ လှိုင်းပုတ်ခတ်အပ်ကုန်သော်လည်း တစုံတခုသောအရပ်၌ ရအပ်သော ထောက်တည်ရာ ရှိကုန်သကဲ့သို့၎င်း ဤကမ္မဇနှင့် တိသမုဋ္ဌာနိကရုပ်တို့သည် အချင်းချင်း ထောက်ပံ့အပ်ကုန်သည်ဖြစ်၍ မပြိုကျ မပျက်စီးကြပဲ ကောင်းစွာတည်ကုန်လျက် တနှစ်ပတ်လုံးသော်လည်း ၂နှစ်ပတ်လုံးသော်လည်း ။ပ။ အနှစ်တရာပတ်လုံးသော်လည်း ထိုသတ္တဝါတို့၏ အသက်တမ်း ကုန်သည်တိုင်အောင်ဖြစ်စေ, ကောင်းမှုကံ ကုန်သည်တိုင်အောင်ဖြစ်စေ


မှတ်ချက်

ကမ္မဇရုပ်တို့သည် စိတ်တိုင်း၏ ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏတိုင်း ကံကြောင့် ဖြစ်ကုန်၏။ ဥတုဇရုပ်, အာဟာရဇရုပ်တို့သည်လည်း ထို့အတူပင် စိတ်တိုင်း၏ ဥပါဒ်ခဏတိုင်း, ဌီခဏတိုင်း, ဘင်ခဏတိုင်း ရုပ်၏ ဌီသို့ရောက်သော ဥတု အာဟာရတို့ကြောင့် ဖြစ်ကုန်၏။ ဤသို့ မပြတ်ဖြစ်သည်ကို ဆိုသည်။

     ၁- ရုပ်ရှိသော ရှေ့ပိုင်း ဝိညာဏဋ္ဌိတိ ၄-ပါးကို ဆိုသည်။

     ၂- အသညသတ်နှင့်တကွ ရုပ်ရှိသော သတ္တာဝါသတို့ကို ဆိုသည်။

     ၃- ပုညက္ခယော-ဟူသော ပါဌ်အရ အတိအကျ ပြန်ချက်ဖြစ်သည်၊ ဝိသုဒ္ဓိမဂ် ပဌမတွဲ မရဏဿတိအရာ၌လည်း ပုညက္ခယေန မရဏံ-ဟု ဆိုခဲ့၏။ ထိုအရာ၌ လူ၏သေခြင်းကို ပြသောကြောင့် ရှင်း၏။ ထို့အတူပင် လူ၏သေခြင်းကို ပဓာနပြု၍ ဂတိငါးပါးလုံး၌ သတ္တဝါတို့၏ ကမ္မက္ခယ-ကံကုန်၍ သေခြင်းကို ပြသည်ဟု ယူရာ၏။

၁၅၃

မပြတ်ဖြစ်လျက် ရှိကြလေသည်။ ဤဆိုခဲ့သည့်အတိုင်း ဝိညာဏပစ္စယာ နာမရူပံဟူသော ဤပုဒ်၌ ဘဝစသည်တို့၌ ဖြစ်ခြင်းအားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်ပေ၏။

     ၆၃၉။ ထိုမှတပါး ပေါင်းယူခြင်းအားဖြင့်-ဟူသော ဤစကား၌ (သိရန်မှာ) အရူပဘဝ၌ ပဝတ္တိနှင့် ပဋိသန္ဓေတို့၌၎င်း၊ ပဉ္စဝေါကာရဘဝ၌ (ရုပ်ကို မဖြစ်စေတတ်သည့် ပဉ္စဝိညာဏ် ဖြစ်ဆဲ) ပဝတ္တိကာလ၌၎င်း ဝိညာဏ်ဟူသော အကြောင်းကြောင့် အကြင် (စေတသိက်) နာမ်သည်သာလျှင်လည်း (ဖြစ်၏)၊ အသညသတ်ပုဂ္ဂိုလ်တို့၌ ပဝတ္တိနှင့် ပဋိသန္ဓေ အလုံးစုံတို့၌၎င်း ပဉ္စဝေါကာရဘဝ၌ ပဝတ္တိကာလ၌၎င်း ဝိညာဏ်ဟူသော အကြောင်းကြောင့်


မှတ်ချက်

     ၁- ရုပ်ကို မဖြစ်စေတတ်သော ကံကြောင့်ဖြစ်သော ပဉ္စဝိညာဏ်၏ ဖြစ်ဆဲ ပဝတ္တိကာလကို၎င်း၊ (ထိုအခိုက်၌) သဟဇာတပစ္စည်းဖြစ်သော ပဉ္စဝိညာဏ်ကို၎င်း ရည်၍ ''ပဉ္စဝေါကာရဘဝ၌ ပဝတ္တိကာလ၌၎င်း''ဟူသော စကားကို ဆိုသည်။ မှန်ပေ၏၊ ထိုပဉ္စဝိညာဏ် ဖြစ်ခိုက်၌ ထိုပဉ္စဝိညာဏ်ကြောင့် စေတသိက် နာမ်သည်သာလျှင် ဖြစ်ပေသည်။ ကံနှင့်ယှဉ်သော ကမ္မဝိညာဏ် ပစ္စည်းကြောင့်မူကား ထိုပဉ္စဝိညာဏ် ဖြစ်ခိုက်၌လည်း (ပဉ္စဝိညာဏ်နှင့်ယှဉ်သော စေတသိက်နာမ်နှင့် ကမ္မဇရုပ်ဟူသော) နာမ်ရုပ် ၂-ပါးစုံ ဖြစ်သည်ဟု ဆိုနိုင်သေး၏၊ ထို့ပြင် ပစ္ဆာဇာတဝိညာဏ်ပစ္စည်းကြောင့် ရုပ်သည် တောင့်ခိုင်လျက် ရှိပေ၏။ (ဋီကာ)

     ၂- ဤစကားဖြင့် ဝိညာဏ်ကြောင့် နာမ်သက်သက် ဖြစ်သည်ကို ပြ၏။

     ၃- ကမ္မဝိညာဏ်ပစ္စည်းကို ရည်၍ အသညသတ်ပုဂ္ဂိုလ်တို့၌- စသည်ကို ဆိုသည်။ (ဋီကာ) အသညသတ်ပုဂ္ဂိုလ်တို့အား ရူပကုသိုလ်ကံကြောင့် ပဋိသန္ဓေမှစ၍ တသက်ပတ်လုံး ဇီဝိတနဝက ကမ္မဇရုပ်များ ဖြစ်သည်၊ ထိုရုပ်များသည် ကံနှင့်ယှဉ်သော ဝိညာဏ်ကြောင့်လည်း ဖြစ်သောကြောင့် ယင်းကမ္မဇရုပ်တို့ကို ကမ္မဝိညာဏ်ကြောင့် ဖြစ်သည်ဟူ၍လည်း ဆိုရ၏။

     ၄- ဘဝင်စသော ဝိပါက်ကို ဖြစ်စေတတ်သောကံမှ တပါးသောကံကြောင့် ရုပ်ဖြစ်သော (ဘဝင်စသည် ဖြစ်ဆဲ)ကာလကို၎င်း၊ နိရောဓသမာပတ် ကာလကို၎င်း၊ ဘဝင်စသည် ဖြစ်ဆဲကာလမှ တပါးသော (ကုသိုလ် အကုသိုလ် ကြိယာ ဖြစ်ဆဲ)ကာလကို၎င်း ရည်၍ ''ပဉ္စဝေါကာရဘဝ၌ ပဝတ္တိကာလ၌၎င်း''-ဟူသော စကားကို ဆိုသည်ဟု (ဆိုလျှင်) သင့်၏။ မှန်ပေ၏၊ ဘဝင်အစရှိသော ဝိပါက်၏ ဖြစ်ဆဲကာလ၌ ထိုဘဝင်စသည်ကို

၁၅၄

အကြင် ရုပ်သည်သာလျှင်လည်း (ဖြစ်၏)၊ ပဉ္စဝေါကာရဘဝ၌ ပဝတ္တိနှင့် ပဋိသန္ဓေ အလုံးစုံတို့၌ ဝိညာဏ်ဟူသော အကြောင်းကြောင့် အကြင် နာမ်ရုပ် ၂-ပါးလုံးသည်လည်း (ဖြစ်၏)၊ ထို(နာမ်သက်သက် ရုပ်သက်သက် နာမ်ရုပ် ၂-ပါးစုံဟူသော) အလုံးစုံကို နာမ-နာမ်သည်၎င်း, ရူပရုပ်သည်၎င်း, နာမရူပ-နာမ်နှင့်ရုပ် ၂-ပါးစုံသည်၎င်း နာမရူပ-နာမ်ရုပ်မည်၏ဟု ဤသို့ တစိတ်သုတိတူ တခုကြွင်းပြုသော နည်းဖြင့် ပေါင်းယူ၍ ''ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်''ဟု သိအပ်၏။

     အသညသတ်ပုဂ္ဂိုလ်တို့၌ ဝိညာဏ်မရှိခြင်းကြောင့် (ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်သည်-ဟူသော စကားသည်) မသင့်ဟု ဆိုငြားအံ့၊ (အသညသတ်ပုဂ္ဂိုလ်တို့၌ ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်သည်-ဟူသော) ဤစကားသည်လည်း မသင့်သည်မဟုတ် (သင့်သည်သာလျှင် ဖြစ်ပေသည်)။

နာမ်ရုပ်၏ အကြောင်းဖြစ်သော ဝိညာဏ်ကို ဝိပါက်ဝိညာဏ်, ဝိပါက်မဟုတ်သော ဝိညာဏ်ဟု ၂-ပါးအပြားအားဖြင့် သိအပ်၏၊ ထိုသို့


မှတ်ချက်

ဖြစ်စေတတ်သော ကံကြောင့် ဖြစ်သော ကမ္မဇရုပ် နှင့် ထိုဝိပါက်သည် ကမ္မဝိညာဏ်လျှင် အကြောင်းရှိသည်ဟု ဆိုနိုင်ပေ၏။ ဆက်ဦးအံ့၊ သဟဇာတဝိညာဏ် ပစ္စည်းကို မငဲ့သော်လည်း ပဝတ္တိကာလ၌ ကံကြောင့်ဖြစ်သော ရုပ်သည်၎င်း၊ ဝိပါက်နာမ်သည်၎င်း၊ ကမ္မဝိညာဏ်ကို မငဲ့သည်ကား မရှိပေ။ (ဋီကာ)

     ၁- ဤစကားဖြင့် ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်သည်ကို ပြ၏။

     ၂- သဟဇာတဝိညာဏ် ပစ္စည်းကြောင့် နာမ်ရုပ်ကို၎င်း၊ ကမ္မဝိညာဏ် ပစ္စည်းကြောင့် နာမ်ရုပ်ကို၎င်း ဖြစ်သင့်သည်အားလျော်စွာ ယှဉ်စေအပ်၏။ (ဋီကာ)

     ၃- ထို (...) အလုံးစုံကို.. ပေါင်းယူ၍.. နာမ်ရုပ်ဟု သိအပ်၏-ဟု စပ်ပါ။

     ၄- နာမ-နာမ်သည်၎င်း၊ ရူပ-ရုပ်သည်၎င်း နာမရူပ= နာမ်ရုပ်သည်၎င်း-ဟူသော ၃-ပုဒ်တွင် ပဌမပုဒ်သည် တတိယပုဒ်၏ ရှေ့ပိုင်းတစိတ်နှင့် တူ၏၊ ဒုတိယပုဒ်သည် နောက်ပိုင်းတစိတ်နှင့် တူ၏၊ ထို့ကြောင့် တစိတ်တူသော ပုဒ်တို့ကို ချေဖျောက်၍ နာမရူပ-နာမ်ရုပ်ဟူ၍သာ ဆိုသည်၊ ထိုသို့ဆိုသည်ကို တစိတ်သုတိတူ- အသံတူ တခုကြွင်း ပြုသည်ဟု သဒ္ဒါကျမ်းတို့၌ ဆိုသည်။

၁၅၅

၂-ပါး အပြားအားဖြင့် သိအပ်သောကြောင့် (အသညသတ် ပုဂ္ဂိုလ်တို့၌ ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်သည်-ဟူသော) ဤစကား သင့်သည်သာလျှင် (ဖြစ်ပေသည်)။

     ထိုဂါထာကို ချဲ့၍ပြအံ့၊ နာမ်ရုပ်၏ အကြောင်းဖြစ်သော ဝိညာဏ်ကို ဝိပါက်ဝိညာဏ်, ဝိပါက်မဟုတ်သော ဝိညာဏ် အပြားအားဖြင့် ၂-ပါးအပြားရှိသည်ဟု သိအပ်၏။ အသညသတ်ပုဂ္ဂိုလ်တို့၌ ဤရုပ်သည်လည်း ကမ္မဇရုပ် ဖြစ်သောကြောင့် ပဉ္စဝေါကာရဘဝ၌ ဖြစ်ခဲ့သော အဘိသင်္ခါရ (ရူပကုသိုလ်ကံ) ဝိညာဏ်ဟူသော အကြောင်းကြောင့် (ဖြစ်သော) ရုပ်ပေတည်း။ ထို့အတူ ပဉ္စဝေါကာရဘဝ၌ ပဝတ္တိကာလဝယ် ကုသိုလ်အစရှိသော၊ ဝါ၊ ကုသိုလ် အကုသိုလ် ကြိယာဟူသော စိတ်တို့၏ ဖြစ်ဆဲခဏ၌ ကမ္မဇရုပ်သည် ပဉ္စဝေါကာရဘဝ၌ ဖြစ်ခဲ့သော အဘိသင်္ခါရ (ကာမ-ရူပ ကုသိုလ် အကုသိုလ်ကံ) ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်သော ရုပ်ပေတည်း။ သို့ဖြစ်၍ (အသညသတ်ပုဂ္ဂိုလ်တို့၌ ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်သည်-ဟူသော) ဤစကား သင့်သည်သာလျှင် (ဖြစ်ပေသည်)။ ဤဆိုခဲ့သည့်အတိုင်း ဝိညာဏပစ္စယာ နာမရူပံ-ဟူသော ဤပုဒ်၌ ပေါင်းယူခြင်းအားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်ပေ၏။

[၁၉၅] ၆၄ဝ။ ထိုမှတပါး ကျေးဇူးပြုပုံ နည်းအားဖြင့်-ဟူသော ဤစကား၌..

ဝိပါက်ဝိညာဏ်သည် (ယှဉ်ဘက်)နာမ်အား ၉-ပါးအပြားအားဖြင့် ကျေးဇူးပြု၏၊ (ပဋိသန္ဓေ ဝိပါက် ဝိညာဏ်သည်) ဝတ္ထုရုပ်အား ၉-ပါးအပြားအားဖြင့် ကျေးဇူးပြု၏၊ ဝတ္ထုမှကြွင်းသော ရုပ်အား ရှစ်ပါးအပြားအားဖြင့် ကျေးဇူးပြု၏။

အဘိသင်္ခါရဝိညာဏ်သည် ရုပ်အား တပါးသော အဖို့အားဖြင့် ကျေးဇူးပြု၏၊ ပဋိသန္ဓေဝိညာဏ် အဘိသင်္ခါရဝိညာဏ်တို့မှ တပါးသော ပဌမဘဝင်စသော ဝိညာဏ်သည် ထိုထိုနာမ်ရုပ်အား ထိုက်သည်အားလျော်စွာ ကျေးဇူးပြု၏။

     ချဲ့၍ပြအံ့၊ ပဋိသန္ဓေကာလ၌ ဖြစ်စေ၊ ပဝတ္တိကာလ၌ ဖြစ်စေ ဝိပါက်ဟုဆိုအပ်သော အကြင် စေတသိက်နာမ်သည် (ရှိ၏)၊ ရုပ်နှင့် ရောသည်မူလည်းဖြစ်သော

၁၅၆

မရောသည်မူလည်းဖြစ်သော ဝိပါက်နာမ်အား ပဋိသန္ဓေ ဝိပါက်ဝိညာဏ်သည်သော်၎င်း၊ အခြား ဝိပါက်ဝိညာဏ်သည်သော်၎င်း သဟဇာတပစ္စည်း အညမည နိဿယ သမ္ပယုတ္တ ဝိပါက အာဟာရ ဣန္ဒြိယ အတ္ထိ အဝိဂတပစ္စည်းတို့ဖြင့် ၉-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။

     ဝတ္ထုရုပ်အား ပဋိသန္ဓေခဏ၌ သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ပစ္စည်းတို့ဖြင့် ၉-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ဝတ္ထုရုပ်ကို ချန်ထား၍ ကြွင်းသော ရုပ်အားမူ ဤ၉-ပါးသော ပစ္စည်းတို့တွင် အညမညပစ္စည်းကိုပယ်၍ ကြွင်းသော ၈-ပါးသော ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။

     ထိုမှတပါး အဘိသင်္ခါရ (ကံနှင့်ယှဉ်သော) ဝိညာဏ်သည် အသညသတ် ကမ္မဇရုပ်အား၎င်း၊ ပဉ္စဝေါကာရဘဝ၌ ကမ္မဇရုပ်အား၎င်း သုတ္တန်နည်း ပရိယာယ်အားဖြင့် ဥပနိဿယအစွမ်းဖြင့် တပါးသော အဖို့အားဖြင့်သာလျှင် ကျေးဇူးပြု၏။ ပဋိသန္ဓေဝိညာဏ်နှင့် အဘိသင်္ခါရဝိညာဏ်မှ ကြွင်းသော ပဌမဘဝင်မှစ၍ အလုံးစုံသော ဝိညာဏ်သည် ထိုထိုနာမ်ရုပ်အား ထိုက်သည်အားလျော်စွာ ကျေးဇူးပြုသည်ဟု သိအပ်၏။ အကျယ်မပြခြင်း၏ အကြောင်းကား- အကျယ်အားဖြင့် ထိုနာမ်ရုပ်အား ကျေးဇူးပြုပုံနည်းကို ပြနေလျှင် ပဋ္ဌာန်းစကား အလုံးစုံကိုလည်း ချဲ့၍ ပြရပေလိမ့်မည်၊ ထို့ကြောင့် ထိုကျေးဇူးပြုပုံအကျယ်ကို ပြရန် အားမထုတ်ကုန်တော့အံ့။

     (ဝိညာဏ်ကြောင့် နာမ် ရုပ်-ဖြစ်သည် ဟူသော) ထိုစကားရပ်၌ ''ပဋိသန္ဓေ နာမ်ရုပ်သည် ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်သည်''ဟူသော ဤသဘောကို အဘယ်သို့ သိအပ်ပါသနည်း-ဟု တစုံတယောက်သောသူ၏ စောဒနာသည် ဖြစ်ရာ၏၊ ဝါ၊ ဖြစ်နိုင်၏။ (အဖြေကား) သုတ္တဟုခေါ်သော ဘုရားစကားတော်အားဖြင့်၎င်း, အသင့်ယုတ္တိအားဖြင့်၎င်း (သိအပ်ပေသည်)။ ချဲ့၍ပြအံ့၊ သုတ်ဟုခေါ်သော ဘုရားစကားတော်၌ ''စိတ္တာနုပရိဝတ္တိနော ဓမ္မာ-စိတ်သို့ အစဉ်လိုက်၍ ဖြစ်ကုန်သော တရားတို့သည် ရှိကုန်၏'' ဤသို့ အစရှိသောနည်းဖြင့် များသော အပြားအားဖြင့်


မှတ်ချက်

     ၁- ပဋ္ဌာန်း၌ ရုပ်တို့အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းကို မဟောသောကြောင့် သုတ္တန်နည်း ပရိယာယ်အားဖြင့်ဟု ဆိုသည်။ (ဋီကာ)

၁၅၇

ဝေဒနာ စသည်တို့အား ဝိညာဏ်က ကျေးဇူးပြုသည်၏ အဖြစ်သည်၊ ဝါ၊ ဝေဒနာ စသည်တို့၏ ဝိညာဏ်လျှင် အကြောင်းရှိသည်၏ အဖြစ်သည် ပြီးစီးပေ၏။ အသင့်ယုတ္တိအားဖြင့်မူကား-

ဤလောက၌ မျက်မှောက်မြင်ရသော (ရွှင်လန်းမှု- မရွှင်လန်းမှု- ကွေးဆန့်လှုပ်ရှားမှု-စသော) စိတ္တဇရုပ်ဖြင့် မျက်မှောက် မမြင်ရသော ပဋိသန္ဓေရုပ်အားလည်း ဝိညာဏ်က ကျေးဇူးပြုသည်-ဟူသော သဘောသည် ပြီးစီးပေ၏။

     ထိုဂါထာကို ချဲ့၍ပြအံ့၊ စိတ်ကြည်လင်လတ်သော်၎င်း၊ မကြည်လင်လတ်သော်၎င်း ထိုစိတ်အား လျော်ကုန်သော ကြည်လင်ရွှင်လန်းသောရုပ် မကြည်လင် မရွှင်လန်းသော ရုပ်တို့ ဖြစ်ပေါ်လာကြသည်တို့ကို မျက်မှောက် တွေ့မြင်ရကုန်၏၊ မျက်မှောက်တွေ့မြင်ရသော သဘောဖြင့် မျက်မှောက် မမြင်ရ- မမြင်နိုင်သော သဘောကို နှိုင်းဆ၍ သိခြင်း- ဆုံးဖြတ်ခြင်းသည်လည်း ဖြစ်ပေ၏။ ထို့ကြောင့် ဤလောက၌ မျက်မှောက်မြင်ရသော (မျက်နှာ၏ ကြည်လင် ရွှင်လန်းမှု- မကြည်လင် မရွှင်လန်းမှု- လက်ခြေတို့၏ ကွေးဆန့်လှုပ်ရှားမှု-စသော) စိတ္တဇရုပ်ဖြင့် မျက်မှောက်မမြင်ရသော ပဋိသန္ဓေရုပ်အားလည်း ပဋိသန္ဓေဝိညာဏ်က ကျေးဇူးပြုသည်၊ ဝါ၊ ပဋိသန္ဓေ ရုပ်၏လည်း ပဋိသန္ဓေဝိညာဏ်က အကြောင်းဖြစ်သည်-ဟူသော ဤသဘောကို


မှတ်ချက်

     ၁- ပါဠိ၌ အပိ-သဒ္ဒါကို အဒိဋ္ဌဿ-ပုဒ်နှင့် ယှဉ်ပြထားသည်၊ ယှဉ်သင့်ရာ၌ ယှဉ်သောကြောင့် ဌာနပယုတ်ပင် ဖြစ်သည်။ ထိုပါဠိကို အတိအကျပြန်လျှင် မမြင်ရသည်လည်းဖြစ်သော ရုပ်အား-ဟု ဖြစ်၏၊ မပေါ်လွင် မထင်ရှား၊ ထို့ကြောင့် အပိ-၏အနက်ကို ရူပဿ-နှင့် ယှဉ်စေ၍ ပဋိသန္ဓေရုပ်အားလည်းဟု အဋ္ဌာနပယုတ်ပြု၍ ပြန်ထားသည်။ နောက်၌လည်း နည်းတူပြန်ချက်များ ရှိလိမ့်မည်။

     ၂- ဤစကားဖြင့် လောကီကျမ်းဆရာတို့ အသိအမှတ်ပြုထားသော ပမာဏ ၄-ပါးတွင် ဒုတိယပမာဏကို ပြသည်။ မှန်ပေ၏၊ နျာယကျမ်း၌ မှန်စွာသိမြင် ဆုံးဖြတ်နိုင်ခြင်း၏ အကြောင်းဖြစ်သော ပမာဏတို့ကို (၁) ပစ္စက္ခ-မျက်မြင်ကိုယ်တွေ့ ဖြစ်ခြင်း၊ (၂) အနုမတိ-အနုမာန- မျက်မြင်နှင့် နှိုင်းဆခြင်း၊ (၃) ဥပမာန- ပုံတူ၊ (၄) သဒ္ဒ- ခိုင်လုံသော ကျမ်းဂန်အဆိုစသော စကား-ဟူ၍ ၄-ပါး ပြဆိုထားလေသည်။

၁၅၈

သိအပ်ပေ၏။ မှန်ပေ၏၊ ကံလျှင် ဖြစ်ကြောင်းရှိသော ကမ္မဇရုပ် ဖြစ်ငြားသော်လည်း ထိုပဋိသန္ဓေရုပ်အား စိတ်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်အားကဲ့သို့ ပဋိသန္ဓေဝိညာဏ်က ကျေးဇူးပြုတတ်သည် အဖြစ်သည် ပဋ္ဌာန်းပါဠိတော်၌ လာပေ၏။ ဤဆိုခဲ့သည့်အတိုင်း ဝိညာဏပစ္စယာ နာမရူပံ-ဟူသော ဤပုဒ်၌ ကျေးဇူးပြုပုံ နည်းအားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်ပေ၏။ ဤတွင် တရပ်ပြီး၏။

     ဤဆိုခဲ့သော စကားသည် ဝိညာဏပစ္စယာ နာမရူပံ-ဟူသော ပုဒ်၌ အကျယ်ပြဆိုသော စကားပေတည်း။

နာမရူပပစ္စယာ သဠာယတနံ-ပုဒ်၌ အကျယ်ပြဆိုချက်

၆၄၁။ နာမရူပပစ္စယာ သဠာယတနံ-ဟူသော ပုဒ်၌-

စေတသိက်ခန္ဓာ ၃-ပါးအပေါင်းကို နာမ်ဟု (သိအပ်၏)၊ ဘူတရုပ် ဝတ္ထုရုပ် စသည်ကို ရုပ်ဟု သိအပ်၏။ ပြုအပ်ပြီးသော တခုကြွင်းရှိသော၊ ဝါ၊ တခုကြွင်းပြုထားသော ထိုနာမ်ရုပ်သည် ထိုကဲ့သို့သော၊ ဝါ၊ ထို့အတူပင် တခုကြွင်းပြုထားသော ထိုသဠာယတနအား ကျေးဇူးပြု၏။

     ချဲ့၍ပြအံ့၊ သဠာယတန၏ပင်လျှင် အကြောင်းပစ္စည်းဖြစ်သော နာမ်နှင့် ရုပ်တို့တွင် ဝေဒနာအစရှိသော ခန္ဓာ ၃ပါးအပေါင်းကို နာမ်ဟု (သိအပ်၏)၊ ထို့ပြင် မိမိသန္တာန်၌ အကျုံးဝင်သော အမြဲတမ်းအားဖြင့် ဘူတရုပ် ၄-ပါး ဝတ္ထုရုပ် ၆-ပါး ဇီဝိတိန္ဒြေ-ဟူသော ဤသို့သော၊ ဝါ၊ ဤသို့စသော ဘူတရုပ် ဝတ္ထုရုပ် စသည်ကို ရုပ်ဟု သိအပ်၏။ ထိုမှတပါး နာမ်သည်၎င်း


မှတ်ချက်

     ၁- တခုကြွင်းပြုထားသော နာမရူပ-နာမ်ရုပ်-ဟူသော သဒ္ဒါ၏ အနက်ကိုလည်း ထိုအမည်ဖြင့်ပင် ဆိုထားသည်။

     ၂- ဣတိ-၏ အနက်ဖြစ်သည်၊ ၎င်းဖြင့် အာဟာရရုပ်ကိုလည်း သိမ်းယူအပ်၏။

     ၃- မတံ-သိအပ်၏၊ ဣတိ ဝေဒိတဗ္ဗံ- ဤသို့သော အဆုံးအဖြတ်ကို သိအပ်၏-ဟု နိဿယ၌ ပြန်၏။ သို့သော် ဣတိ ဝေဒိတဗ္ဗံ-ဖြင့် မည်သို့မျှ အနက်ထူးမရနိုင်သည့်ပြင် ထပ်တူဖြစ်နေသောကြောင့် မြန်မာပြန်၌ ပိုနေ၏။ ထို့ကြောင့် ထို(ဣတိ ဝေဒိတဗ္ဗံ)ကို ခြွင်းချန်ထားသည်။

၁၅၉

ရုပ်သည်၎င်း နာမ်ရုပ်သည်၎င်း နာမ်ရုပ်မည်၏ဟု ဤသို့ တခုကြွင်းပြုထားသော ထိုနာမ်ရုပ်သည် (မနာယတနဟူသော ၆-ခုမြောက်) ဆဋ္ဌာယတနသည်၎င်း (အာယတန ၆-ပါးဟူသော) သဠာယတနသည်၎င်း သဠာယတန မည်၏ဟု ဤသို့ တခုကြွင်း ပြုထားသည်သာလျှင်ဖြစ်သော သဠာယတနအား ကျေးဇူးပြု၏-ဟူ၍ သိအပ်၏။ အဘယ့်ကြောင့်နည်းဟူမူ? အရူပဘုံ၌ နာမ်ကသာလျှင် ကျေးဇူးပြု၏ (ရုပ်မရှိ၍ ရုပ်က ကျေးဇူးမပြုနိုင်)၊ ထိုနာမ်သည်လည်း ခြောက်ခုမြောက် မနာယတနအားသာလျှင် ကျေးဇူးပြု၏၊ အခြား အာယတနအား ကျေးဇူးမပြု။ မှန်ပေ၏၊ ဝိဘင်းပါဠိတော်၌ ''နာမ်ဟူသော အကြောင်းကြောင့် ဆဋ္ဌာယတန (ဖြစ်သည်)''ဟု ဟောတော်မူ(အပ်)ပေ၏၊ ထို့ကြောင့် သိအပ်ပေသည်။

     (နာမရူပစ္စယာ သဠာယတနံ-ဟူသော) ထိုစကားရပ်၌ ''နာမ်ရုပ်သည် သဠာယတနအား ကျေးဇူးပြု၏''ဟူသော ဤသဘောကို အဘယ်သို့ သိအပ်ပါသနည်း-ဟု (တစုံတယောက်၏ စောဒနာ) ဖြစ်ရာ၏၊ ဝါ၊ ဖြစ်နိုင်၏။ (အဖြေကား) နာမ်ရုပ်ရှိလျှင် ရှိခြင်းကြောင့် (သိအပ်ပေသည်)။ ချဲ့၍ပြအံ့၊ ထိုထိုနာမ် ထိုထိုရုပ်ရှိလျှင် ထိုထိုအာယတန ဖြစ်၏၊ တပါးသော အပြားအားဖြင့် မဖြစ်။ (ထို့ကြောင့် သိအပ်ပေသည်)။ ဆက်ဦးအံ့၊ ထိုအာယတန၏ ထိုနာမ်ရုပ်ရှိလျှင် ဖြစ်သည်၏အဖြစ်သည် ကျေးဇူးပြုပုံနည်း၌သာလျှင် ထင်ရှား ဖြစ်လတံ့၊ ထို့ကြောင့်-

ပဋိသန္ဓေ၌၎င်း ပဝတ္တိ၌၎င်း အကြင်အကြင် နာမ်ရုပ်သည် အကြင်အကြင် အာယတနအား ကျေးဇူးပြု၏၊ (သဟဇာတအစရှိသော) အကြင်အခြင်းအရာ- အပြားအားဖြင့်လည်း ကျေးဇူးပြု၏၊ ထိုအခြင်းအရာ အပြားအားဖြင့် ထိုထိုနာမ်ရုပ်နှင့် အာယတနကို ပညာရှိသည် သိအပ်ပေ၏။

     ထိုဂါထာ၌ ဤဆိုလတံ့သော စကားသည် အနက်ကို ထင်စွာပြသော စကားပေတည်း။


မှတ်ချက်

     ၁- တပါးသော အပြားအားဖြင့် မဖြစ်-ဟူသော ဤစကားဖြင့် ထိုထိုနာမ် ထိုထိုရုပ် မရှိလျှင် ထိုထိုအာယာတန မဖြစ်ဟူ၍ ဗျတိရိက်- ပြောင်းပြန်အနက်ကို ပြ၏။

၁၆၀

ပြပုံကား- အရူပဘုံ၌ ပဋိသန္ဓေ ပဝတ္တိတို့၌ နာမ်သည်သာလျှင် ထိုအာယတနအား အယုတ်အနည်းအားဖြင့် ၇-ပါး အပြားအားဖြင့်၎င်း၊ ၆-ပါး အပြားအားဖြင့်၎င်း ကျေးဇူးပြု၏။

     အဘယ်သို့နည်းဟူမူ? ရှေးဦးစွာ(ပြရန်မှာ) ပဋိသန္ဓေခဏ၌ အယုတ်-အနည်းအားဖြင့် သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ဝိပါက အတ္ထိ အဝိဂတ ပစ္စည်းတို့ဖြင့် ၇-ပါးအပြားအားဖြင့် နာမ်က ဆဋ္ဌာယတနအား ကျေးဇူးပြု၏။ အလွန်အထူးအားဖြင့်မူ ဤနာမ်ထဲတွင် (အလောဘ အဒေါသစသော) အချို့နာမ်သည် ဟေတုပစ္စည်းဖြင့်၎င်း၊ (ဖဿ စေတနာဟူသော) အချို့နာမ်သည် အာဟာရပစ္စည်းဖြင့်၎င်း- [၁၉၇] ဤသို့သောနည်းဖြင့် တပါးသော အပြားအားဖြင့်လည်း ကျေးဇူးပြု၏၊ ထိုဟေတု အစရှိသော ပစ္စည်း၏ အစွမ်းအားဖြင့် အလွန်-အယုတ်ကို၊ ဝါ၊ အတိုး-အဆုတ်ကို သိအပ်၏

     ပဝတ္တိကာလ၌လည်း ဝိပါက်နာမ်သည် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ကျေးဇူးပြု၏။ ဝိပါက်မှတပါးသော နာမ်သည်ကား အယုတ်အနည်းအားဖြင့် ဆိုအပ်ခဲ့ပြီးသော ပစ္စည်းတို့တွင် ဝိပါကပစ္စည်းမှ တပါးကုန်သော ၆-ပါးသော ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။ အလွန်အထူးအားဖြင့်မူ ဤဝိပါက်မဟုတ်သော နာမ်ထဲတွင် အချို့နာမ်သည် ဟေတုပစ္စည်းဖြင့်၎င်း၊ အချို့နာမ်သည် အာဟာရပစ္စည်းဖြင့်၎င်း- ဤသို့သောနည်းဖြင့် တပါးသော အပြားအားဖြင့်လည်း ကျေးဇူးပြု၏၊ ထိုဟေတုစသော ပစ္စည်း၏ အစွမ်းအားဖြင့် အလွန်-အယုတ်ကို သိအပ်၏။


မှတ်ချက်

     ၁- ဤစကားဖြင့် သဟဇာတ၌ အတွင်းဝင်သော ကမ္မ ဣန္ဒြိယ ဈာန မဂ္ဂ-တို့ဖြင့် ကျေးဇူးပြုခြင်းကိုလည်း သိမ်းယူအပ်၏။

     ၂- ဤ၌ ၈-ပါး ၉-ပါး ၁ဝ-ပါး အပြားတို့ဖြင့် ကျေးဇူးပြုခြင်းကို ၇-ပါးစသည်ဖြင့် ကျေးဇူးပြုခြင်းထက် အလွန်-ဥက္ကံသ-ဟု မှတ်အပ်၏၊ ၉-ပါး ၈-ပါး ၇-ပါးတို့ဖြင့် ကျေးဇူးပြုခြင်းကို ၁ဝ-ပါးစသည်ဖြင့် ကျေးဇူးပြုခြင်းအောက် အယုတ်-အဝကံသ-ဟု မှတ်အပ်၏။ ၇-ပါးအောက်ကား မရှိ၊ ထို့ကြောင့် ၇-ပါးကို မူတည်၍ အလွန်အယုတ် ၂-ပါးကို မယူရဟူ၏။ (ဋီကာအဆို)

၁၆၁

(အရူပမှ) တပါးသော ဘဝ၌လည်း ပဋိသန္ဓေခဏ၌ ထိုနာမ်သည် ဆဋ္ဌအာယတနအား ထို့အတူပင် ၇-ပါးအပြားဖြင့် ကျေးဇူးပြု၏၊ ဆဋ္ဌာယတနမှ တပါးသော အာယတနတို့အား ထိုနာမ်သည် ၆-ပါးသော အခြင်းအရာတို့ဖြင့် ကျေးဇူးပြု၏။

     ချဲ့၍ပြအံ့၊ အရူပဘဝမှ တပါးသော ပဉ္စဝေါကာရဘဝ၌လည်း ထိုဝိပါက်နာမ်သည် ဟဒယဝတ္ထု၏ အဖော်သဟဲဖြစ်၍ ၆-ခုမြောက်ဖြစ်သော မနာယတနအား အရူပဘဝ၌ ဆိုအပ်ခဲ့သလိုပင် အယုတ်-အနည်းအားဖြင့် ၇-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ဤမှ တပါးကုန်သော စက္ခာယတန အစရှိသော ငါးပါးသော အာယတနတို့အားမူ ထိုဝိပါက်နာမ်သည် မဟာဘုတ် ၄-ပါး၏ အဖော်သဟဲဖြစ်၍ သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတပစ္စည်းတို့၏ အစွမ်းအားဖြင့် ၆-ပါးသော အခြင်းအရာတို့ဖြင့် ကျေးဇူးပြု၏။ အလွန်အထူးအားဖြင့်မူ ဤဝိပါက်နာမ်ထဲတွင် အချို့နာမ်သည် ဟေတုပစ္စည်း ဖြင့်၎င်း၊ အချို့နာမ်သည် အာဟာရပစ္စည်းဖြင့်၎င်း- ဤသို့သော နည်းဖြင့် တပါးသော အပြားအားဖြင့်လည်း ကျေးဇူးပြု၏။ ထို ဟေတုစသော ပစ္စည်း၏ အစွမ်းအားဖြင့် အလွန်-အယုတ်ကို သိအပ်၏။

ပဝတ္တိကာလ၌လည်း ဝိပါက်နာမ်သည် ဝိပါက် ဆဋ္ဌာယတနအား ထို့အတူ ၇-ပါး အပြားအားဖြင့် ကျေးဇူးပြု၏၊ ဝိပါက်မဟုတ်သော နာမ်သည် ဝိပါက်မဟုတ်သော ဆဋ္ဌာယတနအား ထို့အတူ ၆-ပါး အပြားအားဖြင့် ကျေးဇူးပြု၏။

     ချဲ့၍ ပြအံ့၊ ပဉ္စဝေါကာရဘဝ ပဝတ္တိ ကာလ၌လည်း ပဋိသန္ဓေ ခဏ၌ကဲ့သို့ပင် ဝိပါက်နာမ်သည် ဝိပါက် ဆဋ္ဌာယတနအား အယုတ်- အနည်းအားဖြင့် ၇-ပါး အပြားအားဖြင့် ကျေးဇူးပြု၏။ ဝိပါက်မဟုတ်သော နာမ်သည်ကား ဝိပါက်မဟုတ်သော ဆဋ္ဌာယတနအား အယုတ်-အနည်းအားဖြင့်ပင်လျှင် ထို၇-ပါးထဲမှ ဝိပါကပစ္စည်းကို ပယ်၍ ၆-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ဤဂါထာ၌၊ ဝါ၊ ဤပဝတ္တိကာလ ကျေးဇူးပြုပုံ၌ အလွန်-အယုတ်ကိုကား ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်ပင်လျှင် သိအပ်၏။

ထိုပဉ္စဝေါကာရ ပဝတ္တိကာလ၌ပင်လျှင် ဝိပါက်နာမ်သည် ကြွင်းသော ငါးပါးသော အာယတနတို့အား ၄-ပါးအပြားအားဖြင့် ကျေးဇူးပြု၏၊ ဝိပါက်မဟုတ်သော နာမ်ကိုလည်း ဤအတူပင် ပြအပ်၏။

၁၆၂

     ချဲ့၍ပြအံ့၊ ထိုပဉ္စဝေါကာရဘဝ ပဝတ္တိကာလ၌ပင်လျှင် ပဋိသန္ဓေမှ တပါးသော စက္ခုပသာဒ စသည်လျှင် တည်ရာရှိသော ဝိပါက်နာမ်သည်လည်း မနာယတနမှကြွင်းသော စက္ခာယတန အစရှိသော ငါးပါးသော အာယတနတို့အား ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတပစ္စည်းတို့ဖြင့် ၄-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ဝိပါက်နာမ်ကိုကဲ့သို့ပင် ဝိပါက်မဟုတ်သော နာမ်ကိုလည်း ထို့အတူပင် ပြအပ်၏။ ထို့ကြောင့် ကုသိုလ်စသည် အပြားရှိသော နာမ်သည်လည်း ထိုစက္ခာယတန စသည်တို့အား ၄-ပါးအပြားအားဖြင့် ကျေးဇူးပြုသည်ဟု သိအပ်၏။ [၁၉၈] ဤဆိုခဲ့သည့်အတိုင်း ရှေးဦးစွာ နာမ်သည်သာလျှင် ပဋိသန္ဓေ၌၎င်း ပဝတ္တိ၌၎င်း အကြင်အကြင် အာယတနအား ကျေးဇူးပြု၏၊ အကြင် အခြင်းအရာအားဖြင့်လည်း ကျေးဇူးပြု၏၊ ထိုအခြင်းအရာအားဖြင့် ထိုထိုအာယတနကို သိအပ်ပေ၏။

ရုပ်က ကျေးဇူးပြုပုံကား- ဤနာမ်ရုပ် ၂-ပါးတွင် ရုပ်သည် အရူပဘဝ၌ တခုသော အာယတနအားသော်လည်း ကျေးဇူးမပြုတတ်ပေ။ ခန္ဓာငါးပါးရှိသော (ပဉ္စဝေါကာရ)ဘဝ၌မူ ပဋိသန္ဓေခဏ၌ ရုပ်ထဲမှ ဝတ္ထုရုပ်သည် ဆဋ္ဌာယတနအား ၆-ပါးအပြားအားဖြင့် ကျေးဇူးပြု၏၊ ဘူတရုပ်တို့သည် (ပဋိသန္ဓေ ပဝတ္တိ မခွဲခြားမူ၍) သာမညအားဖြင့် ငါးပါးသော အာယတနတို့အား ၄-ပါးအပြားအားဖြင့် ကျေးဇူးပြုကုန်၏။

     ချဲ့၍ပြအံ့၊ (ပဉ္စဝေါကာရဘဝ) ပဋိသန္ဓေခဏ၌ ရုပ်ထဲမှ ဝတ္ထုရုပ်သည် ခြောက်ခုမြောက်ဖြစ်သော မနာယတနအား သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတပစ္စည်းတို့ဖြင့် ၆-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ၄-ပါးသော ဘူတရုပ်တို့သည်ကား သာမညအားဖြင့် ပဋိသန္ဓေ၌၎င်း, ပဝတ္တိ၌၎င်း ဖြစ်တိုင်းဖြစ်တိုင်းသော အာယတန၏ အစွမ်းအားဖြင့် စက္ခာယတန အစရှိသော ငါးပါးလုံးတို့အားလည်း သဟဇာတ နိဿယ အတ္ထိ အဝိဂတ ပစ္စည်းတို့ဖြင့် ၄-ပါးအပြားအားဖြင့် ကျေးဇူးပြုကုန်၏။

ဇီဝိတရုပ်သည် (စက္ခာယတန အစရှိသော) ဤငါးပါးသော အာယတနတို့အား ၃-ပါးအပြားအားဖြင့် ကျေးဇူးပြု၏၊ အာဟာရရုပ်သည်လည်း ပဝတ္တိကာလ၌ (ဤငါးပါးသော အာယတနတို့အား


မှတ်ချက်

     ၁- ရှေးဦးစွာ.. သိအပ်၏-ဟု စပ်ပါ။

၁၆၃

၃-ပါးအပြားအားဖြင့် ကျေးဇူးပြု၏)။ (စက္ခာယတန အစရှိသော) ထိုငါးပါးသော ရုပ်တို့သည်ပင်လျှင် ၆ခုမြောက် မနာယတနအား ၆-ပါးအပြားအားဖြင့် ကျေးဇူးပြု၏၊ ဟဒယဝတ္ထုရုပ်သည် ထိုမနာယတနအားပင်လျှင် ၅-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။

     ချဲ့၍ပြအံ့၊ စက္ခု အစရှိသော ငါးပါးသော ဤ အာယတနတို့အား ပဋိသန္ဓေ၌၎င်း, ပဝတ္တိ၌၎င်း အတ္ထိ အဝိဂတ ဣန္ဒြိယ ပစ္စည်းတို့၏ အစွမ်းအားဖြင့် ဇီဝိတရုပ်သည် ၃-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ အာဟာရရုပ်သည်လည်း အတ္ထိ အဝိဂတ အာဟာရပစ္စည်းတို့၏ အစွမ်းအားဖြင့် ၃-ပါးအပြားအားဖြင့်ပင် ကျေးဇူးပြု၏၊ ထိုအာဟာရရုပ်၏ ကျေးဇူးပြုခြင်းသည်ကား အာဟာရကိုမှီ၍ အသက်ရှင်ကုန်သော သတ္တဝါတို့၏ အာဟာရ အစဉ်လျှောက်အပ်သော ကိုယ်၌ ပဝတ္တိကာလ၌သာလျှင် ဖြစ်ပေသည်၊ ပဋိသန္ဓေကာလ၌ကား မဟုတ်ပေ။ စက္ခာယတန အစရှိသော ထိုငါးပါးသော ရုပ်တို့သည်ကား စက္ခုဝိညာဏ် သောတ ဃာန ဇိဝှါ ကာယဝိညာဏ်ဟု ဆိုအပ်သော ၆-ခုမြောက် မနာယတနအား နိဿယ ပုရေဇာတ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂပစ္စည်းတို့၏ အစွမ်းအားဖြင့် ၆-ပါးသော အခြင်းအရာတို့ဖြင့် ပဝတ္တိကာလ၌ ကျေးဇူးပြုကုန်၏၊ ပဋိသန္ဓေကာလ၌ မဟုတ်ပေ၊ ပဉ္စဝိညာဏ်တို့ကို ချန်ထား၍ (ယင်းတို့မှ) ကြွင်းသော ထိုမနာယတနအားပင်လျှင် ယဒယဝတ္ထုရုပ်သည် နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂပစ္စည်းတို့၏ အစွမ်းဖြင့် ၅-ပါးအပြားအားဖြင့် ပဝတ္တိကာလ၌သာလျှင် ကျေးဇူးပြု၏၊ ပဋိသန္ဓေ ကာလ၌ မဟုတ်ပေ။ ဤဆိုခဲ့သည့်အတိုင်း ရုပ်သည်သာလျှင် ပဋိသန္ဓေ၌၎င်း, ပဝတ္တိ၌၎င်း အကြင်အကြင် အာယတနအား ကျေးဇူးပြု၏၊ အကြင် အခြင်းအရာအားဖြင့်လည်း ကျေးဇူးပြု၏၊ ထိုအခြင်းအရာအားဖြင့် ထိုထို အာယတနကို သိအပ်ပေ၏။

နာမ်ရုပ် ၂-ပါးလုံးက ကျေးဇူးပြုပုံကား- အကြင် နာမ်ရုပ် ၂-ပါးလုံးသည် အကြင် အာယတနအား ကျေးဇူးပြု၏၊ အကြင် အခြင်းအရာအားဖြင့်လည်း ကျေးဇူးပြု၏၊ ထိုနာမ်ရုပ်နှင့် ထိုအာယတနကိုလည်း ထိုအခြင်းအရာအားဖြင့် ပဋိသန္ဓေနှင့် ပဝတ္တိ အလုံးစုံတို့၌ ပညာရှိသည် သိအပ်၏။

     [၁၉၉] ဤသိအပ်သောအရာကား အဘယ်နည်းဟူမူ? ရှေးဦးစွာ (သိရန်မှာ) ပဉ္စဝေါကာရဘဝ၌ ပဋိသန္ဓေခဏ၌ ခန္ဓာ ၃-ပါးအပေါင်း နာမ်နှင့်

၁၆၄

ဝတ္ထုရုပ်ဟု ဆိုအပ်သော နာမ်ရုပ်သည် ၆-ခုမြောက်ဖြစ်သော မနာယတနအား သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတပစ္စည်း အစရှိသည်တို့ဖြင့် ကျေးဇူးပြု၏။ ဤသို့ စသည်ဖြင့် သိအပ်ပေသည်။ ဤဆိုခဲ့သော စကားသည် (နာမ်ရုပ်နှစ်ပါးလုံးက ကျေးဇူးပြုပုံကို ပြသော) ဤအရာ၌ အရိပ်အမြွက်မျှ မျက်နှာပြမျှ ဖြစ်သည်။ သို့သော်လည်း ဆိုအပ်ခဲ့သောနည်းကို အစဉ်လျှောက်သဖြင့် အလုံးစုံကို ယှဉ်စေခြင်းငှါ စွမ်းနိုင်လောက်ပေပြီ၊ ထို့ကြောင့် ဤအရာ၌ အကျယ်ကို မပြအပ်ပေသတည်း။ ဤတွင် တရပ်ပြီး၏။

     ဤဆိုခဲ့သော စကားသည် နာမရူပပစ္စယာ သဠာယတနံ-ဟူသော ပုဒ်၌ အကျယ်ပြဆိုသော စကားပေတည်း။

သဠာယတနပစ္စယာ ဖဿောပုဒ်၌ အကျယ်ပြဆိုချက်

၆၄၂။ သဠာယတနပစ္စယာ ဖဿော-ဟူသော ပုဒ်၌-

ဖဿတို့သည် အကျဉ်းအားဖြင့် စက္ခုသမ္ဖဿ အစရှိကုန်သော ၆-ပါးတို့သည်သာလျှင် ဖြစ်ကုန်၏၊ အကျယ်အားဖြင့် ထိုဖဿတို့သည် (သင်္ခါရကြောင့်ဖြစ်သော) ဝိညာဏ်ကဲ့သို့ ၃၂-ပါး ဖြစ်ကြလေသည်။

     ချဲ့၍ပြအံ့၊ အာယတန ၆-ပါးဟူသော အကြောင်းကြောင့် ဖဿဖြစ်သည်ဟူသော စကား၌ ဖဿတို့သည် အကျဉ်းအားဖြင့် စက္ခုသမ္ဖဿ-မြင်တွေ့မှု၊ သောတသမ္ဖဿ-ကြားတွေ့မှု၊ ဃာနသမ္ဖဿ-နံတွေ့မှု၊ ဇိဝှါသမ္ဖဿ-လျက်တွေ့မှု၊ ကာယသမ္ဖဿ-ထိတွေ့မှု၊ မနောသမ္ဖဿ-ကြံသိတွေ့မှု-ဟူသော ဤစက္ခုသမ္ဖဿစသော ၆-ပါးတို့သည်သာလျှင် ဖြစ်ကုန်၏။ အကျယ်အားဖြင့်မူကား စက္ခုသမ္ဖဿ စသည်တို့သည်၊ ဝါ၊ စက္ခုသမ္ဖဿ၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယသမ္ဖဿတို့သည် ကုသလဝိပါက် ၅-ပါး အကုသလဝိပါက် ၅-ပါး ဤသို့အားဖြင့် ၁ဝ-ပါးဖြစ်ကုန်၏၊ ကြွင်းသော မနောသမ္ဖဿတို့သည်လည်း ၂၂-ပါးသော လောကီဝိပါက် ဝိညာဏ်တို့နှင့် ယှဉ်ကုန်သည် ဖြစ်၍ ၂၂-ပါးဖြစ်ကုန်၏။ ဤသို့သော အပြားအားဖြင့် အလုံးစုံလည်းဖြစ်ကုန်သော (ထို)ဖဿတို့သည် သင်္ခါရဟူသော အကြောင်းကြောင့် (ဖြစ်သည်ဟု) ဟောအပ်သော ဝိညာဏ်ကဲ့သို့ ၃၂-ပါး ဖြစ်ကြလေသည်။

၁၆၅

     ဆက်၍ ပြဆိုအံ့၊ ၃၂-ပါး အပြားရှိသည်လည်းဖြစ်သော ဤဖဿ၏ အကြောင်းပစ္စည်းဖြစ်သော သဠာယတနခေါ်သော ထို၆-ပါးသော အာယတနတို့တွင်...

၆-ခုမြောက် မနာယတနနှင့်တကွ အဇ္ဈတ္တ (အတွင်း)သန္တာန်၌ဖြစ်သော စက္ခာယတန-စသည်ကို သဠာယတန-ဟု (အချို့)ပညာရှိတို့ အလိုရှိကုန်၏။ ဗာဟိရအာယတန ၆-ပါးတို့နှင့်တကွလည်း သဠာယတနဟု (အချို့)ပညာရှိတို့ အလိုရှိကုန်၏။

     (သဠာယတနပစ္စယာ ဖဿော-ဟူသော) ထိုပုဒ်၌ ရှေးဦးစွာ အကြင်ဆရာတို့သည် ''ဤစကားသည် ဥပါဒိန္နကခေါ် လောကီကံ၏ အကျိုးဖြစ်ပုံကိုဆိုသော စကားဖြစ်သည်''ဟု နှလုံးသွင်း၍ မိမိသန္တာန်၌ အကျုံးဝင်သည် သာလျှင်ဖြစ်သော ပစ္စည်းနှင့် ပစ္စယုပ္ပန်ကို ပြကုန်၏၊ ထိုဆရာတို့သည် ''ဆဋ္ဌာယတနဟူသော အကြောင်းကြောင့် ဖဿဖြစ်သည်''ဟူသော ဝိဘင်းပါဠိတော်စကားကို အစဉ်လျှောက်သောအားဖြင့် ''အရူပဘဝ၌ ဆဋ္ဌာယတနသည်၎င်း၊ (ထိုမှ)တပါးသော ပဉ္စဝေါကာရဘဝ၌ အလုံးစုံကို သိမ်းယူသောအားဖြင့် သဠာယတနသည်၎င်း ဖဿအား ကျေးဇူးပြု၏''-ဟု နှလုံးသွင်း၍ တစိတ်သုတိတူ တခုကြွင်းပြုပြီးလျှင် ဆဋ္ဌာယတနနှင့်တကွ အဇ္ဈတ္တဖြစ်သော စက္ခုစသည်ကို ဆဋ္ဌာယတန-ဟူ၍ အလိုရှိကုန်၏။ မှန်ပေ၏၊ ထိုဆဋ္ဌာယတနသည်၎င်း, ထိုသဠာယတန (စက္ခုစသော ၆-ပါးသော အာယတန)သည်၎င်း သဠာယတနဟူ၍သာလျှင် ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေ၏။

     အကြင်ဆရာတို့သည်ကား ပစ္စယုပ္ပန်- အကျိုးတရားကိုသာလျှင် တခုသောသန္တာန်၌ အတွင်းဝင်သည်ကိုပြု၍ ပြကုန်၏၊ အကြောင်းပစ္စည်းကိုမူ ကွဲသောသန္တာန်၌ အတွင်းဝင်သည်ကိုလည်းပြု၍ ပြကုန်၏။ ထိုဆရာတို့သည် အကြင်အကြင် အာယတနသည် ဖဿအား ကျေးဇူးပြု၏၊ ထိုအာယတန အလုံးစုံကိုလည်း [၂ဝဝ] ပြလိုကုန်သည်ဖြစ်၍ အပြင်ပ- ဗာဟိရာယတနတို့ကိုလည်း


မှတ်ချက်

     ၁- ဥပ-တဏှာနှင့် ဒိဋ္ဌိတို့ ကပ်အပ်-ကပ်နိုင်သော၊ ဝါ၊ အာရုံပြုနိုင်သော လောကီကုသိုလ်, အကုသိုလ်ကံက + အာဒိန္နက-မိမိ၏ ဥစ္စာဟု ယူအပ်သော အကျိုးတရား = ဥပါဒိန္နက-လောကီကံ၏ အကျိုးတရား။

၁၆၆

သိမ်းယူပြီးလျှင် ဆဋ္ဌာယတနနှင့် တကွ ထို စက္ခုစသော အဇ္ဈတ္တိကာယတန ၆-ပါးကိုပင်လျှင် ရူပါယတန အစရှိကုန်သော ဗာဟိရာယတနတို့နှင့်လည်း အတူတကွပေါင်း၍ သဠာယတနဟု အလိုရှိကုန်၏။ မှန်ပေ၏၊ ထိုဆဋ္ဌာယတနနှင့် အဇ္ဈတ္တိကာယတန ၆-ပါး ဗာဟိရာယတန ၆-ပါးသည်လည်း ''ဆဋ္ဌာယတနလည်း သဠာယတနလည်း သဠာယတနလည်း''ဟူသော ဒွန်သမာသ်ဝါကျ၌ ဤ ၃-ပုဒ်တို့၏ တခုကြွင်းကို ပြုအပ်ပြီးလတ်သော် သဠာယတနဟူ၍သာလျှင် ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေ၏။

     ဤအရာ၌ (ရပ်တန့်၍ စောဒကသည်) ''အလုံးစုံသော အာယတနတို့ကြောင့် တခုသော ဖဿ ဖြစ်သည်မဟုတ်၊ တခုသော အာယတနကြောင့်လည်း အလုံးစုံသော ဖဿတို့ ဖြစ်ကြသည်မဟုတ်၊ သို့သော်လည်း ဤဖဿကို 'သဠာယတနဟူသော အကြောင်းကြောင့် ဖဿဖြစ်သည်'ဟု တခုတည်းကိုသာ ဟောထား၏၊ ထိုသို့ ဟောခြင်းသည် အဘယ့်ကြောင့်ပါနည်း''-ဟူသော စောဒနာကို ဆို၏။ ထိုစောဒနာ၌ ဤဆိုလတံ့သည်ကား အဖြေပေတည်း- ''အလုံးစုံသော အာယတနတို့ကြောင့် တခုသော ဖဿ မဖြစ်၊ တခုသော အာယတနကြောင့်လည်း အလုံးစုံသော ဖဿတို့ မဖြစ်ကြ''-ဟူသော ဤစကားသည် မှန်ပေ၏၊ သို့သော်လည်း များစွာသော အာယတနတို့ကြောင့် တခုသော ဖဿ ဖြစ်ပေ၏၊ ဖြစ်ပုံကား- စက္ခုသမ္ဖဿသည် စက္ခာယတနကြောင့်၎င်း, ရူပါယတနကြောင့်၎င်း, စက္ခုဝိညာဏ်ဟု ဆိုအပ်သော မနာယတနကြောင့်၎င်း, (ဖဿမှ)ကြွင်းသော သမ္ပယုတ်တရားဟူသော ဓမ္မာယတနကြောင့်၎င်း ဖြစ်သကဲ့သို့ပင်တည်း။ ဤအတူပင် အလုံးစုံသော သောတသမ္ဖဿ စသည်တို့၌ ထိုက်သည်အားလျော်စွာ ယှဉ်စေအပ်၏။ ထို့ကြောင့်ပင်လျှင်-

တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် (သဠာယတန ပစ္စယာ ဖဿော-ဟူသော) ဧကဝုဒ်ဖြင့်ညွှန်ပြသော စကားဖြင့်၊ ဝါ၊ ဧကဝုစ်ပြစကားဖြင့် ဤဖဿကို တခုတည်းဖြစ်သော်လည်း


မှတ်ချက်

     ၁- ဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံတို့ကို အတူပြု၍ ရှုနိုင်သော ဘုရား ရဟန္တာကို တာဒီ-ဟု ခေါ်သည်။ ထို အကောင်းအဆိုး အာရုံ ၂-မျိုးကြောင့် ဖောက်ပြန် ပြောင်းလဲခြင်းမရှိပဲ ညီတူရှုနိုင်သည်ကို တာဒိဂုဏ်-ဟု ဆိုသည်။

၁၆၇

''များစွာသော အာယတနတို့ကြောင့် ဖြစ်သည်''ဟု ဤအရာ၌ ပြတော်မူ(အပ်)ပေသည်။

     ဧကဝုစ်ပြ စကားဖြင့်-ဟူရာ၌ သဠာယတနဟူသော အကြောင်းကြောင့် ဖဿဖြစ်သည်-ဟူသော ဤဧကဝုစ်ဖြင့် ညွှန်ပြသော စကားဖြင့် များစွာသော အာယတနတို့ကြောင့် တခုသော ဖဿ ဖြစ်သည်ဟု တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ပြတော်မူ(အပ်)၏၊ ဤကား အနက်။ ကျေးဇူးပြုပုံကား-အာယတနတို့တွင်-

(စက္ခုစသော) ငါးပါးသော အာယတနတို့ကို (ဤဖဿအား) ၆-ပါးအပြားအားဖြင့် (ကျေးဇူးပြုသည်၏အဖြစ်၌ ထင်စွာပြရာ၏) ထိုအာယတန ငါးပါးမှ နောက်ဖြစ်သော တခုသော မနာယတနကို ၉-ပါးအပြားအားဖြင့် (ကျေးဇူးပြုသည်၏အဖြစ်၌ ထင်စွာပြရာ၏)၊ ၆-ပါးသော ဗာဟိရာယတနတို့ကို ဤဖဿအား ဖြစ်သင့်သည်အားလျော်စွာ ကျေးဇူးပြုသည်၏အဖြစ်၌ ထင်စွာပြရာ၏။

     ထိုဂါထာ၌ ဤဆိုလတံ့သည်ကား ထင်စွာပြပုံပေတည်း- ရှေးဦးစွာ စက္ခာယတန အစရှိသော ငါးပါးသော အာယတနတို့သည် စက္ခုသမ္ဖဿစသော အပြားအားဖြင့် ငါးပါးအပြားရှိသော ဖဿအား နိဿယ ပုရေဇာတ ဣနြိ္ဒယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ပစ္စည်းတို့၏ အစွမ်းအားဖြင့် ၆-ပါးအပြားအားဖြင့် ကျေးဇူးပြုကုန်၏။ ထိုအာယတန ငါးပါးမှ နောက်ဖြစ်သော တခုသော ဝိပါက်မနာယတနသည် များသော အပြားရှိသော ဝိပါက် မနောသမ္ဖဿအား သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ ဣနြိ္ဒယ သမ္ပယုတ္တ အတ္ထိ အဝိဂတပစ္စည်းတို့၏ အစွမ်းဖြင့် ၉-ပါးအပြားအားဖြင့် ကျေးဇူးပြု၏၊ ထိုမှတပါး ဗာဟိရာယတနတို့တွင် ရူပါယတနသည် စက္ခုသမ္ဖဿအား အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတပစ္စည်းတို့၏ အစွမ်းဖြင့် ၄-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ထို့အတူ သဒ္ဒါယတန စသည်တို့သည် သောတသမ္ဖဿ စသည်တို့အား ၄-ပါးအပြားအားဖြင့် ကျေးဇူးပြုကုန်၏။ အထူးကား


မှတ်ချက်

     ၁-များသော အပြားရှိသော ဟူသည်မှာ ကုသလဝိပါက်စသည် ပဉ္စဒွါရ(၌ဖြစ်သော ဖဿ)စသည်တို့၏ အစွမ်းအားဖြင့် များသော အပြားရှိသော ဒွေပဉ္စဝိညာဏ်ဖဿမှ တပါးသော ဖဿအား(ဟု ဆိုလို၏)။ (ဋီကာ)

၁၆၈

မနောသမ္ဖဿအား ထိုရူပစသော ငါးပါးသော အာယတနတို့သည်၎င်း, ဓမ္မာယတနသည်၎င်း, ထို့အတူ ၄-ပါးအပြားအားဖြင့်၎င်း [၂ဝ၁] အာရမ္မဏပစ္စည်းမျှဖြင့်သာလျှင်၎င်း ကျေးဇူးပြု၏။ ဤဆိုခဲ့သော နည်းဖြင့် ၆-ပါးသော ဗာဟိရာယတနတို့ကို ဤဖဿအား ဖြစ်သင့်သည်အားလျော်စွာ ကျေးဇူးပြုသည်၏အဖြစ်၌ ထင်စွာပြရာ၏။ ဤတွင် တရပ်ပြီး၏။

     ဤဆိုခဲ့သော စကားသည် သဠာယတနပစ္စယာ ဖဿော-ဟူသော ပုဒ်၌ အကျယ်ပြဆိုသော စကားပေတည်း။

ဖဿပစ္စယာ ဝေဒနာပုဒ်၌ အကျယ်ပြဆိုချက်

၆၄၃။ ဖဿပစ္စယာ ဝေဒနာ-ဟူသော ပုဒ်၌-

စက္ခုသမ္ဖဿဇာ အစရှိကုန်သော ဒွါရအားဖြင့် ၆-ပါးသာလျှင် ဖြစ်ကုန်သော ဝေဒနာတို့ကို (မြတ်စွာဘုရား) ဟောတော်မူ(အပ်ကုန်)၏၊ ထိုဝေဒနာတို့ကို အကျယ်အပြားအားဖြင့် ၈၉-ပါးဟူ၍ သိအပ်ကုန်၏။

     (ဖဿပစ္စယာ ဝေဒနာ-ဟူသော) ဤပုဒ်၏ အဖွင့်ဝိဘင်း၌လည်း ''စက္ခုသမ္ဖဿဇာ- မြင်တွေ့မှုကြောင့်ဖြစ်သော ဝေဒနာ၊ သောတ..၊ ဃာန..၊ ဇိဝှါ..၊ ကာယ..၊ မနောသမ္ဖဿဇာ- ကြံသိတွေ့မှုကြောင့်ဖြစ်သော ဝေဒနာ''ဟူ၍ ဒွါရအားဖြင့် ၆-ပါးသာလျှင် ဖြစ်ကုန်သော ဝေဒနာတို့ကို (မြတ်စွာဘုရား) ဟောတော်မူ(အပ်ကုန်)၏။ ထိုဝေဒနာတို့ကို အကျယ်အပြားအားဖြင့်မူ ၈၉-ပါးသော စိတ်တို့နှင့် ယှဉ်ကြသောကြောင့် ၈၉-ပါးဟူ၍ သိအပ်ကုန်၏။

သို့သော်လည်း ဤ ၈၉-ပါးသော ဝေဒနာတို့တွင် ဝိပါက်စိတ်နှင့် ယှဉ်သည်သာလျှင် ဖြစ်ကုန်သော ၃၂-ပါးသော ဝေဒနာတို့ကို ဖဿပစ္စယာ ဝေဒနာဟူသော ဤပုဒ်၌ (မြတ်စွာဘုရား) အလိုရှိ(အပ်ကုန်)သည်ဟု (ပညာရှိတို့) ဆို(အပ်ကုန်)၏။


မှတ်ချက်

     ၁- အစရှိကုန်သော.. ဝေဒနာတို့ကို-ဟု စပ်ပါ။

၁၆၉

ထို ၃၂-ပါးသော ဝေဒနာတို့တွင် ပဉ္စဒွါရ၌ ပဉ္စဝိညာဏ်နှင့်ယှဉ်သော ငါးပါးသော ဝေဒနာတို့အား စက္ခုသမ္ဖဿစသော ဖဿသည် ၈-ပါး အပြားအားဖြင့် ကျေးဇူးပြု၏၊ ကြွင်းသော (သမ္ပဋိစ္ဆိုန်း သန္တီရဏ တဒါရုံ)ဝေဒနာတို့အား တပါးအပြားအားဖြင့် ကျေးဇူးပြု၏၊ မနောဒွါရ၌လည်း (တဒါရုံဝေဒနာတို့အား) ထိုသဟဇာတ မနောသမ္ဖဿသည် ထို့အတူ ၈-ပါး အပြားအားဖြင့်ပင်လျှင် ကျေးဇူးပြု၏။

     ချဲ့၍ပြအံ့၊ ထို ၃၂-ပါးသော ဝေဒနာတို့တွင် ပဉ္စဒွါရ၌ စက္ခုပသာဒ စသည်လျှင် မှီရာရှိကုန်သော ငါးပါးသော ဝေဒနာတို့အား စက္ခုသမ္ဖဿ အစရှိသော ဖဿသည် သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ သမ္ပယုတ္တ အတ္ထိ အဝိဂတပစ္စည်းတို့၏ အစွမ်းအားဖြင့် ၈-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ကြွင်းကုန်သော တပါး တပါးသော ဒွါရ၌ သမ္ပဋိစ္ဆိုန်း သန္တီရဏ တဒါရုံတို့၏ အစွမ်းအားဖြင့် ဖြစ်ကုန်သော ကာမာဝစရ ဝိပါက်ဝေဒနာတို့အား စက္ခုသမ္ဖဿ အစရှိသော ထိုဖဿသည် ပကတူပနိဿယပစ္စည်း၏ အစွမ်းအားဖြင့် တပါးအပြားအားဖြင့်သာလျှင် ကျေးဇူးပြု၏။

     မနောဒွါရ၌လည်း ထို(...)သည် ထို့အတူ-ဟူရာ၌ အကျယ်ကား- မနောဒွါရ၌လည်း တဒါရုံ၏ အစွမ်းအားဖြင့် ဖြစ်ကုန်သော ကာမာဝစရဝိပါက် ဝေဒနာတို့အား သဟဇာတမနောသမ္ဖဿဟု ဆိုအပ်သော ထိုဖဿသည် ထို့အတူပင်လျှင် ၈-ပါး အပြားအားဖြင့် ကျေးဇူးပြု၏၊ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းအားဖြင့် ဖြစ်ကုန်သော ဘုံးသုံးပါး၌ဖြစ်သော ဝိပါက်ဝေဒနာတို့အားလည်း (ထို့အတူပင် ၈-ပါး အပြားအားဖြင့် ကျေးဇူးပြု၏)။ အထူးကား မနောဒွါရ၌ [၂ဝ၂] တဒါရုံ၏ အစွမ်းအားဖြင့် ဖြစ်သော ကာမာဝစရ ဝေဒနာတို့အား မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော မနောသမ္ဖဿသည် ပကတူပနိဿယပစ္စည်း၏ အစွမ်းဖြင့် တပါးအပြားအားဖြင့်သာလျှင် ကျေးဇူးပြု၏။ ဤတွင် တရပ်ပြီး၏။

     ဤဆိုခဲ့သော စကားသည် ဖဿပစ္စယာ ဝေဒနာ-ဟူသော ပုဒ်၌ အကျယ်ပြဆိုသော စကားပေတည်း။


မှတ်ချက်

     ၁- အကြောင်းပစ္စည်းကိုမူ ကံ၏အကျိုးဝိပါက် မဟုတ်သည်ကိုလည်း အချို့ဆရာတို့ အလိုရှိကုန်၏။ ထို့ကြောင့် ''(ယာ ပန) အထူးကား မနောဒွါရ၌''

၁၇၀

ဝေဒနာပစ္စယာ တဏှာပုဒ်၌ အကျယ်ပြဆိုချက်

၆၄၄။ ဝေဒနာပစ္စယာ တဏှာ-ဟူသော ပုဒ်၌-

ဤလောက၌ ရူပတဏှာစသော အပြားအားဖြင့် ၆-ပါးသော တဏှာတို့ကို (မြတ်စွာဘုရား) ပြတော်မူ(အပ်ကုန်)၏။ ထို၆-ပါးတို့တွင် တပါးတပါးကို ဖြစ်ပုံအခြင်းအရာအားဖြင့် သုံးပါးအပြားရှိ၏ဟု သိအပ်၏။

     ချဲ့၍ပြအံ့၊ ဝေဒနာပစ္စယာ တဏှာ-ဟူသော ဤပုဒ်၌ ''သေဋ္ဌေးသား, ပုဏ္ဏားသား'' ဤသို့ စသည်ဖြင့် အဖမှလာသော အမည်၏ အစွမ်းအားဖြင့် သားကို ပြအပ်- ခေါ်ဆိုအပ်သကဲ့သို့ ရူပတဏှာ-အဆင်း၌ ဆာလောင်တပ်မက်မှု၊ သဒ္ဒတဏှာ-အသံ၌ ဆာလောင်တပ်မက်မှု၊ ဂန္ဓတဏှာ-အနံ၌ ဆာလောင်တပ်မက်မှု၊ ရသတဏှာ-အရသာ၌ ဆာလောင်တပ်မက်မှု၊ ဖောဋ္ဌဗ္ဗတဏှာ-အတွေ့၌ ဆာလောင်တပ်မက်မှု၊ ဓမ္မတဏှာ-သဘောအာရုံ၌ ဆာလောင်တပ်မက်မှုဟူ၍ အာရုံမှလာသော အမည်၏ အစွမ်းအားဖြင့် အဘိဓမ္မာဝိဘင်း ပါဠိတော်၌ ၆-ပါးသော တဏှာတို့ကို ပြတော်မူ(အပ်ကုန်)၏။

     ထို ၆-ပါးသော တဏှာတို့တွင် တပါးတပါးသော တဏှာသည် ဖြစ်ပုံအခြင်းအရာအားဖြင့် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟူ၍ သုံးပါးအပြားရှိ၏ဟု သိအပ်၏။ ချဲ့၍ပြအံ့၊ ရူပတဏှာသည်ပင်လျှင် အကြင်အခါ၌ မျက်စိအား ထင်ခြင်းသို့ရောက်သော ရူပါရုံကို ကာမဂုဏ်၌ သာယာသည်၏ အစွမ်းအားဖြင့် သာယာလျက် ဖြစ်၏။ ထိုအခါ၌ ကာမတဏှာမည်၏။ အကြင်အခါ၌ ထိုရူပါရုံကိုပင်လျှင် ''ခိုင်သည် မြဲသည်''ဟု စွဲလမ်းလျက်ဖြစ်သော သဿတဒိဋ္ဌိနှင့်တကွ ဖြစ်၏၊ ထိုအခါ၌ ဘဝတဏှာမည်၏။ မှန်ပေ၏၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂကို ဘဝတဏှာဟု ခေါ်ဆိုအပ်၏။ အကြင်အခါ၌မူကား ထိုရူပါရုံကိုပင်လျှင် ''ပြတ်လတံ့ ပျက်လတံ့''ဟု


မှတ်ချက်

စသည်ဖြင့် မနောဒွါရာဝဇ္ဇန်းနှင့်ယှဉ်သော ဖဿ၏ ပစ္စည်းအဖြစ်ကို ဆိုသည်။ ထိုစကားကိုလည်း အမြွက်မျှပြသော စကားဟု မှတ်အပ်၏။ ဤပြဆိုခဲ့သော နည်းဖြင့် အခြားမဲ့ ဟုတ် မဟုတ်သော အလုံးစုံသော ဖဿ၏ ထိုထိုဝိပါက်ဝေဒနာအား ဥပနိဿယဖြင့် ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို ယှဉ်စေအပ်၏။ (ဋီကာ)

၁၇၁

စွဲလမ်းလျက်ဖြစ်သော ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်၏။ ထိုအခါ၌ ဝိဘဝတဏှာမည်၏။ မှန်ပေ၏၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂကို ဝိဘဝတဏှာဟု ခေါ်ဆိုအပ်၏။ သဒ္ဒတဏှာ စသည်တို့၌လည်း ဤနည်းပင်တည်း၊ ထိုကြောင့် ဤ၆-ပါးသော တဏှာတို့သည် ၁၈-ပါး ဖြစ်ကုန်၏။

     ထို ၁၈-ပါးသော တဏှာတို့သည် အဇ္ဈတ္တရူပါရုံ စသည်တို့၌ ၁၈-ပါး ဗဟိဒ္ဓရူပါရုံ စသည်တို့၌ ၁၈-ပါး ဤသို့အားဖြင့် ၃၆-ပါး ဖြစ်ကုန်၏။ ဤသို့လျှင် အတိတ်တဏှာတို့သည် ၃၆-ပါး၊ အနာဂတ်တဏှာ ၃၆-ပါး၊ ပစ္စုပ္ပန်တဏှာ ၃၆-ပါး ဤသို့အားဖြင့် ၁ဝ၈-ပါးသော တဏှာတို့ ဖြစ်ကုန်၏။ ထို၁ဝ၈-ပါးတို့ကို တဖန် ချုံးအပ်ကုန်သည်ရှိသော် အဆင်းအစရှိသော အာရုံတို့၏ အစွမ်းအားဖြင့် တဏှာ၆-ပါးသာလျှင် ဖြစ်ကုန်၏၊ ကာမတဏှာ စသည်တို့၏ အစွမ်းအားဖြင့် တဏှာ ၃-ပါးသာလျှင် ဖြစ်ကုန်၏ဟု သိအပ်၏။

     ဝေဒနာကြောင့် တဏှာဖြစ်ပုံကား- ဤသတ္တဝါတို့သည် သားကို သာယာကုန်၍ သား၌ သာယာမြတ်နိုးခြင်းဖြင့် နို့ထိန်းအား ပေးကမ်းချီးမြှောက်ကုန်သကဲ့သို့ အဆင်းစသော အာရုံတို့၏ အစွမ်းအားဖြင့် ဖြစ်ပေါ်သော ဝေဒနာကို သာယာကုန်၍ ဝေဒနာ၌ [၂ဝ၃] သာယာမြတ်နိုးခြင်းဖြင့် အဆင်းအစရှိသော အာရုံကို ပေးတတ်ကုန်သော ပန်းချီဆရာ, စောင်းသမား, နံ့သာသည်, စဖိုသည်, ရက္ကန်းသည်, ရသာယနဆေးကို စီရင်သော ဆေးဆရာ


မှတ်ချက်

     ၁- ဤ ဥစ္ဆေဒဒိဋ္ဌိဖြင့် စွဲလမ်းပုံနှင့် ဝိဘဝတဏှာဖြစ်ပုံကို ကျယ်ပြန့်စွာ လေ့လာလိုလျှင် ငါတို့ဟောကြား ရေးသားထားသော ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ဒုတိယတွဲ နှာ ၆၅-၌၎င်း၊ ဘာရသုတ္ထန်တရားတော်ကြီး နှာ ၁၃၅-၌၎င်း ကြည့်ပါ။

     ၂- ထိုဥပမာ၌ ဝေဒနာကို သားကဲ့သို့ မှတ်အပ်၏၊ ဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံစသည်တို့ကို နို့ရည် စသည်တို့ကဲ့သို့ (မှတ်အပ်ကုန်၏)၊ အဆင်းစသော အာရုံ၆-ပါးကို ပေးတတ်ကုန်သော ပန်းချီဆရာစသော ၆-ဦးတို့ကို နို့ရည်စသည်ကို ပေးတတ်သော နို့ထိန်းကဲ့သို့ (မှတ်အပ်ကုန်၏)။ ထို ၆-ဦးတို့တွင် ရက္ကန်းသည်က နူးညံ့သော အတွေ့ရှိသော အဝတ်ကို ပေးတတ်သည်၊ ဆေးဆရာက ရသာယန၌ ပါဝင်သော ဩဇာ၏ အစွမ်းအားဖြင့်၎င်း၊ ထိုဩဇာက ထောက်ပံ့အပ်သော အသက်ရုပ်၏ အစွမ်းအားဖြင့်၎င်း ဓမ္မာရုံကို ပေးတတ်သည်ဟု မှတ်အပ်၏။ (ဋီကာ)

၁၇၂

စသည်တို့အား ကြီးကျယ်သော ပေးကမ်းချီးမြှောက်ခြင်းကို ပြုကုန်၏။ ထို့ကြောင့် အလုံးစုံလည်းဖြစ်သော ဤတဏှာကို ဝေဒနာဟူသော အကြောင်းကြောင့် ဖြစ်သည်ဟု သိအပ်၏။

ဆက်ဦးအံ့။ (ဝေဒနာပစ္စယာ တဏှာဟူသော) ဤပုဒ်၌ ဝိပါက်ဖြစ်သော သုခဝေဒနာ တပါးတည်းကိုသာလျှင် အလိုရှိအပ်၏၊ ထို့ကြောင့် ဤဝေဒနာသည် တဏှာအား တပါးအပြားအားဖြင့်သာလျှင် ကျေးဇူးပြု၏။

     တပါးအပြားအားဖြင့်- ဟူသည်ကား ပကတူပနိဿယပစ္စည်း၏ အစွမ်းအားဖြင့် ကျေးဇူးပြု၏(ဟု ဆိုလို၏)။ တနည်းကား...

ဆင်းရဲရှိသောသူ- ဆင်းရဲသောသူသည် ချမ်းသာကို တောင့်တ၏၊ ချမ်းသာရှိသောသူ- ချမ်းသာသူသည် တိုး၍ (ချမ်းသာကို) အလိုရှိ၏၊ ဥပေက္ခာကိုမူ ငြိမ်သက်သည်၏အဖြစ်ကြောင့် ချမ်းသာသုခဟူ၍သာလျှင် ဆိုအပ်၏။

သုံးပါးလည်းဖြစ်ကုန်သော ဝေဒနာတို့သည် တဏှာအား ကျေးဇူးပြုကုန်၏၊ ထို့ကြောင့် ''ဝေဒနာပစ္စယာ တဏှာ''ဟူ၍ မြတ်စွာဘုရား ဟောတော်မူ(အပ်)ပေ၏။


မှတ်ချက်

     ၁- ''တနည်းကား''- အစရှိသော စကားဖြင့် ဝိပါက် သုခဝေဒနာ သက်သက်သာလျှင် (အကြောင်းပစ္စည်း ဖြစ်သည်) မဟုတ်သေး၊ စင်စစ်သော်ကား ဝိပါက်ဝေဒနာ ၃-ပါးလုံးသည်လည်း အထူးအားဖြင့် တဏှာ၏ ဥပနိဿယပစ္စည်း ဖြစ်သေး၏၊ သာမညအားဖြင့်မူ ဝိပါက်မဟုတ်သော ဝေဒနာသည်လည်း (ဥပနိဿယပစ္စည်း ဖြစ်သေး၏)ဟု ပြ၏။ ဥပေက္ခာကိုမူ ငြိမ်သက်သည်၏အဖြစ်ကြောင့် ချမ်းသာသုခဟူ၍သာလျှင် ဆိုအပ်၏၊ ထိုသို့ ချမ်းသာသုခဟု ဆိုအပ်သောကြောင့် ထိုဥပေက္ခာသည်လည်း သာ၍ အလိုရှိသည်၏ အစွမ်းအားဖြင့် တဏှာ၏ ဥပနိဿပစ္စည်း ဖြစ်၏ဟု ဆိုလို၏။ သို့သော်လည်း အကုသိုလ်၏ အကျိုးဝိပါက်ဖြစ်သော ဥပေက္ခာကို အလိုမရှိအပ်သော အနိဋ္ဌဖြစ်သောကြောင့် ဒုက္ခ၌ သက်ဝင်စေအပ်၏၊ ဤမှတပါးသော ကုသလဝိပါက် ဥပေက္ခာကို ဣဋ္ဌဖြစ်သောကြောင့် သုခ၌ သက်ဝင်စေအပ်၏၊ ထို့ကြောင့် ထိုဥပေက္ခာသည် ဒုက္ခကဲ့သို့၎င်း ဥပနိဿယပစ္စည်း ဖြစ်သည်ဟုဆိုရန် ဖြစ်နိုင်ပေ၏။ (ဋီကာ)

၁၇၃

ဆက်ဦးအံ့။ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာဖြစ်ငြားသော်လည်း အနုသယနှင့်ကင်း၍ မဖြစ်နိုင်၊ ထို့ကြောင့် (မဂ္ဂဗြဟ္မစရိယခေါ်) အကျင့်မြတ်ကို ကျင့်သုံးပြီးသော မကောင်းမှုကို အပပြုပြီးသော ရဟန္တာပုဂ္ဂိုလ်အား ထိုတဏှာ မဖြစ်တော့ပေ၊ ဤတွင် တရပ်ပြီး၏။

     ဤဆိုခဲ့သော စကားသည် ဝေဒနာပစ္စယာ တဏှာ-ဟူသော ပုဒ်၌ အကျယ်ပြဆိုသော စကားပေတည်း။

တဏှာပစ္စယာ ဥပါဒါနံပုဒ်၌ အကျယ်ပြဆိုချက်

၆၄၅။ တဏှာပစ္စယာ ဥပါဒါနံ-ဟူသော ပုဒ်၌-

ဥပါဒါန်တို့သည် လေးပါးတို့တည်း၊ ထို(လေးပါးသော ဥပါဒါန်တို့၏) အနက်ကို ဝေဘန်သောအားဖြင့်သော်၎င်း၊ ဥပါဒါန်တရားတို့၏ အကျဉ်းအကျယ်အားဖြင့်၎င်း၊ အစဉ်အားဖြင့်၎င်း ထိုဥပါဒါန်တို့ကို ထင်စွာပြရာ၏။

     ထိုဂါထာ၌ ဤဆိုလတံ့သည်ကား ထင်စွာပြခြင်းပေတည်း- ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်ဟူသော ဤ၄-ပါးတို့သည် (တဏှာပစ္စယာ ဥပါဒါနံ-ဟူသော) ဤပုဒ်၌ ရှေးဦးစွာ ၄-ပါးသော ဥပါဒါန်တို့ မည်ကုန်၏။ ဤဆိုလတံ့သည်ကား ထို၄-ပါးသော ဥပါဒါန်တို့၏ အနက်ကို ဝေဘန်ခြင်းပေတည်း- ဝတ္ထုဟုဆိုအပ်သော လိုချင်ဘွယ် ကာမဂုဏ်ကို မြဲမြံစွာ စွဲလမ်းတတ်သောကြောင့် ကာမုပါဒါန်မည်၏။ (တနည်း) နှစ်သက်လိုချင်တတ်သောကြောင့် ကာမလည်းမည်၏၊ ထိုကာမသည် မြဲမြံစွာ စွဲလမ်းတတ်သောကြောင့် ဥပါဒါန်လည်းမည်၏၊ ထို၂-ပါးသော အကြောင်းကြောင့်လည်း ကာမုပါဒါန်မည်၏။ ဥပါဒါန်ဟူသည်မှာ မြဲမြံစွာယူခြင်း- စွဲလမ်းခြင်းပေတည်း။ မှန်ပေ၏၊ ဤပုဒ်၌ ဥပ-သဒ္ဒါသည် ဥပါယာသ- ပြင်းစွာပူပန်ခြင်း, ဥပကုဋ္ဌ- အလွန်ကဲ့ရဲ့အပ်သည် အစရှိသော ပုဒ်တို့၌ကဲ့သို့ မြဲမြံခြင်းအနက် ရှိ၏။ ထိုမှတပါး မှားယွင်းစွာ မြင်သောကြောင့် ဒိဋ္ဌိလည်းမည်၏၊ ထိုဒိဋ္ဌိသည် ဥပါဒါန်လည်းမည်၏၊ ဤ၂-ပါးသော အကြောင်းကြောင့် ဒိဋ္ဌုပါဒါန်မည်၏၊ တနည်းကား မှားယွင်းသောအယူကို စွဲလမ်းတတ်သောကြောင့်

၁၇၄

ဒိဋ္ဌုပါဒါန်မည်၏။ မှန်ပေ၏၊ ''အတ္တသည်၎င်း, လောကသည်၎င်း, အမြဲတည်ရှိ၏'' ဤသို့ အစရှိသည်တို့၌ ရှေးဖြစ်သော မိစ္ဆာအယူကို နောက်ဖြစ်သော မိစ္ဆာအယူက မြဲမြံစွာ စွဲလမ်းတတ်၏။ ထိုမှတပါး အလေ့အကျင့်ကို မြဲမြံစွာ စွဲလမ်းတတ်သောကြောင့် သီလဗ္ဗတုပါဒါန်မည်၏။ (တနည်း) ထို သဘောသည် သီလဗ္ဗတလည်းဟုတ်၏ ဥပါဒါန်လည်းဟုတ်၏၊ ဤ၂-ပါးသော အကြောင်းကြောင်းလည်း သီလဗ္ဗတုပါဒါန်မည်၏။ မှန်ပေ၏၊ နွား၏အလေ့ နွား၏အကျင့် စသည်တို့သည် ''ဤသို့ ကျင့်ခြင်းဖြင့် သံသရာမှ စင်ကြယ်ခြင်းဖြစ်သည်''ဟု မြဲမြံစွာ နှလုံးသွင်းခြင်းကြောင့် မိမိတို့ကိုယ်တိုင်ပင်လျှင် ဥပါဒါန်မည်ကုန်၏။ ထိုမှတပါး ဆိုကြောင်းဖြစ်သောကြောင့် ဝါဒမည်၏၊ [၂ဝ၄] မြဲမြံစွာ စွဲလမ်းကြောင်းဖြစ်သောကြောင့် ဥပါဒါန်မည်၏၊ အဘယ်ကို ဆိုကုန်သနည်း၊ အဘယ်ကိုမူလည်း မြဲမြံစွာ စွဲလမ်းကုန်သနည်းဟူမူ? အတ္တကို ဆိုကုန် စွဲလမ်းကုန်၏။ (ထို့ကြောင့်) အတ္တကို ဆိုကြောင်း စွဲလမ်းကြောင်း သဘောသည် အတ္တဝါဒုပါဒါန်မည်၏။ တနည်းကား အတ္တဟုဆိုသော ဝါဒမျှသည်ပင် အတ္တဟု မြဲမြံစွာ စွဲလမ်းကြောင်းဖြစ်သောကြောင့် အတ္တဝါဒုပါဒါန်မည်၏။ ဤသည်ကား ရှေးဦးစွာ ထိုလေးပါးသော ဥပါဒါန်တို့၏ အနက်ကို ဝေဘန်ခြင်းပေတည်း။

     ထိုမှတပါး ဥပါဒါန်တရားတို့၏ အကျဉ်းအကျယ်၌ ရှေးဦးစွာ ကာမုပါဒါန်ဟူသည်မှာ ''ထို၄-ပါးသော ဥပါဒါန်တို့တွင် ကာမုပါဒါန်ဟူသည် အဘယ်နည်း? ကာမဂုဏ်တို့၌ အကြင်သို့သော ကာမစ္ဆန္ဒသည် ကာမရာဂသည် ကာမနန္ဒီသည် ကာမတဏှာသည် ကာမအစေးသည် ကာမအပူသည် ကာမဟူသော တွေဝေခြင်းသည် ကာမဟူသော မျိုသိမ်းခြင်းသည် (ရှိ၏)၊ ဤသဘောကို ကာမုပါဒါန်ဟု ဆိုအပ်၏''ဟူ၍ (အဘိဓမ္မာပါဠိတော်၌) လာသောကြောင့် အကျဉ်းအားဖြင့် တဏှာ၏ မြဲမြံသည်၏အဖြစ်ကို ဆိုအပ်၏။ တဏှာ၏ မြဲမြံသည်၏အဖြစ် မည်သည်ကား ရှေးတဏှာဟူသော ဥပနိဿယပစ္စည်းကြောင့် မြဲမြံစွာဖြစ်သော နောက်တဏှာပင်တည်း၊ အချို့ဆရာတို့သည်ကား ''မရောက်သေး မရသေးသော အာရုံကို တောင့်တခြင်းသည် တဏှာမည်၏။ (ဥပမာ) မှောင်မိုက်ထဲ၌ ခိုးသူ၏ (ခိုးယူရန်) လက်ကို


မှတ်ချက်

     ၁- ကာမုပါဒါန်ဟူသည်မှာ.. တဏှာ၏ မြဲမြံသည်၏အဖြစ်ကို ဆိုအပ်၏-ဟု စပ်ပါ။

၁၇၅

ဆန့်တန်းခြင်းနှင့် တူ၏၊ ရောက်အပ် ရအပ်ပြီးသော အာရုံကို ဆုပ်ကိုင်ခြင်း စွဲလမ်းခြင်းသည် ဥပါဒါန်မည်၏၊ (ဥပမာ) ထိုခိုးသူ၏ပင်လျှင် ဥစ္စာကို ယူခြင်းနှင့် တူ၏၊ တဏှာ ဥပါဒါန်ဟူသော ထိုတရားတို့သည် အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်းတို့၏ ဆန့်ကျင်ဘက်တို့ပေတည်း။ ထို့အတူ ရှာမှီးခြင်းကြောင့်ဖြစ်သော ဆင်းရဲ, စောင့်ရှောက်ရခြင်းကြောင့်ဖြစ်သော ဆင်းရဲတို့၏ အကြောင်းရင်း ဖြစ်ကုန်၏''ဟု ဆိုကုန်၏။ ကြွင်းသော ဥပါဒါန် ၃-ပါးသည်ကား အကျဉ်းအားဖြင့် ဒိဋ္ဌိမျှသာလျှင်တည်း။

     အကျယ်အားဖြင့်မူကား ရှေး၌ ရူပါရုံ စသည်တို့၌ ဆိုအပ်ခဲ့သော ၁ဝ၈-ပါး အပြားရှိသည်လည်းဖြစ်သော တဏှာ၏ မြဲမြံသည်၏အဖြစ်သည် ကာမုပါဒါန်မည်၏။ ၁ဝ-ပါးသော အကြောင်းဝတ္ထုရှိသော မိစ္ဆာဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန် မည်၏၊ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ထို၄-ပါးသော ဥပါဒါန်တို့တွင် ဒိဋ္ဌုပါဒါန်ဟူသည် အဘယ်နည်း? ပေးလှူခြင်း(အကျိုး)သည် မရှိ၊ ယဇ်ပူဇော်ခြင်း- အကြီးအကျယ် ပေးလှူခြင်း(အကျိုး)သည် မရှိ၊ ဟုန်းပူဇော်ခြင်း- အနည်းငယ် ကျွေးမွေးပေးကမ်းခြင်း(အကျိုး)သည် မရှိ၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤမျက်မှောက်လောကသည် မရှိ၊ တပါးသော မျက်ကွယ်လောကသည် မရှိ၊ အမိ(၌ ပြုစုခြင်း ပြစ်မှားခြင်း၏ အကျိုး)သည် မရှိ၊ အဖ(၌ ပြုစုခြင်း ပြစ်မှားခြင်း၏ အကျိုး)သည် မရှိ၊ ကပ်ရောက်၍ဖြစ်သော (ဩပပါတိက)သတ္တဝါတို့သည် မရှိကြ၊ ဤမျက်မှောက်လောကကို၎င်း၊ တပါးသော မျက်ကွယ်လောကကို၎င်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြု၍ ဟောကြားနိုင်ကုန်သော ဖြောင့်မှန်စွာ သွားကုန်သော ဖြောင့်မှန်စွာ ကျင့်ကုန်သော ရဟန်းသူမြတ်တို့သည် လောက၌ မရှိကြဟူ၍(ဖြစ်သော) ဤသို့သော သဘောရှိသော အကြင်


မှတ်ချက်

     ၁- တဏှာသည် အလိုနည်းဖြင်း၏ ဆန့်ကျင်ဘက်၊ ဥပါဒါန်သည် ရောင့်ရဲလွယ်ခြင်း၏ ဆန့်ကျင်ဘက်ဟု အစဉ်အတိုင်း ဟပ်၍ယူပါ၊ ဆင်းရဲ၏ အကြောင်းရင်းဟူရာ၌လည်း နည်းတူပင်။

၁၇၆

အယူသည် ။ပ။ ဖောက်ပြန် မှားယွင်းသောအားဖြင့် ယူခြင်းသည် (ရှိ၏)၊ ဤသဘောကို ဒိဋ္ဌုပါဒါန်ဟု ဆိုအပ်၏'' ဟူ၍ပင်တည်း။

     ထိုမှတပါး အလေ့အကျင့်တို့ဖြင့် စင်ကြယ်ခြင်းဖြစ်သည်ဟု မှားယွင်းစွာ သုံးသပ်ခြင်းသည် သီလဗ္ဗတုပါဒါန်မည်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ထို ၄-ပါးသော ဥပါဒါန်တို့တွင် သီလဗ္ဗတုပါဒါန်သည် အဘယ်နည်း? သီလ-အလေ့ဖြင့် စင်ကြယ်၏၊ ဝတ-အကျင့်ဖြင့် စင်ကြယ်၏၊ သီလဗ္ဗတ- အလေ့အကျင့်ဖြင့် စင်ကြယ်၏ဟူ၍(ဖြစ်သော) ဤသို့သဘောရှိသော အကြင်အယူသည် ။ပ။ ဖောက်ပြန် မှားယွင်းသောအားဖြင့် ယူခြင်းသည် (ရှိ၏)၊ ဤသဘောကို သီလဗ္ဗတုပါဒါန်ဟု ဆိုအပ်၏'' ဟူ၍ပင်တည်း။ ၂ဝ-သော အကြောင်းဝတ္ထုရှိသော သက္ကာယဒိဋ္ဌိသည် အတ္တဝါဒုပါဒါန်မည်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ထို ၄-ပါးသော ဥပါဒါန်တို့တွင် အတ္တဝါဒုပါဒါန်ဟူသည် အဘယ်နည်း? ဤလောက၌ အကြားအမြင်မရှိသော ပုထုဇဉ်သည် ။ပ။ သူတော်ကောင်းတို့၏တရား၌ (စောင့်စည်းခြင်း ပယ်ရှားခြင်းဖြင့်) မဆုံးမအပ်သေးသည်ဖြစ်၍ ရုပ်ကို အတ္တဟု ရှု၏၊ သို့မဟုတ် အတ္တမှာ ရုပ်ရှိသည်ဟု ရှု၏၊ သို့မဟုတ် အတ္တ၌ ရုပ်တည်သည်ဟု ရှု၏၊ သို့မဟုတ် ရုပ်၌ အတ္တတည်သည်ဟု ရှု၏၊ ဝေဒနာကို--။ သညာကို--။ သင်္ခါရတို့ကို--။ ဝိညာဏ်ကို အတ္တဟု ရှု၏၊ သို့မဟုတ် အတ္တမှာ ဝိညာဏ်ရှိသည်ဟု ရှု၏၊ သို့မဟုတ် အတ္တ၌ ဝိညာဏ်တည်သည်ဟု ရှု၏၊ သို့မဟုတ် ဝိညာဏ်၌ အတ္တတည်သည်ဟု ရှု၏။ ဤသို့သဘောရှိသော အကြင်အယူသည် ။ပ။ ဖောက်ပြန် မှားယွင်းသောအားဖြင့် ယူ ခြင်းသည် (ရှိ၏)၊ ဤသဘောကို အတ္တဝါဒုပါဒါန်ဟု ဆိုအပ်၏'' ဟူ၍ပင်တည်း။

     ဤသည်ကား (တဏှာပစ္စယာ ဥပါဒါနံ-ဟူသော) ဤပုဒ်၌ ဥပါဒါန်တရားတို့၏ အကျဉ်းအကျယ်ပေတည်း။


မှတ်ချက်

     ၁-၂ ဤဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန်တို့ကို အကျယ်လေ့လာလိုလျှင် ငါတို့၏ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ဒုတိယတွဲ နှာ ၇၈-စသည်မှာ ကြည့်ပါ။

၁၇၇

     ထိုမှတပါး အစဉ်အားဖြင့်ဟူသော ဤစကား၌ အစဉ်သည် ဖြစ်စဉ် ပယ်စဉ် ဟောစဉ်ဟူ၍ ၃-ပါး အပြားရှိ၏၊ ထို၃-ပါးတို့တွင် ဉာဏ်ဖြင့် အစဉ်လိုက်သော်လည်း မသိအပ်သော အစရှိသော၊ ဝါ၊ အစမထင်သော သံသရာ၌ ''ဤဥပါဒါန်က ရှေးဦးစွာဖြစ်သည်''ဟု (ဆိုနိုင်ဖွယ်) မရှိခြင်းကြောင့် ကိလေသာတို့၏ မုချအားဖြင့် ဖြစ်စဉ်ကို မဆိုအပ်ပေ၊ ပရိယာယ်အားဖြင့်မူကား အများအားဖြင့် တခုသောဘဝ၌ အတ္တဟု စွဲလမ်းခြင်းလျှင် ရှေ့သွားရှိသော ''မြဲသည်ဟူ၍သော်၎င်း ပြတ်စဲသည်ဟူ၍သော်၎င်း'' မြဲမြံစွာ နှလုံးသွင်းခြင်းသည် ဖြစ်၏၊ ထို့နောင် ''ဤအတ္တသည် တည်မြဲ၏''ဟု ယူသောသူအား အတ္တ၏ စင်ကြယ်ခြင်း (ချမ်းသာခြင်း)အကျိုးငှါ သီလဗ္ဗတုပါဒါန်သည် ဖြစ်၏။ (ဤအတ္တသည်) ပြတ်စဲ၏ဟု ယူသောသူအား တမလွန်လောကကို ငဲ့ခြင်းမရှိသည်ဖြစ်၍ [၂ဝ၅] ကာမုပါဒါန်သည် ဖြစ်၏။ ဤသို့အားဖြင့် ရှေးဦးစွာ အတ္တဝါဒုပါဒါန်သည် ဖြစ်၏။ ထို့နောင် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် ကာမုပါဒါန်တို့သည် ဖြစ်ကုန်၏။ ဤသည်ကား ဤဥပါဒါန် ၄-ပါးတို့၏ တခုသောဘဝ၌ ဖြစ်စဉ်ပေတည်း။

     ထိုမှတပါး ဤ၄-ပါးသော ဥပါဒါန်တို့တွင် ဒိဋ္ဌုပါဒါန် စသည်တို့ကို ရှေးဦးစွာ ပယ်အပ်ကုန်၏၊ (အကြောင်းကား) သောတာပတ္တိမဂ်က ပယ်သတ်အပ်သော တရားများ ဖြစ်သောကြောင့်ပေတည်း။ ကာမုပါဒါန်ကို နောက်မှ (ပယ်အပ်၏)၊ (အကြောင်းကား) အရဟတ္တမဂ်က ပယ်သတ်အပ်သောတရား ဖြစ်သောကြောင့်ပေတည်း။ ဤသည်ကား ဤဥပါဒါန်လေးပါးတို့၏ ပယ်စဉ်ပေတည်း။

     ထိုမှတပါး ကျယ်သော ဖြစ်ရာနယ်ပယ်ရှိသောကြောင့်၎င်း၊ ထင်ရှားသောကြောင့်၎င်း ဤ၄-ပါးသော ဥပါဒါန်တို့တွင် ကာမုပါဒါန်ကို ရှေးဦးစွာ ဟောတော်မူ(အပ်)၏။ နယ်ပယ်ကျယ်ပုံကား ထိုကာမုပါဒါန်သည် ၈-ပါးသော လောဘမူစိတ်တို့နှင့် ယှဉ်သောကြောင့် ကျယ်သော ဖြစ်ရာနယ်ပယ်ရှိ၏။ ဤမှတပါးသော ဥပါဒါန်တို့သည် ၄-ပါးသော ဒိဋ္ဌိသမ္ပယုတ်စိတ်တို့နှင့်သာ ယှဉ်ခြင်းကြောင့် ကျဉ်းသော ဖြစ်ရာနယ်ပယ်ရှိကုန်၏။ ထင်ရှားပုံကား


မှတ်ချက်

     ၁- ဣမဿ ပဌမံ ဥပ္ပတ္တိ-ဟူသော ပါဌ်ကို မြန်မာစကားချောအောင် ပြန်ထားချက် ဖြစ်သည်၊ ပါဠိအရ အတိအကျပြန်လျှင် (ဤဥပါဒါန်၏ ရှေးဦးစွာဖြစ်ခြင်း ဖြစ်သည်)ဟု ဖြစ်၏၊ မချော။

၁၇၈

အများအားဖြင့် သတ္တဝါအပေါင်းသည် (ဥပါဒါန်နက္ခန္ဓာ ငါးပါးဟူသော) တွယ်တာစရာ အာရုံတို့၌ မွေ့လျော်သောကြောင့် ကာမုပါဒါန်သည် ထင်ရှား၏၊ ဤမှတပါးသော ဥပါဒါန်တို့သည် မထင်ရှားကုန်။ ကာမုပါဒါန်ရှိသော ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့ကို ရခြင်းအကျိုးငှါ ကောတူဟလမင်္ဂလာ စသည်၌ လေ့လာခြင်းများ၏၊ ထိုကာမုပါဒါန်ရှိသူ၏ ထိုကောတူဟလမင်္ဂလာစသည်၌ လေ့လာခြင်းသည် မှားသော အယူပေတည်း၊ ထို့ကြောင့် ထိုကာမုပါဒါန်၏ အခြားမဲ့၌ ဒိဋ္ဌုပါဒါန်ကို (ဟောတော်မူအပ်၏)။ ထိုဒိဋ္ဌုပါဒါန်သည် ကွဲပြားသည်ရှိသော် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့၏ အစွမ်းအားဖြင့် ၂-ပါး အပြားရှိသည် ဖြစ်လေသည်။ ထို၂-ပါးတို့တွင် နွား၏ အမူအရာကိုသော်၎င်း၊ ခွေး၏ အမူအရာကိုသော်၎င်း မြင်၍သော်လည်း သိအပ် သိနိုင်သောကြောင့် (သီလဗ္ဗတုပါဒါန်သည်) ရုန့်ရင်းပေါ်လွင်၏၊ ထို့ကြောင့် သီလဗ္ဗတုပါဒါန်ကို ရှေ့ဦးစွာ ဟောတော်မူ(အပ်)၏။ သိမ်မွေ့သည်၏ အဖြစ်ကြောင့် အဆုံး၌ အတ္တဝါဒုပါဒါန်ကို ဟောတော်မူ(အပ်)၏။ ဤသည်ကား ဤဥပါဒါန် ၄-ပါးတို့၏ ဟောစဉ်ပေတည်း။

ကျေးဇူးပြုပုံကား- တဏှာသည် ဤ ၄-ပါးသော ဥပါဒါန်တို့တွင် ရှေးဖြစ်သော ကာမုပါဒါန်အား တပါးအပြားအားဖြင့် ကျေးဇူးပြု၏၊


မှတ်ချက်

     ၁- ဋီကာနှင့်အညီ ပြန်အပ်သော အနက်ဖြစ်သည်။ ဝိ-ဋ္ဌ-၂-၅၅- စသည်တို့၌ပြသော အဋ္ဌကထာနှင့်အညီ ပြန်လျှင် (ကာမဂုဏ်ငါးပါးဟူသော) တွယ်တာစရာ အာရုံတို့ဖြင့် မွေ့လျော်သောကြောင့်၊ ဝါ၊ တွယ်တာတတ်သော တဏှာတို့ဖြင့် မွေ့လျော်သောကြောင့်-ဟု ဖြစ်၏။

     ၂- ''ချမ်းသာဆင်းရဲသည် ကံကြောင့်ဖြစ်သည်''ဟု မယူပဲ အသစ်အဆန်းကို မြင်တွေ့ခြင်း ဒိဋ္ဌမင်္ဂလာ-စသည်၌ လေ့လာခြင်းများသည်-ဟု ဆိုလို၏။

     ၃- သာဿ ဒိဋ္ဌီတိ-ဟု ရှိရင်းပါဌ်အတိုင်း ပြန်အပ်သော အနက်ဖြစ်သည်။ ပြည်မူနိဿယ၌ကား သာဿတန္တိ-ဟု ရှိသော ပါဌ်ကို ယူ၍ (ထိုကာမုပါဒါန်ရှိသောသူ၏ ထိုကောတူဟလမင်္ဂလာ စသည်၌ လေ့လာများသည်၏ အဖြစ်သည် ထိုဒိဋ္ဌုပါဒါန်ဖြစ်၏)ဟု ပြန်ထား၏။ ထိုပြန်ချက်သည် တန္တိ ဒိဋ္ဌုပါဒါနံ-ဟု ရှိသော ဋီကာနှင့် ညီပေ၏။ သို့သော် သာ-နှင့်-တံ လိင်မတူသောကြောင့် စဉ်းစားသင့်၏။

၁၇၉

ထိုတဏှာသည် ကြွင်းသော ဥပါဒါန် ၃-ပါးအား ၇-ပါး အပြားအားဖြင့်သော်၎င်း၊ ၈-ပါး အပြားအားဖြင့်သော်၎င်း၊ ကျေးဇူးပြု၏။

     ချဲ့၍ပြအံ့၊ ဤဆိုခဲ့သော အစဉ်ဖြင့် ဟောအပ်သော ဤဥပါဒါန် ၄-ပါးအပေါင်းတွင် ရှေးဖြစ်သော ကာမုပါဒါန်အား ကာမတဏှာသည် ပကတူပနိဿယပစ္စည်း၏ အစွမ်းအားဖြင့် တပါးအပြားအားဖြင့်သာ ကျေးဇူးပြု၏။ (အကြောင်းကား) တဏှာဖြင့် နှစ်သက်အပ်ကုန်သော အာရုံတို့၌ ဖြစ်ခြင်းကြောင့်တည်း။ ကြွင်းသော ဥပါဒါန်သုံးပါးအပေါင်းအားမူ သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ဟေတုပစ္စည်းတို့၏ အစွမ်းအားဖြင့် ၇-ပါး အပြားအားဖြင့်သော်၎င်း၊ ဥပနိဿယပစ္စည်းနှင့်တကွ ၈-ပါး အပြားအားဖြင့်သော်၎င်း ကျေးဇူးပြု၏၊ ဆက်၍ ရှင်းဦးအံ့၊ ဥပနိဿယ၏ အစွမ်းအားဖြင့် ကျေးဇူးပြုသောအခါ၌ သဟဇာတပစ္စည်း မဟုတ်သည်သာလျှင် ဖြစ်ပေသည်။ ဤတွင် တရပ်ပြီး၏။

     ဤဆိုခဲ့သော စကားသည် တဏှာပစ္စယာ ဥပါဒါနံ-ဟူသော ပုဒ်၌ အကျယ်ပြဆိုသော စကားပေတည်း။

ဥပါဒါနပစ္စယာ ဘဝေါပုဒ်၌ အကျယ်ပြဆိုချက်

၆၄၆။ ဥပါဒါနပစ္စယာ ဘဝေါ-ဟူသော ပုဒ်၌-

သဒ္ဒါနက်အားဖြင့်၎င်း၊ သဘောတရားအားဖြင့်၎င်း၊ (တဖန်ထပ်၍ ဟောခြင်း၏) အကျိုးရှိသောအားဖြင့်၎င်း၊ ဝေဘန်ခွဲခြမ်းခြင်းနှင့် အကျဉ်းချုံးခြင်းအားဖြင့်၎င်း၊ အကြင်ဥပါဒါန်သည် အကြင်ဘဝ၏ အကြောင်းပစ္စည်းဖြစ်၏၊ ပစ္စည်း ပစ္စယုပ္ပန်ဖြစ်သော ထိုဥပါဒါန် ထိုဘဝအားဖြင့်၎င်း အဆုံးအဖြတ်ကို သိအပ်၏။

     [၂ဝ၆] ထိုဂါထာ၌ (အကျယ်ကား)- ဖြစ်တတ်သောကြောင့် ဘဝမည်၏၊ ထိုဘဝသည် ကမ္မဘဝ ဥပပတ္တိဘဝဟူ၍ ၂-ပါး အပြားရှိ၏၊ (မြတ်စွာဘုရား) ဟောတော်မူပုံကား ''ဘဝသည် ကမ္မဘဝရှိ၏ ဥပပတ္တိဘဝ ရှိ၏-ဤသို့ ၂-ပါး အပြားရှိ၏'' ဟူ၍ပင်တည်း။ ထို ၂-ပါးတို့တွင် ကံသည်ပင်လျှင် ဘဝမည်၏၊ (ထို့ကြောင့်) ကမ္မဘဝမည်၏။ ထို့အတူ (ဥပပတ္တိ) ကပ်၍ဖြစ်ခြင်းသည်ပင်လျှင် ဘဝမည်၏၊ (ထို့ကြောင့်) ဥပပတ္တိဘဝ မည်၏၊ ဆက်ဦးအံ့၊

၁၈၀

ဤ၂-ပါးသော ဘဝတို့တွင် ဥပပတ္တိဘဝသည် ဖြစ်တတ်သောကြောင့် ဘဝမည်၏၊ ကံသည်ကား သုခ၏ အကြောင်းဖြစ်သောကြောင့် ''ဘုရားရှင်တို့ ပွင့်တော်မူခြင်းသည် ချမ်းသာသုခပေတည်း''ဟု ဟော(အပ်)သကဲ့သို့ ဤအတူပင် ဘဝ၏ အကြောင်းဖြစ်သောကြောင့် အကျိုး၏အမည် ဝေါဟာရဖြင့် ဘဝမည်၏ဟု သိအပ်၏၊ ဤဆိုခဲ့သည့်အတိုင်း (ဘဝေါ-ဟူသော) ဤပုဒ်၌ ရှေးဦးစွာ သဒ္ဒါအနက်အားဖြင့် အဆုံးအဖြတ်ကို သိအပ်၏။

     ၆၄၇။ ထိုမှတပါး သဘောတရားအားဖြင့် ရှေးဦးစွာ ကမ္မဘဝဟူသည်မှာ အကျဉ်းအားဖြင့် စေတနာသည်၎င်း၊ စေတနာနှင့်ယှဉ်သော အဘိဇ္ဈာ အစရှိကုန်သော ကံဟုဆိုအပ်ကုန်သော (လောဘ ဒေါသ ဒိဋ္ဌိ-ဟူသော) တရားတို့သည်၎င်း ကမ္မဘဝမည်၏၊ (မြတ်စွာဘုရား) ဟောတော်မူပုံကား ''ထို၂-ပါးသော ဘဝတို့တွင် ကမ္မဘဝဟူသည် အဘယ်နည်း? ကာမဘုံ၌မူလည်း အကျုံးဝင်သော မဟဂ္ဂုတ်ဘုံ၌မူလည်း အကျုံးဝင်သော ပုညာဘိသင်္ခါရသည်၎င်း၊ အပုညာဘိသင်္ခါရသည်၎င်း၊ အာနေဉ္ဇာဘိသင်္ခါရသည်၎င်း (ရှိ၏)၊ ဤ၃-ပါးသော သင်္ခါရကို ကမ္မဘဝဟူ၍ ခေါ်ဆိုအပ်၏။ အလုံးစုံလည်းဖြစ်သော ဘဝသို့ (ပြီးစေသောအားဖြင့်) ရောက်တတ် ရောက်စေတတ်သော ကံကို၊ ဝါ၊ ဘဝကို ဖြစ်စေတတ်သော ကံကို ကမ္မဘဝဟူ၍ (ဆိုအပ်၏)'' ဟူ၍ပင်တည်း။ ထူးရာကို ဖွင့်ပြအံ့၊ ဤ ဘုရားစကားတော်၌ ပုညာဘိသင်္ခါရ ဟူသည်မှာ ၁၃-ပါးသော ကာမရူပ ကုသိုလ်စေတနာတို့ပေတည်း။ အပုညာဘိသင်္ခါရ ဟူသည်မှာ ၁၂-ပါးသော အကုသိုလ်စေတနာတို့ပေတည်း၊ အာနေဉ္ဇာဘိသင်္ခါရ ဟူသည်မှာ ၄-ပါးသော အရူပကုသိုလ် စေတနာတို့ပေတည်း။ ( ) ''ကာမဘုံ၌မူလည်း အကျုံးဝင်သော မဟဂ္ဂုတ်ဘုံ၌မူလည်း အကျုံးဝင်သော''ဟူသော ဤ၂-ပုဒ်ဖြင့် ဆိုခဲ့ပြီးသော ထိုစေတနာ၏ပင်လျှင် နည်းသော အကျိုးဝိပါက် ရှိသည်၏အဖြစ်နှင့် များသော အကျိုးဝိပါက်


မှတ်ချက်

     ၁- ကံသည်ကား.. ဘဝ၏ အကြောင်းဖြစ်သောကြောင့်.. ဘဝမည်၏-ဟု စပ်ပါ။ ဖလူပစာဟု ဆိုလို၏။ တနည်းကား ဥပပတ္တိဘဝ၏ ဖြစ်ကြောင်းဖြစ်သောကြောင့် ကံသည် ဘဝမည်၏။

     ၂- ( ) ဤအရာ၌ ဧဝံ-ပုဒ်ရှိသည်၊ ဤသို့-ဟု ပြန်သည်ဖြစ်စေ၊ ဤအတူ-ဟု ပြန်သည်ဖြစ်စေ အနက်ထူးမရသောကြောင့် ယင်းပုဒ်အနက်ကို ချန်ထားသည်။

၁၈၁

ရှိသည်၏အဖြစ်ကို ဟောတော်မူ(အပ်)ပေ၏။ အလုံးစုံလည်းဖြစ်သော ဘဝကို ဖြစ်စေတတ်သော ကံကိုဟူသော ဤစကားဖြင့်မူ စေတနာနှင့်ယှဉ်ကုန်သော အဘိဇ္ဈာအစရှိသော တရားတို့ကို ဟောတော်မူ(အပ်ကုန်)၏။

     ထိုမှတပါး ဥပပတ္တိဘဝသည် အကျဉ်းအားဖြင့် ကံကြောင့်ဖြစ်ကုန်သော (ဝိပါက်နှင့် ကမ္မဇရုပ်) ခန္ဓာတို့ပေတည်း၊ အကျယ်အပြားအားဖြင့် ၉-ပါး အပြားရှိ၏၊ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ထို၂-ပါးသော ဘဝတို့တွင် ဥပပတ္တိဘဝသည် အဘယ်နည်း? ကာမဘဝ ရူပဘဝ အရူပဘဝ သညာဘဝ အသညာဘဝ နေဝသညာနာသညာဘဝ ဧကဝေါကာရဘဝ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝ(ဟူသော) ဤ၉-ပါးကို ဥပပတ္တိဘဝဟု ဆိုအပ်၏'' ဟူ၍ပင်တည်း။

     ထို၉-ပါးသော ဘဝတို့တွင် ကာမဟု ဆိုအပ်သော ဘဝသည် ကာမဘဝ မည်၏။ ရူပဘဝ အရူပဘဝတို့၌ ဤနည်းပင်တည်း။ သညာရှိသောသူတို့၏ ဘဝသည် (သညာဘဝမည်၏)၊ တနည်း ဤဘဝ၌ သညာရှိ၏၊ ထို့ကြောင့် သညာဘဝမည်၏၊ (ထိုမှ) ပြန်သောအားဖြင့် အသညာဘဝမည်၏။ ရုန့်ရင်းသောသညာ၏ မရှိခြင်းကြောင့်၎င်း၊ သိမ်မွေ့သောသညာ၏ ရှိခြင်းကြောင့်၎င်း ဤဘဝ၌ ရုန့်ရင်းသောသညာကား မရှိ၊ သိမ်မွေ့သောသညာ မရှိသည်ကား မဟုတ်၊ ထို့ကြောင့် နေဝသညာနာသညာဘဝ မည်၏၊ တခုသော ရူပက္ခန္ဓာဖြင့် ကျယ်ပြန့်စေအပ်သော ဘဝသည် ဧကဝေါကာရဘဝ မည်၏၊ တနည်း ဤဘဝအား တခုသော ကျယ်ပြန့်စေအပ်သော ခန္ဓာသည် (ရှိ၏)၊ ထို့ကြောင့် ဧကဝေါကာရဘဝ မည်၏။ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝတို့၌ ဤနည်းပင်တည်း။ ထို၉-ပါးသော ဘဝတို့တွင် ကာမဘဝသည် ၅-ပါးသော ဥပါဒိဏ္ဏ (လောကီကံ၏ အကျိုး)ခန္ဓာတို့ပင်တည်း။ ရူပဘဝသည် ထို့အတူပင်တည်း။ အရူပဘဝသည် [၂ဝ၇] ၄-ပါးသော လောကီကံ၏ အကျိုးခန္ဓာတို့ပင်တည်း။ သညာဘဝသည် ၄-ပါး ၅-ပါးသော လောကီကံ၏ အကျိုးခန္ဓာတို့ပင်တည်း။ သညာဘဝသည် တပါးသော လောကီကံ၏ အကျိုးခန္ဓာပင်တည်း။ နေဝသညာနာသညာ ဘဝသည် ၄-ပါးသော လောကီကံ၏ အကျိုးခန္ဓာတို့ပင်တည်း။ ဧကဝေါကာရဘဝ စသည်တို့သည် လောကီကံ၏ အကျိုးခန္ဓာတို့ဖြင့် ၁-ပါး ၅-ပါးသော ခန္ဓာတို့ပင်တည်း။ ဤဆိုခဲ့သည့်အတိုင်း

၁၈၂

(ဘဝေါဟူသော) ဤပုဒ်၌ သဘောတရား (တရားကိုယ်)အားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်၏။

     ၆၄၈။ အကျိုးရှိသောအားဖြင့် ဟူရာ၌ (သိရန်မှာ) ဘဝကို အကျယ်ပြရာ၌ ဟော(အပ်)သကဲ့သို့ ထို့အတူပင် သင်္ခါရကို အကျယ်ပြရာ၌လည်း ပုညာဘိသင်္ခါရ စသည်ကိုသာလျှင် ဟော(အပ်)ခဲ့၏၊ သို့သော်လည်း ရှေးဖြစ်သော သင်္ခါရတို့ကို ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်းဖြစ်သောကြောင့် အတိတ်ကံ၏ အစွမ်းအားဖြင့် (ဟောအပ်ကုန်၏)၊ ဤနောက်သင်္ခါရတို့ကိုမူ နောင်အနာဂတ်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်းဖြစ်သောကြောင့် ပစ္စုပ္ပန်ကံ၏ အစွမ်းအားဖြင့် (ဟောအပ်ကုန်၏)၊ ထို့ကြောင့် (သင်္ခါရကို ဟောပြီးဖြစ်ပါလျက် ဘဝကို) တဖန်ထပ်၍ ဟောခြင်းသည် အကျိုးရှိသည်သာတည်း၊ တနည်းကား ရှေးသင်္ခါရတို့ကို အကျယ်ပြရာ၌ ''ထို၃-ပါးသော သင်္ခါရတို့တွင် ပုညာဘိသင်္ခါရသည် အဘယ်နည်း? ကာမဝစရဖြစ်သော ကုသိုလ်စေတနာတည်း'' ဤသို့ အစရှိသော နည်းဖြင့် စေတနာကိုသာလျှင် သင်္ခါရဟူ၍ ဟော(အပ်)ခဲ့၏၊ ဤဘဝကို အကျယ်ပြရာ၌ကား ''အလုံးစုံလည်းဖြစ်သော ဘဝကိုဖြစ်စေတတ်သော ကံကို (ကမ္မဘဝဟု ဆိုအပ်၏)''ဟု ဟောတော်မူခြင်းကြောင့် စေတနာနှင့်ယှဉ်သော တရားတို့ကိုလည်း (ကမ္မဘဝဟု ဟောအပ်၏)၊ ဤမျှသာမကသေး၊ ရှေး သင်္ခါရတို့ကို အကျယ်ပြရာ၌ ဝိညာဏ်၏ အကြောင်းသာလျှင်ဖြစ်သော ကံကို သင်္ခါရဟု ဟော(အပ်)ခဲ့၏၊ (ဘဝကို အကျယ်ပြရာ) ယခုအခါ၌ အသညာဘဝကို ဖြစ်စေတတ်သော ကံကိုလည်း (ဟောအပ်၏)၊ တနည်းဖြေရလျှင် များစွာ ပြောဆိုခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ''အဝိဇ္ဇာပစ္စယာ သင်္ခါရာ''ဟူသော ဤပုဒ်၌ ပုညာဘိသင်္ခါရ စသည်သာလျှင် ဖြစ်ကုန်သော ကုသိုလ် အကုသိုလ် တရားတို့ကို ဟောအပ်ခဲ့ကုန်၏။ ''ဥပါဒါနပစ္စယာ ဘဝေါ''ဟူသော ဤပုဒ်၌မူ ဥပပတ္တိဘဝကိုလည်း သိမ်းယူသောကြောင့် ကုသိုလ် အကုသိုလ်နှင့် အဗျာကတတရားတို့ကို ဟောအပ်ကုန်၏။ ထို့ကြောင့် တဖန်ထပ်၍ဟောသော ဤစကားသည် ခပ်သိမ်းသော အပြားအားဖြင့်လည်း အကျိုးရှိသည်သာတည်း။ ဤဆိုခဲ့သည့်အတိုင်း (ဘဝေါ-ဟူသော) ဤပုဒ်၌ (သင်္ခါရကို ဟောပြီးပါလျက် ဘဝကို တဖန်ထပ်၍ ဟောခြင်း၏) အကျိုးရှိသောအားဖြင့် အဆုံးအဖြတ်ကို သိ(အပ်)၏။

၁၈၃

     ၆၄၉။ ဝေဘန်ခွဲခြမ်းခြင်းနှင့် အကျဉ်းချုံးခြင်းအားဖြင့် ဟူရာ၌ (သိရန်မှာ) ဥပါဒါန်ဟူသော အကြောင်းကြောင့်(ဖြစ်သော) ဘဝကို ဝေဘန်ခွဲခြမ်းခြင်းအားဖြင့်၎င်း၊ အကျဉ်းချုံးခြင်းအားဖြင့်၎င်း (သိအပ်၏ဟု ဆိုလို၏)။ ချဲ့၍ပြအံ့၊ ကာမုပါဒါန်ဟူသော အကြောင်းကြောင့် ကာမဘဝကို ဖြစ်စေတတ်သော ကံကို ပြု(အပ်)၏၊ ထိုကံသည် ကမ္မဘဝမည်၏။ ထိုကမ္မဘဝကြောင့် ဖြစ်ကုန်သော (ဝိပါက်နှင့် ကမ္မဇရုပ်) ခန္ဓာတို့သည် ဥပပတ္တိဘဝမည်၏။ ရူပဘဝ အရူပဘဝတို့၌ ဤနည်းပင်တည်း။ ဤသို့လျှင် ကာမုပါဒါန်ဟူသော အကြောင်းကြောင့် ၂-ပါးသော ကာမဘဝတို့သည် (ဖြစ်ကုန်၏)၊ သညာဘဝ ပဉ္စဝေါကာရဘဝတို့သည်လည်း ထို၂-ပါးသော ကာမဘဝတို့၌ အတွင်းဝင်ကုန်၏၊ ၂-ပါးသော ရူပဘဝတို့သည် (ဖြစ်ကုန်၏)၊ သညာဘဝ အသညာဘဝ ဧကဝေါကာရဘဝ ပဉ္စဝေါကာရဘဝတို့သည်လည်း ထိုရူပဘဝတို့၌ အတွင်းဝင်ကုန်၏၊ ၂ပါးသော အရူပဘဝတို့သည် (ဖြစ်ကုန်၏)၊ သညာဘဝ နေဝသညာနာသညာဘဝ စတုဝေါကာရဘဝတို့သည်လည်း ထိုအရူပဘဝတို့၌ အတွင်းဝင်ကုန်၏။ ဤသို့အားဖြင့် ဘဝတို့သည် အတွင်းဝင်သော ဘဝနှင့်တကွ ၆-ပါးဖြစ်ကုန်၏။ ထိုမှတပါး ကာမုပါဒါန်ဟူသော အကြောင်းကြောင့်(ဖြစ်သော) ဘဝတို့သည် အတွင်းဝင်သော ဘဝတို့နှင့်တကွ ၆-ပါး ဖြစ်ကုန်သကဲ့သို့ ထို့အတူ ကြွင်းသော ဥပါဒါန်၃-ပါးဟူသော အကြောင်းကြောင့်လည်း ၆-ပါးစီ ဖြစ်ကုန်၏။ ဤဆိုခဲ့သည့်အတိုင်း ဥပါဒါန်ဟူသော အကြောင်းကြောင့်ဖြစ်သော ဘဝတို့သည် ဝေဘန်ခွဲခြမ်းခြင်းအားဖြင့် အတွင်းဝင်သော ဘဝတို့နှင့်တကွ ၂၄-ပါး ဖြစ်ကုန်၏။

     ထိုမှတပါး အကျဉ်းချုံးသောအားဖြင့် (ဤသို့ သိအပ်၏)- ကမ္မဘဝကို၎င်း၊ ဥပပတ္တိဘဝကို၎င်း တပေါင်းတည်း တခုတည်းပြု၍ ကာမုပါဒါန်ဟူသော အကြောင်းကြောင့် အတွင်းဝင်သော ဘဝတို့နှင့်တကွ တပါးသောဘဝသည် (ဖြစ်၏)။ ရူပဘဝ အရူပဘဝတို့သည် ထို့အတူပင်တည်း။ ဤသို့အားဖြင့် ၃-ပါးသော ဘဝတို့သည် (ဖြစ်ကုန်၏)။ ကြွင်းသော ဥပါဒါန်၃-ပါးဟူသော အကြောင်းကြောင့်လည်း ထို့အတူပင် ၃-ပါးစီ ဖြစ်ကုန်၏။ ဤဆိုခဲ့သည့်အတိုင်း ဥပါဒါန်ဟူသော အကြောင်းကြောင့် အကျဉ်းချုံးသောအားဖြင့် အတွင်းဝင်သော ဘဝတို့နှင့်တကွ ၁၂-ပါးသော ဘဝတို့သည် (ဖြစ်ကုန်၏)။ [၂ဝ၈] တနည်းသော်ကား (ဥပါဒါန်၄-ပါး မခွဲပဲ) သာမညအားဖြင့်

၁၈၄

ဥပါဒါန်ဟူသော အကြောင်းကြောင့်(ဖြစ်သော) ကာမဘဝသို့ လားစေတတ်သော ကံသည် ကမ္မဘဝမည်၏။ ထိုကမ္မဘဝကြောင့်ဖြစ်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်၏။ ရူပဘဝ အရူပဘဝတို့၌ ဤနည်းပင်တည်း။ ဤသို့လျှင် ဥပါဒါန်ဟူသော အကြောင်းကြောင့် အတွင်းဝင်သော ဘဝတို့နှင့်တကွ ၂-ပါးသော ကာမဘဝတို့၎င်း၊ ၂-ပါးသော ရူပဘဝတို့၎င်း၊ ၂-ပါးသော အရူပဘဝတို့၎င်း ဤသို့ အခြားတပါးသော နည်းပရိယာယ်အရ အကျဉ်းချုံးသောအားဖြင့် ဘဝတို့သည် ၆-ပါး ဖြစ်ကုန်၏။ တနည်းကား ကမ္မဘဝ ဥပပတ္တိဘဝ အပြားသို့ မကပ်မူ၍သာလျှင်၊ ဝါ၊ ကမ္မဘဝ ဥပပတ္တိဘဝဟု မခွဲမူ၍ အတွင်းဝင်သော ဘဝတို့နှင့်တကွ ကာမဘဝစသည်တို့၏ အစွမ်းအားဖြင့် ဘဝတို့သည် ၃-ပါးဖြစ်ကုန်၏။ ကာမဘဝစသော အပြားသို့လည်း မကပ်မူ၍ ကမ္မဘဝ ဥပပတ္တိဘဝတို့၏ အစွမ်းအားဖြင့် ဘဝတို့သည် ၂-ပါးဖြစ်ကုန်၏၊ ကမ္မဘဝ ဥပပတ္တိဘဝ အပြားသို့လည်း မကပ်မူ၍ ဥပါဒါန်ဟူသော အကြောင်းကြောင့်(ဖြစ်သော) ဘဝဟူသော ဘဝ၏အစွမ်းအားဖြင့် ဘဝသည် တပါးတည်းသာလျှင် ဖြစ်၏၊ ဤဆိုခဲ့သည့်အတိုင်း (ဘဝ-ဟူသော) ပုဒ်၌ ဥပါဒါန်လျှင် အကြောင်းရှိသော ဘဝကို ဝေဘန်ခွဲခြမ်းခြင်း အကျဉ်းချုံးခြင်းအားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်၏။

     ၆၅ဝ။ အကြင်(ဥပါဒါန်)သည် အကြင်(ဘဝ)၏ အကြောင်းပစ္စည်းဖြစ်၏၊ (ထိုအားဖြင့်၎င်း) ဟူရာ၌ (သိရန်မှာ) ဤ၄-ပါးသော ဥပါဒါန်တို့တွင် အကြင် ဥပါဒါန်သည် အကြင်ဘဝ၏ အကြောင်းပစ္စည်း ဖြစ်၏၊ ထိုဥပါဒါန် ထိုဘဝ အားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်၏၊ ဤကား အနက်။ ဤ၄-ပါးသော ဥပါဒါန်တို့တွင် အဘယ်ဥပါဒါန်သည် အဘယ်ဘဝ၏ အကြောင်းဖြစ်သနည်းဟူမူ? အမှတ်မရှိ တစုံတခုသော ဥပါဒါန်သည် အမှတ်မရှိ တစုံတခုသောဘဝ၏ အကြောင်းဖြစ်သည်သာလျှင်တည်း။ မှန်ပေ၏၊ ပုထုဇဉ်ပုဂ္ဂိုလ်သည် အရူးနှင့်တူ၏၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ''ဤအမှုသည် သင့်၏၊ ဤအမှုသည် မသင့်''ဟု မစူးစမ်း မဆင်ခြင်မူ၍ အမှတ်မရှိ တစုံတခုသော ဥပါဒါန်၏ အစွမ်းအားဖြင့် အမှတ်မရှိ တစုံတခုသော ဘဝကို တောင့်တ၍ အမှတ်မရှိ တစုံတခုသော အမှုကို ပြုတတ်သည်သာလျှင်တည်း။ ထို့ကြောင့် အချို့သောဆရာတို့သည် ''သီလဗ္ဗတုပါဒါန်ကြောင့်


မှတ်ချက်

     ၁- ထို့ကြောင့်.. ထိုစကားကို မယူအပ်.. ဖြစ်နိုင်သည်ဟု ယူအပ်၏-ဟု စပ်ပါ။

၁၈၅

ရူပဘဝ အရူပဘဝတို့ မဖြစ်ကုန်''ဟု ဆိုကုန်၏။ ထိုစကားကို မယူအပ်- မယုံကြည်အပ်၊ အမှန်အားဖြင့်မူ ''အလုံးစုံသော ဥပါဒါန်ကြောင့် အလုံးစုံသောဘဝ ဖြစ်နိုင်သည်''ဟု ယူအပ်၏။

     ဖြစ်နိုင်ပုံအကျယ်ကား- ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် တဆင့်ကြား၏ အစွမ်းအားဖြင့်သော်၎င်း၊ တွေ့မြင်ဘူးသည်ကို အစဉ်လိုက်ခြင်းအားဖြင့်သော်၎င်း ''ဤကာမဂုဏ်တို့မည်သည် လူ့လောကဝယ် ခတ္တိယမဟာသာလခေါ် အလွန် ပေါများကြွယ်ဝသော မင်းမျိုးစသည်တို့၌၎င်း, ၆-ပါးသော ကာမဝစရ နတ်ပြည်တို့၌၎င်း ပြည့်စုံကုန်၏''ဟု ကြံစည်ပြီးလျှင် ထိုကာမဂုဏ်တို့ကို ရခြင်းအကျိုးငှါ မသူတော်တရားကို ကြားနာခြင်း စသည်တို့က လှည့်စားအပ်သည်ဖြစ်၍ ''ဤအမှုဖြင့် ကာမဂုဏ်တို့သည် ပြည့်စုံကုန်၏''ဟု ထင်မှတ်သည်ဖြစ်၍ ကာမုပါဒါန်၏ အစွမ်းအားဖြင့် ကာယဒုစရိုက် စသည်တို့ကိုသော်လည်း ပြု၏၊ ထိုပုဂ္ဂိုလ်သည် ဒုစရိုက်၏ ပြည့်ခြင်းကြောင့် အပါယ်ဘုံ၌ ဖြစ်၏၊ တနည်းအားဖြင့်မူ မျက်မှောက် တွေ့မြင်အပ်သော ကာမဂုဏ်တို့ကို တောင့်တသည်ဖြစ်၍သော်၎င်း၊ ရအပ်ပြီးသော ကာမဂုဏ်တို့ကို စောင့်ရှောက်သည်ဖြစ်၍သော်၎င်း ကာမုပါဒါန်၏ အစွမ်းအားဖြင့် ကာယဒုစရိုက် စသည်တို့ကို ပြု၏၊ ထိုပုဂ္ဂိုလ်သည် ဒုစရိုက်၏ ပြည့်ခြင်းကြောင့် အပါယ်ဘုံ၌ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ထိုအပါယ်ဘုံ၌ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ဒုစရိုက်အကုသိုလ်ကံသည် ကမ္မဘဝမည်၏၊ ကံကြောင့်ဖြစ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်၏၊ သညာဘဝ ပဉ္စဝေါကာရဘဝတို့သည်ကား ထို(ဒုစရိုက်ကြောင့်ဖြစ်သော အပါယ်ကာမဘဝ)၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း။

     [၂ဝ၉] အခြားတပါးသော ပုဂ္ဂိုလ်သည်ကား သူတော်ကောင်းတရားကို ကြားနာခြင်း စသည်တို့က ပွါးစေအပ်သော အသိဉာဏ်ရှိသည်ဖြစ်၍


မှတ်ချက်

     ၁- ထိုကာမဂုဏ်တို့ကို ရခြင်းအကျိုးငှါ.. ကာယဒုစရိုက် စသည်တို့ကိုသော်လည်း ပြု၏-ဟု စပ်ပါ။

     ၂- ထို၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း ဟူရာ၌ ဒုစရိုက်ကြောင့်လည်းဖြစ်သော သုစရိုက်ကြောင့်လည်းဖြစ်သော ထိုကာမဘဝ၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း။ ဤကား အနက်။ အတွင်းဝင်ကုန်၏-ဟူသော စကားကိုလည်း သညာဘဝနှင့် ပဉ္စဝေါကာရဘဝတို့သည် တစိတ်အားဖြင့် အတွင်းဝင်ကြသောကြောင့် ဆို(အပ်)ပေသည်။ (ဋီကာ)

၁၈၆

''ဤအမှုအားဖြင့် ကာမဂုဏ်တို့သည် ပြည့်စုံကုန်၏''ဟု ထင်မှတ်လျက် ကာမုပါဒါန်၏ အစွမ်းအား ဖြင့် ကာယသုစရိုက် စသည်တို့ကို ပြု၏။ ထိုပုဂ္ဂိုလ်သည် သုစရိုက်၏ ပြည့်ခြင်းကြောင့် နတ်တို့၌သော်၎င်း, လူတို့၌သော် ၎င်း ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ထိုနတ်လူတို့၌ဖြစ်ခြင်း၏ အကြောင်းဖြစ်သော သုစရိုက်ကုသိုလ်ကံသည် ကမ္မဘဝမည်၏၊ ကံကြောင့်ဖြစ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်၏၊ သညာဘဝ ပဉ္စဝေါကာရ ဘဝတို့သည်ကား ထို (သုစရိုက်ကြောင့်ဖြစ်သော သုဂတိကာမဘဝ)၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း။ ဤသို့လျှင် ကာမုပါဒါန်သည် (ဒုဂ္ဂတိ သုဂတိ ဒေဝ မနုဿစသော) အပြားရှိသည့်ပြင် အတွင်းဝင်သော (သညာ ပဉ္စဝေါကာရ) ဘဝတို့နှင့်လည်း တကွဖြစ်သော ကာမဘဝ၏ အကြောင်းဖြစ်ပေ၏။

     အခြားတပါးသော ပုဂ္ဂိုလ်သည် ''ကာမဂုဏ်တို့သည် ရူပဘဝ အရူပဘဝတို့၌ ထိုကာမဘဝထက်သာ၍ ပြည့်စုံကုန်၏''ဟု ကြားဘူး၍သော်၎င်း ကြံဆ၍သော်၎င်း ကာမုပါဒါန်၏ အစွမ်းဖြင့်သာလျှင် ရူပ အရူပ သမာပတ်တို့ကို ဖြစ်စေ၍ (ထို)သမာပတ်၏ အစွမ်းဖြင့် ရူပ အရူပ ဗြဟ္မလောက၌ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ထိုဗြဟ္မလောက၌ဖြစ်ခြင်း၏ အကြောင်းဖြစ်သော သမာပတ်ကံသည် ကမ္မဘဝမည်၏။ ကံကြောင့်ဖြစ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိ ဘဝမည်၏။ သညာဘဝ အသညာဘဝ


မှတ်ချက်

     ၁- ထို၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း ဟူရာ၌ ဒုစရိုက်ကြောင့်လည်းဖြစ်သော သုစရိုက်ကြောင့်လည်းဖြစ်သော ထိုကာမဘဝ၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း။ ဤကား အနက်။ အတွင်းဝင်ကုန်၏-ဟူသော စကားကိုလည်း သညာဘဝနှင့် ပဉ္စဝေါကာရ ဘဝတို့သည် တစိတ်အားဖြင့် အတွင်းဝင်ကြသောကြောင့် ဆို(အပ်)ပေသည်။ (ဋီကာ)

     ၂- သပ္ပဘေဒဿ- အပြားနှင့်တကွဖြစ်- အပြားရှိ-ဟူသည်ကား သုဂတိ ဒုဂ္ဂတိ မနုဿဘဝ အစရှိသော အပြားရှိသော။ (ဋီကာ) မြန်မာစကား မထပ်ပဲ ချောစေရန် အပြားရှိသည့်ပြင်-ဟု ပြန်ထားသည်။ ၆၄၉-စာပိုဒ်၌ ဝေဘန်ခွဲခြမ်းခြင်း- ဘေဒ-ကို ပြရာဝယ် ကမ္မဘဝနှင့် ဥပပတ္တိဘဝ အပြားကိုသာ ပြခဲ့သောကြောင့် ဤအရာ၌လည်း (ကမ္မဘဝ ဥပပတ္တိဘဝ-ဟူသော) အပြားရှိသည့်ပြင်-ဟု ပြန်လျှင် အဋ္ဌကထာအလို ကျရာ၏။ နောက်အပိုဒ် တို့၌လည်း နည်းတူပင်။

၁၈၇

နေဝသညာနာသညာဘဝ ဧကဝေါကာရဘဝ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝတို့သည်ကား ထို(သမာပတ်ကံကြောင့် ဖြစ်သော ရူပ-အရူပဘဝ)၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း။ ဤသို့လျှင် ကာမုပါဒါန်သည် (ပဌမဈာန် ဒုတိယဈာန်စသော) အပြားရှိသည့်ပြင် အတွင်းဝင်သော (သညာဘဝစသော) ဘဝတို့နှင့်လည်း တကွဖြစ်ကုန်သော ရူပဘဝ အရူပဘဝတို့၏လည်း အကြောင်းဖြစ်ပေ၏။

     အခြားတပါးသော ပုဂ္ဂိုလ်သည် ''ဤအတ္တမည်သည် ပြည့်စုံချမ်းသာသော ကာမသုဂတိဘဝ၌သော်၎င်း၊ ရူပ အရူပ ဘဝတို့တွင် တပါးပါး၌သော်၎င်း (သေ၍)ပြတ်လျှင် ကောင်းစွာပြတ်သည်''ဟု ဥစ္ဆေဒဒိဋ္ဌိကို စွဲယူ၍ ထိုကာမ သုဂတိဘဝ ရူပ အရူပဘဝသို့ ရောက်စေတတ်သော ကံကို ပြု၏၊ ထိုပုဂ္ဂိုလ်၏ ထိုကံသည် ကမ္မဘဝမည်၏၊ ကံကြောင့်ဖြစ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်၏။ သညာဘဝ စသည်တို့သည်ကား ထို(ကံကြောင့်ဖြစ်သော ကာမဘဝ ရူပဘဝ အရူပဘဝ)တို့၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း။ ဤသို့လျှင် ဒိဋ္ဌုပါဒါန်သည် (မနုဿ ဒေဝစသော) အပြားရှိသည့်ပြင် အတွင်းဝင်သော (သညာစသော) ဘဝတို့နှင့်လည်း တကွဖြစ်ကုန်သော သုံးပါးလည်းဖြစ်ကုန်သော ကာမဘဝ ရူပဘဝ အရူပဘဝတို့၏ အကြောင်းဖြစ်ပေ၏။

     အခြားတပါးသော ပုဂ္ဂိုလ်သည် ''ဤအတ္တမည်သည် ပြည့်စုံချမ်းသာသော ကာမသုဂတိဘဝ၌သော်၎င်း၊ ရူပ အရူပ ဘဝတို့တွင် တပါးပါး၌သော်၎င်း ချမ်းသာနှင့် ပြည့်စုံသည် ပူပန်မှုကင်းသည်''ဟု (ယူသော) အတ္တဝါဒုပါဒါန်ဖြင့် ထိုကာမ ရူပ အရူပဘဝသို့ ရောက်စေတတ်သော ကံကို ပြု၏၊ ထိုပုဂ္ဂိုလ်၏ ထိုကံသည် ကမ္မဘဝ မည်၏၊ ထိုကံကြောင့် ဖြစ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်၏။ သညာဘဝ စသည်တို့သည်ကား ထို(ကံကြောင့် ဖြစ်သော ကာမ ရူပ အရူပ ဘဝ)တို့၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း။ ဤသို့လျှင် အတ္တဝါဒုပါဒါန်သည် (မနုဿ ဒေဝစသော) အပြားရှိသည့်ပြင်


မှတ်ချက်

     ၁- ဤအရာ၌ ဒိဋ္ဌုပါဒါန်ကြောင့် အကုသိုလ်ကမ္မဘဝနှင့် အပါယ်ဥပပတ္တိဘဝ ဖြစ်ပုံတို့ကို မပြခြင်းမှာ ထင်ရှား၍ သိလွယ်သောကြောင့်ဟု မှတ်အပ်၏။ ဤဒိဋ္ဌုပါဒါန်ကြောင့် ကမ္မဘဝစသည် ဖြစ်ပုံကို အကျယ်သိလိုလျှင် ငါတို့၏ ပဋိစ္စသမုပ္ပါဒ်တရာတော်ကြီး ဒုတိယတွဲ နှာ ၂၁၈-စသည်၌ ကြည့်ပါ။

၁၈၈

အတွင်းဝင်သော (သညာ-စသော) ဘဝတို့နှင့်လည်း တကွဖြစ်ကုန်သော ၃-ပါးသော ဘဝတို့၏ အကြောင်းဖြစ်ပေ၏။

     တခြားတပါးသော ပုဂ္ဂိုလ်သည် ''ဤအလေ့အကျင့်မည်သည် ပြည့်စုံသော ကာမဘဝ၌သော်၎င်း၊ ရူပ အရူပ ဘဝတို့တွင် တပါးပါးသော ဘဝ၌သော်၎င်း ဖြည့်ကျင့်သောသူအား ချမ်းသာလွယ်ကူစွာ ပြည့်စုံခြင်းသို့ ရောက်၏''ဟု (ယူသော) သီလဗ္ဗတုပါဒါန်၏ အစွမ်းအားဖြင့် ထိုကာမ ရူပ အရူပဘဝသို့ ရောက်စေတတ်သော ကံကို ပြု၏၊ ထိုပုဂ္ဂိုလ်၏ ထိုကံသည် ကမ္မဘဝမည်၏။ ထိုကံကြောင့် ဖြစ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိဘဝ မည်၏။ သညာဘဝ စသည်တို့သည်ကား ထို(ကံကြောင့်ဖြစ်သော ကာမ ရူပ အရူပဘဝ)တို့၌ အတွင်းဝင်ကုန်သည်သာလျှင်တည်း။ ဤသို့လျှင် သီလဗ္ဗတုပါဒါန်သည် အပြားနှင့်တကွ ဖြစ်သည့်ပြင် အတွင်းဝင်သော ဘဝတို့နှင့်လည်း တကွဖြစ်ကုန်သော ၃-ပါးသော ဘဝတို့၏ အကြောင်းဖြစ်ပေ၏။ ဤဆိုခဲ့သည့်အတိုင်း (ဘဝေါ-ဟူသော) ဤပုဒ်၌ အကြင် ဥပါဒါန်သည် အကြင်ဘဝ၏ အကြောင်းဖြစ်၏၊ ထိုဥပါဒါန် ထိုဘဝအားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်၏။

     [၂၁ဝ] ဤ၄-ပါးသော ဥပါဒါန်တို့တွင် အဘယ်ဥပါဒါန်သည် အဘယ်ဘဝအား အဘယ်သို့ ကျေးဇူးပြုသနည်းဟု မေးငြားအံ့။

ဥပါဒါန်သည် ရူပဘဝ အရူပဘဝတို့အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊ ထိုဥပါဒါန်သည် ကာမဘဝအား သဟဇာတ စသည်တို့ဖြင့်လည်း ကျေးဇူးပြု၏ဟု သိအပ်၏။


မှတ်ချက်

     ၁- အတ္တဝါဒုပါဒါန်ကြောင့် ကမ္မဘဝစသည် ဖြစ်ပုံကို အကျယ်သိလိုလျှင် ငါတို့၏ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ဒုတတိယတွဲ နှာ ၂၄၆-စသည်၌ ကြည့်ပါ။

     ၂- သံသရာမှ စင်ကြယ်ကြောင်း- နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်လမ်းဟု သုံးသပ်သည်၏ အစွမ်းဖြင့် ဖြစ်စေအပ်သော အမှတ်မရှိ တစုံတခုသော လောကီသီလကို၎င်း လောကီဈာန်ကို၎င်း သီလဗ္ဗတဟူ၍သာလျှင် ဤ အရာ၌ အလိုရှိအပ်၏၊ ထို့ကြောင့် ''ဤအလေ့အကျင့်မည်သည်'' စသည်ကို မိန့်ဆိုတော်မူ၏။ (ဋီကာ)

     ၃- သီလဗ္ဗတုပါဒါန်ကြောင့် ကမ္မဘဝစသည် ဖြစ်ပုံကို အကျယ်သိလိုလျှင် ငါတို့၏ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ဒုတိယတွဲ နှာ ၂၄၁-စသည်၌ ကြည့်ပါ။

၁၈၉

     ချဲ့၍ပြအံ့၊ ရူပ အရူပ ဘဝတို့အား၎င်း၊ ကာမဘဝ၌ အကျုံးဝင်သော ကာမဘဝတွင်၊ ဝါ၊ ကုသိုလ် အကုသိုလ် ကံ၂-ပါးထဲက ကုသိုလ်ကံအားသာလျှင်၎င်း၊ ဥပပတ္တိဘဝအား၎င်း ၄-ပါးသော အပြားရှိသည်လည်းဖြစ်သော ဤဥပါဒါန်သည် ဥပနိဿယပစ္စည်း၏ အစွမ်းအားဖြင့် တပါးအပြားအားဖြင့်သာလျှင် ကျေးဇူးပြု၏၊ ကာမဘဝ၌ မိမိနှင့်ယှဉ်သော အကုသိုလ်ကမ္မဘဝအား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ဟေတုပစ္စည်း အပြားရှိကုန်သော သဟဇာတ စသည်တို့ဖြင့် ကျေးဇူးပြု၏၊ (မိမိနှင့်)မယှဉ်သော အကုသိုလ် ကမ္မဘဝအားမူ ဥပနိဿယပစ္စည်းဖြင့်သာလျှင် (ကျေးဇူးပြု၏)။ ဤတွင် တရပ်ပြီး၏။

     ဤဆိုခဲ့သော စကားသည် ''ဥပါဒါနပစ္စယာ ဘဝေါ''ဟူသော ပုဒ်၌ အကျယ်ပြဆိုသော စကားပေတည်း။

ဘဝပစ္စယာ ဇာတိ စသည်၌ အကျယ်ပြဆိုချက်

     ၆၅၁။ ဘဝပစ္စယာ ဇာတိ အစရှိသော ပုဒ်တို့၌ ဇာတိအစရှိသည်တို့၏ အဆုံးအဖြတ်ကို သစ္စနိဒ္ဒေသ၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏။ အထူးကား ဘဝဟူသော ဤပုဒ်၌ ကမ္မဘဝကိုသာလျှင် အလိုရှိအပ်၏။ မှန်ပေ၏၊ ထိုကမ္မဘဝသည် ဘဝအသစ်ဖြစ်ခြင်း- ဇာတိအား ကျေးဇူးပြုတတ်ပေ၏။ ဥပပတ္တိဘဝသည် ကျေးဇူးမပြုတတ်ပေ။ ကျေးဇူးပြုပုံကား ထိုကမ္မဘဝသည် ကမ္မပစ္စည်း ဥပနိဿယပစ္စည်းတို့၏ အစွမ်းအားဖြင့် ၂-ပါး အပြားအားဖြင့် ကျေးဇူးပြုတတ်ပေ၏။

     (ဘဝပစ္စယာ ဇာတိ-ဟူသော) ထိုစကား၌ ''ဘဝသည် ဇာတိအား ကျေးဇူးပြုတတ်၏-ဟူသော ဤသဘောကို အဘယ်သို့ သိအပ်ပါသနည်း''ဟု (တစုံတယောက်သော ပုဂ္ဂိုလ်၏ မေးခြင်းသည်) ဖြစ်ရာ၏-ဖြစ်နိုင်၏။


မှတ်ချက်

     ၁- ဟေတုပစ္စည်း အပြားရှိကုန်သော-ဟူသော ဤစကား၌ မဂ္ဂပစ္စည်းကိုလည်း ဆိုသင့်၏။ မှန်ပေ၏၊ ဒိဋ္ဌုပါဒါန် စသည်တို့သည် တကွဖြစ်သော ကမ္မဘဝ၏ မဂ္ဂပစ္စည်း ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုဒိဋ္ဌုပါဒါန် စသည်တို့သည် သဟဇာတ စသည်တို့တွင် ဟေတုပစ္စည်းကိုပယ်၍ မဂ္ဂပစ္စည်းကို ထည့်ပြီးလျှင် ၇-ပါး အပြားအားဖြင့် ကျေးဇူးပြုကုန်သည်ဟု သိအပ်(ကုန်)၏။ (ဋီကာ)

၁၉၀

(အဖြေကား) အပြင်ပအကြောင်းတို့၏ တူညီခြင်း ရှိငြားသော်လည်း ယုတ်သည်၏အဖြစ် မြတ်သည်၏အဖြစ် အစရှိသော ထူးခြားခြင်းကို တွေ့မြင်ရခြင်းကြောင့် (သိအပ်ပေသည်)။ ချဲ့၍ပြအံ့၊ အမိအဘသုတ်သွေး အစာ အာဟာရ အစရှိကုန်သော အပြင်ပအကြောင်းတို့၏ တူညီသည်၏အဖြစ် ရှိငြားသော်လည်း အမွှာညီနောင်တို့ ဖြစ်ကုန်ငြားသော်လည်း သတ္တဝါတို့၏ ယုတ်သည်၏အဖြစ် မြတ်သည်၏အဖြစ် အစရှိသော ထူးခြားခြင်းကို တွေ့မြင်ရပေ၏။ ထိုထူးခြားခြင်းသည်လည်း အကြောင်းမဲ့ မဟုတ်ပေ။ (အဘယ့်ကြောင့်နည်းဟူမူ?) အခါခပ်သိမ်း၎င်း, ခပ်သိမ်းသော သတ္တဝါတို့အား၎င်း မရှိခြင်းကြောင့်ပေတည်း။ ကမ္မဘဝမှ တပါးသော အကြောင်းရှိသည်လည်း မဟုတ်ပေ၊ (အဘယ်ကြောင့်နည်းဟူမူ?) ထိုကမ္မဘဝကြောင့်ဖြစ်သော သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်၌ (မိမိသန္တာန်၌ ဖြစ်သည်မှ) တပါးသော ထူးခြားခြင်းကိုပြုတတ်သော အကြောင်း၏ မရှိခြင်းကြောင့်ပေတည်း။ ထို့ကြောင့် ကမ္မဘဝလျှင် အကြောင်းရှိသည်သာလျှင်တည်း။ မှန်ပေ၏၊ ကံသည် သတ္တဝါတို့၏ ယုတ်သည်၏အဖြစ် မြတ်သည်၏အဖြစ် အစရှိသော ထူးခြားခြင်း၏ အကြောင်းပေတည်း။ ထို့ကြောင့် မြတ်စွာဘုရားသည် ''ကံသည် သတ္တဝါတို့ကို ယုတ်သည်၏အဖြစ် မြတ်သည်၏အဖြစ်ဖြင့် ခွဲခြမ်းဝေဘန်၏''ဟု ဟောတော်မူ၏။ ထို့ကြောင့် (ကံဟူသော) ဘဝသည် ဘဝအသစ်ဖြစ်ခြင်း-ဇာတိအား ကျေးဇူးပြုသည်ဟူသော ဤသဘောကို သိအပ်ပေ၏။

     ထိုမှတပါး ဘဝအသစ်ဖြစ်ခြင်း- ဇာတိမရှိလတ်သော် ဇရာမရဏမည်သည် မရှိနိုင်၊ သောကအစရှိကုန်သော တရားတို့သည်မူလည်း မရှိနိုင်ကုန်။ စင်စစ်သော်ကား ဘဝအသစ်ဖြစ်ခြင်း- ဇာတိရှိလတ်သော် အိုခြင်း သေခြင်းသည်လည်း ဖြစ်၏၊ အိုခြင်း သေခြင်းဟု ဆိုအပ်သော ဆင်းရဲကြောင်းတရားက တွေ့ထိနှိပ်စက်သော မသိမလိမ္မာသော လူအား အိုခြင်း သေခြင်းနှင့် စပ်သည်မူလည်းဖြစ်ကုန်သော ထိုထို(ဆွေမျိုးတို့၏ ပျက်စီးခြင်း အစရှိသော) ဆင်းရဲကြောင်းတရားက [၂၁၁] တွေ့ထိနှိပ်စက်သော မသိမလိမ္မာသော လူအား အိုခြင်း သေခြင်းနှင့် မစပ်သည်မူလည်းဖြစ်ကုန်သော စိုးရိမ်ပူဆွေးခြင်း အစရှိကုန်သော တရားတို့သည်လည်း ဖြစ်ကုန်၏။ ထို့ကြောင့်


မှတ်ချက်

     ၁- စပ်သည်မူလည်း ဖြစ်ကုန်သော- မစပ်သည်မူလည်း ဖြစ်ကုန်သော စိုးရိမ်ပူဆွေးခြင်း အစရှိကုန်သော တရားတို့သည်လည်း ဖြစ်ကုန်၏-ဟု စပ်ပါ။

၁၉၁

ဤဘဝအသစ်ဖြစ်ခြင်း- ဇာတိသည်လည်း ဇရာမရဏအား၎င်း စိုးရိမ်ပူဆွေးခြင်း အစရှိသော တရားတို့အား၎င်း ကျေးဇူးပြုတတ်၏ဟု သိအပ်၏။ ကျေးဇူးပြုပုံကား ထိုဘဝအသစ်ဖြစ်ခြင်း- ဇာတိသည် ဥပနိဿယ အစွန်းအဖို့အားဖြင့် တပါးသော အပြားအားဖြင့်သာလျှင် ကျေးဇူးပြုတတ်ပေ၏။ ဤတွင် တရပ်ပြီး၏။

     ဤဆိုခဲ့သော စကားသည် ဘဝပစ္စယာ ဇာတိ အစရှိသော ပုဒ်တို့၌ အကျယ်ပြဆိုသော စကားပေတည်း။

ဘဝစက်ကိုပြဆိုခြင်း

     ၆၅၂။ ဘဝစက်လည်ပုံကို ပြဦးအံ့၊ ဤပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ စိုးရိမ်ပူဆွေးခြင်း စသည်တို့ကို အဆုံး၌ ဟောထားသောကြောင့် ''အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြသည်''ဟု ဤသို့ ဘဝစက်၏ အစ၌ အကြင်အဝိဇ္ဇာကို ဟောတော်မူ(အပ်)၏။

ထိုအဝိဇ္ဇာသည် စိုးရိမ်ပူဆွေးခြင်း စသည်တို့ကြောင့် ပြီးစီး၏၊ မသိအပ်သော အစရှိသော ပြုတတ်သောသူ ခံစားတတ်သောသူမှ ကင်းသော ၁၂-ပါး အပြားရှိသော အင်္ဂါတို့၏ ဆိတ်သုဉ်းခြင်းဖြင့် ဆိတ်သုဉ်းသော ဤဘဝစက်သည်..

အမြဲမပြတ် ဖြစ်လျက် လည်နေသည်ဟု သိအပ်၏။


မှတ်ချက်

     ၁- ဥပနိဿယကောဋိယာ- ဥပနိဿယအစွန်းအားဖြင့် ဟူသည်ကား ဥပနိဿယ အဖို့အားဖြင့်၊ ဥပနိဿယ အမြွက်အားဖြင့်၊ ဤကား အနက်။ မှန်ပေ၏၊ အကြင်ပစ္စည်းသည် ပဋ္ဌာန်းပါဠိ၌ မလာ- (သို့သော် သူ)ရှိလျှင် (သူ့)အကျိုး ဖြစ်ခြင်းကြောင့်၎င်း၊ (သူ)မရှိလျှင် (သူ့)အကျိုး မဖြစ်ခြင်းကြောင့်၎င်း၊ သုတ္တန်နည်းအားဖြင့် (ယင်းပစ္စည်းသည်) ဥပနိဿယမည်၏၊ ထိုပစ္စည်းကို ဥပနိဿယကောဋိ- ဥပနိဿယ အစွန်း-အဖို့-ဟု ဆိုအပ်၏။ ဥပနိဿယမည်သော ဤပစ္စည်းသည် ပစ္စည်းမဟာပဒေသ- အရာကျယ်သော ပစ္စည်းဖြစ်ပါသတဲ့။ (ဋီကာ)

     ၂- အစရှိသော.. ကင်းသော.. ဤဘဝစက်သည်-ဟု စပ်ပါ။

၁၉၂

     ဤ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ စိုးရိမ်ပူဆွေးခြင်း စသည်တို့ကြောင့် အဝိဇ္ဇာသည် အဘယ်သို့ ပြီးစီးပါသနည်း? ဘဝစက်သည် အဘယ်သို့ မသိအပ်သော အစရှိပါသနည်း? ပြုတတ်သောသူ ခံစားတတ်သောသူမှ အဘယ်သို့ ကင်းပါသနည်း? ၁၂-ပါးအပြားရှိသော ဆိတ်သုဉ်းခြင်းဖြင့် အဘယ်သို့ ဆိတ်သုဉ်းပါသနည်း?ဟု အကယ်၍ မေးငြားအံ့၊ (အဖြေ ကား) ဤပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ စိုးရိမ်ပူဆွေးခြင်း နှလုံးမသာခြင်း ပြင်းစွာပူပန်ခြင်းတို့သည် အဝိဇ္ဇာနှင့် မကွေမကွာ ယှဉ်လေ့ရှိကုန်၏၊ ငိုကြွေးခြင်း မည်သည်မှာလည်း (အဝိဇ္ဇာဖြင့်) မိုက်မဲတွေဝေသောသူအား ဖြစ်၏။ ထို့ကြောင့် စိုးရိမ်ပူဆွေးခြင်း စသည်တို့သည် ပြီးကုန်လတ်သော် ရှေးဦးစွာ အဝိဇ္ဇာသည် ပြီးလေတော့၏။ တနည်းသော်ကား ''အာသဝ၏ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာ၏ဖြစ်ခြင်း ရှိ၏''ဟု (မြတ်စွာဘုရား) ဟောတော်မူ(အပ်)၏။ ဤစိုးရိမ်ခြင်း စသည်တို့သည်လည်း အာသဝ၏ ဖြစ်ခြင်း-ရှိခြင်းကြောင့်၊ ဝါ၊ အာသဝ ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။

     အဘယ်သို့နည်းဟူမူ? ဝတ္ထုအာရုံ ကာမဂုဏ်နှင့် ကင်းကွာလတ်သော် ရှေးဦးစွာ ကာမာသဝဟူသော အကြောင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ဖြစ်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-


မှတ်ချက်

     ၁- ဤ၌ ပြီး-ဟူသည်မှာ ရှိသည်၏အဖြစ်ဖြင့် ပြီးသည်- ထင်ရှားသည်ကို ဆိုလိုသည်။ ထို့ကြောင့် ဤအပိုဒ်ကို မြန်မာစကား ချောချောပြန်ရလျှင် ''စိုးရိမ်ပူဆွေးခြင်းစသည်တို့ ရှိနေခြင်း ထင်ရှားလျှင် အဝိဇ္ဇာရှိနေခြင်းလည်း ထင်ရှားတော့သည်သာ''-ဟူ၍ ဖြစ်၏။

     ၂- ဤအနက်သည် အာသဝသမုဒယာ-ပုဒ်၏ ဘာသာပြန်ဖြစ်သည်၊ သမုဒယသဒ္ဒါသည် ဖြစ်ခြင်း ရှိခြင်း အနက်ကို ဟောသောကြောင့် ယင်းကို ပဌမအနက်ဖြင့် ပြသည်၊ ထို့ပြင် အကြောင်းဟူသော အနက်ကိုလည်း ဟောသောကြောင့် ယင်းကို တနည်း ဒုတိယအနက်ဖြင့် ပြသည်။ ''ထိုအာသဝဟူသော အကြောင်းကြောင့်''ဟူသော ဤဒုတိယအနက်သည် ပေါ်လွင်၏၊ နားလည်လွယ်၏၊ ထို့ကြောင့် အလားတူဖြစ်သော နောက်အပိုဒ်တို့၌ သမုဒယကို အကြောင်းဟူ၍သာ ပြန်သွားမည်။

၁၉၃

''ဝတ္ထုကာမ၌ လိုချင်တပ်မက်နေသော၊ ဝါ၊ ကိလေသာကာမဟူသော သွားကြောင်းယာဉ်ရှိသော နှစ်သက်လိုချင်မှု- ဆန္ဒဖြစ်နေသော ထိုသတ္တဝါအား ရအပ်ပြီးသော ထို ဝတ္ထုအာရုံ ကာမဂုဏ်တို့သည် အကယ်၍ ကင်းကွာ ပျက်စီးကုန်ငြားအံ့၊ သို့ဖြစ်လတ်သော် ထိုသတ္တဝါသည် မြှားမှန်သော သမင်ကဲ့သို့ (စိုးရိမ်ခြင်းစသော မြှားငြောင့်ဖြင့်) ဖောက်ပြန်ပျက်စီး၏'' ဟူ၍ပင်တည်း။

     ထို့ပြင် တမျိုးဟောတော်မူပုံကား ''လိုချင်နှစ်သက် တပ်မက်သော ကာမကြောင့် စိုးရိမ်ပူဆွေးခြင်း ဖြစ်၏'' ဟူ၍ပင်တည်း။

     ထိုမှတပါး အလုံးစုံလည်းဖြစ်ကုန်သော ဤသောက- စိုးရိမ်ပူဆွေးခြင်း စသည်တို့သည် ဒိဋ္ဌာသဝဟူသော အကြောင်းကြောင့်လည်း ဖြစ်ကုန်၏။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ရုပ်သည် ငါ၊ ရုပ်သည် ငါ၏ ဥစ္စာ-ဟု ထက်ဝန်းကျင် ထကြွဖြစ်ပေါ်သော ဒိဋ္ဌိဖြင့် တည်လေ့ရှိသော ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ရုပ်၏ ပြောင်းလဲဖောက်ပြန်ခြင်း- တမျိုးတမည်ဖြစ်ခြင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်နှလုံးမသာခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ဖြစ်ကုန်၏'' ဟူ၍ပင်တည်း။

     ထိုမှတပါး ဒိဋ္ဌာသဝဟူသော အကြောင်းကြောင့်ကဲ့သို့ ထို့အတူပင် ဘဝါသဝဟူသော အကြောင်းကြောင့်လည်း (သောကစသည်တို့ ဖြစ်ကုန်၏။) (မြတ်စွာဘုရား) ဟောတော်မူပုံကား-

[၂၁၂] ''ရှည်သော အသက်ရှိကုန်သော အဆင်းလှပကုန်သော ချမ်းသာများကုန်သော အကြင် ဗြဟ္မာနတ်တို့သည် မြင့်စွာသော ဗိမာန်တို့၌ အလွန်ရှည်မြင့်စွာ တည်လျက် ရှိကုန်၏၊ ထို ဗြဟ္မာ နတ်တို့သည်လည်း


မှတ်ချက်

     ၁- ဤဝိသေသနပုဒ်ကို ထိုသတ္တဝါအားဟူသော ပုဒ်နှင့် စပ်ပါ။

     ၂- ပရိယုဋ္ဌဋ္ဌာယိနော-ဟူသော ပုဒ်၏ အနက်ဖြစ်သည်။ ပရိ-ထက်ဝန်းကျင် + ဥဋ္ဌ-ထကြွဖြစ်ပေါ်လာသော ဒိဋ္ဌိဖြင့် + ဌာယိနော-တည်လေ့ရှိသည် = ပရိယုဋ္ဌဋ္ဌာယိနော- ထက်ဝန်းကျင် ထကြွဖြစ်ပေါ်သော ဒိဋ္ဌိဖြင့် တည်လေ့ရှိသော၊ ''စိတ်သန္တာန်၌ ထကြွဖြစ်ပေါ်သည့် ဒိဋ္ဌိရှိနေသောသူ''-ဟု ဆိုလို၏။

၁၉၄

မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာကုန်၍ ကြောက်ခြင်း ပင်ပန်းခြင်း ထိတ်လန့်ခြင်းသို့ ရောက်ကုန်၏'' ဟူ၍ပင်တည်း။

     (ဥပမာ) ငါးပါးသော ပုဗ္ဗနိမိတ်တို့ကို မြင်၍ သေဘေးဖြင့် ခြိမ်းချောက်အပ်ကုန်သော နတ်တို့အား (စိုးရိမ်ခြင်း စသည်တို့ ဖြစ်ကုန်သ)ကဲ့သို့တည်း။

     ထိုမှတပါး ဘဝါသဝဟူသော အကြောင်းကြောင့်ကဲ့သို့ ထို့အတူပင် အဝိဇ္ဇာသဝဟူသော အကြောင်းကြောင့်လည်း (သောကစသည်တို့ ဖြစ်ကုန်၏)။ (မြတ်စွာဘုရား) ဟောတော်မူပုံကား-

''ရဟန်းတို့ ထိုသို့သော ဤသူမိုက်သည် ၃-ပါးအပြားရှိသော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မျက်မှောက်အတ္တဘော- မျက်မှောက်ဘဝ၌ပင်လျှင် ခံစားရ၏'' ဟူ၍ပင်တည်း။

     ဤဆိုခဲ့သောနည်းဖြင့် အာသဝဟူသော အကြောင်းကြောင့် စိုးရိမ်ပူဆွေးခြင်း အစရှိသော တရားတို့သည် ဖြစ်ကုန်၏။ ထို့ကြောင့် စိုးရိမ်ပူဆွေးခြင်းစသော ဤတရားတို့ ပြီးကုန်လတ်သော် အဝိဇ္ဇာ၏ အကြောင်းဖြစ်ကုန်သော အာသဝတို့သည် ပြီးကုန်၏။ အာသဝတို့ ပြီးကုန်လတ်သော်


မှတ်ချက်

     ၁- ငါးပါးသော ပုဗ္ဗနိမိတ်တို့ ဟူသည်ကား ''ပန်ဆင်ထားသော ပန်းတို့သည် ညှိုးကုန်၏၊ အဝတ်တို့သည် ညစ်နွမ်းကုန်၏၊ လက်ကတီးကြားတို့မှ ချွေးတို့သည် ထွက်ကုန်၏၊ ကိုယ်၌ (အိုမင်းရုပ်ဟူသော) အဆင်းပျက်ခြင်းသည် သက်ရောက်၏၊ နတ်သည် နတ်၏နေရာ၌ မပျော်မွေ့''ဟူ၍ ဟောတော်မူ(အပ်ကုန်)သော (နတ်တို့အား) သေခါနီး၌ထင်သော ၅-ပါးသော ပုဗ္ဗနိမိတ်တို့တည်း၊ ဤကား အနက်။ မှန်ပေ၏၊ ထိုနိမိတ်တို့ကို မြင်၍ ကံကြောင့်ဖြစ်သည့် ခန္ဓာဟုဆိုအပ်သော ဥပပတ္တိဘဝ၌ ဘဝဆန္ဒ (ဘဝရာဂ)၏ အစွမ်းအားဖြင့် နတ်တို့အား အားကြီးသော စိုးရိမ်ပူဆွေးခြင်းသည် ဖြစ်ပေါ်၏။ (ဋီကာ)

     ၂- ဗာလ-ဟူသည်ကား မသိမလိမ္မာသော သူမိုက်တည်း၊ (သူမိုက်ဟူသော) ထိုပုဒ်ဖြင့် အဝိဇ္ဇာ၏ အကြောင်းအဖြစ်ကို ပြ၏။ (ဋီကာ) အဝိဇ္ဇာဖြင့် မိုက်မဲတွေဝေနေသောကြောင့် သောကစသော ဆင်းရဲသို့ ရောက်ရသည်-ဟု ဆိုလိုသည်။

၁၉၅

အကြောင်းရှိလျှင် (အကျိုး၏) ရှိခြင်းကြောင့် အဝိဇ္ဇာသည်လည်း ပြီးတော့သည်သာလျှင်တည်း။ ဤဆိုခဲ့သည့်အတိုင်း ဤပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ သောကစသည်တို့ဖြင့် အဝိဇ္ဇာ ပြီးသည်ဟု ရှေးဦးစွာ သိအပ်၏။

     ထိုမှတပါး ဤဆိုခဲ့သည့်အတိုင်း အကြောင်းရှိလျှင် (အကျိုး၏) ရှိခြင်းကြောင့် အဝိဇ္ဇာပြီးလတ်သော် ''တဖန် အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏'' ဤသို့သောနည်းဖြင့် အကြောင်းအကျိုး အဆက်ဆက်၏ အဆုံးမည်သည် မရှိတော့ပေ။ ထို့ကြောင့် အကြောင်းအကျိုးတို့၏ စပ်သည်၏ အစွမ်းအားဖြင့် မပြတ်ဖြစ်လျက် လည်သော အင်္ဂါ၁၂-ပါးရှိသော ထိုဘဝစက်သည် မသိအပ်သော အစရှိ၏ဟူ၍ ပြီးလေတော့သည်။

     ဤသို့ ဘဝစက်သည် အစမရှိလတ်သော် ''အဝိဇ္ဇာပစ္စယာ သင်္ခါရာ''ဟု (အဝိဇ္ဇာဖြင့်) အစရှိသည်၏အဖြစ်ကို ဆိုသော ဤစကားသည်၊ ဝါ၊ (အဝိဇ္ဇာဟူသော) အစမျှကိုဆိုသော ဤစကားသည် ဆန့်ကျင်၏ဟု ဆိုငြားအံ့။ (အဖြေကား) ဤစကားသည် အစရှိသည်အဖြစ်ကို ဆိုသော၊ ဝါ၊ အစမျှကိုဆိုသော စကားမဟုတ်ပေ။ စင်စစ်သော်ကား ဤစကားသည် ပြဓာန်းသော တရားကို ဆိုသော စကားပေတည်း၊ ချဲ့၍ပြအံ့၊ အဝိဇ္ဇာသည် ၃-ပါးသော ဝဋ်တို့၏ ပြဓာန်းသော တရားဖြစ်သည်။ မှန်ပေ၏။ အဝိဇ္ဇာကိုယူခြင်းကြောင့် ကြွင်းသော ကိလေသဝဋ်သည်၎င်း, ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့သည်၎င်း မသိမလိမ္မာသော ပုဂ္ဂိုလ်ကို (အမျိုးမျိုးသော ဆင်းရဲဒုက္ခတို့ ပေါင်းစုရာ ဖြစ်သော သံသရာနှောင်အိမ်၌ ချုပ်ကိုင် တားမြစ်ကုန်၏၊ (ဥပမာ) မြွေ၏ဦးခေါင်းကို


မှတ်ချက်

     ၁- မပြတ်ဖြစ်လျက် လည်သော.. ထိုဘဝစက်သည်-ဟု စပ်ပါ။

     ၂ -ပလိဗောဓေန္တီတိ နာနာဒုက္ခပရိဗျူဠှေ သံသာရစာရကေ နိရောဓေန္တိ-ဟူသော ဋီကာနှင့်အညီ ပြန်ထားသော အနက်ဖြစ်သည်။ ပလိဗောဓေန္တိ-၏ အရာ၌ ပလိဝေဌေန္တိ-ဟုရှိသော သမ္မောဟဝိနောဒနီ အဋ္ဌကထာအရဆိုလျှင် ''မသိမလိမ္မာသော ပုဂ္ဂိုလ်ကို ရစ်ပတ်ကုန်၏''ဟု ပြန်ရာ၏။ ထိုသို့ ပြန်ခြင်းသည် ဥပမာစကားရပ်၌ မြွေ၏ခေါင်းကို ဆုပ်ကိုင်လျှင် ဆုပ်ကိုင်သောသူ၏ လက်မောင်းကို မြွေ၏ကိုယ်ဖြင့် ရစ်ပတ်ခြင်းနှင့် ဆီလျော်သောကြောင့် သာ၍ သင့်လျော်ပေ၏။

၁၉၆

ဆုပ်ကိုင်ခြင်းကြောင့် ခေါင်းမှကြွင်းသော မြွေ၏ကိုယ်သည် (ဆုပ်ကိုင်သူ၏) လက်မောင်းကို ရစ်ပတ် ချုပ်ကိုင်သကဲ့သို့ပေတည်း။ အဝိဇ္ဇာ၏ အကြွင်းမဲ့ပြတ်ခြင်းကို ပြုအပ်ပြီးလတ်သော်ကား ထိုကြွင်းသော ကိလေသဝဋ်နှင့် ကမ္မဝဋ် ဝိပါကဝဋ်တို့မှ လွတ်မြောက်ခြင်းသည် ဖြစ်ပေ၏၊ (ဥပမာ) မြွေ၏ ဦးခေါင်းပြတ်ခြင်းကို ပြုအပ်ပြီးလတ်သော် ရစ်ပတ်ချုပ်ကိုင်အပ်သော လက်မောင်း၏ လွတ်မြောက်ခြင်းကဲ့သို့ပေတည်း။ (မြတ်စွာဘုရား) ဟောတော်မူပုံကား- ''အဝိဇ္ဇာ၏သာလျှင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ ချုပ်ခြင်းသည် (ဖြစ်၏)'' ဤသို့ အစရှိသည်ပင်တည်း။ ဤသို့လျှင် အကြင် ပြဓာန်းသောတရားကို ယူသောသူအား နှောင်ဖွဲ့ခြင်းဖြစ်၍ လွှတ်သောသူအား လွတ်မြောက်ခြင်းဖြစ်၏။ (အဝိဇ္ဇာပစ္စယာ သင်္ခါရာဟူသော) ဤစကားသည် ထို ပြဓာန်းသော တရားကိုဆိုသော စကားပေတည်း။ အစရှိသည်၏အဖြစ်ကို ဆိုသောစကား၊ ဝါ၊ အစမျှကိုသာ ဆိုသောစကား မဟုတ်ပေ၊ ဤဆိုခဲ့သည့်အတိုင်း ဤဘဝစက်သည် မသိအပ်သော အစရှိသည်ဟု သိအပ်ပေ၏။

     [၂၁၃] ထိုဘဝစက်သည် အဝိဇ္ဇာအစရှိသော အကြောင်းတို့ကြောင့် သင်္ခါရစသည်တို့၏ မပြတ်ဖြစ်ပေါ်ခြင်း (ဖြစ်ပေသည်)။ ထို့ကြောင့် ထိုအဝိဇ္ဇာအစရှိသော အကြောင်းတို့မှ တပါးသော ''(ဤအရှင်သခင်ကြီးသည်) ဗြဟ္မာပေတည်း၊ မဟာဗြဟ္မာပေတည်း၊ အမြတ်ဆုံး ဘုရားသခင်ပေတည်း၊ ကမ္ဘာလောကကို စီရင်ဖန်ဆင်းတတ်သူပေတည်း''ဟု ဤသို့ ကြံဆအပ်သော ဗြဟ္မာအစရှိသော သံသရာကိုပြုတတ်သူမှလည်း ကင်း၏၊ ''ငါ၏ ထိုသို့သော ဤအတ္တသည် ပြောဆိုတတ်ပေ၏၊


မှတ်ချက်

     ၁- ထိုဘဝစက်သည်.. ပြုတတ်သောသူမှလည်း ကင်း၏၊.. ခံစားတတ်သော အတ္တမှလည်း ကင်း၏-ဟု စပ်ပါ။

     ၂- တပါးသော.. ပြုတတ်သောသူမှလည်း ကင်း၏၊.. ခံစားတတ်သော အတ္တမှလည်း ကင်း၏-ဟု စပ်ပါ။

     ၃- ဤစကားဖြင့် သာသနာပပုဂ္ဂိုလ်တို့ ကြံဆ ယုံကြည်ထားသော ဇီဝအတ္တ ပရမအတ္တဟူသော ဤ၂-မျိုးတွင် ပရမအတ္တမှ ကင်းသည်ကို ပြ၏။ ဆိုလိုသည်မှာ ကမ္ဘာလောကကို စီရင်ဖန်ဆင်းသည်-ဟု ယူဆ ယုံကြည်အပ်သော ထိုပုဂ္ဂိုလ်မှာလည်း အဝိဇ္ဇာအစရှိသော အကြောင်းတို့ကြောင့်

၁၉၇

(အကောင်းအဆိုးကို) ခံစားတတ်ပေ၏၊ ဝါ၊ သိတတ်ပေ၏''ဟု ဤသို့ ကြံဆအပ်သော ချမ်းသာဆင်းရဲတို့ကို ခံစားတတ်သော အတ္တမှလည်း ကင်း၏၊ ဤသို့လျှင် (ဘဝစက်သည်) ပြုတတ်သူ ခံစားတတ်သူမှ ကင်းသည်ဟု သိအပ်ပေသည်။

     ထိုမှတပါး ဤဘဝစက်၌ အဝိဇ္ဇာသည် ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသည်၏ အဖြစ်ကြောင့် ခိုင်မြဲသည်၏အဖြစ်မှ ဆိတ်သုဉ်း၏။ (ကိလေသာတို့က) ညစ်နွမ်းစေအပ်သည်၏ အဖြစ်ကြောင့်၎င်း ညစ်နွမ်းစေတတ်သော ကိလေသာတို့၏ (အသုံးခံ) အာရုံဖြစ်သောကြောင့်၎င်း တင့်တယ်သည်၏ အဖြစ်မှလည်း ဆိတ်သုဉ်း၏။ ဖြစ်ခြင်း ပျက်ခြင်းက အမြဲမပြတ် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့် ချမ်းသာအဖြစ်မှလည်း ဆိတ်သုဉ်း၏။ အကြောင်းနှင့်စပ်သော ဖြစ်ခြင်းရှိသောကြောင့် အလိုအတိုင်း ဖြစ်နိုင်- ဖြစ်စေနိုင်သော အတ္တအဖြစ်မှလည်း ဆိတ်သုဉ်း၏။ သင်္ခါရအစရှိသော အင်္ဂါတို့သည်လည်း ထို့အတူပင် ၄-ပါး ၄-ပါး အပြားအားဖြင့် ဆိတ်သုဉ်းကုန်၏။ တနည်း ဆိတ်သုဉ်းပုံကား အဝိဇ္ဇာသည် အတ္တမဟုတ် အတ္တ၏ ဥစ္စာမဟုတ် အတ္တ၌ (တည်သည်)မဟုတ် အတ္တရှိသည်မဟုတ်။ သင်္ခါရအစရှိသော အင်္ဂါတို့သည်လည်း ထို့အတူပင်တည်း။ ထို့ကြောင့် ဤဘဝစက်သည် ၁၂-ပါး အပြားရှိသော ဆိတ်သုဉ်းခြင်းဖြင့် ဆိတ်သုဉ်းသည်ဟု သိအပ်ပေ၏။


မှတ်ချက်

သင်္ခါရအစရှိသော အကျိုးတို့၏ အဆက်မပြတ် ဖြစ်ပေါ်နေသော ဘဝစက်မျှသာ ရှိသည်၊ ဖန်ဆင်းတတ်သော အတ္တကောင်ဟူ၍ကား မရှိ-ဟု ဆိုလို၏။

     ၁- ဤစကားဖြင့် ''ပုဂ္ဂိုလ်တိုင်းသည် အတ္တတခုစီ အသီးအသီး ဖြစ်သည်''ဟု ယူဆ ယုံကြည်အပ်သော ဇီဝအတ္တမှ ကင်းသည်ကို ပြ၏။

     ၂- သဘောရှိသည်၏ အဖြစ်ကြောင့်-ဟူသော ရှေးကျမ်းဂန်သုံးစကားသည် သဘောရှိခြင်းကြောင့် သဘောရှိသောကြောင့်-ဟူသော ယခုခေတ်သုံး စကားတို့နှင့် တူညီသော အနက်အဓိပ္ပါယ်ရှိ၏။

     ၃- ခိုင်မြဲခြင်းမှ ဆိတ်သုဉ်းသည် ခိုင်မြဲခြင်းမရှိ-ဟု ဆိုလို၏။

     ၄- ကိလေသာတို့က ယင်းတို့နှင့်ယှဉ်သော တရားတို့ကို ညစ်နွမ်းစေတတ်၏၊ အဝိဇ္ဇာသည်လည်း အခြားကိလေသာတို့နှင့် ယှဉ်လျက် ဖြစ်၏။ သို့ဖြစ်၍ ယှဉ်ဘက် ကိလေသာတို့က လူးလဲပေရေ ညစ်နွမ်းစေသဖြင့် ထိုသို့ ညစ်နွမ်းစေခြင်းကို ခံရသောကြောင့် ညစ်နွမ်းသည်၊ ထို့ကြောင့်-ဟု ဆိုလို၏။

၁၉၈

၆၅၃။ ဤမျှသာမကသေး၊ ဤဆိုခဲ့သည့်အတိုင်း တဖန်-

အဝိဇ္ဇာနှင့် တဏှာတို့သည် ထိုဘဝစက်၏ မူလပေတည်း၊ အတိတ် စသည်တို့သည် (ထိုဘဝစက်၏) ၃-ပါးသော ကာလတို့ပေတည်း။ ထို၃-ပါးသော ကာလတို့တွင် သရုပ်အားဖြင့် (ဟောထားသော) ၂-ပါးသော အင်္ဂါတို့သည်၎င်း၊ ၈-ပါးသော အင်္ဂါတို့သည်၎င်း၊ ၂-ပါးသော အင်္ဂါတို့သည်၎င်း (ထိုဘဝစက်၏ အတိတ်ကာလ ပစ္စုပ္ပန်ကာလ အနာဂတ်ကာလတို့ မည်ကြသည်ဟု သိအပ်၏)။

မူလ ၂-ပါး

     ချဲ့၍ပြအံ့၊ အဝိဇ္ဇာနှင့် တဏှာဟူသော ၂-ပါးသော တရားတို့ကို ထိုဆိုအပ်ခဲ့သော ဤဘဝစက်၏ မူလဟု သိအပ်(ကုန်)၏။ ထိုဆိုခဲ့သော ဤဘဝစက်သည် ရှေးအတိတ်အဖို့မှ ပစ္စုပ္ပန်အကျိုးကို ဆောင်သောအားဖြင့် အဝိဇ္ဇာလျှင် အရင်းရှိသော ဝေဒနာလျှင် အဆုံးရှိသော ဘဝစက်တခု၊ နောက် အနာဂတ်အဖို့ကို ဆက်စပ် ကျယ်ပြန့်စေသောအားဖြင့် တဏှာလျှင် အရင်းရှိသော ဇရာမရဏလျှင် အဆုံးရှိသော ဘဝစက်တခု ဤသို့အားဖြင့် ၂-ပါး အပြားရှိ၏။ ထို၂-ပါးသော ဘဝစက်တို့တွင် ရှေးဖြစ်သော ဘဝစက်ကို ဒိဋ္ဌိစရိုက်ရှိသူ၏ အစွမ်းအားဖြင့် ဟောတော်မူ(အပ်)၏။ နောက်ဖြစ်သော ဘဝစက်ကို တဏှာစရိုက်ရှိသူ၏ အစွမ်းအားဖြင့် (ဟောတော်မူ၏)။ မှန်ပေ၏၊ အဝိဇ္ဇာသည် ဒိဋ္ဌိစရိုက်ရှိသော သူတို့၏ (မပြတ်ဖြစ်သော ခန္ဓာအစဉ်ဟု ဆိုအပ်သော) သံသရာကို ဆောင်တတ်- ဖြစ်စေတတ်၏။ တဏှာသည် တဏှာစရိုက်ရှိသော သူတို့၏ သံသရာကို ဆောင်တတ်- ဖြစ်စေတတ်၏။ တနည်းကား ဥစ္ဆေဒဒိဋ္ဌိကို အကြွင်းမဲ့ ပယ်သတ်ခြင်းငှါ ပဌမစက်ကို (ဟောတော်မူ၏၊ အဘယ်ကြောင့်နည်း?) အကျိုး၏ဖြစ်ခြင်းဖြင့် အကြောင်းတို့၏ မပြတ်စဲခြင်းကို ပြခြင်းကြောင့်တည်း။ သဿတဒိဋ္ဌိကို အကြွင်းမဲ့ ပယ်ဖြတ်ခြင်းငှါ ဒုတိယစက်ကို (ဟောတော်မူ၏၊ အဘယ့်ကြောင့်နည်း?) ဖြစ်ပေါ်ကုန်သော (ဝိညာဏ်စသော) အကျိုးတရားတို့၏ အိုခြင်း သေခြင်းကို ပြခြင်းကြောင့်တည်း။ တနည်းကား ဂဗ္ဘသေယျကပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် ရှေးဘဝစက်ကို (ဟောတော်မူ၏၊ အဘယ့်ကြောင့်နည်း?) အစဉ်အတိုင်း ဖြစ်ခြင်းကို ပြခြင်းကြောင့်တည်း။ ဥပပါတ်ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် နောက်စက်ကို

၁၉၉

(ဟောတော်မူ၏၊ အဘယ့်ကြောင့်နည်း?) တပေါင်းတည်း ဖြစ်ခြင်း- တပြိုင်နက် ဖြစ်ခြင်းကို ပြခြင်းကြောင့်တည်း။

ကာလ ၃-ပါး

     ထိုမှတပါး အတိတ် ပစ္စုပ္ပန် အနာဂတ်တို့သည် ထိုဘဝစက်၏ ၃-ပါးသော ကာလတို့ပေတည်း။ ထို၃-ပါးသော ကာလတို့တွင် ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပါဠိ၌ သရုပ်အားဖြင့်လာသော အင်္ဂါတို့၏ အစွမ်းအားဖြင့် အဝိဇ္ဇာနှင့် သင်္ခါရ ဟူသော ၂-ပါးသော အင်္ဂါတို့သည် အတိတ်ကာလ မည်ကုန်၏။ ဝိညာဏ်လျှင် အစရှိကုန်သော ဘဝလျှင် အဆုံးရှိကုန်သော ၈-ပါးသော အင်္ဂါတို့သည် ပစ္စုပ္ပန်ကာလ မည်ကုန်၏။ ဇာတိနှင့် ဇရာမရဏဟူသော ၂-ပါးသော အင်္ဂါတို့သည် အနာဂတ်ကာလ မည်ကုန်၏ဟူ၍ သိအပ်(ကုန်)၏။

[၂၁၄] ၆၅၄။ တဖန်..

''အကြောင်းရှေးရှိသော အစပ်, အကျိုးရှေးရှိသော အစပ်, အကြောင်းရှေးရှိသော အစပ်အားဖြင့် အစပ်၃-ပါးရှိသော, ၄-ပါး အပြားရှိသော (အင်္ဂါ) အပေါင်းအစု အလွှာလည်းရှိသော, ၂ဝ-သော အခြင်းအရာဟူသော ထောက်အကန့်လည်းရှိသော, ဝဋ် ၃-ပါးလည်းရှိသော ဤဘဝစက်သည် ရပ်တန့်ခြင်းမရှိပဲ အမြဲလည်လျက် ရှိသည်''-

ဟူ၍လည်း သိအပ်၏။

အစပ် ၃-ပါး

     ထိုဂါထာ၌ သင်္ခါရတို့နှင့် ပဋိသန္ဓေဝိညာဏ်၏ အကြား၌ အကြောင်းနှင့်အကျိုး အစပ်မည်သော အစပ်တခု၊ ဝေဒနာနှင့် တဏှာ၏အကြား၌ အကျိုးနှင့်အကြောင်း အစပ်မည်သော အစပ်တခု၊ ဘဝနှင့် ဇာတိ၏အကြား၌ အကြောင်းနှင့်အကျိုး အစပ်မည်သော အစပ်တခု၊ ဤသို့အားဖြင့် ဤဘဝစက်မှာ ''အကြောင်းရှေးရှိသော အစပ်, အကျိုးရှေးရှိသော အစပ်, အကြောင်းရှေးရှိသော အစပ်အားဖြင့် ၃-ပါးသော အစပ်ရှိသည်''ဟု သိအပ်၏။

၂၀၀

အလွှာ ၄-ပါး

     ထိုမှတပါး အစပ်တို့၏ အစအဆုံးဖြင့် ပိုင်းခြားအပ်ကုန်သော ထိုဘဝစက်၏ ၄-ပါးကုန်သော အပေါင်းအစု အလွှာတို့သည် ဖြစ်ကုန်၏။ ဤအလွှာတို့သည် အဘယ်နည်းဟူမူ? အဝိဇ္ဇာနှင့် သင်္ခါရတို့သည် တခုသော အလွှာပေတည်း။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့သည် ဒုတိယ အလွှာပေတည်း။ တဏှာ ဥပါဒါန် ဘဝတို့သည် တတိယ အလွှာပေတည်း။ ဇာတိနှင့် ဇရာမရဏတို့သည် စတုတ္ထ အလွှာပေတည်း။ ဤသို့အားဖြင့် ဤဘဝစက်မှာ ''၄-ပါး အပြားရှိသော အပေါင်းအစု အလွှာ ရှိသည်''ဟု သိအပ်၏။

အခြင်းအရာ ၂ဝ

ထိုမှတပါး-

အတိတ်ဘဝ၌ အကြောင်း ၅-ပါး၊ ယခု ပစ္စုပ္ပန်ဘဝ၌ အကျိုး ၅-ပါး၊ ယခု ပစ္စုပ္ပန်ဘဝ၌ အကြောင်း ၅ပါး၊ နောင် အနာဂတ်ဘဝ၌ အကျိုး ၅-ပါး-ဟူသော-

၂ဝ-သော အခြင်းအရာဟု ဆိုအပ်သော ဤထောက်အကန့်တို့ဖြင့် ၂ဝ-သော အခြင်းအရာဟူသော ထောက်အကန့်ရှိသည်ဟု သိအပ်၏။

အတိတ်အကြောင်း ၅-ပါး

     ထိုဂါထာ၌ (အကျယ်ကား) အတိတ်ဘဝ၌ အကြောင်း ၅-ပါး ဟူသည်ကား ရှေးဦးစွာ အဝိဇ္ဇာနှင့် သင်္ခါရတို့ဟူသော ဤ၂-ပါးတို့သည် (ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပါဠိ၌ သရုပ်အားဖြင့်) ဟောအပ်ပြီးသာလျှင် ဖြစ်ကုန်၏။ ထို့ပြင် (ဝိပဿနာပညာ မရှိ) မသိမလိမ္မာသော သူသည် ဆာလောင်တောင့်တ၏၊ ဆာလောင် တောင့်တသည်ဖြစ်၍ စွဲလမ်း၏၊ စွဲလမ်းသော ထိုသူအား စွဲလမ်းမှု ဥပါဒါန်ဟူသော အကြောင်းကြောင့် (ဖြစ်ကြောင်းကံဟူသော) ဘဝသည် ဖြစ်၏။ ထို့ကြောင့် တဏှာ ဥပါဒါန် ဘဝတို့သည်လည်း (အဝိဇ္ဇာ တဏှာကို ယူခြင်းဖြင့်) ယူအပ်ပြီး ဖြစ်ကုန်၏။ ထို့ကြောင့်-

''ရှေးဘဝဝယ် ကမ္မဘဝကို ပြုစဉ်၌ (ရှိခဲ့သော) မောဟသည် အဝိဇ္ဇာပေတည်း၊ အားထုတ်မှုတို့သည် သင်္ခါရတို့ပေတည်း၊ လိုချင်နှစ်သက်ခြင်းသည် တဏှာပေတည်း၊ ကပ်ငြိခြင်းသည် ဥပါဒါန်ပေတည်း၊

၂၀၁

စေတနာသည် (ဖြစ်ကြောင်း ကမ္မ)ဘဝပေတည်း။ ဤသို့လျှင် ရှေးဘဝဝယ် ကမ္မဘဝကို ပြုစဉ်၌ ပြီးစီးကုန်သော ဤ၅-ပါးသော တရားတို့သည် ဤယခု ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်းတို့ပေတည်း''ဟု (ပဋိသမ္ဘိဒါမဂ်ပါဠိ၌) ဟောတော်မူပေ၏။

     ထို ပဋိသမ္ဘိဒါမဂ်ပါဠိ၌ ရှေးကမ္မဘဝကို ဟူရာ၌ ရှေးဘဝ၌ဖြစ်သော ကမ္မဘဝကို၊ အတိတ်ဘဝ၌ ကမ္မဘဝကို ပြုအပ်သည်ရှိသော်၊ ဝါ၊ ပြုစဉ်၌။ ဤကား အနက်။ မောဟသည် အဝိဇ္ဇာပေတည်း- ဟူသည်ကား ထိုကမ္မဘဝကို ပြုစဉ်အခါ၌ ဒုက္ခစသည်တို့၌ (တွေဝေခြင်း မသိခြင်းဟူသော) အကြင်မောဟသည် ဖြစ်၏၊ ယင်းမောဟဖြင့် တွေဝေသည်ဖြစ်၍ (ကုသိုလ် အကုသိုလ်)ကံကို ပြု၏၊ ထိုမောဟသည် အဝိဇ္ဇာမည်၏။ အားထုတ်မှုတို့သည် သင်္ခါရတို့ပေတည်း- ဟူသည်ကား ထိုကံကို ပြုသောသူ၏ အကြင် ရှေးအဖို့၌ဖြစ်သော စေတနာတို့သည် (ရှိကုန်၏)။ ဥပမာ အလှူကို ပေးအံ့ဟု စိတ်ကို ဖြစ်စေပြီးလျှင် တလလုံးသော်လည်း တနှစ်လုံးသော်လည်း ပေးလှူဘွယ် အဆောက်အဦ ပစ္စည်းတို့ကို ရှာကြံ စီမံခန့်ခွဲနေသောသူအား ဖြစ်ကုန်သော ရှေးအဖို့ စေတနာတို့ကဲ့သို့ပင်တည်း။ (ထိုရှေးအဖို့ စေတနာတို့သည် အားထုတ်မှု-သင်္ခါရတို့ မည်ကုန်၏)။ အလှူခံပုဂ္ဂိုလ်တို့၏လက်၌ လှူဘွယ်ဝတ္ထုကို တည်စေဆဲ လှူဆဲဖြစ်သောသူ၏ စေတနာကိုမူ ဘဝဟူ၍ ဆိုအပ်၏။ တနည်းကား တခုသော အာဝဇ္ဇန်းရှိကုန်သော ၆-ကြိမ်သော ဇောတို့၌ စေတနာတို့သည် အားထုတ်မှု-သင်္ခါရတို့ မည်ကုန်၏။ [၂၁၅] သတ္တမဇော၌ (စေတနာသည်) ဘဝမည်၏။ တနည်းကား အမှတ်မရှိ တစုံတခုသော စေတနာသည် ဘဝမည်၏။ (စေတနာနှင့်)ယှဉ်သော တရားတို့သည် အားထုတ်မှု သင်္ခါရတို့ မည်ကုန်၏။ လိုချင်နှစ်သက်ခြင်းသည် တဏှာပေတည်း- ဟူသည်ကား အမှုကံကို ပြုသောသူ၏ (ဖြစ်မည့်) အကျိုးဖြစ်သော ဥပပတ္တိဘဝ၌ အလိုရှိခြင်း တောင့်တခြင်းသည် တဏှာမည်၏။ ကပ်ငြိခြင်းသည် ဥပါဒါန်ပေတည်း- ဟူသည်ကား ကမ္မဘဝ၏ အကြောင်းဖြစ်သော ''ဤအမှုကိုပြု၍ ဤမည်သောဌာန၌ ကာမဂုဏ်တို့ကို မှီဝဲအံ့၊ (သေသောအခါ) ပြတ်စဲအံ့'' ဤသို့


မှတ်ချက်

     ၁- ဤစကားဖြင့် ကုသိုလ်ကံကို ပြုသောသူအား သုဂတိဘဝအကျိုး၌ အလိုရှိခြင်း တောင့်တခြင်းကို ပြ၏၊ အကုသိုလ်ကံကို ပြုသောသူအားမူ ''မျက်မှောက်အကျိုး၌ တောင့်တခြင်းသည် တဏှာမည်၏''ဟု ယူရာ၏။

၂၀၂

အစရှိသောနည်းဖြင့် ဖြစ်သော ကပ်ငြိခြင်း ဆုပ်ကိုင်ခြင်း မှားယွင်းစွာ သုံးသပ်ခြင်းသည် ဥပါဒါန်မည်၏။ စေတနာသည် ဘဝပေတည်း- ဟူသည်ကား အားထုတ်မှု၏အဆုံး၌ ဖွင့်ဆိုအပ်ခဲ့သော စေတနာသည် ဘဝမည်၏။ ဤသို့ အနက်ကို သိအပ်၏။

ပစ္စုပ္ပန်အကျိုး ၅-ပါး

     ယခု ပစ္စုပ္ပန်ဘဝ၌ အကျိုး၅-ပါး ဟူသည်ကား ဝိညာဏ်အစ ဝေဒနာအဆုံးရှိသော ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပါဠိ၌ သရုပ်အားဖြင့်လာသော အကျိုး ၅-ပါးပင်တည်း။ ဟောတော်မူပုံကား-

''ဤပစ္စုပ္ပန်ဘဝ၌ (ရှေးဘဝနှင့်) ဆက်စပ်သော သဘောသည် ဝိညာဏ်ပေတည်း၊ သက်ဝင်ခြင်းသဘောသည် နာမ်ရုပ်ပေတည်း၊ ကြည်လင်သော သဘောသည် အာယတနပေတည်း၊ တွေ့ထိသော သဘောသည် ဖဿပေတည်း၊ ခံစားခြင်းသဘောသည် ဝေဒနာပေတည်း၊ ဤ၅-ပါးသော တရားတို့သည် ဤပစ္စုပ္ပန်ဘဝဝယ် ဥပပတ္တိဘဝ၌ ရှေးဘဝကပြုခဲ့သော ကံဟူသော အကြောင်းကြောင့် (ဖြစ်ကုန်၏)'' ဟူ၍ပင်တည်း။

     ထိုပါဠိ၌ ဆက်စပ်သော သဘောသည် ဝိညာဏ်ပေတည်း ဟူသည်ကား ဘဝတပါးနှင့် ဆက်စပ်သည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် အကြင်စိတ်ကို ပဋိသန္ဓေဟူ၍ ဆိုအပ်၏၊ ထိုဆက်စပ်သော ပဋိသန္ဓေစိတ်သည် ဝိညာဏ်မည်၏။ သက်ဝင်ခြင်းသဘောသည် နာမ်ရုပ်ပေတည်း ဟူသည်ကား အမိဝမ်းတိုက်၌ နာမ်ရုပ်တရားတို့၏ အကြင် သက်ဝင်ခြင်းသဘောသည် လာ၍ ဝင်သကဲ့သို့ ဖြစ်ခြင်းသဘောသည် (ရှိ၏)၊ ဤသဘောသည် နာမ်ရုပ်မည်၏။ ကြည်လင်သော သဘောသည် အာယတနပေတည်း-ဟူသော ဤစကားကို စက္ခုအစရှိသော ၅-ပါးသော အာယတနတို့၏ အစွမ်းအားဖြင့် ဟောအပ်ပေ၏။ တွေ့ထိသော သဘောသည် ဖဿပေတည်း- ဟူသည်ကား အကြင်သဘောသည် အာရုံကို တွေ့ထိလျက် ဖြစ်ပေါ်၏၊ ဤသဘောသည် ဖဿမည်၏။ ခံစားခြင်းသဘောသည် ဝေဒနာပေတည်း- ဟူသည်ကား ပဋိသန္ဓေဝိညာဏ်နှင့်သော်၎င်း, သဠာယတနလျှင် အကြောင်းရှိသော ဖဿနှင့်သော်၎င်း

၂၀၃

တကွဖြစ်သော အကြင် ဝိပါက်ဖြစ်သော ခံစားခြင်းသဘောသည် (ရှိ၏)၊ ထိုခံစားခြင်းသဘောသည် ဝေဒနာမည်၏၊ ဤသို့အနက်ကို သိအပ်၏။

ပစ္စုပ္ပန်အကြောင်း ၅-ပါး

     ယခု ပစ္စုပ္ပန်ဘဝ၌ အကြောင်း၅-ပါး ဟူသည်ကား တဏှာအစရှိကုန်သော (ငါးပါးသော) တရားတို့ပေတည်း။ ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပါဠိ၌ တဏှာ ဥပါဒါန် ဘဝတို့သည်(သာလျှင်) လာကုန်၏။ သို့သော်လည်း ဘဝကို ယူအပ်သည်ရှိသော် ထိုဘဝ၏ ရှေးအဖို့ဖြစ်ကုန်သော သို့မဟုတ် ထိုဘဝနှင့် ယှဉ်ကုန်သော သင်္ခါရတို့ကို ယူအပ်ပြီး ဖြစ်ကုန်၏။ တဏှာ ဥပါဒါန်တို့ကို ယူခြင်းဖြင့်လည်း ၎င်းတို့နှင့်ယှဉ်သော အဝိဇ္ဇာကို (ယူအပ်ပြီး ဖြစ်၏)၊ သို့မဟုတ် အကြင် အဝိဇ္ဇာဖြင့် တွေဝေသည်ဖြစ်၍ ကံကိုပြု၏၊ ထိုအဝိဇ္ဇာကို ယူအပ်ပြီး ဖြစ်၏။ ဤသို့အားဖြင့် (အကြောင်းတို့သည်) ၅-ပါးတို့ပေတည်း။ ထို့ကြောင့်-

''ဤယခု ပစ္စုပ္ပန်ဘဝ၌ အာယတနတို့၏ ရင့်ကျက်ခြင်းကြောင့် မောဟသည် အဝိဇ္ဇာပေတည်း၊ အားထုတ်မှုတို့သည် သင်္ခါရတို့ပေတည်း၊ လိုချင်နှစ်သက်ခြင်းသည် တဏှာပေတည်း၊ ကပ်ငြိခြင်းသည် ဥပါဒါန်ပေတည်း၊ စေတနာသည် (ဖြစ်ကြောင်း ကမ္မ)ဘဝပေတည်း၊ ဤသို့လျှင် ယခု ပစ္စုပ္ပန်ဘဝဝယ် ကမ္မဘဝ၌ (ပါဝင်ကုန်သော) ဤ၅-ပါးသော တရားတို့သည် နောင် အနာဂတ်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်းတို့ပေတည်း''ဟု ဟောတော်မူ၏။

     ထိုပါဠိ၌ ''ဤယခု ပစ္စုပ္ပန်ဘဝ၌ အာယတနတို့၏ ရင့်ကျက်ခြင်းကြောင့်''ဟူသော စကားဖြင့် ရင့်ကျက်သော အာယတနရှိသော ပုဂ္ဂိုလ်၏ ကံကိုပြုသောကာလ၌ တွေဝေခြင်းကို ပြ၏။ ကြွင်းသော စကားသည် ပေါ်လွင်သော အနက်ရှိသည်သာတည်း။

အနာဂတ်အကျိုး ၅-ပါး

     နောင် အနာဂတ်ဘဝ၌ အကျိုး၅-ပါး ဟူသည်ကား ဝိညာဏ် အစရှိကုန်သော ၅-ပါးသော တရားတို့ပေတည်း။ ဇာတိကို ယူခြင်းဖြင့် ထို၅-ပါးသော တရားတို့ကို ဟောတော်မူ(အပ်ကုန်)၏။ ဇရာမရဏသည်ကား ထို၅-ပါးသော တရားတို့၏ ဇရာမရဏပေတည်း။ ထို့ကြောင့်-

၂၀၄

''နောင် အနာဂတ်ဘဝ၌ (ရှေးဘဝနှင့်) ဆက်စပ်သော သဘောသည် [၂၁၆] ဝိညာဏ်ပေတည်း။ သက်ဝင်ခြင်းသဘောသည် နာမ်ရုပ်ပေတည်း၊ ကြည်လင်သော သဘောသည် အာယတနပေတည်း။ တွေ့ထိသော သဘောသည် ဖဿပေတည်း၊ ခံစားခြင်းသဘောသည် ဝေဒနာပေတည်း။ ဤ၅-ပါးသော တရားတို့သည် နောင် အနာဂတ်ဘဝဝယ် ဥပပတ္တိဘဝ၌ ဤပစ္စုပ္ပန်ဘဝ၌ပြုအပ်သော ကံဟူသော အကြောင်းကြောင့် (ဖြစ်ကုန်)၏''ဟု ဟောတော်မူ၏။

     ဤသို့လျှင် ဤဘဝစက်သည် ၂ဝ-သော အခြင်းအရာဟူသော ထောက်အကန့်ရှိ၏။

ဝဋ် ၃-ပါး

     ဝဋ်၃-ပါးရှိသော (ဤဘဝစက်သည်) ရပ်တန့်ခြင်းမရှိပဲ အမြဲလည်လျက် ရှိ၏-ဟူသော ဤစကား၌ သင်္ခါရနှင့် ဘဝတို့သည် ကမ္မဝဋ်မည်၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် ကိလေသဝဋ် မည်၏။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့သည် ဝိပါကဝဋ် မည်၏။ ဤသို့လျှင် ဤ၃-ပါးသော ဝဋ်တို့ဖြင့် ဝဋ်၃-ပါးရှိသော ဘဝစက်သည် ကိလေသဝဋ် မပြတ်စဲသေးသမျှ ကာလပတ်လုံး မပြတ်စဲသော အကြောင်းရှိသည်၏အဖြစ်ကြောင့် ရပ်တန့်ခြင်းမရှိပဲ အဖန်တလဲလဲ လည်တတ်သောကြောင့် လည်လျက်ရှိသည်သာလျှင်တည်းဟု သိအပ်၏။

၆၅၅။ ဤဆိုခဲ့သည့်အတိုင်း လည်လျက်ရှိသော ထိုဘဝစက်ကို-

သစ္စာအမွန်ရှိသော သစ္စာအားဖြင့်၎င်း ကိစ္စအားဖြင့်၎င်း တားမြစ်ခြင်းအားဖြင့်၎င်း ဥပမာတို့ဖြင့်၎င်း နက်နဲခြင်းအပြား နည်းအပြားအားဖြင့်၎င်း ထိုက်သည်အားလျော်စွာ သိအပ်၏။


မှတ်ချက်

     ၁- ဤအနက်သည် သစ္စပ္ပဘဝတော-ဟူသော ပုဒ်၏ အနက်ဖြစ်သည်။ သစ္စပ္ပဘဝသစ္စတော-ဟု ဆိုလိုလျက် ဂါထာဖြစ်သောကြောင့် သစ္စ-တပုဒ် ကြေနေသည်-ဟု ယူရာ၏။ ထိုသို့ယူမှ နောက်၌ ဖွင့်လတံ့သော အကျယ်စကားနှင့် အံကျ ကိုက်ညီမည်။

၂၀၅

     ထိုဂါထာ၌ (အကျယ်ကား- လောကီ) ကုသိုလ် အကုသိုလ်ကံကို သာမညအားဖြင့် သမုဒယသစ္စာဟူ၍ သစ္စဝိဘင်းပါဠိ၌ ဟောတော်မူ(အပ်)၏၊ ထို့ကြောင့် ''အဝိဇ္ဇာပစ္စယာ သင်္ခါရာ'' အစရှိသော စကား၌ အဝိဇ္ဇာကြောင့် (ဖြစ်ကုန်သော) သင်္ခါတို့သည် ဒုတိယသစ္စာလျှင် အမွန်ရှိသော ဒုတိယသစ္စာပေတည်း၊ သင်္ခါရတို့ကြောင့် (ဖြစ်သော) ဝိညာဏ်သည် ဒုတိယသစ္စာ အမွန်ရှိသော ပဌမသစ္စာပေတည်း။ [၂၁၇] ဝိညာဏ် စသည်တို့ကြောင့် (ဖြစ်ကုန်သော) နာမ်ရုပ် အစရှိကုန်သော ဝိပါက်ဝေဒနာ အဆုံးရှိကုန်သော တရားတို့သည် ပဌမသစ္စာအမွန်ရှိသော ပဌမသစ္စာပေတည်း။ ဝေဒနာကြောင့် (ဖြစ်သော) တဏှာသည် ပဌမသစ္စာအမွန်ရှိသော ဒုတိယသစ္စာပေတည်း။ တဏှာကြောင့်(ဖြစ်သော) ဥပါဒါန်သည် ဒုတိယသစ္စာ အမွန်ရှိသော ဒုတိယသစ္စာပေတည်း။ ဥပါဒါန်ကြောင့်(ဖြစ်သော) ဘဝသည် ဒုတိယသစ္စာ အမွန်ရှိသော ပဌမ ဒုတိယ သစ္စာ၂-ခု အပေါင်းပေတည်း။ ဘဝကြောင့်(ဖြစ်သော) ဇာတိသည် ဒုတိယသစ္စာ အမွန်ရှိသော ပဌမသစ္စာပေတည်း။ ဇာတိကြောင့်(ဖြစ်သော) ဇရာမရဏသည် ပဌမသစ္စာအမွန်ရှိသော ပဌမသစ္စာပေတည်း။ ဤဆိုခဲ့သည့်အတိုင်း ဤဘဝစက်ကို သစ္စာအမွန်ရှိသော သစ္စာအားဖြင့် ထိုက်သည်အားလျော်စွာ သိအပ်၏။

     ၆၅၆။ ကိစ္စအားဖြင့် သိပုံမှာ ဤဘဝစက်၌ အဝိဇ္ဇာသည် ဝတ္ထုအာရုံတို့၌ သတ္တဝါတို့ကို တွေဝေစေတတ်၏။ သင်္ခါရတို့၏ ထင်ရှားဖြစ်ခြင်းငှါလည်း


မှတ်ချက်

     ၁- သာမညအားဖြင့်- ဟူသည်ကား စေတနာဟူ၍၎င်း စေတနာနှင့်ယှဉ်သော တရားတို့ဟူ၍၎င်း အထူးမပြုမူ၍ (မခွဲခြားမူ၍) အလုံးစုံလည်းဖြစ်သော ထိုကုသိုလ် အကုသိုလ်ကံကို သမုဒယသစ္စာ-ဟု ဟောတော်မူ(အပ်)၏။ ဤကား အနက်။ မှန်ပေ၏၊ တဏှာသည်၎င်း၊ တဏှာမှကြွင်းသော ကိလေသာတို့သည်၎င်း၊ ယင်းတို့မှ ကြွင်းသော အကုသိုလ်တရားတို့သည်၎င်း၊ လောကီ ကုသိုလ်မူလတို့သည်၎င်း၊ ကုသိုလ်မူလတို့မှ ကြွင်းသော လောကီ ကုသိုလ်တရားတို့သည်၎င်း (ရှိကုန်၏၊ ဤတရားအပေါင်းကို ဒုက္ခသမုဒယ-ဟု ဆိုအပ်၏။)-ဟူ၍ စေတနာနှင့် စေတနာသမ္ပယုတ်တရားဟူသော အထူးကို မပြုမူ၍ (ဝိဘင်းပါဠိတော်၌) ဟောတော်မူ(အပ်)ပေ၏။ တနည်းကား အရိယသစ္စာဟူသော အထူးကို မပြုမူ၍ သမုဒယသစ္စာဟူ၍ ဟောတော်မူ(အပ်)၏၊ ဤကား အနက်။ (ဋီကာ)

၂၀၆

ကျေးဇူးပြုတတ်၏။ ထို့အတူ သင်္ခါရတို့သည်လည်း ပြုပြင်အပ်သော ဘဝကိုလည်း ပြုပြင်တတ်ကုန်၏၊ ဝိညာဏ်၏ (ဖြစ်ခြင်းငှါ)လည်း ကျေးဇူးပြုတတ်ကုန်၏။ ဝိညာဏ်သည်လည်း အာရုံကိုလည်း သိတတ်၏၊ နာမ်ရုပ်၏ ဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ နာမ်ရုပ်သည်လည်း အချင်းချင်းကိုလည်း ကျေးဇူးပြုတတ်၏၊ သဠာယတန၏ ဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ သဠာယတနသည်လည်း မိမိနှင့်ဆိုင်သော အဆင်းအစရှိသော အာရုံ၌လည်း ဖြစ်တတ်၏၊ ဖဿ၏ဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ ဖဿသည်လည်း အာရုံကိုလည်း တွေ့ထိတတ်၏၊ ဝေဒနာ၏ ဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ ဝေဒနာသည်လည်း အာရုံ၏အရသာကိုလည်း ခံစားတတ်၏၊ တဏှာ၏ ဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ တဏှာသည်လည်း တပ်မက်ဖွယ်အာရုံ၌လည်း တပ်စွဲတတ်၏၊ ဥပါဒါန်၏ ဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ ဥပါဒါန်သည်လည်း စွဲလမ်းဖွယ် အာရုံတို့ကိုလည်း စွဲလမ်းတတ်၏၊ ဘဝ၏ ဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ ဘဝသည်လည်း အထူးထူး အပြားပြား ၅-ပါးသော ဂတိတို့၌လည်း ပစ်ချတတ်၏၊ ဇာတိ၏ ဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ ဇာတိသည်လည်း ထိုဖြစ်ဆဲခန္ဓာတို့၏ အသစ်ဖြစ်စ၏အဖြစ်ဖြင့် ဖြစ်ခြင်းကြောင့် ခန္ဓာတို့ကိုလည်း ဖြစ်ပေါ်စေတတ်၏၊ ဇရာမရဏ၏ ဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ ဇရာမရဏသည်လည်း


မှတ်ချက်

     ၁- ဝိသုဒ္ဓိမဂ်စာကိုယ်၌ ဤအရာတွင် သင်္ခါရာပိ-ရှိသင့်လျက် အပိ-မရှိပဲ လိုနေ၏၊ သင်္ခါရာပိ-ဟု ရှိပါမှ နောက်၌ ဆိုလတံ့သော ဝိညာဏမ္ပိ-စသည်နှင့် ညီသည်။ ထို့ကြောင့် သင်္ခါရာပိ-ကို ရည်၍ ဤ၌ သင်္ခါရတို့သည်လည်းဟု ပြန်သည်။ ထိုပုဒ်၌ အပိ-၏ အနက်ဖြစ်သော လည်း-ဟူသော စကားဖြင့် ဆိုခဲ့ပြီးသော အဝိဇ္ဇာနှင့် ပေါင်း၍ ပြသည်၊ ပါဠိဝေါဟာရအားဖြင့် ၎င်းကို သမ္ပိဏ္ဍန-ဟု ခေါ်သည်။

     ၂- သင်္ခတဉ္စ-ပုဒ်၏ အနက်ဖြစ်သည်။ ဘဝကိုလည်း-ဟူရာ၌ စ-၏ အနက်ဖြစ်သော လည်း-ဟူသော စကားဖြင့် ဆိုလတံ့သော ဒုတိယကိစ္စကို ဆည်းသည်၊ ပါဠိဝေါဟာရအားဖြင့် ၎င်းကို သမုစ္စည်း-ဟု ခေါ်သည်။ နောက်၌လည်း ဤအနည်းအတူပင်။

     ၃- ဤ၌ လက်သည်းကွင်းအတွင်းရှိ စကားသည် ပါတုဘာဝါယ-ဟူသော လိုက်ပုဒ်၏ အနက်ဖြစ်သည်၊ နောက်အပိုဒ်တို့၌မူ ဤစကားကို လက်သည်းကွင်းမပါပဲ ပြဆိုသွားမည်။

၂၀၇

ခန္ဓာတို့၏ ရင့်တတ် ပျက်တတ်သည်၏ အဖြစ်ကိုလည်း စီမံခန့်ခွဲတတ်၏၊ ဝါ၊ ပြီးစေတတ်၏၊ သောကစသည်တို့၏ တည်ရာ မှီရာ ဖြစ်သောကြောင့် တပါးသော ဘဝအသစ် ထင်ရှားဖြစ်ခြင်းငှါလည်း ကျေးဇူးပြုတတ်၏။ ထိုသို့ ၂-ပါး ၂-ပါးသော ကိစ္စကို ပြီးစေတတ်သောကြောင့် အလုံးစုံသော (အဝိဇ္ဇာအစရှိသော) ပုဒ်တို့၌ ၂-ပါးအပြားအားဖြင့်ဖြစ်သော ကိစ္စအားဖြင့် ဤဘဝစက်ကို ထိုက်သည်အားလျော်စွာ သိအပ်၏။

     ၆၅၇။ တားမြစ်ခြင်းအားဖြင့် သိပုံမှာ ဤဘဝစက်၌ ''အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြသည်''ဟူသော ဤစကားသည် ''ပြုလုပ် ဖန်ဆင်းတတ်သောသူ ရှိသည်''ဟူသော မိစ္ဆာအမြင်ကို တားမြစ်သော စကားတည်း။ ''သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်ဖြစ်သည်''ဟူသော ဤစကားသည် ''အတ္တသည် ဘဝသစ်သို့ ပြောင်းသွားသည်''ဟူသော မိစ္ဆာအမြင်ကို တားမြစ်သော စကားတည်း။ ''ဝိညာဏ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်ဖြစ်သည်''ဟူသော ဤစကားသည် အတ္တဟု ကြံဆအပ်သော ခန္ဓာ၅-ပါးဟူသော ဝတ္ထု၏ အသီးသီး ကွဲပြားခြင်းကို ပြခြင်းကြောင့် ''တလုံးတခဲတည်း တယောက်တည်း''ဟု ထင်မှတ်သော ဃနသညာကို တားမြစ်သော စကားတည်း။ ''နာမ်ရုပ်ဟူသော အကြောင်းကြောင့် သဠာယတန (ဖြစ်သည်)'' ဤသို့ အစရှိသော စကားသည် ''အတ္တသည် မြင်တတ်၏၊ ကြားတတ်၏၊ နံတတ်၏၊ စားတတ်၏၊ ထိတတ်၏၊ သိတတ်၏၊ တွေ့ထိတတ်၏၊ ခံစားတတ်၏၊ ဆာလောင် တပ်မက်တတ်၏၊ စွဲလမ်းတတ်၏၊ ဖြစ်စေတတ်၏၊ ရင့်တတ် အိုတတ်၏၊ သေတတ် ပျက်တတ်၏'' ဤသို့ အစရှိသော မိစ္ဆာအမြင်ကို တားမြစ်သော စကားတည်း။ ထိုသို့ တားမြစ်တတ်သောကြောင့် မိစ္ဆာအမြင်ကို တားမြစ်သောအားဖြင့်လည်း ဤဘဝစက်ကို ထိုက်သည်အားလျော်စွာ သိအပ်၏။

ဥပမာတို့ဖြင့် သိပုံ

     [၂၁၈] ၆၅၈။ ဥပမာတို့ဖြင့် သိပုံကား ဤဘဝစက်၌ အဝိဇ္ဇာသည် သဘောတရားတို့ကို သဘာဝလက္ခဏာ သာမညလက္ခဏာတို့၏

၂၀၈

အလိုအားဖြင့် မမြင်ခြင်းကြောင့် သူကန်းနှင့်တူ၏။ အဝိဇ္ဇာကြောင့်(ဖြစ်သော) သင်္ခါရတို့-သည် သူကန်း၏ ခြေချော်ခြင်းနှင့် တူ၏။ သင်္ခါရကြောင့်(ဖြစ်သော) ဝိညာဏ်သည် ခြေချော်သော သူကန်း၏ လဲကျခြင်းနှင့် တူ၏။ ဝိညာဏ်ကြောင့်(ဖြစ်သော) နာမ်ရုပ်သည် လဲကျသော သူကန်းအား အိုင်းအမာ ဖြစ်ပေါ်ခြင်းနှင့် တူ၏။ နာမ်ရုပ်ကြောင့်(ဖြစ်သော) သဠာယတနသည် အိုင်းအမာ ပေါက်ကွဲရန် ဖြစ်ပေါ်သော သွေးပုပ် ပြည်စု အဖုလုံးနှင့် တူ၏။ သဠာယတနကြောင့်(ဖြစ်သော) ဖဿသည် အိုင်းအမာ၏ အဖုလုံးကို တိုက်ခိုက်မိခြင်းနှင့် တူ၏။ ဖဿကြောင့်(ဖြစ်သော) ဝေဒနာသည် တိုက်ခိုက်မိခြင်းကြောင့်ဖြစ်သော ဆင်းရဲနှင့်တူ၏။ ဝေဒနာကြောင့်(ဖြစ်သော) တဏှာသည် ဆင်းရဲကို ကုစားရန် ပယ်ဖျောက်ရန် လိုလားတောင့်တခြင်းနှင့် တူ၏။ တဏှာကြောင့်(ဖြစ်သော) ဥပါဒါန်သည် ဆင်းရဲကို ကုစားလိုသဖြင့် မသင့်လျော်သော ဆေးကို စွဲယူခြင်းနှင့်တူ၏။ ဥပါဒါန်ကြောင့်(ဖြစ်သော) ဘဝသည် စွဲယူအပ်ပြီးသော မသင့်လျော်သော ဆေးကို လူးလိမ်းခြင်းနှင့်တူ၏။ ဘဝကြောင့်(ဖြစ်သော) ဇာတိသည် မသင့်လျော်သော ဆေးကို လူးလိမ်းခြင်းကြောင့် အိုင်းအမာ၏ ဖောက်ပြန်မှု ဖြစ်ပေါ်ခြင်းနှင့် တူ၏။ ဇာတိကြောင့်(ဖြစ်သော) ဇရာမရဏသည် အိုင်းအမာ၏ ဖောက်ပြန်ခြင်းကြောင့် အိုင်းအမာ၏ ပေါက်ကွဲခြင်းနှင့် တူ၏။

     တနည်း သိပုံကား တိမ်လွှာသည် မျက်စိတို့ကို (လွှမ်းမိုး ဖုံးကွယ်သ)ကဲ့သို့ ဤဘဝ၌ အဝိဇ္ဇာသည် အမှန်ကိုမသိခြင်း မှားယွင်းစွာ သိခြင်းအားဖြင့် သတ္တဝါတို့ကို လွှမ်းမိုး ဖုံးကွယ်တတ်၏၊ ထိုမှတပါး အအိမ်ကို လုပ်တတ်သော ပိုးကောင်သည် အအိမ်၏ အစိတ်အပိုင်းတို့ဖြင့်


မှတ်ချက်

     ၁- ဤစကားသည် အန္ဓော ဝိယ-ဟူသော ပါဌ်၏ ဘာသာပြန်ဖြစ်သည်။ ထိုပါဌ်၌ ဒဋ္ဌဗ္ဗာ-ဟူသော ပုဒ်ကို ထည့်၍ ''အဝိဇ္ဇာကို သူကန်းကဲ့သို့ မှတ်အပ်၏''-ဟူ၍လည်း ပြန်ဆိုကြ၏။ သို့သော် ဒဋ္ဌဗ္ဗာ-ပုဒ်ကို မထည့်ပဲ ''အဝိဇ္ဇာသည် သူကန်းနှင့် တူ၏''ဟူသော ဤအနက်သည်လည်း အဓိပ္ပါယ်အားဖြင့် တူညီသည့်ပြင် စကားကျဉ်း၍ နားလည်လွယ်ခြင်းအကျိုးလည်း ရှိ၏။ ထို့ကြောင့် ကျမ်းရင်း၌ မရှိသောပါဌ်ကို မဆောင်တော့ပဲ ရှိရင်းအတိုင်းကိုသာ အတိအကျ ပြန်ထားသည်။ နောက်၌လည်း နည်းတူပင်။

၂၀၉

(မိမိကိုယ်ကို ရစ်ပတ်သ)ကဲ့သို့ ထိုအဝိဇ္ဇာ လွှမ်းမိုး ဖုံးကွယ်အပ်သော မသိမလိမ္မာသော သူသည် တဖန် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပိုးအိမ်၏ အစိတ်အပိုင်းနှင့်တူသော သင်္ခါရတို့ဖြင့် မိမိကိုယ်ကို ရစ်ပတ်၏၊ ရှေ့ဆောင် မှူးကြီး မတ်ကြီးတို့က သိမ်းပိုက် စောင့်ရှောက်ထားသော မင်းသားသည် မင်းအဖြစ် မင်းစည်းစိမ်၌ (တည်ရာကို ရသ)ကဲ့သို့ သင်္ခါရတို့က သိမ်းဆည်း ထောက်ပံ့အပ်သော ဝိညာဏ်သည် ၅-ပါးသော ဂတိတို့၌ တည်ရာကိုရ၏။ ဝိညာဏ်သည် (ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော) ပဋိသန္ဓေအာရုံကို အာရုံပြုခြင်းကြောင့် မျက်လှည့်ဆရာသည် မျက်လှည့်အမှုကို (ဖြစ်စေသ)ကဲ့သို့ ပဋိသန္ဓေခဏ၌ (နတ် လူ သားကောင် ငှက် စသည်အားဖြင့်) များသော အပြားရှိသော နာမ်ရုပ်ကို ဖြစ်စေတတ်၏။ ကောင်းသောမြေ၌ တည်သော တောအုပ်သည် (ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်သ)ကဲ့သို့ နာမ်ရုပ်၌တည်သော သဠာယတနသည် ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏။ ပွတ်ခုံပွတ်တံအစုံ၏ အချင်းချင်း ပွတ်ခြင်း ကြိတ်ခြင်းကြောင့် မီးသည် (ဖြစ်ပေါ်သ)ကဲ့သို့ အတွင်းအပြင် အာယတနတို့၏ အချင်းချင်း ထိပါး တိုက်ခိုက်ခြင်းကြောင့် ဖဿသည် ဖြစ်ပေါ်၏။ မီးဖြင့် တွေ့ထိအပ်သောသူအား ပူလောင်ခြင်း ဖြစ်သကဲ့သို့ ဖဿဖြင့် တွေ့ထိအပ်သောသူအား ဝေဒနာသည် ဖြစ်ပေါ်၏။ ဆားငန်ရေကို သောက်သောသူအား ရေငတ်ခြင်းသည် (တိုးပွါးသ)ကဲ့သို့ ဝေဒနာကို ခံစားသောသူအား တဏှာသည် တိုးပွါး၏။ ရေငတ်သောသူသည် သောက်ရေ၌ (မြှော်လင့် တောင့်တခြင်းကို ပြုသ)ကဲ့သို့ အာရုံကို ဆာငတ်သောသူသည်


မှတ်ချက်

     ၁- အာရုံပြုခြင်းကြောင့်-ဟူသော ဤအနက်သည် ''ပရိကပ္ပနတောတိ အာရမ္မဏကရဏတော''-ဟူသော ဋီကာ ပဌမအဖွင့်နှင့်အညီ ပြန်သောအနက် ဖြစ်သည်။ ''သမ္ပယုတ္တေန ဝိတက္ကေနတော''-ဟူသော ဋီကာ ဒုတိယ အဖွင့်အလိုအားဖြင့် ''ယှဉ်ဘက် ဝိတက်ဖြင့် ကြံခြင်းကြောင့်''- ဟူ၍လည်း ပြန်ဆိုနိုင်၏။

     ၂- ဤအနက်သည် အရဏိသဟိတာဘိမန္တနတော-ဟူသော ပုဒ်၏ မြန်မာပြန် ဖြစ်သည်။ ထိုတွင် အရဏိသဟိတ-ပုဒ်ကို သုတ်မဟာဝါအဋ္ဌကထာ နှာ ၄ဝဝ-၌ အရဏီသဟိတန္တိ အရဏီယုဂဠံ-ဟု ဖွင့်သည်နှင့်အညီ ဤ၌ ယင်းပုဒ်ကို ''ပွတ်ခုံပွတ်တံအစုံ''-ဟု ပြန်ဆိုသည်။

၂၁၀

ဘဝတို့၌ လိုချင်တောင့်တခြင်းကို ပြု၏၊ ထိုဘဝတို့၌ လိုချင်တောင့်တခြင်းသည် ထိုလိုချင်တောင့်တသော ပုဂ္ဂိုလ်၏ စွဲလမ်းမှု ဥပါဒါန်ပေတည်း။ အစာကို တပ်မက်ခြင်းကြောင့် ငါးသည် ငါးမျှားချိပ်ကို ဟပ်သကဲ့သို့ စွဲလမ်းမှု ဥပါဒါန်ဖြင့် ဘဝကို စွဲယူ၏၊ ဝါ၊ ဖြစ်စေ၏။ မျိုစေ့ရှိလျှင် အညှောက်(ပေါက်သ)ကဲ့သို့ ကမ္မဘဝရှိလျှင် ဇာတိသည် ဖြစ်ပေါ်၏။ ဖြစ်ပြီးသော သစ်ပင်၏ လဲခြင်းကဲ့သို့ ဖြစ်ပြီးသောသူ၏၊ ဝါ၊ ဖြစ်ပြီးသော ခန္ဓာ၏ အိုခြင်း သေခြင်းသည် မချွတ်ဧကန် ဖြစ်ပေါ်၏။ ထို့ကြောင့် ဤဆိုခဲ့သည့်အတိုင်း ဥပမာတို့ဖြင့်လည်း ဤဘဝစက်ကို ထိုက်သည်အားလျော်စွာ သိအပ်၏။

နက်နဲခြင်း (ဂမ္ဘီရတာ) ၄-ပါး

     ၆၅၉။ နက်နဲခြင်း အပြားအားဖြင့် သိပုံကား အကျိုး-(အတ္ထ) အားဖြင့်၎င်း၊ အကြောင်း-(ဓမ္မ) အားဖြင့်၎င်း၊ (ဟောစဉ်)ဒေသနာ အားဖြင့်၎င်း၊ ထိုးထွင်း၍သိသော (ပဋိဝေဓ) သဘောအားဖြင့်၎င်း (ပဋိစ္စသမုပ္ပါဒ်၏) နက်နဲသည်၏အဖြစ် (နက်နဲခြင်း)ကို ရည်ရွယ်၍ မြတ်စွာဘုရားသည် ''အာနန္ဒာ ပဋိစ္စသမုပ္ပါဒ်သည် နက်လည်း နက်နဲ၏၊ နက်ယောင်လည်း ထင်၏''ဟု ဟောတော်မူ၏။ ထို့ကြောင့် နက်နဲခြင်း အပြားအားဖြင့်လည်း ဤဘဝစက်ကို ထိုက်သည်အားလျော်စွာ သိအပ်၏။

     [၂၁၉] ထိုနက်နဲခြင်း ၄-ပါးတို့တွင် ဇာတိကြောင့် ဇရာမရဏသည် မဖြစ်သည်မဟုတ်၊ (ဖြစ်သည်သာလျှင်တည်း)၊ ဇာတိနှင့်ကင်း၍ တပါးသော အကြောင်းကြောင့် ဖြစ်သည်လည်း မဟုတ်၊ (ဇာတိကြောင့် ဇရာမရဏ ဖြစ်ခြင်းဟူသော) ဤအခြင်းအရာအားဖြင့်လည်း ဇာတိကြောင့် တပေါင်းတည်း ဖြစ်ပေါ်လာ၏။ ဤသို့ ဇာတိဟူသော အကြောင်းကြောင့်


မှတ်ချက်

     ၁- တပေါင်းတည်း ဖြစ်ပေါ်လာ၏-ဟူသော အနက်သည် သမုဒါဂစ္ဆတိ-ပုဒ်၏ အနက်ဖြစ်သည်။ သံ-သဟ-တကွ တပေါင်းတည်း + ဥ-ဥဒ္ဓံ-အထက်သို့ + အာဂစ္ဆတိ-လာ၏ = သမုဒါဂစ္ဆတိ- တပေါင်းတည်း အထက်သို့ လာ၏။ ဤ၌ အထက်သို့ လာ၏-ဟူသည်မှာ တက်လာ၏-ဟူသော စကားနှင့် ညီမျှ၏။ တက်လာ၏- ဟူသည်မှာလည်း ရုပ်နာမ်တရားတို့၏ မရှိသေးသည့် အခိုက်အတန့်မှ ရှိသည့်အခိုက်အတန့်သို့ တက်လာခြင်းပင် ဖြစ်သည်၊ ထိုသို့ တက်လာခြင်းကိုပင်

၂၁၁

တပေါင်းတည်း ဖြစ်ပေါ်လာခြင်း သဘော၏ သိနိုင်ခဲသည်၏ အဖြစ်ကြောင့် ဇရာမရဏ၏ ဇာတိဟူသော အကြောင်းကြောင့် ဖြစ်၍ တပေါင်းတည်း ဖြစ်ပေါ်လာခြင်း သဘောသည်၊ ဝါ၊ ဇာတိဟူသော အကြောင်းကြောင့် ဖြစ်ခြင်းသဘောနှင့် (ဇာတိဟူသော အကြောင်းကြောင့်) တပေါင်းတည်း ဖြစ်ပေါ်လာခြင်း သဘောသည် နက်နဲ၏။ ထို့အတူ ဇာတိ၏ ဘဝဟူသော အကြောင်းကြောင့် ဖြစ်၍ တပေါင်းတည်း ဖြစ်ပေါ်လာခြင်း သဘောသည် နက်နဲ၏ ။ပ။ သင်္ခါရတို့၏ အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဖြစ်၍ တပေါင်းတည်း ဖြစ်ပေါ်လာခြင်း သဘောသည် နက်နဲ၏။ ထို့ကြောင့် ဤဘဝစက်သည် အကျိုး(အတ္ထ)အားဖြင့် နက်နဲ၏။ ဤသည်ကား ဤဘဝစက်၌ ရှေးဦးစွာ အတ္ထဂမ္ဘီရတာခေါ်သော အကျိုး (အတ္ထ)အားဖြင့် နက်နဲခြင်းပေတည်း။ မှန်ပေ၏၊ အကြောင်း၏ အကျိုးကို အတ္ထဟူ၍ ခေါ်အပ်၏။ ဟောတော်မူပုံကား ''အကြောင်း၏အကျိုး၌ (ဖြစ်သော)ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါမည်၏'' ဟူ၍ပင်တည်း။

     ထိုမှတပါး အဝိဇ္ဇာသည် အကြင် ဖြစ်ပုံ အခြင်းအရာအားဖြင့်၎င်း အကြင် အခိုက်အတန့် ရှိသည်ဖြစ်၍၎င်း ထိုထိုသင်္ခါရတို့အား ကျေးဇူးပြုတတ်၏။ ထိုအခြင်းအရာနှင့် အခိုက်အတန့်၏ သိနိုင်ခဲသည်၏ အဖြစ်ကြောင့်


မှတ်ချက်

ဖြစ်ပေါ်လာသည်ဟု ဆိုရသည်။ ထို့ကြောင့် ဤ၌ သမုဒါဂစ္ဆတိ-ပုဒ်ကို တပေါင်းတည်း ဖြစ်ပေါ်လာ၏-ဟု ပြန်ထားခြင်း ဖြစ်သည်။

     ၁- ဤအနက် ၂-ခုသည် ဇာတိပစ္စယသမ္ဘူတသမုဒါဂတဋ္ဌော-ဟူသော ပုဒ်၏ အနက်ဖြစ်သည်။ ဇာတိပစ္စယသမ္ဘူတ- ဇာတိဟူသော အကြောင်းကြောင့် ဖြစ်၍ + သမုဒါဂတဋ္ဌော- တပေါင်းတည်း ဖြစ်ပေါ်လာခြင်း သဘော = ဇာတိပစ္စယသမ္ဘူတသမုဒါဂတဋ္ဌော- ဇာတိဟူသော အကြောင်းကြောင့် ဖြစ်၍ တပေါင်းတည်း ဖြစ်ပေါ်ခြင်းသဘော၊ ဤကား ပဌမအနက်၌ ဆိုင်ရာပါဠိနှင့်ယှဉ်၍ သိရန်ဖြစ်သည်။ ဒုတိယ နောက်အနက်၌ သိရန်မှာ ဇာတိပစ္စယသမ္ဘူတဋ္ဌော- ဇာတိဟူသော အကြောင်းကြောင့် ဖြစ်ခြင်းသဘောနှင့် သမုဒါဂတဋ္ဌော- (ဇာတိဟူသော အကြောင်းကြောင့်) တပေါင်းတည်း ဖြစ်ပေါ်လာခြင်း သဘောဟု ဤသို့ ယှဉ်၍ သိအပ်၏။

     ၂- ထိုအခြင်းအရာနှင့် အခိုက်အတန့်ကို သိနိုင်ခဲသောကြောင့်-ဟု ဆိုလို၏။

၂၁၂

အဝိဇ္ဇာ၏ သင်္ခါရတို့အား ကျေးဇူးပြုတတ်သော သဘောသည် နက်နဲ၏။ ထို့အတူ သင်္ခါရတို့၏ ။ပ။ ဇာတိ၏ ဇရာမရဏအား ကျေးဇူးပြုတတ်သော သဘောသည် နက်နဲ၏။ ထို့ကြောင့် ဤဘဝစက်သည် အကြောင်း(ဓမ္မ)အားဖြင့် နက်နဲ၏။ ဤသည်ကား ဤဘဝစက်၌ ဓမ္မဂမ္ဘီရတာခေါ်သော အကြောင်း(ဓမ္မ)အားဖြင့် နက်နဲခြင်းပေတည်း။ မှန်ပေ၏၊ ဓမ္မဟူသော ဤအမည်သည် အကြောင်း၏ အမည်ပေတည်း။ ဟောတော်မူပုံကား ''အကြောင်း၌(ဖြစ်သော)ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါမည်၏'' ဟူ၍ပင်တည်း။

     ထိုမှတပါး ဤ ပဋိစ္စသမုပ္ပါဒ်ကို ထိုထို အကြောင်းဖြင့် ထိုထို အခြင်းအရာအားဖြင့် ဖြစ်စေအပ်- ဟောအပ်သည်၏ အဖြစ်ကြောင့် ဟောခြင်းသည်လည်း နက်နဲ၏။ ထိုဟောသင့်သော အခြင်းအရာ၌ သဗ္ဗညုတဉာဏ်တော်မှ တပါးသော ဉာဏ်သည် ထောက်တည်ရာကို မရနိုင်။ ထို့ကြောင့်ပင်လျှင် ဤဘဝစက်ကို အချို့သုတ်၌ အနုလုံအားဖြင့် (ဟောတော်မူ၏)၊ အချို့သုတ်၌ ပဋိလုံအားဖြင့်၊ အချို့သုတ်၌ အနုလုံပဋိလုံအားဖြင့်၊ အချို့သုတ်၌ အလယ်မှစ၍ အနုလုံအားဖြင့်သော်၎င်း၊ ပဋိလုံအားဖြင့်သော်၎င်း (ဟောတော်မူ၏။) အချို့သုတ်၌ အစပ် ၃-ခု အလွှာ ၄-ခု ရှိသည်ကိုပြု၍ (ဟောတော်မူ၏။) အချို့သုတ်၌ အစပ် ၂-ခု အလွှာ ၃-ခု ရှိသည်ကိုပြု၍၊ အချို့သုတ်၌ အစပ် ၁-ခု အလွှာ ၂-ခု ရှိသည်ကိုပြု၍ ဟောတော်မူ(အပ်)၏။ ထို့ကြောင့် ဤဘဝစက်သည် ဒေသနာအားဖြင့် နက်နဲ၏။ ဤသည်ကား ဒေသနာဂမ္ဘီရတာခေါ်သော ဒေသနာအားဖြင့် နက်နဲခြင်းပေတည်း။

     ထိုမှတပါး ဤဘဝစက်၌ အဝိဇ္ဇာစသည်တို့၏ အသီးအသီးသော သဘောသည် (ရှိ၏)၊ ယင်းသဘောကို သိလျှင် အဝိဇ္ဇာစသည်တို့ကို မိမိသဘောလက္ခဏာအားဖြင့် မှန်စွာသိအပ်ပြီး ဖြစ်(ကုန်)၏။ (အဝိဇ္ဇာ စသည်တို့၏) ထို (အသီးအသီးသော) သဘောသည် သက်ဝင်နိုင်ခဲသောကြောင့် နက်နဲ၏။ ထို့ကြောင့် ဤဘဝစက်သည် ထိုးထွင်း၍ သိအပ်သော ပဋိဝေဓသဘောအားဖြင့် နက်နဲ၏။ ထိုနက်နဲပုံကို ချဲ့၍ပြအံ့။ ဤဘဝစက်၌ အဝိဇ္ဇာ၏ မသိခြင်း သဘော, မမြင်ခြင်းသဘော, သစ္စာကို ထိုးထွင်း၍ မသိခြင်းသဘောသည် နက်နဲ၏။ သင်္ခါရတို့၏ ပြုပြင်ခြင်းသဘော,

၂၁၃

အားထုတ်ခြင်းသဘော, တပ်မက်မှုနှင့်တကွ ဖြစ်ခြင်းသဘော, တပ်မက်မှု ကင်းခြင်းသဘောသည် (နက်နဲ၏)။ ဝိညာဏ်၏ အတ္တမှ ဆိတ်သောသဘော, ကြောင့်ကြ ဗျာပါရကင်းသော သဘော, ဘဝဟောင်းမှ ပြောင်းရွှေ့ခြင်း မရှိမူ၍ ဘဝသစ်၌ ပဋိသန္ဓေ၏ ထင်ရှားဖြစ်ခြင်း သဘောသည် (နက်နဲ၏)။ နာမ်ရုပ်၏ တပေါင်းတည်း ဖြစ်ခြင်းသဘော, အသီးအသီး ခွဲခြမ်းအပ်သော သဘော, မခွဲခြမ်းအပ်သော သဘော, ညွှတ်ခြင်းသဘော, ဖောက်ပြန်ခြင်းသဘောသည် (နက်နဲ၏)။ သဠာယတန၏ အစိုးရခြင်းသဘော, လောက၏အဖြစ်, ဒွါရအဖြစ်, ခေတ္တအဖြစ်, အာရုံ၏ထင်ရာ ဝိသယီ၏အဖြစ်ဟူသော သဘောသည် (နက်နဲ၏)။ ဖဿ၏ [၂၂ဝ] တွေ့ထိခြင်း, တိုက်ခိုက်ခြင်း, ပေါင်းဆုံခြင်း, စုဝေးခြင်းသဘောသည် (နက်နဲ၏)။ ဝေဒနာ၏ အာရုံ၏အရသာကို ခံစားခြင်းသဘော, ချမ်းသာ, ဆင်းရဲ, အလယ်အလတ်သဘော, အသက်ကောင်မဟုတ်သော သဘော, ခံစားခြင်းသဘော သည် (နက်နဲ၏)။ တဏှာ၏ နှစ်သက်ပျော်မွေ့ခြင်း သဘော, မျိုသိမ်းခြင်းသဘော, စီးသွားခြင်းသဘော, နွယ်နှင့်တူသော, မြစ်နှင့်တူသော သဘော, ဆာလောင်ခြင်းသဘော, သမုဒြာကဲ့သို့ ပြည့်စေနိုင်ခဲသော သဘောသည် (နက်နဲ၏)။ ဥပါဒါန်၏ ယူခြင်း, စွဲလမ်းခြင်းသဘော, မြဲမြံစွာ နှလုံးသွင်းခြင်းသဘော, မှားသောအားဖြင့် သုံးသပ်ခြင်းသဘော, ကျော်လွန်နိုင်ခဲသော သဘောသည် (နက်နဲ၏)။ ဘဝ၏ အားထုတ်ခြင်း, ပြုပြင်ခြင်းသဘော, ယောနိ ဂတိ ဌိတိ နိဝါသတို့၌ ပစ်ချခြင်း သဘောသည် (နက်နဲ၏)။ ဇာတိ၏ ဖြစ်ခြင်းသဘော, ကောင်းစွာဖြစ်ခြင်း, သက်ဝင်ခြင်း, အသစ်ဖြစ်ခြင်း, ထင်ရှားဖြစ်ပေါ်ခြင်း သဘောသည် (နက်နဲ၏)။ ဇရာမရဏ၏ ကုန်ခြင်း, ပျက်ခြင်းသဘော, ပျက်စီးခြင်း, ဖောက်ပြန်ခြင်း သဘောသည် (နက်နဲ၏)။ ဤသည်ကား ဤဘဝစက်၌ ပဋိဝေဓဂမ္ဘီရတာခေါ်သော ထိုးထွင်း၍ သိအပ်သော သဘောဖြင့် နက်နဲခြင်းပေတည်း။

ဧကတ္တစသော နည်း ၄-ပါး

     ၆၆ဝ။ နည်းအပြားအားဖြင့် သိပုံကား ဤဘဝစက်၌ ဧကတ္တနည်း နာနတ္တနည်း အဗျာပါရနည်း ဧဝံဓမ္မတာနည်းဟူသော ၄-ပါးသော အနက်ကိုသိကြောင်း နည်းတို့သည်၊ ဝါ၊ သိအပ်သော အနက်တို့သည် ရှိကုန်၏။

၂၁၄

ထို့ကြောင့် နည်းအပြားအားဖြင့်လည်း ဤဘဝစက်ကို ထိုက်သည်အားလျော်စွာ သိအပ်၏။

     ထို၄-ပါးသော နည်းတို့တွင် ''အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကြသည်၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်ဖြစ်သည်'' ဤသို့ အစရှိသောနည်းဖြင့် အညှောက်စသည်၏ အဖြစ်ဖြင့် မျိုးစေ့၏၊ ဝါ၊ မျိုးစေ့မှ အပင်အဖြစ်သို့ ရောက်ခြင်းကဲ့သို့ ရုပ်နာမ်အစဉ်သန္တာန်၏ မပြတ်စဲခြင်းသည် ဧကတ္တနည်းမည်၏။ ယင်း ဧကတ္တနည်းကို မှန်စွာမြင်သောပုဂ္ဂိုလ်သည် အကြောင်းနှင့် အကျိုး၏ ဆက်စပ်ခြင်းအားဖြင့် ရုပ်နာမ်အစဉ်သန္တာန်၏ မပြတ်စဲခြင်းကို သိခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိကို ပယ်၏။ (ယင်းနည်းကို) မှားယွင်းစွာမြင်သော ပုဂ္ဂိုလ်သည် အကြောင်းနှင့် အကျိုး စပ်သောအားဖြင့် မပြတ်ဖြစ်နေသော ရုပ်နာမ်အစဉ်သန္တာန်၏ မပြတ်စဲခြင်းကို တခုတည်း တယောက်တည်းဟု ယူခြင်းကြောင့် သဿတဒိဋ္ဌိကို စွဲယူ၏

     ထိုမှတပါး အဝိဇ္ဇာစသည်တို့၏ မိမိ မိမိနှင့်ဆိုင်သော သဘောလက္ခဏာကို ပိုင်းခြားခြင်းသည် နာနတ္တနည်းမည်၏။ ယင်း နာနတ္တနည်းကို မှန်စွာမြင်သော ပုဂ္ဂိုလ်သည် အသစ်အသစ်ဖြစ်သော တရားတို့၏ ဖြစ်ခြင်းကို မြင်ခြင်းကြောင့် သဿတဒိဋ္ဌိကို ပယ်၏။ မှားယွင်းစွာမြင်သော ပုဂ္ဂိုလ်သည်


မှတ်ချက်

     ၁- သတ္တဝါသည် သေလျှင် ပြတ်စဲသွားသည်၊ ဘာမျှ မရှိတော့ဟု ယူဆခြင်းသည် ဥစ္ဆေဒဒိဋ္ဌိမည်၏၊ ဧကတ္တနည်းကို မှန်စွာသိသော ပုဂ္ဂိုလ်မှာ အဝိဇ္ဇာအစရှိသော အကြောင်းရှိနေလျှင် သေသည်၏ အခြားမဲ့၌ ဝိညာဏ်စသော အကျိုးတရားများ ဖြစ်သွားသည်၊ ပြတ်စဲခြင်းမရှိဟု မှန်စွာသိခြင်းကြောင့် ယင်း ဥစ္ဆေဒဒိဋ္ဌိကင်း၏။ ထိုသို့ ကင်းသည်ကိုပင် ဤ၌ ပယ်၏ဟု ဆိုသည်။

     ၂- ဘဝဟောင်းက သတ္တဝါသည်ပင် ဘဝသစ်၌ ပြောင်းရွှေ့၍ ဖြစ်သည်ဟု ယူဆခြင်းသည် သဿတဒိဋ္ဌိမည်၏၊ ဧကတ္တနည်းကို မှားယွင်းစွာ မြင်သောသူမှာ အကြောင်းအကျိုး ဆက်စပ်လျက် မပြတ်ဖြစ်နေသော ရုပ်နာမ် အစဉ်ကိုပင်လျှင် တယောက်တည်းဟု ထင်မြင်ယူဆသောကြောင့် ယင်း သဿတဒိဋ္ဌိ ဖြစ်၏။ ထိုသို့ ဖြစ်သည်ကိုပင် ဤ၌ စွဲယူ၏ဟု ဆိုသည်။

     ၃- လက္ခဏာကို ပိုင်းခြားခြင်း ဟူသည်ကား သဘောတရားကို ပိုင်းခြားခြင်းတည်း၊ အကြောင်း၏၎င်း, အကျိုး၏၎င်း ကွဲပြားသော သဘောရှိသည်၏အဖြစ်ကို

၂၁၅

ကွဲပြားသောသန္တာန်၏ အသီးအသီး ကွဲပြားသည်၏အဖြစ်ကို ယူခြင်းကဲ့သို့ တခုတည်းသောသန္တာန်၌ ကျရောက်သော အကြောင်းအကျိုး ရုပ်နာမ်တရားအပေါင်း၏ အသီးအသီး ကွဲပြားသည်၏အဖြစ်ကို ယူခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိကို စွဲယူ၏

     ထိုမှတပါး အဝိဇ္ဇာအား ''သင်္ခါရတို့ကို ငါသည် ဖြစ်စေအပ်ကုန်၏- (ဖြစ်စေရမည်)'' ဟူ၍၎င်း, သင်္ခါရတို့အားလည်း ''ဝိညာဏ်ကို ငါတို့သည် ဖြစ်စေအပ်၏- (ဖြစ်စေရမည်)'' ဟူ၍၎င်း- ဤသို့ အစရှိသော ကြောင့်ကြပြုခြင်း ဗျာပါရ၏ မရှိခြင်းသည် အဗျာပါရနည်းမည်၏။ ယင်း အဗျာပါရနည်းကို မှန်စွာမြင်သော ပုဂ္ဂိုလ်သည် ပြုတတ်သော အတ္တ၏ မရှိခြင်းကို ယူခြင်းကြောင့် အတ္တဒိဋ္ဌိကို ပယ်၏။ မှားယွင်းစွာမြင်သော ပုဂ္ဂိုလ်သည်


မှတ်ချက်

သိခြင်းတည်း-ဟူသော ဤဋီကာအဖွင့်နှင့်အညီ ပြန်ဆိုသော အနက်ဖြစ်သည်၊ ထိုအလိုအားဖြင့် ပိုင်းခြား၍ သိသောဉာဏ်ကို နာနတ္တနည်းဟု ဆိုရပေလိမ့်မည်။ သို့သော် ဧကတ္တနည်းအရာ၌ ''သန္တာနာနုပစ္ဆေဒ- ရုပ်နာမ်အစဉ်သန္တာန်၏ မပြတ်စဲခြင်းသည် ဧကတ္တနည်းမည်၏''ဟု ဆိုခဲ့၏၊ မပြတ်စဲခြင်းကို သိသောဉာဏ်ကို ဧကတ္တနည်းဟု မဆိုခဲ့။ ထို့ကြောင့် ထိုဧကတ္တနည်း၌ကဲ့သို့ပင် ဤအရာ၌လည်း ဝဝတ္ထာနပုဒ်ကို အသီးအသီး တည်ခြင်း- ကွဲပြားခြင်းဟု အနက်ပြန်ပြီးလျှင် ''အဝိဇ္ဇာ စသည်တို့၏ မိမိ မိမိနှင့်ဆိုင်သော သဘောလက္ခဏာ၏ အသီးအသီး ကွဲပြားခြင်းသည် နာနတ္တနည်းမည်၏''ဟု ပြန်ဆိုလျှင် သာ၍ သင့်လျော်ရာ၏။

     ၁- နာနတ္တနည်းကို မှားယွင်းစွာ မြင်သောသူသည် သတ္တဝါတဦး၏ သန္တာန်နှင့် အခြားတဦး၏ သန္တာန်ကို ကွဲပြားသည်ဟု ယူသကဲ့သို့ ရှေးဘဝက ဖြစ်ခဲ့သော အဝိဇ္ဇာအစရှိသော အကြောင်းတရားနှင့် နောက်ဘဝ၌ဖြစ်သော ဝိညာဏ်အစရှိသော အကျိုးတရားသည် တဦးတည်း၏ သန္တာန်၌ပင် ဖြစ်ငြားသော်လည်း တယောက်စီ တခြားစီဟု ယူဆသည်၊ ထို့ကြောင့် ''အဝိဇ္ဇာအစရှိသော အကြောင်းတရားဖြစ်ခဲ့ရာ ရှေးဘဝက ရုပ်နာမ်အစဉ်သန္တာန် မရှိတော့ပြီ၊ ရှေးဘဝက သတ္တဝါ ပြတ်စဲသွားပြီ၊ နောက်ဘဝ၌ သတ္တဝါအသစ် ဖြစ်ပေါ်လာသည်''ဟု ယူဆသည်၊ ထိုသို့ယူလျှင် သေတိုင်း သေတိုင်း ပြတ်စဲသွားသည်ဟု ယူဆသောကြောင့် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏။

၂၁၆

ဗျာပါရ မရှိငြားသော်လည်း အဝိဇ္ဇာစသည်တို့၏ သဘာဝနိယာမဖြင့်ပြီးသော အကြောင်း၏အဖြစ်သည် (ရှိ၏)၊ ထိုအကြောင်း၏ အဖြစ်ကို မယူခြင်းကြောင့် အကိရိယဒိဋ္ဌိကို စွဲယူ၏

     ထိုမှတပါး နို့ရည်စသည်တို့မှ နို့ဓမ်းစသည်တို့၏ ဖြစ်ခြင်းကဲ့သို့ အဝိဇ္ဇာအစရှိသော အကြောင်းတို့မှ၊ ဝါ၊ အကြောင်းတို့ကြောင့် သင်္ခါရ စသည်တို့၏သာလျှင် ဖြစ်ခြင်းပေတည်း၊ တပါးသော တရားတို့၏ ဖြစ်ခြင်းမဟုတ်ဟု (သိအပ်သော ဤသဘော- ဤနည်းသည်) ဧဝံဓမ္မတာနည်းမည်၏။ ယင်း ဧဝံဓမ္မတာနည်းကို မှန်စွာမြင်သော ပုဂ္ဂိုလ်သည် အကြောင်းအားလျော်စွာ အကျိုးကို သိခြင်းကြောင့် အဟေတုကဒိဋ္ဌိကို၎င်း အကိရိကဒိဋ္ဌိကို၎င်း ပယ်၏။ မှားယွင်းစွာမြင်သော ပုဂ္ဂိုလ်သည် အကြောင်းအားလျော်စွာ အကျိုး၏ဖြစ်ခြင်းကို မယူမူ၍ အမှတ်မရှိသော တစုံတခုသော အကြောင်းကြောင့် [၂၂၁] အမှတ်မရှိ တစုံတခုသော အကျိုး၏ မဖြစ်သင့်ခြင်း


မှတ်ချက်

     ၁- သဘာဝနိယာမ ဟူသည်မှာ ဓမ္မနိယာမပင် ဖြစ်သည်၊ ဤပဋိစ္စသမုပ္ပါဒ်အရာ၌ အဝိဇ္ဇာအစရှိသော အကြောင်းကြောင့် သင်္ခါရအစရှိသော အကျိုးတရားတို့၏ ကိန်းသေမုချ ဖြစ်ခြင်းကိုပင် သဘာဝနိယာမဟု ဆိုသည်။

     ၂- ကုသိုလ် အကုသိုလ်ကံကိုပြု၍ မဖြစ်၊ ပြုသော်လည်း ကုသိုလ် အကုသိုလ် မဖြစ်ဟု ယူဆခြင်းသည် အကိရိယဒိဋ္ဌိမည်၏။ အဗျာပါရနည်းကို မှားယွင်းစွာ မြင်သောသူမှာ တစုံတခုဖြစ်ပေါ်အောင် ကြောင့်ကြပြုတတ်သော တရားမရှိဟု ယူခြင်းကြောင့် ဤအကိရိယဒိဋ္ဌိ ဖြစ်သည်။

     ၃- ဧဝံဓမ္မတာနည်းကို မှန်စွာမြင်သောသူသည် အဝိဇ္ဇာ သင်္ခါရ အစရှိသော အကြောင်းကြောင့် ထိုအကြောင်းနှင့်လျော်သော သင်္ခါရ ဝိညာဏ် အစရှိသော အကျိုးဖြစ်သည်၊ ကုသိုလ်ကံကြောင့် ကောင်းကျိုးချမ်းသာ ဖြစ်သည်၊ အကုသိုလ်ကံကြောင့် မကောင်းကျိုး ဆင်းရဲ ဖြစ်သည်- ဤသို့ စသည်ဖြင့် မှန်စွာသိမြင် သဘောကျလျက် ရှိ၏။ ထို့ကြောင့် ထိုသို့ မှန်စွာသိမြင်သူမှာ ''သတ္တဝါတို့အား ညစ်နွမ်းဆင်းရဲရန် အကုသိုလ်ကံ အကြောင်းမရှိ၊ စင်ကြယ် ချမ်းသာရန် ကုသိုလ်ကံ အကြောင်းမရှိ၊ ဆင်းရဲခြင်း ချမ်းသာခြင်းသည် အကြောင်းမဲ့ မတော်တဆ သူ့အလိုလိုပင် ဖြစ်သည်''ဟု ယူသော အဟေတုကဒိဋ္ဌိ ကင်းပေသည်။

၂၁၇

မဖြစ်နိုင်ခြင်းကို ယူခြင်းကြောင့် အဟေတုကဒိဋ္ဌိကို၎င်း နိယတိဝါဒကို၎င်း စွဲယူ၏။ ဤဆိုခဲ့သည့်အတိုင်း ဤဘဝစက်ကို-

သစ္စာအမွန်ရှိသော သစ္စာအားဖြင့်၎င်း ကိစ္စအားဖြင့်၎င်း တားမြစ်ခြင်းအားဖြင့်၎င်း ဥပမာတို့ဖြင့်၎င်း နက်နဲခြင်းအပြား, နည်းအပြားအားဖြင့်၎င်း ထိုက်သည်အားလျော်စွာ သိအပ်၏။


မှတ်ချက်

     ၁- အမှတ်မရှိ တစုံတခုသော အကြောင်းကြောင့်- စသည်၌ ဆိုလိုသည်မှာ- တပါးသော အကြောင်းကြောင့် တပါးသောအကျိုး၏ ဖြစ်ခြင်းသည် အကယ်၍ ရှိငြားအံ့၊ သဲမှ (သဲကြောင့်) ဆီ၏ ဖြစ်ခြင်းရှိရာ၏၊ ကြံမှ နို့ရည်၏ဖြစ်ခြင်း ရှိရာ၏၊ အဘယ့်ကြောင့် ထိုသို့မဖြစ်ပဲ ရှိရာအံ့နည်း၊ (စင်စစ်သော်ကား ထိုသို့ဖြစ်ခြင်း မရှိပေ၊) ထိုကြောင့် တစုံတခု၏ အကြောင်းဖြစ်သော တစုံတခုမည်သည် မရှိဟူ၍ ယူသော အဟေတုကဒိဋ္ဌိကို၎င်း၊ အကြောင်း မရှိငြားသော်လည်း ကိန်းသေ သတ်မှတ်ခြင်း- ကိန်းသေမြဲခြင်း ရှိသည်၏အဖြစ်ကြောင့် နှမ်းစေ့ နွားမနှင့် သုက်သွေး စသည်တို့မှ နို့ရည်နှင့် ကိုယ် စသည်တို့သည် ဖြစ်ကြ၏-ဟု ယူသော နိယတိဝါဒကို၎င်း (မှားယွင်းစွာ မြင်သော သူသည်) စွဲယူ၏။ (ဋီကာ) ဤ၌ အဟေတုကဒိဋ္ဌိနှင့် နိယတိဝါဒတို့သည် ဗုဒ္ဓလက်ထက်တော်က မက္ခလိဂေါသာလ၏ အယူဝါဒ ဖြစ်သည်။ သုတ်သီလက္ခန် ပါဠိ နှာ ၅ဝ-မှာ ရှိသည်။ ထိုတွင် အဟေတုကဒိဋ္ဌိကို ရှေးမှတ်ချက်၌ ပြခဲ့ပြီ။ နိယတိဝါဒ ဟူသည်မှာ ''သတ္တဝါအသီးအသီးမှာ ချမ်းသာရန်၎င်း ဆင်းရဲရန်၎င်း အယုတ်အမြတ် ဘဝအမျိုးမျိုး၌ ဖြစ်ရန်၎င်း ဘဝပေါင်း ကမ္ဘာပေါင်း မည်၍မည်မျှကြာအောင် ကျင်လည်ရန်၎င်း လွတ်မြောက်ရန်၎င်း မုချကိန်းသေ သတ်မှတ်ချက် ကန့်သတ်ချက်ရှိ၏၊ ထိုမုချကိန်းသေ သတ်မှတ်ချက် ကန့်သတ်ချက် ရှိသည့်အတိုင်းသာလျှင် သတ္တဝါတို့သည် ချမ်းသာကြရသည်၊ ဆင်းရဲကြရသည်၊ ဘဝအမျိုးမျိုး၌ ဖြစ်လျက် ကျင်လည်နေကြရသည်၊ ဆင်းရဲမှ လွတ်ချိန်တန်သောအခါ ထိုမုချကိန်းသေ သတ်မှတ်ချက် ကန့်သတ်ချက် အရဖြင့်သာလျှင် သံသရာမှ လွတ်မြောက်ကြရသည်။ ပညာရှိပင်ဖြစ်သော်လည်း ချမ်းသာအောင် သံသရာတိုအောင် မပြုကျင့်နိုင်၊ သူမိုက်မှာလည်း မိုက်မဲစွာပြုမှုကြောင့် သံသရာရှည်ခြင်း ဆင်းရဲခြင်း မဖြစ်နိုင်၊ ကိန်းသေ ကန့်သတ်ချက် အရဖြင့်သာလျှင် အချိန်တန်သောအခါ သံသရာမှ လွတ်မြောက်ကြရသည်''ဟု ယူဆပြောဆိုသော ဝါဒပင် ဖြစ်သည်။

၂၁၈

     ၆၆၁။ သိသင့်ခြင်း၏ အကြောင်းကား ဤဘဝစက်သည် အလွန်နက်နဲသည်၏ အဖြစ်ကြောင့် ထောက်သည်ရာ မရှိ၊ အထူးထူးသာ နည်းတို့ဖြင့် ချုံရှုပ်ကဲ့သို့ အရှုပ်အထွေး ရှိသည်၏အဖြစ်ကြောင့် ကျော်လွန်နိုင်ခဲ၏။ သမာဓိ ဟူသော မြတ်သော ကျောက်၌ ကောင်းစွာသွေးအပ်ပြီးသော ဉာဏ်တည်းဟူသော သန်လျှက်ဖြင့်-

ဤ ဘဝစက်ကို မဖောက်ခွဲမူ၍ မိုးကြိုးစက်ကဲ့သို့ အမြဲနှိပ်စက်တတ်သော သံသရာဘေးကို ကျော်လွန်သောသူသည် အိပ်မက်၌သော်လည်း တစုံတယောက်မျှ မရှိ။ မှန်ပေ၏၊ မြတ်စွာဘုရားသည်-

     ''အာနန္ဒာ ဤပဋိစ္စသမုပ္ပါဒ်သည် နက်လည်း နက်နဲ၏၊ နက်ယောင်လည်း ထင်၏၊ အာနန္ဒာ ဤပဋိစ္စသမုပ္ပါဒ် တရားကိုပင်လျှင် လျော်စွာမသိခြင်း ထိုးထွင်း၍ မသိခြင်းကြောင့် ဤသတ္တဝါအပေါင်းသည် ဤသို့ ချည်ခင်ရှုပ်ကဲ့သို့ ဖြစ်လျက် စာပေါင်းသိုက်ကဲ့သို့ ဖြစ်လျက် ဖြူဆံမြက် ဗြိတ်မြက်ကဲ့သို့ ဖြစ်လျက် ကြီးပွါးခြင်း၏ ကင်းရာဖြစ်သော (အပါယ်ဘုံကို) ဆင်းရဲ၏ ဖြစ်ရာဖြစ်သော (ဒုဂ္ဂတိဘုံကို) ချမ်းသာမှ ပျက်စီး၍ ကျရာဖြစ်သော အပါယ် ၄-ဘုံကို၎င်း (ရုပ်နာမ်ခန္ဓာအစဉ်) သံသရာကို၎င်း မကျော်လွန်ပဲ ရှိချေသည်''ဟူသော-

     ဤစကားကို ဟောတော်မူ(အပ်)ပေသည်။ (ထိုသို့ ဘဝစက်ကိုမသိလျှင် မဖောက်ခွဲနိုင်လျှင် သံသရာဘေးကို မကျော်လွန်နိုင်သောကြောင့် ဘဝစက်ကို သိအပ်ပေသည်)။ ထို(သို့ ဘဝစက်ကို သိအပ်- သိထိုက်လှသော)ကြောင့် မိမိ၏၎င်း သူတပါးတို့၏၎င်း စီးပွါးချမ်းသာအလို့ငှါ ကျင့်သော-

ဤသာသနာတော်၌ ပညာရှိသည် ကြွင်းသော (အခြား)ကိစ္စတို့ကို ပယ်၍ နက်နဲသော ကျေးဇူးပြုပုံအပြားကို ဟောသော ပဋိစ္စသမုပ္ပါဒ်၌ ထောက်တည်ရာရအောင် အခါခပ်သိမ်း အမှတ်ရလျက်၊ ဝါ၊ အမှတ်ရသော သတိရှိသည်ဖြစ်၍ အားထုတ်ရာသတည်း။ ဤတွင် တခဏ်းပြီး၏။

၂၁၉

ဤသည်ကား သူတော်ကောင်းတို့ နှစ်သိမ့်ဝမ်းမြောက်ခြင်း အကျိုးငှါ စီရင်(အပ်)သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် ပညာဘာဝနာအရာ၌ ပညာ၏ဖြစ်ရာဘုံကို အကျယ်ပြချက် (ပညာဘူမိနိဒ္ဒေသ)မည်သော ၁၇-ခုမြောက်သော အပိုင်းအခဏ်းပေတည်း။

ပညာ၏ ဖြစ်ရာဘုံကို အကျယ်ပြချက် ပြီး၏။

၂၂၀

၁၈-ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ-ဒိဋ္ဌိဝိသုဒ္ဓိကို အကျယ်ပြချက်

     [၂၂၂] ၆၆၂။ ယခုအခါ (ဝိပဿနာပညာ၏) ဘုံ အာရုံဖြစ်ကုန်သော ဤ(ပြဆိုခဲ့ပြီးသော ခန္ဓာအစရှိသော) တရားတို့၌ သင်ယူခြင်း, မေးမြန်းခြင်းတို့၏ အစွမ်းအားဖြင့် ဉာဏ်အလေ့အကျက်ကို ပြုပြီးလျှင် ''သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိဟူသော နှစ်ပါးသော မူလအခြေအမြစ်ဖြစ်သော အကြင်ဝိသုဒ္ဓိတို့ကို ပြည့်စုံစေအပ်ကုန်၏''ဟူ၍ ရှေး၌ ဆိုခဲ့ပြီ၊ ထို(နှစ်ပါးသော ဝိသုဒ္ဓိတို့)တွင် သီလဝိသုဒ္ဓိမည်သည်ကား ကောင်းစွာ ထက်ဝန်းကျင် စင်ကြယ်သော ပါတိမောက္ခသံဝရစသည် ၄-ပါးအပြားရှိသော သီလပေတည်း၊ ထိုသီလကိုလည်း သီလကိုအကျယ်ပြရာ (သီလနိဒ္ဒေသ)၌ အကျယ်ချဲ့၍ ပြခဲ့ပြီးသာလျှင် ဖြစ်ပေသည်။ စိတ္တဝိသုဒ္ဓိ မည်သည်ကား ဥပစာရသမာဓိနှင့်တကွ ရှစ်ပါးသော သမာပတ်တို့ပေတည်း၊ ထိုသမာပတ်တို့ကိုလည်း စိတ်ကို ပဓာနပြု၍ ဟောထားသော သမာဓိကိုအကျယ်ပြရာ (သမာဓိနိဒ္ဒေသ)၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကျယ်ချဲ့၍ ပြခဲ့ပြီးသာလျှင် ဖြစ်ပေသည်။ ထိုသို့ သီလ, သမာဓိ နှစ်ပါးလုံးကို အကျယ်ပြခဲ့ပြီး ဖြစ်သောကြောင့် ထို(နှစ်ပါးသော ဝိသုဒ္ဓိ)တို့ကို ထို(သီလနိဒ္ဒေသ သမာဓိနိဒ္ဒေသ)တို့၌


မှတ်ချက်

     ၁- ယခုအခါ.. ဉာဏ် အလေ့အကျက်ကို ပြုပြီးလျှင်.. သိ(နားလည်၍ ပြည့်စုံစေ)အပ်ကုန်၏-ဟု စပ်ပါ။

     ၂- ဤပုဒ်ဖြင့် ''ဉာဏ်၏ အလေ့အကျက်ကို ပြုခြင်း ဟူသည်မှာ သင်ယူခြင်း၊ မေးမြန်းခြင်းပင်''ဟု သိစေ၏။ ထိုတွင် မေးမြန်းခြင်း ဟူရာ၌ မေးရုံမျှဖြင့်ကား ဉာဏ်၏အလေ့အကျက် မဖြစ်နိုင်သေး၊ ထိုမေးအပ်သော အနက်ကို ဖြေရှင်းပြသောအခါ နာကြားခြင်း ဆင်ခြင်ခြင်းစသော နှလုံးသွင်းခြင်းဖြင့်သာလျှင် ဉာဏ်၏အလေ့အကျက် ဖြစ်နိုင်သည်။ ထိုသို့သော နှလုံးသွင်း လေ့လာခြင်းကိုရည်၍ ''မေးမြန်းခြင်း''ဟု ဆိုပေသည်။

     ၃- သမာဓိနိဒ္ဒေသ-ဟူရာ၌ ၃-ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသမှ စ၍ ၁၃-အဘိညာနိဒ္ဒေသအထိ ၁၁-ပါးသော နိဒ္ဒေသတို့ကို ယူအပ်၏။

     ၄- ထို(သို့ သမာပတ်တို့ကို အကျယ် ပြခဲ့ပြီးသော)ကြောင့် ထို(သမာပတ်)တို့ကို ထို (သမာဓိနိဒ္ဒေသ)၌ ဟူ၍လည်း ပြန်ဆိုကြ၏။ ထိုသို့ ပြန်ဆိုရာ၌

၂၂၁

အကျယ်ချဲ့၍ ပြခဲ့သော နည်းဖြင့်သာလျှင် သိ(နားလည်၍ ပြည့်စုံစေ)အပ်ကုန်၏

     ထိုမှတပါး ''ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ, ဉာဏဒဿန ဝိသုဒ္ဓိဟူသော ဤငါးပါးသော ဝိသုဒ္ဓိတို့သည် (ဤပညာ၏) ကိုယ်ထည်ဖြစ်သည်''ဟူ၍ ဆိုခဲ့ပြီးသော ထိုစကားရပ်၌ နာမ်နှင့် ရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိမည်၏။

(၁) နာမ်မှစ၍ ရှုနည်း

     ၆၆၃။ ထိုဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုသော သမထယာနိက (သမထယာဉ်ရှိသော၊ ဝါ-သမထကို အခြေခံပြု၍ ဝိပဿနာရှုလိုသော) ပုဂ္ဂိုလ်သည်


မှတ်ချက်

သီလကို ပြည့်စုံစေရန် ညွှန်ကြားချက်မပါပဲ လိုနေသောကြောင့်၎င်း, ဝိသုဒ္ဓိမဂ်စကား ဝါကျအစဉ်အားဖြင့် သီလလည်း ပါဝင်နိုင်သည့်ပြင် ပါဝင်လည်း ပါဝင်သင့်သောကြောင့်၎င်း ထိုပြန်ဆိုချက်ကို ဆင်ခြင်သင့်၏။

     ၁- ဋီကာ၌ နိဗ္ဗတ္တနဝသေန ဝေဒိတဗ္ဗာ-ဟု ဖွင့်ပြ၏၊ ထိုအလိုအားဖြင့် ''ဖြစ်စေသည်၏ အစွမ်းအားဖြင့် သိအပ်ကုန်၏''ဟု ပြန်ရာ၏။ သို့သော် ၎င်းဋီကာ၌ပင် ''ဝေဒိတဗ္ဗာ သမ္ပာဒေတဗ္ဗာတိ ဝုတ္တံ ဟောတိ- သိအပ်ကုန်၏ ပြည့်စုံစေအပ်ကုန်၏ဟု ဆိုလိုသည်''ဟူ၍ ထပ်မံ ရှင်းပြပြန်၏။ ထိုတွင် သိအပ်ကုန်၏-ဟူသော အနက်သည် ဝေဒိတဗ္ဗာ-ပုဒ်၏ သဒ္ဒါနက်ပေတည်း၊ ပြည့်စုံစေအပ်ကုန်၏-ဟူသော အနက်သည်ကား ဤအရာ၌ ဆိုလိုအပ်သော အနက်ပေတည်း။ ထိုအနက်နှစ်ပါးလုံး ပြည့်စုံစေရန် ဤ၌ သိ(နားလည်၍ ပြည့်စုံစေ)အပ်ကုန်၏-ဟု ပြန်သည်။ ၎င်းပြန်ချက်သည် တတိယပါရာဇိက သိက္ခာပုဒ်ဝယ် သတ္ထဟာရကံ ဝါဿ ပရိယေသေယျ-ဟူသော ပါဌ်၌ ပရိယေသေယျ- ရှာမှီး၍ အနီး၌ ထားငြားအံ့-ဟု ရှေးဆရာတို့ ပြန်ဆိုချက်နှင့်လည်း နှီးနှောမိ၏။ ထိုတွင်လည်း ရှာမှီးငြားအံ့-ဟူသော အနက်သည် ပရိယေသေယျပုဒ်၏ သဒ္ဒါနက်ဖြစ်သည်၊ အနီး၌ ထားငြားအံ့-ဟူသော အနက်သည်ကား ထိုသိက္ခာပုဒ်၌ ဆိုလိုအပ်သော အနက်ဖြစ်သည်၊ ထို့ကြောင့် ထိုအနက်၂-ခုလုံး ပါဝင်အောင် ''ရှားမှီး၍ အနီး၌ ထားငြားအံ့''ဟူ၍ ရှေးဆရာတို့က ပြန်ဆိုတော်မူကြပေသည်။ ဤ၌လည်း ထိုနည်းအတူပင် ပြန်ထားသည်ဟု မှတ်ယူပါလေ။

၂၂၂

နေဝသညာ နာသညာယတနဈာန်ကို ချန်ထား၍ (ထိုမှ)ကြွင်းသော ရူပါဝစရဈာန် (၄-ပါး), အရူပါဝစရဈာန် (၃-ပါး)တို့တွင် တပါးပါးသော(ဈာန်ကို ဝင်စားပြီးလျှင် ထို)ဈာန်မှထ၍ ဝိတက်အစရှိကုန်သော ဈာနင်တရားတို့ကို၎င်း၊ ထိုဈာနင်တို့နှင့် ယှဉ်ကုန်သော (ဖဿစသော နာမ်)တရားတို့ကို၎င်း လက္ခဏာ, ရသ စသည်တို့၏ အစွမ်းအားဖြင့် သိမ်းဆည်းအပ် (ရှုအပ်)ကုန်၏။ သိမ်းဆည်းပြီးလျှင် ဤတရား အလုံးစုံကိုလည်း အာရုံဆီသို့ ရှေးရှု ညွတ်တတ်သည်ဖြစ်၍ ညွတ်ခြင်း အနက်သဘောကြောင့် နာမ်ဟု ပိုင်းခြားအပ်၏။

     ထိုမှနောက်၌ (ထို့နောင်) ဥပမာအားဖြင့် (တစုံတယောက်သော) ယောက်ျားသည် အိမ်တွင်း၌ မြွေကိုမြင်ပြီးလျှင် ထိုမြွေကို အစဉ်လိုက်၍


မှတ်ချက်

     ၁- နေဝသညာနာသညာဈာန်သည် အလွန်သိမ်မွေ့သောကြောင့် ၎င်းဈာန်ကို သာဝကတို့သည် အားထုတ်စ၌ မရှုနိုင်ကုန်၊ ထို့ကြောင့် ၎င်းကို ခြွင်းချန်ထားရန် ပြဆိုပေသည်။

     ၂- ဈာနင်္ဂ-ဈာနင်- ဈာန်၏ အင်္ဂါ အစိတ်အပိုင်း တရားဟု ဆိုလို၏။

     ၃- စသည်-ဟူသော စကားဖြင့် ပစ္စုပဋ္ဌာန်နှင့် ပဒဋ္ဌာန်ကို ယူအပ်၏။ ဤရှုပုံ၌ မိမိသန္တာန်မှာ လောလောဆယ် ဖြစ်ပေါ်သွားသော ဈာန်စိတ္တုပ္ပါဒ်တရားတို့ကို ရှုရကြောင်း, ထိုသို့ ရှုရာ၌လည်း ထိုတရားတို့ကို လက္ခဏာ စသည်ဖြင့် ရှုရကြောင်းကို ပြထားသောကြောင့် နာမ်ကိုရှုလျှင် ဤနည်းအတိုင်းပင် မိမိသန္တာန်မှာ လောလောဆယ် ဖြစ်ပေါ်သော စိတ် စေတသိက်တို့ကို ရှုရမည်၊ ရုပ်ကိုရှုလျှင်လည်း ဒွါရ၆-ပါး၌ လောလောဆယ် ထင်ပေါ်သော ရုပ်ကို ရှုရမည်၊ ထိုသို့ ရှုသောအခါမှာလည်း ထိုနာမ်ရုပ်တို့ကို အမည်အားဖြင့်၎င်း, ပုံသဏ္ဌာန်အားဖြင့်၎င်း, အရေအတွက်အားဖြင့်၎င်း ရှုရမည်မဟုတ်၊ လက္ခဏာ စသည်ဖြင့်သာလျှင် ရှုရမည်၊ ထိုသို့ရှုပါမှ ဤဝိသုဒ္ဓိမဂ်နှင့် ညီမည်ကို အထူး သတိပြုအပ်၏။

     ၄- အလုံးစုံကိုလည်း-ဟူသော ပုဒ်သည် သဗ္ဗမ္ပိ-ဟူသော ပါဠိ၏ ဘာသာပြန်ဖြစ်သည်။ ဤတရား အလုံးစုံကိုလည်း ပိုင်းခြားအပ်၏၊ ဤတရား တစိတ်တဒေသကိုလည်း ပိုင်းခြားအပ်၏-ဟု ဆိုလို၏၊ နောက်၌လည်း ဤပုဒ်မျိုးတွေ့လျှင် ဤနည်းပင် မှတ်ပါ။

     ၅- ထိုမှနောက်၌.. ထိုနာမ်ကို ကပ်၍ရှုလျက်.. ရှာလတ်သော်.. နှလုံးရုပ်ကို တွေ့မြင်၏-ဟု စပ်ပါ။

၂၂၃

ကြည့်လတ်သော် ထိုမြွေ၏ ဝပ်နေရာအရပ်ကို တွေ့မြင်သကဲ့သို့ ထို့အတူပင် ဤယောဂါဝစရ (ယောဂီ)ပုဂ္ဂိုလ်သည်လည်း ထိုနာမ်ကို ကပ်၍ရှုလျက် ''ဤနာမ်သည် အဘယ်ကိုမှီ၍ ဖြစ်သနည်း''ဟု ရှာလတ်သော် ထိုနာမ်၏ မှီရာဖြစ်သော (ဟဒယဝတ္ထုခေါ်) နှလုံးရုပ်ကို တွေ့မြင်၏။ ထို့နောင် နှလုံးရုပ်၏မှီရာ ဘူတရုပ်တို့ကို၎င်း, ဘူတရုပ်တို့ကိုမှီသော (နှလုံးရုပ်မှ)ကြွင်းသော ဥပါဒါရုပ်တို့ကို၎င်း တွေ့မြင်၏။ ဤသို့ ရုပ်ကို သိမ်းဆည်း၏။ ထိုယောဂီသည် ဤတရားအလုံးစုံကိုလည်း ဖောက်ပြန်တတ်သောကြောင့် ရုပ်ဟု ပိုင်းခြား၏။ ထို့နောင် နာမ်သည် အာရုံဆီသို့ ညွတ်ခြင်းသဘော လက္ခဏာရှိ၏၊ ရုပ်သည် ဖောက်ပြန်ခြင်း သဘောလက္ခဏာရှိ၏၊ (အာရုံဆီသို့ ညွတ်ခြင်းသဘောရှိသော တရားကား နာမ်တည်း၊ ဖောက်ပြန်ခြင်း သဘောရှိသော တရားကား ရုပ်တည်း)ဟု နာမ်နှင့် ရုပ်ကို အကျဉ်းအားဖြင့် ပိုင်းခြား၏။

(၂) ဓာတ်လေးပါးမှစ၍ ရှုနည်း

     ၆၆၄။ ရုပ်မှစ၍ သိမ်းဆည်းပုံကား- သုဒ္ဓ ဝိပဿနာယာနိက (ဝိပဿနာယာဉ် သက်သက်ရှိသော) ပုဂ္ဂိုလ်ဖြစ်စေ၊ ဤ (ဆိုခဲ့သော) သမထယာနိက ပုဂ္ဂိုလ်ပင်ဖြစ်စေ စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း(ကို ပြရာ)၌ ပြဆိုခဲ့ကုန်သော ထိုထိုဓာတ်ကို သိမ်းဆည်းကြောင်း နည်းအမြွက်တို့တွင် တပါးပါးသော နည်းအမြွက်၏ အစွမ်းဖြင့် အကျဉ်းအားဖြင့် ဖြစ်စေ၊ အကျယ်အားဖြင့် ဖြစ်စေ ဓာတ်လေးပါးတို့ကို သိမ်းဆည်း၏။ ထိုသို့ သိမ်းဆည်းသောအခါ၌


မှတ်ချက်

     ၁- ဥပစာရသမာဓိ, အပ္ပနာသမာဓိတို့ကို မပွါးစေဘဲ အစမှစ၍ ဝိပဿနာကိုသာ ပွါးစေသော ပုဂ္ဂိုလ်သည် ဝိပဿနာသက်သက်ဟူသော မဂ်-ဖိုလ်-နိဗ္ဗာန်သို့ရောက်ကြောင်း ယာဉ်ရှိသောကြောင့် သုဒ္ဓဝိပဿနာယာနိက မည်၏။ သုဒ္ဓ-သက်သက်သော + ဝိပဿနာယာန- ဝိပဿနာယာဉ် + ဣက-ရှိသောသူ = သုဒ္ဓဝိပဿနာယာနိက- သက်သက် ဝိပဿနာယာဉ်မျှ ရှိသောသူ။ သမထအခြေခံမပါပဲ ဝိပဿနာသက်သက်ရှုသူ-ဟု ဆိုလို၏။

     ၂- ထိုထို.. နည်းအမြွက်တို့တွင်-ဟု စပ်ပါ။

၂၂၄

ဓာတ်တို့သည် ထိုယောဂီအား မှန်ကန်သော မိမိ၏ သဘောလက္ခဏာအားဖြင့်.. ထင်ပေါ်ကုန်လတ်သော် [၂၂၃] ''ကမ္မသမုဋ္ဌာန် (ကံကြောင့်ဖြစ်သော) ဆံပင်၌ ဓာတ်လေးပါး, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, ဇီဝိတ, ကာယပသာဒဟူသော ကာယပသာဒနှင့်တကွ ရုပ် ၁ဝ-ခုအပေါင်း (ကာယဒသကကလာပ်)၏ အစွမ်းအားဖြင့် ရုပ် ၁ဝ-ပါး၊ ထို(ကမ္မသမုဋ္ဌာန် ဆံပင်)၌ပင်လျှင် ဘာဝရုပ်ရှိသောကြောင့် ဘာဝရုပ်နှင့်တကွ ရုပ်၁ဝ-ခုအပေါင်း (ဘာဝဒသကကလာပ်)၏ အစွမ်းအားဖြင့် ရုပ် ၁ဝ-ပါး၊ ထို(ဆံပင်)၌ပင်လျှင် အာဟာရသမုဋ္ဌာန် (အာဟာရကြောင့်ဖြစ်သော) ဩဇဋ္ဌမက (ဩဇာလျှင် ရှစ်ခုမြောက်ရှိသော) ရုပ်အပေါင်း


မှတ်ချက်

     ၁- မှန်ကန်သော မိမိ၏ သဘောလက္ခဏာအားဖြင့်-ဟူသော ဤအနက်သည် မဟာဋီကာ ဒုတိယ ၂၅၇-၌ ဖွင့်ပြခဲ့သော အဖွင့်နှင့်အညီ တိတိကျကျ ပြန်ဆိုအပ်သော အနက်ဖြစ်သည်။ ယင်း ဋီကာအဖွင့်ကို (ဤစာအုပ်တွင်) နှာ ၄၇- မှတ်ချက် ၁-၌ ထုတ်ပြခဲ့ပြီ၊ ပြန်ကြည့်ပါ။

     ၂- ထင်ပေါ်ကုန်လတ်သော်.. ၄၄-ပါးသော ရုပ်တို့သည် ထင်ရှားကုန်၏- စသည်ဖြင့် စပ်ပါ။

     ၃- ကံကြောင့်ဖြစ်သော ဆံပင်ဟူသည်မှာ ဦးခေါင်းအသားထဲ၌ တည်ရှိသော အမြစ်အရင်းပိုင်း ဆံပင်ဖြစ်သည်။

     ၄- ပထဝီ အာပေါ တေဇော ဝါယော- ဤကား ဓာတ်လေးပါး ဖြစ်သည်။ ဝဏ္ဏ- အဆင်းရုပ်၊ ဂန္ဓ- အနံ့ရုပ်၊ ရသ- အရသာရုပ်၊ ဩဇာ- အဆီအနှစ်- အာဟာရဓာတ်ရုပ်၊ ဇီဝိတ- အသက်ရုပ်၊ ကာယပသာဒ- အတွေ့အထိ ထင်လောက်အောင် ကြည်သော ကိုယ်အကြည်ရုပ်။

     ၅- မိန်းမ၏သန္တာန်၌ ဣတ္ထိဘာဝရုပ် ရှိသည်၊ ယောက်ျား၏သန္တာန်၌ ပုမ္ဘာဝရုပ် ရှိသည်။

     ၆- ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ-ဟူသော ဤရုပ် ရှစ်ပါးအပေါင်းကို ဩဇဋ္ဌမက-ဟု ခေါ်သည်၊ အဋ္ဌကကလာပ်, အဋ္ဌကလာပ် ဟူ၍လည်း ခေါ်သည်။ ၎င်းရုပ် ရှစ်ပါးသည် တပေါင်းတည်းသာ ဖြစ်လေ့ရှိ၏၊ အသီးအခြားခွဲ၍ မရနိုင်၊ ထို့ကြောင့် ၎င်းတို့ကို အဝိနိဗ္ဘောဂရုပ် ဟူ၍လည်း ခေါ်သည်။

၂၂၅

ဥတုသမုဋ္ဌာန် (ဥတုကြောင့်ဖြစ်သော) ဩဇဋ္ဌမကရုပ်အပေါင်း၊ စိတ္တသမုဋ္ဌာန် (စိတ်ကြောင့်ဖြစ်သော) ဩဇဋ္ဌမက ရုပ်အပေါင်းအားဖြင့် (ဆိုခဲ့ပြီးရုပ် ၂ဝ-တို့မှ) တပါးသော ရုပ် ၂၄-ပါး''- ဤသို့အားဖြင့် ၄၄-ပါးသော ရုပ်တို့သည် ထင်ရှားကုန်၏။ ဤအတူပင် (မွေးညှင်းစသော ၂၃-ပါးသော စတုသမုဋ္ဌာန် ကောဋ္ဌာသတို့၌လည်း ထင်ရှားကုန်၏၊ ထို့ကြောင့်) စတုသမုဋ္ဌာန် (အကြောင်း၄-ပါးကြောင့် ဖြစ်သော) ကောဋ္ဌာသ ၂၄-ပါးတို့၌ ၄၄-ပါး စီသော ရုပ်တို့သည် ထင်ရှားကုန်၏။ ချွေး, မျက်ရည်, တံထွေး, နှပ်ဟူသော ဥတုစိတ္တသမုဋ္ဌာန် (ဥတုနှင့် စိတ်ကြောင့် ဖြစ်သော) ကောဋ္ဌာသ ၄-ပါးတို့၌ ဩဇဋ္ဌမကကလာပ် ၂-ခုတို့၏ အစွမ်းအားဖြင့် ၁၆-ပါးစီသော ရုပ်တို့သည် ထင်ရှားကုန်၏။ အစာသစ်, အစာဟောင်း, ပြည်, ကျင်ငယ်ဟူသော ဥတုသမုဋ္ဌာန်သာလျှင်ဖြစ်သော ကောဋ္ဌာသ ၄-ပါးတို့၌ ဩဇဋ္ဌမကကလာပ်၏ အစွမ်းအားဖြင့် ရှစ်ပါးစီသော ရုပ်တို့သည်


မှတ်ချက်

     ၁- ၄၄-ပါးသော ရုပ်တို့ ထင်ရှားကုန်၏- ဟူရာ၌ ထိုရုပ် ၄၄-ပါးလုံး တပြိုင်နက် ထင်ပေါ်ကြသည်ကိုလည်း ဆိုလိုသည် မဟုတ်၊ တခုပြီး တခု အစဉ်အတိုင်း ထင်ပေါ်ကြသည်ကိုလည်း ဆိုလိုသည် မဟုတ်၊ ထို ၄၄-ပါးတို့ကို ဆင်ခြင်၍ ရှုရန်လည်း ညွှန်ပြသည် မဟုတ်၊ အမှန်အားဖြင့်သော်ကား ဆံပင်၌ ပထဝီဓာတ် ဖောဋ္ဌဗ္ဗရုပ်ကို ရှုမိ၍ ထိုပထဝီဓာတ်တခု ထင်ရှားလျှင် ၎င်းနှင့်တကွ ဆံပင်ထဲ၌ရှိသော ရုပ်ပေါင်း ၄၄-ပါးလုံး ထင်ရှားသည်သာ မည်လေတော့သည်၊ ထို ၄၄-ပါးလုံးကို ရှုခြင်းကိစ္စ ပြီးလေတော့သည်-ဟု ဤသို့သာ သိစေလိုပေသည်။ ကိစ္စပြီးပုံကား.. ပထဝီဓာတ်တခုကို မှန်စွာသိလျှင် တပေါင်းတည်းဖြစ်သော ထိုရုပ် ၄၄-ပါးလုံးတို့၌လည်း ပုဂ္ဂိုလ်သတ္တဝါ-ဟု စွဲလမ်းမည့် ကိလေသာ ဖြစ်ခွင့်မရှိပြီ၊ ဤသို့ ကိလေသာ ဖြစ်ခွင့်မရှိပဲ ငြိမ်းသောကြောင့် ရှုမြင်ခြင်းကိစ္စ ပြီးပေသည်။ ထို့ကြောင့်ပင် ''ဓာတ်တို့သည် ထင်ပေါ်ကုန်လတ်သော်.. ၄၄-ပါးသော ရုပ်တို့သည် ထင်ရှားကုန်၏''-ဟု မိန့်ဆိုပေသည်။ ထင်ရှားပုံကိုပြသော နောက်နောက် စာပိုဒ်တို့၌လည်း နည်းတူပင် သိအပ်၏။

     ၂- ကောဋ္ဌာသ ၂၄-ပါး ဟူသည်မှာ ၃၂-ပါးသော ကောဋ္ဌာသတို့မှ ချွေး မျက်ရည် တံထွေး နှပ် အစာသစ် အစာဟောင်း ပြည် ကျင်ငယ်-ဟူသော ကောဋ္ဌာသ ရှစ်ပါးကို နှုတ်၍ ကြွင်းသော ကောဋ္ဌာသ ၂၄-ပါးကို ဆိုသည်။

၂၂၆

ထင်ရှားကုန်၏။ ဤသည်ကား ၃၂-ပါးသော ကောဋ္ဌာသ၌ (ရုပ်တို့၏ ထင်ရှားပုံကို သိရန်) နည်းပေတည်း

     ဤ ၃၂-ပါးသော ကောဋ္ဌာသ (ရုပ်အပေါင်း) ထင်ပေါ်လတ်သော် (ထိုမှ)တပါးကုန်သော ၁ဝ-ပါးသော ကောဋ္ဌာသ (ရုပ်အပေါင်း)တို့သည်လည်း ထင်ပေါ်ကုန်၏။ ထိုတွင် စား(အပ်)သော အစာစသည်ကို ကြေကျက်စေသော ကံကြောင့်ဖြစ်သော (ကမ္မဇပါစက) တေဇောကောဋ္ဌာသ၌ ဩဇဋ္ဌမကရုပ်အပေါင်းနှင့် ဇီဝိတရုပ်အားဖြင့် ၉-ပါးသော ရုပ်တို့သည် ထင်ရှားကုန်၏။ ထို့အတူ စိတ်ကြောင့်ဖြစ်သော (စိတ္တဇ) ထွက်သက်ဝင်သက် ကောဋ္ဌာသ၌လည်း ဩဇဋ္ဌမကရုပ်အပေါင်းနှင့် သဒ္ဒ(အသံ)ရုပ်အားဖြင့် ၉-ပါးသော ရုပ်တို့သည် ထင်ရှားကုန်၏။ ကြွင်းသော စတုသမုဋ္ဌာန် (အကြောင်း၄-ပါးကြောင့် ဖြစ်သော) ကောဋ္ဌာသ ရှစ်ပါးတို့၌ ဇီဝိတလျှင် ကိုးခုမြောက်ရှိသော ရုပ်အပေါင်း (ဇီဝိတနဝကကလာပ်)နှင့် (အာဟာရဇ, ဥတုဇ, စိတ္တဇအားဖြင့်) ၃-ခုသော ဩဇဋ္ဌမက ကလာပ်တို့၏ အစွမ်းအားဖြင့် ၃၃-ပါးစီသော ရုပ်တို့သည် ထင်ရှားကုန်၏


မှတ်ချက်

     ၁- ကောဋ္ဌာသ ၂၄-ပါး၌ (၂၄ × ၅) ကလာပ်ပေါင်း ၁၂ဝ၊ (၂၄ × ၄၄) ရုပ်ပေါင်း ၁ဝ၅၆။

     ဒွိဇကောဋ္ဌာသ ၄-ပါး၌ (၄ × ၂) ကလာပ်ပေါင်း ၈၊ (၄ × ၁၆) ရုပ်ပေါင်း ၆၄။

     ဥတုဇကောဋ္ဌာသ ၄-ပါး၌ ကလာပ်ပေါင်း ၄၊ (၄ × ၈) ရုပ်ပေါင်း ၃၂။

     ၃၂-ပါးသော ကောဋ္ဌာသတို့၌ ကလာပ်ပေါင်း ၁၃၂၊ ရုပ်ပေါင်း ၁၁၅၂။

     ၂- ကောဋ္ဌာသ ရှစ်ပါး ဟူသည်မှာ သန္တပ္ပန- အဖျားရှိန် အပူငွေ့၊ ဇိရဏ- ရင့်ရော်စေသော ပကတိအပူငွေ့၊ ပရိဒါဟ- အလွန်ပြင်းထန်သော အပူငွေ့ဟူသော တေဇောကောဋ္ဌာသ သုံးပါးနှင့် ဥဒ္ဓင်္ဂမ- ဆန်တတ်သောလေ၊ အဓောဂမ- စုန်ဆင်းသောလေ၊ ကုစ္ဆိသယ- ဝမ်းဗိုက်တွင်း၌လေ၊ ကောဋ္ဌာသယ- အူအတွင်း၌လေ၊ အင်္ဂမင်္ဂါနုသာရီ- အင်္ဂါကြီးငယ်သို့လျှောက်သော လေဟူသော ဝါယောကောဋ္ဌာသ ၅-ပါးတို့ပင်တည်း။

     ၃- ပါစကတေဇော၌ ဇီဝိတနဝကကလာပ် ၁-ခု၊ ရုပ်ပေါင်း ၉-ခု။ ထွက်သက်ဝင်သက်၌ သဒ္ဒနဝကကလာပ် ၁-ခု၊ ရုပ်ပေါင်း ၉-ခု။ ကျန်ကောဋ္ဌာသ ရှစ်ပါး၌ (၈ × ၄) ကလာပ် ၃၂-ခု၊ (၈ × ၃၃) ရုပ် ၂၆၄။ ကောဋ္ဌာသ ၁ဝ-ပါး၌ ကလာပ် ၃၄-ခု၊ ရုပ်ပေါင်း ၂၈၂-ခု။

၂၂၇

     ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီအား အကျယ်အားဖြင့် ၄၂-ပါးသော ကောဋ္ဌာသတို့၏ အစွမ်းအားဖြင့် ဤဘူတရုပ်, ဥပါဒါရုပ်တို့ ထင်ရှားကုန်လတ်သော် ဝတ္ထုနှင့် ဒွါရတို့၏ အစွမ်းအားဖြင့် စက္ခုဒသက အစရှိသော ဒသက ကလာပ် (ရုပ်၁ဝ-ခုအပေါင်း) ငါးခုနှင့် ဟဒယဝတ္ထု ဒသကကလပ်အားဖြင့် (ဆိုခဲ့ပြီး ရုပ်တို့မှ) တပါးကုန်သော ၆ဝ-သော ရုပ်တို့သည်လည်း ထင်ရှားကုန်၏။ ထိုယောဂီသည် (၁၄၉၄-ခု အရေအတွက်ရှိသော) ထိုရုပ်အလုံးစုံတို့ကိုလည်း ဖောက်ပြန်ခြင်း သဘောလက္ခဏာအားဖြင့် တပေါင်းတည်းပြု၍ ''ဤတရားသည် ရုပ်တည်း''ဟု ရှု၏။


မှတ်ချက်

     ၁- စက္ခုစသော ဝတ္ထုဒွါရ ၅-ပါးတို့သည် ထင်ရှားသဖြင့် စက္ခုဒသကစသော ကလာပ် ၅-ခု၊ ရုပ်ပေါင်း ၅ဝ- ထင်ရှားသည်၊ ဟဒယဝတ္ထုရုပ် ထင်ရှားသဖြင့် ဟဒယဝတ္ထုဒသကကလာပ် ၁၊ ရုပ်ပေါင်း ၁ဝ- ထင်ရှားသည်-ဟု ဆိုလို၏။

     ၂- ဒွါရ ၆-ပါး၌ ကလာပ် ၆-ခု၊ ရုပ်ပေါင်း ၆ဝ-ရသည်။

     ၃- ၃၂-ကောဋ္ဌာသ၌ ကလာပ်ပေါင်း ၁၃၂၊ ရုပ်ပေါင်း ၁၁၅၂။

     ၁ဝ-ကောဋ္ဌာသ၌ ကလာပ်ပေါင်း ၃၄၊ ရုပ်ပေါင်း ၂၈၂။

     ၆-ဒွါရ၌ ကလာပ်ပေါင်း ၆၊ ရုပ်ပေါင်း ၆ဝ။

     တကိုယ်လုံး၌ စုစုပေါင်း ကလာပ် ၁၇၂၊ ရုပ်ပေါင်း ၁၄၉၄-ခု ရသည်။

     မဟာဋီကာ ပဌမတွဲ စာမျက်နှာ ၄၆၆-နှင့် သစ္စသံခေပကျမ်းတို့၌ကား ဒွါရ ၆-ပါးမှ ကလာပ် ၆-ခု ရုပ်ပေါင်း ၆ဝ-အရာတွင် ကာယဒသကကို ပယ်၍ ကလာပ် ၅-ခု ရုပ်ပေါင်း ၅ဝ-သာ ရေတွက်သည်၊ ထွက်သက်ဝင်သက်၌ လည်း သဒ္ဒရုပ်ကို ပယ်၍ အဋ္ဌကလာပ်, ရုပ်ပေါင်း ၈-ခုသာ ရေတွက်သည်။ ထို့ကြောင့် အထက်ပါ အရေအတွက်မှ ကလာပ် ၁-ခုနှင့် ရုပ် ၁၁-ခု လျော့သွားသည်။ သို့သော်လည်း ဥတုဇ စိတ္တဇ သဒ္ဒနဝကကလာပ် ၂-ခု၊ ရုပ်ပေါင်း ၁၈-ခု ထပ်၍ ထည့်ပြန်သောကြောင့် ထိုကျမ်းတို့ အလိုအားဖြင့် ကလာပ်ပေါင်း ၁၇၃-ခု၊ ရုပ်ပေါင်း ၁၅ဝ၁-ခု ဖြစ်လေသည်။

၂၂၈

     ဤဆိုခဲ့သည့်အတိုင်း ရုပ်ကို သိမ်းဆည်းပြီးသော ထိုယောဂီအား ဒွါရ၏ အစွမ်း အားဖြင့် နာမ်တရားတို့သည် ထင်ရှားကုန်၏။ ထင်ရှားပုံကား- ''ဒွေးပဉ္စဝိညာဏ် ၁ဝ-ပါး, မနောဓာတ် ၃-ပါး, မနောဝိညာဏ်ဓာတ် ၆၈-ပါး'' ဟူသော ၈၁-ပါးသော လောကီစိတ်တို့သည်၎င်း၊ သာမညအားဖြင့် ထို(၈၁-ပါးသော) စိတ်တို့နှင့်တကွ ဖြစ်ကုန်သော ''ဖဿ, ဝေဒနာ, သညာ, စေတနာ, ဇီဝိတ, ဧကဂ္ဂတာ, မနသိကာရ''ဟူသော ဤ ၇-ပါးစီသော စေတသိက်တို့သည်၎င်း ထင်ရှားကုန်၏။ လောကုတ္တရာ စိတ်တို့သည်ကား သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်အား၎င်း သမထယာနိက ပုဂ္ဂိုလ်အား၎င်း မသိဘူး မရဘူးသော တရားဖြစ်သောကြောင့် သိမ်းဆည်းအပ်ခြင်း (ရှုအပ်ခြင်း)သို့ မရောက်ကုန်သည်သာတည်း။ ထိုယောဂီသည် ထို(နာမ်တရား) အလုံးစုံတို့ကိုလည်း အာရုံဆီသို့ ညွတ်ခြင်း သဘောလက္ခဏာအားဖြင့် တပေါင်းတည်းပြု၍ ''ဤတရားသည် နာမ်တည်း''ဟု ရှု၏၊ ဤသို့လျှင် တဦးသော ယောဂီသည် ဓာတ်လေးပါး ပိုင်းခြားခြင်းကို ပဓာနပြုသဖြင့် အကျယ်အားဖြင့် နာမ်နှင့် ရုပ်ကို ပိုင်းခြား၏။

(၃) ဓာတ်၁၈-ပါး အလိုအားဖြင့် ရှုနည်း

     [၂၂၄] ၆၆၅။ တပါးသော ယောဂီသည်ကား ၁၈-ပါးသော ဓာတ်တို့၏ အစွမ်းဖြင့် (နာမ်နှင့် ရုပ်ကို ပိုင်းခြား၏)။ အဘယ်သို့နည်းဟူမူ?.. ဤသာသနာ၌ ရဟန်းသည် ''ဤအတ္တဘော (ခန္ဓာကိုယ်ထဲ)၌ စက္ခုဓာတ်သည် ရှိ၏ ။ပ။ မနောဝိညာဏဓာတ်သည် ရှိ၏''ဟု ဤသို့ ဓာတ်တို့ကို ဆင်ခြင်ပြီးလျှင် လောက(လူအပေါင်း)သည် မျက်ဖြူဝန်း မျက်နက်ဝန်းတို့ဖြင့်


မှတ်ချက်

     ၁- မြင်ဆဲခဏ၌ စက္ခုဒွါရကို အကြောင်းပြု၍ ထိုဒွါရ၌ဖြစ်သော အာဝဇ္ဇန်းအစ တဒါရုံအဆုံးရှိသော စက္ခုဒွါရိက စိတ် စေတသိက် အပေါင်းတို့ ထင်ရှားကြသည်၊ ထို့အတူ ကြားဆဲ စသည်၌လည်း သောတဒွါရ စသည်ကို အကြောင်းပြု၍ ထိုဒွါရတို့၌ဖြစ်သော သောတဒွါရိကစသော စိတ် စေတသိက် အပေါင်းတို့ ထင်ရှားကြသည်ဟု ဆိုလို၏။

     ၂- ရှုလည်း မရှုနိုင်၊ ရှုလည်း မရှုအပ်- မရှုကောင်းဟု ဆိုလို၏။

     ၃-၄- ရဟန်းသည်.. ဆင်ခြင်ပြီးလျှင်.. မယူမူ၍.. စက္ခုဓာတ်ဟူ၍ ပိုင်းခြား၏-ဟု စပ်ပါ။

     ၅- လောက (လူအပေါင်း)သည်.. အသိအမှတ်ပြု၏-ဟု စပ်ပါ။

၂၂၉

ဆန်းကြယ်သော အလျားရှည်သွယ် အနံကျယ်ပြန့်သော မျက်တွင်း၌ မျက်ကြောတည်းဟူသော ကြိုးငယ်ဖြင့် ဖွဲ့အပ်သော အကြင် အသားဆိုင်ကို မျက်စိဟူ၍ အသိအမှတ်ပြု၏၊ ထိုအသားဆိုင် မျက်စိကို မယူမူ၍ ခန္ဓနိဒ္ဒေသ (ခန္ဓာကို အကျယ်ပြချက်)ဝယ် ဥပါဒါရုပ်တို့အရာ၌ ဆိုခဲ့သော အပြားရှိသော စက္ခုပသာဒ (မျက်စိအကြည်ရုပ်)ကို စက္ခုဓာတ် (မျက်စိဓာတ်)ဟူ၍ ပိုင်းခြား၏။

     ထိုစက္ခုပသာဒ၏ မှီရာဖြစ်သော ဓာတ်လေးပါး, အခြံအရံဖြစ်သော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟူသော ရုပ် ၄-ပါး, အစောင့်အရှောက်ဖြစ်သော ဇီဝိတိန္ဒြေရုပ် ၁-ပါးအားဖြင့် အတူတကွဖြစ်သော ရုပ် ၉-ပါး၊ ထို(သသမ္ဘာရ စက္ခု၏ အရပ်)၌ပင်လျှင် တည်သော ကာယဒသက ဘာဝဒသက ကလာပ်တို့၏ အစွမ်းအားဖြင့် ကမ္မဇရုပ်-၂ဝ၊ အာဟာရသမုဋ္ဌာန် အစရှိသော ၃-ခုသော ဩဇဋ္ဌမက ကလာပ်တို့၏ အစွမ်းအားဖြင့် အနုပါဒိန္န (ကံ၏အကျိုး မဟုတ်သော) ရုပ် ၂၄-ပါး- ဤသို့အားဖြင့် (စက္ခုပသာဒမှ) ကြွင်းသော ၅၃-ပါးသော အကြင်ရုပ်တို့သည် ရှိကုန်၏၊ ထို၅၃-ပါးသော ရုပ်တို့ကိုလည်း စက္ခုဓာတ်ဟု မပိုင်းခြားပေ။ သောတဓာတ် စသည်တို့၌လည်း ဤနည်းပင်တည်း။ အထူးမှာ ကာယဓာတ်၌ (ကာယဓာတ်မှ) ကြွင်းသော ရုပ်တို့သည် ၄၃-ပါး ဖြစ်ကုန်၏။ အချို့ ဆရာတို့သည်ကား ဥတုသမုဋ္ဌာန် စိတ္တသမုဋ္ဌာန် ရုပ်တို့ကို သဒ္ဒနှင့်တကွ ၉-ပါးစီ ရေတွက်၍ (ကာယဓာတ်မှ ကြွင်းသော ရုပ်တို့ကို) ၄၅-ပါးဟု ဆိုကုန်၏။

     ဤသို့ ပြဆိုခဲ့သည့်အတိုင်း ဤပသာဒရုပ် ၅-ပါး, ၎င်းတို့၏ အာရုံဖြစ်သော ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗဟူသော အာရုံရုပ် ၅-ပါး- ဤသို့အားဖြင့် ၁ဝ-ပါးသော ရုပ်တို့သည် ၁ဝ-ပါးသော ဓာတ်တို့ ဖြစ်ကုန်၏။ ကြွင်းသော ရုပ်တို့သည် ဓမ္မဓာတ်သာလျှင် ဖြစ်ကုန်၏။ ထိုမှတပါး စက္ခုပသာဒကို မှီလျက် ရူပါရုံကို အာရုံပြု၍ဖြစ်သော (စက္ခုဝိညာဏ်)စိတ်သည် စက္ခုဝိညာဏဓာတ် မည်၏၊ ဤနည်းဖြင့် ဒွေးပဉ္စဝိညာဏ် (ဝိညာဏ် ၅-ခု ၂-လီ)တို့သည်


မှတ်ချက်

     ၁- သ-တကွဖြစ်သည် + သမ္ဘာရ- အဆောက်အဦ + စက္ခု-မျက်စိ = သသမ္ဘာရစက္ခု- ရုပ်အပေါင်း ၅၄-ပါးဟူသော အဆောက်အဦနှင့် တကွဖြစ်သော ပကတိ အသားဆိုင်မျက်စိ။

     ၂- တည်သော.. ကမ္မဇရုပ် ၂ဝ,.. အနုပါဒိန္နရုပ် ၂၄-ပါး-ဟု စပ်ပါ။

၂၃၀

ငါးပါးသော ဝိညာဏဓာတ် ဖြစ်ကုန်၏။ သုံးပါးသော မနောဓာတ်စိတ်တို့သည် တခုသော မနောဓာတ် ဖြစ်၏၊ ၆၈-ပါးသော မနောဝိညာဏဓာတ် စိတ်တို့သည် (တခုသော) မနောဝိညာဏဓာတ် ဖြစ်၏။ သို့ဖြစ်၍ ၈၁-ပါးသော လောကီစိတ်တို့သည် ၇-ပါးသော ဝိညာဏဓာတ်တို့ ဖြစ်ကုန်၏။ ၎င်း ဝိညာဏဓာတ်တို့နှင့် ယှဉ်ကုန်သော ဖဿအစရှိသော စေတသိက်တို့သည် ဓမ္မဓာတ် ဖြစ်ကုန်၏။ ဤဆိုခဲ့သော အပြားအားဖြင့် ဤဓာတ် ၁၈-ပါးတို့တွင် ဆယ်ခုခွဲသော ဓာတ်တို့သည် ရုပ်တည်း။ ခုနစ်ခုခွဲသော ဓာတ်တို့သည် နာမ်တည်းဟူ၍ ဤသို့လျှင် တဦးသော ယောဂီသည် ၁၈-ပါးသော ဓာတ်တို့၏ အစွမ်းအားဖြင့် နာမ်နှင့် ရုပ်ကို ပိုင်းခြား၏။

(၄) အာယတန ၁၂-ပါး အလိုအားဖြင့် ရှုနည်း

     ၆၆၆။ တပါးသော ယောဂီသည်ကား ၁၂-ပါးသော အာယတနတို့၏ အစွမ်းအားဖြင့် (နာမ်ရုပ်ကို ပိုင်းခြား၏)။ အဘယ်သို့နည်းဟူမူ? စက္ခုဓာတ်၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် ၅၃-ပါးသော ရုပ်တို့ကို ဖယ်ထား၍ စက္ခုပသာဒကိုသာလျှင် စက္ခာယတနဟု ပိုင်းခြား၏။ ထိုစက္ခုဓာတ်၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် သောတဓာတ်, ဃာနဓာတ်, ဇိဝှါဓာတ်, ကာယဓာတ်တို့ကို သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတနတို့ဟူ၍ ပိုင်းခြား၏။ ၎င်း(အာယတန)တို့၏ အာရုံဖြစ်သော တရားငါးပါးတို့ကို ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတနတို့ဟူ၍ ပိုင်းခြား၏။ လောကီဝိညာဏဓာတ် ၇-ပါးတို့ကို မနာယတနဟူ၍ ပိုင်းခြား၏။ ၎င်း မနာယတနနှင့် ယှဉ်ကုန်သော ဖဿ အစရှိကုန်သော စေတသိက်တို့ကို၎င်း, (စက္ခာယတန စသည်တို့မှ) ကြွင်းသော ရုပ်အပေါင်းကို၎င်း ဓမ္မာယတနဟု ပိုင်းခြား၏။ [၂၂၅] ဤဆိုခဲ့သော အပြားအားဖြင့် ဤအာယတန ၁၂-ပါးတို့တွင် ဆယ်ခုခွဲသော အာယတနတို့သည် ရုပ်တည်း။ တခုခွဲသော အာယတနတို့သည် နာမ်တည်းဟူ၍ ဤသို့လျှင် တဦးသော ယောဂီသည် ၁၂-ပါးသော အာယတနတို့၏ အစွမ်းအားဖြင့် နာမ်နှင့် ရုပ်ကို ပိုင်းခြား၏။

(၅) ခန္ဓာအလိုအားဖြင့် ရှုနည်း

     ၆၆၇။ တပါးသော ယောဂီသည်ကား ထို (အာယတန)ထက် သာ၍ ကျဉ်းစွာ ခန္ဓာတို့၏ အစွမ်းဖြင့် (နာမ်နှင့် ရုပ်ကို) ပိုင်းခြား၏။ အဘယ်သို့နည်းဟူမူ?..

၂၃၁

ဤသာသနာ၌ ရဟန်းသည် ဤ(မိမိ)ကိုယ်၌ အကြောင်း ၄-ပါးကြောင့်ဖြစ်သော ဓာတ် ၄-ပါး, ၎င်းတို့ကိုမှီသော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ(ဟူသော ရုပ် ၄-ပါး), စက္ခုပသာဒစသော ပသာဒရုပ် ၅-ပါး, ဟဒယဝတ္ထုရုပ်, ဘာဝရုပ်, ဇီဝိတိန္ဒြေ, (စိတ်နှင့် ဥတုဟူသော) အကြောင်းနှစ်ပါးကြောင့်ဖြစ်သော သဒ္ဒရုပ်အားဖြင့် ဤ၁၇-ပါးသော ရုပ်တို့သည် သမ္မသနုပဂ (သုံးသပ်နိုင်သော) ရုပ်မည်ကုန်၏၊ နိပ္ဖန္န (အကြောင်းတို့ဖြင့် တိုက်ရိုက်ပြီးစီးသော) ရုပ်မည်ကုန်၏။ ရူပရုပ် (ရုပ်အစစ်ဖြစ်သော ရုပ်)မည်ကုန်၏။ ကာယဝိညတ် ဝစီဝိညတ် အာကာသဓာတ် ရူပဿလဟုတာ ရူပဿမုဒုတာ ရူပဿကမ္မညတာ ဥပစယ သန္တတိ ဇရတာ အနိစ္စတာဟူသော ဤ၁ဝ-ပါးသော ရုပ်တို့သည်ကား သမ္မသနုပဂရုပ် မဟုတ်ကုန်၊ ရုပ်အစစ်တို့၏ အခြင်းအရာမျှ, ထူးခြားသော အမူအရာမျှ,


မှတ်ချက်

     ၁- ရဟန်းသည် ဤသို့ ပိုင်းခြား၏-ဟု စပ်ပါ။

     ၂- ကာယဝိညတ္တိ- ကာယဝိညတ်- မိမိအလိုကို သူတပါးအား သိစေသော ကိုယ်အမူအရာအထူး။ ဝစီဝိညတ္တိ- ဝစီဝိညတ်- မိမိအလိုကို သူတပါးအား သိစေသော နှုတ်အမူအရာအထူး။ အာကာသဓာတ်- ရုပ်ကလာပ်တို့၏ ပတ်ဝန်းကျင်မှ အပိုင်းအခြား။ ရူပဿ လဟုတာ- နိပ္ဖန္နရုပ်အပေါင်း၏ ပေါ့ပါးခြင်း၊ ရူပဿ မုဒုတာ- နိပ္ဖန္နရုပ်အပေါင်း၏ နူးညံ့ခြင်း၊ ရူပဿ ကမ္မညတာ- နိပ္ဖန္နရုပ်အပေါင်း၏ ကွေးခြင်း ဆန့်ခြင်း လှုပ်ရှားခြင်းစသော အမှုကိုပြုရန် စွမ်းနိုင်ခြင်း၊ ဤ လဟုတာ မုဒုတာ ကမ္မညတာ ရုပ်တို့သည် ကွေးခြင်း ဆန့်ခြင်း လှုပ်ရှားခြင်း ပြောဆိုခြင်း စသည်တို့ကို အလိုရှိတိုင်း လွယ်ကူစွာ ပြုနိုင်သော အခါတို့၌ အထူးထင်ရှားကုန်၏။ ဥပစယ- နိပ္ဖန္နရုပ်တို့၏ ရှေးဦးစွာ ဖြစ်ပေါ်ခြင်း၊ သန္တတိ- နိပ္ဖန္နရုပ်တို့၏ အစဉ်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ပေါ်ခြင်း၊ ၎င်း ဥပစာယ သန္တတိတို့မှာ နိပ္ဖန္နရုပ်တို့၏ ဥပါဒ်ခဏပင် ဖြစ်သည်။ ဇရတာ- နိပ္ဖန္နရုပ်တို့၏ ရင့်ရော်အိုမင်းခြင်း- နိပ္ဖန္နရုပ်တို့၏ ဌီခဏပင် ဖြစ်သည်။ အနိစ္စတာ- နိပ္ဖန္နရုပ်တို့၏ မမြဲခြင်း- ပျက်စီးခြင်း- နိပ္ဖန္နရုပ်တို့၏ ဘင်ခဏပင် ဖြစ်သည်။

     ၃- ရုပ်အစစ်တို့၏ အခြင်းအရာ ဟူသည်မှာ ကာယဝိညတ် ဝစီဝိညတ် ဥပစယ သန္တတိ ဇရတာ အနိစ္စတာတို့ပင် ဖြစ်သည်။

     ၄- ရုပ်အစစ်တို့၏ ထူးခြားသော အမူအရာ ဟူသည်မှာ လဟုတာ မုဒုတာ ကမ္မညတာတို့ပင် ဖြစ်သည်။

၂၃၂

အကြားဖြစ်သော ပိုင်းခြားကြောင်းမျှ ဖြစ်ကုန်၏၊ နိပ္ပန္နရုပ်လည်း မဟုတ်ကုန်၊ ရူပရုပ်လည်း မဟုတ်ကုန်။ သို့သော်လည်း ရုပ်အစစ်တို့၏ အခြင်းအရာမျှ, ထူးခြားသော အမူအရာမျှ, အကြားဖြစ်သော ပိုင်းခြားကြောင်းမျှ ဖြစ်သောကြောင့် ရုပ်ဟူသော ရေတွက်ခြင်းသို့ ရောက်ကုန်၏။ ဤဆိုခဲ့သော အပြားအားဖြင့် ၂၇-ပါးသော ဤရုပ် အလုံးစုံတို့သည်လည်း ရူပက္ခန္ဓာတည်း၊ ၈၁-ပါးသော လောကီစိတ်တို့နှင့် တကွဖြစ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း၊ ၎င်း(ဝေဒနာ)နှင့် ယှဉ်သော သညာသည် သညာက္ခန္ဓတည်း၊ သင်္ခါရတို့သည် သင်္ခါရက္ခန္ဓာတည်း၊ ဝိညာဏ်သည် ဝိညာဏက္ခန္ဓာတည်း-ဟူ၍ ဤသို့ ပိုင်းခြား၏။ ဤဆိုခဲ့သော အပြားအားဖြင့် ရူပက္ခန္ဓာသည် ရုပ်တည်း၊ လေးပါးသော နာမ်ခန္ဓာတို့သည် နာမ်တည်း-ဟူ၍ ဤသို့လျှင် တဦးသော ယောဂီသည် ခန္ဓာငါးပါးတို့၏ အစွမ်းအားဖြင့် နာမ်နှင့် ရုပ်ကို ပိုင်းခြား၏။

(၆) နာမ်ရုပ်အလိုအားဖြင့် ရှုနည်း

     ၆၆၈။ တပါးသော ယောဂီသည်ကား ''အမှတ်မရှိ တစုံတခုသော ရုပ်သည် ရှိ၏၊ ထိုရှိသမျှ အလုံးစုံသော ရုပ်သည် မဟာဘုတ်၄-ပါးနှင့်


မှတ်ချက်

     ၁- ရုပ်အစစ်တို့၏ အကြားဖြစ်သော ပိုင်းခြားကြောင်း ဟူသည်မှာ အာကာသဓာတ်ပင် ဖြစ်သည်။

     ၂- ဤရုပ် အလုံးစုံတို့သည်လည်း ရူပက္ခန္ဓာတည်း၊ ဤရုပ်များထဲမှ တခု နှစ်ခု စသည် တစိတ်တဒေသည်လည်း ရူပက္ခန္ဓာတည်း-ဟူသော အနက်ကို ''လည်း''-ဟူသော သဒ္ဒါဖြင့် ပြသည်။

     ၃- လောကုတ္တရာ စိတ် စေတသိက်တို့မှာ ဝိပဿနာ မရှုအပ်သောကြောင့် ''လောကီစိတ်တို့နှင့် တကွဖြစ်သော''-ဟု ဆိုသည်။

     ၄- ''၎င်း(ဝေဒနာ)နှင့် ယှဉ်သော''-ဟူသော ဤဝိသေသနပုဒ်ကို ဤအရာ၌ မဆိုလျှင် ဝိညာဏ်အရာ၌ ''၈၁-ပါးသော လောကီစိတ်ဟု ဆိုအပ်သော ဝိညာဏ်သည်''-ဟု အထူးထုတ်ဖော်၍ ဆိုရပေလိမ့်မည်။ ထိုသို့ မဆိုရပဲ သညာ သင်္ခါရ ဝိညာဏ်တို့ကို တန်းတူပြု၍ ပြလိုသောကြောင့် ဤအရာ၌ ဤပုဒ်ကို ဆိုသည်။

၂၃၃

(ယင်း) မဟာဘုတ် ၄-ပါးတို့ကိုမှီ၍ ဖြစ်သော ဥပါဒါရုပ်သာလျှင်တည်း''ဟူ၍ ဤသို့ အကျဉ်းအားဖြင့်သာလျှင် ဤ(မိမိ၏)အတ္တဘော (ခန္ဓာကိုယ်)၌ ရုပ်ကို သိမ်းဆည်း၍, ထို့ပြင် မနာယတနနှင့် ဓမ္မာယတန တစိတ်တဒေသကို နာမ်ဟု သိမ်းဆည်းပြီးလျှင်, ဤဆိုခဲ့သည့်အတိုင်း ဤနာမ်သည်၎င်း ဤရုပ်သည်၎င်း (ရှိ၏)၊ ဤနှစ်ပါးကို နာမ်ရုပ်ဟု ဆိုအပ်သည်ဟူ၍ အကျဉ်းအားဖြင့် နာမ်နှင့် ရုပ်ကို ပိုင်းခြား၏။

နာမ်တရား ထင်ရှားအောင် ရှုနည်း

     ၆၆၉။ ထိုထို (ဓာတ် ၄-ပါးကို ပိုင်းခြားခြင်း အစရှိသော) ရှုနည်းအမြွက်ဖြင့် ရုပ်ကို သိမ်းဆည်းပြီးလျှင် နာမ်ကိုသိမ်းဆည်းသော ထိုယောဂီအား နာမ်သည် သိမ်မွေ့သောကြောင့် အကယ်၍ မထင်ပေါ်ပဲ ရှိငြားအံ့၊ ထိုယောဂီသည် ဝန်ချခြင်း (လက်လျှော့ခြင်း)ကို မပြုမူ၍ ရုပ်ကိုသာလျှင် အဖန်ဖန် သုံးသပ်အပ်၏၊ နှလုံးသွင်းအပ်၏၊ သိမ်းဆည်းအပ်၏၊ ပိုင်းခြားအပ်၏။ မှန်ပေ၏၊ ထို(ယောဂီ)အား ရုပ်သည် အကြင် အကြင် အခြင်းအရာဖြင့် (ရှုလျက်) ကောင်းစွာ ဆေးကြော(သုတ်သင်အပ်)ပြီး ဖြစ်၏၊ အရှုပ်အထွေး မရှိ၊ ကောင်းစွာ ထက်ဝန်းကျင် စင်ကြယ်၏၊ ထိုထို(ရုပ်၌ အသိဉာဏ် သန့်ရှင်း စင်ကြယ်တိုင်းသော) အခြင်းအရာဖြင့် ထိုရုပ်ကို အာရုံပြုသော (ရှုမှု)နာမ်တရားတို့သည် အလိုလိုပင် ထင်ရှားပေါ်လာကုန်၏။

     ဥပမာဖြင့် ထင်စွာပြရလျှင် မျက်စိမြင်သော ယောက်ျားသည် မစင်ကြယ်သော မှန်၌ မျက်နှာအရိပ်ကို ကြည့်လျှင် မျက်နှာအရိပ်သည်


မှတ်ချက်

     ၁- အားထုတ်ခါစ ပုဂ္ဂိုလ်အား ကောင်းစွာ မထင်ပေါ်သေးသော ရုပ်တို့သည် မစင်ကြယ်သည် မည်ကုန်၏။ ရုပ်အမျိုးတူ အချင်းချင်း၎င်း အမျိုးကွဲရုပ်တို့နှင့်၎င်း တစပ်တည်း တဆက်တည်းဖြစ်လျက် ရောယှက်နေသောကြောင့် ရှုပ်ထွေးနေသည် မည်ကုန်၏။ ဉာဏ်ရင့်သောအခါ၌ ကောင်းစွာ ရှင်းရှင်းလင်းလင်း ထင်ပေါ်လာသော ရုပ်တို့သည် သန့်ရှင်းစင်ကြယ်သည် မည်ကုန်၏။ အချင်းချင်း၎င်း, အမျိုးကွဲရုပ်တို့နှင့်၎င်း မရောယှက်သောကြောင့် အရှုပ်အထွေး ကင်းသည် မည်ကုန်၏။ တင်စား၍ဆိုသော စကားပေတည်း။ အမှန်အားဖြင့်မူကား အသိဉာဏ်၏ သန့်ရှင်းစင်ကြယ်ခြင်း, အရှုပ်အထွေးမရှိခြင်းသာတည်း။

၂၃၄

(ထိုသူအား) မထင်ရှားပဲ ရှိ၏၊ သို့သော် ထိုယောက်ျားသည် မျက်နှာအရိပ် မထင်ဟု (စိတ်ပျက်၍) [၂၂၆] မှန်ကို မစွန့်လွှတ်ပေ၊ အမှန်အားဖြင့်သော်ကား ထိုမှန်ကို အဖန်ဖန် ပွတ်တိုက်၏၊ မှန် စင်ကြယ်သောအခါ ထိုယောက်ျား၏ မျက်နှာအရိပ်သည် အလိုလိုပင် ထင်ရှား ပေါ်လာသကဲ့သို့၎င်း။

     တနည်းအားဖြင့် ဆီကို အလိုရှိသောသူသည် နှမ်း မုန့်ညက် (နှမ်းမှုန့်)ကို ဆီဆုံ၌ ထည့်ပြီးလျှင် ရေဖြင့်ဖြန်း၍ တကြိမ် နှစ်ကြိမ် ကြိတ်ကာမျှဖြင့် ဆီမထွက်လာသော်လည်း နှမ်း မုန့်ညက်ကိုကား မစွန့်လွှတ်ပေ၊ အမှန်အားဖြင့်သော်ကား ထိုနှမ်းမုန့်ညက်ကို ရေနွေးဖြင့် အဖန်ဖန် ဖြန်း၍ ဖြန်း၍ နယ်၏၊ ကြိတ်၏၊ ဤသို့ ကြိတ်ခြင်းကို ပြုလတ်သော် ထိုသူအား ကြည်လင်သော နှမ်းဆီသည် ထွက်လာသကဲ့သို့၎င်း။

     တနည်းအားဖြင့် ရေကို ကြည်စေလိုသောသူသည် ခပေါင်းရေကြည်စေ့ကို ကိုင်၍ ရေအိုးထဲ၌ လက်ကိုချ၍ တကြိမ် နှစ်ကြိမ် (အိုး၌) ပွတ်တိုက်သွေးကာမျှဖြင့် ရေမကြည်သေးသော်လည်း ခပေါင်းရေကြည်စေ့ကို မစွန့်လွှတ်ပေ၊ အမှန်အားဖြင့်သော်ကား ထိုခပေါင်းရေကြည်စေ့ကို အဖန်ဖန် (အိုး၌) ပွတ်တိုက်သွေး၏၊ ဤသို့ ပွတ်တိုက်သွေးခြင်းကို ပြုလတ်သော် ထိုသူအား ညွန်-အနည်(အနယ်)သည် ကောင်းစွာထိုင်၏၊ ရေသည် သန့်ရှင်း ကြည်လင်သွားသကဲ့သို့၎င်း။

     ထို့အတူပင် ထိုယောဂီရဟန်းသည် ဝန်ချခြင်း(လက်လျှော့ခြင်း)ကို မပြုမူ၍ ရုပ်ကိုသာလျှင် အဖန်ဖန် သုံးသပ်အပ်၏၊ နှလုံးသွင်းအပ်၏၊ သိမ်းဆည်းအပ်၏၊ ပိုင်းခြားအပ်၏။


မှတ်ချက်

     ၁- တိလ-နှမ်း + ပိဋ္ဌ-မုန့်ညက်- တိလပိဋ္ဌ- နှမ်းမုန့်ညက်။ ထိုပုဒ်ကို ဋီကာ၌ ''တိလပိဋ္ဌန္တိ တိလစုဏ္ဏံ- နှမ်းမုန့်ညက် ဟူသည်ကား နှမ်းမှုန့်ပေတည်း''ဟု ဖွင့်ဦးမည်။ ထို့ကြောင့် ဤ၌ ပုဒ်ရင်း၏ အနက်အတိုင်း နှမ်းမုန့်ညက် ဟူ၍သာ ပြန်ဆို၍ (နှမ်းမှုန့်)ဟူသော ဋီကာအနက်ကိုလည်း သိနိုင်ရန် လက်သည်းကွင်းနှင့် ပြထားသည်။ ဆီပွတ်သောသူသည် ဆီဆုံထဲသို့ နှမ်းလုံးတို့ကိုသာ ထည့်ရသည်၊ နှမ်းမုန့်ညက်- နှမ်းမှုန့်တို့ကို ထည့်ရသည်ကား မဟုတ်ပေ၊ သို့သော် ကြိတ်ချေလိုက်သောအခါ မုန့်ညက်-အမှုန့် ဖြစ်လတံ့ဖြစ်သောကြောင့် ထိုသို့ဆိုသည်ဟု မှတ်ရာ၏။

၂၃၅

မှန်ပေ၏၊ ထိုယောဂီအား ရုပ်သည် အကြင် အကြင် အခြင်းအရာဖြင့် (ရှုလျက်) ကောင်းစွာ ဆေးကြောသုတ်သင်(အပ်)ပြီး ဖြစ်၏၊ အရှုပ်အထွေးမရှိ ကောင်းစွာ ထင်ဝန်းကျင် စင်ကြယ်၏၊ ထိုထို(ရုပ်၌ အသိဉာဏ် သန့်ရှင်း စင်ကြယ်တိုင်းသော) အခြင်းအရာဖြင့် ထိုဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့သည် အနည်(အနယ်)ထိုင်သကဲ့သို့ ငြိမ်ဝပ်ကုန်၏၊ ညွန်-အနည်(အနယ်)၏ အထက်၌ ရေကဲ့သို့ စိတ်သည် ကြည်လင်၏၊ ထိုရုပ်ကို အာရုံပြုသော (ရှုမှု)နာမ်တရားတို့သည် အလိုလိုပင် ထင်ရှားပေါ်လာကုန်၏။

     ဤဆိုခဲ့ပြီးသော ဥပမာတို့နှင့် အတူပင် (၎င်းတို့မှ) တပါးကုန်သော ကြံ(ရည်ညှစ်ခြင်း) ခိုးသူ(ကို အမှုစစ်ခြင်း) နွား(ကို ထမ်းပိုးကျင့်ခြင်း) နို့ဓမ်း(မှ ဆီဦးထုတ်ခြင်း) ငါး(ကို ဟင်းချက်ခြင်း) အစရှိကုန်သော ဥပမာတို့ဖြင့်လည်း ဤဆိုခဲ့သော အနက်ကို ပြအပ် (ပြနိုင်)သေး၏။

နာမ်တရားထင်ပေါ်ပုံ အခြင်းအရာကို ပြဆိုချက်

     ၆၇ဝ။ ဤ ဆိုခဲ့သည့်အတိုင်း ရုပ်ကိုသိမ်းဆည်းမှု ကောင်းစွာ စင်ကြယ်ပြီးသော ထိုယောဂီအား နာမ်တရားတို့သည် ဖဿ၏ အစွမ်းအားဖြင့်သော်၎င်း, ဝေဒနာ၏ အစွမ်းအားဖြင့်သော်၎င်း, ဝိညာဏ်၏ အစွမ်းအားဖြင့်သော်၎င်း (ဤ)သုံးပါးသော အခြင်းအရာတို့(တွင် တပါးပါးသော အခြင်းအရာ)ဖြင့် ထင်ပေါ်ကုန်၏။ အဘယ်သို့နည်းဟူမူ?.. တဦးသော ယောဂီအား ''ပထဝီဓာတ်သည် ခက်မာ ကြမ်းတမ်းခြင်း လက္ခဏာရှိ၏ (ခက်မာကြမ်းတမ်းသော သဘောသည် ပထဝီဓာတ်တည်း)''ဟု ဤသို့


မှတ်ချက်

     ၁- ဥစ္ဆု-စောရ-ဂေါဏ-ဒဓိ-မစ္ဆာဒီဟိ-ဟူသော ပါဠိပုဒ်ရင်းအတိုင်း အတိအကျပြန်လျှင် ကြံ- ခိုးသူ- နွား- နို့ဓမ်း- ငါး အစရှိကုန်သော-ဟူ၍ ဖြစ်ကုန်၏၊ ထိုအတိုင်းဆိုလျှင် နားလည်ရန် ခက်သည်၊ ထို့ကြောင့် အတော်အတန် နားလည်နိုင်စေရန် လက်သည်းကွင်းပိုများဖြင့် အနက်များကိုလည်း ထည့်၍ ပြန်ဆိုထားသည်။

     ၂- ဖဿ၏ အစွမ်း- ဖဿ အလိုအားဖြင့် ထင်သည်-ဟု ဆိုသည်မှာ ဖဿထင်ပေါ်လျှင် ၎င်းနှင့် တပေါင်းတည်းဖြစ်သော နာမ်ခန္ဓာတရား အလုံးစုံပင် ထင်သည်မည်၏၊ ထိုအလုံးစုံကို ရှုခြင်းကိစ္စ ပြီး၏ဟု ဆိုလိုသည်။ ဝေဒနာ ဝိညာဏ်တို့၏ အစွမ်းအားဖြင့် ထင်သည်- ဟူရာတို့၌လည်း နည်းတူပင်တည်း။

၂၃၆

အစရှိသောနည်းဖြင့် ဓာတ်တို့ကို သိမ်းဆည်းလတ် (ရှုလတ်)သော် (ပထဝီဓာတ်စသော အာရုံသို့) ရှေးဦးစွာ ကျရောက်တတ်သော ဖဿ (တွေ့ထိမှု)သည် ထင်ပေါ်၏၊ (ဖဿ ထင်လျှင်) ထိုဖဿနှင့်ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း၊ သညာသည် သညာက္ခန္ဓာတည်း၊ ဖဿနှင့်တကွ စေတနာသည် သင်္ခါရက္ခန္ဓာတည်း၊ စိတ်သည် ဝိညာဏက္ခန္ဓာတည်း၊ ဤသို့ ထင်ပေါ်၏။ ထို့အတူ ဆံပင်၌ ''ပထဝီဓာတ်သည် ခက်မာ ကြမ်းတမ်းခြင်း လက္ခဏာရှိ၏ ။ပ။ ထွက်သက် ဝင်သက်၌ ပထဝီဓာတ်သည် ခက်မာကြမ်းတမ်းခြင်း လက္ခဏာရှိ၏''ဟု ဤသို့ စသည်ဖြင့် သိမ်းဆည်းလတ် (ရှုလတ်)သော် (ပထဝီဓာတ်စသော အာရုံသို့) ရှေးဦးစွာ ကျရောက်တတ်သော ဖဿ (တွေ့ထိမှု)သည် ထင်ပေါ်၏။ (ဖဿ ထင်လျှင်) ထိုဖဿနှင့်ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း ။ပ။ စိတ်သည် ဝိညာဏက္ခန္ဓာတည်း။ ဤသို့ ထင်ပေါ်၏။ ဤဆိုခဲ့သော နည်းဖြင့် နာမ်တရားတို့သည် ဖဿ၏ အစွမ်းအားဖြင့် ထင်ပေါ်ကုန်၏။

     တဦးသော ယောဂီအား ''ပထဝီဓာတ်သည် ခက်မာ ကြမ်းတမ်းခြင်း လက္ခဏာ ရှိ၏''-ဟု ဤသို့ အစရှိသောနည်းဖြင့် ဓာတ်တို့ကို သိမ်းဆည်းလတ် (ရှုလတ်)သော် ထို(ယောဂီဓာတ်စသော) အာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာဟူသော ဝေဒနာက္ခန္ဓာသည် ထင်ပေါ်၏။ (ဝေဒနာထင်လျှင်) ထိုဝေဒနာနှင့်ယှဉ်သော သညာသည် သညာက္ခန္ဓာတည်း၊


မှတ်ချက်

     ၁- ''အစရှိသော''-ဟူသော စကားဖြင့် ''အာပေါဓာတ်သည် ယိုစီးခြင်း လက္ခဏာရှိ၏၊ တေဇောဓာတ်သည် ပူခြင်း လက္ခဏာရှိ၏၊ ဝါယောဓာတ်သည် ထောက်ကန်ခြင်း လက္ခဏာရှိ၏''- ဟူသော အကြွင်းဓာတ်သုံးပါး၌ ရှုနည်း၃-ပါးကို ညွှန်ပြသည်။

     ၂- ဤသို့သောနည်းဖြင့် တပါးသော နာမ်ခန္ဓာအပေါင်းလည်း ထင်သည်သာ မည်၏ဟု ဆိုလိုသည်။ သို့သော် ထိုတပါးသော နာမ်ခန္ဓာတို့ကို ဆင်ခြင်၍ရှုရန် ညွှန်ပြသည်ကား မဟုတ်၊ ထို့ကြောင့်ပင် ''မနသိကရောတိ- နှလုံးသွင်း၏၊ ဥပပရိက္ခတိ- ရှုဆင်ခြင်၏''ဟု ဤသို့ စသည်ဖြင့် မဆိုမူ၍ ''ဥပဋ္ဌာတိ- ထင်ပေါ်၏'' ဟူ၍သာ ဆိုပေသည်။

     ၃- ဤ ပေယျာလအရာ၌ ၄၂-ပါးသော ကောဋ္ဌာသတို့တွင် လောမာ- မွေးညှင်း အစရှိသော ကြွင်းသော ကောဋ္ဌာသ ၄ဝ-ကို မြှုပ်ထားသည်။

၂၃၇

ထိုဝေဒနာနှင့်ယှဉ်သော [၂၂၇] ဖဿသည်၎င်း စေတနာသည်၎င်း သင်္ခါရက္ခန္ဓာတည်း၊ ထိုဝေဒနာနှင့်ယှဉ်သော စိတ်သည် ဝိညာဏက္ခန္ဓာတည်း၊ ဤသို့ ထင်ပေါ်၏။ ထို့အတူ ဆံပင်၌ ''ပထဝီဓာတ်သည် ခက်မာကြမ်းတမ်းခြင်း လက္ခဏာရှိ၏ ။ပ။ ထွက်သက် ဝင်သက်၌ ပထဝီဓာတ်သည် ခက်မာကြမ်းတမ်းခြင်း လက္ခဏာရှိ၏''ဟု ဤသို့ စသည်ဖြင့် သိမ်းဆည်းလတ် (ရှုလတ်)သော် ထို(ပထဝီဓာတ်စသော) အာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာဟူသော ဝေဒနာက္ခန္ဓာသည် ထင်၏ ။ပ။ ထိုဝေဒနာနှင့်ယှဉ်သော စိတ်သည် ဝိညာဏက္ခန္ဓာတည်း၊ ဤသို့ ထင်ပေါ်၏၊ ဤဆိုခဲ့သောနည်းဖြင့် နာမ်တရားတို့သည် ဝေဒနာ၏ အစွမ်းအားဖြင့် ထင်ပေါ်ကုန်၏။

     (ထိုမှ) တပါးသော ယောဂီအား ''ပထဝီဓာတ်သည် ခက်မာကြမ်းတမ်းခြင်း လက္ခဏာရှိ၏''ဟု ဤသို့ အစရှိသော နည်းဖြင့် ဓာတ်တို့ကို သိမ်းဆည်းလတ် (ရှုလတ်)သော် (ပထဝီဓာတ်စသော) အာရုံကို သိတတ်သော ဝိညာဏ်ဟူသော ဝိညာဏက္ခန္ဓာသည် ထင်ပေါ်၏၊ (ဝိညာဏ်ထင်လျှင်) ထိုဝိညာဏ်နှင့်ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း၊ သညာသည် သညာက္ခန္ဓာတည်း၊ ဖဿသည်၎င်း စေတနာသည်၎င်း သင်္ခါရက္ခန္ဓာတည်း၊ ဤသို့ ထင်ပေါ်၏။ ထို့အတူ ဆံပင်၌ ''ပထဝီဓာတ်သည် ခက်မာကြမ်းတမ်းခြင်း လက္ခဏာရှိ၏ ။ပ။ ထွက်သက် ဝင်သက်၌ ပထဝီဓာတ်သည် ခက်မာကြမ်းတမ်းခြင်း လက္ခဏာရှိ၏''ဟု ဤသို့ စသည်ဖြင့် သိမ်းဆည်းလတ် (ရှုလတ်)သော် (ပထဝီဓာတ်စသော) အာရုံကိုသိတတ်သော ဝိညာဏ်ဟူသော ဝိညာဏက္ခန္ဓာသည် ထင်ပေါ်၏၊ (ဝိညာဏ်ထင်လျှင်) ထိုဝိညာဏ်နှင့်ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း၊ သညာသည် သညာက္ခန္ဓာတည်း၊ ဖဿသည်၎င်း စေတနာသည်၎င်း သင်္ခါရက္ခန္ဓာတည်း၊ ဤသို့ ထင်ပေါ်၏။ ဤဆိုခဲ့သော နည်းဖြင့် နာမ်တရားတို့သည် ဝိညာဏ်၏ အစွမ်းအားဖြင့် ထင်ပေါ်ကုန်၏။

     ဤနည်း(ဥပါယ်)ဖြင့်ပင်လျှင် ''ကံကြောင့်ဖြစ်သော ဆံပင်၌ ပထဝီဓာတ်သည် ခက်မာကြမ်းတမ်းခြင်း လက္ခဏာရှိ၏''ဟု ဤသို့ အစရှိသော


မှတ်ချက်

     ၁- ဥပါယ-ဥပါယ်- တစုံတခုသော ကိစ္စ အကျိုးစီးပွါး ပြီးစီးကြောင်း ဖြစ်မြောက်ကြောင်း နည်းလမ်း။ ဤ၌ကား ဖဿစသည်ကို ပဓာနပြုသဖြင့် ကြွင်းသော နာမ်တရားတို့ကို သိမ်းဆည်းမှုပြီးကြောင်း နည်းကို ဆိုသည်။

၂၃၈

နည်းဖြင့် ၄၂-ပါးသော ဓာတ်အဖို့ (ကောဋ္ဌာသ)တို့၌ ဓာတ် ၄-ပါးတို့၏ အစွမ်းအားဖြင့်၎င်း, (ထိုမှ)ကြွင်းသော စက္ခုဓာတ် အစရှိကုန်သော ရုပ်ကို သိမ်းဆည်းကြောင်း မုခ (ပဓာန အာရုံ)တို့၌၎င်း အလုံးစုံသော နည်းအပြားကို အစဉ်လိုက်၍ ယှဉ်ခြင်းကို ပြုအပ်၏။

     ၆၇၁။ ဆက်၍ မှာထားဦးအံ့၊ ဤဆိုခဲ့သည့်အတိုင်း ရုပ်ကို သိမ်းဆည်းမှု ကောင်းစွာ စင်ကြယ်ပြီးသော ယောဂီအားသာလျှင် နာမ်တရားတို့သည် သုံးပါးသော အခြင်းအရာတို့ဖြင့် ထင်ရှား ပေါ်တတ်သောကြောင့် ရုပ်ကိုသိမ်းဆည်းမှု ကောင်းစွာ စင်ကြယ်ပြီးသော ယောဂီသည်သာလျှင် နာမ်ကို သိမ်းဆည်းခြင်းငှါ အားထုတ်အပ်ပေသည်။ ဤမှတပါးသော (ရုပ်ကိုသိမ်းဆည်းမှု ကောင်းစွာ မစင်ကြယ်သေးသော) ယောဂီသည်ကား (နာမ်ကို သိမ်းဆည်းခြင်းငှါ) အားမထုတ်အပ်သေးပေ။ အပြစ်ကား- အကယ်၍ ရုပ်တရား တခု နှစ်ခု ထင်လျှင် ရုပ်ကို စွန့်လွှတ်၍ နာမ်ကိုသိမ်းဆည်းရန် အားထုတ်ငြားအံ့၊ (ထိုသို့ အားထုတ်လျှင်) ပထဝီကသိုဏ်း ဘာဝနာအရာ၌ ဆိုခဲ့ပြီးသော အပြားရှိသော တောင်၌ကျက်စားသော (မကျွမ်းကျင်သော) နွားမကဲ့သို့ပင် (ထိုယောဂီသည်) ကမ္မဋ္ဌာန်းမှ လက်လွတ် ဆုံးရှုံးသွားတတ်၏။ အသင့်အလျော်မှာမူ ရုပ်ကိုသိမ်းဆည်းမှု ကောင်းစွာ စင်ကြယ်ပြီးသည်ဖြစ်၍ နာမ်ကိုသိမ်းဆည်းရန် အားထုတ်သော ယောဂီအား ကမ္မဋ္ဌာန်းသည် တိုးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်တတ်ပေ၏။


မှတ်ချက်

     ၁- စက္ခုဓာတ်ကို ပဓာနပြု၍ သိမ်းဆည်းခြင်းဖြင့် ၎င်းနှင့် တကွဖြစ်သော ရုပ်ပေါင်း ၅၃-ပါးတို့ကို သိမ်းဆည်းပြီး ဖြစ်၏။ ထို့ကြောင့် စက္ခုဓာတ်သည် ရုပ်ပေါင်း ၅၃-ပါးကို သိမ်းဆည်းရာတွင် ပဓာနဖြစ်၍ ရုပ်တို့ကို သိမ်းဆည်းကြောင်း မုခမည်၏။ သောတဓာတ် စသည်တို့၌လည်း နည်းတူပင် သိပါ။

     ၂- အကယ်၍.. အားထုတ်ငြားအံ့-ဟု စပ်ပါ။

     ၃- ရှေ့ခြေ မမြဲသေးမီ နောက်ခြေကို ကြွမိ၍ တောင်မှ လျှောကျကာ သေရသော နွားမသည် မရောက်ဘူးသေးသော အရပ်သို့လည်း မရောက်ရ၊ မိမိ၏ မူလနေရာဟောင်းသို့လည်း ပြန်၍ မရောက်နိုင်၊ နှစ်ဖက်လုံးမှ လက်လွတ် ဆုံးရှုံးသွားသကဲ့သို့ ဖြစ်တတ်သည်-ဟု ဆိုလို၏။

၂၃၉

     ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း ဖဿစသည်တို့၏ အစွမ်းအားဖြင့် ထင်ပေါ်ကုန်သော လေးပါးသော နာမ်ခန္ဓာတို့ကို နာမ်ဟု ပိုင်းခြား၏။ ထိုနာမ်ခန္ဓာတို့၏ အာရုံဖြစ်ကုန်သော လေးပါးသော မဟာဘုတ် ရုပ်တို့ကို၎င်း, ထိုမဟာဘုတ် ၄-ပါးကို မှီ၍ဖြစ်သော ဥပါဒါရုပ်တို့ကို၎င်း ရုပ်ဟု ပိုင်းခြား၏။ ဤဆိုခဲ့သော နည်းဖြင့် ဓာတ် ၁၈-ပါး, အာယတန ၁၂-ပါး, ခန္ဓာငါးပါးဟူသော တေဘူမက (ဘုံသုံးပါး၌ ဖြစ်သော)တရား အလုံးစုံတို့ကိုလည်း သန်လျှက် (ထားဦး)ဖြင့် (သေတ္တာနှင့်တူသော) ကြုတ်(အစ်)ကို [၂၂၈] ဖွင့်လှစ်ဘိသကဲ့သို့၎င်း,


မှတ်ချက်

     ၁- ကြုတ်, အစ်-ဟူသော အမည်များသည် သမုဂ္ဂ-ပုဒ်မှ ဘာသာပြန်ဖြစ်သည်၊ အဖုံးနှင့်အမ အံကျလျက် စေ့နေသော ကြုတ်ဖြစ်စေ, အစ်ဖြစ်စေ တခုတည်းဟု ထင်ရ၏၊ ၎င်းကို ထားဦးဖြင့် ကလပ်၍ ဖွင့်လိုက်သောအခါ အဖုံးနှင့်အမ တခြားစီ ကွဲသွားသကဲ့သို့ နာမ်နှင့်ရုပ် ကွဲပုံကို ဥပမာ ပြသည်။ နိဿယနှင့် မြန်မာပြန်အဟောင်းတို့၌ ယင်း သမုဂ္ဂ-ပုဒ်ကို ပန်းကပ်ဟု ပြန်ဆိုကြ၏။ ယခုကာလ၌ ပန်းကပ်ကို ပုံသဏ္ဌာန်နှင့်တကွ သိသူ အလွန်ပင် ရှားလိမ့်မည်၊ ယင်းပန်းကပ်မှာ ရှေးမင်း မှူးမတ်တို့ ကွမ်းပန်းပေါက်ပေါက်ထည့်၍ သုံးဆောင်သော အသုံးအဆောင် ဖြစ်သည်၊ ၎င်းကို ကွမ်းကလပ်, ပန်းကလပ်, ကွမ်းသိုဟူ၍လည်း ခေါ်သည်ဟု ကဝိမျက်မှန် သတ်ပုံကျမ်း၌ ဖော်ပြထား၏။ ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ သမုဂ္ဂန္တိ မဉ္ဇူသာသဒိသံ မဟာသမုဂ္ဂံ- သမုဂ္ဂံ ဟူသည်ကား သေတ္တာနှင့်တူသော ကြီးစွာသော သမုဂ္ဂကို-ဟု ဖွင့်၏၊ ဤအဖွင့်ဖြင့် သေတ္တာနှင့် တူကြောင်း ကြီးကြောင်းမျှသာ ထင်ရှား၏၊ သေတ္တာမှာလည်း ပုံစံအမျိုးမျိုး ရှိသောကြောင့် သမုဂ္ဂ၏ ပုံသဏ္ဌာန်ကိုကား ဆုံးဖြတ်ရန် ခဲယဉ်း၏၊ အဘိဓာန် နိဿယတို့၌ကား- သမုဂ္ဂ-ပုဒ်ကို ဖာပခြုပ် ပလုံးဟူ၍၎င်း၊ ပန်းကပ် ပန်းတောင်း ကြုတ်ဟူ၍၎င်း ပြန်ဆိုကြ၏။ မူလပဏ္ဏသ မဟာဟတ္ထိပဒေါပမသုတ်အဖွင့် အဋ္ဌကထာ၌ ပေဠာခေါ် သေတ္တာကြီးထဲ၌ သမုဂ္ဂမည်သော အစ်-သေတ္တာငယ် ၅-လုံး ထည့်ထားပုံ၊ ၎င်းသမုဂ္ဂ သေတ္တာငယ်တလုံးထဲ၌ ကရဏ္ဍခေါ် ကြုတ်၄-လုံး ထည့်ထားပုံ၊ ၎င်းကရဏ္ဍ ကြုတ် တလုံး တလုံးထဲ၌ အဝတ်အဆင်တန်းဆာ အမျိုးစုံ ထည့်ထားပုံကို ဥပမာပြ၏။ နဝနိပါတ် သမုဂ္ဂဇာတ်အဖွင့် အဋ္ဌကထာ၌ သမုဂ္ဂ-ပုဒ်ကို ကရဏ္ဍ-ကြုတ်ဟု ဖွင့်၏၊ ဒါနဝဘီလူးသည် သမုဂ္ဂခေါ် ကြုတ်ထဲ၌ မိမိ၏မယား လူမိန်းမကို ထည့်၍ ၎င်းကြုတ်ကိုမျို၍ သွားလေရာ၌ ဆောင်သွားကြောင်း ဖွင့်ပြထား၏။ သို့ဖြစ်၍ သမုဂ္ဂ-ပုဒ်ကို ပန်းကပ် ပန်းတောင်း ကြုတ် အစ်

၂၄၀

အစုံသော ထန်းပင်ပေါက်- ထန်းမြစ်ကို၁ ခွဲဘိသကဲ့သို့၎င်း နာမ်နှင့် ရုပ်ဟူ၍(သာလျှင်) ၂-ပါး အပြားအားဖြင့် ပိုင်းခြား ဆုံးဖြတ်၏။ နာမ်နှင့် ရုပ်မျှထက် အပိုအလွန်ဖြစ်သော (နာမ်ရုပ်မှ) တပါးသော သတ္တဝါသည်၎င်း, ပုဂ္ဂိုလ်သည်၎င်း, နတ်သည်၎င်း, ဗြဟ္မာသည်၎င်း မရှိဟူ၍ ဆုံးဖြတ်ခြင်းသို့ ရောက်လေတော့၏။

များစွာသော သုတ္တန်တို့နှင့် နှီးနှောချက်

     ၆၇၂။ ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း မဖောက်မပြန် မှန်ကန်သော မိမိ၏ သဘောအားဖြင့် နာမ်နှင့်ရုပ်ကို ပိုင်းခြားပြီးလျှင် ''သတ္တဝါ, ပုဂ္ဂိုလ်''ဟူသော ဤလောကဝေါဟာရ အမည်ပညတ်ကိုလည်း သာ၍ ကောင်းစွာ ပယ်ခြင်းအကျိုးငှါ၎င်း, သတ္တဝါ-ဟု တွေဝေသိမှားသော မောဟကို ကျော်လွန်ခြင်း အကျိုးငှါ၎င်း, မတွေမဝေသိသော ဉာဏ်အဆင့်၌ စိတ်ကိုထားခြင်း အကျိုးငှါ၎င်း များစွာသော သုတ္တန်တို့၏ အစွမ်းအားဖြင့် ''ဤအရာသည်ကား (အာရုံဆီသို့ ညွတ်တတ်သော) နာမ်နှင့် (ဖောက်ပြန်တတ်သော အာရုံကိုမသိတတ်သော) ရုပ်မျှသာလျှင်တည်း၊ သတ္တဝါမည်သည် မရှိ၊ ပုဂ္ဂိုလ်မည်သည် မရှိ''ဟူသော ဤအနက်ကို နှီးနှော၍ ပိုင်းခြား ဆုံးဖြတ်၏။ မှန်ပေ၏၊..


မှတ်ချက်

စသည်ဖြင့် ပြန်ဆိုသော အနက်အားလုံးပင် အသင့်ချည်းဟု မှတ်ယူသင့်၏။ သို့သော်လည်း ပန်းကပ်-ခေါ်သော ဝတ္ထုကို ယခုကာလ၌ အသိခက်သောကြောင့်၎င်း, ကြုတ်နှင့် အစ်သည် မဖွင့်မီက တခုတည်းကဲ့သို့ ထင်ရ၍ ဖွင့်လိုက်သောအခါ ၂-ခုကွဲသွားပုံအားဖြင့် ထင်ရှားသိလွယ်သော ဥပမာ ဖြစ်နိုင်သောကြောင့်၎င်း ဤ၌ ကြုတ်, အစ်ဟု ၂-မျိုး ပြန်ဆိုလိုက်ပေသည်။

     ၁- တာလ-ထန်းပင် + ကန္ဒ-အဥ အဖု = တာလကန္ဒ- ထန်းဥ ထန်းဖု။ ထန်းပင်ကြီးများမှာ အဥ အဖုဟူ၍ မရှိ၊ ယခုလူတို့ မီးဖုတ်၍ ပြုတ်၍ စားနေကြသော ထန်းပင်ပေါက်စ ထန်းမြစ်သည်သာလျှင် ထန်းပင်၏ အဥ အဖု ဖြစ်သည်၊ ၎င်းမှာလည်း မခွဲမီက တခုတည်းကဲ့သို့ ဖြစ်နေပေသည်၊ ခွဲလိုက်သောအခါ ၂-ခြမ်းကွဲသွားသည်။ ထို့ကြောင့် ၎င်း တာလကန္ဒ-ပုဒ်ကို ထန်းပင်ပေါက် ထန်းမြစ်-ဟု ဤ၌ ပြန်ဆိုသည်၊ ယခုကာလရှိ နိဿယနှင့် ဘာသာပြန်တို့၌ ထန်းဖူးညှောက်ဟု ရှိ၏။ ကန္ဒ-ပုဒ်ကို အဖုအညှောက်-ဟု ယူဆပြီးလျှင် ထန်းဖုညှောက်-ဟု မူလက ရေးခဲ့ဟန် ရှိပေသည်။ ကန္ဒသဒ္ဒါသည် အဖူးကိုကား မဟောနိုင်။

၂၄၁

''(ဝင်ရိုး ရထားဘီး အစရှိသော) အစိတ်အပိုင်း အဆောက်အဦအပေါင်း ရှိသောကြောင့် ရထားဟူသော အမည်သဒ္ဒါသည် ဖြစ်သကဲ့သို့ ဤအတူပင် (ငါးပါးသော) ခန္ဓာတို့ရှိလျှင် သတ္တဝါဟူသော အမည်ပညတ်သည် ဖြစ်၏''-ဟူသော..

ဤစကားကို (ဝဇိရာ အမည်ရှိသော ထေရီမသည်) ဟောခဲ့ပေ၏။

ထိုမှတပါးလည်း..

''ငါ့ရှင်တို့၊ ဥပမာအားဖြင့် သစ်သားကိုလည်း စွဲမှီ၍ နွယ်ကိုလည်း စွဲမှီ၍ မြေညက်ကိုလည်း စွဲမှီ၍ သက်ကယ်မြက်ကိုလည်း စွဲမှီ၍ (၎င်းတို့ကို အတွင်းအပမှ) ဝန်းရံလျက် တည်သော ဟင်းလင်းပြင် အာကာသသည် အိမ်ဟူ၍ သာလျှင် ရေတွက် (ခေါ်ဝေါ်)အပ်သည်၏ အဖြစ်သို့ ရောက်၏၊ ငါ့ရှင်တို့၊ ဤအတူပင်လျှင် အရိုးကိုလည်း စွဲမှီ၍ အကြောကိုလည်း စွဲမှီ၍ အသားကိုလည်း စွဲမှီ၍ အရေကိုလည်း စွဲမှီ၍ (၎င်းတို့ကို အတွင်းအပမှ) ဝန်းရံလျက် တည်သော ဟင်းလင်းပြင် အာကာသသည် ရုပ်ကိုယ်ဟူ၍ ရေတွက် (ခေါ်ဝေါ်)အပ်သည်၏ အဖြစ်သို့ ရောက်၏''-ဟူသော..

ဤစကားကို (အရှင်သာရိပုတြာမထေရ်သည်) ဟောတော်မူခဲ့ပေ၏။

ထိုမှတပါးလည်း..

''ဆင်းရဲသည်သာလျှင် ဖြစ်ပေါ်လာ၏၊ ဆင်းရဲသည်သာလျှင် တည်လျက် ရှိ၏၊ ဆင်းရဲသည်သာလျှင် ပျက်စီး ကွယ်ပျောက်၏၊ ဆင်းရဲမှတပါး (တစုံတခုမျှ) မဖြစ်ပေါ်လာချေ၊ ဆင်းရဲမှတပါး (တစုံတခု မျှ) မချုပ်မပျက်ချေ''-ဟူသော..

ဤစကားကို (ဝဇိရာ အမည်ရှိသော ထေရီမပင်) ဟောခဲ့ပေ၏။

နာမ်ရုပ်ကို ဥပမာတို့ဖြင့် ပြခြင်း

     ၆၇၃။ ဤသို့လျှင် အရာမကသော သုတ်တို့ဖြင့် နာမ်နှင့် ရုပ်ကိုသာလျှင် ပြ၏၊ သတ္တဝါကိုကား မပြ၊ ပုဂ္ဂိုလ်ကိုလည်း မပြ။ ထို့ကြောင့် ဥပမာအားဖြင့်- ဝင်ရိုး ရထားဘီး ရထားအိမ် ရထားသံ အစရှိကုန်သော အစိတ်အပိုင်း အဆောက်အဦတို့သည် တခုတည်း တပေါင်းတည်းသော

၂၄၂

အခြင်းအရာဖြင့် ကောင်းစွာ တည်နေကုန်လတ်သော် ရထားဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏၊ စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား တခုစီ တခုစီသော အစိတ်အပိုင်းကို ကြည့်ရှုဆင်ခြင်လျှင် ရထား မည်သည် မရှိသကဲ့သို့၎င်း။

     သစ်သား အစရှိကုန်သော အိမ်၏အဆောက်အဦတို့သည် တခုတည်း တပေါင်းတည်းသော အခြင်းအရာဖြင့် ဟင်းလင်းပြင်အရပ်ကို ကာရံ၍ တည်ကုန်လတ်သော် အိမ်ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏၊ စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား (တခုစီ တခုစီသော အစိတ်အပိုင်းကို ကြည့်ရှုဆင်ခြင်လျှင်) အိမ်မည်သည် မရှိသကဲ့သို့၎င်း။

     လက်ချောင်း လက်မ စသည်တို့သည် တခုတည်း တပေါင်းတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော် လက်သီးဆုပ်ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။ စောင်းခွက် စောင်းညှို့ စသည်တို့သည် (တခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) စောင်းဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။ ဆင်တပ် မြင်းတပ် စသည်တို့သည် (တခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) စစ်တပ်-ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။ [၂၂၉] မြို့ရိုး တံတိုင်း အိမ် တံခါးမုခ် စသည်တို့သည် (တခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) မြို့ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။ ပင်လုံး အကိုင်း အခက် အရွက်တို့သည် တခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော် သစ်ပင်ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။ စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား တခုစီ တခုစီသော အစိတ်အပိုင်းကို ကြည့်ရှုဆင်ခြင်လျှင် သစ်ပင်မည်သည် မရှိသကဲ့သို့၎င်း၊ ဤအတူပင် ဥပါဒါနက္ခန္ဓာတို့ရှိလျှင် သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏၊ စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား တခုစီ တခုစီသော သဘောတရားကို ရှုဆင်ခြင်လျှင် အသ္မိ-(ငါ) ဖြစ်သည်-ဟူ၍၎င်း, အဟံ-ငါဟူ၍၎င်း


မှတ်ချက်

     ၁- အသ္မိ-ဖြစ်သည်-ဟူသော စကားဖြင့် မာနစွဲကို ပြ၏၊ ငါဖြစ်သည်-ဟု ဆိုရာ၌ ဖြစ်သည်ဟူသော စကားဖြင့် တတ်သည် သိသည် မြတ်သည် ပြည့်စုံသည် စသည်ဖြင့် ဂုဏ်ယူ၍ မာနထောင်လွှားသော ကြိယာပုဒ်အားလုံးကို

၂၄၃

စွဲလမ်းခြင်း (ဂါဟ)၏ တည်ရာဖြစ်သော သတ္တဝါမည်သည် မရှိချေ၊ စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့်မူကား နာမ်နှင့် ရုပ်မျှသာလျှင် ရှိသည်ဟု မြင်၏။ ဤသို့မြင်သော ယောဂီ၏ အမြင်သည် ဟုတ်တိုင်းမှန်စွာ မြင်သော ဉာဏ်အမြင် (အမြင်မှန်)မည်၏။

     ၆၇၄။ အကြင်သူသည်ကား ဤဆိုခဲ့သော ဟုတ်တိုင်းမှန်စွာမြင်သော ဉာဏ်အမြင်ကို ပယ်၍ ''သတ္တဝါသည် စင်စစ်ရှိ၏''ဟု ယူ၏၊ ထိုသူသည် ထို(သတ္တဝါဟူသော အတ္တကောင်)၏ ပျက်စီးခြင်းကိုသော်၎င်း, မပျက်စီးခြင်းကိုသော်၎င်း (တခုခုကို) ခွင့်ပြု(လက်ခံ)ရာ၏။ မပျက်စီးခြင်းကို လက်ခံလျှင် သဿတ-တည်မြဲအယူ၌ ကျရောက်၏၊ ပျက်စီးခြင်းကို လက်ခံလျှင် ဥစ္ဆေဒ-ပြတ်စဲအယူ၌ ကျရောက်၏။ အဘယ့်ကြောင့်နည်းဟူမူ? နို့ရည်၏နောက်လိုက် (အကျိုး)ဖြစ်သော နို့ဓမ်းသည် (နို့ရည်ပျက်သွားသောအခါ) ကျန်ရှိနေသကဲ့သို့ ထိုအတ္တ၏ နောက်လိုက် (အကျိုး)ဖြစ်သော တခြားတပါးသော ဝတ္ထုသည် (၎င်းအတ္တ ပျက်စီးသွားသောအခါ) ကျန်လျက် မရှိရစ်သောကြောင့်တည်း။ ထိုသူသည်


မှတ်ချက်

သိမ်းယူအပ်၏။ အဟံ-ငါဟူသော စကားဖြင့်ကား ဒိဋ္ဌိစွဲ တဏှာစွဲကို ပြသည်ဟု ယူအပ်၏။

     ၁- တခုခုကို ခွင့်ပြုရပေလိမ့်မည်၊ လက်ခံရပေလိမ့်မည်၊ ခွင့်မပြုပဲ လက်မခံဘဲ ငြင်းပယ်နေရန် မဖြစ်နိုင်ဟု ဆိုလို၏။

     ၂- သတ္တဝါဟု ခေါ်သော အတ္တကောင်သည် ပျက်စီးခြင်းမရှိပဲ တဘဝမှ တဘဝသို့ ပြောင်းရွှေ့ ကျင်လည်နေသည်ဟု ယူလျှင် သဿတဒိဋ္ဌိ- တည်မြဲပင် တည်ရှိနေသည်ဟူသော အယူ၌ ကျရောက်၏။

     ၃- သတ္တဝါသည် သေသောအခါ လုံးလုံး ပျက်စီးသွားသည်ဟု ယူလျှင် ဥစ္ဆေဒဒိဋ္ဌိ- အကြွင်းမဲ့ ပြတ်စဲသွားသည်ဟူသော အယူ၌ ကျရောက်၏၊ အကြောင်းမူကား ထိုအယူ၌ သေသွားသောအခါ အတ္တ၏အရှိန်အဝါ တစုံတရာမျှ မကျန်ပဲ လုံးလုံးလျားလျား ပျောက်ပျက်သွားသည်ဟု ယူဆသောကြောင့်တည်း။ သမ္မာဒိဋ္ဌိအယူ၌ကား သတ္တဝါဟု ခေါ်သော လက်ရှိ ရုပ်နာမ်အစဉ် ပျက်စီး၍ သေသွားသောအခါ အတ္တကောင် မရှိသော်လည်း တဏှာမကင်း သေးလျှင် မိမိပြုထားသော ကံ၏ အစွမ်းကြောင့် ရုပ်နာမ်အသစ် ဖြစ်ပေါ်လျက် ဘဝသစ် ဆက်၍ ဖြစ်သွားသည်ဟု ယူဆ၏၊ ထို့ကြောင့်

၂၄၄

''သတ္တဝါ တည်မြဲ တည်ရှိနေသည်''ဟု ယူလျှင် တွန့်ဆုတ်နေသည် မည်၏၊ ''ပြတ်စဲသွားသည်''ဟု ယူလျှင် ကျော်လွန်၍သွားသည် မည်၏။ ထို့ကြောင့် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်-

ရဟန်းတို့၊ နတ်နှင့် လူတို့သည် နှစ်ပါးသော မိစ္ဆာအယူတို့ဖြင့် လွှမ်းမိုး နှိပ်စက် ခံရကုန်သည်ဖြစ်၍ အချို့က တွန့်ဆုတ်နေကုန်၏၊ အချို့က ကျော်လွန်၍ သွားကုန်၏၊ (ဉာဏ်)မျက်စိရှိသော သူတို့သည်သာလျှင် မြင်ကုန်၏။

ရဟန်းတို့၊ အချို့က အဘယ်သို့ တွန့်ဆုတ်နေကုန်သနည်းဟူမူ? ရဟန်းတို့၊ နတ်နှင့် လူတို့သည် ဘဝလျှင် မွေ့လျော်ရာ ရှိကုန်၏၊ ဘဝ၌ ပျော်မွေ့ကုန်၏၊ ဘဝ၌ (ဘဝဖြင့်) ဝမ်းမြောက် ကျေနပ်နေကုန်၏။ ထိုနတ်တို့အား ဘဝချုပ်ရန်အလို့ငှါ တရားကို ဟောသည်ရှိသော် (၎င်းနတ်လူတို့၏) စိတ်သည် (တရား၌) မဝင်စား,


မှတ်ချက်

ဥစ္ဆေဒအယူ၌လည်း မကျရောက်၊ ဤဘဝမှ အတ္တကောင် အသက်ကောင်သည်ပင် တခြားဘဝသို့ ပြောင်းသွားသည်ဟု မယူမူ၍ ''ကံ၏ အစွမ်းကြောင့် ရုပ်နာမ်အသစ် ဖြစ်သွားသည်'' ဟူ၍သာ ယူသောကြောင့် သဿတအယူ၌လည်း မကျရောက်၊ မျက်မှောက်ဘဝတွင် အသက်ရှင်စဉ်၌လည်း ရုပ်နာမ်အစဉ်မျှသာ ရှိသည်၊ ပုဂ္ဂိုလ်သတ္တဝါ အတ္တကောင်ဟူ၍ စင်စစ်အားဖြင့် မရှိ၊ သေသောအခါ၌လည်း တဏှာမကင်းသေးလျှင် အကြောင်းကံကြောင့် ရုပ်နာမ်အသစ်ဖြစ်လျက် ရုပ်နာမ်အစဉ်မျှသာ ဆက်လက်၍ ဖြစ်သွားသည်၊ ပုဂ္ဂိုလ် သတ္တဝါ အတ္တကောင် ရွှေ့ပြောင်းသွားသည် မဟုတ်၊ တဏှာကင်းသော ဘုရား ရဟန္တာမှာလည်း ပရိနိဗ္ဗာန်ပြုသောအခါ အကြောင်းမရှိသောကြောင့် ရုပ်နာမ်အသစ် မဖြစ်ပေါ်လာပဲ ရုပ်နာမ်အစဉ် ပြတ်စဲသွားရုံမျှသာ ဖြစ်သည်၊ ပုဂ္ဂိုလ် သတ္တဝါ အတ္တကောင် ပျောက်ပျက်သွားသည် မဟုတ်ဟု မှန်ကန်စွာ ယူဆသောကြောင့် မဇ္ဈိမပဋိပဒါ သမ္မာဒိဋ္ဌိ၌ တည်ပေသည်။

     ၁- ကိလေသာ ကင်းလျှင် ကံက အကျိုးမပေးနိုင်သောကြောင့် ဘဝသစ် ရုပ်နာမ် မဖြစ်ပေါ်ရတော့ပဲ ရုပ်နာမ်အစဉ်ဟူသော ဆင်းရဲမျှသာ ငြိမ်းသွားသည်ဟု ဤသို့သာလျှင် ယူသင့်ပါလျက် ထိုယူသင့်သည်ကို ကျော်လွန်၍ ကိလေသာ မကင်းသေးပါပဲ ထိုထိုဘဝမှ သေရုံမျှဖြင့် ဘဝချုပ်ငြိမ်းသည်ဟု ယူသောကြောင့် အတိဓာဝန- ကျော်လွန်သွားသည် မည်၏။

၂၄၅

မကြည်လင် (မယုံကြည်), ကောင်းစွာမတည်, နှလုံးမသွင်း။ ရဟန်းတို့၊ ဤသို့ပင်လျှင် အချို့က တွန့်ဆုတ်နေကုန်၏။

ရဟန်းတို့၊ အချို့က အဘယ်သို့ ကျော်လွန်၍ သွားကုန်သနည်းဟူမူ? အချို့သော နတ်လူတို့သည် ဘဝဖြင့်ပင်လျှင် နှိပ်စက် ခံရကုန်သကဲ့သို့ (ဆင်းရဲကုန်သည်)ဖြစ်၍, ရှက်ကုန်သည် စက်ဆုပ် ရွံရှာကုန်သည်ဖြစ်၍ ဘဝကင်း ပြတ်ခြင်းကို နှစ်သက် လိုလားကုန်၏၊ ''အချင်းတို့၊ အကြင်အခါ၌ ဤအတ္တကောင်သည် ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် (ပျက်စီးလျှင်) ပြတ်စဲသွား၏၊ ပျက်စီးသွား၏၊ သေသည်မှ နောက်၌ မရှိတော့ချေ၊ ဤပြတ်စဲခြင်း ပျက်စီးခြင်း မရှိခြင်းသည် ငြိမ်းအေးပေ၏၊ ဤပြတ်စဲခြင်း ပျက်စီးခြင်း မရှိခြင်းသည် ကောင်းမြတ်ပေ၏၊ ဤပြတ်စဲခြင်း ပျက်စီးခြင်း မရှိခြင်းသည် မဖောက်မပြန် မှန်ကန်ပေ၏''-ဟု ဤသို့ နှစ်သက် လိုလားကုန်၏။ ရဟန်းတို့၊ ဤသို့ပင်လျှင် အချို့က ကျော်လွန်သွားကုန်၏။

ရဟန်းတို့၊ အဘယ်သို့လျှင် (ဉာဏ်)မျက်စိရှိသော သူတို့သည် မြင်ကုန်သနည်းဟူမူ? ရဟန်းတို့၊ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်သော (ခန္ဓာငါးပါး)တရားကို ဖြစ်ပေါ်သော တရားဟု မြင်၏၊ ဖြစ်ပေါ်သော တရားကို ဖြစ်ပေါ်သော တရားဟု မြင်ပြီး၍ ဖြစ်ပေါ်သော (ခန္ဓာငါးပါး)တရား၌ ငြီးငွေ့ခြင်းငှါ တပ်မက်ကင်းခြင်းငှါ (ထိုတရား၏) ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ ရဟန်းတို့ ဤသို့ပင်လျှင် (ဉာဏ်)မျက်စိရှိသော သူတို့သည် မြင်ကုန်၏-ဟု

ဟောတော်မူပေ၏။

     [၂၃၈] ၆၇၅။ ထို့ကြောင့် ဥပမာအားဖြင့်- သစ်သားစက် (ယန္တရား)ရုပ်သည် အတ္တမှ ဆိတ်သုဉ်း၏ အသက်မရှိ အားထုတ်မှု ဗျာပါရမရှိ၊ သို့သော်လည်း သစ်သားနှင့် ကြိုးတို့၏ စပ်ယှဉ် ဆက်သွယ်သည်၏ အစွမ်းအားဖြင့် သွားလည်း သွား၏၊ ရပ်လည်း ရပ်၏၊ အားထုတ်မှု ရှိသကဲ့သို့ ကြောင့်ကြစိုက်မှု ဗျာပါရ ရှိသကဲ့သို့ပင် ထင်ရ၏၊ ထို့အတူပင် ဤနာမ်နှင့် ရုပ်သည်လည်း အတ္တမှ ဆိတ်သုဉ်း၏ အသက်မရှိ အားထုတ်မှု ဗျာပါရမရှိ၊ သို့သော်လည်း နာမ်နှင့်ရုပ် အချင်းချင်း စပ်ယှဉ် ဆက်သွယ်သည်၏

၂၄၆

အစွမ်းအားဖြင့် သွားလည်း သွား၏၊ ရပ်လည်း ရပ်၏၊ အားထုတ်မှု ရှိသကဲ့သို့ ကြောင့်ကြစိုက်မှု ဗျာပါရ ရှိသကဲ့သို့ပင် ထင်ရ၏-ဟူ၍ မှတ်အပ်ပေ၏။ ထို့ကြောင့် ရှေးဆရာတို့သည်-

''နာမ်သည်၎င်း, ရုပ်သည်၎င်း ဤလောက၌ အမှန်အားဖြင့် ရှိပေ၏၊ ဤနာမ်ရုပ် နှစ်ပါးထဲ၌ သတ္တဝါသည်၎င်း, လူသည်၎င်း မရှိပေ။ ဤနာမ်ရုပ်သည် သစ်သားနှင့် ကြိုးတို့ဖြင့် ပြုလုပ်ထားသော စက်ရုပ်ကဲ့သို့ပင် အတ္တမှ ဆိတ်သုဉ်း၏၊ ဆင်းရဲ၏ အစုအပုံမျှသာတည်း၊ (အတ္တမှ ဆိတ်သုဉ်းသောအားဖြင့်) မြက်ပင် သစ်သားတို့နှင့်သာ တူပေ၏''-ဟု မိန့်ဆိုကုန်၏။

     ဤ (နာမ်နှင့် ရုပ်)ကို သစ်သားစက်ရုပ်ဥပမာ သက်သက်ဖြင့်သာလျှင် ထင်ရှားပြအပ်သည် မဟုတ်သေး၊ ထိုမှ တပါးသော ကျူစည်း အစရှိသော ဥပမာတို့ဖြင့်လည်း ပြအပ်သေး၏၊ ပြပုံကား.. နှစ်ခုသော ကျူစည်းတို့သည် အချင်းချင်း မှီကုန်၍ ထောင်လျက် တည်တုံလတ်သော် တခု(သော ကျူစသည်း)သည် (အခြား) တခု(သော ကျူစည်း)၏ အထောက်အပံ့ ဖြစ်၏၊ တခုသော ကျူစည်း လဲကျလတ်သော် အခြား ကျူစည်းသည်လည်း လဲကျလေတော့သကဲ့သို့ ထို့အတူပင် ပဉ္စဝေါကာရ (ခန္ဓာငါးပါးရှိသော) ဘဝ၌ နာမ်နှင့် ရုပ်သည် အချင်းချင်း မှီ၍ ဖြစ်နေ၏၊ တခုသည် တခု၏ အထောက်အပံ့ ဖြစ်၏၊ သေသည်၏ အစွမ်းအားဖြင့် တခုပျက်ကျလတ်သော် အခြား တခုသည်လည်း ပျက်ကျလေတော့၏။ ထို့ကြောင့် ရှေးဆရာတို့သည်-

''နာမ်နှင့် ရုပ်သည် စုံတွဲတည်း၊ ၎င်း နှစ်ပါးတို့သည် အချင်းချင်းကို မှီကုန်၏။ တပါးပျက်လတ်သော် (အချင်းချင်း၏)အကြောင်း ဖြစ်ကုန်သောကြောင့် နှစ်ပါးလုံးပင် ပျက်ကုန်၏''-ဟု မိန့်ဆိုကုန်၏။


မှတ်ချက်

     ၁- အကြောင်းဖြစ်ကုန်သောကြောင့် ဟူသော ဤပုဒ်သည် ပစ္စယာ-ဟူသော ပုဒ်၏ ဘာသာပြန် ဖြစ်သည်။ ယခု ဋီကာစာအုပ်တို့၌ ပစ္စယာ ဟောန္တာပိဟု ရှိ၏၊ ထိုအလိုအားဖြင့် အချင်းချင်း၏အကြောင်း ဖြစ်ကုန်သော်လည်း

၂၄၇

     ၆၇၆။ တနည်း ဥပမာကား.. လက်ခတ်ဒုတ်ဖြင့် တီးခေါက်(အပ်)သော စည်ကို မှီ၍ အသံသည် ဖြစ်လတ်သော် စည်ကား တခြား, အသံကား တခြား, စည်နှင့် အသံတို့သည် မရောနှောကုန်၊ စည်သည် အသံမှ ဆိတ်သုဉ်း၏၊ အသံသည်လည်း စည်မှ ဆိတ်သုဉ်း၏၊ ထို့အတူပင် ''ဝတ္ထုဒွါရနှင့် အာရုံ''ဟု ဆိုအပ်သော ရုပ်ကိုမှီ၍ နာမ်သည် ဖြစ်လတ်သော် ရုပ်ကား တခြား, နာမ်ကား တခြား, နာမ်နှင့် ရုပ်တို့သည် မရောနှောကုန်၊ နာမ်သည် ရုပ်မှ ဆိတ်သုဉ်း၏၊ ရုပ်သည်လည်း နာမ်မှ ဆိတ်သုဉ်း၏။ သို့သော်လည်း စည်ကိုမှီ၍ အသံသည် ဖြစ်ပေါ်လာသကဲ့သို့ ရုပ်ကိုမှီ၍ နာမ်သည် ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ရှေးဆရာတို့သည်-

''(မြင်တွေ့မှု) ဖဿလျှင် ငါးခုမြောက်ရှိသော မြင်သိမှုဆိုင်ရာ နာမ်တရားတို့သည် မျက်စိမှ ဖြစ်ပေါ်လာသည် မဟုတ်ကုန်၊ အဆင်းမှ ဖြစ်ပေါ်လာသည်လည်း မဟုတ်ကုန်၊ မျက်စိနှင့် အဆင်း နှစ်ပါးတို့၏အကြားမှ ဖြစ်ပေါ်လာသည်လည်း မဟုတ်ကုန်၊ အညီအညွတ် ပေါင်းစု၍ ပြုအပ်သော (မြင်သိမှုဆိုင်ရာ) သင်္ခတတရားတို့သည် (မျက်စိ, အဆင်း, အရောင်အလင်း, နှလုံးသွင်းမှု အစရှိသော) အကြောင်းတရားကို စွဲမှီ၍ ဖြစ်ပေါ်ကုန်၏၊ ဥပမာအားဖြင့် တီးခေါက်(အပ်)သော စည်၏ အသံဖြစ်ပေါ်လာပုံနှင့် တူပေ၏။

[၂၃၁] (ကြားတွေ့မှု) ဖဿလျှင် ငါးခုမြောက်ရှိသော ကြားသိမှုဆိုင်ရာ နာမ်တရားတို့သည် နားမှ ဖြစ်ပေါ်လာသည် မဟုတ်ကုန်၊


မှတ်ချက်

နာမ်နှင့် ရုပ်တို့တွင် တခုပျက်လျှင် ၂-ပါးလုံး ပျက်ကုန်၏ဟု ပြန်ရလိမ့်မည်။ အနက်အဓိပ္ပါယ် မရှင်း။ အချင်းချင်း အကြောင်းဖြစ်၍ အချင်းချင်း မှီနေရသော တရားတခုပျက်လျှင် အခြားတခုလည်း မှီရာအကြောင်း မရှိသောကြောင့် ပျက်လေတော့သည်ဟူသော အနက်သာလျှင် ထင်ရှားပေသည်။ ထို့ကြောင့် ပစ္စယာ-ပုဒ်ကို ဟေတုမန္တ ဝိသေသနယူ၍ အချင်းချင်း၏ အကြောင်းဖြစ်ကုန်သောကြောင့်ဟု ပြန်ဆိုထားသည်။ ဋီကာ၌လည်း ပိ-သဒ္ဒါမပါပဲ ပစ္စယာ ဟောန္တာ-ဟူ၍သာ ရှိသင့်သည်။

     ၁- ဖဿလျှင် ငါးခုမြောက်ရှိသော နာမ်တရားတို့ ဟူသည်မှာ- ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ်-ဟူသော ဤတရားတို့ပင် ဖြစ်သည်။

၂၄၈

အသံမှ ဖြစ်ပေါ်လာသည်လည်း မဟုတ်ကုန်၊ နားနှင့်အသံ နှစ်ပါးတို့၏ အကြားမှ ဖြစ်ပေါ် လာသည်လည်း မဟုတ်ကုန် ။ပ။

(နံတွေ့မှု) ဖဿလျှင် ငါးခုမြောက်ရှိသော နံသိမှုဆိုင်ရာ နာမ်တရားတို့သည် နှာခေါင်းမှ ဖြစ်ပေါ်လာသည် မဟုတ်ကုန်၊ အနံ့မှ ဖြစ်ပေါ်လာသည်လည်း မဟုတ်ကုန်၊ နှာခေါင်းနှင့် အနံ့ နှစ်ပါးတို့၏ အကြားမှ ဖြစ်ပေါ်လာသည်လည်း မဟုတ်ကုန် ။ပ။

(လျက်တွေ့မှု) ဖဿလျှင် ငါးခုမြောက်ရှိသော လျက်သိမှုဆိုင်ရာ နာမ်တရားတို့သည် လျှာမှ ဖြစ်ပေါ်လာသည် မဟုတ်ကုန်၊ အရသာမျှ ဖြစ်ပေါ်လာသည်လည်း မဟုတ်ကုန်၊ လျှာနှင့် အရသာ နှစ်ပါးတို့၏ အကြားမှ ဖြစ်ပေါ်လာသည်လည်း မဟုတ်ကုန် ။ပ။

(ထိတွေ့မှု) ဖဿလျှင် ငါးခုမြောက်ရှိသော ထိသိမှုဆိုင်ရာ နာမ်တရားတို့သည် ကိုယ်မှ ဖြစ်ပေါ်လာသည် မဟုတ်ကုန်၊ အတွေ့မှ ဖြစ်ပေါ်လာသည်လည်း မဟုတ်ကုန်၊ ကိုယ်နှင့် အတွေ့ နှစ်ပါးတို့၏ အကြားမှ ဖြစ်ပေါ်လာသည်လည်း မဟုတ်ကုန် ။ပ။

အညီအညွတ် ပေါင်းစု၍ ပြုအပ်သော (ကြံသိမှုဆိုင်ရာ) သင်္ခတတရားတို့သည် နှလုံးရုပ်မှ ဖြစ်ပေါ်လာသည် မဟုတ်ကုန်၊ သဘောအာရုံဟူသော ဓမ္မာယတနတို့မှ ထွက်ပေါ်လာသည်လည်း မဟုတ်ကုန်၊ အညီအညွတ် ပေါင်းစု၍ ပြုအပ်သော (ကြံသိမှုဆိုင်ရာ) သင်္ခတတရားတို့သည် (နှလုံး, သဘောအာရုံ, နှလုံးသွင်းမှုစသော) အကြောင်းကို စွဲမှီ၍ ဖြစ်ပေါ်လာကုန်၏။ ဥပမာအားဖြင့် တီးခေါက်အပ်သော စည်၏ အသံဖြစ်ပေါ်လာပုံနှင့် တူပေ၏''-ဟု

မိန့်ဆိုကုန်၏။

     ၆၇၇။ တနည်းအားဖြင့် ဤနာမ်ရုပ်နှစ်ပါးတို့တွင် နာမ်သည် တန်ခိုးအစွမ်းသတ္တိ မရှိ၊ မိမိ၏ တန်ခိုးအစွမ်းအားဖြင့် ဖြစ်ခြင်းငှါ မစွမ်းနိုင်၊ မစားတတ် မသောက်တတ် မပြောဆိုတတ် သွားခြင်းစသော ဣရိယာပုထ်ကို


မှတ်ချက်

     ၁- ဤပေယျာလများကို မြင်သိမှုဆိုင်ရာ အပိုဒ်၌ကဲ့သို့ ဖော်ပါ၊ မြင်သိမှုအရာ၌ ကြားသိမှု စသည်ကို ပြောင်းလဲထည့်ရုံမျှသာ ထူးသည်။

၂၄၉

မပြုတတ်။ ရုပ်သည်လည်း တန်ခိုးအစွမ်းသတ္တိ မရှိ၊ မိမိ၏ တန်ခိုးအစွမ်းဖြင့် ဖြစ်ခြင်းငှါ မစွမ်းနိုင်၊ ၎င်းရုပ်မှာ စားလိုခြင်း မရှိ၊ သောက်လိုခြင်း မရှိ၊ ပြောဆိုလိုခြင်း မရှိ၊ သွားခြင်းသော ဣရိယာပုထ်ကို ပြုလိုခြင်း မရှိ။ စင်စစ်သော်ကား နာမ်ကိုမှီ၍ ရုပ်သည် ဖြစ်နေ၏။ ရုပ်ကိုမှီ၍ နာမ်သည် ဖြစ်နေ၏။ နာမ်၏ စားလိုခြင်းသည်၎င်း သောက်လိုခြင်းသည်၎င်း ပြောဆိုလိုခြင်းသည်၎င်း ဣရိယာပုထ်ကို ပြုလိုခြင်းသည်၎င်း ဖြစ်လတ်သော် ရုပ်သည် စား၏ သောက်၏ ပြောဆို၏ ဣရိယာပုထ်ကို ပြု၏။

     ဤအနက်ကို ထင်ရှားပြရန်အတွက် ဤဆိုလတံ့သော ဥပမာကို ထုတ်ဆောင်ပြကုန်၏၊ ပြပုံကား- သူကန်းနှင့် သူဆွံ့တို့သည် တစုံတခုသော အရပ်သို့ ခရီးသွားလိုလျက် ရှိကုန်ရာ၏၊ သူကန်းသည် သူဆွံ့ကို ဤသို့ပြော၏။ ''အချင်း မောင်ဆွံ့၊ ငါသည် ခြေဖြင့်ပြုအပ်သော သွားခြင်းကိစ္စကို ခြေတို့ဖြင့် ပြုနိုင်ပါ၏၊ သို့သော် ညီညွတ်သောအရာ မညီညွှတ်သောအရာကို မြင်နိုင်သော မျက်စိတို့ကား ငါ့မှာ မရှိပါ''ဟု ပြော၏၊ သူဆွံ့သည်လည်း သူကန်းကို ဤသို့ ပြန်ပြော၏၊ ''အချင်း မောင်ကန်း၊ ငါသည် မျက်စိဖြင့်ပြုအပ်သော ကြည့်ရှုခြင်း မြင်ခြင်းကိစ္စကို မျက်စိဖြင့် ပြုနိုင်ပါ၏၊ သို့သော် သွားနိုင် ပြန်နိုင်သော ခြေတို့ကား ငါ့မှာ မရှိပါ''ဟု ပြန်ပြော၏။ ထိုသူကန်းသည် ဝမ်းမြောက်ရွှင်လန်းလျက် သူဆွံ့ကို ပခုံးပေါ်သို့ တင်လိုက်၏။ သူဆွံ့သည် သူကန်း၏ ပခုံးထက်၌ တည်နေလျက် ''လက်ဝဲဘက်ကို လွှတ်လော့၊ လကျ်ာဘက်ကို ယူလော့၊ လကျ်ာဘက်ကို လွှတ်လော့၊ လက်ဝဲဘက်ကို ယူလော့''ဟု ညွှန်ကြား ပြောဆို၏။ ထိုသူနှစ်ယောက်တို့တွင် သူကန်းသည်လည်း [၂၃၂] တန်ခိုးအစွမ်းသတ္တိ မရှိ၊ ခွန်အားမရှိ၊ မိမိ၏ တန်ခိုးအစွမ်းဖြင့် မိမိ၏ ခွန်အားဖြင့် မသွားနိုင်။ သူဆွံ့သည်လည်း တန်ခိုး အစွမ်းသတ္တိ မရှိ၊ ခွန်အား မရှိ၊ မိမိ တန်ခိုးအစွမ်းဖြင့် မိမိ၏ ခွန်အားဖြင့် မသွားနိုင်။ သို့သော်လည်း ထိုသူကန်း သူဆွံ့တို့မှာ အချင်းချင်းကို အမှီပြု၍ ခရီးသွားခြင်းသည် မဖြစ်သည် မဟုတ် ဖြစ်လည်း ဖြစ်သကဲ့သို့ ထို့အတူပင် နာမ်သည်လည်း တန်ခိုး အစွမ်းသတ္တိ မရှိ၊ မိမိ၏ တန်ခိုးအစွမ်းဖြင့် မဖြစ်ပေါ်နိုင်၊ ထိုထို သွားခြင်းစသော ကြိယာတို့၌ မဖြစ်နိုင်၊ ရုပ်သည်လည်း တန်ခိုးအစွမ်းသတ္တိ မရှိ၊ မိမိ၏ တန်ခိုးအစွမ်းဖြင့် မဖြစ်ပေါ်နိုင်၊ ထိုထို မြင်ခြင်းစသော ကြိယာတို့၌ မဖြစ်နိုင်၊ ထိုနာမ်ရုပ် နှစ်ပါးတို့မှာ အချင်းချင်းကို မှီ၍ ဖြစ်ပေါ်ခြင်းသည်၎င်း

၂၅၀

မပြတ် ဖြစ်နေခြင်းသည်၎င်း မရှိသည် မဟုတ်၊ ရှိလည်း ရှိသည်သာလျှင်တည်း။ ထို့ကြောင့် အောက်ပါ ဂါထာအပေါင်းကို ဆိုအပ်ပေ၏။

အညီအညွတ် ပေါင်းစု၍ ပြုအပ်သော သင်္ခတတရားတို့သည် မိမိ၏ အားအစွမ်းဖြင့် မဖြစ်ပေါ်နိုင်ကုန်၊ မိမိ၏ အားအစွမ်းဖြင့် (မပြတ်ဖြစ်လျက်) မတည်တံ့နိုင်ကုန်။ မိမိကိုယ်တိုင်လည်း အားနည်းကုန်သည်ဖြစ်၍ မိမိမှ တပါးသော အကြောင်းတို့၏အလိုသို့ အစဉ်လိုက်ကုန်လျက် ဖြစ်ပေါ်ရကုန်၏။

ဤသင်္ခတတရားတို့သည် တပါးသော တရားတို့၏ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်ကုန်၏၊ တပါးသော တရားတို့ကို ဆွဲကိုင်ရ အာရုံပြုရသောကြောင့် ဖြစ်ပေါ်ကုန်၏၊ ဤသင်္ခတတရားတို့ကို တပါးသော တရားဖြစ်ကုန်သော အာရုံနှင့် အကြောင်းပစ္စည်းတို့က ဖြစ်ပေါ်စေ(အပ်)ကုန်၏။

ပင်လယ်ရေကြောင်းခရီး၌ လူတို့သည် လှေကိုမှီ၍ သွားကုန်သကဲ့သို့ ထို့အတူပင်လျှင် ရုပ်ကိုမှီ၍ နာမ်အပေါင်းသည် ဖြစ်၏။

ပင်လယ်ရေကြောင်းခရီး၌ လှေသည်လည်း လူတို့ကိုမှီ၍ သွားသကဲ့သို့ ထို့အတူပင်လျှင် နာမ်ကိုမှီ၍ ရုပ်အပေါင်းသည် ဖြစ်၏။

ပင်လယ်ရေကြောင်းခရီး၌ လူတို့သည်၎င်း လှေသည်၎င်း နှစ်ဦးလုံးတို့သည် အချင်းချင်းကို မှီ၍ သွားကုန်သကဲ့သို့ ထို့အတူပင်လျှင် နာမ်သည်၎င်း ရုပ်သည်၎င်း နှစ်ပါးတို့သည် အချင်းချင်းကို မှီကုန်၏။


မှတ်ချက်

     ၁- ဤဝါကျဖြင့် ရုပ်ကို ရည်သည်ဟု ဋီကာ၌ ဆို၏။

     ၂- ဤဝါကျဖြင့် နာမ်ကို ရည်သည်ဟု ဋီကာ၌ပင် ဆို၏။ ပရအာရမ္မဏတော- တပါးသော တရားတို့၏ အာရမ္မဏသတ္တိကြောင့်၊ ဝါ၊ အာရုံဖြစ်သော တရားတို့ကြောင့်ဟု ပြန်သင့်သော်လည်း သုတနည်းသော သူတို့လည်း သိလွယ်စေရန် တပါးသော တရားတို့ကို ဆွဲကိုင်ရ အာရုံပြုရသောကြောင့်ဟု အဓိပ္ပါယ်နက် ပြန်ဆိုထားသည်။

၂၅၁

     ဤဆိုခဲ့သော အပြားအားဖြင့် နည်းအမျိုးမျိုးတို့ဖြင့် နာမ်ရုပ်ကို ပိုင်းခြားဆုံးဖြတ်သော ယောဂီပုဂ္ဂိုလ်၏ သတ္တဝါဟူသော အမှတ်သညာကို လွှမ်းမိုးကျော်လွန်၍ မတွေမဝေသိသော (အသမ္မောဟ) ဉာဏ်အဆင့်၌ တည်သော နာမ်နှင့် ရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းကို ''ဒိဋ္ဌိဝိသုဒ္ဓိ- ဉာဏ်အမြင်၏ စင်ကြယ်ခြင်း, စင်ကြယ်သော ဉာဏ်အမြင်''ဟူ၍ သိအပ်၏။ နာမရူပဝဝတ္ထာန (နာမ်ရုပ်ကို ပိုင်းခြား ဆုံးဖြတ်သောဉာဏ်)ဟူသော အမည်သည်၎င်း, သင်္ခါရပရိစ္ဆေဒ (သင်္ခါရတို့ကို ပိုင်းခြားဆုံးဖြတ်သော ဉာဏ်)ဟူသော အမည်သည်၎င်း ဤဒိဋ္ဌိဝိသုဒ္ဓိ၏ အမည်ပင် ဖြစ်သည်။

ဤသည်ကား သူတော်ကောင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်းငှါ စီရင်(အပ်)သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် ပညာဘာဝနာအရာ၌ ဒိဋ္ဌိဝိသုဒ္ဓိကို အကျယ်ပြချက် (ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ)မည်သော ၁၈-ခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။

ဒိဋ္ဌိဝိသုဒ္ဓိကို အကျယ်ပြချက် ပြီး၏။




မှတ်ချက်

     ၁- ယောဂီပုဂ္ဂိုလ်၏.. ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းကို-ဟု စပ်ပါ။

     ၂- ဉာဏ်အဆင့်၌ တည်သော.. သိမြင်ခြင်းကို-ဟု စပ်ပါ။

၂၅၂

၁၉-ကင်္ခါဝိတရဏဝိသုဒ္ဓိကို အကျယ်ပြဆိုချက်

ပစ္စယပရိဂ္ဂဟကထာ-အကြောင်းသိမ်းဆည်းပုံကို ပြဆိုချက်

     [၂၃၃] ၆၇၈။ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်ပုံကား.. (သိမြင်ပြီးဖြစ်သော) ဤနာမ်ရုပ်၏ပင်လျှင် အကြောင်းကို သိမ်းဆည်းခြင်းဖြင့် သုံးပါးသော အဓွန့်ကာလတို့၌ ယုံမှားကို လွန်မြောက်၍ တည်သော ဉာဏ်သည် ကင်္ခါရဝိတရဏ ဝိသုဒ္ဓိ- (ယုံမှားကို လွန်မြောက်လျက် စင်ကြယ်သောဉာဏ်) မည်၏။

     ထို (ကင်္ခါဝိတရဏဝိသုဒ္ဓိ)ကို ပြည့်စုံစေလိုသော ယောဂီရဟန်းသည် ဥပမာအားဖြင့် တတ်ကျွမ်းလိမ္မာသော ဆေးဆရာသည် ရောဂါကို မြင်ပြီးလျှင် ထိုရောဂါ၏ ဖြစ်ကြောင်း သမုဋ္ဌာန်ကို ရှာမှီးသကဲ့သို့၎င်း၊ တနည်းအားဖြင့် သနားတတ်သော ယောက်ျားသည် နုံ့သော (မသိတတ်သေးသော) ပက်လက်အိပ်တတ်ကာမျှဖြစ်သော ခလေးသူငယ်တယောက် လမ်းမ၌ လဲလျောင်းနေသည်ကို တွေ့မြင်လျှင် ''ဤသူငယ်သည် မည်သူ၏ သားဖြစ်လေသနည်း''ဟု ထိုသူငယ်၏ အမိအဘတို့ကို ဆင်ခြင်သကဲ့သို့၎င်း ထို့အတူပင် ထိုနာမ်ရုပ်၏ မူလအကြောင်း, အထောက်အပံ့ အကြောင်းတို့ကို ရှာမှီးခြင်းသို့ ရောက်၏။

     ထိုယောဂီသည် အစပဌမ၌ပင်လျှင် ဤသို့ ဆင်ခြင်၏- နာမ်ရုပ်သည် အကြောင်းမရှိသည် မဟုတ် (ဧကန်ပင် အကြောင်းရှိရမည်၊ အဘယ့်ကြောင့်ဆိုသော် အကြောင်းမရှိလျှင်) အလုံးစုံသော ဌာနတို့၌၎င်း


မှတ်ချက်

     ၁- ယောဂီရဟန်းသည်.. ရှာမှီးခြင်းသို့ ရောက်၏-ဟု စပ်ပါ။

     ၂- အကြောင်းမရှိပဲ ဖြစ်ပါမူ အလုံးစုံသော တရားတို့သည် အကြောင်းမရှိပဲချည်း ဖြစ်ကုန်ရာ၏၊ ဤသို့ အလုံးစုံပင် တူညီလျက် ရှိရာ၏။ ထိုသို့ဖြစ်လျှင် သောတပသာဒ စသည်တို့၌၎င်း, သစ်ပင် မြေ ရေ စသော ဗဟိဒ္ဓသန္တာန်၌၎င်း စက္ခုဝိညာဏ် စသည်တို့၏ တည်ရာမှီရာ အကြောင်းမရှိသော်လည်း ထိုအလုံးစုံသော ဌာနတို့၌ စက္ခုဝိညာဏ် စသည်တို့ ဖြစ်လေကုန်ရာ၏၊ ဤသို့ အလုံးစုံသော ဌာနတို့၌ အကြောင်းမရှိပဲ စက္ခုဝိညာဏ် စသည်တို့ ဖြစ်ပေါ်သောအားဖြင့် တမျိုးတည်း တူညီသည်၏အဖြစ်သို့ ရောက်ရာသည်ဟု ဆိုလို၏။

၂၅၃

အခါခပ်သိမ်း၎င်း၊ အလုံးစုံသော ပုဂ္ဂိုလ်တို့အား၎င်း တမျိုးတည်း တူသည်၏အဖြစ်သို့ ရောက်ရာသောကြောင့်ပေတည်း။ ''ဣဿရ-အစိုးရသူ ပိုင်ရှင်''ဟု ခေါ်သော ထာဝရဘုရား စသည်လျှင် အကြောင်းရှိသည်လည်း မဟုတ်၊ (အဘယ့်ကြောင့်ဆိုသော်) နာမ်နှင့် ရုပ်ထက် အပိုအလွန်ဖြစ်သော ဣဿရခေါ် ထာဝရဘုရား စသည်တို့ မရှိသောကြောင့်ပေတည်း။ ''ဣဿရခေါ် ထာဝရဘုရား စသည်တို့သည်လည်း နာမ်နှင့် ရုပ်မျှပင်''ဟု ဆိုသော ဆရာတို့၏ အယူ၌လည်း ဣဿရခေါ် ထာဝရဘုရား စသည်ဟု ဆိုအပ်သော နာမ်နှင့် ရုပ်သည်


မှတ်ချက်

     ၁- စက္ခုပသာဒ စသည်တို့ မဖြစ်မီ ရှေးကာလ၌၎င်း, စက္ခုပသာဒ စသည်တို့ ချုပ်ပြီးသော နောက်ကာလ၌၎င်း စက္ခုဝိညာဏ် စသည်တို့၏ တည်ရာမှီရာ အကြောင်းမရှိ၊ သို့သော်လည်း အကြောင်းမရှိပဲ ဖြစ်နိုင်ပါမူ ထိုအလုံးစုံသော ကာလတို့၌လည်း အကြောင်းမရှိပဲ စက္ခုဝိညာဏ် စသည်တို့ ဖြစ်ပေါ်လေကုန်ရာ၏။ ဤသို့ အခါခပ်သိမ်း အကြောင်းမရှိပဲ စက္ခုဝိညာဏ် စသည်တို့ ဖြစ်ပေါ်သောအားဖြင့် တမျိုးတည်း တူညီသည်၏အဖြစ်သို့ ရောက်ရာသည်ဟု ဆိုလို၏။

     ၂- မျက်စိ စုံလုံးကန်းသောသူ စသည်တို့အား၎င်း, ရုပ်မရှိသော ဗြဟ္မာတို့အား၎င်း, အသညသတ် ဗြဟ္မာတို့အား၎င်း စက္ခုဝိညာဏ် စသည်တို့၏ တည်ရာမှီရာ အကြောင်းမရှိ၊ သို့သော်လည်း အကြောင်းမရှိပဲ ဖြစ်ပေါ်နိုင်ပါမူ ထိုသို့သော ပုဂ္ဂိုလ်တို့အားလည်း အကြောင်းမရှိပဲ စက္ခုဝိညာဏ် စသည်တို့ ဖြစ်ပေါ်လေကုန်ရာ၏၊ ဤသို့ အလုံးစုံသော ပုဂ္ဂိုလ်တို့အား အကြောင်းမရှိပဲ စက္ခုဝိညာဏ် စသည်တို့ ဖြစ်ပေါ်သောအားဖြင့် တမျိုးတည်း တူညီသည်၏အဖြစ်သို့ ရောက်ရာသည်ဟု ဆိုလို၏။ ဤ၌ စက္ခုဝိညာဏ် စသည်ကို ပြဆိုခြင်းမှာ နည်းပြမျှသာ ဖြစ်သည်၊ အမှန်အားဖြင့်သော်ကား အကြောင်းမရှိပဲ ဖြစ်နိုင်ပါမူ လောက၌ အထူးဟူသမျှသည် အရပ်ဌာနတိုင်း၌ သူခပ်သိမ်းတို့အား အခါခပ်သိမ်းပင် ဖြစ်ပေါ်လေရာ၏-ဟု ဆိုလိုသည်။

     ၃- စသည်-ဟူသော စကားဖြင့် ပကတိ ပုရိသ ပဇာပတိ ကာလ စသည်တို့ကို ယူ။

     ၄- ဣဿရ စသည်တို့သည် တကယ်ရှိပါမူ ၎င်းတို့သည်လည်း နာမ်နှင့် ရုပ်မျှသာ ဖြစ်ရမည်၊ နာမ်ရုပ်မှ အလွတ်ဖြစ်သော ဣဿရစသည်တို့ မရှိကုန်သည်သာတည်း၊ အကယ်၍ ၎င်းတို့ကို နာမ်ရုပ်မှ အလွတ်ဟု ယူဆလျှင် ၎င်းတို့သည် ဘာမျှမရှိသော အမည်ပညတ်မျှ ခေါ်ဝေါ်ရုံမျှသာ ဖြစ်ရာသည်၊ အမှန်အားဖြင့် ထင်ရှား မရှိကုန်သည်သာတည်း။ ထို့ကြောင့် ထိုသို့ ထင်ရှားမရှိသော ဣဿရ စသည်တို့မှာ အသုံးမကျ တရားမဝင်ဟု ဆိုလိုသည်။

၂၅၄

အကြောင်းမရှိသည်၏အဖြစ်သို့ ရောက်သောကြောင့်ပေတည်း၊ ထို့ကြောင့် ထိုနာမ်ရုပ်၏ မူလအကြောင်း, အထောက်အပံ့ အကြောင်းတို့သည် ရှိကုန်ရာ၏၊ ထိုအကြောင်းတို့ကား အဘယ်သည်တို့နည်းဟု ဆင်ခြင်၏။

၁-အကြောင်းသိမ်းဆည်းပုံ ပဌမနည်း

     ၆၇၉။ ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း နာမ်ရုပ်၏ မူလအကြောင်း, အထောက်အပံ့ အကြောင်းတို့ကို ဆင်ခြင်ပြီးလျှင် ဤ(ရူပကာယ) ရုပ်အပေါင်းကိုယ်၏ မူလအကြောင်း, အထောက်အပံ့ အကြောင်းတို့ကို ဤသို့ သိမ်းဆည်း၏- ဤရုပ်ကိုယ်သည် ဖြစ်ပေါ်လတ်သော် ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာ သောဂန္ဓိကကြာ စသည်တို့၏ အတွင်း၌ ဖြစ်ပေါ်သည်မဟုတ်၊ ပတ္တမြား ပုလဲသွယ် စသည်တို့၏ အတွင်း၌လည်း ဖြစ်ပေါ်သည် မဟုတ်၊ စင်စစ်သော်ကား အစာသစ်အိမ် အစာဟောင်းအိမ်တို့၏ အကြား၌ (အမိ၏) ဝမ်းရေလွှာကို နောက်မှီပြု၍ (အမိ၏) ကျောက်ကုန်းရိုးကို ရှေ့မျက်နှာစာပြု၍ အူမ အူသိမ်တို့ဖြင့် ဝန်းရံ(အပ်)သည်ဖြစ်၍ မိမိကိုယ်တိုင်လည်း မကောင်းသော အနံ့ရှိလျက် စက်ဆုပ်ရွံ့ရှာဖွယ် ရှိသည်ဖြစ်၍ မကောင်းသော အနံ့ရှိလျက် စက်ဆုပ်ဖွယ်ရှိသော အလွန်ကျဉ်းမြောင်းသော သားအိမ်အရပ်၌ ငါးပုပ် မယောမုံ့ပုပ် တံစီးတွင်း တံစီးမြောင်း စသည်တို့၌ဖြစ်သော ပိုးလောက်ကဲ့သို့ ဖြစ်ပေါ်ရ၏။


မှတ်ချက်

     ၁- နီလုပ္ပလ- ကြာညိုဟူသော ပုဒ်ကို ထောက်၍ ထိုကြာညိုနှင့် အမျိုးတူသော ကြာကို ဥပ္ပလကြာဟု ယူအပ်၏။ ပဒုမ္မာကြာနှင့် ပုဏ္ဍရိက်ကြာတို့ကို အဋ္ဌကထာတို့၌ ''ပွင့်ချပ်တရာမပြည့်သော ကြာသည်, တနည်း ကြာနီသည် ပုဏ္ဍရိက်မည်၏၊ ပွင့်ချပ်တရာပြည့်သော ကြာသည် တနည်း ကြာဖြူသည် ပဒုမ္မာမည်၏''-ဟု ဆုံးဖြတ်၏။ အဘိဓာန်၌ကား ''ကြာသာမန်ကို ပဒုမ္မာကြာ ဟူ၍၎င်း၊ ကြာဖြူကို ပုဏ္ဍရိက်ကြာ ဟူ၍၎င်း၊ ကြာသိမ်, ကြာတံဆိပ်, ညနေချမ်း၌ပွင့်သော ကြာဖြူကို သောဂန္ဓိကကြာ ဟူ၍၎င်း'' ဆို၏။

     ၂- တံစီးတွင်း ဟူသည်ကား ဆေးကြောသောရေ ကိုယ်ဝန်အညစ်အကြေး စသည်တို့ကို စွန့်သွန်ရာ ဌာနတည်း။ တံစီးမြောင်း ဟူသည်ကား ရွှံ့ညွန်နှင့် တကွသော ထိုဆေးကြောသောရေ ကိုယ်ဝန်အညစ်အကြေး စသည်တို့၏ စီးသွားရာ အရပ်တည်းဟု ဖွင့်ပြသော မူလပဏ္ဏာသ အဋ္ဌကထာ (၁-၈၃)နှင့် အညီပင် တံစီးတွင်း တံစီးမြောင်းတို့ကို မှတ်ရာ၏။

၂၅၅

     ဤသို့သော အခြင်းအရာဖြင့် ဖြစ်ပေါ်ရသော ထိုရုပ်ကိုယ်၏ ''အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ''ဟူသော ဤ၄ ပါးသော တရားတို့သည် (၎င်းရုပ်ကို) ဖြစ်စေတတ်သောကြောင့် (ဟေတု) မူလအကြောင်းပေတည်း၊ အစာအာဟာရသည် ထောက်ပံ့တတ်သောကြောင့် (ပစ္စယ) အထောက်အပံ့ အကြောင်းပေတည်း၊ ဤသို့အားဖြင့် ငါးပါးသော တရားတို့သည် မူလအကြောင်း, အထောက်အပံ့ အကြောင်းတို့ပေတည်း။

     ထိုငါးပါးတို့တွင်လည်း အဝိဇ္ဇာစသော ၃-ပါးသော အကြောင်းတို့သည် ''အမိသည် သားသူငယ်၏ မှီရာဖြစ်သကဲ့သို့'' ဤရုပ်ကိုယ်၏ မှီရာ ဥပနိဿယ ဖြစ်ကုန်၏၊ အဘသည် သားကို ဖြစ်စေသကဲ့သို့ ကံသည် (ဤရုပ်ကိုယ်ကို) [၂၃၄] ဖြစ်စေတတ်၏၊ နို့ထိန်းသည် သူငယ်ကို (ကျေးမွေးပြုစုလျက်) ကောင်းစွာ ဆောင်သကဲ့သို့ အာဟာရသည် (ဤရုပ်ကိုယ်ကို ကျွေးမွေးပြုစုလျက်) ကောင်းစွာ ဆောင်တတ်၏ဟူ၍ အကြောင်း အထောက်အပံ့ကို သိမ်းဆည်း၏။

     ဤဆိုခဲ့သော နည်းဖြင့် ရုပ်အပေါင်းကိုယ်၏ အကြောင်းသိမ်းဆည်းခြင်းကို ပြုပြီးလျှင် တဖန် ''မျက်စိ (စက္ခုပသာဒရုပ်)ကို၎င်း, အဆင်း (ရူပါရုံ)တို့ကို၎င်း စွဲမှီ၍ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်၏'' ဤသို့ အစရှိသော နည်းဖြင့် (နာမကာယ) နာမ်အပေါင်း၏ အကြောင်းကို သိမ်းဆည်းခြင်းကို ပြု၏။

     ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း အကြောင်းကြောင့် နာမ်ရုပ်၏ (ယခုပစ္စုပ္ပန်၌) ဖြစ်ပေါ်ခြင်းကို ရှုမြင်ပြီးလျှင် ''ဤနာမ်ရုပ်သည် ယခု ပစ္စုပ္ပန်ဘဝ ကာလ၌ အကြောင်းကြောင့် ဖြစ်ပေါ်သကဲ့သို့ ထို့အတူပင် အတိတ်ကာလ၌လည်း အကြောင်းကြောင့် ဖြစ်ပေါ်ခဲ့လေပြီ၊ အနာဂတ်ကာလ၌လည်း အကြောင်းကြောင့် ဖြစ်ပေါ်လတံ့''ဟု ရှုမြင်၏။


မှတ်ချက်

     ၁- ဤရုပ်ကိုယ်၏.. မူလအကြောင်းပေတည်း၊ .. အထောက်အပံ့ အကြောင်းပေတည်း၊ .. မူလအကြောင်း အထောက်အပံ့ အကြောင်းတို့ပေတည်း-ဟု စပ်ပါ။

     ၂- ဤ မူလအကြောင်းကို ''ဇနက (ဖြစ်စေတတ်သော) အကြောင်း'' ဟူ၍လည်း ခေါ်သည်။

     ၃- သိမ်းဆည်းခြင်းကို ပြုပြီးလျှင်.. သိမ်းဆည်းခြင်းကို ပြု၏-ဟု စပ်ပါ။

၂၅၆

ယုံမှား ၁၆-ပါးကို ပယ်ခြင်း

     ၆၈ဝ။ ဤဆိုခဲ့သည့်အတိုင်း ရှုမြင်သော ထိုယောဂီသည် ''ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ ဖြစ်ခဲ့ (ရှိခဲ့)လေသလော၊ ငါသည် လွန်လေပြီးသော ကာလ၌ မဖြစ်ခဲ့ (မရှိခဲ့)သေးဘူးလေလော၊ ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ အဘယ်သို့သော အမျိုးအစား ဖြစ်ခဲ့လေသနည်း၊ ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ အဘယ်သို့သော အခြင်းအရာဖြင့် ဖြစ်ခဲ့လေသနည်း၊ ငါသည် လွန်လေပြီးသော အတိတ်ကာလ၌ အဘယ်သို့သော အမျိုးအစား ဖြစ်ပြီးလျှင် အဘယ်သို့သော အမျိုးအစား(အဆက်ဆက်) ဖြစ်ခဲ့လေသနည်း''ဟု (လွန်လေပြီးသော ခန္ဓာအစဉ်ဟူသော) ရှေးအဖို့ကို အကြောင်းပြု၍(ဖြစ်သော) အကြင် ငါးပါးအပြားရှိသော ယုံမှားကို ဟောတော်မူ(အပ်)၏။


မှတ်ချက်

     ၁- ထိုယောဂီသည်.. ပယ်(အပ်) ၏-ဟု နှာ-၂၅၈ ပဌမစာပိုဒ်က အဆုံးစွန်ပုဒ်နှင့် လှမ်းစပ်ပါ။

     ၂- သဿတ- တည်မြဲ တည်နေပုံ အခြင်းအရာနှင့် အဓိစ္စသမုပ္ပတ္တိ- အကြောင်းမဲ့ အလိုလိုဖြစ်လာပုံ အခြင်းအရာတို့ကို စွဲမှီ၍ဖြစ်သော ယုံးမှားပုံ အခြင်းအရာ ၂-ခု ဖြစ်သည်။

     ၃- ဤ ဝါကျဖြင့် ''မင်းမျိုး ဖြစ်ခဲ့လေသလော၊ ပုဏ္ဏားမျိုး စသည်တို့တွင်, လူဝတ်ကြောင် စသည်တို့တွင်, နတ် စသည်တို့တွင် တပါးပါး ဖြစ်ခဲ့လေသလော''ဟု ယုံမှားဖြစ်သည်ကို ပြကြောင်း အဋ္ဌကထာ ဋီကာတို့၌ ဖွင့်ကြ၏။ ထိုအတိတ်ကာလတုန်းက အတ္တသည် ရုပ်ရှိခဲ့လေသလော၊ ဝေဒနာစသည် ရှိခဲ့လေသလော၊ ဤသို့ စသည်ဖြင့် ယုံမှားခြင်းလည်း ဖြစ်သင့်၏။

     ၄- ရှည်လေ-မြင့်လေသလော၊ တိုလေ-ပုလေသလော၊ ဖြူလေသလော၊ မည်းလေသလော စသည်ဖြင့် သဏ္ဌာန်အခြင်းအရာကို စွဲ၍ ယုံမှားသည်ဟု မူလအဖွင့်အဖြစ်ဖြင့် ပြဆိုပြီးလျှင် ''အဘယ်သို့သော အခြင်းအရာဖြင့် ဖြစ်ခဲ့လေသနည်းဟု ဖြစ်ပုံအခြင်းအရာအားဖြင့် ယုံမှားသည်''ဟု ဆရာတို့က ဆိုကြောင်းလည်း ဋီကာ၌ ပြ၏။ ဤ၌ ဆရာတို့၏ ဝါဒအရအားဖြင့် ဖန်ဆင်း၍ ဖြစ်လာခဲ့သလော၊ အကြောင်းမဲ့ ဖြစ်လာခဲ့သလော စသည်ဖြင့် ယုံမှားသည်ကို ယူအပ်၏။

     ၅-ဤယုံမှားပုံမှာ တတိယယုံမှားပုံနှင့် တူ၏၊ ဤ၌ အဆက်ဆက် ဖြစ်လာပုံကို ယုံမှားခြင်းမျှသာ ထူးသည်။

၂၅၇

     ''ငါသည် ဤဘဝမှ နောက် အနာဂတ်ကာလ၌ ဖြစ်ရဦးမည်လေလော၊ ငါသည် အနာဂတ်ကာလ၌ မဖြစ်ရတော့ဘူးလေလော၊ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့သော အမျိုးအစား ဖြစ်ရမည်နည်း၊ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့သော အခြင်းအရာဖြင့် ဖြစ်ရမည်နည်း၊ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့သော အမျိုးအစား ဖြစ်ပြီးလျှင် အဘယ်သို့သော အမျိုးအစား(အဆက်ဆက်) ဖြစ်သွားရမည်နည်း''ဟု (အနာဂတ် ခန္ဓာအစဉ်ဟူသော) နောက်အဖို့ကို အကြောင်းပြု၍(ဖြစ်သော) အကြင် ငါးပါးအပြားရှိသော ယုံမှားကိုလည်း ဟောတော်မူ(အပ်)၏။

     ''ယခုအခါ၌ ပစ္စုပ္ပန်အဓွန့်ကာလကို အကြောင်းပြု၍မူလည်း မိမိ၏ ခန္ဓာတို့၌ သို့လော သို့လော တွေးတောခြင်း ရှိ၏- ငါသည် ဟုတ်လေသလော (ရှိလေသလော)၊ ငါသည် မဟုတ်လေသလော (မရှိလေသလော) ငါသည် အဘယ်သို့သော အမျိုးအစား ဖြစ်သနည်း၊ ငါသည် အဘယ်သို့သော အခြင်းအရာဖြင့် ဖြစ်သနည်း၊ (ငါဟူသော) ဤသတ္တဝါသည် အဘယ်ဘဝမှ လာခဲ့သနည်း၊ ထို ငါ-သတ္တဝါသည် အဘယ်ဘဝသို့ သွားရောက်လတံ့နည်း-ဟု ပစ္စုပ္ပန်ခန္ဓာကို အကြောင်းပြု၍(ဖြစ်သော)


မှတ်ချက်

     ၁- မိမိဟု သိမှတ်ထားသော အတ္တဟူသည်မှာ တကယ် ရှိလေသလော၊ မရှိလေသလောဟု ယုံမှားသည်။

     ၂- မင်းမျိုး ဖြစ်ပါလျက် ဟုတ်လေသလော၊ မဟုတ်လေသလောဟု ယုံမှားသည်ဟု အဋ္ဌကထာ ဋီကာတို့၌ ဖွင့်ပြကြ၏။ မင်းမျိုးစသည် ဟုတ် မဟုတ် ယုံမှားခြင်းသည် ပဋိပတ်အရာ၌, အထူးအားဖြင့် ရုပ်နာမ်ကိုရှုသော ဝိပဿနာအရာ၌ ဆန့်ကျင်ဘက်လည်း မဖြစ်၊ ရုပ်နာမ်ကို သိခြင်းကြောင့်လည်း ထိုသို့သော ယုံမှားကို လွန်မြောက်မည် မဟုတ်၊ ထို့ကြောင့် ဆင်ခြင်သင့်၏။ မိမိ၏ အတ္တကောင်သည် ရုပ်ရှိလေသလော၊ ဝေဒနာစသည် ရှိလေသလော စသည်ဖြင့် ယုံမှားခြင်းကို ယူလျှင် သင့်ရာ၏၊ ယခုကာလ၌ပင် အတ္တစွဲရှိသူတို့ မှာ ထိုသို့သော ယုံမှားဖြစ်လျက် ရှိကြ၏။

     ၃- ကိုယ်တွင်းက ဇီဝအတ္တ၏ အရှည် အတိုစသော သဏ္ဌာန်ပမာဏကို စွဲ၍ ယုံမှားဖြစ်ပုံကို ဋီကာ၌ ပြ၏။ ဤ၌ ရုပ်ရှိလေသလော စသည်ဖြင့် ယုံမှားခြင်းလည်း အတွင်းဝင်သည်ဟု မှတ်အပ်၏။

၂၅၈

အကြင် ၆-ပါးအပြားရှိသော ယုံမှားကိုလည်း ဟောတော်မူ(အပ်)၏။ အလုံးစုံသော ထို ၁၆-ပါးသော ယုံမှားကို ပယ်(အပ်)၏

၂-အကြောင်းသိမ်းဆည်းပုံ ဒုတိယနည်း

     ၆၈၁။ တပါးသော ယောဂီသည် ဆက်ဆံသောအကြောင်း မဆက်ဆံသော အကြောင်းအားဖြင့် ၂-ပါးအပြားရှိသော နာမ်၏အကြောင်းကို ရှုမြင်၏၊ ကံ စသည်၏ အစွမ်းအားဖြင့် ၄-ပါး အပြားရှိသော ရုပ်၏အကြောင်းကို ရှုမြင်၏။ ချဲ့၍ ပြရလျှင်.. နာမ်၏ အကြောင်းသည် ဆက်ဆံသောအကြောင်း မဆက်ဆံသော အကြောင်းဟူ၍ ၂-ပါး အပြားရှိ၏၊ ထိုတွင် စက္ခုဒွါရ အစရှိသော ၆-ပါးသော ဒွါရတို့နှင့် ရူပါရုံအစရှိသော ၆-ပါးသော အာရုံတို့သည် နာမ်၏ ဆက်ဆံသော (သာဓာရဏ)အကြောင်း မည်၏၊ အဘယ့်ကြောင့်နည်းဟူမူ? ကုသိုလ်အစရှိသော အပြားအားဖြင့် အလုံးစုံသော အပြားရှိသော နာမ်ဟူသမျှသည် ထိုဒွါရနှင့် အာရုံတို့ကြောင့် ဖြစ်ပေါ်ရသောကြောင့်ပေတည်း။ နှလုံးသွင်းမှု (မနသိကာရ) အစရှိသော အကြောင်းသည် နာမ်၏ မဆက်ဆံသော (အသာဓာရဏ) အကြောင်းမည်၏၊ အကြောင်းမူကား သင့်လျော်စွာ နှလုံးသွင်းခြင်း (ယောနိသော မနသိကာရ), သူတော်ကောင်းတို့၏ တရားကို ကြားနာရခြင်း


မှတ်ချက်

     ၁- ''ပယ်(အပ်)၏''ဟူသော ပုဒ်သည် ပဟီယတိ-ပုဒ်၏ ဘာသာပြန်ဖြစ်သည်။ ဤအရာ၌ ပယ်-ဟူသည်မှာ ပျောက်စေခြင်း ဝိက္ခမ္ဘနပဟာန်ဖြင့် ဝေးကွာခြင်း ကွယ်ပျောက်ခြင်းပင်တည်း။ သို့ဖြစ်၍ ထိုယောဂီသည် ယုံမှားကို ပယ်(အပ်)၏-ဟူရာ၌ ထိုယောဂီ၏သန္တာန်၌ ယုံမှားပျောက်ကင်း၏-ဟု ဆိုလိုပေသည်။ အဘယ်ကဲ့သို့နည်းဟူမူ? ဓဇဂ္ဂသုတ်ဝယ် ''ပဟီယိဿတိ- ပယ်အပ်လတံ့'' ဟူရာ၌ ပျောက်ကင်းလတံ့-ဟု အနက်ယူရသကဲ့သို့ပင်တည်း။

     ၂- အပြားရှိသော.. အကြောင်းကို-ဟု စပ်ပါ။

     ၃- ကုသိုလ် အကုသိုလ် ဝိပါက် ကိရိယာ အပြားအားဖြင့်၎င်း, ကုသိုလ် စသည်၌လည်း သောမနဿသဟဂုတ် အစရှိသည်တို့တွင် တပါးပါးသော အပြားအားဖြင့်၎င်း အလုံးစုံသော အပြားရှိသောဟု ဆိုလို၏။ အချုပ်အားဖြင့်မူကား လောကီစိတ် ၈၁-ပါး, ထိုစိတ်တို့နှင့်ယှဉ်သော စေတသိက် ၅၂-ပါး ဤသို့သော အပြားရှိသော နာမ်ဟူသမျှကို ဆိုလိုသည်။

၂၅၉

အစရှိသော အကြောင်းသည် ကုသိုလ်နာမ်နှင့်သာ ဆက်ဆံ၏၊ ထိုမှ ပြန်သော(အားဖြင့် မသင့်စွာ နှလုံးသွင်းခြင်း, သူယုတ်တို့၏ တရားကို ကြားနာရခြင်း အစရှိသော) အကြောင်းသည် အကုသိုလ်နာမ်နှင့်သာ ဆက်ဆံ၏၊ ကံအစရှိသော အကြောင်းသည် အကျိုးဝိပါက်နာမ်နှင့်သာ ဆက်ဆံ၏၊ ဘဝင် အစရှိသော အကြောင်းသည် ကိရိယာနာမ်နှင့်သာ ဆက်ဆံ၏၊ ဤကား အသာဓာရဏ မည်ခြင်း၏ အကြောင်းတည်း။

     ရုပ်၏ အကြောင်းမှာမူ ကံ စိတ် ဥတု အာဟာရဟူသော ဤ၄-ပါးသော အကြောင်းပေတည်း၊ ထိုတွင် အတိတ်သာလျှင်ဖြစ်သော ကံသည် ကမ္မဇရုပ်အား ကျေးဇူးပြု၏၊ [၂၃၅] ဖြစ်ဆဲသော စိတ်သည် စိတ္တဇရုပ်အား ကျေးဇူးပြု၏၊ ဥတုနှင့် အာဟာရတို့သည် ဥတုဇရုပ် အာဟာရဇရုပ်တို့အား တည်ဆဲ ဌီခဏ၌ ကျေးဇူးပြုကုန်၏။ ဤဆိုခဲ့သော နည်းဖြင့် တဦးသော ယောဂီသည် နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်းကို ပြု၏။

     ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း အကြောင်းကြောင့် နာမ်ရုပ်၏ (ယခုပစ္စုပ္ပန်၌) ဖြစ်ပေါ်ခြင်းကို ရှုမြင်ပြီးလျှင် ''ဤနာမ်ရုပ်သည် ယခု ပစ္စုပ္ပန်ဘဝကာလ၌ အကြောင်းကြောင့် ဖြစ်ပေါ်သကဲ့သို့ ထို့အတူပင် အတိတ်ကာလ၌လည်း အကြောင်းကြောင့် ဖြစ်ပေါ်ခဲ့လေပြီ၊ အနာဂတ်ကာလ၌လည်း အကြောင်းကြောင့် ဖြစ်ပေါ်လတံ့''ဟု ရှုမြင်၏။ ဤဆိုခဲ့သည့်အတိုင်း ရှုမြင်သော ယောဂီသည် (စာပိုဒ် ၆၈ဝ-၌) ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် အဓွန့်ကာလ ၃-ပါးတို့၌လည်း ၁၆-ပါးသော ယုံးမှားကို ပယ်(အပ်)၏။


မှတ်ချက်

     ၁- ကုသိုလ်နာမ်၏ အကြောင်းသာ ဖြစ်သည်-ဟု ဆိုလို၏။

     ၂- အကုသိုလ်နာမ်၏ အကြောင်းသာ ဖြစ်သည်-ဟု ဆိုလို၏။

     ၃- ဝိပါက်နာမ်၏ အကြောင်းသာ ဖြစ်သည်-ဟု ဆိုလို၏။

     ၄- ကိရိယာနာမ်၏ အကြောင်းသာ ဖြစ်သည်-ဟု ဆိုလို၏။

     ၅- ကမ္မဇရုပ်ကို ဖြစ်စေသည်-ဟု ဆိုလို၏။

၂၆၀

၃-အကြောင်းသိမ်းဆည်းပုံ တတိယနည်း

     ၆၈၂။ တပါးသော ယောဂီသည် နာမ်ရုပ်ဟု ဆိုအပ်သော ထိုသင်္ခါရတို့၏ပင်လျှင် အိုခြင်းသို့ ရောက်သည်ကို၎င်း အိုပြီးသော သင်္ခါရတို့၏ သေပျက်ခြင်းကို၎င်း ရှုမြင်ပြီးလျှင် (သင်္ခတဖြစ်သော) သင်္ခါရတို့၏ ဤအိုခြင်း သေခြင်း မည်သည်မှာ ဘဝအသစ်ဖြစ်ခြင်းရှိလျှင် ရှိ၏၊ ဘဝအသစ် ဖြစ်ခြင်းသည်လည်း ဖြစ်ကြောင်း ကမ္မဘဝရှိလျှင် ရှိ၏၊ ကမ္မဘဝသည်လည်း စွဲလမ်းမှု ဥပါဒါန်ရှိလျှင် ဖြစ်၏၊ ဥပါဒါန်သည်လည်း တဏှာရှိလျှင် ဖြစ်၏၊ တဏှာသည်လည်း ဝေဒနာရှိလျှင် ဖြစ်၏၊ ဝေဒနာသည်လည်း ဖဿရှိလျှင် ဖြစ်၏၊ ဖဿသည်လည်း (သဠာယတန) အာယတန ၆-ပါးရှိလျှင် ဖြစ်၏၊ အာယတန ၆-ပါးသည်လည်း နာမ်ရုပ်ရှိလျှင် ဖြစ်၏၊ နာမ်ရုပ်သည်လည်း ဝိညာဏ်ရှိလျှင် ဖြစ်၏၊ ဝိညာဏ်သည်လည်း သင်္ခါရတို့ရှိလျှင် ဖြစ်၏၊ သင်္ခါရတို့သည်လည်း အဝိဇ္ဇာရှိလျှင် ဖြစ်ကုန်၏ဟု ဤသို့ ပဋိလုံ ပဋိစ္စသမုပ္ပါဒ်၏ အစွမ်းအားဖြင့် နာမ်ရုပ်၏ အကြောင်း သိမ်းဆည်းခြင်းကို ပြု၏။ ထိုသို့ သိမ်းဆည်းသောအခါ၌ ထိုယောဂီသည် ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ၁၆-ပါးသော ယုံမှားကို ပယ်(အပ်)၏။

၄-အကြောင်းသိမ်းဆည်းပုံ စတုတ္ထနည်း

     ၆၈၃။ တပါးသော ယောဂီသည် ''ဤသို့လျှင် အဝိဇ္ဇာကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏'' ဤသို့ စသည်ဖြင့် ရှေး၌ အကျယ်ချဲ့၍ ပြခဲ့ပြီးသော အနုလုံ ပဋိစ္စသမုပ္ပါဒ်၏ အစွမ်းအားဖြင့်သာလျှင် နာမ်ရုပ်၏ အကြောင်း သိမ်းဆည်းခြင်းကို ပြု၏။ ထိုသို့ သိမ်းဆည်းသောအခါ၌ ထိုယောဂီသည် ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ၁၆-ပါးသော ယုံမှားကို ပယ်(အပ်)၏။

၅-အကြောင်းသိမ်းဆည်းပုံ ပဉ္စမနည်း

     ၆၈၄။ တပါးသော ယောဂီသည် ''ရှေးဘဝ၌ ပြီးခဲ့သော ကမ္မဘဝ (ဖြစ်ကြောင်းကံ)ကို ပြုစဉ်၌ တွေဝေခြင်း (ဒုက္ခ စသည်ကို မသိခြင်း) သဘောသည်


မှတ်ချက်

     ၁-၂-ယောဂီသည်.. ရှုမြင်ပြီးလျှင်.. ယုံမှားကို ပယ်(အပ်)၏-ဟု စပ်ပါ။ ဤ၌လည်း ထိုယောဂီ၏ သန္တာန်၌ ဝိက္ခမ္ဘနပဟာန်အားဖြင့် ဝေးကွာလျက် ယုံမှား ပျောက်ကင်း၏-ဟု ဆိုလိုသည်။ နောက်၌လည်း နည်းတူပင်မှတ်။

     ၃- ယောဂီသည်.. နာမ်ရုပ်၏ အကြောင်း သိမ်းဆည်းခြင်းကို ပြု၏-ဟု စပ်ပါ။

၂၆၁

အဝိဇ္ဇာတည်း၊ အားထုတ်မှုတို့သည် သင်္ခါရတို့တည်း၊ လိုချင်တောင့်တခြင်းသည် တဏှာတည်း၊ ချဉ်းကပ် စွဲလမ်းခြင်းသည် ဥပါဒါန်တည်း၊ စေ့ဆော် တိုက်တွန်းခြင်း (စေတနာ)သည် ကမ္မဘဝတည်း၊ ဤသို့အားဖြင့် ''ရှေးဘဝ၌ ပြီးခဲ့သော ကမ္မဘဝကို ပြုစဉ်၌ ပြီးစီးခဲ့ကုန်သော ဤငါးပါးသော တရားတို့သည် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်းတို့ပေတည်း။ ဤပစ္စုပ္ပန်ဘဝ၌ ရှေးဘဝနှင့် ဆက်စပ်၍ဖြစ်သော ပဋိသန္ဓေစိတ်သည် ဝိညာဏ်တည်း၊ သက်ဝင်ခြင်း (သက်ဝင်သော တရားအပေါင်း)သည် နာမ်ရုပ်တည်း၊ ကြည်လင်ခြင်းသည် အာယတနတည်း၊ တွေ့ထိခြင်းသည် ဖဿတည်း၊ ခံစားခြင်းသည် ဝေဒနာတည်း၊ ဤသို့အားဖြင့် ဤငါးပါးသော တရားတို့သည် ရှေးဘဝ၌ ပြုခဲ့သော ကံဟူသော အကြောင်းကြောင့် ဤပစ္စုပ္ပန် ဥပပတ္တိဘဝ၌ ဖြစ်ပေါ်သော အကျိုးတရားတို့တည်း။ ဤပစ္စုပ္ပန်ဘဝ၌ အာယတနတို့၏ ရင့်ကျက်သည်၏ အဖြစ်ကြောင့် (မျက်စိ နားစသော အာယတနတို့ ရင့်ကျက်သောအခါ၌) တွေဝေခြင်းသည် အဝိဇ္ဇာတည်း ။ပ။ စေ့ဆော် တိုက်တွန်းခြင်းသည် ကမ္မဘဝတည်း၊ ဤသို့အားဖြင့် ဤပစ္စုပ္ပန်ဘဝဝယ် ကမ္မဘဝကို ပြုစဉ်၌ ပြီးစီးကုန်သော ဤငါးပါးသော တရားတို့သည် နောင်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်းတို့တည်း''ဟူ၍ ဟောထားသော ဤသို့သော ဒေသနာနည်းဖြင့် ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းအားဖြင့် နာမ်ရုပ်၏ အကြောင်း သိမ်းဆည်းခြင်းကို ပြု၏။

ကံအပြားကို ပြဆိုချက်

     ၆၈၅။ ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းအားဖြင့်ဟူသော ထိုစကား၌ ကံသည်-

(၁) မျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိသော ဒိဋ္ဌဓမ္မဝေဒနီယကံ

(၂) အခြားမဲ့ ဒုတိယဘဝ၌ ခံစားအပ်သော အကျိုးရှိသော ဥပပဇ္ဇဝေဒနီယကံ


မှတ်ချက်

     ၁- ဒိဋ္ဌဓမ္မ- မျက်မှောက် အတ္တတော- မျက်မှောက်ဘဝ + ဝေဒနီယ- ခံစားအပ်သော အကျိုးရှိသော ကံ။

     ၂- ဥပပဇ္ဇ- ဤဘဝ၏ အနီး၌ ဖြစ်၍- အခြားမဲ့ ဒုတိယဘဝ၌ + ဝေဒနီယ- ခံစားအပ်သော အကျိုးရှိသော ကံ။

၂၆၂

(၃) တတိယဘဝ စသည်တို့၌ ခံစားအပ်သော အကျိုးရှိသော အပရာပရိယဝေဒနီယကံ

(၄) ကံသာဖြစ်ပြီး၍ အကျိုးမပေးနိုင်သော အဟောသိကံဟူ၍ ၄-ပါး အပြားရှိ၏။

     ထိုကံ ၄-ပါးတို့တွင် တခုသော ဇောဝီထိ၌ ခုနစ်ကြိမ်သော ဇောတို့တွင် [၂၃၆] ကုသိုလ်ဖြစ်စေ, အကုသိုလ်ဖြစ်စေ, ပဌမဇော စေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယကံ မည်၏၊ ထိုကံသည် ဤအတ္တဘော (ယခုဘဝ)၌ပင်လျှင် အကျိုးပေးတတ်၏။ ထိုသို့ အကျိုးမပေးနိုင်လျှင်မူကား ''ကံသည်ကား ဖြစ်ခဲ့ပြီ၊ ကံ၏အကျိုးကား ဖြစ်ခဲ့ပြီးလည်း မဟုတ်၊ ကံ၏အကျိုးကား ဖြစ်လတံ့လည်း မဟုတ်၊ ကံ၏ အကျိုးကား ဖြစ်ဆဲလည်း မဟုတ်''ဟူ၍ ဟောထားသော ဤတိက်ဒေသနာ၏ အစွမ်းဖြင့် အဟောသိကံ ဖြစ်လေ၏။

     ဒါနစသော ကုသိုလ်ကိစ္စ, ပါဏာတိပါတစသော အကုသိုလ်ကိစ္စကို ပြီးစေသော သတ္တမဇော စေတနာသည်ကား ဥပပဇ္ဇဝေဒနီယကံ မည်၏၊ ထိုကံသည် အခြားမဲ့ အတ္တဘော ဒုတိယဘဝ၌ အကျိုးပေးတတ်၏၊ ထိုသို့ အကျိုးမပေးနိုင်လျှင် ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် အဟောသိကံ ဖြစ်လေ၏။

     ပဌမဇော သတ္တမဇော ၂-ပါးတို့၏ အကြား၌ ငါးကြိမ်သော အလယ်ဇော စေတနာတို့သည် အပရာပရိယဝေဒနီယကံ မည်၏၊ ထိုကံသည် တတိယဘဝစသော အနာဂတ်ကာလ၌ အခွင့်ရသောအခါ အကျိုးပေးတတ်၏။ ရုပ်နာမ် ခန္ဓာအစဉ်ဟူသော သံသရာ၏ မပြတ်ဖြစ်ခြင်း ရှိနေလျှင် (ရှိနေသမျှ ကာလပတ်လုံး ဤကံသည်) အဟောသိကံမည်သည် မဖြစ်။

     ၆၈၆။ ထိုမှတပါးလည်း ကံသည်..

(၁) အလွန်အပြစ်ကြီးသော အကုသိုလ်, အလွန်အာနုဘော်ကြီးသော ကုသိုလ်ဟူသော လေးသော ဂရုကံ၊


မှတ်ချက်

     ၁- အပရ-မျက်မှောက် အတ္တဘော, အခြားမဲ့ အတ္တဘောတို့မှ တပါးသော + ပရိယာယ- အတ္တဘော၏ အလှည့်၌- တတိယဘဝ စသည်၌ + ဝေဒနီယ- ခံစားအပ်သော အကျိုးရှိသော ကံ။

၂၆၃

(၂) အကြိမ်များစွာ ပြုအပ် ကောင်းစွာ မှီဝဲအပ်သော ဗဟုလကံ

(၃) သေခါနီးကာလ၌ ပြုအပ် အောက်မေ့အပ်သော အာသန္နကံ၊

(၄) ပြုဘူးကာမျှဖြစ်သော ကဋတ္တာကံဟူ၍ ၄-ပါး အပြားရှိ၏။

     ထိုကံ ၄-ပါးတို့တွင် ကုသိုလ်ကံဖြစ်စေ, အကုသိုလ်ကံဖြစ်စေ၊ လေးသော ဂရုကံ, ပေါ့သော လဟုကံတို့တွင် အမိကိုသတ်သော မာတုဃာတကံ အစရှိသော အကုသိုလ် ဂရုကံဖြစ်စေ, မဟဂ္ဂုတ်ကုသိုလ် ဂရုကံဖြစ်စေ ရှိလျှင် ထိုဂရုကံသည်သာလျှင် ရှေးဦးစွာ ရင့်ကျက်လျက် အကျိုးကို ဖြစ်စေ၏။

     ထို့အတူ အကြိမ်များစွာ ပြုအပ်သော ဗဟုလကံ, အကြိမ်များစွာ မပြုအပ်သော အဗဟုလကံတို့တွင်လည်း သီလစင်ကြယ်သည်၏အဖြစ် သုသီလျကံဖြစ်စေ, သီလပျက်စီးသည်၏အဖြစ် ဒုဿီလျကံဖြစ်စေ အကြိမ်များစွာ ပြုအပ် မှီဝဲအပ်သော ဗဟုလကံရှိလျှင် ထိုဗဟုလကံသည်သာလျှင် ရှေးဦးစွာ ရင့်ကျက်လျက် အကျိုးကို ဖြစ်စေ၏။

     အာသန္နကံ မည်သည်ကား သေခါနီးကာလ၌ အောက်မေ့သော ကံတည်း၊ မှန်ပေ၏၊ သေခါနီးသောသူသည် အကြင်ကံကို အောက်မေ့နိုင်၏၊ ထိုကံဖြင့်သာလျှင် ဘဝသစ်၌ ဖြစ်ရ၏။

     ဤဆိုခဲ့ပြီးသော ကံ ၃-ပါးတို့မှ လွတ်သော အဖန်ဖန် မှီဝဲမှုကိုရသော ကံသည် ကဋတ္တာကံ မည်၏၊ ဆိုခဲ့ပြီးသော ထိုကံ ၃-ပါးတို့ မရှိလျှင် ဤကဋတ္တာကံက ပဋိသန္ဓေကို ငင်၏ (ဖြစ်စေ၏)။


မှတ်ချက်

     ၁- ဤကံကို အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ အာစိဏ္ဏကံ- (မပြတ် လေ့ကျက်အပ်သော ကံ)ဟု ခေါ်၏။

     ၂- ''အစရှိသော''-ဟူသော စကားဖြင့် ပိတုဃာတ- အဘကိုသတ်ခြင်း၊ အရဟန္တဃာတ- ရဟန္တာကို သတ်ခြင်း၊ လောဟိတုပ္ပါဒ- မြတ်စွာဘုရား၌ သွေးစိမ်းတည်စေခြင်း၊ သံဃဘေဒ- သံဃာကို ခွဲခြင်း၊ နိယတမိစ္ဆာဒိဋ္ဌိ- ကံနှင့် ကံ၏အကျိုး မရှိဟု မြဲမြံစွာဖြစ်သော မိစ္ဆာအယူတို့ကို ယူရာ၏။

     ၃- ဝိသုဒ္ဓိမဂ်ပါဌ်၌ အလဒ္ဓါသေဝနံ-ဟု ရှိလျှင် မှီဝဲမှုကို မရသော-ဟု ပြန်အပ်၏၊ ထိုသို့ရှိပါမှ ဗဟုလကံနှင့် ကွဲမည်။

၂၆၄

     ၆၈၇။ ထိုမှတပါးသော ကံသည်-

(၁) ဝိပါက် ကမ္မဇရုပ်ကို ဖြစ်စေတတ်သော ဇနကကံ၊

(၂) ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံ၊

(၃) ကပ်၍ နှိပ်စက်တတ်သော ဥပပီဠကကံ၊

(၄) ကပ်၍ ဖြတ်တတ် သတ်တတ်သော ဥပဃာတကကံဟူ၍ ၄-ပါး အပြားရှိ၏။

     ထိုကံ ၄-ပါးတို့တွင် ဇနကကံ မည်သည်မှာ ကုသိုလ်လည်း ရှိ၏၊ အကုသိုလ်လည်း ရှိ၏၊ ထို ဇနကကံသည် ပဋိသန္ဓေအခါ၌၎င်း ပဝတ္တိအခါ၌၎င်း ကမ္မဇရုပ်နှင့် ဝိပါက် နာမ်ခန္ဓာတို့ကို ဖြစ်စေ၏။

     ဥပတ္ထမ္ဘက ကံသည်ကား အကျိုးဝိပါက်ကို မဖြစ်စေနိုင်၊ တပါးသောကံက အကျိုးပေးထားသော ပဋိသန္ဓေ၌ (တပါးသောကံက) ဖြစ်စေအပ်ပြီးသော အကျိုးဝိပါက်၌ ဖြစ်ဆဲဖြစ်သော ချမ်းသာဆင်းရဲကို ထောက်ပံ့တတ်၏၊ အဓွန့်ရှည်စွာသော ကာလပတ်လုံး မပြတ် ဖြစ်စေတတ်၏။

     ဥပပီဠက ကံသည်ကား တပါးသောကံက အကျိုးပေးထားသော ပဋိသန္ဓေ၌, (တပါးသောကံက) ဖြစ်စေအပ်ပြီးသော အကျိုးဝိပါက်၌ ဖြစ်ဆဲဖြစ်သော ချမ်းသာဆင်းရဲကို နှိပ်စက်တတ်၏၊ ညှင်းဆဲတတ်၏၊ အဓွန့်ရှည်စွာသော ကာလပတ်လုံး မပြတ်ဖြစ်ရန် အခွင့်မပေး။

     ဥပဃာတက ကံသည်ကား မိမိကိုယ်တိုင် ကုသိုလ်သော်၎င်း အကုသိုလ်သော်၎င်း ဖြစ်လျက် တပါးသော အားနည်းသော (အကုသိုလ်ကံ ကုသိုလ်)ကံကို သတ်၍ ထိုကံ၏ အကျိုးဝိပါက်ကို တားမြစ်၍ မိမိ၏ အကျိုးဝိပါက်အား (ဖြစ်စေရန်) အခွင့်ပြု၏၊ ဤသို့ ကံက အခွင့်ပြုလတ်သော် ထိုအကျိုးဝိပါက်သည် ဖြစ်ပြီမည်၏ဟူ၍ ဆိုအပ်၏။

     [၂၃၇] ဤဆိုခဲ့သော အပြားအားဖြင့် ၁၂-ပါးသော ဤကံတို့၏ (အားရှိသည်၏အဖြစ် အားမရှိသည်၏အဖြစ်ဟူသော) ကံအထူးသည်၎င်း, (ယုတ်သည်၏အဖြစ် မြတ်သည်၏အဖြစ်စသော) ဝိပါက်အထူးသည်၎င်း မြတ်စွာဘုရားတို့၏ (ကံ၏ အကျိုးပေးပုံကို သိသော) ကမ္မဝိပါကဉာဏ်တော်အားသာလျှင် မှန်ကန်သော မိမိ၏သဘောအားဖြင့် အပြည့်အစုံ

၂၆၅

ထင်ရှားပေသည်၊ သာဝကတို့နှင့် မဆိုင်ပေ။ သို့သော်လည်း ဝိပဿနာရှုသော ယောဂီသည် ကံအထူးနှင့် ဝိပါက်အထူးကို တစိတ်တဒေသအားဖြင့် သိအပ် သိထိုက်၏။ ထို့ကြောင့် ဤကံအထူးကို အရိပ်အမြွက်မျှ ပြသော အားဖြင့် (ဤအရာ၌) ပြလိုက်ပေသည်။

     ၆၈၈။ ဤဆိုခဲ့သော အပြားအားဖြင့် ၁၂-ပါး အပြားရှိသော (ဖြစ်ဆဲ ပစ္စုပ္ပန် ဝိပါက်အစဉ်၏ အကြောင်းမျှသာလျှင်ဖြစ်သော အစိတ်)ကံကို (အပေါင်းဖြစ်သော) ကမ္မဝဋ်၌ ထည့်၍ ဤသို့လျှင် တဦးသော ယောဂီသည် ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းအားဖြင့် နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်းကို ပြု၏။

ကံနှင့် ဝိပါက်မျှသာ တွေ့မြင်ပုံ

     ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းအားဖြင့် အကြောင်းကြောင့် နာမ်ရုပ်၏ (ယခု ပစ္စုပ္ပန်၌) ဖြစ်ပေါ်ခြင်းကို ရှုမြင်ပြီးလျှင် ''ဤနာမ်ရုပ်သည် ယခုပစ္စုပ္ပန်ဘဝ ကာလ၌ (ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းအားဖြင့်သာလျှင်) (အကြောင်းကြောင့် ဖြစ်ပေါ်သ)ကဲ့သို့ ထို့အတူပင် အတိတ်ကာလ၌လည်း ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းအားဖြင့်(သာလျှင်) အကြောင်းကြောင့် ဖြစ်ပေါ်ခဲ့လေပြီ၊ အနာဂတ်ကာလ၌လည်း ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းအားဖြင့်သာလျှင် အကြောင်းကြောင့် ဖြစ်ပေါ်လတံ့''ဟု ရှုမြင်၏။

     ဤဆိုခဲ့သော အပြားအားဖြင့် ကံနှင့် ကံ၏ အကျိုးဝိပါက်သာလျှင် ရှိ၏၊ ကမ္မဝဋ်နှင့် ဝိပါကဝဋ်သာလျှင် ရှိ၏၊ ကံအယဉ်နှင့် ဝိပါက်အယဉ်သာလျှင် ရှိ၏၊ ကံအစဉ်နှင့် ဝိပါက်အစဉ်သာလျှင် ရှိ၏၊ (ပြုခြင်း)-ပြုမှုနှင့် ပြုမှု၏ အကျိုးသာလျှင် ရှိ၏။

ကံကြောင့် အကျိုးဝိပါက်တို့သည် ဖြစ်ကုန်၏၊ အကျိုးဝိပါက်သည် ကံလျှင် ဖြစ်ကြောင်းရှိ၏ (တနည်းကား- အကျိုးဝိပါက်သည် ကံ၏ ဖြစ်ကြောင်းပေတည်း)။ ကံကြောင့် တဖန် ဘဝသစ် ဖြစ်ပြန်၏၊


မှတ်ချက်

     ၁- ကမ္မဝဋ် ဝိပါကဝဋ်ဟူသော အကြောင်းကြောင့်-ဟု ဆိုလို၏။

     ၂- ပစ္စုပ္ပန်ဘဝ၌ ''ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ''ဟူသော

၂၆၆

ဤနည်းဖြင့် လောက(ဟု ခေါ်သော ရုပ်နာမ်အစဉ်)သည် အဆက်ဆက် မပြတ်ဖြစ်နေသည်-ဟူ၍

ရှုမြင်၏။

     ဤဆိုခဲ့သည့်အတိုင်း ရှုမြင်သော ယောဂီသည် ရှေးအဖို့ စသည်ကို အကြောင်းပြု၍ ''ငါသည် လွန်လေပြီသော အတိတ်ကာလ၌ ဖြစ်ခဲ့ (ရှိခဲ့)လေသလော'' ဤသို့ အစရှိသော နည်းဖြင့် ၁၆-ပါး အပြားရှိသော အကြင် ယုံမှားကို ဟောတော်မူ(အပ်)၏။ အလုံးစုံသော ထိုယုံမှားကို ပယ်(အပ်)၏။ အလုံးစုံသော ဘဝ ၃-ပါး၊ ယောနိ ၄-ပါး၊ ဂတိ ၅-ပါး၊ ဝိညာဏဋ္ဌိတိ ၇-ပါး၊ သတ္တာဝါသ ၉-ပါးတို့၌ အကြောင်းအကျိုး ဆက်စပ်သည်၏


မှတ်ချက်

အကျိုးကိုမှီ၍ တဏှာ, ဥပါဒါန်, ကမ္မဘဝ ဖြစ်သည်ကို ဆိုလို၏။ ဤသို့ အနက်ပြန်မှ ကံကြောင့် ဝိပါက်ဖြစ်သည်၊ ထိုဝိပါက်ကြောင့်ပင် တဖန် ကံဖြစ်သည်၊ ထိုကံကြောင့် တဖန် ဝိပါက်ဖြစ်ပြန်သည်- ဤသို့ စသည်ဖြင့် တပြန်စီ မပြတ် လည်သွားနိုင်ပေသည်။

     ၁- ယောဂီသည်.. အလုံးစုံသော ထိုယုံမှားကို ပယ်(အပ်)၏ဟု စပ်ပါ။

     ၂- ဘဝသုံးပါး ဟူသည်ကား ကာမဘဝ, ရူပဘဝ, အရူပဘဝတို့ပေတည်း။ ယောနိလေးပါး ဟူသည်ကား အဏ္ဍဇ- ဥမှပေါက်ဖွားသော သတ္တဝါမျိုး၊ ဇလာဗုဇ- သူငယ်အိမ်မှ ပေါက်ဖွားသော သတ္တဝါမျိုး၊ သံသေဒဇ- အညှိ၌ ဖြစ်ပွါးသော သတ္တဝါမျိုး၊ ဩပပါတိက- အနီး၌ ရုတ်တရက် ကျလာသကဲ့သို့ ကိုယ်ထင်ရှား အပြည့်အစုံ ဘွားကနဲ ဖြစ်ပေါ်သော သတ္တဝါမျိုး၊ ဤလေးမျိုးတို့ပေတည်း။

     ဂတိငါးပါး ဟူသည်ကား ငရဲ, တိရစ္ဆာန်, ပြိတ္တာ, လူ, နတ်- ဤငါးပါးတို့ပေတည်း။

     ဝိညာဏဋ္ဌိတိ ခုနစ်ပါး ဟူသည်ကား လူတို့သည် လူအချင်းချင်း၎င်း, ကာမာဝစရ နတ်တို့သည် နတ်အချင်းချင်း၎င်း, ကိုယ်နှင့် ပဋိသန္ဓေသညာ ၂-မျိုးလုံး ထူးခြားသောကြောင့် နာနတ္တကာယ နာနတ္တသညီ မည်ကုန်၏ (၁)။ ပဌမဈာန် ဗြဟ္မာတို့သည် အချင်းချင်း၎င်း, အပါယ်သတ္တဝါတို့သည် အချင်းချင်း၎င်း ကိုယ်ထူးခြား၍ သညာတူသောကြောင့် နာနတ္တကာယ ဧကတ္တသညီ မည်ကုန်၏ (၂)။ ဒုတိယဈာန် ဗြဟ္မာတို့သည် အချင်းချင်း ကိုယ်တူ၍ သညာထူးခြားသောကြောင့် ဧကတ္တကာယ နာနတ္တသညီ မည်ကုန်၏ (၃)။

၂၆၇

အစွမ်းအားဖြင့် အဆက်ဆက် မပြတ်ဖြစ်နေသော နာမ်ရုပ်မျှသည်သာလျှင် (ထိုယောဂီအား) ထင်၏။ ထိုယောဂီသည် အကြောင်းတရားထက်အလွန် (အကြောင်းတရားမှ လွဲ၍) ပြုတတ်သူကို မမြင်၊ အကျိုးဝိပါက် အဆက်ဆက် မပြတ်ဖြစ်ခြင်းထက်အလွန် အကျိုးကို ခံစားတတ်သော သူကို မမြင်၊ အမှန်အားဖြင့်သော်ကား အကြောင်းတရားရှိလျှင် (ကာရက) ပြုတတ်သောသူ ဟူ၍၎င်း၊ အကျိုးဝိပါက် အဆက်ဆက် မပြတ်ဖြစ်ခြင်းရှိလျှင် (ဝေဒက) ခံစားတတ်သောသူ ဟူ၍၎င်း အမည်ပညတ်မျှဖြင့် ပညာရှိတို့ ခေါ်ဝေါ်ပြောဆိုကြသည် ဟူ၍သာလျှင် မှန်စွာသိသော ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်(အပ်)ပြီးဖြစ် လေတော့၏။

     ၆၈၉။ ထို့ကြောင့် ရှေးဆရာတို့သည်..

''အမှုကံကို ပြုတတ်သော ပုဂ္ဂိုလ်သည် မရှိချေ၊ အကျိုးကို ခံစားတတ်သော ပုဂ္ဂိုလ်သည်လည်း မရှိချေ၊ သက်သက်သော အကြောင်းနှင့် အကျိုးတရားတို့သည်သာလျှင် အဆက်ဆက် မပြတ်ဖြစ်လျက် ရှိကုန်၏၊ ဤသို့သော ဤ(အသိအမြင်)သည် (မဖောက်မပြန်) မှန်ကန်စွာ သိမြင်ခြင်းပေတည်း။

ဤဆိုခဲ့သော နည်းဖြင့် အမှုကံနှင့် အကျိုးဝိပါက်သည် အကြောင်းနှင့်တကွ တပြန်စီ လည်ပတ်လျက် မပြတ်ဖြစ်နေလျှင် သစ်စေ့နှင့် သစ်ပင်တို့၏


မှတ်ချက်

တတိယဈာန် ဗြဟ္မာတို့သည် အချင်းချင်း၎င်း, ဝေဟပ္ဖိုလ်ဗြဟ္မာတို့သည် အချင်းချင်း၎င်း ကိုယ်နှင့် သညာ ၂-မျိုး တူသောကြောင့် ဧကတ္တကာယ ဧကတ္တသညီ မည်ကုန်၏ (၄)။ သုဒ္ဓါဝါသ ဗြဟ္မာတို့သည်လည်း ဤစတုတ္ထ ဝိညာဏဋ္ဌိတိ၌ ဝင်သင့်ကုန်၏။ အာကာသာနဉ္စာယတန ဗြဟ္မာတို့သည် အာကာသာနဉ္စာယတနသညီ မည်ကုန (၅)။ ဝိညာဏဉ္စာယတန ဗြဟ္မာတို့သည် ဝိညာဏဉ္စာယတနသညီ မည်ကုန်၏ (၆)။ အာကိဉ္စညာယတန ဗြဟ္မာတို့သည် အာကိဉ္စညာယတနသညီ မည်ကုန်၏ (၇)။ ဤခုနစ်ပါးတို့ပေတည်း။

     သတ္တာဝါသ ၉-ပါးတို့ဟူသည်ကား အထက်ပါ ဝိညာဏဋ္ဌိတိ ခုနစ်ပါးတို့၌ အသညသတ်ဘုံနှင့် နေဝသညာ နာသညာယတနဘုံတို့ကို ထည့်၍ ဤ၉-ပါးတို့သည် သတ္တဝါတို့၏နေရာ ဖြစ်သောကြောင့် သတ္တာဝါသ ၉-ပါး မည်ကုန်၏။

၂၆၈

ရှေးအစွန်း အစကို မသိအပ် မသိနိုင်သကဲ့သို့ (အမှုကံနှင့် အကျိုးဝိပါက်တို့၏) ရှေးအစွန်း အစကို မသိအပ် မသိနိုင်ပေ။ နောင် အနာဂတ်ကာလ၌လည်း (ရုပ်နာမ်ခန္ဓာတို့၏ မပြတ် ဖြစ်စဉ်ဟူသော) သံသရာရှိနေလျှင် (အမှုကံနှင့် အကျိုးဝိပါက်တို့၏) မဖြစ်ခြင်း ပြတ်စဲခြင်းကို မတွေ့မြင်အပ် မတွေ့မြင်နိုင်ပေ။

[၂၃၈] (အမှုကံကို ပြုတတ်သော ပုဂ္ဂိုလ်သည် မရှိချေ စသည်ဖြင့် ဆိုခဲ့သော) ဤအနက်သဘောကို မသိကြသောကြောင့် တိတ္ထိတို့သည် အမြင်မှန်ဟူသော ကိုယ်ပိုင်အလိုနှင့် မပြည့်စုံကုန်သည်ဖြစ်၍ သတ္တဝါဟူသော အမှတ်သညာကို စွဲလမ်းကုန်လျက် သဿတဒိဋ္ဌိ- တည်မြဲအယူ, ဥစ္ဆေဒဒိဋ္ဌိ- ပြတ်စဲအယူ ရှိကုန်သည်ဖြစ်၍ အချင်းချင်း ဆန့်ကျင်လျက် ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိတို့ကို ယူကြကုန်၏။

ထိုတိတ္ထိတို့သည် ဒိဋ္ဌိဟူသော နှောင်ကြိုးဖြင့် နှောင်ဖွဲ့ခံရကုန်သည်ဖြစ်၍ တဏှာဟူသော ရေယဉ်ဖြင့် မျောကုန်၏၊ ထိုတိတ္ထိတို့သည် တဏှာရေယဉ်ဖြင့် မျောကုန်သည်ဖြစ်၍ ဆင်းရဲမှ မလွတ်နိုင်ကုန်။

မြတ်စွာဘုရား၏ တပည့်ဖြစ်သော ရဟန်းသည်ကား ဤဆိုခဲ့သော နည်းဖြင့် (အမှုကံကို ပြုတတ်သော ပုဂ္ဂိုလ်သည် မရှိချေ စသည်ဖြင့် ဆိုခဲ့သော) ဤအနက်သဘောကို သိပြီးလျှင် နက်နဲသိမ်မွေ့သော (သတ္တဝါမှ၎င်း အကျိုးမှ၎င်း) ဆိတ်သုဉ်းသော အကြောင်းတရားကို ထိုးထွင်း၍ သိ၏။

အကျိုးဝိပါက်ထဲ၌ အကြောင်းကံသည် မရှိ၊ အကြောင်းကံထဲ၌လည်း အကျိုးဝိပါက်သည် မရှိ၊ ကံနှင့် ဝိပါက် ၂-ပါးတို့သည်


မှတ်ချက်

     ၁- အကြောင်းဖြစ်သော ချည်မျှင်များသည် အကျိုးဖြစ်သော အဝတ်အထည်ထဲ၌ မပျက်မစီးဘဲ တည်ရှိနေကြသလို ကံသည်ကား အကျိုးဝိပါက်ထဲ၌ တည်ရှိနေတော့သည်မဟုတ်၊ ကံကပင် မပျက်စီးဘဲ အကျိုးဝိပါက်ဖြစ်လာသည် မဟုတ်ဟု ဆိုလို၏။

     ၂- စပါးနှံသည် အကြောင်းဖြစ်သော စပါးပင်ထဲ၌ အဖုံးအလုံးအဖြစ်ဖြင့် တည်ရှိနေနှင့်သလို အကျိုးဝိပါက်သည်ကား ကံဖြစ်စဉ်ကာလက ထိုကံထဲ၌ ကိန်းအောင်းလျက် ရှိနေခဲ့သည်မဟုတ်၊ သူ ဖြစ်ပေါ်ခိုက်ကျမှသာလျှင် အသစ်စက်စက် ဖြစ်ပေါ်လာသည်ဟု ဆိုလို၏။

၂၆၉

အချင်းချင်းမှ ဆိတ်သုဉ်းကုန်၏၊ (သို့သော်) အကြောင်းကံနှင့် ကင်း၍လည်း အကျိုးသည် မဖြစ်နိုင်။

ဥပမာအားဖြင့် မီးသည် နေရောင်ထဲ၌လည်း ရှိသည်မဟုတ်၊ သူရိယကန်ကျောက်ခေါ် မှန်ဘီးလူးထဲ၌လည်း ရှိသည်မဟုတ်၊ နွားချေးခြောက်ထဲ၌လည်း ရှိသည်မဟုတ်၊ ၎င်း(နေရောင် စသည်)တို့၏ အပြင်ပ၌လည်း ထို(မီး) သည် ရှိသည်မဟုတ်၊ နေရောင်စသော အဆောက်အဦတို့ကြောင့် မီးသည် ဖြစ်လည်း ဖြစ်ပေါ်သကဲ့သို့။

ထို့အတူ အကျိုးဝိပါက်သည် ကံ၏ အတွင်း၌လည်း (ရအပ်သည်)ရှိသည် မဟုတ်၊ ကံ၏ အပြင်ပ၌လည်း ရှိသည်မဟုတ်၊ ကံသည်လည်း ထိုအကျိုးဝိပါက်ထဲ၌ ရှိသည်မဟုတ်။

ကံသည် အကျိုးမှ ဆိတ်၏၊ အကျိုးသည် ကံထဲ၌ မရှိ၊ အမှန်အားဖြင့်မူကား ကံကိုသာလျှင် စွဲမှီ၍ ထိုကံမှ အကျိုးသည် ဖြစ်ပေါ်၏။

မှန်ပေ၏၊ ဤလောက၌ ခန္ဓာတို့၏ ဖြစ်စဉ်ဟူသော သံသရာကို ပြုတတ်- ဖန်ဆင်းတတ်သော နတ်သည်၎င်း ဗြဟ္မာသည်၎င်း မရှိချေ၊ အကြောင်းအပေါင်းဟူသော အကြောင်းကြောင့် နာမ်ရုပ်တရား သက်သက်တို့သည်သာလျှင် အဆက်ဆက် မပြတ်ဖြစ်လျက် ရှိကုန်၏''-ဟု

မိန့်ဆိုကုန်၏။

တရားအလုံးစုံကို ထင်ရှားသိခြင်း

     ၆၉ဝ။ ဤဆိုခဲ့သော နည်းဖြင့် ကမ္မဝဋ်၏ အစွမ်းအားဖြင့် နာမ်ရုပ်၏ အကြောင်း သိမ်းဆည်းခြင်းကို ပြုပြီး၍ ၃-ပါးသော အဓွန့်ကာလတို့၌ ယုံမှားမှုကို ပယ်ပြီးသော ထိုယောဂီအား အလုံးစုံသော အတိတ် အနာဂတ် ပစ္စုပ္ပန်တရားတို့သည် စုတိနှင့် ပဋိသန္ဓေ၏ အစွမ်းအားဖြင့် ထင်ရှားသိအပ်ပြီးတို့ ဖြစ်ကုန်၏၊ ထိုယောဂီ၏ အကြောင်းနှင့်တကွ


မှတ်ချက်

     ၁- ဘဝ၏ အဆုံးနှင့် အစဖြစ်သော စုတိနှင့် ပဋိသန္ဓေတို့၏ ချုပ်ပျက်ပုံ ဖြစ်ပေါ်ပုံကို သိမြင်သဘောကျလျှင် ထိုဘဝ၌ အတွင်းဝင်သော တရားအလုံးစုံကို

၂၇၀

နာမ်ရုပ်ကိုသိသော ထိုဉာဏ်ပညာသည် (ဉာတပရိညာ) သိအပ် သိထိုက်သော တရားတို့ကို ပိုင်းခြား၍သိသော ဉာဏ်ပညာ မည်၏။

     ထိုယောဂီသည် ဤသို့သိ၏- အတိတ်ဘဝ၌ ကံဟူသော အကြောင်းကြောင့်ဖြစ်သော အကြင်ခန္ဓာတို့သည် ရှိခဲ့ကုန်၏၊ ထိုခန္ဓာတို့သည် ထိုအတိတ်ဘဝ၌သာလျှင် ချုပ်ခဲ့ကုန်ပြီ၊ ဤပစ္စုပ္ပန်ဘဝ၌မူကား အတိက်ကံဟူသော အကြောင်းကြောင့် အခြားတပါးသော ခန္ဓာတို့သည် ဖြစ်ပေါ်လာကုန်၏၊ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ လိုက်ပါလာသော တရားမည်သည် တခုမျှသော်လည်း မရှိချေ။

     ဤပစ္စုပ္ပန်ဘဝ၌လည်း ကံဟူသော အကြောင်းကြောင့်ဖြစ်သော ခန္ဓာတို့သည် (ဤဘဝ၌သာလျှင်) ချုပ်ကုန်လတံ့၊ နောင်ဘဝသစ်၌ အခြားတပါးသော ခန္ဓာတို့သည် ဖြစ်ပေါ်ကုန်လတံ့၊ ဤဘဝမှ နောင်ဘဝသစ်သို့ တခုသော တရားမျှသော်လည်း လိုက်ပါမသွားလတံ့။

ဘဝနှစ်ရပ် စပ်ပုံ ဥပမာပြချက်

     စင်စစ်သော်ကား ဆရာ၏ ခံတွင်းမှ ရွတ်ဆိုသောအသံသည် တပည့်၏ ခံတွင်းသို့ ဝင်သည်မဟုတ်၊ ဆရာ၏ ရွတ်ဆိုသံဟူသော အကြောင်းကြောင့် [၂၃၉] ထိုတပည့်၏ ခံတွင်း၌ ရွတ်ဆိုခြင်းသည် မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သည်သာ ဖြစ်သကဲ့သို့၎င်း၊

     တမန် (ကိုယ်စားလှယ်)ဖြစ်သူ သောက်သော ရေမန်းသည် ရောဂါရှိသူ၏ ဝမ်းသို့ ဝင်သည်မဟုတ်၊ ထိုတမန်ဖြစ်သူ သောက်သော ရေမန်းဟူသော အကြောင်းကြောင့် ထိုရောဂါရှိသူ၏ ရောဂါသည် မပျောက်သည်လည်း မဟုတ်၊ ပျောက်သည်သာလျှင် ဖြစ်သကဲ့သို့၎င်း၊

     မျက်နှာ၌ လိမ်းချယ် ဆင်ယင်လိုက်သော အစီအရင်သည် မှန်ပြင် စသည်တို့၌ (ထင်နေသော) မျက်နှာအရိပ်သို့ ရောက်သွားသည် မဟုတ်၊


မှတ်ချက်

သိပြီး ဖြစ်လေတော့သည်၊ သိသည် မည်လေတော့သည်၊ သိရာ ရောက်တော့သည် ဟူ၍သာ ဆိုလို၏။ ထိုတရားအလုံးစုံကို သဗ္ဗညုတညာဏ်ဖြင့် သိသကဲ့သို့၎င်း, ပစ္စက္ခဝိပဿနာဉာဏ်ဖြင့် သိသကဲ့သို့၎င်း တိတိကျကျ ရှင်းရှင်းလင်းလင်း သိသည်ဟူ၍ကား မဆိုလို။

၂၇၁

ထိုမျက်နှာ၌ လိမ်းချယ် ဆင်ယင်လိုက်ခြင်းဟူသော အကြောင်းကြောင့် ထိုမှန်ပြင် စသည်တို့၌ ထင်နေသော မျက်နှာအရိပ်၌ လိမ်းချယ် ဆင်ယင်လိုက်သော အစီအရင်သည် မထင်ပေါ်သည်လည်း မဟုတ်၊ ထင်ပေါ်သည် သာလျှင် ဖြစ်သကဲ့သို့၎င်း၊

     တခုသော ဆီမီးစာမှ ဆီမီးလျှံသည် တပါးသော ဆီမီးစာသို့ ပြောင်းရွှေ့သွားသည်လည်း မဟုတ်၊ ထိုမူလ ဆီမီးစာမှ မီးလျှံဟူသော အကြောင်းကြောင့် ထိုတပါးသော ဆီမီးစာ၌ ဆီမီးလျှံသည် မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သည်သာလျှင် ဖြစ်သကဲ့သို့၎င်း၊

     ဤဥပမာတို့နှင့် တူစွာပင် အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ တစုံတခုသော တရားမျှ ပြောင်းရွှေ့လာခဲ့သည် မဟုတ်၊ ယခုဘဝမှလည်း နောင်ဘဝသစ်သို့ တစုံတခုသော တရားမျှ ပြောင်းရွှေ့သွားမည် မဟုတ်၊ အတိတ်ဘဝ၌(မှ) ခန္ဓာ အာယတန ဓာတ်ဟူသော အကြောင်းကြောင့် ယခု ပစ္စုပ္ပန်ဘဝ၌ ခန္ဓာ အာယတန ဓာတ်တို့သည် မဖြစ်သည်လည်း မဟုတ်ကုန်၊ ဖြစ်ကုန်သည်သာလျှင်တည်း၊ ယခု ပစ္စုပ္ပန်ဘဝ၌ ခန္ဓာ အာယတန ဓာတ်ဟူသော အကြောင်းကြောင့်လည်း နောင်ဘဝ၌ ခန္ဓာ အာယတန ဓာတ်တို့သည် မဖြစ်မည်လည်း မဟုတ်ကုန်၊ ဖြစ်ကုန်မည်သာလျှင်တည်းဟူ၍ သိ၏။

မနောဓာတ်၏ အခြားမဲ့၌ ဖြစ်သော စက္ခုဝိညာဏ်စိတ်သည် ထိုမနောဓာတ်မှ လာသည်လည်း မဟုတ်၊ ထိုမနောဓာတ်၏ အခြားမဲ့၌ မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သည်သာလျှင် ဖြစ်သကဲ့သို့


မှတ်ချက်

     ၁- စက္ခုဒွါရ၌ ရူပါရုံ ထင်ပေါ်လာသောအခါ ထိုရူပါရုံကို ဆင်ခြင်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်၏၊ ထို့နောင် ထိုရူပါရုံကိုမြင်သော စက္ခုဝိညာဏ်စိတ် ဖြစ်၏၊ ထို့နောင် ထိုရူပါရုံကို လက်ခံသော သမ္ပဋိစ္ဆိုန်းစိတ်၊ စုံစမ်းသော သန္တီရဏစိတ်၊ ဆုံးဖြတ်သော ဝုဋ္ဌောစိတ်တို့ တကြိမ်စီ ဖြစ်ပေါ်ကြပြီးလျှင် ဇောစိတ် ၇-ကြိမ် တဒါရုံစိတ် ၂-ကြိမ် ဖြစ်ပြီးနောက် အိပ်ပျော်သကဲ့သို့ ဘဝင်စိတ်များ ဖြစ်ပေါ်သွား၏။ ဤမျှဖြင့် ရူပါရုံကိုမြင်သော စက္ခုဒွါရဝီထိစိတ်အစဉ်တခု ပြီးဆုံး၏။ ဤစိတ်အစဉ်ထဲ၌ ပဌမဆုံးစ၍ ဆင်ခြင်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို ဤ၌ မနောဓာတ်ဟု ဆိုသည်။ ထိုစိတ် ချုပ်သွားသည်၏အခြားမဲ့၌ စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာသည်။ ဤသို့ ဖြစ်ရာ၌ ပဉ္စဒွါရဝဇ္ဇန်းမည်သော မနောဓာတ်စိတ်ကပင် စက္ခုဝိညှာဏ်စိတ်အဖြစ်သို့

၂၇၂

ထို့အတူပင် ပဋိသန္ဓေကာလ၌ စိတ်အစဉ်သည် ဖြစ်ပေါ်၏၊ ရှေးဖြစ်သော စုတိစိတ်သည် ချုပ်ပျက်သွား၏၊ ထိုမှနောက်၌ နောက်ဖြစ်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။

ထိုစုတိစိတ် ပဋိသန္ဓေစိတ်တို့၏ ခြားခြင်းကို ပြုတတ်သော (အကြား၌ဖြစ်သော) တရားမည်သည် မရှိ၊ ထိုစုတိစိတ် ပဋိသန္ဓေစိတ်တို့၏ အကြားမည်သည် မရှိ၊ ဤစုတိစိတ်မှ တစုံတခုသော တရားမျှ သွားသည်လည်း မဟုတ်၊ ပဋိသန္ဓေစိတ်သည်လည်း ဖြစ်ပေါ်လာ၏- ဟူ၍လည်း သိ၏။

     ၆၉၁။ ဤဆိုခဲ့သည့်အတိုင်း စုတိနှင့် ပဋိသန္ဓေ၏ အစွမ်းအားဖြင့် အလုံးစုံသော နာမ်ရုပ်တရားကို ထင်ရှားသိပြီးသော ယောဂီအား နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းသော ဉာဏ်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် သန်မာလျင်မြန်သော အားစွမ်းနှင့် ပြည့်စုံ၏၊ ၁၆-ပါးသော ယုံမှားကို သာ၍ကောင်းစွာ ပယ်(အပ်)၏

     သက်သက် ထို၁၆-ပါးသော ယုံမှားကိုသာလျှင် ပယ်သည်မဟုတ်သေး၊ ''ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၌ ယုံမှား၏'' ဤသို့ အစရှိသော နည်းဖြင့် ဖြစ်သော ရှစ်ပါးအပြားရှိသော ယုံမှားကိုလည်း ပယ်(အပ်)သည် သာလျှင်တည်း။ ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိတို့သည် ဝေးကွာကုန်၏။


မှတ်ချက်

ပြောင်းလဲလာသည် မဟုတ်၊ ၎င်း မနောဓာတ် စိတ်သည်ကား ဖြစ်ပေါ်ပြီးလျှင် အကြွင်းမဲ့ ချုပ်ပျောက်သွားသည်၊ သို့သော်လည်း ၎င်းမနောဓာတ်၏ အနန္တရပစ္စယသတ္တိကြောင့် ၎င်း၏အခြားမဲ့၌ စက္ခုဝိညာဏ်စိတ်သည် အသစ်စက်စက် ဖြစ်လည်း ဖြစ်ပေါ်လာ၏၊ မဖြစ်ပေါ်ဘဲ မနေဟု ဆိုလို၏။

     ၁- ဤ၌လည်း ''ထိုယောဂီ၏သန္တာန်၌ ဝိက္ခမ္ဘနပဟာန်အားဖြင့် ယုံမှား ၁၆-ပါး သာ၍ ဝေးကွာသွားသည် သာ၍ ကင်းပျောက်သွားသည်''ဟု ဆိုလို၏။

     ၂- အစရှိသော- ပုဒ်ဖြင့် ''တရား၌ ယုံမှား၏၊ သံဃာ၌၊ မိမိ၏ အကျင့် သိက္ခာ၌၊ သံသရာ၏ ရှေး အဖို့၌၊ နောက် အဖို့၌၊ ရှေးနောက် အဖို့၌၊ ပဋိစ္စသမုပ္ပါဒ်၌ ယုံမှား၏'' ဟူသော ဤခုနစ်ပါးကို ညွှန်းသည်။

၂၇၃

ဓမ္မဋ္ဌိတိဉာဏ် စသည် မည်ကြောင်း

     ဤဆိုခဲ့သည့်အတိုင်း အထူးထူး အပြားပြားသော နည်းတို့ဖြင့် နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်းဖြင့် ၃-ပါးသော အဓွန့်ကာလတို့၌ ယုံမှားကို လွန်မြောက်၍ တည်သောဉာဏ်ကို ကင်္ခါဝိတရဏဝိသုဒ္ဓိ- (ယုံမှားကို လွန်မြောက်လျက် စင်ကြယ်သောဉာဏ်)ဟူ၍ သိအပ်၏။ ဓမ္မဋ္ဌိတိဉာဏ် (နာမ်ရုပ်တို့၏ တည်ကြောင်းတရားကို သိသောဉာဏ်)ဟူသော အမည်သည်၎င်း, ယထာဘူတဉာဏ် (ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်)ဟူသော အမည်သည်၎င်း, သမ္မာဒဿန- (မဖောက်မပြန် မှန်စွာမြင်သော ဉာဏ်)ဟူသော အမည်သည်၎င်း ဤ ကင်္ခါဝိတရဏဝိသုဒ္ဓိ၏ အမည်ချည်းသာလျှင်တည်း။ ထိုစကား မှန်ပေ၏။

''အဝိဇ္ဇာသည် အကြောင်းတည်း၊ သင်္ခါရတို့သည် အကြောင်းကြောင့်ဖြစ်သော အကျိုးတို့တည်း၊ ဤအဝိဇ္ဇာနှင့် သင်္ခါရဟူသော နှစ်ပါးသော တရားတို့သည်လည်း အကြောင်းကြောင့်ဖြစ်သော အကျိုးတို့တည်း-ဟု အကြောင်းကို သိမ်းဆည်းခြင်း၌ ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏'' ဟူ၍၎င်း၊

မမြဲဟု နှလုံးသွင်းသောသူသည် အဘယ်တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိသနည်း မြင်သနည်း၊ အဘယ်သို့လျှင် သမ္မာဒဿန- မှန်စွာမြင်သော ဉာဏ်ဖြစ်သနည်း၊ ထိုမြင်ပြီးသို့ အစဉ်လိုက်သဖြင့် အဘယ်သို့လျှင် အလုံးစုံ သော သင်္ခါရတို့ကို မမြဲကုန်ဟု ကောင်းစွာ မြင်အပ်ကုန်သနည်း၊ အဘယ်တရားတို့၌ ယုံမှားကို ပယ်အပ်သနည်း၊ ဆင်းရဲဟု နှလုံးသွင်းသော သူသည် ။ပ။ အတ္တမဟုတ်ဟု နှလုံးသွင်းသောသူသည် အဘယ်တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိသနည်း မြင်သနည်း ။ပ။ အဘယ်တရားတို့၌ ယုံမှားကို ပယ်အပ်သနည်းဟု မေးငြားအံ့။

[၂၄ဝ] မမြဲဟု နှလုံးသွင်းသောသူသည် သင်္ခါရနိမိတ်ကို ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ ထို့ကြောင့် သမ္မာဒဿန- မှန်စွာသိမြင်သော ဉာဏ်ဟု ဆိုအပ်၏၊ ဤသို့ မြင်လတ်သော် ထို(မျက်မှောက် မြင်ပြီး)သို့ အစဉ်လိုက်သဖြင့် အလုံးစုံသော သင်္ခါရတို့ကို မမြဲကုန်ဟု ကောင်းစွာ

၂၇၄

မြင်(အပ်ကုန်)၏၊ ဤ ကောင်းစွာ မြင်(အပ်)သော တရားအပေါင်း၌ ယုံမှားကို ပယ်(အပ်)၏။ ဆင်းရဲဟု နှလုံးသွင်းသောသူသည် မပြတ်ဖြစ်သော ရုပ်နာမ်အယဉ် (ဥပါဒိန္နက ပဝတ္တ)ကို ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ ။ပ။ အတ္တမဟုတ်ဟု နှလုံးသွင်းသောသူသည် သင်္ခါရနိမိတ်ကို၎င်း, ရုပ်နာမ်အယဉ်ကို၎င်း ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ ထို့ကြောင့် သမ္မာဒဿန- မှန်စွာမြင်သော ဉာဏ်ဟု ဆိုအပ်၏၊ ဤသို့ မြင်လတ်သော် ထို(မျက်မှောက် မြင်ပြီး)သို့ အစဉ်လိုက်သဖြင့် အလုံးစုံသော သင်္ခါရတို့ကို အတ္တမဟုတ်ဟု ကောင်းစွာ မြင်(အပ်ကုန်)၏၊ ဤ ကောင်းစွာ မြင်(အပ်)သော တရားတို့၌ ယုံမှားကို ပယ်(အပ်)၏ဟု ဖြေအပ်ပေသည်။

ယထာဘူတဉာဏ်, သမ္မာဒဿနဉာဏ်, ကင်္ခါဝိတရဏဉာဏ်ဟူသော ဤတရားတို့သည် အနက်အားဖြင့်လည်း ထူးကုန်၍ သဒ္ဒါအားဖြင့်လည်း ထူးကုန်သလော၊ သို့မဟုတ် အနက်အားဖြင့် တူကုန်၍ သဒ္ဒါမျှသာ ထူးကုန် သလောဟု မေးငြားအံ့၊ ယထာဘူတဉာဏ်, သမ္မာဒဿနဉာဏ်, ကင်္ခါဝိတရဏဉာဏ်ဟူသော ဤတရားတို့သည် အနက်အားဖြင့် တူကုန်၍ သဒ္ဒါမျှသာ ထူး၏ဟု ဖြေအပ်ပေသည်- ဟူ၍၎င်း-

ဤစကားကို ပဋိသမ္ဘိဒါမဂ်၌ ဟောတော်မူ၏။

စူဠသောတာပန်မည်ကြောင်း

     အကျိုးကား.. ဤ ယထာဘူတမည်သော ကင်္ခါရဝိတရဏဉာဏ်နှင့် ပြည့်စုံသော ဝိပဿနာ(ရှုသူ) ယောဂီသည် မြတ်စွာဘုရား၏ သာသနာတော်၌ ရအပ်ပြီးသော သက်သာရာရှိသည်ဖြစ်၍ ''ရအပ်ပြီးသော


မှတ်ချက်

     ၁- ပရမတ္ထ- မြတ်သောအနက်- မှန်သောအနက်အားဖြင့် သာသနာတော်၌ သက်သာရာမည်သည် အရိယာဖိုလ်ပေတည်း၊ ထောက်တည်ရာမည်သည် အရိယာမဂ်ပေတည်း၊ ဤယောဂီသည်ကား ထိုအရိယာမဂ်ဖိုလ်ကို မရသေးပေ၊ သို့သော်လည်း ထိုအရိယာမဂ်ဖိုလ်ကို ရကြောင်းဖြစ်သော အကျင့်၌ တည်သောကြောင့် ရအပ်ပြီးသော သက်သာရာ ရှိသကဲ့သို့၎င်း ရအပ်ပြီးသော ထောက်တည်ရာ ရှိသကဲ့သို့၎င်း ဖြစ်ပေ၏၊ ထို့ကြောင့်

၂၇၅

ထောက်တည်ရာ ရှိသည်ဖြစ်၍ မြဲသော ဂတိရှိသည်ဖြစ်၍ စူဠသောတာပန် (သောတာပန်ငယ်) မည်ပေ၏။

ထို့ကြောင့် ရဟန်းသည် ယုံမှားကို လွန်မြောက်သော ကင်္ခါဝိတရဏဉာဏ်ကို လိုလားခြင်း ရှိသည်ဖြစ်၍ အခါခပ်သိမ်း အမှတ်ရမှုသတိနှင့် ပြည့်စုံလျက် နာမ်ရုပ်၏ အကြောင်းတို့ကို ခပ်သိမ်းသော အပြားအားဖြင့် သိမ်းဆည်းရာ၏။ ဤတွင် ပြီး၏။

ဤသည်ကား သူတော်ကောင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်းငှါ စီရင်အပ်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် ပညာ ဘာဝနာအရာ၌ ကင်္ခါဝိတရဏဝိသုဒ္ဓိကို အကျယ်ပြချက် (ကင်္ခါဝိတရဏဝိသုဒ္ဓိ နိဒ္ဒေသ)မည်သော ၁၉-ခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။

ကင်္ခါဝိတရဏဝိသုဒ္ဓိကို အကျယ်ပြချက် ပြီး၏။


မှတ်ချက်

'ရအပ်ပြီးသော သက်သာရာရှိသည်ဖြစ်၍ ရအပ်ပြီးသော ထောက်တည်ရာရှိသည် ဖြစ်၍''ဟု မိန့်ဆိုပေသည်။ (ဋီကာအဖွင့်)

     ၁- ရှေး နှာ (၂၇၄) မှတ်ချက် ၁-ကို ပြန်ကြည့်ပါ။

     ၂- မဆုတ်ယုတ်သော ကင်္ခါဝိတရဏဝိသုဒ္ဓိရှိသော (ဝါ-ရှိလျှင်) ဝိပဿနာယောဂီသည် လောကီဖြစ်ကုန်သော သီလပြည့်စုံ စင်ကြယ်ခြင်း သမာဓိပြည့်စုံ စင်ကြယ်ခြင်း ပညာပြည့်စုံ စင်ကြယ်ခြင်းတို့နှင့် ပြည့်စုံနေသောကြောင့် ထိုကင်္ခါဝိတရဏ ဝိသုဒ္ဓိထက်အလွန် မသိသေး မရသေးသော်လည်း သုဂတိလျှင် လားရာရှိပေသည်၊ ထို့ကြောင့်ပင်လျှင် စူဠသောတာပန် မည်ပေသည်။ (ဋီကာအဖွင့်ပင်) ဤဋီကာ၌ ''မဆုတ်ယုတ်သော ကင်္ခါဝိတရဏ ဝိသုဒ္ဓိရှိသော''ဟူသော ဝိသေသနပုဒ်ကို၎င်း၊ ''သီလပြည့်စုံ စင်ကြယ်ခြင်း စသည်တို့နှင့် ပြည့်စုံသောကြောင့်''ဟူသော အကြောင်းပြပုဒ်ကို၎င်း အထူး သတိပြုအပ်၏၊ ထိုသို့သော ယောဂီသည် ကင်္ခါဝိတရဏဝိသုဒ္ဓိ မဆုတ်ယုတ်ပါမှ ဂတိမြဲနိုင်သည်၊ ဆုတ်ယုတ်လျှင်ကား မမြဲနိုင်-ဟူ၍၎င်း၊ သီလစသည် ပြည့်စုံမြဲ ပြည့်စုံနေမှ ဂတိမြဲနိုင်သည်၊ သီလစသည် ပျက်စီးနေလျှင်ကား မမြဲနိုင်ဟူ၍၎င်း ဤအနက်ကိုလည်း ပြောင်းပြန်နည်းဖြင့် ထို ပုဒ်များက ပြလျက်ရှိ၏။

၂၇၆

၂ဝ-မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိကို အကျယ်ပြချက်

သမ္မသနကထာ- သမ္မသနဉာဏ်ကို ပြဆိုချက်

     [၂၄၁] ၆၉၂။ ဤ (ရှုမြဲ ရှုလျက် လမ်းမှန်သွားသော ရှုသိမှု ပညာ)သည်ကား (ပုဗ္ဗဘာဂမဂ်) လမ်းမှန်တည်း၊ ဤ (အရောင် အလင်း စသည်)သည်ကား လမ်းမှန်မဟုတ်ဟု ဤသို့ လမ်းမှန်နှင့် လမ်းမှားကို (ပိုင်းခြား) သိမြင်၍ တည်သော ဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (လမ်းမှန်နှင့် လမ်းမှားကို အသိအမြင် စင်ကြယ်သော ဉာဏ်ပညာ) မည်၏။

     ထိုမဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိကို ပြည့်စုံစေလိုသော ယောဂီသည် ကလာပသမ္မသန (အပေါင်းအစုလိုက် သုံးသပ်ခြင်း)ဟု ဆိုအပ်သော နယဝိပဿနာ


မှတ်ချက်

     ၁- မဂ္ဂ- လမ်းရိုးလမ်းမှန် + အမဂ္ဂ- လမ်းရိုးမဟုတ်- လမ်းမှား + ဉာဏ-အသိဉာဏ် + ဒဿန-အမြင် + ဝိသုဒ္ဓိ-စင်ကြယ်ခြင်း- စင်ကြယ်သည်၊ ဤကား တပုဒ်စီ၏ အနက်။

     ၂- တေ ဓမ္မေ သမနုပဿတိ- ထိုတရားတို့ကို ရှု၏ ဟူသည်ကား နေဝသညာ နာသညာယတနဈာန်၌ ပုဒ်စဉ်အတိုင်း တရားတို့ကို အသီးအသီးရှုသော ဝိပဿနာသည် မြတ်စွာဘုရားတို့အားသာလျှင် ဖြစ်၏၊ သာဝကတို့အား မဖြစ်၊ ထို့ကြောင့် ဤ နေဝသညာ နာသညာယတနဈာန်၌ အပေါင်းလိုက်အားဖြင့် ရှုသော ကလာပဝိပဿနာကို ပြတော်မူလိုသည်ဖြစ်၍ ဤသို့ ဟောတော်မူပေသည်။ (ဥပရိပဏ္ဏာသ အနုပဒသုတ်အဖွင့် အဋ္ဌကထာ၏ မြန်မာပြန်)

     ထိုသုတ်၌ အရှင်သာရိပုတြာ၏ ဝိပဿနာရှုပုံကို ပြသည်။ ရှုပဈာန် ၄-ပါးနှင့် အောက် အရူပဈာန် ၃-ပါးတို့၌ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဖဿ အစရှိသော ဈာန်စိတ္တုပ္ပါဒ် တရားတို့ကို ရှုပုံ အသီးအသီး ထုတ်ပြ၏၊ နေဝသညာဈာန်၌ကား ထိုသို့ အသီးအသီး ရှုပုံကို မပြပဲ တေ ဓမ္မေ- ထိုတရားတို့ကို-ဟု အပေါင်းလိုက် အလုံးရိုက် ရှုပုံကို ပြ၏၊ ထိုသို့ ပြခြင်းမှာ သာဝကတို့အား နေဝသညာဈာန်၌ အသီးအသီး ရှုသော အနုပဒဝိပဿနာ မဖြစ်၊ ကလာပဝိပဿနာ အပေါင်းလိုက် ရှုခြင်းသာ ဖြစ်သောကြောင့် ထိုသို့ ''တေ ဓမ္မေ''-ဟု ဟောတော်မူကြောင်း အဋ္ဌကထာ၌ ပြဆိုသည်၊ ထို့ကြောင့် ဤ၌ ကလာပသမ္မသနကိုလည်း

၂၇၇

(နည်းမှီး၍ ရှုခြင်း)၌ အားထုတ်ခြင်းကို ရှေးဦးစွာ ပြုအပ်၏။ အဘယ်ကြောင့်နည်း ဟူမူကား? အားထုတ်စ ပြုပြီးသော (အာရဒ္ဓဝိပဿက) ဝိပဿနာယောဂီအား အရောင် အလင်းစသည်တို့ ဖြစ်ပေါ်ကုန်လတ်သော် လမ်းမှန်နှင့် လမ်းမှားကို ပိုင်းခြားသော (မဂ္ဂါမဂ္ဂ)ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ကလာပသမ္မသန ဉာဏ်သည်လည်း ဝိပဿနာ၏ အစ(စွာ အားထုတ်အပ်သော ဉာဏ်)ပေတည်း၊ ထို့ကြောင့် ဤ(ကလာပသမ္မသန ဉာဏ်)ကို ကင်္ခါဝိတရဏဉာဏ်၏ အခြားမဲ့၌ ညွှန်ပြထားပေသည်။

     တနည်း (အကြောင်းပြရလျှင်)လည်း တီရဏပရိညာ ဖြစ်လတ်သော် လမ်းမှန်နှင့် လမ်းမှားကို ပိုင်းခြားသော (မဂ္ဂါမဂ္ဂ)ဉာဏ်သည် ဖြစ်ပေါ်၏၊ (ထို) တီရဏပရိညာသည်လည်း ဉာတပရိညာ၏ အခြားမဲ့၌ ဖြစ်၏၊ ထို့ကြောင့်လည်း ထို မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိကို ပြည့်စုံစေလိုသော


မှတ်ချက်

ထိုကလာပ ဝိပဿနာမျိုးပင်-ဟု မှတ်အပ်၏။ ပထဝီ ဖဿ အစရှိသော တရားတခုခုကို လက္ခဏာ စသည်ဖြင့် အသီးအခြား ထင်ရှားရှုသည်မဟုတ်ပဲ ရှေးက ရှုလာခဲ့သော တရားတို့နှင့် နည်းမှီး၍ အပေါင်းလိုက်အားဖြင့် မမြဲ ဆင်းရဲ အတ္တမဟုတ်-ဟု ရှုခြင်းကို ဆိုလိုသည်။

     ၁- တခုသော သင်္ခါရ၏သော်လည်း မမြဲသည်၏အဖြစ်ကို မြင်ပြီးလျှင် ''အလုံးစုံသော သင်္ခါရတို့သည် မမြဲကုန်''ဟု ကြွင်းသော သင်္ခါရတို့၌ နည်းမှီး၍ နှလုံးသွင်းမှု နယမနသိကာရသည် ဖြစ်၏။ ''အလုံးစုံသော သင်္ခါရတို့ မမြဲကုန်'' ဤသို့ အစရှိသော စကားမှာ နည်းမှီး၍ ရှုခြင်း- နယဒဿနကို ရည်၍ ဆိုထားသော စကားဖြစ်သည်၊ တခုတည်းသော ခဏ၌ (သင်္ခါရအလုံးစုံကို) အာရုံပြုသောအားဖြင့် ရှုခြင်းကို ရည်၍ ဆိုသော စကားမဟုတ် (ကထာဝတ္ထု အဋ္ဌကထာ နံပါတ် ၂၅၁)။ ထိုကထာဝတ္ထု အဋ္ဌကထာ၌ နယတော မနသိကာရ- နယမနသိကာရ- ဟူ၍၎င်း၊ နယတော ဒဿန- နယဒဿန- ဟူ၍၎င်း ပြဆိုထားသော ရှုပုံနှင့် ဤ၌ ပြဆိုထားသော နယဝိပဿနာတို့ကို တူသည်-ဟု မှတ်ယူအပ်၏။

     ၂- အာရဒ္ဓ- အားထုတ်စ ပြုပြီးသော + ဝိပဿက- ဝိပဿနာရှုသူ၊ ဤယောဂီမှာ အားတုတ်ခါစ မဟုတ်၊ အားထုတ်စ ပြုခဲ့ပြီး၍ အဖြစ်အပျက်ကို မြင်နိုင်သော ဥဒယဗ္ဗယဉာဏ်သို့ ရောက်ခါစ ယောဂီဖြစ်သည်။ ထို့ကြောင့် ''အားထုတ်စပြုသော''ဟု မဆိုမူ၍ ''အားထုတ်စ ပြုပြီးသော''-ဟု ပြီး-နှင့်တကွ ဆိုထားသည်။

၂၇၈

ယောဂီသည် အပေါင်း အစုလိုက် သုံးသပ်သော (ကလာပသမ္မသန) ဉာဏ်၌ အားထုတ်ခြင်းကို ရှေးဦးစွာ ပြုအပ်ပေ၏။

     ၆၉၃။ (တီရဏပရိညာသည် ဉာတပရိညာ၏ အခြားမဲ့၌ ဖြစ်သည်-ဟူသော) ထိုစကားရပ်၌ ဤဆိုလတံ့သည်ကား အဆုံးအဖြတ်ပေတည်း- လောကီပရိညာ (ပိုင်းခြား၍သိသော ဉာဏ်ပညာ)တို့သည် ဉာတပရိညာ (သိအပ် သိထိုက်သော နာမ်ရုပ်နှင့် အကြောင်းတရားကို ပိုင်းခြား၍သိသော ဉာဏ်ပညာ), တီရဏပရိညာ (စုံစမ်းသုံးသပ်လျက် ပိုင်းခြား၍သိသော ဉာဏ်ပညာ), ပဟာနပရိညာ (ပယ်လျက် ပိုင်းခြား၍သိသော ဉာဏ်ပညာ) အားဖြင့် ၃-ပါး အပြားရှိကုန်၏။ ၎င်းတို့ကို ရည်၍

''ရှေးရှုပြု၍သိသော (အဘိညာ) ပညာသည် သိခြင်း အနက်သဘော (သိသည်၏ အဖြစ်)ကြောင့် ဉာဏ်မည်၏၊ ပိုင်းခြား၍ သိသော (ပရိညာ) ပညာသည် စုံစမ်းခြင်း အနက်သဘော


မှတ်ချက်

     ၁- ပရိ-ပိုင်းခြား၍ + ညာ-သိသောဉာဏ်- ပရိညာ- ပိုင်းခြား၍ သိသော ဉာဏ်ပညာ။

     ၂- ဉာတ-သိအပ် သိထိုက်သော တရား (ဤအရာ၌ ရုပ်, နာမ်နှင့် ၎င်းတို့၏ အကြောင်းပင် ဖြစ်သည်) + ပရိညာ- ပိုင်းခြား၍ သိသော ဉာဏ်ပညာ။

     ၃- တီရဏ- စုံစမ်း သုံးသပ်ဆင်ခြင်သော + ပရိညာ- ပိုင်းခြား၍ သိသော ဉာဏ်ပညာ။

     ၄- ပဟာန- ပယ်တတ်သော + ပရိညာ- ပိုင်းခြား၍ သိသော ဉာဏ်ပညာ။

     ၅- အဘိ-ရှေးရှုပြု၍ + ညာ-သိသောပညာ။ ဤအနက်မှာ ''သဘောတရားတို့၏ သဘာဝလက္ခဏာကို ကောင်းစွာ မှတ်သောအားဖြင့် သိအပ် သိထိုက်သော တရားသို့ ရှေးရှုပြုလျက် သိသော ပညာသည် အဘိညာပညာ မည်၏''ဟု ပြဆိုသော မဟာဋီကာ (၂-၃၈၇) အဖွင့်ကို မှီသည်။ တနည်းအားဖြင့် ''သုတမယပညာ စိန္တာမယပညာ အချို့သော ဘာဝနာမယ ပညာတို့ထက် ထူးသော (အဘိညာ)ပညာဖြင့် သိအပ်သော တရားတို့သည် အဘိညာတ မည်ကုန်၏''ဟု ဖွင့်သော မဟာဋီကာ (၂-၅ဝ၇) အဖွင့်နှင့်အညီ ပြန်ဆိုလျှင် ''သုတမယ စိန္တာမယဉာဏ် စသည်တို့ထက် ထူးခြားစွာသိသော ပညာ''-ဟူ၍လည်း ပြန်နိုင်သေး၏။

၂၇၉

(သုံးသပ်သည်၏ အဖြစ်)ကြောင့် ဉာဏ်မည်၏၊ ပယ်သော (ပဟာန)ပညာသည် စွန့်ခြင်း အနက်သဘောကြောင့် ဉာဏ်မည် ၏''-ဟု

ဟောတော်မူအပ်ပေသည်။

     ထိုသုံးပါးသော ပရိညာတို့တွင် ''ဖောက်ပြန်ခြင်း လက္ခဏာရှိသော တရားသည် ရုပ်တည်း၊ ခံစားခြင်း လက္ခဏာရှိသော တရားသည် ဝေဒနာတည်း''ဟု ဤသို့သော နည်းဖြင့် ထိုထို ရုပ်နာမ်တရားတို့၏ အသီးအသီးသော သဘာဝလက္ခဏာကို ကောင်းစွာမှတ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော ပညာသည် ဉာတပရိညာမည်၏။

     ''ရုပ်သည် မမြဲ၊ ဝေဒနာသည် မမြဲ'' ဤသို့ အစရှိသော နည်းဖြင့် (သဘာဝလက္ခဏာကို ကောင်းစွာ မှတ်သည်၏ အစွမ်းအားဖြင့် ယူပြီး ရှုသိပြီး ဖြစ်ကုန်သော) ထိုရုပ်နာမ် တရားတို့အားပင်လျှင်, သာသမညလက္ခဏာကို


မှတ်ချက်

     ၁- ဤအပိုဒ်ကို အထူး သတိပြုအပ်၏၊ ရုပ် နာမ် သဘောတရား အရေအတွက် ဖြစ်ပုံ ပျက်ပုံ စသည်တို့ကို သုတအားလျော်စွာ တွေးဆ ကြံစည်ရုံမျှဖြင့် ဉာတပရိညာခေါ်သော နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ မဖြစ်နိုင်ကုန်၊ တကယ်ဖြစ်ပေါ်လာသော ရုပ်နာမ်တို့၏ သဘာဝလက္ခဏာ စသည်တို့ကို ကောင်းစွာမှတ်၍ သိပါမှ ထိုဉာတပရိညာခေါ်သော နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ ဖြစ်နိုင်ကုန်၏-ဟူသော အနက်ကို ဤစာပိုဒ်က အထင်အရှားပြလျက် ရှိ၏။

     ၂- နည်းဖြင့်.. လက္ခဏာကို တင်၍-ဟု စပ်ပါ။

     ၃-၄- ထိုရုပ်နာမ်တို့အပေါ်သို့ သာမညလက္ခဏာကို တင်၍-ဟု ဆိုလို၏။ ဤ၌ တင်-ဟူသော စကားမှာ မူလက ဉာဏ်၌ မထင်သေးသော အနိစ္စလက္ခဏာ စသည်တို့ကို ဉာဏ်ရင့်သောအခါ ထင်ရှားတွေ့ရ၍ ၎င်းတို့ကိုလည်း ရှုရပြန်သောကြောင့် မူလက ရှုနေသော သဘာဝလက္ခဏာပေါ်မှာ ထပ်ဆင့်၍ တင်ရသကဲ့သို့ ဖြစ်သည်ကို ရည်၍ တင်စားဆိုသော စကားဖြစ်သည်။ မထင်သေးသော လက္ခဏာတို့ကို မှန်းဆ၍ တင်သည်ကိုကား ဆိုလိုသည် မဟုတ်။ အောက်ပါများမှာ ဋီကာအဖွင့်များ ဖြစ်သည်။

     ရုပ်တရား၌ တက်လျက် ထင်လျက်ရှိသော ရှေးက မိမိ မမှတ်ဘူးသေးသော လက္ခဏာသုံးပါးကို ယခု မှတ်လျက် သုံးသပ်သော ယောဂီကို ''ထို ရုပ်တရားပေါ်၌ ထိုလက္ခဏာ ၃-ပါးကို တင်သည်''ဟူ၍ ဆိုအပ်၏။ (မဟာဋီကာ ၂-၄ဝ၇)။

၂၈၀

တင်၍ ဖြစ်သော လက္ခဏာလျှင် အာရုံရှိသော ဝိပဿနာ ပညာသည် တီရဏပရိညာ မည်၏။

     (သာမညလက္ခဏာကို ရှုသည်၏ အစွမ်းအားဖြင့် ယူပြီး ရှုသိပြီး ဖြစ်ကုန်သော) ထိုရုပ်နာမ် တရားတို့၌ပင်လျှင် နိစ္စသညာစသည်ကို ပယ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော လက္ခဏာလျှင် အာရုံရှိသော၁ ဝိပဿနာ ပညာသည် ပဟာနပရိညာ မည်၏။

     ထို၃-ပါးသော ပရိညာတို့တွင် နာမ်ရုပ်သင်္ခါရတို့ကို ပိုင်းခြားသော (နာမရူပပရိစ္ဆေဒ)ဉာဏ်မှ စ၍ ပစ္စယပရိဂ္ဂဟဉာဏ်တိုင်အောင် ဉာတပရိညာ၏ ဖြစ်ရာဘုံ- နယ်ပယ်တည်း၊ မှန်ပေ၏၊ ဤကာလအတွင်း၌


မှတ်ချက်

ပထဝီ ဖဿ အစရှိသော ရုပ်တရား နာမ်တရားတို့၏ ကြမ်းတမ်းခြင်း တွေ့ထိခြင်း အစရှိသော သဘာဝလက္ခဏာတို့ကို ဥပါဒ် ဌီ ဘင် ခဏ၃-ပါးလုံးမှာပင် မှတ်သိနိုင်ကုန်၏၊ (၎င်းတို့သည်) ရုပ်နာမ်တရားတို့၏ အသီးအသီး ကိန်းသေမြဲသော အထည်ကိုယ်၏အဖြစ်ဖြင့် ပင်ကိုသဘောအားဖြင့် ပြီးစီး ထင်ရှားကုန်သည်လျှင် ဖြစ်ကုန်၍ (ဤသို့သော အခြင်းအရာဖြင့် ၎င်းတို့ကို) ယူအပ်ကုန်သကဲ့သို့ အနိစ္စစသော သာမညလက္ခဏာတို့ကိုကား ထို့အတူ မယူအပ်ကုန်၊ ၎င်း သာမညလက္ခဏာတို့ကိုကား ပျက်သွားခြင်း အဖြစ်အပျက်က နှိပ်စက်ခြင်း အလိုအတိုင်း မဖြစ်ခြင်းဟူသော အခြင်းအရာတို့ကို ပဓာန ရှေ့သွားပြုသဖြင့် (သိပြီးမှ)သာလျှင် ယူနိုင် သိနိုင်သောကြောင့် သဘာဝလက္ခဏာပေါ်၌ တင်အပ်သော သဘောတို့ကဲ့သို့ ဖြစ်လျက် ယူအပ် သိအပ်ကုန်၏၊ ထို့ကြောင့် ''သာမညလက္ခဏာ ၃-ပါးကို တင်၍''ဟူသော စကားကို အဋ္ဌကထာဆရာ ဆိုပေသည်။ (၂-၃၈၇)

     ပထဝီ ဖဿ အစရှိသော ရုပ်တခုခု နာမ်တခုခုနှင့်သာ ဆိုင်သော ကြမ်းတမ်းခြင်း တွေ့ထိခြင်း အစရှိသော အသီးအသီးသော လက္ခဏာတို့ကို သဘာဝလက္ခဏာ, ဝိသေသလက္ခဏာ-ဟု ခေါ်သည်။ ရုပ်နာမ်တရားတိုင်း အားလုံးတို့နှင့် ညီတူညီမျှဆိုင်သော အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတို့ကို သာမညလက္ခဏာ-ဟု ခေါ်သည်။

     ၁- လက္ခဏာလျှင် အာရုံရှိသော- ဟူသည်မှာ လက္ခဏာကို အာရုံပြုသော-ဟု ဆိုလို၏။

၂၈၁

နာမ်ရုပ်တရားတို့၏ အသီးအသီးသော သဘာဝလက္ခဏာကို သိခြင်းသည်သာလျှင် အကြီးအမှူး ဖြစ်ပေသည်။

     ကလာပသမ္မသနဉာဏ်မှ စ၍ ဥဒယဗ္ဗယဉာဏ်တိုင်အောင်မှာမူကား တီရဏပရိညာ၏ ဖြစ်ရာဘုံ- နယ်ပယ်ပေတည်း၊ မှန်ပေ၏၊ ဤကာလအတွင်း၌ သာမညလက္ခဏာကို သိခြင်းသည်သာလျှင် အကြီးအမှူး ဖြစ်ပေသည်။

     ဘင်္ဂဉာဏ်မှစ၍ အထက်၌ ပဟာနပရိညာ၏ [၂၄၂] ဖြစ်ရာဘုံ- နယ်ပယ်ပေတည်း၊ မှန်ပေ၏၊ ထိုဘင်္ဂဉာဏ်မှ စ၍ ''မမြဲဟု ရှုလတ်သော် (ရှုသောသူသည်) မြဲသည်ဟု ထင်မှတ်သော နိစ္စသညာကို ပယ်၏၊ ဆင်းရဲဟု ရှုလတ်သော် (ရှုသောသူသည်) ချမ်းသာဟု ထင်မှတ်သော သုခသညာကို ပယ်၏၊ အတ္တမဟုတ်ဟု ရှုလတ်သော် (ရှုသောသူသည်) အတ္တကောင်ဟု ထင်မှတ်သော အတ္တသညာကို ပယ်၏၊ ငြီးငွေ့လတ်သော် (ငြီးငွေ့သောသူသည်) အားရပျော်မွေ့ခြင်းကို ပယ်၏၊ တပ်မက်ကင်းလတ်သော် (တပ်မက်ကင်းသော သူသည်) တပ်မက်သော ရာဂကို ပယ်၏၊ ချုပ်စေလတ်သော် (ချုပ်သည်ဟု ရှုလတ်သော်) ဖြစ်ခြင်းကို ပယ်၏၊ တဖန် စွန့်လွှတ်လတ်သော် စွဲယူခြင်းကို ပယ်၏''ဟု ဟောထားသော ဤသို့သော နည်းဖြင့် နိစ္စသညာ စသည်ကို ပယ်ခြင်းကို ပြီးစေတတ်ကုန်သော ၇-ပါးသော အနုပဿနာတို့သည် အကြီးအမှူး ဖြစ်ကြပေသည်။

     ဤဆိုခဲ့သော အပြားအားဖြင့် ၃-ပါးသော ဤပရိညာတို့တွင် သင်္ခါရပရိစ္ဆေဒခေါ် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကိုသာလျှင် ပြီးစေရသေးသောကြောင့် ဤယောဂီသည် ဉာတပရိညာကိုသာလျှင် ရထားသေးသည်၊ ဤမှတပါးသော တီရဏပရိညာ ပဟနပရိညာတို့ကိုလည်း ရအပ် (ရသင့် ရထိုက်)ကုန်၏ (ရအောင် အားထုတ်ထိုက်၏)၊ ထို့ကြောင့် တီရဏပရိညာ ဖြစ်လတ်သော် လမ်းမှန်နှင့် လမ်းမှားကို ပိုင်းခြားဆုံးဖြတ်သော (မဂ္ဂါမဂ္ဂ)ဉာဏ်သည် ဖြစ်ပေါ်၏၊ (ထို) တီရဏပရိညာသည်လည်း


မှတ်ချက်

     ၁- သဘာဝလက္ခဏာကို သိခြင်းသည်သာလျှင် အကြီးအမှူးဖြစ်သည် အလွန်အမြတ်ဆုံး ဖြစ်သည်-ဟု ဆိုလို၏။ တနည်းအားဖြင့် ထိုအသိကသာ အစိုးရသည်၊ ထိုအသိ၏ နယ်ပယ်ဖြစ်သည်-ဟု ဆိုလို၏။

     ၂- ဤအနုပဿနာ ၇-ပါးတို့ကို ဘင်္ဂဉာဏ်အရာ၌ အကျယ်ပြထားသည်။

၂၈၂

ဉာတပရိညာ၏ အခြားမဲ့၌ ဖြစ်၏၊ ထို့ကြောင့်လည်း ''ထို မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိကို ပြည့်စုံစေလိုသော ယောဂီသည် အပေါင်းအစုလိုက် သုံးသပ်သော (ကလာပသမ္မသန)ဉာဏ်၌ အားထုတ်ခြင်းကို ရှေးဦးစွာ ပြုအပ်၏''ဟု ငါ ဆိုခဲ့ပေသည်။

     ၆၉၄။ ထို (ကလာပသမ္မသနဉာဏ်)၌ ဤ(ဆိုလတံ့)သည်ကား (ပဋိသမ္ဘိဒါမဂ်) ပါဠိပေတည်း-

အတိတ် အနာဂတ် ပစ္စုပ္ပန် တရားတို့ကို အဘယ်သို့ အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်သော (ဝါ- ပိုင်းခြား ဆုံးဖြတ်ရာ၌) ပညာသည် သုံးသပ်ဆင်ခြင်သော သမ္မသန (သုံးသပ်ဆင်ခြင်ရာ၌) ဉာဏ်မည်သနည်း?

အတိတ်ဖြစ်စေ အနာဂတ်ဖြစ်စေ ပစ္စုပ္ပန်ဖြစ်စေ၊ ကိုယ်တွင်း၌ဖြစ်စေ ကိုယ်ပ၌ဖြစ်စေ၊ အကြမ်းဖြစ်စေ အနုဖြစ်စေ၊ အယုတ်ဖြစ်စေ အမြတ်ဖြစ်စေ၊ အဝေး၌ဖြစ်စေ အနီး၌ဖြစ်စေ အကြင် တစုံတခုသော ရုပ်သည် ရှိ၏၊ အလုံးစုံသော ထိုရုပ်ကို မမြဲဟု ပိုင်းခြားဆုံးဖြတ်၏၊ သုံးသပ်ဆင်ခြင်သော သမ္မသနဉာဏ် တခုပေတည်း။ ဆင်းရဲဟု ပိုင်းခြား ဆုံးဖြတ်၏၊ သုံးသပ်ဆင်ခြင်သော သမ္မသနဉာဏ် တခုပေတည်း။ အတ္တမဟုတ်ဟု ပိုင်းခြား ဆုံးဖြတ်၏၊ သုံးသပ် ဆင်ခြင်သော သမ္မသနဉာဏ် တခုပေတည်း။


မှတ်ချက်

     ၁- ဝဝတ္ထာနေ-ဟူသော ပုဒ်၌ သတ္တမီဝိဘတ်-ဟု ယူလျှင် ''ပိုင်းခြား ဆုံးဖြတ်ရာ၌''-ဟု ပြန်အပ်၏၊ သို့သော် ပိုင်းခြားဆုံးဖြတ်ရာ၌ ပါဝင်သော ပညာကိုပင် ဆိုလိုသောကြောင့်၎င်း၊ ပဌမာဝိဘတ်ဖြင့် ပြီးသောပုဒ်လည်း ဖြစ်သင့်သောကြောင့်၎င်း ဤ၌ အနက်အဓိပ္ပါယ်ချောစေရန် ''ပိုင်ခြား ဆုံးဖြတ်သော''ဟူသော အနက်ကို မူရင်းပြု၍ ပြန်ထားသည်။

     ၂- သမ္မသနေ-ပုဒ် သတ္တမီဖြင့် ပြီးလျှင် ''သုံးသပ်ဆင်ခြင်ရာ၌''ဟု ပြန်ရာ၏၊ ဤ၌ကား မှတ်ချက် ၁-၌ကဲ့သို့ပင် အနက်အဓိပ္ပါယ်ချောရာသို့ လိုက်၍ မူရင်းပြုထားသည်။

၂၈၃

(အတိတ်ဖြစ်စေ ။ပ။ အနီး၌ဖြစ်စေ အကြင် တစုံတခုသော ဝေဒနာသည် ရှိ၏) အလုံးစုံသော ထိုဝေဒနာကို (မမြဲဟု ပိုင်းခြား ဆုံးဖြတ်၏၊ သမ္မသနဉာဏ် တခုပေတည်း ။ပ။ အတိတ်ဖြစ်စေ ။ပ။ အလုံးစုံသော ထိုသညာကို ။ပ။ အတိတ်ဖြစ်စေ ။ပ။ အလုံးစုံသော ထိုသင်္ခါရတို့ကို မမြဲကုန်ဟု ပိုင်းခြား ဆုံးဖြတ်၏ ။ပ။ အတိတ်ဖြစ်စေ ။ပ။) အလုံးစုံသော ထိုဝိညာဏ်ကို မမြဲဟု ။ပ။ အတ္တမဟုတ်ဟု ပိုင်းခြား ဆုံးဖြတ်၏၊ သမ္မသနဉာဏ် တခုပေတည်း။

အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော စက္ခု (မျက်စိ)ကို ။ပ။ ဇရာမရဏ (အိုခြင်း သေခြင်း)ကို မမြဲဟု ပိုင်းခြား ဆုံးဖြတ်၏။ သမ္မသနဉာဏ် တခုပေတည်း။ ဆင်းရဲဟု ။ပ။ အတ္တမဟုတ်ဟု ပိုင်းခြား ဆုံးဖြတ်၏၊ သမ္မသနဉာဏ် တခုပေတည်း။

အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်သည် ကုန်ဆုံးသွားသော အနက်သဘောကြောင့် မမြဲ၊ ကြောက်ဖွယ်ကောင်းသော (ဘေးဟူသော) အနက်သဘောကြောင့် ဆင်းရဲ၊ အနှစ်သာရမရှိသော အနက်သဘောကြောင့် အတ္တမဟုတ်ဟု အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်သော ပညာသည် သမ္မသနဉာဏ် မည်၏၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဝေဒနာသည် ။ပ။ သညာသည် ။ပ။ သင်္ခါရတို့သည်။ ဝိညာဏ်သည်။၃ စက္ခု (မျက်စိ)သည် ။ပ။ ဇရာမရဏ (အိုခြင်း သေခြင်း)သည် ။ပ။ သမ္မသနဉာဏ် မည်၏။

အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်သည် မမြဲ၊ ပေါင်းစု၍ ပြုအပ်သော သင်္ခတတရားတည်း၊ အကြောင်းကို စွဲမှီ၍ ဖြစ်၏၊ ကုန်ခြင်းသဘော ရှိ၏၊ ပျက်ခြင်းသဘော ရှိ၏၊ ပျောက်ပြယ်ခြင်းသဘော ရှိ၏၊ ချုပ်ခြင်းသဘောရှိ၏-ဟု အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်သော ပညာသည် သမ္မသနဉာဏ်မည်၏၊ ဝေဒနာသည်။


မှတ်ချက်

     ၁-၂- လက်သည်းကွင်းအတွင်း စာပိုဒ်များမှာ သုတနည်းသူတို့အား သိလွယ်စေရန် ပါဠိပေယျာလမှ အနည်းငယ် ဖော်ပြထားသော စကားများ ဖြစ်သည်။

     ၃- စကားဝါကျ မပြည့်စုံသေးဘဲ ဤသို့သော ပုဒ်မကြီးများကို တွေ့လျှင် ၎င်းတို့ကိုလည်း ပေယျာလ-ဟု မှတ်ပါ။

၂၈၄

(သညာသည်။ သင်္ခါရတို့သည်။) ဝိညာဏ်သည်။ စက္ခုသည် ။ပ။ ဇရာမရဏသည် မမြဲ၊ ပေါင်းစု၍ ပြုအပ်သော သင်္ခတတရားတည်း ။ပ။ ချုပ်ခြင်းသဘော ရှိ၏ဟု အကျဉ်းချုံး၍ ပိုင်းခြားဆုံးဖြတ်သော ပညာသည် သမ္မသနဉာဏ် မည်၏။

[၂၄၃] ဇာတိ (ဘဝအသစ်ဖြစ်ခြင်း)ဟူသော အကြောင်းကြောင့် ဇရာမရဏ (အိုခြင်း သေခြင်း) ရှိသည်၊ ဇာတိမရှိလျှင် ဇရာမရဏ မရှိဟု အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်သော ပညာသည် သမ္မသနဉာဏ် မည်၏၊ အတိတ်အဓွန့် ကာလ၌လည်း။ အနာဂတ်အဓွန့် ကာလ၌လည်း ဇာတိဟူသော အကြောင်းကြောင့် ဇရာမရဏ ရှိသည်၊ ဇာတိမရှိလျှင် ဇရာမရဏ မရှိဟု အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်သော ပညာသည် သမ္မသနဉာဏ် မည်၏။ ဘဝဟူသော အကြောင်းကြောင့် ဇာတိ ရှိသည် ။ပ။ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ရှိကြသည်၊ အဝိဇ္ဇာမရှိလျှင် သင်္ခါရတို့ မရှိကုန်ဟု အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်သော ပညာသည် သမ္မသနဉာဏ် မည်၏။ အတိတ်အဓွန့် ကာလ၌လည်း။ အနာဂတ်အဓွန့် ကာလ၌လည်း အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ရှိကြသည်၊ အဝိဇ္ဇာမရှိလျှင် သင်္ခါရတို့ မရှိကုန်ဟု ပိုင်းခြား ဆုံးဖြတ်သော ပညာသည် သမ္မသနဉာဏ် မည်၏။

ထိုသုံးသပ် ဆင်ခြင်မှုသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏၊ အပြားအားဖြင့် သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ''အတိတ် အနာဂတ် ပစ္စုပ္ပန် တရားတို့ကို အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်သော ပညာသည် သုံးသပ်ဆင်ခြင်သော သမ္မသနဉာဏ် မည်၏''ဟု ဆိုအပ်၏။ ဤတွင် ပါဠိ ပြီးဆုံးသည်။

     ဤပါဠိ၌ ''စက္ခုကို ။ပ။ ဇရာမရဏကို''ဟု မြှုပ်၍ ပြထားသော ပေယျာလဖြင့် ''ဒွါရ ၆-ပါး, အာရုံ ၆-ပါးတို့နှင့်တကွ ဒွါရတို့၌ဖြစ်သော


မှတ်ချက်

     ၁- ပါ-စောင့်ရှောက်ခြင်းငှါ + အလ- စွမ်းနိုင်သည်- ပေယျာလ- မြှုပ်ထားသော စကားစုကို မပျောက်မပျက်ရအောင် ဉာဏ်ရှိသူတို့ ထုတ်ဖော်လျက် စောင့်ရှောက်ရန် စွမ်းနိုင်သောအရာဟု ဆိုလို၏။

၂၈၅

(ဝိညာဏ် ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး,ဟူသော) တရားများ, ခန္ဓာ-ငါးပါး, ဒွါရ ၆-ပါး, အာရုံ ၆-ပါး, ဝိညာဏ် ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး, သညာ ၆-ပါး, စေတနာ ၆-ပါး, တဏှာ ၆-ပါး, ဝိတက် ၆-ပါး ဝိစာရ ၆-ပါး, ဓာတ် ၆-ပါး, ကသိုဏ်း(ဈာန်) ၁ဝ-ပါး, ၃၂-ပါးသော ကောဋ္ဌာသ, အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါး, ဣန္ဒြေ ၂၂-ပါး, ဓာတ် ၃-ပါး, ဘဝ ၉-ပါး, (ရူပါဝစရ)ဈာန် ၄-ပါး, အပ္ပမညာ ၄-ပါး, အရူပသမာပတ် ၄-ပါး, ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးဟူသော ဤတရားစုတို့ကို ချုံးထားသည်''ဟု သိအပ်၏။

     မှန်ပေ၏၊ ပဋိသမ္ဘိဒါမဂ် အဘိညေယျနိဒ္ဒေသ၌-

ရဟန်းတို့၊ အလုံးစုံကို ရှေးရှုပြု၍ သိအပ်၏ (ထူးခြားစွာ သိအပ်၏)။ ရဟန်းတို့၊ အဘယ် အလုံးစုံကို ရှေးရှုပြု၍ သိအပ်သနည်း? မျက်စိကို ရှေးရှုပြု၍ သိအပ်၏၊ အဆင်းကို။ မြင်မှု- စက္ခုဝိညာဏ်ကို။ မြင်တွေ့မှု စက္ခုသမ္ဖဿကို။ မြင်တွေ့မှု စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ချမ်းသာဖြစ်စေ, ဆင်းရဲဖြစ်စေ, မဆင်းရဲ မချမ်းသာ အလယ်အလတ်ဖြစ်စေ အကြင် ခံစားမှု ဝေဒနာသည် ဖြစ်ပေါ်၏၊ ထိုခံစားမှု ဝေဒနာကိုလည်း ရှေရှုပြု၍ သိအပ်၏။ နားကို ။ပ။ ကြံတွေ့မှု- မနောသမ္ဖဿဟူသော အကြောင်းကြောင့် ချမ်းသာဖြစ်စေ, ဆင်းရဲဖြစ်စေ, မဆင်းရဲ မချမ်းသာ အလယ်အလတ်ဖြစ်စေ အကြင် ခံစားမှု ဝေဒနာသည် ဖြစ်ပေါ်၏၊ ထိုခံစားမှု ဝေဒနာကိုလည်း ရှေးရှုပြု၍ သိအပ်၏။

ရုပ်ကို ။ပ။ ဝိညာဏ်ကို။ မျက်စိကို။ စိတ်ကို ။ပ။ အဆင်းတို့ကို ။ပ။ သဘောတို့ကို။ စက္ခုဝိညာဏ်ကို ။ပ။ မနောဝိညာဏ်ကို။ စက္ခုသမ္ဖဿကို ။ပ။ မနောသမ္ဖဿကို။ [၂၄၄] စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ။ပ။ မနောသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို။ အဆင်းမှတ်- ရူပသညာကို ။ပ။ သဘောမှတ်- ဓမ္မသညာကို။ အဆင်း၌ စေ့ဆော်မှု- ရူပသဉ္စေတနာကို ။ပ။ သဘော၌ စေ့ဆော်မှု ဓမ္မသဉ္စေတနာကို။ အဆင်းဆာမှု- ရူပတဏှာကို ။ပ။ သဘောဆာမှု- ဓမ္မတဏှာကို။ အဆင်းကြံမှု- ရူပဝိတတ်ကို ။ပ။ သဘောကြံမှု- ဓမ္မဝိတက်ကို။

၂၈၆

အဆင်းစဉ်းစားမှု- ရူပဝိစာရကို ။ပ။ သဘောစဉ်းစားမှု- ဓမ္မဝိစာရကို (ရှေးရှုပြု၍ သိအပ်၏)။

ပထဝီဓာတ်ကို ။ပ။ ဝိညာဏဓာတ်ကို။ ပထဝီကသိုဏ်း (ဈာန်)ကို ။ပ။ ဝိညာဏကသိုဏ်း (ဈာန်)ကို။ ဆံပင်တို့ကို ။ပ။ ကျင်ငယ်ကို။ ဦးနှောက်ကို (ရှေးရှုပြု၍ သိအပ်၏)။

စက္ခာယတနကို ။ပ။ ဓမ္မာယတနကို။ စက္ခုဓာတ်ကို ။ပ။ မနောဓာတ်ကို။ ဓမ္မဓာတ်ကို။ မနောဝိညာဏဓာတ်ကို။ စက္ခုန္ဒြေကို ။ပ။ အညာတာဝိန္ဒြေကို (ရှေးရှုပြု၍ သိအပ်၏)။

ကာမဓာတ်ကို။ ရူပဓာတ်ကို။ အရူပဓာတ်ကို။ ကာမဘဝကို။ ရူပဘဝကို။ အရူပဘဝကို။ သညာဘဝကို။ အသညာဘဝကို။ နေဝသညာ နာသညာဘဝကို။ ဧကဝေါကာရဘဝကို။ စတုဝေါကာရဘဝကို။ ပဉ္စဝေါကာရဘဝကို (ရှေးရှုပြု၍ သိအပ်၏)။

ပဌမဈာန်ကို ။ပ။ စတုတ္ထဈာန်ကို။ မေတ္တာစေတောဝိမုတ္တိကို ။ပ။ ဥပေက္ခာစေတောဝိမုတ္တိကို။ အာကာသာနဉ္စာယတနဈာန်


မှတ်ချက်

     ၁- ဤ၌ ပ-ဖြင့် အာပေါ တေဇော ဝါယော အာကာသဟူသော ဓာတ် ၄-ပါးကို မြှုပ်ထားသည်။

     ၂- ဤ၌ ပ-ဖြင့် အာပေါ တေဇော ဝါယော နီလ ပီတ လောဟိတ ဩဒါတ အာကာသဟူသော ကသိုဏ်း ၈-ပါးကို မြှုပ်ထားသည်။

     ၃- ဤ၌ ပ-ဖြင့် ရူပ၊ သောတ, သဒ္ဒ၊ ဃာန, ဂန္ဓ၊ ဇိဝှါ, ရသ၊ ကာယ, ဖောဋ္ဌဗ္ဗ၊ မနာယတနတို့ကို မြှုပ်ထားသည်။

     ၄- ဤ၌ ပ-ဖြင့် ရူပ, စက္ခုဝိညာဏ၊ သောတ, သဒ္ဒ, သောတဝိညာဏ၊ ဃာန, ဂန္ဓ, ဃာနဝိညာဏ၊ ဇိဝှါ, ရသ, ဇိဝှါဝိညာဏ၊ ကာယ, ဖောဋ္ဌဗ္ဗ, ကာယဝိညာဏ ဓာတ်တို့ကို မြှုပ်ထားသည်။

     ၅- ဤ၌ ပ-ဖြင့် သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ၊ မနိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ၊ သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေ ဥပေက္ခိန္ဒြေ၊ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ၊ အနညာတညဿမီတိန္ဒြေ အညိန္ဒြေတို့ကို မြှုပ်ထားသည်။

၂၈၇

သမာပတ်ကို ။ပ။ နေဝသညာ နာသညာယတနဈာန် သမာပတ်ကို။ အဝိဇ္ဇာကို ရှေးရှုပြု၍ သိအပ်၏ ။ပ။ ဇရာမရဏကို ရှေးရှုပြု၍ သိအပ်၏''ဟု

ဟောတော်မူ(အပ်)၏။

     ထိုအလုံးစုံ(သော အဘိညေယျတရား အပေါင်း)ကို ထိုအဘိညေယျ နိဒ္ဒေသ၌ ဤဆိုခဲ့သည့်အတိုင်း အကျယ်အားဖြင့် ဟောထားသောကြောင့် ဤ၌ ပေယျာလဖြင့် ချုံးထားသည်။ အထူးမှာ ဤသို့ ချုံးထားသော ဤ(အဘိညေယျ နိဒ္ဒေသ)၌ လာသော လောကုတ္တရာ တရားတို့ကိုကား မသုံးသပ်ထိုက်သောကြောင့် ဤဝိပဿနာအရာ၌ မယူအပ်ကုန်။ ဆက်၍ ညွှန်ကြားဦးအံ့- သုံးသပ်ထိုက်ကုန်သော အကြင် (ရုပ်နာမ်တရား)တို့သည် ရှိကုန်၏၊ ထို သုံးသပ်ထိုက်သော ရုပ်နာမ်တရားတို့တွင်လည်း အကြင် ရုပ်နာမ်တရားတို့သည် အကြင်ပုဂ္ဂိုလ်အား ထင်ရှားကုန်၏၊ ချမ်းသာလွယ်ကူစွာ သိမ်းဆည်းနိုင် ရှုနိုင်ကုန်၏၊ ထို (ထင်ရှား၍ လွယ်ကူစွာ ရှုနိုင်သော) တရားတို့၌ ထိုပုဂ္ဂိုလ်သည် သုံးသပ်ခြင်း- ရှုခြင်းကို အားထုတ်အပ် ပြုအပ်၏။

     ၆၉၅။ ထိုသုံးသပ်ထိုက်သော တရားအပေါင်းတို့တွင် ဤဆိုလတံ့သည်ကား ခန္ဓာတို့၏ အစွမ်းအားဖြင့် အားထုတ်ပုံ အစီအရင်ကို ယှဉ်စေခြင်းတည်း-

     ''အတိတ်ကိုဖြစ်စေ ။ပ။ အကြင် တစုံတခုသော ရုပ်သည် ရှိ၏၊ အလုံးစုံသော ထိုရုပ်ကို မမြဲ-ဟု ပိုင်းခြား ဆုံးဖြတ်၏၊ သုံးသပ်ဆင်ခြင်သော သမ္မသနဉာဏ် တခုပေတည်း။ ဆင်းရဲဟု၊ အတ္တမဟုတ်-ဟု ပိုင်းခြား ဆုံးဖြတ်၏၊ သုံးသပ်ဆင်ခြင်သော သမ္မသနဉာဏ် တခုပေတည်း''-ဟူသော ဤမျှသော အစီအရင်ဖြင့် ဤရဟန်းသည် ''အကြင် တစုံတခုသော ရုပ်''ဟူ၍ ဤသို့ အမှတ်မရှိသောအားဖြင့် ညွှန်ပြအပ်သော ရုပ်အလုံးစုံကိုလည်း ''အတီတတိက်နှင့် အဇ္ဈတ္တဒုက် စသော လေးခုသော ဒုက်တို့'' ဟူသော ၁၁-ပါးသော ဌာနတို့ဖြင့် ပိုင်းခြား၍ အလုံးစုံသော ရုပ်ကို မမြဲ-ဟု ပိုင်းခြား ဆုံးဖြတ်၏၊ မမြဲ-ဟု သုံးသပ်ဆင်ခြင်၏။


မှတ်ချက်

     ၁- ဤမျှသော အစီအရင်ဖြင့် ရဟန်းသည်.. ဌာနတို့ဖြင့် ပိုင်းခြား၍.. ပိုင်းခြား ဆုံးဖြတ်၏-ဟု စပ်ပါ။

၂၈၈

     အဘယ်သို့နည်းဟူမူ? နောက်၌ ဟောထားသော နည်းဖြင့်ပင်တည်း။ မှန်ပေ၏၊ ''အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်သည် ကုန်ဆုံးသွားသော အနက်သဘောကြောင့် မမြဲ''-ဟူသော ဤစကားကို (နောက်၌) ဟောတော်မူ(အပ်)ပေ၏။

     ထို့ကြောင့် ဤယောဂီရဟန်းသည် အတိတ်ဘဝ၌ဖြစ်သော အကြင်ရုပ်သည် ရှိခဲ့၏၊ ထိုရုပ်သည် အတိတ်ဘဝ၌သာလျှင် ကုန်ဆုံးသွားခဲ့၏၊ ဤပစ္စုပ္ပန်ဘဝသို့ မရောက်လာချေ၊ ဤသို့ ကုန်ဆုံးသွားသော အနက်သဘောကြောင့် မမြဲဟု သုံးသပ်ဆင်ခြင်၏။

     အနာဂတ်ဖြစ်သော အကြင်ရုပ်သည် အခြားမဲ့ဘဝ၌ ဖြစ်လတံ့၊ ထိုရုပ်သည်လည်း ထိုအနာဂတ်ဘဝ၌သာလျှင် ကုန်ဆုံးသွားလတံ့၊ ထိုမှတပါးသော နောက်ဘဝသို့ မသွားရောက်လတံ့၊ ဤသို့ ကုန်ဆုံးသွားသော အနက် သဘောကြောင့် မမြဲဟု သုံးသပ်ဆင်ခြင်၏။

     ပစ္စုပ္ပန်ဖြစ်သော အကြင်ရုပ်သည် ရှိ၏၊ ထိုရုပ်သည်လည်း ဤဘဝ၌သာလျှင် ကုန်ဆုံးသွားလတံ့၊ ဤဘဝမှ (နောက်ဘဝသို့) မသွားရောက်လတံ့၊ ဤသို့ ကုန်ဆုံးသွားသော အနက်သဘောကြောင့် မမြဲဟု သုံးသပ်ဆင်ခြင်၏။

     ကိုယ်တွင်း၌ဖြစ်သော အကြင်ရုပ်သည် ရှိ၏၊ ထိုရုပ်သည်လည်း ကိုယ်တွင်း၌သာလျှင် ကုန်ဆုံးသွား၏၊ အပြင်ပရုပ်အဖြစ်သို့ မရောက်ချေ၊ ဤသို့ ကုန်ဆုံးသွားသော အနက်သဘောကြောင့် မမြဲဟု သုံးသပ်ဆင်ခြင်၏။

     ကိုယ်ပ၌ဖြစ်သော အကြင်ရုပ်သည် ။ပ။ ကြမ်းတမ်းသော ။ပ။ နူးညံ့သိမ်မွေ့သော ။ပ။ ယုတ်ညံ့သော ။ပ။ ကောင်းမြတ်သော ။ပ။ ဝေးသော ။ပ။ နီးသော အကြင်ရုပ်သည် ရှိ၏၊ ထိုရုပ်သည်လည်း ထိုအနီး၌သာလျှင် ကုန်ဆုံး သွား၏၊ အဝေးရုပ်အဖြစ်သို့ မရောက်ချေ၊ ဤသို့ ကုန်ဆုံးသွားသော အနက်သဘောကြောင့် မမြဲဟု သုံးသပ်ဆင်ခြင်၏။

     ဤဆိုခဲ့သော သုံးသပ်ဆင်ခြင်မှု အလုံးစုံသည် ''ကုန်ဆုံးသွားသော အနက်သဘောကြောင့် မမြဲ''ဟူသော ဤရှုပုံ၏ အစွမ်းအားဖြင့် တခုသော သမ္မသနဉာဏ် မည်၏၊ အပြားအားဖြင့်မူကား ၁၁-ပါး အပြားရှိ၏။

     ထိုမှတပါး.. အတိတ်စသော အလုံးစုံသာလျှင်ဖြစ်သော ထိုရုပ်သည် ဘေးဟူသော အနက်သဘောကြောင့် ဆင်းရဲတည်း။ ''ဘေးဟူသော

၂၈၉

အနက်သဘောကြောင့်'' ဟူသည်ကား ကြောက်မက်ဖွယ်ကောင်းသော ဘေးရှိသည်၏ အဖြစ်ကြောင့်(ဟု ဆိုလို၏)။ မှန်ပေ၏၊ မမြဲသော တရားသည် သီဟောပမသုတ်၌ နတ်ဗြဟ္မာတို့မှာကဲ့သို့ ကြောက်ဖွယ်ဘေးကို ဆောင်တတ် ဖြစ်စေတတ်၏။ ဤသို့လျှင် ဤဆင်းရဲဟု သုံးသပ်မှုသည်လည်း ''ဘေးဟူသော အနက်သဘောကြောင့် ဆင်းရဲ''ဟူသော ဤရှုပုံ၏ အစွမ်းအားဖြင့် တခုသော သမ္မသနဉာဏ် မည်၏၊ အပြားအားဖြင့်မူကား ၁၁-ပါး အပြားရှိ၏။

     ထိုမှတပါး.. ဆင်းရဲမည်သကဲ့သို့ ထို့အတူပင် ထိုရုပ် အလုံးစုံသည်လည်း အနှစ်သာရမရှိသော အနက်သဘော ကြောင့် အနတ္တ- အတ္တမဟုတ်။ ''အနှစ်သာရမရှိသော အနက်သဘောကြောင့်'' ဟူသည်ကား ''အတ္တဟူသည် (သာမီ- ခန္ဓာအိမ်၏ ပိုင်ရှင်တည်း) နိဝါသီ- ခန္ဓာအိမ်က ပျက်စီးသွားသော်လည်း သူက ပျက်စီးခြင်းမရှိဘဲ ခန္ဓာအိမ်တခုခုထဲ၌ အမြဲတည်နေသူတည်း၊ ကာရက- သွားခြင်းစသည် မြင်ခြင်းစသည် အလုံးစုံသော အမူအရာကို ပြုတတ်သော သူတည်း၊ ဝေဒက- အကောင်းအဆိုးကို ခံစားတတ်သူတည်း၊ သယံဝသီ- မိမိ၏ အလိုအတိုင်း ပြီးစေနိုင်သူတည်း''ဟူ၍ ဤသို့ သာသနာတော်မှ အပြင်ပဖြစ်သော တိတ္ထိတို့ ကြံဆထားသော အတ္တကောင် ဟူသော အနှစ်သာရ မရှိခြင်းကြောင့်(ဟု ဆိုလို၏)။ မှန်ပေ၏၊ အကြင်တရားသည် မမြဲ ဆင်းရဲ၏၊ ထိုမမြဲ ဆင်းရဲသော တရားသည် မိမိ၏သော်လည်း မမြဲခြင်းကိုသော်၎င်း, အဖြစ်အပျက်က နှိပ်စက်ခြင်းကိုသော်၎င်း တားမြစ်ခြင်းငှါ မစွမ်းနိုင်၊ ထိုတရားမှာ ပြုတတ်သူ စသည်၏ အဖြစ်သည် အဘယ်မှာ ရှိပါအံ့နည်း။ ထို့ကြောင့် မြတ်စွာဘုရားသည်-

     ''ရဟန်းတို့၊ ဤရုပ်သည် အစိုးရသော အတ္တကောင် ဟုတ်ငြားအံ့၊ သို့ဖြစ်လျှင် ဤရုပ်သည် နှိပ်စက်ခြင်းငှါ မဖြစ်တန်လေရာ''ဟု ဤသို့ စသည်ကို ဟောတော်မူ၏။ ဤသို့လျှင် ဤအတ္တမဟုတ်ဟု


မှတ်ချက်

     ၁- အာဗာဓာယ-ပုဒ်ကို ''နာကျင်ခြင်းငှါ''ဟူ၍ မြန်မာပြန်ကြ၏။ ရုပ်သည်လည်း မနာကျင်တတ်၊ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း မနာကျင်တတ်ကုန်၊ ဗာဓ-ဓာတ်သည်လည်း နာကျင်ခြင်းအနက်ကို မဟော၊ နှိပ်စက်ခြင်း အနက်ကိုသာ ဟော၏၊ ခန္ဓာငါးပါးသည် အိုခြင်း နာခြင်း စသည်တို့ဖြင့် နှိပ်စက်တတ်၏။ ထို့ကြောင့် ဤ၌ နှိပ်စက်ခြင်းငှါ-ဟု ပြန်ထားသည်။

၂၉၀

သုံးသပ်မှုသည်လည်း [၂၄၆] ''အနှစ်သာရမရှိသော အနက်သဘောကြောင့် အတ္တမဟုတ်''ဟူသော ဤရှုပုံ၏ အစွမ်းအားဖြင့် တခုသော သမ္မသနဉာဏ် မည်၏၊ အပြားအားဖြင့်မူကား ၁၁-ပါး အပြားရှိ၏။ ဝေဒနာ အစရှိသည်တို့၌လည်း ဤနည်းပင်တည်း။

     ၆၉၆။ ထပ်၍ ဟောခြင်း၏ အကြောင်းကား.. အနိစ္စ-မမြဲသော တရားသည် ကိန်းသေ မုချအားဖြင့် သင်္ခတစသည် အပြားရှိ၏၊ ထို့ကြောင့် ထိုအနိစ္စ- မမြဲဟူသော ပုဒ်၏ ဝေဝုစ်ပရိယာယ် စကားလှယ်တို့ကို ပြခြင်းအကျိုးငှါ၎င်း အထူးထူးသော အခြင်းအရာတို့ဖြင့် နှလုံးသွင်းမှုဖြစ်ပုံကို ပြခြင်းအကျိုးငှါ၎င်း ''အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်သည် မမြဲ၊ ပေါင်းစု၍ ပြုအပ်သော သင်္ခတတရားတည်း၊ အကြောင်းကို စွဲမှီ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ပျောက်ပြယ်ခြင်း သဘောရှိ၏၊ ချုပ်ခြင်း သဘောရှိ၏''ဟူသော ပါဠိကို တဖန်ထပ်၍ ဟောတော်မူ(အပ်)၏။ ဝေဒနာ စသည်တို့၌လည်း ဤနည်းပင်တည်း။

အခြင်းအရာ ၄ဝ-တို့ဖြင့် ရှုပုံ

     ၆၉၇။ ထိုယောဂီသည် ၅-ပါးသော ခန္ဓာတို့၌ မမြဲ, ဆင်းရဲ, အတ္တမဟုတ်ဟု သုံးသပ်သော ထိုသမ္မသနဉာဏ်၏ပင်လျှင် မြဲမြံခိုင်ခံ့ခြင်းအကျိုးငှါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်-

''အဘယ် လေးဆယ်သော အခြင်းအရာတို့ဖြင့် (အနုလောမိကခန္တီမည်သော) အရိယာမဂ်အားလျော်သော အနုလောမဉာဏ်ကို ရသနည်း၊


မှတ်ချက်

     ၁- အနိစ္စ- မမြဲသော တရားသည် ဧကန်မုချပင် သင်္ခတ- ပေါင်းစု၍ ပြုအပ်သော တရားလည်း ဖြစ်၏၊ ပဋိစ္စသမုပ္ပန္န- အကြောင်းကို စွဲမှီ၍ဖြစ်သော တရားလည်း ဖြစ်၏ စသည်ဖြင့် သိစေ၏။

     ၂- အကျိုးငှါ၎င်း.. အကျိုးငှါ၎င်း.. တဖန်ထပ်၍ ဟောတော်(မူ)၏-ဟု စပ်ပါ။

     ၃-၄- ထိုယောဂီသည်.. မြဲမြံခိုင်ခံ့ခြင်း အကျိုးငှါ.. ထိုအနိစ္စ စသည်ဖြင့် သုံးသပ်ခြင်း၏ အစွမ်းအားဖြင့် ဤငါးပါးသော ခန္ဓာတို့ကို သုံးသပ်၏-ဟု စပ်ပါ။

     ၅- မြတ်စွာဘုရားသည်.. ဝေဘန်ချက်၌.. လေးဆယ်သော အခြင်းအရာတို့ဖြင့်.. ဤသို့ အစရှိသော နည်းဖြင့်.. ဝေဘန်တော်မူလျက်.. ဟောတော်မူ(အပ်)၏-ဟု စပ်ပါ။

၂၉၁

အဘယ် လေးဆယ်သော အခြင်းအရာတို့ဖြင့် ကိန်းသေ မြဲသော သဘောမှန် (သမ္မတ္တ နိယာမမည်သော အရိယာမဂ်) သို့ သက်ရောက်သနည်း'' ဟူသော

ဤမေးခွန်း၏ အဖြေဖြစ်သော ဝေဘန်ချက်၌-

     ငါးပါးသော ခန္ဓာတို့ကို မမြဲဟု (ရှုမြင်လတ်သော်), ဆင်းရဲဟု, ရောဂါဟု, အိုင်းအမာဟု, ငြောင့်ဟု, မကောင်းမှုဟု, ဖျားနာဟု, အပြင်ပ သူစိမ်းဟု, အလွန်ပျက်သည်ဟု, ဘေးရန်ဟု, ဥပဒ္ဒဝေါဟု, ကြောက်ဖွယ်ဘေးဟု, ကပ်ငြိသော အနှောက်အယှက်ဟု, တုန်လှုပ်သည်ဟု, ပျက်လွယ်သည်ဟု, မခိုင်ခံ့ဟု, မစောင့်ရှောက်ဟု, ပုန်းအောင်းရာ မဟုတ်ဟု, ကိုးကွယ်ရာ မဟုတ်ဟု, ကင်းသည်ဟု, အချည်းနှီးဟု, ဆိတ်သုဉ်းသည်ဟု, အတ္တမဟုတ်ဟု, အပြစ်ဟု, ဖောက်ပြန်ခြင်း သဘောရှိသည်ဟု, အနှစ်မရှိဟု, မကောင်းမှု၏ အမြစ်အရင်းဟု, သူသတ်သမားဟု, ကြီးပွါးစည်ပင်ခြင်း ကင်းသည်ဟု, အာသဝေါနှင့်တကွ ဖြစ်သည်ဟု, ပေါင်းစု၍ ပြုအပ်သည်ဟု, သူသတ်သမား- မာရ်တို့၏ သတ်စရာ အစာဟု, ဖြစ်ခြင်းသဘော ရှိသည်ဟု, အိုခြင်းသဘော ရှိသည်ဟု, နာခြင်းသဘော ရှိသည်ဟု, သေခြင်းသဘော ရှိသည်ဟု, စိုးရိမ်ဖွယ် သဘောဟု, ငိုကြွေးဖွယ် သဘောဟု, ပြင်းစွာပူပန်ဖွယ် သဘောဟု, ကိလေသာတို့၏ စွဲရာမှီရာ အာရုံသဘောဟု (ရှုမြင်လတ်သော်) ဤသို့လျှင် လေးဆယ်သော အခြင်းအရာတို့ဖြင့်-

''ငါးပါးသော ခန္ဓာတို့ကို မမြဲ-ဟု ရှုမြင်လတ်သော် (ရှုမြင်လျက်) အရိယာမဂ်အားလျော်သော အနုလောမဉာဏ်ကို ရ၏၊ ငါးပါးသော ခန္ဓာတို့၏ ချုပ်ခြင်းသည် မြဲသော နိဗ္ဗာန်တည်းဟု ရှုမြင်လတ်သော် (ရှုမြင်လျက်) ကိန်းသေမြဲသော သဘောမှန် (သမ္မတ္တနိယာမ မည်သော အရိယာမဂ်)သို့ သက်ရောက်၏''ဟု..

ဤသို့ အစရှိသော နည်းဖြင့် အနုလောမဉာဏ်ကို ဝေဘန်တော်မူလျက် အသေးစိတ် အကျယ်အပြားအားဖြင့် အကြင် အနိစ္စ စသည်ဖြင့် သုံးသပ်ခြင်းကို ဟောတော်မူ(အပ်)၏၊ ထိုအနိစ္စ စသည်ဖြင့် သုံးသပ်ခြင်း၏ အစွမ်းအားဖြင့်လည်း ဤငါးပါးသော ခန္ဓာတို့ကို သုံးသပ်၏။


မှတ်ချက်

     ၁- ရှေး နှာ ၂၉ဝ-မှတ်ချက် ၅-ကို ပြန်ကြည့်ပါ။

၂၉၂

     [၂၄၇] ၆၉၈။ အဘယ်သို့နည်းဟူမူ? ထိုယောဂီသည် တပါး တပါးသော ခန္ဓာကို ပျက်ခြင်းဟူသော အဆုံးကို မလွန်သောကြောင့်၎င်း, အစနှင့် အဆုံး ရှိသောကြောင့်၎င်း အနိစ္စ-မမြဲဟု သုံးသပ်၏ (၁)။ ဖြစ်ခြင်း ပျက်ခြင်းတို့က မပြတ် နှိပ်စက်သောကြောင့်၎င်း, ဆင်းရဲ၏ တည်ရာဝတ္ထု ဖြစ်သောကြောင့်၎င်း ဒုက္ခ-ဆင်းရဲဟု သုံးသပ်၏ (၂)။ အစာ အဝတ်စသော ပစ္စည်းတို့ဖြင့် မျှတစေရသောကြောင့်၎င်း, ရောဂါတို့၏ မူလရင်း ဖြစ်သောကြောင့်၎င်း (စွဲကပ်နေသော) ရောဂါ(နှင့် တူသည်)ဟု သုံးသပ်၏ (၃)။ ဒုက္ခ ၃-မျိုးဟူသော နာကျင်ကိုက်ခဲခြင်းနှင့် ယှဉ်သောကြောင့်၎င်း, ကိလေသာဟူသော သနံရည် ပြည်ပုပ်တို့ကို ယိုထွက်စေသောကြောင့်၎င်း, ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းတို့ဖြင့် ဖူးဖူးရောင်၍ မှည့်ရင့်ပြီးလျှင် ပေါက်ကွဲတတ်သောကြောင့်၎င်း အိုင်းအမာ(နှင့် တူသည်)ဟု သုံးသပ်၏ (၄)။ နှိပ်စက်ခြင်းကို ဖြစ်စေတတ်သောကြောင့်၎င်း, အတွင်း၌ ထိုးဆွတတ်သောကြောင့်၎င်း, နှုတ်ပယ်နိုင်ခဲသောကြောင့်၎င်း (စူးဝင်နေသော) ငြောင့်(နှင့် တူသည်)ဟု သုံးသပ်၏ (၅)။ ကဲ့ရဲ့အပ် ကဲ့ရဲ့ထိုက်သောကြောင့်၎င်း, အကျိုးမဲ့ ပျက်စီးခြင်းကို ဆောင်တတ်- ဖြစ်စေတတ်သောကြောင့်၎င်း, မကောင်းမှု၏ တည်ရာဝတ္ထု ဖြစ်သောကြောင့်၎င်း မကောင်းမှု(နှင့် တူသည်)ဟု သုံးသပ်၏ (၆)။ ကိုယ့်အလိုတိုင်း မဖြစ်ခြင်းကို ဖြစ်စေတတ်သောကြောင့်၎င်း ဖျားနာခြင်း၏ နီးသောအကြောင်း ဖြစ်သောကြောင့်၎င်း ဖျားနာမှု(နှင့် တူသည်)ဟု သုံးသပ် ၏ (၇)။ အလိုအတိုင်း မဖြစ်သောကြောင့်၎င်း, မစီမံ မခန့်ခွဲနိုင်သောကြောင့်၎င်း


မှတ်ချက်

     ၁-၂- ထိုယောဂီသည် တပါး တပါးသော ခန္ဓာကို.. သုံးသပ်၏-ဟု စပ်ပါ။

     ၃- ဒုက္ခ- ဆင်းရဲသုံးမျိုး ဟူသည်ကား (၁) ဒုက္ခဒုက္ခခေါ်သော ဒုက္ခနှင့် ဒေါမနဿ- ကိုယ်ဆင်းရဲနှင့် စိတ်ဆင်းရဲ၊ (၂) ဝိပရိဏာမဒုက္ခခေါ်သော သုခနှင့် သောမနဿ- ကိုယ်ချမ်းသာနှင့် စိတ်ချမ်းသာ၊ (၃) သင်္ခါရဒုက္ခခေါ်သော သင်္ခါရ တရားအပေါင်းဟူသော ဆင်းရဲတို့ပင် ဖြစ်သည်။

     ၄- မကျန်းမာသောသူသည် သူတပါးက ထူပေးရခြင်း စသည်ဖြင့် သူတပါးနှင့်စပ်၍ မျှတနေထိုင်ရ၏၊ မိမိ၏ အလိုအတိုင်း မဖြစ်၊ ထို့အတူပင် ခန္ဓာရှိသော သူတို့သည် သူတပါးတို့နှင့်၎င်း တပါးသော အကြောင်းပစ္စည်းတို့နှင့်၎င်း စပ်၍ မျှတ နေထိုင်ရသောကြောင့် မိမိ၏ အလိုအတိုင်း မဖြစ်၊ ထိုသို့ မိမိအလိုအတိုင်း မဖြစ်ပဲ သူတပါးတို့ကို မှီရခြင်း, တပါးသော ပစ္စည်းတို့ကို မှီရခြင်းတို့ကို ဖြစ်စေသည်ဟု ဆိုလို၏။

၂၉၃

အပြင်ပ သူစိမ်း(နှင့် တူသည်)ဟု သုံးသပ်၏ (၈)။ နာခြင်း အိုခြင်း သေခြင်းတို့ဖြင့် အကြီးအကျယ် ပျက်စီးတတ်သောကြောင့် အလွန်ပျက်စီးတတ်သည်ဟု သုံးသပ်၏ (၉)။ များစွာသော ပျက်စီးခြင်း (ဗျသန)တို့ကို ဆောင်တတ်- ဖြစ်စေတတ်သောကြောင့် ဘေးရန်ဟု သုံးသပ်၏ (၁ဝ)။

     ကြိုတင်၍ မသိရသည်သာ ဖြစ်ကုန်သော ပြန့်ပြောကြီးကျယ်ကုန်သော အကျိုးမဲ့တို့ကို ဆောင်တတ်- ဖြစ်စေတတ်သောကြောင့်၎င်း, အလုံးစုံသော ဥပဒ္ဒဝေါတို့၏ တည်ရာဝတ္ထု ဖြစ်သောကြောင့်၎င်း, ဥပဒ္ဒဝေါ-ဟု သုံးသပ်၏ (၁၁)။ အလုံးစုံသော ဘေးတို့၏ ဖြစ်ပေါ်ရာ ဘေးတွင်းသဖွယ် ဖြစ်သောကြောင့်၎င်း, ဆင်းရဲငြိမ်းခြင်းဟု ဆိုအပ်သော မြတ်သော သက်သာရာ၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်၎င်း ကြောက်ဖွယ်ဘေး-ဟု သုံးသပ်၏ (၁၂)။ များစွာသော အကျိုးမဲ့တို့ အစဉ်လိုက်ပါလာသောကြောင့်၎င်း, ရာဂအစရှိသော အပြစ်ဒေါသတို့နှင့် ကပ်ငြိလူးလဲသောကြောင့်၎င်း, ပူးကပ်သော အမှောင့်ပယောဂကဲ့သို့ပင် လက်ခံရန် မထိုက်တန်သောကြောင့်၎င်း ကပ်ငြိသော အနှောင့်အယှက်-ဟု သုံးသပ်၏ (၁၃)။ နာခြင်း အိုခြင်း သေခြင်းတို့ဖြင့်၎င်း, လာဘ်ရခြင်း လာဘ်မရခြင်း အစရှိသော လောကဓံတရားတို့ဖြင့်၎င်း တုန်လှုပ်သောကြောင့် တုန်လှုပ်သည်-ဟု သုံးသပ်၏ (၁၄)။ ပျက်စီးအောင် ပြုလုပ် အားထုတ်ခြင်းဖြင့်၎င်း, မိမိ၏ သဘောအတိုင်း အလိုအလျောက်အားဖြင့်၎င်း ပျက်စီးခြင်းသို့ ရောက်တတ်သောကြောင့် ပျက်လွယ်သည်ဟု သုံးသပ်၏ (၁၅)။ ခပ်သိမ်းသော အခိုက်အတန့်တို့၌ လဲပြိုကျတတ်- ပျက်စီးတတ်သောကြောင့်၎င်း, ခိုင်ခံ့သည်၏အဖြစ် မရှိသောကြောင့်၎င်း မခိုင်ခံ့ဟု သုံးသပ်၏ (၁၆)။ မစောင့်ရှောက်တတ်သောကြောင့်၎င်း, ဘေးငြိမ်းခြင်းကို ရနိုင်ရာ မဟုတ်သောကြောင့်၎င်း မစောင့်ရှောက်တတ်-ဟု သုံးသပ်၏ (၁၇)။ မှီကပ် ပုန်းအောင်းခြင်းငှါ


မှတ်ချက်

     ၁- မင်းဘေးမင်းဒဏ် စသည်ကို ဥပဒ္ဒဝေါ-ဟု ခေါ်သည်။

     ၂- အစရှိသော-ဟူသော ပုဒ်ဖြင့် ယသ- အခြံအရံ အကျော်အစောနှင့် ပြည့်စုံခြင်း၊ အယသ- အခြံအရံ အကျော်အစော မဲ့ခြင်း- ပျက်ခြင်း၊ နိန္ဒာ- ကဲ့ရဲ့ခြင်း၊ ပသံသာ- ချီးမွမ်းခြင်း၊ သုခ- ချမ်းသာခြင်း၊ ဒုက္ခ- ဆင်းရဲခြင်းတို့ကို ပြသည်။

၂၉၄

မထိုက်တန်သောကြောင့်၎င်း, မှီကပ် ပုန်းအောင်းသော သူတို့အားလည်း ပုန်းအောင်းရာကိစ္စကို မပြုတတ်သောကြောင့်၎င်း ပုန်းအောင်းရာ မဟုတ်ဟု သုံးသပ်၏ (၁၈)။ မှီခိုလာသော သူတို့အား ဘေးကို ပယ်ဖျောက်တတ်သည်၏အဖြစ် မရှိသောကြောင့် ကိုးကွယ်ရာမဟုတ်ဟု သုံးသပ်၏ (၁၉)။ ဗာလပုထုဇဉ်တို့ ကြံစည် ယူဆထားသည့်အတိုင်း ခိုင်မြဲသည်၏အဖြစ် တင့်တယ်သည်၏အဖြစ် ချမ်းသာသည်၏အဖြစ် အတ္တ၏အဖြစ်တို့မှ ကင်းသောကြောင့် ကင်းသည်ဟု သုံးသပ်၏ (၂ဝ)။

     ကင်းသည်၏ အဖြစ်ကြောင့်ပင်လျှင် အချည်းနှီးဟု သုံးသပ်၏၊ တနည်းကား သေးနုပ်သောကြောင့် အချည်းနှီးဟု သုံးသပ်၏။ မှန်ပေ၏၊ အသေးအနုပ်ကိုလည်း လောက၌ အချည်းနှီးဟူ၍ ဆိုအပ်၏ (၂၁)။ သာမီ- ခန္ဓာအိမ်၏ ပိုင်ရှင်, နိဝါသီ- ခန္ဓာအိမ်ထဲ၌ အမြဲတည်နေသူ, ကာရက- ပြုလုပ်တတ်သောသူ, ဝေဒက- ခံစားတတ်သောသူ, အဓိဋ္ဌာယက- စီမံခန့်ခွဲတတ်သောသူ(ဟု ထင်မှတ်ရသော အတ္တ)မှ ကင်းသောကြောင့် ဆိတ်သုဉ်းသည်ဟု သုံးသပ်၏ (၂၂)။ မိမိကိုယ်တိုင်လည်း သာမီ- ခန္ဓာအိမ်၏ ပိုင်ရှင်အဖြစ် စသည် မရှိသောကြောင့် အနတ္တ- အတ္တကောင်မဟုတ်ဟု သုံးသပ်၏ (၂၃)။ မပြတ်ဖြစ်ခြင်း- ဆင်းရဲ ဖြစ်သောကြောင့်၎င်း, (ထို)ဆင်းရဲသည် အပြစ်ဒေါသ ဖြစ်သောကြောင့်၎င်း အပြစ်ဟု သုံးသပ်၏။ တနည်းကား- အလွန် အထီးကျန်လျက် ဆင်းရဲနွမ်းပါးစွာ သွားတတ် ဖြစ်တတ်၏၊ ထို့ကြောင့် အာဒီနဝမည်၏၊ ဤအမည်သည် အထီးကျန်သောသူ၏ အမည်တည်း၊ ခန္ဓာတို့သည်လည်း အထီးကျန်လျက် ဆင်းရဲနွမ်းပါးကုန်သည်သာတည်း၊ ဤသို့ အထီးကျန်လျက် ဆင်းရဲနွမ်းပါးသောသူနှင့် တူသောကြောင့် ဆင်းရဲနွမ်းပါးသည်ဟု သုံးသပ်၏ (၂၄)။ အိုခြင်းနှင့် သေခြင်းဟူသော နှစ်မျိုးနှစ်ထွေအားဖြင့် ပြောင်းလဲ ဖောက်ပြန်ခြင်းသဘော ရှိသောကြောင့် ဖောက်ပြန်ခြင်းသဘော ရှိသည်ဟု သုံးသပ်၏ (၂၅)။ အားနည်းသည်၏ အဖြစ်ကြောင့်၎င်း, အကာကဲ့သို့ လွယ်ကူစွာ ချိုးဖျက်နိုင်သည်၏ အဖြစ်ကြောင့်၎င်း အနှစ်မရှိဟု သုံးသပ်၏ (၂၆)။ မကောင်းမှု၏ အကြောင်းရင်း ဖြစ်သောကြောင့် မကောင်းမှု၏ အမြစ်အရင်းဟု သုံးသပ်၏ (၂၇)။ [၂၄၈] မိတ်ဆွေယောင်ဆောင်သော ရန်သူကဲ့သို့ အကျွမ်းဝင်သူကို (အယုံသွင်း၍) သတ်တတ်သောကြောင့် သူသတ်သမား (နှင့် တူသည်)ဟု သုံးသပ်၏ (၂၈)။ ကြီးပွါးစည်ပင်ခြင်း

၂၉၅

ကင်းသောကြောင့်၎င်း, သဘောတူအကြောင်း ပျက်စီးပြီးမှ ဖြစ်သောကြောင့်၎င်း ကြီးပွါးစည်ပင်ခြင်း ကင်းသည်ဟု သုံးသပ်၏ (၂၉)။ အာသဝေါတရားတို့၏ နီးသောအကြောင်း ဖြစ်သောကြောင့် အာသဝေါနှင့်တကွ ဖြစ်သည်ဟု သုံးသပ်၏ (၃ဝ)။

     မူလအကြောင်းနှင့် အထောက်အပံ့အကြောင်းတို့က ပေါင်းစု၍ ပြုအပ်သောကြောင့် ပေါင်းစု၍ ပြုအပ်သည်ဟု သုံးသပ်၏ (၃၁)။ သေခြင်းတရားဟူသော မစ္စုမာရ်, ကိလေသာဟူသော ကိလေသမာရ်တို့၏ သတ်စရာ အစာဖြစ်သောကြောင့် သူသတ်သမား-မာရ်တို့၏ သတ်စရာ အစာဟု သုံးသပ်၏ (၃၂)။ ဖြစ်ခြင်း အိုခြင်း နာခြင်း သေခြင်းသဘော ရှိသောကြောင့် ဖြစ်ခြင်းသဘောရှိသည်ဟု, အိုခြင်းသဘော ရှိသည်ဟု, နာခြင်းသဘော ရှိသည်ဟု, သေခြင်းသဘော ရှိသည်ဟု သုံးသပ်၏ (၃၃-၃၄-၃၅-၃၆)။ စိုးရိမ်ခြင်း ငိုကြွေးခြင်း ပြင်းစွာ ပူပန်ခြင်းတို့၏ အကြောင်းဖြစ်သောကြောင့် စိုးရိမ်ဖွယ် သဘောဟု ငိုကြွေးဖွယ် သဘောဟု ပြင်းစွာ ပူပန်ဖွယ်သဘောဟု သုံးသပ်၏ (၃၇-၃၈-၃၉)။ တဏှာ- (ဆာလောင်မှု), ဒိဋ္ဌိ- (မှားသောအယူ), ဒုစရိုက်- (မကောင်းသော အကျင့်)ဟူသော ညစ်ညူးကြောင်း ကိလေသာတို့၏ အာရုံသဘော ဖြစ်သောကြောင့် ကိလေသာတို့၏ စွဲမှီရာ အာရုံသဘော ဟု သုံးသပ်၏ (၄ဝ)။ ဤသို့လျှင် အသေးစိတ် အကျယ်အပြားအားဖြင့် ဟောတော်မူ(အပ်)သော အနိစ္စစသည် သုံးသပ်ခြင်း၏ အစွမ်းအားဖြင့် သုံးသပ်၏။

     ဤ ၄ဝ-သော သုံးသပ်ခြင်းတို့တွင် မမြဲဟု (သုံးသပ်၏), အလွန် ပျက်စီးသည်ဟု, တုန်လှုပ်သည်ဟု, ပျက်လွယ်သည်ဟု, မခိုင်ခံ့ဟု, ဖောက်ပြန်ခြင်း


မှတ်ချက်

     ၁- သစ်စေ့မှ အညှောက်အပင်ဖြစ်လျက် ကြီးပွါးလာသကဲ့သို့ ကလေးဘဝ ရုပ်နာမ်ကပင် လူကြီးဘဝ ရုပ်နာမ်ဖြစ်ပြီး ကြီးပွါး စည်ပင်လာသည်-ဟု လူအများက ထင်ကြ၏။ ထိုကဲ့သို့ ကြီးပွါးစည်ပင်ခြင်း မရှိပဲ ဖြစ်ပေါ်လာသမျှ တရားတို့သည် ချက်ခြင်းပင် အကြွင်းမဲ့ ပျက်စီးပျောက်ကွယ် သွားကြသည်-ဟု ဆိုလို၏။

     ၂- နောက်စိတ်နှင့် သဘောတူသော ရှေးစိတ်ပျက်ပြီးမှ ထိုစိတ်၏ အနန္တရပစ္စယသတ္တိကြောင့် နောက်စိတ်အသစ် ဖြစ်ပေါ်လာသည်၊ ရှေးစိတ်ကပင် မပျက်ပဲ ကြီးပွါးလာသည်မဟုတ်-ဟု ဆိုလို၏။

     ၃- ဟောတော်မူ(အပ်) သော.. သုံးသပ်ခြင်း၏-ဟု စပ်ပါ။

၂၉၆

သဘောရှိသည်ဟု, အနှစ်မရှိဟု, ကြီးပွါး စည်ပင်ခြင်း ကင်းသည်ဟု, ပေါင်း၍ ပြုအပ်သည်ဟု, သေခြင်းသဘော ရှိသည်ဟု (သုံးသပ်၏)ဟူ၍ တပါး တပါးသော ခန္ဓာ၌ ၁ဝ-ပါးစီပြု၍ ၅ဝ-သော အနိစ္စာနုပဿနာတို့ ဖြစ်ကုန်၏။

     အပြင်ပသူစိမ်းဟု (သုံးသပ်၏), ကင်းသည်ဟု, အချည်းနှီးဟု, ဆိတ်သုဉ်းသည်ဟု, အတ္တမဟုတ်ဟု (သုံးသပ်၏)ဟူ၍ တပါး တပါးသော ခန္ဓာ၌ ၅-ပါးစီပြု၍ ၂၅-ပါးသော အနတ္တာနုဿနာတို့ ဖြစ်ကုန်၏။

     ကြွင်းကုန်သော ''ဆင်းရဲဟု (သုံးသပ်၏) ရောဂါဟု (သုံးသပ်၏)'' ဤသို့ အစရှိသော သုံးသပ်မှုတို့ကို တပါး တပါးသော ခန္ဓာ၌ ၂၅-ပါးစီပြု၍ ၁၂၅-ပါးသော ဒုက္ခာနုပဿနာတို့ ဖြစ်ကုန်၏။

     ဤဆိုခဲ့သော နည်းဖြင့် ၂ဝဝ-အပြားရှိသော၁ ဤအနိစ္စစသည်ဖြင့် သုံးသပ်ခြင်းဖြင့် ၅-ပါးသော ခန္ဓာတို့ကို သုံးသပ်ဆင်ခြင်သော ထိုယောဂီ၏ နယဝိပဿနာဟု ဆိုအပ်သော အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော ထိုသမ္မသနဉာဏ်သည် မြဲမြံခိုင်ခံ့သွားပေ၏။ ဤဆိုခဲ့ပြီးသည်ကား ဤအရာ၌ ပါဠိနည်းကို အစဉ်လျှောက်၍ သုံးသပ်အားထုတ်ပုံ အစီအရင်တည်း။

ဣန္ဒြေထက်ကြောင်း ၉-ပါး

     ၆၉၉။ အကြင်ပုဂ္ဂိုလ်မှာမူကား ဤဆိုခဲ့သည့်အတိုင်း နယဝိပဿနာဖြင့် အားထုတ်ခြင်းကို ပြုသော်လည်း နယဝိပဿနာသည် မပြည့်စုံပဲ ရှိငြားအံ့၊ ထိုယောဂီသည် ''၉-ပါးသော အကြောင်းတို့ဖြင့် ဣန္ဒြေတို့သည် ထက်မြက်တတ်ကုန်၏- ဖြစ်တိုင်း ဖြစ်တိုင်းသော (ရှုဆဲ ရုပ်နာမ်)သင်္ခါရတို့၏ ကုန်ခြင်း(ပျက်ခြင်း)ကိုသာလျှင် ရှု၏ (၁)၊ ထိုသို့ ရှုရာ၌လည်း ရိုသေစွာ ပြုခြင်းဖြင့်လည်း (ဝိပဿနာဉာဏ်ကို) ပြီးစေ၏ (၂)၊ မပြတ်ပြုခြင်းဖြင့်လည်း


မှတ်ချက်

     ၁- ၂ဝဝ-အပြားရှိသော.. သုံးသပ်ခြင်းဖြင့်.. သုံးသပ်ဆင်ခြင်သော ထိုယောဂီ၏-ဟု စပ်ပါ။

     ၂- ထိုယောဂီ၏.. ထိုသမ္မသနဉာဏ်သည်-ဟု စပ်ပါ။

     ၃- နယဝိပဿနာဟု-ဆိုအပ်သော.. ထိုသမ္မသနဉာဏ်သည်-ဟူ၍လည်း စပ်ပါ။

     ၄-ယောဂီသည်... ထက်မြက်အောင် ပြုပြီးလျှင်.. ကြဉ်ရှောင်၍ မှီဝဲလျက်.. သုံးသပ်အပ်၏-ဟု စပ်ပါ။

၂၉၇

ပြီးစေ၏ (၃)၊ လျောက်ပတ်သည်ကို ပြုခြင်းဖြင့်လည်း ပြီးစေ၏ (၄)၊ သမာဓိ၏ အကြောင်းနိမိတ်ကို (မှတ်၍) ယူခြင်းဖြင့်လည်း ပြီးစေ၏ (၅)၊ ဗောဇ္ဈင်တို့ကို လျော်စွာ ဖြစ်စေခြင်းဖြင့်လည်း ပြီးစေ၏ (၆)၊ ကိုယ်၌၎င်း အသက်၌၎င်း မငဲ့မကွက် (အားထုတ်)ခြင်းကို ဖြစ်စေ၏ (၇)၊ ထို(သို့ ကိုယ်နှင့် အသက်၌ မငဲ့ကွက်ပဲ ဣန္ဒြေတို့ကို ထက်မြက်သည်၏အဖြစ်သို့ ရောက်စေရာ)၌လည်း (ဖြစ်ပေါ်လာသော ဆင်းရဲကို) ပျင်းရိမှုမှ ထွက်မြောက်သော လုံ့လဖြင့် လွှမ်းမိုး၍ ပြီးစေ၏ (၈)၊ (တရားမပြည့်စုံမီ) အကြားကာလ၌ အဆုံးမသတ် မရပ်မနားခြင်းဖြင့်လည်း ပြီးစေ၏ (၉)''-ဟူ၍ ဤသို့ မိန့်ဆိုထားသော ၉-ပါးသော အကြောင်းတို့၏ အစွမ်းအားဖြင့် ဣန္ဒြေတို့ကို ထက်မြက်အောင် ပြုပြီးလျှင် ပထဝီကသိုဏ်းကို အကျယ်ပြရာ (ပထဝီကသိဏ နိဒ္ဒေသ)၌ ဆိုခဲ့သော နည်းဖြင့် ၇-ပါးသော အသပ္ပါယ (မလျောက်ပတ်သည်)တို့ကို ကြဉ်ရှောင်၍ ၇-ပါးသော သပ္ပါယ (လျောက်ပတ်သည်)တို့ကို မှီဝဲလျက် ရံခါ ရုပ်ကို သုံးသပ်အပ်၏၊ ရံခါ နာမ်ကို သုံးသပ်အပ်၏။ ရုပ်ကို သုံးသပ်လျှင် ရုပ်၏ ဖြစ်ခြင်းကို ရှုအပ်၏။

ရုပ်၏ဖြစ်ခြင်းကို ရှုပုံအခြင်းအရာ

     [၂၄၉] ၇ဝဝ။ ရုပ်၏ ဖြစ်ပုံကား.. ဤရုပ်မည်သည်ကား ကံစသည်တို့၏ အစွမ်းအားဖြင့် ၄-ပါးသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်၏။ ထိုတွင် အလုံးစုံသော သတ္တဝါတို့အား ရုပ်ဖြစ်ပေါ်လျှင် ရှေးဦးစွာ ကံကြောင့် ဖြစ်ပေါ်၏။ ချဲ့၍ပြရလျှင်.. ပဋိသန္ဓေ ခဏ၌ပင်လျှင် အမိဝမ်း၌ကိန်းသော ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား ၃- ခုသော ရုပ်ကလာပ်အစဉ်၏ အစွမ်းအားဖြင့်


မှတ်ချက်

     ၁- သတိ သမာဓိ ပညာတို့ကို ပျက်ပြား ဆုတ်ယုတ်စေတတ်သော (၁) အာဝါသ- ကျောင်းနေရာ၊ (၂) ဂေါစရ- ဆွမ်းခံရာ ကျက်စားသွားလာရာ၊ (၃) ဘဿ- ပြောဆိုသောစကား၊ (၄) အတူနေပုဂ္ဂိုလ်၊ (၅) ဘောဇန- အစာ၊ (၆) ဥတု၊ (၇) ဣရိယာပထ- သွား ရပ် ထိုင် လျောင်းဟူသော ဣရိယပုထိတို့သည် အသပ္ပါယတို့ မည်ကုန်၏၊ သတိ သမာဓိ ပညာတို့ကို တိုးတက်စေတတ်သော အာဝါသစသော ၎င်း ၇-မျိုးတို့သည် သပ္ပါယတို့ မည်ကုန်၏။

     ၂- ပဋိသန္ဓေခဏ၌ပင်လျှင်.. ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား.. ၃ဝ-သော ရုပ်တို့သည် ဖြစ်ပေါ်ကုန်၏-ဟု စပ်ပါ။

၂၉၈

ဝတ္ထုဒသက ကာယဒသက ဘာဝဒသကဟု ခေါ်သော ၃ဝ-သော ရုပ်တို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုရုပ်တို့သည်လည်း ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ပင်လျှင် ဖြစ်ပေါ်ကုန်၏၊ ဥပါဒ်ခဏ၌ကဲ့သို့ ထို့အတူပင် ဌီခဏ၌လည်း ဖြစ်ပေါ်ကုန်၏၊ ဘင်ခဏ၌လည်း ဖြစ်ပေါ်ကုန်၏။

     ထိုတွင် ရုပ်သည် နှေးသော ချုပ်ခြင်းရှိ၏၊ လေးသော အလှည့်အပြန် ရှိ၏၊ စိတ်သည် လျင်သော ချုပ်ခြင်းရှိ၏၊ ပေါ့သော အလှည့်အပြန် ရှိ၏။ ထို့ကြောင့်-

''ရဟန်းတို့၊ ဤစိတ်သည် ပေါ့သော အလှည့်အပြန် ရှိသကဲ့သို့ ဤအတူပင် ပေါ့သော အလှည့်အပြန်ရှိသော အခြားတပါးသော တရားတခုကိုမျှသော်လည်း ငါ မမြင်ပေ''ဟု ဟောတော်မူ၏။

     မှန်ပေ၏၊ ရုပ်သည် တည်မြဲ တည်ရှိနေစဉ်ပင်လျှင် ဘဝင်စိတ်သည် ၁၆-ကြိမ်တိုင်တိုင် ဖြစ်ပေါ်ပြီး၍ ချုပ်၏။ စိတ်၏ ဥပါဒ်ခဏသည်၎င်း ဌီခဏသည်၎င်း ဘင်ခဏသည်၎င်း တထပ်တည်း တူ၏။ ရုပ်မှာမူကား ဥပါဒ်ခဏ ဘင်ခဏတို့သည်သာလျှင် ပေါ့ပါးလျင်မြန်ကုန်၏ (တိုကုန်၏)။ ထိုစိတ်၏ ဥပါဒ်ခဏ ဘင်ခဏတို့နှင့် တူကုန်၏၊ (၎င်း၏) ဌီခဏသည်ကား ကြီး၏ (ရှည်၏)၊ အကြင်မျှလောက် ကာလပတ်လုံး ၁၆-ကြိမ်သော စိတ်တို့သည် ဖြစ်ပေါ်ပြီး၍ ချုပ်ကုန်၏၊ ထိုမျှလောက် ကာလပတ်လုံး (ရုပ်၏ ဌီခဏသည်) ဖြစ်လျက် တည်လျက် ရှိ၏။ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ဖြစ်၍ ဌီသို့ရောက်သော ရှေးဦးဖြစ်နှင့်သော ဟဒယဝတ္ထုရုပ်ကိုမှီ၍ နှစ်ခုမြောက် (စိတ်) ဖြစ်သော (ပဌမ)ဘဝင်စိတ်သည် ဖြစ်ပေါ်၏။ ထိုဘဝင်စိတ်နှင့် အတူတကွ


မှတ်ချက်

     ၁- နာမ်ကဲ့သို့ ဖြစ်ပြီးလျှင် လျင်မြန်စွာ မချုပ်၊ အတန်ကြာမှ ချုပ်သည်-ဟု ဆိုလို၏။

     ၂- ဖြစ်သည်မှ ပျက်သည်အထိ ရုပ်သက်တန်းတခုကို အပြန်တခု-ဟု ယူ၍ ထိုသို့သော ရုပ်၏ အပြန်မှာ နာမ်ကဲ့သို့ မလျင်မြန် မပေါ့ပါးသောကြောင့် လေးသည်ဟု ဆိုသည်၊ ခြေလှမ်းနှေးသည်ကို လေးသည်-ဟု ဆိုသကဲ့သို့ ပင်တည်း။

     ၃-၄- ပဋိသန္ဓေစိတ်မှ ထောက်၍ စိတ်အကြိမ်အားဖြင့် ၂-ကြိမ်မြောက် ဖြစ်သောကြောင့် နှစ်ခုမြောက်ဖြစ်သော ဘဝင်စိတ်-ဟု ဆိုသည်၊ နှစ်ခုမြောက်စိတ်ဖြစ်သော ဘဝင်ဟု ဆိုလို၏။ ဘဝင်အကြိမ်အားဖြင့်မူကား ပဌမဘဝင်စိတ် ဖြစ်သည်။

၂၉၉

ဖြစ်ပေါ်၍ ဌီသို့ရောက်သော ရှေးဦးဖြစ်နှင့်သော ဟဒယဝတ္ထုရုပ်ကိုမှီ၍ ၃-ခုမြောက် (စိတ်)ဖြစ်သော (ဒုတိယ)ဘဝင်စိတ်သည် ဖြစ်ပေါ်၏။ ဤနည်းဖြင့် အသက်ထက်ဆုံး စိတ်၏ အဆက်ဆက် မပြတ်ဖြစ်ခြင်းကို သိအပ်၏။ အထူးကား သေခါနီးသောသူအား ဌီသို့ရောက်သော ရှေးဦးဖြစ်နှင့်သော ဟဒယဝတ္ထုရုပ် တခုတည်းကိုသာလျှင် မှီ၍ ၁၆-ကြိမ်သော စိတ်တို့သည် ဖြစ်ပေါ်ကုန်၏

     ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ဖြစ်ပေါ်သော ရုပ်သည် ပဋိသန္ဓေစိတ်မှ နောက်ကာလ၌ ၁၆-ခုမြောက်ဖြစ်သော စိတ်နှင့်တကွ (ပြိုင်တူ)ချုပ်၏၊ (ပဋိသန္ဓေစိတ်၏) ဌီခဏ၌ ဖြစ်ပေါ်သော ရုပ်သည် ၁၇-ခုမြောက် စိတ်၏ ဥပါဒ်ခဏနှင့်တကွ ချုပ်၏၊ (ပဋိသန္ဓေစိတ်၏) ဘင်ခဏ၌ ဖြစ်ပေါ်သော ရုပ်သည် ၁၇-ခုမြောက် စိတ်၏ ဌီခဏသို့ ရောက်၍ ချုပ်၏။ အကြင်မျှလောက် ကာလပတ်လုံး (ရုပ်နာမ်ခန္ဓာအစဉ် သံသရာ၏) အဆက်ဆက် မပြတ်ဖြစ်ခြင်းမည်သည် ရှိ၏၊ ထိုမျှလောက် ကာလပတ်လုံး ဤအတူပင်လျှင် အဆက်ဆက် မပြတ်ဖြစ်သွား၏။ ဥပပါတ် ပုဂ္ဂိုလ်တို့အားလည်း ၇-ခုသော ရုပ်ကလာပ်အစဉ်တို့၏


မှတ်ချက်

     ၁- ဤ၌လည်း ပဋိသန္ဓေစိတ်မှ ထောက်၍ သုံးခုမြောက်-ဟု ဆိုသည်၊ ဘဝင်အကြိမ်အားဖြင့်မူ ဒုတိယအကြိမ်ပင် ဖြစ်သည်။

     ၂- သေခါနီးကာလ၌ စုတိစိတ်မှ ရှေး ၁၆-ခုမြောက် စိတ်မှစ၍ ဟဒယဝတ္ထုနှင်တကွ အလုံးစုံသော ကမ္မဇရုပ်တို့သည် မဖြစ်ပေါ်လာကြကုန်ပြီ။ ထို့ကြောင့် ထို၁၆-ခုမြောက် စိတ်မှစ၍ နောက်စိတ်တို့သည် ရှေး အခြားမဲ့ စိတ်နှင့်အတူဖြစ်သော ဟဒယဝတ္ထုရုပ် မရှိသောကြောင့် ၁၇-ခုမြောက်စိတ်နှင့် ပြိုင်၍ ဖြစ်ခဲ့သော ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်ကြကုန်၏။ ထို့ကြောင့် ''ဟဒယဝတ္ထုရုပ် တခုတည်းကိုသာလျှင် မှီ၍ ၁၆-ကြိမ်သော စိတ်တို့သည် ဖြစ်ပေါ်ကုန်၏''-ဟု ဆိုပေသည်။

     ၃- စိတ်၏ ဥပါဒ်ခဏ၌ ချုပ်သည်ကိုပင် စိတ်၏ ဥပါဒ်ခဏသည် အလွန်လျင်မြန် တိုတောင်းသောကြောင့် ''ဥပါဒ်ခဏနှင့်တကွ ချုပ်၏''-ဟု ဆိုသည်။

၃၀၀

အစွမ်းအားဖြင့် ၇ဝ-သော ရုပ်တို့သည် ဤအတူပင်လျှင် အဆက်ဆက် မပြတ် ဖြစ်ကုန်၏။

     ၇ဝ၁။ ထို(သို့ ကံကြောင့် ရုပ်ဖြစ်ရာ)၌ (၁) ကံ၊ (၂) ကမ္မသမုဋ္ဌာန်- (ကံကြောင့်ဖြစ်သော တရား) (၃) ကမ္မပစ္စယ- (ကံအထောက်အပံ့ရှိသော တရား)၊ (၄) ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်- ကံအထောက်အပံ့ရှိသည့် စိတ်ကြောင့်ဖြစ်သော တရား)၊ (၅) ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်- (ကံအထောက်အပံ့ရှိသည့် အာဟာရကြောင့်ဖြစ်သော တရား)၊ (၆) ကမ္မပစ္စယ ဥတုသမုဋ္ဌာန်- (ကံအထောက်အပံ့ရှိသည့် ဥတုကြောင့်ဖြစ်သော တရား)ဟူသော ဤ ခွဲခြမ်းဝေဘန်ခြင်းကို သိအပ်၏။ ထိုတွင် ကံမည်သည်ကား ကုသိုလ် အကုသိုလ် စေတနာတည်း။ ကမ္မသမုဋ္ဌာန် မည်သည်ကား ဝိပါက်ခန္မာ နာမ်တရားတို့နှင့် စက္ခုဒသက အစရှိသော ၇ဝ-တိတိ ရုပ်အပေါင်းတည်း။ ကမ္မပစ္စယမည်သည်ကား ၎င်း (ကမ္မသမုဋ္ဌာန် နာမ်ရုပ်)ပင်တည်း။ မှန်ပေ၏၊ ကံသည် ကံကြောင့်ဖြစ်သော နာမ်ရုပ်၏ အထောက်အပံ့အကြောင်းလည်း ဖြစ်ပေ၏။ ကမ္မပစ္စယ စိတ္တသမုဋ္ဌာန် မည်သည်ကား ဝိပါက်စိတ်ကြောင့်ဖြစ်သော ရုပ်တည်း။ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန် မည်သည်ကား [၂၅ဝ] ကံကြောင့်ဖြစ်သော ရုပ်တို့တွင် ဌီသို့ရောက်သော ဩဇာရုပ်သည် တပါးသော ဩဇဋ္ဌမက (ဩဇာလျှင် ရှစ်ခုမြောက်ရှိသော) ရုပ်အပေါင်းကို ဖြစ်ပေါ်စေ၏၊ ထို ဩဇဋ္ဌမက ရုပ်အပေါင်း၌လည်း ဩဇာရုပ်သည် ဌီသို့ရောက်လတ်သော် တပါးသော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်စေပြန်၏၊ ဤသို့သောနည်းဖြင့် လေးဆက် ငါးဆက်သော ဖြစ်စဉ်တို့ကို ဆက်စပ်စေ၏။ ကမ္မပစ္စယ ဥတုသမုဋ္ဌာန် မည်သည်ကား ကမ္မဇတေဇောဓာတ်သည် ဌီသို့ရောက်လတ်သော် ဥတုကြောင့်ဖြစ်သော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေ၏၊ ထိုဩဇဋ္ဌမက ရုပ်အပေါင်း၌လည်း ဥတုသည် တပါးသော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်စေပြန်၏၊ ဤသို့သောနည်းဖြင့် လေးဆက် ငါးဆက်သော


မှတ်ချက်

     ၁- စက္ခုဒသက သောတဒသက ဃာနဒသက ဇိဝှါဒသက ကာယဒသက ဘာဝဒသက ဟဒယဝတ္ထုဒသကဟူသော ၁ဝ-ခုပေါင်း ရုပ်ကလာပ် ၇-ခုတို့ အရအားဖြင့် ရုပ်ပေါင်း ၇ဝ-ဖြစ်သည်။

     ၂- ကံအထောက်ပံ့ရှိသော စိတ်၊ ထိုစိတ်ကြောင့်ဖြစ်သော တရား-ဟု အနက်ယူပါ၊ နောက်၌လည်း နည်းတူပင်။

၃၀၁

ဖြစ်စဉ်တို့ကို ဆက်စပ်စေ၏၊ ဤသို့လျှင် ကမ္မဇရုပ်၏ ဖြစ်ပေါ်ခြင်းကို ရှုအပ်၏။

     ၇ဝ၂။ စိတ္တဇ- စိတ်ကြောင့်ဖြစ်သော တရားတို့၌လည်း (၁) စိတ်၊ (၂) စိတ္တသမုဋ္ဌာန်- (စိတ်ကြောင့်ဖြစ်သော တရား)၊ (၃) စိတ္တပစ္စယ- (စိတ်အထောက်အပံ့ရှိသော တရား)၊ (၄) စိတ္တပစ္စယ အာဟာရသမုဋ္ဌာန်- (စိတ်အထောက်အပံ့ရှိသည့် အာဟာရကြောင့်ဖြစ်သော တရား)၊ (၅) စိတ္တပစ္စယ ဥတုသမုဋ္ဌာန်- (စိတ်အထောက်အပံ့ရှိသည့် ဥတုကြောင့်ဖြစ်သော တရား)ဟူသော ဤခွဲခြမ်းဝေဘန်ခြင်းကို သိအပ်၏။ ထိုတွင် စိတ်မည်သည်ကား ၈၉-ပါးသော စိတ်တို့တည်း


မှတ်ချက်

     ၁- ဝိညာဏက္ခန္ဓာအရာ၌ ပြခဲ့ပြီး ဖြစ်သော်လည်း ဤအရာ၌ပင် အလွယ်တကူ ကြည့်ရှု နားလည်နိုင်စေရန်အတွက် စိတ် ၈၉-ပါးကို အကျဉ်းချုပ် ရေတွက်ပြဦးအံ့။

     အကုသိုလ်စိတ် ၁၂၊ အဟိတ်စိတ် ၁၈၊ ကာမာဝစရသောဘနစိတ် ၂၄၊ ရူပါဝစရစိတ် ၁၅၊ အရူပါဝစရစိတ် ၁၂၊ လောကုတ္တရာစိတ် ၈၊ ပေါင်း စိတ် ၈၉-ပါး ဖြစ်၏။

     ထိုတွင် အကုသိုလ်စိတ် ၁၂-ပါး ဟူသည်မှာ သောမနဿဟဂုတ် (ရွှင်လန်းဝမ်းသာမှုနှင့် တကွဖြစ်သော) ဒိဋ္ဌိဂတသမ္ပယုတ် (အယူမှားနှင့် ယှဉ်သော) အသင်္ခါရိကစိတ် (တိုက်တွန်း အားပေးရခြင်း မရှိပဲ ထက်သန်စွာ ဖြစ်သော စိတ်)တခု၊ သသင်္ခါရိကစိတ် (တိုက်တွန်းအားပေးရသော စိတ်)တခု၊ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် (အယူမှားနှင့် မယှဉ်သော) အသင်္ခါရိကစိတ် တခု၊ သသင်္ခါရိကစိတ် တခု၊ ပေါင်း သောမနဿသဟဂုတ် စိတ် ၄-ခု၊ ထို့အတူပင် ဥပေက္ခာသဟဂုတ် (လျစ်လျူရှုမှုနှင့် တကွဖြစ်သော) စိတ် ၄-ခု-ဟူသော လောဘမူစိတ် ၈-ခု၊

     ဒေါမနဿသဟဂုတ် (နှလုံးမသာမှုနှင့် တကွဖြစ်သော) အသင်္ခါရိက စိတ်တခု၊ သသင်္ခါရိက စိတ်တခု-ဟူသော ဒေါသမူစိတ် ၂-ခု၊

     ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် (ယုံးမှားနှင့် ယှဉ်သော) စိတ်တခု၊ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် (ပျံ့လွင့်မှုနှင့် ယှဉ်သော) စိတ်တခုဟူသော မောဟမူစိတ် ၂-ခုတို့ပင် ဖြစ်သည်။

၃၀၂


မှတ်ချက်

     အဟိတ်စိတ် ၁၈-ပါး ဟူသည်မှာ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်၊ ထို့အတူ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ဒုက္ခသဟဂုတ် (ကိုယ်ဆင်းရဲနှင့် တကွဖြစ်သော) ကာယဝိညာဏ်၊ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်းစိတ်၊ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်-ဟူသော အကုသလ-ဝိပါက် ၇-ခု၊

     ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်၊ ထို့အတူ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ သုခသဟဂုတ် (ကိုယ်ချမ်းသာနှင့် တကွဖြစ်သော) ကာယဝိညာဏ်၊ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်းစိတ်၊ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်၊ သောမနဿသဟဂုတ် သန္တီရဏစိတ်-ဟူသော ကုသလဝိပါက်စိတ် ၈-ခု၊

     ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်၊ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ်ဟူသော ကိရိယာစိတ် ၃-ခုတို့ပင် ဖြစ်သည်။

     ကာမာဝစရသောဘနစိတ် ၂၄-ပါး ဟူသည်မှာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် (ဉာဏ်နှင့်ယှဉ်သော) အသင်္ခါရစိတ် တခု၊ သသင်္ခါရိကစိတ် တခု၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် (ဉာဏ်နှင့် မယှဉ်သော) အသင်္ခါရိကစိတ် တခု၊ သသင်္ခါရိကစိတ် တခု၊ ပေါင်း သောမနဿဟဂုတ်စိတ် ၄-ခု၊ ထို့အတူ ဥပေက္ခာသဟဂုတ်စိတ် ၄-ခု-ဟူသော မဟာကုသိုလ်စိတ် ၈-ခု၊ ထို့အတူ မဟာဝိပါက်စိတ် ၈-ခု၊ မဟာကိရိယာစိတ် ၈-ခုတို့ပင် ဖြစ်သည်။

     ရူပါဝစရစိတ် ၁၅-ပါး ဟူသည်မှာ ပဌမဈာန်စိတ်၊ ဒုတိယဈာန်စိတ်၊ တတိယဈာန်စိတ်၊ စတုတ္ထဈာန်စိတ်၊ ပဉ္စမဈာန်စိတ်ဟူသော ရူပါဝစရ ကုသိုလ်စိတ် ၅-ခု၊ ထို့အတူ ဝိပါက်စိတ် ၅-ခု၊ ကိရိယာစိတ် ၅-ခုတို့ပင် ဖြစ်သည်။

     အရူပါဝစရစိတ် ၁၂-ပါး ဟူသည်မှာ အာကာသာနဉ္စာယတနစိတ်၊ ဝိညာဏဉ္စယတနစိတ်၊ အာကိဉ္စညာယတနစိတ်၊ နေဝသညာ နာသညာယတနစိတ်ဟူသော ကုသိုလ်စိတ် ၄-ခု၊ ထို့အတူ ဝိပါက်စိတ် ၄-ခု၊ ကိရိယာစိတ် ၄-ခု တို့ပင် ဖြစ်သည်။

     လောကုတ္တရာစိတ် ၈-ပါး ဟူသည်မှာ သောတာပတ္တိမဂ်စိတ်၊ သကဒါဂါမိမဂ်စိတ်၊ အနာဂါမိမဂ်စိတ်၊ အရဟတ္တမဂ်စိတ်ဟူသော ကုသိုလ်စိတ် ၄-ခု၊ သောတာပတ္တိဖိုလ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမိဖိုလ်စိတ်၊ အရဟတ္ထဖိုလ်စိတ်ဟူသော ဝိပါက်စိတ် ၄-ခုတို့ပင် ဖြစ်သည်။

၃၀၃

     ထိုစိတ်တို့တွင် ၃၂-ပါးသော စိတ်တို့သည် ရုပ်, ဣရိယာပုထ်, ဝိညတ်ကို ဖြစ်စေကုန်၏။ ၂၆-ပါးသော စိတ်တို့သည် ရုပ်, ဣရိယာပုထ်ကိုသာ ဖြစ်စေတတ်ကုန်၏၊ ၁၉-ပါးသော စိတ်တို့သည် ရုပ်ကိုသာ ဖြစ်စေကုန်၏၊ ၁၆-ပါးသော စိတ်တို့သည် ရုပ်, ဣရိယာပုထ်, ဝိညတ်ကို မဖြစ်စေတတ်ကုန်ဟူ၍ သိအပ်၏

     ချဲ့၍ပြရလျှင်.. ကာမာဝစရစိတ် ၅၄-ခုထဲမှ ကုသိုလ်စိတ် ၈-ခု, အကုသိုလ်စိတ် ၁၂-ခု, မနောဓာတ်မှ တပါးသော ကိရိယာစိတ် ၁ဝ-ခု, ကုသိုလ် ကိရိယာ အဘိညာဉ်စိတ် ၂-ခုဟူသော ၃၂-ပါးသော စိတ်တို့သည် ရုပ်ကို၎င်း ဣရိယာပုထ်ကို၎င်း ဝိညတ်ကို၎င်း ဖြစ်စေတတ်ကုန်၏။

     ဝိပါက်(နှင့် အဘိညာဉ်) ကြဉ်သော ကြွင်းသော ရူပါဝစရ (ကုသိုလ် ကိရိယာ)စိတ် ၁ဝ-ခု, အရူပါဝစရ (ကုသိုလ် ကိရိယာ)စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခုဟူသော ၂၆-ပါးသော (အပ္ပနာဇော)စိတ်တို့သည် ရုပ်ကို၎င်း ဣရိယာပုထ်ကို၎င်း ဖြစ်စေတတ်ကုန်၏၊ ဝိညတ်ကိုကား မဖြစ်စေတတ်ကုန်။


မှတ်ချက်

     ၁- စာဖတ်သူတို့ ရှင်းရှင်းလင်းလင်း သိလွယ်စေရန်အတွက် ဂါထာမှ အဓိပ္ပါယ်မျှကိုသာယူ၍ သိလွယ်သော နည်းဖြင့် ပြန်ဆိုထားသည်။ သဒ္ဒါနည်းအရ တိတိကျကျ ပြန်လျှင်ကား အောက်ပါအတိုင်း ဖြစ်၏။

     ထိုစိတ်တို့တွင် ၃၂-ပါးသော စိတ်တို့ကို၎င်း၊ ၂၆-ပါးသော စိတ်တို့ကို၎င်း၊ ၁၉-ပါးသော စိတ်တို့ကို၎င်း၊ ၁၆-ပါးသော စိတ်တို့ကို၎င်း၊ ၁၉-ပါးသော စိတ်တို့ကို၎င်း၊ ၁၆-ပါးသော စိတ်တို့ကို၎င်း ရုပ် ဣရိယာပုထ် ဝိညတ်ကို ဖြစ်စေတတ်သော စိတ် မဖြစ်စေသော စိတ်တို့ဟု သိအပ်ကုန်၏။

     ၂- ပဉ္စဒွါရာဝဇ္ဇန်းစိတ်မှ တပါးသော-ဟု ဆိုလိုသည်။

     ၃- ''ဝိပါက်ကြဉ်သော'' ဟူသည်မှာ ဝိပါက်စိတ်ကို ဖယ်ထား၍ ထိုမှတပါးသောဟု ဆိုလိုသည်။ အဘိညာဉ်စိတ်မှာ ရူပကုသိုလ် ကိရိယာ ပဉ္စမဈာန်စိတ်၌ အတွင်းဝင်သောကြောင့်၎င်း, ရှေး ၃၂-ပါးသော စိတ်အစု၌ ပါဝင်ခဲ့ပြီး ဖြစ်သောကြောင့်၎င်း ထိုအဘိညာဉ်ကိုလည်း ကြဉ်ရာ၌ ထည့်သွင်းသင့်သည် ဟူ၍၎င်း၊ တနည်းအားဖြင့် ''ကြွင်းသော''ဟု ဆိုထားရာ၌ ဆိုပြီးမှ ကြွင်းသောဟု အဓိပ္ပါယ်ရသောကြောင့် ထည့်သွင်းရန် မလို-ဟူ၍၎င်း၊ ဋီကာ၌ ၂-နည်းပြဆို၏။

၃၀၄

     ကာမဝစရ ဘဝင်စိတ် ၁ဝ-ခု, ရူပါဝစရ ဘဝင်စိတ် ၅-ခု, မနောဓာတ် ၃-ခု အဟိတ်ဝိပါက် သောမနဿသဟဂုတ် မနောဝိညာဏဓာတ် ၁-ခု,ဟူသော ၁၉-ပါးသော စိတ်တို့သည် ရုပ်ကိုသာလျှင် ဖြစ်စေတတ်ကုန်၏။ ဣရိယာပုထ်ကို၎င်း ဝိညတ်ကို၎င်း မဖြစ်စေတတ်ကုန်။

     ဒွေးပဉ္စဝိညာဏ် ၁ဝ-ခု, ခပ်သိမ်းသော သတ္တဝါတို့၏ ပဋိသန္ဓေစိတ်, ရဟန္တာတို့၏ စုတိစိတ်, အရူပဝိပါက်စိတ် ၄-ခုဟူသော ၁၆-ပါးသော စိတ်တို့သည် ရုပ်ကို၎င်း, ဣရိယာပုထ်ကို၎င်း, ဝိညတ်ကို၎င်း မဖြစ်စေတတ်ကုန်။

     ဤစိတ်တို့တွင် ရုပ်ကို ဖြစ်စေတတ်သော စိတ်တို့သည် ဌီခဏ၌၎င်း ဘင်ခဏ၌၎င်း မဖြစ်စေတတ်ရန်၊ အကြောင်းမူကား.. ထိုဌီခဏ ဘင်ခဏတို့၌ စိတ်သည် အားနည်းသောကြောင့်ပေတည်း။ ဥပါဒ်ခဏ၌မူကား စိတ်သည် အားကြီး၏၊ ထို့ကြောင့် စိတ်သည် ထိုဥပါဒ်ခဏ၌သာလျှင် ရှေးဦးဖြစ်နှင့်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ရုပ်ကို ဖြစ်ပေါ်စေတတ်၏။

     စိတ္တသမုဋ္ဌာန် မည်သည်ကား ၃-ပါးသော နာမ်ခန္ဓာတို့နှင့် ''သဒ္ဒနဝက- အသံလျှင် ၉-ခုမြောက်ရှိသော ရုပ်အပေါင်း, ကာယဝိညတ်, ဝစီဝိညတ်, အာကာသဓာတ်, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိ''ဟူသော ၁၇-ပါး အပြားရှိသော ရုပ်ပေတည်း။ စိတ္တပစ္စယ မည်သည်ကား ''နောက်မှ ဖြစ်ကုန်သော စိတ် စေတသိက် တရားတို့သည် ရှေးဦး ဖြစ်နှင့်သော ဤရုပ်ကိုယ်အား (ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြု၏)''ဟု ဤသို့ ဟောထားသော အကြောင်း၄-ပါးကြောင့် ဖြစ်သော ရုပ်ပေတည်း။ စိတ္တပစ္စယ အာဟာရသမုဋ္ဌာန် မည်သည်ကား စိတ္တဇရုပ်တို့တွင် [၂၅၁] ဌီသို့ရောက်သော ဩဇာသည် တပါးသော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေ၏၊


မှတ်ချက်

     ၁- ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းစိတ် ၂-ခုတို့ကို မနောဓာတ်-ဟု ခေါ်သည်။

     ၂- ဒွေးပဉ္စဝိညာဏ် ၁ဝ-ခုနှင့် မနောဓာတ် ၃-ခုမှ တပါးသော စိတ် ၇၆-ပါးကို မနောဝိညာဏ်ဓာတ် ခေါ်သည်။ ထိုတွင် သောမနဿသဟဂုတ် သန္တီရဏစိတ်သည် အဟိတ်ဝိပါက်လည်း ဖြစ်သောကြောင့် ၎င်းကို ''အဟိတ်ဝိပါက် သောမနဿသဟဂုတ် မနောဝိညာဏဓာတ်''ဟု ဆိုသည်။

     ၃- စိတ်နှင့်ယှဉ်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဤ၃-ပါးကို ဆိုသည်။

၃၀၅

ဤသို့သော နည်းဖြင့် နှစ်ဆက် သုံးဆက်သော ဖြစ်စဉ်တို့ကို ဆက်စပ်စေ၏။ စိတ္တပစ္စယ ဥတုသမုဋ္ဌာန် မည်သည်ကား စိတ်ကြောင့်ဖြစ်သော ဥတုသည် ဌီသို့ရောက်လတ်သော် တပါးသော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေ၏၊ ဤသို့သောနည်းဖြင့် နှစ်ဆက် သုံးဆက်သော ဖြစ်စဉ်တို့ကို ဆက်စပ်စေ၏။ ဤသို့လျှင် စိတ္တဇရုပ်၏ ဖြစ်ခြင်းကို ရှုအပ်၏။

     ၇ဝ၃။ အာဟာရဇ- အာဟာရကြောင့်ဖြစ်သော တရားတို့၌လည်း (၁) အာဟာရ၊ (၂) အာဟာရသမုဋ္ဌာန်- (အာဟာရကြောင့်ဖြစ်သော ရုပ်)၊ (၃) အာဟာရပစ္စယ- (အာဟာရ အထောက်အပံ့ရှိသော ရုပ်)၊ (၄) အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်- (အာဟာရ အထောက်အပံ့ရှိသည့် အာဟာရကြောင့်ဖြစ်သော ရုပ်)၊ (၅) အာဟာရပစ္စယ ဥတုသမုဋ္ဌာန်- (အာဟာရ အထောက်အပံ့ရှိသည့် ဥတုကြောင့်ဖြစ်သော ရုပ်)ဟူသော ဤခွဲခြမ်း ဝေဘန်ခြင်းကို သိအပ်၏။ ထိုတွင် အာဟာရ မည်သည်ကား အလုပ်အလွေ့ ပြုအပ်သော (အဆီအနှစ် ဩဇာ အစာ) အာဟာရတည်း။ အာဟာရသမုဋ္ဌာန် မည်သည်ကား ဥပါဒိန္န (လောကီကံ၏ အကျိုး)ဖြစ်သော ကမ္မဇ (ဘူတ)ရုပ်ဟူသော အထောက်အပံ့ကို ရ၍ ထို(ကမ္မဇ ဘူတရုပ်)၌ တည်၍ ဌီသို့ရောက်သော ဩဇာက ဖြစ်ပေါ်စေအပ်သော ဩဇဋ္ဌမက ရုပ်အပေါင်း အာကာသဓာတ်, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိဟူသော ၁၄-ပါး အပြားရှိသော အာဟာရဇရုပ်တည်း။ အာဟာရပစ္စယ မည်သည်ကား ''အလုပ်လွေ့ ပြုအပ်သော အာဟာရသည် ဤရုပ်ကိုယ်အား အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏''ဟု ဤသို့ ဟောထားသော အကြောင်း၄-ပါးကြောင့် ဖြစ်သော (စတုသမုဋ္ဌာန်)ရုပ်တည်း။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန် မည်သည်ကား အာဟာရဇရုပ်တို့တွင် ဌီသို့ရောက်သော ဩဇာသည် တပါးသော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေ၏၊ ထိုဩဇဋ္ဌမက ရုပ်အပေါင်း၌လည်း ဩဇာသည် တပါးသော


မှတ်ချက်

     ၁- ဥပ- တဏှာဒိဋ္ဌိတို့ ကပ်ရောက်နိုင်သော လောကီကံက + အာဒိန္န- အကျိုးအဖြစ်ဖြင့် ယူအပ်သော တရား = ဥပါဒိန္န- လောကီကံ၏ အကျိုးတရား။ ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်စသော ရုပ်သည်လည်း ကံလျှင် အကြောင်းရင်း ရှိသောကြောင့် ကမ္မဇဟူသော အမည်ရှိသည်လည်း ဖြစ်နိုင်၏၊ ထို့ကြောင့် ဤ ဥပါဒိန္န-ပုဒ်ဖြင့် ထပ်၍ အထူးပြုသည်ဟု ဋီကာ၌ ဆို၏။

၃၀၆

ဩဇာဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေပြန်၏၊ ဤသို့သော နည်းဖြင့် ၁ဝ-ကြိမ် ၁၂-ကြိမ်တိုင်တိုင် ဖြစ်စဉ်ကို ဆက်စပ်စေ၏။ တနေ့၌ (တကြိမ်) သုံးဆောင် စားသောက်ထားသော အာဟာရသည် ၇-ရက်ပတ်လုံးသော်လည်း ထောက်ပံ့တတ်၏၊ နတ်ဩဇာသည်ကား တလ နှစ်လပတ်လုံးသော်လည်း ထောက်ပံ့တတ်၏။ မိခင် သုံးဆောင် စားသောက်သော အာဟာရသည်လည်း သူငယ်၏ကိုယ်၌ ပျံ့နှံ့စေလျက် ရုပ်ကို ဖြစ်ပေါ်စေ၏၊ ကိုယ်၌ လူးလိမ်းအပ်သော အာဟာရသည်လည်း အာဟာရဇရုပ်ကို ဖြစ်ပေါ်စေတတ်၏၊ ကံကြောင့်ဖြစ်သော ကမ္မဇအာဟာရသည် ဥပါဒိန္နက- (ကံ၏ အကျိုး)ဖြစ်သော အာဟာရမည်၏၊ ထိုကမ္မဇ အာဟာရသည်လည်း ဌီသို့ရောက်လတ်သော် အာဟာရဇရုပ်ကို ဖြစ်ပေါ်စေတတ်၏။ (ကမ္မဇ အာဟာရကြောင့် ဖြစ်သော) ထိုအာဟာရဇ ရုပ်တို့၌လည်း ဩဇာသည် တပါးသော အာဟာရဇရုပ်ကို ဖြစ်ပေါ်စေတတ်၏- ဤသို့သော နည်းဖြင့် လေးဆက် ငါးဆက်သော ဖြစ်စဉ်တို့ကို ဆက်စပ်စေ၏။ အာဟာရပစ္စယ ဥတုသမုဋ္ဌာန် မည်သည်ကား အာဟာရကြောင့်ဖြစ်သော တေဇောဓာတ်သည် ဌီသို့ ရောက်လတ်သော် ဥတုသမုဋ္ဌာန် ဥတုဇဟု ခေါ်သော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေ၏။ ထိုအာဟာရသမုဋ္ဌာန် အာဟာရပစ္စယ စသည်တို့၌ ဤအာဟာရရုပ်သည် အာဟာရဇရုပ်တို့အား ဖြစ်စေတတ်သော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်၏၊ ကြွင်းသော (ကမ္မဇ စိတ္တဇ ဥတုဇ) ရုပ်တို့အား နိဿယသတ္တိ အာဟာရသတ္တိ အတ္ထိသတ္တိ အဝိဂတသတ္တိတို့၏ အစွမ်းအားဖြင့် ကျေးဇူးပြု၏။ ဤသို့လျှင် အာဟာရဇရုပ်၏ ဖြစ်ခြင်းကို ရှုအပ်၏။

     ၇ဝ၄။ ဥတုဇ- ဥတုကြောင့်ဖြစ်သော တရားတို့၌လည်း (၁) ဥတု၊ (၂) ဥတုသမုဋ္ဌာန်- (ဥတုကြောင့်ဖြစ်သော ရုပ်)၊ (၃) ဥတုပစ္စယ- (ဥတု အထောက်အပံ့ရှိသော ရုပ်)၊ (၄) ဥတုပစ္စယ ဥတုသမုဋ္ဌာန်- (ဥတု အထောက်အပံ့ရှိသည့် ဥတုကြောင့်ဖြစ်သော ရုပ်)၊ (၅) ဥတုပစ္စယ အာဟာရသမုဋ္ဌာန် (ဥတု အထောက်အပံ့ရှိသည့် အာဟာရကြောင့်ဖြစ်သော ရုပ်)ဟူသော ဤခွဲခြမ်း ဝေဘန်ခြင်းကို သိအပ်၏။ ထိုတွင် ဥတုမည်သည်ကား အကြောင်းလေးပါးကြောင့်ဖြစ်သော တေဇောဓာတ်တည်း၊ ဤဥတုသည် ပူသောဥတု အေးသော ဥတုဟူ၍ ဤသို့အားဖြင့် နှစ်ပါး အပြားရှိ၏။ ဥတုသမုဋ္ဌာန် မည်သည်ကား အကြောင်း ၄-ပါးကြောင့်ဖြစ်သော ဥတုသည်

၃၀၇

ဥပါဒိန္နက ရုပ်ဟူသော အထောက်အပံ့ကို ရ၍ ဌီသို့ရောက်လတ်သော် ကိုယ်၌ ဥတုဇရုပ်ကို ဖြစ်ပေါ်စေ၏၊ ထိုဥတုဇရုပ်သည် ''အသံလျှင် ၉-ခုမြောက်ရှိသော (သဒ္ဒနဝက)ရုပ်အပေါင်း, [၂၅၂] အာကာသဓာတ်, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိ''ဟူ၍ ၁၅-ပါး အပြားရှိ၏။ ဥတုပစ္စယ မည်သည်ကား ဥတုသည် အကြောင်းလေးပါးကြောင့်ဖြစ်သော ရုပ်တို့ အဆက်ဆက် မပြတ် ဖြစ်ခြင်း၏၎င်း ပျက်စီးခြင်း၏၎င်း အထောက်အပံ့ အကြောင်းဖြစ်၏၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန် မည်သည်ကား ဥတုကြောင့်ဖြစ်သော တေဇောဓာတ်သည် ဌီသို့ရောက်လတ်သော် တပါးသော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေ၏၊ ထိုဩဇဋ္ဌမက ရုပ်အပေါင်း၌လည်း ဥတုသည် တပါးသော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေပြန်၏- ဤသို့သော နည်းဖြင့် အဓွန့်ရှည်စွာ ကာလပတ်လုံးသော်လည် အနုပါဒိန္နမည်သော အသက်မဲ့ ဗဟိဒ္ဓသန္တာန်အဖို့၌ တည်၍သော်လည်း ဥတုဇရုပ်သည် အဆက်ဆက် မပြတ်ဖြစ်သွားသည်သာတည်း။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန် မည်သည်ကား ဥတုကြောင့်ဖြစ်သော ဩဇာသည် ဌီသို့ရောက်လတ်သော် တပါးသော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေ၏၊ ထိုဩဇဋ္ဌမက ရုပ်အပေါင်း၌လည်း ဩဇာသည် တပါးသော ဩဇဋ္ဌမက ရုပ်အပေါင်းကို ဖြစ်ပေါ်စေပြန်၏- ဤသို့သော နည်းဖြင့် ၁ဝ-ကြိမ် ၁၂-ကြိမ်တိုင်တိုင် ဖြစ်စဉ်ကို ဆက်စပ်စေ၏။ ထိုဥတုသမုဋ္ဌာန် ဥတုပစ္စယ စသည်တို့၌ ဤဥတုသည် ဥတုဇရုပ်တို့အား ဖြစ်စေတတ်သော အကြောင်းဖြစ်၍ ကျေးဇူးပြု၏၊ ကြွင်းသော (ကမ္မဇ စိတ္တဇ အာဟာရဇ)ရုပ်တို့အား နိဿယသတ္တိ အတ္ထိသတ္တိ အဝိဂတသတ္တိတို့၏ အစွမ်းအားဖြင့် ကျေးဇူးပြု၏။ ဤသို့လျှင် ဥတုဇရုပ်၏ ဖြစ်ခြင်းကို ရှုအပ်၏။ ဤဆိုခဲ့သော နည်းဖြင့် ရုပ်၏ ဖြစ်ခြင်းကို ရှုသည်ရှိသော် ရံခါ ရုပ်ကိုရှုသည် မည်၏။

နာမ်၏ဖြစ်ခြင်းကို ရှုပုံအခြင်းအရာ

     ၇ဝ၅။ ရုပ်ကို သုံးသပ်လျှင် ရုပ်၏ဖြစ်ခြင်းကို ရှုအပ်သကဲ့သို့ ဤအတူပင် နာမ်ကိုသုံးသပ်လျှင်လည်း နာမ်၏ဖြစ်ခြင်းကို ရှုအပ်၏၊ ထိုနာမ်၏ ဖြစ်ခြင်းကိုလည်း ၈၁-ပါးသော လောကီစိတ္တုပ္ပါဒ်တို့၏ အစွမ်းအားဖြင့်သာလျှင် ရှုအပ်၏။

၃၀၈

     နာမ်၏ ဖြစ်ပုံကား.. ဤနာမ်မည်သည်ကား ရှေးဘဝ၌ အားထုတ်ခဲ့သော ကံ၏ အစွမ်းအားဖြင့် ပဋိသန္ဓေကာလ၌ စိတ္တုပ္ပါဒ် ၁၉-ပါးဟူသော နာမ်သည် ဖြစ်ပေါ်၏၊ ထိုနာမ်၏ ဖြစ်ပေါ်ပုံ အခြင်းအရာကိုကား ပဋိစ္စသမုပ္ပါဒ်ကို အကျယ်ပြရာ (ပဋိစ္စသမုပ္ပါဒနိဒ္ဒေသ)၌ ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏။ ထိုစိတ္တုပ္ပါဒ် ၁၉-ပါးဟူသော နာမ်သည်ပင်လျှင် ပဋိသန္ဓေစိတ်၏ အခြားမဲ့စိတ်မှစ၍ ဘဝင်၏အစွမ်းအားဖြင့် ဖြစ်၏၊ အသက်၏ အဆုံး၌လည်း စုတိ၏ အစွမ်းအားဖြင့် ဖြစ်၏၊ ထိုစိတ္တုပ္ပါဒ် ၁၉-ပါးဟူသော နာမ်တို့တွင် ကာမာဝစရဖြစ်သော စိတ္တုပ္ပါဒ် နာမ်သည် ၆-ပါးသော ဒွါရတို့ဝယ် အားကြီးသော အာရုံ၌ တဒါရုံ၏ အစွမ်းအားဖြင့် ဖြစ်၏

ပဝတ္တိကာလ၌ကား စက္ခုပသာဒ၏ မပျက်စီးခြင်းကြောင့်၎င်း, ရူပါရုံတို့၏ ထင်ပေါ်ခြင်းကြောင့်၎င်း, အရောင်အလင်းကို မှီလျက်, နှလုံးသွင်းမှု- မနသိကာရလျှင် အကြောင်းရှိသော စက္ခုဝိညာဏ်စိတ်သည်


မှတ်ချက်

     ၁- ဥပေက္ခာသဟဂုတ် သန္တီရဏ ၂-ခုဟူသော အဟိတ်ပဋိသန္ဓေ ၂-ခု၊ မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄-ခုဟူသော ဒွိဟိတ်ပဋိသန္ဓေ ၄-ခု၊ မဟာဝိပါက် ဉာဏသမ္ပယုတ် ၄-ခုဟူသော ကာမတိဟိတ်ပဋိသန္ဓေ ၄-ခု၊ ရူပါဝိပါက် ၅-ခု၊ အရူပဝိပါက် ၄-ခု၊ ဤ၁၉-ပါးသော ပဋိသန္ဓေစိတ္ထုပ္ပါဒ်တို့ကို ဆိုသည်။ ဘဝင်နှင့် စုတိစိတ်တို့မှာလည်း ဤ၁၉-ပါးပင် ဖြစ်သည်။

     ၂- တဘဝလုံး၏ အစိတ်အပိုင်းဖြစ်သော (ဘဝ + အင်္ဂ- ဘဝင်္ဂ) ဘဝင်အဖြစ်ဖြင့် ဖြစ်သွားသည်-ဟု ဆိုလို၏။

     ၃- စုတိစိတ် ဖြစ်သွားသည်-ဟု ဆိုလို၏။

     ၄- မဟာဝိပါက်စိတ် ၈-ခုနှင့် ဥပေက္ခာသန္တီရဏစိတ် ၂-ခုကို ရည်၍ ကာမဝစရဖြစ်သော စိတ္တုပ္ပါဒ်-ဟု ဆိုသည်၊ အပြည့်အစုံအားဖြင့်မူကား သောမနဿသဟဂုတ် သန္တီရဏနှင့်တကွ ၁၁-ပါးသော စိတ်ကို တဒါရုံစိတ်ဟု မှတ်အပ်၏။

     ၅- ပဋိသန္ဓေစိတ်နောင် ပဌမဘဝင်မှစ၍ စုတိတိုင်အောင် အဆက်အပြတ် ဖြစ်နေသော ကာလကို ပဝတ္တိကာလ-ဟု ခေါ်သည်။

     ၆- ဤစကားရပ်ဖြင့် အကြောင်း ၄-ပါးလုံး ညီညွတ်မှ စက္ခုဝိညာဏ် ဖြစ်နိုင်သည်ကို ပြ၏။ ထိုအကြောင်း ၄-ပါးမှာ စက္ခုပသာဒရုပ် မပျက်ခြင်း၊ အဆင်းရူပါရုံ ထင်ပေါ်ခြင်း၊ အလင်းရောင်ရှိခြင်း၊ နှလုံးသွင်းမိခြင်းတို့ပင် ဖြစ်သည်။

၃၀၉

ယှဉ်ဘက်ဖြစ်သော သမ္ပယုတ်တရားတို့နှင့်တကွ ဖြစ်ပေါ်၏။ ချဲ့၍ ပြရလျှင်.. စက္ခုပသာဒရုပ်၏ ဌီခဏ၌ ဌီခဏသို့ ရောက်သည်သာလျှင်ဖြစ်သော ရူပါရုံသည်


မှတ်ချက်

     ထို့အတူ သောတဝိညာဏ်သည်လည်း သောတပသာဒ မပျက်ခြင်း၊ အသံအာရုံ ထင်ပေါ်ခြင်း၊ အာကာသရှိခြင်း၊ နှလုံးသွင်းမိခြင်း ဤအကြောင်း ၄-ပါး ညီညွတ်မှ ဖြစ်သည်၊ ထိုတွင် အာကာသရှိခြင်း ဟူသည်မှာ အသံဖြစ်ပေါ်ရာ အရပ်မှ နားပေါက်ထဲအထိ အပိတ်အဆို့မရှိပဲ ဟင်းလင်းပွင့်လျက် ရှိခြင်းကို ဆိုသည်။

     ဃာနဝိညာဏ်သည်လည်း ဃာနပသာဒ မပျက်ခြင်း၊ အနံ့အာရုံ ထင်ပေါ်ခြင်း၊ လေရုပ်ကို မှီရခြင်း၊ နှလုံးသွင်းမိခြင်း ဤအကြောင်း ၄-ပါး ညီညွတ်မှ ဖြစ်သည်၊ ထိုတွင် လေရုပ်ကို မှီရခြင်း ဟူသည်မှာ အနံ့ကို သယ်ယူလာသော လေ၏ နှာခေါင်းအတွင်းသို့ ဝင်ရောက်ခြင်းကို ဆိုသည်။

     ဇိဝှါဝိညာဏ်သည်လည်း ဇိဝှါပသာဒ မပျက်ခြင်း၊ ရသာရုံ ထင်ပေါ်ခြင်း၊ အာပေါအစိုဓာတ်ကို မှီရခြင်း၊ နှလုံးသွင်းမိခြင်း ဤအကြောင်း ၄-ပါး ညီညွတ်မှ ဖြစ်သည်၊ ထိုတွင် အာပေါအစိုဓာတ်ကို မှီရခြင်းဟူသည်မှာ လျှာကို စိုစွတ်စေသော အာပေါဓာတ် အစိုဓာတ်ကို ရခြင်းပင် ဖြစ်သည်။

     ကာယဝိညာဏ်သည်လည်း ကာယပသာဒ မပျက်ခြင်း၊ တွေ့ထိစရာ ဖောဋ္ဌဗ္ဗာရုံ ထင်ပေါ်ခြင်း၊ ပထဝီဓာတ်ကို မှီရခြင်း၊ နှလုံးသွင်းမိခြင်း ဤအကြောင်း ၄-ပါး ညီညွတ်မှ ဖြစ်သည်၊ ထိုတွင် ပထဝီဓာတ်ကို မှီရခြင်းဟူသည်မှာ ကာယပသာဒ၏ မှီရာဖြစ်သော ပထဝီဓာတ်ကို ရခြင်းပင်တည်း။

     မနောဝိညာဏ်သည်လည်း စိတ်နှလုံးဟု ခေါ်သော ဘဝင်၏ မပျက်ခြင်း၊ သဘောအာရုံ ထင်ပေါ်ခြင်း၊ ဝတ္ထုရုပ်ကို မှီရခြင်း၊ နှလုံးသွင်းမိခြင်း ဤအကြောင်း ၄-ပါး ညီညွတ်မှ ဖြစ်သည်။ ဘဝင်စိတ်သည် မိမိ၏ အခြားမဲ့၌ နှလုံးသွင်း ဆင်ခြင်မှု အာဝဇ္ဇန်းစိတ်ကို မဖြစ်စေနိုင်လျှင် ပျက်သည် မည်၏၊ ဖြစ်စေနိုင်လျှင် မပျက်သည် မည်၏။ ဝတ္ထုရုပ်ကို မှီရခြင်း ဟူသည်မှာ နှလုံးသားအတွင်း၌ တည်ရှိသော ဟဒယဝတ္ထုခေါ်သော ရုပ်ကို မှီရခြင်းပင် ဖြစ်သည်။

     ၁- ဌီခဏ၌.. တိုက်ခိုက်၏-ဟု စပ်ပါ။ ဖြစ်ပေါ်ဆဲဖြစ်သော စက္ခုပသာဒ၌ ရူပါရုံ မထင်နိုင်၊ တည်ဆဲ ဌီခဏသို့ရောက်မှ ထင်သည်ဟု ဆိုလို၏။

     ၂- ဖြစ်ဆဲ ရူပါရုံသည်လည်း စက္ခုဒွါရ၌ မထင်နိုင်သေး၊ ဌီသို့ ရောက်မှသာလျှင် ထင်နိုင်သည်၊ ထို့ကြောင့် ''ဌီခဏသို့ ရောက်သည်သာလျှင် ဖြစ်သော''-ဟု အထူးကန့်သတ်၍ ပြဆိုသည်။

၃၁၀

စက္ခပသာဒကို တိုက်ခိုက်၏၊ ထိုရူပါရုံ တိုက်ခိုက် ထင်ပေါ်လျှင် ဘဝင် ၂-ကြိမ်ဖြစ်၍ ချုပ်၏၊ ထို့နောင် ထိုရူပါရုံ၌ပင်လျှင် ကိရိယာ မနောဓာတ်ခေါ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဆင်ခြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်၏၊ ထိုစိတ်၏ အခြားမဲ့၌ ထိုရူပါရုံကိုပင်လျှင် မြင်လျက် ကုသလဝိပါက် စက္ခုဝိညာဏ်သည်သော်၎င်း အကုသလဝိပါက် စက္ခုဝိညာဏ်သည်သော်၎င်း (တခုခု) ဖြစ်ပေါ်၏။ ထို့နောင် ထိုရူပါရုံကိုပင်လျှင် လက်ခံလျက် ဝိပါက် မနောဓာတ်ခေါ် သမ္ပဋိစ္ဆိုန်းစိတ်သည် ဖြစ်ပေါ်၏၊ ထို့နောင် ထိုရူပါရုံပင်လျှင် စုံစမ်းလျက် ဝိပါက် အဟိတ် မနောဝိညာဏဓာတ်ခေါ် သန္တီရဏစိတ်သည် ဖြစ်ပေါ်၏၊ ထို့နောင် ထိုရူပါရုံကိုပင် ပိုင်းခြား ဆုံးဖြတ်လျက် [၂၅၃] ဥပေက္ခာသဟဂုတ် ကိရိယာ အဟိတ် မနောဝိညာဏဓာတ်ခေါ် ဝုဋ္ဌောမည်သော မနောဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ်၏၊ ထို့နောင် ကာမာဝစရ ကုသိုလ် အကုသိုလ် ကိရိယာစိတ်တို့တွင် တခုသော စိတ်သည် ဇော ၅-ကြိမ်သော်၎င်း ဇော ၇-ကြိမ်သော်၎င်း ဖြစ်လျက် ဖြစ်ပေါ်၏၊


မှတ်ချက်

     ၁- တိုက်ခိုက်-ဟူသည်မှာ ထင်ပေါ်ခြင်းပင် ဖြစ်သည်။

     ၂- အလိုမရှိအပ်သော အနိဋ္ဌာရုံ မကောင်းသော အာရုံဖြစ်လျှင် အကုသိုလ်၏အကျိုး အကုသလဝိပါက် စက္ခုဝိညာဏ် ဖြစ်ပေါ်၏၊ အလိုရှိအပ်သော ဣဋ္ဌာရုံ ကောင်းသော အာရုံဖြစ်လျှင် ကုသိုလ်၏အကျိုး ကုသလဝိပါက် စက္ခုဝိညာဏ် ဖြစ်ပေါ်၏၊ ဤသို့ အာရုံ အဆိုး, အကောင်းအားလျော်စွာ တခုခု ဖြစ်သည်၊ ထို့ကြောင့် ''သော်၎င်း''-ဟု ဝိကပ်နှင့် ပြဆိုပေသည်။

     ၃- ဤ၌လည်း အာရုံ အဆိုး အကောင်းအားလျော်စွာ အကုသလဝိပါက် သမ္ပဋိစ္ဆိုန်း ကုသလဝိပါက် သမ္ပဋိစ္ဆိုန်း တခုခုဖြစ်သည်-ဟု မှတ်အပ်၏၊ တနည်းကား အကုသလဝိပါက် စက္ခုဝိညာဏ်၏ နောက်၌ အကုသလဝိပါက် သမ္ပဋိစ္ဆိုန်း ဖြစ်သည်။ ကုသဝိပါက် စက္ခုဝိညာဏ်၏ နောက်၌ ကုသလဝိပါက် သမ္ပဋိစ္ဆိုန်း ဖြစ်သည်-ဟု ဤသို့လည်း မှတ်ယူနိုင်၏။ သန္တီရဏ ဖြစ်ပုံ၌လည်း နည်းတူပင်တည်း။

     ၄- သာမန် ဣဋ္ဌာရုံ၌ ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏ ဖြစ်သည်၊ အလွန်ကောင်းသော ဘုရားအစရှိသော အတိဣဋ္ဌာရုံ၌ သောမနဿသဟဂုတ် သန္တီရဏ ဖြစ်သည်-ဟု ဤအထူးကိုလည်း မှတ်အပ်၏။

     ၅- ကာမာဝစရ ကုသိုလ်စိတ် ၈-ခု၊ အကုသိုလ်စိတ် ၁၂-ခု၊ ဟသိတုပ္ပါဒ်နှင့် မဟာကိရိယာစိတ်ဟူသော ကိရိယာစိတ် ၉-ခု၊ ဤစိတ် ၂၉-ပါးကို

၃၁၁

သို့မဟုတ် ဥပေက္ခာသဟဂုတ် အဟိတ်စိတ်သည်မူလည်း ဖြစ်ပေါ်၏၊ ထို့နောင် ကာမာဝစရ သတ္တဝါတို့အား ၁၁-ပါးသော တဒါရုံစိတ်တို့တွင် ဇောနှင့် အာရုံတို့အားလျော်စွာ တစုံတခုသော တဒါရုံစိတ်သည်


မှတ်ချက်

ကာမဇော ၂၉-ဟု ခေါ်သည်။ သေခါနီးကာလ, တွေဝေ မိန်းမောနေသော ကာလတို့၌ ဇော ၅-ကြိမ်သာ ဖြစ်သည်၊ ကြွင်းသော ကာလတို့၌ ၇-ကြိမ် ဖြစ်သည်။

     ၁- ဝုဋ္ဌောကိစ္စတတ်သော မနောဒွါရာဝဇ္ဇန်းစိတ်ကို ရည်၍ ''ဥပေက္ခာသဟဂုတ် အဟိတ်စိတ်''ဟု ဆိုသည်၊ ၎င်းစိတ်သည် အာရုံမထင်ရှားသဖြင့် ဇောကျနိုင်လောက်အောင် မဆုံးဖြတ်နိုင်သောအခါ ၎င်းဝုဋ္ဌောစိတ်သည်ပင် ၂-ကြိမ် ၃-ကြိမ် ဖြစ်ပြီးလျှင် ဘဝင်ကျသွားသည်၊ ဤသို့သော ဝီထိဝါရကို ဒုတိယ မောဃဝါရဟု ခေါ်သည်၊ ဤ ဝါကျကို ရည်၍ ဆိုသည်ဟု ဋီကာ၌ ပြဆို၏။

     ၂- နှာ ၂ဝ၈-မှတ်ချက် ၄-၌ ပြခဲ့သော တဒါရုံစိတ် ၁၁-ပါးပင် ဖြစ်သည်။

     ၃- ဇောနှင့် အာရုံတို့အား လျော်စွာ ဟူသည်ကား တိဟိတ်ဇော ဖြစ်လျှင် တိဟိတ်တဒါရုံသော်၎င်း ဒွိဟိတ်တဒါရုံသော်၎င်း ဖြစ်၏- ဤသို့ စသည်ဖြင့် ဇောအားလျော်စွာ၎င်း၊ ဣဋ္ဌာရုံဖြစ်လျှင် သောမနဿသဟဂုတ် တဒါရုံဖြစ်၏- ဤသို့ စသည်ဖြင့် အာရုံအားလျော်စွာ၎င်း (ဤသို့ ဆိုလို၏)- (မဟာဋီကာအဖွင့်)။ ဤဋီကာအဖွင့်၌ ဣဋ္ဌာရုံ၌ သောမနဿတဒါရုံ ၅-ခု၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌ ကုသလဝိပါက် ဥပေက္ခာတဒါရုံ ၅-ခု၊ အနိဋ္ဌာရုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်သည်-ဟု ဆိုလိုကြောင်း ထင်ရှား၏။ ဇောအားလျော်စွာ တဒါရုံဖြစ်ပုံကား မထင်ရှားသေးပေ။ ဤဋီကာတွင်ပင် ခန္ဓနိဒ္ဒေသ ဝိညာဏက္ခန္ဓာအဖွင့်၌ အောက်ပါအတိုင်း ပြဆိုခဲ့၏။

     တဒါရုံဖြစ်ပုံ၌ ဤဆိုလတံ့သည်ကား ကိန်းသေ သတ်မှတ်ချက်တည်း.. ကာမကုသိုလ်ဇော, လောဘမူ မောဟမူ ဇော, သောမနဿသဟဂုတ် ကိရိယာဇောတို့တွင် တပါးပါး၏ အခြားမဲ့၌ အတိမဟန္တာရုံဝယ် သောမနဿတဒါရုံ ၅-ခုတို့တွင် တခုခုသော တဒါရုံဖြစ်၏၊ ထို့အတူ ကာမကုသိုလ်ဇော, အကုသိုလ်ဇော, ဥပေက္ခာသဟဂုတ် ကိရိယာဇောတို့တွင် တပါးပါး၏ အခြားမဲ့၌ ဥပေက္ခာတဒါရုံ ၆-ခုတို့တွင် တခုခုသော တဒါရုံဖြစ်၏။ (မဟာဋီကာ)။

     အထက်ပါ ဋီကာဖြင့် သောမနဿ ကိရိယာဇောနောင် သောမနဿတဒါရုံသာ ဖြစ်သည်၊ ဥပေက္ခာတဒါရုံသာ ဖြစ်သည်-ဟု ကိန်းသေ မှတ်အပ်၏၊ သို့သော် ကာမကုသိုလ်ဇော, လောဘမူ မောဟမူ ဇောတို့နောင်မှာမူကား ကန့်သတ်ချက်

၃၁၂

ဖြစ်ပေါ်၏။ ကြွင်းသော ဒွါရတို့၌လည်း ဤနည်းပင်တည်း။ အထူးကား


မှတ်ချက်

မရှိသောကြောင့် တဒါရုံ ၁၁-ခုတို့တွင် အမှတ်မရှိ တခုခုဖြစ်သည် ဟူ၍သာ သိရ၏။ အဘိဓမ္မတ္ထ သင်္ဂဟကျမ်း၌လည်း ဤအတိုင်းပင် ပြဆိုထား၏။

     ဓမ္မသင်္ကဏီပါဠိတော်၏ အဖွင့် အဋ္ဌသာလိနီမည်သော အဘိဓမ္မာ အဋ္ဌကထာကြီး၌ ဇောဖြင့် တဒါရုံကို သတ်မှတ်၍ ပြဆိုထားသည်မှာ.. ဣဋ္ဌာရုံ၌ မဟာကုသိုလ် ပဌမစိတ်ဇောနောင် ထိုနှင့်အလားတူသော မဟာဝိပါက် ပဌမစိတ်တဒါရုံ၊ ထို့အတူ မဟာကုသိုလ် ဒုတိယ တတိယ စတုတ္ထစိတ်ဇောတို့နောင် အစဉ်အတိုင်း မဟာဝိပါက် ဒုတိယ တတိယ စတုတ္ထစိတ် တဒါရုံများ၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌ မဟာကုသိုလ် ဥပေက္ခာဇော ၄-ခုနောင် အစဉ်အတိုင်း မဟာဝိပါက် ဥပေက္ခာတဒါရုံ ၄-ခုဖြစ်သည်- ဟူ၍၎င်း၊ အဟိတ်ပုဂ္ဂိုလ်အား ဣဋ္ဌာရုံ၌ ဉာဏဝိပ္ပယုတ် သောမနဿဇော ၂-ခုနောင် သောမနဿ သန္တီရဏတဒါရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဉာဏဝိပ္ပယုတ် ဥပေက္ခာဇော ၂-ခုနောင် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်သည် ဟူ၍၎င်း၊ ဣဋ္ဌာရုံ၌ လောဘမူ သောမနဿဇော ၄-ခုနောင် သောမနဿ သန္တီရဏတဒါရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌ လောဘမူ ဥပေက္ခာဇော ၄-ခုနှင့် ဒေါသမူဇော ၂-ခုနောင် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်သည်- ဟူ၍၎င်း၊ ဣဋ္ဌာရုံ၌ ဒေါသဇောကျလျှင် တဒါရုံမဖြစ်- ဟူ၍၎င်း၊ မောဟမူဇော ၂-ခုနောင် ဣဋ္ဌာရုံ၌ သောမနဿသန္တီရဏ တဒါရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်သည်- ဟူ၍၎င်း ပြဆိုပြီးလျှင် ကုသိုလ်ဇောနောင်မှာကဲ့သို့ပင် ကိရိယာဇောတို့ နောင်၌လည်း တဒါရုံ ဖြစ်သင့်သည်- ဟူ၍၎င်း၊ ကုသိုလ်ဇော ဝီထိတို့၏ အကြား၌ အကုသိုလ်ဇော ဝီထိကျလျှင် ထိုအကုသိုလ်ဇော၏ အခြားမဲ့၌လည်း တိဟိတ် တဒါရုံ ဖြစ်တတ်သေးသည်- ဟူ၍၎င်း ပြဆို၏။ ဤအရာ၌ ''ဇောအားလျော်စွာ''ဟူသော စကားတစိတ်ဖြင့် အဋ္ဌသာလိနီ၌ ပြဆိုချက်ကို ရည်ညွှန်းဟန်ရှိ၏။ မူလဋီကာ၌ကား ကိရိယာဇောနောင်တဒါရုံ မဖြစ်သင့်ဟု ဆို၏။

     ၁- သောတဒွါရ၌ စက္ခုဝိညာဏ်အရာတွင် သောတဝိညာဏ်ကို၎င်း၊ ဃာနဒွါရ၌ ဃာနဝိညာဏ်ကို၎င်း၊ ဇိဝှါဒွါရ၌ ဇိဝှါဝိညာဏ်ကို၎င်း၊ ကာယဒွါရ၌ ကာယဝိညာဏ်ကို၎င်း လဲလှယ် ထည့်သွင်းယူရုံမျှသာ ထူးသည်၊ ထို့ကြောင့် ''ကြွင်းသော ဒွါရတို့၌လည်း ဤနည်းပင်တည်း''ဟု ဆိုလေသည်။ သို့သော် မနောဒွါရ၌မူကား ထင်ပေါ်လာသော အာရုံ၆-ပါးကို ရှေးဦးစွာ ဆင်ခြင်လျက် မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပြီးလျှင် ထိုစိတ်၏ အခြားမဲ့၌ ဇောစိတ်များ ဖြစ်လေသည်၊ ဤသို့ စိတ်အစဉ်ဖြစ်ပုံလည်း ထူးခြားသေး၏။

၃၁၃

မနောဒွါရ၌ မဟဂ္ဂုတ်စိတ်တို့သည်လည်း ဖြစ်ကုန်၏။ ဤသို့လျှင် ၆-ပါးသော ဒွါရတို့၌ နာမ်၏ ဖြစ်ခြင်းကို ရှုအပ်၏။ ဤဆိုခဲ့သော နည်းဖြင့် နာမ်၏ ဖြစ်ခြင်းကို ရှုသည်ရှိသော ရံခါ နာမ်ကို သုံးသပ်သည် မည်၏။

     ဤဆိုခဲ့သည့်အတိုင်း ရံခါ ရုပ်ကို ရံခါ နာမ်ကို သုံးသပ်၍လည်း လက္ခဏာသုံးပါးကို တင်၍ (ဥဒယဗ္ဗယဉာဏ်စသော) အစဉ်အားဖြင့် ကျင့်လျက် တဦးသော ယောဂီသည် ပညာဘာဝနာကို ပြည့်စုံစေ၏။

ရူပသတ္တကသမ္မသနကထာ- ရုပ်သုံးသပ်ပုံ ၇-မျိုးကို ပြဆိုချက်

     ၇ဝ၆။ တပါးသော ယောဂီသည် ရုပ်သုံးသပ်ပုံ ၇-မျိုး, နာမ်သုံးသပ်ပုံ ၇-မျိုးတို့၏ အစွမ်းအားဖြင့် လက္ခဏာသုံးပါးကိုတင်၍ သင်္ခါရတို့ကို သုံးသပ်၏၊ ထိုတွင် (၁) အာဒါနနိက္ခေပန- ယူခြင်း ပစ်ချခြင်းအားဖြင့်၎င်း (၂) ဝယော ဝုဍ္ဎတ္ထင်္ဂမ- အရွယ်ရင့် ချုပ်ခြင်းအားဖြင့်၎င်း (၃) အာဟာရမယ- အာဟာရဖြင့် ပြီးသော ရုပ်အားဖြင့်၎င်း (၄) ဥတုမယ- ဥတုဖြင့်ပြီးသော ရုပ်အားဖြင့်၎င်း (၅) ကမ္မဇ- ကံကြောင့်ဖြစ်သော ရုပ်အားဖြင့်၎င်း (၆) စိတ္တသမုဋ္ဌာန- စိတ်ကြောင့်ဖြစ်သော ရုပ်အားဖြင့်၎င်း (၇) ဓမ္မတာရုပ်အားဖြင့်၎င်း- ဤ၇-ပါးသော အခြင်းအရာတို့ဖြင့် လက္ခဏာတင်၍ သုံးသပ်သည်ရှိသော် ရူပသတ္တက- ရုပ်ကိုသုံးသပ်ပုံ ၇-မျိုး၏ အစွမ်းအားဖြင့် လက္ခဏာတင်၍ သုံးသပ်သည် မည်၏။

ထို့ကြောင့် ရှေးဆရာတို့သည်-

''အာဒါနနိက္ခေပနအားဖြင့်၎င်း, ဝယောဝုဍ္ဎတ္ထဂါမိအားဖြင့်၎င်း, အာဟာရအားဖြင့်၎င်း, ဥတုအားဖြင့်၎င်း, ကံအားဖြင့်၎င်း, စိတ်အားဖြင့်၎င်း, ဓမ္မတာရုပ်အားဖြင့်၎င်း ၇-ပါးသော အခြင်းအရာတို့ဖြင့် အကျယ်ရှု၏''ဟု-

မိန့်ဆိုကုန်၏။


မှတ်ချက်

     ၁- ရူပါဝစရကုသိုလ် ကိရိယာဇောစိတ် ၁ဝ-ခု၊ အရူပါဝစရကုသိုလ် ကိရိယာဇောစိတ် ၈-ခုဟူသော ဤမဟဂ္ဂုတ်ဇောစိတ် ၁၈-ခုတို့ကို ရည်၍ ''မဟဂ္ဂုတ်စိတ်တို့သည်လည်း ဖြစ်ကုန်၏''ဟု ဆိုသည်။ ဤမနောဒွါရ၌ လောကုတ္တရာဇော ၈-ခုတို့သည်လည်း ဖြစ်ကြသေး၏။ သို့သော် ဝိပဿနာရှုအပ်သော တရားမဟုတ်သောကြောင့် ၎င်းတို့ကို မပြပဲ ချန်ထားသည် ဖြစ်ရာ၏။

၃၁၄

     ထို၇-ပါးတို့တွင် အာဒါန- ယူခြင်း-ဟူသည်ကား ပဋိသန္ဓေတည်း။ နိက္ခေပန- ပစ်ချခြင်းဟူသည်ကား စုတိတည်း။ သို့ဖြစ်၍ ယောဂီသည် အနှစ်တရာကို ဤ ပဋိသန္ဓေ စုတိတို့ဖြင့် ပိုင်းခြား၍ သင်္ခါရတို့၌ လက္ခဏာ ၃-ပါးကို တင်၏။ အဘယ်သို့နည်းဟူမူ? ဤ (ပဋိသန္ဓေနှင့် စုတိ နှစ်ပါးတို့၏) အကြား၌ အလုံးစုံသော သင်္ခါရတို့သည် မမြဲကုန်၊ အဘယ့်ကြောင့်နည်းဟူမူ? ဖြစ်ခြင်း ပျက်ခြင်းအားဖြင့် မပြတ် ဖြစ်နေသောကြောင့်၎င်း, ဖောက်ပြန်သောကြောင့်၎င်း, အခိုက်အတန့်မျှ ဖြစ်သောကြောင့်၎င်း, မြဲသည်၏အဖြစ်ကို ငြင်းပယ်ခြင်းကြောင့်၎င်း ဖြစ်ပေသည်။

     ထို့ပြင် ဖြစ်ပြီးသော သင်္ခါရတို့သည် တည်ဆဲ ဌီခဏသို့ ရောက်ကုန်၏၊ တည်ဆဲ ဌီခဏ၌ အိုမင်းရင့်ရော်ခြင်းဖြင့် ပင်ပန်းကုန်၏၊ အိုမင်းရင့်ရော်ခြင်းသို့ ရောက်ပြီးလျှင် မချွတ်ဧကန် ပျက်စီးလေကုန်၏၊ ထို့ကြောင့် ဖြစ်ခြင်း ပျက်ခြင်းက မပြတ် နှိပ်စက်သောကြောင့်၎င်း, မခံသာသောကြောင့်၎င်း, ဆင်းရဲ၏ တည်ရာဝတ္ထု ဖြစ်သောကြောင့်၎င်း, ချမ်းသာ၏အဖြစ်ကို ငြင်းပယ်သောကြောင့်၎င်း ဆင်းရဲကုန်၏။

     ထို့ပြင် ဖြစ်ပြီးသော သင်္ခါရတို့သည် တည်ဆဲ ဌီခဏသို့ မရောက်ပါစေကုန်လင့် ဟူ၍၎င်း, ဌီခဏသို့ရောက်သော သင်္ခါရတို့သည် မအိုမရင့်ပါစေကုန်လင့် ဟူ၍၎င်း, အိုရင့်ပြီးသော သင်္ခါရတို့သည် မပျက်စီးပါစေကုန်လင့် ဟူ၍၎င်း- ဤ ၃ပါးသော ဌာနတို့၌ [၂၅၄] တစုံတယောက်သော သူအားမျှ အလိုအတိုင်း ဖြစ်ခြင်းမည်သည် မရှိချေ၊ ထိုအလိုအတိုင်းဖြစ်သော အခြင်းအရာမှ ဆိတ်သုဉ်းကုန်၏၊ ထို့ကြောင့် [နိဝါသီ-ခန္ဓာအိမ်၌ အမြဲတည်နေသူ, ကာရက- ပြုလုပ်တတ်သောသူ, ဝေဒက- ခံစားတတ်သူ, အဓိဋ္ဌာယက- စီမံ


မှတ်ချက်

     ၁- မြဲသောသဘော မရှိခြင်းသည်သာလျှင် မြဲသည်အဖြစ်ကို ငြင်းပယ်ခြင်း မည်၏၊ မှန်ပေ၏၊ မမြဲသော တရားတို့သည် ထိုမမြဲသော မိမိ၏ သဘောဖြင့်ပင်လျှင် သိသော ပုဂ္ဂိုလ်တို့အား မြဲသည်အဖြစ်ကို ငြင်းပယ်သည် မည်ကုန်၏ (ဋီကာဘာသာပြန်)။ မမြဲသော သဘောကို သိမြင်သော ပုဂ္ဂိုလ်တို့အား ထိုမမြဲသော တရားတို့က ''ကျွန်ုပ်တို့ကို မြဲသည်ဟု အများက ထင်နေကြသော်လည်း သင်တို့ သိမြင်သည့်အတိုင်းပင် ကျွန်ုပ်တို့ကတော့ မမြဲကြပါ''ဟု ဝန်ခံလျက် မြဲသည့်အဖြစ်ကို ငြင်းပယ်ကြသကဲ့သို့ ဖြစ်သည်ဟု ဆိုလိုသည်။

၃၁၅

ခန့်ခွဲတတ်သူ(ဟု ထင်ရသော အတ္တ)မှ] ဆိတ်သုဉ်းသောကြောင့်၎င်း, ပိုင်ရှင် မရှိသောကြောင့်၎င်း, အလိုအတိုင်း မဖြစ်သောကြောင့်၎င်း, အတ္တအဖြစ်ကို ငြင်းပယ်သောကြောင့်၎င်း အနတ္တ- အတ္တ မဟုတ်ကုန်, အတ္တ မရှိကုန်ဟု လက္ခဏာ ၃-ပါးကို တင်၏။ (၁)

     ၇ဝ၇။ ဤဆိုခဲ့သည့်အတိုင်း အာဒါနနိက္ခေပန၏ အစွမ်းအားဖြင့် အနှစ်တရာဖြင့် ပိုင်းခြားအပ်သော ရုပ်၌ လက္ခဏာသုံးပါးကို တင်ပြီးလျှင် ထိုမှနောက်၌ ဝယောဝုဍ္ဎတ္ထင်္ဂမအားဖြင့် လက္ခဏာတင်၏။ ထိုစကား၌ ဝယောဝုဍ္ဎတ္ထင်္ဂမ- အရွယ် ရင့်ချုပ်ခြင်း မည်သည်ကား အရွယ်၏ အစွမ်းအားဖြင့် ကြီးရင့်ပြီးသော ရုပ်၏ ချုပ်ခြင်းတည်း၊ ထို အရွယ်အားဖြင့် ရင့်ပြီးသော ရုပ်၏ ချုပ်ခြင်း၏ အစွမ်းအားဖြင့် လက္ခာသုံးပါးကို တင်၏- ဤသည်ကား (အရွယ် ရင့်ချုပ်ခြင်းအားဖြင့် တင်၏ဟူသော စကား၏) အနက်တည်း။

     အဘယ်သို့နည်းဟူမူ? ထိုယောဂီသည် ထိုအနှစ်တရာကိုပင်လျှင် ပဌမအရွယ်, မဇ္ဈိမ အလယ်ပိုင်း အရွယ်, ပစ္ဆိမ နောက်ဆုံးပိုင်း အရွယ်ဟူသော ၃-ပါးသော အရွယ်တို့ဖြင့် ပိုင်းခြား၏။ ထိုအရွယ် ၃-ပါးတို့တွင် အစမှ ၃၃-နှစ် တို့သည် ပဌမအရွယ်မည်၏၊ ထိုမှနောက်၌ ၃၄-နှစ်တို့သည် မဇ္ဈိမအရွယ်မည်၏၊ ထိုမှနောက်၌ ၃၃-နှစ်တို့သည် ပစ္ဆိမအရွယ် မည်၏၊ ဤသို့လျှင် ဤ၃-ပါးသော အရွယ်တို့ဖြင့် ပိုင်းခြားပြီးလျှင် ပဌမအရွယ်၌ ဖြစ်သော ရုပ်သည် မဇ္ဈိအရွယ်သို့ မရောက်မူ၍ ထို ပဌမအရွယ်၌သာလျှင် ချုပ်၏၊ ထို့ကြောင့် ထိုပဌမအရွယ်၌ ဖြစ်သော ရုပ်သည် မမြဲ၊ ထိုမမြဲသော ရုပ်သည် ဆင်းရဲတည်း၊ ထိုဆင်းရဲသော ရုပ်သည် အတ္တမဟုတ် (ဟူ၍၎င်း)၊ မဇ္ဈိမအရွယ်၌ ဖြစ်သော ရုပ်သည်လည်း ပစ္ဆိမအရွယ်သို့ မရောက်မူ၍ ထိုမဇ္ဈိမအရွယ်၌သာလျှင် ချုပ်၏၊ ထို့ကြောင့် ထိုမဇ္ဈိမအရွယ်၌ ဖြစ်သော ရုပ်သည်လည်း မမြဲ ဆင်းရဲ အတ္တမဟုတ် (ဟူ၍၎င်း)၊ ပစ္ဆိမအရွယ်၌ ၃၃-နှစ်ပတ်လုံး ဖြစ်သော ရုပ်သည်လည်း သေသည်မှ နောက်၌ သွားရန် စွမ်းနိုင်သော ရုပ်မည်သည် မရှိချေ၊ ထို့ကြောင့် ထိုပစ္ဆိမအရွယ်၌ ဖြစ်သော ရုပ်သည်လည်း မမြဲ ဆင်းရဲ အတ္တမဟုတ် ဟူ၍၎င်း လက္ခဏာ သုံးပါးကို တင်၏။

     ၇ဝ၈။ ဤဆိုခဲ့သည့်အတိုင်း ပဌမအရွယ် စသည်၏ အစွမ်းအားဖြင့် အရွယ် ရင့်ချုပ်ခြင်းအားဖြင့် လက္ခဏာသုံးပါးကို တင်ပြီးလျှင် တဖန်-

၃၁၆

(၁) မန္ဒဒသက- နုံ့ထိုင်း ဆယ်နှစ်စု၊

(၂) ခိဍ္ဍာဒသက- ပျော်ရွှင် ဆယ်နှစ်စု၊

(၃) ဝဏ္ဏဒသက- အဆင်း ဆယ်နှစ်စု၊

(၄) ဗလဒသက- ခွန်အား ဆယ်နှစ်စု၊

(၅) ပညာဒသက- ပညာ ဆယ်နှစ်စု၊

(၆) ဟာနိဒသက- ဆုတ်ယုတ် ဆယ်နှစ်စု၊

(၇) ပဗ္ဘာရဒသက- ကိုင်းရှိုင်း ဆယ်နှစ်စု၊

(၈) ဝင်္ကဒသက- ကောက်ကုံး ဆယ်နှစ်စု၊

(၉) မောမူဟဒသက- တွေဝေ ဆယ်နှစ်စု၊

(၁ဝ) သယနဒသက- လဲလျောင်း ဆယ်နှစ်စု-ဟူသော

     ဤ ၁ဝ-ပါးသော ဒသကတို့၏ အစွမ်းအားဖြင့် အရွယ်ရင့်ချုပ်ခြင်းအားဖြင့် လက္ခဏာသုံးပါးကို တင်၏။ ထို၁ဝ-ပါးသော ဒသကတို့တွင် အနှစ်တရာ အသက်ရှင်သော ပုဂ္ဂိုလ်၏ ပဌမဆယ်နှစ်တို့သည် မန္ဒဒသက မည်၏၊ ထိုအခါ၌ ထို(ပုဂ္ဂိုလ်)သည် နုံ့ထိုင်း၏၊ လျှပ်ပေါ်၏၊ သူငယ်မျှသာ ဖြစ်၏။ ထိုမှ နောက်ဆယ်နှစ်တို့သည် ခိဍ္ဍဒသက မည်၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်သည် ကစားပျော်ရွင်ခြင်း များ၏။ ထိုမှ နောက်ဆယ်နှစ်တို့သည် ဝဏ္ဏဒသက မည်၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ ရုပ်ရေအဆင်းသည် ပြန့်ပြော ပြည့်ဝခြင်းသို့ ရောက်၏။ ထိုမှ နောက်ဆယ်နှစ်တို့သည် ဗလဒသက မည်၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ ခွန်အားသည်၎င်း အစွမ်းသည်၎င်း ပြန့်ပြော ပြည့်ဝခြင်းသို့ ရောက်၏။ ထိုမှ နောက်ဆယ်နှစ်တို့သည် ပညာဒသက မည်၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ ပညာသည် ကောင်းစွာ တည်၏၊ ပကတိအားဖြင့် [၂၅၅] ပညာမဲ့သော သူအားသော်လည်း ထိုပညာဒသက ကာလ၌ အနည်းငယ်မျှသော်လည်း ပညာသည် ဖြစ်တတ်သည်သာလျှင်ဟု ဆိုကြ၏၁။ ထိုမှ နောက်ဆယ်နှစ်တို့သည် ဟာနိဒသက မည်၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ ကစားပျော်ရွှင်ခြင်း ရုပ်ရေအဆင်း ခွန်အားနှင့် ပညာတို့သည် ဆုတ်ယုတ်ကုန်၏။


မှတ်ချက်

     ၁- ကိရ-ပုဒ်ကို သတတ်- သတဲ့- တဆင့်ကြားရသည်ကားဟု ပြန်ကြသည်မှာလည်း ''ဆိုကြ၏''ဟူသော စကားနှင့် ညီမျှ၏။ ထို့ကြောင့် ဤ၌ ကိရ-ပုဒ်ကို ဆိုကြ၏-ဟု ပြန်ထားသည်။

ထိုမှ နောက်ဆယ်နှစ်တို့သည် ပဗ္ဘာရဒသက မည်၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ အတ္တဘောသည် ရှေ့ဘက်သို့ ကိုင်းရှိုင်း၏။ ထိုမှ နောက်ဆယ်နှစ်တို့သည် ဝင်္ကဒသက မည်၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ အတ္တဘောသည် ထယ်၏ လက်ကိုင်ကိုင်းကဲ့သို့ ကောက်ကုံး၏။ ထိုမှ နောက်ဆယ်နှစ်တို့သည် မောမူဟဒသက မည်၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်သည် အလွန်တွေဝေ၏၊ ပြုတိုင်းပြုတိုင်းကို မေ့၏။ ထိုမှ နောက်ဆယ်နှစ်တို့သည် သယနဒသက မည်၏၊ အနှစ်တရာရှိသော ပုဂ္ဂိုလ်သည် လဲလျောင်းနေရခြင်းသာလျှင် များလေတော့သည်။

     ထို (အနှစ်တရာရုပ်)၌ ဤယောဂီသည် ဤ(ဆယ်ပါးသော) ဒသကတို့၏ အစွမ်းအားဖြင့် အရွယ်ရင့်ချုပ်ခြင်းအားဖြင့် လက္ခဏာသုံးပါးကို တင်ခြင်းငှါ ဤသို့ ရှုဆင်ခြင်၏- ပဌမဆယ်နှစ်စု၌ မပြတ်ဖြစ်သော ရုပ်သည် ဒုတိယ (နှစ်ခုမြောက်) ဆယ်နှစ်စုသို့ မရောက်မူ၍ ထိုပဌမ ဆယ်နှစ်စု၌သာလျှင် ချုပ်၏၊ ထို့ကြောင့် ထိုပဌမဆယ်နှစ်စု ရုပ်သည် မမြဲ ဆင်းရဲ အတ္တမဟုတ်(ဟူ၍ လက္ခဏာသုံးပါးကို တင်၏)။ ဒုတိယ ဆယ်နှစ်စု၌ ။ပ။ နဝမ (ကိုးခုမြောက်) ဆယ်စုနှစ်၌ မပြတ်ဖြစ်သော ရုပ်သည် ဒသမ (ဆယ်ခုမြောက်) ဆယ်နှစ်စုသို့ မရောက်မူ၍ ထိုနဝမ ဆယ်စုနှစ်၌သာလျှင် ချုပ်၏။ ဒသမ ဆယ်နှစ်စု၌ မပြတ်ဖြစ်သော ရုပ်သည် တဖန်ဘဝသစ်သို့ မရောက်မူ၍ ဤဘဝ၌သာလျှင် ချုပ်၏၊ ထို့ကြောင့် ထိုဒသမ ဆယ်စုနှစ် ရုပ်သည်လည်း မမြဲ ဆင်းရဲ အတ္တမဟုတ်ဟူ၍ လက္ခဏာသုံးပါးကို တင်၏။

     ၇ဝ၉။ ဤဆိုခဲ့သည့်အတိုင်း (ဆယ်ပါးသော) ဒသကတို့၏ အစွမ်းအားဖြင့် အရွယ်ရင့်ချုပ်ခြင်းအားဖြင့် လက္ခဏာသုံးပါးကို တင်ပြီးလျှင် တဖန် ထိုအနှစ်တရာကိုပင်လျှင် ၅-နှစ်စီ၏ အစွမ်းအားဖြင့် နှစ်ဆယ်သော အဖို့(အပိုင်း)တို့ကို ပြု၍ အရွယ်ရင့်ချုပ်ခြင်းအားဖြင့် လက္ခဏာသုံးပါးကို တင်၏။ အဘယ်သို့နည်းဟူမူ? ထိုယောဂီသည် ဤသို့ ရှုဆင်ခြင်၏၊ ပဌမ ၅-နှစ်စု ၅-နှစ်ပိုင်း၌ မပြတ်ဖြစ်သော ရုပ်သည် ဒုတိယ ၅-နှစ်ပိုင်းသို့ မရောက်မူ၍ ထိုပဌမ ၅-နှစ်ပိုင်း၌သာလျှင် ချုပ်၏၊ ထို့ကြောင့် ထိုပဌမ ၅-နှစ်ပိုင်း ရုပ်သည် မမြဲ ဆင်းရဲ အတ္ထမဟုတ်(ဟူ၍ လက္ခဏာသုံးပါးကို တင်၏)။ ဒုတိယ ၅-နှစ်ပိုင်း၌ မပြတ်ဖြစ်သော ရုပ်သည် တတိယ ၅-နှစ်ပိုင်းသို့ ။ပ။ ဆယ့်ကိုးခုမြောက် ၅-နှစ်ပိုင်း၌ မပြတ်ဖြစ်သော ရုပ်သည် နှစ်ဆယ်မြောက် ၅-နှစ်ပိုင်းသို့ မရောက်မူ၍ ထိုဆယ့်ကိုးခုမြောက် ၅-နှစ်ပိုင်း၌သာလျှင်

၃၁၈

ချုပ်၏။ နှစ်ဆယ်မြောက် ၅-နှစ်ပိုင်း၌ မပြတ်ဖြစ်သော ရုပ်သည် သေသည်မှ နောက်၌ သွားနိုင်သော ရုပ်မည်သည် မရှိ၊ ထို့ကြောင့် ထိုနှစ်ဆယ်မြောက် ၅-နှစ်ပိုင်း ရုပ်သည်လည်း မမြဲ ဆင်းရဲ အတ္တမဟုတ်ဟူ၍ (လက္ခဏာ ၃-ပါးကို တင်၏)။

     ဤဆိုခဲ့သည့်အတိုင်း အဖို့အပိုင်း ၂ဝ-တို့၏ အစွမ်းအားဖြင့် အရွယ်ရင့်ချုပ်ခြင်းအားဖြင့် လက္ခဏာသုံးပါးကို တင်ပြီးလျှင် တဖန် ၂၅-ပါးသော အဖို့အပိုင်းတို့ကို ပြု၍ ၄-နှစ်စီ၏ အစွမ်းအားဖြင့် လက္ခာသုံးပါးကို တင်၏။ ထို့နောင် ၃၃-ပါးသော အဖို့အပိုင်းတို့ကို ပြု၍ ၃-နှစ်စီ၏ အစွမ်းအားဖြင့်၎င်း, ငါးဆယ်သော အဖို့အပိုင်းတို့ကို ပြု၍ ၂-နှစ်စီ၏ အစွမ်းအားဖြင့်၎င်း, တရာသော အဖို့အပိုင်းတို့ကို ပြု၍ ၁-နှစ်စီ၏ အစွမ်းအားဖြင့်၎င်း (လက္ခဏာသုံးပါးကို တင်၏)။

     ထို့နောင် တနှစ်ကို [၂၅၆] ၃-ခုသော အဖို့အပိုင်းတို့ကို ပြု၍ မိုဃ်းဥတု ဆောင်းဥတု နွေဥတုဟူသော ဥတု ၃-ပါးတို့တွင် တဥတု တဥတု၏ အစွမ်းအားဖြင့် ထိုအရွယ်ရင့်ချုပ်ရုပ်၌ လက္ခဏာ၃-ပါးကို တင်၏။ အဘယ်သို့နည်းဟူမူ? မိုဃ်းဥတု ၄-လအတွင်း၌ မပြတ်ဖြစ်သော ရုပ်သည် ဆောင်းဥတုသို့ မရောက်မူ၍ ထိုမိုဃ်းဥတု၌သာလျှင် ချုပ်လေ၏။ ဆောင်းဥတု၌ မပြတ်ဖြစ်သော ရုပ်သည် နွေဥတုသို့ မရောက်မူ၍ ထိုဆောင်းဥတု၌သာလျှင် ချုပ်လေ၏။ နွေဥတု၌ မပြတ်ဖြစ်သော ရုပ်သည် တဖန် မိုဃ်းဥတုသို့ မရောက်မူ၍ ထိုနွေဥတု၌သာလျှင် ချုပ်လေ၏၊ ထို့ကြောင့် ထိုဥတု ၃-ပါး၌ဖြစ်သော ရုပ်သည် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟူ၍ (လက္ခဏာသုံးပါးကို တင်၏)။

     ဤသို့ (ဥတု ၃-ပါး၏ အစွမ်းအားဖြင့် လက္ခဏာသုံးပါးကို) တင်ပြီးလျှင် တဖန် တနှစ်ကို ၆-ခုသော အဖို့အပိုင်းတို့ကို ပြု၍ ဝဿာနရတု (တော်သလင်းလပြည့်အထိ) နှစ်လအတွင်း၌ မပြတ်ဖြစ်သော ရုပ်သည် သရဒရတုသို့ မရောက်မူ၍ ထိုဝဿာနရတု၌သာလျှင် ချုပ်လေ၏။ သရဒရတု (တန်ဆောင်မုန်းလပြည့်အထိ နှစ်လအတွင်း)၌ မပြတ်ဖြစ်သော ရုပ်သည်


မှတ်ချက်

     ၁- ''(တော်သလင်းလပြည့်အထိ) နှစ်လအတွင်း၌''ဟု ဆိုထားသောကြောင့် ဤဝဿာနရတုကို ဝါဆိုလပြည့်ကျော် ၁-ရက်နေ့မှစ၍ ရေတွက်အပ်၏။ ကြွင်းသော ရတုတို့၌လည်း နည်းတူပင် ဖြစ်သည်။

၃၁၉

ဟေမန္တရတုသို့ ။ပ။ ဟေမန္တရတု (ပြာသိုလပြည့်အထိ နှစ်လအတွင်း)၌ မပြတ်ဖြစ်သော ရုပ်သည် သိသိရရတုသို့။ သိသိရရတု (တပေါင်းလပြည့်အထိ နှစ်လအတွင်း)၌ မပြတ်ဖြစ်သော ရုပ်သည် ဝသန္တရတုသို့။ ဝသန္တရတု (ကဆုန်လပြည့်အထိ နှစ်လအတွင်း)၌ မပြတ်ဖြစ်သော ရုပ်သည် ဂိမှရတုသို့။ ဂိမှရတု (ဝါဆိုလပြည့်အထိ နှစ်လအတွင်း)၌ မပြတ်ဖြစ်သော ရုပ်သည် တဖန် ဝဿာနရတုသို့ မရောက်မူ၍ ထိုဂိမှရတု၌ပင်လျှင် ချုပ်လေ၏၊ ထို့ကြောင့် (ထိုရတု ၆-ပါး၌ဖြစ်သော ရုပ်သည်) မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု ဤသို့ ထိုအရွယ်ရင့်ချုပ်ရုပ်၌ လက္ခဏာသုံးပါးကို တင်၏။

     ဤဆိုခဲ့သည့်အတိုင်း တင်ပြီးလျှင် ထို့နောင် လဆုတ် လဆန်း ပက္ခတို့၏ အစွမ်းအားဖြင့် (တင်၏)၊ လဆုတ်၌ မပြတ်ဖြစ်သော ရုပ်သည် လဆန်းသို့ မရောက်မူ၍ ထိုလဆုတ်၌သာလျှင် ချုပ်လေ၏။ လဆန်း၌ မပြတ်ဖြစ်သော ရုပ်သည် လဆုတ်သို့ မရောက်မူ၍ ထိုလဆန်း၌သာလျှင် ချုပ်လေ၏။ ထို့ကြောင့် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု လက္ခဏာ ၃-ပါးကို တင်၏။

     ထို့နောင် ညဥ့်နေ့တို့၏ အစွမ်းအားဖြင့်- ''ညဉ့်၌ မပြတ်ဖြစ်သော ရုပ်သည် နေ့သို့ မရောက်မူ၍ ထို ညဉ့်၌သာလျှင် ချုပ်လေ၏။ နေ့၌ မပြတ်ဖြစ်သော ရုပ်သည်လည်း ညဉ့်သို့ မရောက်မူ၍ ထိုနေ့၌သာလျှင် ချုပ်လေ၏။ ထို့ကြောင့် မမြဲ ဆင်းရဲ အတ္တမဟုတ်''-ဟု လက္ခဏာ ၃-ပါးကို တင်၏။ ထို့နောင် ထိုညဉ့်နှင့် နေ့ကိုပင်လျှင် နံနက်စသည်တို့၏ အစွမ်းအားဖြင့် ၆-ခုသော အဖို့အပိုင်းတို့ကိုပြု၍.. ''နံနက်ပိုင်း၌ မပြတ်ဖြစ်သော ရုပ်သည် နေ့လယ်ပိုင်းသို့ မရောက်မူ၍ ထိုနံနက်ပိုင်း၌သာလျှင် ချုပ်လေ၏။ နေ့လယ်ပိုင်း၌ မပြတ်ဖြစ်သော ရုပ်သည် ညနေပိုင်းသို့။ ညနေပိုင်း၌ မပြတ်ဖြစ်သော ရုပ်သည် ညဉ့်ဦးယာမ်သို့။ ညဉ့်ဦးယာမ်၌ မပြတ်ဖြစ်သော ရုပ်သည် သန်းခေါင်ယာမ်သို့။ သန်းခေါင်ယာမ်၌ မပြတ်ဖြစ်သော ရုပ်သည် မိုဃ်းသောက်ယာမ်သို့ မရောက်မူ၍ ထို သန်းခေါင်ယာမ်၌သာလျှင် ချုပ်လေ၏။ မိုဃ်းသောက်ယာမ်၌ မပြတ်ဖြစ်သော ရုပ်သည် တဖန် နံနက်ပိုင်းသို့ မရောက်မူ၍ ထို မိုဃ်းသောက်ယာမ်၌သာလျှင် ချုပ်လေ၏၊ ထို့ကြောင့် မမြဲ ဆင်းရဲ အတ္တမဟုတ်''-ဟု လက္ခဏာ ၃-ပါးကို တင်၏။

     ၇၁ဝ။ ဤဆိုခဲ့သည့်အတိုင်း တင်ပြီးလျှင် တဖန် ထိုရုပ်၌ပင်လျှင် သွားခြင်း ပြန်ခြင်း တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်း ကွေးခြင်း

၃၂၀

ဆန့်ခြင်းတို့၏ အစွမ်းအားဖြင့် ''သွားဆဲ၌ မပြတ်ဖြစ်သော ရုပ်သည် ပြန်ဆဲသို့ မရောက်မူ၍ ထို သွားဆဲ၌သာလျှင် ချုပ်၏။ ပြန်ဆဲ၌ဖြစ်သော ရုပ်သည် တည့်တည့်ကြည့်ဆဲသို့။ တည့်တည့်ကြည့်ဆဲ၌ ဖြစ်သော ရုပ်သည် စောင်းငဲ့ကြည့်ဆဲသို့။ စောင်းငဲ့ကြည့်ဆဲ၌ဖြစ်သော ရုပ်သည် ကွေးဆဲသို့။ ကွေးဆဲ၌ဖြစ်သော ရုပ်သည် ဆန့်ဆဲသို့ မရောက်မူ၍ ထိုကွေးဆဲ၌သာလျှင် ချုပ်၏။ ထို့ကြောင့် မမြဲ ဆင်းရဲ အတ္တမဟုတ်''-ဟု လက္ခဏာ ၃-ပါးကို တင်၏။

     ထို့နောင် ခြေတလှမ်းကို ကြွခြင်း ဆောင်ခြင်း ရှောင်ဖယ်ခြင်း အရှိန်လွှတ်ခြင်း ချထားခြင်း ဖိနင်းခြင်းတို့၏ အစွမ်းအားဖြင့် ၆-ခုသော အဖို့အပိုင်းကို ပြု၏။ [၂၅၇] ထိုတွင် ဥဒ္ဓရဏ-ကြွခြင်း မည်သည်ကား ခြေကို မြေမှကြွချီခြင်းတည်း။ အတိဟရဏ-ဆောင်ခြင်း မည်သည်ကား ရှေ့သို့ ဆောင်ခြင်းတည်း။ ဝီတိဟရဏ- ရှောင်ဖယ်ခြင်း မည်သည်ကား သစ်ငုတ် ဆူးငြောင့် မြွေ စသည်တို့တွင် တခုခုကိုပင်လျှင် တွေ့မြင်၍ ထိုမှ ဤမှ ခြေကို ရွေ့ရှားစေခြင်းတည်း။ ဝေါဿဇ္ဇန- အရှိန်လွှတ်ခြင်း မည်သည်ကား ခြေကို အောက်သို့ ချခြင်းတည်း။ သန္နိက္ခေပန- ချထားခြင်း မည်သည်ကား မြေပြင်၌ ခြေကို ချထားခြင်းတည်း။ သန္နိရုမ္ဘန- ဖိနင်းခြင်း မည်သည်ကား တဖန် တဖက်ခြေကို ကြွသောကာလ၌ ပဌမခြေကို မြေကြီးနှင့်တကွ ဖိနှိပ်ခြင်း (နင်းခြင်း)တည်း။ ထို၆-ပါးတို့တွင် ကြွဆဲ၌ ပထဝီဓာတ်နှင့် အာပေါဓာတ်ဟူသော ဤဓာတ်နှစ်ပါးတို့သည် ယုတ်ညံ့သော အတိုင်းအရှည် ရှိကုန်၏၊ နုံ့ကုန်၏၊ ဤမှတပါးသော တေဇော, ဝါယောဟူသော ဓာတ်နှစ်ပါးတို့သည်


မှတ်ချက်

     ၁- ဤ၌ သွားဆဲ ပြန်ဆဲ တည့်တည့်ကြည့်ဆဲ စသော အစဉ်မှာ ဒေသနာအစဉ်မျှသာ ဖြစ်သည်၊ ဝိပဿနာရှုသော ကာလ၌ကား ဖြစ်ပေါ်စဉ်အတိုင်းသာလျှင် ရှုအပ်၏၊ ရှုပုံအကျယ်ကို ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ (ဆဋ္ဌနှိပ်) ၁၁၈ (သတ္တမနှိပ်) ၁၂၆-၌ ကြည့်ပါ။

     ၂- ဤအရာ၌ ''ရပ်တည်လျက်ရှိသော တဖက်ခြေဆီသို့ ဆွဲဆောင်လာခြင်းကို အတိဟရဏ- ဆောင်ခြင်းဟူ၍၎င်း၊ တဖက်ခြေကို ကျော်လွန်၍ ရှေ့သို့ လှမ်းခြင်းကို ဝီတိဟရဏ- ကျော်လွန်၍ ဆောင်ခြင်းဟူ၍၎င်း'' မူလဋီကာ၌ ခွဲခြားဖွင့်ပြသေး၏၊ ထိုဖွင့်ပြချက်အရဆိုလျှင် ဝီတိဟရဏ- ကျော်လွန်၍ လှမ်းခြင်းကို ခြေလှမ်းတိုင်း၌ ရနိုင်ကောင်းသောကြောင့် ထိုအဖွင့်က သာ၍ သင့်လျော်သကဲ့သို့ ရှိ၏။

၃၂၁

လွန်ကဲသော အတိုင်းအရှည် ရှိကုန်၏၊ အားကြီးကုန်၏၊ ဆောင်ဆဲ ရှောင်ဖယ်ဆဲတို့၌ ထို့အတူပင်တည်း။ အရှိန်လွှတ်ဆဲ၌ တေဇောနှင့် ဝါယောဟူသော ဓာတ်နှစ်ပါးတို့သည် ယုတ်ညံ့သော အတိုင်းအရှည် ရှိကုန်၏၊ နုံ့ကုန်၏၊ ဤမှတပါးသော ပထဝီ, အာပေါဟူသော ဓာတ်နှစ်ပါးတို့သည် လွန်ကဲသော အတိုင်းအရှည် ရှိကုန်၏၊ အားကြီးကုန်၏၊ ချထားဆဲတို့၌ ထို့အတူပင်တည်း။ ဤသို့လျှင် ၆-ခုသော အဖို့အပိုင်းတို့ကို ပြု၍ ထို၆-ပိုင်းတို့၏ အစွမ်းအားဖြင့် ထိုအရွယ်ရင့်ချုပ်ရုပ်၌ လက္ခဏာသုံးပါးကို တင်၏။

     အဘယ်သို့နည်းဟူမူ? ထိုယောဂီသည် ဤသို့ ရှုဆင်ခြင်၏- ကြွဆဲ၌ဖြစ်သော ဓာတ်တို့သည်၎င်း, ထိုဓာတ်တို့ကို မှီ၍ဖြစ်သော ဥပါဒါရုပ်တို့သည်၎င်း ဤအလုံးစုံသော တရားတို့သည် ဆောင်ဆဲသို့ မရောက်မူ၍ ထိုကြွဆဲ၌ပင်လျှင် ချုပ်ကုန်၏၊ ထို့ကြောင့် မမြဲကုန်၊ ဆင်းရဲကုန်၏၊ အတ္တမဟုတ်ကုန်။ ထို့အတူ ဆောင်ဆဲ၌ဖြစ်သော တရားတို့သည် ရှောင်ဖယ်ဆဲသို့ မရောက်မူ၍။ ရှောင်ဖယ်ဆဲ၌ဖြစ်သော တရားတို့သည် အရှိန်လွှတ်ဆဲသို့ မရောက်မူ၍။ အရှိန်လွှတ်ဆဲ၌ဖြစ်သော တရားတို့သည် ချထားဆဲသို့ မရောက်မူ၍။ ချထားဆဲ၌ဖြစ်သော တရားတို့သည် ဖိနင်းဆဲသို့ မရောက်မူ၍ ထိုချထားဆဲ၌သာလျှင် ချုပ်ကုန်၏၊ ဤသို့ ပြဆိုခဲ့သည့်အတိုင်း ထိုထို အဖို့အပိုင်း၌ ဖြစ်သော သင်္ခါရတရားတို့သည် ထိုမှ တပါး တပါးသော အဖို့အပိုင်းသို့ မရောက်မူ၍ ထိုထိုဖြစ်ရင်းဌာန မူလအဖို့အပိုင်း၌ပင်လျှင် တပိုင်းစီ တပိုင်းစီ တစပ်စီ တစပ်စီ တကန့်စီ တကန့်စီ ဖြစ်ကုန်၍ ''လောလောပူသော အိုးခင်းထဲ၌ ထည့်လိုက်သော နှမ်းတို့သည် တဖျတ်ဖျတ် မြည်ကုန်လျက် ပေါက်ကွဲကုန်သကဲ့သို့'' ပျက်စီးသွားကုန်၏၊ ထို့ကြောင့် မမြဲကုန် ဆင်းရဲကုန်၏ အတ္တမဟုတ်ကုန်ဟု (လက္ခဏာသုံးပါးကို တင်၏)။ ဤဆိုခဲ့သည့်အတိုင်း အပိုင်းအပိုင်း ဖြစ်ကုန်သော သင်္ခါရတို့ကို ရှုမြင်သော ထိုယောဂီ၏ ရုပ်ကို သုံးသပ်ခြင်းသည် သိမ်မွေ့သည်၏အဖြစ်သို့ ရောက်၏။

     ၇၁၁။ ထိုရုပ်ကို သုံးသပ်ခြင်း သိမ်မွေ့ပုံ၌ ဤဆိုလတံ့သည်ကား ဥပမာတည်း.. သစ်သားမီးရှူး မြက်မီးရှူး စသည်တို့၌သာ သုံးစွဲဘူးသော အလေ့အကျင့်ရှိ၍ ဆီမီးကို မမြင်ဘူးသော ပစ္စန္တရစ် တောရွာသားတယောက်သည် မြို့သို့ ရောက်လာပြီးလျှင် ဈေးအတွင်း၌ ညှိထွန်းထားသော

၃၂၂

ဆီမီးကိုမြင်၍ လူတယောက်ကို ''အမောင် ဤသို့ နှစ်လိုဘွယ်ရှိသော ဤအရာသည် အဘယ်မည်ပါသနည်း (အဘယ်သို့ ခေါ်ပါသနည်း)''ဟု မေး၏။ ထိုလူက ထိုတောရွာသားအား ''ဤဆီမီး၌ နှစ်လိုဘွယ် အဘယ်မှာ ရှိအံ့နည်း၊ ဤဆီမီးမည်သည်မှာ ဆီကုန်ခြင်းကြောင့်၎င်း, မီးစာကုန်ခြင်းကြောင့်၎င်း ထိုဆီမီး၏ သွားရာလမ်းသော်လည်း မထင်ရှားပဲ ဖြစ်သွားမည်''ဟု ပြန်ကြား ပြောဆို၏။ ထိုလူကို အခြားသော သူတယောက်က ဤသို့ ဆိုပြန်၏ ''(မီးစာကုန် ဆီခန်းသဖြင့် ဆီမီးပျောက်ကွယ်ခြင်းဟူသော) ဤအရာသည် ရုန့်ရင်းကြမ်းတမ်းလှ၏။ ဤဆီမီးစာကို အစဉ်အတိုင်း လောင်ကျွမ်းသွားလျှင် သုံးပုံတပုံတိုင်း သုံးပုံတပုံတိုင်း၌ မီးလျှံသည် ထိုမှ တပါး တပါးသော အရပ်သို့ မရောက်မူ၍သာလျှင် ချုပ်ပျောက်သွားမည်''ဟု ဆို၏၁၊ ထိုလူကို အခြားသူတယောက်က ဤသို့ဆိုပြန်၏ ''(သုံးပုံတပုံတိုင်းမှ အခြားအရပ်သို့ မရောက်ခြင်းဟူသော) ဤအရာသည်လည်း ရုန့်ရင်း ကြမ်းတမ်းလှသေး၏၊ ဤဆီမီးစာ၏ လက်တသစ် လက်တသစ်အရပ်၌, [၂၅၈] လက်သစ်ဝက် လက်သစ်ဝက် အရပ်၌, ချည်ချောင်းတိုင်း ချည်ချောင်းတိုင်း၌, အမျှင်တိုင်း အမျှင်တိုင်း၌ မီးလျှံသည် ထိုမှ တပါး တပါးသော အမျှင်သို့ မရောက်မူ၍သာလျှင် ချုပ်ပျောက်သွားမည်''ဟု ဆို၏၂။ သိမ်မွေ့သော ချည်မျှင်ကိုမူကား လွှတ်၍ မီးလျှံကို ဖော်ပြပြောဆိုခြင်းငှါ မစွမ်းနိုင်တော့ချေ။ ဤကား ဥပမာတည်း။

     ထိုဥပမာ၌ ''ဆီကုန်ခြင်းကြောင့်၎င်း, မီးစာကုန်ခြင်းကြောင့်၎င်း ဆီမီး၏ သွားရာလမ်းသော်လည်း မထင်ရှားပဲ ဖြစ်သွားမည်''ဟု (ဖြစ်သော) ပဌမလူ၏ အသိဉာဏ်ကဲ့သို့ အနှစ်တရာဖြင့် ပိုင်းခြားအပ်သော ရုပ်၌ အာဒါန နိက္ခေပန- ပဋိသန္ဓေ စုတိဖြင့် ယောဂီ၏ လက္ခဏာသုံးပါးတင်ခြင်းကို မှတ်အပ်၏။ ''မီစာ၏ သုံးပုံတပုံတိုင်း သုံးပုံတပုံတိုင်း၌ မီလျှံသည် ထိုမှတပါးသော အရပ်သို့ မရောက်မူ၍ ချုပ်ပျောက်သွားမည်''ဟု (ဖြစ်သော) ဒုတိယလူ၏


မှတ်ချက်

     ၁- ဤဥပမာ၌ မီးစာကို သုံးပိုင်းပိုင်း၍ တပိုင်းမှ အခြားတပိုင်းသို့ မရောက်သည်ကို ဆိုလိုသည်။

     ၂- ဤဝါကျ၌ လူလေးယောက်တို့က ရှေးရှေးလူ၏ ဥပမာကို ပယ်ပြီးလျှင် သာ၍ သိမ်မွေ့သော ဥပမာတို့ကို အသီးအသီး ပြောဆိုပုံ အကျဉ်းချုံး၍ ပြထားသည်။

၃၂၃

အသိဉာဏ်ကဲ့သို့ အနှစ်တရာ၏ သုံးပုံတပုံ (၃၃-နှစ်)ဖြင့် ပိုင်းခြားအပ်သော ဝယောဝုဍ္ဎတ္ထင်္ဂမ- အရွယ်ရင့်ချုပ်ရုပ်၌ ယောဂီ၏ လက္ခဏာသုံးပါး တင်ခြင်းကို မှတ်အပ်၏။ ''လက်တသစ် လက်တသစ် အရပ်၌ မီးလျှံသည် ထိုမှ တပါးတပါးသော အရပ်သို့ မရောက်မူ၍သာလျှင် ချုပ်ပျောက်သွားမည်''ဟု (ဖြစ်သော) တတိယလူ၏ အသိဉာဏ်ကဲ့သို့ ၁ဝ-နှစ် ၅-နှစ် ၄-နှစ် ၃-နှစ် ၂-နှစ် ၁-နှစ်တို့ဖြင့် ပိုင်းခြားအပ်သော ရုပ်၌ ယောဂီ၏ လက္ခဏာသုံးပါး တင်ခြင်းကို မှတ်အပ်၏။ ''လက်သစ်ဝက် လက်သစ်ဝက် အရပ်၌ မီးလျှံသည် ထိုမှ တပါးတပါးသော အရပ်သို့ မရောက်မူ၍သာလျှင် ချုပ်ပျောက်သွားမည်''ဟု (ဖြစ်သော) စတုတ္ထလူ၏ အသိဉာဏ်ကဲ့သို့ တဥတု တဥတု၏ အစွမ်းအားဖြင့် တနှစ်ကို သုံးပါး အပြားအားဖြင့်၎င်း, ၆-ပါး အပြားအားဖြင့်၎င်း ခွဲခြမ်းဝေဘန်၍ ၄-လ ၂-လတို့ဖြင့် ပိုင်းခြားအပ်သော ရုပ်၌ ယောဂီ၏ လက္ခဏာသုံးပါးတင်ခြင်းကို မှတ်အပ်၏။ ''ချည်ချောင်းတိုင်း ချည်ချောင်းတိုင်း၌ မီးလျှံသည် ထိုမှ တပါးတပါးသော ချည်ချောင်းသို့ မရောက်မူ၍သာလျှင် ချုပ်ပျောက်သွားမည်''ဟု (ဖြစ်သော) ပဉ္စမလူ၏ အသိဉာဏ်ကဲ့သို့ လဆုတ် လဆန်း ပက္ခတို့၏ အစွမ်းအားဖြင့်၎င်း, ညဉ့်နေ့တို့၏ အစွမ်းအားဖြင့်၎င်း, တညဉ့်နှင့် တနေ့ကို ၆-ဖို့ ၆-ပိုင်းပြု၍ နံနက်ပိုင်း စသည်တို့၏ အစွမ်းအားဖြင့်၎င်း ပိုင်းခြားအပ်သော ရုပ်၌ ယောဂီ၏ လက္ခဏာသုံးပါး တင်ခြင်းကို မှတ်အပ်၏။ ''အမျှင်တိုင်း အမျှင်တိုင်း၌ မီးလျှံသည် ထိုမှ တပါးတပါးသော အမျှင်သို့ မရောက်မူ၍သာလျှင် ချုပ်ပျောက်သွားမည်''ဟု (ဖြစ်သော) ဆဋ္ဌမလူ၏ အသိဉာဏ်ကဲ့သို့ ရှေ့သို့သွားခြင်း စသည်တို့၏ အစွမ်းအားဖြင့်၎င်း, ခြေကိုကြွခြင်း စသည်တို့တွင် တခုတခုသော အဖို့အပိုင်း၏ အစွမ်းအားဖြင့်၎င်း ပိုင်းခြားအပ်သော ရုပ်၌ ယောဂီ၏ လက္ခဏာသုံးပါး တင်ခြင်းကို မှတ်အပ်၏။ ဤကား ဥပမာ ဥပမေယျ နှီးနှောပုံတည်း။ (၂)

     ၇၁၂။ ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း အထူးထူးသော အခြင်းအရာတို့ဖြင့် အရွယ်ရင့်ချုပ်ရုပ်၌ လက္ခဏာသုံးပါးကို တင်ပြီးလျှင် တဖန် ထိုရုပ်ကိုပင်လျှင် ခွဲခြမ်း၍ အာဟာရမယရုပ် စသည်တို့၏ အစွမ်းအားဖြင့် လေးဖို့ပြု၍ တခုတခုသော အဖို့၌ လက္ခဏာသုံးပါးကို တင်၏၊ ထိုလေးပါးသော ရုပ်တို့တွင် အာဟာရဖြင့်ပြီးသော ရုပ်သည် ထိုယောဂီအား ဆာလောင်ခြင်း အစာဝခြင်းတို့၏ အစွမ်းအားဖြင့် ထင်ရှား၏။ ထင်ရှားပုံကား-

၃၂၄

ဆာလောင်သောကာလ၌ ဖြစ်သော ရုပ်သည် ညှိုးနွမ်း၏၊ ပင်ပန်း၏၊ မီးလောင်ငုတ်ကဲ့သို့၎င်း, မီးသွေးတောင်းတဲ၌ ဝပ်နေသော ကျီးကန်းကဲ့သို့၎င်း အဆင်းမလှ မကောင်းသော သဏ္ဌာန်ရှိ၏၊ အစာဝသောကာလ၌ ဖြစ်သော ရုပ်သည် ပြည့်ဝ၏ စိုပြည်၏ နူးညံ့၏ ချောညက်၏ ကောင်းသော အတွေ့ရှိ၏၊ ထိုယောဂီသည် (ဆာလောင်သောကာလ, ဝသောကာလ၌ဖြစ်သော) ထိုရုပ်ကို သိမ်းဆည်းပြီးလျှင် [၂၅၉] ဆာသောကာလ၌ ဖြစ်သော ရုပ်သည် အစာဝသော ကာလသို့ မရောက်မူ၍ ဤဆာသော ကာလ၌သာလျှင် ချုပ်၏၊ အစာဝသော ကာလ၌ ဖြစ်သော ရုပ်သည်လည်း ဆာသောကာလသို့ မရောက်မူ၍ ဤအစာဝသော ကာလ၌သာလျှင် ချုပ်၏၊ ထို့ကြောင့် အာဟာရဖြင့်ပြီးသော ထိုရုပ်သည် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု ဤသို့ အာဟာရဖြင့်ပြီးသော ထိုရုပ်၌ လက္ခဏာသုံးပါးကို တင်၏။ (၃)

     ၇၁၃။ ဥတုမယ- ဥတုဖြင့်ပြီးသော ရုပ်သည် အအေး အပူတို့၏ အစွမ်းအားဖြင့် ထင်ရှား၏၊ ထင်ရှားပုံကား.. ပူသောကာလ၌ ဖြစ်သော ရုပ်သည် ညှိုးနွမ်း၏ ပင်ပန်း၏ အဆင်းမလှ၊ အေးသောဥတုကြောင့် ဖြစ်သော ရုပ်သည် ပြည့်ဝ၏ စိုပြည်၏ (နူးညံ့၏ ကောင်းသော အတွေ့ရှိ၏) ချောညက်၏၊ ထိုယောဂီသည် (ပူသောကာလ, အေးသောကာလတို့၌ ဖြစ်သော) ထိုရုပ်ကို သိမ်းဆည်းပြီးလျှင် ပူသောကာလ၌ ဖြစ်သော ရုပ်သည် အေးသောကာလသို့ မရောက်မူ၍ ဤပူသော ကာလ၌သာလျှင် ချုပ်၏၊ အေးသောကာလ၌ ဖြစ်သော ရုပ်သည်လည်း ပူသောကာလသို့ မရောက်မူ၍ ဤအေးသော ကာလ၌သာလျှင် ချုပ်၏၊ ထို့ကြောင့် ဥတုဖြင့်ပြီးသော ထိုရုပ်သည် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု ဤသို့ ဥတုဖြင့်ပြီးသော ထိုရုပ်၌ လက္ခဏာသုံးပါးကို တင်၏။ (၄)

     ၇၁၄။ ကမ္မဇ- ကံကြောင့်ဖြစ်သော ရုပ်သည် ဖဿဖြစ်ကြောင်း ဒွါရတို့၏ အစွမ်းအားဖြင့် ထင်ရှား၏၊ ထင်ရှားပုံကား.. စက္ခုဒွါရ၌ ''စက္ခုဒသက ကာယဒသက ဘာဝဒသက ကလာပ်တို့၏ အစွမ်းအားဖြင့် ကမ္မဇရုပ် ၃ဝ၊ ထိုကမ္မဇရုပ်တို့ကို ထောက်ပံ့သော ဥတုဇ စိတ္တဇ အာဟာရဇ


မှတ်ချက်

     ၁- မြင်ဆဲခဏ စသည်တို့၌ စက္ခုဒွါရစသည် ထင်ရှားသဖြင့် ထိုဒွါရတို့၌ ပါဝင်သော ကမ္မဇရုပ်အပေါင်း ထင်ရှားသည်-ဟု ဆိုလိုသည်။

၃၂၅

ရုပ်ပေါင်း ၂၄-ပါး''ဟူသော ၅၄-ပါးသော ရုပ်တို့သည် ထင်ရှားကုန်၏၊ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရတို့၌လည်း ထို့အတူပင် ရုပ်ပေါင်း ၅၄-ပါးစီ ထင်ရှားကုန်၏။ ကာယဒွါရ၌ကား ကာယဒသက ဘာဝဒသက ကလာပ်တို့၏ အစွမ်းအားဖြင့်၎င်း, ဥတုဇအဋ္ဌကကလာပ် စသည်တို့၏ အစွမ်းအားဖြင့်၎င်း ၄၄-ပါးသော ရုပ်တို့သည် ထင်ရှားကုန်၏။ မနောဒွါရ၌ ဟဒယဝတ္ထုဒသက ကာယဒသက ဘာဝဒသက ကလာပ်တို့၏ အစွမ်းအားဖြင့်၎င်း, ဥတုဇအဋ္ဌကကလာပ် စသည်တို့၏ အစွမ်းအားဖြင့်၎င်း ရုပ်ပေါင်း ၅၄-ပါးပင်လျှင် ထင်ရှားကုန်၏။

     ထိုယောဂီသည် ဒွါရ ၆-ပါး၌ ထင်ရှားသော ထိုရုပ် အလုံးစုံကိုလည်း သိမ်းဆည်းပြီးလျှင် စက္ခုဒွါရ၌ဖြစ်သော ရုပ်သည် သောတဒွါရသို့ မရောက်မူ၍ ဤစက္ခုဒွါရ၌သာလျှင် ချုပ်၏။ သောတဒွါရ၌ဖြစ်သော ရုပ်သည် ဃာနဒွါရသို့ မရောက်မူ၍။ ဃာနဒွါရ၌ဖြစ်သော ရုပ်သည် ဇိဝှါဒွါရသို့ မရောက်မူ၍။ ဇိဝှါဒွါရ၌ဖြစ်သော ရုပ်သည် ကာယဒွါရသို့ မရောက်မူ၍။ ကာယဒွါရ၌ဖြစ်သော ရုပ်သည် မနောဒွါရသို့ မရောက်မူ၍ ဤကာယဒွါရ၌သာလျှင် ချုပ်၏၊ ထို့ကြောင့် ကံကြောင့်ဖြစ်သော ထိုရုပ်သည် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု ဤသို့ ကံကြောင့်ဖြစ်သော ထိုရုပ်၌ လက္ခဏာသုံးပါးကို တင်၏။ (၅)

     ၇၁၅။ စိတ္တသမုဋ္ဌာန- စိတ်ကြောင့်ဖြစ်သော ရုပ်သည် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ အစွမ်းဖြင့် ထင်ရှား၏၊ ထင်ရှားပုံကား..


မှတ်ချက်

     ၁- စက္ခုဒွါရ၌ဖြစ်သော ရုပ်သည်-ဟု ဆိုသည်မှာ ''မြင်ဆဲခဏ၌ ဖြစ်သော ရုပ်သည်''ဟု ဆိုလို၏၊ ''သောတဒွါရသို့ မရောက်မူ၍''ဟု ဆိုသည်မှာ ''ကြားဆဲခဏသို့ မရောက်မူ၍''ဟု ဆိုလို၏။ ပကတိပုဂ္ဂိုလ်တို့မှာ မြင်ပြီးလျှင် ကြားသောအခါ၌ မြင်စဉ်ကရုပ်သည် ကြားဆဲတိုင်အောင် ရှိမြဲ ရှိနေသည်-ဟု ထင်ကြ၏၊ ယောဂီမှာမူကား မြင်စဉ်ကရုပ်သည် ကြားဆဲသို့ မရောက်မူ၍ ထိုမြင်စဉ်၌ပင်လျှင် ချုပ်သွားသည်-ဟု ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် သိ၍ ရှု၏၊ ဤသို့ ရှုပုံကို ပြသည်။ နောက်ပုဒ်တို့၌လည်း နည်းတူပင်တည်း။ ဤ၌လည်း အစဉ်မှာ ဒေသနာအစဉ်မျှသာ ဖြစ်သည်၊ ဝိပဿနာရှုသော ယောဂီသည်ကား ဖြစ်စဉ်အတိုင်း အပြည့်အစုံပင် ရှုအပ်၏။ ရှုပုံအကျယ်ကို ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ (ဆဋ္ဌနှိပ်) ၁၂၃ (သတ္တမနှိပ်) ၁၃၄-၌ ကြည့်ပါ။

၃၂၆

ဝမ်းသာသောအခါ၌ ဖြစ်သော ရုပ်သည် ချောညက်၏ နူးညံ့၏ စိုပြည်၏ ကောင်းသော အတွေ့ရှိ၏၊ နှလုံးမသာဖြစ်သောအခါ၌ ဖြစ်သော ရုပ်သည် ညှိုးနွမ်း၏ ပင်ပန်း၏ အဆင်းမလှ၊ ထိုယောဂီသည် (ဝမ်းသာသောအခါ, နှလုံးမသာသော အခါတို့၌ ဖြစ်သော) ထိုရုပ်ကို သိမ်းဆည်းပြီးလျှင် ဝမ်းသာသောအခါ၌ဖြစ်သော ရုပ်သည် နှလုံးမသာသောအခါသို့ မရောက်မူ၍ ဤဝမ်းသာသော အခါ၌သာလျှင် ချုပ်၏၊ နှလုံးမသာသောအခါ၌ ဖြစ်သော ရုပ်သည် ဝမ်းသာသောအခါသို့ မရောက်မူ၍ ဤနှလုံးမသာသော အခါ၌သာလျှင် ချုပ်၏၊ ထို့ကြောင့် (စိတ်ကြောင့်ဖြစ်သော) ထိုရုပ်သည် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု ဤသို့ စိတ်ကြောင့်ဖြစ်သော ထိုရုပ်၌ လက္ခဏာသုံးပါးကို တင်၏။

     [၂၆ဝ] ဤဆိုခဲ့သော နည်းဖြင့် စိတ္တဇရုပ်ကို သိမ်းဆည်း၍ ထိုစိတ္တဇရုပ်၌ လက္ခဏာသုံးပါးကို တင်သော ထိုယောဂီအား ဤဆိုလတံ့သော အနက်သည် ထင်ရှားလေတော့၏-

အသက်သည်၎င်း, အတ္တဘောသည်၎င်း, ချမ်းသာ ဆင်းရဲတို့သည်၎င်း (အတ္တကောင်နှင့် မစပ်ယှက်) သက်သက် သီးခြား သဘောတရားတို့သည်သာတည်း၊ စိတ်တခု တခုနှင့်သာ ယှဉ်ကုန်၏၊ (၎င်းတို့၏) ဖြစ်ရာခဏသည် လျင်မြန် တိုတောင်းလှ၏။

အကြင် နေဝသညာ နာသညာယတန ဗြဟ္မာတို့သည် ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင်ပတ်လုံး အသက်ရှင်လျက် တည်နေကုန်၏၊ ထိုဗြဟ္မာတို့သည်လည်း စိတ် ၂-ခုတို့နှင့်တကွ ဖြစ်ကုန်၍ (စိတ်၂-ကြိမ်ခန့် ကြာအောင် အသက်ရှင်ကုန်သည်ဖြစ်၍) တည်နေကြသည် မဟုတ်ကုန်။

သေသောသူ၏ ချုပ်သွားလေသော ခန္ဓာတို့သည်၎င်း, ဤလောက၌ အသက်ရှင်လျက် တည်ဆဲပုဂ္ဂိုလ်၏ ချုပ်သွားသော ခန္ဓာတို့သည်၎င်း အလုံးစုံသော ထိုခန္ဓာ ၂-မျိုးတို့သည် (ချုပ်ပျက်ပုံချင်း) တူညီကုန်၏၊ တဖန် ပြန်၍စပ်ခြင်း မရှိကုန်ပဲ ချုပ်ပျောက်သွားလေကုန်သည် ချည်းသာတည်း။


မှတ်ချက်

     ၁- အသက် ချမ်းသာ ဆင်းရဲနှင့် စိတ်တို့မှ ကြွင်းသော ရုပ်နာမ် တရားအပေါင်းကို အတ္တဘော-ဟု ဆိုသည်။

၃၂၇

အတိတ်အခြားမဲ့၌ ပျက်သွားပြီးသော ခန္ဓာတို့၏၎င်း, အနာဂတ် အခြားမဲ့၌ ပျက်လတံ့သော ခန္ဓာတို့၏၎င်း ထိုအတိတ် အနာဂတ် ခန္ဓာတို့၏ အလယ်ကြား၌ ချုပ်ပျက်ဆဲ ပစ္စုပ္ပန်ခန္ဓာတို့၏၎င်း ချုပ်ခြင်း လက္ခဏာအားဖြင့် မတူညီခြင်း ကွဲပြားခြင်းမည်သည် မရှိချေ။

သတ္တဝါသည် မဖြစ်ပေါ်လာသေးသော အနာဂတ်စိတ်ဖြင့် ဖြစ်နေသည် (အသက်ရှင်နေသည်) မဟုတ်ပေ၊ ဖြစ်ဆဲ ပစ္စုပ္ပန်စိတ်ဖြင့်သာလျှင် အသက်ရှင်လျက် ရှိပေ၏၊ စိတ်၏ ချုပ်ပျက်ခြင်းကြောင့် (စိတ်ချုပ်ပျက်လျှင်) သတ္တဝါသည် သေသည်သာ မည်၏၊ (သို့သော် တိဿသည် အသက်ရှင်လျက် ရှိ၏- ဤသို့ စသည်ဖြင့် ပြောဆိုအပ်သော) သန္တာန်ပညတ်သည် (ဖြစ်ဆဲစိတ်ကို စွဲ၍ ပြောဆိုသောကြောင့်) ပရမတ္ထသဖွယ် ဖြစ်ပေ၏။

ချုပ်ပျက်လေပြီးသော ခန္ဓာတို့သည် သိုမှီး သိမ်းဆည်းအပ်သည်၏ အဖြစ်သို့ မရောက်ကုန်၊ (မည်သည့်အရပ်၌မျှ စုဝေးလျက် တည်ရှိနေကြသည် မဟုတ်ကုန်)၊ အနာဂတ်အဖို့၌ (ဖြစ်လတံ့ခန္ဓာတို့၏) ဖြစ်ရန် အသင့် အစုအပုံ မည်သည် မရှိချေ၊ ဖြစ်ဆဲ ခန္ဓာတို့သည်လည်း အပ်နဖားတွင်း စူးချွန်ဖျား၌ (တင်ထားလိုက်သော) မုန်ညင်းစေ့ပမာ (ပျက်လုနီးဖြစ်လျက်) တည်ရှာကုန်၏။

ဖြစ်ပြီးသော ထိုတရားတို့သည် ပျက်ခြင်းကို ရှေးရှုပြုလျက် ရှိကုန်၏၊ ထိုပစ္စုပ္ပန်တရားတို့သည် အဟောင်း အတိတ်တရားတို့နှင့် မရောနှောကုန်ပဲ ပျက်ခြင်းသဘော ရှိကုန်လျက် တည်ကြကုန်၏။


မှတ်ချက်

     ၁- ဤ၌ မြန်မာစကား အနက်အဓိပ္ပါယ် ချောစေရန် ပါဠိဝိဘတ်နောက်သို့ မလိုက်မူ၍ အတိုချုပ် ပြန်ထားသည်။ ဝိဘတ်နောက်သို့ လိုက်၍ ပြန်လျှင် ''အတိတ် အခြားမဲ့၌ ပျက်လေကုန်ပြီးသော အကြင် ခန္ဓာတို့သည် ရှိကုန်၏၊ ထိုခန္ဓာတို့၏၎င်း, အနာဂတ် အခြားမဲ့၌ ပျက်ကုန်လတံ့သော အကြင် ခန္ဓာတို့သည် ရှိကုန်၏၊ ထို ခန္ဓာတို့၏၎င်း''ဟူ၍ ဖြစ်သည်။

     ၂- ''ဖြစ်ပြီးသော ထိုတရားတို့'' ဟူသည်ကား ဌီခဏသို့ ရောက်ဆဲဖြစ်သော တရားတို့ပင် ဖြစ်သည်။

၃၂၈

သင်္ခါရတရားတို့သည် မမြင်ရသည့် (မရှိသေးသည့်) အဖို့မှ ဖြစ်ပေါ်လာကုန်၏၊ ချုပ်ပျက်သွားသော သင်္ခါရတို့သည်လည်း မမြင်ရခြင်း (မရှိခြင်း)သို့ ရောက်သွားကုန်၏၊ သင်္ခါရတရားတို့သည် ကောင်းကင်၌ (ဖြစ်ပေါ်ပြီးလျှင် ပျောက်သွားသော) လျှပ်စစ်ရောင်ကဲ့သို့ အသစ်လည်း ဖြစ်ပေါ်လာကုန်၏၊ ကွယ်ပျောက်လည်း ကွယ်ပျောက်သွားကုန်၏-ဟူသော- ဤအနက် ထင်ရှားလေတော့၏။ (၆)

     ၇၁၆။ ဤဆိုခဲ့သည့်အတိုင်း အာဟာရမယရုပ် စသည်တို့၌ လက္ခဏာသုံးပါးကို တင်ပြီးလျှင် တဖန် ဓမ္မတာရုပ်၌ လက္ခဏာသုံးပါးကို တင်၏။ ဓမ္မတာရုပ် မည်သည်ကား (သတ္တဝါ၏ သဏ္ဌာန်မှ) အပဖြစ်သော ဣန္ဒြေတို့နှင့် မစပ်သော (ရုပ်တည်း) သံ ကြေး သလွဲဖြူ(ဗင်) သလွဲမည်း(ခဲ) ရွှေ ငွေ ပုလဲ ပတ္တမြား ကြောင်မျက်ရွဲ ခရုသင်း သလင်း သန္တာ ပတ္တမြားနီ ပတ္တမြားပြောက် မြေ ကျောက် တောင် မြက်ပင် သစ်ပင် နွယ်ပင်စသည် အပြားရှိသော ကမ္ဘာဦးမှစ၍ ဖြစ်ပေါ်လျက်ရှိသော ရုပ်တည်း။ ထိုဓမ္မတာရုပ်သည် ထိုယောဂီအား သော်ကညွန့် စသည်တို့၏ အစွမ်းအားဖြင့် ထင်ရှား၏။

     ထင်ရှားပုံကား.. သော်ကညွန့်သည် အစပဌမကပင်လျှင် အနီနုရောင် အဆင်းရှိ၏၊ ထို့နောင် ၂-ရက် ၃-ရက် လွန်သောအခါ တခဲနက်နီသော အဆင်းရှိ၏၊ တဖန် ၂-ရက် ၃-ရက် လွန်သောအခါ အနီရောင်ပြော့၏၊ ထို့နောင် နုသော ရွက်နုအဆင်းရှိ၏၊ [၂၆၁] ထို့နောင် ရင့်သော ရွက်နုအဆင်းရှိ၏၊ ထို့နောင် စိမ်းသော သစ်ရွက်အဆင်းရှိ၏၊ ထို့နောင် ညိုသော သစ်ရွက်အဆင်းရှိ၏၊ ထိုညိုသော သစ်ရွက်အဆင်းရှိသော ကာလမှစ၍ သဘောတူသော ရုပ်အစဉ်ကို မပြတ် ဆက်စပ်စေလျက် တနှစ်မျှဖြင့် ဖက်ရွက်ရော် ဖြစ်ပြီးလျှင် အညှာမှ ပြုတ်၍ ကြွေကျ၏။

     ထိုယောဂီသည် ထိုသော်ကညွန့်ရုပ်ကို သိမ်းဆည်းပြီးလျှင် အနီနုရောင် အဆင်းရှိသောကာလ၌ ဖြစ်သော ရုပ်သည် တခဲနက် အနီရောင် အဆင်းရှိသော ကာလသို့ မရောက်မူ၍ ချုပ်၏၊ တခဲနက် အနီရောင် အဆင်းရှိသော ကာလ၌ ဖြစ်သော ရုပ်သည် အနီရောင်ပြော့သော ကာလသို့။

၃၂၉

အနီရောင်ပြော့သော ကာလ၌ ဖြစ်သော ရုပ်သည် နုသော ရွက်နုအဆင်းရှိသော ကာလသို့။ နုသော ရွက်နုအဆင်းရှိသော ကာလ၌ ဖြစ်သော ရုပ်သည် ရင့်သော ရွက်နုအဆင်းရှိသော ကာလသို့။ ရင့်သော ရွက်နုအဆင်းရှိသော ကာလ၌ ဖြစ်သော ရုပ်သည် စိမ်းသော သစ်ရွက်အဆင်းရှိသော ကာလသို့။ စိမ်းသော သစ်ရွက်အဆင်းရှိသော ကာလ၌ ဖြစ်သော ရုပ်သည် ညိုသော သစ်ရွက်အဆင်းရှိသော ကာလသို့။ ညိုသော သစ်ရွက်အဆင်းရှိသောကာလ၌ ဖြစ်သော ရုပ်သည် ဖက်ရွက်ရော်ကာလသို့။ ဖက်ရွက်ရော်ကာလ၌ ဖြစ်သော ရုပ်သည် အညှာမှပြုတ်၍ ကြွေကျသောကာလသို့ မရောက်မူ၍သာလျှင် ချုပ်၏၊ ထို့ကြောင့် ထိုသော်ကညွန့်ရုပ်သည် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု လက္ခဏာသုံးပါးကို တင်၏။ ဤသို့ ထိုသော်ကညွန့်ရုပ်၌ လက္ခဏာသုံးပါးကို တင်ပြီးလျှင် ဤနည်းဖြင့် အလုံးစုံသော ဓမ္မတာရုပ်ကိုလည်း သုံးသပ်ဆင်ခြင်၏။ (၇)

     ဤသို့လျှင် ရူပသတ္တက- ရုပ်၇-မျိုး၏ အစွမ်းအားဖြင့် လက္ခဏာသုံးပါးကို တင်၍ သင်္ခါရတို့ကို သုံးသပ်၏။

နာမ်သုံးသပ်ပုံ ၇-မျိုးကို ပြဆိုချက်

     ၇၁၇။ အရူပသတ္တက နာမ်၇-မျိုး၏ အစွမ်းအားဖြင့် (သုံးသပ်၏)ဟူ၍ ဆိုခဲ့သော စကား၌ ဤဆိုလတံ့သည်ကား ခေါင်းစဉ် မာတိကာတည်း။ (၁) ကလာပ- အပေါင်းလိုက်အားဖြင့်၎င်း၊ (၂) ယမက- အစုံအားဖြင့်၎င်း၊ (၃) ခဏိက- ခဏမျှ တည်သောအားဖြင့်၎င်း၊ (၄) ပဋိပါဋိ- အစဉ်အတန်းအားဖြင့်၎င်း၊ (၅) ဒိဋ္ဌိဥဂ္ဃါဋန- ဒိဋ္ဌိကို ခွါသောအားဖြင့်၎င်း၊ (၆) မာနသမုဂ္ဃါဋန- မာနကို အကြွင်းမဲ့ ခွါသောအားဖြင့်၎င်း၊ (၇) နိကန္တိပရိယာဒါန- ငြိကပ်သော တဏှာကို ကုန်စေသောအားဖြင့်၎င်း၊ ဤကား မာတိကာတည်း။

     ထို၇-ပါးတို့တွင် ကလာပ- အပေါင်းလိုက်အားဖြင့်-ဟူရာ၌ (အပေါင်း ဟူသည်မှာ) ဖဿပဉ္စမက- ဖဿလျှင် ၅-ခုမြောက်ရှိသော တရားတို့တည်း။ အပေါင်းလိုက်အားဖြင့် အဘယ်သို့ သုံးသပ်သနည်းဟူမူ? ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ရှုဆင်ခြင်၏.. ''ဆံပင်တို့သည် မမြဲကုန် ဆင်းရဲကုန်၏ အတ္တမဟုတ်ကုန်''ဟု သုံးသပ်ရာ၌ ဖြစ်ပေါ်ကုန်သော

၃၃၀

ဖဿလျှင် ၅-ခုမြောက်ရှိသော တရားတို့သည်၎င်း၊ မွေးညှင်းတို့သည် ။ပ။ ဦးနှောက်သည် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု သုံးသပ်ရာ၌ ဖြစ်ပေါ်ကုန်သော ဖဿလျှင် ၅-ခုမြောက်ရှိသော တရားတို့သည်၎င်း ထိုအလုံးစုံသော သုံးသပ်မှု (ဖဿပဉ္စမက) နာမ်တရားတို့သည် ထိုမှ တပါး တပါးသော အဖို့သို့ မရောက်ကုန်မူ၍ အပိုင်းအပိုင်း အကန့်အကန့်ဖြစ်ကုန်လျက် ''လောလောပူသော အိုးကင်းထဲ၌ ထည့်လိုက်သော နှမ်းတို့သည် တဖျတ်ဖျတ် မြည်ကုန်လျက် ကွဲပျက်သွားကုန်သကဲ့သို့'' ပျက်လေကုန်၏၊ ထို့ကြောင့် မမြဲကုန် ဆင်းရဲကုန်၏ အတ္တမဟုတ်ကုန်ဟု သုံးသပ်၏၊ ဤသည်ကား ဝိသုဒ္ဓိကထာ၌ ပြဆိုထားသော နည်းတည်း။

     အရိယဝံသကထာ၌ကား ''ရူပသတ္တကဝယ် ၇-ပါးသော ဌာနတို့၌ ရုပ်သည် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု သုံးသပ်လျက် ဖြစ်သော စိတ်ကို တပါးသော နောက်စိတ်ဖြင့် မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု သုံးသပ်သည်ရှိသော် [၂၆၂] ကလာပ- အပေါင်းလိုက်အားဖြင့် သုံးသပ်သည် မည်၏''ဟု မိန့်ဆိုလေသည်၊ ထိုစကားသည် သာ၍ သင့်မြတ်ပေ၏။ ထို့ကြောင့် ကြွင်းသော သုံးသပ်ပုံတို့ကိုလည်း ထိုအရိယဝံသကထာ နည်းဖြင့်ပင်လျှင် ဝေဘန်၍ ပြကုန်အံ့။ (၁)

     ၇၁၈။ ယမက- အစုံအားဖြင့် ဟူသည်ကား ဤသာသနာတော်၌ ရဟန်းသည် အာဒါနနိက္ခေပ- ပဋိသန္ဓေ စုတိဖြင့် ပိုင်းခြားသော ရုပ်ကို ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်ပြီးလျှင် ထိုသုံးသပ်သော စိတ်ကိုလည်း တပါးသော နောက်စိတ်ဖြင့် ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်၏၊ ဝယောဝုဍ္ဎတ္ထင်္ဂမ- အယွယ်ရင့်ချုပ်ရုပ်ကို။ အာဟာရမယ- အာဟာရဖြင့်ပြီး သော ရုပ်ကို။ ဥတုမယ- ဥတုဖြင့်ပြီးသော ရုပ်ကို။ ကမ္မဇ- ကံကြောင့်ဖြစ်သော ရုပ်ကို။ စိတ္တသမုဋ္ဌာန်- စိတ်ကြောင့်ဖြစ်သော ရုပ်ကို။ ဓမ္မတာရုပ်ကို ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်ပြီးလျှင် ထိုသုံးသပ်သော စိတ်ကိုလည်း တပါးသော


မှတ်ချက်

     ၁- ဆံပင်ကို ရှုသော နာမ်တရားတို့သည် မွေးညှင်းကို ရှုဆဲသို့ မရောက်၊ မွေးညှင်းကို ရှုသော နာမ်တရားတို့သည် ခြေသည်း လက်သည်းကို ရှုဆဲသို့ မရောက်- ဤသို့ စသည်ဖြင့် တပါး တပါးသော အဖို့မှ အခြား တပါး တပါးသော အဖို့သို့ မရောက်ကုန်မူ၍-ဟု ဆိုလိုသည်။

၃၃၁

နောက်စိတ်ဖြင့် ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်၏၊ ဤသို့ သုံးသပ်သည်ရှိသော် အစုံအားဖြင့် သုံးသပ်သည် မည်၏။ (၂)

     ၇၁၉။ ခဏိက- ခဏမျှ တည်သောအားဖြင့် ဟူသည်ကား ဤသာသနာတော်၌ ရဟန်းသည် ပဋိသန္ဓေ စုတိဖြင့် ပိုင်းခြားသော ရုပ်ကို ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်ပြီးလျှင် ထိုသုံးသပ်သော ပဌမစိတ်ကို ဒုတိယစိတ်ဖြင့်, ဒုတိယစိတ်ကို တတိယစိတ်ဖြင့်, တတိယစိတ်ကို စတုတ္ထစိတ်ဖြင့်, စတုတ္ထစိတ်ကို ပဉ္စမစိတ်ဖြင့် ''ဤစိတ်သည်လည်း မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်၏။ အယွယ်ရင့်ချုပ် ရုပ်ကို။ အာဟာရဖြင့် ပြီးသော ရုပ်ကို။ ဥတုဖြင့်ပြီးသော ရုပ်ကို။ ကံကြောင့်ဖြစ်သော ရုပ်ကို။ စိတ်ကြောင့်ဖြစ်သော ရုပ်ကို။ ဓမ္မတာရုပ်ကို ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်ပြီးလျှင် ထိုသုံးသပ်သော ပဌမစိတ်ကို ဒုတိယစိတ်ဖြင့်, ဒုတိယစိတ်ကို တတိယစိတ်ဖြင့်, တတိယစိတ်ကို စတုတ္ထစိတ်ဖြင့်, စတုတ္ထစိတ်ကို ပဉ္စမစိတ်ဖြင့် ''ဤစိတ်သည်လည်း မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်၏။ ဤသို့ ရုပ်ကို သိမ်းဆည်းသော စိတ်မှစ၍ လေးကြိမ်သော စိတ်တို့ကို သုံးသပ်သည်ရှိသော် (ဝါ-သုံးသပ်သောသူသည်) ခဏမျှ တည်သောအားဖြင့် သုံးသပ်သည် မည်၏။ (၃)

     ၇၂ဝ။ ပဋိပါဋိ- အစဉ်အတန်းအားဖြင့် ဟူသည်ကား ပဋိသန္ဓေ စုတိဖြင့် ပိုင်းခြားသော ရုပ်ကို ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်ပြီးလျှင် ထိုသုံးသပ်သော ပဌမစိတ်ကို ဒုတိယစိတ်ဖြင့်, ဒုတိယစိတ်ကို တတိယစိတ်ဖြင့်, တတိယစိတ်ကို စတုတ္ထစိတ်ဖြင့် ။ပ။ ဒသမ- ဆယ်ခုမြောက် စိတ်ကို


မှတ်ချက်

     ၁- ကလာပ- အပေါင်းလိုက်အားဖြင့် သုံးသပ်ပုံနှင့် ယမက- အစုံအားဖြင့် သုံးသပ်ပုံ- ဤနှစ်မျိုးတို့သည် တူသကဲ့သို့ ရှိကုန်၏။ ဖဿ ဝေဒနာ အစရှိသော တခုခုသော တရားကိုမျှ ထင်ရှားစွာ မရှုမိပဲ ဖဿပဉ္စမကတရား အပေါင်းကို အပေါင်းလိုက်အားဖြင့် ရှုခြင်းသည် ကလာပအားဖြင့် သုံးသပ်သည် မည်၏။ ဖဿ ဝေဒနာ အစရှိသော တခုခုသော တရားကို ထင်ရှားသိ၍ ၎င်းကို ပဓာနပြုသဖြင့် ရှုခြင်းသည် ယမကအားဖြင့် သုံးသပ်သည် မည်၏-ဟု ဤသို့ ခွဲခြားယူသင့်၏။ ထို့ကြောင့်ပင် ယမကအားဖြင့် သုံးသပ်ပုံကို ပြရာ၌ ''ထိုသုံးသပ်သော စိတ်ကိုလည်း တပါးသော နောက်စိတ်ဖြင့် သုံးသပ်၏''-ဟု စိတ်ကို ပဓာနပြု၍ ပြဆိုထားပေသည်။

၃၃၂

ဧကာဒသမ တဆယ့်တခုမြောက် စိတ်ဖြင့် ''ဤစိတ်သည်လည်း မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်၏။ အယွယ်ရင့်ချုပ်ရုပ်ကို။ အာဟာရဖြင့်ပြီးသော ရုပ်ကို။ ဥတုဖြင့်ပြီးသော ရုပ်ကို။ ကံကြောင့်ဖြစ်သော ရုပ်ကို။ စိတ်ကြောင့်ဖြစ်သော ရုပ်ကို။ ဓမ္မတာရုပ်ကို ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်ပြီးလျှင် ထိုသုံးသပ်သော ပဌမစိတ်ကို ဒုတိယစိတ်ဖြင့်, ဒုတိယစိတ်ကို တတိယစိတ်ဖြင့်, တတိယစိတ်ကို စတုတ္ထစိတ်ဖြင့် ။ပ။ ဒသမစိတ်ကို ဧကာဒသမစိတ်ဖြင့် ''ဤ စိတ်သည်လည်း မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု သုံးသပ်၏။ ဤသို့ ဝိပဿနာ အဆက်ဆက်ဖြင့် တနေ့လုံးသော်လည်း သုံးသပ်ခြင်းငှါ ဖြစ်နိုင်ပေ၏၊ သို့သော်လည်း ဆယ်ခုမြောက်စိတ်ကို သုံးသပ်သည်တိုင်အောင် (သုံးသပ်ခြင်းဖြင့်) ရုပ်ကမ္မဋ္ဌာန်းသည်လည်း ကျေပြွန်စွာဖြစ်၏၊ နာမ်ကမ္မဋ္ဌာန်းသည်လည်း ကျေပြွန်စွာဖြစ်၏၊ ထို့ကြောင့် ဆယ်ခုမြောက် စိတ်၌သာလျှင် (သုံးသပ်မှုကို) ရပ်တန့်ထားအပ်၏ဟူ၍ (အရိယဝံသကထာ၌) မိန့်ဆိုလေသည်။ ဤသို့ သုံးသပ်သည်ရှိသော် (ဝါ-သုံးသပ်သောသူသည်) အစဉ်အတန်းအားဖြင့် သုံးသပ်သည်မည်၏။ (၄)

     ၇၂၁။ ဒိဋ္ဌိဥဂ္ဃါဋနအားဖြင့်, မာနသမုဂ္ဃါဋနအားဖြင့်, နိကန္တိပရိယာဒါနအားဖြင့်-ဟူသော ဤသုံးမျိုးသော ခေါင်းစဉ်တို့၌ အသီးအခြား သုံးသပ်နည်းမည်သည် မရှိပေ။ [၂၆၃] အောက်ပိုင်း ရူပသတ္တက၌ အကြင်ရုပ်ကို သိမ်းဆည်းခဲ့၏။ ဤ နာမသတ္တက၌လည်း အကြင်နာမ်ကို သိမ်းဆည်းခဲ့၏၊ ထိုရုပ်နာမ်နှစ်ပါးကို ယောဂီသည် ရုပ်နာမ်ထက်အလွန် (ရုပ်နာမ်မှ လွဲ၍) အခြားတပါးသော သတ္တဝါမည်သည်ကို မမြင်တော့ချေ၊ သတ္တဝါကို မမြင်သည်မှ စ၍ သတ္တဝါဟူသော အမှတ်သညာကို ပယ်ခွါပြီး ဖြစ်လေ၏၊ သတ္တဝါဟူသော အမှတ်သညာကို ပယ်ခွါသောစိတ်ဖြင့် သင်္ခါရတို့ကို သိမ်းဆည်းသော ယောဂီအား (သတ္တဝါဟု ယူဆသော) ဒိဋ္ဌိသည် မဖြစ်၊ ဒိဋ္ဌိမဖြစ်လျှင် ဒိဋ္ဌိကို ပယ်ခွါ(အပ်)ပြီးသည် မည်၏။ ဒိဋ္ဌိကို ပယ်ခွါသောစိတ်ဖြင့် သင်္ခါရတို့ကို သိမ်းဆည်းသော ယောဂီအား မာနသည် မဖြစ်၊ မာနမဖြစ်လျှင် မာနကို အကြွင်းမဲ့ ပယ်ခွါ(အပ်)ပြီးသည် မည်၏။ မာနကို အကြွင်းမဲ့ ပယ်ခွါသော စိတ်ဖြင့် သင်္ခါရတို့ကို သိမ်းဆည်းသော ယောဂီအား တဏှာသည် မဖြစ်၊ တဏှာမဖြစ်လျှင် ငြိကပ်သော တဏှာကို ကုန်စေပြီးသည် မည်၏-ဟူ၍ ဤစကားကို ဝိသုဒ္ဓိကထာ၌ မိန့်ဆိုလေသည်။

၃၃၃

     အရိယဝံသ ကထာ၌ကား ''ဒိဋ္ဌိဥဂ္ဃါဋနအားဖြင့်, မာနသမုဂ္ဃါဋနအားဖြင့်, နိကန္တိပရိယာဒါနအားဖြင့်''ဟူ၍ မာတိကာကို ထားပြီးလျှင် ဤဆိုလတံ့သော နည်းကို ပြထားလေသည်။

     ''ငါ ဝိပဿနာရှု၏၊ ငါ၏ ဝိပဿနာရှုမှု (ငါ၏ ဝိပဿနာ)''ဟူ၍ ယူသော ယောဂီအား ဒိဋ္ဌိကို ပယ်ခွါခြင်းမည်သည် မဖြစ်သေး၊ စင်စစ်သော်ကား ''သင်္ခါရတို့သည်သာလျှင် သင်္ခါရတို့ကို ရှုကုန်၏ သုံးသပ်ကုန်၏ ဆုံးဖြတ်ကုန်၏ သိမ်းဆည်းကုန်၏ ပိုင်းခြားကုန်၏''ဟူ၍ ယူသော ယောဂီအား ဒိဋ္ဌိကို ပယ်ခွါခြင်းမည်သည် ဖြစ်ပေ၏။

     ''ငါ ကောင်းစွာ ရှု၏၊ နှစ်လိုဖွယ် ရှု၏''ဟူ၍ ယူသော ယောဂီအား မာနကို အကြွင်းမဲ့ ပယ်ခွါခြင်းမည်သည် မဖြစ်သေး၊ စင်စစ်သော်ကား ''သင်္ခါရတို့သည်သာလျှင် သင်္ခါရတို့ကို ရှုကုန်၏ သုံးသပ်ကုန်၏ ဆုံးဖြတ်ကုန်၏ သိမ်းဆည်းကုန်၏ ပိုင်းခြားကုန်၏''ဟူ၍ ယူသော ယောဂီအား မာနကို အကြွင်းမဲ့ ပယ်ခွါခြင်းမည်သည် ဖြစ်ပေ၏။

     ''(ငါသည်) ဝိပဿနာရှုခြင်းငှါ စွမ်းနိုင်၏''ဟု ဝိပဿနာရှုခြင်းကို သာယာသော ယောဂီအား ငြိကပ်သော တဏှာကို ကုန်စေခြင်းမည်သည် မဖြစ်သေး၊ စင်စစ်သော်ကား ''သင်္ခါရတို့သည်သာလျှင် သင်္ခါရတို့ကို ရှုကုန်၏ သုံးသပ်ကုန်၏ ဆုံးဖြတ်ကုန်၏ သိမ်းဆည်းကုန်၏ ပိုင်းခြားကုန်၏''ဟူ၍ ယူသော ယောဂီအား ငြိကပ်သော တဏှာကို ကုန်စေခြင်းမည်သည် ဖြစ်ပေ၏။

     အကယ်၍ သင်္ခါရတို့သည် အတ္တကောင် ဟုတ်ကုန်ငြားအံ့၊ အတ္တကောင်ဟု ယူရန် သင့်ကုန်ရာ၏၊ စင်စစ်သော်ကား အတ္တကောင် မဟုတ်ပါပဲ အတ္တကောင်ဟု ယူထား(အပ်)ကုန်၏၊ ထို့ကြောင့် ထိုသင်္ခါရတို့သည် အလိုအတိုင်း မဖြစ်ခြင်း အနက်သဘောကြောင့် အတ္တမဟုတ်ကုန်၊ ဖြစ်ပေါ်လာပြီးလျှင် မရှိခြင်း- ကွယ်ပျောက်သွားခြင်း အနက်သဘောကြောင့် မမြဲကုန်၊ ဖြစ်ခြင်း ပျက်ခြင်းက မပြတ်နှိပ်စက်ခြင်း အနက်သဘောကြောင့် ဆင်းရဲကုန်၏-ဟု ရှုမြင်သော ယောဂီအား ဒိဋ္ဌိကို ပယ်ခွါခြင်းမည်သည် ဖြစ်ပေ၏။

     အကယ်၍ သင်္ခါရတို့သည် မြဲသည် ဟုတ်ကုန်ငြားအံ့၊ မြဲသည်ဟူ၍ ယူရန် သင့်ကုန်ရာ၏၊ စင်စစ်သော်ကား မမြဲပါပဲ မြဲသည်ဟု ယူထား(အပ်)ကုန်၏။ ထို့ကြောင့် ထိုသင်္ခါရတို့သည် ဖြစ်ပေါ်ပြီးလျှင် မရှိခြင်း အနက်သဘောကြောင့်

၃၃၄

မမြဲကုန်၊ ဖြစ်ခြင်း ပျက်ခြင်းက မပြတ်နှိပ်စက်ခြင်း အနက်သဘောကြောင့် ဆင်းရဲကုန်၏၊ အလိုအတိုင်း မဖြစ်ခြင်း အနက်သဘောကြောင့် အတ္တမဟုတ်ကုန်ဟု ရှုမြင်သော ယောဂီအား မာနကို အကြွင်းမဲ့ ခွါခြင်းမည်သည် ဖြစ်ပေ၏။

     [၂၆၄] အကယ်၍ သင်္ခါရတို့သည် ချမ်းသာတို့ ဟုတ်ကုန်ငြားအံ့၊ ချမ်းသာတို့ဟူ၍ ယူရန် သင့်ကုန်ရာ၏၊ စင်စစ်သော်ကား ဆင်းရဲတို့သာ ဖြစ်ပါကုန်လျက် ချမ်းသာတို့ဟူ၍ ယူထား(အပ်)ကုန်၏။ ထို့ကြောင့် ထိုသင်္ခါရတို့သည် ဖြစ်ခြင်း ပျက်ခြင်းက မပြတ်နှိပ်စက်ခြင်း အနက်သဘောကြောင့် ဆင်းရဲကုန်၏၊ ဖြစ်ပေါ်လာပြီးလျှင် မရှိခြင်း အနက်သဘောကြောင့် မမြဲကုန်၊ အလိုအတိုင်း မဖြစ်ခြင်း အနက်သဘောကြောင့် အတ္တမဟုတ်ကုန်ဟု ရှုမြင်သော ယောဂီအား ငြိကပ်သော တဏှာကို ကုန်စေခြင်းမည်သည် ဖြစ်ပေ၏။

     ဤဆိုခဲ့သည့်အတိုင်း သင်္ခါရတို့ကို အတ္တမဟုတ်ဟု ရှုမြင်သော ယောဂီအား ဒိဋ္ဌိကို ပယ်ခွါခြင်းမည်သည် ဖြစ်ပေ၏၊ မမြဲဟု ရှုမြင်သော ယောဂီအား မာနကို အကြွင်းမဲ့ ပယ်ခွါခြင်းမည်သည် ဖြစ်ပေ၏၊ ဆင်းရဲဟု ရှုမြင်သော ယောဂီအား ငြိကပ်သော တဏှာဟူသော နိကန္တိကို ကုန်စေခြင်းမည်သည် ဖြစ်ပေ၏။ ဤသို့လျှင် ဤဝိပဿနာသည် မိမိ မိမိ၏ အရာဌာ၌သာလျှင် တည်ပေ၏-ဟု (အရိယဝံသကထာ၌) ပြဆိုလေသည်။ (၅-၆-၇)

     ဤသို့ နာမ်သုံးသပ်ပုံ ၇-မျိုး၏ အစွမ်းအားဖြင့် လက္ခဏာသုံးပါးကို တင်၍ သင်္ခါရတို့ကို သုံးသပ်၏။ ဤမျှသော သုံးသပ်ခြင်းဖြင့် ထိုယောဂီအား ရုပ်ကမ္မဋ္ဌာန်းသည်လည်း ကျေပြွန်စွာ ဖြစ်၏၊ နာမ်ကမ္မဋ္ဌာန်းသည်လည်း ကျေပြွန်စွာ ဖြစ်၏။

မဟာဝိပဿနာ တစိတ်တဒေသရပုံကို ပြဆိုချက်

     ၇၂၂။ ဤဆိုခဲ့သည့်အတိုင်း လေ့လာကျေပြွန်သော ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းရှိသော ထိုယောဂီသည် အထက် ဘင်္ဂါနုပဿနာ (ဘင်္ဂဉာဏ်)မှစ၍ ပဟာနပရိညာ၏ အစွမ်းအားဖြင့် ခပ်သိမ်းသော အခြင်းအရာအားဖြင့်

၃၃၅

ရောက်အပ် ရအပ်ကုန်သော တဆယ့်ရှစ်ပါးသော မဟာဝိပဿနာတို့တွင် တစိတ်တပိုင်းကို ဤတီရဏပရိညာ၌ပင်လျှင် ထိုးထွင်းလျက် ရသည်ဖြစ်၍ ထို(ရသော) ဝိပဿနာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော တရားတို့ကို ပယ်၏။

     တဆယ့်ရှစ်ပါးသော မဟာဝိပဿနာတို့ မည်သည်ကား အနိစ္စာနုပဿနာ အစရှိသော ပညာတို့တည်း၊ ယင်းပညာတို့တွင်-

     (၁) မမြဲဟု ရှုသော အနိစ္စာနုပဿနာဉာဏ်ကို ပွါးစေသည်ရှိသော် (ပွါးစေသောသူသည်) မြဲသည်ဟု ထင်မှတ်သော နိစ္စသညာကို ပယ်၏။

     (၂) ဆင်းရဲဟု ရှုသော ဒုက္ခာနုပဿနာကို ပွါးစေသည်ရှိသော် ချမ်းသာဟု ထင်မှတ်သော သုခသညာကို ပယ်၏။

     (၃) အတ္တမဟုတ်ဟု ရှုသော အနတ္တာနုပဿနာကို ပွါးစေသည်ရှိသော် အတ္တကောင်ဟု ထင်မှတ်သော အတ္တသညာကို ပယ်၏။

     (၄) ငြီးငွေ့လျက် ရှုသော နိဗ္ဗိဒါနုပဿနာကို ပွါးစေသည်ရှိသော် အားရနှစ်သက်ခြင်းကို ပယ်၏။

     (၅) တပ်မက်ကင်းလျက် ရှုသော ဝိရာဂါနုပဿနာကို ပွါးစေသည်ရှိသော် တပ်မက်သော ရာဂကို ပယ်၏။

     (၆) ချုပ်ခြင်းကို ရှုသော နိရောဓာနုပဿနာကို ပွါးစေသည်ရှိသော် ဖြစ်ခြင်းကို ပယ်၏။

     (၇) တဖန် စွန့်လျက်ရှုသော ပဋိနိဿဂ္ဂါနုပဿနာကို ပွါးစေသည်ရှိသော် ယူခြင်း လက်ခံခြင်းကို ပယ်၏။

     (၈) ကုန်ခြင်းကို ရှုသော ခယာနုပဿနာကို ပွါးစေသည်ရှိသော် တလုံးတခဲတည်းဟု ထင်မှတ်သော ဃနသညာကို ပယ်၏။

     (၉) ပျက်ခြင်းကို ရှုသော ဝယာနုပဿနာကို ပွါးစေသည်ရှိသော် အားထုတ်ခြင်းကို ပယ်၏။


မှတ်ချက်

     ၁- မဟာဝိပဿနာ ၁၈-ပါးတို့၏ အနက်အဓိပ္ပါယ် အကျယ်ကို သိလိုလျှင် ဝိပဿနာရှုနည်းကျမ်း အခဏ်း(၇)၌ ကြည့်ပါ။

၃၃၆

     (၁ဝ) ပြောင်းလဲ ဖောက်ပြန်ခြင်းကို ရှုသော ဝိပရိဏာမာနုပဿနာကို ပွါးစေသည်ရှိသော် ခိုင်မြဲသည်ဟုထင်သော ဓုဝသညာကို ပယ်၏။

     (၁၁) မြဲသည့် အရိပ် နိမိတ် ပုံဟန် ကင်းသည်ကို ရှုသော အနိမိတ္တာနုပဿနာကို ပွါးစေသည်ရှိသော် မြဲသည့် အရိပ် နိမိတ် ထင်ခြင်းကို ပယ်၏။

     (၁၂) တောင့်တဖွယ် ကင်းသည်ကို ရှုသော အပ္ပဏိဟိတာနုပဿနာကို ပွါးစေသည်ရှိသော် တောင့်တသော တဏှာကို ပယ်၏။

     (၁၃) အတ္တမှ ဆိတ်သုဉ်းသည်ကို ရှုသော သုညတာနုပဿနာကို ပွါးစေသည်ရှိသော် အတ္တကောင်ဟု သက်ဝင် နှလုံးသွင်းခြင်းကို ပယ်၏။

     (၁၄) တရားတို့၌ ပျက်သည်ဟု ရှုသော လွန်ကဲသော ပညာဟူသော အဓိပညာဓမ္မဝိပဿနာကို ပွါးစေသည်ရှိသော် အနှစ်ရှိသည်ဟု ယူလျက် သက်ဝင် နှလုံးသွင်းခြင်းကို ပယ်၏။

     (၁၅) ဟုတ်တိုင်းမှန်စွာ သိမြင်သော ယထာဘူတဉာဏ်အမြင်ကို ပွါးစေသည်ရှိသော် ပြင်းစွာ တွေဝေလျက် သက်ဝင် နှလုံးသွင်းခြင်းကို ပယ်၏။

     (၁၆) အပြစ်ကို ရှုသော အာဒီနဝါနုပဿနာကို ပွါးစေသည်ရှိသော် ပုန်းအောင်းမှီခိုစရာဟု သက်ဝင် နှလုံးသွင်းခြင်းကို ပယ်၏။

     (၁၇) တဖန် ရှုသော ပဋိသင်္ခါနုပဿနာကို ပွါးစေသည်ရှိသော် တဖန် ရှုမှု၏ ဆန့်ကျင်ဘက် (တဖန် မရှုခြင်း)ကို ပယ်၏။

     (၁၈) သင်္ခါရတို့မှ ဆုတ်နစ်လျက် ရှုသော ဝိဝဋ္ဋာနုပဿနာကို ပွါးစေသည်ရှိသော် (ပွါးစေသော သူသည်) သင်္ခါရတို့နှင့် ယှဉ်တွဲလျက် သက်ဝင် နှလုံးသွင်းခြင်းကို ပယ်၏။

     [၂၆၅] ထို တဆယ့်ရှစ်ပါးသော မဟာဝိပဿနာတို့တွင် ဤယောဂီသည် အနိစ္စ အစရှိသော လက္ခဏာသုံးပါး၏ အစွမ်းအားဖြင့် သင်္ခါရတို့ကို မြင်အပ်ကုန်ပြီ၊ (ထိုသို့ မြင်ပြီး ဖြစ်သော)ကြောင့် အနိစ္စာနုပဿနာ ဒုက္ခာနုပဿနာ အနတ္တာနုပဿနာတို့ကို သိပြီး ရပြီး ဖြစ်ပေ၏၊ ထို့ပြင် ''အနိစ္စနုပဿနာနှင့် အနိမိတ္တာနုပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် တူသောအနက် ရှိကုန်၏၊ သဒ္ဒါမျှသာ ထူး၏'' ဟူ၍၎င်း၊ ထို့ပြင် ''ဒုက္ခာနုပဿနာနှင့် အပ္ပဏိဟိတာနုပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည်

၃၃၇

တူသောအနက် ရှိကုန်၏၊ သဒ္ဒါမျှသာ ထူး၏'' ဟူ၍၎င်း၊ အနတ္တာနုပဿနာနှင့် သုညတာနုပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် တူသောအနက်ရှိကုန်၏၊ သဒ္ဒါမျှသာ ထူး၏ ဟူ၍၎င်း (ပဋိသမ္ဘိဒါမဂ်၌) ဟောထားသောကြောင့် ထိုအနက်တူသော အနုပဿနာ သုံးပါးတို့ကိုလည်း သိပြီး ရပြီး ဖြစ်ပေ၏။

     ထို့ပြင် အဓိပညာဓမ္မဝိပဿနာဟူသည်မှာ အလုံးစုံ(လည်းဖြစ်)သော ဝိပဿနာပေတည်း။ ယထာဘူတ ဉာဏ်အမြင်ကို ကင်္ခါဝိတရဏ ဝိသုဒ္ဓိဖြင့်ပင်လျှင် ရေတွက်အပ် သိမ်းယူအပ်၏၊ သို့ဖြစ်၍ ဤဉာဏ်နှစ်ပါးကိုလည်း သိပြီး ရပြီးသာလျှင် ဖြစ်ပေ၏။ ကြွင်းသော ဝိပဿနာဉာဏ်တို့တွင် အချို့ကို သိအပ် ရအပ်ပြီ၊ အချို့ကို မသိအပ် မရအပ်သေး။ ထို မဟာဝိပဿနာတို့ကို ဝေဘန်ခြင်းကို နောက်၌ ထင်စွာ ပြကုန်အံ့။

     ရှေ့စကား မှန်ကန်ကြောင်း ရှင်းပြရလျှင် ဤယောဂီ သိပြီး ရပြီး ဖြစ်သော ဉာဏ်ကိုသာရည်၍ ''ဤဆိုခဲ့သည့်အတိုင်း လေ့လာကျေပြွန်သော ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းရှိသော ယောဂီသည် အထက် ဘင်္ဂါနုပဿနာ (ဘင်္ဂဉာဏ်)မှစ၍ ပဟာနပရိညာ၏ အစွမ်းအားဖြင့် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရောက်အပ် ရအပ်ကုန်သော တဆယ့်ရှစ်ပါးသော မဟာဝိပဿနာတို့တွင် တစိတ်တပိုင်းကို ဤ တီရဏပရိညာ၌ပင်လျှင် ထိုးထွင်းသိလျက် ရသည်ဖြစ်၍ ထိုရသော ဝိပဿနာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော တရားတို့ကို ပယ်၏''-ဟူသော ဤစကားကို ငါ ဆိုခဲ့ပေသည်။

ဥဒယဗ္ဗယဉာဏ်ကို ပြဆိုချက်

     ၇၂၃။ ဤ ဆိုခဲ့သည့်အတိုင်း အနိစ္စာနုပဿနာ စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်ကုန်သော နိစ္စသညာ စသည်တို့ကို ပယ်သဖြင့် စင်ကြယ်သော


မှတ်ချက်

     ၁- ပါဠိ၌ သဗ္ဗာပိ-ဟူသော ပုဒ်အရ အလုံးစုံလည်းဖြစ်သော-ဟု အတိအကျ ပြန်ထားသည်၊ ထိုတွင် ပိ-သဒ္ဒါဖြင့် ''ဝိပဿနာအလုံးစုံ အပေါင်းလိုက်အားဖြင့်သာလျှင် အဓိပညာဓမ္မဝိပဿနာမည်သည် မဟုတ်သေး၊ ဝိပဿနာ တစိတ်တပိုင်းလည်း အဓိပညာဓမ္မဝိပဿနာ မည်သေးသည်''ဟု ပြ၏။ မြန်မာဘာသာစကား၌ကား ဤသို့သော အသုံးမရှိပေ၊ အလုံးစုံသော-ဟု သာမညဆိုရုံမျှဖြင့်ပင် ''အလုံးစုံလည်း မည်သည်၊ တစိတ်တပိုင်းလည်း

၃၃၈

ဉာဏ်ရှိသော ထိုယောဂီသည် သမ္မသနဉာဏ်၏ တဖက်ကမ်း (အပြီးအဆုံး)သို့ ရောက်၍ သမ္မသနဉာဏ်၏ အခြားမဲ့၌ ''အကြောင်းကို စွဲ၍ ဖြစ်ဆဲ ပစ္စုပ္ပန် ဖြစ်ကုန်သော ရုပ်နာမ်တရားတို့၏ ဖောက်ပြန်ခြင်းကို ရှုသော (ရှုရာ၌) ပညာသည် အဖြစ်အပျက်ကို ရှုသော (ရှုရာ၌) ဥဒယဗ္ဗယဉာဏ် မည်၏''ဟူ၍ အကြင် ဥဒယဗ္ဗယဉာဏ်ကို ဟောတော်မူ(အပ်)၏၊ ထို ဥဒယဗ္ဗယဉာဏ်ကို ရခြင်းငှါ အားထုတ်ခြင်းကို ပြု၏၊ အားထုတ်လတ်သော် ရှေးဦးစွာ အကျဉ်းအားဖြင့် အားထုတ်၏၊ ထို(သို့ အကျဉ်းအားဖြင့် အားထုတ်ရာ)၌ အောက်ပါမှာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ပေတည်း။

အဘယ်သို့ ဖြစ်ဆဲ ပစ္စုပ္ပန် ဖြစ်ကုန်သော တရားတို့၏ ဖောက်ပြန်ခြင်းကို ရှုသော ပညာသည် အဖြစ်အပျက်ကိုရှုသော ဥဒယဗ္ဗယဉာဏ် မည်သနည်း?..

ဖြစ်ပေါ်ဆဲဖြစ်သော ရုပ်သည် ပစ္စုပ္ပန်မည်၏၊ ထိုဖြစ်ပေါ်ဆဲ ပစ္စုပ္ပန်ရုပ်၏ ဖြစ်ပေါ်ခြင်း လက္ခဏာသည် ဥဒယ- ဖြစ်ခြင်းမည်၏၊ ဖောက်ပြန်ခြင်း လက္ခဏာသည် ဝယ- ပျက်ခြင်းမည်၏၊ (အဖြစ်အပျက်ကို) ရှုမြင်ခြင်းသည် ဉာဏ်မည်၏။ ဖြစ်ပေါ်ဆဲဖြစ်သော ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်။ ဖြစ်ပေါ်ဆဲဖြစ်သော စက္ခု-မျက်စိသည် ။ပ။ ဖြစ်ပေါ်ဆဲဖြစ်သော ဘဝသည် ပစ္စ္ပုပ္ပန်မည်၏၊ ထိုဖြစ်ပေါ်ဆဲ ပစ္စုပ္ပန်ဘဝ၏ ဖြစ်ပေါ်ခြင်း လက္ခဏာသည်


မှတ်ချက်

မည်သည်''ဟူသော ထိုအနက်ကို ရ၏၊ ထို့ကြောင့် ပါဠိနည်းကို မလိုက်လိုသူများ၊ သို့မဟုတ် မလိုက်နိုင်သူများမှာ လက်သည်းကွင်းအတွင်းက စာလုံးများကို ကျော်ပြီးလျှင် ''အလုံးစုံသော''-ဟူ၍ ဖတ်သွားနိုင်ရန် ပါဠိနည်းအရ အတိအကျ ပြန်ချက်ကို လက်သည်းကွင်းဖြင့် ပိုင်းခြားထားသည်။

     ၁- ထိုယောဂီသည်.. တဖက်ကမ်းသို့ ရောက်၍.. အားထုတ်ခြင်းကို ပြု၏-ဟု စပ်ပါ။

     ၂- အခြားမဲ့၌.. ဟောတော်မူ(အပ်)၏-ဟု စပ်ပါ။

     ၃- ဤ၌ ပေယျာလကို စာမျက်နှာ ၂၈၄-၌ ဖော်ပြသည့် နည်းအတိုင်း ဖော်ရမည်၊ ဤ၌ ဥဒယဗ္ဗယဉာဏ်၏အရာ ဖြစ်သောကြောင့် အဖြစ်အပျက် သီးခြားမရနိုင်သော ဇာတိ ဇရာမရဏထိအောင် မဖော်ပဲ ဘဝအထိသာ ဖော်ပြထားသည်၊ ဤမျှသာ ထူးသည်။

၃၃၉

ဥဒယ- ဖြစ်ခြင်းမည်၏၊ ဖောက်ပြန်ခြင်း လက္ခဏာသည် ဝယ- ပျက်ခြင်းမည်၏။ (အဖြစ်အပျက်ကို) ရှုမြင်ခြင်းသည် ဉာဏ်မည်၏။ ဤကား ပါဠိတည်း။

     [၂၆၆] ထိုယောဂီသည် ဤပါဠိနည်းဖြင့် ဖြစ်ပေါ်ဆဲဖြစ်သော နာမ်ရုပ်၏ ဖြစ်ပေါ်ခြင်း လက္ခဏာဟူသော ဖြစ်ခြင်း, ပေါ်ခြင်းကို အသစ်ဖြစ်သော အခြင်းအရာကို ''ဥဒယ-ဖြစ်ခြင်း'' ဟူ၍၎င်း၊ ဖောက်ပြန်ခြင်း လက္ခဏာ ဟူသော ကုန်ခြင်း ပျက်ခြင်းကို ''ဝယ-ပျက်ခြင်း'' ဟူ၍၎င်း ရှုမြင်၏။ ထိုယောဂီသည် ဤသို့ အပြားအားဖြင့် သိ၏- ''ဖြစ်ပေါ်သည်မှ ရှေး၌ မဖြစ်ပေါ်လာသေးသော ဤနာမ်ရုပ်၏ အစုအပုံသည်၎င်း, အပေါင်းသည်၎င်း ရှိနှင့်သည် မဟုတ်ချေ၊ ဖြစ်ပေါ်ဆဲဖြစ်သော ဤနာမ်ရုပ်၏လည်း (ရှိပြီးသော) အစုအပုံမှ၎င်း အပေါင်းမှ၎င်း လာခြင်းမည်သည် မရှိချေ၊ ချုပ်ဆဲဖြစ်သော ဤနာမ်ရုပ်၏လည်း တူရူအရပ် အထောင့်အရပ်သို့ သွားခြင်းမည်သည် မရှိချေ၊ ချုပ်ပြီးသော ဤနာမ်ရုပ်၏လည်း တစုံတခုသော အရပ်၌ အစုအပုံအားဖြင့်၎င်း အပေါင်းအားဖြင့်၎င်း သိုမှီး သိမ်းဆည်းသည့် အနေအားဖြင့် တည်ရှိနေခြင်းမည်သည် မရှိချေ။ ဥပမာအားဖြင့် တီးအပ်သော စောင်းမှ ဖြစ်ပေါ်လာသော အသံမှာ ဖြစ်သည်မှ ရှေး၌ (မဖြစ်မီက) အစုအဝေးမည်သည် မရှိချေ၊ ဖြစ်ပေါ်ဆဲ အသံသည်လည်း စုဝေးနေရာမှ လာခဲ့သည် မဟုတ်ချေ၊ ချုပ်ဆဲဖြစ်သော စောင်းသံ၏လည်း တူရူအရပ် အထောင့်အရပ်သို့ သွားခြင်းမည်သည် မရှိချေ၊ ချုပ်လေပြီးသော စောင်းသံသည်လည်း တစုံတခုသော အရပ်၌မျှ စုဝေးလျက် တည်ရှိနေသည် မဟုတ်ချေ၊ စင်စစ်သော်ကား စောင်းကို၎င်း လက်ခတ်ကို၎င်း တီးသော သူ၏ ထိုအသံအားလျော်သော အားထုတ်ခြင်းကို၎င်း


မှတ်ချက်

     ၁- ဤနာမ်ရုပ်၏လည်း.. လာခြင်းမည်သည် မရှိချေ၊-ဟု စပ်ပါ။

     ၂- ဤနာမ်ရုပ်၏လည်း.. သွားခြင်းမည်သည် မရှိချေ၊-ဟု စပ်ပါ။

     ၃- ဤနာမ်ရုပ်၏လည်း.. တည်ရှိနေခြင်းမည်သည် မရှိချေ၊-ဟု စပ်ပါ။

     ၄- ဥပဝီဏ-ပုဒ်ကို အဘိဓာန်ကျမ်းတို့၌ စောင်းလည်တိုင်၊ စောင်းကြိုးရစ်ရာ ငုတ်တိုင်-ဟူ၍ ပြန်ဆို၏၊ ဤ၌ကား ''ဝီဏာခေါ် စောင်းကို၎င်း ဥပဝီဏာခေါ်သော အရာကို၎င်း စွဲမှီ၍ စောင်းသံ ဖြစ်ပေါ်လာသည်''-ဟု ဆိုထားသောကြောင့်၎င်း, စောင်းလည်တိုင်နှင့် စောင်းကြိုးရစ်ရာ ငုတ်တိုင်တို့သည်

၃၄၀

စွဲမှီ၍ (အစပဌမက) မရှိသေးမူ၍သာလျှင် ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ်ပြီးလျှင် တဖန် ပျောက်ကွယ်သွား၏။ ဤအတူပင် အလုံးစုံသော ရုပ်နာမ် တရားတို့သည်လည်း (အစပဌမက) မရှိကုန်မူ၍သာလျှင် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပေါ်ပြီးလျှင် တဖန် ပျောက်ကွယ်သွားကုန်၏''ဟူ၍ အပြားအားဖြင့် သိ၏။

     ၇၂၄။ ဤဆိုခဲ့သည့်အတိုင်း အကျဉ်းအားဖြင့် အဖြစ်အပျက် နှလုံးသွင်းခြင်း (ရှုခြင်း)ကို ပြုပြီးလျှင် တဖန် ဤဥဒယဗ္ဗယဉာဏ်ကိုပင်လျှင် အကျယ်ဝေဘန်ရာ၌..

''အဝိဇ္ဇာ၏ ဖြစ်ခြင်း (ရှိခြင်း)ကြောင့် ရုပ်၏ ဖြစ်ခြင်းသည် ရှိ၏ဟု အကြေင်း၏ ဖြစ်ခြင်း (ရှိခြင်း)သဘောကြောင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုမြင်၏၊ တဏှာ၏ ဖြစ်ခြင်း (ရှိခြင်း)ကြောင့်။ ကံ၏ ဖြစ်ခြင်း (ရှိခြင်း)ကြောင့်။ အာဟာရ၏ ဖြစ်ခြင်း (ရှိခြင်း)ကြောင့် ရုပ်၏ ဖြစ်ခြင်း ရှိ၏ဟု အကြောင်း၏ ဖြစ်ခြင်း (ရှိခြင်း)သဘောကြောင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုမြင်၏၊ ဖြစ်ပေါ်ခြင်း လက္ခဏာကို ရှုမြင်သည်ဖြစ်၍လည်း ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုမြင်၏၊ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုမြင်သည်ရှိသော် (ရှုမြင်သောသူသည်) ဤငါးပါးသော လက္ခဏာတို့ကို ရှုမြင်၏။

အဝိဇ္ဇာ၏ ချုပ်ခြင်းကြောင့် ရုပ်၏ချုပ်ခြင်းသည် ဖြစ်၏ဟု အကြောင်း၏ ချုပ်ခြင်းသဘောကြောင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို ရှုမြင်၏။ တဏှာ၏ ချုပ်ခြင်းကြောင့်။ ကံ၏ ချုပ်ခြင်းကြောင့်။


မှတ်ချက်

ဝီဏာခေါ် စောင်းအရထဲ၌သာ ပါဝင်သင့်သောကြောင့်၎င်း ထိုအနက်များ မသင့်ပေ၊ ဋီကာ၌ ဝီဏာဝါဒန- စောင်းတီးစရာ လက်ခက်-ဟု ဖွင့်ပြထား၏၊ ထို ဖွင့်ပြချက်သာလျှင် သင့်လျော်ပေသည်။ သို့ဖြစ်၍ ''ဤ၌ လက်ခတ်ကို၎င်း''ဟူ၍ ပြန်ဆိုလိုက်သည်။

     ၁- ပြုပြီးလျှင် တဖန်.. ငါးဆယ်သော လက္ခဏာတို့၏ အစွမ်းအားဖြင့်.. အကျယ်အားဖြင့် နှလုံးသွင်းခြင်းကို ပြု၏-ဟု စပ်ပါ။

     ၂- အကျယ် ဝေဘန်ရာ၌.. အကြင် ငါးဆယ်သော လက္ခဏာတို့ကို ဟောတော်မူ(အပ်ကုန်)၏-ဟု စပ်ပါ။

၃၄၁

အာဟာရ၏ ချုပ်ခြင်းကြောင့် ရုပ်၏ ချုပ်ခြင်းသည် ဖြစ်၏ဟု အကြောင်း၏ ချုပ်ခြင်းသဘောကြောင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို ရှုမြင်၏။ ဖောက်ပြန်ခြင်း လက္ခဏာကို ရှုမြင်သည်ဖြစ်၍လည်း ရူပက္ခန္ဓာ၏ ပျက်ခြင်းကို ရှုမြင်၏။ ရူပက္ခန္ဓာ၏ ပျက်ခြင်းကို ရှုမြင်သည်ရှိသော် ဤငါးပါးသော လက္ခဏာတို့ကို ရှုမြင်၏''။

ထို့အတူ ''အဝိဇ္ဇာ၏ ဖြစ်ခြင်း (ရှိခြင်း)ကြောင့် ဝေဒနာ၏ ဖြစ်ခြင်းသည် ရှိ၏ဟု အကြောင်း၏ ဖြစ်ခြင်း (ရှိခြင်း)သဘောကြောင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုမြင်၏၊ တဏှာ၏ ဖြစ်ခြင်း (ရှိခြင်း)ကြောင့်။ ကံ၏ ဖြစ်ခြင်း (ရှိခြင်း)ကြောင့်။ ဖဿ၏ ဖြစ်ခြင်း (ရှိခြင်း)ကြောင့် ဝေဒနာ၏ ဖြစ်ခြင်းသည် ရှိ၏ဟု အကြောင်း၏ ဖြစ်ခြင်း (ရှိခြင်း)သဘောကြောင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုမြင်၏၊ ဖြစ်ပေါ်ခြင်း လက္ခဏာကို ရှုမြင်သည်ဖြစ်၍လည်း [၂၆၇] ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုမြင်၏၊ ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုမြင်သည်ရှိသော် ဤငါးပါးသော လက္ခဏာတို့ကို ရှုမြင်၏။

အဝိဇ္ဇာ၏ ချုပ်ခြင်းကြောင့်။ တဏှာ၏ ချုပ်ခြင်းကြောင့်။ ကံ၏ ချုပ်ခြင်းကြောင့်။ ဖဿ၏ ချုပ်ခြင်းကြောင့် ဝေဒနာ၏ ချုပ်ခြင်းသည် ဖြစ်၏ဟု အကြောင်း၏ ချုပ်ခြင်းသဘောကြောင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို ရှုမြင်၏၊ ဖောက်ပြန်ခြင်း လက္ခဏာကို ရှုမြင်သည်ဖြစ်၍လည်း ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို ရှုမြင်၏၊ ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို ရှုမြင်သည်ရှိသော် ဤငါးပါးသော လက္ခဏာတို့ကို ရှုမြင်၏''။

     ဝေဒနာက္ခန္ဓာ၏ (အဖြစ်အပျက်ကို ရှုမြင်သ)ကဲ့သို့ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့၏ အဖြစ်အပျက်ကိုလည်း ရှုမြင်၏၊ ဤဆိုလတံ့သော ရှုပုံမျှသာ ထူးသည်၊ ဝိညာဏက္ခန္ဓာ၏ (အဖြစ်အပျက်ကို ရှုရာ၌) ဖဿ အရာတွင် ''နာမ်ရုပ်၏ ဖြစ်ခြင်းကြောင့်၊ နာမ်ရုပ်၏ ချုပ်ခြင်းကြောင့်''ဟု (ဆိုရုံမျှသာ ထူးသည်)။

     ဤသို့လျှင် တပါး တပါးသော ခန္ဓာ၏ အဖြစ်အပျက်ကို ရှုရာ၌ လက္ခဏာ ဆယ်ပါးစီပြု၍ အကြင် ငါးဆယ်သော လက္ခဏာတို့ကို

၃၄၂

ဟောတော်မူ(အပ်ကုန်)၏၊ ထိုငါးဆယ်သော လက္ခဏာတို့၏ အစွမ်းအားဖြင့် ''ဤသို့လည်း ရုပ်၏ဖြစ်ခြင်းသည် ဖြစ်၏၊ ဤသို့လည်း ရုပ်၏ ပျက်ခြင်းသည် ဖြစ်၏၊ ရုပ်သည် ဤသို့လည်း ဖြစ်ပေါ်၏၊ ရုပ်သည် ဤသို့ လည်း ပျက်၏''ဟု အကြောင်းအားဖြင့်၎င်း၊ ခဏအားဖြင့်၎င်း အကျယ်အားဖြင့် နှလုံးသွင်းခြင်းကို ပြု၏။

     ၇၂၅။ ဤဆိုခဲ့သောနည်းဖြင့် နှလုံးသွင်းသော ထိုယောဂီအား ''ဤသို့သော အခြင်းအရာအားဖြင့် ဤရုပ်နာမ် တရားတို့သည် အစပဌမက မရှိကုန်မူ၍ ဖြစ်ပေါ်လာကုန်သတတ်၊ ဖြစ်ပေါ်ပြီးလျှင် တဖန် ပျောက်ကွယ်သွားကုန်သတတ်''ဟူ၍ (ဖြစ်သော) အသိဉာဏ်သည် အထူးသဖြင့် သန့်ရှင်းထက်မြက်လာပေ၏။ ဤဆိုခဲ့သည့်အတိုင်း အကြောင်းအားဖြင့်၎င်း, ခဏအားဖြင့်၎င်း နှစ်ပါးအပြားအားဖြင့် အဖြစ်အပျက်ကို ရှုမြင်သော ထိုယောဂီအား သစ္စာအပြား, ပဋိစ္စသမုပ္ပါဒ်အပြား, နည်းအပြား, လက္ခဏာအပြားတို့သည် ထင်ရှားပေါ်ကုန်၏။

     ၇၂၆။ ထိုယောဂီသည် အဝိဇ္ဇာ စသည်တို့၏ ဖြစ်ခြင်းကြောင့် ခန္ဓာတို့၏ ဖြစ်ခြင်းကို၎င်း, အဝိဇ္ဇာ စသည်တို့၏ ချုပ်ခြင်းကြောင့် ခန္ဓာတို့၏ ချုပ်ခြင်းကို၎င်း ရှုမြင်၏၊ ဤရှုမြင်ခြင်းသည် ထိုယောဂီ၏ အကြောင်းအားဖြင့် အဖြစ်အပျက်ကို မြင်ခြင်းပေတည်း။ ထို့ပြင် ဖြစ်ပေါ်ခြင်းလက္ခဏာ ဖောက်ပြန်ခြင်း လက္ခဏာတို့ကို ရှုမြင်သည်ဖြစ်၍ ခန္ဓာတို့၏ အဖြစ်အပျက်ကို ရှုမြင်၏၊ ဤရှုမြင်ခြင်းသည် ထိုယောဂီ၏ ခဏအားဖြင့် အဖြစ်အပျက်ကို မြင်ခြင်းပေတည်း။ မှန်ပေ၏၊ ဖြစ်ပေါ်ခြင်း လက္ခဏာသည် ဖြစ်ဆဲ ဥပါဒ်ခဏ၌သာလျှင် ရှိ၏၊ ဖောက်ပြန်ခြင်း လက္ခဏာသည်လည်း ပျက်ဆဲ ဘင်ခဏ၌သာလျှင် ရှိ၏။


မှတ်ချက်

     ၁- နှစ်ပါးအပြားအားဖြင့်.. ရှုမြင်သော-ဟု စပ်ပါ။

     ၂- ထိုယောဂီ၏.. မြင်ခြင်းပေတည်း-ဟု စပ်ပါ။

     ၃- အကြောင်းအားဖြင့်.. မြင်ခြင်းပေတည်း-ဟု စပ်ပါ။ နောက်၌လည်း နည်းတူပင်။

     ၄- ခဏအားဖြင့်.. မြင်ခြင်းပေတည်း-ဟု စပ်ပါ၊ နောက်၌လည်း နည်းတူပင်။

၃၄၃

     ၇၂၇။ သို့ဖြစ်၍ ဤဆိုခဲ့သည့်အတိုင်း အကြောင်းအားဖြင့်၎င်း ခဏအားဖြင့်၎င်း နှစ်ပါးအပြားအားဖြင့် အဖြစ်အပျက်ကို ရှုမြင်သော ထို(ယောဂီ)အား အကြောင်းအားဖြင့် ဖြစ်ခြင်းကို ရှုမြင်ခြင်းဖြင့် သမုဒယသစ္စာ ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) ဖြစ်စေတတ်သော ဇနက အကြောင်းကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။ ခဏအားဖြင့် ဖြစ်ခြင်းကို ရှုမြင်ခြင်းဖြင့် ဒုက္ခသစ္စာ ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) ဖြစ်ခြင်းဆင်းရဲ (ဇာတိဒုက္ခ)ကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။ အကြောင်းအားဖြင့် ပျက်ခြင်းကို ရှုမြင်ခြင်းဖြင့် နိရောဓသစ္စာ ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) အကြောင်းမဖြစ်လျှင် (မရှိလျှင်) အကြောင်းနှင့်စပ်သော အကျိုးတရားတို့၏ မဖြစ်ခြင်းကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။ ခဏအားဖြင့် ပျက်ခြင်းကို ရှုမြင်ခြင်းဖြင့် ဒုက္ခသစ္စာပင်လျှင် ထင်ရှား၏။ (အဘယ့်ကြောင့်နည်းဟူမူ?) သေခြင်းဆင်းရဲ (မရဏဒုက္ခ)ကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။ [၂၆၈] ထို့ပြင် ထို(ယောဂီ)အား အကြင် အဖြစ်အပျက်ကို ရှုမြင်သော ဉာဏ်သည် ရှိ၏၊ ဤ(ဥဒယဗ္ဗယဝိပဿနာ) ဉာဏ်သည် လောကီမဂ်ပေတည်း၊ သို့ဖြစ်၍ မဂ္ဂသစ္စာ ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) ထိုလောကီမဂ်၌ ''ကိုယ်တိုင်တွေ့ မသိမှု''ဟူသော တွေဝေခြင်းကို ပယ်သတ်ခြင်းကြောင့်တည်း။


မှတ်ချက်

     ၁- သို့ဖြစ်၍.. ထိုယောဂီအား.. ရှုမြင်ခြင်းဖြင့်.. ထင်ရှား၏-ဟု စပ်ပါ။

     ၂- ဤဆိုခဲ့သည့်အတိုင်း.. နှစ်ပါးအပြားအားဖြင့်- ရှုမြင်သော-ဟု စပ်ပါ။

     ၃- အကြောင်းအားဖြင့်.. ရှုမြင်ခြင်း-ဟု စပ်ပါ။ ထိုသို့ ရှုမြင်ခြင်းဖြင့် သမုဒယသစ္စာ ထင်ရှားသည်ဟု ဆိုလိုသည်။ နောက်၌ ''ခဏအားဖြင့်'' ဟူရာ၌လည်း နည်းတူပင် စပ်၍ အနက်အဓိပ္ပါယ် ယူပါ။

     ၄- ရှေးက မသိရသေးသော အနက်အဓိပ္ပါယ်ကို ယခု ကိုယ်ပိုင်ဉာဏ်ဖြင့် သဘောပေါက်၍ သိသည်ကိုပင် ''ထိုးထွင်း၍ သိသည်''ဟု ဆိုသည်။

     ၅- ပါဠိရင်း- ပစ္စယဝတံ-အရ- အကြောင်းရှိသော တရားတို့ဟူသည်မှာ အကြောင်းနှင့်စပ်သော (အကြောင်းကြောင့် ဖြစ်သော) အကျိုးတရားတို့ပင် ဖြစ်သည်။

၃၄၄

     ၇၂၈။ ထိုမှတပါး အကြောင်းအားဖြင့် ဖြစ်ခြင်းကို ရှုမြင်ခြင်းဖြင့် ထိုယောဂီအား အနုလုံ ပဋိစ္စသမုပ္ပါဒ် ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) ဤအကြောင်းရှိလျှင် ဤအကျိုးဖြစ်သည်ဟု ထိုးထွင်း၍ သိခြင်းကြောင့်တည်း။ အကြောင်းအားဖြင့် ပျက်ခြင်းကို ရှုမြင်ခြင်းအားဖြင့် ပဋိလုံ ပဋိစ္စသမုပ္ပါဒ် ထင်ရှား၏ (အလယ့်ကြောင့်နည်းဟူမူ?) ဤအကြောင်း ချုပ်ခြင်းကြောင့် ဤအကျိုး ချုပ်သည်ဟု ထိုးထွင်း၍ သိခြင်းကြောင့်တည်း။ ခဏအားဖြင့် အဖြစ်အပျက်ကို ရှုမြင်ခြင်းဖြင့် အကြောင်းကို စွဲ၍ဖြစ်သော (ပဋိစ္စသမုပ္ပန္န) အကျိုးတရားတို့ ထင်ရှားကုန်၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) သင်္ခတလက္ခဏာကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း၊ မှန်ပေ၏၊ ဖြစ်ခြင်း ပျက်ခြင်းရှိသော တရားတို့သည် သင်္ခတတရားတို့ပေတည်း၊ ထိုသင်္ခတ တရားတို့သည်လည်း အကြောင်းကို စွဲ၍ဖြစ်သော တရားတို့ပေတည်း။

     ၇၂၉။ ထိုမှတပါး အကြောင်းအားဖြင့် ဖြစ်ခြင်းကို ရှုမြင်ခြင်းဖြင့် ထိုယောဂီအား တခုတည်း တယောက်တည်းဟု ယူရသော ဧကတ္တနည်း ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) အကြောင်းနှင့်အကျိုး ဆက်စပ်ခြင်းဖြင့် ရုပ်နာမ် အစဉ်သန္တာန်၏ မပြတ်စဲခြင်းကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း၊


မှတ်ချက်

     ၁- ''အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏'' ဤသို့ စသည်ဖြင့် ဖြစ်စဉ်အတိုင်း ဟောထားသော အကြောင်းအကျိုးဆက်တရားကို အနုလုံ ပဋိစ္စသမုပ္ပါဒ်ခေါ်သည်။

     ၂- ''အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ သင်္ခါရတို့ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏'' ဤသို့ စသည်ဖြင့် ဟောထားသော အကြောင်းအကျိုး အဆက်ဆက် ချုပ်ပြတ်ပုံတရားကို ပဋိလုံ ပဋိစ္စသမုပ္ပါဒ်ခေါ်သည်။

     ၃- ရှေးဘဝက အကြောင်းကံကြောင့် နောက်ဘဝ၌ ရုပ်နာမ်အစဉ်သည် ဖြစ်ရာ၏၊ ဤသို့ဖြစ်ရာ၌ ရှေးဘဝနှင့် နောက်ဘဝသည် အကြောင်းအကျိုး ဆက်စပ်လျက် ရုပ်နာမ်အစဉ်သန္တာန် တခုတည်း ဖြစ်သောကြောင့် ရှေးဘဝ အကြောင်းကံကို ပြုသူနှင့် နောက်ဘဝ၌ ထိုကံ၏အကျိုးကို ခံစားရသောသူကို တယောက်တည်းပင်ဟု ယူရ၏၊ ဤသို့ ယူရကြောင်းဖြစ်သော နည်းကို ဧကတ္တနည်းဟု ခေါ်သည်။

၃၄၅

ထိုအခါ၌ ပြတ်စဲအယူ- ဥစ္ဆေဒဒိဋ္ဌိကို သာ၍ကောင်းစွာ ပယ်၏။ ခဏအားဖြင့် ဖြစ်ခြင်းကို ရှုမြင်ခြင်းဖြင့် တခြားစီဟု ယူရသော နာနတ္တနည်း ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) အသစ် အသစ် ဖြစ်သော ရုပ်နာမ်တို့၏ ဖြစ်ပေါ်ခြင်းကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း၊ ထိုအခါ၌ တည်မြဲအယူ- သဿတဒိဋ္ဌိကို သာ၍ကောင်းစွာ ပယ်၏။ ထို့ပြင် အကြောင်းအားဖြင့် ဖြစ်ခြင်း ပျက်ခြင်းကို ရှုမြင်ခြင်းကြောင့် ကြောင့်ကြဗျာပါရ မရှိဟု ယူရသော အဗျာပါရနည်း ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) သဘောတရားတို့၏ အလိုအတိုင်း မဖြစ်စေနိုင်ခြင်းကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း၊ ထိုအခါ၌ ငါကောင်ဟု ယူဆသော အတ္တဒိဋ္ဌိကို သာ၍ကောင်းစွာ ပယ်၏။ ထို့ပြင် အကြောင်းအားဖြင့် ဖြစ်ခြင်းကို ရှုမြင်ခြင်းဖြင့် ဤသို့ ဖြစ်ရိုးအတိုင်း ဖြစ်သည်ဟု ယူရသော ဧဝံဓမ္မတာနည်း ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) အကြောင်းအားလျော်စွာ အကျိုး၏ ဖြစ်ခြင်းကို ထိုးထွင်း၍


မှတ်ချက်

     ၁- ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်စဉ်ကပင်လျှင် ဒိဋ္ဌိကို အကြမ်းအားဖြင့် ပယ်ခွါခဲ့ပြီး ဖြစ်သော်လည်း ဤဉာဏ်အဆင့်၌ ထို့ထက် သိမ်မွေ့သော ဒိဋ္ဌိကို ပယ်ခွါပြန်သောကြောင့် ''သာ၍ကောင်းစွာ ပယ်၏''ဟု ဆိုသည်။

     ၂- ဘဝဟောင်းက ရုပ်နာမ်သည် ထိုဘဝဟောင်း၌ပင်လျှင် အလုံးစုံ ချုပ်ခဲ့၏၊ ဘဝသစ်၌ရှိသော ရုပ်နာမ်အစဉ်သည် ထိုဘဝသစ်၌သာလျှင် အသစ်ဖြစ်ပေါ်လာသော ရုပ်နာမ်အစဉ်ဖြစ်၏၊ ထို့ကြောင့် ဘဝဟောင်းက ရုပ်နာမ်အစဉ်သန္တာန်က တခြား, ဘဝသစ်က ရုပ်နာမ်အစဉ်သန္တာန်က တခြားဟူ၍လည်း ခွဲခြား၍ ယူရ၏၊ ဤသို့ တခြားစီဟု ခွဲခြား၍ ယူရကြောင်းဖြစ်သော နည်းကို နာနတ္တနည်းဟု ခေါ်သည်။

     ၃- သင်္ခါရတို့ဖြစ်အောင် ငါပြုမည်ဟု အဝိဇ္ဇာအား ကြောင့်ကြဗျာပါရမရှိ၊ ပဋိသန္ဓေဝိညာဏ်ဖြစ်အောင် ငါတို့ပြုမည်ဟု ကံသင်္ခါရတို့အား ကြောင့်ကြဗျာပါရမရှိ၊ ဤသို့စသည်ဖြင့် အကျိုးတရားတို့ ဖြစ်ပေါ်အောင် အကြောင်းတရားတို့၌ ကြောင့်ကြဗျာပါရ မရှိဟု ယူရ သိရကြောင်းဖြစ်သော နည်းကို အဗျာပါရနည်းဟု ခေါ်သည်။

     ၄- အဝိဇ္ဇာ အစရှိသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့ကြောင့် သင်္ခါရ အစရှိသော ဆိုင်ရာ ဆိုင်ရာ အကျိုးတရားတို့သည်သာလျှင် ဖြစ်ပေါ်ကုန်၏၊ မဆိုင်သော အကြောင်းတရားတို့ကြောင့် မဆိုင်သော အကျိုးတရားတို့ မဖြစ်ကုန်ဟု ယူရ သိရသောနည်းကို ဧဝံဓမ္မတာနည်း-ဟု ခေါ်သည်။

၃၄၆

သိခြင်းကြောင့်တည်း၊ ထိုအခါ၌ ကောင်းမှု မကောင်းမှုကို မပြုအပ် မပြုနိုင်ဟု ယူသော အကိရိယဒိဋ္ဌိကို သာ၍ကောင်းစွာ ပယ်၏။

     ၇၃ဝ။ ထိုမှတပါး ထိုယောဂီအား အကြောင်းအားဖြင့် ဖြစ်ခြင်းကို ရှုမြင်ခြင်းဖြင့် အနတ္တလက္ခဏာ ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) ရုပ်နာမ်တရားတို့၏ အားမထုတ်တတ်သည်၏ အဖြစ်, အကြောင်းနှင့်စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်တို့ကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။ ခဏအားဖြင့် အဖြစ်အပျက်ကို ရှုမြင်ခြင်းဖြင့် အနိစ္စလက္ခဏာ ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) ဖြစ်ပေါ်ပြီးလျှင် မရှိခြင်း ကွယ်ပျောက်သွားခြင်းကို ထိုးထွင်း၍ သိခြင်းကြောင့်၎င်း, ရှေ့အဖို့ နောက်အဖို့၌ ကင်းဆိတ်သည်၏ အဖြစ်ကို ထိုးထွင်း၍ သိခြင်းကြောင့်၎င်းပေတည်း။ ဒုက္ခလက္ခဏာလည်း ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) ဖြစ်ခြင်း ပျက်ခြင်းတို့က မပြတ် နှိပ်စက်ခြင်းကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။ သဘာဝလက္ခဏာလည်း ထင်ရှား၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြားအပ်သော သဘောကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။ သဘာဝလက္ခဏာ၌ သင်္ခတလက္ခဏာ၏ အခိုက်အတန့်မျှ တည်သည်၏ အဖြစ်သည်လည်း ထင်ရှား၏။ (အဘယ့်ကြောင့်နည်းဟူမူ?) ဖြစ်ဆဲခဏ၌ ပျက်ခြင်း၏၎င်း, ပျက်ဆဲခဏ၌ ဖြစ်ခြင်း၏၎င်း မရှိသည်အဖြစ်ကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။

     ၇၃၁။ ဤဆိုခဲ့သည့်အတိုင်း သစ္စာအပြား ပဋိစ္စသမုပ္ပါဒ်အပြား နည်းအပြား လက္ခဏာအပြား ထင်ရှားပေါ်လျက်ရှိသော ထိုယောဂီအား ''ဤရုပ်နာမ်တရားတို့သည် ရှေးက မဖြစ်ဘူးကုန်သေးပဲ ဤပုံဤနည်းဖြင့် ဖြစ်ပေါ်လာကုန်သတတ်၊ ဖြစ်ပေါ်လာကုန်ပြီးလျှင်လည်း ဤပုံဤနည်းဖြင့် ချုပ်လေကုန်သတတ်''ဟူ၍ [၂၆၄] သင်္ခါရတရားတို့သည် အမြဲတန်း အသစ်တို့ချည်းသာလျှင် ဖြစ်ကုန်လျက် ထင်ပေါ်ကုန်၏။ သက်သက် အမြဲတန်း အသစ်တို့ချည်းသာ ဖြစ်လျက် ထင်ပေါ်ကုန်သည် မဟုတ်သေး၊ အမှန်အားဖြင့်သော်ကား နေထွက်သောအခါ၌ နှင်းပေါက်ကဲ့သို့၎င်း, ရေပွက်ကဲ့သို့၎င်း,


မှတ်ချက်

     ၁- သင်္ခတတရားတို့၏ ဖြစ်ခြင်း, အခိုက်အတန့်မျှ တည်ခြင်း, ပျက်ခြင်းဟူသော ဥပါဒ် ဌီ ဘင်- ဤသုံးပါးသည် သင်္ခတတရားဟု မှတ်ရကြောင်းဖြစ်သောကြောင့် သင်္ခတလက္ခဏာ မည်၏။

     ၂- ထိုယောဂီအား.. ထင်ပေါ်ကုန်၏-ဟု စပ်ပါ။

၃၄၇

ရေ၌ ဒုတ်ဖြင့်ရေးသော အရေးအကြောင်းကဲ့သို့၎င်း, အပ်နဖားထွင်း စူးဖျား၌ တင်လိုက်သော မုန်ညင်းစေ့ကဲ့သို့၎င်း, လျှပ်ပြက်သကဲ့သို့၎င်း, လျင်မြန်တိုတောင်းသော ကာလမျှ တည်ကုန်သည်ဟူ၍လည်း ထင်ပေါ်ကုန်၏။ မျက်လှည့်, တံလှပ်, အိပ်မက်, ညဉ့်မှောင်ထဲ၌ မြင်ရသော မီးစစက်ဝိုင်း, ဂန္ဓဗ္ဗနတ် ကျတ်သူရဲတို့ ဖန်ဆင်းပြသော မြို့, ရေမြုပ်စိုင်, ငှက်ပျောတုံး စသည်တို့ကဲ့သို့ အနှစ်မရှိကုန် အနှစ်ကင်းကုန်၏ ဟူ၍လည်း ထင်ပေါ်ကုန်၏။

     ဤမျှ (အားထုတ်ခဲ့သော ဘာဝနာအစီအရင်)ဖြင့် ဤယောဂီသည် ''ပျက်ခြင်းသဘောရှိသော တရားသည်သာလျှင် ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ်လာပြီးသော တရားသည်လည်း ပျက်ခြင်း ကွယ်ပျောက်ခြင်းသို့ ရောက်လေ၏'' ဟူသော အခြင်းအရာဖြင့် ငါးဆယ်တိတိသော လက္ခဏာတို့ကို ထိုးထွင်းသိလျက် တည်သော (အဖြစ်အပျက်ကို ရှုမြင်သောကြောင့်) ဥဒယဗ္ဗယာနုပဿနာမည်သော နုသော ဝိပဿနာဉာဏ်ကို ရပြီး ဖြစ်ပေ၏၊ ယင်း နုသော ဝိပဿနာဉာဏ်ကို ရခြင်းကြောင့် အားထုတ်စ ပြုပြီးသော ဝိပဿနာရှုသူ (အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်)ဟူသော အရေအတွက်သို့ ရောက်၏။

ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသတို့ကို ပြဆိုချက်

     ၇၃၂။ ထိုအခါ၌ ဤနုသော ဝိပဿနာဖြင့် အားထုတ်စ ပြုပြီးသော ဝိပဿနာရှုသူ (အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်)ဖြစ်သော ဤယောဂီအား ဆယ်ပါးသော ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသတို့သည် ဖြစ်ပေါ်လာကုန်၏၊ မှန်ပေ၏၊ ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသတို့သည် မဂ် ဖိုလ် နိဗ္ဗာန်ဟူသော ပဋိဝေဓသို့ ရောက်ပြီးသော အရိယာသာဝကအား၎င်း, ဖောက်ပြန် မှားယွင်းစွာ ကျင့်သော ပုဂ္ဂိုလ်အား၎င်း,


မှတ်ချက်

     ၁- ဤမျှ (အားထုတ်ခဲ့သော ဘာဝနာအစီအရင်)ဖြင့် ဟူရာ၌ ဘာဝနာအစီအရင် ဟူသည်မှာ ''ဖြစ်ပေါ်ဆဲဖြစ်သော ရုပ်သည် ပစ္စုပ္ပန်မည်၏'' ဤသို့ အစရှိသော ပါဠိနည်းကို အစဉ်လိုက်၍သော်၎င်း ''အတိတ်ဖြစ်စေ အနာဂတ်ဖြစ်စေ ပစ္စုပ္ပန်ဖြစ်စေ အကြင် တစုံတခုသော ရုပ်သည် ရှိ၏'' ဤသို့ အစရှိသော ပါဠိနည်းကို အစဉ်လိုက်၍သော်၎င်း အဖြစ်အပျက်ကို ထိုးထွင်း၍ သိသည်တိုင်အောင် အားထုတ်ခဲ့သော ဘာဝနာအစီအရင်ပေတည်း။

၃၄၈

ကမ္မဋ္ဌာန်းကို ချထား၍ ရပ်နားနေသော ပုဂ္ဂိုလ်အား၎င်း, ပျင်းရိ(စွာ အားထုတ်နေ)သော ပုဂ္ဂိုလ်အား၎င်း မဖြစ်ပေါ်ကုန်၊ အမှန်အားဖြင့်သော်ကား နည်းလမ်းမှန်စွာ ကျင့်သည်ဖြစ်၍ မပြတ်မစဲ အားထုတ်နေသော (ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်သည်တိုင်အောင်) အားထုတ်စပြုပြီးသော ဝိပဿနာရှုသူဖြစ်သော အမျိုးကောင်းသားအား ဖြစ်ပေါ်ကုန်သည်သာလျှင်တည်း

     ထိုဆယ်ပါးသော ဥပက္ကိလေသတို့သည် အဘယ်သည်တို့နည်းဟူမူ? (၁) ဩဘာသ-အရောင်အလင်း၊ (၂) ဉာဏ-ဉာဏ်၊ (၃) ပီတိ-နှစ်သိမ့် ဝမ်းမြောက်ခြင်း၊ (၄) ပဿဒ္ဓိ-ငြိမ်းအေးခြင်း၊ (၅) သုခ-ချမ်းသာခြင်း၊ (၆) အဓိ မောက္ခ- ယုံကြည်ဆုံးဖြတ်ခြင်း၊ (၇) ပဂ္ဂဟ-ချီးမြှောက် အားထုတ်ခြင်း၊ (၈) ဥပဋ္ဌာန-သတိထင်ခြင်း၊ (၉) ဥပေက္ခာ-အညီအမျှ လျစ်လျူရှုခြင်း၊ (၁ဝ) နိကန္တိ-ငြိကပ် တွယ်တာခြင်း၊ ဤဆယ်ပါးတို့ပင်တည်း။ မှန်ပေ၏၊

''တရားထူးဟု ထင်မှတ်သော ပျံ့လွင့်မှုက ဖောက်ပြန်စွာ ယူအပ် ဖြစ်စေအပ်သော စိတ်သည် အဘယ်သို့ဖြစ်သနည်းဟူမူ? မမြဲဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား အရောင်အလင်းသည် ဖြစ်ပေါ်လာ၏၊ ''အရောင်အလင်းသည် တရားထူးတည်း''ဟု အရောင်အလင်းကို နှလုံးသွင်း ဆင်ခြင်၏၊ ထိုသို့ နှလုံးသွင်း ဆင်ခြင်ခြင်းကြောင့် ပျံ့လွင့်ခြင်းသည် ဥဒ္ဓစ္စမည်၏၊ ထိုပျံ့လွင့်သော ဥဒ္ဓစ္စက မှားယွင်းစွာ ယူအပ် ဖြစ်စေအပ်သည့် စိတ်ရှိသော ပုဂ္ဂိုလ်သည် မမြဲသော အခြင်းအရာအားဖြင့် ထင်ခြင်းကို ဟုတ်တိုင်းမှန်စွာ မသိ။ ဆင်းရဲသော အခြင်းအရာအားဖြင့်။ အတ္တမဟုတ်သော အခြင်းအရာအားဖြင့် ထင်ခြင်းကို ဟုတ်တိုင်းမှန်စွာ မသိ''။

ထို့အတူ ''မမြဲဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား ဉာဏ်သည် ဖြစ်ပေါ်လာ၏ ။ပ။ ပီတိသည်။ ပဿဒ္ဓိသည်။ သုခသည်။ အဓိမောက္ခသည်။


မှတ်ချက်

     ၁- ဖြစ်ပေါ်ကုန်သည်သာလျှင်တည်း၊ မဖြစ်ပေါ်ကုန်သည် မဟုတ်- မဖြစ်ပေါ်ပဲ နေကြသည်ဟူ၍ မရှိ၊ အဘယ့်ကြောင့်နည်းဟူမူ? ဩဘာသစသော ဥပက္ကိလေသတို့ မဖြစ်လျှင် ထိုယောဂီပုဂ္ဂိုလ်အား မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိဖြစ်ခွင့် မရှိသောကြောင့်ပေတည်း။ (ဋီကာအဖွင့်)

၃၄၉

ပဂ္ဂဟသည်။ ဥပဋ္ဌာနသည်။ ဥပေက္ခာသည်။ နိကန္တိသည် ဖြစ်ပေါ်လာ၏။ ''နိကန္တိသည် တရားထူးတည်း''ဟု နိကန္တိကို နှလုံးသွင်း ဆင်ခြင်၏။ ထိုသို့ နှလုံးသွင်း ဆင်ခြင်ခြင်းကြောင့် ပျံ့လွင့်ခြင်းသည် ဥဒ္ဓစ္စမည်၏၊ ထိုပျံ့လွင့်သော ဥဒ္ဓစ္စက ဖောက်ပြန်စွာ ယူအပ် ဖြစ်စေအပ်သည့် စိတ်ရှိသော ပုဂ္ဂိုလ်သည် မမြဲသော အခြင်းအရာအားဖြင့် ထင်ခြင်းကို ဟုတ်တိုင်းမှန်စွာ မသိ။ ဆင်းရဲသော အခြင်းအရာအားဖြင့်။ အတ္တမဟုတ်သော အခြင်းအရာအားဖြင့် ထင်ခြင်းကို ဟုတ်တိုင်းမှန်စွာ မသိ''ဟူသော-

ဤစကားကို (ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌) ဟောတော်မူ(အပ်)၏။

     [၂၇ဝ] ၇၃၃။ ထိုဩဘာသစသော ဆယ်ပါးသော ဥပက္ကိလေသတို့တွင် ဩဘာသ အရောင်အလင်း ဟူသည်ကား ဝိပဿနာ(စိတ်ကြောင့် ဖြစ်သော) အရောင်အလင်းတည်း။ ထိုအရောင်အလင်း ဖြစ်လတ်သော် ယောဂီပုဂ္ဂိုလ်သည် ''ဤမှ ရှေးကာလ၌ ငါ့အား ဤသို့သဘောရှိသော အရောင်အလင်းသည် စင်စစ်အားဖြင့် မဖြစ်ပေါ်ခဲ့ဘူးသေး၊ မချွတ်ဧကန်ပင် ငါသည် မဂ်သို့ ရောက်ပြီ ဖိုလ်သို့ ရောက်ပြီ''ဟု မဂ်မဟုတ်သည်ကိုပင်လျှင် မဂ်ဟူ၍၎င်း, ဖိုလ်မဟုတ်သည်ကိုပင်လျှင် ဖိုလ်ဟူ၍၎င်း ယူ၏၊ မဂ်မဟုတ်သည်ကို မဂ်ဟူ၍၎င်း, ဖိုလ်မဟုတ်သည်ကို ဖိုလ်ဟူ၍၎င်း ယူလျှင် ထိုယောဂီ၏ ဝိပဿနာလမ်းသည် ဘေးသို့ ဖဲ့သွားသည်မည်၏၊ ထိုယောဂီသည် မိမိ၏ မူလကမ္မဋ္ဌာန်းကို စွန့်လွှတ်ပြီးလျှင် အရောင်အလင်းကိုသာလျှင် သာယာလျက် နေလေတော့၏။

     ထိုသို့ (ဖြစ်ပေါ်လာ)သော ဤအလင်းရောင်သည် အချို့သော ရဟန်းအား တင်ပလ္လင်ခွေ အရပ်ဌာနကိုသာလျှင် လင်းစေလျက် ဖြစ်ပေါ်၏၊ အချို့သော ရဟန်းအား တိုက်ခန်းတွင်းအရပ်ကို။ အချို့သော ရဟန်းအား တိုက်ခန်း အပြင်ဘက်ကိုသော်လည်း။ အချို့သော ရဟန်းအား တကျောင်းလုံးကို။ တဂါဝုတ် အရပ်ကို။ ယူဇနာခွဲ အရပ်ကို။ တယူဇနာ အရပ်ကို။ နှစ်ယူဇနာ အရပ်ကို။ သုံးယူဇနာ အရပ်ကို ။ပ။ အချို့သော ရဟန်းအား မြေပြင်မှ အကနိဋ္ဌ ဗြဟ္မာပြည်တိုင်အောင် တခုတည်းသော အရောင်အလင်းရှိသည်ကို ပြုလျက် ဖြစ်ပေါ်၏၊ မြတ်စွာဘုရားမှာမူကား တသောင်းသော လောကဓာတ်ကို လင်းစေလျက် ဖြစ်ပေါ်လေ၏။

၃၅၀

     ထိုအရောင်အလင်း၏ ဤသို့ ထူးခြားသော အတိုင်းအရှည်ရှိရာ၌ အောက်ပါမှာ သာဓကဝတ္ထုတည်း-

     တဆင့်စကား ကြားရသည်မှာ- စိတ္တလတောင်တွင် နံရံ နှစ်ထပ်ရှိသော ကျောင်းဆောင်၏ အတွင်း၌ ၂-ပါးသော မထေရ်တို့သည် ထိုင်လျက် နေကုန်၏။ ထိုနေ့သည်လည်း လကွယ်ဥပုသ်နေ့ ဖြစ်၏၊ အရပ်မျက်နှာတို့ကို မိုဃ်းတိမ်လွှာ ဖုံးအုပ်လျက် ရှိ၏၊ ညဉ့်အချိန်၌ အင်္ဂါလေးပါးရှိသော အမှောင်သည် ဖြစ်လျက် ရှိ၏၊ ထိုအခါ တပါးသောမထေရ်က ''အရှင်ဘုရား၊ ယခုအခါ အကျွန်ုပ်မှာ စေတီယင်ပြင်က သီဟာသနခေါ် မြတ်သောနေရာ၌ ငါးပါးသော အဆင်းရှိသော ပန်းတို့သည် ထင်ပေါ်နေပါကုန်၏''ဟု ဆို၏။ ထိုမထေရ်ကို အခြားမထေရ်က ''ငါ့ရှင်၊ အံ့ဖွယ် မဟုတ်သည်ကို ပြောဘိ၏၊ ငါ့မှာမူ ယခုအခါ မဟာသမုဒ္ဒရာထဲက တယူဇနာခန့်ကျယ်သော အရပ်၌ ငါးနှင့် လိပ်တို့သည် ထင်ပေါ်နေကုန်၏''ဟု ဆို၏။


မှတ်ချက်

     ၁- အပြင်နံရံ၏ အတွင်း၌လည်း အလယ်ခန်းအဖြစ်ဖြင့် ပတ်လည်လှည့်လျက် ကာရံထားသော အတွင်းနံရံ ၁-ခု ရှိသောကြောင့် ထိုနံရံ ၂-ခုတို့၏ အကြား၌ လှည့်လည်သွားနိုင်သော ပတ်လည်းစင်္ကြံခန်း ဖြစ်လျက်ရှိသည်၊ သို့ဖြစ်၍ အတွင်းနံရံအတွင်း အလယ်ဗဟို အခန်းထဲ၌ ထိုင်နေကြသော မထေရ် ၂-ပါးမှာ ပကတိအလင်းရောင် မရှိကြောင်း သိစေရန် ''နံရံ ၂-ထပ်ရှိသော''ဟု အထူးဖော်ပြသည်။

     ၂- အင်္ဂါလေးပါးရှိသော အမှောင်ဟူရာ၌ အင်္ဂါလေးပါး ဟူသည်မှာ (၁) ၁၄-ရက်မြောက် လကွယ်ဥပုသ်နေ့ ဖြစ်ခြင်း၊ (၂) ညဉ့်သန်းခေါင်အချိန် ဖြစ်ခြင်း၊ (၃) ထူထပ်သော တောအုပ်အလယ် ဖြစ်ခြင်း၊ (၄) မိုဃ်းတိမ် ဖုံးအုပ်လျက် ရှိခြင်း- ဤအင်္ဂါလေးပါးဖြစ်ကြောင်း ပါရာဇိကကဏ္ဍ အဋ္ဌကထာ စသည်၌ ဆို၏။ မဟာနိဒ္ဒေသ ပါဠိ၌ကား ထို၄-ပါးတို့တွင် သန်းခေါင်အချိန်အစား သူရိယော ဝါ အတ္ထင်္ဂတော- နေဝင်ပြီးသော အချိန်-ဟု သာမန် ညဥ့်အချိန်ကို ပြထား၏။

     ၃- သီဟာသန- မြတ်သောနေရာ ဟူသည်ကား စေတီယင်ပြင်၌ ပူဇော်သောပန်းတို့ တင်ထားရာဖြစ်သော ပလ္လင်ခုံနေရာ ဖြစ်သည်။ ၎င်းခုံ၏ အခြေအောက်စ၌ ခြင်္သေ့၏ လက်သည်း ခြေသည်းများနှင့်တကွ လက်ခြေပုံသဏ္ဌာန် ပြုထားသည်-ဟူ၏။

၃၅၁

     ဤဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသသည် များသောအားဖြင့် သမထနှင့် ဝိပဿနာ နှစ်ပါးလုံးကို ရသောသူအား ဖြစ်တတ်၏၊ သမထနှင့် ဝိပဿနာ နှစ်ပါးလုံးကိုရသော ထိုယောဂီသည် သမာပတ်ဖြင့် ခွါအပ်ပြီးသော ကိလေသာတို့၏ မဖြစ်ပေါ်လာခြင်းကြောင့် ''ငါသည် ရဟန္တာတည်း''ဟု ထင်သော စိတ်ကို ဖြစ်စေ၏၊ (အဘယ်ကဲ့သို့နည်းဟူမူ?) ဥစ္စဝါလိကအရပ်၌ သီတင်းသုံးသော မဟာနာဂမထေရ်ကဲ့သို့၎င်း, ဟံကနအရပ်၌ သီတင်းသုံးသော မဟာဒတ္တမထေရ်ကဲ့သို့၎င်း, စိတ္တလတောင် နိကပေန္နက ကမ္မဋ္ဌာန်းကျောင်း၌ သီတင်းသုံသော စူဠသုမနမထေရ်ကဲ့သို့၎င်းပင် ဖြစ်ပေသည်။ ထိုတွင် အောက်ပါမှာ တခုသောဝတ္ထုကို ပြဆိုချက်တည်း-

     တလင်္ဂရအရပ်၌ သီတင်းသုံးသော ဓမ္မဒိန္နမထေရ် အမည်ရှိသော ကွဲပြား ထူးခြားသော ပဋိသမ္ဘိဒါနှင့် ပြည့်စုံသော ရဟန္တာမထေရ်ကြီးတပါးသည် များစွာသော ရဟန်းသံဃာအား [၂၇၁] အဆုံးအမဩဝါဒပေးသော မထေရ် ဖြစ်သတတ်၊ ထိုဓမ္မဒိန္နမထေရ်သည် တနေ့သောအခါ မိမိ၏ နေ့သန့်စင်ရာအရပ်၌ ထိုင်နေလျက် ''ငါတို့၏ ဆရာဖြစ်သော ဥစ္စဝါလိကအရပ်၌ သီတင်းသုံးသော မဟာနာဂမထေရ်ကြီးအား ရဟန်းအဖြစ် ကိစ္စသည် အပြီးအဆုံးသို့ ရောက်ပြီလေလော၊ မရောက်သေးဘူးလေလော''ဟု ဆင်ခြင်လတ်သော် ထိုမထေရ်ကြီး၏ ပုထုဇဉ်အဖြစ်ကိုသာလျှင် တွေ့မြင်၍ ''ငါမသွားသည်ရှိသော် ပုထုဇဉ်၏ သေခြင်းကိုသာလျှင် ပြုရရှာလိမ့်မည်''ဟု သိသောကြောင့် တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်သွားပြီးလျှင် နေ့သန့်စင်ရာအရပ်၌ ထိုင်နေသော မဟာနာဂမထေရ်ကြီး၏ အနီး၌ သက်ဆင်း၍ ရှိခိုးလျက် အရိုအသေပေးမှုဝတ်ကို ပြုပြီးလျှင် တခုသော နေရာ၌ ထိုင်နေလေ၏၊ ''ငါ့ရှင် ဓမ္မဒိန္န၊ အခါမဟုတ်ပဲ အဘယ့်ကြောင့် လာသနည်း''ဟု မေးလတ်သော် ''ပြဿနာကို မေးခြင်းငှါ လာခဲ့ပါသည် အရှင်ဘုရား''ဟု လျှောက်၏၊ ထိုအခါ ''ငါ့ရှင်၊ မေးပေတော့၊ သိလျှင် ဖြေကုန်အံ့''ဟု ဆိုလတ်သော် ပြဿနာပေါင်း တထောင်ကို မေးလျှောက်လေ၏။

     မဟာနာဂမထေရ်သည် မေးတိုင်း မေးတိုင်းကို ငြိတွယ်ဖင့်နှေးခြင်း မရှိမူ၍သာလျှင် ဖြေကြားလေ၏။ ထိုအခါ ''အရှင်ဘုရား၊ အရှင်ဘုရားတို့၏ ဉာဏ်သည် အလွန်ပင် ထက်မြက်ပါပေသည်။ အရှင်ဘုရားတို့သည် ဤတရားကို ဘယ်အခါက ရထားပါသနည်း''ဟု လျှောက်ထားလတ်သော်

၃၅၂

''ယခုအခါမှ အနှစ်ခြောက်ဆယ် ကာလက ရခဲ့သည် ငါ့ရှင်''ဟု ဆို၏။ ''အရှင်ဘုရား၊ သမာဓိကိုလည်း အသုံးပြုပါကုန်သေးသလော''ဟု မေးလတ်သော် ''ငါ့ရှင်၊ ဤသမာဓိကို အသုံးပြုခြင်းသည် ဝန်မလေး''ဟု ဆို၏။ ''သို့ဖြစ်လျှင် အရှင်ဘုရား၊ ဆင်တကောင်ကို ဖန်ဆင်းပါကုန်လော့''ဟု လျှောက်၏။ မဟာနာဂမထေရ်သည် အလုံးစုံဖြူသော ဆင်ကို (အဘိညာဉ်ဖြင့်) ဖန်ဆင်း၏။ ''အရှင်ဘုရား၊ ယခုအခါ ဤဆင်သည် နားရွက်ကုပ်လျက် အမြီးကိုထောင်၍ နှာမောင်းကို ခံတွင်း၌ ထည့်ပြီးလျှင် ကြောက်မက်ဖွယ်ကောင်းသော ဆင်အော်သံကို ပြုလျက် အရှင်ဘုရားတို့ဆီသို့ ရှေးရှုပြုလျက် လာအောင် ထိုဆင်ကို ပြုပါကုန်ဦးလော့''ဟု လျှောက်၏။ မဟာနာဂမထေရ်သည် ထိုသို့ လျှောက်သည့်အတိုင်း ပြုပြီးလျှင် လျင်သောအဟုန်ဖြင့် ပြေးလာသော ဆင်၏ ကြောက်မက်ဖွယ်ကောင်းသော အခြင်းအရာကို မြင်လတ်သော် ထ၍ပြေးရန် အားထုတ်လေ၏။ ထိုသို့ (ပြေးရန်အားထုတ်)သော ဤမဟာနာဂမထေရ်ကို ဓမ္မဒိန္န ရဟန္တာမထေရ်သည် လက်ကိုဆန့်၍ သင်္ကန်းစွန်၌ ဆွဲကိုင်လျက် ''အရှင်ဘုရား၊ ရဟန္တာပုဂ္ဂိုလ်အား ကြောက်ရွံ့ခြင်းမည်သည် ရှိပါသေးသလော''ဟု လျှောက်၏။

     ထိုမဟာနာဂမထေရ်သည် ထိုအခါ၌ မိမိ၏ ပုထုဇဉ်အဖြစ်ကို သိ၍ ''ငါ့ရှင် ဓမ္မဒိန္န၊ ငါ၏ အားထားမှီခိုရာ ဖြစ်ပါလော့''ဟု ဆိုလျက် ခြေရင်း (ခြေအနီး)၌ ဆောင့်ကြောင့်ထိုင်နေ၏။ ''အရှင်ဘုရား၊ အကျွန်ုပ်သည် အရှင်ဘုရားတို့၏ အားထားမှီခိုရာ ဖြစ်စေမည်ဟု ရည်ရွယ်၍ လာခဲ့ပါသည်၊ မစိုးရိမ်ပါကုန်လင့်''ဟု ဆို၍ ကမ္မဋ္ဌာန်းကို ဟောကြား၏။ မဟာနာဂမထေရ်သည် ကမ္မဋ္ဌာန်းကို ယူပြီးလျှင် စင်္ကြန်သို့တက်၍ (အားထုတ်လတ်သော်) တတိယခြေလှမ်း၌ ရဟန္တာ၏ အဖြစ်ဟူသော အမြတ်ဆုံးဖိုလ်သို့ ရောက်တော်မူလေ၏။ မဟာနာဂမထေရ်သည် ဒေါသပြောသော ဒေါသစရိုက် ရှိသတတ်။ ဤသို့သဘောရှိသော ရဟန်းတို့သည် အရောင်အလင်းကြောင့် တုန်လှုပ်ကုန်၏။ (၁)

     ၇၃၄။ ဉာဏ-ဉာဏ် ဟူသည်ကား ဝိပဿနာဉာဏ်တည်း။ ရုပ်နာမ်တရားတို့ကို နှိုင်းချိန်စူးစမ်းသော ထိုယောဂီအား ပစ်လွှတ်လိုက်သော သကြားမင်း၏ ဝရဇိန်လက်နက်ကဲ့သို့ မပျက်သော အဟုန်ရှိသည်ဖြစ်၍ ထက်မြက် ရဲရင့်သော အလွန်သန့်ရှင်းသော အသိဉာဏ်သည် ဖြစ်ပေါ်လာသတတ်။ (၂)

၃၅၃

     [၂၇၂] ပီတိ-ဟူသည်ကား ဝိပဿနာဉာဏ်နှင့် ယှဉ်သော ပီတိတည်း။ ထိုယောဂီအား ထိုအခါ၌ အနည်းငယ် နှစ်သိမ့် ဝမ်းမြောက်မှုဟူသော ခုဒ္ဒိကာပီတိ, ခဏခဏဆင့်၍ဖြစ်သော နှစ်သိမ့် ဝမ်းမြောက်မှုဟူသော ခဏိကာပီတိ, လှိုက်လှိုက်လှဲလှဲ သက်ဝင်လျက် နှစ်သိမ့်ဝမ်းမြောက်မှုဟူသော ဩက္ကန္တိကာပီတိ, ခုန်ကြွတက်စေတတ်သော နှစ်သိမ့် ဝမ်းမြောက်မှုဟူသော ဥဗ္ဗေဂါပီတိ, တကိုယ်လုံး၌ နှံ့စေလျက် နှစ်သိမ့်ဝမ်းမြောက်မှုဟူသော ဖရဏပီတိဟူ၍ ငါးပါးအပြားရှိသော ဤနှစ်သိမ့်ဝမ်းမြောက်မှု- ပီတိသည်လည်း တကိုယ်လုံးကို ပြည့်စေလျက် ဖြစ်ပေါ်လာသတတ်။ (၃)

     ပဿဒ္ဓိ- ငြိမ်းအေးခြင်း ဟူသည်ကား ဝိပဿနာဉာဏ်နှင့် ယှဉ်သော ကိုယ်စိတ်၏ ငြိမ်းအေးမှု- ပဿဒ္ဓိပေတည်း။ ထိုအခါ၌ ညဉ့်သန့်စင်ရာ အရပ်၌ဖြစ်စေ နေ့သန့်စင်ရာ အရပ်၌ဖြစ်စေ ထိုင်(လျက် အားထုတ်)နေသော ထို ယောဂီအား ကိုယ်စိတ်တို့၏ ပူပန်ခြင်းမည်သည် မရှိ၊ လေးလံခြင်းမည်သည် မရှိ၊ ကြမ်းတမ်း ခက်ထန်ခြင်းမည်သည် မရှိ၊ အမှု၌ မခံ့ခြင်း- မပြုစွမ်းနိုင်ခြင်းမည်သည် မရှိ၊ မကျန်းမာခြင်းမည်သည် မရှိ၊ ကောက်ကျစ်ခြင်းမည်သည် မရှိ၊ စင်စစ်အားဖြင့်သော်ကား ကိုယ်နှင့်စိတ်တို့သည် ငြိမ်းအေးကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ပေါးပါးကုန်သည် နူးညံ့ကုန်သည် အမှု၌ ခံ့ကုန်သည် ကောင်းစွာ သန့်ရှင်း သန်စွမ်းကုန်သည် ဖြောင့်မတ်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုယောဂီသည် ဤငြိမ်းအေးခြင်း စသည်တို့ဖြင့် ချီးမြှောက် ထောက်ပံ့အပ်သော ကိုယ်စိတ်ရှိသည်ဖြစ်၍ ထိုအခါ၌ လူတို့နှင့်မဆိုင်သော ပျော်မွေ့ခြင်းမည်သည်ကို ခံစားရ၏၊ ယင်းသို့သော ပျော်မွေ့ခြင်းကို ရည်၍-


မှတ်ချက်

     ၁- ပီတိငါးမျိုးဖြစ်ပုံကို အကျယ်အားဖြင့် သိလိုလျှင် ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ စာမျက်နှာ (ဆဋ္ဌနှိပ်) ၁၆၇-(သတ္တမနှိပ်) ၁၇၄-၌ ကြည့်ပါ။ အခြား ဥပက္ကိလေသတို့၏ အနက်အဓိပ္ပါယ် အကျယ်ကိုလည်း ၎င်းကျမ်း၌ပင် ကြည့်ပါလေ။

     ၂- လူတို့နှင့် မဆိုင်သော- ဟူသည်မှာ ထိုသို့သော ဘာဝနာဖြင့် ပျော်မွေ့ခြင်းကို သာမန်လူသားတို့ မရောက်နိုင် မရနိုင်၊ ဥဒယဗ္ဗယဉာဏ်နှင့် ပြည့်စုံသော ယောဂီပုဂ္ဂိုလ်တို့သည်သာလျှင် ရနိုင်ကောင်းသောကြောင့် ထိုသို့ဆိုပေသည်။

၃၅၄

''ဆိတ်ငြိမ်သော ကမ္မဋ္ဌာန်းကျောင်းသို့ ဝင်လျက် ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ ရုပ်နာမ်တရားကို မှန်ကန်စွာမြင်သော ရဟန်းအား လူတို့နှင့်မဆိုင်သော ပျော်မွေ့ခြင်းသည် ဖြစ်ပေါ်၏။

အကြင် အကြင် ရုပ်အဖို့ နာမ်အဖို့မှ ခန္ဓာတို့၏ အဖြစ်အပျက်ကို သုံးသပ်၏၊ ထိုထို သုံးသပ်တိုင်းသော ရုပ်အဖို့ နာမ်အဖို့မှ ဝမ်းမြောက်ခြင်း-ပီတိ, နှစ်သိမ့်အားရခြင်း- ပါမောဇ္ဇကို ရ၏။ ထိုပီတိပါမောဇ္ဇသည် အဖြစ်အပျက်ကို သိမြင်သော ယောဂီတို့၏ အမြိုက်နိဗ္ဗာန်ပေတည်း''ဟု..

မြတ်စွာဘုရား ဟောကြားတော်မူပေသည်။ ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီအား လူတို့နှင့် မဆိုင်သော ဤပျော်မွေ့ခြင်းကို ပြီးစေလျက် ပေါ့ပါးခြင်း-လဟုတာ စသည်တို့နှင့် ယှဉ်သော ငြိမ်းအေးမှု-ပဿဒ္ဓိသည် ဖြစ်ပေါ်လာ၏။ (၄)

     သုခ ဟူသည်ကား ဝိပဿနာဉာဏ်နှင့် ယှဉ်သော ချမ်းသာ-သုခတည်း။ ထိုယောဂီအား ထိုအခါ၌ တကိုယ်လုံးကို စိုပျိုစေလျက် အလွန်ကောင်းမြတ်သော ချမ်းသာသည် ဖြစ်ပေါ်လာသတတ်။ (၅)

     အဓိမောက္ခ- ဆုံးဖြတ်ခြင်း ဟူသည်ကား ယုံကြည်မှု ကြည်လင်မှု သဒ္ဓါတရားတည်း။ ထိုယောဂီအား ဝိပဿနာနှင့် ယှဉ်သည်သာလျှင် ဖြစ်သော စိတ် စေတသိက်တို့ကို အလွန်အကဲ ကြည်လင်စေတတ်သော အားကြီးသော ယုံကြည်မှု- သဒ္ဓါတရားသည် ဖြစ်ပေါ်လာ၏။ (၆)

     ပဂ္ဂဟ- ချီးမြှောက်ခြင်း ဟူသည်ကား အားထုတ်မှု လုံ့လ-ဝီရိယတည်း။ ထိုယောဂီအား ဝိပဿနာနှင့် ယှဉ်သည်သာလျှင် ဖြစ်သော မလျော့လွန်း မတင်းလွန်းသော ကောင်းစွာ ချီးမြှောက်အပ်သော အားထုတ်မှု- ဝီရိယသည် ဖြစ်ပေါ်လာ၏။ (၇)

     ဥပဋ္ဌာန-ထင်ခြင်း ဟူသည်ကား အမှတ်ရမှု- သတိတည်း။ ထိုယောဂီအား ဝိပဿနာနှင့် ယှဉ်သည်သာလျှင်ဖြစ်သော ကောင်းစွာထင်သော ကောင်းစွာ တည်တံ့သော မြေဝင်များသော တိုင်ကဲ့သို့ မလှုပ်ရှားသော, တောင်မင်းနှင့်တူသော အမှတ်ရမှု- သတိသည် ဖြစ်ပေါ်လာ၏။ ထိုယောဂီသည် အကြင် အကြင် အရာဌာနကို ဆင်ခြင်ငြားအံ့ စဉ်းစားငြားအံ့

၃၅၅

နှလုံးသွင်းငြားအံ့ ရှေးရှုသက်ဝင်၍ ရှုငြားအံ့၊ ထိုထို ဆင်ခြင်တိုင်းသော အရာဌာနသည် ဒိဗ္ဗစက္ခုအဘိညာဉ်ရသော ပုဂ္ဂိုလ်အား တပါးသော လောကသည် ထင်ပေါ်လာသကဲ့သို့ ထိုယောဂီ၏ အမှတ်ရမှု-သတိ၌ သက်ဝင်၍ ပြေးဝင်၍ ထင်ပေါ်လာ၏။ (၈)

     [၂၇၃] ဥပေက္ခာ ဟူသည်ကား ဝိပဿနုပေက္ခာနှင့် အာဝဇ္ဇန်း ဥပေက္ခာပေတည်း။ ထိုယောဂီအား ထိုအခါ၌ အလုံးစုံသော သင်္ခါရတို့၌ အလယ်အလတ် သဘောဖြစ်သော ဝိပဿနုပေက္ခာသည်လည်း အားကြီးစွာ ဖြစ်ပေါ်၏၊ မနောဒွါရ၌ ဆင်ခြင်မှု-အာဝဇ္ဇန်း ဥပေက္ခာသည်လည်း အားကြီးစွာ ဖြစ်ပေါ်၏၊ မှန်ပေ၏၊ ထိုအာဝဇ္ဇန်း ဥပေက္ခာသည် ထိုထိုအရာဌာနကို ဆင်ခြင်သော ထိုယောဂီအား ပစ်လွှတ်လိုက်သော သိကြားမင်း၏ ဝရဇိန်လက်နက်ကဲ့သို့၎င်း, ဖက်ခွက်၌ ပြေးဝင်သော ထက်မြက်သော စင်းသွားမြှားကဲ့သို့၎င်း ရဲရင့်ထက်မြက်သည်ဖြစ်၍ ဆောင်သွား၏။ (၉)

     နိကန္တိ- ငြိကပ်တွယ်တာခြင်း ဟူသည်ကား ဝိပဿနာ၌ ငြိကပ်တွယ်တာခြင်းတည်း။ ထိုယောဂီအား ဤဆိုခဲ့သည့်အတိုင်း အရောင်အလင်း စသည်တို့ဖြင့် တန်းဆာဆင်အပ်သော ဝိပဿနာ၌ ငြိကပ်တွယ်တာခြင်းကို ပြုလျက် သိမ်မွေ့သော ငြိမ်သက်သော အခြင်းအရာရှိသော နှစ်သက်ပျော်မွေ့မှု- နိကန္တိသည် ဖြစ်ပေါ်လာ၏၊ ယင်းသို့သော နိကန္တိကို ကိလေသာဟု သိမ်းဆည်းရန် သိရန်ပင် မစွမ်းနိုင်ပဲ ရှိတတ်၏။ (၁ဝ)

     အရောင်အလင်း ဖြစ်ပေါ်လာရာ၌ကဲ့သို့ ထို့အတူပင် ဤဉာဏ် စသည်တို့တွင်လည်း တပါးပါး ဖြစ်ပေါ်လာလတ်သော် ယောဂီပုဂ္ဂိုလ်သည် ''ဤမှ ရှေးကာလ၌ ငါအား ဤသို့သဘောရှိသော ဉာဏ်သည် စင်စစ်အားဖြင့် မဖြစ်ပေါ်ခဲ့ဘူးသေး၊ ဤသို့ သဘောရှိသော ဝမ်းမြောက်မှုသည်၊ ငြိမ်းအေးမှုသည်၊ ချမ်းသာသည်၊ ယုံကြည်မှု စိတ်ကြည်လင်မှုသည်၊ လုံ့လသည်၊ သတိသည်၊ ညီမျှမှု ဥပေက္ခာသည်၊ ပျော်မွေ့မှု- (နိကန္တိ)သည် စင်စစ်အားဖြင့် မဖြစ်ပေါ်ခဲ့ဘူးသေး၊ မချွတ်ဧကန်ပင် ငါသည် မဂ်သို့ရောက်ပြီ ဖိုလ်သို့ရောက်ပြီ''ဟု မဂ်မဟုတ်သည်ကိုပင်လျှင် မဂ်ဟူ၍၎င်း ဖိုလ်မဟုတ်သည်ကိုပင်လျှင် ဖိုလ်ဟူ၍၎င်း ယူ၏။ မဂ်မဟုတ်သည်ကိုပင်လျှင် မဂ်ဟူ၍၎င်း ဖိုလ် မဟုတ်သည်ကိုပင်လျှင် ဖိုလ်ဟူ၍၎င်း ယူလျှင် ထိုယောဂီ၏ ဝိပဿနာလမ်းသည်

၃၅၆

ဘေးသို့ ဖဲ့သွားသည် မည်၏၊ ထိုယောဂီသည် မိမိ၏ မူလကမ္မဋ္ဌာန်းကို စွန့်လွှတ်ပြီးလျှင် ပျော်မွေ့မှု- နိကန္တိကိုသာလျှင် သာယာလျက် နေလေတော့၏။

     ၇၃၅။ ဤဆယ်ပါးတို့တွင် ဩဘာသ အစရှိသော ၉-ပါးတို့သည် ဥပက္ကိလေသ၏ အာရုံဝတ္ထု ဖြစ်သောကြောင့် (၎င်းတို့ကို) ဥပက္ကိလေသတို့ဟု ဆိုထားလေသည်၊ အကုသိုလ်ဖြစ်သောကြောင့် ဆိုသည်ကား မဟုတ်။ နိကန္တိသည်ကား ဥပက္ကိလေသလည်း ဖြစ်၏၊ ဥပက္ကိလေသ၏ အာရုံဝတ္ထုလည်း ဖြစ်၏။ ဤ ဥပက္ကိလေသတို့သည် အာရုံဝတ္ထုအလိုအားဖြင့်သာလျှင် ဆယ်ပါး ဖြစ်ကုန်၏၊ စွဲလမ်းမှု (ဂါဟ)အလိုအားဖြင့်မူကား သုံးဆယ် ဖြစ်ကုန်၏။ အဘယ်သို့နည်းဟူမူ? ''ငါ့အား အရောင်အလင်း ဖြစ်ပေါ်သည်''ဟု ယူသော သူအား ဒိဋ္ဌိစွဲ (ဒိဋ္ဌိဂါဟ) ဖြစ်၏၊ ''နှစ်လိုဘွယ်ကောင်းသော အရောင်အလင်းသည် ဖြစ်ပေါ်လာပေပြီတကား''ဟု ယူသောသူအား မာနစွဲ (မာနဂါဟ) ဖြစ်၏၊ အရောင်အလင်းကို သာယာသောသူအား တဏှာစွဲ (တဏှာဂါဟ)ဖြစ်၏၊ ဤသို့လျှင် ဒိဋ္ဌိ မာန တဏှာတို့ အလိုအားဖြင့် သုံးပါးသော စွဲလမ်းမှု (ဂါဟ)တို့ ဖြစ်ကုန်၏၊ ကြွင်းသော ဥပက္ကိလေသဝတ္ထုတို့၌လည်း ထို့အတူပင်တည်း။ ဤသို့လျှင် စွဲလမ်းမှု (ဂါဟ)တို့ အလိုအားဖြင့် ဥပက္ကိလေသ သုံးဆယ်ဖြစ်ကုန်၏။ မကျွမ်းကျင် မလိမ္မာသော ယောဂီသည် ထိုသုံးဆယ်သော ဥပက္ကိလေသတို့၏ အစွမ်းအားဖြင့် ဩဘာသ စသည်တို့ကြောင့် တုန်လှုပ် ပျံ့လွင့်၏။ တုန်လှုပ် ပျံ့လွင့်ပုံကား- ဩဘာသ စသည်တို့တွင် တခုခုကို ''ဤအရာသည် ငါ၏ ဥစ္စာတည်း၊ ဤအရာသည် ငါဖြစ်သည်၊ ဤအရာသည် ငါ၏ အတ္တတည်း''ဟု ရှု၏ (ထင်မှတ်၏)။ ထို့ကြောင့် ရှေးဆရာတို့သည်-

''အရောင်အလင်းကြောင့်၎င်း ဉာဏ်ကြောင့်၎င်း ဝမ်းမြောက်မှု ပီတိကြောင့်၎င်း တုန်လှုပ်၏၊ ငြိမ်းအေး မှု- ပဿဒ္ဓိကြောင့်၎င်း ချမ်းသာမှု- သုခကြောင့်၎င်း ယင်းဥပက္ကိလေသတို့ကြောင့် စိတ်သည် တုန်လှုပ်၏။

[၂၇၄] ယုံကြည်ဆုံးဖြတ်မှု- အဓိမောက္ခကြောင့်၎င်း အားထုတ်မှု- ပဂ္ဂါဟကြောင့်၎င်း သတိထင်မှု- ဥပဋ္ဌာနကြောင့်၎င်း နှလုံးသွင်းဆင်ခြင်မှု အာဝဇ္ဇန်း ဥပေက္ခာကြောင့်၎င်း လျစ်လျူရှုမှု-

၃၅၇

ဝိပဿနုပေက္ခာကြောင့်၎င်း နှစ်သက်ပျော်မွေ့မှု- နိကန္တိကြောင့်၎င်း တုန်လှုပ်၏''-ဟု မိန့်ဆိုကုန်၏။

မဂ်မှန်နှင့် မဂ်မှား ပိုင်းခြားခြင်းကို ပြဆိုချက်

     ၇၃၆။ တတ်သိလိမ္မာ ပညာရှိသော အသိဉာဏ်နှင့် ပြည့်စုံသော ယောဂီပုဂ္ဂိုလ်သည်ကား ဩဘာသ စသည်တို့ ဖြစ်ပေါ်လာကုန်လတ်သော် ''ငါအား ဤအရောင်အလင်းသည် ဖြစ်ပေါ်လာ၏၊ ထိုသို့ ဖြစ်ပေါ်လာသော ဤအရောင်အလင်းသည် မမြဲသော တရားတည်း ပေါင်းစု၍ ပြုအပ်သော သင်္ခတတရားတည်း အကြောင်းကိုစွဲ၍ ဖြစ်သောတရားတည်း ကုန်ခြင်းသဘော ရှိ၏ ပျက်ခြင်းသဘော ရှိ၏ ပျောက်ပြယ်ခြင်း သဘောရှိ၏ ချုပ်ခြင်းသဘော ရှိ၏''ဟု ဤသို့မူလည်း ထိုအရောင်အလင်းကို ပညာဖြင့် ပိုင်းခြားဆုံးဖြတ်၏၊ စူးစိုက်၍ ရှုဆင်ခြင်၏၊ သို့မဟုတ် ထိုယောဂီအား ဤသို့မူလည်း ရှုဆင်ခြင်မှု ဖြစ်၏- ''အရောင်အလင်းသည် အကယ်၍ အတ္တဟုတ်ငြားအံ့၊ အတ္တဟုယူရန် သင့်ရာ၏၊ သို့သော်လည်း အတ္တမဟုတ်ပါပဲလျက် ဤအရောင်အလင်းကို အတ္တဟု ယူထား၏၊ ထို့ကြောင့် ထိုအရောင်အလင်းသည် အလိုအတိုင်း မဖြစ်ခြင်း အနက်သဘောကြောင့် အတ္တမဟုတ်၊ ဖြစ်ပေါ်ပြီးလျှင် မရှိခြင်း- ပျောက်ကွယ်သွားခြင်း အနက်သဘောကြောင့် မမြဲ၊ ဖြစ်ခြင်း ပျက်ခြင်းက မပြတ်နှိပ်စက်ခြင်း အနက်သဘောကြောင့် ဆင်းရဲတည်း''ဟု ဤသို့ စသည်ဖြင့် အလုံးစုံကို (နာမသတ္တက) နာမ်သုံးသပ်ပုံ ၇-မျိုး၌ ဆိုခဲ့ပြီးသော နည်းဖြင့် ချဲ့၍ သိအပ်၏။ အရောင်အလင်း၌ကဲ့သို့ ထို့အတူ ကြွင်းသော ဥပက္ကိလေသ ဝတ္ထုတို့၌လည်း သိအပ်၏။


မှတ်ချက်

     ၁- ကုသလော- ကမ္မဋ္ဌာန်း၌ ကျွမ်းကျင်လိမ္မာသော၊ ပဏ္ဍိတော- ရင့်ကျက်သော ဉာဏ်ပညာရှိသော၊ ဗျတ္တော- ကျမ်းဂန်တတ်သိသော၊ ဗုဒ္ဓိသမ္ပန္နော- ဥပက္ကိလေသနှင့် ထိုဥပက္ကိလေသကို သုတ်သင်မှုတို့၌ အပြစ်အကျိုးတို့ကို သိသော ဉာဏ်နှင့် ပြည့်စုံသော-ဟု ဤသို့ အစဉ်အတိုင်း ဝိသုဒ္ဓိမဂ်၌ ဆိုထားသော်လည်း မြန်မာစကား ချောမောပြေပြစ်စေရန် ''တတ်သိလိမ္မာ ပညာရှိသော အသိဉာဏ်နှင့် ပြည့်စုံသော''ဟု အတိုချုံး၍ ပြန်ဆိုထားသည်။

၃၅၈

     ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း စူးစိုက်၍ ရှုဆင်ခြင်ပြီးလျှင် အရောင်အလင်းကို ''ဤအရောင်အလင်းသည် ငါ၏ ဥစ္စာမဟုတ်၊ ဤအရောင်အလင်းသည် ငါ မဟုတ်၊ ဤအရောင်အလင်းသည် ငါ၏ အတ္တမဟုတ်''ဟု ရှု၏။ ဉာဏ်ကို ။ပ။ နိကန္တိကို ''ဤနိကန္တိသည် ငါ၏ ဥစ္စာမဟုတ်၊ ဤနိကန္တိသည် ငါမဟုတ်၊ ဤနိကန္တိသည် ငါ၏ အတ္တမဟုတ်''ဟု ရှု၏။ ဤသို့ ရှုမြင်သော ယောဂီသည် ဩဘာသ စသည်တို့ကြောင့် မတုန်မလှုပ်။ ထို့ကြောင့် ရှေးဆရာတို့သည်-

''အကြင် ယောဂီအား ဤဆယ်ပါးသော ဌာနတို့ကို သိမ်းဆည်း၍ ဆင်ခြင်သော ဉာဏ်ပညာ ရှိ၏၊ ထိုယောဂီသည် တရားထူးဟု ဆင်ခြင်လျက် ပျံ့လွင့်သော ဓမ္မုဒ္ဓစ္စ၌ ကျွမ်းကျင်လိမ္မာ၏၊ ပျံ့လွင့်ခြင်းသို့လည်း မရောက်''ဟု-မိန့်ဆိုကုန်၏။

     ဤဆိုခဲ့သည့်အတိုင်း ပျံ့လွင့်ခြင်းသို့ မရောက်သော ထိုယောဂီသည် သုံးဆယ်အပြားရှိသော ထိုဥပက္ကိလေသ အရှုပ်အထွေးကို ဖြေရှင်း၍ ''ဩဘာသ အစရှိသော တရားတို့သည် (ဝိပဿနာလမ်းရိုး) လမ်းမှန် မဟုတ်၊ ဥပက္ကိလေသမှ လွတ်သော ရှုမြဲရှုလျက် လမ်းမှန်သွားသော ရှုသိမှု- ဝိပဿနာဉာဏ်သည်သာလျှင် လမ်းမှန်တည်း''ဟု လမ်းမှန်ကို၎င်း လမ်းမှားကို၎င်း ပိုင်းခြား ဆုံးဖြတ်၏။ ဤသို့လျှင် ''ဤ(ရှုမြဲရှုလျက် လမ်းမှန်သွားသော ရှုသိမှု ပညာ)သည်ကား (ပုဗ္ဗဘာဂမဂ်) လမ်းမှန်တည်း၊ ဤ(အရောင်အလင်း စသည်)သည်ကား လမ်းမှန်မဟုတ်''ဟု လမ်းမှန်နှင့် လမ်းမှားကို (ပိုင်းခြား)သိမြင်၍ တည်သောဉာဏ်ကို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (လမ်းမှန်နှင့် လမ်းမှားကို အသိအမြင် စင်ကြယ်သော ဉာဏ်ပညာ)ဟူ၍ သိအပ်၏။

     ဤမျှ (အားထုတ်ခဲ့သော ဘာဝနာအစီအရင်)ဖြင့် ထိုယောဂီသည် သစ္စာသုံးပါး ပိုင်းခြားခြင်းကို ပြု(အပ်)ပြီး ဖြစ်လေတော့၏၊ အဘယ်သို့နည်းဟူမူ? (ရခဲ့ပြီးသော) ဒိဋ္ဌိဝိသုဒ္ဓိအရာ၌ နာမ်နှင့် ရုပ်ကို ပိုင်းခြားခြင်းဖြင့် ဒုက္ခသစ္စာ ပိုင်းခြားခြင်းကို ပြု(အပ်)ပြီး ဖြစ်ပေသည်။ (ရခဲ့သော) ကင်္ခါဝိတရဏဝိသုဒ္ဓိအရာ၌ အကြောင်းကို သိမ်းဆည်းခြင်းဖြင့် သမုဒယသစ္စာ ပိုင်းခြားခြင်းကို

၃၅၉

ပြု(အပ်)ပြီး ဖြစ်ပေသည်၊ ဤ(ရဆဲသော) မဂ္ဂါမဂ္ဂဉာဏဒဿ ဝိသုဒ္ဓိအရာ၌ လမ်းမှန်ကို ကန့်သတ် ပိုင်းခြားခြင်းဖြင့် မဂ္ဂသစ္စာ ပိုင်းခြားခြင်းကို ပြု(အပ်)ပြီး ဖြစ်ပေသည်၊ ဤသို့လျှင် လောကီ ဝိပဿနာဉာဏ်ဖြင့်ပင်လျှင် သစ္စာသုံးပါးကို ပိုင်းခြားခြင်းကို ပြု(အပ်)ပြီး ဖြစ်လေတော့၏။

ဤသည်ကား သူတော်ကောင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်းငှါ စီရင်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် ပညာဘာဝနာအရာ၌ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိကို အကျယ်ပြချက် (မဂ္ဂါမဂ္ဂဉာဏဿနဝိသုဒိ ္ဓနိဒ္ဒေသ)မည်သော နှစ်ဆယ်မြောက်ဖြစ်သော အပိုင်းခဏ်းတည်း။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိကို အကျယ်ပြချက် ပြီး၏။

၃၆၀

၂၁-ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိကို အကျယ်ပြဆိုချက်

ဥပက္ကိလေသမှလွတ်သော ဥဒယဗ္ဗယဉာဏ်ကို ပြဆိုချက်

     [၂၇၆] ၇၃၇။ ရှစ်ပါးသော ဉာဏ်တို့၏ အစွမ်းအားဖြင့် ခေါင်ထိပ်သို့ရောက်သော ဝိပဿနာနှင့် ၉-ခုမြောက်ဖြစ်သော သစ္စာနုလောမိကဉာဏ်ဟူသော ဤဝိပဿနာဉာဏ်အပေါင်းသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ (အရိယာမဂ်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော စင်ကြယ်သော ဉာဏ်အမြင်) မည်၏။ ရှစ်ပါး ဟူရာ၌ (၁) ဥပက္ကိလေသမှ လွတ်သော ''ရှုမြဲရှုလျက် လမ်းမှန်သွားသော ဝိပဿနာ''ဟု ဆိုအပ်သော ဥဒယဗ္ဗယဉာဏ်၊ (၂) ဘင်္ဂါနုပဿနာဉာဏ်၊ (၃) ဘယတုပဋ္ဌာနဉာဏ်၊ (၄) အာဒီနဝါနုပဿနာဉာဏ်၊ (၅) နိဗ္ဗိဒါနုပဿနာဉာဏ်၊ (၆) မုဉ္စိတုကမျတာဉာဏ်၊ (၇) ပဋိသင်္ခါနုပဿနာဉာဏ်၊ (၈) သင်္ခါရုပေက္ခာဉာဏ်ဟူသော ဤရှစ်ပါးသော ဉာဏ်တို့ကို သိအပ်ကုန်၏။ ၉-ခုမြောက်ဖြစ်သော သစ္စာနုလောမိကဉာဏ် ဟူသည်မှာ အနုလောမဉာဏ်၏ အမည်တည်း။ ထို့ကြောင့် ထိုပဋိပဒါဉာဏဒဿနဝိသုဒ္ဓိကို ပြည့်စုံစေခြင်းငှါ အလိုရှိသော ယောဂီသည် ဥပက္ကိလေသမှလွတ်သော ဥဒယဗ္ဗယဉာဏ်ကို အစပြု၍ အဆိုပါဉာဏ်တို့၌ အားထုတ်ခြင်းကို ပြုအပ်၏။

     ၇၃၈။ ဥဒယဗ္ဗယဉာဏ်၌ တဖန် အားထုတ်ခြင်းသည် အဘယ်အကျိုး ရှိသနည်းဟူမူ? သာမညလက္ခဏာကို ကောင်းစွာမှတ်ခြင်း အကျိုးရှိ၏။ မှန်ပေ၏၊ ဥဒယဗ္ဗယဉာဏ်သည် ရှေး၌ ဆယ်ပါးသော ဥပက္ကိလေသတို့ဖြင့် ညစ်ညူးသည်ဖြစ်၍ သုံးပါးသော သာမညလက္ခဏာကို ဟုတ်တိုင်းမှန်သော မိမိ၏သဘောအားဖြင့် ကောင်းစွာ မှတ်ခြင်းငှါ မစွမ်းနိုင်ခဲ့သေး၊ ဥပက္ကိလေသမှလွတ်သော ဥဒယဗ္ဗယဉာဏ်သည်ကား စွမ်းနိုင်ပေ၏၊ ထို့ကြောင့် သာမညလက္ခဏာကို ကောင်းစွာ မှတ်ခြင်းအကျိုးငှါ ဤအရာ၌ တဖန် အားထုတ်ခြင်းကို ပြုအပ်ပေ၏။

     ၇၃၉။ သာမည လက္ခဏာတို့သည်ကား အဘယ်တရားကို နှလုံးမသွင်းခြင်းကြောင့် အဘယ်တရားက ဖုံးလွှမ်းထားသောကြောင့် မထင်ပေါ်ကုန်သနည်း? အနိစ္စလက္ခဏာသည် ဖြစ်ခြင်းပျက်ခြင်းတို့ကို နှလုံးမသွင်းခြင်းကြောင့် အဆက်မပြတ် ဖြစ်နေသော ရုပ်နာမ်အစဉ် သန္တတိပညတ်က

၃၆၁

ဖုံးလွှမ်းထားသောကြောင့် မထင်ပေါ်ပဲရှိ၏။ ဒုက္ခလက္ခဏာသည် မပြတ် နှိပ်စက်ခြင်းကို နှလုံးမသွင်းခြင်းကြောင့် ဣရိယာပုထ်တို့က ဖုံးလွှမ်းထားသောကြောင့် မထင်ပေါ်ပဲရှိ၏။ အနတ္တလက္ခဏာသည် အထူးထူးသော ဓာတ်တို့၏ အသီးအသီး ကွဲပြားခြင်းကို နှလုံးမသွင်းခြင်းကြောင့် တလုံးတခဲတည်းဟု ထင်ရသော အစိုင်အခဲ ဃနပညတ်က ဖုံးလွှမ်းထားသောကြောင့် မထင်ပေါ်ပဲရှိ၏။ ဖြစ်ခြင်းပျက်ခြင်းကို သိမ်းဆည်း၍ (အဆက်မပြတ် ဖြစ်နေသော ရုပ်နာမ်အစဉ်) သန္တတိပညတ်ကို ဖျက်ဆီးအပ်သည်ရှိသော် (ဖျက်ဆီးလိုက်လျှင်) မမြဲဟု မှတ်ရကြောင်း- အနိစ္စလက္ခဏာသည် ဟုတ်တိုင်းမှန်သော မိမိ၏ သဘောအားဖြင့် ထင်ပေါ်၏။ မပြတ်နှိပ်စက်ခြင်းကို နှလုံးသွင်း၍ ဣရိယာပုထ်ကို ဖွင့်လှစ်အပ်ပြီးသည်ရှိသော် (ဖွင့်လှစ်လိုက်လျှင်) ဆင်းရဲဟု မှတ်ရကြောင်း- ဒုက္ခလက္ခဏာသည် ဟုတ်တိုင်းမှန်သော မိမိ၏ သဘောအားဖြင့် ထင်ပေါ်၏။ အထူးထူးသော ဓာတ်တို့ကို အသီးအသီး ခွဲခြား၍ (တလုံးတခဲတည်းဟု ထင်ရသော) အစိုင်အခဲ ဃနပညတ်၏ အသီးအသီး ကွဲပြားခြင်းကို ပြုအပ်ပြီးသည်ရှိသော် (ပြုလိုက်လျှင်) အတ္တကောင်မဟုတ်ဟု မှတ်ရကြောင်း အနတ္တလက္ခဏာသည် ဟုတ်တိုင်းမှန်သော မိမိ၏ သဘောအားဖြင့် ထင်ပေါ်၏။

     ၇၄ဝ။ ဤအရာ၌ အနိစ္စနှင့် အနိစ္စလက္ခဏာ, ဒုက္ခနှင့် ဒုက္ခလက္ခဏာ, အနတ္တနှင့် အနတ္တလက္ခဏာဟူသော ဤခွဲခြမ်း ဝေဘန်ခြင်းကို သိအပ်၏၊ ထိုတွင် အနိစ္စ-မမြဲသော တရားဟူသည်ကား ခန္ဓာငါးပါးတည်း၊ အဘယ့်ကြောင့်နည်းဟူမူ? [၂၇၇] ဖြစ်ခြင်း ပျက်ခြင်းနှင့် ထိုမှတပါးသော (ရင့်ရော်ခြင်း)သဘော ရှိသည်၏ အဖြစ်ကြောင့်တည်း၊ တနည်းကား ဖြစ်ပေါ်ပြီးလျှင် မရှိခြင်း ကွယ်ပျောက်သွားခြင်းကြောင့်တည်း။ ဖြစ်ခြင်း ပျက်ခြင်းနှင့်


မှတ်ချက်

     ၁- ဖြစ်ခြင်းသဘောရှိခြင်း ပျက်ခြင်းသဘောရှိခြင်း ထိုမှတပါးသော သဘောရှိခြင်းကြောင့်ဟု ဆိုလို၏၊ ''ထိုမှတပါးသော သဘောရှိခြင်း'' ဟူသည်မှာ အစပိုင်း- ဖြစ်ခြင်းနှင့် အဆုံးပိုင်း ပျက်ခြင်းတို့မှ တပါးသော အလယ်ပိုင်း ဌီဟုခေါ်သော ရင့်ရော်ခြင်းသဘောပင် ဖြစ်သည်၊ ၎င်းကို ပါဠိ၌ အညထတ္တဟု ဆို၏၊ ထိုပါဠိအားလျော်စွာ ဤ၌ ''ထိုမှတပါးသော သဘော''ဟု ပြန်ဆိုသည်။ အတိုချုပ်အားဖြင့် ဆိုလျှင် ''ဥပါဒ် ဌီ ဘင် ခဏသုံးပါး ရှိသောကြောင့် မမြဲ''-ဟု ဆိုလိုသည်။

၃၆၂

ထိုမှတပါးသော (ရင့်ရော်ခြင်း) သဘောသည် မမြဲဟုမှတ်ရကြောင်း အနိစ္စလက္ခဏာမည်၏။ တနည်းကား ဖြစ်ပေါ်ပြီးလျှင် မရှိခြင်း- ကွယ်ပျောက်သွားခြင်း ဟူသော အခြင်းအရာအထူးသည် အနိစ္စလက္ခဏာ မည်၏။

     ''အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ''ဟု ဟောတော်မူသောကြောင့် ထိုခန္ဓာ ငါးပါးသည်ပင်လျှင် ဒုက္ခ-ဆင်းရဲမည်၏၊ အဘယ့်ကြောင့်နည်းဟူမူ? ဖြစ်ခြင်း ပျက်ခြင်းက မပြတ် နှိပ်စက်ခြင်းကြောင့်တည်း၊ မပြတ်နှိပ်စက်သော အခြင်းအရာသည် ဆင်းရဲဟု မှတ်ရကြောင်း- ဒုက္ခလက္ခဏာမည်၏။

     ''အကြင်တရားသည် ဆင်းရဲတည်း၊ ထိုတရားသည် အတ္တမဟုတ်''ဟု ဟောတော်မူသောကြောင့် ထိုခန္ဓာ ငါးပါးသည်ပင်လျှင် အနတ္တမည်၏၊ အဘယ့်ကြောင့်နည်းဟူမူ? အလိုအတိုင်း မဖြစ်ခြင်းကြောင့်တည်း၊ အလိုအတိုင်း မဖြစ်သော အခြင်းအရာသည် အတ္တမဟုတ်ဟု မှတ်ရကြောင်း- အနတ္တလက္ခဏာမည်၏။

     ဤယောဂီသည် ဥပက္ကိလေသမှာ လွတ်သော ''လမ်းမှန်သွားသော ဝိပဿနာ''ဟု ဆိုအပ်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ထို(အနိစ္စနှင့် အနိစ္စလက္ခဏာစသော) အလုံးစုံကိုလည်း ဟုတ်တိုင်းမှန်သော မိမိ၏ သဘောအားဖြင့် ကောင်းစွာ မှတ်၏။

ဘင်္ဂါနုပဿနာဉာဏ်ကို ပြဆိုချက်

     ၇၄၁။ ဤဆိုခဲ့သည့်အတိုင်း ကောင်းစွာမှတ်၍ ရုပ်နာမ်တရားတို့ကို ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု အဖန်တလဲလဲ နှိုင်းချိန် စူးစမ်းသော ထိုယောဂီ၏ ထိုနှိုင်းချိန် စူးစမ်းသော ရှုသိမှု ဉာဏ်သည် ထက်မြက်သည်ဖြစ်၍ ဆောင်သွား၏၊ သင်္ခါရတို့သည် လျင်စွာ ထင်ပေါ်ကုန်၏၊ ရှုသိမှုဉာဏ်သည် ထက်မြက်သည်ဖြစ်၍ ဆောင်သွားလတ်သော်, သင်္ခါရတို့သည် လျင်စွာ ထင်ပေါ်ကုန်လတ်သော် ဖြစ်ခြင်းသို့၎င်း, တည်ခြင်းသို့၎င်း, မပြတ်ဖြစ်သော ရုပ်နာမ်အယဉ်သို့၎င်း, ပုံသဏ္ဌာန် နိမိတ်သို့၎င်း မရောက်တော့ပြီ၊ ကုန်ခြင်း

၃၆၃

ပျောက်ခြင်းဟူသော ချုပ်ခြင်း၌သာလျှင် အမှတ်ရမှု သတိသည် တည်လျက်ရှိ၏။ ''ရုပ်နာမ် သင်္ခါရတရား အပေါင်းသည် ဤသို့ ဖြစ်ပေါ်ပြီးလျှင် ဤသို့ပင် ချုပ်သွားသည်''ဟု ရှုမြင်သော ထိုယောဂီအား ဤသို့ ရှုမြင်သော အရာဌာန၌ ဘင်္ဂါနုပဿနာမည်သော ဝိပဿနာဉာဏ်သည် ဖြစ်ပေါ်၏၊ ယင်း ဘင်္ဂါနုပဿနာဉာဏ်ကို ရည်၍..

''အဘယ်သို့လျှင် အာရုံကို သိပြီး၍ ပျက်ခြင်းကို တဖန်ရှုသော ပညာသည် ဝိပဿနာ မည်သနည်း? ရုပ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ပေါ်ပြီးလျှင် ပျက်သွား၏၊ ထိုရုပ်အာရုံကို (ကုန်သည် ပျက်သည်ဟု) သိပြီး၍ ထိုသိသော စိတ်၏ ပျက်ခြင်းကို တဖန် ရှု၏။ တဖန်ရှု၏ ဟူရာ၌ အဘယ်သို့ တဖန်ရှုသနည်းဟူမူ? မမြဲဟု တဖန်ရှု၏ မြဲသည်ဟု မရှု၊ ဆင်းရဲဟု တဖန် ရှု၏ ချမ်းသာဟု မရှု၊ အတ္တမဟုတ်ဟု တဖန် ရှု၏ အတ္တဟု မရှု၊ ငြီးငွေ့၏, မနှစ်သက် မပျော်မွေ့၊ စက်ဆုပ်၏, မတပ်မက်၊ ချုပ်စေ၏, မဖြစ်စေ၊ တဖန် စွန့်၏, မယူ။

မမြဲဟု ရှုလတ်သော် မြဲသည်ဟု ထင်မှတ်သော နိစ္စသညာကို ပယ်၏၊ ဆင်းရဲဟု ရှုလတ်သော် ချမ်းသာဟု ထင်မှတ်သော သုခသညာကို ပယ်၏၊ အတ္တမဟုတ်ဟု ရှုလတ်သော် အတ္တဟု ထင်မှတ်သော အတ္တသညာကို ပယ်၏၊ [၂၇၈] ငြီးငွေ့လတ်သော် နှစ်သက် ပျော်မွေ့ခြင်းကို ပယ်၏၊ စက်ဆုပ်လတ်သော် တပ်မက်ခြင်းကို ပယ်၏၊ ချုပ်စေလတ်သော် ဖြစ်ခြင်းကို ပယ်၏၊ တဖန် စွန့်လတ်သော် ယူခြင်းကို ပယ်၏။

ဝေဒနာလျှင် အာရုံရှိသော ။ပ။ သညာလျှင် အာရုံရှိသော။ သင်္ခါရလျှင် အာရုံရှိသော။ ဝိညာဏ်လျှင် အာရုံရှိသော။


မှတ်ချက်

     ၁- ဉာဏ်ထက်မြက်သည်ဖြစ်၍ ဆောင်သွားပုံ, သင်္ခါရတရားတို့ လျင်စွာထင်ပုံ, ရှုသိမှု ဉာဏ်၏ ဖြစ်ခြင်း တည်ခြင်း စသည်သို့ မရောက်မူ၍ ကုန်ဆုံးသွားခြင်း ပျောက်ကွယ်သွားခြင်းဟု ခေါ်ဆိုအပ်သော ပျက်ခြင်း၌သာလျှင် တည်ပုံတို့ကို ပြသော ဤစကားစုသည် ဥဒယဗ္ဗယဉာဏ်မှ ဘင်္ဂဉာဏ်သို့ ပြောင်းပုံကို ပြသော စကားဖြစ်သည်။ အနက်အဓိပ္ပါယ် အကျယ်ကို သိလိုလျှင် ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ (ဆဋ္ဌနှိပ်) ၁၈၁- (သတ္တမနှိပ်) ၁၉၆-၌ ကြည့်ပါ။

၃၆၄

မျက်စိလျှင် အာရုံရှိသော ။ပ။ အိုခြင်း သေခြင်းလျှင် အာရုံရှိသော စိတ်သည် ဖြစ်ပေါ်ပြီးလျှင် ပျက်သွား၏ ။ပ။ တဖန် စွန့်လွှတ်သည်ရှိသော် ယူခြင်းကို ပယ်၏။

(အာရုံ၏ အပျက်ဝတ္ထုမှရှုသော စိတ်၏ အပျက်ဝတ္ထုသို့ ရွှေ့ခြင်းဟူသော) ဝတ္ထုရွှေ့ခြင်း၎င်း, (အဖြစ်မှ ဆုတ်နစ်၍ အပျက်၌ တည်ခြင်းဟူသော) ပညာ၏ ဆုတ်နစ်ခြင်း၎င်း, နှလုံးသွင်း ဆင်ခြင်မှု- အာဝဇ္ဇန်းအား၎င်း- (ဤအင်္ဂါသုံးပါးနှင့် ပြည့်စုံသော ပညာသည်) အာရုံ၏ အပျက်ကို ရှုပြီး၍ ရှုသောစိတ်၏ အပျက်ကို တဖန်ရှုသော ပဋိသင်္ခါဝိပဿနာမည်၏။

(မြင်ပြီးသော) အာရုံသို့ အစဉ်လိုက်သဖြင့် (မြင်ရ မမြင်ရအားဖြင့်) နှစ်ပါးသော အာရုံကို တမျိုးတည်းသော သဘောအားဖြင့် ပိုင်းခြားခြင်း၎င်း, ချုပ်ခြင်း၌ နှလုံးသွင်း ညွတ်ကိုင်းခြင်း၎င်း (ဤအင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပညာသည်) အပျက်လက္ခဏာကို ရှုသော ဝယလက္ခဏဝိပဿနာမည်၏။

အာရုံကိုလည်း (ပျက်သည်ဟု) သိပြီး၍ (ရှုသောစိတ်၏) အပျက်ကိုလည်း တဖန် ရှု၏၊ အတ္တမှ ဆိတ်သုဉ်းသောအားဖြင့်လည်း ထင်၏၊ (ဤအင်္ဂါသုံးပါးနှင့် ပြည့်စုံသော ပညာသည်) လွန်ကဲသော ဝိပဿနာပညာ ဖြစ်သောကြောင့် အဓိပညာဝိပဿနာမည်၏။

သုံးပါးသော အနုပဿနာတို့၌ ကျွမ်းကျင်လိမ္မာသော သူသည် လေးပါးသော ဝိပဿနာတို့၌၎င်း, သုံးပါးသော ထင်ခြင်းတို့၌၎င်း ကျွမ်းကျင်လိမ္မာသည်၏ အဖြစ်ကြောင့် အမျိုးမျိုးသော မိစ္ဆာအယူတို့ကြောင့် မတုန်လှုပ်တော့ပြီ။

ထိုရှုသိမှုသည် သိတတ်သော အနက်ကြောင့် ဉာဏ်မည်၏၊ အပြားအားဖြင့် သိတတ်သော အနက်ကြောင့် ပညာမည်၏၊ ထို့ကြောင့်


မှတ်ချက်

     ၁- ဤ၌ ပေယျာလကို စာမျက်နှာ ၂၈၄- စတုတ္ထစာပိုဒ်၌ ဖော်ပြသည့် နည်းအတိုင်း ဖော်ရမည်။

၃၆၅

'အာရုံကို သိပြီး၍ အပျက်ကို တဖန်ရှုသော ပညာသည် ဝိပဿနာဉာဏ် မည်၏'ဟု ဆိုအပ်၏''ဟူ၍-

(ပဋိသမ္ဘိဒါမဂ်၌) ဟောတော်မူ(အပ်)၏။

     ၇၄၂။ ထိုပဋိသမ္ဘိဒါမဂ် ပါဠိ၌ အာရုံကို သိပြီး၍ ဟူသည်ကား အမှတ်မရှိ တစုံတခုသော အာရုံကို သိပြီး၍၊ ''ကုန်သွားသည် ပျက်သွားသည်''ဟု မြင်ပြီး၍၊ ဤကား (သိပြီး၍-ဟူသော ပုဒ်၏) အနက်။ ပျက်ခြင်းကို တဖန်ရှုသော ပညာဟူသည်ကား အာရုံကို ''ကုန်သွားသည် ပျက်သွားသည်''ဟု သိလျက် ဖြစ်သော ထိုဉာဏ်၏ ပျက်ခြင်းကို ရှုရာ၌ အကြင် ပညာသည် ရှိ၏၊ ဤပညာကို ''ဝိပဿနာဉာဏ် မည်၏''ဟု ဆိုအပ်၏၊ ထိုပညာဉာဏ်သည် အဘယ်သို့ ဖြစ်သနည်းဟု ဤသည်ကား ဖြေဆိုလို၍ မေးသော (ကထေတုကမျတာ)ပုစ္ဆာ၏ အနက်တည်း။ ထို့နောင် ထိုဉာဏ်၏ ဖြစ်ပုံအခြင်းအရာကို ပြခြင်းငှါ ''ရုပ်လျှင် အာရုံရှိသော'' ဤသို့ စသည်ကို မိန့်ဆိုလေသည်။

     ထိုစကားရပ်၌ ရုပ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ပေါ်ပြီးလျှင် ပျက်သွား၏ ဟူသည်ကား ရုပ်ကို အာရုံပြုသော စိတ်သည် ဖြစ်ပေါ်ပြီးလျှင် ပျက်သွား၏၊ တနည်းကား ရုပ်လျှင် အာရုံရှိသည်၏အဖြစ်၌ စိတ်သည် ဖြစ်ပေါ်ပြီးလျှင် ပျက်သွား၏၊ ဤကား အနက်။ ထိုအာရုံကို သိပြီး၍ ဟူသည်ကား ထိုရုပ်အာရုံကို သိပြီး၍၊ ''ကုန်သွားသည် ပျက်သွားသည်''ဟု မြင်ပြီး၍၊ ဤကား အနက်။ ထိုသိသောစိတ်၏ ပျက်ခြင်းကို တဖန်ရှု၏ ဟူသည်ကား အကြင်စိတ်ဖြင့် ထိုရုပ်အာရုံကို ''ကုန်သွားသည် ပျက်သွားသည်''ဟု သိမြင်အပ်ပြီ၊ ထိုသိမြင်သောစိတ်၏ ပျက်ခြင်းကို တပါးသော နောက်စိတ်ဖြင့် တဖန် ရှု၏၊ ဤကား အနက်။ ထို့ကြောင့် ရှေးဆရာတို့သည်-


မှတ်ချက်

     ၁- ဤသည်ကား.. အနက်တည်း-ဟု စပ်ပါ။ ဤတိုင်အောင် အဖွင့်မှာ ပုစ္ဆာ၏ အနက်အဖွင့် ဖြစ်သည်-ဟု ဆိုလို၏။

     ၂- ''ရူပါရမ္မဏတာ''ဟူသော ပုဒ်၌ ရုပ်လျှင် အာရုံရှိသော ဟူ၍၎င်း ရုပ်လျှင် အာရုံရှိသည်၏ အဖြစ်၌ ဟူ၍၎င်း အနက်နှစ်မျိုး ရနိုင်၏၊ ထို့ကြောင့် ဤသို့ တနည်းထပ်၍ ဖွင့်ပြသည်။ သို့သော်လည်း ရုပ်လျှင် အာရုံရှိသည်၏ အဖြစ်၌ ပါဝင်သောစိတ်သည် ရုပ်လျှင် အာရုံရှိသော စိတ်- ရုပ်ကို အာရုံပြုသော စိတ်ပင် ဖြစ်သည်၊ ထို့ကြောင့် ပါဠိ၏ မြန်မာပြန်၌ ပဌမအဖွင့်ကိုသာ မူတည်၍ ''ရုပ်လျှင် အာရုံရှိသော''ဟု ပြန်ဆိုလိုက်သည်။

၃၆၆

''သိအပ်သော အာရုံကို၎င်း, သိသော ဝိပဿနာဉာဏ်ကို၎င်း နှစ်ပါးလုံးတို့ကိုလည်း ရှု၏''ဟု မိန့်ဆိုကုန်၏။

     [၂၇၉] (ထိုသိသောစိတ်၏ ပျက်ခြင်းကို တဖန်ရှု၏-ဟူသော) ဤပါဠိ၌လည်း အနုပဿတိ- တဖန်ရှု၏ ဟူသည်ကား အဖန်ဖန်ရှု၏၊ များစွာသော အခြင်းအရာတို့ဖြင့် အဖန်တလဲလဲ ရှု၏၊ ဤကား အနက်။ ထို့ကြောင့် ''တဖန်ရှု၏ ဟူရာ၌ အဘယ်သို့ တဖန်ရှုသနည်းဟူမူ? မမြဲဟု တဖန် ရှု၏'' ဤသို့ အစရှိသည်ကို ဟောတော်မူ၏။

     ထိုစကားရပ်၌ ပျက်ခြင်း (ဘင်)မည်သည်ကား မမြဲသည့်အဖြစ် (အနိစ္စလက္ခဏာ)၏ မြတ်သော (အဆုံးဖြစ်သော) အဖို့ပေတည်း၊ ထို့ကြောင့် ပျက်ခြင်းကို ရှုသော ထိုယောဂီသည် အလုံးစုံသော သင်္ခါရတရားအပေါင်းကို မမြဲဟု ရှု၏ မြဲသည်ဟု မရှု။ ထို့နောင် မမြဲသော တရားသည် ဆင်းရဲပင် ဖြစ်သောကြောင့်၎င်း, ဆင်းရဲသည် အတ္တမဟုတ်- အနတ္တ ဖြစ်သောကြောင့်၎င်း, ထိုမမြဲသော တရားကိုပင်လျှင် ဆင်းရဲဟု ရှု၏ ချမ်းသာဟု မရှု၊ အတ္တမဟုတ်ဟု ရှု၏ အတ္တဟု မရှု။

     ထိုမှတပါး အကြင်တရားသည် မမြဲ ဆင်းရဲ အတ္တမဟုတ်၊ ထိုတရားကို မနှစ်သက်အပ် မနှစ်သက်သင့်။ အကြင်တရားကို မနှစ်သက်အပ်၊ ထိုတရား၌ မတပ်မက်အပ် မတပ်မက်သင့်။ ထို့ကြောင့် ပျက်ခြင်းကိုရှုသော ဘင်္ဂါနုပဿနာသို့ အစဉ်လိုက်သဖြင့် ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု ရှုမြင်အပ်ပြီးသော ဤသင်္ခါရတရားအပေါင်း၌ ငြီးငွေ့၏, မနှစ်သက် မပျော်မွေ့၊ စက်ဆုပ်၏, မတပ်မက်။

     ဤသို့ မတပ်မက်သော ထိုယောဂီသည် (လောကုတ္တရာဉာဏ်မှ) ရှေးဦးစွာ လောကီဉာဏ်ဖြင့်ပင်လျှင် တပ်မက်သော ရာဂကို ချုပ်စေ၏, မဖြစ်စေ၊ (ရာဂ၏) ဖြစ်ခြင်းကို မပြု၊ ဤကား အနက်။ တနည်းကား ဤသို့ စက်ဆုပ်သော ထိုယောဂီသည် မြင်အပ်ပြီးသော (ပစ္စုပ္ပန်) သင်္ခါရအပေါင်းကို ချုပ်သည်ဟု ရှုသကဲ့သို့ ထို့အတူ မမြင်ရသော အတိတ် အနာဂတ် သင်္ခါရကိုလည်း (မြင်ပြီးသို့) အစဉ်လိုက်၍ မှန်းဆ၍သိသော အနွယဉာဏ်၏ အစွမ်းအားဖြင့် ချုပ်သည်ဟု ရှု၏, ဖြစ်သည်ဟု မရှု၊ ချုပ်သည်ဟုသာလျှင် နှလုံးသွင်း၏၊ ထိုအတိတ် အနာဂတ် သင်္ခါရ၏ ချုပ်ခြင်းကိုသာလျှင် ရှု၏, ဖြစ်ခြင်းကို မရှု၊ ဤကား အနက်။

၃၆၇

     ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း ကျင့်သည်ဖြစ်၍ တဖန် စွန့်လွှတ်၏, မယူ၊ အဘယ်သို့ ဆိုလိုသနည်းဟူမူ? မမြဲ အစရှိသော အခြင်းအရာအားဖြင့် ရှုသော ဤဝိပဿနာသည်လည်း ဖြစ်ထိုက်သော အကျိုးဟူသော ဘဝသစ်ခန္ဓာ, ကံဟူသော အဘိသင်္ခါရတို့နှင့်တကွ ကိလေသာတို့ကို တဒင်္ဂပဟာန်၏ အစွမ်းအားဖြင့် စွန့်ပယ်ခြင်းကြောင့်၎င်း, သင်္ခတတရားတို့၏ အပြစ်ကို မြင်သဖြင့် ၎င်းတို့မှ ပြောင်းပြန်ဖြစ်သော နိဗ္ဗာန်၌ ညွတ်ကိုင်းသည်၏ အဖြစ်ဖြင့် ပြေးဝင်ခြင်းကြောင့်၎င်း ပရိစ္စာဂပဋိနိဿဂ္ဂ (စွန့်လွှတ်ခြင်းဟူသော တဖန်လွှတ်ခြင်း) မည်၏ ဟူ၍၎င်း, ပက္ခန္ဒနပဋိနိဿဂ္ဂ (ပြေးဝင်ခြင်းဟူသော တဖန်လွှတ်ခြင်း) မည်၏ ဟူ၍၎င်း ခေါ်ဆိုအပ်၏၊ ထို့ကြောင့် ထိုမမြဲ အစရှိသော အခြင်းအရာအားဖြင့် ရှုသော ဝိပဿနာနှင့် ပြည့်စုံသော ရဟန်းသည် ဆိုခဲ့တိုင်းသော နည်းဖြင့် ကိလေသာတို့ကိုလည်း စွန့်ပယ်၏၊ နိဗ္ဗာန်၌လည်း ပြေးဝင်၏၊ ဖြစ်စေသည်၏ အစွမ်းအားဖြင့် ကိလေသာတို့ကိုလည်း မယူ၊ အပြစ်မမြင်သည်၏ အစွမ်းအားဖြင့် သင်္ခတအာရုံကိုလည်း မယူ။ ထို့ကြောင့် ''တဖန် စွန့်၏, မယူ''ဟူ၍ ဆိုအပ်၏

     ၇၄၃။ ယခုအခါ ထိုအနိစ္စနုပဿနာ အစရှိသော ဉာဏ်တို့ဖြင့် ထိုယောဂီသည် အကြင်တရားတို့ကို ပယ်၏၊ ထိုတရားတို့ကို ထိုသို့ပယ်ခြင်းကို ပြခြင်းငှါ ''မမြဲဟု ရှုသည်ရှိသော် မြဲသည်ဟု ထင်မှတ်သော နိစ္စသညာကို ပယ်၏'' ဤသို့ အစရှိသည်ကို မိန့်ဆိုလေသည်။ ထိုစကားရပ်၌ နှစ်သက်ပျော်မွေ့ခြင်း ဟူသည်ကား ဝမ်းမြောက်မှု- ပီတိနှင့်တကွဖြစ်သော တဏှာတည်း၊ အကြွင်းမှာ ဆိုခဲ့ပြီးသော နည်းရှိသည်သာလျှင်တည်း။

     [၂၈ဝ] ၇၄၄။ ဂါထာတို့၌ကား ဝတ္ထုရွှေ့ခြင်း ဟူသည်ကား ရုပ်၏ ပျက်ခြင်းကို မြင်ပြီးလျှင် အကြင်စိတ်ဖြင့် ရုပ်၏ပျက်ခြင်းကို


မှတ်ချက်

     ၁- ဤဝိပဿနာသည်လည်း.. ပရိစ္စာဂပဋိနိဿဂ္ဂ မည်၏.. ပက္ခန္ဒနပဋိနိဿဂ္ဂ- မည်၏ ဟု စပ်ပါ။ ''ဤဝိပဿနာကိုလည်း''ဟု ကံအနက် ပြန်ပြီးလျှင် ''ခေါ်ဆိုအပ်၏''ဟူသော ကြိယာပုဒ်နှင့်လည်း စပ်နိုင်၏။

     ၂- ဤ၌ အနက်အဓိပ္ပါယ် အကျယ်ကို သိလိုလျှင် ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ (ဆဋ္ဌနှိပ်) နှာ ၄၂၄-(သတ္တမနှိပ်) ၄၅၂-စသည်တို့၌ ကြည့်ပါ။

၃၆၈

မြင်၏၊ ထိုစိတ်၏ ပျက်ခြင်းကိုလည်း တဖန် ရှုမြင်သည်၏ အစွမ်းအားဖြင့် (ရုပ်၏ ပျက်ခြင်းဟူသော) ရှေးဝတ္ထုမှ (စိတ်၏ ပျက်ခြင်းဟူသော) တပါးသော ဝတ္ထုသို့ ရွှေ့ခြင်းတည်း။ ပညာ၏ ဆုတ်နစ်ခြင်း ဟူသည်ကား ဖြစ်ခြင်းကို ပယ်၍ ပျက်ခြင်း၌ တည်ခြင်းတည်း။ အာဝဇ္ဇန်းအား ဟူသည်ကား ရုပ်၏ ပျက်ခြင်းကို မြင်ပြီးနောက်, ပျက်ခြင်းလျှင် အာရုံရှိသော ဝိပဿနာစိတ်၏ ပျက်ခြင်းကို တဖန် ရှုမြင်ခြင်းငှါ အခြားမဲ့၌ပင်လျှင် နှလုံးသွင်း ဆင်ခြင်စွမ်းနိုင်သည်၏ အဖြစ်တည်း။ ပဋိသင်္ခါဝိပဿနာ ဟူသည်ကား ဤ(အင်္ဂါသုံးပါးနှင့် ပြည့်စုံသော ပညာ)သည် အာရုံ၏ အပျက်ကို သိပြီး၍ ဝိပဿနာစိတ်၏ အပျက်ကို တဖန်ရှုသော ဘင်္ဂါနုပဿနာ မည်၏။

     ၇၄၅။ အာရုံသို့ အစဉ်လိုက်သဖြင့် နှစ်ပါးတို့ကို တမျိုးတည်း ပိုင်းခြားခြင်း ဟူသည်ကား မျက်မှောက်အားဖြင့် မြင်အပ်ပြီးသော (ပစ္စုပ္ပန်)အာရုံသို့ အစဉ်လိုက်သဖြင့် ''ဤ(ပစ္စုပ္ပန်သင်္ခါရ)ကဲ့သို့ ထို့အတူ အတိတ်ကာလ၌လည်း သင်္ခါရတရားအပေါင်းသည် ပျက်ခဲ့လေပြီ၊ အနာဂတ်ကာလ၌လည်း ပျက်လတံ့''ဟု ဤသို့ (မျက်မှောက်မြင်ရ, မမြင်ရသော) နှစ်ပါးသော အာရုံတို့ကို (ပျက်ခြင်းဟူသော) တမျိုးတည်းသော သဘောဖြင့်သာလျှင် ပိုင်းခြား ဆုံးဖြတ်ခြင်းတည်း၊ ဤကား အနက်။ မှန်ပေ၏၊ ရှေးဆရာတို့သည်-

''ထင်ရှားရှိဆဲ(ဖြစ်သော ပစ္စုပ္ပန်သင်္ခါရ)၌ စင်ကြယ်သော ဉာဏ်အမြင်ရှိသော ယောဂီသည် ထို(ပစ္စုပ္ပန်သင်္ခါရ၏ အပျက်ကို မြင်သောဉာဏ်)သို့ အစဉ်လိုက်သော အနုမာနဉာဏ်ကို အတိတ် အနာဂတ် သင်္ခါရ၌ (ဆောင်၏၊ ဆောင်ပုံကား) 'အလုံးစုံသော သင်္ခါရတရားတို့သည် နေထွက်လျှင် နှင်းပေါက်တို့ကဲ့သို့ ပျက်ခြင်းသဘော ရှိကုန်၏'ဟု ဆောင်၏''ဟူသော-

ဤဂါထာကို မိန့်ဆိုထားပေ၏။

     ချုပ်ခြင်း၌ နှလုံးသွင်းခြင်း ဟူသည်ကား ဤဆိုခဲ့သည့်အတိုင်း မျက်မှောက် မြင်ရ, မမြင်ရသော အာရုံနှစ်မျိုးတို့ကို ပျက်ခြင်း၏ အစွမ်းအားဖြင့် တမျိုးတည်း ပိုင်းခြားပြီးလျှင်, ပျက်ခြင်းဟု ဆိုအပ်သော

၃၆၉

ထိုချုပ်ခြင်း၌သာလျှင် နှလုံးသွင်းခြင်းတည်း၊ ထိုချုပ်ခြင်း၌သာလျှင် အလေးပြုခြင်း ညွတ်ခြင်း ကိုင်းခြင်း ရှိုင်းခြင်းတည်း၊ ဤကား အနက်။ ဝယလက္ခဏဝိပဿနာ ဟူသည်ကား ဤ(အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပညာ)သည် ပျက်ခြင်း လက္ခဏာကို ရှုသောကြောင့် ဝယလက္ခဏာ ဝိပဿနာ မည်၏ဟု ဆိုလို၏။

     ၇၄၆။ အာရုံကိုလည်း သိပြီး၍ ဟူသည်ကား ရှေးဖြစ်သော ရုပ်အစရှိသော အာရုံကိုလည်း သိပြီး၍။ ပျက်ခြင်းကိုလည်း ရှုမြင်၏ ဟူသည်ကား ထို(ရုပ် အစရှိသော) အာရုံ၏ ပျက်ခြင်းကို ရှုမြင်ပြီးလျှင်, ထိုပျက်ခြင်းလျှင် အာရုံရှိသော ဝိပဿနာစိတ်၏ ပျက်ခြင်းကို တဖန် ရှုမြင်၏။ ဆိတ်သုဉ်းသောအားဖြင့် ထင်ခြင်း ဟူသည်ကား ဤဆိုခဲ့သည့်အတိုင်း ပျက်ခြင်းကို တဖန်ရှုသော ထိုယောဂီအား ''သင်္ခါရတို့သည်သာလျှင် ပျက်ကုန်၏၊ ထိုသင်္ခါရတို့၏ ပျက်ခြင်းသည်ပင် သေခြင်းမည်၏၊ သင်္ခါရတို့မှ တပါးသော သေတတ် ပျက်တတ်သော တစုံတယောက်သော သူသည် မရှိ''ဟူ၍ အတ္တမှ ဆိတ်သုဉ်းသောအားဖြင့် ထင်ခြင်းသည် ပြီးစီး၏။ [၂၈၁] ထို့ကြောင့် ရှေးဆရာတို့သည်-

''ခန္ဓာတို့သည်သာလျှင် ချုပ်ကုန်၏၊ ခန္ဓာတို့မှ တပါးသော အတ္တကောင်မည်သည် မရှိ၊ ခန္ဓာတို့၏ ပျက်ခြင်းကိုပင် သေခြင်းဟု ခေါ်ဆိုအပ်၏။ စိန်ဖြင့် ကျောက်ပတ္တမြားကို ဖောက်ထွင်းသောသူကဲ့သို့ မမေ့မလျော့သော ယောဂီသည် သင့်လျော်သော အကြောင်းဖြင့် ထိုသင်္ခါရတို့၏ ကုန်ခြင်း ပျက်ခြင်းကို ရှုမြင် ၏''ဟု-

မိန့်ဆိုကုန်၏။

     အဓိပညာဝိပဿနာ ဟူသည်ကား အာရုံ၏ အပျက်ကို သိမြင်ခြင်း, ရှုသိသော စိတ်၏ အပျက်ကို တဖန် ရှုမြင်ခြင်း, အတ္တမှ ဆိတ်သောအားဖြင့် ထင်ခြင်းဟူသော ဤ(အင်္ဂါသုံးပါးနှင့် ပြည့်စုံသော ပညာ)သည် လွန်ကဲသော ဝိပဿနာ ဖြစ်သောကြောင့် အဓိပညာဝိပဿနာ မည်၏ဟု ဆိုလို၏။

     ၇၄၇။ သုံးပါးသော အနုပဿနာတို့၌ ကျွမ်းကျင် လိမ္မာသောသူ ဟူသည်ကား အနိစ္စာနုပဿနာ အစရှိကုန်သော သုံးပါးသော အနုပဿနာတို့၌

၃၇၀

ကျွမ်းကျင် လိမ္မာသော ရဟန်းတည်း။ လေးပါးသော ဝိပဿနာတို့၌ ဟူသည်ကား နိဗ္ဗိဒါနုပဿနာ အစရှိကုန်သော လေးပါးသော အနုပဿနာတို့၌။ သုံးပါးသော ထင်ခြင်းတို့၌ ကျွမ်းကျင်လိမ္မာသည်၏ အဖြစ်ကြောင့် ဟူသည်ကား ကုန်သောအားဖြင့်၎င်း, ပျက်သောအားဖြင့်၎င်း, ဆိတ်သုဉ်းသောအားဖြင့်၎င်း သုံးပါး အပြားရှိသော ဤထင်ခြင်း၌ ကျွမ်းကျင်လိမ္မာသည်၏ အဖြစ်ကြောင့်။ အမျိုးမျိုးသော မိစ္ဆာအယူတို့ကြောင့် မတုန်လှုပ် ဟူသည်ကား သဿတဒိဋ္ဌိ- တည်မြဲအယူ အစရှိကုန်သော အထူးထူး အပြားပြားကုန်သော မိစ္ဆာအယူတို့ကြောင့် မတုန်လှုပ်။

     ၇၄၈။ ဤသို့ မတုန်လှုပ်သော ထိုယောဂီသည် ''မချုပ်ဘူးသေးသော တရားအသစ်သည်သာလျှင် ချုပ်၏၊ မပျက်ဘူးသေးသော တရားအသစ်သည်သာလျှင် ပျက်၏''ဟု ဖြစ်သော နှလုံးသွင်းခြင်း ရှိသည်ဖြစ်၍ ကွဲပျက်ဆဲဖြစ်သော မခိုင်မာသော အိုးခွက်၏ ကွဲပျက်ခြင်းကို မြင်သကဲ့သို့၎င်း, ဖရိုဖရဲ ဖြန့်ကြဲအပ်ဆဲဖြစ်သော သိမ်မွေ့သော မြူအပေါင်း၏ ဖရိုဖရဲ ပြန့်ကြဲခြင်းကို မြင်သကဲ့သို့၎င်း, လှော်အပ်ဆဲဖြစ်သော နှမ်းတို့၏ ပေါက်ကွဲ ပျက်စီးခြင်းကို မြင်သကဲ့သို့၎င်း, အလုံးစုံသော သင်္ခါရတို့၏ ဖြစ်ခြင်း, တည်ခြင်း, အဆက်မပြတ်ဖြစ်သော အယဉ်နှင့် ပုံသဏ္ဌာန် နိမိတ်ကို စွန့်၍ ပျက်ခြင်းကိုသာလျှင် ရှုမြင်၏။ ထိုယောဂီသည် ဥပမာအားဖြင့် မျက်စိမြင်သော ယောက်ျားသည် ရေကန်၏ ကမ်း၌ဖြစ်စေ, မြစ်ကမ်း၌ဖြစ်စေ ရပ်တည်လျက် မိုဃ်းပေါက်ကြီးစွာ မိုဃ်းရွာလတ်သော်


မှတ်ချက်

     ၁- အစရှိသော-ဟူသော စကားဖြင့် ဝိရာဂါနုပဿနာ နိရောဓာနုပဿနာ ပဋိနိဿဂ္ဂါနုပဿနာတို့ကို ညွှန်ပြသည်။

     ၂- ထိုယောဂီသည်.. နှလုံးသွင်းခြင်း ရှိသည်ဖြစ်၍.. စွန့်၍ ပျက်ခြင်းကိုသာလျှင် ရှုမြင်၏-ဟု စပ်ပါ။

     ၃- မြင်သကဲ့သို့၎င်း.. ရှုမြင်၏-ဟု စပ်ပါ။

     ၄- ဖြစ်ခြင်းကို၎င်း တည်ခြင်းကို၎င်း အဆက်မပြတ်ဖြစ်သော ရုပ်နာမ်အယဉ်ကို၎င်း ပုံသဏ္ဌာန်နိမိတ်ကို၎င်း မမြင်ရ မတွေ့ရသည်ကိုပင် ''စွန့်၍''ဟု ဆိုထားသည်၊ တမင်တကာ စွန့်ရသည်ကား မဟုတ်၊ ''၎င်းတို့ကို မတွေ့မမြင်တော့ပဲ ရှုတိုင်း ရှုတိုင်း ပျက်ခြင်းကိုသာလျှင် တွေ့မြင်နေသည်''ဟု ဆိုလို၏။

     ၅- ထိုယောဂီသည်.. ဤအတူပင်လျှင်.. ရှုမြင်၏-ဟု စပ်ပါ။

၃၇၁

ရေမျက်နှာပြင်၌ ကြီးစွာ ကြီးစွာသော ရေပွက်တို့သည် ဖြစ်ပေါ်ကုန် ဖြစ်ပေါ်ကုန်ပြီးလျှင် လျင်စွာ လျင်စွာ ပျက်သွားသည်တို့ကို မြင်ရာသကဲ့သို့ ဤအတူပင်လျှင် အလုံးစုံသော သင်္ခါရတို့သည် ပျက်ကုန်၏ ပျက်ကုန်၏ဟု ရှုမြင်၏။ မှန်ပေ၏၊ ဤသို့ သဘောရှိသော ယောဂီပုဂ္ဂိုလ်ကို ရည်၍ အောက်ပါဂါထာကို မြတ်စွာဘုရား ဟောကြားတော်မူသည်။

''ရေပွက်ကို ရှုမြင်သကဲ့သို့၎င်း တံလှပ်ကို ရှုမြင်သကဲ့သို့၎င်း ဤအတူပင် (ခန္ဓာငါးပါးဟူသော) လောကကို ရှုမြင်သောသူကို သေမင်းသည် မမြင်နိုင်တော့ပေ''။

     ၇၄၉။ ဤဆိုခဲ့သည့်အတိုင်း ''အလုံးစုံသော သင်္ခါရတို့သည် ပျက်ကုန်၏ ပျက်ကုန်၏''ဟု မပြတ် ရှုမြင်သော ယောဂီ၏ ဘင်္ဂါနုပဿနာဉာဏ်သည် ရှစ်ပါးသော အကျိုးအာနိသင်ဟူသော အခြံအရံရှိသည်ဖြစ်၍ ခွန်အားနှင့် ပြည့်စုံပေ၏။ ထိုဘင်္ဂါနုပဿနာဉာဏ်၌ အောက်ပါတို့မှာ ရှစ်ပါးသော အကျိုးအာနိသင်တို့ ဖြစ်သည်။

(၁) ဘဝဒိဋ္ဌိ(ခေါ် သဿတဒိဋ္ဌိ)ကို ပယ်ခွါခြင်း၊

(၂) အသက်၌ ငဲ့ကွက်တွယ်တာမှုကို စွန့်ခြင်း၊

(၃) (နေ့ရောညဉ့်ပါ) အခါခပ်သိမ်း (ဘဝနာ၌) လွန်စွာ အားထုတ်ခြင်း၊

(၄) စင်ကြယ်သော အသက်မွေးမှုရှိခြင်း၊

(၅) (ကိစ္စကြီးငယ်တို့၌) ကြောင့်ကြဗျာပါရကို ပယ်ခြင်း၊

(၆) ကြောင်ရွံ့မှု ကင်းခြင်း၊

(၇) သည်ခံခြင်းနှင့် သူတော်ကောင်းတရားတို့၌ မွေ့လျော်ခြင်းတို့ကို ရခြင်း၊

(၈) တောကျောင်းနှင့် ဘာဝနာအမှုတို့၌ မပျော်မွေ့ခြင်း, ကာမဂုဏ်၌ ပျော်မွေ့ခြင်းတို့ကို နှိမ်နင်းပယ်ဖျောက်နိုင်ခြင်းတို့ပင်တည်း။

     [၂၈၂] ထို့ကြောင့် ရှေးဆရာတို့သည် အောက်ပါဂါထာကို မိန့်ဆိုကုန်၏။

၃၇၂

''ယောဂီ ရဟန်းသည် ထိုဘင်္ဂါနုပဿနာဉာဏ်၌ မြတ်သော ဤဂုဏ်ကျေးဇူး ရှစ်ပါးတို့ကို မြင်၍ သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ရုပ်နာမ်သင်္ခါရတို့၏ အပျက်ကို အဖန်ဖန်ရှုလျက် အဝတ်ကို မီးလောင်သောသူ ဦးခေါင်းကို မီးလောင်သောသူတို့နှင့် တူစွာ အဖန်ဖန် မပြတ် သုံးသပ်လေတော့သတည်း။''

ဘင်္ဂါနုပဿနာဉာဏ်ပြီး၏။

**********

ဘယတုပဋ္ဌာနဉာဏ်ကို ပြဆိုချက်

     ၇၅ဝ။ ဤဆိုခဲ့သည့်အတိုင်း အလုံးစုံသော (တေဘူမက) သင်္ခါရတို့၏ ကုန်ခြင်း ပျောက်ခြင်း ပျက်ခြင်းဟူသော ချုပ်ခြင်းလျှင် အာရုံရှိသော ဘင်္ဂါနုပဿနာခေါ် ဘင်္ဂဉာဏ်ကို မှီဝဲလျက် ပွါးစေလျက် အကြိမ်များစွာပြုသော ထိုယောဂီအား အလုံးစုံသော ဘဝသုံးပါး ယောနိလေးပါး ဂတိငါးပါး ဝိညာဏဋ္ဌိတိခုနစ်ပါး သတ္တာဝါသ ကိုးပါးတို့၌ (ခဏတိုင်း ခဏတိုင်း) မပြတ် ပျက်စီးကုန်သော သင်္ခါရတို့သည် ''ချမ်းသာစွာ အသက်ရှင်နေလိုသော ကြောက်တတ်သော ယောက်ျားအား ခြင်္သေ့ ကျား သစ် ဝံ ဝံပုလွေ ဘီလူး ရက္ခိုသ် နွားကြမ်း ခွေးဆိုး အမုန်ယိုသော ဆင်ကြမ်း အဆိပ်ထန်သော မြွေဆိုး မိုးကြိုးစက် သုသာန် စစ်မြေပြင် ရဲရဲတောက်သော


မှတ်ချက်

     ၁- ကိုယ်၌ ဝတ်ထားသော အဝတ်ကို မီးလောင်လျှင် ဦးခေါင်းကို မီးလောင်လျှင် အခြားကိစ္စများကို ဂရုမစိုက်နိုင်ပဲ ထိုမီးကိုသာလျှင် အလျင်အမြန် ငြိမ်းသတ်ရာသကဲ့သို့ ထို့အတူပင် ဘင်္ဂဉာဏ်နှင့် ပြည့်စုံသော ယောဂီသည် အခြားကိစ္စများကို ဂရုမစိုက်နိုင်ပဲ သင်္ခါရတို့၏ အပျက်ကိုသာလျှင် အဖန်တလဲလဲ မပြတ်မစဲ သုံးသပ်နေသည်-ဟု ဆိုလို၏။

     ၂- ကုန်ဆုံးသွားခြင်း ပျောက်ကွယ်သွားခြင်း ပျက်သွားခြင်းဟု- ခေါ်ဆိုအပ်သော ချုပ်ခြင်းကို ရှုမြင်လျက် အာရုံပြုသော ဘင်္ဂဉာဏ်-ဟု ဆိုလို၏။

     ၃-၄- ထိုယောဂီအား.. သင်္ခါရတို့သည်.. ကြီးစွာသော ကြောက်ဖွယ်ဖြစ်၍ ထင်ကုန်၏-ဟု စပ်ပါ။

     ၅- ယောက်ျားအား.. ထင်ကုန်သကဲ့သို့-ဟု စပ်ပါ။

၃၇၃

မီးကျီးတွင်း စသည်တို့သည် ကြီးစွာသော ကြောက်ဖွယ်ဖြစ်၍ ထင်ကုန်သကဲ့သို့'' ကြီးစွာသော ကြောက်ဖွယ်ဖြစ်၍ ထင်ကုန်၏၊ ''အတိတ်သင်္ခါရတို့သည် ချုပ်လေကုန်ပြီ၊ ပစ္စုပ္ပန် သင်္ခါရတို့သည် ချုပ်ကုန်ဆဲ၊ နောင် အနာဂတ်ကာလ၌ ဖြစ်လတံ့သော သင်္ခါရတို့သည်လည်း ဤအတူပင် ချုပ်ကုန်လတံ့''ဟု ရှုမြင်သော ထိုယောဂီအား ဤသို့ ရှုမြင်သော အရာဌာန၌ (ကြောက်ဖွယ်ဘေးဟု ထင်သောကြောင့်) ဘယတုပဋ္ဌာနဉာဏ်မည်သော ဘယဉာဏ်သည် ဖြစ်ပေါ်၏။

     ထိုဘယဉာဏ်၌ ဤဆိုလတံ့သည်ကား ဥပမာတည်း.. တယောက်သော မိန်းမအား မင်းပြစ်မင်းဒဏ်သင့်သော သားသုံးယောက်တို့ ရှိကုန်သတတ်၊ မင်းသည် ထိုသားသုံးယောက်တို့အား ဦးခေါင်းကို ဖြတ်ရန် အမိန့်ပေး၏၊ ထိုမိန်းမသည် သားတို့နှင့် အတူတကွ သူသတ်ကုန်းသို့ သွားလေ၏၊ ထိုအခါ ထိုမိန်းမ၏ သားကြီး၏ ဦးခေါင်းကို ဖြတ်ကုန်ပြီးလျှင် သားလတ်၏ ဦးခေါင်းကို ဖြတ်ရန် အားထုတ်ကုန်၏၊ ထိုသားတို့၏ မိခင်ဖြစ်သော မိန်းမသည် သားကြီး၏ ဦးခေါင်းဖြတ်ပြီးသည်ကို၎င်း, သားလတ်၏ ဦးခေါင်းဖြတ်နေသည်ကို၎င်း မြင်၍ ''ဤသားငယ်သည်လည်း ထိုသားကြီး သားလတ်တို့နှင့် တူသည်သာလျှင် ဖြစ်ရှာလတံ့''ဟု သားငယ်၌ တွယ်တာခြင်း မြှော်လင့်ခြင်းကို စွန့်လွှတ်လေ၏။ ထိုဥပမာ၌ ထိုမိန်းမသည် သားကြီး၏ ဖြတ်ပြီးသော ဦးခေါင်းကို မြင်သကဲ့သို့ ယောဂီပုဂ္ဂိုလ်သည် အတိတ်သင်္ခါရတို့၏ ချုပ်ခြင်းကို ရှုမြင်သည်ကို မှတ်အပ်၏၊ သားလတ်၏ ဖြစ်ဆဲဖြစ်သော ဦးခေါင်းကို မြင်သကဲ့သို့ ပစ္စုပ္ပန် သင်္ခါရတို့၏ ချုပ်ခြင်းကို ရှုမြင်သည်ကို မှတ်အပ်၏၊ ''ဤသားငယ်သည်လည်း ထိုသားကြီး သားလတ်တို့နှင့် တူသည်သာလင် ဖြစ်ရှာလတံ့''ဟု သားငယ်၌ တွယ်တာခြင်း မြှော်လင့်ခြင်းကို စွန့်လွှတ်သကဲ့သို့ ''နောင် အနာဂတ်ကာလ၌ ဖြစ်လတံ့သော သင်္ခါရတို့သည်လည်း ပျက်ကုန်လတံ့''ဟု အနာဂတ် သင်္ခါရတို့၏ ချုပ်ခြင်းကို ရှုမြင်သည်ကို မှတ်အပ်၏။ ဤသို့ ရှုမြင်သော ထိုယောဂီအား ဤသို့ ရှုမြင်သော အရာဌာန၌ ဘယတုပဋ္ဌာနဉာဏ်သည် ဖြစ်ပေါ်၏။

     တပါးသော ဥပမာကား.. ပုပ်သော သားရှိသော (သားသမီး အဖတ်မတင်သော) တယောက်သော မိန်းမသည် ဆယ်ယောက်သော ကလေးသူငယ်တို့ကို ဖွားမြင်သတတ်။ ထိုဆယ်ယောက်တို့တွင် ကိုးယောက်တို့သည်

၃၇၄

သေလေကုန်ပြီ၊ တယောက်သော သူငယ်သည် လက်၌တည်ရှိစဉ် သေရှာ၏၊ အခြား တယောက်သော သူငယ်သည် ဝမ်းထဲ၌ ရှိ၏။ ထိုမိန်းမသည် သေလေပြီးသော ကိုးယောက်သော [၂၈၃] သူငယ်တို့ကို၎င်း, သေဆဲဖြစ်သော ဆယ်ယောက်မြောက် သူငယ်ကို၎င်း မြင်ပြီးလျှင် ''ဝမ်းထဲ၌ တည်ရှိနေသော ဤသူငယ်သည်လည်း ထိုဆယ်ယောက်သော သူငယ်တို့နှင့် တူသည်သာလျှင် ဖြစ်ရှာလတံ့''ဟု ဝမ်းထဲတွင် တည်ရှိနေသော သူငယ်၌ တွယ်တာခြင်း မြှော်လင့်ခြင်းကို စွန့်လွှတ်လေ၏။ ထိုဥပမာ၌ သားသမီး အဖတ်မတင်သော ထိုမိန်းမသည် ကိုးယောက်သော သူငယ်တို့၏ သေခြင်းကို အောက်မေ့သကဲ့သို့ ယောဂီပုဂ္ဂိုလ်သည် အတိတ်သင်္ခါရတို့၏ ချုပ်ခြင်းကို ရှုမြင်သည်ကို မှတ်အပ်၏၊ လက်၌တည်ရှိနေသော သူငယ်၏ သေနေသည်၏အဖြစ်ကို မြင်သကဲ့သို့ ယောဂီသည် ပစ္စုပ္ပန် သင်္ခါရတို့၏ ချုပ်ခြင်းကို ရှုမြင်သည်ကို မှတ်အပ်၏၊ ဝမ်းထဲတွင် တည်ရှိနေသော သူငယ်၌ တွယ်တာခြင်း မြှော်လင့်ခြင်းကို စွန့်လွှတ်သကဲ့သို့ အနာဂတ် သင်္ခါရတို့၏ ချုပ်ခြင်းကို ရှုမြင်သည်ကို မှတ်အပ်၏။ ဤသို့ ရှုမြင်သော ထိုယောဂီအား ဤသို့ ရှုမြင်သော ခဏ၌၁ ဘယတုပဋ္ဌာနဉာဏ်သည် ဖြစ်ပေါ်၏။

     ၇၅၁။ ဘယတုပဋ္ဌာနဉာဏ်သည် ကြောက်တတ်သလော၊ မကြောက်တတ်သလောဟူမူ? မကြောက်တတ်ပေ၊။ မှန်ပေ၏၊ ထိုဘယတုပဋ္ဌာနဉာဏ်သည် ''အတိတ် သင်္ခါရတို့သည် ချုပ်လေကုန်ပြီ၊ ပစ္စုပ္ပန် သင်္ခါရတို့သည် ချုပ်ကုန်ဆဲ၊ အနာဂတ် သင်္ခါရတို့သည် ချုပ်ကုန်လတံ့''ဟု စူးစမ်း ဆင်ခြင်ခြင်းမျှသာလျှင် ဖြစ်ပေသည်။ ထို့ကြောင့်၂ ဥပမာအားဖြင့်.. မျက်စိမြင်သော ယောက်ျားသည် မြို့တံခါးအနီး၌ မီးကျီးတွင်း သုံးခုတို့ကို ကြည့်ရှုလတ်သော် ကိုယ်တိုင်ကား မကြောက်ပေ၊ စင်စစ်သော်ကား


မှတ်ချက်

     ၁- ပါဠိ၌ ဤအရာတွင် ''ဧတသ္မိံ ခဏေ''ဟု ရှိသောကြောင့် ''ဤသို့ ရှုမြင်သော ခဏ၌''ဟု ပြန်ဆိုသည်၊ အလားတူ ရှေးစာပိုဒ် ၃-ခုတို့၌ကား ''ဧတသ္မိံ ဌာနေ''ဟု ရှိသောကြောင့် ''ဤသို့ ရှုမြင်သော အရာဌာန၌''ဟု ပြန်ဆိုခဲ့သည်။ ခဏ၌ဟူသော ပြန်ဆိုချက်က သာ၍ ချောမောပြေပြစ်သည်။

     ၂- ထို့ကြောင့်.. ထိုဉာဏ်အား.. စူးစမ်း ဆင်ခြင်ခြင်းမျှသာလျှင် ဖြစ်ပေ၏-ဟု စပ်ပါ။

၃၇၅

ထိုယောက်ျားအား ''ဤမီးကျီးတွင်းတို့၌ ကျတိုင်း ကျတိုင်းသော သူခပ်သိမ်းတို့သည် ကြီးစွာသော ဆင်းရဲကို ခံစားရကုန်လတံ့''ဟု သက်သက် စူးစမ်း ဆင်ခြင်ခြင်းမျှသာလျှင် ဖြစ်၏။ တနည်း ဥပမာအားဖြင့်.. မျက်စိမြင်သော ယောက်ျားသည် ရှားနှစ်တံကျင် သံတံကျင် ရွှေတံကျင်ဟူသော အစဉ်အတိုင်းထားသော တံကျင်သုံးခုကို ကြည့်ရှုလတ်သော် ကိုယ်တိုင်ကား မကြောက်ပေ၊ စင်စစ်သော်ကား ထိုယောက်ျားအား ''ဤတံကျင်တို့၌ ကျတိုင်း ကျတိုင်းသော သူခပ်သိမ်းတို့သည် ကြီးစွာသော ဆင်းရဲကို ခံစားရကုန်လတံ့''ဟု သက်သက် စူးစမ်း ဆင်ခြင်ခြင်းမျှသာလျှင် ဖြစ်၏။ ဤအတူပင် ဘယတုပဋ္ဌာနခေါ် ဘယဉာဏ်သည် ကိုယ်တိုင်ကား မကြောက်တတ်ပေ၊ စင်စစ်သော်ကား ထိုဉာဏ်အား'' မီးကျီးတွင် သုံးခုနှင့်လည်း တူကုန်သော တံကျင်သုံးချောင်းနှင့်လည်း တူကုန်သော ဘဝသုံးပါးတို့၌ အတိတ် သင်္ခါရတို့သည် ချုပ်လေကုန်ပြီ၊ ပစ္စုပ္ပန် သင်္ခါရတို့သည် ချုပ်ကုန်ဆဲ၊ အနာဂတ် သင်္ခါရတို့သည် ချုပ်ကုန်လတံ့''ဟု သက်သက် စူးစမ်းဆင်ခြင်ခြင်းမျှသာလျှင် ဖြစ်ပေ၏။ ဘယတုပဋ္ဌာန မည်ခြင်း၏ အကြောင်းကား.. ထိုဉာဏ်အား အလုံးစုံသော ဘဝသုံးပါး ယောနိလေးပါး ဂတိငါးပါး ဝိညာဏဋ္ဌိတိ ခုနစ်ပါး သတ္တာဝါသ ကိုးပါးတို့၌ တည်ကုန်သော သင်္ခါရတို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်လျက် ကြောက်ဖွယ်ဘေး ရှိကုန်သည်ဖြစ်၍ သက်သက် ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ပေါ်ကုန်၏၊ ထို့ကြောင့် ဘယတုပဋ္ဌာနဟူ၍ ခေါ်ဆိုအပ်၏။ ထိုဉာဏ်အား ဤဆိုခဲ့သည့်အတိုင်း ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ပေါ်ရာ၌ အောက်ပါမှာ ပဋိသမ္ဘိဒါမဂ် ပါဠိပေတည်း။

မမြဲဟု နှလုံးသွင်းသောသူအား အဘယ်သည် ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်သနည်း၊ ဆင်းရဲဟု၊ အတ္တမဟုတ်ဟု နှလုံးသွင်းသော သူအား အဘယ်သည် ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်သနည်းဟူမူ? မမြဲဟု နှလုံးသွင်းသော သူအား နိမိတ်သည်


မှတ်ချက်

     ၁- ထိုယောက်ျားအား.. စူးစမ်း ဆင်ခြင်ခြင်းမျှသာလျှင် ဖြစ်၏-ဟု စပ်ပါ။

     ၂- ဘယတော- ကြောက်ဖွယ်ဘေးအားဖြင့် + ဥပဠာန- ထင်ပေါ်သောဉာဏ် = ဘယတုပဋ္ဌာန- ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ပေါ်လာသော ဉာဏ်။

၃၇၆

ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်၏။ ဆင်းရဲဟု နှလုံးသွင်းသော သူအား မပြတ်ဖြစ်သော အယဉ်သည် ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်၏။ အတ္တမဟုတ်ဟု နှလုံးသွင်းသော သူအား နိမိတ်သည်၎င်း မပြတ်ဖြစ်သော အယဉ်သည်၎င်း ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်၏၊ ဤကား ပါဠိ။

     [၂၈၄] ထိုပါဠိ၌ နိမိတ် ဟူသည်ကား သင်္ခါရနိမိတ်တည်း၊ ဤနိမိတ်ဟူသော အမည်သည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော သင်္ခါရတို့၏သာလျှင် အမည်ပေတည်း။ မှန်ပေ၏၊ မမြဲဟု နှလုံးသွင်းသော သူသည် သင်္ခါရတို့၏ သေခြင်း ပျက်ခြင်းကိုသာလျှင် မြင်၏၊ ထို့ကြောင့် ထိုယောဂီအား သင်္ခါရနိမိတ်သည် ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်၏။ ပဝတ္တ- မပြတ်ဖြစ်သော အယဉ် ဟူသည်ကား ရူပဘဝ အရူပဘဝ အယဉ်တည်း။ မှန်ပေ၏၊ ဆင်းရဲဟု နှလုံးသွင်းသော သူသည် ချမ်းသာဟု သမုတ်အပ်သော ဘဝအယဉ်၌သော်လည်း မပြတ် နှိပ်စက်(အပ်)သည်၏ အဖြစ်ကိုသာလျှင် မြင်၏၊ ထို့ကြောင့် ထိုယောဂီအား ဘဝအယဉ်သည် ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်၏။ အတ္တမဟုတ်ဟု နှလုံးသွင်းသော သူသည် ဤနိမိတ်နှင့် အယဉ် နှစ်ပါးလုံးကိုလည်း ရွာပျက်ကဲ့သို့၎င်း တံလှပ် ဂန္ဓဗ္ဗနတ် ကျတ်သူရဲတို့၏ မြို့စသည်တို့ကဲ့သို့၎င်း အနှစ်ကင်းသည်ဟု အချည်းနှီးဟု အတ္တမှ ဆိတ်သုဉ်းသည်ဟု ပိုင်ရှင်မရှိဟု ရှေ့ဆောင်အကြီးအကဲ မရှိဟု မြင်၏၊ ထို့ကြောင့် ထိုယောဂီအား သင်္ခါရနိမိတ်သည်၎င်း မပြတ်ဖြစ်သော ဘဝအယဉ်သည်၎င်း နှစ်ပါးလုံးသည် ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်၏၊ ဤသို့ သိအပ်၏။

ဘယတုပဋ္ဌာနဉာဏ် ပြီး၏။

**********

အာဒီနဝါနုပဿနာဉာဏ်ကို ပြဆိုချက်

     ၇၅၂။ ထိုဘယတုပဋ္ဌာနဉာဏ်ကို မှီဝဲလျက် ပွါးစေလျက် အကြိမ်များစွာပြုသော ထိုယောဂီအား အလုံးစုံသော ဘဝသုံးပါး ယောနိလေးပါး ဂတိငါးပါး ဝိညာဏဋ္ဌိတိ ခုနစ်ပါး သတ္တာဝါသ ကိုးပါးတို့၌ အကျိုးမဲ့မှ

၃၇၇

စောင့်ရှောက်တတ်သောအရာ မထင်သည်သာတည်း၊ ပုန်းအောင်းရာလည်း မထင်သည်သာတည်း၊ ရှောင်တိမ်းသွားရန် အရပ်လည်း မထင်သည်သာတည်း၊ ကိုးကွယ်ရာလည်း မထင်သည်သာတည်း၊ အလုံးစုံသော ဘဝ ယောနိ ဂတိ ဌိတိ နိဝါသတို့၌ တည်ကုန်သော သင်္ခါရတို့တွင် တခုသော သင်္ခါရ၌သော်လည်း တောင့်တခြင်းသော်၎င်း ငါဟု မှားယွင်းစွာ သုံးသပ်ခြင်းသော်၎င်း မရှိတော့ပေ။ သုံးပါးသော ဘဝတို့သည် မီးလျှံကင်းသော မီးကျီးတို့ဖြင့် ပြည့်သော မီးကျီးတွင်းတို့ကဲ့သို့၎င်း၊ လေးပါးသော မဟာဘုတ်တို့သည် ပြင်းထန်သော အဆိပ်ရှိသော မြွေဆိုးကြီးတို့ကဲ့သို့၎င်း၊ ငါးပါးသော ခန္ဓာတို့သည် သန်လျှက်ထားကို ချီမိုးနေသော သူသတ်ယောက်ျားတို့ကဲ့သို့၎င်း၊ ခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့သည် လူမရှိသော ရွာပျက်ကဲ့သို့၎င်း၊ ခြောက်ပါးသော ဗာဟိရာယတနတို့သည် ရွာဖျက် ဒမြကြီးတို့ကဲ့သို့၎င်း၊ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိတို့နှင့် ကိုးပါးသော သတ္တာဝါသတို့သည် တဆယ့်တပါးသော မီးတို့ဖြင့် ရဲရဲတောက်ကုန်သကဲ့သို့၎င်း၊ ထက်ဝန်းကျင်မှ တောက်ပကုန်သကဲ့သို့၎င်း၊ တခဲနက် မီးလျှံသဖွယ် ဖြစ်ကုန်သကဲ့သို့၎င်း ထင်ပေါ်ကုန်၏။ အလုံးစုံသော သင်္ခါရတို့သည် အိုင်းအမာကဲ့သို့ ဖြစ်ကုန်၍၎င်း၊ စွဲကပ်နေသော ရောဂါတို့ကဲ့သို့ ဖြစ်ကုန်၍၎င်း၊ စူးဝင်နေသော ငြောင့်တို့ကဲ့သို့ ဖြစ်ကုန်၍၎င်း မကောင်းမှုတို့ကဲ့သို့ ဖြစ်ကုန်၍၎င်း၊ အဖျားအနာကဲ့သို့ ဖြစ်ကုန်၍၎င်း သာယာဖွယ် ကင်းကုန်သည်ဖြစ်၍ ထင်ကုန်၏၊ အရသာကင်းကုန်သည်ဖြစ်၍ ထင်ကုန်၏၊ ကြီးစွာသော အပြစ်အစုသဖွယ်ဖြစ်၍ ထင်ကုန်၏။

     အဘယ်သို့နည်းဟူမူ? ချမ်းသာစွာ အသက်ရှင်နေလိုသော ကြောက်တတ်သော ယောက်ျားအား မွေ့လျော်ဖွယ် အခြင်းအရာအားဖြင့်


မှတ်ချက်

     ၁- ဗာလပုထုဇဉ် ပုဂ္ဂိုလ်တို့သည် နတ်လောက ဗြဟ္မာလောက ကောင်းကင်ဘုံ စသည်တို့၌ အိုခြင်း နာခြင်း သေခြင်းမှ ကင်းသည်ဟု ထင်ကြ၏။ ထို့ကြောင့် ထိုနတ်လောက စသည်တို့သည် ထိုသူတို့အား စောင့်ရှောက်တတ်သော အရာ ပုန်းအောင်းရာ ကိုးကွယ်ရာ အနေအားဖြင့်၎င်း၊ ရှောင်တိမ်းသွားရန် အရပ်အနေအားဖြင့်၎င်း ထင်ပေါ်လျက် ရှိကုန်၏၊ ဤယောဂီအားမူကား ထိုကဲ့သို့ မထင်ဟု ဆိုလို၏။

၃၇၈

ကောင်းစွာ တည်သော်လည်း သားရဲရှိသော တောအုပ်ကဲ့သို့၎င်း၊ ကျားရှိသော လိုဏ်ဂူကဲ့သို့၎င်း၊ ဖမ်းစားတတ်သော မိကျောင်းစသည်နှင့် ရေစောင့် ရက္ခိုသ်ဘီလူးရှိသော ရေကဲ့သို့၎င်း၊ ချီမိုးထားသော သန်လျှက်ရှိသော ရန်သူကဲ့သို့၎င်း၊ အဆိတ်နှင့်တကွသော အစာကဲ့သို့၎င်း၊ ခိုးသူဒမြရှိသော လမ်းခရီးကဲ့သို့၎င်း၊ မီးစွဲလောင်နေသော အိမ်ကဲ့သို့၎င်း၊ ချီတက် တိုက်ခိုက်သော စစ်တပ်ရှိသော စစ်မြေပြင်ကဲ့သို့၎င်း ထင်၏။ ချဲ့ပြရလျှင်.. ထိုယောက်ျားသည် ဤဆိုခဲ့သော သားရဲရှိသော တောအုပ် စသည်တို့ကို ရောက်သွားလတ်သော် ကြောက်ရွံ့ ထိတ်လန့်လျက် ကြက်သီးမွေးညင်း ထသည်ဖြစ်၍ ထက်ဝန်းကျင်မှ အပြစ်ကိုသာလျှင် မြင်သကဲ့သို့ ထို့အတူပင်လျှင် [၂၈၅] ဤယောဂီပုဂ္ဂိုလ်သည် ပျက်ခြင်းကိုရှုသော ဘင်္ဂါနုပဿနာ၏ အစွမ်းအားဖြင့် အလုံးစုံသော သင်္ခါရတို့သည် ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ကုန်လတ်သော် ထက်ဝန်းကျင်မှ အရသာကင်းသည် သာယာဖွယ် ကင်းသည်ကိုသာလျှင် အပြစ်ကိုသာလျှင် မြင်၏။ ဤသို့ အပြစ်ကိုမြင်သော ထိုယောဂီအား အာဒီနဝဉာဏ်မည်သော အာဒီနဝါနုပဿနာဉာဏ်သည် ဖြစ်ပေါ်၏။ ယင်း အာဒီနဝဉာဏ်ကို ရည်၍ အောက်ပါစကားကို ပဋိသမ္ဘိဒါမဂ်၌ ဟောအပ်ပေ၏-

အဘယ်သို့လျှင် ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ ပညာသည် အပြစ်၌ဖြစ်သော အာဒီနဝဉာဏ် မည်သနည်း? ရှေးဦးစွာ


မှတ်ချက်

     ၁- ''တောအုပ် စသည်သည် မွေ့လျော်ဖွယ် အခြင်းအရာအားဖြင့် ကောင်းစွာ တည်သော်လည်း သားရဲစသည် ရှိနေလျှင် ထိုတောအုပ် အစရှိသည်သည် အပြစ်အနေအားဖြင့်သာ ထင်၏၊ ပျော်မွေ့ဖွယ် အနေအားဖြင့် မထင်။ မွေ့လျော်ဖွယ် အခြင်းအရာအားဖြင့် ကောင်းစွာ မတည်သော တောအုပ် စသည်မှာ ဆိုဖွယ်ပင်မရှိပြီ''ဟူသော ဤအနက်ကို ''သော်လည်း''ဟူသော စကားဖြင့် ဖောပြ၏။

     ၂- အာဒီနဝ-အပြစ် + ဉာဏ-သိမြင်သောဉာဏ် = အာဒီနဝဉာဏ်- အပြစ်မြင်သော ဉာဏ်။ အာဒီနဝ-အပြစ် + အနုပဿနာ-ရှုမြင်သော + ဉာဏ-ဉာဏ်- အာဒီနဝါနုပဿနာဉာဏ်- အပြစ်ကို ရှုမြင်သော ဉာဏ်။

     ၃- ''အပြစ်၌ဖြစ်သော'' ဟူသည်မှာ ''ထိုအပြစ်ကို မြင်လျက် သိလျက် ဖြစ်သော''ဟု ဆိုလို၏။

၃၇၉

ဖြစ်ပေါ်ခြင်းသည် ကြောက်ဖွယ်ဘေးဟု ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ ပညာသည် အပြစ်၌ဖြစ်သော အာဒီနဝဉာဏ် မည်၏၊ ဖြစ်ပွါးခြင်းသည် ဘေးဟု။ နိမိတ်သည် ဘေးဟု။ အားထုတ်ခြင်းသည် ဘေးဟု။ တဖန်စပ်သော ပဋိသန္ဓေသည် ဘေးဟု။ လားရာဂတိသည် ဘေးဟု။ ဖြစ်ခြင်းသည် ဘေးဟု။ ကပ်ရောက်၍ ဖြစ်ခြင်းသည် ဘေးဟု။ ဘဝအသစ်ဖြစ်ခြင်း ဇာတိသည် ဘေးဟု။ အိုခြင်းသည် ဘေးဟု။ နာခြင်းသည် ဘေးဟု။ သေခြင်းသည် ဘေးဟု။ စိုးရိမ်ခြင်းသည် ဘေးဟု။ ငိုကြွေးခြင်းသည် ဘေးဟု။ ပြင်းစွာ ပူပန်ခြင်းသည် ဘေးဟု ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ ပညာသည် အာဒီနဝဉာဏ် မည်၏။ (၁)

မဖြစ်ပေါ်ခြင်းသည် (ဖြစ်ပေါ်မှုကင်းသော နိဗ္ဗာန်သည်) ဘေးငြိမ်းရာတည်းဟု သိသော ပညာသည် ငြိမ်းအေးရာ နိဗ္ဗာန်၌ဖြစ်သော သန္တိပဒဉာဏ်မည်၏။ မဖြစ်ပွါးခြင်းသည် (ဖြစ်ပွါးမှုကင်းသော နိဗ္ဗာန်သည်) ။ပ။ ပြင်းစွာ မပူပန်ခြင်းသည် (ပြင်းစွာပူပန်မှု ကင်းသော နိဗ္ဗာန်သည်) ဘေးငြိမ်းရာတည်းဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ (၂)

ဖြစ်ပေါ်ခြင်းသည် ကြောက်ဖွယ်ဘေးတည်း၊ မဖြစ်ပေါ်ခြင်းသည် ဘေးငြိမ်းရာတည်းဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ ပူပန်ခြင်းသည် ကြောက်ဖွယ်ဘေးတည်း၊ ပြင်းစွာ မပူပန်ခြင်းသည် ဘေးငြိမ်းရာတည်းဟု သိသော ပညာသည် သန္တိပဒဉာဏ်မည်၏။ (၃)

ဖြစ်ပေါ်ခြင်းသည် ဆင်းရဲတည်းဟု ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ ပညာသည် အာဒီနဝဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ ပူပန်ခြင်းသည် ဆင်းရဲတည်းဟု ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ ပညာသည် အာဒီနဝဉာဏ်မည်၏။ (၄)


မှတ်ချက်

     ၁- သန္တိ-ငြိမ်းအေးရာ + ပဒ-ရောက်အပ်- ရောက်သင့်- ရောက်ထိုက်သော နိဗ္ဗာန် + ဉာဏ-ဉာဏ် = သန္တိပဒဉာဏ်- ငြိမ်းအေးရာ နိဗ္ဗာန်ကို သိသောဉာဏ်။

၃၈၀

မဖြစ်ပေါ်ခြင်းသည် ချမ်းသာတည်းဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ မဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ မပူပန်ခြင်းသည် ချမ်းသာတည်းဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ (၅)

ဖြစ်ပေါ်ခြင်းသည် ဆင်းရဲတည်း၊ မဖြစ်ပေါ်ခြင်းသည် ချမ်းသာတည်းဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ ပူပန်ခြင်းသည် ဆင်းရဲတည်း၊ ပြင်းစွာ မပူပန်ခြင်းသည် ချမ်းသာတည်းဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ (၆)

ဖြစ်ပေါ်ခြင်းသည် (ဝဋ်ကာမဂုဏ်, ကိလေသာဟူသော) အစာနှင့်တကွ ဖြစ်သည်ဟု ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ ပညာသည် အာဒီနဝဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ ပူပန်ခြင်းသည် အစာနှင့်တကွ ဖြစ်သည်ဟု ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ ပညာသည် အာဒီနဝဉာဏ် မည်၏။ (၇)

မဖြစ်ပေါ်ခြင်းသည် အစာကင်းသည်ဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ မဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ မပူပန်ခြင်းသည် အစာကင်းသည်ဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ (၈)

ဖြစ်ပေါ်ခြင်းသည် အစာနှင့်တကွ ဖြစ်သည်၊ မဖြစ်ပေါ်ခြင်းသည် အစာကင်းသည်ဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ ပူပန်ခြင်းသည် အစာနှင့်တကွ ဖြစ်သည်၊ ပြင်းစွာ မပူပန်ခြင်းသည် အစာကင်းသည်ဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ (၉)

[၂၈၆] ဖြစ်ပေါ်ခြင်းသည် သင်္ခါရတို့တည်းဟု ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ သိသော ပညာသည် အာဒီနဝဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ ပူပန်ခြင်းသည် သင်္ခါရတို့တည်းဟု ကြောက်ဖွယ် ဘေးအနေအားဖြင့် ထင်ရာ၌ ပညာသည် အာဒီနဝဉာဏ် မည်၏။ (၁ဝ)

၃၈၁

မဖြစ်ပေါ်ခြင်းသည် ငြိမ်းသော နိဗ္ဗာန်တည်းဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ မဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ မပူပန်ခြင်းသည် ငြိမ်းသော နိဗ္ဗာန်တည်းဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ (၁၁)

ဖြစ်ပေါ်ခြင်းသည် သင်္ခါရတို့တည်း၊ မဖြစ်ပေါ်ခြင်းသည် ငြိမ်းအေးသော နိဗ္ဗာန်တည်းဟု သိသော ပညာသည် သန္တိပဒဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် ။ပ။ ပြင်းစွာ ပူပန်ခြင်းသည် သင်္ခါရတို့တည်း၊ ပြင်းစွာ မပူပန်ခြင်းသည် ငြိမ်းအေးသော နိဗ္ဗာန်တည်းဟု သိသောပညာသည် သန္တိပဒဉာဏ် မည်၏။ (၁၂)

ဖြစ်ပေါ်ခြင်းကို၎င်း ဖြစ်ပွါးခြင်းကို၎င်း နိမိတ်ကို၎င်း အားထုတ်ခြင်းကို၎င်း တဖန်စပ်သော ပဋိသန္ဓေကို၎င်း ဆင်းရဲဟု ရှုမြင်၏၊ ဤရှုမြင်သော ဉာဏ်ငါးပါးသည် အပြစ်၌ဖြစ်သော အာဒီနဝဉာဏ် မည်၏။

မဖြစ်ပေါ်ခြင်းကို၎င်း မဖြစ်ပွါးခြင်းကို၎င်း နိမိတ်ကင်းခြင်းကို၎င်း အားမထုတ်ခြင်းကို၎င်း ပဋိသန္ဓေ ကင်းခြင်းကို၎င်း ချမ်းသာဟု ရှုမြင်၏၊ ဤရှုမြင်သော ဉာဏ်ငါးပါးသည် ငြိမ်းအေးရာ နိဗ္ဗာန်၌ ဖြစ်သော သန္တိပဒဉာဏ် မည်၏။

ဤအာဒီနဝဉာဏ်သည် ငါးပါးသော ဌာနတို့၌ ဖြစ်၏၊ သန္တိပဒဉာဏ်သည် ငါးပါးသော ဌာန၌ ဖြစ်၏၊ (ယောဂီသည်) ဆယ်ပါးသော ဉာဏ်တို့ကို သိ၏။ နှစ်ပါးသော (အာဒီနဝဉာဏ် သန္တိပဒ)ဉာဏ်တို့၌ ကျွမ်းကျင်လိမ္မာသည်၏ အဖြစ်ကြောင့် အမျိုးမျိုးသော မိစ္ဆာအယူတို့ကြောင့် မတုန်လှုပ်တော့ပြီ။

     ထိုရှုမြင်မှုသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏၊ အပြားအားဖြင့် သိတတ်သော အနက်သဘောကြောင့် ပညာမည်၏၊ ထို့ကြောင့် ''ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ ပညာသည် အပြစ်၌ဖြစ်သော အာဒီနဝဉာဏ် မည်၏''ဟူ၍ ဆိုအပ်၏။ ဤကား ပါဠိ။

     ၇၅၃။ ထိုပါဌ်၌ ဥပ္ပါဒ-ဖြစ်ပေါ်ခြင်း ဟူသည်ကား ရှေးကံဟူသော အကြောင်းကြောင့် ဤဘဝ၌ (ရှေးဦးစွာ) ဖြစ်ပေါ်ခြင်းတည်း။

၃၈၂

ပဝတ္တ-ဖြစ်ပွါးခြင်း ဟူသည်ကား ထိုသို့ ဖြစ်ပေါ်ပြီးသော ရုပ်နာမ်၏ မပြတ် ဖြစ်ခြင်းတည်း။ နိမိတ္တ-နိမိတ် ဟူသည်ကား အလုံးစုံသော သင်္ခါရတရားဟူသော သင်္ခါရနိမိတ်တည်း။ အာယူဟနာ- အားထုတ်ခြင်း ဟူသည်ကား နောင်ဘဝ ပဋိသန္ဓေ၏ အကြောင်းဖြစ်သော ကံတည်း။ ပဋိသန္ဓိ- တဖန်စပ်သော ပဋိသန္ဓေ ဟူသည်ကား နောင်ဘဝ၌ ဖြစ်ပေါ်ခြင်းတည်း။ ဂတိ-လားရာ ဟူသည်ကား အကြင် လားရောက်အပ်သော ငါးပါးသော ဂတိဖြင့် ထိုပဋိသန္ဓေသည် ဖြစ်၏၊ ထိုလားရာ ဂတိငါးပါးပင်တည်း။ နိဗ္ဗတ္တိ-ဖြစ်ခြင်း ဟူသည်ကား ခန္ဓာတို့၏ ဖြစ်ခြင်းတည်း။ ဥပပတ္တိ-ကပ်ရောက်၍ ဖြစ်ခြင်း ဟူသည်ကား ''သမာပတ်သို့ ဝင်ရောက်သူ၏၎င်း ကပ်ရောက်၍ ဖြစ်သောသူ၏၎င်း''ဟူ၍ ဤသို့ ဟောအပ်သော မဟဂ္ဂုတ်ဝိပါက်၏ မပြတ်ဖြစ်ခြင်းတည်း။ ဇာတိ-ဘဝအသစ် ဖြစ်ခြင်း ဟူသည်ကား အိုခြင်း စသည်တို့၏ အကြောင်းဖြစ်သော ကမ္မဘဝကြောင့်ဖြစ်သော ဇာတိပေတည်း။ ဇရာမရဏ- အိုခြင်း, သေခြင်း စသည်တို့ကား ထင်ရှားကုန်သည်သာတည်း။ ဤဥပ္ပါဒစသော တဆယ့်ငါးပုဒ်တို့တွင် ဥပ္ပါဒစသော မူလငါးပုဒ်တို့ကိုသာလျှင် အာဒီနဝဉာဏ်၏ ဖြစ်ရာ အာရုံဝတ္ထုအဖြစ်ဖြင့် ဟော(အပ်ကုန်)၏။ ကြွင်းသော ဆယ်ပုဒ်တို့ကို ထိုမူလ ငါးပုဒ်တို့၏ ဝေဝုစ် ပရိယာယ် စကားလှယ်အဖြစ်ဖြင့် ဟော(အပ်ကုန်)၏။ မှန်ပေ၏၊ နိဗ္ဗတ္တိ ဇာတိဟူသော ဤနှစ်ပုဒ်သည် ဥပ္ပါဒပုဒ်နှင့် ပဋိသန္ဓိပုဒ်တို့၏ ဝေဝုစ် ပရိယာယ် စကားလှယ်တည်း။ ဂတိ ဥပပတ္တိဟူသော ဤနှစ်ပုဒ်သည် ပဝတ္တပုဒ်၏ ဝေဝုစ် ပရိယာယ် စကားလှယ်တည်း။ အိုခြင်း စသည်တို့သည် နိမိတ္တပုဒ်၏ ဝေဝုစ် ပရိယာယ် စကားလှယ်တည်း။ ထို့ကြောင့်-

''ဖြစ်ပေါ်ခြင်းကို၎င်း ဖြစ်ပွါးခြင်းကို၎င်း နိမိတ်ကို၎င်း အားထုတ်ခြင်းကို၎င်း တဖန်စပ်သော ပဋိသန္ဓေကို၎င်း ဆင်းရဲဟု ရှုမြင်၏၊ ဤရှုမြင်သော ဉာဏ်ငါးပါးသည် အပြစ်၌ဖြစ်သော အာဒီနဝဉာဏ် မည်၏'' ဟူ၍၎င်း၊

''ဤအာဒီနဝဉာဏ်သည် ငါးပါးသော ဌာနတို့၌ ဖြစ်၏'' ဟူ၍၎င်း-

မိန့်ဆိုလေသည်။

     [၂၈၇] ''မဖြစ်ပေါ်ခြင်းသည် ဘေးငြိမ်းရာတည်းဟု သိသောပညာသည် ငြိမ်းအေးရာ နိဗ္ဗာန်၌ဖြစ်သော သန္တိပဒဉာဏ် မည်၏'' ဤသို့ အစရှိသော စကားကိုမူကား အာဒီနဝဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော ဉာဏ်ကို

၃၈၃

ပြခြင်းအကျိုးငှါ ဟော(အပ်)ပေသည်။ တနည်းကား ဘယဉာဏ်ဖြင့် အပြစ်ကိုမြင်၍ ထိတ်လန့်သော စိတ်နှလုံးရှိသော ပုဂ္ဂိုလ်တို့အား ဘေးငြိမ်း၍ အပြစ်ကင်းသော ဘေးမဲ့အရပ်သည်လည်း ရှိသေး၏ဟု သက်သာရာ ရစေခြင်း အကျိုးငှါလည်း ထိုစကားကို ဟော(အပ်)ပေသည်။ တနည်းကား ထိုယောဂီအား ဖြစ်ပေါ်ခြင်း စသည်တို့သည် ကြောက်ဖွယ်ဘေး အနေအားဖြင့် ကောင်းစွာ ထင်ကုန်၏၊ ထိုသို့ထင်သော ယောဂီ၏ စိတ်သည် ထိုဖြစ်ပေါ်ခြင်း စသည်တို့၏ ဆန့်ကျင်ဘက်၌ ညွတ်ကိုင်းလျက် ရှိ၏၊ ထို့ကြောင့် ဘယဉာဏ်၏ အစွမ်းအားဖြင့် ပြီးသော အာဒီနဝဉာဏ်၏ အကျိုးအာနိသင်ကို ပြခြင်းအကျိုးငှါလည်း ထိုစကားကို ဟော(အပ်)ပေသည်ဟု သိအပ်၏။

     ဆက်၍ ရှင်းလင်းပြဦးအံ့၊ ဤပါဠိ၌ ကြောက်ဖွယ်ဘေးမည်သော တရားသည် ကိန်းသေမုချအားဖြင့် ဆင်းရဲဒုက္ခပေ တည်း၊ ထိုဆင်းရဲဒုက္ခသည်လည်း ဝဋ်သုံးပါးဟူသော အစာ ကာမဂုဏ်ဟူသော အစာ ကိလေသာဟူသော အစာတို့မှ မလွတ်ကင်းသောကြောင့် အစာနှင့်တကွ ဖြစ်သည်သာတည်း၊ အစာနှင့် တကွဖြစ်သော ထိုတရားသည်လည်း သင်္ခါရမျှသာလျှင် ဖြစ်ပေသည်၊ ထို့ကြောင့် ''ဖြစ်ပေါ်ခြင်းသည် ဆင်းရဲတည်းဟု ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်ရာ၌ ပညာသည် အပြစ်၌ဖြစ်သော အာဒီနဝဉာဏ်မည်၏'' ဤသို့ အစရှိသော စကားကို ဟောအပ်ပေသည်၊ ဤသို့ပင် ဟောအပ်သော်လည်း ကြောက်ဖွယ်ဘေး အခြင်းအရာအားဖြင့်၎င်း, ဆင်းရဲ အခြင်းအရာအားဖြင့်၎င်း, အစာနှင့်တကွဖြစ်သော အခြင်းအရာအားဖြင့်၎င်း- ဤသို့ အခြင်းအရာ ထူးခြားသောအားဖြင့် ဖြစ်ပုံ၏ အစွမ်းအားဖြင့်သာလျှင် ဤပုဒ်တို့၌ ထူးသည်၏အဖြစ်ကို သိအပ်၏။

     ဆယ်ပါးသော ဉာဏ်တို့ကို သိ၏ ဟူသည်ကား အာဒီနဝဉာဏ်ကို သိသည်ရှိသော် ဖြစ်ပေါ်ခြင်း စသည်လျှင် တည်ရာ အာရုံဝတ္ထုရှိသော ဉာဏ်ငါးပါး,


မှတ်ချက်

     ၁- ''အခြင်းအရာ ထူးသောအားဖြင့် ဉာဏ်ဖြစ်ပုံ'' ဟူ၍၎င်း၊ ''ထိုဉာဏ်ဖြစ်ပုံ၏ အစွမ်းအားဖြင့်သာလျှင် ဤပုဒ်တို့၌ ဉာဏ်ထူးသည်၏ အဖြစ်ကို သိအပ်၏'' ဟူ၍၎င်း ဆက်စပ်၍ အနက်အဓိပ္ပါယ် ယူပါ။ ယူပုံကား.. ဘေးအခြင်းအရာအားဖြင့် ဖြစ်သောဉာဏ်ကို ဘယတုပဋ္ဌာနဉာဏ် ဟူ၍၎င်း၊ ကြွင်းသော ဆင်းရဲအခြင်းအရာ စသည်အားဖြင့် ဖြစ်သောဉာဏ်ကို အာဒီနဝဉာဏ် ဟူ၍၎င်း ယူအပ်၏။

၃၈၄

မဖြစ်ပေါ်ခြင်း စသည်လျှင် တည်ရာ အာရုံဝတ္ထုရှိသော ဉာဏ်ငါးပါးဟူသော ဆယ်ပါးသော ဉာဏ်တို့ကို သိ၏၊ ထိုးထွင်း၍ သိ၏၊ မျက်မှောက်ပြု၏။ နှစ်ပါးသော ဉာဏ်တို့တွင် ကျွမ်းကျင်လိမ္မာသည်၏ အဖြစ်ကြောင့် ဟူသည်ကား အာဒီနဝဉာဏ်, သန္တိပဒဉာဏ်ဟူသော ဤဉာဏ်နှစ်ပါးတို့၌ ကျွမ်းကျင်လိမ္မာသည်၏ အဖြစ်ကြောင့်။ အမျိုးမျိုးသော မိစ္ဆာအယူတို့ကြောင့် မတုန်လှုပ်တော့ပြီ ဟူသည်ကား မြတ်သော မျက်မှောက် လောကနိဗ္ဗာန်အယူ စသည်တို့၏ အစွမ်းအားဖြင့် ဖြစ်သော မိစ္ဆာအယူတို့ကြောင့် မတုန်လှုပ်တော့ပြီ။ ဤပါဠိ၌ ကြွင်းသော စကားရပ်သည် ပေါ်လွင်ထင်ရှားသည်သာတည်း။

အာဒီနဝါနုပဿနာဉာဏ် ပြီး၏။

**********

နိဗ္ဗိဒါနုပဿနာဉာဏ်ကို ပြဆိုချက်

     ၇၅၄။ ဤဆိုခဲ့သည့်အတိုင်း အလုံးစုံသော သင်္ခါရတို့ကို အပြစ်အနေအားဖြင့် ရှုမြင်လျက်ရှိသော ထိုယောဂီသည် အလုံးစုံသော ဘဝသုံးပါး ယောနိလေးပါး ဂတိငါးပါး ဝိညာဏဋ္ဌိတိခုနစ်ပါး သတ္တာဝါသကိုးပါးတို့၌ တည်သော (ခဏတိုင်း ခဏတိုင်း) မပြတ် ပျက်စီးတတ်သော သင်္ခါရတရားအပေါင်း၌ ငြီးငွေ့၏ ပျင်းရိ၏ မပျော်မွေ့။

     ဥပမာအားဖြင့် စိတ္တကုဋ်တောင်ခြေ၌ ပျော်မွေ့သော ရွှေဟင်္သာမင်းသည် မစင်ကြယ်သော ဒွန်းစဏ္ဍားရွာ တံခါးအနီး ရေအိုင်ငယ်၌ မပျော်မွေ့၊


မှတ်ချက်

     ၁- ''အချင်း၊ ဤအတ္တကောင်သည် ငါးပါးသော ကာမဂုဏ်တို့ဖြင့် ကုံလုံပြည့်စုံစွာ ပျော်ရွှင်ခံစားရ၏၊ အချင်း၊ ဤမျှဖြင့် ဤအတ္တကောင်သည် မြတ်သော၊ မျက်မှောက် လောကနိဗ္ဗာန်သို့ ရောက်၏၊ (ကမာဂုဏ်ကို ခံစားရခြင်းထက် ကောင်းသောအရသာ မရှိတော့ဟု ဆိုလို၏)''။ (ဒီ ၁-၃၃၊ မြန်မာပြန်-၃၆) ဤသို့ စသည်ဖြင့် ဗြဟ္မဇာလသုတ်၌ ပြထားသော အယူကို ''မြတ်သော မျက်မှောက် လောကနိဗ္ဗာန် အယူ''ဟု ဆိုသည်။ ဤ၌ ''စသည်'' ဟူသော စကားဖြင့် ထိုဗြဟ္မဇာလသုတ်၌ လာသော အခြားသော မိစ္ဆာအယူတို့ကို ညွှန်းသည်။

     ၂- ဤ၌ စိတ္တကုဋ်တောင်- ဟူသည်ကား အနဝတတ်အိုင်ကို ခြံရံလျက် တည်ကုန်သော ဂန္ဓမာဒနတောင်, ကာဠကူဋတောင်, ကေလာသတောင်, သုဒဿနတောင်, စိတ္တကူဋတောင်ဟူသော ဟိမဝန္တာတောင်၏ အထွဋ်များ ဖြစ်သော တောင်ငါးလုံးတို့တွင် နောက်ဆုံးတောင်ထွဋ် ဖြစ်သည်။

၃၈၅

စင်စစ်သော်ကား ခုနစ်ပါးသော ရေအိုင်ကြီးတို့၌သာလျှင် ပျော်မွေ့သကဲ့သို့ ထို့အတူပင် ဤယောဂီတည်းဟူသော ဟင်္သာမင်းသည်လည်း ကောင်းစွာ ထက်ဝန်းကျင် မြင်အပ်ပြီးသော အပြစ်ရှိသော မပြတ် ပျက်စီးတတ်သော သင်္ခါရတရားအပေါင်း၌ မပျော်မွေ့၊ စင်စစ်သော်ကား ဘာဝနာလျှင် ပျော်မွေ့ရာရှိသည်၏ အဖြစ်ဟူသော ဘာဝနာ၌ ပျော်မွေ့ခြင်းနှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့် ခုနစ်ပါးသော အနုပဿနာတို့၌သာလျှင် ပျော်မွေ့၏။

     [၂၈၈] တနည်း ဥပမာအားဖြင့် ရွှေချိုင့်၌ ထည့်ထားသော သားတို့၏မင်းဖြစ်သော ခြင်္သေ့သည် (ထိုရွှေချိုင့်၌) မပျော်မွေ့၊ စင်စစ်သော်ကား ယူဇနာ သုံးထောင် ကျယ်ပြန့်သော ဟိမဝန္တာတော၌သာလျှင် ပျော်မွေ့သကဲ့သို့ ထို့အတူပင် ဤယောဂီတည်းဟူသော ခြင်္သေ့သည်လည်း သုံးပါး အပြားရှိသော သုဂတိဘဝ၌သော်လည်း မပျော်မွေ့၊ စင်စစ်သော်ကား သုံးပါးသော အနုပဿနာတို့၌သာလျှင် ပျော်မွေ့၏။

     တနည်းဥပမာအားဖြင့် ကိုယ်လုံးဖြူသော ခုနစ်ပါးသော အင်္ဂါတို့ဖြင့် မြေ၌တည်သော တန်ခိုးနှင့် ပြည့်စုံသော ကောင်းကင်သို့ ပျံသွားနိုင်သော ဆဒ္ဒန်ဆင်မင်းသည် မြို့အလယ်၌ မပျော်မွေ့၊ စင်စစ်သော်ကား ဟိမဝန္တာတောဝယ် ဆဒ္ဒန်အိုင် တောအုပ်၌သာလျှင် ပျော်မွေ့သကဲ့သို့ ထို့အတူပင်


မှတ်ချက်

     ၁- ခုနစ်ပါးသော ရေအိုင်ကြီးတို့ ဟူသည်မှာ (၁) အနဝတတ်အိုင်၊ (၂) ကဏ္ဏမုဏ္ဍအိုင်၊ (၃) ရထာကာရအိုင်၊ (၄) ဆဒ္ဒန်အိုင်၊ (၅) ကုဏာလအိုင်၊ (၆) မန္ဒာကီနီအိုင်၊ (၇) သီဟပပါတအိုင်တို့ပင် ဖြစ်သည်။ ၎င်းတို့မှာ ဟိမဝန္တာတောင်ပေါ်၌ တည်ရှိကြသည်။

     ၂- ''ဘာဝနာလျှင် ပျော်မွေ့ရာရှိသည်၏ အဖြစ်''ဟူသော စကားနှင့် ''ဘာဝနာ၌ ပျော်မွေ့ခြင်း''ဟူသော စကားသည် အရတူ၏၊ ထို့ကြောင့် ''အဖြစ်ဟူသော''- ဤပုဒ်ကို ''ပျော်မွေ့ခြင်း''-ပုဒ်နှင့် စပ်၍ အနက်ယူပါ။

     ၃- ခုနစ်ပါးသော အင်္ဂါတို့ ဟူသည်မှာ (၁) နှာမောင်း၊ (၂၊ ၃၊ ၄၊ ၅) အခြေလေးချောင်း၊ (၆) အမြီး၊ (၇) သိုအိမ်-ဟူသော ခုနစ်ပါးတို့ပင် ဖြစ်သည်။ ဆင်မင်းသည် ဤခုနစ်ပါးသော အင်္ဂါတို့ဖြင့် မြေ၌ထိလျက် တည်သောကြောင့် ၎င်းကို သတ္တပတိဋ္ဌောဟု ချီးကျူး၍ ပြဆိုသည်၊ ထိုပုဒ်ကို ''ခုနစ်ပါးသော အင်္ဂါတို့ဖြင့် မြေ၌တည်သော''ဟု သဒ္ဒါနည်းအရ အတိအကျ ပြန်ဆိုထားသည်။

၃၈၆

ဤယောဂီတည်းဟူသော မြတ်သော ဆင်မင်းသည်လည်း အလုံးစုံသော သင်္ခါရတရားအပေါင်း၌ မပျော်မွေ့၊ စင်စစ်သော်ကား ''မဖြစ်ပေါ်ခြင်းသည် ဘေးငြိမ်းရာတည်း''- ဤသို့ အစရှိသော နည်းဖြင့် မြင်အပ်ပြီးသော ငြိမ်းအေးရာ နိဗ္ဗာန်၌သာလျှင် ပျော်မွေ့၏၊ ထိုနိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ရှိသည်သာလျှင် ဖြစ်ပေ၏၊ ဤသို့ သိအပ်၏။

နိဗ္ဗိဒါနုပဿနာဉာဏ် ပြီး၏။

     ၇၅၅။ ထိုနိဗ္ဗိဒါနုပဿနာမည်သော ဤဉာဏ်သည် ရှေးဉာဏ်နှစ်ပါးနှင့် အနက် တရားကိုယ် အရအားဖြင့် တူ၏။ ထို့ကြောင့် ရှေးဆရာတို့သည်-

''ဘယတုပဋ္ဌာနဉာဏ် တခုတည်းပင်လျှင် သုံးပါးသော အမည်တို့ကို ရ၏၊ အလုံးစုံသော သင်္ခါရတို့ကို ကြောက်ဖွယ်ဘေး အနေအားဖြင့် မြင်သောကြောင့် ဘယတုပဋ္ဌာနဉာဏ် မည်လေသည်၊ ထိုသင်္ခါရတို့၌ပင်လျှင် အပြစ်ကို ဖြစ်စေ- ထင်ပေါ်စေသောကြောင့် အာဒီနဝါနုပဿနာဉာဏ် မည်လေသည်။ ထိုသင်္ခါရတို့၌ပင်လျှင် ငြီးငွေ့လျက် ဖြစ်ပေါ်သောကြောင့် နိဗ္ဗိဒါနုပဿနာဉာဏ် မည်လေသည်''ဟု-

မိန့်ဆိုကုန်၏။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌လည်း-

''ဘယတုပဋ္ဌာနပညာ, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်ဟူသော ဤဉာဏ်သုံးပါးတို့သည် တူသော အနက်တရားကိုယ် ရှိကုန်၏၊ သဒ္ဒါမျှသာ ထူး၏''ဟု- ဟောတော်မူ(အပ်)၏။

မုဉ္စိတုကမျတာဉာဏ်ကို ပြဆိုချက်

     ၇၅၆။ ထိုမှတပါးသော ဉာဏ်ဖြစ်ပုံကား- ဤနိဗ္ဗိဒါဉာဏ်ဖြင့် ငြီးငွေ့လျက် ပျင်းရိလျက် မပျော်မွေ့သော ဤအမျိုးသား၏ စိတ်သည် အလုံးစုံသော ဘဝသုံးပါး ယောနိလေးပါး ဂတိငါးပါး ဝိညာဏဋ္ဌိတိ ခုနစ်ပါး သတ္တာဝါသ ကိုးပါးတို့၌ တည်ကုန်သော (ခဏတိုင်း ခဏတိုင်း) မပြတ် ပျက်စီးတတ်ကုန်သော သင်္ခါရတို့တွင် တခုသော သင်္ခါရ၌သော်လည်း မကပ်

၃၈၇

မငြိ မတွယ်၊ အလုံးစုံသော သင်္ခါရတရားအပေါင်းမှ လွတ်မြောက်ခြင်းငှါ အလိုရှိ၏၊ ထွက်မြောက်ခြင်းငှါ အလိုရှိ၏။ အဘယ်ကဲ့သို့နည်းဟူမူ? ဥပမာအားဖြင့် ပိုက်ကွန်အတွင်း၌ မိနေသော ငါး၊ မြွေ၏ခံတွင်းသို့ ရောက်နေသော ဖား၊ လှောင်အိမ်ချိုင့်၌ ထည့်ထားသော တောကြက်၊ ခိုင်မြဲသော ကျော့ကွင်းဖြင့် ဖွဲ့မိနေသော သမင်၊ မြွေအလမ္ပာယ်ဆရာ၏ လက်သို့ ရောက်နေသော မြွေ၊ ကြီးစွာသော ညွန်အိုင်၌ ကျရောက်နေသော ဆင်၊ [၂၈၉] ဂဠုန်၏ ခံတွင်းသို့ ရောက်နေသော နဂါးမင်း၊ ရာဟုခံတွင်းသို့ ဝင်ရောက်နေသော လ၊ ရန်သူတို့ ဝန်းရံထားသော ယောက်ျား- ဤသို့ အစရှိသော ပုဂ္ဂိုလ်တို့သည် ထိုထို အနှောင်အဖွဲ့ ဘေးရန်မှ လွတ်မြောက်လိုကုန်သည်သာလျှင် ထွက်မြောက်လိုကုန်သည်သာလျှင် ဖြစ်ကုန်သကဲ့သို့ ဤအတူပင် ထိုယောဂီ၏ စိတ်သည် အလုံးစုံသော သင်္ခါရတရားအပေါင်းမှ လွတ်မြောက်ခြင်းငှါ အလိုရှိ၏၊ ထွက်မြောက်ခြင်းငှါ အလိုရှိ၏။ ထိုအခါ၌ ဤဆိုခဲ့သည့်အတိုင်း အလုံးစုံသော သင်္ခါရတို့၌ တွယ်တာခြင်းကင်းလျက် အလုံးစုံသော သင်္ခါရတရားအပေါင်းမှ လွတ်ခြင်းငှါ အလိုရှိသော ထိုယောဂီအား မုဉ္စိတုကမျတာဉာဏ်သည် ဖြစ်ပေါ်၏။

မုဉ္စိတုကမျတာဉာဏ် ပြီး၏။

**********

ပဋိသင်္ခါနုပဿနာဉာဏ်ကို ပြဆိုချက်

     ၇၅၇။ ဤဆိုခဲ့သည့်အတိုင်း အလုံးစုံသော ဘဝသုံးပါး ယောနိလေးပါး ဂတိငါးပါး ဝိညာဏဋ္ဌိတိ ခုနစ်ပါး သတ္တာဝါသ ကိုးပါး၌ တည်ကုန်သော (ခဏတိုင်း ခဏတိုင်း) မပြတ် ပျက်စီးတတ်ကုန်သော သင်္ခါရတို့မှ လွတ်မြောက်ခြင်းငှါ အလိုရှိသော ထိုယောဂီသည် အလုံးစုံသော သင်္ခါရတရားအပေါင်းမှ လွတ်မြောက်ခြင်းငှါ ထိုသင်္ခါရတရားတို့ကိုပင်လျှင် ပဋိသင်္ခါနုပဿနာဉာဏ်ဖြင့် လက္ခဏာသုံးပါးတင်၍ ဤဆိုလတံ့သော အခြင်းအရာဖြင့် တဖန် သိမ်းဆည်း၏။

     ထိုယောဂီသည် အလုံးစုံသော သင်္ခါတို့ကို (၁) ပျက်ခြင်းဟူသော အဆုံးကို မလွန်နိုင်သောကြောင့်၎င်း၊ (၂) အခိုက်အတန့်မျှ တည်သောကြောင့်၎င်း၊ (၃) ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြားအပ်သောကြောင့်၎င်း၊

၃၈၈

(၄) အလွန် ပျက်သောကြောင့်၎င်း၊ (၅) တုန်လှုပ်သောကြောင့်၎င်း၊ (၆) ပျက်လွယ်သောကြောင့်၎င်း၊ (၇) မခိုင်ခံ့သောကြောင့်၎င်း၊ (၈) ဖောက်ပြန်ခြင်းသဘော ရှိသောကြောင့်၎င်း၊ (၉) အနှစ်မရှိသောကြောင့်၎င်း၊ (၁ဝ) ကြီးပွါးစည်ပင်ခြင်း ကင်းသောကြောင့်၎င်း၊ (၁၁) ပေါင်းစု၍ ပြုအပ်သောကြောင့်၎င်း၊ (၁၂) သေခြင်းသဘော ရှိသောကြောင့်၎င်း- ဤသို့ အစရှိသော အကြောင်းတို့ကြောင့် မမြဲဟု ရှု၏။

     (၁) မပြတ် နှိပ်စက်သောကြောင့်၎င်း၊ (၂) မခံသာသောကြောင့်၎င်း၊ (၃) ဆင်းရဲ၏ တည်ရာဝတ္ထု ဖြစ်သောကြောင့်၎င်း၊ (၄) စွဲကပ်နေသော ရောဂါနှင့် တူသောကြောင့်၎င်း၊ (၅) အိုင်းအမာနှင့် တူသောကြောင့်၎င်း၊ (၆) စူးဝင်နေသော ငြောင့်နှင့် တူသောကြောင့်၎င်း (၇) မကောင်းမှုနှင့် တူသောကြောင့်၎င်း၊ (၈) ဖျားနာမှုနှင့် တူသောကြောင့်၎င်း၊ (၉) ဘေးရန်နှင့် တူသောကြောင့်၎င်း၊ (၁ဝ) ဥပဒ္ဒဝေါနှင့် တူသောကြောင့်၎င်း၊ (၁၁) ဘေးနှင့် တူသောကြောင့်၎င်း၊ (၁၂) ကပ်ငြိသော အနှောင့်အယှက်နှင့် တူသောကြောင့်၎င်း၊ (၁၃) မစောင့်ရှောက်တတ်သောကြောင့်၎င်း၊ (၁၄) ပုန်းအောင်းရာ မဟုတ်သောကြောင့်၎င်း၊ (၁၅) ကိုးကွယ်ရာ မဟုတ်သောကြောင့်၎င်း၊ (၁၆) အပြစ်အာဒီနဝ ဖြစ်သောကြောင့်၎င်း၊ (၁၇) မကောင်းမှု၏ အမြစ်အရင်း ဖြစ်သောကြောင့်၎င်း၊ (၁၈) သူသတ်ယောက်ျားနှင့် တူသောကြောင့်၎င်း၊ (၁၉) အာသဝေါ၏ အာရုံဖြစ်သောကြောင့်၎င်း၊ (၂ဝ) သူသတ်သမား-မာရ်တို့၏ သတ်စရာ အစာဖြစ်သောကြောင့်၎င်း၊ (၂၁) ဖြစ်ခြင်းသဘော ရှိသောကြောင့်၎င်း၊ (၂၂) အိုခြင်းသဘော ရှိသောကြောင့်၎င်း၊ (၂၃) နာခြင်းသဘော ရှိသောကြောင့်၎င်း၊ (၂၄) စိုးရိမ်ဖွယ်သဘော ဖြစ်သောကြောင့်၎င်း၊ (၂၅) ငိုကြွေးဖွယ်သဘော ဖြစ်သောကြောင့်၎င်း၊ (၂၆) ပြင်းစွာ ပူပန်ဖွယ်သဘော ဖြစ်သောကြောင့်၎င်း၊ (၂၇) ကိလေသာတို့၏ စွဲမှီရာ အာရုံသဘော ဖြစ်သောကြောင့်၎င်း- ဤသို့ အစရှိသော အကြောင်းတို့ကြောင့် ဆင်းရဲဟု ရှု၏။

     (၁) မနှစ်မြို့ဖွယ် ဖြစ်သောကြောင့်၎င်း၊ (၂) မကောင်းသော အနံ့ရှိသောကြောင့်၎င်း၊ (၃) စက်ဆုပ်ဖွယ် ဖြစ်သောကြောင့်၎င်း၊ (၄) ရွံ့ရှာဖွယ် ဖြစ်သောကြောင့်၎င်း၊ (၅) တန်းဆာမဆင်ခြင်းဖြင့် တင့်တယ်မှု ပျက်စီးသောကြောင့်၎င်း၊ (၆) အဆင်းမလှသောကြောင့်၎င်း၊

၃၈၉

(၇) အလွန် အမြင်ဆိုးသောကြောင့်၎င်း ဤသို့ အစရှိသော အကြောင်းတို့ကြောင့် ဒုက္ခလက္ခဏာ၏ အခြံအရံဖြစ်သော အသုဘ- မတင့်တယ်သော အနေအားဖြင့် ရှု၏။

     (၁) ပြင်ပ သူစိမ်း ဖြစ်သောကြောင့်၎င်း၊ (၂) အတ္တမှ ကင်းသောကြောင့်၎င်း၊ (၃) အချည်းနှီး ဖြစ်သောကြောင့်၎င်း၊ (၄) အတ္တမှ ဆိတ်သုဉ်းသောကြောင့်၎င်း၊ (၅) ပိုင်ရှင် မရှိသောကြောင့်၎င်း၊ (၆) အစိုးမရသောကြောင့်၎င်း၊ (၇) အလိုအတိုင်း မဖြစ်သောကြောင့်၎င်း- ဤသို့ အစရှိသော အကြောင်းတို့ကြောင့် အတ္တမဟုတ် အတ္တမရှိဟု ရှု၏။

     [၂၉ဝ] ၇၅၈။ ဤဆိုခဲ့သည့်အတိုင်း ရှုမြင်သော ဤယောဂီသည် လက္ခဏာသုံးပါးတင်၍ သင်္ခါရတို့ကို ရှုအပ်ပြီး ဖြစ်လေတော့၏။ ဤယောဂီသည် ထိုသင်္ခါရတို့ကို အဘယ့်ကြောင့် ဤသို့ သိမ်းဆည်းသနည်းဟူမူ? သင်္ခါရတို့ကို စွန့်လွှတ်ခြင်း၏ ပြီးစီးကြောင်း နည်းလမ်းကို ပြည့်စုံစေခြင်းအကျိုးငှါ သိမ်းဆည်းပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ အောက်ပါမှာ ဥပမာပေတည်း-

     ယောက်ျားတယောက်သည် ''ငါးဖမ်းအံ့''ဟု ကြံ၍ ငါးမြှုံးကို ယူ၍ ရေထဲ၌ချလျက် ထောင်ထားသတတ်၊ ထိုယောက်ျားသည် မြှုံးဝဖြင့် လက်ကို ချသွင်း၍ ရေထဲ၌ မြွေကို လည်ပင်း၌ ကိုင်၍ ''ငါသည် ငါးကို ဖမ်းမိပြီ''ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏၊ ထိုယောက်ျားသည် ''ကြီးစွာသော ငါးကို ငါ ရပေစွတကား''ဟု ရေပေါ်သို့ မြှောက်တင်၍ ကြည့်လတ်သော် လည်ရေးသုံးဆင့်ကို မြင်သဖြင့် မြွေဟု သိရသောကြောင့် ကြောက်လန့်လျက် အပြစ်မြင်၍ ဆုပ်ကိုင်ထားခြင်း၌ ငြီးငွေ့လျက် လွှတ်လိုသည်ဖြစ်၍ လွှတ်ခြင်း၏ ပြီးစီးကြောင်း နည်းလမ်းကို ပြုလျက် (မြွေရစ်ပတ်ထားသော) လက်ကို အမြီးမှစ၍ ဖြေပြီးလျှင် လက်ရုံးကို မြှောက်၍ ခေါင်းပေါ်၌ နှစ်ကြိမ် သုံးကြိမ် (နှစ်ပတ် သုံးပတ်) ဝှေ့ရမ်းလှည့်ပတ်လျက် မြွေကို


မှတ်ချက်

     ၁- ဗီဘစ္ဆ-ပုဒ်သည် ''စက်ဆုပ်ဖွယ်ဟူသော အနက် အရုပ်ဆိုးသည်ဟူသော အနက် အကြည့်တန်သည်ဟူသော အနက်'' ဤသို့သော အနက်တို့ကို ဟော၏၊ ဤ၌ကား ရှေးအနက်များနှင့်လည်း မထပ်စေရန် ''အလွန် အမြင် ဆိုးသော''ဟု ပြန်လိုက်သည်။

၃၉၀

အားနည်းအောင်ပြု၍ ''သွားရောဟဲ့ မြွေဆိုး''ဟု စွန့်လွှတ်လိုက်ပြီးလျှင် လျင်မြန်သော အဟုန်ဖြင့် ကန်ဘောင်ရိုးပေါ်သို့ တက်၍ ''အချင်းတို့ ကြီးစွာသော မြွေခံတွင်းမှ လွတ်မြောက်ပေပြီတကား''ဟု လာခဲ့ရာလမ်းကို မျှော်ကြည့်လျက် ရပ်တည်နေလေ၏။

     ထိုဥပမာ၌ ငါးဟု ထင်မှတ်၍ မြွေကို လည်ပင်း၌ ဆုပ်ကိုင်လျက် ထိုယောက်ျား၏ အားရဝမ်းမြောက်သော ကာလကဲ့သို့ အတ္တဘော ခန္ဓာကိုယ်ကို ရ၍ အစကတည်းကပင်လျှင် ဤယောဂီ၏ အားရဝမ်းမြောက်ခဲ့သော ကာလကို မှတ်အပ်၏။ မြှုံးဝမှ မြွေခေါင်းကို ထုတ်ဆောင်၍ လည်ရေးသုံးဆင့်ကို ထိုယောက်ျား၏ မြင်ခြင်းကဲ့သို့ ဤယောဂီ၏ ဃနပညတ်ကို ခွဲဖျက်ပြီးလျှင် သင်္ခါတို့၌ လက္ခဏာသုံးပါး ရှုမြင်ခြင်းကို မှတ်အပ်၏။ ထိုယောက်ျား ၏ ကြောက်ရွံ့သော ကာလကဲ့သို့ ဤယောဂီ၏ ကြောက်ဖွယ်ဘေး အနေအားဖြင့် ထင်သော ဘယတုပဋ္ဌာနဉာဏ်ကို မှတ်အပ်၏၊ ထို့နောင် (ထိုယောက်ျား၏) အပြစ်မြင်ခြင်းကဲ့သို့ (ဤယောဂီ၏) အပြစ်မြင်သော အာဒီနဝါနုပဿနာဉာဏ်ကို မှတ်အပ်၏၊ (ထိုယောက်ျား၏) မြွေကို ဆုပ်ကိုင်ထားခြင်း၌ ငြီးငွေ့ခြင်းကဲ့သို့ (ဤယောဂီ၏) ငြီးငွေ့လျက်ရှိသော နိဗ္ဗိဒါနုပဿနာဉာဏ်ကို မှတ်အပ်၏၊ (ထိုယောက်ျား၏) မြွေကို လွှတ်လိုခြင်းကဲ့သို့ (ဤယောဂီ၏) သင်္ခါရတို့ကို လွှတ်လိုလျက်ဖြစ်သော မုဉ္စိတုကမျတာဉာဏ်ကို မှတ်အပ်၏၊ လွှတ်ခြင်း၏ ပြီးစီးကြောင်း နည်းလမ်းကို (ထိုယောက်ျား၏) ပြုခြင်းကဲ့သို့ (ဤယောဂီ၏) တဖန်သိလျက် ရှုသော ပဋိသင်္ခါနုပဿနာဉာဏ်ဖြင့် သင်္ခါရတို့၌ လက္ခဏာသုံးပါး တင်ခြင်းကို မှတ်အပ်၏၊ ထိုယောက်ျာသည် မြွေကို ဝှေ့ရမ်းလှည့်ပတ်လျက် အားနည်းအောင်ပြုကာ ပြန်လှည့်မကိုက်နိုင်သည်၏ အဖြစ်သို့ ရောက်စေ၍ ကောင်းစွာ လွှတ်ခြင်းဖြင့် လွှတ်လိုက်သကဲ့သို့ ထို့အတူ ဤယောဂီသည် လက္ခဏာသုံးပါးတင်ခြင်းဖြင့် သင်္ခါရတို့ကို ဝှေ့ရမ်းလှည့်ပတ်(သကဲ့သို့ ပြု)လျက် အားနည်းအောင်ပြုကာ မြဲသောအခြင်းအရာ ချမ်းသာသေအခြင်းအရာ တင့်တယ်သော အခြင်းအရာ အတ္တကောင် အခြင်းအရာအားဖြင့် တဖန် မထင်ပေါ်နိုင်သည်၏ အဖြစ်သို့ ရောက်စေ၍ ကောင်းစွာ လွှတ်ခြင်းဖြင့် လွှတ်၏။ ထို့ကြောင့် ''လွှတ်ခြင်း၏ ပြီးစီးကြောင်း နည်းလမ်းကို ပြည့်စုံစေခြင်းငှါ ဤသို့ သိမ်းဆည်းသည်''ဟု ငါ ဆိုခဲ့ပေသည်။

၃၉၁

     ၇၅၉။ ဤမျှ (အားထုတ်ခဲ့သော ဘာဝနာအစီအရင်)ဖြင့် ထိုယောဂီအား ပဋိသင်္ခါဉာဏ် ဖြစ်ပေါ်ပြီဟု မှတ်အပ်၏။ ယင်း ပဋိသင်္ခါဉာဏ်ကို ရည်၍-

[၂၉၁] ''မမြဲဟု နှလုံးသွင်းသော သူအား အဘယ်ကို တဖန်သိ၍ ဉာဏ်သည် ဖြစ်ပေါ်သနည်း? ဆင်းရဲဟု။ အတ္တမဟုတ်ဟု နှလုံးသွင်းသော သူအား အဘယ်ကို တဖန်သိ၍ ဉာဏ်သည် ဖြစ်ပေါ်သနည်းဟူမူ? မမြဲဟု နှလုံးသွင်းသော သူအား (သင်္ခါရ)နိမိတ်ကို တဖန်သိ၍ ဉာဏ်သည် ဖြစ်ပေါ်၏၊ ဆင်းရဲဟု နှလုံးသွင်းသော သူအား မပြတ်ဖြစ်သော ဘဝအယဉ်ကို တဖန်သိ၍ ဉာဏ်သည် ဖြစ်ပေါ်၏၊ အတ္တမဟုတ်ဟု နှလုံးသွင်းသော သူအား သင်္ခါရနိမိတ်ကို၎င်း မပြတ်ဖြစ်သော ဘဝအယဉ်ကို၎င်း တဖန်သိ၍ ဉာဏ်သည် ဖြစ်ပေါ်၏''ဟု-

ပဋိသမ္ဘိဒါမဂ်၌ ဟောတော်မူ(အပ်)၏။

     ဤပါဠိ၌ နိမိတ်ကို တဖန်သိ၍ ဟူသည်ကား သင်္ခါရနိမိတ်ကို ''မခိုင်မြဲ, အခိုက်အတန့်မျှသာ တည်သည်''ဟု အနိစ္စလက္ခဏာ၏ အစွမ်းအားဖြင့် သိပြီး၍။ ဆက်၍ ရှင်းပြဦးအံ့၊ ရှေးဦးစွာ သိပြီး၍ ဉာဏ်သည် နောက်မှ ဖြစ်ပေါ်သည်ကား မဟုတ်ပေ၊ သို့သော်လည်း ''မနောဒွါရကို၎င်း သဘောအာရုံတို့ကို၎င်း စွဲမှီ၍ မနောဝိညာဏ်သည် ဖြစ်ပေါ်၏'' ဤသို့ အစရှိသော စကားတို့ကဲ့သို့ ထို့အတူ ပြောရိုးပြောစဉ်၏ အစွမ်းအားဖြင့် ဆိုအပ်ပေသည်။ တနည်းကား ဧကတ္တနည်း အရအားဖြင့် ရှေးပဋိသင်္ခါဉာဏ်၏


မှတ်ချက်

     ၁- ပဋိ-တဖန် + သင်္ခါ-သိ၍ = ပဋိသင်္ခါ- တဖန်သိ၍-ဟု သဒ္ဒါအစေ့ အတိအကျ ပြန်ထားသည်။ ထိုအတိအကျ အနက်သည် ရှေးဉာဏ်တို့ဖြင့် သိခဲ့ပြီး ဖြစ်သော်လည်း ဤဉာဏ်ဖြင့် သိပြန်ခြင်းမှာ တဖန်သိခြင်းဖြစ်၍ သင့်လျော်သည်သာတည်း။ သို့သော် ဤဉာဏ်တခုတည်းအရာ၌သာ အနက်အဓိပ္ပါယ်ယူလျှင် တဖန်ဟူသော အနက်သည် အကျိုးမရှိတော့ပေ၊ ထို့ကြောင့် အဋ္ဌကထာအဖွင့်၌ ပဋိ- တဖန်ဟူသော အနက်ကို ပယ်၍ ဇာနိတွာ- သိပြီး၍ဟုသာလျှင် ဖွင့်ပြပေသည်။

     ၂- ''မနောဒွါရနှင့် သဘောအာရုံတို့ကို စွဲမှီ၍ မနောဝိညာဏ်သည် ဖြစ်ပေါ်၏'' ဟူရာ၌ စွဲမှီခြင်းဟူသော ရှေးကိရိယာနှင့် ဖြစ်ပေါ်ခြင်း-ဟူသော နောက်ကိရိယာသည် တချိန်တည်း တကာလတည်း ပြိုင်တူပင် ဖြစ်၏၊ သို့သော်

၃၉၂

သိခြင်းကို၎င်း နောက်ဉာဏ်၏ ဖြစ်ခြင်းကို၎င်း တပေါင်းတည်းပြု၍ ဤသို့ ဆိုသည်ဟု သိအပ်၏။ ဤနည်းဖြင့် ဤမှတပါးသော ပုဒ်၂-ခု၌လည်း အနက်ကို သိအပ်၏။

ပဋိသင်္ခါနုပဿနာဉာဏ် ပြီး၏။

**********

သင်္ခါရုပေက္ခာဉာဏ်ကို ပြဆိုချက်

     ၇၆ဝ။ ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း ပဋိသင်္ခါနုပဿနာဉာဏ်ဖြင့် ''အလုံးစုံသော သင်္ခါရတို့သည် (အတ္တမှ) ဆိတ်သုဉ်းကုန်၏''ဟု သိမ်းဆည်းပြီးလျှင် တဖန် ''ဤသင်္ခါရတရားအပေါင်းသည် အတ္တ(အဖြစ်)မှ၎င်း အတ္တ၏ ဥစ္စာ(အဖြစ်)မှ၎င်း ဆိတ်သုဉ်း၏''ဟု အဖို့နှစ်ပါးနှင့် စပ်ဆိုင်သော ဆိတ်သုဉ်းခြင်းကို သိမ်းဆည်းပြန်၏။ ထိုယောဂီသည် ဤသို့


မှတ်ချက်

လောကဝေါဟာရအားဖြင့် ''စွဲမှီ၍ ဖြစ်ပေါ်၏''ဟု ရှေးနောက်ကာလ ကွဲသကဲ့သို့ပင် ပြောဆိုရ၏။ ''နိမိတ်ကို တဖန်သိ၍ ဉာဏ်သည် ဖြစ်ပေါ်၏''ဟူသော ဤဒေသနာ၌လည်း သိခြင်းဟူသော ရှေးကိရိယာနှင့် ဖြစ်ပေါ်ခြင်း ဟူသော နောက်ကိရိယာသည် တချိန်တည်း တကာလတည်း ပြိုင်တူပင် ဖြစ်၏၊ သို့သော် လောကဝေါဟာရအားဖြင့် ''သိ၍ ဖြစ်ပေါ်၏''ဟု ရှေးနောက်ကာလ ကွဲသကဲ့သို့ပင် ဟောထားသည်-ဟု ဆိုလိုသည်။

     ၁- တပါးသောပုဒ် ၂-ခု ဟူသည်မှာ ''ဘဝအယဉ်ကို တဖန်သိ၍ ဉာဏ်သည် ဖြစ်ပေါ်၏''ဟူသော ဝါကျနှင့် ''သင်္ခါရနိမိတ်ကို၎င်း ဘဝအယဉ်ကို၎င်း တဖန်သိ၍ ဉာဏ်သည် ဖြစ်ပေါ်၏''ဟူသော ဝါကျ ဤ၂-ခုတို့ပင် ဖြစ်သည်။

     ၂-၃- သိမ်းဆည်းပြီးလျှင် တဖန်.. သိမ်းဆည်ပြန်၏-ဟု စပ်ပါ။

     ၄- သင်္ခါရတရားအပေါင်းသည် ''သာမီ- ခန္ဓာအိမ်၏ ပိုင်ရှင်၊ နိဝါသီ- ခန္ဓာအိမ်ထဲ၌ အမြဲတည်ရှိနေသူ၊ ကာရက- ပြုလုပ်တတ်သူ၊ ဝေဒက- ခံစားတတ်သူ''- ဤသို့ စသည်ဖြင့် ဗာလပုထုဇဉ်တို့ စွဲလမ်းထားသော အတ္တ၏ စွမ်းရည်သတ္တိ ဂုဏ်အင်္ဂါမှ ဆိတ်သုဉ်းသောကြောင့် အတ္တကောင်လည်း မဟုတ်၊ ထိုသို့သော အတ္တ၏ အစိတ်အပိုင်း အစွမ်းသတ္တိ မဟုတ်သောကြောင့် အတ္တ၏ ဥစ္စာလည်းမဟုတ်၊ နှစ်ပါးစုံမှ ဆိတ်သုဉ်းသည်-ဟု ဆိုလို၏။

၃၉၃

သိမ်းဆည်းခြင်းဖြင့် မိမိဟူသော အတ္တကိုလည်း မမြင်မူ၍သာလျှင်၊ မိမိ၏ အသုံးအဆောင် အခြံအရံအဖြစ်၌ တည်သော တစုံတခုသော သူတပါးကိုလည်း မမြင်မူ၍သာလျှင် တဖန် ''အတ္တကောင်ဟု ခေါ်သော ငါသည် အဘယ်မှာမျှ မရှိ၊ တစုံတယောက်၏မျှ ကြောင့်ကြဖွယ်၏ အဖြစ်၌ မရှိ၊ (တစုံတယောက်၏မျှ တစုံတရာမျှ စပ်ဆိုင်သူမဟုတ်)၊ (သူတပါးဟူသော အတ္တကောင်သည်) အဘယ်မှာမျှ မရှိ၊ (ထိုသူတပါးသည်) တစုံတခုသော အကြောင်းကြောင့်မျှ ငါ၏ ကြောင့်ကြဖွယ်၏ အဖြစ်၌ မရှိ၊ (ငါ၏ တစုံတရာမျှ စပ်ဆိုင်သူ မဟုတ် )''ဟူ၍ ဤ(သုညတာနုပဿနာအရာ)၌ ဟောထားသော အဖို့လေးပါးနှင့် စပ်ဆိုင်သော (အတ္တမှ) ဆိတ်သုဉ်းခြင်းကို သိမ်းဆည်းပြန်၏။

     အဘယ်သို့နည်းဟူမူ? ဤယောဂီသည် ''နာဟံ ကွစနိ- ငါသည် အဘယ်မှမျှ မရှိ''ဟူသော ပါဌ်အရ တစုံတခုသော အရပ်၌မျှ မိမိကိုယ် (အတ္တ)ကို မမြင်။ ''ကဿစိ ကိဉ္စနတသ္မိ- တစုံတယောက်၏မျှ ကြောင့်ကြဖွယ်၏


မှတ်ချက်

     ၁- မမြင်မူ၍သာလျှင် တဖန်.. သိမ်းဆည်းပြန်၏-ဟု စပ်ပါ။

     ၂- ငါသည် တစုံတယောက်၏မျှ ကြောင့်ကြဖွယ်မဟုတ်၊ တစုံတယောက်၏မျှ ကြောင့်ကြဖွယ်ဖြစ်သော ငါကောင်မရှိ-ဟု ဆိုလို၏။

     ၃- ဤလက်သည်းကွင်းအတွင်းက ပြန်ဆိုချက်မှာ ကိဉ္စနတသ္မိ-၌ တ-အာဂုံယူ၍ ကိဉ္စန + အသ္မိ-ဟု ပုဒ်ဖြတ်ပြီးလျှင် တနည်းပြန်ဆိုသော အနက်ဖြစ်သည်။

     ၄- ငါ၏ ကြောင့်ကြဖွယ်မဟုတ်၊ ငါ၏ ကြောင့်ကြဖွယ်ဖြစ်သော သူတပါးမည်သည် မရှိ-ဟု ဆိုလို၏။

     ၅- ဤ၌လည်း လက်သည်းကွင်းအတွင်းက ပြန်ဆိုချက်မှာ ကိဉ္စနတတ္ထိ-၌ တ-အာဂုံယူ၍ ကိဉ္စန + အတ္ထိ-ဟု ပုဒ်ဖြတ်ပြီးလျှင် တနည်း ပြန်ဆိုချက်ပင် ဖြစ်သည်။

     ၆- အဖို့လေးပါးနှင့် စပ်ဆိုင်သော (အတ္တမှ) ဆိတ်သုဉ်းပုံကို ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ (ဆဋ္ဌနှိပ်) စာမျက်နှာ ၂၁၄- (သတ္တမနှိပ်) ၂၃၂-၌ ကြည့်ပါ။

     ၇- ငါသည် အဘယ်မှာမျှ မရှိ-ဟု မြင်လျှင် မိမိကိုယ်ဟု ခေါ်သော အတ္တကောင်ကို တစုံတခုသောအရပ် တစုံတခုသော တရားထဲ၌မျှ မမြင်တော့သည်သာ၊ သို့ဖြစ်၍ ဤ၌ ဆိုလိုသောအနက်ကို ဖွင့်ပြထားသည်၊ သဒ္ဒါနက်အဖွင့် မဟုတ်။

၃၉၄

အဖြစ်၌ မရှိ''ဟူသော ပါဌ်အရ မိမိ၏ကိုယ်ကို တစုံတယောက်သော သူတပါး၏ ကြောင့်ကြဖွယ်၏ အဖြစ်၌ ဆောင်ထားသင့်သည်ကို မမြင်၊ ညီအစ်ကိုဟု ထင်မှတ်၍ ညီအစ်ကို၏ အရာ၌သော်၎င်း သူငယ်ချင်း မိတ်ဆွေဟု ထင်မှတ်၍ သူငယ်ချင်း မိတ်ဆွေ၏ အရာ၌သော်၎င်း အသုံးအဆောင်ဟု ထင်မှတ်၍ အသုံးအဆောင် အရာ၌သော်၎င်း ဆောင်ထားသင့်သည်ကို မမြင်၊ ဤကား ဆိုလိုသော အနက်။ ''န စ မမ ကွစနိ- ငါ၏ အဘယ်မှာမျှ မရှိ''ဟူသော ပါဌ်၌ ''မမ- ငါ၏''ဟူသော ပုဒ်ကို ဖယ်ထား၍ ''န စ ကွစနိ- အဘယ်မှာမျှ မရှိ''ဟူသော ပါဌ်အရ သူတပါး၏ အတ္တကိုလည်း အဘယ်မှာမျှ [၂၉၂] မမြင်၊ ဤကား ဆိုလိုသော အနက်။ ယခုအခါ ဖယ်ထားခဲ့သော ''မမ- ငါ၏''ဟူသော ပုဒ်ကို ဆောင်ယူ၍ ''မမ ကိသ္မိဉ္စိ ကိဉ္စနတတ္ထိ''-ဟူသော ပါဌ်အရ သူတပါး၏ ထိုအတ္တသည် ငါ၏ တစုံတခုသော ကြောင့်ကြဖွယ်၏ အဖြစ်၌ ရှိသည်ဟု မမြင်၊ ညီအစ်ကိုဟု ထင်မှတ်၍ မိမိ၏ ညီအစ်ကိုအရာ၌သော်၎င်း,


မှတ်ချက်

     ၁- တစုံတယောက်မျှ ကြောင့်ကြဖွယ်၏ အဖြစ်၌ မရှိ- ကြောင့်ကြဖွယ် မဟုတ်-ဟု မြင်လျှင် တစုံတယောက်သော သူတပါး၏ ကြောင့်ကြဖွယ်အဖြစ်၌ ဆောင်ထားသင့် မှတ်ယူသင့်သည်ကို မမြင်တော့သည်သာ၊ သို့ဖြစ်၍ ဤ၌လည်း ဆိုလိုသော အနက်ကိုသာ ဖွင့်ပြထားသည်။ သဒ္ဒါနက်အဖွင့် မဟုတ်။

     ၂- မိမိကိုယ်သည် သူတပါး၏ ကြောင့်ကြဖွယ် မဟုတ်ပုံကို ဋီကာ၌ အောက်ပါအတိုင်း အနုသန္ဓေစပ်လျက် ဖွင့်ပြ၏။

     ''ဤဖန်ဆင်းသူသည် ဗြဟ္မာပေတည်း မဟာဗြဟ္မာပေတည်း လွှမ်းမိုးနိုင်သူပေတည်း အလွှမ်းမိုး မခံရသူပေတည်း စင်စစ်မြင်သူပေတည်း အလိုအတိုင်း ဖြစ်စေနိုင်သူပေတည်း အစိုးရသူပေတည်း ပြုသူပေတည်း ဖန်ဆင်းသူပေတည်း အကြီးဆုံး အမြတ်ဆုံးပေတည်း စီရင်တတ်သူပေတည်း လေ့လာနိုင်နင်းသူပေတည်း ဖြစ်ပြီးဖြစ်ဆဲ သတ္တဝါတို့၏ ဖခင်ကြီးပေတည်း'' ဤသို့ စသည်ဖြင့် သာသာနာအပြင်ပ တပါးသောသူတို့ ကြံဆထားသည့်အတိုင်း ဗြဟ္မာ ထာဝရဘုရားစသော တစုံတယောက်၏ ကြောင့်ကြဖွယ်ဖြစ်သော မိမိဟူသော အတ္တကောင်ကို မမြင်-ဟု ပြလိုသောကြောင့် ''တစုံတယောက်မျှ၏'' စသည်ကို မိန့်ဆို၏။

     အထက်ပါ ဋီကာဖြင့် ''ဤ၌ သူတပါးဟူသည်မှာ ညီအစ်ကို စသည်မျှသာ မဟုတ်၊ ဖန်ဆင်းတတ်သည်-ဟု သာသနာအပြင်ပ ပုဂ္ဂိုလ်တို့ ယူဆထားသော ကမ္ဘာ့ပိုင်ရှင် ဘုရားသခင်လည်း ပါဝင်သည်''ဟု သိစေ၏။

၃၉၅

သူငယ်ချင်း မိတ်ဆွေဟု ထင်မှတ်၍ သူငယ်ချင်း မိတ်ဆွေ အရာ၌သော်၎င်း, အသုံးအဆောင်ဟု ထင်မှတ်၍ အသုံးအဆောင် အရာ၌သော်၎င်း ဤသို့ တစုံတခုသော အရာ၌ သူတပါး၏ အတ္တကို ဤ(မိမိ၏) ကြောင့်ကြဖွယ်၏ အဖြစ်ဖြင့် ဆောင်သင့် ဆောင်ထိုက်သည်ကို မမြင်၊ ဤကား ဆိုလိုသော အနက်။ ဤသို့လျှင် ဤယောဂီသည် တစုံတခုသော အရပ်, ကာလ, တရားထဲ၌ မိမိကိုယ်ဟူသော အတ္တကို မမြင်သည်သာတည်း။ ထိုမိမိကိုယ်ကို သူတပါး၏ ကြောင့်ကြဖွယ်အဖြစ်၌ ဆောင်သင့် ဆောင်ထိုက်သည်ကိုလည်း မမြင်သည်သာတည်း၊ သူတပါး၏ အတ္တကိုလည်း မမြင်သည်သာတည်း၊ သူတပါး၏ အတ္တကို မိမိ၏ ကြောင့်ကြဖွယ်အဖြစ်၌ ဆောင်သင့် ဆောင်ထိုက်သည်ကိုလည်း မမြင်သည်သာတည်း။ ထို့ကြောင့် ဤယောဂီသည် အဖို့လေးပါးနှင့် စပ်ဆိုင်သော (အတ္တမှ) ဆိတ်သုဉ်းခြင်းကို သိမ်းဆည်း(အပ်)ပြီး ဖြစ်လေ၏။

     ၇၆၁။ ဤဆိုခဲ့သည့်အတိုင်း အဖို့လေးပါးနှင့် စပ်ဆိုင်သော (အတ္တမှ) ဆိတ်သုဉ်းခြင်းကို သိမ်းဆည်းပြီးလျှင် တဖန် ခြောက်ပါးသော အခြင်းအရာတို့ဖြင့် ဆိတ်သုဉ်းခြင်းကို သိမ်းဆည်းပြန်၏။ အဘယ်သို့နည်းဟူမူ? မျက်စိသည် အတ္တ(အဖြစ်)မှသော်၎င်း, အတ္တ၏ ဥစ္စာ(အဖြစ်)မှသော်၎င်း, မြဲခြင်းမှသော်၎င်း, ခိုင်ခံ့ခြင်းမှသော်၎င်း, ထာဝရ တည်ရှိခြင်းမှသော်၎င်း, မဖောက်ပြန်ခြင်း သဘောမှသော်၎င်း ဆိတ်သုဉ်း၏ ။ပ။ စိတ်နှလုံးသည် အတ္တ(အဖြစ်)မှသော်၎င်း.. ဆိတ်သုဉ်း၏၊ အဆင်းတို့သည် အတ္တ(အဖြစ်)မှသော်၎င်း.. ဆိတ်သုဉ်းကုန်၏ ။ပ။ သဘောအာရုံတို့သည် အတ္တ(အဖြစ်)မှသော်၎င်း.. ဆိတ်သုဉ်းကုန်၏။ မြင်သိမှု- စက္ခုဝိညာဏ်သည် ။ပ။ ကြံသိမှု- မနောဝိညာဏ်သည်။ မြင်တွေ့မှု- စက္ခုသမ္ဖဿသည်- ဤသို့ အစရှိသော နည်းဖြင့် အိုခြင်း သေခြင်း- ဇရာမရဏတိုင်အောင် သိမ်းဆည်းပုံနည်းကို ဆောင်၍ သိအပ်၏။

     ၇၆၂။ ဤဆိုခဲ့သည့်အတိုင်း ခြောက်ပါးသော အခြင်းအရာတို့ဖြင့် ဆိတ်သုဉ်းခြင်းကို သိမ်းဆည်းပြီးလျှင် တဖန် ရှစ်ပါးသော အခြင်းအရာတို့ဖြင့် သိမ်းဆည်းပြန်၏။ သိမ်းဆည်းပုံကား.. ရုပ်သည် မြဲသော အနှစ်ဟူသော အနှစ်အားဖြင့်၎င်း, ခိုင်ခံ့သော အနှစ်ဟူသော အနှစ်အားဖြင့်၎င်း, ချမ်းသာသော အနှစ်ဟူသော အနှစ်အားဖြင့်၎င်း, အတ္တကောင် အနှစ်ဟူသော

၃၉၆

အနှစ်အားဖြင့်၎င်း, မြဲခြင်းဖြင့်၎င်း, ခိုင်ခံ့ခြင်းဖြင့်၎င်း, အမြဲတန်း တည်ရှိခြင်းဖြင့်၎င်း, မဖောက်ပြန်ခြင်း သဘောအားဖြင့်၎င်း အနှစ်မဟုတ် အနှစ်မရှိ အနှစ်ကင်း၏။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်။ မျက်စိသည် ။ပ။ အိုခြင်း သေခြင်းသည် မြဲသော အနှစ်ဟူသော အနှစ်အားဖြင့်၎င်း ။ပ။ မဖောက်ပြန်ခြင်း သဘောအားဖြင့်၎င်း အနှစ်မဟုတ် အနှစ်မရှိ အနှစ်ကင်း၏။ ဥပမာအားဖြင့် ကျူသည် အနှစ်မဟုတ် အနှစ်မရှိ အနှစ်ကင်းသကဲ့သို့၎င်း၊ ကြက်ဆူသည်။ ရေသဖန်းသည်။ ရေခတက်ဖြူသည်။ ပေါက်ပင်သည်။ ရေမြှုပ်စိုင်သည်။ ရေပွက်သည်။ တံလှပ်သည်။ ငှက်ပျောတုံးသည်။ မျက်လှည့်(ပြအပ်သော အရာ)သည် အနှစ်မဟုတ် အနှစ်မရှိ အနှစ်ကင်းသကဲ့သို့၎င်း ဤအတူပင် ရုပ်သည် ။ပ။ အိုခြင်း သေခြင်းသည် မြဲသော အနှစ်ဟူသော အနှစ်အားဖြင့်၎င်း ။ပ။ မဖောက်ပြန်ခြင်း သဘေားအားဖြင့်၎င်း အနှစ်မဟုတ် အနှစ်မရှိ အနှစ်ကင်း၏ဟု သိမ်းဆည်း၏။

     [၂၉၃] ၇၆၃။ ထိုယောဂီသည် ဤဆိုခဲ့သည့်အတိုင်း ရှစ်ပါးသော အခြင်းအရာတို့ဖြင့် ဆိတ်သုဉ်းခြင်းကို သိမ်းဆည်းပြီးလျှင် တဖန် ဆယ်ပါးသော အခြင်းအရာတို့ဖြင့် သိမ်းဆည်းပြန်၏။ (သိမ်းဆည်းပုံကား-) ရုပ်ကို (အနှစ်မှ) ကင်းသည်ဟု ရှု၏။ အချည်းနှီးဟု။ ဆိတ်သုဉ်းသည်ဟု။ အတ္တမဟုတ်ဟု။ အစိုးမရဟု။ အလိုရှိတိုင်း မပြုနိုင်ဟု။ တောင့်တတိုင်း မရနိုင်ဟု။ အလိုအတိုင်း မဖြစ်ဟု။ ပြင်ပသူစိမ်းဟု။ ကင်းဆိတ်သည်ဟု


မှတ်ချက်

     ၁- ရုပ်သည် မိမိက အစိုးမရ ဟူ၍၎င်း မိမိကို သူတပါးက အစိုးမရ ဟူ၍၎င်း ဆိုလိုသည်။

     ၂- ရေမြှုပ်စိုင်ဖြင့် အိုးခွက်စသည်ကို ပြုလိုသူအား ထိုကိစ္စ မပြီးသကဲ့သို့ ရုပ်ကို မြဲစေရန် စသည်ကို ပြုလိုသူအား ထိုကိစ္စ မပြီးစီးနိုင်၊ ထို့ကြောင့် အလိုရှိတိုင်း မပြုနိုင်-ဟု ဆိုသည်။ တနည်းကား မိမိအလိုမျှဖြင့် တစုံတခုသော ပြုလုပ်ခြင်းမျှ မပြီးစီးနိုင်၊ အကြောင်းညီညွှတ်မှသာလျှင် ပြုလုပ်ခြင်း ပြီးစီးနိုင်သည်၊ ထို့ကြောင့်လည်း အလိုရှိတိုင်း မပြုနိုင်ဟု ဆို၏။

     ၃- ''ငါ၏ရုပ်သည် ဤသို့ ကောင်းကောင်းချည်း ဖြစ်ပါစေ၊ ဤသို့ ဆိုးဆိုးကား မဖြစ်ပါစေလင့်''ဟု တောင့်တ၍ မရနိုင်ဟု ဆိုလို၏။

     ၄- စာမျက်နှာ ၂၆၈- ပဉ္စမစာပိုဒ်၌- ''အကျိုးဝိပါက်ထဲ၌ အကြောင်းကံသည် မရှိ၊ အကြောင်းကံထဲ၌လည်း အကျိုးဝိပါက်သည် မရှိ၊ ကံနှင့် ဝိပါက်နှစ်ပါးတို့သည်

၃၉၇

ရှု၏။ ဝေဒနာကို ။ပ။ ဝိညာဏ်ကို (အနှစ်မှ) ကင်းသည်ဟု ။ပ။ ကင်းဆိတ်သည်ဟု ရှု၏။

     ၇၆၄။ ဤဆိုခဲ့သည့်အတိုင်း ဆယ်ပါးသော အခြင်းအရာတို့ဖြင့် ဆိတ်သုဉ်းခြင်းကို သိမ်းဆည်းပြီးလျှင် တဖန် တဆယ့်နှစ်ပါးသော အခြင်းအရာတို့ဖြင့် သိမ်းဆည်းပြန်၏။ သိမ်းဆည်းပုံကား ရုပ်သည် သတ္တဝါမဟုတ်၊ အသက်မဟုတ်၊ လူမဟုတ်၊ လုလင်မဟုတ်၊ မိန်းမမဟုတ်၊ ယောက်ျားမဟုတ်၊ အတ္တမဟုတ်၊ အတ္တ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ဥစ္စာ မဟုတ်၊ သူတပါး၏ ဥစ္စာမဟုတ်၊ တစုံတယောက်၏မျှ ဥစ္စာမဟုတ်။


မှတ်ချက်

အချင်းချင်းမှ ဆိတ်သုဉ်းကုန်၏၊ သို့သော် အကြောင်းကံနှင့် ကင်း၍လည်း အကျိုးသည် မဖြစ်နိုင်''-ဟု ပြဆိုခဲ့သည့်အတိုင်း ကံနှင့် ဝိပါက်သည် အချင်းချင်းမှ ကင်းဆိတ်နေသကဲ့သို့ (ကမ္မာဒိ ဝိယ-ဟု ရှိသင့်သောပါဌ်ကို ရည်သည်) ရုပ်သည် [ပြုတတ်သော အတ္တစသည်မှ ကင်းဆိတ်သကဲ့သို့ (ကာရကာဒီဟိ ဝိယ-ဟူသော သီမူကို ရည်သည်)] မိမိ၏ အကြောင်းမှ၎င်း မိမိ၏ အကျိုးမှ၎င်း ကင်းဆိတ်နေသည်-ဟု ဆိုလို၏၊ မှန်ပေ၏၊ အကျိုးတရားသည် အကြောင်းတရားနှင့်တကွ ကိုယ်ဝန်ဆောင်လျက် မြုံအောင်းလျက် တည်သည်မဟုတ်၊ အကြောင်းတရားသည်လည်း အကျိုးတရားနှင့်တကွ ကိုယ်ဝန်ဆောင်လျက် မြုံအောင်းလျက် တည်နေသည်လည်း မဟုတ်ပေ။ (ဋီကာ)

     ၁- ရုပ်သည် လောကဝေါဟာရ ပြောရိုးဆိုစဉ်အားဖြင့် ခေါ်ဝေါ်နေသော သတ္တဝါမဟုတ်ဟူ၍ကား မဆိုလို၊ အဘယ့်ကြောင့်နည်းဟူမူ? ရုပ်သည် ထိုပြောရိုး ဆိုစဉ်ဖြစ်သော သတ္တဝါမဟုတ်ဟူသော အနက်သည် အလိုလိုပင် ပြီးစီး ထင်ရှားသောကြောင့်ပေတည်း။ မှန်ပေ၏၊ ရုပ်မျှကို သတ္တဝါ-ဟု လူများက ခေါ်ဝေါ်သည် မဟုတ်ပေ။ အမှန်အားဖြင့်မူကား ရုပ်သည် သာသနာပပုဂ္ဂိုလ်တို့ ကြံဆထားသော အတ္တဟုခေါ်သော သတ္တဝါမဟုတ် ဟူ၍သာ ဆိုလိုပေသည်။ လူမဟုတ် လုလင်မဟုတ် မိန်းမမဟုတ် ယောက်ျားမဟုတ် ငါမဟုတ်ဟု ရှုရာတို့၌လည်း နည်းတူပင် အတ္တကောင် မဟုတ်သည်ကိုသာ ဆိုလိုသည်ဟု မှတ်ပါ။ (ဋီကာ)

     ၂- ဤအရာတွင် ဝိသုဒ္ဓိမဂ်၏မှီရာ မူလကျမ်းရင်းဖြစ်သော စူဠနိဒ္ဒေသပါဠိတော်၌ ''န ကောစိ- တစုံတယောက်မျှ မဟုတ်''ဟု ပါဌ်ရှိ၏၊ သတိပဋ္ဌာနသုတ်အဖွင့် အဋ္ဌကထာတို့၌လည်း ထို့အတူပင် ဤအရာ၌

၃၉၈

ဝေဒနာသည် ။ပ။ ဝိညာဏ်သည် သတ္တဝါ မဟုတ် ။ပ။ တစုံတယောက်မျှ ဥစ္စာမဟုတ်ဟု ရှု၏။

     ၇၆၅။ ဤဆိုခဲ့သည့်အတိုင်း တဆယ့်နှစ်ပါးသော အခြင်းအရာတို့ဖြင့် ဆိတ်သုဉ်းခြင်းကို သိမ်းဆည်းပြီးလျှင် တဖန် တီရဏပရိညာ၏ အစွမ်းအားဖြင့် လေးဆယ့်နှစ်ပါးသော အခြင်းအရာတို့ဖြင့် ဆိတ်သုဉ်းခြင်းကို သိမ်းဆည်းပြန်၏။ သိမ်းဆည်းပုံကား.. ရုပ်ကို မမြဲဟု ရှု၏။ ဆင်းရဲဟု။ ရောဂါဟု။ အိုင်းအမာဟု။ ငြောင့်ဟု။ မကောင်းမှုဟု။ အဖျားအနာဟု။ ပြင်ပသူစိမ်းဟု။ အလွန်ပျက်သည်ဟု။ (၁ဝ) ဘေးရန်ဟု။ ဥပဒ္ဒဝေါဟု။ ကြောက်ဖွယ်ဘေးဟု။ ငြိကပ်သော အနှောက်အယှက်ဟု။ တုန်လှုပ်သည်ဟု။ ပျက်လွယ်သည်ဟု။ မခိုင်မာဟု။ မစောင့်ရှောက်တတ်ဟု။ ပုန်းအောင်းရာ မဟုတ်ဟု။ ဘေးကို မပယ်သတ်တတ်ဟု။ (၂ဝ) ကိုးကွယ်ရာ မဟုတ်ဟု။ အတ္တမှ ကင်းသည်ဟု။ အချည်းနှီးဟု။ ဆိတ်သုဉ်းသည်ဟု။ အတ္တမဟုတ်ဟု။ သာယာဖွယ် မဟုတ်ဟု။ အပြစ်ဟု။ ဖောက်ပြန်ခြင်း သဘောရှိသည်ဟု။ အနှစ်မရှိဟု။ မကောင်းမှု၏ အမြစ်အရင်းဟု။ (၃ဝ) သတ်တတ်သည်ဟု။ ကြီးပွါးစည်ပင်ခြင်း ကင်းသည်ဟု။ အာသဝေါတရားတို့၏ အာရုံဟု။ ပေါင်းစု၍ ပြုအပ်သော သင်္ခတတရားဟု။ သူသတ်သမား- မာရ်တို့၏ သတ်စရာ အစာဟု။ ဖြစ်ခြင်းသဘောရှိသည်ဟု။ အိုခြင်းသဘော ရှိသည်ဟု။ နာခြင်းသဘော ရှိသည်ဟု။ သေခြင်းသဘော ရှိသည်ဟု။


မှတ်ချက်

'န ကောစိ- တစုံတယောက်မျှ မဟုတ်''ဟု ရှိ၏။ ဤ၌ရှိသော ''သူတပါး၏ ဥစ္စာမဟုတ်''ဟူသော အနက်သည် အခြားမဲ့၌ ဆိုလတံ့သော ''တစုံတယောက်မျှ၏ ဥစ္စာမဟုတ်''ဟူသော ရှုပုံ၌ အတွင်းဝင်နေသောကြောင့် ''န ကောစိ- တစုံတယောက်မျှ မဟုတ်''ဟူသော ပါဌ်သာလျှင် သာ၍ သင့်ပေ၏။

     ၁- အနိစ္စတော-ပုဒ်ကို မမြဲသောအားဖြင့် ဟူ၍၎င်း မမြဲသည့် အနေအားဖြင့် ဟူ၍၎င်း မမြဲသော အခြင်းအရာအားဖြင့် ဟူ၍၎င်း- ဤသို့လည်း ပြန်ဆိုသင့်၏၊ သို့သော်လည်း ဤ၌ကား စကားတိုတိုနှင့် ပြီးစေရန် ''မမြဲ''ဟု ဟူ၍ ပြန်ဆိုလိုက်၏။ ဆင်းရဲဟု ရောဂါဟု စသည်တို့၌လည်း ဤနည်းပင်မှတ်ပါ။

     ၂- ''အနဿာဒတော- သာယာဖွယ်မဟုတ်''ဟူသော ဤပုဒ်သည် ပါဠိတော်၌ မရှိ၊ ဤပုဒ်နှင့်တကွဆိုလျှင် အခြင်းအရာ လေးဆယ့်နှစ်ပါးမဟုတ်ပဲ လေးဆယ့်သုံးပါး ဖြစ်ရာ၏ဟု ဋီကာ၌ ဆို၏၊ ထို့ကြောင့် ဤပုဒ်ကို အပိုဟု မှတ်ရာ၏။

၃၉၉

စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပူပန်ခြင်း သဘောရှိသည်ဟု။ (၄ဝ) ဖြစ်ခြင်းအားဖြင့်။ ချုပ်ခြင်းအားဖြင့်။ သာယာဖွယ် အဿာဒအားဖြင့်။ အပြစ် အာဒီနဝအားဖြင့်။ ထွက်မြောက်ခြင်းအားဖြင့် ရှု၏။ ဝေဒနာကို ။ပ။ ဝိညာဏ်ကို မမြဲသောအားဖြင့် ။ပ။ ထွက်မြောက်ခြင်းအားဖြင့် ရှု၏။

     မှန်ပေ၏၊ ရုပ်ကို မမြဲသောအားဖြင့် ။ပ။ ထွက်မြောက်ခြင်းအားဖြင့် ရှုသော သူသည် ခန္ဓာငါးပါးဟူသော လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှုသည်မည်၏။ ဝေဒနာကို ။ပ။ ဝိညာဏ်ကို မမြဲသောအားဖြင့် ။ပ။ ထွက်မြောက်ခြင်းအားဖြင့် ရှုသောသူသည် ခန္ဓာငါးပါးဟူသော လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှုသည် မည်၏။

''မောဃရာဇရသေ့၊ သင်သည် အခါခပ်သိမ်း အမှတ်ရသည်ဖြစ်၍ (ခန္ဓာအစရှိသော) လောကကို (အတ္တမှ) ဆိတ်သုဉ်းသောအားဖြင့် ရှုလော့၊ ဤသို့ ရှုလျှင် အတ္တသို့ အစဉ်လိုက်သော အမြင်မှားကို ပယ်နှုတ်၍ သေခြင်းကို ကျော်လွန်နိုင်၏၊ လောကကို ဤသို့ (ဆိတ်သုဉ်းသောအားဖြင့်) ရှုမြင်သော သူကို သေမင်းသည် မတွေ့မမြင်တော့ပြီ''ဟူသော-

ဤစကားကို ဟောတော်မူ၏။

     [၂၉၄] ၇၆၆။ ဤဆိုခဲ့သည့်အတိုင်း ဆိတ်သုဉ်းသောအားဖြင့် ရှုလျက် လက္ခဏာသုံးပါးတင်၍ သင်္ခါရတို့ကို သိမ်းဆည်းသော ယောဂီသည်


မှတ်ချက်

     ၁- ဤအာဒီနဝ အခြင်းအရာမှာ ရှေး၌ ဆိုခဲ့ပြီးဖြစ်သော်လည်း (၁) သမုဒယ-ဖြစ်ခြင်း၊ (၂) အတ္ထင်္ဂမ-ချုပ်ခြင်း၊ (၃) အဿာဒ-သာယာဖွယ်၊ (၄) အာဒီနဝ-အပြစ်၊ (၅) နိဿရဏ- ထွက်မြောက်ခြင်းဟူသော ဤဒေသနာ အစဉ်အရ ထပ်၍ ဆိုထားသည်။ ထို့ကြောင့် ၎င်းအာဒီနဝကို ရှေးအာဒီနဝနှင့် ပေါင်း၍ လေးဆယ့်နှစ်ပါးသော အခြင်းအရာတို့ကို ရေတွက်ရာ၏။

     ၂- ဤ၌လည်း အနိစ္စတောပုဒ်ကို မမြဲသည့် အနေအားဖြင့်, မမြဲသော အခြင်းအရာအားဖြင့် မမြဲဟု ဤသို့လည်း ပြန်ဆိုနိုင်၏။

     ၃- အတ္တာနုဒိဋ္ဌိ- အတ္တသို့ အစဉ်လိုက်သော အမြင်မှားဟူသည်မှာ သက္ကာယဒိဋ္ဌိပင်တည်း။

၄၀၀

ကြောက်ခြင်းကို၎င်း, နှစ်သက်ခြင်းကို၎င်း ပယ်၍ သင်္ခါရတို့၌ လျစ်လျူရှုလျက် အလယ်အလတ် သဘောရှိသည်သာလျှင် ဖြစ်လေ၏၊ ငါဟူ၍၎င်း ငါ၏ ဥစ္စာဟူ၍၎င်း မစွဲလမ်းတော့ပြီ၊ အဘယ်ကဲ့သို့နည်းဟူမူ? မယားကို စွန့်လွှတ်ပြီးသော ယောက်ျားကဲ့သို့တည်း။

     ဥပမာအားဖြင့် ယောက်ျားတယောက်အား လိုလားနှစ်သက်အပ် မြတ်နိုးအပ်သော မယားသည် ရှိရာ၏၊ ထိုယောက်ျားသည် ထိုမယားဖြစ်သူနှင့် ခွဲခွါ၍ တမုဟုတ်မျှသော်လည်း နေခြင်းငှါ မစွမ်းနိုင်ရာ၊ ထိုမယားဖြစ်သူကို အလွန်ပင် ချစ်မြတ်နိုးရာ၏၊ ထိုယောက်ျားသည် မယားဖြစ်သော ထိုမိန်းမကို တပါးသော ယောက်ျားနှင့် အတူတကွ ရပ်နေသည်ကိုဖြစ်စေ ထိုင်နေသည်ကိုဖြစ်စေ ပြောဆိုနေသည်ကိုဖြစ်စေ ရယ်ရွှင်နေသည်ကိုဖြစ်စေ မြင်လျှင် အမျက်ထွက်လျက် နှလုံးမသာ ဖြစ်ရာ၏၊ အတိုင်းထက်အလွန် နှလုံးမသာဖြင်း စိတ်ဆင်းရဲကို ခံစားရရာ၏။ ထိုယောက်ျားသည် အခါတပါး၌ မယားဖြစ်သော ထိုမိန်းမ၏ အပြစ်ဒေါသကို မြင်သောကြောင့် (ထိုမိန်းမမှ) ကင်းလွတ်လိုသည်ဖြစ်၍ ထိုမိန်းမကို ကွာရှင်း စွန့်လွှတ်လိုက်ရာ၏၊ ထိုမိန်းမကို ငါ၏မယားဟူ၍ မမှတ်ယူတော့ဘဲ ရှိလေရာ၏၊ ထိုအခါမှစ၍ ထိုမိန်းမသည် တစုံတယောက်သော ယောက်ျားနှင့် အတူတကွ တစုံတခုသော အမှုကို ပြုနေသည်ကို တွေ့မြင်ရသော်လည်း အမျက်မထွက်တော့လေရာ၊ နှလုံးမသာခြင်းသို့ မရောက်တော့လေရာ၊ စင်စစ်အားဖြင့် လျစ်လျူရှုလျက် အလယ်အလတ် သဘော ရှိသည်သာလျှင် ဖြစ်လေရာ၏၊ ထို့အတူပင် ဤယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတို့မှ လွတ်မြောက်လိုသည်ဖြစ်၍ ပဋိသင်္ခါနုပဿနာဖြင့် သင်္ခါရတို့ကို သိမ်းဆည်းလျက် ငါဟူ၍၎င်း, ငါ၏ ဥစ္စာဟူ၍၎င်း မှတ်ယူဖွယ်ကို မမြင်သောကြောင့် ကြောက်ခြင်းကို၎င်း, နှစ်သက်ခြင်းကို၎င်း ပယ်စွန့်၍ အလုံးစုံသော သင်္ခါရတို့၌ လျစ်လျူရှုလျက် အလယ်အလတ်သဘော ရှိသည်သာလျှင် ဖြစ်လေတော့၏။


မှတ်ချက်

     ၁- လက်ဖျစ် ၁ဝ-တွက်သည် ၁-ခဏမည်၏၊ ၁ဝ-ခဏသည် ၁-လယမည်၏၊ ၁ဝ-လယသည် ၁-ခဏလယ မည်၏၊ ၁ဝ-ခဏလယသည် ၁-မုဟုတ် မည်၏။ မြန်မာဝေါဟာရအားဖြင့် တအောင့်လောက်, တခဏလောက်-ဟု ပြောဆိုလေ့ရှိ၏။

၄၀၁

     ဤသို့ သိလျက် ဤသို့ မြင်သော ထိုယောဂီ၏ စိတ်သည် သုံးပါးသော ဘဝတို့၌၎င်း၊ လေးပါးသော ယောနိတို့၌၎င်း၊ ငါးပါးသော ဂတိတို့၌၎င်း၊ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိတို့၌၎င်း၊ ကိုးပါးသော သတ္တာဝါသတို့၌၎င်း တွန့်၏ ရှုံ့၏ ပြန်နစ်၏ ပြန့်၍မသွား၊ လျစ်လျူရှုခြင်းသည်သော်၎င်း, စက်ဆုပ်သည်၏အဖြစ် (စက်ဆုပ်ခြင်း)သည်သော်၎င်း ကောင်းစွာ တည်၏။

     ဥပမာအားဖြင့် စဉ်းငယ် ကိုင်းရှိုင်းသော ကြာဖက်ပေါ်၌ ရေပေါက်တို့သည် တွန့်ကုန် ရှုံ့ကုန် ပြန်နစ်ကုန်လျက် ပြန့်၍ မသွားကုန်သကဲ့သို့ ထို့အတူပင်လျှင် ။ပ။ တနည်း ဥပမာအားဖြင့် မီးထဲ၌ ထည့်လိုက်သော ကြက်တောင်သည်၎င်း, အကြောတုံးသည်၎င်း တွန့်လျက် ရှုံ့လျက် ပြန်နစ်လျက် ပြန့်၍ မသွားသကဲ့သို့ ထို့အတူပင်လျှင် ထိုယောဂီ၏ စိတ်သည် သုံးပါးသော ဘဝတို့၌၎င်း ။ပ။ ပြန့်၍မသွား၊ လျစ်လျူရှုခြင်းသည်သော်၎င်း, စက်ဆုပ်သည်၏ အဖြစ်သည်သော်၎င်း ကောင်းစွာတည်၏။ ဤသို့ဖြစ်လျှင် ထိုယောဂီအား သင်္ခါရတို့၌ လျစ်လျူရှုသောကြောင့် သင်္ခါရုပေက္ခာမည်သော ဉာဏ်သည် ဖြစ်ပြီဟု သိအပ်၏။

     ၇၆၇။ ထိုသင်္ခါရုပေက္ခာမည်သော ဤဉာဏ်သည် ငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်-အငြိမ်းဓာတ်ကို ငြိမ်းအေးသောအားဖြင့် အကယ်၍ မြင်ငြားအံ့၊ (ထိုသို့မြင်လျှင်) အလုံးစုံသော သင်္ခါရအယဉ်ကို စွန့်လွှတ်၍ နိဗ္ဗာန်-အငြိမ်းဓာတ်သို့သာလျှင် ပြေးဝင်သွား၏။ နိဗ္ဗာန်-အငြိမ်းဓာတ်ကို [၂၉၅] ငြိမ်းအေးသောအားဖြင့် အကယ်၍ မမြင်သေးငြားအံ့၊ (ထိုသို့ မမြင်သေးလျှင်) သင်္ခါရကိုသာ အာရုံပြုလျက် (ရှုလျက်) အဖန်တလဲလဲ ဖြစ်ပေါ်နေ၏။ (အဘယ်ကဲ့သို့နည်းဟူမူ?) ပင်လယ်ခရီးသည်တို့၏ အရပ်မျက်နှာ ထောက်လှမ်းရေး ကျီးကဲ့သို့တည်း။ တဆင့်စကား ကြားရသည်မှာ.. ပင်လယ်ခရီးသည်ဖြစ်သော ကုန်သည်တို့သည် ပင်လယ်ကူးသင်္ဘောကို တက်စီး(၍ ပင်လယ် ခရီးသွား) ကုန်လတ်သော် ဒိသာကာကခေါ်


မှတ်ချက်

     ၁- ထိုထို သင်္ခါရအာရုံတို့၌ ပျော်မွေ့သည်၏ အစွမ်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက် ပြေးဝင်မသွားဟူ၍ ဆိုလိုသည်။

     ၂- အနုလောမဉာဏ်ကို ဖြစ်စေနိုင်လောက်အောင် ရင့်ကျက်သော သင်္ခါရုပေက္ခာဉာဏ်ကိုပင်လျှင် ''နိဗ္ဗာန်-အငြိမ်းဓာတ်ကို ငြိမ်းအေးသောအားဖြင့် မြင်သည်''ဟု ဆိုလို၏။

၄၀၂

အရပ်မျက်နှာ ထောက်လှမ်းရေး ကျီးကို ယူဆောင်သွားကုန်သတတ်၊ ထိုပင်လယ်ခရီးသည်တို့သည် လေမုန်တိုင်း တိုက်လွှင့်သောကြောင့် သင်္ဘောသည် မရောက်ဘူးသော အရပ်တပါးသို့ ပြေးသွားသဖြင့် ကမ်းကို မမြင်ရ မမှန်းဆနိုင်သောအခါ (ယူဆောင်လာခဲ့သော) အရပ်မျက်နှာ ထောက်လှမ်းရေး ကျီးကို လွှတ်ကုန်၏။ ထိုကျီးသည် လင်းယဉ်တိုင်ဖျားမှ ကောင်းကင်သို့ ပျံ တက်ပြီးလျှင် အလုံးစုံကုန်သော တူရူအရပ်မျက်နှာတို့ကို၎င်း, အထောင့်အရပ်မျက်နှာတို့ကို၎င်း အစဉ်အတိုင်း လှည့်လည်ပျံသွား၍ ကမ်းကို အကယ်၍ မြင်ငြားအံ့၊ ထိုကမ်းဆီသို့သာ ရှေးရှုလျက် ပျံသွားလေ၏။ ကမ်းကို မမြင်ရလျှင်မူကား အဖန်တလဲလဲ ပြန်လာပြီးလျှင် လင်းယဉ်တိုင်ဖျား၌သာလျှင် နားနေ၏၊ ထို့အတူပင် သင်္ခါရုပေက္ခာဉာဏ်သည် ငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်-အငြိမ်းဓာတ်ကို ငြိမ်းအေးသောအားဖြင့် အကယ်၍ မြင်ငြားအံ့၊ (ထိုသို့မြင်လျှင်) အလုံးစုံသော သင်္ခါရအယဉ်ကို စွန့်လွှတ်၍ နိဗ္ဗာန် အငြိမ်းဓာတ်သို့သာလျှင် ပြေးဝင်သွား၏။ အကယ်၍ မမြင်သေးငြားအံ့၊ (ထိုသို့ မမြင်သေးလျှင်) သင်္ခါရကိုသာ အာရုံပြုလျက် (ရှုလျက်) အဖန်တလဲလဲ ဖြစ်ပေါ်နေ၏။

     ထိုသို့ ဖြစ်ပေါ်နေသော ဤသင်္ခါရုပေက္ခာဉာဏ်သည် ဗန်းပေါ်၌ လှိမ့်အပ် ဆင့်အပ်သော မုန့်ညက်ကဲ့သို့၎င်း, ဖတ်အပ်သော အစေ့ထုတ်ပြီး ဝါဂွမ်းကဲ့သို့၎င်း၊ နူးညံ့သိမ်မွေ့စွာဖြစ်၍ အထူးထူး အပြားပြားအားဖြင့် သင်္ခါရတို့ကို သိမ်းဆည်းပြီးလျှင် ကြောက်ခြင်းကို၎င်း, နှစ်သက်ခြင်းကို၎င်း ပယ်စွန့်၍ သင်္ခါရတရားတို့ကို စူးစမ်းခြင်း၌ အလယ်အလတ် လျစ်လျူသဘော ရှိသည်ဖြစ်၍ သုံးပါးအပြားရှိသော အနုပဿနာ၏ အစွမ်အားဖြင့် တည်၏။ ဤသို့ တည်သော သင်္ခါရုပေက္ခာဉာဏ်သည် သုံးပါးအပြားရှိသော


မှတ်ချက်

     ၁- မုန့်ညက်ကို ဗန်းဖြင့် ဆင့်သောအခါ ဆင့်လေ ဆင့်လေ မုန့်ညက်မှုန့်သည် သာ၍ နှုးညံ့သိမ်မွေ့သွားလေလေ ဖြစ်သကဲ့သို့ သင်္ခါရုပက္ခောသည် ကြာလေ ကြာလေ သာ၍ သာ၍ သိမ်မွေ့ သိမ်မွေ့သွားသည်ဟု ဆိုလိုသည်။

     ၂- ဝါကို ဖတ်သောအခါ ဖတ်လေ ဖတ်လေ ဝါဂွမ်းသည် သာ၍ သိမ်မွေ့သွားလေလေ ဖြစ်သကဲ့သို့ သင်္ခါရုပေက္ခာသည် ကြာလေ ကြာလေ သာ၍ သာ၍ သိမ်မွေ့ သိမ်မွေ့သွားသည်ဟု ဆိုလိုသည်။

     ၃- အနုပဿနာ ခုနစ်ပါး မဟာဝိပဿနာ တဆယ့်ရှစ်ပါး- ဤသို့ စသည်ဖြင့် အကျယ်ဝေဘန်၍ ပြထားသော်လည်း ၎င်းတို့သည် အနိစ္စာနုပဿနာ အစရှိသော

၄၀၃

ဝိမောက္ခမုခအဖြစ်သို့ ရောက်၍ ခုနစ်မျိုးသော အရိယာပုဂ္ဂိုလ်တို့ကို ခွဲခြမ်းဝေဘန်ရန် အကြောင်းဖြစ်ပေ၏။

     ၇၆၈။ ထို(ဝိမောက္ခမုခအဖြစ်သို့ ရောက်ခြင်း, အကြောင်းဖြစ်ခြင်းတို့)၌ ဤသင်္ခါရုပေက္ခာဉာဏ်သည် သုံးပါးအပြားရှိသော အနုပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ခြင်းကြောင့် သုံးပါးသော ဣန္ဒြေတို့၏ အကြီးအမှူးဖြစ်ခြင်း (အစိုးရခြင်း)၏ အစွမ်းအားဖြင့် သုံးပါးအပြားရှိသော ဝိမောက္ခမုခအဖြစ်သို့ ရောက်သည် မည်၏။ ချဲ့၍ ပြရလျှင် သုံးပါးသော အနုပဿနာတို့ကို သုံးပါးသော ဝိမောက္ခမုခတို့ဟူ၍ ဆိုအပ်ကုန်၏။ အဘယ်ကဲ့သို့ ဟောထားသနည်းဟူမူ?

''သုံးပါးကုန်သော ဤ ဝိမောက္ခမုခတို့သည် လောကမှ ထွက်မြောက်ရန်အလို့ငှါ ဖြစ်ကုန်၏၊ အလုံးစုံသော သင်္ခါရတို့ကို (ဖြစ်ခြင်း ပျက်ခြင်းဟူသော) အပိုင်းအခြားနှင့် နယ်ဆုံး အကန့်အသတ်အားဖြင့် ရှုခြင်းငှါ (ရှုရန်အလို့ငှါ)၎င်း, အနိမိတ္တမည်သော နိဗ္ဗာန်ဓာတ်၌ စိတ်၏ ပြေးဝင်ရန်အလို့ငှါ၎င်း ဖြစ်ကုန်၏၊ အလုံးစုံသော သင်္ခါရတို့၌ စိတ်ကို ကောင်းစွာ ထက်စေခြင်းငှါ (ထက်စေရန် အလို့ငှါ)၎င်း, အပ္ပဏိဟိတမည်သော နိဗ္ဗာန်ဓာတ်၌ စိတ်၏ ပြေးဝင်ရန်အလို့ငှါ၎င်း ဖြစ်ကုန်၏၊ အလုံးစုံသော တရားတို့ကို ပြင်ပသူစိမ်း အနေအားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုရန်အလို့ငှါ၎င်း, သုညတမည်သော နိဗ္ဗာန်ဓာတ်၌ စိတ်၏ ပြေးဝင်ရန်အလို့ငှါ၎င်း ဖြစ်ကုန်၏၊ ဤသုံးပါးသော ဝိမောက္ခမုခတို့သည် လောကမှ ထွက်မြောက်ရန်အလို့ငှါ ဖြစ်ကုန်၏''ဟု-

(ပဋိသမ္ဘိဒါမဂ်၌) ဟောထားပေ၏။


မှတ်ချက်

သုံးပါးသော အနုပဿနာတို့၌သာလျှင် အတွင်းဝင်၏၊ ထို့ကြောင့် ခေါင်ထိပ်သို့ ရောက်သော ဝိပဿနာသည် ထိုအနိစ္စာနုပဿနာ အစရှိသော သုံးပါးသော အနုပဿနာတို့၏ အစွမ်းအားဖြင့်သာလျှင် တည်သည်ဟု ဋီကာ၌ ဆို၏။

၄၀၄

     ထိုပါဌ်၌ ပရိစ္ဆေဒပရိဝဋုမတော- အပိုင်းအခြားနှင့် နယ်ဆုံး အကန့်အသတ်အားဖြင့် ဟူသည်ကား ဖြစ်ခြင်း ပျက်ခြင်း၏ အစွမ်းအားဖြင့် အပိုင်းအခြားအားဖြင့်၎င်း, နယ်ဆုံး အကန့်အသတ်အားဖြင့်၎င်း။ မှန်ပေ၏၊ အနိစ္စာနုပဿနာသည် ''ဖြစ်ခြင်းမှ ရှေး၌ (မဖြစ်မီကာလက) သင်္ခါရတို့သည် မရှိကုန်သေး''ဟု ပိုင်းခြား၍ ထိုသင်္ခါရတို့၏ (ပြီးစီးခြင်းဟူသော) အလားအလာကို အစဉ်လိုက်၍ ဆင်ခြင်လျက် ''ပျက်ခြင်းမှ နောက်သို့ မသွားကုန်၊ ဤပျက်ခြင်း၌သာလျှင် ကွယ်ပျောက်ကုန်၏''ဟု နယ်ဆုံး အကန့်အသတ်အားဖြင့် အဖန်တလဲလဲ ရှု၏။ မနောသမုတ္တေဇနတာယ- စိတ်နှလုံးကို ကောင်းစွာ ထက်စေခြင်းငှါ ဟူသည်ကား [၂၉၆] စိတ်ကို ထိတ်လန့်စေသည်၏အဖြစ် (ထိတ်လန့်စေရန်) အလို့ငှါ။ မှန်ပေ၏၊ ဒုက္ခာနုပဿနာဖြင့် သင်္ခါရတို့၌ စိတ်ကို ထိတ်လန့်စေ၏။ ပြင်ပသူစိမ်း အနေအားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုရန်အလို့ငှါ ဟူသည်ကား ငါမဟုတ် ငါ၏ ဥစ္စာမဟုတ်ဟု ဤသို့ အတ္တမဟုတ်သောအားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုရန်အလို့ငှါ။ ဤသို့လျှင် ဤသုံးပါးသော ပုဒ်တို့ကို အနိစ္စာနုပဿနာ စသည်တို့၏ အစွမ်းအားဖြင့် ဟောထားသည်ဟု သိအပ်ကုန်၏။ ထို့ကြောင့်ပင်လျှင် ထိုပါဌ်၏ အခြားမဲ့၌ ပြဿနာတို့ကို ဖြေရာတွင်-

''မမြဲသော အခြင်းအရာအားဖြင့် နှလုံးသွင်းသော သူအား သင်္ခါရတို့သည် ကုန်သောအားဖြင့် ထင်ကုန်၏။ ဆင်းရဲသော အခြင်းအရာအားဖြင့် နှလုံးသွင်းသောသူအား သင်္ခါရတို့သည် ကြောက်ဖွယ်ဘေးအားဖြင့် ထင်ကုန်၏။ အတ္တမဟုတ်သော အခြင်းအရာအားဖြင့်


မှတ်ချက်

     ၁- အစွမ်းအားဖြင့်-ဟူသော ဝိသေသနဖြင့် အပိုင်းအခြား ဟူသည်မှာ ဖြစ်ခြင်း ပျက်ခြင်းပင် ဖြစ်သည်- ဟူ၍၎င်း, နယ်ဆုံး အကန့်အသတ်- ဟူသည်မှာလည်း ဖြစ်ခြင်း ပျက်ခြင်းပင် ဖြစ်သည် ဟူ၍၎င်း သိစေ၏။

     ၂- ဤဝါကျတွင် ''ဖြစ်ခြင်းမှ ရှေး၌ မရှိကုန်သေးဟု ပိုင်းခြား၍''ဟူသော စကားဖြင့် ''အပိုင်းအခြား ဟူသည်မှာ ဖြစ်ခြင်းပင်'' ဟူ၍၎င်း, ''ပျက်ခြင်းမှ နောက်သို့ မသွားကုန်'' ဤသို့ အစရှိသော စကားဖြင့် ''နယ်ဆုံး အကန့်အသတ် ဟူသည်မှာ ပျက်ခြင်းပင်ဖြစ်သည်'' ဟူ၍၎င်း ယူရာ၏။

၄၀၅

နှလုံးသွင်းသော သူအား သင်္ခါရတို့သည် ဆိတ်သုဉ်းသောအားဖြင့် ထင်ကုန်၏''ဟု-

ဟော(အပ်)ပေ၏။

     ၇၆၉။ (အနိစ္စာနုပဿနာ အစရှိသော) ဤအနုပဿနာတို့သည် အကြင် ဝိမောက္ခတို့၏ အဝင်ဝ မုခ်မည်ကုန်၏၊ ထိုဝိမောက္ခတို့ကား အဘယ်သည်တို့နည်းဟူမူ? အနိမိတ္တဝိမောက္ခ, အပ္ပဏိဟိတဝိမောက္ခ, သုညတ ဝိမောက္ခဟူသော ဤသုံးပါးတို့ပေတည်း။ မှန်ပေ၏။

''မမြဲသော အခြင်းအရာအားဖြင့် နှလုံးသွင်းသော သူသည် ယုံကြည်ဆုံးဖြတ်မှု-အဓိမောက္ခ အဖြစ်များသည်ဖြစ်၍ အနိမိတ္တမည်သော ဝိမောက္ခကို ရ၏။ ဆင်းရဲသော အခြင်းအရာအားဖြင့် နှလုံးသွင်းသော သူသည် ငြိမ်းအေးခြင်း-ပဿဒ္ဓိ အဖြစ်များသည်ဖြစ်၍ အပ္ပဏိဟိတဝိမောက္ခကို ရ၏။ အတ္တမဟုတ်သော အခြင်းအရာအားဖြင့် နှလုံးသွင်းသော သူသည် ဉာဏ်ပညာ အဖြစ်များသည်ဖြစ်၍ သုညတဝိမောက္ခကို ရ၏''ဟူသော-

ဤစကားကို ဟောတော်မူ(အပ်)၏။

     ဤပါဌ်၌ အနိမိတ္တဝိမောက္ခ ဟူသည်ကား နိမိတ်ကင်းသော အခြင်းအရာအားဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော အရိယာမဂ်တည်း။ ထိုအရိယာမဂ်သည် အနိမိတ္တမည်သော နိဗ္ဗာန်ဓာတ်၌ ဖြစ်သောကြောင့် အနိမိတ္တမည်၏၊ ကိလေသာတို့မှ လွတ်မြောက်သောကြောင့် ဝိမောက္ခလည်း မည်၏။ ဤနည်းဖြင့်ပင်လျှင် တောင့်တမှု တဏှာကင်းသော အခြင်းအရာအားဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော အရိယာမဂ်သည် အပ္ပဏိဟိတ မည်၏။ အတ္တမှ ဆိတ်သုဉ်းသော အခြင်းအရာအားဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော အရိယာမဂ်သည် သုညတမည်၏ဟူ၍ သိအပ်၏။


မှတ်ချက်

     ၁- တောင့်တမှု တဏှာကင်းသော အခြင်းအရာ ဟူသည်မှာ နိဗ္ဗာန်၌ တောင့်တဖွယ် တဏှာဖြစ်ဖွယ် မရှိသော အခြင်းအရာကို ဆိုလိုသည်။

၄၀၆

     ၇၇ဝ။ အဘိဓမ္မာ၌ကား ''အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ခြင်းငှါ ပဌမဘုံအဆင့်သို့ ရောက်ခြင်းငှါ ဝဋ်ဆင်းရဲမှ ထွက်သွားသော ဝဋ်ဆင်းရဲကို ဖျက်ဆီးရန် နိဗ္ဗာန်သို့သွားသော လောကုတ္တရာဈာန်ကို ဖြစ်စေ၏၊ ဝတ္ထုကာမ ကိလေသကာမတို့မှ ကင်းဆိတ်၍သာလျှင် အပ္ပဏိဟိတမည်သော ပဌမဈာန်သို့ ဆိုက်ရောက်၍ နေ၏ ။ပ။ သုညတမည်သော ပဌမဈာန်သို့ ဆိုက်ရောက်၍ နေ၏''ဟု ဤသို့ ဝိမောက္ခ နှစ်ပါးကိုသာလျှင် ဟော(အပ်)၏၊ ထိုဝိမောက္ခ နှစ်ပါးကိုသာ ဟောသည်မှာ မုချအားဖြင့် ဝိပဿနာဟူသော မဂ်၏ လာခဲ့ရာအကြောင်းကို ရည်၍ ဟောခြင်းဖြစ်ပေသည်။

     မှန်ပေ၏၊ ပဋိသမ္ဘိဒါမဂ်၌ ဝိပဿနာဉာဏ်ကို

''အနိစ္စာနုပဿနာဉာဏ်သည် မြဲသော အခြင်းအရာ အားဖြင့် နှလုံးသွင်းခြင်းကို စွန့်လွှတ်သောကြောင့် သုညတဝိမောက္ခ မည်၏။ ဒုက္ခာနုပဿနာဉာဏ်သည် ချမ်းသာသော အခြင်းအရာအားဖြင့် နှလုံးသွင်းခြင်းကို စွန့်လွှတ်သောကြောင့် သုညတဝိမောက္ခ မည်၏။ အနတ္တနုပဿနာဉာဏ်သည် အတ္တအခြင်းအရာအားဖြင့် နှလုံးသွင်းခြင်းကို စွန့်လွှတ်သောကြောင့် [၂၉၇] သုညတဝိမောက္ခ မည်၏''ဟု ဤသို့ မြဲမြံစွာ နှလုံးသွင်းခြင်းကို စွန့်လွှတ်သည်၏ အစွမ်းအားဖြင့် ''သုညတဝိမောက္ခ'' ဟူ၍၎င်း,

''အနိစ္စာနုပဿနာဉာဏ်သည် မြဲသော အခြင်းအရာအားဖြင့် (ထင်သော) သင်္ခါရနိမိတ်ကို စွန့်လွှတ်သောကြောင့် အနိမိတ္တဝိမောက္ခ မည်၏။ ဒုက္ခာနုပဿနာဉာဏ်သည် ချမ်းသာအနေဖြင့် (ထင်သော) သင်္ခါရနိမိတ်ကို စွန့်လွှတ်သောကြောင့်။ အနတ္တာနုပဿနာဉာဏ်သည် အတ္တအားဖြင့် (ထင်သော) သင်္ခါရနိမိတ်ကို


မှတ်ချက်

     ၁- အဘိဓမ္မာ၌ကား.. ဝိမောက္ခ နှစ်ပါးကိုသာလျှင် ဟောအပ်၏-ဟု စပ်ပါ။

     ၂- အကြင်အခါ၌.. ဖြစ်စေ၏-ဟု စပ်ပါ။

     ၃-၄- ပယ်ခြင်းငှါ၎င်း.. ရောက်ခြင်းငှါ၎င်း.. လောကုတ္တရာဈာန်ကို ဖြစ်စေ၏-ဟု စပ်ပါ။

     ၅- ဝိပဿနာဉာဏ်ကို.. သုညတ ဝိမောက္ခဟူ၍၎င်း.. အနိမိတ္တ ဝိမောက္ခဟူ၍၎င်း.. အပ္ပဏိဟိတ ဝိမောက္ခဟူ၍၎င်း ဟောထားသည်ကား မှန်ပေ၏-ဟု စပ်ပါ။

၄၀၇

စွန့်လွှတ်သောကြောင့် အနိမိတ္တဝိမောက္ခမည်၏''ဟု ဤသို့ သင်္ခါရနိမိတ်ကို စွန့်လွှတ်သည်၏ အစွမ်းအားဖြင့် ''အနိမိတ္တဝိမောက္ခ'' ဟူ၍၎င်း,

''အနိစ္စာနုပဿနာဉာဏ်သည် မြဲသော အခြင်းအရာအားဖြင့် တောင့်တမှု-တဏှာကို စွန့်လွှတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခ မည်၏။ ဒုက္ခာနုပဿနာဉာဏ်သည် ချမ်းသာသော အခြင်းအရာအားဖြင့် တောင့်တမှုကို စွန့်လွှတ်သောကြောင့်။ အနတ္တာနုပဿနာဉာဏ်သည် အတ္တအခြင်းအရာအားဖြင့် တောင့်တမှုကို စွန့်လွှတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခ မည်၏''ဟု ဤသို့ တောင့်တမှုတဏှာကို စွန့်လွှတ်သည်၏ အစွမ်းအားဖြင့် ''အပ္ပဏိဟိတဝိမောက္ခ'' ဟူ၍၎င်း

ဟောထားသည်ကား မှန်ပေ၏၊ သို့သော်လည်း ထိုဝိပဿနာဉာဏ်သည် သင်္ခါရနိမိတ်ကို မပယ်စွန့်သောကြောင့် မုချအားဖြင့် အနိမိတ္တ မမည်ပေ။ မုချအားဖြင့်မူကား သုညတနှင့် အပ္ပဏိဟိတသာလျှင် မည်ပေ၏။ လာခဲ့ရာ အကြောင်းဖြစ်သော ဝိပဿနာ၏ အစွမ်းအားဖြင့် အရိယာမဂ်ခဏ၌ ထိုသုညတ အပ္ပဏိဟိတ မည်သော ဝိပဿနာ၏ ဝိမောက္ခအမည်ကို ထုတ်ပြထားလေသည်။ ထို့ကြောင့် အပ္ပဏိဟိတနှင့် သုညတဟူသော ဝိမောက္ခ နှစ်ပါးကိုသာလျှင် အဘိဓမ္မာ၌ ဟောထားသည်ဟု သိအပ်၏။ ဤသည်ကား ဤအရာ၌ ဝိမောက္ခကို ပြဆိုချက်တည်း။

     ၇၇၁။ ''ခုနစ်မျိုးသော အရိယာပုဂ္ဂိုလ်တို့ကို ခွဲခြမ်း ဝေဘန်ရန် အကြောင်းဖြစ်၏''ဟု ဆိုခဲ့သော စကား၌ (၁) သဒ္ဓါနုသာရီပုဂ္ဂိုလ်၊ (၂) သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊ (၃) ကာယသက္ခိပုဂ္ဂိုလ်၊ (၄) ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်၊ (၅) ဓမ္မာနုသာရီပုဂ္ဂိုလ်၊ (၆) ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၊ (၇) ပညာဝိမုတ္တပုဂ္ဂိုလ်ဟူသော ဤခုနစ်ပါးတို့သည် ခုနစ်မျိုးသော အရိယာပုဂ္ဂိုလ်တို့ မည်ကုန်၏။ ထိုခုနစ်မျိုးသော အရိယာပုဂ္ဂိုလ်တို့ကို ခွဲခြမ်းဝေဘန်ရန် ဤသင်္ခါရုပေက္ခာဉာဏ်သည် အကြောင်းဖြစ်ပေ၏။


မှတ်ချက်

     ၁- ဝိပဿနာဉာဏ်သည် သင်္ခါရတရားကို အာရုံပြုလျက် ရှုလျက်သာလျှင် ဖြစ်၏၊ ထို့ကြောင့် သင်္ခါရနိမိတ်ကို မပယ်စွန့်ဟု ဆိုသည်။

၄၀၈

     ၇၇၂။ ချဲ့၍ ပြရလျှင် အကြင်ပုဂ္ဂိုလ်သည် မမြဲသော အခြင်းအရာအားဖြင့် နှလုံးသွင်းသည်ဖြစ်၍ ယုံကြည်ဆုံးဖြတ်ခြင်း- အဓိမောက္ခ အဖြစ်များလျက် လွန်ကဲသော သဒ္ဓိန္ဒြေကို ရ၏၊ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ခဏ၌ (ယုံကြည်မှု သဒ္ဓါသို့ အစဉ်လိုက်သော) သဒ္ဓါနုသာရိပုဂ္ဂိုလ် မည်၏၊ ကြွင်းသော မဂ်ဖိုလ်ခဏ ခုနစ်ဌာနတို့၌ (ယုံကြည်မှုသဒ္ဓါဖြင့် လွတ်မြောက်သော) သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် မည်၏။

     ၇၇၃။ အကြင်ပုဂ္ဂိုလ်သည်ကား ဆင်းရဲ အခြင်းအရာအားဖြင့် နှလုံးသွင်းသည်ဖြစ်၍ ငြိမ်းအေးခြင်း-ပဿဒ္ဓိ အဖြစ်များလျက် လွန်ကဲသော သမာဓိန္ဒြေကို ရ၏၊ ထိုပုဂ္ဂိုလ်သည် အလုံးစုံ(သော မဂ်ဖိုလ်ခဏ ရှစ်ဌာန)တို့၌ (နာမကာယဖြင့် မျက်မှောက်ပြုသော) ကာယသက္ခိပုဂ္ဂိုလ် မည်၏။

     အရူပဈာန်ကို ရောက်ပြီး၍ အရဟတ္တဖိုလ်သို့ ရောက်ပါမူကား (ထိုပုဂ္ဂိုလ်သည် နှစ်ပါးသော အဖို့ဖြင့် လွတ်မြောက်သော) ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ် မည်၏။

     [၂၉၈] ၇၇၄။ အကြင်ပုဂ္ဂိုလ်သည်ကား အနတ္တအခြင်းအရာအားဖြင့် နှလုံးသွင်းသည်ဖြစ်၍ ဉာဏ်ပညာ အဖြစ်များလျက် လွန်ကဲသော ပညိန္ဒြေကို ရ၏၊ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ခဏ၌ (ပညာသို့ အစဉ်လိုက်သော) ဓမ္မာနုသာရီပုဂ္ဂိုလ် မည်၏။ (အလယ်ပိုင်းဖိုလ်မဂ်) ခြောက်ချက်သော ဌာနတို့၌ (နိဗ္ဗာန်ကို မြင်သည်၏အဆုံး အခြားမဲ့၌ရောက်သော) ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် မည်၏။ အရဟတ္တဖိုလ်ခဏ၌ (ပညာဖြင့် လွတ်မြောက်သော) ပညာဝိမုတ္တပုဂ္ဂိုလ် မည်၏။

၇၇၅။ မှန်ပေ၏ ''မမြဲသော အခြင်းအရာအားဖြင့် နှလုံးသွင်းသောသူအား သဒ္ဓိန္ဒြေသည် လွန်ကဲ၏။ သဒ္ဓိန္ဒြေ လွန်ကဲသောကြောင့် သောတာပတ္တိမဂ်ကို ရ၏၊ ထို့ကြောင့် သဒ္ဓါနုသာရီပုဂ္ဂိုလ်ဟု ဆိုအပ်၏''ဟူသော စကားကို၎င်း၊

ထိုမှတပါး ''မမြဲသော အခြင်းအရာအားဖြင့် နှလုံးသွင်းသောသူအား သဒ္ဓိန္ဒြေသည် လွန်ကဲ၏၊ သဒ္ဓိန္ဒြေ လွန်ကဲသောကြောင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြု(အပ်)၏၊ ထို့ကြောင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဟု ဆိုအပ်၏'' ဤသို့ အစရှိသော စကားကို၎င်း၊ ဟောတော်မူ (အပ်)၏။

၄၀၉

     ၇၇၆။ ထိုမှတပါး ဟောထားသေးသည်မှာလည်း အောက်ပါအတိုင်းပင်တည်း-

''ယုံကြည်လျက် လွတ်မြောက်၏၊ ထို့ကြောင့် သဒ္ဓါဝိမုတ္တမည်၏၊ တွေ့ထိရသော အရူပဈာန်တို့၏ အခြားမဲ့၌ မျက်မှောက်ပြု၏၊ ထို့ကြောင့် ကာယသက္ခိမည်၏။ နိဗ္ဗာန်ကို မြင်သည်၏ အခြားမဲ့၌ ရောက်၏၊ ထို့ကြောင့် ဒိဋ္ဌိပ္ပတ္တမည်၏။ ယုံကြည်လျက် လွတ်မြောက်၏၊ ထို့ကြောင့် သဒ္ဓါဝိမုတ္တမည်၏။ ဈာန်အတွေ့ကို ရှေးဦးစွာ တွေ့၏၊ ထိုမှနောက်၌ ချုပ်ရာနိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို့ကြောင့် ကာယသက္ခိမည်၏။ 'သင်္ခါရတို့သည် ဆင်းရဲတို့တည်း, သင်္ခါရတို့၏ ချုပ်ခြင်းသည် ချမ်းသာတည်း'ဟု ပညာဖြင့် သိအပ် မြင်အပ် ထင်ရှားသိအပ် မျက်မှောက်ပြုအပ် တွေ့ထိအပ်၏၊ ထို့ကြောင့် ဒိဋ္ဌိပ္ပတ္တမည်၏''။ ဤကား ပါဠိ။

     ၇၇၇။ ဆိုခဲ့ပြီးသည်မှ တပါးသော လေးပုဒ်တို့၌ ယုံကြည်မှု သဒ္ဓါသို့ အစဉ်လိုက်၏၊ တနည်းကား ယုံကြည်မှု သဒ္ဓါတရားဖြင့် (သစ္စာကိုသိခြင်းအား) လျော်စွာ သွားတတ်၏၊ ထို့ကြောင့် သဒ္ဓါနုသာရီမည်၏။ ထို့အတူ ပညာဟုဆိုအပ်သော တရားသို့ အစဉ်လိုက်၏၊ တနည်းကား ပညာဟူသော တရားဖြင့် လျော်စွာ သွားတတ်၏၊ ထို့ကြောင့် ဓမ္မာနုသာရီမည်၏။ အရူပဈာန်နှင့် အရိယာမဂ်ဟူသော နှစ်ပါးသော အဖို့ဖြင့် လွတ်မြောက်၏၊ ထို့ကြောင့် ဥဘတောဘာဂဝိမုတ္တ မည်၏။ သိလျက် လွတ်မြောက်၏၊ ထို့ကြောင့် ပညာဝိမုတ္တ မည်၏ဟု ဤသို့ သဒ္ဒါ၏ (ဖြစ်ပေါ်လာကြောင်း) အနက်ကို သိအပ်၏။

သင်္ခါရုပေက္ခာဉာဏ်တည်း။

     ၇၇၈။ ထိုသို့သဘောရှိသော သင်္ခါရုပေက္ခာဉာဏ်သည် ရှေ့ဉာဏ်နှစ်ပါးနှင့် အနက်တရားကိုယ် အရအားဖြင့် တူ၏။ ထို့ကြောင့် ရှေးဆရာတို့သည်-

''ဤသင်္ခါရုပေက္ခာဉာဏ်သည် တပါးတည်းဖြစ်လျက် သုံးပါးသော အမည်တို့ကို ရ၏။ [၂၉၉] အောက်ပိုင်း၌ မုဉ္စိတုကမျတာဉာဏ် မည်ခဲ့၏၊ အလယ်ပိုင်း၌ ပဋိသင်္ခါနုပဿနာဉာဏ် မည်ခဲ့၏

၄၁၀

အဆုံးအပိုင်း၌ ခေါင်ထိပ်သို့ ရောက်သော သင်္ခါရုပေက္ခာဉာဏ် မည်၏''ဟု-

မိန့်ဆိုကုန်၏။

     ၇၇၉။ ပဋိသမ္ဘိဒါမဂ် ပါဠိ၌လည်း အောက်ပါအတိုင်း ဟောတော်မူ၏-

''အဘယ်သို့လျှင် စွန့်လွှတ်လို၍ တဖန် ရှုသိ၍ ကောင်းစွာ တည်သော ပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်သနည်း? ဖြစ်ပေါ်ခြင်းကို စွန့်လွှတ်လို၍ တဖန် ရှုသိ၍ ကောင်းစွာ တည်သော ပညာသည် သင်္ခါရတို့ကို လျစ်လျူရှုသော သင်္ခါရုပေက္ခာဉာဏ် မည်၏။ ဖြစ်ပွါးခြင်းကို ။ပ။ သင်္ခါရနိမိတ်ကို ။ပ။ ပြင်းစွာ ပူပန်ခြင်းကို စွန့်လွှတ်လို၍ တဖန် ရှုသိ၍ ကောင်းစွာ တည်သော ပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။

ဖြစ်ပေါ်ခြင်းသည် ဆင်းရဲတည်းဟု ။ပ။ ကြောက်ဖွယ်ဘေးဟု ။ပ။ အစာနှင့်တကွ ဖြစ်သည်ဟု ။ပ။ ဖြစ်ပေါ်ခြင်းသည် သင်္ခါရတို့ဟု ။ပ။ ပြင်းစွာ ပူပန်ခြင်းသည် သင်္ခါရတို့ဟု (ထင်မြင်လျက်) စွန့်လွှတ်လို၍ တဖန် ရှုသိ၍ ကောင်းစွာ တည်သော ပညာသည် သင်္ခါ ရုပေက္ခာဉာဏ် မည်၏''ဟု-

ဟောတော်မူ(အပ်)၏။

     ၇၈ဝ။ ထိုပါဌ်၌ စွန့်လွှတ်လိုသည်လည်း ဟုတ်၏၊ ၎င်းသည် တဖန် ရှုသိသည်လည်း ဟုတ်၏၊ ကောင်းစွာ တည်သည်လည်း ဟုတ်၏၊ ဤသုံးပါးသော အကြောင်းကြောင့် စွန့်လွှတ်လို၍ တဖန် ရှုသိ၍ ကောင်းစွာ တည်သည် မည်၏။ ဤသို့လျှင် ရှေးအဖို့၌ နိဗ္ဗိဒါဉာဏ်ဖြင့် ငြီးငွေ့သော ယောဂီ၏ ဖြစ်ပေါ်ခြင်း စသည်တို့ကို စွန့်လွှတ်လိုခြင်းသည် မုဉ္စိတုကမျတာ- စွန့်လွှတ်လိုသည်၏အဖြစ် မည်၏။ စွန့်လွှတ်ခြင်း၏ ပြီးစီးကြောင်း နည်းလမ်းကို


မှတ်ချက်

     ၁- ထိုပါဌ်၌.. ကောင်းစွာ တည်သည် မည်၏.. စွန့်လွှတ်လိုသည်၏အဖြစ် မည်၏.. တဖန် ရှုသိသည် မည်၏၊.. ကောင်းစွာ တည်သော ပညာမည်၏-ဟု စပ်ပါ။

     ၂- ငြီးငွေ့သော ယောဂီ၏.. စွန့်လွှတ်လိုခြင်းသည်.. တဖန်ရှု သိခြင်းသည်.. လျစ်လျူရှုခြင်းသည်-ဟု စပ်ပါ။

၄၁၁

ပြုခြင်းငှါ အလယ်၌ တဖန် ရှုသိခြင်းသည် ပဋိသင်္ခါ- တဖန် ရှုသိသည် မည်၏။ စွန့်လွှတ်ပြီး၍ အဆုံး၌ လျစ်လျူရှုခြင်းသည် သန္တိဋ္ဌနာ- ကောင်းစွာ တည်သော ပညာမည်၏။ ယင်းသို့ ကောင်းစွာတည်သော ပညာကို ရည်၍ ''ဖြစ်ပေါ်ခြင်းသည် သင်္ခါရတို့တည်း၊ ထိုသင်္ခါရတို့ကို လျစ်လျူရှုသောကြောင့် သင်္ခါရုပေက္ခာမည်၏'' ဤသို့ စသည်ကို မိန့်ဆိုအပ်ပေသည်။ ဤသို့လျှင် ဤဉာဏ်သုံးပါးသည် တပါးတည်းသော ဉာဏ်သာ ဖြစ်ပေ၏။

     ၇၈၁။ တနည်းသော်ကား ဤဆိုလတံ့သော ပါဠိဖြင့်လည်း ဤဉာဏ်သုံးပါးကို တပါးတည်းသာဟူ၍ သိအပ်၏။ ထိုသာဓက ပါဠိကား အောက်ပါအတိုင်းပင်တည်း-

''မုဉ္စိတုကမျတာဉာဏ်, ပဋိသင်္ခါနုပဿနာ, သင်္ခါရုပေက္ခာဟူသော ဤတရားတို့သည် အနက်တရားကိုယ် အရအားဖြင့် တူကုန်၏၊ အမည် သဒ္ဒါမျှသာလျှင် ထူး၏''၊ ဤကား ပါဠိ။

     ၇၈၂။ ဤဆိုခဲ့သည့်အတိုင်း သင်္ခါရုပေက္ခာဉာဏ်ကို ရပြီးသော ဤအမျိုးသား၏ ဝိပဿနာသည် ခေါင်ထိပ်သို့ ရောက်သည်ဖြစ်၍ ဝုဋ္ဌာနဂါမိနီ မည်ပေ၏။ ခေါင်ထိပ်သို့ရောက်သော ဝိပဿနာဟူ၍၎င်း, ဝုဋ္ဌာနဂါမိနီ ဟူ၍၎င်း (ခေါ်သော) ဤအမည်သည် သင်္ခါရုပေက္ခာ အစရှိသော ဉာဏ်သုံးပါး၏ အမည်ပေတည်း။ ထိုသုံးပါးသော ဉာဏ်သည် ခေါင်ထိပ်ဟူသော မြတ်သည်၏အဖြစ်သို့ ရောက်သောကြောင့် သိခါပတ္တ- ခေါင်ထိပ်သို့ ရောက်သည် မည်၏။ ထသောမဂ်သို့ သွားရောက်တတ်သောကြောင့် ဝုဋ္ဌာနဂါမိနီ- ထသော မဂ်သို့သွား ရောက်သည်မည်၏။ ဗဟိဒ္ဓနိမိတ်ခေါ် အပြင်ပအာရုံဖြစ်သော နှလုံးသွင်းအပ် ရှုအပ်သော အာရုံဝတ္ထုမှ၎င်း အဇ္ဈတ္တ ပဝတ္တခေါ် ကိလေသာအယဉ် ခန္ဓာအယဉ်မှ၎င်း ထမြောက်သွားသောကြောင့်


မှတ်ချက်

     ၁- ဉာဏ်သုံးပါး ဟူသည်ကား (၁) ခေါင်ထိပ်သို့ ရောက်သော သင်္ခါရုပေက္ခာဉာဏ်၊ (၂) အနုလောမဉာဏ်၊ (၃) ဂေါတြဘူဉာဏ်တို့ပင် ဖြစ်သည်။ (ဋီကာ)

     ၂- သင်္ခါရအာရုံဝတ္ထုကို မရှုတော့ဘဲ နိဗ္ဗာန်ကို အာရုံပြုသွားခြင်းသည် ဗဟိဒ္ဓနိမိတ်ခေါ် အပြင်ပအာရုံမှ ထသည် မည်၏။ ကိလေသာအယဉ် ဝိပါက်ခန္ဓာအယဉ်တို့ မဖြစ်နိုင်သော အခြေအနေသို့ ရောက်သွားခြင်းသည် အဇ္ဈတ္တ ပဝတ္တမှ ထသည်မည်၏။ ရောဂါပျောက်ကင်းသည်ကို ရောဂါမှ ထသည်-ဟု ပြောဆိုခြင်းမျိုးပင် ဖြစ်သည်။

၄၁၂

အရိယာမဂ်ကို ဝုဋ္ဌာန-ထသည်ဟု ခေါ်ဆိုအပ်၏၊ ထိုထသော အရိယာမဂ်သို့ သွားရောက်တတ်သောကြောင့် ဝုဋ္ဌာနဂါမိနီ- ထသော အရိယာမဂ်သို့ သွားရောက်သော ဝိပဿနာမည်၏၊ အရိယာမဂ်နှင့်တကွ ဆက်စပ်၏၊ ဤသည်ကား (အရိယာမဂ်သို့ သွားရောက်သည်ဟူသော စကား၏) ဆိုလိုရင်း အနက်တည်း။

     ၇၈၃။ ထိုစကားရပ်၌ ဤဆိုလတံ့သည်ကား နှလုံးသွင်းခြင်းနှင့် ထခြင်းတို့ကို ထင်ရှားစေခြင်းငှါ ခေါင်းစဉ် မာတိကာတည်း.. အဇ္ဈတ္တ ကိုယ်တွင်းတရား၌ ရှေးဦးစွာ နှလုံးသွင်း၍ (ရှု၍) အဇ္ဈတ္တ- ကိုယ်တွင်းတရားမှ ထ၏။ အဇ္ဈတ္တ ကိုယ်တွင်းတရား၌ ရှေးဦးစွာ နှလုံးသွင်း၍ (ရှု၍) ဗဟိဒ္ဓ- အပြင်ပတရားမှ [၃ဝဝ] ထ၏။ ဗဟိဒ္ဓ- အပြင်ပတရား၌ ရှေးဦးစွာ နှလုံးသွင်း၍ (ရှု၍) ဗဟိဒ္ဓ- အပြင်ပတရားမှ ထ၏။ ဗဟိဒ္ဓ- အပြင်ပတရား၌ ရှေးဦးစွာ နှလုံးသွင်း၍ (ရှု၍) အဇ္ဈတ္တ- ကိုယ်တွင်းတရားမှ ထ၏။ ရုပ်၌ ရှေးဦးစွာ ရှု၍ ရုပ်မှထ၏၊ ရုပ်၌ ရှေးဦးစွာ ရှု၍ နာမ်မှထ၏။ နာမ်၌ ရှေးဦးစွာ ရှု၍ နာမ်မှထ၏၊ နာမ်၌ ရှေးဦးစွာ ရှု၍ ရုပ်မှထ၏။ ခန္ဓာငါးပါးတို့မှ တပြိုင်နက် ထ၏။ အနိစ္စအခြင်းအရာအားဖြင့် ရှေးဦးစွာ ရှု၍ အနိစ္စအခြင်းအရာအားဖြင့် ထ၏၊ အနိစ္စအခြင်းအရာအားဖြင့် ရှေးဦးစွာ ရှု၍ ဒုက္ခအခြင်းအရာအားဖြင့် ထ၏၊ အနတ္တအခြင်းအရာအားဖြင့် ထ၏၊ ဒုက္ခအခြင်းအရာအားဖြင့် ရှေးဦးစွာ ရှု၍ ဒုက္ခအခြင်းအရာအားဖြင့်။ အနိစ္စအခြင်းအရာအားဖြင့်။ အနတ္တအခြင်းအရာအားဖြင့် ထ၏။


မှတ်ချက်

     ၁- ဝိပဿနာ စ၍ရှုခြင်းကို ''အဘိနိဝေသ ရှေးဦးစွာ နှလုံးသွင်းခြင်း''ဟု ခေါ်သည်၊ ထို့ကြောင့် ''အဘိနိဝိသိတွာ- ရှေးဦးစွာ နှလုံးသွင်း၍'' ဟူသည်မှာ ''ရှေးဦးစွာ ရှု၍''ဟူသော စကားနှင့် အရတူ၏။ ထို့ကြောင့် ''နှလုံးသွင်း၍''ဟူသော ပုဒ်အစား ''ရှု၍''ဟူသော ပုဒ်ကို လဲလှယ်၍ သုံးနိုင်ကြောင်း သိစေရန် ဤ၌ လည်သည်းကွင်းနှင့် (ရှု၍)ဟု ပြထားသည်။ ဤ၌ အဘိနိဝေသ- ရှေးဦးစွာ နှလုံးသွင်းခြင်း- ရှေးဦးစွာ ရှုခြင်း ဟူသည်မှာလည်း နာမရူပပရိစ္ဆေဒ အရာ၌ ရှုခြင်းပင် ဖြစ်သည်ဟု ဋီကာ၌ ပြဆိုထား၏။

     ၂- ဤအရာ၌ကား အနိစ္စ အခြင်းအရာအားဖြင့်-ဟု ဆိုထားသောကြောင့် ''အဘိနိဝိသိတွာ- ရှေးဦးစွာ နှလုံးသွင်း၍- ရှေးဦးစွာ ရှု၍''ဟူသော စကားဖြင့် သမ္မသနဉာဏ်အရာ စသည်၌ ရှုခြင်းကိုပင် ''အဘိနိဝေသ- ရှေးဦးစွာ နှလုံးသွင်းခြင်း ရှေးဦးစွာ ရှုခြင်း''ဟု ယူအပ်၏။

၄၁၃

အနတ္တအခြင်းအရာအားဖြင့် ရှေးဦးစွာ ရှု၍ အနတ္တအခြင်းအရာအားဖြင့်။ အနိစ္စအခြင်းအရာအားဖြင့်။ ဒုက္ခအခြင်းအရာအားဖြင့် ထ၏။

     ၇၈၄။ အဘယ်သို့နည်းဟူမူ? ဤသာသနာ၌ အချို့သော ယောဂီသည် အစပဌမကပင်လျှင် အဇ္ဈတ္တ- ကိုယ်တွင်း သင်္ခါရတို့၌ နှလုံးသွင်း၏ (ရှု၏)၊ နှလုံးသွင်းပြီးလျှင် ထိုသင်္ခါရတို့ကို (မှန်စွာ) ရှုမြင်၏။ သို့သော်လည်း သက်သက် ကိုယ်တွင်းတရားကို ရှုမြင်ရုံမျှဖြင့်သာလျှင် မဂ်(ဟူသော) ထခြင်းသည် မဖြစ်သေး၊ ဗဟိဒ္ဓ- အပြင်ပတရားကိုလည်း ရှုမြင်အပ်သည်သာတည်း၊ ထို့ကြောင့် သူတပါး၏ ခန္ဓာတို့ကို၎င်း အနုပါဒိန္နခေါ်သော၁ သက်မဲ့သင်္ခါရတို့ကို၎င်း အနိစ္စ ဒုက္ခ အနတ္တဟု ရှု၏၊ ထိုယောဂီသည် ရံခါ၌ အဇ္ဈတ္တကို ရှု၏၊ ရံခါ၌ ဗဟိဒ္ဓကို ရှု၏၊ ဤသို့ ရှုမြင်သော ထိုယောဂီ၏ ဝိပဿနာသည် အဇ္ဈတ္တကို သုံးသပ်ခိုက်၌ အရိယာမဂ်နှင့်တကွ ဆက်စပ်သွား၏။ ဤယောဂီသည် အဇ္ဈတ္တ- ကိုယ်တွင်းတရား၌ ရှေးဦးစွာ ရှု၍ အဇ္ဈတ္တ- ကိုယ်တွင်းတရားမှ ထသည်မည်၏။

     အကယ်၍ ထိုယောဂီ၏ ဝိပဿနာသည် ဗဟိဒ္ဓတရားကို သုံးသပ်ခိုက်၌ အရိယာမဂ်နှင့်တကွ ဆက်စပ်သွားငြားအံ့၊ ဤယောဂီသည် အဇ္ဈတ္တ- ကိုယ်တွင်းတရား၌ ရှေးဦးစွာ ရှု၍ ဗဟိဒ္ဓ- အပြင်ပတရားမှ ထသည်မည်၏။ ဗဟိဒ္ဓ-၌ ရှေးဦးစွာ ရှု၍ ဗဟိဒ္ဓမှ၎င်း အဇ္ဈတ္တမှ၎င်း ထရာ၌လည်း ဤနည်းပင်တည်း။

     ၇၈၅။ ထိုမှတပါးသော ယောဂီသည် အစပဌမကပင်လျှင် ရုပ်၌ နှလုံးသွင်း၏၊ နှလုံးသွင်းပြီး၍ ဘူတရုပ်အပေါင်းကို၎င်း ဥပါဒါရုပ်အပေါင်းကို၎င်း အပေါင်းအစုပြု၍ ရှု၏။ သို့သော်လည်း ရုပ်သက်သက်ကို ရှုမြင်ရုံမျှဖြင့်သာလျှင် (မဂ်ဟူသော) ထခြင်းသည် မဖြစ်သေး၊ နာမ်ကိုလည်း ရှုအပ်သည်သာတည်း။ ထို့ကြောင့် ထိုရုပ်ကို အာရုံပြုလျက်ဖြစ်သော ဝေဒနာကို၎င်း သညာကို၎င်း သင်္ခါရကို၎င်း ဝိညာဏ်ကို၎င်း ''ဤသည်ကား နာမ်တည်း''ဟု နာမ်ကိုရှု၏။ ထိုယောဂီသည် ရံခါ၌ ရုပ်ကို သုံးသပ်၏၊ ရံခါ၌


မှတ်ချက်

     ၁- အန-မဟုတ် + ဥပါဒိန္န- ငါကောင် သတ္တဝါကောင်ဟု ထင်မှတ်စွဲလမ်းအပ်သော ရုပ်နာမ်သင်္ခါရအပေါင်း = အနုပါဒိန္န- ငါကောင် သတ္တဝါကောင်ဟု မထင်မှတ် မစွဲလမ်းအပ်သော အသက်မဲ့ ဗဟိဒ္ဓရုပ် သင်္ခါရအပေါင်း။

၄၁၄

နာမ်ကို သုံးသပ်၏။ ဤသို့ သုံးသပ်သော ထိုယောဂီ၏ ဝိပဿနာသည် ရုပ်ကို သုံးသပ်ခိုက်၌ အရိယာမဂ်နှင့်တကွ ဆက်စပ်သွား၏၊ ဤယောဂီသည် ရုပ်၌ ရှေးဦးစွာ ရှု၍ ရုပ်မှထသည် မည်၏။

     အကယ်၍ ထိုယောဂီ၏ ဝိပဿနာသည် နာမ်ကို သုံးသပ်ခိုက်၌ အရိယာမဂ်နှင့်တကွ ဆက်စပ်သွားငြားအံ့၊ ဤယောဂီသည် ရုပ်၌ ရှေးဦးစွာ ရှု၍ နာမ်မှထသည် မည်၏။ နာမ်၌ ရှေးဦးစွာ ရှု၍ နာမ်မှ၎င်း ရုပ်မှ၎င်း ထရာ၌လည်း ဤနည်းပင်တည်း။

     ၇၈၆။ ''အမှတ်မရှိ တစုံတခုသော အကြင်တရားသည် ဖြစ်ခြင်းသဘော ရှိ၏၊ ထိုတရား အလုံးစုံသည် ချုပ်ခြင်းသဘော ရှိ၏''ဟု ဤသို့ ရှေးဦးစွာ နှလုံးသွင်းပြီးလျှင် ဤအတူပင် (မဂ်ဖြင့်)ထသော ကာလ၌မူကာ ခန္ဓာငါးပါးတို့မှ တပြိုင်နက်ထသည် မည်၏။

     [၃ဝ၁] ၇၈၇။ တဦးသော ယောဂီသည် အစပဌမကပင်လျှင် သင်္ခါရတရားတို့ကို အနိစ္စ အခြင်းအရာအားဖြင့် သုံးသပ်၏။ သို့သော်လည်း အနိစ္စအခြင်းအရာအားဖြင့် သုံးသပ်ရုံမျှဖြင့်သာလျှင် (မဂ်ဟူသော) ထခြင်းသည် မဖြစ်သေး၊ ဒုက္ခအခြင်းအရာအားဖြင့်၎င်း အနတ္တအခြင်းအရာအားဖြင့်၎င်း သုံးသပ်အပ်သည်သာတည်း။ ထို့ကြောင့် ဒုက္ခအခြင်းအရာအားဖြင့်၎င်း အနတ္တ အခြင်းအရာအားဖြင့်၎င်း သုံးသပ်၏။ ဤသို့ကျင့်သော ထိုယောဂီအား အနိစ္စအခြင်းအရာအားဖြင့် သုံးသပ်ခိုက်၌ (မဂ်ဟူသော) ထခြင်းသည် ဖြစ်၏၊ ဤယောဂီသည် အနိစ္စ အခြင်းအရာအားဖြင့် ရှေးဦးစွာ နှလုံးသွင်း၍ အနိစ္စအခြင်းအရာအားဖြင့် ထသည်မည်၏။

     အကယ်၍ ထိုယောဂီအား ဒုက္ခအခြင်းအရာအားဖြင့်၊ အနတ္တအခြင်းအရာအားဖြင့် သုံးသပ်ခိုက်၌ (မဂ်ဟူသော) ထခြင်းသည် ဖြစ်ငြားအံ့၊ ဤယောဂီသည် အနိစ္စအခြင်းအရာအားဖြင့် ရှေးဦးစွာ နှလုံးသွင်း၍ ဒုက္ခအခြင်းအရာအားဖြင့်။ အနတ္တအခြင်းအရာအားဖြင့် ထသည် မည်၏။ ဒုက္ခအခြင်းအရာအားဖြင့် အနတ္တအခြင်းအရာအားဖြင့် ရှေးဦးစွာ နှလုံးသွင်း၍ ကြွင်းသော အခြင်းအရာအားဖြင့် ထခြင်းတို့၌လည်း ဤနည်းပင်တည်း။

၄၁၅

     ၇၈၈။ ဤပုဂ္ဂိုလ်တို့တွင် အကြင် ပုဂ္ဂိုလ်သည်လည်း အနိစ္စ အခြင်းအရာအားဖြင့် ရှေးဦးစွာ နှလုံးသွင်းခဲ့၏၊ အကြင် ပုဂ္ဂိုလ်သည်လည်း ဒုက္ခအခြင်းအရာအားဖြင့် ရှေးဦးစွာ နှလုံးသွင်းခဲ့၏၊ အကြင် ပုဂ္ဂိုလ်သည်လည်း အနတ္တအခြင်းအရာအားဖြင့် ရှေးဦးစွာ နှလုံးသွင်းခဲ့၏၊ (မဂ်ဖြင့်)ထသော ကာလ၌မူကား အနိစ္စ အခြင်းအရာအားဖြင့် ထခြင်းသည် ဖြစ်ငြားအံ့၊ သုံးဦးလုံးသော ထိုပုဂ္ဂိုလ်တို့သည် အဓိမောက္ခ အဖြစ်များကုန်၏၊ လွန်ကဲသော သိဒ္ဓိန္ဒြေကို ရကုန်၏၊ အနိမိတ္တဝိမောက္ခဖြင့် လွတ်မြောက်ကုန်၏၊ သောတာပတ္တိမဂ်ခဏ၌ သဒ္ဓါနုသာရီ မည်ကုန်၏၊ ခုနစ်ပါးသော (အထက်မဂ်ဖိုလ်ခဏ) အရာဌာနတို့၌ သဒ္ဓါဝိမုတ္တ မည်ကုန်၏။

     အကယ်၍ ဒုက္ခအခြင်းအရာအားဖြင့် ထခြင်းသည် ဖြစ်ငြားအံ့၊ သုံးဦးလုံးသော ထိုပုဂ္ဂိုလ်တို့သည် ပဿဒ္ဓိအဖြစ်များကုန်၏၊ လွန်ကဲသော သမာဓိန္ဒြေကို ရကုန်၏၊ အပ္ပဏိဟိတဝိမောက္ခဖြင့် လွတ်မြောက်ကုန်၏၊ အလုံးစုံ(သော မဂ်ဖိုလ်ခဏ ရှစ်ဌာန)တို့၌ ကာယသက္ခိ မည်ကုန်၏။ အထူးကား ဒုက္ခအခြင်းအရာအားဖြင့် ထသော ဤပုဂ္ဂိုလ်တို့တွင် အကြင်ပုဂ္ဂိုလ်အား အရူပဈာန်ဟူသော အခြေခံ ပါဒကဈာန် ရှိ၏၊ ထိုပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ခဏ၌ ဥဘတောဘာဂဝိမုတ္တ မည်၏။

     သို့မဟုတ် ထိုသုံးဦးသော ပုဂ္ဂိုလ်တို့အား အနတ္တအခြင်းအရာအားဖြင့် ထခြင်းသည် အကယ်၍ ဖြစ်ငြားအံ့၊ သုံးဦးလုံးသော ထိုပုဂ္ဂိုလ်တို့သည် ပညာ အဖြစ်များကုန်၏၊ လွန်ကဲသော ပညိန္ဒြေကို ရကုန်၏၊ သုညတဝိမောက္ခဖြင့် လွတ်မြောက်ကုန်၏၊ သောတာပတ္တိမဂ်ခဏ၌ ဓမ္မာနုသာရီ မည်ကုန်၏၊ (အလယ်ဖိုလ်မဂ်) ခြောက်ချက်သော ဌာနတို့၌ ဒိဋ္ဌိပ္ပတ္တ မည်ကုန်၏၊ အရဟတ္တဖိုလ်ခဏ၌ ပညာဝိမုတ္တ မည်ကုန်၏။

     ၇၈၉။ ယခုအခါ ရှေ့ဉာဏ် နောက်ဉာဏ်တို့နှင့် တကွ ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာ ထင်ရှားပေါ်စေရန် တဆယ့်နှစ်ခုသော ဥပမာတို့ကို သိအပ်ကုန်၏။ အောက်ပါ ဂါထာမှာ ၎င်းဥပမာတို့၏ အကျဉ်းချုပ် ခေါင်းစဉ်တည်း-

၄၁၆

လင်းနို့ မြွေဟောက် (မီးတောက်)၁ အိမ်ဝယ်၊

နွား ဘီးလူးမ (လမ်းမှ) သူငယ်၊

ဆာလောင် ရေငတ် အေးလတ် ပူတယ်၊

အမှောင်(ဖုံး နောက်ဆုံး) အဆိပ်နှယ်။

     ဤဥပမာတို့ကို ဘယဉာဏ်မှ စ၍ အမှတ်မရှိ တပါးပါးသော ဉာဏ်၌ တည်၍ ဆောင်ပြခြင်းငှါ သင့်လျော်၏။ သို့သော် ဤ (ဝုဋ္ဌာနဂါမိနီ)အရာ၌ ဆောင်ပြလိုက်လျှင် ဘယဉာဏ်မှ စ၍ ဖိုလ်ဉာဏ်တိုင်အောင် အလုံးစုံပင် ထင်ရှားပေါ်၏။ ထို့ကြောင့် ဤအရာ၌သာလျှင် ဆောင်ပြသင့်သည်ဟု (ဝိသုဒ္ဓိကထာ၌) မိန့်ဆိုထား၏။

     [၃ဝ၂] လင်းနို့ ဟူရာ၌ လင်းနို့တကောင်သည် ''ဤသစ်ပင်၌ ပန်းဖြစ်စေ အသီးဖြစ်စေ ရလိမ့်မည်''ဟု မြှော်လင့်၍ ကိုင်းငါးခုရှိသော သစ်မည်စည်ပင်၌ နား၍ ကိုင်းတခုကို သုံးသပ်စူးစမ်း၍ ထိုကိုင်း၌ ယူလောက် သုံးလောက်သော တစုံတခုသော ပန်းကို၎င်း အသီးကို၎င်း မတွေ့မမြင်ပဲ ရှိသတတ်၊ ပဌမကိုင်းကဲ့သို့ ဒုတိယကိုင်းကို၎င်း တတိယကိုင်းကို၎င်း စတုတ္ထကိုင်းကို၎င်း ပဉ္စမကိုင်းကို၎င်း သုံးသပ်စူးစမ်း၍ မတွေ့မမြင်ပဲ ရှိသတတ်။ ထိုလင်းနို့သည် ''ဤသစ်ပင်ကား အသီးမရှိစွတကား ဤအပင်၌ ယူလောက် သုံးလောက်သော တစုံတခုသော အသီးအပွင့်မျှ မရှိ''ဟု ဆင်ခြင်၍ ထိုသစ်ပင်၌ တွယ်တာခြင်းကို စွန့်လွှတ်၍ ဖြောင့်မတ်သော ခေါင်ကိုင်းဖြင့် တက်၍ သစ်ခက်ခွကြားဖြင့် ဦးခေါင်းကို ထုတ်ဖော်၍ အထက်သို့ မျှော်ကြည့်လျက် ကောင်းကင်၌ ပျံတက်သွားပြီးလျှင် အခြားတပါးသော အသီးရှိသော သစ်ပင်၌ နားလေ၏။


မှတ်ချက်

     ၁- (မီးတောက်) (လမ်းမှ) ဤပုဒ်များမှာ နောက်၌ ပြလတံ့သော အကျယ်အဖွင့်မှ ယူ၍ ရှစ်လုံးဘွဲ့ အပိုဒ်ပြည့်စေရန် ဖြည့်စွက်ပြထားသော ပုဒ်များ ဖြစ်သည်။

     ၂- (ဖုံးနောက်ဆုံး) ဤကွင်းအတွင်းရှိ စားလုံးများမှာလည်း ရှစ်လုံးပိုဒ် ပြည့်စေရန် အလျော်အားဖြင့် ဖြည့်စွက်ချက် ဖြစ်သည်။

၄၁၇

     ထိုဥပမာ၌ လင်းနို့ကဲ့သို့ ယောဂီပုဂ္ဂိုလ်ကို မှတ်အပ်၏၊ ကိုင်းငါးခုရှိသော သစ်မည်စည်ပင်ကဲ့သို့ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို မှတ်အပ်ကုန်၏၊ ထိုသစ်ပင်၌ လင်းနို့၏ နားခြင်းကဲ့သို့ ယောဂီပုဂ္ဂိုလ်၏ ခန္ဓာငါးပါး၌ နှလုံးသွင်းခြင်းကို မှတ်အပ်၏၊ ထိုလင်းနို့၏ တခုတခုသောကိုင်းကို သုံးသပ်စူးစမ်း၍ ယူလောက် သုံးလောက်သော တစုံတခုကိုမျှ မမြင်မူ၍ ကြွင်းသော ကိုင်းကို သုံးသပ်စူးစမ်းခြင်းကဲ့သို့ ယောဂီပုဂ္ဂိုလ်၏ ရူပက္ခန္ဓာကို သုံးသပ်၍ ထိုရူပက္ခန္ဓာ၌ ယူလောက်သော တစုံတခုကိုမျှ မမြင်မူ၍ ကြွင်းသောခန္ဓာ သုံးသပ်ခြင်းကို မှတ်အပ်၏၊ ထိုလင်းနို့၏ ''ဤသစ်ပင်သည် အသီးမရှိစွတကား''ဟု ဆင်ခြင်၍ ထိုသစ်ပင်၌ တွယ်တာခြင်းကို စွန့်လွှတ်ခြင်းကဲ့သို့ ငါးပါးသော ခန္ဓာတို့၌ အနိစ္စလက္ခဏာ စသည်ကို မြင်သည်၏ အစွမ်းအားဖြင့် ငြီးငွေ့သော ယောဂီပုဂ္ဂိုလ်၏ စွန့်လွှတ်လိုသော မုဉ္စိတုကမျတာ အစရှိသော ဉာဏ်သုံးပါးကို မှတ်အပ်၏၊ ထိုလင်းနို့၏ ဖြောင့်မတ်သော ခေါင်ကိုင်းဖြင့် အထက်သို့ တက်ခြင်းကဲ့သို့ ယောဂီ၏ အနုလောမဉာဏ်ကို မှတ်အပ်၏၊ ဦးခေါင်းကို ထုတ်ဖော်၍ အထက်ကို မျှော်ကြည့်ခြင်းကဲ့သို့ ဂေါတြဘူဉာဏ်ကို မှတ်အပ်၏၊ ကောင်းကင်၌ ပျံသွားခြင်းကဲ့သို့ မဂ်ဉာဏ်ကို မှတ်အပ်၏၊ အခြားတပါးသော အသီးရှိသော သစ်ပင်၌ နားခြင်းကဲ့သို့ ဖိုလ်ဉာဏ်ကို မှတ်အပ်၏။

     ၇၉၁။ မြွေဟောက်ဥပမာကို ပဋိသင်္ခါဉာဏ်၌ ဆိုခဲ့ပြီးသာလျှင် ဖြစ်၏။ အထူးကား ဥပမာ နှီးနှောရာတွင် ဤအရာ၌ မြွေကို လွှတ်ခြင်းကဲ့သို့ ဂေါတြဘူဉာဏ်ကို မှတ်အပ်၏၊ လွှတ်ပြီး၍ လာခဲ့ရာလမ်းကို ကြည့်ရှုလျက် ရပ်တည်ခြင်းကဲ့သို့ မဂ်ဉာဏ်ကို မှတ်အပ်၏၊ သွားပြီး၍ ဘေးကင်းရာအရပ်၌ တည်ခြင်းကဲ့သို့ ဖိုလ်ဉာဏ်ကို မှတ်အပ်၏၊ ဤသည်ကား အထူးတည်း။

     ၇၉၂။ အိမ်ဟူရာ၌ အိမ့်ရှင်သည် ညနေချမ်း၌ အစာစားပြီးလျှင် အိပ်ရာသို့ဝင်၍ အိပ်ပျော်နေလတ်သော် အိမ်ကို မီးလောင်သတတ်၊ ထိုအိမ့်ရှင်သည် နိုးလတ်သော် မီးကိုမြင်၍ ကြောက်လန့်လျက် ''မီးအလောင်မခံရဘဲ ထွက်သွားနိုင်လျှင် ကောင်းလေစွတကား''ဟု ကြည့်ရှုလတ်သော် ထွက်ပေါက်လမ်းကို မြင်၍ ထွက်သွားပြီးလျှင် ဘေးမဲ့ရာအရပ်သို့ လျင်သောအဟုန်ဖြင့် ပြေးသွား၍ တည်နေလေသတတ်။ ထိုဥပမာ၌ အစာစားပြီးလျှင်

၄၁၈

အိပ်ရာသို့ဝင်၍ အိမ့်ရှင်၏ အိပ်ပျော်နေခြင်းကဲ့သို့ ဗာလပုထုဇဉ်၏ ခန္ဓာငါးပါး၌ ''ငါ ငါ့ဥစ္စာ''ဟု ယူခြင်းကို မှတ်အပ်၏။ အိပ်ရာမှ နိုးလတ်သော် မီးကိုမြင်၍ ကြောက်လန့်သော ကာလကဲ့သို့ မှန်ကန်သောအကျင့်ကို ကျင့်လျက် လက္ခဏာသုံးပါးကို မြင်၍ ဘေးအားဖြင့်ထင်သော ဘယဉာဏ်ကို မှတ်အပ်၏၊ ထွက်ပေါက်လမ်းကို ကြည့်ရှုခြင်းကဲ့သို့ [၃ဝ၃] မဉ္စိတုကမျတာဉာဏ်ကို မှတ်အပ်၏၊ ထွက်ပေါက်လမ်းကို မြင်ခြင်းကဲ့သို့ အနုလောမဉာဏ်ကို မှတ်အပ်၏၊ ထွက်သွားခြင်းကဲ့သို့ ဂေါတြဘူဉာဏ်ကို မှတ်အပ်၏။ လျင်သော အဟုန်ဖြင့် ပြေးသွားခြင်းကဲ့သို့ မဂ်ဉာဏ်ကို မှတ်အပ်၏။ ဘေးမဲ့ရာအရပ်၌ တည်နေခြင်းကဲ့သို့ ဖိုလ်ဉာဏ်ကို မှတ်အပ်၏။

     ၇၉၃။ နွားဟူရာ၌ ညဉ့်အဖို့၌ အိပ်ပျော်နေစဉ် လယ်သမားတယောက်၏ နွားတို့သည် ခြံကို ချိုးဖောက်၍ ပြေးလေကုန်သတတ်၊ ထိုလယ်သမားသည် မိုးသောက်ချိန်၌ ထိုခြံသို့သွား၍ ကြည့်ရှုလတ်သော် ထိုနွားတို့၏ ထွက်ပြေးသည်၏ အဖြစ်ကို သိ၍ ခြေရာခံလျက် လိုက်လတ်သော် မင်း၏ နွားတို့ကို တွေ့မြင်လေသတတ်၊ ထိုမင်း၏ နွားတို့ကို ''ငါ၏နွားတို့''ဟု ထင်မှတ်၍ ဆောင်ယူလာလတ်သော် မိုးလင်းသောအခါ၌ ''ဤနွားတို့သည် ငါ၏နွား မဟုတ်ကုန်၊ မင်း၏ နွားတို့တည်း''ဟု သိ၍ ''ဤသူငယ်သည် ခိုးသူတည်း''ဟု ငါ့ကို ဖမ်းယူ၍ မင်းချင်းယောက်ျားတို့သည် အကျိုးမဲ့ ပျက်စီးအောင် မပြုကြသေးမီ ထွက်ပြေးအံ့''ဟု ကြောက်လန့်လျက် နွားတို့ကို စွန့်ပစ်ထားခဲ့၍ လျင်သောအဟုန်ဖြင့် ပြေး၍ ဘေးမဲ့ရာအရပ်၌ တည်နေလေတသတ်၊ ထိုဥပမာ၌ မင်၏ နွားတို့ကို ''ငါ၏ နွားတို့''ဟု မှတ်ယူခြင်းကဲ့သို့ ဗာလပုထုဇဉ်၏ ခန္ဓာတို့ကို ''ငါ ငါ့ဥစ္စာ''ဟု မှတ်ယူခြင်းကို မှတ်အပ်၏။ မိုးလင်းသောအခါ၌ ''မင်း၏ နွားတို့''ဟု သိခြင်းကဲ့သို့ လက္ခဏာသုံးပါး၏ အစွမ်းအားဖြင့် ခန္ဓာတို့ကို ''အနိစ္စ ဒုက္ခ အနတ္တတရားတို့''ဟု ယောဂီ၏ သိခြင်းကို မှတ်အပ်၏၊ ကြောက်လန့်သော ကာလကဲ့သို့ ဘယတုပဋ္ဌာနဉာဏ်ကို မှတ်အပ်၏၊ နွားတို့ကို စွန့်လွှတ်၍ သွားလိုသည်၏ အဖြစ်ကဲ့သို့ မုဉ္စိတုကမျတာဉာဏ်ကို မှတ်အပ်၏၊ နွားတို့ကို စွန့်လွှတ်ခြင်းကဲ့သို့ ဂေါတြဘူဉာဏ်ကို မှတ်အပ်၏၊ ပြေးခြင်းကဲ့သို့ မဂ်ကို မှတ်အပ်၏၊ ပြေး၍ ဘေးမဲ့ရာအရပ်၌ တည်နေခြင်းကဲ့သို့ ဖိုလ်ကို မှတ်အပ်၏။

၄၁၉

     ၇၉၄။ ဘီလူးမ ဟူရာ၌ ယောက်ျားတယောက်သည် ဘီလူးမနှင့်တကွ ပေါင်းသင်း နေထိုင်ခြင်းကို ပြုသတတ်၊ ထိုဘီလူးမသည် ညဉ့်အချိန်၌ ''ဤလူသားသည် အိပ်ပျော်လေပြီ''ဟု ထင်၍ သူသေကောင်စွန့်ရာ သုသာန်သို့ သွား၍ လူသားကို စား၏၊ ထိုယောက်ျားသည် ''ဤမိန်းမ အဘယ်သို့ သွားသနည်း''ဟု အစဉ်လိုက်၍ စူးစမ်းလတ်သော် လူသားစားနေသည်ကို မြင်၍ ထိုဘီလူးမ၏ လူမဟုတ်သည်၏အဖြစ်ကို သိ၍ ''ငါ့ကို မစားသေးမီ ပြေးအံ့''ဟု ကြောက်လန့်လျက် လျင်သောအဟုန်ဖြင့် ပြေး၍ ဘေးမဲ့ရာအရပ်၌ တည်နေလေသတတ်။ ထိုဥပမာ၌ ဘီလူးမနှင့်တကွ ပေါင်းသင်းနေထိုင်ခြင်းကဲ့သို့ ခန္ဓာတို့ကို ''ငါ ငါ့ဥစ္စာ''ဟု ယူခြင်းကို မှတ်အပ်၏၊ သုသာန်၌ လူသားစားနေသည်ကို မြင်၍ ''ဤမိန်းမကား ဘီလူးမတည်း''ဟု သိခြင်းကဲ့သို့ ခန္ဓာတို့၏ လက္ခဏာသုံးပါးကို မြင်၍ အနိစ္စ စသည်၏အဖြစ်ကို သိခြင်းကို မှတ်အပ်၏၊ ကြောက်လန့်သော ကာလကဲ့သို့ ဘေးအားဖြင့် ထင်သော ဘယတုပဋ္ဌာနဉာဏ်ကို မှတ်အပ်၏၊ ပြေးခြင်းငှါ အလိုရှိသည်၏ အဖြစ်ကဲ့သို့ မုဉ္စိတုကမျတာဉာဏ်ကို မှတ်အပ်၏၊ သုသာန်အရပ်ကို စွန့်ခြင်းကဲ့သို့ ဂေါတြဘူဉာဏ်ကို မှတ်အပ်၏၊ လျင်သောအဟုန်ဖြင့် ပြေးခြင်းကဲ့သို့ မဂ်ကို မှတ်အပ်၏၊ ဘေးမဲ့ရာအရပ်၌ တည်နေခြင်းကဲ့သို့ ဖိုလ်ကို မှတ်အပ်၏။

     ၇၉၅။ သူငယ်ဟူရာ၌ သား၌ အချစ်ကြီးသော မိန်းမတယောက်သည် ရှိသတတ်၊ ထိုမိန်းမသည် ပြာသာဒ်ထက်၌ ထိုင်နေလျက်ပင်လျှင် လမ်းမထဲ၌ ကလေးငိုသံကို ကြားရ၍ ''ငါ၏သားကို တစုံတယောက်သောသူက နှိပ်စက်လေသလော''ဟု ထင်၍ လျင်သောအဟုန်ဖြင့် သွားပြီးလျှင် ''မိမိ၏သား''ဟူသော အမှတ်ဖြင့် သူတပါး၏သားကို ကောက်ယူလေသတတ်။ ထိုမိန်းမသည် ''ဤသူငယ်ကား သူတပါး၏ သားတည်း''ဟု သိ၍ ထိတ်လန့်လျက် ထိုမှဤမှ [၃၀၄] ကြည့်ရှုပြီးလျှင် ''ဤမိန်းမသည် ကလေးသူခိုးမတည်းဟု ငါ့ကို တစုံတယောက်သောသူသည် မစွပ်စွဲ မပြောဆိုပါစေလင့်''ဟု (ရည်ရွယ်ကာ) သူငယ်ကို ထိုအရပ်၌သာလျှင် ချထားခဲ့၍ တဖန် လျင်သောအဟုန်ဖြင့် ပြာသာဒ်သို့တက်၍ ထိုက်နေလေသတတ်။ ထိုဥပမာ၌ ''မိမိ၏သား''ဟူသော အမှတ်ဖြင့် သူတပါး၏သားကို ယူခြင်းကဲ့သို့ ''ငါ ငါ့ဥစ္စာ''ဟု ခန္ဓာငါးပါးကို ယူခြင်းကို မှတ်အပ်၏၊ ''ဤသူငယ်ကား

၄၂၀

သူတပါး၏ သားတည်း''ဟု သိခြင်းကဲ့သို့ လက္ခဏာသုံးပါး၏ အစွမ်းအားဖြင့် ''ငါ မဟုတ်၊ ငါ့ဥစ္စာ မဟုတ်''ဟု သိခြင်းကို မှတ်အပ်၏၊ ထိတ်လန့်ခြင်းကဲ့သို့ ဘယတုပဋ္ဌာနဉာဏ်ကို မှတ်အပ်၏၊ ထိုမှဤမှ ကြည့်ရှုခြင်းကဲ့သို့ မုဉ္စိတုကမျတာဉာဏ်ကို မှတ်အပ်၏၊ ထိုလမ်းမ၌သာလျှင် သူငယ်ကို ချထားခြင်းကဲ့သို့ အနုလောမဉာဏ်ကို မှတ်အပ်၏၊ ချထားပြီး၍ လမ်းမထဲ၌ တည်သောကာလကဲ့သို့ ဂေါတြဘူဉာဏ်ကို မှတ်အပ်၏၊ ပြာသာဒ်သို့ တက်ခြင်းကဲ့သို့ မဂ်ကို မှတ်အပ်၏၊ တက်ပြီး၍ ထိုင်နေခြင်းကဲ့သို့ ဖိုလ်ကို မှတ်အပ်၏။

     ၇၉၆။ ''ဆာလောင် ရေငတ် အေးလတ် ပူလယ်၊ အမှောင်(ဖုံး နောက်ဆုံး) အဆိပ်နှယ်''ဟူသော ဤဥပမာ ခြောက်ခုတို့ကိုကား ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၌တည်သော ယောဂီ၏ လောကုတ္တရာတရားတို့ကို ရှေးရှု ညွတ်ကိုင်းရှိုင်းသည်၏ အဖြစ်ကို ပြခြင်းငှါ ဆိုထားပေ၏။ ချဲ့၍ပြရလျှင်.. ဆာလောင်ခြင်းဖြင့် နှိပ်စက်(အပ်)သည်ဖြစ်၍ အလွန်ဆာသော ယောက်ျားသည် ကောင်းသော အရသာရှိသော ဘောဇဉ်ကို တောင့်တသကဲ့သို့ ထို့အတူပင် သံသရာဝဋ်ဆင်းရဲ တည်းဟူသော ဆာလောင်ခြင်းဖြင့် နှိပ်စက်(အပ်)သော ဤယောဂီသည် သေခြင်းကင်းသည့် အမြိုက်အရသာရှိသော ကာယဂတာသတိဟူသော ဘောဇဉ်ကို တောင့်တ၏။

     ရေငတ်သော ယောက်ျားသည် အလွန်ခြောက်ကပ်သော လည်ချောင်း ခံတွင်း ရှိသည်ဖြစ်၍ များစွာသော အစိတ်အပိုင်း အဆောက်အဦ (အဆာ)ရှိသော ဖျော်ရေကို တောင့်တသကဲ့သို့ ထို့အတူပင် သံသရာဝဋ်ဆင်းရဲဟူသော ရေငတ်ခြင်းဖြင့် နှိပ်စက်(အပ်)သော ဤယောဂီသည် အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်ဖျော်ရေကို တောင့်တ၏။

     အအေးဖြင့် ထိပါးနှိပ်စက်(အပ်)သော ပုဂ္ဂိုလ်သည် အပူကို တောင့်တသကဲ့သို့ ထို့အတူပင်လျှင် သံသရာဝဋ်ဆင်းရဲ၌ တဏှာအစေးတည်းဟူသော အအေးဖြင့် ထိပါးနှိပ်စက်(အပ်)သော ဤယောဂီသည် ကိလေသာကို ပူလောင်စေတတ်သော အရိယာမဂ်တည်းဟူသော မီးကို တောင့်တ၏။ အပူဖြင့် ထိပါးနှိပ်စက်(အပ်)သော ပုဂ္ဂိုလ်သည် အအေးကို တောင့်တသကဲ့သို့ ထို့အတူပင်လျှင် သံသရာဝဋ်ဆင်းရဲ၌ တဆယ့်တပါးသော

၄၂၁

မီးအပူဖြင့် ပူလောင်(အပ်)သော ဤယောဂီသည် တဆယ့်တပါးသော မီးတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို တောင့်တ၏။

     အမိုက်မှောင်ဖြင့် ဖုံးလွှမ်း နှိပ်စက်(အပ်)သော ပုဂ္ဂိုလ်သည် အရောင်အလင်းကို တောင့်တသကဲ့သို့ ထို့အတူပင်လျှင် အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ဖြင့် မြှေးယှက် ဖုံးလွှမ်း(အပ်)သော ဤယောဂီသည် ဉာဏ်အရောင်အလင်းရှိသော အရိယာမဂ်ဘာဝနာကို တောင့်တ၏။

     အဆိပ်ဖြင့် ထိပါးနှိပ်စက် (အပ်)သော ပုဂ္ဂိုလ်သည် အဆိပ်ကို ပယ်ဖျောက်တတ်သော ဆေးကို တောင့်တသကဲ့သို့ ထို့အတူပင်လျှင် ကိလေသာအဆိပ်ဖြင့် ထိပါးနှိပ်စက်(အပ်)သော ဤယောဂီသည် ကိလေသာအဆိပ်ကို ချေဖျောက် ပယ်ဖျက်တတ်သော အမြိုက်ဆေးဖြစ်သော နိဗ္ဗာန်ကို တောင့်တ၏။

     ထို့ကြောင့် ''ဤသို့သိလျက် ဤသို့မြင်သော [၃ဝ၅] ထိုယောဂီ၏ စိတ်သည် သုံးပါးသော ဘဝတို့၌၎င်း ။ပ။ ကိုးပါးသော သတ္တာဝါသတို့၌၎င်း တွန့်၏ ရှုံ့၏ ပြန်နစ်၏ ပြန့်၍မသွား၊ လျစ်လျူရှုခြင်းသည်သော်၎င်း စက်ဆုပ်သည့် အဖြစ်သည်သော်၎င်း ကောင်းစွာ တည်၏။ ဥပမာအားဖြင့် စဉ်းငယ်ကိုင်းသော ပဒုမ္မာကြာဖက်ပေါ်၌'' ဤသို့ အစရှိသည်ကို ငါဆိုခဲ့ပေသည်။ ဆိုပုံ အလုံးစုံကို ရှေး၌ ဆိုထားသော နည်းဖြင့်ပင်လျှင် သိအပ်၏။

     ၇၉၇။ ဤမျှ (အားထုတ်ခဲ့သော ဘာဝနာအစီအရင်)ဖြင့် ဤယောဂီသည် စိတ်ကို တွန့်ဆုတ်အောင် ပြုလျက် ကျင့်သော ပတိလီနစရပုဂ္ဂိုလ် မည်ပေ၏။ ယင်း ပတိလီနစရပုဂ္ဂိုလ်ကို ရည်၍ အောက်ပါဂါထာကို ဟောတော်မူ၏-

''အကြင်ရဟန်းသည် (ဆိတ်ငြိမ်သော နေရာသို့ ချဉ်းကပ်လျက် စိတ်ကို တွန့်ဆုတ်အောင် ပြုလျက် ကျင့်သည်ဖြစ်၍) မိမိ၏


မှတ်ချက်

     ၁- ဤလက်သည်းကွင်းအတွင်းရှိ စာသားမှာ မြန်မာစကား အနက်အဓိပ္ပါယ် ချောမော ပြေပြစ်စေရန် နိယတ်ဝါကျမှ ယူ၍ ဖော်ပြထားသော စကားဖြစ်သည်။

၄၂၂

ကိုယ်ဟူသော အတ္တဘောကို သုံးပါးသော ဘဝ၌ (တဖန် ဖြစ်သောအားဖြင့်) မပြရာ၊ ဆိတ်ငြိမ်သော နေရာကို ချဉ်းကပ် မှီဝဲလျက် (ထိုထိုအာရုံမှ စိတ်ကို) တွန့်ဆုတ်အောင် ပြုလျက် ကျင့်သော ထိုရဟန်း၏ ထိုသို့ တဖန် ဖြစ်သောအားဖြင့် မပြခြင်းကို သင့်လျော်ပေသည်ဟု မိန့်ဆိုကုန်၏''။

     ဤဆိုခဲ့သည့်အတိုင်း ဤသင်္ခါရုပေက္ခာဉာဏ်သည် ယောဂီ၏ ပတိလီနစရပုဂ္ဂိုလ်၏ အဖြစ်ကို ကိန်းသေ သတ်မှတ်ပြီးလျှင် ထို့ပြင် အရိယာမဂ်၏လည်း ဗောဇ္ဈင်အထူး မဂ္ဂင်အထူး ဈာနင်အထူး ပဋိပဒါအထူ ဝိမောက္ခအထူးကို ကိန်းသေ သတ်မှတ်၏၊ ချဲ့၍ပြရလျှင်... အချို့မထေရ်တို့သည် ''ဗောဇ္ဈင် မဂ္ဂင် ဈာနင်တို့၏ အထူးကို ပါဒကဈာန်က ကိန်းသေ သတ်မှတ်သည်''ဟု ဆိုကုန်၏၊ အချို့မထေရ်တို့သည်'' ဝိပဿနာ၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့က ကိန်းသေ သတ်မှတ်ကြသည်''ဟု ဆိုကုန်၏။ အချို့မထေရ်တို့သည် ''ပုဂ္ဂိုလ်၏အလို အဇ္ဈာသယက ကိန်းသေ သတ်မှတ်သည်''ဟု ဆိုကုန်၏။ ထိုသုံးပါးလုံးသော မထေရ်တို့၏ ဝါဒတို့၌ ဤပုဗ္ဗဘာဂ ဝိပဿနာက ကိန်းသေ သတ်မှတ်သည်သာဟု သိအပ်၏။

     ၇၉၈။ ထို(သို့ သတ်မှတ်ရာ)၌ ဤဆိုလတံ့သည်ကား အစဉ်အတိုင်း ပြဆိုချက်တည်း.. သုက္ခဝိပဿကပုဂ္ဂိုလ်အား ဖြစ်ပေါ်လာသော မဂ်သည်၎င်း, ဈာန်သမာပတ်ရသော ပုဂ္ဂိုလ်အား ဈာန်ကို အခြေခံမပြုမူ၍ ဖြစ်ပေါ်သော မဂ်သည်၎င်း, ပဌမဈာန်ကို အခြေခံပြု၍ ပြိုးပြွမ်းသော (ပကိဏ္ဏက) သင်္ခါရတို့ကို သုံးသပ်၍ ဖြစ်စေ(အပ်)သော မဂ်သည်၎င်း ဝိပဿနာဟူသော ကိန်းသေ သတ်မှတ်ကြောင်း နိယမဖြင့် ပဌမဈာန်နှင့်


မှတ်ချက်

     ၁- ဤလက်သည်းကွင်းအတွင်းရှိ စကားမှာ ဋီကာအဖွင့် ဖြစ်သည်။

     ၂- ဤလက်သည်းကွင်းအတွင်းရှိ စကားမှာ သုတ္တနိပါတ် အဋ္ဌကထာအဖွင့် ဖြစ်သည်။

     ၃- ''ပြိုးပြွမ်းသော (ပကိဏ္ဏက) သင်္ခါရတို့ကို ဟူသည်ကား အခြေခံပြု၍ ဝင်စားသော ဈာန်မှ တပါးသော ရုပ်နာမ်သင်္ခါရတို့ကို-ဟု ဆိုလို၏၊ ဤသို့ မဟာဋီကာ၌ ဖွင့်ပြသောကြောင့် ပါဒကဈာန်ရှိသော ပုဂ္ဂိုလ်မှာ ပါဒကဈာန်မှ တပါးသော ရုပ်နာမ်သင်္ခါရတို့ကို ရှုလျှင် ပြိုးပြွမ်းသော (ပကိဏ္ဏက)သင်္ခါရတို့ကို ရှုသည်မည်၏၊ ထို့အတူပင် ဈာန်မရှိသော ပုဂ္ဂိုလ်မှာ မိမိသန္တာန်၌

၄၂၃

ယှဉ်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ အလုံးစုံသော မဂ်တို့၌ ဗောဇ္ဈင်ခုနစ်ပါး မဂ္ဂင်ရှစ်ပါး ဈာနင်ငါးပါးတို့ ဖြစ်ကုန်၏။ မှန်ပေ၏၊ ထိုမဂ်တို့၏ ရှေးအဖို့ဖြစ်သော ဝိပဿနာသည် သောမနဿ သဟဂုတ်သည်၎င်း၊ ဥပေက္ခာ သဟဂုတ်သည်၎င်း ဖြစ်ခဲ့၍ (မဂ်ဖြင့်) ထသောကာလ၌ သင်္ခါရုပေက္ခာအဖြစ်သို့ ရောက်လတ်သော် သောမနဿ သဟဂုတ်သာလျှင် ဖြစ်၏။

     ပဉ္စကနည်း၌ ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကို အခြေခံပြု၍ ဖြစ်စေ(အပ်)သော မဂ်တို့၌ ဈာန်သည် အစဉ်အတိုင်း အင်္ဂါလေးပါးရှိသည်၎င်း၊ အင်္ဂါသုံးပါးရှိသည်၎င်း၊ အင်္ဂါနှစ်ပါးရှိသည်၎င်း ဖြစ်၏။ အလုံးစုံသော မဂ်တို့၌ ခုနစ်ပါးသော မဂ္ဂင်တို့ ဖြစ်ကုန်၏။ စတုတ္ထဈာန်မဂ်၌ ခြောက်ပါးသော ဗောဇ္ဈင်တို့ ဖြစ်ကုန်၏။ ဤအထူးသည် ပါဒကဈာန်ဟူသော ကိန်းသေ သတ်မှတ်ကြောင်း နိယမဖြင့်၎င်း၊ ဝိပဿနာဟူသော ကိန်းသေ သတ်မှတ်ကြောင်း နိယမဖြင့်၎င်း ဖြစ်ပေသည်။ မှန်ပေ၏၊ ထိုမဂ်တို့၏ ရှေးအဖို့ဖြစ်သော ဝိပဿနာသည်လည်း သောမနဿ သဟဂုတ်သည်၎င်း၊ ဥပေက္ခာ သဟဂုတ်သည်၎င်း ဖြစ်၏၊ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည်ကား သောမနဿ သဟဂုတ်သည်သာလျှင် ဖြစ်၏။

     [၃ဝ၆] ပဉ္စမဈာန်ကို အခြေခံပြု၍ ဖြစ်စေ(အပ်)သော မဂ်၌ကား ဥပေက္ခာနှင့် ဧကဂ္ဂတာ၏ အစွမ်းအားဖြင့် ဈာနင်နှစ်ပါး ဗောဇ္ဈင်ခြောက်ပါး မဂ္ဂင်ခုနစ်ပါးတို့ ဖြစ်ကုန်၏။ ဤအထူးသည်လည်း နိယမ နှစ်ပါးလုံး၏ အစွမ်းအားဖြင့် ဖြစ်၏။ မှန်ပေ၏၊ ဤနည်း၌ ရှေးအဖို့ဖြစ်သော ဝိပဿနာသည် သောမနဿ သဟဂုတ်သော်၎င်း၊ ဥပေက္ခာ သဟဂုတ်သော်၎င်း ဖြစ်၏၊ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည်ကား ဥပေက္ခာ သဟဂုတ်သာလျှင် ဖြစ်၏။ အရူပ ဈာန်တို့ကို အခြေခံပြု၍ ဖြစ်စေ(အပ်)သော မဂ်၌လည်း ဤနည်းပင်တည်း၊ ဤသို့လျှင် ပါဒကဈာန်မှ ထ၍ အမှတ်မရှိ တစုံတခုသော သင်္ခါရတို့ကို သုံးသပ်၍ ဖြစ်စေ(အပ်)သော မဂ်အား နီးသောအရပ်၌


မှတ်ချက်

ဖြစ်ပေါ်သော မြင်မှု-ကြားမှု စသော သင်္ခါရတို့ကို ရှုခြင်းသည် ပြိုးပြွမ်းသော (ပကိဏ္ဏက)သင်္ခါရတို့ကို ရှုခြင်းပင် မည်၏ဟု မှတ်အပ်၏။

     ၁- မဂ်၏-ဟု သမ္ဗန်အနက်ပင် ဖြစ်သော်လည်း မြန်မာစကား ချောစေရန် မဂ်အား-ဟု ပြန်ဆိုထားသည်၊ ထိုမဂ်ကို အနီးဖြစ်သော ပါဒကဈာန်သမာပတ်က မိမိနှင့် ဈာန်အင်္ဂါတူစေသည်-ဟု ဆိုလို၏။

၄၂၄

ထခဲ့သော သမာပတ်က မိမိနှင့် တူသည်၏အဖြစ်ကို ပြု၏၊ အဘယ်ကဲ့သို့နည်းဟူမူ? မြေ၏အဆင်းက ဖွတ်၏အဆင်းအား မိမိနှင့် တူသည်၏အဖြစ်ကို ပြုသကဲ့သို့တည်း။

     ၇၉၉။ ဒုတိယမထေရ်၏ ဝါဒ၌ကား အကြင် အကြင် သမာပတ်မှ ထပြီးလျှင် အကြင် အကြင် သမာပတ်တရားတို့ကို သုံးသပ်၍ မဂ်ကို ဖြစ်စေငြားအံ့၊ ထိုမဂ်သည် ထိုထို သုံးသပ်(အပ်)သော ဈာန်နှင့် တူသည်သာလျှင် ဖြစ်၏၊ ထိုမထေရ်၏ ဝါဒ၌လည်း ဝိပဿနာဖြင့် ကိန်းသေ သတ်မှတ်ခြင်းကို ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏။

     ၈ဝဝ။ တတိယမထေရ်၏ ဝါဒ၌ကား မိမိ မိမိ၏ အလိုအဇ္ဈာသယအားလျော်စွာ အကြင် အကြင် ဈာန်ကို အခြေခံပြုပြီးလျှင် အကြင် အကြင် ဈာန်တရားတို့ကို သုံးသပ်၍ မဂ်ကို ဖြစ်စေငြားအံ့၊ ထိုမဂ်သည် ထိုထို အလိုရှိအပ်သော ဈာန်နှင့်တူ သည်သာလျှင် ဖြစ်၏။ သို့သော် အခြေခံ ပါဒကဈာန်နှင့်သော်၎င်း သုံးသပ်သော သမ္မသိတဈာန်နှင့်သော်၎င်း ကင်း၍ အလိုအဇ္ဈာသယမျှဖြင့်သာလျှင် ထိုအလိုရှိသော ဈာန်နှင့် တူသည်၏အဖြစ်သည် မပြီးစီးပေ။ ထိုအလိုအဇ္ဈာသယအားလျော်စွာ ဖြစ်သည်ဟူသော ဤအနက်ကို နန္ဒကောဝါဒသုတ်ဖြင့် ပြအပ်၏။ ဤမထေရ်၏ ဝါဒ၌လည်း ဝိပဿနာဖြင့် ကိန်းသေ သတ်မှတ်ခြင်းကို ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏။ ဤသို့လျှင် သင်္ခါရုပေက္ခာက ဗောဇ္ဈင် မဂ္ဂင် ဈာနင်တို့ကို ကိန်းသေ သတ်မှတ်သည်ဟု သိအပ်၏။

     ၈ဝ၁။ ထိုမှတပါး အကယ်၍ ဤ(သင်္ခါရုပေက္ခာ)သည် အစပိုင်း၌ ကိလေသာတို့ကို ပယ်ခွါသည်ရှိသော် ဆင်းရဲပင်ပန်းစွာ လုံ့လနှင့် တကွဖြစ်လျက် အားထုတ်မှုနှင့် တကွဖြစ်လျက် ပယ်ခွါခြင်းငှါ စွမ်းနိုင်ခဲ့ငြားအံ့၊


မှတ်ချက်

     ၁- အနီးကာလ၌ ထခဲ့သော ဈာန်သမာပတ်ကို ''နီးသောအရပ်၌ ထခဲ့သော သမာပတ်''ဟု ဆိုထားသည်၊ အရိယာမဂ်သို့ ရောက်ခါနီး ရှေးအဖို့က နောက်ဆုံး ဝင်စားခဲ့သော ပါဒကဈာန်သမာပတ်ကို ဆိုသည်။

     ၂- ကလာပ သမ္မသနဉာဏ်၏ အဆုံး၌ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာသောအခါ ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသကို သုံးကြိမ်တိုင်တိုင်

၄၂၅

(ဒုက္ခပဋိပဒါ) ခဲယဉ်းသော အကျင့်မည်၏။ (ထိုမှ) ပြန်သောအားဖြင့် (သုခပဋိပဒါ) လွယ်ကူသော အကျင့်မည်၏။ ထိုမှတပါး ကိလေသာတို့ကို ပယ်ခွါပြီးလျှင် ဝိပဿနာဟူသော ပရိဝါသ်ရှိသော မဂ်၏ ဖြစ်ပေါ်ခြင်းကို ဖြည်းဖြည်းပြုသည်ရှိသော် (ဒန္ဓာဘိညာ) နှေးသော အဘိညာမည်၏။ (ထိုမှ) ပြန်သောအားဖြင့် (ခိပ္ပါဘိညာ) လျင်သော အဘိညာမည်၏။ ဤသို့လျှင် သင်္ခါရုပေက္ခာသည် (မဂ်၏) လာခဲ့ရာအကြောင်း၏ အရာ၌ တည်၍ မိမိနှင့်ဆိုင်သော မဂ်အား အမည်ကို ပေး၏။ ထို့ကြောင့် မဂ်သည် လေးပါးသော အမည်တို့ကို ရ၏


မှတ်ချက်

ရှု၍ ပယ်ခွါရခြင်းဖြင့် ဆင်းရဲပင်ပန်းသည်ဟု ဆိုသော ဝါရကို ဒုက္ခပဋိပဒါဟု ရှေးဆရာတို့ နှစ်သက်ကြကြောင်းကို ဆိုကုန်၏၊ သို့သော်လည်း အဋ္ဌကထာ၌ ''ဝိပဿနာဉာဏ်သည် ထက်မြက်ရဲရင့် ကြည်လင်လျက် ဆောင်သွားလတ်သော် ဖြစ်ပေါ်လာသော ဝိပဿနာ၌ ငြိကပ်တွယ်တာမှု နိကန္တိကို ဆင်းရဲငြိုငြင်စွာနှင့် ပင်ပန်းလျက် ကုန်စေသည်''ဟူ၍ ဆိုထားသောကြောင့် ရှေးအဖို့၌ မုဉ္စိတုကမျတာစသည်၏ အဖြစ်ဖြင့် ဖြစ်သော သင်္ခါရုပေက္ခာသည် မိမိ၏ ဆန့်ကျင်ဘက် ကိလေသာတို့ကို ခဲယဉ်းငြိုငြင်စွာဖြင့် ပယ်ခွါရသည်ရှိသော် ဒုက္ခပဋိပဒါအဖို့၌သာလျှင် တည်၏-ဟု မဟာဋီကာ၌ မိန့်ဆိုသောကြောင့် မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါဉာဏ် အခိုက်အတန့်၌ ခဲခဲယဉ်းယဉ်း ရှုမှတ်ခဲ့ရလျှင် ထိုသို့သော သင်္ခါရုပေက္ခာကိုလည်း ဒုက္ခပဋိပဒါဟူ၍သာ မှတ်အပ်၏။

     ၁- အလိုရှိအပ်သော မဂ်ဟူသောဌာနသို့ မကပ်ရောက်သေးမူ၍ ဤဝိပဿနာ၌သာလျှင် ကြိုတင်၍ နေ၏။ မဂ်နှင့်ကင်းလျက် နေ၏၊ ဤသို့ ကြိုတင်၍ မဂ်နှင့်ကင်းလျက် နေရာဖြစ်သောကြောင့် ဝိပဿနာသည် ပရိဝါသ- ပရိဝါသ် မည်၏ဟု ပြဆိုသော ဋီကာနှင့်အညီ သင်္ခါရပေက္ခာဉာဏ် ဖြစ်ပေါ်နေပါလျက် မဂ်ဉာဏ်သို့ မဆိုက်ရောက်သေးပဲ သင်္ခါရုပေက္ခာသာလျှင် ကြာမြင့်စွာ ဖြစ်နေသည်ကို ဝိပဿနာ ပရိဝါသ်နေသည်ဟု မှတ်အပ်၏။

     ၂- သင်္ခါရုပေက္ခာဖြစ်ပြီးမှ အရိယာမဂ် ဖြစ်ပေါ်ရသောကြောင့် ယင်း အရိယာမဂ်ကို သင်္ခါရုပေက္ခာမှ လာသည် ဖြစ်သည်ဟု ဆိုရ၏၊ သင်္ခါရုပေက္ခာကိုလည်း ထိုမဂ်၏ လာခဲ့ရာအကြောင်းဟု ဆိုရ၏။ ထိုသင်္ခါရုပေက္ခာသည် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဖြစ်လျှင် မိမိမှ ဆက်၍ဖြစ်သော အရိယာမဂ်အား ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟူသော မိမိအမည်ကို ပေး၏၊ ထိုသင်္ခါရုပေက္ခာသည်

၄၂၆

     [၃ဝ၇] ထိုသို့ သဘောရှိသော (ရောက်ကြောင်းအကျင့် ဖြစ်သော) ဤပဋိပဒါသည် အချို့သော ရဟန်းအား အသီးအသီး ကွဲပြား၏၊ အချို့သော ရဟန်းအား မဂ်လေးပါးလုံးတို့၌လည်း မကွဲမပြား တပါးတည်းသာလျှင် ဖြစ်၏။ မြတ်စွာဘုရားတို့မှာမူကား မဂ်လေးပါးလုံးပင် သုခပဋိပဒါ- ချမ်းသာသောအကျင့် ရှိကုန်၍ ခိပ္ပါဘိညာ- လျင်သောအဘိညာ ရှိကုန်သည်သာလျှင် ဖြစ်လေကုန်၏။ အရှင်သာရိပုတြာမှာလည်း ထို့အတူပင်တည်း။ အရှင်မဟာမောဂ္ဂလ္လာန်မှာမူကား ပဌမမဂ်သည် သုခပဋိပဒါ- လွယ်ကူသော အကျင့်ရှိ၍ ခိပ္ပါဘိညာ- လျင်သောအဘိညာ ရှိ၏။ အထက်မဂ်သုံးပါးတို့သည် ဒုက္ခပဋိပဒါ- ခဲယဉ်းသောအကျင့် ရှိကုန်၍ ခိပ္ပါဘိညာ- လျင်သောအဘိညာ ရှိကုန်၏။ ပဋိပဒါကဲ့သို့ပင် ထို့အတူ အဓိပတိတို့သည်လည်း အချို့သော ရဟန်းမှာ လေးပါးသော မဂ်တို့၌ အသီးအသီး ကွဲပြားကုန်၏၊ အချို့သော ရဟန်းမှာ မဂ်လေးပါးတို့၌ မကွဲမပြား တပါးတည်းသာ ဖြစ်၏။ ဤသို့လျှင် သင်္ခါရုပေက္ခာသည် ပဋိပဒါအထူကို ကိန်းသေ သတ်မှတ်၏။ ထိုမှတပါး ဝိမောက္ခအထူးကို ကိန်းသေ သတ်မှတ်ပုံမှာ ရှေး၌ ဆိုခဲ့ပြီးသာလျှင် ဖြစ်၏။

     ၈ဝ၂။ တနည်းအားဖြင့် မဂ်မည်သည်ကား မိမိ၏သဘော (သရသ) အားဖြင့်၎င်း, ဆန့်ကျင်ဘက် အားဖြင့်၎င်း, မိမိ၏ ဂုဏ်အားဖြင့်၎င်း,


မှတ်ချက်

ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ ဖြစ်လျှင်လည်း မိမိမှဆက်၍ဖြစ်သော မဂ်အား ထိုမိမိအမည်ကို ပေး၏၊ ထိုသင်္ခါရုပေက္ခာသည် သုခပဋိပဒါ ဒန္ဓာဘိညာ ဖြစ်လျှင်လည်း မိမိမှဆက်၍ဖြစ်သော မဂ်အား ထိုမိမိ၏အမည်ကို ပေး၏၊ ထိုသင်္ခါရုပေက္ခာသည် သုခပဋိဒါ ခိပ္ပါဘိညာဖြစ်လျှင် မိမိမှဆက်၍ဖြစ်သော မဂ်အား သုခပဋိပဒါ ခိပ္ပါဘိညာဟူသော မိမိ၏အမည်ကို ပေး၏၊ ထို့ကြောင့် ''မဂ်သည် လေးပါးသော အမည်တို့ကို ရ၏''ဟု ဆိုသည်။ သင်္ခါရုပေက္ခာဟူသော မိမိမှ ဆက်၍ဖြစ်သော မဂ်ကို ဝိသုဒ္ဓိမဂ်စာကိုယ်၌ ''မိမိ၏မဂ်''ဟု ဆိုထား၏၊ ဤမြန်မာပြန်၌ကား နားလည်လွယ်စေရန် ''မိမိနှင့် ဆိုင်သောမဂ်''ဟု ပြန်ဆိုထားသည်။

     ၁- ''ဤပဋိပဒါသည်''ဟူသော စကားဖြင့် ပဋိပဒါနှင့် အဘိညာ နှစ်ပါးလုံးကို ယူအပ်၏၊ အဘိညာသည်လည်း အချို့ရဟန်းအား ကွဲပြား၍ အချို့ရဟန်းအား မကွဲပြားဟု ဆိုလို၏။

၄၂၇

အာရုံအားဖြင့်၎င်း, လာခဲ့ရာအကြောင်း (အာဂုံ)အားဖြင့်၎င်း- ဤသို့ငါးပါးသော အကြောင်းတို့ဖြင့် အမည်ကိုရ၏။ ချဲ့၍ ပြရလျှင်- သင်္ခါရုပေက္ခာသည် သင်္ခါရတို့ကို အနိစ္စ အခြင်းအရာအားဖြင့် သုံးသပ်၍ ထငြားအံ့၊ အနိမိတ္တဝိမောက္ခဖြင့် လွတ်မြောက်၏။ ဒုက္ခအခြင်းအရာအားဖြင့် သုံးသပ်၍ ထငြားအံ့၊ အပ္ပဏိဟိတဝိမောက္ခဖြင့် လွတ်မြောက်၏။ အနတ္တအခြင်းအရာအားဖြင့် သုံးသပ်၍ ထငြားအံ့၊ သုညတဝိမောက္ခဖြင့် လွတ်မြောက်၏။ ဤသည်ကား (နိမိတ်စသည် ကင်းသော) မိမိ၏ သဘောအားဖြင့်ရသော အမည်တည်း။

     ထိုမှတပါး ဤမဂ်သည် အနိစ္စာနုပဿနာဖြင့် သင်္ခါရတို့၏ ဃနပညတ် အစိုင်အခဲကို ဖျက်ခွဲ၍ မြဲသည့်ပုံဟန်- နိစ္စနိမိတ်, ခိုင်ခံ့သည့်ပုံဟန်- ဓုဝနိမိတ်, အမြဲတန်း တည်ရှိသည့်ပုံဟန်- သဿတနိမိတ်တို့ကို ပယ်စွန့်၍ လာခဲ့၏၊ ထို့ကြောင့် အနိမိတ္တမည်၏။ ဒုက္ခာနုပဿနာဖြင့် သုခသညာကို ပယ်ခွါ၍ စိတ်ညွတ်ထားခြင်း တောင့်တခြင်းကို ခြောက်သွေ့စေ၍ လာခဲ့သောကြောင့် အပ္ပဏိဟိတမည်၏။ အနတ္တာနုပဿနာဖြင့် အတ္တကောင်ဟူသော အမှတ် သတ္တဝါဟူသော အမှတ် ပုဂ္ဂိုလ်ဟူသော အမှတ်သညာကို ပယ်စွန့်၍ သင်္ခါရတို့ကို ဆိတ်သုဉ်းသောအားဖြင့် မြင်သောကြောင့် သုညတမည်၏။ ဤသည်ကား (နိမိတ် စသည်တို့၏) ဆန့်ကျင်ဘက်အားဖြင့်ရသော အမည်တည်း။

     ထိုမှတပါး ဤမဂ်သည် ရာဂစသည်တို့မှ ဆိတ်သုဉ်းသောကြောင့် သုညတမည်၏။ ရူပနိမိတ် စသည်တို့၏၎င်း ရာဂနိမိတ် စသည်တို့၏၎င်း မရှိခြင်းကြောင့် အနိမိတ္တမည်၏။ ရာဂပဏိဓိ စသည်တို့၏ မရှိခြင်းကြောင့်


မှတ်ချက်

     ၁- သင်္ခါရုပေက္ခာက အနိစ္စအခြင်းအရာအားဖြင့် သုံးသပ်သည်၏ အခြားမဲ့၌ အရိယာမဂ် ဖြစ်ပေါ်ငြားအံ့-ဟု ဆိုလို၏။

     ၂- အနိမိတ္တဝိမောက္ခမည်သော မဂ်ဖြင့် လွတ်မြောက်၏၊ ထိုမဂ်သည် အနိမိတ္တဝိမောက္ခမည်၏-ဟု ဆိုလို၏။ နောက်အပိုဒ်တို့၌လည်း နည်းတူပင်။

     ၃- ဤ မဂ်သည်.. ဖျက်ခွဲ၍.. ပယ်စွန့်၍ လာခဲ့၏၊ ထို့ကြောင့် အနိမိတ္တမည်၏ဟု စပ်ပါ။ နောက်နှစ်ပိုဒ်၌လည်း နည်းတူပင် စပ်ပါ။

     ၄- ရာဂပဏိဓိ- တပ်မက်သော ရာဂကို ထားခြင်း- ဖြစ်စေခြင်း။ ''စသည်''ဟူသော စကားဖြင့် ဒေါသပဏိဓိ, မောဟပဏိဓိတို့ကို ယူအပ်၏။

၄၂၈

အပ္ပဏိဟိတ မည်၏။ ဤသည်ကား မိမိ၏ ဂုဏ်အားဖြင့် ရသော အမည်တည်း။

     ထိုသို့သဘောရှိသော ဤမဂ်သည် ဆိတ်လည်း ဆိတ်သုဉ်းသော နိမိတ်လည်း ကင်းသော တောင့်တမှုလည်း ကင်းသော နိဗ္ဗာန်ကို အာရုံပြုတတ်၏၊ ထို့ကြောင့်လည်း ၎င်းမဂ်ကို သုညတဟူ၍၎င်း, အနိမိတ္တဟူ၍၎င်း, အပ္ပဏိဟိတဟူ၍၎င်း ခေါ်ဆိုအပ်၏။ ဤသည်ကား ထိုမဂ်၏ အာရုံအားဖြင့် ရသော အမည်တည်း။

     ၈ဝ၃။ ထိုမှတပါး လာခဲ့ရာ အကြောင်း (အာဂုံ)သည် ဝိပဿနာဟူသော လာခဲ့ရာ အကြောင်း, မဂ်ဟူသော လာခဲ့ရာ အကြောင်းဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် မဂ်၌ ဝိပဿနာဟူသော လာခဲ့ရာအကြောင်းကို ရ၏။ ဖိုလ်၌ မဂ်ဟူသော လာခဲ့ရာအကြောင်းကို ရ၏။ ရပုံကား.. အနတ္တာနုပဿနာသည် သုညတဝိပဿနာ မည်၏၊ သုညတဝိပဿနာ၏ မဂ်သည် သုညတမဂ် မည်၏။ (သုညတမဂ်၏ ဖိုလ်သည် သုညတဖိုလ် မည်၏။) အနိစ္စာနုပဿနာသည် အနိမိတ္တ ဝိပဿနာမည်၏။ [၃ဝ၈] အနိမိတ္တဝိပဿနာ၏ မဂ်သည် အနိမိတ္တမဂ် မည်၏။ ဤအနိမိတ္တဟူသော အမည်ကိုကား အဘိဓမ္မာနည်းအားဖြင့် မရအပ်ပေ။ သုတ္တန်နည်းအားဖြင့်သာလျှင် ရအပ်ပေ၏။ မှန်ပေ၏၊ ထိုသုတ္တန်၌ ဂေါတြဘူဉာဏ်သည် နိမိတ်ကင်းသော နိဗ္ဗာန်ကို အာရုံပြုသောကြောင့် အနိမိတ္တအမည် ရှိသည်ဖြစ်၍ မိမိက မဂ်၏ လာခဲ့ရာအကြောင်း၏ အရာ၌ တည်၍ မဂ်အား (အနိမိတ္တဟူသော) အမည်ကို ပေး၏ဟု ဆိုကုန်၏။ ထို့ကြောင့် မဂ်ကို အနိမိတ္တဟု ဆိုအပ်၏။ ''မဂ်ဟူသော လာခဲ့ရာအကြောင်းအားဖြင့် ဖိုလ်သည် အနိမိတ္တမည်၏''ဟူသော အနက်သည်ကား သင့်သည်သာလျှင်တည်း။ ဒုက္ခာနုပဿနာသည် သင်္ခါရတို့၌ တပ်မက်မှု တဏှာကို ခြောက်စေ၍ လာသောကြောင့် အပ္ပဏိဟိတဝိပဿနာမည်၏။ အပ္ပဏိဟိတဝိပဿနာ၏ မဂ်သည်


မှတ်ချက်

     ၁- သုညတဝိပဿနာ၏ မဂ်ဟူသည်မှာ သုညတဝိပဿနာ၏ အခြားမဲ့၌ ဆက်၍ ဖြစ်ပေါ်သော မဂ်တည်း၊ ၎င်းကို သုညတဝိပဿနာနှင့် စပ်ဆိုင်သော မဂ်ဟူ၍လည်း ခေါ်အပ်၏။

     ၂- ဤလက်သည်းကွင်းအတွင်းရှိ စာပိုဒ်မှာ ယခုလက်ရှိ ဝိသုဒ္ဓိမဂ်စာအုပ်တို့၌ မရှိငြားသော်လည်း စင်စစ် ရှိသင့်သောကြောင့် ဖော်ပြထားသည်။

၄၂၉

အပ္ပဏိဟိတမဂ် မည်၏။ အပ္ပဏိဟိတမဂ်၏ ဖိုလ်သည် အပ္ပဏိဟိတဖိုလ် မည်၏။ ဤသို့လျှင် ဝိပဿနာသည် မိမိ၏အမည်ကို မဂ်အား ပေး၏၊ မဂ်သည် ဖိုလ်အား ပေး၏။ ဤသည်ကား လာခဲ့ရာအကြောင်း (အာဂုံ)အားဖြင့် ရသော အမည်တည်း။ ဤသို့လျှင် ဤသင်္ခါရုပေက္ခာသည် ဝိမောက္ခတရားကို ကိန်းသေ သတ်မှတ်၏။

သင်္ခါရုပေက္ခာဉာဏ် ပြီး၏။

**********

အနုလောမဉာဏ်ကို ပြဆိုချက်

     ၈ဝ၄။ ထိုသင်္ခါရုပေက္ခာဉာဏ်ကို မှီဝဲလျက် ပွါးစေလျက် အကြိမ်များစွာပြုသော ထိုယောဂီအား ယုံကြည်ဆုံးဖြတ်မှု- အဓိမောက္ခသဒ္ဓါသည် အားကြီးစွာ ဖြစ်၏။ ကောင်းစွာ ချီးမြှောက် ထောက်ပံ့အပ်သော (ထက်သန်သော)ဝီရိယသည် ဖြစ်၏။ သတိသည် ကောင်းစွာထင်၏။ စိတ်သည် ကောင်းစွာ တည်ကြည်၏။ အထူးသဖြင့် ထက်မြက်သော သင်္ခါရုပေက္ခာသည် ဖြစ်၏။ ထိုယောဂီအား ''ယခုအခါ မဂ်ဖြစ်လတံ့''ဟု ဆိုသင့်သော ခဏ၌- သင်္ခါရုပေက္ခာသည် သင်္ခါရတို့ကို အနိစ္စ- မမြဲဟူ၍သော်၎င်း၊ ဒုက္ခ- ဆင်းရဲဟူ၍သော်၎င်း၊ အနတ္တ- အတ္တမဟုတ်- အတ္တမရှိ- သဘောတရားမျှ ဟူ၍သော်၎င်း သုံးသပ်ပြီးလျှင် ဘဝင်သို့ သက်၏။

     ဘဝင်၏ အခြားမဲ့၌ သင်္ခါရုပေက္ခာက ပြုသော(ရှုသော) နည်းဖြင့်သာလျှင် သင်္ခါရတို့ကို အနိစ္စဟူ၍သော်၎င်း၊ ဒုက္ခဟူ၍သော်၎င်း၊


မှတ်ချက်

     ၁- ယခုပင် မဂ်ဖြစ်တော့မည်ဟု ဆိုသင့်သော နောက်ဆုံး ဝိပဿနာဝီထိ ဖြစ်ဆဲခဏ၌-ဟု ဆိုလို၏။

     ၂- ရှေး အခြားမဲ့ဖြစ်သော ဝိပဿနာဝီထိ၌ သင်္ခါရုပေက္ခာက အာရုံပြုခဲ့သော နည်းအတိုင်းသာလျှင်ဟု ဆိုလို၏။ ဖြစ်ပုံကား.. အကယ်၍ ထိုသင်္ခါရုပေက္ခာက သင်္ခါရတို့ကို အနိစ္စဟု ရှုခဲ့လျှင် မဂ်ဝီထိ၏ အစဖြစ်သော ဤ မနောဒွါရာဝဇ္ဇန်းကလည်း သင်္ခါရတို့ကို အနိစ္စဟု အာရုံပြုလျက် ဖြစ်သည်၊ ထို့အတူ ထိုသင်္ခါရုပေက္ခာက ဒုက္ခဟု ရှုခဲ့လျှင် ဤမနောဒွါရာဝဇ္ဇန်းကလည်း ဒုက္ခဟု အာရုံပြုလျက် ဖြစ်သည်၊ ထိုသင်္ခါရုပေက္ခာက အနတ္တဟု ရှုခဲ့လျှင် ဤမနောဒွါရာဝဇ္ဇန်းကလည်း အနတ္တဟု အာရုံပြုလျက် ဖြစ်သည်ဟု ဆိုလို၏။

၄၃၀

အနတ္တဟူ၍သော်၎င်း အာရုံပြုလျက် မနောဒွါရာဝဇ္ဇန်းသည် ဖြစ်ပေါ်၏။ ထိုမှ နောက်၌ ဘဝင်ကိုနစ်စေ၍ ဖြစ်သော ထိုမနောဒွါရာဝဇ္ဇန်းစိတ်၏ အခြားမဲ့၌ အခြားအပြတ်မရှိသော စိတ်အစဉ်ကို ဆက်စပ်စေလျက် ထို (သင်္ခါရုပေက္ခာ) အတူပင်လျှင် သင်္ခါရတို့ကို အာရုံပြုလျက် ပဌမဇောစိတ်သည် ဖြစ်ပေါ်၏။ ယင်း ပဌမဇောစိတ်ကို ပရိကံဟူ၍ ခေါ်ဆိုအပ်၏။ ထိုပဌမဇော၏ အခြားမဲ့၌ ထို့အတူပင်လျှင် သင်္ခါရတို့ကို အာရုံပြုလျက် ဒုတိယဇောစိတ်သည် ဖြစ်ပေါ်၏၊ ယင်း ဒုတိယဇောစိတ်ကို ဥပစာရ-ဥပစာဟူ၍ ခေါ်ဆိုအပ်၏။ ထို ဒုတိယဇောစိတ်၏ အခြားမဲ့၌လည်း ထို့အတူပင်လျှင် သင်္ခါရတို့ကို အာရုံပြုလျက် တတိယဇောစိတ်သည် ဖြစ်ပေါ်၏၊ ယင်း တတိယဇောစိတ်ကို အနုလောမ- အနုလုံဟု ခေါ်ဆိုအပ်၏။ ဤအမည် သုံးခုသည်ကား ထိုဇောသုံးခုတို့၏ အသီးအသီး အမည်ပေတည်း။

     သာမညအားဖြင့်မူကား ဤဇော သုံးခုလုံးကို အာသေဝနဇော ဟူ၍၎င်း ပရိကံဇော ဟူ၍၎င်း၊ ဥပစာဇော ဟူ၍၎င်း၊ အနုလုံဇော ဟူ၍၎င်း ခေါ်ဆိုရန် သင့်ပေ၏။ အဘယ်အား လျော်သနည်း ဟူမူကား?


မှတ်ချက်

     ၁- ထိုမှနောက်၌.. ပဌမဇောစိတ်သည် ဖြစ်ပေါ်၏-ဟု စပ်ပါ။

     ၂- ''အခြားမဲ့၌''ဟူသော ပုဒ်ကို ''ဆက်စပ်စေလျက်''ဟူသော ပုဒ်နှင့်သာ စပ်ပါ။

     ၃- ရှေးအခြားမဲ့ နှစ်ဝီထိ သုံးဝီထိတို့၌ ပါဝင်သော သင်္ခါရုပေက္ခာက ရှုခဲ့သည့် နည်းအတိုင်းပင်ဟု ဆိုလို၏၊ အကျယ်ဖြစ်ပုံမှာ နှာ ၄၂၉-မှတ်ချက် ၂-၌ ပြခဲ့သည့်အတိုင်းပင် ဖြစ်သည်။ အထူး သတိပြုရန်မှာ မြန်မာမူ ဋီကာ စာအုပ်တို့၌ ဒွတ္တိ-(၂-ခု ၃-ခု)-အရာဝယ် ဒွတ္တိံသ (၃၂-ခု)-ဟု မှားယွင်းလျက် ရှိ၏၊ ဒွတ္တိ-ဟု ရှိသော သီဟိုဠ်မူသည်သာလျှင် မဟာဋီကာ ပဌမတွဲ နှာ-၁၉၁ ကြောင်းရေ ၃-၄-၅-တို့နှင့် ညီသောကြောင့် မူလပါဌ်မှန် ဖြစ်ပေသည်။

     ၄- ပရိကမ္မ- ပရိကံ- မဂ်ဖြစ်ပေါ်ရန် ကြိုတင်၍ ပြုမှု- အဆင်သင့်ဖြစ်အောင် ကြိုတင်၍ ပြုမှုဟု ဆိုလို၏။

     ၅- ဥပ-အနီး၌ + စာရ-ဖြစ်သည် = ဥပစာရ- မဂ်၏အနီး၌ ကပ်၍ဖြစ်သော ဇော။

၄၃၁

ရှေးအဖို့ နောက်အဖို့ဖြစ်သော တရားအဖို့အစုတို့အား လျော်ပေ၏။ မှန်ပေ၏၊ ထိုအနုလောမဉာဏ်သည် ရှေး၌ဖြစ်ကုန်သော (ဥဒယဗ္ဗယဉာဏ် အစရှိကုန်သော) ရှစ်ပါးသော ဝိပဿနာဉာဏ်တို့၏ မှန်သောကိစ္စရှိသည်၏ အဖြစ်အားလျော်၏၊ အထက်(မဂ်)၌ (ပါဝင်သော) သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့(၏ မှန်သောကိစ္စရှိသည်၏ အဖြစ်)အားလည်း လျော်၏။

     လျော်ပုံကား.. ထိုအနုလောမဉာဏ်သည် အနိစ္စလက္ခဏာ စသည်၏ အစွမ်းအားဖြင့် သင်္ခါရတရားတို့ကို [၃ဝ၉] အာရုံပြု၍ ဖြစ်သောကြောင့် ''ဥဒယဗ္ဗယဉာဏ်သည် ဖြစ်ခြင်း ပျက်ခြင်းရှိသော ရုပ်နာမ်တရားတို့၏သာလျှင် ဖြစ်ခြင်းပျက်ခြင်းကို ရှုမြင်ခဲ့ပေစွတကား'' ဟူ၍၎င်း ''ဘင်္ဂါနုပဿနာဉာဏ်သည် ပျက်ခြင်းရှိသော ရုပ်နာမ်တရားတို့၏သာလျှင် ပျက်ခြင်းကို ရှုမြင်ခဲ့ပေစွတကား'' ဟူ၍၎င်း ''ကြောက်ဖွယ်ဘေးရှိသော သင်္ခါရတရားအပေါင်းသည်သာလျှင် ဘယတုပဋ္ဌာနဉာဏ်အား ကြောက်ဖွယ်ဘေးအနေအားဖြင့်


မှတ်ချက်

     ၁- ဥပရိ-ဟူသော ပါဠိအရ အထက်(မဂ်)၌-ဟု ပြန်ဆိုထားသည်။ အနုလောမဉာဏ်မှ အထက်မည်သော နောက်ကာလ၌ ဖြစ်သော လေးပါးသော အရိယာမဂ်၌-ဟု ဆိုလို၏။

     ၂- ဤ၌ လက်သည်းကွင်းအတွင်းရှိ စာသားမှာ ဋီကာနှင့်၎င်း ရှေးဆရာတို့၏ နိဿယနှင့်၎င်း ညီစေရန် ''တထကိစ္စတာယ''ဟူသော ပုဒ်ကို လိုက်စေ၍ ပြန်ဆိုထားချက် ဖြစ်သည်။ သို့သော် နောက်၌ ပြလတံ့သော ဥပမာ ဥပမေယျ နှီးနှောပုံနှင့် တိုက်ဆိုင်ကြည့်လျှင် ထို ''တထကိစ္စတာယ'' ပုဒ်ကို ဤအရာ၌ လိုက်၍ ယှဉ်ရန် မသင့်ဟု ထင်သည်။ အကြောင်းမူကား ဗောဓိပက္ခိယတရားတို့၏ မှန်သောကိစ္စ ရှိသည်၏အဖြစ်ကို ဤအနုလောမဉာဏ်က လျော်စေရန် မလို၊ အမှန်အားဖြင့်မူကား ဤအနုလောမဉာဏ်က လျော်စေရန် မလို၊ အမှန်အားဖြင့်မူကား ဤအနုလောမဉာဏ် ဖြစ်ပြီးမှသာလျှင် အရိယာမဂ် ဖြစ်ပေါ်ရသောကြောင့် ထိုမဂ်၌ ပါဝင်သော ဗောဓိပက္ခိယ တရားတို့အားသာလျှင် လျော်စွာ ဖြစ်သည်ဟု ဆိုသင့်ပေသည်။

     ၃- ထိုအနုလောမဉာဏ်သည်.. မှန်သော ကိစ္စရှိသည်၏ အဖြစ်အားလည်း လျော်၏၊.. ဗောဓိပက္ခိယတရားတို့အားလည်း လျော်၏-ဟု စပ်ပါ။

     ၄- အာရုံပြု၍ဖြစ်သောကြောင့်.. မှန်သော ကိစ္စရှိသည်၏ အဖြစ်အားလည်း လျော်၏-ဟု ဤတွင် စပ်ပါ။

၄၃၂

ထင်ခဲ့ပေစွတကား'' ဟူ၍၎င်း ''အာဒီနဝါနုပဿနာဉာဏ်သည် အပြစ်ရှိသော သင်္ခါရတရားအပေါင်း၌သာလျှင် အပြစ်ကို မြင်ခဲ့ပေစွတကား'' ဟူ၍၎င်း ''နိဗ္ဗိဒါဉာဏ်သည် ငြီးငွေ့သင့် ငြီးငွေ့ထိုက်သော သင်္ခါရတရားအပေါင်း၌သာလျှင် ငြီးငွေ့ခဲ့ပေစွတကား'' ဟူ၍၎င်း ''မုဉ္စိတုကမျတာဉာဏ်သည် စွန့်လွှတ်သင့်သော သင်္ခါရတရားအပေါင်းတို့၌သာလျှင် စွန့်လွှတ်လိုသည် ဖြစ်ခဲ့ပေစွတကား'' ဟူ၍၎င်း ''ပဋိသင်္ခါဉာဏ်ဖြင့် တဖန်ရှုသိသင့်သော သင်္ခါရတရား အပေါင်းကိုသာလျှင် တဖန် ရှုသိခဲ့ပေစွတကား'' ဟူ၍၎င်း ''သင်္ခါရုပေက္ခာဉာဏ်ဖြင့် လျစ်လျူရှုသင့်သော သင်္ခါရတရား အပေါင်းကိုသာလျှင် လျစ်လျူရှုခဲ့ပေစွတကား'' ဟူ၍၎င်း မဆိုသော်လည်း ကျရောက်သော အနက်သဘောအားဖြင့် ဆိုဘိသကဲ့သို့ ဤဉာဏ်ရှစ်ပါးတို့၏ မှန်သောကိစ္စရှိသည်၏ အဖြစ်အားလည်း လျော်၏၊ အထက်(မဂ်)၌ (ပါဝင်သော) သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့(၏ မှန်သော ကိစ္စရှိသည်၏ အဖြစ်)အားလည်း လျော်၏၊ (အဘယ့်ကြောင့်နည်းဟူမူ?) ထိုအနုလောမဉာဏ်ဟူသော အကျင့်ဖြင့်သာလျင် (မဂ်၌ ပါဝင်သော ဗောဓိပက္ခိယတရားတို့ကို) ရောက်အပ်- ရောက်နိုင်သောကြောင့်ပေတည်း

     ဥပမာအားဖြင့်.. တရားစောင့်သော ဘုရင်မင်းမြတ်သည် တရားဆုံးဖြတ်ရာဌာန၌ ထိုင်နေလျက် တရားဆုံးဖြတ်သော အမတ်ကြီး ဝန်ကြီးတို့၏ အဆုံးအဖြတ်ကို ကြားနာပြီးလျှင် အဂတိလိုက်ခြင်းကို ပယ်၍ အလယ်အလတ် တည့်မတ်ညီမျှသော သဘောရှိသည်ဖြစ်၍ ''ဤအတိုင်းပင် ဖြစ်စေ''ဟု ဝမ်းမြောက်ကြည်ဖြူ သဘောတူသည်ရှိသော် ထိုတရားဆုံးဖြတ်သော အမတ်ကြီး ဝန်ကြီးတို့၏ အဆုံးအဖြတ်အားလည်း လျော်၏၊ ရှေးဟောင်းဖြစ်သော မင်းကျင့်တရားအားလည်း လျော်၏။ ဤ အနုလောမဉာဏ်၏ လျော်ပုံကို ဤဥပမာအတူပင် ပြီးစီးသည်ဟု သိအပ်၏၊ ပြီးစီးပုံကား.. ဘုရင်မင်းမြတ်ကဲ့သို့ အနုလောမဉာဏ်ကို မှတ်အပ်၏၊ ရှစ်ယောက်သော တရားဆုံးဖြတ်သော အမတ်ကြီး ဝန်ကြီးတို့ကဲ့သို့ ရှစ်ပါးသော ဉာဏ်တို့ကို မှန်အပ်ကုန်၏၊ ရှေးဟောင်းဖြစ်သော မင်းကျင့်တရားကဲ့သို့ ၃၇-ပါးသော


မှတ်ချက်

     ၁- ဤအကြောင်းပြ စကားဖြင့်လည်း အနုလောမသည် ဗောဓိပက္ခိယတရားတို့အားလျော်စွာ ဖြစ်သည်ဟူ၍သာ ဆိုလိုကြောင်း, ၎င်းတို့၏ မှန်သောကိစ္စအားလျော်စွာ ဖြစ်သည်ဟု မဆိုလိုကြောင်း ထင်ရှား၏။

၄၃၃

ဗောဓိပက္ခိယ တရားတို့ကို မှတ်အပ်ကုန်၏။ ထိုဥပမာ၌ ''ဤအတိုင်းပင် ဖြစ်စေ''ဟု ဆိုသော ဘုရင်မင်းမြတ်သည် တရားဆုံးဖြတ်သော အမတ်ကြီး ဝန်ကြီးတို့၏ အဆုံးအဖြတ်အား၎င်း မင်းကျင့်တရားအား၎င်း လျော်သကဲ့သို့ ထို့အတူပင် နိစ္စစသည်တို့၏ အစွမ်းအားဖြင့် သင်္ခါရတို့ကို အာရုံပြုလျက် ဖြစ်ပေါ်သော ဤအနုလောမဉာဏ်သည် ရှစ်ပါးသော ဉာဏ်တို့၏ မှန်သောကိစ္စရှိသည်၏ အဖြစ်အားလည်း လျော်၏၊ အထက်အရိယာမဂ်၌ (ပါဝင်သော) ၃၇-ပါးသော ဗောဓိပက္ခိယ တရားတို့(၏ မှန်သော ကိစ္စရှိသည်၏ အဖြစ်)အားလည်း လျော်၏။ ထို့ကြောင့်ပင်လျှင် (၎င်းကို) သစ္စာနုလောမိက (မဂ္ဂသစ္စာအား လျော်သော) ဉာဏ်ဟူ၍ ဆိုအပ်ပေ၏။

အနုလောမဉာဏ် ပြီး၏။

**********

ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ကို ပြဆိုချက်

     ၈ဝ၅။ ဤအနုလောမ ဉာဏ်သည်ကား သင်္ခါရလျှင် အာရုံရှိသော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အဆုံးစွန် ဖြစ်ပေ၏။ ခပ်သိမ်းသော အခြင်းအရာအားဖြင့်မူကား ဂေါတြဘူဉာဏ်သည် ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အဆုံးစွန် ဖြစ်ပေ၏။ ယခုအခါ ထိုဝုဋ္ဌာနဂါမိနီ ဝိပဿနာ၌ပင်လျှင် မတွေမဝေ သိနားလည်ခြင်း အကျိုးငှါ ဤဆိုလတံ့သော သုတ္တန်နှီးနှောချက်ကို သိအပ်၏-


မှတ်ချက်

     ၁- ဤ၌ မင်းကျင့်တရားအား လျော်သည် ဟူ၍သာ ဆို၏၊ မင်းကျင့်တရား၏ အဆုံးအဖြတ်အား လျော်သည်ဟူ၍ မဆို၊ ထို့ကြောင့် ဥပမေယျအရာ၌လည်း ''ဗောဓိပက္ခိယတရားတို့အား လျော်၏''ဟူသော အနက်သာလျှင် ဤ ဥပမာနှင့် နှီးနှောမိသည်။

     ၂- ဤ၌ ကွင်းအတွင်းရှိ စာသား လို-မလို သင့်-မသင့်ကို မှတ်ချက် ၁-နှင့် တိုက်ဆိုင်ကြည့်ပါ။

     ၃- ဗောဓိပက္ခိယတရား အပေါင်းသည် ယေဘုယျအားဖြင့် မဂ္ဂင်ရှစ်ပါး၌ အတွင်းဝင်သောကြောင့် ''ဗောဓိပက္ခိယ တရားတို့အား လျော်သည်''ဟူသော ရှေးစကားနှင့် ''မဂ္ဂသစ္စာအား လျော်သည်''ဟူသော ဤစကားမှာ သဘောအားဖြင့် တူညီ၏။

     ၄- ထိုထိုသုတ္တန်တို့၌ ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာကို အမျိုးမျိုးသော အမည်တို့ဖြင့် ဟောထားသောကြောင့် ထိုအမည်တို့နှင့်စပ်၍ မတွေမဝေ သိနားလည်စေခြင်း အကျိုးငှါ-ဟု ဆိုလို၏။

၄၃၄

     [၃၁ဝ] နှီးနှောပုံကား.. ဤ ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို သဠာယတန ဝိဘင်္ဂသုတ်၌- ''ရဟန်းတို့ (ထိုသင်္ခါရတို့ဖြင့် ပြီးသော တဏှာ၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်) အတမ္မယတာမည်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို အမှီပြု၍ အတမ္မယတာမည်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို ရောက်၍ (အရူပဈာန်နှင့်ယှဉ်သော ဝေဒနာနှင့် အရူပဈာန်ကို ရှုသော ဝိပဿနာဉာဏ်ဟု ဆိုအပ်သော) အကြင် ဥပေက္ခာသည် တမျိုးတည်း သဘောရှိ၏။ တမျိုးတည်း သဘောရှိသော အာရုံကို မှီ၏၊ ထိုဥပေက္ခာကို ပယ်ကုန်လော့၊ ထိုဥပေက္ခာကို ကျော်လွန်ကုန်လော့''ဟု အတမ္မယတာဟူသော အမည်ဖြင့် ဟောတော်မူ(အပ်)၏။

     အလဂဒ္ဒသုတ္တန်၌- ''ငြီးငွေ့သည်ရှိသော် တပ်မက်ကင်း၏ တပ်မက်ကင်းခြင်းကြောင့် လွတ်မြောက်၏''ဟု ဤသို့ နိဗ္ဗိဒါ- ငြီးငွေ့ဟူသော အမည်ဖြင့် ဟောတော်မူ(အပ်)၏။

     သုသီမသုတ္တန်၌ ''သုသီမရဟန်း၊ တရားတို့၏ တည်ကြောင်း ပဋိစ္စသမုပ္ပါဒ်၌သိသော ဓမ္မဋ္ဌိတိဉာဏ်သည် ရှေး၌ ဖြစ်၏၊ နိဗ္ဗာန်၌ ဉာဏ်သည် နောက်မှဖြစ်၏''ဟု ဤသို့ ဓမ္မဋ္ဌိတိဉာဏ်ဟူသော အမည်ဖြင့် ဟောတော်မူ(အပ်)၏။

     ပေါဋ္ဌပါဒသုတ္တန်၌- ''ပေါဋ္ဌပါဒပရိဗိုဇ်၊ သညာသည် ရှေးဦးစွာဖြစ်၏။ ဉာဏ်သည် နောက်မှဖြစ်၏''ဟု ဤသို့ သညဂ္ဂ- အမြတ်ဆုံး သညာဟူသော အမည်ဖြင့် ဟောတော်မူ(အပ်)၏။


မှတ်ချက်

     ၁- ဤပုဒ်ကို ''ဟောတော်မူ(အပ်)၏''ဟူသော ကြိယာပုဒ်တို့နှင့် စပ်ပါ။

     ၂- အမှီပြု၍.. ရောက်၍.. ပယ်ကုန်လော့.. ကျော်လွန်ကုန်လော့-ဟု စပ်ပါ။

     ၃- ဤအရာ၌ ပေါဋ္ဌပါဒသုတ်အဖွင့် အဋ္ဌကထာတွင်-''သညာ-ဟူသည်ကား ဈာန်သညာတည်း၊ ဉာဏ်-ဟူသည်ကား ဝိပဿနာဉာဏ်တည်း။ တနည်းကား သညာ-ဟူသည်ကား ဝိပဿနာသညာတည်း။ ဉာဏ်-ဟူသည်ကား မဂ်ဉာဏ်တည်း။ တနည်းကား သညာ-ဟူသည်ကား မဂ်သညာတည်း၊ ဉာဏ်-ဟူသည်ကား ဖိုလ်ဉာဏ်တည်း''ဟူ၍ သုံးနည်း ဖွင့်ပြထား၏၊ ထိုသုံးနည်းတို့တွင် ဒုတိယနည်းအရ ဝိပဿနာသညာတို့တွင် အမြတ်ဆုံးသော သညာကို ဤ၌ သညဂ္ဂဟု ဆိုသည်။ မဟာသီဝမထေရ်ကမူ

၄၃၅

     ဒသုတ္တရသုတ္တန်၌ ''ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ- မဂ်ရောက်ကြောင်းအကျင့်ဉာဏ်အမြင် စင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိပဓာနိယင်္ဂ- ထက်ဝန်းကျင် စင်ကြယ်ခြင်း၏ ပြဓာန်းသော အကြောင်းအင်္ဂါ''ဟု ဤသို့ ပါရိသုဒ္ဓိပဓာနိယင်္ဂ- ထက်ဝန်းကျင် စင်ကြယ်ခြင်း၏ ပြဓာန်းသော အကြောင်းအင်္ဂါဟူသော အမည်ဖြင့် ဟောတော်မူ(အပ်)၏။

     ပဋိသမ္ဘိဒါမဂ်၌- ''မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါနုပဿနာ သင်္ခါရုပေက္ခာဉာဏ်ဟူသော ဤဉာဏ်တရားတို့သည် အနက်တရားကိုယ် အရတူကုန်၏၊ အမည် သဒ္ဒါမျှသာလျှင် ထူး၏''ဟု ဤသို့ သုံးပါးသော အမည်တို့ဖြင့် ဟောတော်မူ(အပ်) ၏။

     ပဋ္ဌာန်း၌-' 'အနုလုံသည် ဂေါတြဘူအား, အနုလုံသည် ဝေါဒါန်အား (ကျေးဇူးပြု၏)''ဟု ဤသို့ သုံးပါးသော အမည်တို့ဖြင့် ဟောတော်မူ(အပ်)၏။

     ရထဝိနီတသုတ္တန်၌- ''ငါ့ရှင်၊ အသို့နည်း၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အကျိုးငှါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးသလော''ဟု ဤသို့ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဟူသော အမည်ဖြင့် ဟောတော်မူ(အပ်)၏။

ဤသို့ ပြဆိုခဲ့သည့်အတိုင်း တပါးမက များလှသော အမည်တို့ဖြင့် ကိလေသာကို ငြိမ်းစေတတ်သော ထက်ဝန်းကျင် စင်ကြယ်သော အကြင် ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို မြတ်သော ဂုဏ်ကျေးဇူးကို ရှာတော်မူပြီးသော မြတ်စွာဘုရားသည် ဟောကြား ချီးကျူးတော်မူ(အပ်)၏။


မှတ်ချက်

'နိရောဓသမာပတ်မှ ထသော ပုဂ္ဂိုလ်အား ရှေးဦးစွာဖြစ်သော အရဟတ္တဖိုလ်သညာနှင့် ပစ္စဝေက္ခဏာဉာဏ်ကို ရည်၍ 'သညာသည် ရှေးဦးစွာ ဖြစ်၏၊ ဉာဏ်သည် နောက်မှ ဖြစ်၏'ဟု ဟောတော်မူသည်''ဟု ဖွင့်ပြ မိန့်ဆိုကြောင်း ထိုသုတ်အဖွင့် အဋ္ဌကထာ၌ပင် ပြဆိုထားသေး၏။

     ၁- မဂ်လေးပါး၏ ရှေးအခြားမဲ့၌ ဖြစ်သောဇောကို ဂေါတြဘူဟု ပဋိသမ္ဘိဒါမဂ်၌ ဟော၏၊ ဤ ပဋ္ဌာန်းဒေသနာတော်၌ကား အထက်မဂ်သုံးပါး၏ ရှေးအခြားမဲ့၌ဖြစ်သော ဇောကို ဝေါဒါန်ဟု ဟော၏။

     ၂- အမည်တို့ဖြင့်.. ဟောကြား ချီးကျူးတော်မူ(အပ်)၏-ဟု စပ်ပါ။

၄၃၆

ကြီးစွာသော ကြောက်ဖွယ်ဘေးရှိသော သံသရာဆင်းရဲဟူသော ညွန်မှ ထမြောက် ကျော်လွန်ခြင်းငှါ အလိုရှိသော ပညာရှိသဘောရှိသော အမျိုးကောင်းသားသည် ထိုဝုဋ္ဌောနဂါမိနီ ဝိပဿနာ၌ အမြဲမပြတ် အားထုတ်ခြင်းကို ပြုရာတော့သတည်း။

ဤသည်ကား သူတော်ကောင်းတို့၏ နှစ်သိမ့် ဝမ်းမြောက်ခြင်း အကျိုးငှါ စီရင်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် ပညာဘာဝနာအရာ၌ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိကို အကျယ်ပြချက် (ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ)မည်သော နှစ်ဆယ့်တခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အကျယ်ပြချက် ပြီး၏။




မှတ်ချက်

     ၁- ဝုဋ္ဌာနဂါမိနီဝိပဿနာ မည်သည်မှာ နှစ်ဝီထိ သုံးဝီထိ စသည်ဖြင့် အချိန်အနည်းငယ်မျှသာ ဖြစ်သောကြောင့် ထိုဝိပဿနာ၌ အမြဲမပြတ် အားထုတ်ရန် တိုက်တွန်းဖွယ် မရှိပေ၊ ထို့ကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာ၌ စိတ်ကို ညွတ်ထား၍ ၎င်းကို ရည်ရွယ်မျှော်လင့်၍ ဝိပဿနာအလုပ်၌ အမြဲမပြတ် အားထုတ်ခြင်းကို ပြုရာတော့သတည်း-ဟု ဆိုလိုသည်ဟူ၍ မှတ်ရာ၏။

၄၃၇

၂၂-ဉာဏဒဿနဝိသုဒ္ဓိကို အကျယ်ပြဆိုချက်

ပဌမမဂ်ဉာဏ်ကို ပြဆိုချက်

     [၃၁၂] ၈ဝ၆။ ဤ(အနုလုံ)မှ နောက်၌ ဂေါတြဘူဉာဏ် ဖြစ်ပေါ်၏၊ ထိုဂေါတြဘူဉာဏ်သည် မဂ်၏ အာဝဇ္ဇန်းအရာ၌ တည်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိသို့လည်း မဝင်၊ ဉာဏဒဿနဝိသုဒ္ဓိသို့လည်း မဝင်၊ (ထိုဝိသုဒ္ဓိနှစ်ပါးတို့၏) အကြား၌ ဝိသုဒ္ဓိဟု မခေါ်ဝေါ်လောက်သော ဉာဏ်သာလျှင် ဖြစ်ပေ၏။ သို့သော်လည်း ဝိပဿနာအယဉ်၌ ကျသောကြောင့် ဝိပဿနာဟု ရေတွက်ခြင်းသို့ ရောက်၏။

     သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်ဟူသော ဤလေးပါးသော မဂ်တို့၌ ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ (ဉာဏ်အမြင်၏ စင်ကြယ်ခြင်း- စင်ကြယ်သော ဉာဏ်အမြင်) မည်၏။

     ထိုတွင် ပဌမမဂ်ဉာဏ်ကို ပြည့်စုံစေခြင်းငှါ အလိုရှိသော ဤယောဂီမှာ အခြားတပါးသော ပြုဖွယ်ကိစ္စမည်သည် တစုံတခုမျှ မရှိတော့ပြီ၊ မှန်ပေ၏၊ ဤယောဂီသည် အနုလောမဉာဏ် အဆုံးရှိသော ဝိပဿနာဉာဏ်ကို ဖြစ်စေလျက် ပြုဖွယ်ကိစ္စ ဟူသမျှကို ပြုပြီးသည်သာလျှင် ဖြစ်ပေ၏။ ဤဆိုခဲ့သည့်အတိုင်း ဖြစ်ပြီးသော အနုလောမဉာဏ်ရှိသော ဤယောဂီ၏စိတ်သည် ထိုပြခဲ့ပြီးသော အနုလောမဉာဏ် သုံးပါးတို့ဖြင့်လည်း မိမိ၏


မှတ်ချက်

     ၁- အနိစ္စ စသည်တို့၏ အစွမ်းအားဖြင့် သင်္ခါရတို့ကို မရှုသောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိသို့ မဝင်-ဟု ဋီကာ၌ ဆို၏။

     ၂- နိဗ္ဗာန်ကို အာရုံပြုသော်လည်း ကိလေသာတို့ကို မကုန်စေတတ်သောကြောင့် ဉာဏဒဿနဝိသုဒ္ဓိသို့ မဝင်-ဟု ဋီကာ၌ ဆို၏။

     ၃- ယောဂီ၏စိတ်သည်.. သင်္ခါရတရားအပေါင်း၌ မပြေးသွား မတည်တံ့- ဤသို့ စသည်ဖြင့် စပ်ပါ။

     ၄- သုံးပါးတို့ဖြင့်လည်း-ဟူသော စကားမှာ တီဟိပိ-ဟူသော ပါဠိအရ အတိအကျ ပြန်ဆိုချက် ဖြစ်သည်။ ဤ၌ အပိ-လည်း-ဟူသော သဒ္ဒါဖြင့် အနုလောမဉာဏ် နှစ်ပါးတို့ဖြင့်လည်း ကိလေသာအမှောင်ကို ကွယ်ပျောက်စေခြင်း ရှိသေးသည်ဟု သိစေ၏။

၄၃၈

အစွမ်းအာနုဘော်အားလျော်စွာ သစ္စာကို ဖုံးလွှမ်းတတ်သော ရုန့်ရင်း ရုန့်ရင်းသော ကိလေသာအမှောင်ကို ကွယ်ပျောက်စေပြီးလတ်သော် အလုံးစုံသော သင်္ခါရတရားအပေါင်း၌ မပြေးသွား မတည်တံ့ နှလုံးမသွင်း မကပ်မငြိ မတွယ်၊ ပဒုမ္မာကြာဖက်မှ ရေကဲ့သို့ တွန့်၏ ရှုံ့၏ ပြန်နစ်၏၊ အလုံးစုံသော သင်္ခါရနိမိတ် အာရုံသည်၎င်း အလုံးစုံသော (အဇ္ဈတ္တသန္တာန်၌) မပြတ်ဖြစ်သော ခန္ဓာအယဉ် အာရုံသည်၎င်း အနှောင့်အရှက် ပလိဗောဓအနေအားဖြင့် ထင်ပေါ်၏။ ထိုအခါ၌ ထိုယောဂီအား အလုံးစုံသော သင်္ခါရနိမိတ်အာရုံနှင့် ခန္ဓာအယဉ်အာရုံသည် အနှောင့်အရှက် ပလိဗောဓအနေအားဖြင့် ထင်လတ်သော် အနုလောမဉာဏ် မှီဝဲသည်၏ အဆုံး၌ သင်္ခါရနိမိတ်မရှိသော မပြတ်ဖြစ်နေသည့် ခန္ဓာအယဉ်မရှိသော သင်္ခါရကင်းသော သင်္ခါရချုပ်ရာဖြစ်သော နိဗ္ဗာန်ကို အာရုံပြုလျက် ပုထုဇဉ်အနွယ်, ပုထုဇဉ်ဟူသော အမည်ဝေါဟာရ ပုထုဇဉ်၏ ဘုံအဆင့်ကို ကျော်လွန်လျက် အရိယာအနွယ် အရိယာဟူသော အမည်ဝေါဟာရ အရိယာ၏ဘုံအဆင့်သို့ ဆိုက်ရောက်လျက် နိဗ္ဗာန်အာရုံ၌ ရှေးဦးစွာလည်ခြင်း ရှေးဦးစွာ နှလုံးသွင်းခြင်း ရှေးဦးစွာ ဆင်ခြင်ခြင်း သဘောဖြစ်သော ခေါင်ထိပ်သို့ ရောက်သော ဝိပဿနာ၏ ဦးခေါင်းသဖွယ် ဖြစ်သော တဖန်ပြန်လည်ခြင်း မရှိသော ဂေါတြဘူဉာဏ်သည် အရိယာမဂ်အား အနန္တရသတ္တိ သမနန္တရသတ္တိ အာသေဝနသတ္တိ ဥပနိဿယသတ္တိ နတ္ထိသတ္တိ ဝိဂတသတ္တိတို့၏ အစွမ်းအားဖြင့် ခြောက်ပါးသော အခြင်းအရာတို့ဖြင့် ကျေးဇူးပြုသည်၏ အဖြစ်ကို ပြီးစေလျက် ဖြစ်ပေါ်၏။ ယင်း ဂေါတြဘူဉာဏ်ကို ရည်၍ ပဋိသမ္ဘိဒါမဂ်၌ အောက်ပါစကားကို ဟောတော်မူ၏-

အဘယ်သို့လျှင် အပြင်ပ (သင်္ခါရ)မှ ထခြင်း ပြန်လည်ခြင်း ပြီးစီးလတ်သော် ဖြစ်သောပညာသည် ဂေါတြဘူဉာဏ် မည်သနည်း?


မှတ်ချက်

     ၁-၂- အာရုံသည်၎င်း.. အာရုံသည်၎င်း- ထင်ပေါ်၏-ဟု စပ်ပါ။

     ၃- မှီဝဲသည်၏ အဆုံး၌-ဟူသော စကားဖြင့် ဒုတိယအနုလုံ၏ အခြားမဲ့၌ဖြစ်စေ တတိယအနုလုံ၏ အခြားမဲ့၌ဖြစ်စေ ဂေါတြဘူဉာဏ် ဖြစ်ပေါ်သည်။ ပဌမအနုလုံ၏ အခြားမဲ့၌ကား မှီဝဲခြင်း ထုံခြင်းကို မရသေးသောကြောင့် မဖြစ်နိုင်ဟု ပြ၏။ မှန်ပေ၏၊ မှီဝဲခြင်း ထုံခြင်းကို မရသော အနုလောမဉာဏ်သည် ဂေါတြဘူဉာဏ်ကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်။ (ဋီကာ)

     ၄- ဖြစ်သော- ရောက်သော- ဖြစ်သော- ဤဝိသေသန သုံးပုဒ်ကို ဂေါတြဘူဉာဏ်၌ စပ်ပါ။

၄၃၉

ရှေးဦးစွာ ဖြစ်ပေါ်ခြင်းကို လွှမ်းမိုး ကျော်လွန်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပွါးခြင်းကို ။ပ။ ပြင်းစွာ ပူပန်ခြင်းကို လွှမ်းမိုး ကျော်လွန်တတ်သောကြောင့် ဂေါတြဘူမည်၏။ အပြင်ပဖြစ်သော သင်္ခါရနိမိတ်ကို လွှမ်းမိုး ကျော်လွန်တတ်သောကြောင့် ဂေါတြဘူမည်၏။ မဖြစ်ပေါ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ မဖြစ်ပွါးခြင်းသို့ ။ပ။ ပြင်းစွာ မပူပန်ခြင်းသို့။ သင်္ခါရချုပ်ရာ နိဗ္ဗာန်သို့ [၃၁၃] ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပေါ်ခြင်းကို လွှမ်းမိုးကျော်လွန်၍ မဖြစ်ပေါ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဤသို့ စသည်ဖြင့် အလုံးစုံကို ချဲ့၍ သိအပ်၏။

     ၈ဝ၇။ ထိုစကားရပ်၌ ဤဆိုလတံ့သည်ကား တခုတည်းသော အာဝဇ္ဇန်းဖြင့်(ဖြစ်သော) တခုတည်းသော စိတ်အစဉ် (ဝီထိ)၌ တဆက်တည်း ဖြစ်ကုန်သော်လည်း (ထိုသို့ ဖြစ်ကြသော) အနုလောမဉာဏ်နှင့် ဂေါတြဘူ ဉာဏ်တို့၏ အသီးအသီးသော အာရုံ၌ ဖြစ်ပုံအခြင်းအရာကို ပြသော ဥပမာတည်း.. ကြီးသော ရေမြောင်းကို ခုန်ကျော်၍ တဖက်ကမ်း၌ တည်ခြင်းငှါ အလိုရှိသော ယောက်ျားသည် လျင်သောအဟုန်ဖြင့် ပြေးသွားပြီးလျှင် ရေမြောင်း၏ ဤဖက်ကမ်း၌(ရှိသော) သစ်ပင်၏ကိုင်း၌ ဖွဲ့ချည်၍ တွဲလျားချထားသော ကြိုးကိုဖြစ်စေ ဒုတ်ချောင်းကိုဖြစ်စေ ဆွဲကိုင်၍ ခုန်လွှားပြီးလျှင် တဖက်ကမ်းဆီသို့ ညွတ်ကိုင်းရှိုင်းသော ကိုယ်ရှိသည်ဖြစ်၍ တဖက်ကမ်း၏ အထက်အဖို့သို့ ရောက်လတ်သော် ဆွဲကိုင်ထားသော ထိုကြိုး ထိုဒုတ်ချောင်းကို လွှတ်လိုက်၍ တုန်လှုပ်လျက် တဖက်ကမ်း၌ ကျပြီးလျှင် ဖြည်းဖြည်း တည်တံ့သွားလေသကဲ့သို့ ထို့အတူပင်လျှင် ဤယောဂီသည်လည်း


မှတ်ချက်

     ၁- ဤဆိုလတံ့သည်ကား.. ပြသော ဥပမာတည်း-ဟု စပ်ပါ။

     ၂- တခုတည်းသော ဝီထိ၌ တဆက်တည်းဖြစ်သော ရှေးစိတ် နောက်စိတ်တို့သည် တခုတည်းသော အာရုံ၌ ဖြစ်မြဲပေတည်း၊ ဤအနုလောမဉာဏ်နှင့် ဂေါတြဘူဉာဏ်တို့သည်ကား တခုတည်းသော ဝီထိ၌ တဆက်တည်း ဖြစ်ကုန်သော်လည်း တခုတည်းသော အာရုံ၌ မဖြစ်မူ၍ အသီးအသီး ကွဲပြားသောအာရုံ၌ ဖြစ်ကြသည်ဟူသော အနက်ကို ''သော်လည်း''ဟူသော စကားဖြင့် ဖော်ပြ၏။

၄၄၀

ဘဝသုံးပါး ယောနိလေးပါး ဂတိငါးပါး ဝိညာဏဋ္ဌိတိ ခုနစ်ပါး သတ္တာဝါသကိုးပါးတို့၏ တဖက်ကမ်းဖြစ်သော နိဗ္ဗာန်၌ တည်ခြင်းငှါ အလိုရှိသည်ဖြစ်၍ ဥဒယဗ္ဗယဉာဏ် အစရှိသော လျင်သောအဟုတ်ဖြင့် ပြေးသွားပြီးလျှင် အတ္တဘောတည်းဟူသော သစ်ပင်၏ကိုင်း၌ ဖွဲ့ချည်၍ တွဲလျားချထား(သကဲ့သို့)သော ရုပ်တည်းဟူသော ကြိုးကိုဖြစ်စေ ဝေဒနာ စသည်တို့တွင် တပါးပါးသော နာမ်ခန္ဓာတည်းဟူသော ဒုတ်ချောင်းကိုဖြစ်စေ အနိစ္စဟူ၍သော်၎င်း ဒုက္ခဟူ၍သော်၎င်း အနတ္တဟူ၍သော်၎င်း အနုလောမဉာဏ်၏ အာဝဇ္ဇန်းဖြင့် ဆွဲကိုင်ပြီးလျှင် ထိုဆွဲကိုင်အပ်သော အာရုံကို မလွှတ်မူ၍သာလျှင် ပဌမအနုလုံစိတ်ဖြင့် ခုန်လွှား၍ ဒုတိယအနုလုံစိတ်ဖြင့် တဖက်ကမ်းဆီသို့ ညွတ်ကိုင်းရှိုင်းသော ကိုယ်ရှိသော ထိုယောက်ျားကဲ့သို့ နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ရှိသည်ဖြစ်၍ တတိယအနုလုံစိတ်ဖြင့် တဖက်ကမ်း၏ အထက်အဖို့သို့ ရောက်သော ထိုယောက်ျားကဲ့သို့ ယခုပင် ရောက်လတံ့သော နိဗ္ဗာန်နှင့် နီးသည်ဖြစ်၍ ထိုတတိယအနုလုံစိတ်၏ ချုပ်ခြင်းဖြင့် ထိုသင်္ခါရအာရုံကို စွန့်လွှတ်ပြီးလျှင် သင်္ခါရကင်း၍ တဖက်ကမ်းဖြစ်သော နိဗ္ဗာန်၌ ဂေါတြဘူစိတ်ဖြင့် ကျသွား၏။ သို့သော်လည်း တူသော အာရုံ၌ အာသေဝနပစ္စည်းကို မရသောကြောင့် တုန်လှုပ်နေသော ထိုယောက်ျားကဲ့သို့ပင် ကောင်းစွာ တည်တံ့သည်ကား မဖြစ်သေး၊ ထိုဂေါတြဘူမှ နောက်၌ မဂ်ဉာဏ်ဖြင့် တည်တံ့သွားလေ၏။

     ၈ဝ၈။ ထို အနုလောမဉာဏ် ဂေါတြဘူဉာဏ် နှစ်ပါးတို့တွင် အနုလောမဉာဏ်သည် သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာအမိုက်မှောင်ကို ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်၏၊ နိဗ္ဗာန်ကို အာရုံပြုခြင်းငှါကား မစွမ်းနိုင်။


မှတ်ချက်

     ၁- ပြေးသွားပြီးလျှင်.. ဆွဲကိုင်ပြီးလျှင်.. မလွှတ်မူ၍သာလျှင်.. ခုန်လွှား၍.. ကိုင်းရှိုင်းသော စိတ်ရှိသည်ဖြစ်၍.. နီးသည်ဖြစ်၍.. စွန့်လွှတ်ပြီးလျှင်.. ကျသွား၏-ဟု စပ်ပါ။

     ၂- ကြိုးကိုဖြစ်စေ.. ထုတ်ချောင်းကိုဖြစ်စေ.. ဆွဲကိုင်ပြီးလျှင်-ဟု စပ်ပါ။

     ၃- သော်၎င်း-ဟူသော ဤပုဒ်တို့ကို ဆွဲကိုင်ပြီးလျှင်-ဟူသော ပုဒ်နှင့် စပ်ပါ။

     ၄- ဒုတိယအနုလုံစိတ်ဖြင့်.. နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ရှိသည်ဖြစ်၍-ဟု စပ်ပါ။

     ၅- တတိယအနုလုံစိတ်ဖြင့်.. နိဗ္ဗာန်နှင့် နီးသည်ဖြစ်၍-ဟု စပ်ပါ။

၄၄၁

ဂေါတြဘူဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုခြင်းငှါသာလျှင် စွမ်းနိုင်၏၊ သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာအမိုက်မှောင်ကို ပယ်ဖျောက်ခြင်းငှါကား မစွမ်းနိုင်။ ထိုသို့ စွမ်းနိုင်, မစွမ်းနိုင်ရာ၌ ဤဆိုလတံ့သည်ကား ဥပမာတည်း.. မျက်စိမြင်သော ယောက်ျားတယောက်သည် နက္ခတ်နှင့် လအယှဉ်ကို သိအောင်ကြည့်အံ့ဟု ကြံ၍ ညဉ့်အဖို့၌ အပြင်သို့ထွက်၍ လကိုကြည့်ခြင်းငှါ အထက်ကောင်းကင်သို့ မော်ကြည့်လေသတတ်၊ တိမ်တိုက်တို့ ဖုံးလွှမ်းထားသောကြောင့် လသည် ထိုယောက်ျားအား မထင်ပေါ်ပဲ ရှိလေသတတ်၊ ထိုအခါ၌ တခုသောလေသည် တက်၍ ရုန့်ရင်း ရုန့်ရင်းကုန်သော တိမ်တိုက်တို့ကို တိုက်လွှင့်ဖျက်ဆီး၏၊ ထိုမှတပါးသော လေသည် မထူမပါး အလတ်စားဖြစ်သော တိမ်တိုက်တို့ကို တိုက်လွှင့်ဖျက်ဆီး၏၊ ထိုမှတပါးသော လေသည် သိမ်မွေ့သော တိမ်တို့ကို တိုက်လွှင့်ဖျက်ဆီး၏။ ထိုမှနောက်၌ ထိုယောက်ျားသည် တိမ်တိုက်ကင်းစင်သော ကောင်းကင်၌ လကို မြင်၍ နက္ခတ်အယှဉ်ကို သိလေသတတ်။

     [၃၁၄] ထိုဥပမာ၌ သုံးခုသော တိမ်တိုက်တို့ကဲ့သို့ သစ္စာကို ဖုံးလွှမ်းတတ်သော ရုန့်ရင်း, အလတ်စား, သိမ်မွေ့အားဖြင့် ၃-ပါးသော ကိလေသာအမှောင်ကို မှတ်အပ်၏၊ သုံးခုသော လေတို့ကဲ့သို့ သုံးပါးသော အနုလုံစိတ်တို့ကို မှတ်အပ်ကုန်၏၊ မျက်စိမြင်သော ယောက်ျားကဲ့သို့ ဂေါတြဘူဉာဏ်ကို မှတ်အပ်၏၊ လကဲ့သို့ နိဗ္ဗာန်ကို မှတ်အပ်၏၊ တခုတခုသော လေသည် အစဉ်အတိုင်း တခုတခုသော တိမ်တိုက်ကို ဖျက်ဆီးခြင်းကဲ့သို့ တပါးတပါးသော အနုလုံစိတ်သည် သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာအမှောင်ကို ဖျက်ဆီးခြင်းကို မှတ်အပ်၏၊ တိမ်တိုက်ကင်းသော ကောင်းကင်၌ စင်ကြယ်သော လကို ထိုယောက်ျား၏ မြင်ခြင်းကဲ့သို့ သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာအမှောင် ကင်းသောအခါ စင်ကြယ်သော နိဗ္ဗာန်ကို ဂေါတြဘူဉာဏ်၏ မြင်ခြင်းကို မှတ်အပ်၏။

     မှန်ပေ၏၊ သုံးခုသော လေတို့သည် လကို ဖုံးလွှမ်းတတ်သော တိမ်တိုက်တို့ကို ဖျက်ဆီးခြင်းငှါသာလျှင် စွမ်းနိုင်ကုန်၏၊ လကို မြင်ခြင်းငှါကား မစွမ်းနိုင်ကုန်သကဲ့သို့ ဤအတူပင် အနုလောမဉာဏ်တို့သည် သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာအမှောင်ကို ပယ်ဖျောက်ခြင်းငှါသာလျှင် စွမ်းနိုင်ကုန်၏၊ နိဗ္ဗာန်ကိုမြင်ခြင်းငှါကား မစွမ်းနိုင်ကုန်။ ထိုယောက်ျားသည်

၄၄၂

လကို မြင်ခြင်းငှါသာလျှင် စွမ်းနိုင်၏၊ တိမ်တိုက်တို့ကို ဖျက်ဆီးခြင်းငှါကား မစွမ်းနိုင်သကဲ့သို့ ဤအတူပင် ဂေါတြဘူဉာဏ်သည် နိဗ္ဗာန်ကို မြင်ခြင်းငှါသာလျှင် စွမ်းနိုင်၏၊ ကိလေသာအမှောင်ကို ပယ်ဖျောက်ခြင်းငှါကား မစွမ်းနိုင်။ ထို့ကြောင့်ပင်လျှင် ဤဂေါတြဘူဉာဏ်သည် ''မဂ်၏အာဝဇ္ဇန်း''ဟူ၍ ဆိုအပ်ပေသည်။ မှန်ပေ၏၊ ထိုဂေါတြဘူဉာဏ်သည် အာဝဇ္ဇန်း မဟုတ်ငြားသော်လည်း အာဝဇ္ဇန်း၏အရာ၌ တည်၍ မဂ်အား ''ဤသို့ ဖြစ်ရစ်လော့''ဟု အမှတ်သညာပေးသကဲ့သို့ (ဖြစ်ပြီးလျှင်) ချုပ်လေ၏၊ မဂ်သည်လည်း ထိုဂေါတြဘူကပေးသော အမှတ်သညာကို မလွှတ်မူ၍သာလျှင် အခြားအပြတ်မရှိသော စိတ်အစဉ်၏ အစွမ်းအားဖြင့် ထိုဂေါတြဘူဉာဏ်သို့ အစဉ်လိုက်လျက် မဖောက်ထွင်းဘူး မခွဲဖျက်ဘူးသေးသော လောဘတုံး ဒေါသတုံး မောဟတုံးတို့ကို ဖောက်ထွင်းလျက် ခွဲဖျက်လျက်သာလျှင် ဖြစ်ပေါ်၏။

     ၈ဝ၉။ ထိုသို့ ဖောက်ထွင်း ခွဲဖျက်ရာ၌ ဤဆိုလတံ့သည်ကား ဥပမာတည်း.. လေးသမားတယောက်သည် ရှစ်ဥသဘမျှရှိသော အရပ်၌ ပျဉ်ချပ်တရာကို ထားစေပြီးလျှင် မျက်နှာကို အဝတ်ဖြင့် ရစ်ပတ်၍ မြှားကို တပ်ဆင်လျက် စက်ယန္တရား (ဆုံလည်ခုံဝိုင်း)၌ ရပ်တည်နေသတတ်၊ အခြားတပါးသော ယောက်ျားသည် စက်ယန္တရား (ဆုံလည်ခုံဝိုင်း)ကို လှည့်၍ ပျဉ်ချပ်သည် လေးသမား၏ ရှေးရှုဖြစ်သောအခါ ထိုပျဉ်ချပ်၌ ဒုတ်ဖြင့် အမှတ်သညာကို ပေး၏၊ လေးသမားသည် ဒုတ်(သံ)အမှတ်သညာကို မလွှတ်မူ၍သာလျှင် မြှားကို ပစ်လျက် ပျဉ်ချပ်တရာကို ဖောက်ထွင်းသတတ်။ ထိုဥပမာ၌ ဒုတ်(သံ)အမှတ်သညာကဲ့သို့ ဂေါတြဘူဉာဏ်ကို မှတ်အပ်၏၊ လေးသမားကဲ့သို့ မဂ်ဉာဏ်ကို မှတ်အပ်၏၊ ဒုတ်(သံ)အမှတ်သညာကို မလွှတ်မူ၍သာလျှင် ပျဉ်ချပ်တရာကို လေးသမား၏ ဖောက်ထွင်းခြင်းကဲ့သို့ ဂေါတြဘူဉာဏ်ကပေးသော အမှတ်သညာကို မလွှတ်မူ၍သာလျှင် မဂ်ဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် မဖောက်ထွင်းဘူး မခွဲဖျက်ဘူးသေးသော လောဘတုံး ဒေါသတုံး မောဟတုံးတို့ကို ဖောက်ထွင်းခြင်း ခွဲဖျက်ခြင်းကို မှတ်အပ်၏။

     ၈၁ဝ။ ဤမဂ်သည် လောဘတုံး စသည်တို့ကို ဖောက်ခွဲခြင်းကိုသာလျှင် သက်သက်ပြုသည် မဟုတ်သေး၊ စင်စစ်သော်ကား (အနမတဂ္ဂ) အစမထင်သော သံသရာဝဋ်ဆင်းရဲဟူသော သမုဒြာကိုလည်း

၄၄၃

ခြောက်ခန်းစေသေး၏။ အလုံးစုံသော အပါယ်တံခါးတို့ကိုလည်း ပိတ်သေး၏၊ ခုနစ်ပါးသော အရိယာဥစ္စာတို့၏ မျက်မှောက်ဖြစ်ခြင်းကို (၎င်းတို့ကို ရခြင်းကို)လည်း ပြုသေး၏။ အင်္ဂါရှစ်ပါးရှိသော မိစ္ဆာမဂ်ခေါ် လမ်းမှားကိုလည်း ပယ်သေး၏၊ အလုံးစုံသော ဘေးရန်တို့ကိုလည်း ငြိမ်းစေသေး၏၊ မြတ်စွာဘုရား၏ ရွှေရင်တော်နှစ် သားတော်စစ် အဖြစ်သို့လည်း [၃၁၅] ရောက်စေသေး၏၊ ထိုမှတပါး အရာမက များစွာကုန်သော အကျိုးအာနိသင်တို့ကို ရခြင်းငှါလည်း ဖြစ်သေး၏။ ဤသို့လျှင် များစွာသော အကျိုးအာနိသင်တို့ကို ပေးတတ်သော သောတာပတ္တိမဂ်နှင့်ယှဉ်သော ဉာဏ်သည် သောတာပတ္တိမဂ်ဉာဏ် မည်၏။

ပဌမမဂ်ဉာဏ် ပြီး၏။


မှတ်ချက်

     ၁- အရိယာဥစ္စာ ခုနစ်ပါးတို့ ဟူသည်ကား သဒ္ဓါ သီလ ဟီရိ ဩတ္တပ္ပ သုတ စာဂ ပညာတို့ ဖြစ်သည်။

     ၂- မိစ္ဆာမဂ် ဟူသည်ကား မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝ မိစ္ဆာဝါယာမ မိစ္ဆာသတိ မိစ္ဆာသမာဓိ-ဟူသော ဤရှစ်ပါးအပေါင်းပင်တည်း။

     ၃- ပါဠိ၌ ဝေရဘယ- ရန်ဘေးဟု ရှိ၏၊ ဤ၌ကား မြန်မာစကား ချောမောစေရန် ဘေးရန်ဟု ပြန်ထားသည်။ ထိုတွင် ဝေရ-ရန်-ဟူသည်မှာ ပါဏာတိပါတ အစရှိသော ငါးပါးသော သီလပျက်မှု အကုသိုလ်ရန်ပင် ဖြစ်သည်။ ဘေးဟူသည်မှာ (၁) ဆွေမျိုးတို့၏ ပျက်စီးခြင်း၊ (၂) ရောဂါနှိပ်စက်ခြင်း၊ (၃) ဥစ္စာပျက်စီးခြင်း၊ (၄) သီလပျက်စီးခြင်း၊ (၅) အယူပျက်စီးခြင်း၊ (၆) မင်းဘေး၊ (၇) ခိုးသူဘေး၊ (၈) ရန်သူဘေး၊ (၉) ငတ်မွတ်သောဘေး၊ (၁ဝ) မီးဘေး၊ (၁၁) ရေဘေး၊ (၁၂) လှိုင်းတံပိုးဘေး၊ (၁၃) ရေဝဲဘေး၊ (၁၄) မိကျောင်းဘေး၊ (၁၅) မကရ်းငါးဘေး၊ (၁၆) မိမိကိုယ် တိုင် စွပ်စွဲ၍ နောင်တပူပန်ခြင်းဘေး၊ (၁၇) သူတပါးက စွပ်စွဲခြင်းဘေး၊ (၁၈) မင်းဒဏ်, ဝိနည်းဒဏ်သင့်သော ဘေး၊ (၁၉) အပါယ်ဒုဂ္ဂကိဘေး၊ (၂ဝ) ပရိသတ်အလယ်၌ ရှက်ရွံ့သောဘေး၊ (၂၁) မိစ္ဆာဇီဝကြောင့် သင့်သောဘေး၊ (၂၂) ပဋိသန္ဓေနေရခြင်းဘေး၊ (၂၃) အိုခြင်းဘေး၊ (၂၄) နာခြင်းဘေး၊ (၂၅) သေခြင်းဘေးဟူသော ဤနှစ်ဆယ့်ငါးပါးသော ဘေးကြီးတို့ဖြစ်သည်။ (မဟာနိဒ္ဒေသ ၂၈၉-နှင့် မိလိန္ဒပဉှာ ၁၉၄-တို့၌ လာသည်။ အတိအကျကား မဟုတ်ပေ။)

၄၄၄

သောတာပန်ပုဂ္ဂိုလ်ကို ပြဆိုချက်

     ၈၁၁။ ထိုမှတပါး ဤပဌမဂ်ဉာဏ်၏ အခြားမဲ့၌ ထိုဉာဏ်၏ပင်လျှင် အကျိုးဝိပါက် ဖြစ်ကုန်သော နှစ်ကြိမ် သုံးကြိမ်သော ဖိုလ်စိတ်တို့သည် ဖြစ်ပေါ်ကုန်၏။ မှန်ပေ၏၊ လောကုတ္တရာ ကုသိုလ်တို့သည် အခြားမဲ့၌ အကျိုးပေးတတ်သည်၏ အဖြစ်ကြောင့်သာလျှင် ''အကြင်မဂ်သမာဓိကို အခြားမဲ့၌ အကျိုးပေးတတ်သည်ဟု မိန့်ဆိုကုန်၏'' ဟူ၍၎င်း, ''အာသဝေါတရားတို့၏ ကုန်ခြင်းငှါ အခြားမဲ့၌ အကျိုးပေးတတ်သော အရိယာမဂ်ကို နှေးနှေး ဆိုက်ရောက်၏'' ဟူ၍၎င်း ဤသို့ အစရှိသည်ကို ဟောတော်မူ(အပ်)၏။ အချို့ဆရာတို့သည်ကား ''တကြိမ်ဖြစ်စေ နှစ်ကြိမ်ဖြစ်စေ သုံးကြိမ်ဖြစ်စေ လေးကြိမ်ဖြစ်စေ ဖိုလ်စိတ်တို့သည် ဖြစ်ပေါ်ကုန်၏''ဟု ဆိုကုန်၏၊ ထို စကားကိုကား မယူအပ် မမှတ်အပ်။

     မှန်ပေ၏၊ အနုလောမဉာဏ် (၂-ကြိမ် ၃-ကြိမ်ဖြစ်လျက်) မှီဝဲသည်၏ အဆုံး၌ ဂေါတြဘူဉာဏ်သည် ဖြစ်ပေါ်၏၊ ထို့ကြောင့် အလုံးစုံတို့၏ အောက်ထစ်ဆုံး အပိုင်းအခြားအားဖြင့် အနုလုံစိတ် ၂-ကြိမ် ဖြစ်သင့်၏။ တကြိမ်မျှဖြစ်သော အနုလုံစိတ်သည် အာသေဝနပစ္စည်းကို မရချေ၊ တခုသော အာဝဇ္ဇန်းရှိသော စိတ်အစဉ် (ဝီထိ)သည်လည်း ဇောစိတ်ခုနစ်ကြိမ် အတိုင်းအရှည်ရှိ၏၊ ထို့ကြောင့် အနုလုံစိတ် နှစ်ကြိမ်ဖြစ်သော ပုဂ္ဂိုလ်အား သုံးကြိမ်မြောက် ဂေါတြဘူစိတ်ဖြစ်၏၊ လေးကြိမ်မြောက် မဂ်စိတ်ဖြစ်၏၊ သုံးကြိမ်သော ဖိုလ်စိတ်တို့ ဖြစ်ကုန်၏။ အနုလုံစိတ် သုံးကြိမ်ဖြစ်သော ပုဂ္ဂိုလ်အား


မှတ်ချက်

     ၁- ဝိသုဒ္ဓိမဂ်စာကိုယ် ပါဠိ၌ ''ဒွေ တီဏိ ဝါ ဖလစိတ္တာနိ''-ဟု ရှိသောကြောင့် ''နှစ်ခု သုံးခုသော ဖိုလ်စိတ်တို့''ဟု အတိအကျ ပြန်ဆိုသင့်သော်လည်း သိနားလည်လွယ်စေရန် အလို့ငှါ ''နှစ်ကြိမ် သုံးကြိမ်သော''ဟု ပြန်ဆိုထားသည်၊ အနုလောမဉာဏ်က သုံးကြိမ်ဖြစ်ခဲ့လျှင် ဖိုလ်စိတ် နှစ်ကြိမ်ဖြစ်သည်၊ အနုလောမဉာဏ်က နှစ်ကြိမ်ဖြစ်ခဲ့လျှင် ဖိုလ်စိတ် သုံးကြိမ်ဖြစ်သည်-ဟု ဆိုလို၏။

     ၂- မဂ္ဂဝီထိ၌ အနုလုံဇော ဂေါတြဘူဇော မဂ်ဇော ဖိုလ်ဇော အားလုံး စုစုပေါင်း ခုနစ်ကြိမ်သာလျှင် ဖြစ်ရိုးရှိခြင်း, အနုလုံဇောမှာလည်း အောက်ထစ်ဆုံး နှစ်ကြိမ်သာလျှင် ဖြစ်ရိုးရှိခြင်းဟူသော ထိုအကြောင်း နှစ်ပါးကြောင့်ဟု ဆိုလို၏။

၄၄၅

လေးကြိမ်မြောက် ဂေါတြဘူစိတ် ဖြစ်၏၊ ငါးကြိမ်မြောက် မဂ်စိတ်ဖြစ်၏၊ နှစ်ကြိမ်သော ဖိုလ်စိတ်တို့ ဖြစ်ကုန်၏၊ ထို့ကြောင့် ''နှစ်ကြိမ် သုံးကြိမ်သော ဖိုလ်စိတ်တို့သည် ဖြစ်ပေါ်ကုန်၏''ဟု ဆိုခဲ့ပေသည်။

     အချို့သော ဆရာတို့သည်ကား ''အနုလုံစိတ် လေးကြိမ်ဖြစ်သော ပုဂ္ဂိုလ်အား ငါးကြိမ်မြောက် ဂေါတြဘူစိတ် ဖြစ်၏၊ ခြောက်ကြိမ်မြောက် မဂ်စိတ်ဖြစ်၏၊ တကြိမ်သော ဖိုလ်စိတ် ဖြစ်၏''ဟု ဆိုကုန်၏၊ ထိုစကားကိုမူကား ''လေးကြိမ်မြောက်ဖြစ်စေ ငါးကြိမ်မြောက်ဖြစ်စေ အပ္ပနာဇောဖြစ်၏၊ ထိုငါးကြိမ်မှ နောက်၌ နီးကပ်သော ဘဝင်ရှိသောကြောင့် (ဘဝင်ကျချိန် နီးကပ်နေသောကြောင့်) အပ္ပနာဇော မဖြစ်''ဟူ၍ (အဋ္ဌကထာ၌) ပယ်အပ်ပြီး ဖြစ်သည်။ ထို့ကြောင့် အနှစ်သာရအဖြစ်ဖြင့် မယုံကြည် မယူဆအပ်။

     ၈၁၂။ ဤ(သောတာပတ္တိဖိုလ် ဖြစ်ကာ)မျှဖြင့် ဤယောဂီသည် သောတာပန်မည်သော ဒုတိယ အရိယာပုဂ္ဂိုလ် ဖြစ်၏၊ အလွန် မေ့လျော့နေငြားသော်လည်း နတ်တို့၌၎င်း လူတို့၌၎င်း ခုနစ်ကြိမ် ပြေးသွားကျင်လည်ပြီးလျှင် ဆင်းရဲ၏အဆုံး (အရဟတ္တဖိုလ်)ကို ပြုခြင်းငှါ စွမ်းနိုင်ပေ၏။ ဖိုလ်ဇော၏အဆုံး၌ ထိုသောတာပန်ပုဂ္ဂိုလ်၏ စိတ်သည် ဘဝင်သို့ သက်၏။ ထိုမှနောက်၌ ဘဝင်ကိုဖြတ်၍ မဂ်ကို ဆင်ခြင်ခြင်းအကျိုးငှါ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပေါ်၏၊ ထိုစိတ် ချုပ်လတ်သော် မဂ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာဇောတို့သည် အစဉ်အတိုင်း ခုနစ်ကြိမ်ဖြစ်ကုန်၏။ တဖန် ဘဝင်သို့သက်၍


မှတ်ချက်

     ၁- တဝီထိအတွင်း၌ ဇောခုနစ်ကြိမ် ဖြစ်ပြီးနောက် ဘဝင်ကျရိုးရှိရာတွင် ခြောက်ကြိမ်မြောက် ခုနစ်ကြိမ်မြောက်သည် ဘဝင်ကျရန်အချိန် နီးကပ်နေသောကြောင့် ''နီးကပ်သော ဘဝင်ရှိသည်''ဟု ဆိုသည်။ ကာမဇောဝီထိ၌ ပဌမဇောထက် ဒုတိယဇောသည် အားကောင်း၏၊ ဒုတိယထက် တတိယသည်၊ တတိယထက် စတုတ္ထသည် အားကောင်း၏။ ပဉ္စမဇောသည် စတုတ္ထဇောထက် အားလျော့သွား၏၊ ဆဋ္ဌဇောသည် ပဉ္စမထက် အားလျော့၏၊ သတ္တမသည် ဆဋ္ဌထက် အားလျော့၏၊ ထိုသတ္တမနောင် ဇောပင် မဖြစ်နိုင်မူ၍ တဒါရုံသော်၎င်း ဘဝင်သော်၎င်း ဖြစ်သည်။ ဤသို့ ကာမဇော သက်သက်ကျသော ဝီထိတို့၌ ဖြစ်ရိုးဖြစ်စဉ်နှင့်လည်း နှိုင်းယှဉ်၍ သိအပ်၏။

     ၂- သောတ-ရေယဉ် + အာပန္န-ရောက်သည် = သောတာပန္န- သောတာပန်- မဂ္ဂင်ရှစ်ပါးဟူသော တရားရေယဉ်သို့ရောက်သော ပုဂ္ဂိုလ်။

၄၄၆

ထိုနည်းဖြင့်ပင်လျှင် [၃၁၆] ဖိုလ်စသည်တို့ကို ဆင်ခြင်ခြင်းအကျိုးငှါ အာဝဇ္ဇန်းအစရှိသော စိတ်တို့သည် ဖြစ်ပေါ်ကုန်၏။ ယင်းဆင်ခြင်မှု ပစ္စဝေက္ခဏာစိတ်တို့၏ ဖြစ်ခြင်းကြောင့် ဤသောတာပန် ပုဂ္ဂိုလ်သည် မဂ်ကို ဆင်ခြင်သည် မည်၏၊ ဖိုလ်ကို ဆင်ခြင်သည် မည်၏၊ ပယ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်သည် မည်၏၊ (မပယ်ရသေးသော) ကြွင်းသော ကိလေသာတို့ကို ဆင်ခြင်သည် မည်၏၊ နိဗ္ဗာန်ကို ဆင်ခြင်သည် မည်၏။

     ချဲ့၍ပြရလျှင်.. ထိုသောတာပန်ပုဂ္ဂိုလ်သည် ''ဤလမ်းဖြင့် ငါလာခဲ့ပါတကား''ဟု လာခဲ့ရာလမ်းဟူသော မဂ်ကို ဆင်ခြင်၏၊ ထိုမှနောက်၌ ''ဤအကျိုးကို ငါရပေပြီ''ဟု ဖိုလ်ကို ဆင်ခြင်၏၊ ထိုမှနောက်၌ ''ဤမည်သော ကိလေသာတို့ကို ငါ ပယ်ပြီးပြီ''ဟု ပယ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်၏၊ ထိုမှနောက်၌ ''ဤမည်သော ကိလေသာတို့သည် ငါ့အား ကြွင်းကျန်လျက် ရှိကုန်သေး၏''ဟု အထက်မဂ်သုံးပါးဖြင့် ပယ်သတ်အပ်သော ကိလေသာတို့ကို ဆင်ခြင်၏၊ နောက်ဆုံး၌ ''ငါသည် ဤတရားကို အာရုံပြုသောအားဖြင့် ထိုးထွင်းသိရပေပြီ''ဟု အမြိုက်နိဗ္ဗာန်ကို ဆင်ခြင်၏။ ဤသို့လျှင် သောတာပန် အရိယာသာဝကအား ငါးပါးသော ပစ္စဝေက္ခဏာတို့သည် ဖြစ်ကုန်၏၊ သောတာပန်မှာ ဖြစ်ကုန်သကဲ့သို့ ဤအတူပင် သကဒါဂါမ်ပုဂ္ဂိုလ် အနာဂါမ်ပုဂ္ဂိုလ်တို့အားလည်း ပစ္စဝေက္ခဏာ ငါးပါးစီ ဖြစ်ကုန်၏၊ ရဟန္တာပုဂ္ဂိုလ်တို့မှာမူကား (မပယ်ရသေးသော) ကြွင်းသော ကိလေသာကို ဆင်ခြင်ခြင်းမည်သည် မရှိပြီ။ ဤသို့ ပြဆိုခဲ့သည့်အတိုင်း ဆင်ခြင်မှု အလုံးစုံတို့သည် တဆယ့်ကိုးပါးသော ပစ္စဝေက္ခဏာတို့ မည်ကုန်၏။

     ဤဆိုခဲ့ပြီးသော စကားသည် အလွန်ဆုံး အပိုင်းအခြားသာလျှင်တည်း၊ ပယ်ပြိးသော ကိလေသာ, ကြွင်းသော ကိလေသာတို့ကို ဆင်ခြင်ခြင်းသည် သေက္ခပုဂ္ဂိုလ်အားသော်လည်း ဖြစ်သည်လည်း ရှိ၏၊ မဖြစ်သည်လည်း ရှိ၏၊ မှန်ပေ၏၊ ထိုထိုသို့သော ဆင်ခြင်မှု မရှိခြင်းကြောင့်ပင်လျှင် သကဒါဂါမ်ဖြစ်သော မဟာနာမ်မင်းသည် မြတ်စွာဘုရားကို အောက်ပါအတိုင်း မေးလျှောက်ဘူးလေပြီ-


မှတ်ချက်

     ၁- သေက္ခပုဂ္ဂိုလ်အားသော်လည်း မဖြစ်သည်လည်း ရှိ၏-ဟူသော စကားဖြင့် အသေက္ခ ရဟန္တာပုဂ္ဂိုလ်အား ကြွင်းသော ကိလေသာတို့ကို ဆင်ခြင်ခြင်း မဖြစ်သည်မှာ အထူးပြောပြဖွယ် မရှိတော့ပြီဟု ဆိုလို၏။

၄၄၇

''အရှင်ဘုရား၊ အကျွန်ုပ်၏ ကိုယ်တွင်းသန္တာန်၌ မပယ်ရသေးသော တရားကား အဘယ်မည်သော တရားပါနည်း? ယင်း မပယ်ရသေးသော တရားကြောင့် တရံတခါ၌ အကျွန်ုပ်၏စိတ်ကို လောဘတရားတို့သည်လည်း လွှမ်းမိုးလျက် အကြွင်းမဲ့ ယူဆောင်၍ တည်ပါကုန်၏'' ဤသို့ အစရှိသော အလုံးစုံကို အကျယ်အားဖြင့် သိအပ်၏။

ဒုတိယမဂ်ဉာဏ်ကို ပြဆိုချက်

     ၈၁၃။ ဤသို့ ဆင်ခြင်ပြီးလျှင်မူကား ထိုသောတာပန် အရိယာသာဝကသည် ထိုနေရာ၌ပင် ထိုင်လျက်ဖြစ်စေ နောက်အဖို့ အခါတပါး၌ဖြစ်စေ ကာမရာဂနှင့် ဗျာပါဒတို့၏ ခေါင်းပါးခြင်းအကျိုးငှါ (သကဒါဂါမိဖိုလ်ဟူသော) ဒုတိယဘုံအဆင့်သို့ ရောက်ခြင်းငှါ ဝိပဿနာ အားထုတ်ခြင်းကို ပြု၏၊ ထိုပုဂ္ဂိုလ်သည် ဣန္ဒြေ ဗိုလ် ဗောဇ္ဈင်တို့ကို ပေါင်းစု-ညီညွတ်စေ၍ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် အပြားရှိသော ထိုသင်္ခါရတရား အပေါင်းကိုပင်လျှင် ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု ဉာဏ်ဖြင့် အဖန်တလဲလဲ နင်းနယ်ချေမှုန်း၏၊ အဖန်တလဲလဲ (ဉာဏ်ကို) ဖြစ်စေ၏၁၊ ဝိပဿနာလမ်းမှန်သို့ သက်ဝင်၏။ ဤသို့ကျင့်သော ထိုပုဂ္ဂိုလ်အား ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် သင်္ခါရုပေက္ခာဉာဏ်၏ အဆုံး၌ တခုတည်းသော အာဝဇ္ဇန်းဖြင့် အနုလောမဉာဏ် ဂေါတြဘူဉာဏ်တို့ ဖြစ်ပေါ်လာကုန်ပြီးလတ်သော် ဂေါတြဘူဉာဏ်၏ အခြားမဲ့၌ သကဒါဂါမိမဂ်သည် ဖြစ်ပေါ်၏၊ ထိုသကဒါဂါမိမဂ်နှင့် ယှဉ်သော ဉာဏ်သည် သကဒါဂါမိမဂ်ဉာဏ် မည်၏။

ဒုတိယမဂ်ဉာဏ် ပြီး၏။

**********

သကဒါဂါမ်ပုဂ္ဂိုလ်ကို ပြဆိုချက်

     [၃၁၇] ၈၁၄။ ဤသကဒါဂါမိမဂ်ဉာဏ်၏ အခြားမဲ့၌လည်း ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ဖိုလ်စိတ်တို့ကို သိအပ်ကုန်၏။ ဤ (သကဒါဂါမိဖိုလ်


မှတ်ချက်

     ၁- ဤ၌ အဆင့်ဆင့် ဉာဏ်ကို ဖြစ်စေလျက် (သင်္ခါရတရားအပေါင်းကို) လည်စေ၏ ဟူ၍လည်း ပြန်ဆိုသင့်၏။

၄၄၈

ဖြစ်ကာ)မျှဖြင့် ဤပုဂ္ဂိုလ်သည် ဤ(လူ့ပြည်)လောကသို့ တကြိမ်သာလျှင် ပြန်လာပြီး၍ ဒုက္ခ၏အဆုံးကို ပြုခြင်းငှါ စွမ်းနိုင်သော(ကြောင့်) သကဒါဂါမ်မည်သော စတုတ္ထ အရိယာပုဂ္ဂိုလ် ဖြစ်၏။ ထိုမှနောက်၌ ဆင်ခြင်မှု ပစ္စဝေက္ခဏာမှာ ဆိုအပ်ပြီးသော နည်းရှိသည်သာလျှင်တည်း။

တတိယမဂ်ဉာဏ်ကို ပြဆိုချက်

     ဤသို့ ဆင်ခြင်ပြီးလျှင်လည်း ထိုသကဒါဂါမ် အရိယာသာဝကသည် ထိုနေရာ၌ပင် ထိုင်လျက်ဖြစ်စေ နောက်အဖို့ အခါတပါး၌ဖြစ်စေ ကာမရာဂနှင့် ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်ခြင်းငှါ (အနာဂါမိဖိုလ်ဟူသော) တတိယဘုံအဆင့်သို့ ရောက်ခြင်းငှါ ဝိပဿနာအားထုတ်ခြင်းကို ပြုပြန်၏၊ ထိုပုဂ္ဂိုလ်သည် ဣန္ဒြေ ဗိုလ် ဗောဇ္ဈင်တို့ကို ပေါင်းစု-ညီညွတ်စေ၍ ထိုသင်္ခါရတရား အပေါင်းကိုပင်လျှင် ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု ဉာဏ်ဖြင့် အဖန်တလဲလဲ နင်းနယ်ချေမှုန်း၏၊ အဖန်တလဲလဲ (ဉာဏ်ကို) ဖြစ်စေ၏၊ ဝိပဿနာလမ်းမှန်သို့ သက်ဝင်၏။ ဤသို့ကျင့်သော ထိုပုဂ္ဂိုလ်အား ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် သင်္ခါရုပေက္ခာဉာဏ်၏အဆုံး၌ တခုတည်းသော အာဝဇ္ဇန်းဖြင့် အနုလောမဉာဏ် ဂေါတြဘူဉာဏ်တို့ ဖြစ်ပေါ်ကုန်ပြီးလတ်သော် ဂေါတြဘူဉာဏ်၏ အခြားမဲ့၌ အနာဂါမိမဂ်သည် ဖြစ်ပေါ်၏၊ ထိုအနာဂါမိမဂ်နှင့် ယှဉ်သော ဉာဏ်သည် အနာဂါမိမဂ်ဉာဏ် မည်၏။

တတိယမဂ်ဉာဏ် ပြီး၏။

**********

အနာဂါမ်ပုဂ္ဂိုလ်ကို ပြဆိုချက်

     ၈၁၅။ ဤအနာဂါမိမဂ်ဉာဏ်၏ အခြားမဲ့၌လည်း ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ဖိုလ်စိတ်ကို သိအပ်ကုန်၏။ ဤ(အနာဂါမိဖိုလ် ဖြစ်ကာ)မျှဖြင့် ဤပုဂ္ဂိုလ်သည် ဥပပါတ်ပဋိသန္ဓေသာ ဖြစ်ရန်ရှိသော ထို(ဗြဟ္မာ့ဘုံ)၌ ပရိနိဗ္ဗာန်စံလတံ့သော ပဋိသန္ဓေ၏ အစွမ်းအားဖြင့် ဤကာမလောကသို့ တဖန် မလာသည်ဖြစ်၍ ကာမဘုံသို့ ပြန်လည်ခြင်း သဘောမရှိသော(ကြောင့်)


မှတ်ချက်

     ၁- သကိံ-တကြိမ် + အာဂါမီ- ပြန်လာသည် = သကဒါဂါမီ- သကဒါဂါမ်- ဤလူ့ဘုံသို့ ပဋိသန္ဓေအားဖြင့် တကြိမ်ပြန်လာသော ပုဂ္ဂိုလ်-ဟု ဆိုလို၏။

၄၄၉

အနာဂါမ်မည်သော (ခြောက်ယောက်မြောက်) ဆဋ္ဌ အရိယာပုဂ္ဂိုလ် ဖြစ်၏။ ထိုမှနောက်၌ ဆင်ခြင်မှု- ပစ္စဝေက္ခဏာမှာ ဆိုခဲ့ပြီးသော နည်းရှိသည်သာလျှင်တည်း။

စတုတ္ထမဂ်ဉာဏ်ကို ပြဆိုချက်

     ဤသို့ ဆင်ခြင်ပြီးလျှင်လည်း ထိုအနာဂါမ် အရိယာသာဝကသည် ထိုနေရာ၌ပင် ထိုင်နေလျက်ဖြစ်စေ နောက်အဖို့ အခါတပါး၌ဖြစ်စေ ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာတို့ကို အကြွင်းမဲ့ ပယ်ခြင်းငှါ (အရဟတ္တဖိုလ်ဟူသော) စတုတ္ထဘုံအဆင့်သို့ ရောက်ခြင်းငှါ ဝိပဿနာအားထုတ်ခြင်းကို ပြုပြန်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ဣန္ဒြေ ဗိုလ် ဗောဇ္ဈင်တို့ကို ပေါင်းစုညီညွတ်စေ၍ ထိုသင်္ခါရတရား အပေါင်းကိုပင်လျှင် ''မမြဲ ဆင်းရဲ အတ္တမဟုတ်''ဟု ဉာဏ်ဖြင့် အဖန်တလဲလဲ နင်းနယ်ချေမှုန်း၏၊ အဖန်တလဲလဲ (ဉာဏ်ကို) ဖြစ်စေ၏၊ ဝိပဿနာ လမ်းမှန်သို့ သက်ဝင်၏၊ ဤသို့ကျင့်သော ထိုပုဂ္ဂိုလ်အား ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် တခုတည်းသော အာဝဇ္ဇန်းဖြင့် [၃၁၈] အနုလောမဉာဏ် ဂေါတြဘူဉာဏ်တို့ ဖြစ်ပေါ်ကုန်ပြီးလတ်သော် ဂေါတြဘူဉာဏ်၏ အခြားမဲ့၌ အရဟတ္တမဂ်သည် ဖြစ်ပေါ်၏၊ ထိုအရဟတ္တမဂ်နှင့် ယှဉ်သော ဉာဏ်သည် အရဟတ္တမဂ်ဉာဏ် မည်၏။

စတုတ္ထမဂ်ဉာဏ် ပြီး၏။

**********

ရဟန္တာပုဂ္ဂိုလ်ကို ပြဆိုချက်

     ၈၁၆။ ဤအရဟတ္တမဂ်ဉာဏ်၏ အခြားမဲ့၌လည်း ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ဖိုလ်စိတ်တို့ကို သိအပ်ကုန်၏။ ဤ(အရဟတ္တဖိုလ် ဖြစ်သော)မျှဖြင့် ဤပုဂ္ဂိုလ်သည် ရဟန္တာမည်သော (ရှစ်ယောက်မြောက်) အဋ္ဌမပုဂ္ဂိုလ် ဖြစ်၏၊ အာသဝေါကုန်ပြီးသော ပုဂ္ဂိုလ်မြတ် ဖြစ်၏၊ အဆုံးစွန်သော


မှတ်ချက်

     ၁- အန-မ + အာဂါမီ- ပြန်လာသည် = အနာဂါမီ- အနာဂါမ်- ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်မလာသော ပုဂ္ဂိုလ်။

     ၂- အရဟန္တ- အပူဇော်ခံထိုက်သော။ ဝါ၊ ကိလေသာတို့မှ ဝေးကွာသော ရဟန္တာပုဂ္ဂိုလ်။

၄၅၀

ခန္ဓာကိုယ်ကို ဆောင်သော ဝန်ထုပ်ဝန်ပိုးကို ချပြီးသော ပုဂ္ဂိုလ်ဖြစ်၏၊ မိမိအကျိုးကို ရောက်ပြီး ရပြီးသော ဘဝသံယောဇဉ် ကုန်ခန်းပြီးသော ပုဂ္ဂိုလ်ဖြစ်၏၊ မှန်စွာသိ၍ လွတ်မြောက်၏၊ နတ်နှင့်တကွသော လူအပေါင်း၏ မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပေ၏။

     ဤသို့လျှင် ''သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်ဟူသော ဤလေးပါးသော မဂ်တို့၌ ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏''ဟူ၍ ရှေး၌ ဆိုခဲ့သော ထိုစကားသည် ယခု ပြဆိုခဲ့သော အစဉ်ဖြင့် ရောက်အပ်ကုန်သော ဤလေးပါးသော မဂ်ဉာဏ်ကို ရည်၍ ဆိုအပ်သောစကား ဖြစ်ပေသည်။

ဗောဓိပက္ခိယတရားကို ပြဆိုချက်

     ၈၁၇။ ယခုအခါ ဉာဏ်လေးပါးအပေါင်းဟု ဆိုအပ်သော ဤဉာဏဒဿန ဝိသုဒ္ဓိ၏ပင်လျှင် အစွမ်းအာနုဘော်ကို သိနားလည်ခြင်းအကျိုးငှါ-

ပြည့်စုံသော ဗောဓိပက္ခိယတရားရှိသည်၏ အဖြစ်ကို၎င်း, (နိမိတ္တ ပဝတ္တမှ) ထခြင်း(ကို၎င်း, သမထ ဝိပဿနာ)ခွန်အားနှင့် ယှဉ်ခြင်းကို၎င်း, အကြင် အကုသိုလ်တရားတို့ကို အကြင်ဉာဏ်ဖြင့် ပယ်အပ်ကုန်၏၊ ထိုအကုသိုလ်တရားတို့ကို ထိုဉာဏ်ဖြင့် ပယ်ခြင်းကို၎င်း,

သစ္စာလေးပါးကို သိသောအခါ၌ ပရိညာ အစရှိသော အကြင်ကိစ္စတို့ကို ဟောအပ်ကုန်၏။ ထိုကိစ္စ အလုံးစုံတို့ကို၎င်း ဟုတ်မှန်သော သဘောအားလျော်စွာ သိအပ်ကုန်၏။ (၂-ဂါထာ)

     ၈၁၈။ ထိုဂါထာတို့၌ ပြည့်စုံသော ဗောဓိပက္ခိယတရား ရှိသည်၏အဖြစ် ဟူသည်ကား ဗောဓိပက္ခိယတရားတို့၏ ပြည့်စုံသည်၏ အဖြစ်တည်း။


မှတ်ချက်

     ၁- (၁) ကိလေသာဝန်၊ (၂) ကံဟူသော အဘိသင်္ခါရဝန်၊ (၃) ဖြစ်ထိုက်သော ဘဝသစ် ရုပ်နာမ်ဟူသော ခန္ဓာဝန်- ဤဝန်သုံးပါးကို စွန့်ပယ်ပြီး ဖြစ်သောကြောင့် ဝန်ထုပ်ဝန်ပိုးကို ချပြီးသောပုဂ္ဂိုလ် ဖြစ်ပေသည်။

     ၂- မိမိ၏အကျိုး ဟူသည်ကား အရဟတ္တဖိုလ်တရားပင် ဖြစ်သည်။

၄၅၁

သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး အင်္ဂါရှစ်ပါးရှိသော အရိယာမဂ် (မဂ္ဂင်ရှစ်ပါး)ဟူသော ဤသုံးဆယ့်ခုနစ်ပါးသော တရားတို့သည် သိတတ်သော အနက်သဘောကြောင့် ဗောဓိမည်သော အရိယာမဂ်၏ အဖို့(အုပ်စု)၌ ဖြစ်သောကြောင့် ဗောဓိပက္ခိယ မည်ကုန်၏။ အဖို့(အုပ်စု)၌ ဖြစ်သောကြောင့် ဟူသည်မှာ ကျေးဇူးပြုတတ်သည်၏ အဖြစ်၌ တည်သောကြောင့်(ဟု ဆိုလို၏)။

     [၃၁၉] ၈၁၉။ ထိုထိုအာရုံတို့၌ သက်ဝင်၍ ပြေးဝင်၍ ထင်သောကြောင့် ပဋ္ဌာနမည်၏၊ သတိသည်ပင်လျှင် ပြေးဝင်၍ ထင်၏၊ (ထို့ကြောင့်) သတိပဋ္ဌာန- သတိပဋ္ဌာန် မည်၏၊ ကာယ, ဝေဒနာ, စိတ်, သဘောတရားတို့၌ မတင့်တယ်သော အခြင်းအရာ, ဆင်းရဲသော အခြင်းအရာ, မမြဲသော အခြင်းအရာ, အတ္တမဟုတ်သော အခြင်းအရာတို့ကို ယူသည်၏ အစွမ်းအားဖြင့်၎င်း, ''တင့်တယ်သည် ချမ်းသာသည် မြဲသည် အတ္တဟုတ်သည်''ဟု ထင်သော အမှတ်သညာတို့ကို ပယ်ခြင်းကိစ္စ ပြီးစေသည်၏ အစွမ်းအားဖြင့်၎င်း ဖြစ်သောကြောင့် ထိုသတိပဋ္ဌာန်သည် လေးပါးအပြားအားဖြင့် ကွဲပြား၏၊ ထို့ကြောင့် ''သတိပဋ္ဌာန် လေးပါး''ဟူ၍ ဆိုအပ်၏


မှတ်ချက်

     ၁- စတ္တာရော သတိပဋ္ဌာနာ-ဟူသော ပါဠိအရ အတိအကျပြန်လျှင် ''လေးပါးကုန်သော သတိပဋ္ဌာန်တို့၎င်း''ဟု ပြန်ဆိုသင့်သော်လည်း တိုတိုနှင့် မြန်မာစကား ချောမောပြေပြစ်စေရန် ''သတိပဋ္ဌာန်လေးပါး''ဟု သာမညအားဖြင့် ပြန်ထားသည်။ သမ္မပ္ပဓာန်လေးပါးစသော ပြန်ဆိုချက်တို့၌လည်း နည်းတူပင် ဖြစ်သည်။

     ၂- ယခုလက်ရှိ ဝိသုဒ္ဓိမဂ်နှင့် မဟာဋီကာတို့၌ ဗောဓောတိ လဒ္ဓနာမဿ-ဟု ရှိသော်လည်း အခြားသော အဋ္ဌကထာတို့၌ ဗောဓိဟူ၍ ပြဆိုထားသောကြောင့်၎င်း, ဗောဓိပက္ခိယပုဒ်၌ ဗောဓိဟု ဣ-နှင့် ပုဒ်ပြီးရမည် ဖြစ်သောကြောင့်၎င်း ဤ၌ ဗောဓိမည်သောဟု ပြန်ဆိုလိုက်သည်။

     ၃- ဗောဓိ-သိတတ်သော အရိယာမဂ်၏ + ပက္ခ-အဖို့(အုပ်စု)၌ + ဣယ-ဖြစ်သည် = ဗောဓိပက္ခိယ- အရိယာမဂ်၏ အဖို့(အုပ်စု)၌ ပါဝင်သော တရားများ။

     ၄- ဤအရာ၌လည်း ပါဠိ၌ ဗဟုဝုစ်နှင့် ရှိ၏၊ သို့သော်လည်း ရှေး၌ ဧကဝုစ်နှင့် ပြန်ဆိုခဲ့သည်အားလျော်စွာ ဧကဝုစ်နှင့်ပင် ပြန်ဆိုထားသည်။ နောက်၌လည်း နည်းတူပင်။

၄၅၂

     ၈၂ဝ။ ဤတရားသဘောဖြင့် အားထုတ်ကုန်၏၊ ဤသို့ အားထုတ်ကြောင်း ဖြစ်သောကြောင့် ပဓာနမည်၏။ တင့်တယ်သော အားထုတ်ကြောင်းတည်း။ (ထို့ကြောင့်) သမ္မပ္ပဓာန်မည်၏။ တနည်းကား ဤတရားသဘောဖြင့် ကောင်းစွာ အားထုတ်ကုန်၏၊ ဤသို့ ကောင်းစွာ အားထုတ်ကြောင်း ဖြစ်သောကြောင့် သမ္မပ္ပဓာန်မည်၏။ တနည်းကား ကိလေသာဟူသော အရုပ်ဆိုးသည်၏ အဖြစ်မှ ကင်းသောကြောင့် တင့်တယ်သည်(ဖြစ်၍ သမ္မာ)လည်း မည်၏၊ ထိုတင့်တယ်သော လုံ့လသည် စီးပွါးချမ်းသာတို့ကို ဖြစ်စေတတ်သည်၏ အဖြစ်ဖြင့် အထူးသဖြင့် ချီးမွမ်းအပ်သည်၏ အဖြစ်ကို ဆောင်တတ်သောကြောင့်၎င်း, ပြဓာန်း (မြင့်မြတ်)သည့် အဖြစ်၏ အကြောင်းဖြစ်သောကြောင့်၎င်း ပဓာနလည်းမည်၏၊ ထို့ကြောင့် သမ္မပ္ပဓာန်မည်၏။ ဤသမ္မပ္ပဓာန်ဟူသော အမည်သည် လုံ့လဝီရိယ၏ အမည်ပေတည်း။ ထိုသို့ အမည်ရကြောင်းရှိသော ဤသမ္မပ္ပဓာန်သည် ဖြစ်ပြီးသော အကုသိုလ်တို့ကို ပယ်ခြင်းကိစ္စနှင့် မဖြစ်သေးသော အကုသိုလ်၏ မဖြစ်ခြင်းကိစ္စကို၎င်း မဖြစ်သေးသော ကုသိုလ်တို့၏ ဖြစ်ခြင်းကိစ္စနှင့် ဖြစ်ပြီးသော ကုသိုလ်တို့၏ တည်ခြင်းကိစ္စကို၎င်း ပြီးစေတတ်သောကြောင့် လေးပါးအပြားရှိ၏။ ထို့ကြောင့် ''သမ္မပ္ပဓာန် လေးပါး''ဟူ၍ ဆိုအပ်၏။


မှတ်ချက်

     ၁- သမ္မာ- တင့်တယ်သော + ပဓာန- အားထုတ်ကြောင်း = သမ္မပ္ပဓာန- တင့်တယ်သော အားထုတ်ကြောင်း လုံ့လ။

     ၂- သမ္မာ- ကောင်းစွာ + ပဓာန- အားထုတ်ကြောင်း = သမ္မပ္ပဓာန- ကောင်းစွာ အားထုတ်ကြောင်း လုံ့လ။

     ၃- ဤစကားရပ်ဖြင့် သမ္မာပုဒ်က တင့်တယ်ခြင်းအနက်ကို ဟောသည်-ဟု ပြ၏။

     ၄- သမ္မာ- တင့်တယ်သော + ပဓာန- ပြဓာန် မြင့်မြတ်သော တရား = သမ္မပ္ပဓာန- တင့်တယ်၍ ပြဓာန်း မြင့်မြတ်သော လုံ့လ။

     ၅- ပါဠိ၌ တပေါင်းတည်း ဆိုထားသော သမ္မပ္ပဓာန်ကိစ္စ နှစ်ခုကို အလွယ်တကူ ရှင်းလင်းစွာ သိစေရန် ဤ၌ ခွဲ၍ ပြန်ဆိုလိုက်သည်။

     ၆- ဤ၌လည်း နည်းတူပင် ပြန်ဆိုထားသည်။

၄၅၃

     ၈၂၁။ ရှေး၌ ဆိုခဲ့ပြီးသော ပြီးစီး ပြည့်စုံခြင်း အနက်သဘောကြောင့် ဣဒ္ဓိမည်၏၊ ယှဉ်ဖော်ယှဉ်ဖက် (သမ္ပယုတ်)ဖြစ်သော ထိုပြီးစီး ပြည့်စုံခြင်း၏ (အဓိပတိပစ္စည်းဟူသော) ပြဓာန်းသော အနက်သဘောကြောင့် (ပါဒ) အခြေခံဖြစ်၏၊ တနည်း ကား အကျိုးဖြစ်သော ထိုပြီးစီး ပြည့်စုံခြင်း၏ ရှေးအဖို့ အကြောင်းဟူသော အနက်သဘောကြောင့် (ပါဒ) ရောက်ကြောင်းဖြစ်၏၊ ထို့ကြောင့် ဣဒ္ဓိပါဒ်မည်၏။ ထိုဣဒ္ဓိပါဒ်သည် ဆန္ဒစသည်တို့၏ အစွမ်းအားဖြင့် လေးပါး အပြားရှိ၏၊ ထို့ကြောင့် ''ဣဒ္ဓိပါဒ် လေးပါး''ဟူ၍ ဆိုအပ်၏၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူ? ''ဣဒ္ဓိပါဒ်တို့သည် ဆန္ဒိဒ္ဓိပါဒ် စိတ္တိဒ္ဓိပါဒ် ဝီရိယိဒ္ဓိပါဒ် ဝီမံသိဒ္ဓိပါဒ်တို့ဟူ၍ လေးပါးတို့တည်း''ဟု ဟောတော်မူ၏။ ဤလေးပါးတို့သည် လောကုတ္တရာတရားတို့သာလျှင် ဖြစ်ကုန်၏။ သို့သော်လည်း ''ရဟန်းသည် ဆန္ဒကို အကြီးအမှူးပြု၍ သမာဓိကို အကယ်၍ ရငြားအံ့၊ စိတ်၏ တည်ကြည်ခြင်းကို အကယ်၍ ရငြားအံ့၊ ဤသမာဓိကို ဆန္ဒသမာဓိဟူ၍ ဆိုအပ်၏'' ဤသို့ စသည်ဖြင့် ဟောတော်မူသောကြောင့် ဆန္ဒအစရှိသော အဓိပတိ၏ အစွမ်းအားဖြင့် ရအပ်သော လောကီတရားတို့သည်လည်း ဣဒ္ဓိပါဒ် မည်ကုန်သေး၏။

     ၈၂၂။ မယုံကြည်ခြင်း ပျင်းရိခြင်း မေ့လျော့ခြင်း ပျံ့လွင့်ခြင်း တွေဝေခြင်းတို့ကို လွှမ်းမိုး နှိမ်နင်းတတ်သောကြောင့် လွှမ်းမိုး နှိမ်နင်းခြင်းဟူသော အစိုးရခြင်း အနက်သဘောအားဖြင့် ဣန္ဒြိယမည်၏။ မယုံကြည်ခြင်း စသည်တို့က မလွှမ်းမိုးအပ်- မလွှမ်းမိုးနိုင်သောကြောင့် မတုန်လှုပ်ခြင်း အနက်သဘောအားဖြင့် ဗလ-ဗိုလ်လည်း မည်၏။ ထိုဣန္ဒြေနှင့် ဗိုလ် နှစ်ပါးလုံးသည်လည်း သဒ္ဓါ-ယုံကြည်မှု စသည်တို့၏ အစွမ်းအားဖြင့် ငါးပါးအပြားရှိ၏။ ထို့ကြောင့် ''ဣန္ဒြေငါးပါး, ဗိုလ်ငါးပါး''ဟူ၍ ဆိုအပ်၏။

     ၈၂၃။ ထိုမှတပါး သိတတ်သော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ ဖြစ်သောကြောင့် သတိအစရှိသော ခုနစ်ပါးသော တရားတို့သည် ဗောဇ္ဈင်မည်ကုန်၏၊


မှတ်ချက်

     ၁- ပြီးစီး ပြည့်စုံခြင်း၏.. အခြေခံဖြစ်၏-ဟု စပ်ပါ။ ဣဒ္ဓိ-ပြီးစီး ပြည့်စုံခြင်း၏ + ပါဒ-အခြေခံ။

     ၂- ထိုပြီးစီး ပြည့်စုံခြင်း၏.. ရောက်ကြောင်းဖြစ်၏-ဟု စပ်ပါ။ ဣဒ္ဓိ-ပြီးစီး ပြည့်စုံခြင်း၏- ပြည့်စုံခြင်းသို့ + ပါဒ-ရောက်ကြောင်း။

          ၃- ဗောဓိ-သိသော ပုဂ္ဂိုလ်၏ + အင်္ဂ-အကြောင်းအင်္ဂါ = ဗောဇ္ဈင်္ဂ-ဗောဇ္ဈင်- သိသောပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါဖြစ်သော တရား။

၄၅၄

ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော အနက်သဘောကြောင့် သမ္မာဒိဋ္ဌိ အစရှိသော ရှစ်ပါးသော တရားတို့သည်လည်း မဂ္ဂင်မည်ကုန်၏၊ ထို့ကြောင့် ''ဗောဇ္ဈင်ခုနစ်ပါး, အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်''ဟူ၍ ဆိုအပ်၏။

     [၃၂ဝ] ၈၂၄။ ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် သုံးဆယ့်ခုနစ်ပါးသော ဤဗောဓိပက္ခိယ တရားတို့ကို ရှေးအဖို့ လောကီဝိပဿနာဉာဏ် ဖြစ်စဉ်၌ တဆယ့်လေးပါးသော အပြားဖြင့် ကိုယ်ကို သိမ်းဆည်းသောသူအား ကာယာနုပဿနာ သတိပဋ္ဌာန်ကို ရအပ်၏၊ ကိုးပါးအပြားအားဖြင့် ဝေဒနာကို သိမ်းဆည်းသောသူအား ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ရအပ်၏၊ တဆယ့်ခြောက်ပါး အပြားအားဖြင့် စိတ်ကို သိမ်းဆည်းသောသူအား စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ရအပ်၏၊ ငါးပါးအပြားအားဖြင့် သဘောတရားတို့ကို သိမ်းဆည်းသောသူအား ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ရအပ်၏၊ ဤမိမိ၏ ပစ္စုပ္ပန် အတ္တဘော၌ မဖြစ်ဘူးသေးသော အကုသိုလ်ကို သူတပါး သန္တာန်၌ ဖြစ်သည်ကို တွေ့မြင်၍ ''ဤအကုသိုလ်မျိုး မဖြစ်အောင် ကျင့်သုံးအံ့၊ ဤသို့ ကျင့်သည်ရှိသော် ငါ့အား ဤအကုသိုလ်သည် မဖြစ်လတံ့''ဟု ထိုအကုသိုလ်၏ မဖြစ်ခြင်းငှါ အားထုတ်သော ကာလ၌ ပဌမသမ္မပ္ပဓာန်ကို ရအပ်၏၊ မိမိ၏သန္တာန်၌ ဖြစ်ပေါ်ခြင်းသို့ရောက်သော အကုသိုလ်ကို တွေ့မြင်၍ ထိုအကုသိုလ်ကို ပယ်ခြင်းငှါ အားထုတ်သော ကာလ၌ ဒုတိယ သမ္မပ္ပဓာန်ကို ရအပ်၏၊ ဤမိမိ၏ ပစ္စုပ္ပန် အတ္တဘော၌ မဖြစ်ဘူးသေးသော ဈာန်ကိုသော်၎င်း ဝိပဿနာကိုသော်၎င်း ဖြစ်စေခြင်းငှါ အားထုန်သောသူအား တတိယ သမ္မပ္ပဓာန်ကို ရအပ်၏၊ ဖြစ်ပေါ်ပြီးသော


မှတ်ချက်

     ၁ -မဂ္ဂ- ထွက်မြောက်ကြောင်းဖြစ်သော လမ်း + အင်္ဂ- အစိတ်အပိုင်း အင်္ဂါ = မဂ္ဂင်္ဂ- မဂ္ဂင်- ထွက်မြောက်ကြောင်း မဂ်လမ်း၏ အစိတ်အပိုင်း အင်္ဂါ။

     ၂- ဤဗောဓိပက္ခိယတရားတို့ကို.. အထူးထူးသော စိတ်တို့၌ ရအပ်ကုန်၏- တခုတည်းသော စိတ်၌ ရအပ်ကုန်၏ဟု စပ်ပါ။

     ၃- လောကီဝိပဿနာဉာဏ် ဖြစ်စဉ်၌-ဟူသော ပုဒ်ကို ကာယာနုပဿနာ သတိပဋ္ဌာန်ကို ရအပ်၏- ဤသို့စသော ပုဒ်တို့နှင့်၎င်း၊ အထူးထူးသော စိတ်တို့၌ ရအပ်ကုန်၏ဟူသော ပုဒ်နှင့်၎င်း-ဟု စပ်ပါ။

၄၅၅

ဈာန်ဝိပဿနာ မဆုတ်ယုတ်အောင် အဖန်ဖန် ဖြစ်စေသူအား စတုတ္ထ သမ္မပ္ပဓာန်ကို ရအပ်၏၊ ဆန္ဒကို အကြီးအမှူးပြု၍ ကုသိုလ်ကိုဖြစ်စေသော ကာလ၌ ဆန္ဒိဒ္ဓိပါဒ်ကို ရအပ်၏၊ မိစ္ဆာဝါစာခေါ် မသင့်လျော်သော ပြောဆို ခြင်းမှ ကြဉ်ရှောင်သောကာလ၌ သမ္မာဝါစာကို ရအပ်၏၊ ဤသို့လျှင် အထူးထူးသော စိတ်တို့၌ ရအပ်ကုန်၏၊ ဤလေးပါးသော မဂ်ဉာဏ်တို့ ဖြစ်ပေါ်သော ကာလ၌မူကား တခုတည်းသော စိတ်၌ ရအပ်ကုန်၏။ ဖိုလ်ခဏ၌ လေးပါးသော သမ္မပ္ပဓာန်တို့ကို ဖယ်ထား၍ ကြွင်းသော သုံးဆယ့်သုံးပါးသော ဗောဓိပက္ခိယတရားတို့ကို ရအပ်ကုန်၏။

     ၈၂၅။ ဤဆိုခဲ့သည့်အတိုင်း တခုတည်းသော စိတ်၌ ရအပ်ကုန်သော ဤဗောဓိပက္ခိယတရားတို့တွင် နိဗ္ဗာန်လျှင် အာရုံရှိသော တပါးတည်းသော သတိကိုပင်လျှင် ကာယအစရှိသော လေးပါးသော အာရုံတို့၌ တင့်တယ်သည်ဟု ထင်သော အမှတ်သညာ စသည်တို့ကို ပယ်ခြင်းကိစ္စ ပြီးစေသည်၏ အစွမ်းအားဖြင့် ''သတိပဋ္ဌာန်လေးပါး''ဟူ၍ ဆိုအပ်၏။ တပါးတည်းသော ဝီရိယကိုပင်လျှင် မဖြစ်သေးသော အကုသိုလ်တို့၏ မဖြစ်ခြင်း အစရှိသော ကိစ္စကို ပြီးစေသည်၏ အစွမ်းအားဖြင့် ''သမ္မပ္ပဓာန် လေးပါး''ဟူ၍လည်း ဆိုအပ်၏။ ကြွင်းသော ဗောဓိပက္ခိယ တရားတို့၌ကား လျော့စေခြင်း တိုးပွါးစေခြင်းသည် မရှိပေ။

     ၈၂၆။ တနည်းအားဖြင့်လည်း ထိုသုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့တွင်..

ကိုးခုတရား တပါးစီသာ၊

တခုသည်ကား နှစ်ပါး တဖြာ၊

လေးပါး ငါးပါး ရှစ်ပါး ကိုးဖြာ၊

၎င်းတို့ ခြောက်ဖို့ ကွဲကြပါ။

     ကိုးခုတရား တပါးစီသာ ဟူသည်ကား ဆန္ဒ, စိတ်, ပီတိ, ပဿဒ္ဓိ, တတြမဇ္ဈတ္တတာဟူသော ဥပေက္ခာ, ဝိတက်ဟူသော သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ သမ္မာအာဇီဝဟူသော ဤကိုးပါးသော တရားတို့သည် (ဆန္ဒိဒ္ဓိပါဒ် စသည်အားဖြင့်) တပါးစီသာ အပြားရှိကုန်၏၊ အခြားတပါးသော

၄၅၆

အဖို့သို့ မဝင်ကုန်။ တခုသည်ကား နှစ်ပါး ဟူသည်ကား သဒ္ဓါသည် ဣန္ဒြေနှင့် ဗိုလ်တို့၏ အစွမ်းအားဖြင့် နှစ်ပါးအပြားအားဖြင့် တည်၏၊ တဖြာ လေးပါး ငါးပါး ဟူသည်ကား ထိုမှ တပါးသော တရားတခုသည် လေးပါး အပြားအားဖြင့်၊ ထိုမှတပါး တရားတခုသည် ငါးပါး အပြားအားဖြင့် တည်၏၊ ဤကား ဆိုလိုရင်း အနက်တည်း။ ထိုတွင် သမာဓိဟူသော တရားတခုသည် ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် မဂ္ဂင်တို့၏ အစွမ်းအားဖြင့် လေးပါး အပြားအားဖြင့် တည်၏။ ပညာဟူသော တရားတခုသည် ထိုလေးပါးနှင့် ဣဒ္ဓိပါဒ်အဖို့၏ အစွမ်းအားဖြင့် [၃၂၁] ငါးပါး အပြားအားဖြင့် တည်၏၊ ရှစ်ပါးကိုးဖြာ ဟူသည်ကား ထိုမှတပါးသော တရားတခုသည် ရှစ်ပါးအပြားအားဖြင့် တည်၏၊ ထိုမှ တပါးသော တရားတခုသည် ကိုးပါး အပြားဖြင့်တည်၏၊ ဤကား ဆိုလိုရင်း အနက်တည်း။ (ထိုတွင်) သတိသည် သတိပဋ္ဌာန် လေးပါးနှင့် ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် မဂ္ဂင်တို့၏ အစွမ်းအားဖြင့် ရှစ်ပါးအပြားအားဖြင့် တည်၏။ ဝီရိယသည် သမ္မပ္ပဓာန် လေးပါးနှင့် ဣဒ္ဓိပါဒ် ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် မဂ္ဂင်တို့၏ အစွမ်းအားဖြင့် ကိုးပါးအပြားဖြင့် တည်၏။ ဤသို့လျှင်

ဤဗောဓိပက္ခိယ တရားတို့သည် ပုဒ်တပါးနှင့် မရော မစပ်ကုန်သည်ရှိသော် တဆယ့်လေးပါးတို့သာလျှင် ဖြစ်ကုန်၏၊ အဖို့အစုအားဖြင့် ခုနစ်ပါး အပြားရှိကုန်၏၊ အသေးစိတ် အကျယ် အပြားအားဖြင့် (ကာယာနုပဿနာ အစရှိသော) မိမိ၏ ကိစ္စကို


မှတ်ချက်

     ၁- သတိဟူသော ဗောဓိပက္ခိယ တရားသည် ပဋ္ဌာန ဣန္ဒြိယစသော ပုဒ်တို့နှင့် ရောစပ်ယူလျှင် သတိပဋ္ဌာန် သတိန္ဒြေ စသည်ဖြင့် များသော အပြားကို ရ၏၊ ထိုသို့ မရောစပ်ပဲ သတိဟူသော မိမိတပုဒ်တည်းအရဖြင့် ယူလျှင် တပါးတည်းသာ ရ၏။ သို့ဖြစ်၍ တပါးသော ပုဒ်တို့နှင့် မရောစပ်ပဲ သတိ ဝီရိယ စသည်ဖြင့် ယူခဲ့သော် ဗောဓိပက္ခိယတရားကိုယ် တဆယ့်လေးပါးသာလျှင် ဖြစ်သည်ဟု ဆိုလို၏။

     ၂- (၁) သတိပဋ္ဌာန်၊ (၂) သမ္မပ္ပဓာန်၊ (၃) ဣဒ္ဓိပါဒ်၊ (၄) ဣန္ဒြေ၊ (၅) ဗိုလ်၊ (၆) ဗောဇ္ဈင်၊ (၇) မဂ္ဂင်- ဤသို့ အစုလိုက်အားဖြင့် ခွဲလျှင် ခုနစ်ပါး အပြားရှိသည်ဟု ဆိုလို၏။

     ၃- အသေးစိတ် အကျယ် အပြားအားဖြင့်.. သုံးဆယ့်ခုနစ်ပါး အပြားရှိကုန်၏-ဟု စပ်ပါ။

၄၅၇

ပြီးစေခြင်းကြောင့်၎င်း (ဆန္ဒိဒ္ဓိပါဒ် အစရှိသော) သရုပ် တရားကိုယ်အားဖြင့် ဖြစ်ခြင်းကြောင့်၎င်း သုံးဆယ့်ခုနစ်ပါး အပြားရှိကုန်၏၊ အရိယာမဂ် ဖြစ်လတ်သော် (ဖြစ်သောအခါ) ထိုဗောဓိပက္ခိယ တရားတို့သည် အလုံးစုံပင်လျှင် ဖြစ်ပေါ်ကုန်၏။ (၂-ဂါထာပေါင်း)

     ဤသို့လျှင် ဤ (ဉာဏဒဿနဝိသုဒ္ဓိ)၌ ပြည့်စုံသော ဗောဓိပက္ခိယတရား ရှိသည်၏အဖြစ်ကို သိအပ်၏။

ထခြင်း, ခွန့်အားနှင့် ယှဉ်ခြင်းတို့ကို ပြဆိုချက်

     ၈၂၇။ ထခြင်း ခွန်အားနှင့်ယှဉ်ခြင်း ဟူသည်ကား ထခြင်းကို၎င်း ခွန်အားနှင့် ယှဉ်ခြင်းကို၎င်း(ဟု ဆိုလို၏)။ ချဲ့၍ ပြရလျှင်.. လောကီဝိပဿနာသည် သင်္ခါရနိမိတ်လျှင် အာရုံရှိသောကြောင့်၎င်း၊ မပြတ်ဖြစ်ခြင်းဟူသော ခန္ဓာအယဉ်၏ အကြောင်းဖြစ်သော သမုဒယတဏှာကို အကြွင်းမဲ့ မပယ်ဖြတ်ခြင်းကြောင့်၎င်း သင်္ခါရနိမိတ်မှလည်း ထသည်မမည်၊ မပြတ်ဖြစ်သော ခန္ဓာအယဉ်မှလည်း ထသည်မမည်။ ဂေါတြဘူဉာဏ်သည် သမုဒယတဏှာကို အကြွင်းမဲ့ မပယ်ဖြတ်ခြင်းကြောင့် မပြတ်ဖြစ်သော ခန္ဓာအယဉ်မှ ထသည်မမည်၊ သို့သော် နိဗ္ဗာန်လျှင် အာရုံရှိသောကြောင့် သင်္ခါရနိမိတ်မှမူကား ထသည်မည်၏၊ ထို့ကြောင့် (၎င်းသည်) ဧကတောဝုဋ္ဌာန- တဖက်မှထသည် မည်၏။ ထို့ကြောင့် ''အပြင်ပ(သင်္ခါရ)မှ ထခြင်း ပြန်လည်ခြင်း ပြီးစီးလတ်သော် ဖြစ်သော ပညာသည် ဂေါတြဘူဉာဏ် မည်၏''ဟု ဟောတော်မူ၏။ ထို့ပြင်လည်း (ဟောထားသေးသည်မှာ).. ''ဖြစ်ပေါ်ခြင်းမှ ပြန်လည်၍ မဖြစ်ပေါ်ခြင်းသို့ ပြေးဝင်သောကြောင့် ဂေါတြဘူမည်၏၊ ဖြစ်ပွါးခြင်းမှ ပြန်လည်၍'' ဤသို့


မှတ်ချက်

     ၁- သတိသည် တရားကိုယ်အားဖြင့် တပါးတည်း ဖြစ်သော်လည်း ကာယာနုပဿနာ အစရှိသော မိမိ၏ကိစ္စကို ပြီးစေသောကြောင့် သတိပဋ္ဌာန်လေးပါး သတိန္ဒြေ သတိဗိုလ် သတိသမ္ဗောဇ္ဈင် သမ္မာသတိမဂ္ဂင်ဟူ၍ ရှစ်ပါးပြား၏၊ ဤသို့သော နည်းဖြင့် အချို့သော ဗောဓိပက္ခိယတရားသည် များသော အပြားရှိ၏၊ ထို့ကြောင့်လည်း သုံးဆယ့်ခုနစ်ပါး ဖြစ်သည်ဟု ဆိုလို၏။

     ၂- အကွဲအပြားမရှိသော ဆန္ဒိဒ္ဓိပါဒ် စသည်မှာ သရုပ်တရားကိုယ်အားဖြင့် တပါးစီသာဖြစ်၏၊ ထို့ကြောင့်လည်း သုံးဆယ့်ခုနစ်ပါး ဖြစ်သည်ဟု ဆိုလို၏။

၄၅၈

စသည်ဖြင့် အလုံးစုံကို သိအပ်၏။ လေးပါးလုံးသော ဤမဂ်ဉာဏ်တို့သည်ကား နိမိတ်ကင်းသော နိဗ္ဗာန်လျှင် အာရုံရှိသောကြောင့် သင်္ခါရနိမိတ်မှလည်း ထကုန်၏၊ သမုဒယတဏှာကို အကြွင်းမဲ့ ပယ်ဖြတ်ခြင်းကြောင့် မပြတ်ဖြစ်သော ခန္ဓာအယဉ်မှလည်း ထကုန်၏၊ ထို့ကြောင့် (၎င်းတို့သည်) ဥဘတောဝုဋ္ဌာန- နှစ်ဖက်လုံး (နှစ်ပါးစုံ)မှ ထသည်မည်ကုန်၏။ ထို့ကြောင့် ပဋိသမ္ဘိဒါမဂ်၌ အောက်ပါအတိုင်း ဟောတော်မူ၏-

အဘယ်သို့လျှင် နှစ်ပါးစုံမှ ထခြင်း ပြန်လည်ခြင်း ပြီးစီးလတ်သော် ဖြစ်သောပညာသည် မဂ်ဉာဏ်မည်သနည်း

သောတာပတ္တိမဂ် ခဏ၌ နိဗ္ဗာန်ကိုမြင်သော အနက်သဘောကြောင့် သမ္မာဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိမှ ထ၏၊ ထိုမိစ္ဆာဒိဋ္ဌိသို့ အစဉ်လိုက်သော (မိစ္ဆာဒိဋ္ဌိ၏ နောက်လိုက်ဖြစ်သော) ကိလေသာတို့မှ၎င်း၊ ခန္ဓာတို့မှ၎င်း ထ၏။ အပြင်ပမည်သော အလုံးစုံသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့် ''နှစ်ပါးစုံမှ ထခြင်း ပြန်လည်ခြင်း ပြီးစီးလတ်သော် ဖြစ်သောပညာသည် မဂ်ဉာဏ်မည်၏''ဟု ဆိုအပ်၏။ အာရုံသို့ ရှေးရှုတင်ပေးခြင်း အနက်သဘောကြောင့် သမ္မာသင်္ကပ္ပသည် မိစ္ဆာသင်္ကပ္ပမှ ။ပ။ နှုတ်အမူအရာကို သိမ်းဆည်းခြင်း အနက်သဘောကြောင့် သမ္မာဝါစာသည် မိစ္ဆာဝါစာမှ ။ပ။ ကိုယ်အမူအရာကို ကောင်းစွာ ဖြစ်စေခြင်း အနက်သဘောကြောင့် သမ္မာကမ္မန္တသည် ။ပ။ ဖြူစင်ခြင်း အနက်သဘောကြောင့် သမ္မာအာဇီဝသည်။ ချီးမြှောက်ခြင်း အနက်သဘောကြောင့် [၃၂၂] သမ္မာဝါယာမသည်။ ထင်ခြင်း အနက်သဘောကြောင့် သမ္မာသတိသည်။ မပျံ့လွင့်ခြင်း အနက်သဘောကြောင့် သမ္မာသမာဓိသည် မိစ္ဆာသမာဓိမှ ထ၏၊


မှတ်ချက်

     ၁- မဂ္ဂေ ဉာဏံ-ဟူသော ပါဠိအရ မဂ်၌ ဉာဏ်ဟု အတိအကျ ပြန်သင့်သော်လည်း မဂ်၌ဖြစ်သော ဉာဏ်သည် မဂ်ဉာဏ်ပင် ဖြစ်သောကြောင့် မြန်မာစကား ချောစေရန် မဂ်ဉာဏ်ဟု၍သာ ပြန်ဆိုလိုက်သည်။

     ၂- နိဗ္ဗာန်ကိုမြင်သော အနက်သဘောကြောင့် သမ္မာဒိဋ္ဌိမည်သော တရားသည်-ဟု ဆိုလို၏။ သမ္မာသင်္ကပ္ပသည်- စသော နောက်မဂ္ဂင်တို့၌လည်း နည်းတူပင် ဖြစ်သည်။

၄၅၉

ထိုမိစ္ဆာသမာဓိသို့ အစဉ်လိုက်သော ကိလေသာတို့မှ၎င်း၊ ခန္ဓာတို့မှ၎င်း ထ၏၊ အပြင်ပမည်သော အလုံးစုံသော သင်္ခါရနိမိတ်တို့မှလည်း ထ၏၊ ထို့ကြောင့် ''နှစ်ပါးစုံမှ ထခြင်း ပြန်လည်ခြင်း ပြီးစီးလတ်သော် ဖြစ်သောပညာသည် မဂ်ဉာဏ်မည်၏''ဟု ဆိုအပ်၏။ သကဒါဂါမိမဂ် ခဏ၌ နိဗ္ဗာန်ကိုမြင်ခြင်း အနက်သဘောကြောင့် သမ္မာဒိဋ္ဌိသည် ။ပ။ မပျံ့လွင့်ခြင်း အနက်သဘောကြောင့် သမ္မာသမာဓိသည် ရုန့်ရင်းသော ကာမရာဂသံယောဇဉ်မှ၎င်း၊ ပဋိဃသံယောဇဉ်မှ၎င်း၊ ရုန့်ရင်းသော ကာမရာဂအနုသယမှ၎င်း၊ ပဋိဃအနုသယမှ၎င်း ထ၏ ။ပ။

အနာဂါမိမဂ်ခဏ၌ နိဗ္ဗာန်ကိုမြင်ခြင်း အနက်သဘောကြောင့် သမ္မာဒိဋ္ဌိသည် ။ပ။ မပျံ့လွင့် ခြင်း အနက်သဘောကြောင့် သမ္မာသမာဓိသည် သိမ်မွေ့သော ကာမရာဂ သံယောဇဉ်မှ၎င်း၊ ပဋိဃ သံယောဇဉ်မှ၎င်း၊ သိမ်မွေ့သော ကာမရာဂ အနုသယမှ၎င်း၊ ပဋိဃ အနုသယမှ၎င်း ထ၏ ။ပ။

အရဟတ္တမဂ်ခဏ၌ နိဗ္ဗာန်ကိုမြင်ခြင်း အနက်သဘောကြောင့် သမ္မာဒိဋ္ဌိသည် ။ပ။ မပျံ့လွင့်ခြင်း အနက်သဘောကြောင့် သမ္မာသမာဓိသည် ရူပရာဂမှ၎င်း၊ အရူပရာဂမှ၎င်း၊ မာနမှ၎င်း၊ ဥဒ္ဓစ္စမှ၎င်း၊ အဝိဇ္ဇာမှ၎င်း၊ မာနအနုသယမှ၎င်း၊ ဘဝရာဂ အနုသယမှ၎င်း၊ အဝိဇ္ဇာ အနုသယမှ၎င်း ထ၏၊ ထိုရူပရာဂစသည်သို့ အစဉ်လိုက်သော ကိလေသာတို့မှ၎င်း၊ ခန္ဓာတို့မှ၎င်း ထ၏၊ အပြင်ပ၌ အလုံးစုံသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့် ''နှစ်ပါးစုံမှ ထခြင်း ပြန်လည်ခြင်း ပြီးစီးလတ်သော် ဖြစ်သော ပညာသည် မဂ်ဉာဏ်မည်၏''ဟု ဆိုအပ်၏။ ဤကား ပါဠိ။

     ၈၂၈။ ထိုမှတပါး ရှစ်ပါးသော လောကီသမာပတ်တို့ကို ပွါးစေသောကာလ၌ သမထခွန်အားသည် လွန်ကဲ၏၊ အနိစ္စာနုပဿနာ စသည်တို့ကို ပွါးစေသော ကာလ၌ ဝိပဿနာခွန်အားသည် လွန်ကဲ၏၊ အရိယာမဂ် ခဏ၌မူကား ထိုသမထနှင့် ဝိပဿနာတရားတို့သည် အချင်းချင်းကို မလွန်ခြင်းဟူသော အနက်သဘောအားဖြင့် ထမ်းပိုး၌ ညီတူ ဖွဲ့အပ်ကုန်သကဲ့သို့

၄၆၀

ဖြစ်ကုန်၏။ ထို့ကြောင့် ဤလေးပါးလုံးသော မဂ်ဉာဏ်တို့၌ နှစ်ပါးစုံသော ခွန်အားနှင့် ယှဉ်ပေ၏။ အဘယ်ကဲ့သို့ ဟောတော်မူသနည်း ဟူမူကား?-

ပျံ့လွင့်မှု ဥဒ္ဓစ္စနှင့် တကွဖြစ်သော ကိလေသာတို့မှ၎င်း၊ ခန္ဓာတို့မှ၎င်း ထသော ပုဂ္ဂိုလ်အား စိတ်၏ တခုတည်းသော အာရုံရှိသည်၏ အဖြစ်ဟူသော ပျံ့လွင့်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်(၍ မပျံ့မလွင့် တည်ကြည်)သော သမာဓိသည် သင်္ခါရချုပ်ငြိမ်းသော နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏။ မသိမှု- သိမှားမှု- အဝိဇ္ဇာနှင့် တကွဖြစ်သော ကိလေသာတို့မှ၎င်း၊ ခန္ဓာတို့မှ၎င်း ထသောပုဂ္ဂိုလ်အား ရှုခြင်း အနက်သဘောအားဖြင့် ဝိပဿနာသည် သင်္ခါရချုပ်သော နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏၊ ဤသို့ ထခြင်း သဘောအားဖြင့် သမထနှင့် ဝိပဿနာတို့သည် [၃၂၃] တူညီသော ကိစ္စရှိကုန်၏၊ ထမ်းပိုး၌ ညီတူ ဖွဲ့အပ်ကုန်သကဲ့သို့ ဖြစ်ကုန်၏၊ အချင်းချင်းကို မလွန်ကုန်၊ ထို့ကြောင့် ''ထခြင်း အနက်သဘောအားဖြင့် သမထနှင့် ဝိပဿနာကို ထမ်းပိုး၌ ညီတူဖွဲ့သကဲ့သို့ ပွါးစေ၏''ဟု ဆိုအပ်၏- ဤသို့ ဟောတော်မူ၏။

ဤသို့လျှင် ဤ (ဉာဏဒဿနဝိသုဒ္ဓိ)၌ ထခြင်း ခွန်အားနှင့်ယှဉ်ခြင်းကို သိအပ်၏။

ပယ်အပ်သောတရားကို ပယ်ပုံကို ပြဆိုချက်

     ၈၂၉။ အကြင် အကုသိုလ်တရားတို့ကို အကြင်ဉာဏ်ဖြင့် ပယ်အပ်ကုန်၏၊ ထိုအကုသိုလ် တရားတို့ကို ထိုဉာဏ်ဖြင့် ပယ်ခြင်းကို၎င်း ဟူသည်ကား ဤလေးပါးသော မဂ်ဉာဏ်တို့တွင် အကြင်ဉာဏ်ဖြင့် အကြင် အကုသိုလ်တရားတို့ကို ပယ်အပ်ကုန်၏၊ ထိုအကုသိုလ် တရားတို့ကို ထိုဉာဏ်ဖြင့် ပယ်ခြင်းကို၎င်း သိအပ်၏။ ချဲ့၍ ပြရလျှင်- ဤလေးပါးသော မဂ်ဉာဏ်တို့သည် သံယောဇဉ် ကိလေသာ မိစ္ဆတ္တတရား လောကဓံတရား မစ္ဆရိယ ဝိပလ္လာသ ဂန္ထ အဂတိ အာသဝေါတရား ဩဃ ယောဂ နီဝရဏ ပရာမာသ ဥပါဒါန် အနုသယ မလ အကုသိုလ်ကမ္မပထ အကုသိုလ်စိတ္တုပ္ပါဒ်ဟု ဆိုအပ်ကုန်သော


မှတ်ချက်

     ၁- မဂ်ဉာဏ်တို့သည်.. ပယ်ခြင်းကို ပြုတတ်ကုန်၏-ဟု စပ်ပါ။

၄၆၁

အကုသိုလ်တရားတို့ကို ယှဉ်သင့်သည် (ထိုက်သည်)အားလျော်စွာ ပယ်ခြင်းကို ပြုတတ်ကုန်၏။

     ထိုတွင် သံယောဇဉ်တို့ ဟူသည်ကား ဘဝသစ်ခန္ဓာတို့နှင့် ဘဝဟောင်း ခန္ဓာတို့ကို၎င်း၊ အကျိုးနှင့် ကံကို၎င်း၊ ဆင်းရဲနှင့် သတ္တဝါတို့ကို၎င်း ယှဉ်စေတတ်သောကြောင့် ရူပရာဂအစရှိသော ဆယ်ပါးသော တရားတို့ကို (သံယောဇဉ်တို့ဟူ၍) ဆိုအပ်ကုန်၏။ မှန်ပေ၏၊ ထိုသံယောဇဉ်တို့ရှိသမျှ ကာလပတ်လုံး ဤခန္ဓာအကျိုး ဆင်းရဲဒုက္ခတို့၏ ပြတ်စဲခြင်းမည်သည် မရှိချေ။ ထိုဆယ်ပါးတို့တွင်လည်း ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာဟူသော ဤငါးပါးတို့သည် အထက် ဗြဟ္မာ့လောက၌ ဖြစ်လတံ့သော ခန္ဓာတို့နှင့် (ဖြစ်ပြီးသော ခန္ဓာစသည်တို့ကို) ယှဉ်စေတတ်သောကြောင့် ဥဒ္ဓံဘာဂိယ သံယောဇဉ်တို့ မည်ကုန်၏။ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ကာမရာဂ ပဋိဃဟူသော ဤငါးပါးတို့သည် အောက်ကာမလောက၌


မှတ်ချက်

     ၁- ဤအရာ၌ ဘဝဟောင်းခန္ဓာတို့နှင့် ဘဝသစ်ခန္ဓာတို့ကို ယှဉ်စေသည်ဟု ဆိုလျှင် မြန်မာစကား အနက်အဓိပ္ပါယ် သာ၍ ချောမောဖွယ်ရှိ၏၊ သို့သော်လည်း ဖလေန ကမ္မဿ- အကျိုးနှင့် ကံကို ယှဉ်စေသည်ဟု ဆိုသော နောက်စကားကို ထောက်၍ ဘဝသစ်ခန္ဓာတို့နှင့် ဘဝဟောင်းခန္ဓာတို့ကို၎င်း-ဟု ပြန်ဆိုသည်။

     ၂- ရူပရာဂ- ရူပဘဝ၌ တပ်မက်သာယာခြင်း၊ အရူပရာဂ- အရူပဘဝ၌ တပ်မက်သာယာခြင်း၊ မာန- မာန်ထောင်လွှားခြင်း၊ ဥဒ္ဓစ္စ- ပျံ့လွင့်ခြင်း၊ အဝိဇ္ဇာ- အမှန်ကိုမသိခြင်း- မှားယွင်းစွာ သိခြင်း။

     ၃- ဤ၌လည်း ဤနှာ-မှတ်ချက် ၁-အတိုင်း ပြန်ဆိုထားသည်။

     ၄- ဥဒ္ဓံ-အထက် + ဘာဂ-အဖို့ + ဣယ-ကျေးဇူးပြုသည် -ဖြစ်စေသည် = ဥဒ္ဓံဘာဂိယ- အထက်အဖို့ ဗြဟ္မာ့လောက၌ ဖြစ်စေတတ်သော တရား။

     ၅- သက္ကာယဒိဋ္ဌိ- ထင်ရှားရှိသော ရုပ်နာမ်အပေါင်း၌ အတ္တဟု ထင်မြင်သော အယူ၊ ဝိစိကိစ္ဆာ- ဘုရား, တရား, သံဃာ, သီလသမာဓိပညာ အကျင့်သိက္ခာတို့၌ ယုံမှားမှု၊ သီလဗ္ဗတပရာမာသ- မဂ္ဂင်ရှစ်ပါးအကျင့်နှင့် မဆိုင်သော နွား ခွေး စသည်တို့၏ အလေ့အကျင့်, ကောင်းကင်ဘုံက ဘုရားသခင်ကို ကိုးကွယ်သော အလေ့အကျင့်စသော တစုံတခုသော အလေ့အကျင့်မျှဖြင့် သံသရာဆင်းရဲမှ လွတ်မြောက်သည်ဟု ယုံကြည်သော အယူအဆ

၄၆၂

ဖြစ်လတံ့သော ခန္ဓာတို့နှင့် (ဖြစ်ပြီးသော ခန္ဓာတို့ကို) ယှဉ်စေတတ်သောကြောင့် အဓောဘာဂိယ သံယောဇဉ်တို့ မည်ကုန်၏။

     ကိလေသာတို့ ဟူသည်ကား မိမိတို့ကိုယ်တိုင် ညစ်နွမ်းသောကြောင့်၎င်း၊ ယှဉ်ဖော် ယှဉ်ဖက် ဖြစ်သော (သမ္ပယုတ်) တရားတို့ကို ညစ်နွမ်းစေတတ်သောကြောင့်၎င်း လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပဟူသော ဤဆယ်ပါးသော တရားတို့သည် ကိလေသာမည်ကုန်၏။

     မိစ္ဆတ္တတရားတို့ ဟူသည်ကား မိစ္ဆာဒိဋ္ဌိ မိစ္ဆသင်္ကပ္ပ မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝ မိစ္ဆာဝါယာမ မိစ္ဆာသတိ မိစ္ဆာသမာဓိဟူသော


မှတ်ချက်

ဗုဒ္ဓဘာသာမှ တပါးသော ဘာသာတို့၌ လွတ်မြောက်ရေး အယူ ဟူသမျှသည် ဤသီလဗ္ဗတပရာမာသ၌ အတွင်းဝင်၏။ ကာမရာဂ- ကာမဂုဏ် အာရုံတို့၌ တပ်မက်မှု၊ ပဋိဃ- စိတ်ပျက်မှု ဒေါသ။

     ၁- အဓော-အောက် + ဘာဂ-အဖို့ + ဣယ-ဖြစ်စေသည် = အဓောဘာဂိယ- အောက်အဖို့ ကာမလောက၌ ဖြစ်စေတတ်သော တရား။ ၎င်းကို ဩရမ္ဘာဂိယ သံယောဇဉ်ဟူ၍လည်း ခေါ်၏၊ ဩရံ-ဤမှာဘက် အောက်ဘက် ကာမလောက၊ ဤမျှသာ ထူးသည်။

     ၂- ထိန-စိတ်၏ ထိုင်းမှိုင်းခြင်း- ပျင်းရိခြင်း။ အဟိရိက- အကုသိုလ်မှ မရှက်ခြင်း။ အနောတ္တပ္ပ- အကုသိုလ်မှ ကြောက်မလန့်ခြင်း။

     ၃- မိစ္ဆာဒိဋ္ဌိ- မှားသော အမြင် အယူ၊ သမ္မာဒိဋ္ဌိ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ မိစ္ဆာသင်္ကပ္ပ- မှားသော အကြံ။ မိစ္ဆာဝါစာ- မှားသော မလျော်သော စကား၊ မုသာဝါဒ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပ- ဤဝစီဒုစရိုက် ၄-ပါးပင် ဖြစ်သည်။ မိစ္ဆာကမ္မန္တ- မှားသော မလျော်သော အမှု၊ ပါဏာတိပါတ အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ- ဤကာယဒုစရိုက် ၃-ပါးပင် ဖြစ်သည်။ မိစ္ဆာအာဇီဝ- မှားသော မတရားသော အသက်မွေးမှု၊ သတ်ခြင်း ခိုးခြင်း လိမ်ခြင်းစသော ဒုစရိုက်အမှုတို့ဖြင့် မတရားစီးပွါးရှာမှု ဖြစ်သည်။ မိစ္ဆာဝါယာမ- မှားသော အားထုတ်မှု၊ အကိုသိုလ်အမှု ဟူသမျှ၌ အားထုတ်သော လုံ့လဝီရိယ ဖြစ်သည်။ မိစ္ဆာသတိ- မှားသော မလျော်သော အမှတ်ရမှု၊ အကုသိုလ် အမှု ကာမဂုဏ်တို့နှင့်စပ်၍ ရှေးဟောင်းများကို ပြန်၍ အမှတ်ရသော အကုသိုလ်စိတ္တုပ္ပါဒ်ဖြစ်သည်။ မိစ္ဆာသမာဓိ- မှားသော မလျော်သော စိတ်တည်ကြည်မှု၊ အကုသိုလ်အမှုတို့၌ စိတ်၏ စူးစိုက်တည်ငြိမ်မှု ဖြစ်သည်။ မိစ္ဆာ- မှားသော + အတ္တ-သဘော = မိစ္ဆတ္တ- မှားသော သဘော။

၄၆၃

ဤရှစ်ပါးသော တရားတို့သည် မှားယွင်းစွာ ဖြစ်သောကြောင့် မိစ္ဆတ္တမည်ကုန်၏။ တနည်းကား မိစ္ဆာဝိမုတ္တိ မိစ္ဆာဉာဏ်တို့နှင့် တကွ ဆယ်ပါးသော တရားတို့သည် မိစ္ဆာတ္တမည်ကုန်၏။

     လောကဓံတရားတို့ ဟူသည်ကား လာဘ်ရခြင်း လာဘ်မရခြင်း အခြွေအရံများခြင်း အခြွေအရံမဲ့ခြင်း ချမ်းသာခြင်း ဆင်းရဲခြင်း ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းဟူသော ဤရှစ်ပါးတို့သည် သတ္တလောက၏ ဖြစ်ခြင်းရှိလျှင် မကင်းနိုင်သောတရားတို့ ဖြစ်သောကြောင့် လောကဓံတရားတို့ မည်ကုန်၏၊ (ပယ်သင့်သော အကုသိုလ်ကို ပြသော) ဤအရာ၌ကား လာဘ်ရခြင်း စသည်လျှင် အကြောင်းရှိသော လောဘကို၎င်း လာဘ်မရခြင်း စသည်လျှင် အကြောင်းရှိသော ဒေါသကို၎င်း ကာရဏူပစာအားဖြင့် လောကဓံတရား ခေါ်သည်ဟု သိအပ်၏

     [၃၂၄] မစ္ဆရိယတို့ ဟူသည်ကား အာဝါသမစ္ဆရိယ ကုလမစ္ဆရိယ လာဘမစ္ဆရိယ ဓမ္မမစ္ဆရိယ ဝဏ္ဏမစ္ဆရိယဟူသော နေရာကျောင်း စသည်တို့၌


မှတ်ချက်

     ၁- မိစ္ဆာဝိမုတ္တိ- မှားသော လွတ်မြောက်ခြင်း၊ ကိလေသာတို့မှ မလွတ်သေးပါပဲ လွတ်ပြီ-ဟု ထင်မြင်လျက် ဆင်ခြင်မှု ဖြစ်သည်။ မိစ္ဆာဉာဏ- အကုသိုလ်အမှုတို့ကို ပြီးမြောက်စေရန် ကြံစည်သော အသိဉာဏ်နှင့် ထိုသို့ကြံစည်၍ ပြုလုပ်ခဲ့သည်ကို ကောင်းသည်ဟု ပြန်လည်ဆင်ခြင်မှု၊ တရားကိုယ်အားဖြင့် မောဟပင်ဖြစ်သည်။

     ၂- အကြောင်း၏အမည်ဖြင့် အကျိုးကို တင်စား၍ ခေါ်ခြင်းသည် ကာရဏူပစာမည်၏။

     ၃- လောကဓမ္မ- လောကမည်သော သတ္တဝါတို့၌ ဖြစ်လေ့ရှိသော တရား- လောကမည်သော သတ္တဝါတို့ တွေ့ကြုံရမြဲဖြစ်သော တရား။

     ၄- မိမိနေရာကျောင်း၌ သူတပါးတို့အား မနေစေလိုခြင်းသည် အာဝါသမစ္ဆရိယမည်၏။ မိမိနှင့်စပ်သော ဒကာ ဒကာမတို့ကို သူတပါးနှင့် မစပ်ဆိုင်စေလိုခြင်းသည် ကုလမစ္ဆရိယမည်၏။ လာဘ်လာဘတို့ကို မိမိသာ ရလို၍ သူတပါးတို့အား မရစေလိုခြင်းသည် လာဘမစ္ဆရိယမည်၏။ မိမိတတ်သိထားသော တရားကျမ်းဂန်တို့ကို သူတပါးတို့အား မတတ်သိစေလိုခြင်းသည် ဓမ္မမစ္ဆရိယမည်၏။ မိမိမှာ ပြည့်စုံသောဂုဏ်ကို သူတပါးအား မပြည့်စုံစေလိုခြင်းသည် ဝဏ္ဏမစ္ဆရိယမည်၏။ ဤမစ္ဆရိယငါးပါးနှင့်စပ်၍ အနက်အဓိပ္ပါယ်အကျယ်ကို ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ နံပါတ် (၂၆၁)၌ ကြည့်ပါ။

၄၆၄

တပါးသော သူတို့နှင့် ဆက်ဆံသည်၏အဖြစ်ကို သည်းမခံ (သဘောမတူ)နိုင်သော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော ဤငါးပါးသော ဝန်တိုခြင်းတို့တည်း။

     ဝိပလ္လာသတို့ ဟူသည်ကား မမြဲ ဆင်းရဲ အတ္တမဟုတ် မတင့်တယ်သော ဝတ္ထုတို့၌ပင်လျှင် ''မြဲသည် ချမ်းသာသည် အတ္တဟုတ်သည် တင့်တယ်သည်''ဟု ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်သော သညာဝိပလ္လာသ စိတ္တဝိပလ္လာသ ဒိဋ္ဌိဝိပလ္လာသဟူသော ဤသုံးပါးသော ဖောက်ပြန် မှားယွင်းခြင်းတို့တည်း။

     ဂန္ထတို့ ဟူသည်ကား အဘိဇ္ဈာအစရှိကုန်သော လေးပါးသော တရားတို့သည် နာမ်အပေါင်း- နာမကာယကို၎င်း ရုပ်အပေါင်း- ရူပကာယကို၎င်း ဆက်စပ် ထုံးဖွဲ့တတ်သောကြောင့် ဂန္ထတို့ မည်ကုန်၏၊ ထိုစကားမှန်၏၊ ထိုဂန္ထတို့ကို ''အဘိဇ္ဈာကာယဂန္ထ ဗျာပါဒကာယဂန္ထ သီလဗ္ဗတပရာမာသကာယဂန္ထ ဣဒံသစ္စာဘိနိဝေသကာယဂန္ထ'' ဟူ၍သာလျှင် ဟောတော်မူ(အပ်ကုန်)၏။

     အဂတိဟူသော ဤအမည်သည် ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ခြင်းတို့ကြောင့် မပြုသင့်သော အမှုကို ပြုခြင်းနှင့် ပြုသင့်သော အမှုကို မပြုခြင်းတို့၏ အမည်တည်း။ မှန်ပေ၏၊ ထိုမပြုသင့်သည်ကို ပြုခြင်းနှင့်


မှတ်ချက်

     ၁- သညာဝိပလ္လာသ- အမှတ်မှားခြင်း။ စိတ္တဝိပလ္လာသ- အသိမှားခြင်း။ ဒိဋ္ဌိဝိပလ္လာသ- အယူမှားခြင်း။ ဤဝိပလ္လာသတို့သည် မမြဲသည်၌ မြဲသည်ဟူ၍၎င်း၊ ဆင်းရဲ၌ ချမ်းသာဟူ၍၎င်း၊ အတ္တမဟုတ်သည်၌ အတ္တဟူ၍၎င်း၊ မတင့်တယ်သည်၌ တင့်တယ်သည်ဟူ၍၎င်း အမှတ်, အသိ, အထင်မှားခြင်းတို့၏ အစွမ်းအားဖြင့် တပါးပါးလျှင် လေးပါးစီ ကွဲပြားသောကြောင့် ၁၂-ပါး အပြားရှိကုန်၏။

     ၂- မိမိယူဆထားသော သဿတအယူ ဥစ္ဆေဒအယူ စသည်ကို အကြောင်းပြု၍ ဤငါ၏အယူသာလျှင် မှန်သည်၊ အခြားအယူအားလုံး မှားသည်-ဟု မြဲမြံစွာ နှလုံးသွင်း ယူဆခြင်းကို ဣဒံသစ္စာဘိနိဝေသ- ဟု ခေါ်သည်။

၄၆၅

ပြုသင့်သည်ကို မပြုခြင်းကို အရိယာတို့သည် မရောက်အပ် မရောက်ထိုက်သည်၏ အဖြစ်ကြောင့် အဂတိဟူ၍ ဆိုအပ်၏

     အာသဝ- အာဝဝေါတရား ဟူသည်ကား ကာမရာဂ ဘဝရာဂ မိစ္ဆာဒိဋ္ဌိ အဝိဇ္ဇာတို့သည် (တရားသဘောအားဖြင့်) ဂေါတြဘူတိုင်အောင်၎င်း၊ (ဘဝအားဖြင့်)ဘဝဂ်တိုင်အောင်၎င်း အာရုံပြုသည်၏ အစွမ်းအားဖြင့် ဖြစ်တတ်သောကြောင့် အာသဝမည်ကုန်၏။ တနည်းကား ရေအိုး၏ အပေါက်တို့မှ ရေကဲ့သို့ မပိတ်ဆို့အပ်သော ဒွါရတို့မှ ယိုစီးတတ်သောကြောင့် အမြဲတမ်း ယိုထွက်ခြင်း အနက်သဘောအားဖြင့် အာသဝမည်ကုန်၏။ တနည်းကား သံသရာဆင်းရဲကို ဖြစ်ပွါးစေတတ်သောကြောင့် အာသဝမည်ကုန်၏

     ဘဝတည်းဟူသော သမုဒြာ၌ ဆွဲငင်တတ်သော အနက်သဘောကြောင့်၎င်း၊ ကူးမြောက်နိုင်ခဲသော အနက်သဘောကြောင့်၎င်း ထိုကာမရာဂ ဘဝရာဂ မိစ္ဆာဒိဋ္ဌိ အဝိဇ္ဇာတို့သည် ဩဃလည်း မည်ကုန်၏။ အာရုံနှင့် ကင်းကွာခြင်းကို၎င်း၊ ဆင်းရဲဒုက္ခနှင့် ကင်းကွာခြင်းကို၎င်း မပေးတတ်သောကြောင့် ယောဂလည်း မည်ကုန်၏

     နီဝရဏတို့ ဟူသည်ကား စိတ်ကို တားမြစ်တတ် ပိတ်ဆို့တတ် ဖုံးကွယ်တတ်သော အနက်သဘောကြောင့် ကာမစ္ဆန္ဒ အစရှိသော ငါးပါးသောတရားတို့သည် နီဝရဏ မည်ကုန်၏။


မှတ်ချက်

     ၁- အ-မ-မဟုတ် + ဂတိ-ရောက်အပ်သည် = အဂတိ- မရောက်အပ် မရောက်ထိုက်သော တရား။

     ၂- အာ-တိုင်အောင် + သဝ-ဖြစ်တတ်သည် = အာသဝ- ဂေါတြဘူနှင့် ဘဝဂ်တိုင်အောင် အာရုံပြုလျက် ဖြစ်တတ်သော တရား။ တနည်း အာ-အမြဲ + သဝ-ယိုထွက်တတ်သည် = အာသဝ- အမြဲတမ်း ယိုထွက်တတ်သော တရား။ တနည်း အာ-အလွန် + သဝ-ဖြစ်စေတတ်သည် = အာသဝ- သံသရာဆင်းရဲကို အလွန် ဖြစ်ပွါးစေတတ်သော တရား။

     ၃- ဩ-အဝ-နှစ်မြှုပ်၍ + ဃ-ဟန-သတ်တတ်သည် = ဩဃ-နှစ်မြှုပ်၍ သတ်တတ်သော တရား။

     ၄- ယောဂ-အာရုံနှင့်၎င်း ဆင်းရဲဒုက္ခနှင့်၎င်း ယှဉ်စေတတ်သော တရား။

၄၆၆

     ပရာမာသ ဟူသည်ကား ထိုထိုတရား၏ (မတင့်တယ်ခြင်းစသော) မှန်သောသဘောကို ကျော်လွန်၍ အမှန်မှ တပါးသော မဟုတ်မမှန်သော (တင့်တယ်ခြင်းစသော) သဘောကို သုံးသပ်သော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့် မိစ္ဆာဒိဋ္ဌိသည် ပရာမာသမည်၏

     ဥပါဒါန်တို့ ဟူသည်ကား ပဋိစ္စသမုပ္ပါဒ် အကျယ်ပြရာ (နိဒ္ဒေသ)၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြဆိုခဲ့သော ကာမုပါဒါန် အစရှိသော လေးပါးသော ဥပါဒါန်တို့တည်း။

     အနုသယတို့ ဟူသည်ကား အားအစွမ်းသို့ ရောက်သော (ဖြစ်စွမ်းနိုင်သော) အနက်သဘောအားဖြင့် ကာမရာဂါနုသယ ပဋိဃာနုသယ မာနာနုသယ ဒိဋ္ဌိအနုသယ ဝိစိကိစ္ဆာနုသယ ဘဝရာဂါနုသယ အဝိဇ္ဇာနုသယဟူ၍ ဤသို့ ဟောထားသော ကာမရာဂ အစရှိသော [၃၂၅] ခုနစ်ပါးသော တရားတို့တည်း။ မှန်ပေ၏၊ ထိုခုနစ်ပါးသော တရားတို့သည် အားအစွမ်းသို့ ရောက်သည်၏အဖြစ် (ဖြစ်စွမ်းနိုင်သည်၏ အဖြစ်)ကြောင့် ကာမရာဂ စသည်တို့ အဖန်တလဲလဲ ဖြစ်ခြင်း၏ အကြောင်းအဖြစ်ဖြင့် ကိန်းနေကုန်သည်သာတည်း။ ထို့ကြောင့် အနုသယမည်ကုန်၏။

     မလ- အညစ်အကြေးတို့ ဟူသည်ကား ဆီစွန်းသော ညွန်ကဲ့သို့ မိမိတို့ကိုယ်တိုင် မစင်ကြယ်သောကြောင့်၎င်း တပါးသော တရားတို့အား မစင်ကြယ်သည်၏ အဖြစ်ကို ပြုတတ်သောကြောင့်၎င်း လောဘ ဒေါသ မောဟဟူသော သုံးပါးသော တရားတို့တည်း။

     အကုသိုလ် ကမ္မပထတို့ ဟူသည်ကား (၁) ပါဏာတိပါတ- သတ္တဝါကို သတ်ခြင်း၊ (၂) အဒိန္နာဒါန- သူတပါး၏ ဥစ္စာကို ခိုးယူခြင်း၊ (၃) ကာမေသုမိစ္ဆာစာရ- မပိုင် မဆိုင်သော မေထုန်ကာမတို့၌ မှားယွင်း ကျူးလွန်ခြင်း၊ (၄) မုသာဝါဒ- မမှန်သောစကားကို လိမ်လည် ပြောဆိုခြင်း၊


မှတ်ချက်

     ၁- ပရတော- အမှန်မှတပါး အမှားအားဖြင့်-ဟု တိုက်ရိုက် ပြန်သင့်သော်လည်း မြန်မာစကား ချောစေရန် ထိုပုဒ်၏ လိုရင်းအနက်ဖြစ်သော မဟုတ်မမှန်သော သဘော၏ ဝိသေသနပြု၍ ပြန်ထားသည်။

     ၂- ပရ-အမှန်မှတပါး အမှား + အာမာသ-သုံးသပ်သည် = ပရာမာသ- အမှားအားဖြင့် သုံးသပ်သည်- အမှားကို သုံးသပ်သော တရား။

၄၆၇

(၅) ပိသုဏဝါစာ-¼ဂုံးတိုက်စကား ပြောဆိုခြင်း၊ (၆) ဖရုသဝါစာ- ရုန့်ရင်း ကြမ်းတမ်းသောစကား ပြောဆိုခြင်း၊ (၇) သမ္ဖပ္ပလာပ- ပြိန်ဖျင်းသော အကျိုးမဲ့စကား ပြောဆိုခြင်း၊ (၈) အဘိဇ္ဈာ- သူ့ ဥစ္စာကို ရလိုသမှု ရှေးရှုကြံစည်ခြင်း၊ (၉) ဗျာပါဒ- သူတပါးအား သေပျက်စေရန် ကြံစည်ခြင်း၊ (၁ဝ) မိစ္ဆာဒိဋ္ဌိ- ကံနှင့် ကံ၏အကျိုး မရှိဟု မှားယွင်းသော အယူဟူသော ဤဆယ်ပါးတို့သည် အကုသိုလ်ကံ ဖြစ်သောကြောင့်၎င်း အပါယ်ဒုဂ္ဂတိသို့ ရောက်ကြောင်း ဖြစ်သောကြောင့်၎င်း အကုသလကမ္မပထ မည်ကုန်၏။

     အကုသိုလ် စိတ္တုပ္ပါဒ်တို့ ဟူသည်ကား လောဘမူစိတ္တုပ္ပါဒ် ရှစ်ပါး၊ ဒေါသမူစိတ္တုပ္ပါဒ် နှစ်ပါး၊ မောဟမူ စိတ္တုပ္ပါဒ် နှစ်ပါးဟူသော ဤတဆယ့်နှစ်ပါးတို့တည်း။

     ၈၃ဝ။ ဤသို့ ပြဆိုအပ်ကုန်ပြီးသော သံယောဇဉ် အစရှိကုန်သော ထိုအကုသိုလ်တရားတို့ကို ဤလေးပါးသော မဂ်ဉာဏ်တို့သည် ယှဉ်သင့်သည်အား (ထိုက်သည်အား)လျော်စွာ ပယ်ခြင်းကို ပြုတတ်ကုန်၏။ အဘယ်သို့နည်းဟူမူ? သံယောဇဉ် ဆယ်ပါးတို့တွင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ အပါယ်သို့ လားရောက်စေတတ်သော ကာမရာဂနှင့် ပဋိဃဟူသော ဤငါးပါးသော တရားတို့ကို ပဌမမဂ်ဉာဏ်က ပယ်သတ်၏။ ကြွင်းသော ရုန့်ရင်းသော ကာမရာဂနှင့် ပဋိဃတို့ကို ဒုတိယမဂ်ဉာဏ်က ပယ်သတ်၏၊ သိမ်မွေ့သော ကာမရာဂနှင့် ပဋိဃတို့ကို တတိယမဂ်ဉာဏ်က ပယ်သတ်၏၊ ရူပရာဂ အစရှိသော ငါးပါးလုံးသော သံယောဇဉ်တို့ကို စတုတ္ထမဂ်ဉာဏ်ကသာလျှင် ပယ်သတ်၏။ နောက်၌လည်း သာလျှင်-ဟူသော သဒ္ဒါဖြင့် ကန့်သတ်ခြင်းကို မပြုမူ၍ အကြင်အကြင် အကုသိုလ်တရားကို ''အထက်မဂ်ဉာဏ်တို့က ပယ်သတ်သည်''ဟု ဆိုထားရာ ဟူသမျှ၌ ''အထက်မဂ်ဉာဏ်က


မှတ်ချက်

     ၁- ပါဠိကို တိုက်ရိုက်ပြန်လျှင် ''ဤငါးပါးသော တရားတို့သည် ပဌမမဂ်ဉာဏ်က ပယ်သတ်အပ်သော တရားတို့တည်း''ဟူ၍ ဖြစ်၏။ မြန်မာစကား ချောစေရန် ကံဟောကို ကတ္တားဟောပြု၍ ပြန်ထားသည်။ နောက်ပုဒ်တို့၌လည်း နည်းတူပင်။

     ၂- ပဌမမဂ်က အပါယ်ကျစေနိုင်သော ကာမရာဂနှင့် ပဋိဃတို့ကိုသာ ပယ်သည်၊ အပါယ်မကျစေနိုင်သော ကာမရာဂနှင့် ပဋိဃတို့မှာ ကြွင်းကျန်သေးသည်။ ၎င်းတို့ကို ဤ၌ ကြွင်းသော-ဟု ဆိုသည်။

၄၆၈

ပယ်သတ်သည်''ဟု ဆိုသော ထိုထို အကုသိုလ်တရား၏ အပါယဂမနီယစသော အဖို့ကို အောက်မဂ်ဉာဏ်တို့က ပယ်ပြီးသာလျှင် ဖြစ်သည်ဟု သိအပ်၏။

     ကိလေသာ ဆယ်ပါးတို့တွင် ဒိဋ္ဌိနှင့် ဝိစီကိစ္ဆကို ပဌမဂ်ဉာဏ်က ပယ်သတ်၏၊ ဒေါသကို တတိယမဂ်ဉာဏ်က ပယ်သတ်၏


မှတ်ချက်

     ၁- ဤဝါကျ၌ တိုက်ရိုက်ပြန်လျှင် ''နောက်၌လည်း အကြင်အကြင်ပုဒ်၌ သာလျှင်-ဟူသော သဒ္ဒါဖြင့် ကန့်သတ်ခြင်းကို မပြုကုန်အံ့၊ ထိုထိုပုဒ်၌ အကြင်အကြင် အကုသိုလ်တရားကို အထက်မဂ်က သတ်အပ်သော တရား-ဟု ဆိုကုန်အံ့၊ ထိုထို အကုသိုလ်တရားသည် ရှေးဉာဏ်တို့က ပယ်သတ်အပ်ပြီးသော အပါယဂမနီယ စသည်၏အဖြစ် ရှိသည်သာလျှင်ဖြစ်၍ အထက်ဉာဏ်က သတ်အပ်သော တရားဖြစ်သည်-ဟု သိအပ်၏''ဟူ၍ ဖြစ်၏။ သုတနည်းသောသူတို့ နားလည်ရန် ခဲယဉ်း၏။ ထို့ကြောင့် ဆိုလိုသော အနက်ကိုသာယူ၍ မြန်မာစကား ချောချောပြန်ထားသည်။ ကာမရာဂစသော အကုသိုလ်တရားမှာ အပါယ်သို့ ကျစေနိုင်သော အကြမ်းဆုံး အဖို့အပိုင်းလည်း ရှိ၏၊ ၎င်းကို အပါယဂမနီယာ-ဟု ခေါ်သည်။ ထိုအပါယဂမနီယအဖို့ကို သောတာပတ္တိမဂ်က ပယ်၏။ ထို့ပြင် အပါယ်သို့ မကျစေနိုင်သော်လည်း ရုန့်ရင်းကြမ်းတမ်းသည်ဟု ဆိုရသော အဖို့အပိုင်းလည်း ရှိ၏၊ ထိုအဖို့ကို သကဒါဂါမိမဂ်က ပယ်၏၊ ထို့ပြင် သိမ်မွေ့သည်-ဟု ဆိုရသော အပိုင်းလည်း ရှိ၏၊ ထိုအဖို့ကို အနာဂါမိမဂ်က ပယ်၏။ အလွန်သိမ်မွေ့သော ရူပရာဂ စသည်ကိုကား အနာဂါမိမဂ်ကလည်း မပယ်နိုင်၊ ထိုသို့သော အကုသိုလ်အဖို့ကို အရဟတ္တမဂ်က ပယ်၏။ ထို့ကြောင့် စတုတ္ထမဂ်ကသာလျှင်-ဟု မဆိုပဲ စတုတ္ထမဂ်က ပယ်သည်-ဟု သာလျှင်-သဒ္ဒါမပါပဲ ဆိုထားရာ၌ ထိုအကုသိုလ်၏ အပါယဂမနီယအဖို့ကို ပဌမမဂ်က ပယ်သည်၊ ရုန့်ရင်းသော အဖို့ကို ဒုတိယမဂ်က ပယ်သည်၊ သိမ်မွေ့သောအဖို့ကို တတိယမဂ်က ပယ်သည်။ ကြွင်းကျန်သော အလွန်သိမ်မွေ့သော အဖို့ကို စတုတ္ထမဂ်က အကြွင်းမဲ့ ပယ်သည်-ဟု ဤသို့ယူရန် ဤစာပိုဒ်က ညွှန်ပြသည်။

     ၂- ဤ၌ သာလျှင်-သဒ္ဒါဖြင့် ကန့်သတ်ခြင်း မရှိသောကြောင့် ဒေါသ၏ အပါယဂမနီယအဖို့ ရုန့်ရင်းသောအဖို့တို့ကို ပဌမ ဒုတိယ မဂ်တို့က ပယ်ပြီးဖြစ်သည်။ ကြွင်းကျန်သော သိမ်မွေ့သောအဖို့ကို တတိယမဂ်က အကြွင်းမဲ့ ပယ်သည်-ဟု ယူအပ်၏။

၄၆၉

လောဘ မောဟ မာန ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပတို့ကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏

     မိစ္ဆတ္တ ဆယ်ပါးတို့တွင် မိစ္ဆာဒိဋ္ဌိ (မိစ္ဆာဝါစာ၌ ပါဝင်သော) မုသာဝါဒ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝဟူသော ဤတရားတို့ကို ပဌမမဂ်ဉာဏ်က ပယ်သတ်၏။ မိစ္ဆာသင်္ကပ္ပ (မိစ္ဆာဝါစာ၌ ပါဝင်သော) ပိသုဏဝါစာနှင့် ဖရုသဝါစာဟူသော ဤတရားတို့ကို တတိယမဂ်ဉာဏ်က ပယ်သတ်၏၊ ဤအရာ၌ကား စေတနာကိုသာလျှင် ဝါစာ-စကားဟူ၍ သိအပ်၏။ (မိစ္ဆာဝါစာ၌ အတွင်းဝင်သော) သမ္ဖပ္ပလာပ မိစ္ဆာဝါယာမ မိစ္ဆာသတိ မိစ္ဆာသမာဓိ မိစ္ဆာဝိမုတ္တိ မိစ္ဆာဉာဏ်တို့ကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏။

     လောကဓံတရား ရှစ်ပါးတို့တွင် ပဋိဃခေါ် ဒေါသကို တတိယမဂ်ဉာဏ်က ပယ်သတ်၏။ အနုသယခေါ် လောဘကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏။ အခြွေအရံများခြင်း၌၎င်း၊ ချီးမွမ်းခြင်း၌၎င်း လောဘကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏ဟု ဧကေ-အချို့ဆရာတို့က ဆိုကုန်၏။

     မစ္ဆရိယငါးပါးတို့ကို ပဌမမဂ်ညဏ်က ပယ်သတ်၏။


မှတ်ချက်

     ၁- ဤ၌လည်း သာလျှင်-သဒ္ဒါဖြင့် ကန့်သတ်ခြင်း မရှိသောကြောင့် လောဘစသော ကိလေသာ ခုနစ်ပါးတို့၏ အပါယဂမနီယစသော အဖို့တို့ကို အောက်မဂ် ၃-ပါးတို့က အစဉ်အတိုင်း ပယ်ခဲ့ပြီး ဖြစ်သည်-ဟု ယူအပ်၏။

     ၂- ဤ၌လည်း ကန့်သတ်ခြင်း မရှိသောကြောင့် မိစ္ဆာသင်္ကပ္ပ ပိသုဏဝါစာ ဖရုသဝါစာတို့၏ အပါယဂမနီယအဖို့ ရုန့်ရင်းသော အဖို့တို့ကို ပဌမဂ် ဒုတိယမဂ်တို့က ပယ်ခဲ့ပြီး ဖြစ်သည်-ဟု ယူအပ်၏။

     ၃- ဝါစာ-စကားသည် သဒ္ဒရုပ်ဖြစ်၍ ပယ်အပ်သော တရားမဟုတ်၊ သို့သော်လည်း ဤ၌ ဝါစာ-စကားဟူသော ဝေါဟာရဖြင့် ထိုဂုံးစကား စသည်ကိုပြောရန် စေ့ဆော် တိုက်တွန်းသော စေတနာကိုသာ ဆိုလိုသည်၊ ထိုစေတနာကိုသာ ပယ်သည်-ဟု ယူရန် ညွှန်ပြသည်။ သို့သော် စေတနာမရှိလျှင် ထိုသို့သော မိစ္ဆာဝါစာ စကားမျိုးသည် အများအားဖြင့် ကင်း၏။ အရှင်ပိလိန္ဒဝစ္ဆကဲ့သို့ အချို့သော ပုဂ္ဂိုလ်အားသာလျှင် ဝါသနာအလျောက် အကုသိုလ်စေတနာ မပါပဲ ပြောဆိုခြင်း ရှိပေသည်။

     ၄- အချို့ဆရာဟူ၍ မြန်မာပြန်ရသော ပါဠိပုဒ်များမှာ ကေစိ, ဧကေ, ဧကစ္စေ-ဟူ၍ သုံးမျိုးရှိ၏၊ ထိုတွင် ကေစိ- အချို့ဆရာ-ဟု ဆိုလျှင် ကျမ်းဆရာအောက်

၄၇၀

     [၃၂၆] ဝိပလ္လာသတို့တွင် မမြဲသည်၌ မြဲသည်ဟူ၍၎င်း အတ္တမဟုတ်သည်၌ အတ္တဟူ၍၎င်း အမှတ်မှားခြင်းဟူသော သညာဝိပလ္လာသ, အသိမှားခြင်းဟူသော စိတ္တဝိပလ္လာသ, အယူအမြင် မှားခြင်းဟူသော ဒိဋ္ဌိဝိပလ္လာသတို့ကို၎င်း၊ ဆင်းရဲ၌ ချမ်းသာဟူ၍၎င်း မတင့်တယ်သည်၌ တင့်တယ်သည်ဟူ၍၎င်း အယူအမြင်မှားခြင်း- ဒိဋ္ဌိဝိပလ္လာသကို၎င်း- ဤရှစ်ပါးသော ဝိပလ္လာသတို့ကို ပဌမမဂ်ဉာဏ်က ပယ်သတ်၏၊ မတင့်တယ်သည်၌ တင့်တယ်သည်ဟု အမှတ်များခြင်း- သညာဝိပလ္လာသနှင့် အသိမှားခြင်း- စိတ္တဝိပလ္လာသတို့ကို တတိယမဂ်ဉာဏ်က ပယ်သတ်၏။ ဆင်းရဲ၌ ချမ်းသာဟု အမှတ်မှားခြင်း- သညာဝိပလ္လာသနှင့် အသိမှားခြင်း- စိတ္တဝိပလ္လာသတို့ကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏။

     ဂန္ထလေးပါးတို့တွင် သီလဗ္ဗတပရာမာသကာယဂန္ထနှင့် ဣဒံသစ္စာဘိနိဝေသကာယဂန္ထတို့ကို ပဌမမဂ်ဉာဏ်က ပယ်သတ်၏၊ ဗျာပါဒကာယဂန္ထကို တတိယမဂ်ဉာဏ်က ပယ်သတ်၏၊ အဘိဇ္ဈာကာယဂန္ထကို စတုတ္ထမဂ်ဉာဏ်ကပယ်သတ်၏။

     အဂတိလေးပါးတို့ကို ပဌမမဂ်ဉာဏ်ကသာလျှင် ပယ်သတ်၏။

     အာသဝေါတရား လေးပါးတို့တွင် ဒိဋ္ဌာသဝကို ပဌမမဂ်ဉာဏ်က ပယ်သတ်၏၊ ကာမာသဝကို တတိယမဂ်ဉာဏ်က ပယ်သတ်၏၊ ဘဝါသဝနှင့် အဝိဇ္ဇာသဝတို့ကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏။ ဩဃ ယောဂတို့၌လည်း ဤနည်းပင်တည်း။

     နီဝရဏတို့တွင် ဝိစိကိစ္ဆာနီဝရဏကို ပဌမမဂ်ဉာဏ်က ပယ်သတ်၏၊ ကာမစ္ဆန္ဒ ဗျာပါဒ ကုက္ကုစ္စဟူသော သုံးပါးသော နီဝရဏတို့ကို တတိယမဂ်ဉာဏ်က ပယ်သတ်၏၊ ထိနမိဒ္ဓနှင့် ဥဒ္ဓစ္စတို့ကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏။ ပရာမာသကို ပဌမမဂ်ဉာဏ်ကသာလျှင် ပယ်သတ်၏။


မှတ်ချက်

ယုတ်လျော့သော ပုဂ္ဂိုလ်-ဟု ယူရ၏၊ ဧကေ- ဧကစ္စေ- အချို့ဆရာတို့-ဟု ဆိုလျှင် ကျမ်းဆရာနှင့် ဂုဏ်ရည်တူ-ဟု ယူရ၏။ ထို့ကြောင့် ပါဠိမူအတိုင်း ယူဆနိုင်စေရန် ဤ၌ ဧကေ-ဟူသော ပါဠိပါ ဖော်ပြထားသည်။ နောက်၌လည်း ဤသို့ ဖော်ပြရာ၌ နည်းတူပင်မှတ်။

၄၇၁

     ဥပါဒါန် လေးပါးတို့တွင် လောကီတရား အလုံးစုံတို့ကိုလည်း ဝတ္ထုကာမ အလိုအားဖြင့် ကာမဟူ၍ ဟောထားသောကြောင့် ရူပရာဂနှင့် အရူပရာဂသည်လည်း ကာမုပါဒါန်၌ ကျရောက် (အတွင်းဝင်)၏၊ ထို့ကြောင့် ထိုကာမုပါဒါန်ကို စတုတ္ထ မဂ်ဉာဏ်က ပယ်သတ်၏၊ ကြွင်းသော ဥပါဒါန်သုံးပါးတို့ကို ပဌမမဂ်ဉာဏ်က ပယ်သတ်၏။

     အနုသယ ခုနစ်ပါးတို့တွင် ဒိဋ္ဌိအနုသယနှင့် ဝိစိကိစ္ဆာနုသယတို့ကို ပဌမမဂ်ဉာဏ်ကသာလျှင် ပယ်သတ်၏၊ ကာမရာဂါနုသယနှင့် ပဋိဃာနုသယတို့ကို တတိယမဂ်ဉာဏ်က ပယ်သတ်၏၊ မာနာနုသယ ဘဝရာဂါနုသယ အဝိဇ္ဇာနုသယတို့ကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏။

     မလ-အညစ်အကြေး သုံးပါးတို့တွင် ဒေါသအညစ်အကြေးကို တတိယမဂ်ဉာဏ်က ပယ်သတ်၏၊ လောဘနှင့် မောဟ အညစ်အကြေးတို့ကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏။

     အကုသိုလ်ကမ္မပထ ဆယ်ပါးတို့တွင် ပါဏာတိပါတ အဒိန္နာဒါန မိစ္ဆာစာရ မုသာဝါဒ မိစ္ဆာဒိဋ္ဌိဟူသော ဤငါးပါးတို့ ကို ပဌမမဂ်ဉာဏ်က ပတ်သတ်၏၊ ပိသုဏဝါစာ ဖရုသဝါစာ ဗျာပါဒဟူသော ဤသုံးပါးတို့ကို တတိယ မဂ်ဉာဏ်က ပယ်သတ်၏၊ သမ္ဖပ္ပလာပနှင့် အဘိဇ္ဈာတို့ကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏။

     အကုသိုလ်စိတ္တုပ္ပါဒ် တဆယ့်နှစ်ပါးတို့တွင် ဒိဋ္ဌိဂတသမ္ပယုတ် လေးပါးနှင့် ဝိစိကိစ္ဆာသမ္ပယုတ်ဟူသော ဤငါးပါးတို့ကို ပဌမမဂ်ဉာဏ်က ပယ်သတ်၏၊ ပဋိဃသမ္ပယုတ် နှစ်ပါးတို့ကို တတိယမဂ်ဉာဏ်က ပယ်သတ်၏၊ ကြွင်းသော စိတ္တုပ္ပါဒ် ငါးပါးတို့ကို စတုတ္ထမဂ်ဉာဏ်က ပယ်သတ်၏။

     ဆက်၍ ရှင်းဦးအံ့၊ အကြင် အကုသိုလ်ကို အကြင်ဉာဏ်သည် ပယ်သတ်၏၊ ထိုအကုသိုလ်သည် ထိုဉာဏ်ဖြင့် ပယ်အပ်သော ပဟာတဗ္ဗမည်၏၊ ထို့ကြောင့် ''ဤသို့ ပြဆိုအပ်ကုန်ပြီးသော သံယောဇဉ် အစရှိကုန်သော ထိုအကုသိုလ်တရားတို့ကို ဤလေးပါးသော မဂ်ဉာဏ်တို့သည် ယှဉ်သင့်သည်အား


မှတ်ချက်

     ၁- ဤ၌ ပါဠိကို တိုက်ရိုက်ပြန်လျှင် ''ကာမ-ဟု လာသောကြောင့်''ဟူ၍ ဖြစ်၏၊ အချို့က နားလည်ကြမည် မဟုတ်၊ ထို့ကြောင့် အဓိပ္ပါယ်ကိုသာယူ၍ ပြန်ဆိုထားသည်။

၄၇၂

(ထိုက်သည်အား)လျော်စွာ ပယ်ခြင်းကို ပြုတတ်ကုန်၏''ဟု ဆိုခဲ့ပေသည်။

     [၃၂၇] ၈၃၁။ ဤမဂ်ဉာဏ်တို့သည် ထိုပဟာတဗ္ဗ အကုသိုလ်တို့ကို (ပယ်ကုန်လတ်သော်) အတိတ် အနာဂတ် တရားတို့ကို ပယ်ကုန်သလော၊ သို့မဟုတ် ပစ္စုပ္ပန်တရားတို့ကို ပယ်ကုန်သလောဟု မေးငြားအံ့၊ အဘယ်သို့ မေးဘိသနည်း၊ ဤမေးခွန်း၌ ဖြည့်စွက်ရန် လိုသေး၏၊ အကယ်၍ အတိတ် အနာဂတ်တရားတို့ကို ပယ်ငြားအံ့၊ (သို့ဖြစ်လျှင်) အားထုတ်ခြင်းသည် အကျိုးမရှိသည်သာ ဖြစ်ရာ၏၊ အဘယ့်ကြောင့်နည်းဟူမူ? ပယ်အပ်သော အတိတ် အနာဂတ်တရားတို့ မရှိခြင်းကြောင့်တည်း။ သို့မဟုတ် ပစ္စုပ္ပန်တရားတို့ကို ပယ်ငြားအံ့၊ ထိုသို့ဖြစ်လျှင်လည်း အားထုတ်မှုသည် အကျိုးမရှိသည်ပင် ဖြစ်ရာ၏၊ အဘယ့်ကြောင့်နည်းဟူမူ? ပယ်အပ်သော တရားတို့သည် အားထုတ်မှုနှင့် အတူတကွ ရှိနေရာသောကြောင့်တည်း။ မဂ်ကိုပွါးစေခြင်း (မဂ္ဂဘာဝနာ)သည်လည်း ညစ်ညူးကြောင်း ကိလေသာတို့နှင့် ယှဉ်သည်သော်လည်း ဖြစ်ရာ၏။ သို့မဟုတ်လျှင် ကိလေသာတို့သည် စိတ်နှင့် မယှဉ်သော ဝိပ္ပယုတ်တရားတို့သော်လည်း ဖြစ်ကုန်ရာ၏၊ သို့သော် စိတ်နှင့်မယှဉ်သော ပစ္စုပ္ပန် ကိလေသာမည်သည် မရှိပေ၊ ဤသည်ကား မေးခွန်း၌ ဖြည့်စွက်ရန်လိုနေသော အချက်တည်း။ ဤမေးခွန်းသည် ဤကျမ်း၌သာ ပြဆိုသော သီးသန့်စောဒနာ မဟုတ်ပေ၊ မှန်ပေ၏၊ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ပင်လျှင်-

''အကြင် မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် ကိလေသာတို့ကို ပယ်၏၊ (ထိုမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည်) အတိတ် ကိလေသာတို့ကို ပယ်သလော၊


မှတ်ချက်

     ၁- ပညာကို ပွါးစေမှု- အားထုတ်မှုသည် စိတ်နှင့်တကွ အားထုတ်မှု ဖြစ်သောကြောင့် ထိုအားထုတ်မှုသည် ကိလေသာတို့နှင့် မယှဉ်-ဟု ယူခဲ့လျှင် ထိုကိလေသာတို့သည် စိတ်နှင့်မယှဉ်သော တရားတို့ ဖြစ်လေကုန်ရာ၏-ဟု အပြစ်ပြသည်။

     ၂- ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ပင်လျှင်.. မေးပြီးလျှင် တဖန်.. အပြစ်ပြဆိုပြီးလျှင်.. ပယ်မြစ်လေပြီ။ ထို့အတူပင်.. စသည်ဖြင့် စပ်၍ နောက်ဆုံး၌ ''အောက်ပါစကားကို ဟောကြားတော်မူ၏''-တိုင်အောင် စပ်ပါ။

     ၃- ယွာယံ-ဟု ရှိသော ပဋိသမ္ဘိဒါမဂ် ပါဠိတော် စာမူသာလျှင် ယုတ္တတရဖြစ်၍ ထိုမူအရ ပြန်သည်။

၄၇၃

အနာဂတ် ကိလေသာတို့ကို ပယ်သလော၊ ပစ္စုပ္ပန် ကိလေသာတို့ကို ပယ်သလော''ဟု

မေးပြီးလျှင် တဖန်-

အကယ်၍ အတိတ်ကိလေသာတို့ကို ပယ်ငြားအံ့၊ ထိုသို့ဖြစ်လျှင် ကုန်ပြီးကို ကုန်စေရာရောက်၏၊ ချုပ်ပြီးကို ချုပ်စေရာရောက်၏၊ ကင်းပြီးကို ကင်းစေရာရောက်၏၊ ကွယ်ပျောက်ပြီးကို ကွယ်ပျောက်စေရာရောက်၏၊ လွန်လေပြီးသော အကြင် အတိတ်တရားသည် (ထိုမဂ်ခဏ၌) မရှိတော့ပြီ၊ ထိုမရှိတော့သော တရားကို ပယ်ရာရောက်၏''ဟု

အပြစ်ပြဆိုပြီးလျှင်-

''အတိတ်ကိလေသာတို့ကို ပယ်သည် မဟုတ်''ဟု

ပယ်မြစ်လေပြီ။ ထို့အတူပင်-

''အကယ်၍ အနာဂတ်ကိလေသာတို့ကို ပယ်ငြားအံ့၊ ထိုသို့ဖြစ်လျှင် မဖြစ်သေးသည်ကို ပယ်ရာရောက်၏၊ မပေါ်သေးသည်ကို ပယ်ရာရောက်၏၊ မဖြစ်ပေါ်သေးသည်ကို ပယ်ရာရောက်၏၊ ထင်ရှား မဖြစ်သေးသည်ကို ပယ်ရာ ရောက်၏၊ မရောက်လာသေးသော အကြင် အနာဂတ်တရားသည် (ထိုမဂ်ခဏ၌) မရှိသေး၊ ထိုမရှိသေးသော တရားကို ပယ်ရာရောက်၏''ဟု

အပြစ်ပြဆိုပြီးလျှင်-

''အနာဂတ် ကိလေသာတို့ကို ပယ်သည်မဟုတ်''ဟု

ပယ်မြစ်လေပြီ။ ထို့အတူပင်-

''အကယ်၍ ပစ္စုပ္ပန် ကိလေသာတို့ကို ပယ်ငြားအံ့၊ ထိုသို့ဖြစ်လျှင် တပ်မက်လျက် တပ်မက်မှု-ရာဂကို ပယ်ရာရောက်၏၊ အမျက်ထွက်လျက် အမျက်ထွက်မှု-ဒေါသကို ပယ်ရာရောက်၏၊ တွေဝေလျက် တွေဝေမှု-မောဟကို ပယ်ရာရောက်၏၊ မာန်ထောင် (တောင့်တင်း)လျက် မာန်မာနကို ပယ်ရာရောက်၏၊ မှားယွင်းစွာ သုံးသပ်လျက်

၄၇၄

အမြင်မှားမှု-ဒိဋ္ဌိကို ပယ်ရာရောက်၏၊ ပျံ့လွင့်ခြင်းသို့ ရောက်လျက် ပျံ့လွင့်မှု-ဥဒ္ဓစ္စကို ပယ်ရာရောက်၏၊ မဆုံးဖြတ် မဝေခွဲနိုင်ခြင်းသို့ ရောက်လျက် ယုံမှားမှု-ဝိစိကိစ္ဆာကို ပယ်ရာရောက်၏၊ ဖြစ်စွမ်းနိုင်သော အားစွမ်းသို့ရောက်လျက် ဖြစ်ထိုက်သော အနုသယကို ပယ်ရာရောက်၏၊ မည်းညစ်သော အကုသိုလ်တရားနှင့် ဖြူစင်သော ကုသိုလ်တရားတို့သည် ထမ်းပိုး၌ ညီတူအစုံ ဖွဲ့ထားကုန်သကဲ့သို့ ဖြစ်ကုန်ရာ၏၊ မဂ်ကို ပွါးစေခြင်းသည် ညစ်ညူးကြောင်း ကိလေသာတို့နှင့် ရောနှောယှဉ်တွဲသည် ဖြစ်ရာ၏''ဟု

အပြစ်ပြဆိုပြီးလျှင်-

''အတိတ် ကိလေသာတို့ကိုလည်း ပယ်သည်မဟုတ်၊ အနာဂတ် ကိလေသာတို့ကိုလည်း ပယ်သည်မဟုတ်၊ ပစ္စုပ္ပန် ကိလေသာတို့ကိုလည်း ပယ်သည်မဟုတ်''ဟု

အလုံးစုံကို ပယ်မြစ်ပြီးလျှင်-

''ထိုသို့ဖြစ်လျှင် မဂ်ကို ပွါးစေခြင်းသည် မရှိပြီလော၊ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် မရှိပြီလော၊ ကိလေသာကို ပယ်ခြင်းသည် မရှိပြီလော၊ သစ္စာလေးပါးတရားကို သိခြင်းသည် မရှိပြီလော''ဟူသော-

မေးခွန်းပြဿနာ၏ အဆုံး၌-

''မရှိသည်ကား မဟုတ်၊ မဂ်ကို ပွါးစေခြင်းသည် ရှိပေ၏၊ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ရှိပေ၏၊ ကိလေသာကို ပယ်ခြင်းသည် ရှိပေ၏၊ သစ္စာလေးပါးတရားကို သိခြင်းသည် ရှိပေ၏''ဟု ဝန်ခံပြီးလျှင်-

     ''အဘယ်ကဲ့သို့နည်း''ဟု မေးလတ်သော် အောက်ပါစကားကို ဟောကြားတော်မူ၏...

ဥပမာအားဖြင့် အသီးမသီးသေးသော နုပျိုသော သစ်ပင်သည် ရှိရာ၏၊ ထိုသစ်ပင်ကို တဦးသော ယောက်ျားသည် အရင်း၌ ဖြတ်လှဲရာ၏။ ထိုသစ်ပင်၏ မဖြစ်သေးသော အသီးတို့သည် ဖြစ်ပြီး မဟုတ်ကုန်မူ၍သာလျှင် မဖြစ်လာကုန်၊ ပေါ်ပြီး မဟုတ်ကုန်မူ၍သာလျှင်

၄၇၅

မပေါ်လာကုန်၊ ဖြစ်ပေါ်ပြီး မဟုတ်ကုန်မူ၍သာလျှင် မဖြစ်ပေါ်လာကုန်၊ ထင်ရှားဖြစ်ပြီး မဟုတ်ကုန်မူ၍သာလျှင် ထင်ရှား မဖြစ်ပေါ်လာကုန်သကဲ့သို့ [၃၂၈] ထို့အတူပင်လျှင် ''ဖြစ်ပေါ်ခြင်းသည် ကိလေသာတို့ ဖြစ်ပေါ်ခြင်းငှါ အကြောင်းတည်း ဖြစ်ပေါ်ခြင်းသည် အထောက်အပံ့တည်း''ဟု ဖြစ်ပေါ်ခြင်း၌ အပြစ်ကိုမြင်၍ ဖြစ်ပေါ်ခြင်းကင်းသော နိဗ္ဗာန်၌ စိတ်သည် ပြေးဝင်၏၊ ဖြစ်ပေါ်ခြင်းကင်းသော နိဗ္ဗာန်၌ စိတ်၏ ပြေးဝင်ခြင်းကြောင့်၁ ဖြစ်ပေါ်ခြင်းဟူသော အကြောင်းကြောင့် ဖြစ်နိုင်သော ကိလေသာတို့သည် ဖြစ်ပြီး မဟုတ်ကုန်မူ၍သာလျှင် မဖြစ်လာကုန်။ ပေါ်ပြီး မဟုတ်ကုန်မူ၍သာလျှင် မပေါ်လာကုန်၊ ဖြစ်ပေါ်ပြီး မဟုတ်ကုန်မူ၍သာလျှင် မဖြစ်ပေါ်လာကုန်၊ ထင်ရှားဖြစ်ပြီး မဟုတ်ကုန်မူ၍သာလျှင် ထင်ရှား မဖြစ်လာကုန်။ ဤသို့လျှင် အကြောင်း (ကိလေသာ)တို့၏ ချုပ်ခြင်းကြောင့် (ဖြစ်လတံ့သော) ဆင်းရဲဒုက္ခ၏ ချုပ်ခြင်းသည် ဖြစ်ပေ၏။ ဖြစ်ပွါးခြင်းသည် ကိလေသာတို့ ဖြစ်ပေါ်ခြင်းငှါ အကြောင်းတည်း ။ပ။ သင်္ခါရနိမိတ်သည် ကိလေသာတို့ ဖြစ်ပေါ်ခြင်းငှါ အကြောင်းတည်း ။ပ။ အားထုတ်ခြင်းသည် ကိလေသာတို့ ဖြစ်ပေါ်ခြင်းငှါ အကြောင်းတည်း ။ပ။ အားထုတ်ခြင်းကင်းသော နိဗ္ဗာန်၌ စိတ်၏ ပြေးဝင်ခြင်းကြောင့် အားထုတ်ခြင်းဟူသော အကြောင်းကြောင့် ဖြစ်နိုင်သော ကိလေသာတို့သည် ဖြစ်ပြီး မဟုတ်ကုန်မူ၍သာလျှင် မဖြစ်လာကုန် ။ပ။ ထင်ရှားဖြစ်ပြီး မဟုတ်ကုန်မူ၍သာလျှင် ထင်ရှား မဖြစ်လာကုန်၊ ဤသို့လျှင် အကြောင်း (ကိလေသာ)တို့၏ ချုပ်ခြင်းကြောင့် (ဖြစ်လတံ့သော) ဆင်းရဲဒုက္ခ၏ ချုပ်ခြင်းသည် ဖြစ်ပေ၏။ ဤသို့လျှင် မဂ်ကို ပွါးစေခြင်းသည် ရှိပေ၏၊ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ရှိပေ၏၊ ကိလေသာကို


မှတ်ချက်

     ၁- စိတ်၏ ပြေးဝင်ခြင်းကြောင့်-ဟူသော ဟိတ်ပုဒ်ကို ''မဖြစ်လာကုန်၊ မပေါ်လာကုန်'' စသည်တို့၌ စပ်ပါ။

     ၂- ဤအားထုတ်ခြင်းမှာ ဘာဝနာအားထုတ်ခြင်း မဟုတ်၊ အာယူဟနခေါ်သော အားထုတ်မှု ဖြစ်သည်။ ကောင်းစား ချမ်းသာရန် အားထုတ်သော ကုသိုလ် အကုသိုလ်ကံ ဖြစ်သည်။

၄၇၆

ပယ်ခြင်းသည် ရှိပေ၏၊ သစ္စာလေးပါးတရားကို သိခြင်းသည် ရှိပေ၏၊ ဤကား ပါဠိ။

     ၈၃၂။ ဤပါဠိစကားဖြင့် အဘယ်ကို ပြသနည်းဟူမူ? ဘူမိလဒ္ဓမည်သော ကိလေသာတို့ကို ပယ်ခြင်းကို ပြ၏။ ဘူမိလဒ္ဓမည်သော ကိလေသာတို့သည်ကား အတိတ်တို့လော အနာဂတ်တို့လော သို့မဟုတ် ပစ္စုပ္ပန်တို့လောဟူမူ? ထိုကိလေသာတို့သည် ဘူမိလဒ္ဓုပ္ပန္နသာလျှင် မည်ကုန်၏။

     ၈၃၃။ ချဲ့၍ ပြရလျှင်.. ဖြစ်ပေါ်သည်ဟု ခေါ်သော ဥပ္ပန္နသည် (၁) ဝတ္တမာန (၂) ဘူတာပဂတ (၃) ဩကာသကတ (၄) ဘူမိလဒ္ဓတို့၏ အစွမ်းအားဖြင့် များသော အပြားရှိ၏။ ထိုတွင် ဥပါဒ်ဌီဘင်သို့ ရောက်ဆဲဖြစ်သော တရားအလုံးစုံသည် ဝတ္တမာနုပ္ပန္န (ဖြစ်ဆဲဥပ္ပန္န) မည်၏။ အာရုံ၏ အရသာကို ခံစားပြီး၍ ချုပ်လေသောကြောင့်၃ (အနုဘူတာပဂတ) ခံစားပြီး၍ ကင်းသွားသည်ဟု ဆိုအပ်သော ကုသိုလ် အကုသိုလ် တရားသည်၎င်း၊ ဥပါဒ်ဌီဘင်သို့ ရောက်ပြီး၍ ချုပ်လေသောကြောင့် (ဘူတာပဂတာ) ဖြစ်ပြီး၍ ကင်းသွားသည်ဟု ဆိုအပ်သော ကြွင်းသော သင်္ခါရတရား အပေါင်းသည်၎င်း ဘူတာပဂတုပ္ပန္န (ခံစားပြီး- ဖြစ်ပေါ်ပြီး၍ ကင်းသွားသော ဥပ္ပန္န) မည်၏။ ''ထိုပုဂ္ဂိုလ်အား ရှေး၌ ပြုအပ်ကုန်ပြီးသော အကြင်ကံတို့သည် ရှိကုန်၏''ဟု ဤသို့ အစရှိသော ဟောနည်းဖြင့် ဟောတော်မူသော ကံသည် လွန်လေပြီးသော အတိတ်တရား ဖြစ်ငြားသော်လည်း တပါးသောကံ၏ အကျိုးဝိပါက်ကို


မှတ်ချက်

     ၁- ဘူမိ-ကိလေသာ၏ ဖြစ်ရာဘုံ အာရုံ + လဒ္ဓ-ရသည် + ဥပ္ပန္န- ဖြစ်ပေါ်သည်- ဘူမိလဒ္ဓုပ္ပန္န- ဖြစ်ရာဘုံ အာရုံကို ရထားသောကြောင့် ဘယ်အချိန်မဆို ဖြစ်ပေါ်နိုင်၍ ''ဖြစ်ပေါ်နေသည်''ဟု ဆိုရသော ကိလေသာ။

     ၂- ဤ၌ တိုက်ရိုက်ပြန်လျှင် ဖြစ်ခြင်း အိုခြင်း ပျက်ခြင်းနှင့် ပြည့်စုံသော-ဟူ၍ ဖြစ်၏။ သိလွယ်စေရန် အဓိပ္ပါယ်ကိုသာယူ၍ ပြန်ထားသည်။

     ၃- တိုက်ရိုက်ပြန်လျှင် နိရုဒ္ဓံ- ချုပ်လေသော-ဟု ဖြစ်၏၊ မြန်မာစကား၌ ဝိသေသနများလျှင် မချော၊ ထို့ကြောင့် ဤ၌ ဟေတုမန္တဝိသေသနပြု၍ ''ချုပ်လေသောကြောင့်''ဟု ပြန်ထားသည်။

     ၄- ကံသည်.. အခွင့်ပြုလျက် တည်သောကြောင့်.. ဩကာသကတုပ္ပန္န မည်၏-ဟု စပ်ပါ။

၄၇၇

တားမြစ်ပြီးလျှင် မိမိ၏ အကျိုးဝိပါက်အား အခွင့်ပြုလျက် တည်သောကြောင့်၎င်း၊ ထိုသို့ ခွင့်ပြုပြီးသော ဝိပါက်သည် ဖြစ်ပြီး ဖြစ်ဆဲ မဟုတ်ငြားသော်လည်း ဤသို့ ခွင့်ပြုအပ်သည်ရှိသော် ဧကန်စင်စစ်အားဖြင့် ဖြစ်တော့မည် ဖြစ်သောကြောင့်၎င်း ဩကာသကတုပ္ပန္န (ပြုပြီးသော ဖြစ်ခွင့်ရှိသော ဥပ္ပန္န)မည်၏။ ထိုထို (လူနတ်စသည်တို့၏ ခန္ဓာဟူသော) ဖြစ်ရာဘုံတို့၌ (အရိယာမဂ်ဖြင့်) အကြွင်းမဲ့ မပယ် မနုတ်ရသေးသော အကုသိုလ်သည် ဘူမိလဒ္ဓုပ္ပန္န (ဖြစ်ရာဘုံကိုရသော ဥပ္ပန္န)မည်၏။

     ၈၃၄။ ဆက်၍ ရှင်းလင်းပြဦးအံ့၊ ဤဘူမိလဒ္ဓုပ္ပန္နဟူသော ပုဒ်၌ ဖြစ်ရာဘုံ၏၎င်း၊ ဖြစ်ရာဘုံကိုရသော ကိလေသာ၏၎င်း ထူးခြားသည်၏အဖြစ်ကို သိအပ်၏။ ချဲ့၍ ပြရလျှင်.. ဝိပဿနာ၏ အာရုံဖြစ်သော ဘုံသုံးပါး၌ဖြစ်သော ခန္ဓာငါးပါး တရားတို့သည် ဘူမိ-ဖြစ်ရာဘုံ မည်၏၊ ထိုခန္ဓာတို့၌ ဖြစ်ထိုက်သော ကိလေသာအပေါင်းသည် ဘူမိလဒ္ဓ ဖြစ်ရာဘုံကိုရသော ကိလေသာမည်၏။ မှန်ပေ၏၊ ထိုကိလေသာအပေါင်းသည် ထိုဖြစ်ရာဘုံကို ရ(အပ်)သည် မည်၏။ ထို့ကြောင့် ဘူမိလဒ္ဓဟူ၍ ဆိုအပ်၏၊ ထိုဖြစ်ရာဘုံကိုလည်း အာရုံ၏ အစွမ်းအားဖြင့် ရ(အပ်)သည်ကား မဟုတ်ပေ။ [၃၂၉] အာရုံ၏ အစွမ်းအားဖြင့်မူကား အလုံးစုံသော အတိတ် အနာဂတ် ခန္ဓာတို့ကို၎င်း၊ ရဟန္တာတို့၏ ပိုင်းခြား၍ သိအပ်ပြီးသော်လည်း ဖြစ်သော ခန္ဓာတို့ကို၎င်း အာရုံပြု၍ ကိလေသာတို့သည် ဖြစ်ပေါ်ကုန်၏၊ အဘယ်ကဲ့သို့နည်းဟူမူ? အရှင်မဟာကစ္စည်းမထေရ်, ဥပ္ပလဝဏ်ထေရီမ အစရှိသော ပုဂ္ဂိုလ်တို့၏ ခန္ဓာတို့ကို အာရုံပြု၍ သောရေယျသူဋ္ဌေး, နန္ဒလုလင် အစရှိသော သူတို့အား ကိလေသာတို့သည် ဖြစ်ကုန်သကဲ့သို့တည်း။ ထို(သူတပါးသန္တာန်၌ ဖြစ်သော ကိလေသာ)သည် ဘူမိလဒ္ဓမည်သည် အကယ်၍ ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်လျှင်


မှတ်ချက်

     ၁- ဝိပါက်သည်.. ဩကာသကတုပ္ပန္န မည်၏-ဟု စပ်ပါ။

     ၂- သူတပါးက ကိလေသာဖြင့် အာရုံပြုသည့်အတွက် အာရုံပြုခံရသူမှာ ကိလေသာ၏ ဖြစ်ရာဘုံကို ရသည်ဟူ၍ကား မဆိုရ-ဟု ဆိုလို၏။

     ၃- ရဟန္တာပုဂ္ဂိုလ်တို့က သိထားပြီးဖြစ်သော ခန္ဓာတို့ကိုသော်လည်း ကိလေသာရှိသူတို့က အာရုံပြု၍ ကိလေသာ ဖြစ်ကြသေး၏၊ သိထားပြီးမဟုတ်သော ခန္ဓာတို့ကို အခြားသူတို့က အာရုံပြု၍ ကိလေသာ ဖြစ်တတ်ကြသည်မှာ ဆိုဘွယ်ပင် မရှိပြီ-ဟု ဆိုလို၏။

၄၇၈

ထိုကိလေသာသည် ပယ်နိုင်သော ကိလေသာ မဟုတ်သောကြောင့် တစုံတယောက်သော ပုဂ္ဂိုလ်မျှ ဘဝ၏ အမြစ်အရင်းဖြစ်သော ကိလေသာကို မပယ်နိုင်ရာ။ စင်စစ်သော်ကား ဖြစ်ရာဝတ္ထု၏ အစွမ်းအားဖြင့် ဘူမိလဒ္ဓ ကိလေသာကို သိအပ်၏၊ မှန်ပေ၏၊ အကြင် အကြင် သန္တာန်၌ ဝိပဿနာဖြင့် ပိုင်းခြား၍ မသိအပ်ကုန်သော ခန္ဓာတို့သည် ဖြစ်ကုန်၏၊ ထိုထိုသန္တာန်၌ ဖြစ်သည်မှစ၍ ထိုခန္ဓာတို့၌ အမြစ်အရင်းဖြစ်သော ကိလေသာအပေါင်းသည် ကိန်းသည် မည်၏၊ ထိုကိန်းသော ကိလေသာအပေါင်းသည် မဂ်ဖြင့် မပယ်အပ်သေးသော အနက်သဘောကြောင့် ဘူမိလဒ္ဓမည်၏ဟူ၍ သိအပ်၏။

     ၈၃၅။ ထိုတွင်လည်း အကြင်သူအား အကြင်ခန္ဓာတို့၌ မပယ်အပ်သေးသော အနက်သဘောကြောင့် ကိန်းသည်မည်သော ကိလေသာတို့သည် ရှိကုန်၏၊ ထိုသူအား ထိုခန္ဓာတို့သည်သာလျှင် ထိုကိန်းသည်မည်သော ကိလေသာတို့၏ ဖြစ်ရာဝတ္ထုတည်း၊ တပါးသော ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ခန္ဓာတို့သည် ထိုကိလေသာတို့၏ ဖြစ်ရာဝတ္ထု မဟုတ်၊ အတိတ်ခန္ဓာတို့၌ မပယ်အပ်သေးသည်ဖြစ်၍ ကိန်းသည်မည်ကုန်သော ကိလေသာတို့၏ ဖြစ်ရာဝတ္ထုသည် အတိတ်ခန္ဓာတို့သာလျှင်တည်း၊ ဤမှတပါးသော အနာဂတ် ပစ္စုပ္ပန် ခန္ဓာတို့ မဟုတ်ကုန်။ အနာဂတ်ခန္ဓာ စသည်တို့၌လည်း ဤနည်းပင်တည်း။ ထို့အတူ ကာမာဝစရခန္ဓာတို့၌ မပယ်အပ်သေးသည်ဖြစ်၍ ကိန်းသည်မည်သော ကိလေသာတို့၏ ဖြစ်ရာဝတ္ထုသည် ကာမဝစရ ခန္ဓာတို့သာလျှင်တည်း၊ ဤမှတပါးသော ရူပါဝစရ အရူပါဝစရ ခန္ဓာတို့ မဟုတ်ကုန်၊ ရူပါဝစရ အရူပါဝစရ ခန္ဓာတို့၌လည်း ဤနည်းပင်တည်း။


မှတ်ချက်

     ၁- သူတပါးသန္တာန်က ကိလေသာကို ဘုရားသော်လည်း မပယ်နိုင်၊ ထို့ကြောင့် ထိုသူတပါး၏ ကိလေသာသည် ဘုရားအစရှိသော အရိယာတို့ ပယ်နိုင်ကောင်းသော ကိလေသာမဟုတ်၊ ထိုကိလေသာရှိသူသည်သာလျှင် ပယ်သင့် ပယ်ထိုက်သော ကိလေသာဖြစ်သည်-ဟု ဆိုလို၏။

     ၂- ပုဂ္ဂိုလ်တဦး၏ သန္တာန်က ကိန်းသော ကိလေသာတို့၏ ဖြစ်ရာသည် ထိုပုဂ္ဂိုလ်၏ သန္တာန်-ဟုခေါ်သော ခန္ဓာအစဉ်သာလျှင် ဖြစ်သည်။ အခြားသူတို့၏ သန္တာန်မဟုတ်၊ အခြားသူတို့၏ သန္တာန်၌ မဖြစ်၊ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ဖြစ်သည်-ဟု ဆိုလို၏။

၄၇၉

     သောတာပန်ပုဂ္ဂိုလ် စသည်တို့တွင်မူကား အကြင် အကြင် အရိယာပုဂ္ဂိုလ်၏ ခန္ဓာတို့၌ ဝဋ်၏ အမြစ်အရင်းဖြစ်သော ထိုထိုကိလေသာအပေါင်းကို ထိုထိုအရိယာမဂ်ဖြင့် ပယ်အပ်လေပြီ၊ (ထို့ကြောင့်) ထိုထိုအရိယာပုဂ္ဂိုလ်၏ ထိုထိုခန္ဓာတို့သည် ပယ်အပ်ကုန်ပြီးသော ထိုထိုဝဋ်မြစ် ကိလေသာတို့၏ ဖြစ်ရာဝတ္ထု မဟုတ်သောကြောင့် ဘူမိ-ဘုံဟူသော အမည်ကို မရကုန်။ ပုထုဇဉ်မှာမူကား ဝဋ်မြစ်ကိလေသာတို့ကို အချင်းခပ်သိမ်းပင် မပယ်ရသေးသောကြောင့် တစုံတခုသောအမှုကို ပြုသည်ရှိသော် ကုသိုလ်ကံသော်၎င်း၊ အကုသိုလ်ကံသော်၎င်း ဖြစ်၏၊ ထို့ကြောင့် ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ကံနှင့် ကိလေသာဟူသော အကြောင်းကြောင့် ဝိပါကဝဋ်တရားသည် လည်လျက် ဖြစ်၏၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်၏ ဤဝဋ်မြစ် ကိလေသာသည် ရူပက္ခန္ဓာ၌သာလျှင် ကိန်း၏၊ ဝေဒနာက္ခန္ဓာ စသည်တို့၌ မကိန်းဟူ၍၎င်း ။ပ။ ဝိညာဏက္ခန္ဓာ၌သာလျှင် ကိန်း၏၊ ရူပက္ခန္ဓာ စသည်တို့၌ မကိန်းဟူ၍၎င်း မဆိုအပ်ပေ၊ အဘယ့်ကြောင့်နည်းဟူမူ? သာမညအားဖြင့် ငါးပါးလုံးသော ခန္ဓာတို့၌ ကိန်းနေသည်၏ အဖြစ်ကြောင့်တည်း။

     ၈၃၆။ အဘယ်သို့နည်းဟူမူ? သစ်ပင်၌ မြေဆီဩဇာ စသည်ကဲ့သို့တည်း။ ချဲ့၍ပြရလျှင်.. ကြီးစွာသော သစ်ပင်သည် မြေပြင်၌တည်၍ မြေဆီဩဇာကို၎င်း ရေဆီဩဇာကို၎င်း မှီ၍ ထိုရေမြေအဆီဩဇာဟူသော အကြောင်းကြောင့် အမြစ် ပင်စည် ကိုင်းကြီး ကိုင်းငယ် ရွက်နု ရွက်ကြမ်း အပွင့် အသီးတို့ဖြင့် ကြီးပွါးလျက် ကောင်းကင်အရပ်ကို ပြည့်စေလျက် ကမ္ဘာအဆုံးတိုင်အောင် မျိုးစေ့အဆက်ဆက်ဖြင့် သစ်ပင်အဆက်အနွယ်ကို ရှည်ပြန့်ဆက်စပ်စေလျက် တည်လတ်သော် ထိုမြေဆီဩဇာ အစရှိသည်သည် အမြစ်၌သာလျှင် ရှိ၏၊ ပင်စည် စသည်တို့၌ မရှိဟူ၍၎င်း ။ပ။ အသီး၌သာလျှင်ရှိ၏၊ အမြစ် စသည်တို့၌ မရှိဟူ၍၎င်း မဆိုအပ်သကဲ့သို့ပင်တည်း၊ အဘယ့်ကြောင့်နည်းဟူမူ? သာမညအားဖြင့် အလုံးစုံသော အမြစ်စသည်တို့၌ အစဉ်လျောက်လျက် ရှိနေသည်၏ အဖြစ်ကြောင့်တည်း။

     ခန္ဓာအစဉ် ငြိမ်းပုံကား.. ဥပမာအားဖြင့် ထိုသစ်ပင်၏ပင်လျှင် အပွင့်အသီး စသည်တို့၌ ငြီးငွေ့စက်ဆုပ်(လျက် မလိုလား)သော တစုံတယောက်သော ယောက်ျားသည် အရပ်လေးမျက်နှာတို့၌ ဖားဆူးမည်သော အဆိပ်ရှိသော


မှတ်ချက်

     ၁- ကြီးစွာသော သစ်ပင်သည် မြေပြင်၌တည်၍.. မှီ၍.. ကြီးပွါးလျက်.. ပြည့်စေလျက်.. ရှည်ပြန့်ဆက်စပ်စေလျက်.. တည်လတ်သော်-ဟု စပ်ပါ။

၄၈၀

(ငါးရိုး)ဆူးကို ရိုက်နှက်ရာ၏၊ ထိုမှ နောက်၌ [၃၃ဝ] ထိုသစ်ပင်သည် ထိုအဆိပ်အတွေ့ဖြင့် တွေ့ထိအပ်သည်ဖြစ်၍ မြေဆီဩဇာ ရေဆီဩဇာတို့၏ ကုန်ခန်းခြင်းကြောင့် မတိုးပွါး မစည်ပင်သည်၏ အဖြစ်သို့ ရောက်၍ တဖန် သစ်ပင်အစဉ်အဆက် (သန္တာန်)ကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်သကဲ့သို့ ဤအတူပင်လျှင် ခန္ဓာတို့၏ ဖြစ်ခြင်း၌ ငြီးငွေ့စက်ဆုပ်သော အမျိုးသားသည် ထိုယောက်ျား၏ အရပ်လေးမျက်နှာတို့မှ သစ်ပင်၌ အဆိပ်ကို ယှဉ်စေခြင်းကဲ့သို့ မိမိ၏သန္တာန်၌ လေးပါးသောမဂ်ကို ပွါးစေခြင်းကို အားထုတ်၏၊ ထိုမှနောက်၌ ထိုအမျိုးသား၏ ထိုခန္ဓာအစဉ်သန္တာန်သည် ထိုလေးပါးသော မဂ်တည်းဟူသော အဆိပ်အတွေ့ဖြင့် ဝဋ်မြစ်ကိလေသာတို့ကို အချင်းခပ်သိမ်း ကုန်စေခြင်း ဖြစ်သောကြောင့် ကြိယာအဖြစ်မျှသို့ရောက်သော ကာယကံ အစရှိသော အလုံးစုံသော ကံအပြားရှိသည်ဖြစ်၍ နောင်အခါ၌ တဖန် ဘဝသစ်ဖြစ်ပေါ်ခြင်း သဘောမရှိသည်၏ အဖြစ်သို့ ရောက်၍ ဘဝတပါးဟူသော ရုပ်နာမ် ခန္ဓာအစဉ်သန္တာန်ကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်၊ နောက်ဆုံးစုတိစိတ် ချုပ်ခြင်းဖြင့် လောင်စာမရှိသော မီးကဲ့သို့ စွဲလမ်းမှု ဥပါဒါန် ကင်းသည်ဖြစ်၍ သက်သက်ငြိမ်းရုံမျှ ငြိမ်းအေးသွားလေတော့၏။ ဤသို့လျှင် ကိလေသာ ဖြစ်ရာဘုံ၏၎င်း၊ ထိုဘုံကိုရသော ဘူမိလဒ္ဓ ကိလေသာ၏၎င်း၊ ထူးခြားသည်၏အဖြစ်ကို သိအပ်၏။

     ၈၃၇။ တနည်းအားဖြင့်လည်း ''ဖြစ်ပေါ်သည်''ဟု ခေါ်သော ဥပ္ပန္နသည် (၁) သမုဒါစာရ၊ (၂) အာရမ္မဏာဓိဂ္ဂဟိတ၊ (၃) အဝိက္ခမ္ဘိတ၊ (၄) အသမူဟတတို့၏ အစွမ်းအားဖြင့် ဆိုခဲ့ပြီးမှ တပါးလည်း လေးပါးအပြားရှိ၏၊ ထိုလေးပါးတို့တွင် ဝတ္တမာနုပ္ပန္နသည်ပင်လျှင် သမုဒါစာရုပ္ပန္န (ဖြစ်ပေါ်ဆဲ ဥပ္ပန္န)မည်၏။ ထိုမှတပါး စက္ခုဒွါရ စသည်တို့အား အာရုံထင်လတ်သော်


မှတ်ချက်

     ၁- အမျိုးသားသည်.. အားထုတ်၏-ဟု စပ်ပါ။

     ၂- ပုထုဇဉ် သေက္ခဖြစ်စဉ်က အကျိုးပေးတတ်သော ကာယကံ ဝစီကံ မနောကံမျိုးသည် ရဟန္တာအဖြစ်သို့ ရောက်သောအခါ ရှေးကနှင့် အလားတူ တရားဟောခြင်း အစရှိသော ကုသိုလ်အမှုမျိုးကို ပြုလတ်သော်လည်း အကျိုးပေးတတ်သော ကုသိုလ်မဖြစ်၊ ကြိယာဟုခေါ်သော ပြုမှုသက်သက်မျှသာ ဖြစ်လေတော့သည်၊ ထို့ကြောင့် ထိုအမှုဟူသမျှသည် ဘဝသစ် ရုပ်နာမ်ခန္ဓာအစဉ်ကို မဖြစ်စေနိုင်တော့ပြီ-ဟု ဆိုလို၏။

၄၈၁

ရှေးအဖို့ (မြင်ဆဲကာလ စသည်)၌ ကိလေသာအပေါင်းသည် မဖြစ်သေးသော်လည်း အာရုံကို ထင်ရှားစွာ ယူထားပြီး ဖြစ်သောကြောင့်သာလျှင် နောက်အဖို့ (ပြန်လည်ဆင်ခြင်သော ကာလ)၌ စင်စစ်ဧကန် ဖြစ်တတ်သောကြောင့် (ထိုသို့သော ကိလေသာအပေါင်းကို) အရမ္မဏာဓိဂ္ဂဟိတုပ္ပန္န (အာရုံကို ထင်ရှားစွာ ယူထားပြီးဖြစ်၍ ဖြစ်ပေါ်နေသည်မည်သော ကိလေသာ)ဟူ၍ ဆိုအပ်၏။ အဘယ်ကဲ့သို့နည်းဟူမူ? ကလျာဏီရွာ၌ ဆွမ်းခံကြွသော မဟာတိဿမထေရ်အား လိင်သဘောမတူသော မာတုဂါမ၏ အဆင်းကို မြင်ခြင်းကြောင့် ဖြစ်ပေါ်သော ကိလေသာကဲ့သို့တည်း။ ထိုမှတပါး သမထ ဝိပဿနာတို့တွင် တပါးပါး၏ အစွမ်းအားဖြင့် မခွါအပ်သေးသော


မှတ်ချက်

     ၁- ဤ မဟာတိဿမထေရ်၏ ဝတ္ထုအကျယ်မှာ ယခုလက်ရှိ အဋ္ဌကထာ ဋီကာတို့၌ မတွေ့ရတော့ပေ။ မူလပဏ္ဏာသ အဋ္ဌကထာ (၂-၅ဝ)၌မူကား အလားတူ ဝတ္ထုတခုကို အောက်ပါအတိုင်း တွေ့ရ၏....

     ရဟန်းငယ်တပါးသည် ကာလဒီဃဝါပိရွာ တံခါးအနီးရှိ ကျောင်းတိုက်သို့ စာသင်ရန်သွား၏၊ ဆရာတော်မထေရ်ကြီးက ထိုရဟန်းငယ်မှာ ဖြစ်ပေါ်မည့် အန္တရာယ်ကို မြင်၍ ''ထိုရွာထဲသို့ မသွားပါဘူးဟု ဝန်ခံလျှင် စာသင်ခွင့်ပေးမည်''ဟု ဆို၏၊ ရဟန်းငယ်လည်း ''ထိုရွာထဲသို့ မသွားပါ''ဟု ဝန်ခံပြီးလျှင် စာသင်နေ၏။ စာသင်ခြင်းကိစ္စ ပြီး၍ ပြန်တော့မည်ပြုသောအခါ ''ငါ့အား ဤရွာတွင်းသို့သွားရန် ဆရာတော်က အခွင့်မပြုသည်မှာ အဘယ်အကြောင်းကြောင့်နည်း''ဟု စုံစမ်းလိုသဖြင့် သင်္ဃန်းရုံ၍ ထိုရွာတွင်းသို့ ဆွမ်းခံဝင်သွား၏၊ တခုသောအိမ်၌ အမျိုးသမီးငယ်တဦးသည် အဝါရောင် ထမီအဝတ်ကို ဝတ်ဆင်လျက် ရပ်နေယင်း ထိုရဟန်းငယ်ကို မြင်လတ်သော် တပ်မက်ခြင်းရာဂဖြစ်၍ ယောက်ချိုဖြင့် ဆန်ပြုတ်ယာဂုကို ယူလာပြီးလျှင် ထိုရဟန်းငယ်၏ သပိတ်၌ လောင်းထည့်ပြီးနောက် အိမ်ထဲသို့ပြန်၍ ခဋင်ပေါ်၌ လဲလျောင်းနေလေ၏၊ ထိုအခါ မိခင်ဘခင်တို့က ''ချစ်သမီး အဘယ်သို့ဖြစ်သနည်း''ဟု မေးလတ်သော် ''ယခုပင် တံခါးပေါက်က ထွက်သွားသော ရဟန်းငယ်ကိုရလျှင် အသက်ရှင်နိုင်မည်၊ မရလျှင်တော့ သေရပါတော့မည်''ဟု ဆို၏၊ သမီးချစ်ကလေးအား အလွန် မြတ်နိုးယုယ နေသော မိခင်ဘခင်တို့သည် အလွန်ပင် စိုးရိမ်ပူပန်လှသောကြောင့် လျင်မြန်စွာလိုက်၍ ရဟန်းငယ်ကို ရွာတံခါးပေါက်၌ မှီလတ်သော် ''ပြန်ကြွပြီး ဆွမ်းအလှူခံပါဦး''ဟု လျှောက်ကုန်၏။ ရဟန်းငယ်က ''ပြည့်စုံပါပြီ၊ မလိုပါဘူး၊ သွားတော့မည်''ဟု ဆို၏၊ ထိုအခါ သမီး၏ မိဘတို့က အကြောင်းမှန်ကို

၄၈၂

ကိလေသာအပေါင်းသည် စိတ်သန္တာန်သို့ မတက်ရောက်သေးသော်လည်း (ထိုကိလေသာအပေါင်း၏) ဖြစ်ခြင်းကို တားမြစ်တတ်သော အကြောင်းမရှိသောကြောင့် အဝိက္ခမ္ဘိတုပ္ပန္န (မခွါအပ်သေးသည်ဖြစ်၍ ဖြစ်ပေါ်နေသည်ဟု ဆိုအပ်သော ကိလေသာ) မည်၏။ ထိုမှတပါး သမထဝိပဿနာ၏ အစွမ်းအားဖြင့် ခွါထားပြီးဖြစ်သော်လည်း အရိယာမဂ်ဖြင့် အကြွင်းမဲ့ မပယ်နုတ်အပ်သေးသောကြောင့် ဖြစ်ခြင်းသဘောရှိသည်၏ အဖြစ်ကို မကျော်လွန်သည်၏


မှတ်ချက်

ပြောပြပြီးလျှင် မိမိတို့မှာ ပစ္စည်းဥစ္စာက မည်၍မည်မျှ ပြည့်စုံကြွယ်ဝကြောင်း၊ သမီးတဦးတည်းသာ ရှိကြောင်း။ သားကြီးအရာ၌ တည်၍ ချမ်းသာစွာ နေရမည့်အကြောင်းများလည်း ပြောပြ၍ ဖြားယောင်း တောင်းပန်ကြ၏၊ ရဟန်းငယ်သည်ကား ''ငါ့မှာ ဤလို အနှောင်အဖွဲ့ ပလိဗောဓဖြင့် အလိုမရှိ''ဟု ဆိုပြီးလျှင် တောင်းပန်ပြောဆိုချက်ကို မနာယူပဲ ဖဲသွားလေ၏။

     မိဘတို့သည် ပြန်သွား၍ အကြောင်းမှန်ကို ပြောပြ၏ ''ချစ်သမီး၊ အလိုရှိရာ အမျိုးသားတယောက်ကို ရစေမည်၊ အိပ်ရာမှ ထပါလော့၊ စားပါ သောက်ပါလော့''ဟု ဆိုကြသော်လည်း ထိုသူငယ်မသည် အိပ်ရာမှမထပဲ မစားမသောက်ပဲ နေသဖြင့် ခုနစ်ရက်ကြာသောအခါ သေဆုံးသွားရှာလေ၏။ မိဘတို့သည် သမီး၏အလောင်းကို သင်္ဂြိုဟ်ပြီးသောအခါ ထိုသမီး၏ အဝါရောင်ထမီအဝတ်ကို ရွာဦးကျောင်းတိုက်က သံဃာအား လှူဒါန်းလိုက်ကုန်၏၊ သံဃာတော်သည် အပိုင်းပိုင်းဖြတ်၍ ဝေခြမ်းလိုက်၏၊ ဦးပဉ္စင်းကြီးတပါးသည် မိမိအတွက်ရသော ထိုထမီအဝတ်ပိုင်းတခုကိုယူ၍ ကလျာဏီကျောင်းတိုက်သို့ လာခဲ့၏၊ ထိုရဟန်းငယ်သည်လည်း ကလျာဏီကျောင်းတိုက်သို့ စေတီ(ဘုရား) ဖူးမြော်ရန် လာရောက်၍ နေ့သန့်စင်ရာအရပ်၌ နေခိုက်ဖြစ်၏။ ထိုအခါ ထိုဦးပဉ္စင်းကြီးက ထိုအဝါရောင်ထမီ အဝတ်အပိုင်းကလေးကို ထုတ်ယူ၍ ''ဤအဝတ်ပိုင်းဖြင့် ငါ့အား ရေစစ်ပြုလုပ်ပေးပါ''ဟု ထိုရဟန်းငယ်အား ခိုင်းလေ၏။ ထိုရဟန်းငယ်သည် ''ထိုအဝတ်ပိုင်းကို ဘယ်ကရလာပါသနည်း''ဟု မေး၍ အကြောင်းမျိုးစုံကို အကုန်သိရသောအခါ ''ဤသို့သော သူငယ်မနှင့် အတူတကွ မနေလိုက်ရလေခြင်း''ဟု ရာဂမီးလောင်ကျွမ်း၍ သေဆုံးရရှာလေသတတ်။

     ၁- အကြွင်းမဲ့ မပယ်နုတ်အပ်သေးသောကြောင့် အသမူဟတမည်၏၊ ဖြစ်ခြင်းသဘော ရှိနေသေးသောကြောင့် ဥပ္ပန္နမည်၏၊ ထိုအကြောင်း ၂-ပါးကြောင့် အသမူဟတုပ္ပန္နမည်၏ဟု ဆိုလို၏။

၄၈၃

အဖြစ်ကြောင့် (ထိုသို့သော ကိလေသာကို) အသမူဟတုပ္ပန္န (အကြွင်းမဲ့ မပယ်နုတ်အပ်သေးသည်ဖြစ်၍ ဖြစ်ပေါ်နေသည် (ရှိနေသည်မည်သော ကိလေသာ)ဟူ၍ ဆိုအပ်၏။ အဘယ်ကဲ့သို့နည်းဟူမူ? သမာပတ်ရှစ်ပါးကို ရသည်ဖြစ်၍ ကောင်းကင်ဖြင့် ကြွသွားသော မထေရ်အား ပွင့်သောပန်းပင်ရှိသော ဥယျာဉ်၌ ချိုသာသောအသံဖြင့် သီချင်းဆိုလျက် ပန်းတို့ကိုခူးသော မာတုဂါမ၏ သီချင်းသံကြောင့် ဖြစ်ပေါ်သော ကိလေသာအပေါင်းကဲ့သို့တည်း။ အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န အဝိက္ခမ္ဘိတုပ္ပန္န အသမူဟတုပ္ပန္နမည်သော သုံးပါးအပြားရှိသော ဤကိလေသာအပေါင်းကို ဘူမိလဒ္ဓ ကိလေသာဖြင့်သာလျှင် ရေတွက်အပ်သည်ဟု သိအပ်၏။

     ၈၃၈။ ဤသို့ ဆိုခဲ့ပြီးသော အပြားရှိသော ဤဥပ္ပန္နမည်သော ကိလေသာအပေါင်းတွင် (၁) ဝတ္တမာနုပ္ပန္န၊ (၂) ဘူတာပဂတုပ္ပန္န၊ (၃) ဩကာသကတုပ္ပန္န၊ (၄) သမုဒါစာရုပ္ပန္နဟု ဆိုအပ်သော လေးပါးအပြားရှိသော ဥပ္ပန္နသည် မဂ်ဖြင့် ပယ်အပ်သော ကိလေသာမဟုတ်သောကြောင့် တစုံတခုသော ဉာဏ်ဖြင့်သော်လည်း ပယ်အပ်သော (ပဟာတဗ္ဗ)တရား မဟုတ်ပေ။ (၁) ဘူမိလဒ္ဓုပ္ပန္န၊ (၂) အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န၊ (၃) အဝိက္ခမ္ဘိတုပ္ပန္န၊ (၄) အသမူဟတုပ္ပန္နဟု ဆိုအပ်သော လေးပါးသော ဥပ္ပန္နကိလေသာ၏ ထိုဥပ္ပန္န (ဖြစ်ပေါ်သည်)၏ အဖြစ်ကို ဖျက်ဆီးလျက် ထိုထို လောကီဉာဏ် လောကုတ္တရာဉာဏ်သည် ဖြစ်ပေါ်၏၊ ထို့ကြောင့် အလုံးစုံလည်းဖြစ်သော ထိုလေးပါးသော ဥပ္ပန္နကိလေသာသည် ပယ်အပ်သော (ပဟာတဗ္ဗ)တရား ဖြစ်ပေ၏။ ဤသို့လျှင် ဤလေးပါးသော မဂ်ဉာဏ်တို့တွင် အကြင်ဉာဏ်ဖြင့် အကြင် အကုသိုလ်တရားတို့ကို ပယ်အပ်ကုန်၏၊ ထိုအကုသိုလ်တရားတို့ကို ထိုဉာဏ်ဖြင့် ပယ်ခြင်းကိုလည်း သိအပ်ပေ၏။

ပရိညာစသော ကိစ္စကို ပြဆိုချက်

[၃၃၁] ၈၃၉။ သစ္စာလေးပါးကို သိသောအခါ၌ ပရိညာ အစရှိသော အကြင်ကိစ္စတို့ကို ဟောအပ်ကုန်၏၊ ထိုကိစ္စ အလုံးစုံတို့ကိုလည်း ဟုတ်မှန်သော သဘောအားလျော်စွာ သိအပ်ကုန်၏- ဟူသည်ကား-

၄၈၄

     သစ္စာလေးပါးကို သိသောအခါ၌ ဤလေးပါးသော မဂ်ဉာဏ်တို့တွင် တပါးပါးသော ဉာဏ်၏၁ တခုတည်းသောခဏ၌ ပရိညာ- ပိုင်းခြား၍သိခြင်း, ပဟာန-ပယ်ခြင်း, သစ္ဆိကိရိယာ- မျက်မှောက်ပြုခြင်း, ဘာဝနာ- ပွါးစေခြင်းဟူသော ဤပရိညာ အစရှိသော လေးပါးသော ကိစ္စတို့ကို ဟောအပ်ကုန်၏၊ ထိုလေးပါးသော ကိစ္စတို့ကို မှန်သော သဘောအားလျော်စွာ သိအပ်ကုန်၏၊ မှန်ပေ၏၊ ရှေးဆရာတို့သည် အောက်ပါစကားကို မိန့်ဆိုကုန်၏..

ဥပမာအားဖြင့် ဆီမီးသည် မရှေးမနှောင်း တခုတည်းသော ခဏ၌ လေးပါးသော ကိစ္စတို့ကို ပြု၏၊ မီးစာကို လောင်ကျွမ်းစေ၏၊ အမှောင်ကို ပယ်ဖျောက်၏၊ အရောင်အလင်းကို အနှံ့အပြားပြ၏၊ ဆီကို ကုန်စေ၏၊ ဤအတူပင်လျှင် မဂ်ဉာဏ်သည် မရှေးမနှောင်း တခုတည်းသောခဏ၌ လေးပါးသောသစ္စာတို့ကို ထိုးထွင်း၍ သိ၏၊ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းဟူသော ထိုးထွင်း၍သိခြင်း (ပရိညာဘိသမယ)ဖြင့် ထိုးထွင်း၍ သိ၏၊ သမုဒယသစ္စာကို ပယ်ခြင်းဟူသော ထိုးထွင်း၍သိခြင်း (ပဟာနာဘိသမယ)ဖြင့် ထိုးထွင်း၍ သိ၏၊ မဂ္ဂသစ္စာကို ပွါးစေခြင်းဟူသော ထိုးထွင်း၍သိခြင်း (ဘာဝနာဘိသမယ)ဖြင့် ထိုးထွင်း၍ သိ၏၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းဟူသော ထိုးထွင်း၍သိခြင်း (သစ္ဆိကိရိယာဘိသမယ)ဖြင့် ထိုးထွင်း၍ သိ၏ အဘယ်သို့ ဆိုလိုသနည်းဟူမူ? နိရောဓသစ္စာမည်သော နိဗ္ဗာန်ကို အာရုံပြုလျက် သစ္စာလေးပါးလုံးတို့ကို ရောက်၏ မြင်၏ ထိုးထွင်း၍သိ၏ဟု ဆိုလိုသည်၊ ဤကား ရှေးဆရာတို့၏ စကားတည်း။

     ထိုမှတပါး အောက်ပါစကားကိုလည်း (မြတ်စွာဘုရား) ဟောတော်မူ(အပ်)သေး၏..

''ရဟန်းတို့၊ အကြင်ပုဂ္ဂိုလ်သည် ဒုက္ခကိုမြင်၏၊ ထိုပုဂ္ဂိုလ်သည် ဒုက္ခ၏ဖြစ်ကြောင်း သမုဒယကိုလည်း မြင်၏၊ ဒုက္ခ၏ချုပ်ရာ နိရောဓကိုလည်း မြင်၏၊ ဒုက္ခ၏ချုပ်ရာ နိရောဓသို့ ဆိုက်ရောက်သော အကျင့်ပဋိပဒါကိုလည်း မြင်၏- ဤသို့ စသည်ဖြင့် အလုံးစုံကို သိအပ်၏။

ထိုမှတပါးလည်း ဟောတော်မူ(အပ်)သည်မှာ..


မှတ်ချက်

     ၁- တပါးပါးသောဉာဏ်၏.. လေးပါးသော ကိစ္စတို့ကို-ဟု စပ်ပါ။

၄၈၅

မဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ (အကြင်)ဉာဏ်သည် ရှိ၏၊ ဤဉာဏ်သည် ဒုက္ခ၌လည်း ဖြစ်၏၊ ဤဉာဏ်သည် ဒုက္ခဖြစ်ကြောင်း သမုဒယ၌လည်း ဖြစ်၏၊ ဤဉာဏ်သည် ဒုက္ခချုပ်ရာ နိရောဓ၌လည်း ဖြစ်၏၊ ဤဉာဏ်သည် ဒုက္ခချုပ်ရာ နိရာဓသို့ ဆိုက်ရောက်သော အကျင့်ပဋိပဒါ၌လည်း ဖြစ်၏၊ ဤကား ပါဠိတည်း။

     ထိုဥပမာ စကားရပ်၌ ဆီမီးသည် မီးစာကို လောင်ကျွမ်းစေသကဲ့သို့ ဤအတူ မဂ်ဉာဏ်သည် ဒုက္ခသစ္စာကို ပိုင်းခြား၍သိ၏၊ (ဆီမီးသည်) အမှောင်ကို ပယ်ဖျောက်သကဲ့သို့ ဤအတူ (မဂ်ဉာဏ်သည်) သမုဒယသစ္စာကိုပယ်၏၊ (ဆီမီးသည်) အရောင်အလင်းကို အနှံ့အပြားပြသကဲ့သို့ ဤအတူ (မဂ်ဉာဏ်သည်) သဟဇာတအစရှိသော ပစ္စယသတ္တိ (ကျေးဇူးပြုမှု)ဖြင့် သမ္မာသင်္ကပ္ပ အစရှိသော တရားအပေါင်းဟု ဆိုအပ်သော မဂ်ကို ပွါးစေ၏၊ (ဆီမီးသည်) ဆီကို ကုန်ခန်းစေသကဲ့သို့ ဤအတူ (မဂ်ဉာဏ်သည်) ကိလေသာကုန်ရာဖြစ်သော နိရောဓသစ္စာကို မျက်မှောက်ပြု၏ဟု ဤသို့ ဥပမာနှီးနှောခြင်းကို သိအပ်၏။

     ၈၄ဝ။ တပါးသော နည်းကား.. ဥပမာအားဖြင့် နေထွက်လတ်သော် ထင်ရှားပေါ်သည်နှင့် တပြိုင်နက် မရှေးမနှောင်း လေးပါးသော ကိစ္စတို့ကို ပြု၏၊ အဆင်းဝတ္ထုတို့ကို လင်းစေ(လျက် ထင်ရှားစေ)၏၊ [၃၃၂] အမှောင်ကို ပယ်ဖျောက်၏၊ အရောင်အလင်းကို ပြ၏၊ အအေးကို ငြိမ်းစေ၏၊ ဤအတူပင်လျှင် မဂ်ဉာဏ်သည် မရှေးမနှောင်း တခုတည်းသော ခဏ၌ လေးပါးသော သစ္စာတို့ကို ထိုးထွင်း၍သိ၏၊ ဒုက္ခသစ္စာကို ။ပ။ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းဟူသော ထိုးထွင်း၍သိခြင်းဖြင့် ထိုးထွင်း၍သိ၏။ ဤဥပမာ၌လည်း နေသည် အဆင်းဝတ္ထုတို့ကို ထင်ရှားစေသကဲ့သို့ ဤအတူ မဂ်ဉာဏ်သည် ဒုက္ခသစ္စာကို ပိုင်းခြား၍သိ၏၊ (နေသည်) အမှောင်ကို ပယ်ဖျောက်သကဲ့သို့ ဤအတူ (မဂ်ဉာဏ်သည်) သမုဒယသစ္စာကို ပယ်၏၊ (နေသည်) အရောင်အလင်းကို ပြသကဲ့သို့ ဤအတူ (မဂ်ဉာဏ်သည်) သဟဇာတ အစရှိသော ပစ္စယသတ္တိ (ကျေးဇူးပြုမှု)ဖြင့် မဂ်ကိုပွါးစေ၏၊ (နေ သည်) အအေးကို ငြိမ်းစေသကဲ့သို့ ဤအတူ (မဂ်ဉာဏ်သည်) ကိလေသာငြိမ်းရာဖြစ်သော နိရောဓသစ္စာကို မျက်မှောက်ပြု၏ဟု ဤသို့ ဥပမာနှီးနှောခြင်းကို သိအပ်၏။

၄၈၆

     ၈၄၁။ တပါးသောာ နည်းကား.. ဥပမာအားဖြင့် လှေသည် မရှေး မနှောင်း တခုတည်းသောခဏ၌ လေးပါးသော ကိစ္စတို့ကို ပြု၏၊ ဤမှာဘက်ကမ်းကို စွန့်၏၊ ရေအယဉ်ကို ဖြတ်၏၊ ပစ္စည်းဘဏ္ဍာကို သယ်ဆောင်၏၊ ထိုမှာဘက်ကမ်းသို့ ကပ်ရောက်၏၊ ဤအတူပင် မဂ်ဉာဏ်သည်။ပ။ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းဟူသော ထိုးထွင်း၍ သိခြင်းဖြင့် ထိုးထွင်း၍ သိ၏၊ ဤဥပမာ၌လည်း လှေသည် ဤမှာဘက်ကမ်းကို စွန့်သကဲ့သို့ ဤအတူပင် မဂ်ဉာဏ်သည် ဒုက္ခသစ္စာကို ပိုင်းခြား၍သိ၏၊ (လှေသည်) ရေအယဉ်ကို ဖြတ်သကဲ့သို့ ဤအတူပင် သမုဒယသစ္စာကို ပယ်၏၊ (လှေသည်) ပစ္စည်းဘဏ္ဍာကို သယ်ဆောင်သကဲ့သို့ ဤအတူပင် သဟဇာတ အစရှိသော ပစ္စသတ္တိ (ကျေးဇူးပြုမှု)ဖြင့် မဂ်ကိုပွါးစေ၏၊ (လှေသည်) ထိုမှာဘက်ကမ်းသို့ ကပ်ရောက်သကဲ့သို့ ဤအတူ ထိုမှာဘက်ကမ်းသဖွယ်ဖြစ်သော နိရောဓသစ္စာကို မျက်မှောက်ပြု၏ဟု ဤသို့ ဥပမာနှီးနှောခြင်းကို သိအပ်၏။

     ၈၄၂။ ဤဆိုခဲ့သည့်အတိုင်း သစ္စာလေးပါးကို သိသောအခါ တခုတည်းသောခဏ၌ လေးပါးသော ကိစ္စတို့၏ အစွမ်းအားဖြင့် ဖြစ်သော ဉာဏ်ရှိသော ထို(မဂ်)၏ တဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် မှန်သော သဘောအားဖြင့် လေးပါးသော ကိစ္စတို့သည် တပေါင်းတည်းသိအပ်သော အခြင်းအရာ ရှိကုန်၏။ အဘယ်သို့ ဟောတော်မူသနည်းဟူမူ..

''မှန်သော သဘောအားဖြင့် လေးပါးသော သစ္စာတို့သည် အဘယ်သို့ တပေါင်းတည်းသိအပ်သော အခြင်းအရာ ရှိကုန်သနည်း? တဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် မှန်သော သဘောအားဖြင့် လေးပါးသော သစ္စာတို့သည် တပေါင်းတည်းသိအပ်သော အခြင်းအရာရှိကုန်၏။ ဒုက္ခသစ္စာ၏ နှိပ်စက်ခြင်းသဘော


မှတ်ချက်

     ၁- သာဓကပါဠိ၌ စတ္တာရိ သစ္စာနိ-ဟု ရှိသောကြောင့် ဤ၌လည်း ထို့အတူပင် ပါဌ်ရှိသင့်၏။ ထိုသို့ရှိလျှင် လေးပါးသော သစ္စာတို့သည်-ဟု ပြန်အပ်၏။ အထက်ပါ ပြန်ဆိုချက်မှာမူ စတ္တာရိ ကိစ္စာနိ-ဟု ရှိသောပါဌ်အရ ပြန်ထားချက် ဖြစ်သည်။

     ၂- သစ္စာလေးပါးတို့သည် ၁၆-ပါးသော အခြင်းအရာတို့ဖြင့် မှန်သောသဘော ဖြစ်ကုန်၏။ ထိုမှန်သော သဘောအားဖြင့် သိအပ်သောအခြင်းအရာ ရှိကြသည်-ဟု ဆိုလို၏။

၄၈၇

ပေါင်းစု၍ ပြုအပ်သောသဘော ပူလောင်စေခြင်းသဘော ဖောက်ပြန်ခြင်း သဘောသည် မှန်သော သဘောပေတည်း။ သမုဒယသစ္စာ၏ အားထုတ်ခြင်းသဘော ဆင်းရဲ၏ အကြောင်းသဘော ဆင်းရဲနှင့် ယှဉ်ခြင်းသဘော နှောင့်ယှက်တားမြစ်ခြင်း သဘောသည် မှန်သော သဘောပေတည်း။ နိရောဓသစ္စာ၏ ထွက်မြောက်ခြင်းသဘော သင်္ခါရတို့မှ ကင်းဆိတ်ခြင်းသဘော မပြုအပ်သော (အသင်္ခတ)သဘော မသေမပျက်ခြင်း (အမတ- အမြိုက်)သဘောသည် မှန်သော သဘောပေတည်း။ မဂ္ဂသစ္စာ၏ ထွက်မြောက်ကြောင်းသဘော နိဗ္ဗာန်သို့ ရောက်ကြောင်းသဘော နိဗ္ဗာန်ကို မျက်မှောက်မြင်ခြင်းသဘော အကြီးအမှူး ဖြစ်ခြင်းသဘောသည် မှန်သော သဘောပေတည်း။ ဤတဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် မှန်သော သဘောအားဖြင့် လေးပါးသော သစ္စာတို့ကို တခုတည်းသော (မှန်သော)သဘောဖြင့် ရေတွက်အပ်ကုန်၏။ အကြင်တရားကို တခုတည်းသော သဘောဖြင့် ရေတွက်အပ်၏၊ ထိုတရားသည် တခုတည်းသော သဘောရှိ(သော ဧကတ္တမည်)၏၊ အကြင်တရားသည် တခုတည်းသော သဘောရှိ၏၊ ထိုတရားကို တခုတည်းသော ဉာဏ်ဖြင့် ထိုးထွင်း၍သိ၏၊ ဤသို့လျှင် လေးပါးသောသစ္စာတို့သည် တပေါင်းတည်းသိအပ်သော အခြင်းအရာရှိကုန်၏''။ ဤကား ပါဠိ။

     [၃၃၃] ၈၄၃။ ထိုပါဠိတော် စကားရပ်၌ ''ဒုက္ခသစ္စာ စသည်တို့၏ နှိပ်စက်ခြင်း အနက်သဘော စသည်မှ တပါးသော ရောဂါ အိုင်းအမာ အစရှိသော အနက်သဘောတို့သည်လည်း ရှိကုန်သေးသည် မဟုတ်ပါလော၊ သို့ဖြစ်ပါလျက် အဘယ့်ကြောင့် လေးပါးသော အနက်သဘောတို့ကိုသာလျှင် ဟောအပ်ပါသနည်း''ဟု မေးမြန်း စောဒနာခြင်းသည် ရှိရာ၏။ ဤမေးမြန်း စောဒနာချက်၌ ဖြေရှင်းပြကုန်အံ့၊ (မိမိသဘောလက္ခဏာ၏ အစွမ်းအားဖြင့်၎င်း)


မှတ်ချက်

     ၁- ဤဖြေရှင်းချက်၏ အဆုံးပိုင်း နိဂုံးစကား၌ ''သလက္ခဏဝသေန ဧကေကဿ- မိမိသဘောလက္ခဏာ၏ အစွမ်းအားဖြင့် တပါးတပါးသော အနက်သဘော (ထင်ရှားခြင်းကြောင့်)''ဟု ရှိသောကြောင့် ဤအစပိုင်းစကားပလ္လင်၌လည်း သလက္ခဏဝသေန- ဟူသောပုဒ် မုချပင် ရှိသင့်၏၊ ထို့ကြောင့် ဤအရာ၌ လက်သည်းကွင်းဖြင့်ပြလျက် ဖြည့်စွက်ပြန်ဆိုထားသည်။

၄၈၈

အခြားတပါးသော သစ္စာကို မြင်သည်၏ အစွမ်းအားဖြင့်(၎င်း) ထင်ရှားခြင်းကြောင့် (လေးပါးသော အနက်သဘောတို့ကိုသာလျှင် ဟောအပ်ကုန်၏)။ ချဲ့၍ပြရလျှင်.. ''ထိုတွင် ဒုက္ခ၌ ဉာဏ်သည် အဘယ်နည်း? ဒုက္ခသစ္စာကို အာရုံပြု၍ အကြင်ပညာသည် အကြင်အပြားအားဖြင့် သိခြင်းသည် ဖြစ်ပေါ်၏'' ဤသို့ အစရှိသောနည်းဖြင့် တပါးတပါးသော သစ္စာကို အာရုံပြုသည်၏ အစွမ်းအားဖြင့်လည်း သစ္စာဉာဏ်ကို ဟော(အပ်)၏။ ''ရဟန်းတို့၊ အကြင်ပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကိုမြင်၏၊ ထိုပုဂ္ဂိုလ်သည် သမုဒယသစ္စာကိုလည်း မြင်၏'' ဤသို့ အစရှိသောနည်းဖြင့် တပါးသောသစ္စာကို အာရုံပြု၍ ကြွင်းသောသစ္စာတို့၌လည်း ကိစ္စပြီးသည်၏ အစွမ်းအားဖြင့်လည်း သစ္စာဉာဏ်ကို ဟော(အပ်)၏။

     ထိုတွင် အကြင်အခါ၌ တပါးပါးသော သစ္စာကို အာရုံပြု၏၊ ထိုအခါ၌ သမုဒယသစ္စာကို မြင်သဖြင့် မိမိသဘောအားဖြင့် နှိပ်စက်ခြင်း လက္ခဏာရှိသော ဒုက္ခသစ္စာ၏လည်း (ပေါင်းစုပြုအပ်သော အနက်သဘောသည် ထင်ရှား ပေါ်၏ ထင်ရှားပေါ်ပုံကား) ထိုဒုက္ခသစ္စာကို အားထုတ်ခြင်း လက္ခဏာရှိသော သမုဒယသစ္စာက အားထုတ်အပ် ပြုအပ်၏ ပေါင်းစုပေးအပ်၏၊ ထို့ကြောင့် ထိုဒုက္ခသစ္စာ၏ ထိုပေါင်းစု၍ ပြုအပ်သော သဘောသည် ထင်ရှားပေါ်၏။ ထို့ပြင် မဂ်သည် ကိလေသာအပူကို ပယ်ဖျောက်တတ်၏၊ အလွန်အေးမြ၏။ ထို့ကြောင့် ထိုမဂ္ဂသစ္စာကိုမြင်သဖြင့် (ဒုက္ခသစ္စာ၏) ပူလောင်စေခြင်းသဘောသည် ထင်ရှားပေါ်၏၊ အဘယ်ကဲ့သို့နည်းဟူမူ? အသျှင်နန္ဒအား နတ်သမီးကိုမြင်သဖြင့် သုန္ဒရီနန္ဒာ၏ အဆင်းမလှသည်၏အဖြစ် ထင်ရှားပေါ်သကဲ့သို့တည်း။ ထို့ပြင် မဖောက်ပြန်ခြင်း သဘောရှိသော နိရောဓသစ္စာကို မြင်သဖြင့် ထိုဒုက္ခသစ္စာ၏ ဖောက်ပြန်ခြင်းသဘောသည် ထင်ရှားပေါ်၏ဟူသော ဤစကားမှာ ဤအရာ၌ ဆိုဘွယ်ပင် မရှိပြီ။

     ထို့အတူ မိမိသဘောအားဖြင့် အားထုတ်ခြင်း လက္ခဏာရှိသော သမုဒယသစ္စာ၏လည်း ဒုက္ခသစ္စာကိုမြင်သဖြင့် ဆင်းရဲ၏ အကြောင်းသဘောသည် ထင်ရှားပေါ်၏၊ အဘယ်ကဲ့သို့နည်းဟူမူ.. မသင့်လျော်သော အစာကြောင့်ဖြစ်ပေါ်သော အနာရောဂါကို မြင်သဖြင့် အစာသည် အနာရောဂါ၏


မှတ်ချက်

     ၁- သမုဒယသစ္စာ၏လည်း-ဟူသော ပုဒ်ကို အကြောင်းသဘော, ယှဉ်ခြင်းသဘော, နှောင့်ယှက်တားမြစ်ခြင်း သဘောဟူသော သုံးပုဒ်တို့နှင့် စပ်ပါ။

၄၈၉

အကြောင်းအဖြစ် ထင်ရှားသကဲ့သို့တည်း။ ယှဉ်ခြင်းကင်းသော နိရောဓသစ္စာကို မြင်သဖြင့် ဆင်းရဲနှင့် ယှဉ်ခြင်းသဘောသည် ထင်ရှားပေါ်၏။ ထွက်မြောက်ကြောင်းဖြစ်သော မဂ္ဂသစ္စာကို မြင်သဖြင့် နှောင့်ရှက်တားမြစ်ခြင်းသဘောသည် ထင်ရှားပေါ်၏။

     ထို့အတူ ထွက်မြောက်ခြင်း လက္ခဏာရှိသော နိရောဓသစ္စာ၏လည်း သင်္ခါရတို့မှ မကင်းမဆိတ်သော သမုဒယသစ္စာကို မြင်သဖြင့် သင်္ခါရတို့မှ ကင်းဆိတ်သော သဘောသည် ထင်ရှားပေါ်၏။ မဂ္ဂသစ္စာကို မြင်သဖြင့် မပြုအပ်သော (အသင်္ခတ)သဘောသည် ထင်ရှားပေါ်၏၊ မှန်ပေ၏၊ ဤယောဂီသည် အစမထင်သော သံသရာ၌ အရိယာမဂ်ကို မမြင်ဘူးချေ၊ ထိုအရိယာမဂ်သည်လည်း အကြောင်းရှိသည်၏ အဖြစ်ကြောင့် ပြုအပ်သော (သင်္ခတ)တရားသာလျှင် ဖြစ်ပေ၏၊ ထို့ကြောင့် အကြောင်းမရှိသော နိဗ္ဗာန်တရား၏ မပြုအပ်သော အသင်္ခတအဖြစ်သည် အလွန်ပင်လျှင် ထင်ရှားပေ၏။ ထို့ပြင် ဒုက္ခသစ္စာကို မြင်သဖြင့် ထိုနိရောဓသစ္စာ၏ မသေမပျက်ခြင်း (အမတ- အမြိုက်)သဘောသည် ထင်ရှားပေါ်၏။ မှန်ပေ၏- ဒုက္ခသစ္စာသည် (လတ်တလော သေစေတတ်သော) အဆိပ်နှင့်တူ၏၊ နိဗ္ဗာန်သည် (မသေစေတတ်သော) အမြိုက်ဆေးနှင့် တူ၏။

     ထို့အတူ ထွက်မြောက်ကြောင်း လက္ခဏာရှိသော မဂ္ဂသစ္စာ၏လည်း သမုဒယသစ္စာကို မြင်သဖြင့် ''ဤတဏှာလောဘသည် နိဗ္ဗာန်သို့ရောက်ခြင်းငှါ အကြောင်းမဟုတ်၊ ဤမဂ်သည်ကား နိဗ္ဗာန်သို့ရောက်ခြင်းငှါ အကြောင်းပေတည်း''ဟု နိဗ္ဗာန်သို့ရောက်ကြောင်း သဘောသည် ထင်ရှားပေါ်၏။ နိရောဓသစ္စာကို မြင်သဖြင့် နိဗ္ဗာန်ကို မြင်ခြင်းသဘောသည် ထင်ရှားပေါ်၏၊ အဘယ်ကဲ့သို့နည်းဟူမူ? အလွန်သိမ်မွေ့သော အဆင်းတို့ကို မြင်သောသူအား ''ငါ၏မျက်စိသည် အထူးသဖြင့် ကြည်လင်ပေစွတကား''ဟု [၃၃၄] မျက်စိ၏ အထူး ကြည်လင်သည်၏အဖြစ် ထင်ရှားပေါ်သကဲ့သို့တည်း။ ဒုက္ခသစ္စာကို မြင်သဖြင့် အကြီးအမှူးဖြစ်ခြင်း သဘောသည် ထင်ရှားပေါ်၏၊


မှတ်ချက်

     ၁- နိရောဓသစ္စာ၏လည်း-ဟူသော ပုဒ်ကို ကင်းဆိတ်သောသဘော, မပြုအပ်သောသဘော, မသေမပျက်ခြင်းသဘော-ဟူသော သုံးပုဒ်တို့နှင့် စပ်ပါ။

     ၂- မဂ္ဂသစ္စာ၏လည်း-ဟူသော ပုဒ်ကို ရောက်ကြောင်းသဘော, မြင်ခြင်းသဘော, အကြီးအမှူး ဖြစ်ခြင်းသဘောဟူသော သုံးပုဒ်တို့နှင့် စပ်ပါ။

၄၉၀

အဘယ်ကဲ့သို့နည်းဟူမူ? များစွာသော ရောဂါတို့ဖြင့် အနှိပ်စက်ခံရလျက် ခိုကိုးရာမဲ့ဖြစ်နေသော သူကိုမြင်သဖြင့် အစိုးရသောသူ၏ မြင့်မြတ်သည်၏အဖြစ် ထင်ရှားသကဲ့သို့တည်း။ ဤသို့လျှင် ဤသစ္စာလေးပါးတို့၌ မိမိသဘောလက္ခဏာ၏ အစွမ်းအားဖြင့် တပါးပါးသော အနက်သဘော ထင်ရှားခြင်းကြောင့်၎င်း အခြားတပါးသော သစ္စာကို မြင်သည်၏ အစွမ်းအားဖြင့် ကြွင်းသော သုံးပါး သုံးပါးသော အနက်သဘောတို့ ထင်ရှားခြင်းကြောင့်၎င်း တပါးတပါးသော သစ္စာ၏ လေးပါး လေးပါးသော အနက်သဘောတို့ကိုသာလျှင် ဟော(အပ်ကုန်)၏။ မဂ်ခဏ၌မူကား အလုံးစုံသော ဤတဆယ့်ခြောက်ပါးသော အနက်သဘောတို့သည် ဒုက္ခသစ္စာ စသည်တို့၌ လေးပါးသော ကိစ္စရှိသော တခုတည်းသော ဉာဏ်ဖြင့်သာလျှင် ထိုးတွင်း၍သိခြင်းသို့ ရောက်ကုန်၏။ အကြင်ဆရာတို့သည်ကား အထူးထူးသော ဉာဏ်တို့ဖြင့် သိခြင်းကို အလိုရှိကုန်၏၊ ထိုဆရာတို့၏ ဝါဒ၌ အဖြေကို အဘိဓမ္မာပိဋက ကထာဝတ္ထု၌ ဟောထားပြီး ရှိသည်သာတည်း။

ပရိညာစသော အပြားကို ပြဆိုချက်

     ၈၄၄။ ယခုအခါ ပရိညာအစရှိသော လေးပါးသော အကြင်ကိစ္စတို့ကို ဆိုအပ်ခဲ့ကုန်ပြီ။ ထိုလေးပါးသော ကိစ္စတို့တွင်..

ပိုင်းခြား၍သိခြင်း (ပရိညာ)သည် သုံးပါးအပြားရှိ၏၊ ပယ်ခြင်း (ပဟာန်)သည်လည်း ထို့အတူ သုံးပါးအပြားရှိ၏၊ မျက်မှောက်ပြုခြင်း (သစ္ဆိကိရိယာ)သည်လည်း ထို့အတူ သုံးပါးအပြားရှိ၏၊ ပွါးစေခြင်း (ဘာဝနာ)ကို နှစ်ပါးအပြားရှိ၏ဟု သိအပ်၏၊ ထိုပိုင်းခြား၍ သိခြင်း (ပရိညာ)စသည်တို့၌ အဆုံးအဖြတ်ကို သိအပ်၏။

     ၈၄၅။ ပိုင်းခြား၍သိခြင်း (ပရိညာ)သည် သုံးပါးအပြားရှိ၏ ဟူသည်ကား ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟု ဤသို့အားဖြင့် ပိုင်းခြား၍သိခြင်း (ပရိညာ)သည် သုံးပါးအပြားရှိ၏။ ထိုတွင် ''ရှေးရှုပြု၍သိသော (အဘိညာ)ပညာသည် သိအပ်သည်ကို သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏''ဟု ဤသို့ အကျဉ်းပြပြီးလျှင်

၄၉၁

''အကြင် အကြင် တရားတို့ကို ရှေးရှုပြု၍ သိအပ်ကုန်၏ (ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏)၊ ထိုထိုတရားတို့သည် သိအပ်သောကြောင့် ဉာတမည်ကုန်၏''ဟု ဤသို့ အကျဉ်းအားဖြင့်၎င်း ''ရဟန်းတို့၊ အလုံးစုံကို ရှေးရှုပြု၍ သိအပ်၏၊ ရဟန်းတို့၊ အဘယ်အလုံးစုံကို ရှေးရှုပြု၍ သိအပ်သနည်း? ရဟန်းတို့၊ မျက်စိကို ရှေးရှုပြု၍ သိအပ်၏'' ဤသို့ အစရှိသောနည်းဖြင့် အကျယ်အားဖြင့်၎င်း ဟောထားသော အဘိညာပညာသည် (သိအပ်သည်ကို ပိုင်းခြား၍ သိသောကြောင့်) ဉာတပရိညာမည်၏။ ထိုဉာတပရိညာ၏ သီးခြားဖြစ်ရာ ဘုံနယ်ပယ်သည် အကြောင်းနှင့်တကွ နာမ်ရုပ်ကိုသိသော ဉာဏ်တိုင်အောင် ဖြစ်ပေ၏။

     ၈၄၆။ ထိုမှတပါး ''ပိုင်းခြား၍သိသော (ပရိညာ) ပညာသည် စူးစမ်းဆင်ခြင်တတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏''ဟု ဤသို့ အကျဉ်းပြပြီးလျှင် ''အကြင်အကြင် တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏၊ ထိုထိုတရားတို့သည် စူးစမ်း ဆင်ခြင်အပ်သော တရားမည်ကုန်၏''ဟု ဤသို့ အကျဉ်းအားဖြင့်၎င်း ''ရဟန်းတို့ အလုံးစုံကို ပိုင်းခြား၍ သိအပ်၏။ ရဟန်းတို့။ အဘယ်အလုံးစုံကို ပိုင်းခြား၍ သိအပ်သနည်း? ရဟန်းတို့၊ မျက်စိကို ပိုင်းခြား၍ သိအပ်၏''။ ဤသို့ အစရှိသောနည်းဖြင့် အကျယ်အားဖြင့်၎င်း ဟောထားသော ပရိညာပညာသည် (စူးစမ်းဆင်ခြင်လျက် ပိုင်းခြား၍ သိသောကြောင့်) တီရဏပရိညာ မည်၏။ ကလာပသမ္မသနဉာဏ်မှစ၍ ''အနိစ္စ ဒုက္ခ အနတ္တ''ဟု စူးစမ်းဆင်ခြင်သည်၏ အစွမ်းအားဖြင့်ဖြစ်သော ထိုတီရဏပရိညာ၏ အသီးအခြားဖြစ်ရာ ဘုံနယ်ပယ်သည် အနုလောမဉာဏ်တိုင်အောင် ဖြစ်ပေ၏။

     ၈၄၇။ ထိုမှတပါး ''ပယ်တတ်သော (ပဟာန) ပညာသည် စွန့်ပယ်တတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏''ဟု ဤသို့ အကျဉ်းပြပြီးလျှင် ''အကြင်အကြင် တရားတို့ကို ပယ်အပ်ကုန်၏။ ထိုထိုတရားတို့သည် စွန့်ပယ်အပ်သော တရားမည်ကုန်၏''ဟု ဤသို့ [၃၃၅] အကျယ်အားဖြင့် ဟောထားသော ''အနိစ္စာနုပဿနာဖြင့် နိစ္စသညာကို ပယ်၏'' ဤသို့ အစရှိသော နည်းဖြင့် ဖြစ်သော ပဟာနပညာသည် (ပယ်အပ်သည်ကို ပယ်လျက်


မှတ်ချက်

     ၁- အကျယ်အားဖြင့် ဟောထားသော.. ပဟာနပညာသည်.. ပဟာနပရိညာမည်၏-ဟု စပ်ပါ။

၄၉၂

ပိုင်းခြား၍ သိသောကြောင့်) ပဟာနပရိညာ မည်၏။ ထိုပဟာနပရိညာ၏ ဖြစ်ရာ ဘုံနယ်ပယ်သည် ဘင်္ဂါနုပဿနာဉာဏ်မှစ၍ မဂ်ဉာဏ်တိုင်အောင် ဖြစ်ပေ၏။ ဤပဟာနပရိညာကို ဤအရာ၌ အလိုရှိအပ်၏။

     တနည်းကား ဉာတပရိညာ တီရဏပရိညာတို့သည်လည်း ထိုပဟာနပရိညာအတွက်သာလျှင် ဖြစ်ကုန်၏၊ ထို့ပြင် အကြင်တရားတို့ကို ပယ်၏၊ ထိုပယ်အပ်သော တရားတို့သည် ကိန်းသေမုချအားဖြင့် သိအပ်ပြီးတို့လည်း ဖြစ်ကုန်၏၊ စူးစမ်း ဆင်ခြင်အပ်ပြီးတို့လည်း ဖြစ်ကုန်၏၊ ထို့ကြောင့် ဤနည်းပရိယာယ်အားဖြင့် ပရိညာသုံးပါးလုံးကိုလည်း မဂ်ဉာဏ်၏ ကိစ္စဟူ၍ သိအပ်၏။

     ၈၄၈။ ပယ်ခြင်း (ပဟာန်)သည်လည်း ထို့အတူ ဟူသည်ကား ပဟာန်သည်လည်း ဝိက္ခမ္ဘနပဟာန် တဒင်္ဂပဟာန် သမုစ္ဆေဒပဟာန်ဟူ၍ ပရိညာကဲ့သို့ သုံးပါးပင်လျှင် အပြားရှိ၏။ ထိုတွင် မှော်ရှိသောရေ၌ ပစ်ချလိုက်သောအိုးဖြင့် မှော်ကို ကွာစေ ရှဲစေခြင်းကဲ့သို့ ထိုထို လောကီသမာဓိဖြင့် နီဝရဏအစရှိသော ဆန့်ကျင်ဘက်တရားတို့ကို အကြင် ပယ်ခွါခြင်းသည် ရှိ၏၊ ဤပယ်ခွါခြင်းသည် ဝိက္ခမ္ဘနပဟာန် (ကွာစေလျက် ပယ်ခြင်း)မည်၏။ ပဋိသမ္ဘိဒါမဂ် ပါဠိ၌ကား ''ဝိက္ခမ္ဘနပဟာန်သည်ကား ပဌမဈာန်ကို ပွါးစေသောသူ၏ နီဝရဏတို့ကို ပယ်ခွါခြင်းပေတည်း''ဟု နီဝရဏတို့ကိုသာလျှင် ပယ်ခွါခြင်းကို ဟောတော်မူ(အပ်)၏၊ ထိုစကားကို ''ထင်ရှားသောကြောင့် ဟောသည်''ဟု သိအပ်၏။ မှန်ပေ၏၊ နီဝရဏတို့သည် ဈာန်၏ ရှေးအဖို့၌၎င်း နောက်အဖို့၌၎င်း ရုတ်တရက် လျင်မြန်စွာ စိတ်ကိုလွှမ်းမိုး၍ မဖြစ်ကုန်၊ ဝိတက်စသော ဆန့်ကျင်ဘက်တရားတို့သည်ကား ဈာန်ဝင်စားဆဲ ခဏ၌သာလျှင် မဖြစ်ပဲ ကင်းကွာကုန်၏၊ ထို့ကြောင့် နီဝရဏတို့ကို ပယ်ခွါခြင်းသည် ထင်ရှား၏။

     ၈၄၉။ ထိုမှတပါး ညဉ့်အဖို့၌ ညှိထွန်းသော ဆီမီးဖြင့် အမိုက်အမှောင်ကို ပယ်ခြင်းကဲ့သို့ ဝိပဿနာ၏ အစိတ်ဖြစ်သော ထိုထိုဉာဏ်တစိတ်ဖြင့် ဆန့်ကျင်ဘက်၏ အစွမ်းအားဖြင့်သာလျှင် ထိုထိုပယ်သင့်သော တရားကို အကြင် ပယ်ခြင်းသည် ရှိ၏၊ ဤပယ်ခြင်းသည် တဒင်္ဂပဟန် (ထိုကုသိုလ်တစိတ်ဖြင့် အကုသိုလ်တစိတ်ကို ပယ်ခြင်း)မည်၏။ ၎င်းမှာ အဘယ်နည်းဟူမူ? နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် (ထင်ရှားရှိသော တရားအပေါင်း၌

၄၉၃

အတ္တဟု ယူဆသော) သက္ကာယဒိဋ္ဌိကို ပယ်ခြင်း၊ ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် (အကြောင်းမရှိဟု ယူသော) အဟေတုကဒိဋ္ဌိနှင့် (ဖန်ဆင်းသူစသော မှားသောအကြောင်းကို ယုံကြည်ယူဆသော) ဝိသမဟေတုဒိဋ္ဌိကို၎င်း ယုံမှားမှုအညစ်အကြေးကို၎င်း ပယ်ခြင်း၊ ကလာပသမ္မသနဉာဏ်ဖြင့် ငါ ငါ၏ဥစ္စာဟု အပေါင်းလိုက်အားဖြင့် ယူခြင်းကို ပယ်ခြင်း၊ မဂ်မှန် မဂ်မှားကို ပိုင်းခြားသောဉာဏ်ဖြင့်၊ လမ်းမှန်မဟုတ်သည်၌ လမ်းမှန်ဟုထင်သော အမှတ်သညာကို ပယ်ခြင်း၊ အဖြစ်ကိုမြင်သေ ဉာဏ်ဖြင့် ပြတ်စဲအယူ- ဥစ္ဆေဒဒိဋ္ဌိကို ပယ်ခြင်း၊ အပျက်ကိုမြင်သော ဉာဏ်ဖြင့် တည်မြဲအယူ- သဿတဒိဋ္ဌိကို ပယ်ခြင်း၊ ကြောက်ဖွယ်ဘေးဟု ထင်သောဉာဏ်ဖြင့် ဘေးရှိသော ရုပ်နာမ်တရားအပေါင်း၌ ဘေးမရှိဟုထင်သော အမှတ်သညာကို ပယ်ခြင်း၊ အပြစ်ကိုရှုမြင်သော ဉာဏ်ဖြင့် သာယာဘွယ်ဟုထင်သော အမှတ်သညာကို ပယ်ခြင်း၊ ငြီးငွေ့လျက်ရှုသော နိဗ္ဗိဒါနုပဿနာဖြင့် ပျော်မွေ့ဘွယ်ဟုထင်သော အမှတ်သညာကို ပယ်ခြင်း၊ စွန့်လွှတ်လိုသော မုဉ္စိတုကမျတာဉာဏ်ဖြင့် စွန့်လွှတ်ခြင်းငှါ အလိုမရှိသည်၏အဖြစ်ကို ပယ်ခြင်း၊ တဖန်ရှုလျက်သိသော ပဋိသင်္ခါဉာဏ်ဖြင့် တဖန် မရှု မသိခြင်းကို ပယ်ခြင်း၊ အညီအမျှ လျစ်လျူရှုသော ဉာဏ်ဖြင့် အညီအမျှ လျစ်လျူမရှုခြင်းကို ပယ်ခြင်း၊ အနုလောမဉာဏ်ဖြင့် (မဂ္ဂ)သစ္စာ၏ ဆန့်ကျင်ဘက် (မြဲသောအခြင်းအရာ စသည်)အားဖြင့် ယူခြင်းကို ပယ်ခြင်းတို့ပေတည်း။

     တနည်းအားဖြင့် တဆယ့်ရှစ်ပါးသော မဟာဝိပဿနာတို့တွင် အနိစ္စာနုပဿနာဖြင့် နိစ္စသညာကိုပယ်ခြင်း၊ ဒုက္ခာနုပဿနာဖြင့် သုခသညာကိုပယ်ခြင်း၊ အနတ္တာနုပဿနာဖြင့် အတ္တသညာကိုပယ်ခြင်း၊ နိဗ္ဗိဒါနုပဿနာဖြင့် နှစ်သက် ပျော်မွေ့မှုကိုပယ်ခြင်း၊ ဝိရာဂါနုပဿနာဖြင့် တပ်မက်မှု- ရာဂကိုပယ်ခြင်း၊ [၃၃၆] နိရောဓာနုပဿနာဖြင့် ဖြစ်ပေါ်ခြင်းကို ပယ်ခြင်း၊ ပဋိနိဿဂ္ဂါနုပဿနာဖြင့် ယူခြင်းကိုပယ်ခြင်း၊ ခယာနုပဿနာဖြင့် တလုံးတခဲတည်း တကိုယ်တည်း တယောက်တည်းဟုထင်သော ဃနသညာကိုပယ်ခြင်း၊ ဝယာနုပဿနာဖြင့် အားထုတ်ခြင်းကို ပယ်ခြင်း၊ ဝိပရိဏာမာနုပဿနာဖြင့် ခိုင်ခံ့သည်ဟုထင်သော ဓုဝသညာကို ပယ်ခြင်း၊ အနိမိတ္တာနုပဿနာဖြင့် မြဲသည့်ပုံဟန် သန္တာန်နိမိတ်ကို ပယ်ခြင်း၊ အပ္ပဏိဟိတာနုပဿနာဖြင့် တောင့်တမှု-တဏှာကို ပယ်ခြင်း၊ သုညတာနုပဿနာဖြင့် အတ္တကောင် ငါကောင်ဟု မြဲမြံစွာ နှလုံးသွင်းခြင်းကို ပယ်ခြင်း၊ အဓိပညာဓမ္မဝိပဿနာဖြင့် အနှစ်ရှိသည်ဟု

၄၉၄

ယူသော နှလုံးသွင်းခြင်းကို ပယ်ခြင်း၊ ယထာဘူတဉာဏ်အမြင်ဖြင့် ပြင်းစွာ တွေဝေသော နှလုံးသွင်းမှုကို ပယ်ခြင်း၊ အာဒီနဝါနုပဿနဉာဏ်ဖြင့် တွယ်တာလျက် နှလုံးသွင်းမှုကို ပယ်ခြင်း၊ ပဋိသင်္ခါနုပဿနာဖြင့် တဖန် မရှုမသိသော မောဟကို ပယ်ဖြင်း၊ ဝိဝဋ္ဋာနုပဿနာဖြင့် ယှဉ်တွဲလျက် နှလုံးသွင်းမှုကို ပယ်ခြင်း၊ ဤတဆယ့်ရှစ်ပါးသော ပယ်ခြင်းသည်လည်း တဒင်္ဂပဟာန်သာလျှင် ဖြစ်သည်။

     ၈၅ဝ။ ထိုတဆယ့်ရှစ်ပါးသော မဟာဝိပဿနာတို့တွင် အနိစ္စာနုပဿနာ အစရှိသော ခုနစ်ပါးသော အနုပဿနာတို့ဖြင့် နိစ္စသညာစသည်တို့ကို ပယ်ပုံအခြင်းအရာကို ဘင်္ဂဉာဏ်အရာ၌ ဆိုခဲ့ပြီးသာလျှင် ဖြစ်၏

     ခယာနုပဿနာ ဟူသည်ကား ဃနအစိုင်အခဲ ခွဲဖျက်ခြင်းကို ပြု၍ ကုန်ခြင်းအနက်သဘောကြောင့် မမြဲဟု ဤသို့ ကုန်ခြင်းကို ရှုမြင်သောသူ၏ ဉာဏ်ပေတည်း၊ ထိုဉာဏ်ဖြင့် တလုံးတခဲတည်း တကိုယ်တည်း တယောက်တည်းဟုထင်သော ဃနသညာကို ပယ်၏။

     ဝယာနုပဿနာ ဟူသည်ကား..

(မြင်ပြီးသော) အာရုံသို့ အစဉ်လိုက်သဖြင့် (မြင်ရ မမြင်ရအားဖြင့်) နှစ်ပါးသော အာရုံတို့ကို တမျိုးတည်းသော သဘောအားဖြင့် ပိုင်းခြားခြင်း၎င်း, ချုပ်ခြင်း၌ နှလုံးသွင်း(ညွတ်ကိုင်း)ခြင်း၎င်း (ဤအင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပညာသည်) အပျက်လက္ခဏာကိုရှုသော ဝယလက္ခဏဝိပဿနာ မည်၏ဟု-

ဤသို့ဟောထားသည်နှင့် အညီ မျက်မှောက်သိအားဖြင့်၎င်း၊ မျက်မှောက်သိသို့ အစဉ်လိုက်၍ ဆင်ခြင်သော အနုမာနအသိအားဖြင့်၎င်း သင်္ခါရတို့၏


မှတ်ချက်

     ၁- စာမျက်နှာ ၃၆၆၊ အနုပဿတိ၏အဖွင့် စာပိုဒ်တို့ကို ညွှန်းသည်။ ထိုထက်အကျယ်ကို သိလိုလျှင် ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ အခဏ်း (၇) စာမျက်နှာ (ဆဋ္ဌနှိပ်) ၃၄၉- (သတ္တမနှိပ်) ၃၈၄-စည်မှာ ကြည့်ရှုပါလေ။

     ၂- ဧဝံ ဝုတ္တာ-ဟူသော ပါဌ်မှ မြန်မာစကားချောစေရန် ပြင်၍ ပြန်ဆိုချက်ဖြစ်သည်။ တိုက်ရိုက်ပြန်လျှင် ''ဤသို့ ဟောထားသော''-ဟု ပြန်အပ်၏၊ ၎င်းကိုလည်း ''ညွတ်ကိုင်းသည်၏ အဖြစ်တည်း''-ဟူသော ပုဒ်၌ စပ်အပ်၏။

၄၉၅

ပျက်ခြင်းကိုမြင်၍ ထိုပျက်ခြင်းဟု ဆိုအပ်သော ချုပ်ခြင်း၌သာလျှင် နှလုံးသွင်း ညွတ်ကိုင်းသည်၏ အဖြစ်တည်း၊ ထိုအနုပဿနာဖြင့် (ကြီးပွါးချမ်းသာရန်) အားထုတ်ခြင်းကို ပယ်၏။ မှန်ပေ၏၊ အကြင်သင်္ခါရတို့၏ အကျိုးငှါ အားထုတ်ရာ၏၊ ''ထိုသင်္ခါရတို့သည် ဤသို့ ပျက်ခြင်းသဘော ရှိကုန်၏''ဟု သိမြင်သောပုဂ္ဂိုလ်၏ စိတ်သည် (ထိုသင်္ခါရတို့အတွက်) အားထုတ်ခြင်း၌ မညွတ်ကိုင်းတော့ပြီ။

     ဝိပရိဏာမာနုပဿနာ ဟူသည်ကား ရူပသတ္တကစသည်၏ အစွမ်းအားဖြင့် ထိုထို အပိုင်းအခြားကာလကို ကျော်လွန်လတ်သော် တပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို ရှုမြင်ခြင်းတည်း၊ တနည်းကား ဖြစ်ပေါ်ပြီးသော တရား၏ အိုမင်းရင့်ရော်ခြင်းနှင့် သေခြင်းဟူသော နှစ်ပါးသော အခြင်းအရာတို့ဖြင့် ပြောင်းလဲဖောက်ပြန်သည်ကို ရှုမြင်ခြင်းတည်း၊ ထိုအနုပဿနာဖြင့် ခိုင်ခံ့သည်ဟုထင်သော ဓုဝသညာကို ပယ်၏။

     အနိမိတ္တာနုပဿနာ ဟူသည်ကား အနိစ္စာနုပဿနာပင်တည်း။ ထိုအနုပဿနာဖြင့် မြဲသည့်ပုံဟန် အသွင်သန္တာန် အနေအားဖြင့် ထင်သော နိစ္စနိမိတ်ကို ပယ်၏။

     အပ္ပဏိဟိတာနုပဿနာ ဟူသည်ကား ဒုက္ခာနုပဿနာပင်တည်း၊ ထိုအနုပဿနာဖြင့် ချမ်းသာကို တောင့်တသော တဏှာကို ပယ်၏။

     သုညတာနုပဿနာ ဟူသည်ကား အနတ္တာနုပဿနာပင်တည်း၊ ထိုအနုပဿနာဖြင့် အတ္တကောင်ရှိသည်ဟု မြဲမြံစွာ နှလုံးသွင်းခြင်းကို ပယ်၏။

[၃၃၇] အဓိပညာဓမ္မဝိပဿနာ ဟူသည်ကား...

အာရုံကိုလည်း (ပျက်သည်ဟု) သိပြီး၍ (ရှုသောစိတ်၏) အပျက်ကိုလည်း တဖန်ရှု၏၊ အတ္တမှ ဆိတ်သုဉ်းသောအားဖြင့်လည်း ထင်၏၊ (ဤအင်္ဂါသုံးပါးနှင့် ပြည့်စုံသော ပညာသည်) လွန်ကဲသော ဝိပဿနာပညာ ဖြစ်သောကြောင့် အဓိပညာဝိပဿနာမည်၏ဟု..

၄၉၆

ဤသို့ ဟောထားသည်နှင့်အညီ ရုပ်အစရှိသော အာရုံကို သိပြီး၍ ထိုအာရုံ၏၎င်း၊ ထိုအာရုံကို အာရုံပြုသော စိတ်၏၎င်း အပျက်ကိုမြင်၍ ''သင်္ခါရတို့သည်သာလျှင် ပျက်စီးကုန်၏၊ သင်္ခါရတို့၏သာလျှင် သေခြင်းပေတည်း၊ သင်္ခါရတို့မှ တပါးသော သေတတ် ပျက်တတ်သောသူမည်သည် တစုံတယောက်မျှ မရှိ''ဟု ပျက်ခြင်း၏ အစွမ်းအားဖြင့် အတ္တမှ ဆိတ်သုဉ်းသည်ကိုယူ၍ ဖြစ်သော ဝိပဿနာတည်း။ ထိုဝိပဿနာသည် လွန်ကဲသော ပညာလည်း ဟုတ်၏၊ ရုပ်နာမ်တရားတို့၌ ရှုသော ဝိပဿနာလည်း ဟုတ်၏- ဤနှစ်ပါးသော အကြောင်းကြောင့် အဓိပညာဓမ္မဝိပဿနာဟု ခေါ်ဆိုအပ်၏၊ ထိုဝိပဿနာဖြင့် မြဲသော အနှစ်မရှိခြင်းကို၎င်း၊ အတ္တကောင်ဟူသော အနှစ်မရှိခြင်းကို၎င်း ကောင်းစွာ မြင်သောကြောင့် အနှစ်ဟုယူသော နှလုံးသွင်းခြင်းကို ပယ်၏။

     ယထာဘူတဉာဏ်အမြင် ဟူသည်ကား အကြောင်းနှင့် တကွသော နာမ်ရုပ်ကို သိမ်းဆည်းသော ဉာဏ်တည်း၊ ထိုဉာဏ်ဖြင့် ''ငါသည် အတိတ် အဓွန့်ကာလ၌ ရှိခဲ့လေသလော''ဟု ဤသို့ စသည်၏ အစွမ်းအားဖြင့်၎င်း ''ဣဿရခေါ်သော ပိုင်ရှင် ထာဝရဘုရားသခင်ကြောင့် လောကသည် ဖြစ်ပေါ်၏''ဟု ဤသို့ စသည်၏ အစွမ်းအားဖြင့်၎င်း ဖြစ်သော ပြင်းစွာတွေဝေလျက် နှလုံးသွင်းခြင်းကို ပယ်၏။

     အာဒီနဝါနုပဿနာ ဟူသည်ကား ဘယတုပဋ္ဌာနဉာဏ်၏ အစွမ်းအားဖြင့် အလုံးစုံသော ဘဝစသည်တို့၌ အပြစ်မြင်သော ဉာဏ်တည်း၊ ထိုဉာဏ်ဖြင့် တွယ်တာဖွယ်ကို တစုံတခုမျှ မမြင်သောကြောင့် တွယ်တာလျက် နှလုံးသွင်းခြင်းကို ပယ်၏။

     ပဋိသင်္ခါနုပဿနာ ဟူသည်ကား စွန့်လွှတ်ခြင်း၏ ပြီးမြောက်ကြောင်းကို ပြုသော ပဋိသင်္ခါဉာဏ်တည်း၊ ထိုဉာဏ်ဖြင့် တဖန် မရှုမသိခြင်းကို ပယ်၏။


မှတ်ချက်

     ၁- ဤသည်လည်း ဧဝံ ဝုတ္တာ-ဟူသော ပါဌ်မှ မြန်မာစကားချောစေရန် ပြင်၍ ပြန်ဆိုချက်ပင် ဖြစ်သည်။ ဤသို့ ဟောထားသော-ဟု တိုက်ရိုက်ပြန်လျှင် ဝိပဿနာတည်း-ဟူသော ပုဒ်နှင့် စပ်။

     ၂- အတ္တမှ ဆိတ်သုဉ်းသည်၏ အဖြစ်ကို ရှုမြင်လျက်ဖြစ်သော-ဟု ဆိုလို၏။

၄၉၇

     ဝိဝဋ္ဋာနုပဿနာ ဟူသည်ကား သင်္ခါရုပေက္ခာဉာဏ်နှင့် အနုလောမဉာဏ်ပေတည်း၊ မှန်ပေ၏၊ ထို(သင်္ခါရုပေက္ခာနှင့် အနုလောမဉာဏ်တို့ ဖြစ်သော)အခါ၌ ထိုယောဂီ၏စိတ်ကို ''စဉ်းငယ်ကိုင်းရှိုင်းသော ပဒုမ္မာကြာဖက်၌ ရေပေါက်ကဲ့သို့ အလုံးစုံသော သင်္ခါရတရားအပေါင်းမှ တွန့်၏ ရှုံ့၏ ပြန်နစ်၏''ဟူ၍ ဟောတော်မူ၏၊ ထို့ကြောင့် ထိုအနုပဿနာဖြင့် ယှဉ်တွဲလျက် နှလုံးသွင်းခြင်းကို ပယ်၏၊ ကာမဂုဏ်နှင့် ယှဉ်တွဲခြင်း အစရှိသော ကိလေသာဖြင့် နှလုံးသွင်းခြင်း- ကိလေသာဖြစ်ခြင်းကို ပယ်၏၊ ဤကား ဆိုလိုရင်းအနက်။ ဤသို့လျှင် အကျယ်အားဖြင့် တဒင်္ဂပဟာန်ကို သိအပ်၏။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ကား ''တဒင်္ဂပဟာန်သည်ကား ကိလေသာကို ဖောက်ခွဲခြင်း အဖို့ရှိသော ဝိပဿနာသမာဓိကို ပွါးစေသောပုဂ္ဂိုလ်၏ မိစ္ဆာအယူတို့ကို ပယ်ခြင်းပေတည်း''ဟူ၍ အကျဉ်းအားဖြင့်သာလျှင် ဟောတော်မူ၏။

     ၈၅၁။ ထိုမှတပါး မိုးကြိုးဖြင့် ထိပါးနှိပ်စက်ခံရသော သစ်ပင်သည် တဖန် မစည်ပင် မကြီးပွါးနိုင်သကဲ့သို့ အရိယာမဂ်ဉာဏ်ဖြင့် သံယောဇဉ်အစရှိသော အကုသိုလ်တရားတို့ကို တဖန် မဖြစ်ပွါးနိုင်အောင် အကြင် ပယ်ခြင်းသည် ရှိ၏၊ ဤပယ်ခြင်းသည် သမုစ္ဆေဒပဟာန် (အကြွင်းမဲ့ပယ်ခြင်း) မည်၏၊ ယင်း သမုစ္ဆေဒပဟာန်ကို ရည်၍ ''သမုစ္ဆေဒပဟာန်သည်ကား လောကုတ္တရာဖြစ်သော (ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ဆိုက်ရောက်သော) ခယဂါမိမဂ်ကို [၃၃၈] ပွါးစေသော အရိယာပုဂ္ဂိုလ်၏ ပယ်ခြင်းပေတည်း''ဟု ဟောတော်မူ၏။ ဤဆိုခဲ့ပြီးသော အပြားအားဖြင့် ဤသုံးပါးသော ပဟာန်တို့တွင် သမုစ္ဆေဒပဟာန်ကိုသာလျှင် ဤအရာ၌ အလိုရှိအပ်၏။ သို့သော်လည်း ထိုယောဂီ၏ ရှေးအဖို့၌ ဝိက္ခမ္ဘနပဟာန် တဒင်္ဂပဟာန်တို့သည်လည်း ထိုသမုစ္ဆေဒပဟာန်အတွက်သာလျှင် ဖြစ်ကုန်၏၊ ထို့ကြောင့် ပဟာန်သုံးပါးလုံးကိုလည်း ဤနည်းပရိယာယ်အားဖြင့် မဂ်ဉာဏ်၏ ကိစ္စဟု သိအပ်၏။ မှန်ပေ၏၊ ရန်သူမင်းကို သတ်၍ မင်းအဖြစ်သို့ရောက်သော သူသည် မင်းဖြစ်သည်မှ ရှေးကာလ၌ (မင်းမဖြစ်မီကာလက) ပြုခဲ့သော အမှုအလုံးစုံကိုလည်း ''ဤမည် ဤမည်သော အမှုကိုလည်း မင်းသည် ပြု(အပ်)၏''ဟူ၍သာလျှင် ပြောဆိုအပ်ပေ၏။

     ၈၅၂။ မျက်မှောက်ပြုခြင်း (သစ္ဆိကိရိယာ)သည်လည်း.. ဟူသည်ကား လောကီဖြစ်သော မျက်မှောက်ပြုခြင်း လောကုတ္တရာဖြစ်သော မျက်မှောက်ပြုခြင်းဟူ၍

၄၉၈

နှစ်ပါးသာ အပြားရှိသော်လည်း လောကုတ္တရာဖြစ်သော မျက်မှောက်ပြုခြင်းသည် (ဒဿန) မြင်ခြင်းနှင့် (ဘာဝနာ) ပွါးစေခြင်းတို့၏ အစွမ်းအားဖြင့် နှစ်မျိုးကွဲပြားပြန်သောကြောင့် မျက်မှောက်ပြုခြင်း (သစ္ဆိကိရိယာ)သည် သုံးပါးအပြားရှိ၏။ ထိုတွင် ''ပဌမဈာန်ကို ငါရ၏ နိုင်နင်း၏၊ ပဌမဈာန်ကို ငါ မျက်မှောက်ပြုပြီးပြီ'' ဤသို့ အစရှိသောနည်းဖြင့် လာသော ပဌမဈာန်စသည်တို့ကို တွေ့ခြင်းသည် လောကီဖြစ်သော မျက်မှောက်ပြုခြင်း မည်၏။ တွေ့ခြင်းဟူသည်ကား ရောက်ပြီး သိပြီးလျှင် ''ဤတရားကို ငါရအပ် သိအပ်ပေပြီ''ဟု မျက်မှောက် ဉာဏ်တွေ့အားဖြင့် တွေ့ခြင်းတည်း။ မှန်ပေ၏၊ ဤအနက်ကိုပင်လျှင် ရည်၍ ''မျက်မှောက်ပြုသော ပညာသည် တွေ့ခြင်းအနက်သဘောကြောင့် ဉာဏ်မည်၏''ဟု အကျဉ်းပြပြီးလျှင် ''အကြင်အကြင် တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏၊ ထိုထိုတရားတို့သည် တွေ့ထိအပ်ပြီး ဖြစ်ကုန်၏''ဟု မျက်မှောက်ပြုခြင်းကို အကျယ်ပြရာဖြစ်သော သစ္ဆိကိရိယာနိဒ္ဒေသကို ဟောတော်မူ၏။

     တနည်းအားဖြင့် မိမိ၏သန္တာန်၌ မဖြစ်စေမူ၍သော်လည်း အကြင်တရားတို့ကို သူတပါးလျှင် အကြောင်းမရှိသော ကိုယ်တိုင်သိသောဉာဏ် သက်သက်ဖြင့် သိအပ်ကုန်၏၊ ထိုတရားတို့သည် မျက်မှောက်ပြုအပ်ပြီး ဖြစ်ကုန်၏။ ထို့ကြောင့်ပင်လျှင် ''ရဟန်းတို့၊ အလုံစုံကို မျက်မှောက်ပြုအပ်၏၊ ရဟန်းတို့၊ အဘယ်အလုံးစုံကို မျက်မှောက်ပြုအပ်သနည်းဟူမူ? ရဟန်းတို့ မျက်စိကို မျက်မှောက် ပြုအပ်၏'' ဤသို့ အစရှိသည်ကို ဟောတော်မူ၏။

     ထိုမှတပါးလည်း ''ရုပ်ကိုမြင်လျက် မျက်မှောက်ပြု၏။ ဝေဒနာကို ။ပ။ ဝိညာဏ်ကို မြင်လျက် မျက်မှောက်ပြု၏။ မျက်စိကို ။ပ။ အိုခြင်း သေခြင်းကို။ သေခြင်းကင်းသော အမြိုက်တရား၌ သက်ဝင်သော နိဗ္ဗာန်ကို မြင်လျက် မျက်မှောက်ပြု၏'' ဟူ၍၎င်း၊ ''အကြင်အကြင် တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏၊ ထိုထိုတရားတို့သည် တွေ့ထိအပ်ပြီး ဖြစ်ကုန်၏'' ဟူ၍၎င်း ဟောတော်မူ၏။

     ထိုမှတပါး ပဌမမဂ်ခဏ၌ နိဗ္ဗာန်ကို မြင်ခြင်းသည် ဒဿနသစ္ဆိကိရိယာ- (မြင်သောအားဖြင့် မျက်မှောက်ပြုခြင်း) မည်၏။ ကြွင်းသောမဂ် ခဏတို့၌


မှတ်ချက်

     ၁- လာသော.. တွေ့ခြင်းသည်-ဟု စပ်ပါ။ ထိုကဲ့သို့ ဟောထားသော တွေ့ခြင်းဟု ဆိုလို၏။

၄၉၉

နိဗ္ဗာန်ကို မြင်ပြန်ခြင်းသည် ဘာဝနာသစ္ဆိကိရိယာ (ပွါးစေသောအားဖြင့် မျက်မှောက်ပြုခြင်း) မည်၏။ နှစ်ပါးလုံးသော ထို လောကုတ္တရာဖြစ်သော မျက်မှောက်ပြုခြင်းကို ဤအရာ၌ အလိုရှိအပ်၏။ ထို့ကြောင့် (ဒဿန)မြင်ခြင်း (ဘာဝနာ)ပွါးစေခြင်းတို့၏ အစွမ်းအားဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည် ဤမဂ်ဉာဏ်၏ ကိစ္စဖြစ်သည်ဟူ၍ သိအပ်၏။

     [၃၃၉] ၈၅၃။ ပွါးစေခြင်း (ဘာဝနာ)ကို နှစ်ပါးအပြားရှိ၏ဟု သိအပ်၏ ဟူသည်ကား လောကီဘာဝနာ လောကုတ္တရာဘာဝနာဟူ၍ နှစ်ပါးသော ဘာဝနာတို့ကိုသာလျှင် အလိုရှိအပ်၏။ ထိုတွင် လောကီဖြစ်သော သီလ သမာဓိ ပညာတို့ကို ဖြစ်စေခြင်းသည်၎င်း၊ ထိုလောကီ သီလ သမာဓိ ပညာတို့ဖြင့် စိတ်အစဉ်သန္တာန်ကို ထုံစေခြင်းသည်၎င်း လောကီဘာဝနာမည်၏။ လောကုတ္တရာဖြစ်သော သီလ သမာဓိ ပညာတို့ကို ဖြစ်စေခြင်းသည်၎င်း၊ ထိုလောကုတ္တရာ သီလ သမာဓိ ပညာတို့ဖြင့် စိတ်အစဉ်သန္တာန်ကို ထုံစေခြင်းသည်၎င်း လောကုတ္တရာဘာဝနာမည်၏၊ ထိုနှစ်ပါးတို့တွင် ဤအရာ၌ လောကုတ္တရာဘာဝနာကို အလိုရှိအပ်၏၊ မှန်ပေ၏၊ လောကုတ္တရာဖြစ်သော သီလစသည်တို့ကို လေးပါးလုံးသော ဤမဂ်ဉာဏ်က ဖြစ်ပေါ်စေ၏၊ အဘယ့်ကြောင့်နည်းဟူမူ? ထိုလောကုတ္တရာ သီလစသည်တို့သည် သဟဇာတပစ္စည်းစသည် ဖြစ်သောကြောင့်ပေတည်း။ ထို့ပြင် ထိုလောကုတ္တရာ သီလစသည်တို့ဖြင့် မိမိ၏ စိတ်အစဉ်သန္တာန်ကိုလည်း ထုံစေတတ်၏၊ ဤအကြောင်းနှစ်ပါးကြောင့် လောကုတ္တရာ ဘာဝနာသည်သာလျှင် ထိုမဂ်ဉာဏ်၏ ကိစ္စဖြစ်သည်။ ဤသို့လျှင်..

သစ္စာလေးပါးကို သိသောအခါ၌ ပရိညာအစရှိသော အကြင်ကိစ္စတို့ကို ဟောအပ်ကုန်၏၊ ထိုကိစ္စ အလုံးစုံတို့ကိုလည်း ဟုတ်မှန်သော သဘောအားလျော်စွာ သိအပ်ကုန်၏။

ဤမျှ(သော စကားအစဉ်)ဖြင့်..

''ပညာရှိသော လူသည် သီလ၌တည်၍ စိတ်ကို၎င်း၊ ပညာကို၎င်း ပွါးစေသော်''ဟု-

ဤသို့ သရုပ်အားဖြင့်ပင်လျှင် ဆောင်ပြအပ်သော ပညာဘာဝနာ၏ အစီအရင်ကို ပြခြင်းငှါ ''မူလအခြေအမြစ် ဖြစ်ကုန်သော ဝိသုဒ္ဓိနှစ်ပါးတို့ကို

၅၀၀

ပြည့်စုံစေ၍ ကိုယ်ထည်ဖြစ်ကုန်သော ဝိသုဒ္ဓိငါးပါးတို့ကို ပြည့်စုံစေလျက် (ဝိပဿနာပညာကို) ပွါးစေအပ်၏''ဟူ၍ အကြင်စကားကို (ခန္ဓနိဒ္ဒေသ၌) ငါဆိုခဲ့ပြီ၊ ထိုစကားကို (ယခုအခါ၌) အကျယ်ချဲ့၍ ပြပြီး ဖြစ်လေပြီ။ ''အဘယ်သို့ ပွါးစေအပ်သနည်း''ဟူသော ဤပြဿနာကိုလည်း ဖြေဆိုပြီး ဖြစ်လေပြီ။

ဤသည်ကား သူတော်ကောင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်းအကျိုးငှါ စီရင်(အပ်)သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် ပညာဘာဝနာအရာ၌ ဉာဏဒဿနဝိသုဒ္ဓိ အကျယ်ပြချက် (ဉာဏဒဿဝိသုဒ္ဓိနိဒ္ဒေသ)မည်သော နှစ်ဆယ့်နှစ်ခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။

ဉာဏဒဿနဝိသုဒ္ဓိ အကျယ်ပြချက် ပြီး၏။

**********

၂၃-ပညာဘာဝနာအာနိသံသကို အကျယ်ပြဆိုချက်

အာနိသင်ကို ပြဆိုချက်

     [၃၄ဝ] ၈၅၄။ ပညာကို ပွါးစေခြင်း (ပညာဘာဝနာ)၏ အကျိုးကား အဘယ်နည်းဟူသော မေးခွန်းကို ရှေး၌ ဆိုခဲ့ပြီ၊ ထိုမေးခွန်း၌ ဖြေဆိုကုန်အံ့။ ဤ ပညာကိုပွါးစေခြင်း- ပညာဘာဝနာသည် အရာမက များစွာသော အကျိုးအာနိသင် ရှိ၏။ ထိုပညာဘာဝနာ၏ အကျိုးအာနိသင်ကို ရှည်စွာသော အဓွန့်ကာလဖြင့်သော်လည်း အကျယ်ပြရန် ခဲယဉ်း၏။ အကျဉ်းအားဖြင့်မူကား (၁) အမျိုးမျိုးသော ကိလေသာတို့ကို ဖျက်ဆီးခြင်း၊ (၂) အရိယာဖိုလ်၏ အရသာကို ခံစားရခြင်း၊ (၃) နိရောဓသမာပတ်ကို ဝင်စားနိုင်ခြင်း၊ (၄) အဝေးမှ ဆောင်ယူခဲ့၍ ပူဇော်ထိုက်သော အာဟုနေယျပုဂ္ဂိုလ်အဖြစ်စသည် ပြီးစီးခြင်းဟူသော ဤအကျိုးအပေါင်းကို ထိုပညာဘာဝနာ၏ အကျိုးအာနိသင်ဟု သိအပ်၏။

အမျိုးမျိုးသော ကိလေသာကို ဖျက်ဆီးခြင်းကို ပြဆိုချက်

     ၈၅၅။ ထိုတွင် နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ သက္ကာယဒိဋ္ဌိ စသည်တို့၏ အစွမ်းအားဖြင့် အမျိုးမျိုးသော ကိလေသာတို့ကို ဖျက်ဆီးခြင်းကို ဆိုခဲ့ပြီ၊ ဤသက္ကာယဒိဋ္ဌိ အစရှိသော ကိလေသာအမျိုးမျိုးကို ဖျက်ဆီးခြင်းသည် လောကီ ပညာဘာဝနာ၏ အကျိုးအာနိသင်ဖြစ်သည်။ အရိယာမဂ်ခဏ၌


မှတ်ချက်

     ၁- စာမျက်နှာ ၄၉၂-စာပိုဒ် ၈၄၉-၌ ပြခဲ့သော ကိလေသာတို့ကို ဆိုသည်။

၅၀၁

သံယောဇဉ် စသည်တို့၏ အစွမ်းအားဖြင့် အမျိုးမျိုးသော ကိလေသာတို့ကို ဖျက်ဆီးခြင်းကို ဆိုခဲ့ပြီ၊ ဤသံယောဇဉ် အစရှိသော ကိလေသာအမျိုးမျိုးကို ဖျက်ဆီးခြင်းသည် လောကုတ္တရာ ပညာဘာဝနာ၏ အကျိုးအာနိသင် ဖြစ်သည်ဟု သိအပ်၏။

ကြောက်မက်ဖွယ် အဟုန်ဖြင့် လျင်စွာကျသော မိုးကြိုးသည် (ကြီးစွာသော) ကျောက်တောင်တို့ကို ဖျက်ဆီးသကဲ့သို့၎င်း၊ လေ၏အဟုန်ဖြင့် ဖြစ်ပေါ်သော တောမီးသည် တောအုပ်ကို ဖျက်ဆီးသကဲ့သို့၎င်း-

မိမိ၏ ရောင်ခြည်တန်ခိုးဖြင့် တောက်ပသော ရောင်ခြည်ဝန်းရှိသော နေမင်းသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့၎င်း၊ ရှည်မြင့်စွာသော ကာလပတ်လုံး (ခန္ဓာအစဉ်သန္တာန်၌) ကျရောက်လျက်ရှိသော အလုံးစုံသော အကျိုးမဲ့ကို စီရင်တတ် ဖြစ်စေတတ်သော ကိလေသာတည်းဟူသော ကွန်ရက်ကို ပွါးစေအပ်သော ပညာသည် ဖျက်ဆီးတတ်၏၊ ထို့ကြောင့် မျက်မှောက် တွေ့မြင်ရသော (ကိလေသာကို ဖျက်ဆီးခြင်းဟူသော) ဤအကျိုးအာနိသင်ကို ဤပညာဘာဝနာအရာ၌ သိရာ၏။

ဖလသမာပတ်ကို ပြဆိုချက်

     ၈၅၆။ အရိယာဖိုလ်၏ အရသာကို ခံစားရခြင်း ဟူသည်ကား သက်သက် ကိလေသာကို ဖျက်ဆီးခြင်းသာလျှင် မဟုတ်သေး၊ အရိယာဖိုလ်၏ အရသာကို ခံစားရခြင်းသည်လည်း ပညာဘာဝနာ၏ အကျိုးအာနိသင်ပေတည်း။


မှတ်ချက်

     ၁- စာမျက်နှာ ၄၉၇-စာပိုဒ် ၈၅၁-၌ ပြခဲ့သော ကိလေသာတို့ကို ဆိုသည်။

     ၂- ကျရောက်လျက်ရှိသော.. ကိလေသာတည်းဟူသော ကွန်ယက်ကို-ဟု စပ်ပါ။

     ၃- အသတ်ခံရခြင်း အနှောင်အဖွဲ့ခံရခြင်း အစရှိသော အကျိုးမဲ့, အပါယ်ဒုဂ္ဂတိသို့ ကျရောက်ခြင်း ထက်ဝန်းကျင် စိတ်ကို ပူလောင်စေခြင်း အစရှိသော အကျိုးမဲ့, ဘဝသစ်ဖြစ်ခြင်း အစရှိသော အကျိုးမဲ့တို့ကို ဆိုသည်။

     ၄- ကွန်ယက်ကို.. ဖျက်ဆီးတတ်၏-ဟု စပ်ပါ။

၅၀၂

အရိယာဖိုလ် ဟူသည်မှာ သောတာပတ္တိဖိုလ် အစရှိသော သာမညဖိုလ်ကို ဆိုသည်။ ထိုအရိယာဖိုလ်၏ အရသာကို ခံစားခြင်းသည် မဂ်ဝီထိ၌၎င်း၊ ဖလသမာပတ်၏ အစွမ်းအားဖြင့် ဖြစ်သောအခါ၌၎င်း ဤသို့ နှစ်ပါးသော အခြင်းအရာတို့ဖြင့် ဖြစ်၏။ ထိုတွင် မဂ်ဝီထိ၌ ထိုအရိယာဖိုလ်၏ ဖြစ်ပုံကို ပြခဲ့ပြီးသာလျှင် ဖြစ်ပေသည်။

     [၃၄၁] ၈၅၇။ တနည်းအားဖြင့်လည်း ''(မဂ်၏အကျိုး) ဖိုလ်မည်သည်ကား သံယောဇဉ်တို့ကို ပယ်ခြင်းမျှသာလျှင် ဖြစ်သည်၊ ထိုမှတပါး တစုံတခုသော တရားမည်သည် မရှိ''ဟူ၍ အကြင် (အန္ဓကဂိုဏ်းသား အစရှိသော) ဆရာတို့သည် ဆိုကုန်၏၊ ထိုဆရာတို့အား နှစ်သက်သဘောကျစေခြင်း အကျိုးငှါ ဤဆိုလတံ့သော ပဋိသမ္ဘိဒါမဂ်ပါဠိကို ပြအပ်၏။

''အဘယ်သို့လျှင် အရိယာမဂ်ဟူသော ပယောဂကြောင့် ကိလေသာတို့၏ ငြိမ်းခြင်း၌ ပညာသည် ဖိုလ်ဉာဏ်မည်သနည်း?


မှတ်ချက်

     ၁- ကိလေသာငြိမ်းသည့် သမဏဖြစ်ကြောင်းဖြစ်သော မဂ်၄-ပါးကို သာမည-ဟု ခေါ်သည်။ ထို၏ အကျိုးဖြစ်သော ဖိုလ်၄-ပါးကို သာမညဖလ- သာမညဖိုလ်-ဟု ခေါ်သည်။

     ၂- ပါရာဇိကကဏ္ဍအဋ္ဌကထာ ကထာဝတ္ထုအဋ္ဌကထာ စသည်တို့၌ ၁ဝ-ပါးသော မူလဂိုဏ်းကွဲတို့ကို၎င်း (၁) ဟေမဝတိကဂိုဏ်း (၂) ရာဇဂိရိကဂိုဏ်း (၃) သိဒ္ဓတ္ထိကဂိုဏ်း (၄) ပုဗ္ဗသေလိယဂိုဏ်း (၅) အပရသေလိယဂိုဏ်း (၆) ဝါဇိရိယဂိုဏ်း (၇) ဝေတုလ္လဂိုဏ်း (၈) အန္ဓကဂိုဏ်းဟူသော ဤနောက်တိုး ဂိုဏ်းကွဲတို့ကို၎င်း ပြဆိုထား၏၊ ဝိသုဒ္ဓိမဂ်နိဒါန်း သာသနာတော် ဆင်းသက်လာပုံ အစဉ်အဆက်- စသည်တို့၌ အနည်းငယ်ချဲ့၍ ပြထား၏။ ထိုတွင် အန္ဓကဂိုဏ်း ဟူသည်မှာ အိန္ဒိယပြည်တောင်ပိုင်း အန္ဒြာနယ်၌ ဖြစ်ပေါ်ထင်ရှားခဲ့သော ဂိုဏ်းဖြစ်သည်။ အစရှိ-ဟူသော ပုဒ်ဖြင့် ထိုဂိုဏ်းသားတို့နှင့် အယူတူသော ထိုခေတ်က အခြားဂိုဏ်းကွဲများကို ယူအပ်၏။

     ၃- ဋီကာနှင့်အညီ ပယောဂပဋိပ္ပဿဒ္ဓိပညာ-ပုဒ်မှ ပြန်ဆိုချက်ဖြစ်သည်။ နောက်၌ အကျယ်ပြရာတွင် ''တမ္ပယောဂပဋိပ္ပဿဒ္ဓတ္တာ ဥပ္ပဇ္ဇတိ သမ္မာဒိဋ္ဌိ- ထိုသောတာပတ္တိမဂ်ဟူသော ထခြင်းပယောဂ ငြိမ်းသည်၏ အဖြစ်ကြောင့် သမ္မာဒိဋ္ဌိသည် ဖြစ်ပေါ်၏''-ဟူသော ဖွင့်ဆိုချက်နှင့် နှီးနှောကြည့်လျှင်

၅၀၃

သောတာပတ္တိမဂ်ခဏ၌ နိဗ္ဗာန်ကိုမြင်ခြင်း အနက်သဘောကြောင့် သမ္မာဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိမှ ထ၏၊ ထိုမိစ္ဆာဒိဋ္ဌိသို့ အစဉ်လိုက်သော ကိလေသာတို့မှ၎င်း ခန္ဓာတို့မှ၎င်း ထ၏၊ အပြင်ပမည်သော အလုံးစုံသော သင်္ခါရနိမိတ်တို့မှလည်း ထ၏၊ ထိုသောတာပတ္တိမဂ်ဟူသော ထခြင်းပယောဂ ငြိမ်းသည်၏ အဖြစ်ကြောင့် သမ္မာဒိဋ္ဌိသည် ဖြစ်ပေါ်၏၊ ဤသမ္မာဒိဋ္ဌိသည် မဂ်၏အကျိုး ဖိုလ်ပေတည်း'' ဤသို့ စသည်ဖြင့် ချဲ့၍ သိအပ်၏။

''ဘုံသုံးပါး၌ အတွင်းမဝင်ကုန်သော လေးပါးသော မဂ်တို့သည်၎င်း၊ လေးပါးသော သာမညဖိုလ်တို့သည်၎င်း (ရှိကုန်၏)၊ ဤတရားတို့သည် အတိုင်းအရှည်မရှိသော နိဗ္ဗာန်လျှင် အာရုံရှိသော တရားတို့ မည်ကုန်၏''။ ''မဟဂ္ဂုတ်တရားသည် အတိုင်းအရှည်မရှိသော အပ္ပမာဏတရားအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏'' ဤသို့ အစရှိသော စကားတို့သည်လည်း ဤအရာ၌ ပြီးစေတတ်သော သက်သေသာဓက ဖြစ်ကုန်၏။

     ၈၅၈။ ဖိုလ်ဝင်စားသောအခါ၌ ထိုဖိုလ်၏ ဖြစ်ပုံကို ပြခြင်းငှါ အောက်ပါမှာ မေးခွန်းပြဿနာ ဖြစ်သည်။

(က) ဖလသမာပတ်ဟူသည် အဘယ်နည်း၊

(ခ) ထိုဖလသမာပတ်ကို အဘယ်ပုဂ္ဂိုလ်တို့သည် ဝင်စားကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည် မဝင်စားကုန်သနည်း၊

(ဂ) အဘယ်ကြောင့် ဝင်စားကုန်သနည်း၊


မှတ်ချက်

ပယောပဋိပဿဒ္ဓိပညာဟူသော ပုဒ်ကို ''မဂ်ဟူသော ထခြင်းပယောဂ ငြိမ်းခြင်း (ပြီးဆုံးခြင်း)ကြောင့် ဖြစ်သော ပညာသည်''ဟု ပြန်သင့်သကဲ့သို့ ရှိ၏။

     ၁- ဤ၌ ဒုတိယသာဓကဖြင့် နိရောဓသမာပတ်မှ ထသောအခါ ရှေးဦးစွာ ဖြစ်ပေါ်လာသော အနာဂါမိဖိုလ်နှင့် အရဟတ္တဖိုလ်အား နိရောဓသမာပတ်သို့ ရောက်ခါနီး နောက်ဆုံးချုပ်ခဲ့သော နေဝသညာနာသညာယတန မဟဂ္ဂုတ်စိတ္တုပ္ပါဒ်က အနန္တရသတ္တိဖြင့် ကျေးဇူးပြုသည်ကို ပြ၏။

၅၀၄

(ဃ) ထိုသမာပတ်ကို အဘယ်သို့ ဝင်စားကုန်သနည်း၊ (၎င်းသည် အဘယ်သို့ တည်သနည်း၊ (၎င်းမှ) အဘယ်သို့ ထသနည်း။

(င) ဖိုလ်၏ အခြားမဲ့ဖြစ်သော တရားကား အဘယ်နည်း၊ ဖိုလ်သည် အဘယ်တရား၏ အခြားမဲ့ ဖြစ်သနည်း။

     ၈၅၉။ ထိုတွင် (က) ဖလသမာပတ်ဟူသည် အဘယ်နည်းဟူသော မေးခွန်း၌ ချုပ်ငြိမ်းရာ (နိဗ္ဗာန်)သို့ အရိယာဖိုလ်၏ ရောက်ခြင်းသည် ဖလသမာပတ်- ဖိုလ်ဝင်စားခြင်း မည်၏။

     ၈၆ဝ။ (ခ) ထိုဖလသမာပတ်ကို အဘယ်ပုဂ္ဂိုလ်တို့သည် ဝင်စားကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည် မဝင်စားကုန်သနည်းဟူသော မေးခွန်း၌ အလုံးစုံသော ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် မဝင်စားကုန်၊ အဘယ့်ကြောင့်နည်းဟူမူ? မရသောကြောင့်ပင်တည်း၊ အရိယာပုဂ္ဂိုလ်တို့သည်ကား အလုံးစုံပင် ဝင်စားကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ? ရပြီး ဖြစ်သောကြောင့်တည်း။ သို့သော် အထက် အရိယာပုဂ္ဂိုလ်တို့သည် အောက်ဖြစ်သော ဖိုလ်ကို မဝင်စားကုန်၊ အဘယ့်ကြောင့်နည်းဟူမူ? ပုဂ္ဂိုလ်တပါး၏အဖြစ်သို့ ရောက်ခြင်းဖြင့် ငြိမ်းပြီး ဖြစ်သောကြောင့်တည်း။ အောက်ဖြစ်သော အရိယာတို့သည်လည်း အထက်ဖြစ်သော ဖိုလ်ကို မဝင်စားကုန်၊ အဘယ်ကြောင့်နည်းဟူမူ?


မှတ်ချက်

     ၁- လောကီ သမာပတ်တို့အရာ၌ ပုထုဇဉ်သည် အထက်သမာပတ်တို့ကို ရသောအခါလည်း ပုထုဇဉ်ပင်၊ အောက်သမာပတ်မှ အထက်သမာပတ်သို့ ရောက်သည့်အတွက် ပုဂ္ဂိုလ်တပါးအဖြစ်သို့ မရောက်၊ ထို့ကြောင့် အလယ်သမာပတ်တို့ကို ရသောသူသည် အောက်သမာပတ်တို့ကိုလည်း ဝင်စားနိုင်၏။ ဤလောကုတ္တရာ ဖိုလ်တို့၌ကား ထိုကဲ့သို့မဟုတ်၊ ပုထုဇဉ်က သောတာပတ္တိဖိုလ်ကိုရလျှင် ပုထုဇဉ် မဟုတ်တော့ပြီ၊ သောတာပန်မည်သော ပုဂ္ဂိုလ်တပါးအဖြစ်သို့ ရောက်သွား၏။ ထို့အတူပင် သောတာပန် စသည်က သကဒါဂါမိဖိုလ် စသည်ကို ရလျှင် သကဒါဂါမ်စသော ပုဂ္ဂိုလ်တပါးအဖြစ်သို့ ရောက်သွား၏၊ ထို့ကြောင့် အောက်ဖိုလ်များသည် မိမိနှင့် မဆိုင်တော့ပြီ။ ဥပမာ- ရှေးဘဝက မိမိကိုယ်ပိုင်ဖြစ်ခဲ့သော ဘဝင်စိတ်သည် ဘဝတပါးသို့ ပြောင်းသွားသောအခါ မိမိနှင့် မဆိုင်တော့သကဲ့သို့တည်း။ ထို့ကြောင့် အထက် အရိယာပုဂ္ဂိုလ်တို့သည် အောက်ဖြစ်သော ဖိုလ်များကို မဝင်စားနိုင်ကြဟု ဆိုလို၏။

၅၀၅

မရသေးသောကြောင့်တည်း။ စင်စစ်အားဖြင့်သော်ကား မိမိ၏ ရပြီးဖိုလ်ကိုသာလျှင် ဝင်စားကုန်၏၊ ဤသည်ကား ဤဖလသမာပတ်အရာ၌ မြဲမြံသော အဆုံးအဖြတ်ပေတည်း။

     အချို့သော (ကေစိ) ဆရာတို့သည်ကား ''သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည်လည်း (ဖိုလ်ကို) မဝင်စားနိုင်ကုန်၊ အနာဂါမ်နှင့် ရဟန္တာ အထက်အရိယာ နှစ်ပါးတို့သည်သာလျှင် ဝင်စားနိုင်ကုန်၏''ဟု ဆိုကုန်၏။ ဤသည်ကား ထိုကေစိဆရာတို့၏ အကြောင်းပြ စကားတည်း- ''ဤအနာဂါမ် ရဟန္တာတို့သည် သမာဓိ၌ ပြည့်စုံစွာ ပြုကျင့်လေ့ ရှိကုန်၏'' (ထို့ကြောင့် ဝင်စားနိုင်ကုန်သည် ဟူ၏)၊ ထိုအကြောင်းသည် ပုထုဇဉ်ပင် ဖြစ်သော်လည်း မိမိရထားပြီးသော လောကီသမာဓိကို ဝင်စားနိုင်သောကြောင့် သင့်လျော်သော အကြောင်းမဟုတ်သည်သာတည်း၊ ဤအရာ၌ အကြောင်းဟုတ်မဟုတ်ကို ကြံဆခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ပဋိသမ္ဘိဒါမဂ် ပါဠိ၌ပင်လျှင် အောက်ပါအတိုင်း ဟောထားသည် မဟုတ်ပါလော..

အဘယ်ဆယ်ပါးသော ဂေါတြဘူတရားတို့သည် ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ကုန်သနည်း? သောတာပတ္တိမဂ်ကို ရခြင်းအကျိုးငှါ ဖြစ်ပေါ်ခြင်းကို ဖြစ်ပွါးခြင်းကို ။ပ။ ပြင်းစွာ ပူပန်ခြင်းကို အပြင်ပမည်သော သင်္ခါရနိမိတ်ကို လွှမ်းမိုး၍ ဖြစ်သောကြောင့် ဂေါတြဘူမည်၏။ သောတာပတ္တိ ဖလသမာပတ်အကျိုးငှါ ။ပ။


မှတ်ချက်

     ၁- လက်သည်းကွင်းအတွင်းက စကားမှာ သုတနည်းသူတို့ နားလည်လွယ်စေရန် ဖြည့်စွက်ချက် ဖြစ်သည်။

     ၂- ထိုအကြောင်းသည်.. သင့်လျော်သောအကြောင်း မဟုတ်သည်သာတည်း-ဟု စပ်ပါ။

     ၃- သောတာပတ္တိမဂ်ကို ရခြင်းအကျိုးငှါ.. လွှမ်းမိုး၍ ဖြစ်သောကြောင့်-ဟု စပ်ပါ။ နောက်၌လည်း အကျိုးငှါပုဒ်တို့ကို နည်းတူပင် စပ်ပါ။

     ၄- ဤစာပိုဒ်သည် ဤအရာ၌ ပြလိုရင်း သာဓကဖြစ်သည်၊ ထို့အတူ သကဒါဂါမိ ဖလသမာပတ်အကျိုးငှါဟူသော စာပိုဒ်သည်လည်း ဤအရာ၌ လိုရင်း သာဓကပင် ဖြစ်သည်။ ၎င်းကို ပေယျာလဖြင့် မြှုပ်၍ ပြထားသည်။

၅၀၆

[၃၄၂] သကဒါဂါမိမဂ်ကို ရခြင်းအကျိုးငှါ ။ပ။ အရဟတ္တဖလသမာပတ် အကျိုးငှါ။ သုညတဝိဟာရသမာပတ် အကျိုးငှါ အနိမိတ္တဝိဟာရသမာပတ် အကျိုးငှါ ဖြစ်ပေါ်ခြင်းကို ။ပ။ အပြင်ပမည်သော သင်္ခါရနိမိတ်ကို လွှမ်းမိုး၍ ဖြစ်သောကြောင့် ဂေါတြဘူမည်၏။ ဤကား ပါဠိ။

     ထို့ကြောင့် အလုံးစုံသော အရိယာတို့သည် မိမိ မိမိ၏ ဖိုလ်ကို ဝင်စားကုန်၏ဟု ဤအရာ၌ ဆုံးဖြတ်အပ်၏။

     ၈၆၁။ အဘယ့်ကြောင့် ဝင်စားကုန်သနည်းဟူသော မေးခွန်း၌ မျက်မှောက်အတ္တဘော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းအကျိုးငှါ ဝင်စားကုန်၏။ ဥပမာအားဖြင့် မင်းသည် မင်း၏ စည်းစိမ်ချမ်းသာကို ခံစားသကဲ့သို့ နတ်တို့သည် နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာကို ခံစားကုန်သကဲ့သို့ ဤအတူပင် အရိယာပုဂ္ဂိုလ်တို့သည် အရိယာ၏ ဥစ္စာဖြစ်သော လောကုတ္တရာချမ်းသာကို ခံစားကုန်အံ့ဟု (နှလုံးသွင်း၍) ကာလအပိုင်းအခြားကို ပြုပြီးလျှင် အလိုရှိတိုင်း အလိုရှိတိုင်းသော ခဏ၌ ဖလသမာပတ်ကို ဝင်စားကုန်၏။

     ၈၆၂။ (ဃ) ထိုသမာပတ်ကို အဘယ်သို့ ဝင်စားသနည်း၊ (၎င်းသည်) အဘယ်သို့ တည်သနည်း၊ (၎င်းမှ) အဘယ်သို့ ထသနည်းဟူသော မေးခွန်း၌ နိဗ္ဗာန်မှတပါးသော အာရုံကို နှလုံးမသွင်းခြင်းကြောင့်၎င်း၊ နိဗ္ဗာန်ကိုသာ နှလုံးသွင်းခြင်းကြောင့် ၎င်း ဤသို့ နှစ်ပါးသော အကြောင်းတို့ဖြင့် ထိုဖလသမာပတ်ကို ဝင်စားခြင်းသည် ဖြစ်၏။ အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူ?.. ''ငါရှင်၊ အနိမိတ္တ စေတောဝိမုတ္တိမည်သော


မှတ်ချက်

     ၁-၂- အနတ္တဟု ရှု၍ ရောက်သော အရဟတ္တဖလသမာပတ်ကို သုညတဝိဟာရ သမာပတ်ဟု ခေါ်သည်၊ အနိစ္စဟု ရှု၍ ရောက်သော ဖလသမာပတ်ကို အနိမိတ္တဝိဟာရသမာပတ်ဟု ခေါ်သည်။ ထို့ကြောင့် အရဟတ္တဖလသမာပတ် အကျိုးငှါဟု ဆိုသော ရှေးအပိုဒ်ဖြင့် ဒုက္ခဟု ရှု၍ ရောက်သော အရဟတ္တဖိုလ်ကို ယူအပ်၏။ ၎င်းကို အပ္ပဏိဟိတ သမာပတ်ဟု ခေါ်သည်။

     ၃- အနိမိတ္တ- သင်္ခါရနိမိတ်ကင်းသော၊ ဝါ၊ မြဲသည့်ပုံဟန် သဏ္ဌာန်နိမိတ်ကင်းသော + စေတောဝိမုတ္တိ- စိတ်၏ လွတ်မြောက်ခြင်း၊ ဝါ၊ လွတ်မြောက်သော ဖိုလ်စိတ်။

၅၀၇

ဖလသမာပတ်ကို ဝင်စားခြင်း၏ အကြောင်းတို့သည် အလုံးစုံသော သင်္ခါရနိမိတ်တို့ကို နှလုံးမသွင်းခြင်း၎င်း၊ နိမိတ်ကင်းသော နိဗ္ဗာန်ဓာတ်ကို နှလုံးသွင်းခြင်း၎င်း ဤသို့အားဖြင့် နှစ်ပါးတို့ပေတည်း''ဟု ဟောတော်မူ၏။

     ၈၆၃။ ဤဆိုလတံ့သည်ကား ဤဖလသမာပတ်၌ ဝင်စားပုံ အစဉ်တည်း.. ဖိုလ်ဝင်စားခြင်းကို အလိုရှိသော အရိယာသာဝကသည် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တပါးတည်း ကိန်းအောင်းသည်ဖြစ်၍ ဥဒယဗ္ဗယဉာဏ် စသည်တို့၏ အစွမ်းအားဖြင့် သင်္ခါရတို့ကို ရှုအပ်ကုန်၏၊ ထိုအရိယာသာဝကအား အစဉ်အတိုင်း ဝိပဿနာဉာဏ် ဖြစ်ပြီးလတ်သော် သင်္ခါရလျှင် အာရုံရှိသော ဂေါတြဘူဉာဏ်၏ အခြားမဲ့၌ ဖိုလ်သို့ရောက်သည်၏ အစွမ်းအားဖြင့် ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ စိတ်သည် သက်ဝင်၏၊ ဤဖလသမာပတ် ဝင်စားရာ၌ ဖိုလ်သို့ရောက်ရန် စိတ်ညွတ်သည်၏အဖြစ်ကြောင့် သေက္ခပုဂ္ဂိုလ်အားသော်လည်း ဖိုလ်သည်သာလျှင် ဖြစ်ပေါ်၏၊ အထက်မဂ်သည်ကား မဖြစ်ပေါ်ပေ။

     အကြင် (အဘယဂီရိဝါသီ) ဆရာတို့သည်ကား ''သောတာပန်ပုဂ္ဂိုလ်သည် ဖလသမာပတ်ကို ဝင်စားအံ့ဟု ဝိပဿနာကို ဖြစ်စေလျှင် သကဒါဂါမ်ဖြစ်သွား၏၊ သကဒါဂါမ် ပုဂ္ဂိုလ်သည်လည်း (ဝိပဿနာကို ဖြစ်စေလျှင်) အနာဂါမ် ဖြစ်သွား၏''ဟု ဆိုကုန်၏။ ထို(အဘယဂီရိဝါသီ) ဆရာတို့ကို ''ဤသို့ဖြစ်လျှင် အနာဂါမ်သည် (ဝိပဿနာကို ဖြစ်စေလျှင်)


မှတ်ချက်

     ၁- အကြောင်းတို့သည်.. နှစ်ပါးတို့ပေတည်း-ဟု စပ်ပါ။

     ၂- ဤဝိသေသနပုဒ်ဖြင့် ''ဖလသမာပတ်ဝီထိ၌ ဂေါတြဘူသည် နိဗ္ဗာန်ကို အာရုံမပြု၊ သင်္ခါရကိုသာလျှင် အာရုံပြုသည်''ဟု ပြ၏။

     ၃- သာသနာနှစ် ၂၃၆-မှာ သီဟိုဠ်သို့ သာသနာရောက်၍ မဟာဝိဟာရကျောင်းတိုက်ကို စ၍ တည်ထောင်ခဲ့သည်၊ ထိုကျောင်းတိုက်၌ သီတင်းသုံးသော ဆရာအစဉ်အဆက်ကို မဟာဝိဟာရဝါသီဟု ခေါ်သည်။ သာသနာနှစ် ၄၅၅-နှင့် ၄၆၆-အတွင်း၌ ဝဋ္ဋဂါမဏိမင်းက အဘယဂိရိကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းသည်၊ ထိုကျောင်းတိုက်၌ သီတင်းသုံးသော ဆရာအစဉ်အဆက်ကို အဘယဂိရိဝါသီဟု ခေါ်သည်။ ထိုအဘယဂိရိဝါသီတို့သည် နောက်ကာလ၌ မဟာဝိဟာရဝါသီတို့၏ အယူနှင့် ဆန့်ကျင်သော ထိုထိုဂိုဏ်းဂဏတို့၏ အယူဝါဒတို့ကိုလည်း လက်ခံကုန်၏၊ ဝေတုလ္လဟု ခေါ်သော မဟာယာနဝါဒကိုလည်း လက်ခံကုန်၏။

၅၀၈

ရဟန္တာဖြစ်သွားလတံ့၊ ရဟန္တာသည် ပစ္စေကဗုဒ္ဓါ ဖြစ်သွားလတံ့၊ ပစ္စေကဗုဒ္ဓါသည်လည်း ဗုဒ္ဓ-မြတ်စွာဘုရား ဖြစ်သွားလတံ့''ဟူ၍ ဆိုအပ်ကုန်၏။ ထိုသို့ မဖြစ်ထိုက်သောကြောင့် (အဘယဂီရိဆရာတို့၏) ထိုစကားသည် တစုံတရာမျှ (အသင့်ယုတ္တိရှိသော စကား)မဟုတ်၊ ပြဆိုခဲ့ပြီးသော ပဋိသမ္ဘိဒါမဂ် ပါဠိဖြင့်ပင်လျှင် ထိုစကားကို ပယ်ထားပြီး ဖြစ်သည်၊ ထို့ကြောင့်လည်း ထိုစကားကို မယူအပ်၊ စင်စစ်အားဖြင့်သော်ကား ''သေက္ခပုဂ္ဂိုလ်အားသော်လည်း ဖိုလ်သည်သာလျှင် ဖြစ်၏၊ အထက်မဂ်သည်ကား မဖြစ်''ဟူ၍ (ငါတို့ပြခဲ့သော) ဤစကားကိုသာလျှင် ယူအပ်၏။ ထိုအရိယာသာဝက၏ ဖိုလ်သည်လည်း အကယ်၍ အရိယာသာဝကသည် ပဌမဈာန်နှင့်ယှဉ်သော မဂ်ကို ရခဲ့သည် ဖြစ်ငြားအံ့၊ ပဌမဈာန်နှင့်ယှဉ်သော ဖိုလ်သည်သာလျှင် ဖြစ်၏၊ အကယ်၍ ဒုတိယဈာန် စသည်တို့တွင် တပါးပါးသောဈာန်နှင့် ယှဉ်သောမဂ်ကို ရခဲ့ငြားအံ့၊ ဒုတိယဈာန် စသည်တို့တွင် တပါးပါးသောဈာန်နှင့် ယှဉ်သော ဖိုလ်သည်သာလျှင် ဖြစ်၏။ ဤသို့လျှင် ဖလသမာပတ်ကို ဝင်စားခြင်းသည် ဖြစ်ပေ၏။

     [၃၄၃] ၈၆၄။ ထိုမှတပါး ''ငါ့ရှင်၊ အနိမိတ္တစေတောဝိမုတ္တိမည်သော ဖလသမာပတ်၏ တည်တံ့ခြင်း၏ အကြောင်းတို့သည် အလုံးစုံသော သင်္ခါရနိမိတ်တို့ကို နှလုံးမသွင်းခြင်း၎င်း၊ နိမိတ်ကင်းသော နိဗ္ဗာန်ဓာတ်ကို နှလုံးသွင်းခြင်း၎င်း၊ ရှေးအဖို့၌ ပြုပြင်ခြင်း၎င်း ဤသို့အားဖြင့် သုံးပါးတို့တည်း''ဟု ဟောတော်မူသောကြောင့် သုံးပါးသော အကြောင်းတို့ဖြင့် ထိုဖလသမာပတ်၏ တည်တံ့ခြင်းသည် ဖြစ်၏။ ထိုတွင် ရှေးအဖို့၌ ပြုပြင်ခြင်း ဟူသည်ကား ဖိုလ်သို့ရောက်သည်မှ ရှေး၌ (မရောက်သေးမီက) ကာလကို ပိုင်းခြားခြင်းတည်း။ မှန်ပေ၏ ''ဤမည်သော ကာလ၌ သမာပတ်မှ ထအံ့''ဟု ပိုင်းခြားထားသောကြောင့် ထိုပိုင်းခြားထားသော အချိန်မကျရောက်သေးမီ ကာလပတ်လုံး ထိုဖလသမာပတ်၏ တည်တံ့ခြင်းသည် ဖြစ်၏။ ဤသို့လျှင် ထိုဖလသမာပတ်၏ တည်တံ့ခြင်း ဖြစ်ပေ၏။


မှတ်ချက်

     ၁- အကြောင်းတို့သည်.. သုံးပါးတို့တည်း-ဟု စပ်ပါ။

၅၀၉

     ၈၆၅။ ထိုမှတပါး ''ငါ့ရှင်၊ အနိမိတ္တစေတောဝိမုတ္တိမည်သော ဖလသမာပတ်မှ ထခြင်းငှါ အကြောင်းတို့သည် အလုံးစုံသော သင်္ခါရနိမိတ်တို့ကို နှလုံးသွင်းခြင်း၎င်း၊ နိမိတ်ကင်းသော နိဗ္ဗာန်ဓာတ်ကို နှလုံးမသွင်းခြင်း၎င်း ဤသို့အားဖြင့် နှစ်ပါးတို့တည်း''ဟု ဟောတော်မူသောကြောင့် နှစ်ပါးသော အကြောင်းတို့ဖြင့် ထိုဖလသမာပတ်မှ ထခြင်းသည် ဖြစ်၏။ ထိုတွင် အလုံးစုံသော သင်္ခါရနိမိတ်တို့ ဟူသည်ကား ရုပ်နိမိတ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် နိမိတ်တို့ကို (နှလုံးသွင်းခြင်းတည်း)၊ ရှင်းပြဦးအံ့.. အလုံးစုံသော သင်္ခါရနိမိတ်တို့ကို တပေါင်းတည်း နှလုံးမသွင်းသည်ကား မှန်ပေ၏၊ သို့သော်လည်း အလုံးစုံကို သိမ်းယူသည်၏ အစွမ်းအားဖြင့် ဤ(သဗ္ဗနိမိတ္တာနံ- အလုံးစုံသော နိမိတ်ကိုဟူသော) ပုဒ်ကို ဟောတော်မူ(အပ်) ၏။ ထို့ကြောင့် အကြင် သင်္ခါရနိမိတ်သည် ဘဝင်၏ အာရုံဖြစ်၏၊ ထိုသင်္ခါရနိမိတ်ကို (ဘဝင်စိတ် ဖြစ်ပေါ်လျက်) နှလုံးသွင်းမိသော ပုဂ္ဂိုလ်အား ဖလသမာပတ်မှ ထခြင်းသည် ဖြစ်ပေ၏။ ဤသို့လျှင် ထိုဖလသမာပတ်မှ ထခြင်းကို သိအပ်၏။

     ၈၆၆။ (င) ဖိုလ်၏ အခြားမဲ့တရားသည် အဘယ်နည်း၊ ဖိုလ်သည် အဘယ်တရား၏ အခြားမဲ့ဖြစ်သနည်းဟူသော မေးခွန်း၌ ဖိုလ်၏ အခြားမဲ့တရားသည် ဖိုလ်သာလျှင်မူလည်း ဖြစ်၏၊ ဘဝင်မူလည်း ဖြစ်၏။ ဖိုလ်သည်ကား မဂ်၏အခြားမဲ့၌ ဖြစ်သည်လည်း ရှိ၏၊ ဖိုလ်၏အခြားမဲ့၌ ဖြစ်သည်လည်း ရှိ၏၊ ဂေါတြဘူ၏အခြားမဲ့၌ ဖြစ်သည်လည်း ရှိ၏၊ နေဝသညာနာသညာယတနဈာန်၏ အခြားမဲ့၌ ဖြစ်သည်လည်း ရှိ၏။ ထိုတွင် မဂ်ဝီထိ၌ (ပဌမဖိုလ်သည်) မဂ်၏အခြားမဲ့၌ ဖြစ်၏၊ နောက်နောက်ဖိုလ်သည် ရှေးရှေးဖိုလ်၏ အခြားမဲ့၌ ဖြစ်၏၊ ဖလသမာပတ်တို့၌ ရှေးဦးစွာဖြစ်သော ဖိုလ်သည် ဂေါတြဘူ၏ အခြားမဲ့၌ ဖြစ်၏။ ဆက်၍ ရှင်းပြဦးအံ့၊ ဤ(ဖလသမာပတ်)အရာ၌ ဂေါတြဘူဟူသော အမည်ဖြင့် အနုလုံကို သိအပ်၏၊ မှန်ပေ၏၊ ပဋ္ဌာန်းပါဠိ၌..


မှတ်ချက်

     ၁- အကြောင်းတို့သည်.. နှစ်ပါးတို့တည်း-ဟု စပ်ပါ။

     ၂- ဖိုလ်စိတ်အစဉ် ပြတ်စဲ၍ ဘဝင်စိတ် ဖြစ်ပေါ်သောအခါ ဖလသမာပတ်မှ ထ၏၊ ထိုဘဝင်စိတ်သည် ရုပ်နိမိတ်ကိုသာလျှင် အာရုံပြုသည်လည်း ရှိ၏၊ ဝေဒနာ စသည်တို့တွင် တခုခုကိုသာ အာရုံပြုသည်လည်း ရှိ၏။ သို့ဖြစ်၍ ထိုဘဝင်အမျိုးမျိုးတို့၏ အာရုံနိမိတ် အမျိုးမျိုးတို့ကို အကုန်သိမ်းယူ၍ ပြသောစကားဟု ဆိုလိုသည်။

၅၁၀

     ''ရဟန္တာပုဂ္ဂိုလ်၏ အနုလုံသည် ဖလသမာပတ်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏''ဟူသော ဤစကားကို ဟောတော်မူ၏။ အကြင်ဖိုလ်ဖြင့် နိရောဓသမာပတ်မှ ထ၏၊ ထိုဖိုလ်သည် နေဝသညာနာသညာယတနဈာန်၏ အခြားမဲ့၌ ဖြစ်၏။ ထိုဖိုလ်တို့တွင် မဂ်ဝီထိ၌ဖြစ်သော ဖိုလ်ကို ဖယ်ထား၍ ကြွင်းသော ဖိုလ်အလုံးစုံသည် ဖလသမာပတ်၏ အစွမ်းအားဖြင့်ဖြစ်သော ဖိုလ်မည်၏။ ဤဆိုခဲ့သည့်အတိုင်း မဂ်ဝီထိ၌သော်၎င်း၊ ဖလသမာပတ်၌သော်၎င်း ဖြစ်သည်၏ အစွမ်းအားဖြင့်-

ကိလေသာအပူကို တဖန် ငြိမ်းစေတတ်သော အမြိုက်နိဗ္ဗာန်သာလျှင် အာရုံရှိသော တင့်တယ်သော မြတ်သော (ကိလေသာငြိမ်းသူ သမဏဖြစ်ကြောင်း မဂ်တရား၏ အကျိုးဖြစ်သော) ဤသာမညဖိုလ်သည် တဏှာဟူသော လောကာမိသကို ထွေးအန်စွန့်ပယ်ပြီးသည်ဖြစ်၍ ငြိမ်သက် အေးချမ်းလှပါပေ၏

ပျားရည်ကို အမြိုက်ဆေးဖြင့် ရောစပ်ပေးသကဲ့သို့ (ထိုသာမညဖိုလ်ကို) သာယာအပ်သော ဈာန်ချမ်းသာ မဂ်ချမ်းသာတို့ထက် သာလွန်၍ သာယာအပ်သော အဆီဩဇာနှင့် ပြည့်စုံသော စင်ကြယ်စွာသော အကြင် ဖိုလ်ချမ်းသာဖြင့် စိုစွတ်စေအပ်၏


မှတ်ချက်

     ၁- နားလည်လွယ်စေရန် ပဌမဂါထာကို တဝါကျခွဲ၍ ပြန်ထားသည်။ တိုက်ရိုက်ပြန်လျှင်.. ကိလေသာအပူကို တဖန် ငြိမ်းစေတတ်သော အမြိုက်နိဗ္ဗာန်လျှင် အာရုံရှိသော တင့်တယ်သော ထွေးအန်စွန့်ပယ်ပြီးသော လောကာမိသရှိသော ငြိမ်သက်အေးချမ်းစွာသော မြတ်သော သာမညဖိုလ်ကို-ဟူ၍ ဖြစ်၏။ ၎င်းကို နောက်ဂါထာ၌ အဆုံးပုဒ်ဖြစ်သော ''စွတ်စိုစေအပ်၏''ဟူသော ပုဒ်နှင့် စပ်အပ်၏။

     ၂- ဤလက်သည်းကွင်းအတွင်းက ပုဒ်မှာ ပဌမဂါထာ၌ ကတ္တားအဖြစ်ဖြင့် ပြင်၍ ပြန်ခဲ့သောကြောင့် ဤဂါထာ၌ မူလရင်း ကံပုဒ်အတိုင်း ထပ်၍ ဖော်ပြထားသော ပုဒ်ဖြစ်သည်။ ၎င်းကို စိုစွတ်စေအပ်၏-ဟူသော ပုဒ်နှင့် စပ်ပါ။

     ၃- မူလက အလိုလိုချိုနေသော အရာသာထဲ၌ ပျားသကာအချိုရည်ကို ထပ်လောင်းသကဲ့သို့ သူ့အလိုလို အလွန်ကောင်းမြတ်နေသော ဖိုလ်ထဲမှာ အလွန်သာယာဖွယ်ကောင်းသော ဖိုလ်ချမ်းသာကို ဆမ်းထည့်ထားသလိုပင် စိုစွတ်စေသည်ဟု ဆိုလို၏။ အကြင်ဖိုလ်ချမ်းသာဖြင့် စိုစွတ်စေအပ်၏.. ထိုဖိုလ်ချမ်းသာကို.. ခံစားရပေ၏-ဟုလည်း စပ်ပါ။

၅၁၁

[၃၄၄] အရိယာတို့၏ ဥစ္စာဖြစ်သော ထိုသာမညဖိုလ်၏ အမြတ်ဆုံး အရသာဖြစ်သော ထိုဖိုလ်ချမ်းသာကို ပညာရှိသောသူသည် ဝိပဿနာပညာကို ပွါးစေ၍ ခံစားရပေ၏။

ထို(သို့ ဝိပဿနာပညာကို ပွါးစေ၍ ခံစားရသော)ကြောင့် အရိယာဖိုလ်၏ (ချမ်းသာဟူသော) အရသာကို ဤခံစားရခြင်းကို ဤအရာ၌ ဝိပဿနာပညာကို ပွါးစေခြင်း (ပညာဘာဝနာ)၏ အကျိုးအာနိသင်ဟူ၍ ဆိုအပ်၏။

နိရောဓသမာပတ်ကို ပြဆိုချက်

     ၈၆၇။ နိရောဓသမာပတ်ကို ဝင်စားနိုင်ခြင်း ဟူသည်ကား သက်သက် အရိယာဖိုလ်၏ အရသာကို ခံစားရခြင်းသည်သာလျှင် (ပညာဘာဝနာ၏ အကျိုးအာနိသင်) မဟုတ်သေး၊ ဤနိရောဓသမာပတ်ကို ဝင်စားနိုင်ခြင်းကိုလည်း ဤပညာဘာဝနာ၏ အကျိုးအာနိသင်ဟု သိအပ်၏။

     ထိုစကားရပ်၌ အောက်ပါမှာ နိရောဓသမာပတ်ကို ထင်ရှားပြရန် မေးခွန်းပြဿနာ ဖြစ်သည်-

(က) နိရောဓသမာပတ်ဟူသည် အဘယ်နည်း၊

(ခ) ထိုနိရောဓသမာပတ်ကို အဘယ်ပုဂ္ဂိုလ်တို့သည် ဝင်စားနိုင်ကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည် မဝင်စားနိုင်ကုန်သနည်း၊

(ဂ) အဘယ်ဘုံ၌ ဝင်စားနိုင်ကုန်သနည်း၊

(ဃ) အဘယ့်ကြောင့် ဝင်စားကုန်သနည်း၊

(င) ထိုနိရောဓသမာပတ်ကို ဝင်စားခြင်းသည် အဘယ်သို့ ဖြစ်သနည်း၊

(စ) အဘယ်သို့ တည်တံ့သနည်း၊

(ဆ) အဘယ်သို့ ထသနည်း၊

(ဇ) နိရောဓသမာပတ်မှ ထသောပုဂ္ဂိုလ်၏ စိတ်သည် အဘယ်တရားသို့ ညွတ်သနည်း၊

(ဈ) သေသောသူနှင့် နိရောဓသမာပတ် ဝင်စားသောသူ၏ အထူးကား အဘယ်နည်း၊

၅၁၂

(ည) နိရောဓ သမာပတ်သည် သင်္ခတတရားလော အသင်္ခတတရားလော လောကီလော လောကုတ္တရာလော နိပ္ဖန္နတရားလော အနိပ္ပန္နတရားလော။

     ၈၆၈။ ထိုတွင် (က) နိရောဓသမာပတ်ဟူသည် အဘယ်နည်းဟူသော မေးခွန်း၌ အစဉ်အတိုင်း ချုပ်သည်၏ အစွမ်းအားဖြင့် စိတ် စေတသိက် တရားတို့၏ မဖြစ်ခြင်းသည် နိရောဓသမာပတ်မည်၏။

     (ခ) ထိုနိရောဓသမာပတ်ကို အဘယ်ပုဂ္ဂိုလ်တို့သည် ဝင်စားနိုင်ကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည် မဝင်စားနိုင်ကုန်သနည်းဟူသော မေးခွန်း၌ အလုံးစုံသော ပုထုဇဉ် သောတာပန် သကဒါဂါမ်တို့သည်၎င်း၊ သုက္ခဝိပဿကဖြစ်သော အနာဂါမ် ရဟန္တာတို့သည်၎င်း မဝင်စားနိုင်ကုန်။ သမာပတ်ရှစ်ပါးကိုရသော အနာဂါမ်ပုဂ္ဂိုလ်တို့သည်၎င်း၊ ရဟန္တာပုဂ္ဂိုလ်တို့သည်၎င်း ဝင်စားနိုင်ကုန်၏။ မှန်ပေ၏၊..

''နှစ်မျိုးသော အားတို့နှင့် ပြည့်စုံခြင်း, သုံးမျိုးသော သင်္ခါရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် တဆယ့်ခြောက်မျိုးသော ဉာဏ်ဖြစ်ခြင်း, ကိုးမျိုးသော သမာဓိဖြစ်ခြင်းတို့ဖြင့် လေ့လာနိုင်နင်းသည်၏ အဖြစ်ဟူသော ပညာသည် နိရောဓသမာပတ်၌ ဉာဏ်မည်၏''ဟူ၍ ဟောတော်မူ၏။

     ဤသို့သော ပြည့်စုံခြင်းသည်လည်း သမာပတ်ရှစ်ပါးကိုရသော အနာဂါမ် ရဟန္တာတို့ကိုထား၍ တပါးသော ပုဂ္ဂိုလ်တို့အား မရှိချေ၊ ထို့ကြောင့်


မှတ်ချက်

     ၁- သုက္ခ-ခြောက်သွေ့သည် + ဝိပဿက- ဝိပဿနာရှုသူ- သုက္ခဝိပဿက- ဥပစာရသမာဓိ- အပ္ပနာသမာဓိဟူသော သမထအဆီအစေး မပါသဖြင့် ခြောက်သွေ့စွာ (အခြောက်တိုက်) ဝိပဿနာရှုသူ၊ သမထသမာဓိကို အခြေခံမပြုပဲ ဝိပဿနာသက်သက်ရှု၍ အနာဂါမ် ရဟန္တာဖြစ်လာသော ပုဂ္ဂိုလ်ဟု ဆိုလို၏။

     ၂- လေ့လာနိုင်နင်းသူ ဖြစ်ကြောင်းဖြစ်သော ပညာကို လေ့လာနိုင်နင်းသည်၏ အဖြစ်ဟူသော ပညာ-ဟု ဆိုသည်။ ကျွမ်းကျင်သော ပညာကို အကြောင်းပြု၍ ထိုသို့သော ပုဂ္ဂိုလ်ကို လေ့လာနိုင်နင်းသူ-ဟု ခေါ်ဆိုရ၏၊ ထိုပညာသည် လေ့လာနိုင်နင်းသော ပညာ ကျွမ်းကျင်သော ပညာပင် ဖြစ်သည်။

၅၁၃

သမာပတ်ရှစ်ပါးကိုရသော ထိုအနာဂါမ် ရဟန္တာတို့သည်သာလျှင် ဝင်စားနိုင်ကုန်၏၊ တပါးသော ပုဂ္ဂိုလ်တို့သည် မဝင်စားနိုင်ကုန်။

     ၈၆၉။ ဤနှစ်မျိုးသော အားစသည်တို့တွင် နှစ်မျိုးသော အားတို့ဟူသည် အဘယ်သည်တို့နည်း ။ပ။ လေ့လာနိုင်နင်းသည်၏ အဖြစ်ဟူသည် အဘယ်နည်းဟူမူကား? ဤအရာ၌ ငါတို့ဖြေဆိုဖွယ် တစုံတခုမျှ မရှိ၊ ဤအလုံးစုံကို ထိုအကျဉ်းချုပ် ဥဒ္ဒေသစကား၏ အကျယ်ပြရာ- နိဒ္ဒေသ၌ ဖြေဆိုအပ်ပြီးသာလျှင် ဖြစ်ပေ၏။ အဘယ်ကဲ့သို့ ဖြေဆိုထားသနည်းဟူမူ?

[၃၄၅] နှစ်မျိုးသော အားတို့နှင့် ဟူရာ၌ နှစ်မျိုးသော အားတို့ဟူသည်မှာ သမထအား ဝိပဿနာအားပေတည်း။ သမထအားဟူသည် အဘယ်နည်းဟူမူ? ကာမအလိုဆန္ဒမှ ထွက်မြောက်ခြင်း နေက္ခမ္မ၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသည် သမထအားတည်း၊ စိတ်မပျက် စိတ်မဆိုးခြင်း- အဗျာပါဒ၏ အစွမ်းအားဖြင့်။ အရောင်အလင်း၌ မှတ်သားခြင်း- အာလောကသညာ၏ အစွမ်းအားဖြင့်။ မပျံ့လွင့်ခြင်း- အဝိက္ခေပ၏ အစွမ်းအားဖြင့် ။ပ။ တဖန်စွန့်လျက် ရှုသူ၏ ဝင်သက်၏ အစွမ်းအားဖြင့်။ တဖန်စွန့်လျက် ရှုသူ၏ ထွက်သက်၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသည် သမထအားတည်း။ အဘယ်အနက်သဘောကြောင့် သမထအား မည်သနည်း? ပဌမဈာန်ဖြင့် နီဝရဏကြောင့် မတုန်လှုပ်၊ ထို့ကြောင့် သမထအားမည်၏၊ ဒုတိယဈာန်ဖြင့် ကြံစည်စဉ်းစားမှု- ဝိတက် ဝိစာရကြောင့် မတုန်လှုပ်၊ ထို့ကြောင့် သမထအားမည်၏ ။ပ။ နေဝသညာနာသညာယတန သမာပတ်ဖြင့် အာကိဉ္စညာယတနသညာကြောင့် မတုန်လှုပ်၊ ထို့ကြောင့် သမထအားမည်၏။ ပျံ့လွင့်မှု- ဥဒ္ဓစ္စကြောင့်၎င်း ပျံ့လွင့်မှုနှင့် တကွဖြစ်သော ကိလေသာကြောင့်၎င်း


မှတ်ချက်

     ၁- နီဝရဏဖြစ်လျှင် တုန်လှုပ်သည် မည်၏၊ ပဌမဈာန်နှင့် ပြည့်စုံနေသူမှာ နီဝရဏ မဖြစ်နိုင်၊ သို့ဖြစ်၍ နီဝရဏကြောင့် မတုန်လှုပ်-ဟု ဆိုသည်။ ဤနီဝရဏကြောင့် တုန်လှုပ်ခြင်းမရှိရအောင် အားပေးတတ်သောကြောင့် ထိုပဌမဈာန်သည် သမထအားမည်သည်-ဟု ဆိုလို၏။ နောက်အပိုဒ်တို့၌လည်း နည်းတူပင် သိပါလေ။

၅၁၄

ခန္ဓာကြောင့်၎င်း မတုန် မလှုပ် မရွေ့ရှား၊ ထို့ကြောင့် သမထအားမည်၏။ ဤကား သမထအားတည်း။

ဝိပဿနာအားဟူသည် အဘယ်နည်းဟူမူ? အနိစ္စာနုပဿနာသည် ဝိပဿနာအားတည်း။ ဒုက္ခာနုပဿနာသည် ။ပ။ အနတ္တာနုပဿနာသည်။ နိဗ္ဗိဒါနုပဿနာသည်။ ဝိရာဂါနုပဿနာသည်။ နိရောဓာနုပဿနာသည်။ ပဋိနိဿဂ္ဂါနုပဿနာသည် ဝိပဿနာအားတည်း။ ရုပ်၌ အနိစ္စာနုပဿနာသည် ။ပ။ ရုပ်၌ ပဋိနိဿဂ္ဂါနုပဿနာသည် ဝိပဿနာအားတည်း။ ဝေဒနာ၌။ သညာ၌။ သင်္ခါရတို့၌။ ဝိညာဏ်၌။ မျက်စိ၌ ။ပ။ အိုခြင်း သေခြင်း၌ အနိစ္စာနုပဿနာသည် ။ပ။ အိုခြင်း သေခြင်း၌ ပဋိနိဿဂ္ဂါနုပဿနာသည် ဝိပဿနာအားတည်း။ အဘယ်အနက်သဘောကြောင့် ဝိပဿနာအား မည်သနည်း? အနိစ္စာနုပဿနာဖြင့် မြဲသည်ဟုထင်သော အမှတ်သညာကြောင့် မတုန်လှုပ်၊ ထို့ကြောင့် ဝိပဿနာအားမည်၏။ ဒုက္ခာနုပဿနာဖြင့် ချမ်းသာဟုထင်သော အမှတ်သညာကြောင့် မတုန်လှုပ်။ အနတ္တာနုပဿနာဖြင့် အတ္တဟုထင်သော အမှတ်သညာကြောင့် မတုန်လှုပ်။ နိဗ္ဗိဒါနုပဿနာဖြင့် နှစ်သက်ပျော်မွေ့ခြင်းကြောင့် မတုန်လှုပ်။ ဝိရာဂါနုပဿနာဖြင့် တပ်မက်ခြင်းကြောင့် မတုန်လှုပ်။ နိရောဓာနုပဿနာဖြင့် ဖြစ်ခြင်းကြောင့် မတုန်လှုပ်။ ပဋိနိဿဂ္ဂါနုပဿနာဖြင့် ယူခြင်း လက်ခံခြင်းကြောင့် မတုန်လှုပ်၊ ထို့ကြောင့် ဝိပဿနာအားမည်၏။ အဝိဇ္ဇာကြောင့်၎င်း၊ အဝိဇ္ဇာနှင့် တကွဖြစ်သော ကိလေသာကြောင့်၎င်း၊ ခန္ဓာကြောင့်၎င်း၊ မတုန်လှုပ် မရွေ့ရှား၊ ထို့ကြောင့် ဝိပဿနာအားမည်၏။ ဤကား ဝိပဿနာအားတည်း။

သုံးမျိုးသော သင်္ခါရတို့၏ ငြိမ်းခြင်းကြောင့် ဟူရာ၌ အဘယ်သုံးမျိုးသော သင်္ခါရတို့၏ ငြိမ်းခြင်းကြောင့်နည်းဟူမူ? ဒုတိယဈာန်ကို


မှတ်ချက်

     ၁- မြဲသည်ဟု ထင်မှတ်လျှင် တုန်လှုပ်သည်မည်၏၊ အနိစ္စနုပဿနာဖြင့် မမြဲဟု သိမြင်သူမှာ ထိုသို့သော တုန်လှုပ်ခြင်း မရှိ၊ ထို့ကြောင့် အနိစ္စာနုပဿနာသည် ဝိပဿနာအား မည်သည်-ဟု ဆိုလို၏။ နောက်အပိုဒ်တို့၌လည်း နည်းတူပင် သိပါလေ။

၅၁၅

ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက် ဝိစာရဟူသော ဝစီသင်္ခါရတို့သည် ငြိမ်းကုန်၏။ စတုတ္ထဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ထွက်သက်ဝင်သက်ဟူသော ကာယသင်္ခါရတို့သည် ငြိမ်းကုန်၏။ သညာ ဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်အား သညာ ဝေဒနာဟူသော စိတ္တသင်္ခါရတို့သည် ငြိမ်းကုန်၏။ ဤသုံးမျိုးသော သင်္ခါရတို့၏ ငြိမ်းခြင်းကြောင့်ပေတည်း။

[၃၄၆] တဆယ့်ခြောက်မျိုးသော ဉာဏ်ဖြစ်ခြင်းတို့ဖြင့် ဟူရာ၌ အဘယ် တဆယ့်ခြောက်မျိုးသော ဉာဏ်ဖြစ်ခြင်းတို့နည်းဟူမူ? အနိစ္စာနုပဿနာသည် ဉာဏ်ဖြစ်ခြင်းတည်း။ ဒုက္ခာနုပဿနာသည်။ အနတ္တာနုပဿနာသည်။ နိဗ္ဗိဒါနုပဿနာသည်။ ဝိရာဂါနုပဿနာသည်။ နိရောဓာနုပဿနာသည်။ ပဋိနိဿဂ္ဂါနုပဿနာသည်။ ဝိဝဋ္ဋာနုပဿနာသည် ဉာဏ်ဖြစ်ခြင်းတည်း။ သောတာပတ္တိမဂ်သည်


မှတ်ချက်

     ၁- ဝစီ-စကား + သင်္ခါရ-ပြုမှု- ဝစီသင်္ခါရ- စကားကို ပြုကြောင်း- စကား ပြောဆိုကြောင်းဖြစ်သော ကြံစည်စဉ်းစားမှု၊ စကားပြောလျှင် ကြံစည်စဉ်းစား၍ ပြောရသည်၊ ထို့ကြောင့် ကြံစည်စဉ်းစားမှု- ဝိတက် ဝိစာရတို့ကို ဝစီသင်္ခါရဟု-ခေါ်သည်။ နိရောဓသမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်သည် ဈာန်တို့ကို အစဉ်အတိုင်း ဝင်စား၍ ဝိပဿနာရှုရ၏။ ထို့ကြောင့် ဒုတိယဈာန်ကို ဝင်စားသောအခါ ထိုဝိတက် ဝိစာရတို့သည် ငြိမ်းကုန်၏။ ဤသို့ငြိမ်းပုံကို ဆိုသည်။

     ၂- ကာယ-ကိုယ်ဖြင့် + သင်္ခါရ-ပြုအပ်သောတရား- ကာယသင်္ခါရ- နှာခေါင်း ဝမ်းဗိုက်စသော ကိုယ်ဖြင့်ပြုအပ်သော ထွက်သက် ဝင်သက်။ ၎င်းတို့မှာ စတုတ္ထဈာန်သို့ ရောက်သောအခါ ငြိမ်းကုန်၏။ ဤသို့ငြိမ်းပုံကို ဆိုသည်။

     ၃- စိတ္တ-စိတ်ဖြင့် + သင်္ခါရ-ပြုအပ်သောတရား- စိတ္တသင်္ခါရ- (စိတ်နှင့်စပ်၍ ဖြစ်သောကြောင့်) စိတ်ဖြင့်ပြုအပ်သည်ဟု ဆိုရသော ဝေဒနာသညာ။ ၎င်းတို့သည် နိရောဓသမာပတ်သို့ ရောက်သောအခါ ငြိမ်းလေကုန်၏။ ဤသို့ငြိမ်းပုံကို ဆိုသည်။

     ၄- ဉာဏစရိယာ-ပုဒ်ကို ဉာဏ်ဖြစ်ခြင်းဟု ပြန်သည်၊ ဉာဏ်၏ဖြစ်ခြင်း ဟူ၍လည်း ပြန်အပ်၏၊ အရမှာဖြစ်သော ဉာဏ်သာတည်း၊ မဂ္ဂ-ဖလဉာဏစရိယာတို့၌ကား ဉာဏ်ပြဓာန်းသောကြောင့် ဉာဏစရိယာဟု ဆိုသည်ဟူ၍၎င်း၊ ဉာဏ်ဖြင့် ဖြစ်စေအပ်သောကြောင့် ဉာဏစရိယာဟု ဆိုသည်ဟူ၍၎င်း ဋီကာ၌ဆို၏။

၅၁၆

ဉာဏ်ဖြစ်ခြင်းတည်း။ သောတာပတ္တိ ဖလသမာပတ်သည် ဉာဏ်ဖြစ်ခြင်းတည်း။ သကဒါဂါမိမဂ်သည် ။ပ။ အရဟတ္တ ဖလသမာပတ်သည် ဉာဏ်ဖြစ်ခြင်းတည်း။ ဤတဆယ့်ခြောက်ပါးသော ဉာဏ်ဖြစ်ခြင်းတို့ပေတည်း။

ကိုးမျိုးသော သမာဓိတို့ဖြစ်ခြင်း ဟူရာ၌ အဘယ်ကိုးမျိုးသော သမာဓိဖြစ်ခြင်းတို့နည်းဟူမူ? ပဌမဈာန်သည် သမာဓိဖြစ်ခြင်းတည်း။ ဒုတိယဈာန်သည် ။ပ။ နေဝသညာနာသညာယတန သမာပတ်သည် သမာဓိဖြစ်ခြင်းတည်း။ ပဌမဈာန်ကို ရခြင်းအကျိုးငှါ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာသည် (သမာဓိဖြစ်ခြင်းတည်း) ။ပ။ နေဝသညာနာသညာသမာပတ်ကို ရခြင်းအကျိုးငှါ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာသည် (သမာဓိဖြစ်ခြင်းတည်း)။ ဤကိုးမျိုးသော သမာဓိဖြစ်ခြင်းတို့ပေတည်း။

လေ့လာနိုင်နင်းခြင်း (ဝသီ)ဟူရာ၌ လေ့လာနိုင်နင်းခြင်း (ဝသီ)တို့သည် အာဝဇ္ဇနဝသီ သမာပဇ္ဇနဝသီ အဓိဋ္ဌာနဝသီ ဝုဋ္ဌာနဝသီ ပစ္စဝေက္ခဏဝသီဟူ၍ ငါးပါးတို့တည်း။ ပဌမဈာန်ကို အလိုရှိရာအရပ်၌ အလိုရှိသောအခါ အလိုရှိ သလောက် ကာလပတ်လုံး နှလုံးသွင်း၏၊ နှလုံးသွင်ခြင်း၌ နှေးသည်၏အဖြစ်သည် မရှိ၊ ထို့ကြောင့် အာဝဇ္ဇနဝသီ- နှလုံးသွင်းမှု၌ လေ့လာနိုင်နင်းခြင်း မည်၏။


မှတ်ချက်

     ၁- သမာဓိ၏ ဖြစ်ခြင်း ဟူ၍လည်း ပြန်အပ်၏၊ အရမှာ ဖြစ်သောသမာဓိသာတည်း။

     ၂- ဝသီတို့သည်- ငါပါးတို့တည်း-ဟု စပ်ပါ။

     ၃- အာဝဇ္ဇနာယ-ပုဒ်ကို နှလုံးသွင်းခြင်း၏ ဟူ၍လည်း ပြန်ကြ၏၊ နောက်၌ ''အဓိဋ္ဌာနေ- အဓိဋ္ဌာန် ဆောက်တည်ခြင်း၌၊ ဝုဋ္ဌာနေ- ထခြင်း၌''ဟူသော သတ္တမီဝိဘတ် အဆုံးရှိသော ပုဒ်တို့ကို ထောက်၍ နှလုံးသွင်းခြင်း၌-ဟူသော သတ္တမီအနက်သာလျှင် သင့်သည်။ ထိုနှလုံးသွင်းခြင်း အရကိုလည်း ဝိသုဒ္ဓိမဂ်စသော အဋ္ဌကထာ ဋီကာတို့၌ ဈာန်အင်္ဂါတို့ကို ပြန်လှည့်၍ ဆင်ခြင်ရန် နှလုံးသွင်းမှု အာဝဇ္ဇန်း-ဟု ဆိုကြ၏။ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၌ကား ဈာန်ကို ဝင်စားရန် နှလုံးသွင်းမှုဟု ဆို၏။

၅၁၇

ပဌမဈာန်ကို အလိုရှိရာအရပ်၌ အလိုရှိသောအခါ အလိုရှိသလောက် ကာလပတ်လုံး ဝင်စား၏၊ ဝင်စားခြင်း၌ နှေးသည်၏အဖြစ်သည် မရှိ၊ ထို့ကြောင့် သမာပဇ္ဇနဝသီ- ဝင်စားမှု၌ လေ့လာနိုင်နင်းခြင်း မည်၏။ ပဌမဈာန်ကို အလိုရှိရာအရပ်၌ အလိုရှိသောအခါ အလိုရှိသလောက် ကာလပတ်လုံး (တည်တံ့စေရန်) အဓိဋ္ဌာန် ဆောက်တည်၏၊ ဆောက်တည်(သည့်အတိုင်း တည်တံ့)ခြင်း၌ နှေးသည်၏အဖြစ်သည် မရှိ၊ ထို့ကြောင့် အဓိဋ္ဌာနဝသီ- အဓိဋ္ဌာန် ဆောက်တည်မှု၌ လေ့လာနိုင်နင်းခြင်း မည်၏။ ပဌမဈာန်ကို အလိုရှိရာအရပ်၌ အလိုရှိသောအခါ အလိုရှိသလောက် ကာလပတ်လုံး (ဝင်စား၍ ၎င်းမှ)ထ၏၊ ထခြင်း၌ နှေးသည်၏အဖြစ်သည် မရှိ၊ ထို့ကြောင့် ဝုဋ္ဌာနဝသီ- ထမှု၌ လေ့လာနိုင်နင်းခြင်း မည်၏။ ပဌမဈာန်ကို အလိုရှိရာအရပ်၌ အလိုရှိသောအခါ အလိုရှိသလောက် ကာလပတ်လုံး ဆင်ခြင်၏၊ ဆင်ခြင်ခြင်း၌ နှေးသည်၏အဖြစ်သည် မရှိ၊ ထို့ကြောင့် ပစ္စဝေက္ခဏဝသီ- ဆင်ခြင်မှု၌ လေ့လာနိုင်နင်းခြင်း မည်၏။ ဒုတိယဈာန်ကို ။ပ။ နေဝသညာနာသညာ သမာပတ်ကို အလိုရှိရာအရပ်၌ အလိုရှိသောအခါ အလိုရှိသလောက် ကာလပတ်လုံး နှလုံးသွင်း၏ ။ပ။ ဆင်ခြင်၏၊ ဆင်ခြင်ခြင်း၌ နှေးသည်၏အဖြစ်သည် မရှိ၊ ထို့ကြောင့် ပစ္စဝေက္ခဏဝသီ- ဆင်ခြင်မှု၌ လေ့လာနိုင်နင်းခြင်း မည်၏။


မှတ်ချက်

     ၁- ဤ၌လည်း သမာပဇ္ဇနာယ-ပုဒ်ကို ဝင်စားခြင်းငှါ-ဟု ပြန်ကြ၏၊ ရှေ့နှာ မှတ်ချက် ၃-၌ ပြခဲ့သည့်နည်းတူ သတ္တမီအနက်သာ သင့်သည်။

     ၂- အဓိဋ္ဌာတိ-ပုဒ်ကို ထား၏ဟူ၍လည်း ပြန်ကြ၏၊ (တည်တံ့စေရန်) အဓိဋ္ဌာန် ဆောက်တည်၏ဟူသော ပြန်ဆိုချက်က ပို၍ရှင်းသည်။

     ၃- ဤ၌ အဓိဋ္ဌာနေ-ဟု သတ္တမီဝိဘတ်နှင့် ရှိသောကြောင့် အာဝဇ္ဇနာယ စသည်တို့၌လည်း သတ္တမီဝိဘတ်ပင်ဟု ယူအပ်၏။

     ၄- လက်ဖျစ်တတွက်မျှ စသည် တိုတောင်းစွာ တည်စေနိုင်မှ ဝသီဘော်မြောက်သည်ဟု အဋ္ဌကထာ ဋီကာတို့၌ ဆိုကုန်၏။ တိုစွာဖြစ်စေ ကြာရှည်စွာဖြစ်စေ မိမိရည်ရွယ်သည့်အတိုင်း တည်တံ့စေနိုင်လျှင် ဝသီဘော်မြောက်သည်ဟု ယူသင့်သကဲ့သို့ ရှိ၏။ သို့မှ ''ယာဝတိစ္ဆကံ- အလိုရှိသလောက် ကာလပတ်လုံး''ဟူသော ဝိသေသနနှင့် ညီညွတ်ပေမည်။

၅၁၈

''ဤငါးပါးသော လေ့လာနိုင်နင်းခြင်းတို့ပေတည်း''ဟု ဟောတော်မူ၏။

     ၈၇ဝ။ အထက်ပါ ပါဠိ၌ ''တဆယ့်ခြောက်မျိုးသော ဉာဏ်ဖြစ်ခြင်းတို့ဖြင့်''ဟူသော စကားသည် အလွန်ဆုံးအားဖြင့် ညွှန်ပြချက်- (ဥက္ကဋ္ဌနိဒ္ဒေသ)ပေတည်း။ အနာဂါမ်ပုဂ္ဂိုလ်အားမူကား တဆယ့်လေးမျိုးသော ဉာဏ်ဖြစ်ခြင်းတို့ဖြင့် (နိရောဓသမာပတ်ကို ဝင်စားခြင်း) ဖြစ်သေး၏။ ယင်းသို့ဖြစ်လျှင် သကဒါဂါမ်ပုဂ္ဂိုလ်အား တဆယ့်နှစ်ပါးသော ဉာဏ်ဖြစ်ခြင်းတို့ဖြင့်၎င်း၊ သောတာပန်ပုဂ္ဂိုလ်အား ဆယ်ပါးသော ဉာဏ်ဖြစ်ခြင်းတို့ဖြင့်၎င်း (နိရောဓသမာပတ်ကို ဝင်စားခြင်း) အဘယ့်ကြောင့် မဖြစ်သနည်း (ဖြစ်ရာသည် မဟုတ်လော) ဟူငြားအံ့၊ မဖြစ်ပေ၊ အကြောင်းမူကား.. သမာဓိ၏ ဘေးရန်ဖြစ်သော ကာမဂုဏ်ငါးပါး၌ဖြစ်သော တပ်မက်မှုရာဂကို မပယ်ရသေး သောကြောင့်တည်း။ မှန်ပေ၏၊ ထိုသောတာပန် သကဒါဂါမ်တို့သည် ထိုကာမရာဂကို မပယ်ရသေး၊ ထို့ကြောင့် သမထအား မပြည့်စုံ၊ ထိုသမထအား မပြည့်စုံလတ်သော် နှစ်မျိုးသောအားတို့ဖြင့် ဝင်စားအပ်သော နိရောဓ သမာပတ်ကို အင်အားချို့တဲ့ခြင်းကြောင့် ဝင်စားခြင်းငှါ မစွမ်းနိုင်ကုန်။ အနာဂါမ်ပုဂ္ဂိုလ်မှာမူကား ထိုကာမရာဂကို ပယ်ပြီးဖြစ်၏၊ ထို့ကြောင့် ဤအနာဂါမ်ပုဂ္ဂိုလ်သည် [၃၄၇] ပြည့်စုံသော အားရှိပေ၏၊ ပြည့်စုံသော အားရှိ သောကြောင့် (နိရောဓသမာပတ်ကို ဝင်စားခြင်းငှါ) စွမ်းနိုင်ပေ၏။ ထို့ကြောင့် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် နိရောဓသမာပတ်မှ ထသောပုဂ္ဂိုလ်အား နေဝသညာနာသညာယတန ကုသိုလ်သည် ဖလသမာပတ်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဟောတော်မူ၏။ မှန်ပေ၏၊ မဟာပကရဏမည်သော ပဋ္ဌာန်းကျမ်း၌ နိရောဓသမာပတ်မှ အနာဂါမ်၏ ထခြင်းကိုသာလျှင် ရည်၍ ဤစကားကို ဟောတော်မူပေသည်။

     ၈၇၁။ (ဂ) အဘယ်ဘုံ၌ ဝင်စားကုန်သနည်း ဟူသော မေးခွန်း၌ ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘဝခေါ် ကာမဘုံ၌ ဝင်စားကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ? အစဉ်အတိုင်း ဈာန်ဝင်စားခြင်း ရှိသောကြောင့်တည်း။ ခန္ဓာလေးပါးသာရှိသော စတုဝေါကာရဘဝခေါ် အရူပဘုံ၌ကား


မှတ်ချက်

     ၁- ဘေးရန်ဖြစ်သော.. တပ်မက်မှုရာဂကို-ဟု စပ်ပါ။

၅၁၉

ပဌမဈာန် စသည်တို့၏ ဖြစ်ခြင်းသည် မရှိ၊ ထို့ကြောင့် ထိုအရူပဘုံ၌ ဝင်စားခြင်းငှါ မစွမ်းနိုင်၊ အချို့ (ကေစိ)ဆရာတို့သည်ကား ဝတ္ထုရုပ် မရှိသောကြောင့် (အရူပဘုံ၌ မဝင်စားနိုင်ကုန်)ဟု ဆိုကုန်၏။

     ၈၇၂။ (ဃ) အဘယ့်ကြောင့် ဝင်စားကုန်သနည်း ဟူသော မေးခွန်း၌ သင်္ခါရတို့၏ ဖြစ်ခြင်း ပျက်ခြင်း၌ ငြီးငွေ့၍ မျက်မှောက် အတ္တဘော မျက်မှောက်ဘဝ၌ပင်လျှင် စိတ်မရှိသည်ဖြစ်၍ ချုပ်ခြင်းဟူသော အငြိမ်းဓာတ်နိဗ္ဗာန်သို့ ရောက်လျက် ချမ်းသာစွာ နေကုန်အံ့ဟု ရည်၍ ဝင်စားကုန်၏။

     ၈၇၃။ (င) ထိုနိရောဓသမာပတ်ကို ဝင်စားခြင်းသည် အဘယ်သို့ဖြစ်သနည်း ဟူသော မေးခွန်း၌ သမထ ဝိပဿနာတို့၏ အစွမ်းအားဖြင့် အဆင့်ဆင့် အားထုတ်ပြီးလျှင် ပြုအပ်ပြီးသော ပုဗ္ဗကိစ္စရှိသည်ဖြစ်၍ နေဝသညာနာသညာယတနဈာန်ကို ချုပ်စေသော ပုဂ္ဂိုလ်အား ဤသို့ချုပ်စေခြင်းဖြင့် ထိုနိရောဓသမာပတ်ကို ဝင်စားခြင်းသည် ဖြစ်၏။ မှန်ပေ၏၊ သမထ၏ အစွမ်းအားဖြင့်သာလျှင် အဆင့်ဆင့် အားထုတ်သွားသော ပုဂ္ဂိုလ်သည် နေဝသညာနာသညာယတနသမာပတ်သို့ရောက်၍ တည်၏။ ဝိပဿနာ၏ အစွမ်းအားဖြင့်သာလျှင် အဆင့်ဆင့် အားထုတ်သွားသော ပုဂ္ဂိုလ်သည် ဖလသမာပတ်သို့ရောက်၍ တည်၏။ သမထဝိပဿနာ နှစ်ပါးစုံ၏ အစွမ်းအားဖြင့်သာလျှင် အဆင့်ဆင့် အားထုတ်၍ ပုဗ္ဗကိစ္စကို ပြုပြီးလျှင် နေဝသညာနာသညာယတနဈာန်ကို ချုပ်စေသော ပုဂ္ဂိုလ်သည်ကား ထိုနိရောဓသမာပတ်သို့ ရောက်၏။ ဤသည်ကား ဤအရာ၌ အကျဉ်းချုပ်တည်း။

     ၈၇၄။ အကျယ်ကား.. ဤသာသနာတော်၌ နိရောဓသမာပတ်ကို ဝင်စားလိုသော ရဟန်းသည် ဆွမ်းစားခြင်းကိစ္စ ပြုပြီးလတ်သော် လက်ခြေတို့ကို ဆေးကြောသုတ်သင်ပြီးလျှင် ဆိတ်ငြိမ်သောအရပ်ဝယ် ကောင်းစွာခင်းထားသော နေရာ၌ အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာထား၍ ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေပြီးလျှင် တင်ပလ္လင်ခွေလျက် ထိုင်နေ၏။


မှတ်ချက်

     ၁- နိရောဓံ နိဗ္ဗာနံ-ဟူသော ပုဒ်တို့မှ တိုက်ရိုက် အတိအကျ ပြန်ထားသောအနက် ဖြစ်သည်၊ ချုပ်ခြင်းကိုပင် အငြိမ်းဓာတ်နိဗ္ဗာန်-ဟု ဆိုထားသည်၊ အထူး သတိပြုသင့်၏။

     ၂- နေရာ၌.. ထိုင်နေ၏-ဟု စပ်ပါ။

၅၂၀

ထိုရဟန်းသည် ပဌမဈာန်ကို ဝင်စားပြီးလျှင် (ထိုဈာန်မှ)ထ၍ ထိုပဌမဈာန်၌(ပါဝင်သော) သင်္ခါရတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှု၏။

     ဆက်၍ ရှင်းပြဦးအံ့၊ ဤ ရှုမှု-ဝိပဿနာသည် သင်္ခါရတို့ကို သိမ်းဆည်းသော ဝိပဿနာ, ဖလသမာပတ်၏ ဝိပဿနာ, နိရောဓသမာပတ်၏ ဝိပဿနာဟူ၍ သုံးပါးအပြားရှိ၏။ ထိုတွင် သင်္ခါရတို့ကို သိမ်းဆည်းသော ဝိပဿနာသည် နုံ့သည်ဖြစ်စေ ထက်သည်ဖြစ်စေ မဂ်၏ နီးသောအကြောင်း ဖြစ်သည်သာလျှင်တည်း။ [၃၄၈] ဖလသမာပတ်၏ ဝိပဿနာသည် မဂ္ဂဘာဝနာနှင့်တူစွာ ထက်သန်သော်သာလျှင် သင့်လျော်၏။ နိရောဓသမာပတ်၏ ဝိပဿနသာသည်ကား မနုံ့လွန် မထက်လွန်းသော် သင့်လျော်၏။ ထို့ကြောင့် ဤရဟန်းသည် မနုံ့လွန်း မထက်လွန်းသော ဝိပဿနာဖြင့် ထိုသင်္ခါရတို့ကို ရှု၏။

     ထို့နောင် ဒုတိယဈာန်ကို ဝင်စားပြီးလျှင် (ထိုမှ)ထ၍ ထိုဒုတိယဈာန်၌(ပါဝင်သော) သင်္ခါရတို့ကို ထို့အတူပင်လျှင် ရှု၏။ ထို့နောင် တတိယဈာန်ကို ။ပ။ ထို့နောင် ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားပြီးလျှင် (ထိုမှ)ထ၍ ထိုဈာန်၌(ပါဝင်သော) အင်္ခါရတို့ကို ထို့အတူပင်လျှင် ရှု၏။ ထို့နောင် အာကိဉ္စညာယတနဈာန်ကို ဝင်စားပြီးလျှင် (ထိုမှ) ထပြီးလျှင် အသီးအခြားဖြစ်၍ မဆက်စပ်သည်တို့ကို မပျက်စေခြင်း, သံဃာ၏ ငံ့လင့်ခြင်း, မြတ်စွာဘုရား၏ ခေါ်တော်မူခြင်း, ကာလအပိုင်းအခြားကို ကြည့်ခြင်းဟူသော လေးပါးသော ပုဗ္ဗကိစ္စကို ပြု၏။


မှတ်ချက်

     ၁- ဝိပဿနာနုံ့လျှင် မဂ်သို့ နှေးနှေးရောက်သည်၊ ထက်လျှင် မြန်မြန်ရောက်သည်၊ ဤမျှသာ ထူးသည်၊ လက္ခဏာသို့ရောက်သော ဝိပဿနာသည် မဂ်ကို ဖြစ်စေနိုင်သည်သာဟု ဋီကာ၌ ဆို၏။

     ၂- ဖိုလ်ကို ဖြစ်စေနိုင်သော မဂ်သည် ထက်သန်သကဲ့သို့ ထက်သန်ရမည်ဟု ဆိုလို၏။

     ၃- ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၌ ''သင်္ခါရုပေက္ခာသည် နုံ့သော်လည်း ဖိုလ်အား ကျေးဇူးပြုသည်''ဟူ၍ ဆိုထားချက်လည်း ရှိသေး၏၊ ဆုံးဖြတ်ချက်ကို ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ (ဆဋ္ဌနှိပ်) ၃ဝ၆ (သတ္တမနှိပ်) ၃၃၂-၌ ကြည့်ပါ။

၅၂၁

     ၈၇၅။ ထိုလေးပါးတို့တွင် အသီးအခြားဖြစ်၍ မဆက်စပ်သည်တို့ကို မပျက်စေခြင်း ဟူသည်ကား သပိတ်သင်္ကန်းဖြစ်စေ, ညောင်စောင်းအင်းပျဉ်ဖြစ်စေ, နေရာ ကျောင်းဆောင်ဖြစ်စေ, ထိုမှတပါး တစုံတခုသော ပရိက္ခရာဖြစ်စေ အကြင် အသုံးအဆောင် ပရိက္ခရာသည် ဤရဟန်းနှင့်တကွ တစပ်တည်းမဟုတ်၊ မဆက်စပ်ပဲ အသီးအခြားဖြစ်လျက် တည်၏၊ ထိုအသုံးအဆောင် ပရိက္ခရာကို မီး ရေ လေ ခိုးသူ ကြွက် စသည်တို့ကြောင့် မပျက်စီးအောင် အဓိဋ္ဌာန်ပြုအပ်၏

     ထိုသို့ အဓိဋ္ဌာန်ပြုရာ၌ ဤသည်ကား အဓိဋ္ဌာန်ပြုပုံ အစီအရင်တည်း.. ''ဤမည် ဤမည်သော ပရိက္ခရာကို ဤခုနစ်ရက်အတွင်း၌ မီးဖြင့် မလောင်စေသတည်း၊ ရေဖြင့် မမျောစေသတည်း၊ လေဖြင့် မပျက်စီးစေသတည်း၊ ခိုးသူတို့ မခိုးယူနိုင်စေသတည်း၊ ကြွက်စသည်တို့ မကိုက်ခဲစေသတည်း''ဟု အဓိဋ္ဌာန်ပြုအပ်၏။ ဤသို့ အဓိဋ္ဌာန်ပြုထားသည်ရှိသော် ထိုခုနစ်ရက်ပတ်လုံး ထိုပရိက္ခရာအား ဘေးရန် တစုံတခုမျှ မဖြစ်နိုင်။

     အဓိဋ္ဌာန်မပြုသော ရဟန်း၏ ပရိက္ခရာသည်ကား မီးစသည်တို့ကြောင့် ပျက်စီး၏၊ အဘယ်ကဲ့သို့နည်းဟူမူ? မဟာနာဂမထေရ်၏ ပရိက္ခရာကဲ့သို့တည်း။ တဆင့်စကား ကြားရသည်မှာ.. မဟာနာဂမထေရ်သည် မယ်တော် ဥပါသိကာမကြီး၏ ရွာသို့ ဆွမ်းခံဝင်လေ၏၊ ဥပါသိကာမကြီးသည် (မထေရ်အား) ယာဂုကို ကပ်လှူပြီးလျှင် ဆွမ်းစားဇရပ်၌ (ခေတ္တ) ထိုင်နေစေ၏၊ မဟာနာဂမထေရ်သည် နိရောဓသမာပတ် ဝင်စားလျက် ထိုင်နေ၏၊ ထိုသို့ ထိုင်နေစဉ်မှာ ဆွမ်းစားဇရပ်ကို မီးလောင်လတ်သော် အခြားသော ရဟန်းတို့သည် မိမိ၏ ထိုင်နေရာအခင်းကို ယူဆောင်၍ ပြေးလေကုန်၏၊ ရွာသူရွာသားတို့သည် စုရုံးကုန်၍ မထေရ်ကိုမြင်လျှင် ''ပျင်းရိသော ရဟန်း''ဟု ဆိုကုန်၏၊ မီးသည် မြက် ဝါး သစ်သားတို့ကို လောင်လျက် မဟာနာဂမထေရ်ကို ဝန်းရံ၍ တည်လေ၏၊ လူတို့သည် အိုးတို့ဖြင့် ရေကို ယူလာကုန်၍ (မီးကို) ငြိမ်းစေပြီးလျှင် ပြာကိုဖယ်ရှား၍ (နွားချေးစိုဖြင့် လိမ်းကျံသော)


မှတ်ချက်

     ၁- နားလည်လွယ်စေရန် မြန်မာစကားပြေ ပြန်ထားသည်၊ အတိအကျ တိုက်ရိုက်ပြန်လျှင်.. ထိုအသုံးအဆောင် ပရိက္ခရာသည် အကြင်အခြင်းအရာဖြင့် မပျက်၊ မီး ရေ လေ ခိုးသူ ကြွက် စသည်တို့၏ အစွမ်းဖြင့် မပျက်စီး၊ ဤအခြင်းအရာဖြင့် အဓိဋ္ဌာန်ပြုအပ်၏-ဟူ၍ ဖြစ်၏။

၅၂၂

မြေသမံတလင်းကို ပြုပြီးလျှင် ပန်းတို့ကို ဖြန့်ကြဲစေ၍ ရှိခိုးလျက် တည်ကုန်၏၊ မဟာနာဂမထေရ်သည် ပိုင်းခြားထားသော အချိန်ကာလ၌ (သမာပတ်မှ)ထ၍ ထိုလူတို့ကို မြင်လတ်သော် ''(ငါသည် သမာပတ်ဂုဏ်ဖြင့်) ထင်ရှား ပေါ်လေပြီ''ဟု နှလုံးသွင်း၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ပိယင်္ဂုကျွန်းသို့ ကြွသွားလေ၏။ ဤသည်ကား အသီးအခြားဖြစ်၍ မဆက်စပ်သည်တို့ကို မပျက်စေခြင်းတည်း။

     ခါးဝတ်သင်းပိုင် ကိုယ်ရုံသင်္ကန်းဖြစ်စေ, ထိုင်နေရာအခင်းဖြစ်စေ အကြင် အသုံးအဆောင် ပရိက္ခရာသည် ကိုယ်နှင့် တစပ်တည်းဖြစ်၏၊ ထိုအသုံးအဆောင် ပရိက္ခရာ၌ သီးခြား အဓိဋ္ဌာန်ပြုဘွယ်ကိစ္စ မရှိပြီ။ သမာပတ်၏ အစွမ်းဖြင့်ပင်လျှင် ထို(မီးစသော အန္တရာယ်)ကို စောင့်ရှောက် ကာကွယ်၏ အဘယ်ကဲ့သို့နည်းဟူမူ? အသျှင်သိဉ္ဇိဝမထေရ်၏ သမာဓိပျံ့နှံ့ခြင်းရှိသော တန်ခိုး အသျှင်သာရိပုတြာမထေရ်၏ သမာဓိပျံ့နှံ့ခြင်းရှိသော တန်ခိုး''ဟူသော ဤစကားကို ဟောတော်မူ(အပ်)၏။

     ၈၇၆။ သံဃာတော်၏ ငံ့လင့်ခြင်း ဟူသည်ကား သံဃာတော်၏ ငံ့လင့်ခြင်း မျှော်လင့်ခြင်းတည်း၊ (နိရောဓသမာပတ် ဝင်စားနေသော)


မှတ်ချက်

     ၁- နိရောဓသမာပတ် ဝင်စားနေသော အသျှင်သိဉ္ဇိဝမထေရ်ကို ပျံလွန်တော်မူသည်ဟု ထင်မှတ်၍ နွားကျောင်းသား စသည်တို့သည် မြက် ထင်း နွားချေးတို့ဖြင့် စုပုံ၍ မီးရှို့ကုန်၏၊ မထေရ်၏ သင်္ကန်း၌ ချည်မျှင် တမျှင်မျှသော်လည်း မီးမလောင်ပဲ ရှိ၏၊ ဤသို့ မီးမလောင်ခြင်းသည် အစဉ်အတိုင်း ဝင်စားနေသော သမာပတ်တို့၏ အစွမ်းဖြင့် ဖြစ်သော သမထသမာဓိ၏ အစွမ်းအာနုဘော်ကြောင့် ဖြစ်သည်၊ ဤတန်ခိုးကို ဆိုသည်။

     ၂- အသျှင်သာရိပုတြာသည် အသျှင်မဟာမောဂ္ဂလ္လာန်နှင့်အတူ ကပေါတချောက်ဝယ် လသာသော ညဉ့်အချိန်၌ ထိုင်နေစဉ် ခေါင်းရိပ်ပြီးခါစ တောက်ပနေသော ဦးခေါင်းကို ဘီလူးဆိုးတဦးက ပြင်းစွာ ပုတ်ခတ်၏၊ မိုးချုန်း သကဲ့သို့ အသံသည် မြည်ဟီးသွား၏၊ ထိုအချိန်၌ အသျှင်သာရိပုတြာသည် နိရောဓသမာပတ်ကို ဝင်စား၏၊ ထိုဘီလူး၏ ပုတ်ခတ်ခြင်းကြောင့် အသျှင်သာရိပုတြာအား တစုံတရားမျှ နာကျင်ခြင်းမည်သည် မဖြစ်၊ ဤတန်ခိုးကို ဆိုသည်။

၅၂၃

ဤရဟန်းမလာသေးမီ သံဃကံကို မပြုခြင်းတည်း၊ (ဤရဟန်း မလာမချင်း သံဃကံကိုမပြုပဲ ဆိုင်းငံ့နေခြင်းတည်း)၊ ဤကား အနက်။ ဆက်၍ ရှင်းပြဦးအံ့၊ ဤအရာ၌ ငံ့လင့်ခြင်းသည် ဤရဟန်း၏ ပုဗ္ဗကိစ္စမဟုတ်ပေ၊ အမှန်အားဖြင့်သော်ကား ငံ့လင့်ခြင်းကို ဆင်ခြင်ခြင်းသည်သာလျှင် ပုဗ္ဗကိစ္စပေတည်း၊ ထို့ကြောင့် ''ငါသည် ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စားနေစဉ် သံဃာသည် ဉတ္တိကံ စသည်တို့တွင် တစုံတခုသောကံကို အကယ်၍ ပြုလိုငြားအံ့၊ တစုံတယောက်သော ရဟန်းသည် လာ၍ ငါ့ကို မခေါ်မီပင်လျှင် (သမာပတ်မှ) ထအံ့ဟု ဤသို့ နှလုံးသွင်း ဆင်ခြင်အပ်၏။ အကျိုးကား ဤသို့ နှလုံးသွင်းခြင်းကို ပြု၍ (နိရောဓသမာပတ်) ဝင်စားနေလျှင် (ခေါ်မည့်ရဟန်း ချဉ်းကပ်လာသော မခေါ်သေးမီ) ထိုအချိန်၌ (သမာပတ်မှ) ထသည်သာလျှင်တည်း။

     အကြင်ရဟန်းသည်ကား ဤသို့ နှလုံးသွင်း ဆင်ခြင်ခြင်းကို မပြု၊ သံဃာသည်လည်း စည်းဝေးပြီး၍ ထိုရဟန်းကို မမြင်လတ်သော် ''ဤမည်သော ရဟန်းသည် အဘယ်မှာနည်း''ဟု မေး၍ ''နိရောဓသမာပတ် ဝင်စားနေသည်''ဟု ဆိုလတ်သော် သံဃာသည် တစုံတယောက်သော ရဟန်းကို ''သွားချေလော့၊ ထိုရဟန်းကို သံဃာတော်၏ စကားဖြင့် ခေါ်ချေလော့''ဟု စေလွှတ်လိုက်ငြားအံ့၊ ထိုအခါ သမာပတ်ဝင်စားနေသော ထိုရဟန်း၏ ကြားလောက်သော အရပ်၌ တည်၍ ထိုတမန်ရဟန်းက ''ငါ့ရှင် သင့်ကို


မှတ်ချက်

     ၁- အမှုကိစ္စကို သံဃာ့အစည်းအဝေးဖြင့် ဆုံးဖြတ် ဆောင်ရွက်မှုတို့သည် ဉတ္တိကံ ဉတ္တိဒုတိယကံ ဉတ္တိစတုတ္ထကံ အပလောကနကံဟူ၍ ၄-ပါးအပြားရှိ၏။ ထိုတွင် ပြုလိုသောအမှုကို သံဃာအား သိစေရန် တိုင်ကြားသော ဉတ်ခေါ်သော စကားမျှဖြင့် ဆုံးဖြတ် အတည်ပြုရသော အမှုကို ဉတ္တိကံဟု ခေါ်သည်။ ထိုသို့သော ဉတ်နှင့်တကွ အတည်ပြု ဆုံးဖြတ်ကြောင်း တကြိမ်မျှသာ ကျေညာ၍ အပြီးသတ်ရသောအမှုကို ဉတ္တိဒုတိယကံဟု ခေါ်သည်။ ဉတ်လျှင် နှစ်ကြိမ်မြောက်ရှိသော အမှုကံဟု ဆိုလို၏၊ ဉတ်နှင့်တကွ အတည်ပြု ကျေညာချက် ၃-ကြိမ်ဖြင့် အပြီးသတ်ရသော အမှုကို ဉတ္တိစတုတ္ထကံဟု ခေါ်သည်၊ ဉတ်လျှင် ၄-ကြိမ်မြောက်ရှိသော အမှုကံဟု ဆိုလို၏။ အကြောင်းအရာကို ပြောကြားပြီးလျှင် သဘောတူ မတူ ၃-ကြိမ်တိုင်တိုင်မေး၍ ပြီးပြတ်စေရသော အမှုကိစ္စကို အပလောကနကံဟု ခေါ်သည်၊ ပန်ကြားသော အမှုဟု ဆိုလို၏။ ဤကံတို့ကို ရည်သည်။

၅၂၄

သံဃာတော်သည် ငံ့လင့်နေ၏''ဟု ဆိုကာမျှ၌ပင်လျှင် (သမာပတ်မှ) ထခြင်းသည် ဖြစ်၏၊ သံဃာတော်၏ အာဏာမည်သည် ဤသို့ ကြီးလေပေ၏၊ ထို့ကြောင့် ထိုသံဃာတော်၏ ငံ့လင့်ခြင်းကို နှလုံးသွင်း ဆင်ခြင်ပြီးလျှင် မိမိအလိုလိုပင် (သမာပတ်မှ) ထနိုင်အောင်ပြု၍ ဝင်စားအပ်၏။

     ၈၇၇။ မြတ်စွာဘုရား၏ ခေါ်တော်မူခြင်းဟူသော ဤအရာ၌လည်း မြတ်စွာဘုရား၏ ခေါ်တော်မူခြင်းကို နှလုံးသွင်း ဆင်ခြင်ခြင်းသည်သာလျှင် ဤရဟန်း၏ ကိစ္စဖြစ်သည်၊ ထို့ကြောင့် ထိုမြတ်စွာဘုရား၏ ခေါ်တော်မူခြင်းကိုလည်း ''ငါသည် ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ဝင်စားနေစဉ် မြတ်စွာဘုရားသည် သက်ရောက်(ဖြစ်ပေါ်လာ)သော အကြောင်းဝတ္ထုကြောင့် သိက္ခာပုဒ်ကိုသော်လည်း အကယ်၍ ပညတ်ငြားအံ့၊ ထိုသို့သဘောရှိသော အတ္ထုပ္ပတ္တိကြောင့် တရားတော်ကိုမူလည်း အကယ်၍ ဟောငြားအံ့ တစုံတယောက်သော ရဟန်းသည် လာ၍ ငါ့ကို မခေါ်မီပင်လျှင် (သမာပတ်မှ) ထအံ့''ဟု ဤသို့ နှလုံးသွင်း ဆင်ခြင်အပ်၏။ အကျိုးကား ဤသို့ နှလုံးသွင်း ဆင်ခြင်ခြင်းကို ပြု၍ သမာပတ်ဝင်စားနေလတ်သော် (ခေါ်မည့်ရဟန်း ချဉ်းကပ်လာသော မခေါ်သေးမီ) ထိုအချိန်၌ (သမာပတ်မှ) ထသည်သာလျှင်တည်း။

     အကြင်ရဟန်းသည်ကား ဤသို့ နှလုံးသွင်း ဆင်ခြင်ခြင်းကို မပြု၊ မြတ်စွာဘုရားသည်လည်း သံဃာစည်းဝေးလတ်သော် ထိုရဟန်းကို မမြင်သည်ဖြစ်၍ ''ဤမည်သော ရဟန်းသည် အဘယ်မှာနည်း''ဟု မေးတော်မူ၍ ''နိရောဓသမာပတ် ဝင်စားနေသည်''ဟု လျှောက်ထားလတ်သော် တစုံတယောက်သော ရဟန်းကို ''သွားချေလော့၊ ငါ၏စကားဖြင့် ထိုရဟန်းကို ခေါ်ချေလော့''ဟု စေလွှတ်ငြားအံ့၊ ထိုအခါ သမာပတ်ဝင်စားနေသော ထိုရဟန်း၏ ကြားလောက်သော အရပ်၌ တည်၍ ထိုတမန်ရဟန်းက ''မြတ်စွာဘုရားသည် အသျှင်ဘုရားကို ခေါ်တော်မူ၏''ဟု ဆိုကာမျှ၌ပင်လျှင် (သမာပတ်မှ) ထခြင်းသည် ဖြစ်၏၊ မြတ်စွာဘုရား၏ ခေါ်တော်မူခြင်းသည် ဤသို့ ကြီးလေးပေ၏။ ထို့ကြောင့် ထိုမြတ်စွာဘုရား၏ ခေါ်တော်မူခြင်းကို နှလုံးသွင်း ဆင်ခြင်ပြီးလျှင် မိမိအလိုလိုပင် (သမာပတ်မှ) ထနိုင်အောင်ပြု၍ ဝင်စားအပ်၏။

၅၂၅

     ၈၇၈။ အဓွန့်ကာလအပိုင်းအခြား ဟူသည်ကား အသက်ရှည်မည့် ကာလ၏ အပိုင်းအခြားတည်း။ (နိရောဓသမာပတ် ဝင်စားသော) ဤရဟန်းသည် အသက်၏ရှည်မည့် ကာလအပိုင်းအခြား၌ ကောင်းစွာ ကျွမ်းကျင်လိမ္မာသည် ဖြစ်ရာ၏၊ ''မိမိ၏ အာယုသင်္ခါရတို့သည် [၃၅ဝ] ခုနစ်ရက်ပတ်လုံး ဖြစ်ကုန်လတံ့လော၊ မဖြစ်ကုန်လတံ့လော''ဟု နှလုံးသွင်း ဆင်ခြင်၍သာလျှင် ဝင်စားအပ်၏။ အပြစ်ကား- ခုနစ်ရက်အတွင်း၌ ချုပ်လတံ့သော အာယုသင်္ခါရတို့ကို မဆင်ခြင်မူ၍သာလျှင် အကယ်၍ ဝင်စားငြားအံ့၊ ထိုရဟန်း၏ နိရောဓသမာပတ်သည် သေခြင်းကိုကား တားမြစ်ခြင်းငှါ မစွမ်းနိုင်၊ နိရောဓသမာပတ်အတွင်း၌ သေခြင်းမည်သည် မရှိသောကြောင့် (ထချိန် မကျသေးမီ) အကြားကာလ၌သာလျှင် သမာပတ်မှ ထရ၏။ ထို့ကြောင့် ဤအသက်ရှည်မည့် ကာလအပိုင်းအခြားကို နှလုံးသွင်း ဆင်ခြင်၍သာလျှင် ဝင်စားအပ်၏။ မှန်ပေ၏၊ ''ကြွင်းသော ကိစ္စသုံးပါးကို နှလုံးမသွင်းခြင်းသည်လည်း ဖြစ်သင့်သေး၏၊ ဤအသက်ကာလ အပိုင်းအခြားကိုမူကား နှလုံးသွင်း ဆင်ခြင်အပ်သည်သာတည်း''ဟု (အဋ္ဌကထာ၌) မိန့်ဆိုထား၏။

     ၈၇၉။ ထိုရဟန်းသည် ဤဆိုခဲ့သည်အတိုင်း အာကိဉ္စညာယတနဈာန်ကို ဝင်စားပြီးလျှင် (ထိုဈာန်မှ)ထ၍ ဤပုဗ္ဗကိစ္စကို ပြုပြီးလျှင် နေဝသညာနာသညာယတနဈာန်ကို ဝင်စား၏။ ထိုအခါ စိတ်တကြိမ် နှစ်ကြိမ်ကို ကျော်လွန်လတ်သော် စိတ်မရှိပဲ ဖြစ်သွား၏၊ (စိတ် စေတသိက်တို့၏) ချုပ်ခြင်းသို့ ရောက်၏။ စိတ်နှစ်ကြိမ်တို့၏ အထက်၌ စိတ်တို့သည် အဘယ့်ကြောင့် မဖြစ်ကုန်သနည်းဟူမူ? စိတ်ချုပ်ရန်အလို့ငှါ အားထုတ်မှု(ပယောဂ) ဖြစ်သောကြောင့်တည်း။ ချဲ့၍ပြရလျှင်- ဤရဟန်း၏ နှစ်ပါးကုန်သော သမထနှင့် ဝိပဿနာတရားတို့ကို ထမ်းပိုး၌ ညီတူဖွဲ့သကဲ့သို့ပြု၍ ဤရှစ်ပါးသော သမာပတ်ကို တက်ခြင်းသည် အစဉ်အတိုင်း ဈာန်စိတ်ချုပ်ခြင်းငှါ အားထုတ်မှုပေတည်း၊ နေဝသညာနာသညာယတနဈာန်ကို ဝင်စားရန်အလို့ငှါ အားထုတ်မှု မဟုတ်ပေ၊ ဤသို့ စိတ်ချုပ်ရန်အလို့ငှါ အားထုတ်မှု ဖြစ်သောကြောင့် နှစ်ကြိမ်သော စိတ်တို့၏ အထက်၌ (စိတ်နှစ်ကြိမ်ထက်အလွန်) မဖြစ်ပဲ ရှိကြပေသည်။


မှတ်ချက်

     ၁- အာယု-အသက် + သင်္ခါရ-ပြုပြင်ခြင်း - အာယုသင်္ခါရ- ကံစသော အကြောင်းတို့ဖြင့် ပေါင်းစု၍ ပြုပြင်ပေးရသော အသက်ဟုခေါ်သော ဇီဝိတိန္ဒြေ။

၅၂၆

     အကြင်ရဟန်းသည်ကား အာကိဉ္စညာယတနဈာန်မှ ထပြီးလျှင် ဤဆိုခဲ့သော ပုဗ္ဗကိစ္စကို မပြုမူ၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စား၏၊ ထိုရဟန်းသည် နောက်၌ စိတ်မရှိပဲဖြစ်ရန် မစွမ်းနိုင်၊ ပြန်လှည့်၍ အာကိဉ္စညာယတန ဈာန်၌သာလျှင် တည်၏။ ဤအရာ၌ ခရီးကို မသွားဘူးသေးသော ယောက်ျားဥပမာကို ပြဆိုအပ်၏။

     ဥပမာကား.. မသွားဘူးသော ခရီးလမ်းတခုကိုသွားသော ယောက်ျားတယောက်သည် လမ်းခရီးအကြား၌ ရေရှိသော ချောက်ကိုဖြစ်စေ, နက်သော ရွှံ့ရေကိုဖြစ်စေ ကျော်လွန်၍ (တဖက်ကမ်း၌) ခင်းထားသော ကြမ်းသောနေပူဖြင့် ပြင်းစွာပူလောင်သော ကျောက်ဖျာသို့ ရောက်လတ်သော် ခါးဝတ်ကိုယ်ရုံကို မပြုပြင်မူ၍သာလျှင် ချောက်သို့ဆင်းလျှင် အဝတ်အစား စိုစွတ်မည်ကို စိုးရိမ်သောကြောင့် ဤဖက်ကမ်း၌ တဖန် ပြန်လှည့်၍သာလျှင်တည်၏။ ကျောက်ဖျာကို နင်းပြီးလျှင်လည်း ခြေတောက်ကို ပူလောင်သည်ဖြစ်၍ ဤမှာဖက်ကမ်း၌သာလျှင် တဖန် ပြန်လှည့်၍ တည်၏။ ထိုဥပမာ၌ ထိုယောက်ျားသည် ခါးဝတ်ကိုယ်ရုံကို ကောင်းစွာ မပြုပြင်သောကြောင့် ချောက်ကို ဆင်းကာမျှသာလျှင် ပြန်လှည့်၍ ဤမှာဖက်ကမ်း၌ တည်သကဲ့သို့၎င်း ပြင်းစွာပူလောင်သော ကျောက်ဖျာကို နင်းကာမျှသာလျှင် ပြန်လှည့်၍ ဤမှဖက်ကမ်း၌ တည်သကဲ့သို့၎င်း ဤအတူပင်


မှတ်ချက်

     ၁- ယောက်ျားတယောက်သည်.. ကျောက်ဖျာသို့ ရောက်လတ်သော်.. မပြုပြင်မူ၍သာလျှင်.. ဆင်းလျှင်.. စိုးရိမ်သောကြောင့်.. တဖန် ပြန်လှည့်၍သာလျှင် တည်၏-စသည်ဖြင့် စပ်ပါ။

     ၂- ခင်းထားသော.. ကျောက်ဖျာသို့-ဟု စပ်ပါ။ ထိုကျောက်ဖျာမှာ ရေရှိသော ချောက်၏ ထိုဘက်ကမ်းစ အထက်၌ တည်ရှိသည်၊ သို့မဟုတ် နက်သော ရွှံ့ရေ၏ ဟိုဘက်ကမ်းစ အထက်၌ တည်ရှိသည်ဟု ဆိုလို၏။

     ၃- ရောက်လတ်သော်.. မပြုပြင်၍သာလျှင်.. ဆင်းလျှင်ဟု စပ်ပါ။

     ၄- ဤ၌ (၁) ချောက်သို့ ဆင်းကာမျှသာလျှင် ပြန်လှည့်၍ တည်ခြင်း၊ (၂) ကျောက်ဖျာကို နင်းကာမျှသာလျှင် ပြန်လှည့်၍ တည်ခြင်းဟူ၍ ဥပမာနှစ်မျိုးရှိရာတွင် ပဌမဥပမာဖြင့် နိရောဓသို့မရောက်ပဲ အာကိဉ္စညာယတနဈာန်ကို ပြန်၍ ဝင်စားရသည်ကို ပြသည်ဟူ၍၎င်း၊ ဒုတိယဖြင့် နိရောဓသို့ ရောက်ကာမျှဖြင့် ထိုသမာပတ်မှ ထသောကြောင့် တဖန် အစဉ်အတိုင်း

၅၂၇

ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ပုဗ္ဗကိစ္စကို မပြုသောကြောင့် နေဝသညာနာသညာယတန ဈာန်ကို ဝင်စားကာမျှသာလျှင် ပြန်လှည့်၍ အာကိဉ္စညာယတနဈာန်၌ တည်၏။

     သင့်လျော်သော ဥပမာကား ထိုခရီးကို ရှေး၌လည်း သွားဘူးသော ယောက်ျားသည် ထိုဌာနသို့ ရောက်လတ်သော် ပုဆိုးတထည်ကို မြဲမြံစွာဝတ်၍ အခြားအထည်ကို လက်ဖြင့်ကိုင်၍ ချောက်ကိုကူးပြီးလျှင် [၃၅၁] ပြင်းစွာပူလောင်သော ကျောက်ဖျာကို နင်းကာမျှသာလျှင်ပြု၍ တဖက်သို့ ရောက်သွားသကဲ့သို့ ဤအတူပင်လျှင် ပုဗ္ဗကိစ္စကို ပြုပြီးသော ရဟန်းသည် နေဝသညာ နာသညာယတနဈာန်ကို ဝင်စားပြီး၍သာလျှင် နောက်ကာလ၌ စိတ်မရှိသည်ဖြစ်၍ စိတ် စေတသိက် ချုပ်ခြင်းသို့ ရောက်လျက် နေလေ၏။

     ၈၈ဝ။ (စ) အဘယ်သို့ တည်သနည်းဟူသော မေးခွန်း၌ ဤဆိုခဲ့သည့်အတိုင်း ဝင်စားသော ထိုနိရောဓသမာပတ်၏ တည်တံ့ခြင်းသည် ကာလအပိုင်းအခြား၏ အစွမ်းအားဖြင့်၎င်း, အကြား၌ အသက်၏ကုန်ခြင်း သံဃာတော်၏ ငံ့လင့်ခြင်း မြတ်စွာဘုရား၏ ခေါ်တော်မူခြင်းတို့၏ မရှိသောအားဖြင့်၎င်း (ရည်ရွယ်သည့်အတိုင်း) ဖြစ်၏။

     ၈၈၁။ (ဆ) အဘယ်သို့ ထသနည်းဟူသော မေးခွန်း၌ အနာဂါမ်ပုဂ္ဂိုလ်အား အနာဂါမိဖိုလ် ဖြစ်ပေါ်ခြင်းဖြင့်၎င်း, ရဟန္တာပုဂ္ဂိုလ်အား အရဟတ္တဖိုလ် ဖြစ်ပေါ်ခြင်းဖြင့်၎င်း ဤသို့ နှစ်ပါးသော အပြားအားဖြင့် (နိရောဓသမာပတ်မှ) ထခြင်းသည် ဖြစ်၏။

     ၈၈၂။ (ဇ) နိရောဓသမာပတ်မှ ထပြီးသောပုဂ္ဂိုလ်၏ စိတ်သည် အဘယ်တရားသို့ ညွတ်သနည်းဟူသော မေးခွန်း၌ နိဗ္ဗာန်သို့ ညွတ်သည်(ဟု သိအပ်၏)။ မှန်ပေ၏၊ ''ဒကာဝိသာခသူဌေးကြီး၊ သညာ ဝေဒနာတို့၏ ချုပ်ရာဖြစ်သော


မှတ်ချက်

ဝင်စား၍ အာကိဉ္စညာယတနဈာန်သို့ ရောက်ရပြန်သည်ကို ပြသည်ဟူ၍၎င်း ယူသင့်၏။

     ၁- ပုဂ္ဂိုလ်သည်လည်း.. ပြန်လှည့်၍.. တည်၏-ဟု စပ်ပါ။

     ၂- ဝင်စားပြီး၍သာလျှင်.. ချုပ်ခြင်းသို့ရောက်လျက် နေလေ၏-ဟု စပ်ပါ။

     ၃- တည်တံ့ခြင်းသည်.. (ရည်ရွယ်သည့်အတိုင်း) ဖြစ်၏-ဟု စပ်ပါ။

၅၂၈

သမာပတ်မှ ထပြီးသောရဟန်း၏ စိတ်သည် သင်္ခါရကင်းဆိတ်ရာ နိဗ္ဗာန်သို့ ညွတ်၏၊ သင်္ခါရကင်းဆိတ်ရာ နိဗ္ဗာန်သို့ ကိုင်း၏၊ သင်္ခါရကင်းဆိပ်ရာ နိဗ္ဗာန်သို့ ရှိုင်း၏''ဟူသော ဤစကားကို (ဓမ္မဒိန္နာမည်သော ထေရီမသည်) ဟောကြား(အပ်)ပေ၏။

     ၈၈၃။ (ဈ) သေသောသူနှင့် နိရောဓသမာပတ် ဝင်စားသူ၏ အထူးကား အဘယ်နည်းဟူသော မေးခွန်း၌ (အဖြေဖြစ်သော) ဤအနက်ကိုလည်း မဟာဝေဒလ္လသုတ်၌ ဟောထားပြီး ရှိသည်သာတည်း၊ အဘယ်ကဲ့သို့ ဟောသနည်းဟူမူ?

''ငါ့ရှင်၊ သေသောသူမှာ ထွက်သက် ဝင်သက်ဟူသော ကာယသင်္ခါရတို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ ဝိတက် ဝိစာရဟူသော ဝစီသင်္ခါရတို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ သညာ ဝေဒနာဟူသော စိတ္တသင်္ခါရတို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ ဇီဝိတိန္ဒြေခေါ်သော အသက်သည် ကုန်သွား၏၊ ဥသ္မာခေါ်သော ကိုယ်ငွေ့အပူရှိန်သည် ငြိမ်းအေး၏၊ စက္ခုစသော ဣန္ဒြေတို့သည် အကြွင်းမဲ့ ပျက်စီးကုန်၏၊ သညာ ဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားသော ရဟန်းမှာလည်း ထွက်သက် ဝင်သက်ဟူသော ကာယသင်္ခါရတို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ ဝိတက် ဝိစာရဟူသော ဝစီသင်္ခါရတို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ သညာ ဝေဒနာဟူသော စိတ္တသင်္ခါရတို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ ဇီဝိတိန္ဒြေဟုခေါ်သော အသက်သည်ကား မကုန်ပေ၊ ဥသ္မာခေါ်သော ကိုယ်ငွေ့အပူရှိန်သည်လည်း မငြိမ်းအေး၊ စက္ခုစသော ဣန္ဒြေတို့သည်လည်း မပျက်စီးကုန်''ဟု ဟောတော်မူ(အပ်)၏။

     ၈၈၄။ (ည) နိရောဓသမာပတ်သည် သင်္ခတတရားလော ဤသို့ အစရှိသော မေးခွန်း၌ကား သင်္ခတတရားဟူ၍လည်း မဆိုအပ်၊ အသင်္ခတတရားဟူ၍လည်း မဆိုအပ်၊ လောကီတရားဟူ၍လည်း မဆိုအပ်၊ လောကုတ္တရာတရား ဟူ၍လည်း မဆိုအပ်။ အဘယ့်ကြောင့်နည်းဟူမူ? ပရမတ္ထသဘောအားဖြင့် ထင်ရှား မရှိခြင်းကြောင့်တည်း၊ သို့သော် ထိုနိရောဓသမာပတ်ကို ဝင်စားသောပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် (၎င်းသည်) ဝင်စားအပ်သော

၅၂၉

သမာပန္နတရား မည်ပေ၏၊ ထို့ကြောင့် ပြီးစီးသော နိပ္ဖန္နတရားဟူ၍ ဆိုသင့်ပေ၏၊ မပြီးစီးသော အနိပ္ဖန္နတရားဟူ၍ကား မဆိုသင့်။

ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အနာဂါမ် ရဟန္တာ အရိယာအရှင်မြတ်တို့ မှီဝဲအပ်သော ဤနိရောဓသမာပတ်သည် ငြိမ်သက်သိမ်မွေ့၏၊ မျက်မှောက်အတ္တဘော မျက်မှောက်ဘဝ၌ပင်လျှင် (ခံစားအပ်သော) အငြိမ်းဓာတ်နိဗ္ဗာန်ဟု ရေတွက်ခြင်း ခေါ်ဝေါ်ခြင်းသို့ ရောက်၏၊ ပညာရှိတို့သည် အရိယာမဂ်ပညာကို ပွါးစေပြီးလျှင် (ဤသမာပတ်ကို) ဝင်စားနိုင်ကုန်၏

ထို့ကြောင့် ဤနိရောဓသမာပတ်ကို ဝင်စားနိုင်သည်၏ အဖြစ်ကိုလည်း အရိယာမဂ်ပညာ၏ အကျိုးအာနိသင်ဟူ၍ ဆိုအပ်ပေ၏။

အာဟုနေယျပုဂ္ဂိုလ်အဖြစ်စသည် ပြီးစီးခြင်းကို ပြဆိုချက်

     [၃၅၂] ၈၈၅။ အဝေးမှ ဆောင်ယူခဲ့၍ ပူဇော်သည်ကို ခံထိုက်သော အာဟုနေယျပုဂ္ဂိုလ်အဖြစ်စသည် ပြီးစီးခြင်းဟူသည်ကား သက်သက် နိရောဓသမာပတ်ကို ဝင်စားနိုင်သည်၏ အဖြစ်သည်သာလျှင် (ဤပညာဘာဝနာ၏ အကျိုးအာနိသင် ဖြစ်သည်) မဟုတ်သေး၊ ဤအာဟုနေယျပုဂ္ဂိုလ်အဖြစ်စသည် ပြီးစီးခြင်းသည်လည်း ဤလောကုတ္တရာပညာကို ပွါးစေခြင်း- ပညာဘာဝနာ၏ အကျိုးအာနိသင်ဖြစ်သည်ဟု သိအပ်၏။ မှန်ပေ၏၊ သာမညအားဖြင့် လေးပါးအပြား ရှိသည်လည်းဖြစ်သော ဤလောကုတ္တရာမဂ်ပညာကို ပွါးစေအပ်ပြီး ဖြစ်သောကြောင့် ဘာဝိတပည (ပွါးစေပြီးသော ပညာရှိသူ)မည်သော ပုဂ္ဂိုလ်သည် နတ်နှင့်တကွသော


မှတ်ချက်

     ၁- ပါဠိဂါထာ၌ တဝါကျတည်းဖြစ်သော်လည်း သုတနည်းသူတို့ သိနားလည်လွယ်စေရန် ၃-ဝါကျခွဲ၍ ပြန်ထားသည်။

     ၂- ဤအကြောင်းပြစကားဖြင့် ''မည်သည့်မဂ်ပညာကို ပွါးစေပြီးဖြစ်သည်ဟု အထူးမခွဲခြားမူ၍ မဂ်ပညာ တပါးကိုဖြစ်စေ၊ နှစ်ပါးကိုဖြစ်စေ၊ သုံးပါးကိုဖြစ်စေ၊ လေးပါးလုံးကိုဖြစ်စေ ပွါးစေပြီးဖြစ်သောကြောင့် ဘာဝိတပညပုဂ္ဂိုလ် မည်သည်''ဟု သိစေ၏။

၅၃၀

လူအပေါင်းက အဝေးမှ ဆောင်ယူခဲ့၍ ပူဇော်သည်ကို ခံထိုက်ပေ၏။ ဧည့်သည်အတွက် စီမံထားသော သုံးဆောင်ဖွယ်ကိုသော်လည်း ခံထိုက်ပေ၏။ တမလွန်လောကကို ယုံကြည်၍ ပေးလှူသော မြတ်သောအလှူကို ခံထိုက်ပေ၏။ လက်အုပ်ချီမိုး၍ ရှိခိုးခြင်းကို ခံထိုက်ပေ၏။ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း၏ ကောင်းမှုကိုစိုက်ပျိုးရာ လယ်ယာမြေ အကောင်းအမြတ်ဆုံး ဖြစ်ပေ၏။

     ၈၈၆။ အထူးအားဖြင့် (ခွဲခြား၍ ပြရပါ)မူကား ဤလေးပါးသော မဂ်ပညာတို့တွင် ပဌမမဂ်ပညာကို နုံ့သော ဝိပဿနာဖြင့် ပွါးစေ၍ လာခဲ့သော ပုဂ္ဂိုလ်သည် နုသောဣန္ဒြေရှိသော်လည်း ခုနစ်ကြိမ် အတိုင်းအရှည်သာလျှင် ဘဝ၌ဖြစ်ခြင်းရှိသော သတ္တက္ခတ္တုပရမသောတာပန် မည်၏။ (၎င်းသည်)


မှတ်ချက်

     ၁- အာ-ဆောင်ယူခဲ့၍ + ဟုနေယျ- ပူဇော်ထိုက်သည်- အာဟုနေယျ- အရပ်ဝေးမှသော်လည်း ဆောင်ယူခဲ့၍ ပူဇော်ထိုက်သည်၊ ထိုသို့ ပူဇော်ခြင်းကို ခံယူထိုက်သည်။

     ၂- ပါဟုန- ဧည့်သည်တို့အတွက် စီမံထားသော သုံးဆောင်ဖွယ် + ဧယျ-ထိုက်တန်သည် + ပါဟုနေယျ- ဧည့်သည်တို့အတွက် အမြတ်တနိုးပြုထားသော သုံးဆောင်ဖွယ်ကိုသော်လည်း ပေးလှူထိုက် ခံယူထိုက်သည်။

     ၃- ဒက္ခိဏာ- သတ္တဝါတို့၏ ကြီးပွါးကြောင်းဖြစ်သော ပေးလှူမှု၊ တမလွန်လောကကို ယုံကြည်၍ ပေးလှူမှုပင်တည်း၊ ၎င်းကို မြတ်သောအလှူကို ခံထိုက်သောကြောင့် ဒက္ခိဏေယျ- မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်မည်၏။

     ၄- အဉ္ဇလီ-လက်အုပ် + ကရဏီယ- ပြုထိုက်သည်- အဉ္ဇလီကရဏီယ- လက်အုပ်ချီထိုက်- ရှိခိုးထိုက်သော ပုဂ္ဂိုလ်။

     ၅- ပါဠိအစဉ်ရှိသည့်အတိုင်း ပြန်လျှင် ''ပဌမမဂ်ပညာကို ပွါးစေ၍ နုံ့သော ဝိပဿနာဖြင့် လာခဲ့သော''ဟူ၍ ဖြစ်၏၊ မြန်မာစကားမချော၊ ထို့ကြောင့် ပုဒ်အစဉ် ရှေ့နောက်ပြန်လှန်၍ ပြန်ဆိုထားသည်။ နုံ့သော ဝိပဿနာဖြင့် ပဌမမဂ်သို့ ရောက်လာခဲ့သော-ဟု ဆိုလို၏။

၅၃၁

သုဂတိဘဝ၌ ခုနစ်ကြိမ်ကျင်လည်ခဲ့၍ ဆင်းရဲ၏အဆုံးကို ပြု၏။ အလတ်စားဖြစ်သော ဝိပဿနာဖြင့် (ပွါးစေ၍) လာခဲ့သော ပုဂ္ဂိုလ်သည် အလတ်စားဣန္ဒြေရှိသည်ဖြစ်၍ အမျိုးမြတ်တခုမှ အမျိုးမြတ်တခု၌ဖြစ်သော ကောလံကောလသောတာပန် မည်၏၊ (၎င်းသည်) နှစ်ခု သုံးခုသော အမျိုးမြတ်ဘဝတို့သို့ ပြေးသွားကျင်လည်၍ ဆင်းရဲ၏အဆုံးကို ပြု၏။ ထက်သောဝိပဿနာဖြင့် (ပွါးစေ၍) လာခဲ့သောပုဂ္ဂိုလ်သည် ထက်သော ဣန္ဒြေရှိသည်ဖြစ်၍ ဘဝမျိုးစေ့ တခုသာရှိသော ဧကဗီဇီသောတာပန် မည်၏၊ (၎င်းသည်) တခုသော လူ့ဘဝကိုသာလျှင် ဖြစ်စေပြီးလျှင် ဆင်းရဲ၏အဆုံးကို ပြု၏

     ၈၈၇။ ဒုတိယမဂ်ပညာကို ပွါးစေ၍ (လာခဲ့သော ပုဂ္ဂိုလ်သည်) တကြိမ်သာ ပြန်လာသော သကဒါဂါမ်ပုဂ္ဂိုလ်မည်၏၊ (၎င်းသည်) ဤလူ့ပြည်လောကသို့


မှတ်ချက်

     ၁- လူ့ဘဝ နတ်ဘဝဟူသော ကာမသုဂတိဘဝတို့၌ ခုနစ်ဘဝတိုင်တိုင် သောတာပန်အဖြစ်နှင့်ပင် ကျင်လည်၍ ခုနစ်ခုမြောက် နောက်ဆုံးဘဝ၌သာလျှင် အထက်မဂ်ဖိုလ် ၃-ဆင့်ကို အစဉ်အတိုင်းတက်၍ ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန် ဝင်စံသည်ကို ဆိုလို၏။

     ၂- အနည်းဆုံး နှစ်ဘဝ, အများဆုံး ခြောက်ဘဝတိုင်တိုင် သောတာပန်အဖြစ်နှင့်ပင် ကျင်လည်၍ နောက်ဆုံးဘဝ၌သာလျှင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံသည်ဟု ဆိုလို၏။

     ၃- လူ့ ဘဝ၌ တကြိမ်သာလျှင် ထပ်၍ဖြစ်ပြီးလျှင် ထိုဘဝ၌ပင်လျှင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံသည်ဟု ဆိုလို၏။ တခုသော လူ့ဘဝဟူသည်မှာ ဒေသနာစဉ်မျှသာ၊ တခုသော နတ်ဘဝကိုသာလျှင် ဖြစ်စေပြီးလျှင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံသော ပုဂ္ဂိုလ်လည်း ဧကဗီဇီပင် မည်သည်ဟု ဋီကာ၌ ဆို၏။ တခုသောဘဝ၌ သောတာပန်ဖြစ်ပြီးလျှင် အခြားတဘဝ၌ သကဒါဂါမ် အနာဂါမ်ဖြစ်၍ အခြားတဘဝ၌ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသောပုဂ္ဂိုလ်မှာ ဤ၌ ပြဆိုထားသော သောတာပန်သုံးမျိုးမှ အလွတ်ဖြစ်သည်၊ ထိုသို့သော သောတာပန်ကို သကဒါဂါမ်ဘုံအဆင့် အနာဂါမ်ဘုံအဆင့် ရဟန္တာဘုံအဆင့်များသို့ တဆင့်ချင်း တက်သွားသောကြောင့် ဘုံစဉ်စံပုဂ္ဂိုလ်ဟု ခေါ်ကြ၏၊ ဝိသာခါ အနာထပိဏ်တို့ကဲ့သို့သော ပုဂ္ဂိုလ်များပင်တည်း။

၅၃၂

ပဋိသန္ဓေအားဖြင့် တကြိမ်သာလျှင် ပြန်လာပြီးလျှင် ဆင်းရဲ၏အဆုံးကို ပြု၏

     ၈၈၈။ တတိယမဂ်ပညာကို ပွါးစေ၍ (လာခဲ့သော ပုဂ္ဂိုလ်သည်) တဖန် ပြန်မလာသော အနာဂါမ်မည်၏။ ၎င်းသည် ဣန္ဒြေထူးခြားသည်၏ အစွမ်းအားဖြင့် အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ် ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ် အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ဥဒ္ဓံသောတအကနိဋ္ဌဂါမီပုဂ္ဂိုလ်ဟု ငါးပါးအပြားရှိ၏၊ (၎င်းတို့မှာ) ဤကာမလောကကို ပယ်စွန့်၍ (ဗြဟ္မာ့လောက၌ ပရိနိဗ္ဗာန်ပြုခြင်းဟူသော) အပြီးအဆုံးရှိ၏၊ ထိုတွင် အကြား၌ ကိလေသာငြိမ်းသော အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ် ဟူသည်ကား အမှတ်မရှိ တစုံတခုသော သုဒ္ဓါဝါသဘုံ၌ ဖြစ်ပြီးလျှင် အသက်တမ်း၏ အလယ်သို့ မရောက်မူ၍သာလျှင် (ကိလေသာငြိမ်းခြင်းဖြင့်) ငြိမ်းသော ပုဂ္ဂိုလ်တည်း


မှတ်ချက်

     ၁- ဤလူ့လောက၌ သကဒါဂါမ်ဖြစ်၍ ဤလူ့လောက၌ပင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံမည့် သကဒါဂါမ်ပုဂ္ဂိုလ် ၁-ပါး၊ ဤ၌ဖြစ်၍ နတ်လောက၌ ပရိနိဗ္ဗာန်စံမည့် ပုဂ္ဂိုလ် ၁-ပါး၊ နတ်လောက၌ဖြစ်၍ နတ်လောက၌ပင် ပရိနိဗ္ဗာန်စံမည့်ပုဂ္ဂိုလ် ၁-ပါး၊ နတ်လောက၌ဖြစ်၍ ဤ၌ ပရိနိဗ္ဗာန်စံမည့်ပုဂ္ဂိုလ် ၁-ပါး၊ ဤလူ့လောက၌ဖြစ်၍ နတ်လောက၌ တဘဝဖြစ်ပြီးလျှင် ဤလူ့လောကသို့ ပြန်လာ၍ ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်စံမည့် သကဒါဂါမ်ပုဂ္ဂိုလ် ၁-ပါးအားဖြင့် ငါးပါးရှိ၏၊ ထိုတွင် ရှေး ၄-ပါးကို မယူမူ၍ နောက်ဆုံး ပုဂ္ဂိုလ်ကိုသာ ဤ၌ ပြသည်-ဟူ၏။

     ၂- ဤကာမလောကကို ပယ်စွန့်၍ ပြီးဆုံးခြင်းရှိသည်ဟု ဆိုသဖြင့် ရူပ-အရူပ ဗြဟ္မာ့လောက၌ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုခြင်းဟူသော ပြီးဆုံးခြင်း ရှိသည်ဟု သိအပ်၏။

     ၃- အန္တရာ- အသက်တမ်း၏ အလယ်သို့ မရောက်မူ၍ အကြား၌ + ပရိနိဗ္ဗာယီ- ရဟန္တာဖြစ်လျက် ကိလေသာငြိမ်းလတံ့သော ပုဂ္ဂိုလ်၊ ကမ္ဘာတထောင် အသက်တမ်းရှိသော အဝိဟာဘုံ၌ဖြစ်လျှင် ကမ္ဘာငါးရာအတွင်း ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်ဟု ဆိုလို၏။ အတပ္ပါစသော ဘုံတို့၌လည်း နည်းတူပင်။ ဤအရာ၌ အသက်တမ်း၏ အလယ်သို့ မရောက်မူ၍ ဟူသည်မှာ အသက်တမ်း၏ အလယ်သို့ ရောက်ပြီး လွန်ပြီး မဖြစ်မူ၍-ဟု ဆိုလို၏။ မှန်ပေ၏၊ ဤ အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂိုလ်သည် သုဒ္ဓါဝါသဘုံ၌ ဖြစ်ခါစတွင် ရဟန္တာဖြစ်သူတပါး၊ အသက်တမ်း၏ အလယ်သို့ မရောက်မီ ရဟန္တာဖြစ်သူ တပါး၊ အလယ်ပိုင်းသို့ရောက်မှ ရဟန္တာဖြစ်သူ တပါးအားဖြင့် ၃-ပါး အပြားရှိပေ၏။

၅၃၃

(စုတိကာလသို့) ကပ်ရောက်၍ ကိလေသာငြိမ်းသော ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ် ဟူသည်ကား အသက်တမ်း၏ အလယ်ကို ကျော်လွန်ပြီးလျှင် (ကိလေသာငြိမ်းခြင်းဖြင့်) ငြိမ်းသော ပုဂ္ဂိုလ်တည်း။ အားထုတ်ခြင်း မရှိမူ၍ ကိလေသာငြိမ်းသော အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ဟူသည်ကား လွန်ကဲသော အားထုတ်မှု ပယောဂမရှိသော (ဝိပဿနာ)အကျင့်ဖြင့် အထက်ဖြစ်သော အရဟတ္တမဂ်ကို ဖြစ်စေသော ပုဂ္ဂိုလ်တည်း။ အားထုတ်မှုနှင့်တကွ ကိလေသာငြိမ်းသော သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ဟူသည်ကား လွန်ကဲသော အားထုတ်မှု ပယောဂရှိသော (ဝိပဿနာ)အကျင့်ဖြင့် အထက်ဖြစ်သော အရဟတ္တမဂ်ကို ဖြစ်စေသော ပုဂ္ဂိုလ်တည်း။ အထက်သို့ ဆန်တက်၍ အကနိဋ္ဌဘုံသို့ သွားသော


မှတ်ချက်

     ၁- ဥပဟစ္စ- စုတိကာလသို့ ကပ်၍- အသက်တမ်း၏ ထက်ဝက်ကို ကျော်လွန်၍ + ပရိနိဗ္ဗာယီ- ကိလေသာ ငြိမ်းလတံ့သော ပုဂ္ဂိုလ်။

     ၂- အသင်္ခါရ- အလွန်အကဲ အားထုတ်ရခြင်း မရှိပဲ + ပရိနိဗ္ဗာယီ- ကိလေသာငြိမ်းလတံ့သော ပုဂ္ဂိုလ်။ ဣန္ဒြေထက်သောကြောင့် အလွန်အကဲ အားမထုတ်ရပဲ ချမ်းသာလွယ်ကူစွာနှင့် ရဟန္တာဖြစ်လတံ့သော အနာဂါမ်ပုဂ္ဂိုလ်ဟု ဆိုလို၏။ ၎င်းသည် အန္တရာပရိနိဗ္ဗာယီ ၃-ပါး၊ ဥပဟစ္စပရိနိဗ္ဗာယီ ၁-ပါး၊ ဥဒ္ဓံသောတ ၁-ပါးအားဖြင့် ငါးပါး အပြားရှိ၏။ ထို့အတူ သသင်္ခါရပရိနိဗ္ဗာယီ ပုဂ္ဂိုလ်သည်လည်း ငါးပါးပင် အပြားရှိ၏။ ထို့ကြောင့် သုဒ္ဓါဝါသ အောက် ၄-ဘုံ၌ အနာဂါမ် ၁ဝ-ပါးစီ ရ၏၊ အကနိဋ္ဌဘုံ၌ ဥဒ္ဓံသောတ ၂-ပါး မရသောကြောင့် ၈-ပါးသာ ရ၏၊ အားလုံးပေါင်းလိုက်လျှင် အနာဂါမ်ပုဂ္ဂိုလ် ၄၈-ပါးရသည်။ သောတာပန်သည်ကား ဒုက္ခပဋိပဒါဒန္ဓာဘိည ၁-ပါး၊ ဒုက္ခပဋိပဒါခိပ္ပါဘိည ၁-ပါး၊ သုခပဋိပဒါဒန္ဓာဘိည ၁-ပါး၊ သုခပဋိပဒါခိပ္ပါဘိည ၁-ပါးအားဖြင့် သတ္တက္ခတ္တုပရမ ၄-ပါး၊ ထို့အတူ ကောလံကောလ ၄-ပါး၊ ဧကဗီဇီ ၄-ပါး၊ အားလုံးပေါင်း သဒ္ဓါကို အမှူးပြု၍ အားထုတ်ခဲ့သော သဒ္ဓါဓုရပုဂ္ဂိုလ် ၁၂-ပါး၊ ထို့အတူ ပညာကို အမှူးပြု၍ အားထုတ်ခဲ့သော ပညာဓုရပုဂ္ဂိုလ် ၁၂-ပါး၊ ဤသို့အားဖြင့် သောတာပန် ၂၄-ပါး ဖြစ်၏။

     သကဒါဂါမ်သည်ကား အနတ္တဟု ရှု၍ သုညတဝိမောက္ခဖြင့် လွတ်မြောက်သော ပုဂ္ဂိုလ်သည် ဒုက္ခပဋိပဒါဒန္ဓာဘိည စသည်အားဖြင့် ၄-ပါးပြား၏၊ ထို့အတူ အနိစ္စဟု ဒုက္ခဟု ရှု၍ အနိမိတ္တဝိမောက္ခ အပ္ပဏိဟိတဝိမောက္ခတို့ဖြင့် လွတ်သော ပုဂ္ဂိုလ်တို့သည်လည်း ၄-ပါးစီ ပြားကုန်၏။ ထို့ကြောင့် သကဒါဂါမ်ပုဂ္ဂိုလ် ၁၂-ပါး ဖြစ်၏။

၅၃၄

ဥဒ္ဓံသောတအကနိဋ္ဌဂါမီပုဂ္ဂိုလ် ဟူသည်ကား မိမိဖြစ်ရာ သုဒ္ဓါဝါသဘုံမှ အထက်၌ အကနိဋ္ဌဘုံတိုင်အောင် တက်၍ ထိုအကနိဋ္ဌဘုံ၌ ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်တည်း

     ၈၈၉။ စတုတ္ထမဂ်ပညာကို ပွါးစေ၍ (လာခဲ့သော) အချို့ပုဂ္ဂိုလ်သည် သဒ္ဓါဖြင့် လွတ်မြောက်သော သဒ္ဓါဝိမုတ္တ ရဟန္တာမြတ်ကြီး ဖြစ်၏၊ အချို့ပုဂ္ဂိုလ်သည် ပညာဖြင့် လွတ်မြောက်သော ပညာဝိမုတ္တ ရဟန္တာမြတ်ကြီး ဖြစ်၏၊ အချို့ပုဂ္ဂိုလ်သည် ရုပ်အဖို့ နာမ်အဖို့ နှစ်ပါးစုံမှ လွတ်မြောက်သော ဥဘတောဘာဂဝိမုတ္တ ရဟန္တာမြတ်ကြီး ဖြစ်၏၊ အချို့ပုဂ္ဂိုလ်သည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော တေဝိဇ္ဇရဟန္တာမြတ်ကြီး ဖြစ်၏၊ အချို့ပုဂ္ဂိုလ်သည်


မှတ်ချက်

     ၁- အဝိဟာစသော အောက်သုဒ္ဓါဝါသ ၄-ဘုံတို့၌ ဖြစ်ပြီးလျှင် ထိုမှ စုတေ၍ အတပ္ပါစသော အထက်သုဒ္ဓါဝါသဘုံတို့၌ အစဉ်အတိုင်း ဖြစ်ပြီးလျှင် အကနိဋ္ဌဘုံသို့ရောက်မှ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံမည့် အနာဂါမ်သည် ဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်၏။ ဥဒ္ဓံ-အထက်သို့ + သောတ-ဆန်တက်၍ + အကနိဋ္ဌဂါမီ- အကနိဋ္ဌဘုံသို့ သွားမည့်ပုဂ္ဂိုလ်။ အဝိဟာစသော အောက် ၃-ဘုံမှ အတပ္ပါ သုဒဿာ သုဒဿီဘုံတို့၌ အစဉ်အတိုင်းဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံမည့် ပုဂ္ဂိုလ်သည် ဥဒ္ဓံသောတ နအကနိဋ္ဌဂါမီ မည်၏။ ဤကာမလောကမှ အကနိဋ္ဌဘုံသို့ တိုက်ရိုက်ရောက်၍ ပရိနိဗ္ဗာန်ဝင်စံမည့် ပုဂ္ဂိုလ်သည် နဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်၏။ အောက်သုဒ္ဓါဝါသ ၄-ဘုံတို့၌ဖြစ်၍ ထိုဖြစ်ရာဘုံ၌သာလျှင် ပရိနိဗ္ဗာန်ဝင်စံမည့်ပုဂ္ဂိုလ်သည် နဥဒ္ဓံသောတ နအကနိဋ္ဌဂါမီ မည်၏။

     ၂- စာမျက်နှာ ၄ဝ၈-စာပိုဒ် ၇၇၂-၌ ပြန်ကြည့်ပါ။

     ၃- စာမျက်နှာ ၄ဝ၈-စာပိုဒ် ၇၇၄-၌ ပြန်ကြည့်ပါ။

     ၄- စာမျက်နှာ ၄ဝ၈-စာပိုဒ် ၇၇၃-၌ ပြန်ကြည့်ပါ။

     ၅- ရှေးဘဝဟောင်းတို့ကို သိမြင်နိုင်သော ပုဗ္ဗေနိဝါသဝိဇ္ဇာဉာဏ် ၁-ပါး၊ သတ္တဝါတို့ ဘဝဟောင်းမှသေ၍ ကံအားလျော်စွာ ဘဝသစ်၌ ဖြစ်ပုံနှင့်တကွ အဝေးအနီး အကြီးအသေး အလုံးစုံသော အဆင်းရူပါရုံတို့ကို မြင်သိနိုင်သော ဒိဗ္ဗစက္ခုဝိဇ္ဇာဉာဏ် ၁-ပါး၊ အာသဝေါကိလေသာတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်ဟူသော အာသဝက္ခယဝိဇ္ဇာဉာဏ် ၁-ပါး၊ ဤဝိဇ္ဇာ ၃-ပါးနှင့် ပြည့်စုံသည်ဟု ဆိုလို၏။

၅၃၅

အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ဆဠဘိည ရဟန္တာမြတ်ကြီး ဖြစ်၏၊ အချို့ပုဂ္ဂိုလ်သည် လေးပါးသော ပဋိသမ္ဘိဒါဉာဏ် အထူးအပြားသို့ရောက်သော ပဋိသမ္ဘိဒါပတ္တ ရဟန္တာမြတ်ကြီး ဖြစ်၏၊ ယင်းသို့သော ရဟန္တာမြတ်ကြီးကို ရည်ရွယ်၍.. ''ဤရဟန်းသည် မဂ်ခဏ၌ ထိုတဏှာအရှုပ်ကို ဖြေရှင်းဆဲမည်၏၊ [၃၅၃] ဖိုလ်ခဏ၌ တဏှာအရှုပ်ကို ဖြေရှင်းပြီးသည်ဖြစ်၍ နတ်နှင့်တကွသော တလောကလုံး၏ မြတ်သောအလှူကို ခံတော်မူထိုက်သော ရဟန္တာမြတ်ကြီး ဖြစ်သွားပေ၏''ဟု ငါ ဆိုခဲ့ပေသည်။

အရိယာပညာကို ပွါးစေခြင်းသည် ဤဆိုခဲ့သည့်အတိုင်းပင် များစွာသော အကျိုးအာနိသင် ရှိပေ၏၊ ထို့ကြောင့် မျှော်မြင်တတ်သော ပညာရှိသည် ထိုအရိယာပညာကို ပွါးစေခြင်း၌ မွေ့လျော်ခြင်းကို ပြုရာတော့သတည်း။


မှတ်ချက်

     ၁- အထွေထွေ အမျိုးမျိုး တန်ခိုးဖန်ဆင်းနိုင်သော ဣဒ္ဓိဝိဓအဘိညာဉ် ၁-ပါး၊ အဝေးအနီး အကြီးအသေး အလုံးစုံသော အသံဟူသမျှတို့ကို ကြားသိနိုင်သော ဒိဗ္ဗသောတဉာဏ် ၁-ပါး၊ သူတပါးတို့၏ စိတ်အကြံကို သိနိုင်သော စေတောပရိယဉာဏ် ၁-ပါး၊ ၎င်းကို ပရစိတ္တဝိဇာနန အဘိညာဏ်ဟူ၍လည်း ခေါ်၏၊ ပုဗ္ဗေနိဝါသဉာဏ် ၁-ပါး၊ ဒိဗ္ဗစက္ခုဉာဏ် ၁-ပါး၊ အာသဝက္ခယဉာဏ် ၁-ပါး၊ ဤအဘိညာဉ် ၆-ပါးနှင့် ပြည့်စုံသည်ဟု ဆိုလို၏။

     ၂- ခန္ဓနိဒ္ဒေသ စာပိုဒ် ၄၂၈-၌ ကြည့်ပါ။

     ၃- ရဟန္တာတို့သည် သကဒါဂါမ်ကဲ့သို့ပင် သုညတ အနိမိတ္တ အပ္ပဏိဟိတ ဝိမောက္ခတို့ဖြင့်၎င်း၊ ပဋိပဒါ ၄-ပါးတို့ဖြင့်၎င်း မြှောက်ပွါး၍ ၁၂-ပါး ဖြစ်ကုန်၏၊ ၎င်းတို့သည်လည်း ပညာဝိမုတ္တ ၁၂-ပါး၊ ဥဘတောဘာဂဝိမုတ္တ ၁၂-ပါး၊ တေဝိဇ္ဇ ၁၂-ပါး၊ ဆဠဘိည ၁၂-ပါး၊ ပဋိသမ္ဘိဒါပတ္တ ၁၂-ပါး။ ဤသို့အားဖြင့် ၆ဝ-အပြား ရှိကုန်၏။ ပြဆိုခဲ့သည့်အတိုင်း အနာဂါမ် ၄၈-ပါး၊ သောတာပန် ၂၄-ပါး၊ သကဒါဂါမ် ၁၂-ပါး၊ ရဟန္တာ ၆ဝ၊ ပစ္စေကဗုဒ္ဓါ ၁-ပါး၊ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား ၁-ပါး၊ အားလုံး စုစုပေါင်း အရိယာပုဂ္ဂိုလ်အရေအတွက် ၁၄၆-ပါး ရသည်ဟု ဋီကာ၌ ပြ၏။ ထိုတွင် ဤအရာ၌ ဘုရား ပစ္စေကဗုဒ္ဓါတို့နှင့်တကွ ရဟန္တာ၆ဝ-တို့ကို ရည်ရွယ်သည်ဟု သိအပ်၏။

၅၃၆

၈၉ဝ။ ဤမျှသော စကားအစဉ်ဖြင့်..

''ပညာရှိသော လူသည် သီလ၌တည်၍ ပူပန်စေမှု (လုံ့လ)ရှိလျက် ရင့်ကျက်သည် (ဆင်ခြင်ဉာဏ်ရှိသည်)ဖြစ်၍ စိတ်ကို၎င်း ပညာကို၎င်း ပွါးစေသော် ထိုသို့သော ရဟန်းသည် ဤအရှုပ်အထွေးကို ဖြေရှင်းနိုင်ပေ၏''ဟူသော-

     ဤဂါထာ၌ သီလ သမာဓိ ပညာကို ပဓာနပြုသဖြင့် ဟောထားသော၃ နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းဖြစ်သော ဝိသုဒ္ဓိမဂ်၌ ပညာဘာဝနာကို အကျိုးအာနိသင်နှင့်တကွ ကြွင်းမဲ့ဥဿုံ အလုံးစုံ ပြပြီးဖြစ်လေပြီ။

ဤသည်ကား သူတော်ကောင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်း အကျိုးငှါ စီရင်(အပ်)သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် ပညာဘာဝနာအရာ၌ ပညာဘာဝနာ၏ အကျိုးအာနိသင်ကို အကျယ်ပြဆိုချက် (ပညာဘာဝနာနိသံသ နိဒ္ဒေသ)မည်သော နှစ်ဆယ့်သုံးခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။

ပညာဘာဝနာ၏ အကျိုးအာနိသင် အကျယ်ပြချက် ပြီး၏။



မှတ်ချက်

     ၁- ဤမျှသော စကားအစဉ်ဖြင့်.. အလုံးစုံ ပြပြီးဖြစ်လေပြီ-ဟု စပ်ပါ။

     ၂-၃- ဤဂါထာ၌... ဟောထားသော.. ဝိသုဒ္ဓိမဂ်၌-ဟု စပ်ပါ။

၅၃၇

နိဂုံးကို ပြဆိုချက်

[၃၅၄] ၈၉၁။ ဤမျှသော စကားအစဉ်ဖြင့်

''ပညာရှိသောလူသည် သီလ၌တည်၍ ပူပန်စေမှု (လုံ့လ)ရှိလျက် ရင့်ကျက်သည် (ဆင်ခြင်ဉာဏ် ရှိသည်)ဖြစ်၍ စိတ်ကို၎င်း ပညာကို၎င်း ပွါးစေသော် ထိုသို့သော ရဟန်းသည် ဤအရှုပ်အထွေးကို ဖြေရှင်းနိုင်ပေ၏''ဟူသော

ဤဂါထာကို မူတည်ချထားပြီးလျှင်..

''ယခုအခါ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဤဂါထာ၏ သီလစသည် အပြားရှိသော မဖောက်မပြန် မှန်ကန်သော အနက်ကို ဖွင့်ပြလျက်..

မြတ်စွာဘုရား၏ သာသနာတော်၌ အလွန်ရခဲသော ရှင်ရဟန်းအဖြစ်ကို ရကုန်ပြီး၍ သီလစသည်တို့ဖြင့် ရေတွက်အပ် (သိမ်းယူအပ်)သော ဘေးကင်းသော ဖြောင့်မတ်သော နိဗ္ဗာန်၏ (ရောက်ကြောင်း အကျင့်)လမ်းကို..

မှန်ကန်စွာ မသိကုန်သော ယောဂီတို့သည် ဤ(သာသနာတော်)၌ စင်ကြယ်သော နိဗ္ဗာန်ကို အလိုရှိကြ၍ အားထုတ်ပါကုန်သော်လည်း စင်ကြယ်သောနိဗ္ဗာန်ကို မရပဲ ရှိနေကုန်၏။

ထိုသို့သော ယောဂီတို့အား နှစ်သိမ်းဝမ်းမြောက်ခြင်းကို ဖြစ်စေနိုင်သော ကောင်းစွာ စင်ကြယ်သည့် အဆုံးအဖြတ်တို့နှင့် ပြည့်စုံသော မဟာဝိဟာရငါသီ မထေရ်မြတ်တို့၏ ဟောနည်း (သင်ကြားနည်း)ကို မှီ(၍ ပြလတံ့)သော-

ဝိသုဒ္ဓိမဂ် (နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်း)ကို ဆိုပေအံ့၊ စင်ကြယ်သော နိဗ္ဗာန်ကို အလိုရှိကုန်သော အလုံးစုံသော


မှတ်ချက်

     ၁- ဤမျှသောစကား အစဉ်ဖြင့်... ဤဝိသုဒ္ဓိမဂ်ကျမ်းကို ဆိုအပ်ပြီး ဖြစ်လေပြီ-ဟု စပ်ပါ။

     ၂- မူတည် ချထားပြီးလျှင်.. ငါတို့ ဝန်ခံခဲ့လေပြီ-ဟု စပ်ပါ။

၅၃၈

သင် သူတော်ကောင်းတို့သည် ရိုသေစွာ ဆိုလတံ့သော ငါ၏ ထို(ဝိသုဒ္ဓိမဂ်)ကို (ရိုသေစွာ) နာယူမှတ်သား ကြပါကုန်လော့''ဟူ၍

အကြင် ဝိသုဒ္ဓိမဂ်ကျမ်းကို ဆိုရန် ငါတို့ ဝန်ခံခဲ့ကုန်ပြီ၊ ထိုဝန်ခံခဲ့သော ဤဝိသုဒ္ဓိမဂ်ကျမ်းကို (ရေးသားစီရင်လျက်) ဆိုအပ်ပြီး ဖြစ်ပေပြီ။

၈၉၂။ ထိုဝိသုဒ္ဓိမဂ်ကျမ်း၌..

သီလစသည် အပြားရှိကုန်သော ထို(မူရင်းဂါထာ၌ ဟောထားသော) အနက်တို့၏ အဆုံးအဖြတ်ကို နိကာယ်ငါးရပ်တို့၏ အနက်ကိုဖွင့်ပြရာ အဋ္ဌကထာနည်း၌ မိန့်ဆိုထားလေသည်။

ထို(မိန့်ဆိုထားသော အဆုံးအဖြတ်) အလုံးစုံကို ယေဘုယျအားဖြင့် စုရုံဆောင်ယူ၍ ဝါဒချင်း ရောယှက်မှုဟူသော အပြစ်ဒေါသတို့မှ ကင်းလွတ်သော အနက်ကို အဆုံးအဖြတ်နှင့်တကွ ပြထားအပ်ပေ၏။

ထို(သို့ ပြထားသော)ကြောင့် စင်ကြယ်သော နိဗ္ဗာန်ကို အလိုရှိကုန်သော စင်ကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံကုန်သော ယောဂီပုဂ္ဂိုလ်တို့သည် ဤဝိသုဒ္ဓိမဂ်ကျမ်း၌ ရိုသေလေးစားခြင်းကို ပြုအပ် ပြုသင့် ပြုထိုက်လှသည်သာတည်း။

[၃၅၅] ၈၉၃။ ခွဲခြမ်းဝေဘန်၍ ဆိုလေ့ရှိသော- ဝိဘဇ္ဇဝါဒီပုဂ္ဂိုလ်မြတ် ဖြစ်ကုန်သော များသော အခြံအရံရှိကုန်သော မဟာဝိဟာရဝါသီဂိုဏ်းဝင် မထေရ်တို့၏ အနွယ်အဆက်၌ ဖြစ်တော်မူသော ထင်စွာပြနိုင်သည့် ပညာရှိ ဖြစ်တော်မူသော-


မှတ်ချက်

     ၁- ထိုဝိသုဒ္ဓိမဂ်ကျမ်း၌.. ပြထားအပ်ပေ၏-ဟု စပ်ပါ။

     ၂- သီလေ ပတိဋ္ဌာယ- အစရှိသော မူရင်း ပါဠိဂါထာ- ပညာရှိသော လူသည် သီလ၌တည်၍- စသည်ဖြင့် ပြန်ဆိုထားသော မြန်မာပြန် ဂါထာ၌ ဟောထားသော သီလ သမာဓိ ပညာဟူသော အနက်တို့၏ (အဆုံးအဖြတ်)ဟု ဆိုလို၏။

     ၃- အဆုံးအဖြတ်ကို.. မိန့်ဆိုထားလေသည်-ဟု စပ်ပါ။

     ၄- ဝိတဇ္ဇ- ခွဲခြမ်းဝေဘန်၍ + ဝါဒီ- ဆိုလေ့ရှိသော ပုဂ္ဂိုလ်။ ဝိတဇ္ဇဝါဒီပုဂ္ဂိုလ်မြတ် ဖြစ်ကုန်သော... မထေရ်တို့၏-ဟု စပ်ပါ။

၅၃၉

အရှင် သံဃပါလမထေရ်သည် ကိလေသာကို ခေါင်းပါးစေတတ်သော စင်ကြယ်သော ဓုတင်အကျင့်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ ဝါရိတ္တသီလ စာရိတ္တသီလနှင့်လည်း ပြည့်စုံတော်မူပေ၏၊ (သမာဓိ ပညာ) အကျင့်ပဋိပတ်၌လည်း မပြတ် အားထုတ်တော်မူပေ၏။

သည်းခံခြင်း ကောင်းသောအမှု၌ မွေ့လျော်ခြင်း ချမ်းသာစေလိုသော မေတ္တာအစရှိသော ဂုဏ်တို့ဖြင့် ထုံအပ်သော စိတ်နှလုံးလည်း ရှိတော်မူပေ၏၊ (ထိုအရှင် သံဃပါလမထေရ်၏) တိုက်တွန်း တောင်းပန်ချက်ကို လက်ခံပြီးလျှင် သူတော်ကောင်းတရား၏ ရှည်မြင့်စွာ တည်တံ့ခြင်းကို အလိုရှိသည်ဖြစ်၍ ဤဝိသုဒ္ဓိမဂ်ကျမ်းကို ပြုစီရင်သော ငါသည် အကြင် ကောင်းမှုအပေါင်းကို ရအပ်ပြီ၊ ထိုကောင်းမှုအပေါင်း၏ အစွမ်းအာနုဘော်ကြောင့် အလုံးစုံသော သတ္တဝါတို့သည် (လူနတ်နိဗ္ဗာန် သုံးတန်သော) ချမ်းသာသို့ ရောက်ကြပါစေကုန်သတည်း။ (၂-ဂါထာပေါင်း)

၈၉၄။ ဤသာသနာတော်၌ ဤဝိသုဒ္ဓိမဂ်ကျမ်းသည် ငါးဆယ့်ရှစ်လှည့် ရွတ်စာရှိသော ပါဠိဖြင့် အန္တရာယ်မရှိပဲ ပြီးဆုံး အောင်မြင်လေသကဲ့သို့


မှတ်ချက်

     ၁- သည်းခံခြင်းဂုဏ် ကောင်းသောအမှု၌ မွေ့လျော်ခြင်းဂုဏ် ချမ်းသာစေလိုသော မေတ္တာဂုဏ် ဤသို့ အစရှိသော ဂုဏ်တို့ဖြင့် ထုံထားသော စိတ်နှလုံး ရှိသော်မူသည်ဟု ဆိုလို၏။

     ၂- သံဃပါလမထေရ်၏ ဂုဏ်ဝိသေသနပုဒ်တို့ကို သိနားလည်လွယ်စေရန် ပဓာနပုဒ်များ ပြုလုပ်လျက် ဝါကျများစွာ ခွဲ၍ ပြန်ထားသည်၊ ထို့ကြောင့် ဤအရာ၌ နောက်စကားနှင့် ဆက်မိစေရန် လက်သည်းကွင်းနှင့် သမ္ဗန်ပုဒ် အပိုထည့်ရသည်။

     ၃- မရပ်မနားပဲ တဆက်တည်း ရွတ်နိုင်လောက်သော ပါဠိစကားရပ်ကို ဘာဏဝါရ တခု-ဟု ခေါ်သည်။ တပါဒလျှင် ရှစ်လုံးစီရှိသော ၄-ပါဒအက္ခရာ ၃၂-လုံး အရေအတွက်ရှိသော ဂါထာအပိုင်းအခြားဖြင့် ဂါထာ ၂၅ဝ-ခန့်ရှိသော ပါဠိစကားရပ်စုပင် ဖြစ်သည်။ မြန်မာဝေါဟာရအားဖြင့် တကြိမ်ရွတ်စာ- တလှည့်ရွတ်စာရှိသော စကားရပ်ဟု သိအပ်၏။ ထိုသို့သော ဘာဏဝါရပေါင်း ၅၈-ဘာဏဝါရဖြင့် ဤကျမ်း ပြီးဆုံးသည်ဟု ဆိုလို၏။

၅၄၀

ထို့အတူပင် သတ္တဝါအပေါင်းဟူသော တလောကလုံး၏ ကောင်းကျိုးကိုမှီသော အလုံးစုံသော နှလုံးအလို အကြံအစည် ဟူသမျှတို့သည် အန္တရာယ်မရှိပဲ လျင်စွာ ပြီးစီး ပြည့်စုံကြပါစေကုန်သတည်း။ (၂-ဂါထာပေါင်း)

     ၈၉၅။ အလွန်စင်ကြယ်သော သဒ္ဓါ ပညာ ဝီရိယတို့ဖြင့် တန်းဆာဆင်အပ်သော၁ ဝါရိတ္တသီလ စာရိတ္တသီလ ဖြောင့်မတ်ခြင်း နူးညံ့ခြင်း အစရှိသော ဂုဏ်အပေါင်းတို့၏ စုဝေးရာဖြစ်သော မိမိအယူနှင့် ဂိုဏ်းတပါးအယူတည်းဟူသော တောရှုပ်၌ သက်ဝင်ခြင်းငှါ စွမ်းနိုင်သော


မှတ်ချက်

     ၁- အလွန်စင်ကြယ်သော ဝါရိတ္တသီလ စာရိတ္တသီလဟူ၍၎င်း၊ သဒ္ဓါဖြင့် တန်းဆာဆင်အပ်သော ဝါရိတ္တသီလ, ပညာ ဝီရိယတို့ဖြင့် တန်းဆာဆင်အပ်သော စာရိတ္တသီလဟူ၍၎င်း ဆက်စပ်၍ အနက်အဓိပ္ပါယ်ယူပါ။ ထိုတွင် ''ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် ပြည့်စုံစေအပ်၏''ဟု သီလနိဒ္ဒေသ စာပိုဒ် ၁၉-၌ ဆိုခဲ့သည်နှင့်အညီ ဤ၌ သဒ္ဓါဖြင့် တန်းဆာဆင်သည်ဟု ဆိုသည်။ ''ဣန္ဒြိယသံဝရသီလကို သတိတရားဖြင့် ပြည့်စုံစေအပ်၏။ အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် ပြည့်စုံစေအပ်၏။ ပစ္စယသန္နိဿိတသီလကို ပစ္စဝေက္ခဏာဉာဏ်ပညာဖြင့် ပြည့်စုံစေအပ်၏''ဟု (၎င်း၌ပင်) ဆိုခဲ့သည်နှင့်အညီ ဤ၌ ပညာဝီရိယဖြင့် တန်းဆာဆင်အပ်သည်ဟု ဆိုသည်။ ပညာဖြင့် တန်းဆာဆင်သည်ဟု ဆိုလျှင် သတိဖြင့် တန်းဆာဆင်ခြင်းလည်း ပြီးစီး ပြည့်စုံတော့သည်သာတည်း။ ဤအရာ၌ ပါဠိ၌ ''ပဋိမဏ္ဍိတသီလာစာရ..'' ဟုရှိသော မူကွဲသာ ယုတ္တတရဖြစ်သည်။

     ၂- ဤပုဒ်သည် အရှင်ဗုဒ္ဓဃောသ၏ ဂုဏ်ပုဒ်ဖြစ်သည်၊ ဂုဏ်အပေါင်းတို့၏ စုဝေးရာဖြစ်သော.. ဗုဒ္ဓဃောသဟု.. ဘွဲ့အမည်ရှိသော မထေရ်သည်-ဟု စပ်ပါ။

     ၃- မဟာဝိဟာရဝါသီ ဂိုဏ်းသားတို့၏ အယူသည် သကသမယ- မိမိအယူမည်၏၊ အဘယဂိရိဝါသီစသော တပါးသော ဂိုဏ်းသားတို့၏ အယူသည် သမယန္တရ- ဂိုဏ်းတပါးအယူမည်၏။ တနည်း သာသနာတွင်းအယူသည် သကသမယ- မိမိအယူမည်၏၊ သာသနာပ ဗာဟီရပုဂ္ဂိုလ်တို့၏ အယူသည် သမယန္တရ- ဂိုဏ်းတပါးအယူမည်၏။ ထိုအယူတို့၌ ရှုပ်ထွေးခက်ခဲ နက်နဲသောအရာသည် ဂဟန-တောရှုပ်မည်၏။ သွားလာနိုင်ခဲသော တောရှုပ်နှင့် တူသောအရာဟု ဆိုလို၏။ ထိုသို့သော အရှုပ်အထွေး အခက်အခဲတို့၌ သက်ဝင်နိုင်သော စွမ်းရည်နှင့် ပြည့်စုံသော ဗုဒ္ဓဃောသမထေရ်ဟု ဆိုလို၏။ ပါဠိအရ

၅၄၁

ပညာ၏ ထက်မြက်ခြင်းနှင့် ပြည့်စုံသော အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံဟူသော ပရိယတ်ကျမ်းဂန် အထူးအပြားရှိသော မြတ်စွာဘုရား၏ သာသနာတော်၌ အပိတ်အပင် အဆီးအတားကင်းသော ဉာဏ်၏စွမ်းရည်နှင့် ပြည့်စုံသော သဒ္ဒါကျမ်းတတ် ဗျာကရုဏ်းဆရာမြတ်ကြီး ဖြစ်သော ကရိုဏ်း၏ ပြည့်စုံခြင်းဖြင့် ဖြစ်စေအပ်သည်ဖြစ်၍ အလွယ်တကူ ပေါ်ထွက်လာသည့် ချိုသာခံ့ညားသော စကား၏ လေးနက်ခြင်းနှင့် ပြည့်စုံသော သင့်လျော်စွာ နှောင့်နှေးခြင်းမရှိပဲ လွတ်လွတ်ပြောဆိုလေ့ရှိသော အယူဝါဒကို ပြောဆိုသော ပုဂ္ဂိုလ်တို့တွင် မြတ်သောပုဂ္ဂိုလ်ဖြစ်သော ကဗျာလင်္ကာ စီကုံးတတ်သူ (မဟာကဝိ) ပညာရှိကြီးဖြစ်သော အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးစသည် အပြားရှိသော ဂုဏ်တို့ဖြင့် တန်းဆာဆင်အပ်သော လွန်ကဲထူးမြတ်သော (ဈာန်ရအရိယာဖြစ်သော) လူတို့၏ ဈာန်မဂ်ဖိုလ်တရား၌ အပိတ်အပင် အဆီးအတားကင်းသော ဉာဏ်ပညာရှိကုန်သော အရှင်မဟာကဿပ အစရှိသော မထေရ်တို့၏ အနွယ်အဆက်ကို ပြတတ်သည့် ဆီမီးတန်ဆောင်သဖွယ် ဖြစ်ကုန်သော မဟာဝိဟာရဝါသီဂိုဏ်းဝင် ထေရ်အရှင်တို့၏ အနွယ်အဆက်၏


မှတ်ချက်

ဖော်ပြခြင်းဖြစ်သည်၊ မြန်မာပြန်၌ နီးစပ်လျက်ရှိသောပုဒ်နှင့် စပ်လျှင် သာ၍ ချောမောဘွယ်ရှိ၏။ ထို့ကြောင့် ပါဠိ၌လည်း သမတ္ထပညာဝေယျတ္တိယသမန္နာဂတေန-ဟု သမာသ်စပ်လျက် ရှိသင့်၏။ သို့ရှိလျှင် ဤမြန်မာပြန်၌လည်း စွမ်းနိုင်သော ပညာ၏ ထက်မြက်ခြင်း-ဟု စပ်အပ်၏။

     ၁- ပညာ၏ ထက်မြက်ခြင်းနှင့် ပြည့်စုံသော ဗုဒ္ဓဃောသမထေရ်ဟု ဆိုလို၏။

     ၂- ပရိယတ်ကျမ်းဂန် အထူးအပြားရှိသော.. သာသနာတော်၌-ဟု စပ်ပါ။

     ၃- ဤ ၃-ပုဒ်သည်လည်း အရှင်ဗုဒ္ဓဃောသ၏ ဂုဏ်ပုဒ်များပင် ဖြစ်သည်၊ မထေရ်သည်-ဟူသော ပုဒ်၌ စပ်ပါ။

     ၄- ဤ ၃-ပုဒ်၌လည်း အရှင်ဗုဒ္ဓဃောသ၏ ဂုဏ်ပုဒ်များပင် ဖြစ်သည်။

     ၅- ဂုဏ်တို့ဖြင့် တန်းဆာဆင်အပ်သော.. ဈာန်မဂ်ဖိုလ်တရား၌-ဟု စပ်ပါ။

     ၆- အပိတ်အပင် အဆီးအတားကင်းသော ဉာဏ်ပညာရှိကုန်သော.. ထေရ်အရှင်တို့၏-ဟု စပ်ပါ။

၅၄၂

အဆင်တန်းဆာသဖွယ် ဖြစ်သော ပြန့်ပြောစင်ကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံသော၁ မောရဏ္ဍရွာသားဟု ခေါ်ဆိုအပ်သော၁ ဗုဒ္ဓဃောသဟု ဆရာဥပဇ္ဈာယ်တို့က မှတ်ယူထားသော (ပေးထားသော)


မှတ်ချက်

     ၁- ဤ ၃-ပုဒ်သည်လည်း အရှင်ဗုဒ္ဓဃောသ၏ ဂုဏ်ပုဒ်များပင် ဖြစ်သည်။ ထိုတွင် နောက်ဆုံးပုဒ်မှာ မောရဏ္ဍခေဋကဝတ္တဗ္ဗေန-ပုဒ်မှ ပြန်ဆိုချက်ဖြစ်သည်။ ခေဋပုဒ်၌ (၁) ရွာ (၂) တောနယ်သား လယ်သမားတို့၏နေရာ (၃) မြို့ငယ်-ဟူ၍ ၃-ခုသော အနက်တို့ကို သက္ကတအဘိဓာန်၌ ပြဆိုထား၏၊ အိန္ဒိယတောင်ပိုင်း အရပ်ဒေသတို့၌ ရွာကို ခေဍာဟု ယခုထက်တိုင် ခေါ်ဝေါ်လျက်ရှိ၏၊ ထို့ကြောင့် မောရဏ္ဍော စ သော ခေဋော စာတိ မောရဏ္ဍခေဋော၊ တတ္ထ ဇာတောတိ ''မောရဏ္ဍခေဋကော၊ တထာ ဝတ္တဗ္ဗောတိ မောရဏ္ဍခေဋကဝတ္တဗ္ဗော၊ တေန..။ မောရဏ္ဍော စ၊ မောရဏ္ဍ (ဒေါင်းဥ)မည်သည်လည်း ဟုတ်၏။ သော၊ ထိုသည်။ ခေဋော စ၊ ရွာလည်းဟုတ်၏။ ဣတိ၊ ထို့ကြောင့်။ မောရဏ္ဍခေဋော၊ မောရဏ္ဍခေဋမည်၏။ တတ္ထ၊ ထိုမောရဏ္ဍ (ဒေါင်းဥ)ရွာ၌။ ဇာထော၊ ဖွား၏။ ဣတိ၊ ထိုကြောင့်။ မောရဏ္ဍခေဋကော၊ မောရဏ္ဍခေဋကမည်၏။ တထာ၊ ထိုသို့မောရဏ္ဍခေဋက မောရဏ္ဍရွာသားဟူ၍။ ဝတ္တဗ္ဗော၊ ခေါ်ဆိုအပ်၏။ ဣတိ၊ ထို့ကြောင့်။ မောရဏ္ဍခေဋကဝတ္တဗ္ဗော၊ မောရဏ္ဍရွာသားဟု ခေါ်ဆိုအပ်သည် မည်၏။ တေန၊ ထိုမောရဏ္ဍ (ဒေါင်းဥ)ရွားသားဟု ဆိုအပ်သော (မထေရ်)သည်'' ဤသို့ ဝစနတ္ထပြု၍ ပြန်ဆိုထားသော အနက်ဖြစ်သည်။

     မောရဏ္ဍရွာ အဘယ်အရပ်၌ ရှိသနည်းဟူမူ?.. ယခုခေတ်၌ အိန္ဒိယတောင်ပိုင်း ဂုန္တာဒိစတြိတ်တွင် နာဂါရ်ဇုနကောဏ္ဍမည်သော အရပ်မှ ၅၁-မိုင်ခန့် အမရဝတီမည်သော အရပ်မှ ၅၈-မိုင်ခန့်ဝေးသော အရပ်ဒေသ၌ ကောတနေမလိပုရီမည်သော ဌာနနှင့် ဂုန္ဒလပလ္လီမည်သော ဌာနတို့ ရှိကြ၏၊ ထိုဒေသ ပတ်ဝန်းကျင်၌ ဗုဒ္ဓသာသနာနှင့်ဆိုင်သော ရှေးဟောင်း အဆောက်အဦပျက်များ ပြန့်ကြဲလျက် ရှိသည်ဟူ၏။ ထိုနယ်ပယ်သားဖြစ်သော တေလဂူတို့၏ ဝေါဟာရအားဖြင့် ဒေါင်းကို နေမလိ-ဟု ခေါ်၍ ဥ-ကို ဂုန္ဒလု-ဟု ခေါ်၏။ ထို့ကြောင့် ထိုဌာနနှစ်ခုသည် ရှေးက မောရဏ္ဍခေဋ- ဒေါင်းဥရွာဟုခေါ်သော အရှင်ဗုဒ္ဓဃောသမထေရ်၏ ဇာတိချက်မြှုပ်ရွာ ဖြစ်တန်ရာသည်ဟု ရှေးဟောင်းပစ္စည်းတို့ကိုရှာသော အိန္ဒိယအစိုးရ စူးစမ်းရှာဖွေရေးဌာန ပညာရှိတို့က ယူဆကြ၏။

၅၄၃

ဘွဲ့အမည်ရှိသော မထေရ်သည် ဝိသုဒ္ဓိမဂ်မည်သော ဤကျမ်းကို ရေးသားတီထွင် (စီရင်အပ်)ပေ၏။ (ဤဝိသုဒ္ဓိမဂ်ကျမ်းသည်)

[၃၅၆] ၈၉၆။ သန့်ရှင်းစင်ကြယ်သော စိတ်နှလုံး ရှိတော်မူသော အကောင်းအဆိုး နှစ်ခုကို အတူပြု၍ ရှုနိုင်သော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော လောကသုံးပါး၌ အကြီးအမြတ်ဆုံး ဖြစ်တော်မူသော သီလဂုဏ်စသော အမြတ်ကို ရှားမှီးတော်မူပြီးသော မြတ်စွာဘုရား၏ ''ဗုဒ္ဓ-သိတော်မူသောဘုရား'' ဟူသော အမည်တော်မျှသော်လည်း အကြင်မျှလောက်သော ကာလပတ်လုံး လောကသုံးပါး၌ မပြတ် ဖြစ်လျက် တည်လျက် ရှိသေး၏

ထိုမျှလောက်သော ကာလပတ်လုံး လောကမှ ထွက်မြောက်ခြင်းကို ရှာမှီးလေ့ရှိကုန်သော အမျိုးကောင်းသားတို့အား သီလစသည် စင်ကြယ်ခြင်းအကျိုးငှါ နည်းနိဿယကို ဖော်ပြလျက် လောကသုံးပါး၌ မကွယ်ပဲ တည်မြဲ တည်တံ့ပါစေသတည်း။

ဝိသုဒ္ဓိမဂ်ကျမ်း ပြီး၏။


မှတ်ချက်

     ၁- ဤအရာ၌ တိုက်ရိုက်ပြန်လျှင် ''မထေရ်သည် ရေးသားတီထွင် စီရင်အပ်သော ဝိသုဒ္ဓိမဂ်မည်သော ကျမ်းသည်''ဟူ၍ ဖြစ်၏။ ဝါကျရှည်လျားလွန်းသောကြောင့် ဝါကျခွဲ၍ ပြန်လိုက်သည်။ ထိုသို့ ခွဲ၍ပြန်ရာ၌ နောက်စကားနှင့် ဆက်စပ်ရန် ကတ္တားလိုနေပြန်သောကြောင့် (ဤဝိသုဒ္ဓိမဂ်ကျမ်းသည်)ဟူသော ကတ္တားပုဒ်ကို ထည့်ရပြန်သည်။ ၎င်းပုဒ်ကို ''ဤဝိသုဒ္ဓိမဂ်ကျမ်းသည်.. ဖော်ပြလျက်.. မကွယ်ပဲ တည်မြဲ တည်တံ့ပါစေသတည်း''ဟု စပ်ပါ။

     ၂- ပါဠိကျမ်းရင်း၌ ဤဂါထာက ဒုတိယဖြစ်၍ အခြားမဲ့ဂါထာက ပဌမဖြစ်သည်။ သို့သော် မြန်မာစကား၌ မပြဓာန်းသော အနိယတ်ဝါကျကို ဆိုပြီးမှ ပြဓာန်းသော နိယတ်ဝါကျကို ဆိုရိုးရှိသောကြောင့် ရှေ့နောက်ရွှေ့၍ ပြန်ဆိုရသည်။

     ၃- ထိုမျှလောက်သော ကာလပတ်လုံး.. ဖော်ပြလျက်.. တည်မြဲ တည်တံ့ပါစေသတည်း-ဟု စပ်ပါ။

၅၄၄

မြန်မာပြန်၏ သီးခြားနိဂုံး

     ပါဠိဘာသာ၌ ကောင်းစွာ မကျွမ်းကျင်သော မြန်မာပြည်ဖွား အမျိုးသား အမျိုးသမီးတို့အား ဝိသုဒ္ဓိမဂ်ကျမ်း၌ ပြဆိုထားသော သီလ သမာဓိ ပညာ အကျင့်ပဋိပတ် နည်းနိဿယတို့ကို ပါဠိဘာသာ တတ်ကျွမ်းသူတို့ကဲ့သို့ပင် တိတိကျကျ ပြည့်ပြည့်စုံစုံ အလွယ်တကူ သိနားလည်ကြစေရန် ထက်သန်သော သမ္မာဆန္ဒဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ သီတင်းသုံးလျက်ရှိသော အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင်သောဘနသည် ဤဝိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းကို ၁၃၂၃-ခုနစ် တပေါင်းလဆန်း ၃-ရက်မှ စ၍ အခွင့်သာသော အချိန်များ၌ တစတစနှင့် ရေးသားစီရင်ခဲ့ရာ ၁၃၂၄-ခုနစ် ဝါခေါင်လဆန်း ၃-ရက်နေ့တွင် သီလ သမာဓိ ပညာပိုင်း အခြေခံများနှင့်တကွ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသမှ ဝိသုဒ္ဓိမဂ်ကျမ်း အဆုံးနိဂုံးအထိ မြန်မာပြန်ဆို ရေးသားစီရင်၍ အပြီးသတ်သတည်း

     ဤဝိသုဒ္ဓိမဂ်- မြန်မာပြန်ကျမ်းသည် ဘေးရန်အန္တရာယ်မရှိပဲ ပြီးမြောက်အောင်မြင်သကဲ့သို့ ပဋိပတ်ကို လိုလားသော ရဟန်းရှင်လူ အမျိုးသား အမျိုးသမီးအပေါင်း သူတော်ကောင်းတို့သည် ဤဝိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းကို ကြည့်ရှုပြီးလျှင် နည်းလမ်းမှန်အတိုင်း ကျင့်သုံး အားထုတ်ကြ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

ဝိသုဒ္ဓိမဂ်မြန်မာပြန် ပြီး၏။



မှတ်ချက်

     ၁- အထက်ပါစကားသည် ပဌမအကြိမ်က ရေးသားပြီးစီးပုံကို ပြသောစကား ဖြစ်သည်၊ ပညာဘူမိနိဒ္ဒေသကို ဖြည့်စွက်သော ယခု ဒုတိယအကြိမ်၌မူ ၁၃၃၁-ခုနစ် တော်သလင်းလမှ စ၍ရေးသည်၊ နတ္တော်လဆန်း ၁-ရက်နေ့ ပြီးစီးသည်။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...