Skip to main content

စန်းလအသွင် ဖြစ်စေချင်သည်

စန်းလအသွင် ဖြစ်စေချင်သည်

စန်းလအသွင် ဖြစ်စေချင်သည်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

နိဒါနကထာ အကြောင်းပြစာတမ်းလွှာ

ခိုင်လုံသော အာမခံချက်ရှိသော တရားတော်

ဘုရားရှင်၏ တရားတော်တို့သည်ကား သန္ဒိဋ္ဌိက စသော ဂုဏ်တော် အပေါင်းတို့နှင့် ပြည့်စုံတော်မူသော တရားတော်တို့ ဖြစ်ကြ၏။ သာဝက တစ်ဦးသည် ဘုရားရှင်၏ တရားတော်တို့ကို ---

၁။ ပရိယတ္တိ သိ = သင်သိ

၂။ ပဋိဝေဓ သိ = ကျင့်သိ

(တစ်နည်း)

၁။ အာဂမသုတ သိ = သင်သိ

၂။ အဓိဂမသုတ သိ = ကျင့်သိ

ဤအသိနှစ်မျိုးတို့ဖြင့် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့်တိုင်အောင် သိရှိခဲ့ပါမူကား ထိုသာဝကအဖို့ အပါယ် တံခါးကြီးကား အပြီးတိုင် ပိတ်သွားပြီဖြစ်သည်။ အကယ်၍ ရှေ့သို့ တစ်ဆင့် တက်ကာ ရှုပွားနိုင်သဖြင့် သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့်တိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပါမူကား လူ့ဘုံကဲ့သို့သော ကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေခွင့် ရှိနေတော့သည်။ အကယ်၍ ထိုထက်တစ်ဆင့်တက်ကာ ကြိုးပမ်းနိုင်သဖြင့် အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့်တိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပြန်ပါမူကား ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်ရောက်လာခွင့် မရှိတော့ဘဲ ဗြဟ္မာပြည်၌သာ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေခွင့် ရှိပေ တော့သည်။ အကယ်၍ ထိုထက်တစ်ဆင့်တက်ကာ ထပ်မံ ကြိုးပမ်းနိုင်ခဲ့သဖြင့် အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့် တိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပြန်ပါမူကား ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် မည်သည့် ဘုံဘဝမှာမျှ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေခွင့် မရှိတော့ဘဲ သံသရာခရီးမှ အပြီးတိုင် ကျွတ်လွတ်ထွက်မြောက်ရပေပြီ။

အကယ်၍ သာဝကတစ်ဦးသည် ဘုရားရှင်၏ တရားတော်များကို ထိုကဲ့သို့ သင်သိ ကျင့်သိ အသိနှစ်မျိုးဖြင့် ကြိုးပမ်းပါသော်လည်း ပါရမီတို့၏ နုံ့နှေးမှုကြောင့် အရိယမဂ်ဖိုလ်သို့ မဆိုက်ရောက်နိုင်ဘဲ သင်္ခါရုပေက္ခာဉာဏ် ကဲ့သို့သော ဝိပဿနာဉာဏ်များသို့တိုင်အောင် ဆိုက်ရောက်ခဲ့ပါမူကား ထို သင်္ခါရုပေက္ခာတို့ကဲ့သို့သော ဝိပဿနာကံများက နတ်ရွာသုဂတိကဲ့သို့သော ကောင်းသော ဘုံဘဝသို့ ရောက်အောင် ပို့ဆောင်နိုင်သည့်အပြင် ထို နတ်ပြည် နတ်လောက၌ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့် တိုင်အောင် အားကြီးသော မှီရာ ဥပနိဿယ စသော ပစ္စယသတ္တိတို့ဖြင့် ရွက်ဆောင်ပေးနိုင်ကြပေသည်။

ပဋိသန္ဓေကျိုးကို ပေးနိုင်သည့် သင်္ခါရုပေက္ခာမျိုး

ကထံ ပုထုဇ္ဇနဿ စ သေက္ခဿ စ သင်္ခါရုပေက္ခာယ စိတ္တဿ အဘိနီဟာရော ဧကတ္တံ ဟောတိ။ ပုထုဇ္ဇနဿ သင်္ခါရုပေက္ခံ အဘိနန္ဒတော စိတ္တံ ကိလိဿတိ၊ ဘာဝနာယ ပရိပန္ထော ဟောတိ၊ ပဋိဝေဓဿ အန္တရာယော ဟောတိ၊ အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတိ။ သေက္ခဿာပိ သင်္ခါရုပေက္ခံ အဘိနန္ဒတော စိတ္တံ ကိလိဿတိ၊ ဘာဝနာယ ပရိပန္ထော ဟောတိ၊ ဥတ္တရိ ပဋိဝေဓဿ အန္တရာယော ဟောတိ၊ အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတိ။ ဧဝံ ပုထုဇ္ဇနဿ စ သေက္ခဿ စ သင်္ခါရုပေက္ခာယ စိတ္တဿ အဘိနီဟာရော ဧကတ္တံ ဟောတိ အဘိနန္ဒနဋ္ဌေန။ (ပဋိသံ၊၆၀။)

ပုထုဇန်ပုဂ္ဂိုလ်အားလည်းကောင်း, သေက္ခပုဂ္ဂိုလ်အားလည်းကောင်း သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်း၏ တူညီသည်၏ အဖြစ်သည် အဘယ်သို့ ဖြစ်သနည်းဟူမူ --- သင်္ခါရုပေက္ခာကို နှစ်သက်သော ပုထုဇန်၏ စိတ်သည် ညစ်နွမ်း၏၊ ဝိပဿနာဘာဝနာ၏ ဘေးရန် ဖြစ်၏၊ အရိယမဂ်ဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိခြင်း = ပဋိဝေဓ၏ အန္တရာယ် ဖြစ်၏။ နောင်အခါ ၌ ပဋိသန္ဓေ၏ အကြောင်းတရားဖြစ်၏။

သင်္ခါရုပေက္ခာကို နှစ်သက်သော သေက္ခပုဂ္ဂိုလ်၏လည်း စိတ်သည် ညစ်နွမ်း၏၊ ဝိပဿနာဘာဝနာ၏ ဘေးရန် ဖြစ်၏၊ အထက်အထက် မဂ်ဉာဏ် ဖြင့် သစ္စာလေးပါးကို ထိုးထွင်း သိခြင်း = ပဋိဝေဓ၏ အန္တရာယ် ဖြစ်၏၊ နောင်အခါ၌ ပဋိသန္ဓေ၏ အကြောင်းတရား ဖြစ်၏။ ဤသို့လျှင် ပုထုဇန် ပုဂ္ဂိုလ်၏လည်းကောင်း, သေက္ခပုဂ္ဂိုလ်၏လည်းကောင်း သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် နှစ်သက်တတ်သော သဘောအားဖြင့် တူညီ သည်၏ အဖြစ်သည် ဖြစ်ပေသည်။ (ပဋိသံ၊၆၀။)

အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတီတိ သင်္ခါရုပေက္ခာသမ္ပယုတ္တကမ္မဿ ဗလဝတ္တာ တေနေဝ သုဂတိပဋိသန္ဓိယာ ဒီယမာနာယ အဘိနန္ဒနသင်္ခါတော လောဘကိလေသော အနာဂတေ ကာမာဝစရသုဂတိပဋိသန္ဓိယာ ပစ္စယော ဟောတိ။ ယသ္မာ ကိလေသသဟာယံ ကမ္မံ ဝိပါကံ ဇနေတိ၊ တသ္မာ ကမ္မံ ဇနကပစ္စယော ဟောတိ၊ ကိလေသော ဥပတ္ထမ္ဘကပစ္စယော။ ပ ။ အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတီတိ သေက္ခေသု သောတာပန္နသကဒါဂါမီနံ အနဓိဂတဇ္စျာနာနံ သင်္ခါရုပေက္ခာကမ္မေန ဒီယမာနာယ ကာမာဝစရသုဂတိပဋိသန္ဓိယာ အဘိနန္ဒနကိလေသော ပစ္စယော ဟောတိ၊ စျာနလာဘီနံ ပန အနာဂါမိဿ စ ဗြဟ္မလောကေယေဝ ပဋိသန္ဓာနတော ပစ္စယော န ဟောတိ။ အနုလောမဂေါတြဘူဟိ စ ဒီယမာနာယ ပဋိသန္ဓိယာ အယမေဝ ကိလေသော ပစ္စယော ဟောတီတိ ဝေဒိတဗ္ဗော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

ပုထုဇန်ပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာဉာဏ်နှင့်ယှဉ်သော စေတနာဟူသော ကံ၏ အားကောင်းသည်၏အဖြစ်ကြောင့် ထိုကံသည်ပင်လျှင် ကာမသုဂတိ ပဋိသန္ဓေကျိုးကို ပေးလတ်သော် သင်္ခါရုပေက္ခာကို နှစ်သက်ခြင်းဟု ဆိုအပ် သော လောဘကိလေသာသည် အနာဂတ် ကာမသုဂတိပဋိသန္ဓေ၏ အကြောင်းတရား ဖြစ်၏၊ လောဘတည်းဟူသော ကိလေသာ အပေါင်းအဖော်ကို ရရှိသော သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော စေတနာကံသည် ကာမသုဂတိပဋိသန္ဓေ စသော အကျိုးဝိပါက်ကို ဖြစ်စေနိုင်၏၊ ထိုကြောင့် သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်သော စေတနာကံသည် အကျိုးဝိပါက်ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာကို နှစ်သက်တတ်သော လောဘကိလေသာသည် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ ပ ။

သေက္ခပုဂ္ဂိုလ်တို့တွင် စျာန်ကို မရရှိကြကုန်သော သောတာပန် သကဒါဂါမ်ပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်သော စေတနာဟူသော သင်္ခါရုပေက္ခာကံသည် အကျိုးပေးအပ်သော ကာမာဝစရသုဂတိပဋိသန္ဓေ၏ သင်္ခါရုပေက္ခာကို နှစ်သက်သော လောဘကိလေသာသည် အားပေးထောက်ပံ့ တတ်သော ဥပတ္ထမ္ဘကအကြောင်းတရားဖြစ်၏၊ စျာန်ရသော သောတာပန် သကဒါဂါမ်တို့နှင့် အနာဂါမ်ပုဂ္ဂိုလ်၏ ဗြဟ္မာပြည်၌သာလျှင် ပဋိသန္ဓေယူခြင်း သဘောရှိသောကြောင့် သင်္ခါရုပေက္ခာကို နှစ်သက်သော လောဘကိလေသာ သည် ယင်းဗြဟ္မာ ပဋိသန္ဓေစသော အကျိုးဝိပါက်၏ အားပေးထောက်ပံ့ တတ်သော ဥပတ္ထမ္ဘကအကြောင်းတရားသည် မဖြစ်နိုင်ပေ။ အနုလောမ, ဂေါတြဘုဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော စေတနာဟူသော ကံတရားတို့က အကျိုးပေးအပ်သော ပဋိသန္ဓေ၏လည်း ဤသင်္ခါရုပေက္ခာကို နှစ်သက်တတ်သော လောဘကိလေသာသည်ပင်လျှင် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားဖြစ်သည်ဟု သိရှိပါလေ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

သတိပြုရန် အချက်တစ်ရပ် --- ဤ၌ အနုလောမဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော ကုသိုလ်စေတနာကလည်း ကာမသုဂတိ၌ တစ်ခုသော ပဋိသန္ဓေကျိုးကို ပေးနိုင်၏ဟူသော အဆိုကိုလည်းကောင်း, ဂေါတြဘုဉာဏ်နှင့် ယှဉ်တွဲ လျက်ရှိသော ကုသိုလ်စေတနာကလည်း ကာမသုဂတိ၌ တစ်ခုသော ပဋိသန္ဓေကျိုးကို ပေးနိုင်၏ဟူသော အဆိုကိုလည်းကောင်း သတိပြု၍ မှတ်သားထားပါ။ အနုလောမ = အနုလုံသည်လည်း တစ်ကြိမ်သာ ဖြစ်သော စိတ် ဖြစ်၏၊ ဂေါတြဘုသည်လည်း တစ်ကြိမ်သာ ဖြစ်သော စိတ် ဖြစ်၏။ တစ်ခုသော စေတနာက တစ်ခုသော ဘဝကို ဖြစ်စေနိုင်သည့်ထုံး သက်သေ သာဓကများပင်တည်း။ အလားတူပင် သင်္ခါရုပေက္ခာကံကလည်း ထိုကဲ့သို့ အကျိုးပေးနိုင်ပုံကို သဘောပေါက်သင့်ပေသည်။

အရေးအကြီးဆုံးသော အချိန်

သံသရာခရီးတွင် ကျင်လည်နေရသော ပုထုဇန်လူသား တစ်ဦးအတွက် တစ်ဘက်တွင် အပါယ်၌ အကျိုးပေးခြင်းမြဲသော ပဉ္စာနန္တရိယကံနှင့် သေသည့် တိုင်အောင် မစွန့်လွှတ်ရသေးသော နိယတမိစ္ဆာဒိဋ္ဌိကံတို့တွင် တစ်ခုခုလည်း မရှိသည်ဖြစ်အံ့၊ တစ်ဘက်တွင်လည်း ဗြဟ္မာ့ပြည်၌ အကျိုးပေးခြင်းမြဲသော သေသည့်တိုင်အောင် မလျှောကျသော စျာန်တရားတည်းဟူသော မဟဂ္ဂုတ်ကံ တစ်ခုခုလည်း မရှိသည်ဖြစ်အံ့၊ တစ်ဘက်တွင်လည်း ပစ္စယပရိဂ္ဂဟဉာဏ် သို့တိုင်အောင်သော ဝိပဿနာဉာဏ်များကို အောက်ထစ်ဆုံးအားဖြင့် မရရှိသေးသည်ဖြစ်အံ့၊ သေခါနီး မရဏာသန္န အချိန်ကာလကား အရေးအကြီးဆုံးသော အချိန်ကာလပင် ဖြစ်၏။ ထိုပုထုဇန်များအဖို့ သေခါနီး မရဏာသန္နဇောသည် အကုသိုလ်ဇော ဖြစ်အံ့၊ အပါယ်လေးဘုံ တစ်ဘုံဘုံသို့ ကျိန်းသေရောက်၏။ သေခါနီး မရဏာသန္နဇောသည် ကုသိုလ်ဇော ဖြစ်အံ့၊ ထိုက်သည့်အားလျော်စွာ သုဂတိ တစ်ဘုံဘုံသို့ ရောက်၏။ ထိုကုသိုလ်ကံတို့တွင် ဤသင်္ခါရုပေက္ခာကံကား အလွန် အဆင့်မြင့်မားသော ကံတစ်ခု ဖြစ်၏။ သမ္မာသမ္ဗောဓိဉာဏ် ပစ္စေကဗောဓိဉာဏ် အဂ္ဂသာဝကဗောဓိဉာဏ် မဟာသာဝကဗောဓိဉာဏ်ဟူသော ဗောဓိဉာဏ်များကို ရည်ရွယ်တောင့်တထားသူ မဟုတ်လျှင် ထိုသင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းထားသူ သူတော်ကောင်းများသည် ယေဘုယျအားဖြင့် သေပြီးနောက် ဒုတိယဘဝတွင် အရိယမဂ်ဖိုလ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်ကြောင်းကို သောတာနုဂတသုတ္တန်တွင် ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့၏။ ယင်းသို့ ခိုင်လုံသည့် အာမခံချက်ရှိသည့် ဘုရားရှင်၏ တရားတော်များကို အာဂမသုတဟူသော သင်သိ, အဓိဂမသုတဟူသော ကျင့်သိ --- ဤအသိ နှစ်မျိုးဖြင့် အသိကြီး သိအောင် အသိဉာဏ်ရှိသည့် လူ့ဘဝကို ရခိုက် ရဟန်းဘဝကို ရခိုက် အထူး ကြိုးပမ်းသင့်လှပေသည်။ သံသရာခရီး မဆုံးသေးသူတို့အတွက် အထက်တွင် ရေးသားခဲ့သည့်အတိုင်း သေခါနီး မရဏာသန္နအခါသည် အပါယ်ဒုဂ္ဂတိနှင့် ကောင်းရာသုဂတိကို လမ်းခွဲပေးသည့် အရေးအကြီးဆုံးသော အချိန်ကာလ ဖြစ်၏။ ထိုအခါ၌ ကောင်းရာ သုဂတိသို့ ကျိန်းသေဧကန် ရောက်စေနိုင်သော ကံများကို ထူထောင်ထားပြီးဖြစ်ဖို့ လိုပေသည်။ သံသရာခရီးကို အဆုံးသတ် နိုင်အောင် ကြိုးစားထားပြီး ဖြစ်လျှင်ကား တိုင်းထက်အလွန် တံခွန်နှင့် ဘုရားပင် ဖြစ်ချေသည်။ ဤတွင် သောတာနုဂတသုတ္တန် မြန်မာပြန်ကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။

သောတာနုဂတသုတ္တန်

ရဟန်းတို့ ...ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်သော, နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီး ကုန်သော, စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင် သုံးသပ်အပ်ပြီးကုန်သော, တရားကိုယ်အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်သော အကျိုးဆက်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ ---

၁။ ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် ---

၁။ သုတ္တ = သုတ္တအမည်ရသော တရားတော်,

၂။ ဂေယျ = ဂါထာနှင့် စကားပြေ နှစ်ထွေရောနေသော တရားတော်,

၃။ ဝေယျာကရဏ = ဂါထာ<မဖက် သက်သက်သော စကားပြေတရားတော်,

၄။ ဂါထာ = ဂါထာတရားတော်,

၅။ ဥဒါန = ဥဒါန်း = ဝမ်းမြောက်စွာ ကျူးရင့်တော်မူအပ်သော တရားတော်,

၆။ ဣတိဝုတ္တက = ဣတိဝုတ် = ဤသို့ ဘုရားရှင်သည် ဟောကြားတော်မူအပ်၏ --- ဤသို့ အစချီလျက် နိဒါန်းပျိုးထားသော တရားတော်,

၇။ ဇာတက = ဇာတ်တော်,

၈။ အဗ္ဘုတဓမ္မ = မဖြစ်စဖူး အဦးအသစ် အံ့ဩဖွယ်ရာတို့နှင့် ဆက်စပ်နေသော တရားတော်,

၉။ ဝေဒလ္လ = အသိထူး ဉာဏ်ထူးကိုလည်း ရရှိ၍ နှစ်သက်ဝမ်းမြောက်မှုကိုလည်း ရရှိသော အမေး အဖြေ ဖြစ်သော တရားတော် ---

ဤအင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော တရားတော်ကို သင်ကြား၏။ ထိုရဟန်း၏ သန္တာန်၌ ထိုတရားတော်တို့သည် ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်၏၊ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီး ဖြစ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင် သုံးသပ်အပ်ပြီး ဖြစ်ကုန်၏၊ တရားကိုယ် အနက်သဘော အားဖြင့်လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။ (အံ၊၁၊၅၀၄-၅၀၅။)

[မှတ်ချက် --- ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။) --- ဘုရားရှင်၏ အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော ပိဋကတ်သုံးပုံ တရား တော်၌ ဟောကြားထားတော်မူအပ်သော တရားကိုယ် အနက် သဘောတရားတို့မှာ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် - ဟူသော ပရမတ္ထတရား (၄)ပါးတို့သာ ဖြစ်ကြ၏။ စတုတ္ထပရမတ် ဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကို အလိုရှိသော သူတော်ကောင်း သည် ရှေးဦးစွာ လောကီ စိတ်-စေတသိက်-ရုပ်ဟူသော တရား ကိုယ် အနက်သဘောတရားတို့ကိုလည်းကောင်း, ယင်းစိတ်-စေတသိက်-ရုပ်တရားတို့၏ အကြောင်းတရားတို့ကိုလည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက်သိမြင်အောင် ကြိုးစားရ၏။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တည်း။ ဉာတပရိညာတည်း။ အာဒိဒီပက နည်းတည်း။ ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟု ပရိညာ သုံးမျိုးရှိရာ အစဖြစ်သော ဉာတပရိညာကို ယူသဖြင့် အလယ်ဖြစ်သော တီရဏပရိညာ, အဆုံးဖြစ်သော ပဟာနပရိညာတို့ကိုလည်း သိမ်းကျုံးယူရသော နည်းတည်း။ နာမရူပပရိစ္ဆေဒဉာဏ်မှသည် သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်များနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ရန် ရည်ညွှန်းထား၏။ ယင်းသို့ ကြိုးပမ်းရာ၌ ရှေးဦးစွာ ယင်း စိတ်-စေတသိက်-ရုပ်တရားတို့ကို သင်သိအနေဖြင့် သိအောင် ကြိုး စားရ၏၊ အာဂမသုတတည်း။ ထိုနောင် သမ္မာဒိဋ္ဌိဉာဏ်ပညာ ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်သည်တိုင်အောင် ကြိုးစားရ၏၊ အဓိဂမသုတတည်း။ ယင်းသို့ အာဂမသုတ အဓိဂမသုတဟူသော သုတတရားနှင့် ပြည့်စုံသော သူတော်ကောင်းကို အထူး ရည်ညွှန်းထားသည်ဟု မှတ်ပါ။]

ထိုရဟန်းသည် သတိလွတ်ကင်းသည်ဖြစ်၍ သေလွန်ရသော် အမှတ် မထား တစ်ပါးပါးသော နတ်ပြည် နတ်လောက၌ ဖြစ်၏။ (အံ၊၁၊၅၀၅။)

[မှတ်ချက် --- မုဋ္ဌဿတိ ကာလံ ကုရုမာနောတိ နယိဒံ ဗုဒ္ဓဝစနံ အနုဿရဏသတိယာ အဘာဝေန ဝုတ္တံ၊ ပုထုဇ္ဇနကာလကိရိယံ ပန သန္ဓာယ ဝုတ္တံ။ ပုထုဇ္ဇနော ဟိ မုဋ္ဌဿတိ ကာလံ ကရောတိ နာမ။ (အံ၊ဋ္ဌ၊၂၊ ၃၆၄။) --- သတိလွတ်ကင်းသည် ဖြစ်၍ သေလွန် ရသော်ဟူသော ဤစကားကို ဘုရားစကားတော်ကို အစဉ် လျှောက်၍ အောက်မေ့တတ်သော သတိ၏ မရှိခြင်းကြောင့် ဟောတော်မူသည်ကား မဟုတ်၊ ပုထုဇန်အဖြစ်နှင့် ကွယ်လွန် ခြင်းကိုသာ ရည်ရွယ်တော်မူ၍ ဟောကြားတော်မူခြင်း ဖြစ်၏။ မှန်ပေသည် --- ပုထုဇန်သည် သတိလွတ်ကင်း၍ သေလွန်ရ သည် မည်ပေသည်။ (အံ၊ဋ္ဌ၊၂၊၃၆၄။)]

ထိုနတ်ပြည် နတ်လောက၌ ချမ်းသာခြင်းရှိသော ထိုနတ်သား၏ သန္တာန် ဝယ် တရားပုဒ်အစုတို့သည် ပေါ်လွင်ထင်ရှားလာကြကုန်၏။ (လွန်ခဲ့သော ဘဝ၌ ရွတ်ဖတ်သရဇ္စျာယ်ခြင်းလျှင် အကြောင်းရင်းခံရှိသော နှုတ်ဖြင့် လေ့ကျက်ထားအပ်ပြီးကုန်သော သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန်သော တရားအားလုံးတို့သည် ကြည်လင်သော ကြေးမုံပြင်၌ အရိပ်ကဲ့သို့ ပေါ်လွင်ထင်ရှား၍ လာကြကုန်၏၊၊)

ရဟန်းတို့ ...တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ် သော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သတိ၏ ဖြစ်ပေါ်ခြင်းသည် နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သားဖြစ်သော သတ္တဝါသည် လျင်မြန်စွာသာလျှင် မဂ်ဖိုလ်နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင် ၏။ ရဟန်းတို့ ...ဤသည်ကား ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်သော, နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီးကုန်သော, စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင် သုံးသပ်အပ်ပြီးကုန်သော, တရားကိုယ် အနက်သဘောအားဖြင့် လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန် သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်သော ရှေးဦးစွာသော ပထမ အကျိုးဆက်တည်း။ (အံ၊၁၊၅၀၅။)

၂။ ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် သုတ္တ ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန ဣတိဝုတ္တက ဇာတက အဗ္ဘုတဓမ္မ ဝေဒလ္လ ဟူသော အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော တရားတော်ကို သင်ကြား၏၊ ထိုရဟန်း၏ သန္တာန်၌ ထိုတရားတော်တို့သည် ပသာဒသောတသို့ သက်ဝင် ၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်၏၊ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီး ဖြစ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီး ဖြစ်ကုန်၏၊ တရားကိုယ် အနက်သဘော အားဖြင့်လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။

ထိုရဟန်းသည် သတိလွတ်ကင်းသည်ဖြစ်၍ သေလွန်ရသော် အမှတ်မထား တစ်ပါးပါးသော နတ်ပြည် နတ်လောက၌ ဖြစ်၏။ ထိုနတ်ပြည် နတ်လောက၌ ချမ်းသာခြင်းရှိသော ထိုနတ်သား၏ သန္တာန်ဝယ် တရားပုဒ်အစုတို့ သည် ပေါ်လွင်ထင်ရှား၍ကား မလာကြကုန်သေး၊ စင်စစ်သော်ကား တန်ခိုး ဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၍ စိတ်ကို နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းသို့ ရောက်ပြီး သော ဓမ္မကထိကရဟန်းတော်သည် နတ်ပရိသတ်၌ တရားတော်ကို ဟောကြားလေ၏။ ထိုနတ်သား၏ သန္တာန်ဝယ် ဤယခု ဓမ္မကထိကရဟန်းတော် ဟောကြားနေသော တရားတော်သည်ကား ရှေးယခင် ငါ လူဖြစ်စဉ် ရဟန်း ဘဝတုန်းက ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးသော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယ အမည်ရသည့် ထိုဓမ္မဝိနယပင်တည်းဟု စိတ်အကြံ ဖြစ်လာ၏။ ရဟန်းတို့ ...တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည် နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သား ဖြစ်သော သတ္တဝါသည် လျင်မြန်စွာသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်၏။

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောက ဥပမာသည် ကား စည်ကြီးသံ၌ လိမ္မာကျွမ်းကျင်သော ယောက်ျားသည် ခရီးရှည်သွား လတ်သော် စည်ကြီးသံကို ကြားလေရာ၏၊ ထိုယောက်ျား၏ သန္တာန်ဝယ် ထိုစည်ကြီးသံ၌ စည်ကြီးသံလေလော, စည်ကြီးသံ မဟုတ်လေလောဟု ယုံမှားခြင်း တွေးတောခြင်းသည် မဖြစ်တော့ဘဲ စည်ကြီးသံဟူ၍သာလျှင် အမှန်အတိုင်း ဆုံးဖြတ်ခြင်းသို့ ရောက်ရာသကဲ့သို့ -- ရဟန်းတို့ ... ဤ ဥပမာအတူသာလျှင် ရဟန်းသည် သုတ္တ ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန ဣတိဝုတ္တက ဇာတက အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော အင်္ဂါ (၉)တန်နှင့် ပြည့်စုံ တော်မူသော တရားတော်ကို သင်ကြား၏။ ထိုရဟန်း၏ သန္တာန်၌ ထိုတရားတော်တို့သည် ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြား မှတ်သားအပ်ကုန်၏၊ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီး ဖြစ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီး ဖြစ်ကုန်၏၊ တရားကိုယ်အနက်သဘောအားဖြင့်လည်းကောင်း, အကြောင်း တရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။

ထိုရဟန်းသည် သတိလွတ်ကင်းသည်ဖြစ်၍ သေလွန်ရသော် အမှတ် မထား တစ်ပါးပါးသော နတ်ပြည် နတ်လောက၌ ဖြစ်၏၊ ထိုနတ်ပြည် နတ်လောက၌ ချမ်းသာခြင်းရှိသော ထိုနတ်သား၏ သန္တာန်ဝယ် တရားပုဒ်အစုတို့ သည် ပေါ်လွင်ထင်ရှား၍ကား မလာကြကုန်သေး၊ စင်စစ်သော်ကား တန်ခိုး ဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၍ စိတ်ကို နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းသို့ ရောက်ပြီး သော ဓမ္မကထိကရဟန်းတော်သည် နတ်ပရိသတ်၌ တရားတော်ကို ဟောကြားလေ၏။ ထိုနတ်သား၏ သန္တာန်ဝယ် ဤယခု ဓမ္မကထိကရဟန်းတော် ဟောကြားနေသော တရားတော်သည်ကား ရှေးယခင် ငါ လူဖြစ်စဉ် ရဟန်း ဘဝတုန်းက ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးသော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယ အမည်ရသည့် ထိုဓမ္မဝိနယပင်တည်းဟု စိတ်အကြံ ဖြစ်လာ၏။ ရဟန်းတို့ ...တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည် နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သား ဖြစ်သော သတ္တဝါသည် လျင်မြန်စွာသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်၏။ ရဟန်းတို့ ...ဤသည်ကား ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန် သော, နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီးကုန်သော, စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီးကုန်သော, တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း, အကြောင်းတရားအား ဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်သော နှစ်ခုမြောက်သော ဒုတိယ အကျိုးဆက်တည်း။ (အံ၊၁၊၅၀၅-၅၀၆။)

၃။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် သုတ္တ ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန ဣတိဝုတ္တက ဇာတက အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော တရားတော်ကို သင်ကြား၏။ ထိုရဟန်း၏ သန္တာန်၌ ထိုတရားတော်တို့သည် ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြား မှတ်သားအပ်ကုန်၏၊ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီး ဖြစ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင် သုံးသပ်အပ်ပြီး ဖြစ်ကုန်၏၊ တရားကိုယ် အနက်သဘောအားဖြင့် လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။

ထိုရဟန်းသည် သတိလွတ်ကင်းသည်ဖြစ်၍ သေလွန်ရသော် အမှတ် မထား တစ်ပါးပါးသော နတ်ပြည် နတ်လောက၌ ဖြစ်၏၊ ထိုနတ်ပြည် နတ် လောက၌ ချမ်းသာခြင်းရှိသော ထိုနတ်သား၏ သန္တာန်ဝယ် တရားပုဒ်အစု တို့သည် ပေါ်လွင်ထင်ရှား၍ကား မလာကြကုန်သေး၊ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၍ စိတ်ကို နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းသို့ ရောက်ပြီးသော ဓမ္မကထိကရဟန်းတော်သည်လည်း နတ်ပရိသတ်၌ တရားတော်ကို ဟောကြား တော်မမူသေး ဖြစ်နေ၏၊ စင်စစ်သော်ကား ဓမ္မကထိကနတ်သားသည် နတ်ပရိသတ်၌ တရားတော်ကို ဟောကြားလေ၏။ ထိုအခါ ထိုနတ်သား၏ သန္တာန်ဝယ် ဤယခု ဓမ္မကထိကနတ်သား ဟောကြားနေသော တရားတော် သည်ကား ရှေးယခင် ငါ လူဖြစ်စဉ် ရဟန်းဘဝတုန်းက ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးသော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ် ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယ အမည်ရသည့် ထိုဓမ္မဝိနယပင်တည်းဟု စိတ်အကြံ ဖြစ်လာ၏။ ရဟန်းတို့ ...တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည် နုံ့နှေး လှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သားဖြစ်သော သတ္တဝါသည် လျင်မြန်စွာသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်၏။

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည် ကား ခရုသင်းသံ၌ လိမ္မာကျွမ်းကျင်သော ယောက်ျားသည် ခရီးရှည်သွားလတ် သော် ခရုသင်းသံကို ကြားလေရာ၏၊ ထိုယောက်ျား၏ သန္တာန်ဝယ် ထိုခရုသင်းသံ၌ ခရုသင်းသံလေလော၊ ခရုသင်းသံ မဟုတ်လေလောဟု ယုံမှား ခြင်း တွေးတောခြင်းသည် မဖြစ်တော့ဘဲ ခရုသင်းသံဟူ၍သာလျှင် အမှန် အတိုင်း ဆုံးဖြတ်ခြင်းသို့ ရောက်ရာသကဲ့သို့ -- ရဟန်းတို့ ... ဤဥပမာ အတူသာလျှင် ရဟန်းသည် သုတ္တ ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန ဣတိဝုတ္တက ဇာတက အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော အင်္ဂါ (၉)တန်နှင့် ပြည့်စုံ တော်မူသော တရားတော်ကို သင်ကြား၏။ ထိုရဟန်း၏ သန္တာန်၌ ထိုတရားတော်တို့သည် ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြား မှတ်သားအပ်ကုန်၏၊ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီး ဖြစ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီး ဖြစ်ကုန်၏၊ တရားကိုယ်အနက်သဘောအားဖြင့်လည်းကောင်း, အကြောင်း တရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။

ထိုရဟန်းသည် သတိလွတ်ကင်းသည်ဖြစ်၍ သေလွန်ရသော် အမှတ် မထား တစ်ပါးပါးသော နတ်ပြည် နတ်လောက၌ ဖြစ်၏၊ ထိုနတ်ပြည် နတ် လောက၌ ချမ်းသာခြင်းရှိသော ထိုနတ်သား၏ သန္တာန်ဝယ် တရားပုဒ်အစု တို့သည် ပေါ်လွင်ထင်ရှား၍ကား မလာကြကုန်သေး၊ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၍ စိတ်ကို နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းသို့ ရောက်ပြီးသော ဓမ္မကထိကရဟန်းတော်သည်လည်း နတ်ပရိသတ်၌ တရားတော်ကို ဟောကြားတော်မမူသေး ဖြစ်နေ၏။ စင်စစ်သော်ကား ဓမ္မကထိကနတ်သားသည် နတ် ပရိသတ်၌ တရားတော်ကို ဟောကြားလေ၏။ ထိုအခါ ထိုနတ်သား၏ သန္တာန်ဝယ် ဤယခု ဓမ္မကထိကနတ်သား ဟောကြားနေသော တရားတော် သည်ကား ရှေးယခင် ငါ လူဖြစ်စဉ် ရဟန်းဘဝတုန်းက ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးသော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယ အမည်ရသည့် ထိုဓမ္မဝိနယပင်တည်းဟု စိတ်အကြံ ဖြစ်လာ၏။ ရဟန်းတို့ ...တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်း သည် နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သားဖြစ်သော သတ္တဝါ သည် လျင်မြန်စွာသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်၏။ ရဟန်းတို့ ...ဤသည်ကား ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်သော, နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီးကုန်သော, စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီးကုန်သော, တရားကိုယ်အနက်သဘောအားဖြင့်လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့် အပ်သော သုံးခုမြောက်သော တတိယ အကျိုးဆက်တည်း။ (အံ၊၁၊၅၀၆။)

၄။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် သုတ္တ ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန ဣတိဝုတ္တက ဇာတက အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော တရားတော်ကို သင်ကြား၏၊ ထိုရဟန်း ၏ သန္တာန်၌ ထိုတရားတော်တို့သည် ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်၏၊ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီး ဖြစ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင် သုံးသပ်အပ်ပြီး ဖြစ်ကုန်၏၊ တရားကိုယ် အနက်သဘောအားဖြင့် လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။

ထိုရဟန်းသည် သတိလွတ်ကင်းသည်ဖြစ်၍ သေလွန်ရသော် အမှတ် မထား တစ်ပါးပါးသော နတ်ပြည် နတ်လောက၌ ဖြစ်၏။ ထိုနတ်ပြည် နတ် လောက၌ ချမ်းသာခြင်းရှိသော ထိုနတ်သား၏ သန္တာန်ဝယ် တရားပုဒ်အစု တို့သည် ပေါ်လွင်ထင်ရှား၍ကား မလာကြကုန်သေး၊ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၍ စိတ်ကို နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းသို့ ရောက်ပြီးသော ဓမ္မကထိကရဟန်းတော်သည်လည်း နတ်ပရိသတ်၌ တရားတော်ကို ဟောကြား တော်မမူသေး ဖြစ်နေ၏၊ ဓမ္မကထိကနတ်သားသည်လည်း နတ်ပရိသတ်၌ တရားတော်ကို ဟောကြားမှု မရှိသေး ဖြစ်နေ၏။ စင်စစ်သော်ကား နတ်ပြည် နတ်လောက၌ ရှေးဦးစွာ နတ်သားဖြစ်နှင့်သော လူ့ဘဝက သီတင်းသုံးဖော် ဖြစ်ခဲ့ဖူးသော နတ်သားသည် နောက်ဖြစ်လာသော နတ်သားကို အချင်း နတ်သား ...ရှေးယခင် လူဖြစ်စဉ် ရဟန်းဘဝတုန်းက ငါတို့ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးသော သီလ သမာဓိ ပညာဟူသော သိက္ခာ သုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယ အမည်ရသည့် မြတ်သော အကျင့်ဟူသော ထို ဓမ္မဝိနယကို သင် အောက်မေ့လော့ (= အမှတ်ရလော့)၊ အချင်း နတ်သား ...သင် အောက်မေ့လော့ (=အမှတ်ရလော့)ဟု အောက်မေ့စေ၏ (= အမှတ်ရစေ၏)။ ထိုနတ်သား သည် အချင်း နတ်သား ... ငါသည် အောက်မေ့၏ (= အမှတ်ရပါ၏)၊ အချင်း နတ်သား ... ငါသည် အောက်မေ့၏ (= အမှတ်ရပါ၏)ဟု ဆို၏။ ရဟန်းတို့ ...တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည် နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သားဖြစ်သော သတ္တဝါသည် လျင်မြန်စွာသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်၏။

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား မြေမှုန့်ကစားဖက် ဖြစ်ကုန်သော သူငယ်ချင်း နှစ်ယောက်တို့သည် တစ်ခါ တစ်ရံ တစ်နေရာ၌ အချင်းချင်း တွေ့ဆုံပေါင်းမိကြကုန်ရာ၏၊ သူငယ်ချင်း တစ်ယောက်က သူငယ်ချင်း တစ်ယောက်ကို အဆွေ ...သင်သည် ဤ အမှုကိုလည်း အောက်မေ့လော့၊ သင်သည် ဤအမှုကိုလည်း အောက်မေ့လော့၊ဟု ဤသို့ ဆိုရာ၏။ ထိုသူငယ်ချင်းသည် အဆွေ ...ငါသည် အောက်မေ့၏ = အမှတ်ရပါ၏၊ အဆွေ...ငါသည် အောက်မေ့၏ = အမှတ်ရပါ၏ဟု ဆိုလေရာ၏။ ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် သုတ္တ ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန ဣတိဝုတ္တက ဇာတက အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော တရားတော်ကို သင်ကြား၏၊ ထိုရဟန်း၏ သန္တာန်၌ ထိုတရားတော်တို့သည် ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်၏။ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီး ဖြစ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီး ဖြစ်ကုန်၏၊ တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။

ထိုရဟန်းသည် သတိလွတ်ကင်းသည် ဖြစ်၍ သေလွန်ရသော် အမှတ် မထား တစ်ပါးပါးသော နတ်ပြည် နတ်လောက၌ ဖြစ်၏၊ ထိုနတ်ပြည် နတ် လောက၌ ချမ်းသာခြင်းရှိသော ထိုနတ်သား၏ သန္တာန်ဝယ် တရားပုဒ်အစု တို့သည် ပေါ်လွင်ထင်ရှား၍ကား မလာကြကုန်သေး၊ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၍ စိတ်ကို နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းသို့ ရောက်ပြီးသော ဓမ္မကထိကရဟန်းတော်သည်လည်း နတ်ပရိသတ်၌ တရားတော်ကို ဟောကြား တော်မမူသေး ဖြစ်နေ၏၊ ဓမ္မကထိကနတ်သားသည်လည်း နတ်ပရိသတ်၌ တရားတော်ကို ဟောကြားမှု မရှိသေး ဖြစ်နေ၏၊ စင်စစ်သော်ကား နတ်ပြည် နတ်လောက၌ ရှေ့ဦးစွာ နတ်သားဖြစ်နှင့်သော လူ့ဘဝက သီတင်းသုံးဖော် ဖြစ်ခဲ့ဖူးသော နတ်သားသည် နောက်ဖြစ်လာသော နတ်သားကို အချင်း နတ်သား ...ရှေးယခင် လူဖြစ်စဉ် ရဟန်းဘဝတုန်းက ငါတို့ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးသော သီလ သမာဓိ ပညာဟူသော သိက္ခာ သုံးရပ် အကျင့်မြတ်အားဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယ အမည်ရသည့် မြတ်သောအကျင့်ဟူသော ထိုဓမ္မဝိနယကို သင် အောက်မေ့လော့ (= အမှတ်ရလော့)၊ အချင်း နတ်သား ...သင် အောက်မေ့လော့ (=အမှတ်ရလော့)ဟု အောက်မေ့စေ၏ (= အမှတ်ရစေ၏)။ ထိုနတ်သား သည် အချင်း နတ်သား ...ငါသည် အောက်မေ့၏ (= အမှတ်ရပါ၏၊) အချင်း နတ်သား ...ငါသည် အောက်မေ့၏ (= အမှတ်ရပါ၏)ဟု ဆို၏။ ရဟန်းတို့ ...တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည် နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သား ဖြစ်သော သတ္တဝါသည် လျင်မြန်စွာသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်၏။ ရဟန်းတို့ ...ဤသည်ကား ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ် ကုန်သော, နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီးကုန်သော, စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီးကုန်သော, တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့် မည်ဟု မျှော်လင့်အပ်သော လေးခုမြောက်သော စတုတ္ထ အကျိုးဆက်ပေ တည်း။

ရဟန်းတို့ ...ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်သော, နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီး ကုန်သော, စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ် အပ်ပြီးကုန်သော, တရားကိုယ်အနက်သဘောအားဖြင့်လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်သော အကျိုးဆက်တို့သည် ဤလေးမျိုးတို့တည်းဟု မိန့်တော်မူ၏။ (အံ၊၁၊၅၀၆-၅၀၇။)

ဤကား သောတာနုဂတသုတ္တန်၌ ဟောကြားထားတော်မူအပ်သော ဘုရားရှင်၏ တရားတော်များကို သင်သိကျင့်သိ အသိ နှစ်မျိုးတို့ဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ပွားများထားအပ်သော ဝိပဿနာကံတို့က ဒုတိယဘဝ နတ်ပြည် နတ်လောကဝယ် မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်အောင် ရွက်ဆောင်ပေးနိုင်ပုံ အကြောင်းအရာ တို့ ဖြစ်ကြသည်။

သံသရာခရီးကား အိုနာသေရေး ဒုက္ခဘေးတို့ဖြင့် ရှုပ်ထွေးပွေလီလျက် ရှိသော ကန္တာရခရီးခဲကြီးဖြစ်၏။ ကျော်လွှားလွန်မြောက်ဖို့ရန်ကား အလွန် ခက်ခဲလှ၏။ မီးတစ်ဆယ့်တစ်သီးတို့၏ လောင်မြိုက်မှုဒဏ်ချက်ကိုသာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ခံစားနေကြရသော ဘုံဌာနများ ဖြစ်ကြ၏။ ထိုကဲ့သို့သော ဒုက္ခအဝဝမှ ထုတ်ဆောင်ကယ်တင်ပေးနိုင်သော တရားကောင်းများကို မပျောက်မပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် တပည့်သာဝကများအပေါ်၌ တာဝန်ကျရောက်လျက် ရှိနေ၏။ ထိုတာဝန်ဝတ္တရားကို အကျေအပွန် ထမ်းဆောင်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် အရှင်မဟာကဿပမထေရ်သည် တရားတော်များ မပျောက်ပျက်ရေးအတွက် သင်္ဂါယနာတင်ဖို့ရန် အရိုအသေ အလေးဂရုပြုကာ စဉ်းစားဆင်ခြင်တော်မူခဲ့လေ သည်။ ထိုသို့ စဉ်းစားဆင်ခြင်တော်မူရာ၌ ဤ စန္ဒူပမသုတ္တန်တွင် ဟောကြား ထားတော်မူသော အကြောင်းအရာသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့လေ သည်။

အာနန္ဒတ္ထေရအပဒါန်တရားတော်များကို ဟောကြားရာ၌ အရှင်အာနန္ဒာမထေရ်မြတ်၏ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ရဟန္တာ အဖြစ်သို့ ရောက်အောင် ကြိုးပမ်းပုံများလည်း ပါဝင်ခဲ့၏။ ပထမသင်္ဂါယနာ တင်ပွဲ အကြောင်းအရာလည်း ဆက်စပ်လျက် ပါဝင်နေပြန်၏။ ဤ စန္ဒူပမသုတ္တန်ကား ပထမသင်္ဂါယနာတင်ဖို့ရန် အရှင်မဟာကဿပမထေရ် စဉ်းစား ဆင်ခြင်တော်မူသည့် အချက်တစ်ရပ်အဖြစ် ပါဝင်နေပေသည်။ သို့အတွက် အာနန္ဒတ္ထေရအပဒါန်အကြောင်းကို ဟောကြားရာ၌ ဤသုတ္တန်ကိုပါ ကြားညှပ်လျက် ဟောကြားခဲ့ပေသည်။ ထိုသုတ္တန်ကို နာကြားခွင့် ရရှိသဖြင့် စာအုပ် အဖြစ်ဖြင့် ရိုက်နှိပ်လှူဒါန်းလိုပါကြောင်း ဒါယကာ မောင်အောင်မြင့် (မန်းမြို့တော်)က လျှောက်ထားတောင်းပန်သဖြင့် တရားဟော တိတ်ခွေမှ စာအုပ် အသွင််သို့ ပြုပြင်ပြောင်းလဲကာ ထုတ်ဝေလှူဒါန်းအပ်ပါသည်။

စာရှုသူ သူတော်ကောင်းအပေါင်းတို့သည် ဘုရားရှင်၏ တရားတော်များ ကို သင်သိ ကျင့်သိ ဤနှစ်သိတို့ဖြင့် သိရှိကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြ ပါစေသောဝ်။ အကယ်၍ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ကြသေးခဲ့သော် ဤသောတာနုဂတသုတ္တန်၌ လာရှိသည့်အတိုင်း သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ်။

ဖားအောက်တောရဆရာတော်

စန်းလအသွင် ဖြစ်စေချင်သည်

(စန္ဒူပမသုတ္တန်)

(အာနန္ဒတ္ထေရအပဒါန် ဟောစဉ်တရားတော်မှကောက်နုတ် ဖော်ပြသည်။)

မိမိနှင့် ပမာတူသူ

ချစ်သားရဟန်းတို့ ... ငါဘုရားသည် အာသဝေါတရား (၄)ပါးတို့ရဲ့ ကုန်ရာဖြစ်တဲ့ အာသဝေါတရား မရှိရာဖြစ်တဲ့ အရဟတ္တဖိုလ် စေတောဝိမုတ္တိ, အရဟတ္တဖိုလ် ပညာဝိမုတ္တိကို မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် ကိုယ်တိုင် ထိုးထွင်းဉာဏ်ဖြင့် ထိုးထွင်းသိပြီး မျက်မှောက်ပြုလျက် ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး နေထိုင်နိုင်သလို ကဿပဟာလည်း အလားတူပဲ အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့, အာသဝေါတရား မရှိတဲ့ အရဟတ္တဖိုလ် စေတောဝိမုတ္တိ, အရဟတ္တဖိုလ် ပညာဝိမုတ္တိကို မျက်မှောက်သော ကိုယ်၏အဖြစ်၌ ပင်လျှင် ကိုယ်တိုင် ထိုးထွင်းဉာဏ်ဖြင့် ထွင်းဖောက်သိမြင်လျက်, မျက်မှောက်ပြုလျက် ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး နေထိုင်နိုင်ပါပေတယ်လို့ ဒီလို ဘုရားရှင် က ချီးမွမ်းထားတော်မူပါတယ်။ အဲဒီ ချီးမွမ်းချက်က ဘာပြောနေတာလဲဆို တော့ အနုပုဗ္ဗဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ နိရောဓသမာပတ်အထိပေါ့လေ - သမာပတ်က ၉-ပါး အဘိညာဏ် ၆-ပါးဆိုကြစို့နော်။ အဲဒီ သမာပတ်က ၉-ပါး အဘိညာဏ် ၆-ပါးဆိုတဲ့ ဒီတရားတွေကို ဥတ္တရိမနုဿဓမ္မလို့ ခေါ်ပါ တယ်။ လူတို့ရဲ့ သာမန်ကုသိုလ်ကမ္မပထတရား ၁၀-ပါးထက် ကျော်လွှား လွန်မြောက်နေတဲ့ တရားတွေပဲ။ ဒီတရားတွေမှာ ဘာဖြစ်လဲ?

အတ္တနာ သမသမဋ္ဌပနေန စ အနုဂ္ဂဟိတော။

ဘုရားရှင်က မိမိနဲ့ တန်းတူထားပြီးတော့ ငါ့ကို ချီးမြှောက်တော်မူခဲ့တယ်။ ဒီလို အချီးမြှောက်ခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် ဘုရားရှင်ရဲ့ သာသနာ ဆုတ်ယုတ်ပျက်စီးဖို့ရန် မြင်တွေ့လာတဲ့ အချိန်အခါမှာ လက်ပိုက်ပြီးတော့ ကြည့်မနေသင့်ဘူးလို့ သူက ဒီလို သဘောပေါက်တော်မူပါတယ်။ ဒီအချက် ကတော့ သင်္ဂါယနာမတင်မီ သင်္ဂါယနာတင်ဖို့ရန် စဉ်းစားတော်မူတဲ့ အကြောင်းအရာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

နောက်တစ်ခု ---

တထာ အာကာသေ ပါဏိံ စာလေတွာ အလဂ္ဂစိတ္တတာယ စေဝ စန္ဒောပမပဋိပဒါယ စ ပသံသိတော။

တထာ = ထို့အတူ။ အာကာသေ = ကောင်းကင်၌။ ပါဏိံ = လက်ကို။ စာလေတွာ = မြှောက်ချီ၍။ အလဂ္ဂစိတ္တတာယ စ = စိတ်တွင် ငြိကပ်တွယ်တာသော စိတ်ထားမရှိခြင်းဖြင့်လည်းကောင်း။ စန္ဒောပမပဋိပဒါယ စ = လနှင့်တူသော ကျင့်ဝတ်ပဋိပတ်ဖြင့်လည်းကောင်း။ ပသံသိတော = ချီးမွမ်း မြှောက်စားခဲ့လေပြီ။

အလားတူပဲ - ဘုရားရှင်က ကောင်းကင်မှာ လက်ကို မြှောက်ပြီးတော့ ငြိကပ်တွယ်တာမှုစိတ်ထား မရှိခြင်းဆိုတဲ့ သဘောတရား၊ လနှင့်တူတဲ့, လကို စံထားပြီး ဥပမာပေးပြီးတော့ ဆိုဆုံးမအပ်တဲ့ ကျင့်ဝတ်ပဋိပတ်ဖြင့်လည်း ငါ့ကို မြတ်စွာဘုရား ချီးမွမ်းမြှောက်စားတော်မူခဲ့တယ်။ ဒီလို အချီးမွမ်း အမြှောက်စားခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘုရားရှင်ဘက်ကနေကြည့်ရင် ဘုရားသာသနာကို ကြွေးတင်အောင် ငါမလုပ်သင့်ဘူးလို့ သူက ဒီလို သဘောပေါက်တယ်။

ဒီတော့ လက်တော်ကလေးကို ကောင်းကင်မှာ မြှောက်ပြီးတော့ မြတ်စွာ ဘုရားက ရဟန်းတွေကို ဆိုဆုံးမတယ်ဆိုတာ ဘယ်လိုလဲ?

အဲဒီသုတ္တန်ကလေးတစ်ခုကိုတော့ နာသင့်ပါတယ်နော်။ စန္ဒူပမသုတ္တန်လို့ ခေါ်ပါတယ်။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာပဲ လာရှိပါတယ်နော်။

မြတ်စွာဘုရားရှင်သည် တစ်ချိန်မှာ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူခိုက် ဆိုကြစို့နော်။ ဘုရားရှင်က ရဟန်းတွေကို ဒီသုတ္တန်ကလေးကို ဟောပေးတော်မူပါတယ်။

စန္ဒူပမာ ဘိက္ခဝေ ကုလာနိ ဥပသင်္ကမထ -- အပကေဿဝ ကာယံ, အပကဿ စိတ္တံ, နိစ္စနဝကာ ကုလေသု အပ္ပဂဗ္ဘာ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ကုလာနိ = ဒကာ, ဒကာမတို့အထံသို့။ စန္ဒူပမာ = လလျှင် ဥပမာရှိသော စိတ်ထားရှိကြကုန်သည်ဖြစ်၍။ ဥပသင်္ကမထ = ချဉ်းကပ်ကြပါကုန်လော့။

လနှင့်တူနေတဲ့ စိတ်နေစိတ်ထားဖြင့် ဒကာ, ဒကာမတို့အထံကို ချဉ်းကပ် ကြစမ်းပါ။

ကာယံ = ကိုယ်ကို။ အပကေဿဝ = ထိန်းချုပ်၍သာလျှင်။ စိတ္တံ = စိတ်ဓာတ်ကို။ အပကေဿဝ = ထိန်းချုပ်၍သာလျှင်။ ကုလေသု = ဒကာ, ဒကာမတို့အပေါ်၌။ နိစ္စနဝကာ = အမြဲတမ်းအာဂန္တုဧည့်သည်သဖွယ်ရှိသော စိတ်ဓာတ်ဖြင့်။ အပ္ပဂဗ္ဗာ = ရိုင်းပျနေတဲ့ ကာယကံ ဝစီကံ မနောကံ မရှိဘဲ မြဲမြံတည်ကြည်သော ကာယကံ ဝစီကံ မနောကံ ရှိသဖြင့်။ စန္ဒူပမာ = လလျှင် ဥပမာရှိသော စိတ်ဓာတ်ဖြင့်။ ကုလာနိ = ဒကာ, ဒကာမတို့ထံသို့။ ဥပသင်္ကမထ = ချဉ်းကပ်ကြပါကုန်လော့။

ဒကာ, ဒကာမတွေထံကို ချဉ်းကပ်တဲ့အပိုင်းကလေးမှာ ကိုယ်ကို ထိန်းချုပ်စမ်းပါ၊ စိတ်ဓာတ်ကလေးကိုလည်း ထိန်းချုပ်စမ်းပါ။ ကိုယ်ကို ထိန်းချုပ်ပြီးတော့, စိတ်ဓာတ်ကလေးကို ထိန်းချုပ်ပြီးတော့ ဘယ်လိုစိတ်ထားဖြင့် ချဉ်းကပ်ရမလဲလို့မေးတော့ --- နိစ္စနဝကာ = မိမိကိုယ်ကို အမြဲတမ်း အာဂန္တု ဧည့်သည်တွေဖြစ်တယ်လို့ မိမိကိုယ်ကို မိမိ ဒီစိတ်ဓာတ်တွေကို မွေးမြူပါ။ အာဂန္တုဧည့်သည်ဖြစ်တယ်ဆိုတဲ့ ဒီစိတ်ဓာတ်ဖြင့်၊ အပ္ပဂဗ္ဗာ = ဒကာ, ဒကာမတို့ထံ ချဉ်းကပ်တဲ့ အချိန်အခါမှာ ရိုင်းပျနေတဲ့ ကာယကံ မရှိစေရဘူး၊ ရိုင်းပျနေတဲ့ ဝစီကံလည်း မရှိစေရဘူး၊ ရိုင်းပျနေတဲ့ မနောကံလည်း မရှိစေရဘူး၊ လနဲ့တူတဲ့, လဥပမာရှိတဲ့ စိတ်ဓာတ်ဖြင့်သာလျှင် ဒကာ, ဒကာမတွေထံကို ချဉ်းကပ်ပါ။ ဒီအပိုင်းနှင့် ဆက်စပ်နေတဲ့ အဓိပ္ပာယ်ကလေးတွေကိုတော့ နာရင်းနဲ့ သဘောပေါက်လာပါလိမ့်မယ်ထင်တယ်။ ဆက်လက်ပြီး နာယူကြည့် ပါ။

လောကူပမာများ

သေယျထာပိ ဘိက္ခဝေ ပုရိသော ဇရုဒပါနံ ဝါ ဩလောကေယျ ပဗ္ဗတဝိသမံ ဝါ နဒီဝိဒုဂ္ဂံ ဝါ -- အပကေဿဝ ကာယံ, အပကဿ စိတ္တံ, ဧဝမေဝ ခေါ ဘိက္ခဝေ စန္ဒူပမာ ကုလာနိ ဥပသင်္ကမထ -- အပကေဿဝ ကာယံ, အပကဿ စိတ္တံ, နိစ္စနဝကာ ကုလေသု အပ္ပဂဗ္ဘာ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ ဥပမာသည်ကား။ ပုရိသော = ယောက်ျားသည်။ ဇရုဒပါနံ ဝါ = ရေတွင်းဟောင်းကိုသော်လည်းကောင်း။ ပဗ္ဗတဝိသမံ ဝါ = မညီညွတ်တဲ့ တောင်ကိုသော်လည်းကောင်း။ နဒီဝိဒုဂ္ဂံ ဝါ = ကမ်းပါးပြတ်ကိုသော်လည်းကောင်း။ ကာယံ = ကိုယ်ကို။ အပကေဿဝ = ထိန်းချုပ်၍သာလျှင်။ စိတ္တံ = စိတ်ကို။ အပကေဿဝ = ထိန်းချုပ်၍သာလျှင်။ ဩလောကေယျ သေယျထာပိ = ကြည့်ရှုရာသကဲ့သို့။ ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ = ဤဥပမာအတူသာလျှင်။ ကုလေသု = ဒကာ, ဒကာမတို့အပေါ်၌။ နိစ္စနဝကာ = အမြဲတမ်း ဧည့်သည်လို စိတ်ထားရှိကြကုန်လျက်။ အပ္ပဂဗ္ဘာ = ရိုင်းပျသော ကာယကံမှု ဝစီကံမှု မနောကံမှု ကင်းစင်ကြကုန်လျက်။ ကာယံ = ကိုယ်ကို။ အပကေဿဝ = ထိန်းချုပ်၍သာလျှင်။ စိတ္တံ = စိတ်ကို။ အပကေဿဝ = ထိန်းချုပ်၍သာလျှင်။ စန္ဒူပမာ = လလျှင် ဥပမာရှိသော စိတ်ဓာတ်ဖြင့်။ ကုလာနိ = ဒကာ, ဒကာမတို့ထံသို့။ ဥပသင်္ကမထ = ချဉ်းကပ်ကြပါကုန်လော့။

ချစ်သားရဟန်းတို့ ... ဥပမာတစ်ခုပြောပြီး ငါဆုံးမမယ်။ ပြိုပျက်နေတဲ့ ရေတွင်းဟောင်းတစ်ခုကို သွားပြီး ကြည့်ပြီ၊ မညီညွတ်တဲ့ တောင်တစ်ခု အပေါ်မှာ သွားရောက်ပြီ၊ မညီညွတ်တဲ့ ပြိုပြိုပျက်နေတဲ့ သဲကမ်းပါး မြစ်ကမ်းပါး တစ်ခုမှာ သွားပြီး မတ်တတ်ရပ်ပြီ။ အဲဒီ အချိန်အခါမှာ သင်ယောက်ျားက ဘယ်လိုစိတ်ထားရှိရမလဲ? မိမိကိုယ်ကို ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအား မိမိ စိတ်ဓာတ်ကို ထိန်းချုပ်ထားနိုင်တဲ့စွမ်းအား ရှိရမယ်။ အဲဒီလို ကိုယ်ကို ထိန်းချုပ် ထားနိုင်တဲ့ စွမ်းအား, စိတ်ဓာတ်ကို ထိန်းချုပ်ထားနိုင်တဲ့ စိတ်ထားဖြင့်သာ လျှင် ဒီရေတွင်းဟောင်းတွေကို သွားပြီးတော့ ကြည့်သင့်တယ် ချဉ်းကပ်သင့် တယ်၊ မညီညွတ်တဲ့ တောင်တွေကို သွားပြီးတော့ ကြည့်သင့်တယ် ချဉ်းကပ် သင့်တယ်၊ ပြိုပြိုပျက်ပျက်နေတဲ့ မြစ်ကမ်းပါးပြတ်တွေမှာ သွားပြီး ကြည့်သင့် တယ် ရပ်သင့်တယ် ချဉ်းကပ်သင့်တယ်။

ကိုယ်ကိုလည်း ထိန်းချုပ်မှု မရှိဘူး၊ စိတ်ဓာတ်ကိုလည်း ထိန်းချုပ်မှု မရှိဘဲနဲ့ ပြိုပြိုပျက်ပျက်နေတဲ့ ရေတွင်းဟောင်းကြီးတွေကို သွားပြီး ကြည့်မယ်, အနီးအနားမှာ ရပ်မယ်ဆိုရင် အန္တရာယ်မရှိဘူးလား? ရှိတယ်။ ကိုယ်ကိုလည်း ထိန်းချုပ်မှု မရှိဘဲ, စိတ်ဓာတ်ကိုလည်း ထိန်းချုပ်မှု မရှိဘဲ မညီညွတ်တဲ့ တောင်တွေမှာ သွားပြီးတော့ ကြည့်ရှုမယ်, ကျက်စားမယ်ဆိုရင်ကော ပျက်စီး နိုင်တဲ့သဘော မရှိဘူးလား? ရှိတယ်။

အလားတူပဲ - ပြိုပြိုနေတဲ့ ကမ်းပါးပြတ်ကြီး တစ်ခုမှာ မိမိကိုယ်ကိုလည်း ထိန်းချုပ်မှု မရှိဘူး၊ မိမိစိတ်ဓာတ်ကိုလည်း ထိန်းချုပ်မှု မရှိဘဲနဲ့ သွားပြီး မတ်တတ်ရပ်ခဲ့မယ်ဆိုရင်ကော ပျက်စီးမသွားနိုင်ဘူးလား? သွားနိုင်တယ်။

အလားတူပဲ - သင်ချစ်သားတို့ ... ဒကာ, ဒကာမတို့အထံကို ချဉ်းကပ်တဲ့ အချိန်အခါမှာ ဧည့်သည်လို စိတ်ထားကြ၊ ဧည့်သည်ကဲ့သို့ စိတ်ထားကြစမ်းပါ။ ရိုင်းပျတဲ့ ကာယကံမှု မရှိပါစေနဲ့၊ ရိုင်းပျတဲ့ ဝစီကံမှုတွေ မရှိကြပါစေနဲ့၊ ရိုင်းပျတဲ့ မနောကံမှုတွေ မရှိကြပါစေနဲ့။ မိမိကိုယ်ကို ထိန်းချုပ်ပြီး မိမိစိတ်ဓာတ်ကို ထိန်းချုပ်ပြီးတော့ လလျှင် ဥပမာရှိနေတဲ့ စိတ်ထားဖြင့် ဒကာ, ဒကာမတို့အထံသို့ ချဉ်းကပ်ကြစမ်းပါ။ ဘုရားရှင်က ရဟန်းတော်တွေကို တိုက်တွန်းတယ်နော်။ အဲဒီတော့ ဒီနေရာမှာ လလျှင် ဥပမာရှိနေတဲ့ စိတ်ဓာတ်ဖြင့် ဒကာ, ဒကာမတွေကို ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး အဋ္ဌကထာ ဆရာတော်က နည်းနည်းကလေး ထပ်မံပြီး ရှင်းပြထားပါတယ်။

လနှင့် ပမာတူသော စိတ်ထားဟူသည်

စန္ဒူပမာတိ စန္ဒသဒိသာ ဟုတွာ။ (သံ၊ဋ္ဌ၊၂၊၁၅၄။)

စန္ဒူပမာတိ = လလျှင် ဥပမာရှိသော စိတ်ဓာတ်ဟူသည်ကား။ စန္ဒသဒိသာ = လနှင့်တူသော စိတ်ထားရှိကြကုန်သည်။ ဟုတွာ = ဖြစ်ကြကုန်၍။

လနှင့်တူသော စိတ်ထားလေးဖြင့် ဒကာ, ဒကာမတွေထံကို ချဉ်းကပ်ကြ စမ်းပါ။ ဘယ်လိုတူသလဲလို့မေးတော့ ---

ကိံ ပရိမဏ္ဍလတာယ? နော။ (သံ၊ဋ္ဌ၊၂၊၁၅၄။)

လသည် ပြည့်ပြည့်ဝန်းဝန်း ရှိသလို မိမိ စိတ်ထားတွေ မိမိခန္ဓာကိုယ်တွေ သည်လည်း ပြည့်ပြည့်ဖြိုးဖြိုးနဲ့ သွားပြီး ချဉ်းကပ်ရမလားလို့ ဒီလိုတော့ မေးစရာရှိတယ်။ မဟုတ်ပါဘူးတဲ့ - နော်။

အပိစ ခေါ ယထာ စန္ဒော ဂဂနတလံ ပက္ခန္ဒမာနော န ကေနစိ သဒ္ဓိံ သန္ထဝံ ဝါ သိနေဟံ ဝါ အာလယံ ဝါ နိကန္တိံ ဝါ ပတ္ထနံ ဝါ ပရိယုဋ္ဌာနံ ဝါ ကရောတိ၊ န စ န ဟောတိ မဟာဇနဿ ပိယော မနာပေါ၊ တုမှေပိ ဧဝံ ကေနစိ သဒ္ဓိံ သန္ထဝါဒီနံ အကရဏေန ဗဟုဇနဿ ပိယာ မနာပါ စန္ဒူပမာ ဟုတွာ ခတ္တိယကုလာဒီနိ စတ္တာရိ ကုလာနိ ဥပသင်္ကမထာတိ အတ္ထော။ (သံ၊ဋ္ဌ၊၂၊၁၅၄။)

အပိစ ခေါ = တကယ်စင်စစ်အားဖြင့်ကား။ စန္ဒော = လသည်။ ဂဂနတလံ = ကောင်းကင်ပြင်ကို။ ပက္ခန္ဒမာနော = ပြေးလွှားခဲ့သည်ရှိသော်။ ကေနစိ = တစ်စုံတစ်ခုသော ပုဂ္ဂိုလ်သတ္တဝါနှင့်။ သဒ္ဓိံ = အတူတကွ။ သန္ထဝံ ဝါ = ပေါင်းဖော်ခြင်းကိုလည်းကောင်း။ သိနေဟံ ဝါ = ချစ်မြတ်နိုးခြင်းကို လည်းကောင်း။ အာလယံ ဝါ = ငြိကပ်တွယ်တာခြင်းကိုလည်းကောင်း။ နိကန္တိံ ဝါ = တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်းကိုလည်းကောင်း။ ပတ္ထနံ ဝါ = တောင့်တခြင်းကိုလည်းကောင်း။ ပရိယုဋ္ဌာနံ ဝါ = ထကြွသောင်းကျန်းခြင်းကို လည်းကောင်း။ န ကရောတိ ယထာ = မပြုသကဲ့သို့။

လက ကောင်းကင်မှာ သွားပြီ။ သွားလိုက်တဲ့ အချိန်အခါမှာ ဒီကောင်းကင်ပြင်ကို ပြေးသွားနေတဲ့ ဒီလသည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နှင့် အတူတကွ ပေါင်းဖော်နေသလား? ပေါင်းဖော်မှု မရှိဘူးတဲ့။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နှင့် ချစ်ခင်မြတ်နိုးမှု = သိနေဟတရားကော ရှိနေသလား? မရှိဘူး။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အပေါ်၌ ငြိကပ်တွယ်တာနေတဲ့ အာလယဓာတ်ကော ရှိသလား? မရှိဘူး။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အပေါ်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်းဆိုတဲ့ နိကန္တိတရားကော ရှိသလား? မရှိဘူး။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါကို တောင့်တမှုကော ရှိသလား? မရှိဘူး။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နှင့် ထကြွ သောင်းကျန်းနေတဲ့သဘောကော ရှိသလား? မရှိဘူး။ ဘယ့်နှယ်တုံး -- ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေတယ်။

န စ န ဟောတိ မဟာဇနဿ ပိယော မနာပေါ။ (သံ၊ဋ္ဌ၊၂၊၁၅၄။)

= ထိုသို့ပင် ဖြစ်ပါသော်လည်းပဲ။ မဟာဇနဿ = သတ္တဝါအပေါင်း၏။ န ပိယော = မချစ်မြတ်နိုးအပ်သည်။ န ဟောတိ = မဖြစ်ပေ။ န မနာပေါ = စိတ်နှလုံးကို မတိုးပွားစေတတ်သည်။ န ဟောတိ = မဖြစ်ပေ။

ဘယ်သူနဲ့မှလည်း မပေါင်းဘူး၊ ဘယ်သူနဲ့မှလည်း မချစ်ဘူး၊ ဘယ်သူနဲ့မှလည်း ငြိကပ်မှု တွယ်တာမှု နှစ်သက်မှု မြတ်နိုးမှု တောင့်တမှု ဘာမှ မရှိဘူး၊ ဘယ်သူနဲ့မှလည်း ထကြွသောင်းကျန်းနေတာလည်း မရှိဘူး။ အဲဒီလို မရှိပေမယ့်လို့ လူများ အပေါင်းက ဒီလကို မချစ်ဘူးလား? ချစ်တယ်။ လူများ အပေါင်းက ဒီလကို မနှစ်သက်ဘူးလား? နှစ်သက်နေတယ်။

တုမှေပိ ဧဝံ ကေနစိ သဒ္ဓိံ သန္ထဝါဒီနံ အကရဏေန ဗဟုဇနဿ ပိယာ မနာပါ စန္ဒူပမာ ဟုတွာ ခတ္တိယကုလာဒီနိ စတ္တာရိ ကုလာနိ ဥပသင်္ကမထ။ (သံ၊ဋ္ဌ၊၂၊၁၅၄။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧဝံ = ဤဥပမာအတူသာလျှင်။ တုမှေပိ = သင်ချစ်သားတို့သည်လည်းပဲ။ ကေနစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါနှင့်။ သဒ္ဓိံ = အတူတကွ။ သန္ထဝါဒီနံ = ပေါင်းဖော်ခြင်းစသည် တို့ကို။ အကရဏေန = မပြုလုပ်ခြင်းဖြင့်။ ဗဟုဇနဿ = လူများအပေါင်း၏။ ပိယာ = ချစ်မြတ်နိုးအပ်သည့် ပုဂ္ဂိုလ်တို့သည်။ မနာပါ = စိတ်နှလုံးကို တိုးပွား စေတတ်သည့် ပုဂ္ဂိုလ်တို့သည်။ စန္ဒူပမာ = လလျှင်ဥပမာရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟုတွာ = ဖြစ်ကြကုန်၍။ ခတ္တိယကုလာဒီနိ = မင်းမျိုး အစရှိသည့်။ စတ္တာရိ ကုလာနိ = အမျိုးလေးပါးတို့သို့။ ဥပသင်္ကမထ = ချဉ်းကပ်ကြပါကုန်လော့။

ချစ်သားရဟန်းတို့ ...ဤဥပမာအတူပင်လျှင် သင်ချစ်သားတို့ တစ်တွေသည်လည်း တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခြင်း မလုပ်ပါနဲ့။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နဲ့ ချစ်မြတ်နိုးခြင်းလည်း မရှိပါနဲ့။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နဲ့ ငြိကပ်တွယ်တာမှု = အာလယလည်း မရှိပါနဲ့။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အပေါ်၌ လိုလား ငဲ့ကွက် တသက်သက်ရှိခြင်းဆိုတဲ့ ဒီစိတ်ဓာတ်လည်း မရှိပါစေနဲ့။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါကို ငြိကပ်တွယ်တာမှုလည်း မရှိပါစေနဲ့။ တစ်စုံတစ်ယောက်သော သတ္တဝါနှင့် ထကြွသောင်းကျန်းခြင်းလည်း မပြုလုပ်ပါနဲ့။ အဲဒီလို မပြုလုပ်ဘဲ သတ္တဝါအပေါင်းရဲ့ လူများအပေါင်းရဲ့ ချစ်မြတ်နိုးအပ်တဲ့ပုဂ္ဂိုလ်, နှစ်သက်အပ်တဲ့ပုဂ္ဂိုလ်, လနဲ့ ပမာတူနေတဲ့ ပုဂ္ဂိုလ် တွေသာ ဖြစ်ပြီးတော့ ခတ္တိယသူဌေးသူကြွယ် (= မင်းသူဌေးသူကြွယ်) ပုဏ္ဏား သူဌေးသူကြွယ်, ဂဟပတိသူဌေးသူကြွယ်, သူဆင်းရဲဆိုတဲ့ ဒီအမျိုး လေးပါးထံသို့ သင်ချစ်သားတို့ ချဉ်းကပ်ကြစမ်းပါလို့ ဒီလို ဘုရားရှင် တိုက်တွန်းတော် မူပါတယ်။ လလျှင် ဥပမာရှိတဲ့ ပုဂ္ဂိုလ်တွေ အနေအားဖြင့် အမျိုးလေးပါးသို့ ချဉ်းကပ်ပါ။ ငြိကပ်တွယ်တာနေတာကို ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူးနော်။

လနှင့် ပမာတူပုံ တစ်မျိုး

အပိစ ယထာ စန္ဒော အန္ဓကာရံ ဝိဓမတိ၊ အာလောကံ ဖရတိ၊ ဧဝံ ကိလေသန္ဓကာရဝိဓမနေန ဉာဏာလောကဖရဏေန စာပိ စန္ဒူပမာ ဟုတွာ ခတ္တိယကုလာဒီနိ စတ္တာရိ ကုလာနိ ဥပသင်္ကမထ။ (သံ၊ဋ္ဌ၊၂၊၁၅၄။)

အပိစ = နောက်တစ်နည်းသော်ကား။ စန္ဒော = လသည်။ အန္ဓကာရံ = အမိုက်တိုက်ကို။ ဝိဓမတိ ယထာ = ဖျောက်ဖျက်ပေးသကဲ့သို့။ အာလောကံ = လရောင်ဆိုတဲ့ အလင်းရောင်ကို။ ဖရတိ ယထာ = ပျံ့နှံ့စေသကဲ့သို့။ ဧဝံ = ဤအတူ။ တုမှေပိ = သင်ချစ်သားတို့သည်လည်းပဲ။ ကိလေသန္ဓကာရဝိဓမနေန စ = ကိလေသာတည်းဟူသော အမိုက်မှောင် အမိုက်တိုက်ကို ပယ်ဖျောက်၍ ပေးခြင်းဖြင့်လည်းကောင်း။ ဉာဏာလောကဖရဏေန စာပိ = ဉာဏ်တည်းဟူသော အလင်းရောင်ကို ပျံ့နှံ့စေခြင်းဖြင့်လည်းကောင်း။ စန္ဒူပမာ = လလျှင် ဥပမာရှိသည့် ပုဂ္ဂိုလ်တို့သည်။ ဟုတွာ = ဖြစ်ကြကုန်၍။ ခတ္တိယကုလာဒီနိ = မင်းမျိုး အစရှိသည့်။ စတ္တာရိ ကုလာနိ = အမျိုးလေးပါးတို့သို့။ ဥပသင်္ကမထ = ချဉ်းကပ်ကြပါကုန်လော့။

ဘုရားရှင်ရဲ့ ဦးတည်ချက်ကလေးပဲနော်။ သာသနာတော်မှာ နေထိုင်တဲ့ ရှင်တွေ ရဟန်းတွေ အားလုံးပဲ။ ဘုရားရှင်က သတ္တဝါတွေအပေါ်၌ ကျရောက် နေတဲ့ ရာဂ, ဒေါသ, မောဟ အစရှိတဲ့ အမိုက်မှောင်တွေကို ပယ်ဖျောက်ပေးစေချင်တဲ့ ဆန္ဒဓာတ် ဘုရားရှင်မှာ ရှိတယ်။ ဒီတော့ --- ဒကာ, ဒကာမတွေထံ ချဉ်းကပ်ပြီ၊ အမျိုးလေးပါးထံ ချဉ်းကပ်ပြီဆိုရင် ဒီအမျိုးလေးပါးတို့ရဲ့ သန္တာန်၌ တည်ရှိနေတဲ့ ကိလေသာတည်းဟူသော အမိုက်မှောင်တွေကို ငါ ပယ်ဖျောက် ပေးမယ်၊ ဉာဏ်တည်းဟူသော အလင်းရောင်တွေကို ငါ ဖြန့်ကြက်ပေးမယ် ဆိုတဲ့ ဒီလို ဦးတည်ချက်ဖြင့် လလျှင် ပုံပမာရှိတဲ့ စိတ်ထားဖြင့် အမျိုးလေးပါးတို့သို့ ချဉ်းကပ်ကြပါ။

လသည် အမိုက်မှောင်ကို ပယ်ဖျောက်ပြီး မိမိရဲ့ အလင်းရောင်ကို တစ်လောကလုံးကို ဖြန့်ကြက်ပေးသလို သင်ချစ်သားတို့ သင်ချစ်သမီးတို့ တစ်တွေလည်း သတ္တဝါတွေအပေါ်၌ ကျရောက်နေတဲ့ ရာဂ, ဒေါသ, မောဟ အစရှိတဲ့ ကိလေသာအမိုက်မှောင်တွေကို ပယ်ဖျောက်ပေးပြီးတော့ ဉာဏ်တည်းဟူသော လင်းရောင်ခြည်ကို ဖြန့်ကြက်လျက် လလျှင် ဥပမာရှိသော စိတ်ထားဖြင့် အမျိုးလေးပါးတို့ထံသို့ ချဉ်းကပ်ကြပါ။

ဒကာ, ဒကာမတွေထံကို အလှူခံပုဂ္ဂိုလ်အဖြစ်နဲ့ ရပ်တည်နေတဲ့ သာသနာဝန်ထမ်း ရှင်ရဟန်းတို့ ထားရှိသင့်တဲ့ စိတ်ထားပါ။ ဒကာ, ဒကာမတွေထံက ပစ္စည်းလေးပါးကို မျှော်လင့်တောင့်တတဲ့ စိတ်ဓာတ်ဖြင့် ဒကာ, ဒကာမထံ ချဉ်းကပ်ရမလား? မချဉ်းကပ်ပါနဲ့။ ဒကာ, ဒကာမတွေထံမှာ ကျရောက်တည်နေတဲ့ ရာဂဆိုတဲ့ အမိုက်မှောင်တွေ, ဒေါသဆိုတဲ့ အမိုက်မှောင်တွေ, မောဟဆိုတဲ့ အမိုက်မှောင်တွေကို ငါတို့ ပယ်ဖျောက်ပေးမယ်၊ ဉာဏ်တည်းဟူသော အလင်းရောင်တွေရအောင် တို့ ကြိုးစားအားထုတ်ပေးမယ် --- လက်တွေ့အားထုတ်နေတဲ့ ပုဂ္ဂိုလ်များ နားလည်ပါတယ်နော်။ သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်တွေက အဆင့်အတန်း မီလာပြီ စံချိန်မီလာပြီဆိုရင် လင်းရောင်ခြည်စွမ်းအင်တွေ ထွက်ပေါ်မလာဘူးလား? ထွက်လာတယ်။ ဉာဏ်တည်းဟူသော လင်းရောင်ခြည်တွေ သာသနာတော်ကို ယုံကြည်လို့ ကိုးကွယ်ဆည်းကပ်လာတဲ့ သူတော်ကောင်းတို့ရဲ့ သန္တာန်၌ ဖြစ်ပေါ်လာအောင် တို့ ကြိုးစားအားထုတ်ပေးမယ်ဆိုတဲ့ ဒီစိတ်ဓာတ်ကလေးကို မွေးမြူပေးကြရတယ်။

အဲဒီ စိတ်ဓာတ်ဖြင့် ဒကာ, ဒကာမတွေထံ ချဉ်းကပ်ခဲ့မယ်ဆိုရင် အချဉ်းကပ်ခံရတဲ့ ဒကာ, ဒကာမတွေဆီမှာလည်း အကျိုးမရှိဘူးလား? အကျိုးရှိပါတယ်။ အဆင့်အတန်း အလွန် မြင့်မားတဲ့ စိတ်နေစိတ်ထားတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ သာသနာတော်မှာ နေပြီဆိုရင် ဒီလို အဆင့်မြင့်နေတဲ့ စိတ်နေစိတ်ထားကလေးတွေ ရှိဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ အင်မတန် အောက်တန်းနောက်တန်းကျနေတဲ့ ရာဂ, ဒေါသ, မောဟ, မာန, ဣဿာ, မစ္ဆရိယတို့ရဲ့ အရှိန်အဝါတို့ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်နေစိတ်ထား ကလေးတွေကို မွေးမြူရေး လုပ်ပေးနေရမလား? မလုပ်ပါနဲ့။

အဆင့်အတန်း မြင့်မားနေသော သာသနာတော်

သာသနာတော်မှာနေရင် --- ဘုရားရှင်ရဲ့ သာသနာတော်က အလွန် အဆင့်အတန်းမြင့်နေတဲ့ သာသနာ ဖြစ်ပါတယ်။ အဆင့်အတန်း မြင့်တယ် ဆိုတာ ဘုန်းကြီး စီးပွားရေးမျက်လုံးနဲ့ပြောတဲ့ အဆင့်အတန်းမျိုး မဟုတ်ဘူးနော်။ ပညာရေးမျက်လုံးနဲ့ ပြောနေတဲ့ အဆင့်အတန်း။ ကိုယ်ကျင့်တရားဆိုတဲ့ အဆင့်အတန်း, သမာဓိဆိုတဲ့ အဆင့်အတန်း, ပညာဆိုတဲ့ အဆင့်အတန်းတွေက ဘုရားရှင်ရဲ့ သာသနာတော်နဲ့ တခြားတခြား သာသနာတွေနဲ့ တိုင်းတာနှိုင်းစာကြည့်မယ်ဆိုရင် ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ သာသနာတော်သည် သီလပိုင်းမှာလည်း အလွန် အဆင့်အတန်း မြင့်ပါတယ်။ သမာဓိပိုင်းမှာလည်း အဆင့်အတန်း မြင့်ပါတယ်။ ပညာပိုင်းမှာလည်း အဆင့်အတန်း မြင့်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောကြစို့ဆိုလို့ရှိရင်တော့ ဘုရားရှင် ဟောတော်မူတဲ့ ရုပ်တရားမျိုး မည်သည့်သာသနာမှာမှ ဟောကြားထားတာ မရှိဘူး။ ဘုရားရှင် ဟောကြားထားတော်မူတဲ့ နာမ်တရားမျိုး မည်သည့်သာသနာမှာမှ ဟောကြား ထားတာ မရှိဘူး။ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ကြောင်းကျိုးဆက်နွယ် နေတဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ တရားမျိုး မည်သည့်သာသနာမှာမှ ဟောကြားထားတာ မရှိပါဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ သာသနာတော်မှာပဲ ရှိတယ်။ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ရုပ်နာမ်ကြောင်းကျိုးပဋိစ္စသမုပ္ပါဒ်တရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေဆိုတဲ့ ဒီရှုကွက်တွေဟာလည်း ဘုရားရှင်သာသနာတော်ရဲ့ ပြင်ပမှာ ရှိသလား? မရှိဘူး။ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်ဆိုတာလည်း ဘုန်းကြီးတို့ သာသနာတော်အတွင်းမှာသာ ရှိတယ်။ သာသနာပမှာ ရှိသလား? မရှိပါဘူး။ ဒီလောက် အဆင့်အတန်းမြင့်တယ်။

ဒီလောက် အဆင့်အတန်းမြင့်နေတဲ့ အသိထူး ဉာဏ်ထူးတွေကို ဆည်းပူး ရှာဖွေနေတဲ့ သူတော်ကောင်းတစ်ဦးက ဒကာ, ဒကာမတွေထံကို ချဉ်းကပ်တဲ့ အပိုင်းမှာ ပစ္စည်းလေးပါးကို မျှော်လင့်တောင့်တနေတဲ့ စိတ်နေစိတ်ထားကလေးဖြင့် မချဉ်းကပ်ကြစမ်းပါနဲ့။ လလျှင် ဥပမာရှိနေတဲ့ စိတ်နေစိတ်ထားဖြင့် ချဉ်းကပ်ပါ။ လသည် အမိုက်မှောင်ကို ပယ်ဖျောက်ပေးသလို၊ မိမိရဲ့ အလင်းရောင်ဖြင့် တစ်လောကလုံးကို ဖြန့်ကြက်ပေးသလို အလားတူပဲ သင်ချစ်သားတို့တစ်တွေ သင်ချစ်သမီးတို့တစ်တွေလည်း သတ္တဝါတွေရဲ့ သန္တာန်မှာ ကျရောက်နေတဲ့ ကိလေသာတည်းဟူသော အမိုက်မှောင်တွေကို ပယ်ဖျောက်ပေးလိုတဲ့ စိတ်ထားဖြင့် ဉာဏ်တည်းဟူသော လင်းရောင်ခြည်ကို ဖြန့်လျက် လလျှင် ပုံပမာရှိနေတဲ့ စိတ်နေစိတ်ထားဖြင့်သာ အမျိုးလေးပါးတို့ထံသို့ ချဉ်းကပ်ကြစမ်းပါ။

ဉာဏ်တည်းဟူသော အလင်းရောင်ကို ဖြန့်ကြက်တယ်ဆိုတာက ခုနက ပြောခဲ့တဲ့အတိုင်းပဲ။ ဒုက္ခသစ္စာကို မသိသေးတဲ့ ပုဂ္ဂိုလ်တွေကို ဒုက္ခသစ္စာကို သိအောင်၊ သမုဒယသစ္စာကို မသိသေးတဲ့ ပုဂ္ဂိုလ်တွေကို သမုဒယသစ္စာကို သိအောင်၊ နိရောဓသစ္စာကို မသိသေးတဲ့ ပုဂ္ဂိုလ်တွေကို နိရောဓသစ္စာကို သိအောင်၊ မဂ္ဂသစ္စာကို မသိသေးတဲ့ ပုဂ္ဂိုလ်တွေကို မဂ္ဂသစ္စာကို သိအောင် ဒီလို ဦးတည်ချက်ဖြင့်သာလျှင် ဒကာ, ဒကာမတွေထံကို ချဉ်းကပ်ကြစမ်းပါ ဆိုပြီးတော့ ဘုရားရှင်က လကို ပုံပမာဆောင်ပြီးတော့ ဟောထားတယ်နော်။

ဧည့်သည်နှင့် ပမာတူစွာ

နောက်တစ်ခုက နိစ္စနဝကာ = အမြဲတမ်း (အာဂန္တု) ဧည့်သည်စိတ်နေစိတ်ထားကလေး ရှိနေကြစမ်းပါတဲ့။

အာဂန္တုကော ဟိ ပဋိပါဋိယာ သမ္ပတ္တဂေဟံ ပဝိသိတွာ သစေ နံ ဃရသာမိကာ ဒိသွာ အမှာကံ ပုတ္တဘာတရော ဝိပ္ပဝါသံ ဂတာ ဧဝံ ဝိစရိံသူတိ အနုကမ္ပမာနာ နိသီဒါပေတွာ ဘောဇေန္တိ။ (သံ၊ဋ္ဌ၊၂၊၁၅၄-၁၅၅။)

အာဂန္တုကော = ဧည့်သည်အာဂန္တုသည်။ ပဋိပါဋိယာ = အိမ်စဉ်အားဖြင့်။ သမ္ပတ္တဂေဟံ = ဆိုက်ရောက်တဲ့အိမ်သို့။ ပဝိသိတွာ = ဝင်ရောက်၍။ နံ = ထိုအာဂန္တုဧည့်သည်ကို။ ဃရသာမိကာ = အိမ်ရှင်တို့က။ ဒိသွာ = တွေ့မြင်၍။ အမှာကံ = ငါတို့၏။ ပုတ္တဘာတရော = သားငယ် မောင်ငယ်တို့သည်။ ဝိပ္ပဝါသံ = ကွေကွင်း၍ ခွဲခွာနေရခြင်းသို့။ ဂတာ = ရောက်ရှိခဲ့ကြလေကုန်ပြီ။ ဧဝံ = ဤသို့လျှင်။ ဝိစရိံသု = လှည့်လည်ကျက်စားခဲ့ကြလေကုန်ပြီ။ ဣတိ = ဤသို့လျှင်။ အနုကမ္ပမာနာ = အစဉ်သနားစောင့်ရှောက်လိုသော စိတ်ထားဖြင့်။ နိသီဒါပေတွာ = ထိုင်စေ၍။ သစေ ဘောဇေန္တိ = အကယ်၍ ကျွေးမွေးကြကုန်သည် ဖြစ်ငြားအံ့။

ဧည့်သည်အာဂန္တုအဖြစ်နဲ့ အိမ်စဉ်လှည့်လည်ပြီး ဆိုက်ရောက်လာပြီ။ မိမိအိမ်ကို ဆိုက်ရောက်လာတဲ့ ဧည့်သည်တွေကို အိမ်ရှင်တွေက မြင်ပြီ။ မြင်လိုက်တဲ့အခါမှာ တို့သားတွေ တို့မောင်တွေ တို့နဲ့ ခွဲခွာနေရတာ ကြာပြီ။ တို့အိမ်သို့ ဆိုက်ရောက်လာပြီဆိုတဲ့ စိတ်ထားဖြင့် အစဉ်သနားစောင့်ရှောက်တဲ့ စိတ်ထားဖြင့် နေရာထိုင်ခင်းတွေ ပေးပြီးတော့ အကယ်၍များ ကျွေးမွေးကြမယ်ဆိုရင် ---

ဘုတ္တမတ္တောယေဝ တုမှာကံ ဘာဇနံ ဂဏှထာတိ ဥဋ္ဌာယ ပက္ကမတိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

ဘုတ္တမတ္တောယေဝ = စားပြီးကာမျှ၌ပင်လျှင်။ တုမှာကံ = သင်တို့၏။ ဘာဇနံ = အိုးခွက်ပန်းကန်ကို။ ဂဏှထ = ယူကြပေတော့။ ဣတိ = ဤသို့ ပြောဆို၍။ ဥဋ္ဌာယ = ထ၍။ ပက္ကမတိ = ဖယ်သွား၏။

ခဏခေတ္တလာတဲ့ဧည့်သည်က စားပြီးတာနဲ့ ဘာဖြစ်သလဲ? စားပြီးတာနဲ့ ကဲ - သင်တို့ရဲ့ ပန်းကန်တွေ ယူကြပေတော့ဆိုပြီးတော့ ချက်ချင်း နေရာက ထသွားတယ်။

န တေဟိ သဒ္ဓိံ သန္ထဝံ ဝါ ကရောတိ၊ န ကိစ္စကရဏီယာနိ ဝါ သံဝိဒဟတိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

တေဟိ = ထိုအိမ်ရှင်တို့နှင့်။ သဒ္ဓိံ = အတူတကွ။ သန္ထဝံ ဝါ = ပေါင်းဖော်ခြင်းကိုမူလည်း။ န ကရောတိ = မပြု။ ကိစ္စကရဏီယာနိ ဝါ = ပြုသင့်ပြုထိုက်တဲ့ အမှုကြီးငယ် အသွယ်သွယ်တို့ကိုလည်း။ န သံဝိဒဟတိ = စီမံခန့်ခွဲမှု မရှိပေ။

အိမ်ရှင်တို့နဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲမှုလည်း မရှိဘူး။ အိမ်ရှင်တွေမှာ ပြုသင့်ပြုထိုက်တဲ့ ကိစ္စကြီးငယ် အသွယ်သွယ်တွေ ရှိတယ်။ ဒီကိစ္စကြီးငယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဝင်ရောက် စီမံခန့်ခွဲမှုတွေ ဝင်မလုပ်ဘူး။

ဧဝံ တုမှေပိ ပဋိပါဋိယာ သမ္ပတ္တဃရံ ပဝိသိတွာ ယံ ဣရိယာပထေသု ပသန္နာ မနုဿာ ဒေန္တိ၊ တံ ဂဟေတွာ ဆိန္နသန္ထဝါ၊ တေသံ ကိစ္စကရဏီယေ အဗျာဝဋာ ဟုတွာ နိက္ခမထာတိ ဒီပေတိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

ဧဝံ = ဤသို့လျှင်။ တုမှေပိ = သင်ချစ်သားတို့ သင်ချစ်သမီးတို့သည်လည်းပဲ။ ပဋိပါဋိယာ = အိမ်စဉ်အားဖြင့်။ သမ္ပတ္တဃရံ = ဆိုက်ရောက်လာတဲ့ အိမ်သို့။ ပဝိသိတွာ = ဝင်၍။ ဣရိယာပထေသု = ဣရိယာပုထ်တို့၌။ ပသန္နာ = ကြည်ညိုကြကုန်သော။ မနုဿာ = လူဒကာ, ဒကာမတို့သည်။ ယံ = အကြင်လှူဖွယ်ဝတ္ထုကို။ ဒေန္တိ = ပေးလှူကြကုန်၏။ တံ = ထိုပေးလှူတဲ့လှူဖွယ် ဝတ္ထုကို။ ဂဟေတွာ = ယူဆောင်ကြကုန်၍။ ဆိန္နသန္ထဝါ = ပြတ်စဲသော ပေါင်းဖော်ခြင်း ရှိကြကုန်လျက်။ တေသံ = ထိုဒကာ, ဒကာမတို့၏။ ကိစ္စကရဏီယေ = ကိစ္စကြီးငယ် အသွယ်သွယ်၌။ အဗျာဝဋာ = ကြောင့်ကြမဲ့စိတ်ထား ရှိကြကုန်သည်။ ဟုတွာ = ဖြစ်ကြကုန်၍။ နိက္ခမထ = ထိုအိမ်မှ ထွက်ခွာကြပါကုန်လော့။ ဣတိ = ဤသို့။ ဒီပေတိ = ထင်ရှားပြတော်မူ၏။

ဘုရားရှင် ထားရှိစေချင်တဲ့ စိတ်ထားပဲ။ အမြဲတမ်း မိမိကိုယ်ကို ဧည့်သည် = အာဂန္တုကဲ့သို့ စိတ်ကလေး ထားစမ်းပါတဲ့။ ဧည့်သည် အာဂန္တုစိတ်ထားဖြင့် ဒကာ, ဒကာမတွေကို ချဉ်းကပ်ပါ။ ဧည့်သည်အာဂန္တုက အိမ်တစ်အိမ်ကို ဝင်ရောက်လာပြီဆိုရင် ကြည်ကြည်ဖြူဖြူနဲ့ ကျွေးမွေးတယ် ဆိုရင် စားပြီးတာနဲ့ ဒီအိမ်မှာ ရင်းရင်းနှီးနှီးနဲ့ ပေါင်းဖော်ခြင်း ဆက်ဆံခြင်း မပြုဘဲနဲ့ ကိစ္စကြီးငယ် အသွယ်သွယ်တွေလည်း ဝင်ရောက်ပြီး စီမံခန့်ခွဲမှု မပြုဘဲ ချက်ချင်း ထွက်ခွာသွားသလို သင်ချစ်သားတို့ သင်ချစ်သမီးတို့တစ်တွေသည်လည်း အိမ်စဉ်အတိုင်း ဆိုက်ရောက်လာတဲ့ အိမ်ကို အကယ်၍များ ဝင်ခဲ့မယ်ဆိုရင် ဣရိယာပုထ်တွေ၌ ကြည်ညိုနေတဲ့ ဒကာ, ဒကာမတွေက လှူဖွယ်ဝတ္ထုတစ်ခုခုကို လှူမယ်ဆိုရင် ထိုလှူတန်းတဲ့ လှူဖွယ်ဝတ္ထုကို ယူဆောင်ပြီးတော့ ဒီဒကာ, ဒကာမတွေနဲ့ ပေါင်းဖော်ခြင်းကို ဖြတ်တောက်လိုက်ပါ။ ဒီအိမ်မှာ လှူပြီးရင် ဒီအိမ်က ဒကာ, ဒကာမတွေနဲ့ ပေါင်းဖော်ခြင်းလုပ်ငန်း မပြုပါနဲ့။ ထိုဒကာ, ဒကာမတွေရဲ့ ကိစ္စကြီးငယ် အသွယ်သွယ်တွေ၌ ဝင်ရောက်ပြီးတော့ ကြောင့်ကြမှုတွေလည်း မလုပ်ပါနဲ့။ ကြောင့်ကြမဲ့တဲ့ စိတ်နေစိတ်ထားတွေနဲ့ ထိုအိမ်မှ ထွက်ခွာပါတဲ့။ ဒီလို ဘုရားရှင်က ညွှန်ကြားပေးတော်မူပါတယ်။

မှန်ကန်သော ဦးတည်ချက် နှစ်မျိုး

ဘာဖြစ်လို့လဲ? မိမိတို့ရဲ့ ဦးတည်ချက်က ဒီဒကာ, ဒကာမတွေနဲ့ ရောရောနှောနှော နေဖို့ သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြတာ ဟုတ်သလား? မဟုတ်ဘူး။ ဒါ တစ်ချက်နော်။ ဒကာ, ဒကာမတွေရဲ့ ကိစ္စကြီးငယ် အသွယ်သွယ်တွေကို ဆောင်ရွက်ပေးဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာကြတာ ဟုတ်ကြသလား? မဟုတ်ကြဘူး။ သို့သော် တချို့တချို့ ဒကာ, ဒကာမများက အသိဉာဏ် မရှိဘူး။ အသိဉာဏ်မရှိတော့ သူတို့ရဲ့ ကိစ္စကြီးငယ် အသွယ်သွယ်တွေကို ဝင်ရောက်ပြီး ဆောင်ရွက်ပေးမှ သူတို့က ကျေနပ်ကြတယ်။ အကယ်၍ သူတို့ရဲ့ ကိစ္စကြီးငယ် အသွယ်သွယ်ကို ဝင်ရောက်ပြီး ဆောင်ရွက်မပေးဘူးဆိုရင် ဒီဘုန်းကြီး စာမတတ်ဘူးနဲ့ တူတယ်တဲ့။ ဟုတ်သလား? ကိစ္စကြီးငယ် အသွယ်သွယ်ကို ဝင်ရောက်ပြီး ဆောင်ရွက်ပေးတဲ့ ဘုန်းကြီးဆိုရင်တော့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်နေတယ်။

တော်ကြာ နံပါတ်ကလေး ပေးလိမ့်မယ် ထင်တယ်။ တော်တော်ကြာ ယတြာ ဓာတ်ရိုက်ဓာတ်ဆင်ကလေးလည်း လုပ်ပေးလိမ့်မယ်နဲ့ တူတယ်။ တော်တော်ကြာ ဟိုကိစ္စ ဒီကိစ္စ စီးပွားရေးလေးတွေ တို့ကို အဆင်ပြေအောင် ဘာလုပ်ပေးလိမ့်မယ်၊ ညာလုပ်ပေးလိမ့်မယ်၊ ဒီမျှော်လင့်ချက်တွေနဲ့ ပေါင်းဖော် ဆည်းကပ်နေတာမျိုးကို ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။ ဘုရားရှင်က အင်မတန် ရွံရှာတော်မူပါတယ်။ ဘာဖြစ်လို့ ရွံသလဲ? သံသရာဝဋ်ဆင်းရဲဒုက္ခက ကျွတ်ချင် လွတ်ချင်လို့ဆိုတဲ့ ဦးတည်ချက်ဖြင့် သာသနာဘောင်ကို ဝင်ရောက်လာတဲ့ ရှင်ရဟန်းပြုတဲ့ ပုဂ္ဂိုလ်တွေကိုသာလျှင် ဘုရားရှင် က နှစ်ခြိုက်တယ်။ သာသနာတော်ကို မှီခိုကပ်ရပ်ပြီးတော့ အမြတ်ထုတ်မယ့် ပုဂ္ဂိုလ်တွေကို ဘုရားရှင်က နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။

သတ္တဝါတွေရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ရာဂ ဒေါသ မောဟ တည်းဟူသော ကိလေသာ အမိုက်မှောင်တွေကို ငါ ဖြိုခွဲပေးမယ်၊ ဉာဏ်တည်းဟူသော လင်းရောင်ခြည်တွေ သူတို့ သန္တာန်မှာ ဖြစ်ပေါ်လာအောင် ငါ ဖြန့်ကြက်ပေးမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့်သာလျှင် ဒကာ, ဒကာမတွေထံကို ချဉ်းကပ်စေချင်တယ်။ အဲဒီဦးတည်ချက်နှစ်ခု ဒကာကြီးတွေ စဉ်းစားကြည့်စမ်းပါ။ ဒကာ, ဒကာမတွေ စီးပွားရေးကောင်းအောင်, ချဲပေါက်အောင်, ယတြာ ဓာတ်ရိုက်ဓာတ်ဆင်တွေနဲ့ ကျန်းမာရေး ကောင်းအောင်, စီးပွားရေး ကောင်းအောင် ဆောင်ရွက်ပေးတယ်။ ဒီလုပ်ငန်းခွင် ရှိတယ်။ အဲဒီလုပ်ငန်းခွင်အတိုင်း သူဆောင်ရွက်ပေးလိုက်တိုင်း မိမိတို့က ကြီးပွားလာပြီ၊ တိုးတက်လာပြီ၊ ချမ်းသာလာပြီထား --- အဲဒီ စည်းစိမ်ဥစ္စာအပေါ်၌ ဒီဒကာ, ဒကာမသည် တွယ်တာမှု ရှိမလား, မရှိဘူးလား? ရှိနေတယ်။ အဲဒီတွယ်တာမှုတွေကို မစွန့်လွှတ်နိုင်ဘဲ ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရရင် ဒီသတ္တဝါ ဘယ်ရောက်မလဲ? သေခါနီးကာလ မရဏာသန္နဇောရဲ့ နေရာကို ဒီစွဲလမ်းချက်ဆိုတဲ့ လောဘဦးဆောင်နေတဲ့ ဇောတွေက နေရာယူသွားခဲ့မယ်ဆိုရင် အပါယ်လေးဘုံ တစ်ဘုံဘုံတော့ ကျိန်းသေ ရောက်မယ်။ (အာဒိတ္တပရိယာယသုတ္တန်၊ သံ၊၂၊၃၇၇-၃၇၉။)

အကယ်၍ ဒကာ, ဒကာမတွေထံကို ရဟန်းတော်တစ်ပါးက ချဉ်းကပ်လိုက်ပြီ။ ချဉ်းကပ်လိုက်တဲ့ အချိန်အခါမှာ ဒီဒကာ, ဒကာမတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ရာဂဆိုတဲ့ အမိုက်မှောင်တွေ, ဒေါသဆိုတဲ့ အမိုက်မှောင်တွေ, မောဟဆိုတဲ့ အမိုက်မှောင်တွေကို ငါ ပယ်ဖျောက်ပေးမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ဉာဏ်တည်းဟူသော အလင်းရောင်တွေ ဖြစ်ပေါ်လာအောင် ဖြန့်ကြက်ပေးတယ်။ ဉာဏ်တည်းဟူသော အလင်းရောင်တွေ ဖြစ်ပေါ်လာအောင် ဘယ်လို ဖြန့်ကြက်ပေးလဲ? သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ဖြူဖြူ စင်စင် ဖြည့်ကျင့်နိုင်အောင် သွန်သင်ပြသ ဆိုဆုံးမပေးတယ်။ သမာဓိကျင့်စဉ် တွေကို တကယ်လက်တွေ့ လိုက်နာကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်အောင် လက်ပူးလက်ကြပ် သေသေချာချာ စနစ်တကျ သွန်သင်ပြသ ဆိုဆုံးမ ပေးတယ်။

ဆိုဆုံးမပေးတော့ ထိုပုဂ္ဂိုလ် ထိုဒကာ, ဒကာမက ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် ဒီသမထကျင့်စဉ်တွေကို ကျင့်ကြံပွားများ အားထုတ်လိုက်လို့ စျာန်သမာဓိတွေအထိ ဆိုက်ခဲ့ပြီဆိုကြစို့ ... ထိုအချိန်အခါမှာ စျာန်သမာဓိတွေကို စနစ်တကျ ထူထောင်လို့ရနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စျာန်သမာဓိနဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်တွေ ထင်ရှား ရှိမနေဘူးလား? ရှိနေတယ်။ ယ္ခု အာနာပါနကမ္မဋ္ဌာန်း ရှုပွား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ နိမိတ်ကလေး ပေါ်လာပြီဆိုလို့ရှိရင် လင်းရောင်ခြည်တွေ ထွက်လာတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ နိမိတ်မပေါ်ခင် လင်းရောင် ခြည်ကလေးတွေ ထွက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ နိမိတ်ကလည်း ခိုင်ပြီ။ စတုတ္ထစျာန်လောက်အထိလည်း ပေါက်သွားပြီဆိုလို့ ရှိရင် လင်းရောင်ခြည်ကလေးတွေလည်း ခိုင်ခံ့မနေဘူးလား? ခိုင်ခံ့နေပြီ။ ဒီလင်းရောင်ခြည်တွေ ခိုင်ခံ့နေတော့ ဘာထူးသလဲလို့ မေးစရာ ရှိတယ်။ သမာဓိရဲ့ စွမ်းအင်သတ္တိနဲ့ ပတ်သက်ပြီး သမာဓိရဲ့ အကျိုးဂုဏ်အင် အာနိသင်တွေကို ငါးချက် ဖွင့်ထားပါတယ်နော်။

သမာဓိ၏ အကျိုးဂုဏ်အင် အာနိသင် ငါးမျိုး

၁။ ဒိဋ္ဌဓမ္မသုခဝိဟာရာနိသံသ (ဝိသုဒ္ဓိ၊၁၊၃၆၈။)

ရဟန္တာအရှင်မြတ်တွေက ဒီသမထဘာဝနာလုပ်ငန်းရပ်တွေကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ကြတယ်။ သုက္ခဝိပဿနာယာနိကရဟန္တာများ သို့မဟုတ် သုက္ခဝိပဿနာယာနိကမဟုတ်တဲ့ စျာနလာဘီရဟန္တာများ စျာန်ကို ဝင်စားကြတယ်။ ဘာလဲ? ဒိဋ္ဌဓမ္မသုခဝိဟာရ = မျက်မှောက်ဘဝ၌ စျာန်ချမ်းသာကလေးကို ခံစားချင်တဲ့ ဦးတည်ချက်ဖြင့်သာလျှင် စျာန်ကို ဝင်စားကြတယ်။ အဲဒီလို ဝင်စားခဲ့မယ်ဆိုရင် ထိုရဟန္တာမထေရ်မြတ်တွေအဖို့ ဒီစျာန်သမာဓိသည် ဒိဋ္ဌဓမ္မသုခဝိဟာရ အကျိုးအာနိသင် ရှိတယ်။ မျက်မှောက်ဘဝမှာ ချမ်းသာစွာ နေထိုင်ရခြင်းဆိုတဲ့ အကျိုးရှိတယ်။

နောက်တစ်ခုကတော့ ---

၂။ ဝိပဿနာနိသံသ (ဝိသုဒ္ဓိ၊၁၊၃၆၈။)

တချို့ပုဂ္ဂိုလ်တွေကျတော့ ဒီစျာန်ကို ဝိပဿနာရဲ့ အခြေပါဒကအဖြစ်နဲ့ ထူထောင်တယ်။

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၂၊၁၂။) (သံ၊၃၊သစ္စသံယုတ် သမာဓိသုတ္တန်၊ ၃၆၃။)

စသည်ဖြင့် သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် သမာဓိကို ထူထောင်ဖို့ ဘုရားရှင် တိုက်တွန်းထားသည့်အတိုင်း သစ္စာလေးပါးကို သိရေးအတွက် သမာဓိကို ထူထောင်တယ်။ ဒီသမာဓိတွေက အောင်မြင်ခဲ့ မယ်ဆိုလို့ရှိရင်လည်း ဒီသမာဓိရဲ့ စွမ်းအင်ကြောင့် ထိုအချိန်အခါမှာ ဉာဏ်အလင်းရောင်တွေက ဖြစ်ပေါ်မနေဘူးလား? ဖြစ်ပေါ်နေတဲ့ ဉာဏ်လင်းရောင်ခြည်ရဲ့ စွမ်းအားကြောင့် ဒုက္ခသစ္စာကို ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်၊ သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ဉာဏ်၊ နိရောဓသစ္စာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ဉာဏ်တွေ၊ မဂ္ဂသစ္စာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ ဉာဏ်တွေ ပေါ်လာပြီ ဆိုကြစို့။ ပေါ်လာလို့ရှိရင် ဒီသမာဓိသည် ဝိပဿနာပါဒက ဝိပဿနာနိသံသ = ဝိပဿနာဉာဏ်တည်းဟူသော အကျိုး ကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိတယ်။

၃။ အဘိညာနိသံသ (ဝိသုဒ္ဓိ၊၁၊၃၆၈။)

နောက်တစ်ခု --- တချို့တချို့ ပုဂ္ဂိုလ်တွေက အဘိညာဏ်တွေကို လိုလား တောင့်တခဲ့ကြတယ်။ အဘိညာဏ်ကို လိုလားတောင့်တခဲ့ရင် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို ဒိုးလိုမွှေ ရေလိုနှောက်ပြီးတော့မှ ကသိုဏ်း (၈)ပါး သမာပတ် (၈)ပါးတို့ကို (၁၄)မျိုးသော အခြင်းအရာဖြင့် ပွားများ အားထုတ်ရပါတယ်။ ပါရမီအားလျော်စွာ အဘိညာဏ်တွေ ရရှိခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်တို့၏ စျာန်သမာဓိသည် အဘိညာဏ်တည်းဟူသော အကျိုးကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိတယ်။ မြေလျှိုးမိုးပျံနိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။

၄။ ဘဝဝိသေသာနိသံသ (ဝိသုဒ္ဓိ၊၁၊၃၆၉။)

စျာန်သမာဓိတွေကို ခုလို စနစ်တကျ ထူထောင်လိုက်တယ်။ ကသိုဏ်း (၁၀)ပါး၊ သမာပတ် (၈)ပါး ပေါက်ပြီပဲ ထားပါတော့။ ထိုယောဂီသူတော်ကောင်းက သာသနာတော်အတွင်း ဖြစ်နေတဲ့အတွက် ကြိုက်ရာ စျာန်သမာပတ်တစ်ခုကို စနစ်တကျ ရွေးချယ်ခွင့် ရှိပါတယ်။ အဲဒီစျာန်ကို အမြတ်စား, အလတ်စား, အညံ့စား ပွားများထားနိုင်ပါတယ်။ ဆန္ဒ ဝီရိယ စိတ္တ ဝီမံသလို့ ခေါ်တဲ့ ဣဒ္ဓိပါဒ်လေးပါးက အဆင့်အတန်း အလွန် မြင့်နေခဲ့မယ်ဆိုရင်တော့ ဒီစျာန်ဟာ အမြတ်စားစျာန်လို့ ခေါ်တယ်။ ဒီဣဒ္ဓိပါဒ်လေးပါးက အလတ်တန်းစား ဖြစ်ခဲ့မယ်ဆိုရင် သူပွားများထားတဲ့ စျာန်က အလတ်စားစျာန်ပဲ။ ဒီဣဒ္ဓိပါဒ်လေးပါးက နည်းနည်းလေး အင်အားပျော့နေခဲ့ရင် ဒါ အညံ့စား စျာန်လို့ ခေါ်ပါတယ်။ အဲဒီစျာန်တွေကို ပွားများထားပြီ ဆိုကြပါစို့။ အဲဒီ အထဲမှာ အမြတ်စားစျာန်အဆင့်ကို ပွားနိုင်ခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်က ထိုစျာန်နဲ့ လျော်ညီနေတဲ့ အမြတ်စားဖြစ်တဲ့ ဗြဟ္မာ့ဘုံကို ရောက်နိုင်တဲ့ စွမ်းအား ရှိတယ်။ ဘယ်အခါမှာ ရှိသလဲလို့မေးရင် သေသည့်တိုင်အောင် ဒီစျာန်တွေက မလျှောကျဘူးဆိုလို့ရှိရင် ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်။ စျာန်နဲ့ လျော်ညီနေတဲ့ ဘုံတွေကို ရောက်နိုင်တယ်။ သို့သော် အရှင်ဒေဝဒတ်တို့လို မသေမီမှာ အကြောင်းအမျိုးမျိုးကြောင့် ဒီစျာန်တွေက လျှောကျသွားခဲ့မယ်ဆိုရင်တော့ ဗြဟ္မာ့ပြည်ကို သေသည့်အခြားမဲ့မှာတော့ မရောက်နိုင်ဘူး။ အကယ်၍ သေသည့်တိုင်အောင် စျာန်တွေက မလျှောကျခဲ့ဘူးဆိုရင်တော့ သေသည်၏ အခြားမဲ့မှာ ဗြဟ္မာ့ပြည် ရောက်နိုင်ပါတယ်။ ဗြဟ္မာ့ချမ်းသာဆိုတာက လူချမ်းသာ နတ်ချမ်းသာနဲ့ တိုင်းတာ နှိုင်းစာလိုက်မယ်ဆိုရင် လူချမ်းသာ နတ်ချမ်းသာက ကပ်ပါးလေးပဲ ဖြစ်ပါတယ်။ ဗြဟ္မာချမ်းသာက အလွန် ကြီးကျယ်တဲ့ သဘောရှိတယ်။

ခုနက ပြောသလိုပေါ့လေ ... ချဲနံပါတ်လေး ရလို့ ရရှိတဲ့ပိုက်ဆံနဲ့ ဗြဟ္မာစည်းစိမ်တွေကို ရရှိတဲ့ စည်းစိမ်ချမ်းသာတွေကို တိုင်းတာနှိုင်းစာကြည့်စမ်းပါ။ ဘယ်သင်းက အဆင့်မြင့်မလဲ? ဗြဟ္မာချမ်းသာက ပိုပြီး အဆင့်မြင့်တယ်။ ဉာဏ်တည်းဟူသော လင်းရောင်ခြည်ကို ထွက်ပေါ်လာအောင် ဖြန့်ကြက်ပေးခြင်းသည် ထိုအဖြန့်ကြက်ခံရတဲ့ ဒကာ, ဒကာမတွေရဲ့ သန္တာန်မှာ အကျိုးမရှိဘူးလား? ရှိတယ်။ ဒီတော့ ဒီဗြဟ္မာချမ်းသာကို လိုလားတောင့်တတဲ့ ပုဂ္ဂိုလ်သည် ရရှိခဲ့မယ်ဆိုရင်တော့ ဘဝဝိသေသာဝဟ = ဗြဟ္မာ့ဘုံဆိုတဲ့ ဘဝအထူးကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ ရွက်ဆောင်ပေးနိုင်တဲ့ အကျိုးအာနိသံသရှိတယ်ဆိုပြီး ဒါ သမာဓိရဲ့ အကျိုးကို ဖော်ပြထားတယ်။ ဒါက တစ်ခု။

၅။ နိရောဓာနိသံသ (ဝိသုဒ္ဓိ၊၁၊၃၆၉။)

နောက်တစ်မျိုး --- တချို့တချို့ ပုဂ္ဂိုလ်တွေကျတော့ နိရောဓသမာပတ် ဝင်စားချင်တယ်။ တလောက ယောဂီတစ်ယောက် ကျောင်းရောက်လာတယ်။ ထူးထူးခြားခြားပဲ။ ဝိပဿနာပိုင်းနဲ့ ပတ်သက်ပြီး သူက ကျေနပ်နေပြီ။ ဘာမှ ဆက်ပြီး အားမထုတ်ချင်တော့ဘူး။ သူ့ဝိပဿနာကို သူ ယုံကြည်တယ်။ကျေလည်းကျေနပ်တယ်..တဲ့။ ဒါပေမယ့် သူက နိရောဓသမာပတ် ဝင်စား လို့ မရဘူး။ သမာပတ် (၈)ပါး ရရှိတဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် နိရောဓ သမာပတ်ကို ဝင်စားလို့ရသည့်အတွက် သမာပတ် (၈)ပါးသက်သက်ကိုသာ ဒီဌာနမှာ လာပြီးသင်ယူမယ်ဆိုရင် သင်ပေးမလားတဲ့။ သူက မေးခွန်းတစ်ခု လာမေးတယ်။ ဘယ့်နှယ်လဲ ...ယောဂီတွေ ဘုန်းကြီးဘက်က ဘယ်လိုများ ပြန်ဖြေရမလဲ? အဆင့်က တော်တော်မြင့်နေတယ်။ မြင့်နေတဲ့အခါကျတော့ ဘုန်းကြီးဘက်ကလည်း သင်ပေးပါတယ်လို့ ဒီလောက်ပဲ ပြောလိုက်ပါတယ်။

ဒီမှာပြောချင်တဲ့အချက်ကတော့ --- တချို့တချို့ ပုဂ္ဂိုလ်တွေက နိရောဓသမာပတ်ကို ဝင်စားချင်ကြတယ်။ ဘယ်လိုပုဂ္ဂိုလ် ဝင်စားလို့ရသလဲဆိုတော့ အနာဂါမ်၊ ရဟန္တာအရှင်မြတ်တွေ ဖြစ်တယ်။ သမာပတ် (၈)ပါးကို ရရှိတော်မူတဲ့ အနာဂါမ်၊ ရဟန္တာအရှင်မြတ်သာ နိရောဓသမာပတ်ကို ဝင်စားလို့ရတယ်။ ဒီတော့ သူက နိရောဓသမာပတ်ကို ဝင်စားချင်တယ်ဆိုရင်တော့ သူ့အဆင့်က အနာဂါမ်၊ ရဟန္တာအဆင့် တစ်ခုခုတော့ ရရှိရမှာပေါ့။ ဒါ သူ့အပြော ပြောတာပါ။ တကယ် ဟုတ်,မဟုတ်ကိုတော့ ဆန်းစစ်တော့ မကြည့်တော့ပါဘူး။ ဒီတော့ စျာန်သမာပတ်တွေကို မရတဲ့အတွက် နိရောဓသမာပတ်ကို ဝင်စားလို့ မရတော့ သူက နိရောဓသမာပတ်ကို ပြန်ကျော့ပြီး တော့ လေ့လာချင်တယ်ဆိုပြီး ရောက်လာတဲ့ ပုဂ္ဂိုလ်ပဲ။ ကိုင်း ...ရှိစေတော့။

နိရောဓသမာပတ်က ဘယ်လို ဝင်စားသလဲလို့မေးတော့ ခုနက ကသိုဏ်း (၁၀)ပါးထဲက ကသိုဏ်းတစ်ပါးပါးကို အခြေခံတယ် ဆိုကြပါစို့။ ဥပမာ --- ပထဝီကသိုဏ်း ဆိုကြစို့။ ပထဝီကသိုဏ်းဝန်းကို အာရုံယူပြီးတော့ ပထမစျာန်ကို ဝင်စားတယ်။ ပထမစျာန်မှထပြီး ပထမစျာန် နာမ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ ဒုတိယစျာန်ကို ဝင်စားတယ်။ ဒုတိယစျာန်မှ ထပြီး ဒုတိယစျာန် နာမ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ အဲဒီနည်းစနစ်နဲ့ သမာပတ်တွေ ကို အစဉ်အတိုင်း ဝင်စားသွားလိုက်တာ ဝိညာဏဉ္စာယတနစျာန်ကို ဝိပဿနာရှုပြီးလို့ အဆုံး အာကိဉ္စညာယတနစျာန်ကို ဆက်လက်ပြီးတော့ ဝင်စားပြီ။ ဝင်စားပြီးသည်နှင့် တစ်ပြိုင်နက်တည်း ထိုယောဂီပုဂ္ဂိုလ်သည် ပြုသင့်ပြုထိုက်တဲ့ ပုဗ္ဗကိစ္စလေးပါး ပြုရပါတယ်။ ဘုရားရှင် ခေါ်တော်မူခဲ့ရင် သမာပတ်မှ ထပါစေ။ သံဃာက အလိုရှိခဲ့ရင် သမာပတ်မှ ထပါစေ။ နီးကပ်နေတဲ့ ကိုယ်နဲ့ ဆက်စပ်နေတဲ့ ပရိက္ခရာအသုံးအဆောင်တွေ ပျက်စီးမှု မရှိပါစေနဲ့။ မိမိ အဓိဋ္ဌာန်ထားတဲ့အတိုင်း (၇)ရက်ဆိုလျှင် (၇)ရက် စေ့သည့်အခါ ဒီသမာပတ်မှ ထပါစေဆိုပြီး ပုဗ္ဗကိစ္စလေးပါးကို ပြုလုပ်ရပါတယ်။ ပြုလိုက်ပြီးတာနဲ့ တစ်ခါတည်း နေဝသညာနာသညာယတနစျာန်ကို ဆက်လက် ဝင်စားလိုက်ခဲ့ရင် နေဝသညာနာသညာယတနစျာန်ဇော တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကျပြီး တာနဲ့ တစ်ပြိုင်နက်တည်း နိရောဓသမာပတ် ဆိုက်သွားတယ်။ ဒီလိုဆိုရင် ဒီသမာပတ်တွေသည် ဘာအကျိုးရှိသလဲ? နိရောဓသမာပတ်ဆိုတဲ့ အကျိုးကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိနေတယ်။ (ဝိသုဒ္ဓိ၊၂၊၃၄၄-၃၅၁။ နိရောဓသမာပတ္တိကထာ။)

ဒါ သမာဓိရဲ့ အကျိုးအာနိသံသ (၅)ခုပဲ။ အဲဒီ (၅)ခုထဲမှာ ယောဂီပုဂ္ဂိုလ်က မိမိရရှိချင်တဲ့ အကျိုးအာနိသံသကို ရွေးချယ်ခွင့် မရှိဘူးလား? ရှိပါတယ်။ ဒါကြောင့် သမာဓိကို တစ်ဖက်သတ် အပြစ်ပြောခြင်းသည် ကောင်းသလား? သိပ်တော့ မကောင်းဘူးနော်။ ဒါကြောင့် သမာဓိရှိနေတဲ့ ပုဂ္ဂိုလ်မှာ သမထဘာဝနာစိတ်နှင့် ယှဉ်တွဲနေတဲ့ စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်တွေ ရှိနေပြီ။ ထိုလင်းရောင်ခြည်ရှိနေတဲ့ ပုဂ္ဂိုလ်မှာ အကျိုးမရှိဘူးလား? ချဲပေါက်တာထက် အဲဒီအကျိုးတွေနဲ့ ဘယ်သင်းက ပိုကောင်းသလဲ? (သမာဓိ အကျိုးတွေက ပိုကောင်းပါတယ်) ဘုန်းကြီးအကြိုက် ပြောတာနဲ့ တူပါတယ်နော်။ ခုနေသာ ဘုန်းကြီးက ချဲနံပါတ်ပေးမယ်ဆိုရင် ဒကာကြီးတွေ ယူမလား, မယူဘူးလား? (မယူချင်ပါဘူးဘုရား။) ဒါလည်း ဘုန်းကြီးအကြိုက် ပြောတာပဲနဲ့ တူပါတယ်နော်။ ဟိုးနောက်က ဒကာမကြီးတွေကော? ယူကြမယ်နဲ့ တူပါတယ်နော်။ ဘုန်းကြီး မပေးတတ်ပါဘူး။ ပေးလည်း မပေးပါဘူးနော်။

ကဲ - ဒါ သမာဓိကြောင့် ရရှိတဲ့အကျိုး။ သမာဓိလင်းရောင်ခြည်။ ဒီထက် တစ်ဆင့်တက်ပြီး ဒီသမာဓိတွေကို အခြေခံပြီး ရုပ်တွေ နာမ်တွေကို သိအောင်၊ အကြောင်းတရား အကျိုးတရားတွေကို သိအောင်၊ အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို သိအောင် ဆက်လက်ပြီးတော့ သင်ပေးလိုက်ပြီ။ သင်ပေးလိုက်တဲ့အတိုင်း ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေကို သိပြီ။ ဝိပဿနာဉာဏ်တွေ ထိုသူတော်ကောင်းရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာပြီ။ ဖြစ်ပေါ်လာတဲ့ ဒီဝိပဿနာဉာဏ်ကြောင့်လည်း လင်းရောင်ခြည်တွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ အဲဒီ လင်းရောင်ခြည်ရှိနေတဲ့ သူတော်ကောင်းသည် ဝိပဿနာဉာဏ်ကို ရင့်ကျက်အောင်သာ လေ့ကျင့်ပါ။ မိမိရဲ့ ပါရမီအားလျော်စွာ မိမိမျှော်လင့်တောင့်တနေတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူးလား? ရနိုင်တယ်။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်သာ ရရှိခဲ့မယ်ဆိုရင် အပါယ်လေးဘုံမှ ကွင်းလုံးကျွတ် လွတ်မယ်။ သကဒါဂါမိမဂ်ဉာဏ်ကတော့ လူ့ဘုံဆိုတဲ့ ကာမသုဂတိဘုံမှာ တစ်ကြိမ်လောက်တော့ လာခွင့်ရှိပါတယ်။ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ထိ ဆိုက်ခဲ့မယ်ဆိုရင် ကာမ (၁၁)ဘုံမှ ကွင်းလုံးကျွတ် လွတ်မယ်။ အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်ထိ ဆိုက်ခဲ့မယ်ဆိုရင်တော့ (၃၁)ဘုံမှ ကွင်းလုံးကျွတ် မလွတ် ဘူးလား? လွတ်သွားမယ်။

ဒါကြောင့် ဒီလင်းရောင်ခြည်ကို ဖြန့်ကြက်ပေးခြင်းသည် အဖြန့်ကြက်ခံရတဲ့ သူတော်ကောင်းသန္တာန်၌ အလွန်ကြီးကျယ်မြင့်မြတ်နေတဲ့ အကျိုးတရားတွေ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ အဲဒီအကျိုးတရားမျိုးကိုတော့ ဘုရားရှင် က ပေးစေချင်ပါတယ်နော်။ သစ်သီးလေး ပေးလိုက်၊ ပန်းလေး ပေးလိုက်၊ ယတြာ ဓာတ်ရိုက်ဓာတ်ဆင်လေး ပေးလိုက်၊ ချဲနံပါတ်လေး ပေးလိုက်နဲ့ ဒီလို ပုံစံမျိုးကို ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။ ဒါကြောင့် ဒကာ, ဒကာမတွေရဲ့ ကိစ္စကြီးငယ် အသွယ်သွယ်၌ ကြောင့်ကြစိုက်ပြီးတော့ ဒကာ, ဒကာမတွေနဲ့ ရောရောနှောနှော နေထိုင်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ဘုရားရှင် မနှစ်ခြိုက်ဘူး။ လနဲ့ ဥပမာတူနေတဲ့ စိတ်နေစိတ်ထားဖြင့်သာလျှင် သာသနာတော်မှာ နေထိုင်ပါ။ ဒီလို ဘုရားရှင်က အဆုံးအမ ပေးသနားတော်မူပါတယ်။ ဒီနေရာမှာ ---

မထေရ်ညီနောင် နှစ်ပါး

ဣမဿ ပန နိစ္စနဝကဘာဝဿ အာဝိဘာဝတ္ထံ ဒွေဘာတိကဝတ္ထု ကထေတဗ္ဗံ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

ဣမဿ ပန နိစ္စနဝကဘာဝဿ = ဤအမြဲတမ်း အာဂန္တုက ဧည့်သည်သဖွယ် ဖြစ်၍နေသော စိတ်ထားဖြင့် နေရခြင်း၏။ အာဝိဘာဝတ္ထံ = သဘောတရားကို ထင်ရှားပြခြင်းငှာ။ ဒွေဘာတိကဝတ္ထု = ဒွေဘာတိက အမည်ရတဲ့ ညီနောင်မထေရ်နှစ်ပါးတို့ရဲ့ဝတ္ထုကို။ ကထေတဗ္ဗံ = ဤနေရာ၌ ပြောဆိုသင့် ပြောဆိုထိုက်ပေ၏။

ညီအစ်ကို ရဟန်းတော်နှစ်ပါး ရှိကြပါတယ်။ အာဂန္တု ဧည့်သည်အဖြစ် နေထိုင်ပုံနဲ့ ပတ်သက်ပြီး ဘယ်လို နေထိုင်သင့်တယ်ဆိုတဲ့ သဘောတရားကလေးတွေ ပေါ်လွင်ဖို့ရာအတွက် ညီနောင်မထေရ်နှစ်ပါးတို့ရဲ့ ဝတ္ထုကလေးကို ဒီနေရာမှာ ပြောပြသင့်တယ်တဲ့နော်။

ဝသာဠနဂရဂါမတော ကိရ ဒွေ ဘာတိကာ နိက္ခမိတွာ ပဗ္ဗဇိတာ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

ဝသာဠနဂရဂါမတော = ဝသာဠနဂရအမည်ရတဲ့ ရွာမှ။ ဒွေ ဘာတိကာ = ညီအစ်ကိုနှစ်ယောက်တို့သည်။ နိက္ခမိတွာ = အိမ်ရာတည်ထောင် လူ့ဘောင်မှ ထွက်ခွာကြ၍။ ပဗ္ဗဇိတာ = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုလာကြလေကုန်၏။

ဝသာဠနဂရဂါမဆိုတဲ့ရွာက ညီအစ်ကိုနှစ်ယောက် သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြပြီ။

တေ စူဠနာဂတ္ထေရော စ မဟာနာဂတ္ထေရော စာတိ ပညာယိံသု။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

တေ = ထိုညီနောင်နှစ်ပါးတို့သည်။ စူဠနာဂတ္ထေရော စ = စူဠနာဂမထေရ်ဟူ၍လည်းကောင်း။ မဟာနာဂတ္ထေရော စ = မဟာနာဂမထေရ်ဟူ၍ လည်းကောင်း။ ဣတိ = ဤသို့။ ပညာယိံသု = သာသနာတော်၌ ထင်ရှားတော်မူကြလေကုန်၏။

ထိုမထေရ်နှစ်ပါးသည် စူဠနာဂမထေရ်၊ မဟာနာဂမထေရ်ဆိုပြီး သာသနာတော်မှာ ထင်ရှားတယ်တဲ့။

တေ စိတ္တလပဗ္ဗတေ တိံသ ဝဿာနိ ဝသိတွာ အရဟတ္တံ ပတ္တာ မာတရံ ပဿိဿာမာတိ အာဂန္တွာ ဝသာဠနဂရဝိဟာရေ ဝသိတွာ ပုနဒိဝသေ မာတုဂါမံ ပိဏ္ဍာယ ပဝိသိံသု။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

တေ = ထိုညီအစ်ကိုနှစ်ပါးတို့သည်။ စိတ္တလပဗ္ဗတေ = စိတ္တလတောင်ကျောင်း၌။ တိံသ ဝဿာနိ = နှစ်သုံးဆယ်တို့ကာလပတ်လုံး။ ဝသိတွာ = သီတင်းသုံးတော်မူကြပြီးနောက်။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ ပတ္တာ = ဆိုက်ရောက်တော်မူကြကုန်သည်ဖြစ်၍။ မာတရံ = မယ်တော်အား။ ပဿိဿာမ = တွေ့မြင်ကြကုန်အံ့။ ဣတိ = ဤသို့ နှလုံးပိုက်၍။ အာဂန္တွာ = ကြွလာတော်မူကြလေကုန်၍။ ဝသာဠနဂရဝိဟာရေ = ဝသာဠနဂရရွာကျောင်းတိုက်၌။ ဝသိတွာ = သီတင်းသုံးတော်မူကြကုန်၍။ ပုနဒိဝသေ = နောက်တစ်နေ့၌။ မာတုဂါမံ = မိခင်ရှိတဲ့ ရွာအတွင်းသို့။ ပိဏ္ဍာယ = ဆွမ်းအလို့ငှာ။ ပဝိသိံသု = ကြွဝင်တော်မူကြလေကုန်၏။

တိဿစေတီတော် သမိုင်းအကျဉ်းချုပ်

သီဟိုဠ်ကျွန်းမှာ ထင်ရှားတဲ့ စိတ္တလတောင်ကျောင်းဆိုတဲ့ တောင်ကျောင်းတစ်ခု ရှိခဲ့ဖူးပါတယ်။ တစ်ချိန်က ရဟန္တာမထေရ်မြတ်ပေါင်း (၁၂၀၀၀)တို့ သီတင်းသုံးပြီးတော့ ကမ္မဋ္ဌာန်းတရားတွေကို ကျင့်ကြံကြိုးကုတ် အားထုတ်သွားတဲ့ ကျောင်းတိုက်ကြီးတစ်ခုလို့ စာမှာတော့ ဖော်ပြထားပါတယ်။ မျက်မှောက်ခေတ် အချိန်မှာကတော့ ကျောင်းတိုက်တွေ မရှိတော့ဘဲ ထောင်ပေါင်းများစွာသော ဂူကလေးတွေအသွင်နဲ့သာ တည်ရှိနေတဲ့ တောကျောင်းတစ်ခု ဖြစ်ပါတယ်။ တိဿစေတီဆိုတဲ့ စေတီတော်တစ်ဆူလည်း ထင်ထင်ရှားရှား တည်ရှိနေပါသေးတယ်။ သားရဲတိရစ္ဆာန်တွေ အလွန်ပေါများ နေတဲ့ တောတောင်ထူထပ်တဲ့ ဒေသတစ်ခုပဲ။ လူတို့ဒေသနဲ့ အနည်းဆုံး ၄, ၅, ၆-မိုင်ခန့် ကွာဝေးနေတဲ့ တောကြီးထဲမှာ တည်ရှိနေပါတယ်။

ဒီနေရာမှာ စကားစပ်မိတဲ့အတွက် တိဿစေတီတော်အကြောင်းကို အနည်းငယ် ပြောလိုပါတယ်။ တိဿစေတီတော်ဆိုတာကတော့ ရဟန္တာ ဖြစ်တော်မူသော တိဿ ရှင်သာမဏေ၏ ဓာတ်တော်များကို ဌာပနာ၍ တည် ထားကိုးကွယ်ထားသော စေတီတော်တစ်ဆူ ဖြစ်ပါတယ်။ ရှေးရှေးပညာရှိ သူတော်ကောင်းတို့ဟာ နဝကမ္မခေါ်တဲ့ သာသနာတော်၌ ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းရပ်အမှုသစ်တွေကို ပြုလုပ်ကာ မိမိတို့ သန္တာန်၌ ဖြစ်ပေါ်နေတဲ့ ကာမ ဝိတက်စတဲ့ ကြံစည်စိတ်ကူးမှု အမျိုးမျိုးတွေကို ပယ်ဖျောက်တော်မူကြတဲ့ ထုံးဟောင်းတစ်ရပ်ကို မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ဝိတက္ကသဏ္ဌာနသုတ္တန် အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၃၉၅။)မှာ ဖော်ပြထားပါတယ်။

တစ်ချိန်တုန်းက တိဿအမည်ရှိတဲ့ ရှင်သာမဏေတစ်ပါးဟာ သီဟိုဠ်ကျွန်းမှာ တစ်ချိန်က အလွန်ထင်ရှားကျော်ကြားတော်မူခဲ့ဖူးတဲ့ တိဿမဟာဝိဟာရကျောင်းတိုက်ကြီးမှာ ဥပဇ္ဈာယ်ဆရာ မထေရ်မြတ်ကြီးနှင့်အတူ သီတင်းသုံး နေထိုင်ခဲ့ပါတယ်။ တိဿမဟာဝိဟာရကျောင်းတိုက်ဆိုတာ တစ်ချိန်က ရဟန္တာမထေရ်မြတ်ပေါင်း သောင်းနှင့်ချီ သီတင်းသုံးတော်မူခဲ့ဖူးတဲ့ ကျောင်းတိုက်ကြီးတစ်ခု ဖြစ်ပါတယ်။ တစ်ချိန်မှာ တိဿ သာမဏေဟာ သာသနာတော်မှာ မပျော်မွေ့ဘဲ ငြီးငွေ့လာတဲ့အကြောင်းကို ဥပဇ္ဈာယ်ဆရာ တော်အား တင်ပြလျှောက်ထားခဲ့ပါတယ်။ အဲဒီအခါမှာ တိဿ သာမဏေကို ဥပဇ္ဈာယ်ဆရာတော်က --- ဒီ တိဿမဟာဝိဟာရကျောင်းမှာ ချိုးရေရဖို့ရန် ခက်ခဲတယ်ကွယ်၊ ဒါကြောင့် ငါ့ကို ခေါ်ဆောင်ပြီး စိတ္တလတောင်ကျောင်းကို သွားပါဟု အမိန့်ရှိတော်မူလိုက်ပါတယ်။ ဒီလို အမိန့်ရှိလိုက်တဲ့အခါ ရှင်သာမဏေကလည်း ဆရာဥပဇ္ဈာယ် အမိန့်ရှိတဲ့အတိုင်း လိုက်နာပြုကျင့် ဆောင်ရွက်ပေးလိုက်ပါတယ်။ စိတ္တလတောင်ကျောင်းကို ဆရာတပည့် နှစ်ပါး တို့ ရောက်ရှိသွားကြတဲ့အခါ ဥပဇ္ဈာယ်ဆရာတော်က ထပ်မံ အမိန့်ရှိပြန်တယ်။ အေး ... ဒီ စိတ္တလတောင်ကျောင်းကတော့ သံဃိကစစ်စစ် ဖြစ်တယ်ကွယ်၊ ငါ့အတွက် ပုဂ္ဂလိကနေရာတစ်ခုလောက် စီမံဆောင်ရွက်ပေးပါ။ဟု ထပ်မံ အမိန့်ရှိပြန်တယ်။ အဲဒီအခါမှာလည်း တိဿ ကိုရင်ကလေးက သာဓု ဘန္တေ = ကောင်းပါပြီ အရှင်ဘုရားဟု တင်ပြလျှောက်ထားကာ လိုဏ်ဂူ တစ်ခုကို သပ္ပါယ မျှမျှတတ နေလို့ရအောင် စတင်ကာ ဆောင်ရွက်ပေးပါတယ်။ ဥပဇ္ဈာယ်ဆရာတော်ကလည်း တိဿသာမဏေကို တေဇောကသိုဏ်း ပွားများအားထုတ်ပုံတွေကိုလည်း သင်ပြပေးတော်မူပါတယ်။ သံယုတ္တနိကာယ် ကိုလည်း စတင် သင်ကြားပေးတော်မူပါတယ်။ သံယုတ္တနိကာယ်ဆိုတာကတော့ ဝိပဿနာရှုကွက်တွေကို ပြည့်ပြည့်စုံစုံ ရှုကွက်စုံအောင် ဟောကြားထား တော်မူတဲ့ ဒေသနာတော်တွေ ဖြစ်ကြပါတယ်။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက (အကြမ်း) သုခုမ (အနု) ဟီန (အယုတ်) ပဏီတ (အမြတ်) ဒူရ (အဝေး) သန္တိက (အနီး) ဆိုတဲ့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေကို ရှုထောင့်အမျိုးမျိုးမှ ဝိပဿနာ ရှုပွားသုံးသပ်ပုံတွေကိုလည်း ထိုနိကာယ်မှာ ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူခဲ့ပါတယ်။

တစ်ဖန် နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်တစ်လျှောက်လုံးမှာလည်း အင်္ဂုတ္တိုရ် ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၄။)မှာ ဟောကြားထားတော်မူသည့်အတိုင်း သမုဒယသစ္စာ အမည်ရတဲ့ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ရှုထောင့်အမျိုးမျိုးမှ ဝိပဿနာ ရှုပွား သုံးသပ်ပုံတွေကိုလည်း သာဝကတို့၏ အလိုအကြိုက် အဇ္ဈာသယဓာတ်နှင့် အညီ ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူခဲ့ပါတယ်။

အဲဒီ သံယုတ္တနိကာယ် တစ်ခုလုံးကိုလည်း တိဿ သာမဏေအား ဥပဇ္ဈာယ်ဆရာတော်က သင်ကြားပေးတော်မူပါတယ်။ ရှေးတုန်းကတော့ ဆရာသမားက နှုတ်တိုက်ချပေးတယ်၊ တပည့်ကလည်း နှုတ်တိုက်သင်ယူရတဲ့ စနစ်မျိုး ဖြစ်ပါတယ်။ ဒီလို နှုတ်တိုက်သင်ယူနိုင်တဲ့အတွက် ခန္ဓာ ၅-ပါးနည်း, အာယတန ၁၂-ပါးနည်း, ဓာတ် ၁၈-ပါးနည်း, ပဋိစ္စသမုပ္ပါဒ်နည်း, သစ္စာ ၄-ပါးနည်း စတဲ့ ဝိပဿနာရှုနည်းအဖုံဖုံတွေကို နှုတ်တိုက် အာဂုံ သင်ယူ ထားပြီး ဖြစ်နေပါတယ်။

တစ်နေ့မှာတော့ ဆရာဥပဇ္ဈာယ်အတွက် မျှမျှတတ သီတင်းသုံးနိုင်ဖို့ရာ စီမံဆောင်ရွက်နေတဲ့ လိုဏ်ဂူပြုပြင်ရေးလုပ်ငန်းတစ်ခုလည်း ပြီးစီးအောင်မြင်သွားပြီဖြစ်တယ်။ အပ္ပနာစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် တေဇောကသိုဏ်း ဘာဝနာ လုပ်ငန်းရပ်ကို ပြန်လည်ပွားများအားထုတ်ပုံ အစီအရင်လည်း ပြီးစီးအောင်မြင်သွားပြီ ဖြစ်တယ်။ သံယုတ္တနိကာယ်တစ်ခုလုံးကို နှုတ်တက်အာဂုံ သင်ယူခြင်းကိစ္စလည်း ပြီးစီးအောင်မြင်သွားပြီဖြစ်တယ်။ အဲဒီအခါမှာ လိုဏ်ဂူပြုပြင်ရေးကိစ္စ ပြီးဆုံးသွားပြီ ဖြစ်ကြောင်းကို ဥပဇ္ဈာယ်ဆရာတော်အား တင်ပြလျှောက်ထားလိုက်ပါတယ်။

အဲဒီအချိန်အခါမှာ ဥပဇ္ဈာယ်ဆရာတော်က ဘာအမိန့်ရှိသလဲ -

ဒုက္ခေန တေ သာမဏေရ လေဏံ ကတံ၊ အဇ္ဇ တာဝ တွံယေဝ ဝသာဟီတိ အာဟ။ (မ၊ဋ္ဌ၊၁၊၃၉၅။)

သာမဏေရ = သာမဏေ ...။ တေ = သင်သည်။ ဒုက္ခေန = ပင်ပင် ပန်းပန်း ဆင်းဆင်းရဲရဲဖြင့်။ လေဏံ = လိုဏ်ဂူကို။ ကတံ = ပြုစီရင်အပ်ခဲ့ပြီး လေပြီ။ အဇ္ဇ = ယနေ့။ တာဝ = ရှေးဦးစွာ။ တွံယေဝ = သင်ကိုယ်တိုင်ပင်လျှင်။ ဝသာဟိ = သီတင်းသုံးနေထိုင်ပါဦး။ ဣတိ = ဤသို့။ အာဟ = မိန့်ကြားတော်မူ လိုက်လေပြီ။

ကဲ - ကိုရင် ... မင်းကိုယ်တိုင် ပင်ပင်ပန်းပန်းဖြင့် ပြုပြင်စီရင် ဆောင်ရွက်ခဲ့ရတဲ့ လိုဏ်ဂူတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် မင်းကိုယ်တိုင်ပဲ ခေါင်ဆုံးစတင်ပြီး သီတင်းသုံးပေးပါ။ ဒီလို ဥပဇ္ဈာယ်ဆရာက အမိန့်ရှိလိုက်တယ်။

သော တံ ရတ္တိံ လေဏေ ဝသန္တော ဥတုသပ္ပါယံ လဘိတွာ ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တံ ပတွာ တတ္ထေဝ ပရိနိဗ္ဗာယိ။ (မ၊ဋ္ဌ၊၁၊၃၉၅။)

သော = ထိုရှင်သာမဏေသည်။ တံ ရတ္တိံ = ထိုညဉ့်ပတ်လုံး။ ဝသန္တော = သီတင်းသုံးတော်မူခဲ့သည်ရှိသော်။ ဥတုသပ္ပါယံ = မျှတသော ဥတုသပ္ပါယကို။ လဘိတွာ = ရရှိသည်အတွက်ကြောင့်။ ဝိပဿနံ = ဝိပဿနာဉာဏ်ကို။ ဝဍ္ဎေတွာ = ဉာဏ်စဉ်အတိုင်း အဆင့်ဆင့်တိုးပွားအောင် ကြိုးစားအပ်သည် ရှိသော်။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ ပတွာ = ဆိုက်ရောက်တော်မူ၍။ တတ္ထေဝ = ထိုလိုဏ်ဂူအတွင်း၌ပင်လျှင်။ ပရိနိဗ္ဗာယိ = ပရိနိဗ္ဗာန်စံတော်မူခဲ့လေပြီ။

ကိုရင်တိဿဟာ အဲဒီည တစ်ညလုံး လိုဏ်ဂူအတွင်းမှာ သီတင်းသုံးကြည့်လိုက်တော့ ဥတုသပ္ပါယ သိပ်မျှတနေတာ တွေ့ရတယ်။ ဥတုသပ္ပါယ မျှတမှုကို မှီဝဲရတဲ့အတွက် မိမိ ရရှိထားပြီးဖြစ်တဲ့ တေဇောကသိုဏ်း ဘာဝနာ လုပ်ငန်းရပ်ကို ပြန်လည်ပွားများအားထုတ်လိုက်တဲ့အခါ လွယ်လွယ်ကူကူနဲ့ အပ္ပနာစျာန်သမာဓိသို့ ပြန်လည်ဆိုက်ရောက်ခဲ့ပါတယ်။ သမာဓိရှိတဲ့ ရဟန်းဟာ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင် သစ္စသံယုတ် သမာဓိသုတ္တန် (သံ၊၃၊၃၆၃။)၌ ဟောကြားထားတော်မူသည့်အတိုင်း မိမိ ရရှိထားပြီးတဲ့ စျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ---

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ-စတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လည်းကောင်း၊

၂။ သမုဒယသစ္စာ အမည်ရတဲ့ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကိုလည်းကောင်း၊

ဤ သင်္ခါရတရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးတော့ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာဉာဏ်စဉ် အတိုင်း အဆင့်ဆင့် ကြိုးစားအားထုတ်တော်မူလိုက်ရာ နောက်ဆုံး အဲဒီ ညမှာပဲ, အဲဒီလိုဏ်ဂူအတွင်းမှာပဲ အရဟတ္တဖိုလ် ဆိုက်ရောက်တော်မူပြီးနောက် ပရိနိဗ္ဗာန် စံလွန်သွားတော်မူခဲ့ပါတယ်။

ပရိနိဗ္ဗာန်စံပြီးတော့ ဘာလုပ်ကြသလဲ။

တဿ ဓာတုယော ဂဟေတွာ စေတိယံ အကံသု။ အဇ္ဇာပိ တိဿတ္ထေရစေတိယန္တိ ပညာယတိ။

တဿ = ထိုရဟန္တာ ဖြစ်တော်မူသော တိဿရှင်သာမဏေ၏။ ဓာတုယော = ဓာတ်တော်တို့ကို။ ဂဟေတွာ = ယူဆောင်ကြ၍။ စေတိယံ = စေတီ ကို။ အကံသု = ပြုကြလေကုန်ပြီ။ အဇ္ဇာပိ = ယနေ့၌လည်းပဲ။ တိဿတ္ထေရစေတိယန္တိ = တိဿတ္ထေရစေတီဟူ၍။ ပညာယတိ = ထင်ရှားတည်ရှိနေပေ ၏။

ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည့်အခါ ဓာတ်တော်တို့ကို ယူဆောင်ကာ စေတီတည်ထားကိုးကွယ်ကြပါတယ်။ ယနေ့အထိ စိတ္တလတောင်ကျောင်း အတွင်းမှာ တိဿစေတီတော်ဆိုပြီးတော့ ထင်ရှားတည်ရှိနေပါသေးတယ်။ဒါကတော့ တိဿစေတီတော်ရဲ့ သမိုင်းအကျဉ်းချုပ်ဖြစ်ပါတယ်။

ယခု မထေရ်ညီနောင် နှစ်ပါးတို့ရဲ့ ဝတ္ထုဇာတ်ကြောင်းကို ပြန်ဆက်ကြရအောင် --

မထေရ်ညီနောင် နှစ်ပါးတို့ဟာ အဲဒီ စိတ္တလတောင်ကျောင်းမှာ အနှစ် သုံးဆယ်ကျော်တို့ကာလပတ်လုံး သီတင်းသုံးပြီးတော့ --- တစ်နေ့ အရဟတ္တဖိုလ် ဆိုက်သွားကြပြီ။ အရဟတ္တဖိုလ်ဆိုက်အောင် နှစ်ပေါင်းဘယ်လောက် အားထုတ်ရသလဲ? (နှစ်သုံးဆယ်ပါ ဘုရား ...) ဒကာကြီးတွေ ဒကာမကြီးတွေ တရားအားထုတ်တာ ဘယ်နှစ်နှစ် ရှိပြီလဲ? စိတ်နေစိတ်ထား ပျော့ညံ့လွန်းလို့ ဘုန်းကြီးက ပြောတာပါ။

နှစ်ပေါင်းသုံးဆယ်လောက် ဒီတရားကို အပြင်းအထန် အားထုတ်ပြီးတော့ အရဟတ္တဖိုလ် ဆိုက်သွားကြပြီ။ ဆိုက်ပြီးတော့ တို့မယ်တော်ကိုတော့ သွားပြီး ကြည့်ရှုကြစို့။ ညီအစ်ကိုနှစ်ပါး တိုင်ပင်ကြတယ်။ တိုင်ပင်ပြီးတော့ ကြွလာတယ်။ မယ်တော်ရှိတဲ့ ဝသာဠနဂရရွာမှာလည်း ရွာကျောင်းတစ်ခု ရှိပါတယ်။ ထိုရွာကျောင်းမှာ သီတင်းသုံးပြီးတော့ နောက်တစ်နေ့ မယ်တော်ရှိတဲ့ ရွာထဲကို ဆွမ်းခံကြွကြတယ်။ ဆွမ်းခံကြွလိုက်တော့ ဘာဖြစ်လာလဲ?

မာတာပိ ဥဠုင်္ကေန ယာဂုံ နီဟရိတွာ တေသံ ဧကဿ ပတ္တေ အာကိရိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

မာတာပိ = မယ်တော်သည်လည်းပဲ။ ဥဠုင်္ကေန = ဇွန်းယောက်မဖြင့်။ ယာဂုံ = ယာဂုကို။ နီဟရိတွာ = ထုတ်ဆောင်၍။ တေသံ = ထိုမထေရ်နှစ်ပါး တို့တွင်။ ဧကဿ = မထေရ်တစ်ပါး၏။ ပတ္တေ = သပိတ်တွင်း၌။ အာကိရိ = လောင်းလှူခဲ့လေပြီ။

ဥဠုင်္ကကတော့ ယောက်ချိုဇွန်းပဲ။ အုန်းမှုတ်နဲ့ ပြုလုပ်ထားတယ်။ ရှေးတုန်းကတော့ ဇွန်းကလေးတွေအဖြစ် အသုံးပြုပုံရတယ်။ အဲဒီအုန်းမှုတ်ခွက်တစ်ခုနဲ့ ပြုလုပ်ထားတဲ့ ဇွန်းဆိုတော့ တော်တော်ကြီးပုံ ရပါတယ်။ ဇွန်းထဲ မှာ ယာဂုတွေ အပြည့်ထည့်ပြီးတော့ မထေရ်တစ်ပါးရဲ့ သပိတ်ထဲ လောင်းလှူ လိုက်တယ်။

တဿာ တံ ဩလောကယမာနာယ ပုတ္တသိနေဟော ဥပ္ပဇ္ဇိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

တံ = ထိုမထေရ်ကို။ ဩလောကယမာနာယ = ကြည့်ရှုနေသော။ တဿာ = ထိုမယ်တော်၏ သန္တာန်၌။ ပုတ္တသိနေဟော = သားဟူသော ချစ်မြတ်နိုးခြင်းသည်။ ဥပ္ပဇ္ဇိ = ထင်ရှားဖြစ်ပေါ်၍ လာခဲ့ပေသည်။

မယ်တော်ကလည်း ဒီယာဂုဆွမ်းကို အလှူခံနေတဲ့ ရဟန်းတော်ကို ကြည့်လိုက်တဲ့ အချိန်အခါမှာ သားဟူသော ချစ်ခြင်း ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတော့ --- ဘာပြောလဲ?

အထ နံ မာတာ အာဟ -- တွံ တာတ မယှံ ပုတ္တော မဟာနာဂေါတိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

အထ = ထိုအခါ။ နံ = ထိုမထေရ်ကို။ မာတာ = မယ်တော်က။ အာဟ = မေးမြန်းလျှောက်ထားလေပြီ။

မယ်တော်က မေးကြည့်တယ်။ ဘယ်လိုလဲ?

တွံ တာတ မယှံ ပုတ္တော မဟာနာဂေါတိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

တာတ = ချစ်သား။ တွံ = သင်သည်။ မယှံ = ငါ၏။ မဟာနာဂေါ = မဟာနာဂအမည်ရှိသော။ ပုတ္တော = သားလေလောဟု။ ဣတိ = ဤသို့။ အာဟ = မေးမြန်းလေ၏။

ချစ်သား ...သင်ဟာ ငါ့ရဲ့သား မဟာနာဂလေလားလို့ မေးကြည့်တယ်။ မေးကြည့်လိုက်တော့ ---

ထေရော ဥပါသိကံ အာဟ -- ပစ္ဆိမံ ထေရံ ပုစ္ဆ ဥပါသိကေတိ ဝတွာ ပက္ကာမိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

ထေရော = မဟာနာဂမထေရ်သည်။ ဥပါသိကံ အာဟ = ဥပါသိကာ ဒါယိကာမကြီးအား ပြောဆိုလေ၏။ ပစ္ဆိမံ = နောက်ကလိုက်လာတဲ့။ ထေရံ = မထေရ်ကို။ ပုစ္ဆ = မေးမြန်းလေလော့။ ဥပါသိကေ = ဥပါသိကာ ဒကာမကြီး။ ဣတိ = ဤသို့။ ဝတွာ = ပြောဆို၍။ ပက္ကာမိ = ဖယ်ခွာကြွသွားတော်မူလေ၏။

ဥပါသိကာ ဒါယကာမကြီး နောက်က ကိုယ်တော်ကို မေးကြည့်ပေတော့။ အဲဒီလို ပြောပြီးတော့ မထေရ်မြတ်ကြီးကလည်း ရှေ့ခရီးဆက်သွားတယ်။

ပစ္ဆိမထေရဿပိ ယာဂုံ ဒတွာ မာတာ ပုစ္ဆိ -- တာတ တွံ မယှံ ပုတ္တော စူဠနာဂေါတိ? (သံ၊ဋ္ဌ၊၂၊၁၅၅။)

ပစ္ဆိမထေရဿပိ = နောက်တော်က လိုက်ပါတဲ့ မထေရ်အားလည်း။ ယာဂုံ = ယာဂုကို။ ဒတွာ = ပေးလှူပြီး၍။ မာတာ = မယ်တော်က။ ပုစ္ဆိ = မေးမြန်းလျှောက်ထားလေ၏။ တာတ = ချစ်သား။ တွံ = သင်သည်။ မယှံ = ငါ၏။ စူဠနာဂေါ = စူဠနာဂအမည်ရှိတဲ့။ ပုတ္တော = သားလေလော။ ဣတိ = ဤသို့။

နောက်ကလိုက်လာတဲ့ မထေရ်ကိုလည်း ဒကာမကြီးက ယာဂုလေးလှူပြီးတော့ --- ချစ်သား ... သင်ဟာ ငါ့ရဲ့သား စူဠနာဂ မဟုတ်ဘူးလားလို့ မေးကြည့်တယ်။

ထေရော အာဟ -- ကိံ ဥပါသိကေ ပုရိမံ ထေရံ န ပုစ္ဆသီတိ? ဝတွာ ပက္ကာမိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

ထေရော = စူဠနာဂမထေရ်ကလည်းပဲ။ အာဟ = ပြောဆိုလေ၏။ ကိံ = အဘယ်အကြောင်းကြောင့်။ ဥပါသိကေ = ဥပါသိကာ ဒကာမကြီး။ ပုရိမံ ထေရံ = ရှေ့က မထေရ်ကြီးကို။ န ပုစ္ဆသိ = မမေးမြန်းလေသနည်း။ ဣတိ = ဤသို့။ ဝတွာ = ပြောဆို၍။ ပက္ကာမိ = ဖယ်ခွာကြွသွားတော်မူ၏။

ဩော် - ဥပါသိကာ ဒကာမကြီး ရှေ့က မထေရ်ကြီးကိုတော့ ဘာကြောင့် မမေးမြန်း လိုက်လေသနည်းလို့ ပြောပြီး ခရီးဆက်သွားတယ်။

ဧဝံ မာတရာပိ သဒ္ဓိံ ဆိန္နသန္ထဝေါ ဘိက္ခု နိစ္စနဝကော နာမ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၁၅၅။)

ဧဝံ = ဤသို့။ မာတရာပိ သဒ္ဓိံ = မိခင်နှင့်သော်မှလည်းပဲ။ ဆိန္နသန္ထဝေါ = ပြတ်စဲသော ပေါင်းဖော်ခြင်းရှိသော။ ဘိက္ခု = ရဟန်းသည်။ နိစ္စနဝကော နာမ = အမြဲတမ်း အာဂန္တုဧည့်သည်နှင့် တူတဲ့ ရဟန်းမည်သည်။ ဟောတိ = ဖြစ်၏။

အမြဲတမ်း အာဂန္တုဧည့်သည်နဲ့ တူတဲ့သူဆိုတာ အဲဒီလို နေရတယ်တဲ့။ ဘယ့်နှယ်လဲ? ဒကာကြီး, ဒကာမကြီးတွေ မကောင်းဘူးလား? နောက်က ဒကာမကြီးတွေရော - ကောင်းသလား, မကောင်းဘူးလား? မဖြေကြဘူး။ ဘာဖြစ်လို့လဲ? သားဆိုတာ အင်မတန် ချစ်ရတာကိုး။ ကိုယ့်သားက ဒီလိုသာ ပြုမူမယ်ဆိုရင် မျက်ရည်တွေ တောက်တောက် မကျဘူးလား? ကျကုန်မယ်။ မိခင်ရဲ့သဘောက အင်မတန် ပျော့ပျောင်းတဲ့သဘော ရှိတာကိုး။ သို့သော် ဘုရားရှင်က မိခင်နဲ့သော်လည်း ပြတ်စဲတဲ့ ပေါင်းဖော်ခြင်း ရှိစေချင်တယ်။ ငြိကပ်တွယ်တာနေတဲ့ စိတ်ထား ဘုရားရှင်မှာ ရှိစေချင်သလား? မရှိစေချင်ဘူး။ အမြဲတမ်း အာဂန္တုလို သဘောထားပြီးတော့ ဆက်ဆံပါတဲ့။ ဒါ ဘုရားရှင် ထားရှိစေချင်တဲ့ စိတ်ထား။ သာသနာဘောင်မှာ နေပြီဆိုလို့ရှိရင် ဒီစိတ်ထားကလေးတွေ ရှိရမလား, မရှိရဘူးလား? ရှိရမယ်။

ဘယ့်နှယ်လဲ? ဘုန်းကြီးတွေ ... သာသနာမှာ နေလို့ရှိရင် ဒီစိတ်ထားမျိုး ရှိရမလား, မရှိရဘူးလား? (ရှိရပါမယ်ဘုရား) သီလရှင်တွေ ...ဒီလို စိတ်ထားမျိုး ရှိရမလား, မရှိရဘူးလား? မအေမလာလို့ရှိရင် မျှော်နေတဲ့ စိတ်ထားမျိုး ရှိရမလား, မရှိရဘူးလား? အမျိုးမျိုး ဖြေနေတယ်။ သာသနာမှာ နေပြီဆိုလို့ရှိရင် ဘုရားရှင်ဘက်က ပြတ်စဲစေချင်တယ်။ ဒီလိုပြတ်စဲတဲ့ စိတ်ထားကလေးတွေ ရှိရမယ်။ အဲဒီစိတ်ထားနဲ့ သာသနာဘောင်မှာ နေပြီဆိုရင် ဘာဖြစ်သလဲ? ရိုင်းပျတဲ့ ကာယကံမှုတွေ မရှိစေရဘူး။ ရိုင်းပြတဲ့ ဝစီကံမှုတွေ မရှိစေရဘူး။ ရိုင်းပျတဲ့ မနောကံမှုတွေ မရှိစေရဘူး။ မိမိတို့ရဲ့ ကိုယ်အမူ အရာတွေကို ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအား ရှိရမယ်။ မိမိတို့ရဲ့ စိတ်ဓာတ်ကို ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအား ရှိရမယ်။ အဲသလို ထိန်းချုပ်ပြီးတော့ ဒကာ, ဒကာမတွေအပေါ်၌ အမြဲတမ်း အာဂန္တုဧည့်သည်သဖွယ် စိတ်နေစိတ်ထား ဖြင့် အမြဲတမ်း ချဉ်းကပ်ပါတဲ့။ ဒါကြောင့် ဘုရားရှင်က ---

ကဿပေါ ဘိက္ခဝေ စန္ဒူပမော ကုလာနိ ဥပသင်္ကမတိ -- အပကေဿဝ ကာယံ အပကဿ စိတ္တံ နိစ္စနဝကော ကုလေသု အပ္ပဂဗ္ဘော။ (သံ၊၁၊၄၀၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ကဿပေါ = ကဿပသည်ကား။ စန္ဒူပမော = လနှင့် ဥပမာတူသော စိတ်ထားရှိသည်။ ဟုတွာ = ဖြစ်၍။ ကုလာနိ = ဒကာ, ဒကာမတို့ထံသို့။ ဥပသင်္ကမတိ = ချဉ်းကပ်လေ၏။ ကာယံ = ကိုယ်ကို။ အပကေဿဝ = ထိန်းချုပ်၍သာလျှင်။ စိတ္တံ = စိတ်ဓာတ်ကို။ အပကေဿဝ = ထိန်းချုပ်၍သာလျှင်။ နိစ္စနဝကော = အမြဲတမ်း အာဂန္တု ဧည့်သည်သဖွယ် စိတ်ထားရှိသည်ဖြစ်၍။ ကုလေသု = ဒကာ, ဒကာမတို့ အပေါ်၌။ အပ္ပဂဗ္ဘော = ရိုင်းပျသော ကာယကံမှု ဝစီကံမှု မနောကံမှု မရှိသည် ဖြစ်၍။ ကုလာနိ = ဒကာ, ဒကာမတို့ထံသို့။ ဥပသင်္ကမတိ = ချဉ်းကပ်လေ၏။

အရှင်မဟာကဿပကြီးကို ဘုရားရှင်က ကြည်ညိုတယ်။ ကြည်ညိုတဲ့ အတွက် အရှင်မဟာကဿပကြီးရဲ့ စိတ်နေစိတ်ထားကလေးတွေကလည်း ကြည်ညိုထိုက်တဲ့ ဂုဏ်တွေရှိလို့ ရဟန်းတွေ အတုယူပြီး ကျင့်စေချင်တဲ့ ဆန္ဒဓာတ်ဖြင့် ဘုရားရှင်က အရှင်မဟာကဿပကို စံထားပြီးတော့ ဟောကြား နေတော်မူပါတယ်။

ချစ်သားရဟန်းတို့ ...အရှင်မဟာကဿပဟာလည်း လလျှင် ဥပမာ ရှိနေတဲ့ စိတ်ထားဖြင့်သာလျှင် ဒကာ, ဒကာမတို့ထံကို ချဉ်းကပ်တယ်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားဖြင့် ထိန်းချုပ်ပြီးတော့မှ ဒကာ, ဒကာမတွေထံကို ချဉ်းကပ်တယ်။ မိမိရဲ့ စိတ်ဓာတ်ကို ထိန်းချုပ်ပြီးတော့မှ ဒကာ, ဒကာမတွေထံကို ချဉ်းကပ်တယ်။ အမြဲတမ်း အာဂန္တုဧည့်သည်သဖွယ် စိတ်နေစိတ်ထားဖြင့်သာလျှင် ဒကာ, ဒကာမတွေထံကို ချဉ်းကပ်တယ်။ ဒကာ, ဒကာမတွေအပေါ်၌ အမြဲတမ်း အာဂန္တုဧည့်သည်သဖွယ် စိတ်နေစိတ်ထား ရှိတဲ့ ရိုင်းပျတဲ့ ကာယကံမှု ဝစီကံမှု မနောကံမှုတွေကို အမြဲတမ်း ပယ်ရှားထားတယ်တဲ့။

ဒကာ, ဒကာမတို့ထံသို့ ချဉ်းကပ်ထိုက်သော ရဟန်း

တံ ကိံ မညထ ဘိက္ခဝေ ကထံရူပေါ ဘိက္ခု အရဟတိ ကုလာနိ ဥပသင်္ကမိတုံ။ (သံ၊၁၊၄၀၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တံ = ငါဘုရားမေးမယ့်မေးခွန်းကို။ တုမှေ = သင်ချစ်သားတို့သည်။ ကိံ မညထ = အသို့အောက်မေ့မှတ်ထင် ယူဆကြကုန်သနည်း?

ချစ်သားတို့ကို ငါဘုရား မေးခွန်းတစ်ခု မေးမယ်။ သင်ချစ်သားတို့ ဘယ်လိုယူဆကြမလဲ?

ကထံရူပေါ = အဘယ်သို့သော သဘောရှိသော။ ဘိက္ခု = ရဟန်းတော်သည်။ ကုလာနိ = ဒကာ, ဒကာမတို့ထံသို့။ ဥပသင်္ကမိတုံ = ချဉ်းကပ်အံ့သောငှာ။ အရဟတိ = ထိုက်တန်ပါသနည်း။

ချစ်သားရဟန်းတို့ ... အဘယ်ရဟန်းမျိုးသည် ဒကာ, ဒကာမတို့ထံသို့ ချဉ်းကပ်ဖို့ရန်အတွက် ထိုက်တန်ပါသလဲတဲ့။ ဒီလိုမေးခွန်း မေးကြည့်တယ်။ မေးလိုက်တဲ့ အချိန်အခါကျတော့မှ ---

ဘဂဝံမူလကာ နော ဘန္တေ ဓမ္မာ ဘဂဝံနေတ္တိကာ ဘဂဝံပဋိသရဏာ။ သာဓု ဝတ ဘန္တေ ဘဂဝန္တံယေဝ ပဋိဘာတု ဧတဿ ဘာသိတဿ အတ္ထော။ ဘဂဝတော သုတွာ ဘိက္ခူ ဓာရေဿန္တီတိ။ (သံ၊၁၊၄၀၂။)

ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ နော = ဘုရားတပည့်တော်တို့အဖို့။ ဓမ္မာ = တရားတော်တို့သည်ကား။ ဘဂဝံမူလကာ = ဘုရားရှင်လျှင် အရင်းအမြစ်မူလ အကြောင်း အရင်း ရှိကြပါကုန်၏။ ဘဂဝံနေတ္တိကာ = ဘုရားရှင်သည်သာ ထုတ်ဆောင်မှု ရှိကြပါပေ၏။ ဘဂဝံပဋိသရဏာ = ဘုရားရှင်သည်သာ မှီခိုရာ ရှိကြပါကုန်၏။ ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဝတ = စင်စစ်ဧကန် အမှန်အားဖြင့်။ သာဓု = တောင်းပန်ပါ၏။ ဧတဿ ဘာသိတဿ အတ္ထော = ဤစကားတော်၏ဆိုလိုရင်း အနက်သဘောတရားသည်။ ဘဂဝန္တံယေဝ = ဘုရားရှင်၏ ဉာဏ်တော်၌သာလျှင်။ ပဋိဘာတု = ထင်လာပါစေသတည်း။ ဘဂဝတော = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏ထံတော်မှ။ သုတွာ = ကြားနာကြရကုန်သည်ဖြစ်၍။ ဘိက္ခူ = ရဟန်းတော်တို့သည်။ ဓာရေဿန္တိ = ဆောင်ထားကြပါကုန်လိမ့်မည် မြတ်စွာ ဘုရား။ ဣတိ = ဤသို့။

မြတ်စွာဘုရား ...တရားတွေဟာ ဘုရားရှင်လျှင် အရင်းအမြစ် ရှိကြပါတယ်။ ဒီတရားတွေကို ဘုရားရှင်ကသာလျှင် ထုတ်ဆောင်တော်မူခြင်း ဖြစ်တယ်။ တရားတွေသည် ဘုရားရှင်ကိုသာလျှင် မှီခိုရပါတယ်။ ဒါကြောင့် တပည့်တော်တို့ လျှောက်ထား တောင်းပန်ပါတယ်။ ဒီစကားရဲ့ဆိုလိုရင်း အနက်သဘောတရားတွေကို မြတ်စွာဘုရား၏ ဉာဏ်တော်၌သာလျှင် ထင်ရှားတော်မူပါ။ ဘုရားရှင်ထံမှ တပည့်တော်တို့ ကြားနာရတဲ့ အချိန်အခါမှာ တပည့်တော်တို့ ရဟန်းတော်တို့သည် ကြားနာရသည့်အတိုင်း ဆောင်ထားကြပါကုန်လိမ့်မယ် မြတ်စွာဘုရား ...ဆိုပြီးတော့ ပြန်လည် လျှောက်ထားကြတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က ---

ကောင်းကင်ပြင်၌ လက်တော်ကို လှုပ်ရမ်း၍ ပြတော်မူခြင်း

အထ ခေါ ဘဂဝါ အာကာသေ ပါဏိံ စာလေသိ။ (သံ၊၁၊၄၀၂။)

အထ ခေါ = ထိုအခါ၌။ ဘဂဝါ = မြတ်စွာဘုရားရှင်သည်။ အာကာသေ = ကောင်းကင်ပြင်၌။ ပါဏိံ = လက်တော်ကို။ စာလေသိ = လှုပ်ရမ်း၍ ပြတော်မူ၏။

ထိုအချိန်အခါမှာ ဘုရားရှင်က လက်တော်လေးကို ကောင်းကင်ပြင်မှာ အသာလေး လှုပ်ရမ်းပြီး ပြလိုက်တယ်နော်။

သေယျထာပိ ဘိက္ခဝေ အယံ အာကာသေ ပါဏိ န သဇ္ဇတိ န ဂယှတိ န ဗဇ္ဈတိ၊ ဧဝမေဝ ခေါ ဘိက္ခဝေ ယဿ ကဿစိ ဘိက္ခုနော ကုလာနိ ဥပသင်္ကမတော ကုလေသု စိတ္တံ န သဇ္ဇတိ န ဂယှတိ န ဗဇ္ဈတိ -- လဘန္တု လာဘကာမာ ပုညကာမာ ကရောန္တု ပုညာနီတိ။ (သံ၊၁၊၄၀၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ အယံ ပါဏိ = ဤလက်တော်သည်။ အာကာသေ = ကောင်းကင်၌။ န သဇ္ဇတိ = ငြိကပ်မှုမရှိ။ န ဂယှတိ = စွဲငြိမှုမရှိ။ န ဗဇ္ဈတိ = နှောင်ဖွဲ့မှုမရှိ။

ကောင်းကင်ကို လက်ကလေး ရမ်းကြည့်ပါ။ ကောင်းကင်နဲ့ ဒီလက်သည် ငြိကပ်မှု ရှိသလား? မရှိဘူး။ ဒီကောင်းကင်ကိုလည်း ငါ, ငါ့ဟာဆိုပြီး ဒီလက်က လှမ်းပြီး စွဲယူနေမှုသဘောကော ရှိသလား? မရှိဘူး။ ကောင်းကင်နဲ့ ဒီလက်ကို ရစ်ပတ်နှောင်ဖွဲ့ထားမှု ဆိုတာကော ရှိသလား? မရှိဘူး။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ = ဤဥပမာအတူသာလျှင်။ ကုလာနိ = ဒကာ, ဒကာမတို့ထံသို့။ ဥပသင်္ကမတော = ချဉ်းကပ်သော။ ယဿ ကဿစိ ဘိက္ခုနော = အမှတ်မထား တစ်ပါးပါးသော ရဟန်းတော်၏။ စိတ္တံ = စိတ်သည်။ ကုလေသု = ဒကာ, ဒကာမတို့အပေါ်၌။ န သဇ္ဇတိ = ငြိကပ်မှု မရှိစေရ။ န ဂယှတိ = စွဲယူမှု မရှိစေရ။ န ဗဇ္ဈတိ = နှောင်ဖွဲ့မှု မရှိစေရ။

ချစ်သားရဟန်းတို့ ... ဒီဥပမာအတိုင်းပဲ။ ရဟန်းတော် တစ်ပါးပါးက ဒကာ, ဒကာမတို့ထံ ချဉ်းကပ်မယ်ဆိုရင် ဒီချဉ်းကပ်နေတဲ့ ရဟန်းတော်၏ စိတ်ဓာတ်သည် ဒကာ, ဒကာမတို့အပေါ်၌ --- န သဇ္ဇတိ = ငြိကပ်မှု မရှိပါ စေနဲ့။ န ဂယှတိ = ဒါက ငါ့ဒကာ, ငါ့ဒကာမဆိုပြီး ဒီလို စွဲယူမှုလည်း မရှိပါ စေနဲ့။ န ဗဇ္ဈတိ = ဒီဒကာ, ဒကာမတွေနဲ့ မိမိတို့ဟာ နှောင်ဖွဲ့မှု နည်းနည်း လေးမှ မရှိပါစေနဲ့။ ဘယ်လိုစိတ်ထားမျိုး ရှိရမလဲ?

လဘန္တု လာဘကာမာ ပုညကာမာ ကရောန္တု ပုညာနီတိ။ (သံ၊၁၊၄၀၂။)

လာဘကာမာ = လာဘ်လာဘကို အလိုရှိကြကုန်သော သူတို့သည်။ လဘန္တု = လာဘ်လာဘကို ရရှိကြပါကုန်သတည်း။ ပုညကာမာ = ကောင်းမှုကုသိုလ်ကို အလိုရှိကြသော ပုဂ္ဂိုလ်တို့သည်။ ပုညာနိ = ကောင်းမှုကုသိုလ်တို့ကို။ ကရောန္တု = ပြုလုပ်နိုင်ကြပါစေကုန်သတည်း။ ဣတိ = ဤကဲ့သို့သော စိတ်ထားဖြင့်။ ကုလေသု = ဒကာ, ဒကာမတို့အပေါ်၌။ စိတ္တံ = မိမိ၏စိတ်ကို။ န သဇ္ဇတိ = ငြိကပ်မှု မရှိပါစေနှင့်။ န ဂယှတိ = မစွဲယူပါစေနှင့်။ န ဗဇ္ဈတိ = နှောင်ဖွဲ့မှု မရှိပါစေနှင့်။

လာဘ်လာဘကို အလိုရှိတဲ့ ပုဂ္ဂိုလ်တွေ အလိုရှိတဲ့ လာဘ်လာဘကို ရကြပါစေ။ ကောင်းမှုကုသိုလ်ကို အလိုရှိတဲ့ ဒကာ, ဒကာမတွေ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်နိုင်ကြပါစေဆိုတဲ့ ဒီစိတ်ထားလေးသာ ရှိပါတဲ့။ မိမိ၏ စိတ်ဓာတ်သည် ဒီဒကာ, ဒကာမတွေအပေါ်မှာ ငြိကပ်မှု မရှိပါစေနဲ့။ ငါ့ဒကာ, ငါ့ဒကာမဆိုတဲ့ စွဲယူမှုလည်း မရှိပါနဲ့။ ဒီဒကာ, ဒကာမတွေနဲ့ မိမိရဲ့ စိတ်ဓာတ် တွေဟာ ရစ်ပတ်နှောင်ဖွဲ့ထားမှုလည်း မရှိပါစေနဲ့။ ဘုန်းကြီးကတော့ ဒီနေရာ ကနေ သွားမလို့တော့ ရည်ရွယ်နေပါတယ်။ ဒကာ, ဒကာမတွေ ငဲ့ညှာပြီး ဘုန်းကြီးက မသွားနိုင်ဖြစ်နေတာ။ ဒီလို စိတ်ထားမျိုး ရှိရမလား? မရှိရ ပါဘူး။ သွားချင်တဲ့အချိန် ချက်ချင်းသာ ထသွား၊ ဘယ်သူ့ငဲ့ရမလဲ? ဘယ်သူမှ မငဲ့ရ ဘူး။ မကောင်းဘူးလား? (ကောင်းပါတယ်) တကယ်လား? တော်ကြာကျမှ မျက်ရည်ကလေးနဲ့ လာပြီး မျက်ရည်ခံထိုးကြတယ်။ ဒီပုံစံမျိုး ဖြစ်ရမလား? မဖြစ်ရဘူးတဲ့။

ယထာသကေန လာဘေန အတ္တမနော ဟောတိ သုမနော၊ ဧဝံ ပရေသံ လာဘေန အတ္တမနော ဟောတိ သုမနော၊ ဧဝရူပေါ ခေါ ဘိက္ခဝေ ဘိက္ခု အရဟတိ ကုလာနိ ဥပသင်္ကမိတုံ။ (သံ၊၁၊၄၀၂။)

သကေန = မိမိဥစ္စာဖြစ်သော။ လာဘေန = ရရှိသော လာဘ်လာဘဖြင့်။ အတ္တမနော = နှစ်လိုသော စိတ်ထားရှိသည်။ သုမနော = ဝမ်းမြောက်သော စိတ်ထားရှိသည်။ ဟောတိ ယထာ = ဖြစ်သကဲ့သို့။ ဧဝံ တထာ = ထို့အတူ။ ပရေသံ = သူတစ်ပါးတို့အားလည်းပဲ။ လာဘေန = ရရှိသော လာဘ်လာဘဖြင့်။ အတ္တမနော = နှစ်လိုသော စိတ်ထားရှိသည်။ သုမနော = ဝမ်းမြောက်သော စိတ်ထားရှိသည်။ ဟောတိ = ဖြစ်၏။

မိမိကပေါ့နော်။ အကယ်၍ မိမိ လိုလားတောင့်တနေတဲ့ လာဘ်လာဘ တစ်ခု ရရှိခဲ့ရင် ဝမ်းသာတယ်၊ ကျေနပ်တယ်။ အလားတူပဲ - ဒကာ, ဒကာမလို့ ခေါ်ဆိုအပ်တဲ့ သူတစ်ပါးတွေဟာလည်း လာဘ်လာဘကို ရရှိကြမယ်ဆိုရင် သူတို့ ရရှိတဲ့ လာဘ်လာဘကြောင့် နှစ်လိုဝမ်းမြောက်တဲ့ စိတ်ထားသာ ရှိတယ်။ ဒီတောင့်တချက်ကလေး တစ်ခုပဲ ရှိတယ်။

ဒကာ, ဒကာမတို့ထံသို့ ချဉ်းကပ်ထိုက်သော ရဟန်း

ဧဝရူပေါ ခေါ ဘိက္ခဝေ ဘိက္ခု အရဟတိ ကုလာနိ ဥပသင်္ကမိတုံ။ (သံ၊၁၊၄၀၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧဝရူပေါ ခေါ ဘိက္ခု = ဤကဲ့သို့သော အဆင့်အတန်း မြင့်မားနေသော စိတ်နေစိတ်ထားရှိသော ရဟန်းတော်သည်။ ကုလာနိ = ဒကာ, ဒကာမတို့ထံသို့။ ဥပသင်္ကမိတုံ = ချဉ်းကပ်အပ်သောငှာ။ အရဟတိ = ထိုက်တန်ပါပေ၏။

ဒီလို စိတ်နေစိတ်ထားရှိနေတဲ့ ရဟန်းတော်တွေသည်သာလျှင် ဒကာ, ဒကာမတွေထံကို ချဉ်းကပ်သင့် ချဉ်းကပ်ထိုက်ပါတယ်။ ဒကာ, ဒကာမတွေ ပေးတဲ့ လာဘ်လာဘကို မျှော်လင့်တောင့်တနေတဲ့ စိတ်နေစိတ်ထား တစ်ခွဲသားဖြင့် ဒကာ, ဒကာမတွေထံ ချဉ်းကပ်ရမလား? မချဉ်းကပ်စမ်းပါနဲ့။ ဒါက အလွန်ညံ့ဖျင်းတဲ့ စိတ်ထား။ ဘယ်လိုစိတ်ထားသာ ရှိရမလဲ? လာဘ်လာဘ အလိုရှိတဲ့ ဒကာ, ဒကာမတွေ အလိုရှိတဲ့ လာဘ်လာဘကို ရကြပါစေ။ ကောင်းမှုကုသိုလ်ကို အလိုရှိတဲ့ ဒကာ, ဒကာမတွေ ကောင်းမှုကုသိုလ်ကို ရကြပါစေ ဝမ်းမြောက်ကြပါစေ နှစ်သက်ကြပါစေဆိုတဲ့ ဒီစိတ်ထားဖြင့်သာ ဒကာ, ဒကာမတွေထံ ချဉ်းကပ်ပါ။ ဒီဒကာ, ဒကာမတွေထံ ချဉ်းကပ်ပြီးတဲ့ အချိန်အခါမှာလည်း ဒကာ, ဒကာမတွေ သန္တာန်မှာ တည်ရှိနေတဲ့ ကိလေသာ အမိုက်မှောင်တွေကို ငါ ပယ်ဖျောက်ပေးမယ်။ ဉာဏ်တည်းဟူသော အလင်းရောင်တွေ ဖြစ်ပေါ်လာအောင် ငါ ကြိုးစားအားထုတ်ပေးမယ်ဆိုတဲ့ ဒီလို အဆင့်အတန်း မြင့်မားနေတဲ့ စိတ်နေစိတ်ထားဖြင့်သာလျှင် ဒကာ, ဒကာမတွေထံကို ချဉ်းကပ်ပါ။ အဲဒီလို စိတ်ထားရှိတဲ့ ရဟန်းတော်သည်သာလျှင်, ဒီလို စိတ်နေစိတ်ထားရှိတဲ့ သီလရှင်သည်သာလျှင် ဒကာ, ဒကာမတွေထံကို ချဉ်းကပ်သင့် ချဉ်းကပ်ထိုက်ပါတယ်။

ဒကာကြီးတွေ ဘုရားရှင်ရဲ့ ဦးတည်ချက်ကလေးတွေကို ကြည့်လိုက်မယ် ဆိုရင် အလွန် ကြည်ညိုဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ အပြစ် မကင်းဘူးလား? သိပ်ကင်းနေတယ်။ လာဘ်လာဘကို တွယ်တာမက်မောနေတဲ့ အလွန် ယုတ်ညံ့နေတဲ့ စိတ်ထားရှိတာကို မြတ်စွာဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ပါဘူး။

ကဿပဿ ဘိက္ခဝေ ကုလာနိ ဥပသင်္ကမတော ကုလေသု စိတ္တံ န သဇ္ဇတိ န ဂယှတိ န ဗဇ္ဈတိ -- လဘန္တု လာဘကာမာ ပုညကာမာ ကရောန္တု ပုညာနီတိ။ (သံ၊၁၊၄၀၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ကုလာနိ = ဒကာ, ဒကာမတို့ထံသို့။ ဥပသင်္ကမတော = ချဉ်းကပ်သော။ ကဿပဿ = ကဿပ၏ သန္တာန်၌။ ကုလေသု = ဒကာ, ဒကာမတို့အပေါ်၌။ စိတ္တံ = စိတ်ဓာတ်သည်။ န သဇ္ဇတိ = ငြိကပ်မှုမရှိ။ န ဂယှတိ = ငါ့ဒကာ, ဒကာမဟု စွဲယူမှု မရှိ။ န ဗဇ္ဈတိ = ဒကာ, ဒကာမတို့နှင့် ရစ်ပတ်နှောင်ဖွဲ့မှု မရှိ။ လာဘကာမာ = လာဘ်လာဘကို အလိုရှိကြကုန်သော ပုဂ္ဂိုလ်တို့သည်။ လဘန္တု = အလိုရှိတဲ့ လာဘ်လာဘကို ရရှိကြပါစေကုန်သတည်း။ ပုညကာမာ = ကောင်းမှုကုသိုလ်ကို အလိုရှိကြတဲ့ ပုဂ္ဂိုလ်တို့သည်။ ပုညာနိ = ကောင်းမှုကုသိုလ်တို့ကို။ ကရောန္တု = ပြုလုပ်နိုင်ကြပါစေသတည်း။ ဣတိ = ဤသို့သော စိတ်နေစိတ်ထားဖြင့်။ ကုလာနိ = ဒကာ, ဒကာမတို့ထံသို့။ ဥပသင်္ကမတော = ချဉ်းကပ်၍နေသော။ ကဿပဿ = ကဿပ၏။ ကုလေသု = ဒကာ, ဒကာမတို့အပေါ်၌။ စိတ္တံ = စိတ်သည်။ န သဇ္ဇတိ = ငြိကပ်မှု မရှိ။ န ဂယှတိ = ငါ့ဒကာ ဒကာမဟု စွဲလမ်းမှု မရှိ။ န ဗဇ္ဈတိ = ဒကာ, ဒကာမတို့နှင့် ရစ်ပတ်နှောင်ဖွဲ့မှု မရှိ။

သိပ်ကောင်းတယ်, သိပ်ကောင်းတယ်။ ဒီလို စိတ်ထားဖြင့်သာ တကယ် ချဉ်းကပ်နေရင် ဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ မကြည်ညိုထိုက်ဘူးလား? သိပ်ကြည်ညိုထိုက်တယ်။ လာဘ်လာဘကို အလိုရှိတဲ့ ဒကာ, ဒကာမတွေ အလိုရှိတဲ့ လာဘ်လာဘတွေ ရကြပါစေ။ ကောင်းမှုကုသိုလ်ကို အလိုရှိတဲ့ ဒကာ, ဒကာမတွေ ကောင်းမှုကုသိုလ်ကို ရကြပါစေဆိုတဲ့ ဒီစိတ်ထားပဲရှိတယ်။ အဲဒီကောင်းမှုကုသိုလ်ထဲမှာ ဘာကုသိုလ်တွေ ပါသလဲ? ဒါနကုသိုလ်ပါတယ်၊ သီလကုသိုလ်ပါတယ်၊ သမထကုသိုလ်ပါတယ်၊ ဝိပဿနာကုသိုလ်ပါတယ်၊ အရိယမဂ်ကုသိုလ်တွေအထိ ပါတယ်။ အဲဒီလို အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်တွေကို လိုလားတောင့်တနေတဲ့ ပုဂ္ဂိုလ်တွေသည် မိမိတို့ အလိုရှိနေတဲ့ ကောင်းမှုကုသိုလ်တွေ ရကြပါစေ။ ရအောင်လည်း ဒီရဟန်းတော်က ဘာလုပ် ပေးသလဲ? ဖြန့်ဖြူးပေးတယ်။ ဒကာ, ဒကာမတွေ သန္တာန်မှာ တည်ရှိနေတဲ့ ကိလေသာတည်းဟူသော အမိုက်တိုက်တွေကို ဖျောက်ဖျက်ပေးတယ်။ ဒကာ, ဒကာမတွေ သန္တာန်မှာ ဉာဏ်တည်းဟူသော လင်းရောင်ခြည်စွမ်းအင်တွေ ဖြစ်ပေါ်လာအောင် ဟောကြားပြသ ဆိုဆုံးမပေးတယ်။

ယထာသကေန လာဘေန အတ္တမနော ဟောတိ သုမနော၊ ဧဝံ ပရေသံ လာဘေန အတ္တမနော ဟောတိ သုမနော။ (သံ၊၁၊၄၀၂။)

သကေန = မိမိဥစ္စာဖြစ်သော။ လာဘေန = ရရှိသော လာဘ်လာဘဖြင့်။ အတ္တမနော = နှစ်လိုသော စိတ်ထားရှိသည်။ သုမနော =ဝမ်းမြောက်သော စိတ်ထားရှိသည်။ ဟောတိ ယထာ = ဖြစ်သကဲ့သို့။ ဧဝံ တထာ = ဤအတူ။ ပရေသံ = သူတစ်ပါးတို့အားလည်းပဲ။ လာဘေန = ရရှိသော လာဘ်လာဘဖြင့်။ အတ္တမနော = နှစ်လိုသော စိတ်ထားရှိသည်။ သုမနော = ဝမ်းမြောက်သော စိတ်ထားရှိသည်။ ဟောတိ = ဖြစ်၏။

အရှင်မဟာကဿပကို ကြည့်မယ်ဆိုရင် ပုဂ္ဂိုလ်တစ်ယောက်က မိမိ လာဘ်လာဘကို ရပြီ။ ရခဲ့လို့ရှိရင် ကျေနပ်မှု ဝမ်းမြောက်မှု ဖြစ်သလို အလားတူပဲတဲ့၊ သူတစ်ပါးတို့ လာဘ်လာဘရခြင်းတည်းဟူသော အကြောင်းကြောင့် အရှင်မဟာကဿပရဲ့ သန္တာန်မှာ သူတစ်ပါးတို့ရဲ့ လာဘ်လာဘရခြင်းကို အကြောင်းပြုပြီး နှစ်လိုဝမ်းမြောက်မှုသာ ဖြစ်ပေါ်နေတယ်။ သူတစ်ပါးရတာကို ကျေနပ်ရမလား, မကျေနပ်ရဘူးလား? ကျေနပ်ရမယ်။ ကျေနပ်တဲ့စိတ်ထားဟာ သူတော်ကောင်းတိုင်းမှာ ရှိရမလား, မရှိရဘူးလား? ရှိရမယ်။ သူတစ်ပါး ရတာကို မကျေနပ်ဘူးဆိုတာ အလွန် အဆင့်အတန်းနိမ့်တဲ့ စိတ်နေစိတ်ထား ဖြစ်တယ်။ ကျေနပ်တယ်ဆိုတာက သူ့ဆီမှာ မျှော်လင့်ချက်နဲ့ ကျေနပ်တာမျိုးကော ဟုတ်သလား? မဟုတ်ပါဘူး။ သူလိုလားတောင့်တနေတဲ့ လာဘ်လာဘတွေ သူလိုလားတောင့်တနေတဲ့ ကောင်းမှုကုသိုလ်တွေ ရရှိတာ မြင်ပြီး ဘာဖြစ်သလဲ? ဝမ်းသာမှုသာ ဖြစ်တယ်။ နောက်တစ်ခု --- ဘုရားရှင် ဆက်ပြီး ဟောပြန်တယ်နော်။

မစင်ကြယ်သော တရားဒေသနာဟောနည်း

တံ ကိံ မညထ ဘိက္ခဝေ ကထံရူပဿ ဘိက္ခုနော အပရိသုဒ္ဓါ ဓမ္မဒေသနာ ဟောတိ။ (သံ၊၁၊၄၀၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တံ = ထို ငါဘုရား မေးမယ့်မေးခွန်းကို။ တုမှေ = သင်ချစ်သားတို့သည်။ ကိံ မညထ = အသို့ မှတ်ထင်ယူဆကြသနည်း?

ငါဘုရား သင်ချစ်သားတို့ကို မေးခွန်းတစ်ခု ထပ်မေးဦးမယ်။ သင်တို့ ဘယ်လို ထင်မြင်ယူဆကြသလဲ?

ကထံရူပဿ ဘိက္ခုနော အပရိသုဒ္ဓါ ဓမ္မဒေသနာ ဟောတိ။ (သံ၊၁၊၄၀၂။)

ကထံရူပဿ ဘိက္ခုနော = အဘယ်ကဲ့သို့သော သဘောရှိသော ရဟန်းတော်၏သန္တာန်၌။ အပရိသုဒ္ဓါ = မစင်ကြယ် မသန့်ရှင်းသော။ ဓမ္မဒေသနာ = တရားဒေသနာတော်သည်။ ဟောတိ = ဖြစ်ပေါ်၍ နေပါသနည်း။

ဘယ်လို ရဟန်းတော်မျိုးရဲ့ သန္တာန်မှာ ဘယ်လို မစင်ကြယ်တဲ့ တရားဟောနည်းဆိုတာ ဖြစ်ပေါ်လာသလဲ?

ကထံရူပဿ ဘိက္ခုနော ပရိသုဒ္ဓါ ဓမ္မဒေသနာ ဟောတိ။ (သံ၊၁၊၄၀၂။)

ကထံရူပဿ ဘိက္ခုနော = အဘယ်ကဲ့သို့သော သဘောရှိသော ရဟန်းတော်၏ သန္တာန်၌။ ပရိသုဒ္ဓါ = စင်ကြယ်သန့်ရှင်းသော။ ဓမ္မဒေသနာ = တရားဒေသနာတော်သည်။ ဟောတိ = ဖြစ်ပေါ်၍နေပါသနည်း။

ဘယ်လိုရဟန်းတော်ရဲ့ တရားဟောမှုက စင်ကြယ်သလဲ? ဘယ်လို ရဟန်းတော်ရဲ့ တရားဟောမှုက မစင်ကြယ်ပါသနည်း? ဒီမေးခွန်းကလေးကို မေးကြည့်တယ်။ တရားဟောရတာကော လွယ်သလား? သိပ်တော့ မလွယ်ဘူး။ ဘုရားရှင် နှစ်ခြိုက်တဲ့ စိတ်နေစိတ်ထားနဲ့ ဟောကြားနိုင်ဖို့ အပိုင်းကျတော့ တော်တော်ကလေး ခက်သွားတယ်နော်။ အဲဒီအခါကျတော့မှ ရဟန်းတော်တို့က ---

ဘဂဝံမူလကာ နော ဘန္တေ ဓမ္မာ ဘဂဝံနေတ္တိကာ ဘဂဝံပဋိသရဏာ။ သာဓု ဝတ ဘန္တေ ဘဂဝန္တံယေဝ ပဋိဘာတု ဧတဿ ဘာသိတဿ အတ္ထော။ ဘဂဝတော သုတွာ ဘိက္ခူ ဓာရေဿန္တီတိ။ (သံ၊၁၊၄၀၂။)

ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ နော = ဘုရားတပည့်တော်တို့အဖို့။ ဓမ္မာ = တရားတော်တို့သည်။ ဘဂဝံမူလကာ = ဘုရားလျှင် အရင်းအစ မူလရှိကြပါကုန်၏။ ဘဂဝံနေတ္တိကာ = ဘုရားရှင်သည်သာ ထုတ်ဆောင်သူ ဖြစ်ကြပါကုန်၏။ ဘဂဝံပဋိသရဏာ = ဘုရားရှင်သည်သာလျှင် မှီခိုရာ ရှိကြပါကုန်၏။ ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ ဝတ = စင်စစ်ဧကန် အမှန်အားဖြင့်။ သာဓု = လျှောက်ထား တောင်းပန်ကြပါကုန်၏။ ဧတဿ ဘာသိတဿ အတ္ထော = ဤစကားတော်၏ ဆိုလိုရင်း အနက်သဘောတရားသည်။ ဘဂဝန္တံယေဝ = ဘုရားရှင်၏ ရွှေဉာဏ်တော်၌သာလျှင်။ ပဋိဘာတု = ထင်ရှားစေတော်မူပါ။ ဘဂဝတော = ဘုန်းတော် ခြောက်ပါးသခင် ဘုရားရှင်၏ထံတော်မှောက်မှ။ သုတွာ = ကြားနာကြရကုန်သည်ဖြစ်၍။ ဘိက္ခူ = ရဟန်းတော်တို့သည်။ ဓာရေဿန္တိ = ဆောင်ထား ကြပါကုန်လိမ့်မည် မြတ်စွာဘုရား။

မြတ်စွာဘုရား ... တရားတွေဟာ ဘုရားလျှင် အရင်းအမြစ် ရှိကြပါတယ်။ ဒီတရားတော်တွေကို ဘုရားရှင်ကသာလျှင် ထုတ်ဆောင်တော်မူခြင်း ဖြစ်တယ်။ ဘုရားရှင်သည်သာလျှင် မှီခိုရာ ရှိကြပါတယ်။ ဒါကြောင့် တပည့်တော်တို့ လျှောက်ထားတောင်းပန်ပါတယ် မြတ်စွာဘုရား ...၊ ဒီဆိုလိုရင်း အနက်သဘောတရားတွေကို မြတ်စွာဘုရား၏ ရွှေဉာဏ်တော်၌သာလျှင် ထင်ရှားစေတော်မူပါ။ ဘုရားရှင်ထံမှ ကြားနာရသည်ရှိသော် တပည့်တော်တို့ ရဟန်းတော်တို့တစ်တွေသည် ကြားနာရသည့်အတိုင်း ဆောင်ထားကြပါကုန်လိမ့်မယ် မြတ်စွာဘုရား ...ဆိုပြီးတော့ တင်ပြလျှောက်ထားကြတယ်။ အဲဒီလို တင်ပြလျှောက်ထားတဲ့ အချိန်အခါမှာ ဘုရားရှင်ဘက်က ဘာအမိန့် ရှိတော်မူသလဲ?

တေန ဟိ ဘိက္ခဝေ သုဏာထ၊ သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီတိ။ (သံ၊၁၊၄၀၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တေန ဟိ = ထိုသို့ဖြစ်ကြပါကုန်မူကား။ သုဏာထ = နာယူကြပါကုန်လော့။ သာဓုကံ = ကောင်းမွန်ရိုသေစွာ။ မနသိ ကရောထ = နှလုံးသွင်းကြပါကုန်လော့။ ဘာသိဿာမိ = ငါဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူပေအံ့။

ချစ်သားရဟန်းတို့ ... ဒီလိုဆိုရင်တော့ သင်ချစ်သားတို့ ရိုသေစွာ နာယူကြ။ ကောင်းမွန်စွာ နှလုံးသွင်းကြပေတော့။ ငါဘုရား ဟောပြပေးမယ်။ မှန်ပါ့ မြတ်စွာဘုရား ... ဆိုပြီးတော့ ရဟန်းတော်တွေက ဘုရားရှင်ကို ပြန်ပြီး တင်ပြလျှောက်ထားကြတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

ယော ဟိ ကောစိ ဘိက္ခဝေ ဘိက္ခု ဧဝံစိတ္တော ပရေသံ ဓမ္မံ ဒေသေတိ၊ အဟော ဝတ မေ ဓမ္မံ သုဏေယျုံ၊ သုတွာ စ ပန ဓမ္မံ ပသီဒေယျုံ၊ ပသန္နာ စ မေ ပသန္နာကာရံ ကရေယျုန္တိ၊ ဧဝရူပဿ ခေါ ဘိက္ခဝေ ဘိက္ခုနော အပရိသုဒ္ဓါ ဓမ္မဒေသနာ ဟောတိ။ (သံ၊၁၊၄၀၃။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ယော ဟိ ကောစိ = အမှတ်မထား တစ်ပါးပါးသော။ ဘိက္ခု = ရဟန်းတော်သည်။ ဧဝံစိတ္တော = ဤကဲ့သို့သော စိတ်ဓာတ်ရှိသည်ဖြစ်၍။ ပရေသံ = သူတစ်ပါးတို့အား။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတိ = ဟောကြားတော်မူ၏။

ချစ်သားရဟန်းတို့ ... ရဟန်းတော် တစ်ပါးပါးက ဒီလို စိတ်ဓာတ်ဖြင့် သူတစ်ပါးတွေကို တရားဟောပြီ။ ဘယ်လိုလဲ?

မေ = ငါ၏။ ဓမ္မံ = တရားတော်မြတ်ကို။ သုဏေယျုံ = နာကြားကြပါကုန်မူကား။ အဟော ဝတ = ဩော် ... ကောင်းလေစွ။

ဩော် ... ဒီစိတ်ထားကလေး။ ငါ့တရားကို နာတဲ့သူတွေ များမယ် ဆိုရင်တော့ သိပ်ကောင်းမယ်။ ဘယ့်နှယ်တုံး ဒကာကြီးတွေ ဓမ္မကထိက ဆိုတာ အဲဒီစိတ်ထား ရှိနိုင်သလား, မရှိနိုင်ဘူးလား? အများအားဖြင့် ကြားရ တာ တချို့ ဓမ္မကထိကတွေ တရားနာပရိသတ် နည်းပြီဆိုလို့ရှိရင် ဟောတောင် မဟောချင်တော့ဘူးတဲ့။ ဘုရားရှင်က အဲဒီစိတ်ထားမျိုး ရှိစေချင်သလား? မရှိ စေချင်ဘူး။

သုတွာ စ ပန ဓမ္မံ ပသီဒေယျုံ။ (သံ၊၁၊၄၀၃။)

သုတွာ စ ပန = ကြားနာပြီးမူလည်း။ ဓမ္မံ = တရားတော်ကို။ ပသီဒေယျုံ = ကြည်ညိုကြပါကုန်မူကား။ အဟော ဝတ = ဩော် ... ကောင်းလေစွ။

ငါဟောတဲ့ တရားနာပြီးရင် ဒီတရားကို ကြည်ညိုကြမယ်ဆိုရင် သိပ်ကောင်းမယ်တဲ့။ ဘယ့်နှယ်လဲ? အဲဒီစိတ်ထားမျိုးက မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ ဒီစိတ်ထားကလေး ရှိတာကိုက ဘုရားရှင် နှစ်ခြိုက်သလား? ငါ့ တရားကို ကြည်ညိုရင် သိပ်ကောင်းမယ်ဆိုတဲ့ ဒီစိတ်ထား ဘုရားရှင်က မရှိစေချင်ဘူး။ သူ ကြည်ညိုတာ မကြည်ညိုတာထား။ မှန်တာကို ဟောရမယ်ဆိုတဲ့ စိတ်ထားတော့ ဘုရားမှာ ရှိတယ်။ သူများ ကြည်ညိုအောင် ဟောနေတာကို ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။ ဘာကို နှစ်ခြိုက်လဲ? နောက်ထပ် လာလိမ့်မယ်နော်။

ပသန္နာ စ မေ ပသန္နာကာရံ ကရေယျုန္တိ။ (သံ၊၁၊၄၀၃။)

ပသန္နာ စ = ကြည်ညိုကြကုန်သော သူတို့သည်လည်းပဲ။ မေ = ငါ့အား။ ပသန္နာကာရံ = ကြည်ညိုသော အခြင်းအရာကို။ ကရေယျုံ = ပြုကြပါကုန်မူကား။ အဟော ဝတ = ဩော် ... ကောင်းလေစွ။

ဟော ... ငါ့တရားကို ကြည်ညိုပြီးတော့ ငါ့ကို ကြည်ညိုတဲ့ အခြင်းအရာတွေ ပြကြရင်တော့ သိပ်ကောင်းမှာပဲတဲ့နော်။ ကြည်ညိုတဲ့ အခြင်းအရာကို ဖော်ပြတယ်ဆိုတာ ဘာလဲ? ဘုန်းကြီး စောင်းဟောတာ မဟုတ်ဘူးနော်။ ဒီမှာ အဋ္ဌကထာက ဖွင့်ထားတယ်။

ပသန္နာကာရံ ကရေယျုန္တိ စီဝရာဒယော ပစ္စယေ ဒဒေယျုံ။ (သံ၊ဋ္ဌ၊၂၊၁၅၈။)

ပသန္နာကာရံ ကရေယျုံ ဣတိ = ကြည်ညိုသော အခြင်းအရာကို ပြုလုပ်ကြကုန်မူကား ဟူသည်ကား။ စီဝရာဒယော ပစ္စယေ ဒဒေယျုံ = သင်္ကန်း ကျောင်း ဆေး ဆွမ်း အစရှိတဲ့ ပစ္စည်းလေးပါးတွေကို လာပြီးတော့ လှူဒါန်းကြမယ်ဆိုရင် သိပ်ကောင်းမယ်တဲ့။ အဲဒီလို လာဘ်လာဘကို မျှော်လင့်တောင့်တပြီးတော့ တရားဟောတာမျိုးကို ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။ တရားတစ်ပွဲမှာ ဘယ်လောက်ဆိုတဲ့ သတ်မှတ်ချက် ရှိနေပြီ။ ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ပါဘူးနော်။

ဧဝရူပဿ ခေါ ဘိက္ခဝေ ဘိက္ခုနော အပရိသုဒ္ဓါ ဓမ္မဒေသနာ ဟောတိ။ (သံ၊၁၊၄၀၃။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧဝရူပဿ ခေါ ဘိက္ခုနော = ဤကဲ့သို့ သဘောရှိသော ရဟန်းတော်အား။ အပရိသုဒ္ဓါ = မစင်ကြယ်သော။ ဓမ္မဒေသနာ = တရားဟောခြင်းသည်။ ဟောတိ = ဖြစ်ပေါ်၍ နေပေ၏။

ဒီလိုစိတ်ထားနဲ့ တရားဟောခဲ့ရင် ဒီရဟန်းတော် ဟောနေတဲ့ တရားတော်သည် စင်ကြယ်သောတရား ဟုတ်မလား? မဟုတ်တော့ဘူး။ မစင်ကြယ်ဘူး။ ဒီရဟန်းတော်ရဲ့ တရားဟောခြင်းသည် မစင်ကြယ်သော တရားဟောခြင်း ဖြစ်နေပြီ။

စင်ကြယ်သော တရားဒေသနာဟောနည်း

နောက်တစ်ခု --- စင်ကြယ်တဲ့ တရားဒေသနာတော် ဟောနည်း။ ဘုရားရှင် တစ်ဘက်လှည့်ပြီးတော့ ဟောတော်မူပြန်တယ်။

ယော စ ခေါ ဘိက္ခဝေ ဘိက္ခု ဧဝံစိတ္တော ပရေသံ ဓမ္မံ ဒေသေတိ။ (သံ၊၁၊၄၀၃။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ယော စ ခေါ ဘိက္ခု = အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ရဟန်းတော်သည်ကား။ ဧဝံစိတ္တော = ဤကဲ့သို့သော စိတ်ထားရှိသည်ဖြစ်၍။ ပရေသံ = သူတစ်ပါးတို့အား။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတိ = ဟောကြားတော်မူလေ၏။

ဒီလို စိတ်ထားဖြင့် သူတစ်ပါးတွေကို တရားဟောတယ်။ ဘယ်လို စိတ်ထားလဲ?

သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။ (သံ၊၁၊၄၀၃။)

ဘဂဝတာ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ ဓမ္မော = မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ်ဟု ဆိုအပ်သော ဆယ်တန်သော တရားတော်မြတ်ကို။ သွာက္ခာတော = ကောင်းစွာ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ပါပေ၏။ သော ဓမ္မော = ထိုတရားတော်မြတ်သည်ကား။ သန္ဒိဋ္ဌိကော = မျက်မှောက်ဘဝ၌ လက်ငင်းအကျိုးပေးနိုင်သော စွမ်းအား ရှိပါပေ၏။အကာလိကော = အခါမလင့် အကျိုးပေးနိုင်သော စွမ်းအား ရှိပါပေ၏။ ဧဟိပဿိကော = လာလှည့်, ရှုလှည့်ဟု ဖိတ်ခေါ်ထိုက်သော တရားတော်လည်း ဖြစ်ပါပေ၏။ ဩပနေယျိကော = မိမိတို့၏ ခန္ဓာအိမ် ရုပ်နာမ်သန္တာန် အစဉ်၌ ထင်ရှားဖြစ်ပေါ်လာအောင် ကပ်၍ ဆောင်ထားထိုက်သော တရားတော် ဖြစ်တော်မူပါပေ၏။ ဝိညူဟိ =ပညာရှိ သူတော်ကောင်းတို့သည်။ ပစ္စတ္တံ =အသီးအသီး။ ဝေဒိတဗ္ဗော =သိသင့်သိထိုက်သော တရားတော် ဖြစ်ပါပေ၏။

မိမိတို့ တရားလို့ မဖြစ်စေချင်ဘူး။ ဘုရားဟောတဲ့တရား ဖြစ်စေချင်တယ်။ ဘာနည်း, ညာနည်း၊ ဘယ်ဆရာတော်နည်း, ဒီဆရာတော်နည်း၊ ဒီလိုမျိုး ဖြစ်ရမလား? မဖြစ်ရဘူး။ ဘာသာ ဖြစ်ရမလဲ? ဘဂဝတာ ဓမ္မော = ဘုရားရှင်ရဲ့ တရားသာလျှင် ဖြစ်ရမယ်။ အဲဒီ ဘုရားရှင်သည် တရားတော်တွေကို ဘယ်လို ဟောသလဲ? သွာက္ခာတ = အစ, အလယ်, အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်တွေနဲ့ ပြည့်စုံစွာ ဟောထားတဲ့ တရားတော်တွေ ဖြစ်ကြ တယ်။ သီလကျင့်စဉ်ဆိုတဲ့ အစ, သမာဓိကျင့်စဉ်ဆိုတဲ့ အလယ်, ပညာကျင့်စဉ်ဆိုတဲ့ အဆုံး။ ဒီသုံးပါးအစုံ ကောင်းခြင်းဂုဏ်တွေနဲ့ ပြည့်စုံအောင် ဟောကြားထားတော်မူတဲ့ တရားတော်တွေ ဖြစ်ကြတယ်။ ဒါကို ပေါ်လွင်အောင် ဘုရားရှင်က ဟောစေချင်တယ်။

သန္ဒိဋ္ဌိက = လက်ငင်းအကျိုးပေးနိုင်တဲ့ တရား။ အကာလိက = အခါမလင့် အကျိုးပေးနိုင်တဲ့ တရား။ ဒါတွေကတော့ အထူးသဖြင့် အရိယမဂ်ဉာဏ်ကို ရည်ညွှန်းထားပါတယ်။ ဧဟိပဿိက = လာလှည့်ပါ, ရှုကြည့်ပါလို့ ဖိတ်ခေါ်နိုင်တဲ့ တရား။ သီအိုရီသဘောသက်သက် ဟုတ်သလား? မဟုတ်ဘူးနော်။ လက်တွေ့ရှုလို့ရတဲ့ တရားတွေ။ ဘုရားရှင်က လာရှုကြည့်ပါလို့ အမြဲတမ်း ဖိတ်ခေါ်နေတယ်။ တချို့တချို့တရားတွေက လာရှုလှည့်ပါလို့ ဖိတ်ခေါ်တဲ့အတိုင်း ရှုတဲ့အခါ ရှုတဲ့အတိုင်း ပုံစံမှန် ဖြစ်သလား? မဖြစ်ဘူး။ ဘုရားတရားတော်တွေကတော့ ဖြစ်ကို ဖြစ်စေရမယ်လို့ ဒီလို အာမခံချက်ဖြင့် ဘုရားရှင်က ဖိတ်ခေါ်ထားတယ်။ ဩပနေယျိက = ပညာရှိသူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ အသီးအသီး ကိုယ်စီ ကိုယ်စီ မိမိတို့ရဲ့ ရုပ်နာမ် သန္တာန်အစဉ်မှာ ထင်ရှားဖြစ်ပေါ်နေအောင် ဆောင်ထားထိုက်တဲ့ တရားတွေ ဖြစ်တယ်တဲ့။

ဘာဖြစ်လို့လဲ? ဒီမဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ တရားတွေကို မျက်မှောက်ပြုပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ တရားတော်တွေ ကိန်းဝပ်တည်လာအောင် ဆောင်ထားနိုင်မယ်ဆိုရင် ဒီမဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ တရားတော်မြတ်တွေက ဆောင်ထားတဲ့ ထိုသတ္တဝါလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်သန္တာန်အစဉ်ကို အပါယ် လေးဘုံ အစရှိတဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအသီးအသီးမှ ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် ဒီလို အပါယ် လေးဘုံ အစရှိတဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခတွေမှ ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအားရှိတဲ့ တရားမျိုးဆိုရင် မိမိတို့ရဲ့ ခန္ဓာအစဉ် ရုပ်နာမ်သန္တာန်မှာ ကိန်းဝပ် လာအောင် ဆောင်ထားဖို့ မကောင်းဘူးလား? (ကောင်းပါတယ် ဘုရား။) ဆောင်ထားကြမလား? ကျောင်းဖွင့်ရင်ကော ပြန်မလား? ဘယ်လိုတုန်း? အဲဒါကျတော့ မဖြေတော့ဘူးနော်။

သူက ဆယ်ရက်တဲ့။ တော်တော်ကလေးတော့ ဝမ်းနည်းဖို့ ကောင်းပါ တယ်နော်။ တချို့ကတော့ တစ်လတဲ့။ ဘုရားရှင်ခေတ်ကတော့ ဆယ်ရက်, တစ်လနဲ့ ရနိုင်တဲ့တရား ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုခေတ်မှာက လက်ရွေးစဉ်တွေက ရှိသေးသလား? မရှိတော့ဘူး။ လက်ရွေးစဉ်တွေက ဘုရားရှင်နဲ့ ပါသွားပြီ။ နောက်ပိတ်ခွေးတွေပဲ ကျန်နေပါတယ်။ ဒီတော့ ဓားမ နောက်ပိတ်ခွေးတွေက ဆယ်ရက်ဆိုပြီး လာပြီး စျေးဆစ်နေကြမယ်ဆိုရင် တော့ ဒီတရားမျိုးတွေက လွယ်လွယ်နဲ့ ရနိုင်ပါတော့မလား? မရနိုင်တော့ဘူး။ ဒါကြောင့် ဒီတရားတွေကိုသာလျှင် ဘုရားရှင်က ဟောစေချင်တယ်။ ဟော လိုက်တဲ့အခါမှာလည်း ငါ့တရားဆိုပြီး ကိုယ်ပိုင်ပြုလုပ်ထားတဲ့ ပုံစံနဲ့ ဟော ရမလား? မဟောရဘူး။ ဘယ်လိုသာ ဟောရမလဲ? မြတ်စွာဘုရား ဟော ကြားထားတဲ့ အစ, အလယ်, အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံတဲ့ တရားပါလို့ ဒီလို ဝန်ခံပြီးတော့ ဟောစေချင်ပါတယ်။

အဟော ဝတ မေ ဓမ္မံ သုဏေယျုံ၊ သုတွာ စ ပန ဓမ္မံ အာဇာနေယျုံ၊ အာဇာနိတွာ စ ပန တထတ္တာယ ပဋိပဇ္ဇေယျုန္တိ။ (သံ၊၁၊၄၀၃။)

မေ = ငါ၏။ ဓမ္မံ = တရားတော်မြတ်ကို။ သုဏေယျုံ = ကြားနာကြပါကုန်မူကား။ အဟော ဝတ = ဩော် ... ကောင်းလေစွ။

ဒီစိတ်ထားကလေးတော့ ရှိတယ်။ ကြားနာစေလိုတဲ့ စိတ်ထားကလေးတော့ ရှိတယ်။ ဒါပေမယ့် ဦးတည်ချက်က ပုံစံတစ်မျိုးသွားတယ်။ ခုနက ဦးတည်ချက်နဲ့ မတူဘူး။

သုတွာ စ ပန = ကြာနာပြီး၍လည်းပဲ။ ဓမ္မံ = တရားတော်မြတ်ကို။ အာဇာနေယျုံ = သိရှိကြပါကုန်မူကား။ အဟော ဝတ = ဩော် ... ကောင်းလေစွ။

ဦးတည်ချက်ကလေး မိမိ ဟောတဲ့တရားကိုလည်း နာကြားစေလိုတဲ့ စိတ်ထားတော့ ရှိတာ မှန်တယ်။ ဒါပေမယ့် ဦးတည်ချက်က ဘာဖြစ်လဲ?

သုတွာ = ကြားနာပြီး၍။ ဓမ္မံ = တရားတော်မြတ်ကို။ အာဇာနေယျုံ = သိရှိကြပါကုန်မူကား။ အဟော ဝတ = ဩော် ... ကောင်းလေစွ။

ငါဟောတဲ့ တရား နာယူနေတဲ့ ပရိသတ်တွေ သိရှိကြမယ်ဆိုရင် သိပ်ကောင်းမယ်။ ဒီစိတ်ထားရှိတယ်။ ခုနက မစင်ကြယ်တဲ့ ပုဂ္ဂိုလ်ရဲ့ တရားဟောနည်း စိတ်ထားနဲ့ တူသေးလား? မတူတော့ဘူးနော်။ တရားဟောပြီ ဆိုလို့ရှိရင်တော့ ဒီစိတ်ထားကလေး ရှိရမယ်။ ဟောတယ်ဆိုတာက -- တစ်လုံး ပြောတာလည်း ဟောတာပါပဲ။ နှစ်လုံး ပြောတာလည်း ဟောတာပါပဲနော်။ ဒါပေမယ့် ဒီတရားကလေး ဟောပြီးတဲ့ အချိန်အခါမှာ သိရှိကြပါစေဆိုတဲ့ ဒီစိတ်ထားကလေးသည် အလွန် မွန်မြတ်တဲ့ စိတ်ထားကလေး ဖြစ်ပါတယ် နော်။

အာဇာနိတွာ စ ပန တထတ္တာယ ပဋိပဇ္ဇေယျုန္တိ။ (သံ၊၁၊၄၀၃။)

အာဇာနိတွာ = သိရှိကြားနာကုန်ပြီး၍လည်းပဲ။ တထတ္တာယ = မချွတ်မယွင်းရန်အလို့ငှာ။ ပဋိပဇ္ဇေယျုံ = ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါကုန်မူကား။ အဟော ဝတ = ဩော် ... ကောင်းလေစွ။

စိတ်ထဲမှာ တစ်မျိုးထားပြီ။ ဟောတဲ့ တရားကို နာပြီးပြီ။ နာပြီး သိရှိပြီးတဲ့ နောက် တထတ္တာယ = မချွတ်မယွင်း ဆက်လက်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်စေချင်တယ်။ ဟောလိုက်တဲ့ တရား နာပြီ။ ဘာဆိုလိုတယ် ဆိုတာလည်း သိပြီ။ သိလိုက်တဲ့ အချိန်အခါမှာ မကျင့်ကြဘူးဆိုရင်လည်း အကျိုးရှိပါ့မလား? မရှိဘူး။ ဒီတော့ ဒီမှာ တထတ္တာယ = မချွတ်မယွင်းရန်အလို့ငှာ ဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က အဓိပ္ပာယ်ကလေး ပိုရှင်းအောင် ဖွင့်ဆိုထားတယ်။

တထတ္တာယ ပဋိပဇ္ဇေယျုန္တိ သီလဿ အာဂတဋ္ဌာနေ သီလံ ပူရယမာနာ၊ သမာဓိဝိပဿနာ မဂ္ဂဖလာနံ အာဂတဋ္ဌာနေ တာနိ တာနိ သမ္ပာဒယမာနာ တထာဘာဝါယ ပဋိပဇ္ဇေယျုံ။ (သံ၊ဋ္ဌ၊၂၊၁၅၈။)

ဒီလို ဖွင့်ထားတယ်။ ဘာပြောတာလဲ? သီလ လာရှိတဲ့နေရာမှာ သီလကို တကယ်လက်တွေ့ ဖြူဖြူစင်စင် ဖြည့်ကျင့်ကြမယ်ဆိုရင် သိပ်ကောင်းမယ်။ ဓမ္မကထိကကိုယ်တော်က သီလအကြောင်း ဟောပြီ။ သီလကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြည့်ကျင့်ရမယ်ဆိုတာတွေကို ဟောပြီ။ ဟောလိုက်တဲ့အခါ ကြားနာခွင့် ရပြီ၊ သိရှိပြီ။ သိရှိတဲ့အခါ ဒီသီလကို မကျင့် ဘူးဆိုရင် အကျိုးရှိပါ့မလား? မရှိဘူး။ ဒါကြောင့် သီလအကြောင်း ဟောတဲ့ အချိန်အခါမှာ သီလတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ကြမယ်ဆိုရင် သိပ်ကောင်း မယ်။ ဒီစိတ်ထား ရှိတယ်။ သမာဓိအကြောင်း ဟောလိုက်တဲ့ အချိန်အခါမှာ လည်း ဒီသမာဓိတွေကို တကယ်လက်တွေ့ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ကြမယ် ဆိုရင် သိပ်ကောင်းမယ်။ မပြည့်မစုံ မစို့မပို့ ကျင့်တာကိုတော့ ဆိုလိုသလား? မဆိုလိုပါဘူးနော်။ ဘုရားရှင်က ပြည့်ပြည့်စုံစုံကလေး ဖြည့်ကျင့်တာကို နှစ်ခြိုက်တယ်နော်။

နောက်တစ်ခု --- ဝိပဿနာအကြောင်း ဟောပြီ။ ဝိပဿနာအကြောင်း ဟောလိုက်တဲ့ အချိန်အခါမှာလည်း ဟောလိုက်တဲ့ ဝိပဿနာကျင့်စဉ်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ကြမယ်ဆိုရင် သိပ်ကောင်းမယ်။ ဒီစိတ်ထား ရှိတယ်။ ဟာ - ဒီဘုန်းကြီး ဟောနေတဲ့ တရားတွေကလည်း မဖြစ်နိုင်ပါဘူး။ သာဝကတွေက ဘယ် ဒီရုပ် ဒီနာမ်တွေ သိရှိနိုင်မှာလဲ စသည်ဖြင့် ဝေဖန်ရေးသမားတွေလုပ်ပြီး ရှောင်ကွေ့သွားတဲ့ ပုံစံမျိုး ဖြစ်ရမလား? မဖြစ်ရဘူး။ ဘုရားက ဒီရုပ် ဒီနာမ်တွေကို သိရမယ်။ ဒီအကြောင်းတရား ဒီအကျိုးတရားတွေကို သိရမယ် ဟောထားတယ်။

ဟာ - ဒီအတိတ် အနာဂတ်က ဘယ်လိုလုပ် ရှုရမှာလဲ၊ ဒီရုပ် (၂၈)ပါး ဆိုတာကလည်း ဘယ်လိုလုပ် ရှုရမလဲ၊ ဒါက သဗ္ဗညုတဉာဏ်အရာပဲ -စသည် ဖြင့် ဝေဖန်ရေးသမားတွေ လုပ်တယ်။ အတိတ်ဆိုတာ ဖြစ်ပြီးပြီ၊ မရှိတော့ဘူး။ အနာဂတ်ဆိုတာ ဖြစ်မှ မဖြစ်သေးတာ၊ ဘယ်လိုလုပ် ရှုမလဲ။ အတိတ်ကလည်း မရှိမှ မရှိတော့တာ ဘယ်လိုလုပ်ရှုမလဲ --- စသည်ဖြင့် ဝေဖန်ရေး သမားတွေလုပ်ပြီး ရှောင်ကွေ့သွားတယ်။ အဲဒီလို ရှောင်ကွေ့တဲ့ စိတ်ထားကလေးတွေ မရှိဘဲ မချွတ်မယွင်း လက်တွေ့ကျင့်ကြမယ်ဆိုရင် သိပ်ကောင်းမယ်ဆိုတဲ့ ဒီစိတ်ထားဖြင့် တရားဟောတယ်။ ဟောလိုက်တဲ့အတိုင်းလည်း ကျင့်ကြမယ်ဆိုရင် မကောင်းဘူးလား? သိပ်ကောင်းတယ်။ နောက်တစ်ခု -

မဂ်ဉာဏ် ဖိုလ်ဉာဏ်အကြောင်းကို ဟောပြပြီ။ ဟောပြလိုက်တဲ့ အချိန်အခါမှာလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ ပတ်သက်တဲ့အပိုင်း ရောက်လာပြီ ဆိုရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် မချွတ်မယွင်း တကယ်လက်တွေ့ ကျင့်တယ်။ ဟောလိုက်တာက တခြား၊ ကျင့်နေတာက တစ်ခြား ဖြစ်နေခဲ့မယ်ဆိုရင် မချွတ်မယွင်း ကျင့်တာဟုတ်သလား? မဟုတ်ဘူး နော်။ ဟောလိုက်တဲ့အတိုင်း လက်တွေ့ မှန်မှန်ကန်ကန် တိတိကျကျ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပါမှ (တထတ္တာယ ပဋိပဇ္ဇေယျုံ =) မချွတ်မယွင်းဖို့ ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသည် မည်တယ်။ ဒီ အချက်ကတော့ သိပ်အရေးကြီးတယ်။ ဘုန်းကြီးကတော့ ဟောလိုက်တာပဲ။ ကျင့်တာက တလွဲကျင့်နေပြီဆိုရင်တော့ ပုံစံမှန်ပါ့မလား? မမှန်ဘူး။

ဘုန်းကြီးက ရုပ်အကြောင်း ဟောလိုက်တယ်။ ဩော် - ဒီရုပ်တွေက တပည့်တော် သိပြီးသားတွေပဲ၊ တွေ့ပြီးသားတွေပဲ။ ဘုန်းကြီးက နာမ်အကြောင်း ဟောလိုက်တော့လည်း ဩော် - ဒီနာမ်တွေက တပည့်တော်တို့ ရှုပြီးသား။ ဒါအားလုံး နားလည်နေတယ်။ ဘုန်းကြီး ဟောနေဖို့ လိုသေးလား? မလိုတော့ဘူး။ သူက သိပြီးသား ဖြစ်နေပြီ။ ပဋိစ္စသမုပ္ပါဒ်အကြောင်း ဟောလိုက်တော့လည်း တပည့်တော် နားလည်ပြီးသားပါ။ ဒါတွေကို တပည့်တော်ကို ထည့်မပြောနဲ့။ တပည့်တော်က ဝိပဿနာမှာ ကျေနပ်နေတဲ့ ပုဂ္ဂိုလ်ပဲဆိုပြီး မိမိကိုယ်ကို မိမိ အထင်ကြီးနေတယ်။

ဒီလိုဆိုလို့ရှိရင် မချွတ်မယွင်းဖို့ရန်အတွက် လက်တွေ့ကျင့်နေတဲ့ပုဂ္ဂိုလ်လို့ ခေါ်နိုင်ပါ့မလား? မခေါ်နိုင်ပါဘူး။ မခေါ်နိုင်တာက သူက တကယ်ရုပ်နာမ်လည်း မသိလို့ ပြောတာပါနော်။ ဒါပေမယ့် ယောဂီဆိုတာက ပုံစံတော့ အမျိုးမျိုးရှိပါတယ်။ တကယ့်စိတ်နေစိတ်ထား မှန်မှန်ကန်ကန် တိတိကျကျဖြင့် မသိတာကို မသိဘူး၊ မသိသေးတဲ့တရားကို သိအောင် လက်တွေ့ကျင့်နေတဲ့ သူတော်ကောင်းတွေလည်း ရှိကြပါတယ်။ သိပြီးသား တရားကိုလည်း အသိဉာဏ် သန့်ရှင်းအောင်ဆိုပြီး တင်ပြလျှောက်ထားနေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိကြ ပါတယ်။ တချို့ပုဂ္ဂိုလ်တွေကျတော့ ဒီလို မဟုတ်ပြန်ဘူး။

ဟိုဘက်က သူက ဒါ ရှုနေတယ်ဆိုတော့ ကိုယ်က မခံချင်ဘူး။ ငါလည်း ဒါ ရှုပြီးပြီ။ ဟုတ်သလား။ ရောချလိုက်တယ်။ ကျင့်ပြီးတာ မကျင့်ပြီးတာ မသိဘူး။ ငါ ဟုတ်ဟုတ် မဟုတ်ဟုတ် သင်းထက် အသာယူပြီးတော့ ပြောချ လိုက်တယ်။ ဒီပုံစံမျိုးကျတော့ မချွတ်မယွင်းရန် ကျင့်နေတဲ့ ပုဂ္ဂိုလ်ဟုတ်ပါ့ မလား? နည်းနည်းလေး ပြန်နာကြည့်ပါ။ ခု တရားဟောနေတဲ့ ပုဂ္ဂိုလ်ရဲ့ ဦးတည်ချက်ကလေးက ---

မေ = ငါ၏။ ဓမ္မံ = တရားတော်ကို။ သုဏေယျုံ = ကြားနာကြပါမူကား။ အဟော ဝတ = ဩော် - ကောင်းလေစွ။ သုတွာ စ ပန = ကြားနာပြီးလျှင်လည်းပဲ။ ဓမ္မံ = တရားတော်မြတ်ကို။ အာဇာနေယျုံ = သိရှိကြပါကုန်မူကား။ အဟော ဝတ = ဩော် - ကောင်းလေစွ။ အာဇာနိတွာ = သိရှိကြကုန်ပြီး၍လည်းပဲ။ တထတ္တာယ = မချွတ်မယွင်းရန်အလို့ငှာ။ ပဋိပဇ္ဇေယျုံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါကုန်မူကား။ အဟော ဝတ = ဩော် ကောင်းလေစွ။

ငါ ဟောတဲ့တရားတွေကို နာကြားကြမယ်ဆိုရင် သိပ်ကောင်းမယ်၊ ကြားနာပြီးတဲ့ အချိန်အခါမှာ ဟောလိုက်တဲ့တရားတွေကို ဘာဆိုလိုတယ် ဆိုတာကို တိတိကျကျ သိရှိကြမယ်ဆိုရင်လည်း သိပ်ကောင်းမယ်၊ သိလိုက်တဲ့အတိုင်းလည်း မချွတ်မယွင်း မှန်မှန်ကန်ကန် တိတိကျကျဖြင့် လက်တွေ့ တကယ် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကြမယ်ဆိုရင် သိပ်ကောင်းမယ် ဆိုတဲ့ ဒီစိတ်ထားရှိတယ်။ အဲဒီစိတ်ထားဖြင့် သူက တရားဟောပြီ။ ဟောလိုက်တဲ့အချိန်အခါမှာ ဘာဖြစ်သလဲ?

ဣတိ ဓမ္မသုဓမ္မတံ ပဋိစ္စ ပရေသံ ဓမ္မံ ဒေသေတိ၊ ကာရုညံ ပဋိစ္စ အနုဒ္ဒယံ ပဋိစ္စ အနုကမ္ပံ ဥပါဒါယ ပရေသံ ဓမ္မံ ဒေသေတိ။ (သံ၊၁၊၄၀၃။)

ဣတိ = ဤသို့လျှင်။ ဓမ္မသုဓမ္မတံ = တရားတော်၏ ကောင်းသော တရားဓမ္မဖြစ်သည်၏အဖြစ်ကို။ ပဋိစ္စ = အစွဲပြု၍။ ပရေသံ = သူတစ်ပါးတို့အား။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတိ = ဟောကြားတော်မူ၏။

တရားဟောကြားတဲ့ အချိန်အခါမှာ ဘုရားရှင် ဟောကြားထားတဲ့တရား တွေကို (ဓမ္မသုဓမ္မတံ =) ဘုရားရှင်ရဲ့ တရားတွေသည် ကောင်းသောတရား ဓမ္မတွေ ဖြစ်တယ်လို့ ကောင်းသောတရားဓမ္မကို အစွဲပြုပြီးသာလျှင် သူတစ်ပါး တို့အား တရားကို ဟောတယ်။ မိမိကိုယ်ပိုင်တရားအနေနဲ့ ကိုယ်တွေ့ဉာဏ်မြင် အနေနဲ့ ဟောတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဘုရားဟောထားတဲ့ တရား တွေက (သုဓမ္မ =) ကောင်းသောတရားဓမ္မဖြစ်ပုံကိုသာလျှင် အစွဲပြုပြီးတော့ သူတစ်ပါးတွေကို တရားဟောတယ်။

ကာရုညံ = သနားခြင်းကို။ ပဋိစ္စ = အစွဲပြု၍။ ဓမ္မံ = တရားတော်ကို။ ဒေသေတိ = ဟောတော်မူ၏။ အနုဒ္ဒယံ = ကြင်နာသနားခြင်းကို။ ပဋိစ္စ = အစွဲပြု၍။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတိ = ဟောတော်မူ၏။ အနုကမ္ပံ = အစဉ်သနားစောင့်ရှောက်လိုတဲ့ စိတ်ဓာတ်ကို။ ဥပါဒါယ = အကြောင်းပြု၍။ ပရေသံ = သူတစ်ပါးတို့အား။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတိ = ဟောကြားတော်မူ၏။

တောင်ထိပ်တစ်နေရာကနေ တောင်အောက်တစ်နေရာမှာ တည်ရှိနေတဲ့ လူစုလူဝေးကြီးကို လှမ်းပြီးတော့ ကြည့်လိုက်သလို ပညာရှိသူတော်ကောင်းတို့က အထက်တန်းကျတဲ့နေရာကနေ အောက်တန်းကျတဲ့လူသား ဦးဆောင်နေတဲ့ သတ္တဝါတွေကို လှမ်းမျှော်ပြီး ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ သနားကြင်နာတဲ့ စိတ်ဓာတ်တွေ ထိုသူတော်ကောင်းတို့ရဲ့ သန္တာန်မှာ ပေါ်လာတယ်။ ဘာဖြစ်လို့ သနားကြင်နာရသလဲ? ဒီသတ္တဝါတွေကို ကြည့်လိုက်လို့ရှိရင် တကယ်လက်တွေ့ မကျင့်သေးဘူးဆိုလို့ရှိရင် သံသရာဘေးကြီးက မကျွတ်သေးဘူးဆိုရင် သူတို့မှာ နောက်ထပ်တစ်ဖန် ပဋိသန္ဓေတည်နေရခြင်း ဆင်းရဲကို ရင်ဆိုင်နေကြရတယ်။ အိုရတဲ့ဘေးဆိုးကို ရင်ဆိုင်နေကြရတယ်။ နာရတဲ့ဘေးဆိုးကြီးတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်။ သေရတဲ့ဘေးဆိုးကြီးတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်။ ရာဂမကင်းသေးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြမယ်ဆိုရင် သောကဆိုတဲ့ ဘေးဆိုးကြီး၊ ငိုကြွေးမြည်တမ်းရခြင်းဆိုတဲ့ ဘေးဆိုးကြီး၊ ကိုယ်ဆင်းရဲရခြင်းဆိုတဲ့ ဘေးဆိုးကြီး၊ စိတ်ဆင်းရဲရခြင်းဆိုတဲ့ ဘေးဆိုးကြီး၊ ပြင်းစွာပူပန်ရခြင်းဆိုတဲ့ ဘေးဆိုးကြီးတွေနဲ့ ရင်ဆိုင်နေကြရတယ်။ ရာဂမီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ချက်ကို ခံနေကြရတယ်။ ဒေါသမီးတွေရဲ့ လောင်မြိုက်တဲ့ ဒဏ်ချက်ကို ခံနေကြရတယ်။ မောဟ မီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ချက်ကို ခံနေကြရတယ်။

ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ မျက်လုံးဘက်က ကြည့် မယ်ဆိုရင် ဒီလိုမီး (၁၁)သီးရဲ့ လောင်မြိုက်တဲ့ဒဏ်ချက်ကို ခံနေကြရတဲ့ ပုဂ္ဂိုလ်တွေဟာ သနားစရာသတ္တဝါတွေ ဖြစ်မနေကြဘူးလား? ဖြစ်နေကြ တယ်။ တစ်ချက်။ နောက်ထပ် သေခြင်းဆိုတဲ့ ဘေးဆိုးကြီး ရင်ဆိုင်ရတဲ့ အချိန်အခါမှာ အပါယ်သံသရာကို ရောက်ရှိသွားမယ့် သတ္တဝါတွေလည်း ဒီသတ္တဝါတွေထဲမှာ များစွာ ရှိကောင်းရှိနိုင်တယ်။ ဘာကြောင့်လဲ? အပါယ် ဘေးကြီးမှ လွတ်အောင် မချွတ်မယွင်း တကယ်တမ်း လက်တွေ့ မကျင့်ကြ သေးလို့တဲ့ - နော်။ မကျင့်ကြသေးတဲ့အတွက် အပါယ်ဘေးဆိုးကြီးမှ မလွတ်နိုင်သေးဘူးတဲ့။ အပါယ်ရောက်နိုင်တဲ့ သတ္တဝါတွေ ဒီထဲမှာ များစွာ ရှိတယ်ဆိုလို့ လှမ်းကြည့်လိုက်တော့ မြင်နေတယ်။

မြင်လိုက်တဲ့ အချိန်အခါမှာ ဒီသတ္တဝါတွေအပေါ်မှာ သနားကြင်နာမှု ဆိုတဲ့ သဘောတရား သူတော်ကောင်းတွေရဲ့ နှလုံးအိမ်မှာ ပေါ်လာတယ်။ ပေါ်လာတဲ့ အချိန်အခါကျတော့ ဒီသတ္တဝါတွေကို ငါ သနားစောင့်ရှောက်ပေးမှ တော်တော့မယ်ဆိုတဲ့ ဒီစိတ်ထား ပေါ်မလာဘူးလား? ပေါ်လာတယ်။ အပါယ်ဘေးဆိုးကြီးမှ လွတ်အောင်, အိုဘေးဆိုးကြီးမှ လွတ်အောင်, နာဘေးဆိုးကြီးမှ လွတ်အောင်, သေဘေးဆိုးကြီးမှ လွတ်အောင် ငါ တရားဓမ္မတွေကို ဟောကြားပြသ ဆိုဆုံးမပေးမှ တော်တော့မယ်။ ရာဂမီးတွေရဲ့ လောင်မြိုက်တဲ့ ဒဏ်ချက်မှ လွတ်သွားအောင်, ဒေါသမီးတွေရဲ့ လောင်မြိုက်နေတဲ့ ဒဏ်ချက်က လွတ်သွားအောင်, မောဟမီးတွေရဲ့ လောင်မြိုက်နေတဲ့ဒဏ်ချက်က လွတ်မြောက်သွားအောင်, သောကမီး ပရိဒေဝမီး ဒုက္ခ ဒေါမနဿ ဥပါယာသ-ဆိုတဲ့ မီး (၁၁)သီးဆိုတဲ့ မီးတွေရဲ့ လောင်မြိုက်နေတဲ့ဒဏ်ချက်တွေက လွတ်သွားအောင် ငါ တရားဓမ္မဟောကြားပြသ ဆိုဆုံးမပေးမှ တော်တော့မယ်။ အပါယ်ဘေးဆိုးကြီးမှ လွတ်အောင်, ကာမ (၁၁)ဘုံက လွတ်အောင်, (၃၁)ဘုံမှ ကွင်းလုံးကျွတ်လွတ်သွားအောင် --- ငါ တရားဓမ္မ ဟောကြားပေးမှ တော်တော့မယ်ဆိုပြီးတော့ သတ္တဝါတွေကို အစဉ်သနားစောင့်ရှောက်တတ်တဲ့ စိတ်ဓာတ်တွေကို အစွဲပြုပြီးတော့မှ တရားတွေကို ဟောပြီ။ ဟောလိုက်တဲ့ အချိန်အခါကျတော့မှ ဘာဖြစ်သလဲ?

ဧဝရူပဿ ခေါ ဘိက္ခဝေ ဘိက္ခုနော ပရိသုဒ္ဓါ ဓမ္မဒေသနာ ဟောတိ။ (သံ၊၁၊၄၀၃။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧဝရူပဿ ခေါ ဘိက္ခူနံ = ဤကဲ့သို့သော စိတ်ထားရှိသော ရဟန်းတော်များ၏။ ဓမ္မဒေသနာ = တရားဓမ္မ ဟောကြားခြင်းသည်။ ပရိသုဒ္ဓါ ဓမ္မဒေသနာ = စင်ကြယ်သော တရားဒေသနာ ဟောကြားခြင်း ဖြစ်ပေ၏။

ဒီလို စိတ်နေစိတ်ထားရှိနေတဲ့ ရဟန်းတစ်ပါးရဲ့ တရားဟောခြင်းဟာ ပရိသုဒ္ဓါ ဓမ္မဒေသနာ = စင်ကြယ်သန့်ရှင်းနေတဲ့ တရားဟောနည်းဖြစ်တယ်လို့ ဘုရားရှင်က ဒီလို အမိန့်ရှိတော်မူတယ်။

အဲဒီလို အမိန့်ရှိပြီးတဲ့ အချိန်အခါကျတော့ ဘုရားရှင်က နောက်ဆက်တွဲ ရဟန်းတွေကို ဘာဆုံးမသလဲ?

ကဿပေါ ဘိက္ခဝေ ဧဝံစိတ္တော ပရေသံ ဓမ္မံ ဒေသေတိ။ (သံ၊၁၊၄၀၃။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ကဿပေါ = ကဿပသည်ကား။ ဧဝံ စိတ္တော = ဤကဲ့သို့သော စိတ်ထားရှိသည်ဖြစ်၍။ ပရေသံ = သူတစ်ပါးတို့အား။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတိ = ဟောကြားပြသ ဆိုဆုံးမလေ၏။

ကဿပဟာ ဒီလိုစိတ်ထားရှိပြီးတော့ သူတစ်ပါးတွေကို တရားဓမ္မတွေကို ဟောကြားပြသ ဆိုဆုံးမပေးတယ်။ ဘယ်လိုလဲ?

တရားဂုဏ်တော် (၆) ပါး

သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။ (သံ၊၁၊၄၀၃။)

ဘဂဝတော = ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်သည်။ သွာက္ခာတော = အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသော တရားတော်မြတ်ကို ကောင်းစွာ ဟောကြားတော်မူအပ်ပါပေ၏။ သော ဓမ္မော = ထိုတရားတော်မြတ်သည် ကား။ သန္ဒိဋ္ဌိကော = ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်သော တရားတော်ဖြစ်ပါပေ၏။ အကာလိကော = အခါမလင့် အကျိုးပေးတတ်တဲ့ တရားတော်ဖြစ်ပါပေ၏။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ခြင်း ငှာ ထိုက်တန်သောတရားလည်း ဖြစ်ပါပေ၏။ ဩပနေယျိကော = ပညာရှိ သူတော်ကောင်းတို့သည် မိမိတို့ရဲ့ ရုပ်နာမ်သန္တာန် စိတ်ဓာတ်အစဉ်၌ အစဉ်တစိုက် ဆောင်ထားထိုက်သော တရားတော်လည်း ဖြစ်ပါပေ၏။ ဝိညူဟိ = ပညာရှိသူတော်ကောင်းတို့သည်။ ပစ္စတ္တံ = အသီးအသီး။ ဝေဒိတဗ္ဗော = သိသင့်သိထိုက်သော တရားတော်လည်း ဖြစ်ပါပေ၏။

ဘုရားရှင် ဟောတဲ့တရားကိုတော့ ဦးတည်ထားတယ်နော်။ ဘုရားရှင်ရဲ့ တရားတော်တွေဟာ အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောထားတဲ့ တရားတော်တွေဖြစ်တယ်။ အစ အလယ် အဆုံး အယူအဆတွေကတော့ နည်းအမျိုးမျိုး ဖွင့်ထားပါတယ်နော်။

အစပိုင်းဖြစ်တဲ့ သီလကျင့်စဉ်ကြည့်လိုက်လည်း ဖြူစင်တယ်၊ သန့်ရှင်းတယ်။ အလယ်ပိုင်းကျင့်စဉ်တွေဖြစ်တဲ့ သမထ-ဝိပဿနာ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ကြည့်လိုက်တော့လည်း ဖြူစင်တယ်၊ သန့်ရှင်းတယ်။ အဆုံးပိုင်း ဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကို ကြည့်လိုက်တော့လည်း ဖြူစင်နေတယ်၊ သန့့်ရှင်းနေတယ်။ ဘုရားရှင်ရဲ့ တရားတော်တွေက ဘယ်တရားကတော့ မကောင်းဘူးလို့ လက်ညှိုးထိုးပြလောက်တဲ့တရား တစ်ခုမှ မရှိဘူး။ အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံနေတဲ့တရားတော်တွေ ဖြစ်ကြတယ်။ အဲဒီတရားတွေသည် (သန္ဒိဋ္ဌိကော =) သူများအပြောနဲ့ လွမ်းရမယ့် တရားတွေ မဟုတ်ဘူး။ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနိုင်တဲ့တရား။ တကယ်လက်တွေ့ မှန်မှန်ကန်ကန် မချွတ်မယွင်း ကျင့်ခဲ့မယ်ဆိုရင် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိနိုင်တဲ့တရား ဖြစ်တယ်။

လက်တွေ့ကျင့်နေတဲ့ ပုဂ္ဂိုလ်များ နားလည်ပါတယ်နော်။ အာနာပါနကမ္မဋ္ဌာန်းကို လက်တွေ့ကျင့်တယ်ဆိုကြပါစို့။ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်သည် တစ်ချိန် ပေါ်လာမယ်။ လက်တွေ့ကျင့်လို့ လက်တွေ့မြင်ပြီဆိုရင် သူများအပြောနဲ့ လွမ်းနေရတဲ့အဆင့် ဟုတ်သလား? မဟုတ်ပါဘူးနော်။

ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီး ပထမစျာန်သမာဓိ၊ ဒုတိယစျာန်သမာဓိ၊ တတိယစျာန်သမာဓိ၊ စတုတ္ထစျာန်သမာဓိတွေကို ဆက်လက်ပြီး ထူထောင်မယ်ဆိုရင် မိမိရဲ့ ပါရမီအားလျော်စွာ ထူထောင်လို့ရနိုင်တယ်။ လက်တွေ့လည်း ကျင့်ကြည့်တယ်။ လက်တွေ့လည်း ထူထောင်ကြည့်တယ်။ အောင်မြင်မှုရတယ်။ သူများအပြောနဲ့ လွမ်းနေရတဲ့ အဆင့်မျိုး ဟုတ်သလား? မဟုတ်တော့ဘူး။ ကိုယ်တိုင်သိသွားပြီ။

ရှေ့တစ်ဆင့်တက်ပြီးတော့ ဓာတ်ကြီးလေးပါးကို ဦးဆောင်ပြီးတော့ ခန္ဓာကိုယ်မှာ ဓာတ်ကြီးလေးပါး စတင် သိမ်းဆည်းတယ်။ အဖြူ သို့မဟုတ် အကြည်ပြင်ပေါ်လာတယ်။ အဖြူပြင် အကြည်ပြင်ပေါ်မှာလည်း ဓာတ်လေးပါးကို ဆက်စိုက်ရှုတယ်။ အကြည်ဓာတ်က ခိုင်ခံ့လာတဲ့အခါမှာ အာကာသကို မြင်အောင် ဆက်ပြီးစိုက်ရှုတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ကလာပ်အမှုန်တွေ တွေ့ပြီ။

ကလာပ်တစ်ခုတစ်ခုအတွင်းမှာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါးကို မြင်အောင်ရှုပြီ။ ကိုယ်တိုင် ရှုလို့ ရသွားပြီ။ ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို --- မင်းကွာ ... ဒီကလာပ်အမှုန်ကလေးတွေ ဘယ်လိုမှ သာဝကတွေ မမြင်နိုင်ပါဘူး။ ကလာပ်တစ်ခုတစ်ခုအတွင်းမှာ ဆိုတာကလည်း ဓာတ်ကြီးလေးပါး ဘယ်လိုမှ ရှုလို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲ? ဒီရုပ်တရားတွေက မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုအပ်တဲ့ အချိန်အတွင်းမှာပဲ ကုဋေငါးထောင်ကျော် ဖြစ်ပြီးပျက်နေတဲ့တရားတွေ။ ဒီလောက် လျင်လျင်မြန်မြန် ဖြစ်ပြီးပျက်နေတဲ့ တရားတွေကို သာဝကတွေ ဘယ်လိုမှ မသိနိုင်ပါဘူး။ စသည်ဖြင့် တစ်ဘက်ပုဂ္ဂိုလ်က လာပြောပြီဆိုကြပါစို့။ ကိုယ်တိုင် ရှုလို့ရနေတဲ့ ပုဂ္ဂိုလ်က ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်ကို သူ လက်ခံနိုင်ပါဦးမလား? လက်မခံနိုင်တော့ဘူး။

ဒါကြောင့် ဘုရားရှင်ရဲ့ တရားတွေက (သန္ဒိဋ္ဌိကော =) မချွတ်မယွင်း မှန်မှန်ကန်ကန် တိတိကျကျ ကျင့်မယ်ဆိုရင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနိုင်တဲ့ တရားတွေ ဖြစ်တယ်။ သို့သော် သတ္တဝါတွေအားလုံး သိရမယ်လို့ မဆိုလိုဘူးနော်။ သိနိုင်တဲ့ ပါရမီမျိုးစေ့ အထိုက်အလျောက်ရှိနေတဲ့ သူတော်ကောင်းအဖို့ မချွတ်မယွင်း မှန်မှန်ကန်ကန် တိတိကျကျ ကျင့်မယ် ဆိုရင်တော့ သိနိုင်တယ်လို့ ဒီလို ဆိုလိုပါတယ်နော်။

ဒီတော့ ဟောလိုက်တဲ့တရားက မိမိသာ သိပြီး သူတစ်ပါးတွေ မသိနိုင်တဲ့ တရားဆိုရင် ဒီတရားမျိုးသည် ပြည့်စုံတဲ့တရားလို့ ခေါ်နိုင်ပါ့မလား? ဘုရားရှင်ရဲ့ တရားတွေက ကိုယ်တိုင်လာကျင့်ကြည့်ပါ။ ကိုယ်တိုင်ကျင့်မယ်ဆိုရင် ကိုယ်တိုင်သိနိုင်တယ်လို့ ဘုရားရှင်က ရဲရဲအာမခံထားတယ်နော်။ ရှေ့တစ်ဆင့် တက်လို့ ရုပ်တွေ နာမ်တွေ သိမ်းဆည်းခြင်း။ အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းခြင်း၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုခြင်းဆိုတဲ့ လုပ်ငန်းခွင်တွေ တစ်ဆင့်တက်ပြီး ရှုပြီ။

ဟာ - မင်းတို့ အတိတ်ဘယ်လိုလုပ်ရှုသလဲတဲ့။ တစ်ချို့က သံသယ ရှိတယ်။ အဲဒီအတိတ် ဘယ်လိုလုပ်ရှုသလဲလို့ မေးတဲ့ပုဂ္ဂိုလ်တွေဟာ များသော အားဖြင့် ဘုန်းကြီး သုတေသနပြုကြည့်တာ သူတို့က ဖားဝါဒကို ကျင့်တဲ့ ပုဂ္ဂိုလ်တွေပါ။ ဖားဝါဒဆိုတာ ဖားတို့မည်သည်မှာ လမ်းသွားတဲ့အခါ ဖားသွားတဲ့လမ်းရယ်လို့ ပုံမှန်တိတိကျကျ ရှိသလား? မရှိဘူး။ ဟိုခုန် ဒီခုန်နဲ့။လမ်းယူတဲ့ ပုဂ္ဂိုလ်တွေ ဟုတ်သလား? မဟုတ်ဘူး။ အဲဒီလို ဟိုခုန် ဒီခုန်နဲ့ လမ်းမယူဘဲနဲ့ ကျင့်ချင်သလို ကျင့်နေတယ်ဆိုရင်တော့ ဘုရား ဟောတဲ့ ရုပ်၊ ဘုရားဟောတဲ့ နာမ် သိနိုင်ဖို့ မလွယ်ဘူး။ ဘုရားဟောနေတဲ့ ကြောင်းကျိုးဆက်ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သိနိုင်ဖို့ဆိုတာလည်း မလွယ်ဘူး။

ဘုရားရှင်ရဲ့ တရားတွေက အနုပုဗ္ဗသိက္ခာ၊ အနုပုဗ္ဗကိရိယာ၊ အနုပုဗ္ဗပဋိပဒါ အစဉ်အတိုင်း ကျင့်ရတဲ့တရားတွေ ဖြစ်တယ်။ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်ဖြင့် သိမ်းကျုံးရေတွက်ထားအပ်တဲ့ ဘုရားရှင်ရဲ့ တရားတော်တွေသည် အစဉ်အတိုင်း တိတိကျကျဖြင့် ကျင့်ရတဲ့တရားတော်တွေဖြစ်တယ်။ အဲဒီတော့ တိတိကျကျနဲ့ အစဉ်အတိုင်း ကျင့်ရမယ့် တရားတစ်ခုကို အစဉ်အတိုင်း မကျင့်ဘဲ ဖားခုန်သလို ဟိုခုန် ဒီခုန် ခုန်နေမယ်ဆိုရင်တော့ ဘုရား ဟောတဲ့တရား သိပါ့မလား? မသိနိုင်ဘူး။ သန္ဒိဋ္ဌိကဂုဏ်နဲ့ ပြည့်စုံတဲ့ တရားပါ။ ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ တရားက ---

(အကာလိကော =) အခါမလင့် အကျိုးပေးတယ်။ အထူးသဖြင့်တော့ အရိယမဂ်ဉာဏ်ကို ရည်ညွှန်းထားပါတယ်။ အရိယမဂ်ဉာဏ်ထိ သမထ-ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စနစ်တကျ ကျင့်ကြံပွားများ အားထုတ် လိုက်တဲ့ သူတော်ကောင်းအဖို့ အရိယမဂ်ဉာဏ်ပေါ်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း စိတ္တက္ခဏ မခြားဘူး။ အရိယဖိုလ်ဉာဏ်ဆိုတာက ဆက်တိုက်ပေါ်လာတယ်။ အချိန်အခါ စောင့်ဆိုင်းမှု မရှိဘူး။ အခါမလင့် အကျိုးပေးတယ်။

(ဧဟိပဿိကော =) လာပြီး ရှုကြည့်စမ်းပါလို့ ဖိတ်ခေါ်ထိုက်တဲ့တရား ဖြစ်တယ်။ သီအိုရီခေါ်တဲ့ သဘောတရားသက်သက် မဟုတ်ပါဘူး။ တကယ်လက်တွေ့ကျင့်လို့ရတဲ့ တရားတွေလို့ ဒီလို ဘုရားရှင်က ဖိတ်ခေါ်နေတာပါ။ ဦးပဉ္စင်းတို့ ဘုရားရှင်ကဲ့သို့ မိမိရဲ့ လုပ်ငန်းခွင် မိမိရဲ့ ကျင့်စဉ်တွေကို ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်နေတဲ့ ဘာသာရေးခေါင်းဆောင်ဆိုတာ ရှိသလား? မရှိပါဘူး။

(ဩပနေယျိကော =) ဒီတရားတွေဟာ စိတ်အစဉ်မှာ သို့မဟုတ် ရုပ်နာမ် သန္တာန်အစဉ်မှာ ကိန်းဝပ်နေအောင် ဆောင်ထားထိုက်တဲ့ တရားတွေဖြစ်တယ်။ ဘာဖြစ်လို့လဲ? ဒီတရားတွေက အနည်းဆုံးပမာဏအားဖြင့်ပေါလေ-အောက်ထစ်ဆုံးပြောရရင် သီလဖြူစင်သန့်ရှင်းတဲ့ ဘဝတစ်ခုနဲ့ အဆုံးသတ် သွားခဲ့ရရင် သေခါနီးကာလမှာလည်း မိမိရဲ့ စင်ကြယ်နေတဲ့ ဒီသီလကုသိုလ် စေတနာတွေကို တစ်ဖန်ပြန်ပြီး အာရုံယူနိုင်တယ်ဆိုရင် ပဉ္စသီလသမာဒါနိယမထေရ်အလောင်းတို့လို့ပေါ့နော် ---

သီလ၏ အကျိုးဂုဏ်အင် အာနိသင်

မိမိသီလတွေကို ပြန်ပြီးဆင်ခြင်လိုက်လို့ ဝမ်းမြောက်မှု ပီတိသောမနဿ ပြဓာန်းနေတဲ့ ကုသိုလ်ဇောအစဉ်တွေက မရဏာသန္နဇောရဲ့နေရာကို ယူသွားခဲ့မယ်ဆိုရင် ဒီသီလကုသိုလ်စေတနာတွေက ကောင်းရာသုဂတိကို ရောက်အောင် ဒီရုပ်နာမ်သန္တာန်အစဉ်လို့ ခေါ်ဆိုအပ်တဲ့ သတ္တဝါကို ပို့ဆောင် မပေးနိုင်ဘူးလား? ပို့ဆောင်ပေးနိုင်တယ်။

သမာဓိ၏ အကျိုးဂုဏ်အင် အာနိသင်

ဒီထက်ရှေ့တစ်ဆင့်တက်လိုက်လို့ မိမိက သမာဓိကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်နိုင်ပြီ။ သမာဓိကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်နိုင်ခဲ့လို့ သေသည့်တိုင်အောင် ဒီစျာန်တွေက မလျှောကျခဲ့ဘူးဆိုရင် ဗြဟ္မာ့ပြည်ဆိုတဲ့ အထက်တန်းကျတဲ့ဘဝတွေကို ရောက်ရှိအောင် ဒီသမာဓိကုသိုလ်ဇောစေတနာတွေက ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိနေတယ်။ ရှိနေခဲ့ရင် ဒီသီလဆိုတဲ့တရားက မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်နေအောင် မဆောင်ထားထိုက်ဘူးလား? ဆောင်ထားထိုက်တယ်။ ဒီသမာဓိ ဆိုတဲ့တရားကိုလည်း မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်နေအောင် မဆောင်ထားထိုက်ဘူးလား? ဆောင်ထားထိုက်တယ်။ သို့သော် ဘုရားရှင်က ဒီလောက်နဲ့ ရပ်တန့်ရမယ်လို့ မဆိုလိုပါဘူးနော်။

လားရာဂတိမြဲသူ

ဝိပဿနာကျင့်စဉ်ကို တစ်ချက်ကူးလိုက်ပြီ။ ရုပ်တွေ သိပြီ။ နာမ်တွေ သိပြီ။ အကြောင်းတရား အကျိုးတရားတွေ သိပြီ။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ပိုင်းပိုင်းခြားခြား ရပြီ။ အတိတ်-အနာဂတ်-ပစ္စုပ္ပန် ကာလသုံးပါးအတွင်းမှာ အကြောင်းတရားအဆက်ဆက် အကျိုးတရားအဆက်ဆက်ကို စနစ်တကျ သိမ်းဆည်းတတ်ပြီ။ ထိုသိမ်းဆည်းတတ်တဲ့ သူတော်ကောင်းသည် လဒ္ဓဿာသော လဒ္ဓပ္ပတိဋ္ဌော ဘုရားရှင်ရဲ့ သာသနာတော်၌ သက်သာရာကို ရရှိသွားတဲ့ သူတော်ကောင်းဖြစ်တယ်။ ဘုရားရှင်ရဲ့ သာသနာတော်မှာ ထောက်ရာတည်ရာကို ရရှိသွားတဲ့သူတော်ကောင်း ဖြစ်တယ်။ (နိယတဂတိက=) ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိမြဲသွားတဲ့ သူတော်ကောင်း ဖြစ်တယ်။ အပါယ်ဘုံကို နောက်တစ်ဘဝမှာ ကျခွင့်ရှိသေးသလား? မရှိတော့ဘူး။

ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)

စူဠသောတာပန် = သောတာပန်ညီထွေး ဖြစ်ပြီလို့ ဖွင့်ဆိုထားတယ်။

ဒီလိုဆိုရင် အပါယ်ဘေးမှ ခုလိုကယ်တင်နိုင်တဲ့ စွမ်းအားရှိနေတဲ့ နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့ ဒီဉာဏ်နှစ်ပါး ကုသိုလ်တရားတွေကိုလည်း မိမိတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်နေအောင် ဆောင်မ ထားထိုက်ဘူးလား? ဆောင်ထားထိုက်တယ်။

ဝိပဿနာဉာဏ်၏ စွမ်းအင်

ရှေ့တစ်ဆင့်တက်လိုက်ဦး။ ဝိပဿနာဉာဏ်တွေ ရပြီ။ ရုပ်တွေ နာမ်တွေ သိမ်းဆည်းပြီး အကြောင်းတရားနှင့် တကွသော ဒီရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုပြီ။ ပါရမီအားလျော်စွာ မဂ်ဖိုလ်နိဗ္ဗာန်မရလို့ ဝိပဿနာဉာဏ်ဖြင့် ဘဝကို အဆုံးသတ်ခဲ့ရမယ်ဆိုရင် အထူးသဖြင့် သင်္ခါရုပေက္ခာဉာဏ်လောက်အထိ ရမယ်ဆိုရင် ဒုတိယဘဝမှာ ကျိန်းသေ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရမယ်လို့ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း အင်္ဂုတ္တိုရ်ပါဠိတော် သောတာနုဂတသုတ္တန် (အံ၊၁၊၅၀၅-၅၀၇။)မှာ အာမခံ ထားပါတယ်။ အာမခံတယ်ဆိုတာကတော့ ဒုတိယဘဝမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လိုလားတောင့်တနေတဲ့ သူတော်ကောင်းတွေအတွက် ဖြစ်ပါတယ်။ ဆုကြီးပန်တွေအတွက်တော့ မဆိုလိုဘူးနော်။

အဂ္ဂသာဝကဗောဓိဉာဏ်၊ မဟာသာဝကဗောဓိဉာဏ် စတဲ့ ဗောဓိဉာဏ်တွေကို ရည်ရွယ်တောင့်တနေတဲ့ သာဝကတွေကို မဆိုလိုပါဘူး။ ဒီလိုဆိုရင် ဒီဝိပဿနာဉာဏ်တွေဟာ မိမိတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်နေအောင် ဆောင်မထားထိုက်ဘူးလား? ဆောင်ထားထိုက်တယ်။

မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ စွမ်းအား

ဒီထက်တစ်ဆင့်တက်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ပြီ။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ။ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရင် အပါယ်ဘေးကြီးမှ ကွင်းလုံးကျွတ် လွတ်ပြီ။ သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရမယ်ဆိုရင် လူ့ဘုံ ကဲ့သို့သော ကာမသုဂတိဘုံမှာ တစ်ကြိမ်လောက်ပဲ ဖြစ်ခွင့်ရှိတော့တယ်။ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရမယ်ဆိုရင်တော့ ကာမ (၁၁)ဘုံမှ ကွင်းလုံး ကျွတ် လွတ်ပြီ။ အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိခဲ့မယ်ဆိုရင်တော့ (၃၁)ဘုံသံသရာခရီးမှ ကွင်းလုံးကျွတ် လွတ်သွားပြီ။ ဒီလို သံသရာခရီးမှ အဆင့်ဆင့် လွတ်သွားအောင် ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအားရှိတဲ့ တရားတစ်ခု ထင်ရှားရှိနေရင် ဒီတရားတွေကို မိမိတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်အောင် တည်နေအောင် ဆောင်မထားထိုက်ဘူးလား? ဆောင်ထားထိုက်တယ်။ နောက်တစ်ခု ---

(ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ =) ပညာရှိတဲ့ သူတော်ကောင်းမှန်ခဲ့ရင် ကိုယ်စီကိုယ်င အသီးအသီး သိရှိနိုင်တဲ့ တရားတွေဖြစ်ပါတယ်ဆိုပြီး ဘုရားရှင်က အာမခံပြီး ဟောထားတယ်နော်။ အဲဒီလို အာမခံချက်တွေနဲ့ ပြည့်စုံ နေတဲ့ တရားဓမ္မတွေကို ကဿပက ဟောတယ်ကွယ်။ သူ့ကိုယ်ပိုင်တရား ကိုယ်တွေ့ဉာဏ်မြင်လုပ်ပြီး ဟောသလား? မဟောဘူး။ နောက်တစ်ခု ---

အဟော ဝတ မေ ဓမ္မံ သုဏေယျုံ၊ သုတွာ စ ပန ဓမ္မံ အာဇာနေယျုံ၊ အာဇာနိတွာ စ ပန တထတ္တာယ ပဋိပဇ္ဇေယျုန္တိ။ ဣတိ ဓမ္မသုဓမ္မတံ ပဋိစ္စ ပရေသံ ဓမ္မံ ဒေသေတိ။ (သံ၊၁၊၄၀၃။)

မေ = ငါ၏။ ဓမ္မံ = တရားတော်မြတ်ကို။ သုဏေယျုံ = ကြားနာကြပါ ကုန်မူကား။ အဟော ဝတ = ဩော် - ကောင်းလေစွ။ သုတွာ စ ပန = ကြားနာပြီး၍လည်းပဲ။ ဓမ္မံ = တရားတော်မြတ်ကို။ အာဇာနေယျုံ = သိရှိကြပါကုန်မူကား။ အဟော ဝတ = ဩော် - ကောင်းလေစွ။ အာဇာနိတွာ စ ပန = သိရှိကြပြီး၍လည်းပဲ။ တထတ္တာယ = မချွတ်မယွင်းရန်အလို့ငှာ။ ပဋိပဇ္ဇေယျုံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါကုန်မူကား။ အဟော ဝတ = ဩော် - ကောင်းလေစွ။ ဣတိ = ဤသို့သော စိတ်နေစိတ်ထားဖြင့်။ ဓမ္မသုဓမ္မတံ = တရားတော်၏ ကောင်းသောတရားဓမ္မဖြစ်သည်၏အဖြစ်ကို။ပဋိစ္စ = အစွဲပြု၍။ ပရေသံ = သူတစ်ပါးတို့အား။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတိ = ဟောကြားတော်မူ၏။

ငါဟောတဲ့တရားကို လာပြီး နာကြမယ်ဆိုရင်တော့ သိပ်ကောင်းမယ်။ နာကြားပြီးတဲ့ အချိန်အခါမှာလည်း ဟောတဲ့တရားကို ဟောတဲ့အတိုင်း သိကြမယ်ဆိုရင် သိပ်ကောင်းမယ်။ သိရှိပြီးတဲ့ အချိန်အခါမှာလည်း ဒီတရားတွေကို မချွတ်မယွင်း တိတိကျကျ မှန်မှန်ကန်ကန် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကြမယ်ဆိုရင် သိပ်ကောင်းမယ်ဆိုတဲ့ ဒီစိတ်ထားတွေနဲ့ ကဿပသည် သူတစ်ပါးတွေကို ဒီတရားဓမ္မတွေကို ဟောကြားပြသ ဆိုဆုံးမပေးပါတယ်။

ဣတိ ဓမ္မသုဓမ္မတံ ပဋိစ္စ ပရေသံ ဓမ္မံ ဒေသေတိ၊ ကာရုညံ ပဋိစ္စ အနုဒ္ဒယံ ပဋိစ္စ အနုကမ္ပံ ဥပါဒါယ ပရေသံ ဓမ္မံ ဒေသေတိ။ (သံ၊၁၊၄၀၃။)

ဣတိ = ဤသို့လျှင်။ ဓမ္မသုဓမ္မတံ = တရားတော်၏ ကောင်းသော တရားဓမ္မဖြစ်သည်၏အဖြစ်ကို။ ပဋိစ္စ = အစွဲပြု၍။ ပရေသံ = သူတစ်ပါးတို့ အား။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတိ = ဟောကြားတော်မူ၏။ ကာရုညံ = သနားခြင်းကို။ ပဋိစ္စ = အစွဲပြု၍။ အနုဒ္ဒယံ = ကြင်နာခြင်းကို။ ပဋိစ္စ = အစွဲပြု၍။ အနုကမ္ပံ = အစဉ်သနားစောင့်ရှောက်လိုခြင်းကို။ ဥပါဒါယ = အစွဲပြု၍။ ပရေသံ = သူတစ်ပါးတို့အား။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတိ = ဟောကြားပေ၏။

ကဿပဟာ (ဓမ္မ =) တရားတော်ရဲ့ (သုဓမ္မ =) ကောင်းသော တရားဖြစ်ပုံကို အစွဲပြုပြီးသာလျှင် သူတစ်ပါးတို့အား တရားဓမ္မတွေကို ဟောကြား ပေးတယ်။ သတ္တဝါတွေအပေါ်၌ သနားကြင်နာမှုကို အစွဲပြုပြီးတော့ အစဉ်သနားစောင့်ရှောက်လိုတဲ့ စိတ်ထားကို အစွဲပြုပြီးတော့ သူတစ်ပါးတွေကို တရားဓမ္မဟောကြားပြသပေးပါတယ်။ ဟောကြားပေးတဲ့အတွက် ဘာဖြစ်သလဲ?

အရှင်မဟာကဿပကို အတုယူပါ

ကဿပေန ဝါ ဟိ ဝေါ ဘိက္ခဝေ ဩဝဒိဿာမိ ယော ဝါ ပနဿ ကဿပသဒိသော၊ ဩဝဒိတေဟိ စ ပန ဝေါ တထတ္တာယ ပဋိပဇ္ဇိတဗ္ဗန္တိ။ (သံ၊၁၊၄၀၃။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဝေါ = သင်ချစ်သားတို့အား။ ကဿပေန ဝါ = ကဿပနှင့်သော်လည်းကောင်း။ ယော ဝါ = အကြင် ပုဂ္ဂိုလ်သည်။ ကဿပသဒိသော = ကဿပနှင့် အလားတူသည်။ အဿ = ဖြစ်လေရာ၏။ တေဟိ ဝါ = ထိုကဿပနှင့် အလားတူတဲ့ ပုဂ္ဂိုလ်ဖြင့်လည်းကောင်း။ ဥပမံ ကတွာ = ဥပမာပြု၍။ အဟံ = ငါဘုရားသည်။ ဝေါ = သင်ချစ်သားတို့အား။ ဩဝဒိဿာမိ = ဆိုဆုံးမရတော့မယ်။ ဩဝဒိတေဟိ စ ပန ဝေါ = အဆိုဆုံးမခံကြရကုန်သော သင်ချစ်သားတို့သည်။ တထတ္တာယ = မချွတ်မယွင်းရန်အလို့ငှာ။ ပဋိပဇ္ဇိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထိုက်၏။

ချစ်သားရဟန်းတို့ ... ကဿပနှင့်သော်လည်းကောင်း, ကဿပနှင့် အလားတူနေတဲ့ ပုဂ္ဂိုလ်နှင့်သော်လည်းကောင်း နှိုင်းခိုင်းပြီးတော့ သင်ချစ်သား တို့ကို ငါဘုရား အဆုံးအမ ပေးရတော့မယ်။ ငါဘုရားရဲ့ အဆုံးအမကို ခံယူရတဲ့ သင်ချစ်သားတို့တစ်တွေဟာ မချွတ်မယွင်း မဖောက်ပြန်ဖို့ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထိုက်ပါတယ်ဆိုပြီးတော့ ဘုရားရှင်က အရှင်မဟာကဿပကို ပုံစံထုတ်ပြီးတော့ ဆိုဆုံးမထားတဲ့ တရားတော်တွေ ရှိတယ်။ နောက်ထပ် ကောင်းတဲ့တရားတော်တွေလည်း အများကြီး ရှိပါသေးတယ်။ သို့သော် တရားကြောက သိပ်ရှည်သွားမယ်နော်။ ခု ဟောထားတဲ့ တရားလေးတွေကို အရှင်မဟာကဿပက သင်္ဂါယနာတင်ဖို့ စိတ်ကူးပေါ်လာတဲ့ အချိန်အခါမှာ ဒီတရားလေးတွေကို သူက ပြန်ပြီးတော့ အမှတ်ရတယ်နော်။

ဖားအောက်တောရဆရာတော်

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရေး ပြဿနာပေါင်းခ...