Skip to main content

အလောင်းတော်တို့ တောထွက်တော်မူကြပြီ

အလောင်းတော်တို့ တောထွက်တော်မူကြပြီ

နိဒါနကထာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဤဟတ္ထိပါလဇာတ်တော်တွင် အလောင်းတော်ကြီး အသီးအသီးတို့သည် မိမိ မိမိတို့၏ ရှုထောင့် အသီးအသီးမှ ကာမဂုဏ်တို့၏ အပြစ်များကို ရှုမြင်ကာ ကာမဂုဏ်မှ ထွက်မြောက်ကြောင်းဖြစ်သည့် အကျင့်ကောင်းတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရန် ရည်သန်တောင့်တတော်မူကာ ဟိမဝန္တာသို့ ရှေးရှူလျက် တောထွက်ခြင်းအမှုကို ပြုတော်မူခဲ့ကြပေသည်။

ကာမဂုဏ်တို့၌ သာယာဖွယ် မက်မောဖွယ်ရှိသကဲ့သို့ ကာမဂုဏ်တို့၏ အပြစ်တွေကလည်း များလှပေသည်။ သံသရာဝဋ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေသူတစ်ဦးအနေဖြင့် ကာမဂုဏ်တို့၏ သာယာဖွယ် မက်မောဖွယ် အချက်အလက်များက ထိုကာမဂုဏ်မှ ကာမဂုဏ်ပိုင်ရှင် ရုန်းကန်၍ ထွက်ခွာ မသွားနိုင်အောင် စွဲဆောင်ထားနိုင်သော စွမ်းအားရှိရကား သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ထွက်မြောက်လိုသူ သူတော်ကောင်းတစ်ဦးအနေဖြင့်လည်း ထိုကာမဂုဏ်တွေကို စွန့်လွှတ်နိုင်အောင်, ထိုကာမဂုဏ်တွေမှ ထွက်မြောက်နိုင်အောင် ကာမဂုဏ်တို့၏ အပြစ်တို့ကို ခပ်များများ ရှုမြင်တတ်ဖို့ လိုပေသည်။ ထိုကာမဂုဏ်တို့၏ အပြစ်အာဒီနဝတို့ကိုလည်း ဘုရားရှင်သည် သုတ္တန်တော်တော် ခပ်များများတွင် အခါအခွင့်သင့်သလို ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့၏။ အောက်တွင် တင်ပြလတ္တံ့သော ပေါတလိယသုတ္တန် (မ၊၂၊၂၂-၃၁။)မှ ကောက် နုတ်ချက်သည် ထိုဒေသနာတော်တို့တွင် တစ်ခု အပါအဝင် ဖြစ်ပေသည်။

ဘုရားရှင်နှင့် ပေါတလိယသူကြွယ်

ပေါတလိယသူကြွယ်ကား အင်္ဂတိုင်း အာပဏနိဂုံး၌ နေထိုင်သီတင်းသုံးသူတစ်ဦး ဖြစ်၏။ လူမှုကိစ္စအဝဝကို ပယ်ထားပြီးသူလည်း ဖြစ်၏။ သူ့ကို လူဟု ခေါ်ဝေါ်သုံးစွဲလျှင်, သူကြွယ်ဟု ခေါ်ဝါ်သုံးစွဲလျှင် မနှစ်ခြိုက်သူတစ်ဦးလည်း ဖြစ်ပေသည်။ သို့သော် သူ၏ အယူအဆနှင့် ဘုရားရှင်၏ အဆုံးအမ သာသနာတော်၏ အယူအဆတို့ကား ကွဲပြားလျက်ပင် ရှိကြ၏။ ဘုရားရှင်၏ အဆုံးအမသာသနာတော်၌ကား လူဟု ခေါ်ဝေါ်သုံးစွဲမှု အသုံးအနှုန်းကို ဖြတ်ဖို့ရန် တရား (၈)မျိုး ရှိပေသည်။ ယင်းတရား (၈)မျိုးတို့၏ အတိုချုပ်မှာ ဤသို့ဖြစ်၏ ---

၁။ အသက်မသတ်ခြင်းကို မှီ၍ အသက်သတ်ခြင်းကို ပယ်ရမည်။

၂။ ပေးသော ဥစ္စာကို ယူခြင်းကို မှီ၍ မပေးသော ဥစ္စာကို ယူခြင်းကို ပယ်ရမည်။

၃။ မှန်ကန်သော စကားကို မှီ၍ မမှန်သော စကားကို ပယ်ရမည်။

၄။ ကုန်းမတိုက်သော စကားကို မှီ၍ ကုန်းတိုက်သော စကားကို ပယ်ရမည်။

၅။ မတပ်မက် မလိုချင်မှုကို မှီ၍ တပ်မက်လိုချင်မှုကို ပယ်ရမည်။

၆။ မကဲ့ရဲ့ မချုပ်ချယ်ခြင်းကို မှီ၍ ကဲ့ရဲ့ ချုပ်ချယ်ခြင်းကို ပယ်ရမည်။

၇။ အမျက်မထွက်ခြင်း စိတ်မပင်ပန်းခြင်းကို မှီ၍ အမျက်ထွက်ခြင်း စိတ်ပင်ပန်းခြင်းကို ပယ်ရမည်။

၈။ လွန်စွာ မာန်မမူခြင်း = လွန်စွာ မာန်မာနမကြီးခြင်းကို မှီ၍ လွန်စွာ မာန်မူခြင်းကို = လွန်စွာ မာန်မာနကြီးခြင်းကို ပယ်ရမည်။

ဤ (၈)မျိုးတို့ကို လိုက်နာပြုကျင့်နေသော သူကိုသာ ဘုရားရှင်၏ အဆုံးအမသာသနာတော်၌ လူဟု, သူကြွယ် (ဂဟပတိ = အိမ်ရှင်)ဟု အခေါ် ခံရမှု လူ့အသုံးအနှုန်း ပြတ်ခြင်းငှာ ဖြစ်၏။ (အကျယ်ကို မဇ္ဈိမပဏ္ဏာသပါဠိတော် ပေါတလိယသုတ်တွင် ကြည့်ရှုပါ။)

၁။ သူ့အသက်ကို သတ်ခြင်း,

၂။ မပေးသော ဥစ္စာကို ယူခြင်း,

၃။ မမှန်သော စကားကို ပြောဆိုခြင်း,

၄။ ကုန်းတိုက်သော စကားကို ပြောဆိုခြင်း,

၅။ တပ်မက်လိုချင်မှုများခြင်း,

၆။ ကဲ့ရဲ့ ချုပ်ချယ်ခြင်း,

၇။ အမျက်ထွက်ခြင်း, စိတ်ပင်ပန်းခြင်း,

၈။ လွန်စွာ မာန်မာနကြီးခြင်း ---

ဤတရား (၈)မျိုးတို့ကား သံသရာမှ မလွတ်အောင် နှောင်ဖွဲ့ထားတတ်သည့် သံယောဇဉ် အနှောင်အဖွဲ့တို့လည်း ဖြစ်ကြ၏။ စျာန်မဂ်ဖိုလ်ကို မရအောင် တားမြစ်တတ်သည့် နီဝရဏ အပိတ်အပင်တို့လည်း ဖြစ်ကြ၏။ ယင်း တရားတို့ကို ပြုကျင့်သူတို့ကို ပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ကြ၏။ ယင်းသို့ ပြုကျင့်လေ့ရှိသူတို့သည် သေသည်၏ အခြားမဲ့၌ အပါယ်လေးဘုံ တည်းဟူသော မကောင်းသော လားရာဂတိရှိသည်သာ ဧကန် ဖြစ်ပေသည်။ ထိုကြောင့် ယင်းတရားတို့ကို ပယ်ရှားရန် ဘုရားရှင်က ဆိုဆုံးမတော်မူခြင်း ဖြစ်ပေသည်။ သို့သော် ထိုတရား (၈)မျိုးမျှလောက်ကို လိုက်နာပြုကျင့်နေရရုံမျှဖြင့် အခါခပ်သိမ်း လုံးဝဥဿုံ လူဟု ခေါ်ဝေါ်သုံးစွဲခံရခြင်း လူ့အသုံးအနှုန်း ပြတ်သည်ကား မဟုတ်သေးသည်သာဟု ဘုရားရှင်က မိန့်ကြားတော်မူလိုက်ပေသည်။

ထိုအခါ ပေါတလိယသူကြွယ်က --- မြတ်စွာဘုရား ... အဘယ်သို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ အခါခပ်သိမ်း လုံးဝဥဿုံ လူဟု, သူကြွယ်ဟု ခေါ်ဝေါ်သုံးနှုန်းသည့် အသုံးအနှုန်း၏ ပြတ်ခြင်းသည် ဖြစ်ပါသနည်း? မြတ်စွာဘုရား ... တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် မိမိ၏ အဆုံးအမသာသနာတော်၌ အခါခပ်သိမ်း လုံးဝဥဿုံ လူဟု, သူကြွယ်ဟု ခေါ်ဝေါ်သုံးနှုန်းသည့် အသုံးအနှုန်း ပြတ်ခြင်း ဖြစ်ပုံတရားတော်ကို တပည့်တော်အား ဟောကြားပေးတော်မူပါဟု လျှောက် ထား၏။

ထိုအခါမှာ ဘုရားရှင်က ကာမဂုဏ်တို့၏ အပြစ်ကို ပြဆိုရာ တရားစကားတော်ကိုလည်းကောင်း, ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ကျင့်စဉ်ကို လည်းကောင်း ဟောကြားပြသ ဆိုဆုံးမပေးတော်မူလေသည် ---

ကာမဂုဏ်တို့၏ အပြစ်များ

၁။ အရိုးစုနှင့် ပမာတူ

ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်ခုကို ငါဘုရား ပြောပြဦးမယ် --- မွတ်သိပ်ဆာလောင်သဖြင့် အားနည်းနေတဲ့ ခွေးဟာ နွားတွေကို သတ်ဖြတ်တဲ့နေရာမှာ ရှိနေတဲ့ စဉ်းတီတုံး အနီးမှာ ရှေးရှူတည်နေတယ်ဆိုကြစို့ ... ကျွမ်းကျင်တဲ့ နွားသတ်သမားကဖြစ်စေ, နွားသတ်သမားရဲ့ တပည့်ကပဲဖြစ်စေ အရိုးမှာကပ်နေတဲ့ အသားတွေကို ကောင်းစွာ ခြစ်ယူခြင်းဖြင့် ခြစ်ယူထားပြီးတဲ့ အသားမရှိတော့တဲ့, သွေးသာ လိမ်းကျံနေတဲ့ (ရင်ရိုး, ကျောရိုး, သို့မဟုတ် ဦးခေါင်းခွံဆိုတဲ့) တစ်မျိုးမျိုးသော အရိုးကို ထိုခွေးရဲ့ အနီးအပါးမှာပဲ ပစ်ချပေးလိုက်တယ်ဆိုကြစို့ ...။

ဒါယကာ သူကြွယ် ... ထိုငါပြောမယ့်စကားကို သင် ဘယ်လိုထင်မြင် ယူဆသလဲ? ထိုခွေးဟာ အရိုးမှာ ကပ်နေတဲ့, အသားမရှိအောင် ကောင်းစွာ ခြစ်ယူခြင်းဖြင့် ခြစ်ယူထားပြီးတဲ့, အသားမရှိတော့တဲ့, သွေးသာ လိမ်းကျံနေတဲ့ ဤအရိုးကို လျက်သော် မွတ်သိပ်ဆာလောင်တဲ့အတွက် အားနည်းနေခြင်းကို ပယ်ဖျောက်နိုင်ပါ့မလား?ဟု မေးတော်မူလိုက်၏။

မြတ်စွာဘုရား ... မပယ်ဖျောက်နိုင်ပါ။ အဘယ်ကြောင့်နည်းဆိုလျှင် မြတ်စွာဘုရား ဤအရိုးဟာ အသားမရှိအောင် ကောင်းစွာ ခြစ်ယူခြင်းဖြင့် ခြစ်ယူထားတဲ့အတွက် အသားမရှိ သွေးသာ လိမ်းကျံနေသောကြောင့် ဖြစ်ပါတယ် မြတ်စွာဘုရား ...။ အမှန်ကိုဆိုရမူ ထိုခွေးဟာ ပင်ပန်းရုံ နွမ်းနယ်ရုံမျှသာ ဖြစ်ရာပါတယ် မြတ်စွာဘုရား ...ဟု လျှောက်ထားလေသည်။

ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ဤကာမဂုဏ်တို့သည် အသားမကပ်သည့်အရိုးနှင့် တူကုန်၏။ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏။ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်ကား များပြားလှ၏ဟု မြတ်စွာဘုရားသည် ဟောကြားထားတော်မူ၏။

ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ (အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိတည်းဟူသော) အမျိုးမျိုးသော အာရုံသဘောကို အာရုံပြုနေတဲ့, အမျိုးမျိုးသော အာရုံသဘောကို မှီနေတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကို ရှောင်ကြဉ်ကာ (ရူပါရုံစသည်ကို သိတတ်တဲ့ မြင်တတ်တဲ့ စက္ခုဝိညာဏ်စသည့် ပဉ္စဝိညာဏ်တို့က ဥပေက္ခာဝေဒနာနှင့် အမြဲ ယှဉ်နေသည့်အတွက်ကြောင့် ထိုကဲ့သို့သော ဥပေက္ခာဝေဒနာမျိုးကို ရှောင်ကြဉ်မှုကို ဟောတော်မူခြင်း ဖြစ်ပေသည်။) (အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ်ကဲ့သို့သော) တစ်ခုတည်းသော အာရုံသဘောရှိတဲ့, တစ်ခုတည်းသော အာရုံသဘောကို မှီတဲ့, အခါခပ်သိမ်း လောကသားတို့ တပ်မက်စရာဖြစ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွဲလမ်းခြင်း လိုလား တပ်မက်ခြင်း = ဆန္ဒရာဂ၏ အကြွင်းမဲ့ ချုပ်ရာဖြစ်တဲ့ စတုတ္ထစျာနုပေက္ခာဆိုတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး နေထိုင်တယ်။

၂။ သားတစ်နှင့် ပမာတူ၏

ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောပြဦးမယ်၊ လင်းတတစ်ကောင်ကဖြစ်စေ, ဘုံမတီးငှက်တစ်ကောင်ကဖြစ်စေ, စွန်ရဲတစ်ကောင်ကဖြစ်စေ သားတစ်ကို ချီကိုက်ပြီးတော့ ပျံသွားတယ်ဆိုကြစို့။ ထိုသားတစ်ကို ချီကိုက်ပြီး ပျံသန်းနေတဲ့ ငှက်နောက်သို့ တခြားတခြားသော လင်းတတွေ ဘုံမတီးငှက်တွေ စွန်ရဲတွေဟာ အစဉ်တစိုက် လိုက်လိုက်ပြီးတော့ ထိုးဆိတ်ကြကုန်ရာတယ်။ သားတစ်ကို လွှတ်ချသည့် တိုင်အောင် ထိုးဆိတ်ကြကုန်ရာတယ်။

ဒါယကာ သူကြွယ် ... ယခု ငါပြောမယ့်စကားကို သင် ဘယ်လို ထင်မြင်ယူဆသလဲ? အကယ်၍ အသားကို ကိုက်ချီထားတဲ့ လင်းတ, သို့မဟုတ် ဘုံမတီးငှက်, သို့မဟုတ် စွန်ရဲဟာ ထိုအခါ သားတစ်ကို ခပ်မြန်မြန် မစွန့်လွှတ်ဘူးဆိုလျှင် ထိုသားတစ်ကို ကိုက်ချီထားတဲ့ ငှက်ဟာ တခြားငှက် အပေါင်းတို့က ထိုးဆိတ်ကြခြင်းဆိုတဲ့ အကြောင်းကြောင့် သေခြင်းသို့ဖြစ်စေ, သို့မဟုတ် သေလောက်တဲ့ ဆင်းရဲဒုက္ခသို့ဖြစ်စေ ရောက်ရာသည် မဟုတ်ပါလားဟု မေးတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရား ...ဟု ပြန်လည် လျှောက်ထားလေသည်။

ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် သားတစ်နှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်ကား များလှကုန်၏ဟု မြတ်စွာဘုရားသည် ဟောကြားထားတော်မူ၏။

ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ (အဆင်း-အသံ-အနံ့- အရသာ-အတွေ့အထိတည်းဟူသော) အမျိုးမျိုးသော အာရုံသဘောကို အာရုံပြုနေတဲ့, အမျိုးမျိုးသော အာရုံသဘောကို မှီနေတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကို ရှောင်ကြဉ်ကာ (အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ်ကဲ့သို့သော) တစ်ခုတည်းသော အာရုံသဘောရှိတဲ့, တစ်ခုတည်းသော အာရုံသဘောကို မှီတဲ့, အခါခပ်သိမ်း လောကသားတို့ တပ်မက်စရာဖြစ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွဲလမ်းခြင်း လိုလား တပ်မက်ခြင်း = ဆန္ဒရာဂ၏ အကြွင်းမဲ့ ချုပ်ရာဖြစ်တဲ့ စတုတ္ထစျာနုပေက္ခာ ကဲ့သို့သော အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး နေထိုင်တယ်။ (ဤဟတ္ထိပါလဇာတ်တော်ဝယ် လာရှိသည့်အတိုင်း အာနာပါနစတုတ္ထစျာန် သို့မဟုတ် ကသိုဏ်းစတုတ္ထစျာန်ကဲ့သို့သော စတုတ္ထစျာန် များကို ဝင်စားလျက် ယင်းစတုတ္ထစျာန်နှင့် ယှဉ်သော ဥပေက္ခာဝေဒနာဖြင့် နေထိုင်နေသည်ဟု ဆိုလိုပေသည်။)

၃။ မြက်မီးရှူးနှင့် ပမာတူ

ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောဦးမယ် --- ယောက်ျားတစ်ယောက်ဟာ တောက်လောင်နေတဲ့ မြက်မီးရှူးကို ကိုင်ဆောင်ကာ လေညာသို့ သွားတယ်ဆိုကြစို့ ...

ဒါယကာ သူကြွယ် ... ယခု ငါဘုရားပြောမယ့်စကားကို သင် ဘယ်လို ထင်မြင်ယူဆသလဲ? အကယ်၍ ထိုယောက်ျားဟာ တောက်လောင် နေတဲ့ ထိုမြက်မီးရှူးကို လျင်မြန်စွာ မစွန့်လွှတ်ငြားအံ့၊ ထိုတောက်လောင်နေတဲ့ မြက်မီးရှူးဟာ ထိုယောက်ျား၏ လက်ကိုသော်လည်း လောင်ချင်လောင်မယ်၊ လက်မောင်းကိုသော်လည်း လောင်ချင်လောင်မယ်၊ ကိုယ်အင်္ဂါကြီးငယ် တစ်ခုခုကိုသော်လည်း လောင်ချင်လောင်မယ်။ ထိုယောက်ျားဟာ ထိုမြက်မီးရှူး လောင်မြိုက်ခြင်းတည်းဟူသောအကြောင်းကြောင့် သေခြင်းသို့သော်လည်းကောင်း, သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာသည် မဟုတ်လောဟု မေးတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရား ...ဟု ပြန်လည် လျှောက်ထား၏။

ဒါယကာ သူကြွယ် ...ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် မြက်မီးရှူးနှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်ကား များလှကုန်၏ဟု မြတ်စွာဘုရား ဟောကြားထားတော်မူ၏။

ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ ။ ပ ။ ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး နေထိုင်တယ်။

၄။ မီးကျီးတွင်းနှင့် ပမာတူ

ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောပြဦးမယ် ... မီးတောက် မီးလျှံ မီးခိုး ကင်းမဲ့နေတဲ့, ယောက်ျားတစ်ရပ် ပမာဏလောက်ရှိတဲ့, မီးကျီးခဲတို့ဖြင့် ပြည့်နှက်နေတဲ့ မီးကျီးတွင်းကြီးတစ်ခု ရှိတယ်ဆိုကြစို့ ...။ ထိုအခါမှာ အသက်ရှည်လိုတဲ့, မသေလိုတဲ့, ချမ်းသာခြင်းကိုသာ အလိုရှိတဲ့, ဆင်းရဲကို ရွံရှာစက်ဆုပ်တဲ့ ယောက်ျားတစ်ယောက်ဟာ ရောက်ရှိလာတယ်ဆိုကြစို့ ...။ ထိုယောက်ျားကို အားကောင်းမောင်းသန်ကြတဲ့ ယောက်ျားနှစ်ယောက်တို့က လက်ရုံးနှစ်ဖက်တို့ကို အသီးအသီးကိုင်လျက် မီးကျီးတွင်းရှိရာသို့ ဆွဲငင်ခေါ်ဆောင်သွားကြတယ်ဆိုကြစို့ ...။

ဒါယကာ သူကြွယ် ... ခု ငါပြောမယ့်စကားကို သင် ဘယ်လိုထင်မြင် ယူဆသလဲ? အမှန်အားဖြင့် ထိုယောက်ျားဟာ ဟိုဟိုဒီဒီ မိမိကိုယ်ကို ရုန်းကန် ရာသည် မဟုတ်လောဟု မေးမြန်းတော်မူလိုက်၏။

မှန်ပါသည် မြတ်စွာဘုရား ...။ အဘယ်ကြောင့်နည်းဆိုလျှင် မြတ်စွာဘုရား ... ထိုယောက်ျားဟာ ငါသည် မီးကျီးတွင်းထဲသို့ ကျရပေတော့အံ့၊ ထိုသို့ ကျရောက်ခြင်းကြောင့် သေခြင်းသို့သော်လည်းကောင်း, သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်လေရာ၏ဟု သိနေသောကြောင့် ဖြစ်ပါသည် မြတ်စွာဘုရား ...ဟု လျှောက်ထား၏။

ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ဤကာမဂုဏ်တို့သည် မီးကျီးတွင်းနှင့် တူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်ကား များလှ၏ဟု မြတ်စွာဘုရားသည် ဟောကြားထားတော်မူ၏။

ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ ။ ပ ။ ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး နေထိုင်တယ်။

၅။ အိပ်မက်နှင့် ပမာတူ

ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောဦးမယ် --- ယောက်ျားတစ်ယောက်ဟာ မွေ့လျော်ဖွယ် ကောင်းတဲ့ အရံ, မွေ့လျော်ဖွယ်ကောင်းတဲ့ တောအုပ်, မွေ့လျော်ဖွယ်ကောင်းတဲ့ မြေအပြင်, မွေ့လျော်ဖွယ်ကောင်းတဲ့ ရေကန်ကို အိပ်မက် မြင်မက်တယ် ဆိုကြစို့ ...။ ထိုယောက်ျားဟာ နိုးလာတဲ့အခါ တစ်စုံတစ်ခုကိုမျှ မတွေ့မမြင်ရာသကဲ့သို့ ---

ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သား သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် အိပ်မက်နှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။ ဤ ကာမဂုဏ်တို့၌ အပြစ်ကား များလှ၏ဟု မြတ်စွာဘုရားသည် ဟောကြားထားတော်မူ၏။

ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ ။ ပ ။ ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး နေထိုင်တယ်။

၆။ ငှားရမ်းဝတ်ဆင်ထားသော စည်းစိမ်ဥစ္စာနှင့် ပမာတူ

ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောပြဦးမယ် --- ယောက်ျားတစ်ယောက်ဟာ ငှားရမ်းထားတဲ့ ဥစ္စာ ဖြစ်တဲ့ ယာဉ်, ယောက်ျားနှင့် ထိုက်တန်တဲ့ ပတ္တမြားနားဋောင်းကို ငှားရမ်းကာ ထိုငှားရမ်းထားတဲ့ ဥစ္စာတို့ဖြင့် ဝတ်ဆင် ဗန်းပြလျက် စျေးအတွင်းသို့ ဝင်ရောက်သွားတယ်ဆိုကြစို့ ...။

ထိုယောက်ျားကို လူအများက မြင်တွေ့လိုက်တဲ့အခါ --- အချင်းတို့ ဤယောက်ျားသည် ဥစ္စာရှိပေစွတကား ...၊ ဥစ္စာရှိသူတို့သည် ဥစ္စာတို့ကို ဤသို့ပင် ခံစားကြကုန်၏ဟု ပြောဆိုရာ၏။ သို့သော် ထိုယောက်ျားကို ဥစ္စာရှင်တို့က တွေ့လေရာရာ အရပ်၌သာလျှင် ဥစ္စာတို့ကို ပြန်ယူကုန်တယ် ဆိုကြစို့ ...။

ဒါယကာ သူကြွယ် ... ခု ငါပြောမယ့်စကားကို သင် ဘယ်လိုထင်မြင် ယူဆသလဲ? ထိုယောက်ျားအား တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ပါမည်လောဟု မေးတော်မူ၏။

မြတ်စွာဘုရား ...ဖြစ်နိုင်ရာပါ၏။ အဘယ်ကြောင့်နည်းဆိုလျှင် မြတ်စွာဘုရား ... ဥစ္စာရှင်တို့က မိမိတို့ပိုင်ဆိုင်တဲ့ ဥစ္စာတို့ကို ပြန်ယူကုန်သောကြောင့် ဖြစ်ပါသည် မြတ်စွာဘုရား ...ဟု လျှောက်ထား၏။

ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် ခေတ္တခဏမျှ ငှားရမ်းဝတ်ဆင်ထားသော စည်းစိမ်ဥစ္စာနှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်ကား များလှကုန်၏ဟု မြတ်စွာဘုရား ဟောကြားထားတော်မူ၏။

ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ ။ ပ ။ ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး နေထိုင်တယ်။

၇။ အသီး,သီးသော သစ်ပင်နှင့် ပမာတူ

ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောပြဦးမယ် --- ရွာ၏ မနီးမဝေးသော အရပ်၌ သို့မဟုတ် နိဂုံး၏ မနီးမဝေးသော အရပ်၌ တစ်ခဲနက် ထူထပ်သော တောအုပ်ကြီးတစ်ခု ရှိတယ် ဆိုကြစို့ ...။ ထိုတောအုပ်ထဲမှာ သစ်ပင်တစ်ပင်ဟာ ချိုမြိန်ကောင်းမြတ်တဲ့ အသီးလည်း ရှိတယ်၊ များပြားလှတဲ့ အသီးလည်း ရှိတယ်၊ မြေပေါ်မှာ ကြွေကျ နေတဲ့ အသီးတစ်လုံးတလေမျှလည်း မရှိဆိုကြစို့ ...။

ထိုအခါမှာ သစ်သီးကို အလိုရှိတဲ့အတွက် သစ်သီးရှာဖွေတဲ့ ယောက်ျား တစ်ယောက်ဟာ သစ်သီးရှာ လှည့်လည်လာရာ ထိုတောအုပ်အတွင်းသို့ ဝင်ပြီးတော့ ချိုမြိန်ကောင်းမြတ်တဲ့ အသီးများများရှိတဲ့ ထိုသစ်ပင်ကို တွေ့မြင်ပြီဆိုကြစို့ ...။

ထိုယောက်ျား၏ သန္တာန်မှာ ဤသို့သော စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်လာလေရာတယ် --- ဤသစ်ပင်ဟာ ချိုမြိန်ကောင်းမြတ်တဲ့ အသီးလည်း ရှိတယ်၊ အသီးလည်း များတယ်၊ မြေပေါ်မှာ ကြွေကျနေတဲ့ အသီးလည်း တစ်လုံးမျှ မရှိဘူး၊ ငါဟာ သစ်ပင်တက်ရန် နားလည် ကျွမ်းကျင်တယ်၊ ဤသစ်ပင်ကို တက်ပြီးတော့ အလိုရှိသလောက် စားကာ ခါးပိုက်ကိုလည်း ပြည့်အောင် သစ်သီးတွေကို ဆွတ်ခူးရမူ ကောင်းလေစွလို့ စိတ်အကြံအစည် ဖြစ်တယ်ဆိုကြစို့ ...။

ထိုယောက်ျားဟာ စိတ်ကူးထားတဲ့အတိုင်း ထိုသစ်ပင်ကို တက်ပြီးတော့ အလိုရှိတိုင်း စားပြီးတော့ ခါးပိုက်ကိုပြည့်အောင် သစ်သီးတွေကို ဆွတ်ခူးနေတယ်ဆိုကြစို့ ...။

ဒုတိယ နောက်ယောက်ျားတစ်ယောက်ကလည်း သစ်သီးကိုပဲ အလိုရှိတဲ့ အတွက် ထက်လှစွာသော ဓားမကို ယူဆောင်ပြီးတော့ သစ်သီးရှာ လှည့်လည် လာရာ ထိုတောအုပ်အတွင်းသို့ပင် သက်ဝင်ပြီးတော့ ချိုမြိန်တဲ့ အသီးများများ ရှိတဲ့ ထိုသစ်ပင်ကို မြင်တွေ့ပြီဆိုကြစို့ ...။

ထိုဒုတိယယောက်ျား၏ သန္တာန်မှာ စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်လာပြန်တယ် --- ဤသစ်ပင်ဟာ ချိုမြိန်တဲ့ အသီးလည်း ရှိတယ်၊ အသီးလည်း များတယ်၊ မြေပေါ်မှာ ကြွေကျနေတဲ့ အသီးလည်း တစ်လုံးမျှ မရှိဘူး။ ငါဟာ သစ်ပင်ကို တက်ရန် နားမလည် မတက်တတ်၊ ငါဟာ ဤသစ်ပင်ကို အရင်းမှ ဖြတ်ပြီးလျှင် အလိုရှိတိုင်း စားကာ ခါးပိုက်ပြည့်အောင် သစ်သီးတွေကို ဆွတ်ခူးရမူ ကောင်းလေစွဆိုတဲ့ စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်လာတဲ့ အတွက် ထိုဒုတိယယောက်ျားဟာ ထိုသစ်ပင်ကို အရင်းကနေပဲ ဓားဖြင့် ခုတ်ဖြတ်လှဲပြီဆိုကြစို့ ...။

ဒါယကာ သူကြွယ် ... ခု ငါပြောမယ့်စကားကို သင် ဘယ်လို ထင်မြင် ယူဆသလဲ? ပထမဦးစွာ သစ်ပင်ထက်သို့ ရောက်ရှိနေတဲ့ ဤမည်သော ယောက်ျားဟာ အကယ်၍ သစ်ပင်မှ လျင်မြန်စွာ မဆင်းသက်ငြားအံ့၊ ထို သစ်ပင်လဲတဲ့အခါ ထိုယောက်ျား၏ လက်သည်မူလည်း ကျိုးပဲ့ပျက်စီးရာ၏၊ ခြေထောက်သည်မူလည်း ကျိုးပဲ့ပျက်စီးရာ၏၊ အင်္ဂါကြီးငယ် တစ်ခုခုသည်လည်း ကျိုးပဲ့ပျက်စီးရာ၏၊ သစ်ပင်လဲခြင်းတည်းဟူသော အကြောင်းကြောင့် သေဆုံးခြင်းသို့သော်လည်းကောင်း, သေလောက်သော ဆင်းရဲခြင်းသို့သော် လည်းကောင်း ရောက်ရာသည် မဟုတ်လောဟု မေးတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရား ...ဟု လျှောက်ထား၏။

ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် ချိုမြိန် ကောင်းမြတ်သော အသီးရှိတဲ့ သစ်ပင်နှင့် တူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်ကား များလှကုန်၏ဟု မြတ်စွာဘုရား ဟောကြားထားတော်မူ၏။

ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ (အဆင်း-အသံ-အနံ့- အရသာ-အတွေ့အထိတည်းဟူသော) အမျိုးမျိုးသော အာရုံသဘောကို အာရုံပြုနေတဲ့, အမျိုးမျိုးသော အာရုံသဘောကို မှီနေတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကို ရှောင်ကြဉ်ကာ (အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ်ကဲ့သို့သော) တစ်ခုတည်းသော အာရုံသဘောရှိတဲ့, တစ်ခုတည်းသော အာရုံသဘောကို မှီတဲ့, အခါခပ်သိမ်း လောကသားတို့ တပ်မက်စရာဖြစ်ကြတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွဲလမ်းခြင်း လိုလားတပ်မက်ခြင်း ဆန္ဒရာဂ၏ အကြွင်းမဲ့ ချုပ်ရာဖြစ်တဲ့ စတုတ္ထစျာနုပေက္ခာဆိုတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး နေထိုင်တယ်။

ဤကား မဇ္ဈိမပဏ္ဏာသပါဠိတော် ပေါတလိယသုတ္တန် (မ၊၂၊၂၇-၃၀။)တို့၌ လာရှိသော ကာမဂုဏ်တို့၏ အပြစ်များပင် ဖြစ်ကြပေသည်။ တစ်ဖန် ဘုရားရှင်က ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ကျင့်စဉ်တို့ကိုလည်း ဆက်လက် ဟောကြားတော်မူ၏။

အကျဉ်းချုပ်မှာ ဤသို့ဖြစ်၏ --- ဘုရားရှင်၏ တပည့်သာဝက တစ်ဦးကား ဤကဲ့သို့သော ကာမဂုဏ်တို့၏ အပြစ်တို့ကို ဘုရားရှင် ဆိုဆုံးမတော်မူသည့်အတိုင်း ရှုမြင်ပြီးနောက် ယင်းကဲ့သို့သော စတုတ္ထစျာန်နှင့် ယှဉ်နေသည့် ဥပေက္ခာကိုသာလျှင် ပွားများပြီး နေထိုင်တယ်။ ဤမျှတွင်လားဆိုလျှင် မကသေးဘူး။ ရူပါဝစရစတုတ္ထစျာန်ကို အခြေခံ၍ အရူပစျာန်တွေကိုလည်း ဆက်လက်ကာ ကြိုးပမ်းပြန်တယ်။ တစ်ဖန် ပထဝီကသိုဏ်းစသည့် ကသိုဏ်းတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ယင်းစျာန်သမာပတ် (၈)ပါးတို့ကို (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ကြိတ်ခြေပြီးနောက် (ဝိသုဒ္ဓိ၊၂၊၂-၄။) ---

၁။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် = ရှေ့၌ နေခဲ့ဖူးသည့်ခန္ဓာအစဉ်ကို အစဉ်လျှောက်ကာ အောက်မေ့နိုင်သည့် အဘိညာဏ်၊

၂။ ဒိဗ္ဗစက္ခုအဘိညာဏ် = နတ်မျက်စိကဲ့သို့သော အနီးအဝေး ရှိသမျှ အလုံးစုံကို သိမြင်နိုင်သော အဘိညာဏ်၊

၃။ အာသဝက္ခယဉာဏ် = ကိလေသာအာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သည့် အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ် ---

ဤဝိဇ္ဇာသုံးပါးတို့ကို ရရှိအောင် ဆက်လက် ကြိုးပမ်းပြန်တယ်။ ယင်းကဲ့သို့သော ကိလေသာအာသဝေါတရားများ ကင်းစင်နေသည့် ရဟန္တာသခင် အရှင်မြတ်ကိုသာလျှင် လူဟု, သူကြွယ်ဟု ခေါ်ဝေါ်သုံးစွဲမှု မပြုတော့ဘဲ မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ ဤဆိုခဲ့ပြီးသည့် အရဟတ္တဖိုလ် တိုင်အောင်သော ကျင့်စဉ်နည်းလမ်း အတိုင်းအရှည်ဖြင့်သာလျှင် အခါခပ်သိမ်း လုံးဝဥဿုံ လူဟူသော ခေါ်ဝေါ်သုံးစွဲမှု အသုံးအနှုန်း ပြတ်ခြင်းသည် ဖြစ်ပေတယ် ---ဟု ပေါတလိယသူကြွယ်အား ဘုရားရှင်က မိန့်ကြားတော်မူ လိုက်ပေသည်။

ဘုရားရှင်သည် ဤသာသနာတော်မြတ်ကြီးတည်းဟူသော စံအိမ်ကြီးကို အရဟတ္တဖိုလ် နိဗ္ဗာန်ကို အထွတ်တပ်လျက် တည်ထောင်ထားတော်မူခဲ့၏။ ထိုအရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ရှေးဦးစွာ လိုအပ်ချက်တစ်ခုသည်ကား ကာမဂုဏ်တို့ကို စွန့်လွှတ်နိုင်ခြင်းပင် ဖြစ်၏။ ကာမဂုဏ် အနှောင်အဖွဲ့တို့ကို စွန့်လွှတ်ပြီးနောက်တွင်ကား သီလ, သမာဓိ, ပညာ သိက္ခာ သုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သည့် မဂ္ဂင် (၈)ပါး ကျင့်စဉ် တရားတို့ကို စနစ်တကျ ပြည့်ပြည့်စုံစုံ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ရမည် ဖြစ်ပေသည်။

ဤဟတ္ထိပါလဇာတ်တော်တွင်ကား အလောင်းတော် ဟတ္ထိပါလက မိမိ၏ တပည့်သာဝကတို့အား သီလကျင့်စဉ်နှင့် သမာဓိကျင့်စဉ်ပိုင်းများကို လောကီအဘိညာဏ် ငါးပါးတို့ကို ရသည်အထိ စနစ်တကျ သင်ကြားပြသ ဆိုဆုံးမပေးတော်မူခဲ့၏။

ဤစာကို ဖတ်ရှုသူတို့အတွက် ထိုကျင့်စဉ်တို့တွင် အာနာပါနကျင့်စဉ်နှင့် ကသိုဏ်း (၁၀)ပါး, သမာပတ် (၈)ပါး ကျင့်စဉ်တို့ကိုလည်း အကျဉ်းချုပ်ကာ ရေးသား တင်ပြထားပေသည်။ ဝိပဿနာပိုင်းဆိုင်ရာ ကျင့်စဉ်တို့တွင် ဤကျမ်းစာငယ်၌ သမ္ပဇဉ်ပိုင်းကျင့်စဉ်တို့ကိုသာလျှင် အကျဉ်းချုပ်ကာ တင်ပြ ထားပေသည်။ [အကျယ်ကို သိရှိလိုပါက နိဗ္ဗာနဂါမိနိပဋိပဒါ ကျမ်းစာကြီး (၅)တွဲတွင်လည်းကောင်း, နိဗ္ဗာနဂါမိနိပဋိပဒါ (အကျဉ်း) ကျမ်းစာငယ် (၉)တွဲတွင်လည်းကောင်း ကြည့်ရှုလေကုန်ရာသည်။]

ဟတ္ထိပါလသတို့သား ဦးဆောင်သည့် အလောင်းတော်ကြီးတို့သည် ထီးနန်းစည်းစိမ်စတဲ့ နှစ်သက်မြတ်နိုးဖွယ်ရာ ကာမဂုဏ်တို့၏ အပြစ်တို့ကို ရှုမြင်ကာ ကာမဂုဏ်တို့ကို စွန့်လွှတ်ကာ တောထွက်တော်မူကြပြီးနောက် သဗ္ဗညုတဉာဏ် ရရှိရေး, အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ပါရမီတရားအပေါင်းတို့ကို ဆည်းပူးရှာဖွေတော်မူခဲ့ကြ၏။ ဖြည့်ကျင့်တော်မူခဲ့ကြ၏။ အလားတူပင် စာဖတ်ပရိသတ်အပေါင်း သူတော်ကောင်းတို့သည်လည်း --- ကိုယ်ထင်လျှင်, ကုတင်ရွှေနန်းဟူသော ရှေးရိုးစဉ်လာ စကားပုံအတိုင်း မိမိ မိမိတို့ အသီးအသီး ပိုင်ဆိုင်နေကြသည့် ရွှေနန်းအိမ် အသီးအသီးနှင့် ကိုယ်တော်တို့ ပိုင်သသည့် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ကာ ရသေ့ ရဟန်းဘဝဖြင့် အရဟတ္တဖိုလ် နိဗ္ဗာန်နန်းကို ရည်ရွယ်မျှော်မှန်းလျက် တောထွက်တော်မူပြီးနောက် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ်ဟု ပတ္ထနာမှု အခါခါပြုလျက် --- ဤဟတ္ထိပါလဇာတ်တော်ကို တရားဟောတိတ်ခွေမှ ကျမ်းစာအသွင်သို့ ပြောင်းလဲကာ စာဖတ်သူတို့၏ လက်သို့ ရောက်အောင် ပို့ဆောင်လိုက်ပါသတည်း။

ဖားအောက်တောရဆရာတော်

အလောင်းတော်တို့ တောထွက်တော်မူကြပြီ

(တိပါလဇာတ် တရားဒေသနာတော်)

၁၃၅၅-ခုနှစ်၊ တပေါင်းလဆန်း (၁၂)ရက်နေ့ည မော်လမြိုင်မြို့၊ မုပွန်ရပ်၊ ကျိုက်ဓာတ်သုတ်စေတီတော် ဓမ္မာရုံအတွင်း၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားအပ်သော ဟတ္ထိပါလဇာတ် တရားဒေသနာတော် --


တရားဦးပလ္လင်ပိုင်း

ဒီတရားဒေသနာတော်ကတော့ တောထွက်ခန်းကလေးတစ်ခု ဖြစ်ပါတယ်။ ဒီတောထွက်ခန်းကလေး မဟောမီ ဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံဆိုတဲ့ တရားဒေသနာတော်ကို ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အပိုင်း၌ ဘုရားရှင်၏ မူလဦးတည်ချက်ကို သဘောပေါက်ရန် ရတနသုတ္တန်မှာ လာရှိတဲ့ နွေလဖွဲ့ ဂါထာတစ်ခုဖြင့် တရားနိဒ္ဒါန်း ပျိုးကြရအောင် ...


နွေလဖွဲ့ဂါထာ

ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ။

တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ (ခုဒ္ဒကပါဌ၊၇။ သုတ္တနိပါတ၊၃၁၄။)

ဂိမှာနံ = နွေလတို့၏။ ပဌမသ္မိံ ဂိမှေ = ရှေးဦးအစ နွေလဖြစ်သော။ မာသေ = စိတြမာသ တန်ခူးလ၌။ ဖုဿိတဂ္ဂေ = ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော။ ဝနပ္ပဂုမ္ဗေ = တောအုပ်သည်။ သသိရိကော ယထာ = အသရေရှိလှဘိသကဲ့သို့။ တထူပမံ = အနက် သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဆာ ပြန့်ပြော ထိုတောအုပ်လျှင် ပုံပမာရှိသော။ နိဗ္ဗာနဂါမိံ = အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ်သော။ ဓမ္မဝရံ = သုံးပုံပိဋကတ်တည်းဟူသော တရားမြတ်ဒေသနာတော်ကို။ ပရမံ ဟိတာယ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွား ချမ်းသာအလို့ငှာ။ အဒေသယိ = ကရုဏာရှေ့သွား မေတ္တာ ထား၍ ဟောကြားတော်မူအပ်ခဲ့လေပြီ။ ဗုဒ္ဓေ = သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၌။ ဣဒမ္ပိ ရတနံ = ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း။ ပဏီတံ = ထူးမြတ်တော်မူလှပါပေ၏။ ဧတေန သစ္စေန = ဝစီမင်္ဂလာ ဤသစ္စာ စကားကြောင့်။ ပါဏီနံ = အပေါင်းများစွာ သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန် ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ ဟောတု = မုချမသွေ ဖြစ်ပါစေသတည်း။ (သာဓု သာဓု သာဓုပါဘုရား ...)

တပေါင်းလပြည့်ကျော် (၁)ရက်ကနေ တန်ခူးလပြည့်နေ့အထိကို ပါဠိလိုအားဖြင့် စိတြမာသလို့ ခေါ်ရိုးရှိပါတယ်။ ထိုစိတြမာသခေါ်တဲ့ နွေဦးလ အချိန်အခါမှာ တောအုပ်တစ်ခုကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့အခါ အကယ်၍ ပင်လုံးကျွတ် အပွင့်တွေက ဝေဝေဆာဆာနဲ့ ပွင့်နေမယ်ဆိုလျှင် ထို တောအုပ်ကြီးသည် အင်မတန် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသလို ဘုရားရှင်သည် ပိဋကတ်သုံးပုံတည်းဟူသော တောအုပ်ကြီးကို အနက် သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဝေဆာဆာ ပြန့်ပြန့်ပြောပြော ဟောကြားတော်မူခဲ့ပါတယ်။ ဘာဦးတည်ချက်နဲ့ ဟောတော်မူခဲ့သလဲလို့ ဦးတည်ချက်ကို လှမ်းပြီးတော့ ကြည့်လိုက်တဲ့ အချိန်အခါမှာ ---

ပရမံ ဟိတာယ = လူ-နတ်-ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွား ချမ်းသာအလို့ငှာ။ အဒေသယိ = ကရုဏာ ရှေ့သွား မေတ္တာထား၍ ဟောကြားတော်မူအပ်ခဲ့လေပြီ။

လူ-နတ်-ဗြဟ္မာ သတ္တဝါအားလုံးတို့၏ အမြတ်ဆုံး ချမ်းသာလို့ ခေါ်ဆို အပ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရရှိ ပါစေခြင်း အကျိုးငှာ ရည်ရွယ်တောင့်တ၍ မြတ်စွာဘုရားသည် ပိဋကတ်သုံးပုံဆိုတဲ့ အမြတ်ဆုံး တရားဒေသနာတော်ကို ဟောကြားပြသ ဆိုဆုံးမ တော်မူပါတယ်။ အဲဒီ ပိဋကတ်သုံးပုံဆိုတဲ့ အမြတ်ဆုံး တရားဒေသနာတော်တွေထဲက ဒီနေ့ညတော့ ဘုန်းကြီး ဟတ္ထိပါလဇာတ် တရားဒေသနာတော်ကို ဟောကြားပေးဖို့ ရည်ရွယ်ထားပါတယ်။


ဦးတည်ချက်

စိရဿံ ဝတ ပဿာမာတိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော မဟာဘိနိက္ခမနံ အာရဗ္ဘ ကထေသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၈။)

စိရဿံ ဝတ ပဿာမာတိ ဣဒံ = စိရဿံ ဝတ ပဿာမ ဤသို့ အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်အပ်သော ဤဟတ္ထိပါလဇာတ် တရားဒေသနာတော်မြတ်ကို။ သတ္ထာ = လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ဇေတဝနေ = ဇေတဝန်ကျောင်းတိုက်တော်၌။ ဝိဟရန္တော = သီတင်းသုံး စံနေတော်မူစဉ်။ မဟာဘိနိက္ခမနံ = မြတ်သော တောထွက်တော်မူခြင်းကို။ အာရဗ္ဘ = အကြောင်းပြု၍။ ကထေသိ = ဟောကြားတော်မူခဲ့လေပြီ။

ဘုန်းကြီးတို့ မြတ်စွာဘုရား ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် စိရဿံ ဝတ ပဿာမ ဤသို့ အစရှိတဲ့ ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်ထားအပ်တဲ့ ဤဟတ္ထိပါလဇာတ် တရားဒေသနာတော်ကို မြတ်သော တောထွက်တော်မူခြင်းကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။ ဘုန်းကြီးတို့ မြတ်စွာဘုရားက ဘုရားဖြစ်မယ့် ဘဝမှာသာ တောထွက်တော်မူသည် မဟုတ်ဘူး၊ ဘုရားမဖြစ်မီ အလောင်းတော်ဘဝတုန်းကလည်း မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူခဲ့တဲ့ ဇာတ်ဒေသနာတော်တစ်ခု ဖြစ်ပါတယ်။


ဧသုကာရီမင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီး

ဤဇာတ်ဒေသနာတော်ရဲ့ အကြောင်းအတ္ထုပ္ပတ်ကို ပြောရမယ်ဆိုလျှင် တစ်ချိန် ဘုန်းကြီးတို့ ဗာရာဏသီပြည်မှာ ဆိုကြစို့၊ ဧသုကာရီ အမည်ရှိနေတဲ့ ရှင်ဘုရင်ကြီး တစ်ဦးက တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူပါတယ်။ ထိုဧသုကာရီဘုရင်မြတ်ကြီးဆိုတာကတော့ သုဒ္ဓေါဒနမင်းကြီးရဲ့ အလောင်းအလျာ ဖြစ်ပါတယ်။ ထိုဧသုကာရီဘုရင်ကြီးရဲ့ မိဖုရားကြီးကတော့ မယ်တော် မာယာရဲ့ အလောင်းအလျာ ဖြစ်ပါတယ်။ ထိုဧသုကာရီမင်းကြီးရဲ့ ဆရာဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီးကတော့ အရှင်မဟာကဿပမထေရ်မြတ်ရဲ့ အလောင်း အလျာ ဖြစ်ပါတယ်။ ထိုပုရောဟိတ်ပုဏ္ဏားကြီးရဲ့ ကြင်ယာဖြစ်တဲ့ ပုဏ္ဏေးမကြီးကတော့ မယ်ဘဒ္ဒါရဲ့ အလောင်းအလျာ ဖြစ်ပါတယ်။ ပိပ္ပလိလုလင်လို့ အမည်ရှိနေတဲ့ အရှင်မဟာကဿပမထေရ်မြတ်ရဲ့ လူ့ဘဝတုန်းက ကြင်ယာ ဟောင်းပဲ ဆိုကြစို့။


ထီးမွေ နန်းမွေ ဆက်ခံမည့်သူ

ဒီဧသုကာရီမင်းကြီးနဲ့ ပုရောဟိတ်ပုဏ္ဏားကြီးတို့က ငယ်ရွယ်စဉ် ကလေး သူငယ်ဘဝကတည်းက စပြီးတော့ အလွန် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြပါတယ်။ ပါရမီဖြည့်ဘက်တွေ ဖြစ်နေကြတယ်။ အလွန် ခင်မင်ရင်းနှီး နေတဲ့ ဒီမိတ်ဆွေနှစ်ဦးမှာ ဘာပြဿနာ ဖြစ်နေသလဲ? ပြဿနာတစ်ခုကတော့ သားရတနာ သမီးရတနာ မထွန်းကားခြင်းဘဲ ဖြစ်ပါတယ်။ ဧသုကာရီဘုရင်မင်းကြီးမှာလည်း သားရတနာ သမီးရတနာ မရှိ၊ ပုရောဟိတ် ပုဏ္ဏားကြီးမှာလည်း သားရတနာ သမီးရတနာ မရှိ ဖြစ်နေတယ်။ တစ်နေ့တော့ မိတ်ဆွေ နှစ်ဦးသားတို့ တစ်နေရာမှာ ဆုံစည်းရင်း အလ္လာပ သလ္လာပ စကား ပြောကြားရင်းနဲ့ မိမိတို့မှာ ထီးနန်းဆက်ခံမယ့် စည်းစိမ်ဥစ္စာ အမွေ တွေကို ဆက်ခံမယ့် သားရတနာ သမီးရတနာ မရှိခြင်းကို အကြောင်းပြုပြီး တော့ တစ်ဦးနဲ့တစ်ဦး ဘာပြောကြသလဲ?

အမှာကံ ဣဿရိယံ မဟန္တံ၊ ပုတ္တော ဝါ ဓီတာ ဝါ နတ္ထိ၊ ကိံ နု ခေါ ကတ္တဗ္ဗံ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၈။)

အမှာကံ = ငါတို့၏။ ဣဿရိယံ = စည်းစိမ်ဥစ္စာသည်ကား။ မဟန္တံ = ကြီးကျယ်များပြားလှပေ၏။ ပုတ္တော ဝါ = အမွေဆက်ခံမည့် သားရတနာသော်လည်းကောင်း။ ဓီတာ ဝါ = အမွေဆက်ခံမည့် သမီးရတနာသော်လည်းကောင်း။ နတ္ထိ = မရှိပေ။ ကိံ နု ခေါ = အသို့လျှင်။ ကတ္တဗ္ဗံ = ပြုသင့်ပြုထိုက်ပါသနည်း။

တို့ရဲ့ စည်းစိမ်ဥစ္စာတွေက သိပ်ပြီး ကြီးကျယ်တယ်တဲ့။ ပုရောဟိတ် ပုဏ္ဏားကြီး ကြည့်လိုက်လျှင်လည်း ထိုခေတ်က ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာနေတဲ့ ပုဏ္ဏားကြီး ဖြစ်ပါတယ်။ ကုဋေရှစ်ဆယ်ဆိုတာကတော့ ယခု ခေတ်ကာလမှာ ဘယ်လောက်ပဲ သန်းပေါင်းများစွာ ချမ်းသာ ချမ်းသာ ထို ပုဂ္ဂိုလ်တွေကို သန်းကြွယ်သူဌေး မီလျံနာဆိုပြီးခေါ်တဲ့ ပုံစံလိုပဲ ရှေးခေတ်အခါတုန်းကတော့ ကုဋေရှစ်ဆယ်အထက် ဘယ်လောက်ပဲ များပါစေ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာနေတဲ့ သူဌေးတွေကို ပထမတန်းစား နံပါတ် တစ် သူဌေးရာထူးကို ပေးကြတယ်။ အဲဒီ ပုဏ္ဏားကြီးကလည်း ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာနေတဲ့ သို့မဟုတ် ကုဋေရှစ်ဆယ်မက ကြွယ်ဝချမ်းသာတဲ့ သူဌေးရာထူးကို ရရှိထားတဲ့ ပုဏ္ဏားကြီးတစ်ဦး ဖြစ်ပါတယ်။

ဧသုကာရီမင်းကြီးကို ကြည့်လိုက်မယ်ဆိုလျှင်လည်း အလွန် ကြွယ်ဝ ချမ်းသာနေတဲ့ စည်းစိမ်ဥစ္စာတွေ များပြားနေတဲ့ မင်းကြီးတစ်ဦး ဖြစ်ပါတယ်။ အဲဒီ မင်းကြီးနဲ့ ဒီပုဏ္ဏားကြီးတို့မှာ အမွေဆက်ခံမယ့် သားရတနာ သမီးရတနာ ဆိုတာ တစ်ဦးမှ မရှိ ဖြစ်နေတော့ ဘယ်လိုလုပ်ကြရမလဲလို့ တစ်ဦးနဲ့တစ်ဦး တိုင်ပင် ဆွေးနွေးကြတယ်။ အဲဒီလို တိုင်ပင် ဆွေးနွေးကြတဲ့ အချိန်အခါမှာ ဧသုကာရီမင်းကြီးက ဘာပြောသလဲ?


နှစ်ဦးသားတို့၏ သဘောတူညီချက်

သမ္မ သစေ တဝ ဂေဟေ ပုတ္တော ဇာယိဿတိ၊ မမ ရဇ္ဇဿ သာမိကော ဘဝိဿတိ၊ သစေ မမ ပုတ္တော ဇာယိဿတိ၊ တဝ ဂေဟေ ဘောဂါနံ သာမိကော ဘဝိဿတိ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၈။)

သမ္မ = အဆွေပုရောဟိတ်ပုဏ္ဏား။ သစေ = အကယ်၍။ တဝ = သင်၏။ ဂေဟေ = အိမ်၌။ ပုတ္တော = သားရတနာသည်။ ဇာယိဿတိ = ဖွားမြင်ခဲ့သည်ရှိငြားအံ့။ ဧဝံ သတိ = ဤသို့ ဖွားမြင်ခဲ့သည်ရှိသော်။ မမ ရဇ္ဇဿ = ငါ့တိုင်းပြည်၏။ သာမိကော = အရှင်သခင်သည်။ ဘဝိဿတိ = ဖြစ်ပေလတ္တံ့။

အဆွေတော် ပုရောဟိတ်ပုဏ္ဏား ... သင့်အိမ်မှာ အကယ်၍များ သားရတနာတစ်ဦး ဖွားမြင်ခဲ့မယ်ဆိုလျှင်တော့ ထိုသားရတနာသည် ငါ့ရဲ့ တိုင်းနိုင်ငံမှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရမယ့် တိုင်းပြည်ရဲ့ အရှင်သခင် ဖြစ်ပါလိမ့်မယ်။

သစေ = အကယ်၍။ မမ = ငါရဲ့သန္တာန်၌။ ပုတ္တော = သားရတနာသည်။ ဇာယိဿတိ = မွေးဖွားလတ္တံ့။ တဝ = သင်၏။ ဂေဟေ = အိမ်၌။ ဘောဂါနံ = စည်းစိမ်ဥစ္စာတို့၏။ သာမိကော = အရှင်သခင်သည်။ ဘဝိဿတိ = ဖြစ်ပေလိမ့်မယ်။

သင့်အိမ်မှာ သားရတနာ မွေးဖွားခဲ့လျှင်လည်း ငါ့ရဲ့ နန်းတော်မှာ ရှင်ဘုရင်အဖြစ် တင်မြှောက်မယ်။ ငါ့ရဲ့နန်းတော်မှာ သားရတနာ မွေးဖွားခဲ့မယ်ဆိုလျှင်လည်း သင့်အိမ်မှာရှိတဲ့ စည်းစိမ်ဥစ္စာတို့ရဲ့ အရှင်သခင် ဖြစ်ပေလိမ့်မယ်ဆိုပြီးတော့ ဒီလို ကတိကဝတ် ပြုထားကြတယ်။ အဲဒီလို ဧသုကာရီ မင်းကြီးက ကတိကဝတ်စကား ပြောကြားလိုက်တဲ့ အချိန်အခါမှာ ပုရောဟိတ် ပုဏ္ဏားကြီးကလည်း သဘောတူညီခဲ့ပါတယ်။


သားများတဲ့ အမျိုးသမီး

အဲဒီလို သဘောတူညီချက် ယူပြီးတော့ နေရင်းနဲ့ တစ်နေ့ ဘာဖြစ်လာသလဲ? ပုရောဟိတ်ပုဏ္ဏားကြီးက သူအပိုင်စားဖြစ်တဲ့ ရွာကလေး တစ်ရွာကို သွားတယ်။ သွားလိုက်တဲ့ အချိန်အခါမှာ ထိုရွာကနေ ပြန်လာတဲ့အခါ ဗာရာဏသီမြို့ရဲ့ တောင်တံခါးဝအရောက်မှာ အမျိုးသမီးတစ်ယောက်ကို မြင်တယ်။ ထိုအမျိုးသမီးကလည်း ဗဟုပုတ္တိက = သားရတနာ အလွန် များပြားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေတယ်။ ဘယ်လောက်အထိ သားတွေက များသလဲလို့ မေးလျှင်တော့ အနာရောဂါ ကင်းစင်နေတဲ့ သားရတနာ (၇)ဦးတို့ ဖြစ်ကြတယ်။

သားတစ်ယောက်က ထမင်းအိုးကလေးကို ရွက်ပြီးတော့ ရှေ့က သွားတယ်။ သားတစ်ယောက်က အိပ်တဲ့ အိပ်ရာဖျာလိပ်ကလေး ထမ်းပြီးတော့ သွားတယ်။ သားတစ်ယောက်ကတော့ ထိုအမျိုးသမီးရဲ့ ရှေ့က ကပ်ပြီး လိုက်ပါသွားတယ်။ သားတစ်ယောက်ကတော့ အမျိုးသမီးရဲ့ နောက်က ကပ်ပြီး လိုက်ပါသွားတယ်။ နောက်သားတစ်ယောက်ကျတော့ အမျိုးသမီးရဲ့ လက်ကို ဆွဲပြီး သွားတယ်။ နောက်သားတစ်ယောက်ကတော့ သူ့ရဲ့ ရင်ခွင်ထဲမှာ ထိုင်ပြီးတော့ လိုက်ပါလာတယ်။ နောက်သားတစ်ယောက် ကြည့်လိုက်တော့ သူ့ရဲ့ ပုခုံးထက်မှာ ထိုင်ပြီးတော့ လိုက်ပါလာတယ်။ ပေါင်းလိုက်တော့ သား ဘယ်နှစ်ဦး ရှိသလဲဆိုတော့ (၇)ဦးပဲ။ အဲဒီ သား (၇)ဦးကို မြင်လိုက်ရတော့ ပုရောဟိတ်ပုဏ္ဏားကြီးက တော်တော်ကလေး အံ့အားသင့်သွားတယ်။ အံ့အား သင့်သွားတဲ့ အချိန်အခါကျတော့ ပုဏ္ဏားကြီးက ဒီအမျိုးသမီးကို မေးကြည့်တယ်။ ဘယ်လို မေးသလဲ?

ဘဒ္ဒေ ဣမေသံ ဒါရကာနံ ပိတာ ကုဟိံ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၈။)

ဘဒ္ဒေ = အို ညီမ။ ဣမေသံ ဒါရကာနံ = ဤကလေးသူငယ်တို့၏။ ပိတာ = ဖခင်သည်ကား။ ကုဟိံ = အဘယ်မှာပါနည်း။

အို ညီမ ... ဒီကလေးတွေရဲ့ ဖခင်ဟာ ဘယ်မှာလဲဆိုပြီး မေးလိုက်တဲ့ အချိန်အခါကျတော့ အဲဒီအမျိုးသမီးက ဘာပြန်ပြောသလဲ?

သာမိ ဣမေသံ ပိတာ နာမ နိဗဒ္ဓေါ နတ္ထိ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၈။)

သာမိ = အို အရှင်။ ဣမေသံ = ဤကလေးသူငယ်တို့၏။ ပိတာ နာမ = ဖခင်မည်သည်ကား။ နိဗဒ္ဓေါ = မြဲသော ဖခင်မည်သည်။ နတ္ထိ = မရှိပါ။

ဒီကလေးသူငယ်တွေမှာ မြဲတဲ့ ဖခင်ရယ်လို့ မရှိပါဘူး။ သူက ဒီလို ပြန်ပြောတယ်။ မြဲတဲ့ ဖခင်မရှိဘူးဆိုတဲ့ ဒီစကားကို ပုဏ္ဏားကြီးက ကြားလိုက်တဲ့အခါ ဘာပြန်မေးသလဲ?

ဧဝရူပေ သတ္တ ပုတ္တေ ကိန္တိ ကတွာ အလတ္ထ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၈။)

ဧဝရူပေ = ဤသို့ သဘောရှိကြကုန်သော။ သတ္တ ပုတ္တေ = သား (၇)ယောက်တို့ကို။ ကိန္တိ ကတွာ = အဘယ်သို့ပြု၍။ အလတ္ထ = သင်ရရှိခဲ့ပါသနည်း။

ဒီသားတွေမှာ မြဲတဲ့ဖခင်ရယ်လို့ မရှိဘူးဆိုလျှင်တော့ သင် ဒီသား (၇) ယောက်ကို ဘယ်လိုများ ရရှိသလဲ? ဒီသား (၇)ယောက်ကို သင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရရှိပါသလဲလို့ ဒီလို မေးကြည့်တယ်။ အဲဒီလို မေးကြည့်လိုက်တဲ့ အချိန်အခါမှာ အမျိုးသမီးကလည်း နည်းနည်းတော့ ဉာဏ်ထက်တယ်နဲ့ တူပါတယ်။ နည်းနည်း ဉာဏ်ထက်တဲ့ အချိန်အခါကျတော့ အဲဒီအမျိုးသမီးက ဘာပြန်ပြောသလဲ?

သာ အညံ ဂဟဏံ အပဿန္တီ နဂရဒွါရေ ဌိတံ နိဂြောဓရုက္ခံ ဒေဿတွာ သာမိ ဧတသ္မိံ နိဂြောဓေ အဓိဝတ္ထာယ ဒေဝတာယ သန္တိကေ ပတ္ထေတွာ လဘိံ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၈။)

သာ = ထိုအမျိုးသမီးသည်။ အညံ ဂဟဏံ = အခြား လက်ဆုပ်လက်ကိုင် ပြရမည့်ပုဂ္ဂိုလ်ကို။ အပဿန္တီ = မတွေ့မြင်ရသည်ဖြစ်၍။ နဂရဒွါရေ = မြို့တံခါးအနီး၌။ ဌိတံ = တည်ရှိသော။ နိဂြောဓရုက္ခံ = ပညောင်ပင်ကြီးကို။ ဒေဿတွာ = လက်ညှိုးထိုး၍။ သာမိ = အို အရှင်။ ဧတသ္မိံ နိဂြောဓေ = ဤပညောင်ပင်၌။ အဓိဝတ္ထာယ = စိုးအုပ်၍ နေထိုင်သော။ ဒေဝတာယ = နတ်၏။ သန္တိကေ = အထံ၌။ ပတ္ထေတွာ = သားဆုကို ပန်၍။ လဘိံ = ရရှိခဲ့ပါ၏။

အဲဒီ မြို့တံခါးဝရဲ့ မလှမ်းမကမ်းမှာ ပညောင်ပင်ကြီးတစ်ပင် ရှိနေတယ်။ အဲဒီ ပညောင်ပင်ကြီးကို လက်ညှိုး လှမ်းထိုးပြပြီးတော့ အဲဒီ ပညောင်ပင်မှာ စိုးအုပ်နေထိုင်နေတဲ့ နတ်သားရဲ့ထံမှာ သားရလိုကြောင်း ဆုတောင်း ပန်ထွာတဲ့အတွက် သားရတနာတွေကို ရရှိတဲ့အကြောင်း ပြန်ပြောလိုက်တယ်။

ဧတာယ မေ ပုတ္တာ ဒိန္နာ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၈။)

ဧတာယ = ထိုနတ်သားသည်။ မေ = ငါ့အား။ ပုတ္တာ = သားရတနာတို့ကို။ ဒိန္နာ = ပေးအပ်ခဲ့ပါ၏။

ငါ့ကို ဒီပညောင်ပင်ကို စောင့်နေတဲ့ နတ်က ဒီ (၇)ဦးသော သားရတနာတွေကို ပေးတာပါဆိုပြီးတော့ ပညောင်ပင်ကြီးကို လက်ညှိုးထိုးပြလိုက်တယ်။ အဲဒီလို လက်ညှိုးထိုးပြလိုက်တဲ့ အချိန်အခါမှာ ပုဏ္ဏားကြီးကလည်း ယုံကြည်သွားပုံတော့ ရပါတယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာကတော့ တရားနာပရိသတ်တွေ နည်းနည်း စဉ်းစားလို့ သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။

အဲဒီ ပညောင်ပင်ကြီးကို လက်ညှိုးထိုးပြလိုက်တဲ့ အချိန်အခါမှာ ပုဏ္ဏားကြီးက ဘာလုပ်သလဲ? အဲဒီ ပညောင်ပင်ရှိရာကို သွားတယ်၊ ပညောင်ပင်ရဲ့ အကိုင်းအခက်တစ်ခုကို ဆွဲကိုင်လှုပ်ပြီးတော့ သူက ဘာပြောသလဲ?


ပညောင်ပင်စောင့်နတ်နှင့် ပုရောဟိတ်ပုဏ္ဏားကြီး

အမ္ဘော ဒေဝတေ တွံ ရညော သန္တိကာ ကိံ နာမ န လဘသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၉။)

အမ္ဘော ဒေဝတေ = အို ပညောင်ပင် စောင့်နေတဲ့နတ်။ တွံ = သင်သည်။ ရညော = ငါတို့ရဲ့ ဧသုကာရီဘုရင်မင်းမြတ်၏။ သန္တိကာ = အထံမှ။ ကိံ နာမ = အဘယ်မည်သောအရာကို။ န လဘသိ = မရရှိသည် ရှိပါသနည်း။

အို ပညောင်ပင်စောင့်နေတဲ့နတ် ... သင် ပညောင်ပင်စောင့်နေတဲ့ နတ်သည် ငါတို့ရဲ့ ဧသုကာရီဘုရင်မင်းကြီးထံမှ အဘယ်မည်သော အရာဝတ္ထုကို မရခဲ့ဖူးဘူးဆိုတာ ရှိရဲ့လား?

ရာဇာ တေ အနုသံဝစ္ဆရံ သဟဿံ ဝိဿဇ္ဇေတွာ ဗလိကမ္မံ ကရောတိ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၉။)

ရာဇာ = ဧသုကာရီဘုရင်မင်းမြတ်သည်။ တေ = သင့်အား။ အနုသံဝစ္ဆရံ = နှစ်စဉ်တို့ ကာလပတ်လုံး (ဝါ) နှစ်တိုင်း နှစ်တိုင်း။ သဟဿံ = တစ်ထောင်သော စည်းစိမ်ဥစ္စာတို့ကို။ ဝိဿဇ္ဇေတွာ = စွန့်လွှတ်၍။ ဗလိကမ္မံ = ဗလိနတ်စာ ပူဇော်ခြင်းအမှုကို။ ကရောတိ = ပြုလုပ်၍နေပါ၏။

ငါတို့ရဲ့ ဧသုကာရီဘုရင်မင်းကြီးဟာ နှစ်စဉ် နှစ်တိုင်း တစ်နှစ် တစ်နှစ်မှာ တစ်ထောင် တစ်ထောင် အကုန်အကျခံပြီးတော့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ပြီးတော့ သင့်ကို ဗလိနတ်စာတွေ ကျွေးမွေးပူဇော်နေပါတယ်။

ဘုန်းကြီး ခုနက ဒီကျိုက်ဓာတ်သုတ်စေတီကုန်းတော်ပေါ်ကို တက်လာတုန်းက ဟိုနားမှာ ဘာလဲတော့ မသိဘူး။ ရှေ့မှာ ကျောက်တုံးကြီး တစ်တုံး ချထားတာ တစ်ခုတော့ တွေ့လိုက်တယ်။ သေသေချာချာတော့ ကြည့်လိုက်ပါတယ်။ ဘုန်းကြီးမျက်စိက ကောင်းကောင်း မမြင်တော့ ဘာမှန်းမသိလိုက်ဘူး။ ဝင်ပြီးတော့ ကျောက်တုံး မ,နေတဲ့ လူတွေလည်း ရှိလိမ့်မယ် ထင်ပါတယ်။ အဲဒီပုံစံမျိုးတော့ မဟုတ်ဘူး။ ဗလိနတ်စာ ကျွေးတယ်ဆိုတာကတော့ ဒီလိုပါ။ --

ဘုန်းကြီးတို့ ရတနသုတ္တန်မှာလည်း မြတ်စွာဘုရား ဗလိနတ်စာ ကျွေးတဲ့ အကြောင်းကလေး ဟောကြားထားတော်မူပါတယ်။ အဲဒီမှာ ဗလိနတ်စာ (၅)မျိုးရှိတဲ့အနက်က ဒေဝတာဗလိဆိုတာကတော့ မိမိတို့ရဲ့ မြို့ရွာတွေ, ရပ်ရွာတွေ, မိမိတို့ကို လိုက်ပြီး စောင့်ရှောက်ပေးနေတဲ့ နတ်ကောင်း နတ်မြတ်တွေ ရှိကြပါတယ်။ အဲဒီ နတ်ကောင်း နတ်မြတ်တွေကို ဘာလုပ်သလဲ? သွားပြီးတော့ ပူဇော်ပသတယ်။ မိတ်ကောင်း ဆွေကောင်းကဲ့သို့ သဘောထားပြီးတော့ သူတို့ကို ကျွေးမွေးတာပဲ။ အဲဒီလို ကျွေးမွေးတာကတော့ ကျွေးမွေးကောင်းပါတယ်။

အဲဒီနတ်တွေကို သွားပြီး ရှိခိုးခဲ့မယ်ဆိုလျှင်တော့ သရဏဂုံ ပျက်စီးသွားတယ်။ ကိုးကွယ်အားထားရာအနေနဲ့ ရှိခိုးမယ်ဆိုလျှင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ဆိုပြီးတော့ ဒီလို မိမိတို့ ဆောက်တည်ထားတဲ့ သရဏဂုံက အလိုလို ပျက်စီးသွားပါတယ်။ ရှိခိုးမှုတော့ မပြုကောင်းပါဘူး။ မိတ်ကောင်း ဆွေကောင်းတစ်ဦးကဲ့သို့ သဘောထားပြီး ကျွေးမွေးမယ်ဆိုလျှင်တော့ ကျွေးမွေးကောင်းပါတယ်။ အဲဒီလို ကျွေးမွေးတာကို ဗလိနတ်စာ ကျွေးတယ်လို့ ခေါ်ပါတယ်။

တစ်နှစ် တစ်နှစ်မှာ တစ်ထောင် တစ်ထောင် အကုန်အကျခံပြီးတော့ ဗလိနတ်စာ ကျွေးတယ်။ အဲဒီလို ပညောင်ပင်စောင့်နတ်ကို ဗလိနတ်စာ ကျွေးတဲ့ လုပ်ငန်းရပ်ကို ဧသုကာရီမင်းကြီးက ပြုလုပ်နေတယ်။

တဿ ပုတ္တံ န ဒေသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၉။)

တဿ = ထိုဧသုကာရီဘုရင်မင်းမြတ်အား။ ပုတ္တံ = သားရတနာကို။ န ဒေသိ = မပေးပါ။

ဒီလို ဗလိနတ်စာတွေကို တစ်နှစ် တစ်နှစ်မှာ တစ်ထောင် တစ်ထောင် အကုန်အကျခံပြီးတော့ ကျွေးမွေး လှူဒါန်းနေတဲ့ ငါတို့ရဲ့ ဧသုကာရီ ဘုရင်မင်းကြီးကိုတော့ သင်က သားရတနာ မပေးဘူး။

ဧတာယ ဒုဂ္ဂတိတ္ထိယာ တဝ ကော ဥပကာရော ကတော၊ (ဇာတက၊ဋ္ဌ၊၄၊၄၇၉။)

ဧတာယ ဒုဂ္ဂတိတ္ထိယာ = ထိုဆင်းရဲနွမ်းပါးနေတဲ့ အမျိုးသမီးသည်။ တဝ = သင့်အား။ ကော ဥပကာရော = အဘယ်ကဲ့သို့သော ကျေးဇူးဥပကာရကို။ ကတော = ပြုလုပ်ဖူးပါသနည်း။

အင်မတန် ဆင်းရဲနွမ်းပါးနေတဲ့ ဒီအမျိုးသမီးက သင့်ကို ဘယ်လို ကျေးဇူးတွေများ ပြုလုပ်ခဲ့ဖူးသလဲ?

ယေနဿာ သတ္တ ပုတ္တေ အဒါသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၉။)

ယေန = အကြင် အကြောင်းတရားကြောင့်။ အဿာ = ထိုအမျိုးသမီး အား။ သတ္တ ပုတ္တေ = (၇)ယောက်ကုန်သော သားတို့ကို။ အဒါသိ = ပေးလေ သနည်း။

ဘယ်လို ကျေးဇူးတွေ ပြုလုပ်ခဲ့ဖူးလို့ ဒီဆင်းရဲနွမ်းပါးနေတဲ့ အမျိုးသမီးအား သား (၇)ယောက်တောင် ပေးရတာလဲ?

သစေ အမှာကံ ရညော ပုတ္တံ န ဒေသိ၊ ဣတော တံ သတ္တမေ ဒိဝသေ သမူလံ ဆိန္ဒာပေတွာ ခဏ္ဍာခဏ္ဍိကံ ကာရဿောမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၉။)

သစေ = အကယ်၍။ အမှာကံ = ငါတို့၏။ ရညော = ဧသုကာရီဘုရင် မင်းမြတ်အား။ ပုတ္တံ = သားရတနာကို။ န ဒေသိ = မပေးခဲ့သည်ဖြစ်အံ့။ ဧဝံ သတိ = ဤသို့ မပေးခဲ့သည်ရှိသော်။ တံ = သင့်ကို (ဝါ) သင်ပညောင်ပင်ကို။ ဣတော = ဤနေ့မှ။ သတ္တမေ ဒိဝသေ = (၇)ရက်မြောက်သော နေ့၌။ သမူလံ = အမြစ်ရင်းနှင့်တကွ။ ဆိန္ဒာပေတွာ = ဖြတ်တောက်စေ၍။ ခဏ္ဍာခဏ္ဍိကံ = အပိုင်းပိုင်း အပြတ်ပြတ်။ ကာရဿောမိ = ပြုလုပ်စေပေအံ့။

အကယ်၍ ဒီနေ့ကနေ စပြီးတော့ (၇)ရက်မြောက်သောနေ့တိုင်အောင် ငါတို့ရဲ့ ဧသုကာရီဘုရင်ကြီးအား သားရတနာ မပေးခဲ့ဘူးဆိုလျှင်တော့ အမြစ်ပါမကျန် အကုန်လုံး အပိုင်းပိုင်း အပြတ်ပြတ် ဖြတ်တောက်ပစ်မယ် ဆိုပြီးတော့ ဒီပညောင်ပင်စောင့်နတ်ကို သွားပြီး သူက ကြိမ်းဝါးတယ်။

အဲဒီလို ပညောင်ပင်စောင့်နတ်ကို ပထမရက်မှာ ကြိမ်းဝါးပြီးတော့ ပြန်သွားတယ်။ နောက်တစ်နေ့ကျတော့လည်း လာပြီး ကြိမ်းဝါးပြန်တယ်။ အဲဒီလို ပုံစံတူနဲ့ (၆)ရက်တိုင်တိုင် လာပြီး ကြိမ်းဝါးတယ်။ (၆)ရက်တိုင်တိုင် ပုံစံတူ ကြိမ်းဝါးပြီးတဲ့ အချိန်အခါမှာ ဘာဆက်ပြီး ကြိမ်းဝါးပြန်သလဲ?

ရုက္ခဒေဝတေ အဇ္ဇေကရတ္တိမတ္တကမေဝ သေသံ၊ သစေ မေ ရညော ပုတ္တံ န ဒေသိ၊ သွေ တံ နိဋ္ဌာပေဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၇၉။)

ရုက္ခဒေဝတေ = သစ်ပင်စောင့်နတ်။ အဇ္ဇေကရတ္တိမတ္တကမေဝ = ဤ တစ်နေ့တစ်ညဉ့်မျှသာလျှင်။ သေသံ = ကြွင်းကျန်ပေတော့၏။ သစေ = အကယ်၍။ မေ = ငါ၏။ ရညော = မင်းမြတ်အား။ ပုတ္တံ = သားရတနာကို။ န ဒေသိ = မပေးခဲ့သည်ဖြစ်အံ့။ သွေ = မနက်ဖြန်၌။ တံ = သင့်ကို။ နိဋ္ဌာပေဿာမိ = ပြီးဆုံးစေအံ့။

ကဲ ပညောင်ပင်စောင့်နေတဲ့နတ် ... ဒီနေ့တစ်ညပဲ ကျန်တော့တယ်။ အကယ်၍ သင်သည် ငါတို့ရဲ့ ဧသုကာရီဘုရင်မင်းမြတ်အား သားရတနာကို မပေးခဲ့ဘူးဆိုလျှင်တော့ မနက်ဖြန်ခါ သင့်ကို အဆုံးသတ်တော့မယ်။ ဒီလို လာပြီးတော့ ကြိမ်းဝါးသွားတယ်။

အဲဒီလို ကြိမ်းဝါးသွားတဲ့ အချိန်အခါကျတော့ ပညောင်ပင်စောင့်နတ်လည်း တော်တော်ကလေး စဉ်းစားခန်း ဝင်ရတယ်။ ဒီပုဏ္ဏားကတော့ ဒီ အမျိုးသမီးပြောတာကို တကယ် ယုံကြည်ပြီးတော့ ငါ့ရဲ့ ဘုံဗိမာန်ကို လာပြီး ဖျက်ဆီးတော့မှာပဲ။ ငါ ဘယ်လိုလုပ်ရမလဲ? သူက ဒီလို စဉ်းစားပြီးတော့ စာတုမဟာရာဇ်နတ်မင်းကြီး (၄)ပါးထံ သွားတယ်။ စာတုမဟာရာဇ်နတ်မင်းကြီး (၄)ပါးထံ အကျိုးအကြောင်း တင်ပြလျှောက်ထားတော့လည်း စာတုမဟာရာဇ်နတ်မင်းကြီးတွေက သားရတနာ မပေးနိုင် ဖြစ်နေကြတယ်။


နတ်သား လေးဦး

နှစ်ကျိပ်ရှစ်ဦးသော နတ်စစ်သူကြီးတွေထံ သွားတောင်းပန်တော့လည်း နတ်စစ်သူကြီးများကလည်း သားရတနာ မပေးနိုင် ဖြစ်နေကြတယ်။ ဒါနဲ့ သိကြားမင်းကြီးထံ သွားပြီး တောင်းပန်တယ်။ တောင်းပန်လိုက်တဲ့ အချိန်အခါမှာ သိကြားမင်းကြီးက နတ်ပြည် နတ်လောကကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ နတ်သား (၄)ဦးကို သွားတွေ့တယ်။ ဒီနတ်သား (၄)ဦးက ဘယ်လိုပုဂ္ဂိုလ်တွေလဲဆိုတော့ လူ့ဘဝနေစဉ်အခါတုန်းက ရက်ကန်းသည်တွေ ဖြစ်ခဲ့ကြတယ်။ ရက်ကန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုစု ပျိုးထောင်တဲ့နေရာမှာ မိတ်ဆွေ (၄)ဦးတို့က စုပေါင်းညီညာပြီးတော့ ပြုလုပ်တဲ့ အတွက် ရရှိတဲ့ စည်းစိမ်ဥစ္စာတွေကို (၅)ပုံ ပုံကြတယ်။ (၅)ပုံ ပုံပြီးတော့ (၄)ပုံကို တစ်ယောက် တစ်ပုံစီ ယူပြီးတော့ ကျန်တဲ့ (၅)ပုံမြောက်ဖြစ်တဲ့ အပုံကိုတော့ ညီတူညာတူ စိတ်တူသဘောတူ ကောင်းမှုကုသိုလ် ပြုခဲ့ကြတယ်။

အဲဒီလို ကောင်းမှုကုသိုလ် ပြုပြီးတော့ ဘဝကို အဆုံးသတ်သွားတဲ့ အချိန်အခါမှာ ဒီနတ်သားတွေက နတ်ပြည် (၆)ထပ်မှာ စုန်တစ်ခါ ဆန်တစ်ခါနဲ့ ကျင်လည်နေကြတယ်။ ဒီတစ်ပတ် အလှည့်အကြိမ်မှာတော့ သူတို့က တာဝတိံသာနတ်ပြည်ကနေ ယာမာနတ်ပြည်သို့ တက်မယ့်အလှည့် ဖြစ်နေတယ်။ ဒီနတ်သားတွေကလည်း နတ်သက်ကြွေတော့မယ်။ နတ်သက် ကြွေခါနီးမှာ တာဝတိံသာနတ်ပြည်ကနေ ယာမာနတ်ပြည် သွားအံ့ဆဲဆဲ ဖြစ်နေတဲ့ အချိန်ကလေးမှာ သိကြားမင်းကြီးကလည်း ဒီနတ်သားတွေထံ သွားပြီးတော့ တောင်းပန်တယ်။


နတ်သား (၄) ဦးတို့၏ မွန်မြတ်သော ဦးတည်ချက်

အမောင် နတ်သားတို့ ... ယာမာနတ်ပြည်သို့ မသွားဘဲ လူ့ပြည်သို့ သွားဖို့အကြောင်း သွားပြီးတော့ တောင်းပန်တဲ့ အချိန်အခါမှာ နတ်သားတွေကလည်း သဘောတူလိုက်ကြပါတယ်။ ဒါပေမယ့် နတ်သားတွေက ဘယ်လို ပြောလိုက်သလဲဆိုတော့ လူ့ပြည် လူ့လောကကိုတော့ သွားမယ်။ ဒါပေမယ့် မင်းမျိုးမှာတော့ လူမဖြစ်လိုကြဘူး၊ ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ အိမ်မှာပဲ လူဖြစ်ကြမယ်။ သို့သော် ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ်အခါမှာပဲ စည်းစိမ်ဥစ္စာတွေကို အကုန်စွန့်ကာ တောထွက်ပြီး ရှင်ရဟန်းပြုကြမယ်။ လူ့ပြည် လူ့လောက လူတောထဲမှာတော့ မနေလိုကြဘူး။ လူ့ပြည် လူ့လောက ရောက်သွားလို့ အချိန်တန် အရွယ်ရောက်ပြီဆိုလျှင်တော့ တောထွက်ကြမှာပဲ။ ဒီလိုတော့ သိကြားမင်းကို ပြောပြလိုက်တယ်။ ကဲ တောထွက်ချင်လည်း ထွက်ကြပါ၊ မထွက်ချင်လည်း နေပါစေ။ လူ့ပြည်ကို ဆင်းမယ်ဆိုလျှင်တော့ တော်ပြီဆိုပြီး သိကြားမင်းကြီးကလည်း သဘောတူ လက်ခံလိုက်ပါတယ်။

ဧသုကာရီဘုရင်မင်းကြီးမှာ သားရတနာမရှိ ဖြစ်နေတဲ့အတွက် ဧသုကာရီဘုရင်မင်းကြီးထံ ဆင်းပြီးတော့ လူဖြစ်ဖို့ရန်အတွက် သိကြားမင်းက တောင်းပန်ခြင်း ဖြစ်တယ်။ နတ်သားတွေဘက်ကလည်း မင်းမျိုးဆိုတာက တောထွက်ဖို့ရန်အတွက် အင်မတန် အခက်အခဲတွေ ရှိနိုင်တယ်လို့ မြင်ကြတယ်။ ဒါကြောင့် မင်းမျိုးမှာတော့ ပဋိသန္ဓေ မတည်နေလိုဘူး။ ပုဏ္ဏားမျိုး ဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီးတို့ရဲ့ထံမှာပဲ ပဋိသန္ဓေ တည်နေပါရစေဆိုပြီးတော့ သိကြားမင်းထံ ကတိတောင်းနေခြင်း ဖြစ်ကြပါတယ်။

အဲဒီလို နတ်သားတွေရဲ့ သဘောတူညီချက်ရရှိတဲ့ အချိန်အခါမှာ ခုနက ပညောင်ပင်စောင့်နတ်ကို အကျိုးအကြောင်း ပြောပြလိုက်တော့ ပညောင်ပင်စောင့်နတ်ကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ပြန်လာတယ်။ လူ့ပြည်ရောက်တော့ (၇)ရက်မြောက်တဲ့နေ့ ဖြစ်နေပြီ။ အဲဒီ (၇)ရက်မြောက်တဲ့နေ့ ရောက်တော့ ပုရောဟိတ်ပုဏ္ဏားကြီးက လူတွေ စုပြီးတော့ ပေါက်တူးတွေ, တူရွင်းတွေ, ဓားတွေ အကုန်လုံး ကိုင်ပြီးတဲ့ အချိန်အခါမှာ ဒီပညောင်ပင်စောင့်နတ်ကို သွားပြီး ဘယ်လိုပြောသလဲ?

ပုရောဟိတ်ပုဏ္ဏားကြီးနှင့် ပညောင်ပင်စောင့်နတ်တို့၏ သဘောတူညီချက်

အမ္ဘော ဒေဝတေ အဇ္ဇ မယှံ တံ ယာစန္တဿ သတ္တမော ဒိဝသော၊ ဣဒါနိ တေ နိဋ္ဌာနကာလော။ (ဇာတက၊ဋ္ဌ၊၄၊၄၈၀။)

အမ္ဘော ဒေဝတေ = အို ပညောင်ပင်စောင့်နတ်။ အဇ္ဇ = ယနေ့။ တံ = သင့်ကို။ ယာစန္တဿ = သားရတနာတောင်း၍နေသော။ မယှံ =ငါ့အဖို့။ သတ္တမော ဒိဝသော = (၇)ရက်မြောက်သောနေ့သည်။ အဟောသိ = ဖြစ်ခဲ့ လေပြီ။ ဣဒါနိ = ယခုအခါ၌။ တေ = သင့်အား။ နိဋ္ဌာနကာလော = အပြီးအဆုံးသို့ရောက်အောင် ပြုလုပ်ရမယ့် အချိန်အခါကာလပါပေတည်း။

သင့်ထံမှာ သားရတနာ တောင်းနေတာ ဒီနေ့ဆိုလျှင် (၇)ရက်စေ့သွားပြီ။ ယခုအချိန်အခါကတော့ သင့်ကို အဆုံးသတ်ရမယ့်အချိန်သို့ ရောက်နေပြီ ဆိုပြီးတော့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့ အချိန်အခါမှာ ပညောင်ပင်စောင့်နတ်ကလည်း ပညောင်ပင် ခွကြားကနေ ကိုယ်ထင်ရှား ပြပြီးတော့ ပုရောဟိတ်ပုဏ္ဏားကြီးကို ပြန်ပြောတယ်။ ဘယ်လို ပြန်ပြောသလဲ?

ဗြာဟ္မဏ တိဋ္ဌတု ဧကော ပုတ္တော၊ စတ္တာရော တေ ပုတ္တေ ဒဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၀။)

ဗြာဟ္မဏ = ပုရောဟိတ်ပုဏ္ဏား။ ဧကော ပုတ္တော = သားတစ်ယောက်ကို။ တိဋ္ဌတု = ထားလိုက်ပါဦး။ တေ = သင်ပုဏ္ဏားအား။ စတ္တာရော ပုတ္တေ = သား (၄)ယောက်တို့ကို။ ဒဿာမိ = ငါပေးပါအံ့။

သားတစ်ယောက်တွင် မကဘူး။ သင့်ကို သား (၄)ယောက်ပေးမယ် ဆိုပြီးတော့ ပြောလိုက်တယ်။

တယာ စ လဒ္ဓမတ္တာဝ ဘဝိဿန္တိ၊ အဂါရေ ပန အဋ္ဌတွာ ဒဟရကာလေယေဝ ပဗ္ဗဇိဿန္တိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၀။)

တယာ စ = အသင် ပုဏ္ဏားကြီးသည်လည်းပဲ။ လဒ္ဓမတ္တာဝ = သားရရုံမျှသာလျှင်။ ဘဝိဿန္တိ = ဖြစ်ကြပေကုန်လိမ့်မယ်။ အဂါရေ ပန = အိမ်ရာ တည်ထောင် လူ့ဘောင်၌ကား။ အဋ္ဌတွာ = မတည်ကြကုန်မူ၍။ ဒဟရကာလေယေဝ = ငယ်ရွယ်နုနယ်တဲ့ အချိန်အခါကာလ၌ပင်လျှင်။ ပဗ္ဗဇိဿန္တိ = ရှင်ရဟန်းပြုကြပေကုန်လတ္တံ့။

အသင် ပုဏ္ဏားကြီးအား သားရတနာ ရရှိမှာကတော့ သေချာပါတယ်။ ဒါပေမယ့်လို့ ဒီသားရတနာတွေကို သင် ရရုံမျှသာ ရှိပေလိမ့်မယ်။ သားရတနာတွေက အိမ်ရာတည်ထောင် လူ့တို့ဘောင်မှာ ရပ်တည်မနေကြဘဲ ငယ်ရွယ်နုနယ်နေတဲ့ အချိန်အခါကာလမှာပဲ ရသေ့ရဟန်း ပြုကြလိမ့်မယ် ဆိုပြီးတော့ ဒီလို ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့ ပုရောဟိတ်ပုဏ္ဏားကြီးက ဘာပြန်ပြောသလဲ?

တွံ မေ ကေဝလံ ပုတ္တေ ဒေဟိ၊ အပဗ္ဗဇနကာရဏံ ပန အမှာကံ ဘာရော။ (ဇာတက၊ဋ္ဌ၊၄၊၄၈၀။)

သင်က တို့ကို သားပေးမယ်ဆိုလျှင်တော့ ပေးပါ၊ ဒီသားရတနာတွေရဲ့ ရှင်ရဟန်း မပြုအောင် ပြုလုပ်ဖို့ရန် အကြောင်းဥပါယ်တွေကို ပြုလုပ်ဖို့ရန်ကတော့ တို့ရဲ့တာဝန်ထားပါ။ သို့သော် ငါ့ကို သား (၄)ယောက် မပေးဘဲ၊ ငါတို့ရဲ့ ရှင်ဘုရင် ဧသုကာရီဘုရင်မင်းကြီးကိုသာ ဒီသား (၄)ယောက် ပေးပါ ဆိုပြီး တောင်းပြန်တယ်။

ဧသုကာရီဘုရင်မင်းမြတ်ကိုတော့ သား (၄)ဦး မပေးနိုင်ဘူး။ သင့်ကိုပဲ ပေးမယ်။ ဒီလိုဆိုလျှင် ဧသုကာရီဘုရင်မင်းမြတ်ကို (၂)ယောက်, ငါ့ကို (၂)ယောက် ပေးပါ။ ဒါလည်း မပေးနိုင်ဘူး။ သင့်ကိုပဲ (၄)ယောက်လုံး ပေးမယ်။ ကဲ ဒီလိုဆိုလျှင် ပေးချင်လည်း ပေးပေတော့။ ဒီသားရတနာတွေရဲ့ ရှင်ရဟန်း မပြုဖို့ရန် အကြောင်းတရားတွေကို ပြုလုပ်ဖို့ရန် တာဝန်ကတော့ တို့ရဲ့ တာဝန်ထားလိုက်ပါဆိုပြီး ဒီလို ပြန်ပြောလိုက်တယ်။


နတ်သား လေးဦးတို့ လူ့ပြည်၌ ပဋိသန္ဓေ ယူကြပြီ

အဲဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့ ကိစ္စချောမောသွားပြီဆိုကြစို့။ ကိစ္စချောမောသွားပြီးတဲ့ အချိန်အခါမှာ မကြာမီကာလအတွင်းမှာပဲ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဖြစ်တဲ့ နတ်သားဆိုကြစို့။ ဘုရားအလောင်းတော် နတ်သားက နတ်သက်ကြွေပြီးတော့ ပုရောဟိတ် ပုဏ္ဏားကြီးရဲ့ ကြင်ယာဖြစ်တဲ့ ပုဏ္ဏေးမကြီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ တည်နေပါတယ်။ ဘုရားအလောင်းတော် မွေးဖွားလာတဲ့ အချိန်အခါမှာ ဟတ္ထိပါလ (= ဆင်ထိန်း = ဆင်ကျောင်းသား)ဆိုပြီးတော့ နာမည်တပ်ကြတယ်။ နာမည်တပ်ပြီးတော့ အဲဒီ ဆင်ထိန်းတွေထံ ပို့လိုက်တယ်။ စိတ်ဓာတ်တွေ ပြောင်းလဲသွားအောင် ငယ်ရွယ်စဉ်အခါကတည်းက စိတ်ဓာတ်တွေကို ပြုပြင် ပြောင်းလဲပေးတဲ့ သဘောပဲ။ ဆင်ထိန်းတွေထံ ပို့ပြီးတော့ စိတ်ဓာတ်တွေ ကြမ်းတမ်းသွားအောင် သူတို့က ပြုပြင် ဆုံးမပေးဖို့ရန် မှာကြားထားကြတယ်။

အဲဒီ ဟတ္ထိပါလသတို့သား ခြေဖြင့်သွားနိုင်တဲ့ အရွယ်လောက်ရောက်တဲ့ အချိန်အခါမှာ နောက်ထပ် နတ်သားတစ်ဦး စုတေပြီးတော့ ပုဏ္ဏေးမကြီးရဲ့ ဝမ်းကြာတိုက်မှာပဲ ပဋိသန္ဓေ တည်နေပြန်တယ်။ မွေးဖွားလာတဲ့ အချိန်အခါကျတော့ အဿပါလ (= မြင်းထိန်း = မြင်းကျောင်းသား)ဆိုပြီး နာမည်ပေး ကြတယ်။ နာမည်ပေးပြီးတော့ မြင်းထိန်းတွေရဲ့ အထံကို ပို့ဆောင်ပေးထားကြတယ်။

အဲဒီ အဿပါလသတို့သား ခြေထောက်နဲ့ သွားနိုင်တဲ့ အရွယ်ရောက်တဲ့ အချိန်အခါ နောက်ထပ် နတ်သားတစ်ဦး စုတေပြီးတော့ ပုဏ္ဏေးမကြီးရဲ့ ဝမ်းကြာတိုက်မှာပဲ ပဋိသန္ဓေ ယူပြန်တယ်။ မွေးဖွားလာတဲ့ အချိန်အခါကျတော့ ဂေါပါလ (= နွားထိန်း = နွားကျောင်းသား)ဆိုတဲ့ နာမည်ကလေး ပေးထားကြတယ်။ ဂေါပါလဆိုတဲ့ နာမည်တပ်ပြီးတော့ ဘယ်ကို ပို့လိုက်သလဲ ဆိုလျှင် အဲဒီ နွားထိန်းတဲ့ နွားကျောင်းသားတွေထံကို ပို့အပ်လိုက်တယ်။ အဲဒီလို နွားထိန်းတဲ့ နွားကျောင်းသားတွေထံ ပို့အပ်ပြီးတဲ့နောက် ဂေါပါလ သတို့သား ခြေဖြင့် လျှောက်နိုင်တဲ့ အချိန်လောက်ဆိုကြစို့။

အဲဒီအခါမှာ နောက်ထပ် နတ်သားတစ်ဦးက တာဝတိံသာနတ်ပြည်ကနေ စုတေသွားပြန်တယ်။ စုတေပြီးတဲ့ အချိန်အခါကျတော့ ပုဏ္ဏေးမကြီးရဲ့ ဝမ်းကြာတိုက်မှာပဲ ပဋိသန္ဓေ ယူပြန်တယ်။ မွေးဖွားလာတဲ့ အချိန်အခါမှာ ထိုသားရတနာကို အဇပါလ (= ဆိတ်ထိန်း = ဆိတ်ကျောင်းသား)ဆိုပြီးတော့ နာမည်ပေးကြတယ်။ နာမည်ပေးပြီးတော့ အဲဒီ အဇပါလသတို့သားကလေးကို ဆိတ်ကျောင်းသားတွေထံမှာ အပ်နှံထားလိုက်တယ်။ အားလုံး စိတ်ဓာတ်တွေကို ကြမ်းတမ်းသွားအောင် ပြုပြင်ပြောင်းလဲပေးဖို့ရန်အတွက်လည်း တာဝန်ပေးထားကြတယ်။

အဲဒီလို သားရတနာတွေကို အသီးအသီး အပ်နှံပြီး တာဝန်ပေးထားတဲ့ အချိန်မှာ ဒီသားရတနာတွေ အချိန်တန် အရွယ်ရောက်လာလို့ ရသေ့ရဟန်းတွေကို ဖူးမြင်ရလျှင် ရသေ့ရဟန်း ပြုသွားမှာစိုးတဲ့အတွက်ကြောင့် ဘာလုပ် ထားကြသလဲ?


ဟတ္ထိပါလသတို့သား တောထွက်တော်မူခန်း

ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ တိုင်ပင် ဆွေးနွေးခန်း

ရသေ့ရဟန်းတွေကို ဖူးမြင်ရလျှင် ရသေ့ရဟန်း ပြုသွားမှာ ကြောက်ရွံ့တဲ့အတွက်ကြောင့် ကာသိတိုင်း တစ်တိုင်းလုံးမှာ ရှိနေတဲ့ ရသေ့ရဟန်းတွေကို နှင်ထုတ်ထားကြတယ်။ အဲဒီလို နှင်ထုတ်ထားရာကနေ ဟတ္ထိပါလသတို့သားကလေးလည်း (၁၆)နှစ်ခန့်အရွယ် ရောက်လာပြီဆိုကြစို့။ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ နှစ်ဦး တိုင်ပင်ကြတယ်။ ဘယ်လို တိုင်ပင်ကြသလဲ? ဟတ္ထိပါလသတို့သားတော့ တင့်တယ်တဲ့အရွယ်ဖြစ်တဲ့ (၁၆)နှစ်အရွယ်သို့ ရောက်နေပြီ ဖြစ်တယ်။ ထီးနန်းအပ်ဖို့ရန်အတွက်လည်း အချိန်အခါ သင့်တော်နေပြီ ဖြစ်တယ်။

သို့သော်လည်း ဖြုန်းခနဲ ထီးနန်းကို အပ်လိုက်မယ်ဆိုလျှင်တော့ သူတို့ဟာ အင်မတန် တိုင်းပြည်ကို အစိုးရတဲ့ အလွန် တန်ခိုးအာဏာကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သွားပေလိမ့်မယ်။ အဲဒီအချိန်အခါမှာ သူတို့ရဲ့ အာဏာဖြင့် ရသေ့ရဟန်းတွေကို သူတို့က လက်ခံခိုင်းလို့ ကာသိတိုင်းထဲသို့ ရသေ့ရဟန်းတွေ ဝင်ရောက်လာတဲ့ အချိန်အခါမှာ ရသေ့ရဟန်းတွေကို ဖူးမြင်လိုက်ရလို့ သူတို့ တောထွက်သွားကြမယ်ဆိုလျှင်တော့ ကာသိတိုင်းကြီး တစ်တိုင်းလုံး ချောက်ချားသွားပေလိမ့်မယ်။ ဒါကြောင့် ဟတ္ထိပါလသတို့သားမှာ ရသေ့ ရဟန်း ပြုလိုတဲ့စိတ်ထား ရှိ,မရှိ သိရအောင် အရင် စုံစမ်းပြီးတော့မှ တို့ အဘိသိက်ခံပေးရလျှင်တော့ ပိုကောင်းမယ်လို့ ဒီလို တိုင်ပင်ကြတယ်။

အဲဒီလို တိုင်ပင်ပြီးတော့ ပုရောဟိတ်ပုဏ္ဏားကြီးနှင့် ဧသုကာရီဘုရင်မင်းကြီးတို့က ဘာလုပ်ကြသလဲ? သူတို့ကိုယ်တိုင် ရသေ့ရဟန်းအဝတ်တွေ ဝတ်ရုံလိုက်ကြတယ်။ ရသေ့ရဟန်းတို့ရဲ့ ပရိက္ခရာတွေ ထမ်းပြီးတော့ ဟတ္ထိပါလသတို့သားရှိတဲ့ ဆင်ထိန်းတို့နေရာကို သွားကြတယ်။ အဲဒီလို သွားလိုက်တဲ့ အချိန်အခါမှာ ဟတ္ထိပါလသတို့သားကလေးက ရသေ့ရဟန်း နှစ်ပါး ကြွလာတာကို တွေ့မြင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဘယ်လို လျှောက်ထားသလဲ?


ဟတ္ထိပါလသတို့သားနှင့် တွေ့ဆုံခန်း

စိရဿံ ဝတ ပဿာမ၊ ဗြာဟ္မဏံ ဒေဝဝဏ္ဏိနံ။

မဟာဇဋံ ခါရိဓရံ၊ ပင်္ကဒန္တံ ရဇဿိရံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၁။)

ဘန္တေ = အို ရှင်ရသေ့တို့။ ဗြာဟ္မဏံ = မကောင်းမှုတို့ကို မျှောတော်မူတတ်ထသော။ ဒေဝဝဏ္ဏိနံ = အထူးသဖြင့် ချီးမွမ်းအပ်သော အကျင့်မြတ်ဟူသော ဂုဏ်လည်း ရှိတော်မူတတ်ထသော။ မဟာဇဋံ = မြတ်သော ဆံကျစ်လည်း ရှိတော်မူတတ်ထသော။ ခါရိဓရံ = ဆိုင်းထမ်းပိုးတည်းဟူသော ဝန်ကိုလည်း ဆောင်တော်မူတတ်ထသော။ ပင်္ကဒန္တံ = အညစ်အကြေး ငြိကပ်သော သွားလည်း ရှိတော်မူထသော။ ရဇဿိရံ = မြူအလိမ်းလိမ်းကပ်သော ဦးခေါင်းလည်း ရှိတော်မူတတ်ထသော။ တွံ = ရှင်ရသေ့ကို။ စိရဿံ = အလွန် ကြာမြင့်မှ။ ပဿာမ ဝတ = ဖူးမြင်ကြရပါကုန်စွတကား။

ဘယ်လို ချီးမွမ်းထိုက်တဲ့ ဂုဏ်တွေရှိသလဲ? ဃောရတပ = ရသေ့တို့ရဲ့ ကျင့်ဝတ်တွေကို အပြင်းအထန် ကျင့်ကြတယ်။ ပရမတိက္ခိန္ဒြိယ = လွန်ကဲ မြင့်မြတ် အထက်တန်းကျတဲ့ ဣန္ဒြေစောင့်စည်းမှုလည်း ရှိကြတယ်။ ရသေ့တွေကို ကြည့်လိုက်မယ်ဆိုလျှင် ဣန္ဒြေသိက္ခာရှိပြီး သိပ်ပြီးတော့ တည်ငြိမ် နေကြတယ်။ လောဘ-ဒေါသ-မောဟစတဲ့ ကိလေသာမြေခွေးအိုတွေ မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံးဆိုတဲ့ ဒွါရခြောက်ပါး (= တံခါးကြီး ခြောက်ပေါက်)မှ ဝင်ရောက်မလာအောင် မိမိတို့ရဲ့ ကမ္မဋ္ဌာန်းအာရုံထဲမှာ မိမိတို့ရဲ့ ဘာဝနာစိတ်ကလေးကို သွတ်သွင်းထားနိုင်တဲ့အတွက် ငြိမ်သက် တည်ကြည် အေးမြ ကြည်လင်နေတဲ့ ဣန္ဒြေသိက္ခာတွေလည်း ရှိနေတယ်။ ဒီဂုဏ်ပုဒ်တွေက ချီးမွမ်းထိုက်တဲ့ အကျင့်မြတ်တွေ ဖြစ်ကြတယ်။

နောက်တစ်ခု -- ဆံကျစ်ဆိုတာကတော့ ရှေးတုန်းက ရသေ့တွေက ဆံကျစ်ထုံးတဲ့ အလေ့အထ ရှိကြတယ်။ ဆံပင်ကို အရှည်ထားပြီးတော့ ထုံးဖွဲ့ ထားကြတယ်။ သို့သော် များသောအားဖြင့်တော့ ဘီးနဲ့ ဖီးတဲ့အလုပ်မျိုးတော့ လုပ်ပုံမရဘူး။ အဲဒီလို မလုပ်တဲ့အတွက်ကြောင့် သူတို့ရဲ့ ဆံပင်တွေဟာ ရှုပ်ထွေးပြီးတော့ ဗျစ်ခဲကြီး ဖြစ်နေတယ်။ ဘာကြောင့်လဲ? ရှေးခေတ်က ရသေ့တွေရဲ့ ဓလေ့က များသောအားဖြင့် ခန္ဓာကိုယ်ကို ဥပေက္ခာပါရမီ ခပ်များများ ထားတဲ့သဘော ရှိပါတယ်။ အဲဒီလို ဥပေက္ခာပါရမီ ခပ်များများ ထားတဲ့အတွက် ဆံပင်ကို အထူးသဖြင့် သန့်ရှင်းအောင်ဆိုပြီးတော့ ဖီးခြင်း, လိမ်းခြင်း စသည် မပြုလုပ်ကြဘူး။ ဒီလို ဖီးလိမ်းပြင်ဆင်မှု မလုပ်ခြင်းသည်ပင် ရသေ့ရဟန်းတို့ရဲ့ ဂုဏ်ကျေးဇူး, ဂုဏ်ပုဒ်တစ်ခု ဖြစ်နေတယ်။

နောက်တစ်ခု -- ရှေးယခင်တုန်းက ရသေ့တွေဟာ ရသေ့ပရိက္ခရာကလေးတွေကို ဆိုင်းထမ်းပိုးကလေးနဲ့ ထမ်းပြီးတော့ လှည့်လည် သွားလာ ကြတယ်။ အဲဒီ အလေ့အထကလေးကလည်း ရသေ့ရဟန်းတို့ရဲ့ ဂုဏ်ကျေးဇူး, ဂုဏ်ပုဒ်တစ်ခု ဖြစ်နေတယ်။

နောက်တစ်ခု -- ပင်္ကဒန္တံဆိုတဲ့ စကားလုံးကလေးဟာ ဇာတ်တော်တွေ, နိပါတ်တော်တွေကို ဆန်းစစ်ကြည့်လိုက်မယ်ဆိုလျှင် ရသေ့တို့ရဲ့ ဂုဏ်ပုဒ်တစ်ခု ဖြစ်နေတယ်။ ရသေ့ တော်တော်ခပ်များများက သွားတွေကို ပြုပြင်တဲ့ အလေ့အထ ရှိပုံ မရဘူး။ ဒါကြောင့် သူတို့ရဲ့ သွားတွေကို ကြည့်လိုက်မယ်ဆိုလျှင် အညစ်အကြေးတွေ အလွန် ကပ်ငြိ လိမ်းကျံနေတယ်။ အဲဒီလို အညစ်အကြေးတွေ ကပ်ငြိ လိမ်းကျံနေခြင်းသည်ပင် ရသေ့တို့ရဲ့ ဂုဏ်ပုဒ်တစ်ခု ဖြစ်တယ်။ ဘာကြောင့် ဒီလို ထားရသလဲလို့ မေးလျှင်တော့ မိမိရဲ့ ခန္ဓာအိမ်ကို တသသ ပြုလုပ်နေတဲ့ လုပ်ငန်းကိစ္စကို သူတော်ကောင်းများက အလွန် စက်ဆုပ်ရွံရှာတော်မူကြပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မိမိတို့ရဲ့ ခန္ဓာအိမ်ကို ဥပေက္ခာအရာမှာ ထားပြီးတော့ တရားဘာဝနာကိုသာ တစ်ဖက်သတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ အလေ့အထ ရှိကြပါတယ်။ အဲဒီလို အလေ့အထ ရှိခြင်းကြောင့်လည်း ဒီ ပင်္ကဒန္တံဆိုတဲ့ ပုဒ်ကလေးအရ အညစ်အကြေးတွေ လူးလဲပေကျံပြီး ငြိကပ်နေတဲ့ သွားရှိခြင်းသည်ပင် ရသေ့တို့ရဲ့ ဂုဏ်ပုဒ်တစ်ခု ဖြစ်နေတယ်။

နောက်တစ်ခုက ရသေ့တွေရဲ့ ဦးခေါင်းတွေကို ကြည့်လိုက်မယ်ဆိုလျှင်လည်း မြူတွေ အလိမ်းလိမ်း အထပ်ထပ် ကပ်နေတယ်။ အဲဒီလို မြူမှုန်တွေ ကပ်နေတာကိုပဲ ရသေ့တွေအဖို့တော့ ဂုဏ်ပုဒ်တစ်ခု ဖြစ်နေပါတယ်။ ဘာကြောင့်လဲ? မိမိခန္ဓာအိမ်ကို ဥပေက္ခာပါရမီအရာ ထားပြီးတော့ ဖြည့်ကျင့် နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ဒီဂုဏ်ပုဒ်တွေကို ဟတ္ထိပါလ သတို့သားက ထုတ်ဖော်ပြီးတော့ ချီးမွမ်းနေခြင်း ဖြစ်ပါတယ်။

ဒီလို ရသေ့တွေကို ဖူးမြင်လိုက်ရတော့ ဟတ္ထိပါလသတို့သား သန္တာန်မှာ သိပ်ပြီး ဝမ်းသာသွားတယ်။ ဘာကြောင့်လဲ? အတိတ်က ဖြည့်ကျင့်ထားခဲ့တဲ့ ပါရမီ အရှိန်အဝါတွေက ဘွားခနဲ လှုံ့ဆော်ပေးလိုက်တဲ့အတွက်ကြောင့် ရသေ့တွေကို မြင်လိုက်ရတာနဲ့ စိတ်ထဲမှာ အင်မတန် ကြည်နူးသွားတယ်။ ဒါကြောင့် ပါရမီဆိုတာ မဖြည့်သင့်ဘူးလား? အလွန် ဖြည့်ကျင့်သင့်ပါတယ်။ ကဲ နောက်တစ်ခု နံပါတ် (၂) ဂါထာကို ဆက်ကြရအောင် ---

စိရဿံ ဝတ ပဿာမ၊ ဣသိံ ဓမ္မဂုဏေ ရတံ။

ကာသာယဝတ္ထဝသနံ၊ ဝါကစီရံ ပဋိစ္ဆဒံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၁။)

ဘန္တေ = အို ရှင်ရသေ့တို့။ ဣသိံ = သီလ-သမာဓိ-ပညာတည်းဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ကို ဆည်းပူးရှာမှီးတော်မူလျက် သိက္ခာသုံးရပ် အကျင့်မြတ်၌ ရပ်တည်တော်မူတတ်ထသော။ ဓမ္မဂုဏေ = သုစရိုက်တရား သုံးပါးတည်းဟူသော တရားဂုဏ်ကျေးဇူး၌။ ရတံ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူတတ်ထသော။ ကာသာယဝတ္ထဝသနံ = ဖန်ရည်စွန်းသော အဝတ်ကိုလည်း ဝတ်ဆင်တော်မူတတ်ထသော။ ဝါကစီရံ = လျှော်တေသင်္ကန်းကိုလည်းပဲ။ ပဋိစ္ဆဒံ = ဖုံးလွှမ်းထားတော်မူတတ်ထသော။ တွံ = ရှင်ရသေ့ကို။ မယံ = ဘုရားတပည့်တော်တို့သည်။ စိရဿံ = အလွန် ကြာမြင့်မှ။ ပဿာမ ဝတ = ဖူးမြင်ကြရကုန်စွတကား။

သီလ-သမာဓိ-ပညာဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဆည်းပူးရှာမှီးကာ ယင်းသိက္ခာသုံးရပ် အကျင့်မြတ်၌ ရပ်တည်တော်မူနေတဲ့ သူတော်ကောင်းတွေကို ဣသိ (= ရသေ့)လို့ ခေါ်ပါတယ်။ ဒါကြောင့် အဲဒီ ရသေ့တွေဟာ သုစရိုက်တရား (၃)ပါးဆိုတဲ့ ဂုဏ်ကျေးဇူးတို့နဲ့လည်း ပြည့်စုံကြတယ်။ ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်ခေါ်တဲ့ ဒီသုစရိုက်တရား (၃)ပါး ဆိုတဲ့ အကျင့်တွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူတဲ့ သူတော်ကောင်း တွေလည်း ဖြစ်ကြတယ်။ သုစရိုက်တရားတွေမှာ အမြဲတမ်း ရပ်တည်တော် မူတဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြပါတယ်။

ကာသာယဝတ္ထဝသန = ဖန်ရည်စွန်းတဲ့ အဝတ်ကို ဝတ်ရုံ သုံးဆောင်တဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြပါတယ်။ ဒီစကားကလေးကို အကြောင်းပြုပြီးတော့ နည်းနည်းကလေး အချီအချ စကားတော့ များကြပါတယ်။ ဘုန်းကြီးတို့ ဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန်းကို ဝတ်ရုံနေတဲ့ ပုဂ္ဂိုလ်များ ဖြစ်ခဲ့လျှင် သုစရိုက်တရားမှာပဲ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ရတယ်။ သုစရိုက် တရားမှာပင် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ရမလားဆိုတော့ မဟုတ်ဘူးတဲ့။ ဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန်းကို ဆင်မြန်းတဲ့ပုဂ္ဂိုလ်မှန်ခဲ့လျှင် (၁၀)ပါးသီလ မြဲရပါမယ်လို့ ဒီလို ဆိုထားပါတယ်။ လယ်တီဆရာတော်ဘုရားကတော့ (၁၀) ပါးသီလ မြဲတဲ့ဘက်ကပဲ ဆုံးဖြတ်တော်မူပါတယ်။

နောက်တစ်ခု -- လျှော်တေသင်္ကန်းဆိုတာကတော့ တန်ဘိုးနည်းပါးတဲ့ ပစ္စည်းဖြစ်တဲ့ လျှော်နဲ့ ရက်လုပ်ထားအပ်တဲ့ သင်္ကန်း ဖြစ်ပါတယ်။ ရလွယ်တဲ့ ပစ္စည်းလည်း ဖြစ်တယ်။ အဲဒီလို လျှော်တေသင်္ကန်းတွေကိုလည်း ဖုံးလွှမ်း ဝတ်ရုံထားကြတယ်။ အဲဒီလို ဖုံးလွှမ်းဝတ်ရုံထားတဲ့ ရှင်ရသေ့တို့ကို အလွန် ကြာမြင့်တဲ့ အချိန်အခါကျမှ တပည့်တော်တို့ဟာ ဖူးမြင်ကြရပါတယ်ဆိုပြီးတော့ နောက်ထပ် ဂါထာကလေးတစ်ခုနဲ့ လျှောက်ထားပြန်တယ်။ နောက်တစ်ခု နံပါတ် (၃) ဂါထာဖြင့် ဘယ်လို ဆက်ပြီး လျှောက်ထားသလဲ?

အာသနံ ဥဒကံ ပဇ္ဇံ၊ ပဋိဂဏှာတု နော ဘဝံ။

အဂ္ဃေ ဘဝန္တံ ပုစ္ဆာမ၊ အဂ္ဃံ ကုရုတု နော ဘဝံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၁။)

ဘန္တေ = အို ရှင်ရသေ့တို့။ နော = ဘုရားတပည့်တော်တို့၏။ အာသနဉ္စ = ထိုင်စရာနေရာကိုလည်းကောင်း။ ဥဒကဉ္စ = ခြေဆေးစရာ နံ့သာရေကို လည်းကောင်း။ ပဇ္ဇဉ္စ = ခြေနယ်ဆီကိုလည်းကောင်း။ ပဋိဂဏှာတု = အလှူခံတော်မူပါ။ အဂ္ဃေ = အလုံးစုံသော ပူဇော်သက္ကာရတို့ကို။ ဘဝန္တံ = ရှင်ရသေ့ကို။ ပုစ္ဆာမ = ပန်ကြားလျှောက်ထားကြပါကုန်၏။ ဘဝံ = ရှင်ရသေ့သည်။ နော = ဘုရားတပည့်တော်တို့၏။ အဂ္ဃံ = အလုံးစုံသော မွန်မြတ်သော ပူဇော်မှုကို။ ကုရုတု = ခံယူတော်မူပါ။

ရသေ့ရဟန်းတွေ ကြွလာတဲ့အချိန်အခါမှာ အိမ်ရှင်ဖြစ်တဲ့ ပုဂ္ဂိုလ်များက ဒီလို ဖိတ်ကြားရပါတယ်။ နေရာထိုင်ခင်းများလည်း ခင်းပေးရပါတယ်။ ဒီနေရာမှာ ထိုင်၍ သီတင်းသုံးတော်မူပါဆိုပြီးတော့ ပန်ကြား လျှောက်ထားရတယ်။ ဒီနေရာမှာတော့ ခြေဆေးဖို့ရန်အတွက် နံ့သာရေ, ခြေသုတ်ပုဆိုး ရှိပါတယ် စသည်ဖြင့် ဆောင်ယူပြီး ဖိတ်ကြားပုံကလေးကို အဋ္ဌကထာက ဖွင့်ထားပါတယ်။

ရှေးသူတော်ကောင်းတွေက မွန်မြတ်တဲ့ ရသေ့ရဟန်းများ ကြွလာတဲ့ အချိန်အခါမျိုးမှာ အလွန်မြတ်ဆုံး, အကောင်းဆုံးဖြစ်တဲ့ ရေနဲ့ ခြေဆေးပေးချင်ကြတယ်။ ညစ်ညစ်ပတ်ပတ်ရေတွေနဲ့ ခြေဆေးမပေးချင်ကြဘူး။ ဒါကြောင့် သူတို့က ရေတွေကို နံ့သာတွေနဲ့ ထုံမွမ်းပြီးတော့ အဲဒီနံ့သာရေဖြင့် ခြေဆေး ပေးကြပါတယ်။ ခြေဆေးပြီးတဲ့ အချိန်အခါမှာလည်း ဒီအတိုင်း မထားကြဘူး။ ခြေမှာ ကပ်နေတဲ့ ရေတွေကို စင်ကြယ်အောင် သုတ်ပြီးတဲ့အခါမှာ ခြေနယ်ဆီနဲ့ လိမ်းကျံပေးရတယ်။ အဲဒီ ခြေနယ်ဆီကိုလည်း လှူဒါန်းပေးကြတယ်။ အဲဒီခြေနယ်ဆီကိုလည်း အလှူခံတော်မူပါဆိုပြီးတော့ လျှောက်ထားကြတယ်။ နောက်တစ်ခု --- ဒီလောက်တွင်လားဆိုတော့ မဟုတ်သေးဘူး။

အလုံးစုံ မွန်မြတ်တဲ့ ပူဇော်မှုမှန်သမျှကို တပည့်တော်တို့အား အမိန့်ရှိတော်မူပါဆိုပြီးတော့လည်း ပန်ကြား လျှောက်ထားကြတယ်။ အလုံးစုံသော မွန်မြတ်တဲ့ ပူဇော်ဖွယ်မှန်သမျှကို တပည့်တော်တို့ ပူဇော်ပါရစေ၊ လှူဒါန်းပါရစေ၊ တပည့်တော်တို့ရဲ့ မွန်မြတ်တဲ့ လှူဒါန်းပူဇော်ဖွယ်ရာ အဖြာဖြာကို အရှင်ရသေ့တို့သည် ခံယူတော်မူပါဆိုပြီးတော့ လျှောက်ထားကြတယ်။ ယခုခေတ်စကားနဲ့ ပြောမယ်ဆိုလျှင်တော့ အလိုရှိရာ မွန်မြတ်သော ပစ္စည်းဝတ္ထုများကို အလှူခံယူတော်မူပါ ဒီလို လျှောက်ထားတဲ့ ပုံစံမျိုးပဲ။

အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့က ဟတ္ထိပါလသတို့သားရဲ့ စိတ်ဓာတ်တွေ ချက်ချင်း နူးညံ့ပျော့ပျောင်းသွားတာကို တွေ့ရတော့ အလွန် စိတ်မကောင်း ဖြစ်သွားကြတယ်။ စိတ်မကောင်းဖြစ်သွားကြတဲ့အတွက်ကြောင့် ဟတ္ထိပါလ သတို့သားကို မေးကြတယ်။ ဘယ်လို မေးမြန်းကြသလဲ?

ဟတ္ထိပါလသတို့သားရဲ့ တောထွက်လိုသည့် ကုသိုလ် ဆန္ဒဓာတ်တော်

ချစ်သား ... ငါတို့ကို သင်က ဘယ်လို မှတ်ထင်လို့လဲဆိုပြီးတော့ မေးကြည့်လိုက်တော့ --- ဩော် ... အရှင်တို့ကို ဟိမဝန္တာတောမှ ကြွလာတော်မူကြတဲ့ ရှင်ရသေ့တွေလို့ ထင်ပြီး ဒီလို လျှောက်ထားနေခြင်း ဖြစ်ပါတယ် ဆိုပြီးတော့ ပြန်ပြီးတော့ လျှောက်ထားတယ်။ အဲဒီလို ပြန်ပြီး လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ တို့ဟာ ... ဟိမဝန္တာမှ ကြွလာတဲ့ ရသေ့တွေ မဟုတ်ကြဘူး။ တို့က ဧသုကာရီဘုရင်မင်းကြီးနှင့် သင့်ရဲ့ ဖခင်ဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်တဲ့အကြောင်း ပြန်ပြီးတော့ ပြောပြကြတယ်။

ဘာကြောင့် ဒီလို ရသေ့ရဟန်းတို့ရဲ့ အသွင်အပြင်ကို ဝတ်ဆင်ယူပြီးတော့ ကျွန်တော်မျိုးရဲ့ အထံသို့ ကြွလာရပါသလဲလို့ မေးမြန်း လျှောက်ထားတဲ့ အချိန်အခါမှာ သင့်မှာ ရသေ့ရဟန်း ပြုလိုတဲ့ စိတ်ဓာတ်တွေများ ကိန်းဝပ်နေသေးသလား? ရှိသလား, မရှိဘူးလား သိရအောင် စုံစမ်းလိုတဲ့အတွက် ရသေ့ရဟန်းအသွင် ပြုခြင်းဖြစ်ကြောင်း ရှင်းပြကြတယ်။ အကယ်၍ သားတော်က ရသေ့ရဟန်း မပြုဘဲ ထီးဖြူအုပ်ချုပ် မင်းလုပ်မယ်ဆိုလျှင်တော့ သားတော်ကို ဒီနေ့ပဲ ထီးဖြူဆောင်းပြီးတော့ အဘိသိက် သွန်းပေးချင်တဲ့အတွက်ကြောင့် သားတော်ရဲ့စိတ်ဓာတ်ကို စူးစမ်းခြင်း ဖြစ်တဲ့အကြောင်း ပြောပြကြတယ်။

အဲဒီလို ပြောပြလိုက်တဲ့ အချိန်အခါကျတော့ ဟတ္ထိပါလသတို့သားက ဘာပြန်ပြောသလဲ? မင်းစည်းစိမ်ကို ကျွန်တော်မျိုး အလိုမရှိပါဘူး။ ရသေ့ ရဟန်းပြုလိုတဲ့ စိတ်ဓာတ်တွေသာ ကျွန်တော်မျိုးရဲ့ သန္တာန်မှာ ကိန်းဝပ် နေပါတယ်ဆိုပြီးတော့ သူက ပြန်ပြီးတော့ လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လို့ ဒီလို လျှောက်ထားရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က သုမေဓာရှင်ရသေ့ဘဝကနေ စပြီးတော့ ယခု ဟောနေတဲ့ ဟတ္ထိပါလဇာတ်တိုင်အောင် သို့မဟုတ် သိဒ္ဓတ္ထမင်းသားဘဝတိုင်အောင် ဘဝပေါင်း များစွာ ရသေ့ရဟန်းပြုပြီးတော့ တောထွက်ခဲ့တဲ့ဘဝတွေက အလွန် များခဲ့ပါတယ်။ အဲဒီ ပါရမီတော် ဓာတ်ခံတွေက လှုံ့ဆော်ပေးလိုက်တဲ့ အချိန်အခါမှာ ယခုလို ရသေ့ရဟန်းဆိုတဲ့ ဖူးတွေ့ဖွယ်ရာ အာရုံတစ်ခုခုကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက်တည်း ရသေ့ရဟန်းပြုချင်နေတဲ့ စိတ်ဓာတ်တွေ ချက်ချင်း တဖွားဖွား ဖြစ်ပေါ်လာတယ်။

အတိတ်က ပါရမီဓာတ်တွေက လှုံ့ဆော်ပေးလိုက်တဲ့အတွက် ဒီစိတ်ဓာတ်တွေ ကိန်းဝပ်လာခြင်း ဖြစ်ပါတယ်။ အဲဒီလို စိတ်ဓာတ်တွေ ကိန်းဝပ်လာခြင်းသည် ကောင်းသလား, မကောင်းဘူးလားလို့ တရားနာပရိသတ်တွေကို မေးမယ်ဆိုလျှင် ဘယ်လို ဖြေကြမလဲ? (ကောင်းပါတယ်) ကောင်းတယ် ဆိုတာက ဘာကောင်းတာလဲ? ဘယ်လိုတုံး မုပွန်က ဒါယကာကြီးတွေ ဘယ်လိုများ ဖြေကြမလဲ? ကဲ ကောင်းတဲ့အကြောင်းကလေးကို နည်းနည်း နာကြည့်ကြရအောင် ---

ဒီလို အတိတ်က ပါရမီဓာတ်တွေက လှုံ့ဆော်ပေးလိုက်တဲ့အတွက် ရသေ့ရဟန်းပြုလိုတဲ့ စိတ်ဓာတ်တွေက ကိန်းဝပ်လာတယ်။ အဲဒီလို ကိန်းဝပ် လာတဲ့အတွက်ကြောင့် ရသေ့ရဟန်းပြုဖို့ရန်အတွက် ဧသုကာရီဘုရင်မင်းကြီးနဲ့ ခမည်းတော်ဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီးတို့ထံမှာ သူက ခွင့်တောင်းတယ်။ အဲဒီလို ခွင့်တောင်းလိုက်တဲ့ အချိန်အခါကျတော့ ပုရောဟိတ်ပုဏ္ဏားကြီးက ဘာပြန်ပြောသလဲ?


ပုရောဟိတ်ပုဏ္ဏားကြီး၏ တိုက်တွန်းချက်

အဓိစ္စ ဝေဒေ ပရိယေသ ဝိတ္တံ၊

ပုတ္တေ ဂေဟေ တာတ ပတိဋ္ဌပေတွာ။

ဂန္ဓေ ရသေ ပစ္စနုဘုယျ သဗ္ဗံ၊

အရညံ သာဓု မုနိ သော ပသတ္ထော။ (ဇာတက၊ဋ္ဌ၊၄၊၄၈၂။)

တာတ ဟတ္ထိပါလ = ချစ်သား ဟတ္ထိပါလ။ ဝေဒေ = ဝေဒကျမ်းတို့ကို။ အဓိစ္စ = သင်ဦး၍။ ဝိတ္တံ = စည်းစိမ်ဥစ္စာနှစ်ကို။ ပရိယေသ = ရှာဖွေပါဦးလော့။ တာတ = ချစ်သား။ ဂေဟေ = အိမ်၌။ ပုတ္တေ = သားရတနာ, သမီး ရတနာတို့ကို။ ပတိဋ္ဌပေတွာ = တည်စေ၍။ ဂန္ဓေ စ = ဂန္ဓာရုံတို့ကိုလည်းကောင်း။ ရသေ စ = ရသာရုံတို့ကိုလည်းကောင်း။ သဗ္ဗံ = ဂန္ဓာရုံ, ရသာရုံမှ ကြွင်းကျန်သော ဝတ္ထုကာမ ဟူသမျှကိုလည်းကောင်း။ ပစ္စနုဘုယျ = သုံးဆောင်ခံစားပြီး၍။ ပစ္ဆာ မဟလ္လကကာလေ = နောက်ပိုင်း အသက်အရွယ် ကြီးရင့်သော အချိန်အခါကာလ၌။ ပဗ္ဗဇိတဿ = ရှင်ရဟန်းပြုသောပုဂ္ဂိုလ်၏။ အရညံ = တောသို့ ဝင်ရောက်ခြင်းသည်။ သာဓု = ကောင်းလှပါပေ၏။ ယော = အကြင်သူသည်ကား။ ဧဝရူပေ ကာလေ = ဤသို့ အသက်အရွယ် ကြီးရင့်သော အချိန်အခါကာလ၌။ ပဗ္ဗဇတိ = ရသေ့ရဟန်းပြု၏။ သော မုနိ = ထိုအသက်အရွယ် ကြီးရင့်၍ အိုမင်းမစွမ်းဖြစ်သော အချိန်အခါကာလမှ ရသေ့ရဟန်းပြု၍ တောထွက်သော ပုဂ္ဂိုလ်မျိုးကို။ ဗုဒ္ဓါဒီဟိ အရိယေဟိ = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည်။ ပသတ္ထော = ချီးမွမ်းတော်မူအပ်ပါပေ၏။

ယခုခေတ်မှာ နည်းနည်း စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာတဲ့ ပုဂ္ဂိုလ် သို့မဟုတ် ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ် ခပ်များများက မိမိတို့ရဲ့ သားရတနာ, သမီးရတနာတွေကို ပြောနေကြတဲ့ လက်သုံးစကား ပုံစံလိုပဲ ချစ်သား ... ငယ်ရွယ်စဉ် အချိန်အခါမှာ ဝေဒကျမ်းတွေ, ဗေဒင်တွေကို သင်ယူစမ်းပါ၊ စည်းစိမ်ဥစ္စာတွေကို ရှာဖွေစမ်းပါ၊ သားရတနာ, သမီးရတနာတွေကို အိမ်မှာ တည်အောင် ကြိုးစားအားထုတ်စမ်းပါတဲ့။

ပုဏ္ဏားတို့ရဲ့ အယူဝါဒကတော့ ဗေဒင်ကျမ်းတွေကို သင်ရေးသည် သူတို့ရဲ့ တာဝန်ဝတ္တရားတစ်ခု ဖြစ်နေတယ်။ အဲဒီ ဝေဒကျမ်း ဗေဒင်ကျမ်းတွေကို သင်ယူရုံတွင် မကဘူး၊ စည်းစိမ်ဥစ္စာနှစ်တွေကိုလည်း ရှာဖွေပါဦးတဲ့။ ဒီလောက်တွင်လား? မဟုတ်သေးဘူး။

ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်ဆိုအပ်တဲ့ သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုဖြစ်တဲ့ အာရုံ (၅)ပါး ကာမဂုဏ်တရားတွေကိုလည်း သုံးဆောင် ခံစားစမ်းပါ။ အာရုံ (၅)ပါး ကာမဂုဏ်တရားတွေကို တဝကြီး မြိန်မြိန်ရှက်ရှက် ခံစားပြီးလို့ နောက်ပိုင်း အိုမင်းမစွမ်းဖြစ်လို့ အသက်အရွယ် အလွန် ကြီးရင့်လာတဲ့ အချိန်အခါကျတော့မှ ရသေ့ရဟန်း ပြုပြီးတော့ တောထွက်ပါ။ အဲဒီလို အသက်အရွယ် ကြီးရင့်လို့ အိုမင်းမစွမ်း ဖြစ်လာတဲ့ အချိန်အခါကျတော့မှ ရသေ့ရဟန်းပြုပြီး တောထွက်တဲ့ လုပ်ငန်းကိစ္စရပ်မျိုးကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ချီးမွမ်းတော်မူပါတယ် ဆိုပြီးတော့ ပြန်ပြီး တိုက်တွန်းတယ်။

ပုဏ္ဏားကြီး ပြောလိုက်တဲ့စကားကို မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေကတော့ လက်ခံလိမ့်မယ်လို့ ဘုန်းကြီးဘက်က မျှော်လင့်ပါတယ်။လက်မခံဘူးလို့ ပြောနေပေမယ့်လည်း ဒါယိကာမကြီးတွေမှာတော့ သနပ်ခါးတွေ ဖုန်နေတာပဲ။ ဟုတ်သလား? ဟုတ်နေတယ်။ အဲဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့မှ ဟတ္ထိပါလသတို့သားက ဘယ်လို ပြန်ပြီး လျှောက်ထားသလဲ?


ဟတ္ထိပါလသတို့သား၏ ပြန်လည် ချေပချက်

ဝေဒါ န သစ္စာ န စ ဝိတ္တလာဘော၊ န ပုတ္တလာဘေန ဇရံ ဝိဟန္တိ။

ဂန္ဓေ ရသေ မုစ္စနမာဟု သန္တော၊ သကမ္မုနာ ဟောတိ ဖလူပပတ္တိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၂။)

တာတ = ဖခင်ပုဏ္ဏားကြီး။ ဝေဒါ = ဝေဒကျမ်းတို့သည်ကား။ န သစ္စာ = နတ်ရွာ-နိဗ္ဗာန်-မဂ်-ဖိုလ်တရားကို ရတတ်သည်ဟု ပြောဆိုသော စကားသည်ကား မမှန်ပါ။ ဝိတ္တလာဘော စ = စည်းစိမ်ဥစ္စာကို ရှာဖွေ၍ ရရှိခြင်းသည်လည်း။ န ဟောတိ = ရန်သူငါးတန်တို့နှင့် ဆက်ဆံနေသည့်အတွက်ကြောင့် ဧကန်စင်စစ် တစ်ဖက်သတ် မှန်သည် မဟုတ်ပါ။ ပုတ္တလာဘေန = သားရတနာ, သမီးရတနာကို ရရှိခြင်းကြောင့်။ ဇရံ = အို-နာ-သေရေး ဒုက္ခဘေးကို။ န ဝိဟန္တိ = မကျော်လွှား မလွန်မြောက်နိုင်ကုန်။ သန္တော = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က။ ဂန္ဓေ = ဂန္ဓာရုံမှ။ ရသေ = ရသာရုံမှ။ မုစ္စနံ = လွတ်မြောက်ခြင်းကို။ အာဟု = ဟောကြားပြသ ဆိုဆုံးမတော်မူကြပါကုန်၏။ သကမ္မုနာ = မိမိ ပြုစုပျိုးထောင်ထားတဲ့ ကံ၏ စွမ်းရည် သတ္တိကြောင့်။ ဖလူပပတ္တိ = အကျိုးတရားရဲ့ ဖြစ်ပေါ်လာရခြင်းသည်။ ဟောတိ = ဖြစ်ပါပေ၏။

ဝေဒကျမ်းတွေကို သင်ယူခဲ့မယ်၊ ဝေဒကျမ်းတွေအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့မယ်ဆိုလျှင် နတ်ရွာသုဂတိ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရနိုင်ပါတယ်ဆိုတဲ့ ဒီစကားသည် မမှန်ပါဘူးတဲ့။ စည်းစိမ်ဥစ္စာကို ရအောင် ရှာဖွေခြင်းဆိုတာလည်း ဧကန်ရမယ်လို့ ကျိန်းသေ မပြောနိုင်ဘူးတဲ့။ ဘာ့ကြောင့်လဲ? ရန်သူငါးတန်နဲ့ အမြဲတမ်း ဆက်ဆံနေရတဲ့အတွက်ကြောင့် မိမိ ရှာဖွေနေတဲ့ စည်းစိမ်ဥစ္စာသည် ရှာဖွေတဲ့အတိုင်း ဧကန်ရမယ်လို့ ပြောနိုင်မလား? မပြောနိုင်ဘူးတဲ့။

သားရတနာ, သမီးရတနာတွေကို ရှာဖွေပါလို့ ဖခင်ကြီးက တိုက်တွန်းတယ်။ အဲဒီလို တိုက်တွန်းတဲ့အတိုင်း သားရတနာ, သမီးရတနာတွေကို ရအောင် ရှာဖွေသဖြင့် ရရှိခဲ့မယ်ဆိုလျှင်လည်း ဒီသားရတနာ, သမီးရတနာ တွေက အို-နာ-သေရေး ဒုက္ခဘေးကြီးကို ပယ်ဖျောက်ပေးနိုင်တဲ့ စွမ်းအား ရှိသလား? မရှိပါဘူး။

ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကတော့ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်ဆိုအပ်တဲ့ အာရုံ (၅)ပါး ကာမဂုဏ်တရားတွေမှ ထွက်မြောက်ဖို့, လွတ်မြောက်ဖို့ရန်သာ ဟောကြားတော်မူပါတယ်။ ဒီအာရုံ (၅)ပါး ကာမဂုဏ်တရားလို့ ခေါ်ဆိုအပ်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို ရအောင် စုဆောင်းရှာဖွေဖို့ မဟောပါဘူး။

မိမိကိုယ်တိုင် သံသရာအဆက်ဆက်ကနေ ပြုစုပျိုးထောင်ထားတဲ့ ကံရဲ့ စွမ်းအားကြောင့်သာလျှင် အကျိုးတရားဆိုတာ ဖြစ်ပေါ်လာရပါတယ်။ ဒီ ဝေဒကျမ်းတွေကို သင်ယူနေလို့လည်း ဒီအကျိုးတရားတွေက ဖြစ်ပေါ်လာတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သတ္တဝါတွေဟာ ---

အတ္တနာ ကတကမ္မေနေဝ သတ္တာနံ ဖလူပပတ္တိ ဖလနိပ္ဖတ္တိ ဟောတိ။ ကမ္မဿကာ ဟိ တာတ သတ္တာတိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၂။)

တာတ = ဖခင်။ သတ္တာ = သတ္တဝါတို့သည်ကား။ ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါကုန်၏။

သတ္တဝါတွေဟာ မိမိ ပြုစုပျိုးထောင်ထားတဲ့ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတယ်တဲ့။ စည်းစိမ်ဥစ္စာကို ရအောင် ရှာဖွေခြင်း, ဝေဒကျမ်းတွေကို သင်ယူခြင်း, သားသမီးတွေကို ရအောင် ရှာဖွေခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေက သတ္တဝါတွေကို အကျိုးပေးနေတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ သတ္တဝါတွေ ပြုစုပျိုးထောင်ထားတဲ့ ကံတရားကသာလျှင် သတ္တဝါတွေကို အကျိုးပေး နေတာ ဖြစ်ပါတယ်ဆိုပြီးတော့ သူက ပြန်ပြီး အဖြေပေးလိုက်တယ်။ အဲဒီလို ပြန်ပြီးတော့ အဖြေပေးလိုက်တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းမြတ်ကြီးကနေ ဟတ္ထိပါလသတို့သားကို ဘာပြန်ပြောသလဲ?


နှစ်ပေါင်းတစ်ရာ ကာလကြာအောင် မြင်ချင်ပါတယ်

အဒ္ဓါ ဟိ သစ္စံ ဝစနံ တဝေတံ၊

သကမ္မုနာ ဟောတိ ဖလူပပတ္တိ။

ဇိဏ္ဏာ စ မာတာပိတရော တဝီမေ၊

ပေဿယျုံ တံ ဝဿသတံ အရောဂံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၂။)

တာတ = ချစ်သားဟတ္ထိပါလ။ တဝ = သင်ချစ်သား၏။ ဧတံ ဝစနံ = ဤစကားသည်။ အဒ္ဓါ = မချွတ်ဧကန်။ သစ္စံ = မှန်လှပါပေ၏။ သကမ္မုနာ = မိမိ ဆည်းပူးပြုစုပျိုးထောင်ထားတဲ့ ကံကြောင့်။ သတ္တာနံ = သတ္တဝါတို့အား။ ဖလူပပတ္တိ = အကျိုးတရားရဲ့ ဖြစ်ပေါ်လာခြင်းသည်။ ဟောတိ = ဖြစ်ပါပေ၏။ ပန = ထိုသို့ပင် ဖြစ်ပါသော်လည်းပဲ။ တဝ = သင်ချစ်သား၏။ ဣမေ မာတာပိတရော = ဤမိဘနှစ်ပါးတို့သည်ကား။ ဇိဏ္ဏာ = အိုမင်းမစွမ်းဖြစ်၍ နေကြပါကုန်၏။ တံ = သင်ချစ်သားကို။ ဝဿသတံ = အနှစ်တစ်ရာ ကာလပတ်လုံး။ အရောဂံ = အနာရောဂါ မရှိသည်ကို။ ပေဿယျုံ = တွေ့မြင်လိုကြပါကုန်၏။

ချစ်သား ... သင်ချစ်သား ပြောနေတဲ့ စကားတွေကတော့ ပြောတဲ့အတိုင်း မချွတ်ဧကန် မှန်ပါပေတယ်၊ မိမိ ပြုစုပျိုးထောင်ထားတဲ့ ကံရဲ့စွမ်းအင် ကမ္မသတ္တိကြောင့် သတ္တဝါတွေမှာ အကျိုးတရားတွေ ရရှိကြတယ်ဆိုတဲ့ စကား ဟာလည်း မှန်ပါတယ်၊ ဒါပေမယ့်လို့ သင်ချစ်သားရဲ့ မိဘနှစ်ပါးတို့ဟာ အိုမင်း မစွမ်း ဖြစ်နေကြပြီ၊ အိုမင်းမစွမ်း ဖြစ်နေကြတဲ့ ဒီမိဘနှစ်ပါးတို့သည်လည်း သင်ချစ်သားကို နှစ်ပေါင်းတစ်ရာ ကာလပတ်လုံး အနာရောဂါ ကင်းကင်း ရှင်းရှင်းနဲ့ တွေ့မြင်လိုကြပါတယ်ဆိုပြီးတော့ ဒီလို ပြန်ပြီးတော့ ပြောပြတယ်။

အဲဒီ စကားမျိုးတွေကလည်း ဒီနေ့ခေတ်မှာ သားသမီးရှိနေတဲ့ မိဘတွေက သားသမီးတွေကို ပြောတတ်တဲ့ စကားမျိုး မဖြစ်ဘူးလား? ဖြစ်နေတယ်။ အဲဒီတော့ နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အနာရောဂါ ကင်းကင်းရှင်းရှင်းနဲ့ သင့်ကို မြင်လိုတယ်ဆိုတော့ --- သားရတနာမှာလည်း နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အနာရောဂါ ကင်းကင်းရှင်းရှင်းနဲ့ အသက်ရှည်ရမယ်၊ မြင်လိုတဲ့ မိဘတွေမှာလည်း နှစ်ပေါင်းတစ်ရာကျော်အောင် အနာရောဂါ ကင်းကင်းရှင်းရှင်းနဲ့ အသက်ရှင်ရမယ်။ သင်ချစ်သားကလည်း အနှစ်တစ်ရာ အသက်ရှည်ရမယ်၊ အနှစ်တစ်ရာ အသက်ရှည်ပြီး အနာရောဂါ ကင်းရှင်းနေတဲ့ သားရတနာရဲ့ မိဘနှစ်ပါးတို့ကလည်း နောက်ထပ် နှစ်ပေါင်းတစ်ရာလောက် အသက်ရှည်ရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ထွက်မနေဘူးလား? ထွက်နေတယ်။ ဒါကြောင့် ဟတ္ထိပါလသတို့သားက နောက်ထပ် မိဘတွေကို ဘာပြန်ပြီး လျှောက်ထားသလဲ?


ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့ထားသူ မရှိပါ

ယဿဿ သက္ခီ မရဏေန ရာဇ၊

ဇရာယ မေတ္တီ နရဝီရသေဋ္ဌ။

ယော စာပိ ဇညာ န မရိဿံ ကဒါစိ၊

ပေဿယျုံ တံ ဝဿသတံ အရောဂံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၃။)

ရာဇ = ဧသုကာရီဘုရင်မင်းမြတ်။ ယဿ = အကြင်ပုဂ္ဂိုလ်အား။ မရဏေန = သေခြင်းမရဏတရားနှင့်။ သက္ခီ = အဆွေခင်ပွန်းဖွဲ့၍ထားခြင်းသည်။ အဿ = ရှိသည် ဖြစ်လေရာ၏။ နရဝီရသေဋ္ဌ = လူတို့ထက် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူတဲ့ ဧသုကာရီဘုရင်မင်းမြတ်။ ဇရာယ = အိုခြင်းတရားနှင့်။ မေတ္တီ = ချစ်မြတ်နိုးခြင်း မေတ္တာတရား ထင်ရှားရှိ၍ နေသည်။ အဿ = ဖြစ်လေရာ၏။ ယော စာပိ = အကြင်ပုဂ္ဂိုလ်သည်လည်း ပဲ။ ကဒါစိ = တစ်ရံတစ်ဆစ်မျှ။ န မရိဿံ = မသေရာ။ ဣတိ = ဤသို့။ ဇညာ = သိရှိခဲ့သည်ဖြစ်အံ့။ ဧဝံ သတိ = ဤသို့ ဖြစ်ခဲ့သည်ရှိသော်။ ဝဿသတံ = နှစ်ပေါင်းတစ်ရာ ကာလပတ်လုံး။ အရောဂံ = အနာရောဂါကင်း၍နေသော။ တံ = သင် မင်းကြီးကို။ ပေဿယျုံ = တွေ့မြင်နိုင်ကြလေကုန်ရာ၏။

ဧသုကာရီဘုရင်မင်းကြီးကို သားရတနာဖြစ်တဲ့ ဟတ္ထိပါလသတို့သားက ပြန်ပြောနေတဲ့ စကားပဲ။ လူတို့ထက် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူတဲ့ ဧသုကာရီဘုရင်မင်းမြတ် ... သတ္တဝါတစ်ဦးမှာ မရဏလို့ခေါ်တဲ့ ရှင်သေမင်းနဲ့ မိတ်ဆွေ အသင်းအပင်းဖွဲ့၍ ထားခြင်းဆိုတဲ့ ဒီသဘောတရားလည်း ထင်ရှား ရှိနေခဲ့မယ်၊ အိုခြင်းဆိုတဲ့ ဇရာတရားနဲ့ ချစ်မြတ်နိုးခြင်း မေတ္တာတရား မိတ်ဖွဲ့ထားခြင်းလည်း ထင်ရှားရှိနေခဲ့မယ်၊ နောက်ထပ် ဘယ်သောအချိန်အခါကာလမှလည်း မသေရတော့ဘူးလို့ အကယ်၍များ သိရှိခဲ့မယ်ဆိုလျှင်တော့ သင်မင်းကြီးကို နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အနာရောဂါ ကင်းကင်းရှင်းရှင်းနဲ့ ဖြစ်နေတာကို မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ---


လှေသူကြီးပမာ

ယထာပိ နာဝံ ပုရိသော ဒကမှိ၊ ဧရေတိ စေ နံ ဥပနေတိ တီရံ။

ဧဝမ္ပိ ဗျာဓီ သတတံ ဇရာ စ၊ ဥပနေတိ မစ္စံ ဝသမန္တကဿ။

မဟာရာဇ = မြတ်သော မင်းကြီး။ ပုရိသော = လှေကို လှော်တတ်တဲ့ လှေသူကြီးယောက်ျားသည်။ ဒကမှိ = မြစ်ဆိပ်၌ တည်နေတဲ့ ရေအတွင်း၌။ နာဝံ = လှေကို။ ဌပေတွာ = ထား၍။ ပရတီရဂါမိံ ဇနံ = ကမ်းတစ်ဖက်သို့ သွားလိုတဲ့ လူအပေါင်းကို။ အာရောပေတွာ = လှေပေါ်သို့ တင်၍။ အရိတ္တေန = ထိုးဝါးဖြင့်။ ဥပ္ပီဠေန္တော = ထိုးလျက်။ ဖိယေန = တက်ဖြင့်။ ကဍ္ဎန္တော = လှော်လျက်။ စေ ဧရေတိ = အကယ်၍ စေ့ဆော် ကြိုးကုတ် အားထုတ်ခဲ့သည် ဖြစ်ငြားအံ့။ အထ = ထိုသို့ ဆောင်ယူခဲ့သည် ဖြစ်၍။ နံ = ထိုကမ်းတစ်ဖက်သို့ သွားလိုတဲ့ လူသားအပေါင်းကို။ တီရံ = ကမ်းတစ်ဖက်သို့။ ဥပနေတိ ယထာ = ကပ်ဆောင်၍ သွားသကဲ့သို့။ ဧဝမ္ပိ = ဤအတူလည်း။ ဗျာဓိ စ = ဖျားနာခြင်း တရားသည်လည်းကောင်း။ ဇရာ စ = အိုခြင်းတရားသည်လည်းကောင်း။ သတတံ = အမြဲ။ မစ္စံ = သတ္တဝါကို။ အန္တကဿ = ဇီဝိတိန္ဒြေ၏ အဆုံး အပိုင်းအခြားကို ပြုလုပ်တတ်သော ရှင်သေမင်း၏။ ဝသံ = အလိုနိုင်ငံသို့။ ဥပနေတိ = ကပ်ဆောင်၍ နေပါပေ၏။

မြတ်သော မင်းကြီး ...လှေသမားတစ်ဦး ရှိတယ်။ အဲဒီ လှေသမား တစ်ဦးဟာ တစ်ဖက်ကမ်းကို ကူးလိုနေတဲ့ လူအပေါင်းကို လှေပေါ် တင်ပြီးတော့ ထိုးဝါးတွေနဲ့ ထိုးပြီးတော့ တက်တွေဖြင့် လှော်ခတ်ပြီးတော့ ဟိုဘက်ကမ်းရောက်အောင် ပို့တယ်။ အဲဒီလို ဟိုဘက်ကမ်းရောက်အောင် ပို့သလိုပဲ သတ္တဝါတိုင်း သတ္တဝါတိုင်းရဲ့သန္တာန်မှာ ဗျာဓိခေါ်တဲ့ ဖျားနာခြင်းတရား ထင်ရှားရှိနေတယ်။ ဇရာခေါ်တဲ့ အိုခြင်းတရားတွေ ထင်ရှားရှိနေတယ်။ ဒီအိုခြင်း နာခြင်းတရားတွေက ဒီသတ္တဝါတွေကို ဘယ်ကို ရောက်အောင် ပို့ဆောင်ပေးနေသလဲလို့ မေးလျှင် ဇီဝိတိန္ဒြေရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်တတ်တဲ့ အလွန် ယုတ်မာတဲ့ ရှင်သေမင်းရဲ့ နိုင်ငံသို့ ရောက်အောင် နေ့စဉ် ပို့ဆောင်ပေးနေခြင်း ဖြစ်ပါတယ်ဆိုပြီးတော့ ပြန်ပြီး လျှောက်ထားတယ်။ ဒါကြောင့် ---


ဟတ္ထိပါလသတို့သား တောထွက်တော်မူပြီ

ဧဝံ ဣမေသံ သတ္တာနံ ဇီဝိတသင်္ခါရဿ ပရိတ္တဘာဝံ ဒေဿတွာ မဟာရာဇ တုမှေ တိဋ္ဌထ၊ တုမှေဟိ သဒ္ဓိံ ကထယန္တမေဝ မံ ဗျာဓိဇရာမရဏာနိ ဥပဂစ္ဆန္တိ၊ အပ္ပမတ္တာ ဟောထာတိ ဩဝါဒံ ဒတွာ ရာဇာနဉ္စ ပိတရဉ္စ ဝန္ဒိတွာ အတ္တနော ပရိစာရကေ ဂဟေတွာ ဗာရာဏသိယံ ရဇ္ဇံ ပဟာယ ပဗ္ဗဇိဿာမီတိ နဂရတော နိက္ခမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၃။)

ဧဝံ = ဤသို့လျှင်။ ဣမေသံ သတ္တာနံ = ဤသတ္တဝါတို့၏။ ဇီဝိတသင်္ခါရဿ = ဇီဝိတသင်္ခါရတရား၏။ ပရိတ္တဘာဝံ = နည်းသောအဖြစ်ကို။ ဒေဿတွာ = ထင်ရှားဖော်ပြ၍။ မဟာရာဇ = မြတ်သောမင်းကြီး။ တုမှေ = သင်မင်းကြီးတို့သည်။ တိဋ္ဌထ = တည်နေရစ်ကြပါဦးတော့။ တုမှေဟိ = အရှင်မင်းကြီးတို့နှင့်။ သဒ္ဓိံ = အတူတကွ။ ကထယန္တမေဝ = စကားပြောဆိုနေစဉ်အတွင်းမှာပင်လျှင်။ ဗျာဓိဇရာမရဏာနိ = ဖျားနာခြင်းတရား, အိုခြင်းတရား, သေခြင်းတရားတို့သည်။ မံ = သားတော်၏အထံသို့။ ဥပဂစ္ဆန္တိ = ကပ်ရောက်၍ လာကြကုန်၏။ အပ္ပမတ္တာ = ကုသိုလ်တရားတို့၌ မမေ့မလျော့ ကြကုန်သည်။ ဟောထ = ဖြစ်ကြကုန်လော့။ ဣတိ = ဤသို့။ ဩဝါဒံ = အဆုံးအမ ဩဝါဒကို။ ဒတွာ = ပေးပြီး၍။ ရာဇာနဉ္စ = ဧသုကာရီမင်းကြီးအားလည်းကောင်း။ ပိတရဉ္စ = ဖခင် ပုဏ္ဏားကြီးအားလည်းကောင်း။ ဝန္ဒိတွာ = ရှိခိုး ဝပ်ချပြီး၍။ အတ္တနော = မိမိ၏။ ပရိစာရကေ = အလုပ်အကျွေးတို့ကို။ ဂဟေတွာ = ခေါ်ဆောင်၍။ ဗာရာဏသိယံ = ဗာရာဏသီပြည်၌။ ရဇ္ဇံ = မင်းအဖြစ်ကို။ ပဟာယ = ပယ်စွန့်ထားခဲ့၍။ ပဗ္ဗဇိဿာမီတိ = ရသေ့ရဟန်း ပြုပေတော့အံ့ဟု။ နဂရတော = ဗာရာဏသီမြို့မှ။ နိက္ခမိ = ထွက်ခွာတော်မူခဲ့လေ၏။

မင်းစည်းစိမ်တစ်ခုလုံးကို အပ်နှင်းတာပဲ။ လောကဘက်က ကြည့်မယ် ဆိုလျှင်တော့ မင်းစည်းစိမ်ဆိုတာက အလွန် ကြီးကျယ်နေတဲ့အတွက် မက်မောဖွယ်ရာကောင်းတဲ့ စည်းစိမ်ကြီးတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း သူတော်ကောင်းတွေဘက်ကတော့ အဲဒီစည်းစိမ်ကို အလိုမရှိကြဘူး။ ဘာကို ကြောက်ကြသလဲ? အိုရမယ့်ဘေး, နာရမယ့်ဘေး, သေရမယ့်ဘေး, နောက်ထပ်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေ နေရမယ့်ဘေးဒုက္ခတွေကို သူတော်ကောင်းတွေက အလွန် ကြောက်တော်မူကြတယ်။ အဲဒီလို ကြောက်တော်မူကြတဲ့အတွက်လည်း ဒီ အို-နာ-သေရေး ဒုက္ခဘေးကြီးမှ လွတ်အောင်ဆိုပြီးတော့ တရားတွေကို ရှာဖွေကြခြင်း ဖြစ်ပါတယ်။ မအိုရာ, မနာရာ, မသေရာ ဖြစ်တဲ့ တရားစစ် တရားမှန်ကို ရရှိအောင် ကြိုးစားတော်မူကြခြင်း ဖြစ်ပါတယ်။

ယခု ဒီဇာတ်တော်မှာ ဟတ္ထိပါလသတို့သားက မအိုရာ, မနာရာ, မသေရာဖြစ်တဲ့ တရားကို ရှာဖွေမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ရသေ့ရဟန်းပြုဖို့ ခမည်းတော်တွေထံ ခွင့်တောင်းပြီးတဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းမြတ်ကြီးနှင့် ဖခမည်းတော်ဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီးတို့ကို ရှိခိုးပြီးတော့ ဗာရာဏသီပြည်မှာ ထီးဖြူအုပ်ချုပ်မင်းလုပ်ရမယ့် မင်းစည်းစိမ်ကို စွန့်ခွာပြီးတော့ တောထွက်သွားတော်မူပါတယ်။ အဲဒီလို တောထွက်သွားတဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? သူ့ရဲ့ အလုပ်အကျွေးတွေကိုပါ တစ်ပါတည်း ခေါ်ဆောင် သွားတယ်။ အလုပ်အကျွေးတွေကိုပါ ခေါ်ဆောင်သွားတဲ့ အချိန်အခါကျတော့ တိုင်းသူပြည်သားတွေက ဘယ်လို ထင်ကြသလဲ?

ပဗ္ဗဇ္ဇာ နာမေသာ သောဘနာ ဘဝိဿတီတိ ဟတ္ထိပါလကုမာရေန သဒ္ဓိံ မဟာဇနော နိက္ခမိ။ ယောဇနိကာ ပရိသာ အဟောသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၃။)

ဧသာ ပဗ္ဗဇ္ဇာ နာမ = ဤရသေ့ရဟန်း ပြုလုပ်ခြင်းမည်သည်ကား။ သောဘနာ = တင့်တယ်ကောင်းမြတ်သော လုပ်ငန်းရပ်သည်။ ဘဝိဿတီတိ = ဖြစ်ပေလိမ့်မယ်ဟု။ ဟတ္ထိပါလကုမာရေန = ဟတ္ထိပါလသတို့သားနှင့်။ သဒ္ဓိံ = အတူတကွ။ မဟာဇနော = စဉ်းစားတဲ့ လူများအပေါင်းသည်။ နိက္ခမိ = တောထွက်ပေ၏။ ယောဇနိကာ = တစ်ယူဇနာတိုင်အောင်သော။ ပရိသာ = လူထုပရိသတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။

တိုင်းသူပြည်သားတွေက စဉ်းစားကြတယ်။ ရသေ့ရဟန်း ပြုတော့မယ် ဆိုတဲ့ ဦးတည်ချက်ဖြင့် တောထွက်သွားတဲ့ ဟတ္ထိပါလသတို့သားကို ကြည့်ပြီးတော့ တိုင်းသူပြည်သားတွေဘက်ကနေ လှမ်းပြီးတော့ စဉ်းစားကြတယ်။ ဘယ်လို စဉ်းစားကြသလဲ? ဒီရသေ့ရဟန်း ပြုခြင်းဆိုတဲ့ လုပ်ငန်းရပ်မည်သည် တင့်တယ်ကောင်းမြတ်တဲ့ လုပ်ငန်းရပ် ဖြစ်ပေလိမ့်မယ်။ ဒီလို စဉ်းစားကြတယ်။ ဘယ့်နှယ်တုံး မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေ ဘယ်လိုများ စဉ်းစားကြသလဲ? အကုန်လုံး ငြိမ်နေကြတယ်။ အဲဒီလို စဉ်းစားရုံနဲ့ ကိစ္စ ပြီးမလား? ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ? မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေ စဉ်းစားတယ်ဆိုပြီးတော့ တောမထွက်နိုင်လျှင်တော့ စံချိန်မီပါ့မလား? မမီနိုင်ဘူး။

ရသေ့ရဟန်းပြုရေးသည် တင့်တယ်ကောင်းမြတ်သော လုပ်ငန်းရပ် တစ်ခု ဖြစ်ပေလိမ့်မယ်လို့ ဒီလို စဉ်းစားမိကြတဲ့ ပရိသတ်တွေ အားလုံး ဟတ္ထိပါလသတို့သားရဲ့ နောက်ကို လိုက်ပြီး တောထွက်သွားကြတယ်။ ပရိသတ် ဘယ်လောက် ရှိသွားသလဲလို့ မေးလျှင်တော့ တစ်ယူဇနာလောက် အတိုင်းအရှည်ရှိတယ်တဲ့။


ဂင်္ဂါမြစ်ရေကို ကြည့်ကာ စျာန် သမာပတ်တွေကို ဖြစ်စေခြင်း

သော တာယ ပရိသာယ သဒ္ဓိံ ဂင်္ဂါယ တီရံ ပတွာ ဂင်္ဂါယ ဥဒကံ ဩလောကေတွာ ကသိဏပရိကမ္မံ ကတွာ စျာနာနိ နိဗ္ဗတ္တေတွာ စိန္တေသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၃။)

သော = ထိုဟတ္ထိပါလသတို့သားသည်။ တာယ ပရိသာယ = ထိုပရိသတ်နှင့်။ သဒ္ဓိံ = အတူတကွ။ ဂင်္ဂါယ တီရံ = ဂင်္ဂါမြစ်ကမ်းပါးသို့။ ပတွာ = ဆိုက်ရောက်တော်မူသည်ဖြစ်၍။ ဂင်္ဂါယ ဥဒကံ = ဂင်္ဂါရေကို။ ဩလောကေတွာ = ကြည့်ရှုတော်မူ၍။ ကသိဏပရိကမ္မံ = ကသိုဏ်းပရိကမ်ကို။ ကတွာ = ပြု၍။ စျာနာနိ = စျာန်တို့ကို။ နိဗ္ဗတ္တေတွာ = ဖြစ်စေ၍။ စိန္တေသိ = ကြံစည်တော်မူခဲ့လေ၏။

ဒါယကာကြီး ဒါယိကာမကြီးတွေ ပါရမီဖြည့်ဖို့ ဘယ်လောက် ကောင်းသလဲ? သိပ်ကောင်းတယ်။ ဟတ္ထိပါလသတို့သားက တစ်ယူဇနာလောက် အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကို ခေါ်ဆောင်ပြီးတော့ ခရီးနှင်လိုက်တာ ဂင်္ဂါမြစ်ကမ်း ရောက်ရှိသွားတယ်။ ဂင်္ဂါမြစ်ကမ်း ရောက်ရှိတဲ့ အချိန်အခါမှာ ဂင်္ဂါမြစ်ရေအယဉ်ကို လှမ်းကြည့်ပြီးတော့ စျာန်တွေကို ရရှိအောင် ကြိုးစား အားထုတ်လိုက်တယ်။ မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေလည်း ဒီဘက်က သံလွင်မြစ်က ရေတွေကို မမြင်ဖူးဘူးလား? မြင်ဖူးကြမှာပါ။ စျာန်တွေ ရအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ စိတ်ဓာတ်ကလေးတောင် ဖြစ်ကြရဲ့လား? ဖြစ်တဲ့လူလည်း ရှိချင်ရှိမယ်။ မဖြစ်တဲ့လူက မများဘူးလား? များပါတယ်။

ယခု ဒီဇာတ်တော်မှာတော့ အလောင်းတော်ဟာ ဘယ်လောက် အားကျ ဖို့ကောင်းသလဲ? အဲဒီဂင်္ဂါမြစ်ရေကို ကြည့်ပြီးတော့ ကသိုဏ်းပရိကမ်အဖြစ်နဲ့ စီးဖြန်းတော်မူတယ်။ ကသိုဏ်းပရိကမ်တွေကို စီးဖြန်းပြီးတော့ ဘာလုပ်သလဲ? စျာနာနိ = စျာန်တို့ကို။ နိဗ္ဗတ္တေတွာ = ဖြစ်စေ၍။ စျာန်တွေကို ဖြစ်အောင် ကြိုးစားအားထုတ်တယ်။ ကြိုးစားအားထုတ်ပြီးတော့ ဘာဖြစ်သလဲ? စိန္တေသိ = ကြံစည်တော်မူခဲ့လေ၏။ စျာန်တွေကို ရအောင် ကြိုးစားအားထုတ်ပြီးတော့ သူက စဉ်းစားတယ်။ ဘယ်လို စဉ်းစားသလဲ?


ဂင်္ဂါမြစ်ကမ်းမှ စောင့်ဆိုင်းနေခြင်း

အယံ သမာဂမော မဟာ ဘဝိဿတိ၊ မမ တယော ကနိဋ္ဌဘာတရော မာတာပိတရော ရာဇာ ဒေဝီတိ သဗ္ဗေ သပရိသာ ပဗ္ဗဇိဿန္တိ၊ ဗာရာဏသီ သုညာ ဘဝိဿတိ၊ ယာဝ ဧတေသံ အာဂမနာ ဣဓေဝ ဘဝိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၄။)

အယံ သမာဂမော = ဤလူများအပေါင်းရဲ့ စုစည်းတဲ့ အစည်းအဝေးကြီးသည်ကား။ မဟာ = ကြီးကျယ်သည်။ ဘဝိဿတိ = ဖြစ်ပေလတ္တံ့။ မမ = ငါ၏။ တယော ကနိဋ္ဌဘာတရော = ညီငယ် (၃)ဦးတို့သည်လည်းကောင်း။ မာတာပိတရော = မိဘနှစ်ပါးတို့သည်လည်းကောင်း။ ရာဇာ = ဧသုကာရီ ဘုရင်မင်းမြတ်သည်လည်းကောင်း။ ဒေဝီ = မိဖုရားကြီးသည်လည်းကောင်း။ ဣတိ = ဤသို့လျှင်။ သဗ္ဗေ သပရိသာ = ပရိသတ်နှင့်တကွသော အလုံးစုံသော သူတို့သည်။ ပဗ္ဗဇိဿန္တိ = ရသေ့ရဟန်းပြုပေကြကုန်လတ္တံ့။ ဗာရာဏသီ = ဗာရာဏသီပြည်သည်။ သုညာ = လူသူမှ ကင်းဆိတ်သည်။ ဘဝိဿတိ = ဖြစ်ပေလတ္တံ့။ ဧတေသံ = ထိုလူထုပရိသတ်အပေါင်းတို့၏။ ယာဝ အာဂမနာ = လာသည့်တိုင်အောင်။ ဣဓေဝ = ဤဂင်္ဂါမြစ်ကမ်း၌ပင်လျှင်။ ဘဝိဿာမိ = ဖြစ်ပေအံ့။

လူတွေ ပေါင်းစုပြီးတော့ ကောင်းမှုကုသိုလ်ပြုတဲ့ အစည်းအဝေးကြီး တစ်ခုပဲ။ အဲဒီ အစည်းအဝေးကြီးကတော့ အလွန် ကြီးကျယ်လိမ့်မယ်။ ငါ့ရဲ့ ညီငယ် (၃)ယောက်၊ မိဘ (၂)ပါး၊ ဧသုကာရီမင်းကြီးနှင့် မိဖုရားကြီး၊ အားလုံးသော ပရိသတ်တွေဟာ ရသေ့ရဟန်း ပြုကြလိမ့်မယ်။ ဗာရာဏသီပြည်ကြီး တစ်ပြည်လုံး လူသူဖြင့် ဆိတ်သုဉ်းသွားလိမ့်မယ်။ အဲဒီလူထုပရိသတ်အပေါင်း ရောက်လာသည့်တိုင်အောင် ငါသည် ဤဂင်္ဂါမြစ်ကမ်းမှာပဲ နေထိုင်တော့မယ်လို့ ဒီလို ဆုံးဖြတ်တယ်။ အဲဒီလို ဆုံးဖြတ်ချက် ချပြီးတော့ သူက ဘာလုပ်သလဲ?

သော တတ္ထေဝ မဟာဇနဿ ဩဝါဒံ ဒေန္တော နိသီဒိ။

သော = ထိုဟတ္ထိပါလသတို့သားသည်။ တတ္ထေဝ = ထိုဂင်္ဂါမြစ်ကမ်း၌ပင်လျှင်။ မဟာဇနဿ = လူများအပေါင်းအား။ ဩဝါဒံ = အဆုံးအမ ဩဝါဒကို။ ဒေန္တော = ပေးတော်မူလျက်။ နိသီဒိ = သီတင်းသုံးနေတော်မူလေ၏။

မိမိရဲ့ နောက်သို့ လိုက်ပါလာကြတဲ့ ပရိသတ်တွေကို အဆုံးအမ ဩဝါဒတွေ ပေးပြီးတော့ အဲဒီ ဂင်္ဂါမြစ်ကမ်းပါးမှာပဲ နေထိုင်တယ်။ ဒီနေရာမှာ ဘုန်းကြီး ဒီဇာတ်ကြောင်းကလေး ခေတ္တ ရပ်နားပြီးတော့ ကသိုဏ်းပရိကမ် စီးဖြန်းပုံ အကြောင်းကို ဗဟုဿုတအဖြစ် ဟောပေးဖို့ ရည်ရွယ်ထားပါတယ်။ ဟတ္ထိပါလသတို့သားက ဂင်္ဂါမြစ်ရေတွေကို ကြည့်ပြီးတော့ ကသိုဏ်းပရိကမ်ပြုပြီး စီးဖြန်းလိုက်တာနဲ့ ချက်ချင်း သူက စျာန်တွေ ရရှိသွားတယ်။ သူက စျာန်ရရုံတွင် မကဘူး၊ အဘိညာဏ်အထိ ကူးတက်သွားနိုင်တယ်။

သူက အဘိညာဏ်ဖြင့် လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ မိဘ (၂)ပါးလည်း တောထွက်လိမ့်မယ်၊ ဧသုကာရီဘုရင်မင်းမြတ်ကြီးနှင့် မိဖုရားကြီးလည်း တောထွက်လိမ့်မယ်၊ ညီငယ် (၃)ယောက်တို့လည်း ပရိသတ် တွေနှင့်တကွ တောထွက်လိမ့်မယ်၊ ဗာရာဏသီပြည်ကြီး တစ်ပြည်လုံး တောထွက်ကြလိမ့်မယ်လို့ မြင်တော်မူတယ်။ အင်မတန် ကြီးကျယ်တဲ့ ကောင်းမှု ကုသိုလ်ပြုတဲ့ လူထုအစည်းအဝေးကြီးတစ်ခုတော့ ဖြစ်လိမ့်မယ်ဆိုတာ လှမ်းပြီး မြင်တော်မူတယ်။ အဲဒီလို မြင်တာကတော့ ဘုန်းကြီးတို့ ဒိဗ္ဗစက္ခုအဘိညာဏ်ရဲ့ ဂိုဏ်းခွဲဖြစ်တဲ့ အနာဂတံသဉာဏ်တော် ဖြစ်ပါတယ်။ နောင် အနာဂတ်ကို လှမ်းပြီး ရှုမျှော်နိုင်တဲ့ အနာဂတံသဉာဏ်တွေလည်း ဒီဟတ္ထိပါလ သတို့သားက ရရှိသွားတယ်။

ဘယ်လောက်ကြာကြာ အားထုတ်လို့ ရရှိသလဲလို့ မေးလျှင်တော့ မကြာ လှပါဘူး။ ဂင်္ဂါမြစ်ရေကို ကြည့်ပြီးတော့ အားထုတ်လိုက်တာနဲ့ မကြာမီ အချိန် ကာလကလေးအတွင်းမှာ ရရှိသွားပါတယ်။ ဒီလို ဂင်္ဂါမြစ်ရေကို ကြည့်ပြီး ကသိုဏ်းပရိကမ်အဖြစ်နဲ့ စီးဖြန်းလိုက်တဲ့အတွက်ကြောင့် စျာန်တွေ ရရှိတယ် ဆိုလျှင် ဒီနေ့ တရားနာနေတဲ့ ပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဒီနေ့ သာသနာတော်အတွင်းမှာ ဒီရေတွေကို ကြည့်ပြီးတော့ စျာန်တွေကို ရရှိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ ကျင့်စဉ်ကလေးတွေကို သိထားလျှင် မကောင်းဘူးလား? သိပ်ကောင်းပါတယ်။

ဒါပေမယ့် အဲဒီလို အားထုတ်လို့ ရဖို့ရန်အတွက်ကတော့ ပုဂ္ဂိုလ် နှစ်စား ရှိပါတယ်။ ရေပြင်ကို တိုက်ရိုက် ကြည့်ပြီးတော့ ပွားများအားထုတ်လိုက်ရုံနဲ့ ချက်ချင်း စျာန်တွေ ရတယ်ဆိုတာကတော့ အတိတ်က ပါရမီရှိနေတဲ့ သူတော် ကောင်းတွေအတွက် လွယ်ကူဖွယ်ရာ ရှိပါတယ်။ သို့သော် အဲဒီလို ဂင်္ဂါမြစ်ရေ မျက်နှာပြင်မျိုးကို ကြည့်ရုံနဲ့ ချက်ချင်း ကသိုဏ်း ပရိကမ်ပြုလို့ မရဘူး၊ စျာန်ကလည်း မဖြစ်ဘူးဆိုလျှင်တော့ မဖြစ်တဲ့ ပုဂ္ဂိုလ်များအတွက် အခြား ကမ္မဋ္ဌာန်း တစ်ခုခုကိုတော့ ခိုင်ခိုင်ခံ့ခံ့ စီးဖြန်းရပါတယ်။ ဒါက ပကတိသော ရေကို အာပေါကသိုဏ်းအဖြစ်နဲ့ စပြီး စီးဖြန်းလို့ မရတဲ့ပုဂ္ဂိုလ်အတွက် ပြောတာပါ။ ရေကို ကသိုဏ်းပရိကမ်ပြုပြီး စီးဖြန်းလိုက်လို့ မဖြစ်တော့ဘူးဆိုလျှင်တော့ တခြား လွယ်ကူတဲ့ ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိ တစ်ခုခုကို ခိုင်ခံ့အောင် ထူထောင်ရပါတယ်။ အဲဒီလို ထူထောင်တဲ့ အချိန်အခါမှာ ကမ္မဋ္ဌာန်း (၄၀) ရှိတဲ့အထဲက မိမိ ကြိုက်နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိ ထူထောင် နိုင်ပါတယ်။

သမထကမ္မဋ္ဌာန်းပိုင်း

အာနာပါနကမ္မဋ္ဌာန်းပိုင်း

ဘုန်းကြီး မုပွန် ဒီကျိုက်ဓာတ်သုတ်စေတီတော် ဓမ္မာရုံမှာ ဓာတ်ကမ္မဋ္ဌာန်း ကို မကြာခဏ ဟောခဲ့ဖူးတော့ ယခု အာနာပါနကမ္မဋ္ဌာန်းနဲ့ သမာဓိ ထူထောင်ပုံကနေ စပြီးတော့ ကသိုဏ်း ကူးပုံကလေးကို ဟောဖို့ ရည်ရွယ်ထား ပါတယ်။ ဒီအာနာပါနကမ္မဋ္ဌာန်းနဲ့ သမာဓိ ထူထောင်ပုံအပိုင်းကို ခပ်တိုတို ပြောရမယ်ဆိုလျှင်တော့ ဝင်သက်လေ ထွက်သက်လေ ထိထိသွားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာမှာ ဘာဝနာစိတ်ကလေးကို စိုက်ထားပါ။ အဲဒီမှာ စိတ်ကလေးကို စိုက်ထားလိုက်တဲ့ အချိန်အခါမှာ ထိတာကို ကြည့်ရမှာလား, လေကို ကြည့်ရမှာလားလို့ မေးလျှင်တော့ ဘယ်လို ဖြေမလဲ? လေကို ကြည့်ရမယ်။ ဘယ်လေလဲလို့ မေးလျှင်တော့ ထိတဲ့လေကို ကြည့်ရမှာပါ။

ဘယ်နေရာမှာ ထိတဲ့လေလဲလို့ မေးလျှင်တော့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာမှာ ထိထိသွားတဲ့ လေကလေးကို ကြည့်ရမယ်။ ထိမှုကို ကြည့်တာ မဟုတ်ပါဘူး။ ဘာကို ကြည့်ရမှာလဲ? ထိတဲ့လေကို ကြည့်ရမယ်။ အဲဒီ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းဖျား တစ်နေရာမှာ လာထိတဲ့ ဝင်သက်လေ ထွက်သက်လေကို ကြည့်ရမယ်။ အဲဒီ လေအပေါ်မှာ စိတ်ကလေးကို ငြိမ်အောင် ကပ်ကြည့်ပါ။ တစ်ထိုင် နှစ်ထိုင် စသည်လောက် ထိုင်ကြည့်ပါ။ ထိုင်ကြည့်လိုက်လို့ စိတ်က ဝင်သက်လေ ထွက်သက်လေ အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး မတည်ဘူးဆိုလျှင်တော့ အဋ္ဌကထာဆရာတော် များက ရေတွက်တဲ့နည်းကို အသုံးပြုဖို့ရန်အတွက် ညွှန်ကြားထားပါတယ်။


ရေတွက်ခြင်း ဂဏနာနည်း

ဝင်လေ ထွက်လေ တစ်

ဝင်လေ ထွက်လေ နှစ်

ဝင်လေ ထွက်လေ သုံး

ဝင်လေ ထွက်လေ လေး

ဝင်လေ ထွက်လေ ငါး

ဝင်လေ ထွက်လေ ခြောက်

ဝင်လေ ထွက်လေ ခုနစ်

ဝင်လေ ထွက်လေ ရှစ်

ရှစ်အထိဆိုလျှင် တော်လောက်ပါပြီ။ တစ်ဆယ်အထိလည်း ရေတွက် နိုင်ပါတယ်။ ငါးအထိလည်း ရေတွက်နိုင်ပါတယ်။ သို့သော် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ပူဇော်တဲ့အနေအားဖြင့် ဘုန်းကြီးတို့ကတော့ ရှစ်အထိပဲ သင်ပေးပါတယ်။ ကျေးဇူးတော်ရှင် ကန္နီဆရာတော်ဘုရားရဲ့ ဩဝါဒအတိုင်းပါပဲ။

တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်ကိုမှ မထွက်စေရဘူးလို့ အဲဒီလို စိတ်ကို ခပ်တင်းတင်းကလေး ထားပြီးတော့ ရေတွက်ရပါတယ်။ အကယ်၍ မရေတွက်ဘဲနဲ့ စိတ်က ငြိမ်နေလျှင်တော့ မရေတွက်ပါနဲ့၊ ရေတွက်တဲ့နည်းကို အသုံးပြုဖို့ မလိုပါဘူး။ စိတ်က မငြိမ်သက်ခဲ့ဘူးဆိုလျှင်တော့ ရေတွက်တဲ့ နည်းကလေးကို အသုံးပြုပေးရပါတယ်။ အဲဒီလို ရေတွက်တဲ့အပိုင်းမှာ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှ မထွက်စေရဘူး၊ နောက်တစ်ခါလည်း တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှ မထွက်စေရဘူး။ အဲဒီလို စိတ်ကို ခပ်တင်းတင်း ထားပြီးတော့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရေတွက်နေမယ်ဆိုလျှင်တော့ ရေတွက်တဲ့ စွမ်းအားကြောင့် တဖြည်းဖြည်း စိတ်ကလည်း ငြိမ်ဝပ်လာတတ်ပါတယ်။ အဲဒီလို ငြိမ်ဝပ်လာလျှင်လည်း အနည်းဆုံး တစ်နာရီလောက် ငြိမ်အောင် ကြိုးစားနိုင်လျှင်တော့ ပိုကောင်းပါတယ်။ ရေတွက်တဲ့နည်းဖြင့် တစ်နာရီလောက်အထိ စိတ်ကလေးက ငြိမ်လာပြီဆိုလျှင်တော့ ရေတွက်တဲ့နည်းကို လွှတ်လို့ ရပါပြီ။ မရေတွက်ဘဲနဲ့ အဲဒီ ဝင်သက်လေ ထွက်သက်လေမှာပဲ စိတ်ကို စိုက်ကြည့်နေပါ။ စိုက်ကြည့်လိုက်လို့ စိတ်က တော်တော်ကလေး ငြိမ်လာပြီဆိုလျှင် ဘာဆက်လုပ်ရမလဲ?


အရှည်-- အတို

ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။ (ဒီ၊၂၊၂၃၁။)

ဒီဃံ ဝါ = ရှည်စွာမူလည်း။ အဿသန္တော = ဝင်သက်လေကို ဖြစ်စေခဲ့ သည်ရှိသော်။ ဒီဃံ = ရှည်စွာ။ အဿသာမီတိ = ဝင်သက်လေကို ဖြစ်စေ၏ ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဒီဃံ ဝါ = ရှည်စွာမူလည်း။ ပဿသန္တော = ထွက်သက်လေကို ဖြစ်စေခဲ့သည်ရှိသော်။ ဒီဃံ = ရှည်စွာ။ ပဿသာမီတိ = ထွက်သက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲ ပြားပြား သိ၏။

ဝင်သက်လေက ရှည်လျှင် ရှည်တဲ့အတိုင်း သိပါ၊ ထွက်သက်လေက ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိနေပါ။

ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။ (ဒီ၊၂၊၂၃၁။)

ရဿံ ဝါ = တိုစွာမူလည်း။ အဿသန္တော = ဝင်သက်လေကို ဖြစ်စေခဲ့ သည်ရှိသော်။ ရဿံ = တိုစွာ။ အဿသာမီတိ = ဝင်သက်လေကို ဖြစ်စေ၏ ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ရဿံ ဝါ = တိုစွာမူလည်း။ ပဿသန္တော = ထွက်သက်လေကို ဖြစ်စေခဲ့သည်ရှိသော်။ ရဿံ = တိုစွာ။ ပဿသာမီတိ = ထွက်သက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။

ဝင်သက်လေ ထွက်သက်လေက ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိရမယ်။ ဝင်သက်လေ ထွက်သက်လေက တိုနေလျှင်လည်း တိုတဲ့အတိုင်း သိရမယ်။ နံပါတ် (၁)က ရှည်လျှင် ရှည်တဲ့အတိုင်း သိပါ။ နံပါတ် (၂)က တိုလျှင် တိုတဲ့အတိုင်း သိပါ။ ဒါက ဘာပြောလိုတာလဲ?

တသ္မာ တေသံ ကာလဝသေန ဒီဃမဒ္ဓါနံ နိက္ခမန္တာ စ ပဝိသန္တာ စ တေ ဒီဃာ ဣတ္တရမဒ္ဓါနံ နိက္ခမန္တာ စ ပဝိသန္တာ စ ရဿာတိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃-၂၆၄။)

အဒ္ဓါနဝသေနာတိ ကာလဒ္ဓါနဝသေန။ အဿာသပဿာသာနံ ဒေသဒ္ဓါနဝိသိဋ္ဌေန ကာလဒ္ဓါနဝသေနေဝ ဒီဃရဿတာ ဝုတ္တာ။ (မဟာဋီ၊၁၊၃၁၈။)

ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာနဲ့ ဝိသုဒ္ဓိမဂ်မဟာဋီကာတို့မှာ ဖွင့်ဆိုထား ပါတယ်။ အချိန် ခပ်ကြာကြာဖြစ်လျှင် ရှည်တယ်၊ အချိန် ခပ်တိုတိုဖြစ်လျှင် တိုတယ်။ ဝင်သက်လေ ထွက်သက်လေက အချိန်ကြာကြာဖြစ်လျှင် ရှည်တယ်၊ ဝင်သက်လေ ထွက်သက်လေက အချိန်တိုတိုဖြစ်လျှင် တိုတယ်။ ဒီလို သုံးထားပါတယ်။

ရှည်အောင်, တိုအောင် မလုပ်ပါနဲ့၊ ပုံမှန်သာ အသက်ရှူနေပါ။ ရှည်တယ် တိုတယ်လို့လည်း မမှတ်ပါနဲ့။ မမှတ်ဘဲ မနေနိုင်လျှင်တော့ ဝင်လေ ထွက်လေလို့ပဲ မှတ်နေပါ။ ရှည်လျှင် ရှည်တဲ့အတိုင်း သိဖို့၊ တိုလျှင် တိုတဲ့ အတိုင်း သိဖို့သာ အဓိက လိုအပ်ပါတယ်။ အဲဒီလေကို အထဲအထိလည်း လိုက်မကြည့်ပါနဲ့၊ အပြင်ဘက်သို့လည်း လိုက်မကြည့်ပါနဲ့။ ထိတဲ့နေရာမှာသာ စိတ်ကလေးကို ကပ်ထားပါ။


ဝင်သက်လေ ထွက်သက်လေ ထိမှု ထင်ရှားသည့်နေရာ

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ဝင်သက်လေ ထွက်သက်လေ ထိထိသွားတဲ့ နေရာကလေးမှာသာ သတိ ကလေးကို ကပ်ပြီး ရှုမှ ဒီအာနာပါနဿတိဘာဝနာက ပြည့်စုံနိုင်ပါတယ်။ ဒါကြောင့် ထိတဲ့နေရာကို လွှတ်ပြီး ရှုလို့တော့ မရပါဘူး။ အထဲကို လိုက်ပြီး ကြည့်နေလျှင် အဇ္ဈတ္တဝိက္ခေပ = အတွင်းမှာ စိတ်ပျံ့လွင့်တယ်လို့ ခေါ်ပါတယ်။ ထိတဲ့နေရာရဲ့ အပြင်ဘက်ကို လိုက်ပြီး ကြည့်ခဲ့မယ်ဆိုလျှင်လည်း ဗဟိဒ္ဓဝိက္ခေပ = အပြင်ဘက်မှာ စိတ်ပျံ့လွင့်တယ်လို့ ခေါ်ပါတယ်။ အတွင်းဘက် အပြင်ဘက်တွေမှာ ဒီလို စိတ်တွေက ပျံ့လွင့်နေမယ်ဆိုလျှင်တော့ ဒီအာနာပါနဿတိ သမာဓိဘာဝနာသည် ဘယ်တော့မှ မပြည့်စုံနိုင်ပါဘူး။ (ပဋိသံ၊၁၆၅။ ဝိသုဒ္ဓိ၊၁၊၂၇၂။)

မပြည့်စုံနိုင်တဲ့အတွက် ပြည့်စုံအောင် ထိတဲ့နေရာမှာပဲ ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိဖို့၊ တိုလည်း တိုတဲ့အတိုင်း သိဖို့သာ အဓိက လိုအပ်ပါတယ်။ အဲဒီ အရှည်-အတိုမှာ ဘယ်လောက်ကြာကြာ စိတ်က ငြိမ်သက်နေရမလဲလို့ မေးလျှင်တော့ တစ်နာရီ နှစ်နာရီ သုံးနာရီ စသည်ဖြင့် ငြိမ်နိုင်လျှင်တော့ ပိုကောင်းပါတယ်။ အဲဒီလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ ဆိုလျှင်တော့ ဒီအပိုင်းမှာလည်း အာနာပါနနိမိတ် ပေါ်တတ်တယ်ဆိုပြီးတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာတော့ လာရှိပါတယ်။ (ပဋိသံ၊၁၇၅။ ဝိသုဒ္ဓိ၊၁၊၂၆၄။)

အကယ်၍ တစ်ရက် နှစ်ရက် စသည် ကြာသည့်တိုင်အောင် ထိုင်တိုင်း ထိုင်တိုင်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်နေပါသော်လည်း နိမိတ်က မပေါ် ဖြစ်ခဲ့လျှင်တော့ နောက်တစ်ဆင့် ကူးနိုင်ပါတယ်။ နိမိတ် ပေါ်ခဲ့လျှင်လည်း နောက်တစ်ဆင့် ကူးရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်က ဘာလဲ?


အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်ပါ

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ (ဒီ၊၂၊၂၃၁-၂၃၂။)

သဗ္ဗကာယပဋိသံဝေဒီ = ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ သဗ္ဗကာယပဋိသံဝေဒီ = ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။

ဝင်သက်လေမှာလည်း အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင် ကျင့်ပါ၊ ထွက်သက်လေမှာလည်း အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်ပါ။ ဒါက အစ၊ ဒါက အလယ်၊ ဒါက အဆုံးလို့ ဒီလိုတော့ လိုက်ပြီး မမှတ်ပါနဲ့။ မမှတ်ဘဲ မနေနိုင်လျှင်တော့ ဝင်လေထွက်လေလို့ပဲ မှတ်နေပါ။ ဒါပေမယ့် ဝင်လျှင်လည်း အစ-အဆုံး အကုန်လုံး ထင်ထင်ရှားရှား တောက်လျှောက် သိရမယ်။ ထွက်လျှင်လည်း အစ-အဆုံး အကုန်လုံး ထင်ထင်ရှားရှား တောက်လျှောက် သိရမယ်။ ဘယ်နေရာကနေ သိနေရမှာလဲဆိုလျှင်တော့ ထိတဲ့နေရာကနေ သိရမယ်။ နှာသီးဖျားမှာ ထိမှု ထင်ရှားလျှင် နှာသီးဖျားက စောင့်ကြည့်နေပါ။ အထဲအထိလည်း လိုက်မကြည့်ပါနဲ့၊ အပြင်ဘက်အထိလည်း လိုက်မကြည့်ပါနဲ့။ အထက်နှုတ်ခမ်းဖျားမှာ ထိမှု ထင်ရှားလျှင်လည်း အထက်နှုတ်ခမ်းဖျားကသာ စောင့်ကြည့်နေပါ။ အထဲအထိလည်း လိုက်မကြည့်ပါနဲ့၊ အပြင်ဘက်အထိလည်း လိုက်မကြည့်ပါနဲ့။ အဲဒီ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာ လာလာပြီး ထိနေတဲ့ ဝင်သက်လေကလေး စပြီး ဝင်တာကနေ ဆုံးသွားတဲ့ အထိ၊ ထွက်သက်လေကလေး စထွက်တာကနေ ဆုံးတဲ့အထိ ထင်ထင်ရှားရှား သိအောင်သာ ကြိုးစားပါ။

အဲဒီလို ကြိုးစားလိုက်တဲ့ အချိန်အခါမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ ဒီအပိုင်းမှာလည်း နိမိတ် ပေါ်တတ်ပါတယ်။ သို့သော် နိမိတ် ပေါ်သည်ဖြစ်စေ, မပေါ်သည်ဖြစ်စေ နောက်တစ်ဆင့် တက်ရပါမယ်။ နောက်တစ်ဆင့် ကျင့်ရမှာက ဘာလဲ?


ငြိမ်အောင် = ငြိမ်းအောင် ကျင့်ပါ

ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (ဒီ၊၂၊၂၃၂။)

ကာယသင်္ခါရံ = ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေဟု ခေါ်ဆိုအပ်သော ကာယသင်္ခါရတရားကို။ ပဿမ္ဘယံ ပဿမ္ဘယန္တော = ငြိမ်းစေလျက်။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ ကာယသင်္ခါရံ = ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေဟု ခေါ်ဆိုအပ်သော ကာယသင်္ခါရတရားကို။ ပဿမ္ဘယံ ပဿမ္ဘယန္တော = ငြိမ်းစေလျက်။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။

ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဝင်သက်လေ, ရုန့်ရင်းကြမ်းတမ်းနေတဲ့ ထွက်သက်လေကို သိမ်မွေ့စေရမယ်၊ ငြိမ်သက်စေရမယ်၊ ငြိမ်းစေရမယ်လို့ ဒီလို နှလုံးထားပြီးတော့ အသက်ရှူပါတဲ့။ အားလုံးကို အစဉ်အတိုင်း ပြန်ပြောရမယ်ဆိုလျှင်တော့ ---

၁။ အရှည်ကို သိအောင် ကြိုးစားအားထုတ်ခြင်း။

၂။ အတိုကို သိအောင် ကြိုးစားအားထုတ်ခြင်း။

၃။ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစား အားထုတ်ခြင်း။

၄။ ငြိမ်အောင် = ငြိမ်းအောင် ကျင့်ခြင်း။

ဒီအသက်ရှူပုံ နည်းစနစ်တွေကတော့ သမထစျာန်တွေကို အခြေခံလျက် ဝိပဿနာ ကျင့်သုံးလိုတဲ့ သူတော်ကောင်းများအတွက် အသက်ရှူပုံ နည်းစနစ်ကို မြတ်စွာဘုရားက နောက်ဆုံး သင်ပေးခြင်း ဖြစ်ပါတယ်။

နံပါတ် (၁) အရှည်။

နံပါတ် (၂) အတို။

နံပါတ် (၃) အစ အဆုံး။

နံပါတ် (၄) ငြိမ်သက်အောင် = ငြိမ်းအောင် ကျင့်တယ်။

ပေါင်းလိုက်တော့ ဘယ်နှစ်ဆင့် ရှိသလဲ? (၄)ဆင့်။ အဲဒီ (၄)ဆင့်ကို အစဉ်အတိုင်း ကျင့်ရာကနေ နောက်ဆုံးတော့ တဖြည်းဖြည်း ဝင်သက်လေ ထွက်သက်လေကလေး သိမ်မွေ့စေရမယ်လို့ စိတ်ကို နှလုံးသွင်းထားရမယ်။ သက်သက် သိမ်မွေ့အောင်တော့ မလုပ်ပါနဲ့။ သက်သက် သိမ်မွေ့အောင် တမင်တကာ ကြိုးစားနေလျှင်တော့ အသက်ရှူလို့ မဝ ဖြစ်ပြီး မောလာတတ်ပါတယ်။ သမာဓိလည်း ပျက်သွားတတ်ပါတယ်။

ဒါကြောင့် ပထမဆုံး သတိမြဲနေပြီဆိုလျှင်တော့ အရှည်-အတိုကို သိအောင် ကြိုးစားပါ။ အရှည်-အတိုမှာ သတိက ခိုင်လာပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်း အစ-အဆုံး ကူးနိုင်ပါတယ်။ အဲဒီ အစ-အဆုံးမှာ ထင်ထင်ရှားရှား သိပြီဆိုတာနဲ့ အဲဒီ ဝင်သက်လေ ထွက်သက်လေကလေး ငြိမ်သက်စေရမယ်လို့ နှလုံးထားပြီးတော့ ပုံမှန်သာ အသက်ရှူနေပါ။ ပုံမှန်သာ အသက်ရှူနေမယ်ဆိုလျှင်တော့ ထိုအချိန်အခါမှာ ဘာဖြစ်လာမလဲ? နိမိတ်ပေါ်လာတတ်ပါတယ်။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် လေးကြိမ် ငါးကြိမ် ဆယ်ကြိမ်လောက်အထိ ဆက်တိုက် ငြိမ်လာပြီဆိုလျှင်တော့ များသောအားဖြင့် နိမိတ် ပေါ်တတ်ပါတယ်။


နိမိတ်ပေါ်စ အခြေအနေ

အဲဒီလို နိမိတ်ပေါ်လာတဲ့ အချိန်အခါမှာ ယောဂီတွေမှာ တစ်ဦးနဲ့ တစ်ဦး နိမိတ်ပေါ်ပုံကတော့ မတူကြပါဘူး။ မတူတာကတော့ နိမိတ်မပေါ်မီ အချိန်ကလေးမှာ ဘာဝနာစိတ်ရဲ့ ကွဲပြားမှုကြောင့် မတူဘူးဆိုတာကိုတော့ အဋ္ဌကထာများက ဖွင့်ဆိုထားကြပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေဝ ပဝတ္တသညာနံ နာနာဝိဓဘာဝတော။ (မဟာဋီ၊၁၊၃၃၅။)

ဘာဝနာသညာ ကွဲပြားတဲ့အတွက် နိမိတ်တွေလည်း ကွဲပြားသွားကြပါတယ်။ ဘာဝနာသညာဆိုတာကတော့ နိမိတ်မပေါ်မီ အချိန်ကလေးမှာ ဒီလို နိမိတ်ကလေး ပေါ်လာလျှင်တော့ ကောင်းမယ်၊ ဟိုလို နိမိတ်ကလေး ပေါ်လာ လျှင် ကောင်းမယ် စသည်ဖြင့် မသိမသာ ဖြစ်သွားတဲ့ အမှတ်သညာကလေးတွေ ရှိပါတယ်။ အဲဒီ အမှတ်သညာကလေးတွေရဲ့ ကွဲပြားမှုကြောင့် နိမိတ်တွေ လည်း ကွဲပြားသွားကြပါတယ်။ ဒါကြောင့် တစ်ဦးနဲ့ တစ်ဦး နိမိတ်ချင်း မတူကြခြင်း ဖြစ်ပါတယ်။

သို့သော် ဒီအပိုင်းမှာ ယောဂီက စိတ်မကစားဖို့တော့ လိုအပ်ပါတယ်။ အကယ်၍ စိတ်ကစားနေမယ်ဆိုလျှင်တော့ နိမိတ်တွေက တော်ကြာ တစ်မျိုး၊ တော်ကြာ တစ်မျိုး ဖြစ်ပြီးတော့ နောက်ဆုံးတော့ သမာဓိလည်း မခိုင်ဘဲ ပျက်စီးသွားတတ်ပါတယ်။ နိမိတ်လည်း ခဏခဏ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့်တော့ နိမိတ်က ပေါ်စမှာ မခိုင်တဲ့ ပုဂ္ဂိုလ်က များပါတယ်။ တချို့ ပါရမီ ရင့်သန်နေတဲ့ သူတော်ကောင်းများ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ တစ်ထိုင် နှစ်ထိုင်အတွင်းမှာပဲ ဒီနိမိတ်သည် ခိုင်ခံ့သွားတာလည်း ရှိတတ်ပါတယ်။

နိမိတ်က ပေါ်စဖြစ်လျှင်တော့ မခိုင်ခံ့တဲ့သဘော ရှိတဲ့အတွက် ပကတိ ဝင်သက်လေ ထွက်သက်လေကိုပဲ ကြည့်နေပါ။ အကယ်၍ ဘာဝနာစိတ်က ပေါ်လာတဲ့နိမိတ်မှာ ငြိမ်ဝပ်စွာ သွားပြီး ကပ်နေခဲ့မယ်ဆိုလျှင်တော့ မခွာလိုက်နဲ့တော့။ အဲဒီ နိမိတ်မှာပဲ ဘာဝနာစိတ်ကို ကပ်သာ ထားလိုက်ပါ။ ဘာဝနာစိတ်က နိမိတ်မှာ သွားပြီး ကပ်နေပေမယ့်လည်း အဲဒီ နိမိတ်က အထူးသဖြင့် ထိတဲ့နေရာမှာ ကပ်ပြီး ပေါ်လာမှ ပိုပြီး ခိုင်တဲ့သဘော ရှိပါတယ်။ နိမိတ်က နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားနဲ့ ဝေးတဲ့နေရာမှာ ပေါ်ခဲ့မယ်ဆိုလျှင်တော့ ဘာဝနာစိတ်ကို သွားပြီး ကပ်ကြည့်လိုက်လျှင် မခိုင်တဲ့သဘော ရှိတတ်ပါတယ်။

ဒါကြောင့် ဝင်သက်လေ ထွက်သက်လေ ထိတဲ့နေရာကလေးကနေ စောင့်ပြီးတော့ လေကလေးမှာပဲ စိတ်ကို ကပ်ထားပါ။ လေကလေးအပေါ်မှာ စိတ်ကပ်ထားလိုက်လို့ နိမိတ်ကလည်း တဖြည်းဖြည်း ခိုင်လာပြီဆိုလျှင်တော့ နိမိတ်အပေါ်မှာ ပြောင်းပြီး စိတ်ကပ်လို့ ရပါတယ်။ ဘယ်လောက်အထိ နိမိတ်က ခိုင်ရမလဲလို့ မေးလျှင်တော့ အနည်းဆုံး နာရီဝက်ကျော်ကျော် တစ်နာရီလောက် ခိုင်နေပြီဆိုလျှင်တော့ နိမိတ်မှာ ပြောင်းပြီး စိတ်ကပ်လို့ ရတတ်ပါတယ်။ နိမိတ်မှာ ပြောင်းပြီး စိတ်ကပ်တဲ့အပိုင်းမှာ ပကတိ ဝင်သက်လေ ထွက်သက်လေကို ပြန်မကြည့်ပါနဲ့၊ နိမိတ်ကိုသာ တစ်ဖက်သတ် ကြည့်နေပါ။ ပကတိ ဝင်သက်လေ ထွက်သက်လေကို ကြည့်လိုက်, နိမိတ်ကို ကြည့်လိုက် ပြုလုပ်နေလျှင်တော့ စိတ်က ဟိုပြောင်းလိုက် ဒီပြောင်းလိုက် ဖြစ်နေတဲ့အတွက် သမာဓိမဖြစ်ဘဲ ရှိတတ်ပါတယ်။ ရရှိထားပြီးတဲ့ သမာဓိမှ လည်း လျှောကျသွားတတ်ပါတယ်။


နိမိတ်(၃)မျိုး-သမာဓိ(၃)မျိုး

ဒါကြောင့် ဝင်သက်လေ ထွက်သက်လေအပေါ်မှာ စိတ်ကလေးကို ငြိမ်အောင် ကပ်နေတဲ့ အချိန်အခါမှာလည်း နိမိတ်ကို သွားသွားပြီး ခဏခဏ မကြည့်ပါနဲ့။ နိမိတ်မှာ စိတ်ကပ်နေတဲ့ အချိန်အခါမှာလည်း ဝင်သက်လေ ထွက်သက်လေကို ခဏခဏ ပြန်မကြည့်ပါနဲ့။ နိမိတ်မှာသာ ဘာဝနာစိတ်ကလေးကို ကပ်ထားပါ။ အကယ်၍ နိမိတ်က ပျောက်သွားခဲ့လျှင်တော့ ပကတိ ဝင်သက်လေ ထွက်သက်လေကိုပဲ ပြန်ရှုနေပါ။ အဲဒီနည်းစနစ်ဖြင့် လေ့ကျင့်လိုက်မယ်ဆိုလျှင်တော့ မကြာမီ အချိန်ကာလအတွင်းမှာပဲ နိမိတ်က လည်း ခိုင်ခံ့သွားတတ်ပါတယ်။

နိမိတ်က ပေါ်စမှာ မကြည်ပါဘူး။ မီးခိုးရောင်ကဲ့သို့ အလွန်ကြီး မဖြူသေးတဲ့ နိမိတ်ကို ပရိကမ္မနိမိတ်လို့ ခေါ်ပါတယ်။ သမာဓိမှာ ပရိကမ္မသမာဓိပဲ ဖြစ်ပါတယ်။ ဘာဝနာစိတ်က ယင်းနိမိတ်အပေါ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ခိုင်ခံ့တဲ့အခါမှာ နိမိတ်အပေါ်မှာ ပြောင်းပြီး စိတ်ကပ်လိုက်လို့ နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကလည်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေခဲ့မယ် ဆိုလျှင်တော့ ဒီနိမိတ်သည် ဖြူလာပါလိမ့်မယ်။ ဝါဂွမ်းစိုင်လို ဖြူလာတဲ့နိမိတ်ကိုတော့ ဥဂ္ဂဟနိမိတ် (= ဘာဝနာဉာဏ်နှင့် ပိုင်းခြားယူလို့ရတဲ့ နိမိတ်)လို့ ခေါ်တယ်။ သမာဓိမှာ ပရိကမ္မသမာဓိပဲ ဖြစ်ပါသေးတယ်။

ဝါဂွမ်းစိုင်လို ဖြူလာပြီဆိုလျှင်တော့ အဲဒီ ဖြူလာတဲ့နိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ဆက်ပြီး ကပ်ထားနိုင်မယ်ဆိုလျှင် နိမိတ်သည် သောကြာကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပလာတတ်ပါတယ်။ အလွန် ကြည်လင်တောက်ပတဲ့နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။ သို့သော် များသောအားဖြင့် တချို့မှာ နိမိတ်က ပတ္တမြားရောင်လည်း ဖြစ်တတ်ပါတယ်။ အရောင်ကတော့ တစ်ဦးနဲ့ တစ်ဦး မတူတဲ့သဘောလည်း နည်းနည်းပါးပါး ရှိပါတယ်။ ယေဘုယျအားဖြင့်တော့ အဖြူပေါ်တဲ့ပုဂ္ဂိုလ်က များပါတယ်။


ပထမစျာန်သမာဓိသို့

အဲဒီ နိမိတ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားပြီ၊ နိမိတ်ကလည်း ကြည်လင်တောက်ပလာပြီဆိုလျှင်တော့ ကြည်လင်တောက်ပနေတဲ့ ဒီနိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်တယ်။ မီးခိုးရောင်အဆင့်လောက်မှာ ရှိနေတဲ့ နိမိတ်ကိုတော့ ပရိကမ္မနိမိတ်လို့ ခေါ်ပါတယ်။ ဝါဂွမ်းစိုင်လို ဖြူလာပြီ ဆိုလျှင်တော့ ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်။ သောကြာကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပလာပြီဆိုလျှင်တော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။ အဲဒီ ပဋိဘာဂနိမိတ်အပေါ်မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်အောင် လေ့ကျင့်နိုင်ခဲ့မယ်ဆိုလျှင်တော့ ဥပစာရသမာဓိသို့ ဆိုက်ပြီ ဖြစ်ပါတယ်။ ပဋိဘာဂနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ် မြုပ်ပြီးတော့ ငြိမ်ဝပ်စွာ မလှုပ်မယှက် တည်နေပြီဆိုလျှင်တော့ ဒီလို သမာဓိမျိုးကို အပ္ပနာ (= စျာန်သမာဓိ)လို့ ခေါ်ဆိုပါတယ်။ ငြိမ်ဝပ်နေတဲ့ ရှုနေတဲ့ စိတ်က နှလုံးအိမ် ဟဒယဝတ္ထုအတွင်းမှာ မှီပြီး ဖြစ်နေတဲ့အတွက် ဟဒယဝတ္ထု ရှိရာဘက်ကို လှမ်းပြီး ကြည့်လိုက်တဲ့အခါ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ (၅)ပါးက ထင်ရှားနေတာကို တွေ့နိုင်ပါတယ်။

ဝိတက် = အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော။

ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ခါထပ်ခါ သုံးသပ် ဆင်ခြင်ခြင်းသဘော။

ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။

သုခ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို ချမ်းချမ်း သာသာ ခံစားခြင်းသဘော။

ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော။

ပေါင်းလိုက်တော့ ဒီစျာန်အင်္ဂါ (၅)ပါးက ထင်ရှားနေပါတယ်။ အဲဒီ စျာန်အင်္ဂါ (၅)ပါးကို အနည်းဆုံး နိမိတ်အပေါ်မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီလောက် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေမှသာ ပြန်ပြီး ဆင်ခြင်ပါ။ အားထုတ်စပုဂ္ဂိုလ်သည် စျာန်ကို ဝင်စားမှု များရမယ်၊ စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းရမယ်ဆိုတဲ့ ဒီလို သတ်မှတ်ချက်တော့ ရှိပါတယ်။ ဒါကြောင့် ခဏခဏတော့ မဆင်ခြင်ပါနဲ့။ (ဝိသုဒ္ဓိ၊၁၊၁၄၈။)


စျာန်အင်္ဂါများကို ဆင်ခြင်ပါ

တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဝင်စားမှု စွမ်းအင်တွေက အရှိန် သိပ်ကောင်းလာတဲ့ အချိန်အခါမှာ ဒီစျာန်အင်္ဂါကို ဆင်ခြင်ကြည့်ပါ။ စျာန်အင်္ဂါတွေကို ဆင်ခြင်တဲ့အပိုင်းမှာ ---

၁။ ဘဝင် (= မနောအကြည်ဓာတ်)ကို ဉာဏ်ဖြင့် သိမ်းဆည်းပါ။

၂။ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို လှမ်းပြီး အာရုံယူပါ။

ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံက နှလုံးအိမ်အတွင်းမှာ တည်ရှိတဲ့ ဘဝင်မနောအကြည်ဓာတ် (= မနောဒွါရ)မှာ ထင်လာတဲ့အခါ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်ပါ။ ဆင်ခြင်စမှာ ဉာဏ်က မထက်သေးတဲ့အတွက် တစ်လုံးစီပဲ ဆင်ခြင်ကြည့်ပါ။ ဉာဏ်က ဆင်ခြင်ပါများလို့ တဖြည်းဖြည်း ထက်လာပြီဆိုလျှင်တော့ အဲဒီ စျာန်အင်္ဂါ (၅)ခုလုံးကို ပြိုင်တူ ပေါ်သည်အထိ လေ့ကျင့်ပါ။ ပြိုင်တူ ပေါ်လာပြီဆိုလျှင်တော့ ဝင်စားချင်တဲ့အချိန်မှာ အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ပါ။ ထချင်တဲ့အချိန်မှာလည်း အချိန်မရွေး ထလို့ရအောင် လေ့ကျင့်ပါ။ တစ်နာရီ ဝင်စားချင်လျှင် တစ်နာရီ ဝင်စားလို့ ရအောင်, နှစ်နာရီ ဝင်စားချင်လျှင် နှစ်နာရီ ဝင်စားလို့ရအောင် လေ့ကျင့်ပါ။ ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ အဲဒီ လေ့ကျင့်မှုတွေကို အောင်အောင်မြင်မြင် ဖြစ်ပြီဆိုလျှင်တော့ ဒုတိယစျာန်ကို ကူးနိုင်ပါတယ်။


ဒုတိယစျာန်သို့

ဒုတိယစျာန်ကို ကူးတော့မယ့် ယောဂီပုဂ္ဂိုလ်က ဒီပထမစျာန်သည် နီဝရဏရန်သူနဲ့ နီးကပ်တယ်။ ဒါက အပြစ်တစ်ခု။ ဝိတက်-ဝိစာရတွေကို ပြန်ပြီး ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဝိတက်-ဝိစာရတွေက ကြမ်းတမ်းတယ်။ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကလေးကို တင်တင်ပေးနေရတဲ့ သဘော၊ အာနာပါနပဋိဘာဂနိမိတ်ကို ထပ်ကာထပ်ကာ သုံးသပ်နေရတဲ့ သဘောကလေးကိုက စိတ်ထဲမှာ ကြမ်းတမ်းတဲ့ စိတ်အမူအရာတစ်မျိုး ဖြစ်နေတယ်။ ဘာကြောင့်လဲ?

မိမိက ငြိမ်သက်မှု သမာဓိကို လိုချင်နေတယ်။ ငြိမ်သက်မှု သမာဓိကို အလိုရှိနေတဲ့ သူတော်ကောင်းအဖို့ တင်ပေးနေရတဲ့ သုံးသပ်နေရတဲ့သဘော သည်ပင် စိတ်ရဲ့ ကြမ်းတမ်းနေတဲ့ အမူအရာတစ်မျိုး ဖြစ်နေတယ်။ ဒီလို အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်မပေးနိုင်ဘူးဆိုလျှင် မသုံးသပ်နိုင်ဘူးဆိုလျှင် ဒီစျာန်မှ ချက်ချင်း လျှောကျသွားတော့မယ်။ ဒီလို ဝိတက်-ဝိစာရတို့ရဲ့ ရုန့်ရင်းကြမ်းတမ်းမှုကြောင့် ဒီစျာန်ဟာ ကျိုးပဲ့ ပျက်စီးလွယ်တဲ့သဘောလည်း ရှိနေတယ်။ ဒါကြောင့် ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဒီ ဝိတက်-ဝိစာရကို အလိုမရှိတဲ့ စိတ်ထားဖြင့် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်သာ ကြည့်နေပါ၊ မမှတ်ပါနဲ့။ မှတ်နေလျှင်တော့ ဝိတက်-ဝိစာရက ပြန်ဝင်လာပါလိမ့်မယ်။ ဒီလို နိမိတ်ကို စိုက်ရှုနေတဲ့ အချိန်အခါမှာ ဘာဝနာစိတ်ကလည်း နိမိတ်ထဲမှာ နစ်မြုပ်သွားတတ်ပါတယ်။

အားထုတ်စ ယောဂီများမှာတော့ ယေဘုယျအားဖြင့် ယင်းသို့ အာနာပါနပဋိဘာဂနိမိတ်ထဲမှာ ဘာဝနာစိတ်ကလေး နစ်မြုပ်နေတဲ့အချိန်မှာ သမာဓိ မှာ ပထမစျာန်သမာဓိပဲ ဖြစ်ပါတယ်။ သတိ သမ္ပဇဉ်ဉာဏ်ယှဉ်လျက် ယင်း ပထမစျာန်သမာဓိမှ ထပြီးတော့ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဝိတက်-ဝိစာရတို့ဟာ ရုန့်ရင်းကြမ်းတမ်းတဲ့သဘောအားဖြင့် ထင်လာမယ်။ ပီတိ-သုခ-ဧကဂ္ဂတာတို့ကို ငြိမ်သက် အေးချမ်းတဲ့သဘောအားဖြင့် ထင်လာမယ်။ အဲဒီအခါမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ စျာန်အင်္ဂါတွေကို ပယ်ရှားနိုင်ရေး, သိမ်မွေ့တဲ့ စျာန်အင်္ဂါတွေနှင့် ပြည့်စုံတဲ့ ဒုတိယစျာန်ကို ရရှိရေးဆိုတဲ့ ဦးတည်ချက်နှင့် အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ရှုပါ။ မကြာမီ ယင်းနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ်သွားပါလိမ့်မယ်။ ဝိတက်-ဝိစာရတွေ ပြုတ်သွားတာကိုလည်း ယောဂီက တွေ့ရှိနေပါလိမ့်မယ်။ မမှတ်ဘဲနဲ့ နိမိတ်ကို စိုက်ကြည့်နေ မယ်ဆိုလျှင် ထိုအချိန်အခါမှာ ဝိတက်-ဝိစာရ ပြုတ်သွားပါမယ်။ ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၃)ပါးရှိတဲ့ ဒုတိယစျာန်သို့ ဆိုက်သွားပါလိမ့်မယ်။ အဲဒီ ဒုတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။


တတိယစျာန်သို့

ဒုတိယစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ ဒုတိယစျာန်သည် ပထမစျာန်ဆိုတဲ့ ရန်သူနှင့် နီးကပ်တယ်၊ ပထမစျာန်သို့ အချိန်မရွေး ပြန်ပြီး လျှောကျသွားနိုင်တယ်။ ဒါက အပြစ်တစ်ခု။ အဲဒီ ဒုတိယစျာန်ရဲ့ စျာန်အင်္ဂါ (၃)ပါးထဲမှာ ပီတိကို ပြန်ပြီး ဆင်ခြင်ရပြန်တယ်။ ပီတိသည် စိတ်လှုပ်ရှားမှု တစ်မျိုး ဖြစ်နေတယ်။ အာရုံ တစ်ခုအပေါ်မှာ သိပ်ပြီး နှစ်သက်လာပြီဆိုလျှင် စိတ်ဓာတ်တွေက မငြိမ်သက်ဘဲ လှုပ်ရှားနေတတ်ပါတယ်။ အဲဒီ အချိန်အခါမှာ ဒီပီတိရဲ့ လှုပ်ရှားမှု ကြမ်းတမ်းတဲ့သဘောကလေးကို မြင်အောင် ကြည့်ရပါတယ်၊ အဲဒီ ပီတိကြောင့် ဒုတိယစျာန်မှ အချိန်မရွေး လျှောကျနိုင်တာကိုလည်း မြင်အောင် ကြည့်ရပါတယ်။ ကြည့်ပြီးတဲ့ အချိန်အခါမှာ ပီတိကို အလိုမရှိတဲ့စိတ်ထား, ပိုပြီး ငြိမ်သက်တဲ့ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို အလိုရှိတဲ့ စိတ်ထားကလေးဖြင့် အဲဒီ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။

အားထုတ်စ ယောဂီများမှာတော့ များသောအားဖြင့် ယင်းနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ်သွားတဲ့အခါ ဒုတိယစျာန်သို့ပဲ ပြန်ဆိုက်နေတတ်ပါတယ်။ အဲဒီအခါမှာ သတိ သမ္ပဇဉ်ဉာဏ်ယှဉ်လျက် ဒုတိယစျာန်မှ ထကာ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ ပီတိကို ရုန့်ရင်းကြမ်းတမ်းတဲ့ သဘောအားဖြင့် တွေ့ရပါလိမ့်မယ်။ အဲဒီအခါမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ ပီတိကို ပယ်ရှားနိုင်ရေး, သိမ်မွေ့ ငြိမ်သက်တဲ့ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို ရရှိရေးဆိုတဲ့ ဦးတည်ချက်နဲ့ ကြည်လင်တောက်ပ နေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ရှုနေပါ။ မကြာမီ အချိန်ကာလ အတွင်းမှာ ယင်းနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ် သက်ဝင်သွားပါလိမ့်မယ်။ အဲဒီလို နစ်မြုပ်သွားတဲ့ အချိန်အခါမှာ ပီတိလည်း ပြုတ်သွားတတ်ပါတယ်။ ပီတိ ပြုတ်သွားတာကိုလည်း ယောဂီပုဂ္ဂိုလ်က ကွဲကွဲပြားပြား သိနေတတ်ပါတယ်။ အဲဒီအခါမှာ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးပဲ ကျန်တော့တယ်ဆိုတာကိုလည်း ယောဂီပုဂ္ဂိုလ်က တွေ့နေတတ်ပါတယ်။ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်သို့ ဆိုက်သွား ပါလိမ့်မယ်။ ထိုတတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။


စတုတ္ထစျာန်သို့

တတိယစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့, စတုတ္ထစျာန်သို့ ကူးချင်တဲ့ ယောဂီသူတော်ကောင်းက တတိယစျာန်ရဲ့ အပြစ်ကို မြင်အောင် ကြည့်ရပြန်တယ်။ ဒီတတိယစျာန်သည် ဒုတိယစျာန်ဆိုတဲ့ ရန်သူနဲ့ နီးကပ်တယ်။ ဘာကြောင့်လဲ? တတိယစျာန်သည် အချိန်မရွေး ဒုတိယစျာန်သို့ လျှောကျသွားနိုင်တယ်။ နောက်တစ်ခုက စျာန်အင်္ဂါတွေကို ပြန်ပြီး ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဒီတတိယစျာန်သည် သုခ-ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိတဲ့ စျာန်ဖြစ်တဲ့အတွက် သုခ = ချမ်းသာလာပြီဆိုလျှင်လည်း ချမ်းသာတဲ့ အဲဒီ အာရုံကို အကြောင်းပြုပြီးတော့ စိတ်မှာ နှစ်သက်မြတ်နိုးတတ်တဲ့ တဏှာ ဝင်လာတတ်ပါတယ်။

ဒါကြောင့် သုခသည် ရာဂတည်းဟူသော ရန်သူနှင့် နီးကပ်တယ်ဆိုပြီး သုခရဲ့ ကြမ်းတမ်းနေတဲ့ အပြစ်ကိုလည်း မြင်အောင် ဆင်ခြင်ရပါတယ်။ ဒီသုခကြောင့် ဒီစျာန်မှ အချိန်မရွေး လျှောကျသွားနိုင်တယ်။ ဒီသုခကြောင့် ဒီတတိယစျာန်သည် အားနည်းတဲ့ စျာန်အင်္ဂါရှိတဲ့အတွက် ကျိုးပဲ့ ပျက်စီးလွယ်တဲ့သဘောလည်း ရှိတယ်။ အဲဒီ အပြစ်နှစ်ခုကို ဆင်ခြင်ပြီးတဲ့ အချိန်အခါမှာ ပိုပြီး ငြိမ်သက်နေတဲ့ ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါး ရှိတဲ့ စတုတ္ထစျာန်ကို အလိုရှိတဲ့ စိတ်ကလေးနဲ့ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။

စိုက်ကြည့်နေတဲ့အခါမှာ အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်များအဖို့ များသောအားဖြင့် ဘာဝနာစိတ်က နိမိတ်ထဲမှာ နစ်မြုပ်သက်ဝင်သွားတဲ့ အချိန်အခါမှာ တတိယစျာန်သို့ပဲ ဆိုက်ရောက်သွားတတ်ပါတယ်။ တစ်ဖန် ယင်းစျာန်မှ သတိ သမ္ပဇဉ်ဉာဏ်ယှဉ်ကာ ထလိုက်ပြီးတော့ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ သုခကို ရုန့်ရင်းကြမ်းတမ်းတဲ့သဘောအားဖြင့်, ဥပေက္ခာ-ဧကဂ္ဂတာကို သိမ်မွေ့ အေးချမ်း ငြိမ်သက်တဲ့သဘောအားဖြင့် ထင်လာတတ်ပါတယ်။ အဲဒီအခါမှာ ရုန့်ရင်း ကြမ်းတမ်းတဲ့ စျာန်အင်္ဂါရှိတဲ့ တတိယစျာန်ကို အလိုမရှိတဲ့စိတ်ထား, သိမ်မွေ့ အေးချမ်း ငြိမ်သက်တဲ့ ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ စတုတ္ထစျာန်ကို အလိုရှိတဲ့ စိတ်ထားနဲ့ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ကြည့်နေပါ၊ ရှုနေပါ။

စိုက်ကြည့်နေလိုက်လို့ ဘာဝနာစိတ်က နိမိတ်ထဲမှာ နစ်မြုပ်သက်ဝင်သွားတဲ့အခါမှာ သုခ ပြုတ်သွားပါလိမ့်မယ်။ သုခနေရာမှာ ဥပေက္ခာဝင်လာပြီး ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ စတုတ္ထစျာန်သို့ ဆိုက်ရောက်သွားပါလိမ့်မယ်။ အဲဒီ စတုတ္ထစျာန်အထိ ပေါက်မြောက်ပြီဆိုလျှင်တော့ စတုတ္ထစျာန်ရဲ့ ထူးခြားတဲ့ ဂုဏ်အင်္ဂါတစ်ခုကတော့ အသက်မရှူခြင်းပဲ ဖြစ်ပါ တယ်။ စတုတ္ထစျာန် ဆိုက်သွားပြီဆိုလျှင် အသက် လုံးလုံး မရှူတော့ပါဘူး။ ပိုပြီးတော့လည်း ငြိမ်သက်သွားပါမယ်။ အဲဒီ သိမ်မွေ့ ငြိမ်သက်နေတဲ့ ဒီ စတုတ္ထစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ လေ့ကျင့်လိုက်တဲ့ အချိန်အခါမှာ ဒီစတုတ္ထစျာန်က ဘယ်လိုသဘောရှိသလဲ?

သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ -- (အံ၊၁၊၁၆၄။)

စသည်ဖြင့် မြတ်စွာဘုရားက စတုတ္ထစျာန်ရဲ့ ဂုဏ်အင်္ဂါတွေကို ချီးမွမ်း ထားပါတယ်။ အဲဒီ ချီးမွမ်းထားတဲ့အထဲမှာ ပရိယောဒါတေဆိုတဲ့ စကားလုံးကလေး ပါနေတယ်။ အင်းဝခေတ်အချိန်တုန်းက ထင်ရှားတော်မူခဲ့တဲ့ ရေစကြို ပခန်းဘက်မှာ သီတင်းသုံးတော်မူတဲ့ တောရဆောက်တည်တော်မူတဲ့ ရွှေဥမင်ဆရာတော်ဘုရားဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီ ရွှေဥမင်ဆရာတော်ဘုရားက ပါရာဇိကဏ်အဋ္ဌကထာ အစရှိတဲ့ ဝိနည်းအဋ္ဌကထာကြီးတွေရဲ့ နိဿယတွေလည်း ရေးသားတော်မူခဲ့ပါတယ်။ အဲဒီလို ရေးသားတဲ့အပိုင်းမှာ ပါရာဇိကဏ်အဋ္ဌကထာမှာ ဒီပရိယောဒါတေဆိုတဲ့ စကားလုံးကို ဆရာတော်ဘုရားကြီးက ဘယ်လို ဘာသာပြန်သွားသလဲလို့ မေးလျှင်တော့ --- ပရိယောဒါတေ = ပြိုးပြိုးပြက် တလက်လက် တောက်ပလတ်သော် ဒီလို ဘာသာပြန်သွားတော်မူပါတယ်။

အလားတူပဲ ဘုန်းကြီးတို့ မင်းတုန်းမင်းလက်ထက် မတိုင်မီမှာ ထင်ရှားတော်မူခဲ့တဲ့ ပြည်ဆရာတော်ဘုရားကြီးဆိုတာ ရှိခဲ့ဖူးပါတယ်။ မောင်းထောင်ဇာတိ ဖြစ်ပါတယ်။ ပြည်ဆရာတော်ဘုရားကြီးကလည်း သူ့ရဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိဿယ တတိယတွဲ စာမျက်နှာ (၁၂)မှာ ဒီပရိယောဒါတေဆိုတဲ့ စကားလုံးကို -- ပရိယောဒါတေ = ပြိုးပြိုးပြက် တလက်လက် တောက်ပလတ်သော် ဒီလိုပဲ ဘာသာပြန်သွားတော်မူပါတယ်။ ဒီဘာသာပြန်ဆိုချက်တွေကတော့ အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် နိမိတ္တသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဟောကြားချက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ထို နိမိတ္တသုတ္တန်မှာ မြတ်စွာဘုရားက သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေမှာ ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ အရောင်အလင်း ရှိကြောင်း အတိအကျ ဟောကြားထားတော်မူပါတယ်။ (အံ၊၁၊၂၅၈။ အံ၊ဋ္ဌ၊၂၊၂၂၇။)

ဩဘာသော ဓမ္မောတိ ကာရဏူပစာရေနာဟ၊ (မဟာဋီ၊၂၊၄၂၇။)

ဒီလို ဖွင့်ဆိုထားတဲ့ ဋီကာဆရာတော်များ၏ အယူအဆအရ -- စတုတ္ထစျာန်ကဲ့သို့သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေမှာ အရောင်အလင်း မရှိ၊ သို့သော် အဲဒီ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေက အရောင်အလင်းကိုတော့ ဖြစ်စေနိုင်တယ်လို့ ဆိုလိုပါတယ်။ အကျိုးဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်, ယင်းစိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိ နေတဲ့ တေဇောဓာတ်ကြောင့် ဖြစ်တဲ့ ရုပ်ကလာပ်တွေ ရှိကြတယ်။ အဲဒီ ရုပ်ကလာပ် နှစ်မျိုးမှာ တည်ရှိနေတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ရဲ့ အရောင်အလင်းသာ ဖြစ်ပါတယ်။ အကျိုးဖြစ်တဲ့ ယင်းရုပ်တရားတို့ရဲ့ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်တဲ့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေ မှာ တင်စားပြီးတော့ သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်လို့ တင်စား ကာ ကာရဏူပစာရအားဖြင့် ခေါ်ဆိုခြင်းသာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီစတုတ္ထစျာန်သမာဓိမှာ ပရိယောဒါတေ = ပြိုးပြိုးပြက် တလက်လက် တောက်ပလာပြီဆိုလျှင်တော့ ဘာဆက်လုပ်မလဲ? ကသိုဏ်း ကူးချင်တဲ့ ပုဂ္ဂိုလ်များအတွက် ဒီနေရာမှာ ကူးဖို့ အခွင့်အလမ်းတစ်ခု ဆိုက်လာ ပါတယ်။ ထိုလင်းရောင်ခြည်စွမ်းအားကို ခိုင်ခံ့အောင် လေ့ကျင့်ပြီးတော့ ဒီလင်းရောင်ခြည်စွမ်းအားဖြင့် မိမိရဲ့ ခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ဆံပင်, မွေးညင်း, ခြေသည်း-လက်သည်း, သွား, အရေ စသည်ဖြင့် (၃၂) ကောဋ္ဌာသတွေကို မြင်အောင် ကြည့်ရပါတယ်။


(၃၂) ကောဋ္ဌာသသို့

ပထမတော့ (၅)ခုစီ (၅)ခုစီပဲ ပိုင်း,ပိုင်းပြီးတော့ စိတ်ကလည်း ရွတ်ဆိုပြီး ရှုကြည့်ပါ။ အဲဒီလို ပိုင်း,ပိုင်းပြီး ကြည့်လိုက်လို့ အောင်မြင်မှု ရပြီ၊ (၃၂)ခုလုံး မြင်ပြီဆိုလျှင် ရွတ်ဆိုမှု မပြုတော့ဘဲ ဆံပင်ကနေ ကျင်ငယ်အထိ တိုးလျှိုပေါက် မြင်အောင် စိုက်ကြည့်နေပါ။ ကျင်ငယ်ကနေ ဆံပင်အထိ တိုးလျှိုပေါက် မြင်အောင် အပြန်အားဖြင့်လည်း ကြည့်ပါ။ အဲဒီလို အပြန်ပြန် အလှန်လှန် စုန်-ဆန်ပြီး မြင်အောင် ကြည့်ရပါတယ်။ အိမ်ရှေ့မှာ စိုက်ထားတဲ့ (၃၂)တိုင်သော ခြံတိုင်တွေကို အိမ်ပေါ်ကနေ ထိုင်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ တစ်-နှစ်-သုံး-လေး စသည်ဖြင့် ရေတွက်နေလျှင် ကြာနေလိမ့်မယ်။ မရေတွက်ဘဲနဲ့ လက်ဝဲဘက်ကနေ လက်ယာဘက် ဆုံးတဲ့အထိ၊ လက်ယာဘက်ကနေ လက်ဝဲဘက် ဆုံးတဲ့အထိ တန်းပြီး တစ်ခုပြီးတစ်ခု ကြည့်သွားလျှင် ပိုပြီး မြန်ပါတယ်။ အဲဒီပုံစံအတိုင်းပဲ ခပ်မြန်မြန် ကြည့်ရပါတယ်။

ကြည့်လိုက်လို့ သွက်လာပြီဆိုလျှင်တော့ ဗဟိဒ္ဓ ရှေ့တည့်တည့်မှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့ ဆံပင်ကနေ ကျင်ငယ်၊ ကျင်ငယ်ကနေ ဆံပင်အထိ ခပ်သွက်သွက် ရှုကြည့်ပါ။ ဗဟိဒ္ဓမှာ အောင်မြင်ပြီဆိုလျှင် မိမိ အဇ္ဈတ္တမှာ ပြန်ရှုပါ။ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်-သတ္တဝါတွေကို ရှုပြီးတဲ့ အချိန် အခါမှာ အလင်းကို ဖြန့်ကြက်ပြီးတော့ တဖြည်းဖြည်း လွှတ်ကြည့်ပါ။ အလင်းထွက်သွားတဲ့ လမ်းထဲမှာ တွေ့နေရတဲ့ လူတွေ, ကျွဲတွေ, နွားတွေ, ခွေးတွေ, ဝက်တွေ, ကြက်တွေ, ငှက်တွေ တိရစ္ဆာန်တွေ အားလုံးကိုလည်း လိုက်ရှုနိုင်ပါတယ်။ အဲဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ အရပ် (၁၀)မျက်နှာ ဖြန့်ချင်တိုင်း ဖြန့်ကြည့်ပါ။ ခပ်ဝေးဝေးအထိ ဖြန့်နိုင်လေ ပိုကောင်းလေပဲ။ အဲဒီလို ရှုလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ ကသိုဏ်း ကူးလို့ ရနိုင်ပါတယ်။

အဖြူရောင်ကသိုဏ်းသို့

(၃၂)ကောဋ္ဌာသကနေ ကသိုဏ်းကို ကူးတဲ့အပိုင်းမှာ ယောဂီ တော်တော်ခပ်များများကို သုတေသန ပြုကြည့်လိုက်တဲ့အခါမှာ လွယ်ကူတဲ့သဘော ရှိပါတယ်။ နမူနာအားဖြင့် ပြောရမယ်ဆိုလျှင်တော့ ဒီကသိုဏ်းတွေထဲမှာ အဖြူရောင်ကသိုဏ်းကို ဘုရားရှင်က အထွတ်အမြတ်ထားပြီး ဟောကြားထားတော်မူတဲ့အတွက် (အံ၊၃၊၃၀၆။ ပထမကောသလသုတ်) များသောအားဖြင့် ဘုန်းကြီးတို့လည်း အဖြူရောင်ကသိုဏ်းကိုပဲ စပြီး သင်ပေးတာက များပါတယ်။

ဒီလို ကသိုဏ်းကူးတဲ့အပိုင်းမှာ ဗဟိဒ္ဓအရိုးကနေ စပြီး ကူးတယ် ဆိုကြပါစို့။ (၃၂)ကောဋ္ဌာသကို အဝါးဝစွာ ရှုနိုင်တဲ့ ယောဂီသူတော်ကောင်းက မိမိရဲ့ ရှေ့တည့်တည့်မှာ ရှိနေတဲ့ ယောဂီသူတော်ကောင်း တစ်ဦးရဲ့ ဦးခေါင်းခွံ အရိုးလောက်ကို ဖမ်းစိုက်ကြည့်ပါ။ တစ်ကိုယ်လုံး ခြုံပြီး ရှုလို့ရလျှင်လည်း ခြုံရှုကြည့်ပါ။ ကြိုက်သလို ရွေးချယ်ခွင့် ရှိပါတယ်။ ခြုံရှုလို့ မကောင်းဘူး၊ ဦးခေါင်းခွံလောက်ပဲ ရှုလို့ ပိုကောင်းတယ်ဆိုလျှင်လည်း ဦးခေါင်းခွံလောက်ကိုပဲ စိုက်ပြီးတော့ ခေါင်းခွံရဲ့ ဖြူနေတဲ့သဘောကို အာရုံယူပြီးတော့ အဖြူ အဖြူလို့ ရှုပါ။ အဲဒီ အချိန်အခါမှာ ဦးခေါင်းခွံအရိုးတွေ အားလုံး ပျောက်ပြီးတော့ အရိုးက အဖြူရောင်အဝန်းအဝိုင်း ဖြစ်လာပါလိမ့်မယ်။

အဲဒီ အဖြူအဝန်းအဝိုင်းကို အဖြူ အဖြူလို့ ဆက်ပြီး ရှုလိုက်လျှင် အလွန် ကြည်လင်တောက်ပလာပါလိမ့်မယ်။ အလွန် ကြည်လင်တောက်ပနေတဲ့ အဲဒီ အဖြူမှာ တစ်နာရီ နှစ်နာရီလောက် စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားပါ။ ပါရမီရှိနေတဲ့ သူတော်ကောင်းတွေမှာတော့ အဲဒီ အဖြူအဝန်းအဝိုင်းကို မဖြန့်ကြက်ဘဲနဲ့ အလိုလို ပြန့်သွားတာကို တွေ့ရတတ်ပါတယ်။ ပါရမီက ဝေးနေမယ် သို့မဟုတ် နုံ့နေမယ်ဆိုလျှင်တော့ အဲဒီ အဖြူအဝန်းအဝိုင်းသည် အဝိုင်းအတိုင်းပဲ တည်နေတတ်ပါတယ်။ အဲဒီ ကြည်လင်တောက်ပနေတဲ့ အဖြူအဝန်းအဝိုင်းမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ ထိုအဖြူ အဝန်းအဝိုင်းကို သုံးလက်မ ပြန့်ပါစေလို့ အဝန်းအဝိုင်းအတိုင်း ပြန့်သွားအောင် ဖြန့်ကြက်ကြည့်ပါ။ ဖြန့်ကြက်လိုက်လို့ အောင်မြင်မှု ရခဲ့လျှင်တော့ နောက်ထပ်လည်း သုံးလက်မ ထပ်ပြီး ဖြန့်ကြည့်ပါ။ အဖြူ အဖြူလို့ပဲ ရှုနေပါ။

ကသိုဏ်းဝန်းက ပြန့်သွားလို့ လှုပ်သွားခဲ့လျှင် ငြိမ်သွားအောင် ပြန်ပြီး ရှုနေပါ။ ငြိမ်သွားပြီဆိုလျှင် နောက်ထပ် ထပ်ပြီး ဖြန့်ကြည့်ပါ။ အဲဒီလို တဖြည်းဖြည်း ဖြန့်ကြက်လိုက်လို့ တဖြည်းဖြည်း ပြန့်လာပြီဆိုလျှင်တော့ တစ်ပေ ပြန့်ပါစေ, နှစ်ပေ ပြန့်ပါစေ စသည်ဖြင့် တဖြည်းဖြည်း ပြန့်သွားအောင် ဖြန့်ကြက်ပြီး ရှုရပါတယ်။ ပြန့်သွားအောင် ဖြန့်ကြက်ရှုလိုက်လို့ အရပ် (၁၀)မျက်နှာ ကြည့်လိုက်တိုင်း အားလုံး ဖြူနေပြီ၊ မိမိ ခန္ဓာကိုယ်ကို ကြည့်လိုက်လည်း အားလုံး ဖြူသွားပြီဆိုလျှင်တော့ အဲဒီ အဖြူမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။

ဖြူနေတဲ့ နံရံတစ်ခုမှာ ဦးထုပ်ကလေးတစ်လုံးကို ချိတ်ဆွဲထားသလို အဲဒီဖြူနေတဲ့ မိမိ ကြိုက်နှစ်သက်တဲ့ တစ်နေရာမှာ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားအောင် ကြိုးစားကြည့်ပါ။ မိမိ ကြိုက်နှစ်သက်တဲ့ နေရာမှာ ကပ်ထားလိုက်လို့ ဘာဝနာစိတ်ကလည်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ၊ ကသိုဏ်းဝန်းကလည်း အလွန် ကြည်လင်တောက်ပလာပြီဆိုလျှင် တော့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ကသိုဏ်းဝန်းထဲမှာ နစ်မြုပ်နေပြီဆိုလျှင်တော့ ဒီလို နစ်မြုပ်နေတဲ့ သမာဓိကို စျာန်သမာဓိလို့ ခေါ်ပါတယ်။ ထိုအချိန်အခါမှာ စျာန်အင်္ဂါတွေလည်း ထင်ရှားလာပါလိမ့်မယ်။

ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၅)ပါး ထင်ရှားလာလျှင်တော့ ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ လေ့ကျင့်ခန်းတွေက အောင်မြင်မှု ရလာတဲ့အချိန်အခါမှာ ဒုတိယစျာန်သို့ ကူးချင်တဲ့ ယောဂီပုဂ္ဂိုလ်က ဝိတက်-ဝိစာရ ပြုတ်ချင်တဲ့ စိတ်ထားနဲ့ အဲဒီ အဖြူရောင်ကသိုဏ်းနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။ မကြာမီ ယင်းနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ်သွားပါလိမ့်မယ်။ ဝိတက်-ဝိစာရတွေ ပြုတ်သွားတာကိုလည်း ယောဂီက တွေ့ရှိနေပါလိမ့်မယ်။ ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၃)ပါးရှိတဲ့ ဒုတိယစျာန်သို့ ဆိုက်သွားပါလိမ့်မယ်။ အဲဒီ ဒုတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။

ဒုတိယစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတော့ ပီတိကို အလိုမရှိတဲ့ စိတ်ထား, ပိုပြီး ငြိမ်သက်နေတဲ့ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို အလိုရှိတဲ့ စိတ်ထားကလေးဖြင့် အဲဒီ အဖြူရောင်ကသိုဏ်းနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။ မကြာမီ ယင်းနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ်သွားပါလိမ့်မယ်။ ပီတိ ပြုတ်သွားတာကိုလည်း ယောဂီ ပုဂ္ဂိုလ်က တွေ့ရှိနေပါလိမ့်မယ်။ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို ဆိုက်သွားပါလိမ့်မယ်။

အဲဒီ တတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့် ပြီးတဲ့အခါမှာ သုခရဲ့ ကြမ်းတမ်းနေတဲ့ အပြစ်ကိုလည်း မြင်အောင် ဆင်ခြင်ပြီးတော့ ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိတဲ့ စတုတ္ထစျာန်ကို အလိုရှိတဲ့ စိတ်ကလေးနဲ့ အဖြူရောင်ကသိုဏ်းနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။ စိုက်ကြည့်နေလိုက်လို့ ဘာဝနာစိတ်က နိမိတ်ထဲမှာ နစ်မြုပ် သက်ဝင်သွားတဲ့ အခါမှာ သုခ ပြုတ်သွားပါလိမ့်မယ်။ ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ စတုတ္ထစျာန်သို့ ဆိုက်ရောက်သွားပါလိမ့်မယ်။ အဲဒီ အဖြူရောင်ကသိုဏ်းမှာ စတုတ္ထစျာန်ကို ပေါက်သွားပြီဆိုလျှင်တော့ ကျန်တဲ့ ကသိုဏ်းတွေကို ပြောင်းနိုင်ပါတယ်။

---

အညိုရောင်ကသိုဏ်း

အညိုရောင်ကသိုဏ်းကို ပြောင်းရှုတယ်ဆိုကြစို့၊ မိမိရဲ့ ရှေ့တည့်တည့်မှာ ရှိနေတဲ့ ယောဂီသူတော်ကောင်းရဲ့ ဆံပင်ကဲ့သို့ ညိုနေတဲ့ ကောဋ္ဌာသ တစ်ခုကို အာရုံယူပြီးတော့ အညို အညိုလို့ ရှုနေပါ။ ဆံပင်တွေ ပျောက်ပြီးတော့ အညိုရောင်ကသိုဏ်း အဝန်းအဝိုင်း ပေါ်လာပါလိမ့်မယ်။ အညိုရောင်ကသိုဏ်း အဝန်းအဝိုင်း ဖြစ်လာပြီဆိုလျှင်တော့ ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ကြိုးစားပြီးတော့ ထိုအဝန်းအဝိုင်းကို အရပ် (၁၀) မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီးတော့ ဆက်လက် ကြိုးစားမယ်ဆိုလျှင်လည်း ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တွေကို အစဉ်အတိုင်း ပေါက်မြောက်နိုင်ပါတယ်။ နောက်တစ်ခုက ---

---

အဝါရောင်ကသိုဏ်း

အဝါရောင်ကသိုဏ်းကို ပြောင်းရှုတော့မယ်ဆိုကြစို့၊ မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီသူတော်ကောင်းရဲ့ ကျင်ငယ် သို့မဟုတ် အဆီခဲကဲ့သို့ ဝါနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့ အဝါ အဝါလို့ ရှုနေပါ။ အဲဒီ ကျင်ငယ် သို့မဟုတ် အဆီခဲတွေ ပျောက်ပြီးတော့ အဝါရောင်ကသိုဏ်း အဝန်းအဝိုင်းအတိုင်း ပေါ်လာပါလိမ့်မယ်။ ကသိုဏ်းဝန်း ပေါ်လာလျှင်လည်း ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာတိုင်အောင် ပြန့်အောင် ဖြန့်ကြက်ပြီးတော့ စတုတ္ထစျာန်အထိ ပေါက်မြောက်အောင် ကြိုးစားလို့ လွယ်ကူသွားပါတယ်။

---

အနီရောင်ကသိုဏ်း

နီလကသိုဏ်း = အညိုရောင်ကသိုဏ်း၊ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်းတွေကို ရှုလို့ အောင်မြင်ပြီဆိုလျှင် နောက်တစ်ခု လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်းကို ရှုတော့မယ့် ယောဂီပုဂ္ဂိုလ်က မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီရဲ့ သွေးကဲ့သို့ နီနေတဲ့ ကောဋ္ဌာသ တစ်ခုကို အာရုံယူ ရှုကြည့်ပါ။ များသောအားဖြင့် သွေးတွေက နှလုံးပတ်ဝန်းကျင်, အသည်းပတ်ဝန်းကျင်တွေမှာ အိုင်နေတတ်ပါတယ်။ အဲဒီသွေးကို အာရုံယူပြီး ရှုလိုကလည်း ရှုနိုင်ပါတယ်။ သို့မဟုတ် အဲဒီ ယောဂီရဲ့ နှလုံးအိမ်အတွင်းမှာ တည်နေတဲ့ သွေးကို အာရုံယူပြီး ရှုလိုကလည်း ရှုနိုင်ပါတယ်။

အဲဒီ သွေးရဲ့ နီမြန်းနေတဲ့သဘောကို အာရုံယူပြီးတော့ အနီ အနီလို့ ရှုနေပါ။ အနီရောင်ကသိုဏ်းအဖြစ်နဲ့ ရှုလိုက်တဲ့ အချိန်အခါမှာ သွေးတွေ ပျောက်ပြီးတော့ ဘာပေါ်လာမလဲ? အနီရောင် အဝန်းအဝိုင်း ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ ကသိုဏ်းဝန်းမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီ ဆိုလျှင်တော့ အဲဒီ အနီရောင်အဝန်းအဝိုင်းကိုလည်း အရပ် (၁၀)မျက်နှာ ပြန့်သည့်တိုင်အောင် ဖြန့်ကြက်ပြီးတော့ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တွေ ပေါက်မြောက်အောင် ရှုလို့ ရပါတယ်။ ပေါင်းလိုက်တော့ ကသိုဏ်း ဘယ်နှစ်ခု ရသွားပြီလဲ? နီလကသိုဏ်း = အညိုရောင်ကသိုဏ်း၊ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း၊ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း၊ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းဆိုပြီး လေးခု ရသွားပြီ။

---

ပထဝီကသိုဏ်း

အဲဒီ ကသိုဏ်းလေးခုလုံး ပေါက်မြောက်အောင် အားထုတ်ပြီးတဲ့ ယောဂီပုဂ္ဂိုလ်က မိမိ ကြိုက်နှစ်သက်တဲ့ မနီလွန်း မမည်းလွန်းတဲ့ မြေကြီး တစ်နေရာကို ရွေးချယ်လိုက်ပါ။ အဲဒီ မြေကြီးတစ်နေရာကို တုတ်ကလေး တစ်ချောင်းနဲ့ဖြစ်စေ ဝိုင်းပြီးတော့ အဝိုင်းအတွင်းမှ မြက်ပင်တွေ ခဲလုံးတွေကို ဖယ်ရှားပစ်ပါ။ အဝိုင်းအတွင်းမှာ မြေကလေးကို ညီအောင် ညှိပြီးတော့ အဲဒီ မြေအဝန်းအဝိုင်းကိုပဲ မျက်လုံး ဖွင့်ကြည့်ပြီးတော့ ကသိုဏ်းနိမိတ် ယူကြည့်ပါ။ မြေ မြေလို့ပဲ ပွားပါ။ ထိုမြေရဲ့ မာတဲ့သဘောကို လှမ်းပြီးတော့ အာရုံ မယူပါနဲ့။ မာတဲ့သဘောကို လှမ်းပြီး အာရုံယူလိုက်မယ်ဆိုလျှင်တော့ ခန္ဓာကိုယ်ကြီး တစ်ခုလုံး မာသွားတတ်ပါတယ်။ မာတဲ့သဘောကို အာရုံမယူဘဲ မြေဆိုတဲ့ ပညတ်အပေါ်မှာသာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။

အဲဒီ မြေအဝန်းအဝိုင်း အာရုံအပေါ်မှာ မျက်လုံးကို ဖွင့်ကြည့်လိုက် မှိတ်ကြည့်လိုက်နဲ့ ကြိမ်ဖန်များစွာ ရှုကြည့်ရပါတယ်။ အဲဒီလို ရှုကြည့်လိုက်တဲ့ အချိန်အခါမှာ မကြာမီ မျက်စိမှိတ်ပြီး ကြည့်လိုက်တဲ့အခါမှာ ပထဝီကသိုဏ်းဝန်း ပေါ်လာပါလိမ့်မယ်။ အကယ်၍ မပေါ်ဖြစ်ခဲ့လျှင် မိမိ ရပြီးတဲ့ ကသိုဏ်း တစ်ခုခုကို ပြန်ပြီးတော့ သမာဓိ ထူထောင်ရပါတယ်။

သမာဓိ ထူထောင်ပြီးတဲ့ အချိန်အခါမှာ ထိုသမာဓိမှ ထပြီးတော့ မျက်လုံး ဖွင့်ပြီး မြေအဝန်းအဝိုင်းနိမိတ်ကို ကြည့်ပါ။ မျက်စိ ဖွင့်ကြည့်လိုက် မှိတ်ကြည့်လိုက်နဲ့ ရှုကြည့်လိုက်လို့ မှိတ်ရှုလိုက်တဲ့ အချိန်အခါမှာလည်း အဲဒီ နိမိတ်က ပကတိအတိုင်း ထင်လာပါလိမ့်မယ်။ ကသိုဏ်းဝန်း ထင်လာပြီဆိုလျှင်တော့ မိမိ ကြိုက်နှစ်သက်တဲ့ တစ်နေရာမှာ သွားပြီး နှလုံးသွင်း ရှုပွားရပါတယ်။ အဲဒီ မြေကသိုဏ်းဝန်းကိုပဲ ပြန်အာရုံယူပြီးတော့ မြေ မြေလို့ပဲ ပွားနေပါ။ အဲဒီ နိမိတ်က အကယ်၍ ပျောက်သွားခဲ့မယ်ဆိုလျှင်တော့ မိမိ ရပြီးတဲ့ ကသိုဏ်း (၄)မျိုးထဲက ကြိုက်နှစ်သက်တဲ့ ကသိုဏ်းတစ်ခုခုဖြင့် သမာဓိ ပြန်ထူထောင်ပါ။ သမာဓိ ထူထောင်ပြီး လင်းရောင်ခြည်စွမ်းအားတွေ ကောင်းတဲ့အခါမှာ ထိုအလင်းရောင်ဖြင့် မိမိ ကြည့်ခဲ့ဖူးတဲ့ ဒီမြေအဝိုင်းကလေးကိုပဲ ပြန်ပြီး ထိုးစိုက်ကြည့်ပါ။ အဲဒီလို ကြည့်နိုင်မယ်ဆိုလျှင်တော့ ဒီနိမိတ်ကလည်း ပြန်ပြီး ပေါ်လာတတ်ပါတယ်။

သို့သော် ဘုန်းကြီး သုတေသန ပြုလုပ်ကြည့်တဲ့အခါမှာ ဒီလောက်အထိ အခက်အခဲရှိတဲ့ ယောဂီကတော့ နည်းပါးပါတယ်။ ပထမ ကသိုဏ်း (၄)ခုလောက်မှာ အောင်မြင်မှုရပြီဆိုလျှင်တော့ မြေကသိုဏ်းမှာ လွယ်ကူသွားတဲ့ ယောဂီတွေက များကြပါတယ်။ အဲဒီ မြေအဝန်းအဝိုင်းအတိုင်း ပေါ်လာပြီ ဆိုလျှင်လည်း ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ပြန့်အောင် ဖြန့်ကြက်ရပါတယ်။ ဘယ်အခါမှာလဲ? ဒီနိမိတ်က ကြည်လင်တောက်ပပြီး သန့်ရှင်းလာတဲ့အခါမှာ ဖြန့်ကြက်ရပါတယ်။ အရပ် (၁၀)မျက်နှာတိုင်အောင် ဒီမြေအဝန်းအဝိုင်းကို ဖြန့်ကြက်လိုက်လို့ အရပ် (၁၀)မျက်နှာအထိ ပြန့်သွားတဲ့အခါ အဲဒီ ဖြန့်ပြီးတဲ့ ကသိုဏ်းဝန်းရဲ့ မိမိ ကြိုက်နှစ်သက်တဲ့ တစ်နေရာကို အာရုံယူပြီးတော့ မြေ မြေလို့ ရှုရပါတယ်။ ဒီမြေကသိုဏ်းမှာလည်း စတုတ္ထစျာန်ပေါက်အောင် ရှုပြီးတဲ့အခါ ဝသီဘော် (၅)တန် နိုင်နင်းအောင်တော့ လေ့ကျင့်ရပါတယ်။

---

အာပေါကသိုဏ်း

မြေကသိုဏ်းဖြင့် စတုတ္ထစျာန်ပေါက်အောင် အောင်မြင်မှု ရထားတဲ့ ယောဂီသူတော်ကောင်းအဖို့ သံလွင်မြစ်တို့လို မြစ်ထဲမှာ စီးနေတဲ့ ရေတွေကို မြစ်ကမ်းတစ်နေရာကနေ လှမ်းကြည့်ပြီးတော့ ရေကသိုဏ်းအဖြစ် ရှုလို့ ရပါတယ်။ မိမိ ကြိုက်သလိုသာ ကြည့်ပါ။ ကြည့်တဲ့အချိန်အခါမှာ ရေရဲ့ အေးတဲ့ သဘောကိုတော့ သွားပြီး အာရုံမယူပါနဲ့။ တစ်ကိုယ်လုံး ချမ်းလာတတ်ပါတယ်။ အဲဒီ ရေရဲ့ ပညတ်သဘောကိုပဲ အာရုံယူပြီး ရှုနိုင်မယ်ဆိုလျှင်တော့ ထိုအချိန်အခါမှာ လွယ်ကူနေပါလိမ့်မယ်။

ဒီဇာတ်တော်မှာတော့ ဟတ္ထိပါလသတို့သားဟာ ဂင်္ဂါမြစ်ရေကို ကြည့်ပြီးတော့ ရေကသိုဏ်းအဖြစ်နဲ့ လှမ်းရှုလိုက်တဲ့ အချိန်အခါမှာ လွယ်လွယ်ကူကူနဲ့ပဲ စျာန်တွေ ရရှိသွားပါတယ်။ အဲဒီပုံစံအတိုင်းပဲ ဒီနေရာမှာလည်း လွယ်လွယ်ကူကူနဲ့ စျာန်တွေကို ရရှိနိုင်ပါတယ်။ အခက်အခဲ ရှိခဲ့မယ်ဆိုလျှင်တော့ ရေတွင်းထဲက ရေကိုပဲဖြစ်စေ, သို့မဟုတ် အင်တုံတစ်ခုထဲမှာ ထည့်ထားတဲ့ ရေကိုပဲဖြစ်စေ ရေနိမိတ်အာရုံယူပြီးတော့လည်း ရှုနိုင်ပါတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ယင်းရေနိမိတ်အာရုံက ကသိုဏ်းဝန်း ဖြစ်လာပြီဆိုလျှင်တော့ ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစား ရပါတယ်။ ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်လည်း အဲဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ရပါတယ်။ ဒီရေကသိုဏ်းကို အာရုံယူပြီးတော့ စတုတ္ထစျာန်အထိ ပေါက်မြောက်အောင် အားထုတ်ပြီးတဲ့ အခါမှာလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ပြန်ပြီးတော့ လေ့ကျင့်ရပါတယ်။ နောက်တစ်ခု ---

---

တေဇောကသိုဏ်း

မီးကသိုဏ်း ရှုချင်တဲ့ပုဂ္ဂိုလ်က တစ်ချိန်တုန်းက တောမီးလောင်ဖူးတာတွေ, အိမ်ကို မီးလောင်ဖူးတာတွေ, ကြီးကြီးကျယ်ကျယ် မီးလောင်ဖူးတာတွေကို မြင်ဖူးလျှင်လည်း အဲဒီမီးကို ပြန်ပြီး အာရုံယူ ရှုပွားလို့ ရပါတယ်။ ဘယ်လို ရှုပွားမလဲလို့ မေးလျှင်တော့ မိမိ ရထားပြီးတဲ့ သမာဓိတစ်ခုခုကို ပြန်ပြီး ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်တွေက အားကောင်းလာတဲ့ အချိန်အခါမှာ မိမိ မြင်ဖူးတဲ့ မီးလောင်နေတဲ့ ရှုခင်းကို ပြန်ပြီး အာရုံယူ ထိုးစိုက်ပြီး ရှုကြည့်ပါ။

အဲဒီလို ရှုကြည့်လို့မှ မအောင်မြင်လျှင်တော့ လောလောဆယ် မီးဖိုမှာ ရှိတဲ့ မီးကို သွားပြီး ကြည့်ပါ။ အပေါ်မှာ တက်နေတဲ့ မီးညွန့်ရဲ့ မည်းနေတဲ့ အရောင်တွေကို မကြည့်ပါနဲ့။ အောက်က ထင်းတွေကိုလည်း မကြည့်ပါနဲ့။ အလယ်ခေါင် နီနေတဲ့အပိုင်းလောက်ကိုသာ ကြည့်ပါ။ အဲဒီမီးရဲ့ ပူတဲ့သဘော ကိုလည်း အာရုံမယူပါနဲ့။ ပူတဲ့သဘောကို သွားပြီး အာရုံယူလိုက်လျှင် တစ်ကိုယ်လုံး ပူပြီးတော့ မခံနိုင် ဖြစ်လာတတ်ပါတယ်။ အဲဒီမီးကို အာရုံယူပြီးတော့ မီး မီးလို့ ပညတ်အနေနဲ့ပဲ ရှုရပါတယ်။ ရှုလိုက်လို့ အဝန်းအဝိုင်း ဖြစ်လာပြီ ဆိုလျှင်တော့ ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီကသိုဏ်းဝန်းကိုလည်း အရပ် (၁၀)မျက်နှာ ပြန့်အောင် ဖြန့်ကြက်ပြီးတော့ စတုတ္ထစျာန်ပေါက်အောင်ပဲ ရှုရပါတယ်။ ဝသီဘော် (၅)တန် နိုင်နင်းအောင်လည်း ဆက်ပြီး လေ့ကျင့်ရပါတယ်။ နောက်တစ်ခု ---

---

ဝါယောကသိုဏ်း

ဝါယောကသိုဏ်း ရှုချင်တဲ့ပုဂ္ဂိုလ်က မိမိ တရားထိုင်နေတဲ့ အချိန်အခါမှာ မိမိရဲ့ ပါးပြင် သို့မဟုတ် ခန္ဓာအိမ်မှာ လာတိုက်ခတ်နေတဲ့ လေကို အာရုံယူပြီးတော့လည်း ရှုနိုင်တယ်။ အဲဒီလို ရှုလို့ အခက်အခဲတွေ ရှိနေခဲ့မယ် ဆိုလျှင်တော့ မိမိ ရထားပြီးတဲ့ သမာဓိတစ်ခုခုကို ပြန်ပြီး ထူထောင်ပါ။ ထူထောင်ပြီးတဲ့ အချိန်အခါမှာ သစ်ပင်တွေမှာ တိုက်ခတ်နေတဲ့ လေကို အာရုံယူ ပြီး ရှုကြည့်ပါ။ လေဆိုတဲ့နိမိတ် ပေါ်လာတတ်ပါတယ်။ နိမိတ်ပေါ်လာပြီ ဆိုလျှင်လည်း ဘာဝနာစိတ်ကို အဲဒီ လေနိမိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီ ဆိုလျှင်တော့ အဲဒီကသိုဏ်းဝန်းနိမိတ်ကို အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ပြီးတော့ ဒီလေကသိုဏ်းမှာလည်း စတုတ္ထစျာန်ပေါက်အောင်ပဲ ရှုရပါတယ်။ ဝသီဘော် (၅)တန် နိုင်နင်းအောင်လည်း ဆက်ပြီး လေ့ကျင့်ရပါတယ်။

ပေါင်းလိုက်တော့ ကသိုဏ်း ဘယ်နှစ်ပါး ဖြစ်သွားပြီလဲ? ပထဝီကသိုဏ်း, အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်း, နီလကသိုဏ်း, ပီတကသိုဏ်း, လောဟိတကသိုဏ်း, ဩဒါတကသိုဏ်း။ ပေါင်းလိုက်တော့ အားလုံး ကသိုဏ် (၈)ပါး ဖြစ်သွားပြီ။

---

အာလောကကသိုဏ်း

နောက်ထပ် အာလောကကသိုဏ်းနဲ့ အာကာသကသိုဏ်း (၂)ခုတော့ ကျန်သေးတယ်။ သို့သော် တချို့တချို့ အဘိညာဏ်တွေနဲ့ အလွန်ကြီး မပတ်သက်ဘူး။ မပတ်သက်ပေမယ့်လည်း ရှုထားဖို့ရန် အဋ္ဌကထာက ညွှန်ကြား ထားပါတယ်။ အဲဒီ ကသိုဏ်း (၂)ခုက ဘယ်လို ရှုရမလဲ? အာလောကကသိုဏ်းကတော့ မီးချောင်းတို့လို, မီးလုံးတို့လို အရောင်အလင်း တစ်ခုကို အာရုံယူပြီး ရှုလို့ ရပါတယ်။ နေရောင်, လရောင်တွေကို အာရုံယူပြီး ရှုလို့လည်း ရပါတယ်။ အရောင်သက်သက်ကိုပဲ နှလုံးသွင်း ရှုပွားရပါတယ်။ အဲဒီလို နှလုံးသွင်း ရှုပွားလိုက်လို့ အရောင် ပေါ်လာပြီဆိုလျှင်တော့ ဘာဝနာစိတ်ကို အဲဒီ အရောင်နိမိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီ အရောင်နိမိတ်ကို အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီးတော့ စတုတ္ထစျာန် ပေါက်အောင် ရှုလို့ ရပါတယ်။ နောက်တစ်ခုက ---

---

အာကာသကသိုဏ်း

အာကာသကသိုဏ်းကို ရှုချင်တယ်ဆိုလျှင်တော့ ပြူတင်းပေါက်တို့လို အပေါက်မျိုးမှာ ရှုလို့ ရပါတယ်။ အကယ်၍ အခက်အခဲ ရှိခဲ့လျှင်တော့ ဥပမာ အပေါက်ဝိုင်းကလေးတစ်ခု ဖောက်ထားတဲ့ ဇလုံပေါက်ကလေးကို ကောင်းကင်ဘက်ကို လှည့်ပြီးတော့ ကောင်းကင်မှာလည်း သစ်ပင်တွေ, သစ်ခက်တွေ, မိုးရိပ်တွေ မထင်နိုင်တဲ့ ကောင်းကင်ပြင်ဘက် လှည့်ပြီးတော့ အပေါက်ကလေးရဲ့ အဝိုင်းကလေး တစ်နေရာကိုသာ စိုက်ကြည့်ပြီး ရှုရပါတယ်။ စိုက်ကြည့်လိုက်လို့ ဒီအာကာသကို တွေ့ပြီဆိုလျှင်တော့ အဲဒီ အာကာသကို တစ်နေရာမှာ ထိုင်ပြီး ပြန်ပြီးတော့ နိမိတ်ယူရပါတယ်။

နိမိတ်ယူပြီးတဲ့အခါ အဲဒီ အာကာသဆိုတဲ့ နိမိတ်ကို အာရုံယူပြီးတော့ ရှုရပါတယ်။ ရှုလိုက်လို့ အဝန်းအဝိုင်းကလေး ပေါ်လာတဲ့အချိန်မှာ ဘာဝနာစိတ်ကို အဲဒီ အာကာသနိမိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီ အာကာသအဝန်းအဝိုင်းကိုလည်း အရပ် (၁၀)မျက်နှာ ပြန့်အောင် ဖြန့်ကြက်ပြီးတဲ့ အချိန်အခါမှာ အဲဒီမှာလည်း စတုတ္ထစျာန်ပေါက်အောင် ရှုပွားနိုင်ပါတယ်။ ပေါင်းလိုက်တော့ ကသိုဏ်း ဘယ်နှစ်ပါး ဖြစ်သွားပြီလဲ? (၁၀)ပါး။

---

အာကာသာနဉ္စာယတနစျာန်သို့

ကသိုဏ်း (၁၀)ပါးကို ပေါက်မြောက်ပြီးတဲ့ ယောဂီသူတော်ကောင်းက အဘိညာဏ်လိုင်းကို ကူးချင်တယ်ဆိုလျှင်တော့ (၁၄)မျိုးသော အခြင်းအရာအားဖြင့် ဒီစျာန်တရားတွေကို ကြိတ်ခြေရမှာ ဖြစ်ပါတယ်။ အဲဒီ ကြိတ်ခြေရမယ့်အပိုင်းမှာ ဒီ (၁၄)မျိုးသော အခြင်းအရာအားဖြင့် မကြိတ်ခြေမီ ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရသလဲ? အရူပစျာန်တွေကို ကူးရပါတယ်။ သမာပတ် (၈)ပါး ရအောင် ဆက်ပြီး အားထုတ်ရပါတယ်။ သမာပတ် (၈)ပါး ရအောင် ဆက်ပြီး အားထုတ်တော့မယ့် ယောဂီပုဂ္ဂိုလ်က ရူပါဝစရစျာန်တွေကို အလိုမရှိတဲ့ စိတ်ထား၊ အရူပစျာန်တွေကို အလိုရှိတဲ့ စိတ်ထားနဲ့ စိုက်ကြည့်ရမှာ ဖြစ်ပါတယ်။ စိုက်ကြည့်တဲ့အပိုင်းမှာ အရူပစျာန်တွေက ရူပဝိရာဂဘာဝနာလို့ ခေါ်ပါတယ်။ ရုပ်တရားကို ရွံရှာစက်ဆုပ်တဲ့ စိတ်ထားနဲ့ ရှုရမှာ ဖြစ်ပါတယ်။

ဘယ်လို ရုပ်တရားကို ရွံရှာစက်ဆုပ်တဲ့ စိတ်ထားလဲလို့ မေးလျှင်တော့ ဒီရုပ်တရားကြီးမှာ မျက်စိရောဂါ, နားရောဂါ, နှာခေါင်းရောဂါ စသည်ဖြင့် (၉၆)ပါးသော အနာရောဂါ အမျိုးမျိုးတွေ ဖြစ်ကြတယ်။ မင်းပြစ် မင်းဒဏ်တွေ သင့်ပြီးတော့ (၃၂)ပါးသော ကံကြမ္မာတွေနဲ့ တွေ့ကြုံကြရတယ်။ ဒီလို ဒုက္ခ အမျိုးမျိုးတွေ တွေ့ကြုံ ခံစားကြရတာ ဘာကြောင့်လဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ ဒီရုပ်တရားကြီး ရှိနေလို့ပဲ။ တစ်ဦးနဲ့ တစ်ဦး ခိုက်ရန် ဒေါသတွေ ဖြစ်ကြတယ်၊ သတ်ကြတယ်၊ ပုတ်ကြတယ်။ တိုင်းပြည် တစ်ပြည်နဲ့ တစ်ပြည် စစ်ဖြစ်ကြတယ်၊ သတ်ကြတယ်၊ ဖြတ်ကြတယ်၊ ဘာကြောင့်လဲ? ဒီရုပ်တရားကြီး ရှိနေလို့ပဲ။ တချို့ ဒါယိကာမကြီးတွေ ငမူးရဲ့ အရိုက်ကို ခံကြရတယ်။ ဒီပရိသတ်ထဲလည်း ပါလိမ့်မယ် ထင်ပါတယ်။ ဘာဖြစ်လို့ အရိုက်ခံရသလဲ? ဒီရုပ်တရားကြီး ရှိနေလို့ပဲ။ ငမူးဆိုတဲ့ ရုပ်တရားကလည်း ရှိတယ်။ မိမိဆိုတဲ့ ရုပ်တရားကလည်း ရှိတယ်။ ဒီရုပ်တရားကြီး ရှိနေတဲ့အတွက်ကြောင့် ဒီလို အရိုက်ခံရတယ်၊ အညှဉ်းပန်းအနှိပ်စက် ခံရတယ်။

အကယ်၍ ဒီရုပ်တရားကြီးသာ မရှိဘူးဆိုလျှင်တော့ အဲဒီလို ဒုက္ခမျိုးတွေနဲ့ တွေ့ပါဦးမလား? မတွေ့ရတော့ဘူး။ အဲဒီလို မတွေ့နိုင်ဘူးဆိုတာကို သဘောပေါက်တဲ့ ယောဂီသူတော်ကောင်းတွေက ရုပ်တရားကို ရွံရှာစက်ဆုပ်တဲ့ စိတ်ထားဖြင့် အရူပစျာန်တွေကို ပွားချင်တယ်ဆိုလျှင်တော့ ပထမဆုံး ပထဝီကသိုဏ်းပဲဆိုကြစို့၊ အဲဒီ ပထဝီကသိုဏ်းကို ဘုန်းကြီး ရှေ့ပိုင်းမှာ ပြောခဲ့တဲ့အတိုင်း အရပ် (၁၀)မျက်နှာသို့တိုင်အောင် ကသိုဏ်းဝန်းကို ဖြန့်ကြက်ပြီးတော့ စတုတ္ထစျာန်ပေါက်အောင် ရှုရပါတယ်။ စတုတ္ထစျာန်မှ ထပြီးတဲ့ အချိန်အခါမှာ ဘုန်းကြီး ပြောခဲ့ပြီးတဲ့ ရုပ်တရားတွေရဲ့ အပြစ်တွေကို ဆင်ခြင် ရပါတယ်။

တစ်ဖန် ဒီစတုတ္ထစျာန်ဟာ ငါ ရွံရှာစက်ဆုပ်နေတဲ့ ရုပ်တရားကိုပဲ အာရုံ ယူနေတယ်။ တတိယစျာန်ဆိုတဲ့ နီးကပ်တဲ့ ရန်သူလည်း ရှိတယ်။ အထက် ဖြစ်တဲ့ အာကာသာနဉ္စာယတနစျာန်လောက်လည်း မငြိမ်သက်ဘူးလို့ အပြစ်နှင့် အကျိုးကို ဆင်ခြင်ရပါတယ်။ ဒီလို ဆင်ခြင်ပြီးတဲ့အခါ ရူပါဝစရစတုတ္ထစျာန်ကို အလိုမရှိတဲ့ စိတ်ထား, အာကာသာနဉ္စာယတနစျာန်ကို အလိုရှိတဲ့ စိတ်ထားနဲ့ မိမိ ဖြန့်ကြက်ထားတဲ့ ပထဝီကသိုဏ်းရဲ့ အလယ်ခေါင် အဝန်းအဝိုင်းလောက်ကို အာရုံစိုက်ပြီးတော့ အာကာသရှိလေရဲ့လို့ အာကာသကို တစ်ဖက်သတ် နှလုံးသွင်း ရှုပွားလိုက်မယ်ဆိုလျှင် အဲဒီအချိန်မှာ အာကာသ ပေါ်လာပါလိမ့်မယ်။

အာကာသပေါ်လာတဲ့ အချိန်အခါမှာ အာကာသ အာကာသလို့ အာကာသကိုပဲ တစ်ဖက်သတ် နှလုံးသွင်းပြီးတော့ ဘာဝနာစိတ်ကို အဲဒီ အာကာသနိမိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရ ပါတယ်။ ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီ အာကာသ နိမိတ်ကို အရပ် (၁၀)မျက်နှာသို့ ဖြန့်ကြက်လိုက်မယ်ဆိုလျှင်တော့ တဖြည်းဖြည်း အာကာသက ကျယ်ပြန့်သွားသည်နှင့် တစ်ပြိုင်နက်တည်း ပထဝီကသိုဏ်းဝန်းက တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်။ နောက်ဆုံး အာကာသသက်သက်ပဲ ကျန်တော့မယ်။ အဲဒီ အာကာသကို အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်ရပါတယ်။

အဲဒီ အာကာသကို အာရုံယူပြီး အနန္တ အာကာသ အနန္တ အာကာသလို့ နှလုံးသွင်း ရှုပွားပြီး ဘာဝနာစိတ်ကလေးကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ အဲဒီလို ကြိုးစားလိုက်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်လာတဲ့အချိန်အခါမှာ ငြိမ်ဝပ်နေတဲ့စိတ်ကလေးကို ပြန်ပြီး ဆင်ခြင်ကြည့်လိုက်မယ်ဆိုလျှင် ဥပေက္ခာ- ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိနေတဲ့ အာကာသာနဉ္စာယတနစျာန်ကို တွေ့ရပါလိမ့်မယ်။ အာကာသာနဉ္စာယတနစျာန်ဆိုတာကတော့ အာကာသလျှင် တည်ရာအာရုံရှိနေတဲ့ စျာန်လို့ ခေါ်ပါတယ်။

---

ဝိညာဏဉ္စာယတနစျာန်သို့

ထိုအာကာသာနဉ္စာယတနစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့အခါမှာ ထိုယောဂီသူတော်ကောင်းက ဝိညာဏဉ္စာယတနစျာန်ကို အလိုရှိက ကူးနိုင်ပါတယ်။ ရှေးဦးစွာ အပြစ်နှင့် အကျိုးကိုတော့ ဆင်ခြင်ရမယ်။ ဒီအာကာသာနဉ္စာယတနစျာန်သည် စတုတ္ထစျာန် ဟူသော ရန်သူနှင့် နီးကပ်တယ်။ ဒါက အပြစ်ပဲ။ အထက်ဖြစ်တဲ့ ဝိညာဏဉ္စာယတနစျာန်လောက်လည်း မငြိမ်သက်ဘူး။ ဝိညာဏဉ္စာယတနစျာန်က ပိုပြီး ငြိမ်သက်တယ်လို့လည်း ဆင်ခြင်ရပါတယ်။ ဒါက အကျိုးပဲ။ အဲဒီလို အပြစ်နှင့် အကျိုးကို ဆင်ခြင်ပြီးတဲ့အခါ အာကာသာနဉ္စာယတနစျာန်ကို အလိုမရှိတဲ့ စိတ်ထား, ပိုပြီး ငြိမ်သက်တဲ့ ဝိညာဏဉ္စာယတနစျာန်ကို အလိုရှိတဲ့စိတ်ထားနဲ့ အာကာသမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ အာကာသာနဉ္စာယတနဝိညာဏ်ကို အရှုခံအာရုံထားပြီးတော့ ဝိညာဏံ ဝိညာဏံလို့ဖြစ်စေ သို့မဟုတ် အနန္တံ ဝိညာဏံလို့ပဲဖြစ်စေ ရှုရပါတယ်။

အဲဒီလို ရှုလိုက်တဲ့အချိန်အခါမှာ ဒီအာကာသာနဉ္စာယတနစျာန်စိတ် အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဝိညာဏ်တစ်မျိုး ပေါ်လာပါမယ်။ အဲဒီ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဝိညာဏ်ကိုတော့ ဝိညာဏဉ္စာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။ အာကာသာနဉ္စာယတနစျာန်စိတ်လျှင် တည်ရာအာရုံရှိနေတဲ့စိတ်လို့ ဆိုလိုပါတယ်။ အဲဒီ ဝိညာဏဉ္စာယတနစျာန်စိတ်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ နောက်ထပ် အာကိဉ္စညာယတနစျာန်ကို ကူးချင်တဲ့ သူတော်ကောင်းတစ်ဦးက ဘာလုပ်ရမလဲ?

---

အာကိဉ္စညာယတနစျာန်သို့

ဒီဝိညာဏဉ္စာယတနစျာန်စိတ်ကို ပြန်ပြီးတော့ ဆင်ခြင်ရပြန်တယ်။ ဆင်ခြင်တဲ့အပိုင်းမှာ စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခုအတွင်းမှာ ပြိုင်တူ ဖြစ်ရိုးဓမ္မတာ မရှိကြဘူး။ အရှုခံအာရုံဖြစ်တဲ့ အာကာသာနဉ္စာယတနစျာန်စိတ်နဲ့ ရှုနေတဲ့ ဝိညာဏဉ္စာယတနစျာန်စိတ် နှစ်ခုတို့က ပြိုင်တူ မဖြစ်ကြဘူး။ အာကာသာနဉ္စာယတနစျာန်စိတ် ဖြစ်နေတဲ့ အချိန်အခါမှာ ဝိညာဏဉ္စာယတနစျာန်စိတ်က မဖြစ်သေးဘူး။ ဝိညာဏဉ္စာယတနစျာန်စိတ် ဆက်တိုက် ဖြစ်နေပြီဆိုလျှင်လည်း အာကာသာနဉ္စာယတနစျာန်စိတ်က မဖြစ်တော့ဘူး။ မရှိလည်း မရှိတော့ဘူး။ အဲဒီ အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှု သဘောကလေးကို အာရုံယူပြီးတော့ နတ္ထိ ကိဉ္စိ = ဘာမျှမရှိဆိုပြီးတော့ ဒီလို ရှုရမှာ ဖြစ်ပါတယ်။

အဲဒီလို ရှုရမယ့်ပုဂ္ဂိုလ်ဟာ မရှုမီ ရှေးဦးစွာ အပြစ်နှင့် အကျိုးကို ဆင်ခြင်ရပါတယ်။ ဒီဝိညာဏဉ္စာယတနစျာန်သည် အာကာသာနဉ္စာယတနစျာန်ဆိုတဲ့ နီးကပ်တဲ့ ရန်သူ ရှိတယ်။ အထက်ဖြစ်တဲ့ အာကိဉ္စညာယတနစျာန်လောက်လည်း မငြိမ်သက်ဘူး။ အာကိဉ္စညာယတနစျာန်က ပိုပြီး ငြိမ်သက်တယ်လို့ ဒီလို အပြစ်နဲ့ အကျိုးကို ဆင်ခြင်ပြီးတော့ ဝိညာဏဉ္စာယတနစျာန်ကို အလို မရှိတဲ့စိတ်ထား, ပိုပြီး ငြိမ်သက်တဲ့ အာကိဉ္စညာယတနစျာန်ကို အလိုရှိတဲ့ စိတ်ထားနဲ့ အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှုသဘောကလေးကို အာရုံယူပြီးတော့ နတ္ထိ ကိဉ္စိ = ဘာမျှမရှိလို့ ရှုနေရပါတယ်။ အဲဒီလို ရှုနေတဲ့ အချိန်အခါမှာ အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှုသဘောအပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဘာဝနာစိတ်တစ်မျိုး ပေါ်လာပါလိမ့်မယ်။ အဲဒီ ဘာဝနာစိတ်ကိုတော့ အာကိဉ္စညာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။

---

နေဝသညာနာသညာယတနစျာန်သို့

အဲဒီ အာကိဉ္စညာယတနစျာန်စိတ်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ နောက်ထပ် နေဝသညာနာသညာယတနစျာန်ကို ကူးချင်တဲ့ ယောဂီပုဂ္ဂိုလ်က ဒီအာကိဉ္စညာယတနစျာန်စိတ်ကို အရှုခံအာရုံ ထားရပါတယ်။ စိတ်တို့မည်သည်မှာ သိစရာအာရုံတစ်ခုခု ရှိပါမှ ငြိမ်ဝပ်တတ်တဲ့သဘော ရှိပါတယ်။ အာကိဉ္စညာယတနစျာန်စိတ်က အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှုသဘောအပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတယ်။ ဘာမှ မရှိတဲ့သဘောအပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဒီစိတ်ကလေးကို အရှုခံအာရုံ ထားပြီးတော့ ဧတံ သန္တံ ဧတံ ပဏီတံ = ဤဝိညာဏ်သည် ငြိမ်သက်၏၊ ဤဝိညာဏ်သည် မွန်မြတ်၏လို့ ဒီလို ရှုရမှာ ဖြစ်ပါတယ်။

ဒီလို ရှုချင်တဲ့ပုဂ္ဂိုလ်ဟာ အပြစ်နဲ့ အကျိုးကိုတော့ ရှေးဦးစွာ ဆင်ခြင်ရပါတယ်။ ဒီအာကိဉ္စညာယတနစျာန်ဟာ ဝိညာဏဉ္စာယတနစျာန်ဆိုတဲ့ နီးကပ်တဲ့ ရန်သူ ရှိတယ်။ အထက်ဖြစ်တဲ့ နေဝသညာနာသညာယတနစျာန်လောက်လည်း မငြိမ်သက်ဘူး။ အထက်ဖြစ်တဲ့ နေဝသညာနာသညာယတနစျာန်က ပိုပြီး ငြိမ်သက်တယ်လို့ ဒီလို အပြစ်နှင့် အကျိုးကို ရှေးဦးစွာ ဆင်ခြင်ရပါတယ်။ ဆင်ခြင်ပြီးတော့မှ အာကိဉ္စညာယတနစျာန်ကို အလိုမရှိတဲ့ စိတ်ထား, နေဝသညာနာသညာယတနစျာန်ကို အလိုရှိတဲ့စိတ်ထားနဲ့ အာကိဉ္စညာယတနဝိညာဏ်ကို အရှုခံအာရုံ ထားပြီးတော့ ဧတံ သန္တံ ဧတံ သန္တံ = ဤဝိညာဏ်သည် ငြိမ်သက်၏၊ ဤဝိညာဏ်သည် ငြိမ်သက်၏လို့ ဖြစ်စေ, ဧတံ ပဏီတံ ဧတံ ပဏီတံ = ဤဝိညာဏ်သည် မွန်မြတ်၏၊ ဤ ဝိညာဏ် သည် မွန်မြတ်၏လို့ဖြစ်စေ ရှုနေရပါတယ်။

အဲဒီလို ရှုလိုက်တဲ့အချိန်အခါမှာ အာကိဉ္စညာယတနစျာန်စိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ စိတ်တစ်မျိုး ပေါ်လာပါလိမ့်မယ်။ အဲဒီ စိတ်ကို နေဝသညာနာသညာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။ အလွန့်အလွန် သိမ်မွေ့နူးညံ့နေတဲ့ နာမ်တရားတွေသာ ထင်ရှားရှိနေတဲ့ စိတ်တစ်မျိုး ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ သမာပတ် (၈)ပါး ပြည့်သွားပြီ။ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်၊ ဒါက ရူပါဝစရစျာန် (၄)ပါး။ အာကာသာနဉ္စာယတနစျာန်, ဝိညာဏဉ္စာယတနစျာန်, အာကိဉ္စညာယတနစျာန်, နေဝသညာနာသညာယတနစျာန်တွေကတော့ အရူပါဝစရစျာန် (၄)ပါး။ ပေါင်းလိုက်တော့ သမာပတ် (၈)ပါး။

ပထဝီကသိုဏ်းကို အခြေခံပြီးတော့ သမာပတ် (၈)ပါးကို နိုင်နင်းအောင် လေ့ကျင့်ရသလို အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်း, နီလကသိုဏ်း, ပီတကသိုဏ်း, လောဟိတကသိုဏ်း, ဩဒါတကသိုဏ်းခေါ်တဲ့ ကျန်တဲ့ ကသိုဏ်း (၇)ပါးတွေမှာလည်း သမာပတ် (၈)ပါးလုံး ရအောင် လေ့ကျင့်ရပါတယ်။ အာကာသကသိုဏ်းကတော့ စတုတ္ထစျာန်အထိပဲ ပေါက်ပါတယ်။ ကျန်ကသိုဏ်း (၉)ပါးကတော့ သမာပတ် (၈)ပါးလုံး ပေါက်နိုင်ပါတယ်။ ကသိုဏ်း (၉)ပါးလုံးမှာ သမာပတ် (၈)ပါးရအောင် လေ့ကျင့်နိုင်လျှင်တော့ ပိုကောင်းပါတယ်။

အဲဒီလို လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရလဲ? ပထဝီကသိုဏ်းကနေ ဩဒါတကသိုဏ်းသို့တိုင်အောင် ကသိုဏ်း (၈)ပါးလုံးကို (၁၄)မျိုးသော အခြင်းအရာအားဖြင့် ပြန်ပြီးတော့ ကြိတ်ခြေရပြန်တယ်။ စျာန်တွေကို အစဉ်အတိုင်း ဝင်စားခြင်း, ခုန်ကျော်ပြီး ဝင်စားခြင်း စသည်ဖြင့် အဲဒီလို ကြိတ်ခြေနိုင်တဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်က နောက်ဆုံး အဘိညာဏ် ကူးချင်တယ်ဆိုလျှင်တော့ ကူးလို့ ရသွားပါပြီ။ ဒီဇာတ်တော်မှာ ဟတ္ထိပါလ သတို့သားက ဘာလုပ်သလဲ? အဲဒီ ပုံစံစနစ်ဖြင့် ဂင်္ဂါမြစ်ရေတွေကို ကြည့်တယ်။

---

ဟတ္ထိပါလသတို့သား၏ စျာန်-အဘိညာဏ်

သော တာယ ပရိသာယ သဒ္ဓိံ ဂင်္ဂါယ တီရံ ပတွာ ဂင်္ဂါယ ဥဒကံ ဩလောကေတွာ ကသိဏပရိကမ္မံ ကတွာ စျာနာနိ နိဗ္ဗတ္တေတွာ စိန္တေသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၃။)

သော = ထိုဟတ္ထိပါလသတို့သားသည်။ တာယ ပရိသာယ = ထိုပရိသတ်နှင့်။ သဒ္ဓိံ = အတူတကွ။ ဂင်္ဂါယ တီရံ = ဂင်္ဂါမြစ်ကမ်းပါးသို့။ ပတွာ = ဆိုက်ရောက်တော်မူသည်ဖြစ်၍။ ဂင်္ဂါယ ဥဒကံ = ဂင်္ဂါမြစ်ရေကို။ ဩလောကေတွာ = ကြည့်ရှုတော်မူ၍။ ကသိဏပရိကမ္မံ = ကသိုဏ်းပရိကမ်ကို။ ကတွာ = ပြု၍။ စျာနာနိ = စျာန်တို့ကို။ နိဗ္ဗတ္တေတွာ = ဖြစ်စေ၍။ စိန္တေသိ = ကြံစည်တော်မူခဲ့လေ၏။

ဟတ္ထိပါလသတို့သားက ဂင်္ဂါမြစ်ထဲမှာရှိတဲ့ ရေတွေကို ကြည့်ပြီး ကသိုဏ်းပရိကမ်ယူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ ဘာဖြစ်သွားသလဲ? စျာန်-အဘိညာဏ်တွေ ရရှိသွားတယ်။ အလောင်းတော်တို့က အဲဒီလို စျာန်-အဘိညာဏ်တွေကို လွယ်လွယ်ကူကူနဲ့ ရအောင် အားထုတ်နိုင်တာက ဘာကြောင့်လဲ? အတိတ်က ဆည်းပူးခဲ့တဲ့ ပါရမီ အရှိန် အဝါတွေက အားပေးထောက်ပံ့လိုက်တဲ့အတွက် ယခုလို ဂင်္ဂါမြစ်ရေကို ကြည့်ပြီးတော့ တရားအားထုတ်လိုက်တာ ချက်ချင်း စျာန်-အဘိညာဏ်တွေ ရရှိသွားပါတယ်။

ဒီလိုဆိုလျှင်လည်း ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ ဒီကျင့်စဉ်တွေကို ပါရမီမျိုးစေ့အဖြစ် ထူထောင်တဲ့အနေအားဖြင့် ကျင့်ဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ ဒီကျင့်စဉ်တွေမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို ရစေနိုင်တဲ့ ဝိပဿနာဉာဏ်တွေကို သန့်ရှင်းလာအောင် ရင့်ကျက်လာအောင် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်တဲ့ စွမ်းအား တွေ ရှိကြပါတယ်။ ဒီဘဝမှာပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို ရသည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်မယ်ဆိုလျှင်တော့ ပိုပြီး ကောင်းပါတယ်။

---

ဂင်္ဂါမြစ်ဝှမ်းမှ စောင့်ဆိုင်းတော်မူခြင်း

ယခု ဒီဟတ္ထိပါလသတို့သားကတော့ ဂင်္ဂါမြစ်ရေတွေကို ကသိုဏ်းပရိကမ် ပြုပြီးတော့ စျာန်တွေကို ရအောင် ကြိုးစားအားထုတ်ပြီး အဘိညာဏ် အထိ ကူးသွားတယ်။ ကူးသွားပြီးတဲ့ အချိန်အခါမှာ ထိုအဘိညာဏ် ဉာဏ်ဖြင့် လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ တောထွက်လာမယ့် လူထုပရိသတ် အစည်းအဝေးကြီးကတော့ သိပ်များမယ်ဆိုတာ သိတော်မူတဲ့အတွက် အဲဒီ ဂင်္ဂါမြစ်ကမ်းကနေ စောင့်ပြီးတော့ ပရိသတ်ကြီးကို ဆုံးမလျက် ဆက်လက်ပြီး နေထိုင်တော်မူပါတယ်။

---

အဿပါလသတို့သား တောထွက်တော်မူခန်း

ဟတ္ထိပါလသတို့သား တောထွက်ပြီးတော့ ဂင်္ဂါမြစ်ကမ်းမှာ နေထိုင်တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့က ဟတ္ထိပါလသတို့သားတော့ တောထွက်သွားပြီ၊ ဒုတိယဖြစ်တဲ့ အဿပါလသတို့သားတော့ ရှိသေးတယ်၊ တို့ အဿပါလသတို့သားထံသို့ သွားကြစို့ဆိုပြီး တိုင်ပင်ပြီးတဲ့ အချိန်အခါမှာ အဿပါလသတို့သားထံ သွားကြပြန်တယ်။ အဿပါလသတို့သားထံသို့ သွားတဲ့အချိန်အခါမှာလည်း ရသေ့အသွင်အပြင်နဲ့ပဲ သွားကြပါတယ်။

အဲဒီလို ရသေ့အသွင်အပြင်နဲ့ သွားလိုက်တဲ့ အချိန်အခါကျတော့ တကယ့်ရသေ့တွေ အောက်မေ့ပြီးတော့ ခုနက ဟတ္ထိပါလသတို့သား အတူပဲ အဿပါလသတို့သားကလည်း ပင့်ဖိတ်ပါတယ်။ ပင့်ဖိတ်တဲ့အခါ သူတို့ဟာ ရသေ့မဟုတ်တဲ့အကြောင်း အဿပါလသတို့သားကို ထီးဖြူဆောင်းပြီးတော့ မင်းအဖြစ်ကို အဘိသိက် သွန်းလိုတဲ့အတွက် လာရောက်တဲ့အကြောင်းကို ဧသုကာရီဘုရင်မင်းကြီးနှင့်တကွ ပုရောဟိတ်ပုဏ္ဏားကြီးတို့က ပြောပြတဲ့အခါ အစ်ကိုတော် ဟတ္ထိပါလသတို့သား ရှိပါလျက်နဲ့ ဘယ်လိုအကြောင်းကြောင့် ကျွန်တော်မျိုး အဿပါလထံသို့ လာရောက်ပြီးတော့ ထီးဖြူဆောင်းမိုးရန် အတွက် ကြွလာရပါသလဲလို့ မေးမြန်းလိုက်တဲ့အခါမှာ ဟတ္ထိပါလသတို့သားကတော့ တစ်ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်တွေကို ခေါ်ဆောင်ပြီး ရသေ့ရဟန်း ပြုဖို့ရန်အတွက် တောထွက်သွားတဲ့အကြောင်း ဖခမည်းတော်တို့က ပြန်ပြီး ပြောပြကြတယ်။

အဲဒီလို ပြောပြလိုက်တဲ့ အချိန်အခါမှာ အဿပါလသတို့သားက ယခု အခါမှာ အစ်ကိုဖြစ်တဲ့ ဟတ္ထိပါလသတို့သား ဘယ်မှာ ရှိနေသလဲလို့ ဆက်လက်ပြီး မေးမြန်း လျှောက်ထားလိုက်တဲ့အခါမှာတော့ ဂင်္ဂါမြစ်ကမ်းမှာ တစ်ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကို ဆိုဆုံးမပြီး နေထိုင်တဲ့ အကြောင်း ပြန်ပြောလိုက်တော့ အဿပါလသတို့သားက ဘယ်လို ပြန်ပြီး လျှောက်ထားသလဲ?

---

သူတစ်ပါးတို့ ထွေးအံထားတဲ့ တံတွေး

တာတ မမ ဘာတရာ ဆဍ္ဍိတခေဠေန ကမ္မံ နတ္ထိ၊ ဗာလာ ဟိ ပရိတ္တကပညာ သတ္တာ ဧတံ ကိလေသံ ဇဟိတုံ န သက္ကောန္တိ၊ အဟံ ပန ဇဟိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၄။)

တာတ = အို ခမည်းတော်တို့။ မမ = အကျွန်ုပ်၏။ ဘာတရာ = နောင်တော်ဖြစ်သော ဟတ္ထိပါလသတို့သားသည်။ ဆဍ္ဍိတခေဠေန = ထွေး၍ ထားအပ်ခဲ့တဲ့ တံတွေးဖြင့်။ ကမ္မံ = ပြုလုပ်ဖွယ် လုပ်ငန်းကိစ္စရပ်မည်သည် ကား။ နတ္ထိ = ကျွန်တော်မျိုးမှာ မရှိပါ။

ဟိ = မှန်လှပေ၏။ ဗာလာ = မိုက်မဲကြကုန်သော။ ပရိတ္တကပညာ = နည်းပါးသော ပညာရှိကြကုန်သော။ သတ္တာ = သတ္တဝါတို့သည်။ ဧတံ ကိလေသံ = ထိုမင်းစည်းစိမ်အပေါ်၌ တွယ်တာမက်မော၍နေတဲ့ ကိလေသာကို။ ဇဟိတုံ = ပယ်စွန့်ခြင်းငှာ။ န သက္ကောန္တိ = မစွမ်းနိုင်ကြလေကုန်။ အဟံ ပန = ကျွန်တော်မျိုးသည်ကား။ ဇဟိဿာမိ = စွန့်ခွာ၍ သွားပေအံ့။

ကျွန်တော်ရဲ့ အစ်ကိုဖြစ်တဲ့ ဟတ္ထိပါလသတို့သား ထွေးသွားတဲ့ တံတွေးတွေနဲ့ ပြုလုပ်ဖွယ် လုပ်ငန်းကိစ္စဆိုတာ ကျွန်တော့်မှာ မရှိပါဘူး။ မိုက်မဲပြီး နည်းပါးတဲ့ ပညာရှိသော သတ္တဝါတွေကသာလျှင် ဒီစည်းစိမ်ဥစ္စာတွေ အပေါ် မှာ တွယ်တာမက်မောနေတဲ့ ကိလေသာကို ပယ်စွန့်ခြင်းငှာ မစွမ်းနိုင် ဖြစ်ကြပါတယ်။ ကျွန်တော်မျိုးတို့ကတော့ စည်းစိမ်ဥစ္စာတွေကို စွန့်ခွာသွားတော့မယ်။ အဲဒီလို စွန့်ခွာသွားမယ်ဆိုပြီးတော့ သူက ဘာဆက်ပြီးတော့ လျှောက်ထားသလဲ?

---

ကာမဂုဏ်တို့၏ အပြစ်

ပင်္ကော စ ကာမာ ပလိပေါ စ ကာမာ၊

မနောဟရာ ဒုတ္တရာ မစ္စုဓေယျာ။

ဧတသ္မိံ ပင်္ကေ ပလိပေ ဗျသန္နာ၊

ဟီနတ္တရူပါ န တရန္တိ ပါရံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၄။)

တာတ = ခမည်းတော်မြတ်တို့ဘုရား။ ကာမာ = ကာမဂုဏ်တို့သည်ကား။ ပင်္ကော စ = ကပ်ငြိတတ်သောကြောင့် ညွန်ကြီးလည်း မည်ကြပါပေကုန်၏။ ကာမာ = ကာမဂုဏ်တို့သည်။ ပလိပေါ စ = ကျွံနစ်စေတတ်သော အနက်သဘောကြောင့် ညွန်ပျောင်းလည်း မည်ကြပါကုန်၏။ ကာမာ = ကာမ ဂုဏ်တို့သည်။ မနောဟရာ = စိတ်နှလုံးကို သိမ်းကျုံးယူငင် ဆောင်ကြဉ်းခြင်းငှာ စွမ်းနိုင်ကြပါကုန်၏။ ဒုတ္တရာ = ကူးခတ်ဖို့ရန် လွန်မြောက်နိုင်ခဲကြပါကုန်၏။ မစ္စုဓေယျာ = သေမင်း၏ တည်ရာလည်း ဖြစ်ကြပါကုန်၏။ ဧတသ္မိံ ပင်္ကေ = ဤငြိကပ်တွယ်တာတတ်သော ကိလေသာ ညွန်ကြီး၌။ ဧတသ္မိံ ပလိပေ = ဤကျွံနစ်စေတတ်သော ကိလေသာ ညွန်ပျောင်း၌။ ဗျသန္နာ = နစ်မြုပ်၍ နေကြကုန်သော။ သတ္တာ = သတ္တဝါတို့သည်။ ဟီနတ္တရူပါ = ယုတ်ညံ့သော စိတ်ထားရှိကြကုန်သည်ဖြစ်၍။ ပါရံ = နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့။ န တရန္တိ = ရောက်ရှိအောင် မကူးမြောက်နိုင်ကြပါပေကုန်။

ကာမဂုဏ်ဆိုတာ ငြိကပ်တတ်တဲ့သဘောရှိတဲ့အတွက် ညွန်နဲ့လည်း တူတယ်။ ညွန်ကြီးလို့ သုံးထားတယ်။ ညွန်ကြီးဆိုသော်လည်း သူက ရွှံ့ဗွက်ပါပဲ။ အလွန် ကြီးကျယ်တဲ့ ရွှံ့ဗွက်ကြီးနဲ့လည်း တူတယ်တဲ့။ နောက်တစ်ခု ပလိပ = ညွန်ပျောင်း။ ညွန်ပျောင်းဆိုတာကတော့ သဲထူထပ်တဲ့ မြစ်ကမ်းပါး တွေမှာ များသောအားဖြင့် ရှိတတ်ပါတယ်။ သဲနဲ့ မြေနဲ့ ရောပြီးတော့ နုန်း တစ်ဝက် ဖြစ်နေတယ်။ အဲဒီ နုန်းက လှုပ်လိုက်လျှင် မြုပ်သွားတယ်။ ရုန်းထွက်ဖို့ အင်မတန် ခက်ခဲတယ်။ ဒီအတိုင်းပဲ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု ဆိုတာကလည်း ငြိကပ်တွယ်တာတတ်တဲ့သဘောကြောင့် ညွန်ကြီးနဲ့လည်း တူတယ်။ ရုန်းထွက်ဖို့ရန် အင်မတန် ခက်ခဲတဲ့အတွက်ကြောင့် ညွန်ပျောင်းနဲ့လည်း တူပါတယ်။ ဒီကာမဂုဏ်တွေဆိုတာက သတ္တဝါတစ်ဦးရဲ့ စိတ်ဓာတ်ကို အလွန် ဆွဲဆောင်နိုင်တဲ့စွမ်းအား ရှိပါတယ်။ နောက်တစ်ခု ---

ကာမဂုဏ်ဆိုတဲ့ ရေအယဉ်ကျောမှာ မျောပါမိပြီ နစ်မြုပ်မိပြီဆိုလျှင်တော့ အဲဒီ ကာမဂုဏ် ဝဲဂယက်ကနေ လွတ်မြောက်အောင် ကူးခတ်ဖို့ရန် ဆိုတာလည်း အလွန် လွန်မြောက်နိုင်ခဲတဲ့သဘော ရှိပါတယ်။ ကာမဂုဏ်ဆိုတဲ့ ညွန်အိုင်မှလည်း ကျော်လွှား လွန်မြောက်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်တဲ့။

ဒါယကာကြီး ဒါယိကာမကြီးတွေ သူပြောလိုက်တဲ့ စကားကလေးကို သေသေချာချာ စဉ်းစားကြည့်စမ်းပါ။ ကာမဂုဏ်တွေဟာ စိတ်ဓာတ်ကို အင်မတန် ဆွဲဆောင်နိုင်တဲ့စွမ်းအား ရှိတယ်၊ ဒီကာမဂုဏ်တွေမှ လွတ်အောင် ရုန်းထွက်ဖို့ရန်အတွက်လည်း အလွန် ခက်ခဲတယ်တဲ့။ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေတယ်။

ဒါယကာကြီးတွေ ... ဒီနေ့ ဘုန်းကြီး ကျောင်းပြန်တဲ့အခါ လိုက်ခဲ့ပါလို့ ခေါ်လျှင် လိုက်နိုင်ပါ့မလား? မလိုက်နိုင်ဘူး။ ဘာဖြစ်လို့လဲ? ဒီကာမဂုဏ်တွေက စိတ်ဓာတ်ကို မသွားပါနဲ့ မလိုက်ပါနဲ့လို့ ဆွဲခေါ်ထားတယ်။ ဒီကာမဂုဏ်တွေကို လွတ်အောင် ရုန်းထွက်မယ်ဆိုလျှင်လည်း လွတ်အောင် ရုန်းထွက်နိုင်တဲ့ စွမ်းအားတွေက အင်မတန် လျော့နည်းနေတယ်။ စွမ်းအင်တွေကလည်း မရှိ ဖြစ်နေတယ်။ နောက်တစ်ခု ---

ဒီကာမဂုဏ်တွေသည် မစ္စု (= သေမင်း)ရဲ့ တည်ရာလည်း ဖြစ်ကြတယ်တဲ့။ ဘာကြောင့် သေမင်းရဲ့ တည်ရာ ဖြစ်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုလျှင်တော့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့သဘောကို ဘာခေါ်သလဲ? တဏှာလို့ ခေါ်တယ်။ အဲဒီ တဏှာတရားက ဘာသစ္စာ ခေါ်သလဲ? သမုဒယသစ္စာသမုဒယသစ္စာတရား ထင်ရှားရှိနေလျှင် နောက်ထပ် ဒုက္ခသစ္စာတရားတွေ ထင်ရှား မဖြစ်ဘူးလား? ဖြစ်မယ်။ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ဖြစ်မယ်။ ခန္ဓာ ငါးပါး ရုပ်တရား နာမ်တရား ရှိနေတဲ့ ပုဂ္ဂိုလ်မှန်ခဲ့လျှင် နောက်ထပ် မသေရဘူးလား? သေရဦးမယ်။ ဒါကြောင့် ကာမဂုဏ်တွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာတရား ထင်ရှားရှိနေတဲ့ ဒီပုဂ္ဂိုလ်သည် သေမင်းရဲ့ တည်ရာဖြစ်တဲ့ ဒုက္ခသစ္စာတရားတွေကို လှမ်းပြီး တွယ်တာမက်မောနေတာနဲ့ မတူဘူးလား? တူနေတယ်။

ဒီကာမဂုဏ် ညွန်ပျောင်းထဲမှာ နစ်နေတဲ့ သတ္တဝါတွေ မရှိကြဘူးလား? ရှိကြတယ်။ အဲဒီ နစ်နေတဲ့ သတ္တဝါတွေဟာ ယုတ်ညံ့တဲ့ စိတ်ဓာတ်တွေ ရှိကြတယ်တဲ့။ ဘာပြောတာလဲ? ကာမဂုဏ်ကို ခံစားချင်တဲ့ စိတ်ဓာတ်တွေကို ယုတ်ညံ့တဲ့ စိတ်ထားလို့ ခေါ်ပါတယ်။ ဘာဖြစ်လို့ ယုတ်ညံ့သလဲ? ကာမဂုဏ်ကို ခံစားချင်တဲ့ စိတ်ဓာတ်က ကာမဂုဏ်တွေအပေါ်မှာ တွယ်တာတပ်မက်တဲ့ တဏှာကို အခြေခံတယ်။ ဒီတဏှာသည် အပါယ် (၄)ဘုံသို့ ရောက်တဲ့အထိ သတ္တဝါတွေကို ပစ်ချနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိတယ်။ ကာမဂုဏ်ကို ခံစားနေတဲ့ အဲဒီစိတ်ထားတွေဟာ အပါယ် (၄)ဘုံအထိ ပစ်ချနိုင်တဲ့ စွမ်းအား ရှိခြင်းကြောင့် ဒီလို စိတ်ထားမျိုးကို ယုတ်ညံ့တဲ့ စိတ်ထားလို့ မခေါ်နိုင်ဘူးလား? ခေါ်နိုင်ပါတယ်။

အာဒိတ္တပရိယာယသုတ္တန် ကောက်နုတ်ချက်

ဒါကြောင့် ဘုရားရှင်ကလည်း အာဒိတ္တပရိယာယသုတ္တန်မှာ ဒီလို ဆိုဆုံးမထားတော်မူခဲ့ပါတယ်။

နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ၊ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ။ တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ၊ ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။ (သံ၊၂၊၃၇၇။)

ဒီပါဠိတော်က ဘာကို ဆိုလိုပါသလဲ? သတ္တဝါအချင်းချင်း မြင်တွေ့တဲ့ အခါ, တစ်ယောက်အသံကို တစ်ယောက်က ကြားတဲ့အခါ, တစ်ယောက်ရဲ့ အနံ့ကို တစ်ယောက် ခံယူရတဲ့အခါ သို့မဟုတ် တစ်ယောက်နှင့် တစ်ယောက် တွေ့ထိတဲ့အရသာကို ခံစားနေတဲ့အခါ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက အဖိုးကြီး, ဒါက အဖွားကြီး စသည်ဖြင့် တစ်ကိုယ်လုံးရဲ့ အမှတ်နိမိတ်ကိုသော်လည်း စွဲယူနေမိတတ်တယ်။ ဒါက မျက်နှာ, ဒါက လက်, ဒါက မျက်လုံး, ဒါက မျက်ခုံး စသည်ဖြင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုကိုသော်လည်း စွဲယူနေမိတတ်တယ်။ ဒီလို စွဲယူရုံတွင် မကဘဲ တစ်ကိုယ်လုံးအပေါ်မှာ သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်မှာ နှစ်သက်မှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင် ဖြစ်နေမယ်။ ဒါကြောင့် ဘုရားရှင်က ----

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား မိန်းမ လှ-မလှ စသော အမှတ်နိမိတ်ကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ် တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်-ခြေ-သဏ္ဌာန်-ပြုံးဟန်-ရယ်ဟန် စသော အမှတ်နိမိတ်ငယ်ကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။

ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး စသည်ဖြင့် စွဲယူမိခဲ့လျှင် ယောက်ျား-မိန်းမ-သား-သမီးစတဲ့ အမှတ်နိမိတ် တစ်ခုလုံး အပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ်တည်နေလေရာတယ်။ သို့မဟုတ် လက်-ခြေ-သဏ္ဌာန်-ပြုံးဟန်-ရယ်ဟန်စတဲ့ အသေးစိတ် ကိုယ်အမှုအရာ တစ်ခုခု အပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ်တည်နေလေရာတယ်။

ဝိညာဏန္တိ ကမ္မဝိညာဏံ။ (သံ၊ဋ္ဌ၊၃၊၅၁။)

ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်ကို ကမ္မဝိညာဏ်လို့ ခေါ်ဆိုပါတယ်။ နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်တဲ့ ဝိညာဏ်မျိုး ဖြစ်ပါတယ်။ ဘယ်လို ပဋိသန္ဓေ မျိုးကို ပေးမှာလဲ? ဘုရားရှင်က ဆက်ပြီး ဟောတော်မူပါတယ်။

တသ္မိံ သမယေ = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာန်ဘုံဘဝမူလည်းဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသော ဂတိတို့တွင်။ အညတရံ ဂတိံ = အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ ယံ ဂစ္ဆေယျ = အကြင် လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤငရဲ-တိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရခြင်းဟု ဆိုအပ်သော ဤအကြောင်းအရာသည်။ ဝိဇ္ဇတိ = ထင်ရှားဧကန် ရှိသည်အမှန်သာတည်း။

သတ္တဝါတွေဟာ တစ်ဦးအပေါ်မှာ တစ်ဦးက နှစ်သက်သာယာမှု, ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်မှာ နှစ်သက်သာယာမှုတွေ ရှိကြတယ်။ အဲဒီလို နှစ်သက်သာယာမှုတွေဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်ဟာ နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်တဲ့ ကမ္မဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ စိတ်အစဉ်ကို ဖြစ်စေပါတယ်။

ဒီလို ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နေတုန်း ဖြုန်းခနဲ သေလွန်သွားခဲ့လျှင် ဒီစိတ်အစဉ်တွေကလည်း မရဏာသန္နဇောရဲ့ နေရာအထိ အပြည့် ယူသွားခဲ့မယ်ဆိုလျှင် ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီသဘောတရားကတော့ ထင်ရှား ဧကန် ရှိနေပါတယ်လို့ ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။

ကာမဂုဏ် ဗွက်ညွန်အိုင်အတွင်းမှာ ထာဝစဉ် နစ်မြုပ်နေတဲ့ ရုန်းမထွက်နိုင်သေးတဲ့သူတွေ စဉ်းစားသင့်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒီလိုဆိုလျှင် ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ ဒီလို ကာမဂုဏ်ကို ခံစားချင်တဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေ ရှိရမလား, မရှိရဘူးလား? မရှိရဘူးတဲ့။ အကယ်၍ ရှိနေခဲ့မယ်ဆိုလျှင် ဘယ့်နှယ်လုပ်မလဲ?

ဧတသ္မိံ ပင်္ကေ = ဤငြိကပ်တွယ်တာတတ်သော ကိလေသာ ညွန်ကြီး၌။ ဧတသ္မိံ ပလိပေ = ဤကျွံနစ်စေတတ်သော ကိလေသာ ညွန်ပျောင်း၌။ ဗျသန္နာ = နစ်မြုပ်၍ နေကြကုန်သော။ သတ္တာ = သတ္တဝါတို့သည်။ ဟီနတ္တရူပါ = ယုတ်ညံ့သော စိတ်ထားရှိကြကုန်သည်ဖြစ်၍။ ပါရံ = နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့။ န တရန္တိ = မကူးမြောက်နိုင်ကြပါပေကုန်။

ဒီလို ယုတ်ညံ့တဲ့စိတ်ထားမျိုး ရှိနေမယ်ဆိုလျှင် နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ရောက်နိုင်ပါ့မလား? မရောက်နိုင်ဘူးတဲ့။

---

မကောင်းမှုကို ပြုပြီး ဖြစ်ခဲ့သော် မကောင်းကျိုးမှ မလွတ်မြောက်နိုင်

အယံ ပုရေ လုဒ္ဒမကာသိ ကမ္မံ၊

သွာယံ ဂဟီတော န ဟိ မောက္ခိတော မေ။

ဩရုန္ဓိယာ နံ ပရိရက္ခိဿာမိ၊

မာယံ ပုန လုဒ္ဒမကာသိ ကမ္မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၄။)

မဟာရာဇ = မြတ်သောမင်းကြီး။ အယံ မမ အတ္တဘာဝေါ = ဤ အကျွန်ုပ်ရဲ့ ခန္ဓာအိမ်သည်။ ပုရေ = ဟိုရှေးယခင် မြင်းထိန်းဖြစ်စဉ် ဘဝတုန်းက။ လုဒ္ဒံ ကမ္မံ = ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ထက်ကလူ ပြုမူခြင်း အမှုကို။ အကာသိ = ပြုခဲ့ဖူးပါပြီ။ သော အယံ မမ အတ္တဘာဝေါ = ထိုအကျွန်ုပ်ရဲ့ ခန္ဓာကိုယ် အတ္တဘောသည်။ တဿ ကမ္မဿ = ထိုရက်စက်ကြမ်းကြုတ်တဲ့ မကောင်းမှု အကုသိုလ်ကံ၏။ ဝိပါကော = အကျိုးတရားကို။ မယာ = အကျွန်ုပ်သည်။ ဂဟိတော = ယူထားပြီး ဖြစ်ပါပေ၏။ မေ = အကျွန်ုပ် အဖို့။ သံသာရဝဋ္ဋေ = သံသရာဝဋ် ဆင်းရဲဒုက္ခသည်။ သတိ = ထင်ရှားရှိခဲ့ပါမူ။ ဣတော အကုသလဖလတော = ဤမကောင်းမှု အကုသိုလ်ကံမှ။ မောက္ခော = လွတ်မြောက်ခြင်းမည်သည်။ န ဟိ အတ္ထိ = မရှိနိုင်သည်သာလျှင်တည်း။

ဆင်ထိန်း မြင်းထိန်း စသည်တို့က ဟတ္ထိပါလ, အဿပါလ, ဂေါပါလ, အဇပါလခေါ်တဲ့ ဒီသတို့သား (၄)ယောက်ကို လူကြမ်း စိတ်ကြမ်းဖြစ်အောင် သင်ပေးထားကြတယ်။ အဲဒီလို သင်ပေးထားကြတဲ့အတွက် ဒီသတို့သား (၄)ယောက်နဲ့ အပေါင်းအဖော်တို့က လမ်းမှာ တွေ့တဲ့လူတွေ အကုန်လုံးကို သူတို့က ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ်နဲ့ ပြုမူကြတယ်၊ လုယူတယ်၊ ဖျက်ဆီးတယ်၊ ပုတ်ခတ်တယ်၊ သတ်ဖြတ်တယ်။ အဲဒီလို ရက်ရက် စက်စက် ကြမ်းကြုတ်တဲ့ အမှုတွေကို ကျွန်တော်မျိုးတို့ ပြုခဲ့ဖူးပါတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်နေတဲ့ ဒီခန္ဓာအိမ်ကြီးဟာ မကောင်းမှု အကုသိုလ်တွေကို ယူထားပြီး ဖြစ်နေပါပြီ။ နောက်ထပ် သံသရာခရီးဆိုတာ ထင်ရှား ရှိနေဦးမယ် ဆိုလျှင်တော့ ကျွန်တော်မျိုးတို့ ပြုစုပျိုးထောင်ထားတဲ့ ဒီမကောင်းမှု အကုသိုလ်ကံတွေရဲ့ အကျိုးတရားမှ လွတ်မြောက်ခြင်းဆိုတာ ဘယ်လိုမှ မရှိနိုင်ဘူးတဲ့။

ဣဒါနိ နံ ကာယဝစီမနောဒွါရာနိ ပိဒဟန္တော ဩရုန္ဓိတွာ ပရိရက္ခိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၅။)

ဒီအဿပါလသတို့သားက ဧသုကာရီဘုရင်မင်းကြီးနှင့် ဖခင် ပုဏ္ဏားကြီးကို နောက်ထပ် ဘာဆက်ပြီး လျှောက်ထားသလဲ? သူ့ရဲ့ ဦးတည်ချက်ကလေးကို သူက လျှောက်ထားတယ်။ ရှေးယခင်တုန်းက လူကြမ်း စိတ်ကြမ်း ကိုယ်ကြမ်းကြီးဖြစ်အောင် မိဘတွေက မြင်းထိန်းတွေထံ အပ်နှံပြီးတော့ သူတစ်ပါးတို့အား ညှဉ်းပန်းနှိပ်စက်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ငန်းရပ်တွေကို သင်ကြားပေးခဲ့တယ်။ ထိုသင်ကြားပေးခဲ့တဲ့အတိုင်း ညီအစ်ကို (၄)ယောက်တို့ ဦးဆောင်နေတဲ့ လူကြမ်းကြီး တစ်စုတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ မကောင်းမှုအကုသိုလ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။ သံသရာခရီးဆိုတာ ထင်ရှားရှိနေခဲ့မယ်ဆိုလျှင် ကျွန်တော်မျိုးတို့အဖို့ ထိုရက်စက်ကြမ်းကြုတ်တဲ့ မကောင်းမှုအကုသိုလ်ကံတွေက တစ်ချိန်ကျတော့ အကျိုးပေးမှာ ဖြစ်ပါတယ်။ ဒီအကုသိုလ်ကံတွေကြောင့် ရရှိမယ့် အကျိုးတရားမှ ဘယ်လိုမှ ရှောင်လို့ မလွတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်မျိုးသည် ယခုအခါမှာ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရလို့ ခေါ်ဆိုအပ်တဲ့ ဒွါရသုံးပါးတို့ကို သမထ-ဝိပဿနာဘာဝနာဆိုတဲ့ လက်နက်ကောင်းတို့ဖြင့် ပိတ်ဆို့ပြီးတော့ ရသေ့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်လို့ လျှောက်ထားတယ်။

အဟဥှိ ဣတော ပဋ္ဌာယ ပါပံ အကတွာ ကလျာဏမေဝ ကရိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၅။)

အဟံ = ကျွန်တော်မျိုးသည်။ ဣတော = ဤနေ့မှ။ ပဋ္ဌာယ = စ၍။ ပါပံ = ရက်စက်ကြမ်းကြုတ်တဲ့ မကောင်းမှုအကုသိုလ်ကံကို။ အကတွာ = မပြုမူ၍။ ကလျာဏမေဝ = ကောင်းမှုကုသိုလ်ကံကိုသာလျှင်။ ကရိဿာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတော့အံ့။

---

ဟတ္ထိပါလသတို့သား နောက်သို့ လိုက်ပြီ

ဒီနေ့က စပြီး နောက်ထပ် မကောင်းမှုအကုသိုလ် မှန်သမျှကို ဘာမျှ မပြုတော့ဘဲ ကောင်းမှုကုသိုလ်ကံ မှန်သမျှကိုသာလျှင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတော့မယ်။ ဒါကြောင့် ကျွန်တော်မျိုးကို ရှင်ရဟန်း ပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး ခွင့်တောင်းတယ်။ ခွင့်တောင်းပြီးတော့ ယခု ဖခင်တို့နှင့် စကားပြောနေစဉ် အချိန်အခါမှာပဲ ကျွန်တော်မျိုးရဲ့သန္တာန်သို့ အို-နာ-သေရေး ဘေးဒုက္ခကြီးတွေက ဆိုက်ရောက်လာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးကို တောထွက်၍ ရသေ့ရဟန်း ပြုရန် ခွင့်ပြုတော်မူပါ ဆိုပြီးတော့ ခွင့်ပန်ပြီးတော့ မိမိရဲ့ အလုပ်အကျွေးတွေနှင့်တကွ တောထွက်တော်မူပြန်တယ်။

တောထွက်ခြင်းသည် မြတ်သော လုပ်ငန်းကိစ္စရပ်ကြီးတစ်ခု ဖြစ်တယ်လို့ အသိအမှတ် ပြုထားတဲ့ တစ်ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်အပေါင်းကလည်း နောက်တော်ကနေ လိုက်ပါသွားကြတယ်။ ဟတ္ထိပါလသတို့သားကလည်း မိမိရဲ့ ညီငယ်ဖြစ်တဲ့ အဿပါလသတို့သားလည်း တစ်ယူဇနာ အတိုင်း အရှည်ရှိတဲ့ ပရိသတ်ကြီးကို ခေါ်ဆောင်ပြီးတော့ ငါရဲ့ နောက်တော်သို့ လိုက်ပါပြီး တောထွက်လာပြီဆိုတာကို သိတော်မူပါတယ်။ သိတော်မူတဲ့အတွက် ဘာလုပ်သလဲ?

ကောင်းကင်ခရီးကနေ ဆီးကြိုနေပါတယ်။ ရက်အနေနဲ့ ရေတွက်ကြည့်မယ်ဆိုလျှင်တော့ တစ်ရက် နှစ်ရက်လောက်ပဲ ရှိပါဦးမယ်။ အဲဒီ တစ်ရက် နှစ်ရက်လောက်ကလေး တောထွက်တဲ့ အချိန်အတွင်းမှာ စျာန်သမာပတ်တွေ ကိုလည်း ရရှိတော်မူတယ်။ အဘိညာဏ်တွေကိုလည်း ရရှိတော်မူပါတယ်။ ကောင်းကင်ခရီးကနေ ကြွလာပြီးတော့ အဿပါလသတို့သား ဦးဆောင်တဲ့ တစ်ယူဇနာလောက် အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကိုလည်း လှမ်းပြီးတော့ ကြိုဆိုနိုင်တဲ့စွမ်းအားလည်း ရှိနေတယ်။ ဘာဖြစ်လို့ ဒီလောက် လျင်လျင် မြန်မြန်ကြီး စွမ်းအားတွေ ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းရင်းကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်သည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော် (၁၀)ပါးကို အစွမ်းကုန် ဖြည့်ကျင့်တော်မူခဲ့ပါတယ်။

ထိုဖြည့်ကျင့်ထားတဲ့ ပါရမီစွမ်းဟုန်တို့ကြောင့် အလောင်းတော် ဟတ္ထိပါလသတို့သားရဲ့ စိတ်ဓာတ်တွေမှာ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သီလဂုဏ်ကျေးဇူးတွေ, သမာဓိဂုဏ်ကျေးဇူးတွေ, ပညာဂုဏ်ကျေးဇူးတွေက ကိန်းဝပ်ပြီး လိုက်ပါလာကြပါတယ်။ ပါရမီတော် (၁၀)ပါးတို့ရဲ့ စွမ်းအားတွေက ကိန်းဝပ်ပြီး လိုက်ပါလာကြတဲ့အတွက် အချိန်အနည်းငယ်သော ရက်အတွင်းမှာပဲ စျာန်-အဘိညာဏ်တွေကို ရရှိတဲ့အဆင့်အထိ ရောက်ရှိသွားပါတယ်။ ကောင်းကင်ခရီးကနေ ကြွလာပြီးတော့ အဿပါလသတို့သား ဦးဆောင်တဲ့ တစ်ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကို ကြိုဆိုနိုင်တဲ့ စွမ်းအားတွေ ပေါ်လာရတယ်။

ဒီနေ့ တရားနာနေကြတဲ့ ပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း မိမိတို့ရဲ့ စိတ်ဓာတ်တွေမှာ ပါရမီတရားတွေ ကိန်းဝပ်လာအောင် ကြိုတင်ပြီးတော့ ပြုပြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။

---

ဂေါပါလသတို့သား တောထွက်တော်မူခန်း

အဿပါလသတို့သား ဦးဆောင်တဲ့ တယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး တောထွက်သွားပြီးတော့ နောက်တစ်နေ့ ရောက်လာတဲ့ အချိန်အခါကျတော့ ပုရောဟိတ်ပုဏ္ဏားကြီးနဲ့ ဧသုကာရီဘုရင်မင်းကြီးတို့ကလည်း ကြွင်းကျန်နေသေးတဲ့ ဂေါပါလ အမည်ရှိတဲ့ သတို့သားထံ သွားကြပြန်တယ်။ ထိုဂေါပါလသတို့သားထံသို့ သွားတဲ့အခါမှာလည်း ရသေ့ဝတ်နဲ့ပဲ သွားကြပါတယ်။ ရသေ့တွေကို ဖူးမြင်ရတော့ ဂေါပါလသတို့သားကလည်း ဟတ္ထိပါလသတို့သားအတူ ရသေ့တွေကို အိမ်ပေါ်ကြွဖို့ရန် ပင့်ဖိတ်ပြီးတော့ မွှေးကြိုင်နေတဲ့ ခြေဆေးရေတို့ဖြင့် ခြေဆေးဖို့ရန်အတွက် ဖိတ်ကြားပါတယ်။ နေရာ ထိုင်ခင်းဖြင့်လည်း ဖိတ်ကြားတယ်။ ခြေနယ်ဆီဖြင့်လည်း ဖိတ်ကြားတယ်။ ဧည့်ဝတ် ကျေပွန်စွာဖြင့် ပြုစုလုပ်ကျွေးပါတယ်။ မွန်မြတ်တဲ့ ပစ္စည်းလေးပါးတို့ဖြင့် အမြတ်ဆုံးသော ပူဇော်မှုကို အလှူခံတော်မူဖို့ရန်အတွက်လည်း ရိုသေစွာဖြင့် ဖိတ်ကြားတယ်။

အဲဒီလို ဖိတ်ကြားလိုက်တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ကလည်း ငါတို့ဟာ ရသေ့ရဟန်းတွေ မဟုတ်ကြပါဘူး။ ဧသုကာရီဘုရင်ကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ပင် ဖြစ်တဲ့အကြောင်း အသိပေးကြတယ်။ ဘယ်လို အကြောင်းကြောင့် ကြွချီလာကြပါသလဲလို့ မေးလျှောက်လိုက်တဲ့ အချိန်အခါမှာလည်း သင်ချစ်သား အကယ်၍ တောမထွက်ဘူးဆိုလျှင်တော့ ဒီနေ့ပဲ သင်ချစ်သားကို အဘိသိက်ရေစင်ဖြင့် သွန်းဖျန်းပြီးတော့ မင်းအဖြစ် တင်မြှောက်ဖို့ရန်အတွက် ကြွရောက်လာခြင်း ဖြစ်တဲ့အကြောင်း ပြန်လည်ပြီးတော့ အမိန့်ရှိကြတယ်။

အဲဒီလို အမိန့်ရှိလိုက်တဲ့ အချိန်အခါမှာ ဂေါပါလသတို့သားက ဘယ်လို ပြန်ပြီးတော့ လျှောက်ထားသလဲ? အစ်ကိုဖြစ်တဲ့ ဟတ္ထိပါလသတို့သား, အဿပါလသတို့သားတို့ ဘယ်ရောက်သွားကြသလဲဆိုပြီး မေးမြန်းလိုက်တဲ့ အခါမှာ တစ်ယူဇနာစီ, တစ်ယူဇနာစီ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးတွေကို ခေါ်ဆောင်ပြီးတော့ တောထွက်သွားကြတဲ့အကြောင်း ပြန်လည်ပြီး ပြောပြလိုက်တယ်။ အဲဒီလို ပြောပြတဲ့ သတင်းစကားကို ကြားလိုက်တဲ့ အချိန်အခါမှာ ဒီဂေါပါလသတို့သားက ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ် ပုဏ္ဏားကြီးတို့ကို ဘာပြန်ပြီးတော့ လျှောက်ထားသလဲ?

အဟံ စိရတော ပဋ္ဌာယ ပဗ္ဗဇိတုကာမော ဝနေ နဋ္ဌဂေါဏံ ဝိယ ပဗ္ဗဇ္ဇံ ဥပဓာရေန္တော ဝိစရာမိ၊ တေန မေ နဋ္ဌဂေါဏဿ ပဒံ ဝိယ ဘာတိကာနံ ဂတမဂ္ဂေါ ဒိဋ္ဌော၊ သွာဟံ တေနေဝ မဂ္ဂေန ဂမိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၅။)

တာတ = ဖခင်တို့။ အဟံ = ကျွန်တော်မျိုးသည်ကား။ စိရတော = ကြာမြင့်စွာသော အချိန်အခါကာလမှ။ ပဋ္ဌာယ = စ၍။ ပဗ္ဗဇိတုကာမော = ရသေ့ရဟန်းပြုခြင်းငှာ အလိုရှိ၍ နေပါပေ၏။ ဝနေ = တောအတွင်း၌။ နဋ္ဌဂေါဏံ = ပျောက်ပျက်သွားသော နွားကို။ ဥပဓာရေတိ ဝိယ = စူးစမ်း ဆင်ခြင်သကဲ့သို့။ ပဗ္ဗဇ္ဇံ = ရသေ့ရဟန်းရဲ့အဖြစ်ကို။ ဥပဓာရေန္တော = စူးစမ်း ဆင်ခြင်လျက်။ ဝိစရာမိ = လှည့်လည်ကျက်စား၍ နေပါ၏။ တေန = ထို အကြောင်းကြောင့်။ မေ = ကျွန်တော်မျိုးအဖို့။ နဋ္ဌဂေါဏဿ = ပျောက်ဆုံး သွားသော နွား၏။ ပဒံ = ခြေရာကို။ ပဿာမိ ဝိယ = တွေ့မြင်၍ နေရလေဘိသကဲ့သို့။ ဘာတိကာနံ = နောင်တော်ဖြစ်ကြကုန်သော ဟတ္ထိပါလ သတို့သား, အဿပါလသတို့သားတို့၏။ ဂတမဂ္ဂေါ = တောထွက်၍ သွားသော လမ်းကြောင်းကြီးကို။ ဒိဋ္ဌော = မြင်တွေ့၍ နေရပါပေ၏။ သွာဟံ = ကျွန်တော်မျိုးသည်ကား။ တေနေဝ မဂ္ဂေန = ထိုနောင်တော်တို့ ကြွသွားတော်မူတဲ့ လမ်းခရီးအတိုင်းသာလျှင်။ ဂမိဿာမိ = သွားရောက်ပါတော့အံ့။

---

ခြေရာခံ၍ လိုက်ပေအံ့

ကျွန်တော်မျိုးဟာ ကြာမြင့်စွာသော အချိန်အခါ ကာလက စပြီးတော့ ရသေ့ရဟန်း ပြုဖို့ရန်အတွက် ကြံစည် စိတ်ကူးခဲ့ပါတယ်။ ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေလည်း များစွာပဲ ကိန်းဝပ်ခဲ့ဖူးပါတယ်။ တောအတွင်းမှာ နွားတစ်ကောင် ပျောက်ဆုံးသွားတဲ့ နွားရှင်သည် ထိုနွားရဲ့ ခြေရာကို ခံပြီးတော့ အဲဒီ နွားကို လိုက်ပြီး ရှာဖွေသကဲ့သို့ အလားတူပဲ ကျွန်တော်မျိုးဟာလည်း ရသေ့ရဟန်း ပြုဖို့ရန်အတွက် အမြဲတမ်းပဲ စူးစမ်းဆင်ခြင်ပြီးတော့ လှည့်လည် ကျက်စား နေထိုင်ခဲ့ပါတယ်။ ဒါကြောင့် ပျောက်ဆုံးသွားတဲ့ နွားတစ်ကောင်ရဲ့ ခြေရာကို တွေ့ရသလို ယခုအခါမှာလည်း နောင်တော်ဖြစ်တဲ့ ဟတ္ထိပါလသတို့သား, အဿပါလသတို့သားတို့ရဲ့ ကြွသွားတော်မူတဲ့ တောထွက်ပြီး ရသေ့ရဟန်းပြုခြင်းဆိုတဲ့ လမ်းကြောင်းကြီးကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးကိုလည်း နောင်တော်များ သွားတဲ့ လမ်းကြောင်းအတိုင်း ရသေ့ရဟန်းပြုဖို့ရန်အတွက် သွားပါရစေဆိုပြီးတော့ ဧသုကာရီ ဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ထံ သူက ခွင့်တောင်းပါတယ်။

ဂဝံဝ နဋ္ဌံ ပုရိသော ယထာ ဝနေ၊

အနွေသတီ ရာဇ အပဿမာနော။

ဧဝံ နဋ္ဌော ဧသုကာရီ မမတ္ထော၊

သောဟံ ကထံ န ဂဝေသေယျံ ရာဇ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၅။)

ဧသုကာရီ = ဧသုကာရီအမည်ရှိတော်မူပါပေသော။ ရာဇ = အို ဘုရင်မင်းမြတ်။ ပုရိသော = ယောက်ျားသည်။ ဝနေ = တောအတွင်း၌။ နဋ္ဌံ = ပျောက်ပျက်၍သွားသော။ ဂဝံ = နွားကို။ အပဿမာနော = မတွေ့မမြင်ရသည်ဖြစ်၍။ အနွေသတိ ဧဝ = အစဉ်တစိုက် လိုက်ပါ၍ ရှာမှီးသကဲ့သို့။ ဧဝံ = ဤအတူ။ မမ = ကျွန်တော်မျိုး၏။ ပဗ္ဗဇ္ဇာသင်္ခါတော = ရသေ့ရဟန်း ပြုခြင်းဟု ဆိုအပ်သော။ အတ္ထော = အကျိုးစီးပွားသည်။ နဋ္ဌော = ပျောက်ပျက်၍ သွားခဲ့လေပြီ။

သောဟံ = ထိုကျွန်တော်မျိုးသည်။ အဇ္ဇ = ယနေ့။ ပဗ္ဗဇိတာနံ = ရသေ့ရဟန်းပြု၍ သွားကြကုန်သော နောင်တော်တို့၏။ မဂ္ဂံ = ကြွသွားတဲ့ လမ်းကြောင်းကို။ ဒိသွာ = တွေ့မြင်နေရသည်ဖြစ်ပါလျက်။ ကထံ = အဘယ် အကြောင်းကြောင့်။ ပဗ္ဗဇ္ဇံ = ရသေ့ရဟန်းရဲ့အဖြစ်ကို။ န ဂဝေသေယျံ = မရှာမှီးဘဲ ရှိနိုင်ပါအံ့နည်း။ မမ = ကျွန်တော်မျိုး၏။ ဘာတိကာနံ = နောင်တော် ဖြစ်ကြကုန်သော သူတော်ကောင်းတို့၏။ ဂတမဂ္ဂမေဝ = ကြွသွားသော လမ်းကြောင်းအတိုင်းသာလျှင်။ ဂမိဿာမိ = လိုက်ပါ၍ သွားပေတော့အံ့။

နောင်တော်ဖြစ်တဲ့ ဟတ္ထိပါလသတို့သား, အဿပါလသတို့သားတို့ ကြွသွားတော်မူတဲ့ လမ်းအတိုင်း နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားတော့မယ်တဲ့။ တောအတွင်းမှာ ပျောက်ဆုံးနေတဲ့ နွားတစ်ကောင်ကို လိုက်လံ ရှာဖွေလိုက်တဲ့အခါ နွားရဲ့ ခြေရာကို တွေ့ပြီဆိုလျှင်တော့ အဲဒီခြေရာအတိုင်း လိုက်ရှာတဲ့ အချိန်အခါမှာ နွားကို တွေ့သလိုပဲ၊ အလားတူပဲ ကျွန်တော်မျိုးရဲ့ ရသေ့ရဟန်းပြုခြင်းဆိုတဲ့ အကျိုးတရားတွေဟာ ပျောက်ပျက်၍ နေခဲ့ပါတယ်။ ယခုအချိန်အခါမှာတော့ ကျွန်တော်မျိုးသည် ရသေ့ရဟန်းပြုသွားတဲ့ နောင်တော်တို့ရဲ့ ကြွသွားတော်မူတဲ့ ခြေရာလမ်းကြောင်းကြီးကို တွေ့မြင်နေပြီ ဖြစ်ပါ တယ်။ ဒါကြောင့် အဲဒီ ခြေရာလမ်းကြောင်းကြီးကို တွေ့မြင်နေပြီ ဖြစ်ပါလျက် ကျွန်တော်မျိုးဟာ ဘာကြောင့် ရသေ့ရဟန်းအဖြစ်ကို မရှာမှီးဘဲ ရှိထိုက်ပါ့ မလဲ? နောင်တော်တို့ ကြွသွားတော်မူတဲ့ လမ်းကြောင်းအတိုင်း ကျွန်တော်မျိုးလည်း ရသေ့ရဟန်း ပြုပါတော့မယ်ဆိုပြီးတော့ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ကို လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက် တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီးနဲ့ ပုရောဟိတ် ပုဏ္ဏားကြီးတို့ကလည်း ဘာပြန်ပြီး ပြောကြသလဲ?

တာတ ဂေါပါလ ဧကာဟံ ဒွီဟံ အာဂမေဟိ၊ အမှေ သမဿာသေတွာ ပစ္ဆာ ပဗ္ဗဇိဿသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၆။)

တာတ ဂေါပါလ = ချစ်သား ဂေါပါလ။ ဧကာဟံ ဒွီဟံ = တစ်ရက် နှစ်ရက်လောက်။ အာဂမေဟိ = ဆိုင်းငံ့ပါဦးလော့။ အမှေ = ငါတို့ကို။ သမဿာသေတွာ = သက်သာရာရစေ၍။ ပစ္ဆာ = နောက်ကာလမှ။ ပဗ္ဗဇိဿသိ = ရသေ့ရဟန်းပြုပါ။

ချစ်သား ဂေါပါလ ... တစ်ရက် နှစ်ရက်လောက်တော့ စောင့်ဆိုင်းပါဦး။ တို့ကို စိတ်သက်သာရာရအောင် နောက်ပိုင်းကျတဲ့ အချိန်အခါရောက်မှ ရသေ့ရဟန်း ပြုပါဆိုပြီးတော့ တိုက်တွန်းတယ်။ အဲဒီလို တိုက်တွန်းလိုက်တဲ့ အချိန်အခါမှာ ဒီဂေါပါလသတို့သားက ဘာပြန်ပြီးတော့ လျှောက်ထားသလဲ?

---

ယနေ့ ပြုသင့်တာကို ယနေ့ပဲ ပြုလုပ်ပါ

မဟာရာဇ အဇ္ဇ ကတ္တဗ္ဗကမ္မံ သွေ ကရိဿာမီတိ န ဝတ္တဗ္ဗံ၊ ကလျာဏကမ္မံ နာမ အဇ္ဇေဝ ကတ္တဗ္ဗံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၆။)

မဟာရာဇ = မြတ်သောမင်းကြီး။ အဇ္ဇ = ယနေ့။ ကတ္တဗ္ဗကမ္မံ = ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ သွေ = မနက်ဖြန်ခါကျမှ။ ကရိဿာမိ = ငါပြုပေအံ့။ ဣတိ = ဤသို့။ န ဝတ္တဗ္ဗံ = မဆိုသင့် မဆိုထိုက်ပေ။ ကလျာဏကမ္မံ နာမ = ကောင်းမှုကုသိုလ်မည်သည်ကား။ အဇ္ဇေဝ = ယနေ့၌ပင်လျှင်။ ကတ္တဗ္ဗံ = ပြုသင့်ပြုထိုက်လှပေ၏။

မြတ်သောမင်းကြီး ... ယနေ့ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို ယနေ့ပင် ပြုလုပ်ပါ။ နက်ဖြန်ကျမှ ပြုလုပ်မယ်လို့ ဒီလို မပြောသင့်ပါဘူး။ ကောင်းမှုကုသိုလ်ဆိုတာ ယနေ့ ပြုသင့်တယ်ဆိုလျှင် ယနေ့ပဲ ပြုပါလို့ ဒီလို သူက ပြန်ပြီး လျှောက်ကြားတယ်။

ဟိယျောတိ ဟိယျတိ ပေါသော၊

ပရေတိ ပရိဟာယတိ။

အနာဂတံ နေတမတ္ထီတိ ဉတွာ၊

ဥပ္ပန္နဆန္ဒံ ကော ပနုဒေယျ ဓီရော။ (ဇာတက၊ဋ္ဌ၊၄၊၄၈၆။)

မဟာရာဇ = မြတ်သော ဧသုကာရီမင်းကြီး။ ယော ပေါသော = အကြင် ယောက်ျားသည်ကား။ အဇ္ဇ = ယနေ့။ ကတ္တဗ္ဗံ ကမ္မံ = ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ ဟိယျော = မနက်ဖြန်ခါကျမှ။ အဟံ = ငါသည်။ ကရိဿာမိ = ပြုပေအံ့။ ဣတိ = ဤသို့လျှင်။ ဟိယျတိ = မပြုဘဲ စွန့်လွှတ်၍ ထား၏။ သွေ = မနက်ဖြန်ခါ၌။ ကတ္တဗ္ဗံ ကမ္မံ = ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ ပရေ = သန်ဘက်ခါကျမှ။ အဟံ = ငါသည်။ ကရိဿာမိ = ပြုပေအံ့။ ဣတိ = ဤသို့လျှင်။ ဟိယျတိ = မပြုဘဲ စွန့်လွှတ်၍ ထား၏။ သော ပုရိသော = ထိုကဲ့သို့ ရက်ရွှေ့နေတဲ့ ယောက်ျားသည်။ တတော = ထို ပြုလုပ်အပ်တဲ့ လုပ်ငန်းကိစ္စရပ်ကြောင့် ရရှိမည့် အကျိုးတရားမှ။ ပရိဟာယတိ = ဆုတ်ယုတ် ပျက်စီး၍ သွားတတ်၏။ သော =ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်။ တံ ကမ္မံ = ထိုလုပ်ငန်းကိစ္စရပ်ကို။ ကာတုံ = ပြုခြင်းငှာ။ န သက္ကောတိ = မစွမ်းနိုင်သည် ဖြစ်တတ်၏။

မဟာရာဇ = မြတ်သော ဧသုကာရီမင်းကြီး။ ယံ ဖလံ = အကြင် ကံ၏ အကျိုးတရားသည်။ အနာဂတံ = မဖြစ်ပေါ်လာလတ္တံ့။ ဧတံ = ထို မဖြစ်ပေါ်လာလတ္တံ့သော ကံ၏အကျိုးတရားဟူသည်။ န အတ္ထိ = မရှိသည်သာ လျှင်တည်း။ ဣတိ = ဤသို့။ ဉတွာ = သိရှိရသည်ဖြစ်၍။ တံ ဥပ္ပန္နဆန္ဒံ = ထိုဖြစ်ပေါ်လာသော ကုသိုလ်ဆန္ဒတော်ကို။ ကော ဓီရော = အဘယ်မည်သော တစ်စုံတစ်ယောက်သော ပညာရှိသည်။ ပနုဒေယျ = နုတ်ပယ်နိုင်ရာပါအံ့နည်း။

ဧသုကာရီဘုရင်မင်းမြတ် ... ပုဂ္ဂိုလ်သတ္တဝါတစ်ဦးဟာ ဒီနေ့ ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို မနက်ဖြန်ကျမှ ငါ ပြုလုပ်တော့မယ်လို့ ဒီလို မပြုဘဲနဲ့ လုပ်ငန်းကိစ္စတစ်ခုကို စွန့်လွှတ်ထားတယ်။ မနက်ဖြန်၌ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကိုလည်းပဲ သန်ဘက်ခါကျမှ ငါ အဲဒီ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်တော့မယ်ဆိုပြီး အဲဒီလို လုပ်ငန်းကိစ္စရပ်တွေကို စွန့်လွှတ်ထားပြန်တယ်။ နေ့ရွှေ့ ရက်ရွှေ့နေတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ ထိုလုပ်ငန်း ကိစ္စရပ်ကြောင့် ရရှိနိုင်တဲ့ အကျိုးတရားမှ ဆုတ်ယုတ် ပျက်စီးသွားတတ်ပါတယ်။ ထိုလုပ်ငန်းကိစ္စရပ်ကို တစ်ချိန် မပြုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးလည်း ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။

ကောင်းမှုကုသိုလ်ပဲဖြစ်စေ, မကောင်းမှုအကုသိုလ်ကံပဲဖြစ်စေ ကံတစ်ခုကို ပြုစုပျိုးထောင်ပြီးပြီဆိုလျှင်တော့ ထိုကံကြောင့် နောင်တစ်ချိန် အကျိုးတရား မဖြစ်ပေါ်လာဘူးဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ဒါကြောင့် ကံ-ကံရဲ့အကျိုးတရားဟာ တစ်ချိန် ကျိန်းသေဧကန် ဖြစ်မယ်ဆိုတာကို သိရှိနေတဲ့အတွက် ရသေ့ရဟန်းပြုဖို့ရန် ဖြစ်ပေါ်နေတဲ့ ဒီကုသိုလ်ဆန္ဒတော်ကို အဘယ်မည်သော တစ်စုံတစ်ယောက်သော ပညာရှိသူတော်ကောင်းသည်သော်လည်း နုတ်ပယ်သင့်ပါ့မလဲဆိုပြီးတော့ ဂေါပါလသတို့သားက ပြန်ပြီး လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားပြီးတော့ သူက ဆက်ပြီး ဘာလျှောက်ထားပြန်သလဲ?

---

လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမ

ဒီနေရာမှာ အဲဒီလို ရက်ရွှေ့နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လယ်တီဆရာတော်ဘုရားကြီးက ဆုံးမထားတဲ့ အဆုံးအမ လင်္ကာကလေး တစ်ခုတော့ ရှိတယ်။ အရှင်ဘုရား ...တပည့်တော်တို့က တရားတော့ အားထုတ်ချင်ပါတယ်။ ဒါပေမယ့်လို့ဆိုတဲ့ ဒီလို စကားကလေးကို ပြောပြောပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ဘုန်းကြီးကို လှိမ့်သွားတဲ့ပုဂ္ဂိုလ်တွေက တော်တော် ခပ်များများ ရှိပါတယ်။ အဲဒီ လှိမ့်သွားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေလည်း ပါချင် ပါ,ပါလိမ့်မယ်။ အဲဒီလို ပရိသတ်တွေအတွက် လယ်တီဆရာတော်ဘုရားကြီးက ဘယ်လို ဆုံးမထားသလဲ?

အမြိုက်တရား, ဟောတုံငြားလည်း, ဘုရားအကြိုက်, မလိုက်သာဘဲ၊

အင်မတန် ကောင်းမွန် မြင့်မြတ်နေတဲ့ သီလကျင့်စဉ်တွေကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပါ၊ သမာဓိကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ၊ ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီးတော့ ဒီလို ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြား တိုက်တွန်းတော်မူပါတယ်။ ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ဘုန်းကြီးတို့ကလည်း ဘုရားရှင်ရဲ့ တရားတော်တွေကို ဒါယကာ ဒါယိကာမတွေကို တစ်ဆင့် ပြန်ပြီး ဟောကြားပြသပေးတယ်။ မသေရာ အမြိုက်နိဗ္ဗာန် ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ တရားတော်တွေကို ဘယ်လိုပင် ဟောပေးသော်လည်း ဘာဖြစ် နေသလဲ?

အမြိုက်တရား, ဟောတုံငြားလည်း, ဘုရားအကြိုက်, မလိုက်သာဘဲ, ဘာကြောင့် ဘယ်ကြောင့်, အမယ်ကြောင့်ဟု, အနှောင့်အရောက်, အထောင့် ဆင်ခြေ, အသင်္ချေနှင့်, နေသာ ထိုင်သာ, တစ်ခါခါမှာ, သဒ္ဓါသမျှ, ဒါန သီလ, လက်စဖွာဖွာ, နောက်ဘုရားမှ, အများ ငါတို့, ပါကြစို့ဟု။

အင်မတန် သတိထားဖို့ ကောင်းပါတယ်။ တစ်ဘက်ကို ကြည့်လိုက်မယ် ဆိုလျှင်တော့ ဘယ်လိုအကြောင်းကြောင့် ဘယ်လိုအကြောင်းကြောင့်နဲ့ ဆင်ခြေတွေ ပေးတတ်ကြတယ်။ တရားကတော့ အားထုတ်ချင်ပါတယ်၊ ဘယ်လို ဘယ်လို အကြောင်းကလေးတွေက ရှိနေသေးလို့ပါ စသည်ဖြင့် အဲဒီလို အကြောင်းအမျိုးမျိုးတွေ ပြကြတယ်။ အကြောင်းတွေ အမျိုးမျိုး ပြနေတဲ့ ပုဂ္ဂိုလ်တွေကို တစ်ဘက်က လှမ်းကြည့်လိုက်ပြန်တော့ ဘာဖြစ်နေသလဲ?တစ်ဘက်ကို ကြည့်လိုက်မယ်ဆိုလျှင်တော့ သဒ္ဓါတရားကလေးတွေက သိပ်ကောင်းကြတယ်။ ကိုယ်ကျင့်သီလလေးတွေကလည်း သိပ်ကောင်းကြတယ်။ လက်ကလည်း တော်တော်ကလေး ဖွာတယ်။ ဟိုဟာလည်း လှူလိုက် ဒီဟာလည်း လှူလိုက်နဲ့ အဲဒီလို အလှူဒါနတွေမှာတော့ ခပ်သွက်သွက် ပြုလုပ်တတ်ကြတယ်။ တစ်ဘက်ကတော့ ကောင်းနေတယ်။ ဒါပေမယ့် အဲဒီလို အလှူဒါန ပြုပြီးတော့ တကယ်လက်တွေ့ သမာဓိကျင့်စဉ်တွေ ကျင့်ကြစို့၊ တကယ်လက်တွေ့ ပညာကျင့်စဉ်တွေ ကျင့်ကြစို့ဆိုတော့ ဘာလုပ်နေသလဲ?

ဘာကြောင့် ဘယ်ကြောင့်, အမယ်ကြောင့်ဟု, အနှောင့်အရောက်, အထောင့် ဆင်ခြေ, အသင်္ချေနှင့်, နေသာ ထိုင်သာ, တစ်ခါခါမှာ, သဒ္ဓါသမျှ, ဒါန သီလ, လက်စဖွာဖွာ, နောက်ဘုရားမှ, အများငါတို့, ပါကြစို့ဟု။

ဒီဘုရား မပါလည်း နောက်ဘုရား ပွင့်လျှင်တော့ တို့ နိဗ္ဗာန်ပါလေရဲ့ ဆိုပြီးတော့ နောက်ဘုရားကို တစ်ခါ ပြောင်းပြီး ရွှေ့ပြန်တယ်။ အဲဒီလို ရွှေ့လိုက်တော့ ဘာဖြစ်သလဲ?

သဒ္ဓါသမျှ, ဒါန သီလ, လက်စဖွာဖွာ, နောက်ဘုရားမှ, အများငါတို့, ပါကြစို့ဟု, နောက်ဖို့ နောက်ဖို့, နောက်လို့ မဆုံး, အများထုံးလျှင်, မနုံးမနေ, အရှုံးနေဖြင့်, နေ့ပုပ် လပုပ်, ဘဝပုပ်လျက်, မြုပ်မြဲ မျောမြဲ, မြုပ်မြဲ မျောမြဲ, တလဲလဲ, မခွဲခုတိုင်, လာကြသည်။

နောက်ဘုရား ပွင့်လျှင်တော့ တို့ ကျွတ်လေရဲ့ဆိုပြီး ဆုကလေး တောင်းလိုက်ပြန်တယ်။ နောက်ဘုရား ပွင့်လာတဲ့အခါကျတော့လည်း နောက်ထပ် ဘုရား ပွင့်လျှင်တော့ တို့ ကျွတ်လေရဲ့ဆိုပြီးတော့ ဆုကလေး တောင်းလိုက် ပြန်တယ်။ အဲဒီလိုနဲ့ နောက်ဘုရား နောက်ဘုရားဆိုပြီး ရွှေ့လာလိုက်တာ ဘဝတွေလည်း ပုပ်ခဲ့တာ များခဲ့လှပြီ၊ နေ့တွေ လတွေ ရက်တွေ ပုပ်ခဲ့တာလည်း များခဲ့လှပြီ။ များခဲ့တဲ့အတွက် ဘာဖြစ်သလဲ? သံသရာခရီးမှာ မြုပ်လိုက် မျောလိုက်နဲ့ တလဲလဲ လာလိုက်ကြတာ ဒီနေ့အထိပဲ။ ဆုံးပြီလား? မဆုံးကြသေးဘူး။

ကြမ္မာတော်ငြား, နောက်ဘုရားနှင့်, အလားသင့်ကာ, အခွင့်သာလည်း, တဏှာသခင်, အရှင်တင်းလင်း, သူ့လက်တွင်းက, အခင်းပဲ့ပြင်, မထွက်ချင်၍။

ကံကြမ္မာကလေးက အားပေးထောက်ပံ့လိုက်လို့ နောက်ဘုရားနဲ့ အကယ်၍ တွေ့ကြုံခဲ့မယ်ဆိုလျှင်လည်း ဘာဖြစ်ဦးမလဲ? ကံကလေးက လှုံ့ဆော်လိုက်တဲ့အတွက် နိဗ္ဗာန်ကို ရည်စူးပြီး ပြုထားတဲ့ ကောင်းမှုကုသိုလ် တွေ, နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ဖို့ ရည်စူးပြီးတော့ ဆုတောင်းပန်ထွာထားတဲ့ ကောင်းမှု ကုသိုလ်တွေ ရှိကြတယ်။ အဲဒီ ကံကလေးတွေက လှုံ့ဆော်ပေးလိုက်တဲ့ အတွက် နောက်ဘုရားနှင့် တွေ့ပြန်ပြီ။ အဲဒီလို ဘုရားနဲ့ တွေ့ကြုံရတဲ့ အချိန် အခါမှာ နိဗ္ဗာန်ရဖို့ရန်အတွက် အခွင့်အလမ်းက တော်တော်ကလေး သာသွား ပြီ။ သာပေမယ့်လို့ ဘာဖြစ်သလဲ?

တဏှာသခင်, အရှင်တင်းလင်း, သူ့လက်တွင်းက, အခင်းပဲ့ပြင်, မထွက်ချင်၍။

သားတွယ်လိုက်, သမီးတွယ်လိုက်, ဇနီးတွယ်လိုက်, မြေးတွယ်လိုက်, ပစ္စည်းတွယ်လိုက်နဲ့ ဒီလို တွယ်တာတပ်မက်နေတဲ့ တဏှာသခင် အရှင်တင်းလင်းရဲ့ လက်ကိုင်မိနေတယ်တဲ့။ တရားတော့ အားထုတ်ချင်ပါတယ်၊ အိမ်ကို ပစ်ထားလို့ မရလို့။ အိမ်က အဖိုးကြီးကို ဒီအတိုင်း ပစ်ထားလို့ကလည်း မရဘူး။ အဖွားကြီးကို ဒီအတိုင်း ပစ်ထားလို့ကလည်း မရဘူး။ သားတွေ, သမီးတွေကို ဒီအတိုင်း ပစ်ထားလို့ကလည်း မရဘူး။ အိမ်မှာရှိနေတဲ့ စီးပွားရေးလုပ်ငန်း ကိစ္စရပ်တွေကို ဒီအတိုင်း ပစ်ထားလို့ကလည်း မရဘူး။ အဲဒီလို မရဘူး မရဘူး ပြောနေတာက ဘာလဲ?တဏှာအရှင်သခင်ရဲ့ လက်တွင်းက ထွက်နိုင်လို့လား, မထွက်နိုင်လို့လား? မထွက်နိုင်လို့ဘဲ။ ဒါကြောင့် ---

ကြမ္မာတော်ငြား, နောက်ဘုရားနှင့်, အလားသင့်ကာ, အခွင့်သာလည်း, တဏှာသခင်, အရှင်တင်းလင်း, သူ့လက်တွင်းက, အခင်းပဲ့ပြင်, မထွက်ချင်၍, ရွှေ့မြဲ ရွှေ့လျက်, ဤသို့အလား, နောက်ဘုရားဟု, ဘုရားမဆုံး, နောက်မဆုံးဘဲ, တလုံးခဲထွေး, အရှည်တွေးလျက်, အရေးမပြု, အမှုမစိုက်, လူ့စရိုက်ဖြင့်, အမိုက်အမော, အလိုက်မျော၍, ပေါလောခုတိုင်, ရှိကြသည်။

ဘုရားမဆုံး နောက်မဆုံးတဲ့။ ဘုရားလည်း ဆုံးသေးလား? မဆုံးကြတော့ဘူး။ နောက်ဘုရား တစ်ခါ ရွှေ့ပြန်တယ်။ နောက်ဘုရားနဲ့ တစ်ခါ တွေ့ကြုံပြန်တော့လည်း နောက်ဘုရား တစ်ခါ ရွှေ့ပြန်တယ်။ အဲဒီလို ရွှေ့နေမယ်ဆိုလျှင်တော့ ဘုရားလည်း မဆုံးတော့ဘူး၊ နောက်လည်း မဆုံးတော့ဘူး။ ဒီလို မဆုံးဘဲ အမြဲ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ?

တဏှာသခင်, အရှင်တင်းလင်း, သူ့လက်တွင်းက, အခင်းပဲ့ပြင်, မထွက်ချင်၍၊

တဏှာအရှင်သခင်ရဲ့ လက်တွင်းကနေ လွတ်အောင် ရုန်းထွက်နိုင်တဲ့ စွမ်းအင် မရှိလျှင်တော့ ဘုရားလည်း မဆုံးတော့ဘူး။ နောက်လည်း ဆုံးဦးမလား? မဆုံးနိုင်တော့ဘူး။ ဒါကြောင့် နောက်ဘုရား နောက်ဘုရား ရွှေ့ဖို့ လိုသေးသလား? မလိုတော့ဘူး။ အဲဒီလို ရွှေ့နေတဲ့ ပုဂ္ဂိုလ်တွေသည် တကယ် ရသင့်ရထိုက်တဲ့ အကျိုးတရားတွေမှ ဆုတ်ယုတ် ပျက်စီးပြီး မသွားတတ်ဘူးလား? သွားတတ်တယ်။ ဒါကြောင့် ဒီဂေါပါလသတို့သားကလေးက ---

ဟိယျောတိ ဟိယျတိ ပေါသော၊

ပရေတိ ပရိဟာယတိ။

အနာဂတံ နေတမတ္ထီတိ ဉတွာ၊

ဥပ္ပန္နဆန္ဒံ ကော ပနုဒေယျ ဓီရော။ (ဇာတက၊ဋ္ဌ၊၄၊၄၈၆။)

မဟာရာဇ = မြတ်သော ဧသုကာရီမင်းကြီး။ ယော ပေါသော = အကြင် ယောက်ျားသည်ကား။ အဇ္ဇ = ယနေ့။ ကတ္တဗ္ဗံ ကမ္မံ = ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ ဟိယျော = မနက်ဖြန်ခါကျမှ။ အဟံ = ငါသည်။ ကရိဿာမိ = ပြုပေအံ့။ ဣတိ = ဤသို့လျှင်။ ဟိယျတိ = မပြုဘဲ စွန့်လွှတ်၍ ထား၏။ သွေ = မနက်ဖြန်ခါ၌။ ကတ္တဗ္ဗံ ကမ္မံ = ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ ပရေ = သန်ဘက်ခါကျမှ။ အဟံ = ငါသည်။ ကရိဿာမိ = ပြုပေအံ့။ ဣတိ = ဤသို့လျှင်။ ဟိယျတိ = မပြုဘဲ စွန့်လွှတ်၍ထား၏။ သော ပုရိသော = ထိုကဲ့သို့ ရက်ရွှေ့နေတဲ့ ယောက်ျားသည်။ တတော = ထိုပြုလုပ်အပ်တဲ့ လုပ်ငန်းကိစ္စရပ်ကြောင့် ရရှိမည့် အကျိုးတရားမှ။ ပရိဟာယတိ = ဆုတ်ယုတ်ပျက်စီး၍ သွားတတ်၏။ သော =ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်။ တံ ကမ္မံ = ထိုလုပ်ငန်းကိစ္စရပ်ကို။ ကာတုံ = ပြုခြင်းငှာ။ န သက္ကောတိ = မစွမ်းနိုင်သည် ဖြစ်တတ်၏။

မဟာရာဇ = မြတ်သော ဧသုကာရီမင်းကြီး။ ယံ ဖလံ = အကြင် ကံ၏ အကျိုးတရားသည်။ အနာဂတံ = မဖြစ်ပေါ်လာလတ္တံ့။ ဧတံ = ထို မဖြစ်ပေါ်လာလတ္တံ့သော ကံ၏အကျိုးတရားဟူသည်။ န အတ္ထိ = မရှိသည်သာလျှင်တည်း။ ဣတိ = ဤသို့။ ဉတွာ = သိရှိရသည်ဖြစ်၍။ တံ ဥပ္ပန္နဆန္ဒံ = ထိုဖြစ်ပေါ်လာသော ကုသိုလ်ဆန္ဒတော်ကို။ ကော ဓီရော = အဘယ်မည်သော တစ်စုံတစ်ယောက်သော ပညာရှိသည်။ ပနုဒေယျ = နုတ်ပယ်နိုင်ရာပါအံ့နည်း။

ကုသိုလ်ကံပဲဖြစ်ဖြစ်, အကုသိုလ်ကံပဲဖြစ်ဖြစ် ကံတစ်ခုကို ထူထောင်ပြီးလျှင်တော့ တစ်ချိန်မှာ အကျိုးဆိုတာ ကျိန်းသေဧကန် ဖြစ်ပေါ်လာမှာပဲ။ အကျိုးတရား မဖြစ်တဲ့ ကံရယ်လို့ သံသရာမဆုံးသေးတဲ့ သတ္တဝါတွေအတွက် ရှိသလား? မရှိနိုင်ဘူးတဲ့။ ဒါကြောင့် ပညာရှိ မှန်ခဲ့လျှင်တော့ ဒီလို ဖြစ်ပေါ်လာတဲ့ ကုသိုလ်ဆန္ဒဓာတ်တစ်ခုကို ဘယ်နည်းနှင့်မျှ ဖျက်သိမ်းခြင်းငှာ မသင့်ပါဘူးဆိုပြီးတော့ ဒီလို ပြန်ပြီးတော့ လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားပြီးတော့ သူက ဆက်ပြီး ဘာလျှောက်ထားပြန်သလဲ?

တိဋ္ဌထ တုမှေ၊ တုမှေဟိ သဒ္ဓိံ ကထေန္တမေဝ မံ ဗျာဓိဇရာမရဏာနိ ဥပဂစ္ဆန္တိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၆။)

တုမှေ = အသင် ခမည်းတော်တို့သည်။ တိဋ္ဌထ = တည်နေကြပါဦးတော့။ တုမှေဟိ = သင်တို့နှင့်။ သဒ္ဓိံ = အတူတကွ။ ကထေန္တမေဝ = စကား ပြောဆိုနေစဉ်အတွင်းမှာပင်လျှင်။ မံ = ကျွန်တော်မျိုးရဲ့အထံသို့။ ဗျာဓိဇရာမရဏာနိ = နာခြင်း ဗျာဓိတရား, အိုခြင်း ဇရာတရား, သေခြင်း မရဏတရားတို့သည်။ ဥပဂစ္ဆန္တိ = ကပ်ရောက်၍ လာကြပါကုန်၏။

အသင် ဖခမည်းတော်နှင့် ဧသုကာရီဘုရင်မင်းကြီးတို့ ... အသင်မင်းကြီးတို့ တည်နေရစ်ခဲ့ကြပေတော့။ အသင်မင်းကြီးတို့နှင့် ကျွန်တော်မျိုး အတူတကွ စကားပြောဆိုနေစဉ် အချိန်ကာလအတွင်းမှာပဲ ကျွန်တော်မျိုးထံသို့ ဖျားနာခြင်း ဗျာဓိတရား, အိုခြင်း ဇရာတရား, သေခြင်း မရဏတရားတွေက ကပ်ရောက်လာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးကို တောထွက်ပြီး ရသေ့ရဟန်း ပြုဖို့ရန်အတွက် ခွင့်ပြုတော်မူပါဆိုပြီးတော့ ရှိခိုး ဝန်ချ တောင်းပန်ပြီးတော့ မိမိရဲ့ အလုပ်အကျွေးတွေကို ခေါ်ဆောင်ပြီးတော့ ဂေါပါလသတို့သားကလည်း တောထွက်ပြန်တယ်။ အဲဒီ ဂေါပါလသတို့သား တောထွက်တော်မူတဲ့ အချိန်အခါမှာ နောက်က အတုလိုက်ပြီး တောထွက်သွားတဲ့ ပရိသတ်ကြီးကလည်း တစ်ယူဇနာ အတိုင်းအရှည် ရှိပြန်တယ်။ အားလုံး ပရိသတ်ကြီးက ယူဇနာပေါင်း ဘယ်လောက် ရှိသွားပြီလဲ? (၃) ယူဇနာ အတိုင်းအရှည် ရှိသွားပြီ။

---

အဇပါလသတို့သား တောထွက်တော်မူခန်း

ဂေါပါလသတို့သား တောထွက်တော်မူပြီး နောက်တစ်နေ့ရောက်တော့ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ကလည်း ရသေ့ ပရိက္ခရာတွေ အသင့် ထမ်းဆောင် ဝတ်ရုံပြီးတော့ ရသေ့အသွင်ဖြင့် အဇပါလသတို့သားထံ ချဉ်းကပ်ကြပြန်တယ်။ ပုံစံတူပဲ အဇပါလသတို့သားကလည်း ရသေ့တွေကို ရိုသေစွာဖြင့် ပင့်ဖိတ် လျှောက်ထားပါတယ်။ အဲဒီ အချိန်အခါမှာ မိမိတို့ဟာ ရသေ့ရဟန်းတွေ မဟုတ်တဲ့အကြောင်း သားတော်ကို ထီးဖြူ ဆောင်းမိုးပြီး အဘိသိက်ရေစင်ဖြင့် သွန်းဖျန်းကာ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းအဖြစ် တင်မြှောက်ဖို့ရန်အတွက် လာရောက်ကြောင်း ရှင်းပြကြတယ်။

နောင်တော်တွေ (၃)ဦး ရှိပါလျက်နဲ့ ကျွန်တော်မျိုးထံသို့ ဘယ်လို အကြောင်းကြောင့် လာရောက်ရပါသလဲလို့ မေးမြန်း လျှောက်ထားလိုက်တဲ့ အခါမှာ နောင်တော် (၃)ဦးတို့ တောထွက်သွားတဲ့အကြောင်း ဂင်္ဂါမြစ်ကမ်းမှာပဲ ယခုအခါ ထင်ရှားရှိနေသေးတဲ့အကြောင်းကို ပြန်ပြီးတော့ ရှင်းပြကြတယ်။ အဲဒီ အချိန်အခါကျတော့ ဒီအဇပါလသတို့သားကလေးကလည်း ဘာပြန်ပြီးတော့ လျှောက်ထားသလဲ?

နာဟံ မမ ဘာတိကေဟိ ဆဍ္ဍိတခေဠံ သီသေနာဒါယ ဝိစရိဿာမိ၊ အဟမ္ပိ ပဗ္ဗဇိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၆။)

အဟံ = ကျွန်တော်မျိုးသည်။ မမ ဘာတိကေဟိ = ကျွန်တော်မျိုး၏ နောင်တော်တို့က။ ဆဍ္ဍိတခေဠံ = စွန့်ပစ် ထွေးပစ်အပ်တဲ့ တံတွေးကို။ သီသေနာဒါယ = ဦးခေါင်းဖြင့် ခံယူ၍။ န ဝိစရိဿာမိ = လှည့်လည် ကျက်စားခြင်းကို မပြုပါပေအံ့။ အဟမ္ပိ = ကျွန်တော်မျိုးသည်လည်းပဲ။ ပဗ္ဗဇိဿာမိ = ရသေ့ရဟန်း ပြုပေအံ့။

ကျွန်တော်မျိုးရဲ့ နောင်တော်တွေ ထွေးသွားခဲ့တဲ့ တံတွေးကို ဦးခေါင်းဖြင့် ကျွန်တော်မျိုး မခံယူလိုပါဘူး။ ကျွန်တော်မျိုးလည်း ရသေ့ရဟန်း ပြုပါမယ်။ ဒီလိုပဲ ခွင့်တောင်းလိုက်တယ်။ ရသေ့ရဟန်း ပြုဖို့ ခွင့်တောင်းလိုက်တဲ့ အချိန်အခါမှာ မိဘတွေက ဘာပြန်ပြီး ပြောကြသလဲ?

---

ချစ်သား ငယ်ပါသေးတယ်

တာတ တွံ တာဝ ဒဟရော အမှာကံ ဟတ္ထဘာရော၊ ဝယပ္ပတ္တကာလေ ပဗ္ဗဇိဿသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၆-၄၈၇။)

တာတ = ချစ်သား အဇပါလ။ တွံ = သင်ချစ်သားသည်ကား။ တာဝ ဒဟရော = ငယ်ရွယ်လှသေး၏။ အမှာကံ = ငါတို့၏။ ဟတ္ထဘာရော = လက်ထဲ၌ ပွေ့ချီထားရမယ့် သားရတနာသာ ဖြစ်ပေ၏။ ဝယပ္ပတ္တကာလေ = အရွယ်ရောက်သော အချိန်အခါကာလ၌။ တွံ = သင်ချစ်သားသည်။ ပဗ္ဗဇိဿသိ = ရသေ့ရဟန်း ပြုရပေလတ္တံ့။

ချစ်သား အဇပါလ ... သားတော်ဟာ အလွန် ငယ်ရွယ်ပါသေးတယ်။ ခမည်းတော်တို့ရဲ့ လက်ထဲမှာ ပွေ့ချီထားရမယ့် အရွယ်မျှသာ ရှိနေပါသေးတယ်။ အကယ်၍ သားတော် အရွယ်ရောက်ခဲ့မယ်ဆိုလျှင်တော့ သားတော်ရဲ့ ဆန္ဒအတိုင်း ရသေ့ရဟန်း ပြုခွင့် ရရှိပါလိမ့်မယ်ဆိုပြီးတော့ မိဘတွေက ပြန်လည် နှစ်သိမ့်ကြတယ်။ အဲဒီလို နှစ်သိမ့်လိုက်တဲ့ အချိန်အခါမှာ ဒီအဇပါလသတို့သားကလည်း ဘာပြန်ပြီးတော့ လျှောက်ထားသလဲ?

ကိံ တုမှေ ကထေထ၊ နနု ဣမေ သတ္တာ ဒဟရကာလေပိ မဟလ္လကကာလေပိ မရန္တိယေဝ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။)

တုမှေ = သင်တို့သည်။ ကိံ = အဘယ်စကားမျိုးကို။ ကထေထ = ပြောကြားလိုက်ကြပါကုန်သနည်း။ ဣမေ သတ္တာ = ဤသတ္တဝါတို့သည်ကား။ ဒဟရကာလေပိ = ငယ်ရွယ်နုနယ်တဲ့ အချိန်အခါကာလ၌သော်လည်းကောင်း။ မဟလ္လကကာလေပိ = အသက်အရွယ် ကြီးရင့်တဲ့ အိုမင်းမစွမ်း ဖြစ်တဲ့ အချိန်အခါကာလ၌သော်လည်းကောင်း။ မရန္တိယေဝ နနု = သေကျေပျက်စီးကြကုန်သည် မဟုတ်ပါလား။

ခမည်းတော်တို့ ...ဘယ်လို စကားတွေ ပြောလိုက်ကြတာလဲ? သတ္တဝါဆိုတာ ငယ်ရွယ်နုနယ်နေတဲ့ အချိန်အခါကာလမှာလည်း သေကျေ ပျက်စီးတတ်တယ် မဟုတ်ဘူးလား? အိုမင်းမစွမ်းဖြစ်တဲ့ အသက်အရွယ် ကြီးရင့်တဲ့ အချိန်အခါမှာလည်း သေကျေပျက်စီးတတ်တဲ့သဘော ရှိတယ် မဟုတ်ဘူးလားတဲ့။

အယံ ဒဟရကာလေ မရိဿတိ၊ အယံ မဟလ္လကကာလေတိ ကဿစိ ဟတ္ထေ ဝါ ပါဒေ ဝါ နိမိတ္တံ နတ္ထိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။)

အယံ = ဤသူသည်ကား။ ဒဟရကာလေ = အသက်အရွယ် ငယ်ရွယ်တဲ့ အချိန်အခါကာလ၌။ မရိဿတိ = သေပေလတ္တံ့။ အယံ = ဤသူကတော့။ မဟလ္လကကာလေ = အိုမင်းမစွမ်းဖြစ်တဲ့ အသက်အရွယ် ကြီးရင့်တဲ့ အချိန်အခါကာလကျမှ။ မရိဿတိ = သေပေလတ္တံ့။ ဣတိ = ဤသို့လျှင်။ ကဿစိ = တစ်စုံတစ်ယောက်သော သတ္တဝါ၏။ ဟတ္ထေ ဝါ = လက်ဝါးပြင်ထက်၌ သော်လည်းကောင်း။ ပါဒေ ဝါ = ခြေဖဝါးပြင်ထက်၌သော်လည်းကောင်း။ နိမိတ္တံ = အမှတ်အသား နိမိတ်သည်။ နတ္ထိ = ထင်ရှားမရှိပေ။

မည်သည့်သတ္တဝါ တစ်စုံတစ်ယောက်ရဲ့ လက်ဖဝါးမှာသော်လည်းကောင်း, ခြေဖဝါးမှာသော်လည်းကောင်း ဒီသူက ငယ်ရွယ်စဉ်မှာ သေမယ်၊ ဒီသူကတော့ အသက်အရွယ် ကြီးရင့်တဲ့အခါကျမှ သေမယ်လို့ ဒီလို အတိအကျ သတ်မှတ်ထားတဲ့ အမှတ်အသား နိမိတ် တံဆိပ်ဆိုတာ မရှိပါဘူးတဲ့။

အဟံ မမ မရဏကာလံ န ဇာနာမိ၊ တသ္မာ ဣဒါနေဝ ပဗ္ဗဇိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။)

အဟံ = ကျွန်တော်မျိုးသည်ကား။ မမ = ကျွန်တော်မျိုး၏။ မရဏကာလံ = သေရမယ့် အချိန်အခါကာလကို။ န ဇာနာမိ = မသိရှိပါ။ တသ္မာ = ထို့ကြောင့်။ ဣဒါနေဝ = ဤယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ = ရသေ့ရဟန်း ပြုပေတော့အံ့။

ကျွန်တော်မျိုးသည် ဘယ်တော့ သေရမယ်ဆိုတဲ့ အချိန်အခါကာလကို မသိနိုင်ဘူး၊ အဲဒီ သေခြင်းတရားကို မသိနိုင်တဲ့အတွက် ဒီနေ့ပဲ ကျွန်တော်မျိုး ရသေ့ရဟန်း ပြုပါရစေဆိုပြီးတော့ မိဘတွေထံ ခွင့်တောင်းတယ်။ ခွင့်တောင်းတဲ့ အချိန်အခါမှာ နောက်ထပ် သူက သူ့ရဲ့ အတွေ့အကြုံကလေး (၂)ရပ်ကို တင်ပြ လျှောက်ထားတယ်။

အဇပါလသတို့သား၏ အတွေ့အကြုံ နှစ်ရပ်

ပဿာမိ ဝေါဟံ ဒဟရံ ကုမာရိံ၊ မတ္တူပမံ ကေတကပုပ္ဖနေတ္တံ။

အဘုတ္တဘောဂေ ပဌမေ ဝယသ္မိံ၊ အာဒါယ မစ္စု ဝဇတေ ကုမာရိံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။)

ဒေဝ = အို ဧသုကာရီဘုရင်မင်းမြတ်။ အဟံ = ကျွန်တော်မျိုးသည်။ မတ္တူပမံ = ပြုံးရယ်ခြင်း, ပြောဆိုခြင်း, စံပယ်ခြင်းတို့ဖြင့် ယစ်မူးသကဲ့သို့ ဖြစ်ပေထသော။ ကေတကပုပ္ဖနေတ္တံ = ဆတ်သွားဖူး ပွင့်ကြာအငုံကဲ့သို့ ကျယ်ပြန့်သော မျက်လုံး ကော့ဖြူးသော မျက်တောင်မွေးလည်း ရှိပေထသော။ ဒဟရံ = ငယ်ရွယ်နုနယ်သော။ ကုမာရိံ = အမျိုးသမီးကို။ ပဿာမိ = တွေ့မြင်ဖူးပါ၏။ ဧဝံ = ဤသို့လျှင်။ ဥတ္တမရူပဓရံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရူပါရုံကို ဆောင်နိုင်သော။ ပဌမေ ဝယသ္မိံ = ပထမအရွယ်၌။ ဝတ္တမာနံ = ဖြစ်ပေါ်တည်နေသော။ ကုမာရိံ = အမျိုးသမီးငယ်ကို။ အဘုတ္တဘောဂမေဝ = စည်းစိမ်ဥစ္စာတို့ကို မသုံးဆောင် မခံစားရသေးမီ အချိန်အတွင်းမှာပင်လျှင်။ မာတာပိတူနံ = မိဘနှစ်ပါးတို့၏။ ဥပရိ = အထက်၌။ မဟန္တံ = ကြီးကျယ်လှစွာ သော။ သောကံ = စိုးရိမ်ပူဆွေးခြင်း သောကတရားကို။ ပါတေတွာ = ကျရောက်စေ၍။ မစ္စု = ရှင်သေမင်းသည်။ ကုမာရိံ = အမျိုးသမီးငယ်ကို။ အာဒါယ = ယူဆောင်၍။ ဝဇတေ = သွားပါပေ၏။

သူမြင်ဖူးတဲ့ အမျိုးသမီးကလေးအကြောင်း အဇပါလသတို့သားက ပြောပြတယ်။ အို ဧသုကာရီဘုရင်မင်းကြီး ...အမျိုးသမီးငယ်ကလေးဟာ ကြည့်လိုက်မယ်ဆိုလျှင် ပြုံးရယ်နေတဲ့ အသွင်သဏ္ဌာန် ရှိတယ်။ စကား ပြောဆိုရာမှာလည်း သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောဆိုတတ်တဲ့ ငယ်ရွယ်တဲ့ အရွယ်လည်း ဖြစ်တယ်။ အင်မတန် တင့်တယ် စံပယ်စွာဖြင့် မိဘတွေ ချစ်ခင်မြတ်နိုးလောက်အောင် ပြောဆိုတတ်တဲ့ အမျိုးသမီးကလေး တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ မျက်လုံးကလေးတွေကို ကြည့်လိုက်မယ်ဆိုလျှင်လည်း ဆတ်သွားဖူး ပွင့်ချပ်ပုံသဏ္ဌာန်လို အင်မတန် ကျယ်ပြန့်ပြီးတော့ လှပတင့်တယ်တဲ့ မျက်လုံးလည်း ရှိတယ်။ သူ့ရဲ့ မျက်လုံး အစုံမှာ ပေါက်နေတဲ့ မျက်တောင်မွေးကလေးတွေကို ကြည့်လိုက်မယ်ဆိုလျှင်လည်း အလွန် လှပပြီးတော့ ကော့နေတယ်။ အဲဒီလောက် လှပတင့်တယ်ပြီးတော့ ငယ်ရွယ်နုနယ်နေတဲ့ အမျိုးသမီးကလေးတစ်ဦးကို ကျွန်တော်မျိုး မြင်ဖူးပါတယ်။

ပထမအရွယ်မှာပဲ တည်နေတဲ့ အလွန် လှပတင့်တယ်ပြီးတော့ မြင့်မြတ်တဲ့ရုပ်အဆင်းကို ဆောင်နိုင်တဲ့ စွမ်းအားရှိတဲ့ အဲဒီ အမျိုးသမီးငယ်ကလေး တစ်ဦးကို ရှင်သေမင်းက ခေါ်ဆောင်သွားပြန်တယ်။ အဲဒီအမျိုးသမီးငယ်ကလေးဟာ ကာမဂုဏ်ဆိုလို့ ဘာအာရုံမှ မခံစားဖူးသေးတဲ့ အမျိုးသမီးငယ်ကလေး ဖြစ်ပါတယ်။ အဲဒီလို ကာမဂုဏ်တွေကို မခံစားရသေးတဲ့ ပထမအရွယ်မှာပဲ ရှိနေသေးတဲ့ ဒီအမျိုးသမီးငယ်ကလေးတစ်ဦးကို မိဘတွေ အပေါ်မှာ ကြီးစွာသော ပူဆွေးသောကတရားတွေကို ကျရောက်စေပြီးတော့ ရှင်သေမင်းက ခေါ်ဆောင်သွားပါတယ်။ ဒီလို ခေါ်ဆောင်သွားတဲ့ အမျိုးသမီး ငယ်ကလေး တစ်ဦးကို ကျွန်တော်မျိုး တွေ့မြင်ဖူးပါတယ်လို့ အဇပါလ သတို့သားက လျှောက်ထားတယ်။

ဘုန်းကြီးတော့ မတွေ့ဖူးပေမယ့်လည်း ကြားဖူးထားတဲ့ အကြောင်းအရာကလေး တစ်ခုတော့ ရှိပါတယ်။ ဘုန်းကြီးနဲ့ ခင်မင်ရင်းနှီးတဲ့ သီတင်းသုံးဖော်တစ်ဦး၊ ယခုအချိန်မှာတော့ သူက လူထွက်သွားပါပြီ။ စပ်မိတော့ သူက သူရဲ့ အိမ်နီးချင်း ကလေးမကလေးတစ်ယောက်အကြောင်းကို ပြောပြတယ်။ အဲဒီကလေးမကလေးက အရွယ်အားဖြင့် (၁၂)နှစ်အရွယ်လောက်ပဲ ရှိသေးတယ်။ ဒီဇာတ်တော်မှာ လာရှိတဲ့အတိုင်း အဲဒီ ကလေးမကလေးရဲ့ မျက်တောင်ကလေးတွေ ကြည့်လိုက်လျှင်လည်း ကော့နေအောင် လှတယ်။ နှုတ်ခမ်းကလေး ကြည့်လိုက်လျှင်လည်း ပကတိအတိုင်း အင်မတန် နီရဲနေတယ်။ မျက်နှာအနေအထား ပုံသဏ္ဌာန် ကြည့်လိုက်မယ်ဆိုလျှင်လည်း ကျက်သရေ ရှိတယ်။ မြင်တဲ့သူတိုင်း ဘယ်သူမဆို ဒီကလေးမကလေးကို အင်မတန် ချစ်ခင်မြတ်နိုးကြတယ်။ မိဘတွေကလည်း အလွန် ချစ်မြတ်နိုးကြတယ်။ တစ်ချိန် ဘာဖြစ်လာသလဲ?

ကလေးမကလေးက သူ့ရဲ့ ညီမငယ်ကလေးကို စက်ဘီးပေါ် တင်ပြီးတော့ အိမ်ကနေ အထွက်မှာ ဖခင်ဖြစ်သူက ကလေးငယ်ကို ခေါ်မသွားဖို့ရန် လှမ်းပြီး အော်လိုက်တော့ ကလေးငယ်ကလေးကို အိမ်ထဲ ပြန်ချထားခဲ့တယ်။ ချပြီးတဲ့အခါ စက်ဘီးကလေးနဲ့ အိမ်ကနေ ထွက်သွားတယ်။ (၅)မိနစ်လောက် ကြာတဲ့ အချိန်အခါကျတော့ အိမ်ရှေ့မှာ ကားတစ်စီး ဆိုက်လာတယ်။ ကလေးမကလေး ဆေးရုံရောက်နေတဲ့အကြောင်း လာပြီးတော့ အကြောင်းကြားတယ်။ ဒါနဲ့ မိဘတွေလည်း ဆေးရုံကို လိုက်သွားကြတယ်။ ဆေးရုံ ရောက်တဲ့အခါမှာတော့ ကလေးမကလေးရဲ့ အလောင်းပဲ တွေ့ရတော့တယ်။

အဲဒီ အချိန်အခါမှာ မိခင်ဖြစ်တဲ့ ပုဂ္ဂိုလ်က ဘာဖြစ်သွားသလဲ? မေ့ပြီး လဲကျသွားတယ်။ မေ့ပြီး လဲကျသွားတဲ့ အဲဒီမိခင်ကို မနည်း ကုယူရတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ သုသာန်ရောက်တော့လည်း မိခင်ဖြစ်သူဟာ ခဏခဏ မေ့ပြီးတော့ လဲကျနေတယ်။ အဲဒီသဘောကို ယခု ဒီ ဇာတ်တော်က ပြောနေတယ်။ ဘယ်လိုလဲ?

ပဿာမိ ဝေါဟံ ဒဟရံ ကုမာရိံ၊ မတ္တူပမံ ကေတကပုပ္ဖနေတ္တံ။

အဘုတ္တဘောဂေ ပဌမေ ဝယသ္မိံ၊ အာဒါယ မစ္စု ဝဇတေ ကုမာရိံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။)

ဒေဝ = အို ဧသုကာရီဘုရင်မင်းမြတ်။ အဟံ = ကျွန်တော်မျိုးသည်။ မတ္တူပမံ = ပြုံးရယ်ခြင်း, ပြောဆိုခြင်း, စံပယ်ခြင်းတို့ဖြင့် ယစ်မူးသကဲ့သို့ ဖြစ်သော။ ကေတကပုပ္ဖနေတ္တံ = ဆတ်သွားဖူး ပွင့်ကြာအငုံကဲ့သို့ ကျယ်ပြန့်သော မျက်လုံး, ကော့ဖြူးသော မျက်တောင်မွေးလည်း ရှိပေထသော။ ဒဟရံ = ငယ်ရွယ်နုနယ်သော။ ကုမာရိံ = အမျိုးသမီးကို။ ပဿာမိ = တွေ့မြင်ဖူးပါ၏။ ဧဝံ = ဤသို့လျှင်။ ဥတ္တမရူပဓရံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရူပါရုံကို ဆောင်နိုင်သော။ ပဌမေ ဝယသ္မိံ = ပထမအရွယ်၌။ ဝတ္တမာနံ = ဖြစ်ပေါ် တည်နေသော။ ကုမာရိံ = အမျိုးသမီးငယ်ကို။ အဘုတ္တဘောဂမေဝ = စည်းစိမ်ဥစ္စာတို့ကို မသုံးဆောင် မခံစားရသေးမီ အချိန်အတွင်းမှာပင်လျှင်။ မာတာပိတူနံ = မိဘနှစ်ပါးတို့၏။ ဥပရိ = အထက်၌။ မဟန္တံ = ကြီးကျယ်လှစွာသော။ သောကံ = စိုးရိမ်ပူဆွေးခြင်း သောကတရားကို။ ပါတေတွာ = ကျရောက်စေ၍။ မစ္စု = ရှင်သေမင်းသည်။ ကုမာရိံ = အမျိုးသမီးငယ်ကို။ အာဒါယ = ယူဆောင်၍။ ဝဇတေ = သွားပါပေ၏။

အင်မတန် ငယ်ရွယ်နုနယ်သေးတဲ့ ကာမဂုဏ်စည်းစိမ်ဆိုလို့ ဘာမှ မခံစားရသေးတဲ့ ဒီအမျိုးသမီးငယ်ကလေးတစ်ဦးကို ရှင်သေမင်းက ရက်ရက်စက်စက်နဲ့ ခေါ်ဆောင်သွားတယ်တဲ့။ ရှင်သေမင်းမှာ ကြင်နာသနားမှု ဘာမှ မရှိဘူး။ မိဘတွေရဲ့အပေါ်မှာ ကြီးစွာသော စိုးရိမ်ပူဆွေးတဲ့ သောကတရားတွေကို ကျရောက်စေပြီးတော့ ခေါ်ဆောင်သွားပါတယ်ဆိုပြီး အဇပါလ သတို့သားက တင်ပြ လျှောက်ထားတယ်။ နောက်တစ်ခု ဆက်ပြီးတော့ သူ့ရဲ့ အတွေ့အကြုံကလေးကို တင်ပြ လျှောက်ထားတယ်။

ယုဝါ သုဇာတော သုမုခေါ သုဒဿနော၊

သာမော ကုသုမ္ဘပရိကိဏ္ဏမဿု။

ဟိတွာန ကာမေ ပဋိကစ္စ ဂေဟံ၊

အနုဇာန မံ ပဗ္ဗဇိဿာမိ ဒေဝ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။)

ဒေဝ = ဧသုကာရီဘုရင်မင်းမြတ်။ သုဇာတော = ကောင်းစွာ တည်သော လုံးရပ်သဏ္ဌာန်လည်း ရှိပေထသော။ သုမုခေါ = ရွှေကြေးမုံ လပြည့်ဝန်းနှင့်တူသော မျက်နှာလည်း ရှိပေထသော။ သုဒဿနော = ရှုချင်စဖွယ် လည်း ရှိပေထသော။ သာမော = ရွှေအဆင်းနှင့် တူသော အသားအရေ အဆင်းလည်း ရှိပေထသော။ ကုသုမ္ဘပရိကိဏ္ဏမဿု = ဝတ်ပန်းပွင့် ဝတ်ဆံနှင့်တူသော သိမ်မွေ့သော ကောင်းစွာ ပေါက်ရောက်လျက်ရှိသော မုတ်ဆိတ် ကျင်စွယ်လည်း ရှိပေထသော။ ဧဝရူပေါပိ ယုဝါ = ဤသို့သဘောရှိတဲ့ လုလင်ပျိုသည်သော်လည်းပဲ။ မစ္စုဝသံ = သေမင်းရဲ့ အလိုနိုင်ငံသို့။ ဂစ္ဆတိ = လိုက်ပါ၍ သွားရပါပေ၏။

တသ္မာ = ထို့ကြောင့်။ ဒေဝ = အရှင်မင်းမြတ်။ အဟံ = ကျွန်တော်မျိုးသည်။ ကာမေ စ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကိုလည်းကောင်း။ ဂေဟံ စ = အိမ်ရာတည်ထောင် လူ့ဘောင်ကိုလည်းကောင်း။ ပဋိကစ္စ = ရှေးမဆွကပင်။ ဟိတွာန = ပယ်စွန့်ထားခဲ့၍။ ပဗ္ဗဇိဿာမိ = ရသေ့ရဟန်း ပြုပါပေအံ့။ တုမှေ = သင်တို့သည်။ မံ = ကျွန်တော်မျိုးကို။ အနုဇာန = အနုဇာနာထ = ခွင့်ပြုတော်မူကြပါ။

အဇပါလသတို့သားက သူ တွေ့မြင်ခဲ့ဖူးတဲ့ လုလင်ပျိုကလေး တစ်ဦး အကြောင်းကို တင်ပြ လျှောက်ထားတယ်။ ဧသုကာရီဘုရင်မင်းမြတ် လုလင်ပျိုကလေးတစ်ဦးဟာ လုံးရပ်သဏ္ဌာန်အားဖြင့် သိပ်ပြီး လှတယ်၊ အချိုးကျတယ်။ မျက်နှာကို ကြည့်လိုက်မယ်ဆိုလျှင်လည်း ရွှေကြေးမုံ လပြည့်ဝန်းလို အင်မတန် ကြည်လင်သန့်ရှင်းပြီးတော့ ဖြူစင်လှပတဲ့ လုလင်ပျိုကလေး ဖြစ်ပါတယ်။ သူ့ကို ကြည့်ရှုလိုက်ရလျှင် သုဒဿန = အလွန် ကြည့်ရှုလို့ ကောင်းတဲ့ လုလင်ပျိုကလေး ဖြစ်ပါတယ်။ အသားအရောင်ကို ကြည့်လိုက်မယ်ဆိုလျှင်လည်း ရွှေအဆင်းလို ဝါဝင်းနေတယ်။ သူ့မှာ မုတ်ဆိတ် ကျင်စွယ် ကလေးတွေလည်း ရှိတယ်။ အဲဒီ မုတ်ဆိတ် ကျင်စွယ်တွေကလည်း ဝတ်ပန်းပွင့်ရဲ့ ဝတ်ဆံကလေးတွေလို အလွန် လှပတင့်တယ်တဲ့ မုတ်ဆိတ် ကျင်စွယ် ကလေးတွေ ဖြစ်နေကြတယ်။ အဲဒီလို လှပတင့်တယ်နေတဲ့ လုလင်ပျိုကလေးကိုသော်လည်းပဲ အင်မတန် ကရုဏာ ကင်းမဲ့တဲ့ ရှင်သေမင်းက ခေါ်ဆောင်သွားပါတယ်။

ဒါကြောင့် ဒီလို အင်မတန် လှပတင့်တယ်နေတဲ့ လုလင်ပျိုကလေးသော်လည်းပဲ သေမင်းရဲ့ အလိုနိုင်ငံသို့ လိုက်ပါရပါသေးတယ်။ ကျွန်တော်မျိုးတို့ဆိုလျှင် အဘယ်မှာ ဆိုဖွယ်ရာ ရှိနိုင်ပါတော့မလဲ? ဒါကြောင့် အရှင်မင်းမြတ်တို့ ကျွန်တော်မျိုးကို တောထွက်ပြီး ရသေ့ရဟန်း ပြုဖို့ရန်အတွက် ခွင့်ပြုတော်မူကြပါ။ ကာမဂုဏ်တွေကို မခံစားရသေးမီမှာပဲ အိမ်ရာ တည်ထောင်တဲ့ လူ့ဘောင်ဘဝကို ကြိုတင်ပြီးတော့ ကျွန်တော်မျိုး စွန့်လွှတ်ပါရစေတဲ့။ ဘာကြောင့်လဲ?

တထာဝိဓမ္ပိ ဟိ သိနေရုံ ဥပ္ပါတေန္တော ဝိယ နိက္ကရုဏော မစ္စု အာဒါယ ဂစ္ဆတိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။)

ဒီလောက် လှပတင့်တယ်နေတဲ့ လုလင်ပျိုကလေး တစ်ယောက်ကို သော်လည်းပဲ အင်မတန် ကြင်နာခြင်း ကင်းမဲ့တဲ့ ရှင်သေမင်းက ခေါ်ဆောင်သွားသေးတယ်ဆိုလျှင် ကျွန်တော်မျိုးကိုလည်း တစ်နေ့မှာ ခေါ်ဆောင်မှာ ဖြစ်ပါတယ်။ တစ်နေ့မှာ ရှင်သေမင်းက ခေါ်ဆောင်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်မျိုးဟာ အိမ်ရာတည်ထောင်တဲ့ လူတို့ဘောင်သို့ မရောက်မီ, ကာမဂုဏ်တွေကို မခံစားရသေးမီ အချိန်ကာလအတွင်းမှာ တောထွက်ပြီး ရသေ့ ရဟန်း ပြုပါရစေလို့ ခွင့်တောင်းတယ်။ ဘာဖြစ်လို့လဲ?

ဒေဝ ပုတ္တဒါရဗန္ဓနသ္မိဥှိ ဥပ္ပန္နေ တံ ဗန္ဓနံ ဒုစ္ဆေဒနီယံ ဟောတိ၊ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။)

ဒေဝ = အို အရှင်မင်းမြတ်။ ပုတ္တဒါရဗန္ဓနသ္မိံ = သားမယားတည်းဟူသော အနှောင်အဖွဲ့သည်။ ဥပ္ပန္နေ = ဖြစ်ပေါ်လာခဲ့သည်ရှိသော်။ တံ ဗန္ဓနံ = ထိုအနှောင်အဖွဲ့သည်။ ဒုစ္ဆေဒနီယံ = အလွန် ဖြတ်နိုင်ခဲသည်။ ဟောတိ = ဖြစ်၏။

သားမယားဆိုတဲ့ အနှောင်အဖွဲ့တွေ အကယ်၍ ဖြစ်လာခဲ့မယ်ဆိုလျှင်တော့ အဲဒီ သားမယားဆိုတဲ့ အနှောင်အဖွဲ့တွေဟာ အလွန် ဖြတ်နိုင်ခဲပါတယ်တဲ့။ အဲဒီ စကားကလေးကို တရားနာပရိသတ်တွေ လက်ခံနိုင်ပါ့မလား? ဘယ်လို ဖြေကြမလဲ? သားမယားရယ်လို့ ဖြစ်လာပြီ၊ သားတွေ, သမီးတွေ, ဇနီးတွေ, မြေးတွေ, မြစ်တွေ ဖြစ်လာပြီဆိုလျှင် ဒီအနှောင်အဖွဲ့ဟာ ဖြတ်တောက်ဖို့ရန်အတွက် အလွန် ခက်ခဲတယ်။ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်ပါတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်ကတော့ အသံက ခပ်နည်းနည်းပဲ။

ဒီနေ့ပဲ ယောဂီ ဒါယကာကလေးတစ်ယောက် အထုပ်ကလေးနဲ့ ကျောင်း ရောက်လာတယ်။ တစ်လဆိုလား, ဘယ်လောက်ဆိုလား? သူက တရား အားထုတ်မယ်ဆိုပြီး ကြိမ်းဝါးပြီးတော့ လာတာပဲ။ ဒီနေ့ပဲ အထုပ်ကလေးနဲ့ ပြန်ပါသွားတယ်။ အဲဒါကိုသာ ကြည့်ပေတော့ ... ဖြတ်တောက်ဖို့ရန် မခက်ခဲဘူးလား? အင်မတန် ခက်ခဲတယ်။ ဒါကြောင့် အဇပါလသတို့သားက ဘယ်လို ဆက်ပြီး လျှောက်ထားသလဲ?

တေနာဟံ ပုရေတရညေဝ ကာမေ စ ဂေဟဉ္စ ဟိတွာ ဣဒါနေဝ ပဗ္ဗဇိဿာမိ၊ အနုဇာန မံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။)

တေန = ထို့ကြောင့်။ အဟံ = ကျွန်တော်မျိုးသည်။ ပုရေတရညေဝ = အိမ်ရာတည်ထောင် လူ့ဘောင်ကို မရရှိသေးမီ, ကာမဂုဏ်တို့ကို မခံစားရ သေးမီ ရှေးမဆွကပင်လျှင်။ ကာမေ စ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု တို့ကိုလည်းကောင်း။ ဂေဟဉ္စ = အိမ်ရာတည်ထောင် လူ့ဘောင်ကိုလည်းကောင်း။ ဟိတွာ = ပယ်စွန့်ခဲ့၍။ ဣဒါနေဝ = ဤယခုအခါ၌ပင်လျှင်။ ပဗ္ဗဇိဿာမိ = ရသေ့ရဟန်း ပြုပေတော့အံ့။ မံ = ကျွန်တော်မျိုးကို။ တုမှေ = သင် ခမည်းတော်တို့သည်။ အနုဇာန = ခွင့်ပြုတော်မူကြပါ။

ဒီအနှောင်အဖွဲ့တွေ ကျွန်တော့်မျိုးထံ မရောက်လာမီ အချိန်ကာလအတွင်းမှာပဲ ကြိုတင်ပြီးတော့ ကျွန်တော်မျိုး ရသေ့ရဟန်း ပြုပါရစေ။ ကျွန်တော်မျိုးကို ခွင့်ပြုပါဆိုပြီးတော့ ခွင့်တောင်းတယ်။ ဒီလိုဆိုလျှင် ဒါယကာကြီး ဒါယိကာမကြီးတွေ အပျိုကြီးဘဝ လူပျိုကြီးဘဝမှာ ရှိနေတုန်း ကြိုတင်ပြီးတော့ ရသေ့ရဟန်းပြုဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါပေမယ့် ကောင်းတယ်လို့ ခေါင်းညိတ်တဲ့ ပုဂ္ဂိုလ်ကတော့ အလွန် နည်းပါတယ်။ အဲဒီလို ခွင့်တောင်းပြီးတဲ့ အချိန်အခါကျတော့ အဇပါလသတို့သားက ဘာလုပ်သလဲ?

တိဋ္ဌထ တုမှေ၊ တုမှေဟိ သဒ္ဓိံ ကထေန္တမေဝ မံ ဗျာဓိဇရာမရဏာနိ ဥပဂစ္ဆန္တိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၈။)

တုမှေ = သင် ဖခမည်းတော်တို့သည်။ တိဋ္ဌထ = တည်နေကြဦးတော့။ တုမှေဟိ = သင် ခမည်းတော်တို့နှင့်။ သဒ္ဓိံ = အတူတကွ။ ကထေန္တမေဝ = စကားပြောဆိုနေစဉ် အချိန်အခါကာလအတွင်းမှာပင်လျှင်။ မံ = ကျွန်တော်မျိုးထံသို့။ ဗျာဓိဇရာမရဏာနိ = နာခြင်း ဗျာဓိတရား, အိုခြင်း ဇရာတရား, သေခြင်း မရဏတရားတို့သည်။ ဥပဂစ္ဆန္တိ = ကပ်ရောက်၍ လာကြပါကုန်၏။

ဖခမည်းတော်တို့ ... ဖခမည်းတော်တို့တော့ ဒီနေရာမှာပဲ တည်နေရစ်ကြပေတော့ ... ဖခမည်းတော်တို့နှင့်အတူ စကားပြောနေစဉ် အချိန်ကာလအတွင်းမှာပဲ ကျွန်တော်မျိုးထံသို့ နာခြင်း = ဗျာဓိတရားတွေ, အိုခြင်း = ဇရာတရားတွေ, သေခြင်း = မရဏတရားတွေဟာ ကပ်ရောက်လာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးကို ရသေ့ရဟန်း ပြုရန်အတွက် ခွင့်ပြုတော်မူပါဆိုပြီးတော့ ရှိခိုးပြီး ဝန်ချ တောင်းပန်တယ်။

အဲဒီလို ရှိခိုး ဝန်ချ တောင်းပန်ပြီးတော့ အဇပါလသတို့သားကလည်း သူ့ရဲ့ အလုပ်အကျွေးတွေကို ခေါ်ဆောင်ပြီးတော့ တောထွက်ပြန်တယ်။ နောက်တော်ကနေ တစ်ယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး လိုက်ပါ သွားပြန်တယ်။ အားလုံး ပရိသတ် ယူဇနာ ဘယ်လောက် ရှိသွားပြီလဲ? လေးယူဇနာ ရှိသွားပြီ။ အဲဒီ အဇပါလဦးဆောင်တဲ့ တစ်ယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကိုလည်း ဟတ္ထိပါလသတို့သားက ကောင်းကင်ခရီးကနေ ဆီးကြို ပြီးတော့ နေရာချထားတယ်။ တို့ရဲ့ တောထွက်တဲ့ လူထုပရိသတ်ကြီးကတော့ အင်မတန် ကြီးကျယ်လိမ့်မယ်။ ဒါကြောင့် ဒီဂင်္ဂါမြစ်ကမ်းကပဲ တို့ စောင့်ဆိုင်းကြဦးစို့ဆိုပြီးတော့ စောင့်ဆိုင်းနေကြတယ်။

အဲဒီလို ညီနောင် လေးဦးတို့ ဦးဆောင်ပြီး တောထွက်သွားတဲ့ (၄)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး ဂင်္ဂါမြစ်ကမ်းကနေ စောင့်ဆိုင်းနေကြတဲ့ အချိန်အခါမှာ ပုရောဟိတ်ပုဏ္ဏားကြီးကလည်း စဉ်းစားခန်း ဝင်ပြီးတော့ ပုဏ္ဏေးမကြီးနဲ့ တိုင်ပင်ပြန်တယ်။ နှစ်ဦးသား တိုင်ပင်တဲ့ အချိန်အခါကျတော့ ပုရောဟိတ်ပုဏ္ဏားကြီးက ပုဏ္ဏေးမကြီးကို ဘာပြောသလဲ?

---

ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်ခန်း

လူ့သစ်ငုတ်တိုဘဝ

မမ ပုတ္တာ ပဗ္ဗဇိတာ၊ ဣဒါနာဟံ ဧကကောဝ မနုဿခါဏုကော ဇာတောမှိ၊ အဟမ္ပိ ပဗ္ဗဇိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၈။)

မမ ပုတ္တာ = ငါရဲ့ သားတော်တို့သည်ကား။ ပဗ္ဗဇိတာ = ရသေ့ရဟန်းပြု၍ သွားကြလေကုန်ပြီ။ ဣဒါနိ = ယခုအခါ၌။ အဟံ = ငါသည်ကား။ ဧကကောဝ = သားမရှိဘဲ တစ်ယောက်တည်းသာလျှင်။ မနုဿခါဏုကော = လူ့သစ်ငုတ်သည်။ ဇာတော = ဖြစ်၍နေသည်။ အမှိ = ဖြစ်ပေ၏။ အဟမ္ပိ = ငါသည်လည်းပဲ။ ပဗ္ဗဇိဿာမိ = ရသေ့ရဟန်းပြုပေအံ့။

ငါ့ရဲ့ သားတော် (၄)ယောက် အကုန်လုံး တောထွက်ပြီး ရသေ့ရဟန်း ပြုသွားကြပြီ။ ယခုအခါမှာတော့ ငါ့မှာ သားမရှိတော့တဲ့အတွက် မနုဿခါဏုကခေါ်တဲ့ လူ့သစ်ငုတ်တိုကြီးတော့ ဖြစ်နေပြီ။ ငါလည်းပဲ တောထွက်ပြီး ရသေ့ရဟန်းပြုတော့မယ်ဆိုပြီးတော့ သူ့ရဲ့ ပုဏ္ဏေးမကြီးကို ပြောပြတယ်။

သာခါဟိ ရုက္ခော လဘတေ သမညံ၊

ပဟီနသာခံ ပန ခါဏုမာဟု။

ပဟီနပုတ္တဿ မမဇ္ဇ ဘောတိ၊

ဝါသေဋ္ဌိ ဘိက္ခာစရိယာယ ကာလော။ (ဇာတက၊ဋ္ဌ၊၄၊၄၈၈။)

ဝါသေဋ္ဌိ = ဝါသေဋ္ဌအနွယ်၌ဖြစ်ပါပေသော။ ဘောတိ = အို ပုဏ္ဏေးမ။ သာခါဟိ = အခက်အလက်တို့ကြောင့်။ ရုက္ခော သမညံ = သစ်ပင်ဟူသော အမည်ကို။ လဘတေ = ရရှိပါပေ၏။ ပဟီနသာခံ ပန = အခက်အလက် ကျိုးပြတ်နေတဲ့ သစ်ပင်ကိုကား။ ခါဏုံ = သစ်ငုတ်တိုဟူ၍။ အာဟု = ပြောဆို ကြပါကုန်၏။ ပဟီနပုတ္တဿ = စွန့်ပယ်၍ ထားအပ်သော သားရှိသော။ မမ = ငါ့အဖို့။ အဇ္ဇ = ယနေ့။ ဘိက္ခာစရိယာယ = ရသေ့ရဟန်းပြုဖို့ရန် အတွက်။ ကာလော = အချိန်ကာလပါပေတည်း။

သစ်ပင်ကြီး တစ်ပင် ရှိတယ်ဆိုကြစို့၊ ဘာဖြစ်လို့ သစ်ပင်လို့ ခေါ်ရသလဲလို့ မေးလျှင်တော့ အခက်အလက်တွေ ထင်ရှား တည်ရှိနေတဲ့အတွက်ကြောင့် သစ်ပင်လို့ ခေါ်ရတယ်။ အခက်အလက်တွေ လုံးလုံး မရှိတော့ဘူး ဆိုလျှင်တော့ အဲဒီသစ်ပင်ကြီးကို ဘယ်လိုခေါ်သလဲ? သစ်ငုတ်တိုလို့ လောက ဝေါဟာရအားဖြင့် ခေါ်တယ်တဲ့။

သားတွေ မရှိတော့ဘူးဆိုလျှင်တော့ အကိုင်းအခက် မရှိတာနဲ့ တူတယ်။ အကိုင်းအခက် မရှိတဲ့ သစ်ပင်ကြီးတစ်ပင်ကို သစ်ငုတ်တိုလို့ ခေါ်သလို သားမရှိတဲ့ ငါ့ကိုလည်းပဲ လူ့သစ်ငုတ်တိုလို့ ခေါ်ကြတော့မယ်။ ဒါယကာကြီး ဒါယိကာမကြီးတွေ မြင်ဖူးကြပါလိမ့်မယ်။ သစ်ငုတ်တိုတစ်ခု တွေ့ပြီဆိုလျှင် ခွေးတွေက ဘာလုပ်ကြလဲ? ဘယ့်နှယ်တုံး ပရိသတ်တွေ သိကြပါလိမ့်မယ်။ အဲဒီအတိုင်းပဲ သစ်ငုတ်တိုဘဝ ရောက်ပြီဆိုလျှင်တော့ လူလည်း မရိုသေဘူး၊ ခွေးကလည်း မရိုသေတော့ဘူး။ ဘယ်သူမှ သိပ်ပြီး မရိုသေချင်ဘူး။ ဒါကြောင့် အဲဒီ သစ်ငုတ်တိုဘဝ ရောက်နေတဲ့ ငါလည်းပဲ ယခုအခါမှာ ရသေ့ရဟန်း ပြုဖို့ရန်တော့ တော်ပြီဆိုပြီးတော့ သူ့ရဲ့ ပုဏ္ဏေးမကြီးကို တိုင်ပင်တယ်။

အဲဒီလို တိုင်ပင်ပြီးတဲ့ အချိန်အခါကျတော့ သူက ဘာလုပ်သလဲ? သူ့ရဲ့ ပုဏ္ဏားပရိသတ်တွေကို အကုန်လုံး ခေါ်လိုက်တယ်။ ပုဏ္ဏားလုလင်တွေ ခြောက်သောင်း ရောက်ရှိလာကြတယ်။ အဲဒီလို ရောက်ရှိလာတဲ့ အချိန်အခါမှာ ပုဏ္ဏားလုလင်တွေကို ဒီပုရောဟိတ်ပုဏ္ဏားကြီးက ကဲ - သင်တို့ ဘာလုပ်ကြမလဲလို့ မေးကြည့်တယ်။ အဲဒီလို မေးလိုက်တဲ့ အချိန်အခါမှာ ပုဏ္ဏားလုလင်တွေကလည်း အရှင်ပုဏ္ဏားကြီးကကော ဘာလုပ်မလဲလို့ ပြန်မေးကြ တယ်။ ပြန်မေးလိုက်တဲ့ အချိန်အခါကျတော့ ငါကတော့ ငါ့သားတော်တွေထံ သွားပြီး ရသေ့ရဟန်း ပြုတော့မယ်လို့ ပြန်ပြောလိုက်တယ်။ အဲဒီ စကားကို ကြားလိုက်တဲ့ အချိန်အခါကျတော့ ပုဏ္ဏားလုလင်တွေက သူတို့ရဲ့ ပုရောဟိတ် ဆရာကြီးကို ဘာပြန်ပြောကြသလဲ?

ငရဲအပူဟူသည်

န တုမှာကမေဝ နိရယော ဥဏှော၊ မယမ္ပိ ပဗ္ဗဇိဿာမ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၈။)

တုမှာကမေဝ = သင်တို့အားသာလျှင်။ နိရယော = ငရဲမီးသည်။ န ဥဏှော = ပူသည်ကားမဟုတ်။ မယမ္ပိ = ကျွန်တော်မျိုးတို့သည်လည်းပဲ။ ပဗ္ဗဇိဿာမိ = ရသေ့ရဟန်း ပြုကြပါကုန်အံ့။

ဒီစကားကလေးက သိပ်ကောင်းတယ်။ ဘယ်လို ပြန်ပြောကြသလဲ? ငရဲမီးဆိုတာ အသင် ပုရောဟိတ်ဆရာကြီးအတွက်သာ ပူတာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့အတွက်လည်း ပူတာပါပဲ။ ဒါကြောင့် ကျွန်တော်မျိုးတို့လည်း ရသေ့ရဟန်း ပြုပါမယ်လို့ ပုဏ္ဏားလုလင်တွေက ပြန်ပြီး ပြောကြတယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ် သိပ်ကောင်းတယ်။

ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်ခန်း

အဲဒီလို ပြောဆိုပြီးတဲ့ အချိန်အခါကျတော့ ပုဏ္ဏားကြီးကလည်း နောက်တော်ပါဖြစ်တဲ့ မိမိရဲ့ ပုဏ္ဏားလုလင်တွေ ခြံရံပြီးတော့ တောထွက်ကြပြန်တယ်။ ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်သွားတဲ့ အချိန်အခါမှာလည်း တစ်ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး လိုက်ပါသွားကြပြန်တယ်။

အဲဒီ ပုရောဟိတ်ပုဏ္ဏားကြီး ဦးဆောင်တဲ့ တစ်ယူဇနာအတိုင်းအရှည် ရှိတဲ့ ပရိသတ်ကြီးကိုလည်း ဟတ္ထိပါလသတို့သားက ကောင်းကင်ခရီးကနေ ဆီးကြိုပြီးတော့ ဂင်္ဂါမြစ်ကမ်းမှာပဲ ခေတ္တ စောင့်ဆိုင်းပြီး နေရာချထားပေးပါတယ်။ ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်သွားတော့ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ ပုဏ္ဏေးမကြီးကလည်း ဘာဖြစ်လာသလဲ?

---

ပုဏ္ဏေးမကြီး တောထွက်ခန်း

မမ စတ္တာရော ပုတ္တာ သေတစ္ဆတ္တံ ပဟာယ ပဗ္ဗဇိဿာမာတိ ဂတာ၊ ဗြာဟ္မဏောပိ ပုရောဟိတဋ္ဌာနေန သဒ္ဓိံ အသီတိကောဋိဓနံ ဆဍ္ဍေတွာ ပုတ္တာနညေဝ သန္တိကံ ဂတော။ (ဇာတက၊ဋ္ဌ၊၄၊၄၈၈။)

မမ = ငါ၏။ စတ္တာရော ပုတ္တာ = သားတော် လေးယောက်တို့သည်ကား။ သေတစ္ဆတ္တံ = ထီးဖြူကို။ ပဟာယ = ပယ်စွန့်ထားခဲ့၍။ ပဗ္ဗဇိဿာမာတိ = ရသေ့ရဟန်း ပြုကြကုန်အံ့ဟူ၍။ ဂတာ = ထွက်ခွာ၍ သွားကြလေကုန်ပြီ။ဗြာဟ္မဏောပိ = ပုရောဟိတ်ပုဏ္ဏားကြီးကလည်းပဲ။ ပုရောဟိတဋ္ဌာနေန = ပုရောဟိတ်ပုဏ္ဏားရာထူးနှင့်။ သဒ္ဓိံ = အတူတကွ။ အသီတိကောဋိဓနံ = ကုဋေရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ချမ်းသာကို။ ဆဍ္ဍေတွာ = စွန့်ပစ် ထားခဲ့၍။ ပုတ္တာနညေဝ သန္တိကံ = သားတို့ရဲ့အထံသို့သာလျှင်။ ဂတော = လိုက်ပါ၍ သွားခဲ့လေပြီ။

ငါ့ရဲ့ သားတော် လေးယောက်တို့လည်း ထီးဖြူနှင့်တကွ မင်းစည်းစိမ်ကို စွန့်ခွာပြီးတော့ ရသေ့ရဟန်း ပြုမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် တောထွက်သွားကြပြီ။ ပုရောဟိတ်ပုဏ္ဏားကြီးကလည်း ပုရောဟိတ်ရာထူးနှင့်တကွ ကုဋေ ရှစ်ဆယ် ကြွယ်ဝနေတဲ့ စည်းစိမ်ဥစ္စာတွေ အကုန်လုံးကို စွန့်ပစ်ထားခဲ့ပြီးတော့ သားတော်တို့ထံသို့ ရသေ့ရဟန်းပြုဖို့ရန်အတွက် လိုက်ပါသွားပြီ ဖြစ်တယ်။

အဟမေဝ ဧကာ ကိံ ကရိဿာမိ၊ ပုတ္တာနံ ဂတမဂ္ဂေနေဝ ဂမိဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၈။)

အဟမေဝ ဧကာ = ငါ တစ်ယောက်ထီးတည်းပင်လျှင်။ ကိံ ကရိဿာမိ = ဘာလုပ်၍ နေနိုင်ပါအံ့နည်း။ ပုတ္တာနံ = သားတို့၏။ ဂတမဂ္ဂေနေဝ = တောထွက်သွားရာလမ်းကြောင်းအတိုင်းသာလျှင်။ ဂမိဿာမိ = ငါ လိုက်ပါ၍ သွားပေတော့အံ့။

ငါ တစ်ယောက်ထီးတည်း အိမ်မှာနေလို့ ဘာလုပ်တော့မလဲ? ငါ့သားတော်တွေ တောထွက်သွားရာလမ်းအတိုင်း ငါလည်း လိုက်သွားတော့မယ်လို့ ပုဏ္ဏေးမကြီးက စဉ်းစားတယ်။ ယခုခေတ် ကုဋေရှစ်ဆယ်နဲ့ မတူတဲ့ ကုဋေ ရှစ်ဆယ် ဖြစ်ပါတယ်။ ရွှေပုံ ငွေပုံ ရတနာပုံတွေ အစုလိုက် အပုံလိုက်ကြီး ရှိနေတဲ့ ရွှေတိုက် ငွေတိုက်တွေနဲ့ အကြီးအကျယ် ချမ်းသာ ကြွယ်ဝနေတဲ့ သူဌေးတွေ ဖြစ်ကြတယ်။ အဲဒီ စည်းစိမ်တွေကို တံတွေးလောက်မှ ငဲ့ကွက်မှု မရှိဘဲနဲ့ အကုန်လုံး စွန့်ခွာသွားဖို့ရန်အတွက် ယခုလို စဉ်းစားခန်း ဝင်နေခြင်း ဖြစ်တယ်။ အဲဒီလို စဉ်းစားတဲ့အပိုင်းမှာ ဒီစည်းစိမ်တွေကို စွန့်လွှတ်နိုင်တဲ့ စိတ်ဓာတ်ကလေး ပေါ်လာတာကို ဝမ်းသာလွန်းလို့ သူက ဥဒါန်းကျူးတယ်။ ဘယ်လို ဥဒါန်းကျူးသလဲ?

မယ်တော် ပုဏ္ဏေးမကြီး၏ ဥဒါန်းစကား

အဃသ္မိ ကောဉ္စာဝ ယထာ ဟိမစ္စယေ၊

ကတာနိ ဇာလာနိ ပဒါလိယ ဟံသာ။

ဂစ္ဆန္တိ ပုတ္တာ စ ပတီ စ မယှံ၊

သာဟံ ကထံ နာနုဝဇေ ပဇာနံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၈။)

အဃသ္မိံ = ကောင်းကင်၌။ ကောဉ္စာ = ကြိုးကြာငှက်တို့သည်။ အသဇ္ဇမာနာ = ငြိကပ်တွယ်တာမှု မရှိကြကုန်ဘဲ။ ဂစ္ဆန္တိ ယထာ စ = သွားကြကုန် သကဲ့သို့လည်းကောင်း။ ဟိမစ္စယေ = မိုးလ လွန်မြောက်၍ ဆောင်းလသို့ ရောက်သော အချိန်အခါကာလ၌။ ဟံသာ = ဟင်္သာပျိုတို့သည်။ ကတာနိ = ပင့်ကူသည် ပြုလုပ်ထားအပ်ကုန်သော။ ဇာလာနိ = ပင့်ကူ ကွန်ရက်တို့ကို။ ပဒါလိယ = ဖောက်ခွဲကြကုန်လျက်။ အသဇ္ဇမာနာ = ငြိကပ် တွယ်တာမှု မရှိကြကုန်ဘဲ။ ဂစ္ဆန္တိ ယထာ စ = သွားကြကုန်သကဲ့သို့လည်းကောင်း။ ဧဝံ = ဤအတူ။ မယှံ = ငါ၏။ ပုတ္တာ စ = သားတော်တို့သည်လည်းကောင်း။ ပတိ စ = အိမ်ရှင်ယောက်ျားသည်လည်းကောင်း။ ကာမဇာလံ = ကာမဂုဏ် တည်းဟူသော ပိုက်ကွန်ရက်ကို။ ဆိန္ဒိတွာ = ဖြတ်တောက်၍။ ဂစ္ဆန္တိ = သွားကြ လေကုန်၏။ သာဟံ = ထိုငါသည်။ ကထံ = အဘယ်အကြောင်းကြောင့်။ ပဇာနံ = သားတော်တွေနှင့် အိမ်ရှင်ယောက်ျားတို့၏။ ဂတမဂ္ဂံ = တောထွက် သွားရာဖြစ်တဲ့လမ်းကြောင်းကို။ နာနုဝဇေ = မလိုက်ပါဘဲ ရှိနိုင်ပါအံ့နည်း။

ကြိုးကြာငှက်တွေ ကောင်းကင်မှာ ပျံသန်းသွားလာကြပြီဆိုလျှင် ကောင်း ကင်မှာ ငြိကပ် တွယ်တာနေတဲ့ သဘောတရား ရှိသလား? မရှိဘူး။ ဘာမှ ငြိကပ် တွယ်တာစရာ မရှိကြဘူး။ လွတ်လွတ်လပ်လပ်နဲ့ ကြိုးကြာငှက်တွေဟာ ကောင်းကင်မှာ ပျံသန်းသွားလာနိုင်တဲ့ စွမ်းအားတွေ ရှိကြတယ်။ ဒါက ဥပမာ စကားရပ်ကလေး တစ်ခုပဲ။ နောက်တစ်ခုက ---

ရွှေဟင်္သာတို့၏ ထုံးဟောင်းတစ်ရပ်

ဇာတ်တော်ကလေးတစ်ခု ရှိပါတယ်။ အဲဒီ ဇာတ်တော်မှာ တစ်ချိန်က ရွှေဟင်္သာပေါင်း (၉၆၀၀၀)လောက် ဟိမဝန္တာ ရွှေလိုဏ်ဂူတစ်ခုအတွင်းမှာ နေထိုင်ကြပါတယ်။ အဲဒီ ရွှေလိုဏ်ဂူတစ်ခုအတွင်းမှာ မိုးလေးလကာလ ပတ်လုံး နေထိုင်တဲ့ အချိန်အခါမှာ အပြင်ကို ထွက်ပြီး အစာ မရှာကြဘူး။ အပြင် မထွက်တော့ သူတို့ ဘာလုပ်ကြသလဲ? မိုးလ မရောက်မီကတည်းက ကြိုတင်ပြီးတော့ သလေးစပါးတွေကို စုဆောင်းထားကြတယ်။ မိုးလေးလ ကာလပတ်လုံး စားနိုင်ဖို့ရန်အတွက် ရိက္ခာတွေ အပြည့်အစုံ ရွှေဂူထဲမှာ သွင်းပြီးတော့ ရွှေဂူထဲကနေ မထွက်ဘဲနဲ့ မိုးလေးလပတ်လုံး နေကြတယ်။

ဟင်္သာပေါင်း (၉၆၀၀၀) ဒီရွှေဂူအတွင်းမှာ နေထိုင်တာကို ပင့်ကူကြီး တစ်ကောင်က သိတယ်။ ပင့်ကူကြီးကလည်း လှည်းဘီးပမာဏလောက်ရှိတဲ့ အလွန်ကြီးမားတဲ့ ပင့်ကူကြီး ဖြစ်ပါတယ်။ အဲဒီ ပင့်ကူကြီးက ဘာလုပ်သလဲ? အဲဒီ ရွှေလိုဏ်ဂူရဲ့ အဝမှာ ပင့်ကူအိမ်တစ်ခု ဖန်တီးထားလိုက်တယ်။ ပင့်ကူအိမ်ကြီးတစ်ခု ဖန်တီးထားပြီဆိုတာကို ဒီရွှေဟင်္သာတွေ အားလုံးကလည်း သိနေကြတယ်။ သိနေတော့ သူတို့က ဘာလုပ်ကြသလဲ? ဟင်္သာတွေထဲက အင်မတန် အားကောင်းမောင်းသန်နေတဲ့ ဟင်္သာပျို နှစ်ကောင်ကို ရွေးချယ် လိုက်ကြတယ်။ ရွေးချယ်ပြီးတဲ့ အချိန်အခါမှာ အဲဒီ ဟင်္သာပျို နှစ်ကောင်ကို သူတို့က ဘာလုပ်ကြသလဲ? အလွန် အားကောင်းဖို့ရန်အတွက် နှစ်ဆ တိုးပြီးတော့ အစာတွေ ကျွေးထားကြတယ်။

မိုးလကုန်လို့ ဆောင်းလသို့ ရောက်တဲ့အခါမှာ ဘာလုပ်ကြသလဲ? အဲဒီ ဟင်္သာပျို နှစ်ကောင်က ပင့်ကူကြီး မှေးယှက်ထားတဲ့ ပင့်ကူကွန်ရက်တွေကို ထိုးဖောက်ပြီးတော့ ပျံထွက်သွားကြတယ်။ အဲဒီလို ဟင်္သာပျို နှစ်ကောင်က ပင့်ကူကွန်ရက်တွေကို ဖောက်ပြီးတော့ သွားတဲ့အချိန်အခါမှာ ဟင်္သာပျို နှစ်ကောင်တို့ ထွက်သွားတဲ့ လမ်းကြောင်းအတိုင်း (၉၆၀၀၀)သော ဟင်္သာတွေက အစဉ်တစိုက် လိုက်ပါပြီး သွားကြတယ်။ ဘေးရန်မှ လွတ်ကင်းသွား ကြတယ်။ အဲဒီပင့်ကူကွန်ရက်ရဲ့ ဘေးရန်မှ လွတ်မြောက်သွားတဲ့ ထုံးကလေး တစ်ခု ရှိခဲ့ဖူးတယ်။ အဲဒီထုံးကလေးကို အာရုံယူပြီးတော့ ယခု ပုဏ္ဏေးမကြီးကလည်း ဥဒါန်းကျူးနေခြင်း ဖြစ်တယ်။ ဘယ်လို ဥဒါန်းကျူးသလဲ?

အဃသ္မိ ကောဉ္စာဝ ယထာ ဟိမစ္စယေ၊

ကတာနိ ဇာလာနိ ပဒါလိယ ဟံသာ။

ဂစ္ဆန္တိ ပုတ္တာ စ ပတီ စ မယှံ၊

သာဟံ ကထံ နာနုဝဇေ ပဇာနံ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၈။)

အဃသ္မိံ = ကောင်းကင်၌။ ကောဉ္စာ = ကြိုးကြာငှက်တို့သည်။ အသဇ္ဇမာနာ = ငြိကပ်တွယ်တာမှု မရှိကြကုန်ဘဲ။ ဂစ္ဆန္တိ ယထာ စ = သွားကြကုန်သကဲ့သို့လည်းကောင်း။ ဟိမစ္စယေ = မိုးလ လွန်မြောက်၍ ဆောင်းလသို့ ရောက်သော အချိန်အခါကာလ၌။ ဟံသာ = ဟင်္သာပျိုတို့သည်။ ကတာနိ = ပင့်ကူသည် ပြုလုပ်ထားအပ်ကုန်သော။ ဇာလာနိ = ပင့်ကူကွန်ရက်တို့ကို။ ပဒါလိယ = ဖောက်ခွဲကြကုန်လျက်။ အသဇ္ဇမာနာ = ငြိကပ်တွယ်တာမှု မရှိကြကုန်ဘဲ။ ဂစ္ဆန္တိ ယထာ စ = သွားကြကုန်သကဲ့သို့လည်းကောင်း။ ဧဝံ = ဤအတူ။ မယှံ = ငါ၏။ ပုတ္တာ စ = သားတော်တို့သည်လည်းကောင်း။ ပတိ စ = အိမ်ရှင်ယောက်ျားသည်လည်းကောင်း။ ကာမဇာလံ = ကာမဂုဏ်တည်းဟူသော ပိုက်ကွန်ရက်ကို။ ဆိန္ဒိတွာ = ဖြတ်တောက်၍။ ဂစ္ဆန္တိ = သွားကြလေကုန်၏။ သာဟံ = ထိုငါသည်။ ကထံ = အဘယ်အကြောင်းကြောင့်။ ပဇာနံ = သားတော် လေးယောက်နှင့် အိမ်ရှင်ယောက်ျားတို့၏။ ဂတမဂ္ဂံ = တောထွက်သွားရာဖြစ်တဲ့လမ်းကြောင်းကို။ နာနုဝဇေ = မလိုက်ပါဘဲ ရှိနိုင်ပါအံ့နည်း။

ဒီစကားကလေးက သိပ်ကောင်းတဲ့ စကားကလေးပဲ။ ငါ့ရဲ့ သားတော်တွေနှင့် အိမ်ရှင်ယောက်ျားကတော့ ကာမဂုဏ်တည်းဟူသော ပိုက်ကွန်ရက်တွေကို ဖြတ်တောက်ပြီးတော့ ထွက်ခွာသွားကြပြီ ဖြစ်တယ်။ အဲဒီ သားတော်တွေနှင့် အိမ်ရှင်ယောက်ျားတို့ ထွက်ခွာသွားကြတဲ့ လမ်းကြောင်းအတိုင်း ငါ ဘာကြောင့် မလိုက်ပါဘဲ ရှိနိုင်ပါအံ့မလဲဆိုပြီးတော့ သူက ဒီဥဒါန်းကလေး ကျူးတယ်။ အဲဒီလို ဥဒါန်းကလေး ကျူးပြီးတော့ သူ့ရဲ့ အခြွေအရံဖြစ်တဲ့ ပုဏ္ဏေးမတွေ အားလုံးကို ခေါ်လိုက်တယ်။ ပုဏ္ဏေးမတွေကို ခေါ်ပြီးတဲ့ အချိန်အခါမှာ --- ကဲ - သင်တို့ကော ဘာလုပ်ကြမလဲလို့ တိုင်ပင်ကြတယ်။ အရှင်ပုဏ္ဏေးမကြီးကော ဘာလုပ်မလဲလို့ ပြန်မေးတဲ့အခါ ငါတော့ တောထွက်တော့မယ်။ ငါ့ရဲ့ သားတော်တွေနှင့် အိမ်ရှင်ယောက်ျားတို့ တောထွက်သွားရာ လမ်းကြောင်းအတိုင်း ငါလည်း လိုက်တော့မယ်လို့ သူက ပြန်ပြော လိုက်တယ်။

အဲဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့ အရှင်ပုဏ္ဏေးမကြီး တောထွက်ပြီး ရသေ့ရဟန်း ပြုမယ်ဆိုလျှင်တော့ ကျွန်တော်မတို့လည်း ရသေ့ရဟန်း ပြုကြမယ်ဆိုပြီး ပုဏ္ဏေးမတွေကလည်း အားလုံး သဘောတူကြတယ်။ အဲဒီလို သဘောတူညီချက်ဖြင့် သူတို့က ဘာလုပ်ကြသလဲ? ရတနာတိုက်ခန်းတွေ, ရွှေငွေတိုက်ခန်းတွေ အားလုံး ဖွင့်ပြီးတဲ့အခါ ပေးလှူပြီးသာ ဖြစ်တယ် ဆိုပြီးတော့ ကမ္ဗည်းကျောက်စာတွေ ထိုးပြီးတော့ အကုန်လုံး တောထွက် သွားကြတယ်။ တံခါးတွေ ဖွင့်ပြီးတော့ ပုဏ္ဏေးမကြီး တောထွက်သွားတော့လည်း နောက်ကနေ တစ်ယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး ပါသွား ပြန်တယ်။ ပုဏ္ဏေးမကြီး ဦးဆောင်တဲ့ တစ်ယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကိုလည်း ဟတ္ထိပါလသတို့သားက ကောင်းကင်ခရီးကနေ ဆီးကြို ပြီးတော့ နေရာချထားပေးပါတယ်။

---

ဧသုကာရီဘုရင်ကြီး တောထွက်ခန်း

သူတစ်ပါးတို့ရဲ့ အံဖတ်ကို စားလိုတဲ့ ဧသုကာရီဘုရင်ကြီး

ပုရောဟိတ်ပုဏ္ဏားကြီးနှင့်တကွ ပုဏ္ဏေးမကြီးတို့ တောထွက်သွားကြပြီ ဆိုတဲ့ သတင်းကို ဧသုကာရီဘုရင်ကြီးက ကြားတယ်။ စည်းစိမ်ဥစ္စာတွေကို အကုန်လုံး တံခါးဖွင့်ပြီးတော့ စွန့်လွှတ်ထားခဲ့ပြီဆိုတဲ့ သတင်းကိုလည်း ကြားတယ်။ အဲဒီသတင်းစကား ကြားလိုက်တဲ့ အချိန်အခါမှာ ဧသုကာရီ ဘုရင်မင်းကြီးက ဘာလုပ်သလဲ? ပိုင်ရှင်မရှိတဲ့ စည်းစိမ်ဥစ္စာသည် မင်းဘဏ္ဍာ ဖြစ်တယ်။ ဒါကြောင့် ပုဏ္ဏားကြီးအိမ်မှာ ရှိနေတဲ့ စည်းစိမ်ဥစ္စာတွေကို မင်းဘဏ္ဍာတိုက်သို့ သွင်းစေဆိုပြီးတော့ မင်းချင်းယောက်ျားတွေကို အမိန့်ချ လိုက်တယ်။ အဲဒီလို အမိန့်ချလိုက်တဲ့ အချိန်အခါမှာ မင်းချင်းယောက်ျားတွေက အဲဒီစည်းစိမ်ဥစ္စာတွေကို မင်းဘဏ္ဍာတိုက်သို့ လှည်းတွေနဲ့ သွင်းကြတယ်။ အဲဒီလို သွင်းနေတဲ့ အခြင်းအရာကို မိဖုရားကြီးက မြင်တယ်။ မိဖုရားကြီး မြင်တဲ့အချိန်အခါကျတော့ မိဖုရားကြီးကလည်း ပညာရှိတဲ့ မိဖုရားကြီး တစ်ဦး ဖြစ်ခြင်းကြောင့် ဧသုကာရီဘုရင်မင်းမြတ်ကိုတော့ ငါ နည်းပရိယာယ် တစ်မျိုးဖြင့် ဆိုဆုံးမမှ တော်တော့မယ်လို့ သူက စိတ်ထဲမှာ ကြံစည်ထားတယ်။ အဲဒီလို ကြံစည်ပြီးတဲ့ အချိန်အခါကျတော့ သူက ဘာလုပ်သလဲ?

ဥပါယ်တံမျဉ်ဖြင့် သိစေပုံ

အယံ ရာဇာ ဗြာဟ္မဏေန စ ဗြာဟ္မဏိယာ စ စတူဟိ ပုတ္တေဟိ စ ဇဟိတံ ဥက္ကာရံ မောဟေန မူဠှော အတ္တနော ဃရံ အာဟရာပေတိ၊ ဥပမာယ နံ ဗောဓေဿာမိ။ (ဇာတက၊ဋ္ဌ၊၄၊၄၈၉။)

အယံ ရာဇာ = ဤဧသုကာရီဘုရင်မင်းကြီးသည်ကား။ ဗြာဟ္မဏေန စ = ပုရောဟိတ်ပုဏ္ဏားကြီးသည်လည်းကောင်း။ ဗြာဟ္မဏိယာ စ = ပုရောဟိတ် ပုဏ္ဏေးမကြီးသည်လည်းကောင်း။ စတူဟိ ပုတ္တေဟိ စ = သားတော် (၄) ယောက်တို့သည်လည်းကောင်း။ ဇဟိတံ = စွန့်ပယ်၍ ထားအပ်ခဲ့သော။ ဥက္ကာရံ = အမှိုက်သရိုက်ကို။ မောဟေန = မောဟတရားဖြင့်။ မူဠှော = တွေဝေမိုက်မဲသည်ဖြစ်၍။ အတ္တနော = မိမိ၏။ ဃရံ = နန်းတော်တွင်းသို့။ အာဟရာပေတိ = ဆောင်ယူစေ၏။ နံ = ထိုဧသုကာရီဘုရင်မင်းမြတ်ကို။ အဟံ = ငါသည်။ ဥပမာယ = ဥပမာပရိယာယ်တစ်မျိုးဖြင့်။ ဗောဓေဿာမိ = သိစေအံ့။

ဩော် ... ဒီမင်းကြီးကတော့ ပုရောဟိတ်ပုဏ္ဏားကြီး, ပုဏ္ဏေးမကြီး, သားတော် လေးဦးတို့ စွန့်ပစ်သွားတဲ့ အမှိုက်သရိုက်တွေကို မိမိရဲ့ နန်းတော် အတွင်းသို့ သယ်ဆောင်နေပါလားလို့ မိဖုရားကြီးက သုံးသပ်တယ်။ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေက သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာတွေကို ဘယ်လို မြင်ကြသလဲ? အမှိုက်သရိုက်တွေလို့ ဒီလို မြင်ကြတယ်။ မောဟနဲ့ တွေဝေမိုက်မဲပြီးတော့ ဒီမင်းကြီးဟာ မိမိရဲ့ နန်းတော်တွင်းကို စည်းစိမ်ဥစ္စာတွေကို သွင်းနေတယ်။ ဒီဧသုကာရီဘုရင်မင်းမြတ်ကိုတော့ ငါ ဥပမာ ပရိယာယ်တစ်မျိုးဖြင့် အသိပေးမှ တော်တော့မယ်လို့ ဒီလို စဉ်းစားတယ်။

ဒါယကာကြီး ဒါယိကာမကြီးတွေ ဒီနေရာမှာ နည်းနည်းကလေး စဉ်းစား ကြည့်စမ်းပါ။ ဒီလောက်တောင် ကြီးကျယ်ခမ်းနား များပြားနေတဲ့ စည်းစိမ် ဥစ္စာတွေကို ကိုယ့်ရဲ့ နန်းတော်အတွင်း သွင်းလာတယ်ဆိုလျှင်တော့ ဝမ်းသာ မလား, ဝမ်းနည်းမလား? များသောအားဖြင့်တော့ ဝမ်းသာလိမ့်မယ်လို့ ဘုန်းကြီး ထင်ပါတယ်။ ဒါပေမယ့် ပညာရှိတဲ့ သူတော်ကောင်းတစ်ဦးအဖို့ကတော့ ဝမ်းသာသလား? ဝမ်းမသာဘူး။ သူတစ်ပါးရဲ့ အမှိုက်သရိုက်တွေကို လိုချင်တဲ့ စိတ်ထား မရှိဘူး။ အဲဒီစိတ်ထားသည် ကောင်းသလား, မကောင်းဘူးလားလို့ မေးလျှင်တော့ တရားနာပရိသတ်တွေ ဘယ်လို ဖြေကြမလဲ? ကောင်းတယ်၊ သိပ်ကောင်းတယ်။

သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာ မှန်ခဲ့လျှင် အလွန် ပြင်းထန်တဲ့ အဆိပ်အတောက်ရှိတဲ့ မြွေပွေး, မြွေဟောက်ကဲ့သို့ ဝေးစွာ ရှောင်ကြဉ်ရမယ်ဆိုပြီး ဒီလို ပညာရှိ သူတော်ကောင်းတွေက ဆိုဆုံးမထားကြတယ်။ (ဝိ၊ဋ္ဌ၊၂၊၃၄၆။)

အဲဒီလို ဆိုဆုံးမထားတဲ့ စကားတွေက ဒီမိဖုရားကြီးရဲ့ နားထဲမှာ ဝနေပြီ။ ဘာကြောင့်လဲ? ကမ္ဘာတစ်သိန်းနဲ့ ချီပြီး ပါရမီတော်တွေကို ဖြည့်ကျင့်လာခဲ့တဲ့ သူတော်ကောင်း ဖြစ်ပါတယ်။ ဒီမိဖုရားကြီးဆိုတာက တခြားပုဂ္ဂိုလ် မဟုတ်ပါဘူး။ ဘုန်းကြီးတို့ရဲ့ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားရဲ့ မယ်တော် မာယာ အလောင်းအလျာပဲ ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက သူက ပညာရှိ သူတော်ကောင်းတစ်ဦး ဖြစ်နေတယ်။ ပညာရှိ သူတော်ကောင်းတစ်ဦး ဖြစ်တဲ့ အခါကျတော့ ဘာလုပ်သလဲ?

မင်းချင်းယောက်ျားတွေကို စျေးမှာသွားပြီးတော့ အသားတွေ အကုန်လုံး ဝယ်ခိုင်းလိုက်တယ်။ အသားတွေ ရလာတဲ့ အချိန်အခါမှာ မင်းရင်ပြင်မှာ ဒီအသားတွေကို စုပုံထားခိုင်းလိုက်တယ်။ စုပုံထားခိုင်းပြီးတော့ ဒီအသားပုံကြီးရဲ့ ပတ်ဝန်းကျင်မှာ လှည့်ပြီးတော့ ပိုက်ကွန်တွေ ကာရံထားခိုင်းလိုက်တယ်။ ဘေးပတ်ပတ်လည်က အကုန်လုံး လုံခြုံအောင် ကာရံထားပေမယ့်လည်း အပေါ်ကနေ ဆင်းဖို့ရန်အတွက် အပေါ်ဘက်မှာတော့ ပိုက်ကွန် ကာ မထားဘူး။ လဟာပြင်ပဲ ထားခိုင်းလိုက်တယ်။ ဒီလို မင်းရင်ပြင်မှာ အသားတွေကို စုပုံပြီးတော့ ဘေးပတ်ဝန်းကျင်ကနေ ပိုက်ကွန်တွေ ကာရံထားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ? အသားတွေကို အဝေးကနေ လှမ်းမြင်ရတဲ့ လင်းတတွေဟာ ကောင်းကင်ကနေ ထိုးဆင်းလာကြတယ်။ ထိုးဆင်းလာပြီးတော့ အဲဒီ အသားတွေကို စားသောက်ကြတယ်။ စားသောက် ပြီးတဲ့အချိန်မှာ ပညာရှိတဲ့ လင်းတတွေက ဘေးပတ်ဝန်းကျင်မှာ ပိုက်ကွန်တွေ ကာရံထားတဲ့အတွက် ဗိုက်ပြည့်အောင် စားထားမယ်ဆိုလျှင်တော့ အပေါ် တည့်တည့် ပျံတက်လို့ ရမှာ မဟုတ်ဘူးဆိုတာ သိကြတယ်။

အဲဒီလို သိကြတဲ့အတွက် ပညာရှိတဲ့ လင်းတတွေက ဘာလုပ်ကြသလဲ? မိမိတို့ စားထားပြီးတဲ့ အစားအစာတွေကို အကုန်လုံး အန်ပစ်လိုက်ကြတယ်။ အစာတွေကို အန်ပြီးတော့မှ အပေါ်တည့်တည့်မတ်မတ် ကောင်းကင်ကို ပျံတက်လိုက်တဲ့အတွက် ပိုက်ကွန်ရဲ့ ဘေးရန်ကနေ လွတ်သွားကြတယ်။ ဒါပေမယ့် ပညာမရှိတဲ့ မိုက်မဲတဲ့ လင်းတတွေ တချို့ ပါကြတယ်။ အဲဒီ လင်းတ တွေကတော့ ဘာလုပ်ကြသလဲ? မိမိတို့ကိုယ်တိုင်လည်း ပထမ အသားတွေကို ဝအောင် စားတယ်။ ပညာရှိတဲ့ လင်းတတွေ အန်ပြီး ထားပစ်သွားတဲ့ အန်ဖတ် တွေကိုလည်း ဝအောင် ထပ်ပြီးတော့ စားလိုက်တယ်။ အဲဒီလို သူတစ်ပါးရဲ့ အန်ဖတ်တွေကိုလည်း အဝစားပြီးတော့မှ ထပြီး ပျံလိုက်တဲ့အချိန်အခါကျတော့ ဗိုက်ကြီးက လေးနေတဲ့အတွက် အပေါ်တည့်တည့် ပျံတက်လို့ မရတော့ဘူး။

အပေါ်တည့်တည့် ပျံတက်လို့ မရတဲ့အခါကျတော့ ဘေးစောင်း ပျံတက် လိုက်တဲ့ အချိန်အခါမှာ ပိုက်ကွန်ထဲ သွားပြီးတော့ ငြိတော့တယ်။ ပိုက်ကွန်ထဲ လာငြိတဲ့ လင်းတတွေကို ဖမ်းပြီးတော့ မင်းချင်းယောက်ျားတွေက မိဖုရားကြီးထံ ဆက်သကြတယ်။ အဲဒီ ဆက်သလာတဲ့ လင်းတတွေကို ယူပြီးတော့ မိဖုရားကြီးက ဧသုကာရီဘုရင်မင်းကြီးထံ သွားပြီးတော့ လျှောက်ထားတယ်။ အရှင်မင်းကြီး ... ကြွတော်မူပါ၊ မင်းရင်ပြင်တော်မှာ တစ်ခုသော ရှုခင်း တစ်ခုကို ကြည့်ကြရအောင်ဆိုပြီးတော့ ပရိယာယ်တစ်မျိုးနဲ့ သွားခေါ်လိုက်တယ်။ ဧသုကာရီဘုရင်မင်းကြီး လိုက်ပါလာတဲ့ အချိန်အခါမှာ လေသာပြူတင်းပေါက်တစ်ခုကို ဖွင့်ပြီးတော့ မင်းရင်ပြင်မှာရှိတဲ့ ရှုခင်းကို ပြလိုက်တယ်။ အဲဒီ အချိန်အခါကျတော့မှ မိဖုရားကြီးက ဒီဧသုကာရီဘုရင်မင်းမြတ်ကို ဘာလျှောက်ထားသလဲ?

ဧတေ ဘုတွာ ဝမိတွာ စ၊ ပက္ကမန္တိ ဝိဟင်္ဂမာ။

ယေ စ ဘုတွာ န ဝမိံသု၊ တေ မေ ဟတ္ထတ္တမာဂတာ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)

မဟာရာဇ = မြတ်သော ဧသုကာရီဘုရင်မင်းကြီး။ ဧတေ ဝိဟင်္ဂမာ = ဤလင်းတတို့သည်။ ဘုတွာ စ = စားပြီး၍လည်းကောင်း။ ဝမိတွာ စ = အန်ပြီး၍လည်းကောင်း။ ပက္ကမန္တိ = ကောင်းကင်သို့ ပျံတက်၍ သွားကြလေကုန်၏။ ယေ စ = အကြင် လင်းတတို့သည်ကား။ ဘုတွာ = စားပြီး၍။ န ဝမိံသု = ထွေးအန်၍ မပစ်ကြလေကုန်။ တေ = ထိုစားပြီး၍ ထွေးအန် မပစ်ကြတဲ့ လင်းတတို့သည်ကား။ မေ = ကျွန်တော်မ၏။ ဟတ္ထတ္တံ = လက်အတွင်းသို့။ အာဂတာ = ဆိုက်ရောက်၍ လာကြပါကုန်၏။

အရှင်မင်းကြီး ...တချို့လင်းတတွေဟာ စားပြီးတော့ အန်ထုတ်ပစ်လိုက်ကြတယ်။ အန်ထုတ်ပြီးတဲ့ အခါကျမှ ကောင်းကင်သို့ ပျံတက်ပြီး သွားကြပါတယ်။ သူတို့က ကောင်းကင်ကို ပျံနိုင်တဲ့စွမ်းအား ရှိကြပါတယ်။ ဒါပေမယ့် တချို့လင်းတတွေကတော့ စားပြီး အန်မပစ်ကြပါဘူး။ မအန်ဘဲနဲ့ ကောင်းကင်သို့ ပျံတက်လိုက်တဲ့ အချိန်အခါမှာ မပျံနိုင်ဘဲနဲ့ ပိုက်ကွန်မှာ သွားပြီး ငြိကြပါတယ်။ ကောင်းကင်သို့ ပျံမတက်နိုင်ဘဲ ပိုက်ကွန်၌ ငြိတဲ့ အတွက်ကြောင့် အဲဒီ လင်းတတွေဟာ ကျွန်တော်မရဲ့ လက်အတွင်းသို့ ရောက်ရှိလာကြပါတယ်ဆိုပြီး မိဖုရားကြီးက ဥပမာကလေးတစ်ခုကို တင်ပြ လျှောက်ထားတယ်။ အဲဒီ ဥပမာစကားရပ်ကလေးတစ်ခုကို တင်ပြ လျှောက်ထားပြီးတော့ ဧသုကာရီဘုရင်မင်းကြီးကို သူက ဘယ်လို ဆက်ပြီးတော့ ဆုံးမစကား ပြောကြားလိုက်သလဲ?

အဝမီ ဗြာဟ္မဏော ကာမေ၊ သော တွံ ပစ္စာဝမိဿသိ။

ဝန္တာဒေါ ပုရိသော ရာဇ၊ န သော ဟောတိ ပသံသိယော။ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)

မဟာရာဇ = မြတ်သော ဧသုကာရီဘုရင်မင်းကြီး။ ဗြာဟ္မဏော = ပုရောဟိတ်ပုဏ္ဏားကြီးသည်။ ကာမေ = ဝတ္ထုအာရုံ ကာမဂုဏ်မှန်သမျှတို့ကို။ အဝမိ = ထွေးအန်၍ သွားခဲ့လေပြီ။ သော တွံ = ထိုအရှင်မင်းကြီးသည်။ တံ = ထိုပုရောဟိတ်ပုဏ္ဏားကြီး ထွေးအန်သွားတဲ့ အန်ဖတ်ကို။ ပစ္စာဝမိဿသိ = တစ်ဖန် စားပြန်တော်မူပြန်ဘိ၏။ မဟာရာဇ = မြတ်သောမင်းကြီး။ ဝန္တာဒေါ = သူတစ်ပါး ထွေးအန်၍ ထားအပ်တဲ့ အန်ဖတ်ကို စား၍နေသော။ ယော ပုရိသော = အကြင်ယောက်ျားသည်။ အတ္ထိ = ရှိ၏။ သော ပုရိသော = ထို ယောက်ျားသည်။ ပသံသိယော = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ချီးမွမ်းသင့် ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်မျိုးသည်။ န ဟောတိ = မဖြစ်နိုင်ပါ။

ပုရောဟိတ်ပုဏ္ဏားကြီးဟာ သူ့ရဲ့ စည်းစိမ်ဥစ္စာဆိုတဲ့ လိုချင်စရာ ဝတ္ထုကာမ ဟူသမျှတွေကို အကုန်လုံး ထွေးအန်ပစ်ခဲ့တယ်။ အဲဒီ ပုရောဟိတ်ပုဏ္ဏားကြီး ထွေးအန်ပစ်ခဲ့တဲ့ အန်ဖတ်ကို အရှင်မင်းကြီးဟာ တစ်ဖန် ကောက်ယူပြီးတော့ စားပြန်တယ်။ သူတစ်ပါးရဲ့ အန်ဖတ်ကို စားနေတဲ့ ယောက်ျားကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က မချီးမွမ်းပါဘူးဆိုပြီးတော့ ပြန်ပြီးတော့ လျှောက်ထားတယ်။ ဒီကောင်မနှယ် ငါ့ကို ဒီလို ပြောရကောင်းလားဆိုပြီးတော့ ဒေါသ ဖြစ်သလား? မဖြစ်ဘူး။ ဘာကြောင့်လဲ? ပါရမီဖြည့်ဘက်တွေ ဖြစ်ကြပါတယ်။

ဘုရားရှင်ရဲ့ မယ်တော်နဲ့ ခမည်းတော် ဖြစ်ဖို့ရန်အတွက် ကမ္ဘာ တစ်သိန်း တိုင်တိုင် ဆုထူးပန်ထွာပြီး ပါရမီတော်တွေကို အတူလိုက်ပြီး ဖြည့်နေကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတော့ တစ်ဦးက ဆိုဆုံးမလျှင် တစ်ဦးက ရိုသေစွာ နာယူကြတယ်။ ဒါကြောင့် ဒါယကာကြီးတွေ မယားစကားကို နားထောင် သင့်သလား, နားမထောင်သင့်ဘူးလားလို့မေးလျှင် ဘယ်လို ဖြေကြမလဲ? မှန်ကန်နေမယ်ဆိုလျှင်တော့ နားထောင်သင့်ပါတယ်။

မိန်းမ ရှိခိုး သွားမကျိုး

ဘုန်းကြီး အစင်တောရမှာ နေစဉ်အခါတုန်းက ကပ္ပိယလုပ်နေတဲ့ ဒါယကာကြီးက မိန်းမ ရှိခိုးလျှင် သွားမကျိုးဘူးဆိုတဲ့ ထုံးကလေးတစ်ခုကို သူက ပြောပြတယ်။ သူက လမိုင်းသား ဖြစ်ပါတယ်။ အရှင်ဘုရား ... မိန်းမ ရှိခိုး သွားမကျိုးဆိုတာ တကယ်မှန်တယ်ဘုရားလို့ သူက လျှောက်ထားတယ်။ ဘာဖြစ်လို့လဲလို့ သူ့ကို မေးကြည့်လိုက်တော့ တပည့်တော် လမိုင်းမှာ နေစဉ် အချိန်အခါတုန်းက ငမူး လင်-မယားနဲ့ ကြုံဖူးတယ်ဘုရား။ ယောက်ျားလုပ်တဲ့သူက ငမူး ဘုရား။ ညရောက်လာပြီဆိုလျှင် အမြဲတမ်း မိန်းမကို အင်မတန် ညှဉ်းပန်းနှိပ်စက်တယ်။ ကြာလာတော့ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်က မတတ်နိုင်တော့ ဘာလုပ်သလဲ? တစ်နေ့ အဲဒီငမူး အရက်တွေ ဝအောင် သောက်ပြီးတော့ အိမ်မှာ ပက်လက်လှန်ပြီးတော့ အိပ်နေတယ်။ ငမူး အိပ်နေတဲ့ အချိန်အခါမှာ သုံးနှစ်ပျဉ်ပိုင်းတစ်ခုနဲ့ ပက်လက်လှန် အိပ်နေတဲ့ အဲဒီငမူးရဲ့ သွားတွေကို အကုန်လုံး ရိုက်ချိုးပစ်လိုက်တယ်။ ရိုက်ချိုးပြီးတော့ အဲဒီ မိန်းမကလည်း ထွက်ပြေးသွားတယ်။ အဲဒါကြောင့် မိန်းမ ရှိခိုး သွားမကျိုးဆိုတာ တကယ် မှန်တယ်ဘုရားလို့ ဒါယကာကြီးက ဘုန်းကြီး ကို ပြောပြတယ်။ ဒါကြောင့် နားထောင်သင့်တဲ့နေရာမှာ မယားစကားလည်း နားမထောင်ရဘူးလား? မှန်ကန်နေခဲ့လျှင်တော့ နားထောင်ရမယ်။

ဒီဇာတ်တော်မှာ မိဖုရားကြီးက သူတစ်ပါးရဲ့ အန်ဖတ်ကို မစားသင့်တဲ့ အကြောင်းကို ဧသုကာရီဘုရင်မင်းကြီးကို အသိပေး လျှောက်ထားလိုက်တယ်။ အဲဒီစကား ကြားလိုက်ရတဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီး ဘာဖြစ်သွားသလဲ?

ဧသုကာရီဘုရင်ကြီး တောထွက်ပြီ

တံ သုတွာ ရာဇာ ဝိပ္ပဋိသာရီ အဟောသိ၊ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)

တံ = ထိုမိဖုရားကြီး ပြောဆိုဆုံးမတဲ့ စကားကို။ သုတွာ = ကြားနာရသည်ဖြစ်၍။ ရာဇာ = ဧသုကာရီဘုရင်မင်းကြီးသည်။ ဝိပ္ပဋိသာရီ = စိတ် နှလုံး မသာယာသည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။

မိဖုရားကြီး ပြောပြလိုက်တဲ့စကားကို ကြားရတဲ့ အချိန်အခါမှာ ဧသုကာရီ ဘုရင်မင်းကြီးလည်း စိတ်မချမ်းမသာ ဖြစ်သွားတယ်။ သို့သော် စိတ်မချမ်းမသာ ဖြစ်တာက မိဖုရားကြီးအပေါ်မှာ မကျေနပ်လို့ ဖြစ်တာမျိုး မဟုတ်ဘူး။ သူ့ရဲ့ လောဘနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အကျိတ်အခဲအပေါ်မှာ အင်မတန် သံဝေဂတွေ ရပြီးတော့ စိတ်မချမ်းမသာ ဖြစ်သွားခြင်း ဖြစ်တယ်။ စိတ်မချမ်းမသာ ဖြစ်ပြီးတော့ ဘာဖြစ်သွားသလဲ?

တယော ဘဝါ အာဒိတ္တာ ဝိယ ဥပဋ္ဌဟိံသု။ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)

တယော ဘဝါ = ကာမဘဝ-ရူပဘဝ-အရူပဘဝတည်းဟူသော ဘဝသုံးပါးတို့သည်။ အာဒိတ္တာ ဝိယ = အလျှံတပြောင်ပြောင် တောက်လောင်နေတဲ့ မီးပုံကြီးကဲ့သို့။ ဥပဋ္ဌဟိံသု = ဉာဏ်၌ ထင်လာလေကုန်၏။

ကာမဘဝ-ရူပဘဝ-အရူပဘဝခေါ်တဲ့ ဘုံသုံးပါးလုံးဟာ သူ့ရဲ့ဉာဏ်ထဲမှာ မီးတဟုန်းဟုန်း တောက်နေတဲ့ မီးပုံကြီးကဲ့သို့ ထင်လာတယ်တဲ့။

သော အဇ္ဇေဝ ရဇ္ဇံ ပဟာယ မမ ပဗ္ဗဇိတုံ ဝဋ္ဋတီတိ ဥပ္ပန္နသံဝေဂေါ ဒေဝိယာ ထုတိံ ကရောန္တော ဂါထမာဟ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)

သော = ထိုဧသုကာရီဘုရင်မင်းကြီးသည်။ အဇ္ဇေဝ = ယနေ့ပင်လျှင်။ ရဇ္ဇံ = တိုင်းနိုင်ငံကို။ ပဟာယ = စွန့်ပယ်ထားခဲ့၍။ မမ = ငါ့အဖို့။ ပဗ္ဗဇိတုံ = ရသေ့ရဟန်းပြုခြင်းငှာ။ ဝဋ္ဋတိ = သင့်လှပေ၏။ ဣတိ = ဤသို့ နှလုံးပိုက်၍။ ဥပ္ပန္နသံဝေဂေါ = ဖြစ်ပေါ်လာသော ထိတ်လန့်တုန်လှုပ်ခြင်း သံဝေဂဉာဏ် ထင်ရှားရှိသည်ဖြစ်၍။ ဒေဝိယာ = မိဖုရားကြီးအား။ ထုတိံ = ချီးမွမ်းခြင်းကို။ ကရောန္တော = ပြုလုပ်လိုသည်ဖြစ်၍။ ဂါထံ = ဂါထာကို။ အာဟ = ရွတ်ဆို ခဲ့လေပြီ။

ကာမဘဝ-ရူပဘဝ-အရူပဘဝခေါ်တဲ့ ဘုံသုံးပါးလုံးကို မီးပုံကြီးကဲ့သို့ ထင်ပြီးတော့ ဒီနေ့ပဲ ငါလည်း မင်းစည်းစိမ်ကို စွန့်လွှတ်ပြီး ရသေ့ရဟန်း ပြုဖို့ရန်အတွက် သင့်တော်ပြီလို့ ဒီလို နှလုံးပိုက်ပြီးတော့ သံဝေဂဉာဏ်တွေလည်း အလွန် ဖြစ်ပေါ်လာခဲ့တယ်။ မိဖုရားကြီးကိုလည်း ချီးမွမ်းလိုတဲ့အတွက် ဂါထာကလေးတစ်ခုကို သူက ရွတ်ဆိုတယ်။

---

သူတော်ကောင်းတို့၏ ဓမ္မတာတစ်ခု

ပင်္ကေ စ ပေါသံ ပလိပေ ဗျသန္နံ၊ ဗလီ ယထာ ဒုဗ္ဗလမုဒ္ဓရေယျ။

ဧဝမ္ပိ မံ တွံ ဥဒတာရိ ဘောတိ၊ ပဉ္စာလိ ဂါထာဟိ သုဘာသိတာဟိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)

ပဉ္စာလိ = ပဉ္စာလမင်းရဲ့သမီးဖြစ်တော်မူပေသော။ ဘောတိ = အို မိဖုရား။ ပင်္ကေ စ = လိမ်းကျံကပ်ငြိတတ်သော ညွန်ဗွက်၌လည်းကောင်း။ ပလိပေ စ = ကျွံနစ်တတ်သော ညွန်နုန်း၌လည်းကောင်း။ ဗျသန္နံ = နစ်မြုပ်၍ နေသော။ ဒုဗ္ဗလံ = အားနည်းလျက်နေသော။ ပေါသံ = ယောက်ျားကို။ ဗလီ = အားကောင်းမောင်းသန်တဲ့ ယောက်ျားတစ်ယောက်က။ ဥဒ္ဓရေယျ ယထာ = ထုတ်ဆောင် ကယ်တင်လိုက်ဘိသကဲ့သို့။ ဧဝမ္ပိ = ဤအတူလည်း။ မံ = ငါ့ကို။ တွံ = ရှင်မသည်။ သုဘာသိတာဟိ ဂါထာဟိ = ကောင်းစွာ ရွတ်ဆိုအပ်သော ဂါထာတို့ဖြင့်။ ဥဒတာရိ = ထုတ်ဆောင် ကယ်တင်ခဲ့လေပြီ။

အဲဒီ မိဖုရားကြီးက ပဉ္စာလမင်းရဲ့သမီး ဖြစ်ပါတယ်။ ပဉ္စာလမင်းရဲ့ သမီး ဖြစ်နေတဲ့အတွက် ပဉ္စာလမင်းရဲ့သမီးဖြစ်တဲ့ မိဖုရားကြီး ... သင်ဟာ ကောင်းစွာ ရွတ်ဆိုအပ်သော ဂါထာတို့ဖြင့် ငါ့ကို ထုတ်ဆောင် ကယ်တင်ခဲ့ပါတယ်။ ဘယ်လို ကယ်တင်သလဲဆိုတော့ အင်မတန် ငြိကပ်တတ်တဲ့ ညွန်ဗွက်တွေလည်းရှိတယ်၊ ကျွံနစ်တတ်တဲ့ ညွန်ပျောင်းဆိုတဲ့ ဗွက်တွေလည်းရှိတယ်။ အဲဒီ ညွန်ပျောင်း, ညွန်ဗွက်ထဲမှာ နစ်မြုပ်နေတဲ့ အားနွဲ့နေတဲ့ ယောက်ျား တစ်ယောက်ကို အားကောင်းမောင်းသန်နေတဲ့ ယောက်ျားတစ်ဦးက ထုတ်ဆောင် ကယ်တင်လိုက်သလိုပဲ သင်ဟာ ငါ့ကို ကာမဂုဏ်တည်းဟူသော ညွန်ပျောင်းမှ ထုတ်ဆောင် ကယ်တင်လိုက်ပါတယ်ဆိုပြီးတော့ သူက အင်မတန် ဝမ်းသာတဲ့စိတ်ထားဖြင့် ချီးကျူးလိုက်တယ်။

သူတော်ကောင်းဆိုတာ အကြောင်း-အကျိုးကို ထင်ရှားပြပြီး တရားသောနည်းလမ်းဖြင့် ဆိုဆုံးမလာခဲ့လျှင်တော့ ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်ကာ လိုက်နာရတဲ့ ဓမ္မတာ ရှိပါတယ်။ ဒီလို သူတော်ကောင်းတို့ရဲ့ ဓမ္မတာကို လက်တွေ့ လိုက်နာပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို မိဖုရားကြီးကို ချီးကျူး ပြီးတဲ့ အချိန်အခါကျတော့ ဧသုကာရီဘုရင်မင်းကြီးက ဘာလုပ်သလဲ? ဒီ အကြောင်းကို မြတ်စွာဘုရားက ဆက်ပြီး ဟောကြားတော်မူပါတယ်။

---

ဧသုကာရီမင်းကြီး ထီးနန်း စွန့်ပြီ

ဣဒံ ဝတွာ မဟာရာဇာ၊ ဧသုကာရီ ဒိသမ္ပတိ။

ရဋ္ဌံ ဟိတွာန ပဗ္ဗဇိ၊ နာဂေါ ဆေတွာဝ ဗန္ဓနံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၁၊၊)

ဣဒံ = ဤစကားကို။ ဝတွာ = ပြောဆိုပြီး၍။ ဒိသမ္ပတိ = အရပ်မျက်နှာ တို့ကို အစိုးရပေသော။ မဟာရာဇာ = ဧသုကာရီအမည်ရှိတဲ့ ဘုရင်မင်းကြီးသည်။ နာဂေါ = ဆင်ပြောင်ကြီးသည်။ ဗန္ဓနံ = အနှောင်အဖွဲ့ကို။ ဆေတွာ ဣဝ = ဖြတ်တောက်၍ သွားဘိသကဲ့သို့။ ဧဝံ = ဤအတူ။ ရဋ္ဌံ = တိုင်းနိုင်ငံကို။ ဟိတွာန = စွန့်ပယ်ထားခဲ့၍။ ပဗ္ဗဇိ = ရသေ့ရဟန်း ပြုခဲ့လေပြီ။

ဆင်ပြောင်ကြီး တစ်ကောင်ဟာ အနှောင်အဖွဲ့တွေကို ဖြတ်တောက်ပြီးတော့ တောထဲသို့ ထွက်သွားသလိုပဲ ဧသုကာရီဘုရင်မင်းကြီးဟာလည်း တိုင်းနိုင်ငံတည်းဟူသော အနှောင်အဖွဲ့ကို ဖြတ်တောက် စွန့်ပစ်ထားခဲ့ပြီးတော့ ရသေ့ရဟန်း ပြုသွားတယ်။ အဲဒီလို ရသေ့ရဟန်း ပြုသွားတဲ့ အချိန်အခါမှာ-

အတ္ထိကာ သေတစ္ဆတ္တံ ဥဿာပေန္တု။ (ဇာတက၊ဋ္ဌ၊၄၊၄၉၁။)

အတ္ထိကာ = အလိုရှိတဲ့ပုဂ္ဂိုလ်တို့သည်။ သေတစ္ဆတ္တံ = ထီးဖြူကို။ ဥဿာပေန္တု = ဆောင်းကြစေသတည်း။

အလိုရှိတဲ့ပုဂ္ဂိုလ်သည် ထီးဖြူဆောင်းစေသတည်းဆိုပြီးတော့ ဒီလို စာတမ်း ချိတ်ဆွဲပြီးတော့ တောထွက်တော်မူပါတယ်။ ဘယ်သူ့ကို ရှင်ဘုရင် အဖြစ် တင်မြှောက်သွားမယ်လို့ ဒီလို စိတ်ထားလည်း မရှိဘူး။ ဧသုကာရီ ဘုရင်မင်းကြီး တောထွက်တော်မူတဲ့ အချိန်အခါမှာ နောက်တော်က မှူးကြီး မတ်ရာ သေနာပတိတွေနှင့်တကွ အားလုံး သုံးယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး ပါသွားပြန်တယ်။ အဲဒီ ဧသုကာရီဘုရင်ကြီး ဦးဆောင်တဲ့ သုံးယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကိုလည်း ဟတ္ထိပါလသတို့သားက ကောင်းကင်ခရီးကနေပဲ ဆီးကြိုပြီးတော့ နေရာချထားပေးတော်မူပါတယ်။ အဲဒီလို ဧသုကာရီဘုရင်ကြီး ဦးဆောင်တဲ့ သုံးယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး တောထွက်သွားတော့ ကြွင်းကျန်နေသေးတဲ့ တိုင်းသူ ပြည်သား တွေက မိဖုရားကြီးထံ ချဉ်းကပ်ပြီးတော့ ဘာပြောကြသလဲ?

---

မိဖုရားကြီး တောထွက်ခန်း

တိုင်းသူပြည်သားတို့က မိဖုရားကြီးအား တောင်းပန်ကြခြင်း

ရာဇာ စ ပဗ္ဗဇ္ဇမရောစယိတ္ထ၊

ရဋ္ဌံ ပဟာယ နရဝီရသေဋ္ဌော။

တုဝမ္ပိ နော ဟောဟိ ယထေဝ ရာဇာ၊

အမှေဟိ ဂုတ္တာ အနုသာသ ရဇ္ဇံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၁။)

နရဝီရသေဋ္ဌော = လူတကာတို့တွင် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူပါပေသော။ ရာဇာ = ဧသုကာရီဘုရင်မင်းမြတ်ကြီးသည်။ ရဋ္ဌံ = တိုင်းနိုင်ငံကို။ ပဟာယ = ပယ်စွန့်ထားခဲ့၍။ ပဗ္ဗဇ္ဇံ = ရသေ့ရဟန်းရဲ့အဖြစ်ကို။ အရောစယိတ္ထ = နှစ်သက်မြတ်နိုးခဲ့လေပြီ။ တုဝမ္ပိ = အရှင်မိဖုရားကြီးသည်လည်းပဲ။ ယထေဝ ရာဇာ = ဧသုကာရီဘုရင်မင်းမြတ်ကဲ့သို့ပင်။ နော = ကျွန်တော်မျိုးတို့၏။ ရာဇာ = ဘုရင်မင်းမြတ်သည်။ ဟောဟိ = ဖြစ်တော်မူပါ။ အမှေဟိ = ကျွန်တော်မျိုးတို့သည်။ ဂုတ္တာ = စောင့်ရှောက်အပ်သည်ဖြစ်၍။ ရဇ္ဇံ = တိုင်းနိုင်ငံကို။ အနုသာသ = ဆိုဆုံးမတော်မူပါ။

ကြွင်းကျန်နေသေးတဲ့ တိုင်းသူပြည်သားတွေက မိဖုရားကြီးထံ ချဉ်းကပ်ပြီးတော့ အရှင်မိဖုရားကြီး ... ဘုရင်မင်းမြတ်ကတော့ တိုင်းနိုင်ငံကို စွန့်ခွာပြီးတော့ တောထွက်၍ ရသေ့ရဟန်းပြုသွားပြီ ဖြစ်တယ်။ ဒါကြောင့် အရှင်မိဖုရားကြီးသည် ဧသုကာရီဘုရင်မင်းမြတ်ကဲ့သို့ ကျွန်တော်မျိုးတို့၏ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ် ဖြစ်ပါစေ။ ကျွန်တော်မျိုးတို့ကလည်း အရှင်မိဖုရားကြီးအား စောင့်ရှောက်ပေးပါ့မယ်။ ကျွန်တော်မျိုးတို့က စောင့်ရှောက်ထားအပ်တဲ့ အရှင်မိဖုရားကြီးဟာ တိုင်းပြည်ကို ဆိုဆုံးမတော်မူပါ ဆိုပြီးတော့ ဝိုင်းပြီး တောင်းပန်ကြတယ်။ အဲဒီလို တောင်းပန်ကြတဲ့ အချိန်အခါမှာ မိဖုရားကြီးက ဘာပြန်ပြောသလဲ?

တောထွက်လိုသည့် ကုသိုလ်ဆန္ဒတော်

ရာဇာ စ ပဗ္ဗဇ္ဇမရောစယိတ္ထ၊

ရဋ္ဌံ ပဟာယ နရဝီရသေဋ္ဌော။

အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊

ဟိတွာန ကာမာနိ မနောရမာနိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၁။)

ဘောန္တော နဂရဝါသိယော = အို မြို့သူမြို့သားအပေါင်းတို့။ နရဝီရသေဋ္ဌော = လူတကာတို့တွင် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူပါပေသော။ ရာဇာ = ဧသုကာရီဘုရင်မင်းမြတ်ကြီးသည်။ ရဋ္ဌံ = တိုင်းနိုင်ငံကို။ ပဟာယ = ပယ်စွန့်ထားခဲ့၍။ ပဗ္ဗဇ္ဇံ = ရသေ့ရဟန်းအဖြစ်ကို။ အရောစယိတ္ထ = နှစ်သက်မြတ်နိုးခဲ့လေပြီ။ အဟမ္ပိ = ငါသည်လည်း။ မနောရမာနိ = စိတ်နှလုံး၌ မွေ့လျော်ပျော်ပိုက်ဖွယ်ဖြစ်ကြကုန်သော။ ကာမာနိ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို။ ဟိတွာန = စွန့်ပစ်ပယ်ထားခဲ့၍။ လောကေ = လောက၌။ ဧကာ = အဖော်မမှီး တစ်ယောက်ထီးတည်း။ စရိဿာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။

အို မြို့သူမြို့သားအပေါင်းတို့ ... လူတကာတို့တွင် လုံ့လဝီရိယ အားဖြင့် ကြီးမြတ်တော်မူတဲ့ ဧသုကာရီဘုရင်မင်းမြတ်ကြီးကတော့ တိုင်းပြည်ကို စွန့်ခွာပြီး ရသေ့ရဟန်းဘဝကို နှစ်သက်မြတ်နိုးတော်မူလေပြီ။ ငါသည်လည်းပဲ လောကမှာ စိတ်နှလုံးကို မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ဖွယ်ကောင်းတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို စွန့်ခွာပြီးတော့ အဖော်မမှီး တစ်ယောက်ထီးတည်း လောကမှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် တော့မယ်၊ ရသေ့ရဟန်း ပြုတော့မယ်ဆိုပြီးတော့ ပြန်ပြောလိုက်တယ်။

ရာဇာ စ ပဗ္ဗဇ္ဇမရောစယိတ္ထ၊

ရဋ္ဌံ ပဟာယ နရဝီရသေဋ္ဌော။

အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊

ဟိတွာန ကာမာနိ ယထောဓိကာနိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၁။)

ဘောန္တော နဂရဝါသိယော = အို မြို့သူမြို့သားအပေါင်းတို့။ နရဝီရသေဋ္ဌော = လူတကာတို့တွင် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူပါပေသော။ ရာဇာ = ဧသုကာရီဘုရင်မင်းမြတ်ကြီးသည်။ ရဋ္ဌံ = တိုင်းနိုင်ငံကို။ ပဟာယ = ပယ်စွန့်ထားခဲ့၍။ ပဗ္ဗဇ္ဇံ = ရသေ့ရဟန်းရဲ့အဖြစ်ကို။ အရောစယိတ္ထ = နှစ်သက် မြတ်နိုးခဲ့လေပြီ။ အဟမ္ပိ = ငါသည်လည်း။ ယထောဓိကာနိ = အကြင်သို့သော အခြင်းအရာအားဖြင့် တည်နေကြကုန်သော။ ကာမာနိ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို။ ဟိတွာန = စွန့်ပစ်ပယ်ထားခဲ့၍။ လောကေ = လောက၌။ ဧကာ = အဖော်မမှီး တစ်ယောက်ထီးတည်း။ စရိဿာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။

အို မြို့သူမြို့သားအပေါင်းတို့ ... လူတို့တွင် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူတဲ့ ဧသုကာရီဘုရင်မင်းမြတ်ကြီးကတော့ တိုင်းနိုင်ငံကို စွန့်ခွာပြီးတော့ ရသေ့ရဟန်းအဖြစ်ကို နှစ်သက် မြတ်နိုးခဲ့လေပြီ။ ငါလည်းပဲ အကြင် အကြင် အခြင်းအရာအားဖြင့် တည်နေတဲ့ စည်းစိမ်ဥစ္စာလို့ ခေါ်ဆိုရတဲ့ ကာမဝတ္ထု မှန်သမျှကို အကုန်လုံး စွန့်ခွာထားခဲ့ပြီးတော့ အဖော် မမှီး တစ်ယောက်ထီးတည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော့မယ်။ ရသေ့ရဟန်း ပြုတော့မယ်ဆိုပြီး ပြန်ပြောတယ်။ ဘာကြောင့်လဲ?

မှန်ကန်သော အကြောင်းပြချက်များ

အစ္စေန္တိ ကာလာ တရယန္တိ ရတ္တိယော၊

ဝယောဂုဏာ အနုပုဗ္ဗံ ဇဟန္တိ။

အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊

ဟိတွာန ကာမာနိ မနောရမာနိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၂။)

ကာလာ = နံနက်စသော အချိန်အခါကာလတို့သည်။ အစ္စေန္တိ = လွန်မြောက်၍ သွားကြလေကုန်၏။ ရတ္တိယော = ညဉ့်တို့သည်လည်းပဲ။ တရယန္တိ = အသက်ကို စား၍ သွားတတ်ကြလေကုန်၏။ ဝယောဂုဏာ = ပထမအရွယ် စသော အရွယ်သုံးပါးတို့သည်ကား။ (ဝါ) မန္ဒဒသကစသော အရွယ်အစုတို့သည်ကား။ အနုပုဗ္ဗံ = အစဉ်အတိုင်း။ ဇဟန္တိ = စွန့်ခွာ၍ သွားကြလေကုန်၏။ အဟမ္ပိ = ငါသည်လည်း။ မနောရမာနိ = စိတ်နှလုံး၌ မွေ့လျော်ပျော်ပိုက်ဖွယ်ဖြစ်ကြကုန်သော။ ကာမာနိ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို။ ဟိတွာန = စွန့်ပစ်ပယ်ထားခဲ့၍။ လောကေ = လောက၌။ ဧကာ = အဖော်မမှီး တစ်ယောက်ထီးတည်း။ စရိဿာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။

မနက် (= နံနက်)ဆိုတဲ့ အချိန်အခါကာလတွေ ရှိကြတယ်။ အဲဒီ အချိန်အခါကာလတွေဟာ တစ်စတစ်စ လွန်လွန်ပြီးတော့ သွားတယ်။ မနက်ကနေ မွန်းတည့်၊ မွန်းတည့်ကနေ ညနေ၊ ညနေကနေ ညဉ့်။ အဲဒီလို နေ့-ညဉ့် အစဉ်အားဖြင့် အချိန်ကာလတွေဟာ လွန်လွန်သွားကြတယ်။ လွန်သွားရုံတင် မဟုတ်ဘဲ အဲဒီ နေ့တွေ ညဉ့်တွေက ဘာလုပ်သလဲ? သတ္တဝါတို့ရဲ့ အသက်ကို တဖြည်းဖြည်း စားသွားကြတယ်။ စားတယ်ဆိုတာက တစ်နေ့ ကုန်သွားပြီ ဆိုလျှင် တစ်နေ့ အသက် တိုမသွားဘူးလား? တိုသွားတယ်။ နောက်တစ်နေ့ ရောက်လာပြီဆိုလျှင် နောက်ထပ် တစ်ရက် အသက် တိုမသွားဘူးလား? တိုသွားတယ်။ သက်တမ်းတစ်ရာ နေရမယ့်ပုဂ္ဂိုလ်အတွက် အနှစ်တစ်ရာ ပြည့်ပြီဆိုလျှင် သူ့အတွက် နောက်ထပ် နေရဖို့ ရက်သည် ရှိသေးသလား? မရှိတော့ဘူး။ ဒါကြောင့် အဲဒီနေ့တွေ ညဉ့်တွေဟာ လူတို့ရဲ့ သက်တမ်းကို ကုန်အောင် စားနေတာ ဖြစ်ပါတယ်။ နေ့စဉ် ကုန်အောင် စားနေကြတယ်။

ပထမအရွယ်, ဒုတိယအရွယ်, တတိယအရွယ် စသည်ဖြင့် အရွယ်တွေ အဆင့်ဆင့် ရှိကြတယ်။ အဲဒီ အရွယ်တွေဟာလည်း အစဉ်အတိုင်း တစ်ရွယ်ပြီး တစ်ရွယ် စွန့်ခွာပြီး မသွားကြရဘူးလား? သွားကြရတယ်။ တစ်နှစ်ကနေ နှစ်နှစ်၊ နှစ်နှစ်ကနေ ဆယ်နှစ်၊ ဆယ်နှစ်ကနေ အနှစ် နှစ်ဆယ် စသည်ဖြင့် အဲဒီလို အရွယ်တွေဟာလည်း အစဉ်အတိုင်း တဖြည်းဖြည်း စွန့်ခွာပြီး သွားကြရတယ်။

နေ့တွေ ရက်တွေက လူတို့ရဲ့ သက်တမ်းကို စားနေတဲ့အတွက် အရွယ်တွေဟာလည်း အစဉ်အတိုင်း ကုန်ခန်းသွားကြတယ်။ နောက်ဆုတ်လို့ ပြန်မပျိုသည် ရှေ့သို့သာ အိုမြဲဆိုတဲ့အတိုင်းပဲ နောက်ပြန်ဆုတ်ပြီးတော့ ပျိုလာတယ်ဆိုတဲ့သဘော ရှိသလား? မရှိဘူး။ တဖြည်းဖြည်း တစ်နေ့ထက် တစ်နေ့ အိုသည်ထက် အိုလာတယ်။ အဲဒီအတိုင်းပဲ အရွယ်တွေဟာ တစ်နေ့ထက် တစ်နေ့ ကုန်ခန်းပြီး စွန့်လွှတ်ပြီးတော့ သွားကြရတယ်။ ဒါကြောင့် ငါဟာလည်း နှစ်ခြိုက်ဖွယ်ကောင်းတဲ့ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို စွန့်ခွာထားခဲ့ပြီးတော့ ရသေ့ရဟန်း ပြုတော့မယ်။ တစ်ယောက်ထီးတည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော့မယ်ဆိုပြီးတော့ ဒီလို ပြန်ပြီး ပြောပြတယ်။

အစ္စေန္တိ ကာလာ တရယန္တိ ရတ္တိယော၊

ဝယောဂုဏာ အနုပုဗ္ဗံ ဇဟန္တိ။

အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊

ဟိတွာန ကာမာနိ ယထောဓိကာနိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၂။)

ကာလာ = နံနက်စသော အချိန်အခါကာလတို့သည်။ အစ္စေန္တိ = လွန်မြောက်၍ သွားကြလေကုန်၏။ ရတ္တိယော = ညဉ့်တို့သည်လည်းပဲ။ တရယန္တိ = အသက်ကို စား၍ သွားတတ်ကြလေကုန်၏။ ဝယောဂုဏာ = ပထမ အရွယ်စသော အရွယ်သုံးပါးတို့သည်ကား။ (ဝါ) မန္ဒဒသကစသော အရွယ်အစုတို့သည်ကား။ အနုပုဗ္ဗံ = အစဉ်အတိုင်း။ ဇဟန္တိ = စွန့်ခွာ၍ သွားကြ လေကုန်၏။ အဟမ္ပိ = ငါသည်လည်းပဲ။ ယထောဓိကာနိ = အကြင်သို့သော အခြင်းအရာအားဖြင့် တည်နေကြကုန်သော။ ကာမာနိ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို။ ဟိတွာန = စွန့်ပစ်ပယ်ထားခဲ့၍။ လောကေ = လောက၌။ ဧကာ = အဖော်မမှီး တစ်ယောက်ထီးတည်း။ စရိဿာမိ = ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပေအံ့။

နေ့တွေ ညဉ့်တွေဟာ တစ်နေ့ထက် တစ်နေ့ လူတို့ရဲ့ သက်တမ်းကို ကုန်ခန်းအောင် စားနေတာဖြစ်တယ်။ အရွယ်တွေဟာလည်း တစ်နေ့ထက် တစ်နေ့ တစ်ရွယ်ကနေ တစ်ရွယ်ကို စွန့်ခွာသွားကြတာ ဖြစ်တယ်။ ဒါကြောင့် အကြင် အကြင် တည်မြဲတိုင်းသော စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ထားခဲ့ပြီးတော့ ငါလည်း ရသေ့ရဟန်း ပြုတော့မယ်ဆိုပြီးတော့ ပြန်ပြောပြတယ်။

အစ္စေန္တိ ကာလာ တရယန္တိ ရတ္တိယော၊

ဝယောဂုဏာ အနုပုဗ္ဗံ ဇဟန္တိ။

အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊

သီတိဘူတာ သဗ္ဗမတိစ္စ သင်္ဂံ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၂။)

ကာလာ = နံနက်စသော အချိန်အခါကာလတို့သည်။ အစ္စေန္တိ = လွန်မြောက်၍ သွားကြလေကုန်၏။ ရတ္တိယော = ညဉ့်တို့သည်လည်းပဲ။ တရယန္တိ = အသက်ကို စား၍ သွားတတ်ကြလေကုန်၏။ ဝယောဂုဏာ = ပထမအရွယ်စသော အရွယ်သုံးပါးတို့သည်ကား။ (ဝါ) မန္ဒဒသကစသော အရွယ်အစုတို့သည်ကား။ အနုပုဗ္ဗံ = အစဉ်အတိုင်း။ ဇဟန္တိ = စွန့်ခွာ၍ သွားကြလေကုန်၏။ အဟမ္ပိ = ငါသည်လည်းပဲ။ သီတိဘူတာ = ကိလေသာကို စွန့်ခွာလျက် ငြိမ်းအေးသော စိတ်ဓာတ်ရှိသည်ဖြစ်၍။ သဗ္ဗံ သင်္ဂံ = အလုံးစုံသော ငြိကပ်တွယ်တာမှု မှန်သမျှကို။ အတိစ္စ = ကျော်လွှားလွန်မြောက်၍။ လောကေ = လောက၌။ ဧကာ = အဖော်မမှီး တစ်ယောက်ထီးတည်း။ စရိဿာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။

နံနက်စတဲ့ အချိန်ကာလတွေ, ညဉ့်တွေဟာ လူတို့ရဲ့သက်တမ်းကို ကုန်ခန်းအောင် စားနေကြတာ ဖြစ်တယ်။ ပထမအရွယ်, ဒုတိယအရွယ် စသည်ဖြင့် ဒီအရွယ်တွေဟာလည်း အရွယ်တစ်ခုကနေ အရွယ်တစ်ခုကို စွန့်လွှတ် ထွက်ခွာသွားကြတာ ဖြစ်တယ်။ ဒါကြောင့် ငါဟာ အလွန်အေးချမ်းနေတဲ့ စိတ်ဓာတ်, ကိလေသာ အပူကင်းနေတဲ့ စိတ်ထားဖြင့် ငြိကပ်တွယ်တာမှု မှန်သမျှကို ကျော်လွှားလွန်မြောက်ပြီး အဖော်မမှီး တစ်ယောက်ထီးတည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော့မယ်၊ ရသေ့ရဟန်း ပြုတော့မယ် ဆိုပြီးတော့ ပြန်ပြောပြတယ်။

မိဖုရားကြီး တောထွက်ပြီ

အဲဒီလို မိဖုရားကြီးက ပြောပြပြီးတဲ့ အချိန်အခါမှာ သူ့ရဲ့ မောင်းမမိဿံ အခြံအရံတွေ အားလုံးကို ခေါ်လိုက်ပါတယ်။ ခေါ်ပြီးတဲ့ အချိန်အခါမှာ သင်တို့ကော ဘာလုပ်ကြမလဲလို့ တိုင်ပင်တယ်။ အရှင်မိဖုရားကြီးကော ဘာလုပ်မလဲလို့ မေးမြန်း တိုင်ပင်လိုက်တဲ့ အချိန်အခါမှာ ငါကတော့ ရသေ့ရဟန်း ပြုတော့မယ်လို့ ဆုံးဖြတ်ချက် ချထားတဲ့အကြောင်း မိဖုရားကြီးက ပြောလိုက်တော့ မောင်းမမိဿံ အခြံအရံတွေ အားလုံးကလည်း ရသေ့ရဟန်း ပြုဖို့ရန် သဘောတူကြပါတယ်။ အဲဒီလို သဘောတူကြတဲ့ အချိန်အခါကျတော့ သူတို့ ဘာလုပ်သလဲ? နန်းတွင်းမှာရှိတဲ့ ရတနာတိုက်တွေ အကုန်လုံး ဖွင့်တယ်။ ဖွင့်ပြီးတဲ့ အချိန်အခါကျတော့ နောက်ထပ် စာတမ်းတွေ ရေးထိုးထားကြတယ်။ ရွှေပေလွှာထက်မှာ စာတမ်းတွေ, အက္ခရာတွေ ရေးခြစ်ထားကြတယ်။

အဲဒီ အက္ခရာတွေက ဘယ်လို အကြောင်းကြောင့် ရေးထားသလဲ ဆိုတော့ မြှုပ်နှံထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ညွှန်ကြားချက်တွေ သိုက်စာတွေလို့ ဆိုနိုင်ပါတယ်။ မမြှုပ်နှံထားတဲ့ ပစ္စည်းဥစ္စာတွေနဲ့ ပတ်သက်လို့တော့ ရတနာတိုက်တွေ အားလုံး ဖွင့်ထားခဲ့တယ်။ မြှုပ်နှံထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ မသိမှာစိုးလို့ ဘယ်နေရာမှာဖြင့် အဖိုးတန်တဲ့ ရတနာတွေ မည်၍ မည်မျှ မြှုပ်နှံထားခဲ့တယ်ဆိုတာကို ရွှေပေလွှာထက်မှာ အက္ခရာတွေ ရေးထွင်းစေတယ်။ ရေးထွင်းပြီးတဲ့ အချိန်အခါမှာ လူများအပေါင်း မြင်နိုင်တဲ့ နန်းရင်ပြင်မှာပဲ အဲဒီအက္ခရာစာတမ်းတွေကို ချိတ်ဆွဲထားခဲ့ပြီးတော့မှ အားလုံး တောထွက်သွားကြတယ်။

မိဖုရားကြီး တောထွက်တော်မူတဲ့ အချိန်အခါမှာလည်း သုံးယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကို ခေါ်ဆောင်ပြီးတော့ တောထွက်သွားပါတယ်။ အားလုံး ပေါင်းလိုက်မယ်ဆိုလျှင် ပရိသတ်ကြီးဟာ ယူဇနာ ဘယ်လောက် ရှိသွားပြီလဲ? (၁၂)ယူဇနာ ရှိသွားပြီ။ အဲဒီ (၁၂)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး တောထွက်သွားပြီဆိုတဲ့သတင်းဟာ ဗာရာဏသီပြည်ကြီး တစ်ပြည်လုံးကို ချောက်ချားသွားစေတယ်။

(၁၂)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ဗာရာဏသီ ပြည်သူပြည်သားတွေ တောထွက်သွားတဲ့ အချိန်အခါမှာ ပြည်သူပြည်သားတွေဘက်ကလည်း ဘာလုပ်သွားကြသလဲ? အိမ်တံခါးတွေကို ဖွင့်မြဲတိုင်း ဖွင့်ထားခဲ့ကြတယ်။ ရတနာတိုက်တွေလည်း ဖွင့်မြဲတိုင်း ဖွင့်ထားခဲ့ကြတယ်။ စျေးတွေ, အိမ်ပေါ်မှာ ခင်းကျင်းထားတဲ့ ဆိုင်တွေ ရှိကြတယ်။ အဲဒီ စျေးတွေ, အိမ်ဆိုင်တွေကိုလည်း ခင်းကျင်းမြဲအတိုင်း ခင်းကျင်းထားခဲ့ကြတယ်။ တံခါးတွေလည်း အကုန်လုံး ဖွင့်ပြီးတော့ ကလေးတွေ လက်ဆွဲပြီး အကုန်လုံး တောထွက်သွားကြတယ်။

ကာသိတိုင်း တစ်တိုင်းလုံး တောထွက်ကြခြင်း

(၁၂)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ဗာရာဏသီပြည်ကြီး တစ်ပြည်လုံး တောထွက်သွားတဲ့ အချိန်အခါကျတော့ ကာသိတိုင်း တစ်တိုင်းပြည်လုံးလည်း အင်မတန် ချောက်ချားသွားတယ်။ ဧသုကာရီဘုရင်မင်းကြီးနှင့်တကွ သားတော်တွေ, ပုရောဟိတ်ပုဏ္ဏားကြီးတွေ, မိဖုရားကြီးတွေ အားလုံး တောထွက် သွားကြပြီဆိုတဲ့ သတင်းကို ကာသိတိုင်း တစ်တိုင်းလုံး ကြားလိုက်တဲ့ အချိန် အခါမှာ ကာသိတိုင်း တစ်တိုင်းလုံးမှာ ရှိနေတဲ့ ပရိသတ်တွေကလည်း အကုန်လုံး အတုလိုက်ပြီးတော့ တောထွက်ကြပြန်တယ်။

---

ဟိမဝန္တာသို့ ဝင်ခန်း

ဟိမဝန္တာသို့

ဟတ္ထိပါလသတို့သား ဦးဆောင်တဲ့ (၁၂)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ဗာရာဏသီ ပြည်သူပြည်သား ပရိသတ်ကြီး တောထွက်သွားတဲ့အခါ ကာသိတိုင်းက ပြည်သူပြည်သားတွေ အားလုံးလည်း အတုလိုက်ပြီး တောထွက်ကြပါတယ်။ အဲဒီလိုနည်းအားဖြင့် အတုလိုက်ပြီး တောထွက်လိုက်တာ (၇)ပြည်ထောင်သော မင်းနှင့်တကွ တိုင်းသူပြည်သားအားလုံးတို့ တောထွက်တော်မူကြတဲ့ အလွန့်အလွန် ကြီးကျယ်တဲ့ပွဲကြီး ဖြစ်သွားတယ်။ အဲဒီ ပွဲကြီးမှာ ပရိသတ်ထုကြီးကို ကြည့်လိုက်မယ်ဆိုလျှင်တော့ ယူဇနာ (၃၀)အတိုင်းအရှည် ရှိပါတယ်။ တစ်ယူဇနာကို (၁၀)မိုင်နှုန်းနဲ့ တွက်မယ်ဆိုလျှင်တော့ မိုင်ပေါင်း (၃၀၀)ကျော်ရှိတဲ့ အင်မတန် ကြီးကျယ်နေတဲ့ လူထုပရိသတ်ကြီး တောထွက်တော်မူတဲ့ ပွဲကြီး ဖြစ်ပါတယ်။ အဲဒီ ယူဇနာ (၃၀)အတိုင်းအရှည်ရှိနေတဲ့ လူထုပရိသတ်ကြီးကို ဟတ္ထိပါလသတို့သားက ခေါ်ဆောင်ပြီးတော့ ဟိမဝန္တာတောသို့ ရှေ့ရှုပြီး တောထွက် ကြွသွားတော်မူပြန်တယ်။

အဲဒီလို တောထွက်လိုက်တဲ့ အချိန်အခါကျတော့မှ သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာက တင်းမာလာတဲ့အတွက် သိကြားမင်းကြီးက လှမ်းမျှော်ပြီး ကြည့်လိုက်တော့ ဟတ္ထိပါလသတို့သား ဦးဆောင်တဲ့ အင်မတန် ကြီးကျယ်တဲ့ တောထွက်ပွဲကြီး တစ်ခုတော့ ဖြစ်ပေါ်လာပြီ။ အဲဒီ သူတော်ကောင်းတွေအတွက် နေဖို့ ထိုင်ဖို့ရန် သင်္ခမ်းကျောင်းတွေတော့ လိုအပ်နေပြီ ဆိုပြီးတော့ ဝိသုကြုံနတ်သားကို ခေါ်ပြီးတော့ ဖန်ဆင်းခိုင်းလိုက်ပါတယ်။

သင်္ခမ်းကျောင်းများ

အလျားက (၃၆)ယူဇနာ၊ အနံ (၁၅)ယူဇနာရှိတဲ့ အင်မတန် ညီညာတဲ့ မြေအပြင်ရှိတဲ့ ဂင်္ဂါမြစ်ကမ်း တစ်နေရာမှာ ရသေ့ရဟန်းတို့ တရားဘာဝနာ ပွားများအားထုတ်ဖို့ရန်အတွက် အသင့် ဖြစ်နေအောင် သင်္ခမ်းကျောင်းတွေကို ဖန်ဆင်းထားလိုက်တယ်။ သင်္ခမ်းကျောင်းကလေးတွေ အတွင်းမှာလည်း ပျဉ်အခင်း သစ်ရွက်အခင်းနေရာတွေ ရသေ့ရဟန်းတို့ရဲ့ ပရိက္ခရာတွေ အားလုံး အပြည့်အစုံ ဖန်ဆင်းထားပြီးတော့ ရသေ့ရဟန်း ပြုလိုတဲ့ ပုဂ္ဂိုလ် မှန်သမျှ အလိုရှိသလို ယူဆောင်ပြီး ရသေ့ရဟန်း ပြုစေသတည်းဆိုပြီးတော့ စာတမ်းကလေးတွေ ချိတ်ဆွဲထားကြတယ်။ စင်္ကြံလမ်းတွေနဲ့တကွ နေ့သန့်စင်ရာနေရာတွေ ညဉ့်သန့်စင်ရာနေရာတွေ အားလုံးလည်း ဖန်ဆင်းထား လိုက်တယ်။

နေ့သန့်စင်ရာနေရာဆိုတာက နေ့အခါ တရားအားထုတ်တဲ့နေရာကို ဆိုလိုပါတယ်၊ ညဉ့်သန့်စင်ရာနေရာဆိုတာကတော့ ညဉ့်အခါမှာ တရားအားထုတ်တဲ့နေရာကို ဆိုလိုပါတယ်။ သင်္ခမ်းကျောင်းကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ရောင်စုံပန်းတွေနဲ့ မွှေးကြိုင်နေတဲ့ ပန်းပင်တွေလည်း ဖန်ဆင်းထားတယ်။ စင်္ကြံထိပ်ဦးတွေမှာတော့ ရေတွင်းကလေးတွေ ဖန်ဆင်းထားတယ်။ အဲဒီ ရေတွင်းရဲ့ဘေးမှာလည်း သစ်ပင်တစ်ပင်စီ ဖန်ဆင်းထားတယ်။ အဲဒီ သစ်ပင်တွေမှာ အသီးမျိုးစုံ သီးနေတယ်။ လိုချင်တဲ့အသီးကို အချိန်မရွေး ဆွတ်ယူ သုံးဆောင်နိုင်တယ်။ သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်။ စားဝတ်နေရေးတွေ အားလုံး ပြေလည်သွားတယ်။ အဲဒီလို သစ်ပင်တစ်ပင်တည်းကနေ အသီးမျိုးစုံ သီးတယ်ဆိုတာ ဘယ်သူ့ရဲ့ အာနုဘော်ကြောင့် ဖြစ်သလဲ?

သော ဧကောဝ သဗ္ဗဖလာနိ ဖလတိ။ ဣဒံ သဗ္ဗံ ဒေဝတာနုဘာဝေန အဟောသိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၃။)

သစ်ပင်တစ်ပင်တည်းက အလိုရှိတဲ့ သစ်သီးကို ဆွတ်ယူ သုံးဆောင်လို့ ရအောင် အသီးမျိုးစုံ သီးနေတာနှင့်တကွ ရသေ့ရဟန်း ပြုတဲ့သူအတွက် အလုံးစုံ ပြီးစီး ပြည့်စုံအောင် ဖန်တီးထားတာကတော့ နတ်တို့ရဲ့ အာနုဘော်ကြောင့် ဖြစ်ပါတယ်တဲ့။ ရသေ့ရဟန်း ပြုလိုတဲ့ ပုဂ္ဂိုလ်များ အလိုရှိက ဒီ ပရိက္ခရာတွေကို ယူဆောင်၍ ရသေ့ရဟန်း ပြုစေသတည်းဆိုတဲ့ စာတမ်းကလေးတွေ ချိတ်ဆွဲထားခဲ့ပြီးတော့ ဝိသုကြုံနတ်သားလည်း ပြန်သွားတယ်။ မပြန်မီမှာ သူက ဘာတစ်ခု လုပ်ပေးထားခဲ့သလဲဆိုတော့ လူတွေကို အနှောင့်အယှက်ပေးမယ့် ကြောက်မက်ဖွယ်အသံရှိတဲ့ သားရဲတိရစ္ဆာန်တွေ ငှက်ဆိုးတွေ အကုန်လုံးကို ဖယ်ရှားထားလိုက်တယ်။ အနှောင့်အယှက်ပေးမယ့် ဘီလူး တွေ မှန်သမျှလည်း အားလုံး နှင်ထုတ်ပစ်လိုက်တယ်။ အကုန်လုံး အနှောင့်အယှက် မရှိအောင် ပြုပြင်ပြီးမှ သူက ပြန်သွားတယ်။

နေရာချထားပုံ

ယူဇနာ (၃၀)အတိုင်းအရှည်ရှိတဲ့ ဟတ္ထိပါလသတို့သား ဦးဆောင်တဲ့ ပရိသတ်ကြီး အဲဒီ သင်္ခမ်းကျောင်းကလေးတွေ ဖန်ဆင်းထားရာအရပ်ကို ရောက်သွားတော့ သင်္ခမ်းကျောင်းကလေးတွေအတွင်း ဝင်လိုက်တဲ့ အချိန်အခါမှာ ကျောင်းသင်္ခမ်းအတွင်းမှာ ဝိသုကြုံနတ်သားက ဖန်ဆင်းပြီး ချိတ်ဆွဲထားတဲ့ စာတမ်းကလေးကို တွေ့လိုက်တော့ ဟတ္ထိပါလသတို့သားက ခေါင်ဆုံး စပြီးတော့ ရသေ့ပြုပါတယ်။ ကြွင်းကျန်နေသေးတဲ့ ပရိသတ်တွေကိုလည်း အလားတူ ရသေ့ဝတ်စုံတွေ ဝတ်ရုံ ဆင်မြန်းစေတယ်။ ရသေ့ပရိက္ခရာတွေကို အကုန်လုံး အသုံးပြုစေတယ်။ ရသေ့တွေ ဖြစ်သွားကြတယ်။

ဟတ္ထိပါလရှင်ရသေ့က အဲဒီရသေ့ပရိသတ်တွေကို ဘာလုပ်သလဲ? ကလေးသူငယ်ရှိတဲ့ မိခင်တွေကို အလယ်ခေါင်မှာ ထားလိုက်တယ်။ ကလေးသူငယ်ရှိတဲ့ မိခင်တွေကို အလယ်ခေါင်မှာ ထားပြီးတော့ အဲဒီ မိခင်တွေကို ဝိုင်းရံပြီးတော့ အသက်အရွယ် ကြီးရင့်တဲ့ အဖွားအို အမျိုးသမီးကြီးတွေကို ထားတယ်။ အဲဒီ အဖွားအိုတွေရဲ့ ဘေးပတ်ဝန်းကျင်မှာတော့ အသက်အရွယ် အလယ်အလတ်ရှိနေတဲ့ အမျိုးသမီးကြီးတွေကို ထားတယ်။ အဲဒီ အမျိုးသမီးကြီးတွေရဲ့ ပတ်ဝန်းကျင်ကျတော့မှ အမျိုးသားယောက်ျားတွေကို ထားတယ်။ အဲဒီလိုအားဖြင့် ဟတ္ထိပါလရှင်ရသေ့က ပရိသတ်ကြီးကို နေရာချထား ပေးတယ်။ နေရာချထားပြီးတော့ သူက ကမ္မဋ္ဌာန်းတရားတွေကို သင်ပြပေးတယ်။ ကမ္မဋ္ဌာန်းတရားတွေ သင်ပေးတဲ့အချိန်အခါမှာ ဘယ်လို သင်ပေးသလဲ?

ကမ္မဋ္ဌာန်းတရား သင်ပေးပုံ

ယော ကာမဝိတက္ကာဒီသု အညတရံ ဝိတက္ကေတိ၊ မဟာပုရိသော တဿ ဓမ္မံ ဒေသေတွာ ဗြဟ္မဝိဟာရဘာဝနဉ္စေဝ ကသိဏဘာဝနဉ္စ အာစိက္ခတိ။ (ဇာတက၊ဋ္ဌ၊၄၊၄၉၄။)

ယော = အကြင်သူသည်။ ကာမဝိတက္ကာဒီသု = ကာမဝိတက်စသည်တို့တွင်။ အညတရံ = တစ်မျိုးမျိုးသော ဝိတက်ကို။ ဝိတက္ကေတိ = ကြံစည် စိတ်ကူး၍ နေပေ၏။ မဟာပုရိသော = ဘုရားအလောင်းတော် ဟတ္ထိပါလ ရှင်ရသေ့သည်။ တဿ = ထိုပုဂ္ဂိုလ်အား။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေတွာ = ဟောကြားပြီး၍။ ဗြဟ္မဝိဟာရဘာဝနဉ္စေဝ = ဗြဟ္မဝိဟာရဘာဝနာကို လည်းကောင်း။ ကသိဏဘာဝနဉ္စ = ကသိုဏ်းဘာဝနာကမ္မဋ္ဌာန်းကိုလည်းကောင်း။ အာစိက္ခတိ = ဟောကြားပြသ ဆိုဆုံးမတော်မူပေ၏။

ကာမဝိတက်ဆိုတာက သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေနဲ့ ပတ်သက်ပြီးတော့ ယင်းတို့အပေါ်၌ လိုလားတပ်မက်နေတဲ့ ကြံစည်စိတ်ကူးမှု၊ ဗျာပါဒဝိတက်ဆိုတာက သတ္တဝါတွေကို သတ်ဖြတ်ဖို့ရန်အတွက် ကြံစည် စိတ်ကူးမှု၊ ဝိဟိံသဝိတက်ဆိုတာက သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ရန် အတွက် ကြံစည်စိတ်ကူးမှု။ ဒီလို အကုသလဝိတက်တွေဖြင့် ကြံစည် စိတ်ကူးနေတဲ့ပုဂ္ဂိုလ်ကို တွေ့လျှင် ဘာလုပ်သလဲ? အဲဒီလို အကုသလဝိတက်တွေ ဝင်နေတဲ့ ပုဂ္ဂိုလ်ထံသို့ ဘုရားအလောင်းတော် ဟတ္ထိပါလရှင်ရသေ့က ကောင်းကင်ခရီးဖြင့် ချက်ချင်း ကြွသွားတော်မူပါတယ်။ ကြွသွားပြီးတော့ ဘာလုပ်သလဲ?

မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာခေါ်တဲ့ ဗြဟ္မစိုရ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာတွေ အကုန်လုံး ဟောပြတယ်။ ကသိုဏ်းဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပုံတွေကိုလည်း ဟောပြတယ်။ ဝိပဿနာ အကြောင်းတော့ မပါဘူး။

သာသနာပ အချိန်ကာလ ဖြစ်ခြင်းကြောင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကိုတော့ ဒီဇာတ်တော်မှာ ဟောပြတာ မတွေ့ရဘူး။ သရဘင်္ဂဇာတ်တော်မှာတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကိုပါ သင်ပြပေးတဲ့အကြောင်း လာရှိ ပါတယ်။ သို့သော်လည်း ရုပ်တရား နာမ်တရားတွေကို အနိစ္စလက္ခဏာနှင့် ဒုက္ခလက္ခဏာ တင်ပြီး ရှုပွားသုံးသပ်ဖို့ရန်အတွက်သာ သင်ပြပေးနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဒီရုပ်တရား, နာမ်တရားတွေကို အနတ္တလက္ခဏာ တင်ပြီး ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန်အတွက် သင်ပြပေးနိုင်တဲ့ စွမ်းအားတော့ မရှိဘူးဆိုပြီး ဒီလို ဖော်ပြထားတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)

ဒီဟတ္ထိပါလဇာတ်တော်မှာတော့ ဝိပဿနာအထိ ညွှန်ကြားပြသပေးတဲ့ အကြောင်း ဖော်ပြထားတာ မတွေ့ရဘူး။ ဘာတွေကိုသာလျှင် ညွှန်ကြားပြသ ပေးသလဲ? ကသိုဏ်းဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းပုံကို ညွှန်ကြား ပြသ ပေးတယ်။ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာခေါ်တဲ့ ဗြဟ္မစိုရ်တရားတွေ ပွားများအားထုတ်ပုံကို ညွှန်ကြား ပြသပေးတယ်။ သိပ်ကောင်းတယ်။ အဲဒီလို ဟောကြား ပြသပေးလိုက်တဲ့အတွက်ကြောင့် ဘာဖြစ်သလဲ?

ပရိသတ် သုံးပုံနှစ်ပုံ ဗြဟ္မာ့ပြည်သို့ လားခြင်း

တေ ယေဘုယျေန စျာနာဘိညာ နိဗ္ဗတ္တေတွာ တီသု ကောဋ္ဌာသေသု ဒွေ ကောဋ္ဌာသာ ဗြဟ္မလောကေ နိဗ္ဗတ္တိံသု။ (ဇာတက၊ဋ္ဌ၊၄၊၄၉၄။)

တေ = ထိုပရိသတ်တို့သည်။ ယေဘုယျေန = များသောအားဖြင့်။ စျာနာဘိညာ = စျာန်အဘိညာဏ်တို့ကို။ နိဗ္ဗတ္တေတွာ = ဖြစ်စေကြကုန်၍ (ဝါ) ဖြစ်စေနိုင်ကြကုန်သောကြောင့်။ တီသု ကောဋ္ဌာသေသု = ပရိသတ်ရဲ့ သုံးစုတို့တွင်။ ဒွေ ကောဋ္ဌာသာ = နှစ်စုတို့သည်။ ဗြဟ္မလောကေ = ဗြဟ္မာ့ပြည်၌။ နိဗ္ဗတ္တိံသု = ဖြစ်ကြလေကုန်၏။

အဲဒီ တောထွက်ပြီး ရသေ့ရဟန်းပြုတဲ့ ပွဲကြီးမှာ ပရိသတ်တွေကို သုံးပုံ ပုံလိုက်မယ်ဆိုလျှင်တော့ နှစ်ပုံက အားလုံး ဗြဟ္မာ့ပြည် ရောက်ရှိသွားတယ်။ ဘာကြောင့်လဲ? အဲဒီ ပရိသတ် နှစ်ပုံသည် စျာန်အဘိညာဏ်တွေကို ဝင်စား နိုင်တဲ့စွမ်းအား ရှိကြတယ်။ စျာန်အဘိညာဏ်တွေကို ရအောင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်တဲ့အတွက် စျာန်တွေက သေခါနီးသို့တိုင်အောင် မလျောကျတဲ့အတွက်ကြောင့် သူတို့ ဘာဖြစ်ကြသလဲ? ဗြဟ္မာ့ပြည်သို့ လားရောက်ကြတယ်။

နောက်တစ်ပုံ ကျန်နေတယ်။ အဲဒီ ကျန်နေတဲ့တစ်ပုံကိုလည်း သုံးပုံ ထပ်ပြီး ပုံလိုက်တဲ့အခါမှာ တစ်ပုံက ဗြဟ္မာ့ပြည်ပဲ ရောက်ကြတယ်။ တစ်ပုံကတော့ နတ်ပြည်ကို ရောက်ရှိသွားကြတယ်။ တစ်ပုံကတော့ လူ့ပြည်မှာ မင်းသူဌေးသူကြွယ်, ပုဏ္ဏားသူဌေးသူကြွယ်, ဂဟပတိသူဌေးသူကြွယ်ဆိုတဲ့ သူဌေးသူကြွယ်မျိုးတွေမှာ သွားပြီး လူဖြစ်ကြတယ်။ အဲဒီ သူဌေးသူကြွယ်မျိုး တွေမှာ လူလာဖြစ်တဲ့ ပုဂ္ဂိုလ်က ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့ မေးလျှင်တော့ သူတို့က တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ကြဘူး။ သူတို့က ဝေယျာဝစ္စဘက်က ဝိုင်းပြီးတော့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဝေယျာဝစ္စသမားတွေသာ ဖြစ်ပြီးတော့ တရားအားမထုတ်တဲ့အတွက် သူတို့က အဆင့်နိမ့်သွားတယ်။ အဆင့်နိမ့်တဲ့အတွက် လူ့ပြည် လူ့လောကမှာရှိတဲ့ သူဌေးသူကြွယ်မျိုးတွေမှာပဲ လာပြီး လူဖြစ်ကြတယ်။

ဒီဇာတ်တော်က ဒီလောက်နဲ့ ပြီးပြီလားဆိုတော့ မပြီးသေးဘူး။ ဘုန်းကြီး ဟောချင်တဲ့ နောက်ဆုံး ဂါထာကလေးတစ်ခု ကျန်နေပါသေးတယ်။ ကျန်နေ တာက ဘာလဲဆိုတော့ -- ဗာရာဏသီပြည်မှာ ဧသုကာရီဘုရင်မင်းကြီးနဲ့တကွ တိုင်းသူပြည်သားတွေ အားလုံး တောထွက်သွားကြတဲ့အခါမှာ အကုန်လုံး ကုန်သွားသလားဆိုတော့ မကုန်ဘူး။ ဘယ်သူတွေ ကျန်နေသေးသလဲ? အခါး သမားတွေ ငမူးသမားတွေ ကျန်နေရစ်တယ်။ အဲဒီ အခါးသမားတွေက ဗာရာဏသီပြည်ကြီးမှာ ကျန်နေရစ်တဲ့ အချိန်အခါကျတော့ တခြားတခြား တိုင်းပြည်တွေက ရောက်လာကြတဲ့ တခြား ဘုရင်တွေက အဲဒီ အခါးသမား တွေကို အကျိုးအကြောင်း မေးကြည့်ကြတယ်။

တခြား တိုင်းပြည်က ရှင်ဘုရင်တွေကလည်း ဗာရာဏသီမှာ ရှင်ဘုရင် မရှိတော့ဘူးဆိုတဲ့သတင်းကို ကြားလို့ ဆိုက်ရောက်လာကြခြင်း ဖြစ်ကြတယ်။ ဒီလောက် တန်ဆာဆင်ထားတဲ့ မြို့ကြီးနှင့်တကွ အမျိုးမျိုးသော ရတနာ အစုအပုံတွေကို စွန့်လွှတ်ပြီး တောထွက်သွားခြင်း ရသေ့ရဟန်း ပြုခြင်းဟာ မွန်မြတ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပေလိမ့်မယ်လို့ သဘောပိုက်ကြတယ်။ အဲဒီလို သဘောပိုက်ပြီးတော့ ဒီအခါးသမားတွေကို တောထွက်သွားတဲ့ လမ်းတွေကို မေးကြတယ်။ မေးပြီးတော့ သူတို့ ညွှန်ပြတဲ့ လမ်းအတိုင်း (၆)ပြည်ထောင်မှာ ရှိနေတဲ့ ဘုရင်နှင့်တကွ တိုင်းသူပြည်သားတွေပါ တောထွက်သွားကြတယ်။

နောက်ကျနေသူများ

(၇)ပြည်ထောင်မှာ ရှိနေတဲ့ ရှင်ဘုရင်တွေနှင့်တကွ တိုင်းသူပြည်သားတွေ အားလုံး တောထွက်သွားတဲ့အချိန်မှာ တိုင်းပြည်မှာ ကျန်ရစ်နေတဲ့ အခါးသမားတွေက ဘာစိတ်ကူးရသလဲ? သူတို့ချည်း နေရတာ ကြာတော့လည်း ပျင်းလာကြတယ်။ ပျင်းလာတာနဲ့ သူတို့က ဘာလုပ်ကြသလဲ? တို့လည်း မထူးတော့ပါဘူးကွာ၊ တောထွက်ကြစို့လို့ တိုင်ပင်ပြီးတော့ သူတို့လည်း တောထွက်လိုက်သွားကြတယ်။ နောက်မကျဘူးလား? နောက်ကျသွားတယ်။ နောက်ကျသွားတဲ့အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်တွေ ဘာဖြစ်သလဲ? နောက်ဆုံးမှ တောထွက်တဲ့အတွက် သူတို့က ဘုရားရှင် နိဗ္ဗာန်သို့ ဝင်စံတော်မူတဲ့ အချိန်မှာ တစ်ပါတည်း ပါမသွားကြဘူး။

ဘုရားအလောင်းတော်တို့ တောထွက်တော်မူတဲ့အချိန်မှာ အတူတကွ တောထွက်လိုက်သွားကြတဲ့ ပရိသတ်တွေကတော့ ဘုရားရှင် ပွင့်ထွန်းလာတဲ့ အချိန်အခါမှာ ဘုရားရှင်ရဲ့ ပရိသတ်တွေဖြစ်ပြီး ဘုရားရှင်နှင့် အတူတကွ နိဗ္ဗာန်ကို ဝင်စံသွားတော်မူကြပါတယ်။ အခါးသမားဖြစ်တဲ့ အုပ်စုတွေကတော့ ဘုရားရှင်နဲ့ တစ်ပါတည်း ပါမသွားကြဘဲ ကျန်ရစ်နေခဲ့ကြတယ်။ သို့သော်လည်း သူတို့က တောထွက်တဲ့အထဲမှာ ပါသွားတဲ့အတွက် နောက်ကျ သော်လည်း သီဟိုဠ်ခေတ်သာသနာလောက် ရောက်လာတဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? သူတို့က သာသနာတော်မှာ ထင်ရှားတဲ့ မထေရ်ကြီးတွေ ဖြစ်လာကြတယ်။

နံပါတ် (၁) မထေရ်ကြီးကတော့ မဟာပထဝီမြေကြီးကို တုန်လှုပ်သွားစေ နိုင်တဲ့ စွမ်းအား ရှိတယ်။ တန်ခိုးအာနိသင် ကြီးမားတဲ့ ဓမ္မဂုတ္တ မထေရ် ဖြစ်ပါတယ်။

နံပါတ် (၂) မထေရ်ကြီးကတော့ ဖုဿဒေဝမထေရ် ဖြစ်ပါတယ်။

နံပါတ် (၃) မထေရ်ကြီးကတော့ မဟာသံဃရက္ခိတမထေရ် ဖြစ်ပါတယ်။

နံပါတ် (၄) မထေရ်ကြီးကတော့ မလယအရပ်မှာ နေထိုင်တဲ့ မဟာဒေဝ မထေရ် ဖြစ်ပါတယ်။

နံပါတ် (၅) မထေရ်ကြီးကတော့ အဘယဂီရိအရပ်မှာ နေထိုင်တော်မူတဲ့ မဟာဒေဝမထေရ် ဖြစ်ပါတယ်။

နံပါတ် (၆) မထေရ်ကြီးကတော့ ရွာနီးကျောင်းလိုဏ်မှာ သီတင်းသုံးတော်မူတဲ့ မဟာသီဝမထေရ် ဖြစ်ပါတယ်။

နံပါတ် (၇) မထေရ်ကြီးကတော့ ကာဠဝလ္လိခေါ်တဲ့ နွယ်မဲမဏ္ဍပ်ကျောင်းမှာ သီတင်းသုံးတော်မူတဲ့ မဟာနာဂမထေရ်ကြီး ဖြစ်ပါတယ်။

အဲဒီ မထေရ်မြတ်ကြီးတွေ အားလုံး နောက်ပိုင်းကျမှ ရဟန္တာဖြစ်ပြီးတော့ ကျွတ်တမ်းဝင်ကြရတယ်။ ဘာကြောင့် နောက်ပိုင်းကျမှ ကျွတ်တမ်း ဝင်ကြရသလဲလို့ မေးလျှင်တော့ ကောင်းမှုကုသိုလ်ပြုစဉ် အချိန်အခါတုန်းက နောက်ကျပြီး ပြုတဲ့အတွက်ကြောင့် ကျွတ်တမ်းဝင်တဲ့ အချိန်အခါမှာလည်း ဘာဖြစ်သလဲ? နောက်ကျပြီးတော့မှ ကျွတ်တမ်းဝင်ကြရတယ်။ ဒါကြောင့် မြတ်စွာဘုရားက ---

အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။

ဒန္ဓဥှိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတေ မနော။ (ဇာတက၊ဋ္ဌ၊၄၊၄၉၅။)

ကလျာဏေ = ကောင်းမှုကုသိုလ်တို့ကို။ အဘိတ္ထရေထ = လျင်မြန်စွာ ပြုလုပ်လေရာ၏။ ပါပါ = မကောင်းမှုမှ။ စိတ္တံ = မိမိရဲ့စိတ်ကို။ နိဝါရယေ = တားမြစ်လေရာ၏။ ပုညံ = ကောင်းမှုကုသိုလ်ကို။ ဒန္ဓံ = နှေးနှေးကွေးကွေး။ ကရောတော = ပြုလုပ်၍နေသော ပုဂ္ဂိုလ်၏။ မနော = စိတ်အစဉ်သည်။ ပါပသ္မိံ = မကောင်းမှု၌။ ရမတေ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေတတ်ပါပေ၏။

ကောင်းမှုကုသိုလ်ကို ခပ်မြန်မြန် လုပ်ရမလား, ခပ်နှေးနှေး လုပ်ရမလား? ခပ်မြန်မြန် လုပ်ရမယ်တဲ့။ တရားအားထုတ်တာကို ခပ်မြန်မြန် အားထုတ်ရမလား, ခပ်နှေးနှေး အားထုတ်ရမလား? ခပ်မြန်မြန် အားထုတ် ရမယ်တဲ့။ တရားအားထုတ်ဖို့ တပည့်တော်တို့ သင်္ကြန်လွန်လောက် လာခဲ့မယ်ဘုရား ဒီရက်ကလေး တပည့်တော် နည်းနည်း ရွှေ့ထားတယ် ဘုရား၊ ကျောင်းပိတ်လျှင် လာခဲ့မယ်ဘုရား၊ ရှေ့နှစ်ကျတော့ တပည့်တော် လာခဲ့မယ် ဘုရား။ အဲဒီလို ဟိုရွှေ့ ဒီရွှေ့ ရွှေ့သင့်သလား? မရွှေ့သင့်ဘူး။ ကောင်းမှု ကုသိုလ်ဆိုတာ ခပ်မြန်မြန် ကြိုးစားရတယ်။ ခပ်မြန်မြန် ကြိုးစားမှသာလျှင် ခပ်မြန်မြန် နိဗ္ဗာန်ရမယ်။ ခပ်ဖြည်းဖြည်း ခပ်နှေးနှေး နောက်ကျမှ ကြိုးစားလျှင် နောက်ကျမှ နိဗ္ဗာန်ရမယ်။ ဒါကြောင့် ---

ကောင်းမှုကုသိုလ်ကို ခပ်မြန်မြန် မပြုဘဲ နှေးနှေးကွေးကွေး ပြုနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ မကောင်းမှုမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားတွေ ပေါ်လာတတ်ပါတယ်တဲ့။ ဒါယကာကြီးတွေ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်တယ်။ ကောင်းမှုကုသိုလ်မှာ ခပ်မြန်မြန် မပြုတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ထားသည် မကောင်းမှုမှာ မွေ့လျော်တဲ့ စိတ်ထားတွေ ရောက်သွားတတ်တယ်။ ဒါကြောင့် သတိကြီးစွာနဲ့ စဉ်းစားဆင်ခြင်ဖို့လိုပါတယ်။ ယခု အဲဒီ မထေရ်မြတ်ကြီးတွေထဲက ဘုန်းကြီး မထေရ်မြတ်ကြီး (၃)ပါး အကြောင်းကို အတုယူဖွယ်ကောင်းတဲ့အတွက် ဘုန်းကြီး ဗဟုဿုတအဖြစ် ဟောပေးဖို့ ရည်ရွယ်ထားပါတယ်။

---

သမ္ပဇဉ်ပိုင်း

သမ္ပဇဉ်ပိုင်း ရှုကွက်

အဲဒီမထေရ်မြတ်ကြီး (၃)ပါးအကြောင်းကို ဟောမယ်ဆိုလျှင်တော့ ဝိပဿနာပိုင်းနဲ့ဆိုင်တဲ့ ရှုကွက်ကလေးတွေ ရှေးဦးစွာ နားလည်ထားမှ ပိုပြီး သဘောပေါက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းကြီး အဲဒီ ဝိပဿနာပိုင်းနဲ့ ဆိုင်တဲ့ ရှုကွက်တွေထဲက သမ္ပဇဉ်ပိုင်း ရှုကွက်ကလေးကို အတိုချုပ်ပြီး နည်းနည်း ပြောပြပါမယ်။ မြတ်စွာဘုရား မဟာသတိပဋ္ဌာနသုတ္တန်ကို ဟောကြားတော်မူစဉ် အချိန်တုန်းက သတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ သမ္ပဇဉ်ပိုင်း ရှုကွက် တစ်ခုကို ဟောကြားထားတော်မူခဲ့ပါတယ်။ ဘယ်လို ဟောကြားထားတော်မူသလဲ?

ပုန စပရံ ဘိက္ခဝေ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊ (ဒီ၊၂၊၂၃၃။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ အဘိက္ကန္တေ = ရှေ့သို့တက်ရာ၌။ ပဋိက္ကန္တေ = နောက်သို့ဆုတ်ရာ၌။ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ ရှိသည်။ ဟောတိ = ဖြစ်၏။

ရှေ့သို့တက်လျှင် သမ္ပဇဉ်ဉာဏ်ကလေးနဲ့ ပြုပါ၊ နောက်သို့ ဆုတ်လျှင်လည်း သမ္ပဇဉ်ဉာဏ်ကလေးနဲ့ ပြုပါတဲ့။ သမ္ပဇာန = သံ (ကောင်းမွန် မှန်ကန်စွာ) + (ကွဲကွဲပြားပြား) + ဉာ (သိတယ်) = ကောင်းမွန် မှန်ကန်စွာ ကွဲကွဲပြားပြားသိတဲ့ ဉာဏ်နဲ့ ရှေ့သို့တက်ရာ, နောက်သို့ဆုတ်ရာတွေမှာ ပြုလုပ် ပါတဲ့။ ရှေ့သို့တက်လျှင်, နောက်သို့ဆုတ်လျှင်ဆိုတဲ့ ဒီစကားကလေးကို ကျကျနန နားလည်ရေးအတွက် ဣရိယာပထပိုင်းနဲ့ နည်းနည်း ယှဉ်တွဲပြီးပြောမှ သဘောပေါက်ပါလိမ့်မယ်။ ဣရိယာပထပိုင်းမှာ ဘုရားရှင်က ---

ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတိ၊ (ဒီ၊၂၊၂၃၂။)

သွားလျှင် သွားတယ်လို့ သိပါ၊ ရပ်လျှင် ရပ်တယ်လို့ သိပါ၊ ထိုင်လျှင် ထိုင်တယ်လို့ သိပါ၊ အိပ်လျှင် အိပ်တယ်လို့ သိပါ။ ဒီလို ဘုရားရှင်က ညွှန်ကြားထားတော်မူတယ်။ အဲဒီ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီးတော့ သွားလျှင် သွားတယ်လို့ သိတယ်ဆိုတာက ဘယ်လို သိနည်းမျိုးဆိုတာကို အဋ္ဌကထာက ဖွင့်ပြထားပါတယ်။

ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ (ဒီ၊ဋ္ဌ၊၂၊၃၅၇။)

ဂစ္ဆာမီတိ စိတ္တံ = သွားအံ့ဟူသော စိတ်သည်။ (ဝါ) သွားအံ့ဟူသော စိတ်စေတသိက် တရားစုသည်။ ဥပ္ပဇ္ဇတိ = ဖြစ်ပေါ်၍ လာ၏။ တံ = ထိုသွားလိုတဲ့ စိတ်သည်။ ဝါယံ = ဝါယောဓာတ်ကို။ ဇနေတိ = ဖြစ်စေ၏။

သွားမယ်ဆိုတဲ့ စိတ်ကလေးတစ်ခု ဖြစ်ပေါ်လာပြီဆိုကြစို့၊ စိတ်တို့မည်သည် စေတသိက်နဲ့ ကင်းပြီး ဘယ်တော့မှ ဖြစ်ရိုးဓမ္မတာ မရှိဘူး။ စိတ်နဲ့ စေတသိက်သည် အမြဲတမ်း ယှဉ်တွဲပြီး ဖြစ်နေကြပါတယ်။ ဒါကြောင့် စိတ် ဖြစ်တယ်ဆိုတာနဲ့ စေတသိက်လည်း တစ်ချိန်တည်း ဖြစ်ကြတယ်။ အဲဒီ သွားချင်တဲ့စိတ် သို့မဟုတ် သွားချင်တဲ့ စိတ်စေတသိက် တရားစုက ဝါယောဓာတ်ကို ဖြစ်စေတယ်တဲ့။ ဝါယောဓာတ်ကို ဖြစ်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဋီကာဆရာတော်က ဘယ်လို ဖွင့်ပြထားသလဲ?

ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဥပ္ပါဒေတိ၊ (ဒီ၊ဋီ၊၂၊၃၀၄။)

ဝါယံ ဇနေတီတိ = ဝါယောဓာတ်ကို ဖြစ်စေ၏ဟူသည်ကား။ ဝါယောဓာတုအဓိကံ = ဝါယောဓာတ် လွန်ကဲ၍နေတဲ့။ ရူပကလာပံ = ရုပ်တရားအပေါင်းကို (ဝါ) ရုပ်ကလာပ်အပေါင်းကို။ ဥပ္ပါဒေတိ = ဖြစ်စေ၏။

ဝါယောဓာတ်ကို ဖြစ်စေတယ်ဆိုတာ ဝါယောဓာတ် တစ်ခုတည်းကို ဖြစ်စေတာ မဟုတ်ဘူး။ ဝါယောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ရုပ်ကလာပ်တွေကို ဖြစ်စေတာတဲ့။ ဒီလိုဆိုလျှင် သွားမယ်ဆိုတဲ့ စိတ်ကြောင့် ရုပ်ကလာပ်တွေဖြစ်တာကို မြင်အောင် ရှုရမလား, မရှုရဘူးလား? ရှုရတော့မယ်။ ကဲ - ဘယ်လို ရှုကြမလဲ? ရှုကွက်ကလေးကို နည်းနည်း အတိုချုပ်ပြီးတော့ ပြောကြရအောင် ---

ကမ္မဋ္ဌာန်းမှာ ဘုန်းကြီးတို့ သမထပိုင်း, ဝိပဿနာပိုင်းဆိုပြီး ကမ္မဋ္ဌာန်း (၂)မျိုး ရှိပါတယ်။ သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။ သမထကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီးတော့ ဘုရားရှင်က ကမ္မဋ္ဌာန်း (၄၀) ဟောထားတော်မူပါတယ်။ ဒါက သမာဓိစခန်း ဖြစ်ပါတယ်။ ဝိပဿနာပိုင်း ရောက်လာပြီဆိုလျှင်တော့ ဝိပဿနာကမ္မဋ္ဌာန်းပိုင်းမှာ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း ဆိုပြီး ကမ္မဋ္ဌာန်း (၂)မျိုးပဲ မြတ်စွာဘုရားက ဟောကြားတော်မူပါတယ်။ အဲဒီ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောတော်မူတဲ့အခါ ဘယ်လို ဟောကြားတော်မူသလဲ?

တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀။)

တတ္ထ = ထိုရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်။ ဘဂဝါ = မြတ်စွာဘုရားသည်။ ရူပကမ္မဋ္ဌာနံ = ရုပ်ကမ္မဋ္ဌာန်းကို။ ကထေန္တော = ဟောကြားပြသ ဆိုဆုံးမသည်ရှိသော်။ သင်္ခေပမနသိကာရဝသေန ဝါ = အကျဉ်း နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ ဝိတ္ထာရမနသိကာရဝသေန ဝါ = အကျယ် နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ စတုဓာတုဝဝတ္ထာနံ = စတုဓာတုဝဝတ္ထာန်ဟု ခေါ်ဆိုအပ်တဲ့ ဓာတ်ကမ္မဋ္ဌာန်းကို။ ကထေသိ = ဟောကြားပြသ ဆိုဆုံးမတော်မူမြဲဓမ္မတာ ဖြစ်ပေ၏။

ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လို့ ဘုရားရှင် ဟောကြားတော်မူပြီ ဆိုလျှင် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း အားဖြင့် နှစ်နည်းပဲ ဟောတော်မူပါတယ်။ ဒါကြောင့် ရုပ်တရားကို ရှုချင်တဲ့ ပုဂ္ဂိုလ်က ဘုရားရှင် ဟောတော်မူတဲ့အတိုင်း ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း ကြိုက်လျှင်လည်း အကျဉ်းနည်းနဲ့ ရှုနိုင်ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်း ကြိုက်လျှင်လည်း အကျယ်နည်းနဲ့ ရှုနိုင်ပါတယ်။ တခြားနည်းနဲ့ ဟောကြား ထားတော်မူခဲ့တဲ့ ရှုကွက်ဆိုတာ ရှိသလား? မရှိဘူး။ ဒါက ဘုန်းကြီးတို့ ဝိပဿနာလုပ်ငန်းခွင်မှာ သတ်မှတ်ပေးထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။ ဒီစည်းကမ်းကို ဖောက်ဖျက်လို့တော့ မရဘူး။

မိမိတို့က ရုပ်တရားကိုတော့ ရှုနေတယ်။ ဒါပေမယ့် ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဒီဓာတ်ကမ္မဋ္ဌာန်းကို မရှုဘူးဆိုလျှင်တော့ ရုပ်ကမ္မဋ္ဌာန်းကို ပုံစံမှန် ရှုတယ်လို့ ပြောနိုင်ပါ့သလား? မပြောနိုင်ဘူး။ ရုပ်ကလာပ်လည်း မြင်နိုင်ပါ့မလား? များသောအားဖြင့်တော့ မမြင်နိုင်ပါဘူး။ များသောအားဖြင့်လို့ ပြောရတာကတော့ ပါရမီရှိတဲ့ တချို့ ယောဂီသူတော်ကောင်းများ တစ်ခါ တစ်ရံ မြင်တတ်တဲ့သဘောတော့ ရှိပါတယ်။ ဒါပေမယ့် ဘာမှတော့ ဆက်ပြီး မလုပ်တတ်ကြပါဘူး။

အဲဒီ ရုပ်ကလာပ်ကလေးတွေကို မြင်အောင် ဘယ်လို ရှုရမလဲလို့ မေးလျှင်တော့ ခုနက ဓာတ်ကမ္မဋ္ဌာန်းနဲ့ စပြီး ပြည်တည်ရပါတယ်။ အကျဉ်းနည်း ကြိုက်လျှင် အကျဉ်းနည်းနဲ့ ပြည်တည်နိုင်တယ်။ အကျယ်နည်း ကြိုက်လျှင်လည်း အကျယ်နည်းနဲ့ ပြည်တည်နိုင်ပါတယ်။ အကျဉ်းနည်း ရှုကွက်မှာတော့ ဓာတ်ကြီးလေးပါးက စပြီး ရှုရပါတယ်။ အဲဒီ ဓာတ်ကြီး လေးပါးက ဘာတွေလဲ?

ဓာတ်ကမ္မဋ္ဌာန်း ရှုကွက်

ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ်ကြီးလေးပါး ရှိပါတယ်။ ပထဝီဓာတ်က မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘော။ ဓာတ်ကမ္မဋ္ဌာန်းကို ရှုပွားတော့မယ့် ယောဂီပုဂ္ဂိုလ်က မာမှုထင်ရှားတဲ့ တစ်နေရာက စပြီး မာတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ ကြမ်းမှု ထင်ရှားတဲ့ တစ်နေရာက စပြီး ကြမ်းတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ လေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး လေးတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ ပျော့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပျော့တဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ ချောမှုထင်ရှားတဲ့ တစ်နေရာကစပြီး ချောတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ ပေါ့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပေါ့တဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ ဒါက ပထဝီဓာတ်ရဲ့ သဘောတရား (၆)မျိုး ဖြစ်ပါတယ်။

ပူမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ အေးမှုထင်ရှားတဲ့ တစ်နေရာကစပြီး အေးတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ ဒါက တေဇောဓာတ်ရဲ့ သဘောတရား (၂)မျိုး ဖြစ်တယ်။

ထောက်ကန်မှု ထင်ရှားတဲ့ တစ်နေရာကစပြီး ထောက်ကန်တဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ တွန်းကန်မှုထင်ရှားတဲ့ တစ်နေရာကစပြီး တွန်းကန်တဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ ဒါက ဝါယောဓာတ် (၂)မျိုး ဖြစ်တယ်။

အဲဒီ သဘောတရား (၁၀)ခုကို ကျေညက်အောင် ရှုနိုင်ပြီ၊ ခြေဆုံး ခေါင်းဆုံး ရှုနိုင်ပြီဆိုလျှင်တော့ ဖွဲ့စည်းတဲ့သဘောလည်း ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်မှာ ပေါ်လာတတ်တယ်။ မပေါ် ဖြစ်နေလျှင်တော့ တွန်းတဲ့သဘောနှင့် မာတဲ့သဘော နှစ်ခုကို ဦးစားပေးပြီး ရှုနေလျှင်တော့ ပေါ်လာတတ်ပါတယ်။ အဲဒီ ဖွဲ့စည်းတဲ့သဘောက ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင်တော့ ယိုစီးမှု ထင်ရှားတဲ့ သွားအရင်း, လျှာအရင်း, လျှာဖျားတို့လို တစ်နေရာက စပြီး ယိုစီးတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် စိုက်ရှုပါ။ အသားကြား အရိုးကြား အရေကြား အကြောကြားသို့တိုင်အောင် ဉာဏ်နဲ့ စိုက်ပြီး ကြည့်ရပါတယ်။ အဲဒီ ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘောက အာပေါဓာတ်ရဲ့ သဘောတရား နှစ်ခု ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ ဓာတ်သဘောတရား ဘယ်နှစ်ပါး ရှိသွားပြီလဲ? ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ် (၄)ပါး၊ သဘောတရား (၁၂)မျိုး ဖြစ်ပါတယ်။

အဲဒီ ဓာတ် (၄)ပါး, သဘောတရား (၁၂)မျိုးကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်နဲ့ ခွဲခြား စိတ်ဖြာပြီးတော့ သွက်အောင် ခန္ဓာကိုယ်မှာ ရှုနိုင်ပြီဆိုလျှင်တော့ ထိုယောဂီပုဂ္ဂိုလ်က ခေါင်းကဖြစ်စေ သို့မဟုတ် လည်ကုပ်လောက်က ဖြစ်စေ တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ ရှုရပါတယ်။ မိမိ ထိုင်နေတဲ့ အသွင်အပြင်ကို အပေါ်ကနေ စီးကြည့်တဲ့ ပုံစံနဲ့ ရှုရပါတယ်။ များသောအားဖြင့် ခေါင်းကနေ ခြုံငုံပြီး ရှုကြည့်တဲ့ ယောဂီများမှာ ခေါင်းကြီး ခဲသွားပြီး မခံနိုင် ဖြစ်တတ်လို့ ကုပ်လောက်ကနေ စပြီး ခြုံရှုဖို့ သင်ပေးရပါတယ်။ ဒါပေမယ့် တချို့ ယောဂီများကျတော့ လည်ကုပ်ကနေ စရှုလျှင်လည်း လည်ကုပ်ကြီး ခဲနေပြန်လို့ အဲဒီအခါမှာ တစ်ကိုယ်လုံးကို ခြုံငုံပြီး အတွင်းဘက်ကို စိုက်ပြီး စောင့်ကြည့်ပါဆိုပြီး သင်ပေးရပြန်တယ်။

အဲဒီလို ခြုံငုံပြီး ရှုတဲ့ အချိန်အခါမှာ ခန္ဓာကိုယ်ကို အာရုံမယူဘဲ ဓာတ်ကိုသာ အာရုံယူပြီး ရှုရပါတယ်။ အဲဒီ ဓာတ်သဘောတွေက ဉာဏ်ထဲမှာ ပြိုင်တူလိုလို ပေါ်လာတဲ့ အချိန်အခါမှာ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ သဘောတွေကို ကြည့်ပြီး ပထဝီဓာတ်။ ယိုစီး-ဖွဲ့စည်းသဘောတွေကို ကြည့်ပြီး အာပေါဓာတ်။ ပူ-အေးသဘောတွေကို ကြည့်ပြီး တေဇောဓာတ်။ ထောက်-တွန်းသဘောတွေကို ကြည့်ပြီး ဝါယောဓာတ်။ အဲဒီ ဓာတ် (၄)ပါးကို အာရုံ ယူပြီးတော့ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ ရှုရပါတယ်။ အဲဒီလို မနှေးမမြန် ရှုရာကနေ နောက်တော့ တဖြည်းဖြည်း စိတ်က ဓာတ် (၄)ပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါလိမ့်မယ်။ အဲဒီ ဓာတ်လေးပါး အာရုံမှာ တည်လာအောင် ဘုန်းကြီး ရှေ့ပိုင်းမှာ ပြောခဲ့တဲ့အတိုင်း မိမိတို့က ကသိုဏ်းတစ်ခုခုကို အခြေခံထားတယ်၊ သို့မဟုတ် အာနာပါနစျာန် တစ်ခုခုကို အခြေခံထားတယ်ဆိုလျှင်တော့ မိမိ အခြေခံထားတဲ့စျာန်ကို ပထမ ဝင်စားပြီးတော့မှ ဓာတ် (၄)ပါးကို ရှုလျှင် ပိုပြီး လွယ်ကူပါတယ်။

အဲဒီလို ဓာတ် (၄)ပါးနဲ့ သမာဓိထူထောင်လိုက်တဲ့အခါ ဓာတ် (၄)ပါး အာရုံမှာ သမာဓိက တည်လာပြီဆိုလျှင်တော့ အဖြူ စပြီး ပေါ်လာပါလိမ့်မယ်။ အဲဒီ အဖြူမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းပြီးတော့ သမာဓိကို ဆက်လက် ထူထောင်လိုက်ပါက ရေခဲတုံး ဖန်တုံး မှန်တုံးလို ကြည်နေတဲ့ အကြည်အတုံးအခဲကြီးကို တွေ့ရပါမယ်။

အကြည်ဓာတ်ဆိုတာ ဘာလဲ?

စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ၊ (ဝိသုဒ္ဓိ၊၂၊၈၁။)

ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ဖော်ပြထားပါတယ်။ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ဆိုပြီး အကြည်ဓာတ် (၅)ခုကို မြတ်စွာဘုရားက ဟောထားတော်မူပါတယ်။ အဲဒီ အကြည်ဓာတ် (၅)ခုကို ဃနမပြိုမီ အတုံးလိုက်, အခဲလိုက် မြင်တဲ့အချိန်အခါမှာ ဒီ အကြည်ဓာတ်တွေသည် အာဒါသတလံ ဝိယ = ကြေးမုံပြင်ကဲ့သို့ ကြည်နေတယ်၊ မှန်လို ကြည်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။

အဲဒီ ဖန်တုံး, ဖန်ခဲ, မှန်တုံး, မှန်ခဲ, ရေခဲတုံးလို ကြည်နေတဲ့ အကြည်ဓာတ်ကို တွေ့ပြီဆိုလျှင်တော့ အဲဒီ အကြည်ဓာတ်မှာလည်း ဓာတ် (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ အကြည်ဓာတ်မှာ ဓာတ် (၄)ပါး စိုက်ရှုလိုက်ပြီဆိုလျှင် ပါရမီရှိတဲ့ သူတော်ကောင်းတွေကတော့ ရုပ်ကလာပ်အမှုန်ကလေးတွေကို လွယ်လွယ်ကူကူနဲ့ သွားတွေ့တတ်ပါတယ်။ ပါရမီ နည်းနည်း နုံ့နေမယ် ဆိုလျှင်တော့ အဲဒီ အကြည်ပြင်ထဲမှာ အာကာသဓာတ်ခေါ်တဲ့ အကြားအပေါက် ရှိလေရဲ့ဆိုပြီး အကြားအပေါက်ကလေးတွေကို မြင်အောင် လင်းရောင်ခြည်နဲ့ ထိုးစိုက်ပြီးတော့ ရှုလိုက်မယ်ဆိုလျှင်တော့ အကြားအပေါက်ကလေးတွေကို တွေ့မြင်ရသည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ် အမှုန်ကလေးတွေကို စပြီး တွေ့ရပါမယ်။

ရုပ်ကလာပ်အမှုန်ကလေးတွေကို တွေ့ပြီဆိုလျှင်လည်း အဲဒီ ရုပ်ကလာပ် အမှုန် တစ်ခုတစ်ခုမှာ တည်ရှိတဲ့ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် စသည်ဖြင့် ဓာတ် (၄)ပါးကို မြင်အောင် ဆက်ရှုပါ။ ရုပ်ကလာပ် တိုင်း ရုပ်ကလာပ်တိုင်းမှာ ဓာတ် (၄)ပါးသာ မြင်အောင် ရှုနိုင်ပြီဆိုလျှင်တော့ ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်မှာ ဘာဖြစ်လာတတ်သလဲ? ဥပါဒါရုပ်တွေဟာ တစ်စတစ်စ ထင်ရှား လာတတ်ပါတယ်။ ရုပ်ကလာပ်အမှုန် တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး အနည်းဆုံးအားဖြင့် ရုပ်သဘောတရား (၈)ခု ရှိပါတယ်။ တချို့ ရုပ်ကလာပ်တွေမှာ ရုပ်သဘောတရား (၉)ခု (၁၀)ခု (၁၁)ခု စသည်ဖြင့် ရှိတတ်ပါတယ်။ ဥပါဒါရုပ်တွေ ထင်ရှားလာတဲ့ အချိန်အခါမှာ အဲဒီ ရုပ်သဘောတရားတွေကို ဆက်ပြီး သိမ်းဆည်းရပါတယ်။ ဉာဏ်နဲ့ ပိုင်းခြားယူရပါတယ်။

ရုပ်တို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေအနေနဲ့သာ တည်ရှိကြပါတယ်။ အဲဒီ ရုပ်ကလာပ်အမှုန်ကလေးတွေသည် ရုပ်လောကမှာ အသေးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ယနေ့ခေတ် သိပ္ပံလောကမှာ ပြောဆိုနေကြတဲ့ အက်တမ်လို့ ခေါ်ဆိုအပ်တဲ့ အဏုမြူထက် အဆပေါင်း များစွာ သေးငယ်လိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီလောက် အလွန့်အလွန် သေးငယ်တဲ့ အဲဒီရုပ်ကလာပ်အမှုန်ကလေး တစ်ခုတစ်ခုမှာ ရုပ်သဘောတရား (၈)ခု သို့မဟုတ် (၉)ခု သို့မဟုတ် (၁၀)ခု စသည် တည်ရှိကြတယ်။ အဲဒီ ရုပ်သဘောတရားကလေးတွေကို မြင်တဲ့ အချိန်အခါကျမှ ရုပ်တရားလို့ ခေါ်ဆိုအပ်တဲ့ ရုပ်ပရမတ်ကို စ,သိပါတယ်။ အဲဒီ ရုပ်ပရမတ်ကို သိတဲ့အပိုင်းနဲ့ ဆက်စပ်ပြီးတော့ အဋ္ဌကထာ ဆရာတော်က သွားတဲ့အချိန်အခါမှာ ရှုပုံ နည်းစနစ်ကို ညွှန်ကြားထားပါတယ်။ ဘယ်လို ညွှန်ကြားထားသလဲ?

သွားနေခိုက် ရုပ်တရား ရှုကွက်

သွားနေတဲ့ အချိန်အခါမှာ တကယ် လက်တွေ့ ရှုချင်တဲ့ ယောဂီပုဂ္ဂိုလ်က မတ်တပ်ရပ်ပြီး မိမိ ရရှိထားပြီးဖြစ်တဲ့ သမာဓိကို ထူထောင်ပါ။ ထူထောင်ပြီးတဲ့ အချိန်အခါမှာ ဓာတ် (၄)ပါးကို ပြန်ပြီး ရှုပွားပါ။ တစ်ကိုယ်လုံးကို ခြုံငုံပြီး ဓာတ် (၄)ပါးကို ရှုလိုက်လို့ ရုပ်ကလာပ်အမှုန်ကလေးတွေကို တွေ့မြင်တဲ့ အချိန်အခါမှာ အဲဒီ ရုပ်ကလာပ်အမှုန် တစ်ခုတစ်ခုမှာ တည်ရှိတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုတဲ့ ရုပ်သဘော တရားကလေးတွေကို မြင်အောင် ဆက်ရှုပါ။

ရုပ်သဘောတရားကလေးတွေကို မြင်အောင် ရှုလိုက်လို့ အောင်မြင်ပြီ ဆိုလျှင်တော့ ရှေ့သို့ ခြေတစ်လှမ်းလောက် ဖြည်းဖြည်းကလေး လှမ်းကြည့် လိုက်ပါ။ ရုပ်တရားတွေကို စနစ်တကျ ရှုတတ်ထားပြီးတဲ့ ယောဂီ ဖြစ်ခဲ့မယ် ဆိုလျှင်တော့ အဲဒီလို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဘဝင်မနောအကြည် ကို စိတ်စိုက်ပြီးတော့ သွားချင်တဲ့ စိတ်ကလေးကို မြင်အောင် ရှုကြည့်ပါ။ နောက်ထပ် ခြေတစ်လှမ်းလောက် ဖြည်းဖြည်းကလေး လှမ်းကြည့်လိုက်ပါ။ သွားချင်တဲ့ စိတ်ကလေးကို တွေ့ရပါလိမ့်မယ်။ အဲဒီ သွားချင်တဲ့စိတ်မှာ စေတသိက်တွေလည်း ယှဉ်တွဲပြီး ဖြစ်ပေါ်နေလိမ့်မယ်။ စိတ်တစ်ခုတည်း ဖြစ်နေတာတော့ မဟုတ်ဘူး။

အဲဒီ စိတ်စေတသိက်တွေသည် ယေဘုယျအားဖြင့် ဟဒယဝတ္ထုကို မှီပြီး ဖြစ်ပေါ်နေကြတယ်။ အဲဒီစိတ်တွေကြောင့် စိတ္တဇရုပ်ကလာပ်တွေဟာ တဖွားဖွား ဖြစ်ပေါ်လာကြတယ်။ အဲဒီ တဖွားဖွား ဖြစ်ပေါ်လာတဲ့ ရုပ်ကလာပ် တိုင်း ရုပ်ကလာပ်တိုင်းမှာ တည်နေတဲ့ ရုပ်သဘောတရား (၈)ခုကို ဉာဏ်နဲ့ ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ အဲဒီရုပ်ကလာပ်တွေက မကြည်ကြပါဘူး။ တချို့ ကြည်တယ်ဆိုတာကတော့ ကမ္မဇရုပ်ကလာပ်တွေကတော့ များသောအားဖြင့် ကြည်တတ်ပါတယ်။ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ခေါ်တဲ့ ဒီအကြည်ရုပ် (၅)ခုပါတဲ့ ရုပ်ကလာပ်တွေကတော့ ကြည်ကြပါတယ်။ ကြွင်းကျန်နေတဲ့ ရုပ်ကလာပ်တွေကတော့ အားလုံး မကြည်ကြပါဘူး။ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်တွေကလည်း မကြည်ကြပါဘူး။ ဒီနေရာမှာ အဋ္ဌကထာက ရှုကွက်ကလေးတစ်ခုကို ဖော်ပြထားပြန်တယ်။ ဘယ်လို ဖော်ပြထားသလဲ?

ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ (ဒီ၊ဋ္ဌ၊၂၊၃၅၇။)

ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဥပ္ပါဒေတိ၊ (ဒီ၊ဋီ၊၂၊၃၀၄။)

ဂစ္ဆာမီတိ စိတ္တံ = သွားအံ့ဟူသော စိတ်သည်။ ဥပ္ပဇ္ဇတိ = ဖြစ်ပေါ်၍ လာ၏။ တံ = ထိုသွားလိုတဲ့စိတ်သည်။ ဝါယံ = ဝါယောဓာတ်ကို (ဝါ) ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ရုပ်ကလာပ်အပေါင်းကို။ ဇနေတိ = ဖြစ်စေ၏။ ဝါယော = ဝါယောဓာတ်သည်။ ဝိညတ္တိံ = သွားခြင်းဆိုတဲ့ ကိုယ်အမူအရာ ကာယဝိညတ်ရုပ်ကို။ ဇနေတိ = ဖြစ်စေ၏။

သွားချင်တဲ့ စိတ်ကလေးကြောင့် တစ်ကိုယ်လုံးမှာ အနှံ့အပြား စိတ္တဇရုပ်ကလာပ်တွေ တဖွားဖွား ဖြစ်နေတာကို ပြန်ကြည့်ပါတဲ့။ အဲဒီ စိတ္တဇရုပ်ကလာပ်တွေထဲမှာ ဝါယောဓာတ်ကလေး ပါရှိတယ်။ အဲဒီ ဝါယောဓာတ်ကလေးက သွားခြင်းဆိုတဲ့ အမူအရာတစ်ခုကို ဖြစ်ပေါ်လာစေတတ်တဲ့ ဝိညတ်ရုပ်ကို ဖြစ်စေတယ်။ အဲဒီ ရှုကွက်ကို တကယ်လက်တွေ့ ရှုချင်တဲ့ ယောဂီသူတော်ကောင်းက ရုပ်ကမ္မဋ္ဌာန်းပိုင်းကို ရှုထားပြီးဖြစ်ဖို့ လိုတယ်။ နာမ်ကမ္မဋ္ဌာန်းပိုင်းလည်း ရှုထားပြီးဖြစ်ဖို့ လိုတယ်။ ဟဒယဝတ္ထုကို မှီပြီး ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက်တွေကြောင့် စိတ္တဇရုပ်တွေ ဖြစ်နေတာကိုလည်း မြင်အောင် ရှုတတ်ဖို့ လိုပါတယ်။ အဲဒီ စိတ္တဇရုပ်ကလာပ်တိုင်းမှာပါတဲ့ ဝါယောဓာတ်က သွားခြင်းဆိုတဲ့ ကိုယ်အမူအရာကို ဖြစ်စေတယ်။ ဘယ်လို ဖြစ်စေသလဲ? ဒီအပိုင်းကလေးကို အဋ္ဌကထာက နည်းနည်း ဆက်ပြီးတော့ ဖွင့်ပြထားပါတယ်။

သယ်ဆောင်တတ်သောရုပ်နှင့် အသယ်ဆောင်ခံရသောရုပ်

စိတ္တကိရိယဝါယောဓာတုဝိပ္ဖာရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။)

စိတ္တကိရိယဝါယောဓာတုဝိပ္ဖာရေန = စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့်။ သကလကာယဿ = အလုံးစုံသော ရူပကာယ၏ (ဝါ) အလုံးစုံသော ရုပ်တရားအပေါင်း၏။ ပုရတော = ရှေ့သို့။ အဘိနီဟာရော = ရှေ့ရှုသယ်ဆောင်ခြင်းကို။ ဂမနန္တိ = သွားခြင်းဟူ၍။ ဝုစ္စတိ = ခေါ်ဆိုအပ်ပေ၏။

သွားတယ် သွားတယ်ဆိုတာက ဘာလဲ? သွားချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်နေတဲ့ စိတ္တဇရုပ်ကလာပ်တွေ တစ်ကိုယ်လုံးမှာ ပျံ့နှံ့သွားတယ်။ အဲဒါကို ပထမ မြင်အောင် ရှုရမယ်။ တစ်ကိုယ်လုံး ပျံ့နှံ့သွားတဲ့ အဲဒီ စိတ္တဇရုပ်ကလာပ်တွေမှာ ဝါယောဓာတ်ရဲ့ သဘာဝသတ္တိ စွမ်းအင်ကလေးက လွန်ကဲနေတယ်။ အဲဒီ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာပါတဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ဝါယောဓာတ်က သွားခြင်းဆိုတဲ့ အမူအရာ ဝိညတ်ရုပ်ကလေးတစ်ခုကို ထပ်ပြီး ဖြစ်စေပြန်တယ်။ အဲဒီ ဝိညတ်ရုပ်ပါတဲ့ ရုပ်ကလာပ်အပေါင်းက တစ်ကိုယ်လုံးမှာ ရှိနေတဲ့ ကံ-စိတ်-ဥတု-အာဟာရခေါ်တဲ့ အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်နေတဲ့ ရုပ်တရား အားလုံးကို ရှေ့ရှုသယ်ဆောင်သွားတယ်။ ဒီနေရာမှာ ဥပမာကလေးတစ်ခုနဲ့ အဋ္ဌကထာက ရှင်းပြထားပြန်တယ်။

ဘုန်းကြီးတို့ ခြောက်နေတဲ့ နွားချေးအချပ်ကလေးတွေကို စီးနေတဲ့ ရေထဲမှာ ပစ်ချလိုက်တဲ့အခါ အဲဒီနွားချေးခြောက် အချပ်ကလေးတွေသည် မျောပါမသွားဘူးလား? မျောပါသွားတယ်။ အဲဒီပုံစံအတိုင်းပဲ သွားချင်တဲ့ စိတ်ကြောင့် ဖြစ်ပေါ်နေတဲ့ စိတ္တဇရုပ်ကလာပ်ပေါင်း များစွာက စီးဆင်းနေတဲ့ ရေနဲ့ တူတယ်။ တစ်ကိုယ်လုံးမှာ တည်ရှိနေတဲ့ ကံ-စိတ်-ဥတု-အာဟာရဆိုတဲ့ အကြောင်းတရား (၄)ပါးကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရားတွေက နွားချေးချပ်ကလေးတွေနဲ့ တူတယ်။

ရေစီးလျှင် နွားချေးချပ်ကလေးတွေလည်း မျောပါသွားသလိုပဲ စိတ္တဇရုပ်တွေက နေရာ အသစ်အသစ်မှာ ပြောင်းရွှေ့ပြီး ဖြစ်နေခဲ့မယ်ဆိုလျှင် ကံ-စိတ်-ဥတု-အာဟာရခေါ်တဲ့ အကြောင်းတရား (၄)ပါးကြောင့် ဖြစ်ပေါ်နေတဲ့ တစ်ကိုယ်လုံးမှာ တည်ရှိနေတဲ့ ရုပ်တရား အားလုံးလည်း နေရာ အသစ် အသစ်မှာ ပြောင်းပြီးတော့ ဖြစ်ပေါ်ကြတယ်။ အဲဒီလို ပြောင်းရွှေ့ပြီး ဖြစ်ပေါ်နေတာကိုပဲ သွားတယ်လို့ လောကဝေါဟာရအားဖြင့် ခေါ်ဝေါ်ကြတယ်။ အဲဒါက သွားတဲ့အခါမှာ ရှုရမယ့် ရှုကွက် ဖြစ်ပါတယ်။ အဲဒီ သွားတဲ့အချိန်မှာ ရှုရမယ့် ရှုကွက်ကိုပဲ ရည်ညွှန်းပြီးတော့ ---

အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊ (ဒီ၊၂၊၂၃၃။)

အဘိက္ကန္တေ = ရှေ့သို့တက်ရာ၌။ ပဋိက္ကန္တေ = နောက်သို့ဆုတ်ရာ၌။ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ဟောတိ = ဖြစ်၏။

ဒီလို မြတ်စွာဘုရားက ဟောကြားတော်မူပါတယ်။ အဲဒီ ဟောကြားတော်မူတဲ့ စကားတော်ကိုလည်း အဋ္ဌကထာဆရာတော်က ဒီနေရာမှာ ထပ်ပြီး ဖွင့်ဆိုထားပြန်တယ်။

ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ၊ (မ၊ဋ္ဌ၊၁၊၂၆၅။)

ပရမတ္ထတော = ပရမတ္ထ အနက်သဘောအားဖြင့်။ ဓာတူနံယေဝ = ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင်။ ဂမနံ = သွားခြင်းသည်။ ဟောတိ = ဖြစ်၏။ ဓာတူနံ = ရုပ်ဓာတ် နာမ်ဓာတ်တို့၏။ ဌာနံ = ရပ်ခြင်းသည်။ ဟောတိ = ဖြစ်၏။ ဓာတူနံ = ရုပ်ဓာတ် နာမ်ဓာတ်တို့၏။ နိသဇ္ဇနံ = ထိုင်ခြင်းသည်။ ဟောတိ = ဖြစ်၏။ ဓာတူနံ = ရုပ်ဓာတ် နာမ်ဓာတ်တို့၏။ သယနံ = အိပ်ခြင်းသည်။ ဟောတိ = ဖြစ်၏။

သွားနေတာက ဘာတွေလဲ? ရုပ်ဓာတ် နာမ်ဓာတ်တွေပဲ၊ ရပ်နေတာလည်း ရုပ်ဓာတ် နာမ်ဓာတ်တွေပဲ၊ ထိုင်နေတာလည်း ရုပ်ဓာတ် နာမ်ဓာတ်တွေပဲ၊ အိပ်နေတာလည်း ရုပ်ဓာတ် နာမ်ဓာတ်တွေပဲ၊ အဲဒီ ရုပ်ဓာတ် နာမ်ဓာတ်တွေကို မြင်အောင် ရှုရမယ်တဲ့။ ဒါကြောင့် ---

တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေန --

အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။

အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။

ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမ။ (မ၊ဋ္ဌ၊၁၊၂၆၅။)

တသ္မိံ တသ္မိံ ကောဋ္ဌာသေ = ထိုထို သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်းဆိုတဲ့ ကောဋ္ဌာသ၌။ ရူပေန = ရုပ်တရားနှင့်။ သဒ္ဓိံ = အတူတကွ။ အညံ စိတ္တံ = အခြားတစ်ပါးသော စိတ်သည်။ ဥပ္ပဇ္ဇတေ = ဖြစ်ပေါ်၍လာ၏။ အညံ စိတ္တံ = အခြားတစ်ပါးသော နောက်ထပ် စိတ်တစ်မျိုးသည်။ နိရုဇ္ဈတိ = ချုပ်ပျက်၍ သွားပြန်၏။

အဝီစိမနုသမ္ဗန္ဓော = အကြားအလပ်မရှိ အစဉ်မပြတ် ရှေ့နှင့်နောက် ဆက်စပ်လျက်။ နဒီသောတောဝ = မြစ်ရေအလျဉ်ကဲ့သို့။ ဝတ္တတိ = ဖြစ်ပေါ်၍ နေလေ၏။ ဣတိ ဧဝံ = ဤသို့လျှင်။ အဘိက္ကမာဒီသု = ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း စသည်တို့၌။ အသမ္မုယှနံ = မတွေမဝေ သိခြင်းသည်။ အသမ္မောဟသမ္ပဇညံ နာမ = အသမ္မောဟသမ္ပဇဉ်မည်ပေ၏။

စိတ်တစ်ခုဟာ ရုပ်တရားနှင့် ပြိုင်တူ ဖြစ်တယ်ဆိုကြစို့၊ သို့သော် ရုပ်တရားတွေက စိတ္တက္ခဏ (၁၇)ချက် အသက်ရှည်သောကြောင့် ပြိုင်တူဖြစ်တဲ့ စိတ်နှင့် ပြိုင်တူ မချုပ်ဘူး။ အခြား (၁၇)ခုမြောက် စိတ်နှင့်မှ ပြိုင်တူ ချုပ်တယ်။ စိတ်တစ်ခု ချုပ်သွားပြီဆိုလျှင်လည်း နောက်ထပ် စိတ်အသစ် တစ်မျိုး ထပ်ပြီးတော့ ဖြစ်ပေါ်လာတယ်။ သမ္ပဇဉ် (၄)ပါးထဲမှာ အသမ္မောဟသမ္ပဇဉ် အကြောင်းကို ဖွင့်ဆိုနေခြင်း ဖြစ်ပါတယ်။ မဟာသတိပဋ္ဌာနသုတ္တန်မှာလည်း ဒီအသမ္မောဟသမ္ပဇဉ်က သမ္ပဇဉ်လေးပါးထဲမှာ ဝိပဿနာပိုင်း အတွက် လိုရင်းဖြစ်တဲ့အကြောင်းကို အဋ္ဌကထာက အတိအကျ ရှင်းလင်းထားပါတယ်။

ဒါကြောင့် စိတ်တစ်ခုပြီးတစ်ခု ဖြစ်တယ်ဆိုတာက စိတ်တစ်ခု ချုပ်ပျက်သွားပြီးမှ နောက်ထပ် စိတ်တစ်ခု ဖြစ်တယ်။ စိတ်တစ်ခု ချုပ်ပျက်မသွားမီမှာ နောက်ထပ် စိတ်တစ်ခု ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး။ စိတ်ဖြစ်ပြီဆိုလျှင်လည်း စေတသိက် မပါဘူးလား? ပါလာတယ်။ စိတ်စေတသိက်တွေကလည်း နာမ်တရားများ ဖြစ်ကြပါတယ်။ သို့သော် ယခုလို ဣရိယာပထရုပ်လို့ ခေါ်ဆိုအပ်တဲ့ ရှေ့သို့ တက်ခြင်း, နောက်သို့ ဆုတ်ခြင်းစတဲ့ ရုပ်တရားတွေကို ဖြစ်စေတတ်တဲ့ စိတ်စေတသိက် (= နာမ်တရားတွေ)မှာ မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားတွေသာ ဖြစ်ကြပါတယ်။

သို့သော် ယခုလို သွားနေခိုက် စသည်မှာ ဣရိယာပထရုပ်တွေကို ဖြစ်စေ တတ်တဲ့ မနောဒွါရိကဝီထိစိတ်များအပြင် ဘဝင်စိတ်နှင့် ရူပါရုံကို သိတဲ့ စက္ခုဒွါရဝီထိ စိတ်စေတသိက်စတဲ့ ပဉ္စဒွါရိက စိတ်စေတသိက် (= နာမ်တရားတွေ)လည်း ကြိုးကြား ကြိုးကြား ဖြစ်တတ်ကြပါတယ်။ ဣရိယာပထရုပ်ကို ဖြစ်စေတဲ့ စိတ်တွေမှ တစ်ပါး အခြားသော စိတ်တွေလည်း ဖြစ်ကြတယ်။ အဲဒီ ဘဝင်စိတ်နှင့် ပဉ္စဒွါရိက ဝီထိစိတ်ခေါ်တဲ့ အခြားအခြားသော စိတ်တွေကြောင့် ဖြစ်ပေါ်လာကြတဲ့ စိတ္တဇရုပ်တွေက ဣရိယာပထရုပ် (= ဝိညတ်ရုပ်) ကို မဖြစ်စေနိုင်ကြပါဘူး။ အဲဒီရုပ်တွေက အသယ်ဆောင်ခံရတဲ့ဘက်မှာ ရှိနေကြပါတယ်။ ဒါကြောင့် စိတ္တဇရုပ်တွေဟာ သယ်ဆောင်တတ်တဲ့ ရုပ်တရားဘက်မှာလည်း ပါဝင်နေကြတယ်။ အသယ်ဆောင်ခံရတဲ့ ရုပ်တရားဘက်မှာလည်း ပါဝင်နေကြတယ်။

ယခုလို သွားနေခိုက် စသည်မှာ ဖြစ်နေတဲ့ စိတ်စေတသိက်တွေကြောင့် ဖြစ်ပေါ်လာကြတဲ့ စိတ္တဇရုပ်တရားတွေ, ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကမ္မဇရုပ်တွေ, ဥတုဇရုပ်တွေ, အာဟာရဇရုပ်တွေ, အခြားအခြားသော စိတ်ကြောင့် ဖြစ်ကြတဲ့ စိတ္တဇရုပ်တွေက ရုပ်တရား။ ဣရိယာပုထ်ရုပ်တွေကို ဖြစ်စေတတ်တဲ့ မနောဒွါရဝီထိစိတ်တွေ, ကြိုးကြား ကြိုးကြား ဖြစ်နေတဲ့ ပဉ္စဒွါရဝီထိစိတ်နှင့် ဘဝင်စိတ်တွေက နာမ်တရား။ ရုပ်နှင့်နာမ် နှစ်ပါး။ ရုပ်တရားက ရူပက္ခန္ဓာ၊ နာမ်တရားတွေထဲမှာ ပါနေတဲ့ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ သညာက သညာက္ခန္ဓာ၊ ဝေဒနာ သညာမှာတစ်ပါး ကျန်နေတဲ့ စေတသိက်တွေက သင်္ခါရက္ခန္ဓာ၊ အသိစိတ်က ဝိညာဏက္ခန္ဓာ။ ပေါင်းလိုက်တော့ ခန္ဓာ ဘယ်နှစ်ပါးလဲ? ခန္ဓာ (၅)ပါး။ သွားလျှင်လည်း ခန္ဓာ (၅)ပါး၊ ရပ်လျှင်လည်း ခန္ဓာ (၅)ပါး၊ ထိုင်လျှင်လည်း ခန္ဓာ (၅)ပါး၊ အိပ်လျှင်လည်း ခန္ဓာ (၅)ပါး၊ ရှေ့သို့ တက်လျှင်လည်း ခန္ဓာ (၅)ပါး၊ နောက်သို့ ဆုတ်လျှင်လည်း ခန္ဓာ (၅)ပါး။ ဒါတွေကို သိအောင် ရှုရမယ်တဲ့။

တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ

အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊ သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊ သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊ ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ။ (မ၊၁၊၇၂။)

အာလောကိတေ = တည့်တည့်ကြည့်ရာ၌။ ဝိလောကိတေ = စောင်းငဲ့ ကြည့်ရာ၌။ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ဟောတိ = ဖြစ်၏။ သမဉ္ဇိတေ = ကွေးရာ၌။ ပသာရိတေ = ဆန့်တန်းရာ၌။ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ဟောတိ = ဖြစ်၏။ သံဃာဋိပတ္တစီဝရဓာရဏေ = ဒုကုဋ်-သပိတ်-သင်္ကန်းကို ကိုင်ဆောင်ရာ၌။ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ဟောတိ = ဖြစ်၏။ အသိတေ ပီတေ ခါယိတေ သာယိတေ = စားရာ, သောက်ရာ, ခဲရာ, လျှက်ရာ၌။ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ဟောတိ = ဖြစ်၏။ ဥစ္စာရပဿာဝကမ္မေ = ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ၌။ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ဟောတိ = ဖြစ်၏။

တည့်တည့်ကြည့်လျှင်လည်း ခန္ဓာ (၅)ပါး၊ စောင်းငဲ့ကြည့်လျှင်လည်း ခန္ဓာ (၅)ပါးကို သိအောင် ရှုပါတဲ့။ ကွေးလျှင်လည်း ခန္ဓာ (၅)ပါး၊ ဆန့်လျှင်လည်း ခန္ဓာ (၅)ပါးပဲ။ ဒုကုဋ်-သပိတ်-သင်္ကန်းတွေကို လှမ်းပြီး ကိုင်ဆောင်မယ် ဆိုလျှင်လည်း ခန္ဓာ (၅)ပါး၊ စားလျှင်လည်း ခန္ဓာ (၅)ပါး၊ သောက်လျှင်လည်း ခန္ဓာ (၅)ပါး၊ ခဲလျှင်လည်း ခန္ဓာ (၅)ပါး၊ လျှက်လျှင်လည်း ခန္ဓာ (၅)ပါး၊ ကျင်ကြီးစွန့်လျှင်လည်း ခန္ဓာ (၅)ပါး၊ ကျင်ငယ်စွန့်လျှင်လည်း ခန္ဓာ (၅)ပါးကို သိအောင် ရှုရမယ်တဲ့။

ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။ (မ၊၁၊၇၂။)

ဂတေ = သွားရာ၌။ ဌိတေ = ရပ်ရာ၌။ နိသိန္နေ = ထိုင်နေရာ၌။ သုတ္တေ = အိပ်ပျော်ရာ၌။ ဇာဂရိတေ = နိုးလာရာ၌။ ဘာသိတေ = စကားပြောဆိုရာ၌။ တုဏှီဘာဝေ = စကားမပြောဘဲ ဆိတ်ဆိတ်နေရာ၌။ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ဟောတိ = ဖြစ်၏။

သွားလျှင် ခန္ဓာ (၅)ပါး၊ ရပ်လျှင် ခန္ဓာ (၅)ပါး၊ ထိုင်လျှင် ခန္ဓာ (၅)ပါး၊ အိပ်လျှင် ခန္ဓာ (၅)ပါး၊ နိုးလာလျှင် ခန္ဓာ (၅)ပါး၊ စကားပြောလျှင် ခန္ဓာ (၅)ပါး၊ စကားမပြောဘဲ ဆိတ်ဆိတ်နေလျှင် ခန္ဓာ (၅)ပါး။ အဲဒီ ခန္ဓာ (၅)ပါး တွေကို သိအောင် ရှုရမှာ ဖြစ်ပါတယ်။ ဒီသမ္ပဇဉ်ပိုင်း ရှုကွက်မှာ သွားတာက (၂)မျိုး ပါနေတယ်။

သွားရာ စသည်၌ ရှုကွက် အမျိုးမျိုး

နံပါတ် (၁)အနေနဲ့ ---

အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊

ရှေ့သို့ တက်ရာ, နောက်သို့ ဆုတ်ရာမှာလည်း သမ္ပဇဉ်ဉာဏ်ဖြင့် ပြုပါ။ ရှေ့သို့ တက်လျှင် ခန္ဓာ (၅)ပါး၊ နောက်သို့ ဆုတ်လျှင် ခန္ဓာ (၅)ပါးကို သိအောင် ရှုပါလို့ ညွှန်ကြားထားတယ်။

နောက်ဆုံး ဟောကြားထားတော်မူတဲ့ နံပါတ် (၇)မှာလည်း ---

ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။

သွားလျှင် ခန္ဓာ (၅)ပါး၊ ရပ်လျှင် ခန္ဓာ (၅)ပါး၊ ထိုင်လျှင် ခန္ဓာ (၅)ပါး၊ အိပ်လျှင် ခန္ဓာ (၅)ပါး စသည်ဖြင့် ခန္ဓာ (၅)ပါးကို သိအောင် ရှုဖို့ ဟောကြား ထားတော်မူပါတယ်။ အဲဒီ သမ္ပဇဉ်ပိုင်းကို မဟောမီ ဣရိယာပထပိုင်းမှာ ဘယ်လို ဟောကြားထားတော်မူသလဲ?

ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ...

သွားလျှင် ခန္ဓာ (၅)ပါး, ရပ်လျှင် ခန္ဓာ (၅)ပါး, ထိုင်လျှင် ခန္ဓာ (၅)ပါး, အိပ်လျှင် ခန္ဓာ (၅)ပါးကို ရှုဖို့ရန် မြတ်စွာဘုရား ညွှန်ကြားထားတော်မူတယ်။ ဒါကြောင့် ဒီနေရာမှာ သွားတာတစ်ခုတည်းကို ကွက်ပြောမယ်ဆိုလျှင်တော့ (၃)မျိုး ဖြစ်မနေဘူးလား? ဖြစ်နေတယ်။

ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ... စသည်ဖြင့် ဣရိယာပထပိုင်းကို ဟောတော်မူတဲ့နေရာမှာ သွားလျှင် သွားတယ်လို့ သိပါဆိုပြီး ခန္ဓာ (၅)ပါးကို သိအောင် ရှုရတဲ့နည်းက တစ်ခု။

အဘိက္ကန္တေ ပဋိက္ကန္တေ ... စသည်ဖြင့် ဟောတော်မူတဲ့နေရာမှာလည်း ရှေ့သို့ တက်ရာ, နောက်သို့ ဆုတ်ရာတွေမှာလည်း ခန္ဓာ (၅)ပါးကို သိအောင် ရှုဖို့ ညွှန်ကြားထားတာက တစ်ခု။ နောက်ဆုံး ---

ဂတေ ဌိတေ နိသိန္နေ ... စသည်ဖြင့် ဟောတော်မူတဲ့ နေရာမှာတော့ သွားရာ, ရပ်ရာ, ထိုင်ရာ, အိပ်ရာတွေမှာလည်း ခန္ဓာ (၅)ပါးကို သိအောင် ရှုပါဆိုပြီး ထပ်ပြီး ညွှန်ကြားထားတာက တစ်ခု။ အားလုံး (၃)ခု ဖြစ်နေတယ်။

အဲဒီ ညွှန်ကြားချက် (၃)ခုနဲ့ ပတ်သက်ပြီး အဋ္ဌကထာမှာ(မ၊ဋ္ဌ၊၁၊၂၇၃။) ရှင်းလင်းထားတာကတော့ ဣရိယာပထပိုင်း သွားနည်းကတော့ အဓွန့်ရှည်တဲ့ သွားနည်းကို မြတ်စွာဘုရား ညွှန်ကြားထားတော်မူပါတယ်။ အဘိက္ကန္တေ ပဋိက္ကန္တေ ... စသည်ဖြင့် ဟောတော်မူတဲ့နေရာမှာ ရှေ့သို့ တက်ရာ, နောက်သို့ ဆုတ်ရာမှာ ခန္ဓာ (၅)ပါး သိအောင် ရှုဖို့ကတော့ အလယ်အလတ်ဖြစ်တဲ့ ဣရိယာပုထ်ကို ရည်ညွှန်းတော်မူပါတယ်။ နောက်ဆုံး ဂတေ ဌိတေ နိသိန္နေ ... စသည်ဖြင့် ဟောတော်မူတဲ့ နေရာမှာတော့ အသေးစားဖြစ်တဲ့ ဣရိယာပုထ်ကို မြတ်စွာဘုရား ရည်ညွှန်းပြီး ဟောထားတော်မူပါတယ်တဲ့။ ဒီလို ဣရိယာပုထ် (၃)မျိုး ကွဲပြားကြောင်း ရှင်းလင်းထားပါတယ်။

အဲဒီလို ကွဲပြားကြောင်း ရှင်းလင်းထားပေမယ့်လည်း မကျေနပ်သေးတဲ့အတွက် နောက်ထပ် မဟာသီဝမထေရ်မြတ်ကြီးရဲ့ အယူအဆတွေကို သာသနာတော်မှာ အဋ္ဌကထာက မှတ်တမ်းတင်ထားပါတယ်။ ဘုန်းကြီး ပြောချင်တာကတော့ အဲဒီ မထေရ်မြတ်ကြီးရဲ့ ဆုံးဖြတ်ချက်တွေသည် ယနေ့ခေတ် သူတော်ကောင်းတွေအတွက် အလွန် တန်ဘိုးရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်ဆိုတဲ့ အချက်ပဲ။ အဲဒီ တန်ဘိုးရှိတဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အတုယူဖွယ်ကောင်းတဲ့ နံပါတ် (၁) မဟာဖုဿဒေဝမထေရ်ကြီးအကြောင်းကို ဘုန်းကြီး နည်းနည်း အတိုချုပ်ပြီး ပြောပါမယ်။

မဟာဖုဿဒေဝမထေရ်မြတ်ကြီး

သော ကိရ ဧကူနဝီသတိဝဿာနိ ဂတပစ္စာဂတိကဝတ္တံ ပူရေန္တော ဧဝ ဝိဟာသိ။ (မ၊ဋ္ဌ၊၁၊၂၆၂။)

သော = ထိုမဟာဖုဿဒေဝမထေရ်မြတ်ကြီးသည်။ ဧကူနဝီသတိဝဿာနိ = (၁၉)နှစ်တို့ ကာလပတ်လုံး။ ဂတပစ္စာဂတိကဝတ္တံ = ဂတပစ္စာဂတိကဝတ်ကို။ ပူရေန္တော ဧဝ = ဖြည့်ကျင့်တော်မူလျက်သာလျှင်။ ဝိဟာသိ = သီတင်းသုံးတော်မူခဲ့လေ၏။

နှစ်ပေါင်း ဘယ်လောက် ကြာသတဲ့လဲ? (၁၉)နှစ် ကြာတယ်တဲ့။ ဒါယကာကြီး ဒါယိကာမကြီးတွေ ကျောင်းသွားပြီး တရားအားထုတ်တယ် ပြောတယ်၊ ဘယ်နှစ်နှစ်များ ကြာကြသလဲ? မကွာဘူးလား? သိပ်ကွာတယ်၊ သိပ်ကွာတယ်။ ဒီမထေရ်မြတ်ကြီးကတော့ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်ပြီး သီတင်းသုံးတော်မူလိုက်တာ ဘယ်လောက် ကြာသွားသလဲ? (၁၉)နှစ် ကြာတယ်။ ဂတပစ္စာဂတိကဝတ်ဆိုတာကတော့ ဆွမ်းခံသွားတဲ့ အချိန်အခါမှာလည်း ကမ္မဋ္ဌာန်းဆောင်ပြီး သွားတယ်၊ ဆွမ်းခံရွာကနေ ကျောင်းသို့ ပြန်ကြွလာတဲ့အခါမှာလည်း ကမ္မဋ္ဌာန်းကို ဆောင်ပြီးတော့ ပြန်လာတဲ့ ကျင့်ဝတ်ကို ခေါ်ပါတယ်။

ဝိပဿနာပိုင်းကို ရောက်နေတဲ့ သူတော်ကောင်းကြီးတွေဖြစ်တဲ့ အတွက်ကြောင့် ဆွမ်းခံသွားလျှင်လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီး ကြွသွားတော်မူပါတယ်။ ဒါကို ဝိပဿနာကမ္မဋ္ဌာန်းကို ဆောင်ပြီး သွားတယ်လို့ ခေါ်တယ်။ ဆွမ်းခံရွာမှ ပြန်လာတဲ့ အချိန်အခါမှာလည်း ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီးမှ ပြန်လာတယ်။ ဒါကိုလည်း ဝိပဿနာကမ္မဋ္ဌာန်းကို ဆောင်တယ်လို့ ဒီလို သုံးထားတယ်။ ဘယ်လို ဝိပဿနာလဲ?

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

အနိစ္စာဒိဝသေန = အနိစ္စစသည်တို့၏ အစွမ်းဖြင့်။ ဝိဝိဓေဟိ အာကာရေဟိ = အထူးထူးသော အခြင်းအရာတို့ဖြင့်။ ဓမ္မေ = ရုပ်နာမ်ဓမ္မသင်္ခါရ တရားတို့ကို။ ပဿတိ = သိအောင် မြင်အောင် ရှုတတ်၏။ ဣတိ = တသ္မာ = ထို့ကြောင့်။ ဝိပဿနာ = ဝိပဿနာမည်၏။

ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေ ရှိကြတယ်။ ခန္ဓာ (၅)ပါး ရုပ်တရား, နာမ်တရားတွေ ရှိတယ်။ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ ရှိတယ်။ အဲဒီ ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေရဲ့ ဖြစ်မှု ပျက်မှုကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမရှိတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုတယ်။ အဲဒီလို ရှုတဲ့အပိုင်းကိုတော့ ဘာလို့ခေါ်လဲ? ဝိပဿနာလို့ ခေါ်တယ်။

ဒါယကာကြီး ဒါယိကာမကြီးတွေ ဝိပဿနာဆိုတာ ဘာကို ခေါ်တယ် ဆိုတာကိုတော့ တိတိကျကျ သိဖို့ မလိုဘူးလား? လိုတယ်။ ဝိပဿနာလို့တော့ ခေါ်တယ်ဆိုပြီး တိတိကျကျ မသိဘဲနဲ့ သွားပြီးတော့ တရားအားထုတ် လိုက်တယ်။ တကယ့် ဝိပဿနာ မဟုတ်ခဲ့ဘူးဆိုလျှင်တော့ မိမိအတွက် အကျိုးမယုတ်နိုင်ဘူးလား? ဆုတ်ယုတ်သွားနိုင်တယ်။ ဒါကြောင့် သတိရှိဖို့ အင်မတန် လိုပါတယ်။

အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ရှုတဲ့အပိုင်းကို ဝိပဿနာလို့ ခေါ်တယ်ဆိုတော့ ဘာတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုရမလဲ? ဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာ (၅)ပါး ရုပ်တရား နာမ်တရား, သမုဒယသစ္စာ အမည်ရနေတဲ့ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ။ အဲဒီ တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုတဲ့အပိုင်းကိုသာ ဝိပဿနာလို့ ခေါ်ပါတယ်။ အဲဒီ ဝိပဿနာကမ္မဋ္ဌာန်းကို ဒီမထေရ်မြတ်ကြီးက ဖြည့်ကျင့်လိုက်တာ ဘယ်လောက်ကြာသွားသလဲ? (၁၉)နှစ် ကြာသွားတယ်။

မနုဿာပိ သုဒံ အန္တရာမဂ္ဂေ ကသန္တာ စ ဝပန္တာ စ မဒ္ဒန္တာ စ ကမ္မာနိ စ ကရောန္တာ ထေရံ တထာဂစ္ဆန္တံ ဒိသွာ အယံ ထေရော ပုနပ္ပုနံ နိဝတ္တိတွာ ဂစ္ဆတိ။ ကိံ နု ခေါ မဂ္ဂမူဠှော ဥဒါဟု ကိဉ္စိ ပမုဋ္ဌောတိ သမုလ္လပန္တိ။ (မ၊ဋ္ဌ၊၁၊၂၆၂။)

မထေရ်မြတ်ကြီးက ဒီဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တဲ့အပိုင်းမှာ သတိကလေး တစ်ချက်လောက် လွတ်ပြီးတော့ ခြေတစ်လှမ်း လှမ်းခဲ့မိမယ်ဆိုလျှင် နောက်ကြောင်း ပြန်သွားတယ်။ အဲဒီ မေ့လျော့ပြီး လာခဲ့တဲ့ နေရာအထိ နောက်ကြောင်း ပြန်သွားတယ်။ နောက်ကြောင်းပြန်ပြီးတော့မှ အဲဒီ နေရာကနေ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို တစ်ဖန် ပြန်စီးဖြန်းပြီးတော့ သတိ မလွတ်ဘဲ ဆက်ပြီး ဆွမ်းခံကြွတော်မူတယ်။ အကယ်၍ နောက်ထပ် တစ်ဖန် သတိလွတ်ပြီးတော့ ခြေလှမ်းမိခဲ့လျှင်လည်း အဲဒီ သတိလွတ်မိခဲ့တဲ့ နေရာအထိ နောက်ကြောင်း ပြန်ဆုတ်ပြန်တယ်။ ပြန်ဆုတ်ပြီးတော့ အဲဒီ နေရာကနေ တစ်ခါ ပြန်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပြီးတော့ ဆွမ်းခံကြွတော်မူတယ်။ အဲဒီ နည်းစနစ်ဖြင့် ဆွမ်းခံကြွနေတော့ ခေါက်တုံ့ ခေါက်ပြန် ဖြစ်မနေဘူးလား? ဖြစ်နေတယ်။

ဘယ့်နှယ်တုံး မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေ အဲဒီလို မေ့လို့သာ နောက်ပြန်ရမယ်ဆိုလျှင်တော့ အိမ်ကို ရောက်ပါတော့မလား? မရောက်နိုင်တော့ဘူး ထင်တယ်။ အဲဒီလို မထေရ်မြတ်ကြီးက ခေါက်တုံ့ ခေါက်ပြန် လုပ်နေတော့ အဲဒီ လမ်းခရီး ပတ်ဝန်းကျင်မှာ ကောက်စိုက်နေတဲ့ပုဂ္ဂိုလ်တွေ, လယ်ထွန်နေတဲ့ပုဂ္ဂိုလ်တွေ, စပါးနယ်နေတဲ့ပုဂ္ဂိုလ်တွေ, လယ်တောမှာ အလုပ် လုပ်နေကြတဲ့ပုဂ္ဂိုလ်တွေ တော်တော် ခပ်များများက မြင်ကြတဲ့အချိန်မှာ ဒီ ကုိယ်တော်ကြီး ဘာတွေများ လုပ်နေပါလိမ့်၊ တစ်ခုခု မေ့လျော့ပြီးတော့ပဲ နောက်ကြောင်း ပြန်နေလေသလား? လမ်းပဲ မှားလို့လား သို့မဟုတ် တစ်ခုခု မေ့ကျန်ရစ်ခဲ့လို့ပဲ နောက်ကြောင်း ခဏခဏ ပြန်နေသလား? စသည်ဖြင့် စကားတွေ အမျိုးမျိုး ပြောကြတယ်။ အဲဒီ ပြောနေတဲ့စကားတွေကိုလည်း မထေရ်ကြီးက ဘာလုပ်သလဲ?

သော တံ အနာဒိယိတွာ ကမ္မဋ္ဌာနယုတ္တစိတ္တေနေဝ သမဏဓမ္မံ ကရောန္တော ဝီသတိဝဿဗ္ဘန္တရေ အရဟတ္တံ ပါပုဏိ။ (မ၊ဋ္ဌ၊၁၊၂၆၂။)

သော = ထိုမထေရ်ကြီးသည်။ တံ = ထိုလူတို့ ပြောကြားနေတဲ့ စကားကို။ အနာဒိယိတွာ = မယူမူ၍။ ကမ္မဋ္ဌာနယုတ္တစိတ္တေနေဝ = ကမ္မဋ္ဌာန်းနဲ့ ယှဉ်သော စိတ်ဓာတ်ဖြင့်သာလျှင်။ သမဏဓမ္မံ = ရဟန်းတရားကို။ ကရောန္တော = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့သည်ရှိသော်။ ဝီသတိဝဿဗ္ဘန္တရေ = အနှစ် (၂၀)အတွင်း၌။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ ပါပုဏိ = ဆိုက်ရောက်တော်မူခဲ့လေပြီ။

သူတို့ ဘာပဲပြောပြော ပြောနေတဲ့ စကားကို တစ်ချက်မှ နှလုံးမသွင်းဘူး။ စိတ်ထဲမှာ တစ်ချက်မှ ယူမထားလိုက်ဘူး။ အဲဒီလိုနည်းအားဖြင့် အားထုတ်လိုက်တာ အနှစ် (၂၀)အတွင်းမှာ အရဟတ္တဖိုလ် ဆိုက်သွားတယ်။ ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ အတုယူဖွယ် မကောင်းဘူးလား? အတု ယူဖွယ်ကောင်းတဲ့ မထေရ်မြတ်ကြီးရဲ့ ထုံးကလေးပဲ။ မထေရ်မြတ်ကြီး အရဟတ္တဖိုလ် ရောက်တော်မူတဲ့နေ့ကျတော့ ဘာဖြစ်လာသလဲ? အဲဒီ မထေရ်မြတ်ကြီး စင်္ကြံလျှောက်တော်မူလေ့ရှိတဲ့ စင်္ကြံလမ်းအစွန်မှာ စိုးအုပ်ပြီး နေထိုင်တဲ့ နတ်က မိမိရဲ့ လက်ချောင်းတွေကို မီးထွန်းပြီးတော့ လာပြီး ပူဇော်တယ်။ စာတုမဟာရာဇ်နတ်မင်းကြီး (၄)ဦးတို့ကလည်း လာပြီး ပူဇော်တယ်။ နာမည်ကျော် ဒါယကာတော် သိကြားမင်းကြီးကလည်း လာပြီးတော့ ပူဇော်တယ်။ သဟမ္ပတိဗြဟ္မာကြီးကလည်း လာပြီးတော့ ပူဇော်တယ်။ နတ်တွေ, ဗြဟ္မာတွေရဲ့ အပူဇော်ကို ခံရတဲ့အဆင့်အထိ ရောက်ရှိသွားတယ်။

အဲဒီလို အဆင့်အထိ ရောက်ရှိအောင် ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်ရင်းနဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ဘယ်လောက်ကြာအောင် ကြိုးစားအားထုတ်ခဲ့သလဲ? (၁၉)နှစ် အားထုတ်ခဲ့တယ်။ ဘာဖြစ်လို့ (၁၉)နှစ်လောက် အချိန်ကြာအောင် အားထုတ်ရသလဲလို့ မေးလျှင်တော့ ဘယ်လို ဖြေကြမလဲ? ပါရမီကောင်းမှုကုသိုလ်တွေကို ဖြည့်ကျင့်ခဲ့စဉ် အချိန်အခါတုန်းက နေ့တွက် ရက်တွက် စသည်ဖြင့် နေ့တွေ, ရက်တွေ, လတွေကို မရွှေ့ခဲ့ဘူးလား? ရွှေ့ခဲ့တယ်။ အဲဒီလို ရွှေ့ခဲ့တဲ့အတွက် ရဟန်းတရားကို တကယ် လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့အပိုင်း ရောက်လာတော့ ကြန့်ကြာပြီး မနေဘူးလား? ကြန့်ကြာသွားတယ်။ ဒါက ဘုန်းကြီးတို့ မဟာဖုဿဒေဝမထေရ်မြတ်ကြီးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ---

မဟာနာဂမထေရ်

နွယ်မဲမဏ္ဍပ်ကျောင်းမှာ သီတင်းသုံးတော်မူတဲ့ အင်မတန် ကြည်ညိုဖွယ်ရာကောင်းတဲ့ မဟာနာဂမထေရ်ကြီး ဖြစ်ပါတယ်။ ဒီမထေရ်မြတ်ကြီးက ဘာလုပ်သလဲ?

သောပိ ကိရ ဂတပစ္စာဂတိကဝတ္တံ ပူရေန္တော ပဌမံ တာဝ ဘဂဝတော မဟာပဓာနံ ပူဇေဿာမီတိ သတ္တ ဝဿာနိ ဌာနစင်္ကမနမေဝ အဓိဋ္ဌာသိ။ (မ၊ဋ္ဌ၊၁၊၂၆၃။)

သောပိ = ထိုမဟာနာဂမထေရ်မြတ်ကြီးသည်လည်းပဲ။ ဂတပစ္စာဂတိကဝတ္တံ = ဂတပစ္စာဂတိကဝတ်ကို။ ပူရေန္တော = ဖြည့်ကျင့်တော်မူခဲ့သည်ရှိသော်။ ပဌမံ တာဝ = ရှေးဦးစွာပင်လျှင်။ ဘဂဝတော = ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်၏။ မဟာပဓာနံ = ဒုက္ကရစရိယာ (၆)နှစ်ကြာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဟု ခေါ်ဆိုအပ်တဲ့ မဟာပဓာနလုပ်ငန်းရပ်ကို။ ပူဇေဿာမိ = ငါ ပူဇော်ပေတော့အံ့။ ဣတိ = ဤသို့ နှလုံးပိုက်၍။ သတ္တ ဝဿာနိ = (၇)နှစ်တို့ ကာလပတ်လုံး။ ဌာနစင်္ကမနမေဝ = ရပ်ခြင်း, စင်္ကြံသွားခြင်း ဣရိယာပုထ် (၂)မျိုးကိုသာလျှင်။ အဓိဋ္ဌာသိ = အဓိဋ္ဌာန်ထားတော်မူ၏။

ဘုန်းကြီးတို့ ဘုရားရှင်က (၆)နှစ်ကြာအောင် ဒုက္ကရစရိယခေါ်တဲ့ အလွန် ပြင်းထန်သော မဟာပဓာနကျင့်စဉ်ဖြင့် ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်တဲ့ လုပ်ငန်းခွင်သည် ဘုရားဖြစ်ဖို့ အကြောင်းရင်းတော့ မဟုတ်ဘူး။ ဘုရားဖြစ်ဖို့ အကြောင်းရင်း မဟုတ်ပေမယ့်လည်း ဒီလောက် အလွန်အမင်း အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည် အလွန် ကြည်ညိုဖွယ်ကောင်းတဲ့ ကျင့်စဉ်တစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် အလွန် ကြည်ညိုဖွယ်ကောင်းတဲ့ ဒီကျင့်စဉ်ကို ပူဇော်တဲ့အနေဖြင့် ဒီမထေရ်မြတ်ကြီးက ဘာလုပ်သလဲ? ဆွမ်းခံ သွားတဲ့အခါမှာလည်း ကမ္မဋ္ဌာန်း နှလုံးသွင်းသွားတဲ့, ဆွမ်းခံရွာက ပြန်လာတဲ့ အခါမှာလည်း ကမ္မဋ္ဌာန်း နှလုံးသွင်းပြီးတော့ ပြန်လာတဲ့ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တော်မူပါတယ်။ အဲဒီ ကျင့်ဝတ်ကို ဖြည့်ကျင့်တဲ့အပိုင်းမှာလည်း ဒီမထေရ်မြတ်ကြီး ဘယ်လို ဆုံးဖြတ်ချက် ချထားသလဲ?

မြတ်စွာဘုရားရဲ့ ဒုက္ကရစရိယကျင့်စဉ်ခေါ်တဲ့ မဟာပဓာနကျင့်စဉ်ကို ငါ ပူဇော်မယ်ဆိုတဲ့ ဒီလို ဆုံးဖြတ်ချက်နဲ့ သွားတဲ့ ဣရိယာပုထ်နှင့် ရပ်တဲ့ ဣရိယာပုထ် နှစ်ခုကိုပဲ သူက အဓိဋ္ဌာန်ပြီး ဖြည့်ကျင့်တော်မူတယ်။ ဘယ်လောက် ကြာသွားသလဲ? သတ္တ ဝဿာနိ = (၇)နှစ် ကြာသွားတယ်။ ယခု တရားနာနေကြတဲ့ ဒါယကာကြီး ဒါယိကာမကြီးတွေ ကမ္မဋ္ဌာန်းကျောင်း သွားပြီး တရားအားထုတ်တဲ့အခါမှာ အိပ်ရသလား, မအိပ်ရဘူးလား? အိပ်ရပါတယ်။ ချမ်းချမ်းသာသာ မထိုင်ရဘူးလား? ထိုင်ရပါတယ်။ အိပ်လည်း အိပ်ရတယ်၊ ထိုင်လည်း ထိုင်ရတယ်။ အဲဒါတောင် ဘယ်လောက်ကြာကြာ အားထုတ်ကြသလဲ? တော်ကြာ ပြန်ချင်လာပြီဆိုပြီး ဘုန်းကြီးကို လာလျှောက်ပြန်ပြီ၊ တော်ကြာ ပြန်မယ်ဆိုပြီး ဘုန်းကြီးကို လာလျှောက်ပြန်ပြီ။ မဟုတ်ဘူးလား? သူတို့ကို ဘုန်းကြီးက တော်တော်ကလေး ချော့ချော့ထားရတယ်။

ယခု ဒီမထေရ်မြတ်ကြီးကတော့ မြတ်စွာဘုရားရဲ့ (၆)နှစ်ကြာအောင် ဒုက္ကရစရိယကျင့်စဉ်ခေါ်တဲ့ မဟာပဓာနကျင့်စဉ်ကြီးကို ငါ ပူဇော်မယ်ဆိုပြီး ရပ်တဲ့ဣရိယာပုထ်နဲ့ သွားတဲ့ဣရိယာပုထ် နှစ်ခုကိုပဲ အဓိဋ္ဌာန်ထားတော်မူတယ်။ ထိုင်တဲ့ဣရိယာပုထ်နဲ့ အိပ်တဲ့ဣရိယာပုထ် နှစ်ခုကို ဖြုတ်ထား လိုက်တယ်။ ဘယ်နှစ်နှစ် အဲဒီ ကျင့်စဉ်ကို ဖြည့်ကျင့်သလဲ? (၇)နှစ်ကြာတယ်။ တရားထူး တရားမြတ်တွေ ရနေပြီလား? မရသေးဘူး။

ဒါကြောင့် ကမ္မဋ္ဌာန်းကျောင်း သွားပြီး တရားအားထုတ်လို့ နည်းနည်း တရားအားထုတ်ရတာ အဆင်မပြေတာနဲ့ စိတ်ပျက်ရမလား? မပျက်ရဘူး။ စိတ်မပျက်ရအောင် ဒီမထေရ်ကြီးတွေက ရှေ့ကနေ စံပြအဖြစ်နဲ့ အားထုတ်ပြသွားတယ်။ နောက်တစ်ခု သူက ဘာဆက်ပြီး ဖြည့်ကျင့်သလဲ?

ပုန သောဠသ ဝဿာနိ ဂတပစ္စာဂတိကဝတ္တံ ပူရေတွာ အရဟတ္တံ ပါပုဏိ။ (မ၊ဋ္ဌ၊၁၊၂၆၃။)

ပုန = နောက်ထပ်တစ်ဖန်။ သောဠသ ဝဿာနိ = (၁၆)နှစ်တို့ကာလ ပတ်လုံး။ ဂတပစ္စာဂတိကဝတ္တံ = ဂတပစ္စာဂတိကဝတ်ကို။ ပူရေတွာ = ဖြည့်ကျင့်တော်မူ၍။ အရဟတ္တံ = အရဟတ္တဖိုလ်ကို။ ပါပုဏိ = ဆိုက်ရောက်တော်မူခဲ့လေပြီ။

နောက်ထပ်တစ်ဖန် သူက ဂတပစ္စာဂတိကဝတ်ကို (၁၆)နှစ် ထပ်ပြီးတော့ အဓိဋ္ဌာန်ထားတော်မူတယ်။ (၁၆)နှစ်တိုင်တိုင် အဓိဋ္ဌာန်ပြီးတော့ ဒီ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တော်မူလိုက်တာ (၁၆)နှစ် ပြည့်တဲ့ အချိန်အခါကျတော့ အရဟတ္တဖိုလ်ကို ဆိုက်သွားတယ်။ ပထမ ဖြည့်ကျင့်တာက (၇)နှစ်၊ နောက်ထပ် ဖြည့်ကျင့်တာက (၁၆)နှစ်။ ပေါင်းလိုက်တော့ နှစ်ပေါင်း ဘယ်လောက် ကြာသွားသလဲ? (၂၃)နှစ် ကြာသွားတယ်။ ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ (၂၃)နှစ်လုံးလုံး အားထုတ်မှ တရားရတယ် ဆိုလျှင် အတုယူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါပေမယ့် ဒီမထေရ်ကြီးက ဘာဖြစ်သလဲ?

သော ကမ္မဋ္ဌာနယုတ္တေနေဝ စိတ္တေန ပါဒံ ဥဒ္ဓရန္တော ဝိယုတ္တေန ဥဒ္ဓတေ ပဋိနိဝတ္တန္တော ဂါမဿ သမီပံ ဂန္တွာ ဂါဝီ နု ပဗ္ဗဇိတော နူတိ အာသင်္ကနီယပဒေသေ ဌတွာ စီဝရံ ပါရုပိတွာ ကစ္ဆကန္တရတော ဥဒကေန ပတ္တံ ဓောဝိတွာ ဥဒကဂဏ္ဍူသံ ကရောတိ။ (မ၊ဋ္ဌ၊၁၊၂၆၃။)

အဲဒီမထေရ်ကြီး ကျင့်တဲ့ ကျင့်စဉ်တစ်ခုကတော့ ကမ္မဋ္ဌာန်းနဲ့ ယှဉ်တဲ့ စိတ်နဲ့သာလျှင် အမြဲတမ်း ခြေထောက်ကို မထေရ်ကြီးက ကြွတော်မူတယ်။ ကမ္မဋ္ဌာန်းနဲ့ မယှဉ်တဲ့စိတ်နဲ့ ဘယ်တော့မှ ခြေထောက်ကို မကြွဘူး။ အကယ်၍ ကမ္မဋ္ဌာန်းနဲ့ ကင်းပြီးတော့ ခြေထောက်ကို ကြွခဲ့မယ်ဆိုလျှင်တော့ ခုနက မဟာဖုဿဒေဝမထေရ်မြတ်ကြီးလိုပဲ နောက်ကြောင်း ပြန်ပြီးတော့မှ တစ်ဖန် ပြန်ကြွတော်မူတယ်။ အဲဒီလိုပဲ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ အပိုင်းမှာ ရွာနီးစပ် တစ်နေရာရောက်တော့ မတ်တပ်ရပ်ပြီး သင်္ကန်းရုံပါတယ်။ သင်္ကန်းရုံတဲ့ နေရာနှင့် အချိန်ကာလကို မှန်းဆကြည့်မယ်ဆိုလျှင်တော့ မှုန်ဝါးဝါးနဲ့ တူပါတယ်။ အဲဒီလို မှုန်ဝါးဝါးအချိန်မှာ ရွာထဲကနေ လူတွေက လှမ်းပြီး ကြည့်လိုက်မယ်ဆိုလျှင် ခပ်လှမ်းလှမ်းက သင်္ကန်းရုံရာအရပ်မှာ ရှိနေတဲ့အရာသည် နွားမပေလော သို့မဟုတ် ရဟန်းတော်ပေလောလို့ အဲဒီလို ယုံမှားသံသယ ဖြစ်လောက်တဲ့နေရာမှာ သူက သင်္ကန်းရုံပါတယ်။

အဲဒီလို သင်္ကန်းရုံပြီးတဲ့ အချိန်အခါမှာ သူက ဘာလုပ်သလဲ? မိမိရဲ့ လက်ကတီးကြားမှာ ပါလာတဲ့ ရေဘူးကလေးကို ထုတ်ပြီးတော့ အဲဒီ ရေကလေးနဲ့ သပိတ်ဆေးတယ်။ သပိတ်ဆေးပြီးတဲ့ အချိန်အခါမှာ အဲဒီ ရေဘူးထဲက ကြွင်းကျန်နေတဲ့ ရေကလေးကို ပါးစပ်ထဲမှာ ငုံထားလိုက်တယ်။ ရေငုံ ပြီးတော့ ရွာထဲကို ဆွမ်းခံ ကြွတော်မူတယ်။ ဘာကြောင့်လဲ?

မာ မေ ဘိက္ခံ ဒါတုံ ဝန္ဒိတုံ ဝါ အာဂတေ မနုေဿ ဒီဃာယုကာ ဟောထာတိ ဝစနမတ္တေနာပိ ကမ္မဋ္ဌာနဝိက္ခေပေါ အဟောသိ။(မ၊ဋ္ဌ၊၁၊၂၆၃။)

မေ = ငါ့အား။ ဘိက္ခံ = ဆွမ်းကို။ ဒါတုံ ဝါ = ပေးလှူအံ့သောငှာလည်း ကောင်း။ ဝန္ဒိတုံ ဝါ = ရှိခိုးအံ့သောငှာလည်းကောင်း။ အာဂတေ မနုေဿ = ဆိုက်ရောက်လာကြတဲ့ ဒါယကာ ဒါယိကာမတို့ကို။ ဒီဃာယုကာ = ရှည်သော အသက်ရှိကြတဲ့ သူတော်ကောင်းတို့သည်။ ဟောထ = ဖြစ်ကြပါစေ ကုန်သတည်း။ ဣတိ = ဤသို့သော။ ဝစနမတ္တေနာပိ = စကားမျှဖြင့်သော် လည်းပဲ။ ကမ္မဋ္ဌာနဝိက္ခေပေါ = ကမ္မဋ္ဌာန်းအာရုံမှ ပျံ့လွင့်သွားတဲ့ စိတ်ထား မျိုးသည်။ မာ အဟောသိ = မဖြစ်ပါစေလင့်။ ဣတိ = ဤသို့ နှလုံးပိုက်၍။ ဥဒကဂဏ္ဍူသံ = ရေငုံခြင်းလုပ်ငန်းရပ်ကို။ ကရောတိ = ပြုတော်မူ၏။

ပါးစပ်ထဲမှာ ရေငုံထားတာက ဘာကြောင့်လဲ? ယုတ်စွအဆုံး ပြောမယ် ဆိုလျှင်တော့ မိမိထံ ရောက်လာတဲ့ ဆွမ်းလှူမယ့်ပုဂ္ဂိုလ်တွေ, မိမိကို လာပြီး ရှိခိုးနေတဲ့ ပုဂ္ဂိုလ်တွေကို ဒီဃာယုကာ ဟောထ = အသက်ရှည်ကြပါစေလို့ ဒီလို ဆုကလေးတစ်ခုတောင် ပေးဖို့ရာ အင်မတန် စိတ်ထဲမှာ ပူတယ်တဲ့။ ဘာကြောင့်လဲ? အသက်ရှည်ကြပါစေလို့ ဒီလို ဆုကလေး တစ်ခုခု ပေးလိုက်မယ်ဆိုလျှင် ထိုအချိန်အခါမှာ ကမ္မဋ္ဌာန်းအာရုံကနေ စိတ်ကလေး နည်းနည်းတော့ ပျံ့လွင့်သွားမယ်။ အဲဒီလောက် ပျံ့လွင့်မှုကလေးကိုတောင်မှ မရှိစေချင်တဲ့အတွက်ကြောင့် ပါးစပ်ထဲမှာ ရေငုံထားတယ်တဲ့။

ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ တရားအားထုတ်တဲ့ ယောဂီတွေဟာ ငါးစိမ်းတန်းမှာ ငါးလုနေတဲ့ ငါးစိမ်းသည်တွေလို ပုံစံမျိုးနဲ့ ကျွက်စီ ကျွက်စီနဲ့ စကားပြောသင့်ပါ့မလား? မပြောသင့်ဘူး။ စကားပြောနေလျှင် ကမ္မဋ္ဌာန်းအာရုံမှ စိတ်ဓာတ်တွေ ပျံ့လွင့်မသွားဘူးလား? ပျံ့လွင့်သွားတယ်။ ဒါကြောင့် သတိရှိဖို့ အင်မတန် လိုပါတယ်။

အကယ်၍ ဒီနေ့ အရှင်ဘုရား ... ဘယ်နှစ်ရက် ရှိပါသလဲလို့ မေးလာခဲ့လျှင် ရေကလေးကို ထွေးပြီးတော့ ရက်ကို ပြောပြတယ်။ အကယ်၍ ကျောင်းတော်မှာ ရဟန်းအရေအတွက်က ဘယ်နှစ်ပါး ရှိပါသလဲလို့ မေးလာ ခဲ့လျှင်လည်း ရေကလေးကို ထွေးပြီးတော့ ရဟန်းအရေအတွက်ကို ပြောပြတယ်။ အကယ်၍ တရားဓမ္မနဲ့ ပတ်သက်လို့ ပြဿနာတစ်ခုခု မေးခဲ့မယ် ဆိုလျှင်လည်း အဲဒီ မေးမြန်းလာတဲ့ အမေး ပြဿနာကို စိတ်ရှည် လက်ရှည် တရားဓမ္မနှင့် လျော်ညီစွာ ဖြေကြားပေးပါတယ်။ အဲဒီလို လုပ်ငန်းရပ်တွေက လွဲလို့ ကျန်တဲ့ ဆွမ်းခံသွားစဉ် အချိန်ကာလအတွင်းမှာ ဘာလုပ်နေသလဲ? ရေကလေး ငုံထားတယ်တဲ့။ သူတော်ကောင်းတို့ ဖြည့်ကျင့်တဲ့ နည်းလမ်း တစ်ခုပဲ။


မဟာသီဝမထေရ်

ယခု နောက်ဆုံးပြောမယ့် မထေရ်မြတ်ကြီးကတော့ နာမည်ကျော်ဖြစ်တဲ့ မဟာသီဝမထေရ်ကြီး ဖြစ်ပါတယ်။ ဒီမဟာသီဝမထေရ်ကြီးက ဘယ်လို မထေရ်မြတ်ကြီးလဲ?

ထေရော ကိရ အဋ္ဌာရသ မဟာဂဏေ ဝါစေသိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၉။)

ထေရော = မဟာသီဝမထေရ်မြတ်ကြီးသည်ကား။ အဋ္ဌာရသ မဟာဂဏေ = ဂိုဏ်းကြီး (၁၈)ဂိုဏ်းတို့ကို။ ဝါစေသိ = စာပေ သင်ကြား ပို့ချ၍ နေပေ၏။

ဂိုဏ်းကြီး (၁၈)ဂိုဏ်းတို့ကို သူက စာပေကျမ်းဂန်တွေ သင်ကြား ပို့ချ ပေးနေတဲ့ မထေရ်မြတ်ကြီး ဖြစ်ပါတယ်။ ပိဋကတ်သုံးပုံကို အဋ္ဌကထာနှင့် တကွ အလွတ်အာဂုံ ပို့ချပေးတယ်။ အဲဒီခေတ်အခါတုန်းက စာအုပ်စာတမ်း မရှိသေးဘူး။

တေဿာဝါဒေ ဌတွာ တိံသသဟဿာ ဘိက္ခူ အရဟတ္တံ ပါပုဏိံသု။ (ဒီ၊ဋ္ဌ၊၂၊၃၁၉။)

တဿ = ထိုမဟာသီဝမထေရ်မြတ်ကြီး၏။ ဩဝါဒေ = အဆုံးအမ ဩဝါဒ၌။ ဌတွာ = တည်၍။ (ဝါ)တည်၍ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသောကြောင့်။ တိံသသဟဿာ ဘိက္ခူ = သုံးသောင်းကုန်သော ရဟန်းတော်တို့သည်။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ ပါပုဏိံသု = ဆိုက်ရောက်တော်မူကြလေကုန်၏။

မဟာသီဝမထေရ်ကြီးရဲ့ အဆုံးအမမှာ ရပ်တည်ပြီးတော့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့အတွက်ကြောင့် သုံးသောင်းကုန်သော ရဟန်းတော်တွေဟာ အရဟတ္တဖိုလ်မှာ တည်သွားကြတယ်တဲ့။ သူ့ရဲ့ တပည့် ရဟန္တာပေါင်း ဘယ်လောက်ရှိသလဲ? သုံးသောင်းအထိ ရှိတယ်။ အဲဒီ သုံးသောင်းကုန်သော ရဟန္တာမထေရ်မြတ်တွေထဲက ရဟန်းတော်တစ်ပါးက တစ်နေ့ စဉ်းစားတယ်။ ငါတော့ ရဟန်းကိစ္စပြီးလို့ ရဟန္တာဖြစ်ပြီ၊ ငါရဲ့ ဆရာမြတ်ကြီးက ဘယ်လိုနေသလဲလို့ စဉ်းစားလိုက်တဲ့ အချိန်အခါမှာ မဟာသီဝမထေရ်ကြီးက ပုထုဇန်ဘဝမှာပဲ ရှိနေတာကို လှမ်းပြီးတွေ့တယ်။ တွေ့လိုက်တဲ့ အချိန်အခါကျတော့ ---

အမှာကံ အာစရိယော အညေသံ အဝဿယော ဟောတိ၊ အတ္တနော ဘဝိတုံ န သက္ကောတိ၊ ဩဝါဒမဿ ဒဿာမိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၉။)

အမှာကံ အာစရိယော = ငါတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်သည်ကား။ အညေသံ = အခြားသူတို့ရဲ့။ အဝဿယော = မှီရာသည်။ ဟောတိ = ဖြစ်ပါပေ၏။ အတ္တနော = မိမိ၏။ အဝဿယော = မှီရာသည်။ ဘဝိတုံ = ဖြစ်ခြင်းငှာ။ န သက္ကောတိ = မစွမ်းနိုင်ပေ။ အဿ = ထိုဆရာသမားအား။ ဩဝါဒံ = အဆုံးအမကို။ အဟံ = ငါသည်။ ဒဿာမိ = ပေးပေအံ့။

ငါတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်ကို ကြည့်လိုက်တဲ့ အချိန်အခါမှာ သူတစ်ပါးတို့ရဲ့ မှီခိုအားထားရာတော့ ဖြစ်နေပြီ၊ ဒါပေမယ့် ဆရာသမားက မိမိရဲ့ မှီခိုအားထားရာတော့ မဖြစ်သေးဘူး၊ ငါ ဆရာသမားကိုတော့ သွားပြီး ဆိုဆုံးမမှ တော်တော့မယ်ဆိုပြီးတော့ အဘိညာဏ်တွေ ဝင်စားပြီး ကောင်းကင်ခရီးဖြင့် ကြွလာတော်မူပါတယ်။ ကြွလာတဲ့ အချိန်အခါကို ကြည့်လိုက်တော့ နေ့အခါ ဖြစ်နေပါတယ်။ နေ့အခါမှာ နေ့သန့်စင်တော်မူရာဖြစ်တဲ့ စင်္ကြံကြွတော်မူတဲ့ နေရာကလေးမှာ ဆရာသမားကို မြင်တွေ့လိုက်ရတော့ ကောင်းကင်ကနေ ဆင်းပြီးတော့ ဆရာသမားကို ရှိခိုး ဝတ်ပြုပါတယ်။ ဝတ်ကြီးဝတ်ငယ် ပြုပြီးတော့ ဘာအကြောင်းကိစ္စရှိလို့ ကြွလာသလဲလို့ မေးလိုက်တဲ့ အချိန်အခါမှာ အနုမောဒနာတရားတစ်ပုဒ်လောက် သင်ယူချင်တဲ့အတွက်ကြောင့် လာတဲ့အကြောင်း ပြန်ပြီးတော့ လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ အနုမောဒနာတရားတစ်ပုဒ် သင်ပေးဖို့ရာအတွက် ငါ့မှာ အချိန်မရှိဘူးဆိုပြီးတော့ ဆရာသမားဖြစ်တဲ့ မထေရ်မြတ်ကြီးက ပြန်ပြီး အမိန့်ရှိပါတယ်။ ဒီလိုဆိုလျှင်လည်း တပည့်တော်ကို ဝိတက္ကမာဠကမှာ ရပ်တည်နေတုန်း သင်ပေးတော်မူပါလို့ လျှောက်ထား တောင်းပန်တယ်။

ဘုန်းကြီးတို့ စာပေမှာ ဝိတက္ကမာဠကခေါ်တဲ့ ရှေးအသုံးအနှုန်းကလေး တစ်ခု ရှိပါတယ်။ မနက် အရုဏ်တက်တဲ့ အချိန်အခါမှာ ရဟန်းတော်များ ဆွမ်းခံကြွကြတော့မယ်ဆိုလျှင် ကြံစည်စိတ်ကူးတဲ့ နေရာကလေးတစ်ခု ရှိပါ တယ်။ အဲဒီ နေရာကလေးကို ဝိတက္ကမာဠကလို့ ခေါ်ပါတယ်။ ဘာကြောင့် ခေါ်ရသလဲလို့ မေးလျှင်တော့ ဒီနေ့ ငါ ဘယ်နေရာကို ဆွမ်းခံသွားမယ်လို့ ကြံစည်စိတ်ကူးမှု ပြုကြတယ်။ အဲဒီလို ကြံစည် စိတ်ကူးမှု ပြုတဲ့နေရာကလေးကို ဝိတက္ကမာဠကလို့ ခေါ်ခြင်း ဖြစ်ပါတယ်။

အဲဒီ ဝိတက္ကမာဠကခေါ်တဲ့ ဘယ်နေရာကို ဆွမ်းခံသွားမယ်လို့ ကြံစည် စိတ်ကူးတဲ့ နေရာကလေးမှာ တပည့်တော်ကို အနုမောဒနာတရားတစ်ပုဒ် သင်ပေးတော်မူပါဆိုပြီး တောင်းပန်တယ်။ အဲဒီအရပ်မှာလည်း တခြား ရဟန်းတော်တွေ ငါ့ကို လာပြီး မေးခွန်းတွေ မေးကြတယ်။ ဒါကြောင့် ငါ သင်မပေးနိုင်ဘူး။ ဒီလိုဆိုလျှင်လည်း ကျောင်းမှ ဆွမ်းခံရွာသို့ သွားရာလမ်းမှာ သင်ပေးပါ၊ နှစ်ထပ်သောသင်းပိုင်ကို ပြင်၍ ဝတ်ရာအရပ်မှာ သင်ပေးပါ၊ သင်္ကန်းကြီးကို ရုံရာအရပ်မှာ သင်ပေးပါ၊ သပိတ်ကို သပိတ်အိတ်မှ ထုတ်ယူရာအရပ်မှာ သင်ပေးပါ စသည်ဖြင့် အဲဒီလိုနဲ့ တဖြည်းဖြည်း မေးလာလိုက် တာ နောက်ဆုံး နောက်တစ်နေ့ မိုးလင်းတဲ့ အချိန်အထိပဲ။ သင်မပေးနိုင်ဘူးပဲ မထေရ်မြတ်ကြီးက ငြင်းပယ်တယ်။

မထေရ်မြတ်ကြီးရဲ့ လုံ့လဝီရိယ ဘယ်လောက် ကြီးမားသလဲ? သူတစ်ပါး တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးရင်းနဲ့ပဲ အချိန်တွေ ကုန်နေတယ်။ တစ်နှစ်ပတ်လုံးလည်း သူတစ်ပါးကို စာပေ သင်ကြား ပို့ချပေးတယ်။ ညဉ့်ဦးယာမ်, မဇ္ဈိမယာမ်, မိုးသောက်ယာမ်တွေမှာလည်း သင်ပေးနေတယ်။ ဒီလို တစ်နေ့လုံး တစ်ညလုံး သင်ပေးနေတဲ့အတွက် အင်မတန် ကြီးမားတဲ့ လုံ့လ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

အရှင်ဘုရား ... မျက်နှာသစ်ရာမှ ပြန်ကြွပြီး ကျောင်းတွင်းသို့ ဝင်ထိုင် တဲ့ အချိန်အခါကလေးမှာ တပည့်တော် အနုမောဒနာတရားတစ်ပုဒ် သင်ပါရစေလို့ ထပ်ပြီး နောက်ဆုံး တောင်းပန်တယ်။ အဲဒီ အချိန်အခါမှာလည်း သူတစ်ပါးတွေက ဒီနေရာမှာ လာပြီးတော့ ကမ္မဋ္ဌာန်းတရားတွေ သို့မဟုတ် တရားဘာဝနာတွေကို မေးမြန်း လျှောက်ထားကြတဲ့အတွက် မအားလပ်ဘူး ဆိုပြီးတော့ ပြန်ပြီး အဖြေပေးတယ်။ အဲဒီလို အဖြေပေးပြီးတဲ့ အချိန်အခါ ကျတော့မှ တပည့်ဖြစ်တဲ့ ပုဂ္ဂိုလ်က ဘာပြန်ပြီး လျှောက်ထားသလဲ?

ဘန္တေ နနု မုခံ ဓောဝိတွာ သေနာသနံ ပဝိသိတွာ တယော စတ္တာရော ပလ္လင်္ကေ ဥသုမံ ဂါဟာပေတွာ ယောနိသောမနသိကာရေ ကမ္မံ ကရောန္တာနံ ဩကာသကာလေန ဘဝိတဗ္ဗံ သိယာ၊ (ဒီ၊ဋ္ဌ၊၂၊၃၂၀။)

အရှင်ဘုရား ... တပည့်တော် တစ်ခု ပြောပါရစေ။ မျက်နှာသစ်ပြီးတဲ့ နောက် ကျောင်းအတွင်းသို့ ဝင်ပြီးတဲ့ အချိန်အခါမှာ တင်ပလ္လင်ခွေ သုံးထိုင် လေးထိုင်လောက် ထိုင်ပြီးတော့ ကိုယ်ငွေ့ကလေးကိုတော့ ယူဖို့ မကောင်းဘူးလား? ကိုယ်ငွေ့ယူတဲ့ အချိန်အခါမှာ ယောနိသောမနသိကာရ = နည်းမှန် လမ်းမှန် ရုပ်တရား နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းဆိုတဲ့ အမှုကလေး တစ်ခုတော့ အရှင်ဘုရား ပြုသင့်ပါတယ်။ အဲဒီလောက် အခွင့်အရေးကလေး တစ်ခုတော့ ရသင့်တယ် မဟုတ်ဘူးလား?

မရဏခဏမ္ပိ န လဘိဿထ၊ ဘန္တေ ဖလကသဒိသတ္ထ၊ ဘန္တေ ပရဿ အဝဿယော ဟောထ၊ အတ္တနော ဘဝိတုံ န သက္ကောထ၊ (ဒီ၊ဋ္ဌ၊၂၊၃၂၀။)

ဘန္တေ = အရှင်ဘုရား။ တုမှာကံ = အရှင်ဘုရားတို့အဖို့။ မရဏခဏမ္ပိ = သေဖို့ရန် အချိန်အခါ ခဏကိုသော်လည်းပဲ။ န လဘိဿထ = မရကြကုန်လတ္တံ့။ ဘန္တေ = အရှင်ဘုရား။ တုမှေ = အရှင်ဘုရားတို့သည်ကား။ ဖလကသဒိသတ္ထ = မှီရာ တံကဲပျဉ်နှင့် တူကြပါကုန်၏။ ပရဿ = သူတစ်ပါး၏။ အဝဿယော = မှီရာသည်ကား။ ဟောထ = ဖြစ်ကြပါကုန်၏။ အတ္တနော = မိမိ၏။ အဝဿယော = မှီရာသည်ကား။ ဘဝိတုံ = ဖြစ်ခြင်းငှာ။ န သက္ကောထ = မစွမ်းနိုင်ကြပါကုန်။

ဒီလောက်တောင် အလုပ်များနေတယ်ဆိုလျှင်တော့ အရှင်ဘုရားတို့အဖို့ သေဖို့ အချိန်ကလေးတောင် ရှိမယ်မထင်တော့ဘူး။အရှင်ဘုရားတို့ဟာ သူတစ်ပါးရဲ့ မှီရာ တံကဲပျဉ်နဲ့ သိပ်တူတယ်။ သူတစ်ပါးတို့ရဲ့ အမှီခိုခံသာ ဖြစ်ပြီးတော့ မိမိကိုယ်ကို မိမိ မှီခိုဖို့ရန်အတွက်တော့ မစွမ်းနိုင် ဖြစ်နေပြီ။

န မေ တုမှာကံ အနုမောဒနာယ အတ္ထောတိ အာကာသေ ဥပ္ပတိတွာ အဂမာသိ။ (ဒီ၊ဋ္ဌ၊၂၊၃၂၀။)

တုမှာကံ = အရှင်ဘုရားတို့၏။ အနုမောဒနာယ = အနုမောဒနာတရားစကားဖြင့်။ မေ = ဘုရားတပည့်တော်အား။ န အတ္ထော = အလိုမရှိတော့ပါ။ ဣတိ = ဤသို့။ ဝတွာ = ပြောဆိုပြီး၍။ အာကာသေ = ကောင်းကင်သို့။ ဥပ္ပတိတွာ = ပျံတက်၍။ အဂမာသိ = ကြွသွားတော်မူခဲ့လေ၏။

အဲဒီလို လျှောက်ထားပြီးတော့ ကောင်းကင်ခရီးဖြင့် ပြန်ကြွသွားတယ်။ ပြန်ကြွသွားတဲ့ အချိန်အခါမှာ မဟာသီဝမထေရ်မြတ်ကြီးက စဉ်းစားပြီ။ ဘယ်လို စဉ်းစားသလဲ?

ဣမဿ ဘိက္ခုနော ပရိယတ္တိယာ ကမ္မံ နတ္ထိ၊ မယှံ ပန အင်္ကုသကော ဘဝိဿာမီတိ အာဂတော။ (ဒီ၊ဋ္ဌ၊၂၊၃၂၀။)

ဒီရဟန်းတော်ဟာ ငါ့ထံက ပရိယတ်တရားတော်ဖြစ်တဲ့ အနုမောဒနာ တစ်ပုဒ် သင်ယူဖို့ဆိုတဲ့ လုပ်ငန်းကိစ္စတော့ မရှိနိုင်ဘူး။ ငါ့ကို ဆင်ကို ချွန်းအုပ်သလို ချွန်းနဲ့အုပ်ဖို့ရန်အတွက် ရည်ရွယ်ချက်ဖြင့် ငါ့ထံ ဆိုက်ရောက်လာခြင်း ဖြစ်ပေလိမ့်မယ်လို့ သွားပြီးတော့ သတိရလိုက်တယ်။ အဲဒီလို သတိရလိုက်တဲ့ အချိန်အခါကျတော့မှ ကဲ - ဒီနေ့တော့ အချိန်မရှိတော့ဘူး၊ အခွင့်အရေးလည်း မရတော့ဘူး။ မနက်ဖြန်ခါကျတော့ ငါ တောထွက်တော့မယ် ဆိုပြီးတော့ သပိတ်-သင်္ကန်းတွေကို အနီးမှာ ချထားလိုက်တယ်။

မိမိ အနီးမှာ သပိတ်-သင်္ကန်းတွေ ချထားပြီးတော့ တပည့်တွေကို တစ်နေ့လုံးလည်း စာသင်ပေးနေတယ်။ ပုရိမယာမ်မှာလည်း သင်ပေးတယ်။ မဇ္ဈိမယာမ်မှာလည်း သင်ပေးတယ်။ မိုးသောက်ယာမ်ကျတော့လည်း သင်ပေးတယ်။ မိုးသောက်ယာမ် ရောက်တဲ့အချိန်မှာ လာပြီး စာသင်တဲ့ တပည့် တစ်ပါးနဲ့ အတူရောပြီး သပိတ်ကလေး လွယ်ပြီးတော့ တပည့်ရဲ့ နောက်ကနေ ကပ်လိုက်သွားတယ်။ ကပ်လိုက်သွားတဲ့ အချိန်အခါကျတော့ တပည့်ကလည်း အမှတ်တမဲ့ တခြား သီတင်းသုံးဖော်တစ်ဦး နောက်ကနေ ကပ်လိုက်လာတယ်လို့ မှတ်ထင်လိုက်တယ်။ နောက်ထပ် စာသင်ဖို့ရန် စောင့်ဆိုင်းနေကြတဲ့ တပည့်တွေကလည်း တို့ဆရာတော့ ကိစ္စတစ်ခုရှိလို့ ခဏခေတ္တ ထွက်သွားတာနဲ့ တူတယ်ဆိုပြီး ဒီလို အမှတ်သညာ ရှိလိုက်ကြတယ်။ အဲဒီနည်းနဲ့ပဲ သူက တောထွက်သွားလိုက်တော့ ရွာနီးကျောင်းတိုက် လိုဏ်တစ်ခုကို ရောက်သွားတယ်။ အဲဒီ လိုဏ်အတွင်းမှာ သူက သီတင်းသုံးပါတယ်။ သူ့ရဲ့ စိတ်ထဲမှာ ဘယ်လို သဘောပိုက်ထားသလဲ?

မာဒိသဿ အရဟတ္တံ နာမ ကိံ၊ ဒွီဟတီဟေနေဝ ပါပုဏိတွာ ပစ္စာဂမိဿာမိ။ (ဒီ၊ဋ္ဌ၊၂၊၃၂၀။)

မာဒိသဿ = ငါကဲ့သို့သော ပုဂ္ဂိုလ်အား။ အရဟတ္တံ နာမ = အရဟတ္တဖိုလ် မည်သည်။ ကိံ = အသို့ ရှိနိုင်ပါအံ့နည်း။ ဒွီဟတီဟေနေဝ = နှစ်ရက် သုံးရက် အတွင်း၌ပင်လျှင်။ ပါပုဏိတွာ = အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီး၍။ ပစ္စာဂမိဿာမိ = တစ်ဖန် ပြန်လာပေအံ့။

အရဟတ္တဖိုလ်ဆိုတာ ငါတို့လို ပုဂ္ဂိုလ်အတွက် ဘာမှုစရာ ရှိလိမ့်မလဲ? နှစ်ရက် သုံးရက်အတွင်းမှာ ငါ အရဟတ္တဖိုလ် ဆိုက်ရောက်ပြီးတဲ့ အချိန်အခါ ပြန်လာမယ်လို့ သူက ဒီစိတ်ထားကလေး ရှိနေတယ်။ အဲဒီစိတ်ထားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ တွက်ပုံက မကိုက် ဖြစ်နေတယ်။ သူက ဘယ်ရက် ထွက်သွားသလဲဆိုတော့ ဝါဆိုလဆန်း (၁၃)ရက်နေ့မှာ ထွက်သွားပါတယ်။ ဝါဆိုလဆန်း (၁၃)ရက်နေ့မှာ ထွက်သွားတော့ နှစ်ရက် သုံးရက်အတွင်း အရဟတ္တဖိုလ် ဆိုက်ခဲ့လျှင် ဝါဆိုလပြည့်နေ့မှာ ပြန်လာဖို့ ရည်ရွယ်ထားတယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ အားထုတ်လိုက်တာ ဝါဆိုလပြည့်နေ့ ရောက်တော့လည်း အရဟတ္တဖိုလ် ရဖို့ရန် မစွမ်းနိုင်ဘူး၊ ရဟန္တာက မဖြစ်ပြန်ဘူး။ ရဟန္တာ မဖြစ်တဲ့အခါကျတော့ သီတင်းကျွတ် လပြည့်နေ့မှာ ဝိသုဒ္ဓိပဝါရဏာ ပြုရလိမ့်မယ်လို့ သူက ဒီလို မျှော်လင့်ထားပြန်တယ်။

ဝိသုဒ္ဓိပဝါရဏာဆိုတာကတော့ ကိလေသာ စင်ကြယ်နေတဲ့ ရဟန္တာ အရှင်မြတ်တို့ အချင်းချင်း တစ်ပါးနဲ့တစ်ပါး ဆိုဆုံးမဖို့ရန် ဖိတ်ကြားတာကို ဝိသုဒ္ဓိပဝါရဏာ ခေါ်ပါတယ်။ ဝါကျွတ်လျှင်တော့ ငါ ရဟန္တာ ဖြစ်ရမယ်ဆိုပြီး ဝါတွင်း သုံးလပတ်လုံး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြန်တယ်။ အဲဒီ ဝါတွင်း သုံးလပတ်လုံး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့ အချိန်အခါကျတော့လည်း ဝါကျွတ်တဲ့ အချိန်အခါမှာ ရဟန္တာက မဖြစ်ပြန်ဘူး။ သီတင်းကျွတ်လပြည့်နေ့ မဟာပဝါရဏာနေ့ ရောက်တဲ့ အချိန်အခါကျတော့ သူက စဉ်းစားတယ်။ ဘယ်လို စဉ်းစားသလဲ?

အဟံ ဒွီဟတီဟေန အရဟတ္တံ ဂဏှိဿာမီတိ အာဂတော၊ တေမာသေနာပိ နာသက္ခိံ၊ သဗြဟ္မစာရိနော ပန ဝိသုဒ္ဓိပဝါရဏံ ပဝါရေန္တိ။ (ဒီ၊ဋ္ဌ၊၂၊၃၂၀-၃၂၁။)

အဟံ = ငါသည်။ ဒွီဟတီဟေန = နှစ်ရက် သုံးရက်အတွင်းမှာပင်။ အရဟတ္တံ = အရဟတ္တဖိုလ်ကို။ ဂဏှိဿာမိ = ရအောင် ယူပေအံ့။ ဣတိ = ဤသို့ နှလုံးပိုက်၍။ အာဂတော = တောသို့ ထွက်ခဲ့လေပြီ။ တေမာသေနာပိ = (၃)လတို့ပတ်လုံး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့်လည်းပဲ။ နာသက္ခိံ = အရဟတ္တဖိုလ်ကို ရအောင် ယူခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။ သဗြဟ္မစာရိနော ပန = သီတင်းသုံးဖော်တို့သည်ကား။ ဝိသုဒ္ဓိပဝါရဏံ = ကိလေသာ စင်ကြယ်တဲ့ ရဟန္တာအရှင်မြတ်တို့ အချင်းချင်း ပဝါရဏာ ပြုခြင်းဟု ခေါ်ဆိုအပ်တဲ့ ဝိသုဒ္ဓိပဝါရဏာကို။ ပဝါရေန္တိ = ပဝါရဏာ ပြုတော်မူကြကုန်၏။

နှစ်ရက် သုံးရက်အတွင်းမှာ ငါ အရဟတ္တဖိုလ် ရအောင် ယူမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ငါ တောထွက်ခဲ့တယ်။ ဝါတွင်း သုံးလတို့ပတ်လုံး ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ခဲ့သော်လည်းပဲ အရဟတ္တဖိုလ်ကို ရအောင် ယူဖို့ရန်အတွက် မစွမ်းနိုင် ဖြစ်နေပြီ။ ငါ့ရဲ့ သီတင်းသုံးဖော်တွေကတော့ ဝိသုဒ္ဓိပဝါရဏာ ပြုနေကြပြီ။

တေဿဝံ စိန္တယတော အဿုဓာရာ ပဝတ္တန္တိ။ (ဒီ၊ဋ္ဌ၊၂၊၃၂၁။)

ဧဝံ = ဤသို့လျှင်။ စိန္တယတော = ကြံစည်စိတ်ကူးလျက်ရှိသော။ တဿ = ထိုမဟာသီဝမထေရ်မြတ်ကြီး၏သန္တာန်၌။ အဿုဓာရာ = မျက်ရည်အလျဉ် တို့သည်။ ပဝတ္တန္တိ = စီးဆင်း၍ ကျလာကုန်၏။

အဲဒီလို စဉ်းစားလိုက်တဲ့ အချိန်အခါမှာ ဝမ်းနည်းပြီးတော့ မျက်ရည်တွေ ကျလာတယ်တဲ့။ အဲဒီလို မျက်ရည်ကျတာ ဒါယကာကြီး ဒါယိကာမကြီးတွေ ကောင်းလား, မကောင်းဘူးလား ဘယ်လို ဖြေကြမလဲ? ကောင်းတယ်။ ဘာဖြစ်လို့ ကောင်းသလဲ? နာမည်ကျော်ဖြစ်တဲ့ ဒါယကာတော် သိကြားမင်းကို မြတ်စွာဘုရား ဟောကြားပေးတော်မူတဲ့ သက္ကပဥှသုတ္တန်မှာ ---

ဒေါမနဿံပါဟံ ဒေဝါနမိန္ဒ ဒုဝိဓေန ဝဒါမိ သေဝိတဗ္ဗမ္ပိ အသေဝိတဗ္ဗမ္ပိ။ (ဒီ၊၂၊၂၂၂။)

စသည်ဖြင့် ဒေါမနဿဝေဒနာသည် သေဝိတဗ္ဗ အသေဝိတဗ္ဗ (= မှီဝဲအပ်တဲ့ ဒေါမနဿဝေဒနာ, မမှီဝဲအပ်တဲ့ ဒေါမနဿဝေဒနာ)ဆိုပြီး (၂)မျိုး ခွဲပြီး မြတ်စွာဘုရား ဟောထားတော်မူပါတယ်။ အဲဒီ မှီဝဲအပ်တဲ့ ဒေါမနဿဝေဒနာဆိုတာက မဟာသီဝမထေရ်ကြီးတို့ကဲ့သို့သော မထေရ်မြတ်ကြီးတွေရဲ့ သန္တာန်မှာ ယခုလို တရား မရခြင်းကြောင့် ဝမ်းနည်းကြေကွဲပြီးတော့ ငိုရတဲ့ မျက်ရည်မျိုးကို ဆိုလိုပါတယ်တဲ့။

မမှီဝဲအပ်တဲ့ ဒေါမနဿဝေဒနာကတော့ ဘယ်လိုဟာမျိုးလဲ? ငမူးရိုက်လို့ ငိုရတဲ့မျက်ရည်မျိုးတဲ့။ ဒါယိကာမကြီးတွေ ဟုတ်သလား? ဒါယိကာမကြီးတွေက ငမူးရိုက်တာကျတော့ အင်မတန် သဘောကျကြတယ်။ တရား မရတာကျတော့ ငိုချင်တဲ့စိတ်ထား မရှိကြဘူး။ တရား မရလျှင် ချက်ချင်း ငမူးဆီ ပြန်ပြေးတာပဲ။ ဒီမဟာသီဝမထေရ်ကြီးကတော့ တရား မရလို့ ငိုပြီးတဲ့အခါကျတော့ ဘာလုပ်သလဲ?

တတော န မေဉ္စ မယှံ စတူဟိ ဣရိယာပထေဟိ မဂ္ဂဖလံ ဥပ္ပဇ္ဇိဿတိ၊ အရဟတ္တံ အပ္ပတွာ နေဝ မေဉ္စ ပိဋ္ဌိံ ပသာရဿောမိ၊ န ပါဒေ ဓောဝိဿာမီတိ မဉ္စံ ဥဿာပေတွာ ဌပေသိ။ (ဒီ၊ဋ္ဌ၊၂၊၃၂၁။)

တတော = ထိုနောင်မှ။ မေဉ္စ = ညောင်စောင်းထက်၌။ မယှံ = ငါ့အဖို့။ စတူဟိ ဣရိယာပထေဟိ = ဣရိယာပုထ် (၄)ပါးတို့ဖြင့်။ မဂ္ဂဖလံ = မဂ်ဖိုလ်သည်။ န ဥပ္ပဇ္ဇိဿတိ = မဖြစ်ပေါ်နိုင်ပေလတ္တံ့။ အရဟတ္တံ = အရဟတ္တဖိုလ် သို့။ အပ္ပတွာ = မဆိုက်ရောက်ဘဲ။ မေဉ္စ = ညောင်စောင်းထက်၌။ ပိဋ္ဌိံ = ကျောက်ကုန်းကို။ နေဝ ပသာရဿောမိ = မဆန့်တန်းပေအံ့။ ပါဒေ = ခြေတို့ကို။ န ဓောဝိဿာမိ = မဆေးကြောပေတော့အံ့။

ငါ့အဖို့ ကုတင် ညောင်စောင်းထက်မှာ ဣရိယာပုထ် (၄)ပါးဖြင့် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ခဲ့မယ်ဆိုလျှင်တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ငါ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူးလို့ သူက စဉ်းစားတယ်။ ကုတင်ပေါ်မှာ အိပ်လိုက်, ထိုင်လိုက်, ရပ်လိုက် စသည်ဖြင့် ဒီလို ဣရိယာပုထ် (၄)ပါး အသုံးချပြီးတော့ ငါ တရားအားထုတ်မယ်ဆိုလျှင်တော့ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရနိုင်မှာ မဟုတ်တော့ဘူး။အရဟတ္တဖိုလ် မရောက်သေးသမျှ ကာလပတ်လုံး, ရဟန္တာ မဖြစ်သေးသမျှ ကာလပတ်လုံး ဒီကုတင်ညောင်စောင်းပေါ်မှာ ငါ ဘယ်တော့မှ ကျောမဆန့်တော့ဘူး။ ငါ့ရဲ့ ခြေထောက်တွေကိုလည်း ဘယ်တော့မှ ရေမဆေးတော့ဘူးလို့ ဒီလို အဓိဋ္ဌာန်လိုက်တယ်။

အဲဒီလို အဓိဋ္ဌာန်ပြီးတဲ့ အချိန်အခါကျတော့မှ ညောင်စောင်းကလေးကို ခေါက်ပြီးတော့ သိမ်းထားလိုက်တယ်။ သိမ်းထားပြီးတော့ ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူပါတယ်။ ရက်ပေါင်း များစွာ, လပေါင်းများစွာ, နှစ်ပေါင်းများစွာ ခြေထောက်ကို ရေမဆေးဘဲ ထားလိုက်တဲ့ အတွက်ကြောင့် ဘာဖြစ်လာသလဲ? ခြေထောက်တွေ တဖြည်းဖြည်း ကွဲလာတယ်။ ခြေထောက်တွေ ကွဲလာတဲ့ အချိန်အခါမှာ ရွာသားကလေးတွေက ဘာလုပ်ပေးကြသလဲ? မထေရ်မြတ်ကြီးရဲ့ ခြေထောက်ကို ဆူးကလေးတွေနဲ့ ချုပ်ပေးကြတယ်။ အဲဒီလို ဆူးကလေးတွေနဲ့ ချုပ်ထားတဲ့ ခြေထောက်ကိုလည်း ဒီအတိုင်းပဲ ထားတယ်။

အဲဒီလို အိပ်တဲ့ ဣရိယာပုထ်ကို လုံးလုံး ဖြတ်ပြီးတော့ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်းဆိုတဲ့ ဣရိယာပုထ် (၃)ခုဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ နှစ်ပေါင်း ဘယ်လောက် ကြာသွားသလဲ? နှစ်ပေါင်း (၃၀) ကြာသွားတယ်။ အဲဒီ နှစ်ပေါင်း (၃၀)အတွင်းမှာ (၂၉)နှစ်မြောက်သော ပဝါရဏာနေ့တိုင်အောင် သီတင်းကျွတ်ပဝါရဏာနေ့ ရောက်တိုင်း ရောက်တိုင်း မထေရ်ကြီး အမြဲတမ်း ငိုခဲ့ရတယ်။ အဲဒီလို ငိုခဲ့ရာကနေ နောက်ဆုံး နှစ်ပေါင်း (၃၀)မြောက်ဖြစ်တဲ့ ပဝါရဏာနေ့ကျတော့ ဘာဖြစ်လာသလဲ?

ဣဒါနိ မေ တိံသ ဝဿာနိ သမဏဓမ္မံ ကရောန္တဿ၊ နာသက္ခိံ အရဟတ္တံ ပါပုဏိတုံ၊ အဒ္ဓါ မေ ဣမသ္မိံ အတ္တဘာဝေ မဂ္ဂေါ ဝါ ဖလံ ဝါ နတ္ထိ၊ န မေ လဒ္ဓံ သဗြဟ္မစာရီဟိ သဒ္ဓိံ ဝိသုဒ္ဓိပဝါရဏံ ပဝါရေတုံ။ (ဒီ၊ဋ္ဌ၊၂၊၃၂၁။)

ဣဒါနိ = ယခုအခါ၌။ သမဏဓမ္မံ = ရဟန်းတရားကို။ ကရောန္တဿ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သော။ မေ = ငါ့အဖို့။ တိံသ ဝဿာနိ = နှစ်ပေါင်း (၃၀)တို့သည်။ ပါပုဏိ = ပြည့်၍ လာကြပေကုန်ပြီ။ အရဟတ္တံ = အရဟတ္တဖိုလ်ကို။ ပါပုဏိတုံ = ဆိုက်ရောက်အံ့သောငှာ။ နာသက္ခိံ = မစွမ်းနိုင်ခဲ့လေ။ အဒ္ဓါ = မချွတ်ဧကန် အမှန်အားဖြင့်။ မေ = ငါ့အား။ ဣမသ္မိံ အတ္တဘာဝေ = ဤခန္ဓာကိုယ် အတ္တဘောရဲ့အဖြစ်၌။ မဂ္ဂေါ ဝါ = အရိယမဂ်တရားသည်လည်းကောင်း။ ဖလံ ဝါ = အရိယဖိုလ်တရားသည်လည်းကောင်း။ နတ္ထိ = မရှိနိုင်တော့ပေ။ မေ = ငါ့အား။ သဗြဟ္မစာရီဟိ = သီတင်းသုံးဖော်တို့နှင့်။ သဒ္ဓိံ = အတူတကွ။ ဝိသုဒ္ဓိပဝါရဏံ = ဝိသုဒ္ဓိပဝါရဏာကို။ ပဝါရေတုံ = ပဝါရဏာပြုခြင်းငှာ။ န လဒ္ဓံ = အခွင့် မရနိုင်တော့ပေ။

နှစ်ပေါင်း ဘယ်လောက်ကြာသွားပြီလဲ? အနှစ် (၃၀) ရှိသွားပြီ။ အနှစ် (၃၀)မြောက် ပဝါရဏာနေ့ ရောက်တဲ့အခါ မှီရာ တံကဲပျဉ်ကို မှီရပ်နေရင်းနဲ့ သူက စဉ်းစားတယ်။ ငါတော့ အရဟတ္တဖိုလ် ရောက်ဖို့ရန်လည်း မစွမ်းနိုင် ဖြစ်နေပြီ။မချွတ်ဧကန် အမှန်အားဖြင့် ငါ့ရဲ့ ဒီခန္ဓာကိုယ်အတ္တဘောနဲ့တော့ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရနိုင်ဖို့ရန် မရှိနိုင်တော့ဘူး ထင်တယ်။ ငါ့အဖို့ ရဟန္တာ အဖြစ်နဲ့ ငါ့ရဲ့ သီတင်းသုံးဖော်တွေနှင့် ဝိသုဒ္ဓိပဝါရဏာ ပြုဖို့ရန်အတွက် အခွင့် အရေးတော့ မရတော့ဘူးဆိုပြီးတော့ အဲဒီလို ကြံစည်တယ်။ ဒီလို ကြံစည် လိုက်တဲ့ အချိန်အခါမှာလည်း မျက်ရည်တွေ တသွင်သွင်စီးပြီးတော့ ကျလာ တယ်။

အဲဒီလို မျက်ရည်တွေ တသွင်သွင်စီးကျလာတဲ့ အချိန်အခါမှာ စင်္ကြံဦး တစ်နေရာက သစ်ပင်တစ်ပင်မှာ စိုးအုပ်နေထိုင်နေတဲ့ နတ်သမီးတစ်ဦးကလည်း ဘာလုပ်သလဲ? သူကလည်း ငိုနေပြန်တယ်။ နတ်သမီး ငိုနေတာကို မြင်တော့ မထေရ်မြတ်ကြီးက ဒီ စင်္ကြံဦးမှာ လာပြီး ငိုနေတာ ဘယ်သူလဲလို့ မေးကြည့်တယ်။

တပည့်တော်ဟာ နတ်သမီးတစ်ဦး ဖြစ်ပါတယ်ဆိုပြီးတော့ နတ်သမီးက ပြန်ပြီးတော့ အဖြေပေးတယ်။ ဘာဖြစ်လို့ အသင် နတ်သမီးက ဒီနေရာမှာ လာပြီးတော့ ငိုနေရသလဲလို့ မေးလိုက်တဲ့အချိန်အခါ ---

ရောဒမာနေန မဂ္ဂဖလံ နိဗ္ဗတ္တိတံ၊ တေန အဟမ္ပိ ဧကံ ဒွေ မဂ္ဂဖလာနိ နိဗ္ဗတ္တေဿာမီတိ ရောဒါမိ ဘန္တေ။ (ဒီ၊ဋ္ဌ၊၂၊၃၂၁။)

ဘန္တေ = အရှင်ဘုရား။ ရောဒမာနေန = ငိုကြွေးတဲ့ ပုဂ္ဂိုလ်သည်ကား။ မဂ္ဂဖလံ = မဂ်ဖိုလ်တရားထူး တရားမြတ်ကို။ နိဗ္ဗတ္တိတံ = ဖြစ်စေနိုင်ပါ၏။တေန = ထိုကြောင့်။ အဟမ္ပိ = ဘုရားတပည့်တော်မသည်လည်းပဲ။ ဧကံ ဒွေ မဂ္ဂဖလာနိ = မဂ်ဉာဏ် ဖိုလ်ဉာဏ် တစ်ခု နှစ်ခုတို့ကို။ နိဗ္ဗတ္တေဿာမိ = ဖြစ်စေအံ့။ ဣတိ = ဤသို့ နှလုံးပိုက်၍။ ရောဒါမိ = ငိုကြွေး၍နေပါ၏။

အရှင်ဘုရား ... ငိုကြွေးတဲ့ပုဂ္ဂိုလ်ဆိုတာ မဂ်ဖိုလ်တရားတွေကို ဖြစ်စေနိုင်တယ်၊ ငိုလျှင် မဂ်-ဖိုလ်-နိဗ္ဗာန် ရနိုင်တယ်ဘုရား။ ဒါကြောင့် မဂ်ဖိုလ် တစ်ခု နှစ်ခုလောက် ရလိုရငြား ဒီလို နှလုံးပိုက်ပြီးတော့ တပည့်တော်မလည်း ငိုပါတယ်လို့ နတ်သမီးက ပြန်ပြီး လျှောက်ထားတယ်။ အဲဒီလို လျှောက်ထား လိုက်တဲ့ အချိန်အခါကျတော့မှ မဟာသီဝမထေရ်ကြီးက ဘယ်လို စဉ်းစားသလဲ?

ဘော မဟာသီဝတ္ထေရ ဒေဝတာပိ တယာ သဒ္ဓိံ ကေဠိံ ကရောန္တိ၊ အနုစ္ဆဝိကံ နု ခေါ တေ ဧတန္တိ ဝိပဿနံ ဝဍ္ဎေတွာ -- (ဒီ၊ဋ္ဌ၊၂၊၃၂၁။)

ဘော မဟာသီဝတ္ထေရ = အို မဟာသီဝထေရ်ဒေဝတာပိ = နတ်တို့သော်မှလည်း။ တယာ သဒ္ဓိံ = သင်နှင့် အတူတကွ။ ကေဠိံ = ပြောင်လှောင်ခြင်းကို။ ကရောန္တိ = ပြုလုပ်၍ နေကြပေကုန်၏။ ဧတံ = ဤငိုယိုနေခြင်းသည်ကား။ တေ = သင့်အဖို့။ အနုစ္ဆဝိကံ နု ခေါ = သင့်တင့် လျောက်ပတ်ပါလေသလော။ ဣတိ = ဤသို့ မိမိကိုယ်ကို ဆုံးမပြီးလျှင်။ ဝိပဿနံ = ဝိပဿနာကို။ ဝဍ္ဎေတွာ = တိုးပွားစေ၍။

နတ်တွေကတောင် သင်နဲ့အတူ လာပြီးတော့ ပြက်ရယ် ပြောင်လှောင်မှု ပြုနေကြပြီ။ သင် ဒီလို ငိုနေခြင်းဟာ သင့်အတွက် သင့်တင့် လျောက်ပတ်ပါ့မလား? အဲဒီလို သူ့ကိုယ်သူ မေးခွန်းထုတ် မေးတယ်။ မေးခွန်းထုတ်ပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? ဝိပဿနာဉာဏ်ကို တိုးပွားအောင် လုပ်တယ်။ ဘယ်လို တိုးပွားအောင် လုပ်သလဲ?

ဝိပဿနာကို တိုးပွားအောင် ပြုလုပ်ပုံ

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ --- စသော နည်းလမ်းအားဖြင့် ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် လုပ်တယ်။ ဒီကျိုက်ဓာတ်သုတ်ဘုရားမှာ ဓမ္မစကြာ အမျိုးသမီးအသင်းအဖွဲ့လည်း ရှိနေတော့ ဒီပရိသတ်ထဲမှာ အနတ္တလက္ခဏသုတ္တန်ကို ရဖူးတဲ့ အမျိုးသမီးတွေလည်း ပါချင်ပါမယ်။ သို့မဟုတ် ရွတ်ဖတ်ဖူးတဲ့ အမျိုးသမီးတွေလည်း ပါချင်ပါမယ်။ အဲဒီ အနတ္တလက္ခဏသုတ္တန်ကို နည်းနည်းကလေး အာရုံယူကြည့်ပါ။

မြတ်စွာဘုရားက ပဉ္စဝဂ္ဂီ (၅)ဦးတို့ကို ဓမ္မစကြာဒေသနာတော်ဖြင့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် ချေချွတ်တော်မူပြီးသည့်နောက် ဝါဆိုလပြည့်ကျော် (၅)ရက်နေ့ရောက်တဲ့ အချိန်အခါမှာ အနတ္တလက္ခဏသုတ္တန်ဖြင့် အရဟတ္တဖိုလ်ဆိုက်အောင် ချေချွတ်တော်မူပါတယ်။ အဲဒီ ချေချွတ်တော်မူတဲ့အပိုင်းကလေးမှာ ---

တံ ကိံ မညထ ဘိက္ခဝေ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ -- (သံ၊၂၊၅၅။)

စသည်ဖြင့် ဘုရားရှင်က ဒီလို မေးတော်မူပါတယ်။ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ဒီခန္ဓာငါးပါးတွေဟာ နိစ္စလား, အနိစ္စလားလို့ မေးတော်မူတယ်။ ဘယ်လို ဖြေကြသလဲ? အနိစ္စလို့ ဖြေကြတယ်။ ဒုက္ခလား, သုခလားလို့ မေးလိုက်တော့ ဒုက္ခလို့ ဖြေကြတယ်။ အနိစ္စလည်း မှန်တယ်၊ ဒုက္ခလည်း မှန်တယ်၊ ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း မှန်နေတဲ့ ခန္ဓာငါးပါးကို အတ္တလား, အနတ္တလားလို့ မေးလိုက်တော့ အနတ္တလို့ ဖြေကြတယ်။ အဲဒီလို ဖြေပြီးတဲ့ နောက်ပိုင်းကျတော့မှ မြတ်စွာဘုရားက ဝိပဿနာရှုကွက်ကို သင်ပေးတော်မူပါတယ်။ ဘယ်လို သင်ပေးတော်မူသလဲ?

တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ -- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၅၆။)

စသည်ဖြင့် သင်ပေးပါတယ်။ ဘာပြောလိုတာသလဲ? အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ဒီခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုပါဆိုပြီးတော့ သင်ပေးတယ်။

ဒါကြောင့် အတိတ်ခန္ဓာငါးပါးကို ဝိပဿနာရှုရမလား, မရှုရဘူးလား? ရှုရမယ်။ အနာဂတ်ခန္ဓာငါးပါးကို ဝိပဿနာရှုရမလား, မရှုရဘူးလား? ရှုရမယ်။ ပစ္စုပ္ပန်ခန္ဓာငါးပါးကို ဝိပဿနာရှုရမလား, မရှုရဘူးလား? ရှုရမယ်။ ဝိပဿနာ ရှုရမယ်ဆိုလျှင် ဒါယကာကြီး ဒါယိကာမကြီးတွေ အတိတ်ခန္ဓာငါးပါးကို သိဖို့ မလိုဘူးလား? လိုတယ်။ ရှုတတ်ဖို့လည်း မလိုဘူးလား? လိုတယ်။ အနာဂတ်ခန္ဓာငါးပါးကိုလည်း သိဖို့ မလိုဘူးလား? လိုတယ်။ ရှုတတ် ဖို့လည်း မလိုဘူးလား? လိုတယ်။ ပစ္စုပ္ပန်ခန္ဓာငါးပါးကိုလည်း သိဖို့ မလိုဘူးလား? လိုတယ်။ ရှုတတ်ဖို့လည်း မလိုဘူးလား? လိုတယ်။

မိမိတို့က တရားအားထုတ်နေပြီ။ အတိတ် ခန္ဓာငါးပါးကို ရှုတတ်တယ် မရှုတတ်ဘူး မိမိကိုယ်တိုင် မသိဘူးလား? သိတယ်။ မိမိကိုယ်ကို မိမိ အသိဆုံးပဲ။ ဘယ်မှာမှ သွားပြီး ဒူးထောက်ပြီး ဗေဒင်မေးနေစရာ လိုသေးသလား? မလိုပါဘူး။ အနာဂတ်ခန္ဓာငါးပါးလည်း ရှုတတ်တယ် မရှုတတ်ဘူး မိမိ ကိုယ်တိုင် မသိဘူးလား? သိတယ်။ ပစ္စုပ္ပန်ခန္ဓာငါးပါးကိုလည်း ရှုတတ်တယ် မရှုတတ်ဘူး မိမိကိုယ်ကို ပြန်မေးကြည့်လျှင် မေးလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ အဇ္ဈတ္တခန္ဓာငါးပါး, ဗဟိဒ္ဓခန္ဓာငါးပါးတွေကိုလည်း ရှုတတ်တယ် မရှုတတ်ဘူး မိမိကိုယ်ကို ပြန်မေးကြည့်လျှင် မေးလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ အဲဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ဒီခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုရမယ်။ ဒီ မဟာသီဝထေရ်မြတ်ကြီးက အဲဒီလို ဝိပဿနာရှုတဲ့နည်းနဲ့ ဝိပဿနာကို တိုးပွားစေတဲ့အခါမှာ ---

ဝိပဿနံ ဝဍ္ဎေတွာ သဟ ပဋိသမ္ဘိဒါဟိ အရဟတ္တံ အဂ္ဂဟေသိ။ (ဒီ၊ဋ္ဌ၊၂၊၃၂၁။)

ဝိပဿနံ = ဝိပဿနာကို။ ဝဍ္ဎေတွာ = တိုးပွားစေ၍။ သဟ ပဋိသမ္ဘိဒါဟိ = ပဋိသမ္ဘိဒါ (၄)ပါးတို့နှင့် အတူတကွ။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ အဂ္ဂဟေသိ = အရယူနိုင်ခဲ့လေပြီ။

ဝိပဿနာဉာဏ်တွေကို ဒီလို ရှုတဲ့နည်းစနစ်တွေနဲ့ တိုးပွားအောင် လုပ်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ ဘာဖြစ်သွားသလဲ? ပဋိသမ္ဘိဒါဉာဏ် (၄)ပါးတို့နှင့်တကွ အရဟတ္တဖိုလ်ကို ရအောင် ယူနိုင်ခဲ့တယ်။ ရဟန္တာ ဖြစ်သွားတယ်။

ရဟန္တာ ဖြစ်သွားတဲ့ မဟာသီဝမထေရ်ကြီးရဲ့ ဖြတ်ထုံးတစ်ခုက ယနေ့ခေတ် သာသနာတော်မှာ အင်မတန် ကျေးဇူးများပါတယ်။ ဘုန်းကြီးတို့ မြတ်စွာဘုရား ဣရိယာပထပိုင်းမှာ ဟောတော်မူတဲ့ သွားနည်းက ဣရိယာပုထ် ရှည်ရှည်သွားနည်း၊ သမ္ပဇဉ်ပိုင်း အစမှာ ဟောတော်မူထားတဲ့ ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာတွေမှာ သွားနည်းက အလယ်အလတ်သွားနည်း၊ သမ္ပဇဉ်ပိုင်း နောက်ဆုံးမှာ ဟောတော်မူထားတဲ့ ဂတေ ဌိတေစသည် သွားနည်းက ဣရိယာပုထ် အတိုစားသွားနည်းဆိုပြီး အဋ္ဌကထာက ဒီလို ရှင်းထားပါတယ်။

အဲဒီ ရှင်းလင်းချက်တွေ အားလုံး ပြီးဆုံးတဲ့အခါမှာ မဟာသီဝမထေရ် ကြီးရဲ့ အယူအဆကို အဋ္ဌကထာက ဆက်ပြီးတော့ ဖွင့်ဆိုထားတယ်။ အဲဒီ မဟာသီဝမထေရ်ကြီးရဲ့ အယူအဆကတော့ ဣရိယာပထပိုင်းမှာ ဣရိယာပုထ် ရှည်ရှည်သွားတဲ့ အချိန်အခါမှာလည်း ခန္ဓာငါးပါးကို သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်။ အကြောင်းတရားနှင့်တကွ ဒီခန္ဓာငါးပါးတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရမယ်လို့ လက်ခံတော်မူတယ်။ နောက်တစ်ခု -- သမ္ပဇဉ်ပိုင်း အစမှာ အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ = ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာတွေမှာလည်း ခန္ဓာငါးပါး သိအောင် ရှုရမယ်။ ခန္ဓာငါးပါးတို့ရဲ့ အကြောင်းတရားတွေကိုလည်း သိအောင် ရှုရမယ်။ အကြောင်းတရားနှင့်တကွ ဒီခန္ဓာငါးပါးတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုရမယ်။ ဒါကိုလည်း လက်ခံတော်မူတယ်။

ဒါပေမယ့် သမ္ပဇဉ်ပိုင်း နောက်ဆုံးမှာ ဟောတော်မူထားတဲ့ ဂတေ ဌိတေ ဣရိယာပုထ် အတိုစား သွားနည်းဆိုတဲ့အပိုင်းကို မဟာသီဝမထေရ်ကြီးက ဣရိယာပုထ် အတိုစားလို့ ဒီနေရာမှာ မဆိုလိုဘူး။ သူက ဘယ်လို သဘောပေါက်သလဲ?

ယော စိရံ ဂန္တွာ ဝါ စင်္ကမိတွာ ဝါ အပရဘာဂေ ဌိတော ဣတိ ပဋိသဉ္စိက္ခတိ စင်္ကမနကာလေ ပဝတ္တာ ရူပါရူပဓမ္မာ ဧတ္ထေဝ နိရုဒ္ဓါတိ၊ အယံ ဂတေ သမ္ပဇာနကာရီ နာမ။ (မ၊ဋ္ဌ၊၁၊၂၇၃။)

ဘာပြောလိုတာလဲ? ဣရိယာပထပိုင်းမှာ သွားဆဲအခိုက်မှာ ခန္ဓာငါးပါး ကို ဝိပဿနာ ရှုရမယ်။ အဘိက္ကန္တေ ပဋိက္ကန္တေ ...စသည်ဖြင့် ဟောတော်မူတဲ့အပိုင်းမှာ ရှေ့သို့တက်ရာ နောက်သို့ ဆုတ်ရာမှာလည်း ရှေ့သို့ တက်ခိုက် နောက်သို့ ဆုတ်ခိုက်တွေမှာ ခန္ဓာငါးပါးကို ဝိပဿနာ ရှုရမယ်လို့ ဆိုလိုတယ်။ ဒါပေမယ့် ဂတေ ဌိတေ ...စသည် ဟောထားတဲ့အပိုင်းမှာ သွားဆဲအခိုက်မှာ ခန္ဓာငါးပါးကို ဝိပဿနာရှုဖို့ မဟုတ်တော့ဘူး။ သွားပြီးတဲ့ အချိန်အခါကျတော့မှ ပြန်ပြီးတော့ ဝိပဿနာရှုဖို့ ညွှန်ကြားထားတယ်။ ဘယ်လို ရှုရမလဲ?

စင်္ကမနကာလေ ပဝတ္တာ ရူပါရူပဓမ္မာ ဧတ္ထေဝ နိရုဒ္ဓါ။

စင်္ကမနကာလေ = စင်္ကြံကြွသွားနေတဲ့ အချိန်အခါကာလ၌။ ပဝတ္တာ = ဖြစ်ပေါ်၍ သွားကြကုန်သော။ ရူပါရူပဓမ္မာ = ရုပ်တရား နာမ်တရားတို့သည်။ ဧတ္ထေဝ = ဤစင်္ကြံသွားစဉ် အချိန်ကာလအတွင်း၌ပင်လျှင်။ နိရုဒ္ဓါ = ချုပ်ပျက်၍ သွားခဲ့ကြပေကုန်ပြီ။

စင်္ကြံသွားပြီးပြီဆိုကြစို့၊ စင်္ကြံသွားပြီးတဲ့အချိန်မှာ စင်္ကြံဦး တစ်နေရာမှာ သို့မဟုတ် အခြားတစ်နေရာမှာ မတ်တတ်ရပ်ပြီးတော့မှ စင်္ကြံသွားခဲ့စဉ် အချိန်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ ရုပ်တရား နာမ်တရားတွေကို ပြန်ပြီး သိမ်းဆည်းရတယ်။ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ အဲဒီ ရုပ်တရား နာမ်တရားတွေရဲ့ စင်္ကြံသွားစဉ် အချိန်အခါကလေးမှာပဲ ချုပ်ပျက်သွားခဲ့တဲ့သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ အဲဒီလို ဝိပဿနာ ရှုကွက်ကို ဘုရားရှင်က ညွှန်ကြားပါတယ်လို့ ဒီလို မဟာသီဝမထေရ်ကြီးက အဖြေပေး ထားတယ်။ အဲဒီ အဖြေပေးချက်ကိုလည်း ဘုန်းကြီးတို့ သာသနာတော်မှာ အထူး အလေးဂရုပြုရတဲ့ အဋ္ဌကထာကို ပြုစုတော်မူတဲ့ အဋ္ဌကထာဆရာတော်က ဘယ်လို မှတ်တမ်းတင်ထားသလဲ?

တယိဒံ မဟာသီဝတ္ထေရေန ဝုတ္တံ အသမ္မောဟဓုရံ ဣမသ္မိံ သတိပဋ္ဌာနသုတ္တေ အဓိပ္ပေတံ။ (မ၊ဋ္ဌ၊၁၊၂၇၄။)

မဟာသီဝမထေရ်မြတ်ကြီး ပြောနေတဲ့ ဒီစကားဟာ မဟာသတိပဋ္ဌာနသုတ္တန်မှာ အလွန် အရေးကြီးတယ်။ အလွန် အလိုရှိအပ်တဲ့ တရားတစ်ခု ဖြစ်ပါတယ်လို့ ဒီလို မှတ်တမ်းတင်ထားတယ်။ အဲဒီဆုံးဖြတ်ချက်တွေကို ကြည့်လိုက်မယ်ဆိုလျှင် သွားဆဲအခိုက်မှာလည်း ခန္ဓာငါးပါးကို ဝိပဿနာ ရှုရမလား, မရှုရဘူးလား? ရှုရမယ်။ သွားပြီးတဲ့ အချိန်အခါမှာလည်း သွားတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ခန္ဓာငါးပါးတွေကို ဝိပဿနာ ရှုရမလား, မရှုရဘူးလား? ရှုရမယ်။ ရှုကွက် (၂)မျိုး ဖြစ်ပါတယ်။

အလားတူပဲ ရပ်နေတယ်ဆိုကြစို့၊ ရပ်ဆဲ အချိန်အခါကာလမှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါးတွေကို ဝိပဿနာ ရှုရမယ်။ ရပ်ပြီးတဲ့နောက်ပိုင်း ဣရိယာပုထ်တစ်ခု ပြောင်းသွားပြီ။ အိပ်ချင် အိပ်မယ်၊ ထိုင်ချင် ထိုင်မယ်။ အဲဒီ ဣရိယာပုထ် ပြောင်းသွားတဲ့ အချိန်အခါမှာလည်း ရပ်ဆဲ အချိန်အခါကာလက ဖြစ်ပေါ်ခဲ့တဲ့ ခန္ဓာငါးပါးတွေကို ဝိပဿနာ ရှုရမလား, မရှုရဘူးလား? ရှုရမယ်။ နောက်တစ်ခု ----

ထိုင်နေတယ်ဆိုကြစို့၊ ထိုင်နေဆဲ အချိန်အခါကာလမှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါးတွေကို ဝိပဿနာ ရှုရမယ်။ ထိုင်ပြီးတဲ့အခါကျတော့ ဣရိယာပုထ် တစ်ခု ပြောင်းပြီး အိပ်လိုက်တယ်ပဲဆိုကြစို့၊ အဲဒီလို ပြောင်းသွားတဲ့ အချိန်အခါမှာလည်း ထိုင်နေတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ခန္ဓာငါးပါးတွေကို ဝိပဿနာ ရှုရမယ်။ အိပ်နေတဲ့အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါးတွေကိုလည်း ဝိပဿနာ ရှုရမယ်။ အိပ်ပြီးတော့ မတ်တတ်ရပ်လိုက်ပြီဆိုကြစို့၊ မတ်တတ်ရပ်လိုက်တဲ့ အချိန်အခါမှာလည်း အိပ်ဆဲ အချိန်ကာလက ဖြစ်ပေါ်ခဲ့တဲ့ ခန္ဓာငါးပါးတွေကို ဝိပဿနာ ရှုရမလား, မရှုရဘူးလား? ရှုရမယ်။ ဒီလိုဆိုလျှင် အဲဒီ ရှုကွက်သည် အနီးစပ်ဆုံး အတိတ်ကို ရှုနေတာ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေတယ်။ နောက်တစ်ခုက ---

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ ... စသည်ဖြင့် ဘုရားရှင် ဟောထားတော်မူတဲ့ ထိုထိုသုတ္တန်တွေမှာလည်း မြတ်စွာဘုရားက အတိတ် ခန္ဓာငါးပါးကို ဝိပဿနာ ရှုဖို့ ဟောသလား, မဟောဘူးလား? ဟောထားတယ်။ ဒီလိုဆိုလျှင် မဟာသီဝမထေရ်ကြီးရဲ့ မိန့်ဆိုချက်နဲ့ ဘုရားရှင် ဟောထားတော်မူတဲ့ ဒေသနာတော်သည် ညီညွတ်သလား, မညီညွတ်ဘူးလားလို့ မေးမယ်ဆိုလျှင် ဘယ်လိုဖြေမလဲ? ညီညွတ်နေတယ်။ ဒါကြောင့် အတိတ်, အနာဂတ်ကို ဝိပဿနာ ရှုကောင်းသလား, မရှုကောင်းဘူးလားလို့ မေးမယ် ဆိုလျှင်လည်း ဘယ်လို ဖြေမလဲ? ရှုကောင်းပါတယ်။ ရှုရမယ်လို့ ဘုရားရှင် ဟောသလား, မဟောဘူးလားလို့ မေးလျှင်လည်း ဘယ်လိုဖြေမလဲ? ဟောတော်မူပါတယ်။ ဒါကြောင့် အတိတ်, အနာဂတ်ကို ရှုကောင်းတယ် မရှုကောင်းဘူးဆိုတာကတော့ ဒါယကာကြီး ဒါယိကာမကြီးတွေ စဉ်းစားဝေဖန်ဖို့ ဘုန်းကြီးဘက်က တင်ပြခြင်းသာ ဖြစ်ပါတယ်။

ကဲ - ဒီနေရာမှာပဲ တရားသိမ်း ဇာတ်ပေါင်းကြစို့၊ ဒီဇာတ်တော်မှာ ဧသုကာရီဘုရင်မင်းမြတ်က သုဒ္ဓေါဒနမင်းကြီးရဲ့ အလောင်းတော် ဖြစ်ပါတယ်။ ဧသုကာရီဘုရင်မင်းကြီးရဲ့ မိဖုရားကြီးကတော့ မယ်တော်မာယာရဲ့ အလောင်းတော်၊ ပုရောဟိတ်ပုဏ္ဏားကြီးက ရှင်မဟာကဿပရဲ့ အလောင်းတော်၊ ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ ပုဏ္ဏေးမကြီးကတော့ ဘဒ္ဒကာပိလာနီလို့ ခေါ်ဆိုတဲ့ အရှင်မဟာကဿပရဲ့ လူ့ဘောင်မှာ နေစဉ်တုန်းက ကြင်ယာဟောင်း မယ်ဘဒ္ဒါရဲ့ အလောင်းတော်၊ အဇပါလသတို့သားကတော့ အရှင်အနုရုဒ္ဓါရဲ့ အလောင်းတော်၊ ဂေါပါလသတို့သားကတော့ အရှင်မဟာမောဂ္ဂလ္လာန်ရဲ့ အလောင်းတော်၊ အဿပါလသတို့သားကတော့ အရှင်သာရိပုတ္တရာရဲ့ အလောင်းတော်၊ ကြွင်းတဲ့ ပရိသတ်တွေကတော့ မြတ်စွာဘုရား ပွင့်ပေါ်တော်မူတဲ့ အချိန်အခါမှာ ကျွတ်တမ်းဝင်ကြတဲ့ ဘုရားရှင်ရဲ့ ပရိသတ်တွေ ဖြစ်ကြပါတယ်။ ဟတ္ထိပါလအမျိုးကောင်းသားကတော့ ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်းတော်ပဲ ဖြစ်ပါတယ်။ ထိုအလောင်းတော်တို့ရဲ့ ထုံးကို နှလုံးမူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်း ရင်းပဲ တရားသိမ်းကြစို့ ...

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။

တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။

သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။

ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။

ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။

ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။

ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။

တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။

ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။

သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။

တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။

အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

(သာဓု သာဓု သာဓု ...)

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

မော်လမြိုင်မြို့နယ်

မွန်ပြည်နယ်။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရေး ပြဿနာပေါင်းခ...