Skip to main content

မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်

မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါနကထာ

လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က သုမေဓာပညာရှိ သူတော်ကောင်းသည် မြတ်သော ပြာသာဒ်ထက်သို့ တက်ရောက်ကာ ထက်ဝယ်ဖွဲ့ခွေထိုင်နေလျက် ဤသို့ စဉ်းစားခဲ့၏ ---

အမောင် ပညာရှိသူတော်ကောင်း ...တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေရခြင်းမည်သည်ကား ဆင်းရဲလှ၏၊ အလားတူပင် ဖြစ်လေရာ ဖြစ်လေရာ ဘုံဘဝ၌ ခန္ဓာကိုယ်၏ သေကျေပျက်စီးရခြင်းသည်လည်း ဆင်းရဲ လှ၏၊ ငါသည်လည်း ပဋိသန္ဓေတည်နေရခြင်း သဘောတရား ထင်ရှားရှိနေသူသာ ဖြစ်၏၊ အိုခြင်း (= ဇရာတရား) ထင်ရှားရှိနေသူသာ ဖြစ်၏၊ ဖျားနာရခြင်း (= ဗျာဓိတရား) ထင်ရှားရှိနေသူသာ ဖြစ်၏၊ သေခြင်း (= မရဏတရား) ထင်ရှားရှိနေသူသာ ဖြစ်၏။

ဤကဲ့သို့သော ပဋိသန္ဓေဘေးဆိုးကြီး, အိုဘေးဆိုးကြီး, နာဘေးဆိုးကြီး, သေဘေးဆိုးကြီးတို့ ထင်ရှားရှိနေသေးသော ငါသည် ပဋိသန္ဓေ မနေရာ, မအိုရာ, မနာရာ, ဆင်းရဲမရှိရာ, ချမ်းသာရာ, အေးမြရာ, မသေရာ အမြိုက် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရှာမှီးခြင်းငှာ သင့်လှပေ၏၊ မချွတ်ဧကန် အမှန် အားဖြင့် ဘဝမှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း တစ်ခုသော လမ်းကောင်းသည် ရှိသင့်လေရာ၏။

ဥပမာမည်သည်ကား --- မစင်တွင်း၌ နစ်မြုပ်နေသော ယောက်ျားသည် ခပ်လှမ်းလှမ်း တစ်နေရာဝယ် လှပတင့်တယ် ရှုချင်စဖွယ် ရှိလှသည့် အရောင်အဝါ ငါးမျိုးတို့ဖြင့် အလှဆုံး တန်ဆာဆင်ထားသည့် ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးလွှမ်းလျက်ရှိသော တစ်ဖက်ဆည်ကန်အိုင်ကြီးတစ်ခုကို မြင်တွေ့နေရလျှင် အဘယ်လမ်းခရီးဖြင့် ဤအိုင်ကြီးသို့ သွားရပါမည်နည်းဟု ထိုအိုင်ကြီးသို့ သွားရာလမ်းကို ရှာဖွေသင့်၏၊ ထိုယောက်ျား၏ ထိုအိုင်ကြီးသို့ သွားရာလမ်းကို မရှာဖွေခြင်းသည် ထိုအိုင်ကြီး၏ အပြစ်ကား မဟုတ်၊ ထိုယောက်ျား၏ အပြစ်သာ ဖြစ်လေရာ၏။ ---

ဤဥပမာအတူပင်လျှင် ကိလေသာအညစ်အကြေးတို့ကို ဖြူစင်သန့်ရှင်းအောင် ဆေးကြောသုတ်သင်ရာဖြစ်သော မသေရာ အမြိုက်နိဗ္ဗာန်တရား တော်မြတ်ကြီးတည်းဟူသော တစ်ဖက်ဆည်ကန်အိုင်ကြီးသည် ထင်ရှား ရှိနေသည် ဖြစ်ပါလျက် ထိုမသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးသို့ သွားရာသွားကြောင်း ရောက်ရာရောက်ကြောင်းဖြစ်သည့် လမ်းကောင်းလမ်းမြတ်ကြီးကို မရှာဖွေခြင်းသည် မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီး တည်းဟူသော တစ်ဖက်ဆည်ကန်အိုင်ကြီး၏ အပြစ်ကား မဟုတ်ပေ။

ဥပမာတစ်မျိုးသော်ကား --- ခိုးသားဓားပြတို့ဖြင့် ဝန်းရံခံနေရသော ယောက်ျားသည် ယင်းခိုးသားဓားပြတို့၏ ဘေးရန်အန္တရာယ် အသွယ်သွယ်မှ လွတ်ရာလွတ်ကြောင်း ထွက်ပြေးဖို့ရန် လမ်းကောင်းသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် အကယ်၍ ထွက်မပြေးခဲ့ငြားအံ့။ ထိုသို့ ထွက်မပြေးခြင်းသည် လမ်းခရီး၏ အပြစ်ကား မဟုတ်ပေ၊ သိလျက် မြင်လျက် ဇွတ်မှိတ်ကာ ထွက်မပြေးလိုသော ထိုယောက်ျား၏ အပြစ်သာလျှင် ဖြစ်ပေသည်။ ---

ဤဥပမာအတူပင်လျှင် ကိလေသာခိုးသားဓားပြတို့က ဝန်းရံကာလျက် အဖမ်းဆီးခံနေရသော ယောက်ျားသည် ကိလေသာအပူမီးတို့မှ အငြိမ်းကြီး ငြိမ်းရာ အအေးကြီးအေးရာ အလွတ်ကြီးလွတ်ရာ အကျွတ်ကြီးကျွတ်ရာ ဖြစ်သည့် နိဗ္ဗာန်ရွှေပြည်သို့ သွားရာသွားကြောင်း လမ်းကောင်း လမ်းမြတ်ကြီးသည် ထင်ရှားတည်ရှိနေသည် ဖြစ်ပါလျက် နိဗ္ဗာန်သို့ သွားရာသွားကြောင်း လမ်းကောင်း လမ်းမြတ်ကို မရှာဖွေခြင်းမည်သည် နိဗ္ဗာန်သို့ သွားရာသွားကြောင်း လမ်းကောင်းလမ်းမြတ်၏ အပြစ်ကား မဟုတ်ပေ၊ နိဗ္ဗာန်သို့ သွားရာ သွားကြောင်း ဖြစ်သည့် လမ်းကောင်း လမ်းမြတ်ကို မရှာဖွေသူ၏ အပြစ်သာ ဖြစ်ပေသည်။

ဥပမာတစ်မျိုးသော်ကား --- ဖျားနာခြင်း (= ဗျာဓိတရား)ဖြင့် အနှိပ်စက် ခံနေရသော ယောက်ျားသည် ဖျားနာခြင်း (= ဗျာဓိတရား)ကို ကုစားတတ်သော အနာရောဂါ ပျောက်ကင်းကြောင်း ဆေးဆရာသမားကောင်းသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် ထိုဆေးဆရာသမားကောင်းကို ရှာမှီး၍ ဖျားနာခြင်း (= ဗျာဓိရောဂါ)ကို အကယ်၍ မကုစားသည် ဖြစ်ငြားအံ့။ ထိုသို့ မကုစားခြင်းသည် ဆေးဆရာသမားတော်ကြီး၏ အပြစ်ကား မဟုတ်၊ ထို ယောက်ျား၏ အပြစ်သာလျှင် ဖြစ်ပေသည်။

ဤဥပမာအတူပင်လျှင် ကိလေသာ အနာရောဂါအမျိုးမျိုးဖြင့် အညှဉ်းပန်း အနှိပ်စက်ခံနေရသော အကြင်ယောက်ျားသည် ကိလေသာ အပူမီးတို့၏ ငြိမ်းအေးကြောင်း အကျင့်လမ်းကောင်း၌ ကျွမ်းကျင်လိမ္မာသော ဆရာကောင်း သမားကောင်းသည် ထင်ရှားရှိနေပါလျက် အကယ်၍ ဆရာကောင်း သမားကောင်းကို မရှာဖွေသည် ဖြစ်ငြားအံ့။ ထိုယောက်ျား၏သာလျှင် အပြစ် ဖြစ်လေရာ၏၊ ကိလေသာ အပူမီးကို ဖျက်ဆီးပေးတတ်သော အကျင့်လမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတတ်သော ဆရာသမားကောင်း၏ အပြစ်ကား မဟုတ်သည်သာ ဖြစ်ပေသည်။

ဥပမာတစ်မျိုးသော်ကား --- အလှတွင် သရဖူဆောင်းကာ လှလှပပ ကျကျနန ဝတ်စားဆင်ယင် တန်ဆာဆင်ထားသော ယောက်ျားသည် လည်ပင်း၌ ဆွဲချိတ်ထားသော သူသေကောင်ပုပ်ကို စွန့်ပစ်နိုင်ခဲ့သော် ချမ်းသာခြင်း သုခရှိသူ၏အဖြစ်သို့ ရောက်ရှိလေရာ၏။

ဤဥပမာအတူပင်လျှင် ငါသည်လည်းပဲ ဤငါ၏ ခန္ဓာကိုယ်တည်းဟူသော အပုပ်ကောင်ကြီးကို ငဲ့ကွက်တွယ်တာမှု မရှိဘဲ စွန့်ပစ်ထားခဲ့ပြီးနောက် အပုပ်ကောင် အမျိုးမျိုးတို့၏ မရှိရာ အမြိုက်နိဗ္ဗာန်တည်းဟူသော ရွှေမြို့တော်ကြီးသို့ ဝင်ရောက်ထိုက်လှပေ၏။

ဥပမာတစ်မျိုးသော်ကား --- အမျိုးသား အမျိုးသမီးတို့သည် မစင်စွန့်ရာ အရပ်၌ ကျင်ကြီး ကျင်ငယ်ကို စွန့်ပြီးနောက် ထိုကျင်ကြီး ကျင်ငယ်ကို ခါးပုံစ ထဲ၌ ထည့်ယူ၍လည်းကောင်း, ပုဆိုးစွန်းဖြင့် ထုပ်ယူ၍လည်းကောင်း မသွားကြကုန်၊ ရွံရှာစက်ဆုပ်ကြကုန်လျက် ငဲ့ကွက်တွယ်တာမှု မရှိကြကုန်ဘဲ သာလျှင် စွန့်ပစ်ကာ သွားကြကုန်၏။ ဤဥပမာအတူသာလျှင် ငါသည်လည်းပဲ ဤခန္ဓာကိုယ် အပုပ်ကောင် မစင်တုံးကြီးကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုတော့ဘဲ မစင်ပုံကြီးကဲ့သို့ စွန့်ပစ်ထားခဲ့ပြီးနောက် ခန္ဓာကိုယ် အပုပ်ကောင် မစင်တုံးကြီးတို့၏ ကင်းချုပ်ရာဖြစ်သည့် မသေရာ အမြိုက်နိဗ္ဗာန်မြို့ကြီး အတွင်းသို့ ဝင်ရောက်သင့်လှပေ၏။

ဥပမာတစ်မျိုးသော်ကား --- လှေသူကြီးတို့မည်သည် ဆွေးမြည့်ယိုယွင်း အိုမင်းလျက်ရှိသော လှေအိုစုတ်ကြီးကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုကြတော့ဘဲ စွန့်ပစ်ကာ သွားကြကုန်သကဲ့သို့ ဤဥပမာအတူ ငါသည်လည်းပဲ ကိုးပေါက်ဒွါရ အမာဝတို့မှ တစီစီ ယိုစီးကျဆင်းလျက်ရှိသော လှေအိုစုတ်ကြီးနှင့် ပမာတူသည့် ဤခန္ဓာကိုယ်ကောင်စုတ်ကြီးကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုတော့ဘဲ စွန့်ပစ်ထားခဲ့ပြီးနောက် ခန္ဓာကိုယ်ကောင်စုတ်ကြီးတို့၏ ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သည့် နိဗ္ဗာန်တည်းဟူသော မြို့တော်ကြီး၏ အတွင်းသို့ ဝင်ရောက်၍ သွားပေတော့အံ့။ ---

ဥပမာတစ်မျိုးသော်ကား --- လက်ဝတ်တန်ဆာ အဖိုးတန်ရတနာ အမျိုးမျိုးတို့ကို ယူဆောင်ကာ ခိုးသားဓားပြတို့နှင့် အတူတကွ လမ်းခရီးတစ်ခုကို သွားမိသော ယောက်ျားသည် မိမိ၏ အဖိုးတန်ရတနာ အမျိုးမျိုးတို့၏ ပျက်စီး ဆုံးရှုံးရမည့် ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်မှ ကြောက်ရွံ့သောကြောင့် ထိုခိုးသားဓားပြတို့ကို စွန့်ပစ်ကာ ဘေးကင်းသော လမ်းကို ယူပြီးနောက် မိမိလိုရာခရီးသို့ ဆက်လက်ကာ သွားသကဲ့သို့ --- ဤဥပမာအတူပင် ကံ-စိတ်-ဥတု-အာဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ကရဇကာယအမည်ရသော ဤရူပကာယကြီး သည်လည်း မဏိဇောတ ပြည်တန်ပတ္တမြားကဲ့သို့သော အဖိုးတန်ရတနာ အမျိုးမျိုးတို့ကို လုယက်ဖျက်ဆီးတတ်သော ခိုးသားဓားပြနှင့် တူလှ၏။

[ကံ-စိတ်-ဥတု-အာဟာရ တည်းဟူသော အကြောင်းတရား လေးမျိုးတို့တွင် တစ်မျိုးမျိုးသည် ဖောက်ပြန် ပျက်စီးလာပါက, ဓာတ်ကြီးလေးပါး တို့တွင်လည်း တစ်ပါးပါးသည် ဖောက်ပြန် ပျက်စီးလာပါက ဤခန္ဓာကိုယ်ကြီးသည် အချိန်မရွေး ပျက်စီးဆုံးရှုံးသွားနိုင်၏။ ထိုကြောင့် ယင်းအကြောင်းတရားတို့သည်လည်းကောင်း, ဓာတ်ကြီးလေးပါးတို့သည်လည်းကောင်း မိမိတို့ကို အသေသတ်မည့် မြွေကြီးလေးကောင်တို့နှင့်လည်း တူလှ၏၊ ခိုးသား ဓားပြ လူသတ်သမားကြီးတို့နှင့်လည်း တူလှ၏။ (အာသီဝိသောပမသုတ္တန် သံ၊၂၊ ၃၈၁-၃၈၂။)] ငါသည် အကယ်၍ ခိုးသားဓားပြနှင့်တူသော ဤခန္ဓာအိမ်ကြီး အပေါ်၌ တွယ်တာမက်မောမှု တဏှာတရားကို ထင်ရှားပြုနေသည် ဖြစ်ငြားအံ့။ နိဗ္ဗာန်သို့သွားရာ တစ်ခုတည်းသော လမ်းကြောင်းအစစ် ဧကန်ဖြစ်သည့် အရိယမဂ်ကုသိုလ်တရားရတနာကြီးသည် ငါ၏သန္တာန်၌ ပျောက်ပျက်၍ သွားပေလတ္တံ့၊ ထိုကြောင့် ငါသည် ခိုးသားဓားပြတို့နှင့် တူညီနေသည့် ကိလေသာ ခိုးသားဓားပြတို့ ထကြွသောင်းကျန်းရာ ဤရူပကာယခန္ဓာအိမ်ကြီးကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုတော့ဘဲ စွန့်ပစ်ကာ ထားခဲ့ပြီးနောက် ကိလေသာ ခိုးသားဓားပြတို့၏ ချုပ်ငြိမ်းရာ ကိလေသာ ခိုးသားဓားပြတို့၏ စံအိမ်ဖြစ်သည့် ခန္ဓာအိမ်တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တည်းဟူသော မြို့ကြီး အတွင်းသို့ ဝင်ရောက်သွားခြင်းငှာ သင့်တော်တော့သည်သာတည်း။

ဤသို့လျှင် သုမေဓာရှင်ရသေ့သည် ဥပမာအမျိုးမျိုးတို့ဖြင့် နေက္ခမ္မဓာတ် နှင့် ဆက်စပ်နေသော အနက်သဘောတို့ကို စဉ်းစားဆင်ခြင်တော်မူပြီးနောက် မိမိနေအိမ်အတွင်း၌ အတိုင်းအတာပမာဏမရှိသော စည်းစိမ်ဥစ္စာစုကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုတော့ဘဲ လွတ်လွတ်ကြီး စွန့်လွှတ်ကာ ကြီးစွာသော အလှူဒါနကို ပြုပြီးနောက် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု တည်းဟူသော လိုချင်စရာ ဝတ္ထုကာမနှင့် ယင်းဝတ္ထုကာမအပေါ်၌ တွယ်တာ မက်မောတတ်သည့် တဏှာတရားတည်းဟူသော ကိလေသာကာမတို့ကို ပယ်ရှား၍ အမရဝတီ အမည်ရသော နေပြည်တော်မှ တစ်ဦးတည်းပင် ထွက်ခွာခဲ့ပြီးနောက် ဟိမဝန္တာအရပ်သို့ ရှေးရှုကာ တောထွက်တော်မူခဲ့လေသည်။

ဟိမဝန္တာအရပ်ဝယ် ဓမ္မိကမည်သော တောင်ကို အမှီပြုကာ သစ်ရွက်မိုး သင်္ခမ်းကျောင်းကိုလည်း ဆောက်လုပ်လိုက်၏၊ လမ်းလျှောက်ကာ တရားရှုပွား ရန်အတွက် စင်္ကြံကိုလည်း ဖန်ဆင်းလိုက်လေသည်၊ လူဝတ်ကြောင်ဝတ်စုံကို စွန့်လွှတ်ကာ ရသေ့ဝတ်စုံကို ဆင်မြန်းပြီး ရသေ့ရဟန်းပြုလေသည်။ ထို့နောင် ကသိုဏ်းပရိကမ်တို့ကို စီးဖြန်းလျက် စျာန်အဘိညာဏ်တို့ကို ကြိုးစား အားထုတ်တော်မူရာ လောကီစျာန်သမာပတ် (၈)ပါးနှင့် လောကီအဘိညာဏ် (၅)ပါးတို့ကို ခုနစ်ရက်အတွင်းမှာပင် ရရှိတော်မူလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃-၇။)

ဤသည်တို့ကား သုမေဓာရှင်ရသေ့၏ တောထွက်တော်မူခန်း၌ လာရှိသည့် သုမေဓာရှင်ရသေ့ တောထွက်ကာ ရသေ့ရဟန်းပြုရာ၌ ထားရှိသည့် မွန်မြတ်သော ဦးတည်ချက်ပင် ဖြစ်ပေသည်။ အလားတူပင် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုသူတိုင်း ပြုသူတိုင်းသည်လည်းကောင်း, နိဗ္ဗာန်သို့ ရောက်ရန် ရည်မျှော်ကာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသည့် သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းသည်လည်းကောင်း သုမေဓာရှင်ရသေ့ကဲ့သို့ မွန်မြတ်သော ဦးတည်ချက် ရှိဖို့ကား အထူး လိုအပ်လှပေသည်။

သို့သော် ဤကဲ့သို့သော မွန်မြတ်သော ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပင် ပြုငြားသော်လည်း မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို တကယ်လက်တွေ့ ကျင့်ရာ၌မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်ဟု အမည်တပ်ထားသော ဣန္ဒြိယဇာတ်တော်ဝယ် လာရှိသည့် ရဟန်းတော်ကဲ့သို့ တစ်ခါတစ်ရံ တရားဘာဝနာတွေကို အပတ် တကုတ် ကြိုးစားအားထုတ်နေရင်း ကျူအိမ်ကို သူရိန်မှေးသကဲ့သို့ ကိလေသာအပူရှိန်မီးတို့က တစ်ရှိန်ထိုး တက်လာသည့်အခါ မိမိ အားထုတ်နေဆဲ ဖြစ်သည့် သမထ-ဝိပဿနာဘာဝနာကုသိုလ်တရားတို့အပေါ်၌ မေ့လျော့ခြင်း (=ပမာဒတရား)၏ လွှမ်းမိုးဖိစီးမှုကြောင့် ကိလေသာအပူမီးတို့၏ လောင်မြိုက်သည့် ဒဏ်ချက်ကို မရှုမလှ အသက်ပါ ကြွေလုမတတ် ခံစားနေရတတ် ပေသည်။

ယင်းကဲ့သို့ ခံစားနေရသော် မိမိ၏ မွန်မြတ်သော ဦးတည်ချက်ပန်းတိုင်သို့ ရောက်အောင် ပို့ဆောင်ပေးမည့် စွမ်းအင် အပြည့်အဝရှိသော သီလ ကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တို့ကို အောင်အောင်မြင်မြင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန်မှာ တော်တော်ကလေး အလှမ်းဝေးလျက် ရှိနေမည် ဖြစ်ပေသည်။ ထိုကြောင့် ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဧကကနိပါတ် ပဏိဟိတအစ္ဆဝဂ်တွင် ဤသို့ မိန့်ကြားထားတော်မူခဲ့၏။

ရဟန်းတို့ ...ဥပမာသော်ကား ရေအိုင်သည် နောက်ကျု၏၊ ဘောင်ဘင်ခတ်၏၊ ညွန်အနည်ထ၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်တည်ကာ ကြည့်ရှုလတ်သော် ထိုရေအိုင်ထဲ၌ သွားနေသည်လည်း ဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွားခရုကိုလည်း ကောင်း, ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း, ငါးအပေါင်းကိုလည်း ကောင်း မမြင်နိုင်ရာ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ --- ရဟန်းတို့ ...ရေ၏ ညွန်အနည်ဖြင့် နောက်ကျုနေခြင်းကြောင့်တည်း။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ထိုရဟန်းတော်သည် နောက်ကျုသော စိတ်ဖြင့် စင်စစ် မိမိ၏အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ သူတစ်ပါး၏ အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွား ကိုလည်း သိလတ္တံ့၊ အရိယာသူတော်ကောင်း သူမြတ်လောင်းတို့အားသာ လျော်လျောက်ပတ် မြင့်မြတ်သည့် ဉာဏ်အမြင်ထူးဖြစ်သော လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် သာလွန် မြင့်မြတ်သော စျာန်မဂ်ဖိုလ် တရားထူး တရားမြတ်ကိုလည်း မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းတရားသည် မရှိနိုင်၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ ---- ရဟန်းတို့ ... စိတ်၏ ကိလေသာညွန်အနည်ဖြင့် နောက်ကျုနေခြင်းကြောင့်တည်း။ (အံ၊၁၊၈။ သုတ္တန်နံပါတ်၊၄၅။)

ဤယခုကျမ်းစာတွင် ရေးသား တင်ပြထားသော ဣန္ဒြိယဇာတ်တော်၌ လာရှိသော မယားဟောင်း၏ ဖြားယောင်းမှုဒဏ်ချက်ကို အလူးအလဲ ခံနေရသော ရဟန်းတော်ကဲ့သို့ ဒေါ်မုဆိုးက ပစ်လွှတ်လိုက်သော မြားဒဏ်ချက်က အသည်းခိုက်အောင် စူးဝင်နေသောအခါ ကိလေသာညွန်အနည်ဖြင့် နောက်ကျုနေသော စိတ်ဓာတ်ဖြင့် စျာန်မဂ်ဖိုလ်စတဲ့ တရားထူးတရားမြတ်တို့ကို ရရှိအောင် ဆက်လက် ကြိုးပမ်းဖို့ရန်မှာ အလွန် ခက်ခဲလှပေသည်။ သို့သော် ကိလေသာညွန်အနည်ဖြင့် နောက်ကျုနေသော ထိုစိတ်ဓာတ်ကို မည်သို့ ပြုကျင့်ရမည်နည်း? ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူပြန်၏။ ---

ရဟန်းတို့ ...ဥပမာသော်ကား --- ရေအိုင်သည် ကြည်လင်၏၊ သန့်ရှင်း၏၊ နောက်ကျုခြင်းကင်း၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်တည်ကာ ဤရေအိုင်ထဲ၌ သွားနေသည်လည်းဖြစ်သော, ရပ်တည် နေသည်လည်းဖြစ်သော ယောက်သွားခရုကိုလည်းကောင်း, ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း, ငါးအပေါင်းကိုလည်းကောင်း မြင်နိုင်ရာ၏၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ -- ရဟန်းတို့ ...ရေ၏ ညွန်အနည်ဖြင့် မနောက်ကျုခြင်းကြောင့်တည်း။

ဤဥပမာအတူပင် ထိုရဟန်းသည် မနောက်ကျုသော စိတ်ဖြင့် စင်စစ် မိမိ၏ အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ သူတစ်ပါး၏ အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ အရိယာသူတော်ကောင်း သူမြတ်လောင်းတို့အားသာ လျော်လျောက်ပတ် မြင့်မြတ်သည့် ဉာဏ်အမြင်ထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန် မြင့်မြတ်သော စျာန်မဂ်ဖိုလ်စတဲ့ တရားထူး တရားမြတ်ကိုလည်း မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းတရားသည် ထင်ရှားရှိပါ၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ-- ရဟန်းတို့ ... စိတ်၏ ကိလေသာညွန်အနည်ဖြင့် မနောက်ကျုခြင်းကြောင့်တည်း။ (အံ၊၁၊၈။ သုတ္တန်နံပါတ်၊၄၆။)

ယင်းသို့ဖြစ်လျှင် စိတ်ကို ကိလေသာညွန်အနည်ဖြင့် နောက်ကျုခြင်း ကင်းအောင် အရိယာသူတော်ကောင်း သူမြတ်လောင်းတို့အားသာ လျော်လျောက်ပတ် မြင့်မြတ်သည့် စျာန်မဂ်ဖိုလ်စတဲ့ တရားထူး တရားမြတ်ကို မျက်မှောက်ပြုနိုင်အောင် မည်သို့လေ့ကျင့်ပေးရမည်နည်း, မည်သို့မည်ပုံ လိုက်နာပြုကျင့်ရမည်နည်းဟု မေးရန်ရှိ၏။ ဘုရားရှင်က ဤသို့ မိန့်ကြားထားတော်မူပြန်၏။ ---

ရဟန်းတို့ ...ဥပမာသော်ကား အမှတ်မရှိကုန်သော သစ်ပင်မျိုးတို့သည် ရှိကြကုန်၏။ ထိုသစ်ပင်မျိုးတို့တွင် ကြို့ပင်ကို နူးညံ့သည်၏အဖြစ် ကြောင့်လည်းကောင်း, ထိုထိုအမှုကို (= စားပွဲ, ကုလားထိုင် စသည့် ထိုထိုအမှုကို) ပြုလုပ်ဖို့ရန် သင့်လျော် လွယ်ကူသည်၏အဖြစ်ကြောင့်လည်းကောင်း အကောင်းဆုံးဟု ဆိုအပ်၏။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် (သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့်, တစ်နည်း-စတုတ္ထစျာန်သမာဓိ၏ အစွမ်းဖြင့်)ပွားများထားအပ် ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်းဖြစ်သကဲ့သို့ ထိုထိုဘာဝနာအမှုကို ပြုခြင်းငှာ သင့်လျော် လွယ်ကူသည်လည်းဖြစ်သော အခြားတစ်ခုသော တရားကိုသော်မျှလည်း ငါဘုရားရှင်သည် မြင်တော်မမူ။

ရဟန်းတို့ ...(သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့်, တစ်နည်း- စတုတ္ထစျာန်သမာဓိ၏ အစွမ်းဖြင့်) ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်း ဖြစ်၏၊ ထိုထိုဘာဝနာအမှုကို ပြုခြင်းငှာ သင့်လျော်လွယ်ကူသည်လည်း ဖြစ်၏။ (အံ၊၁၊၈-၉၊၄၇။)

စိတ္တံ ဘိက္ခဝေ ဘာဝိတံ ဗဟုလီကတန္တိ ဧတ္ထ သမထဝိပဿနာဝသေန ဘာဝိတေဉ္စ ပုနပ္ပုနကတဉ္စ စိတ္တံ အဓိပ္ပေတံ၊ ကုရုန္ဒကဝါသီ ဖုဿမိတ္တတ္ထေရော ပနာဟ ဧကန္တံ မုဒု စေဝ ကမ္မနိယဉ္စ စိတ္တံ နာမ အဘိညာပါဒကစတုတ္ထဇ္ဈာနစိတ္တမေဝ အာဝုသောတိ။ (အံ၊ဋ္ဌ၊၁၊၄၄-၄၅။)

ဤ၌ ပွားများထားအပ်ပြီးသော စိတ်, ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အဖန်ဖန် အထပ်ထပ် အလေ့အလာပြုအပ်ပြီးသော စိတ်ဟူသည် သမထဘာဝနာ ဝိပဿနာဘာဝနာတို့၏ အစွမ်းဖြင့် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ အဖန်ဖန် အထပ်ထပ် အလေ့အလာပြုအပ်ပြီးသော သမထ ဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်ကို ဆိုလိုပေသည်။

ကုရုန္ဒကအရပ်၌ သီတင်းသုံးတော်မူသော ဖုဿမိတ္တမထေရ်ကြီးကတော့ --- ငါ့ရှင်...တကယ်စင်စစ် နူးညံ့တဲ့စိတ်, တကယ်စင်စစ် ထိုထို ဘာဝနာအမှု၌ ပြုကျင့်ဖို့ရန် ခံ့ညားနေတဲ့ အခံ့သင့်ဖြစ်နေတဲ့ စိတ်ဆိုတာ အဘိညာဏ်၏ အခြေခံအကြောင်းရင်းဖြစ်တဲ့ စတုတ္ထစျာန်စိတ်ကိုသာ ဆိုလိုပါတယ်ဟု မိန့်တော်မူလေသည်။ (အံ၊ဋ္ဌ၊၁၊၄၄-၄၅။)

ဤအထက်ပါ ဘုရားဟောဒေသနာနှင့် ယင်းဒေသနာတော်ကို ဖွင့်ဆို ထားတော်မူသည့် အဋ္ဌကထာအဖွင့်တို့နှင့်အညီ ---- ကိလေသာဗွက်ညွန်ဖြင့် နောက်ကျုနေသောစိတ်ကို သမထ-ဝိပဿနာဘာဝနာ နှစ်မျိုးစလုံးကို အဝါးဝစွာ လေ့လာအားထုတ်နေဆဲ ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါမူ မိမိပွားများ နေဆဲဖြစ်သည့် သမထဘာဝနာ ဝိပဿနာဘာဝနာတို့ကို တစ်ဖန် ပြန်၍ ပွားများအားထုတ်ခြင်းဖြင့် မိမိ၏ စိတ်ကို နောက်ကျုစေသည့် ကိလေသာ ဗွက်ညွန်တွေကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ပါ။ အကယ်၍ ဝိပဿနာဘာဝနာသို့ မတက်လှမ်းရသေးသော ယောဂီသူမွန်ဖြစ်ခဲ့ပါမူ စတုတ္ထစျာန်သမာဓိကို သို့မဟုတ် စျာန်သမာဓိတစ်ခုခုကို ရရှိအောင် ကြိုးပမ်းပါ။ ထိုသို့ ကြိုးပမ်းရာ၌ မေဃိယသုတ္တန်တွင် ဘုရားရှင်က ဤသို့ ညွှန်ကြားထားတော်မူ၏။ ---

၁။ အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ၊

၂။ မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ၊

၃။ အာနာပါနဿတိ ဘာဝေတဗ္ဗာ ဝိတက္ကုပစ္ဆေဒါယ၊

၄။ အနိစ္စသညာ ဘာဝေတဗ္ဗာ အသ္မိမာနသမုဂ္ဃါတာယ၊

အနိစ္စသညိနော ဟိ မေဃိယ အနတ္တသညာ သဏ္ဌာတိ၊

အနတ္တသညီ အသ္မိမာနသမုဂ္ဃါတံ ပါပုဏာတိ၊ ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာနန္တိ။ (ဥဒါန၊၁၂၀။)

၁။ တွယ်တာတပ်မက်မှု ရာဂတရားကို ပယ်ရှားနိုင်ရေးအတွက် အသုဘ ဘာဝနာကို ပွားများအားထုတ်ပါ။

၂။ ဗျာပါဒ (= ဒေါသ)ကို ပယ်ရှားနိုင်ရေးအတွက် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။

၃။ အကုသလဝိတက်အမျိုးမျိုးကို ဖြတ်တောက်နိုင်ရေးအတွက် အာနာပါနဿတိကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါ။

၄။ ငါ-ငါဟု တက်ကြွ ထောင်လွှားနေသည့် မာန်မာနကို ပယ်နုတ်နိုင်ရေး အတွက် ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ အနိစ္စသညာကို ပွားများအားထုတ်ပါ။

မှန်ပေသည် ချစ်သားမေဃိယ ...ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ အပေါ်၌ အနိစ္စသညာရှိနေသည့် ပုဂ္ဂိုလ်၏သန္တာန်၌ အနတ္တသညာသည် ကောင်းစွာ တည်လာပါတယ်။ အနတ္တသညာရှိနေသည့် ပုဂ္ဂိုလ်သည် ငါ-ငါဟု တက်ကြွထောင်လွှားနေသည့် မာန်မာနကို ပယ်နုတ်နိုင်ခြင်းသို့ ရောက်ရှိနိုင်ပါတယ်၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် ကိလေသာ အပူမီး တို့၏ ငြိမ်းအေးခြင်းသို့ ရောက်ရှိနိုင်ပါတယ်ဟု မိန့်ကြားတော်မူ၏။ (ဥဒါန၊၁၂၀။)

ဤကဲ့သို့သော ဘုရားရှင်၏ ညွှန်ကြားထားတော်မူသည့် ဒေသနာတော် များကို ဦးထိပ်ရွက် ပန်ဆင်လျက် ဣန္ဒြေတို့ကို မစောင့်စည်းမှုကို အခြေခံကာ ဖြစ်ပေါ်လာကြသည့် ကိလေသာအပူမီးတို့ကို ငြိမ်းအေးစေခြင်းငှာ ရည်ရွယ် တောင့်တကာ မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့် ဟူသော အမည်ဖြင့် ဤဣန္ဒြိယဇာတ်ဒေသနာတော်ကို ရေးသား တင်ပြလိုက်ပါသည်။ ကျင့်စဉ်ပိုင်းတွင်ကား သမထပိုင်းဝယ် အာနာပါနကျင့်စဉ်, ကသိုဏ်းကျင့်စဉ်တို့ကိုလည်း အကျဉ်းချုပ်ကာ ဖော်ပြထားပါသည်၊ ဝိပဿနာပိုင်းကိုလည်း သဘောပေါက်လောက်နိုင်ရုံမျှ အကျဉ်းချုပ်ကာ ရေးသား တင်ပြထားပါသည်။

[အာနာပါနကျင့်စဉ်, ကသိုဏ်းကျင့်စဉ်, အသုဘဘာဝနာကျင့်စဉ်, မေတ္တာဘာဝနာကျင့်စဉ် အစရှိသည့် သမထပိုင်းကျင့်စဉ် အရပ်ရပ်တို့ကို လည်းကောင်း, ဝိပဿနာပိုင်းဆိုင်ရာ ကျင့်စဉ်အရပ်ရပ်တို့ကိုလည်းကောင်း ပြည့်ပြည့်စုံစုံ သိရှိလိုပါက, ကျင့်လိုပါက နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသည့် ကျမ်းစာကြီး (၅)တွဲတွင် ကြည့်ရှုလေ့လာကြပါကုန်။]

ဤကျမ်းစာကို ဖတ်ရှုလေ့လာနေသော သူတော်ကောင်း သူမြတ်လောင်းသည်လည်း မိမိ၏ ဣန္ဒြေတို့ကို ကိလေသာမြေခွေးအိုတို့ ဝင်ရောက်ကာ မနှောင့်ယှက်နိုင်အောင် သီလတည်းဟူသော မြေပေါ်ဝယ် ခိုင်ခိုင်ခံ့ခံ့ ရပ်တည်လျက် သမထ (= သမာဓိ)တည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် ကောင်းစွာ သွေး၍ထားအပ်သော ဝိပဿနာဉာဏ် မဂ်ဉာဏ် တည်းဟူသော ဉာဏ်သန်လျက်ဖြင့် အမြစ်ပြတ် ခုတ်ထွင် ရှင်းလင်း နိုင်ပါစေသောဝ် --- ဟု ဆုမွန်ကောင်းတောင်းလျက် ---

ဖားအောက်တောရဆရာတော်

__________

မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်

(ဣန္ဒြိယဇာတ် တရားဒေသနာတော်)

၁၃၅၅-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၃)ရက်နေ့၊ မော်လမြိုင်မြို့၊ မောင်ငံတိုက်ခန်းရပ်ကွက်၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားတော်မူအပ်သော ဇာတ်အဋ္ဌကထာ တတိယတွဲ (၄၂၃)ခုမြောက် ဇာတ်တော်ဖြစ်သည့် ဣန္ဒြိယဇာတ်တရားဒေသနာတော် ---

ဒီနေ့ည ဘုန်းကြီး ဣန္ဒြိယဇာတ် ဒေသနာတော်ကို ဟောကြားဖို့ ရည်ရွယ်ထားပါတယ်။ ဒီဣန္ဒြိယဇာတ်တော်မှာ အခြေခံအကြောင်းရင်း ဖြစ်တော်မူတဲ့ ရဟန်းတော်က ဇာတ်တော်ဒေသနာတော်နိဂုံး ပြီးဆုံးတဲ့အခါမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆိုက်သွားတော်မူတဲ့ ရဟန်းတော် ဖြစ်ခြင်းကြောင့် ရတနသုတ္တန်မှာ ဟောကြားထားတော်မူတဲ့ သောတာပန် ပုဂ္ဂိုလ်သူမြတ်တို့၏ ဂုဏ်ရည်ကို စံပြုကာ သစ္စာဆိုထားတဲ့ တရားဂါထာ တစ်ခုဖြင့် တရားဒေသနာတော်ကို နိဒါန်းပျိုးကြရအောင် ---

ယထိန္ဒခီလော ပထဝိဿိတော သိယာ၊

စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။

တထူပမံ သပ္ပုရိသံ ဝဒါမိ၊

ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ပထဝိဿိတော = မြေ၌စွဲမှီ ကောင်းစွာတည်သော။ ဣန္ဒခီလော = မြို့တံခါးတိုင်ကြီးသည်။ စတုဗ္ဘိ ဝါတေဟိ = အရပ်လေးမျက်နှာတို့မှ တိုက်ခတ် လာသော လေပြင်းမုန်တိုင်းတို့သည်။ အသမ္ပကမ္ပိယော = မလှုပ်ရှားစေနိုင်သည်။ သိယာ ယထာ = ဖြစ်ဘိသကဲ့သို့။ ယော သပ္ပုရိသော = အကြင် သူတော်မျိုးမှန် အဖိုးတန်သည့် သောတာပန်ပုဂ္ဂိုလ်သူမြတ်သည်။ အရိယသစ္စာနိ = သစ္စာလေးရပ်တရားမြတ်တို့ကို။ အဝေစ္စ = သောတာပတ္တိမဂ်ဉာဏ်ဖြင့် သက်ဝင်၍။ ပဿတိ = သိတော်မူ မြင်တော်မူ၏။

တံ သပ္ပုရိသံ = ထိုသူတော်မျိုးမှန် အဖိုးတန်သည့် သောတာပန်ပုဂ္ဂိုလ် သူမြတ်ကို။ တထူပမံ = အရိယသစ္စာလေးပါးတည်းဟူသော တရားမြေ၌ မြဲစွာစိုက်၍ တည်နေခြင်းကြောင့် ထိုတံခါးတိုင်ကြီးလျှင် ပုံပမာရှိ၏ဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောတော်မူ၏။ သံဃေ = သောတာပန် သံဃာတော်မြတ်၌။ ဣဒမ္ပိ ရတနံ = ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း။ ပဏီတံ = ထူးမြတ်တော်မူလှပါပေ၏။ ဧတေန သစ္စေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ ပါဏီနံ = အပေါင်းများစွာ သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန် ကုန်ကင်းချမ်းသာအေးမြခြင်းသည်။ ဟောတု = မုချမသွေ ဖြစ်ပါစေသတည်း။

[သာဓု သာဓု သာဓု ...]

ပစ္စုပ္ပန်ဝတ္ထုဇာတ်ကြောင်း

ယော ဣန္ဒြိယာနန္တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ပုရာဏဒုတိယိကာပလောဘနံ အာရဗ္ဘ ကထေသိ။ (ဇာတက၊ဋ္ဌ၊၃၊၄၃၈....။)

ယော ဣန္ဒြိယာနန္တိ ဣဒံ = ယော ဣန္ဒြိယာနံ --- ဤသို့ အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်၍ထားအပ်သော ဤဣန္ဒြိယဇာတ် တရားဒေသနာတော်ကို။ သတ္ထာ = လူနတ်တို့၏ ဆရာတစ်ဆူဖြစ်တော်မူသော ဘုရားရှင်သည်။ ဇေတဝနေ = ဇေတဝန်ကျောင်းတိုက်တော်၌။ ဝိဟရန္တော = သီတင်းသုံး စံနေတော်မူဆဲအခါ၌။ ပုရာဏဒုတိယိကာပလောဘနံ = လူ့ဘဝက အိမ်ရှင်မဟောင်းဖြစ်သော အမျိုးကောင်းသမီး၏ ဖြားယောင်းမှုကို။ အာရဗ္ဘ = အကြောင်းပြု၍။ ကထေသိ = ဟောကြားတော်မူခဲ့လေပြီ။

ဒီဇာတ်တော်ဒေသနာ ဖြစ်ပေါ်လာပုံကို အဋ္ဌကထာက နိဒါန်းသွယ်ပြ ထားပါတယ်။ တစ်ချိန် ဘုန်းကြီးတို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန် ရွှေကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံပျော် နေတော်မူခိုက် --- ရဟန်းတော်တစ်ပါးကို လူ့ဘဝတုန်းက အိမ်ရှင်မ တော်စပ်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးက ဖြားယောင်းမှုကို အကြောင်းခံပြီးတော့ ဒီဇာတ်တော်ဒေသနာကို မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။

ဒီအမျိုးသမီးက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြားယောင်း သလဲ? ပစ္စုပ္ပန်ဝတ္ထုအကြောင်းကတော့ ဒီလိုပါ--တစ်ချိန်မှာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တရားဒေသနာတော်တွေကို ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့အခါ သာဝတ္ထိမှာရှိတဲ့ အမျိုးကောင်းသားတစ်ဦးက ဘုရားရှင်ရဲ့ တရားဒေသနာတော်တွေကို ကြားနာရတဲ့ အချိန်အခါမှာ အလွန်သဒ္ဓါတရားတွေ ဖြစ်သွားပြီး သူ့စိတ်ထဲ ဘယ်လိုစဉ်းစားသလဲ? ---

ရှင်ရဟန်း ပြုဖို့ရန် အကြံ

န သက္ကာ အဂါရမဇ္ဈေ ဝသန္တေန ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ ဗြဟ္မစရိယံ စရိတုံ။

အဂါရမဇ္ဈေ = အိမ်ရာတည်ထောင် လူတို့ဘောင်အလယ်၌။ ဝသန္တေန = စိုးအုပ်နေထိုင်လျက်ရှိသော ငါသည်။ ဧကန္တပရိပုဏ္ဏံ = စင်စစ်ထက်ဝန်းကျင် ပြည့်စုံလျက်ရှိသော။ ဧကန္တပရိသုဒ္ဓံ = စင်စစ်ထက်ဝန်းကျင် ဖြူစင်သန့်ရှင်းလျက်ရှိသော။ ဗြဟ္မစရိယံ = ဗြဟ္မစရိယဟုခေါ်ဆိုအပ်သော သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကြုံးရေတွက်အပ်သော မြင့်မြတ်သော သာသနဗြဟ္မစရိယနှင့် မဂ္ဂဗြဟ္မစရိယကို။ စရိတုံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းငှာ။ န သက္ကာ = မတတ်ကောင်းပေ။

ဘုရားရှင်ရဲ့ တရားတော်တွေကို နာယူလိုက်ရတဲ့ အချိန်အခါမှာ သူစဉ်းစားတာက ဘုရားရှင်ရဲ့ တရားတွေက ဧကန္တပရိပုဏ္ဏံ = တကယ် ထက်ဝန်းကျင် ပြည့်စုံနေတယ်။ အထူးသဖြင့် မဂ္ဂင်ရှစ်ပါးပဲ ဆိုကြစို့၊ မဂ္ဂင်တစ်ပါး ပိုနေတယ်ဆိုပြီး မဂ္ဂင်ခုနစ်ပါး ပြုလုပ်ကြည့်၊ မရနိုင်ဘူး၊ နုတ်ပယ်ဖို့လည်း မလိုဘူး၊ မဂ္ဂင်တစ်ပါး လိုသေးတယ်ဆိုပြီး မဂ္ဂင် (၉)ပါးပြုလုပ်ကြည့်၊ ထပ်ထည့် ဖို့လည်း မလိုဘူး၊ ဘုရားရှင်ရဲ့ တရားတွေက အားလုံး ပြည့်စုံနေတယ်။

အဲဒီလို စင်စစ် ပြည့်စုံတဲ့ ဒီတရားတွေကို ကြည့်လိုက်လျှင် ဧကန္တပရိသုဒ္ဓံ = တကယ် ထက်ဝန်းကျင် ဖြူစင်သန့်ရှင်းနေတယ်။ ပွတ်သစ်စ ခရုသင်းကဲ့သို့ အလွန် ဖြူစင်သန့်ရှင်းနေတဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ကို သာသနဗြဟ္မစရိယလို့ ခေါ်ပါတယ်။ အရိယမဂ်ဉာဏ်ကိုတော့ မဂ္ဂဗြဟ္မစရိယလို့ခေါ်တယ်။ ဒီသာသန ဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယ အမည်ရနေတဲ့ ဒီမြတ်သော ကျင့်စဉ်တွေကို အိမ်ရာတည်ထောင် လူတို့ဘောင်အလယ်၌ စိုးအုပ်နေထိုင်နေတဲ့ ငါကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန် မလွယ်ဘူးလို့ သူက စဉ်းစားတယ်။

ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေလည်း စဉ်းစားကြည့်ပေါ့၊ ဘုရားရှင်ရဲ့ တရားတွေက သိပ်ပြီး ဖြူစင်နေတော့ အိမ်ရာတည်ထောင် လူ့ဘောင် ဆိုတာက တစ်ခါတစ်ရံ မလွဲမရှောင်သာတဲ့ ကိစ္စကလေးတွေ အမျိုးမျိုး ပေါ်လာတတ်တယ်။ တစ်ခါတုန်းက ဒါယကာကြီး တစ်ဦးက တပည့်တော် တစ်ခါတလေ စိတ်မကောင်းဘူးဘုရားလို့ လျှောက်ထားဖူးတယ်။ ဘာဖြစ်လို့လဲလို့ မေးကြည့်တယ်၊ အခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် မုသား ပြောရတော့မယ်ဆိုတာကိုလည်း သိတယ်၊ မုသား ပြောနေပြီဆိုတာကိုလည်း သိတယ်၊ မုသား ပြောပြီးသွားပြီဆိုတာကိုလည်း သိတယ်ဘုရား၊ ဒီတော့ တပည့်တော် စိတ်မကောင်းဘူးဘုရားဆိုပြီး လျှောက်ထားတယ်။

လူ့လောကမှာ တစ်ခါတလေ အကြောင်းကလေးတွေဆိုတာက ဆုံလာ တတ်တယ်၊ မလွဲမရှောင်သာတဲ့ အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ သီလ ကလေးကို ချိုးဖောက်သင့်တဲ့ အချိန်အခါမှာ လွယ်လွယ်ကလေးနဲ့ ချိုးဖောက် လိုက်ရတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ တရားတွေက အလွန် ဖြူစင်သန့်ရှင်း နေတဲ့ တရားတွေ ဖြစ်တယ်။ အိမ်ရာတည်ထောင် လူတို့ဘောင်မှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာက အပြစ်အနာအဆာတွေနဲ့ လူးလဲပေကျံနေတဲ့ ပုဂ္ဂိုလ် များတယ်။

အဲဒီလို အပြစ်အနာအဆာ များခြင်းကြောင့် အိမ်ရာတည်ထောင် လူတို့ဘောင်မှာ စိုးအုပ် နေထိုင်လျက်ရှိတဲ့ ငါသည် တကယ်ဖြူစင်သန့်ရှင်းပြီး တကယ်ပြည့်စုံနေတဲ့ သာသနဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယခေါ်တဲ့ ဘုရားရှင်ရဲ့ ညွှန်ကြားပြသနေတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး ရနိုင်ဖို့ကတော့ မလွယ်ဘူး။

နိယျာနိကသာသနေ ပဗ္ဗဇိတွာ ဒုက္ခဿန္တံ ကရိဿာမိ

နိယျာနိကသာသနေ = သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌။ ပဗ္ဗဇိတွာ = ရှင်ရဟန်းပြုသောအားဖြင့် ဝင်ရောက်၍။ ဒုက္ခဿန္တံ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို။ ကရိဿာမိ = ငါပြုပေတော့အံ့။

သူ့ရဲ့ ဦးတည်ချက် စဉ်းစားခန်းကလေးကို ကြည့်လိုက်မယ်ဆိုလျှင်တော့ အလွန်မွန်မြတ်တဲ့ ဦးတည်ချက်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ သိပ်ကောင်းတယ်၊ သို့သော် ပြဿနာတစ်ခုက ဘာပေါ်လာသလဲ? သူက ဒီနေ့မှ ရဟန်းဖြစ်စ ရဟန်းသစ်ကလေး ဖြစ်တယ်။ ဒီတော့ သံဃာအများနှင့် စီတန်းပြီး မြို့ထဲ ဆွမ်းခံကြွပြီဆိုလျှင် နောက်ဆုံးက လိုက်ရတယ်။

ရသတဏှာဖြင့် နှောင်ဖွဲ့ခံရပုံ

နောက်ဆုံးက လိုက်ရတဲ့ ရဟန်းတော်ဆိုတာက သံဃာက သိပ်များနေတော့ ဆွမ်းရသော်လည်း ရှိတတ်တယ်၊ မရသော်လည်း ရှိတတ်တယ်။ ရပြန်သော်လည်း ဆွမ်းတွေက ခပ်ပါများတော့ နောက်ဆုံး ကျိုးကြေနေတဲ့ ဆွမ်း အကြေကလေးလောက် ရတတ်တယ်၊ တစ်ခါတစ်ရံ ဆွမ်းချိုးလောက် ရတတ် တယ်၊ ဟင်းရပြန်လျှင်လည်း ပုန်းရည်ဟင်းကလေးလောက် အညံ့စားဟင်းမျိုး တစ်ခါတစ်ရံ ရတတ်တယ်၊ မရသော်လည်း ရှိတတ်တယ်။

အလားတူပဲ ရှေးအခါက ရွာထဲမှာ ဆွမ်းစားဇရပ်တွေ တော်တော် ခပ်များများ ဆောက်လုပ်ထားကြတယ်။ ဆွမ်းစားဇရပ်တစ်ခုကို ဝင်ထိုင်လိုက်ပြီ ဆိုလျှင် သူက အငယ်ဆုံးရဟန်းဖြစ်တော့ အစွန်အဖျား အညံ့စားနေရာမှာ ဝင်ပြီး ထိုင်ခွင့်ရတယ်။ အညံ့စားနေရာမှာ ရှိနေတဲ့ ရဟန်းတော်အတွက်ရရှိတဲ့ ဟင်းလျှာဟာလည်း အညံ့စားပဲ ဖြစ်နေတယ်။ ဒီလို စားရေးသောက်ရေး အတွက် မမျှတတဲ့ အခက်အခဲကလေးက နည်းနည်း ကြုံလာတဲ့အခါ ဘာဖြစ် လာသလဲ?အိမ်ရှင်မကို နည်းနည်း ပြန်ပြီး သတိရတယ်။ ယခုကာလ ယောဂီတွေ တရားလာပြီး အားထုတ်ကြတယ်၊ စားရေးသောက်ရေးက နည်းနည်း ပုံမကျဘူး၊ ပါးစပ်ကလေးက သိပ်ပြီး အာမသွက်ဘူးဆိုလျှင် ဘာဖြစ်လာကြသလဲ? အိမ်ရှင်မကို ပြန်ပြန်ပြီးတော့ သတိရတဲ့ ပုံစံမျိုး ဖြစ်လာတယ်။

အဲဒီပုံစံစနစ်နဲ့ အိမ်ရှင်မကို ပြန်သတိရတဲ့အခါမှာ သူက ဘာလုပ်သလဲ? အိမ်ရှင်မထံ ဆွမ်းခံကြွလိုက်တယ်။ ဆွမ်းခံကြွလိုက်တဲ့ အချိန်အခါမှာ အိမ်ရှင်မကလည်း သပိတ်ကို ယူပြီး ရှိခိုးတယ်၊ သပိတ်ထဲရှိနေတဲ့ ပစ္စည်း မှန်သမျှ အားလုံး မှောက်သွန်လိုက်ပြီးတော့ အလွန် မွန်မြတ်လှပါတယ်ဆိုတဲ့ ယာဂု, ဆွမ်း, ပဲဟင်း, ဟင်းလျာတွေ အားလုံး အပြည့်ထည့်ပြီး ဆက်ကပ်လိုက် တယ်။ အင်မတန် ကျေနပ်သွားတယ်။ စားရေးသောက်ရေးအတွက် ပြေလည် သွားပြီဖြစ်တဲ့ အခါမှာတော့ နေ့စဉ် သူက ဒီအိမ်ကို မကြွဘဲ မနေနိုင်အောင် ဖြစ်သွားပြီ။ မနေနိုင်တဲ့အခါမှာ ဘာဖြစ်ပြန်သလဲ? ---

မဟလ္လကော ရသတဏှာယ ဗဇ္ဈိတွာ ပုရာဏဒုတိယိကံ ဇဟိတုံ န သက္ကောတိ။

မဟလ္လကော = အသက်အရွယ် ကြီးရင့်သော အချိန်အခါ၌ သာသနာ့ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ကိုယ်တော်ကြီးသည်။ ရသတဏှာယ = ရသတဏှာဖြင့်။ ဗဇ္ဈိတွာ = နှောင်ဖွဲ့ခံရသည်ဖြစ်၍။ ပုရာဏဒုတိယိကံ = လူ့ဘဝက အိမ်ရှင်မဟောင်းကို။ ဇဟိတုံ = ပယ်စွန့်အံ့သောငှာ။ န သက္ကောတိ = မစွမ်းနိုင်ဖြစ်နေ၏။

ရသတဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့မှု ခံနေရတဲ့ ဒီကိုယ်တော်ကြီး လူ့ဘဝက အိမ်ရှင်မဟောင်းကို စွန့်လွှတ်နိုင်တဲ့ စွမ်းအား မရှိဖြစ်နေတယ်၊၊ဒီလို ပယ်စွန့်နိုင်တဲ့ စွမ်းအား မရှိ ဖြစ်နေတဲ့ အချိန်အခါမှာ အိမ်ရှင်မကြီးကလည်း နည်းနည်း စျေးကိုင်တတ်တယ်။ အိမ်ရှင်မ စျေးကိုင်ပုံကို ဘုန်းကြီးကတော့ ဒါယိကာမကြီးတွေကို နည်းစနစ် ပေးရမလို ဖြစ်နေတယ်၊၊ ဒီတော့အိမ်ရှင်မက စျေးကိုင်တာက ဘယ်လိုလဲ? ---

အိမ်ရှင်မ၏ လှည့်ကွက်

သာ စိန္တေသိ ဗဒ္ဓေါ နု ခေါ၊ နောတိ ဝီမံသိဿာမိ နန္တိ။

သာ = ထိုအိမ်ရှင်မသည်။ စိန္တေသိ = ကြံစည်စိတ်ကူးလေ၏။ သော = ထိုကိုယ်တော်ကြီးသည်။ မေ = ငါ၏အပေါ်၌။ ဗဒ္ဓေါ နု ခေါ = တွယ်တာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့မှု ရှိနေသေးသလော။ နော ဗဒ္ဓေါ နု ခေါ = တွယ်တာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့မှု မရှိဘဲ ဖြစ်လေသလော။ နံ = ထိုကိုယ်တော်ကြီးကို။ အဟံ = ငါသည်။ ဝီမံသိဿာမိ = စူးစမ်းပေတော့အံ့။

သူက စဉ်းစားခန်းတစ်ခုဝင်တယ်၊ ဘယ်လို စဉ်းစားခန်းဝင်သလဲ? ဒီ ကိုယ်တော်ကြီး ငါ့အပေါ်မှာ တွယ်တာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့မှု, တွယ်တာ မက်မောမှုတွေ ရှိနေသေးသလား, မရှိတော့ဘူးလား? ငါ လက်တွေ့ စမ်းသပ် ကြည့်မယ်၊ ဒီလို အကြံအစည်တစ်ခု ပေါ်လာတယ်။ ပေါ်လာလိုက်တဲ့ အချိန်အခါမှာတော့ ဘာလုပ်သလဲ? ---

တစ်နေ့မှာ ဇနပုဒ်ဘက်က ရုပ်ရည် ခပ်သန့်သန့်ပြန့်ပြန့် အမျိုးကောင်းသားတစ်ယောက်ကို ကျကျနန မြေဖြူတွေနဲ့ ရေချိုးစေပြီးတော့ စင်စင် ကြယ်ကြယ် အဝတ်အစားတွေ ဝတ်စားစေပြီး အိမ်မှာ အသင့်ပြင်ထားလိုက်တယ်။ အဖော်လေးငါးယောက်လောက်လည်း ခေါ်ထားလိုက်တယ်၊ အိမ်ရှေ့မှာ လှည်းတွေနဲ့ အသင့်ပြင်ဆင်ထားလိုက်တယ်၊ ပစ္စည်းတွေလည်း တင်တန် သလောက် တင်ထားလိုက်တယ်၊ လှည်းတစ်စီးလည်း အလွတ် အသေအချာ ထားလိုက်တယ်၊ ထားပြီးတော့ သူက အိမ်နောက်ဖေးမှာ ဝင်နေတယ်၊ ဧည့်သည်တွေကိုတော့ ကျွေးတန်သလောက် မွေးတန်သလောက်လည်း အိမ်ရှေ့မှာ ကျွေးမွေးခိုင်းထားတယ်။

သူကတော့ အိမ်နောက်ဖေးမှာ သွားပြီး ချက်ပြုတ် ကြော်လှော်မှု လုပ်ငန်းရပ်တွေနှင့် ရှုပ်ထွေးနေတယ်။ အဲဒီ အချိန်အခါမှာ ကိုယ်တော်ကြီး ကလည်း အိမ်ရှေ့မှာ လာပြီး ဆွမ်းရပ်တယ်၊ ဆွမ်းရပ်တဲ့ အချိန်အခါမှာ ဧည့်သည်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးက နောက်ဖေးခန်းရှိ အိမ်ရှင်မထံ ဝင်ပြီး အိမ်ရှေ့မှာ ကိုယ်တော်ကြီးတစ်ပါး ဆွမ်းရပ်နေတယ်လို့ လာပြောတယ်။ ဒီလို လာပြောလိုက်တဲ့ အချိန်အခါမှာ ကိုယ်တော်ကြီးကို ကန်တော့ဆွမ်း လောင်းလိုက်ပါဆိုပြီး ပြန်ပြောလိုက်တယ်။ အမျိုးကောင်းသားကလည်း ကိုယ်တော်ကြီးထံ သွားပြီးတော့ အရှင်ဘုရား ...ကန်တော့ဆွမ်းပါ၊ ရှေ့ကိုသာ ခရီးဆက်ကြွတော်မူပါ ဆိုပြီးတော့ ကန်တော့ဆွမ်း လောင်းလိုက်တယ်။ အဲဒီလို ကန်တော့ဆွမ်း လောင်းလိုက်တဲ့ အချိန်အခါမှာလည်း ကိုယ်တော်ကြီး က ရှေ့ဆက်မကြွဘူး၊ ပေကပ်ပြီး ရပ်နေတယ်။ ထပ်ခါထပ်ခါ ကန်တော့ဆွမ်း ပြောနေသော်လည်း မသွားဘဲနဲ့ ပေရပ်နေတော့ နောက်ဖေးမှာ အလုပ်ရှုပ်နေတဲ့ အိမ်ရှင်မထံ ပြေးသွားပြီးတော့ အကျိုးအကြောင်းပြောတယ်။

အကျိုးအကြောင်း ပြောလိုက်တော့ အိမ်ရှင်မလည်း လိုက်လာပြီး လိုက်ကာကို မြှောက်ကြည့်လိုက်ပြီးတော့ ပြောတယ်။ ဘယ်လို ပြောသလဲ? ဩော် - အမောင်တို့ ...ဒီကိုယ်တော်ကြီးက တခြားက ကိုယ်တော်ကြီးတော့ မဟုတ်ပါဘူး၊ အိမ်က ကလေးတွေရဲ့ ဖခင်ဖြစ်တဲ့ ကိုယ်တော်ကြီး တစ်ပါး ဖြစ်ပါတယ်လို့ ပြောပြီးတော့ အပြင်ထွက်လာတယ်၊ ကိုယ်တော်ကြီး ထံမှ သပိတ်ကို ယူတယ်၊ အိမ်ပေါ်ပင့်ပြီး တစ်နေရာမှာ မွန်မြတ်တဲ့ ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေနဲ့ ဆက်ကပ်လှူဒါန်းတယ်။ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးတဲ့ အချိန်အခါမှာ ကျကျနန ရှိခိုးပြီးတော့ ကိုယ်တော်ကြီးကို သူက လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားသလဲ? ---

ဘန္တေ တုမှေ ဣဓေဝ ပရိနိဗ္ဗာယထ၊ မယံ ဧတ္တကံ ကာလံ အညံ ကုလံ န ဂဏှိမှ၊ အသာမိကေ ပန ဃရေ ဃရာဝါသော န သဏ္ဌာတိ၊ မယံ အညံ ကုလံ ဂဏှာမ၊ ဒူရံ ဇနပဒံ ဂစ္ဆိဿာမ၊ တုမှေ အပ္ပမတ္တာ ဟောထ၊ သစေ မေ ဒေါသော အတ္ထိ၊ ခမထာတိ အာဟ။

ဘန္တေ = အရှင်ဘုရား။ တုမှေ = အရှင်ဘုရားတို့သည်။ ဣဓေဝ = ဤ သာဝတ္ထိပြည်၌ပင်လျှင်။ ပရိနိဗ္ဗာယထ = ပရိနိဗ္ဗာန် စံတော်မူကြပါကုန်ဘုရား။ မယံ = ဘုရားတပည့်တော်မတို့သည်။ ဧတ္တကံ ကာလံ = ဤမျှလောက်သော အချိန်ကာလပတ်လုံး။ အညံ ကုလံ = တခြားအမျိုးသားတစ်ယောက်ကို။ န ဂဏှိမှ = မယူဘဲ နေထိုင်ခဲ့ကြပါကုန်၏။ အသာမိကေ = အိမ်ရှင်ယောကျ်ား မရှိသော။ ဃရေ = အိမ်၌။ ဃရာဝါသော ပန = အိမ်ရာတည်ထောင်ကြကုန်သော လူတို့ရဲ့ လုပ်ငန်းကိစ္စ အဝဝသည်ကား။ န သဏ္ဌာတိ = ကောင်းစွာ မတည်နိုင်ပါ။ မယံ = ဘုရားတပည့်တော်မတို့သည်။ အညံ ကုလံ = တခြား အမျိုးသားတစ်ယောက်ကို။ ဂဏှာမ = ယူပါတော့မည်။ ဒူရံ = ဝေးကွာသော။ ဇနပဒံ = ဇနပုဒ်သို့။ ဂစ္ဆိဿာမ = လိုက်သွားကြပေတော့အံ့။ တုမှေ = အရှင်ဘုရားတို့သည်။ အပ္ပမတ္တာ = ကုသိုလ်တရားတို့၌ မမေ့မလျော့ကြကုန်ဘဲ။ ဟောထ = ဖြစ်တော်မူကြပါကုန်။ မေ = ဘုရားတပည့်တော်မအား။ ဒေါသော = အပြစ်တစ်စုံတစ်ရာသည်။ စေ အတ္ထိ = အကယ်၍ ရှိခဲ့ပေအံ့။ ခမထ = သည်းခံတော်မူကြပါဘုရား။ ဣတိ = ဤသို့။ အာဟ = လျှောက်ထားလေပြီ။

လျှောက်ထားတဲ့စကားကလေး ကြည့်လိုက်လျှင်တော့ တော်တော်ကလေး ကောင်းတယ်လို့ ထင်ရတယ်။ အရှင်ဘုရားတို့ကတော့ ဒီသာဝတ္ထိပြည်မှာပဲ ပရိနိဗ္ဗာန် စံတော်မူပါကုန်၊ တပည့်တော်မသည် အရှင်ဘုရားတို့ ရဟန်းဝတ်သွားတဲ့ အချိန်ကစပြီး ယခုအချိန်အထိ တခြား အမျိုးသား တစ်ယောက်ကို မယူခဲ့သေးပါဘူး။ အိမ်ရှင်ယောက်ျားမရှိတဲ့ အိမ်မှာ လုပ်ငန်းကိစ္စ အဝဝတွေဟာ ကောင်းစွာ တည်နိုင်တဲ့စွမ်းအား မရှိပါဘူး။ တပည့်တော်မ တခြား အမျိုးသားတစ်ယောက်ကို ယခုတော့ ယူပါတော့မယ်၊ အရှင်ဘုရားတို့ကတော့ ကုသိုလ်တရားတို့၌ မမေ့မလျော့ မပေါ့မဆသော သတိ တရားဖြင့် တရားဘာဝနာကိုသာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော် မူကြပါ၊ တပည့်တော်မမှာ အကယ်၍ အပြစ်တစ်စုံတစ်ရာ ရှိခဲ့မယ်ဆိုလျှင် သည်းခံခွင့်လွှတ်တော်မူပါဆိုပြီးတော့ ကန်တော့ပါတယ်။

ဘယ့်နှယ်တုံး ဒါယကာကြီးတွေ ခုနေများ အိမ်ရှင်မတွေက အဲဒီ စကားကလေးတွေ လျှောက်ကြမယ်ဆိုလျှင် ဒါယကာကြီးတွေစိတ်ထဲ ဘယ်လို ဖြစ်သွားကြမလဲ? ဒါယကာကြီးတွေစိတ်ထဲ ဘယ်လို ဖြစ်ကြမယ်တော့ မပြော တတ်ဘူး။ ကိုယ်တော်ကြီးစိတ်ထဲ ဖြစ်ပုံကလေးကို အဋ္ဌကထာက ဖော်ပြထားတယ်။

ကိုယ်တော်ကြီး၏ ခံစားချက်

မဟလ္လကဿ ဟဒယဖာလနကာလော ဝိယ အဟောသိ။ အထ နံ အဟံ တံ ဇဟိတုံ န သက္ကောမိ၊ မာ ဂစ္ဆ၊ ဝိဗ္ဘမိဿာမိ၊ အသုကဋ္ဌာနေ မေ သာဋကံ ပေသေဟိ၊ ပတ္တစီဝရံ ပဋိစ္ဆာပေတွာ အာဂစ္ဆိဿာမီတိ အာဟ။

မဟလ္လကဿ = အသက်အရွယ်ကြီးရင့်သောအချိန်ရောက်မှ သာသနာဘောင်သို့ ဝင်ပြီး ရှင်ရဟန်းပြုလာတဲ့ ကိုယ်တော်ကြီးရဲ့ သန္တာန်၌။ ဟဒယဖာလနကာလော ဝိယ = နှလုံးကွဲသွားသော အချိန်အခါကဲ့သို့။ အဟောသိ = ဖြစ်ပေါ်၍သွားလေ၏။ အထ = ထိုအခါ၌။ နံ = ထိုအမျိုးသမီးကို။ သော = ထိုကိုယ်တော်ကြီးက။ ဧဝံ = ဤသို့။ အာဟ = ပြောဆိုလေ၏။ ကိံ = အဘယ်သို့ ပြောဆိုလေသနည်း။

အဟံ = ငါသည်။ တံ = သင့်ကို။ ဇဟိတုံ = စွန့်အံ့သောငှာ။ န သက္ကောမိ = မစွမ်းနိုင်ပါ။ မာ ဂစ္ဆ = လိုက်၍ မသွားပါလင့်။ ဝိဗ္ဘမိဿာမိ = ငါ လူထွက် ပေတော့အံ့။ အသုကဋ္ဌာနေ = ဤမည်သောအရပ်၌။ မေ = ငါ့အား။ သာဋကံ = ပုဆိုးကို။ ပေသေဟိ = အပို့ခိုင်းလိုက်ပါ။ ပတ္တစီဝရံ = သပိတ် သင်္ကန်းကို။ ပဋိစ္ဆာပေတွာ = ဥပဇ္ဈာယ်ဆရာတော်အား အပ်နှင်း၍။ အာဂစ္ဆိဿာမိ = ငါ ပြန်လာခဲ့ပေအံ့။ ဣတိ = ဤသို့။ အာဟ = ပြောပြလေ၏။

ရင်ထဲ နှလုံးထဲ ကွဲထွက်သွားတယ်လို့တောင် ထင်လိုက်တယ်။ နောက် ကိုယ်တော်ကြီးက အိမ်ရှင်မကို ပြန်ပြောတယ်။ ဘယ်လို ပြောသလဲ? သင့်ကို ငါ စွန့်လွှတ်ဖို့တော့ ဘယ်လိုမှ မစွမ်းနိုင်ဘူး၊ ဤမည်သောနေရာမှာ ငါ့အတွက် ပုဆိုးပို့ပေးလိုက်ပေတော့၊ ဥပဇ္ဈာယ်ဆရာတော်ကို ခွင့်ပန်ပြီး သပိတ် သင်္ကန်း အပ်နှင်းပြီးတော့ ငါ ပြန်လာမယ်၊ ပုဆိုးသာ ပို့ပေးလိုက်တော့လို့ ဒီလို ပြောတယ်။

အဲဒီလို ပြောပြီး ကျောင်းပြန်ရောက်တဲ့ အချိန်အခါမှာ ဥပဇ္ဈာယ်ဆရာတွေထံ ချဉ်းကပ်ပြီးတော့ တပည့်တော် လူထွက်တော့မယ်ဆိုပြီးတော့ သပိတ် သင်္ကန်းတွေ အပ်နှင်းတဲ့အခါမှာ ဥပဇ္ဈာယ်ဆရာတော်တွေကလည်း ငဲ့ညှာတဲ့ စိတ်ထား ရှိတော်မူကြပါတယ်။ မြတ်စွာဘုရားလည်း ဇေတဝန်ကျောင်းတိုက်မှာ ထင်ရှားရှိနေတော်မူပါတယ်။ ဒါကြောင့် ဘာလုပ်ကြသလဲ? သူ့အလိုမတူသော်လည်း အတင်းဆွဲခေါ်ပြီး မြတ်စွာဘုရားထံ ခေါ်ဆောင်သွားကြတယ်၊ မြတ်စွာဘုရားထံ ရောက်ရှိသွားတဲ့ အချိန်အခါ အကြောင်းအကျိုး စစ်ဆေးမေးမြန်းလိုက်တယ်၊ အိမ်ရှင်မဟောင်းက ဖြားယောင်းနေတဲ့အတွက်ကြောင့် တပည့်တော် လူထွက်လိုတဲ့အကြောင်း အမှန်အတိုင်း တင်ပြလျှောက် ထားတယ်။ အဲဒီလို တင်ပြလျှောက်ထားတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ? ---


ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်း

ဘိက္ခု န ဣဒါနေဝ သာ ဣတ္ထီ တုယှံ အနတ္ထကာရိကာ၊ ပုဗ္ဗေပိ တွံ တံ နိဿာယ စတူဟိ စျာနေဟိ ပရိဟီနော မဟာဒုက္ခံ ပတွာ မံ နိဿာယ တမှာ ဒုက္ခာ မုစ္စိတွာ နဋ္ဌဇ္ဈာနံ ပဋိလဘိ

ဘိက္ခု = ချစ်သားရဟန်း ...။ ဣဒါနေဝ = ဤယခုအခါ၌ပင်လျှင်။ သာ ဣတ္ထီ = ထိုအမျိုးသမီးသည်။ တုယှံ = သင့်အား။ အနတ္ထကာရိကာ = အကျိုးမဲ့ကို ပြုလေ့ရှိသည်။ = မဟုတ်သေး။ ပုဗ္ဗေပိ = ရှေးယခင် ဘဝတုန်းကလည်းပဲ။ တွံ = သင်သည်။ တံ = ထိုအမျိုးသမီးကို။ နိဿာယ = အမှီပြု၍။ စတူဟိ စျာနေဟိ = စျာန်လေးပါးတို့မှ။ ပရိဟီနော = ဆုတ်ယုတ်ခဲ့သည်။ ဟုတွာ = ဖြစ်၍။ မဟာဒုက္ခံ = ကြီးကျယ်သော ဆင်းရဲဒုက္ခသို့။ ပတွာ = ရောက်ရှိရသည်ဖြစ်၍။ မံ = ငါဘုရားအလောင်းတော် သရဘင်္ဂရှင်ရသေ့ကို။ နိဿာယ = အမှီပြု၍။ တမှာ ဒုက္ခာ = ထိုဆင်းရဲဒုက္ခမှ။ မုစ္စိတွာ = လွတ်မြောက်ခဲ့သည်ဖြစ်၍။ နဋ္ဌဇ္ဈာနံ = ပျောက်ပျက်သွားတဲ့ စျာန်တရားကို။ ပဋိလဘိ = တစ်ဖန်ပြန်၍ ရရှိဖူးလေပြီ။

ယခုဘဝမှာသာ ဒီအမျိုးသမီးသည် သင်၏ အကျိုးစီးပွားမဲ့အောင် ပြုလုပ်တာ မဟုတ်ပါဘူး။ ဒီစကားကလေးကို နည်းနည်းကလေး စဉ်းစားကြည့် စမ်းပါ။ အကျိုးစီးပွားမဲ့ကို အခုမှလုပ်တာ မဟုတ်သေးဘူးဆိုတော့ ဘုရားရှင်ရဲ့ အလိုတော်အရ ပြောမယ်ဆိုလျှင်တော့ အိမ်ရှင်မတစ်ဦးက အိမ်ရှင်ယောက်ျား တစ်ဦးဖြစ်နေတဲ့ ရဟန်းတော်တစ်ပါးကို လူထွက်ခိုင်းတယ်ဆိုလျှင် အကျိုး စီးပွားမဲ့အောင်လုပ်တဲ့ လုပ်ငန်းလို့ အဓိပ္ပါယ်မရဘူးလား? ရနေတယ်။ ဒါကြောင့် အိမ်ရှင်မတိုင်းဟာ ဒီအချက်ကိုတော့ သတိထားသင့်ပါတယ်။

ဒီအမျိုးသမီးဟာ အခုဘဝမှာသာလျှင် သင်ရဲ့ အကျိုးစီးပွားမဲ့ကို ပြုလုပ်ခဲ့သည် မဟုတ်သေးဘူး၊ ရှေးယခင် ဘဝတစ်ခုတုန်းကလည်း သင်ဟာ ဒီအမျိုးသမီးကို အမှီပြုပြီးတော့ စျာန်တွေ လျောကျခဲ့ဖူးတယ်၊ ကြီးစွာသော ဆင်းရဲဒုက္ခလည်း ရောက်ခဲ့ဖူးတယ်၊ ငါဘုရားအလောင်းတော်ဖြစ်တဲ့ သရဘင်္ဂ ရှင်ရသေ့ကို အမှီပြုပြီးတော့ သင်ဟာ ဒီဆင်းရဲဒုက္ခမှ တစ်ချိန်တုန်းက လွတ်မြောက်ခဲ့ဖူးတယ်၊ ပျောက်ပျက်သွားတဲ့ လျောကျတဲ့စျာန်တွေကိုလည်း တစ်ဖန် ပြန်ရခဲ့ဖူးတယ် ဆိုပြီးတော့ မြတ်စွာဘုရားက အတိတ်ဇာတ်ကြောင်း နိဒါန်းကလေးကို ပြန်ပြောပြတော်မူပါတယ်။

အဲဒီအချိန်အခါမှာ ရဟန်းတော်အများကလည်း ဝိုင်းပြီးတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ဟောဖို့ရန် လျှောက်ထားတောင်းပန်တဲ့အတွက် မြတ်စွာဘုရားက အတိတ်ဇာတ်ကြောင်း ကို အကျယ်ဝေဖန်သောအားဖြင့် ပြန်ပြောင်းပြီး ဟောတော်မူပါတယ်။


သရဘင်္ဂရှင်ရသေ့

တစ်ချိန်မှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဗာရာဏသီပြည်မှာပဲ ဆိုကြပါစို့။ ဗြဟ္မဒတ်မင်းကြီး တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်နေတဲ့အချိန်မှာ ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ အိမ်ရှင်မဖြစ်တဲ့ ပုဏ္ဏေးမကြီး ဝမ်းကြာတိုက်မှာ ပဋိသန္ဓေစွဲပြီး တည်နေတော်မူပါတယ်။ အချိန်တန် အရွယ်ရောက်တော့ တက္ကသိုလ်မှာ သွားပြီး ပညာသင်ပါတယ်၊ ပညာတွေ တတ်တဲ့ အချိန်အခါမှာတော့ တိုင်းပြည်ကို ပြန်လာပြီး ရှင်ဘုရင်ကိုလည်း မိမိရဲ့ တတ်ကျွမ်းခဲ့တဲ့ အတတ်ပညာတွေကိုလည်း ပြသတယ်၊ နောက်တော့ ဘယ်သူကိုမျှ မပြောဘဲ တောထွက်ပြီးတော့ ရသေ့ရဟန်း ပြုသွားတော်မူပါတယ်။

ရသေ့ရဟန်း ပြုပြီးတော့ တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ စျာန်အဘိညာဏ်တွေကို မကြာမီ အချိန်ကာလ အတွင်းမှာပဲ ရရှိသွားတော်မူခဲ့ပါတယ်။ ဒီပုဏ္ဏားလုလင်ကလေး မွေးဖွားလာစဉ် အချိန်အခါတုန်းက တစ်မြို့လုံးမှာ လက်နက်တွေအားလုံး အလျှံတပြောင်ပြောင် တောက်ခဲ့ဖူးတယ်။ ဒီအလျှံတပြောင်ပြောင် တောက်ခဲ့ဖူးတာကို အကြောင်းပြုပြီးတော့ ဇောတိပါလကုမာရ = ဇောတိပါလသတို့သားဆိုပြီး ဒီလို အမည်နာမ တပ်ခဲ့ဖူးပါတယ်။

အခုလို တောထွက်လာသည်နှင့် တစ်ပြိုင်နက်တည်း သူတော်ကောင်းတို့ရဲ့ ဘုန်းကံကြောင့် သိကြားမင်းကြီးက မနေနိုင်တဲ့အတွက် ကဝိဋ္ဌကအဿမလို့ ခေါ်ဆိုအပ်တဲ့ ကဝိဋ္ဌကသင်္ခမ်းကျောင်းကလေးတွေကို ဖန်ဆင်း ပေးတော်မူပါတယ်။ ထိုကျောင်းမှာပဲ စျာန်အဘိညာဏ်တွေ ရသည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး နေလိုက်တာ မကြာမီ ကာလ အတွင်းတပည့်ပရိသတ်တွေ များစွာ ပေါ်ထွန်းလာခဲ့ပါတယ်။ သရဘင်္ဂ ရှင်ရသေ့ဟု ထင်ရှားကျော်ကြားတော်မူခဲ့ပါတယ်။


အနတ္တလက္ခဏာ၏ ခက်ခဲပုံ

ဒီသရဘင်္ဂရှင်ရသေ့က ဉာဏ်ပညာ အလွန်ထက်မြက်တဲ့ ရသေ့ကြီး တစ်ဦး ဖြစ်ခြင်းကြောင့် တပည့်ပရိသတ်တွေကို စျာန်အဘိညာဏ်တွေကို ရသည့်တိုင်အောင် သွန်သင်ပြသ ဆိုဆုံးမပေးနိုင်တဲ့ စွမ်းအားလည်း ရှိခဲ့ပါတယ်။ ဒီတပည့်ပရိသတ်တွေကို ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စ အခြင်းအရာ, ဒုက္ခအခြင်းအရာတွေကို ဟုတ်တိုင်းမှန်စွာ သိအောင်လည်း သွန်သင်ပြသ ဆိုဆုံးမပြီး ဟောကြားပြသပေးနိုင်တဲ့ စွမ်းအား ရှိခဲ့ပါတယ်။ သို့သော် အနတ္တလက္ခဏာကိုတော့ ပညတ်တင်ပြီး ဟောကြားနိုင်တဲ့ စွမ်းအား မရှိခဲ့ဘူး။ ဘာကြောင့်လဲ? ---

အနိစ္စဒုက္ခလက္ခဏာနိ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ ပညာယန္တိ၊ အနတ္တလက္ခဏံ ဝိနာ ဗုဒ္ဓုပ္ပါဒါ န ပညာယတိ၊ ဗုဒ္ဓုပ္ပါဒေယေဝ ပညာယတိ။ မဟိဒ္ဓိကာ ဟိ မဟာနုဘာဝါ တာပသပရိဗ္ဗာဇကာ သရဘင်္ဂသတ္ထာရာဒယောပိ အနိစ္စံ ဒုက္ခန္တိ ဝတ္တုံ သက္ကောန္တိ၊ အနတ္တာတိ ဝတ္တုံ န သက္ကောန္တိ။ သစေ ဟိ တေ သမ္ပတ္တပရိသာယ အနတ္တာတိ ဝတ္တုံ သက္ကုဏေယျုံ၊ သမ္ပတ္တပရိသာယ မဂ္ဂဖလပဋိဝေဓေါ ဘဝေယျ။ အနတ္တလက္ခဏပညာပနဥှိ အညဿ ကဿစိ အဝိသယော၊ သဗ္ဗညုဗုဒ္ဓါနမေဝ ဝိသယော။ (အဘိ၊ဋ္ဌ၊၂၊၄၆။)

အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာတွေကတော့ တထာဂတဘုရားရှင်တို့ ပွင့်ထွန်းတော်မူတဲ့ အခါမှာပဲ ဖြစ်စေ, မပွင့်တဲ့ အခါမှာပဲ ဖြစ်စေ ထင်ရှား ကြပါတယ်။ အနတ္တလက္ခဏာကတော့ ဘုရားရှင်တို့ ပွင့်ထွန်းတော်မူတဲ့ အခါမှာသာ ထင်ရှားပါတယ်။ အနတ္တလက္ခဏာကို ပညတ်တင်ပြီး ဟောကြားပြသ ဆိုဆုံးမနိုင်တာကတော့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်တယ်၊ တခြားတခြား ပုဂ္ဂိုလ်တို့ရဲ့ အရာဌာန မဟုတ်ပါဘူး။ ဒါကြောင့် အလောင်းတော် သရဘင်္ဂရှင်ရသေ့က သာဝကတွေကို စျာန်အဘိညာဏ်တွေ ရသည့်တိုင်အောင်သာမက ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်တွေကိုလည်း ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိအောင် ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ စွမ်းအား ရှိခဲ့ဖူးပါတယ်။

အကယ်၍ သရဘင်္ဂရှင်ရသေ့သည် ထိုအချိန်ကာလက မိမိထံသို့ ဆိုက်ရောက်လာတဲ့ သာဝကတွေကို အနတ္တလက္ခဏာကိုပါ ထည့်သွင်းပြီးတော့ ပညတ်တင်ကာ ဟောကြားပြသ ဆိုဆုံးမနိုင်ခဲ့မယ်ဆိုလျှင် ဆိုက်ရောက်လာတဲ့ ပရိသတ်တွေလည်း အားလုံး မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဆိုက်နိုင်ပါတယ်ဆိုပြီးတော့ သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးမှာ ဖွင့်ဆိုထားပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)

ထိုအချိန်ကာလတုန်းက သရဘင်္ဂရှင်ရသေ့မှာ တပည့်ပရိသတ်တွေက သိပ်များတော့ ဘုရားပွင့်တော်မူတဲ့ အချိန်အခါမှာ သာသနာတော် ထွန်းကား သကဲ့သို့ သရဘင်္ဂရှင်ရသေ့ရဲ့ လက်ထက်မှာလည်း တပည့်ရသေ့တွေ တောထဲမှာ နေထိုင်ကြတာ သိပ်ပြီး စည်ကားကြတယ်။ အလွန်များပြားတဲ့ ပရိသတ် တွေထဲမှာ သရဘင်္ဂရှင်ရသေ့ရဲ့ တပည့်ကြီးတွေက ခုနစ်ဦး ရှိပါတယ်။


တပည့်ရသေ့ကြီး (၇) ဦး

အဲဒီ ခုနစ်ဦးထဲမှာ သာလိဿရ အမည်ရှိနေတဲ့ တပည့်ရသေ့ကြီး တစ်ဦးကတော့ ကဝိဋ္ဌကသင်္ခမ်းကျောင်းကနေ ထွက်ပြီးတော့ သုရဋ္ဌဇနပုဒ် ပုရတ္ထိမဇနပုဒ် အပါအဝင်ဖြစ်တဲ့ သာတောဒိကာ အမည်ရှိနေတဲ့ မြစ်ကမ်းပါး တစ်နေရာမှာ ထောင်ပေါင်းများစွာသော တပည့်ရသေ့ပရိသတ်တွေ ခြံရံပြီးတော့ နံပါတ် (၁) အုပ်စုခွဲအဖြစ် နေတော်မူပါတယ်။

နံပါတ် (၂) တပည့်ကြီးဖြစ်သော မေဏ္ဍိဿရ အမည်ရှိတဲ့ ရသေ့ကြီး တစ်ဦးကတော့ ပဇ္ဇောတကပဉ္စာလမင်းရဲ့ တိုင်းနိုင်ငံအတွင်းမှာ ကလဗ္ဗစူဠက အမည်ရှိနေတဲ့ နိဂုံးရွာကြီးတစ်ခုကို အမှီပြုပြီးတော့ ထောင်ပေါင်းများစွာသော တပည့်ရသေ့ပရိသတ်တွေ ခြံရံပြီးတော့ သီတင်းသုံး စံနေတော်မူပါတယ်။

နောက် နံပါတ် (၃) တပည့်ကြီးဖြစ်သော ပဗ္ဗတ အမည်ရှိတဲ့ ရသေ့ကြီး တစ်ဦးကတော့ အဋဝိဇနပဒခေါ်တဲ့ တောအုပ်ဇနပုဒ်တစ်ခုကို အမှီပြုပြီးတော့ ထောင်ပေါင်းများစွာသော တပည့်ရသေ့ပရိသတ်များ ခြံရံပြီးတော့ သီတင်းသုံး စံနေတော်မူပါတယ်။

နောက် နံပါတ် (၄) တပည့်ကြီးဖြစ်သော ကာဠဒေဝိလ အမည်ရှိတဲ့ ရသေ့ကြီးတစ်ဦးကတော့ အဝန္တိဒက္ခိဏပထတိုင်းအတွင်းမှာ တည်ရှိနေတဲ့ တစ်ခဲနက် ထူထပ်တဲ့ ကျောက်တောင်ကြီးတစ်ခုကို အမှီပြုပြီးတော့ ထောင်ပေါင်းများစွာသော တပည့်ရသေ့ပရိသတ်တွေ ခြံရံပြီးတော့ သီတင်းသုံး စံနေတော်မူတယ်။

နံပါတ် (၅) တပည့်ကြီးဖြစ်သော ကိသဝစ္ဆ အမည်ရှိတဲ့ ရသေ့ကြီးတစ်ဦး ကတော့ ဒဏ္ဍကီမင်းရဲ့ ကုမ္ဘဝတီအမည်ရှိတဲ့ နေပြည်တော်ကို အမှီပြုပြီးတော့ မင်းဥယျာဉ်တော်မှာပဲ တစ်ပါးတည်း သီတင်းသုံး စံနေတော်မူပါတယ်။

နံပါတ် (၆) တပည့်ကြီးဖြစ်သော အနုပိယအမည်ရှိတဲ့ ရသေ့ကြီးတစ်ဦး ကတော့ ဘုရားအလောင်းတော် သရဘင်္ဂရှင်ရသေ့ကြီးထံမှာပဲ ချဉ်းကပ်ပြီးတော့ အလုပ်အကျွေးအဖြစ်ဖြင့် ပြုစုလုပ်ကျွေးနေပါတယ်။

နံပါတ် (၇) တပည့်ကြီးဖြစ်သော နာရဒ အမည်ရှိတဲ့ ရသေ့ကြီးတစ်ဦး ကတော့ ကာဠဒေဝိလရသေ့ရဲ့ ညီငယ်တစ်ဦး ဖြစ်ပါတယ်။ သူက ဘယ်မှာ သွားပြီး သီတင်းသုံးသလဲဆိုတော့ မဇ္ဈိမဒေသ အာရဉ္ဇရဂိရိတောင်မှာ တောင်ကွန်ယက်တို့ရဲ့ အကြားတစ်ခုဖြစ်သော လိုဏ်ဂူကြီးတစ်ခုအတွင်းမှာ တစ်ပါးတည်း သီတင်းသုံး စံနေတော်မူပါတယ်။


နာရဒရှင်ရသေ့နှင့် ဒေါ်ဝဏ္ဏဒါသီ

ဒီအာရဉ္ဇရဂိရိ အမည်ရှိနေတဲ့ တောင်ဝှမ်းရဲ့ တစ်ဖက်မှာ နိဂုံးရွာကြီး တစ်ရွာ ရှိနေတယ်။ အဲဒီ နိဂုံးရွာကြီးက လူမျိုးပေါင်းစုံတို့ဖြင့် ရောပြွမ်းနေတဲ့ အလွန် စည်းကားတဲ့ မြို့တစ်မြို့ ဆိုကြပါစို့။ ယခုခတ်အနေနဲ့ ဆိုလျှင်တော့ လူမျိုးစုံ ရောပြွမ်းနေတဲ့ နိဂုံးမြို့တစ်မြို့ ဖြစ်ပါတယ်။ အဲဒီ နိဂုံးမြို့နှင့် အာရဉ္ဇရဂိရိခေါ်တဲ့ နာရဒရှင်ရသေ့နေထိုင်တဲ့ တောင်နှစ်ခုအကြားမှာ အလွန်ကြီးမားတဲ့ မြစ်ကြီးတစ်စင်းကလည်း ဖြတ်ပြီး စီးဆင်းလျက် ရှိနေပါတယ်။ အဲဒီ မြစ်ကမ်းပါးတစ်လျှောက်မှာ ဘာဖြစ်နေသလဲ? ---

ဥတ္တမရူပဓရာ ဝဏ္ဏဒါသိယောပိ ပုရိသေ ပလောဘယမာနာ တဿာ နဒိယာ တီရေ နိသီဒန္တိ။

ဥတ္တမရူပဓရာ = မြင့်မြတ်သော ရုပ်အဆင်းကို ဆောင်ထားနိုင်ကြကုန်သော။ ဝဏ္ဏဒါသိယောပိ = ပြည့်တန်ဆာမတို့သည်လည်း။ ပုရိသေ = ယောက်ျားတို့ကို။ ပလောဘယမာနာ = ဖြားယောင်းကြကုန်လျက်။ တဿာ နဒိယာ = ထိုမြစ်၏။ တီရေ = ကမ်းပါးတစ်နေရာ၌။ နိသီဒန္တိ = နေထိုင်ကြကုန်၏။

အဲဒီ မြစ်ကမ်းပါး တစ်နေရာမှာတော့ ပြည့်တန်ဆာမတွေ တော်တော် ခပ်များများ နေထိုင်ကြတယ်။ ဒီပြည့်တန်ဆာမတွေကလည်း အညံ့စားတွေတော့ မဟုတ်ကြပါဘူး။ ဥတ္တမရူပဓရာ = မြင့်မြတ်သော အမျိုးသမီးတို့ရဲ့ ရုပ်အဆင်းကို ဆောင်ထားနိုင်သော စွမ်းအားရှိနေတဲ့ အမျိုးသမီးတွေ ဖြစ်ကြတယ်။ အဲဒီလို နေထိုင်ကြတော့ ဒီနာရဒရှင်ရသေ့က ဘာဖြစ်လာသလဲ?--

နာရဒတာပသော တာသု ဧကံ ဒိသွာ ပဋိဗဒ္ဓစိတ္တော ဟုတွာ စျာနံ အန္တရဓာပေတွာ နိရာဟာရော ပရိသုဿန္တော ကိလေသဝသံ ဂန္တွာ သတ္တာဟံ ဝသိတွာ နိပဇ္ဇိ။

နာရဒတာပသော = နာရဒရှင်ရသေ့သည်။ တာသု = ထိုပြည့်တန်ဆာမတို့တွင်။ ဧကံ = တစ်ယောက်သော ပြည့်တန်ဆာမကို။ ဒိသွာ = တွေ့မြင် ရသည်ဖြစ်၍။ ပဋိဗဒ္ဓစိတ္တော = တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့အပ်သော စိတ်ထားရှိသည်။ ဟုတွာ = ဖြစ်၍။ စျာနံ = စျာန်ကို။ အန္တရဓာပေတွာ = ကွယ်ပျောက်စေ၍။ နိရာဟာရော = အစာအာဟာရ မစားသည်။ ဟုတွာ = ဖြစ်၍။ ပရိသုဿန္တော = အသားအရေ ခြောက်ကပ်လျက်။ ကိလေသဝသံ = ကိလေသာ၏ အလိုနိုင်ငံသို့။ ဂန္တွာ = လိုက်ပါ၍။ သတ္တာဟံ = ခုနစ်ရက်တို့ ကာလပတ်လုံး။ ဝသိတွာ = နေထိုင်၍။ နိပဇ္ဇိ = အိပ်စက်လျက် နေပေ၏။

ခုနစ်ရက်ကာလပတ်လုံး အစာမစားဘဲနဲ့ အိပ်နေတယ်၊ စွဲလမ်းမှု တစ်ခုကို အကြောင်းပြုပြီး ရရှိတဲ့ ဆင်းရဲဒုက္ခ ဖြစ်တယ်။ တော်တော်ကလေး ကြောက်ဖို့ကောင်းတယ်။ ဒီတော့ သူက အမျိုးသမီးတစ်ဦးအပေါ် ဒီလောက် စွဲလမ်းတပ်မက်တဲ့ စိတ်ထားကြောင့် အစာတောင် လုံးလုံး မစားတော့ဘဲ အငတ်ခံပြီးတော့ အိပ်နေလိုက်တယ်။ အိပ်နေလိုက်တဲ့ အချိန်အခါမှာတော့ ဘာဖြစ်လာသလဲ? ခန္ဓာကိုယ် အသားအရေတွေဟာ အကုန်လုံး ခြောက်ကပ် သွားတယ်၊ ခြောက်ကပ်ပြီး ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေကို ခံစားနေရတယ်။

အစ်ကိုဖြစ်နေတဲ့ ကာဠဒေဝိလရသေ့ကြီးက ဒိဗ္ဗစက္ခုအဘိညာဏ် ဝင်စားပြီး ငါ့ညီ ဘယ်လို အခြေအနေရှိသလဲလို့ လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ အဲဒီလို ဆင်းရဲဒုက္ခဝေဒနာတွေကို ခံစားနေရတာကို သွားတွေ့ပြီ၊ တွေ့လိုက်တဲ့ အချိန်အခါမှာ သူတော်ကောင်းတို့ရဲ့ ဓမ္မတာကလေး, စိတ်နေ စိတ်ထားကလေးတွေ ဒီနေရာမှာ အင်မတန် ကြည်ညိုဖို့ကောင်းတယ်။ တစ်ဦးတစ်ယောက် ဆင်းရဲဒုက္ခ ရောက်လာပြီဆိုလျှင် ဒီကောင် ဒီလောက်တောင် ညံ့တဲ့ကောင် သေပလေ့စေကွာ ဒီလိုစိတ်ထားမျိုး မရှိကြဘူး။

ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီသူတော်ကောင်းတစ်ဦးကို ထုတ်ဆောင်ကယ်တင်ရမလဲ၊ သူတော်ကောင်းတစ်ဦး ပြန်ဖြစ်လာအောင် တို့တစ်တွေ ဘယ်လို ကူညီရမလဲဆိုတဲ့ ဒီစိတ်ထားကိုပဲ မွေးမြူကြတယ်။ ဒါဟာ သူတော်ကောင်းတို့ရဲ့ ဓမ္မတာကလေးတစ်ခုပါ။ တရားတွေ စုပေါင်း အားထုတ်နေတဲ့ယခုလို ဖားအောက်တောရဌာနတစ်ခုပဲ ဆိုကြပါစို့။ သီတင်းသုံးဖော် တရားကျင့်ဖော်အချင်းချင်း တစ်ဦးအပေါ်မှာ တစ်ဦးက ဒီလို ကူညီ ရိုင်းပင်းလိုတဲ့ စိတ်ထားတွေ ရှိကြမည်ဆိုလျှင် ဒီစိတ်ထားတွေသည် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ မွန်မြတ်တဲ့ စိတ်ထားတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်၊ သိပ်ကောင်းပါတယ်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှာ ဆင်းရဲဒုက္ခတစ်ခုခု ဖြစ်နေပြီဆိုလျှင် ဒီဆင်းရဲဒုက္ခကို တို့တစ်တွေ ဘယ်လို ထုတ်ဆောင်ကယ်တင်ပေးရမလဲဆိုတဲ့ ဒီစိတ်ထားတွေသည် သူတော်ကောင်းတိုင်းမှာ ရှိသင့်တဲ့ စိတ်ထားပဲ။ ဒီလို ဆိုလျှင် သူတော်ကောင်းတိုင်းမှာ ရှိသင့်တဲ့ စိတ်ထားကို သူတော်ကောင်း မဟုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ မရှိရဘူးလားဆိုလျှင်လည်း ရှိသင့်ပါတယ်။ ပုဂ္ဂိုလ် အားလုံးရဲ့ သန္တာန်မှာ ရှိသင့်ပါတယ်။


မုသာဝါဒဖြင့် အနှိပ်ကွပ်ခံရခြင်း

ဆင်းရဲဒုက္ခရောက်နေသူကို ကယ်တင်လိုတဲ့ စိတ်ထား ရှိနေတဲ့အတွက်ကြောင့် ကာဠဒေဝိလရသေ့ကြီးက ညီတော် နာရဒရသေ့ထံကို ကြွရောက် လာပြီးတော့ အကျိုးအကြောင်း မေးမြန်းတော်မူပါတယ်။ ဘာဖြစ်လို့ ကြွလာသလဲဆိုပြီးတော့ နာရဒရှင်ရသေ့က ပြန်လျှောက်ထားတယ်။သင် မကျန်းမမာ ဖြစ်နေတဲ့အတွက်ကြောင့် သတင်းမေးခြင်းဖြစ်တဲ့အကြောင်း ပြန်ပြောလိုက်တဲ့ အခါ နာရဒရှင်ရသေ့က အစ်ကိုဖြစ်နေတဲ့ ဒီကာဠဒေဝိလရသေ့ကြီးကို ဘယ်လို ပြန်ပြောသလဲ? ---

အဘူတံ ကထံ ကထေသိ၊ အလိကံ တုစ္ဆံ ကထေသီတိ မုသာဝါဒေန နိဂ္ဂဏှိ။

အဘူတံ ကထံ = မဟုတ်မမှန်တဲ့ စကားကို။ ကထေသိ = ပြောဆိုိ၍ နေဘိ၏။ အလိကံ = ချွတ်ယွင်းတဲ့ စကားကို။ တုစ္ဆံ = အချည်းနှီး မမှန်ကန်တဲ့ စကားကို။ ကထေသိ = ပြောဆို၍ နေဘိ၏။ ဣတိ = ဤသို့။ မုသာဝါဒေန = မုသာဝါဒစကားဖြင့်။ နိဂ္ဂဏှိ = နှိပ်ကွပ်လိုက်၏။

အလကား မဟုတ်တာတွေ လာပြောနေတယ်၊ သူ မကျန်းမာတာ မဟုတ်ဘူး၊ သူ ကျန်းမာနေတယ်လို့ သူက ဒီလို ဆိုလိုပါတယ်။ မကျန်းမာလို့ လာမေးတယ်ဆိုတဲ့ ဒီစကားဟာ သက်သက် မုသားပြောနေတာပဲ၊ မဟုတ် မမှန် ချွတ်ယွင်းဖောက်ပြန်နေတဲ့ စကားတွေကို လာပြောနေတာပဲ၊ သင်ဟာ မုသားပြောနေတဲ့ ပုဂ္ဂိုလ်ပဲဆိုပြီး မုသာဝါဒဖြင့် နှိပ်ကွပ်လိုက်တယ်။

အဲဒီလို နှိပ်ကွပ်လိုက်တဲ့ အချိန်အခါမှာ နောက်ထပ် သာလိဿရ အမည်ရှိတဲ့ သူတော်ကောင်း ရသေ့ကြီးကလည်း သိတော်မူတော့ ကြွလာတော်မူပါတယ်။ မေဏ္ဍိဿရအမည်ရှိတဲ့ ရသေ့သူတော်ကောင်းကြီးကလည်း ကြွလာတော်မူပါတယ်။ ပဗ္ဗတအမည်ရှိတဲ့ သူတော်ကောင်းကြီးလည်း ကြွလာတော်မူပါတယ်။ ဒီလို ကြွလာတော်မူပြီး သတင်းစကား မေးမြန်းတဲ့ အခါမှာလည်း အကုန်လုံးကို နာရဒရှင်ရသေ့က မုသာဝါဒနဲ့ နှိပ်ကွပ်တော့တယ်။ နှိပ်ကွပ်လိုက်တော့ ဒီနာရဒရှင်ရသေ့ကို ဘယ်လိုမှ ချော့လို့မရ ဖြစ်နေတော့ ဘာလုပ်ရသလဲ? ---

ဆရာဖြစ်တဲ့ သရဘင်္ဂရှင်ရသေ့ကြီးကို သွားပင့်မှ တော်မယ်ဆိုပြီး စျာန်အဘိညာဏ်တွေ ဝင်စားပြီး သရဘင်္ဂရှင်ရသေ့ကြီးထံ သွားပြီး အကြောင်းကြားကြတယ်။ အဲဒီလို အကြောင်းကြားလိုက်တဲ့ အချိန်အခါမှာ သရဘင်္ဂ ရှင်ရသေ့ကြီးကလည်း ဒီကောင် သင်းထိုက်နဲ့ သင်းကံ ရှိပစေ သေပလေ့စေ ဆိုတဲ့ ဒီစိတ်ထားမျိုး ရှိသလား? မရှိပါဘူး။ သူတော်ကောင်းတို့ရဲ့ စိတ်ထားကလေးတွေ အလွန်ကြည်ညိုဖို့ ကောင်းပါတယ်။ အပင်ပန်းခံပြီး စျာန်အဘိညာဏ်တွေ ဝင်စားပြီး ကြွလာတော်မူပါတယ်။


သရဘင်္ဂရှင်ရသေ့ ကြွလာတော်မူခြင်း

သော အာဂန္တွာ တံ ဒိသွာ ဣန္ဒြိယဝသံ ဂတောတိ ဉတွာ ကစ္စိ နာရဒ၊ ဣန္ဒြိယာနံ ဝသံ ဂတောတိ ပုစ္ဆိ။

သော = ထိုသရဘင်္ဂရှင်ရသေ့သည်။ အာဂန္တွာ = ကြွလာတော်မူ၍။ တံ = ထိုနာရဒရသေ့ကို။ ဒိသွာ = မြင်၍။ ဣန္ဒြိယဝသံ = ဣန္ဒြေတို့၏ အလိုနိုင်ငံတော်သို့။ ဂတော = လိုက်ပါ၍ နေသည်ဟူ၍။ ဉတွာ = သိရှိတော်မူ၍။

ပရစိတ္တဝိဇာနနအဘိညာဏ် (= သူတစ်ပါးတို့ရဲ့ စိတ်အကြံကို သိနိုင်တဲ့ အဘိညာဏ်)ကို ဝင်စားပြီး လှမ်းမျှော်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဩော်! ဒီနာရဒရသေ့ကတော့ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံကို လိုက်ပါနေပြီဆိုတာ သိတော်မူတယ်။

ဣန္ဒြေဆိုတာက မျက်စိ-နား-နှာ-လျှာ-ကိုယ်-စိတ် ဆိုပြီး ပေါင်းလိုက်တော့ ဘယ်နှစ်ခု ရှိသလဲ? ခြောက်ခု ရှိပါတယ်။ ဣန္ဒြေခြောက်ပါးလို့လည်း ခေါ်ပါတယ်။ ဘာကြောင့် ဣန္ဒြေလို့ ခေါ်ရသလဲ? မြင်တဲ့နေရာမှာ ဒီမျက်စိ ခေါ်တဲ့ စက္ခုအကြည်ဓာတ်က အစိုးရတယ်။ စက္ခုအကြည်ဓာတ်တွေ ချွတ်ယွင်း ပျက်စီးသွားပြီ၊ မျက်စိ မရှိတော့ဘူးဆိုလျှင် ဒီပုဂ္ဂိုလ် မြင်နိုင်သေးသလား? မမြင်နိုင်တော့ဘူး။ မြင်နိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေကို ဒီမျက်စိ အကြည်ဓာတ်က အစိုးရတဲ့အလုပ်ကို ပြုလုပ်ပါတယ်။ သူ့ကို ဣန္ဒြေလို့ သတ်မှတ်ထားပါတယ်။

အလားတူပဲ နားထိုင်းသွားပြီ, နားပင်းသွားပြီ, နားအကြည်ဓာတ်တွေ မရှိတော့ဘူးဆိုလျှင် အသံမကြားရတော့ဘူး။ သောတပသာဒဆိုတဲ့ သောတ အကြည်ဓာတ်သည် အသံကို ကြားတဲ့နေရာမှာ အစိုးရတယ်။ အလားတူပဲ ဃာနအကြည်ဓာတ်က အနံ့ကို သိတဲ့နေရာမှာ အစိုးရတယ်။ လျှာအကြည်ဓာတ်က အရသာကို သိတဲ့နေရာမှာ အစိုးရတယ်။ ကိုယ်အကြည်ဓာတ်ကလည်း ထိတာကို သိတဲ့နေရာမှာ အစိုးရတယ်။ မနခေါ်တဲ့ အသိစိတ် မနိန္ဒြေကလည်း ဓမ္မသဘော အမျိုးမျိုးလို့ ခေါ်ဆိုအပ်တဲ့ အာရုံခြောက်ပါးလုံးကို သိတဲ့နေရာမှာ သူက အစိုးရတယ်။ အဲဒါကြောင့် သူတို့ကို ဣန္ဒြေလို့ ခေါ်တယ်။

ဒီမျက်စိ-နား-နှာ-လျှာ-ကိုယ်-စိတ်လို့ ခေါ်ဆိုအပ်တဲ့ ဒီဣန္ဒြေတို့ရဲ့ အလိုကို လိုက်ပါတာတော့ ဘုရားရှင်လည်း မကြိုက်ပါဘူး။ အလိုလိုက်တယ် ဆိုတာက ဘာပြောတာလဲ? မျက်စိက ဒါကြည့်လိုတယ်ဆိုလျှင် တော်၏, မတော်၏, သင့်၏, မသင့်၏, ကုသိုလ် ဖြစ်နိုင်၏, အကုသိုလ် ဖြစ်နိုင်၏, စူးစမ်းဆင်ခြင်မူ မရှိဘဲ ကြည့်လိုတယ်ဆိုလျှင် သွားကြည့်လိုက်တာပဲ။ လွတ်လွတ်လပ်လပ် သွားကြည့်လိုက်တယ်။

အသံတစ်ခု နားထောင်လိုတယ်၊ ကုသိုလ်ဖြစ်နိုင်သလား, အကုသိုလ် ဖြစ်နိုင်သလား, တော်သလား, မတော်သလား, မစဉ်းစားဘူး၊ နားထောင်လိုလျှင် သွားပြီးနားထောင်လိုက်တာပဲ။ အနံ့တစ်ခု နမ်းရှူလိုတယ်ဆိုလျှင်လည်း လွတ်လွတ်လပ်လပ်ပဲ ကျေကျေနပ်နပ်ကြီး သွားပြီးနမ်းရှူလိုက်တယ်။ အစားအစာတစ်ခု စားလိုတယ်၊ တော်မတော် မစဉ်းစားဘူး၊ သတ်စားလိုလျှင်လည်း သတ်စားရပလေ့စေ အကုန်လုံး စားလိုက်တာပဲ။

စားလိုတာနဲ့ ပတ်သက်ပြီး အစင်ကကြွလာတဲ့ ဘုန်းတော်ကြီး တစ်ပါးက ယောဂီတစ်ယောက်ရဲ့ အကြောင်းကို ဘုန်းကြီးကို ပြောပြဖူးပါတယ်။ကျောင်းမှာ ယောဂီတစ်ယောက်ကို သူက အသုဘကမ္မဋ္ဌာန်း အရှုခိုင်းနေတယ်။ ဗဟိဒ္ဓ သက်ရှိသတ္တဝါတွေ တိရစ္ဆာန်တွေပါ အားလုံး ထည့်သွင်းပြီးတော့ အသုဘ အရှုခိုင်းနေတယ်။ ပဋိကူလမနသိကာရအဖြစ်ဖြင့် အရှုခိုင်းလိုက်တဲ့ အချိန်အခါမှာ အရှင်ဘုရား တပည့်တော် ကြက်နှင့်ဝက်ကို အသုဘရှုလို့မရ ဖြစ်နေပါတယ်လို့ လျှောက်ထားတယ်။ ဘာဖြစ်လို့ ရှုလို့မရသလဲလို့ မေးတဲ့ အခါ ကြက်တွေ ဝက်တွေကို လင်းရောင်ခြည်စွမ်းအားဖြင့် လှမ်းကြည့်လိုက်တဲ့အခါ မြင်လိုက်တာနဲ့ စားချင်တဲ့စိတ်က အာရုံထဲမှာ ပေါ်လာတယ်။ ဒါကြောင့် တပည့်တော် ကြက်နှင့်ဝက်ကတော့ အသုဘရှုလို့မရ ဖြစ်နေပါတယ်လို့ ပြန်လျှောက်တယ်။

ဣန္ဒြေရဲ့ အလိုကို လိုက်တယ်ဆိုတာ ဒါမျိုးကို ပြောတာပဲ။ စိတ်ထဲမှာ ဘာဖြစ်လာသလဲ? ဖြစ်လာတဲ့အတိုင်း စိတ်ထဲက ကြက်သားစားလိုတယ် ဆိုလျှင် ရိုက်ချက်ပြီး စားလိုက်တယ်။ ဒါမျိုးကို ဣန္ဒြေရဲ့ အလိုကို လိုက်တယ်လို့ ခေါ်ပါတယ်။ ဝက်သားစားလိုတယ်ဆိုလျှင်လည်း ရတဲ့နည်းနဲ့ ရှာဖွေပြီး စားလိုက်တာပဲ။ ဒါမျိုးကို ဣန္ဒြေရဲ့ အလိုကို လိုက်တယ်လို့ ခေါ်ပါတယ်။ အဲဒီအတိုင်းပဲ ဖောဋ္ဌဗ္ဗာရုံတစ်ခု တွေ့ထိလိုတယ်ဆိုလျှင်လည်း ဒီအတိုင်းပဲ၊ အပ်တယ်, မအပ်တယ်, ကုသိုလ်, အကုသိုလ် သတ်မှတ်ရွေးချယ်မနေဘူး၊ တွေ့ထိလိုက်တာပဲ။ စဉ်းစားစရာ စိတ်ကူးစရာ တစ်ခုခု ရှိခဲ့မယ်ဆိုလျှင်လည်း စဉ်းစားလိုရာ စဉ်းစားလိုက်တာပဲ၊ ဘာမှ စူးစမ်းဆင်ခြင်မှု မရှိဘူး။ ကုသိုလ် အကုသိုလ် နားမလည်ဘူး၊ လွတ်လွတ်လပ်လပ်ကြီး တွေးခေါ်နေလိုက်တယ်။ ဒါကို ဣန္ဒြေရဲ့ အလိုကို လိုက်တယ်လို့ ခေါ်တယ်။

ဒီနေရာမှာလည်း နာရဒရှင်ရသေ့ကတော့ ပြည့်တန်ဆာမတစ်ဦး အပေါ်မှာ နှစ်သက်နှောင်ဖွဲ့နေတဲ့ စိတ်ထားတွေ ရှိနေတယ်၊ ဒီစိတ်ထားကို သူက ပြန်လည်ရုပ်သိမ်းလိုတဲ့ ဆန္ဒဓာတ် မရှိဘူး။ ရစ်ပတ်နှောင်ဖွဲ့တဲ့အတိုင်းပဲ လွတ်လွတ်လပ်လပ်ကြီး ဆက်လက်ပြီး နှစ်သက်နှောင်ဖွဲ့နေတဲ့ စိတ်ဓာတ်တွေကိုပဲ မွေးမြူနေတယ်။ ဒါကို ဣန္ဒြေရဲ့ အလိုကို လိုက်နေတယ်လို့ ခေါ်ပါတယ်။


ဣန္ဒြေတို့၏ အလိုနိုင်ငံသို့ လိုက်ပါနေသူတို့၏ သွားရာလမ်း

ဒီလိုဆိုလျှင် ဘယ့်နှယ်တုံး ဒါယကာကြီးတွေ ဒါယိကာမကြီးတွေလည်း ဣန္ဒြေရဲ့ အလိုကို လိုက်ပါနေတဲ့အထဲမှာ ပါသလား, မပါဘူးလား?ပါလိမ့်မယ် ထင်ပါတယ်။ နည်းနည်း စဉ်းစားသင့်ပါတယ်။ ဒီလို ဣန္ဒြေရဲ့ အလိုကို လိုက်နေတာ ကောင်းသလားဆိုတော့ မကောင်းဘူး။ ဒါကို သရဘင်္ဂရှင်ရသေ့က သိတော့ ဘာလုပ်သလဲ? ---

သော အာဂန္တွာ တံ ဒိသွာ ဣန္ဒြိယဝသံ ဂတောတိ ဉတွာ ကစ္စိ နာရဒ ဣန္ဒြိယာနံ ဝသံ ဂတောတိ ပုစ္ဆိ။

သော = ထိုသရဘင်္ဂရှင်ရသေ့သည်။ အာဂန္တွာ = ကြွလာတော်မူ၍။ တံ = ထိုနာရဒရှင်ရသေ့ကို။ ဒိသွာ = မြင်၍။ ဣန္ဒြိယဝသံ = ဣန္ဒြေ၏ အလို နိုင်ငံသို့။ ဂတောတိ = လိုက်ပါနေသူဟူ၍။ ဉတွာ = သိရှိရသည်ဖြစ်၍။ နာရဒ = ချစ်သားနာရဒ။ ကစ္စိ = အသို့ပါနည်း။ ဣန္ဒြိယာနံ = ဣန္ဒြေတို့၏။ဝသံ = အလိုနိုင်ငံသို့။ ဂတော = လိုက်ပါ၍နေပါသလား။

ချစ်သားနာရဒ ... ဘယ်လိုတုန်း သင်ဟာ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်လေလားလို့ မေးကြည့်လိုက်တယ်။ အဲဒီလို မေးကြည့်လိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? ---

ဣတရေန တံ သုတွာဝ ဥဋ္ဌာယ ဝန္ဒိတွာ အာမ အာစရိယာတိ ဝုတ္တေ နာရဒ ဣန္ဒြိယဝသံ ဂတာ နာမ ဣမသ္မိံ အတ္တဘာဝေ သုဿန္တာ ဒုက္ခံ အနုဘဝိတွာ ဒုတိယေ အတ္တဘာဝေ နိရယေ နိဗ္ဗတ္တန္တိ။

ဣတရေန = နာရဒရှင်ရသေ့က။ တံ = ထိုသရဘင်္ဂရှင်ရသေ့ မေးမြန်းတဲ့ မေးခွန်းကို။ သုတွာဝ = ကြား၍သာလျှင်။ ဥဋ္ဌာယ = နေရာမှ ထ၍။ ဝန္ဒိတွာ = သရဘင်္ဂရှင်ရသေ့ကို ရှိခိုး၍။ အာမ အာစရိယ = ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူပါပေသော သရဘင်္ဂရှင်ရသေ့ မှန်လှပါပေ၏။

မှန်ပါပေတယ်၊ တပည့်တော်ဟာ ဣန္ဒြေရဲ့ အလိုကို လေ့လာလိုက်စားမိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ သရဘင်္ဂရှင်ရသေ့ကြီးက ---

နာရဒ = ချစ်သားနာရဒ။ ဣန္ဒြိယဝသံ = ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့။ ဂတာ နာမ = လိုက်ပါ၍နေတဲ့ ပုဂ္ဂိုလ်မည်သည်ကား။ ဣမသ္မိံ အတ္တဘာဝေ = ဤခန္ဓာကိုယ်အတ္တဘော၌။ သုဿန္တာ = ခြောက်သွေ့ကြကုန်သည်ဖြစ်၍။ ဒုက္ခံ = ဆင်းရဲဒုက္ခကို။ အနုဘဝိတွာ = အစဉ်ခံစားကြရကုန်သည်ဖြစ်၍။ ဒုတိယေ အတ္တဘာဝေ = နှစ်ခုမြောက်ဖြစ်တဲ့ အတ္တဘော၌။ နိရယေ = ငရဲ၌။ နိဗ္ဗတ္တန္တိ = ဖြစ်ကြရလေကုန်၏။

ချစ်သားနာရဒ ...ဣန္ဒြေတို့ရဲ့ အလိုကို လေ့လာလိုက်စားနေတဲ့ ပုဂ္ဂိုလ် မှန်ခဲ့လျှင် ဒီခန္ဓာကိုယ်အတ္တဘောလည်း တဖြည်းဖြည်း ခြောက်သွေ့ပြီးတော့ ဆင်းရဲဒုက္ခ ရောက်သွားတတ်တယ်။ ဒုတိယဘဝ ခန္ဓာကိုယ်အတ္တဘောကို လှမ်းမျှော်ပြီး ကြည့်လိုက်လျှင်လည်း ငရဲမှာ သွားပြီး ဖြစ်နိုင်ပါတယ် ဆိုပြီးတော့ ဂါထာကလေးတစ်ခုနဲ့ ဆိုဆုံးမတော်မူတယ်။

ယော ဣန္ဒြိယာနံ ကာမေန၊ ဝသံ နာရဒ ဂစ္ဆတိ။

သော ပရိစ္စဇ္ဇုဘော လောကေ၊ ဇီဝန္တောဝ ဝိသုဿတိ။

နာရဒ = ချစ်သားနာရဒ။ ယော ပုရိသော = အကြင်ယောက်ျားသည်ကား။ ကာမေန = ဝတ္ထုကာမတို့ကို လိုလားတောင့်တခြင်းတည်းဟူသော ကိလေသာကာမ၏ အစွမ်းဖြင့်။ ဣန္ဒြိယာနံ = ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့။ ဂစ္ဆတိ = လိုက်ပါ၍နေလေ၏။ သော = ထိုဣန္ဒြေတို့၏ အလိုနိုင်ငံသို့ လိုက်ပါ၍နေတဲ့ ထိုယောက်ျားသည်။ ဥဘော လောကေ = လူလောက နတ်လောကဟု ခေါ်ဆိုအပ်တဲ့ နှစ်ပါးစုံသော လောကတို့ကို။ ပရိစ္စဇ္ဇ = စွန့်လွှတ်ပယ်ထား ခဲ့၍။ နိရယာဒီသု = ငရဲအစရှိသော အပါယ်လေးဘုံတို့၌။ နိဗ္ဗတ္တတိ = ဖြစ်ရတတ်ပေ၏။ သော ပုရိသော = ထိုယောက်ျားသည်။ ဇီဝန္တောဝ = အသက် ရှင်လျက်ပင်လျှင်။ ဝိသုဿတိ = ကြီးစွာသော ဆင်းရဲပင်ပန်းမှု အမျိုးမျိုးဖြင့် ခြောက်သွေ့ခြင်းသို့ ရောက်ရှိရပေ၏။

ချစ်သားနာရဒ ...ဣန္ဒြေတို့ရဲ့ အလိုကို လိုက်ပါနေတဲ့ ပုဂ္ဂိုလ် မှန်ခဲ့လျှင်တော့ လူ့လောက နတ်လောကလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော လောကကို တစ်နေ့မှာ စွန့်ခွာသွားရမယ့် ပုဂ္ဂိုလ်သာ ဖြစ်ပါတယ်။ အဲဒီလို စွန့်ခွာပြီးတော့ သူက ဘယ်ရောက်မလဲဆိုလျှင် ငရဲအစရှိတဲ့ အပါယ်လေးဘုံ တစ်ဘုံဘုံကိုတော့ ဧကန်ရောက်တော့မယ်။ ငရဲမရောက်မီ လူဘဝမှာ အသက်ရှင်နေသေးတယ်ဆိုလျှင်လည်း ပင်ပန်းဆင်းရဲခြင်း အမျိုးမျိုးဖြင့် ခြောက်ကပ်ပြီး ဆင်းရဲဒုက္ခကြီးစွာ ရောက်ရတဲ့ပုဂ္ဂိုလ် ဖြစ်တတ်ပါတယ် ဆိုပြီးတော့ ဒီလို ဆုံးမတော်မူပါတယ်။ ဒီဆုံးမစကားကလေးက ဘာပြောလိုတာလဲ? ---

နာရဒ ယော ပုရိသော ရူပါဒီသု သုဘာကာရံ ဂဟေတွာ ကိလေသကာမဝသေန ဆန္နံ ဣန္ဒြိယာနံ ဝသံ ဂစ္ဆတိ။ ပရိစ္စဇ္ဇုဘော လောကေတိ သော မနုဿလောကဉ္စ ဒေဝလောကဉ္စာတိ ဥဘောလောကေ ပရိစ္စဇိတွာ နိရယာဒီသု နိဗ္ဗတ္တန္တိ။

နာရဒ = ချစ်သားနာရဒ။ ယော ပုရိသော = အကြင်ယောက်ျားပုဂ္ဂိုလ် သည်ကား။ ရူပါဒီသု = အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိ-ဓမ္မသဘောလို့ ခေါ်ဆိုအပ်တဲ့ အာရုံခြောက်ပါးတို့၌။ သုဘာကာရံ = တင့်တယ်လှပ ကောင်းမြတ်၏ဟု ခေါ်ဆိုအပ်တဲ့ သုဘအခြင်းအရာကို။ ဂဟေတွာ = စွဲယူထား၍။ ကိလေသကာမဝသေန = ကိလေသာကာမ၏ အစွမ်းအားဖြင့်။ ဆန္နံ ဣန္ဒြိယာနံ = ခြောက်ပါးကုန်သော ဣန္ဒြေတို့၏။ ဝသံ = အလိုနိုင်ငံသို့။ ဂစ္ဆတိ = လိုက်ပါ၍ နေတတ်ပေ၏။

ရူပါရုံတစ်ခု မြင်လိုက်ရလျှင်လည်း လှလိုက်တာ၊ အသံတစ်ခု ကြားလိုက်ရလျှင်လည်း ကောင်းလိုက်တာ၊ အနံ့ကလေးတစ်ခု နမ်းရှူလိုက်ရ လျှင်လည်း ကောင်းလိုက်တာ၊ အရသာကလေးတစ်ခု စားလိုက်ရလျှင်လည်း ကောင်းလိုက်တာ၊ အတွေ့အထိကလေးတစ်ခု တွေ့ထိလိုက်ရလျှင်လည်း ကောင်းလိုက်တာ၊ ကိုယ်စဉ်းစားလိုတာကလေးတစ်ခု စဉ်းစားရလျှင်လည်း စဉ်းစားလို့ ကောင်းလိုက်တာဆိုပြီးတော့ သူက ကောင်းလိုက်တာနဲ့ပဲ စိတ်ထဲမှာ ကျေနပ်နေတယ်။ ဒါကို သုဘအခြင်းအရာအားဖြင့် အာရုံကို စွဲယူတယ်လို့ ခေါ်ပါတယ်။

အဲဒီလို သုဘအခြင်းအရာအားဖြင့် အာရုံတွေကို ဣန္ဒြေခြောက်ပါး အပေါ်မှာ စွဲယူတဲ့အဆင့်နှင့် ရပ်တည်မနေဘဲ၊ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံကို လိုက်ပါသွားတယ်။ လှတယ်ဆိုတဲ့ ရူပါရုံ သွားကြည့်လိုက်တာပဲ၊ ဝအောင်ကို ကြည့်တယ်၊ ကောင်းတယ်ဆိုတဲ့ အသံကို ဝအောင်ကို သွားပြီးတော့ နားထောင်လိုက်တယ်၊ ကောင်းတယ်ဆိုတဲ့ အနံ့ကို ဝအောင်ကို သွားရှူလိုက်တယ်၊ ကောင်းတယ်ဆိုတဲ့ အရသာကို ဝအောင်ကို စားလိုက်တယ်၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အတိုင်း အကုန်လုံး ခံစားလိုက်တယ်၊ ကောင်းတယ်ဆိုတဲ့ အတွေ့အထိကို စိတ်ကြိုက် ဝအောင်ကို ခံစားလိုက်တယ်၊ အဲဒီလို ဣန္ဒြေတို့ရဲ့ အလိုသို့ လိုက်ပါခံစားနေတာကို အာရုံတွေရဲ့ အလိုကို လိုက်ပါနေတယ်လို့ ခေါ်တယ်။ အဲဒီလို ဣန္ဒြေရဲ့ အလိုကို လိုက်ပါနေတဲ့ ပုဂ္ဂိုလ်သည် ဘာဖြစ်မလဲ?

သော = ထိုဣန္ဒြေတို့ရဲ့ အလိုသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်မျိုးသည်ကား။ မနုဿလောကဉ္စ = လူလောကကိုလည်းကောင်း။ ဒေဝလောကဉ္စ = နတ် လောကကိုလည်းကောင်း။ ဣတိ = ဤသို့။ ဥဘော လောကေ = နှစ်ပါးစုံ ဖြစ်သော လောကတို့ကို။ ပရိစ္စဇိတွာ = စွန့်လွှတ်ပယ်ထားခဲ့၍။ နိရယာဒီသု = ငရဲစသည်တို့၌။ နိဗ္ဗတ္တန္တိ = ဖြစ်ကြရကုန်၏။

ဒီလို ဣန္ဒြေတို့ရဲ့ အလိုကို လိုက်ပါနေတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်နေ့မှာ ငရဲအစရှိတဲ့ အပါယ်လေးဘုံ တစ်ဘုံဘုံမှာ ကျိန်းသေဧကန် ဖြစ်ကြရမယ်။ ဒီလို သရဘင်္ဂရသေ့ကြီးက ထွင်းဖောက်ပြီး မြင်တော်မူတဲ့အတွက် ဆိုဆုံးမ နေခြင်း ဖြစ်ပါတယ်။ ဆရာသမားရဲ့ မေတ္တာကရုဏာဓာတ် ကြီးမားပုံကို အလွန် ကြည်ညိုဖို့ ကောင်းပါတယ်၊ အရှည်ကို လှမ်းမျှော်ပြီးတော့ ဆိုဆုံးမတော်မူခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု အဲဒီပုဂ္ဂိုလ်သည် အသက်ရှင်နေလျှင်လည်း ဘာဖြစ်မလဲ?

ဇီဝန္တောယေဝ အတ္တနာ ဣစ္ဆိတံ ကိလေသဝတ္ထုံ အလဘန္တော သောကေန ဝိသုဿတိ၊ မဟာဒုက္ခံ ပါပုဏာတိ။

ဇီဝန္တောယေဝ = အသက်ရှင်နေစဉ်မှာပင်လျှင်။ အတ္တနာ = မိမိသည်။ ဣစ္ဆိတံ = အလိုရှိအပ်သော။ ကိလေသဝတ္ထုံ = ကိလေသာကာမဖြင့် လိုလား တောင့်တအပ်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို။ အလဘန္တော = မရရှိသည်ဖြစ်၍။ သောကေန = စိုးရိမ်ပူဆွေးရခြင်း သောကတရားဖြင့်။ ဝိသုဿတိ = ပင်ပန်းဆင်းရဲမှုဖြင့် ခြောက်သွေ့၍ နေရပေ၏။ မဟာဒုက္ခံ = ကြီးစွာသော ဆင်းရဲဒုက္ခသို့။ ပါပုဏာတိ = ရောက်ရှိ၍ နေရတတ်ပေ၏။

ဒီအာရုံတစ်ခုခုကို သူက သိပ်လိုချင်နေပြီ၊ မိမိလိုလားတောင့်တနေတဲ့ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု တစ်ခုခုကို မရခဲ့ဘူးဆိုလျှင် မရရှိခြင်း တည်းဟူသော အကြောင်းကြောင့်လည်း သောကတွေ စိုးရိမ်ပူဆွေးမှုတွေက သိပ်ပြီး အားကောင်းလာတယ်။ သောကတွေ နှိပ်စက်နေတဲ့အတွက်ကြောင့်လည်း ဆင်းရဲမလား, ချမ်းသာမလား? ဆင်းရဲနေပြန်ပြီ။ ကြီးစွာသော ဆင်းရဲဒုက္ခကို ရောက်ရှိတတ်ပါတယ် ချစ်သား ဆိုပြီးတော့ ဒီလို နာရဒ ရှင်ရသေ့ကို သရဘင်္ဂရှင်ရသေ့ကြီးက ဆိုဆုံးမတော်မူပါတယ်။ ဒီလို ဆုံးမတဲ့ အချိန်အခါမှာ ဒီနာရဒရှင်ရသေ့က ဘာပြန်လျှောက်ထားသလဲ? ---

သုခနှင့် ဒုက္ခ, ဒုက္ခနှင့် သုခ

အာစရိယ ကာမသေဝနံ နာမ သုခံ၊ ဧဝရူပံ သုခံ ကိံ သန္ဓာယ ဒုက္ခန္တိ ဝဒသိ။

အာစရိယ = ဆရာဖြစ်တော်မူပါပေသော သရဘင်္ဂရှင်ရသေ့။ ကာမသေဝနံ နာမ = ကာမဂုဏ်ကို မှီဝဲခြင်းမည်သည်ကား။ သုခံ = ချမ်းသာ လှပါပေ၏။ ဧဝရူပံ သုခံ = ဤကဲ့သို့သော ချမ်းသာသုခကို။ ကိံ = အဘယ်ကို။ သန္ဓာယ = ရည်ရွယ်တော်မူ၍။ ဒုက္ခန္တိ = ဒုက္ခဟူ၍။ ဝဒသိ = ပြောဆို၍ နေပါသနည်း။

ဆရာဖြစ်တော်မူသော သရဘင်္ဂရှင်ရသေ့ဘုရား ..ကာမဂုဏ်ကို ခံစားတယ်ဆိုတာက အင်မတန် ချမ်းသာပါတယ်။ ဒီလောက် ချမ်းသာနေတဲ့ ဒီကာမသုခကို ဘာကို ရည်ရွယ်ပြီးတော့ ဒုက္ခလို့ ပြောနေရတာလဲ လို့ နာရဒ ရှင်ရသေ့က ပြန်မေးတယ်။ ဘယ့်နှယ်တုံး ဒါယကာကြီးတွေ အဲဒီ စကားကလေးကို နည်းနည်းကလေး ပြန်စဉ်းစားကြည့်ကြစမ်း! ကာမဂုဏ် ခံစားတယ် ဆိုတာက ချမ်းသာတယ်လို့ သူက ပြောနေတယ်။ ချမ်းသာနေတဲ့ ကာမဂုဏ် ချမ်းသာကို ဘာကြောင့် ဒုက္ခလို့ ပြောနေရသလဲလို့သူက ပြန်ပြီး မေးနေတယ်။ အဲဒီ မေးခွန်းမျိုးတွေကို ဒါယကာကြီးတွေကို မေးမယ်ဆိုလျှင်လည်း ဘယ်လိုများ ဖြေကြမလဲ? ပြုံးကုန်ပြီ။ သရဘင်္ဂရှင်ရသေ့က ဘာပြန်ဖြေသလဲ? ---

သုခဿာနန္တရံ ဒုက္ခံ၊ ဒုက္ခဿာနန္တရံ သုခံ။

သောသိ ပတ္တော သုခါ ဒုက္ခံ၊ ပါဋိကင်္ခ ဝရံ သုခံ။

သတ္တာ = သတ္တဝါတို့သည်ကား။ သုခဿ = ကာမသုခ၏။ အနန္တရံ = အခြားမဲ့၌။ ဒုက္ခံ = ငရဲဒုက္ခသို့။ ပါပုဏန္တိ = ရောက်ရှိ၍ သွားကြကုန်၏။ ဒုက္ခဿ = သီလကို စောင့်ထိန်းရခြင်းဒုက္ခ, သမထ-ဝိပဿနာဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရခြင်းဒုက္ခ၏။ အနန္တရံ = အခြားမဲ့၌။ သုခံ = လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို။ လဘတိ = ရရှိနိုင်ပါပေ၏။

အဲဒီ အဖြေကလေးက သိပ်ကောင်းတဲ့ စကားကလေးပဲ၊ ကာမသုခရဲ့ တစ်ဖက်မှာ ဒုက္ခရှိတယ်၊ ကာမသုခရဲ့ အခြားမဲ့မှာ ငရဲဒုက္ခကို ကျရောက်စေတဲ့သဘော ရှိပါတယ်။ နောက်တစ်မျိုးကို ပြောကြရအောင် သီလတွေကို မစောင့်ထိန်းလိုသော်လည်း စောင့်ထိန်းရတယ်၊ ဒီသီလကို စောင့်ထိန်းရတယ် ဆိုတဲ့ လုပ်ငန်းတစ်ခုသည် ဆင်းရဲတဲ့ဒုက္ခတစ်မျိုးပဲ ဖြစ်ပါတယ်။ အလားတူပဲ သမထ-ဝိပဿနာဘာဝနာတွေကို အပင်ပန်းခံပြီး ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ရတော့လည်း ဆင်းရဲရပါတယ်။

တစ်ခါတုန်းက ဒါယကာတစ်ယောက်က လျှောက်ထားဖူးတယ်၊ တရား ထိုင်တာ (၁၀)ရက်လောက်ကြာတော့ ခန္ဓာကိုယ်ကို ထုရိုက်ထားသလို တော်တော်ကလေး ပင်ပန်းလာတယ်။ တပည့်တော်ဘုရား တောင်ပေါ်ကို (၁၀)ခေါက်တက်တာ ဒီလောက်မပင်ပန်းဘူး အောက်မေ့ပါတယ် ဆိုပြီး လျှောက်ထားတယ်။ တရားထိုင်ရတဲ့ ဒီဆင်းရဲဒုက္ခ, သီလစောင့်ထိန်းရတဲ့ ဆင်းရဲဒုက္ခ, သမထ-ဝိပဿနာ ဘာဝနာတွေကို ပွားများနေရတဲ့ ဆင်းရဲဒုက္ခ၊ အဲဒီ ဒုက္ခတွေရဲ့ အခြားမဲ့မှာ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာဆိုတဲ့ သုခကြီးက နောက်က ရှိနေပါတယ်။

သောသိ ပတ္တော သုခါ ဒုက္ခန္တိ သော တွံ နာရဒ ဣဒါနိ စျာနသုခံ နာသေတွာ တတော သုခါ မဟန္တံ ကာမနိဿိတံ စေတသိကဒုက္ခံ ပတ္တော။

နာရဒ = ချစ်သားနာရဒ။ သော တွံ = ထိုသင်သည်။ ဣဒါနိ = ယခု အခါ၌။ စျာနသုခံ = စျာန်ချမ်းသာကို။ နာသေတွာ = ပျက်စီးစေ၍။ တတော သုခါ = ထိုစျာန်ချမ်းသာမှ။ မဟန္တံ = ကြီးကျယ်သော။ ကာမနိဿိတံ = ကာမဂုဏ်ကိုမှီ၍ ဖြစ်ပေါ်လာသော။ စေတသိကဒုက္ခံ = စိတ်၌ဖြစ်သော ဆင်းရဲဒုက္ခကို။ ပတ္တော = ရောက်ရှိ၍ နေပေ၏။

ယခုအခါမှာ သင်သည် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သမထ ဘာဝနာရဲ့ စွမ်းအားကြောင့် ရရှိနေတဲ့ စျာန်ချမ်းသာကြီးတစ်ခုကို ပျက်စီး သွားအောင် ဖျက်ဆီးပစ်လိုက်ပြီ၊ ဖျက်ဆီးပြီးတဲ့အခါမှာ အလွန်အဆင့်အတန်း မြင့်မားနေတဲ့ ဒီစျာန်ချမ်းသာမှ အင်မတန် ယုတ်ညံ့နေတဲ့ ကာမဂုဏ်ကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ စိတ်ဆင်းရဲခြင်းဒုက္ခကို သင်သည် အကြီးအကျယ် ရောက်ရှိနေပြီ။

စာပေကျမ်းဂန်များမှာတော့ ချမ်းသာသုခ အဆင့်အတန်းတွေကို ခွဲခြားပြီး ဖော်ပြထားပါတယ်။ ကာမသုခထက် စျာနသုခက ပိုပြီး ချမ်းသာတယ်၊ စျာနသုခထက် ဝိပဿနာသုခက ပိုပြီး ချမ်းသာတယ်၊ ဝိပဿနာသုခထက် မဂ္ဂသုခ, ဖလသုခ, နိဗ္ဗာနသုခခေါ်တဲ့ ဒီသုခတွေက ပိုပြီး ချမ်းသာတယ်၊ အဆင့်ဆင့် ပိုပြီး ချမ်းသာသွားကြတယ်၊ ဒီလို မိန့်ဆိုထားပါတယ်။ အဲဒီတော့ ဒီနေရာမှာ အလွန် အဆင့်တန်း မြင့်မားနေတဲ့ စျာန်ချမ်းသာကြီးကို ဖျက်ဆီး ပြီးတော့ အလွန် အဆင့်နိမ့်နေတဲ့ ကာမဂုဏ်ကို အမှီပြုပြီးတော့ စိတ်ဆင်းရဲခြင်းဆိုတဲ့ စေတသိကဒုက္ခကို သင်ရောက်နေပြီ။ ဒါကြောင့် သင်သည် ဘာလုပ်သင့်သလဲ? ---

ပါဋိကင်္ခါတိ ဣဒံ ကိလေသဒုက္ခံ ဆဍ္ဍေတွာ ပုန တဒေဝ ဝရံ ဥတ္တမံ စျာနသုခံ ဣစ္ဆ ပတ္ထေဟီတိ။

ဣဒံ ကိလေသဒုက္ခံ = ကိလေသာဝဋ်ဆင်းရဲဒုက္ခကို။ ဆဋ္ဋေတွာ = စွန့်ပစ် ထားလိုက်၍။ ပုန = နောက်ထပ်တစ်ဖန်။ ဝရံ ဥတ္တမံ = အလွန့်အလွန် မြင့်မြတ်နေတဲ့။ တဒေဝ စျာနသုခံ = ထိုစျာန်ချမ်းသာကိုပင်လျှင်။ ဣစ္ဆ ပတ္ထေဟိ = လိုလားတောင့်တပါလေလော့။

ယခုအခါမှာ သင်သည် ဤကာမဂုဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ် ဆင်းရဲခြင်းဆိုတဲ့ စေတသိကဒုက္ခကြီးကို စွန့်ပယ်ထားလိုက်စမ်းပါ။ စွန့်ပယ် ထားပြီးတဲ့ အချိန်အခါမှာ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ စျာန်ချမ်းသာကို တစ်ဖန်ရအောင် လိုလားတောင့်တစမ်းပါ။ စျာန်ချမ်းသာကို လိုလား တောင့်တတဲ့စိတ်ဖြင့် ဒီစျာန်ချမ်းသာတွေကို ရအောင် ပြန်လည် ကြိုးစား အားထုတ်စမ်းပါဆိုပြီးတော့ တိုက်တွန်းတော်မူပါတယ်။ အဲဒီလို တိုက်တွန်းလိုက်တဲ့ အချိန်အခါမှာ ဒီစကားကလေးက ဘာပြောလိုသလဲ? ---

နာရဒ ဣမေ ဟိ သတ္တာ ကာမသေဝနသမယေ ကာလံ ကတွာ ဧကန္တဒုက္ခေ နိရယေ နိဗ္ဗတ္တန္တိ။

နာရဒ = ချစ်သားနာရဒ။ ဣမေ ဟိ သတ္တာ = ဤသတ္တဝါတို့သည်ကား။ ကာမသေဝနသမယေ = ကာမဂုဏ်ကို သုံးဆောင်ခံစားနေရတဲ့ အချိန်အခါမျိုး၌။ ကာလံ ကတွာ = သေလွန်သွားခဲ့သည်ရှိသော်။ ဧကန္တဒုက္ခေ = ဆင်းရဲအတိဖြစ်သော။ နိရယေ = ငရဲ၌။ နိဗ္ဗတ္တန္တိ = ဖြစ်ကြရကုန်၏။

ပုဂ္ဂိုလ်တစ်ဦးက ကာမဂုဏ်တစ်ခုခု ခံစားနေပြီ ဆိုကြစို့၊ ကိုယ်နှစ်သက်တဲ့ အဆင်းတစ်ခု ကြည့်နေတုန်း, ကိုယ်နှစ်သက်တဲ့ အသံကလေးတစ်ခု နားထောင်နေတုန်း, ကိုယ်နှစ်သက်တဲ့ အနံ့တစ်ခု နမ်းရှူနေတုန်း, ကိုယ်နှစ်သက်နေတဲ့ အရသာတစ်ခု စားနေတုန်း, ကိုယ်နှစ်သက်နေတဲ့ အတွေ့အထိတစ်ခု တွေ့ထိနေတုန်း, ကိုယ်နှစ်သက်နေတဲ့ ရာဂဖြစ်လောက်တဲ့ အာရုံတစ်ခုကို ကြံစည်စိတ်ကူးနေတုန်း ဒီလို အာရုံအမျိုးမျိုးတွေကို ခံစားစိတ်ကူးနေတာတွေကို ကာမသေဝန (= ကာမဂုဏ် ခံစားနေတဲ့ အချိန်အခါ)လို့ ခေါ်တယ်။ အဲဒီလို ကာမဂုဏ် ခံစားနေတဲ့ အချိန်အခါကလေးမှာ ဘာဖြစ်သလဲ? ---

ကာမသေဝနသမယေ = ကာမဂုဏ်ခံစားနေတဲ့ အချိန်အခါမျိုး၌။ ကာလံ ကတွာ = သေလွန်၍ သွားခဲ့သည်ရှိသော်။ ဧကန္တဒုက္ခေ = ဆင်းရဲအတိဖြစ်သော။ နိရယေ = ငရဲ၌။ နိဗ္ဗတ္တန္တိ = ဖြစ်ကြရကုန်၏။

ကာမဂုဏ်ကို ခံစားနေတဲ့ နှစ်သက်သာယာမှုဖြစ်နေတဲ့ အချိန်ကလေးမှာ ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုလျှင် ဆင်းရဲဒုက္ခအတိရှိတဲ့ ငရဲကို ရောက်ကြရ တော့မယ်။ သရဘင်္ဂရှင်ရသေ့ဟာ အလောင်းတော်ဘဝက ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် ဒီကာမဂုဏ်ခံစားနေစဉ် သေသွားတဲ့ သတ္တဝါတွေ ငရဲရောက်တာကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့အခါ သူက အသေအချာ မြင်နေတယ်။ ဒီလို အသေအချာ မြင်ရတဲ့အတွက် ဒီစကားကလေးကို သူက ပြောနေခြင်း ဖြစ်ပါတယ်။

အလောင်းတော် သရဘင်္ဂရှင်ရသေ့ မြင်သလိုပဲ ဘုန်းကြီးတို့ ဘုရားရှင်လည်း ဘုရားဖြစ်တော်မူလာတဲ့ အချိန်အခါမှာ ပုံစံတူပဲ အာဒိတ္တပရိယာယသုတ္တန်မှာ ဟောထားပါတယ်။ အဘိဓမ္မာနည်းအားဖြင့် ပြောမယ်ဆိုလျှင် အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိ-ဓမ္မသဘောဆိုပြီးတော့ အာရုံ (၆)ပါး၊ သုတ္တန်ဒေသနာတော်နည်းအရ ပြောမယ်ဆိုလျှင်တော့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု၊ ဝိနည်းဒေသနာတော်နည်းအရ ပြောမယ်ဆိုလျှင်တော့ ပစ္စည်းလေးပါး၊ အဲဒီ အာရုံ (၆)ပါး သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ အချိန်အခါမျိုးမှာ သေသွားခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ? ---

တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ၊ ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။ (သံ၊၂၊၃၇၇။)

တသ္မိံ သမယေ = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာန်မူလည်းဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသော ဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင် အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤငရဲတိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော အကြောင်းတရားသည်။ ဝိဇ္ဇတိ = ထင်ရှားဧကန် ရှိသည်သာတည်း။

အာရုံ (၆)ပါး သို့မဟုတ် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမျိုးမှာ ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုလျှင် ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေပါတယ်လို့ ဒီလို ဘုရားရှင်က ဟောထားတော်မူပါတယ်။

ဒီလိုဆိုလျှင် ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ဒီစိတ်အစဉ်ကလေးတွေကို တိုက်ဖျက်ပစ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ပြီး တည်နေတဲ့ အချိန်ကလေးမှာ ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုလျှင် ကောင်းရာသုဂတိ ရောက်နိုင်ပါ့မလား? မရောက်နိုင်ဘူး။

အဘိဓမ္မာမှာ စည်းကမ်းတစ်ခု ရှိပါတယ်။ မရဏာသန္နဇောလို့ ခေါ်ဆိုအပ်တဲ့ ဘဝတစ်ခုမှာ နောက်ဆုံး ဖြစ်ပေါ်သွားတဲ့ ဇောဝီထိစိတ်အစဉ်သည် လောဘ-ဒေါသ-မောဟ ပြဓာန်းနေတဲ့ အကုသိုလ်ဇောတစ်ခုခုသာ စောခဲ့ပါစေ၊ ကျိန်းသေ အပါယ်လေးဘုံ ရောက်မယ်၊ ကောင်းရာသုဂတိကို ဘယ်လိုမှ မရောက်နိုင်ဘူး။ ဒီလိုဆိုလျှင် သတ္တဝါတွေဟာလည်း အချိန်မရွေး သေနိုင်တဲ့သဘော ရှိနေတဲ့အတွက် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို အမြဲတမ်း အကုသိုလ်တရားတွေ မဝင်အောင် တားမြစ်ပိတ်ဆို့ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ အဲဒီသဘောကို ရည်ရွည်ပြီးတော့ သရဘင်္ဂရှင်ရသေ့ကြီးက နာရဒရှင်ရသေ့ကို ဆိုဆုံးမနေခြင်း ဖြစ်ပါတယ်။

နာရဒ ဣမေ ဟိ သတ္တာ ကာမသေဝနသမယေ ကာလံ ကတွာ ဧကန္တဒုက္ခေ နိရယေ နိဗ္ဗတ္တန္တိ၊ သီလံ ရက္ခန္တာ ဝိပဿနာယ ကမ္မံ ကရောန္တာ စ ပန ကိလမန္တိ။

နာရဒ = ချစ်သားနာရဒ။ ဣမေ သတ္တာ = ဤသတ္တဝါတို့သည်ကား။ ကာမသေဝနသမယေ = ကာမဂုဏ်ကို သုံးဆောင်ခံစား၍နေသော အချိန်အခါ၌။ ကာလံ ကရေယျ = သေလွန်၍ သွားခဲ့သည်ရှိသော်။ ဧကန္တဒုက္ခံ = ဆင်းရဲဒုက္ခအတိဖြစ်သော။ နိရယေ = ငရဲ၌။ နိဗ္ဗတ္တန္တိ = ဖြစ်ကြရကုန်၏။

ဒီသတ္တဝါတွေဟာ ကာမဂုဏ် သုံးဆောင်ခံစားနေတဲ့ အချိန်အခါကလေးမှာ ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုလျှင်တော့ ဆင်းရဲဒုက္ခအတိဖြစ်တဲ့ ငရဲကို သွားဖြစ်ကြရတော့မယ်။ သို့သော် တစ်ဖက်က ဘာရှိသလဲ? ---

သီလံ = သီလကို။ ရက္ခန္တာ = ထိန်းသိမ်းစောင့်ရှောက်ကြကုန်သော သူတို့သည်လည်းကောင်း။ ဝိပဿနာယ ကမ္မံ = ဝိပဿနာဘာဝနာအမှုကို။ ကရောန္တာ စ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြကုန်သော သူတော်ကောင်းတို့သည်လည်းကောင်း။ ကိလမန္တိ = ပင်ပန်းဆင်းရဲကြရကုန်၏။

သီလစောင့်ထိန်းတယ်ဆိုတာက ကာယကံဖြင့် ပြုလုပ်လိုရာကို မပြုလုပ်ရအောင် စိတ်ကို ချုပ်တည်းခြင်း ဖြစ်တယ်၊ ဝစီကံဖြင့် ပြောလိုရာတွေကို မပြောမိအောင် စိတ်ကို ချုပ်တည်းခြင်း ဖြစ်တယ်၊ ဒီလို ချုပ်တည်းခြင်းလည်း ပင်ပန်းဆင်းရဲခြင်း တစ်မျိုးတော့ ဖြစ်တယ်။ အလားတူပဲ သမထ-ဝိပဿနာ တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတာလည်း ပင်ပန်းကြတယ်၊ သို့သော် ဒီပင်ပန်းမူတွေက ဘာဖြစ်သလဲ? ---

တေ ဒုက္ခေန သီလံ ရက္ခိတွာ သီလဗလေန ဝုတ္တပ္ပကာရံ သုခံ လဘန္တိ။

တေ = ထိုသူတော်ကောင်းတို့သည်။ ဒုက္ခေန = ဒုက္ခဖြင့်။ သီလံ = သီလကို။ ရက္ခိတွာ = ထိန်းသိမ်းစောင့်ရှောက်ကြကုန်လျက်။ သမထဝိပဿနာဘာဝနံ = သမထ-ဝိပဿနာဘာဝနာကို။ အနုယုေဉ္ဇန္တော = ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ကြကုန်လျက်။ သီလဗလေန = သီလ၏စွမ်းအားကြောင့်။ သီလဗလေန = သီလ-သမာဓိ-ပညာတို့၏ စွမ်းအားကြောင့်။ ဝုတ္တပ္ပကာရံ သုခံ = ဆိုအပ်ခဲ့ပြီးသော အပြားရှိသော လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို။ လဘန္တိ = ရရှိကြလေကုန်၏။

သီလကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတည်းဟူသော အကြောင်းကြောင့် သမထ-ဝိပဿနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းတည်းဟူသော အကြောင်းကြောင့် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို တစ်ဖက်က ရနိုင်တယ်။ ဒါကြောင့် ---

ဣဒံ ဒုက္ခံ သန္ဓာယာဟံ ဧဝံ ဝဒါမိ။

ဣဒံ ဒုက္ခံ = ဤကဲ့သို့သော ဆင်းရဲဒုက္ခမျိုးကို။ သန္ဓာယ = ရည်ရွယ်၍။ အဟံ = ငါဘုရားအလောင်းတော် သရဘင်္ဂရှင်ရသေ့သည်။ ဧဝံ = ဤသို့။ ဝဒါမိ = ဟောကြား၍နေခြင်းဖြစ်ပါ၏။

သရဘင်္ဂရှင်ရသေ့က ဘယ်လို ဟောတော်မူသလဲ? ကာမဂုဏ်ကို မှီဝဲတယ်ဆိုတာက အင်မတန် ချမ်းသာတဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒီလို ချမ်းသာနေတဲ့ သုခတစ်ခုကို ဒုက္ခလို့ ဘာကြောင့် ပြောနေရပါသလဲလို့ နာရဒ ရှင်ရသေ့က မေးနေတဲ့အတွက်ကြောင့် ကာမဂုဏ်ချမ်းသာရဲ့ နောက်ဆွယ်မှာ ကပ်နေတဲ့ ငရဲဒုက္ခကို ရည်ရွယ်ပြီး ငါက သုခရဲ့ အခြားမဲ့မှာ ဒုက္ခရှိတယ်လို့ ပြောနေခြင်း ဖြစ်ပါတယ်။

သီလကို ထိန်းသိမ်းစောင့်ရှောက်ခြင်း, သမထ-ဝိပဿနာဘာဝနာ တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ဒုက္ခရဲ့ နောက်ဆွယ်မှာ ကပ်နေတဲ့ ထိုကုသိုလ်ကံတွေကြောင့် ရရှိနိုင်တဲ့ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို ရည်ရွယ်တော်မူပြီးတော့ ငါကလည်း ဒုက္ခရဲ့ အခြားမဲ့၌ သုခရှိကြောင်းကို ပြောနေခြင်း ဖြစ်တယ်လို့ ဒီလို သရဘင်္ဂရှင်ရသေ့ကြီးက ပြန်ပြီးတော့ အမိန့်ရှိတော်မူလိုက်ပါတယ်။

အဲဒီလို အမိန့်ရှိတော်မူလိုက်ပြီးတဲ့နောက် အင်မတန် အဆင့်အတန်း မြင့်မားနေတဲ့ ဒီစျာန်ချမ်းသာကို သင်ချစ်သား ပြန်ရအောင် ကြိုးစားပါ ဆိုပြီးတော့ တိုက်တွန်းတယ်။ အဲဒီလို တိုက်တွန်းတဲ့ အချိန်အခါမှာ နာရဒ ရှင်ရသေ့က ဘာပြန်ပြောသလဲ? ---


ဒုက္ခကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပါ

ဣဒံ အာစရိယ ဒုက္ခံ ဒုဿဟံ၊ န တံ အဓိဝါသေတုံ သက္ကောမိ။

အာစရိယ = ဆရာဖြစ်တော်မူသော သရဘင်္ဂရှင်ရသေ့။ ဣဒံ ဒုက္ခံ = ဤဆင်းရဲဒုက္ခတွေက။ ဒုဿဟံ = သည်းခံနိုင်ခဲလှပေ၏။ တံ = ထိုဆင်းရဲ ဒုက္ခကို။ အဓိဝါသေတုံ = သည်းခံခြင်းငှာ။ အဟံ = ကျွန်တော်မျိုးသည်။ န သက္ကောမိ = မစွမ်းနိုင်ပါ။

ဆရာ ... ဒီဒုက္ခဆိုတာက အလွန် သည်းခံနိုင်ခဲပါတယ်၊ ဒီဒုက္ခကို တပည့်တော်တော့ သည်းခံဖို့ရန် မစွမ်းနိုင် ဖြစ်နေပါတယ်။ ဒီစကားက ဘာပြောတာလဲ? ကာမဂုဏ်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ဒီဆင်းရဲ ဒုက္ခကို ကျွန်တော်မျိုး မစွန့်လွှတ်နိုင်ဘူး။ ဒုက္ခဖြစ်ချင်လည်း ဖြစ်ပါစေ၊ ဆက်ပြီးတော့ ဒုက္ခခံနေမယ်လို့ သူက ဒီလို ပြန်ပြောတယ်။

ဒါယကာကြီးတွေကို ဘုန်းကြီးတွေကနေ ခုနေ ဒါယကာကြီးတွေ အိမ်ထောင်ရေးလောကဆိုတာက အင်မတန် ကြီးကျယ်တဲ့ ဒုက္ခရှိတယ်၊ အဲဒီ ဒုက္ခတွေ စွန့်လွှတ်လိုက်ပါဆိုလျှင် ဒါယကာကြီးတွေ ဘယ်လို ပြန်ပြောမလဲ? အခု စကားမျိုး ပြောမှာပဲ။ ဒီအိမ်ထောင်ရေးလောကသည် ဒုက္ခကြီးတာတော့ မှန်တယ်၊ သို့သော် ဒီဒုက္ခကို စွန့်လွှတ်ဖို့ရန် မလွယ်ကူဘူး၊ သူက ဒီလို ပြန်ပြောတယ်။ ဒီဒုက္ခကို စွန့်လွှတ်ဖို့ရန် မလွယ်တဲ့အကြောင်းကို ပြန်ပြီး လျှောက်ထားတဲ့ အချိန်အခါမှာ သရဘင်္ဂရှင်ရသေ့ကြီးက ဘာအမိန့် ရှိသလဲ?

နာရဒ ဒုက္ခံ နာမ ဥပ္ပန္နံ အဓိဝါသေတဗ္ဗမေဝ

နာရဒ = ချစ်သားနာရဒ။ ဒုက္ခံ နာမ = ဒုက္ခမည်သည်။ ဥပ္ပန္နံ = ဖြစ်ပေါ်၍ လာခဲ့သည်ရှိသော်။ အဓိဝါသေတဗ္ဗမေဝ = သည်းခံသင့် သည်းခံထိုက်သည်သာလျှင်တည်း။

ဒုက္ခဆိုတာ ဖြစ်ပေါ်လာမယ်ဆိုလျှင် ဒီဒုက္ခကို မဖြစ်အောင် သည်းခံရမယ်။ သည်းခံရမယ်ဆိုတာက ဒီဒုက္ခကို တွန်းလှန်ပေးရမယ်။ ဘယ်လို တွန်းလှန်ရမလဲ? သီလဖြင့် ဒီဒုက္ခကို တွန်းလှန်လို့ရလျှင် သီလဖြင့် တွန်းလှန် ရမယ်၊ သမထလက်နက်ဖြင့် တွန်းလှန်လို့ ရမယ်ဆိုလျှင် သမထလက်နက်ဖြင့် တွန်းလှန်ရမယ်၊ ဝိပဿနာလက်နက်ဖြင့် တွန်းလှန်လို့ ရမယ်ဆိုလျှင် ဝိပဿနာလက်နက်ဖြင့် တွန်းလှန်ရမယ်။ ဒါကို ရည်ရွယ်တော်မူပြီးတော့ သရဘင်္ဂရှင်ရသေ့က ဘာအမိန့် ရှိသလဲ? ---

ကိစ္ဆကာလေ ကိစ္ဆသဟော၊ ယော ကိစ္ဆံ နာတိဝတ္တတိ။

သ ကိစ္ဆန္တံ သုခံ ဓီရော၊ ယောဂံ သမဓိဂစ္ဆတိ။

နာရဒ = ချစ်သားနာရဒ။ ယော ဓီရော = အကြင်ပညာရှိတဲ့ ပုဂ္ဂိုလ်သည်။ ကိစ္ဆကာလေ = ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ရှိနေတဲ့ အချိန်အခါမျိုး၌။ ကိစ္ဆသဟော = ဆင်းရဲဒုက္ခကို ပယ်ခြင်း၏ အကြောင်းရင်းကို ရှာဖွေ ပြုပြင်လျက် ဆင်းရဲဒုက္ခကို သည်းခံနိုင်ခြင်းရှိသည်။ ဟောတိ = ဖြစ်၏။ ကိစ္ဆံ = ဆင်းရဲဒုက္ခ၏နောက်သို့။ နာတိဝတ္တတိ = အစဉ်တစိုက်လိုက်၍ မနေပေ။ သော ဓီရော = ထိုပညာရှိတဲ့ ပုဂ္ဂိုလ်သည်။ ယောဂံ = ကြိုးစားအားထုတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာရသော။ ကိစ္ဆန္တံ = ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားဖြစ်သော။ သုခံ = ကာမဂုဏ်ကို မှီတွယ်မှုမရှိတဲ့ နိရာမိသ စျာန်ချမ်းသာ သုခကို။ သမဓိဂစ္ဆတိ = ကောင်းစွာ ရရှိနိုင်ပါပေ၏။

ဒီစကားက ဘာပြောလိုတာလဲ? ---

နာရဒ ယော ကာယိကစေတသိကဒုက္ခသင်္ခါတဿ ကိစ္ဆဿ ဥပ္ပန္နကာလေ အပ္ပမတ္တော တဿ ကိစ္ဆဿ ဟရဏူပါယံ ကရောန္တော ကိစ္ဆသဟော ဟုတွာ တံ ကိစ္ဆံ နာနုဝတ္တတိ။

နာရဒ = ချစ်သားနာရဒ။ ယော ဓီရော = အကြင်ပညာရှိတဲ့ ပုဂ္ဂိုလ်သည်ကား။ ကာယိကစေတသိကဒုက္ခသင်္ခါတဿ = ကာယိကဒုက္ခ စေတသိက ဒုက္ခဟု ခေါ်ဆိုအပ်သော။ ကိစ္ဆဿ = ဆင်းရဲပင်ပန်းခြင်း၏။ ဥပ္ပန္နကာလေ = ဖြစ်ပေါ်လာသော အချိန်အခါကာလ၌။ အပ္ပမတ္တော = သီလ-သမာဓိ-ပညာဟု ခေါ်ဆိုအပ်သော သိက္ခာသုံးရပ် အကျင့်မြတ်တို့၌ မမေ့မလျော့ခြင်း သတိတရား လက်ကိုင်ထားသည်ဖြစ်၍။ တဿ ကိစ္ဆဿ = ထိုဆင်းရဲ ပင်ပန်းခြင်းဒုက္ခကို။ ဟရဏူပါယံ = ပယ်ဖျောက်ခြင်း၏ အကြောင်းဥပါယ်ကို။ ကရောန္တော = လိုက်နာပြုကျင့်လျက်။

သီလဖြင့် တိုက်ဖျက်ရမယ်ဆိုလျှင် သီလကို ဆောက်တည်လျက်, သမာဓိဖြင့် တိုက်ဖျက်ရမယ်ဆိုလျှင် သမာဓိကို ရအောင် ထူထောင်လျက်, ဝိပဿနာဘာဝနာဖြင့် တိုက်ဖျက်ရမယ်ဆိုလျှင် ဝိပဿနာဘာဝနာဉာဏ်တွေကို ရအောင် ကြိုးစားလျက် ဒီလို အကြောင်းဥပါယ်တွေကို လိုက်နာပြုကျင့်ရမယ်။

တဿ ကိစ္ဆဿ = ထိုဆင်းရဲဒုက္ခကို။ ဟရဏူပါယံ = ပယ်ဖျောက်ခြင်း၏ အကြောင်းဖြစ်သော သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဟု ခေါ်ဆိုအပ်တဲ့ အကြောင်းဥပါယ်ကို။ ကရောန္တော = လိုက်နာပြုကျင့်လျက်။ ကိစ္ဆသဟော = ဆင်းရဲပင်ပန်းခြင်းဒုက္ခကို သည်းခံနိုင်သည်။ ဟုတွာ = ဖြစ်၍။ တံ ကိစ္ဆံ = ထိုဆင်းရဲဒုက္ခ၏နောက်သို့။ နာနုဝတ္တတိ = အစဉ်တစိုက်လိုက်၍ မနေပေ။

ဆင်းရဲဒုက္ခတစ်ခု ဖြစ်ပေါ်လာပြီဆိုလျှင် ဒီဆင်းရဲဒုက္ခနောက်ကို သူတော်ကောင်းတွေဆိုတာ ဘယ်တော့မှ အစဉ်တစိုက် ကောက်ကောက် ပါအောင် လိုက်ပြီး မနေရဘူး။ ဆင်းရဲမှန်းသိလျှင် ဒီဆင်းရဲဒုက္ခကို တွန်းလှန် ပစ်ရတယ်။ သီလကျင့်စဉ်ကို ကျင့်၍, သမာဓိကျင့်စဉ်တွေကို ကျင့်၍, ပညာ ကျင့်စဉ်တွေကို ကျင့်၍ ဒီဆင်းရဲဒုက္ခကို သူက တွန်းလှန်ပစ်တယ်၊ လက်ခံ မထားဘူး။ လက်ခံမထားဘဲနဲ့ ရှေ့ဆက်ပြီး ဘာလုပ်သလဲ? ---


ဆင်းရဲဒုက္ခကို ဖျက်ဆီးပစ်ပါ

တဿ ဝသေ အဝတ္တိတွာ တေဟိ တေဟိ ဥပါယေဟိ တံ ကိစ္ဆံ အဘိဘဝတိ ဝိနာသေတိ။

တဿ = ထိုဆင်းရဲဒုက္ခ၏။ ဝသေ = အလိုနိုင်ငံသို့။ အဝတ္တိတွာ = မလိုက်ပါမူ၍။ တေဟိ တေဟိ ဥပါယေဟိ = ထိုထို သီလ-သမာဓိ-ပညာဟု ခေါ်ဆိုအပ်သော အကြောင်းဥပါယ်တို့ဖြင့်။ တံ ကိစ္ဆံ = ထိုဆင်းရဲဒုက္ခကို။ အဘိဘဝတိ = ဝိနာသေတိ = ဖျက်ဆီး၍ ပစ်လိုက်၏။

ဆင်းရဲလျှင်လည်း ဆင်းရဲပါစေ၊ ပေါက်တဲ့ နဖူး မထူးတော့ဘူး။ ဒီအတိုင်းပဲ ဆက်ပြီး ဆင်းရဲဒုက္ခကို ငါ အံကြိတ်ပြီး ခံတော့မယ်ဆိုပြီး ရှေ့ဆက်လက်ပြီး သူက မသွားတော့ဘူး၊ နောက်ဆုတ်တယ်၊ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို လက်တွေ့ကျင့်ပြီးတော့ ဆင်းရဲဒုက္ခတွေကို ဖျက်ဆီးပစ်တယ်။ အခုဖြစ်နေတဲ့ ဆင်းရဲဒုက္ခက ဘာလဲ? စိတ်ဆင်းရဲ နေတဲ့ ဒုက္ခပဲ။ ပြည့်တန်ဆာမ အမျိုးသမီးတစ်ဦးအပေါ်မှာ စွဲလမ်းနေတဲ့ ရာဂကို အကြောင်းခံပြီး ဖြစ်ပေါ်နေတဲ့ စိတ်ဆင်းရဲတဲ့ ဒုက္ခပဲ။ အဲဒီ ဒုက္ခကို သူက သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဆိုတဲ့ နည်းလမ်းကောင်း အကြောင်းဥပါယ်တွေဖြင့် တိုက်ဖျက်ပစ်ပါ၊ ဖျက်ဆီးပစ်ပါလို့ ဒီလို တိုက်တွန်းနေတယ်။

သော ဓီရော ကိစ္ဆဿ အန္တိမသင်္ခါတံ နိရာမိသသုခသင်္ခါတံ စျာနသုခံ အဓိဂစ္ဆတိ။

သော ဓီရော = ထိုကဲ့သို့သော ဖျက်ဆီးပစ်နိုင်တဲ့ ပညာရှိ သူတော်ကောင်းသည်။ ကိစ္ဆဿ = ဆင်းရဲဒုက္ခ၏။ အန္တိမသင်္ခါတံ = အဆုံးအပိုင်းအခြားဟု ခေါ်ဆိုအပ်သော။ နိရာမိသသုခသင်္ခါတံ = ကာမဂုဏ်နှင့် ဆက်စပ်မှု မရှိသည့်အတွက်ကြောင့် နိရာမိသအမည်ရသော သုခဟု ခေါ်ဆိုအပ်သော။ စျာနသုခံ = စျာန်ချမ်းသာကို။ အဓိဂစ္ဆတိ = ရရှိနိုင်ပါပေ၏။

ဒီဆင်းရဲဒုက္ခကိုသာ သင်သည် တိုက်ဖျက်နိုင်ပါစေ၊ အဲဒီလို တိုက်ဖျက်နိုင်ခဲ့မယ်ဆိုလျှင်တော့ ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားဖြစ်နေတဲ့ နိရာမိသသုခ (= ကာမဂုဏ်နှင့် ဆက်စပ်မှုမရှိတဲ့သုခ)လို့ အမည်ရနေတဲ့ ဒီစျာနသုခကို သင်ချစ်သား ရနိုင်ပါတယ်။

တံ ဝါ ကိစ္ဆန္တံ ယောဂသုခံ အဓိဂစ္ဆတိ၊ အကိလမန္တောဝ ပါပုဏာတိ။

တံ ကိစ္ဆန္တံ = ထိုဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားဖြစ်တဲ့။ ယောဂသုခံ = ကြိုးစားအားထုတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော စျာန်ချမ်းသာကို။ အဓိဂစ္ဆတိ = ရရှိနိုင်ပါ၏။ အကိလမန္တောဝ = မပင်ပန်း မဆင်းရဲမူ၍သာလျှင်။ ပါပုဏာတိ = ရောက်ရှိနိုင်ပါပေ၏။

သင်ကသာ တိုက်ဖျက်ပစ်မယ်ဆိုတဲ့ စိတ်ထားကလေးကို မွေးမြူလိုက်စမ်းပါ။ ကြိုးစားအားထုတ်လိုက်မယ်ဆိုလျှင်တော့ ပျောက်ပျက်သွားတဲ့ ဒီစျာန်ချမ်းသာကလေးဟာ သင့်သန္တာန်မှာ မကြာမီအချိန်အတွင်း ပေါ်လာမှာ ဖြစ်ပါတယ်၊ ဒီစျာန်ချမ်းသာကို မကြာခင် ရောက်ရှိသွားမှာ ဖြစ်ပါတယ်လို့ ဒီလို တိုက်တွန်းတယ်။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ အဲဒီလောက် တိုက်တွန်းမယ်ဆိုလျှင်လည်း နားထောင်ဖို့တော့ မကောင်းဘူးလား? ကောင်းတော့ ကောင်းတယ်၊ ဘာဖြစ်သလဲ? နာရဒရှင်ရသေ့က ပြန်လျှောက်ပြန်တယ်။

အာစရိယ ကာမသုခံ နာမ ဥတ္တမသုခံ၊ န တံ ဇဟိတုံ သက္ကောမိ။

အာစရိယ = ဆရာဖြစ်တော်မူပါပေသော သရဘင်္ဂရှင်ရသေ့။ ကာမသုခံ နာမ = ကာမသုခမည်သည်ကား။ ဥတ္တမသုခံ = မြင့်မြတ်တဲ့ ချမ်းသာ သုခပါပေတည်း။ တံ = ထိုမြင့်မြတ်တဲ့ ချမ်းသာသုခကို။ ဇဟိတုံ = ပယ်စွန့်အံ့သောငှာ။ န သက္ကောမိ = မစွမ်းနိုင်ပါ။

ဆရာဖြစ်တော်မူပါပေသော သရဘင်္ဂရှင်ရသေ့ ...ကာမသုခဆိုတာက အလွန် ချမ်းသာမြင့်မြတ်တဲ့ ချမ်းသာသုခတစ်ခု ဖြစ်တယ်၊ ဒီလို မြင့်မြတ် နေတဲ့ ချမ်းသာတစ်ခုကို တပည့်တော်တော့ မစွန့်လွှတ်နိုင် ဖြစ်နေပါတယ် ဘုရားဆိုပြီး လျှောက်ထားတယ်။ သူ့ကို လွန်တယ်လို့ ပြောလို့ ရမလား? မရဘူး။ သူ မစွန့်လွှတ်နိုင်တဲ့အတွက် မစွန့်လွှတ်နိုင်ဘူးလို့ ပြောတာပဲ။ ဒါယကာကြီးတွေကို ဘုန်းကြီးဝတ်ပါလားလို့ တိုက်တွန်းတဲ့အခါ မဝတ်နိုင်တဲ့ အတွက် မဝတ်နိုင်ဘူးလို့ လျှောက်တဲ့ပုံစံပဲ၊ ဟုတ်သလား? ဟုတ်တယ်။ အဲဒီ အချိန်အခါမှာ သရဘင်္ဂရှင်ရသေ့ကြီးက ဘာပြန်ပြီး အမိန့်ရှိသလဲ? ---

ဓမ္မသဘောတရားကို မဖျက်ဆီးပါနှင့်

မပြုသင့်တဲ့ လုပ်ငန်းရပ် လေးမျိုး

နာရဒ ဓမ္မော နာမ န ကေနစိ ကာရဏေန နာသေတဗ္ဗော

နာရဒ = ချစ်သားနာရဒ။ ဓမ္မော နာမ = ဓမ္မမည်သည်ကို။ ကေနစိ ကာရဏေန = တစ်စုံတစ်ခုသော အကြောင်းဥပါယ်အားဖြင့်။ န နာသေတဗ္ဗော = မဖျက်ဆီးသင့် မဖျက်ဆီးထိုက်ပေ။

ဓမ္မသဘောတရားဆိုတာ ဘယ်လို အကြောင်းကြောင့်မှ ပျက်စီးအောင် မဖျက်ဆီးထိုက်ပါဘူး။

န ဟေဝ ကာမာန ကာမာ၊ နာနတ္ထာ နာတ္ထကာရဏာ။

န ကတဉ္စ နိရင်္ကတွာ၊ ဓမ္မာ စဝိတုမရဟသိ။

နာရဒ = ချစ်သားနာရဒ။ ကာမာနံ ကာမာ = ဝတ္ထုကာမတို့ကို လိုလား တောင့်တခြင်းတည်းဟူသော ကိလေသာကာမ၏ စွမ်းအားကြောင့်။ ဓမ္မာ = မိမိရရှိထားပြီးတဲ့ ဓမ္မသဘောတရားမှ။ စဝိတုံ = ရွေ့လျော၍ သွားခြင်းငှာ။ န အရဟသိ ဧဝ = မထိုက်တန်သည်သာလျှင်တည်း။

သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို လိုလားတောင့်တနေတဲ့ ကိလေသာကာမကို အကြောင်းခံပြီးတော့ မိမိရရှိထားတဲ့ စျာနဓမ္မအမည်ရနေတဲ့ ကုသိုလ်ဓမ္မမှ ရွေ့လျောသွားဖို့ရန်အတွက် မထိုက်တန်ပါဘူး ချစ်သားဆိုပြီး အမိန့်ရှိတယ်။ နောက်တစ်ခု ---

အနတ္ထာ = အကျိုးမဲ့ဖြစ်သဖြင့်။ ဓမ္မာ = ဓမ္မသဘောတရားမှ။ စဝိတုံ = ရွေ့လျော၍ သွားခြင်းငှာ။ န အရဟသိ = မထိုက်တန်ပေ။

အကျိုးမဲ့တစ်ခုခု ဖြစ်သွားတယ်၊ အကျိုးစီးပွား ဆုတ်ယုတ်သွားတယ်၊ ဒီလို အကျိုးမဲ့တစ်ခုခု, ဆုတ်ယုတ်မှုတစ်ခုခုကို အကြောင်းခံပြီးတော့ မိမိရရှိထားတဲ့ ဓမ္မသဘောတရားမှ ရွေ့လျော မသွားသင့်ဘူး၊ စွန့်ပယ် မသွားသင့်ဘူး။

အတ္ထကာရဏာ = အကျိုးစီးပွားတစ်ခုခုကို ရရှိလိမ့်မည်ဟူသော မျှော်လင့်ချက် အကြောင်းတရားကြောင့်လည်းပဲ။ ဓမ္မာ = မိမိရရှိထားတဲ့ ဓမ္မသဘောတရားမှ။ စဝိတုံ = ရွေ့လျော၍ သွားခြင်းငှာ။ န အရဟသိ = မထိုက်တန်သည်သာလျှင်တည်း။

အကျိုးစီးပွား တစ်ခုခု ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကလေး ထားပြီးတော့ မိမိရရှိနေတဲ့ တရားသဘောတွေကို မဖျက်ဆီးပစ်သင့်ပါဘူး။

ကတဉ္စ = ပြုအပ်ပြီးသော စျာန်ချမ်းသာကိုလည်းပဲ။ နိရင်္ကတွာ = ဖျက်ဆီး၍။ ဓမ္မာ = ဓမ္မသဘောတရားမှ။ စဝိတုံ = ရွေ့လျော၍ သွားခြင်းငှာ။ န အရဟသိ = မထိုက်တန်သည်သာလျှင်တည်း။

ရရှိပြီးတဲ့ စျာန်တရားတွေကို ဖျက်ဆီးပြီးတော့ မိမိရရှိထားတဲ့ စျာန်တရားမှ ရွေ့လျောသွားဖို့ရန်လည်း မထိုက်တန်ပါဘူး ချစ်သားဆိုပြီးတော့ ဆုံးမတယ်။ ဒါက ဘာပြောလိုတာလဲဆိုတော့ ---

နာရဒ န ဟေဝ ဝတ္ထုကာမပတ္ထနာယ ဓမ္မာ စဝိတုမရဟသိ။

နာရဒ = ချစ်သားနာရဒ။ ဝတ္ထုကာမပတ္ထနာယ = သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို လိုလားတောင့်တခြင်း ကိလေသာကာမတည်းဟူသော အကြောင်းတရားကြောင့်။ ဓမ္မာ = ဓမ္မသဘောတရားမှ။ စဝိတုံ = ရွေ့လျော၍ သွားခြင်းငှာ။ န ဟေဝ အရဟသိ = မထိုက်တန်သည်သာလျှင်တည်း။

လိုချင်စရာ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို ဝတ္ထုကာမလို့ ခေါ်ပါတယ်။ ထိုဝတ္ထုကာမတွေ အပေါ်၌ တွယ်တာတပ်မက်နေတဲ့ တဏှာတရားကိုတော့ ကိလေသာကာမလို့ ခေါ်တယ်။ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုလို့ ခေါ်ဆိုအပ်တဲ့ ဝတ္ထုကာမတွေ အပေါ်၌ တွယ်တာတပ်မက်နေတဲ့ ကိလေသာကာမကို အကြောင်းခံပြီးတော့ မိမိရရှိထားတဲ့ ကုသိုလ်ဓမ္မတွေမှ ရွေ့လျောသွားဖို့ရန်အတွက်တော့ မထိုက်တန်ပါဘူး။ ဒါက နံပါတ် (၁)ပဲ။

ဧကသ္မိံ အနတ္ထေ ဥပ္ပန္နေ တံ ပဋိဟနိတုကာမော နာနတ္ထာ န အတ္ထေနပိ ကာရဏဘူတေန ဓမ္မာ စဝိတုမရဟသိ။

ဧကသ္မိံ အနတ္ထေ = တစ်ခုသော အကျိုးစီးပွားမဲ့သည်။ ဥပ္ပန္နေ = ဖြစ်ပေါ်၍ လာခဲ့သည်ရှိသော်။ တံ = ထိုအကျိုးစီးပွားမဲ့ကို။ ပဋိဟနိတုကာမော = ပယ်ဖျက်လိုသည်ဖြစ်၍။ အနတ္ထာ = အကျိုးစီးပွားမဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ ဓမ္မာ = မိမိရရှိထားတဲ့ ကုသိုလ်ဓမ္မမှ။ စဝိတုံ = ရွေ့လျော၍ သွားခြင်းငှာ။ န အရဟသိ = မထိုက်တန်သည်သာလျှင်တည်း။

နောက်တစ်ခု မထိုက်တန်တာက -- အကျိုးစီးပွားမဲ့ တစ်ခုခု မိမိသန္တာန်မှာ ဖြစ်ပေါ်လာပြီ၊ ဒီအချက်ကလေးကို ဖြုန်းခနဲတော့ နားလည်ချင်မှ နားလည်နိုင်မယ်။ ဥပမာ -- တရားအားထုတ်တယ် ဆိုကြပါစို့၊ တရားအားထုတ်ပြီဆိုလျှင်တော့ ဝန်ထမ်းကလည်း ဝန်ထမ်းလုပ်ငန်း စွန့်လွှတ်ထားခဲ့ရတယ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိတဲ့ ပုဂ္ဂိုလ်ကလည်း ဒီလုပ်ငန်းတွေ စွန့်လွှတ်ထားခဲ့ရတယ်။ စွန့်လွှတ်ထားလိုက်တဲ့ အချိန်အခါမှာ ရသင့်ရထိုက်တဲ့ အကျိုးတရားတွေကတော့ ခေတ္တခဏတော့ ရပ်ဆိုင်းပြီး မသွားဘူးလား? ရပ်ဆိုင်းသွားပါတယ်၊ ရသင့်ရထိုက်တဲ့ အကျိုးစီးပွားတွေ ခေတ္တ ပျက်စီး သွားတာကို အကြောင်းပြုပြီးတော့ မိမိရရှိနေတဲ့ အားထုတ်နေတဲ့ ကုသိုလ် တရားကလေးကို ဖျက်သိမ်းပစ်ဖို့ရန်တော့ မတော်ဘူးလို့ ဒီလို ဆုံးမနေတာ၊ ဒီတော့ မိမိရရှိထားတဲ့ ဒီအကျိုးစီးပွား ဆုတ်ယုတ်မှုကလေးတစ်ခုကို အခြေခံပြီး မိမိရရှိတဲ့ ကုသိုလ်တရားတွေမှ လျောကျသွားအောင်တော့ မပြုသင့်ပါဘူး။ ဒါက နံပါတ် (၂)ပဲ။ နောက်တစ်ခု ဘာပြောသလဲ? ---

န အတ္ထေနပိ ကာရဏဘူတေန ဓမ္မာ စဝိတုမရဟသိ။

အတ္ထေနပိ ကာရဏဘူတေန = အကျိုးစီးပွား တစ်ခုခုကို ရရှိခြင်း တည်းဟူသော အကြောင်းကြောင့်လည်းပဲ။ ဓမ္မာ = မိမိရရှိထားတဲ့ ကုသိုလ် ဓမ္မမှ။ စဝိတုံ = ရွေ့လျော၍ သွားခြင်းငှာ။ န အရဟသိ = မထိုက်တန်ပေ။

တစ်ဖက်ကနေပြီး နည်းနည်း မက်လုံးကလေး ပေးထားတယ်၊ နက်ဖြန်လောက် တရားခွင်က ထွက်လာခဲ့လေ၊ တရားခွင်က ထွက်လာမယ်ဆိုလျှင် သန်ဘက်ခါလောက်မှာ အရောင်းအဝယ်တစ်ခုခု သို့မဟုတ် လုပ်ငန်း တစ်ခုခု လုပ်လိုက်မယ်ဆိုလျှင် အကျိုးအမြတ်က ဘယ်လို ရလိမ့်မယ်ဆိုပြီးတော့ မက်လုံးကလေးတစ်ခု တစ်ဖက်က ပြထားတယ်။ အဲဒီလို မက်လုံးကလေး တစ်ခု ပြလိုက်တဲ့အတွက်ကြောင့် ဘာဖြစ်သလဲ? ---

အသုကော နာမ မေ အတ္ထော ဥပ္ပဇ္ဇိဿတီတိ ဧဝမ္ပိ အတ္ထကာရဏာပိ န ဓမ္မာ စဝိတုမရဟသိ။

မေ = ငါ့အား။ အသုကော နာမ အတ္ထော = ဤအမည်ရှိသော အကျိုး စီးပွားသည်။ ဥပ္ပဇ္ဇိဿတိ = ဖြစ်ပေါ်၍ လာပေတော့မယ်။ ဣတိ ဧဝမ္ပိ = ဤသို့ နှလုံးပိုက်၍လည်းပဲ။ အတ္ထကာရဏာပိ = အကျိုးစီးပွားကို ရရှိခြင်း တည်းဟူသော အကြောင်းကြောင့်လည်းပဲ။ ဓမ္မာ = မိမိရရှိထားတဲ့ ကုသိုလ်ဓမ္မမှ။ စဝိတုံ = ရွေ့လျော၍ သွားခြင်းငှာ။ န အရဟသိ = မထိုက်တန်ပေ။

အကျိုးစီးပွား တစ်ခုခုတော့ ကျိန်းသေဧကန် ရတော့မယ်။ ဒါကြောင့် ဒီတရားခွင်က ထွက်လိုက်ပါ၊ ဒီကုသိုလ်တရားတွေကို စွန့်လွှတ်လိုက်ပါလို့ ပြောခဲ့လျှင်လည်း အကျိုးစီးပွားတစ်ခု ရရှိခြင်းတည်းဟူသော အကြောင်းကို အခြေခံပြီးတော့ မိမိရရှိထားတဲ့ ကုသိုလ်တရားမှ ရွေ့လျောပြီး မသွားသင့်ပါဘူးလို့ ပြန်ပြောတယ်။ ဒါကတော့ နံပါတ် (၃)ပဲ။နောက်တစ်ခု နံပါတ် (၄)-

ကတံ ပန နိပ္ဖာဒိတံ စျာနသုခံ နိရင်္ကတွာ ဝိနာသေတွာ နေဝ ဓမ္မာ စဝိတုမရဟသိ။

ကတံ နိပ္ဖာဒိတံ = မိမိကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် ပြီးစီး၍နေသော။ စျာနသုခံ = စျာနသုခကို။ နိရင်္ကတွာ = ဝိနာသေတွာ = ဖျက်ဆီး၍။ ဓမ္မာ = ဓမ္မသဘောတရားမှ။ စဝိတုံ = ရွေ့လျော၍ သွားခြင်းငှာ။ နေဝ အရဟသိ = မထိုက်တန်သည်သာလျှင်တည်း။

မိမိကိုယ်တိုင် ကြိုးစားအားထုတ်လို့ ရရှိထားတဲ့ စျာန်ချမ်းသာကလေးတွေ ရှိကြတယ်၊ အဲဒီ စျာန်ချမ်းသာကလေးတွေကို ပျက်စီးအောင် ဖျက်ဆီးပြီးတော့ ဒီစျာန်ချမ်းသာမှ ရွေ့လျောအောင်လည်း မပြုသင့်ပါဘူးဆိုပြီးတော့ မပြုသင့်တဲ့ လုပ်ငန်းလေးခုကို သရဘင်္ဂရှင်ရသေ့က ဆိုဆုံးမပါတယ်။ အဲဒီလို ဆိုဆုံးမပြီးတဲ့ အချိန်အခါမှာ နာရဒရှင်ရသေ့ရဲ့ အစ်ကိုအရင်း ဖြစ်တော်မူတဲ့ ကာဠဒေဝိလရသေ့ကြီးကလည်း ထပ်ပြီး ငါးခုမြောက် ဂါထာကလေးတစ်ခုနှင့် သာဓုတရား လေးပါးအကြောင်းနှင့်စပ်ပြီး ဆုံးမတော်မူပါတယ်။


သာဓုတရား လေးပါး

ဒက္ခံ ဂဟပတီ သာဓု၊ သံဝိဘဇ္ဇဉ္စ ဘောဇနံ။

အဟာသော အတ္ထလာဘေသု၊ အတ္ထဗျာပတ္တိ အဗျထော။

နာရဒ = ညီထွေးနာရဒ။ ဂဟပတီ = အိမ်ကို စိုးအုပ်နေထိုင်ကြကုန်သော အိမ်ရှင်ယောက်ျားတို့အဖို့။ ဒက္ခံ = စီးပွားဥစ္စာရကြောင်း လုပ်ငန်းရပ်၌ မပျင်းမရိ လိမ္မာသည်၏ အဖြစ်သည်။ သာဓု = ကောင်းခြင်းတရားပါပေတည်း။

နံပါတ် (၁) သာဓုတရားက အိမ်ရာတည်ထောင် လူ့ဘောင်ကို စိုးအုပ် နေထိုင်တဲ့ ပုဂ္ဂိုလ်တို့အဖို့ စီးပွားဥစ္စာ ရဖို့ရန်အတွက် လုပ်ငန်းရပ် အသွယ်သွယ်တို့၌ ကျွမ်းကျင်လိမ္မာခြင်း ဖြစ်တယ်။ နံပါတ်(၂) သာဓုတရားက ဘာလဲ?

သံဝိဘဇ္ဇ = သံဝိဘဇိတွာ = တရားစောင့်ကုန်သော သမဏဗြာဟ္မဏတို့နှင့်တကွ ခွဲခြားဝေဖန်၍။ ဘောဇနံ စ = မိမိရရှိတဲ့ စည်းစိမ်ဥစ္စာကို သုံးစွဲ ခြင်းသည်လည်း။ သာဓု = ကောင်းခြင်းတရားပါပေတည်း။

မိမိဆင်းရဲသဖြင့် ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေ ရှိတယ်။ အဲဒီ စည်းစိမ်ဥစ္စာတွေကို တရားစောင့်နေတဲ့ သမဏဗြာဟ္မဏတွေနှင့်အတူ ခွဲခြား ဝေဖန်ပြီးတော့မှ သုံးစွဲခြင်းသည် ဒုတိယကောင်းတဲ့ သာဓုတရား တစ်ခုပဲ၊ ဒါကတော့ သူတော်ကောင်းတို့ရဲ့ အကျင့်ပါ။ မိမိတို့ နဖူးမှချွေး ခြေမ ကျအောင် ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေ ရှိကြပါတယ်။ ဒီစည်းစိမ် ဥစ္စာတွေကို မိမိတို့ချည်း မသုံးစွဲဘဲ တရားရှိတော်မူတဲ့ သမဏဗြာဟ္မဏ အမည်ရတဲ့ သူတော်ကောင်းတွေနှင့် ခွဲခြားဝေဖန်ပြီး သုံးစွဲခြင်းသည် ဒုတိယ အကောင်းဆုံး သာဓုတရားတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခု နံပါတ် (၃)-

အတ္ထလာဘေသု = အကျိုးစီးပွား အမျိုးမျိုးတို့ကို ရရှိခြင်းတို့၌။ အဟာသော = မမေ့မလျော့သည်၏ အစွမ်းဖြင့် မပေါ်မလွင် မရွှင်လန်းသည်၏ အဖြစ်သည်လည်း။ သာဓု = ကောင်းခြင်းတရားပါပေတည်း။

ဒါက တတိယသာဓုတရား ဖြစ်ပါတယ်၊ မိမိက ဆင်းဆင်းရဲရဲ အပင်ပန်း ခံပြီးတော့ စည်းစိမ်ဥစ္စာတွေကို ရှာဖွေလိုက်တယ်၊ ရှာဖွေလိုက်တဲ့ အချိန်အခါမှာ မိမိတို့ရဲ့ ကံအားလျော်စွာ စည်းစိမ်ဥစ္စာတွေ ဖြစ်ထွန်းလာတယ်။ ကံဆိုတာက အတိတ်ကံ ပစ္စုပ္ပန်ကံဆိုပြီး နှစ်မျိုးရှိတယ်၊ အတိတ်က အကျိုး ပေးဖို့ရန် ကံကလေးက အခွင့်သာတယ်၊ ပစ္စုပ္ပန်မှာလည်း မိမိက နည်းမှန် လမ်းမှန် စနစ်တကျ ကြိုးစားအားထုတ် ရှာဖွေတယ်။

ပစ္စုပ္ပန်မှာ ရှာဖွေခြင်းကိုတော့ ပစ္စုပ္ပန်ကံလို့ ခေါ်တယ်။ အတိတ်က အကျိုးပေးဖို့ရန် အခါအခွင့်သင့်နေတဲ့ ကံကိုတော့ အတိတ်ကံလို့ ခေါ်တယ်။ ထိုအတိတ်ကံ ပစ္စုပ္ပန်ကံ နှစ်ရပ်တို့ ပေါင်းစပ်လိုက်တဲ့အတွက်ကြောင့် စည်းစိမ် ဥစ္စာတွေက တော်တော်ကလေး ဖြစ်ထွန်းလာတယ်။ အဲဒီလို ဖြစ်ထွန်းလာတဲ့ အချိန်အခါမှာ ဒီစည်းစိမ်ဥစ္စာတွေနှင့် မူးယစ်မေ့လျော့ပြီး နေထိုင်ရမလား? မနေထိုင်ရဘူး။ သူတော်ကောင်းတို့ရဲ့ သဘောက ဘယ်လိုရှိသလဲ? ---

အပ္ပမာဒဝသေန အဟာသော အနုပ္ပိလာဝိတတ္တံ တတိယံ သာဓု။

အပ္ပမာဒဝသေန = ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒ တရား လက်ကိုင်ထားသည်၏ အစွမ်းဖြင့်။ အဟာသော = အလွန် ရွှင်လန်း ဝမ်းမြောက်ခြင်း မရှိသည်ဖြစ်၍။ အနုပ္ပိလာဝိတတ္တံ = ပေါ်လွင်တက်ကြွ မြင့်မောက်သောစိတ်ထား မရှိသည်၏အဖြစ်သည်။ တတိယံ = သုံးခုမြောက်သော။ သာဓု = ကောင်းခြင်းတရားပါပေတည်း။

စီးပွားတွေ သိပ်ချမ်းသာတိုးတက်လာပြီ၊ လုပ်ငန်းခွင်တွေမှာ အောင်မြင်မှုတွေက ရလာပြီ၊ အဲဒီ အချိန်အခါမှာ ဘာဖြစ်သလဲ? စိတ်ဓာတ်တွေက သိပ်ပြီး တက်ကြွတတ် မြင့်မောက်တတ်တယ်၊ ဘူးတောင်းတစ်ခုကို ရေထဲ ချထားလိုက်လျှင် ပေါလောပေါ်နေသလို စိတ်ဓာတ်တွေက အလွန် တက်ကြွ မြင့်မောက်ပြီး နေပြီဆိုလျှင် ဒီပုဂ္ဂိုလ်ကို ဘဝင်မြင့်တယ်လို့ ခေါ်တယ်။ အဲဒီလို ဘဝင်တွေမြင့်ပြီး မိမိကိုယ်ကို မိမိ သိပ်အထင်ကြီးနေလျှင် ဒီပုဂ္ဂိုလ်သည် ထိုအချိန်အခါမှာ ကုသိုလ်ကောင်းမှုတို့ကို မေ့လျော့နေတတ်တယ်။ သီလ ကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့, သမာဓိကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့, ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့ လုံးလုံး မေ့ထားလိုက်တယ်။ အဲဒီလို မေ့လျော့မှုမရှိဘဲ အလွန် ချမ်းသာကြွယ်ဝလာလို့ စည်းစိမ်ဥစ္စာတွေ ရရှိလာတဲ့ အချိန်အခါမှာလည်း စိတ်ဓာတ်တက်ကြွ မြင့်မောက်မှု မရှိခြင်းသည် တတိယဖြစ်တဲ့ သာဓုတရားတစ်ခု ဖြစ်ပါတယ်။ စတုတ္ထသာဓုတရားက ဘာလဲ? ---

ယဒါ ပန အတ္တနော အတ္ထဗျာပတ္တိ ယသဝိနာသော ဟောတိ။ တဒါ အဗျထော စတုတ္ထံ သာဓု။

ယဒါ = အကြင်အခါ၌။ အတ္တနော = မိမိ၏။ အတ္ထဗျာပတ္တိ = အကျိုး စီးပွား၏ ပျက်စီးခြင်းသည်။ ယသဝိနာသော = အခြံအရံအကျော်အစော၏ ပျက်စီးခြင်းသည်။ ဟောတိ = ဖြစ်ပေါ်၍ လာပေ၏။ တဒါ = ထိုကဲ့သို့ ပျက်စီးခြင်း ဖြစ်ပေါ်၍လာရာ အချိန်အခါ၌။ အဗျထော = စိတ်ပင်ပန်းခြင်း မရှိခြင်းသည်ကား။ စတုတ္ထံ = လေးခုမြောက်သော။ သာဓု = ကောင်းခြင်း တရားပါပေတည်း။

ကံတရားဆိုတာ အင်မတန် ဆန်းကြယ်ပါတယ်။ အတိတ်က စီးပွားဥစ္စာ ပျက်စီးဖို့ရန်အတွက် အကြောင်းတရားကလေးတွေကို မိမိက ထူထောင် ထားခဲ့တယ်။ စီးပွားဥစ္စာ ပျက်စီးဖို့ရန်အကြောင်းဆိုတာက ဘာတွေလဲ? အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့တဲ့ သူတစ်ပါးတို့ရဲ့ ပစ္စည်းကို မတရား ယူမိတဲ့ အဒိန္နာဒါနကံပဲ။ တစ်ဖက်က ကုသိုလ်ကံက မြှင့်တင်ပေးလိုက်လို့ လူ့ဘဝ ရောက်ရှိလာတဲ့အခါ တစ်ဖက်က ကုသိုလ်ကံတွေကြောင့် စီးပွားဥစ္စာ ချမ်းသာတာကတော့ မှန်တယ်၊ ဒါပေမယ့် ဒီစီးပွားဥစ္စာတွေ ချမ်းသာနေတဲ့ အချိန်အခါမှာ တစ်ဖက်က အတိတ်ဘဝထိုထိုက ထူထောင်ခဲ့တဲ့ အဒိန္နာဒါနကံဖြစ်တဲ့ အကုသိုလ်ကံကလေးတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာလျှင် ဒီစီးပွားဥစ္စာတွေသည် အလိုလို ပျက်စီးသွားတတ်တယ်။

အဒိန္နာဒါနကံဆိုတာက သူတစ်ပါးတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ပျက်စီးအောင် ဖျက်ဆီးခဲ့တဲ့ မတရားယူခဲ့တဲ့ ကံပဲ။ သူတစ်ပါးတွေရဲ့ စည်းစိမ် ဥစ္စာတွေကို ပျက်စီးအောင် ဖျက်ဆီးခဲ့တဲ့ကံက မိမိ၏ စည်းစိမ်ဥစ္စာတွေကို ပျက်စီးအောင် တစ်ဖန်ပြန်ပြီးတော့ အကျိုးပေးပြန်တယ်၊ ရန်သူငါးတန်တွေကို ဖျက်ဆီးဖို့ရန် ယင်းကံက ပို့ဆောင်ပေးတတ်တယ်၊ လမ်းဖွင့်ပေးတတ်တယ်။

အဲဒီလို စီးပွားဥစ္စာတွေ ပျက်စီးသွားတဲ့ အချိန်အခါမှာလည်း စိတ်ထဲမှာ တုန်လှုပ်ဖောက်ပြားမှု မရှိဘဲ, ဝမ်းနည်းကြေကွဲမှု မရှိဘဲ စိတ်ကြည်ကြည် လင်လင် ထားနိုင်ခြင်းသည် စတုတ္ထသာဓုတရားတစ်ခု ဖြစ်တယ်ဆိုပြီးတော့ ကာဠဒေဝိလဖြစ်တဲ့ အစ်ကိုတော် ရသေ့ကြီးကလည်း ထပ်ပြီး ဆိုဆုံးမတော်မူပါတယ်။ အဲဒီလို ဆိုဆုံးမတော်မူတဲ့ ရည်ရွယ်ချက်က ဘယ်သဘော လဲ? ---

တသ္မာ တွံ နာရဒ စျာနံ မေ အန္တရဟိတန္တိ မာ သောစိ။ သစေ ဣန္ဒြိယာနံ ဝသံ န ဂမိဿသိ။ နဋ္ဌမ္ပိ တေ စျာနံ ပုန ပါကတိကမေဝ ဘဝိဿတိ။

တသ္မာ = ထိုကြောင့်။ နာရဒ = ညီထွေးနာရဒ။ တွံ = သင်သည်။ မေ = ငါ၏သန္တာန်၌။ စျာနံ = စျာန်တရားသည်။ အန္တရဟိတံ = ကွယ်ပျောက်၍ သွားခဲ့လေပြီ။ ဣတိ = ဤသို့။ မာ သောစိ = စိုးရိမ်ကြောင့်ကြမှု မဖြစ်ပါလင့်။

ငါ၏သန္တာန်မှာတော့ စျာန်တရားတွေတော့ ပျောက်ပျက်သွားပြီဆိုပြီးတော့ မိမိရရှိထားတဲ့ ချမ်းသာသုခကလေး ပျောက်ပျက်ခြင်းတည်းဟူသော အကြောင်းကြောင့် သင့်သန္တာန်မှာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်မနေနဲ့၊ စိတ်ဆင်းရဲမှုတွေ ဖြစ်မနေပါနဲ့။

သစေ = အကယ်၍။ ဣန္ဒြိယာနံ = ဣန္ဒြေတို့၏။ ဝသံ = အလိုနိုင်ငံသို့။ န ဂမိဿသိ = မလိုက်ပါခဲ့သည် ဖြစ်ခဲ့ပါမူ။ တေ = သင်ညီထွေးရဲ့ သန္တာန်၌။ နဋ္ဌံ = လျောကျပျက်စီး၍သွားသော။ စျာနမ္ပိ = စျာန်တရားသည်လည်းပဲ။ ပုန = နောက်ထပ်တစ်ဖန်။ ပါကတိကမေဝ = ပင်ကိုပကတိအတိုင်း တည်ရှိနိုင်သည်သာလျှင်။ ဘဝိဿတိ = ဖြစ်ပေလိမ့်မယ်။

အကယ်၍ ဣန္ဒြေရဲ့ အလိုကို မလိုက်ခဲ့ဘူးဆိုလျှင် သင့်သန္တာန်မှာ ပျောက်ပျက်သွားတဲ့ ဒီစျာန်တရားသည် ပင်ကိုပကတိအတိုင်း ပြန်ပြီးတော့ တည်လာမှာ ဖြစ်ပါတယ်။ ပြန်ကြိုးစားလိုက်မယ်ဆိုလျှင် ဒီစျာန်တရားတွေ လွယ်လွယ်ကလေးနှင့် မကြာခင် ရနိုင်ပါလိမ့်မယ်လို့ ချော့တယ်။ အဲဒီလို ချော့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘုရားရှင်က ဘုရားဖြစ်တော်မူတဲ့ အချိန်အခါမှာ ဂါထာကလေးတစ်ခုနဲ့ ဒီနေရာမှာ ကာဠဒေဝိလရသေ့ရဲ့ ဆိုလိုရင်း သဘောတရားကလေးကို ထပ်ပြီးတော့ ဟောတော်မူပါတယ်။


ဆိုလိုရင်းသဘော

ဧတ္တာဝတေတံ ပဏ္ဍိစ္စံ၊ အပိ သော ဒေဝိလော ဗြဝိ။

န ယိတော ကိဉ္စိ ပါပိယော၊ ယော ဣန္ဒြိယာနံ ဝသံ ဝဇေ။

ဧတ္တာဝတာ = ဤမျှလောက်သော အတိုင်းအရှည်အားဖြင့်။ ဧတံ ပဏ္ဍိစ္စံ = ထိုပညာရှိသူတော်ကောင်းကို။ သော ဒေဝိလော = ထိုကာဠဒေဝိလရသေ့သည်။ အဗြဝိ = တရားစကား ပြောကြားခဲ့လေ၏။ ယော = အကြင်သူသည်။ ဣန္ဒြိယာနံ = ဣန္ဒြေတို့၏။ ဝသံ = အလိုနိုင်ငံတော်သို့။ ဝဇေ = လိုက်ပါ၍ နေပေ၏။ ဣတော = ဤဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့ လိုက်ပါ၍နေတဲ့ ပုဂ္ဂိုလ်ထက်။ ပါပိယော = သာလွန်၍ ယုတ်မာသော။ ကိဉ္စိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်။ လောကေ = လောက၌။ န အတ္ထိ = မရှိသည်သာလျှင် တည်း။

တရားစကားတွေနှင့် နားဝင်လာအောင် အကြောင်းအမျိုးမျိုးနှင့် ချော့နေတယ်။ ပညာရှိသူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ နာရဒရသေ့ကို ကာဠဒေဝိလရသေ့ကြီးက ဆိုဆုံးမနေတယ်။ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်လောက် အလွန် အဆင့်အတန်း နိမ့်ကျယုတ်မာနေတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူး။ လောကမှာ အယုတ်မာဆုံးပုဂ္ဂိုလ်သည် ဘယ်လို ပုဂ္ဂိုလ်လဲဆိုလျှင် ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်တယ်။ တစ်နည်းတော့ ကာမဂုဏ်အလိုကို လိုက်ပြီး ကာမဂုဏ်ကို အပြည့် အဝ သုံးဆောင်ခံစားနေတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်တယ်။

ကြည့်လိုတယ်ဆိုလျှင် ကြည့်လိုက်တာပဲ၊ ကြည့်လိုက်ရမှ ကျေနပ်တယ်၊ နားထောင်လိုတယ်ဆိုလျှင် နားထောင်လိုက်တာပဲ၊ နမ်းရှူလိုတယ်ဆိုလျှင် နမ်းရှူလိုက်တာပဲ၊ စားလိုတယ်ဆိုလျှင် စားလိုက်တာပဲ၊ ထိလိုတယ်ဆိုလျှင် ထိလိုက်တာပဲ၊ စဉ်းစားလိုတယ်ဆိုလျှင် စဉ်းစားပြီး နေလိုက်တာပဲ၊ သီလ ကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့, သမာဓိကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့, ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့ လုံးလုံး မေ့ထားလိုက်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဣန္ဒြေရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။

အဲဒီလို ဣန္ဒြေရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်လောက် ယုတ်မာတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူးလို့ ဒီလို ဘုရားရှင်က ဟောတော်မူပါတယ်။ ဘာကြောင့်လဲ? ဒီဣန္ဒြေတို့ရဲ့ အလိုနိုင်ငံကို လိုက်ပါနေတဲ့ ပုဂ္ဂိုလ်တွေသည် သေခါနီးကာလမှာလည်း ဒီအတိုင်းပဲ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံကို လိုက်ပါနေတဲ့ စိတ်ထားတွေဖြင့် ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရမယ်ဆိုလျှင် ဘာဖြစ်မလဲ? အပါယ်လေးဘုံက ဆီးပြီးတော့ ကြိုနေမှာ ဖြစ်တယ်။ ဒါကြောင့် အပါယ် လေးဘုံကိုရောက်မည့် အကြောင်းတရားမှန်လျှင် အလွန်မွန်မြတ်တဲ့ လုပ်ငန်းလို့ ပြောရမလား, ယုတ်မာတဲ့ လုပ်ငန်းရပ်လို့ ပြောရမလား? ယုတ်မာတဲ့ လုပ်ငန်းရပ်လို့ ပြောရမယ်။

ပရိသတ်တွေ နည်းနည်း စဉ်းစားကြည့်ပါ။ ပရိသတ်တွေဟာ များသောအားဖြင့် ကာမဂုဏ်ခံစားနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ မိမိတို့ ဒီလို ကာမဂုဏ်ခံစားခြင်းသည် မိမိတို့အတွက် အကျိုးဘယ်လောက် ပျက်စီးဆုတ်ယုတ်စေနိုင်တယ်ဆိုတာကလေးကိုတော့ သဘောပေါက်ဖို့ သိပ်လိုနေတယ်။ ကိုယ့်အိုး, ကိုယ့်အိမ်, ကိုယ့်ကာမဂုဏ်ပဲ ကိုယ်ခံစားတော့ ဘာဖြစ်သလဲဆိုတဲ့ ဒီစိတ်ထားမျိုးကို သိပ်မွေးဖို့ မတော်ဘူး။ ဒါ တော်တော်ကလေး သတိရှိဖို့ လိုနေတယ်။

ဒီလိုဆိုလျှင် အရှင်ဘုရား ဘုရားရှင်လက်ထက်အခါက သောတာပန်, သကဒါဂါမ် အစရှိတဲ့ သူတော်ကောင်းတွေ အိမ်ထောင်သားမွေးဘဝနဲ့ သောတာပန် သကဒါဂါမ် ဖြစ်သွားကြတာ မဟုတ်ဘူးလား? ဒီလို ပုဂ္ဂိုလ်တွေလည်း ကာမဂုဏ်တွေ ခံစားကြတာပဲ၊ အဲဒီလို ပုဂ္ဂိုလ်တွေကို လူယုတ်မာတွေလို့ ပြောရမလားလို့ ဒီလိုတော့ မေးစရာရှိတယ်။

ဒီအချက်ကလေးနှင့် ပတ်သက်ပြီးတော့ ဘုန်းကြီးဘက်က နည်းနည်းကလေးတော့ ရှင်းရန်တာဝန် ရှိလာပါတယ်။ အဲဒီ သူတော်ကောင်းကြီးတွေက သူတို့ ကာမဂုဏ် ခံစားတယ်ဆိုပေမယ့် သူတို့မှာ မွန်မြတ်နေတဲ့ ကုသိုလ် ဆန္ဒဓာတ်ကလေးတွေက တစ်ဖက်က ကိန်းဝပ်လျက် ရှိကြပါတယ်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်မြတ်နိုးမှု တဏှာပေမတရား ထင်ရှားရှိနေကြသော်လည်း သမထဘာဝနာကုသိုလ်, ဝိပဿနာဘာဝနာကုသိုလ်, မဂ် ကုသိုလ်ဆိုတဲ့ ဒီလို အဆင့်အတန်း မြင့်နေတဲ့ ကုသိုလ်တွေရဲ့ အကူအညီကို ရခဲ့မယ်ဆိုလျှင်တော့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မြတ်နိုးမှုဆိုတဲ့ ဒီတဏှာ ပေမတရားက အဲဒီ သူတော်ကောင်းတွေကို အပါယ်ကို ပစ်ချနိုင်လောက်အောင် စွမ်းအားတွေ မရှိကြတော့ပါဘူး။

ဥပမာ --- ကျောက်ခဲတစ်ခဲ ဆိုကြစို့၊ ကျောက်ခဲချည်း သက်သက် ရေထဲကို ပစ်ချလိုက်မယ်ဆိုလျှင်တော့ အဲဒီကျောက်ခဲဟာ ရေထဲမှာ နစ်မြုပ် သွားမှာပဲ။ ဒါပေမယ့် အဲဒီကျောက်ခဲကို ရေထဲကို ပစ်မချဘဲ လှေပေါ်မှာ တင်ပြီးတော့ သွားမယ်ဆိုလျှင်တော့ ဒီကျောက်ခဲဟာ ရေထဲမှာ နစ်မြုပ်ပြီးတော့ မသွားတော့ဘူး။ လှေ၏ အလိုကျအတိုင်း လှေသွားတဲ့ နေရာကို လှေပေါ်ကနေပြီးတော့ လိုက်ပါသွားရတယ်။

အဲဒီ ဥပမာအတိုင်းပဲ လှေနှင့်တူတဲ့ အလွန် အဆင့်မြင့်နေတဲ့ သမထ ကုသိုလ်, ဝိပဿနာကုသိုလ်, မဂ်ကုသိုလ်တွေ၏ အကူအညီကို ရနေတဲ့ ဒီကျောက်ခဲနှင့် တူနေတဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မြတ်နိုးမှု တဏှာပေမ တရားဟာလည်း အားကောင်းတဲ့ ကုသိုလ်၏ အလိုကျအတိုင်းပဲ လိုက်ပါသွားရပါတယ်။ ဒါကြောင့် ဇာတ်နိပါတ်တော်တွေမှာ တဏှာပေမ မကင်းသူ အချင်းချင်း ရင်းနှီးစွာ အကျိုးပေးကာ ပါရမီဖြည့်ဘက်များ ဖြစ်နေကြတာကို များစွာပဲ တွေ့နိုင်ကြပါတယ်။ ပုံစံထုတ်ပြမယ်ဆိုလျှင် နကုလပိတာနှင့် နကုလမာတာ ဇနီးမောင်နှံ ဆိုကြစို့ --


နကုလပိတာနှင့် နကုလမာတာ

ဒီဇနီးမောင်နှံတို့က ဘုရားရှင်ရဲ့ မိဘအဖြစ်နဲ့ ဘဝပေါင်းငါးရာ, မိကြီး, မိထွေး, ဘကြီး, ဘထွေးအဖြစ်နဲ့ ဘဝပေါင်း ငါးရာစီဆိုတော့ ဘဝပေါင်း တစ်ထောင့်ငါးရာစီလောက် ဆွေမျိုး ဆက်တိုက် တော်စပ်ခဲ့ဖူးကြပါတယ်။ ဒါကြောင့် မြတ်စွာဘုရား သုသုမာရဂိရိတောင်ခြေ ဘေသကဠာဝနအမည် ရနေတဲ့ ရွာနိဂုံးကြီးသို့ ရောက်ရှိတဲ့ အချိန်အခါမှာ နကုလပိတာ နကုလမာတာခေါ်တဲ့ ဒီဇနီးမောင်နှံ နှစ်ဦးက ဘုရားရှင်ကို မြင်လျှင်မြင်ချင်း သားဟူသော ချစ်ခြင်းဖြင့် အလွန်အမင်း ချစ်ခင်မြတ်နိုးတဲ့အတွက် ခြေဖက်ပြီး ငိုကြတယ်၊ သားလို့ပဲ ခေါ်ကြတယ်။ သူတို့ရဲ့ အတွင်းရေး အိမ်ထောင်ရေး လုပ်ငန်းကိစ္စရပ်တွေကိုလည်း ပွင့်ပွင့်လင်းလင်း လျှောက်ထားကြတယ်။ သူတို့က ဘာလျှောက်သလဲ? ---

တစ်ချိန်မှာ မြတ်စွာဘုရားကို ဆွမ်းပင့်ပြီး ကပ်လှူတယ်၊ ဆွမ်းစားခြင်း ကိစ္စ ပြီးတဲ့အချိန်အခါမှာ နကုလပိတာအမည်ရှိတဲ့ ဒါယကာကြီးက ဘာလျှောက်သလဲ? ---

မြတ်စွာဘုရား ...တပည့်တော်သည် ငယ်စဉ်အရွယ်ကတည်းက နကုလမာတာအမျိုးသမီးကို တပည့်တော်အိမ်သို့ ခေါ်ဆောင်ခဲ့ပါတယ်၊ ထိုအချိန်အခါက စပြီးတော့ ယနေ့တိုင်အောင် နကုလမာတာအမျိုးသမီးက လွဲလျှင် အခြားအမျိုးသမီးတွေ အပေါ်၌ စိတ်ဖြင့်သော်လည်း တပည့်တော် တစ်ခါမှ ဖောက်ပြားခဲ့တယ်လို့ မရှိခဲ့စဖူးပါဘူး၊ ကာယကံမြောက် ဝစီကံမြောက် လွန်ကျူးဖို့ဆိုတာ အဘယ်မှာ ဆိုဖွယ်ရာရှိပါမလဲ မြတ်စွာဘုရား၊ တပည့်တော်သည် ဒီဘဝမှာလည်း နကုလမာတာအမျိုးသမီးကိုပဲ အမြဲတမ်း မြင်ချင် တွေ့ချင်နေပါတယ်၊ နောင်သံသရာ အဆက်ဆက်မှာလည်း ဒီနကုလမာတာအမျိုးသမီးကို မြင်ချင် တွေ့ချင်နေပါတယ် မြတ်စွာဘုရား ... ဆိုပြီးတော့ လျှောက်ထားတယ်။

အဲဒီစကားကို ကြားလိုက်တော့ နကုလမာတာ ဒါယိကာမကြီးကလည်း အားကျမခံ မြတ်စွာဘုရားကို ပြန်ပြီးတော့ ဘယ်လို လျှောက်ထားသလဲ?

မြတ်စွာဘုရား ...တပည့်တော်မကို ဒီနကုလပိတာအမျိုးကောင်းသားက ငယ်ရွယ်စဉ်အခါကတည်းက လက်ထပ်ထိမ်းမြားပြီး အိမ်ကို ခေါ်ဆောင်ခဲ့ပါတယ်၊ ထိုအချိန်အခါမှ စပြီး တပည့်တော်မသည် တခြား တခြားသော ယောက်ျားတို့အပေါ်၌ စိတ်ဖြင့် ဖောက်ပြားခြင်းကို အမှတ် မရစဖူးပါ မြတ်စွာဘုရား၊ ကာယကံမြောက် ဝစီကံမြောက် လွန်ကျူးဖို့ဆိုတာ အဘယ်မှာ ပြောဆိုဖွယ်ရာ ရှိပါမလဲ မြတ်စွာဘုရား၊ တပည့်တော်မသည် ဒီဘဝမှာလည်း ဒီနကုလပိတာ အမျိုးကောင်းသားကို မြင်တွေ့လိုပါတယ်၊ နောင်သံသရာ အဆက်ဆက်မှာလည်း ဒီနကုလပိတာ အမျိုးကောင်းသားကို မြင်တွေ့လိုပါတယ်ဆိုပြီးတော့ လျှောက်ထားတယ်။


သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာ တူညီပါစေ

အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဒီဇနီးမောင်နှံ နှစ်ဦးကို မြတ်စွာဘုရားက သူတို့ရဲ့ လိုလားတောင့်တချက်တွေကို ပြည့်ဝလာအောင် ဖြည့်ဆည်းပေးနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ နည်းလမ်းကောင်း (၄)ချက်ကို ဟောကြားပေးတော်မူပါတယ်။ အဲဒီနည်းလမ်းကောင်း ကျင့်စဉ် (၄)ချက်ကိုတော့ ဒီနေ့ တရားနာပရိသတ်တွေ နှစ်ခြိုက်မယ်ဆိုလျှင်လည်း လက်ခံကြပေါ့။ မနှစ်ခြိုက်လျှင်လည်း ပယ်လှန်နိုင်တဲ့သဘော ရှိပါတယ်။ ဘယ်လို နည်းပေးထားသလဲ? ---

အာကင်္ခေယျုံ စေ ဂဟပတယော ဥဘော ဇာနိပတယော ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ ဥဘောဝ အဿု သမသဒ္ဓါ သမသီလာ သမစာဂါ သမပညာ။ တေ ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿန္တိ အဘိသမ္ပရာယဉ္စ အညမညံ ပဿန္တိ (အံ၊၁၊၃၇၂-၃၇၃။ အံ၊ဋ္ဌ၊၂၊၃၀၇-၃၀၈။)

ဂဟပတယော = ဒါယကာတုိ့။ ဥဘော ဇာနိပတယော = ဇနီးမောင်နှံ နှစ်ဦးသားတို့သည်။ ဒိဋ္ဌေ စေဝ ဓမ္မေ = မျက်မှောက်သော ကိုယ်၏အဖြစ်၌လည်း။ အညမညံ = အချင်းချင်း။ ပဿိတုံ = တွေ့မြင်ခြင်းငှာ။ အဘိသမ္ပရာယဉ္စ = တမလွန်လောက၌လည်းပဲ။ အညမညံ = အချင်းချင်း။ ပဿိတုံ = တွေ့မြင်ခြင်းငှာ။ စေ အာကင်္ခေယျုံ = အကယ်၍ အလိုရှိကြကုန်ငြားအံ့။ ဥဘောဝ = ဇနီးမောင်နှံ နှစ်ဦးသားတို့သည်ပင်။ သမသဒ္ဓါ = ညီမျှသော သဒ္ဓါတရား ရှိကြကုန်သည်လည်းကောင်း။ သမသီလာ = ညီမျှသော ကိုယ်ကျင့်သီလ ရှိကြကုန်သည်လည်းကောင်း။ သမစာဂါ = ညီမျှသော ပေးကမ်းစွန့်ကြဲခြင်း စာဂတရား ထင်ရှားရှိကြကုန်သည်လည်းကောင်း။ သမပညာ = ညီမျှသော အသိအလိမ္မာ ဉာဏ်ပညာ ထင်ရှားရှိကြကုန်သည် လည်းကောင်း။ အဿု = ဖြစ်ကြလေကုန်ရာ၏။ တေ = ထိုဇနီးမောင်နှံ နှစ်ဦးသားတို့သည်။ ဒိဋ္ဌေ စေဝ ဓမ္မေ = မျက်မှောက်သော ကိုယ်၏အဖြစ်၌လည်းပဲ။ အညမညံ = အချင်းချင်း။ ပဿန္တိ = တွေ့မြင်နိုင်ကြကုန်၏။ အဘိသမ္ပရာယဉ္စ = တမလွန်လောက၌လည်းပဲ။ အညမညံ = အချင်းချင်း။ ပဿန္တိ = တွေ့မြင်နိုင်ကြလေကုန်၏။

ဘုရားရှင်ပေးတဲ့နည်းက ဘာလဲ? ဇနီးမောင်နှံ နှစ်ဦးတို့က ဒီဘဝမှာလည်း တစ်ဦးနှင့်တစ်ဦး မြင်ချင်ကြတယ်၊ နောက်နောင်ဘဝမှာလည်း တစ်ဦးနှင့်တစ်ဦး မြင်ချင်ကြတယ်ဆိုလျှင် ဇနီးမောင်နှံနှစ်ဦးသားတို့ဟာ ---

နံပါတ် (၁) သဒ္ဓါတရားချင်း တူညီရမယ်၊

နံပါတ် (၂) ကိုယ်ကျင့်သီလချင်း တူညီရမယ်၊

နံပါတ် (၃) ပေးကမ်းစွန့်ကြဲခြင်း စာဂတရားချင်း တူညီရမယ်၊

နံပါတ် (၄) ဉာဏ်ပညာချင်း တူညီရမယ်၊

ဒီဇနီးမောင်နှံ နှစ်ဦးလုံးကတော့ ဘုရားရှင်ကို ခေါင်ဆုံး ဖူးတွေ့ရတဲ့ အချိန်အခါက စပြီး သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင် ဉာဏ် ပညာတွေ ရင့်ကျက်ထားပြီးတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။

ဒီတော့ သူတို့ ဇနီးမောင်နှံ နှစ်ဦးက သဒ္ဓါတရားချင်းလည်း တူတယ်၊ ကိုယ်ကျင့်သီလချင်းလည်း တူတယ်၊ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားချင်းလည်း တူတယ်၊ ဒါယကာကြီးက လှူလျှင် ဒါယိကာမကြီးက ကြည်ဖြူတယ်၊ ဒါယိကာမကြီးက လှူပြန်လျှင်လည်း ဒါယကာကြီးက ကြည်ဖြူတယ်၊ ပညာချင်း ကြည့်လိုက်ပြန်တော့လည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်၊ ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာချင်းလည်း အားလုံး တူညီနေကြတယ်၊ အဲဒီလို တူညီခဲ့မယ်ဆိုလျှင်တော့ ဒီဘဝမှာလည်း အချင်းချင်းတွေ့မြင်နိုင်တယ်၊ နောင်သံသရာ အဆက်ဆက်မှာလည်း အချင်းချင်း တွေ့မြင်နိုင်ကြပါတယ်လို့ ဒီလို နည်းပေးတယ်။ ဘာကြောင့်လဲ? ---

ဒီသူတော်ကောင်းတွေကတော့ ခုနက တဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားတာ မဟုတ်ဘူးလားလို့ မေးစရာရှိတယ်။ တစ်ဖက်ကနေ ကြည့်လျှင်တော့ တဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့တယ်ဆိုတဲ့ သဘောတရား ရှိတန်သလောက် ရှိသော်လည်း အားမကောင်းပါဘူး။ ဘာကြောင့် အားမကောင်းဘူးလို့ ပြောရ သလဲ? ဒီသူတော်ကောင်းတွေက တစ်ဦး နိဗ္ဗာန်ရရှိရေးအတွက် တစ်ဦးက ဝိုင်းပြီးတော့ ပါရမီဖြည့်ပေးချင်တဲ့ ကုသိုလ်ဆန္ဒဓာတ်တွေ သူတို့မှာ ကိန်းဝပ် နေပါတယ်။ တစ်ဦးကောင်းစားရေးအတွက် တစ်ဦးက လိုလားတောင့်တ နေတဲ့ စိတ်ထားသာ ဖြစ်တယ်။ ကာမဂုဏ် ခံစားဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ သူတို့က တွေ့ကြမြင်ကြလိုတာ မဟုတ်ကြပါဘူး။

သုမေဓာရှင်ရသေ့နှင့် သုမိတ္တာအမျိုးသမီး

သူတော်ကောင်းအချင်းချင်း နောက်ထပ် ပေါင်းသင်းဆက်ဆံဖို့ တွေ့ရဖို့ ဆုံရဖို့ ကြုံရဖို့ဆိုတာက တမင်တကာ ဆုတောင်းယူမှ ရနိုင်တဲ့ လုပ်ငန်းခွင်တွေ ဖြစ်ကြပါတယ်။ နမူနာ ဆိုကြစို့ ၊ ဘုန်းကြီးတို့ ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တွေ ရရှိရေးအတွက် ဒီပင်္ကရာ ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းပြီးတော့ ဘုရားဆုကို ပန်ထွာနေတဲ့ အချိန်အခါမှာ သုမိတ္တာအမျိုးသမီးကလည်း အလောင်းတော် သုမေဓာရှင်ရသေ့ရဲ့ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ကူညီပြီး ပါရမီဖြည့်ဖို့ ဆုတောင်း တယ်၊ ကာမဂုဏ်ခံစားဖို့ သူက ဆုတောင်းတာ မဟုတ်ပါဘူး၊ ကုသိုလ်ဆန္ဒဓာတ်နှင့် ဆုတောင်းခြင်း ဖြစ်ပါတယ်။

ဒီကုသိုလ်ဆန္ဒဓာတ်တွေကြောင့် ဒီသုမေဓာရှင်ရသေ့ဘဝ မတိုင်မီ ဘဝထိုထိုကနေ စပြီးတော့ နောက်ဆုံး ဂေါတမမြတ်စွာဘုရားဘဝဖြစ်သည့် တိုင်အောင် သုမိတ္တာအမျိုးသမီးက ဘာလုပ်ခဲ့သလဲ? ဘုန်းကြီးတို့ ဘုရားအလောင်းတော်ရဲ့ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် သူ့အသက်ကို ဘဝ ထောင်ပေါင်းများစွာ စွန့်လွှတ်လှူဒါန်းခဲ့တယ်၊ မျက်လုံးအစုံကို ထုတ်ပြီးတော့လည်း ဘဝထောင်ပေါင်းများစွာ စွန့်လွှတ် လှူဒါန်းခဲ့တယ်၊ အင်မတန် ချစ်ခင်ကြင်နာ ယုယဖွယ်ရာကောင်းတဲ့ သားရတနာ သမီးရတနာတွေကိုလည်း ဘဝထောင်ပေါင်းများစွာ စွန့်လွှတ်လှူဒါန်းခဲ့တယ်၊ ကိုယ့်အသက်ကိုလည်း ဘဝထောင်ပေါင်းများစွာ စွန့်လွှတ်လှူဒါန်းခဲ့တယ်၊ မိမိက အလို မတူပါဘဲလျက် သဗ္ဗညုတဉာဏ်အလို့ငှာ အလောင်းတော်က သူတစ်ပါးရဲ့ သားမယားအဖြစ် လှူဒါန်းလိုက်လို့ သူတစ်ပါးရဲ့ သားမယားအဖြစ် လိုက်ပါ သွားရတဲ့ ဘဝတွေလည်း ထောင်ပေါင်းများစွာ ရှိခဲ့တယ်။

ဒီလို ကုသိုလ်တွေကို ဝင်ရောက်ပြီးတော့ ကူညီဖြည့်စွက်ချင်တဲ့ ကုသိုလ် ဆန္ဒဓာတ်တွေက တစ်ဖက်က ကိန်းဝပ်နေပါတယ်၊ ကာမဂုဏ် ခံစားဖို့ဆိုတဲ့ ဦးတည်ချက် တဏှာသက်သက်ဖြင့် ဒီလို ဆုတောင်းနေခြင်း မဟုတ်ပါဘူး။ အကယ်၍သာ ယသောဓရာသည် ဘုန်းကြီးတို့ ဂေါတမဘုရားအလောင်းတော်ဖြစ်တဲ့ သုမေဓာရှင်ရသေ့ကို အခုလို ဝိုင်းပြီးတော့ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း အချိန်ကာလပတ်လုံး ပါရမီတွေ မဖြည့်ခဲ့ဘူးဆိုလျှင် ဘုန်းကြီးတို့ ဘုရားအလောင်းတော်လည်း ပါရမီတွေ စုံညီတဲ့အဆင့် ရောက်နိုင်ပါ့မလား? မရောက်နိုင်ဘူး။

ဒါကြောင့် ဘုန်းကြီးတို့သည် တစ်ဖက်က ဘုရားရှင်ကို ဖခင်အဖြစ်နဲ့ လက်ခံနိုင်မယ်ဆိုလျှင် ယသောဓရာကိုလည်း တစ်ဖက်က မိခင်အဖြစ်နဲ့ လက်ခံဖို့ရန် သိပ်ပြီးတော့ ဝန်လေးဖွယ်တော့ မရှိပါဘူး။ ကျေးဇူးတင်ထိုက်ပါတယ်။ ဒီသူတော်ကောင်းကြီးတွေက တို့နှင့်အတူ ကာမဂုဏ် ခံစားဖို့ဆိုတဲ့ ဦးတည်ချက် သက်သက်ဖြင့် သူတို့က တမင်တကာ ဆုတောင်းနေကြတဲ့ ဆုတောင်းခန်းမျိုးတွေ မဟုတ်ကြပါဘူး။ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ဝိုင်းဝန်းပြီး ပါရမီတွေ ဖြည့်မယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် တကယ်လည်း လက်တွေ့ ပါရမီဖြည့်ခဲ့တဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ကြပါတယ်။

အဲဒီ ကုသိုလ်ဆန္ဒဓာတ်ရှိနေတဲ့ သူတော်ကောင်းကြီးတွေမှာ ဘဝစဉ်ဆက် အမြဲတမ်း အခုလို တွေ့ကြ ဆုံကြဖို့ဆိုတဲ့ အပိုင်းမှာ သဒ္ဓါတရားချင်း တူညီရမယ်၊ သီလတရားချင်း တူညီရမယ်၊ စာဂတရားချင်း တူညီရမယ်၊ ပညာတရားချင်းလည်း တူညီရမယ်၊ ဒီတော့ ဒီအချက်ကိုပဲ ကြည့်ပြီးတော့ ပဉ္စာဝုဓပျို့ကို ရေးသားတော်မူတဲ့ ဆရာတော်က ဘာရေးထားသလဲ? ---

လူ့မြေရွာခွင်, အိမ်ရှင်အိမ်သူ, မြတ်ရည်တူလျက်, ဆွတ်ယူညီမျှ, လှူဒါနနှင့်, သီလမယိုင်, သဒ္ဓါပြိုင်မူ, ဘုန်းနိုင်ကျော်ကြား, မိုးနတ်သားနှင့်, ဆွေဝါအနှီး, နတ်သမီးသို့, သောင်းချီးအံ့ရာ, ဆုံမိရှာလျက်, သံသာနောင်လည်း, ချစ်စည်း မပြေ, ရှည်ကြာလေ၏။

ဒီစကားကလေးကို ရေးထားတယ်၊ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာတို့ စုံညီနေတဲ့ သူတော်ကောင်း အချင်းချင်းဆိုလျှင်တော့ မကွေမကွာ နေရတဲ့ ထုံးကလေးကို ထောက်ပြထားတယ်။ ဒါပေမယ့် ဒီထုံးသည် ကောင်းသလားလို့ မေးလျှင်တော့ ဘုရားရှင်ဘက်က မကောင်းဘူးဆိုတာကိုလည်း တစ်ဖက်က သတိပေးထားပါတယ်။ ဘယ်လို သတိပေးထားသလဲ? ---

မစင်ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင် ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ် သဘောသာ ဧကန်ရှိသလို ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင် ဖြစ်ပါစေ၊ ဘယ်ဘဝကိုမှ ငါဘုရား မချီးမွမ်းပါဘူး (အံ၊၁၊၃၆။) ဆိုပြီးတော့ ဒီလို တစ်ဖက်ကလည်း သတိပေးထားပါတယ်။ ဘာကြောင့်လဲ? ဘဝတိုင်းမှာ ပဋိသန္ဓေနေရတဲ့ဒုက္ခ ရှိတယ်၊ အိုဘေးဆိုးကြီး ရှိတယ်၊ နာဘေးဆိုးကြီး ရှိတယ်၊ သေဘေးဆိုးကြီး ရှိတယ်၊ မိမိက ရာဂမကင်းသေးတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့မယ် ဆိုလျှင် မိမိပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို အကြောင်းခံပြီးတော့ ရာဂမီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ကို ခံရမယ်၊ ဒေါသမီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ကို ခံရမယ်၊ မောဟမီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ကို ခံရမယ်။

တစ်ဖန် မိမိက ကိလေသာ မကင်းသေးတဲ့ပုဂ္ဂိုလ် ဖြစ်မယ်ဆိုလျှင် မိမိ ပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေ ဖောက်ပြန်ပျက်စီးသွားခြင်း တည်းဟူသော အကြောင်းကြောင့် စိုးရိမ်ရတဲ့ဒုက္ခ, ပူဆွေးရတဲ့ဒုက္ခ, ငိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာ ပူပန်ရတဲ့ ဒုက္ခ, ဒီဒုက္ခမီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ကို ခံရဦးမယ်။

ဒါကြောင့် ဘဝဆိုတာ ဒုက္ခတွေ အထွတ်တပ်ထားတဲ့ ဘဝတွေသာ ဖြစ်တယ်။ ဒုက္ခတွေ အထွတ်တပ်ထားတဲ့ ဘဝတွေသာ ဖြစ်နေခြင်းကြောင့် ဘယ်ဘဝကိုမျှ ငါဘုရားသည် မချီးမွမ်းပါဘူးဆိုပြီးတော့ မြတ်စွာဘုရားက တစ်ဖက်ကတော့ သတိပေးထားတယ်။

ဒါပေမယ့် သတ္တဝါတွေရဲ့ဆန္ဒက ကောင်းမှုကုသိုလ်တစ်ခု ပြုပြီဆိုလျှင်တော့ အိမ်သူအိမ်သားတွေ စုံစုံလင်လင် ရှိစေချင်တဲ့ ဆန္ဒဓာတ်တော့ မရှိကြ ဘူးလား? ရှိကြတယ်။ ဒါယိကာမကြီး မရှိသေးလျှင်လည်း ဒါယကာကြီးက ကောင်းမှုကုသိုလ် မပြုချင်သေးဘူး၊ ဆွမ်းကျွေးဖို့ ခဏဆိုင်းထားသေးတယ်။ ဒါယကာကြီး မရှိသေးဘူးဆိုလျှင်လည်း ဒါယိကာမကြီးက ဆွမ်းကျွေးဖို့ကိစ္စ ခဏဆိုင်းထားသေးတယ်။ ဒါယကာကြီးတွေလာမှ သားတွေ သမီးတွေ စုံညီမှ ဒီကောင်းမှုကုသိုလ် ပြုချင်ကြတယ်။ ဒါက သတ္တဝါတွေရဲ့ ဓမ္မတာပဲ။

ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေဟာ တစ်ဦးနဲ့တစ်ဦး ညီမျှနေတဲ့ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာတို့ စုံညီမှု မရှိခဲ့ဘူးဆိုလျှင် သူတို့ ဆန္ဒဓာတ်တွေ ပြည့်ဝနိုင်ပါ့မလား? မပြည့်ဝနိုင်ဘူး။ ဒါ စဉ်းစားဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ မပြည့်ဝနိုင်တဲ့ ထုံးကလေးတစ်ခု ရှိပါတယ်။ ဘုန်းကြီး အဲဒီ ထုံးကလေး တစ်ခု ဒီနေ့ည ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဇာတ်တော်ကလေးကတော့ အဿကဇာတ်တော်လို့ ခေါ်ပါတယ်။

အဿကဇာတ်တော်

ဒီအဿကဇာတ်တော်ကလေးက ဘုန်းကြီးတို့ မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့ ဇာတ်တော်တစ်ခု ဖြစ်ပါတယ်။ လူထွက်ချင်တဲ့ ရဟန်းတော်တစ်ပါးကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားရှင်က ဒီဇာတ်တော်ကို လည်း ဟောရခြင်းပဲ ဖြစ်ပါတယ်။ ကာသိတိုင်း ပါဋလိမြို့မှာ အဿကမင်းက ထီးဖြူအုပ်ချုပ် မင်းလုပ်တော်မူပါတယ်။ ဒီအဿကမင်းမှာ ဥပရိအမည်ရှိ နေတဲ့ မိဖုရားတစ်ဦး ရှိခဲ့တယ်။ ဒီမိဖုရားက ရုပ်အဆင်းက အင်မတန် လှပ တင့်တယ်တယ်၊ လူတို့ရဲ့အဆင်းကို ကျော်လွန်ပြီး နတ်အဆင်းတမျှနီးနီး လှပတင့်တယ်တယ်။ ဒါပေမယ့် နတ်တို့ရဲ့ အဆင်းကိုတော့ မမီဘူး၊ အလွန် လှပတယ်။ အလွန် လှပတဲ့အတွက်ကြောင့် သူရဲ့ ရုပ်အဆင်းအပေါ်မှာလည်း အလွန် တွယ်တာမက်မောတဲ့စိတ်ထား ရှိတယ်။ မိမိရဲ့ ရုပ်အဆင်းအပေါ်မှာ အလွန် မက်မောတွယ်တာတဲ့ စိတ်ထားဆိုတာက ဘာပြောတာလဲ? ---

ဒါယကာကြီးတွေတော့ တွေ့ဖူးကောင်း တွေ့ဖူးမလားတော့ မသိပါဘူး၊ ဘုန်းကြီးကတော့ တစ်ချိန်က အမှတ်တမဲ့ တွေ့ဖူးပါတယ်။ သွားလေရာ လက်ပွေ့အိတ်ထဲမှာ ဘာကလေး ထည့်ထားသလဲ? မှန်လေး ထည့်ထားတယ်။ ဟိုနေရာရောက်လည်း ဒီမှန်ကလေး ထုတ်ကြည့်လိုက်၊ ဒီနေရာ ရောက်လည်း ဒီမှန်ကလေး ထုတ်ကြည့်လိုက်၊ ကိုယ့်ရုပ်ကို တပြင်ပြင် ဖြစ်နေတယ်၊ သိပ်လှတယ်လို့ ထင်နေတယ်။

အဲဒီလိုပဲ ဒီမိဖုရားက အလှကြိုက်တဲ့ မိဖုရားဖြစ်တော့ ရုပ်ကလည်း တကယ်လှတယ်၊ လှလွန်းတဲ့အခါမှာတော့ ကွမ်းသီးကြိုက်ကြီး တောင်ငူ ပို့လိုက်သလိုပဲ၊ အဲဒီမှာ အဿကမင်းကလည်း ဒီဥပရိမိဖုရားကို အင်မတန် ချစ်ခင်မြတ်နိုးတော့ တောင်ညာစံမိဖုရားအဖြစ်နဲ့ မြှောက်စားထားတယ်။ တစ်ချိန် မမျှော်လင့်ဘဲနဲ့ ဥပရိမိဖုရား ဖြုန်းခနဲ သေသွားတယ်။

အဲဒီလို သေသွားလိုက်တဲ့ အချိန်အခါမှာ ဥပရိမိဖုရားရဲ့ အလောင်းကို တလားထဲ ထည့်ပြီး ဆီနှစ်တွေနဲ့ စိမ်ထားတယ်။ မစွန့်ရက်နိုင်ဘဲ သူ့ရဲ့ ကုတင် ဘေးမှာ တလားကို ချထားပြီးတော့ တငိုငို တရီရီ ဖြစ်နေတယ်။ အင်မတန် အကြီးအကျယ် လွမ်းဆွတ်နေတယ်။ မယ်တော် ခမည်းတော်တို့ကဘယ်လိုပင် ဆိုဆုံးမသော်လည်း မရဘူး။ မှူးကြီးမတ်ရာတွေအားလုံး ဝိုင်းပြီးတော့ ဘယ်လို ချော့သော်လည်း ချော့လို့မရ ဖြစ်နေတယ်။ ခုနစ်ရက်ပတ်လုံး အစာမစားဘဲ အငတ်ခံပြီး ငိုပွဲကြီး ဆင်နေတယ်၊ အကြီးအကျယ် လွမ်းဆွေးနေတယ်။

အဲဒီ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဟိမဝန္တာ တောထဲမှာ တောထွက်ပြီး ရသေ့ရဟန်း ပြုပြီးတော့ တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူတဲ့အတွက် စျာန်အဘိညာဏ်တွေကို ရရှိနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်နေပါတယ်။ ထိုနေ့မှာ ဘုရားအလောင်းတော်ရသေ့ကြီးက ဒိဗ္ဗစက္ခုအဘိညာဏ် ဝင်စားပြီး လောကကို လှမ်းမျှော် ကြည့်ရှုလိုက်တဲ့ အချိန်အခါ အဿကမင်းကြီး သောက အကြီးအကျယ် ဆိုက်ရောက်နေတာကို ဉာဏ်ကွန်ယက်ထဲမှာ ထင်လာတယ်။ ငါ သွားကယ်မှ တော်တော့မယ်ဆိုပြီး စျာန်အဘိညာဏ် ဝင်စားပြီး ကောင်းကင် ခရီးဖြင့် ကြွလာတော်မူပါတယ်။

မင်းဥယျာဉ်မှာ ဆင်းပြီးတော့ လုလင်တစ်ဦးရဲ့ ဆက်သွယ်ပေးမှုကြောင့် ဆိုကြစို့၊ လုလင်တစ်ဦးကို ဒီဘုရားအလောင်းတော်ရသေ့ကြီးက မှာလိုက်တယ်၊ ဥပရိမိဖုရားနဲ့ တွေ့ချင်တယ်ဆိုလျှင် မိဖုရားနှင့် တွေ့ရအောင် ခေါ်ဆောင်ပေးနိုင်တဲ့ ရသေ့ကြီးတစ်ပါး ဥယျာဉ်တော်မှာ ရောက်ရှိနေကြောင်း အဿကဘုရင်ကြီးကို သွားလျှောက်ပါလို့ မှာလိုက်တယ်။ လုလင်ကလည်း အဿကမင်းထံ အကျိုးအကြောင်း သွားပြီး တင်ပြလျှောက်ထားတယ်။ ဥပရိနှင့် တွေ့ရမယ်ဆိုတော့ တစ်ခါတည်း အကြီးအကျယ် လွမ်းဆွေးနေတဲ့ ဘသားချော အကြီးအကျယ် ဝမ်းသာပြီး ချက်ချင်း လိုက်လာတယ်။ ဥယျာဉ်တော်မှာရှိတဲ့ ရသေ့ကြီးထံ ရောက်တဲ့အချိန်အခါမှာ ရသေ့ကြီးက စကား စမြည် နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဥပရိမိဖုရား ဘယ်ဘဝ ရောက်ရှိ နေတယ်ဆိုတာကို သူက ပြောပြတယ်။ ဘယ်လို ပြောပြလဲ? ---

သာ ခေါ မဟာရာဇ ရူပသ္မိံယေဝ မတ္တာ ပမာဒမာဂမ္မ ကလျာဏကမ္မံ အကတွာ ဣမသ္မိံယေဝ ဥယျာနေ ဂေါမယပါဏကယောနိယံ နိဗ္ဗတ္တာ (ဇာတက၊ဋ္ဌ၊၂၊၁၄၃။)

မဟာရာဇ = ဒါယကာတော်မင်းကြီး။ သာ ခေါ = ထိုဥပရိမိဖုရားသည်။ ရူပသ္မိံယေဝ = မိမိရဲ့ ရူပါရုံအဆင်းအပေါ်၌ပင်လျှင်။ မတ္တာ = မူးယစ် မေ့လျော့သော စိတ်ထား ရှိသည်ဖြစ်၍။ ပမာဒံ = ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်းကို။ အာဂမ္မ = အကြောင်းပြု၍။ ကလျာဏကမ္မံ = ကောင်းမှု ကုသိုလ်ကို။ အကတွာ = မပြုလုပ်ခဲ့မိသည့်အတွက်။ ဣမသ္မံယေဝ ဥယျာနေ = ဤဥယျာဉ်အတွင်း၌ပင်လျှင်။ ဂေါမယပါဏကယောနိယံ = နွားချေးပိုး အမျိုးအနွယ်၌။ နိဗ္ဗတ္တာ = ဖြစ်၍နေရပေ၏။

မင်းဥယျာဉ်အတွင်းမှာ နွားချေးပိုးမကလေး လာပြီး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ? ဒီဥပရိမိဖုရားက မိမိရဲ့ ရုပ်အဆင်းအပေါ်၌ အလွန် သာယာ တပ်မက်နေတဲ့ စိတ်ထား ရှိနေတယ်။ ကောင်းမှုကုသိုလ်ဆိုလျှင် ဘာတစ်ခုမျှ မပြုခဲ့ဖူးဘူး၊ ရုပ်အဆင်းအပေါ်၌ တွယ်တာတပ်မက်နေတဲ့ လောဘဇော တွေက မရဏာသန္နဇောနေရာကို ယူသွားတယ်။ သေခါနီးကာလမှာ မိမိရဲ့ ရုပ်အဆင်းပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီလောဘဇောက နွားချေးပိုးဘဝကို ရောက်အောင် ပစ်ချပေးလိုက်တယ်။

ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ကြားဖူးကြပါလိမ့်မယ်။ ဘုရားရှင် လက်ထက်တော် အချိန်အခါတုန်းက သင်္ကန်းသစ်ကလေးတစ်စုံ အပေါ်မှာ တွယ်တာမက်မောနေတဲ့ တိဿရဟန်းဟာ ဒီသင်္ကန်းကလေးမှာပဲ သွားပြီးတော့ သန်းဖြစ်နေရတဲ့ ပုံစံလိုပဲ၊ ဒီဥပရိမိဖုရားက မိမိရဲ့ ရုပ်အဆင်းအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီတဏှာလောဘတရားရဲ့ စွမ်းအားကြောင့် နွားချေး ပိုးဘဝကို ရောက်ရှိသွားတယ်။ အဲဒီ နွားချေးပိုးဘဝ ရောက်ရှိသွားတာကို အဿကမင်းကလည်း မယုံကြည်နိုင် ဖြစ်နေတယ်။ ဥပရိမိဖုရားကြီး နွားချေးပိုးမ ဖြစ်နေတယ်ဆိုတာကို မယုံကြည်နိုင်တော့ ဘုရားအလောင်းတော် ရသေ့ကြီးက ဘာလုပ်သလဲ? ---

နွားချေးပိုးဖို နွားချေးပိုးမ နှစ်ဦးဟာ ထိုအချိန်မှာ အလုံးအသွင်သဏ္ဌာန်ပဲ ရှိသေးပါတယ်။ မြင်ဖူးတဲ့ ပရိသတ်တွေလည်း ရှိပါလိမ့်မယ်။ ဒီပိုးဥလို့တော့ ခေါ်တယ်ထင်တယ်။ များသောအားဖြင့် ရှေးခေတ်က ကစားကြတဲ့ ကတ္တီပါ ဘောလုံးပမာဏလောက်တော့ ရှိပါလိမ့်မယ်။ အဲဒီဥနှစ်လုံးကို ဖောက်ခွဲပြီးတော့ နွားချေးပိုး ဇနီးမောင်နှံ ရှေ့တော်မှောက်သို့ လာရောက်စေသတည်း ဆိုပြီးတော့ အဘိညာဏ်တန်ခိုးဖြင့် အဓိဋ္ဌာန်လိုက်တယ်။

နွားချေးပိုး ဖိုမနှစ်ကောင် ရှေ့တော်မှောက်သို့ ရောက်လာတယ်။ ရောက်လာတဲ့ အချိန်အခါမှာ လူ့ဘာသာစကားဖြင့် ပြောကြားစေသတည်း ဆိုပြီးတော့ ထပ်ပြီး အဓိဋ္ဌာန်တော်မူလိုက်ပါတယ်။ အဓိဋ္ဌာန်ပြီးတဲ့အခါမှာ ဘုရားအလောင်းတော်ရသေ့ကြီးက ဒီနွားချေးပိုးမကလေးကို သင်ဟာ ဘယ်သူလဲလို့ မေးတော်မူလိုက်တယ်။

သူဟာ တစ်ချိန်က အဿကမင်းရဲ့ ဥပရိအမည်ရှိတဲ့ မိဖုရားကြီးတစ်ဦး ဖြစ်ခဲ့တဲ့အကြောင်း လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားတဲ့ အချိန်အခါမှာ အလောင်းတော်ရသေ့ကြီးက ဘာဆက်မေးသလဲ? အဿကမင်းနှင့် ယခု အသစ်စက်စက်ဖြစ်နေတဲ့ ကြင်ယာတော် နွားချေးပိုးဖို နှစ်ဦးမှာ ဘယ်သူ့ကို ပိုပြီး ချစ်ပါသလဲလို့ မေးကြည့်တယ်။ အဲဒီလို မေးကြည့်လိုက်တဲ့ အချိန်အခါမှာ နွားချေးပိုးမကလေးက ဘာပြန်လျှောက်ထားသလဲ? ---

ဘန္တေ သော မယှံ ပုရိမဇာတိယာ သာမိကော၊ တဒါ အဟံ ဣမသ္မိံ ဥယျာနေ တေန သဒ္ဓိံ ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗေ အနုဘဝမာနာ ဝိစရိံ။ ဣဒါနိ ပန မေ ဘဝသင်္ခေပဂတကာလတော ပဋ္ဌာယ ကိံ ဟောတိ။ (ဇာတက၊ဋ္ဌ၊၂၊၁၄၃။)

ဘန္တေ = အရှင်ဘုရား။ သော အဟံ = ထိုဘုရားတပည့်တော်မသည်။ ပုရိမဇာတိယာ = ရှေးလူဖြစ်စဉ် အမျိုးသမီးဘဝတုန်းက။ သော = ထိုအဿက မင်းသည်။ မယှံ = ဘုရားတပည့်တော်မ၏။ သာမိကော = အိမ်ရှင်ယောက်ျားသည်။ အဟောသိ = ဖြစ်ခဲ့ပါလေပြီ။ တဒါ = ထိုအခါ၌။ အဟံ = ဘုရားတပည့်တော်မသည်။ ဣမသ္မိံ ဥယျာနေ = ဤဥယျာဉ်တော် အတွင်း၌။ တေန = ထိုအဿကမင်းနှင့်။ သဒ္ဓိံ = အတူတကွ။ ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗေ = ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ကို။ အနုဘဝမာနာ = အစဉ် တစိုက် အတူတွဲ၍ ခံစားလျက်။ ဝိစရိံ = လှည့်လည်ကျက်စား၍ နေထိုင်ခဲ့ ပါ၏။

ဒီအဿကမင်းဆိုတာက ရှေးယခင် လူဖြစ်စဉ် အချိန်အခါတုန်းက တပည့်တော်မရဲ့ အိမ်ရှင်ယောက်ျား ဖြစ်ခဲ့ဖူးတာ မှန်ပါတယ်။ ထိုလူ့ဘဝ အချိန်တုန်းက ဒီအဿကမင်းနှင့် အတူတကွ တပည့်တော်မဟာ အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိလို့ ခေါ်ဆိုအပ်တဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ဒီဥယျာဉ်တော်အတွင်းမှာပဲ လှည့်လည်ပြီး အတူတကွ ခံစားခဲ့ပါတယ်။

ဣဒါနိ ပန = ဤယခုအခါ၌ကား။ ဘဝသင်္ခေပဂတကာလတော = ဘဝဖုံးလွှမ်းခြင်းသို့ ရောက်ရှိ၍သွားသော အချိန်အခါကာလမှ။ ပဋ္ဌာယ = စ၍။ သော = ထိုအဿကမင်းသည်။ မေ = ဘုရားတပည့်တော်မအတွက်။ ကိံ = အဘယ်သို့လျှင်။ ဟောတိ = ဖြစ်နိုင်ပါတော့အံ့နည်း။

ယခုအခါမှာတော့ တပည့်တော်မနှင့် ဒီအဿကမင်းက ဘဝချင်း ကွာခြားသွားပြီ ဖြစ်ပါတယ်။ ဘဝချင်း ကွာခြားသွားတဲ့ ဒီအဿကမင်းဟာ တပည့်တော်မအတွက် ဘာတန်ဖိုးရှိမှာလဲဆိုပြီး လျှောက်ထားတယ်။ ဘယ့်နှယ်တုံး ဒါယကာကြီးတွေ သူပြောတဲ့ စကားကလေးက မှားသလား, မှန်သလား? မှန်နေတယ်။ အဲဒီစကားလောက်တင် ရပ်သွားလျှင်တော့ အကောင်းသားပဲ၊ ဒါပေမယ့် သူက မရပ်ဘဲ ရှေ့နည်းနည်းကလေး ဆက်ပြီးတော့ လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားသလဲ? ---

လည်ချောင်းသွေးနှင့် ခြေဆေးပေးချင်ပါတယ်

အဟဥှိ ဣဒါနိ အဿကရာဇာနံ မာရေတွာ တဿ ဂလလောဟိတေန မယှံ သာမိကဿ ဂေါမယပါဏကဿ ပါဒေ မက္ခေယျံ။(ဇာတက၊ဋ္ဌ၊၂၊၁၄၃။)

အဟံ = ဘုရားတပည့်တော်မသည်။ ဣဒါနိ = ယခုအခါ၌။ အဿကရာဇာနံ = အဿကမင်းကို။ မာရေတွာ = သတ်၍။ တဿ = ထို အဿကမင်း၏။ ဂလလောဟိတေန = လည်ချောင်းသွေးဖြင့်။ မယှံ = ဘုရားတပည့်တော်မ၏။ သာမိကဿ = အိမ်ရှင်ယောက်ျား ဖြစ်နေသော။ ဂေါမယပါဏကဿ = နွားချေးပိုးဖို၏။ ပါဒေ = ခြေတို့ကို။ မက္ခေယျံ = လိမ်းကျံပေးချင်ပါ၏။

ခုနစ်ရက်ပဲ ရှိသေးတယ်၊ ခုနစ်ရက်အတွင်းမှာ စိတ်ဓာတ်တွေ ပြောင်းလဲ သွားတယ်။ သူပြောလိုက်တဲ့ စကားကလေး ကြည့်စမ်း! တပည့်တော်မဟာ အခုအချိန်အခါမှာဆိုလျှင် ဒီအဿကမင်းကို သတ်ပြီးတော့ ဒီအဿကမင်းရဲ့ လည်ချောင်းသွေးနှင့် တပည့်တော်မရဲ့ အိမ်ရှင်ယောက်ျား အသစ် ဖြစ်တဲ့ နွားချေးပိုးဖိုကလေးရဲ့ ခြေထောက်တွေကို ဆေးပေးချင်ပါတယ် ဘယ့်နှယ်တုံး ဒါယကာကြီးတွေ လည်ချောင်းသွေးဖြင့် ခြေဆေးခံချင်ကြ သလား? စဉ်းစားကြ ဒါယကာကြီးတွေ၊ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာတို့ မစုံညီတဲ့ ပုဂ္ဂိုလ်တွေ တစ်ချိန်မှာ လည်ချောင်းသွေးနှင့် ခြေဆေး ခံရတဲ့ဘဝ မရောက်ဘူးလို့ ပြောနိုင်မလား? မပြောနိုင်ဘူး။ သတိရှိဖို့ သိပ်ကောင်းတယ်။

ဒီတော့ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာနှင့် စုံညီနေတဲ့ သူတော်ကောင်းတွေရဲ့ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဖို့ရန်အတွက် ဆုတောင်းခြင်းကတော့ သိပ်ပြီး အပြစ်ပြောဖို့ မလိုလှဘူး။ သဒ္ဓါလည်း မရှိဘူး၊ သီလလည်း မရှိဘူး၊ စာဂ-ပညာတွေကလည်း လုံးဝ ကင်းဆိတ်နေပြီဆိုလျှင် ထို ပုဂ္ဂိုလ်သည် ဘယ်လိုပင် ဆုတောင်းသော်လည်း တစ်ဦးနှင့်တစ်ဦး အကြောင်း ညီညွတ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ လည်ချောင်းသွေးနဲ့ ခြေဆေး ခံရတဲ့ဘဝကို ရောက်ကောင်း ရောက်သွားနိုင်ပါတယ်။ ကဲ - ဣန္ဒြိယဇာတ်ကို ဆက်ပြီး ပြောကြရအောင် ---

ပုဏ္ဏားလုလင်တစ်ဦး၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်း

ဒီအခါမှာ သရဘင်္ဂရှင်ရသေ့က ဒီနာရဒရှင်ရသေ့ကို ဆိုဆုံးမလို့ မရတဲ့ အတွက် သရဘင်္ဂရှင်ရသေ့က အတိတ်ဝတ္ထုဇာတ်ကြောင်းကလေး တစ်ခုကို ထပ်လောင်းပြီးတော့ ဟောပြတော်မူပါတယ်။ ဘယ်လို ဟောပြတော်မူသလဲ?

နာရဒ ဣဒံ တာဝ သုဏ ယော ဟိ ပဌမမေဝ ကတ္တဗ္ဗယုတ္တကံ န ကရောတိ၊ သော အရညံ ပဝိဋ္ဌမာဏဝကော ဝိယ သောစတိ ပရိဒေဝတိ။

နာရဒ = ချစ်သားနာရဒ။ ဣဒံ = ဤစကားကို။ တာဝ = ရှေးဦးစွာ။ သုဏ = နာပေတော့။ ယော = အကြင်သူသည်ကား။ ပဌမမေဝ = ရှေးဦးစွာ ပင်လျှင်။ ကတ္တဗ္ဗယုတ္တကံ = ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းရပ်ကို။ န ကရောတိ = မပြု။ သော = ထိုပုဂ္ဂိုလ်သည်။ အရညံ = တောသို့။ ပဝိဋ္ဌမာဏဝကော ဝိယ = ဝင်ရောက်၍သွားသော ယောက်ျားကဲ့သို့။ သောစတိ = စိုးရိမ်ရတတ် ပေ၏။ ပရိဒေဝတိ = ငိုကြွေးမြည်တမ်းရတတ်ပေ၏။

ပုဂ္ဂိုလ်တစ်ဦးဦးဟာ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းရပ်ကို ပထမအရွယ်မှာ ပြုပါ။ မပြုဘဲ နေခဲ့မယ်ဆိုလျှင်တော့ တောထဲကို ဝင်သွားတဲ့ ယောက်ျား တစ်ယောက်လို စိုးရိမ်ရတဲ့ ငိုကြွေးရတဲ့ ယောက်ျားမျိုး ဖြစ်တတ်ပါတယ်လို့ ဒီလို ဟောပြတော်မူပါတယ်။ ဒါက ဘာပြောတာလဲ? ---

တစ်ချိန်က ကာသိတိုင်း နိဂုံးရွာတစ်ရွာမှာ ပုဏ္ဏားလုလင်တစ်ဦး ရှိခဲ့ပါတယ်၊ ဒီပုဏ္ဏားလုလင်ကလေးတစ်ဦးက တစ်နေ့မှာ စဉ်းစားတယ်၊ လယ်ထွန်ခြင်း ကုန်သွယ်ခြင်းစတဲ့ လုပ်ငန်းရပ်တွေကို ပြုလုပ်ပြီးတော့ မိဘတွေကို ငါသည် ပြုစုလုပ်ကျွေးနေလို့ ဘာအကျိုးရှိမှာလဲ? သားမယားတွေကို လုပ်ကျွေးနေလို့လည်း ငါ့အဖို့ ဘာအကျိုးရှိမှာလဲ? ဒါနစတဲ့ ကောင်းမှုကုသိုလ်တွေ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ကောင်းမှုကုသိုလ်တွေ ပြုနေလို့လည်း ငါ့အတွက် ဘာအကျိုးရှိမှာလဲ? ဘယ်သူ့ကိုမှ ငါပြုစုလုပ်ကျွေးခြင်း မပြုတော့ဘဲ, ဘယ်ကောင်းမှုကုသိုလ်ကိုမျှလည်း ငါမပြုတော့ဘဲ တောထဲဝင်ပြီး သားသမင်တွေ သတ်ဖြတ်ခြင်းဖြင့် မိမိကိုယ်ကိုသာလျှင် မွေးမြူရမယ်ဆိုလျှင်တော့ သိပ်ကောင်းမှာပဲလို့ ဒီလို သူက စဉ်းစားတယ်။

အဲဒီလို စဉ်းစားပြီးတဲ့ အချိန်အခါမှာ သူက ဘာလုပ်သလဲ? တောထဲ ဝင်တယ်။ တောထဲဝင်ပြီးတော့ တောင်ကွန်ယက်တစ်ခုရဲ့ အကြားမှာ သူက နေထိုင်တယ်။ မလှမ်းမကမ်းမှာ မြစ်တစ်ခုလည်း ရှိနေပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူက ဘယ်လိုစဉ်းစားသလဲ? ငါဟာ အခါခပ်သိမ်း စွမ်းအား နှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်တော့ မဖြစ်နိုင်ဘူး၊ အသက်အရွယ် ကြီးရင့်လာတဲ့ အချိန်အခါမှာ လှည့်လည်ပြီးတော့ သားသမင်တွေကို ရှာဖွေဖို့ရန်အတွက်လည်း ငါဟာ စွမ်းနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ငါသည် အခုအခါမှာပဲ သားသမင်အမျိုးမျိုးတွေကို ဒီတောင်ကွန်ယက်ထဲ ခြံသွင်း ပိတ်လှောင်ထားမယ်။ ဒီလို ခြံတံခါး လုံလုံခြုံခြုံနဲ့ ပိတ်လှောင်ထားပြီး နေထိုင်မယ်ဆိုလျှင်တော့ အသက်ကြီးတဲ့အခါမှာ ငါ့အတွက် ဒီသားသမင်တွေကို သတ်စားဖို့ရန် ဖူလုံ လိမ့်မယ်လို့ သူက ဒီလို မျှော်လင့်တယ်။

အဲဒီ မျှော်လင့်ချက်နှင့်ပဲ သူက အဲဒီတောင်ကွန်ယက်ထဲမှာ သားသမင်တွေ မောင်းသွင်းပြီးတော့ ခြံတံခါး လုံလုံခြုံခြုံနဲ့ လှောင်ထားလိုက်တယ်။ လှောင်ပြီးတော့ ဒီလိုပဲ သတ်စားနေတယ်။ ဒါပေမယ့် သူ့မှာ ဘယ်လို ဖြစ်လာသလဲဆိုတော့ ဒိဋ္ဌဓမ္မ (= မျက်မှောက်ဘဝ)မှာ အကျိုးပေးဖို့ရာအတွက် အကုသိုလ်ကံက အထွတ်အထိပ်သို့ ရောက်လာတယ်။

အဲဒီလို အထွတ်အထိပ်သို့ ရောက်လာတဲ့ အချိန်အခါမှာ မိမိရဲ့ ခြေတွေ လက်တွေဖြင့် လျှောက်ပြီး သွားဖို့ရန်လည်း မစွမ်းနိုင် ဖြစ်လာတယ်။ ဟိုဘက်လှည့် ဒီဘက်လှည့် လှည့်ဖို့ရန်လည်း မစွမ်းနိုင် ဖြစ်လာတယ်။ တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကိုလည်း စားဖို့သောက်ဖို့ မစွမ်းနိုင် ဖြစ်လာတယ်။ နောက်ဆုံး ရေကလေးတောင်မှ မသောက်နိုင် ဖြစ်နေပြီ။ အဲဒီ အချိန်အခါမှာ ခန္ဓာကိုယ်က ညှိုးနွမ်းလာပြီ၊ ညှိုးနွမ်းပေမယ့် အကုသိုလ်ကံက နှိပ်စက်နေတဲ့ အတွက် မသေသေးဘူး၊ လူ့ပြိတ္တာ ဖြစ်နေတယ်၊ မစားရဘဲနဲ့ မသေဘဲနဲ့ ဒီအတိုင်းပဲ နေနေရတယ်။ ဘာနဲ့ တူနေသလဲလို့မေးလျှင် နွေကာလမှာ လယ်ကွက်ထဲမှာရှိတဲ့ မြေတွေဟာ ခြောက်သွေ့သွားတဲ့ အခါမှာ ပပ်ကြားတွေ ကွဲအက်လာသလိုပဲ သူ့ရဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်လျှင် အကုန်လုံး အသားတွေက ကွဲအက်ကုန်တယ်၊ အရေးအကြောင်းတွေ အကုန်လုံး ထင်နေတယ်၊ ပုံသဏ္ဌာန် ကြည့်လိုက်လျှင် အလွန် ထိတ်လန့်ကြောက်ရွံ့ဖွယ် ရုပ်အဆင်း ပုံသဏ္ဌာန်တွေနဲ့ အကြီးအကျယ် ဒုက္ခခံစားနေရတယ်။ အဲဒီလို ခံစားနေရတဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? ---

သိဝိမင်းကြီးကလည်း ငါသည် တောလိုက်ပြီးတော့ သားသမင်တွေကို သတ်ဖြတ်စားသောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တောထဲ ရောက်လာတယ် ဆိုကြစို့။ ရောက်လာတော့ ခုနက လူ့ပြိတ္တာဖြစ်နေတဲ့ ဒီမုဆိုးကြီးကို သွားတွေ့ လိုက်တဲ့ အချိန်အခါမှာ သင်ဟာ ဘယ်လိုပုဂ္ဂိုလ်လဲလို့ မေးမြန်းလိုက်တယ်။ အဲဒီလို မေးမြန်းလိုက်တဲ့ အချိန်အခါမှာ ဒီမုဆိုးကြီးကနေပြီးတော့ ဒီဂါထာကလေးတွေနဲ့ တင်ပြလျှောက်ထားတယ်။

အမိတ္တာနံဝ ဟတ္ထတ္ထံ၊ သိဝိ ပပ္ပေါတိ မာမိဝ။

ကမ္မံ ဝိဇ္ဇဉ္စ ဒက္ခေယျံ၊ ဝိဝါဟံ သီလမဒ္ဒဝံ။

ဧတေ စ ယသေ ဟာပေတွာ၊ နိဗ္ဗတ္တော သေဟိ ကမ္မေဟိ။

သောဟံ သဟဿဇီနောဝ၊ အဗန္ဓု အပရာယဏော။

အရိယဓမ္မာ အပက္ကန္တော၊ ယထာ ပေတော တထေဝဟံ။

သုခကာမေ ဒုက္ခာပေတွာ၊ အာပန္နောသ္မိ ပဒံ ဣမံ။

သော သုခံ နာဓိဂစ္ဆာမိ၊ ဌိတော ဘာဏုမတာမိဝ။

သိဝိ = သိဝိမင်းကြီး။ မာမိဝ = အကျွန်ုပ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသည်ကား။ အမိတ္တာနံ = ရန်သူတို့၏။ ဟတ္ထတ္ထံ = လက်အတွင်းသို့။ ပပ္ပေါတိ ဣဝ = ရောက်ရှိ၍ နေသကဲ့သို့။ ဝိနာသံ = ပျက်စီးခြင်းသို့။ အဟံ = ကျွန်တော်မျိုးသည်။ ပပ္ပေါတိ = ရောက်ရှိ၍ နေရပါပေ၏။

ကျွန်တော်မျိုးကဲ့သို့သော ပုဂ္ဂိုလ်တွေဟာ ရန်သူလက်တွင်း၌ ပျက်စီးခြင်းသို့ ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တွေလိုပဲ ယခုအချိန်အခါမှာ ကျွန်တော်မျိုးသည် ပျက်စီးခြင်းသို့ ရောက်ရှိနေရပြီ ဖြစ်ပါတယ်။

ကမ္မဉ္စ = စီးပွားဥစ္စာ ရကြောင်းဖြစ်တဲ့ လယ်ထွန်ခြင်း အစရှိတဲ့ လုပ်ငန်းရပ်ကိုလည်းကောင်း။ ဝိဇ္ဇဉ္စ = ဆင်စီးအတတ် အစရှိသော သိပ္ပံပညာ အရပ်ရပ်ကိုလည်းကောင်း။ ဒက္ခေယျဉ္စ = စည်းစိမ်ဥစ္စာကို ဖြစ်စေခြင်း၌ လိမ္မာသည်၏ အဖြစ်ကိုလည်းကောင်း။ ဝိဝါဟဉ္စ = လက်ထပ်ထိမ်းမြားခြင်းကို လည်းကောင်း။ သီလမဒ္ဒဝဉ္စ = ကိုယ်ကျင့်သီလ ခိုင်မြဲခြင်း နူးညံ့သောစကားကို ဆိုဆုံးမတတ်သော အဆွေခင်ပွန်းကောင်း ဆရာကောင်းတို့ကို ပေါင်းဖော် ခြင်းကိုလည်းကောင်း။ ဧတေ စ ယသေ = ဤစည်းစိမ်ဥစ္စာ ရကြောင်း မိတ်ကောင်းဆွေကောင်းတို့ကို။ ဟာပေတွာ = ဆုတ်ယုတ်ပျက်စီးစေ၍။ သော အဟံ = ထိုအကျွန်ုပ်သည်။ သဟဿဇီနောဝ = ဥစ္စာထောင်ထုပ် ရှုံးသောသူ ကဲ့သို့။ အဗန္ဓု = အဆွေခင်ပွန်းမရှိသည်။ အပရာယဏော = ပုန်းအောင်း လဲလျောင်း မှီခိုရာ မရှိသည်။ ဟုတွာ = ဖြစ်၍။ သေဟိ ကမ္မေဟိ = ထိုမိမိ ပြုခဲ့မိတဲ့ မကောင်းမှုအကုသိုလ်ကံတို့ကြောင့်။ နိဗ္ဗတ္တော = လူ့ပြိတ္တာဖြစ်၍ နေရပေ၏။

အရိယဓမ္မာ = အရိယာသူတော်ကောင်းတို့ရဲ့ တရားမှ။ အပက္ကန္တော = ဖယ်ခွာခဲ့သည်ဖြစ်၍။ ယထာ = အကြင်အခြင်းအရာအားဖြင့်။ ပေတော = လူ့ပြိတ္တာသည်။ အဟောသိ = ဖြစ်ပေါ်၍နေရပေ၏။ တထေဝ = ထိုအခြင်း အရာအားဖြင့်သာလျှင်။ အဟံ = အကျွန်ုပ်သည်။ သုခကာမေ = ချမ်းသာကို လိုလားတောင့်တလျက် ရှိကြကုန်သော သတ္တဝါတို့ကို။ ဒုက္ခာပေတွာ = သတ်ဖြတ်ခြင်းဖြင့် ဆင်းရဲဒုက္ခသို့ ရောက်စေသည်ဖြစ်၍။ အဟမ္ပိ = ကျွန်တော်မျိုး သည်လည်းပဲ။ ဣမံ ပဒံ = ဤဆင်းရဲဒုက္ခအစုသို့။ အာပန္နော = ရောက်ရှိ၍ နေသည်။ အသ္မိ = ဖြစ်ပါပေ၏။ သော အဟံ = ထိုအကျွန်ုပ်သည်။ ဘာဏုမတာမိဝ = မီးနီတို့ဖြင့် ထက်ဝန်းကျင်မှ ရံနေဘိသကဲ့သို့။ ဌိတော = ပူလောင်မှုဖြင့် ရပ်တည်ရလျက်။ သုခံ = ချမ်းသာသုခကို။ နာဓိဂစ္ဆာမိ = မရရှိနိုင်ပါ။

သူ့ရဲ့ ဆင်းရဲဒုက္ခ အကြောင်းကလေးတွေကို တင်ပြလျှောက်ထားတယ်။ ရန်သူလက်တွင်းကို သက်ဆင်းနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လိုပဲ ယခုအခါမှာ ကျွန်တော်မျိုးသည် ဆင်းရဲဒုက္ခ ရောက်နေရပြီ ဖြစ်ပါတယ်။ ကုန်သွယ်ခြင်း လယ်လုပ်ခြင်း အစရှိတဲ့ လုပ်ငန်းရပ်တွေကိုလည်း စွန့်လွှတ်ပြီး ထားခဲ့တယ်၊ ဆင်စီးအတတ် မြင်းစီးအတတ် အစရှိတဲ့ အတတ်ပညာအရပ်ရပ်တွေကို စွန့်လွှတ်ထားခဲ့မိတယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်၌ ကျွမ်းကျင် လိမ္မာမှုဖြစ်အောင် ရွက်ဆောင်မှု သင်ကြားမှုဆိုတဲ့ လုပ်ငန်းရပ်တွေလည်း အားလုံး စွန့်လွှတ်ထားခဲ့မိတယ်၊ လက်ထပ်ထိမ်းမြားခြင်းလည်း မရှိခဲ့ဘူး၊ နူးညံ့သောစကားကို ပြောဆိုဆုံးမတတ်တဲ့ အဆွေခင်ပွန်းကောင်း မိတ်ကောင်းဆွေကောင်း ဆရာကောင်းသမားကောင်းတွေကိုလည်း မဆည်းကပ်ခဲ့မိဘူး။

ဒီလုပ်ငန်းရပ်တွေဟာ တကယ်ကြည့်လိုက်မယ်ဆိုလျှင်တော့ စည်းစိမ် ဥစ္စာတွေကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အဲဒီ စည်းစိမ် ဥစ္စာကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေကို ဆုတ်ယုတ်ပျက်စီးစေပြီးတော့ ဘဝမှာ ကျွန်တော်မျိုးသည် နေထိုင်ခဲ့ပါတယ်။ ဘာနှင့် တူနေသလဲ ဆိုလျှင် အသပြာထောင်ထုပ် ရှုံးသွားတဲ့ ပုဂ္ဂိုလ်လို ဖြစ်နေပါပြီ။ အခုအခါမှာ မိတ်ဆွေလည်း တစ်ယောက်မျှ မရှိပါ။ ကိုးကွယ်အားထားရာလည်း တစ်ယောက်မျှ မရှိဘဲ လူ့ပြိတ္တာ ဖြစ်ပြီးတော့ မိမိပြုတဲ့ မကောင်းမှု အကုသိုလ်ကံတွေကြောင့် လူ့ပြိတ္တာဘဝ ရောက်ရှိနေရပါတယ်။

အရိယာသူတော်ကောင်းတို့ရဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာ ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တရားတွေကို ဖဲခွာ ရှောင်ကြဉ်ထားပြီးတော့ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို သတ်ဖြတ်ညှဉ်းဆဲခြင်းဖြင့် ဆင်းရဲဒုက္ခကို ရောက်စေပြီးတော့ နေထိုင်မိခဲ့တဲ့အတွက် ကျွန်တော်မျိုးဟာလည်း အခုအခါမှာ ဆင်းရဲဒုက္ခအစုစုသို့ ရောက်ရှိပြီး နေရပါတယ်။ ဒါကြောင့် ---

အဟံ မဟာရာဇ သုခကာမော ပရံ ဒုက္ခာပေတွာ ဒိဋ္ဌေဝ ဓမ္မေ မနုဿပေတော ဇာတော၊ တသ္မာ တွံ ပါပံ မာ ကရိ၊ အတ္တနော နဂရံ ဂန္တွာ ဒါနာဒီနိ ပုညာနိ ကရောဟိ။

မဟာရာဇ = မြတ်သောမင်းကြီး။ အဟံ = ကျွန်တော်မျိုးသည်။ သုခကာမော = ချမ်းသာကိုလည်း လိုလားတောင့်တသော စိတ်ထားရှိသည်။ ဟုတွာဝ = ဖြစ်ပါလျက်။ ပရံ = သူတစ်ပါးကို။ ဒုက္ခာပေတွာ = ဆင်းရဲဒုက္ခသို့ ရောက်စေ၍။ ဒိဋ္ဌေဝ ဓမ္မေ = မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင်။ မနုဿပေတော = လူ့ပြိတ္တာသည်။ ဇာတော = ဖြစ်ခဲ့ရပေ၏။ တသ္မာ = ထိုကြောင့်။ တွံ = သင်သည်။ ပါပံ = မကောင်းမှုကို။ မာ ကရိ = မပြုပါလင့်။အတ္တနော = မိမိ၏။ နဂရံ = မြို့သို့။ ဂန္တွာ = ပြန်သွား၍။ ဒါနာဒီနိ = ဒါန-သီလ-သမထ-ဝိပဿနာဘာဝနာဟု ခေါ်ဆိုအပ်သော ကောင်းမှုကုသိုလ်တို့ကို။ ကရောဟိ = ပြုတော်မူပါ။

မြတ်သောမင်းကြီး ...ကျွန်တော်မျိုးဟာ ချမ်းသာသုခကို လိုလား တောင့်တတဲ့ စိတ်ထားရှိသည် ဖြစ်ပါလျက် သူတစ်ပါးတွေကို ဆင်းရဲဒုက္ခကို ရောက်စေခဲ့မိတယ်။ ဒီမကောင်းမှုတွေကြောင့် ယခု မျက်မှောက်ဘဝမှာပဲ လူ့ပြိတ္တာဘဝသို့ ရောက်ရှိနေခဲ့ရပါတယ်။ ကျွန်တော်မျိုးလို ဒီမျက်မှောက် ဘဝမှာ ဆင်းရဲဒုက္ခရောက်နေရတဲ့ လူ့ပြိတ္တာ မဖြစ်ချင်ဘူးဆိုလျှင် မကောင်းမှုကို မပြုကျင့်ပါနှင့်၊ မိမိရဲ့ နေပြည်တော်ကိုသာ ပြန်သွားပြီးတော့ ဒါနစတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုကျင့်တော်မူပါဆိုပြီး ပြန်လည်ပြီးတော့ လျှောက်ထားလိုက်တယ်။

ဘယ်လိုကြောင့် လူ့ပြိတ္တာ ဖြစ်ရသလဲ? ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို ဆင်းရဲဒုက္ခ ရောက်အောင် ပြုလုပ်ခဲ့မိတယ်။ ဒီလိုဆိုလျှင် သတ္တဝါအချင်းချင်း အခုလို ယှဉ်တွဲပြီး နေထိုင်တဲ့ အချိန်အခါမှာ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းဖြစ်အောင် ပြုလုပ်ကောင်းပါ့မလား? မပြုလုပ်ကောင်းဘူး။ ဒီအချက်ကိုလည်း သတိရှိကြပါ။

မိမိရဲ့ တစ်ဘဝစာ တစ်နပ်စာကလေးအတွက် ရည်ရွယ်တောင့်တပြီးတော့ တစ်ဖက်သားတွေကို စိတ်ဆင်းရဲခြင်းဖြစ်အောင် ပြုလုပ်ခြင်းသည် မိမိ ဆင်းရဲဖို့အကြောင်း ဖြစ်တယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကဲ - အဲဒီ အချိန်အခါမှာ ခုနက သိဝိမင်းကြီးကလည်း မိမိရဲ့ တိုင်းပြည်ကိုပြန်သွားတယ်။ သူပြောတဲ့အတိုင်း ကောင်းမှုကုသိုလ်တွေ ပြုတဲ့အတွက် နတ်ပြည် နတ်လောကကို ရောက်ရှိသွားတယ်။ အဲဒီ ဇာတ်ကြောင်းကလေးကို ပြန်ပြောင်းပြီးတော့ သရဘင်္ဂရှင်ရသေ့က နာရဒရှင်ရသေ့ကို ဟောပြတော်မူပါတယ်။

သရဘင်္ဂသတ္ထာ ဣမံ ကာရဏံ အာဟရိတွာ တာပသံ သညာပေသိ။

သရဘင်္ဂသတ္ထာ = သရဘင်္ဂဆရာရသေ့သည်။ ဣမံ ကာရဏံ = ဤ အကြောင်းအရာကို။ အာဟရိတွာ = ဆောင်တော်မူ၍။ တာပသံ = နာရဒ ရှင်ရသေ့ကို။ သညာပေသိ = အသိပေးတော်မူ၏။

ချမ်းသာကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို ဆင်းရဲဒုက္ခ ရောက်စေတဲ့ လုပ်ငန်းရပ်တွေသည် ဘယ်လို မကောင်းတဲ့အကျိုးကို ရရှိစေနိုင်သလဲ? ဒီစကားကလေးက အမှတ်တမဲ့ဆိုလျှင်တော့ ခပ်ပေါ့ပေါ့လို့ ထင်ရတယ်။ ဒါပေမယ့် ဒါယကာကြီးတွေ နည်းနည်း စဉ်းစားကြည့်စမ်းပါ။ ဒီနေရာမှာ ယခု နာရဒရှင်ရသေ့က ပြည့်တန်ဆာမတစ်ယောက်အပေါ်မှာ စွဲလမ်းနေတဲ့ စိတ်ထားကို အလိုလိုက်ပြီးတော့ ဒီပြည့်တန်ဆာမကို သွားပြီး အိမ်ထောင်ပြုခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ? ---

သရဘင်္ဂရှင်ရသေ့က ဒီအိမ်ထောင်ပြုမှုကို ရည်ညွှန်းပြီး ပြောနေခြင်း ဖြစ်ပါတယ်။ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတစ်ဦးကို ဆင်းရဲဒုက္ခ ရောက်စေတယ်လို့ ဒီလို ပြောလိုခြင်း ဖြစ်ပါတယ်။ ဒီတော့ အိမ်ထောင်ပြုခြင်းသည် ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါ တစ်ဦးကို ဆင်းရဲဒုက္ခ ရောက်စေတဲ့ လုပ်ငန်းရပ်မျိုးလို့ သရဘင်္ဂရှင်ရသေ့က ပြောနေခြင်း ဖြစ်ပါတယ်။

ဒီလိုဆိုလျှင် ဒါယကာကြီးတွေ အိမ်ထောင်ပြုသင့်သလား? ဘယ်လိုတုန်း နောက်ဆုတ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းနေပြီ။ ချမ်းသာသုခကို လိုလားတောင့်တမှုဟာ သတ္တဝါတိုင်းမှာ ရှိကြတယ်။ အဲဒီ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတိုင်းကို ဆင်းရဲဒုက္ခ ရောက်စေသင့်သလား? မရောက်စေသင့်ဘူးလို့ ဒီလို ပြောနေတယ်။ အဲဒီလို မရောက်စေသင့်တဲ့ အကြောင်း ပြောလိုက်တဲ့အခါမှာတော့ ဘာဖြစ်လာသလဲ? ---

တဿ ဓမ္မကထာယ သံဝေဂံ ပဋိလဘိတွာ တံ ဝန္ဒိတွာ ခမာပေတွာ ကသိဏပရိကမ္မံ ကတွာ နဋ္ဌံ စျာနံ ပဋိပါကတိကံ အကာသိ။ (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)

သော = နာရဒရှင်ရသေ့သည်။ တဿ = ထိုသရဘင်္ဂရှင်ရသေ့၏။ ဓမ္မကထာယ = တရားစကားကြောင့်။ သံဝေဂံ = ထိတ်လန့်သော သံဝေဂ ဉာဏ်ကို။ ပဋိလဘိတွာ = ရရှိသည်ဖြစ်၍။ တံ = ထိုသရဘင်္ဂရှင်ရသေ့ကို။ ဝန္ဒိတွာ = ရှိခိုးပြီး၍။ ခမာပေတွာ = အပြစ်ကို ဝန်ချတောင်းပန်ခြင်းဖြင့် သည်းခံစေ၍။ ကသိဏပရိကမ္မံ = ကသိုဏ်းပရိကမ်ကို။ ကတွာ = ပြု၍။ နဋ္ဌံ စျာနံ = ပျောက်ပျက်သွားသော စျာန်တရားကို။ ပဋိပါကတိကံ = ပင်ကို ပကတိအတိုင်း ရရှိအောင်။ အကာသိ = ပြုတော်မူ၏။

ဆရာရသေ့ပြောတာ မှန်တာပဲ၊ ချမ်းသာကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို ငါသည် ဆင်းရဲဒုက္ခရောက်အောင် သွားပြီးတော့ မပြုလုပ်သင့်တော့ဘူးဆိုတာကို သူက သံဝေဂဖြစ်သွားတယ်။ သံဝေဂဖြစ်သွားတဲ့ အတွက် ဘာဖြစ်လာသလဲ? ရရှိခဲ့ဖူးတဲ့ စျာန်ကလေးတွေကို ပင်ကိုပကတိ အတိုင်း ရရှိအောင် တစ်ဖန်ပြန်ပြီး ကြိုးစားတယ်။ ဘာစျာန်တွေလဲလို့ မေးလျှင်တော့ ပထဝီကသိုဏ်းစတဲ့ ကသိုဏ်းတွေကို အခြေခံပြီး စီးဖြန်းထားတဲ့ စျာန်တွေပဲ ဖြစ်ပါတယ်။

သရဘင်္ဂေါ တဿ တတ္ထ ဝသိတုံ အဒတွာ တံ အာဒါယ အတ္တနော အဿမံ ဂတော။ (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)

သရဘင်္ဂေါ = သရဘင်္ဂရှင်ရသေ့သည်။ တံ = ထိုနာရဒရှင်ရသေ့ကို။ တတ္ထ = ထိုနေရာ၌။ ဝသိတုံ = နေခွင့်ကို။ အဒတွာ = မပေးမူ၍။ တံ = ထိုနာရဒရှင်ရသေ့ကို။ အာဒါယ = ခေါ်ဆောင်၍။ အတ္တနော = မိမိ၏။ အဿမံ = ကဝိဋ္ဌကအမည်ရတဲ့ သင်္ခမ်းကျောင်းသို့။ ဂတော = ခေါ်ဆောင်၍ သွားပေ၏။

နာရဒရှင်ရသေ့ကို အဲဒီ အာရဉ္ဇရဂိရိခေါ်တဲ့ တောင်လိုဏ်ခေါင်းထဲမှာ နေခွင့်မပေးတော့ဘဲ တစ်ပါတည်း မိမိနေရာဖြစ်တဲ့ ကဝိဋ္ဌကသင်္ခမ်းကျောင်း ရှိတဲ့ ဟိမဝန္တာတောအတွင်း ပြန်ပြီးတော့ ခေါ်ဆောင်သွားတယ်။ အဲဒီလို ခေါ်ဆောင်သွားပြီးတဲ့ အချိန်အခါမှာ ---

သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ သစ္စာနိ ပကာသေတွာ ဇာတကံ သမောဓာနေသိ။ (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)

သတ္ထာ = လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည်။ ဣမံ ဓမ္မဒေသနံ = ဤဓမ္မဒေသနာတော်ကို။ အာဟရိတွာ = ဆောင်တော်မူ၍။ သစ္စာနိ = သစ္စာလေးရပ် တရားမြတ်တို့ကို။ ပကာသေတွာ = ထင်ရှား ပြတော်မူ၍။ ဇာတကံ = ဇာတ်တော်ကို။ သမောဓာနေသိ = ပေါင်းတော်မူ၏။

အရိယသစ္စာလေးပါး

ဘုရားရှင်က ဒီနေရာမှာ ဇာတ်တော်ကို ပေါင်းလိုက်တယ်။ ဒါပေမယ့် ဇာတ်တော်မပေါင်းမီ ဘာလုပ်သလဲ? သစ္စာနိ = သစ္စာလေးရပ် တရားမြတ်တို့ကို။ ပကာသေတွာ = ထင်ရှားပြတော်မူ၍။ သစ္စာလေးပါးကို အရင်ရှေ့ထား ဟောပြီးမှ ဇာတ်တော်ကို ပေါင်းပေးတော်မူပါတယ်။ ဒီနေ့ ဘုန်းကြီးက အဲဒီ သစ္စာလေးပါးကို အတိုချုပ်ပြီးတော့ နည်းနည်းကလေး ဟောဖို့ ရည်ရွယ်ထား ပါတယ်။

ဒီတော့ သစ္စာလေးပါးကို ပရိသတ်အားလုံး ကြားဖူးကြလိမ့်မယ်။ ဘာတွေလဲ? ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ၊ အဲဒီ သစ္စာ လေးပါးကို ဘုရားရှင်က ထင်ရှားစွာ ဟောပြတော်မူပါတယ်။ ဒီသစ္စာလေးပါးကို ဟောပြတဲ့ ဘုရားရှင်ရဲ့ ဦးတည်ချက်က ဒီသစ္စာလေးပါးကို သိစေချင်တဲ့ ဦးတည်ချက် ရှိတယ်။ ဒီဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ ခေါ်တဲ့ သစ္စာလေးပါးကို သိအောင် ရှေးဦးစွာ ဘာလုပ်ရသလဲ? ---

သမာဓိံ ဘိက္ခဝေ ဘာဝေထ။ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သမာဓိံ = သမာဓိကို။ ဘာဝေထ = ပွားများကြပါကုန်လော့။ သမာဟိတော ဘိက္ခု = သမာဓိရှိတဲ့ ပုဂ္ဂိုလ်သည်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။

ကိဉ္စ ယထာဘူတံ ပဇာနာတိ?

ကိဉ္စ = အဘယ်တရားကိုလည်း။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိလေသနည်း။

ဘယ်တရားတွေကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိသလဲ? ---

ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)

ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်၊ ဤကား သမုဒယသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်၊ ဤကား နိရောဓ သစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်၊ ဤကား မဂ္ဂသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ အဲဒီလို ကွဲကွဲပြားပြား သိအောင် ဘာလုပ်ရမလဲ? ---

သမာဓိတစ်ခုခုကို ကြိုတင်ပြီး ထူထောင်ရပါတယ်။ အဲဒီလို သမာဓိ တစ်ခုခုကို ထူထောင်တဲ့အပိုင်းမှာ အခုဟောနေတဲ့ ဇာတ်တော်မှာတော့ ဒီရသေ့တွေက ကသိုဏ်းပရိကံကို အခြေခံပြီး သမာဓိထူထောင်ကြတော့ ဘုန်းကြီးလည်း ဒီကသိုဏ်းပရိကံကို အခြေခံပြီး သမာဓိထူထောင်ပုံစနစ်ကလေးကို ဒီည ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဘုန်းကြီး သုတေသန ပြုကြည့်ရာမှာ လွယ်ကူတဲ့ သူတော်ကောင်းတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။

များသောအားဖြင့် ကသိုဏ်းကို စပြီး အားထုတ်ခိုင်းလိုက်တယ်ဆိုလျှင် ခက်ခဲတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများ တွေ့ရခြင်းကြောင့် များသောအားဖြင့် ဘုန်းကြီးကတော့ ကသိုဏ်းကို စတင်ပြီး သင်မပေးဘဲ ကြိုတင်ပြီးတော့ ဓာတ်ကမ္မဋ္ဌာန်းနဲ့ ဖြစ်စေ, အာနာပါနကမ္မဋ္ဌာန်းနဲ့ ဖြစ်စေ သမာဓိတစ်ခုခုကို ရအောင် ထူထောင်ပြီးမှ ကသိုဏ်းကို ကူးပေးပါတယ်။ ဒါကြောင့် ဒီည အာနာပါနကမ္မဋ္ဌာန်းကနေ ကသိုဏ်းကူးတဲ့ စနစ်ကလေးတစ်ခုကို နည်းနည်းကလေး အတိုချုပ်ပြီး ပြောကြရအောင် ---

အာနာပါနကျင့်စဉ် အကျဉ်း

အာနာပါနကျင့်စဉ်မှာ ပထမ ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာမှာ စိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားလိုက်ပါ၊ ထိမှုကို မကြည့်ဘဲ ထိနေတဲ့ လေကလေးကို ကြည့်ရမယ်၊ အဲဒီ လေကလေးအပေါ်မှာ စိတ်ကလေး ငြိမ်ဝပ်စွာ ကပ်ပြီး ထားလိုက်လို့ စိတ်က မငြိမ်မသက် ဖြစ်နေခဲ့လျှင်တော့ ရေတွက်တဲ့နည်းကို အသုံးပြုရတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)

ဝင်လေထွက်လေ နှစ်ခုပေါင်းကို တစ်

ဝင်လေထွက်လေ နှစ်

ဝင်လေထွက်လေ သုံး

ဝင်လေထွက်လေ လေး

ဝင်လေထွက်လေ ငါး

ဝင်လေထွက်လေ ခြောက်

ဝင်လေထွက်လေ ခုနစ်

ဝင်လေထွက်လေ ရှစ်

တစ်မှ ရှစ်အထိ ငါ့ရဲ့စိတ် ဘယ်မှ မထွက်စေရဘူးဆိုပြီးတော့ စိတ်ကို ခိုင်ခိုင်မြဲမြဲ ထားရပါတယ်။ ခိုင်ခိုင်မြဲမြဲ စိတ်ကလေး ကပ်ပြီးတော့ သတိအား ကြီးကြီးကလေးနဲ့ ရှုလိုက်မယ်ဆိုလျှင် မကြာမီ ရေတွက်တဲ့ စွမ်းအားကြောင့် စိတ်ဟာလည်း ငြိမ်သက်သွားတတ်ပါတယ်။ နာရီဝက် တစ်နာရီ စသည်ဖြင့် စိတ်က ငြိမ်သက်သွားပြီဆိုလျှင် ရေတွက်တဲ့နည်းကို လွှတ်ပြီးတဲ့ အချိန်အခါမှာတော့ ဘာကို ဆက်ပြီး ပြုလုပ်ရမလဲ? ---

၁။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။

၂။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။ (မ၊၁၊ရဝ။)

ဝင်သက်လေ ထွက်သက်လေ ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိနေပါ၊ ဝင်သက်လေ ထွက်သက်လေ တိုလျှင်လည်း တိုတဲ့အတိုင်း သိနေပါ။ ရှည်တယ် တိုတယ်ဆိုတာက ဘာပြောတာလဲ? အချိန်ကြာကြာ ဖြစ်နေတာကို ရှည်တယ်၊ အချိန်တိုတိုကလေး ဖြစ်သွားတာကိုတော့ တိုတယ်လို့ခေါ်ပါတယ်။ ရှည်အောင် သို့မဟုတ် တိုအောင် သက်သက် မကြိုးစားနဲ့၊ ပုံမှန် ရှူမြဲတိုင်းသာ ရှူပါ၊ ဒါပေမယ့် တစ်ကြိမ် အသက်ရှူတာနဲ့ တစ်ကြိမ် အသက်ရှူတာ ညီတူ ညာတူ ဘယ်လိုမှ မဖြစ်ဘူး၊ ထိတဲ့ လေအပေါ်မှာ စိတ်ကပ်ဖို့သာ အဓိက လိုအပ်တယ်။

ထိမှုသဘော အပေါ်မှာ စိတ်မကပ်နဲ့၊ ထိတဲ့ လေအပေါ်မှာ စိတ်ကပ်ပါ၊ စကားလုံးချင်း မတူဘူး၊ သေသေချာချာ ဂရုစိုက် နားထောင်ပါ။ အဲဒီ ထိတဲ့ လေကလေးက ရှည်လည်း ရှည်တဲ့အတိုင်းသိပါ၊ တိုလည်း တိုတဲ့အတိုင်းသိပါ။ တစ်နည်းပြောလျှင်တော့ အသက်ရှူနှေးလည်း နှေးတဲ့အတိုင်းသိပါ၊ အသက် ရှူမြန်လည်း မြန်တဲ့အတိုင်း သိအောင် ကြိုးစားပါ။ တစ်နည်း ထပ်ပြောလျှင်တော့ အသက်ရှူ အချိန်ကြာကြာဖြစ်လည်း ဖြစ်တဲ့အတိုင်း သိပါ၊ အချိန်တိုတို ဖြစ်လည်း ဖြစ်တဲ့အတိုင်း သိနေအောင် ကြိုးစားပါ။

အဲဒီအဆင့်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် စိတ်က ငြိမ်ဝပ်ပြီဆိုလျှင်တော့ နိမိတ်ပေါ်တတ်ပါတယ်။ နှစ်ရက် သုံးရက်လောက် ဆက်တိုက် အားထုတ်လိုက်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်သော်လည်း နိမိတ်က မပေါ်ဖြစ်နေခဲ့လျှင် သို့မဟုတ် နိမိတ်ပေါ်ခဲ့လျှင်လည်း ထိုပုဂ္ဂိုလ်သည် ဘာဆက်လုပ်ရမလဲ? တတိယအဆင့် ကူးရပါတယ်။

၃။ သဗ္ဗကာယပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သဗ္ဗကာယပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၁၊ရဝ-၇၁။)

ဝင်လေထွက်လေ အစအဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုရတယ်။ ဒါက အစ, ဒါက အလယ်, ဒါက အဆုံး ဒီလိုလည်း လိုက်မမှတ် ရဘူး။ မှတ်ချင်လျှင် ဝင်လေထွက်လေလို့ပဲ မှတ်ပါ။ ထိတဲ့နေရာကလေးကသာ စောင့်ကြည့်ပါ။ ထိတဲ့နေရာကို ကျော်လွှားပြီးတော့ နှာခေါင်း အထဲလည်း လိုက်မကြည့်နဲ့၊ နှာခေါင်းအပြင်လည်း လိုက်မကြည့်နဲ့၊ ထိမှု ထင်ရှားတဲ့ နေရာကနေ စောင့်ပြီးတော့ ဝင်လေထွက်လေ ရှည်လျှင်လည်း အစအဆုံး တောက်လျှောက် သိအောင်, တိုလျှင်လည်း အစအဆုံး တောက်လျှောက် သိအောင် ကြိုးစားရပါတယ်။ သတိ ပိုခိုင်မြဲအောင် ပိုစိတ်ငြိမ်အောင် လေ့ကျင့် ရတယ်။

အဲဒီလို လေ့ကျင့်လိုက်လို့ စိတ်က တော်တော်ကလေး ငြိမ်ဝပ်လာပြီ၊ တစ်ခါတစ်ခါ ထိုင်ပြီဆိုလျှင် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်း ဆယ်ကြိမ်လောက် ငြိမ်နေပြီဆိုလျှင်တော့ များသောအားဖြင့် နိမိတ် စတင် ပေါ်တတ်ပါတယ်။ ပထမတော့ အဖြူရောင် သို့မဟုတ် မီးခိုးရောင် စတင် ပေါ်တတ်ပါတယ်။ မီးခိုးရောင်ကိုတော့ ပရိကမ္မနိမိတ်လို့ ခေါ်ပါတယ်။ ဝါဂွမ်းစိုင်လို တဖြည်းဖြည်း ဖြူလာတတ်တယ်။ အဲဒီ အဖြူကိုတော့ ဥဂ္ဂဟ နိမိတ်လို့ ခေါ်တယ်။ နောက်ဆုံး သောက်ရှူးကြယ်တို့လို အလွန် ကြည်လင် တောက်ပပြီး လာတတ်တယ်၊ အဲဒါကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။

အဲဒီ နိမိတ်ပေါ်စမှာ များသောအားဖြင့် ယောဂီတွေမှာ နိမိတ်က မခိုင်တဲ့သဘောတော့ ရှိတတ်ပါတယ်။ နိမိတ်မခိုင်သေးမီမှာ နိမိတ်အပေါ်မှာ စိတ်မကပ်ဘဲ ပကတိလေအပေါ်မှာသာ စိတ်ငြိမ်အောင် ကပ်ထားလိုက်လျှင် စိတ်က ငြိမ်သည်ထက် ငြိမ်လာပြီဆိုလျှင်တော့ နိမိတ်ကလည်း ခိုင်သွားတတ်ပါတယ်။ ခိုင်သွားပြီဆိုလျှင် နိမိတ်အပေါ်မှာ ပြောင်းပြီးတော့ စိတ်ကလည်း ကပ်သွားတတ်တယ်။ သို့သော် နိမိတ်က ဝေးကွာနေခဲ့မယ်ဆိုလျှင်တော့ မခိုင်တတ်ပါဘူး။ စိတ်သွားကပ်လိုက်လျှင်လည်း မခိုင် ဖြစ်တတ်ပါတယ်။ နိမိတ်နှင့် လေကတစ်ထပ်တည်းဖြစ်နေဖို့ လိုပါတယ်။ နိမိတ်သည်ပင် ဝင်လေထွက်လေ, ဝင်လေထွက်လေသည်ပင် နိမိတ်ဖြစ်ပြီဆိုလျှင်တော့ ဝင်လေထွက်လေကို ရှုနေရင်းဖြင့် နိမိတ်ပေါ်မှာ စိတ်က ကပ်သွားတတ်ပါတယ်။

ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းဖျားမှာပဲ ကပ်ပြီး ပေါ်လျှင်တော့ နိမိတ်က ခိုင်တတ်ပါတယ်။ နိမိတ်ကလည်း ခိုင်ပြီ, နိမိတ် အပေါ်မှာ စိတ်က ကပ်သွားပြီဆိုလျှင် ပကတိ ဝင်လေထွက်လေကို ပြန်မကြည့်ဘဲ ဒီနိမိတ် အပေါ်မှာသာ စိတ်ကလေး ကပ်ထားပါ။ ဒီနိမိတ်သည် အဖြူရောင် များသောအားဖြင့် ရှိတတ်တယ်။ ပုံသဏ္ဌာန်ကတော့ ယောဂီတွေရဲ့ ဘာဝနာသညာ အပေါ်မှာ အခြေတည်ပြီးတော့ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်။ စိတ်ညွတ်တိုင်း ပြောင်းလဲသွားတဲ့ ပုံသဏ္ဌာန်ကလေးတွေကို မိမိက စိတ်မညွတ်ဘဲ ခုနက နိမိတ်အလယ်ခေါင် တည့်တည့် လောက်မှာ စိတ်ကလေး ငြိမ်နေအောင်သာ ကပ်ထားပါ။

နိမိတ်မှာ စိတ်ကလေး ငြိမ်ဝပ်စွာ ကပ်နေလျှင် တဖြည်းဖြည်း ညိုရာကနေ ဖြူလာမယ်၊ ဖြူရာကနေ နောက်ဆုံးတော့ အလွန်ကြည်လင်တောက်ပ လာပြီဆိုလျှင် အဲဒီ ကြည်လင်တောက်ပလာတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ် အပေါ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ အဲဒီလို ကြိုးစားလိုက်လို့ အောင်မြင်မှု ရလာပြီဆိုလျှင်တော့ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် ဆိုတဲ့ စျာန်တွေကို ကူးနိုင်ပါတယ်။ ထိုအချိန်အခါမှာ ဒီနိမိတ်ကလည်း လင်းရောင်ခြည်တွေ တဖျပ်ဖျပ် ထွက်လာပြီး အလွန် အားကောင်းလာတတ်ပါတယ်။

---

(၃၂) ကောဋ္ဌာသသို့

အထူးသဖြင့် စတုတ္ထစျာန်လောက် ပေါက်သွားပြီဆိုလျှင်တော့ လင်းရောင်ခြည်က ပိုပြီး ခိုင်ခံ့လာတတ်တယ်၊ ပိုပြီးတော့လည်း အားကောင်းလာတတ်တယ်။ အဲဒီအချိန်အခါမှာ ဒီလင်းရောင်ခြည်ရဲ့ အကူအညီကို ယူပြီးတော့ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ စသည်ဖြင့် (၃၂)ကောဋ္ဌာသတွေကို လှမ်းပြီးတော့ ကြည့်လိုက်မယ်ဆိုလျှင်တော့ မကြာမီ အချိန်အတွင်းမှာ ဒီလင်းရောင်ခြည်ရဲ့ စွမ်းအားကြောင့် (၃၂)ကောဋ္ဌာသ တရားတွေကို ထင်ထင်ရှားရှားကြီး တွေ့နိုင်ပါတယ်။

အဲဒီလို (၃၂)ကောဋ္ဌာသတွေကို တွေ့ပြီဆိုလျှင်တော့ ဆံပင်ကနေ ကျင်ငယ်၊ ကျင်ငယ်ကနေ ဆံပင် အစအဆုံး တောက်လျှောက် တစ်ခဏအတွင်း တိုးလျှိုပေါက် မြင်အောင် လေ့ကျင့်ရပါတယ်။ ကျွမ်းကျင်လာပြီ ဆိုလျှင်တော့ ဗဟိဒ္ဓ သက်ရှိလောကမှာ လူသားတွေသာမက ကျွဲနွားအစရှိတဲ့ တိရစ္ဆာန်တွေကိုပါ ထည့်သွင်းပြီး ရှုကြည့်ရပါတယ်။ လင်းရောင်ခြည် သွားလမ်းထဲမှာ တွေ့နေတဲ့ သတ္တဝါမှန်သမျှ အကုန်လုံး (၃၂)ကောဋ္ဌာသ အစု အပုံကြီးအဖြစ် မြင်အောင် ကြည့်ရတယ်၊၊အဇ္ဈတ္တရှုလိုက် ဗဟိဒ္ဓရှုလိုက် အဲဒီလို ရှုရပါတယ်။

---

လမ်း (၃) သွယ်

အဲဒီလို ရှုလိုက်လို့ အောင်မြင်မှု ရလာပြီဆိုလျှင်တာ့ အဲဒီမှာ (၃၂)ကောဋ္ဌာသက လမ်းသုံးသွယ် ရှိပါတယ်။ ဝဏ္ဏကသိုဏ်းလို့ခေါ်တဲ့ အရောင် ကသိုဏ်းလမ်း ကူးမယ်ဆိုလျှင် သမာပတ်ရှစ်ပါးလုံး ဆိုက်နိုင်ပါတယ်။ ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလမနသိကာရအနေနဲ့ နှလုံးသွင်းခဲ့မယ် သို့မဟုတ် အသုဘအနေနဲ့ နှလုံးသွင်းခဲ့မယ်ဆိုလျှင်တော့ ပထမစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။ ဓာတ်အနေနဲ့ နှလုံးသွင်းခဲ့မယ်ဆိုလျှင်တော့ အဲဒီ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က ဥပစာရသမာဓိအထိ ဆိုက်နိုင်ပါတယ်။ အဲဒီ သမာဓိ တွေကို အခြေခံပြီးတော့ ဝိပဿနာကူးရမှာ ဖြစ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)

---

ဝဏ္ဏကသိုဏ်း

(၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တသန္တာန်မှာသာမက ဗဟိဒ္ဓသန္တာန်မှာပါ အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန် နှစ်မျိုးစလုံးမှာ အဝါးဝစွာ နိုင်နိုင်နင်းနင်း ရှင်းရှင်းလင်းလင်း အသိဉာဏ်မှာ ထင်လာအောင် မြင်လာအောင် ရှုနိုင်ပြီ ဆိုလျှင်တော့ အရောင်ကသိုဏ်း (= ဝဏ္ဏကသိုဏ်း) လေးမျိုးကို ရှုလိုက ရှုနိုင်ပါတယ်။ အရောင်ကသိုဏ်းလေးမျိုးက ဘာတွေလဲ? ---

နံပါတ် (၁)ကတော့ ဆံပင်တို့လို သည်းခြေတို့လို ညိုနေတဲ့ အညိုရောင် ရှိနေတဲ့ ကောဋ္ဌာသတစ်ခုခုကို အာရုံယူပြီးတော့ အညိုရောင်ကသိုဏ်း (=နီလကသိုဏ်း)ကို ရှုနိုင်တယ်။

နံပါတ် (၂)ကတော့ ကျင်ငယ်တို့လို အဆီခဲတို့လို ဝါနေတဲ့ အဝါရောင် ရှိနေတဲ့ ကောဋ္ဌာသတစ်ခုခုကို အာရုံယူပြီးတော့ အဝါရောင်ကသိုဏ်း (=ပီတ ကသိုဏ်း)ကို ရှုနိုင်တယ်။

နံပါတ် (၃)ကတော့ သွေးတို့လို အနီရောင်သန်းနေတဲ့ အသားတုံးတို့လို ကောဋ္ဌာသတစ်ခုခုကို အာရုံယူပြီးတော့ အနီရောင်ကသိုဏ်း (= လောဟိတကသိုဏ်း)ကို ရှုနိုင်တယ်။

နံပါတ် (၄)ကတော့ အရိုးတို့လို သွားတို့လို ဖြူနေတဲ့ ကောဋ္ဌာသတစ်ခုခုကို အာရုံယူပြီးတော့ အဖြူရောင်ကသိုဏ်း (= ဩဒါတကသိုဏ်း)ကို ရှုနိုင်တယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၅။)

ယခုလို ရှုတဲ့အပိုင်းမှာ ရှင်းလင်းတင်ပြဖို့ အချက်အလက်ကလေးတွေလည်း ရှိနေပါတယ်။ ရှေးဦးစွာ အဘိဘာယတနစျာန် အကြောင်းကို ပြောကြရအောင် ---

အဘိဘာယတနစျာန်ဆိုတာကတော့ ဒီလိုပါ --- ခုပြောခဲ့တဲ့ အရောင် ကသိုဏ်း (၄)မျိုးတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းရုပ်ကို အာရုံယူကာ စနစ်တကျ ပွားများလိုက်တဲ့အတွက် စျာန်သမာဓိသို့ ဆိုက်ရောက်သွားခဲ့လျှင် ယင်းစျာန်ကို ဆန့်ကျင်ဘက် ကိလေသာနီဝရဏတရားတွေနှင့် အရောင် ကသိုဏ်းအာရုံတွေကို အလွယ်တကူနှင့် လွှမ်းမိုးနိုင်နင်းလျက် ဖြစ်ပေါ်လာတဲ့ အတွက်ကြောင့် အဘိဘာယတနစျာန်လို့ ခေါ်ဆိုခြင်း ဖြစ်တယ်။

ဒီအဘိဘာယတနစျာန်တွေ အကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင် မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၉၂-၉၆။)မှာလည်း ဟောကြားတော်မူခဲ့တယ်။ အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် အဘိဘာယတနသုတ္တန် (အံ၊၃၊၁၂၅-၁၂၆၊၊) မှာလည်း ဟောကြားထားတော်မူခဲ့တယ်။ ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌအဘိဘာယတနကထာ (အဘိ၊၁၊၅၅-၅၆။)မှာလည်း ဟောကြားထားတော်မူခဲ့ပါတယ်။ ပုံစံတစ်ခုလောက် ပြောပြမယ်။ နာကြည့်ပါ ---

အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ။ တာနိ အဘိဘုယျ ဇာနာမိ ပဿာမိ။ (အဘိ၊၁၊၅၅။)

အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ တာနိ အဘိဘုယျ ဇာနာမိ ပဿာမီတိ ဧဝံ သညီ ဟောတိ။ (ဒီ၊၂၊၉၂။ အံ၊၃၊၁၂၆။)

ဒီပါဠိတော်တွေက ဘာကို ဆိုလိုတာလဲ? ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ ဒီလိုပါ ---

အဇ္ဈတ္တံ အရူပသညီတိ အလာဘိတာယ ဝါ အနတ္ထိကတာယ ဝါ အဇ္ဈတ္တရူပေ ပရိကမ္မသညာဝိရဟိတော။ (အဘိ၊ဋ္ဌ၊၁၊၂၃၃။)

ဒီလို အဋ္ဌသာလိနီ အဋ္ဌကထာက ဖွင့်ဆိုထားတယ်၊ တချို့ ယောဂီ ပုဂ္ဂိုလ်တွေဟာ ခုလို အရောင်ကသိုဏ်းတွေကို ရှုတဲ့အပိုင်းမှာ အဇ္ဈတ္တ (၃၂) ကောဋ္ဌာသတွေရဲ့ အညို-အဝါ-အနီ-အဖြူ ဆိုတဲ့ အရောင်ကသိုဏ်း ရုပ်တွေကို ---

၁။ ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, အပ္ပနာသမာဓိဆိုတဲ့ သမာဓိတစ်ခုခုသို့ ဆိုက်အောင် ရှုလို့မရတဲ့ ယောဂီတွေလည်း ရှိကြတယ်။

၂။ ရှုလို့ရသော်လည်း မရှုချင်တဲ့ ယောဂီတွေလည်း ရှိကြတယ်။

အဲဒီ ပုဂ္ဂိုလ်တွေဟာ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတွေရဲ့ အရောင်တွေကို အာရုံယူပြီးတော့ အညိုရောင်ကသိုဏ်း, အဝါရောင်ကသိုဏ်း, အနီရောင် ကသိုဏ်း, အဖြူရောင်ကသိုဏ်းဆိုတဲ့ ကသိုဏ်းရုပ်တွေကို မရှုကြတော့ဘူး။ ဘာတွေကို သူတို့ ရှုကြသလဲ?

ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတွေရဲ့ အရောင်တွေကိုသာ အာရုံယူပြီးတော့ အညိုရောင်ကသိုဏ်း, အဝါရောင်ကသိုဏ်း, အနီရောင်ကသိုဏ်း, အဖြူရောင်ကသိုဏ်းတွေကို ရှုကြတယ်။ အဲဒီလို အဇ္ဈတ္တ ကောဋ္ဌာသတွေမှာ အရောင်ကသိုဏ်းတွေကို ရှုမရတဲ့ပုဂ္ဂိုလ်, မရှုချင်တဲ့ပုဂ္ဂိုလ်တွေကို ရည်ညွှန်းပြီးတော့ ဘုရားရှင်က အဘိဘာယတနစျာန်ပိုင်းကို ဟောကြားထားတော်မူ ပါတယ်။

ဒါပေမယ့် ဘုရားရှင်က ဝိမောက္ခစျာန်တွေကိုလည်း ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၆၅။), မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၉၄-၉၅။), အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် ဝိမောက္ခသုတ္တန် (အံ၊၃၊၁၂၆-၁၂၇။)တို့မှာ ထပ်ပြီး ဟောကြား ထားတော်မူပါတယ်။

အဲဒီ ဝိမောက္ခစျာန်တွေမှာတော့ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတွေကပဲ ဖြစ်စေ, ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတွေကပဲဖြစ်စေ အထက်က ပြောခဲ့တဲ့အတိုင်း အဲဒီကောဋ္ဌာသတွေရဲ့ အရောင်တွေကို အာရုံယူပြီးတော့ အညိုရောင် ကသိုဏ်း, အဝါရောင်ကသိုဏ်း, အနီရောင်ကသိုဏ်း, အဖြူရောင်ကသိုဏ်း ဆိုတဲ့ ကသိုဏ်းရုပ်တွေရဲ့ ရှုကွက်တွေကို ဆက်ပြီး ဟောကြားထားတော်မူ ပါတယ်။ ဒီဟောကြားတော်မူချက်တွေကတော့ အဇ္ဈတ္တကောဋ္ဌာသ ဗဟိဒ္ဓ ကောဋ္ဌာသ နှစ်မျိုးလုံးမှာပဲ အရောင်ကသိုဏ်းတွေကို ---

၁။ ရှုလို့ရတဲ့ပုဂ္ဂိုလ်

၂။ ရှုချင်တဲ့ပုဂ္ဂိုလ်

အဲဒီပုဂ္ဂိုလ် နှစ်မျိုးလုံးတို့ကို ရည်ညွှန်းပြီး ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်။

ဒီတော့ (၃၂)ကောဋ္ဌာသမှ ကသိုဏ်းကူးတော့မယ်ဆိုလျှင်တော့ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသကဖြစ်စေ, ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသကဖြစ်စေ၊ အဲဒီကောဋ္ဌာသ တွေရဲ့ အရောင်ကို အာရုံယူကာ အရောင်ကသိုဏ်းလမ်းကို ကူးနိုင်ပါတယ်။

ဥပမာ --- ဗဟိဒ္ဓဆံပင် ဆိုကြစို့၊ ဆံပင်က ညိုနေတယ်၊ ဆံပင်ကို နှလုံး မသွင်းဘဲ အညိုရောင်ကို နှလုံးသွင်းလိုက်မယ်ဆိုလျှင် ဆံပင်တွေ ပျောက်ပြီး အညိုရောင်ကသိုဏ်း အဝန်းအဝိုင်း ပေါ်လာတတ်တယ်။ အဲဒီ ကသိုဏ်း အဝန်းအဝိုင်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီး ဒီအဝန်းအဝိုင်းမှာ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားမယ်ဆိုလျှင် ပထမစျာန်ကနေစပြီး နေဝသညာနာသညာယတနစျာန်အထိ သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်ပါတယ်၊ နီလကသိုဏ်းလို့ ခေါ်တယ်။

အဲဒီ နီလကသိုဏ်းကို ပွားများပြီးတဲ့ ပုဂ္ဂိုလ်က မကျေနပ်သေးလို့ ပီတ ကသိုဏ်း (= အဝါရောင်ကသိုဏ်း) ပွားချင်တယ်ဆိုလျှင် ဗဟိဒ္ဓမှာ ကျင်ငယ် ဆိုကြစို့၊ ကျင်ငယ်ဟာ အလွန် စက်ဆုပ်ရွံရှာဖွယ် ကောင်းနေတဲ့ တရားတစ်ခု ဖြစ်ပေမယ့်လို့ မိမိက ဘာဝနာဆိုတဲ့ အနှစ်ကို ထုတ်ယူတတ်မယ်ဆိုလျှင် အဲဒီ ကျင်ငယ်ရဲ့ အဝါရောင်ကလေးကို အဝါ အဝါလို့ နှလုံးသွင်း ရှုပွား ရပါတယ်။ အဝါရောင်ကသိုဏ်း အဝန်းအဝိုင်း ပေါ်လာတဲ့ အချိန်အခါမှာ ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက် ရှုပွားပြီး မိမိကြိုက်နှစ်သက်တဲ့ တစ်နေရာမှာ ဘာဝနာစိတ်ကလေး ငြိမ်ဝပ်စွာ ကပ်ထားလိုက်မယ်ဆိုလျှင် ပထမစျာန်ကနေ နေဝသညာနာသညာယတနစျာန်အထိ သမာပတ်ရှစ်ပါးလုံး ပေါက်တယ်။ ပီတကသိုဏ်းလို့ ခေါ်တယ်။

အလွန် ရွံရှာဖွယ် စက်ဆုပ်ဖွယ်ကောင်းနေတဲ့ ဒီလို ကျင်ငယ်ထဲက ဘာဝနာဆိုတဲ့ အနှစ်ကို ထုတ်ယူတတ်မယ်ဆိုလျှင် ထုတ်ယူလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ဒါတွေဟာ နည်းလမ်းနှင့် အဆင့်အတန်း ကွာခြားမှု သို့မဟုတ် မိမိရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးမှုကြောင့် ရရှိလာတဲ့ အကျိုးအာနိသင်တွေပဲ။ ကျင်ငယ်ကို ကျင်ငယ်လို့ နှလုံးသွင်းပြီး သွားလွှင့်ပစ်လိုက်လို့လည်း မိမိအတွက် ဘာအကျိုး ရှိဦးမလဲ? ဘာမျှ အကျိုးမရှိဘူး။ ဒီကျင်ငယ်ကို မိမိက အဝါရောင်ကသိုဏ်းအဖြစ်နဲ့ ဘာဝနာဆိုတဲ့ အနှစ်ကို ထုတ်ယူတတ်မယ်ဆိုလျှင် မိမိအတွက် အကျိုးမရှိဘူးလား? အကျိုးသိပ်ရှိပါတယ်။

အလားတူပဲ ဝါနေတဲ့ မစင်ကျင်ကြီးမှာ အဝါ အဝါလို့ နှလုံးသွင်း ရှုပွားလည်း သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်ပါတယ်။ ဘာဝနာဆိုတဲ့ အနှစ်ကို ထုတ်ယူတတ်လျှင် ယူလို့ရပါတယ်။

နောက်တစ်ခု --- လောဟိတကသိုဏ်း ပွားချင်တယ်ဆိုလျှင် မိမိရှေ့မှာ ထိုင်နေတဲ့ ယောဂီတစ်ဦးရဲ့ နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့သွေး သို့မဟုတ် နှလုံးအိမ်ဝန်းကျင် အသည်းဝန်းကျင်တို့မှာ အိုင်နေတဲ့သွေးပဲ ဆိုကြစို့၊ အဲဒီသွေးကို လှမ်းအာရုံယူပြီးတော့ သွေးရဲ့ အရောင်ကို နှလုံးသွင်းမယ်ဆိုလျှင် မကြာမီ အနီရောင်ကသိုဏ်း အဝန်းအဝိုင်း ပေါ်လာတတ်တယ်။ အဲဒီ အနီရောင်ကသိုဏ်း အဝန်းအဝိုင်းကိုလည်း အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီးတော့ ဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက် စီးဖြန်းမယ်ဆိုလျှင် သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်ပါတယ်။

နောက်တစ်ခု --- ဦးခေါင်းခွံရိုး ဆိုကြစို့၊ အဲဒီ ဦးခေါင်းခွံရိုးကိုလည်း အဖြူသက်သက်ကို ကွက်ပြီး နှလုံးသွင်းလိုက်မယ်ဆိုလျှင် အဖြူရောင် ကသိုဏ်း ဖြစ်သွားတယ်။ အရိုးတွေ ပျောက်ပြီး အဖြူရောင်ကသိုဏ်း အဝန်းအဝိုင်း ကျန်တယ်၊ အဲဒီကသိုဏ်း အဝန်းအဝိုင်းကိုလည်း အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီး ပွားများမယ်ဆိုလျှင် သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်ပါတယ်။

နီလကသိုဏ်း, ပီတကသိုဏ်း, လောဟိတကသိုဏ်း, ဩဒါတကသိုဏ်းတွေကတော့ အရောင်ကသိုဏ်းလေးခု ဖြစ်တယ်။ (၃၂)ကောဋ္ဌာသမှ ကူးပြောင်း ရှုပွားနိုင်တယ်။ အဲဒီကသိုဏ်းတွေကို အောင်မြင်နေတဲ့ ယောဂီ သူတော်ကောင်းတစ်ဦးက မြေကြီးတွေကို ကြည့်ပြီးတော့ မြေကသိုဏ်း ပွားမယ်၊ ရေကို ကြည့်ပြီးတော့ ရေကသိုဏ်း ပွားမယ်၊ မီးကိုကြည့်ပြီးတော့ မီးကသိုဏ်း ပွားမယ်၊ လေကို အာရုံယူပြီးတော့ လေကသိုဏ်း ပွားမယ် ဆိုလျှင်လည်း အဲဒီကသိုဏ်းတွေ အားလုံး ပေါက်နိုင်ပါတယ်။ပေါင်းလိုက်လျှင် ကသိုဏ်းရှစ်ပါး ဖြစ်သွားတယ်။

ဓာတ်ကမ္မဋ္ဌာန်း

အဲဒီ ကသိုဏ်းရှစ်ပါးကို (၁၄)မျိုးသော အခြင်းအရာအားဖြင့် ကြိတ်ခြေ နိုင်ခဲ့မယ်ဆိုလျှင်တော့ ခုနက သရဘင်္ဂရှင်ရသေ့တွေလို မြေလျှိုးမိုးပျံနိုင်တဲ့ အဆင့် ရောက်နိုင်ပါတယ်။ အဲဒီအဆင့်ကို မိမိက အလိုမရှိဘူးဆိုလျှင် ဒီကသိုဏ်းသမာဓိ တစ်ခုခုကို ဝင်စားပြီး ဒီကသိုဏ်းသမာဓိတို့ရဲ့ စွမ်းအား ရှိန်စော် အာနုဘော်အရှိန်အဝါကို လက်ခံပြီးတော့ ထိုကသိုဏ်းစျာန်တွေမှ ထပြီးတဲ့ အချိန်အခါမှာ မိမိရဲ့ ခန္ဓာအိမ်မှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို စတင် ရှုရတယ်။

မာမှုထင်ရှားတဲ့ တစ်နေရာက စပြီး မာတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုပါ၊ ကြမ်းမှုထင်ရှားတဲ့ တစ်နေရာက စပြီး ကြမ်းတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင်ရှုပါ၊ လေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး လေးတဲ့ သဘောကို တစ်ကိုယ်လုံး မြင်အောင်ရှုပါ၊ ပျော့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပျော့တဲ့သဘော, ပေါ့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပေါ့တဲ့သဘော, ချောမှုထင်ရှားတဲ့ တစ်နေရာက စပြီး ချောတဲ့သဘော, ဒီသဘောတရားတွေကိုလည်း တစ်ကိုယ်လုံး မြင်အောင်ရှုပါ။ ပထဝီဓာတ်သဘောတရားခြောက်ပါး ဖြစ်ပါတယ်။

ပူမှုထင်ရှားတဲ့ တစ်နေရာက စပြီး ပူတဲ့သဘော, အေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး အေးတဲ့သဘော, တွန်းမှုထင်ရှားတဲ့ တစ်နေရာက စပြီး တွန်းတဲ့သဘော, ထောက်မှုထင်ရှားတဲ့ တစ်နေရာက စပြီး ထောက်တဲ့ သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုပါ။ ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဓာတ်သုံးပါး ရသွားပြီ။ ဒီဓာတ်သုံးပါး ထင်ရှားတဲ့ ယောဂီ ပုဂ္ဂိုလ်က ယိုစီးမှုထင်ရှားတဲ့ တစ်နေရာက စပြီး ယိုစီးတဲ့သဘော, ဖွဲ့စည်းမှု ထင်ရှားတဲ့ တစ်နေရာက စပြီး ဖွဲ့စည်းမှုသဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုနိုင်မယ်ဆိုလျှင် အာပေါဓာတ်လည်း ရသွားပြီ။ ပေါင်းလိုက်တော့ ဓာတ်လေးပါး ဖြစ်သွားပါတယ်။

ဒီဓာတ်လေးပါးကို သွက်လက်အောင် ရှုပြီးတော့ တစ်ကိုယ်လုံးကို ခြုံကြည့်ရတယ်။ ခြုံကြည့်လိုက်လို့ သွက်လာပြီဆိုလျှင် အဲဒီမှာ မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်းဆိုတဲ့ သဘောတရား (၁၂)ခုကို လေးစု စုလိုက်ပါ။ မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့ကို ကြည့်ပြီး ပထဝီဓာတ်၊ ယိုစီး-ဖွဲ့စည်းကို ကြည့်ပြီး အာပေါဓာတ်၊ ပူ-အေးကို ကြည့်ပြီး တေဇောဓာတ်၊ ထောက်-တွန်းကို ကြည့်ပြီး ဝါယောဓာတ် ဆိုပြီး လေးချက်ရှုရပါတယ်။

အဲဒီလို ရှုလိုက်မယ်ဆိုလျှင် မကြာမီ အချိန်အတွင်းမှာ အဖြူ စပေါ်တတ်ပါတယ်။ အဖြူမှာလည်း ဒီဓာတ်လေးပါးကို မြင်အောင် ဆက်စိုက်နိုင်မယ်ဆိုလျှင် မကြာမီ အကြည်ဓာတ်တွေ ပေါ်လာမယ်။ အဲဒီမှာ ဒီအကြည် ဓာတ်နဲ့ ပတ်သက်ပြီး ဘုရားရှင်က ပသာဒလို့ ဟောထားပါတယ်။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာကတော့ ---

အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)

ကြေးမုံအပြင်ကဲ့သို့ ကြည်နေတယ်ဆိုပြီး ဒီလို ဖွင့်ဆိုထားပါတယ်။ တကယ်ကြည်နေတဲ့ အကြည်ဓာတ်တွေ ဖြစ်ပါတယ်။ လက်တွေ့ ရှုလို့ရနေတဲ့ ယောဂီများကတော့ နားလည်ကြပါတယ်။ အဲဒီ အကြည်ဓာတ်မှာ ဓာတ်လေးပါး မြင်အောင် ဆက်စိုက်လိုက်တဲ့ အချိန်အခါမှာ ပါရမီရှိတဲ့ သူတော်ကောင်းများဟာ ကလာပ်အမှုန်ကလေးတွေကို မကြာခင် တွေ့တတ်ပါတယ်။

မတွေ့ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ဒီအကြည်ပြင်မှာ အာကာသဓာတ်ကို မြင်အောင် စိုက်လိုက်မယ်ဆိုလျှင် ကလာပ်အမှုန်လေးတွေ လွယ်လွယ်ကူကူ တွေ့လာပါတယ်။ တွေ့လာတဲ့ အချိန်အခါ အဲဒီ ကလာပ်အမှုန် တစ်ခုတစ်ခုမှာလည်း ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို မြင်အောင် စပြီး ရှုနိုင်ပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ ပရမတ္ထသစ္စာနယ် ကူးသွားပြီ။ ရုပ်တရားကို စတင် သိရှိပြီ။

ကလာပ်တိုင်းမှာ ဓာတ်လေးပါးကို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ ရှေ့ဆက်ပြီးတော့ ဥပါဒါရုပ်တွေကို ရှုရပါတယ်။ အဲဒီ ဘူတရုပ် ဥပါဒါရုပ်ဆိုတဲ့ ရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းရတယ်။ ဝီထိခေါ်တဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ပထမ စပြီး လေ့ကျင့်ရပါတယ်။ အဲဒီ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းလိုက်လျှင် ဒီရုပ်နာမ်တွေကို ခန္ဓာနည်းအရ ခန္ဓာဖွဲ့လိုက်တော့ ခန္ဓာ ငါးပါး ဖြစ်တယ်။ သစ္စာဒေသနာတော်နည်းအရ -- သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ၊ (သံ၊၃၊၃၆၉။) ဆိုတဲ့အတိုင်း ယင်းခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ၊ အဲဒီ ဒုက္ခသစ္စာက ပစ္စုပ္ပန် ခန္ဓာငါးပါးတင်လားဆိုတော့ မဟုတ်သေးဘူး။

ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော ။ ပ ။ (သံ၊၂၊၃၉။)

ခန္ဓဝဂ္ဂသံယုတ် ခန္ဓသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်ဖြင့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရား၊ ဒီဒုက္ခသစ္စာဖြစ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါးတွေကို မြင်အောင် ရှုရတယ်။ ရှုပြီးတဲ့ အချိန်အခါမှာ ဒီခန္ဓာငါးပါးတွေသည် ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတယ်။

အကြောင်းတရား ရှာဖွေပုံအပိုင်းမှာ ယောဂီတစ်ဦးရဲ့ ဖြစ်စဉ်ထုံးကလေး နည်းနည်း သဘောပေါက်အောင် ပြောပြပါမယ်။ ဒီပစ္စုပ္ပန် ရုပ်နာမ်တွေကနေ စပြီးတော့ အတိတ်ဘက်ကို တာစူပြီး ရုပ်တွေနာမ်တွေကို တစ်စတစ်စ သိမ်းဆည်းသွားလိုက်တာ ပဋိသန္ဓေကလလရေကြည်တိုင်အောင် ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ဒီရုပ်နာမ်တွေ ဘယ်က ဖြစ်ပေါ် လာသလဲလို့ သိချင်တဲ့စိတ်နဲ့ ဟိုဘက်ကို လှမ်းမျှော်ကြည့်လိုက်တော့ ကျိုက်ထီးရိုးစေတီတို့လို စေတီတစ်ဆူပဲ ဆိုကြစို့ ...။

အဲဒီစေတီတစ်ဆူမှာ ဆီမီးတွေ ပူဇော်နေတဲ့အာရုံဟာ ဉာဏ်ကွန်ယက်ထဲ ထင်လာတယ်။ ဆီမီးပူဇော်နေတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတဲ့ အထဲမှာ တစ်ယောက်ပြီးတစ်ယောက် ဓာတ်လေးပါး လှမ်းပြီး အစိုက်ခိုင်းလိုက်တဲ့ အချိန်အခါ, ရှုခိုင်းလိုက်တဲ့ အချိန်အခါ အဲဒီအထဲမှာ ဆင်းရဲနွမ်းပါးနေတဲ့ အမျိုးသမီးကလေးတစ်ဦး ပါနေတယ်။ အဲဒီ အမျိုးသမီးကလေးရဲ့ ရုပ်နာမ် အစဉ်နှင့် ယောဂီပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်အစဉ်ကို ဆက်စပ်ကြည့်လိုက်တော့ သန္တာန် အစဉ်အားဖြင့် တစ်တန်းတည်း ဖြစ်နေတယ်။

တစ်ဖန် တခြား ဆီမီးလှူနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရုပ်နာမ်သန္တာန်တွေကို ဓာတ်လေးပါး စိုက်ပြီး ရှုလိုက်တဲ့အခါ သန္တာန်ချင်း ဆက်စပ်မှု မရှိဘူး။ ဘယ်ပုဂ္ဂိုလ်သည် မိမိ၏သန္တာန်အစဉ် ဖြစ်တယ်ဆိုတာကိုသေချာသိနေတယ်။ သိလိုက်တဲ့ အချိန်အခါမှာ အဲဒီ ဆီမီးပူဇော်နေတဲ့ ဒီဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးကလေးတစ်ဦးရဲ့ နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဟဒယဝတ္ထုရုပ်ကို မိအောင် ပြန်ပြီး အရှုခိုင်းရတယ်။ ဘာဖြစ်လို့လဲ? ဒီဟဒယဝတ္ထုရုပ်ကို မှီပြီးတော့ အိမ်ရှင်ဘဝင်မနောအကြည်ဓာတ်တွေက အများဆုံး ဖြစ်ပါတယ်။အဲဒီ ဟဒယဝတ္ထုကို ရှာဖွေတွေ့ရှိတဲ့ သူတော်ကောင်းက ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အိမ်ရှင်ဘဝင်မနောအကြည်ဓာတ်ကို လှမ်းရှုလျှင် ရှုလို့ရတယ်။

ရှုလို့ရတဲ့ အချိန်အခါမှာ ဘဝင်မနောအကြည်ဓာတ်ကို ရှေ့တိုး နောက်ဆုတ် ကြည့်လိုက်တဲ့အခါ ယင်းဘဝင်မနောအကြည် = မနောဒွါရတွေရဲ့ အကြားအကြားမှာ ဖြစ်ပေါ်သွားခဲ့ကြတဲ့ ဝီထိစိတ် စေတသိက်တွေကို သိမ်းဆည်းနိုင်တဲ့ အဆင့်အထိ ရောက်ရှိသွားတယ်။အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်းတရားတွေကို ရှာဖွေကြည့်ပြန်တယ်။ ဘာဆု တောင်းနေသလဲဆိုတဲ့ ဆုတောင်းနေတဲ့ စိတ်အစဉ်ကလေးတွေကို ပြန်ပြီး အကြည့်ခိုင်းလိုက်တယ်။

အဲဒီ ဆီမီးလှူနေတဲ့ အချိန်အခါမှာ မလှမ်းမကမ်း တစ်နေရာကို လှမ်းကြည့်လိုက်တော့ ဘီးဆံပတ်နဲ့ အင်မတန် ခံ့ညားတဲ့ အမျိုးသမီးတစ်ဦးကို သွားတွေ့ရတယ်။ အဲဒီလို အမျိုးကောင်းသမီး ဖြစ်ချင်နေတဲ့ ဆန္ဒဓာတ်ဖြင့် ဒီစေတီတော်ကို သူက ဆီမီးပူဇော်နေတယ်။ ပရမတ္ထသစ္စာနယ်မှာ ဘီးဆံပတ်နဲ့ အလွန် ထည်ဝါခံ့ညားတဲ့ အမျိုးသမီးဆိုတာ လောကမှာ မရှိပါဘူး၊ သမ္မုတိသစ္စာနယ်မှာတော့ ရှိပါတယ်။ ပရမတ္ထသစ္စာနယ်က အဲဒီ ဘီးဆံပတ်နဲ့ ထည်ဝါခံ့ညားနေတဲ့ အမျိုးသမီးကိုလည်း ဓာတ်လေးပါး ဖမ်းစိုက်နိုင်လျှင် ရှုနိုင်လျှင် ကလာပ်အမှုန်ကလေးတွေပဲ တွေ့ရပါမယ်။ ဆက်လက်ပြီး ပရမတ် ရုပ်နာမ်တွေကို သိမ်းဆည်းရတယ်။ အားလုံး ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရား ဒုက္ခတရား အနတ္တတရားတွေပဲ၊ ရုပ်သဘောတရား နာမ်သဘောတရားတွေသာ ဖြစ်ကြပါတယ်။

ဒါပေမယ့် ရုပ်နာမ်လို့ မသိဘဲ အမျိုးသမီးလို့သိလျှင် ဒီအသိကို မှားတယ်လို့ ခေါ်ရတယ်။ အဲဒီ အသိမှားမှုက အဝိဇ္ဇာ၊ အဲဒီလို အမျိုးသမီးဘဝကို တွယ်တာတပ်မက်နေတဲ့ သဘောက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်၊ ဒီအဝိဇ္ဇာ-တဏှာ-ဥပါဒါန်သုံးခု ခြံရံပြီးတော့ စေတီတော်အား ဆီမီးလှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်စေတနာတွေကို ပြုစုပျိုးထောင်တယ်။ ဒီကုသိုလ်စေတနာတွေက သင်္ခါရ၊ ဒီသင်္ခါရတရားတွေသည် အနိစ္စတရားတွေသာ ဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားတယ်။

ဒါပေမယ့် ပျက်သွားတဲ့ အချိန်အခါမှာ ဒီရုပ်နာမ်သန္တာန်အစဉ်မှာ နောင်တစ်ချိန် သူမျှော်လင့်တောင့်တနေတဲ့ ထည်ဝါခံ့ညားနေတဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်ဖို့ရန်အတွက် စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကလေးကိုတော့ ကံလို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ- ကံဆိုပြီးတော့ အကြောင်းတရားငါးခု စုံညီသွားတယ်။ အဲဒီ အကြောင်းတရား ငါးခုထဲမှာ တဏှာက ဦးဆောင်နေတဲ့အတွက် ပဓာနနည်းအားဖြင့် တဏှာကို သမုဒယသစ္စာလို့ ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။

အဲဒီ ကမ္မသတ္တိနဲ့ လက်ရှိ ပဋိသန္ဓေကလလရေကြည်မှာ တည်ရှိနေတဲ့ ရုပ်တွေနာမ်တွေနဲ့ ကြောင်းကျိုးဆက်စပ်မှု ရှိ-မရှိကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာလည်း ကြောင်းကျိုးဆက်စပ်မှု ရှိနေတာကို တွေ့ရတယ်။ တွေ့ရတဲ့အတွက် တဏှာဦးဆောင်နေတဲ့ ဒီအဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ- ကံတွေက သမုဒယသစ္စာ၊ အဲဒီ ဒုက္ခသစ္စာ သမုဒယသစ္စာတရား နှစ်ပါးကို သိပြီးတဲ့အခါ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိအောင် ဆက်လက်ပြီး ကြိုးစားရပါတယ်။ ဝိပဿနာဉာဏ်တွေ ရအောင် စီးဖြန်းရပါတယ်။

အဲဒီလို စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ ဝိပဿနာဉာဏ်တွေက ရင့်ကျက် လာလို့ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ မဂ်ဉာဏ်ပေါ်ခဲ့သော် ထိုမဂ်ဉာဏ်က ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူတယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က နိရောဓသစ္စာ၊ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူလိုက်တဲ့ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိလို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာဖြစ်တယ်။

အဲဒီ သစ္စာလေးပါးကို သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပုံ နည်းစနစ်နှင့်တကွ မြတ်စွာဘုရားက ဒီရဟန်းကို ဆက်လက်ပြီး သစ္စာ လေးပါးနှင့် ဆက်စပ်နေတဲ့ တရားဒေသနာတော်ကို ဆက်လက်ကာ ဟောကြားပေးတော်မူလိုက်တယ်။ အဲဒီလို ဟောကြားပေးတဲ့ အပိုင်းကိုပဲ ရည်ရွယ်ပြီးတော့ အဋ္ဌကထာက ---

သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ သစ္စာနိ ပကာသေတွာ ဇာတကံ သမောဓာနေသိ။ (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)

သတ္ထာ = လူနတ်တို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ဣမံ ဓမ္မဒေသနံ = ဤဣန္ဒြိယဇာတ် တရားဒေသနာတော်ကို။ အာဟရိတွာ = ဆောင်တော်မူ၍။ သစ္စာနိ = သစ္စာလေးရပ် တရားမြတ်တို့ကို။ ပကာသေတွာ = ထင်ရှားပြတော်မူ၍။ ဇာတကံ = ဇာတ်တော်ကို။ သမောဓာနေသိ = ပေါင်းတော်မူ၏။

သစ္စပရိယောသာနေ ဥက္ကဏ္ဌိတဘိက္ခု သောတာပတ္တိဖလေ ပတိဋ္ဌဟိ။ (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)

သစ္စပရိယောသာနေ = သစ္စာလေးရပ် တရားမြတ်ကို ဟောကြားပြသ ဆိုဆုံးမတော်မူပြီးသည့် သစ္စာဒေသနာတော်မြတ်၏အဆုံး၌။ ဥက္ကဏ္ဌိတဘိက္ခု = သာသနာတော်၌ မမွေ့လျော်ဘဲ ငြီးငွေ့နေတဲ့ လူထွက်ချင်နေသော ရဟန်းတော်သည်။ သောတာပတ္တိဖလေ = သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌဟိ = တည်တော်မူလေပြီ။

သာသနာတော်မှာ မမွေ့လျော်ဘဲ အိမ်ရှင်မဟောင်းကနေ လူထွက်ဖို့ အကြောင်း ဖြားယောင်းတဲ့အတွက် လူထွက်ချင်တဲ့စိတ်ဓာတ် ရှိနေတဲ့ ဒီရဟန်းတော်သည် သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်မှာ တည်သွားပြီ။

တဒါ နာရဒေါ ဥက္ကဏိ္ဌတဘိက္ခု အဟောသိ၊ နဂရသောဘိဏီ ပုရာဏဒုတိယိကာ၊ သာလိဿရော သာရိပုတ္တော၊ မေဏ္ဍိဿရော ကဿပေါ၊ ပဗ္ဗတော အနုရုဒ္ဓေါ၊ ကာဠဒေဝိလော ကစ္စာယနော၊ အနုပိယော အာနန္ဒော၊ ကိသဝစ္ဆော မဟာမောဂ္ဂလ္လာနော၊ သရဘင်္ဂေါ ပန အဟမေဝ အဟောသိံ။

တဒါ = ထိုအခါ၌။ နာရဒေါ = နာရဒရှင်ရသေ့သည်ကား။ ဥက္ကဏ္ဌိတဘိက္ခု = သာသနာတော်၌ ငြီးငွေ့ပြီး လူထွက်ချင်နေတဲ့ ရဟန်းတော်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ နဂရသောဘိဏီ = ပြည့်တန်ဆာမသည်ကား။ ပုရာဏဒုတိယိကာ = အိမ်ရှင်မဟောင်းသည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။

ဒီကိုယ်တော်ကြီး လူထွက်အောင် အခုဘဝမှာ ဖြားယောင်းလိုက်တဲ့ အိမ်ရှင်မဟောင်းက ဟိုတစ်ချိန်ဘဝတုန်းက နာရဒရှင်ရသေ့ အင်မတန် စွဲလမ်းခဲ့တဲ့ ပြည့်တန်ဆာမ ဖြစ်ခဲ့ဖူးတယ်။ ဒီလိုဆိုလျှင် သတ္တဝါတွေဟာ ဘဝတစ်ခုနှင့် တစ်ခုမှာ အကြောင်းဆက်နေတဲ့အတွက် စွဲလမ်းချက်တွေဟာ ကြောက်မက်ဖွယ် မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘဝတစ်ခုမှာ စွဲလမ်းခဲ့တဲ့ အစွဲအလမ်းသည် ဒီရဟန်းဘဝအထိ ပျောက်ပျက်သွားသလား? မပျောက်ပျက်သေးဘူး။ သိပ်ကြောက်ဖို့ကောင်းတယ်။

သာလိဿရော = သာလိဿရရှင်ရသေ့သည်ကား။ သာရိပုတ္တော = အရှင်သာရိပုတြာမထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ မေဏ္ဍိဿရော = မေဏ္ဍိဿရရှင်ရသေ့သည်။ ကဿပေါ = အရှင်မဟာကဿပမထေရ် မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ ပဗ္ဗတော = ပဗ္ဗတရှင်ရသေ့သည်။ အနုရုဒ္ဓေါ = အရှင်အနုရုဒ္ဓါမထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ ကာဠဒေဝိလော = ကာဠဒေဝိလရှင်ရသေ့သည်ကား။ ကစ္စာယနော = အရှင်မဟာကစ္စည်းမထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ အနုပိယော = အနုပိယရှင်ရသေ့သည်ကား။ အာနန္ဒော = အရှင်အာနန္ဒာမထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ ကိသဝစ္ဆော = ကိသဝစ္ဆရှင်ရသေ့သည်ကား။ မဟာမောဂ္ဂလ္လာနော = အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ သရဘင်္ဂေါ ပန = သရဘင်္ဂရှင်ရသေ့သည်ကား။ အဟမေဝ = ငါဘုရားသည်သာလျှင်။ အဟောသိံ = ဖြစ်ခဲ့လေပြီ။ ဣတိ = ဤသို့လျှင်။ ဇာတကံ = ဇာတ်တော်ကို။ သမောဓာနေသိ = ပေါင်းတော်မူ၏။

ဇာတ်ပေါင်းလိုက်တဲ့ အချိန်အခါမှာ ဣန္ဒြိယဇာတ်ဒေသနာတော်လည်း ပြီးဆုံးသွားပြီ ဖြစ်တယ်။ ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း အခု ဟောဖော်ပြသခဲ့တဲ့ ရှေးသူတော်ကောင်းတို့ရဲ့ ထုံးဟောင်းကို အမှီပြုပြီးတော့ သာသနာတော်မှာ ငြီးငွေ့နေတဲ့ စိတ်ထားတွေ ဖျောက်ဖျက်လျက် စျာန်မဂ်ဖိုလ်တရားတွေကို ရအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါလို့ တိုက်တွန်းရင်း တရားသိမ်းကြရအောင် ---

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။

တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။

သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။

ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။

ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။

ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။

ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။

တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။

ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။

သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။

တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။

အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

(သာဓု သာဓု သာဓု ...)

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

မော်လမြိုင်မြို့နယ်

မွန်ပြည်နယ်။

___________

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရေး ပြဿနာပေါင်းခ...