မဟာနမက္ကာရ ဘုရားရှိခိုး
နိဒါနကထာ - မိတ်ဆက်လွှာ
ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ
ဧကပုဂ္ဂလဿ ဘိက္ခဝေ ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိံ၊ ကတမဿ ဧကပုဂ္ဂလဿ။ တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဣမဿ ခေါ ဘိက္ခဝေ ဧကပုဂ္ဂလဿ ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိံ။ (အံ၊၁၊၂၂။)
= ရဟန်းတို့ ... သတ္တလောက၌ တစ်ယောက် သော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန် ရခဲ၏။ အဘယ်မည်သော တစ်ယောက်သောပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲသနည်းဟူမူ ကား --- မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူ ထိုက်သော, ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိ အလိုလို ကိုယ်တော်တိုင်သာလျှင် သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက် သိမြင်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၏ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲ၏။ (အံ၊၁၊၂၂။)
ဒီပင်္ကရာ ထွဋ်ချာ သေဌ်နင်း တရားမင်း၏ ခြေတော်ရင်း၌ ဘုရားဖြစ်ရန် ဆုထူးပန်ထွာတော်မူခဲ့ သည့်, ဘုရားဖြစ်ရန် နိယတဗျာဒိတ်ပန်းကိုလည်း ဆင်မြန်းတော်မူခဲ့ရသည့် သုမေဓာရှင်ရသေ့ဘဝမှသည် ဇာလီ ကဏှာဇိန်တို့ကဲ့သို့သော သမီး သား, မဒ္ဒီဒေဝီတို့ကဲ့သို့သော ဇနီး မိဖုရားတို့ကို လှူဒါန်းသည့် ဝေဿန္တရာဘဝသို့တိုင်အောင်သောဘဝတို့၏ အကြား ဝယ် ဖြစ်တော်မူရသော ဘဝပေါင်းသည်လည်း မဟာသမုဒ္ဒရာ လေးစင်းလုံး၌ တည်ရှိသော ရေပေါက် ပမာဏထက်လည်း သာလွန်၍ များလှသည်သာ ဖြစ်၏။ ထိုနှစ်မျိုးသော ဘဝတို့၏ အကြားဝယ် မခြား မလပ် ဘဝ မပြတ်ဘဲ ဖြည့်ကျင့်ဆည်းပူးတော်မူအပ်သော ပါရမီတော်တို့၏ အတိုင်းအရှည်ပမာဏသည်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာရှိနိုင်တော့အံ့နည်း။ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်လည်း အဘယ်မှာ လျှင် ရှိနိုင်ပါအံ့နည်း။ (ဇိနာလင်္ကာရဋီကာ။)
ထိုမျှ များပြားလှသော ပါရမီဆယ်ပါး အပြား သုံးဆယ်, သုံးသွယ်စရိယ, စွန့်ခြင်းကြီးငါးရပ်တို့ကို အဆက်မပြတ် ဘဝများစွာ ကမ္ဘာပေါင်းများစွာ ဖြည့်ကျင့်ဆည်းပူးတော်မူပါမှ ပါရမီတော်တို့ကလည်း ရင့်ညောင်းလာပါမှ ဘုရားအဖြစ်ကို ရရှိနိုင်ပေသည်။
ဗောဓိသတ္တ ဒုလ္လဘ
သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုဘုရားအဖြစ်ကို မဆိုထားဘိ၊ ဘုရားဖြစ်ကြောင်း ဆုတောင်းပြည့်စုံရာ အရှင်သုမေဓာ ရသေ့ဘဝကဲ့သို့သော ဗောဓိသတ္တ ဘုရားလောင်းဘဝ ကိုသော်လည်း အကြောင်းရှစ်ပါးပြည့်စုံမှ ရရှိနိုင်ပေ သည်။ ထိုအကြောင်းရှစ်ပါးကား ---
၁။ လူဇာတ်စင်စစ် ဖြစ်ရခြင်း၊
၂။ ယောက်ျားစင်စစ် ဖြစ်ရခြင်း၊
၃။ ထိုဘဝမှာပင် အရဟတ္တဖိုလ် ရနိုင်လောက်သော ကုသိုလ်ပါရမီထူးနှင့် ပြည့်စုံသူဖြစ်ရခြင်း၊
၄။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရ ခြင်း၊
၅။ ကမ္မဝါဒီရသေ့ = ကံ-ကံ၏အကျိုးကို လက်ခံယုံကြည်သော ရသေ့ (သို့မဟုတ်) သာသနာတွင်း ရဟန်းဖြစ်ခြင်း၊
၆။ စျာန်သမာပတ်ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူဖြစ်ခြင်း၊
၇။ ကိုယ်အသက်ကို မငဲ့ကွက်ဘဲ အလွန်အကြူး ပါရမီကုသိုလ်တို့ကို ပြုစုပွားများအားထုတ်ခြင်း၊
၈။ ဘုရားအဖြစ်ကို တောင့်တအားကြီးသောကုသိုလ် ဆန္ဒရှိသူဖြစ်ခြင်း ---
ဤရှစ်ပါးတို့တည်း။
အထက်ပါ အင်္ဂါရှစ်ပါး အကြောင်းတရားတို့နှင့် ပြည့်စုံသူဖြစ်မှသာ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းနိုင် သည်ဖြစ်၍ ဘုရားအဖြစ်ကို မဆိုထားဘိ, သုမေဓာ ရှင်ရသေ့ကဲ့သို့ နိယတဗျာဒိတ်ကို ခံယူရသော ဘုရား အလောင်းတော်၏ အဖြစ်သည်ပင် အလွန်ရခဲသော အရာ ဖြစ်ပေသည်။
နိယတဗျာဒိတ်ကို ခံယူ ရရှိနိုင်သော ဘုရားအလောင်း၏ အဖြစ်သည်ပင် အလွန်ရခဲပါက နိယတ ဗျာဒိတ်ကို ခံယူရရှိပြီးနောက် အနည်းဆုံး လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းကြာအောင် ပါရမီတော်တို့ကို ---
၁။ ပါရမီတို့ကို တစ်ခုမကျန် အကုန်လုံး ဖြည့်ကျင့် ခြင်း သဗ္ဗသမ္ဘာရဘာဝနာ,
၂။ အနည်းဆုံး လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး တစ်ဘဝမျှ အကြားအလပ် မရှိဘဲ ပါရမီတို့ကို ဖြည့်ကျင့်ခြင်း နိရန္တရဘာဝနာ,
၃။ အနည်းဆုံး လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း မယုတ်မလျော့စေဘဲ ကြာမြင့်စွာ ဖြည့်ကျင့်ရခြင်း စိရကာလဘာဝနာ,
၄။ ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ရိုသေစွာ ဖြည့်ကျင့် ရခြင်း သက္ကစ္စဘာဝနာ - ဟူသော ဘာဝနာ လေးပါးတို့ဖြင့် ဖြည့်ကျင့်ဆည်းပူးတော်မူပါမှ ပါရမီတို့ကလည်း ပြည့်စုံလာပါမှ ရရှိနိုင်သော ဘုရားအဖြစ်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း၊ ရခဲလှတော့သည်သာတည်း။
ပဗ္ဗဇိတဘာဝ ဒုလ္လဘ
နိယတဗျာဒိတ်ပန်းကို ဆင်မြန်းပြီးရာ ကာလ၌ ရဟန်းအဖြစ်ဖြင့် ပါရမီဖြည့်ကျင့်ခွင့်ကို ရရှိသော ဘဝကား အလွန် ခဲယဉ်းသော ဒုလ္လဘတစ်ခုပင် ဖြစ်၏။
ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် ဒီပင်္ကရာမြတ်စွာဘုရားမှ စ၍ ကဿပမြတ်စွာဘုရား သို့ တိုင်အောင် နှစ်ကျိပ်လေးဆူသော မြတ်စွာဘုရား များထံမှာ ဗျာဒိတ်ခံယူရသည်ဖြစ်ရာ ဗျာဒိတ်ခံယူရသည့် ဘဝအထူးတို့ကို သဘောတူရာ စုရုံးဖော်ပြ အပ်သည်ရှိသော် အောက်ပါအတိုင်း ဖြစ်ကြ၏။
ရသေ့အဖြစ် (၅) ဘဝ
၁။ ဒီပင်္ကရာ မြတ်စွာဘုရား၏ ထံတော်မှောက်၌ သုမေဓာရှင်ရသေ့အဖြစ်ဖြင့် ရှေးဦးအစ နိယတ ဗျာဒိတ်ကို ခံယူခဲ့ရ၏။
၂။ နာရဒ မြတ်စွာဘုရား၏ ထံတော်မှောက်၌ ဇဋိလ အမည်ရှိသော ရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ် ခံယူခဲ့ရ၏။
၃။ အတ္ထဒဿီ မြတ်စွာဘုရား၏ ထံတော်မှောက်၌ သုသီမရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၄။ သိဒ္ဓတ္ထ မြတ်စွာဘုရား၏ ထံတော်မှောက်၌ မင်္ဂလရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၅။ တိဿ မြတ်စွာဘုရား၏ ထံတော်မှောက်၌ သုဇာတရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
ဤသို့လျှင် ရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရသော ဘဝပေါင်းမှာ (၅)ဘဝ ဖြစ်လေသည်။
ရဟန်းဘဝ (၉) ဘဝ
၁။ ကောဏ္ဍည မြတ်စွာဘုရား၏ ထံတော်မှောက်၌ ဝိဇိတာဝီ စကြာမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၂။ မင်္ဂလ မြတ်စွာဘုရား၏ ထံတော်မှောက်၌ သုရုစိ ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၃။ သုမေဓ မြတ်စွာဘုရား၏ ထံတော်မှောက်၌ ဥတ္တရ အမည်ရှိသော ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ် ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၄။ သုဇာတ မြတ်စွာဘုရား၏ ထံတော်မှောက်၌ စကြာမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ ရ၏။
၅။ ဖုဿ မြတ်စွာဘုရား၏ ထံတော်မှောက်၌ ဝိဇိတာဝီအမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၆။ ဝေဿဘူ မြတ်စွာဘုရား၏ ထံတော်မှောက်၌ သုဒဿန အမည်ရှိသော မင်းဖြစ်၍ ရဟန်း အဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၇။ ကကုသန္ဓ မြတ်စွာဘုရား၏ ထံတော်မှောက်၌ ခေမ အမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၈။ ကောဏာဂမန (= ကောဏာဂုံ) မြတ်စွာဘုရား၏ ထံတော်မှောက်၌ ပဗ္ဗတ အမည်ရှိသော မင်းဖြစ် ၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၉။ ကဿပ မြတ်စွာဘုရား၏ ထံတော်မှောက်၌ ဇောတိပါလ ပုဏ္ဏားလုလင်ဖြစ်၍ ရဟန်းအဖြစ် ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
ဤသို့လျှင် ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ သော ဘဝပေါင်းမှာ (၉)ဘဝ ဖြစ်လေသည်။
လူအဖြစ်ဖြင့် (၅) ဘဝ
၁။ ရေဝတ မြတ်စွာဘုရား၏ ထံတော်မှောက်၌ အတိဒေဝ အမည်ရှိသော ပုဏ္ဏားဖြစ်၍ လူအဖြစ် ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၂။ သောဘိတ မြတ်စွာဘုရား၏ ထံတော်မှောက်၌ အဇိတ အမည်ရှိသော ပုဏ္ဏားဖြစ်၍ လူအဖြစ် ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၃။ ပဒုမုတ္တရ မြတ်စွာဘုရား၏ ထံတော်မှောက်၌ ဇဋိလ အမည်ရှိသော သူဌေးဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၄။ ပိယဒဿီ မြတ်စွာဘုရား၏ ထံတော်မှောက်၌ ကဿပ အမည်ရှိသော ပုဏ္ဏားလုလင်ဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရ၏။
၅။ သိခီ မြတ်စွာဘုရား၏ ထံတော်မှောက်၌ အရိန္ဒမ အမည်ရှိသော မင်းဖြစ်၍ လူအဖြစ်ဖြင့်ပင် ဗျာဒိတ် ခံယူခဲ့ရ၏။
ဤသို့လျှင် လူအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရသော ဘဝပေါင်းမှာ (၅)ဘဝ ဖြစ်လေသည်။
နဂါးဘဝ (၂) ဘဝ
၁။ သုမန မြတ်စွာဘုရား၏ ထံတော်မှောက်၌ အတုလ အမည်ရှိသော နဂါးမင်း ဖြစ်၍ ဗျာဒိတ် ခံယူခဲ့ရ၏။
၂။ ဝိပဿီ မြတ်စွာဘုရား၏ ထံတော်မှောက်၌ အတုလ အမည်ရှိသော နဂါးမင်းပင် ဖြစ်၍ ဗျာဒိတ်ခံယူခဲ့ရ၏။
ဤသို့လျှင် နဂါးအဖြစ်ဖြင့် ဗျာဒိတ်ခံယူခဲ့ရသော ဘဝပေါင်းမှာ (၂)ဘဝ ဖြစ်လေသည်။
အဖြစ်တော် တစ်မျိုးစီ (၃) ဘဝ
၁။ ဓမ္မဒဿီ မြတ်စွာဘုရား၏ ထံတော်မှောက်၌ သက္က (= သိကြားမင်း) ဖြစ်၍ ဗျာဒိတ်ခံယူခဲ့ရ၏။ (၁) ဘဝ။
၂။ အနောမဒဿီ မြတ်စွာဘုရား၏ ထံတော်မှောက် ၌ ဘီလူးစစ်ဘုရင် ဖြစ်၍ ဗျာဒိတ်ခံယူခဲ့ရ၏။ (၁) ဘဝ။
၃။ ပဒုမ မြတ်စွာဘုရား၏ ထံတော်မှောက်၌ ခြင်္သေ့ မင်း ဖြစ်၍ ဗျာဒိတ်ခံယူခဲ့ရ၏။ (၁) ဘဝ။
ဤသို့လျှင် အဖြစ်တော် တစ်မျိုးစီဖြင့် ဗျာဒိတ် ခံယူခဲ့ရသော ဘဝပေါင်းမှာ (၃)ဘဝ ဖြစ်လေသည်။
တစ်ကမ္ဘာတစ်ကမ္ဘာအတွင်းဝယ် သတ္တဝါတစ်ဦး တစ်ဦး၏ သေကျေပျက်စီးပြီးသည့်အခါ ကျန်ရှိသည့် အရိုးတို့ကို စုပုံလိုက်ပါက ထိုအရိုးတို့ကလည်း မဆွေး မြည့် မပျက်စီးခဲ့လျှင် ဝေပုလ္လတောင်မျှရှိသည့် တောင်ကြီး တစ်တောင်လောက် ရှိနိုင်၏ဟု အဆို ရှိ၏။ တစ်ကမ္ဘာ တစ်ကမ္ဘာအတွင်းဝယ် သတ္တဝါတစ်ဦး တစ်ဦးသည် အရိုးတွေ တောင်လို ပုံကာ သေကျေ ပျက်စီးခဲ့ရ၏။ တစ်ကမ္ဘာ တစ်ကမ္ဘာအတွင်းဝယ် ဘဝပေါင်း မည်ရွေ့မည်မျှ များပြားမည်ကို ခန့်မှန်းကြည့် ပါ။ ဘုရားအလောင်းတော်၏ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူရပြီးနောက် ပါရမီဖြည့်ခဲ့ရသော ကမ္ဘာ ပေါင်းကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြစ်သဖြင့် အရိုးတွေ တောင်လို ပုံကာ သေကျေပျက်စီးခဲ့ရသည့် အရိုးတောင်ပေါင်းလည်း လေးသင်္ချေနှင့် တောင် အလုံးပေါင်း တစ်သိန်းပင် ဖြစ်ပေသည်။ ထိုမျှ များပြား လှသော ဘဝတွေအနက် ရဟန်းဘဝကို (၉)ကြိမ်သာ ရခဲ့ဖူးသဖြင့် ပဗ္ဗဇိတဘာဝ ဒုလ္လဘ ဖြစ်ပုံကို သဘော ပေါက်သင့်ပေပြီ။
အလောင်းတော်တို့၏ ဓမ္မတာ
ဘုရားအလောင်းတော်များသည် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုကြသည့်အခါ မည်ကဲ့သို့သော ပါရမီတော်များကို ဖြည့်ကျင့်တော် မူကြသနည်း?
အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။
ဗောဓိသတ္တာ ဟိ ဗုဒ္ဓါနံ သမ္မုခေ ပဗ္ဗဇန္တိ။ ပဗ္ဗဇိတွာ စ ပန ဣတ္တရသတ္တာ ဝိယ ပတိတသိင်္ဂါ န ဟောန္တိ၊ စတုပါရိသုဒ္ဓိသီလေ ပန သုပတိဋ္ဌာယ တေပိဋကံ ဗုဒ္ဓဝစနံ ဥဂ္ဂဏှိတွာ တေရသ ဓုတင်္ဂါနိ သမာဒါယ အရညံ ပဝိသိတွာ ဂတပစ္စာဂတဝတ္တံ ပူရယမာနာ သမဏဓမ္မံ ကရောန္တာ ဝိပဿနံ ဝဍ္ဎေတွာ ယာဝ အနုလောမဉာဏံ အာဟစ္စ တိဋ္ဌန္တိ၊ မဂ္ဂဖလတ္ထံ ဝါယာမံ န ကရောန္တိ။ ဇောတိပါလောပိ တထေဝ အကာသိ။ (မ၊ဋ္ဌ၊၃၊၁၉၅။)
= ဘုရားအလောင်းတော်တို့သည်ကား သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏ ထံတော်မှောက်၌ ရှင်ရဟန်း ပြုကြကုန်၏။ ရှင်ရဟန်းပြုပြီးသည့်အခါ အခြားအခြား သော ဘုရားအလောင်းတော် မဟုတ်သည့် သတ္တဝါတို့ ကဲ့သို့ ကိလေသာထု အစိုင်အခဲကို ဖြိုခွဲဖျက်ဆီးခြင်းငှာ စွမ်းနိုင်သည့် ဉာဏ်တည်းဟူသော ဦးချိုကို ချမထား ကြကုန်။ ထိုဉာဏ်ဦးချိုကို ပဋိပတ်ကျင့်စဉ်ဖြင့် ခိုင်ခံ့ အောင် ထောက်ပံ့ကာ ထောင်ထားကြကုန်၏။
၁။ ပါတိမောက္ခသံဝရသီလ = ဝိနည်းသီလကို ရိုသေစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
၂။ ဣန္ဒြိယသံဝရသီလ = ဣန္ဒြေခြောက်ပါး (= တံခါး ခြောက်ပေါက်)တို့မှ ကိလေသာ မဝင်အောင် ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်ကို သွတ်သွင်းလျက် ဣန္ဒြေတို့ကို လုံခြုံစွာ စောင့်စည်းခြင်း၊
၃။ ပစ္စယသန္နိဿိတသီလ = ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ကာ ပစ္စည်းလေးပါးတို့ကို သုံးစွဲခြင်း၊
၄။ အာဇီဝပါရိသုဒ္ဓိသီလ = မိစ္ဆာအာဇီဝအမျိုးမျိုးမှ ရှောင်ကြဉ်ကာ အသက်မွေးမှု စင်ကြယ်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း။
ဤ စတုပါရိသုဒ္ဓိသီလကြီး လေးမျိုး၌ ကောင်းစွာ ရပ်တည်ကာ ပိဋကသုံးပုံတည်းဟူသော ဘုရားစကား တော်ကို သင်ယူ၏၊ ဓုတင် (၁၃) ပါးကို ဆောင်၏၊ တောသို့ ဝင်ရောက်ကာ တောကျောင်းတောင်ကျောင်း တို့၌ သီတင်းသုံးနေထိုင်၏၊ တောကျောင်းမှ ရွာသို့, ရွာမှ တောကျောင်းသို့တိုင်အောင် ဆွမ်းခံ အသွားအပြန်တို့၌ ကမ္မဋ္ဌာန်းတရားကိုသာ နှလုံးသွင်းလျက် သွားလာခြင်းဟူသော ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူ၏ - ဤသို့သော ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ကာ သမဏဓမ္မ (= ရဟန်းတရား)ကို ကြိုးစား အားထုတ်တော်မူရာ ဝိပဿနာဉာဏ်ကို တိုးပွားစေခဲ့သည်ရှိသော် သိခါပ္ပတ္တဝိပဿနာဟူသော အထွတ်အထိပ်သို့ ရောက်သော ဝိပဿနာဟူသည့် အနုလောမဉာဏ် (= သင်္ခါရုပေက္ခာဉာဏ်)သို့တိုင်အောင် ထိ၍ ရောက်၍ တည်ကြကုန်၏။ မဂ်ဖိုလ်ရရှိရန်ကား ကြိုးစားအားထုတ်မှုကို မပြုကြကုန်။ (သဗ္ဗညုတဉာဏ်တည်းဟူသော ကိုယ်ဝန်၏ မပြည့်စုံသေးခြင်း မရင့်ကျက်သေးခြင်းကြောင့် ဖြစ်၏။) ဇောတိပါလ လုလင်သည်လည်း ကဿပဘုရားရှင်၏ သာသနာတော်၌ ထိုနည်းအတိုင်း လိုက်နာပြုကျင့်တော်မူခဲ့ပေ သည်။ (မ၊ဋ္ဌ၊၃၊၁၉၅။)
ဤကဲ့သို့သော ဘုရားအလောင်း ဖြစ်ဖို့ရန်ပင် အလွန်ရခဲသော သဘောရှိလျှင် ဘုရားအဖြစ်ကို ရရှိ ဖို့ရန်ကား ဆိုဖွယ်ရာပင်မရှိ ဖြစ်တော့၏။ ယင်းသို့ ဘုရားအဖြစ်ကို အလွန်လျှင် ရခဲလှသောကြောင့် ထို မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ ဗုဒ္ဓုပ္ပါဒ နဝမခဏ အခါအခွင့်ကောင်းသည်လည်း အလွန်လျှင် ရခဲသော အရာ ဖြစ်ပေသည်။
ဗုဒ္ဓုပ္ပါဒ နဝမခဏ
ဤအရာ၌ ဗုဒ္ဓုပ္ပါဒ နဝမခဏနှင့် စပ်၍ အဋ္ဌက နိပါတ် အင်္ဂုတ္တရနိကာယ်၌ လာရှိသော အက္ခဏ (= ရပ်ပြစ်) ရှစ်ပါးကိုလည်း သိမှတ်သင့်ပေသည်။ ယင်း ရပ်ပြစ်ရှစ်ပါးတို့ကို အကျဉ်းချုပ်ကာ တင်ပြပေအံ့ ---
၁။ ငရဲဘုံ၌ ဖြစ်ခြင်း = ကံနှင့်လျော်ညီသည့် အလွန် ပြင်းထန်ဆင်းရဲလှသော ဒုက္ခကို အချိန်ရှိသမျှ အပြုခံ အဆင်းရဲခံနေရသဖြင့် ငရဲသားအား ဗြဟ္မစရိယဝါသ ဟူသည့် (ကိလေသာအပူမီး ငြိမ်းကြောင်း အကျင့် ကောင်း ဖြစ်သည့် သီလ သမာဓိ ပညာ သိက္ခာသုံးရပ်) အကျင့်မြတ်တို့ကို ကျင့်သုံးနိုင်ခွင့်ဟူ၍ မရှိနိုင်သော ကြောင့် ငရဲဘုံ၌ ဖြစ်ရခြင်းကို အက္ခဏဟူ၍ ခေါ်ဆို သည်။
၂။ တိရစ္ဆာန်ဘုံ၌ ဖြစ်ခြင်း = သူတော်ကောင်း တရားကို သညာသိမျှဖြင့်ပင် သိနိုင်ခွင့် မရှိဘဲ အမြဲ ထိတ်လန့်တုန်လှုပ်စွာ အသက်ရှင်ရသော တိရစ္ဆာန် ဘုံသား သတ္တဝါအား ဗြဟ္မစရိယဝါသဟူသည့် အကျင့် မြတ်တို့ကို ကျင့်သုံးနိုင်ခွင့်ဟူ၍ မရှိနိုင်သောကြောင့် တိရစ္ဆာန်ဘုံ၌ ဖြစ်ရခြင်းကိုလည်း အက္ခဏ”ဟူ၍ ခေါ်ဆိုသည်။
၃။ ပြိတ္တာဘုံ၌ ဖြစ်ခြင်း = အချိန်မစဲ အမြဲတစေ ပူလောင်ခြောက်ကပ်ကာ အစာငတ်ခြင်း ရေငတ်ခြင်း ဒဏ်ချက် အပြင်းအထန် အနှိပ်စက်ခံနေရသော ပြိတ္တာ ဘုံသား သတ္တဝါအား ဗြဟ္မစရိယဝါသဟူသည့် အကျင့် မြတ်တို့ကို ပြုကျင့်နိုင်ခွင့်ဟူ၍ မရှိနိုင်သောကြောင့် ပြိတ္တာဘုံ၌ ဖြစ်ရခြင်းကိုလည်း အက္ခဏဟူ၍ ခေါ်ဆို သည်။
၄။ အသညသတ်ဘုံ၌ ဖြစ်ခြင်း = အသညသတ် ဘုံသားတို့မှာ သူတော်ကောင်းတရားကို ကြားနာနိုင် ကြောင်း သောတပသာဒ (= နားအကြည်ဓာတ်) မရှိ ရကား ဗြဟ္မစရိယဝါသဟူသည့် အကျင့်မြတ်တို့ကို ပြုကျင့်နိုင်ခွင့်ဟူ၍ မရှိနိုင်သောကြောင့် အသညသတ် ဘုံ၌ဖြစ်ရခြင်းကိုလည်း အက္ခဏဟူ၍ ခေါ်ဆိုသည်။
[မှတ်ချက်။ ။ အရူပဘုံသည် တိဟိတ်ပုထုဇန် တို့အတွက် အက္ခဏ ဖြစ်နိုင်သော်လည်း အရိယ သူတော်ကောင်းတို့အတွက် အထက်မဂ်ဖိုလ်ရကြောင်း ကျင့်စဉ်ကို ဆက်လက်ကျင့်နိုင်သောကြောင့် အက္ခဏ မဟုတ်ပေ။]
၅။ ပစ္စန္တရာဇ်အရပ်၌ ဖြစ်ခြင်း = မြတ်စွာဘုရား၏ သားတော် သမီးတော်ဖြစ်ကြသော ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမ တို့ မရောက်ပေါက်ရာ ဉာဏ်ပညာ အလွန်ပါးရှားသည့် ပစ္စန္တရာဇ်အရပ်၌ ဖြစ်သော သူတို့အားလည်း သောတပသာဒ (= နား) ဟူ၍ပင် ရှိစေကာမူ နိဗ္ဗာန်ရောက် ကြောင်း သူတော်ကောင်းတရားကို နာကြားခွင့် မရ ကြသဖြင့် ဗြဟ္မစရိယဝါသဟူသည့် အကျင့်မြတ်တို့ကို ပြုကျင့်နိုင်ခွင့်ဟူ၍ မရှိနိုင်သောကြောင့် ထို ပစ္စန္တရာဇ် အရပ်၌ ဖြစ်ရခြင်းကိုလည်း အက္ခဏဟူ၍ ခေါ်ဆို သည်။
၆။ မိစ္ဆာဒိဋ္ဌိအယူရှိခြင်း = ဘုရားပွင့်တော်မူရာ တရားသံမစဲ ခြိမ့်ခြိမ့်သဲနေသော မဇ္ဈိမတိုက်၌ ဖြစ်နေ စေကာမူ ---
(က) နတ္ထိကဒိဋ္ဌိ = ကုသိုလ် အကုသိုလ်တို့၏ အကျိုး သည် မရှိဟု အကျိုးကို ပယ်သော အယူဝါဒ၊
( ခ ) အဟေတုကဒိဋ္ဌိ = အကျိုးကို ဖြစ်စေတတ် သော အကြောင်း (ကုသိုလ် အကုသိုလ်)သည် မရှိဟု အကြောင်းကို ပယ်သော အယူဝါဒ၊
( ဂ ) အကိရိယဒိဋ္ဌိ = ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုသည်မမည်ဟု ပြုလုပ်မှု ကြိယာကို ပယ်သော အယူဝါဒ ---
ဤကဲ့သို့သော ကံ-ကံ၏အကျိုးကို ပစ်ပယ်သော နိယတမိစ္ဆာဒိဋ္ဌိအယူ ရှိနေသူတို့မှာ သူတော်ကောင်းတရားကို နာကြားနိုင်ခြင်း မရှိသဖြင့် ဗြဟ္မစရိယဝါသ ဟူသည့် အကျင့်မြတ်တို့ကို ပြုကျင့်နိုင်ခွင့် အလျဉ်းပင် မရှိသောကြောင့် မိစ္ဆာဒိဋ္ဌိ အယူ ရှိခြင်းကိုလည်းအက္ခဏဟူ၍ ခေါ်ဆိုသည်။
၇။ ပညာမဲ့၍ မိုက်မဲဆွံ့အသူဖြစ်ခြင်း --- မဇ္ဈိမတိုက်၌ပင် လူဖြစ်စေကာမူ ကံ-ကံ၏အကျိုးတရားကို တတ်သိနားလည်သည့် ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာလည်း မရှိ, မိုက်မဲဆွံ့အသူလည်း ဖြစ်နေ ပါမူ, ကောင်းသောစကား မကောင်းသောစကား၏ အနက်အဓိပ္ပာယ်ကို သိရှိနားလည်ရန် မစွမ်းနိုင်သူ ဖြစ်နေပါမူ သစ္စာလေးပါးနှင့်စပ်သည့် သူတော်ကောင်း တရား နာကြားနိုင်ခြင်း တတ်သိနားလည်နိုင်ခြင်း မရှိသဖြင့် ဗြဟ္မစရိယဝါသဟူသည့် အကျင့်မြတ်တို့ကို ပြုကျင့်နိုင်ခွင့် အလျဉ်းပင် မရှိသောကြောင့် ပညာမဲ့၍ မိုက်မဲဆွံ့အသူ ဖြစ်ခြင်းကိုလည်း အက္ခဏဟူ၍ ခေါ်ဆိုသည်။
၈။ ဘုရားမပွင့်ထွန်းသောအခါ ဖြစ်ခြင်း = မဇ္ဈိမတိုက်၌ လူဖြစ်ကာ ဣန္ဒြေပြည့်စုံ၍ ကံ-ကံ၏အကျိုး တရားကို တတ်သိနားလည်သည့် ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ပညာရှိသူပင် ဖြစ်စေကာမူ မြတ်စွာ ဘုရား ပွင့်ထွန်းသောအခါ မဟုတ်ပါမူ ဗြဟ္မစရိယဝါသ ဟူသည့် (ကိလေသာအပူမီး ငြိမ်းကြောင်း အကျင့် ကောင်း ဖြစ်သည့် သီလ, သမာဓိ, ပညာ သိက္ခာ သုံးရပ်) အကျင့်မြတ်တို့ကို ကျင့်သုံးနိုင်ခွင့်ဟူ၍ မရှိ သောကြောင့် ဘုရား မပွင့်ထွန်းသောအခါကိုလည်း အက္ခဏဟူ၍ ခေါ်ဆိုသည်။
ဤဆိုအပ်ပြီးသော အက္ခဏ (= ရပ်ပြစ်) ရှစ်ပါး မှ လွန်မြောက်၍ ဘုရားသာသနာ ပွင့်ထွန်းရာကာလ၌ ဣန္ဒြေ မချို့တဲ့ဘဲ သမ္မာဒိဋ္ဌိအယူကောင်း ရရှိသော အခါအခွင့်ကို ဗုဒ္ဓုပ္ပါဒ နဝမခဏ = ရပ်ပြစ်ရှစ်ပါးကို လွန်မြောက်၍ ကိုးခုမြောက်ဖြစ်သော ဘုရားပွင့်တော်မူ ရာ သူတော်ကောင်းတရားပွားများနိုင်ရာ အခါအခွင့်ကောင်းဟု ခေါ်ဆိုသည်။
ယနေ့ ထင်ရှားရှိကြသော ရတနာ သုံးပါးကို ကိုးကွယ်ဆည်းကပ်ကြသူ သူတော်စင်အပေါင်းတို့မှာ ဘုရားသာသနာ ပွင့်ထွန်းရာဖြစ်၍ ဣန္ဒြေမချို့တဲ့သူ လူ၏အဖြစ်နှင့်တကွ သမ္မာဒိဋ္ဌိအယူကောင်းကို လက်ကိုင်ရရှိသူများ ဖြစ်ကြရကား ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ အခွင့်ကောင်းကြီးနှင့် လှလှကြီး ကြုံကြိုက်နေပါလျက် သီလ, သမာဓိ, ပညာတည်းဟူသော သာသနာ့အကျင့်တရားကို လက်လွှတ်ထားပါမူ ဒုလ္လဘအခွင့်ကောင်းကြီးကို ကျော်လွန်၍ သွားကြသူတို့ မည်ကြကုန်လိမ့်မည်။
မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားတည်း ဟူသော သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိက အကျင့်ကောင်း၏ အကာအကွယ် အန္တရာယ်ဖြစ်ကြသော အက္ခဏ (= ရပ်ပြစ်) ရှစ်ပါး တရားတို့ကသာ အရေအတွက်အားဖြင့်လည်းကောင်း, အချိန်အခါအားဖြင့် လည်းကောင်း များလှကုန်၏။ ကမ္ဘာအသင်္ချေ ကုန်လွန်၍ တစ်ရံတစ်ခါမှသာ ဘုရားရှင်တို့ ပွင့်ထွန်းတော် မူကြသောကြောင့် ဗုဒ္ဓုပ္ပါဒ နဝမခဏ အခွင့်ကောင်းကို အလွန် ရခဲလှပေသည်။
လောက၌ အလွန်တရာ ရခဲလှစွာသော မြတ်စွာဘုရား၏ တရားဓမ္မဒေသနာ ထွန်းပရာ အခါကာလနှင့် သမ္မာဒိဋ္ဌိအယူရှိသော ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သူ လူ၏အဖြစ် - ဤနှစ်ပါးကို ယနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မျက်မှောက်ရှေးရှု ရယူမိလျက် ရှိကြပြီ။ ဤမျှ အခွင့်ကောင်း အခါကောင်း ကြုံကြိုက်သော ဗုဒ္ဓုပ္ပါဒ နဝမခဏ၌ ဗုဒ္ဓုပ္ပါဒ နဝမ ခဏကြီးကို အရတော်သူတစ်ယောက် ဆိုစလောက်အောင် အပါယ်ဝဋ်ဆင်းရဲဒုက္ခ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း ဖြစ်သည့် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့် မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အရဟတ္တဖိုလ်ပေါက် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ်...။
ထိုသို့ ကျင့်ရမည့်ကျင့်စဉ်ပိုင်းတွင် ဘုရားဂုဏ်တော်တို့ကို အာရုံပြုကာ ကြည်ညိုသဒ္ဓါ တိုးပွားအောင် ကြိုးစားဆောင်ရွက်ခြင်း, ထိုမှတစ်ဆင့် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းလျက် သမာဓိစခန်းသို့ တက်လှမ်း ခြင်းဟူသော ဗုဒ္ဓါနုဿတိဘာဝနာလုပ်ငန်းရပ်လည်း တစ်ခု အပါအဝင် ဖြစ်ပေသည်။ ထို့ကြောင့် အရှင် မဟာဗုဒ္ဓဃောသ မထေရ်မြတ်က မိမိရေးသားအပ်သော မဟာနမက္ကာရ ဘုရားရှိခိုး ဂါထာနံပါတ် (၂၆) တွင် ဤသို့ တိုက်တွန်းထားတော်မူပေသည်။
ဗုဒ္ဓေါဗုဒ္ဓေါတိဃောသော အတိဒုလ္လဘတရော ကာ ကထာ ဗုဒ္ဓဘာဝေါ၊
လောကေ တသ္မာ ဝိဘာဝီ ဝိဝိဓဟိတသုခံ သာဓဝေါ ပတ္ထယန္တာ။
ဣဋ္ဌံ အတ္ထံ ဝဟန္တံ သုရနရမဟိတံ နိဗ္ဘယံ ဒက္ခိဏေယျံ၊
လောကာနံ နန္ဒိဝဍ္ဎံ ဒသဗလမသမံ တံ နမဿန္တု နိစ္စံ။
လောက၌ ဗုဒ္ဓ ဗုဒ္ဓဟူသော အသံမျှကိုသော်လည်း ကြားရဖို့ရန် အလွန် ခဲယဉ်းလှ၏။ ဗုဒ္ဓ၏အဖြစ်သည်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာရှိနိုင်ပါအံ့နည်း။ ထို့ကြောင့် လောကီလောကုတ္တရာဖြစ်သော စျာန်ချမ်းသာ ဝိပဿနာချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ ဟူသည့် အမျိုးမျိုးသော အကျိုးစီးပွားချမ်းသာကို လိုလားတောင့်တကြကုန်သော ပညာရှိသူတော်ကောင်း တို့သည် မိမိတို့ အလိုရှိအပ် မြတ်နိုးအပ်သော လောကီ လောကုတ္တရာ အကျိုး စီးပွား ချမ်းသာ အဖြာဖြာကို ရရာရကြောင်း ရောက်ရာရောက်ကြောင်း နည်းလမ်း ကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမလျက် ချမ်းသာသုခ အဝဝကို ရွက်ဆောင်ပေးတော်မူတတ်သော, နတ်လူတို့ သည် ပူဇော်အပ် မြတ်နိုးတော်မူအပ်သော, ဖူးမြင်ရသူ တို့၏သန္တာန်ဝယ် စိတ်ကြည်နူးဝမ်းမြောက်မှု အသိ ဉာဏ် ရရှိမှု စသည့် ကုသိုလ်တရားကိုသာ တိုးပွားစေ တတ်သဖြင့် ကြောက်ရွံ့ဖွယ် ဘေးရန်လည်း မရှိသော, ကံနှင့် အကျိုးကို ရည်ကိုးမျှော်သန်ကာ လှူဒါန်းပူဇော် သည့် အလှူကောင်း အလှူမှန် ဟူသမျှကို စိုးယူပိုင်သ ခံယူတော်မူခြင်းငှာ ထိုက်တန်တော်မူပေသော, ဖူးမြင် ရသူ ဗြဟ္မာ နတ် လူတို့၏ နှစ်လို ဝမ်းမြောက်ခြင်းကို တိုးပွားစေတတ်သော, ကိုယ်တော်အား (၁၀)ပါး ဉာဏ် တော်အား (၁၀)ပါးတို့နှင့် ပြည့်စုံတော်မူသော, လောကဓာတ်တစ်ခွင်ဝယ် သီလဂုဏ်, သမာဓိဂုဏ်, ပညာ ဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿနဂုဏ်တို့ဖြင့် တစ်စုံ တစ်ယောက်သောသူနှင့်မျှ တူတော်မမူသည့်အတွက် တုဘက်လည်း ကင်းတော်မူသော ထိုဗုဒ္ဓမြတ်စွာကို အမြဲမပြတ် ခပ်သိမ်းသော ကာလ၌ ရှိခိုး ဦးညွှတ် ကြစေကုန်သတည်း ...။
ဖားအောက်တောရဆရာတော်
၁၃၆၅ - ခု၊ တပို့တွဲလပြည့်နေ့
မဟာနမက္ကာရ ဘုရားရှိခိုး
အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်
မဟာနမက္ကာရ ဘုရားရှိခိုး
နိဿယ နှင့် အဓိပ္ပါယ်ရှင်းလင်းချက်များ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
မဟာနမက္ကာရ ဘုရားရှိခိုး နိဿယ
နံပါတ် (၁) ဂါထာ
၁။ သုဂတံ သုဂတံ သေဋ္ဌံ၊ ကုသလံကုသလံ ဇဟံ။
အမတံ အမတံ သန္တံ၊ အသမံ အသမံ ဒဒံ။
သရဏံ သရဏံ လောကံ၊ အရဏံ အရဏံ ကရံ။
အဘယံ အဘယံ ဌာနံ၊ နာယကံ နာယကံ နမေ။
၁။ သုဂတံ = စကားခြောက်ခွန်း လူ၌ထွန်းလည်း လေးခွန်းကိုပယ် နှစ်ခွန်းတယ်သဖြင့် ကျိုးရှိဟုတ်မှန် အဖိုးတန်သည့် ကောင်းမွန်မှန်ကန်သော စကားကို လည်း ပြောဆိုတော်မူတတ်ထသော။ သုဂတံ = ငါးဖြာ အာရုံ ကာမဂုဏ်နှင့် ကံ-ကိလေသာ ငါးခန္ဓာတို့မှ ကင်းဆိတ်ရာဖြစ်ခြင်းကြောင့် ဘေးရန်ကင်းကွာ အေးချမ်းသာသည့် ခေမာသောင်ကမ်း နိဗ္ဗာန်နန်းသို့လည်း ကြွမြန်းတော်မူတတ်ထသော။ သေဋ္ဌံ = ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့၏ သီလ-သမာဓိ-ပညာ ဂုဏ်သိက္ခာထက် ကဲသာလွန်မြတ် သီလ-သမာဓိ-ပညာ ဂုဏ်သကတ်ကြောင့် အထူးသဖြင့် ချီးမွမ်းအပ် မြတ်တော်မူထသော။ ကုသလံကုသလံ = သံသရာဝဋ် ခန္ဓာညွှတ်မှ မကျွတ်လွတ်ရန် အဖန်ဖန် အထပ်ထပ် လည်ပတ်စေတတ်သည့် အပြစ်မဲ့ငြား ကုသိုလ်တရားနှင့် အပြစ်ရှိငြား အကုသိုလ်တရားကို။ ဇဟံ = အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ပျက်ပျက်ကုန်စင် ခုတ်ထွင် ရှင်းလင်း မြစ်မကြွင်းအောင် ပယ်ရှင်း သုတ်သင်ကာ စွန့်ပယ်တော်မူပြီးထသော။ အမတံ = လေးပါးသော မဂ်ဉာဏ်, လေးပါးသော ဖိုလ်ဉာဏ်ဖြင့် မသေရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်တော်မူပြီးသည့် အဖြစ်ကြောင့် နောက်ထပ်တစ်ဖန် သေကျေပျက်စီးရခြင်းမှလည်း ကင်းတော်မူထသော။ အမတံ = အရဟတ္တဖိုလ် သမာပတ်ကို အလိုရှိတိုင်း ဝင်စားတော်မူနိုင်သဖြင့် အမြိုက်အရသာနှင့်လည်း ပြည့်စုံတော်မူပြီးထသော။ သန္တံ = ကိလေသာအပူမီးတို့ကို မဂ်အရဟတ် ရေစင်မြတ်ဖြင့် ငြှိမ်းသတ်တော်မူပြီးသည့် အဖြစ်ကြောင့် ကိလေသာဟူ အပူမလိမ်း အငြိမ်းကြီးငြိမ်းအေးတော်မူသော ကိုယ်စိတ်လည်း ရှိတော်မူထသော။ အသမံ = သောင်းလောကဓာတ်တစ်ခွင်ဝယ် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ဖြင့် တူညီသူ မရှိခြင်းကြောင့် အတုလည်း မရှိထသော။ အသမံ = ကာမဂုဏ်ချမ်းသာ စျာန်ချမ်းသာ ဝိပဿနာချမ်းသာတို့နှင့် မတူညီသဖြင့် အတုမရှိသော မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို။ ဒဒံ = ရရာရကြောင်း ရောက်ရာရောက်ကြောင်း နည်းလမ်းကောင်းဟု ခေါ်ဆိုအပ်သော မဂ္ဂင် ရှစ်ပါးကျင့်စဉ်တရားကို ဟောကြားပြသ ဆိုဆုံးမလျက် ပေးသနားတော်မူတတ်ထသော။ သရဏံ = လူသုံးဦးတို့၏ ကိုးကွယ်အားထားရာလည်း ဖြစ်တော်မူထသော။ လောကံ = သတ္တလောက သင်္ခါရလောက ဩကာသ လောကတည်းဟူသော လောကသုံးရပ်ကို။ သရဏံ = ပြက်ပြက်ကုန်စင် လင်းလင်းထင်လျက် ထွင်းဖောက် သိမြင်တော်မူတတ်ထသော။ အရဏံ = အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ခုတ်ထွင်ရှင်းလင်းအပ်ပြီးသည်၏ အဖြစ်ကြောင့် ကိလေသာတည်းဟူသော မြူလည်း ကင်းစင်တော်မူပြီးထသော။ အရဏံ = ကျွတ်ထိုက်သသူ ဝေနေယျကြာ သတ္တဝါတို့၏ သန္တာန်၌ ကိလေသာ မြူ၏ ကင်းစင်ခြင်းကို။ ကရံ = ကင်းရာ ကင်းကြောင်း နည်းလမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမလျက် ကင်းအောင် ပြုတတ်ထသော။ အဘယံ = ဇာတိ-ဇရာ-ဗျာဓိ-မရဏ အစဖြာသည့် ဘေးဒုက္ခအဝဝလည်း ရှိတော်မမူထသော။ အဘယံ = ဇာတိ-ဇရာ-ဗျာဓိ-မရဏ အစဖြာသည့် ဘေးဒုက္ခ အဝဝတို့၏ မရှိရာ ဖြစ်သော။ ဌာနံ = နိဗ္ဗာန်အရပ်သို့။ နာယကံ = သတ္တဝါတို့ကိုလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရာ ရကြောင်း နည်းလမ်းကောင်းကို ဟောကြားပြသ ဆိုဆုံးမလျက် ရောက်အောင် ပို့ဆောင်တော်မူတတ်ထသော။ နာယကံ = လူသုံးဦးတို့၏ အကြီးအမှူး အဦး အခိုင် ဖြစ်တော်မူသော မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ နမေ = နမာမိ = ကာယ ဝစီ မနောချီလျက် အဉ္ဇလီရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာ မိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၂) ဂါထာ
၂။ နယနသုဘဂကာယင်္ဂံ၊ မဓုရဝရသရောပေတံ။
အမိတဂုဏဂဏာဓာရံ၊ ဒသဗလမတုလံ ဝန္ဒေ။
၂။ နယနသုဘဂကာယင်္ဂံ = ဖူးမြင်ရသူတို့၏မျက်စိအား တင့်တယ်သော (၃၂)ပါးသော ယောက်ျားမြတ် တို့၏ လက္ခဏာတော်ကြီး, (၈၀)သော လက္ခဏာ တော်ငယ်တို့ဖြင့် တန်ဆာဆင်အပ်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းလည်း ရှိတော်မူထသော။ မဓုရဝရသရောပေတံ = ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ချိုမြိန်ကောင်းမြတ်သော အသံတော်နှင့်လည်း ပြည့်စုံတော်မူထသော။ အမိတဂုဏဂဏာဓာရံ = မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်သော သီလဂုဏ် ကျေးဇူး သမာဓိဂုဏ်ကျေးဇူး ပညာဂုဏ်ကျေးဇူး အစ ရှိသည့် ဂုဏ်ကျေးဇူးတော်အပေါင်း၏ တည်ရာလည်း ဖြစ်တော်မူထသော။ အတုလံ = သီလ အစရှိသော ဂုဏ်ကျေးဇူးတို့ကြောင့် တစ်စုံတစ်ယောက်သောသူနှင့်မျှ တူတော်မမူထသော။ ဒသဗလံ = ကိုယ်တော် အား (၁၀)ပါး, ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားကို။ အဟံ = တပည့် တော်သည်။ ဝန္ဒေ = ဝန္ဒာမိ = သဒ္ဓါရိုကျိုး မာန်စွယ် ချိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၃) ဂါထာ
၃။ ယော ဗုဒ္ဓေါ ဓိတိမာညဓာရကော၊
သံသာရေ အနုဘောသိ ကာယိကံ။
ဒုက္ခံ စေတသိကဉ္စ လောကတော၊
တံ ဝန္ဒေ နရဒေဝမင်္ဂလံ။
၃။ ဓိတိမာ = အရပ်လေးမျက်နှာတို့မှ လာသော လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်းမရှိ ငြိမ်သက်စွာ တည်ရှိသော မြင်းမိုရ်တောင်မင်းကဲ့သို့ ဆန့်ကျင်ဘက် မိစ္ဆာဝါဒ လေပြင်းမုန်တိုင်း, ဣဋ္ဌလောကဓံ အနိဋ္ဌလောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်းမရှိ တည်ကြည်သော သမာဓိလည်း ရှိတော်မူထသော။ အညဓာရကော = ကိလေသာတို့မှ လွတ် မြောက်မှု (= ဝိမုတ္တိ)ဟု ခေါ်ဆိုအပ်သော အရဟတ္တဖိုလ်ထီးဖြူကို ဆောင်တော်မူတတ်ထသော။ ယော ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ကိုယ်တော်တိုင် ထွင်းဖောက် သိမြင်တော်မူပြီးသည်ဖြစ်၍ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကိုလည်း သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် သိမြင်စေတော်မူတတ်သောကြောင့် ဗုဒ္ဓ ဟူသော အမည်တော်ကို ရရှိတော်မူသော အကြင် မြတ်စွာ ဘုရားသည်။ သံသာရေ = ခန္ဓာ-အာယတန-ဓာတ်တို့ ၏ အဆက်မပြတ်ဖြစ်ရာ သံသရာအတွင်း၌။ [သံသရန္တော = ကျင်လည်ခဲ့ရစဉ်။ သံသာရဝဋ္ဋေ =သံသရာ ဝဲဩဃ ရေယဉ်ကြော၌။ နိမုဂ္ဂါနံ =နစ်မြုပ်၍နေကြ ရကုန်သော။ သတ္တာနံ = ခပင်းများစွာ သတ္တဝါတို့အား။ အနုဒယာယ =ရင်ဝယ်သားပမာ အစဉ်ကွယ်ကာ သနားစောင့်ရှောက်လိုသော မဟာကရုဏာတော်ဖြင့်။ သံသာရဝဋ္ဋဒုက္ခတော = သံသရာဝဋ်ဆင်းရဲ ဒုက္ခ အဝဝမှ။ ပမောစေတုကာမော = ကျွတ်စေလို လွတ် စေလိုသော သမ္မာဆန္ဒတော်ဓာတ် အလွန်ပြင်းပြသည်ဖြစ်၍။ ကပ္ပသတသဟဿာဓိကာနိ =ကမ္ဘာတစ်သိန်းအလွန် ရှိကုန်သော။ စတ္တာရိ အသင်္ချေယျာနိ =လေးသင်္ချေတို့ ကာလပတ်လုံး။ အတိဒုက္ကရာနိ = အင်္ဂါ ခြေလက် ကိုယ်အသက်တို့ကိုပင် စွန့်လွှတ်ကာ အလွန့် အလွန် ခဲယဉ်းစွာ ဖြည့်ကျင့် ဆည်းပူးတော်မူအပ်ကုန်သော။ သမတိံသ ပါရမိယော = ပါရမီ, ဥပပါရမီ, ပရမတ္ထပါရမီဟု ဆိုအပ်ကုန်သော အမျှသုံးဆယ်ကုန်သော ပါရမီတော်မြတ်အပေါင်းတို့ကိုလည်းကောင်း။ ပဉ္စ မဟာပရိစ္စာဂေ = ငါးပါးကုန်သော စွန့်ခြင်းကြီးတို့ကိုလည်းကောင်း။ ကရောန္တော =ဖြည့်ကျင့် ဆည်းပူးတော်မူလျက်။] လောကတော = ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့ကို သံသရာ ဝဲဩဃမှ ထုတ်ဆောင်ကယ်တင်လိုခြင်းတည်းဟူသော အကြောင်းကြောင့်။ ကာယိကံ ဒုက္ခဉ္စ = ကိုယ်တော်ကို အမှီပြု၍ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခ အဝဝကိုလည်းကောင်း။ စေတသိကံ ဒုက္ခဉ္စ = စိတ်အစဉ်တော်ကို အမှီပြု၍ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခ အဝဝကိုလည်းကောင်း။ အနုဘောသိ = အစဉ် ခံစားတော်မူခဲ့လေပြီ။ နရဒေဝမင်္ဂလံ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ မွန်မြတ်သော မင်္ဂလာတစ်ဆူ ဖြစ်တော်မူပေသော။ တံ ဗုဒ္ဓံ = ထို မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ ဝန္ဒေ = ဝန္ဒာမိ = သဒ္ဓါရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၄) ဂါထာ
၄။ ဗာတ္တိံသတိလက္ခဏစိတြဒေဟံ၊
ဒေဟဇ္ဇုတိနိဂ္ဂတပဇ္ဇလန္တံ။
ပညာဓိတိသီလဂုဏောဃဝိန္ဒံ၊
ဝန္ဒေ မုနိမန္တိမဇာတိယုတ္တံ။
၄။ ဗာတ္တိံသတိလက္ခဏစိတြဒေဟံ = သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့ဖြင့် တန်ဆာဆင်ထားအပ်သော ဆန်းကြယ်သော ကိုယ်တော်လည်း ရှိတော်မူထသော။ ဒေဟဇ္ဇုတိနိဂ္ဂတပဇ္ဇလန္တံ = ကိုယ်တော်မှ ပြိုးပြိုးပြက်ပြက် တလက် လက် ထွက်ပေါ်လာသော ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တပြောင်ပြောင် ထွန်းတောက်ပတော်မူထသော။ ပညာဓိတိသီလဂုဏောဃဝိန္ဒံ = သူမတူသော ပညာဂုဏ် သမာဓိဂုဏ် သီလဂုဏ် အပေါင်းကိုလည်း ရတော်မူပြီးထသော။ အန္တိမဇာတိယုတ္တံ = အဆုံးစွန်သော ဘဝနှင့်လည်း ယှဉ်တော်မူပြီးထသော။ မုနိံ = အဂါရိယမုနိ, အနဂါရိယမုနိ, သေက္ခမုနိ, အသေက္ခမုနိ, ပစ္စေကမုနိဟူသော မုနိငါးမျိုးတို့ထက် ကဲသာလွန်မြတ်သော မုနိမုနိဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို။ အဟံ = တပည့်တော်သည်။ ဝန္ဒေ = ဝန္ဒာမိ = သဒ္ဓါရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၅) ဂါထာ
၅။ ပါတောဒယံ ဗာလဒိဝါကရံဝ၊
မဇ္ဈေ ယတီနံ လလိတံ သိရီဟိ။
ပုဏ္ဏိန္ဒုသင်္ကာသမုခံ အနေဇံ၊
ဝန္ဒာမိ သဗ္ဗညုမဟံ မုနိန္ဒံ။
၅။ ပါတောဒယံ = နံနက်အခါ၌ တက်လတ်သော။ ဗာလဒိဝါကရံဝ = တက်သစ်စ နေလုလင်ကဲ့သို့။ ယတီနံ = သမထ ဝိပဿနာ အစဖြာသည့် ကုသိုလ် တရားတို့ကို အပတ်တကုတ် ကြိုးစား အားထုတ်ကြကုန်သော ရဟန်းတော်တို့၏။ မဇ္ဈေ = အလယ်၌။ သိရီဟိ = (၃၂)ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး, (၈၀)သော လက္ခဏာတော်ငယ်တို့မှ ထွက်ပေါ်လာသော ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ကိုယ်အင်္ဂါတို့၏ တင့်တယ် စံပယ်ခြင်းသို့ ရောက်ရှိနေကြကုန်သော ကျက်သရေမင်္ဂလာတို့ဖြင့်။ လလိတံ = တင့်တယ်စံပယ်တော်မူထသော။ ပုဏ္ဏိန္ဒုသင်္ကာသမုခံ = တစ်ထောင်သော ရောင်ခြည်တို့ဖြင့် အသရေရှိလှသော လပြည့်ဝန်းနှင့်တူသော, လက္ခဏာ တော်ကြီး လက္ခဏာတော်ငယ် အသွယ်သွယ်တို့မှ ထွက်ပေါ်လာသော ရောင်ခြည်တော်တို့ဖြင့် တင့်တယ် သော မျက်နှာတော်လည်း ရှိတော်မူထသော။ အနေဇံ = တဏှာတည်းဟူသော မြူအညစ်အကြေးလည်း ကင်းစင်တော်မူပြီးထသော။ သဗ္ဗညုံ = သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်တည်းဟူသော ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ဉေယျဓမ်တရား (၅)ပါးတို့ကိုလည်း ပြက်ပြက်ကုန်စင် ထိုးထွင်း သိမြင်တော်မူပြီးထသော။ မုနိန္ဒံ = ရဟန်းတို့ကို အစိုးရတော်မူသော မြတ်စွာ ဘုရားကို။ အဟံ = တပည့်တော်သည်။ ဝန္ဒာမိ = သဒ္ဓါရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၆) ဂါထာ
၆။ ဥပေတပုညော ဝရဗောဓိမူလေ၊
သသေနမာရံ သုဂတော ဇိနိတွာ။
အဗောဇ္ဈိ ဗောဓိံ အရုဏောဒယမှိ၊
နမာမိ တံ မာရဇိနံ အဘင်္ဂံ။
၆။ ဥပေတပုညော = ပါရမီ (၁၀)ပါး, အပြား (၃၀) သော ပြည့်စုံသော ဘုန်းတော်လည်း ရှိတော်မူထသော။ ယော သုဂတော = ကောင်းမြတ် တင့်တယ် တော်မူသည့် နိဗ္ဗာန်အရပ်သို့ ကြွသွားတော်မူတတ်ခြင်း တည်းဟူသော အကြောင်းကြောင့် သုဂတအမည်ရှိ တော်မူသော အကြင် မြတ်စွာဘုရားသည်။ ဝရဗောဓိမူလေ = ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်၌။ သသေနမာရံ = စစ်သည်ဗိုလ်ပါနှင့် တကွသော မိုးနတ်သား မာရ်နတ်မင်းကို။ ဇိနိတွာ = ကဆုန်လပြည့် ဗုဒ္ဓနေ့ဝယ် နေမဝင်မီ အချိန်မှာပင်လျှင် ပါရမီဘုန်း တော်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် အောင်မြင်တော်မူပြီးသည်ဖြစ်၍။ အရုဏောဒယမှိ = နေအရုဏ် တက်သော အချိန်အခါကာလ၌။ ဗောဓိံ = ကဲသာလွန်ဘိ တုမရှိသည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်တည်းဟူသော သမ္မာသမ္ဗောဓိဉာဏ် တော်မြတ်ကို (ဝါ) အရဟတ္တမဂ်ဉာဏ်တည်းဟူသော သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ဖြင့် ထိုးထွင်း သိမြင်အပ်သည့် သစ္စာလေးရပ် တရားမြတ်ကို။ အဗောဇ္ဈိ = ထွင်းဖောက် သိမြင်တော်မူခဲ့လေပြီ။ မာရဇိနံ = ဒေဝပုတ္တမာရ်, ကိလေသမာရ်, ခန္ဓမာရ်, မစ္စုမာရ်, အဘိသင်္ခါရမာရ်တည်းဟူသော မာရ်ငါးပါးကို အောင်မြင်တော် မူပြီးထသော။ အဘင်္ဂံ = ငါးတန်သော မာရ်စစ်သည်တို့သည် မဖျက်ဆီးအပ် မဖျက်ဆီးနိုင်ထသော။ တံ သုဂတံ = သုဂတခေါ်ဆိုသည့် ထို မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ နမာမိ = ကာယ ဝစီ မနောချီလျက် အဉ္ဇလီရိုကျိုး လက် ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၇) ဂါထာ
၇။ ရာဂါဒိဆေဒါမလဉာဏခဂ္ဂံ၊
သတိဿမညာဖလကာဘိဂါဟံ။၁
သီလောဃလင်္ကာရဝိဘူသိတံ တံ၊
နမာမိဘိညာဝရမိဒ္ဓုပေတံ။
၇။ ရာဂါဒိဆေဒမလဉာဏခဂ္ဂံ = ရာဂ စသော ကိလေသာတို့ကို ပယ်ဖြတ်တတ်သော, ကိလေသာ အညစ်အကြေး ကင်းသော (သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် သိမြင်တတ်သော) အရဟတ္တမဂ် ဉာဏ်သန်လျက်လည်း ရှိတော်မူထသော။ သတိဿမညာဖလကာဘိဂါဟံ = သမ္မာသတိ အမည်ရှိသော ကာကိုလည်း မြဲစွာ စွဲကိုင်တော်မူထသော။ သီလောဃလင်္ကာရဝိဘူသိတံ=လောကုတ္တရာ သီလအပေါင်း တည်းဟူသော ချပ်ဝတ်တန်ဆာတို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်တော်မူပြီးထသော။ အဘိညာဝရမိဒ္ဓုပေတံ = အဘိညာဏ်တည်းဟူသော မြတ်သော တန်ခိုးဣဒ္ဓိပါဒ်နှင့်လည်း ပြည့်စုံတော်မူပြီးသော။ တံ ဗုဒ္ဓံ = ထိုမြတ်စွာဘုရားကို။ အဟံ = တပည့်တော် သည်။ နမာမိ = ကာယ ဝစီ မနောချီလျက် အဉ္ဇလီ ရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၈) ဂါထာ
၈။ ဒယာလယံ သဗ္ဗဓိ ဒုက္ကရံ ကရံ၊
ဘဝဏ္ဏဝါတိက္ကမမဂ္ဂတံ ဂတံ။
တိလောကနာထံ သုသမာဟိတံ ဟိတံ၊
သမန္တစက္ခုံ ပဏမာမိ တံမိတံ။
၈။ ဒယာလယံ = မဟာကရုဏာတော် မေတ္တာတော်၏ တည်ရာလည်း ဖြစ်တော်မူထသော။ သဗ္ဗဓိ = ခပ်သိမ်းသော ကိုယ်တော်၏ အဖြစ်၌။ ဒုက္ကရံ = ပါရမီဆယ်ပါး အပြားသုံးဆယ်, သုံးသွယ်စရိယ, ငါးဝ သော စွန့်ခြင်းကြီး အစရှိသည့် အလွန်ပြုနိုင်ခဲသည့် ခဲယဉ်းသော အမှုကို။ ကရံ = သဗ္ဗညုတဉာဏ် ရဖို့ရန်ဟု စိတ်သန်ရည်စူး သဒ္ဓါထူးဖြင့် ဆည်းပူးရှာမှီး ပြုစုတော်မူပြီးထသော။ ဘဝဏ္ဏဝါတိက္ကမံ = ကာမ ရူပ အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်သမုဒ္ဒရာမှ ကျော်လွှားလွန်မြောက်တော်မူပြီးထသော။ အဂ္ဂတံ = သူမတူသော သီလ သမာဓိ ပညာဂုဏ်သကတ်ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့ထက် ကဲသာလွန်မြတ်သည်၏ အဖြစ်သို့။ ဂတံ = ရောက်တော်မူပြီးထသော။ တိလောကနာထံ = လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို ရရာရကြောင်း နည်းလမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတော်မူတတ်သဖြင့် ဗြဟ္မာ နတ်လူ သုံးဘုံသူတို့၏ ကိုးကွယ် အားထားရာ အစစ် အဖြစ်ကြီး ဖြစ်တော်မူထသော။ သုသမာဟိတံ = အရပ်လေးမျက်နှာတို့မှလာသော လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်းမရှိ မြဲခိုင်စွာ တည်ရှိသော မြင်းမိုရ် တောင်မင်းကဲ့သို့ မိစ္ဆာဒိဋ္ဌိလေပြင်းမုန်တိုင်း လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်း အလျဉ်းပင် မရှိသည်ဖြစ်၍ မြဲခိုင်စွာဘိ ကောင်းစွာ တည်ကြည်သော သမာဓိလည်း ရှိတော်မူထသော။ ဟိတံ = လူ နတ်ဗြဟ္မာ သတ္တဝါတို့၏ လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားချမ်းသာကိုလည်း ရွက်ဆောင်တော်မူတတ်ထသော။ သမန္တစက္ခုံ = သဗ္ဗညုတ ဉာဏ်တော်မြတ်တည်းဟူသော ထက်ဝန်းကျင် သိမြင်နိုင်စွမ်းရှိသော သမန္တစက္ခုလည်း ရှိတော်မူထသော။ အမိတံ = မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်လည်း ရှိတော်မူထသော။ တံ ဗုဒ္ဓံ = ထိုမြတ်စွာဘုရားကို။ အဟံ = တပည့်တော် သည်။ ပဏမာမိ = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၉) ဂါထာ
၉။ တဟိံ တဟိံ ပါရမိသဉ္စယံ စယံ၊
ဂတံ ဂတံ သဗ္ဘိ သုခပ္ပဒံ ပဒံ။
နရာနရာနံ သုခသမ္ဘဝံ ဘဝံ၊
နမာနမာနံ ဇိနပုင်္ဂဝံ ဂဝံ။
၉။ တဟိံ တဟိံ = ထိုထိုသို့သော ဘုံဘဝ ထိုထိုသို့သော ကိုယ်တော်၏ အဖြစ်၌။ ပါရမိသဉ္စယံ = ပါရမီ ဥပပါရမီ ပရမတ္ထပါရမီတည်းဟူသော အမျှသုံးဆယ်သော ပါရမီတော်မြတ်အပေါင်းကို။ စယံ = သဗ္ဗညုတဉာဏ် ရဖို့ရန်ဟု စိတ်သန်ရည်စူး သဒ္ဓါထူးဖြင့် ဆည်းပူးတော်မူပြီးထသော။ သဗ္ဘိ = ကိလေသာ အပူမီးတို့ကို ငြိမ်းအေးလိုကြောင်း သမ္မာဆန္ဒကောင်း ရှိကြသည့် သန္တ (= သပ္ပုရိသ) အမည်ရသည့် သူတော်ကောင်းတို့သည်။ ဂတံ = ကိလေသာ အပူငြိမ်းကြောင်း တရားကောင်းကို ရလိမ့်ဧကန် စင်စစ်မှန်ဟု အကယ်တိတိ ဉာဏ်ပညာမျက်စိဖြင့် တွေ့မြင်သိရှိသည်ဖြစ်၍ ဆည်းကပ်ကိုးကွယ်အပ်ထသော။ သုခပ္ပဒံ = အစ္စန္တသုခ အမည်ရသည့် တကယ့်ချမ်းသာထူး ချမ်းသာမြတ်ကြီး၏ တည်ရာဖြစ်တော်မူသော။ ပဒံ = အရိယာ သူတော် ကောင်းတို့သည် အာရုံပြုသည်၏ အစွမ်းအားဖြင့် ရောက်တော်မူအပ်သော နိဗ္ဗာန်တရားတော်မြတ်သို့။ ဂတံ = ရောက်တော်မူပြီးထသော။ နရာနရာနံ = ကျွတ် ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့၏။ သုခသမ္ဘဝံ = လောကီ လောကုတ္တရာ ချမ်းသာသုခ အဝဝကို ရခြင်း ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်ပေ သော ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှုကို။ ဘဝံ = မဟာ ကရုဏာတော် ပြဓာန်းသော ဒေသနာဉာဏ်တော်မြတ် ဖြင့် ဤသို့ ပြုရ မြတ်ပုည ဟု ညွှန်ကြား ပြသ ဆိုဆုံးမလျက် ဖြစ်စေတော်မူတတ်ထသော။ အနမာနံ = ရိုသေသမှု ညွှတ်ကိုင်းမှုကို အလျဉ်းပင် မပြုသော။ ဂဝံ = နွားနှင့် တူသော သူမိုက်ကို။ ဇိနပုင်္ဂဝံ = မေတ္တာ ရေချမ်း ပက်ကာဖျန်းလျက် အောင်တော်မူတတ်သည့် ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို။ နမေ = နမာမိ = ကာယ ဝစီ မနောချီလျက် အဉ္ဇလီရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုး ဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၁၀) ဂါထာ
၁၀။ မဂ္ဂင်္ဂနာဝံ မုနိဒက္ခနာဝိကော၊
ဤဟာဖိယံ ဉာဏကရေန ဂါဟကော။
အာရုယှ ယော တာယ ဗဟူ ဘဝဏ္ဏဝါ၊
တာရေသိ တံ ဗုဒ္ဓမဃပ္ပဟံ နမေ။
၁၀။ ဤဟာဖိယံ = ဝီရိယတည်းဟူသော တက်မကို။ ဉာဏကရေန = သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော လက်တော်ဖြင့်။ ဂါဟကော = မြဲမြံစွာ ကိုင်စွဲထားတော်မူသော။ ယော မုနိဒက္ခနာဝိကော = အကြင် မုနိထွတ်ထား မြတ်စွာဘုရားတည်းဟူသော လိမ္မာလှစွာသော သင်္ဘောလှေမှူးသည်။ မဂ္ဂင်္ဂနာဝံ = မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်းဟူသော သင်္ဘော လှေထက်သို့။ အာရုယှ = တက်စီးတော်မူပြီး၍။ တာယ = ထိုမဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်းဟူသော သင်္ဘောလှေဖြင့်။ ဗဟူ = ကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ ဝေနေယျများစွာ သတ္တဝါတို့ကို။ ဘဝဏ္ဏဝါ = ကူးခတ်လွန်မြောက်ဖို့ရန် အလွန် ခဲယဉ်းလှစွာသော အပြောကျယ်သည့် ဘဝသုံးပါးတည်းဟူသော မဟာ သမုဒ္ဒရာမှ။ တာရေသိ = နိဗ္ဗာန်တည်းဟူသော ထိုမှာ ဘက်ကမ်းသို့ ရောက်အောင် ထုတ်ဆောင် ကယ်တင် တော်မူခဲ့လေပြီ။ အဃပ္ပဟံ = ပြောထူများစွာ သတ္တဝါ တို့၏ ကိလေသာဝဋ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲကို အမြစ် မကြွင်းအောင် ပယ်ရှင်းပေးတော်မူတတ်ထ သော။ ဗုဒ္ဓံ = သစ္စာလေးရပ် တရားမြတ်ကို ကိုယ်တော် တိုင် ထွင်းဖောက်သိမြင်တော်မူပြီးသည် ဖြစ်၍ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့ကို လည်း ထွင်းဖောက် သိမြင်စေတော်မူတတ်ထသော။ တံ မုနိဒက္ခံ = ထိုမုနိထွတ်ထား မြတ်စွာဘုရားတည်း ဟူသော လိမ္မာလှစွာသော သင်္ဘောလှေမှူးကို။ အဟံ = တပည့်တော်သည်။ နမေ = နမာမိ = ကာယ ဝစီ မနောချီလျက် အဉ္ဇလီရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာ မိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၁၁) ဂါထာ
၁၁။ သမတိံသတိပါရမိသမ္ဘရဏံ၊
ဝရဗောဓိဒုမေ စတုသစ္စဒသံ။
ဝရမိဒ္ဓိဂတံ နရဒေဝဟိတံ၊
တိဘဝူပသမံ ပဏမာမိ ဇိနံ။
၁၁။ သမတိံသတိပါရမိသမ္ဘရဏံ = ဒီပင်္ကရာ ဘုရားရှင်၏ ခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်းကို ဆင်မြန်း တော်မူခဲ့သည်မှစ၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဆယ်ပါးသော ပါရမီ, ဆယ်ပါးသော ဥပပါရမီ, ဆယ်ပါးသော ပရမတ္ထပါရမီတည်းဟူသော အမျှသုံးဆယ်သော ပါရမီတော်မြတ် အပေါင်းကို သဗ္ဗညုတဉာဏ် ရဖို့ရန်ဟု စိတ်သန် ရည်စူး သဒ္ဓါ ထူးဖြင့် ဆည်းပူးရှာမှီး ဖြည့်ကျင့်တော်မူပြီးထသော။ ဝရဗောဓိဒုမေ = မြတ်သောဗောဓိပင်၏ အနီးဖြစ်သော အပရာဇိတ မည်ရခေါ်တွင် မြတ်သော ပလ္လင်ထက်၌။ စတုသစ္စဒသံ = အရိယသစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပြီးထသော။ ဝရမိဒ္ဓိဂတံ = ရှေးရှေးဘုရားရှင်တို့ကဲ့သို့ လွန်မြတ်သော တန်ခိုး ဣဒ္ဓိပါဒ်သို့ ရောက်တော်မူပြီး ရတော်မူပြီးထသော။ နရဒေဝဟိတံ = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ချမ်းသာသုခကို ရရာရကြောင်း နည်းလမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတော်မူလျက် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားကို ရွက်ဆောင်တော်မူတတ်ထသော။ တိဘဝူပသမံ = ကာမ ရူပ အရူပတည်းဟူသော ဘဝ သုံးထပ် ဘုံသုံးရပ်၌ ကျင်လည်ရာ ကျင်လည်ကြောင်း ကိလေသာသင်္ခါရ တရားအပေါင်းကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ ပယ်ရှားတော်မူပြီးသည်၏ အဖြစ်ကြောင့် ဘဝ သုံးထပ် ဘုံသုံးရပ်မှ အငြိမ်းကြီး ငြိမ်းတော်မူပြီးထသော။ ဇိနံ = ဒေဝပုတ္တ, ကိလေသနှင့် ခန္ဓ, မစ္စု, အဘိသင်္ခါ မာရ်ငါးဖြာကို အောင်မြင်တော် မူပြီးသော ငါးမာရ်အောင်မြင် ဘုရားရှင်ကို။ အဟံ = တပည့်တော်သည်။ ပဏမာမိ = ကာယ ဝစီ မနော ချီလျက် အဉ္ဇလီရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၁၂) ဂါထာ
၁၂။ သတပုညဇလက္ခဏိကံ ဝိရဇံ၊
ဂဂနူပမဓိံ ဓိတိမေရုသမံ။
ဇလဇူပမသီတလသီလယုတံ၊
ပထဝီသဟနံ ပဏမာမိ ဇိနံ။
၁၂။ သတပုညဇလက္ခဏိကံ = အရာမက များပြား လှစွာသော ပါရမီဘုန်းကံကြောင့် ထင်ရှားဖြစ်ပေါ်လာသော သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာ, ရှစ်ဆယ်သော လက္ခဏာတော်ငယ်, တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော်လည်း ရှိတော်မူထသော။ ဝိရဇံ = ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်၌ ကိလေသာမာရ် အပေါင်းကို အောင်မြင် တော်မူပြီးသည်၏ အဖြစ်ကြောင့် ရာဂစသော ကိလေသာမြူ အညစ်အကြေးလည်း ကင်းစင်တော်မူပြီးထသော။ ဂဂနူပမဓိံ = ကောင်းကင်နှင့် တူသော ကြီးမားကျယ်ပြန့်သော သဗ္ဗညုတဉာဏ်တော်မြတ်လည်း ရှိတော်မူထသော။ ဓိတိမေရုသမံ = အရပ် လေးမျက်နှာတို့မှ လာသော လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်း အလျဉ်းမရှိသည့် မြင်းမိုရ် တောင်မင်းနှင့် ပမာတူသော, လောကဓံ လေပြင်းမုန်တိုင်း မိစ္ဆာဒိဋ္ဌိလေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်း အလျဉ်းမရှိသော လောကုတ္တရာစျာန်သမာဓိလည်း ရှိတော်မူထသော။ ဇလဇူပမသီတလသီလယုတံ = သန့်ရှင်းကြည်လင်သော ရေအပြင်၌ ပွင့်ထွန်းပေါ်ပေါက်၍ လာပေသော ပဒုမ္မာကြာပန်းနှင့် တူစွာ အလွန် ချမ်းမြေ့လှသော သီလသီတင်းနှင့်လည်း မပြတ် ယှဉ်ထသော။ ပထဝီသဟနံ = မဟာပထဝီမြေကြီးနှင့် တူစွာ ဣဋ္ဌ အနိဋ္ဌ စသည် ထွေပြား လောကဓမ္မများကို သည်းခံနိုင်သော စိတ်နှလုံးတော်လည်း ရှိတော်မူထသော။ ဇိနံ = ဒေဝပုတ္တ စသည်အပြား မာရ်ငါးပါးကို အောင်မြင်တော်မူပြီးသော မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ ပဏမာမိ = ကာယ ဝစီ မနော ချီလျက် အဉ္ဇလီရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၁၃) ဂါထာ
၁၃။ ယော ဗုဒ္ဓေါ သုမတိ ဒိဝေ ဒိဝါကရောဝ၊
သောဘန္တော ရတိဇနနေ သိလာသနမှိ။
အာသိန္နော၁ သိဝသုခဒံ အဒေသိ ဓမ္မံ၊
ဒေဝါနံ တမသဒိသံ နမာမိ နိစ္စံ။
၁၃။ သုမတိ = သဗ္ဗညုတဉာဏ်တော်မြတ် ဒေသနာ ဉာဏ်တော်မြတ်တည်းဟူသော ကောင်းမြတ်သော ပညာလည်း ရှိတော်မူသော။ ယော ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပြီးသည်ဖြစ်၍ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့ကိုလည်း ထွင်းဖောက်သိမြင်စေတော် မူတတ်သောကြောင့် ဗုဒ္ဓအမည်ရှိတော်မူသော အကြင် မြတ်စွာဘုရားသည်။ ဒိဝေ ဒိဝါကရောဝ = နေ့အခါ၌ ထွန်းလင်းတောက်ပလျက်ရှိသော နေမင်းကဲ့သို့။ သောဘန္တော = ကိုယ်တော်မှ ကွန့်မြူးစံပယ် တင့်တယ် စွာ ထွက်ပေါ်လာသော ရောင်ခြည်တော် ခြောက်သွယ်တည်းဟူသော နေဝန်းဖြင့် ထွန်းလင်း တင့်တယ် နေစံပယ်တော်မူသည်ဖြစ်၍။ ရတိဇနနေ = နတ်ဗြဟ္မာ တို့၏ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းကို ဖြစ်စေ တတ်သော။ သိလာသနမှိ = ပင်လယ်ကသစ်ပင်၏ အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြတ် ကျောက်ဖျာထက်၌။ အာသိန္နော = အဘိဓမ္မာ ဒေသနာတော်ကို နာယူလိုကြောင်း သမ္မာဆန္ဒကောင်းဖြင့် စကြဝဠာ တိုက်တစ်သောင်းမှ ခညောင်းလာကြသည့် နတ်ဗြဟ္မာအပေါင်းတို့ အလယ်၌ သီတင်းသုံး နေထိုင်တော်မူလျက်။ သိဝသုခဒံ = သံသရာဝဋ်ဆင်းရဲဒုက္ခ ကိလေသာဝဋ်ဆင်းရဲဒုက္ခ အပူမီး အဝဝတို့မှ အငြိမ်း ကြီး ငြိမ်းရာ အအေးကြီးအေးရာ ဖြစ်တော်မူသည့် နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော။ ဓမ္မံ = ထူးကဲလွန်မြတ်သည့် အဘိဓမ္မာဒေသနာတော်မြတ်ကို။ ဒေဝါနံ = မယ်တော်မိနတ်သား အမှူးထားသည့် စကြဝဠာပေါင်း တိုက်တစ်သောင်းမှ ခညောင်းလာငြား နတ်ဗြဟ္မာအပေါင်းတို့အား။ အဒေသိ = ဝါတွင်းသုံးလတို့ ကာလပတ်လုံး ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့လေပြီ။ အသဒိသံ = သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ဖြင့် တူညီသူ မရှိခြင်းကြောင့် တုဘက်လည်းကင်းတော်မူသော။ တံ ဗုဒ္ဓံ = ထိုမြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။နိစ္စံ =အမြဲမပြတ် ခပ်သိမ်းသော အချိန်ကာလ၌။ နမာမိ= ကာယ ဝစီ မနောချီလျက် အဉ္ဇလီရိုကျိုး လက် ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၁၄) ဂါထာ
၁၄။ ယော ပါဒပင်္ကဇမုဒုတ္တလရာဇိကေဟိ၊
လောကေဟိ တီဟိဝိကလေဟိ နိရာကုလေဟိ။
သမ္ပာပုဏေ နိရုပမေယျတမေဝ နာထော၊
တံ သဗ္ဗလောကမဟိတံ အသမံ နမာမိ။
၁၄။ ယော နာထော = ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ကိုးကွယ်အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူပေသော အကြင် မြတ်စွာဘုရားသည်။ အဝိကလေဟိ = မချို့တဲ့သဖြင့် ထက်ဝန်းကျင် ပြည့်စုံကုန်သော။ နိရာကုလေဟိ = ရောယှက် ရှုပ်ထွေးခြင်း ကင်းသဖြင့် သန့်ရှင်း ပြတ်သားကုန်သော။ ပါဒပင်္ကဇမုဒုတ္တလရာဇိကေဟိ = ခြေတော်အစုံ ကြာပဒုံတို့၏ နူးညံ့သိမ်မွေ့သည့် နှစ်ဘက်သော ဖဝါးအပြင်တို့၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော်တည်းဟူသော အရေးအသားတို့ဖြင့်။ တီဟိ လောကေဟိ = ဗြဟ္မာနတ်လူ သုံးဘုံသူတို့နှင့်။ နိရုပမေယျတံ = မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်သည်၏ အဖြစ်သို့။ သမ္ပာပုဏေ ဧဝ = ကောင်းစွာ ရောက်ရှိတော်မူသည်သာလျှင်တည်း။ သဗ္ဗလောကမဟိတံ = လူ့လောက နတ်လောကဟု ဆိုအပ်သော ခပ်သိမ်းသောလောကသည် ပူဇော်တော်မူအပ်သော။ အသမံ = ဥပဓိသမ္ပတ္တိဂုဏ် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ပါရမီဘုန်းကံဂုဏ်တို့ဖြင့် အတုမရှိသော။ တံ နာထံ = ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ကိုးကွယ် အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူသော ထို မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ နမာမိ = ကာယ ဝစီ မနောချီလျက် အဉ္ဇလီရိုကျိုး လက် ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၁၅) ဂါထာ
၁၅။ ဗုဒ္ဓံ နရာနရသမောသရဏံ ဓိတတ္တံ၊
ပညာပဒီပဇုတိယာ ဝိဟတန္ဓကာရံ။
အတ္ထာဘိကာမနရဒေဝဟိတာဝဟံ တံ၊
ဝန္ဒာမိ ကာရုဏိကမဂ္ဂမနန္တဉာဏံ။
၁၅။ နရာနရသမောသရဏံ = လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားချမ်းသာ၏ ပြည့်စုံခြင်းကို လိုလားတောင့်တကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ စုဝေးရာလည်း ဖြစ်တော်မူထသော။ ဓိတတ္တံ = လောကီ လောကုတ္တရာ နှစ်ဖြာသော သမာဓိနှင့် ယှဉ်သော တည်ကြည်သော စိတ်ဓာတ် လည်း ရှိတော်မူထသော။ ပညာပဒီပဇုတိယာ = ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဟုတ်မှန်သည့်အတိုင်း သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် သိမြင်တတ်သော အရဟတ္တမဂ်ဉာဏ်တည်းဟူသော ပညာတန်ဆောင် ဆီမီးရောင်လည်း ရှိတော်မူထသော။ ဝိဟတန္ဓကာရံ = သစ္စာလေးရပ် တရားမြတ်ကို မသိ အောင် ဖုံးလွှမ်းထားတတ်သည့် အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ပယ်ဖျက်တော်မူပြီးထသော။ အတ္ထာဘိကာမံ = လူနတ် ဗြဟ္မာ သတ္တဝါတို့၏ လောကီ လောကုတ္တရာ နှစ်ဖြာ သော အကျိုးစီးပွားကို အလွန်လိုလား တောင့်တတော် မူထသော။ နရဒေဝဟိတာဝဟံ = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွား ချမ်းသာကို ရရာရကြောင်း နည်းလမ်း ကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတော်မူလျက် ရွက် ဆောင်တော်မူတတ်ထသော။ ကာရုဏိကံ = သတ္တဝါ အားလုံးတို့အပေါ်၌ ဖြန့်ကြက်၍ ထားအပ်သော ကြီးမား ကျယ်ပြန့်သော မဟာကရုဏာတော်လည်း ရှိတော်မူထသော။ အဂ္ဂံ = ဇာတိဂုဏ် ပါရမီပုညဂုဏ် မနှိုင်းယှဉ်အပ်သော သီလ သမာဓိ ပညာဂုဏ်တို့ ကြောင့် မြတ်သည်၏အဖြစ်သို့ ရောက်တော်မူထသော။ အနန္တဉာဏံ = သဗ္ဗညုတဉာဏ်တော်မြတ် စသော အဆုံးအပိုင်းအခြား မရှိသော ဉာဏ်တော်လည်း ရှိတော်မူထသော။ တံ ဗုဒ္ဓံ = ထို မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ ဝန္ဒာမိ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၁၆) ဂါထာ
၁၆။ အခိလဂုဏနိဓာနော ယော မုနိန္ဒောပဂန္တွာ၊
ဝနမိသိပတနဝှံ သညတာနံ နိကေတံ။
တဟိမကုသလဆေဒံ ဓမ္မစက္ကံ ပဝတ္တော၊
တမတုလမဘိကန္တံ ဝန္ဒနေယျံ နမာမိ။
၁၆။ အခိလဂုဏနိဓာနော = ခပ်သိမ်းသော လောကီ လောကုတ္တရာဂုဏ်တို့၏ သိုမှီးရာလည်း ဖြစ်တော်မူထသော။ ယော မုနိန္ဒော = အဂါရိယမုနိ, အနဂါရိယမုနိ, သေက္ခမုနိ, အသေက္ခမုနိ, ပစ္စေကမုနိဟူသော မုနိငါးပါးတို့ကို အစိုးရတော်မူသော မုနိမုနိ ဖြစ်တော်မူသော အကြင်မြတ်စွာဘုရားသည်။ သညတာနံ = ကိုယ် နှုတ် နှလုံးကို စောင့်သုံးကြကုန်သော အရှင်ကောင်း အရှင်မြတ်တို့၏။ နိကေတံ = စျာနရတိ ဝိပဿနာရတိတို့ဖြင့် ကိန်းအောင်း မွေ့လျော်ရာ အစစ် ဖြစ်ပေသော။ ဣသိပတနဝှံ = ဘုရားပစ္စေကဗုဒ္ဓါ အရိယာတို့ စျာန်အဘိညာဏ်ဖြင့် ကောင်းကင်မှသက်ရာ ကောင်းကင်သို့တက်ရာ ဖြစ်ခြင်းကြောင့် ဣသိပတန အမည်ရသော။ ဝနံ = သားပေါင်းစုံသည့် မိဂဒါဝုန် တောရဂုံသို့။ ဥပဂန္တွာ = ကြွသွားတော်မူ၍။ တဟိံ = ထိုမိဂဒါဝုန် တောရဂုံ၌။ အကုသလဆေဒံ = အကုသိုလ်ကို ပယ်ဖြတ်တတ်သော။ ဓမ္မစက္ကံ = ဒေသနာဉာဏ်တော်မြတ်ဖြင့် လည်ပတ်စေအပ်သော ဓမ္မစကြာ တရားဒေသနာတော်ကို။ ပဝတ္တော = ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ခဲ့လေပြီ။ အတုလံ = သီလ စသော ဂုဏ်တို့ဖြင့် တစ်စုံတစ်ယောက်သောသူနှင့်မျှ တူတော် မမူထသော။ အဘိကန္တံ = အလွန်နှစ်လိုဖွယ်သော ဂုဏ်တော် အပေါင်းလည်း ရှိတော်မူထသော။ ဝန္ဒနေယျံ = နတ်လူဗြဟ္မာ သတ္တဝါတို့၏ ရှိခိုးခြင်းကို ခံယူ တော်မူထိုက်သော။ တံ မုနိန္ဒံ = မုနိ ငါးပါးတို့ကို အစိုးရတော်မူသည့် မုနိမုနိ ဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ ဝန္ဒာမိ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာ ဘုရား။
နံပါတ် (၁၇) ဂါထာ
၁၇။ သုစိပရိဝါရိတံ သုရုစိရပ္ပဘာဟိ ရတ္တံ၊
သိရိဝိသရာလယံ ဂုပိတမိန္ဒြိယေဟုပေတံ။
ရဝိသသိမဏ္ဍလပ္ပဘုတိလက္ခဏောပစိတ္တံ၊
သုရနရပူဇိတံ သုဂတမာဒရံ နမာမိ။
၁၇။ သုစိပရိဝါရိတံ = ရာဂ စသော ကိလေသာ အညစ်အကြေးတို့မှ သန့်ရှင်းစင်ကြယ်သော အရိယ သာဝက အခြံအရံလည်း ရှိတော်မူထသော။ သုရုစိရပ္ပဘာဟိ = ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ပေါ် လာသော ဗျာမပ္ပဘာ လျှံဝါတင်ရွှန်း နှစ်သက်ဖွယ် ရောင်ခြည်တော်ဝန်းတို့ဖြင့်။ ရတ္တံ = အမြဲမပြတ် ဆိုး ထားအပ်သော ကိုယ်တော်လည်း ရှိတော်မူထသော။ သိရိဝိသရာလယံ = ကြီးမားကျယ်ပြန့်သော ပညာတော် ဘုန်းကံပါရမီတော်တည်း ဟူသော ကျက်သရေ အပေါင်းတို့၏ တည်ရာလည်း ဖြစ်တော်မူထသော။ ဂုပိတမိန္ဒြိယေဟိ = လုံခြုံစွာ စောင့်စည်းထားအပ်ပြီး သော ဣန္ဒြေတို့နှင့်။ ဥပေတံ = ပြည့်စုံတော်မူထသော။ ရဝိသသိမဏ္ဍလပ္ပဘုတိလက္ခဏောပစိတ္တံ = နေဝန်း လဝန်း အစရှိသော စက်လက္ခဏာတော်တို့ဖြင့် အလွန် ဆန်းကြယ်သော ခြေဖဝါးအစုံလည်းရှိတော်မူထသော။ သုရနရပူဇိတံ = နတ်လူတို့သည် မြတ်နိုးကော်ရော် ပူဇော်တော်မူအပ်ထသော။ သုဂတံ = ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်သော မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ အာဒရံ = ရိုသေလေးမြတ်စွာ။ နမာမိ = ကာယ ဝစီ မနောချီလျက် အဉ္ဇလီ ရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၁၈) ဂါထာ
၁၈။ မဂ္ဂေါဠုမ္ပေန မုဟပဋိဃာသာဒိဥလ္လောလဝီစိံ၊
သံသာရောဃံ တရိ တမဘယံ ပါရပတ္တံ ပဇာနံ။
တာဏံ လေဏံ အသမသရဏံ ဧကတိတ္ထံ ပတိဋ္ဌံ၊
ပုညက္ခေတ္တံ ပရမသုခဒံ ဓမ္မရာဇံ နမာမိ။
၁၈။ ယော ဓမ္မရာဇာ = အကြင် တရားမင်းကြီး ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ မုဟပဋိဃာသာဒိဥလ္လောလဝီစိံ = မောဟ ဒေါသ လောဘ အစရှိသော လောက်လက်လျှပ်ပေါ်သော ကြီးစွာသော လှိုင်းတံပိုးတို့ဖြင့် ပြွမ်းထသော။ သံသာရောဃံ = သံသရာတည်း ဟူသော ပင်လယ်ရေအလျဉ်ကို။ မဂ္ဂေါဠုမ္ပေန = မဂ္ဂင် ရှစ်ပါး အကျင့်မြတ်တရားတည်းဟူသော သင်္ဘော ဖောင်ဖြင့်။ တရိ = ကူးခတ်တော်မူခဲ့လေပြီ။ အဘယံ = ဇာတိဇရာ ဗျာဓိမရဏ စသည်သောင်းပြောင်း ဘေး အပေါင်းလည်း မရှိထသော။ ပါရပတ္တံ = သံသရာ၏ ထိုမှာဘက်ကမ်း နိဗ္ဗာန်နန်းသို့ ကူးသန်းထုတ်ချောက် ဆိုက်ရောက်တော်မူပြီးထသော။ ပဇာနံ = သတ္တဝါ တို့၏။ တာဏံ = ဘေးမရောက်အောင် စောင့်ရှောက် တတ်သည့် ကိုးကွယ်အားထားရာလည်း ဖြစ်တော် မူထသော။ လေဏံ = ဘေးအပေါင်းမှ လွတ်အောင် ပုန်းအောင်းရာလည်း ဖြစ်တော်မူထသော။ အသမသရဏံ = လောကီ လောကုတ္တရာ သမ္ပတ္တိသုခ အဝဝ ကို ရရာရကြောင်း နည်းလမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတတ်သောကြောင့် အတုမရှိ လဲလျောင်းရာ လည်း ဖြစ်တော်မူထသော။ ဧကတိတ္ထံ = သံသရာ၏ ထိုမှာဘက်ကမ်း နိဗ္ဗာန်နန်းသို့ ကူးသန်းဖို့ရန် အမြတ် ဆုံးသော ဆိပ်ကမ်းကောင်းလည်း ဖြစ်တော်မူထသော။ ပတိဋ္ဌံ = သတ္တဝါတို့၏ မှီခိုအားထားရာ ကိုင်းကျွန်း သဖွယ်လည်း ဖြစ်တော်မူထသော။ ပုညခေတ္တံ = ကောင်းမှု ကုသိုလ်တည်းဟူသော မျိုးစေ့၏ ကြဲချ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်တော်မူထသော။ ပရမသုခဒံ = အမြတ်ဆုံးသော နိဗ္ဗာန် ချမ်းသာကို ပေးသနားတော်မူတတ်သော။ တံ ဓမ္မရာဇံ = တရားမင်းကြီး ဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ နမာမိ = ကာယ ဝစီ မနောချီလျက် အဉ္ဇလီရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာ မိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၁၉) ဂါထာ
၁၉။ ကဏ္ဍမ္ဗံမူလေ ပရဟိတကရော ယော မုနိန္ဒော နိသိန္နော၊
အစ္ဆေရံ သီဃံ နယနသုဘဂံ အာကုလဏ္ဏဂ္ဂိဇာလံ။
ဒုဇ္ဇာလဒ္ဓံသံ မုနိဘိဇဟိတံ ပါဋိဟေရံ အကာသိ၊
ဝန္ဒေ တံ သေဋ္ဌံ ပရမရတိဇံ ဣဒ္ဓိဓမ္မေဟုပေတံ။
၁၉။ ပရဟိတကရော = ကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့ လောကီ လောကုတ္တရာ စီးပွားချမ်းသာ ဖြစ်စိမ့်ငှာလျှင် ဝါလေးဆယ့်ငါး ကာလလျားအောင် ဘုရားတို့ငြမ်း ကိစ္စတော်ငါးခန်းကို ကြိုးပမ်းမယုတ် ပြုလုပ်ပြီးပြေတော်မူစေတတ်ထသော။ ယော မုနိန္ဒော = အဂါရိယမုနိ, အနဂါရိယမုနိ, သေက္ခ မုနိ, အသက္ခေမုနိ, ပစ္စေကမုနိဟူသည့် မုနိငါးပါးတို့၏ ဦးဖျားပရမေ သုံးလူ့ဆွေ ဖြစ်တော်မူသော အကြင် မြတ်စွာဘုရားသည်။ ကဏ္ဍမ္ဗံမူလေ = ကဏ္ဍဟူသည် လူအမည်ဖြင့် ဂုဏ်ရည်လျှံညီး သရက်ဖြူပင်၏အနီး၌။ နိသိန္နော = တိတ္ထိတဝေး ရန်အလှေးကိုို ဝေးရပ်ထိုဤ ပြေးစိမ့်မည်ဟု မျှညီယာပိုက် နှစ်ခြိုက်ရွှင်ပြုံး သီတင်းသုံးနေတော်မူလျက်။ အစ္ဆေရံ = မကြုံစဖူး မမြင်ဖူးကို အထူးတွေ့ကြုံ သို့ဖြစ်ပုံကြောင့် လူ့ဘုံနတ်ရွာ ကောင်းတင်းငြာလျက် ဗြဟ္မာမဟဂ္ဂုတ် ဘဝဂ်လှုပ်အောင် လက်ခုပ်ငြာဟည်း လက်ဖျစ်တီး၍ အံ့ချီးခြင်းငှာ ထိုက်တန်စွာထသော။ သီဃံ = ရေအယဉ်နှင့် မီးအလျှံကို ဖန်ဆင်းသည့်အခါ ကာလခြားကွာ ဖြစ်တုံပါလည်း ဗြဟ္မာနတ်လူ ဖူးမြင်သူတို့ ခွဲယူမှတ်သား ပြိုင်တူကာ ဖြစ်သည်ဟု အထင်မှားရအောင် လျင်မြန်စွာထသော။ နယနသုဘဂံ = ဖူးမြင်ရသူ နတ်လူဗြဟ္မာ သတ္တဝါတို့၏ မျက်စိဝယ် ပီတိဟုန်ဆင့်လွှမ်းအောင် အဆန်းဆန်း အကြယ်ကြယ် တင့်တယ်စံပယ်တော်မူထသော။ ဒုဇ္ဇာလဒ္ဓံသံ = သံသရာမှ ထွက်မြောက်စေတတ်သည့် နိယျာနိက သာသနာမှလျှင် ပြင်ပဗာဟီ ဝိတဏ္ဍီတို့ ထိုဤမြှေးယှက် မိစ္ဆာအယူတည်းဟူသော ကွန်ရက်ကို ချိုးဖျက်ခြင်းငှာ စွမ်းနိုင်တော်မူပေထသော။ မုနိဘိ = ကဿပမြတ်စွာ အစဖြာသည့် ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူကြပြီးကုန်သော မဟာပရမေ သုံးလူ့ဆွေ တို့သည်။ အဇာဟိတံ = ဤနေရာ ဤဌာနဝယ် ပြမြဲပြုမြဲ မှန်မလွဲသဖြင့် မစွန့်ဖဲအပ်သော တရားတစ်မျိုး လည်းဖြစ်ပေထသော။ အာကုလဏ္ဏဂ္ဂိဇာလံ ပါဋိဟေရံ = ရောယှက်ထွေးအုံ ရေမီး အစုံအစုံတည်းဟူသော တန်ခိုး ပြာဋိဟာကို။ အကာသိ = တိတ္ထိ တစ်ဝန်း တက္ကတွန်းတို့ ဦးစွန်းဗွေလျှောက် ခြေတော်နှင့် ပေါက် သကဲ့သို့ နောက်တစ်ဖန် မာန်မတင်းဝံ့အောင် ဖန်ဆင်း ပြသတော်မူခဲ့လေပြီ။ သေဋ္ဌံ = ချီးမွမ်းအပ်သူ နတ်လူ ဗြဟ္မာ သတ္တဝါဟူသမျှတို့ထက် ဆဆလွန်ကြူး အထူး သဖြင့် ချီးမွမ်းအပ် မြတ်တော်မူထသော။ ပရမရတိဇံ = ဂုဏ်တော်အာရုံ စွဲမြဲထုံက ဘုံနန်းသီဝ နိဗ္ဗူကျအောင် ဖလကျေးဇူး လွန်ပျံ့ပျူးသဖြင့် အထူး နှစ်သက်စေတတ် သည့် အမြတ်ဥစ္စာ ရတနာတစ်ဆူ ဖြစ်တော်မူထသော။ ဣဒ္ဓိဓမ္မေဟိ = ဣဒ္ဓိ အစိန္တေယျ ဓမ္မကျေးဇူး ဂုဏ်အထူး တို့နှင့်။ ဥပေတံ = လောက်ငကုံလုံ ပြည့်စုံတော်မူထ သော။ တံ မုနိန္ဒံ = အဂါရိယ စသည်အပြား မုနိငါးပါးတို့၏ ဦးဖျားပရမေ သုံးလူ့ဆွေ ဖြစ်တော်မူသော ထို မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ ဝန္ဒေ = ဝန္ဒာမိ = ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာဂုဏ်ကို အာရုံမျှော်ကိုး သဒ္ဓါ ဖြိုး၍ ရှိခိုး ဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၂၀) ဂါထာ
၂၀။ မုနိန္ဒက္ကော ယေကော၁ ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊
ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသီဝရေဟိ။
သုဗောဓေသိ၂ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ၊
တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ။
၂၀။ ဒယုဒယရုဏော = မဟာ ကရုဏာတော် သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ် လည်း ရှိတော်မူထသော။ ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော = သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့် သော စက်ဝန်းတော်လည်း ရှိတော်မူထသော။ ဧကော = သောင်းလောကဓာတ် တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်း ပေါ်ပေါက်၍ လာတော် မူပေသော။ ယော မုနိန္ဒက္ကော = အကြင် ဘုရားတည်း ဟူသော နေမင်းသည်။ သုဒ္ဓေ = သန့်ရှင်းဖြူစင် အေးမြ ကြည်လင်လှပေသော။ တိဘဝကုဟရေ = ကာမ ရူပ အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ် ကြာအိုင် ၌။ (နိဗ္ဗတ္တံ = ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့်ဖြစ် ထွန်း ပေါ်ပေါက်၍ နေပေသော။) ကမလကထိတံ = ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော။ ဝိနေယျပ္ပါဏောဃံ = ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို။ ဓမ္မရံသီဝရေဟိ = မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ကိုမြင်သိစေတတ်သည့် သူတော်ကောင်း တရားတည်းဟူသော မြတ်သော ဒေသနာရောင်ခြည် တော်တို့ဖြင့်။ သုဗောဓေသိ = သစ္စာလေးရပ် တရား မြတ်ကို ထွင်းဖောက် သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။ ဗျာပိတက္ကိတ္တိနဉ္စ = သောင်း လောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ-သမာဓိ-ပညာဂုဏ်သကတ်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင် ကျော်ကြား ထင်ရှားတော် မူပေထသော။ တိလောကေကစ္စက္ခုံ = ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ တစ်လုံးတည်းသော မျက်စိသဖွယ် ဖြစ်တော်မူပေထ သော။ ဒုခမသဟနံ = မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံတော်မူတတ်ထ သော။ မဟေသိံ = သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာက္ခန္ဓ ဝိမုတ္တိက္ခန္ဓ ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ် ကျေးဇူး အထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော် မူပြီးသော။ တံ မုနိန္ဒက္ကံ = ထို ဘုရားတည်းဟူသော နေမင်းကို။ အဟံ = တပည့်တော်သည်။ နမာမိ = ကာယ ဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာဒွါရ ပဏာမဖြင့် သဒ္ဓါရိုကျိုး မာန်စွယ်ချိုးလျက် ရှိခိုးဦးညွှတ် ပါ၏ မြတ်စွာဘုရား။
နံပါတ် (၂၁) ဂါထာ
၂၁။ ယော ဇိနော အနေကဇာတိယံ သပုတ္တဒါရမင်္ဂဇီဝိတမ္ပိ၊
ဗောဓိပေမတော အလဂ္ဂမာနသော အဒါသိယေဝ အတ္ထိကဿ။
ဒါနပါရမိံ တတော ပရံ အပူရိ သီလပါရမာဒိကမ္ပိ၊
တာသမိဒ္ဓိယောပယာတမဂ္ဂတံ တမေကဒီပကံ နမာမိ။
၂၁။ ယော ဇိနော = ငါးပါးမာရ်ညွန့် ရန်အဝှန့်ကို မရွံ့မထိတ် ခြင်္သေ့စိတ်ဖြင့် နင်းနှိပ်ကြိမ်ဖန် အောင်ပွဲ ခံ၍ အောင်လံလွှင့်ထူ အကြင် အောင်တော်မူ မြတ်စွာ ဘုရားသည်။ အနေကဇာတိယံ = တစ်နှစ်သုံးလေး ဂဏန်းရေး၍ ချင့်တွေးမလွယ် များကြွယ်လှစွာ ဘဝါဘဝ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလ အတွင်း၌။ ဗောဓိပေမတော = ဗောဓိဉာဏ်ကြီး ရွယ်တိုင်းပြီးသည့် ထွတ်ထီးပဒါန် သဗ္ဗညုတ ရွှေဉာဏ် တော်ကို ရရန်စိတ်ထား လိုလားတောင့်တတော်မူခြင်းကြောင့်။ သပုတ္တဒါရံ = ကိုယ်တော့်ရင်သွေး အသက် ပေး၍ ချစ်ရေးဖြာစီ သည်းနှလုံးနှင့် ပမာမှီးရသည့် ဇာလီ ကဏှာဇိန်တို့ကဲ့သို့သော သမီး သား, မဒ္ဒီဒေဝီ တို့ကဲ့သို့သော ဇနီးမိဖုရားနှင့်တကွ ဖြစ်သော။ အင်္ဂဇီဝိတမ္ပိ = မဟာသွေး မဟာရည် ရာဇာရုပ်ဂုဏ်အင် ညီ၍ ဖြိုးစည်သပ္ပါယ် ကိုယ်အင်္ဂါကြီးငယ်နှင့်တကွ လူဝယ်အမြတ် ခေါ်မှတ်တွင်ညောင်း အသက်တစ်ချောင်း ကိုပင်သော်လည်း။ အလဂ္ဂမာနသော = ငါ့သား ငါ့ သမီး ငါ့ဇနီးက ငါ့ထီးငါ့နန်း ငါ့ကြငှန်းတည်း၊ ငါ့သား ရံရွေ ငါ့ရွှေငွေနှင့် ငါ့မြေငါ့ယာ ငါ့ဥစ္စာဟု တဏှာ မြှေးယှက် မပေးရက်အောင် ရမ္မက်ပိတ်ဖုံး စိတ်နှလုံးမှ ဆိတ်သုဉ်းတော်မူခဲ့သည်ဖြစ်၍။ အတ္ထိကဿ = အလို ရှိလတ် ချဉ်းလာကပ်သည့် ယုတ်မြတ် မဟူ အလှူခံ ပုဂ္ဂိုလ် များထိုထိုအား။ အဒါသိယေဝ = သဗ္ဗညုဉာဏ် ရဖို့ရန်ဟု စိတ်သန်ဖြူဖွေး သဒ္ဓါရှေး၍ လှူပေးတော် မူခဲ့သည်သာလျှင်တည်း။ ဒါနပါရမိံ = အပြားသုံးလီ ဒါနပါရမီတော်မြတ်ကိုလည်းကောင်း။ဝါ၊ ဒါနပါရမိံ = ဒါနပါရမီ ဒါနဥပပါရမီ ဒါနပရမတ္ထပါရမီတည်းဟူ သော အပြားသုံးလီ ဒါနပါရမီတော်မြတ်ကိုလည်းကောင်း။ တတော ပရံ = ထိုဒါနပါရမီမှ တစ်မျိုး တစ်ခြား တစ်ပါးသာလျှင်ဖြစ်သော။ သီလပါရမာဒိကမ္ပိ = သီလပါရမီ နေက္ခမ္မပါရမီ ပညာပါရမီ ဝီရိယပါရမီ ခန္တီပါရမီ သစ္စာပါရမီ မေတ္တာပါရမီ အဓိဋ္ဌာနပါရမီ ဥပေက္ခာပါရမီတည်း ဟူသော ပါရမီတော်မြတ် အပေါင်းကိုလည်းကောင်း။ အပူရိ = သဗ္ဗညုဉာဏ် ရဖို့ရန်ဟု စိတ်သန် ရည်စူး သဒ္ဓါထူးဖြင့် ဆည်းပူး ဖြည့်ကျင့်တော်မူခဲ့လေပြီ။ တာသံ = ထိုပါရမီဆယ်ပါး အကျယ်ပွားကာ အပြားသုံးဆယ် နှုန်းမလွယ်တို့၏။ ဣဒ္ဓိယာ = တစ်စွန်းတစ်စ မကျန်ရအောင် လောက်င ကုံလုံ ပြည့်စုံတော်မူခြင်းကြောင့်။ အဂ္ဂတံ = ဗြဟ္မာ နတ် လူ သုံးဘုံသူတွင် မည်သူမျှ မယှဉ်အပ် မယှဉ်နိုင် မတုအပ် မတုနိုင်သည့် အမြတ်ခိုင်မှူး ပုဂ္ဂိုလ်ထူး၏ အဖြစ်သို့။ ဥပယာတံ = ဆုကြီးပွင့်စည် ခါတန်ပြီဟု ပါရမီတော် နှိုးပင့်ဆော်၍ ရောက်တော်မူကြီး ရောက် တော်မူခဲ့လေပြီ။ဝါ၊ ရောက်တော်မူသောကြောင့်။ ဧကဒီပကံ = အစမထင် ကမ်းမမြင်ဘဲ သံသရာ တစ်ကြော တစ်မျောတည်း မျောခဲ့ကြသည့် လူရောနတ်ပါ ဗြဟ္မာ မကြွင်း သတ္တဝါခပင်းတို့၏ ဝပ်စင်းခိုမှီးရာ တစ်ခုတည်း သော ကိုင်းကျွန်းကြီးသဖွယ်လည်း ဖြစ်တော်မူထသော။ တံ ဇိနံ = ငါးပါးမာရ်ညွန့် ရန်အဝှန့်ကို မရွံ့ မထိတ် ခြင်္သေ့စိတ်ဖြင့် နင်းနှိပ်ကြိမ်ဖန် အောင်ပွဲခံ၍ အောင်လံလွှင့်ထူ ထိုအောင်တော်မူ မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ နမာမိ = လက်အုပ်အဉ္ဇလီ ဦးထိပ်ချီလျက် ယုံကြည်မြတ်နိုး လက်ဆယ်ဖြာ ထိပ်မှာ မိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၂၂) ဂါထာ
၂၂။ ဒေဝါဒေဝါတိဒေဝံ နိဓနဝပုဓရံ မာရဘင်္ဂံ အဘင်္ဂံ၊
ဒီပံ ဒီပံ ပဇာနံ ဇယဝရသယနေ ဗောဓိပတ္တံဓိပတ္တံ။
ဗြဟ္မာဗြဟ္မာဂတာနံ ဝရဂိရကထိကံ ပါပဟီနံ ပဟီနံ၊
လောကာလောကာဘိရာမံ သတတမဘိနမေ တံ မုနိန္ဒံ မုနိန္ဒံ။
၂၂။ ဒေဝါဒေဝါတိဒေဝံ = သမုတိနတ် ဥပပတ္တိနတ်တို့ထက် ကဲသာလွန်မြတ် အထူးသဖြင့် ချီးမွမ်းတော် မူအပ်သည့် ဝိသုဒ္ဓိနတ်လည်း ဖြစ်တော်မူထသော။ နိဓနဝပုဓရံ = အဆုံးစွန်သော ကိုယ်တော်၏ အဖြစ်ကိုလည်း ဆောင်တော်မူတတ်ထသော။ မာရဘင်္ဂံ = ဒေဝပုတ္တ စသည်အပြား မာရ်ငါးပါးကို ချိုးဖဲ့ဖျက်ဆီးတော်မူပြီးထသော။ အဘင်္ဂံ = ပါရမီတော်ဟုန် တန်ခိုးဂုဏ်ကြောင့် မာရ်စစ်သည်တို့သည် ဖျက်ဆီးခြင်းငှာလည်း မစွမ်းနိုင်ထသော။ ပဇာနံ = ကံ-ကိလေသာ တို့သည် ထင်ရှားဖြစ်စေအပ်ကုန်သော နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏။ ဒီပံ = အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကို ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်သော ဝိပဿနာပညာ မဂ်ပညာတည်းဟူသော ဆီမီး တန်ဆောင်ကို။ ဒီပံ = ပညာအရောင် ဉာဏ်တန်ဆောင်ကို ရရာရကြောင်း နည်းလမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတော်မူလျက် ပြောင်ပြောင်တောက်အောင် ထွန်းညှိတော်မူတတ်ထသော။ ဇယဝရသယနေ = ဒေဝပုတ္တ စသည်အပြား မာရ်ငါးပါးကို အောင်မြင်တော်မူရာဗောဓိပင်ခြေ မြတ်သောပလ္လင်ဗွေ ထက်၌။ ဗောဓိပတ္တံ = အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်တော်မြတ်သို့ ရောက်တော်မူပြီး ရတော်မူပြီး ထသော။ အဓိပတ္တံ = အဝိဇ္ဇာတည်းဟူသော ဥခွံကို ရှေးဦးစွာ ဖောက်ခွဲလျက် ထွက်ပေါ်တော်မူလာခြင်းကြောင့် ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော နတ်လူတို့ ထက် ကြီးမြတ်သည်၏ အဖြစ်သို့လည်း ရောက်တော် မူထသော။ ဗြဟ္မာဗြဟ္မာဂတာနံ = ဆည်းကပ် ရောက် လာကြကုန်သော ဗြဟ္မာလူနတ် ပရိသတ်တို့အား။ ဝရဂိရကထိကံ = လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားကို ရရာရကြောင်း နည်းလမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမအပ်သည့် မြတ်သော တရား စကားကိုလည်း ဟောကြားတော်မူတတ်ထသော။ ပါပဟီနံ ပဟီနံ = ညစ်ညမ်းယုတ်မာ ကိလေသာကို အရဟတ္တမဂ်ဉာဏ်သန်လျက်ဖြင့် ပယ်ဖျက်တော်မူပြီးထသော။ လောကာလောကာဘိရာမံ = လူ့လောက နတ်လောက ဗြဟ္မလောကတည်း ဟူသော သတ္တလောက၏ မွေ့လျော်ရာလည်း ဖြစ်တော်မူထသော။ မုနိန္ဒံ = အဂါရိယမုနိ, အနဂါရိယမုနိ, သေက္ခမုနိ, အသေက္ခမုနိ, ပစ္စေကမုနိဟူသော မုနိငါးပါးတို့ကို အစိုးရတော်မူသော။ တံ မုနိန္ဒံ = မုနိငါးပါးတို့၏ ဦးဖျား ပရမေ သုံးလူ့ဆွေဖြစ်တော်မူသော ထို မြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ သတတံ = အမြဲ မပြတ် ခပ်သိမ်းသော နေ့ညဉ့်ကာလ၌။ အဘိနမေ = အဘိနမာမိ = ခြေ-လက်-နဖူး တံတောင်-ဒူးဟု ငါးဦးတည်မျိုး ရှိခိုးခြင်းဖြင့် အလွန်ရိုသေစွာ ရှိခိုးပါ၏ မြတ်စွာဘုရား။
နံပါတ် (၂၃) , (၂၄) နှင့် (၂၅) ဂါထာ
၂၃။ ဗုဒ္ဓေါ နိဂြောဓဗိမ္ဗော မုဒုကရစရဏော ဗြဟ္မဃောသေဏိဇင်္ဃော၊
ကောသစ္ဆာဒင်္ဂဇာတော ပုနရပိ သုဂတော သုပ္ပတိဋ္ဌိတပါဒေါ။
မူဒေါဒါတုဏ္ဏလောမော အထမပိ သုဂတော ဗြဟ္မုဇုဂ္ဂတ္တဘာဝေါ၊
နီလက္ခီ ဒီဃပဏှီ သုခုမမလဆဝီ ထောမျရသဂ္ဂသဂ္ဂီ။
၂၄။ စတ္တာလီသဂ္ဂဒန္တော သမကလပနဇော အန္တရံသပ္ပပီနော၊
စက္ကေနင်္ကိတပါဒေါ အဝိရဠဒသနော မာရဇုဿင်္ခပါဒေါ။
တိဋ္ဌန္တော နောနမန္တောဘယကရမုဒုနာ ဇဏ္ဏုကာနာမသန္တော၊
ဝဋ္ဋက္ခန္ဓော ဇိနော ဂေါတရုဏပခုမကော သီဟပုဗ္ဗဍ္ဎကာယော။
၂၅။ သတ္တပ္ပီနော စ ဒီဃင်္ဂုလိ မထ သုဂတော လောမကူပေကလောမော၊
သမ္ပန္နောဒါတဒါဌော ကနကသမတစော နီလမုဒ္ဓဂ္ဂလောမော။
သမ္ဗုဒ္ဓေါ ထူလဇိဝှေါ အထ သီဟဟနုကော ဇာလိကပ္ပါဒဟတ္ထော၊
နာထော ဥဏှီသသီသော ဣတိဂုဏသဟိတံ တံ မဟေသိံ နမာမိ။
၂၃။ ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာ မကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပြီးသည်ဖြစ်၍ ကျွတ်ထိုက်သသူ နတ်လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့ကိုလည်း ထွင်းဖောက် သိမြင်စေတော်မူတတ်သောကြောင့် ဗုဒ္ဓ အမည်ရှိတော်မူသော မြတ်စွာဘုရားသည်။ ---
၁။ နိဂြောဓဗိမ္ဗော = အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင်အဝန်းကဲ့သို့ ဝန်းဝိုင်း လုံးချောသော ကိုယ်တော်လည်း ရှိတော်မူ၏။
၂။ မုဒုကရစရဏော = ကြည်လင်လှစွာသော ထောပတ်၌ ချနှစ်၍ ထားအပ်သော အကြိမ်တစ်ရာ ဖတ်အပ်သည့် ဝါဂွမ်းလွှာကဲ့သို့ နူးညံ့သိမ်မွေ့ လှစွာသော လက်ဖဝါးတော် ခြေဖဝါးတော် အပြင်လည်း ရှိတော်မူ၏။
၃။ ဗြဟ္မဃောသော = ဗြဟ္မာမင်း၏ အသံကဲ့သို့ အလွန်သာယာသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်လည်း ရှိတော်မူ၏။
၄။ ဧဏိဇင်္ဃော = ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းနှင့် တူသော ပြည့်ဖြိုးသော သလုံးမြင်းခေါင်းတော်လည်း ရှိတော်မူ၏။
၅။ ကောသစ္ဆာဒင်္ဂဇာတော = ဆဒ္ဒန်ဆင်မင်းပမာ ရွှေပဒုမ္မာကြာချပ်နှင့် တူသော အအိမ်ဖြင့်ဖုံးလွှမ်း ထားအပ်သော ကျစ်လျစ်လှစွာသော ယောက်ျား မြတ်တို့၏နိမိတ်လည်း ရှိတော်မူ၏။
ပုနရပိ = တစ်ဖန်လည်း။ သုဂတော = ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သည်။ ---
၆။ သုပ္ပတိဋ္ဌိတပါဒေါ = ခြေတော်ကို မြေပေါ်၌ နင်းချတော်မူသောအခါ ကောင်းစွာ တည်ထိ သော ရွှေခြေနင်းကဲ့သို့ ညီညွတ်သည့် ဖဝါးအပြင် တော်လည်း ရှိတော်မူ၏။
၇။ မူဒေါဒါတုဏ္ဏလောမော = မျက်မှောင်တော် နှစ်ဘက်တို့၏ အလယ်ချက်၌ နူးညံ့ဖြူစင်သော ဥဏ္ဏလုံ (= မွေးရှင်)တော်လည်း ရှိတော်မူ၏။
အထမပိ = ထိုမှတစ်ပါးလည်း။ သုဂတော = ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်သော မြတ်စွာဘုရားသည်။ ---
၈။ ဗြဟ္မုဇုဂ္ဂတ္တဘာဝေါ = ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော်လည်း ရှိတော်မူ၏။
၉။ နီလက္ခီ = အလွန် ညိုကြည်သည့် မျက်လုံးတော် လည်း ရှိတော်မူ၏။
၁၀။ ဒီဃပဏှီ = ခြေဖဝါးတော်၏ လေးပုံတစ်ပုံခန့် ရှည်လျား ပြည့်ဖြိုးသော ဖနောင့်တော်လည်း ရှိတော်မူ၏။
၁၁။ သုခုမမလဆဝီ = မြူအညစ်အကြေးတို့ မလိမ်းကပ်နိုင်သော ချောမွေ့သိမ်မွေ့သော အရေတော် လည်း ရှိတော်မူ၏။
၁၂။ ထောမျရသဂ္ဂသဂ္ဂီ = နှမ်းလုံးခန့်မျှ နည်းငယ်လှသော အရသာကိုသော်လည်း တစ်ကိုယ်တော်လုံးသို့ ပျံ့နှံ့အောင် ဆောင်ယူနိုင်သည့် ခုနစ်ထောင်သော အရသာကြောတို့ အဖျားချင်းအပ် လည်မှာစွပ်လျက်လည်း ရှိတော်မူ၏။
၂၄။ သော ဇိနော = ငါးမာရ်အောင်မြင် ထိုဘုရားရှင်သည်။ ---
၁၃။ စတ္တာလီသဂ္ဂဒန္တော = လေးဆယ်စေ့ထ မွန်မြတ်လှသော သွားတော်လည်း ရှိတော်မူ၏။
၁၄။ သမကလပနဇော = လွှသွားနှင့် ဖြတ်ထားသကဲ့ သို့ ညီညွတ်သော သွားတော်လည်း ရှိတော်မူ၏။
၁၅။ အန္တရံသပ္ပပီနော = ခါးတော်မှသည် အထက်လည်ကုပ်သို့တိုင်အောင် ရေစီးကြောင်းမထင် ပြည့်ဖြိုးစင်သော ရွှေပျဉ်ချပ်နှင့် ပမာဆင်သည့် ကြောပြင်တော်လည်း ရှိတော်မူ၏။
၁၆။ စက္ကေနင်္ကိတပါဒေါ = တစ်ထောင်သော အကန့် အကွက် ပုံတောင်းအချက်နှင့်တကွ ခပ်သိမ်းသော အခြင်းအရာတို့နှင့် ပြည့်စုံသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော်တို့ဖြင့် မှတ်အပ်သော နှစ်ဖက်သော ခြေဖဝါးအပြင်တော်လည်း ရှိတော်မူ၏။
၁၇။ အဝိရဠဒသနော = မကျဲမကွာ စေ့စပ်စွာသော သွားတော်လည်း ရှိတော်မူ၏။
မာရဇိ = မာရ်ငါးပါးကို အောင်မြင်တော်မူပြီး သော မြတ်စွာဘုရားသည်။ ---
၁၈။ ဥဿင်္ခပါဒေါ = မြူမလိမ်းတွယ် စဉ်းငယ်မြင့်သော ခြေဖမျက်တော်လည်း ရှိတော်မူ၏။
၁၉။ တိဋ္ဌန္တော = ရပ်တော်မူလျက်ပင်။ အနောနမန္တော = ကိုယ်တော်ကို မကိုင်းမညွတ်ဘဲ။ ဥဘယကရမုဒုနာ = သိမ်မွေ့နူးညံ့လှသော လက်ဖဝါးတော် နှစ်ဖက်ဖြင့်။ ဇဏ္ဏုကာနိ = ပုဆစ်ဒူးဝန်းတော် နှစ်ဖက်တို့ကို။ အာမသန္တော = သုံးသပ်တော် မူနိုင်၏။
၂၀။ ဝဋ္ဋက္ခန္ဓော = ဝဋ္ဋကဏ္ဌော = ရွှေမုရိုးစည်ငယ် သဏ္ဌာန်ကဲ့သို့ ညီညွတ် လုံးဝိုင်းသော လည်တံ တော်လည်း ရှိတော်မူ၏။
၂၁။ ဂေါတရုဏပခုမကော = ဖွားသစ်စ နွားသားငယ်၏ မျက်မွေးနှင့်အတူ သိမ်မွေ့နုပျို ညိုသော မျက်မွေးတော်လည်း ရှိတော်မူ၏။
၂၂။ သီဟပုဗ္ဗဍ္ဎကာယော = ခြင်္သေ့မင်း၏ ရှေ့ပိုင်း ကိုယ်ထက်ဝက်ကဲ့သို့ အောင်မောင်း ပြည့်ဝသည့် ခန္ဓာကိုယ်တော်လည်း ရှိတော်မူ၏။
၂၅။ သုဂတော = ဒီပင်္ကရာ ထွဋ်ချာ သေဌ်နင်း တရားမင်း၏ ခြေတော်ရင်းမှသည် ဗောဓိမဏ္ဍိုင်သို့ တိုင်အောင် ရှေးဘုရားရှင်တို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည်။ ---
၂၃။ သတ္တပ္ပီနော စ = ခြေဖမိုးတော်နှစ်ဖက်, လက်ဖမိုးတော်နှစ်ဖက်, ပခုံးတော်နှစ်ဖက်, လည်ကုပ်တော်ဟု ဆိုအပ်သော ခုနစ်ပါးသော အရပ်ဌာန တို့၌ ပြည့်ဖြိုးသော အသားအရေတော်လည်း ရှိတော်မူ၏။
၂၄။ ဒီဃင်္ဂုလိ = ညီညာရှည်သွယ်သော လက်ချောင်း ခြေချောင်းတော်လည်း ရှိတော်မူ၏။
အထ = ထိုမှတစ်ပါး။ ---
၂၅။ လောမကူပေကလောမော = တစ်ခုတစ်ခုသော မွေးညင်းတွင်းတော်၌ တစ်ပင်စီတစ်ပင်စီသာ ပေါက်ရောက်သော မွေးညင်းတော်လည်း ရှိ တော်မူ၏။
၂၆။ သမ္ပန္နောဒါတဒါဌော = သောက်ရှူးကြယ်ပမာ လွန်စွာ စင်ကြယ်ဖြူဝင်းလျက် အရောင်တလက်လက် ထွက်သော ပြည့်ဖြိုးသော စွယ်တော် လေးဆူလည်း ရှိတော်မူ၏။
၂၇။ ကနကသမတစော = သိင်္ဂနိက်ရွှေစင် အဆင်းကဲ့သို့ ဝါဝင်းသော အသားအရေတော်လည်း ရှိတော်မူ၏။
၂၈။ နီလမုဒ္ဓဂ္ဂလောမော = မျက်နှာတော်ကို မော်၍ ဖူးသည့်ပမာ အထက်သို့သာ အဖျားကော့သည့် လက်ျာရစ်လည်၍ တည်သော အလွန်ညိုသော မွေးညင်းတော်လည်း ရှိတော်မူ၏။
သမ္ဗုဒ္ဓေါ = သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန် ပညတ်တည်းဟူသော ဉေယျဓမ်တရား ငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော် တိုင်သာလျှင် ထိုးထွင်းသိမြင်တော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်။ ---
၂၉။ ထူလဇိဝှေါ = ရှည်လျား+နူးညံ့+ကျယ်ပြန့်သော လျှာတော်လည်း ရှိတော်မူ၏။
၃၀။ သီဟဟနုကော = ခြင်္သေ့မင်း၏ မေးကဲ့သို့ ပြုံးတော့မည့်အရိပ် သွေးနေသည့် ပြည့်ဖြိုးသော မေးတော်လည်း ရှိတော်မူ၏။
၃၁။ ဇာလိကပ္ပါဒဟတ္ထော = လေသွန်နန်းတံခါး၌ လက်သမားတတ် စိုက်စီထားအပ်သော ရွှေပွတ်လုံး ဇာလီတိုင်ကဲ့သို့ ညီညွတ်စွာ အချောင်းအချောင်း အကြားစိပ်သော လက်ချောင်းတော် ခြေချောင်းတော်လည်း ရှိတော်မူ၏။
နာထော = ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ကိုးကွယ်အားထားရာ အစစ် အဖြစ်ကြီး ဖြစ်တော်မူသော ဘုရားမြတ်စွာသည်။ ---
၃၂။ ဥဏှီသသီသော = နဖူးတော်ဝယ် ပကတိ ပင်ကို အားဖြင့်ပင် သင်းကျစ်ရွှေပြား တပ်စီ၍ ထား သကဲ့သို့ သင်းကျစ်တော် အသားလွှာလည်း တည်ရှိတော်မူ၏။ တစ်နည်း --- ဥဏှီသသီသော = လိမ္မာလှစွာသော ပညာရှင် စီစဉ်အပ်သော ဦးရစ်ဝန်းကဲ့သို့ လုံးဝန်း တင့်တယ်သော ဦးခေါင်း တော်လည်း ရှိတော်မူ၏။
ဣတိဂုဏသဟိတံ = ဤ ဆိုအပ်ခဲ့ပြီးသော ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော။ မဟေသိံ = သီလက္ခန္ဓ, သမာဓိက္ခန္ဓ, ပညာက္ခန္ဓ, ဝိမုတ္တိက္ခန္ဓ, ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူး အထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးသော ထိုမြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။ နမာမိ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
နံပါတ် (၂၆) ဂါထာ
၂၆။ ဗုဒ္ဓေါဗုဒ္ဓေါတိဃောသော အတိဒုလ္လဘတရော၁ ကာ ကထာ ဗုဒ္ဓဘာဝေါ၊
လောကေ တသ္မာ ဝိဘာဝီ ဝိဝိဓဟိတသုခံ သာဓဝေါ ပတ္ထယန္တာ။
ဣဋ္ဌံ အတ္ထံ ဝဟန္တံ သုရနရမဟိတံ နိဗ္ဘယံ ဒက္ခိဏေယျံ၊
လောကာနံ နန္ဒိဝဍ္ဎံ ဒသဗလမသမံ တံ နမဿန္တု နိစ္စံ။
၂၆။ လောကေ = သတ္တလောက၌။ ယသ္မာ = အကြင်ကြောင့်။ ဗုဒ္ဓေါဗုဒ္ဓေါတိဃောသော = ဗုဒ္ဓ ဗုဒ္ဓ ဟူသော အသံကိုမျှလည်း။ အတိဒုလ္လဘတရော = ကမ္ဘာ ကမ္ဘေ, သင်္ချေ သင်္ချာ ကာလကြာသော်လည်း တစ်ခါတစ်ရံမှသာ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းကြောင့် အလွန်ကြားရခဲသောသဘော ရှိ၏။ ဗုဒ္ဓဘာဝေါ = ဗုဒ္ဓ၏ အဖြစ်သည်ကား။ ကာ ကထာ = အဘယ်မှာလျှင် ဆိုဖွယ်ရာရှိနိုင်ပါအံ့နည်း။ တသ္မာ = ထို့ကြောင့်။ ဝိဘာဝီ = ပညာရှိကုန်သော။ ဝိဝိဓဟိတသုခံ ပတ္ထယန္တာ = အထူးထူး အပြားပြားသော လောကီ လောကုတ္တရာ ချမ်းသာသုခ အဝဝကို လိုလား တောင့်တကြကုန်သော။ သာဓဝေါ = သူတော်ကောင်း ဓာတ် တရားမြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ကြ ကုန်သော သူတော်ကောင်း အပေါင်းတို့သည်။ ဣဋ္ဌံ အတ္ထံ = အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ပစ္စုပ္ပန် သံသရာ လောကီ လောကုတ္တရာ အကျိုးစီးပွားချမ်းသာ ကို။ ဝဟန္တံ = ရရာရကြောင်း ရောက်ရာရောက်ကြောင်း အကျင့်ကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမလျက် ရွက်ဆောင်ပေးတော်မူတတ်ထသော။ သုရနရမဟိတံ = နတ်နှင့်လူ နှစ်ဦးလုံးသော သတ္တဝါတို့သည် အာမိသ ပူဇာ ဓမ္မပူဇာနှစ်မျိုးတို့ဖြင့် ပူဇော်အပ်တော်မူထသော။ နိဗ္ဘယံ = ဆည်းကပ်လာကြကုန်သော ပရိသတ်တို့၏ စိတ်နှလုံးဝယ် ကြောက်ရွံ့ဖွယ်ဘေးလည်း မရှိထသော။ ဒက္ခိဏေယျံ = ကံနှင့် အကျိုး ရည်ကိုးမြော်သန် အလှူကောင်း အလှူမှန် ဟူသမျှကို စိုးယူပိုင်သ ခံယူတော် မူခြင်းငှာလည်း ထိုက်တန်တော်မူထသော။ လောကာနံ နန္ဒိဝဍ္ဎံ = ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ နှစ်လို ဝမ်းမြောက်ခြင်း ပီတိပန်းကို ပွင့်လန်း တိုးပွားစေတတ် ထသော။ ဒသဗလံ = ကိုယ်တော်အား ဆယ်ပါး ဉာဏ်တော်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူ တတ်ထသော။ အသမံ = သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ဖြင့် တုဘက်လည်း ကင်းတော်မူပြီးထသော။ တံ ဗုဒ္ဓံ = ထိုကဲ့သို့ ရှုမြင်အပ်သော သဘောရှိသော ထိုမြတ်စွာဘုရားကို။ နိစ္စံ = အမြဲမပြတ် ခပ်သိမ်းသော အချိန်ကာလ၌။ နမဿန္တု = ကာယ ဝစီ မနော ချီလျက် သုံးလီစေတနာ သုံးဖြာဒွါရ ပဏာမဖြင့် ဂါရဝ ရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ကြစေကုန်သတည်း။
ဉာဏ်တော်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူ တတ်ထသော။ အသမံ = သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ဖြင့် တုဘက်လည်း ကင်းတော်မူပြီးထသော။ တံ ဗုဒ္ဓံ = ထိုကဲ့သို့ ရှုမြင်အပ်သော သဘောရှိသော ထိုမြတ်စွာဘုရားကို။ နိစ္စံ = အမြဲမပြတ် ခပ်သိမ်းသော အချိန်ကာလ၌။ နမဿန္တု = ကာယ ဝစီ မနော ချီလျက် သုံးလီစေတနာ သုံးဖြာဒွါရ ပဏာမဖြင့် ဂါရဝ ရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ကြစေကုန်သတည်း။
စကားကြီး ခြောက်ခွန်း
နံပါတ် (၁) ဂါထာ
စကားကြီး ခြောက်ခွန်း
စကားခြောက်ခွန်း၊ လူ၌ထွန်းလည်း၊
လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ်သဖြင့် ..,
၁။ အကြင်စကားသည် မဟုတ်မမှန်၊ အကျိုးစီးပွား နှင့်လည်း မစပ်၊ သူတစ်ပါးတို့လည်း မနှစ်သက် မနှစ်ခြိုက်၊ ထိုစကားမျိုးကို မြတ်စွာဘုရားသည် ပြောဆိုတော်မမူ။
၂။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့် ကား မစပ်၊ သူတစ်ပါးတို့လည်း မနှစ်သက် မနှစ်ခြိုက်၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရားသည် ပြောဆိုတော်မမူ။
၃။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွား နှင့်လည်း စပ်၏၊ သူတစ်ပါးတို့ုကား မနှစ်သက် မနှစ်ခြိုက်၊ ထိုစကားမျိုး၌ မြတ်စွာဘုရားသည် ပြောသင့်သောအချိန်ကာလကို သိရှိတော်မူသည် ဖြစ်၍ ပြောဆိုတော်မူ၏။
၄။ အကြင်စကားသည် မဟုတ်မမှန်၊ အကျိုးစီးပွား နှင့် မစပ်၊ သူတစ်ပါးတို့ကား နှစ်သက်၏ နှစ်ခြိုက် ၏၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရားသည် ပြောဆိုတော်မမူ။
၅။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွား နှင့် မစပ်၊ သူတစ်ပါးတို့ကား နှစ်သက်၏ နှစ်ခြိုက် ၏၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရားသည် ပြောဆိုတော်မမူ။
၆။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွား နှင့် စပ်၏၊ သူတစ်ပါးတို့လည်း နှစ်သက်၏ နှစ်ခြိုက်၏။ ထိုစကားမျိုး၌ မြတ်စွာဘုရားသည် ပြောသင့်သော အချိန်ကာလကို သိရှိတော်မူသည် ဖြစ်၍ ပြောဆိုတော်မူ၏။ (မ၊၂၊၅၇-၅၈။)
ဤစကားကြီး ခြောက်ခွန်းတို့ကား မဇ္ဈိမပဏ္ဏာသ ပါဠိတော် အဘယရာဇကုမာရသုတ္တန်၌ လာရှိသော စကားတို့ ဖြစ်ကြ၏။ ထိုစကား ခြောက်ခွန်းတို့တွင် --
၃။ မှန်၍ အကျိုးစီးပွားနှင့် စပ်ယှဉ်သော သူတစ်ပါး တို့ မနှစ်သက်သော စကားတစ်ခွန်း၊
၆။ မှန်လည်းမှန်၍ အကျိုးစီးပွားနှင့်လည်း စပ်ယှဉ်သော သူတစ်ပါးတို့ နှစ်သက်သော စကား တစ်ခွန်း --
ဤနှစ်ခွန်းသော စကားတို့ကိုသာ ပြောသင့်သော အချိန်ကာလကို သိရှိသည် ဖြစ်၍ ဘုရားရှင်သည် ပြောဆိုတော်မူ၏။ ကျန်လေးခွန်းသော စကားတို့ကို ဘုရားရှင်သည် မည်သည့်အခါမှ ပြောဆိုတော် မမူပေ။
ဘုရားရှင် ပြောကြားတော်မူသည့် တတိယစကား နှင့် ဆဋ္ဌစကားနှစ်ခွန်းတို့ကား -- အရိယသစ္စ သန္နိဿိတကထာ (မ၊ဋ္ဌ၊၃၊၇၉။) = အရိယသစ္စာလေးပါးကို မှီသော တရားစကားတည်း။ ယင်းတရားစကားမျိုးကို နှစ်ပေါင်း တစ်ရာ ကာလကြာအောင်သော်လည်း နာကြားရကုန်သည်ရှိသော် ပညာရှိသူတော်ကောင်းတို့သည် တင်းတိမ်ရောင့်ရဲခြင်းသို့ မည်သည့်နည်းနှင့်မျှ မရောက်ရှိနိုင်ကြကုန်။ သို့သော် လူမိုက်တို့ကား ယင်းကဲ့သို့သော တရားစကားမျိုးကို မနာယူလိုကြပေ။ မည်သို့ပင် မနာယူလိုကြသော်လည်း ပြောသင့်သော အချိန်ကာလကို သိရှိတော်မူသောအခါ ဘုရားရှင်သည် ပြောကြားတော်မူပေသည်။
အတ္ထသံဟိတ = အကျိုးစီးပွားနှင့် စပ်ယှဉ်သော စကား (၁၀)မျိုးကို အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ကထာဝတ္ထုသုတ္တန်တို့၌ ဘုရားရှင် ဟောကြားထား တော်မူ၏။ ယင်း (၁၀)မျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
၁။ အပ္ပိစ္ဆကထာ = အလိုနည်းပါးမှုနှင့် စပ်သော စကား၊
၂။ သန္တုဋ္ဌိကထာ = ရောင့်ရဲလွယ်မှုနှင့် စပ်သော စကား၊
၃။ ပဝိဝေကကထာ = ဝိဝေကသုံးဖြာနှင့် စပ်သော စကား၊
[(က) ကာယဝိဝေက = တစ်ပါးထီးတည်း ကင်းကင်းရှင်းရှင်း နေထိုင်ခြင်း။
( ခ ) စိတ္တဝိဝေက = စျာန်သမာပတ်တို့ကို ဝင်စားလျက် နီဝရဏ ကိလေသာ အညစ် အကြေးတို့မှ ကင်းကင်းရှင်းရှင်း နေထိုင်ခြင်း။
( ဂ ) ဥပဓိဝိဝေက = ကာမဂုဏ်ငါးပါး၊ ခန္ဓာ ငါးပါး၊ ကိလေသာတရား၊ ကုသိုလ်ကံ အကုသိုလ်ကံဟူသော အဘိသင်္ခါရတရား- ဤ ဥပဓိ လေးဖြာတို့မှ ကင်းကင်းရှင်းရှင်း (ဖလသမာပတ်ကို ဝင်စားကာ နိဗ္ဗာန်ကို အာရုံပြုလျက်) နေထိုင်ခြင်း။]
၄။ အသံသဂ္ဂကထာ = ရောရောနှောနှော မနေထိုင်ခြင်းနှင့် စပ်သော စကား၊
၅။ ဝီရိယာရမ္ဘကထာ = သမထ ဝိပဿနာဘာဝနာ တို့၌ အပြင်းအထန် ကြိုးစားအားထုတ်မှု လုံ့လ ဝီရိယနှင့် စပ်သော စကား၊
၆။ သီလကထာ = သီလနှင့် စပ်သော စကား၊
၇။ သမာဓိကထာ = ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိနှင့် စပ်သော စကား၊
၈။ ပညာကထာ = ဝိပဿနာပညာ မဂ်ပညာနှင့် စပ်သော စကား၊
၉။ ဝိမုတ္တိကထာ = ကိလေသာတို့မှ လွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် စပ်သော စကား၊
၁၀။ ဝိမုတ္တိဉာဏဒဿနကထာ = ယင်းကိလေသာတို့မှ လွတ်မြောက်မှု အရဟတ္တဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့် စပ်သော စကား၊
ဤစကား (၁၀)မျိုးတို့ကား အကျိုးစီးပွားနှင့် စပ်ယှဉ်သော စကားတို့တည်း။ ယင်းစကား (၁၀)မျိုး တို့ကိုပင် အကျဉ်းချုပ်ကာ တစ်နည်းတစ်ဖုံအားဖြင့် မဇ္ဈိမပဏ္ဏာသအဋ္ဌကထာက (မ၊ဋ္ဌ၊၃၊၇၉။) သစ္စာလေးပါး ကို မှီသော စကားဟု ဖွင့်ဆိုထားပေသည်။
အနတ္ထသံဟိတ (= အကျိုးစီးပွားနှင့် မစပ်ယှဉ်သော) စကားဟူသည် ယင်း အတ္ထသံဟိတစကားနှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်သော စကားတည်း။ နတ်ရွာ မဂ်ဖိုလ် နိဗ္ဗာန်သို့ ရောက်ကြောင်း တရား စကားနှင့် ထိပ်တိုက်ဖီလာ ဆန့်ကျင်ဘက်ဖြစ်ကြသော (၃၂)မျိုးသော တိရစ္ဆာနကထာစကားတို့တည်း။ ယင်း စကားတို့ကား နတ်ရွာခရီး နိဗ္ဗာန်ခရီးကို ပိတ်ဆီး ကွယ်ခြား ဟန့်တားသောအားဖြင့် ဖြစ်ပေါ်လာကြ သည့် စကားတို့ဖြစ်ကြ၏။ ယင်းတို့မှာ အောက်ပါ အတိုင်း ဖြစ်ကြ၏။
၁။ ရာဇကထာ = မင်းနှင့် စပ်သော စကား၊
၂။ စောရကထာ = ခိုးသူနှင့် စပ်သော စကား၊
၃။ မဟာမတ္တကထာ = အမတ်ကြီးနှင့် စပ်သော စကား၊
၄။ သေနာကထာ = စစ်သည်နှင့် စပ်သော စကား၊
၅။ ဘယကထာ = ဘေးဥပါဒ်နှင့် စပ်သော စကား၊
၆။ ယုဒ္ဓကထာ = စစ်ထိုးခြင်းနှင့် စပ်သော စကား၊
၇။ အန္နကထာ = အစားအစာနှင့် စပ်သော စကား၊
၈။ ပါနကထာ = အဖျော်ယမကာနှင့် စပ်သော စကား၊
၉။ ဝတ္ထကထာ = အဝတ်ပုဆိုးနှင့် စပ်သော စကား၊
၁၀။ သယနကထာ = အိပ်ရာ နေရာနှင့် စပ်သော စကား၊
၁၁။ မာလာကထာ = ပန်းနှင့် စပ်သော စကား၊
၁၂။ ဂန္ဓကထာ = နံ့သာနှင့် စပ်သော စကား၊
၁၃။ ဉာတိကထာ = ဆွေမျိုးနှင့် စပ်သော စကား၊
၁၄။ ယာနကထာ = ယာဉ်နှင့် စပ်သော စကား၊
၁၅။ ဂါမကထာ = ရွာနှင့် စပ်သော စကား၊
၁၆။ နိဂမကထာ = နိဂုံးနှင့် စပ်သော စကား၊
၁၇။ နဂရကထာ = မြို့နှင့် စပ်သော စကား၊
၁၈။ ဇနပဒကထာ = ဇနပုဒ် (တိုင်း၊ ပြည်နယ်)နှင့် စပ်သော စကား၊
၁၉။ ဣတ္ထိကထာ = အမျိုးသ္မီး + (အမျိုးသား) နှင့် စပ်သော စကား၊
၂၀။ သူရကထာ = သူရဲကောင်းနှင့် စပ်သော စကား၊
၂၁။ ဝိသိခါကထာ = မြို့တွင်း ရွာတွင်း လမ်းခရီးနှင့် စပ်သော စကား၊
၂၂။ ကုမ္ဘဋ္ဌာနကထာ = ရေဆိပ်နှင့် စပ်သောစကား၊
၂၃။ ပုဗ္ဗပေတကထာ = သေလွန်သူနှင့် စပ်သော စကား၊
၂၄။ နာနတ္တကထာ = အထွေထွေနှင့်စပ်သော စကား၊
၂၅။ လောကက္ခာယိကထာ = လောကအကြောင်းနှင့် စပ်သော စကား၊
၂၆။ သမုဒ္ဒက္ခာယိကကထာ = သမုဒ္ဒရာအကြောင်းနှင့် စပ်သော စကား၊
၂၇။ ဝုဍ္ဎိကထာ = လောကကြီးပွားမှုနှင့် စပ်သော စကား၊
၂၈။ ဟာနိကထာ = လောကကြီးပွားရေး ဆုတ်ယုတ်မှု နှင့် စပ်သော စကား၊
၂၉။ သဿတကထာ = သဿတအယူနှင့် စပ်သော စကား၊
၃၀။ ဥစ္ဆေဒကထာ = ဥစ္ဆေဒအယူနှင့် စပ်သော စကား၊
၃၁။ ကာမသုခလ္လိကာနုယောဂကထာ = ကာမဂုဏ်ချမ်းသာ၌ ငြိကပ်တွယ်တာသောအားဖြင့် အဖန် တလဲလဲ အားထုတ်ခံစားခြင်းနှင့်စပ်သော စကား၊
၃၂။ အတ္တကိလမထာနုယောဂကထာ = ကိုယ်စိတ်၏ ပင်ပန်းကြောင်း အကျင့်၌ အဖန်တလဲလဲ အားထုတ်ခြင်းနှင့် စပ်သော စကား၊
[မှတ်ချက်။ ။ (၂၇) မှ (၃၂) အထိကား ပါဠိတော်၌ တိုက်ရိုက်လာသော ဣတိဘဝါဘဝကထာ (= ကြီးပွားမှု တိုးတက်မှုနှင့် စပ်သောစကား) (၆)မျိုး ဖြစ်သည်။ နောက်တစ်နည်း ရေတွက်ပုံမှာ (၂၇)မှ စ၍အောက်ပါအတိုင်း ဖြစ်၏။]
၂၇။ ဣတိဘဝကထာ = ကြီးပွားခြင်းနှင့် စပ်သော စကား၊
၂၈။ ဣတိအဘဝကထာ = မကြီးပွားခြင်း (= ဆုတ်ယုတ်ခြင်း)နှင့် စပ်သော စကား၊
၂၉။ အရညကထာ = တောနှင့် စပ်သော စကား၊
၃၀။ ပဗ္ဗတကထာ = တောင်နှင့် စပ်သော စကား၊
၃၁။ နဒီကထာ = မြစ်နှင့် စပ်သော စကား၊
၃၂။ ဒီပကထာ = ကျွန်းနှင့် စပ်သော စကား။ (ဝိ၊၂၊၂၁၃-၂၁၄။ ဝိ၊၃၊၂၇၆။ ဒီ၊၁၊၇၊၁၆၇။...)
__________
နံပါတ် (၂) ဂါထာ
(၃၂) ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာများ
၁။ ခြေတော်ကို မြေ၌ နင်းတော်မူသော အခါ ကောင်းစွာ တည်ထိသောရွှေခြေနင်းအပြင်ကဲ့သို့ ညီညွတ်သည့် ဖဝါးတော်အပြင် ရှိခြင်း၊
၂။ နှစ်ဖက်သော ခြေဖဝါးတော်အပြင်တို့၌ တစ်ထောင်သော အကန့်အကွက် ပုံတောင်းအချက် နှင့်တကွ ခပ်သိမ်းသော အခြင်းအရာတို့နှင့် ပြည့်စုံသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော် ရှိခြင်း၊
၃။ ခြေဖဝါးတော်၏ လေးပုံတစ်ပုံခန့် ရှည်လျား ပြည့်ဖြိုးသော ဖနောင့်တော် ရှိခြင်း၊
၄။ ညီညာရှည်သွယ်သော ခြေချောင်းတော် လက်ချောင်းတော် ရှိခြင်း၊
၅။ ကြည်လင်လှစွာသော ထောပတ်၌ ချ၍ နှစ်၍ ထားအပ်သော အကြိမ်တစ်ရာ ဖတ်အပ်သည့် ဝါဂွမ်းလွှာကဲ့သို့ နူးညံ့သိမ်မွေ့လှစွာသော လက် ဖဝါးတော် ခြေဖဝါးတော်အပြင် ရှိခြင်း၊
၆။ (လေသွန်နန်းတံခါး၌ စိုက်စီ၍ ထားအပ်သော ရွှေပွတ်လုံး = ဇာလီတိုင်ကဲ့သို့) ညီညွတ်စွာ အချောင်းအချောင်း အကြားစိပ်သော လက်ချောင်းတော် ခြေချောင်းတော် ရှိခြင်း၊
၇။ မြူမလိမ်းတွယ် စဉ်းငယ်မြင့်သော ခြေဖမျက်တော် ရှိခြင်း၊
၈။ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်း နှင့်တူသော ပြည့်ဖြိုးသော သလုံးမြင်းခေါင်း တော် ရှိခြင်း၊
၉။ ရပ်တော်မူလျက်ပင် ကိုယ်တော်ကို မကိုင်းညွှတ်ဘဲ လက်ဖဝါးတော် နှစ်ဖက်ဖြင့် ပုဆစ်ဒူးဝန်း တော် နှစ်ဖက်ကို သုံးသပ်တွေ့ထိတော်မူနိုင်ခြင်း၊
၁၀။ ဆဒ္ဒန်ဆင်မင်းပမာ ရွှေပဒုမ္မာကြာချပ်နှင့် တူသော အအိမ်ဖြင့် ဖုံးလွှမ်းထားအပ်သော ကျစ်လျစ်လှစွာသော ယောက်ျားနိမိတ် ရှိတော်မူခြင်း၊
၁၁။ သိင်္ဂီနိက်ရွှေစင် အဆင်းကဲ့သို့ ဝါဝင်းသော အရေ တော် ရှိတော်မူခြင်း၊
၁၂။ မြူအညစ်အကြေးတို့ မလိမ်းကပ်နိုင်သော ချောမွေ့သော (= သိမ်မွေ့သော) အရေတော် ရှိတော် မူခြင်း၊
၁၃။ မွေးညင်းတွင်း တစ်တွင်း တစ်တွင်းလျှင် မွေးညင်းတော် တစ်ပင်စီ တစ်ပင်စီသာ ပေါက်ရောက်လျက် ရှိတော်မူခြင်း၊
၁၄။ မျက်နှာတော်ကို မော်၍ဖူးသည့်ပမာ အထက်သို့သာ အဖျားကော့သည့် လက်ျာရစ်လည်၍ တည်သော အလွန်ညိုသော မွေးညင်းတော် ရှိတော်မူခြင်း၊
၁၅။ ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော် ရှိတော်မူခြင်း၊
၁၆။ ခြေဖမိုးတော်နှစ်ဖက်, လက်ဖမိုးတော်နှစ်ဖက်, ပခုံးတော်နှစ်ဖက်, လည်ကုပ်တော်ဟု ဆိုအပ်သော ဤခုနစ်ဌာနတို့၌ ပြည့်ဖြိုးသော အသား အရေတော် ရှိတော်မူခြင်း၊
၁၇။ ခြင်္သေ့မင်း၏ ရှေ့ပိုင်း ကိုယ်ထက်ဝက်ကဲ့သို့ အောင်မောင်းပြည့်ဝသည့် ကိုယ်တော် ရှိတော် မူခြင်း၊
၁၈။ ခါးတော်မှ စ၍ အထက်လည်ကုပ်တော်တိုင် အောင် ရေစီးကြောင်း (= အခွက်အကြား)မထင် ရွှေပျဉ်ချပ်ပမာ ပြည့်ဖြိုးစင်သော ကျောက်ကုန်းတော် ရှိတော်မူခြင်း၊
၁၉။ အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင် အဝန်းကဲ့သို့ ဝန်းဝိုင်းလုံးချောသော ကိုယ်တော် ရှိတော်မူခြင်း၊
၂၀။ ညီလည်းညီညွတ် လုံးလည်းလုံးသော လည်တိုင်တော် ရှိတော်မူခြင်း၊
၂၁။ နှမ်းလုံးခန့်မျှ နည်းလှငယ်လှသော အရသာကို သော်လည်း တစ်ကိုယ်တော်လုံးသို့ ပျံ့နှံ့အောင် ဆောင်ယူနိုင်သည့် ခုနစ်ထောင်သော အရသာကြောတို့ အဖျားချင်းအပ် လည်မှာစွပ်လျက် ရှိတော်မူခြင်း၊
၂၂။ ခြင်္သေ့မင်း၏ မေးကဲ့သို့ (ပြုံးတော့မည့်အရိပ် သွေးနေသည့်) မေးတော် ရှိတော်မူခြင်း၊
၂၃။ သွားတော်ချောင်းရေ (၄၀) အစေ့အင ရှိတော် မူခြင်း၊
၂၄။ ညီညွတ်သော သွားတော် ရှိတော်မူခြင်း၊
၂၅။ သွားတော် မကျဲမကွာ စေ့စပ်စွာ ရှိတော်မူခြင်း၊
၂၆။ သောက်ရှူးကြယ်ပမာ လွန်စွာ စင်ကြယ်ဖြူဝင်းသော အရောင်တလက်လက်ထွက်သည့် စွယ်တော်လေးဆူ ရှိတော်မူခြင်း၊
၂၇။ ရှည်လျား + နူးညံ့ + ကျယ်ပြန့်သော လျှာတော် ရှိတော်မူခြင်း၊
၂၈။ ဗြဟ္မာမင်း၏ အသံကဲ့သို့ အလွန်သာယာသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အသံတော် ရှိတော် မူခြင်း၊
၂၉။ အလွန်ညိုကြည်သည့် မျက်လုံးတော် ရှိတော် မူခြင်း၊
၃၀။ ဖွားသစ်စ နွားသူငယ်၏ မျက်တောင်မွေးကဲ့သို့ အလွန်နူးညံ့နုပျိုသည့် မျက်တောင်မွေးတော် ရှိတော်မူခြင်း၊
၃၁။ မျက်မှောင် (= မျက်ခုံးတော်)နှစ်ဖက်တို့၏အလယ် ချက်၌ နူးညံ့ဖြူစင်သော ဥဏ္ဏလုံ (=မွေးရှင်) တော် ပေါက်ရောက်လျက် ရှိတော်မူခြင်း၊
၃၂။ နဖူးတော်ဝယ် ပကတိပင်ကိုအားဖြင့်ပင် သင်းကျစ် ရွှေပြား တပ်စီ၍ ထားသကဲ့သို့ သင်းကျစ် တော်အသားလွှာ တည်ရှိတော်မူခြင်း၊ တစ်နည်း လိမ္မာလှစွာသော ပညာရှင် စီစဉ်အပ်သော ဦးရစ် ဝန်းကဲ့သို့ လုံးဝန်းတင့်တယ်သော ဦးခေါင်းတော် ရှိတော်မူခြင်း၊
ဤကား - မဟာပုရိသ ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး (၃၂)ပါးတို့တည်း။ ဒီဃနိကာယ် မဟာပဒါနသုတ် (ဒီ၊၂၊၁၄-၁၆။), လက္ခဏသုတ် (ဒီ၊၃၊ ၁၁၇-၁၄၃။), မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ဗြဟ္မာယု သုတ် (မ၊၂၊၃၃၆-၃၃၈။) ပါဠိတော်တို့မှ ထုတ်နုတ်ဖော်ပြ အပ်ပါသည်။
လက္ခဏာတော်ငယ် (၈၀)
လက်ချောင်းခြေချောင်းတော်၌လက္ခဏာတော်(၃)ပါး
၁။ စိတင်္ဂုလိတာ = အကြားမလပ် စေ့စပ်သော လက်ချောင်းခြေချောင်းတော် ရှိတော်မူခြင်း၊
၂။ အနုပုဗ္ဗင်္ဂုလိတာ = အရင်းမှသည် အဖျားသို့တိုင်အောင် အစဉ်သဖြင့် သွယ်ပြောင်းသော လက်ချောင်းခြေချောင်းတော် ရှိတော်မူခြင်း၊
၃။ ဝဋ္ဋင်္ဂုလိတာ = လုံးဝန်းသော လက်ချောင်းခြေချောင်းတော် ရှိတော်မူခြင်း၊
လက်သည်းခြေသည်းတော်၌ လက္ခဏာတော်(၃)ပါး
၄။ တမ္ဗနခတာ = နီမြန်းသော လက်သည်းတော် ခြေသည်းတော် ရှိတော်မူခြင်း၊
၅။ တုင်္ဂနခတာ = မြင့်သော ချွန်းသော ညွတ်သော လက်သည်းတော်ခြေသည်းတော် ရှိတော်မူခြင်း၊
၆။ သိနိဒ္ဓနခတာ = သိမ်မွေ့ပြေပြစ်သော လက် သည်းတော် ခြေသည်းတော် ရှိတော်မူခြင်း၊
ဖမျက်တော်၌ လက္ခဏာတော် (၁)ပါး
၇။ နိဂုဠဂေါပ္ဖကတာ = မရှိုက်မမိုသော ဖမျက်တော် ရှိတော်မူခြင်း၊
ခြေချောင်းတော်၌ လက္ခဏာတော် (၁)ပါး
၈။ သမပါဒတာ = ခြေချောင်းတော် (၁၀)ချောင်းလုံး အဖျားညီညွတ်တော်မူခြင်း၊
သွားတော်မူခြင်း၌ လက္ခဏာတော် (၅)ပါး
၉။ ဂဇသမာနက္ကမတာ = ဆင်မင်းအတူ စံပယ်စွာ သွားတော်မူခြင်း၊
၁၀။ သီဟသမာနက္ကမတာ = ခြင်္သေ့မင်းအလား စံပယ် စွာ သွားတော်မူခြင်း၊
၁၁။ ဟံသသမာနက္ကမတာ = ဟင်္သာမင်းသဖွယ် စံပယ် စွာ သွားတော်မူခြင်း၊
၁၂။ ဥသဘသမာနက္ကမတာ = နွားမင်းဥသဘအလား စံပယ်စွာ သွားတော်မူခြင်း၊
၁၃။ ဒက္ခိဏာဝဋ္ဋဂတိတာ = လက်ျာရစ်လည်၍ သွားတော်မူခြင်း၊
ပုဆစ်ဒူးဝန်းတော်၌ လက္ခဏာတော် (၁)ပါး
၁၄။ သမန္တတော စာရုဇဏ္ဏုမဏ္ဍလတာ = ထက်ဝန်းကျင်မှ ရှုချင်စဖွယ် တင့်တယ်သော ပုဆစ်ဒူးဝန်းတော် ရှိတော်မူခြင်း၊
နိမိတ်တော်၌ လက္ခဏာတော် (၁)ပါး
၁၅။ ပရိပုဏ္ဏပုရိသဗျဉ္ဇနတာ = ပြည့်စုံအောင်မြောက်သော ယောက်ျားနိမိတ်ဗျည်း ရှိတော်မူခြင်း၊
ချက်တော်၌ လက္ခဏာတော် (၃)ပါး
၁၆။ အစ္ဆိဒ္ဒနာဘိတာ = လက်ျာရစ်လည်သော အရေး အကြောင်း မပေါက်မပြတ်သော ချက်တော် ရှိတော်မူခြင်း၊
၁၇။ ဂမ္ဘီရနာဘိတာ = နက်ရှိုင်းသော ချက်တော် ရှိတော်မူခြင်း၊
၁၈။ ဒက္ခိဏာဝဋ္ဋနာဘိတာ = လက်ျာရစ်လည်သော အရေးအကြောင်းရှိသော ချက်တော် ရှိတော် မူခြင်း၊
ပေါင်တော် လက်ရုံးတော်၌ လက္ခဏာတော် (၁)ပါး
၁၉။ ဒွိရဒကရသဒိသဦရုဘုဇတာ = ဆင်နှာမောင်း နှင့်တူသော ပေါင်တော် လက်ရုံးတော် ရှိတော်မူခြင်း၊
ကိုယ်တော်လက္ခဏာများ(အချို့နောက်၌လာလတ္တံ့)
၂၀။ သုဝိဘတ္တဂတ္တတာ = (ကိုယ်တော် အနေအထား သန့်ရှင်းခြင်းဟူသော) ကောင်းစွာ ဝေဖန်အပ်သော ကိုယ်တော် ရှိတော်မူခြင်း၊
၂၁။ အနုပုဗ္ဗဂတ္တတာ = (အထက်ပိုင်း အောက်ပိုင်း အချိုးကျ အဆင်ပြေခြင်း ဟူသော) အစဉ်အတိုင်း ရွေ့ရွေ့တက်သော ကိုယ်တော် ရှိတော်မူခြင်း၊
၂၂။ မဋ္ဌဂတ္တတာ = ပြေပြစ်သော ကိုယ်တော် ရှိတော်မူခြင်း၊
၂၃။ အနုဿန္နာနနုဿန္နသဗ္ဗဂတ္တတာ = မရှိုက်မမိုသော ကိုယ်တော် ရှိတော်မူခြင်း၊
၂၄။ အလီနဂတ္တတာ = မတွန့်မလိပ်သော ကိုယ်တော် ရှိတော်မူခြင်း၊
၂၅။ တိလကာဒိဝိရဟိတဂတ္တတာ = မှဲ့ချေစသည်မှ ကင်းသော ကိုယ်တော် ရှိတော်မူခြင်း၊
၂၆။ အနုပုဗ္ဗရုစိရဂတ္တတာ = အစဉ်အတိုင်း ပြိုးပြိုးပြက်သော ကိုယ်တော် ရှိတော်မူခြင်း၊
၂၇။ သုဝိသုဒ္ဓဂတ္တာတာ = အထူးသဖြင့် စင်ကြယ်သော ကိုယ်တော် ရှိတော်မူခြင်း၊
ကာယဗလအားတော် လက္ခဏာတော် (၁)ပါး
၂၈။ ကောဋိသဟဿဟတ္ထိဗလဓာရဏတာ = ကုဋေ တစ်ထောင်သော ကာဠာဝကဆင်တို့၏ အားကို ဆောင်နိုင်သော အားတော် ရှိတော်မူခြင်း၊
နှာခေါင်းတော်၌ လက္ခဏာတော် (၁)ပါး
၂၉။ တုင်္ဂနာသတာ = ရွှေချွန်းအတူ မြင့်တက်သော နှာခေါင်းတော် ရှိတော်မူခြင်း၊
သွားဖုံးသားတော်၌ လက္ခဏာတော် (၁)ပါး
၃၀။ သုရတ္တဒွိဇမံသတာ = အလွန်နီမြန်းသော သွားဖုံး သားတော် ရှိတော်မူခြင်း၊
သွားတော်၌ လက္ခဏာတော် (၂)ပါး
၃၁။ သုဒ္ဓဒန္တတာ = စင်ကြယ်သော သွားတော် ရှိတော် မူခြင်း၊
၃၂။ သိနိဒ္ဓဒန္တတာ = သိမ်မွေ့ပြေပြစ်သော သွားတော် ရှိတော်မူခြင်း၊
ဣန္ဒြေတို့၌ လက္ခဏာတော် (၁)ပါး
၃၃။ ဝိသုဒ္ဓိန္ဒြိယတာ = စင်ကြယ်သော ကြည်လင်သော မျက်စိ, နား, နှာ, လျှာ, ကိုယ် ဣန္ဒြေ ရှိတော်မူခြင်း၊
စွယ်တော်၌ လက္ခဏာတော် (၁)ပါး
၃၄။ ဝဋ္ဋဒါဌတာ = လုံးသောစွယ်တော် ရှိတော်မူခြင်း၊
နှုတ်ခမ်းတော်၌ လက္ခဏာတော် (၁)ပါး
၃၅။ ရတ္တောဋ္ဌတာ = နီမြန်းသော နှုတ်ခမ်းတော် ရှိတော်မူခြင်း၊
ခံတွင်းတော်၌ လက္ခဏာတော် (၁)ပါး
၃၆။ အာယတဝဒနတာ = ရှည်သော ခံတွင်းတော် ရှိတော်မူခြင်း၊
အရေးအသား လက္ခဏာတော် (၄)ပါး
၃၇။ ဂမ္ဘီရပါဏိလေခတာ = နက်သော လက္ခဏာ အရေးအသား ရှိတော်မူခြင်း၊
၃၈။ အာယတလေခတာ = ရှည်သော လက္ခဏာ အရေးအသား ရှိတော်မူခြင်း၊
၃၉။ ဥဇုလေခတာ = မကွေ့မကောက် ဖြောင့်သော လက္ခဏာ အရေးအသား ရှိတော်မူခြင်း၊
၄၀။ သုရုစိရသဏ္ဌာနလေခတာ = နှစ်လိုဖွယ်သော သဏ္ဌာန်ရှိသည့် လက္ခဏာ အရေးအသား ရှိတော်မူခြင်း၊
ကိုယ်တော်ရောင်၌ လက္ခဏာတော် (၁)ပါး
၄၁။ ပရိမဏ္ဍလကာယပ္ပဘာဝန္တတာ = ထက်ဝန်းကျင် ဝန်းဝိုင်းသော ကိုယ်တော်ရောင် ရှိတော်မူခြင်း၊
ပါးတော်၌ လက္ခဏာတော် (၁)ပါး
၄၂။ ပရိပုဏ္ဏကပေါလတာ = ပြည့်ဖြိုးသော ပါးစောင် ပါးပြင် ရှိတော်မူခြင်း၊
မျက်လုံးတော်၌ လက္ခဏာတော် (၂)ပါး
၄၃။ အာယတဝိသာလနေတ္တတာ = ရှည်လျားကျယ် ပြန့်သော မျက်ကွင်းတော် မျက်လုံးတော် ရှိတော် မူခြင်း၊
၄၄။ ပဉ္စပသာဒဝန္တနေတ္တတာ = (ဖြူ-နီ-ဝါ-ညို- မောင်း)ငါးမျိုးသော အရောင်အဆင်းဖြင့် အလွန် ကြည်လင်သော မျက်လုံးတော် ရှိတော်မူခြင်း၊
မျက်တောင်မွေးတော်၌ လက္ခဏာတော် (၁)ပါး
၄၅။ အဖျားညွတ်ညွတ်တက်သော (= အဖျားကော့ရရော့ရှိသော)မျက်တောင်မွေးတော်ရှိတော်မူခြင်း၊
လျှာတော်၌ လက္ခဏာတော် (၁)ပါး
၄၆။ မုဒုတနုကရတ္တဇိဝှတာ = နူးညံ့-ပါးလွှာ-နီစွာသော လျှာတော် ရှိတော်မူခြင်း၊
[အမှတ် (၂၇)လက္ခဏာတော်ကြီးနှင့် ဤအမှတ် (၄၆) လက္ခဏာတော်ငယ်တို့နှင့်အညီ ဘုရားရှင်၏ လျှာတော်ဖြင့် နှာခေါင်းပေါက်တော်နှစ်ခု, နားတွင်းတော် နှစ်ခုတို့ကို သွတ်သွင်းကာ သုံးသပ်တော်မူနိုင်၏၊ နဖူးအပြင်ကိုလည်း ဖုံးအုပ်ထားတော်မူနိုင်၏၊ ထိုမျှ ရှည်လျား နူးညံ့ ကျယ်ပြန့်တော်မူသော လျှာတော် ရှိတော်မူပေသည်။]
နားတော်၌ လက္ခဏာတော် (၁)ပါး
၄၇။ အာယတရုစိရကဏ္ဏတာ = ရှည်လျားတင့်တယ် နှစ်လိုဖွယ်သော နားတော် ရှိတော်မူခြင်း၊
အကြောတော်၌ လက္ခဏာတော် (၂)ပါး
၄၈။ နိဂ္ဂဏ္ဌိသိရတာ = ထွတ်သမြတ်ခေါ်သည့် အဖုအထစ် အထုံးအဖွဲ့ ကင်းသည့် အကြောတော် ရှိတော်မူခြင်း၊
၄၉။ နိဂ္ဂူဠသိရတာ = မရှိုက်မမို = မထင်ရှားသော = မပေါ်သော အကြောတော် ရှိတော်မူခြင်း၊
ဦးခေါင်းတော်၌ လက္ခဏာတော် (၁)ပါး
၅၀။ ဝဋ္ဋဆတ္တနိဘစာရုသီသတာ = လုံးဝန်းသော ထီးဝန်းသဖွယ် တင့်တယ်သော ဦးခေါင်းတော် ရှိတော်မူခြင်း၊
နဖူးပြင်တော်၌ လက္ခဏာတော် (၁)ပါး
၅၁။ အာယတပုထုနလာဋသောဘတာ = ရှည်လျား ပြန့်ကျယ် တင့်တယ်သော နဖူးတော် ရှိတော်မူခြင်း၊
မျက်မှောင် = မျက်ခုံးတော်၌ လက္ခဏာတော် (၅)ပါး
၅၂။ သုသဏ္ဌာနဘမုကတာ = ပြုပြင်ရန်မလို ပင်ကို တည်နေဟန် တင့်စံသပ္ပါယ်သည့် မျက်မှောင်တော် = မျက်ခုံးတော် ရှိတော်မူခြင်း၊
၅၃။ သဏှဘမုကတာ = နူးညံ့သိမ်မွေ့သော မျက်မှောင်တော် = မျက်ခုံးတော် ရှိတော်မူခြင်း၊
၅၄။ အနုလောမဘမုကတာ = အစဉ်အတိုင်း ညွတ်ညွတ်တက်သော မျက်မှောင်တော် = မျက်ခုံးတော် ရှိတော်မူခြင်း၊ (အရင်းကြီးကာ အဖျား သွယ်မှုကို ဆိုလိုသည်။)
၅၅။ မဟန္တဘမုကတာ = ကြီးမားသော ထူထပ်သော မျက်မှောင်တော် = မျက်ခုံးတော် ရှိတော်မူခြင်း၊
၅၆။ အာယတဘမုကတာ = ရှည်လျားသော မျက်မှောင်တော် = မျက်ခုံးတော် ရှိတော်မူခြင်း၊
ကိုယ်တော်၌ လက္ခဏာတော် (၁၅)ပါး
၅၇။ သုကုမာလဂတ္တတာ = သိမ်မွေ့နူးညံ့သော ကိုယ်တော် ရှိတော်မူခြင်း၊
၅၈။ အတိဝိယသောမ္မဂတ္တတာ = အလွန်ချမ်းအေး သော ကိုယ်တော် ရှိတော်မူခြင်း၊
၅၉။ အတိဝိယဥဇ္ဇလိတဂတ္တတာ = အလွန်ထွန်းပသော ကိုယ်တော် ရှိတော်မူခြင်း၊
၆၀။ ဝိမလဂတ္တတာ = အညစ်အကြေး ကင်းသော ကိုယ်တော် ရှိတော်မူခြင်း၊
၆၁။ ကောမလဂတ္တတာ = မစေးသော ကိုယ်တော် ရှိတော်မူခြင်း = စီးထန်းထန်း ရှိတော်မမူခြင်း၊
၆၂။ သိနိဒ္ဓဂတ္တတာ =သိမ်မွေ့ပြေပြစ်သော ကိုယ်တော် ရှိတော်မူခြင်း၊
၆၃။ သုဂန္ဓတနုတာ = မွှေးကြိုင်သော ကိုယ်တော် ရှိတော်မူခြင်း၊
[မှတ်ချက်။ ။ ရှေး (၂၀)မှ (၂၇)တိုင်အောင် လက္ခဏာတော် (၈)ပါး၊ ယခု (၅၇)မှ (၆၃)တိုင်အောင် လက္ခဏာတော် (၇)ပါး၊ နှစ်ရပ်ပေါင်းသော် ကိုယ်တော် ၌ လက္ခဏာတော် (၁၅)ပါးတည်း။]
မွေးညင်းတော်၌ လက္ခဏာတော် (၆)ပါး
၆၄။ သမလောမတာ = ညီညွတ်သော မွေးညင်းတော် ရှိတော်မူခြင်း၊
၆၅။ ကောမလလောမတာ = မစေးသော မွေးညင်းတော် ရှိတော်မူခြင်း၊
၆၆။ ဒက္ခိဏာဝဋ္ဋလောမတာ = မွေးညင်းတိုင်း မွေးညင်းတိုင်း လက်ျာရစ်လည်၍ တည်ရှိတော်မူခြင်း၊
၆၇။ ဘိန္နဉ္ဇနသဒိသနီလလောမတာ = ကွဲပြတ်သည့် မျက်စဉ်းဓာတ်ကျောက်နှင့် တူသည့် ညိုသော မွေးညင်းတော် ရှိခြင်း၊
၆၈။ ဝဋ္ဋလောမတာ = လုံးသော မွေးညင်းတော် ရှိခြင်း၊
၆၉။ သိနိဒ္ဓလောမတာ =သိမ်မွေ့သော မွေးညင်းတော် ရှိခြင်း၊
ထွက်လေဝင်လေ၌ လက္ခဏာတော် (၁)ပါး
ရဝ။ အတိသုခုမ အဿာသပဿာသဓာရဏတာ = အလွန်သိမ်မွေ့သော ထွက်သက်ဝင်သက်ကို ဆောင်တော်မူခြင်း၊
ခံတွင်းတော်၌ ဂုဏ်လက္ခဏာတော် (၁)ပါး
၇၁။ သုဂန္ဓမုခတာ = မွှေးကြိုင်သော ခံတွင်းတော်ရှိခြင်း၊
ဦးထိပ်တော်၌ ဂုဏ်လက္ခဏာတော် (၁)ပါး
၇၂။ သုဂန္ဓမုဒ္ဓနတာ = မွှေးကြိုင်သော ဦးထိပ်တော် ရှိတော်မူခြင်း၊
ဆံတော်၌ လက္ခဏာတော် (၇)ပါး
၇၃။ သုနီလကေသတာ = အလွန် မည်းနက်သော ဆံတော် ရှိတော်မူခြင်း။
၇၄။ ဒက္ခိဏာဝဋ္ဋကေသတာ = လက်ျာရစ်လည်သော ဆံတော် ရှိတော်မူခြင်း။
၇၅။ သုသဏ္ဌာနကေသတာ = ပင်ကို တင့်စံ တည်နေ ဟန် ကောင်းသော ဆံတော် ရှိတော်မူခြင်း။
၇၆။ သိနိဒ္ဓကေသတာ = သဏှကေသတာ = သိမ်မွေ့ နူးညံ့သော ဆံတော် ရှိတော်မူခြင်း။
၇၇။ အလုဠိတကေသတာ = မရောယှက်သော ဆံတော် ရှိတော်မူခြင်း။
၇၈။ သမကေသတာ = အတိုင်းအရှည် နှစ်မည်မပြား တူမျှသော ဆံတော် ရှိတော်မူခြင်း။
၇၉။ ကောမလကေသတာ = မစေးမထိုင်းသော ဆံတော် ရှိတော်မူခြင်း။
ရောင်လျှံတော်၌ လက္ခဏာတော် (၁)ပါး
၈၀။ ကေတုမာလာရတနဝိစိတ္တတာ = ကေတုမာလာ ရောင်လျှံတော် ရတနာဖြင့် ဆန်းကြယ်တော်မူ သော ရောင်လျှံတော် ရှိတော်မူခြင်း။
[ဦးထိပ်တော်၌ တည်ရှိ ထွန်းတောက်နေသော ရောင်လျှံတော်အစုကို ကေတုမာလာရောင်လျှံတော်ဟု ခေါ်ဆိုသည်။]
ဘုရားရှင်၏ သန္တာန်တော်၌ လက္ခဏာတော်ကြီး (၃၂)ပါး, လက္ခဏာတော်ငယ် (၈၀)တို့ တည်ရှိတော်မူလေသည်။ လက္ခဏာတော်ငယ် (၈၀)တို့ကို ဇိနာလင်္ကာရဋီကာအတိုင်း ပြဆိုခြင်း ဖြစ်သည်။
ဖူးမြင်ရသူတို့၏ မျက်လုံးဝယ် အလွန်တင့်တယ်သွားအောင် ဘုရားရှင်၏ ရူပကာယတော်ကို ဤ (၃၂)ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး, (၈၀)သော လက္ခဏာတော်ငယ်တို့ဖြင့် တန်ဆာဆင်ထားတော်မူပေသည်။ ထို (၃၂)ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့တွင် - နှစ်ဖက်သော ခြေဖဝါးတော် အပြင်တို့၌ တစ်ထောင်သော အကန့်အကွက် ပုံးတောင်း အချက်နှင့်တကွ ခပ်သိမ်းသော အခြင်းအရာတို့နှင့် ပြည့်စုံသော (၁၀၈)ကွက် စက် လက္ခဏာတော်ရှိခြင်းဟူသော လက္ခဏာတော်လည်း ပါဝင်ပေသည်။ ယင်း (၁၀၈)ကွက် စက်လက္ခဏာ တော်ကို ဆက်လက်တင်ပြပေအံ့။
(၁၀၈) ကွက် စက်လက္ခဏာတော်
(၁) လှံမ၊ (၂) အိမ်မွန် = ကျက်သရေတိုက်၊ (၃) ဇလပ်ပန်း၊ (၄) လည်ရေးသုံးဆင့်၊ (၅) ဦးဆောက်ပန်း = ဦးစိုက်ပန်း၊ (၆) ထမင်းပွဲ၊ (၇) အင်းပျဉ်ဝန်း = ရွှေသလွန်တော်၊ (၈) ချွန်းတောင်း၊ (၉) ပြာသာဒ်၊ (၁၀) တုရိုဏ်တိုင် = တံခါးတိုင်၊
(၁၁) ထီးဖြူတော်၊ (၁၂) သံလျက်၊ (၁၃) ထန်းရွက်ယပ်ဝန်း၊ (၁၄) ဥဒေါင်းမြီးစီးယပ်၊ (၁၅) သင်းကျစ် တော်၊ (၁၆) ပတ္တမြားကျောက်မျက်၊ (၁၇) အရောင် တဖိတ်ဖိတ်လက်သော စားတော်ခွက်၊ (၁၈) မုလေး ပန်းဆိုင်း၊ (၁၉) ကြာညို၊ (၂၀) ကြာနီ၊ (၂၁) ကြာ ဖြူ၊(၂၂) ကြာပဒုမ္မာ၊ (၂၃) ကြာပုဏ္ဍရိက်၊
(၂၄) မုန်ညင်းစေ့ စသည်ဖြင့် ပြည့်သောအိုး၊ (၂၅) ထို့အတူ ဖလား၊ (၂၆) သမုဒ္ဒရာ၊ (၂၇) စကြဝဠာ တောင်၊ (၂၈) ဟိမဝန္တာတောင်၊(၂၉) မြင်းမိုရ်တောင်၊ (၃၀) နေဝန်း၊ (၃၁) လဝန်း၊
(၃၂) နက္ခတ်များ၊ (၃၃-၃၆) ကျွန်းငယ်အရံ နှစ်ထောင်နှင့် တကွသော ကျွန်းကြီး လေးကျွန်း၊ (၃၇) အခြံအရံပရိသတ် ရတနာ (၇)ပါးနှင့် ပြည့်စုံသော စကြာမင်း၊ (၃၈) လက်ျာရစ် ခရုသင်းဖြူ၊ (၃၉) ရွှေ ငါးကြင်းအစုံ၊ (၄၀) လက်နက်စက်။
(၄၁-၄၇) ဂင်္ဂါမြစ်ကြီး ခုနစ်မြစ်၊ (၄၈-၅၄) တောင်စဉ် တောင်ရံ ခုနစ်လုံး၊ (၅၅-၆၁) သီတာ ခုနစ်တန်၊ (၆၂) ဂဠုန်ငှက်မင်း၊ (၆၃) မိကျောင်း၊ (၆၄) တံခွန်လျား၊ (၆၅) တံခွန်ကုက္ကား၊ (၆၆) ရွှေသံလျင်း၊ (၆၇) ရွှေရောင်တောက်သည့် သားမြီးယပ်၊ (၆၈) ကေလာသငွေတောင်၊ (၆၉) ခြသေ့င်္မင်း၊ (ရဝ) ကျားမင်း။
(၇၁) ဝလာဟကမြင်းမင်း၊ (၇၂) ဥပေါသထဆင်မင်း သို့မဟုတ် ဆဒ္ဒန်ဆင်မင်း၊ (၇၃) ဗာသုကီနဂါး မင်း၊ (၇၄) ရွှေဟင်္သာမင်း၊ (၇၅) ဥသဘနွားမင်း၊ (၇၆) ဧရာဝဏ်ဆင်မင်း၊ (၇၇) ရွှေမကရ်း၊ (၇၈) ရွှေလှေ၊ (၇၉) ဗြဟ္မာမင်း၊ (၈၀) သားနှင့်တကွသော နို့စားနွားမ။
(၈၁) ကိန္နရာ (ဖို-မ)၊ (၈၂) ကရဝိက်ငှက်မင်း၊ (၈၃) ဥဒေါင်းမင်း၊ (၈၄) ကြိုးကြာငှက်မင်း၊ (၈၅) စက္ကဝါက်ငှက်မင်း၊ (၈၆) ဇီဝဇိုဝ်းငှက်မင်း၊ (၈၇-၉၂) ကာမာဝစရ နတ်ပြည်ခြောက်ထပ်၊ (၉၃-၁၀၈) ရူပါဝစရ ဗြဟ္မာြ့ပည် (၁၆)ထပ်။
စက်တော်ရာ ဘုရားရှိခိုး
အတိုင်းမသိ၊ ကျေးဇူးရှိသား၊ မုနိသကျ၊ ဂေါတမ၏၊ ပါဒမြတ်ကျော်၊ ဖဝါးတော်၌၊ ထွန်းပေကျစ်လျစ်၊ တစ်ရာ့ရှစ်ကို၊ စိစစ်လျှင်ထွေ၊ လျှင်းလျှင်းရေပိန့်။ ချီလေအစ၊ (၁-၂) လှံမ, အိမ်မွန်၊ (၃) သုံးတန်ပွင့်ချပ်၊ ဇလပ်ပျံ့မွှေး၊ (၄) လည်ရေးသုံးဆင့်၊ (၅) လှတင့်ထွန်းတောက်၊ ဦးဆောက်ပန်းက၊ (၆) ဖြူဆွရောင်မောင်း၊ ဦးဘောင်းမကွဲ၊ စားပွဲတည်ခင်း၊ (၇) အင်းပျဉ်ဝန်းနှင့်၊ (၈-၉) ချွန်းတောင်း, ပြာသာဒ်၊ (၁၀) အထွတ်မြင့်ခိုင်၊ တံခါးတိုင်က၊ (၁၁-၁၂) ဖြူဆွပြိုးပြက်၊ ထီး, သံလျက်နှင့်၊ (၁၃) ထန်းရွက်ယပ်ဝန်း၊ (၁၄) ရွှန်းရွှန်းရောင်မောင်း၊ ဥဒေါင်းမြီးယပ်၊ (၁၅) သင်းကျပ်ရွှေပြား၊ (၁၆) ပတ္တမြားကျောက်မျက်၊ (၁၇) စားခွက်ရောင်ပြေး၊ (၁၈) မုလေးပန်းဆိုင်း၊ (၁၉-၂၃) တုနိုင်းမရ၊ ပွင့်လှအပြား၊ ငါးပါးကြာမျိုး၊ (၂၄) ပြည့်သည့်အိုးနှင့်၊ (၂၅) ပြည်ဖြိုးဖလား၊ (၂၆) ရေငြားသမုဒ္ဒရာ၊ (၂၇) စကြဝဠာတောင်မွန်၊ (၂၈) ဟိမဝန်တောချောင်၊ (၂၉) မြင်းမိုရ်တောင်နှင့်၊ (၃၀-၃၁) ထွန်းပြောင်နေ,လ၊ (၃၂) နက္ခတ္တက၊ (၃၃-၃၆) ဒီပ လေးသွယ်၊ ကျွန်းငယ် ရံဆောင်၊ (၃၇) ဘုန်းခေါင်စကြာမင်း၊ (၃၈) ခရုသင်း ဖြူနစ်၊ ဗွေရစ်လက်ျာ၊ (၃၉) ရွှေဝါအဆင်း၊ ငါးမင်း စုံလျက်၊ (၄၀) လက်နက်စက်က၊ (၄၁-၄၇) ရေတွက် သင်္ချာ၊ ဂင်္ဂါ ခုနစ်တန်၊ (၄၈-၅၄) တောင်ရံ ခုနစ်လုံး၊ (၅၅-၆၁) အိုင်ထုံး ခုနစ်ကွက်၊ (၆၂) ငှက်ဂဠုန်မင်း၊ (၆၃) မြစ်တွင်းကိန်းအောင်း၊ မိကျောင်းရေသား၊ (၆၄) တံခွန်လျားနှင့်၊ (၆၅) ကုက္ကားတံခွန်၊ (၆၆) မင်းတန် သံလျင်း၊ (၆၇) အဆင်းရွှေလား၊ သားမြီးလေဆောင်၊ (၆၈) ငွေတောင် ကေလာသ၊ (၆၉-ရဝ) သီဟ, ဗျဂ္ဃါ၊ (၇၁)ဝလာဟမြင်း၊(၇၂) ဆင်မင်းမြတ်စွာ၊ ဥပေါသထာ ယာဉ်မွန်၊ ဆဒ္ဒန်တူပြီ၊ (၇၃) ဗာသုကီမည်ရင်း၊ နဂါး မင်းနှင့်၊ (၇၄) ဟင်္သာရွှေလား၊ (၇၅) နွားဥသဘမွန်၊ (၇၆) ဧရာဝဏ် တစ်ခဏ်း၊ (၇၇) ရွှေမကရ်း တစ်ထွေ၊ (၇၈) ရွှေလှေလျှံဝါ၊ (၇၉) ဗြဟ္မာထွတ်ဖျား၊ (၈၀) သားနှင့်တကွ၊ နွားမနို့ညစ်၊ (၈၁) အချစ်မြဲစွာ၊ ကိန္နရာ ဖို,မ၊ (၈၂) သဒ္ဒမဆိတ်၊ ကရဝိက်တွန်ညောင်း၊ (၈၃-၈၄) ဥဒေါင်း, ကြိုးကြာ၊ (၈၅) သံသာစက္ကဝါက်၊ (၈၆) စုံလျက်ဇီဝဇိုဝ်း၊ (၈၇-၉၂) မိုးဝဘုံသာ၊ ဆကာမာနှင့်၊ (၉၃-၁၀၈) ဗြဟ္မာဘုံရပ်၊ ဆယ့်ခြောက်ထပ်လည်း၊ ယှဉ်စပ်မကင်း၊ ခပင်းများစွာ၊ ရံစကာနှင့်၊ စကြာချေမွန်၊ တင့်တယ်ဟန်ကို၊ မိုးစွန်ဘုံဖျား၊ သိကြားဗြဟ္မာ၊ တူရေး လှာလည်း၊ ဘယ်မှာတမျှ၊ အတုရချိမ့်၊ အသမသမာ၊ သုံးလူ့ချာ၏၊ ရတနာလျှံဝင်း၊ နီဆင်းစင်သန့်၊ အကန့် တစ်ထောင်၊ ထွန်းပြောင်သိင်္ဂါ၊ သန္တာအကွပ်၊ ထိန်လျပ်ပုံတောင်း၊ ညိုမောင်းကျောက်မျက်၊ ခြေတော်စက်ကို၊ စုံမက်မြတ်နိုး၊ ရှိလျှင်ခိုးသည်၊ အကျိုးကောင်းမွန်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ထုတ်ချောက် ရောက်စေ သောဝ်...။ (ဂုဠှတ္ထဒီပနီကျမ်း ပထမတွဲ၊ တောင်ခွင် သာသနာပိုင်ဆရာတော်)
ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါ (၈) ပါးနှင့် ပြည့်စုံတော်မူသော အသံတော် ရှိခြင်း
မဓုရဝရသရောပေတံ - ဟူသော ဂုဏ်ပုဒ်အရ ဘုရားရှင်၌ ဗြဟ္မာမင်း၏အသံကဲ့သို့ အင်္ဂါ (၈)ပါးနှင့် ပြည့်စုံသော ချိုမြိန်ကောင်းမြတ်သော အသံတော်နှင့်လည်း ပြည့်စုံတော်မူသဖြင့် ယင်းအသံတော်၏ အင်္ဂါ (၈)ပါးတို့ကို မဇ္ဈိမပဏ္ဏာသ ဗြဟ္မာယုသုတ္တန် (မ၊၂၊ ၃၄၀-၃၄၁။)၌ လာရှိသည့်အတိုင်း တင်ပြပေအံ့။
၁။ ဝိဿဋ္ဌော = သန့်ရှင်း၏၊
၂။ ဝိညေယျော = သိသာလွယ်၏၊
၃။ မဉ္ဇု = သာယာ၏၊
၄။ သဝနီယော = နာပျော်ဖွယ်ရှိ၏ = နားထောင် ကောင်း၏၊
၅။ ဗိန္ဒု = လုံးစည်း၏ = လုံလုံလဲလဲ ရှိ၏၊
၆။ အဝိသာရီ = ဖရိုဖရဲ မရှိ = တရားနာ ပရိသတ်၏ အပြင်ဘက်သို့ မသွား၊
၇။ ဂမ္ဘီရော = နက်နဲ၏ = အသံတော် မတိမ် အရှိန် အားကောင်း၏၊
၈။ နိန္နာဒီ = ပဲ့တင်ထပ်၏၊ (မ၊၂၊၃၄၀-၃၄၁။)
ဤကား ဘုရားရှင်၏ အသံတော်၌ တည်ရှိသော အင်္ဂါ (၈)ပါးတို့တည်း။
ကာယဗလ = ကိုယ်တော်အား (၁၀) ပါး
ဘုရားရှင်၏ သန္တာန်တော်၌ ကိုယ်တော်အား (၁၀)ပါး, ဉာဏ်တော်အား (၁၀)ပါး ရှိတော်မူရာ ကိုယ် တော်အား (၁၀)ပါးကို ရှေးဦးစွာ တင်ပြပေအံ့။ ကိုယ် တော်အား (၁၀)ပါးကား ပါဠိတော်များ၌ တိုက်ရိုက် မလာ၊ အဋ္ဌကထာများ၌သာ လာရှိပေသည်။
ကာလာဝကဉ္စ ဂင်္ဂေယျံ၊ ပဏ္ဍရံ တမ္ဗ ပိင်္ဂလံ။
ဂန္ဓ မင်္ဂလ ဟေမဉ္စ၊ ဥပေါသထ ဆဒ္ဒန္တိမေ ဒသ။ (မ၊ဋ္ဌ၊၁၊၃၃၁။ ...)
ဤဂါထာ၌ - ကာလာဝကဆင်, ဂင်္ဂေယျဆင်, ပဏ္ဍရဆင်, တမ္ဗဆင်, ပိင်္ဂလဆင်, ဂန္ဓဆင်, မင်္ဂလဆင်, ဟေမဝတဆင်, ဥပေါသထဆင်, ဆဒ္ဒန္တဆင်-ဟု ဆင် (၁၀)မျိုးတို့ကို ဖော်ပြထား၏။
၁။ ထိုဆင် (၁၀)မျိုးတို့တွင် ပကတိ ဆင်မည်းမျိုးကို ကာလဝကဆင်ဟု ခေါ်ဆို၏။ ကာလာဝကဆင် တစ်စီး၏ကာယဗလ စွမ်းအားသည် ယောက်ျား (၁၀)ယောက်တို့၏ ကာယဗလ စွမ်းအားရှိ၏။
၂။ ကာလဝကဆင် (၁၀)စီးတို့၏ ကာယဗလ စွမ်း အားသည် ဂင်္ဂေယျဆင်တစ်စီး၏ ကာယဗလ စွမ်းအား ဖြစ်၏။
၃။ ဂင်္ဂေယျဆင် (၁၀)စီးတို့၏ ကာယဗလစွမ်းအား သည် ပဏ္ဍရဆင်တစ်စီး၏ ကာယဗလ စွမ်းအား ဖြစ်၏။
၄။ ပဏ္ဍရဆင် (၁၀)စီးတို့၏ ကာယဗလစွမ်းအား သည် တမ္ဗဆင်တစ်စီး၏ ကာယဗလစွမ်းအား ဖြစ်၏။
၅။ တမ္ဗဆင် (၁၀)စီးတို့၏ ကာယဗလစွမ်းအားသည် ပိင်္ဂလဆင်တစ်စီး၏ ကာယဗလစွမ်းအား ဖြစ်၏။
၆။ ပိင်္ဂလဆင် (၁၀)စီးတို့၏ ကာယဗလစွမ်းအား သည် ဂန္ဓဆင်တစ်စီး၏ ကာယဗလစွမ်းအား ဖြစ်၏။
၇။ ဂန္ဓဆင် (၁၀)စီးတို့၏ ကာယဗလစွမ်းအားသည် မင်္ဂလဆင်တစ်စီး၏ စွမ်းအား ဖြစ်၏။
၈။ မင်္ဂလဆင် (၁၀)စီးတို့၏ ကာယဗလစွမ်းအား သည် ဟေမဝတဆင်တစ်စီး၏ စွမ်းအား ဖြစ်၏။
၉။ ဟေမဝတဆင် (၁၀)စီးတို့၏ ကာယဗလစွမ်းအားသည် ဥပေါသထဆင်တစ်စီး၏ စွမ်းအား ဖြစ်၏။
၁၀။ ဥပေါသထဆင် (၁၀)စီးတို့၏ ကာယဗလစွမ်းအားသည် ဆဒ္ဒန္တဆင်တစ်စီး၏ ကာယဗလ စွမ်းအား ဖြစ်၏။
ဆဒ္ဒန္တဆင် (၁၀)စီးတို့၏ ကာယဗလစွမ်းအား သည် တထာဂတအမည်ရတော်မူသော ဘုရားတစ်ဆူ၏ ကာယဗလစွမ်းအား ဖြစ်၏။ ထိုဘုရားရှင်၏ ကာယဗလစွမ်းအားသည် ပကတိ ကာလဝကဆင် အရေအတွက်အားဖြင့် ကုဋေ တစ်ထောင်ကုန်သော ဆင်တို့၏ ကာယဗလစွမ်းအား ဖြစ်၏။ ယောက်ျား အရေအတွက်အားဖြင့် ကုဋေတစ်သောင်းကုန်သော ယောက်ျားတို့၏ ကာယဗလစွမ်းအား ဖြစ်၏။ ဤကား တထာဂတ အမည်ရတော်မူသော ဘုရားရှင်၏ ကာယ ဗလစွမ်းအားတည်း။ (မ၊ဋ္ဌ၊၁၊၃၃၁-၃၃၂။)
ဉာဏ်တော်အား (၁၀) ပါး
၁။ ဌာနာဌာနကောသလ္လဉာဏ်တော် = အကြောင်း ဟုတ်သည် မဟုတ်သည်ကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်တော်။ [ဥပမာ - ဒိဋ္ဌိသမ္ပန္န (= အရိယမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော) ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စအားဖြင့် (သုခအားဖြင့်, အတ္တအားဖြင့်) ကပ်ရောက်နိုင်ရာသော ဤအကြောင်းအရာသည် မရှိဟု သိတော်မူ၏။ ပုထုဇန်သည်ကား တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စအားဖြင့် (သုခအားဖြင့်, အတ္တအားဖြင့်) ကပ်ရောက်ရာသော အကြောင်းအရာသည် ရှိ၏ဟု သိတော်မူ၏ - ဤသို့ စသည့် အကြောင်းအရာ ဟုတ်သည် မဟုတ်သည်ကို သိတော်မူသော ဉာဏ်တော်တည်း။ ဝိဘင်းပါဠိတော် (၃၄၈-၃၅၁)တို့၌ အကျယ်ကို ကြည့်ပါ။]
၂။ အတီတာနာဂတပစ္စုပ္ပန္နာန-ကမ္မသမာဒါနာန-ဝိပါကဉာဏ်တော် = အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်ကျင့်သုံးထားအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားကို (က) အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားအားဖြင့်, (ခ) တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်း (= ဇနကအကြောင်း) တရားအားဖြင့် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိတော်မူသော ဉာဏ်တော်။ [ဥပမာ - ဆောက်တည် ကျင့်သုံးထားအပ်ကုန်သော အချို့ကုန်သော အကုသိုလ်ကံတို့သည် ဂတိသမ္ပတိ (= ကောင်းရာ သုဂတိသို့ ရောက်ရှိနေသဖြင့် ဂတိနှင့် ပြည့်စုံခြင်း), ဥပဓိသမ္ပတ္တိ (= ရုပ်ဥပဓိနှင့် ပြည့်စုံနေခြင်း), ကာလသမ္ပတ္တိ (= ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာကာလ စသည့် အခါ ကာလကောင်းနှင့် ပြည့်စုံနေခြင်း), ပယောဂသမ္ပတ္တိ (= သမထကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ်တို့ ကဲ့သို့သော ကုသိုလ်တရားတို့ကို အရှင်အင်္ဂုလိမာလ တို့ကဲ့သို့ အောင်အောင်မြင်မြင် ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂနှင့် ပြည့်စုံခြင်း) တည်းဟူသော သမ္ပတ္တိ လေးမျိုးတို့က တားမြစ်ထားအပ်ကုန်သည် ဖြစ်၍ အကျိုးမပေးနိုင်ကြကုန်။ အချို့ကုန်သော ဆောက်တည် ကျင့်သုံးထားအပ်ကုန်သော အကုသိုလ်ကံတို့ သည် ဂတိဝိပတ္တိ (= မကောင်းသည့် ဒုဂ္ဂတိဘဝသို့ ရောက်ရှိနေခြင်း), ဥပဓိဝိပတ္တိ (= ရုပ်ဥပဓိ ပျက်စီး ချို့ယွင်းနေခြင်း), ကာလဝိပတ္တိ (= ခေတ်ကောင်း အခါကောင်း မဟုတ်ခြင်း), ပယောဂဝိပတ္တိ (= လုံ့လပယောဂ၏ ချို့တဲ့ပျက်စီးနေခြင်း)ဟူသော ဝိပတ္တိတရား တို့ကို အစွဲပြုကာ အကျိုးပေးတတ်ကြကုန်၏ - ဤသို့ စသည်ဖြင့် သိတော်မူသော ဉာဏ်တော်တည်း။ - အကျယ်ကို ဝိဘင်းပါဠိတော် (၃၅၁-၃၅၂)၌ ကြည့်ပါ။]
၃။ သဗ္ဗတ္ထဂါမိနိပဋိပဒါဉာဏ်တော် = အလုံးစုံသော အဂတိ ဂတိသို့ (= ထိုထို ဘုံဘဝသို့) ရောက်ကြောင်းဖြစ်သော အကျင့် လမ်းစဉ်ကို ဟုတ်တိုင်း မှန်စွာ သိတော်မူသော ဉာဏ်တော်။ [ဥပမာ - လူအများတို့ ပေါင်းစုကာ ပါဏာတိပါတအမှုကို လွန်ကျူးရာ၌ ဤ စေတနာကား ငရဲသို့, ဤစေတနာကား တိရစ္ဆာန်ဘုံ သို့, ဤစေတနာကား ပြိတ္တာဘုံသို့ ရောက်ကြောင်း ကျင့်စဉ်လမ်းတည်း၊ ဤကျင့်စဉ်လမ်းကား လူ့ပြည်သို့, ဤကျင့်စဉ်လမ်းကား နတ်ပြည်သို့ ရောက်ကြောင်း ကျင့်စဉ်လမ်းတည်း၊ ဤကျင့်စဉ်လမ်းကား နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်လမ်းတည်း - ဤသို့ သိတော် မူသော ဉာဏ်တော်တည်း။]
၄။ အနေကဓာတုနာနာဓာတုလောကဉာဏ်တော် = များပြားသော ကွဲပြားသော ဓာတ်သဘာဝ အမျိုးမျိုး ရှိသော လောကကို သိတော်မူသော ဉာဏ်တော်။ [ဥပမာ - ရုပ်ခန္ဓာ တစ်ပါးသာရှိသော လောက, နာမ်ခန္ဓာ လေးပါးသာရှိသော လောက, ခန္ဓာငါးပါးရှိသော လောက - ဤသို့ စသည်ဖြင့် ခန္ဓာ, အာယတန, ဓာတ်တို့၏ ထူးထွေ ကွဲပြားမှုရှိသော လောကကို သိတော် မူသော ဉာဏ်တော်တည်း။]
၅။ သတ္တာနံ နာနာဓိမုတ္တိကတာဉာဏ်တော် = သတ္တဝါတို့၏ အမျိုိးမျိုးသော နှလုံးသွင်းဓာတ်ခံ ရှိမှုကို သိသော ဉာဏ်တော်။ [ဟီနာဓိမုတ္တိကာ = ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိသော သတ္တဝါ၊ ပဏီတာဓိမုတ္တိကာ = မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိသော သတ္တဝါဟု သတ္တဝါ အမျိုးမျိုး ရှိကြ၏။ နှလုံးသွင်း ဓာတ်ခံ ယုတ်ညံ့တဲ့ သတ္တဝါတွေက နှလုံးသွင်း ဓာတ်ခံ ယုတ်ညံ့တဲ့ သတ္တဝါတွေကို, နှလုံးသွင်းဓာတ်ခံ မွန်မြတ်တဲ့ သတ္တဝါတွေက နှလုံးသွင်းဓာတ်ခံ မွန်မြတ်တဲ့ သတ္တဝါတွေကို မှီဝဲဆည်းကပ်ကြ၏ - ဤသို့စသည်ဖြင့် သိတော်မူသော ဉာဏ်တော်တည်း။ (အဘိ၊၂၊၃၅၂၊၊)]
၆။ ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော် = မွန်မြတ်သော သတ္တဝါ, ယုတ်ညံ့သော သတ္တဝါတို့၏ ဣန္ဒြေ အနုံ့အထက် အနုအရင့်ကို သိတော်မူသော ဉာဏ်တော်။ [ဘုရားရှင်သည် သတ္တဝါတို့၏ အတွင်းအဇ္ဈာသယဓာတ်ခံကိုလည်း သိတော်မူ၏။ (အတွင်းအဇ္ဈာသယဓာတ်ဟူသည် လောကသည် မြဲ၏၊လောကသည် မမြဲ - ဤသို့ စသော အတ္တဝါဒနှင့် စပ်သော အတွင်း အဇ္ဈာသယဓာတ်များတည်း။) ယင်းတို့၌ ကိန်းဝပ် တည်နေသော အနုသယဓာတ်ကိုလည်း သိတော်မူ၏။ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိ သင်္ခါရ စသည့် စရိုက်အမျိုးမျိုးကိုလည်း သိတော်မူ၏။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံ, မွန်မြတ်သော နှလုံး သွင်းဓာတ်ခံဟူသည့် အဓိမုတ္တိကိုလည်း သိတော်မူ၏။ ပညာမျက်စိ၌ ကိလေသာ မြူမှုန် နည်းပါးသော သတ္တဝါ, ကိလေသာ မြူမှုန် များပြားသော သတ္တဝါ, သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသည့် ထက်မြက် သော ဣန္ဒြေရှိသော သတ္တဝါ, နုံ့သော ဣန္ဒြေရှိသော သတ္တဝါ, ကောင်းသော အခြင်းအရာ ရှိသော သတ္တဝါ, မကောင်းသော အခြင်းအရာ ရှိသော သတ္တဝါ, သစ္စာ လေးပါးတရားတော်ကို သိလွယ်သော သတ္တဝါ, သိနိုင် ခဲသော သတ္တဝါ, ကျွတ်ထိုက်သော သတ္တဝါ, မကျွတ် ထိုက်သော သတ္တဝါတို့ကို ဟုတ်တိုင်းမှန်စွာ သိတော် မူ၏။] (အဘိ၊၂၊၃၅၃-၃၅၄။)
သွာကာရာ = ကောင်းသော အခြင်းအရာရှိသော သတ္တဝါဟူသည် - ကောင်းသောအဇ္ဈာသယ ကောင်း သောစရိုက် ကောင်းသောအဓိမုတ္တိရှိသော, ကိလေသာမြူ နည်းပါးသော, ထက်မြက်သောဣန္ဒြေ ရှိသော သတ္တဝါတည်း။
ဒွါကာရာ = မကောင်းသော အခြင်းအရာရှိသော သတ္တဝါဟူသည် - ယုတ်ညံ့သောအာသယ ယုတ်ညံ့သောစရိုက် ယုတ်ညံ့သောအဓိမုတ္တိရှိသော, ကိလေသာ မြူမှုန် များပြားသော, နုံ့သောဣန္ဒြေ ရှိသော သတ္တဝါတည်း။ (အဘိ၊၂၊၃၅၅။)
၇။ စျာန-ဝိမောက္ခ-သမာဓိ-သမာပတ္တီနံ သံကိလေသ-ဝေါဒါန-ဝုဋ္ဌာန ဉာဏ်တော် = စျာန်-ဝိမောက္ခ-သမာဓိ-သမာပတ်တို့၏ ညစ်နွမ်းကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကို သိသော ဉာဏ်တော်။ [စျာန်လေးပါး၊ ဝိမောက္ခ ရှစ်ပါး၊ သဝိတက္ကသဝိစာရ သမာဓိ + အဝိတက္ကဝိစာရမတ္တ သမာဓိ + အဝိတက္က အဝိစာရ သမာဓိ ဟူသော သမာဓိသုံးမျိုး၊ ပထမစျာန် သမာပတ်မှသည် နိရောဓသမာပတ်သို့တိုင်အောင်သော အစဉ်အတိုင်း ဝင်စားအပ်သော အနုပုဗ္ဗသမာပတ် ကိုးမျိုးတို့၏ ဆုတ်ယုတ်သော အဖို့ဘာဂ ရှိသော တရား, ထူးခြားသော အဖို့ဘာဂ ရှိသော တရား, ထမြောက်ကြောင်းတရားတို့၌ လိမ္မာကျွမ်းကျင်တော်မူ သော ဉာဏ်တော်။]
၈။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် = ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့တတ်သော အဘိညာဏ်ဉာဏ်တော်။
၉။ စုတူပပါတဉာဏ်တော် = သတ္တဝါတို့၏ စုတိနှင့် ပဋိသန္ဓေကို ထိုးထွင်းသိသော ဉာဏ်တော် = ဒိဗ္ဗစက္ခုဉာဏ်တော် = နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော ဉာဏ်တော်။ [စုတိဆဲ သတ္တဝါ, ပဋိသန္ဓေတည်နေဆဲ သတ္တဝါ, ယုတ်ညံ့သော သတ္တဝါ, မွန်မြတ်သော သတ္တဝါ, အဆင်းလှသော သတ္တဝါ, အဆင်းမလှသော သတ္တဝါ, ကောင်းရာ သုဂတိသို့ လားရောက်သော သတ္တဝါ, မကောင်းသော ဒုဂ္ဂတိသို့ လားရောက်သော သတ္တဝါ, ထိုထို ကံအားလျော်စွာ ထိုထို ဘုံဘဝသို့ ကပ်ရောက်သော သတ္တဝါတို့ကို သိတော်မူ မြင်တော်မူသောဉာဏ်တော်။]
၁၀။ (အာသဝါနံ ခယာ) အနာသဝ-စေတောဝိမုတ္တိ-ပညာဝိမုတ္တိ ဉာဏ်တော် = အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားတို့မှ ကင်းသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော, ရာဂမှ လွတ်မြောက်သော အရဟတ္တဖိုလ်သမာဓိ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော, အဝိဇ္ဇာမှ လွတ်မြောက်သော အရဟတ္တဖိုလ် ပညာ (= ဉာဏ်)တော်။
ဒသဗလဉာဏ်တော်နှင့် သဗ္ဗညုတဉာဏ်တော်
ဒသဗလဉာဏ်တော် (၁၀)ပါးတို့တွင် --
၁။ ပထမဉာဏ်တော်ကား အကြောင်း ဟုတ်သည်, အကြောင်း မဟုတ်သည်ကိုသာ သိတော်မူ၏။
၂။ ဒုတိယဉာဏ်တော်ကား ကံတို့၏ ထူးထွေကွဲပြား မှု, အကျိုးဝိပါက်တို့၏ ထူးထွေကွဲပြားမှုကိုသာ လျှင်,
၃။ တတိယဉာဏ်တော်ကား ကံအပိုင်းအခြားမျှကို သာလျှင်,
၄။ စတုတ္ထဉာဏ်တော်ကား ဓာတ်သဘာဝတို့၏ ထူး ထွေကွဲပြားမှု၏ အကြောင်းတရားမျှကိုသာလျှင်,
၅။ ပဉ္စမဉာဏ်တော်ကား သတ္တဝါတို့၏ အတွင်းအဇ္ဈာသယဓာတ်နှင့် နှလုံးသွင်းမှု (= အဓိမုတ္တိ) မျှကိုသာလျှင်,
၆။ ဆဋ္ဌဉာဏ်တော်ကား ဣန္ဒြေတို့၏ ထက်သည်၏ အဖြစ်, နုံ့သည်၏ အဖြစ်ကိုသာလျှင်,
၇။ သတ္တမဉာဏ်တော်ကား စျာန်စသည်တို့နှင့်တကွ ယင်းတို့၏ ညစ်နွမ်းမှု စင်ကြယ်မှု ထမြောက်မှုကိုသာလျှင်,
၈။ အဋ္ဌမဉာဏ်တော်ကား ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်မျှကိုသာလျှင်,
၉။ နဝမဉာဏ်တော်ကား သတ္တဝါတို့၏ စုတိ ပဋိသန္ဓေမျှကိုသာလျှင်,
၁၀။ ဒသမဉာဏ်တော်ကား သစ္စပရိစ္ဆေဒ (= သစ္စာလေးပါးကို ပိုင်းခြားခြင်း)မျှကိုသာလျှင် --
အသီးအသီး သိတော်မူ၏။
သို့သော် သဗ္ဗညုတဉာဏ်တော်မြတ်သည်ကား ထို(၁၀)ပါးသော ဉာဏ်တို့ဖြင့် သိအပ်သော အကြောင်း အရာကိုလည်း သိတော်မူ၏၊ ထို့ထက် အလွန်လည်း သိတော်မူ၏။ သို့သော် ထိုဉာဏ်တို့၏ ကိစ္စအားလုံးကို မပြုလုပ်နိုင်။ မှန်ပေသည် ထိုသဗ္ဗညုတဉာဏ်တော်သည် စျာန်ဖြစ်ကာ စျာန်ဝင်စားဖို့ရန် မစွမ်းနိုင်၊ တန်ခိုးဣဒ္ဓိဖြစ်ကာ တန်ခိုးဖန်ဆင်းဖို့ရန် မစွမ်းနိုင်၊ အရိယမဂ်ဖြစ်ကာ ကိလေသာတို့ကို ကုန်စေဖို့ရန် မစွမ်းနိုင်။ (အဘိ၊ဋ္ဌ၊၂၊၄၄၅။)
ဤဒသဗလဉာဏ်တော်များသည် မူလပဏ္ဏာသ ပါဠိတော် မဟာသီဟနာဒသုတ် (မ၊၁၊၉၉-၁၀၂။), အဘိဓမ္မာဝိဘင်းပါဠိတော် (အဘိ၊၂၊၃၂၉-၃၃၀။ ၃၄၈-၃၅၈။) စသည်တို့၌ လာရှိပေသည်။
နံပါတ် (၃) ဂါထာ
ပဉ္စ မဟာပရိစ္စာဂ = စွန့်ခြင်းကြီး ငါးပါး
၁။ ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်လွှတ်ခြင်း၊
၂။ အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ် အသွယ်သွယ်ကို စွန့်လွှတ်ခြင်း၊
၃။ နယနပရိစ္စာဂ = မျက်လုံးတော်ကို စွန့်လွှတ်ခြင်း၊
၄။ ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်လွှတ် ခြင်း၊
၅။ အတ္တပရိစ္စာဂ = ကိုယ်အသက်ကို စွန့်လွှတ်ခြင်း
ဤသို့လျှင် စရိယပိဋကအဋ္ဌကထာ၌ (စရိယာ၊ဋ္ဌ၊ ၂၆၃။) စွန့်ခြင်းကြီး ငါးမျိုးတို့ကို ရေတွက်ပြထား၏။
သီလက္ခန္ဓအဋ္ဌကထာ (ဒီ၊ဋ္ဌ၊၁၊၆၀။), မူလပဏ္ဏာသ အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၄၇။), အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊ ၁၊၈၀။) တထာဂတပုဒ် အဖွင့်တို့၌ ---
၁။ အင်္ဂပရိစ္စာဂ = ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊
၂။ နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း၊
၃။ ဓနပရိစ္စာဂ = ဥစ္စာစည်းစိမ်ကို စွန့်ခြင်း၊
၄။ ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊
၅။ ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း
ဟူ၍ စွန့်ခြင်းကြီး ငါးပါးကို ဖွင့်ပြတော်မူကြ၏။
မူလပဏ္ဏာသအဋ္ဌကထာ စူဠသီဟနာဒသုတ် (မ၊ ဋ္ဌ၊၁၊၃၀၈။) အဖွင့်၌ ---
၁။ အင်္ဂပရိစ္စာဂ = ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊
၂။ ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း၊
၃။ ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊
၄။ အတ္တပရိစ္စာဂ = မိမိကိုယ်ကို(အသက်ကို) စွန့်ခြင်း၊
၅။ နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း
ဟူ၍ ငါးမျိုး ပြဆိုထားတော်မူ၏။
ဗုဒ္ဓဝင်အဋ္ဌကထာ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၁၈။)၌ ---
၁။ အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊
၂။ ဇီဝိတပရိစ္စာဂ = အသက်ကို စွန့်ခြင်း၊
၃။ ဓနပရိစ္စာဂ = ပစ္စည်းဥစ္စာကို စွန့်ခြင်း၊
၄။ ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊
၅။ ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း
ဟူ၍ ငါးမျိုး ပြဆိုထားတော်မူ၏။
ဣတိဝုတ်အဋ္ဌကထာ (ဣတိဝုတ္တက၊ဋ္ဌ၊၁၁၁။)၌ --
၁။ အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊
၂။ အတ္တပရိစ္စာဂ = မိမိကိုယ်ကို စွန့်ခြင်း၊
၃။ ဓနပရိစ္စာဂ = ပစ္စည်းဥစ္စာကို စွန့်ခြင်း၊
၄။ (ပုတ္တ)ဒါရပရိစ္စာဂ = (သား)မယားတို့ကို စွန့်ခြင်း၊
၅။ ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း
ဟူ၍ ငါးမျိုး ပြဆိုထားတော်မူ၏။
ဝေဿန္တရဇာတ်အဋ္ဌကထာ (ဇာတက၊ဋ္ဌ၊၇၊၃၃၃။)၌
၁။ ဓနပရိစ္စာဂ = ပစ္စည်းဥစ္စာကို စွန့်ခြင်း၊
၂။ အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊
၃။ ပုတ္တပရိစ္စာဂ = သားသမီးကို စွန့်ခြင်း၊
၄။ ဘရိယပရိစ္စာဂ = မယားကို စွန့်ခြင်း၊
၅။ ဇီဝိတပရိစ္စာဂ = အသက်ကို စွန့်ခြင်း
ဟူ၍ငါးမျိုး ပြဆိုထားတော်မူ၏။
သုတ်မဟာဝါဋီကာ (ဒီ၊ဋီ၊၂၊၁၉။) မဟာပဒါနသုတ် အဖွင့်၌ --
၁။ အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊
၂။ နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း၊
၃။ အတ္တပရိစ္စာဂ = မိမိကိုယ်ကို (အသက်ကိုပါ) စွန့်ခြင်း၊
၄။ ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊
၅။ ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း
ဟူ၍ ငါးမျိုး ပြဆိုထားတော်မူ၏။
ပရမတ္ထမဉ္ဇူသာ အမည်ရှိသော ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (မဟာဋီ၊၁၊၂၅၉။) ကျမ်း၌ကား --
၁။ အတ္တပရိစ္စာဂ = မိမိကိုယ်ကို (အသက်ကိုပါ) စွန့်ခြင်း၊
၂။ နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း၊
၃။ ဓနပရိစ္စာဂ = ဥစ္စာကို စွန့်ခြင်း၊
၄။ ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊
၅။ ပုတ္တပရိစ္စာဂ = သားသမီးကို စွန့်ခြင်း
ဟူ၍ ငါးမျိုး ပြဆိုထားတော်မူ၏။
ဤကဲ့သို့ အသီးအသီး အမည်တစ်မျိုးစီ အနည်း ငယ်မျှ ကွဲပြားကြသော်လည်း သဘောသွားမှာမူ မကွဲပြားပေ။ မှန်၏ - ကိုယ်မှ ပြင်ပ ဗာဟိရကဝတ္ထုများအနက်မှ အပြင်အပ အကျဆုံး ပစ္စည်းဥစ္စာကို စွန့်လှူခြင်း ဓနပရိစ္စာဂ၊ အသက်တမျှ ချစ်ခင် ကြင်နာအပ်သော သားမယားတို့ကို စွန့်လှူခြင်း ပုတ္တဒါရပရိစ္စာဂ၊ ကိုယ်ရေးအတွက် အရေးကြီးလှသော မင်းအဖြစ် (= မင်းစည်းစိမ်)ကို စွန့်လှူခြင်း ရဇ္ဇပရိစ္စာဂ ဟူ၍ ပြင်ပ ဝတ္ထုများအတွက် ပရိစ္စာဂ သုံးပါးထား၍ ဖွင့်ဆိုတော် မူကြသည်။ မိမိခန္ဓာကိုယ်အတွက် အသက်မသေနိုင်သည့် အင်္ဂါကြီးငယ်ကို စွန့်လှူခြင်း အင်္ဂပရိစ္စာဂ၊ အသက်ကိုပင် အသေခံ၍ စွန့်လှူခြင်းကို အချို့ကျမ်းက နယနပရိစ္စာဂ၊ အချို့ကျမ်းက ဇီဝိတပရိစ္စာဂ၊ အချို့ကျမ်းက အတ္တပရိစ္စာဂဟု ပြဆိုခြင်း ဖြစ်သည်။ မျက်လုံး ကို စွန့်ခြင်း, ကိုယ်ကို စွန့်ခြင်းတို့မှာ အသက်ပင် သေနိုင်သည်ဖြစ်၍ ဇီဝိတပရိစ္စာဂ (= အသက်ကို စွန့်ခြင်း)နှင့် သဘောသွား တူလှပေသည်။ ဤသို့ မိမိခန္ဓာကိုယ်အတွက် စွန့််လှူခြင်းကို နှစ်မျိုးထား၍ ဖွင့်ပြတော် မူကြခြင်း ဖြစ်သည်။ အချုပ်အားဖြင့် ပြင်ပဝတ္ထုများ အတွက် စွန့်ခြင်းကြီး သုံးမျိုး၊ မိမိခန္ဓာကိုယ်အတွက် အသက်သေနိုင်သည့် စွန့်ခြင်းကြီး, အသက် မသေ နိုင်သည့် စွန့်ခြင်းကြီးဟူ၍ နှစ်မျိုး ဖွင့်ပြတော်မူကြခြင်း သာ ဖြစ်သဖြင့် ကျမ်းဂန်ချင်း ကွဲပြားကုန်ပြီဟု မမှတ် ယူရာ။ (မဟာဗုဒ္ဓဝင်၊ ပထမတွဲ၊ ပထမပိုင်း၊ အနုဒီပနီတော်။)
နံပါတ် (၄) ဂါထာ
မုနိအမျိုးမျိုး
၁။ အဂါရိယမုနိ = လူဝတ်ကြောင် အရိယသာဝက၊
၂။ အနဂါရိယမုနိ = ရဟန်း အရိယသာဝက၊
၃။ သေက္ခမုနိ = သေက္ခပုဂ္ဂိုလ်(၇)ယောက်၊
၄။ အသေက္ခမုနိ = ရဟန္တာပုဂ္ဂိုလ်၊
၅။ ပစ္စေကမုနိ = ပစ္စေကဗုဒ္ဓဘုရားရှင်၊
၆။ မုနိမုနိ = သမ္မာသမ္ဗုဒ္ဓဘုရားရှင်။ (ဇာ၊ဋ္ဌ၊၁၊၁၂၅။)
အဂါရမုနိ, အနဂါရမုနိ, သေခမုနိ, အသေခမုနိ, ပစ္စေကမုနိ, မုနိမုနိ-ဟု မဟာနိဒ္ဒေသပါဠိတော် (၄၄)၌ မုနိ (၆)မျိုး လာရှိ၏၊ အတူတူပင်တည်း။
ကိုယ်တော်မှ ထွက်ပေါ်လာသော ရောင်ခြည်တော် (၆) သွယ်
၁။ ဘုရားရှင်၏ ရှေ့ပိုင်း ရူပကာယတော်မှ ရောင်ခြည်တော် (၆)သွယ်တို့သည် ထွက်ပေါ်တော်မူလာကာ အတောင် (၈၀)ခန့် အရပ်သို့ တိုင်အောင် ပျံ့နှံ့ကာ နေရာယူထားကြ၏။
၂။ ဘုရားရှင်၏အနောက်ပိုင်း ရူပကာယတော်မှ။ပ။
၃။ လက်ျာဘက် ရူပကာယတော်မှ ။ ပ ။
၄။ လက်ဝဲဘက် ရူပကာယတော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ပေါ်တော် မူလာကာ အတောင် (၈၀)ခန့် အရပ်သို့ တိုင်အောင် ပျံ့နှံ့ကာ နေရာယူထားကြ၏။
၅။ အထက်ပိုင်း ဆံဖျားတော်မှ စ၍ ဆံလုံးတော် အားလုံးတို့မှ ဥဒေါင်းလည်ဆံရောင် ရှိကြကုန်သော ရောင်ခြည်တော်တို့သည် ထွက်ပေါ်တော်မူလာကာ ကောင်းကင်ပြင်၌ အတောင်(၈၀)ခန့် အရပ်သို့ တိုင်အောင် ပျံ့နှံ့ကာ နေရာယူထားကြသည်။
၆။ အောက်ခြေဖဝါးတော်အပြင်တို့မှ သန္တာရောင် အဆင်း ရှိကြကုန်သော ရောင်ခြည်တော်တို့သည် ထွက်ပေါ်တော်မူလာကာ တခဲနက် ထူထပ်သော မဟာပထဝီမြေပြင်၌ အတောင် (၈၀)ခန့် အရပ်သို့ တိုင်အောင် နေရာယူထားကြ၏။ ဤသို့လျှင် ဘုရားရှင် ၏ ရူပကာယတော်မှ ဝန်းကျင်ပတ်ချာ အရပ် (၁၀) မျက်နှာ၌ အတောင် (၈၀)ခန့် အရပ်သို့ တိုင်အောင် ရောင်ခြည်တော် ခြောက်သွယ်တို့သည် ပြိုးပြိုးပြက် ရိုးရိုးရက် တလက်လက် တောက်ပကာ ပြေးသွားနေကြ လေသည်။
ယင်းရောင်ခြည်တော် (၆)သွယ်တို့မှာ --
၁။ နီလ = ညိုသော ရောင်ခြည်တော်၊
၂။ ပီတ = ရွှေသော ရောင်ခြည်တော်၊
၃။ လောဟိတ = နီသော ရောင်ခြည်တော်၊
၄။ ဩဒါတ = ဖြူသော ရောင်ခြည်တော၊်
၅။ မဉ္ဇိဋ္ဌ = မောင်းသော ရောင်ခြည်တော်၊
၆။ ပဘဿရ = ပြိုးပြိုးပြက် တခဲနက်တောက်ပသော ရောင်ခြည်တော် --
ဤသို့လျှင် ရောင်ခြည်တော် (၆)သွယ် ရှိပေသည်။ (ဒီ၊ဋီ၊၁၊၅၁။...)
နံပါတ် (၅) ဂါထာ
ဉေယျဓမ္မ = ဉေယျဓမ်တရား (၅) ပါး
၁။ သင်္ခါရ = စိတ်+စေတသိက်(၅၂)+ရုပ်အစစ် (၁၈)ပါး၊
၂။ ဝိကာရ = ဝိကာရရုပ် (၅)ပါး (= ကာယဝိညတ် +ဝစီဝိညတ်+လဟုတာ+ မုဒုတာ+ ကမ္မညတာ)၊
၃။ လက္ခဏ = လက္ခဏရုပ် (၄)ပါး (= ဥပစယ+ သန္တတိ+ဇရတာ+အနိစ္စတာ)၊
၄။ နိဗ္ဗာန် = အသင်္ခတဓာတ်အငြိမ်းဓာတ်နိဗ္ဗာန်၊
၅။ ပညတ် = ပထဝီကသိုဏ်း ပညတ် စသည့် ပညတ်အမျိုးမျိုး --
ဤ (၅)မျိုးကုန်သော တရားတို့ကား သိသင့် သိထိုက်သည့် ဉေယျဓမ္မ (= ဉေယျဓမ်)တရားတို့ ဖြစ်ကြ၏။ ဘုရားရှင်သည် ထိုဉေယျဓမ်တရား (၅)ပါးတို့ကို အကုန်အစင် ထွင်းဖောက် သိမြင်တော်မူပေသည်။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသောအားဖြင့် ကွဲပြားကုန်သော ယင်း (၅)မျိုးကုန်သော အလုံးစုံသော တရားတို့ကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားရှင်သည် သဗ္ဗညု မည်တော်မူ၏။
သဗ္ဗညူ (၅) မျိုး
တစ်နည်းအားဖြင့် ကမသဗ္ဗညူ, သကိံသဗ္ဗညူ, သတတသဗ္ဗညူ, သတ္တိသဗ္ဗညူ, ဉာတသဗ္ဗညူ-ဟု သဗ္ဗညူ (၅)မျိုးရှိ၏။
၁။ ကမသဗ္ဗညူ = အစဉ်အတိုင်း သိအပ်သော တရားအလုံးစုံကို အစဉ်အတိုင်း သိတတ်သော ဉာဏ်တော်မြတ်သည် ကမသဗ္ဗညူ မည်၏။
၂။ သကိံသဗ္ဗညူ = တစ်ခုတည်းသော အာဝဇ္ဇန်းဖြင့် တစ်ခုတည်းသော ဇောဝါရဖြင့် သိသင့်သိထိုက်သော သစ္စာလေးရပ် တရားမြတ်ကို သိတတ်သော အရိယမဂ်ဉာဏ်သည် သကိံသဗ္ဗညူ မည်၏။
၃။ သတတသဗ္ဗညူ = စက္ခုဝိညာဏ် စသည်တို့၏ ရူပါရုံစသည့် မြဲသော အာရုံရှိသည်၏ အဖြစ်ကို သိတတ်သော ဉာဏ်တော်မြတ်သည် သတတသဗ္ဗညူ မည်၏။
၄။ သတ္တိသဗ္ဗညူ = တစ်ပြိုက်နက်တည်း အလုံးစုံသော (သစ္စာလေးပါး) တရားကို သိခြင်းငှာ စွမ်းနိုင်သော ဉာဏ်တော်မြတ်သည် ( = အရိယမဂ်ဉာဏ်သည်) သတ္တိသဗ္ဗညူ မည်၏။
၅။ ဉာတသဗ္ဗညူ = အာဝဇ္ဇန်း အကွဲအပြား မရှိဘဲ (= တစ်ခုတည်းသော အာဝဇ္ဇန်းဖြင့်) သိသင့် သိထိုက်သော အလုံးစုံသောတရားကို သိတတ်သော ဉာဏ်တော်မြတ်သည် ဉာတသဗ္ဗညူ မည်၏။
ထိုငါးမျိုးတို့တွင် သကိံသဗ္ဗညူ, သတ္တိသဗ္ဗညူ နှစ်မျိုးတို့ကား အရိယမဂ်ဉာဏ်တို့သာတည်း။ ကြွင်းဉာဏ် (၃)မျိုးတို့ကား သဗ္ဗညုတဉာဏ်တော်မြတ်တို့ ဖြစ်ကြကုန်၏။ (နမက္ကာရဋီကာ၊၄၅-၄၆။)
နံပါတ် (၆) ဂါထာ
မာရ် (၅) ပါး
၁။ ဒေဝပုတ္တမာရ် = မိုးနတ်သားမာရ် = မာရ်နတ်၊
၂။ ကိလေသမာရ် = ကိလေသာ (၁၀)ပါး၊
၃။ ခန္ဓမာရ် = ခန္ဓာငါးပါး၊
၄။ မစ္စုမာရ် = သေခြင်းတရား၊
၅။ အဘိသင်္ခါရမာရ် = ဘဝသစ်ကို ထူထောင်နိုင်သည့် ကုသိုလ်ကံ အကုသိုလ်ကံ။ (သီ-ဋီ-သစ်၊၁၊၂၂၊ ၃၁၄-၃၁၅။)
ထိုမာရ်ငါးမျိုးတို့အနက် ဒေဝပုတ္တမာရ်ဟု ခေါ်ဆိုအပ်သော မာရ်နတ်သားသည် သမ္မာသမ္ဗုဒ္ဓ ဘုရား ရှင်နှင့် ဘုရားရှင်၏ တပည့်သာဝကများကို အနှောင့် အယှက်ပေးသူဖြစ်၍ သာသနာ့လောက ဗုဒ္ဓစာပေ၌ ထင်ရှားသည်။ သို့သော် - မာရ်နတ်သည် ဝသဝတ္တီ နတ်ပြည်တစ်ထပ်ကိုပင် အုပ်ချုပ်ရသော နတ်ဘုရင်ကြီးကား မဟုတ်၊ ဝသဝတ္တီ နတ်ပြည်၌ ထောင့်တစ်ထောင့်ဝယ် သူပုန်ဗိုလ် နတ်ဆိုးကြီးတစ်ယောက်အဖြစ် ဖြင့်သာ နေထိုင်နေရသူ ဖြစ်သည်။ (ဝိ၊ဋ္ဌ၊၁၊၉၈။)
မာရ်နတ်၏ လှည့်စားကွက်တစ်ခု
တစ်ချိန်က မာရ်နတ်သည် ဘုရားအယောင် ဖန်ဆင်းကာ သူရမ္ဗဋ္ဌကို လှည့်စားခဲ့ဖူးသည်။ ထိုအချိန်က သူရမ္ဗဋ္ဌသည် ဘုရားကျောင်းတော်သို့ သွားကာ တရား နာယူရသဖြင့် သောတာပန် တည်ပြီးနောက် အိမ်သို့ပြန်ရောက်လာခါစ ဖြစ်၏။ မာရ်နတ်သည် လက္ခဏာတော်ကြီး (၃၂)ပါးနှင့် ပြည့်စုံသော ဘုရားရှင်အယောင် ဖန်ဆင်းကာ သူရမ္ဗဋ္ဌ၏ အိမ်ပေါက်သို့ လာရပ်ပြီးလျှင် သူရမ္ဗဋ္ဌထံသို့ သတင်းပို့လိုက်၏။ သူရမ္ဗဋ္ဌက ဘုရားရှင် အစစ် မှတ်ပြီး အရိုအသေပြုကာ ရှိခိုးဦးချလေသည်။ မာရ်နတ်က သူရမ္ဗဋ္ဌအား တရားမှား ပြင်လို၍ လာခဲ့ကြောင်းကို စကားပလ္လင်ခံပြီးလျှင် --- ခုနက တရားပွဲမှာ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် (= ခန္ဓာငါးပါး)သည် အနိစ္စဟု မဆင်မခြင် မှားယွင်း ဟောမိခဲ့ကြောင်း, အမှန်မှာ ခန္ဓာငါးပါးသည် နိစ္စသာ ဖြစ် ကြောင်း ပြင်ဆင် ဟောကြားလေသည်။
သူရမ္ဗဋ္ဌသည် ချက်ချင်း အမှန်ကို သိရှိခွင့် ရရှိ သွား၏။ ဘုရားရှင်တို့အဖို့ မဆင်မခြင် တရားဟော ခြင်း မည်သည် မဖြစ်နိုင်၊ ဤသူကား ဘုရားရှင်အစစ် မဟုတ်၊ ဘုရားရှင် အယောင်ဆောင်ထားသည့် မာရ် နတ်သာ ဖြစ်သည်ဟု ချက်ချင်း အမှန်ကို သိသွားလေ သည်။ (ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်ကြောင်းကို သူကိုယ်တိုင် ဝိပဿနာဉာဏ် မဂ်ဉာဏ် တို့ဖြင့် ထိုးထွင်းသိပြီးဖြစ်သောကြောင့် ထိုသို့ အမှန်ကို သိရှိခြင်း ဖြစ်၏။) ထို့နောက် သင် မာရ်နတ် မဟုတ်လောဟု သူရမ္ဗဋ္ဌက မေးမြန်း၏။ မာရ်နတ်လည်း ဆက်လက် မလိမ်ညာရဲတော့ပေ။ ယုံကြည်မှု သဒ္ဓါတရား လှုပ်ရှားအောင် လာရောက်နှောင့်ယှက်ခြင်းဖြစ်ကြောင်းကို မာရ်နတ်က ဝန်ခံလေသည်။ သူရမ္ဗဋ္ဌက သင်ကဲ့သို့သော မာရ်နတ်မျိုး ရာထောင်သောင်းသိန်း လာရောက် နှောင့်ယှက်သော်လည်း ငါ၏ သဒ္ဓါတရားကို လှုပ်ရှားစေနိုင်မည် မဟုတ်ကြောင်း ပြောကြား လိုက်လေသည်။ (ဒီ၊ဋ္ဌ၊၃၊၄၈။)
မာရ်နတ်နှင့်တကွ မာရ်နတ်၏ အသင်းအပင်းတို့က ပုံစံအမျိုးမျိုးဖြင့် ထိုကဲ့သို့ လာရောက်နှောင့်ယှက်တတ်သည်ကို သတိပြုလေရာသည်။
နံပါတ် (၇) ဂါထာ
သီလ - ချပ်ဝတ်တန်ဆာ
ဘုရားရှင်၏သီလတော်ကား လောကုတ္တရာသီလ သာတည်း။ ယင်းသီလသည် စေတနာသီလ, စေတသိကသီလ, သံဝရသီလ, အဝီတိက္ကမသီလဟု (၄)မျိုး ပြား၏။ (ပဋိသံ၊၄၁။)
၁။ စေတနာသီလ = ပါဏာတိပါတစသည်မှ ရှောင် ကြဉ်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, ကျင့်ဝတ် ပဋိပတ်အမျိုးမျိုးကို ဖြည့်ကျင့်သော ပုဂ္ဂိုလ်၏ သန္တာန်၌ လည်းကောင်း ဖြစ်ပေါ်လာသော စေတနာသည် စေတနာသီလ မည်၏။
၂။ စေတသိကသီလ = ပါဏာတိပါတစသည့် ဒုစရိုက်တို့မှ ရှောင်ကြဉ်သော, မိစ္ဆာအာဇီဝ (= မှားယွင်း သည့် အသက်မွေးမှု)မှလည်း ရှောင်ကြဉ်သော ပုဂ္ဂိုလ် ၏ သန္တာန်၌ ဖြစ်ပေါ်လာသော သမ္မာဝါစာ, သမ္မာ ကမ္မန္တ, သမ္မာအာဇီဝဟူသော ဝိရတီစေတသိက်သုံးမျိုး (= ရှောင်ကြဉ်မှုသုံးမျိုး)သည် စေတသိကသီလ မည်၏။
တစ်နည်း - ပါဏာတိပါတ စသည့် ကာယ ဒုစရိုက် သုံးပါး, မုသာဝါဒစသည့် ဝစီဒုစရိုက် လေးပါး တို့ကို ပယ်စွန့်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာ သော (၇)မျိုးသော ကမ္မပထစေတနာသည် စေတနာ သီလ မည်၏။ လောက၌ အဘိဇ္ဈာတရားကို ပယ်စွန့် ကာ အဘိဇ္ဈာကင်းသော စိတ်ဓာတ်ဖြင့် နေထိုင်၏။ (ဒီ၊၁၊၆၇။) -- ဤသို့ စသော နည်းဖြင့် ဟောကြားထားတော်မူအပ်ကုန်သော အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ (= အလောဘ, အဒေါသ, အမောဟ) တရားတို့သည် စေတသိကသီလ မည်၏။
၃။ သံဝရသီလ = ပါတိမောက္ခသံဝရ, သတိသံဝရ, ဉာဏသံဝရ, ခန္တိသံဝရ, ဝီရိယသံဝရဟူသော သံဝရ ငါးမျိုးသည် သံဝရသီလ မည်၏။
ပါတိမောက်၌ လာရှိသော သိက္ခာပုဒ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ပါတိမောက္ခသံဝရ မည်၏။
စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ ဟူသော ဣန္ဒြေ (၆)မျိုး၌ စောင့်စည်းခြင်း (= ဣန္ဒြိယသံဝရ) သီလသည် သတိသံဝရ မည်၏။
ယာနိ သောတာနိ လောကသ္မိံ၊
သတိ တေသံ နိဝါရဏံ။
သောတာနံ သံဝရံ ဗြူမိ၊
ပညာယေတေ ပိဓီယရေ။ (ခု၊၁၊၄၃၄။)
အဇိတ ... လောက၌ စီးသွားကုန်သော တဏှာ အယဉ်တို့ကို ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော အောက်မေ့မှု သတိသည် တားမြစ်ပိတ်ပင်နိုင်၏။ တဏှာအယဉ်ကို စောင့်စည်းပိတ်ဆို့နိုင်သော တရား တို့ကို ငါဘုရား ဟောကြားတော်မူပေအံ့။ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌ အနိစ္စ ဒုက္ခ အနတ္တ သဘာဝကို ထိုးထွင်းသိမြင်ခြင်းကို ပြီးစီးစေတတ်သော မဂ်ပညာက ထိုတဏှာအယဉ်တို့ကို စောင့်စည်း ပိတ်ဆို့ နိုင်၏။ (ခု၊၁၊၄၃၄။) -- ဤသို့ ဟောကြားထားတော်မူအပ် သော ဝိပဿနာပညာ မဂ်ပညာသည် ဉာဏသံဝရ မည်၏။
အအေးဒဏ်ကို သည်းခံနိုင်ခြင်း, အပူဒဏ်ကို သည်းခံနိုင်ခြင်း စသည့် သည်းခံနိုင်မှုသည် ခန္တိသံဝရ မည်၏။
ဖြစ်ပေါ်လာတိုင်းသော ကာမဝိတက်ကို ဗျာပါဒ ဝိတက်ကို ဝိဟိံသာဝိတက်ကို လက်မခံ ပယ်စွန့်၏ - ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော အကုသလဝိတက်တို့ကို လက်မခံဘဲ တွန်းလှန်ပယ်ရှား ဖို့ရန် လုံ့လကြိုးကုတ် အားထုတ်မှုသည် ဝီရိယသံဝရ မည်၏။ အာဇီဝပါရိသုဒ္ဓိသီလသည်လည်း ဤဝီရိယ သံဝရ၌ပင် အကျုံးဝင်၏။
ဤငါးမျိုးကုန်သော သံဝရသည်လည်းကောင်း, မကောင်းမှု အကုသိုလ်ကို ကြောက်ရွံ့ကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့၏ သန္တာန်၌ လွန်ကျူးဖွယ်ဝတ္ထု ဆိုက်ရောက်လာသောအခါ မလွန်ကျူးဘဲ ထိုလွန်ကျူးဖွယ်ဝတ္ထုမှ ရှောင်ကြဉ်မှု ဝိရတီသည်လည်းကောင်း - ဤအလုံးစုံသည် သံဝရသီလ မည်၏။
၄။ အဝီတိက္ကမသီလ = ဆောက်တည် ကျင့်သုံး ထားအပ်သော သီလရှိသော ပုဂ္ဂိုလ်၏ ကိုယ်နှုတ်ကို မှီ၍ ဖြစ်သော သီလကို မလွန်ကျူးမှုသဘောသည် အဝီတိက္ကမသီလ မည်၏။ (ပဋိသံ၊ဋ္ဌ၊၁၊၂၀၁-၂၀၂။ သုတ္တနိပါတ၊ဋ္ဌ၊၂၊၃၀၁)
ဤဂါထာ၌ကား သီလအရဘုရားရှင်၏သန္တာန်တော်၌ တည်ရှိတော်မူသော လောကုတ္တရာသီလကိုသာ ရည်ညွှန်းထားသဖြင့် အဝီတိက္ကမသီလ (= သိက္ခာ ပုဒ်ကို မလွန်ကျူးကြောင်း အဝီတိက္ကမသီလ)ကို အလို မရှိအပ်ပေ။ အဘယ့်ကြောင့်နည်း? ဘုရားရှင်၏ သန္တာန်တော်၌ ကောင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော သိက္ခာပုဒ်တော်၏ မရှိခြင်းကြောင့် ပင်တည်း။ ဘုရားရှင်တို့အား လိုက်နာဖွယ် ဆောက်တည် ကျင့်သုံးဖွယ် သိက္ခာပုဒ်မည်သည် မရှိပေ။ သီလကို ပျက်ပြားစေတတ်သည့် အကုသိုလ်တရားတို့ကို ဝါသနာအငွေ့ဓာတ်နှင့်တကွ အကြွင်းမဲ့ ပယ်ရှား ထားပြီး ဖြစ်သောကြောင့်တည်း။
အဘိညာဏ် (၆) ပါး
ထူးထူးခြားခြား သိတတ်သော ဉာဏ်တော်ကို အဘိညာဏ်ဟု ခေါ်ဆို၏။ ထို အဘိညာဏ်သည် (၆)မျိုး ရှိ၏။
၁။ ဣဒ္ဓိဝိဓအဘိညာဏ် = တစ်ယောက်တည်းဖြစ်လျက် အများဖြစ်ခြင်း စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းတတ်သော အဘိညာဏ်သည် ဣဒ္ဓိဝိဓအဘိညာဏ် မည်၏။ မြေလျှိုးမိုးပျံခြင်း စသည့် တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းခြင်း စသည်ကား ဤအဘိညာဏ် ၏ သတ္တိများပင်တည်း။
၂။ ဒိဗ္ဗသောတအဘိညာဏ် = နတ်နားကဲ့သို့ အဝေး အနီး စသည့် ရှိရှိသမျှ အသံအားလုံးကို အလို ရှိက ကြားသိနိုင်သော အဘိညာဏ်သည် ဒိဗ္ဗသောတ အဘိညာဏ် မည်၏။
၃။ ပရစိတ္တဝိဇာနနအဘိညာဏ် = သူတစ်ပါး၏ စိတ်ကို မိမိ၏စိတ်ဖြင့် ထိုးထွင်းသိမြင်နိုင်သော အဘိညာဏ်သည် ပရစိတ္တဝိဇာနနအဘိညာဏ် မည်၏။
၄။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် = ရှေး၌ နေခဲ့ ဖူးသော ခန္ဓာအစဉ် (= လောကုတ္တရာတရားများ ပါဝင်သည့် ခန္ဓာ, လောကုတ္တရာတရားများ မပါဝင် သည့် ဥပါဒါနက္ခန္ဓာအစဉ်တို့ကို) ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင် အမှတ်ရနိုင် သိနိုင်သော အဘိညာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် မည်၏။ ဘုရားရှင်၏ ယင်း ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ဉာဏ်တော်မြတ်သည် ---
(က) လောကုတ္တရာတရားများ ပါဝင်သည့် ခန္ဓာတို့ကို လည်း အောက်မေ့နိုင် အမှတ်ရနိုင် ထိုးထွင်း သိနိုင်၏။ ဥပမာ - ဒီပင်္ကရာ ဘုရားရှင်၏ သန္တာန်၌ တည်ရှိခဲ့သော လောကုတ္တရာတရား များ ပါဝင်သည့် ခန္ဓာတို့ကို ထိုးထွင်းသိမြင် သော အဘိညာဏ်ဉာဏ်တည်း။
( ခ ) လောကုတ္တရာတရားများ မပါဝင်သည့် ဥပါဒါနက္ခန္ဓာတို့ကိုလည်း အောက်မေ့နိုင် အမှတ်ရနိုင် ထိုးထွင်းသိနိုင်၏။ ဥပမာ - ဒီပင်္ကရာ ဘုရား ရှင်၏ ခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းနေတော်မူသော သုမေဓာရှင်ရသေ့၏ သန္တာန်၌ တည်ရှိခဲ့သော ဥပါဒါနက္ခန္ဓာ (၅)ပါး တို့ကို ထိုးထွင်းသိသော အဘိညာဏ်တည်း။
( ဂ ) ခန္ဓပဋိဗဒ္ဓ = ခန္ဓာနှင့် ဆက်စပ်နေသည့် ရုပ်အဆင်း, စားသုံးခဲ့ရသည့် အာဟာရ, ခံစားခဲ့ရ သည့် သုခဒုက္ခ အဝဝစသည့် အာရုံတို့ကိုလည်း ထိုးထွင်းသိပေသည်။
(ဃ) ပဏ္ဏတ္တိ = ယင်းအတိတ်ခန္ဓာတို့နှင့် ဆက်စပ် နေသည့် အမည် အမျိုးအနွယ် ပညတ်အမျိုးမျိုး ကိုလည်း ထိုးထွင်းသိပေသည်။ (သံ၊ဋ္ဌ၊၂၊၂၆၆၊၊)
၅။ စုတူပပါတဉာဏ် = သတ္တဝါတို့၏ စုတိနှင့် ပဋိသန္ဓေကို ထိုးထွင်းသိတော်မူသော ဉာဏ်တော်တည်း။ ယင်း စုတူပပါတဉာဏ်သည် ဒိဗ္ဗစက္ခုအဘိညာဏ် (=နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အလုံးစုံ အာရုံ အမျိုးမျိုးကို သိသော အဘိညာဏ်)၏ ဂိုဏ်းခွဲတစ်ခု အစိတ်အပိုင်းတစ်ခုဖြစ်သော ဉာဏ်တည်း။ ယင်း ဒိဗ္ဗ စက္ခုအဘိညာဏ်သည် စုတိဆဲ သတ္တဝါ, ပဋိသန္ဓေ တည်နေဆဲသတ္တဝါ, အဆင်းလှသော သတ္တဝါ, အဆင်း မလှသော သတ္တဝါ, ကောင်းရာသုဂတိသို့ ရောက်ရှိ သွားသော သတ္တဝါ, မကောင်းသည့် ဒုဂ္ဂတိဘုံဘဝသို့ ရောက်ရှိသွားသော သတ္တဝါ, မိမိတို့ ပြုစုပျိုးထောင် ခဲ့သော ကံအားလျော်စွာ ထိုထိုဘုံဘဝသို့ လားရောက် ကြရသော သတ္တဝါတို့ကို မြင်တော်မူ သိတော်မူပေ သည်။ သတ္တဝါတို့၏ အနာဂတ်ကို လှမ်းမျှော်သိသော အနာဂတံသဉာဏ်တော်သည်လည်း ယင်းဒိဗ္ဗစက္ခု အဘိညာဏ်၏ ဂိုဏ်းခွဲ အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပေ သည်။
၆။ အာသဝက္ခယဉာဏ် = အာသဝေါတရားတို့ကို ကုန်စေတတ်သော သစ္စာလေးပါးကို ထိုးထွင်းသိတတ်သော အထူးသဖြင့် လောကုတ္တရာ နိရောဓသစ္စာဖြစ်သော မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို တိုက်ရိုက်အာရုံပြုကာ ထွင်းဖောက် သိမြင်နေသော အရဟတ္တမဂ်ဉာဏ်သည် အာသဝက္ခယဉာဏ် မည်၏။ အရဟတ္တမဂ်ဉာဏ်သည် အသင်္ခတဓာတ် (= နိရောဓသစ္စာ) နိဗ္ဗာန်တရားတော်မြတ်ကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့် အာရုံ မျက်မှောက်ပြုကာ ထွင်းဖောက်သိမြင်သောအခါ ယင်း သန္တိသုခ လက္ခဏာရှိသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၏ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရရှိသော အရဟတ္တမဂ်ဉာဏ်သည် ရှေးရှေးမဂ်ဉာဏ်တို့ မပယ်သတ်ရသေးသည့် ကြွင်းကျန်နေသည့် ကိလေသာ အာသဝေါတရား ဟူသမျှတို့ကို ဝါသနာ အငွေ့ဓာတ်နှင့်တကွ အကုန်အစင် ပယ်သတ်တော် မူလေသည်။ ယင်းသို့ ကိလေသာ အာသဝေါတို့ကို ကုန်ခန်းစေတတ်သောကြောင့် ယင်း အရဟတ္တမဂ် ဉာဏ်ကို အာသဝက္ခယဉာဏ်ဟုလည်း ခေါ်ဆိုပေ သည်။ တစ်ဖန် ယင်း အရဟတ္တမဂ်ဉာဏ်သည် သစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ (=အဝိဇ္ဇာ)ကိုလည်း တစ်ပါတည်း ပယ်သတ်တော်မူ သဖြင့် မသိမှု အဝိဇ္ဇာပျောက်ကာ သိမှု ဝိဇ္ဇာဉာဏ် ပေါ်ပေါက်လာပေသည်။ ယင်းသို့ မောဟကို ပယ် သတ်သောအားဖြင့် သိမှုကို အသမ္မောဟပဋိဝေဓဟု ခေါ်ဆိုပေသည်။ ထိုကြောင့် ယင်း အရဟတ္တမဂ်ဉာဏ် သည် အသင်္ခတဓာတ် နိရောဓသစ္စာတရားတော်မြတ် ကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့်, ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့ကို အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိ၏ဟု ဆိုပေသည်။ ယင်း အသမ္မောဟပဋိဝေဓအားဖြင့် သစ္စာကို သိမှုကိုပင် ကိစ္စသိဒ္ဓိအားဖြင့် သိ၏ဟုလည်း ဆိုပေသည်။ ဤသို့လျှင် အရဟတ္တမဂ်ဉာဏ်သည် သစ္စာလေးပါးကို သိသော ဉာဏ် ဖြစ်ပေသည်။
အပရဘာဂေ တီသု ကိစ္စတော ပဋိဝေဓော ဟောတိ၊ နိရောဓေ အာရမ္မဏပဋိဝေဓော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
ဘုရားရှင်သည် ဤအဘိညာဏ် (၆)မျိုးဟူသော ထူးကဲမြင့်မြတ်သော အဘိညာဏ်တန်ခိုး ဣဒ္ဓိပါဒ်နှင့် ပြည့်စုံတော်မူပေသည်။
နံပါတ် (၈) ဂါထာ
ပါရမီ (၁၀) ပါး, အပြား (၃၀)
ဒါနံ သီလဉ္စ နေက္ခမ္မံ၊ ပညာ ဝီရိယေန ပဉ္စမံ။
ခန္တိ သစ္စမဓိဋ္ဌာနံ၊ မေတ္တုပေက္ခာတိ တေ ဒသ။ (ဗုဒ္ဓဝံသ၊စာပိုဒ်-၇၆။ စရိယပိဋက၊ဋ္ဌ၊၂၇၀။)
ဒါနပါရမီ၊ သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီဟု ပါရမီ (၁၀)ပါး ရှိပေ သည်။
၁။ ဒါနပါရမီ = မဟာကရုဏာနှင့် (အကြောင်းဥပါယ်တံမျဉ်၌ လိမ္မာ ကျွမ်းကျင်သော) ဥပါယကောသလ္လဉာဏ် အခြေခံပါရှိသည့် မိမိကိုယ်ပိုင်ပစ္စည်း များကို သူတစ်ပါးအား စွန့်ကြဲပေးကမ်းလှူဒါန်းကြောင်း ဖြစ်သော စေတနာသည် ဒါနပါရမီ မည်၏။
၂။ သီလပါရမီ =မဟာ ကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိသည့် ကာယသုစရိုက် ဝစီသုစရိုက်တရားများသည် (= ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့်ဆိုရမူ မပြုသင့်သော ဒုစရိုက် မှုတို့မှ ရှောင်ကြဉ်သည့် ဝိရတီစေတသိက်များနှင့် ပြုသင့်ပြုထိုက်သည့် ဝတ်ကြီးဝတ်ငယ် စသည်ကို ပြုလုပ်ကြောင်း ဖြစ်သည့် စေတနာ အစရှိသော တရားများသည်) သီလပါရမီ မည်၏။
၃။ နေက္ခမ္မပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိ၍ ဝတ္ထုကာမ ကိလေသာကာမ ထိုထိုဘဝတို့၌ အပြစ်ကို မြင်သောဉာဏ် ရှေ့သွားရှိလျက် ထိုကာမနှင့် ဘဝတို့မှ လွတ်မြောက်လို သည့် စိတ်စေတသိက်တရားစု, ယင်းကဲ့သို့သော ဦးတည်ချက်ဖြင့် ရသေ့ရဟန်း ပြုလိုသော ပြုနေသော စိတ်စေတသိက် တရားစုသည် နေက္ခမ္မပါရမီ မည်၏။
၄။ ပညာပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိလျက် ထိုထိုတရားတို့၏ (= ထိုထို ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏) သာမညလက္ခဏာ ဝိသေသလက္ခဏာတို့ကို ထိုးထိုး ထွင်းထွင်းသိတတ်သော ပညာစေတသိက်သည် ပညာ ပါရမီ မည်၏။
၅။ ဝီရိယပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိလျက် ကိုယ်ရောစိတ်ပါ သူတစ်ပါးတို့ အကျိုးဖြစ်ကြောင်း စီးပွားကောင်းတို့ကို အားထုတ်ခြင်း ဝီရိယသည် ဝီရိယပါရမီ မည်၏။
၆။ ခန္တီပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိလျက် သတ္တဝါသင်္ခါရ တို့၏ အပြစ်များကို သည်းခံခြင်းသည် (= ပရမတ္ထ တရားကိုယ်အားဖြင့် သည်းခံသော အခြင်းအရာအားဖြင့် ဖြစ်သည့် အဒေါသ ရှေ့ဆောင်သည့် စိတ်- စေတသိက် တရားအစုသည်) ခန္တီပါရမီ မည်၏။
၇။ သစ္စာပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိသည့် မိမိ၏ ဝန်ခံကြံစည် ချက်ကို မချွတ်မယွင်းစေခြင်းသဘောသည် သစ္စာပါရမီ မည်၏။ (ဤသစ္စာပါရမီအရ - ဝီရိယစေတသိက်, စေတနာစေတသိက်, ပညာစေတသိက်တို့ကို အရာ အားလျော်စွာ တရားကိုယ် ကောက်ယူရသည်။)
၈။ အဓိဋ္ဌာနပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံ ပါရှိသည့် မတုန်မလှုပ် ကုသိုလ်မှုတို့ကို ဆောက်တည်ခြင်းသည် (= ထိုသို့ ဆောက်တည်သော အခြင်းအရာအားဖြင့် ဖြစ်သော စိတ်စေတသိက်တရားစုသည်) အဓိဋ္ဌာနပါရမီ မည်၏။
၉။ မေတ္တာပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိလျက် သတ္တလောက၏ စီးပွားချမ်းသာကို ရွက်ဆောင်တတ်သော တရားကိုယ် အားဖြင့် အဗျာပါဒ အမည်ရသည့် အဒေါသ စေတသိက်သည် မေတ္တာပါရမီ မည်၏။ အထူးသဖြင့် - မေတ္တာစျာန်ကို ဝင်စားနိုင်သဖြင့် ထိုမေတ္တာစျာန် နာမ် တရားတို့တွင် ပါဝင်တည်ရှိသော အဒေါသစေတသိက် ကို ရည်ညွှန်းထားပေသည်။
၁၀။ ဥပေက္ခာပါရမီ = မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိ၍ အလိုရှိအပ်သည့် သတ္တဝါသင်္ခါရ, အလိုမရှိအပ်သည့် သတ္တဝါသင်္ခါရတို့၌ ချစ်ခြင်း မုန်းခြင်းကို ပယ်ဖျောက်လျက် အညီအမျှ ဖြစ်ခြင်းသည် (= ထိုအခြင်းအရာအားဖြင့် ဖြစ်သော တတြမဇ္ဈတ္တတာ စေတသိက်သည်) ဥပေက္ခာပါရမီ မည်၏။
အထူးအားဖြင့် အလိုရှိအပ် မရှိအပ်သည့် သတ္တဝါတို့၌ ချစ်ခြင်း မုန်းခြင်းကို ပယ်ဖျောက်လျက် စိတ်ကို အညီအမျှ လျစ်လျူသဘော၌ ထားနိုင်သော ဗြဟ္မစိုရ် တရားလေးပါးတို့တွင်ပါဝင်သော ဥပေက္ခာဗြဟ္မဝိဟာရ စျာန်နှင့်ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်ကို လည်းကောင်း, ဝိပဿနာပိုင်းတွင်လည်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာတည်သော, ယင်းသင်္ခါရတရားတို့ အပေါ်၌ ကြောင့်ကြမှု တောင့်တမှုမရှိဘဲ ကြောင့်ကြပြေ၍ တောင့်တပြေ၍ နေသာ ထိုင်သာ ရှိသော သင်္ခါရုပေက္ခာဉာဏ်နှင့်ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်ကိုလည်းကောင်း ရည်ညွှန်းထားပေသည်။
မဟာကရုဏာတော်
မဟာကရုဏာဟူသည်မှာ --- ဘုရားအလောင်း ဖြစ်လိုသော အမျိုးကောင်းသားသည် မျက်မှောက် မျက်ကွယ် ရင်းရင်းဖျားဖျား ရှိရှိသမျှ သတ္တဝါများအပေါ်၌ ရင်မှ ပေါက်ဖွားသည့် သားသမီးများကဲ့သို့ ကြင်နာသနားခြင်း ပြင်းထန်စွာ ဖြစ်ပွားနိုင်ရသည်။ မိတ်ဆွေ ရန်သူဟူ၍ မခွဲခြားဘဲ ရှိရှိသမျှ သတ္တဝါအများကို ရာဂမီး ဒေါသမီး မောဟမီး ဇာတိမီး ဇရာမီး မရဏမီး သောကမီး ပရိဒေဝမီး ဒုက္ခမီး ဒေါမနဿမီး ဥပါယာသမီးတို့ တညီးညီးတပြောင်ပြောင် အတောက် လောင် ခံနေရသည့် သံသရာ့ဒုက္ခိတ သတ္တဝါတွေ အဖြစ် ဆင်ခြင်စဉ်းစား၍ သနားခြင်းပြင်းစွာ ဖြစ်ရာ၏၊ ယင်းဒုက္ခမှ ကယ်တင်လိုသော ဆန္ဒဓာတ်ကို အရင်း ခံကာ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်တော်မူလေသည်။
ဥပါယကောသလ္လဉာဏ်
ဥပါယကောသလ္လဉာဏ်ဟူသည်ကား- မိမိပြုကျင့် ဆည်းပူးအပ်သော ဒါနမှု သီလမှုစသည့် ပါရမီကျင့်စဉ် တို့အတွက် သဗ္ဗညုတဉာဏ်၏ ဥပနိဿယအဆောက် အဦ အထောက်အပံ့ပစ္စည်းအကြောင်းတရား ဖြစ်ဖို့ရန် လိမ္မာကျွမ်းကျင်သော အသိဉာဏ်ပညာတည်း။ ဘုရား အလောင်းဖြစ်လိုသော အမျိုးကောင်းသားသည် မိမိ ပြုအပ်သမျှသော ဒါနမှု သီလမှု စသည်တို့အတွက် သဗ္ဗညုတဉာဏ်တည်းဟူသော အကျိုးတစ်ခုကိုသာ ရဖို့ရန် ရည်သန်တောင့်တမှု ပြုရသည်။ ဝဋ်ဆင်းရဲ၌ အကျုံးဝင်သည့် ချမ်းသာသုခ အဝဝကို မမျှော်လင့် မတောင့်တလေရာ။ ထိုသို့ မိမိ ပြုအပ်သမျှသော ကောင်းမှုတို့အတွက် သဗ္ဗညုတဉာဏ် အကျိုးတစ်ခုကို ရဖို့ရန်သာ ရည်သန်တောင့်တမှု ဆုတောင်းပြုခြင်း၌ လိမ္မာသိမြင်သော ပညာကို ဥပါယကောသလ္လဉာဏ် (= သဗ္ဗညုတဉာဏ် ရရာရကြောင်း နည်းလမ်းကောင်း ၌ လိမ္မာကျွမ်းကျင်သောဉာဏ်)ဟူ၍ ခေါ်ဆိုသည်။ ဤ မဟာကရုဏာတော်နှင့် ဥပါယကောသလ္လဉာဏ် နှစ်မျိုးတို့ကား ပါရမီ (၁၀)ပါး ပြီးစီးပြည့်စုံလာဖို့ရန် အခြေခံ အကြောင်းရင်းများ ဖြစ်ကြ၏။
ပါရမီဟူသည်
ပါရမီဟူသော စကားလုံးကို နည်းအမျိုးမျိုးတို့ဖြင့် အဓိပ္ပါယ်ရှင်းလင်းကာ ဖွင့်ဆိုထားတော်မူ၏။ ဤ၌ တစ်နည်းကိုသာ ဖော်ပြပေအံ့။
ပရမာနံ ကမ္မံ ပါရမီ။ ။ မြတ်သော နိဗ္ဗာန်သို့ အထူးသဖြင့် အရောက်သွားတတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမဟု ခေါ်သည်။ ပရမ မည်သော အလောင်းတော်ကြီးတို့၏ ဒါန သီလစသော (၁၀)ပါးသော လုပ်ငန်းရပ်တို့ကို ပါရမီဟု ခေါ်ဆို သည်။
ပါရမီတစ်ခုတစ်ခု၌ သုံးမျိုးစီ ပြား၏။ ဥပမာ ဒါနပါရမီ၌ ဒါနပါရမီ, ဒါနဥပပါရမီ, ဒါနပရမတ္ထပါရမီ ဟု ပါရမီသုံးမျိုး ပြား၏။
သဗ္ဗညုတဉာဏ် ရရှိဖို့ရန်ဟူသော ဦးတည်ချက်ဖြင့် အပြင်အပ သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာတို့ကို စွန့်လွှတ်လှူဒါန်းခြင်းသည် ဒါနပါရမီ မည်၏။
မိမိ၏ အင်္ဂါခြေလက်တို့ကို စွန့်လွှတ်လှူဒါန်းခြင်း သည် ဒါနဥပပါရမီ မည်၏။
ကိုယ်အသက်ကို စွန့်လွှတ် လှူဒါန်း ပူဇော်ခြင်း သည် ဒါနပရမတ္ထပါရမီ မည်၏။ ကြွင်းပါရမီတို့၌လည်း နည်းတူပင်တည်း။ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၈၀၊၊)
အားလုံးကို ခြုံ၍ဆိုရသော် သဗ္ဗညုတဉာဏ် ရဖို့ရန်ဟူသော ဦးတည်ချက် ရည်ရွယ်တောင့်တချက်ဖြင့် အပြင်အပ သက်ရှိသက်မဲ့ ပစ္စည်းဝတ္ထုအစုစုတို့ကို စွန့်လွှတ်ကာ ဖြည့်ကျင့်ဆည်းပူးတော်မူအပ်သော ပါရမီ (၁၀)ပါးသည် ပါရမီ မည်၏။ အင်္ဂါခြေလက်တို့ကို စွန့်လွှတ်ကာ ဖြည့်ကျင့် ဆည်းပူးတော်မူအပ်သော ပါရမီ (၁၀)ပါးသည် ဥပပါရမီ မည်၏။
ကိုယ်အသက်ကို စွန့်လွှတ်ကာ ဖြည့်ကျင့်ဆည်းပူးတော်မူအပ်သော ပါရမီ (၁၀)ပါးသည် ပရမတ္ထပါရမီ မည်၏။
ဤသို့လျှင် ပါရမီ (၁၀)ပါး + ဥပပါရမီ (၁၀)ပါး + ပရမတ္ထပါရမီ (၁၀)ပါး ပြားသဖြင့် ပါရမီ အပြား သုံးဆယ် ဖြစ်လေသည်။ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၈၀-၈၂။)
သုံးသွယ်စရိယ
ပါရမီ (၁၀)ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူရာ၌ ---
၁။ လောကတ္ထစရိယ = သတ္တဝါအများအတွက်လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူ၏။
၂။ ဉာတတ္ထစရိယ = ဆွေမျိုးတို့အတွက်လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူ၏။
၃။ ဗုဒ္ဓတ္ထစရိယ = ဘုရားဖြစ်ရန်အတွက်လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူ၏။
ယင်းစရိယကျင့်စဉ်တို့၏ နောက်ဆွယ်တွင် သဗ္ဗညုတဉာဏ် ရရှိဖို့ရန် ဟူသော ဦးတည်ချက်ကား အမြဲတမ်း ကပ်ပါလျက်ပင် ရှိပေသည်။ ထိုသဗ္ဗညုတ ဉာဏ်ကို ရရှိပါမှသာလျှင် စရိယကျင့်စဉ် သုံးမျိုးတို့ကို အထွတ်အထိပ်သို့ ရောက်အောင် ဖြည့်ကျင့်နိုင်မည် ဖြစ်သောကြောင့်တည်း။
ဗုဒ္ဓတ္ထစရိယ (= ဘုရားဖြစ်ရန်အတွက် ကျင့်သည်) ဟူရာ၌ မည်သို့ကျင့်သနည်းဟု မေးရန်ရှိ၏။ ပါရမီ (၁၀)ပါးတို့တွင် ပညာပါရမီကိုပင် ဦးစားပေးကာ ဖြည့်ကျင့်တော်မူခြင်း ဖြစ်၏။ ဉာဏ်အဆောက်အဦ (= ဉာဏသမ္ဘာရ)၏ ထူးခြားမှုရှိသည်၏အဖြစ်ကို ညွှန် ပြတော်မူခြင်းငှာ ဤဗုဒ္ဓတ္ထစရိယကျင့်စဉ်ကို သီးသန့် ထုတ်နုတ်ဖော်ပြခြင်း ဖြစ်၏။ ရှေးဦးစွာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (=အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ကို သိအောင် ကြိုးစားအားထုတ်တော်မူ၏။ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ်ပင်တည်း။
ထိုနောင် ယင်းဒုက္ခသစ္စာတရားတို့၏ အကြောင်း တရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်တော်မူရန် ကြိုးစား အားထုတ်တော်မူ၏။ ကံ-ကံ၏အကျိုးကို တတ်သိ နားလည်သည့် ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ကို ရရှိ အောင် ကြိုးပမ်းခြင်း ဖြစ်၏။ ဉာဏ်စဉ်နည်းအရ အကြောင်းတရားတို့ကို ပိုင်းခြားယူတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ပင်တည်း။
ထိုနောင် ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည် ရသည့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဉာဏ်စဉ်အတိုင်း ဝိပဿနာရှုပွား သုံးသပ်တော်မူ၏။ ယေဘုယျအားဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ပွားများအားထုတ်တော်မူ၏။
ထို့ပြင် ခန္ဓာ (၅)ပါးနည်း, အာယတန (၁၂)ပါးနည်း, ဓာတ် (၁၈)ပါးနည်း, ပဋိစ္စသမုပ္ပါဒ်နည်း စသည် တို့၏ အစွမ်းဖြင့်လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကို စီးဖြန်းတော်မူ၏။
ထို့ပြင် အပြစ်မရှိသော ကမ္မာယတန သိပ္ပါယတန ဝိဇ္ဇာဌာနတို့၏ အစွမ်းဖြင့်လည်း ဉာဏ်ကို ကျက်စားတော်မူလေသည်။ (မ၊ဋ္ဌ၊၃၊၁၉၅။ မ၊ဋီ၊၃၊၁၃၇။)
စွန့်ခြင်းကြီးငါးပါးကို ရှေ့ပိုင်းတွင် ဆွေးနွေး တင်ပြခဲ့ပြီးလေပြီီ။
စက္ခု (၅) တန် = ဉာဏစက္ခု
သမန္တစက္ခုနှင့် ဆက်စပ်လျက် ဘုရားရှင်၏ သန္တာန်၌ တည်ရှိတော်မူသော စက္ခုငါးတန်အကြောင်း ကို ဆက်လက် တင်ပြအပ်ပါသည်။
ဗုဒ္ဓစက္ခု, ဓမ္မစက္ခု, သမန္တစက္ခု, ဒိဗ္ဗစက္ခု, ပညာစက္ခုဟု ဉာဏစက္ခု (၅)မျိုး ရှိလေသည်။
၁။ ဗုဒ္ဓစက္ခု = သတ္တဝါတို့၏ အတွင်းအဇ္ဈာသယ ဓာတ်ခံနှင့် ကိန်းဝပ်တည်ရှိနေသော အနုသယဓာတ်ကို သိတော်မူသောအာသယာနုသယဉာဏ်တော်, သတ္တဝါ တို့၏ ဣန္ဒြေအနုံ့အထက် အနုအရင့်ကို ထိုးထွင်းသိမြင် နိုင်စွမ်းရှိသော ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်တော် - ဤဉာဏ်တော်မြတ်နှစ်ပါးသည် ဗုဒ္ဓစက္ခု မည်၏။
၂။ ဓမ္မစက္ခု = အောက်မဂ်ဉာဏ် သုံးပါး, အောက် ဖိုလ်ဉာဏ် သုံးပါးတို့သည် ဓမ္မစက္ခု မည်၏။
၃။ သမန္တစက္ခု = ခပ်သိမ်းဥဿုံ အလုံးစုံသောတရား တို့ကို အကုန်အစင် သိမြင်တော်မူသောသဗ္ဗညုတ ဉာဏ်တော်မြတ်သည် သမန္တစက္ခု မည်၏။
၄။ ဒိဗ္ဗစက္ခု = အလိုရှိသမျှ အရပ်သို့တိုင်အောင် ဉာဏ်လင်းရောင်ခြည်ကို ပျံ့နှံ့စေလျက် ဖြစ်ပေါ်လာ သော, နတ်မျက်စိကဲ့သို့ အဝေး အနီးရှိသမျှ အလုံးစုံကို အကုန်အစင် သိမြင်တော်မူနိုင်သော ဉာဏ်တော်မြတ် သည် ဒိဗ္ဗစက္ခု မည်၏။
၅။ ပညာစက္ခု = အရိယသစ္စာလေးပါးကို ပိုင်းပိုင်း ခြားခြား သိမြင်တော်မူတတ်သော လေးပါးသော အရိယမဂ်ဉာဏ်သည် ပညာစက္ခု မည်၏။ (သံ၊ဋ္ဌ၊၃၊၁။)
နံပါတ် (၉) ဂါထာ
ပုညကိရိယဝတ္ထု (၁၀) ပါး
ဒါန, သီလ, ဘာဝနာ, အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မဿဝန, ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ-ဟု ပုညကိရိယဝတ္ထု (၁၀)မျိုး ရှိ၏။
၁။ ဒါန = ဒါနသည် စေတနာဒါန, ဝတ္ထုဒါနဟု နှစ်မျိုးရှိ၏။ ပေးလှူကြောင်းဖြစ်သော စေတနာသည် စေတနာဒါနမည်၏။ လှူဖွယ်ဝတ္ထုသည် ဝတ္ထုဒါနမည်၏။ ဒါနနှင့် ဆက်သွယ်ကာ မလှူမီရှေးအဖို့၌ ဖြစ်ပေါ်နေသော စေတနာသည် ပုဗ္ဗစေတနာ မည်၏။ ပေးလှူ နေဆဲအချိန်၌ ဖြစ်ပေါ်နေသော စေတနာသည် မုဉ္စစေတနာ မည်၏။ ပေးလှူပြီးနောက် ထိုဒါနကို အာရုံယူကာ ထပ်ကာထပ်ကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေသော ကုသိုလ်စေတနာသည် အပရစေတနာ မည်၏။
၂။ သီလ = အကုသိုလ်မဖြစ်ရအောင် ကိုယ်မှု နှုတ်မှု တို့ကို ကောင်းစွာ ထားတတ်သော ကုသိုလ်စေတနာ (ကြိယာစေတနာ)သည် သီလမည်၏။ ထိုသီလသည် ဘိက္ခုသီလ,ဘိက္ခုနီသီလ,သာမဏေရသီလ, ဂဟဋ္ဌသီလဟု (၄)မျိုး ပြား၏။
ထိုတွင် ဘိက္ခုပါတိမောက် စသည့် ဝိနည်းဒေသနာတော်၌ လာရှိသော ဘိက္ခုဆိုင်ရာသီလသည် ဘိက္ခု သီလ မည်၏။ ဘိက္ခုနီပါတိမောက် စသည့် ဝိနည်း ဒေသနာတော်၌ လာရှိသော ဘိက္ခုနီဆိုင်ရာ သီလ သည် ဘိက္ခုနီသီလ မည်၏။ ထိုသီလများကို သီးခြား ဆောက်တည်ဖွယ် မလိုပေ။ သိမ်အတွင်းဝယ် သံဃာ ကကမ္မဝါစာကို ပီပြင်စွာ ရွတ်ဖတ်ပြီးသည့်အဆုံး၌ ထိုသီလများသည်တည်ပြီး ဖြစ်တော့၏။ ရှင်သာမဏေ များ ဆောက်တည် ကျင့်သုံးရမည့် သီလသည် သာမဏေရသီလ မည်၏၊ ဆယ်ပါးသီလစသည့် သီလ များတည်း။ ရှင်သာမဏေများကို ခြွင်းချက်ထားသည့် အချို့သိက္ခာပုဒ်များက လွဲလျှင်, ဥပမာ - အကပ်ခံ၍ စားသုံးရခြင်း စသော သိက္ခာပုဒ်များကလွဲလျှင် ရဟန်းယောက်ျား ရဟန်းမိန်းမတို့ကဲ့သို့ပင် ရှင်သာမဏေများ လည်း ဝိနည်းသိက္ခာပုဒ်တော်များကို လိုက်နာပြုကျင့် ရ၏။ ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလ စသည့် လူတို့ ကျင့်သုံး ဆောက်တည်ရသော သီလသည် ဂဟဋ္ဌသီလ မည်၏။
၃။ ဘာဝနာ = လွန်ကဲမြင့်မြတ်သော စျာန်ကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ်တို့ကို ဖြစ်စေတတ် သော လုပ်ငန်းရပ်ကို ဘာဝနာဟု ခေါ်ဆို၏။ သမထ ဘာဝနာ, ဝိပဿနာဘာဝနာဟု နှစ်မျိုးရှိ၏။ အပ္ပနာစျာန်သို့ မဆိုက်ရောက်မီ ပရိကမ္မဘာဝနာ ဥပစာရ ဘာဝနာတို့ကား ကာမာဝစရကုသိုလ်တရားတို့တည်း။ အပ္ပနာစျာန်ကား မဟဂ္ဂုတ်ကုသိုလ်တရားတည်း။ ဝိပဿနာဘာဝနာသည်လည်း အရိယမဂ်သို့ မဆိုက်မီ ကာမာဝစရကုသိုလ်တရားပင်တည်း။ အရိယမဂ် ဘာဝနာကား လောကုတ္တရာကုသိုလ်တရားတည်း။
၄။ အပစာယန = မိဘ, ဆရာသမား, တရားစောင့်သော ရဟန်းသံဃာ, ဂုဏ် အသက် သိက္ခာအားဖြင့် မိမိထက်ကြီးသူ မြင့်မြတ်သူကို ခရီးဦးကြိုဆိုမှု လက်အုပ်ချီမှု ရှိခိုးဝပ်ချမှုစသော အမျိုးမျိုးသော ရိုသေမှု များကို တစ်စုံတစ်ခုသော လာဘ်လာဘ အကျော် အစောကို မလိုလားဘဲ ရိုးရိုးသားသား ပြုခြင်းသည် အပစာယန မည်၏။
၅။ ဝေယျာဝစ္စ = ရတနာသုံးပါး မိဘဆရာသမား ဂိလာနပုဂ္ဂိုလ် သီတင်းသုံးဖော်တို့၏ အပြစ်ကင်းသော ကိစ္စလုပ်ငန်း၌ တစ်စုံတစ်ခုသော အကျိုးကို မတောင့်တဘဲ ရိုးသားသော စိတ်ဓာတ်ဖြင့် ကူညီရွက်ဆောင်ကြောင်း စေတနာသည် ဝေယျာဝစ္စ မည်၏။
၆။ ပတ္တိဒါန = ရှေးဦးစွာ တစ်စုံတစ်ခုသော ပစ္စည်းကို အလှူခံပုဂ္ဂိုလ်အား လှူဒါန်း ပူဇော်၏။ ထိုသို့ ပေးလှူကြောင်း ဒါနစေတနာသည် အလှူရှင်၌ ရောက် အပ်ရအပ်သောကြောင့် ပတ္တိမည်၏။ ထိုအလှူရှင်က မိမိရအပ်သော ကုသိုလ်အဖို့ကို တစ်ယောက်အား ဖြစ်စေ, သတ္တဝါအားလုံးအား ဖြစ်စေ မိမိနှင့် ညီတူ ညီမျှ ကုသိုလ်ရပါစေ - ဟု သဘောထား၍ ဝေငှကြောင်း စေတနာကို ပတ္တိဒါနဟု ခေါ်ဆိုသည်။ ယခု ကာလ၌ အမျှဝေခြင်းပင်တည်း။
၇။ ပတ္တာနုမောဒန = အလှူရှင်တို့က အမျှပေးဝေအပ်သော ကောင်းမှုကုသိုလ်၏ အဖို့ဘာဂကို ဝမ်း မြောက်မှုကို (= ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုမှုကို) ပတ္တာနုမောဒနဟု ခေါ်ဆိုသည်။ အမျှဝေသည့်အတွက် ဝမ်းမြောက်မှုသည် ပတ္တာနုမောဒန မည်၏။ အမျှမဝေဘဲလျက် ဝမ်းမြောက်မှုကား အနုမောဒနသာ ဖြစ်သည်။
၈။ ဓမ္မဿဝန = သူတစ်ပါးတို့၏ အထင်ကြီးမှု ချီးမွမ်းမှုကို မတောင့်တဘဲ အသိအလိမ္မာ တိုးပွားလိုခြင်း, တကယ်လက်တွေ့ကျင့်လိုခြင်း, တစ်ဆင့် ပြော ဟောလိုခြင်းဟူသော ဦးတည်ချက်ဖြင့် တရားနာ ခြင်းသည် ဓမ္မဿဝနမည်၏။
၉။ ဓမ္မဒေသနာ = လာဘ်ပူဇော်သက္ကာရ အခြံအရံ အကျော်အစောတို့ကို မတောင့်တဘဲ သတ္တဝါအများ၏ စီးပွားချမ်းသာအလို့ငှာ တကယ်ဖြူစင်သော စေတနာဖြင့် တရားတော်ကို ဟောကြားပြသမှုသည် ဓမ္မဒေသနာကုသိုလ်မည်၏။
၁၀။ ဒိဋ္ဌိဇုကမ္မ = ဒိဋ္ဌုဇုကမ္မ = မှန်မှန်ကန်ကန် သိမြင် တတ်သော ဉာဏ်သည် ဒိဋ္ဌိ = သမ္မာဒိဋ္ဌိမည်၏။ ထိုအသိဉာဏ်သည်ပင် ဆိုင်ရာ အကြောင်းတရား တို့က ဖြောင့်မှန်အောင် ပြုအပ်သည့်အတွက် ဥဇုကမ္မလည်း မည်၏။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ထိုးထွင်းသိသော သမ္မာဒိဋ္ဌိ (= နာမရူပပရိစ္ဆေဒဉာဏ်)နှင့် ယင်းဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်း သမုဒယသစ္စာကို သိသော သမ္မာဒိဋ္ဌိ (= ပစ္စယပရိဂ္ဂဟ ဉာဏ်) သည် ကံ-ကံ၏အကျိုးတရားကို ဟုတ်တိုင်း မှန်စွာ သိတတ်သော ကမ္မဿကတာသမ္မာဒိဋ္ဌိ ဉာဏ် အစစ် ဖြစ်၏။ ယင်း သမ္မာဒိဋ္ဌိဉာဏ်သည် အယူကို ဖြောင့်မှန်အောင် ပြုလုပ်ပေးတတ်သော အခြေခံ သမ္မာဒိဋ္ဌိဖြစ်သဖြင့် ဒိဋ္ဌိဇုကမ္မပင် ဖြစ်၏။ ဝိပဿနာသမ္မာဒိဋ္ဌိ မဂ္ဂသမ္မာဒိဋ္ဌိတို့၏ ဒိဋ္ဌိဇုကမ္မ ဖြစ်မှုမှာ ဆိုဖွယ်ရာပင် မရှိတော့ပြီ ဖြစ်၏။ သို့သော် ယင်းကဲ့သို့ သော ကမ္မဿကတာဉာဏ်မျိုးကို မရရှိသေးစေကာမူ မိဘဆရာသမား စသူတို့၏ အဆုံးအမ, ဘုရားဟော စာပေကျမ်းဂန်တို့၏ အဆုံးအမကို ယုံကြည်သက်ဝင် ကာ ကံ-ကံ၏အကျိုးကို လက်ခံ ယုံကြည်နိုင်လျှင် လည်း ပစ္စယပရိဂ္ဂဟဉာဏ် ဝိပဿနာဉာဏ်တို့ကဲ့သို့ အဆင့်မမြင့်စေကာမူ သင်သိအနေဖြင့် ရရှိလာသော ကမ္မဿကတာ သမ္မာဒိဋ္ဌိ တစ်မျိုးပင် ဖြစ်ပေသည်၊ အယူဝါဒကို ဖြောင့်မှန်အောင် ပြုလုပ်ပေးနိုင်သည့် ဒိဋ္ဌိဇုကမ္မပင် ဖြစ်ပေ၏။
အချို့အရာ၌ ပုညကြိယဝတ္ထု (၁၀)ပါး မပြဘဲ ဒါနမယ, သီလမယ, ဘာဝနာမယဟု သုံးပါးသာ ပြ၏။ ထိုသို့သုံးပါးသာ ပြရာ၌ ပတ္တိဒါန, ပတ္တာနုမောဒန နှစ်ပါးကို ဒါနမယ၌ သွင်းယူရာ၏၊ အပစာယန, ဝေယျာဝစ္စ နှစ်ပါးကို သီလမယ၌ သွင်းယူရာ၏၊ ဓမ္မဿဝန, ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ သုံးပါးကို ဘာဝနာမယ၌ သွင်းယူရာ၏။
ဤသို့လျှင် ကောင်းမှုကုသိုလ်ပြုခြင်း၏ တည်ရာ ဝတ္ထု (= ပုညကြိယာဝတ္ထု)ဆယ်ပါး လာရှိ၏။ အကျဉ်း အားဖြင့် ဒါနမယကုသိုလ် သီလမယကုသိုလ် ဘာဝနာ မယကုသိုလ်ဟု သုံးမျိုး လာရှိပေသည်။ ထိုကုသိုလ် တရားတို့ကို ပြုပုံနည်းစနစ်နှင့်တကွ မဟာကရုဏာတော်ပြဓာန်းသော ဒေသနာဉာဏ်တော်မြတ်ဖြင့် ဟော ကြားပြသ ဆိုဆုံးမထားတော်မူခဲ့ပေသည်။ ယင်း ကုသိုလ်တရားတို့ကို အောင်အောင်မြင်မြင် လိုက်နာ ပြုကျင့်သူတို့သည် လောကီ လောကုတ္တရာ နှစ်ဖြာ သော ချမ်းသာသုခတို့ကို ခံစားကြရလေသည်။
နံပါတ် (၁၀) ဂါထာ
မဂ္ဂင် (၈) ပါး
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဟု မဂ္ဂင် (၈)ပါး ရှိ၏။ ဤမဂ္ဂင် (၈)ပါး ကျင့်စဉ်တရား၌ လောကီမဂ္ဂင် (၈)ပါး, လောကုတ္တရာမဂ္ဂင် (၈)ပါးဟု နှစ်မျိုးနှစ်စား ရှိပေသည်။ ထိုတွင် လောကီမဂ္ဂင် (၈)ပါး သည်လည်း သမထပိုင်းမဂ္ဂင် (၈)ပါး, ဝိပဿနာပိုင်း မဂ္ဂင် (၈)ပါးဟု နှစ်မျိုးနှစ်စားပင် ရှိပေသည်။
န ဝီထိံ ဇာနာတီတိ သော ဂေါပါလကော မဂ္ဂါမဂ္ဂံ ဝိယ အယံ လောကိယော အယံ လောကုတ္တရောတိ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ယထာဘူတံ န ပဇာနာတိ၊ အဇာနန္တော လောကိယမဂ္ဂေ အဘိနိဝိသိတွာ လောကုတ္တရံ နိဗ္ဗတ္တေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၅။)
နွားအပေါင်းကို ထိန်းကျောင်းနေသော နွားကျောင်းသားသည် မိမိထိန်းကျောင်းနေသော နွားတို့၏ သွားသင့်သောလမ်း, မသွားသင့်သောလမ်းကို ကွဲကွဲ ပြားပြား မသိခဲ့သော် နွားအပေါင်း၏ ကြီးပွားတိုးတက် မှုသည် မဖြစ်နိုင်သကဲ့သို့ အလားတူပင် ယောဂါဝစရ ရဟန်းတော်တစ်ပါးသည်လည်း ဤကား လောကီ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတည်း၊ ဤကား လောကုတ္တရာမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတည်းဟု ဖြူစင် မြင့်မြတ်သော မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိ၊ ထိုသို့ မသိခဲ့သော် လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရား၌ နှလုံးသွင်း ရှုပွား၍ လောကုတ္တရာမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဖြစ်ပေါ်စေဖို့ရန် မစွမ်းနိုင်လေရာ။ (မ၊ဋ္ဌ၊၂၊၁၆၅။)
ဤ လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကိုပင် မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ၌ (မ၊ဋ္ဌ၊၁၊၂၃၅။) ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော သတိပဋ္ဌာနမဂ်ဟု ခေါ်ဝေါ်သုံးစွဲ ထားပေသည်။ လောကုတ္တရာမဂ္ဂင် (၈)ပါး ဖြစ်ပေါ်လာ ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟု ဆိုအပ်သော လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ရှေးဦးစွာ ပွားများအားထုတ်ရမည် ဖြစ်ပေသည်။ ယင်းလောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရား ပိုင်းတွင် သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်မျိုး ရှိရာ သမထပိုင်း မဂ္ဂင် (၈)ပါးကို အကျဉ်းချုပ်ကာ ရှေးဦးစွာ တင်ပြအပ်ပါသည်။
သမထပိုင်း မဂ္ဂင် (၈) ပါး
ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်သည်ဖြစ်အံ့၊ စတုတ္ထစျာန် သမာဓိသို့ ဆိုက်အောင်လည်း အားထုတ်နိုင်ခဲ့သည် ဖြစ်အံ့၊ ပထမစျာန်သမာဓိအခိုက်၌ မဂ္ဂင် (၈)ပါး၊ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်အခိုက်တို့၌ သမ္မာသင်္ကပ္ပမဂ္ဂင်တစ်ခု လျော့နေသဖြင့် မဂ္ဂင် (၇)ပါးစီ ရှိနေမည် ဖြစ်ပေသည်၊ အကယ်၍ ကသိုဏ်းစျာန်တို့ကို အားထုတ်လျှင်လည်း ထို့အတူ မဂ္ဂင် (၈)ပါး, မဂ္ဂင် (၇)ပါး ရှိကြမည် ဖြစ်ပေသည်။ ဤတွင် အဖြူရောင် (= ဩဒါတ)ကသိုဏ်း ပထမစျာန်အခိုက် မဂ္ဂင် (၈)ပါး ကို တင်ပြပေအံ့။
အဖြူရောင်(= ဩဒါတ)ကသိုဏ်း ပဋိဘာဂနိမိတ် ကို အာရုံယူကာ ပထမစျာန်သမာဓိကို ထူထောင်ခဲ့သော် ယင်းပထမစျာန်အခိုက်၌ ပထမစျာန်နာမ်တရား (၃၄)လုံး ရှိနေ၏။ ယင်းတို့မှာ ---
၁။ အသိစိတ် = ပထမစျာန်စိတ် ၁
၂။ အညသမာန်းစေတသိက် ၁၃
၃။ သောဘဏသာဓာရဏစေတသိက် ၁၉
၄။ ပညိန္ဒြေစေတသိက် ၁
အားလုံး ပေါင်းသော် ၃၄
ယင်း ပထမစျာန်နာမ်တရား (၃၄)လုံးတို့တွင် မဂ္ဂင်တရားကိုယ် (၈)ပါးလည်း ပါဝင်ပေသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။
၁။ သမ္မာဒိဋ္ဌိ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံကို ထွင်းဖောက်သိမြင်ခြင်းသဘော (= စျာန သမ္မာဒိဋ္ဌိတည်း။)
၂။ သမ္မာသင်္ကပ္ပ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကိုရှေ့ရှုတင်ပေးခြင်းသဘော။
၃။ သမ္မာဝါယာမ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံကို ထိုးထွင်းသိအောင်, ယင်းအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားအား ထုတ်ခြင်းသဘော။
၄။ သမ္မာသတိ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံကို အမှတ်ရနေခြင်းသဘော။
၅။ သမ္မာသမာဓိ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော။
၆။ ၇။ ၈။ ကြိုတင်ကာ ဆောက်တည် ကျင့်သုံး ထားအပ်သော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ မဂ္ဂင် (၃)ပါး။
အားလုံး ပေါင်းသော် - မဂ္ဂင် (၈)ပါး ဖြစ်၏၊ သမထပိုင်းတည်း။
ဝိပဿနာပိုင်း မဂ္ဂင် (၈) ပါး
၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဒုက္ခသစ္စာတရားတို့ကို ထိုးထွင်း သိမြင်ခိုက်၌လည်း မဂ္ဂင် (၈)ပါးပင် ရှိ၏၊
၂။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော ဒုက္ခသစ္စာ၏ အကြောင်းရင်း သမုဒယသစ္စာတရား (အဘိ၊၂၊၁၁၅။ အံ၊၁၊၁၇၈။ အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။) တို့ကို ထွင်းဖောက် သိမြင်ရာအခါ၌လည်း မဂ္ဂင် (၈)ပါး ပင် ရှိ၏။
၃။ ယင်း ဒုက္ခသစ္စာ+သမုဒယသစ္စာဟူသည့် သင်္ခါရ တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံး တန်တို့သို့ တင်ကာ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရာအခါ၌လည်း မဂ္ဂင် (၈)ပါးပင် ရှိ၏။ ဤတွင် ဝိပဿနာအခိုက် မဂ္ဂင် (၈)ပါးကို တင်ပြပေအံ့ ---
၁။ သမ္မာဒိဋ္ဌိ = ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားဟူသော သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာကို ထိုးထွင်းသိမြင်ခြင်းသဘော။
၂။ သမ္မာသင်္ကပ္ပ = ယင်းသင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာ အာရုံပေါ်သို့ စိတ် ကို ရှေးရှုတင်ပေးခြင်းသဘော။
၃။ သမ္မာဝါယာမ = ယင်း သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်းသဘော။
၄။ သမ္မာသတိ = ယင်း သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ ) အခြင်းအရာကို အမှတ်ရနေခြင်းသဘော။
၅။ သမ္မာသမာဓိ = ယင်း သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာ အာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော။
၆။ ၇။ ၈။ ကြိုတင်ကာ ဆောက်တည်ကျင့်သုံးထား အပ်သော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာ အာဇီဝဟူသော သီလမဂ္ဂင် (၃)ပါး။
အားလုံးပေါင်းသော် ဝိပဿနာပိုင်း မဂ္ဂင် (၈)ပါး ဖြစ်၏။
တတ္ထ လောကိယမဂ္ဂေ သဗ္ဗာနေဝ မဂ္ဂင်္ဂါနိ ယထာနုရူပံ ဆသု အာရမ္မဏေသု အညတရာရမ္မဏာနိ ဟောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၁၁၃။)
ထို လောကီမဂ္ဂင် (၈)ပါး, လောကုတ္တရာမဂ္ဂင် (၈)ပါးတို့တွင် လောကိယမဂ္ဂင်ပိုင်း၌ မဂ္ဂင်အားလုံးတို့သည်ပင် ထိုက်သည့်အားလျော်စွာ အာရုံ (၆)မျိုးတို့တွင် အမှတ်မထား တစ်မျိုးမျိုးသော အာရုံကို အာရုံပြုကြ ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၁၃။)
အာရုံ (၆) ပါး = ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ ဟု အာရုံ (၆)မျိုး ရှိ၏။ ယင်းတို့တွင် ဓမ္မာရုံမှာလည်း (၆)မျိုး ရှိ၏။ ယင်းတို့မှာ အောက်ပါ အတိုင်း ဖြစ်ကြ၏။
ဓမ္မာရုံ (၆) မျိုး
၁။ ပသာဒရုပ် = အကြည်ရုပ် ငါးမျိုး၊
၂။ သုခုမရုပ် = သိမ်မွေ့နူးညံ့သောရုပ် (၁၆)မျိုး၊
၃။ စိတ်အားလုံး၊
၄။ စေတသိက်အားလုံး၊
၅။ နိဗ္ဗာန်၊
၆။ ပညတ် (ကသိုဏ်းပညတ်စသည့် ပညတ်အမျိုးမျိုး)
ပေါင်းသော် ဓမ္မာရုံ (၆)မျိုးတည်း။
သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဟူသည့် သီလမဂ္ဂင်တို့ကို ဖြူစင်အောင် ဖြည့်ကျင့်ရာ၌ သူ့ အသက် သူ့ပစ္စည်း သူ့သားမယား စသည့် ထိုထို သတ္တဝါပညတ်အာရုံကို ယေဘုယျအားဖြင့် အာရုံပြု ကာ ယင်းမဂ္ဂင်တို့ကို ပြုစုပျိုးထောင်ရ၏။ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဟူသော ဗြဟ္မဝိဟာရစျာန် တို့ကို ပွားများအားထုတ်ရာ၌လည်း ထိုထို သတ္တဝါ ပညတ်အာရုံကို အာရုံပြုကာ ပြုစုပျိုးထောင်ရ၏။ ကသိုဏ်းစျာန်တို့ကို ပွားများအားထုတ်ရာ၌လည်း ထိုထို ပထဝီကသိုဏ်းပညတ်စသည့် ကသိုဏ်းပညတ် နိမိတ်တို့ကို အာရုံယူကာ ပြုစုပျိုးထောင်ရ၏။ ဝိပဿနာပိုင်းသို့ ရောက်သော အခါ၌ကား ထိုထို စိတ်+ စေတသိက်+ရုပ်ဟူသည့် အာရုံ (၆)ပါးတို့ကို ထိုက်သလို အာရုံယူကာ ဝိပဿနာအခိုက် မဂ္ဂင် (၈)ပါးတို့ကို ပွားများအားထုတ်ရပေသည်။ ထို့ကြောင့် လောကီ မဂ္ဂင်ပိုင်း၌ သီလမဂ္ဂင်နှင့် သမာဓိမဂ္ဂင် ပညာမဂ္ဂင် တို့သည် အာရုံမတူ ကွဲပြားကြသဖြင့် စိတ္တက္ခဏတစ်ခု အတွင်း ပြိုင်တူ မဖြစ်နိုင်ကြပေ။ သို့သော် လောကုတ္တရာမဂ္ဂင် (၈)ပါးတို့ကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဟူသည့် တစ်ခုတည်းသော အာရုံကိုပင် အာရုံ ပြုကြပေသည်။ မဂ္ဂင် (၈)ပါးလုံး ပြိုင်တူ ဖြစ်နိုင်ကြသည်။
လောကုတ္တရာမဂ္ဂင် (၈) ပါး
လောကုတ္တရာ အရိယမဂ်ဉာဏ် အခိုက်၌လည်း မဂ္ဂင် (၈)ပါး, အရိယဖိုလ်ဉာဏ် အခိုက်၌လည်း မဂ္ဂင် (၈)ပါး - ဤသို့လျှင် မဂ္ဂင်(၈)ပါးစီ အသီးအသီး ရှိ၏။ ဤတွင် အရိယမဂ်ဉာဏ် အခိုက် မဂ္ဂင် (၈)ပါးကို သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၁၁၃-၁၁၄။)၌ လာရှိသည့်အတိုင်း တင်ပြပေအံ့ ---
၁။ သမ္မာဒိဋ္ဌိ = လောကုတ္တရာ မဂ္ဂသစ္စာပိုင်း၌ အရိယသစ္စာ လေးပါးတို့ကို ထိုးထွင်း သိခြင်းငှာ ဖြစ်ပေါ်လာသော အရိယာပုဂ္ဂိုလ်၏ သန္တာန်ဝယ် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်လျှင် အာရုံရှိသော အဝိဇ္ဇာနုသယဓာတ်ကို အကြွင်းမဲ့ပယ်သတ်တတ်သော (= အရိယသစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထား သည့် မောဟအနုသယဓာတ်ကို အကြွင်းမဲ့ ပယ်သတ် တတ်သော) အရိယမဂ်ပညာစက္ခုသည် သမ္မာဒိဋ္ဌိ မည်၏။
၂။ သမ္မာသင်္ကပ္ပ = ထိုအခြင်းအရာအားဖြင့် ပြည့်စုံသော သမ္မာဒိဋ္ဌိဉာဏ်အမြင်ရှိသော အရိယာ သူတော်ကောင်း၏ သန္တာန်ဝယ် ထိုသမ္မာဒိဋ္ဌိနှင့်အတူ ယှဉ်တွဲ ဖြစ်သော ကာမဝိတက် = ကာမတဏှာနှင့် ယှဉ်သော ကြံစည်စိတ်ကူးမှု, ဗျာပါဒဝိတက် = သတ္တဝါတိ့ုကို ဖျက်ဆီးလိုသည့် ဗျာပါဒ (= ဒေါသ)နှင့် ယှဉ်သော ကြံစည်စိတ်ကူးမှု, ဝိဟိံသဝိတက် = သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုသည့် ဝိဟိံသ (= ဒေါသ)နှင့် ယှဉ်သော ကြံစည်စိတ်ကူးမှုဟူသော သုံးမျိုးသော မိစ္ဆာသင်္ကပ္ပကို အကြွင်းမဲ့ ပယ်သတ်တတ်သော, စိတ်ကို ရောက်သင့် ရောက်ထိုက်သော နိဗ္ဗာန်အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်သော ဝိတက်သည် သမ္မာသင်္ကပ္ပ မည်၏။
၃။ သမ္မာဝါစာ = ထိုအခြင်းအရာအားဖြင့် နိဗ္ဗာန်ကို မြင်သည်လည်းဖြစ်သော, နိဗ္ဗာန်အာရုံသို့ စိတ်ကို ရှေးရှုတင်ပေးသည်လည်းဖြစ်သော အရိယာသူတော်ကောင်း၏ သန္တာန်ဝယ် ထိုသမ္မာသင်္ကပ္ပမဂ္ဂင်နှင့် ယှဉ်ဖက် သမ္ပယုတ်တရားလည်း ဖြစ်သော, မုသား စကား ပြောကြားခြင်း, ကုန်းစကား ပြောကြားခြင်း, ကြမ်းတမ်းသည့်စကားကို ပြောကြားခြင်း, ပြိန်ဖျင်းသည့် စကားကိုပြောကြားခြင်းဟူသော လေးမျိုးသော ဝစီ ဒုစရိုက်ကို အကြွင်းမဲ့ ပယ်သတ်တတ်သော, မိစ္ဆာဝါစာ မှ (= လေးမျိုးသောဝစီဒုစရိုက်မှ) ရှောင်ကြဉ်ခြင်းသည် သမ္မာဝါစာ မည်၏။
၄။ သမ္မာကမ္မန္တ = ထိုအခြင်းအရာအားဖြင့် ဝစီဒုစရိုက်မှ ရှောင်ကြဉ်သော အရိယာသူတော်ကောင်း၏ သန္တာန်ဝယ် ထို သမ္မာဝါစာဝိရတီနှင့် အတူယှဉ်ဖက် သမ္ပယုတ်ပင်ဖြစ်သော, သူ့အသက်ကို သတ်ခြင်း, သူ့ပစ္စည်းကို မတရားယူခြင်း, သူ့သားမယားကို ဖျက်ဆီး ခြင်းဟူသော မိစ္ဆာကမ္မန္တ (= မှားယွင်းသော ကာယကံမှု)ကို အကြွင်းမဲ့ ပယ်ဖြတ်တတ်သော, ယင်း သုံးမျိုး သော ကာယဒုစရိုက်မှ ရှောင်ကြဉ်ခြင်းသည် သမ္မာကမ္မန္တ မည်၏။
၅။ သမ္မာအာဇီဝ = ထိုသမ္မာဝါစာ သမ္မာကမ္မန္တတို့၏ပင် ဖြူစင်ကြောင်းဖြစ်၍ဖြစ်သော, ထိုသမ္မာဝါစာ သမ္မာကမ္မန္တတို့နှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားပင် ဖြစ်သော, လူဒါယကာ ဒါယိကာမတို့ အထင်ကြီးအောင် အံ့ဖွယ်သရဲ ပြုလုပ်ပြခြင်း (= ကုဟန) စသည် ကို အကြွင်းမဲ့ ပယ်ဖြတ်တတ်သော, မှားယွင်းသော အသက်မွေးမှု (= မိစ္ဆာအာဇီဝ)မှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝ မည်၏။
[မှတ်ချက် - သမ္မာဝါစာ မဖြစ်အောင်, သမ္မာကမ္မန္တ မဖြစ်အောင်, သမ္မာအာဇီဝ မဖြစ်အောင် တားမြစ်နှောင့်ယှက်တတ်သော ကိလေသာ တရားဆိုးတို့ကို အရိယမဂ်တရားက ပယ်ရှားလိုက်သဖြင့် ထို အရိယာ သူတော်ကောင်း၏ သန္တာန်ဝယ် သမ္မာဝါစာသဘော, သမ္မာကမ္မန္တသဘော, သမ္မာအာဇီဝသဘောတို့သည် ရှေးရှုတည်နေကုန်၏ဟု ဆိုလိုသည်။]
နံပါတ် (၁၁) ဂါထာ
သစ္စာ လေးပါး
ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဟူ၍ သစ္စာလေးပါး ရှိပေသည်။ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့သည် ထွင်းဖောက် သိမြင်အပ်သော အမှန်တရားများ ဖြစ်ခြင်းကြောင့် အရိယသစ္စာဟူ၍လည်း ခေါ်ဆိုပေသည်။
ဒုက္ခသစ္စာ
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။ မ၊၁၊၈၂။)
ကတမေ စ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ သေယျထိဒံ - ရူပုပါဒါနက္ခန္ဓော၊ ဝေဒနုပါဒါနက္ခန္ဓော၊ သညုပါဒါနက္ခန္ဓော၊ သင်္ခါရုပါဒါနက္ခန္ဓော၊ ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (မ၊၁၊၈၄။)
ဤအထက်ပါ ဒေသနာတော်များ၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ အကျဉ်းချုပ် အားဖြင့် တဏှာ-ဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သောကံ သည် ငါ၏ အကျိုးဟု စွဲယူအပ်သော ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာ ဟူသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာ မည်၏။
ရူပုပါဒါနက္ခန္ဓာဟူသည် အဘယ်နည်းဟု မေးရန် ရှိ၏။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန် (သံ၊၂၊၃၉။) တွင် ဤသို့ ဟောကြားထားတော်မူ၏။
ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)
ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ခန္ဓသုတ္တန်ဒေသနာတော်နှင့်အညီ တဏှာ ဒိဋ္ဌိ တို့သည် ကပ်ရောက်အပ်သော ကံသည် (= တဏှာ ဒိဋ္ဌိတို့ကို အခြေခံကာ ပြုစုပျိုးထောင်အပ်သော ကံ သည်) ငါ၏အကျိုးဟု စွဲယူအပ်သော, အာသဝေါတရားတို့၏ အာရုံဖြစ်သော အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခအရိယသစ္စာတရား မည်၏။
---ဒုက္ခသမုဒယသစ္စာ
ဘုရားရှင်သည် သစ္စဝိဘင်းပါဠိတော်ဝယ် ---
၁။ တဏှာကိုလည်း သမုဒယသစ္စာဟု ဟောကြား ထားတော်မူ၏။ (အဘိ၊၂၊၁၁၂။)
၂။ တဏှာနှင့် ကြွင်းကိလေသာ အားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။ (အဘိ၊၂၊၁၁၃။)
၃။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ် တရားအားလုံးကိုလည်း သမုဒယသစ္စာဟု ဟော ကြားထားတော်မူ၏။ (အဘိ၊၂၊၁၁၄။)
၄။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ် တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံ ဖြစ်သော အလောဘ အဒေါသ အမောဟ ကုသလမူလတရား သုံးပါးတို့ကိုလည်း သမုဒယ သစ္စာဟု ဟောကြားထားတော်မူ၏။ (အဘိ၊၂၊၁၁၄။)
၅။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ် တရားအားလုံး, အာသဝေါတရားတို့၏ အာရုံ ဖြစ်သော ကုသလမူလတရားသုံးပါး, အာသဝေါ တရားတို့၏ အာရုံဖြစ်သော ကြွင်းကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြား ထားတော်မူ၏။ (အဘိ၊၂၊၁၁၅။)
ဤ အမှတ်(၅) သမုဒယသစ္စာတရား၌ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံ ဖြစ်သော သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကုသိုလ်တရားအားလုံး ပါဝင်၏။ ဤဒေသနာတော်ကိုပင် ရည်ညွှန်း၍ အဋ္ဌကထာကြီးများက အောက်ပါ အတိုင်း ဖွင့်ဆိုထားတော်မူကြ၏။
တတ္ထ ယသ္မာ ကုသလာကုသလံ ကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
စေတနာ, စေတနာနှင့်ယှဉ်ဖက်သမ္ပယုတ်တရား ဟု အထူးမပြောတော့ဘဲ သာမညအားဖြင့် ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှကို သမုဒယသစ္စာဟု သစ္စဝိဘင်း ပါဠိတော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏ ဟု ဖွင့်ဆိုထားပေသည်။
အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ သမုဒယသစ္စာကို ဘုရားရှင်သည် ဤသို့လည်း ဟောကြားထားတော်မူခဲ့၏။
ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)
= ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယ အရိယသစ္စာတရားဟူသည် အဘယ်နည်း?
အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏၊ ဝိညာဏ် ဖြစ်ခြင်းကြောင့် နာမ်+ရုပ် ဖြစ်၏၊ နာမ်+ရုပ် ဖြစ်ခြင်း ကြောင့် သဠာယတန ဖြစ်၏၊ သဠာယတန ဖြစ်ခြင်း ကြောင့် ဖဿ ဖြစ်၏၊ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏၊ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ) ဖြစ်၏၊ ဘဝ (= ကမ္မဘဝ) ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ ဖြစ်ကုန်၏။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောသည် ဖြစ်ပေ၏။ ရဟန်းတို့ ...ဤ ကြောင်း-ကျိုးဆက်နွယ် မှု (= ပဋိစ္စသမုပ္ပါဒ်)သဘောတရားကို ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယအရိယသစ္စာတရားဟူ၍ ဆိုအပ်၏။ (အံ၊၁၊၁၇၈။)
တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
ဤအဋ္ဌကထာများ၏ ဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဒုက္ခအရိယသစ္စာတရား ဒုက္ခသမုဒယအရိယသစ္စာတရား နှစ်ပါးတို့၌ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရမည် ဖြစ်ပေသည်။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ သစ္စာတရား နှစ်ပါးတို့ တည်း။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလို သော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဝဋ္ဋသစ္စာတရား နှစ်ပါးတို့ကို ဝိပဿနာမကျင့်သုံးမီ ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရမည် ဖြစ်ပေသည်။ ဉာဏ်စဉ်နည်း အရ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ ပင်တည်း။
---နိရောဓသစ္စာ
နိရောဓသစ္စာပိုင်း၌ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်အပ်သော နိရောဓသစ္စာ, အရိယမဂ်ဉာဏ် ဖိုလ် ဉာဏ်တို့ဖြင့် ထိုးထွင်းသိအပ်သော နိရောဓသစ္စာဟု နှစ်မျိုးရှိပေသည်။ ထိုတွင် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိရသော နိရောဓသစ္စာပိုင်းကို ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူခဲ့၏။
ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။ တိတ္ထာယတနသုတ္တန်)
ရဟန်းတို့ ...ဒုက္ခနိရောဓအရိယသစ္စာဟူသည် အဘယ်နည်း?
အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ကြောင့် အကြွင်း မဲ့ ချုပ်ခြင်းကြောင့် သင်္ခါရ၏ ချုပ်ခြင်းသည် ဖြစ်၏၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ်၏ ချုပ်ခြင်းသည် ဖြစ်၏၊ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်၏ ချုပ်ခြင်း သည် ဖြစ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန၏ ချုပ်ခြင်းသည် ဖြစ်၏၊ သဠာယတနချုပ်ခြင်းကြောင့် ဖဿ၏ ချုပ်ခြင်းသည် ဖြစ်၏၊ ဖဿချုပ်ခြင်းကြောင့် ဝေဒနာ၏ ချုပ်ခြင်းသည် ဖြစ်၏၊ ဝေဒနာချုပ်ခြင်း ကြောင့် တဏှာ၏ ချုပ်ခြင်းသည် ဖြစ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန်၏ ချုပ်ခြင်းသည် ဖြစ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ၏ (= ကမ္မဘဝ+ဥပပတ္တိဘဝ၏) ချုပ်ခြင်းသည် ဖြစ်၏၊ ဘဝ (= ကမ္မဘဝ) ချုပ်ခြင်းကြောင့် ဇာတိ၏ ချုပ်ခြင်းသည် ဖြစ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ချုပ်ကုန်၏။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ ၏ ချုပ်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ...ဤ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၏ ချုပ်ငြိမ်းမှုသဘောတရားကို (= ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကို) ဒုက္ခနိရောဓအရိယသစ္စာ-ဟူ၍ ဆိုအပ်၏။ (အံ၊၁၊၁၇၈။)
ဤရှုကွက်နှင့်ပတ်သက်၍ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ဥဒယဗ္ဗယာနုပဿနာဉာဏ်ပိုင်း စာမျက်နှာ (၅၃)တွင် ဤသို့ လာရှိ၏။
ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ၊
၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
၂။ တဏှာနိရောဓာ။ ပ ။
၃။ ကမ္မနိရောဓာ။ ပ ။
၄။ အာဟာရနိရောဓာ။ ပ ။
၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။
ရူပက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၃။)
ဆိုလိုရင်းသဘောတရား
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး၌ ဥဒယဗ္ဗယဉာဏ်ခန်းတွင် - အဝိဇ္ဇာသမုဒယာ ရူပသမုဒယော = အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ - ဤသို့ စသည်ဖြင့် ခန္ဓာ တစ်ပါးတစ်ပါး၌ ဥဒယဉာဏ် (၅)ပါးစီ ရှုကွက်ကို ဟောကြားထားတော်မူ၏။ ခန္ဓာငါးပါးလုံး၌ ဥဒယဉာဏ် (၂၅)ပါး ဖြစ်၏။
အလားတူပင် - အဝိဇ္ဇာနိရောဓာ ရူပနိရောဓော = အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ - ဤသို့ စသည် ဖြင့် ခန္ဓာတစ်ပါးတစ်ပါး၌ ဝယဉာဏ် (၅)ပါးစီ ရှုကွက် ကိုလည်း ဟောကြားထားတော်မူ၏။ ခန္ဓာငါးပါးလုံး၌ ဝယဉာဏ် (၂၅)ပါး ဖြစ်၏။
ဥဒယဉာဏ် (၂၅) + ဝယဉာဏ် (၂၅) = နှစ်ရပ်ကို ပေါင်းသော် ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်း (၅၀) ဖြစ်၏။ ယင်းရှုကွက်များကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ခွဲခြားဖော်ပြထား၏။
၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ခြင်းကို ရှုမြင်တတ်သော ဉာဏ်သည် ပစ္စယတော ဥဒယဒဿနဉာဏ် = အကြောင်းတရားအားဖြင့် ဖြစ်မှုကို ရှုမြင်တတ်သော ဉာဏ် မည်၏။
၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ (အရဟတ္တမဂ်ကြောင့် အကြွင်း မဲ့) ချုပ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏ အကြွင်းမဲ့ ချုပ်ခြင်းကို ရှုမြင်တတ်သော ဉာဏ်သည် ပစ္စယတော ဝယဒဿနဉာဏ်= အကြောင်းတရားအားဖြင့် အချုပ် ကို (= အပျက်ကို) ရှုမြင်တတ်သောဉာဏ် မည်၏။
ဤ ပစ္စယတော ဥဒယဒဿနဉာဏ်နှင့် ပစ္စယတာ ဝယဒဿနဉာဏ် နှစ်ခုကို ပေါင်းလိုက်သော် ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ် = အကြောင်းတရားအားဖြင့် ဥဒယနှင့် ဝယကို ရှုသော ဉာဏ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
၃။ ခန္ဓာတို့၏ဖြစ်မှု ( = နိဗ္ဗတ္တိလက္ခဏာ)ကို ရှုမြင် တတ်သောဉာဏ်သည် ခဏတော ဥဒယဒဿနဉာဏ် = ခဏအားဖြင့် အဖြစ်ကို ရှုမြင်တတ်သောဉာဏ် မည်၏။
၄။ ခန္ဓာတို့၏ အပျက် (= ဝိပရိဏာမလက္ခဏာ)ကို ရှုမြင်တတ်သောဉာဏ်သည် ခဏတော ဝယဒဿန ဉာဏ် = ခဏအားဖြင့် အပျက်ကို ရှုမြင်တတ်သော ဉာဏ် မည်၏။
ယင်း ခဏတော ဥဒယဒဿနဉာဏ်နှင့် ခဏတော ဝယဒဿနဉာဏ် နှစ်ခုကို ပေါင်းလိုက်သော် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် = ခဏအားဖြင့် ဖြစ်ပျက်ကို ရှုမြင်တတ်သောဉာဏ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
အနုပ္ပါဒနိရောဓနှင့် ဥပ္ပါဒနိရောဓ
အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် မည်သည့်အခါ ၌ ချုပ်ငြိမ်းသွားကြမည်နည်း၊ ခန္ဓာတို့သည်လည်း မည်သည့်အခါ၌ ချုပ်ငြိမ်းသွားကြမည်နည်းဟု မေးရန် ရှိ၏။
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)
အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် အရဟတ္တမဂ် ဆိုက်ရောက်သည့်အချိန်၌ အရဟတ္တမဂ်ဉာဏ်နှင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တို့ ပေါင်းဆုံမိသော အခါ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော် မြတ်၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံရသော အရဟတ္တ မဂ်ဉာဏ်က ပယ်သတ်လိုက်သည့်အတွက် နောက်ထပ် တစ်ဖန် မည်သည့်အခါမှ ပြန်မဖြစ်နိုင်သော ချုပ်ခြင်း ဖြင့် ချုပ်ငြိမ်းသွားကြ၏။ ယင်းသို့ နောင်တစ်ဖန် မဖြစ် သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို အနုပ္ပါဒနိရောဓဟု ခေါ်ဆို၏။
အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားသည့်အခါ ဘဝသစ်ကို တွယ်တာမက်မောနေသည့် တဏှာအဖော်သဟာယ်ကို ရရှိပါမှသာလျှင် ဘဝသစ်ဟူသော အကျိုးခန္ဓာကို ဖြစ်စေနိုင်သော သင်္ခါရ ကံတို့သည်လည်း အဝိဇ္ဇာနှင့် တဏှာ အဖော်သဟာယ်ကို မရရှိသဖြင့် ဘဝသစ်ဟူသော အကျိုးခန္ဓာကို ဖြစ်စေနိုင်သည့် စွမ်းအင်များ လည်း ကုန်ခန်းသွားပြီ ဖြစ်၏။ ထို့ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့သည် အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားကြ၏ဟု ဆိုရ၏။
အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကြောင်းတရား မရှိတော့သည့်အတွက် အကျိုးခန္ဓာတို့လည်း မရှိနိုင် တော့ရကား အကျိုးခန္ဓာတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ် သည့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း သွားကြ၏။
အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းမှုကို သဥပါဒိသေသနိဗ္ဗာန် ဟု လည်းကောင်း, အကျိုးခန္ဓာတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကို အနုပါဒိသေသနိဗ္ဗာန် ဟုလည်းကောင်း ခေါ်ဆိုပေသည်။
ယင်းသို့ ပရိနိဗ္ဗာနစုတိသို့ မဆိုက်မီ အတွင်းဝယ် အကြောင်းတရားနှင့်တကွသော ခန္ဓာတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု ပျက်မှုသည်ကား အကြောင်းတရားများ လုံးဝ မချုပ်ငြိမ်းကြသေးသဖြင့် အကြောင်းတရားတို့က ဖြစ်ပေါ်အောင် ကျေးဇူးပြုပေးနေသည့်အတွက် အကျိုး တရားတို့လည်း ချုပ်ပျက်ပြီးနောက် ထပ်ဖြစ်ကြသေး ၏။ ပရိနိဗ္ဗာန် မစံမချင်း ထိုနည်းနှင်နှင် သွားကြ၏။ ယင်းကဲ့သို့ ပျက်ပြီးနောက် နောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ပျက်မှု (= ချုပ်မှု)ကို ဥပ္ပါဒနိရောဓ (= နောင် တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်ပျက်နည်း)ဟု ခေါ်ဆို၏။
ယောဂါဝစရပုဂ္ဂိုလ်သည် ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်ရှိသောအခါ --
၁။ ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်
၂။ ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် - တစ်နည်း
၁။ အနုပ္ပါဒနိရောဓ
၂။ ဥပ္ပါဒနိရောဓ
ဤ ဉာဏ်အမြင် နှစ်မျိုးလုံးကို ရရှိအောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းလိုက်သော အခါ ဝိပဿနာအခိုက် သစ္စာလေးပါး ထင်ရှားလာပုံကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထား၏။
ဣစ္စေဿဝံ ပစ္စယတော စေဝ ခဏတော စ ဒွေဓာ ဥဒယဗ္ဗယံ ပဿတော ပစ္စယတော ဥဒယဒဿနေန သမုဒယသစ္စံ ပါကဋံ ဟောတိ ဇနကာဝဗောဓတော။ ခဏတော ဥဒယဒဿနေန ဒုက္ခသစ္စံ ပါကဋံ ဟောတိ ဇာတိဒုက္ခာဝဗောဓတော။ ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ ခဏတော ဝယဒဿနေန ဒုက္ခသစ္စမေဝ ပါကဋံ ဟောတိ မရဏဒုက္ခာဝဗောဓတော။ ယဉ္စဿ ဥဒယဗ္ဗယဒဿနံ။ မဂ္ဂေါ ဝါယံ လောကိကောတိ မဂ္ဂသစ္စံ ပါကဋံ ဟောတိ တတြ သမ္မောဟဝိဃာတတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။)
၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာတို့၏ ထင်ရှားဖြစ်မှုကို ရှုမြင်တတ်သော ပစ္စယတော ဥဒယဒဿနဉာဏ်အမြင်ကို ရရှိသဖြင့် -- ခန္ဓာ တို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကအကြောင်း တရားကို ထိုးထွင်းသိမြင်ခြင်းကြောင့် - ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် သမုဒယသစ္စာတရားသည် ထင်ရှားလာ၏။
၂။ ခန္ဓာတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု ဥဒယကို ရှုမြင်တတ်သော ခဏတော ဥဒယဒဿနဉာဏ် အမြင်ကို ရရှိသဖြင့် ခန္ဓာတို့၏ ဖြစ်မှု (= ဇာတိ) ဒုက္ခကို ထိုးထွင်းသိမြင်ခြင်းကြောင့် -- ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ဒုက္ခသစ္စာတရားသည် ထင်ရှားလာ ၏။
၃။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒ နိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာတို့၏ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကို ရှုမြင် တတ်သော ပစ္စယတော ဝယဒဿနဉာဏ်အမြင်ကို ရရှိသဖြင့် - (အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကြောင်း တရားရှိသော အကျိုးတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကို ထိုးထွင်းသိမြင်သော ကြောင့်) -- ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နိရောဓသစ္စာတရားသည် ထင်ရှားလာ၏။
၄။ ခန္ဓာတို့၏ ခဏမစဲ တသဲသဲအားဖြင့် ချုပ်ပျက်မှု (= ဝိပရိဏာမလက္ခဏာ)ကို ရှုမြင်တတ်သော ခဏတော ဝယဒဿနဉာဏ်အမြင်ကို ရရှိသဖြင့် - ခန္ဓာ တို့၏ ခဏမစဲ တသဲသဲ သေကျေ ပျက်စီးနေခြင်း မရဏဒုက္ခကို ထိုးထွင်းသိမြင်ခြင်းကြောင့် - ထိုယောဂါ ဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဒုက္ခသစ္စာတရားသည်ပင် ထင်ရှားလာ၏။
၅။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ပစ္စယတော ဥဒယဗ္ဗယဒဿန + ခဏတော ဥဒယဗ္ဗယဒဿနဟူသော နှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ် အမြင်သည် ရှိ၏၊ ယင်းနှစ်မျိုးသော ဥဒယဗ္ဗယဒဿန ဉာဏ်အမြင်သည် ထိုအကြောင်းတရားနှင့်တကွသော ခန္ဓာတို့၏ အပေါ်၌ မသိအောင် ဖုံးလွှမ်းထားတတ် သည့် သမ္မောဟတရားကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်ခြင်းကြောင့် -- လောကီ မဂ္ဂသစ္စာတရားသည် ထင်ရှားလာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။)
ယခုတင်ပြခဲ့သော နိရောဓသစ္စာ အဝင်အပါ သစ္စာလေးပါးတို့ကား ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ် + ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် ဟူသော နှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်ဖြင့် ထိုးထွင်းသိအောင် ကျင့်ရမည့်, ယင်းဥဒယဗ္ဗယဉာဏ်ဖြင့် ထိုးထွင်း သိသည့် ဝိပဿနာအခိုက် သစ္စာလေးပါး ဖြစ်သည်။
အရိယာအဖြစ်သို့ တက်လှမ်းလိုသော ပုထုဇန် သူတော်ကောင်းသည် ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက် ရှိလာသောအခါ ယင်းသစ္စာလေးပါးကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအောင် ကျင့်ရမည် ဖြစ်သည်။ အထက်အထက်သော မဂ်ဖိုလ်ကို အလို ရှိသော သေက္ခ (= ကျင့်ဆဲ) အရိယာသူတော်ကောင်းသည်လည်း အထက် မဂ်ဖိုလ်အတွက် ဝိပဿနာ ကျင့်သုံးသောအခါ ယင်းသစ္စာလေးပါးကို သိအောင် ကျင့်ရမည်သာ ဖြစ်ပေသည်။
---မဂ္ဂသစ္စာ
မဂ္ဂသစ္စာပိုင်းကို ရှေ့ပိုင်း ဂါထာနံပါတ် (၁၀)တွင် ရှင်းလင်းတင်ပြပြီးခဲ့လေပြီ။ (စာမျက်နှာ ၁၇၀-၁၈၆ - ကြည့်ပါ။)
__________
---နံပါတ် (၁၄) ဂါထာ
အသမ = အတုမရှိသော မြတ်စွာဘုရား
၁။ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော် ငယ်တို့ဖြင့် တန်ဆာဆင်ထားတော်မူသောကြောင့် ဘုရားရှင်၏ ရူပကာယတော်သည် အလွန်ဆန်းကြယ် တော်မူ၏။ တူညီနိုင်သော တစ်စုံတစ်ယောက်သော လူနတ်ဗြဟ္မာ သတ္တဝါကား မရှိသည်သာ ဖြစ်ခဲ့၏။
၂။ အလုံးစုံသော အခြင်းအရာအားဖြင့် ထက်ဝန်း ကျင် ဖြူစင်တော်မူသော သီလဂုဏ်ကျေးဇူး အစုအပုံ, သမာဓိဂုဏ်ကျေးဇူး အစုအပုံ, ပညာဂုဏ်ကျေးဇူး အစု အပုံ, ဝိမုတ္တိဂုဏ်ကျေးဇူး အစုအပုံ, ဝိမုတ္တိဉာဏဒဿန ဂုဏ်ကျေးဇူး အစုအပုံ - ဤသို့ စသော ဂုဏ်ရည် ရတနာတို့ဖြင့် ပြည့်စုံသော ဓမ္မကာယတော်အားဖြင့် လည်း တူညီနိုင်သည့် တစ်စုံတစ်ယောက်သော လူနတ် ဗြဟ္မာ သတ္တဝါကား မရှိသည်သာ ဖြစ်ခဲ့၏။
၃။ ပါရမီကောင်းမှု အဆောက်အဦတို့၏ ကြီးမား သည့် စွမ်းအား, ကိုယ်တော်အား ဉာဏ်တော်အားတို့၏ ကြီးမားတော်မူသည့်စွမ်းအား, တန်ခိုးဣဒ္ဓိပါဒ်တို့၏ ကြီးမားတော်မူသည့် စွမ်းအား, အခြံအရံ အကျော် အစော၏ ကြီးမားတော်မူသည့် စွမ်းအား, ပညာ ဉာဏ်၏ ကြီးမားတော်မူသည့် စွမ်းအား - ဤစွမ်းအား တို့ကလည်း လွန်လွန်ကဲကဲ အထွတ်အထိပ်သို့ ရောက် တော်မူလျက်ရှိ၏။
ထို့ကြောင့် ဘုရားရှင်နှင့် တူညီသော တစ်စုံတစ်ယောက်သော နတ်လူဗြဟ္မာ သတ္တဝါကား မရှိဖြစ်ခဲ့၏။ ထို့ကြောင့် ဘုရားရှင်သည် အသမ = အတုမရှိသော ပုဂ္ဂိုလ် ဖြစ်တော်မူ၏။
__________
---နံပါတ် (၁၇) ဂါထာ
စက္ခုန္ဒြေ, သောတိန္ဒြေ, ဃာနိန္ဒြေ, ဇိဝှိန္ဒြေ, ကာယိန္ဒြေ, မနိန္ဒြေဟု ရဟန်းတို့ စောင့်စည်းရမည့် ဣန္ဒြေ (၆)ပါး ရှိ၏။ ထိုဣန္ဒြေ (၆)ပါး, တံခါးကြီး (၆) ပေါက် တို့မှ ကိလေသာများ မဝင်အောင် ပိတ်ဆို့ရမည် ဖြစ်၏။ မည်သို့ ပိတ်ဆို့ရမည်နည်း? သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော် ကုမ္မောပမသုတ္တန် (သံ၊၂၊၃၈၆။) တွင် ဤသို့ ဘုရားရှင်က နည်းပေးထားတော်မူ၏။
ကုမ္မောဝ အင်္ဂါနိ သကေ ကပါလေ၊
သမောဒဟံ ဘိက္ခု မနောဝိတက္ကေ။
အနိဿိတော အညမဟေဌယာနော၊
ပရိနိဗ္ဗုတောနူပဝဒေယျ ကဉ္စိ။ (သံ၊၂၊၃၈၆။)
= လိပ်သည် လက်-ခြေ-ဦးခေါင်းတည်းဟူသော မိမိအင်္ဂါတို့ကို မိမိပိုင် လိပ်ခွံအတွင်း၌ သွတ်သွင်းထားသကဲ့သို့ ရဟန်းသည် စိတ်အကြံအစည်တို့ကို (=မိမိ၏ စိတ်ကို) မိမိ၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်သော ကမ္မဋ္ဌာန်းအာရုံတည်း ဟူသော လိပ်ခွံ အတွင်း၌ ကောင်းစွာ သွတ်သွင်းထားနိုင်ပါလျှင် တဏှာဒိဋ္ဌိ အမှီ မခံရဘဲ တစ်ပါးပုဂ္ဂိုလ်ကို မထိခိုက် မညှဉ်းဆဲမူ၍ ကိလေသာ အပူမီးတို့ ချုပ်ငြိမ်းရာ၏။ တစ်စုံတစ်ယောက်သော သူကိုမျှ မစွပ်စွဲ မပြောဆိုရာ။
ဆိုလိုရင်းသဘောတရား -- လိပ်ကလည်း မြစ် ကမ်းပါး တစ်နေရာတွင် အစာရှာထွက်လာ၏။ မြေခွေး ကလည်း အလားတူပင် ယင်းမြစ်ကမ်းပါး၌ အစာရှာ ထွက်လာ၏။ ရင်ဆိုင်တွေ့သောအခါ လိပ်က မိမိ၏ လိပ်ခွံအတွင်းသို့ မိမိခြေလက်ဦးခေါင်း အင်္ဂါရပ်တို့ကို သွတ်သွင်းထားလိုက်၏။ မြေခွေး၏ ခဲစားဖို့ရန် အခွင့် ကို မပေးပေ။ မြေခွေးကလည်း ယင်းလိပ်ကို မညှဉ်းဆဲ မနှိပ်စက်နိုင်။ အလားတူပင် ယောဂါဝစရ ရဟန်းတော် သည် မိမိ၏ မနောဝိတက် (= စိတ်အကြံ)တို့ကို မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သည့် သမထကမ္မဋ္ဌာန်း သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်းအာရုံ ဟူသည့် အခွံအတွင်း၌ ကောင်းစွာထားနိုင်ခဲ့ပါမူ မြေခွေးနှင့်တူသည့် ကိလေသ မာရ်၏ ကိုက်ခဲဖို့ရန် အခွင့်ကို မပေးသည် မည်၏၊ ကိလေသာ မြေခွေးကလည်း မညှဉ်းပန်း မနှိပ်စက် နိုင်လေရာ။ (သံ၊ဋ္ဌ၊၃၊၇၃။)
ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် မိမိက သမထကမ္မဋ္ဌာန်းကို ပွားများနေဆဲဖြစ်လျှင် မိမိ၏ သမထ ကမ္မဋ္ဌာန်းအာရုံ၌, မိမိက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကို ပွားများနေဆဲဖြစ်လျှင် ဝိပဿနာကမ္မဋ္ဌာန်းအာရုံ၌ မိမိ၏ မနောဝိတက္က အမည်ရသည့် ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားပါ။ ကိလေသာမြေခွေးတို့ ဝင်ရောက်ကိုက်ခဲဖို့ရန် မစွမ်းနိုင်လေရာ။ထိုအခါ ဣန္ဒြိယသံဝရသီလကို စောင့်ထိန်းပြီးပင် ဖြစ်လေရာ၏။
ဘုရားရှင်သည်ကား အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်တို့ကို ရတော်မူသည့် ထိုညဉ့်ကပင် ဗောဓိပင်ခြေ မြတ်သောပလ္လင်ဗွေထက်၌ ဝါသနာ အငွေ့ဓာတ်နှင့်တကွသော ကိလေသာမာရ်စစ်သည် အပေါင်းကို အရဟတ္တမဂ်ဉာဏ်သန်လျက်ဖြင့် အကြွင်း မဲ့ ပယ်သတ်တော်မူပြီးသည့် အဖြစ်ကြောင့် ဣန္ဒြေ (၆)ပါးတို့မှ ကိလေသာမြေခွေးတို့ မဝင်ရောက်နိုင် အောင် လုံခြုံစွာ စောင့်စည်းပြီးဖြစ်တော်မူပေသည်။
နူပဝဒေယျ ကဉ္စိ = မည်သူ့ကိုမျှ မစွပ်စွဲရာ
အခြားမည်သည့်ပုဂ္ဂိုလ်ကိုမဆို သီလဝိပတ္တိ = သီလပျက်စီးခြင်းဖြင့်လည်းကောင်း, အာစာရဝိပတ္တိ = ကျင့်ဝတ် အာစာရ၏ ပျက်စီးခြင်းဖြင့်လည်းကောင်း, မိမိကိုယ်ကို ချီးမြှောက်လိုခြင်းဖြင့်လည်းကောင်း, သူ တစ်ပါးကို ကဲ့ရဲ့ရှုတ်ချလိုခြင်းဖြင့်လည်းကောင်း မစွပ်စွဲ ရာ။ အကယ်စင်စစ်အားဖြင့် မိမိ၏ သန္တာန်၌ ငါးမျိုး သော တရားတို့ကို ရှေးရှုတည်စေပြီးမှ --
၁။ ကာလေန ဝက္ခာမိ = ပြောသင့်သော အချိန်အခါ၌သာ ပြောဆိုအံ့၊
နော အကာလေန = မပြောသင့်သောအချိန် အခါ၌ မပြောဆိုအံ့၊
၂။ ဘူတေန ဝက္ခာမိ = အမှန်စကားဖြင့်သာ ပြောဆို အံ့၊
နော အဘူတေန = မမှန်စကားဖြင့် မပြောဆိုအံ့၊
၃။ သဏှေန ဝက္ခာမိ = သိမ်မွေ့သော စကားဖြင့် ပြောဆိုအံ့၊
နော ဖရုသေန =ကြမ်းတမ်းသော စကားဖြင့် မပြောဆိုအံ့၊
၄။ အတ္ထသံဟိတေန ဝက္ခာမိ = အကျိုးစီးပွားနှင့် ယှဉ်သည့် စကားဖြင့်သာ ပြောဆိုအံ့၊
နော အနတ္ထသံဟိတေန = အကျိုးစီးပွားနှင့် မယှဉ်သည့် စကားဖြင့် မပြောဆိုအံ့၊
၅။ မေတ္တစိတ္တော ဝက္ခာမိ = မေတ္တာစိတ်ရှိလျက် ပြောဆိုအံ့၊
နော ဒေါသန္တရော = ဒေါသစိတ်ဖြင့် မပြောဆိုအံ့ --
ဤသို့လျှင် ထိုမှာဘက်ကမ်းသို့ ရောက်အောင် ပို့ဆောင်တတ်သော ဖောင်နှင့် သဘာဝချင်း တူညီသော သဘောတရား၌ ရပ်တည်နေသော စိတ်ဓာတ် ဖြင့်သာလျှင် သာသနာတော်၌ နေထိုင်ပါ။ (သံ၊ဋ္ဌ၊၃၊၇၃-၇၄။)
__________
---နံပါတ် (၁၉) ဂါထာ
ယမကပါဋိဟာရိယ = ရေ မီး အစုံစုံ တန်ခိုးပြာဋိဟာ
ကဏ္ဍမ္ဗ = ကဏ္ဍ + အမ္ဗ = ကဏ္ဍ အမည်ရှိသော ဥယျာဉ်မှူး + ကြဲချ စိုက်ပျိုးအပ်သော သရက်ပင်။ကောသလမင်းကြီး၏ ဥယျာဉ်မှူးကား ကဏ္ဍ အမည် ရှိလေသည်။ ထိုဥယျာဉ်မှူး မောင်ကဏ္ဍက အနံ့ အရသာနှင့်ပြည့်စုံသော ရွက်ပုံးသီး သရက်သီး တစ်လုံးကို ရရှိသောအခါ ထိုသရက်သီးကို ဘုရားရှင်အား ဆက်ကပ် လှူဒါန်းပူဇော်လေသည်။ အရှင်အာနန္ဒာ မထေရ် မြတ်က ယင်းသရက်သီးကို အဖျော်ပြုလုပ်ကာ ဘုရား ရှင်အား ဆက်ကပ်တော်မူလေသည်။ ထို ဥယျာဉ်မှူး မောင်ကဏ္ဍအား ထို သရက်စေ့ကို ဘုရားရှင်က အဖျော်ယမကာကို ဘုဉ်းပေးတော်မူရာ လမ်းခုလတ် တစ်နေရာမှာပင် ကြဲချစိုက်ပျိုးစေလေသည်။ တစ်ခဏ ချင်းအတွင်းမှာပင် အတောင် (၅၀)ခန့် မြင့်၍ သရက်ကိုင်း တစ်ကိုင်းတစ်ကိုင်းတွင် အတောင် (၅၀)ခန့် ရှည်သော အကိုင်းအခက် အရွက် အသီးတို့ဖြင့် ပြည့် နှက်နေသော သရက်ဖြူပင်ကြီး ဖြစ်လာလေသည်။ ထိုကဏ္ဍမ္ဗ သရက်ဖြူပင်ရင်းကို အခြေခံကာ ဘုရားရှင်သည် ယမကပါဋိဟာရိယ (= ရေမီးအစုံအစုံ တန်ခိုး ပြာဋိဟာ)ကို ပြတော်မူလေသည်။ ရှေးဦးစွာ အလွန် ကြီးမားသော ရတနာစင်္ကြံတော်ကြီးကို ကောင်းကင်တွင် ဖန်ဆင်းတော်မူလိုက်၏။ အဘိညာဏ်စတုတ္ထစျာန်ဖြင့် ကောင်းကင်သို့ ပျံတက်တော်မူ၏။ မီးအလျှံ ထွက်ဖို့ရန် တေဇောကသိုဏ်းလျှင် အာရုံ ရှိသော တေဇောကသိဏစျာန်သမာပတ်ကို ဝင်စားတော်မူရ၍ ရေအယဉ် တသွင်သွင် စီးထွက်ဖို့ရန် အာပေါကသိုဏ်း လျှင် အာရုံရှိသော အာပေါကသိဏစျာန်သမာပတ်ကို ဝင်စားတော်မူကာ ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူလေသည်။ အဘိညာဏ် ဝင်စားမှု စွမ်းအား က အလွန်လျင်မြန်သောကြောင့် ရေနှင့် မီးတို့သည် အစုံလိုက် အစုံလိုက် ပြိုင်တူထွက်နေသည်ဟု ဖူးမြင် ရသူတို့၏ စိတ်တွင် တွေ့မြင်နေရပေသည်။
(၁) အထက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အောက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင် စီးလျက်ရှိ၏။ တစ်ဖန် အောက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အထက်ပိုင်း ကိုယ်တော်မှ ရေအယဉ် တသွင်သွင် စီးလျက်ရှိ၏။
(၂) ရှေ့ဖြစ်သော ရူပကာယတော်မှ မီးအလျှံ၊ နောက်ဖြစ်သော ရူပကာယတော်မှ ရေအယဉ်။ တစ်ဖန် နောက်ဖြစ်သော ရူပကာယတော်မှ မီးအလျှံ၊ ရှေ့ဖြစ်သော ရူပကာယတော်မှ ရေအယဉ်။
(၃) လက်ျာမျက်လုံးတော်မှ မီးအလျှံ၊ လက်ဝဲမျက်လုံးတော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲမျက်လုံးတော်မှ မီးအလျှံ၊ လက်ျာမျက်လုံးတော်မှ ရေအယဉ်။
(၄) လက်ျာနားတွင်းတော်မှ မီးအလျှံ၊ လက်ဝဲနားတွင်းတော်မှ ရေအယဉ်၊ တစ်ဖန် လက်ဝဲနားတွင်းတော်မှမီးအလျှံ၊လက်ျာနားတွင်းတော်မှ ရေအယဉ်။
(၅) လက်ျာ နှာခေါင်းပေါက်တော်မှ မီးအလျှံ၊ လက်ဝဲ နှာခေါင်းပေါက်တော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲ နှာခေါင်းပေါက်တော်မှ မီးအလျှံ၊ လက်ျာ နှာခေါင်းပေါက်တော်မှ ရေအယဉ်။
(၆) လက်ျာပခုံးတော်မှ မီးအလျှံ၊ လက်ဝဲပခုံးတော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲပခုံးတော်မှ မီးအလျှံ၊ လက်ျာပခုံးတော်မှ ရေအယဉ်။
(၇) လက်ျာလက်တော်မှ မီးအလျှံ၊ လက်ဝဲလက်တော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲလက်တော်မှ မီးအလျှံ၊ လက်ျာလက်တော်မှ ရေအယဉ်။
(၈) လက်ျာနံပါးတော်မှ မီးအလျှံ၊ လက်ဝဲနံပါးတော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲနံပါးတော်မှ မီးအလျှံ၊ လက်ျာနံပါးတော်မှ ရေအယဉ်။
(၉) လက်ျာခြေတော်မှ မီးအလျှံ၊ လက်ဝဲခြေတော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲခြေတော်မှ မီးအလျှံ၊ လက်ျာခြေတော်မှ ရေအယဉ်။
(၁၀) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြားအကြားမှ မီးအလျှံ၊ လက်ချောင်း တော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ ရေအယဉ်။ တစ်ဖန် လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ မီးအလျှံ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြား အကြားမှ ရေအယဉ်။
(၁၁) တစ်ခုတစ်ခုသော မွေးညင်းတွင်းတော်မှ မီး အလျှံ၊ အခြား တစ်ခုတစ်ခုသော မွေးညင်းတွင်းတော်မှ ရေအယဉ်။
(၁၂) တစ်ဆူတစ်ဆူသော မွေးညင်းတော်မှ မီးအလျှံ၊ အခြား တစ်ဆူတစ်ဆူသော မွေးညင်းတော်မှ ရေအယဉ် ---
တသွင်သွင် ပြောင်းလဲကာ ဖူးလိုက်တိုင်း အဆင် ကွဲသဖြင့် အံ့အဲ၍မဝ ချီးပ၍မကုန် ရောင်ခြည်တော် ခြောက်ပုံတို့နှင့်တကွ အစုံအစုံသော ရေမီးတန်ခိုးပြာဋိဟာကို ပြတော်မူလေသည်။
ဣဒ္ဓိ (၁၀) မျိုး
အဓိဋ္ဌာနာ ဣဒ္ဓိ, ဝိကုဗ္ဗနာ ဣဒ္ဓိ, မနောမယာ ဣဒ္ဓိ, ဉာဏဝိပ္ဖာရာ ဣဒ္ဓိ, သမာဓိဝိပ္ဖာရာ ဣဒ္ဓိ, အရိယာ ဣဒ္ဓိ, ကမ္မဝိပါကဇာ ဣဒ္ဓိ, ပုညဝတော ဣဒ္ဓိ, ဝိဇ္ဇာမယာ ဣဒ္ဓိ, တတ္ထ တတ္ထ သမ္မာပယောဂပစ္စယာ ဣဇ္ဈနဋ္ဌေန ဣဒ္ဓိ --- ဟု ဣဒ္ဓိ (၁၀)မျိုး ရှိ၏။ (ဝိသုဒ္ဓိ၊၂၊၇။)
၁။ အဓိဋ္ဌာနာ ဣဒ္ဓိ = တစ်ယောက်တည်းဖြစ်လျက် အများဖြစ်အောင် အရာ အထောင် အသိန်းဖြစ်အောင် အဘိညာဏ်ရပုဂ္ဂိုလ်၏ အဓိဋ္ဌာန်ပြုကာ ဖန်ဆင်းနိုင်သော တန်ခိုးဣဒ္ဓိသည် အဓိဋ္ဌာနာ ဣဒ္ဓိ မည်၏။
၂။ ဝိကုဗ္ဗနာ ဣဒ္ဓိ = အဘိညာဏ်ရပုဂ္ဂိုလ်၏ မိမိ၏ ပင်ကိုပကတိ ရုပ်အဆင်းကို စွန့်ကာ နဂါးရုပ် ဆင်ရုပ် စသည့် ရုပ်အဆင်း သဏ္ဌာန် ပြောင်းလဲသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော အထူးထူး အထွေထွေ ရုပ်ပုံသဏ္ဌာန် ဖန်ဆင်းတတ်သော တန်ခိုးဣဒ္ဓိသည် ဝိကုဗ္ဗနာ ဣဒ္ဓိ မည်၏။
၃။ မနောမယာ ဣဒ္ဓိ = အဘိညာဏ်ရပုဂ္ဂိုလ်၏ ဤ မိမိ၏ ကရဇကာယမှ အခြားတစ်ပါးသော အဘိညာဏ်စိတ်ဖြင့် ဖန်ဆင်းလိုက်သည့် မိမိနှင့် ပုံတူ အခြားတစ်ပါးသော တန်ခိုးဖြင့် ပြီးသော ဣဒ္ဓိမယ ကာယကို ဖန်ဆင်းနိုင်သော တန်ခိုး ဣဒ္ဓိသည် မနောမယာ ဣဒ္ဓိ မည်၏။
၄။ ဉာဏဝိပ္ဖါရာ ဣဒ္ဓိ = အရဟတ္တမဂ်ဉာဏ်သို့ မဆိုက်ရောက်မီ အရဟတ္တမဂ်၏ ရှေးဝိပဿနာခဏ၌ လည်းကောင်း သို့မဟုတ် နောက်ဆုံးဘဝ ပဋိသန္ဓေ ခဏမှ ရှေး၌လည်းကောင်း, ခန္ဓပရိနိဗ္ဗာန်တိုင်အောင်သော နောက်ကာလ၌လည်းကောင်း, ထိုအရဟတ္တမဂ် ဖြစ်သော ခဏ၌လည်းကောင်း - နေ၏ထွက်ရာ အရပ် ၌ ထက်ဝန်းကျင်မှလျှင် အလင်းရောင်ကို ပြုခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ကဲ့သို့ - အရဟတ္တမဂ်ဉာဏ်၏ အာနုဘော်ကြောင့် ပြီးသော အချင်းခပ်သိမ်း ပယ်အပ်သည်ကို ပယ်ခြင်း, ပွားစေအပ်သည်ကို ပွားစေခြင်း၏ ထက်ဝန်းကျင် ပြည့်စုံခြင်းဟု ဆိုအပ်သော အထူးသည် ဉာဏဝိပ္ဖါရာ ဣဒ္ဓိ (= အရဟတ္တမဂ်ဉာဏ်၏ အရှိန် အဟုန်ရှိသော တန်ခိုးဣဒ္ဓိ) မည်၏။ သင်္ခါရတရား တို့ကို အနိစ္စဟု (ဒုက္ခဟု, အနတ္တဟု) အဖန်တလဲလဲ ရှုသော အလွန်အားကောင်းသော အနိစ္စာနုပဿနာ (ဒုက္ခာနုပဿနာ, အနတ္တာနုပဿနာ)ဖြင့် နိစ္စသညာ (သုခသညာ, အတ္တသညာ)ကို ပယ်ခြင်းကိစ္စသည် ပြီးစီး ပြည့်စုံ၏။ ဤကား ဉာဏဝိပ္ဖါရာ ဣဒ္ဓိတည်း။ ပ ။ အရဟတ္တမဂ်ကြောင့် ကိလေသာ အားလုံးတို့ကို ပယ်ခြင်းသည် ပြီးစီး ပြည့်စုံ၏။ ဤကား ဉာဏဝိပ္ဖါရာ ဣဒ္ဓိတည်း။
၅။ သမာဓိဝိပ္ဖါရာ ဣဒ္ဓိ = ပထမစျာန်အစရှိသော သမာဓိမှ ရှေးဥပစာရခဏ၌လည်းကောင်း, ယင်း သမာပတ်မှ အထ နောက်ကာလ၌လည်းကောင်း, ထိုသမာပတ်ကို ဝင်စားဆဲခဏ၌လည်းကောင်း ထိုထို စျာန်၌ သမာဓိတန်ခိုးကြောင့် ဖြစ်သော နီဝရဏကို ပယ်ခွာခြင်း စသော အထူးသည် သမာဓိဝိပ္ဖါရာ ဣဒ္ဓိ = သမာဓိ၏ ပျံ့ခြင်း အရှိန်အဟုန်၏ ဖြစ်ခြင်းရှိသော တန်ခိုးဣဒ္ဓိ မည်၏။
ပထမစျာန်ဖြင့် နီဝရဏကို ပယ်ခြင်းကိစ္စ, ဒုတိယ စျာန်ဖြင့် ဝိတက်ဝိစာရကို, တတိယစျာန်ဖြင့် ပီတိကို, စတုတ္ထစျာန်ဖြင့် သုခကို, အာကာသာနဉ္စာယတနစျာန် သမာပတ်ဖြင့် ရူပသညာကို, ဝိညာဏဉ္စာယတနစျာန် သမာပတ်ဖြင့် အာကာသာနဉ္စာယတနသညာကို, အာကိဉ္စညာယတနစျာန်သမာပတ်ဖြင့် ဝိညာဏဉ္စာယတနသညာကို, နေဝသညာနာသညာယတနစျာန် သမာပတ်ဖြင့် အာကိဉ္စညာယတနသညာကို ပယ်ခြင်း ကိစ္စသည် ပြီးစီးပြည့်စုံ၏။ ဤကား သမာဓိဝိပ္ဖါရာ ဣဒ္ဓိ = သမာဓိ၏ပျံ့ခြင်း အရှိန်အဟုန်၏ ဖြစ်ခြင်းရှိသော တန်ခိုးဣဒ္ဓိ မည်၏။
၆။ အရိယာ ဣဒ္ဓိ = ရွံရှာစက်ဆုပ်ဖွယ်(= ပဋိက္ကူလ) သဘောရှိသော အာရုံစသည်တို့၌ အပ္ပဋိက္ကူလသညီ (= မစက်ဆုပ်ဖွယ် အမှတ်သညာရှိသည်) ဖြစ်၍နေခြင်း အစရှိသည်ကား အရိယာ ဣဒ္ဓိ = အရိယာတို့၏ ဥစ္စာဖြစ်သော တန်ခိုးဣဒ္ဓိ မည်၏။
၇။ ကမ္မဝိပါကဇာ ဣဒ္ဓိ = အမှတ်မဲ့သော ကံ၏ အကျိုးကြောင့်ဖြစ်သော တန်ခိုးဣဒ္ဓိ။
၈။ ပုညဝတော ဣဒ္ဓိ = လွန်ကဲသော ဘုန်းကံရှိသောသူ၏ တန်ခိုးဣဒ္ဓိ။
၉။ ဝိဇ္ဇာမယာ ဣဒ္ဓိ = ဝိဇ္ဇာဓိုရ်တို့၏ ကောင်းကင်၌ သွားလာနိုင်ခြင်း စသော တန်ခိုးဣဒ္ဓိ။
၁၀။ တတ္ထ တတ္ထ သမ္မာပယောဂပစ္စယာ ဣဇ္ဈနဋ္ဌေန ဣဒ္ဓိ = ထိုထိုကိစ္စ၌ အသင့်, ဥပါယ, ဉာယအားဖြင့် အားထုတ်ခြင်းဟူသော အကြောင်းကြောင့် ပြီးစီးပြည့်စုံ သော သဘောကြောင့် ဖြစ်ပေါ်လာသော တန်ခိုးဣဒ္ဓိ။ အရဟတ္တမဂ်ဉာဏ်ကြောင့် ဝါသနာ အငွေ့ဓာတ်နှင့် တကွ ကိလေသာ အားလုံးတို့ကို ပယ်ရှားခြင်းသဘော တရား၏ ပြီးပြည့်စုံလာ၏။ -- ဤသို့ စသည့် တန်ခိုးဣဒ္ဓိတို့တည်း။ ဤ ဣဒ္ဓိ (၁၀)ပါးတို့တွင် အမှတ် (၉) ဖြစ်သည့် ဝိဇ္ဇာမယာ ဣဒ္ဓိကလွဲလျှင် ကျန်ဣဒ္ဓိတို့ကား ဘုရားရှင်၏ သန္တာန်တော်၌ ပြည့်စုံလျက်ပင် ရှိပေ သည်။ အမှတ် (၉) ဣဒ္ဓိကိုကား ဘုရားရှင် အသုံးမပြု သောကြောင့်တည်း။
ဤ ဣဒ္ဓိ (၁၀)ပါး အကျယ်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၆-၁၂)၌ ကြည့်ပါ။
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
စင်္ကြံကျာင်းတိုက်
ဖားအောက်တောရ
ရတနသုတ်နိဿယ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ရတနသုတ်ပရိတ်တရားတော်မြတ်နိဿယ
(၁)
ပဏိဓာနတော = ဒီပင်္ကရာ ထွဋ်ချာသနင်း တရားမင်း ၏ ခြေတော်ရင်း၌ ဘုရားဖြစ်ရန် ဆုထူးပန်ထွာတော် မူခဲ့သည်မှ။
ပဋ္ဌာယ = စ၍။
တထာဂတဿ = တထာဂတ အမည်ရတော်မူသော သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၏။
ဒသ ပါရမိယော = ဆယ်ပါးကုန်သော ပါရမီတော် တို့လည်းကောင်း။
ဒသ ဥပပါရမိယော = ကိုယ်အင်္ဂါကြီးငယ်တို့ကို စွန့်လွှတ်၍ ဖြည့်ကျင့်ဆည်းပူးတော်မူရသော ဆယ်ပါး ကုန်သော ဥပပါရမီတော်တို့လည်းကောင်း။
ဒသ ပရမတ္ထပါရမိယော = ကိုယ်အသက်ကို စွန့်လွှတ် ၍ ဖြည့်ကျင့်ဆည်းပူးတော်မူရသော ဆယ်ပါးကုန် သော ပရမတ္ထပါရမီတော်တို့လည်းကောင်း။
ဣတိ = ဤသို့လျှင်။
သမတ္တိံသ ပါရမိယော စ = အမျှသုံးဆယ်ကုန်သော ပါရမီတော်မြတ်အပေါင်းတို့ကိုလည်းကောင်း။
ပဉ္စ မဟာပရိစ္စာဂေ = ငါးပါးကုန်သော စွန့်ခြင်းကြီး တို့ကိုလည်းကောင်း။
လောကတ္ထစရိယံ = သတ္တဝါအများအတွက် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တော်မူခြင်းလည်း ကောင်း။
ဉာတတ္ထစရိယံ = ဆွေမျိုးတို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခြင်းလည်းကောင်း။
ဗုဒ္ဓတ္ထစရိယံ = ဘုရားဖြစ်ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခြင်းလည်းကောင်း။
ဣတိ = ဤသို့လျှင်။
တိဿော စရိယာယော စ = သုံးပါးကုန်သော စရိယ ကျင့်စဉ်တို့ကိုလည်းကောင်း။
ပစ္ဆိမဘဝေ = နောက်ဆုံးဘုရားဖြစ်မည့်ဘဝ၌။
ဂဗ္ဘဝေါက္ကန္တိံ = မယ်တော်ဝမ်းတိုက် သက်ဆိုက်စံနေ သန္ဓေစွဲယူ တည်နေတော်မူခြင်းကိုလည်းကောင်း။
ဇာတိံ = မယ်တော်ဝမ်းတိုက်မှ မီးရှူးသန့်စင် ဖွားမြင် တော်မူခြင်းကိုလည်းကောင်း။
အဘိနိက္ခမနံ = မြတ်သော တောထွက်တော်မူခြင်းကို လည်းကောင်း။
ပဓာနစရိယံ = ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ကြံကျိုးကုတ် ပွားများအားထုတ်တော်မူခြင်းကို လည်းကောင်း။
ဗောဓိပလ္လင်္ကေ = ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေ ထက်၌။
မာရဝိဇယံ = မာရ်ငါးပါးကို အောင်မြင်တော်မူခြင်းကို လည်းကောင်း။
သဗ္ဗညုတဉာဏပ္ပဋိဝေဓံ = သဗ္ဗညုတဉာဏ်တော်မြတ် ကို ထွင်းဖောက်သိမြင်တော်မူခြင်းကိုလည်းကောင်း။
ဓမ္မစက္ကပ္ပဝတ္တနံ = ဓမ္မစကြာတရား ဟောကြားပြသ ဆိုဆုံးမတော်မူခြင်းကိုလည်းကောင်း။
နဝ လောကုတ္တရဓမ္မေ = ရှင်တော်မြတ်ဘုရား၏ သန္တာန်၌ တည်ရှိတော်မူကြကုန်သော ကိုးပါးကုန်သော လောကုတ္တရာတရားတို့ကိုလည်းကောင်း။
ဣတိ = ဤသို့လျှင်။
သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ = ဤအလုံးစုံကုန်သော ဘုရား ရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို။
အာဝဇ္ဇေတွာ = ဆင်ခြင်အောက်မေ့ကြကုန်၍။
ဝေသာလိယံ = ဝေသာလီပြည်၌။
တီသု ပါကာရန္တရေသု = တံတိုင်းသုံးထပ် ကြားအရပ် တို့၌။
တိယာမရတ္တိံ = ညဉ့်သုံးယာမ်တို့ကာလပတ်လုံး။
ပရိတ္တံ = ရတနသုတ်ပရိတ်အရံအတားကို။
ကရောန္တော = ရွတ်ဖတ်ပူဇော်တော်မူသော။
အာယသ္မာ အာနန္ဒတ္ထေရော ဝိယ = အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကဲ့သို့။
သတ္တေသု = သတ္တဝါတို့အပေါ်၌။
ကာရုညစိတ္တံ = ကြင်နာဆပွား ကရုဏာနှင့်ယှဉ်သော စိတ်ထားကို။
ဥပဋ္ဌပေတွာ = ရှေ့ရှုဖြစ်စေကြ တည်စေကြကုန်၍။ ။
(၂)
ကောဋီသတသဟေဿသု စက္ကဝါဠေသု = ကုဋေ တစ်သိန်းကုန်သော စကြဝဠာတို့၌။
ဒေဝတာ = နတ်ဗြဟ္မာအပေါင်းတို့သည်။
ယဿ = အကြင်ရတနသုတ်ပရိတ်တရားတော်မြတ် ၏။
အာဏံ = တန်ခိုးရှိန်စော် အာနုဘော်ကို။
သိရသာ = ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။
ပဋိဂ္ဂဏှန္တိ = ရိုသေစွာ ဦးညွတ်ခံယူကြလေကုန်၏။
ယဉ္စ = ယင်းရတနသုတ် ပရိတ်တော်မြတ်သည်လည်း။
ဝေသာလိယာ ပုရေ = ဝေသာလီပြည်၌။ ။
(၃)
ရောဂါမနုဿဒုဗ္ဘိက္ခသမ္ဘူတံ = ရောဂါထူးခြား ဘီလူး များနှင့် အစာငတ်မွတ်ခေါင်းပါးခြင်းကြောင့် ထင်ရှား ဖြစ်ပေါ်၍လာရသော။
တိဝိဓံ ဘယံ = သုံးမျိုးသော ဘေးဒုက္ခကို။
ခိပ္ပံ = လျင်မြန်စွာ။
အန္တရဓာပေသိ = ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေ ခဲ့လေပြီ။
တံ ရတနပရိတ္တံ = ထိုရတနသုတ်ပရိတ်အရံအတားကို။
ဟေ = အို သူတော်ကောင်းတို့ ...။
မယံ = ငါတို့သည်။
ဘဏာမ = ရွတ်ဖတ်ပူဇော်ကြပါကုန်စို့။ ။
(၄)
ဣဓ = ဤပရိတ်တရားတော်မြတ် ရွတ်ဖတ်ရာဌာန ဤအရပ်သို့။
ဘုမ္မာနိ = မြေ၌တည်ကြကုန်သော။
ယာနိ ဘူတာနိ ဝါ = အကြင်နတ်တို့သည်လည်း ကောင်း။
အန္တလိက္ခေ = အဇဋာပြင် ထက်ကောင်းကင်၌။
ယာနိ ဘူတာနိ ဝါ = အကြင်နတ်တို့သည်လည်း ကောင်း။
သမာဂတာနိ = ညီညာဖြဖြ စည်းဝေးရောက်လာကြပေ ကုန်၏။
သဗ္ဗေဝ = ခပ်သိမ်းဥဿုံ အလုံးစုံသာလျှင် ဖြစ်ကြကုန် သော။
တေ ဘူတာ = ထိုနတ်များစွာတို့သည်။
သုမနာ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်သောစိတ်ထား ရှိကြကုန်သည်။
ဘဝန္တု = ဖြစ်ကြပါကုန်လော။
အထောပိ = ထိုမှတစ်ပါးလည်း။
ဘာသိတံ = ငါဘုရားသည် ဟောကြားပြသ ဆိုဆုံးမ တော်မူအပ်သော ရတနသုတ်ပရိတ်အရံအတားကို။
သက္ကစ္စ = ရိုသေသမှု အလေးဂရုပြု၍။
သုဏန္တု = နာယူကြပါကုန်လော့။
(၅)
ဘူတာ = အို နတ်များစွာတို့ ...။
တသ္မာ ဟိ = ထိုကဲ့သို့ တရားနာယူရန် ငါဘုရား တိုက်တွန်းတော်မူသောကြောင့်ပင်လျှင်။
တုမှေ = သင်နတ်များစွာတို့သည်။
နိသာမေထ = နားစိုက်ကြပါကုန်လော့။
မာနုသိယာ ပဇာယ = လူသားဖြစ်သော သတ္တဝါ အပေါ်၌။
မေတ္တံ = ချစ်မြတ်နိုးခြင်း မေတ္တာတရားကို။
ကရောထ = ပြုကြပါကုန်လော့။
ယေ = ယင်းလူသားအပေါင်းတို့သည်။
တုမှာကံ = သင်နတ်များစွာတို့အား။
ဒိဝါ စ = နေ့အခါ၌လည်းကောင်း။
ရတ္တော စ = ညဉ့်အခါ၌လည်းကောင်း။
ဗလိံ = ဒေဝတာဗလိဟုခေါ်ဆိုအပ်သော ပူဇော် ပသဖွယ်ရာ အဖြာဖြာကို။
ဟရန္တိ = ဆောင်ယူပသ ပူဇော်ကြပေကုန်၏။
တသ္မာ ဟိ = ထို့ကြောင့်ပင်လျှင်။
တုမှေ = သင်နတ်များစွာတို့သည်။
နေ = ထိုလူသားအပေါင်းတို့ကို။
အပ္ပမတ္တာ = မမေ့မလျော့ကြကုန်ဘဲ။
ရက္ခထ = သနားစောင့်ရှောက်ကြပါကုန်လော့။ ။
(၆)
ဣဓ ဝါ = ဤလူ့ပြည်၌လည်းကောင်း။
ဟုရံ ဝါ = နဂါးဂဠုန်စသော တစ်ပါးသောပြည်တို့၌ လည်းကောင်း။
ယံ ကိဉ္စိ = အလုံးစုံသော။
ဝိတ္တံ = နှစ်သက်မြတ်နိုးခြင်းကို ဖြစ်စေတတ်သော လောကီဥစ္စာရတနာသည်။
အတ္ထိ = ရှိချေ၏။
သဂ္ဂေသု ဝါ = နတ်ပြည် ဗြဟ္မာ့ပြည်တို့၌မူလည်း။
ပဏီတံ = မရောင့်ရဲစေတတ် မွန်မြတ်လှစွာသော။
ယံ ရတနံ = အကြင် နှစ်သက်မြတ်နိုးဖွယ်ရာသော လောကီဥစ္စာရတနာသည်။
အတ္ထိ = ရှိချေ၏။
ဧတ္ထ = ဤရတနာအပေါင်းတို့တွင်။
တထာဂတေန = သုံးလောကထွဋ်ထား ရှင်တော်မြတ် ဘုရားတည်းဟူသော ရတနာနှင့်။
သမံ = တူမျှသော။
နံ = ထိုလောကီဥစ္စာ ရတနာမျိုးသည်။
န နော အတ္ထိ = မရှိသည်သာလျှင်တည်း။
ဗုဒ္ဓေ = သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၌။
ဣဒမ္ပိ ရတနံ = ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော် အပေါင်းသည်လည်း။
ပဏီတံ = ထူးမြတ်တော်မူလှပါပေ၏။
ဧတေန သစ္စေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။
တုမှာကံ = အိမ်သူအိမ်သား လူအများနှင့် ပရိတ် တရားကို စိတ်ထားကြည်သာ ရိုသေစွာဖြင့် နာယူလျက် ရှိကြကုန်သော သင် သပ္ပုရိသအပေါင်း သူတော် ကောင်းတို့အား။
(ပါဏီနံ = အပေါင်းများစွာ သတ္တဝါတို့အား။)
သုဝတ္ထိ = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။
ဟောတု = မုချမသွေဖြစ်ပါစေသတည်း။ ။
(၇)
ခယံ = တစ်ထောင့်ငါးရာကိလေသာတို့၏ ကုန်ဆုံး ပျက်စီးရာလည်း ဖြစ်ထသော။
ဝိရာဂံ = အာရုံဓမ္မ ဟူသမျှတို့၌ တွယ်တာပေတတ် ရာဂငတ်တို့၏ ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းရာလည်း ဖြစ်ထသော။
အမတံ = စုတိပြတ်ကျွေ ဘယ်အခါမှ သေကျေ ပျက်စီး ရခြင်းလည်း မရှိထသော။
ယံ နိဗ္ဗာနံ = အကြင် အငြိမ်းဓာတ်မှန် နိဗ္ဗာန်တရား တော်မြတ်ကို။
သမာဟိတော = မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်စွာဘိ တည်ကြည်သော သမာဓိ ရှိတော်မူသော။
သကျမုနိ = သာကီဝင် ထွဋ်ထား ဂေါတမရှင်တော် မြတ်ဘုရားသည်။
အဇ္ဈဂါ = လက်ဝယ်တင်ထား ပတ္တမြားကဲ့သို့ ကောင်းစွာ ပိုင်ပိုင် ဉာဏ်ဖြင့် ဆိုက်ရောက် သိမြင်တော် မူခဲ့လေပြီ။
တေန ဓမ္မေန = ထိုအငြိမ်းဓာတ်မှန် နိဗ္ဗာန်တရားတော် မြတ်နှင့်။
သမံ = တူမျှသော။
ကိဉ္စိ = တစ်စုံတစ်ခုသော တရားမျိုးသည်။
န နော အတ္ထိ = မရှိသည်သာလျှင်တည်း။
ဓမ္မေ = အငြိမ်းဓာတ်မှန် နိဗ္ဗာန်တရားတော်မြတ်၌။
ဣဒမ္ပိ ရတနံ = ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော် အပေါင်းသည်လည်း။
ပဏီတံ = ထူးမြတ်တော်မူလှပါပေ၏။
ဧတေန သစ္စေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။
တုမှာကံ = အိမ်သူအိမ်သား လူအများနှင့် ပရိတ် တရားကို စိတ်ထားကြည်သာ ရိုသေစွာဖြင့် နာယူလျက် ရှိကြကုန်သော သင် သပ္ပုရိသအပေါင်း သူတော် ကောင်းတို့အား။
(ပါဏီနံ = အပေါင်းများစွာ သတ္တဝါတို့အား။)
သုဝတ္ထိ = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။
ဟောတု = မုချမသွေဖြစ်ပါစေသတည်း။ ။
(၈)
ဗုဒ္ဓသေဋ္ဌော = သုတဗုဒ္ဓ သာဝကဗုဒ္ဓ ပစ္စေကဗုဒ္ဓဟု ခေါ်ဆိုအပ်သော ဗုဒ္ဓသုံးဆူ ချီးမွမ်းအပ်သောသူတို့ ထက် ကဲသာလွန်မြတ် အထူးသဖြင့် ချီးမွမ်းတော်မူအပ် သော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်။
သုစိံ = ကိလေသာမြူအလှေး အညစ်အကြေးတို့မှ ကင်းဝေးစင်ပ ဖြူစင်တော်မူလှသော။
ယံ သမာဓိံ = အကြင် အရိယာမဂ်နှင့် တွဲဖက်ယှဉ်ဘိ သမာဓိတရားတော်မြတ်ကို။
ပရိဝဏ္ဏယီ = ချီးမွမ်းမြှောက်စားတော်မူခဲ့လေပြီ။
ယံ သမာဓိံ = အကြင် အရိယာမဂ်နှင့် တွဲဖက်ယှဉ်ဘိ သမာဓိတရားတော်မြတ်ကို။
အနန္တရိကံ = မိမိကွယ်ပ အခြားမဲ့ကာလ၌ မုချ ဆတ်ဆတ် အရိယာဖိုလ်ဟူသော အကျိုးတရားကို ပေးတတ်၏ဟူ၍။
ဗုဒ္ဓါ = သုံးဘုံကျော်ဟီး ဘုရားရှင်ကိုယ်တော်မြတ်ကြီး တို့သည်။
အာဟု = သံသာကျူးသီ ဟောပြတော်မူကြလေကုန်ပြီ။
တေန သမာဓိနာ = ထို အရိယာမဂ်နှင့် တွဲဖက်ယှဉ်ဘိ သမာဓိတရားတော်မြတ်နှင့်။
သမော = တူမျှသော တစ်စုံတစ်ခုသော လောကီ သမာဓိ တရားမျိုးသည်။
န ဝိဇ္ဇတိ = မရှိသည်သာလျှင်တည်း။
ဓမ္မေ = အရိယာမဂ်နှင့် တွဲဖက်ယှဉ်ဘိ သမာဓိ တရား တော်မြတ်၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၉)
သတံ = ပါရမီရင့်ကြူး သမ္ဘာထူးသည့် ကျေးဇူးဂုဏ် ကြီးမား ဘုရားအစရှိသော သူတော်စင်ပုဂ္ဂိုလ်အများ တို့သည်။
ပသတ္ထာ = လွန်စွာထပ်ထပ် ချီးမွမ်းတော်မူအပ်ကုန် သော။
ယေ ပုဂ္ဂလာ = အကြင် ပုထုဇဉ်အနွယ် ကင်းကွယ် ကုန်ပြတ် အရိယာပုဂ္ဂိုလ်မြတ်တို့သည်။
အဋ္ဌ = ရှစ်ယောက်တို့သည်။
ဟောန္တိ = ဖြစ်ကြလေကုန်၏။
ဧတာနိ = ထို ပုထုဇဉ်အနွယ် ကင်းကွယ်ကုန်ပြတ် အရိယာပုဂ္ဂိုလ်မြတ်တို့သည်။
စတ္တာရိ ယုဂါနိ = မဂ်ဖိုလ်နှစ်ရပ် စပ်သောအားဖြင့် အစုံလေးပါးတို့သည်။
ဟောန္တိ = ဖြစ်ကြလေကုန်၏။
သုဂတဿ = သုံးဘုံကျော်ဟီး ဘုရားရှင် ကိုယ်တော် မြတ်ကြီး၏။
သာဝကာ = တပည့်ရင်းသာဝကအစစ် ဖြစ်တော်မူကြ ကုန်သော။
တေ ပုဂ္ဂလာ = ထိုပုထုဇဉ်အနွယ်ကင်းကွယ်ကုန်ပြတ် အရိယာပုဂ္ဂိုလ်မြတ်တို့သည်။
ဒက္ခိဏေယျာ = ကံနှင့်အကျိုး ရည်ကိုးမျှော်သန် အလှူကောင်း အလှူမှန် ဟူသမျှတို့ကို စိုးယူပိုင်သ ခံယူတော်မူထိုက်ကြပေကုန်၏။
ဧတေသု = ထိုအရိယာပုဂ္ဂိုလ်တို့၌။
ဒိန္နာနိ = သဒ္ဓါကြည်ဖြူ ပေးလှူသမျှ အလှူဒါန ကောင်းမှုကုသိုလ် မှန်သမျှတို့သည်။
မဟပ္ဖလာနိ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုး ရှိကြပေကုန်၏။
သံဃေ = အရိယာသံဃာတော်မြတ်၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၁၀)
ယေ ခီဏာသဝါ = အကြင် ကိလေသာ အာသဝေါ လျှောကျကင်းကွာ ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်။
ဂေါတမသာသနမှိ = ဂေါတမမြတ်စွာ ရောင်ဝါ ထိန်လင်း သာသနာတော်မြတ်အတွင်း၌။
ဒဠှေန = ကျောက်တောင်ကြီးပမာ မြဲခိုင်လှစွာသော။
မနသာ = သမာဓိနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်။
သုပ္ပယုတ္တာ = လွန်စွာကြိုးကုတ် အားထုတ်တော်မူကြ ကုန်သည်ဖြစ်၍။
နိက္ကာမိနော = ကိလေသာဟူ အပူခပ်သိမ်းမှ အလျှင်း ကျွတ်၍ ကင်းလွတ်ထွက်မြောက်တော်မူကြလေကုန် ပြီ။
တေ ခီဏာသဝါ = ထိုရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်။
အမတံ = စုတိပြတ်ကြွေ ဘယ်အခါမှ သေကျေပျက်စီး ရခြင်း မရှိသော အမတဓာတ် နိဗ္ဗာန်တရားတော်မြတ် သို့။
ဝိဂယှ = အာရုံပြုသောအားဖြင့် သက်ရောက်တော်မူ ကြကုန်သည်ဖြစ်၍။
မုဓာ = ပစ္စည်းဥစ္စာအနည်းငယ်မျှ မကုန်ကြရဘဲ။
လဒ္ဓါ = လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်သည် ဖြစ်၍။
နိဗ္ဗုတိံ = ဖလသမာပတ်အငြိမ်းဓာတ်အရသာကို။
ဘုဉ္ဇမာနာ = သုံးဆောင်ခံစားတော်မူကြကုန်လျက်။
ပတ္တိပတ္တာ = မိမိတို့သည် ရောက်ရှိအပ်ပြီး ရရှိအပ်ပြီး ဖြစ်သည့် အရဟတ္တဖိုလ်သို့ အသစ်တစ်ဖန် ဝင်စား သောအားဖြင့် ဆိုက်ရောက်တော်မူကြလေကုန်ပြီ။
သံဃေ = ရဟန္တာသံဃာတော်မြတ်၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၁၁)
ပထဝိဿိတော = မြေ၌စွဲမှီ ကောင်းစွာတည်သော။
ဣန္ဒခီလော = မြို့တံခါးတိုင်ကြီးသည်။
စတုဗ္ဘိ ဝါတေဟိ = အရပ်လေးမျက်နှာတို့မှ တိုက်ခတ် လာသော လေပြင်းမုန်တိုင်းတို့သည်။
အသမ္ပကမ္ပိယော = မလှုပ်ရှားစေနိုင်သည်။
သိယာ ယထာ = ဖြစ်ဘိသကဲ့သို့။
ယော သပ္ပုရိသော = အကြင် သူတော်မျိုးမှန် အဖိုးတန် သည့် သောတာပန်ပုဂ္ဂိုလ်သူမြတ်သည်။
အရိယသစ္စာနိ = အရိယာသစ္စာလေးရပ် တရားမြတ် တို့ကို။
အဝေစ္စ = သောတာပတ္တိမဂ်ဉာဏ်ဖြင့် သက်ဝင်၍။
ပဿတိ = သိတော်မူ မြင်တော်မူ၏။
တံ သပ္ပုရိသံ = ထိုသူတော်မျိုးမှန် အဖိုးတန်သည့် သောတာပန်ပုဂ္ဂိုလ်သူမြတ်ကို။
တထူပမံ = အရိယာသစ္စာလေးပါးတည်းဟူသော တရားမြေ၌ မြဲစွာစိုက်၍ တည်နေခြင်းကြောင့် ထို တံခါးတိုင်ကြီးလျှင် ပုံပမာရှိ၏ဟူ၍။
အဟံ = ငါဘုရားသည်။
ဝဒါမိ = ဟောတော်မူ၏။
သံဃေ = သောတာပန်သံဃာတော်မြတ်၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၁၂)
ယေ = အကြင် သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ် သူမြတ်တို့သည်။
ဂမ္ဘီရပညေန = နက်နဲလှစွာသော သဗ္ဗညုတဉာဏ သခင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်။
သုဒေသိတာနိ = ကောင်းစွာပိုင်းဖြတ် ဟောကြား တော်မူအပ်ကုန်သော။
အရိယသစ္စာနိ = အရိယသစ္စာလေးရပ် တရားမြတ် တို့ကို။
ဝိဘာဝယန္တိ = ကိုယ့်သန္တာန်တွင် မဂ်ဉာဏ်ဖြစ်ပွား ထင်ရှားအောင် ပြုတော်မူကြလေကုန်ပြီ။
တေ = ထိုသတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်သူမြတ် တို့သည်။
ဘုသံ = အလွန်အကဲ။
ပမတ္တာ = စည်းစိမ်ယစ်၍ မေ့လျော့ကြကုန်သည်။
ကိဉ္စာပိ ဟောန္တိ = အကယ်၍ကား ဖြစ်ကြကုန်သေး၏။
ပန တထာပိ = ထိုသို့ပင် စည်းစိမ်ယစ်၍ မေ့လျော့ ကြကုန်ငြားသော်လည်း။
အဋ္ဌမံ ဘဝံ = ရှစ်ကြိမ်မြောက်သော ဘဝကို။
န အာဒိယန္တိ = ယူတော်မူရိုး မရှိကြလေကုန်။
သံဃေ = သတ္တက္ခတ္တုပရမ သောတာပန်သံဃာတော် မြတ်၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၁၃)
အဿ = ထိုသောတာပန်ပုဂ္ဂိုလ်သူမြတ်သည်။
ဒဿနသမ္ပဒါယ = သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည်စုံခြင်းနှင့်။
သဟာဝ = အတူမကွာ တစ်ပြိုင်နက်သာလျှင်။
သက္ကာယဒိဋ္ဌိ စ = ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့အပေါ်၌ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဉ် ကောင် အတ္တကောင် စသည်ဖြင့် စွဲလမ်းယုံကြည်ခြင်း သက္ကာယဒိဋ္ဌိ သံယောဇဉ်တရားလည်းကောင်း။
ဝိစိကိစ္ဆိတဉ္စ = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌ သို့လော သို့လော တွေးတော ယုံမှားခြင်း ဝိစိကိစ္ဆာ သံယောဇဉ်တရားလည်းကောင်း။
သီလဗ္ဗတံ ဝါပိ = နွားအကျင့် ခွေးအကျင့် စသည်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်နိုင်၏ဟု မှားသောအားဖြင့် သုံး သပ်တတ်သော သီလဗ္ဗတပရာမာသ သံယောဇဉ် တရားလည်းကောင်း။
ဣတိ = ဤသို့လျှင်။
တယော ဓမ္မာ = သုံးပါးကုန်သော သံယောဇဉ်တရား တို့ကို။
ဇဟိတာ = အရှင်းပယ်သတ် စွန့်လွှတ်အပ်ခဲ့လေပြီ။
ကိဉ္စိ = စိုးစဉ်းအနည်းငယ်သော။
ယံ ကိလေသဇာတံ = အကြင် အပါယ်သို့ ရောက်ခြင်း ၏အကြောင်းဖြစ်သော ကိလေသာတရား အပေါင်း သည်။
အတ္ထိ = ကြွင်းကျန်သေး၏။
တမ္ပိ = ထိုအပါယ်သို့ ရောက်ခြင်း၏အကြောင်း ဖြစ် သော ကိလေသာတရားအပေါင်းကိုလည်း။
ဇဟိတံ = အရှင်းပယ်သတ် စွန့်လွှတ်အပ်ခဲ့လေပြီ။ ။
(၁၄)
သော = ထိုသောတာပန် ပုဂ္ဂိုလ်သူမြတ်သည်။
စတူဟပါယေဟိ စ = အပါယ်လေးဘုံတို့မှလည်း။
ဝိပ္ပမုတ္တော = အရှင်းကျွတ်၍ ကင်းလွတ်ထွက်မြောက် တော်မူခဲ့လေပြီ။
ဆစ္စာဘိဌာနာနိ = အမိကို သတ်ခြင်း၊ အဘကို သတ် ခြင်း၊ ရဟန္တာပုဂ္ဂိုလ်ကို သတ်ခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည်စေခြင်း၊ သံဃာသင်းခွဲခြင်း၊ ဘုရားရှင်မှ တစ်ပါးသော အခြားအခြားသော ဂိုဏ်းဆရာတို့အား ဆရာအဖြစ် ရည်ညွှန်းခြင်းတည်းဟူသော ရုန့်ရင်း ကြမ်းတမ်းကုန်သော ခြောက်ပါးကုန်သော အကြောင်း အစု မကောင်းမှုတို့ကို။
ကာတုံ = ပြုခြင်းငှာ။
အဗ္ဘဗ္ဗော = မထိုက်တန်ပေ။
သံဃေ = သောတာပန် သံဃာတော်မြတ်၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၁၅)
သော = ထိုသောတာပန်ပုဂ္ဂိုလ်သူမြတ်သည်။
ကာယေန ဝါ = ကိုယ်ဖြင့်လည်းကောင်း။
ဝါစာ = ဝါစာယ ဝါ = နှုတ်ဖြင့်လည်းကောင်း။
ဥဒ = ထို့အပြင်။
စေတသာ ဝါ = စိတ်ဖြင့်လည်းကောင်း။
ပါပကံ ကမ္မံ = ရုန့်ရင်းကြမ်းတမ်းကုန်သော အကြောင်း အစု မကောင်းမှုတို့ကို။
ကိဉ္စာပိ ကရောတိ = မသိခဲ့၍ မေ့လျော့သမှု အကယ် ၍ ပြုခဲ့မိစေကာမူ။
တဿ = ထို မိမိပြုခဲ့မိသည့် မကောင်းမှု အကုသိုလ် ကံကို။
ပဋိစ္ဆဒါယ = ဖုံးကွယ်၍ ထားခြင်းငှာ။
အဗ္ဘဗ္ဗော = မထိုက်တန်ပေ။
ဒိဋ္ဌပဒဿ = သောတာပတ္တိမဂ်ဉာဏ်ဖြင့် သိမြင်အပ်ပြီး သော နိဗ္ဗာန်တရားတော်မြတ်ရှိတော်မူသော သောတာ ပန်ပုဂ္ဂိုလ်သူမြတ်၏။
အဗ္ဘဗ္ဗတာ = မိမိပြုခဲ့မိသည့် မကောင်းမှုအကုသိုလ်ကံ ကို ဖုံးကွယ်၍ထားခြင်းငှာ မထိုက်တန်သည်၏အဖြစ် ကို။
ဘဂဝတာ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင် သည်။
ဝုတ္တာ = ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ခဲ့လေပြီ။
သံဃေ = သောတာပန် သံဃာတော်မြတ်၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၁၆)
ဂိမှာနံ = နွေလတို့၏။
ပဌမသ္မိံဂိမှေ = ရှေ့ဦးအစ နွေလဖြစ်သော။
မာသေ = စိတြမာသ တန်ခူးလ၌။
ဖုဿိတဂ္ဂေ = ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော။
ဝနပ္ပဂုမ္ဗေ = တောအုပ်သည်။
သသိရီကော ယထာ = အသရေရှိလှဘိသကဲ့သို့။
တထူပမံ = အနက်သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဆာပြန့်ပြော ထိုတောအုပ်လျှင်ပုံပမာရှိသော။
နိဗ္ဗာနဂါမိံ = အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန် ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ်သော။
ဓမ္မဝရံ = သုံးပုံပိဋကတ် တရားမြတ်ဒေသနာတော်ကို။
ပရမံဟိတာယ = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာန ဓာတ်တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွားချမ်းသာ အလို့ငှာ။
အဒေသယိ = ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားတော်မူအပ်ခဲ့လေပြီ။
ဗုဒ္ဓေ = သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၁၇)
ဝရော = စိတ်ထားမြတ်သူ နတ်လူအများ လိုလား တောင့်တအပ် မြတ်တော်မူထသော။
ဝရညူ = အမြတ်ဆုံးမှန် နိဗ္ဗာန်တရားတော်မြတ်ကို သိတော်မူတတ်ထသော။
ဝရဒေါ = အမြတ်ဆုံးမှန် နိဗ္ဗာန်တရားတော်မြတ်ကို ပေးသနားတော်မူတတ်ထသော။
ဝရာဟရော = အမြတ်ဆုံးမှန် နိဗ္ဗာန်တရားတော်မြတ် သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ် သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားဟု ဆိုအပ်သော ရှေးဟောင်း လမ်းမြတ်ကို သယ်ဆောင်တော်မူတတ် ထသော။
အနုတ္တရော = သာလွန်သူမထင် အမြတ်ဆုံး ဘုရားရှင် သည်။
ဓမ္မဝရံ = သုံးပုံပိဋကတ်တည်းဟူသော အမြတ်ဆုံး တရားဒေသနာတော်ကို။
ပရမံဟိတာယ = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာန ဓာတ်တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွားချမ်းသာ အလို့ငှာ။
အဒေသယိ = ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားတော်မူအပ်ခဲ့လေပြီ။
ဗုဒ္ဓေ = သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၁၈)
ယေသံ ခီဏာသဝါနံ = အကြင်ကိလေသာ အာသဝေါ လျှောကျကင်းကွာ ရဟန္တာ အရှင်သူမြတ်ကြီးတို့အား။
ပုရာဏံ = အဟောင်းဖြစ်သော ကုသိုလ်ကံ အကုသိုလ် ကံ မှန်သမျှသည်။
ခီဏံ = အမြစ်အရင်းနှင့်တကွ ကုန်ဆုံးပျက်ပြုန်း ခဲ့လေပြီ။
နဝံ = အသစ်ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှသည်။
နတ္ထိ သမ္ဘဝံ = နောက်ထပ်တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်း မရှိတော့ချေ။
တေ ခီဏာသဝါ = ထို ရဟန္တာအရှင်မြတ်ကြီးတို့သည်။
အာယတိကေ ဘဝသ္မိံ = နောင်လာလတ္တံ့သော အနာဂတ်ဘဝသစ်၌။
ဝိရတ္တစိတ္တာ = တွယ်တာမက်မောခြင်း ကင်းသော စိတ်ထား ရှိတော်မူကြလေကုန်၏။
ခီဏဗီဇာ = ကုန်အပ်ပြီးသော ပဋိသန္ဓေမျိုးစေ့ ရှိတော် မူကြကုန်၏။
အဝိရူဠှိဆန္ဒာ = သံသရာဝဋ်ဆင်းရဲဒုက္ခ၌ မစည်ပင် မပြန့်ပွားသော ဆန္ဒဓာတ် ရှိတော်မူကြကုန်၏။
အယံ ပဒီပေါ = ဤတောက်လောင်နေသော ဆီမီး သည်။
နိဗ္ဗာတိ ယထာ = ငြိမ်းလေဘိသကဲ့သို့။
ဓီရာ = မြဲမြံခိုင်ခံ့ တည်တံ့သော ပညာရှိအစစ် ဖြစ်တော် မူကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့သည်။
နိဗ္ဗန္တိ = သံသရာစက်ရဟတ် အဆက်ပြတ်၍ ဇာတ်စုန် ရုတ်သိမ်း ချုပ်ငြိမ်းတော်မူကြလေကုန်ပြီ။
သံဃေ = ရဟန္တာ သံဃာတော်မြတ်၌။
ဣဒမ္ပိ ရတနံ၊ ပဏီတံ၊ ဧတေန သစ္စေန၊ တုမှာကံ^ ပါဏီနံ၊ သုဝတ္ထိ၊ ဟောတု။ ။
(၁၉၊၂၀၊၂၁)
ဣဓ = ဤပရိတ်တရားတော်မြတ် ရွတ်ဖတ်ရာဌာန ဤအရပ်သို့။
ဘုမ္မာနိ = မြေ၌ တည်ကြကုန်သော။
ယာနိ ဘူတာနိ ဝါ = အကြင်နတ်တို့သည်လည်း ကောင်း။
အန္တလိက္ခေ = အဇဋာပြင် ထက်ကောင်းကင်၌။
ယာနိ ဘူတာနိ ဝါ = အကြင်နတ်တို့သည်လည်း ကောင်း။
သမာဂတာနိ = ညီညာဖြဖြ စည်းဝေးရောက်လာကြ ကုန်၏။
သဗ္ဗေဝ = ခပ်သိမ်းဥဿုံ အလုံးစုံသာလျှင် ဖြစ်ကြကုန် သော။
တေ မယံ = ထိုငါတို့ နတ်များစွာတို့သည်။
ဒေဝမနုဿပူဇိတံ = နတ်လူအများ လေးစားကော်ရော် ပူဇော်တော်မူအပ်သော။
တထာဂတံ = တထာဂတအမည်ရတော်မူသော။
ဗုဒ္ဓံ = မြတ်စွာဘုရားကို။
ဒေဝမနုဿပူဇိတံ = နတ်လူအများ လေးစားကော်ရော် ပူဇော်တော်မူအပ်သော။
ဓမ္မံ = တရားတော်မြတ်ကို။
ဒေဝမနုဿပူဇိတံ = နတ်လူအများ လေးစားကော်ရော် ပူဇော်တော်မူအပ်သော။
သံဃံ = သံဃာတော်မြတ်ကို။
နမဿာမ = ရှိခိုးဦးညွတ်ကြပါကုန်၏။
ပါဏီနံ = အပေါင်းများစွာ သတ္တဝါတို့အား။
သုဝတ္ထိ = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။
ဟောတု = မုချမသွေ ဖြစ်ပါစေသတည်း။ ။
ရတနသုတ္တံ = ရတနသုတ်ပရိတ်တရားတော် မြတ်သည်။ နိဋ္ဌိတံ = ပြီးဆုံးတော်မူပြီ။
_________
မေတ္တာပို့ - ဆုတောင်း - အမျှဝေ
သဗ္ဗေ သတ္တာ၊ သဗ္ဗေ ပါဏာ၊
သဗ္ဗေ ဘူတာ၊ သဗ္ဗေ ပုဂ္ဂလာ၊
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ၊
သဗ္ဗာ ဣတ္ထိယော၊ သဗ္ဗေ ပုရိသာ၊
သဗ္ဗေ အရိယာ၊ သဗ္ဗေ အနရိယာ၊
သဗ္ဗေ ဒေဝါ၊ သဗ္ဗေ မနုဿာ၊
သဗ္ဗေ ဝိနိပါတိကာ --
အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊
အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
ဒုက္ခာ မုစ္စန္တု၊ ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု၊
ကမ္မဿကာ။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
သတ္တာ = ခန္ဓာ (၅)ပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြ ကုန်သော သတ္တဝါတို့သည်။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
ပါဏာ = ဝင်သက် ထွက်သက် ရှိကြကုန်သော သတ္တဝါ တို့သည်။
သဗ္ဗေ္ဗ = ခပ်သိမ်းကုန်သော။
ဘူတာ = ကံ-ကိလေသာကြောင့် ထင်ရှားဖြစ်ကြကုန် သော သတ္တဝါတို့သည်။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
ပုဂ္ဂလာ = ငရဲ၌ ကျရောက်ခြင်းသဘော ရှိကြကုန် သော သတ္တဝါတို့သည်။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
အတ္တဘာဝပရိယာပန္နာ = ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကြကုန်သော သတ္တဝါတို့သည်။
သဗ္ဗာ = ခပ်သိမ်းကုန်သော။
ဣတ္ထိယော = အမျိုးသမီးတို့သည်။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
ပုရိသာ = အမျိုးသားတို့သည်။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
အရိယာ = အရိယာ ပုဂ္ဂိုလ်တို့သည်။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
အနရိယာ = အရိယာ မဟုတ်သော ပုဂ္ဂိုလ်တို့သည်။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
ဒေဝါ = နတ်တို့သည်။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
မနုဿာ = လူသားတို့သည်။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
ဝိနိပါတိကာ = အပါယ်သား သတ္တဝါတို့သည်။
အဝေရာ ဟောန္တု = ဘေးရန်ကင်းကြပါစေ။
အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ = ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့်။
အတ္တာနံ = မိမိတို့၏ ခန္ဓာဝန်ကို။
ပရိဟရန္တု = ရွက်ဆောင်နိုင်ကြပါစေ။
ဒုက္ခာ = ဆင်းရဲဒုက္ခမှ။
မုစ္စန္တု = လွတ်ကြပါစေ။
ယထာလဒ္ဓသမ္ပတ္တိတော = ရရှိပြီးသော စည်းစိမ်ချမ်း သာမှ။
မာဝိဂစ္ဆန္တု = မရွေ့လျောကြပါစေသတည်း။
ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
ပုရတ္ထိမာယ ဒိသာယ၊ ပစ္ဆိမာယ ဒိသာယ၊
ဥတ္တရာယ ဒိသာယ၊ ဒက္ခိဏာယ ဒိသာယ၊
ပုရတ္ထိမာယ အနုဒိသာယ၊ ပစ္ဆိမာယ အနုဒိသာယ၊
ဥတ္တရာယ အနုဒိသာယ၊ ဒက္ခိဏာယ အနုဒိသာယ၊
ဟေဋ္ဌိမာယ ဒိသာယ၊ ဥပရိမာယ ဒိသာယ --
သဗ္ဗေ သတ္တာ၊ သဗ္ဗေ ပါဏာ၊
သဗ္ဗေ ဘူတာ၊ သဗ္ဗေ ပုဂ္ဂလာ၊
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ၊
သဗ္ဗာ ဣတ္ထိယော၊ သဗ္ဗေ ပုရိသာ၊
သဗ္ဗေ အရိယာ၊ သဗ္ဗေ အနရိယာ၊
သဗ္ဗေ ဒေဝါ၊ သဗ္ဗေ မနုဿာ၊
သဗ္ဗေ ဝိနိပါတိကာ --
အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊
အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
ဒုက္ခာ မုစ္စန္တု၊ ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု၊
ကမ္မဿကာ။
ပုရတ္ထိမာယ ဒိသာယ = အေ့ရှအရပ်မျက်နှာ၌။
ပစ္ဆိမာယ ဒိသာယ = အနောက်အရပ်မျက်နှာ၌။
ဥတ္တရာယ ဒိသာယ = မြောက်အရပ်မျက်နှာ၌။
ဒက္ခိဏာယ ဒိသာယ = တောင်အရပ်မျက်နှာ၌။
ပုရတ္ထိမာယ အနုဒိသာယ = အေ့ရှတောင်အရပ် မျက်နှာ၌။
ပစ္ဆိမာယ အနုဒိသာယ = အနောက်မြောက်အရပ် မျက်နှာ၌။
ဥတ္တရာယ အနုဒိသာယ = အေ့ရှမြောက်အရပ်မျက်နှာ ၌။
ဒက္ခိဏာယ အနုဒိသာယ = အနောက်တောင်အရပ် မျက်နှာ၌။
ဟေဋ္ဌိမာယ ဒိသာယ = အောက်အရပ်မျက်နှာ၌။
ဥပရိမာယ ဒိသာယ = အထက်အရပ်မျက်နှာ၌။
သဗ္ဗေ = ခပ်သိမ်းကုန်သော။
သတ္တာ = ခန္ဓာ (၅)ပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန် သော သတ္တဝါတို့သည်။ ပ ။
ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြ၏။
ဥဒ္ဓံ ယာဝ ဘဝဂ္ဂါ စ၊ အဓော ယာဝ အဝီစိတော။
သမန္တာ စက္ကဝါဠေသု၊ ယေ သတ္တာ ပထဝီစရာ။
အဗျာပဇ္ဇာ နိဝေရာ စ၊ နိဒ္ဒုက္ခာ စာနုပ္ပဒ္ဒဝါ။
သမန္တာ = ဤစကြဝဠာခွင်ပတ်ဝန်းကျင်မှ။
စက္ကဝါဠေသု = အနန္တစကြဝဠာတို့၌။
ဥဒ္ဓံ = အထက်အဖို့၌။
ယာဝ ဘဝဂ္ဂါ စ = ဘဝဂ်သို့တိုင်အောင်လည်းကောင်း။
အဓော = အောက်အဖို့၌။
ယာဝ အဝီစိတော စ = အဝီစိသို့တိုင်အောင်လည်း ကောင်း။
ပထဝီစရာ = မြေ၌ သွားလာကျက်စားကြကုန်သော။ ယေ သတ္တာ = အကြင်သတ္တဝါတို့သည်။
သန္တိ = ရှိကြကုန်၏။
တေ = ထိုသတ္တဝါတို့သည်။
အဗျာပဇ္ဇာ စ = စိတ်ဆင်းရဲခြင်းကင်းကြသည်လည်း။ ဟောန္တု = ဖြစ်ကြပါစေ။
နိဝေရာ စ = ဘေးရန်ကင်းကြသည်လည်း။
ဟောန္တု = ဖြစ်ကြပါစေ။
နိဒ္ဒုက္ခာ စ = ဆင်းရဲကင်းကြသည်လည်း။
ဟောန္တု = ဖြစ်ကြပါစေ။
နုပ္ပဒ္ဒဝါ စ = ဘေးဥပဒ်ကင်းကြသည်လည်း။
ဟောန္တု = ဖြစ်ကြပါစေ။
ဥဒ္ဓံ ယာဝ ဘဝဂ္ဂါ စ၊ အဓော ယာဝ အဝီစိတော။
သမန္တာ စက္ကဝါဠေသု၊ ယေ သတ္တာ ဥဒကေစရာ။
အဗျာပဇ္ဇာ နိဝေရာ စ၊ နိဒ္ဒုက္ခာ စာနုပ္ပဒ္ဒဝါ။
ဥဒကေစရာ = ရေ၌ သွားလာကျက်စားကြကုန်သော။
ဥဒ္ဓံ ယာဝ ဘဝဂ္ဂါ စ၊ အဓော ယာဝ အဝီစိတော။
သမန္တာ စက္ကဝါဠေသု၊ ယေ သတ္တာ အာကာသေစရာ။
အဗျာပဇ္ဇာ နိဝေရာ စ၊ နိဒ္ဒုက္ခာ စာနုပ္ပဒ္ဒဝါ။
အာကာသေစရာ = ကောင်းကင်၌ သွားလာကျက်စား ကြကုန်သော။
ယံ ပတ္တံ ကုသလံ တဿ၊ အာနုဘာဝေန ပါဏိနော။
သဗ္ဗေ သဒ္ဓမ္မရာဇဿ၊ ဉတွာ ဓမ္မံ သုခါဝဟံ။
မယာ = တပည့်တော်သည်။
ယံ ကုသလံ = များမြောက်လှသော အကြင်ကုသိုလ်ကို။
ပတ္တံ = ဧကန်ဆတ်ဆတ် ရောက်အပ်ရအပ်လေပြီ။
တဿ ကုသလဿ = များမြောက်လှသော ထိုကုသိုလ် ၏။
အာနုဘာဝေန = တန်ခိုးရှိန်စော်အာနုဘော်ကြောင့်။
သဗ္ဗေ = ကြွင်းမဲ့ဥဿုံအလုံးစုံကုန်သော။
ပါဏိနော = သက်ရှိများစွာ သတ္တဝါတို့သည်။
သဒ္ဓမ္မရာဇဿ = တရားမင်းဖြစ်တော်မူသော မြတ်စွာ ဘုရား၏။
သုခါဝဟံ = လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာ စက်ကို လက်ရောက်ရအောင် ရွက်ဆောင်ပေတတ် ထသော။
ဓမ္မံ = ဟောဖော်မိန့်ညောင်း တရားကောင်းကို။
ဉတွာ = အမှန်အတိုင်း သိမြင်ကြ၍။
ပါပုဏန္တု ဝိသုဒ္ဓါယ၊ သုခါယ ပဋိပတ္တိယာ။
အသောကမနုပါယာသ၊ နိဗ္ဗာနသုခမုတ္တမံ။
ဝိသုဒ္ဓါယ = ကာမသုခလ္လိက, အတ္တကိလမထာ နှစ်ဖြာ သော အယုတ်တရားတို့မှ ဝေးခြားကင်းကွယ် သန့်ရှင်း စင်ကြယ်သော။
သုခါယ = လွယ်ကူချမ်းသာစွာသော။
ပဋိပတ္တိယာ = အဋ္ဌင်္ဂိက ဖြူစင်လှသား မဇ္ဈိမပဋိပတ် အကျင့်မြတ်ဖြင့်။
အသောကံ = စိုးရိမ်ပူဆွေးရခြင်း အလျှင်းမရှိထသော။
အနုပါယာသံ = ဥပါယာသ အလောင်အမြိုက်ဘေး လည်း မရှိထသော။
ဥတ္တမံ = မြင့်မြတ်ကဲချွန် သာလွန်စွာသော။
နိဗ္ဗာနသုခံ = နိဗ္ဗာန်တည်းဟူသော ချမ်းသာသို့။
ပါပုဏန္တု = ဆိုက်ရောက်နိုင်ကြပါစေကုန်သတည်း။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။
သဗ္ဗေပိ သတ္တာ ကာလေန၊ သမ္မာ ဒေဝေါ ပဝဿတု။
သဒ္ဓမ္မော = ပရိယတ်, ပဋိပတ်, ပဋိဝေဓဟု သဒ္ဓမ္မတွင် ခေါ် သာသနာတော်သုံးရပ်သည်။
စိရံ = များမြောင်ရှည်ကြာ အခါကာလပတ်လုံး။
တိဋ္ဌတု = လျှံခြည်ဝေရွှန်း နေစက်ဝန်းသို့ တည်ထွန်း တောက်ပပါစေသတည်း။
သဗ္ဗေပိ = ကြွင်းမဲ့ဥဿုံအလုံးစုံလည်း ဖြစ်ကုန်သော။
သတ္တာ = လူ နတ် ဗြဟ္မာ သတ္တဝါတို့သည်။
ဓမ္မေ = ရှင်စောဘုရား ဟောကြားမြွက်ဖော် တရား တော်၌။
သဂါရဝါ ဟောန္တု = ကျောက်ထီးအတူ အလေးမူကြပါ စေကုန်သတည်း။
ဒေဝေါ = မိုးနတ်မင်းသည်။
ကာလေန = ရွာချိန်သင့်ရာ ညဉ့်အခါ၌။
သမ္မာ ပဝဿတု = မြို့ပြည်ရွာတို့ သာယာတင့်မော စည်ပင်ပြောအောင် ရွာဖြိုးသွန်ပါစေသတည်း။
ယထာရက္ခိံသု ပေါရာဏာ, သုရာဇာနော တထေဝိမံ။
ရာဇာ ရက္ခတု ဓမ္မေန, အတ္တနောဝ ပဇံ ပဇံ။
ပေါရာဏာ = ရှေးအထက်ကျော် အခါသော်က တေဇော်ထွန်းသစ် ဘုန်းရောင်လှစ်ကြကုန်သော။
သုရာဇာနော = ဘုရားအလောင်း ရှေးမင်းကောင်း တို့သည်။
ပဇံ = တိုင်းသားပြည်သူ ဗိုလ်လူအပေါင်းကို။
ဓမ္မေန = ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။
ရက္ခိံသု ယထာ = ထိန်းသိမ်းစောင့်ရှောက်ကုန် သကဲ့သို့။
တထေဝ = ထိုဘုရားအလောင်း ရှေးမင်းကောင်းတို့ အတူသာလျှင်။
ရာဇာ = သမ္မုတိနတ် တို့မင်းမြတ်သည်။
ဣမံ ပဇံ = ပြည်ထောင်စုသား ဤလူအများကို။
ဓမ္မေန = ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။
အတ္တနော ပဇံ ဣဝ = ရင်မှပေါက်ဖွား မိမိ၏သားကို ကဲ့သို့။
ရက္ခတု = မေတ္တာ ကရုဏာ ဖြန့်ချိကာဖြင့် သဒ္ဓါဆော်နှိုး ဗြဟ္မစိုရ်မိုးကို စွေဖြိုးသွန်ကာ စောင့်ရှောက်ချီးပင့်နိုင် ပါစေသတည်း။
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ = ဤလောကုတ္တရာ တရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ဖြင့်။
ဗုဒ္ဓံ = မြတ်စွာဘုရားကို။
ပူဇေမိ = ပူဇော်ပါ၏။
ပ။ ဓမ္မံ = တရားတော်မြတ်ကို။ ပ။
ပ။ သံဃံ = သံဃာတော်မြတ်ကို။ ပ။
အဒ္ဓါ ဣမာယ ပဋိပတ္တိယာ ဇာတိ-ဇရာ-မရဏမှာ ပရိမုစ္စိဿာမိ။
အဒ္ဓါ = မချွတ်။
ဣမာယ ပဋိပတ္တိယာ = ဤကျင့်ဝတ်ပဋိပတ်ဖြင့်။
ဇာတိ ဇရာ မရဏမှာ = ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်းမှ။
ပရိမုစ္စိဿာမိ = လွတ်မြောက်ရပါစေသတည်း။
ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
မေ = တပည့်တော်၏။
ဣဒံ ပုညံ = ဤနေ့ဤရက်၌ ပြုလုပ်ရသော ကောင်းမှု ကုသိုလ်သည်။
အာသဝက္ခယာဝဟံ = အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်သို့ ဆောင်နိုင်သည်။
ဟောတု = ဖြစ်ပါစေသတည်း။
မေ = တပည့်တော်၏။
ဣဒံ ပုညံ = ဤနေ့ဤရက်၌ ပြုလုပ်ရသော ကောင်းမှု ကုသိုလ်သည်။
နိဗ္ဗာနဿ = နိဗ္ဗာန်သို့ရောက်ခြင်း၏။
ပစ္စယော = အကြောင်းအထောက်အပံ့သည်။
ဟောတု = ဖြစ်ပါစေသတည်း။
မမ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမိ။
တေ သဗ္ဗေ မေ သမံ ပုညဘာဂံ လဘန္တု။
မမ = တပည့်တော်၏။
ပုညဘာဂံ = ဤနေ့ဤရက်၌ ပြုလုပ်ရသော ကောင်းမှု ကုသိုလ်၏ အဖို့ဘာဂကို။
သဗ္ဗသတ္တာနံ = ခပ်သိမ်းကုန်သော သတ္တဝါတို့အား။
ဘာဇေမိ = အမျှပေးဝေပါ၏။
တေ သဗ္ဗေ = ထိုသတ္တဝါတို့သည်။
မေ = တပည့်တော်နှင့်။
သမံ = ထပ်တူထပ်မျှ။
ပုညဘာဂံ = ကောင်းမှုကုသိုလ်၏ အဖို့ဘာဂကို။
လဘန္တု = ရရှိကြပါစေကုန်သတည်း။ ။
သာဓု သာဓု သာဓုပါဘုရား ...
_________
Comments
Post a Comment