Skip to main content

မှတ်သားလိုက်နာ ဝိနယကထာ

မှတ်သားလိုက်နာ ဝိနယကထာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဃဋိကာရသုတ္တန် ဟောစဉ်မှ ကောက်နုတ်ချက်

ရွှေငွေနှင့် ကာမဂုဏ်

နောက်တစ်ခု --- ရဟန်းတော်များမှာ သိက္ခာပုဒ်တစ်ခု ရှိနေသေးတယ်။ အဲဒီသိက္ခာပုဒ်ကတော့ နာမည်ကျော်ဖြစ်တဲ့ အရှင်ဥပနန္ဒကို အကြောင်းခံ ပြီးတော့ မြတ်စွာဘုရား ပညတ်တော်မူရတဲ့ သိက္ခာပုဒ်ဖြစ်ပါတယ်။ တစ်ချိန်မှာ အရှင်ဥပနန္ဒက သာကီဝင်မင်းသားလည်း ဖြစ်ပါတယ်။ သာကီဝင်မင်းသား ဖြစ်တဲ့အခါကျတော့ ဥပဓိရုပ်ကလည်း ကောင်းတယ်။ အဟောအပြောကလည်း ကောင်းတယ်။ ကြည်ညိုတဲ့ ဒကာ, ဒကာမတွေလည်း များတယ်။ သူ့ကို အမြဲတမ်း ဆွမ်းဝတ်ပြုစုနေတဲ့ ဒကာတစ်ဦးလည်း ရှိတယ်။ ဒီဒကာ အိမ်ကို သူက နေ့စဉ်ကြွပြီး ဆွမ်းဘုဉ်းပေးတဲ့ အလေ့အထ ရှိတယ်။ တစ်နေ့ ကျတော့ ဒကာက အခန့်မသင့် ဖြစ်နေတယ်။ ဆွမ်းက မမီဖြစ်နေတယ်။

ဆွမ်းက မမီဖြစ်နေတော့ ဒကာကလည်း ကြံရာမရဖြစ်တာနဲ့ အရှင်ဘုရား ဒီနေ့တော့ ဆွမ်းကလည်း အဆင်မပြေဖြစ်နေပြီ၊ ချက်မယ်ဆိုလည်း မမီတော့ဘူး၊ ဒီတော့ အရှင်ဘုရား --- အရှင်ဘုရား ဆိုင်မှာ သွားပြီးတော့ ဒီနေ့ ဘုဉ်းမယ်ဆိုလို့ရှိရင် ဖြစ်နိုင်မလား? တပည့်တော် ဒီက ဝတ္ထုငွေများ လှူလိုက်မယ်။ ဟာ -- ဖြစ်တာပေါ့ ဖြစ်တာပေါ့ဆိုတော့ --- ဒကာက ငွေလှူလိုက်တယ်။ ဆိုင်မှာ သွားပြီးတော့ ဘုဉ်းလိုက်တယ်။ ဘုဉ်းလိုက်တဲ့ အခါကျတော့ ဒကာက ဘယ်လို သဘောပေါက်သလဲ။

ဩော် ...တို့အာရုံငါးပါး ကာမဂုဏ်တရား ခံစားနေတဲ့ လူတွေလည်း ငွေကို သာယာကြတယ်၊ နှစ်သက်ကြတယ်။ ဒီသာကီဝင်မင်းသား ဘုရားသားတော်များလည်း ငွေကို သာယာကြတယ်၊ နှစ်သက်ကြတယ်။ တို့နဲ့ ဘာ ထူးခြားလို့လဲဆိုပြီး -- ဒီလို ကဲ့ရဲ့တယ်။ အဲဒီအချိန်အခါမှာ မြတ်စွာဘုရား ရွှေနားတော်ပေါက်ကြားပြီ ဆိုကြစို့။

ဘုရားရှင် ရွှေနားတော်ပေါက်ကြားသွားတဲ့အခါ ဘုရားရှင်က ရဟန်း သံဃာအစည်းအဝေး ခေါ်ပြီးတော့ သိက္ခာပုဒ် မပညတ်ခင်ကလေးမှာ တရားဟောတယ်။ ဟိုဘက်က သုတ္တန်တစ်ခုမှာတော့ ပါပါတယ်။ အကြင် ပုဂ္ဂိုလ်အား ရွှေငွေသည် အပ်၏။ ထိုပုဂ္ဂိုလ်အား ကာမဂုဏ်သည်လည်း အပ်တော့၏။ အကြင်ပုဂ္ဂိုလ်အား ကာမဂုဏ်သည် အပ်၏။ ထိုပုဂ္ဂိုလ်အား ရွှေငွေသည်လည်း အပ်တော့၏။ ဒါကတော့ မေဏ္ဍကသိက္ခာပုဒ်မှာ ဘုရား ဟောထားတယ်။

အဲဒီတော့ သာကီဝင်မင်းသား ဥပနန္ဒကို အကြောင်းခံပြီးတော့ ရဟန်း တော်များသည် ရွှေငွှေကို အလှူမခံရလို့ မြတ်စွာဘုရား သိက္ခာပုဒ် ပညတ် တယ်။ ဒါပေမယ့် နောက်ထပ် သိက္ခာပုဒ်တစ်ခုကတော့ ဝိသာခါတို့ရဲ့ အဖိုး တော်တဲ့ မေဏ္ဍကသူဌေးကြီးပေါ့။ မေဏ္ဍကသူဌေးကြီးကနေ မြတ်စွာဘုရားကို အကြောင်းသင့်လို့ လျှောက်ထားတယ်။

မြတ်စွာဘုရား ...တပည့်တော်တို့ ကြည်ညိုလေးစားနေတဲ့ ရဟန်းတော်ကလည်း တပည့်တော်တို့နဲ့ အနီးအနားမှာ မရှိဘူး၊ တော်တော် ခပ်ဝေးဝေးမှာ ရှိနေတယ်။ တပည့်တော်တို့ကလည်း ထိုရဟန်းတော်အတွက် လိုအပ်တဲ့ ပစ္စည်းလေးပါးကို လှူဒါန်းချင်တယ်။ အဲဒီလို လှူဒါန်းချင်ပေမယ့်လို့လည်း တပည့်တော်တို့ကလည်း သွားရောက်ပြီး မလှူဒါန်းနိုင်ဘူး။ မလှူဒါန်းနိုင်တဲ့အတွက်ကြောင့် တပည့်တော်တို့က ကပ္ပိယကာရက ဒကာတစ်ဦးဦး ထံမှာ ရွှေငွေပစ္စည်းများကို အပ်နှံပြီးတော့ ထိုရွှေငွေမှ ဖြစ်ပေါ်လာမယ့် ရဟန်းတော်နှင့် အပ်စပ်တဲ့ပစ္စည်းများကို လှူဒါန်းခဲ့မယ်ဆိုရင် မြတ်စွာဘုရား ခွင့်ပြုတော်မူပါဆိုပြီးတော့ လျှောက်ထားတယ်။

အဲဒီအခါမှာ မြတ်စွာဘုရားကလည်း ဒီအကြောင်း အတ္ထုပ္ပတ်ကို အခြေခံပြီးတော့ ရဟန်းသံဃာ အစည်းအဝေး ခေါ်ပြီးတဲ့အခါကျတော့မှ ရဟန်းတွေကို မြတ်စွာဘုရားက အကြင်ပုဂ္ဂိုလ်အား ရွှေငွေသည် အပ်၏။ ထိုပုဂ္ဂိုလ်အား ကာမဂုဏ်သည်လည်း အပ်တော့၏။ အကြင်ပုဂ္ဂိုလ်အား ကာမဂုဏ်သည် အပ်၏။ ထိုပုဂ္ဂိုလ်အား ရွှေငွေသည်လည်း အပ်တော့၏။ ရဟန်းတို့ ...မည်သည့် နည်းပရိယာယ်နှင့်မျှ ရွှေငွေကို သာယာဖို့ရန်တော့ ငါဘုရား ခွင့်မပြုနိုင်ဘူး။ သို့သော် ထိုရွှေငွေမှ ဖြစ်ပေါ်လာမည့် ရဟန်းတော် တို့နှင့် အပ်စပ်သော ပစ္စည်းများကိုတော့ သာယာဖို့ရန် အတွက်တော့ ငါဘုရား ခွင့်ပြုတယ်ဆိုပြီး ဒီသိက္ခာပုဒ် ပညတ်ထားတယ်။

လောကမှာ ရွှေငွေရှိရင် ဘာကာမဂုဏ် လိုချင်သလဲ၊ လိုချင်တဲ့ ကာမဂုဏ် မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါ့ကြောင့် ရွှေငွေသည် ရဟန်းတော်တွေ အား အပ်တယ်ဆိုရင် ကာမဂုဏ်လည်း အပ်တာပဲ။ ကာမဂုဏ်အပ်နေတဲ့ ပုဂ္ဂိုလ်မှာ ရွှေငွေလည်း အပ်တော့တာပဲဆိုပြီး ကာမဂုဏ်နဲ့ ရွှေငွေကို မြတ်စွာဘုရား တန်းတူထားပြီး ရှင်းပြထားတယ်။

မအပ်သောနည်းဖြင့် လျှောက်ထားခြင်း

ဒါကြောင့် ရဟန်းတော်များသည် ရွှေငွေကို နံပါတ် (၁) ဥဂ္ဂဏှေယျ - ကိုယ်တိုင်လည်း အလှူမခံရဘူး။ နံပါတ် (၂) ဥဂ္ဂဏှာပေယျ - မိမိအတွက် သူတစ်ပါးတွေကိုလည်း အလှူခံ မခိုင်းရဘူး။ ဒကာတစ်ဦးက လာပြီဆိုကြပါစို့ အရှင်ဘုရား ... တပည့်တော် နဝကမ္မ လှူချင်တယ်တဲ့။ သူတို့ ဘယ်က နေ တတ်ထားသလဲတော့ မသိပါဘူး။

စာမှာ ပါတာကတော့ နဝကမ္မဿ ဒေမ = နဝကမ္မအား လှူပါ၏ ဆို ရတယ်။ အလှူခံက နဝကမ္မ။ ခုကာလမှာတော့ နဝကမ္မ လှူချင်ပါတယ်ဆိုရင် လှူဖွယ်ဝတ္ထုက နဝကမ္မ ဖြစ်နေတယ်။ တပည့်တော်က နဝကမ္မ လှူချင်လို့ပါ၊၊ သူက ဒီလိုလာလျှောက်တယ်။ ဟာ - ဘုန်းကြီး နဝကမ္မ အလှူမခံပါဘူး။ ဒီလိုပဲ ပြောရတယ်။ တချို့ကလည်း ဝတ္ထုလှူချင်လို့ပါ။ ဟာ - ဘုန်းကြီး ဝတ္ထုလည်း အလှူမခံပါဘူး။ ဒီလိုပဲ ပြောရတယ်။ ဘယ်သူ့ကို ပေးလိုက်လို့ ရဟန်းက ဒီလိုမျိုး မပြောကောင်းဘူး။ ပြောလိုက်ရင် ဥဂ္ဂဏှာပေယျ - မိမိအတွက် သူတစ်ပါးကို အလှူခံခိုင်းတဲ့ အဓိပ္ပာယ် ဖြစ်သွားတယ်။

ဒါ့ကြောင့် (၁) မိမိကိုယ်တိုင်လည်း အလှူမခံရဘူး။ (၂) မိမိကိုယ်စား သူတစ်ပါးကိုလည်း အလှူခံ မခိုင်းရဘူး။ ဟိုအောက်မှာ ကပ္ပိယတွေ ရှိတယ်လေ။ ကပ္ပိယတွေ ပေးခဲ့။ ဒါဆိုတော့ မိမိကိုယ်စား ကပ္ပိယကို မိမိက အလှူခံခိုင်းတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒီတော့ ရဟန်းတော်များကို ခုလို မအပ် မရာ လာလျှောက်ပြီဆိုရင် ရဟန်းတော်ဘက်က ပယ်ရမည့်တာဝန်က ဘုန်းကြီးတို့ ဒီရွှေငွေကို အလှူမခံပါဘူးလို့ ဒီလောက်ပဲ ပြောခွင့်ရှိတယ်။ ဒီထက်ပိုပြီးတော့ ပြောခွင့်မရှိဘူး။

ဘယ်သူ့ကို ပေးခဲ့ပါ၊ ဘယ်သူ့ကို အပ်ထားခဲ့ပါ။ မပြောရဘူး။ တချို့ ကလည်း ကပ်နေတယ်။ တပည့်တော် ဒါဖြင့် အောက်က ကပ္ပိယတွေ ပေးခဲ့ရမလားဘုရား။ ဟော! - မဟုတ်ဘူးလေ ... ဘုန်းကြီး အလှူမခံပါဘူး။ ဒီလိုပြောကြားလိုက်တဲ့ အချိန်အခါမှာ ကပ္ပိယကာရကလုပ်တဲ့ ပုဂ္ဂိုလ်က ဝိနည်းနားလည်လို့ သူက ရဟန်းတော်တွေနဲ့ အပ်တဲ့ပစ္စည်းကို လှူမယ် ဆိုရင်တော့ ဒါ ရဟန်းပယောဂ မပါတော့ဘူး။ ဒီလိုလှူရင် အလှူခံကောင်း ပါတယ်။

နောက်တစ်ခုကတော့ နံပါတ် (၃)။ ဥပနိက္ခိတ္တံ သာဒိယေယျဆိုတဲ့ စကားလုံးကို မအပ်သောနည်းဖြင့် အပ်နှံလှူဒါန်းထားခြင်းဆိုပြီး ဒီလို ဘာသာ ပြန်ထားပါတယ်။ ဒီဘာသာပြန်ချက်ကလည်း မှန်ပါတယ်နော်။

အရှင်ဘုရားအတွက် ကပ္ပိယကာရက ဦးဖြူထံမှာ တပည့်တော် ငွေ တစ်ရာ အပ်ထားတယ်ဘုရား၊ အရှင်ဘုရား အလိုရှိတဲ့အခါ တောင်းသုံးပါ၊၊ လျှောက်တာက ငွေကို အပ်ထားတယ်။ သုံးပါလို့ ပြောတာကလည်း ငွေကို တောင်းသုံးပါလို့ လျှောက်တယ်။ အဲဒီနည်းစနစ်က မအပ်သော လျှောက်နည်း ဖြစ်ပါတယ်။

မအပ်သော လျှောက်နည်းဖြစ်တဲ့အတွက် ဒီနည်းစနစ်နဲ့ လှူထားတဲ့ ရွှေငွေကို ရဟန်းတော်များ အလှူမခံကောင်းဘူး။ ဒါဟာ မအပ်သောနည်းဖြင့် အပ်နှံလှူဒါန်းထားတာကို အလှူခံခဲ့ရင် သာယာသည်မည်တယ်။

အပ်သောနည်းဖြင့် လျှောက်ထားခြင်း

အပ်အောင် ဘယ်လိုလျှောက်မလဲမေးရင် --- ကပ္ပိယကာရက ဦးဖြူထံ မှာ တစ်ရာတန် ရဟန်းတို့နှင့် အပ်သောပစ္စည်းများ လှူဒါန်းထားပါတယ် ဘုရား။ အလိုရှိတဲ့အခါ ရဟန်းတို့နှင့် အပ်စပ်သောပစ္စည်းများကို ကပ္ပိယ ကာရက ဦးဖြူထံမှာ အလှူခံယူတော်မူပါ။ ဒါဆိုရင်တော့ အပ်သွားတယ်။

အဲဒီလို အပ်နှင်းပြီးတော့ လှူဒါန်းထားမယ်ဆိုရင်တော့ အပ်သောနည်းဖြင့် လှူဒါန်းထားသည့်အတွက် သာယာဖို့ရန်အတွက် မြတ်စွာဘုရား ခွင့်ပြု ထားပါတယ်နော်။ အဲဒီလို အပ်သောနည်းဖြင့် မလျှောက်ဘဲ ခုနကလို မအပ်သောနည်းဖြင့် လျှောက်ထားပြီးတော့ လှူဒါန်းခဲ့မယ်ဆိုရင်လည်း ဒါ ဥပနိက္ခိတ္တံ သာဒိယေယျ မအပ်သောနည်းဖြင့် အပ်နှင်းလှူဒါန်းထားတဲ့အတွက် ထိုရွှေငွေကို အလှူမခံကောင်းဘူး။ အလှူခံခဲ့သော် နိဿဂ္ဂိထိုက်တယ်။ စွန့်ရတယ်။

နောက်တစ်ခု --- ဒီသိက္ခာပုဒ်နဲ့ ပတ်သက်ပြီးတော့ ရဟန်းတော်များသည် ဘယ်လိုရွှေ ဘယ်လိုငွေဖြစ်ဖြစ် အလှူမခံရဘူး။ ဆိုလိုရင်းကတော့ ရွှေက တော့ ထင်ရှားပါတယ်။ ငွေမှာ ခုခေတ်တော့ စက္ကူကိုလည်း ငွေလို့ သတ်မှတ် တယ်၊ ရှေးခေတ်တုန်းကတော့ ကြေးတို့, ကြေးပြားတို့ကို ဒါလည်း ငွေအဖြစ် သတ်မှတ်ထားတယ်။ ခဲပြားတို့ ဘာတို့လည်း တချို့နေရာမှာ ငွေအဖြစ် သတ်မှတ်ထားတယ်။ ရှေးခေတ်တုန်းကတော့ သစ်သားတို့ ဘာတို့တောင်မှ ငွေအဖြစ် သတ်မှတ်ပြီး အသုံးပြုကြတဲ့ သဘောကလေးတွေ ရှိကြတယ်။

ဒါ့ကြောင့် လောကဝေါဟာရအနေအားဖြင့် အသိအမှတ်ပြုထားတဲ့ ငွေမှန်ခဲ့ရင် ဘယ်လိုငွေပဲဖြစ်ဖြစ် အားလုံး ရဟန်းတော်များ ကိုင်တွယ်ပြီးတော့ မကြည့်ကောင်းဘူး။ ငွေအစစ်ဖြစ်တဲ့ ငွေသားများ ထွက်တဲ့ကျောက်, ရွှေထွက် တဲ့ကျောက် အဲဒီလို ကျောက်တုံးတောင်မှ သွားပြီးတော့ ကိုင်ပြီးတော့ မကြည့် ကောင်းဘူးတဲ့။ ဒါ အနာမာသခေါ်တယ်။ ကိုင်ကြည့်ခဲ့မယ်ဆိုရင် မကိုင်တွယ် ကောင်းတာကို သွားကိုင်တွယ်တဲ့အတွက် အာပတ်သင့်တယ်။

နောက်တစ်ခု --- ဒီရွှေငွေနဲ့ ပတ်သက်ပြီးတော့ အာပတ်သင့်တဲ့ အချက် တစ်ခုကတော့ ဒုဗ္ဗိစာရိတ။ ရဟန်းတွေက ရွှေငွေကို ဝင်ပြီးတော့ မစီမံ ကောင်းဘူး။ ငါက ဒီသပိတ် လိုချင်နေတယ်။ မင်း သပိတ်ဖိုး ပေးလိုက်။ ငါ ဒီစာအုပ် လိုချင်နေတယ်။ ဟေ့ - ကျောင်းသား စာအုပ်ဖိုး ပေးလိုက်စမ်း စသည်ဖြင့် ရွှေငွေကို သွားပြီးတော့ ဝင်ပြီးတော့ စီမံတယ်။ အဲဒီလို စီမံမယ် ဆိုလို့ရှိရင် သီလရှင်များအနေနဲ့ ဆယ်ပါးသီလ စောင့်ထိန်းတဲ့ သီလရှင်ဖြစ်ခဲ့ ရင် ဒါလည်း ဆယ်ပါးသီလ ပျက်စီးတာပဲ။ ဒီပစ္စည်းသည် မအပ်တော့ဘူး။ အဲဒါကြောင့် ဘုန်းကြီးတို့ ရဟန်းတော်တို့သည် ရွှေငွေနဲ့ ပတ်သက်ပြီးတော့ ဝင်ပြီးတော့ မစီမံ မခန့်ခွဲရဘူး။ ဒါက နံပါတ် (၅)ပေါ့။

နောက်တစ်ခု --- နံပါတ် (၆)အနေနဲ့ ပြောရင်တော့ ရဟန်းတော်များသည် သူတစ်ပါးအတွက် ကြားထဲက ပွဲစားလုပ်ပြီးတော့ ရွှေငွေကို အလှူခံ ပြီးတော့ မပေးရဘူး။ သူတစ်ပါးအတွက် မိမိက အလှူခံပေးခဲ့ရင်တော့ မိမိမှာ လည်း ဒုက္ကဋ်အာပတ်သင့်ပါတယ်နော်။ ပေါင်းလိုက်တော့ ဒါ ရွှေငွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တွေ ဖြစ်ပါတယ်။

(ကောက်နုတ်ချက် ပထမ ကဏ္ဍ -- ပြီး၏။)


ရဟန်းညွှန်းကပ္ပိယနှင့် လူညွှန်းကပ္ပိယ

အဲဒီလို လျှောက်တဲ့အပိုင်းမှာ ရဟန်းညွှန်းတဲ့ ကပ္ပိယ၊ လူညွှန်းတဲ့ ကပ္ပိယဆိုပြီး ကပ္ပိယ နှစ်မျိုးရှိပါတယ်။ ရဟန်းညွှန်းတဲ့ ကပ္ပိယနဲ့ပတ်သက်ပြီး တော့ မြတ်စွာဘုရား ရာဇသိက္ခာပုဒ်မှာ ပညတ်ထားတာ ရှိပါတယ်။ ကွာဟ ချက်ကလေးတော့ ရှိတယ်။ နမူနာလေး မြတ်စွာဘုရား ပညတ်ထားတာလေး ကြည့်ရအောင် ---

ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ ရာဇာ ဝါ ရာဇဘောဂ္ဂေါ ဝါ ဗြာဟ္မဏော ဝါ ဂဟပတိကော ဝါ ဒူတေန စီဝရစေတာပန္နံ ပဟိဏေယျ -- ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေန အစ္ဆာဒေဟီတိ။ (ဝိ၊၁၊၃၂၅။)

ရာဇသိက္ခာပုဒ် ခေါ်ပါတယ်နော်။ ရဟန်းတော်တစ်ပါးကို ရည်စူးပြီးတော့ ရှင်ဘုရင်ကသော်လည်းကောင်း, အမတ်ကြီး တစ်ဦးဦးကသော် လည်းကောင်း, ပုဏ္ဏားတစ်ဦးဦးကသော်လည်းကောင်း, သူကြွယ်ဒါယကာ တစ်ဦးဦးကသော်လည်းကောင်း တမန်တစ်ဦးဦးဖြင့် သင်္ကန်းဖိုးပေးပြီးတော့ စေခိုင်းလိုက်ပြီ။ စေခိုင်းလိုက်တဲ့ အချိန်အခါမှာ ဘယ်လိုစေခိုင်းသလဲ?

ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေန အစ္ဆာဒေဟီတိ။ (ဝိ၊၁၊၃၂၅။)

ဣမိနာ စီဝရစေတာပန္နေန = ဤသင်္ကန်းဖိုးဖြင့်။ စီဝရံ = သင်္ကန်းကို။ စေတာပေတွာ = ဝယ်ပြီး၍။ ဣတ္ထန္နာမံ = ဤအမည်ရှိတဲ့။ ဘိက္ခုံ = ရဟန်းတော်ကို။ စီဝရေန = သင်္ကန်းဖြင့်။ အစ္ဆာဒေဟိ = ဖုံးလွှမ်းလှူဒါန်းပါ။

ဒီသင်္ကန်းဖိုးဖြင့် သင်္ကန်းဝယ်ပြီးတဲ့ အချိန်အခါမှာ ဤအမည်ရှိတဲ့ ရဟန်းတော်ကို သင်္ကန်းဖြင့် ဖုံးလွှမ်းလှူဒါန်းပေးပါလို့ စေခိုင်းလိုက်တယ်။ အဲဒီလို စေခိုင်းနည်းမျိုးကိုတော့ ဒါ အာဂမနသုဒ္ဓိ = လာပုံစင်ကြယ်တယ်လို့ ခေါ်ပါတယ်။

ဒီငွေ ယူသွားကွာ၊ မင်း အဲဒီဘုန်းကြီး သွားပြီးတော့ ကြည့်လှူလိုက်၊၊ ဒီလိုဆိုရင်တော့ ငွေအလှူခိုင်းတဲ့အတွက်ကြောင့် လာပုံ မစင်ကြယ်ဘူး။ အာဂမနသုဒ္ဓိ မဖြစ်ဘူး။ ဒါကြောင့် ရဟန်းတော်တွေကို မိမိတို့က လှူချင်တယ်ဆိုလို့ရှိရင်တော့ တပည့်တော် ဆေးပစ္စည်း လှူချင်တယ်ဘုရား၊ သင်္ကန်း လှူချင်တယ်ဘုရား၊ ဆွမ်းလှူချင်တယ်ဘုရား၊ ကပ္ပိယကာရကထံ ပြောလှူလို့ ရပါတယ်။ အပ်တဲ့ဝေါဟာရ တစ်ခုခု သုံးနှုန်းပြီး လှူရင်တော့ ရတယ်။ ကဲ ကဲ ဘုန်းကြီးအတွက် စရိတ်လေး ဘာလေး ထောက်လိုက်ရအောင်လေ ကဲ ကဲ စုကြ စုကြ၊ ခက်ပုံက ဘုန်းကြီးရှေ့မှာ လာစုနေပြီ။ စုပြီးတော့ ဒီရှေ့ လာချတယ်။ ဘုန်းကြီးဘက်ကလည်း ဘာလုပ်ရမလဲ။ ဘုန်းကြီး အလှူမခံ ပါဘူး။ ဒီလောက်ပဲ ပြောရတယ်။ တာဝန်ဝတ္တရားက ဒီလောက်ပဲ။ ဟို အောက်မှာ ကပ္ပိယကာရကတွေ ရှိတယ်။ ကပ္ပိယကာရကကို သွားပေးလိုက် ဟော - ဒီလို မပြောကောင်းဘူး။ အလှူမခံပါဘူးလို့ ဒီလောက်ပဲ ပြောရ တယ်။ ဒါက ရဟန်းတော်တို့ရဲ့ တာဝန်ပဲ။

ဒါကြောင့် ဒကာ, ဒကာမတွေအနေနဲ့က ဒီသိက္ခာပုဒ်ကလေးတွေ နားလည်မယ်ဆိုရင်တော့ မိမိတို့ လှူဒါန်းချင်တဲ့ အချိန်အခါမှာ အပ်အပ်စပ်စပ် လှူဒါန်းတတ်ဖို့ နည်းစနစ်ကလေးတွေ သိထားပြီး ဖြစ်သွားတယ်နော်။

လာပုံစင်ကြယ်၍ တမန်ကြောင့် မစင်ကြယ်ခြင်း

ဒီတော့ ခု ဒီနေရာမှာ အလှူရှင်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဘက်က သင်္ကန်းဖိုး လှူလိုက်တာ မဟုတ်ဘူး။ ဘာလှူခိုင်းလိုက်တာလဲ? သင်္ကန်း အလှူခိုင်းတာ။ သင်္ကန်းဖိုးအဖြစ် သင်္ကန်းဝယ်ပြီးတဲ့ အချိန်အခါမှာ ဒီရဟန်းတော်ကို သင်္ကန်းဖြင့် ဖုံးလွှမ်းလှူဒါန်းပေးပါလို့ ဒီလို ခိုင်းစေလိုက်တယ်။ ခိုင်းစေလိုက်တဲ့အတွက် ဒီလိုခိုင်းစေနည်းမျိုးကို အာဂမနသုဒ္ဓိ = လာပုံစင်ကြယ်တယ်လို့ ခေါ်တယ်။ အဲဒီလို စင်စင်ကြယ်ကြယ် လှူလိုက်တဲ့ အခါကျတော့ ကပ္ပိယလုပ်တဲ့ တမန်လုပ်တဲ့ ပုဂ္ဂိုလ်က ငရှုပ်ဖြစ်နေပြန်တယ်။ သူက ဘယ်လိုရှုပ်လဲ?

သော စေ ဒူတော တံ ဘိက္ခုံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ။ (ဝိ၊၁၊၃၂၅။)

သော = ထိုတမန်သည်။ တံ = ထိုရဟန်းသို့။ ဥပသင်္ကမိတွာ = ချဉ်းကပ် ပြီး၍။ ဧဝံ = ဤသို့။ စေ ဝဒေယျ = အကယ်၍ လျှောက်ထားငြားအံ့။

သူက ရဟန်းတော်ထံ တိုက်ရိုက်လာလိုက်တယ်။ သင်္ကန်း သွားပြီး မဝယ် လိုက်ဘူး။ မဝယ်ဘဲနဲ့ သူက နည်းနည်း ငပျင်းနဲ့ တူပါတယ်။ အဲဒီတော့ သင်္ကန်းသွားပြီး ဝယ်ပြီးတော့ သင်္ကန်းယူမလာဘဲနဲ့ ရဟန်းတော်ထံ တိုက်ရိုက် သွားလိုက်တယ်။ တိုက်ရိုက်သွားပြီးတော့ သူက ဘာလူလည်လုပ်လိုက်သလဲ။

ဣဒံ ခေါ ဘန္တေ အာယသ္မန္တံ ဥဒ္ဒိဿ စီဝရစေတာပန္နံ အာဘတံ၊ ပဋိဂ္ဂဏှာတု အာယသ္မာ စီဝရစေတာပန္နန္တိ။ (ဝိ၊၁၊၃၂၅။)

ဘန္တေ = အရှင်ဘုရား။ ဣဒံ စီဝရစေတာပန္နံ = ဤသင်္ကန်းဖိုးကို။ အာယသ္မန္တံ = အရှင်ဘုရားအား။ ဥဒ္ဒိဿ = ရည်စူး၍။ အာဘတံ = ဆောင်ယူလာခဲ့ ပါ၏။

ဟော - ဒီသင်္ကန်းဖိုးကို အရှင်ဘုရားအတွက် ရည်ညွှန်းပြီးတော့ ဆောင်ယူလာခဲ့တယ်ဘုရားတဲ့။

ပဋိဂ္ဂဏှာတု အာယသ္မာ စီဝရစေတာပန္နန္တိ။ (ဝိ၊၁၊၃၂၅။)

အာယသ္မာ = အရှင်ဘုရားသည်။ စီဝရစေတာပန္နံ = သင်္ကန်းဖိုးကို။ ပဋိဂ္ဂဏှာတု = အလှူခံယူတော်မူပါ။

ဟော - သူက လူလည်လာလုပ်တယ်။ ဒီသင်္ကန်းဖိုးကို အရှင်ဘုရား အတွက် ရည်စူးပြီးတော့ တပည့်တော် ဆောင်ယူလာခဲ့တယ်ဘုရား။ ဒါကြောင့် အရှင်ဘုရားသည် သင်္ကန်းဖိုးကို အလှူခံယူတော်မူပါဆိုပြီး သူက လျှောက်ထားလိုက်တယ်။ မူလလှူဒါန်းလိုက်စဉ်အခါက လာပုံ စင်ကြယ်နေတယ်။ အပ်တယ်။ သူက ကြားထဲကနေဝင်ပြီးတော့ လူလည် လုပ်လိုက်တဲ့အခါကျ တော့ အပ်သေးလား? မအပ်တော့ဘူး။ သူက သင်္ကန်းဖိုး အလှူခံပါ။ အရှင်ဘုရားအတွက် ရည်စူးပြီးတော့ ဒီသင်္ကန်းဖိုးကို ဆောင်ယူလာတာဖြစ်တဲ့အတွက် အရှင်ဘုရား ဒီသင်္ကန်းဖိုးကို အလှူခံပါလို့ လာလျှောက်ပြီ။ လျှောက်လိုက်တဲ့ အချိန်အခါမှာ ရဟန်းတော်ဘက်က ဘာလုပ်ရမလဲ?

လာပုံစင်ကြယ်ခဲ့သော် ပြောသင့်သော စကား

တေန ဘိက္ခုနာ သော ဒူတော ဧဝမဿ ဝစနီယော။ (ဝိ၊၁၊၃၂၅။)

တေန ဘိက္ခုနာ = ထိုရဟန်းတော်က။ သော ဒူတော = ထိုတမန်သည် ကို။ ဧဝံ = ဤသို့။ ဝစနီယော = ပြောဆိုသင့် ပြောဆိုထိုက်သည်။ အဿ = ဖြစ်လေရာ၏။

အဲဒီအချိန်အခါမှာ ရဟန်းတော်ဘက်က ပြောသင့်တဲ့စကား မြတ်စွာဘုရားက သင်ပေးတယ်။ ဘယ်လိုပြောရမလဲ?

န ခေါ မယံ အာဝုသော စီဝရစေတာပန္နံ ပဋိဂ္ဂဏှာမ။ စီဝရဉ္စ ခေါ မယံ ပဋိဂ္ဂဏှာမ၊ ကာလေန ကပ္ပိယန္တိ။ (ဝိ၊၁၊၃၂၅။)

အာဝုသော = ငါ့ရှင်။ မယံ = ငါတို့သည်ကား။ စီဝရစေတာပန္နံ = သင်္ကန်း ဖိုးကို။ န ပဋိဂ္ဂဏှာမ = အလှူမခံယူကြပါကုန်။ ကာလေန ကပ္ပိယံ = သင့်တင့်လျောက်ပတ်တဲ့ အပ်တဲ့အချိန်အခါကာလ၌။ စီဝရဉ္စ ခေါ = သင်္ကန်းအား။ မယံ = ငါတို့သည်။ ပဋိဂ္ဂဏှာမ = အလှူခံယူကြပါကုန်၏။

တို့တော့ကွယ် - သင်္ကန်းဖိုးကိုတော့ တို့ရဟန်းတော်များ အလှူမခံကြဘူးကွယ့်။ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာဆိုရင်တော့ သင်္ကန်းတော့ အလှူခံပါတယ်။ ဒီလောက်တော့ ပြောကောင်းတယ်။ အဲဒါက ဘာကြောင့် ပြောကောင်းသလဲလို့မေးရင် လာပုံစင်ကြယ်နေလို့ ဖြစ်တယ်။

လာပုံမစင်ကြယ်ခဲ့သော် ငြင်းပယ်ရုံမျှသာ

လာပုံကိုက မင်း ဘုန်းကြီးဆီကို သွားပြီးတော့ ဒီသင်္ကန်းဖိုး လှူလိုက်ကွာ လို့ ပြောလိုက်တယ်။ တမန်ကလည်း အရှင်ဘုရားအတွက် ဒီသင်္ကန်းဖိုးကို ဆောင်ယူလာတယ်။ အရှင်ဘုရား အလှူခံပါလို့ ပြောရင် --- အဲဒါဆို မအပ် တော့ဘူး။ မအပ်တဲ့အတွက် အဲဒီအခါမှာ ဘာပြောရမလဲ? တို့သင်္ကန်းဖိုး အလှူမခံပါဘူး။ ဒီလောက်ပဲ ပြောရမယ်။ သင့်တင့်လျောက်ပတ်တဲ့ အချိန် အခါမှာ သင်္ကန်း အလှူခံတယ်ဆိုတဲ့ စကားမျိုး နောက်ထပ် မဆက်ရဘူး။

မူလ လာပုံတွေက နှစ်ခုလုံး မစင်ကြယ်ဖြစ်နေတယ်။ အလှူရှင်ဘက်ကလည်း မစင်မကြယ် ပြောလိုက်တယ်။ ကြားထဲက တမန်လုပ်တဲ့ ပုဂ္ဂိုလ် ကပ္ပိယကာရကကလည်း မလျှောက်ထားတတ်ဘူး။ နှစ်ခုလုံးမှာ မစင်မကြယ် ဖြစ်နေတယ်။ မစင်မကြယ်ဖြစ်တဲ့အတွက် အဲဒီလိုအခါမျိုးမှာ ရဟန်းတော် ဘက်က --- တို့ သင်္ကန်းဖိုး အလှူမခံပါဘူးလို့ ဒီလောက်ပဲ ပြောရတယ်။

တမန်က နားလည်ခဲ့သော်

သို့သော် မူလ ဒကာဘက်က စေခိုင်းလိုက်ပုံက စင်ကြယ်ခဲ့မယ်ဆိုရင် တော့ တမန်ရဲ့ ဆောင်ရွက်ချက်က မစင်ကြယ်တဲ့အတွက် တို့ သင်္ကန်းဖိုးတော့ အလှူမခံဘူးကွယ်။ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါကာလမှာ တော့ သင်္ကန်းတော့ အလှူခံပါတယ်လို့ ဒီလို ပြောကောင်းတယ်။ အဲဒီလို ပြောလိုက်တဲ့ အချိန်အခါမှာ ကပ္ပိယကာရကက ဒီတမန်က နားလည်ခဲ့မယ်ဆိုရင်တော့ ဟန်ကျတယ်။ နားမလည်ဘူးဆိုရင်တော့ သူ ဒီလောက်နဲ့ ပြန်သွားရင် ဘုန်းကြီး ဒီထက် ရှေ့ဆက်ခွင့် မရှိဘူးနော်။ ကဲ - သူက ဘယ်လို ပြောမလဲ?

သော စေ ဒူတော တံ ဘိက္ခုံ ဧဝံ ဝဒေယျ -- အတ္ထိ ပနာယသ္မတော ကောစိ ဝေယျာဝစ္စကရောတိ။ (ဝိ၊၁၊၃၂၅။)

သော ဒူတော = ထိုတမန်က။ တံ ဘိက္ခုံ = ထိုရဟန်းတော်ကို။ ဧဝံ = ဤသို့။ စေ ဝဒေယျ = အကယ်၍ လျှောက်ထားငြားအံ့။

သူက ဆက်ပြီးတော့ လျှောက်ထားတယ်။ မလျှောက်ဘဲနဲ့ ပြန်သွားရင် ဘာမှ ပြောခွင့် မရှိတော့ဘူး။ ဒါက ဇာတ်သိမ်းသွားပြီ။ ဒါပေမယ့် သူက နည်းနည်းပါးပါးကလေးတော့ နားလည်တဲ့ပုဂ္ဂိုလ် ဖြစ်နေရင်တော့ သူ ဆက်ပြီး တော့ လျှောက်ထားတယ်။ ဘယ်လိုလျှောက်ထားလဲ?

အတ္ထိ ပနာယသ္မတော ကောစိ ဝေယျာဝစ္စကရောတိ။

အာယသ္မတော = အရှင်ဘုရားအား။ ကောစိ = တစ်စုံတစ်ယောက်သော။ ဝေယျာဝစ္စကရော = ဝေယျာဝစ္စကို ပြုလုပ်နေတဲ့ပုဂ္ဂိုလ်သည်။ အတ္ထိ ပန = ရှိများရှိပါသလား?

အရှင်ဘုရားရဲ့ ဝေယျာဝစ္စကို ပြုလုပ်ဆောင်ရွက်ပေးနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက်များ ရှိပါသလားဘုရားလို့ သူက ဒီလို မေးကြည့်တယ်။ အဲဒီလို မမေးရင် ရဟန်းတော်က ဘာမှ ပြောခွင့်မရှိဘူးနော်။ တို့ သင်္ကန်းဖိုးတော့ အလှူမခံဘူးကွယ်။ သင်္ကန်းတော့ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ အလှူခံပါတယ်။ ဒီလောက်သာ ပြောရတယ်။ ဘယ်သူ့ကို ပေးခဲ့ပါဆိုတာ မပြောသင့်ဘူး။

ဝေယျာဝစ္စ ဆောင်ရွက်သူ ရှိပါသလား

ဒါပေမယ့် သူက နည်းနည်းကလေး နားလည်လိုက်တော့ အရှင်ဘုရားမှာ ဝေယျာဝစ္စ ဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ်တစ်ဦးဦးများ ရှိပါသလားလို့ သူက မေးခဲ့ရင်တော့ ဘာလုပ်ရမလဲ? အဲဒီလို မေးလိုက်တဲ့ အချိန်အခါကျ တော့မှ ---

စီဝရတ္ထိကေန ဘိက္ခဝေ ဘိက္ခုနာ ဝေယျာဝစ္စကရော နိဒ္ဒိသိတဗ္ဗော အာရာမိကော ဝါ ဥပါသကော ဝါ -- ဧသော ခေါ အာဝုသော ဘိက္ခူနံ ဝေယျာဝစ္စကရောတိ။ (ဝိ၊၁၊၃၂၅။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ စီဝရတ္ထိကေန ဘိက္ခဳနာ = သင်္ကန်း ကို အလိုရှိတဲ့ ရဟန်းတော်သည်။ အာရာမိကော ဝါ = အာရာမ်စောင့်ကိုသော်လည်းကောင်း။ ဥပါသကော ဝါ = ဥပါသကာကိုသော်လည်းကောင်း။ အာဝုသော = ငါ့ရှင် ...။ ဧသော ခေါ = ဤပုဂ္ဂိုလ်သည်ကား။ ဘိက္ခူနံ = ရဟန်းတို့၏။ ဝေယျာဝစ္စကရော = ဝေယျာဝစ္စကို ရွက်ဆောင်နေတဲ့ ပုဂ္ဂိုလ်ပါတည်း။ ဣတိ = ဤသို့ ပြောဆို၍။ ဝေယျာဝစ္စကရော = ဝေယျာဝစ္စကို ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ကို။ နိဒ္ဒိသိတဗ္ဗော = ညွှန်ပြသင့် ညွှန်ပြထိုက်ပေ၏။

အာရာမ်စောင့် တစ်ဦးဦးကိုသော်လည်းကောင်း, ဥပါသကာ ဒါယကာ တစ်ဦးဦးကိုသော်လည်းကောင်း --- ဥပါသကာဆိုတာကတော့ ရတနာသုံးပါး ကို ကိုးကွယ်ဆည်းကပ်နေတဲ့ပုဂ္ဂိုလ် --- ဘယ်ပုဂ္ဂိုလ်ကိုမဆို တစ်ယောက်ယောက်ကို ဒီပုဂ္ဂိုလ်ကတော့ ရဟန်းတွေရဲ့ ဝေယျာဝစ္စ အမှုကြီးငယ်ကို ရွက် ဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်ပဲလို့ ဒီလောက်တော့ ပြောကောင်းတယ်။ အဲဒီ လူထံမှာ ပေးခဲ့။ ဒီလောက်အထိ မပြောရဘူး။ ဒီပုဂ္ဂိုလ်သည် ရဟန်းသံဃာတွေရဲ့ ဝေယျာဝစ္စကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပဲလို့ --- ဒီလောက်တော့ ပြောသင့်တယ်။ ဒါက သူက ဝေယျာဝစ္စဆောင်ရွက်သူ ရှိပါသလားလို့ မေးလို့။

အဲဒီလို ရှိပါသလားလို့ မေးလို့ရှိရင် ဘယ်လိုပုဂ္ဂိုလ်က ဒီပုဂ္ဂိုလ်ဟာ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်တယ်လို့ ပြောသင့်သလဲလို့ မေး တော့ စီဝရတ္ထိကေန ဘိက္ခဝေ ဘိက္ခုနာ၊ သင်္ကန်းကို အလိုရှိတဲ့ရဟန်းက ပြောသင့်တယ်။ သင်္ကန်းကို အလိုမရှိဘူးဆိုရင် မပြောနဲ့တော့၊ ရတယ်။ ဘာမှ မဖြစ်ဘူး။ သင်္ကန်းကို အလိုမရှိဘူးဆိုလို့ရှိရင် ထိုရဟန်းတော်က ဝေယျာဝစ္စဆောင်ရွက်တဲ့ပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ်လို့ ပြောနေဖို့ မလိုဘူး။ မပြောလည်း ရတယ်။ အလိုရှိခဲ့မယ်ဆိုရင်တော့ ပြောမယ်ဆိုရင် ပြောသင့်တယ်။ ပြောပြီးတဲ့ အခါကျတော့ ဘာလုပ်သလဲ?

သော စေ ဒူတော တံ ဝေယျာဝစ္စကရံ သညာပေတွာ တံ ဘိက္ခုံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ -- ယံ ခေါ ဘန္တေ အာယသ္မာ ဝေယျာဝစ္စကရံ နိဒ္ဒိသိ သညတ္တော သော မယာ၊ ဥပသင်္ကမတု အာယသ္မာ ကာလေန၊ စီဝရေန တံ အစ္ဆာဒေဿတီတိ။ (ဝိ၊၁၊၃၂၅။)

သော ဒူတော = ထိုတမန်သည်။ တံ ဝေယျာဝစ္စကရံ = ထိုဝေယျာဝစ္စ ရွက်ဆောင်နေတဲ့ပုဂ္ဂိုလ်ကို။ သညာပေတွာ = အသိပေးပြီး၍။ တံ ဘိက္ခုံ = ထိုရဟန်းတော်ကို။ ဥပသင်္ကမိတွာ = ချဉ်းကပ်၍။ ဧဝံ = ဤသို့။ စေ ဝဒေယျ = အကယ်၍ လျှောက်ကြားငြားအံ့။

ရဟန်းတော်က ဘယ်ပုဂ္ဂိုလ်ဟာ ရဟန်းတွေရဲ့ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပဲလို့ ညွှန်လိုက်ပြီ။ ဘယ်ဒကာကြီး ဘယ်ဒကာမကြီးပေါ့။ အဲဒီလို ညွှန်လိုက်တဲ့အချိန်အခါမှာ ဒီတမန်ကလည်း ဒီဝေယျာဝစ္စ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်ထံ သွားပြီးတော့ အသိပေးလိုက်တယ်။ အသိပေးတယ်ဆိုတာကတော့ ဒီရဟန်းတော် အလိုရှိတဲ့အချိန်အခါမှာ သင်္ကန်း လှူဒါန်းပေးပါ ဆိုပြီး -- သူက သေချာသွားပြီး အပ်နှင်းပြီး ပြောပြီးပြီ။ ပြောပြီးတဲ့ အချိန်အခါကျတော့မှ သူက ရဟန်းတော်ထံ ပြန်လာပြီးတော့ လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားလဲ?

လျှောက်ထားမှ တောင်းခွင့်ရှိ

ဘန္တေ = အရှင်ဘုရား ...။ ယံ ခေါ ဝေယျာဝစ္စကရံ = အကြင် ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ကို။ အာယသ္မာ = အရှင်ဘုရားသည်။ နိဒ္ဒိသိ = ညွှန်ပြတော်မူပြီ။ သော = ထိုဝေယျာဝစ္စ ရွက်ဆောင်နေတဲ့ ပုဂ္ဂိုလ်ကို။ မယံ = ဘုရားတပည့်တော်သည်။ သညတ္တော = အသိပေး၍ ထားအပ်ပါပြီ။

သင်္ကန်းလှူဖို့ တပည့်တော် သေသေချာချာ မှာထားခဲ့ပြီးပါပြီ။

အာယသ္မာ = အရှင်ဘုရားသည်။ ကာလေန = သင့်တင့်လျောက်ပတ် သော အချိန်အခါကာလ၌။ ဥပသင်္ကမတု = ချဉ်းကပ်တော်မူပါ။

သင့်တင့်လျောက်ပတ်တဲ့အခါ သင်္ကန်းအလိုရှိတဲ့အခါပေါ့။

စီဝရေန = သင်္ကန်းဖြင့်။ တံ = အရှင်ဘုရားကို။ အစ္ဆာဒေဿတိ = ဖုံးလွှမ်းလှူဒါန်းပါလိမ့်မယ်။

အရှင်ဘုရား သင်္ကန်းအလိုရှိတဲ့ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ ဒီဒကာထံကို ချဉ်းကပ်တော်မူပါဘုရား။ ထိုဒကာက အရှင်ဘုရား အလိုရှိတဲ့ သင်္ကန်းကို ဖုံးလွှမ်းလှူဒါန်းပေးပါလိမ့်မယ်ဆိုပြီးတော့ သူက ဒီလို ပြန်ပြီးတော့ လျှောက်ထားတယ်။ တမန်ကလည်း မလျှောက်ဘူး။ ခုနက ကပ္ပိယကာရက လုပ်တဲ့ ပုဂ္ဂိုလ်ကလည်း လာမလျှောက်ဘူးဆိုရင် ရဟန်းတော်က ဘာမှ ပြုလုပ်ခွင့် မရှိဘူး။ လျှောက်ထားမှ ပြုလုပ်ခွင့်ရှိတယ်။

တစ်ဦးဦးကတော့ လျှောက်ထားရတယ်။ တမန်လုပ်တဲ့ပုဂ္ဂိုလ် သို့မဟုတ် အလှူရှင်ပုဂ္ဂိုလ်ကိုယ်တိုင်ကသော်လည်း လျှောက်ထားရတယ်။ သို့မဟုတ် ကပ္ပိယကာရကလုပ်တဲ့ပုဂ္ဂိုလ် သို့မဟုတ် ဝေယျာဝစ္စလုပ်တဲ့ ပုဂ္ဂိုလ်ကသော် လည်း လာပြီးတော့ လျှောက်ထားရတယ်။ နှစ်ဦးလုံးသော်လည်း လျှောက် ထားလို့ရှိရင် ပိုကောင်းတယ်နော်။ တစ်ယောက်ယောက်ကမှ ဝင်ပြီးတော့ မလျှောက်ထားခဲ့ရင် ဒီရဟန်းတော် ဘာမှ ဝင်ရောက်ပြီး တောင်းခံခွင့် မရှိဘူးတဲ့။ မတောင်းကောင်းဘူး။ ကဲ - ကောင်းပြီ။

ရဟန်းညွှန်းကပ္ပိယထံ တောင်း၍ မရရာ၌ ကျင့်ဝတ်

စီဝရတ္ထိကေန ဘိက္ခဝေ ဘိက္ခုနာ ဝေယျာဝစ္စကရော ဥပသင်္ကမိတွာ ဒွတ္တိက္ခတ္တုံ စောဒေတဗ္ဗော သာရေတဗ္ဗော -- အတ္ထော မေ အာဝုသော စီဝရေနာတိ။ (ဝိ၊၁၊၃၂၅။)

သင်္ကန်းအလိုရှိတဲ့ ရဟန်းက သင်္ကန်းအလိုရှိတဲ့ အချိန်အခါမှာ ခုနက ပြောထားတဲ့ အပ်နှင်းထားတဲ့ ဝေယျာဝစ္စ ဆောင်ရွက်ပေးနေတဲ့ ပုဂ္ဂိုလ်ထံ ချဉ်းကပ်ပြီးတော့ --

အတ္ထော မေ အာဝုသော စီဝရေနာတိ။

ဒကာ ဘုန်းကြီးတော့ သင်္ကန်း အလိုရှိတယ်။ ဒီလိုတော့ ပြောကောင်း တယ်။ သင်္ကန်းဝယ်ပေးပါ။ ဒီလို မပြောကောင်းဘူး။ သင်္ကန်း အလိုရှိတယ်။ ဒီလောက်တော့ ပြောကောင်းတယ်။ ဘယ်လောက် ပြောကောင်းသလဲမေးတော့ --- ဒွတ္တိက္ခတ္တုံ = နှစ်ကြိမ် သုံးကြိမ်ပေါ့။ စကား နည်းနည်းလေး လှအောင် ပြောတာ။ သုံးကြိမ် အများဆုံးပေါ့။

ဒွတ္တိက္ခတ္တုံ စောဒယမာနော သာရယမာနော တံ စီဝရံ အဘိနိပ္ဖာဒေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ အဘိနိပ္ဖာဒေယျ၊ စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတေန ဥဒ္ဒိဿ ဌာတဗ္ဗံ။ (ဝိ၊၁၊၃၂၅-၃၂၆။)

နှစ်ကြိမ်, သုံးကြိမ်အထိ သွားပြီးတော့ တောင်းလို့ရရင်ရ၊ မရဘူးဆိုလို့ရှိ ရင်တော့ လေးကြိမ်, ငါးကြိမ်, ခြောက်ကြိမ် သူ့အိမ်ရှေ့မှာ သွားပြီးတော့ ဘာမှ မပြောဘဲနဲ့ ဆွမ်းခံရပ်သလို ရပ်ခွင့်ရှိတယ်။ ဒီတော့ --- တောင်းရင် သုံးကြိမ်၊ ရပ်ရင် ခြောက်ကြိမ်ပေါ့။

ဒီတော့ --- အဲဒီဥစ္စာကို အဋ္ဌကထာများက ရှင်းထားတာကတော့ သုံးကြိမ်နဲ့ ခြောက်ကြိမ်ဆိုတော့ တစ်ကြိမ်တောင်းတာနဲ့ နှစ်ကြိမ်ရပ်တာနဲ့ ညီမျှနေတယ်။ ညီမျှတဲ့အတွက် တောင်းရုံသက်သက် တောင်းမယ်ဆိုရင် ခြောက်ကြိမ် တောင်းခွင့် ရှိတယ်။ ရပ်ရုံသက်သက် ရပ်မယ်ဆိုရင် (၁၂)ကြိမ်အထိ ရပ်ခွင့် ရှိတယ်။ ဒီလိုဆိုလိုတယ်နော်။ အဲဒီတော့ သုံးကြိမ်တောင်းခြင်း, ခြောက်ကြိမ်ရပ်ခြင်းဖြင့် သွားပြီးတော့ ရပ်တယ်။ ရပ်လိုက်တဲ့ အချိန် အခါမှာ ဘာဖြစ်လဲ?

စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတော ဥဒ္ဒိဿ တိဋ္ဌမာနော တံ စီဝရံ အဘိနိပ္ဖာဒေယျ၊ ဣစ္စေတံ ကုသလံ၊ တတော စေ ဥတ္တရိ ဝါယမမာနော တံ စီဝရံ အဘိနိပ္ဖာဒေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။ (ဝိ၊၁၊၃၂၆။)

လေးကြိမ်, ငါးကြိမ်, ခြောက်ကြိမ်လောက်အထိ ရပ်လိုက်လို့ ဒီဒကာက ဒီသင်္ကန်းလှူခဲ့ရင်တော့ ကောင်းတယ်။ မလှူဘူး၊ သင်္ကန်း မရဘူး။ သင်္ကန်း မရဘူးဆိုလို့ရှိရင် ထို့ထက်အလွန် ထပ်ပြီးတော့ သွားပြီးတော့ တောင်းခြင်း, ထိုထက်အလွန် သွားပြီးတော့ ရပ်ခြင်း မလုပ်ပါနဲ့တဲ့။ လုပ်ခဲ့လို့ ဒီသင်္ကန်း ရခဲ့ရင် ဒီသင်္ကန်းသည် နိဿဂ္ဂိ = စွန့်ခြင်းဝိနည်းကံ ရှေးရှိတဲ့ သင်္ကန်း။ ရဟန်း တွေနဲ့ မအပ်တော့ဘူး။ ဒီတော့ သုံးကြိမ်ထက် ပိုပြီး မတောင်းနဲ့။ ခြောက်ကြိမ် ထက် ပိုပြီး မရပ်နဲ့။ ဒါ တောင်းတာနဲ့ ရပ်တာ နှစ်ခုပေါင်းရင်။

တစ်ခုစီဆိုလို့ရှိရင် ခြောက်ကြိမ်ထက် ပိုပြီး မတောင်းနဲ့။ (၁၂)ကြိမ်ထက် ပိုပြီး မရပ်နဲ့။ ဒါ ရပ်တာသက်သက် တောင်းတာသက်သက်ဖြစ်ခဲ့ရင်။ အဲဒီထက် ပိုလွန်ပြီးတော့ တောင်းခဲ့လို့ ရပ်ခဲ့လို့ သင်္ကန်းရခဲ့မယ်ဆိုရင် ဒီသင်္ကန်းသည် မအပ်တော့ဘူး။ အဲဒီသင်္ကန်း နိဿဂ္ဂိထိုက်ပြီ။ စွန့်ရမယ်။ စွန့်ပြီးတော့မှ ဒီအာပတ်ကို ဒေသနာကြားရတော့မယ်။ အဲဒီတော့ ဇာတ်ကြောင်းလေး ဆုံးအောင် နည်းနည်းကလေး ထပ်ပြောလိုက်မယ်။

နော စေ အဘိနိပ္ဖာဒေယျ၊ ယတဿ စီဝရစေတာပန္နံ အာဘတံ၊ တတ္ထ သာမံ ဝါ ဂန္တဗ္ဗံ ဒူတော ဝါ ပါဟေတဗ္ဗော -- ယံ ခေါ တုမှေ အာယသ္မန္တော ဘိက္ခုံ ဥဒ္ဒိဿ စီဝရစေတာပန္နံ ပဟိဏိတ္ထ၊ န တံ တဿ ဘိက္ခုနော ကိဉ္စိ အတ္ထံ အနုဘောတိ၊ ယုဉ္ဇန္တာယသ္မန္တော သကံ၊ မာ ဝေါ သကံ ဝိနဿာတိ၊ အယံ တတ္ထ သာမီစိ။ (ဝိ၊၁၊၃၂၆။)

သုံးကြိမ်တောင်းလို့လည်း မရဘူး၊ ခြောက်ကြိမ်ရပ်လို့လည်း မရဘူး။ သို့မဟုတ် တောင်းရုံ တောင်းရင် ခြောက်ကြိမ်၊ ရပ်ရုံ ရပ်ရင် (၁၂)ကြိမ်။ အဲဒီပုံစံစနစ်နဲ့လည်း သင်္ကန်းက မရဖြစ်နေပြီဆိုရင်တော့ ဘာလုပ်ရမလဲ? မူလသင်္ကန်း အလှူခိုင်းလိုက်တဲ့ ဒကာထံကို အကြောင်းကြားရမယ်။ ဒါ ဝတ္တရားပဲ။

ဒကာကြီးတွေ ... ဒကာကြီးတွေ လှူဒါန်းလိုက်တဲ့ သင်္ကန်းကတော့ မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ ပြီးစီးစေနိုင်တဲ့ စွမ်းအား မရှိဘူး။ ဒါကြောင့် ဒကာတို့ပစ္စည်း မပျက်စီးစေပါနဲ့။ မိမိတို့ရဲ့ ပစ္စည်းကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပေတော့ဆိုပြီး အဲဒီ ဒကာထံကို အကြောင်း ကြားရတယ်။ ဒါက ဝတ္တရားပဲ။ အကြောင်းမကြားရင်တော့ ဝတ္တရား ပျက်ကွက်တဲ့အတွက် ရဟန်းမှာ ဒုက္ကဋ်အာပတ်သင့်စေဆိုပြီး မြတ်စွာဘုရား သိက္ခာပုဒ် ပညတ်ထားတယ်။ ဒီလောက်ပဲ ဘုန်းကြီးတို့ ရဟန်းတော်ဘက်က ဆောင်ရွက်ခွင့်ရှိတယ်။

အဲဒီမှာ သုံးကြိမ်တောင်းရတယ်၊ ခြောက်ကြိမ်ရပ်ရတယ်။ သို့မဟုတ် တောင်းရုံ တောင်းရင် ခြောက်ကြိမ်၊ ရပ်ရုံ ရပ်ရင် (၁၂)ကြိမ်။ ဘာဖြစ်လို့လဲ? ရဟန်းက ညွှန်ကြားတဲ့ ကပ္ပိယဖြစ်နေလို့ပဲ။ ဒါ ပြောချင်တာ။

အဲဒီတော့ ကျောင်းမှာလာပြီးတော့ ခုနကလိုပေါ့။ ဆွမ်းလှူချင်တယ်, သင်္ကန်းလှူချင်တယ်, ဆေးလှူချင်တယ် ဆိုကြပါစို့။ အရှင်ဘုရား ကပ္ပိယကာရက မရှိဘူးလား? တချို့က နည်းနည်းလေးတော့ ကတ်သတ်တယ်။ ဘုန်းကြီးကလည်း သိပ်မပြောချင်ဘူး။ သူလည်း ကပ္ပိယ ဘယ်သူဆိုတာ သိပါတယ်။ သိလျက်သားနဲ့ လာပြီး ဘုန်းကြီးကို သက်သက် မေးနေတာ ခက်ပုံက။ ဟုတ်တယ်မဟုတ်လား။ ကပ္ပိယကာရက မရှိဘူးလားဘုရား ဩော် - ရှိပါတယ်၊ အောက်မှာ ကပ္ပိယ ဒီလောက်တော့ ပြောလိုက်ပါတယ်။

အဲဒီတော့ အဲဒီလို ကပ္ပိယကာရက ဘယ်သူ ဘယ်သူလို့ ဘုန်းကြီးက ညွှန်လိုက်ရင် တောင်းသည့်အခါ မရခဲ့သော် သုံးကြိမ်ထက် ပိုမတောင်းရဘူး။ ခြောက်ကြိမ်ထက် ပိုမရပ်ရဘူး။ ဒီစည်းကမ်း လိုက်နာရတယ်။ ဘုန်းကြီးက ညွှန်တဲ့ ကပ္ပိယ မဟုတ်ဘူး။ ဒကာက သူ့ဟာသူ သိလို့ ခေါ်လာခဲ့တယ်။ သူ့ဟာသူ ကျေနပ်လို့ မိမိ နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ့။ ကပ္ပိယကာရက အဖြစ်နဲ့ ခေါ်လာခဲ့ပြီ။

ဒီကပ္ပိယကာရကထံမှာ အရှင်ဘုရား ရဟန်းတို့နဲ့ အပ်သောပစ္စည်း အလှူခံတော်မူပါ။ တစ်ထောင်တန် အပ်တဲ့ပစ္စည်း အလှူခံတော်မူပါ။ တစ်ရာတန် အပ်တဲ့ပစ္စည်း အလှူခံတော်မူပါ။ လျှောက်တယ်။ သို့မဟုတ် သင်္ကန်း အလိုရှိခဲ့ရင် အလှူခံတော်မူပါ။ ဆွမ်းအလိုရှိခဲ့ရင် အလှူခံတော်မူပါ။ ဆေးပစ္စည်း အလိုရှိခဲ့ရင် အလှူခံတော်မူပါ။ လျှောက်တယ်။ အဲဒီလို ကပ္ပိယကာရကမျိုးကို ရဟန်းညွှန်းလို့ မခေါ်တော့ဘူး။ အလှူရှင်ကိုယ်တိုင်က ညွှန်ကြားထားတဲ့ ကပ္ပိယကာရက ဖြစ်တယ်။ ဒကာညွှန်းတဲ့ ကပ္ပိယ ဖြစ်တယ်။

အဲဒီ ဒကာညွှန်းတဲ့ ကပ္ပိယကာရကဖြစ်ရင်တော့ သုံးကြိမ်တောင်းရုံတွင် မကဘူး။ ခြောက်ကြိမ်ရပ်ရုံတွင် မကဘူး။ မရမခြင်းတောင်းလည်း ရတယ်။ ဘယ်နှစ်ကြိမ်တောင်းတောင်း ဘယ်နှစ်ကြိမ်ရပ်ရပ် ရနိုင်တယ်။ ဒါကြောင့် ကပ္ပိယကာရကလုပ်တဲ့ ပုဂ္ဂိုလ်က သို့မဟုတ် အလှူရှင်လုပ်တဲ့ ပုဂ္ဂိုလ်က မိမိ စိတ်ကြိုက် ကပ္ပိယကာရကထံ အပ်နှံပြီးတော့ အပ်သောပစ္စည်းတွေကို ငါ လှူဒါန်းစေမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဒီရေစက်ခွက်ထဲ ထည့်ရင်တော့ အပြစ် မဖြစ်နိုင်ပါဘူး။ ရဟန်းရဲ့ ပယောဂလည်း မပါခဲ့ရင် ဘာမှ အပြစ်မဖြစ် ပါဘူး။

အဲဒီတော့ ရေစက်ခွက်ထဲက ပစ္စည်းကို ကပ္ပိယကာရကထံ အပ်နှံပြီး တော့ ရဟန်းတော်တွေနဲ့ အပ်တဲ့ပစ္စည်း လှူဒါန်းပေးပါလို့ သူ့ဖာသူ ပြောသွားရင်တော့ --- ဒါ ရဟန်းနဲ့လည်း လွတ်သွားပါတယ်။ ရဟန်းဘက်က ဘာမှ မပြောမဆိုရင် ကိစ္စပြီးပါတယ်။

မစွန့်ဘဲ အာပတ်ကုစားလို့ မရ

ဒီတော့ ဒီရွှေငွေနဲ့ ပတ်သက်ပြီးတော့ အကယ်၍ အလှူခံမိပြီထား တော့။ အလှူခံမိရင် ဒီရွှေငွေကို စွန့်ရတယ်။ အလှူခံပြီးလို့ရှိရင်လည်း ဒီရွှေငွေနဲ့ ဝယ်ခြမ်းခဲ့ရင် ဝယ်ခြမ်းထားတဲ့ ပစ္စည်းကို စွန့်ရတယ်။ မစွန့်မခြင်း ဒီအာပတ် ကုစားလို့ ဘယ်တော့မှ မထဘူး။ ဒီအာပတ် ဘယ်တော့မှ မစင် ကြယ်နိုင်ဘူး။

ကျန်ရဟန်းတော်များအတွက် အပ်အောင်စွန့်ပုံ

အဲဒါကြောင့် ဒီရွှေငွေကို စွန့်တဲ့အခါ သို့မဟုတ် ဒီရွှေငွေဖြင့် ဝယ်ခြမ်း ထားတဲ့ ပစ္စည်းကို စွန့်တဲ့အပိုင်းမှာ ဘယ်မှာ စွန့်ရမလဲ? လူဒကာ တစ်ဦးဦး ကိုလည်း မြတ်စွာဘုရား စွန့်ခွင့် မပေးထားဘူး။ ရဟန်းတော် တစ်ပါးပါး ကိုလည်း စွန့်ခွင့် မပေးထားဘူး။ ဒါဟာ မအပ်တဲ့ပစ္စည်း ဖြစ်နေတယ်။ ဘယ်မှာ စွန့်ရမလဲမေးတော့ --- သံဃမဇ္ဈေ = သံဃာအလယ်မှာ စွန့်ရမယ်။ သံဃာကို စွန့်တာ မဟုတ်ဘူး။ သံဃာအလယ်မှာ စွန့်တာ။

အဲဒီတော့ သံဃာတော်များရှိတဲ့အလယ် သွားပြီးတော့ ဒီပစ္စည်းက မအပ်တဲ့ပစ္စည်း ဖြစ်နေတဲ့အတွက် သံဃာအလယ်မှာ သူက စွန့်ပြီ။ စွန့် လိုက်တဲ့ အချိန်အခါကျတော့ ဘာထူးသလဲလို့မေးတော့ မြတ်စွာဘုရား အနေနဲ့က ဒီနေရာမှာ ရွှေငွေကို အလှူခံတဲ့ ရဟန်းမှတစ်ပါး ကျန်တဲ့ ရဟန်းတော်များကို အပ်တဲ့နည်းပရိယာယ်တစ်ခုနဲ့ ခွင့်ပြုချင်လို့ မြတ်စွာဘုရား သံဃာအလယ်မှာ စွန့်ခိုင်းတယ်လို့ ဒီလို သတ်မှတ်ချက် ရှိပါတယ်။ အဲဒီတော့ သံဃာကို စွန့်မယ်ဆိုလည်း မအပ်ဘူး။ ဂိုဏ်းကို စွန့်မယ်ဆိုလည်း မအပ်ဘူး။

နိဿဇ္ဇိတဗ္ဗံ သံဃဿ ဝါ ဂဏဿ ဝါ ပုဂ္ဂလဿ ဝါတိ န ဝတ္တဗ္ဗံ။ (ဝိ၊ဋ္ဌ၊၂၊၂၇၀။)

ဒီရွှေငွေကို တပည့်တော် သံဃာကို စွန့်ပါတယ်။ ဂိုဏ်းကို စွန့်ပါတယ်။ ပုဂ္ဂိုလ်တစ်ပါးပါးကို စွန့်ပါတယ်လို့ မပြောကောင်းဘူး။ သံဃာအလယ်မှာ သာလျှင် စွန့်ရတယ်။ သံဃာအလယ်မှာ စွန့်ခြင်းဝိနည်းကံ ရှိတယ် ဆိုကြပါစို့။ သံဃာအလယ်မှာ စွန့်ပြီးပြီ။ စွန့်ပြီးလိုက်တဲ့အချိန်အခါကျတော့ ဘာလုပ်ရ သလဲ? ကပ္ပိယကာရက တစ်ဦးဦး လာပြီဆိုကြစို့နော်။

ကပ္ပိယကာရက တစ်ဦးဦး လာခဲ့မယ်ဆိုလို့ရှိရင် ဒါယကာ ... ဒီပစ္စည်းကတော့ သံဃာက မအပ်လို့ စွန့်ထားတဲ့ပစ္စည်းဖြစ်တယ်လို့ ဒီလောက်တော့ ပြောကောင်းပါတယ်။ ဒကာ ဒီပစ္စည်း ယူဆောင်သွား၊ ပြီးတဲ့ အခါ ဆန်တို့ ဆီတို့ အပ်အောင် ယူဆောင်ခဲ့။ ဒီလိုတော့ မပြောကောင်းဘူး။ ဒီပစ္စည်းသည် ရဟန်းတော်တို့က မအပ်လို့ စွန့်ပစ်ထားတဲ့ပစ္စည်း ဖြစ်တယ် လို့ ဒီလောက်တော့ ပြောရတယ်။

အဲဒီလို ပြောလိုက်တဲ့ အချိန်အခါမှာ ကပ္ပိယကာရက ရွက်ဆောင်ပေးမယ့် ပုဂ္ဂိုလ်ကလည်း ဝိနည်းနားလည်လို့ သူက အရှင်ဘုရား ရဟန်း တော်တွေနဲ့ ဘယ်လိုပစ္စည်းများ အပ်စပ်ပါသလဲလို့ မေးမြန်းခဲ့ရင် ရဟန်း တော်တွေနဲ့ အပ်တဲ့ပစ္စည်းက ဆန်တော့ အပ်တယ်၊ ဆီတော့ အပ်တယ်။ စသည်ဖြင့် ဒီလိုတော့ ပြောကောင်းပါတယ်။ အဲဒီလို မမေးမြန်း မလျှောက် ထားခဲ့ဘူးဆိုရင် မပြောကောင်းပါဘူးနော်။ အဲဒီတော့ မေးမြန်းလျှောက်ထား လို့ရှိရင် ဆန်တော့ အပ်တယ်၊ ဆီတော့ အပ်တယ်ပြောလို့ ဒီဒကာက ဆန်တွေ ယူလာပြီဆိုကြစို့။ ယူလာတဲ့ အချိန်အခါမှာ ဘာလုပ်ရမလဲ။

ရွှေငွေကို မူလလက်ခံသော ရဟန်းအား မအပ်

ရူပိယပဋိဂ္ဂါဟကံ ဌပေတွာ သဗ္ဗေဟေဝ ပရိဘုဉ္ဇိတဗ္ဗံ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

ရွှေငွေကို မူလအလှူခံတဲ့ ရဟန်းတော်မှတစ်ပါး ကျန်နေတဲ့ ရဟန်းတော်တွေအားလုံး သုံးစွဲမယ်ဆိုရင် သုံးစွဲခွင့်ရှိတယ်။ အပ်တယ်လို့ ဘုရားက ဟောတယ်။ ရွှေငွေကတော့ မအပ်ဘူးနော်။ ရွှေငွေကို ကပ္ပိယကာရက လုပ်တဲ့ပုဂ္ဂိုလ်ကနေ ဆန်ကို သွားပြီးတော့ ဖလှယ်လိုက်ပြီ။ ဆန်ကို ယူလာခဲ့ပြီ။ ကျောင်းရောက်ပြီဆိုကြစို့။ ဘယ်လိုဝေဖန်ရမလဲ? ဒီအပိုင်းနဲ့ ပတ်သက်ပြီး တော့ အဋ္ဌကထာက ဖွင့်ထားတယ်နော်။

ရူပိယပဋိဂ္ဂါဟကံ ဌပေတွာ သဗ္ဗေဟေဝ ပရိဘုဉ္ဇိတဗ္ဗန္တိ သဗ္ဗေဟိ ဘာဇေတွာ ပရိဘုဉ္ဇိတဗ္ဗံ။ ရူပိယပဋိဂ္ဂါဟကေန ဘာဂေါ န ဂဟေတဗ္ဗော။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

ရွှေငွေကို မူလလက်ခံလိုက်တဲ့ ရဟန်းတော်ကတော့ မသုံးဆောင်ကောင်းဘူး။ အဲဒီပစ္စည်းကို ကျန်နေတဲ့ ရဟန်းတော်တွေအားလုံး သုံးဆောင် ပိုင်ခွင့် ရှိတယ်။ ခွဲခြမ်းဝေဖန်ခွင့်ရှိတယ်။ ခွဲခြမ်းဝေဖန်လိုက်ပြီ။ ဝေလိုက်တဲ့ အချိန်အခါမှာ တစ်ဖို့တစ်စုကိုတောင်မှ ရွှေငွေအလှူခံတဲ့ ရဟန်းတော်က မယူသင့်ဘူး။ သူမှတစ်ပါး တခြားတခြား ရဟန်းတွေ ယူအပ်တယ်။

အညေသံ ဘိက္ခူနံ ဝါ အာရာမိကာနံ ဝါ ပတ္တဘာဂမ္ပိ လဘိတွာ ပရိဘုဉ္ဇိတုံ န ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

ဟော လာပြန်ပြီ။

အညေသံ ဘိက္ခူနံ ဝါ = အခြားသော ရဟန်းတော်တို့၏လည်းကောင်း။ အာရာမိကာနံ ဝါ = အာရာမ်စောင့်တို့၏လည်းကောင်း။ ပတ္တဘာဂမ္ပိ = ရောက်ရှိလာသော အဖို့အစုကိုသော်လည်းပဲ။ လဘိတွာ = ထိုရွှေငွေ အလှူခံတဲ့ ရဟန်းက ရရှိခဲ့သည်ရှိသော်။ ပရိဘုဉ္ဇိတုံ = သုံးဆောင်အပ်သောငှာ။ န ဝဋ္ဋတိ = မအပ်ပေ။

ခွဲခြမ်းဝေဖန်လိုက်တဲ့အခါ ကပ္ပိယကာရက ဝေယျာဝစ္စဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေက ကျောင်းထဲမှာ လူဒကာတွေလည်း ရှိတယ်၊ ရဟန်းတွေလည်း ရှိတယ်။ လူတွေကိုလည်း တစ်ဖို့တစ်စု ပေးနိုင်တယ်။ ကပ္ပိယကာရကလုပ်တဲ့ ပုဂ္ဂိုလ် ဝေယျာဝစ္စဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် ပေးနိုင်တယ်။ တစ်ဖို့တစ်စု ပေးလိုက်တဲ့ အချိန်အခါကျတော့ ရဟန်းတွေရဲ့ အဖို့အစုထဲကလည်း မူလ ရွှေငွေကို အလှူခံတဲ့ရဟန်း သုံးစွဲခွင့် မရှိဘူး။ အာရာမ်စောင့် အစရှိတဲ့ ရဟန်း တော်တွေကို အပ်စပ်အောင် ပြုလုပ်ပေးနေတဲ့ ကပ္ပိယကာရက တစ်ဦးက လည်း သူလည်း အဖို့အစု ရရှိတယ်ဆိုကြစို့။

အဲဒီ အဖို့အစုကိုလည်း မူလရွှေငွေ အလှူခံတဲ့ရဟန်း သုံးစွဲခွင့် မရှိဘူး။ အဲဒီရဟန်းနဲ့ မအပ်ဘူး။ ဒီတော့ အဲဒီစကားကလေး စဉ်းစားကြည့်ပါ။ ခုနက အာရာမ်စောင့်ကို ဆန်ဖြစ်လာတဲ့ အချိန်အခါမှာ အာရာမ်စောင့်လည်း ဝေပုံကျစနစ်အရ သူ တစ်ပုံရပြီ။ သူပိုင်ပစ္စည်း ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။လူ့လက်ထဲ ရောက်သွားပြီ။ ရောက်သွားတဲ့ ဒီပစ္စည်းကိုသော်လည်း မူလ ရွှေငွေအလှူခံတဲ့ ရဟန်းသည် အပ်သလား? မအပ်ဘူး။

ဒါကြောင့် မနေ့က ပတ္တစတုက္ကထဲမှာ သာရတ္ထဒီပနီဋီကာဆရာတော်ရဲ့ စကားကို သိပ်ပြီး မကြိုက်ကြဘူးလို့ ပြောတယ်။ ဒီအချက်ပဲ။ မူလက ရွှေငွေကို အလှူခံထားတဲ့ ရဟန်းက ---

န သက္ကာ ကေနစိ ဥပါယေန ကပ္ပိယော ကာတုံ။ (ဝိ၊ဋ္ဌ၊၂၊၂၇၇။)

ဆိုပြီး အဋ္ဌကထာက ဖွင့်ထားတယ်။ မည်သည့်နည်းနှင့်မျှ အပ်အောင်ပြုခြင်းငှာ မတတ်ကောင်းတော့ဘူးလို့ အဋ္ဌကထာက ဖွင့်ထားတယ်။ သီတင်းသုံးဖော်ငါးဦးအတွင်း လှည့်လည်နေသမျှလို့သာ သာရတ္ထဒီပနီဋီကာဆရာတော်က ဖွင့်တယ်။ သီတင်းသုံးဖော် ငါးဦးတို့ရဲ့ ပြင်ဘက်ကို ရောက်သွားမယ် ဆိုရင်တော့ လူပိုင်ပစ္စည်း ဖြစ်ခဲ့ရင် ထို လူဒကာ, ဒကာမတွေက သူတို့ပိုင် ပစ္စည်းအနေနဲ့ လှူခဲ့မယ်ဆိုရင်တော့ အပ်လောက်တယ်လို့ သူက ဆုံးဖြတ် တယ်။

သို့သော်လည်း အဋ္ဌကထာစကားကို ကြည့်လိုက်မယ်ဆိုရင် အာရာမ်စောင့်လက်ထဲ ရောက်သွားပြီ။ သူပိုင်တဲ့ ဆန်ဖြစ်သွားပြီ။ ဒီဆန်ကို မူလရွှေငွေ အလှူခံတဲ့ ရဟန်း အပ်သလား? မအပ်ဘူး။ သီတင်းသုံးဖော်ငါးဦး ပြင်ပကို ရောက်ရှိသွားပြီ။ ဒကာ, ဒကာမက သူပိုင်နေတဲ့ ဆန်ကို သူပိုင်ပစ္စည်းအဖြစ်နဲ့ လှူတာ မအပ်ဘူး။ ဒါကြောင့် ဒီသိက္ခာပုဒ်က တော်တော်ကလေး သတိထား ဖွယ် ဖြစ်ပါတယ်။

ပံသုကူအဖြစ်တောင်မှ မအပ်

ကဲ - နောက်တစ်ခု --- ဘယ်လောက်အထိ မအပ်တယ်ဆိုတာနဲ့ ပတ်သက်လို့ အဋ္ဌကထာက ဆက်ဖွင့်ထားတယ်။

အန္တမသော မက္ကဋာဒီဟိ တတော ဟရိတွာ အရညေ ဌပိတံ ဝါ တေသံ ဟတ္ထတော ဂဠိတံ ဝါ တိရစ္ဆာနဂတပရိဂ္ဂဟိတမ္ပိ ပံသုကူလမ္ပိ န ဝဋ္ဋတိယေဝ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

အောက်ထစ်ဆုံးအားဖြင့် ပြောမယ်။ မျောက်စတဲ့ သတ္တဝါတွေက ဒီအာရာမ်စောင့်ထံကနေ စောစောက ပြောခဲ့တဲ့ ပစ္စည်းက သရက်သီးတို့လို ပစ္စည်းမျိုး ဆိုကြပါစို့။ ဒီအာရာမ်စောင့်ထံကနေ ဒီမျောက်စတဲ့ သတ္တဝါတွေက မသိအောင် ခိုးပြီး ချီပြီးတော့ ထွက်ပြေးသွားပြီ။ တောထဲမှာ သွားပြီးတော့ ထားတယ်။ အဲဒီတောထဲမှာ မျောက်တွေက ထားထားတဲ့ ဒီပစ္စည်းလည်း ဒီရဟန်း မအပ်သေးဘူး။

နောက်တစ်ခု --- မျောက်လက်ထဲကနေ ချော်ပြီးတော့ တစ်နေရာ ကျသွားတယ်။ အဲဒီ ကျသွားတဲ့ပစ္စည်းကလည်း မအပ်သေးဘူး။ အဲဒီကျတဲ့ ပစ္စည်းကို တိရစ္ဆာန်တစ်ကောင်ကောင်ကနေပြီး သိမ်းပိုက်တယ်။ သိမ်းပိုက် ထားတဲ့ ဒီပစ္စည်းကို ပံသုကူအဖြစ်နဲ့ သွားကောက်ပြီး သုံးဆောင်တောင် မအပ်သေးဘူး။ ဒီသရက်သီး မူလသရက်သီးပဲဖြစ်ဖြစ် ဒီရွှေငွေကနေ ပြန်ပြီး တော့ လဲလှယ်ထားတဲ့ ဒီသရက်သီးဖြစ်ခဲ့ရင် မူလအလှူခံထားတဲ့ ရဟန်း မအပ်သေးဘူး။ ဒီလောက်အထိ သူက ဖော်ပြထားတယ်။ နောက်တစ်ခု --

မအပ်ပုံ အဆက်ဆက်

တတော အာဟဋေန ဖာဏိတေန သေနာသနဓူပနမ္ပိ န ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

အဲဒီရွှေငွေ အလှူခံလိုက်ပြီ။ သံဃာအလယ်မှာ ဒီရွှေငွေကို စွန့်လိုက်ပြီ။ စွန့်ပြီးတဲ့ အချိန်အခါမှာ ကပ္ပိယကာရကက ရဟန်းတော်များ ဘာအပ်ပါ သလဲလို့မေးတယ်။ မေးလိုက်တဲ့ အချိန်အခါမှာ တင်လဲအပ်တယ် ဆိုကြပါစို့။တင်လဲအပ်တယ် ပြောလိုက်လို့ တင်လဲတွေ ယူလာပြီပဲ ဆိုကြစို့။ ဝေပုံကျ ဝေလိုက်ပြီ။ ကပ္ပိယကာရက ရတယ်။ ရလိုက်တဲ့ အဖို့အစုကို မူလရွှေငွေ အလှူခံထားတဲ့ရဟန်း သုံးစွဲခွင့် မရှိဘူး။ အကယ်၍ ကပ္ပိယကာရကက ဒီတင်လဲကို မူလရွှေငွေအလှူခံတဲ့ ရဟန်းကို လှူလိုက်တယ်။ လှူပြီးတော့ ဒီရဟန်းတော်က ဒီတင်လဲဖြင့် ကျောင်းကို သုတ်လိုက်တယ်ပဲ ဆိုကြစို့။ ဘာရည်ရွယ်ချက်ဖြင့် ရှေးတုန်းက သုတ်တယ်တော့ မပြောတတ်ဘူး။ ခန့်မှန်းခြေ အရတော့ မြေညက်ကာတဲ့ ကျောင်းကလေးတွေနဲ့ တူပါတယ်နော်။ တင်လဲနဲ့ သုတ်ပြီ ထားပါတော့။ အဲဒီသုတ်လိုက်တဲ့ ကျောင်းလည်း ဒီရဟန်းတော်အဖို့ မအပ်တော့ဘူး။

သပ္ပိနာ ဝါ တေလေန ဝါ ပဒီပံ ကတွာ ဒီပါလောကေ နိပဇ္ဇိတုံ ကသိဏပရိကမ္မမ္ပိ ကာတုံ၊ ပေါတ္ထကမ္ပိ ဝါစေတုံ န ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

သပ္ပိနာ ဝါ = ထောပတ်နှင့်လည်းကောင်း။ တေလေန ဝါ = ဆီဖြင့်လည်းကောင်း။ ပဒီပံ ကတွာ = ဆီမီးညှိထွန်း၍။ ဒီပါလောကေ = ဆီမီးရောင်အတွင်း၌။ နိပဇ္ဇိတုံ = အိပ်ရန်သောငှာမူလည်း။ န ဝဋ္ဋတိ = မအပ်ပေ။

အဲဒီဆီ ကပ္ပိယကာရကလက်ထဲ ရောက်ပြီပဲထား၊ သို့မဟုတ် ဒီပုဂ္ဂိုလ်က မနေနိုင်လို့ ဝေပုံကျယူတယ်ပဲထားတော့။ အဲဒီဆီတို့, အဲဒီထောပတ်တို့နဲ့ ဆီမီးညှိထွန်းလိုက်တယ်။ အဲဒီဆီမီးရောင်ထဲမှာ အိပ်မယ်ဆို မအိပ်ကောင်း ဘူး။ ဒါက တစ်ချက်။ ဒါကတော့ အိပ်တဲ့ ဣရိယာပုထ် ပြောတာပါ။ ထိုင်တဲ့ ဣရိယာပုထ်လည်း ပုံစံတူပဲ။ နောက်တစ်ခု ---

ကသိဏပရိကမ္မမ္ပိ = ကသိုဏ်းပရိကံကိုလည်းပဲ။ ကာတုံ = ပြုလုပ်အပ်သောငှာလည်း။ န ဝဋ္ဋတိ = မအပ်ပေ။

ဒီဆီမီးရောင်ကလေးနဲ့ ရှေးခေတ်တုန်းက အာလောကကသိုဏ်း ပွားပြီဆိုရင် ဒီဆီမီးကလေးကို အိုးတစ်လုံးထဲ ထည့်။ ထည့်ပြီးတော့ အိုးဝကို နံရံဖြူနေတဲ့ဘက်ကို လှည့်ပြီးတော့ ထားလိုက်တယ်။ ဆီမီးရောင်က နံရံမှာ အဝိုင်းလိုက်အတိုင်း သွားပြီးတော့ ထင်နေတယ်။ အာလောကကသိုဏ်း ပွားချင်ရင်။ အဲဒီလို ကသိုဏ်းပရိကံသော်လည်း ဒီဆီမီးရောင်နဲ့ သွားပြီး ပွားများမယ်ဆိုတောင် မပွားများကောင်းဘူး။

နောက်တစ်ခု ---

ပေါတ္ထကမ္ပိ ဝါစေတုံ န ဝဋ္ဋတိ။

ပေါတ္ထကမ္ပိ = စာပေကျမ်းဂန်ကိုသော်လည်းပဲ။ ဝါစေတုံ = ပို့ချအပ်သောငှာ။ န ဝဋ္ဋတိ = မအပ်ပေ။

ဒီဆီမီးရောင်ထဲမှာ ထိုင်ပြီးတော့ တပည့်သားမြေးတွေကို ခုလိုစာပေပို့ချတဲ့ပုံစံ တရားဟောတဲ့ပုံစံမျိုးနဲ့ စာအုပ်ကြည့်ပြီးတော့ စာပေပို့ချမယ်ဆိုရင် လည်း မအပ်သေးဘူး။

တေလမဓုဖာဏိတေဟိ ပန သရီရေ ဝဏံ မက္ခေတုံ န ဝဋ္ဋတိယေဝ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

ဆီတို့ ပျားတို့ တင်လဲတို့ စတဲ့ အရာဝတ္ထုတွေ ယူဆောင်ခဲ့မယ်ဆိုရင် အဲဒီဆီတွေ ပျားတွေ တင်လဲတွေနဲ့ အနာပေါက်နေတဲ့ သူ့ခန္ဓာကိုယ်ကို လိမ်းကျံမယ်ဆိုတောင် မအပ်သေးဘူး။

တေန ဝတ္ထုနာ မဉ္စပီဌာဒီနိ ဝါ ဂဏှန္တိ၊ ဥပေါသထာဂါရံ ဝါ ဘောဇနသာလံ ဝါ ကရောန္တိ၊ ပရိဘုဉ္ဇိတုံ န ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

အဲဒီအရာဝတ္ထုနဲ့ ခုနက စွန့်လိုက်တဲ့ပစ္စည်းနဲ့ ကုတင် ညောင်စောင်းတွေ ဝယ်လာမယ်ဆိုပါတော့။ ရဟန်းတွေနဲ့ အပ်တဲ့ပစ္စည်းဆိုပြီးတော့။ သို့မဟုတ် ဥပုသ်အိမ်သော်လည်း ဆောက်လုပ်မယ်။ သို့မဟုတ် ဆွမ်းစားဇရပ်သော်လည်း ဆောက်လုပ်မယ်ဆိုရင် အဲဒီ ကုတင် ညောင်စောင်းတွေ ဥပုသ်အိမ် ဆွမ်းစားဇရပ်တွေကို သုံးစွဲဖို့ရန်အတွက် မအပ်ဘူး။

အရိပ်စသည်တောင်မှ မအပ်

ဆာယာပိ ဂေဟပရိစ္ဆေဒေန ဌိတာ န ဝဋ္ဋတိ၊ ပရိစ္ဆေဒါတိက္ကန္တာ အာဂန္တုကတ္တာ ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

အဲဒီကျောင်းရဲ့ အရိပ်။ ကျောင်းအရိပ်က တံစက်မြိတ်အတွင်းမှာ တည်ရှိ ခဲ့ရင် မအပ်ဘူး။ တံစက်မြိတ်ရဲ့ အပြင်ဘက်မှာ ထိုးလာတဲ့အရိပ်ဖြစ်ခဲ့ရင်တော့ ဒါ အာဂန္တုအရိပ်ဖြစ်တဲ့အတွက် အဲဒီအရိပ်က ဖြတ်သွားမယ်ဆိုရင် သွား ကောင်းတယ်။ အဲဒီတော့ ဒီရွှေငွေ အလှူခံထားတဲ့ ရဟန်းတော် ဆိုကြပါစို့။ ဒီရဟန်းတော်ကိုယ်တိုင် ကျောင်းဆောက်ခဲ့ရင်တော့ ပြောဖွယ်ရာ မရှိတော့ ဘူး။ ရွှေငွေကို သူက စွန့်လိုက်ပြီ။

စွန့်လိုက်တဲ့အခါကျတော့ ကပ္ပိယကာရကလုပ်တဲ့ ပုဂ္ဂိုလ်တွေကနေပြီး တော့ အပ်စပ်တဲ့နည်းနဲ့ ကျောင်းဆောက်တယ်ဆိုကြပါစို့။ အဲဒီကျောင်းအရိပ် အောက်ကို ဖြတ်သွားတောင် မအပ်ဘူး။ အောက်ကနေပြီး ဖြတ်သွားတာ မဟုတ်သေးဘူး။ အရိပ်အောက်က ဖြတ်သွားရင်ကို မအပ်ဘူး။

တံ ဝတ္ထုံ ဝိဿဇ္ဇေတွာ ကတေန မဂ္ဂေနပိ သေတုနာပိ နာဝါယပိ ဥဠုမ္ပေနပိ ဂန္တုံ န ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

သံဃာအလယ်မှာ စွန့်လိုက်တဲ့ ဒီဝတ္ထုကို စွန့်လွှတ်ပြီးတော့ လမ်းတွေ ပြုလုပ်တယ်၊ တံတားတွေ ဆောက်တယ်၊ လှေတည်တယ်။ လှေတည်တယ် ဆိုတာကတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးတို့ကူးဖို့ပဲ။ နောက် ဖောင်ဖွဲ့ တယ်။ အဲဒီလိုလှေ, အဲဒီလိုဖောင်နဲ့လည်း ဟိုဘက်ကမ်းကူး ကူးလို့ မအပ်ဘူး။ အဲဒီတံတားကနေ ဟိုဘက်ကမ်းကူးလို့လည်း မအပ်ဘူး။ လမ်းဖောက်ထားရင် အဲဒီလမ်းကနေ ဒီလမ်းကိုဖြတ်၊ မအပ်ဘူး။ စဉ်းစားကြည့်စမ်း။

ဘုန်းကြီးတွေ ရွှေငွေအလှူခံပြီးတော့ လမ်းတွေဖောက်မယ်။ တံတားတွေ ဆောက်မယ်။ လောကမျက်လုံးကတော့ သိပ်ကောင်းနေတယ်။ ရဟန်း ဝိနည်းပိုင်းက ကြည့်လိုက်ရင်တော့ အားလုံး မအပ်ဖြစ်နေပြီ။

ကဲ - နောက်တစ်ခု ---

တေန ဝတ္ထုနာ ခနာပိတာယ ပေါက္ခရဏိယာ ဥဗ္ဘိဒေါဒကံ ပါတုံ ဝါ ပရိဘုဉ္ဇိတုံ ဝါ န ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

အဲဒီရွှေငွေကို အလှူခံထားပြီ။ အဲဒီရွှေငွေဝတ္ထုနဲ့ပဲဖြစ်စေ၊ ခုနကလို ကပ္ပိယကာရကထံ စွန့်လိုက်လို့ ကပ္ပိယကာရကက ဒီဝတ္ထုနဲ့ ရေကန်တွေ တူးမယ်၊ ရေတွင်းတွေ တူးမယ်။ အဲဒီရေတွင်း ရေကန်တွေကို သုံးဆောင်ဖို့ရန်အတွက် ---

ပါတုံ ဝါ ပရိဘုဉ္ဇိတုံ ဝါ န ဝဋ္ဋတိ။

ပါတုံ ဝါ န ဝဋ္ဋတိ - သောက်ခြင်းစတဲ့ သောက်ရန်လည်း မအပ်ဘူး။ ပရိဘုဉ္ဇိတုံ ဝါ န ဝဋ္ဋတိ - ရေချိုးခြင်းစတဲ့ အသုံးအဆောင် ပြုလုပ်ဖို့ရန်လည်း မအပ်ဘူး။

အန္တော ဥဒကေ ပန အသတိ အညံ အာဂန္တုကံ ဥဒကံ ဝါ ဝေဿာဒကံ ဝါ ပဝိဋ္ဌံ ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

ရေကန်ကြီး လုပ်ထားပြီ။ ရေကန်ကြီးလုပ်လိုက်တော့ ရေကန်ထဲမှာ ရေတွေ ခန်းသွားတယ်။ ခန်းသွားလိုက်တဲ့ အချိန်အခါကျတော့မှ တခြား အာဂန္တုရေ ဝင်လာခဲ့မယ်ဆိုလို့ရှိရင်တော့ အဲဒီအာဂန္တုရေကတော့ ခေတ္တခဏ ယာယီရေဖြစ်တဲ့အတွက် အပ်ကောင်း အပ်နိုင်တယ်။

ကီတာယ ယေန ဥဒကေန သဒ္ဓိံ ကီတာ တံ အာဂန္တုကမ္ပိ န ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

ဒီတစ်ဘက်ဆည်ကန်တစ်ခုကို ဝယ်လိုက်တယ် ဆိုကြစို့။ ဝယ်လိုက်တဲ့ အချိန်အခါမှာ အဲဒီကန်ထဲမှာ ရေပါ ပါနေတယ်။ အဲဒီရေကလည်း မအပ်သေးဘူး။ အဲဒီရေဟာ အာဂန္တုဖြစ်ပေမယ့် ဝယ်ကတည်းက ရေပါ ပါနေတဲ့ အတွက် မအပ်သေးဘူး။ နောက်တစ်ခု ---

ရွှေငွေနှင့် မျိုးစေ့

တံ ဝတ္ထုံ ဥပနိက္ခေပံ ဌပေတွာ သံဃော ပစ္စယေ ပရိဘုဉ္ဇတိ၊ တေပိ ပစ္စယာ တဿ န ဝဋ္ဋန္တိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

အဲဒီ မူလရွှေငွေ အလှူခံထားတဲ့ ရဟန်းက သံဃာအလယ်မှာ ဒီပစ္စည်း တွေ စွန့်လိုက်ပြီ။ စွန့်ပြီးတဲ့ အချိန်အခါမှာ ကပ္ပိယကာရကပုဂ္ဂိုလ်တွေက တစ်ဦးဦးထံမှာ အပ်နှံပြီးတော့ သံဃာတော်အတွက် ပစ္စည်းလေးပါးကို စနစ် တကျ ခွဲဝေပြီး လှူဒါန်းနေပြီဆိုကြပါစို့။ တော်တော်ကလေး များနေတယ်။ လှူဒါန်းမယ်ဆိုလို့ရှိရင်လည်း ---

တေပိ ပစ္စယာ တဿ န ဝဋ္ဋန္တိ။

အဲဒီပစ္စည်းလေးပါးဟာ ထိုမူလရွှေငွေ အလှူခံထားတဲ့ ရဟန်းတော်ဟာ မအပ်ဘူး။

အာရာမော ဂဟိတော ဟောတိ၊ သောပိ ပရိဘုဉ္ဇိတုံ န ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

ဒီရွှေငွေနဲ့ အာရာမ်တစ်ခု ဝယ်ပြီး ကျောင်းတိုက်တစ်ခု တည်လိုက်တယ် ပဲထား။ အဲဒီကျောင်းဟာလည်း ဒီရဟန်းတော်အတွက် မအပ်ပြန်ဘူးတဲ့နော်။

ယဒိ ဘူမိပိ ဗီဇမ္ပိ အကပ္ပိယံ နေဝ ဘူမိံ န ဖလံ ပရိဘုဉ္ဇိတုံ ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

ဒီရွှေငွေနဲ့ မြေကြီးဝယ်လိုက်တယ်။ ဒီမြေသည် မအပ်ဘူး။ ဒီရွှေငွေနဲ့ မျိုးစေ့တစ်ခု ဝယ်လိုက်တယ်။ ဒီမျိုးစေ့သည် မအပ်ဘူး။ မအပ်တဲ့အတွက်-

နေဝ ဘူမိံ န ဖလံ ပရိဘုဉ္ဇိတုံ ဝဋ္ဋတိ။

ဒီမြေကြီးကိုလည်း သုံးစွဲဖို့ မထိုက်ဘူး မအပ်ဘူး။ ဒီသစ်သီးကိုလည်း သုံးစွဲဖို့ရန်အတွက် မထိုက်ဘူး။ မျိုးစေ့ဝယ်လိုက်လို့ အဲဒီမျိုးစေ့ကနေ အပင် ပေါက်ပြီး အသီးတွေထွက်လာပြီ ထားတော့။ အဲဒီသစ်သီးတွေကိုလည်း ဒီရဟန်း မသုံးဆောင်ကောင်းဘူး။

သစေ ဘူမိံ ယေဝ ကိဏိတွာ အညာနိ ဗီဇာနိ ရောပိတာနိ ဖလံ ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

အကယ်၍ မြေကြီးကိုသာ ဒီဝတ္ထုနဲ့ ဝယ်လိုက်တယ်။ ဝယ်ပြီးတော့ တခြား အပ်တဲ့မျိုးစေ့တွေကို ကြဲချစိုက်ပျိုးခဲ့မယ်ဆိုရင် သစ်သီးတွေကိုတော့ သုံးစွဲမယ်ဆိုရင် သုံးစွဲခွင့်ရှိတယ်။

အထ ဗီဇာနိ ကိဏိတွာ ကပ္ပိယဘူမိယံ ရောပိတာနိ၊ ဖလံ န ဝဋ္ဋတိ၊ ဘူမိယံ နိသီဒိတုံ ဝါ နိပဇ္ဇိတုံ ဝါ ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၁။)

အကယ်၍ ဒီရဟန်းက သံဃာအလယ်မှာ စွန့်လွှတ်ထားတဲ့ ဒီပစ္စည်းနဲ့ မျိုးစေ့တွေကို ဝယ်လိုက်ပြီ။ ဝယ်ပြီးတော့ အပ်တဲ့ ကပ္ပိယဘူမိ အပ်စပ်နေတဲ့ မြေပေါ်မှာ သွားပြီးတော့ ဒီမျိုးစေ့ကို ကြဲချစိုက်ပျိုးမယ်ဆိုရင် အဲဒီမျိုးစေ့က ဒီရဟန်းအတွက် မအပ်ဘူး။ ဒီမြေကြီးကတော့ သစ်ပင်နဲ့ ဘာမှ မပတ်သက်တဲ့ အတွက် မြေကြီးကတော့ အပ်နေတယ်။ ခုလို ကျောင်းအာရာမ်တစ်ခုမှာပေါ့။

ကျောင်းအာရာမ်တစ်ခုမှာ ရဟန်းတော်ကိုယ်တိုင် ရွှေငွေကို အလှူခံတယ်။ သို့မဟုတ် ကုလဒူသက အနေသနနည်းနဲ့ ဒကာ, ဒကာမတွေက ကြည်ညိုလို့ ပစ္စည်းတွေ လာလှူတယ်။ အဲဒီ သရက်သီး ဆိုကြပါစို့။ ကိုယ်တိုင် ဝယ်ပြီးတော့ သရက်သီး ဝယ်စားပြီးတော့ သရက်စေ့ကို စိုက်။ သို့မဟုတ် ဆေးကုခြင်း, ဗေဒင်ဟောခြင်းစတဲ့ အကြောင်းတွေကြောင့် သစ်သီးကို လာလှူလို့ ဒီသစ်သီးကို စားပြီးတော့ စိုက်ပျိုးခိုင်းလိုက်တယ်။ အဲဒီသစ်သီးသည် မအပ်ဖြစ်သွားတယ်။ အဲဒီ သစ်ပင်အရိပ်တောင်မှ အောက်မှာသွားပြီး ထိုင်ပြီး အရိပ်မခိုကောင်းဘူး။

အဲဒီတော့ မအပ်သောနည်းဖြင့် အလှူခံထားတဲ့ ဒီရွှေငွေကို သံဃာ အလယ်မှာ စွန့်လိုက်ပြီ။ စွန့်လိုက်တဲ့အခါကျတော့ ကပ္ပိယကာရကပုဂ္ဂိုလ် တစ်ဦးလည်း မလာတော့ဘူး။ မလာဘူးဆိုလို့ရှိရင် ဘာလုပ်ရသလဲ? မလာ ဘူးဆိုလို့ရှိရင်တော့ ရူပိယဆဋ္ဋက ရဟန်းဆိုပြီးတော့ သမုတ်ရပါတယ်။ အဂတိတရား မလိုက်စားတဲ့ ရဟန်းတော်တစ်ပါးကို ရူပိယဆဋ္ဋကအဖြစ် ဒီရွှေငွေကို စွန့်လွှတ်ဖို့ရန်အတွက် ရွေးချယ်သတ်မှတ်ပြီးတော့ အဲဒီ ရွှေငွေကို မျက်စိမှိတ်ပြီး မြစ်ထဲ ချောင်းထဲမှာ သွားပစ်ချရတယ်နော်။ ဘယ်နေရာမှာ ငါ ပစ်ချတယ်ဆိုပြီးတော့ မျက်စိဖွင့်ပြီး လှမ်းတောင် မကြည့်ရဘူး။ မျက်စိ မှိတ်ပြီးတော့ သွားပြီး ပစ်ချရတယ်။ အဲဒီလို ပစ်လိုက်တဲ့ အချိန်အခါမှာလည်း ဘယ်လိုပစ်ရမလဲ?

အနိမိတ္တံ ကတွာတိ နိမိတ္တံ အကတွာ၊ အက္ခီနိ နိမ္မီလေတွာ နဒိယာ ဝါ ပပါတေ ဝါ ဝနဂဟနေ ဝါ ဂူထံ ဝိယ အနပေက္ခေန ပတိတောကာသံ အသမန္နာဟရန္တေန ပါတေတဗ္ဗန္တိ အတ္ထော။ (ဝိ၊ဋ္ဌ၊၂၊၂၇၂။)

ရွံရှာစက်ဆုပ်ဖွယ် မစင်တစ်ခုကို မြစ်ထဲ ချောင်းထဲ တောထဲမှာ လွှင့်ပစ် လိုက်တဲ့ ပုံစံမျိုးလို နိမိတ် အမှတ်အသား ဘာမှ မထားဘဲ မျက်စိကို မှိတ်ပြီးတော့ လွှင့်ပစ်လိုက်တော့။

ရူပိယပဋိဂ္ဂါဟကဿ ပန ကေနစိ ပရိယာယေန တတော ဥပ္ပန္နပစ္စယပရိဘောဂေါ န ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၂။)

မူလရွှေငွေကို အလှူခံတဲ့ ရဟန်းတော်အဖို့ကတော့ ---

ကေနစိ ပရိယာယေန တတော ဥပ္ပန္နပစ္စယပရိဘောဂေါ န ဝဋ္ဋတိ။

တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ထိုရွှေငွေမှ ဖြစ်ပေါ်လာသော ပစ္စည်းအသုံးအဆောင်ကတော့ သုံးဆောင်ဖို့ရန် လုံးဝမအပ်ဘူး။

သီတင်းသုံးဖော် ငါးဦးလုံး မအပ်

ယထာ စာယံ ဧတဿ န ဝဋ္ဋတိ၊ ဧဝံ အသန္တသမ္ဘာဝနာယ ဝါ ကုလဒူသကကမ္မေန ဝါ ကုဟနာဒီဟိ ဝါ ဥပ္ပန္နပစ္စယာ နေဝ တဿ န အညဿ ဝဋ္ဋန္တိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၂။)

အဲဒီရွှေငွေကို အလှူခံလို့ ရရှိတဲ့ ပစ္စည်းသည် ဒီရွှေငွေ အလှူခံသော ရဟန်းတော်အား မအပ်သကဲ့သို့ အလားတူပဲ -- မိမိမှာ စျာန်မဂ်ဖိုလ်နိဗ္ဗာန် တရားတွေ ထင်ရှားမရရှိပါဘဲ စျာန်မဂ်ဖိုလ်နိဗ္ဗာန်တရား ထင်ရှားရှိပါတယ်လို့ ဝါကြွားပလွှားပြီး ပြောလိုက်လို့ ရရှိတဲ့ပစ္စည်း။ ဆေးကုခြင်း, ဗေဒင်ဟောခြင်း, ပန်းပေးခြင်း, သစ်သီးပေးခြင်းစတဲ့ ကုလဒူသက အနေသနအမှုတွေကြောင့် ရရှိတဲ့ပစ္စည်း၊ ဒကာ, ဒကာမတွေကို အံ့ဖွယ်သူရဲဖြစ်အောင် အုတ်အုတ်ကျက်ကျက်နဲ့ ဒကာ, ဒကာမတွေက အထင်ကြီးလာအောင်ပေါ့လေ ... ချဲနံပါတ် မမြင်ဘဲနဲ့ မြင်တဲ့ပုံစံပေါ့လေ။ ဟုတ်တယ်မဟုတ်လား? အံ့ဖွယ်သူရဲဖြစ်လာအောင် ပြောဆိုလို့ ဒကာ, ဒကာမတွေက ကြည်ညိုပြီး လှူဒါန်းတဲ့ပစ္စည်း။ အဲဒီပစ္စည်းတွေဟာလည်း ---

နေဝ တဿ န အညဿ ဝဋ္ဋန္တိ။

ထိုပြုသောရဟန်းတော်လည်း မအပ်ဘူး။ အခြားအခြား ရဟန်းတော် လည်း မအပ်ဘူး။

ဓမ္မေန သမေန ဥပ္ပန္နာပိ အပ္ပစ္စဝေက္ခိတွာ ပရိဘုဉ္ဇိတုံ န ဝဋ္ဋန္တိ။ (ဝိ၊ဋ္ဌ၊၂၊၂၇၂။)

တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ တရားသောနည်းလမ်းဖြင့် လှူဒါန်းလို့ ရရှိတဲ့ ပစ္စည်းဝတ္ထုတွေသော်လည်း ---

အပ္ပစ္စဝေက္ခိတွာ ပရိဘုဉ္ဇိတုံ န ဝဋ္ဋန္တိ။

ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲနဲ့ သုံးစွဲမယ်ဆိုရင် မသုံးစွဲထိုက်ဘူး။

(ကောက်နုတ်ချက် ဒုတိယ ကဏ္ဍ ပြီး၏။)

__________

(ဃဋိကာရသုတ္တန် ဟောစဉ် ခွေနံပါတ်-၆တွင် ဆက်လက် နာယူနိုင်ကြ ပါသည်။)

စီစဉ်သူများ

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...