Skip to main content

သာသနာ့အမွေကို ခံယူခြင်း

သာသနာ့အမွေကို ခံယူခြင်း

ဓမ္မဒါယာဒသုတ္တန် ရှေ့ပိုင်း

ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် သားရတနာ သမီးရတနာ တို့ကို ရရှိလာကြသောအခါ သာသနာ့အမွေကို ခံယူကြမည်ဟု အားခဲထားကြ၏။ သာသနာ့အမွေကို ခံယူချင်သည့်အတွက် အရွယ် ရောက်လာသော သားရတနာ သမီးရတနာတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းကာ ရှင်ရဟန်း ပြုပေးကြ၏။ ဝမ်းအသာကြီး သာကြ၏။ အကြည်နူးကြီး ကြည်နူးကြ၏။ သို့သော် ဤသို့ ရှင်ရဟန်း ပြုကြရာ၌ ဘုရားရှင် နှစ်ခြိုက်တော်မူသည့် သာသနာ့အမွေခံ ဖြစ်ဖို့ကား အလွန် အရေးကြီးလှပေသည်။ သာသနာဝန်ထမ်း ရှင်ရဟန်းတို့သည် ဘုရားရှင်တော်ထံမှ မည်ကဲ့သို့သော အမွေကို ခံယူသင့်သည်ဟူသော အကြောင်းအရာသည်ကား မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ဓမ္မဒါယာဒသုတ္တန်တွင် လာရှိပေသည်။

ဓမ္မဒါယာဒသုတ္တန် ရှေ့ပိုင်း

ဓမ္မဒါယာဒသုတ္တန် ဖြစ်ပေါ်လာပုံ

မူလပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၉၁-၉၂။)က ဤသို့ ရှင်းလင်း တင်ပြထား၏။ ---

သာသနာတော်ဝယ် လာဘ်လာဘတို့ ပေါများလာခြင်း ပူဇော် သက္ကာရပြုမှုတို့ များပြားလာခြင်းကို အကြောင်းခံကာ ဘုရားရှင် သည် ဤ ဓမ္မဒါယာဒသုတ္တန်ကို ဟောကြားတော်မူခြင်း ဖြစ်၏။ ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရားရှင်အားလည်း ကြီးမားလှ သော လာဘ်ပူဇော်သက္ကာရသည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့ပေ၏။ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူခဲ့ပြီးနောက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိတော်မူရန် ရည်သန်တောင့်တ တော်မူကာ ပါရမီတရားအပေါင်းတို့ကို ---

(၁) သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို စွန့်လွှတ်လျက် ဖြည့်ကျင့် ဆည်းပူးတော်မူခြင်းဟူသော ပါရမီ (၁၀)ပါး,

(၂) အင်္ဂါခြေလက်တို့ကို စွန့်လွှတ်လျက် ဖြည့်ကျင့် ဆည်းပူးတော်မူ ခြင်းဟူသော ဥပပါရမီ (၁၀)ပါး,

(၃) အသက်တစ်ချောင်းကိုပင်သော်လည်း စွန့်လွှတ်ကာ ဖြည့်ကျင့် ဆည်းပူးတော်မူခြင်းဟူသော ပရမတ္ထပါရမီ (၁၀)ပါး,

ဤ အပြားသုံးဆယ်ကုန်သော ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့၏။ ထိုပါရမီတော်မြတ်အပေါင်း၏ စွမ်းအားကြောင့် ခပ်သိမ်းသော အရပ်မျက်နှာတို့၌ ထက်အောက် စုန်ဆန် သည်းထန်စွာ ရွာသွန်းနေသော မိုးကြီးကဲ့သို့ အလုံးစုံသော ပါရမီတော်တို့သည် တစ်ခုသော နောက်ဆုံးဘဝ၌ အကျိုးပေးကြ ကုန်အံ့ဟု တစ်ပေါင်းတစ်စုတည်းဖြစ်ကာ လာဘ်ပူဇော်သက္ကာရ တည်းဟူသော မိုးကြီးကို ရွာသွန်းစေခဲ့ကြ၏၊ ဖြစ်ပေါ်စေခဲ့ကြ၏။ ထိုထိုအရပ်ဒေသမှ ဆွမ်းအဖျော်ယမကာအမျိုးမျိုး, ယာဉ်အမျိုးမျိုး, အဝတ်သင်္ကန်းအမျိုးမျိုး, ပန်းနံ့သာ နံ့သာပျောင်းအမျိုးမျိုး, ဆီမီး အမျိုးမျိုးစသည့် လှူဖွယ်ဝတ္ထုအစုစုတွေကို လက်ဝယ်စွဲကိုင်ကြကာ မင်းသူဌေးသူကြွယ်, ပုဏ္ဏားသူဌေးသူကြွယ်, ဂဟပတိသူဌေးသူကြွယ် စသည့် အလှူရှင်တို့သည် ဘုရားရှင် ရှိတော်မူရာ အရပ်သို့ လာ ရောက်ကာ ဗုဒ္ဓဘုရားရှင်သည် အဘယ်မှာနည်း? ဘုန်းတော်ကြီး မြတ်တော်မူသော ဘုရားရှင်သည် အဘယ်မှာနည်း? လူတွင် လူမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်မှာနည်း? ဤသို့စသည့် မေးခွန်းတို့ကို ဦးထိပ်ရွက်ပန်ဆင်ကာ ဘုရားရှင်၏ အထံတော်သို့ ချဉ်းကပ်လာကြ၏။ လှည်းအစီးပေါင်း အရာတို့ဖြင့်သော်လည်း ပစ္စည်းတို့ကို သယ်ဆောင်ကာ လှူဒါန်းဖို့ရန် အခွင့်အလမ်းကို မျှော်လင့်စောင့်စားပြီး နေကြရ၏။ လှူဒါန်းခွင့်ကို မရရှိကြသည့်အခါ ဘုရားရှင်သီတင်းသုံးတော်မူရာ ကျောင်းတိုက် ဝန်းကျင်ဝယ် တစ်ဂါဝုတ် ပမာဏမျှလောက်သော အရပ်သို့တိုင်အောင်သော်လည်း လှည်းဦးတစ်ခုဖြင့် လှည်းဦးတစ်ခုကို ထိကာ လှူခွင့်ကို စောင့်ဆိုင်းကာ ရပ်တည်နေကြရ၏။ တချို့ကား ဘုရားရှင် ဒေသစာရီ ကြွချီတော်မူရာနောက်သို့ အစဉ်တစိုက် လိုက်ပါကာ လှူဒါန်းနိုင်မည့် အခွင့်အလမ်းကို စောင့်မျှော်နေကြရ၏။ ထိုကဲ့သို့ လာဘ်ပူဇော်သက္ကာရ များပြားမှုမှာ ဘုရားရှင်မှာသာ မဟုတ်သေးဘဲ ရဟန်းသံဃာအပေါင်းမှာလည်း အလားတူပင် ပေါများခဲ့၏။ ထိုသို့ လာဘ်ပူဇော်သက္ကာရများပြားမှုနှင့် ဆက်စပ်ကာ အချို့အချို့သော ပါဠိတော်များဝယ် ဤကဲ့သို့ ဖေါ်ပြထားပေသည်။ ---

ထိုအခါဝယ် ဘုရားရှင်သည် လူများအပေါင်း၏ အရိုအသေ ပြုမှုကို ခံယူရ၏၊ လေးစားမှုကို ခံယူရ၏၊ မြတ်နိုးမှုကို ခံယူရ၏၊ ပူဇော်မှုကို ခံယူရ၏၊ ပသမှုကို ခံယူရ၏၊ ဆွမ်း သင်္ကန်း ကျောင်းနှင့် သူနာ၏ အကြောင်းအထောက်အပံ့ဖြစ်သော ဆေးပစ္စည်း ပရိက္ခရာ တို့ကို ရလေ့ရှိတော်မူ၏။ (ခု၊၁၊၈၉။)

ချစ်သား စုန္ဒ ...ယခုအခါမှာ အကြင်မျှလောက်သော အတိုင်းအရှည်ဖြင့် သံဃာအဖွဲ့အစည်းသည်သော်လည်းကောင်း, ဂိုဏ်းအဖွဲ့အစည်းသည်သော်လည်းကောင်း လောကမှာ ထင်ရှား ဖြစ်ပေါ်လာ၏၊ ချစ်သား စုန္ဒ ...ငါဘုရားရှင်၏ သာသနာတွင်း ရဟန်းသံဃာမှာကဲ့သို့ လာဘ်လာဘ၏ အထွတ်အထိပ်သို့ ရောက်ရှိ နေသော, ထင်ရှားကျော်ကြားမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေ သော, အခြံအရံများပြားမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော အခြားအခြားသော တစ်ခုသော သံဃာအဖွဲ့အစည်းကိုသော်လည်း ငါဘုရားရှင်သည် မြင်တော်မမူပေ။ (ဒီ၊၃၊၁၀၄။)

---

ရဟန်းသံဃာတော်၏ လာဘ်လာဘ ပေါများမှု

ဘိက္ခူနမ္ပိ ယေဘုယျေန ကပ္ပသတသဟဿံ တတော ဘိယျောပိ ပူရိတဒါနပါရမိသဉ္ဇယတ္တာ တဒါ မဟာ လာဘသက္ကာရော ဥပ္ပဇ္ဇိ။ (မ၊ဋီ၊၁၊၁၈၀။)

= ရဟန်းသံဃာတို့အားလည်း များသောအားဖြင့် ကမ္ဘာ တစ်သိန်းတို့ ကာလပတ်လုံးသော်လည်းကောင်း ထိုထက် အလွန်သော်လည်းကောင်း ဖြည့်ကျင့်ဆည်းပူး စုဆောင်းအပ်ပြီးသော ဒါန ပါရမီတရားအပေါင်း၏ စွမ်းအားကြောင့် ထိုအခါဝယ် များပြားလှ သော လာဘ်ပူဇော်သက္ကာရသည် ဖြစ်ပေါ်ခဲ့ပေ၏။ (မ၊ဋီ၊၁၊၁၈၀။)

ဤနေရာဝယ် လာဘ်လာဘပေါများမှုကို ခေတ္တရပ်နားပြီးလျှင် သာဝကတို့ ဖြည့်ကျင့်ရမည့်ပါရမီနှင့် ပါရမီဖြည့်ကျင့်ရာ အချိန်ကာလ အကြောင်းကို ဆက်လက်ပြီး ဆွေးနွေး တင်ပြလိုပေသည်။ ---

---

ပါရမီအကြောင်း သိကောင်းစရာ

ပါရမီဖြည့်ကျင့်တော်မူရာ အချိန်ကာလ

တသ္မာ ပစ္စေကဗုဒ္ဓဗုဒ္ဓသာဝကာနံ သဗ္ဗေသံ ပတ္ထနာ စ အဘိနီဟာရော စ ဣစ္ဆိတဗ္ဗော။ (အပဒါန၊ဋ္ဌ၊၁၊၁၅၅။)

ဤအဋ္ဌကထာအရ ဘုရားရှင်၏ တပည့်သာဝကအားလုံးတို့ အား ---

(၁) မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်တော်မြတ်ကို ဆုတောင်း ပန်ထွာခြင်း = ပတ္ထနာကိုလည်းကောင်း,

(၂) မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးတတ်သည့် ပါရမီတရားအပေါင်းတည်း ဟူသော အဘိနီဟာရကိုလည်းကောင်း အလိုရှိအပ်ပေသည်။

ဣမေသံ ပန သဗ္ဗေသမ္ပိ အဓိကာရော စ ဆန္ဒတာတိ ဒွင်္ဂသမန္နာဂတောယေဝ အဘိနီဟာရော ဟောတိ။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)

ဘုရားရှင်၏ တပည့်သာဝကအားလုံးတို့အား ---

(၁) အဓိကာရကောင်းမှုကုသိုလ်ရှိခြင်း,

(၂) မိမိမျှော်မှန်းထားသည့် ဗောဓိဉာဏ်ကို လိုလားတောင့်တသည့် ဆန္ဒဓာတ်ပြင်းပြခြင်း ---

ဟူသော အင်္ဂါရပ်နှစ်ပါးနှင့် ပြည့်စုံပါမှသာလျှင် အဘိနီဟာရ = မိမိ လိုလားတောင့်တသည့် ဗောဓိဉာဏ်သို့ရောက်အောင် ရှေးရှု သယ်ဆောင်ပေးသည့် ပါရမီတရားအပေါင်းနှင့် ပြည့်စုံသည် မည်ပေ သည်။

ထိုကြောင့် ဘုရားရှင်၏ တပည့်သာဝကတို့သည် အထက်ပါ အဓိကာရကောင်းမှုကုသိုလ်နှင့် ဆန္ဒဓာတ်တည်းဟူသော ပါရမီတရား အပေါင်းကို ရှေးဦးစွာ ဖြည့်ကျင့်ဆည်းပူးတော်မူရမည် ဖြစ်ပေသည်။

---

အဓိကာရကောင်းမှုကုသိုလ်

ဤအရာဝယ် အဓိကာရကောင်းမှုကုသိုလ်အကြောင်းကို ဆက် လက်ပြီး ရှင်းလင်း တင်ပြလိုပေသည်။ ဘုရားရှင်၏ တပည့်သာဝက တို့မှာလည်း ---

(၁) အဂ္ဂသာဝက

(၂) မဟာသာဝက

(၃) ပကတိသာဝကဟု သုံးမျိုးသုံးစား ရှိကြ၏။

ထိုသုံးမျိုးတို့တွင် ---

(၁) အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်တို့ကဲ့သို့သော အဂ္ဂသာဝကတို့သည် အဂ္ဂသာဝကဗောဓိဉာဏ် ရရှိရေးအတွက် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး,

(၂) အရှင်မဟာကဿပ, အရှင်အနုရုဒ္ဓါ, အရှင်မဟာကစ္စည်း, အရှင်အာနန္ဒာ အစရှိကုန်သော မဟာသာဝကကြီးတို့သည် မဟာသာဝကဗောဓိဉာဏ် ရရှိရေးအတွက် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး,

(၃) ပကတိသာဝကတို့သည် အဘိနီဟာရတရားတို့ ပြည့်စုံလုံ လောက်သည့် ဘဝတို့ကာလပတ်လုံး

မိမိတို့ မျှော်မှန်းထားသည့် လိုလားတောင့်တသည့် အဂ္ဂသာ ဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝကဗောဓိ ဉာဏ်ဟူသည့် ဗောဓိဉာဏ်အသီးအသီးသို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးနိုင်သည့် အဘိနီဟာရတည်းဟူသော ပါရမီတရား အပေါင်းကို ဖြည့်ကျင့်ဆည်းပူးတော်မူကြရမည် ဖြစ်ပေသည်။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)

ဤသာဝက သုံးမျိုးတို့တွင် အဂ္ဂသာဝက, မဟာသာဝကနှင့် အချို့အချို့သော ပကတိသာဝကတို့သည် မိမိတို့ လိုလားတောင့်တ ထားသည့် သို့မဟုတ် ဆုတောင်းပန်ထွာထားသည့် ဗောဓိဉာဏ် အသီးအသီးသို့ ဆိုက်ရောက်တော်မူသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ တစ်ပါတည်း ရရှိတော်မူကြပေသည်။ ထို သူတော် ကောင်း တို့၏ ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းမှုတို့ကို ဖြစ်ပေါ်စေ တတ်သော အကြောင်းတရားတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၂။ အဘိ၊ဋ္ဌ၊၂၊၃၇၂။) တို့တွင် အောက်ပါအတိုင်း ဖေါ်ပြထားကြပေသည်။

---

ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းဖို့ရန် အကြောင်းတရားများ

(၁) အဓိဂမ = အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခြင်း,

(၂) ပရိယတ္တိ = ဘုရားရှင်၏ တရားစကားတော်ကို သင်ယူခြင်း,

(၃) သဝန = အရိုအသေ အလေးအမြတ်ပြုကာ တရားတော်ကို နာယူခြင်း,

(၄) ပရိပုစ္ဆာ = ပါဠိအဋ္ဌကထာ စသည်တို့၌ ခက်ခဲသော အထုံး အဖွဲ့ အနက်ပုဒ်တို့၏ အဆုံးအဖြတ်ကို သင်ယူ ခြင်း, သို့မဟုတ် အဋ္ဌကထာကို သင်ယူခြင်း, (အဘိ၊ဋ္ဌ၊၂၊၃၇၂။)

(၅) ပုဗ္ဗယောဂ ဟု ---

ပြုသင့် ပြုထိုက်သည့် အဘိနီဟာရတရား (၅)မျိုးကို ဖေါ်ပြ ထားကြ၏။ ထိုတွင် ပုဗ္ဗယောဂနှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ရှင်းလင်း တင်ပြထားပေသည်။

ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ယာဝ အနုလောမံ ဂေါတြဘုသမီပန္တိ သင်္ခါရုပေက္ခာဉာဏမာဟ။ (မဟာဋီ၊၂၊၈၄။)

ပုဗ္ဗယောဂ မည်သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော် အတွင်းဝယ် ---

(၁) ဆွမ်းခံရွာသို့ ဆွမ်းခံသွားရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် = ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်လျက် သွားခြင်း,

(၂) ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် = ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်လျက် ပြန်လာခြင်း -

ဟူသော ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်လျက် အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါးဝယ် တည်ရှိသည့် သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်ခြင်းကို ဆိုလိုပေသည်။

သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးကား --- ပုဗ္ဗယောဂေါ နာမ ပုဗ္ဗယောဂဝစရတာ အတီတဘဝေ ဟရဏပစ္စာဟရဏနယေန ပရိဂ္ဂဟိတကမ္မဋ္ဌာနတာ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။) = ပုဗ္ဗယောဂမည်သည် လွန်လေပြီးသော ဘဝက ဆွမ်းခံ အသွားအပြန်ဝယ် သိမ်းဆည်း အပ်ပြီးသည့် ကမ္မဋ္ဌာန်းတရား ရှိခြင်းဟူသည့် ရှေးရှေးဘဝက ကမ္မဋ္ဌာန်းလေ့ကျင့်ခဲ့ဖူးခြင်းကို ဆိုလိုသည်ဟု ရှင်းပြထားပေသည်။ ရှေးရှေးဘဝဟုသာ ဆို၏၊ ရှေးရှေးဘုရားရှင်တို့၏ သာသနာဟု မဖွင့် ဆိုပေ။ ဝိပဿနာဉာဏ်စဉ်ကိုလည်း မည်ရွေ့မည်မျှဟု ပိုင်းခြား သတ် မှတ်မှု မရှိပါ။

ယခုပြောခဲ့သည့် ပုဗ္ဗယောဂဟူသည့် အင်္ဂါရပ်နှင့် ပြည့်စုံနေသော သာဝကတစ်ဦးသည် ---

(၁) ရုပ်တရား, နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ထွင်းဖောက်သိမြင်ခြင်း = နာမရူပပရိစ္ဆေဒဉာဏ် = ဒုက္ခသစ္စာ၌ သိသော ဉာဏ်,

(၂) ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူတတ် သိမ်းဆည်းတတ်သော, ဟုတ်တိုင်းမှန်စွာသိသော ပစ္စယပရိဂ္ဂဟဉာဏ် = သမုဒယသစ္စာကို သိသော ဉာဏ်,

(၃) ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ = သင်္ခါရတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်တတ်သော ဝိပဿနာဉာဏ် (အဘိ၊ဋ္ဌ၊၂။၃၇၂။) သို့မဟုတ် (သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော) ဝိပဿနာဉာဏ် --- (ဝိသုဒ္ဓိ၊၂၊၇၂။)

ဤ (၃)မျိုးသော ဉာဏ်တို့ကို ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်းကတည်းက သို့မဟုတ် ရှေးရှေး ဘဝတည်းက ရရှိခဲ့ပြီးဖြစ်သည်ဟူသည့် အချက်ကိုကား မှတ်သားထားပါ။ နောက်တစ်ခု အနေဖြင့် ဆွမ်းခံ အသွားအပြန်တို့တွင် ကမ္မဋ္ဌာန်းတရားကို ပွားများ အားထုတ်သည်ဆိုသည့် စကားကို ကြည့်မည်ဆိုပါက ရဟန်းဘဝဖြင့် ပါရမီဖြည့်ကျင့်သည်ဟူသော အချက်သည်လည်း ပေါ်လွင်နေပေသည်။

ယခု တင်ပြခဲ့သည့် အင်္ဂါရပ် (၅)ချက်တို့သည်ကား ပဋိသမ္ဘိဒါ ဉာဏ် သန့်ရှင်းစင်ကြယ်ရေးအတွက် ဖြည့်ကျင့်ရမည့် အင်္ဂါရပ်တို့ပင် ဖြစ်ကြပေသည်။ ဤအင်္ဂါရပ်တို့တွင် --- အမှတ် (၁) အဓိဂမဆိုသည့် အင်္ဂါရပ်သည် ပဋိသမ္ဘိဒါဉာဏ်တို့ကို ရရှိမည့် နောက်ဆုံးဘဝတွင် ပြည့်စုံ ရမည့် အင်္ဂါရပ်ပင် ဖြစ်ပေသည်။ အမှတ် (၂) ပရိယတ္တိ, အမှတ် (၃) သဝန, အမှတ် (၄) ပရိပုစ္ဆာ အင်္ဂါရပ်တို့သည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတွင်းမှာရော သို့မဟုတ် လွန်လေပြီးသည့် အတိတ် ဘဝတွေမှာရော နောက်ဆုံး ပဋိသမ္ဘိဒါဉာဏ်တို့ကို ရရှိမည့် ဘဝမှာပါ ဖြည့်ကျင့်ရမည့် အင်္ဂါရပ်များ ဖြစ်ကြပေသည်။ အမှတ် (၅) ပုဗ္ဗယောဂ အင်္ဂါရပ်သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတွင်းကတည်းက သို့မဟုတ် လွန်လေပြီးသည့် အတိတ်ဘဝများ ကတည်းက ဖြည့်ကျင့်ဆည်းပူးရမည့် အင်္ဂါရပ် ဖြစ်ပေသည်။

ပရိယတ္တိ, သဝန, ပရိပုစ္ဆာ, ပုဗ္ဗယောဂဆိုသည့် အင်္ဂါရပ်တို့ကို အဓိကာရကောင်းမှုကုသိုလ်များဟု ခေါ်ဆိုပေသည်။ ဤအဓိကာရ ကောင်းမှုကုသိုလ်ဟု ခေါ်ဆိုသည့် ပါရမီမျိုးစေ့တို့သည် မိမိတို့ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်အသီးအသီးကို ရရှိရေး အတွက် ပြုလုပ်သင့် ပြုလုပ်ထိုက်သည့်, ဆည်းပူးသင့် ဆည်းပူး ထိုက်သည့်, ဖြည့်ကျင့်သင့် ဖြည့်ကျင့်ထိုက်သည့် ပါရမီမျိုးစေ့ဆိုသည့် လုပ်ငန်းရပ်များပင် ဖြစ်ကြပေသည်။ ဤကဲ့သို့ ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်သည့် အပိုင်းဝယ် မိမိမျှော်လင့်ထားသည့် အသီးအသီးသော ဗောဓိဉာဏ်တော်မြတ်ကို လိုလားတောင့်တသည့် အာသာဆန္ဒဓာတ် အပြည့်အဝဖြင့် ဖြည့်ကျင့်ဆည်းပူးရမည် ဖြစ်ပေ သည်။ တစ်နည်းဆိုရသော် ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် လုပ်ငန်းရပ် တို့ကို ပြုလုပ်ချင်သည့် စိတ်ဓာတ် အပြည့်အဝဖြင့် ပြုလုပ်လိုသည့် ပြုလုပ်ချင်သည့် ဆန္ဒဓာတ်ကို ရှေ့သွားပြုကာ မိမိလိုလားတောင့်တ ထားသည့် ဗောဓိဉာဏ်တော်မြတ်ပန်းတိုင်သို့ ရောက်သည့်တိုင်အောင် ပြုလုပ်ရမည် ဖြစ်ပေသည်။

ဤကဲ့သို့ ပြုကျင့်ပါမှလည်း ----

(၁) အဓိကာရကောင်းမှုကုသိုလ်ရှိခြင်း,

(၂) ပြင်းပြသော ဆန္ဒဓာတ်ရှိခြင်း

ဟူသည့် သာဝကပါရမီဉာဏ်အတွက် လိုအပ်သည့် ဤအင်္ဂါရပ် နှစ်ပါးနှင့် ပြည့်စုံမည် ဖြစ်ပေသည်။

---

သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်

ပရိယတ္တိ-သဝန-ပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ ဣမေ ပန ဒွေပိ ဧကတော ဟုတွာ ပဋိသမ္ဘိဒါ ဥပတ္ထမ္ဘေတွာ ဝိသဒါ ကရောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

ယခုတင်ပြခဲ့သည့် အကြောင်းတရား (၅)မျိုးတို့တွင် ပရိယတ္တိ, သဝန, ပရိပုစ္ဆာဆိုသည့် ဤအင်္ဂါရပ် (၃)မျိုးကား ပဋိသမ္ဘိဒါဉာဏ်တို့၏ ထူးထွေကွဲပြားမှု အဆင့်အတန်း မြင့်မားမှု အဆင့်အတန်း မမြင့်မားမှုတို့၏ အားကြီးသော မှီရာအကြောင်းတရားတို့ ဖြစ်ကြသည်။ ပုဗ္ဗယောဂဟူသော အင်္ဂါရပ်သည်ကား အဓိဂမဟုခေါ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိဖို့ရန်အတွက် အားကြီးသော အကြောင်း တရားလည်း ဖြစ်သည်။ ပဋိသမ္ဘိဒါဉာဏ်တို့၏ ထူးထွေကွဲပြားဖို့ရန် အတွက် အကြောင်းတရားလည်း ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

ဤ အကြောင်းတရားတို့တွင် ပရိယတ္တိ, သဝန, ပရိပုစ္ဆာဆိုသည့် အကြောင်းအင်္ဂါရပ် (၃)မျိုးတို့သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်အတွင်းဝယ် သို့မဟုတ် လွန်လေပြီးသည့် အတိတ်ဘဝတို့ဝယ် ပြုစု ပျိုးထောင် စုဆောင်းခဲ့မှု ရှိချင်လည်း ရှိကြပါစေ၊ မရှိချင်လည်း မရှိကြပါစေ၊ ပုဗ္ဗယောဂဆိုသည့် အကြောင်းတရားသည်ကား ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်အတွင်းမှာသော်လည်းကောင်း, ယခုဘုရားရှင်၏ သာသနာတော်အတွင်းမှာသော်လည်းကောင်း ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တလက္ခဏာယာဉ် သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်ခြင်း ဝိပဿနာ သမ္မသနလုပ်ငန်းရပ်နှင့်ကင်း၍ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိခြင်းမည်သည် မရှိစကောင်းပေ။

(၁) ပုဗ္ဗယောဂရှိခြင်း,

(၂) အဓိဂမ = မဂ်ဖိုလ် နိဗ္ဗာန်ကို ရရှိခြင်း,

ဤအကြောင်းတရားနှစ်မျိုးတို့ တစ်ပေါင်းတည်း ဖြစ်ပေါ်လာပါမှ ယင်းအကြောင်းတရားတို့က အားပေးထောက်ပံ့လိုက်သည့် အခါဝယ် ပဋိသမ္ဘိဒါဉာဏ်တို့သည် သန့်ရှင်းလာကြပေသည်။ ဤ အကြောင်းတရားနှစ်မျိုးတို့က ပဋိသမ္ဘိဒါဉာဏ်တို့ကို သန့်ရှင်းအောင် ပြုလုပ်ပေးကြပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

သို့သော် အရိယသာဝကတိုင်းသည် ပဋိသမ္ဘိဒါဉာဏ်ကို ရရှိနိုင်ပါသလားဟူ၍ မေးစရာရှိပေသည်။ အောက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ကြည့်ပါလေ ----

အရိယသာဝကော နော ပဋိသမ္ဘိဒါပတ္တော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)

ပဋိသမ္ဘိဒါဉာဏ်သို့ မရောက်ရှိသော = ပဋိသမ္ဘိဒါဉာဏ်ကို မရရှိသော အရိယာသူတော်ကောင်းမည်သည် မရှိစကောင်းပေ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)

---

ပဋိသမ္ဘိဒါဉာဏ်တော်လေးပါး

အထက်ပါအဋ္ဌကထာ၏ ဖွင့်ဆိုချက်မှာ ဝိဘင်းပါဠိတော်တွင် လာရှိသော သစ္စဝါရ ဒေသနာတော်စသည့် ဒေသနာတော်များကို ရည်ညွှန်းထားပေသည်။ သစ္စဝါရဒေသနာတော်၌ ဘုရားရှင်က ပဋိသမ္ဘိဒါဉာဏ်တော်များကို အောက်ပါအတိုင်း ဟောကြားထားတော်မူပေသည် ----

ဒုက္ခေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခသမုဒယေ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇။)

၁။ ဒုက္ခသစ္စာ၌ သိသော ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏။

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိသော ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏။

၃။ ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိသော ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏။

၄။ ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်း ကျင့်စဉ် (= မဂ္ဂသစ္စာ)၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏။

ထိုအတ္ထ + ဓမ္မတို့၌ အခေါ်အဝေါ်အသုံးအနှုန်း၌ သိသော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏။

ထို အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို တစ်ဖန်ပြန်၍ သိသော ဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏။ (အဘိ၊၂၊၃၀၇။)

ဤအထက်ပါ ပဋိသမ္ဘိဒါဉာဏ်တို့တွင် သစ္စာလေးပါးတို့ကို ထိုးထွင်းသိသော ဉာဏ်တို့သည် အတ္ထပဋိသမ္ဘိဒါဉာဏ် ဓမ္မပဋိသမ္ဘိဒါဉာဏ်တို့ ဖြစ်ကြသည်ဆိုသည့် အချက်ကိုလည်း မှတ်သားထားပါလေ။

---

ဝဋ္ဋသစ္စာနှင့် ဝိဝဋ္ဋသစ္စာ

တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

= ထိုသစ္စာလေးပါးတို့တွင် ရှေးဖြစ်ကုန်သော ဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်မျိုးတို့ကား သံသရာဝဋ်၌ လည်ပတ်နေသော ဝဋ္ဋသစ္စာတည်း။ နောက်ဖြစ်ကုန်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်တည်းဟူသော နိရောဓသစ္စာနှင့် ယင်းနိရောဓသစ္စာကို ထွင်းဖောက်သိမြင်သော အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးတည်းဟူသော ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတို့ကား သံသရာဝဋ်မှ ကင်းရာ ချုပ်ရာဖြစ်သည့် ဝိဝဋ္ဋသစ္စာတည်း။ ထို ဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာဖြစ်သည့် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ တရားစုတို့၌ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်း အမှုကို ပြုလုပ်ရမည် ဖြစ်သည်။ ဝိဝဋ္ဋသစ္စာ တရားနှစ်မျိုးတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းသည် မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

---

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ

အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ လာရှိသည့်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ဒုက္ခသစ္စာ တရားစုနှင့် သမုဒယသစ္စာ တရားစုတို့ကို ဝိပဿနာရှုပွား ရမည် ဖြစ်ပေသည်။ ဤ ဝဋ္ဋသစ္စာ တရားနှစ်ပါးတို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဓမ္မတို့ ဖြစ်ကြပေသည်။

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

= အနိစ္စာ စသည်တို့၏ အစွမ်းဖြင့် အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ဒုက္ခသစ္စာဓမ္မ + သမုဒယသစ္စာဓမ္မတို့ကို ရှုပွားတတ်သောကြောင့် ဝိပဿနာ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

ဤ အထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်အရ ဝိပဿနာဟူသည် ဒုက္ခသစ္စာဓမ္မနှင့် သမုဒယသစ္စာဓမ္မတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဆိုလိုပေသည်။

သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။မ၊၁၊၈၂။)

ဤအထက်ပါ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် မဟာသတိပဋ္ဌာန သုတ္တန်စသည့် ထိုထို ဒေသနာတော်တို့တွင် လာရှိသည့်အတိုင်း ---- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ (= ကိုယ်တွင်း), ဗဟိဒ္ဓ (= ပြင်ပ), ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟူသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါန်တို့၏ အာရုံ ဖြစ်ကြသည့် ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့သည် ဒုက္ခသစ္စာတရားများ ဖြစ်ကြ၏။

အင်္ဂုတ္တရနိကာယ် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈၊၊) ၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ကြောင်း + ကျိုး = ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားများသည်, (တစ်နည်းဆိုရသော်) -- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အကြောင်းတရား ငါးပါးတို့သည် သမုဒယသစ္စာတရားများ ဖြစ်ကြ၏။

ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ-ဟူသည့် သမုဒယသစ္စာတရားတို့ကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသည့် အကျိုး ဒုက္ခသစ္စာ တရားများ ထင်ရှားဖြစ်ပုံကို ရှေးဦးစွာ ဝိပဿနာမရှုမီ ကြိုတင်ပြီး ရှုထားရမည် ဖြစ်ပေသည်။

ဤ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့သည် ဝိပဿနာဉာဏ်ဖြင့် အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန်တင်ကာ ကြိတ်ခြေရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဝဋ္ဋသစ္စာတရားများ ဖြစ်ကြပေသည်။

ယောဂီပုဂ္ဂိုလ်က ဝိပဿနာနယ်ထဲသို့ ရောက်ရှိသွားသည့်အခါ ဥဒယဗ္ဗယဉာဏ်ပိုင်းသို့လည်း ရောက်ရှိသည့်အခါ ---

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)

စသည်ဖြင့် မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်တွင် ဘုရားရှင် ညွှန်ကြားထားတော်မူသည့်အတိုင်း အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသည့် အကြောင်းသမုဒယသစ္စာတရားများ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားများ ထင်ရှား ဖြစ်ပေါ်လာပုံကိုသာ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရသည် မဟုတ်သေး။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စသည့် အကြောင်း သမုဒယသစ္စာတရားတို့သည် အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည်လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ နောက်ထပ် တစ်ဖန် ဘယ်သောအခါမှ မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်း မြင်အောင် ရှုရမည် ဖြစ်ပေသည်။

ယင်းသို့ အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုသဘောကိုလည်း နိရောဓသစ္စာ (= လောကီ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သည့် နိရောဓသစ္စာ)ဟု တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။)မှာပင် ဘုရားရှင်သည် ဟောကြားထား တော်မူပေသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၆၇။)နှင့် ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ (မဟာဋီ၊၂၊၄၂၁။)တို့ကလည်း ပုံစံတူ ထပ်မံ ဖွင့်ဆိုထားကြ ပေသည်။

ယခု တင်ပြခဲ့သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟု ခေါ်ဆိုအပ်သည့် သင်္ခါရတရားတို့၏ ဖြစ်ခြင်း + ပျက်ခြင်း ဥဒယဗ္ဗယ ကို ရှုမြင်တတ်သည့် ဝိပဿနာဉာဏ်အခိုက် ဖြစ်ပေါ်သွားကြသည့် မဂ္ဂင်တရားကိုယ်များကိုလည်း လောကီမဂ္ဂသစ္စာဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၆၈။)တွင် ဆက်လက် ဖွင့်ဆိုထားပေ သည်။

ယောဂါဝစရပုဂ္ဂိုလ်သည် လောကုတ္တရာမဂ္ဂသစ္စာ အမည်ရသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို လောကုတ္တရာမဂ္ဂသစ္စာဖြစ်သည့် အရိယမဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုနိုင်ရေးအတွက် ယခုတင်ပြခဲ့သည့် လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိအပ်သည့် သစ္စာလေးပါးကို ရှေးဦးစွာ ထိုးထွင်းသိအောင် ကြိုးစား အားထုတ်ရမည် ဖြစ်ပေသည်။

ယခု တင်ပြခဲ့သည့် လောကီဝိပဿနာဉာဏ်တွေကို ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်းမှာ သို့မဟုတ် ယခုဘုရားရှင်၏ သာသနာတွင်း လွန်လေပြီးသည့် အတိတ်ဘဝတို့တွင် အထိုက် အလျောက် ဖြည့်ကျင့်နိုင်ခဲ့လျှင် ယင်းဝိပဿနာကို ပုဗ္ဗယောဂ ကျင့်စဉ်ဟု ခေါ်ဆိုပေသည်။ ယင်းပုဗ္ဗယောဂကျင့်စဉ်ကို အဓိကာရ ကောင်းမှုကုသိုလ်ဟုလည်း ခေါ်ဆိုပေသည်။ အဓိကာရကောင်းမှု ကုသိုလ်ရှိခြင်း, နိဗ္ဗာန်ကို လိုလားတောင့်တသည့် ဆန္ဒဓာတ်ပြင်းပြခြင်း ဟူသည့် ဤအင်္ဂါရပ်နှစ်မျိုးသည် သာဝကပါရမီဉာဏ်အရာဝယ် မိမိ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်တော်မြတ်ကို ရရှိရေးအတွက် လိုအပ်သည့် ပါရမီဖြစ်သည်ဟု အထက်တွင် တင်ပြထားသည့် အပဒါန်အဋ္ဌကထာက မိန့်ဆိုနေပေသည်။

သို့သော် လယ်တီဆရာတော်ဘုရားက ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့်တွင် လာရှိသည့် အဋ္ဌကထာ ဋီကာ စကားရပ်များကို ရည်ညွှန်းလျက် သာဝကပါရမီဉာဏ်အရာမှာ အဓိကာရကောင်းမှု ကုသိုလ်အရ ----

(၁) ဝိဇ္ဇာမျိုးစေ့,

(၂) စရဏမျိုးစေ့

နှစ်မျိုးလုံးကိုပင် ဆိုလိုကြောင်းကို မိမိ၏ ပါရမီဒီပနီတွင် ရှင်း လင်းတင်ပြထားပေသည်။

---

ဝိဇ္ဇာမျိုးစေ့နှင့် စရဏမျိုးစေ့

တတ္ထ ဝိဇ္ဇာသမ္ပဒါ ဘဂဝတော သဗ္ဗညုတံ ပူရေတွာ ဌိတာ။ စရဏသမ္ပဒါ မဟာကာရုဏိကတံ။ သော သဗ္ဗညုတာယ သဗ္ဗသတ္တာနံ အတ္ထာနတ္ထံ ဉတွာ မဟာကာရုဏိကတာယ အနတ္ထံ ပရိဝဇ္ဇေတွာ အတ္ထေ နိယောဇေတိ။ ယထာ တံ ဝိဇ္ဇာစရဏသမ္ပန္နော။ တေနဿ သာဝကာ သုပ္ပဋိပန္နာ ဟောန္တိ၊ နော ဒုပ္ပဋိပန္နာ ဝိဇ္ဇာစရဏဝိပန္နာနံ သာဝကာ အတ္တန္တပါဒယော ဝိယ။ (ဝိသုဒ္ဓိ၊၁၊၁၉၇။)

တတ္ထ ယထာ တံ ဝိဇ္ဇာစရဏသမ္ပန္နောတိ ယထာ အညောပိ ဝိဇ္ဇာစရဏသမ္ပန္နော၊ တေန ဝိဇ္ဇာစရဏသမ္ပန္နေဿဝါယံ အာဝေဏိကာ ပဋိပတ္တီတိ ဒေဿတိ။ သာ ပနာယံ သတ္ထု ဝိဇ္ဇာစရဏသမ္ပဒါ သာသနဿ နိယျာနိကတာယ သာဝကာနံ သမ္မာပဋိပတ္တိယာ ဧကန္တကာရဏန္တိ ဒေဿတုံ တေနဿာတိအာဒိ ဝုတ္တံ။ (မဟာဋီ၊၁၊၂၃၃။)

အထက်ပါ အဋ္ဌကထာ, ဋီကာတို့၏ ဆိုလိုရင်းသဘောတရားမှာ ဤသို့ဖြစ်၏ ----

ဘုရားရှင်သည် ဝိဇ္ဇာ(၈)ပါးတည်းဟူသော ဝိဇ္ဇာတရားနှင့်လည်း ပြည့်စုံတော်မူ၏၊ စရဏတရား (၁၅)ပါးတည်းဟူသော စရဏတရား နှင့်လည်း ပြည့်စုံတော်မူ၏။ ထိုဝိဇ္ဇာတရားနှင့် ပြည့်စုံခြင်း စရဏ တရားနှင့် ပြည့်စုံခြင်းဟူသော နှစ်မျိုးသော ပြည့်စုံခြင်းတို့တွင် ဝိဇ္ဇာ တရားနှင့် ပြည့်စုံခြင်းသည် ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်မြတ်ကို ပြည့်စုံစေ၍ တည်၏ = ပြည့်စုံစေ၏။ ဘုရားရှင်၏ စရဏတရားနှင့် ပြည့်စုံခြင်းသည် မဟာကရုဏာတော်ကို ပြည့်စုံစေ၍ တည်၏ = ပြည့်စုံစေ၏။

ထိုဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် သတ္တဝါအား လုံးတို့၏ အကျိုးရှိမှု + အကျိုးမရှိမှုကို = အကျိုးရှိသည့် လုပ်ငန်းရပ် + အကျိုးမရှိသည့် လုပ်ငန်းရပ်ကို သိရှိတော်မူ၍ မဟာကရုဏာတော်ဖြင့် အကျိုးမရှိသည့် လုပ်ငန်းရပ်ကို ရှောင်ကြဉ်စေ၍ အကျိုးရှိ သည့် လုပ်ငန်းရပ်တို့ကို ယှဉ်စေတော်မူ၏ = ပြုစေတော်မူ၏။

ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူသော အခြားအခြား သော ရှေးရှေးဘုရားရှင်သည်လည်း အကျိုးရှိသည့် လုပ်ငန်းရပ်ကို ယှဉ်စေသကဲ့သို့ = ပြုကျင့်လိုက်နာစေသကဲ့သို့ အလားတူပင် ဤဂေါတမဘုရားရှင်သည်လည်း အကျိုးရှိသည့် လုပ်ငန်းရပ်ကိုသာ = ကျင့်စဉ်ကိုသာ ယှဉ်စေ၏ = လိုက်နာပြုကျင့်စေ၏။

ထိုကဲ့သို့ အကျိုးမရှိသည့် ကျင့်စဉ်ကို ရှောင်ကြဉ်စေခြင်း, အကျိုးရှိသည့် ကျင့်စဉ်ကိုသာ ယှဉ်စေခြင်း = လိုက်နာပြုကျင့်စေခြင်းဖြင့် ထိုဘုရားရှင်၏ တပည့်သာဝကတို့သည် ဝိဇ္ဇာတရား စရဏတရားတို့နှင့် ပြည့်စုံအောင် ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။

ဝိဇ္ဇာတရား စရဏတရား ချို့တဲ့ကုန်သော တိတ္ထိတို့၏ တပည့်သာဝကဖြစ်ကြကုန်သော အတ္တန္တပအစရှိကုန်သော တိတ္ထိငယ်တို့သည် မကောင်းသော အကျင့်ရှိကုန်သည့် ဒုပ္ပဋိပန္နပုဂ္ဂိုလ်တို့ ဖြစ်ကြကုန် သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝကတို့သည်ကား (ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံအောင် ကောင်းမွန်ရိုသေစွာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နေကြသည့် သုပ္ပဋိပန္နပုဂ္ဂိုလ်တို့ ဖြစ်ကြ သောကြောင့်) ကျင့်စဉ်လွဲချော်နေသည့် အကျင့်မကောင်းသည့် ဒုပ္ပဋိပန္နပုဂ္ဂိုလ်တို့ကား မဟုတ်ကြလေကုန်။ (ဝိသုဒ္ဓိ၊၁၊၁၉၇။)

ဘုရားရှင်၏ ယင်းဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံခြင်းသည် သာသနာတော်၏ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း၏ အဖြစ်ကြောင့် တပည့်သာဝကတို့၏ ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံအောင် ကောင်းမွန် မှန်ကန်စွာ ကျင့်ခြင်း သမ္မာပဋိပတ်၏ ဧကန် အကြောင်းတရားပင် ဖြစ်သည်ဟု ညွှန်ပြလို သည့်အတွက် အထက်ပါ စကားရပ်ကို အဋ္ဌကထာက ဖွင့်ဆို ထားတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၂၃၃။)

အထက်ပါ အဋ္ဌကထာအဖွင့် ဋီကာအဖွင့်တို့၌ လာရှိသည့် အတိုင်း ဘုရားရှင်၏ တပည့်သာဝကတို့သည် ဝိဇ္ဇာတရား, စရဏတရားနှင့် ပြည့်စုံအောင် ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူကြသည့် တပည့်သာဝကတို့ ဖြစ်ကြ၏။ သံဃာဂုဏ်တော် (၉)ပါးတို့တွင် သုပ္ပဋိပန္နဂုဏ်တော်သည်လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။

ဝိဇ္ဇာ (၃) ပါး, ဝိဇ္ဇာ (၈) ပါး

ဝိဇ္ဇာ (၃)ပါးကား (= ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ် ဤသုံးပါးကား) ဘယဘေရဝသုတ္တန် (မ၊၁၊၂၆။) ၌ လာရှိပေသည်။

ဝိဇ္ဇာ (၈)ပါးကား အမ္ဗဋ္ဌသုတ္တန် (ဒီ၊၁၊၉၄။)၌ လာရှိပေသည်။

(၁) ဝိပဿနာဉာဏ် = ဒုက္ခသစ္စာအမည်ရသော ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်တရား + နာမ်တရား, သမုဒယသစ္စာအမည်ရသော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စသော အကြောင်းတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တအခြင်းအရာကို ထွင်းဖောက် သိမြင်သောဉာဏ်,

(၂) မနောမယိဒ္ဓိဉာဏ် = စိတ်ဖြင့်ပြီးသော ခန္ဓာကိုယ်ကို အရာအထောင်စသည်ဖြင့် ဖန်ဆင်းနိုင်သောဉာဏ်,

(၃) ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုး မိုးပျံခြင်းစသည့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်,

(၄) ဒိဗ္ဗသောတဉာဏ် = နတ်နားကဲ့သို့ အဝေးအနီးရှိသမျှ အလုံးစုံသော အသံကို အလိုရှိက ကြားသိနိုင်သောဉာဏ်,

(၅) စေတောပရိယဉာဏ် = သူတစ်ပါး၏ စိတ်ကို သိနိုင်သောဉာဏ်,

(၆) ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျောက်၍ သိနိုင်သောဉာဏ်,

(၇) ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေးအနီးရှိသမျှ ရူပါရုံ အမျိုးမျိုးကို အလိုရှိက သိနိုင်သောဉာဏ်,

(၈) အာသဝက္ခယဉာဏ် = အရိယသစ္စာ (၄)ပါးကို အထွတ်အထိပ် သို့ရောက်အောင် ထွင်းဖောက်သိမြင်သော ကိလေသာအာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သည့် အရဟတ္တမဂ်ဉာဏ် ---

ဤ (၈)ပါးတို့ကား ဝိဇ္ဇာ (၈)ပါးတို့ ဖြစ်ကြ၏။ ဤ ဝိဇ္ဇာ (၈)ပါးတို့တွင် အမှတ် (၈) ဝိဇ္ဇာဉာဏ်ဖြစ်သည့် အာသဝက္ခယဉာဏ်သည် သို့မဟုတ် အာသဝက္ခယဉာဏ်နှင့်တကွသော အရိယမဂ်ဉာဏ်သည် အထက်တွင် တင်ပြထားခဲ့သည့် ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းဖို့ရန် အကြောင်းတရားများထဲက အဓိဂမအင်္ဂါရပ်ပင် ဖြစ်ပေသည်။ အမှတ် (၁)ဝိဇ္ဇာဖြစ်သည့် ဝိပဿနာဉာဏ်သည်ကား ပုဗ္ဗယောဂအင်္ဂါရပ် ဖြစ်ပေသည်။ သာဝကပါရမီဉာဏ်အရာဝယ် ယင်း ပုဗ္ဗယောဂအမည်ရသည့် ဝိပဿနာဉာဏ်ဆိုသည့် ဝိဇ္ဇာတရားသည်လည်း လိုအပ်သည့် အဓိကာရကောင်းမှုကုသိုလ်ပင် ဖြစ်ပေသည်။


စရဏတရား (၁၅) ပါး

စရဏတရား (၁၅)ပါးတို့ကား မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် သေခသုတ္တန် (မ၊၂၊၁၇-၁၉။)မှာ လာရှိပေသည်။

(၁) သီလသံဝရ = သီလကို စောင့်စည်းခြင်း,

(၂) ဣန္ဒြိယေသု ဂုတ္တဒွါရတာ = မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးဟူသော ဒွါရ (၆)ပါးမှ ကိလေသာများ မဝင်အောင် သမထ ဝိပဿနာ ဘာဝနာအာရုံ၌ စိတ်ကို သွတ်သွင်းလျက် ထိန်းသိမ်းစောင့်ရှောက်ခြင်း,

(၃) ဘောဇနေမတ္တညုတာ = အစာအာဟာရ၌ အတိုင်းအရှည် ပမာဏကို သိခြင်း, ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲခြင်း,

(၄) ဇာဂရိယာနုယောဂ = ညဉ့်သုံးယာမ် တစ်ယာမ်မျှလောက်သာ ကျိန်းစက်လျက် ရဟန်းတရားကို ပွားများအားထုတ်ခြင်း,

(၅-၁၁) သတ္တ သဒ္ဓမ္မ = သူတော်ကောင်းတရား (၇)ပါး,

(၁၂-၁၅) ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဟူသော ရူပါဝစရစျာန် (၄)ပါး ---

အားလုံးပေါင်းသော် စရဏတရား (၁၅)ပါး ဖြစ်သည်။ သူတော်ကောင်းတရား (၇)ပါးကို ထပ်မံပြီး ရှင်းပြပါမည် ---


သူတော်ကောင်းတရား (၇) ပါး

(၁) သဒ္ဓါ = ရတနာသုံးတန် ကံ ကံ၏အကျိုးတရား စသည်တို့၌ ယုံကြည်ခြင်း,

(၂) ဟိရီ = ဒုစရိုက်တရား, အကုသိုလ်တရားတို့မှ ရှက်ခြင်း,

(၃) ဩတ္တပ္ပ = ဒုစရိုက်တရား, အကုသိုလ်တရားတို့မှ ကြောက်ခြင်း,

(၄) ဗဟုဿုတ = အကြား+အမြင် = ဗဟုဿုတများပြားခြင်း,

(၅) အာရဒ္ဓဝီရိယ = အကုသိုလ်တရားတို့ကို ပယ်ရှားရန်, ကုသိုလ်တရားတို့နှင့် ပြည့်စုံရန် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း (= သမထ + ဝိပဿနာတို့ကို ကြိုးစားအားထုတ်ခြင်း),

(၆) သတိမာ = သတိအားကောင်းခြင်း,

(၇) ပညာ = ဒုက္ခသစ္စာ, သမုဒယသစ္စာအမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တအခြင်းအရာကို ထိုးထွင်းသိမြင်သည့် ဝိပဿနာဉာဏ်နှင့် ပြည့်စုံခြင်း,

ဤ (၇)ပါးတို့ကား သေခသုတ္တန် (မ၊၂၊၁၈-၁၉။)မှာ လာရှိသည့် သူတော်ကောင်းတရား (၇)ပါးတို့ ဖြစ်ကြသည်။ ဤသူတော်ကောင်းတရား (၇)ပါးထဲမှ ဗဟုဿုတအင်္ဂါရပ်ကို ထပ်မံပြီး ရှင်းပြပါမည်။


ဗဟုဿုတအင်္ဂါရပ်

ဗဟုဿုတ = အကြား+အမြင် များပြားခြင်းဆိုသည့် အချက်နှင့် ပတ်သက်၍ ဘုရားရှင်က အောက်ပါအတိုင်း ဟောကြားထားတော်မူပေသည်။

ဗဟုဿုတော ဟောတိ၊ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထာ သဗျဉ္ဇနာ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ (မ၊၂၊၁၉။)

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုပ္ပဋိဝိဒ္ဓါ။ (မ၊ဋ္ဌ၊၂၊၁၅၄၊၊)

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄၊၊)


ဆိုလိုရင်းသဘော

= အကြား+အမြင် ဗဟုဿုတ များပြား၏၊ အကြားအမြင် ဗဟုဿုတကို နှုတ်ငုံဆောင်ထား၏။ အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူသည့် အနက်သဒ္ဒါနှင့် ပြည့်စုံနေသည့် ဘုရားရှင်၏တရားတော်များ ရှိကြ၏။ ထိုတရားတို့သည် ပြည့်ပြည့်စုံစုံနှင့် ထက်ဝန်းကျင် အဘက်ဘက်မှ စင်ကြယ်နေသည့် မြတ်သော ကျင့်စဉ်တို့ကို ဖေါ်ပြနေကြ၏။ ဘုရားရှင်၏ တပည့်သာဝကတစ်ဦးသည် ထိုကဲ့သို့သော တရားတို့ကို နှုတ်ငုံ ဆောင်ထား၏။ ဤသို့ နှုတ်ငုံဆောင်ထားနိုင်သည့် သဘောကိုကား အာဂမသုတဟု ခေါ်ဆိုပေသည်။ ဆရာသမားထံမှ နားဖြင့် နှုတ်ငုံ သင်ယူထားသည့် အကြား ဗဟုဿုတ ဖြစ်ပေသည်။ အထူးအားဖြင့် အထက်ပါ အင်္ဂုတ္တရအဋ္ဌကထာ အဖွင့်အရ အတ္ထအမည်ရသည့် ဒုက္ခသစ္စာတရား = ဥပါဒါနက္ခန္ဓာ (၅)ပါးနှင့် ကာရဏအမည်ရသည့် သမုဒယသစ္စာတရားတို့ကို စိတ်ဖြင့် အဖန်ဖန်အထပ်ထပ် ရှု၏၊ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိ၏။ ဤသို့ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်မှုကိုကား အဓိဂမသုတ = ဉာဏ်အမြင် ဗဟုဿုတဟု ခေါ်ဆိုပေသည်။ ဘုရားရှင်၏ တပည့်သာဝက တစ်ဦးသည် ဤကဲ့သို့သော ဗဟုဿုတ တရားများနှင့် ပြည့်စုံ၏။

ဤစကားရပ်သည် အထူးသဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ရုပ်နာမ် ပရမတ်တရားတို့ကို ပိုင်းခြားသိခြင်း, ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိခြင်းကို ရည်ညွှန်းထား ပေသည်။ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထွင်းဖောက်သိခြင်းကို သို့မဟုတ် ထွင်းဖောက်သိတတ်သည့် ဉာဏ်ကိုပင် ဗဟုဿုတအင်္ဂါရပ်နှင့် ပြည့်စုံသည်ဟု ဆိုလိုသည်။မဇ္ဈိမပဏ္ဏာသအဋ္ဌကထာကလည်း ----

ဣတိ ဣမေ ရူပါရူပဓမ္မာ ဧဝံ ဥပ္ပဇ္ဇိတွာ ဧဝံ နိရုဒ္ဓါတိ သရတိ စေဝ အနုဿရတိ စ၊ သတိသမ္ဗောဇ္ဈင်္ဂံ သမုဋ္ဌာပေတီတိ အတ္ထော။ (မ၊ဋ္ဌ၊၃၊၂၁။)

ဤသို့လျှင် သတိ၏အာရုံကို ဖွင့်ဆိုထားပေသည်။ သတိဆိုသည့် သူတော်ကောင်းတရားကလည်း ရုပ်နာမ်တို့၏ ဤအကြောင်းကြောင့် ဤသို့ ဖြစ်၏၊ ဤအကြောင်းကြောင့် ဤသို့ ချုပ်၏ဟု အမှတ်ရကြောင်းကို ဖွင့်ဆိုထားပေသည်။

ဤသူတော်ကောင်းတရား (၇)ပါးထဲတွင် ဝိပဿနာဉာဏ်ပညာလည်း ပါဝင်နေပေသည်။ ဗဟုဿုတအင်္ဂါရပ်ဖြင့် သိမ်းဆည်းထားသည့် အကြောင်းသမုဒယသစ္စာတရားနှင့် တကွသော ဥပါဒါနက္ခန္ဓာ (၅)ပါး = ဒုက္ခသစ္စာတရားဟု ခေါ်ဆိုအပ်သည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာတို့ကို ဤဝိပဿနာဉာဏ်က ထိုးထွင်း သိနေပေသည်။ ဤသို့ ထိုးထွင်းသိသည့် ပညာကို မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာက (မ၊ဋ္ဌ၊၃၊၂၂။) ဝိပဿနာဉာဏ်များသာမက အရိယမဂ်ဉာဏ်ပါ ပါဝင်ကြောင်းကို ဖွင့်ဆိုထားပေသည်။ ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းဖို့ရန် အကြောင်းတရားများထဲတွင် ဝိပဿနာဉာဏ်များသည် ပုဗ္ဗယောဂအင်္ဂါရပ်ထဲမှာ ပါဝင်ပြီး အရိယမဂ်ဉာဏ်က အဓိဂမအင်္ဂါရပ် ထဲမှာ ပါဝင်နေပေသည်။ ဤနေရာမှာကား ပါရမီအကြောင်းကို ဆွေးနွေးနေသည့်အတွက် ဝိပဿနာဉာဏ်ကို စရဏတရားဖြစ်ကြောင်းကို ပြောလိုရင်း ဖြစ်ပေသည်။

ဤရှင်းလင်းချက်များနှင့်အညီ ဝိပဿနာဉာဏ်သည် စရဏတရား (၁၅)ပါးထဲမှာလည်း ပါဝင်၏၊ ဝိဇ္ဇာတရား (၈)ပါးထဲမှာလည်း ပါဝင်၏ဟု မှတ်သားထားပါလေ။ ဝိဇ္ဇာ - စရဏ နှစ်ဘက်ရတရား ဖြစ်ပေသည်။


ဝိဇ္ဇာနှင့် စရဏ

နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်လိုက်သည့် စရဏတရားတို့ကား လက်ခြေနှင့် တူကြ၏။ လက်ခြေရှိသည့်သူသည် လိုရာအရပ်ကို သွားနိုင်သကဲ့သို့ အလိုရှိရာပစ္စည်းဝတ္ထုကို ကောက်ယူ ကိုင်ယူနိုင်သကဲ့သို့ အလားတူပင် နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်ထားအပ်သည့် စရဏတရားတို့က နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတို့ကို ဟောကြားပြသ ဆိုဆုံးမပေး မည့် ဘုရားအစရှိသော သူတော်ကောင်းတို့နှင့် တွေ့အောင် မိကောင်း ဖကောင်း, မိတ်ကောင်း ဆွေကောင်း, ဆရာကောင်း သမားကောင်း တို့နှင့် တွေ့အောင် ပို့ဆောင်ပေးမည် ဖြစ်သည်။

ဤကဲ့သို့ ဘုရားအစရှိသော သူတော်ကောင်းတို့နှင့် တွေ့ဆုံသည့်အခါ, ဘုရားအစရှိသော သူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတို့ကို နာကြားခွင့် ရရှိသည့်အခါဝယ် ယင်းသစ္စာလေးပါးကို ထွင်းဖောက်သိမြင်နိုင်ဖို့ရန် မိမိ ထူထောင် ထားခဲ့သည့် ဝိဇ္ဇာမျိုးစေ့ဟုဆိုအပ်သည့် ပါရမီတရားတို့က မိမိ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးမည့် အဘိနီဟာရတရားများ ဖြစ်ကြပေသည်။ ဝိဇ္ဇာမျိုးစေ့တို့က သစ္စာလေးပါးကို ထွင်းဖောက်သိမြင်အောင် ရွက်ဆောင်ပေးမှာ ဖြစ်ကြသည်ဟု ဆိုလိုသည်။

လယ်တီဆရာတော်ဘုရားက မိမိ၏ ပါရမီဒီပနီတွင် ဝိဇ္ဇာမျိုးစေ့သာ အောင်မြင်ပြီး စရဏမျိုးစေ့က မအောင်မြင်ခဲ့လျှင်လည်း ဓမ္မပဒ အဋ္ဌကထာ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၁။)မှာ လာရှိသည့် မဟာဓနသူဌေးသား ဇနီးမောင်နှံတို့ကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြောင်းကိုလည်းကောင်း, စရဏမျိုးစေ့သာ အောင်မြင်ပြီး ဝိဇ္ဇာမျိုးစေ့ချို့တဲ့ခဲ့လျှင် မအောင်မြင် ခဲ့လျှင်လည်း စူဠသစ္စကသုတ္တန် (မ၊၁၊၂၈၉-၂၉၉) မဟာသစ္စကသုတ္တန် (မ၊၁၊၂၉၉-၃၁၇) မှာ လာရှိသည့် သစ္စကပရိဗိုဇ်တို့ကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြောင်းကိုလည်းကောင်း ဆုံးဖြတ်ထားပေသည်။

မဟာဓနသူဌေးသား ဇနီးမောင်နှံတို့သည် ပထမအရွယ်တွင် သတိသံဝေဂရကာ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုခဲ့ကြမည် ဆိုလျှင် အမျိုးသားက ရဟန္တာ, အမျိုးသမီးက အနာဂါမ် ဖြစ်နိုင်ကြ၏။ ဒုတိယအရွယ်တွင် ရှင်ရဟန်းပြုကြမည်ဆိုလျှင် အမျိုးသားက အနာဂါမ်, အမျိုးသမီးက သကဒါဂါမ် ဖြစ်နိုင်ကြ သေး၏။ အကယ်၍ တတိယအရွယ်တွင် ရှင်ရဟန်းပြုကြမည် ဆိုလျှင် လည်း အမျိုးသားက သကဒါဂါမ်, အမျိုးသမီးက သောတာပန်တော့ ဖြစ်နိုင်ကြသေး၏။ သူတို့တွင် တည်ရှိနေကြသည့် လုံလောက်သည့် ဝိဇ္ဇာမျိုးစေ့တို့ပင် ဖြစ်ကြ၏။ သို့သော် သူတို့တွင် စရဏမျိုးစေ့တွေက ချို့တဲ့နေခဲ့သည့်အတွက် အချိန်မီ ဘုရားရှင်နှင့် တွေ့ကြုံခွင့်ကို မရခဲ့ ကြပေ။ အရွယ်သုံးပါးကိုလွန်ကာ အလွန်ကြီး အိုမင်းမစွမ်းဖြစ်သည့် အချိန်အခါသို့ ရောက်ရှိကြပါမှ ဘုရားရှင်နှင့် တွေ့ဆုံခွင့်ကို ရခဲ့ကြ၏။ ထိုအချိန်အခါ၌ကား ဘုရားရှင်ထံမှ သစ္စာလေးပါးနှင့်စပ်သည့် တရား စကားတို့ကို ခံယူနိုင်သည့် စွမ်းအင်တို့ ကုန်ခန်းနေကြပြီ ဖြစ်သည့် အတွက် ဘုရားရှင်ကလည်း တရားတော်ကို ဟောကြားပေးတော် မမူခဲ့ပေ။ ဝိဇ္ဇာမျိုးစေ့တွေက လုံလောက်မှုရှိသော်လည်း စရဏမျိုးစေ့ တွေက မအောင်မြင်ခဲ့သည့်အတွက် ဘုရားရှင်၏ သာသနာတော်နှင့် လွဲချော်သွားခဲ့ကြရ၏။

သစ္စကပရိဗိုဇ်သည်ကား စရဏမျိုးစေ့တို့က အောင်မြင်ခဲ့သည့် အတွက် သစ္စာလေးပါးနှင့် စပ်သည့် တရားစကားတို့ကို ဟောကြား ပြသ ဆိုဆုံးမပေးတော်မူမည့် ဘုရားရှင်နှင့် အချိန်မီ လာရောက် တွေ့ဆုံခွင့်ကို ရရှိခဲ့ပေ၏။ သို့ပါသော်လည်း ဝိဇ္ဇာမျိုးစေ့တို့ကို အောင်အောင်မြင်မြင် မထူထောင်ခဲ့မိသည့်အတွက် ဝိဇ္ဇာမျိုးစေ့က ချို့တဲ့ နေသည့်အတွက် ဘုရားရှင်ထံမှ ခန္ဓာငါးပါးကို အနတ္တဖြစ်ကြောင်း ခိုင်ခိုင်မာမာ ဟောကြားပြသမှုကို နာကြားခွင့် ရရှိသော်လည်း သူက အတ္တဖြစ်ကြောင်းကို ပြန်လည်ငြင်းဆိုခဲ့၏။ ခံယူနိုင်သည့်စွမ်းအင် မရှိ ဖြစ်ခဲ့ရ၏။ သို့သော် ဘုရားရှင်ဘက်ကလည်း သစ္စက၏ သန္တာန်မှာ ဝိဇ္ဇာဝါသနာဓာတ်ငွေ့ ကပ်ပါ,ပါစေခြင်း အကျိုးငှာ, ဝိဇ္ဇာပါရမီ မျိုးစေ့တို့ ကိန်းဝပ်တည်ရှိပါစေခြင်း အကျိုးငှာ ရည်သန်တောင့်တတော်မူလျက် အလွန်ရှည်လျားလှစွာသော စူဠသစ္စကသုတ္တန် (မ၊၁၊၂၈၉-၂၉၉။) မဟာသစ္စကသုတ္တန် (မ၊၁၊၂၉၉-၃၁၇။)ဟူသည့် သုတ္တန် ကြီးနှစ်ခုကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူလိုက်၏။ သို့သော် ကျွတ်တမ်း ဝင်မသွားခဲ့ပေ၊ သရဏဂုံပင် ဆောက်တည်မသွားခဲ့ပေ။ သို့သော် ...ယင်းတရားတော်တို့ကို နာကြားခွင့်ရရှိခဲ့သည့်အတွက် သစ္စက၏ စိတ်အစဉ်ဝယ် ခန္ဓာငါးပါးသည် အနတ္တဖြစ်သည်ဟူသော အချက်ကို သဘောကျ လက်ခံသွားခဲ့၏။ သို့သော် မိမိ၏ နောက်လိုက်ဖြစ်ကြသည့် လိစ္ဆဝီမင်းသားတို့၏ ရှေ့မှောက်ဝယ် နှုတ်နှင့် ထုတ်ဖေါ် ဝန်ခံဖို့ရန် ဝန်လေးနေသည့်အတွက် စိတ်ထဲက သဘောကျသော်လည်း နှုတ်ကမူ ထုတ်ဖေါ်ကာ ဝန်ခံမသွားခဲ့ပေ။ စိတ်ထဲက နေ၍ ခန္ဓာငါးပါးသည် အနတ္တဖြစ်ပါသည်ဟု သဘောကျသွားခြင်း သည်ပင် သစ္စကအတွက် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ရန် လုံလောက်သည့် ဝိဇ္ဇာပါရမီမျိုးစေ့ ဖြစ်သွားခဲ့ပေသည်။ (မ၊ဋ္ဌ၊၂၊၁၁၄။ မ၊ ဋ္ဌ၊၂၊၁၉၄။)

ဤကဲ့သို့ အောင်အောင်မြင်မြင် ထူထောင်ခဲ့သည့် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ ဟူသည့် ပါရမီတရားအပေါင်းတို့ကြောင့် ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၂၀၀)ကျော် (၃၀၀) ပတ်ဝန်းကျင်လောက်သို့ ရောက်ရှိချိန်ဝယ် သီဟိုဠ်သာသနာ ခေတ်ဦးပိုင်းလောက်တွင် သီဟိုဠ်ကျွန်းဝယ် ပိဋကသုံးပုံကို နှုတ်ငုံဆောင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ပွားများ အားထုတ်နိုင်ခဲ့သည့်အတွက် မဟာကာဠဗုဒ္ဓရက္ခိတ ဟူသော အမည်ဖြင့် ပဋိသမ္ဘိဒါဉာဏ်တော် လေးပါးတို့ကိုပါ ရရှိတော်မူသည့် ရဟန္တာ အရှင်မြတ်ကြီးတစ်ပါး ဖြစ်သွားတော်မူခဲ့ပေသည်။ (မ၊ဋ္ဌ၊၂၊၁၉၂-၁၉၄။)


ဝိပဿနာသည် နှစ်ဘက်ရ

ယခုတင်ပြခဲ့သည့် အချက်အလက်တို့ကို ကြည့်မည်ဆိုလျှင် ဝိပဿနာဉာဏ်တို့သည် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ နှစ်ဘက်လုံးမှာ ပါဝင်နေသည်ကို တွေ့ရှိနိုင်ပေသည်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ၊ ၆၀။)ဝယ် သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်ကို ယောဂါဝစရ ပုဂ္ဂိုလ်က နှစ်သက်မြတ်နိုးခဲ့လျှင် ဤကဲ့သို့သော သင်္ခါရုပေက္ခာဉာဏ်သည်ပင် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေ နိုင်ကြောင်းကို ဟောကြားထားတော်မူခဲ့ပေသည်။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာကလည်း အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူပြန်သည်။---

ပုထုဇန်ပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာဉာဏ်နှင့်ယှဉ်သော စေတနာ ဟူသော ကံ၏ အားကောင်းသည်၏ အဖြစ်ကြောင့် ထိုကံသည်ပင်လျှင် ကာမသုဂတိ ပဋိသန္ဓေအကျိုးကို ပေးလတ်သော် သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်ခြင်းဟု ဆိုအပ်သော လောဘကိလေသာ သည် အနာဂတ် ကာမသုဂတိပဋိသန္ဓေ၏ အကြောင်းတရား ဖြစ်၏။ လောဘတည်းဟူသော ကိလေသာ အပေါင်းအဖေါ်၏ အားပေး ထောက်ပံ့မှုကို ရရှိသော သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော စေတနာကံသည် ကာမသုဂတိပဋိသန္ဓေ စသော အကျိုးဝိပါက်ကို ဖြစ်စေနိုင်၏။ ထို့ကြောင့် သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်သော စေတနာ ကံသည် အကျိုးဝိပါက်ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်တတ်သော လောဘကိလေသာသည် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရား ဖြစ်၏။ ပ ။

သေက္ခပုဂ္ဂိုလ်တို့တွင် စျာန်ကို မရရှိကြကုန်သော သောတာပန် သကဒါဂါမ်ပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာဉာဏ်နှင့်ယှဉ်သော စေတနာ ဟူသော သင်္ခါရုပေက္ခာကံသည် အကျိုးပေးအပ်သော ကာမသုဂတိ ပဋိသန္ဓေ၏ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော လောဘကိလေသာသည် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်း တရား ဖြစ်၏။ စျာန်ရဖြစ်ကြကုန်သော သောတာပန် သကဒါဂါမ် တို့နှင့် အနာဂါမ်ပုဂ္ဂိုလ်တို့၏ ဗြဟ္မာပြည်၌သာလျှင် ပဋိသန္ဓေယူခြင်း သဘောရှိသောကြောင့် သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော လောဘကိလေသာသည် ယင်း ဗြဟ္မာပဋိသန္ဓေစသော အကျိုးဝိပါက်၏ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း တရားသည် မဖြစ်နိုင်ပေ။ အနုလောမ ဂေါတြဘုဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော စေတနာဟူသော ကံတရားတို့က အကျိုးပေးအပ်သော ပဋိသန္ဓေ၏လည်း ဤသင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်တတ်သော လောဘ ကိလေသာသည်ပင်လျှင် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်သည်ဟု သိရှိပါလေ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

အကယ်၍ အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ လာရှိသည့် အတိုင်း ဝိပဿနာဉာဏ်က ပဋိသန္ဓေအကျိုးကို ပေးခဲ့သော် ယင်းဝိပဿနာဉာဏ်သည် ဝိဇ္ဇာမျိုးစေ့လည်းဖြစ်၍ စရဏမျိုးစေ့လည်း ဖြစ်ပေသည်။ အကယ်၍ ဝိပဿနာဉာဏ်က ပဋိသန္ဓေအကျိုးကို မပေးခဲ့သော် ယင်းဝိပဿနာဉာဏ်မှာ ဝိဇ္ဇာမျိုးစေ့သာ ဖြစ်ပြီး စရဏ မျိုးစေ့ကား မဖြစ်နိုင်ဟု မှတ်သားပါလေ။

ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားတို့ ချို့တဲ့နေသည့် တိတ္ထိတို့၏ တပည့်သာဝကတို့သည် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြပေ။ ထိုကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေးအတွက် ဤဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားအပေါင်းတို့သည် မိမိ လိုလားတောင့်တ နေသည့် ဗောဓိဉာဏ်သို့ရောက်အောင် ရှေးရှုသယ်ဆောင်ပေး နေသည့် အဘိနီဟာရတရားများ ဖြစ်ကြပေသည်။ ဤဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားအပေါင်းတို့ကိုပင် အဓိကာရ ကောင်းမှုကုသိုလ်တရားများဟု ခေါ်ဆိုပေသည်။ ဤအဓိကာရ ကောင်းမှုကုသိုလ်တရားတို့သည် သာဝကတို့ နိဗ္ဗာန်ကို ရရှိရေးအတွက် ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် ဖြည့်ကျင့်သင့် ဖြည့်ကျင့်ထိုက်သည့် ပါရမီလုပ်ငန်းရပ်များပင် ဖြစ်ကြပေသည်။ ဤပြုသင့် ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်သည့်အပိုင်းဝယ် နိဗ္ဗာန်ကို လိုလားတောင့်တနေသည့် ဆန္ဒဓာတ်များ, နိဗ္ဗာန်ရောက်ကြောင်း ပါရမီတရားအပေါင်းတို့ကို တစ်နည်းဆိုရသော် အဓိကာရကောင်းမှု ကုသိုလ်တို့ကို ဖြည့်ဆည်းပူးလိုသည့် ဆန္ဒဓာတ်များနှင့် ပြုလုပ်ရမည် ဖြစ်သည်။ ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် လုပ်ငန်းရပ်ကို ပြုလုပ်ချင်သည့် ဆန္ဒဓာတ်ဖြင့် ပြုလုပ်ရမည် ဖြစ်ပေသည်။ အထက်က ရှင်းပြခဲ့သည့်အတိုင်းပင် ---

(၁) အဓိကာရကောင်းမှုကုသိုလ်ရှိခြင်း

(၂) ပြင်းပြသော ဆန္ဒဓာတ်ရှိခြင်း ---

ဟူသည့် ဤအင်္ဂါရပ်နှစ်ခုသည် သာဝကများအတွက် မိမိ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်သို့ရောက်အောင် ရှေးရှုသယ်ဆောင်ပေးနေသည့် အဘိနီဟာရတရားများ ဖြစ်ကြသည့် အတွက်ကြောင့် ဖြစ်ပေသည်။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)

တစ်နည်းတစ်ဖုံအားဖြင့် ထပ်၍ ဆိုရပါမူ ဤကဲ့သို့သော ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့တို့ကို ပြုစုပျိုးထောင်နေခြင်းသည် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ဖြည့်ကျင့်နေခြင်း စုဆောင်းနေခြင်း, မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ ပြီးပြည့်စုံလာအောင် ပြုလုပ်နေခြင်းပင် ဖြစ်ပေ၏။ ဤကဲ့သို့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပြည့်စုံလာအောင် ဖြည့်ကျင့်ဆည်းပူးသည့် အပိုင်းဝယ် ရှေးရှေးဘုရားရှင်တို့၏ သာသနာ တွင်းမှာလည်း ဖြည့်ကျင့်ဆည်းပူးရမည် ဖြစ်၏။ သို့မဟုတ် ယခု ဘုရားရှင်တို့၏ သာသနာတွင်းဝယ် လွန်ခဲ့သော အတိတ်ဘဝတို့၌လည်း သစ္စကပရိဗိုဇ်တို့ကဲ့သို့ ဆည်းပူးရမည် ဖြစ်သည်။ ယခု ဘုရားရှင်တို့၏ သာသနာတွင်းမှာလည်း အဓိဂမခေါ်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည့်တိုင်အောင် သီလ သမာဓိ ပညာသိက္ခာသုံးရပ် တို့ဖြင့် သိမ်းကျုံး ရေတွက်ထားသည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ဆည်းပူးရမည် ပြည့်စုံအောင် ဖြည့်ကျင့်ရမည် ဖြစ်သည်။ ဤကဲ့သို့ ပါရမီတို့ကို ဆည်းပူး ဖြည့်ကျင့်သည့်အပိုင်းဝယ် ----

၁။ အဂ္ဂသာဝကတို့က တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး

၂။ မဟာသာဝကတို့က ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဖြည့်ကျင့်ကြရမည် ဖြစ်သည်။

၃။ ပကတိသာဝကတို့နှင့် ပတ်သက်၍မူကား ဘဝ မည်ရွေ့မည်မျှဟု အတိအကျ သတ်မှတ်ချက် မရှိပေ။

လယ်တီဆရာတော်ဘုရားကမူကား ---- သစ္စကပရိဗိုဇ် စသည့် သူတော်ကောင်းတို့၏ ထုံးကို ထောက်ဆကာ ဘဝအနည်းငယ် အတွင်းမှာသော်လည်း ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတို့သည် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိနိုင်လောက်အောင် ပြည့်စုံနိုင်သည်ဟု သူ၏ ပါရမီဒီပနီတွင် ဆုံးဖြတ်ထားတော်မူလေသည်။

၁။ အတိတ်ဘဝ ထိုထိုဝယ် အဘိနီဟာရ အမည်ရသည့် ပါရမီတရား အပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးခဲ့စဉ်က --- ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်း သိသည့် ဝိဇ္ဇာမျိုးစေ့ တို့သည်ကား ဤဘဝမှာ မဂ်ဖိုလ်နိဗ္ဗာန် ရရှိရေးအတွက် အကောင်းဆုံးသော မျိုးစေ့များ ဖြစ်ကြပေသည်။

၂။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးလောက်ကိုပင် ရရှိခဲ့မည်ဆိုလျှင်ကား ဤဝိဇ္ဇာမျိုးစေ့သည် ဒုတိယတန်း ကောင်းသည့် ဝိဇ္ဇာမျိုးစေ့ပင် ဖြစ်ပေသည်။

၃။ နာမရူပပရိစ္ဆေဒဉာဏ်မျှလောက်ကိုသာ ရရှိခဲ့မည်ဆိုလျှင်ကား တတိယတန်းကောင်းသည့် ဝိဇ္ဇာမျိုးစေ့ပင် ဖြစ်ပေသည်။ ဤသို့ လည်း လယ်တီဆရာတော်ဘုရားက ပါရမီဒီပနီတွင် ဆုံးဖြတ် ထားတော်မူပေသည်။

ဤကဲ့သို့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဟု ခေါ်ဆိုအပ်သည့် ဤဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့တို့ကို အဓိဂမခေါ်သည့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိသည့် တိုင်အောင် ပြုလုပ်နေခြင်း ဖြည့်ကျင့်ဆည်းပူးနေခြင်းသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ သို့မဟုတ် နိဗ္ဗာန်ကို ရောက်လို ရလိုသည့် သူတော်ကောင်းအပေါင်းတို့ ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် လုပ်ငန်းရပ်ကို ပြုလုပ်နေခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ ပြုလုပ်သင့် သည်ကို ပြုလုပ်သည့် အပိုင်းဝယ် မဂ်ဖိုလ်နိဗ္ဗာန်ကို လိုလားတောင့်တသည့် ဆန္ဒဓာတ်, မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ကို ပြုလုပ်ချင်သည့် ဆန္ဒဓာတ်, ပြုလုပ်ချင်သည့် စိတ်ဓာတ်ဖြင့် ပြုလုပ်ရမည် ဖြစ်သည်။ ဤကဲ့သို့ ပြုလုပ်သင့်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ် ချင်သည့် စိတ်ဓာတ်ဖြင့် ပြုလုပ်နေခြင်းသည် --- ဘုရားရှင် ထံတော်မှ ရသင့်ရထိုက်သည့် သာသနာ့အမွေကို ခံယူနိုင်အောင် ကြိုးစား အားထုတ်နေခြင်းပင် ဖြစ်ပေသည်။


သေခသုတ္တန်ကောက်နုတ်ချက်

ဤအထက်ပါအရပ်ရပ်သော ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့နှင့် ပတ်သက်သော ရှင်းလင်းတင်ပြချက် အရပ်ရပ်တို့တွင် ဝိဇ္ဇာမျိုးစေ့ပိုင်း၌ ဝိဇ္ဇာ (၈)ပါးတို့တွင် ဝိပဿနာဉာဏ်ဟူသော ဝိဇ္ဇာမျိုးစေ့ကိုသာ ပဓာနထားကာ ရှင်းလင်းတင်ပြထားပေသည်။ ဤရှင်းလင်းချက်များအရ သာဝကတို့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေးအတွက် အဓိက အလိုရှိအပ်သည့် ဝိဇ္ဇာမျိုးစေ့မှာ ဝိဇ္ဇာ (၈)ပါးတို့တွင် ဝိပဿနာဉာဏ်ဟူသော ဝိဇ္ဇာတရားသာလျှင် ပဓာန ဖြစ်ပေသည်။ အခြား အခြားသော ဝိဇ္ဇာတရားများကို ရရှိလျှင်လည်း ကောင်း၏၊ မရရှိ လျှင်လည်း သာဝကတို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိရေး အတွက် အနှောင့်အယှက် အတားအဆီးကား မဖြစ်နိုင်ဟု မှတ်သား ပါ။ ဤအဆိုပြုချက်နှင့် ပတ်သက်သည့် ခိုင်လုံသည့် ကျမ်းဂန် အထောက်အထားတစ်ခုကား အောက်တွင် ဖေါ်ပြထားသော မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော်၌ လာရှိသော သေခသုတ္တန် ကောက် နုတ်ချက် (မ၊၂၊ ၁၉-၂၀။)ပင် ဖြစ်ပါသည်။

ယတော ခေါ မဟာနာမ အရိယသာဝကော ဧဝံ သီလသမ္ပန္နော ဟောတိ၊ ဧဝံ ဣန္ဒြိယေသု ဂုတ္တဒွါရော ဟောတိ၊ ဧဝံ ဘောဇနေ မတ္တညူ ဟောတိ၊ ဧဝံ ဇာဂရိယံ အနုယုတ္တော ဟောတိ၊ ဧဝံ စတုန္နံ စျာနာနံ အဘိစေတသိကာနံ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ။ အယံ ဝုစ္စတိ မဟာနာမ အရိယသာဝကော သေခေါ ပဋိပဒေါ။ အပုစ္စဏ္ဍတာယ သမာပန္နော ဘဗ္ဗော အဘိနိဗ္ဘိဒါယ၊ ဘဗ္ဗော သမ္ဗောဓာယ၊ ဘဗ္ဗော အနုတ္တရဿ ယောဂက္ခေမဿ အဓိဂမာယ။ (မ၊၂၊၁၉-၂၀။)

= ဒါယကာတော် မဟာနာမ် ...မြတ်စွာဘုရားရှင်၏ တပည့်သာဝကသည် ---

၁။ ဤသို့ သီလနှင့် ပြည့်စုံ၏။

၂။ ဤသို့ ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါးရှိ၏။

၃။ ဤသို့ ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏။

၄။ ဤသို့ နိုးကြားမှု၌ အားထုတ်၏။

၅-၁၁။ ဤသို့ သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံ၏။

၁၂-၁၅။ ဤသို့ အထူးစင်ကြယ်သော မွန်မြတ်သော စိတ်၌ အပါအဝင် ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းချမ်းသာသာနေမှု ဖြစ်ကုန်သော (ရူပါဝစရ) စျာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်၏။

ဒါယကာတော် မဟာနာမ် ... ဤကဲ့သို့သော စရဏတရား (၁၅)ပါးနှင့် ပြည့်စုံခြင်းတည်းဟူသော အကြောင်းကြောင့် ဤ မြတ်စွာ ဘုရားရှင်၏ တပည့်သာဝကကို သေခအကျင့်မြတ်နှင့် (အောက်ကျင့်ဆဲ အရိယာပုဂ္ဂိုလ်တို့၏ အကျင့်မြတ်နှင့်) ပြည့်စုံသော သူဟူ၍ ဆိုရ၏။ မပုပ်သော ဥကဲ့သို့ ကိလေသာတို့ဖြင့် ပုပ်ခြင်းမရှိသော ဝိပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ အဝိဇ္ဇာတည်းဟူသော ဥခွံမှ ဖောက်ခွဲထွက်လာခြင်းငှါ ထိုက်၏။ သစ္စာလေးပါး မြတ်တရားကို ထိုထွင်း၍ သိခြင်းငှါ ထိုက်၏။ ယောဂလေးပါးတို့၏ ကုန်ရာ အတုမဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်ကို ရခြင်းငှါ ထိုက်၏။ (မ၊၂၊၁၉-၂၀။)


မေးမြန်းဖွယ် အချက်နှစ်ရပ်

၁။ ဤ အထက်ပါဒေသနာတော်ကား အရှင်အာနန္ဒာမထေရ်မြတ်က မဟာနာမ်သာကီဝင်မင်းသား အမှူးရှိသော သာကီဝင် မင်းညီမင်းသားတို့အား ဟောကြားတော်မူသည့် တရားဒေသနာတော်ဖြစ်၏။ ဤဒေသနာကို ဟောကြားတော်မူသော အရှင်အာနန္ဒာမထေရ်မြတ်ကား ထိုအချိန်အခါတွင် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူပြီးသော သေက္ခ = ကျင့်ဆဲအရိယာ သူတော်ကောင်း ဖြစ်၏။ သေက္ခဘုံသို့ ဆိုက်အောင် မည်သို့မည်ပုံ ကျင့်ရမည်ဟူသည့် ကျင့်စဉ်အရပ်ရပ်ကို ကိုယ်တိုင်ကျင့်ပြီး၍ နားလည် ပြီးသည့် အရိယာသာဝကတစ်ဦးလည်း ဖြစ်တော်မူ၏။ သို့သော် ဘုရားဟောမဟုတ်ပါဟူ၍ကား လွယ်လွယ်နှင့် ဤတရားကို မပယ်ရှားသင့်ပေ။ ဘုရားရှင်ကိုယ်တော်တိုင်က ထိုသုတ္တန် ပြီးဆုံးသောအခါ သာဓုခေါ်တော်မူကာ ဗုဒ္ဓတံဆိပ် ခပ်နှိပ်ထားပြီးသည့် ဒေသနာတော် တစ်ရပ် ဖြစ်ပေသည်။ ထိုသေခသုတ္တန်၏ အဆုံးတွင် ဤသို့ လာရှိ ပေသည်။

သာဓု သာဓု အာနန္ဒ၊ သာဓု ခေါ တွံ အာနန္ဒ ကာပိလဝတ္ထဝါနံ သကျာနံ သေခံ ပါဋိပဒံ အကာသိ။ (မ၊၂၊၂၂။)

အာနန္ဒာ ...သာဓု သာဓု = ကောင်းပေစွ ကောင်းပေစွ။ အာနန္ဒာ ... သင်သည် ကပိလဝတ်ပြည်သား သာကီဝင်မင်းသား မင်းသမီးတို့အား သေက္ခပုဂ္ဂိုလ်တို့၏ လိုက်နာပြုကျင့်ရမည့် ကျင့်စဉ်ကို ကောင်းစွာသာလျှင် ဟောကြားအပ်ပါပေ၏။ ---- (မ၊၂၊၂၂။)

၂။ တစ်ဖန် စရဏတရား (၁၅)ပါးနှင့် ပြည့်စုံရုံမျှဖြင့် အဘယ် အကြောင်းကြောင့် ဝိပဿနာဉာဏ်နှင့်လည်း ပြည့်စုံပါကြောင်းကို ဟောကြားတော်မူရပါသနည်းဟု ဤသို့လည်း မေးမြန်းကောင်း မေးမြန်းနိုင်ဖွယ်ရာ ရှိ၏။ အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း စရဏတရား (၁၅)ပါးတို့တွင် သူတော်ကောင်းတရား (၇)ပါးတို့လည်း ပါဝင်ရာ, ယင်း သူတော်ကောင်းတရား (၇)ပါးတို့တွင် ပညာ = ဝိပဿနာပညာလည်း ပါဝင်ကြောင်းကို တစ်နည်း --- ဝိပဿနာပညာ မဂ်ပညာ နှစ်မျိုးလုံး ပါဝင်ကြောင်းကို သဘောပေါက်ပါလေ။ ထို ကြောင့် ဝိပဿနာဉာဏ်နှင့်တကွသော စရဏတရား (၁၅)ပါးတို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ပါက သေက္ခဘုံနှင့် အသေက္ခဘုံဟု ဆိုအပ် သည့် အရိယာသူတော်ကောင်း အဆင့်သို့ ရောက်ရှိနိုင်သည်ဟု မှတ်သားပါလေ။


ဒါနကျင့်စဉ်

ဤသို့လျှင် အဓိကာရကောင်းမှုကုသိုလ်ဖြစ်သည့် နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ရောက်ကြောင်း ပါရမီတရားအပေါင်းတို့ကို ပြုစုပျိုးထောင်သည့် အပိုင်းတွင် သာဝကတို့သည် အခါအခွင့်သင့်သလို ဒါနပါရမီတို့ကိုလည်း ပြုစုပျိုးထောင်ခဲ့ကြ၏။ ဤဒါနကျင့်စဉ် သည်လည်း သူတော်ကောင်းတို့ လိုက်နာပြုကျင့်အပ်သည့် စရဏ တရား (၁၅)ပါးထဲတွင် ပါဝင်သည့် သီလကျင့်စဉ် တစ်မျိုးပင် ဖြစ်ပေ သည်။ ပါရမီအကြောင်းကို ဤနေရာဝယ် ရပ်နားပြီးလျှင် ဓမ္မဒါယာဒသုတ္တန် အဋ္ဌကထာအဖွင့်ကို ဆက်လက်တင်ပြပေအံ့ ---


ဓမ္မဒါယာဒသုတ္တန် နောက်ပိုင်း

ဒါနပါရမီ၏ စွမ်းအင်

သာဝကတို့သည် နိဗ္ဗာန်ရောက်ကြောင်း စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းတို့ကို စုဆောင်းရှာဖွေသည့် ဘဝတို့တွင် အခါအခွင့် သင့်သလို ပြုစုပျိုးထောင်ခဲ့ဖူးသည့် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့တို့ ခြံရံထားသည့် ဒါနပါရမီတို့၏ စွမ်းအားကြောင့် ဘုရားရှင်၏ တပည့် သာဝကတို့တွင် လာဘ်လာဘတို့သည် အလွန် ပေါများခဲ့ပေသည်။

ဘုရားရှင်အား ဖြစ်ပေါ်ခဲ့သည့် လာဘ်ပူဇော်သက္ကာရနှင့် ရဟန်း သံဃာအား ဖြစ်ပေါ်ခဲ့သည့် လာဘ်ပူဇော်သက္ကာရနှစ်မျိုးတို့ တစ်ပေါင်းတည်း ဖြစ်ပေါ်လာသည့်အခါ မြစ်ကြီးနှစ်ခုတို့ ပေါင်းစုကာ စီးဆင်းလာသည့် ရေအလား လာဘ်ပူဇော်သက္ကာရတို့သည် မရေမတွက်နိုင်အောင် များပြားခဲ့ပေ၏။ တဖြည်းဖြည်းနှင့် ရဟန်းတော် တို့သည် ပစ္စည်းလေးပါးကို အလေးဂရု ပြုလာကြ၏။ ပစ္စည်းလေးပါး ပေါများလာအောင် ကြိုးစားအားထုတ်လာကြပြန်၏။ မွန်းလွဲပိုင်း ညနေပိုင်း ကာလတို့၌ ပျား, တင်လဲ စသည့် လှူဖွယ်ဝတ္ထုတို့ကို ဆောင် ယူလာကြသည့်အခါ ခေါင်းလောင်းစည်ကို ရိုက်တီးပြီး တပည့်တော်တို့၏ ဆရာသမားအတွက် ပေးကြပါ၊ တပည့်တော်တို့၏ ဥပဇ္ဈာယ်အတွက် ပေးကြပါ။ ဟူသည့် ကျယ်လောင်ပြင်းပြသည့် အသံ တို့ကို ပြောဆိုပြုမူနေကြ၏။ ဤအပြုအမူတို့သည် ဘုရားရှင်၏ မျက်မှောက်တော်မှာလည်း ထင်ရှားနေပေ၏။ ထိုအခါတွင် ဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သာသနာတော်နဲ့ မလျော် မလျောက်ပတ်သည့် လုပ်ငန်းရပ်ပဲဟု ဓမ္မသံဝေဂ ဖြစ်တော်မူ၏။ ထိုအခါမှာ ဘုရားရှင်က အောက်ပါအတိုင်း စဉ်းစားတော်မူပေသည် ---


ဘုရားရှင် စဉ်းစားတော်မူပုံ

ပစ္စည်းအာမိသတို့သည် ရဟန်းတော်တို့အဖို့ မအပ်စပ်ကုန် ဟု ဤသို့ကား သိက္ခာပုဒ်ကို ပညတ်တော်မူဖို့ရန်သည် မသင့်တော်ပေ။ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အဖို့ ရဟန်းတရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ဖို့သည် ပစ္စည်းလေးပါးနှင့် ဆက်စပ်နေကြ၏။ ပစ္စည်းလေးပါးကို အမှီပြုရမှသာ ရဟန်းတရားကို ပွားများအားထုတ်နိုင်မည် ဖြစ်၏။ ငါဘုရားသည် ယခုအခါ၌ ဓမ္မဒါယာဒပဋိပဒါ = လောကုတ္တရာတရားတည်းဟူသော ဓမ္မအမွေခံ ကျင့်စဉ်ကို ဟောကြားပေးတော်မူမည်။ ယင်းကျင့်စဉ်သည် သီလ, သမာဓိ, ပညာဟု ခေါ်ဆိုအပ်သည့် သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုသည့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အဖို့ --- မြို့တံခါးဝတွင် တပ်ဆင်ထားသည့် ကိုယ်လုံးပေါ်မှန်ကဲ့သို့ -- သိက္ခာပုဒ်တော်ကို ပညတ်ထားတော်မူ သကဲ့သို့ ဖြစ်ပေလိမ့်မည်။ မြို့တံခါးဝမှာ တပ်ဆင်ထားသည့် ကိုယ်လုံးပေါ်မှန်ထဲတွင် အမျိုးလေးပါးတို့သည် မိမိ၏အရိပ်ကို = ရုပ်ပုံလွှာကို မြင်တွေ့သည့်အခါ မိမိကိုယ်ပေါ်မှာ တည်ရှိနေသည့် အပြစ်ကို ဖယ်ရှားကာ အပြစ်အနာအဆာ မရှိအောင် ပြုလုပ်ကြသကဲ့သို့ အလားတူပင် သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုကြသည့် အမျိုးကောင်းသား အမျိုးကောင်း သမီးတို့သည် သီလ, သမာဓိ, ပညာဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဟူသည့် လုံ့လ ပယောဂ အဆင်းတန်ဆာဖြင့် မိမိကိုယ်ကို တင့်တယ်သွားအောင် တန်ဆာဆင်လိုကြကုန်သည်ဖြစ်၍ ဤကိုယ်လုံးပေါ်မှန် ဥပမာရှိသော တရားဒေသနာတော်ကို ဆင်ခြင်၍ ပစ္စည်းလေးပါး အာမိသလျှင် အမွေခံရှိသော ကျင့်ဝတ်ပဋိပတ်ကို ရှောင်ကြဉ်ကာ လောကုတ္တရာ တရား (၉)ပါးတည်းဟူသော ဓမ္မအမွေခံ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ကြကုန်သည်ရှိသော် လျင်မြန်စွာသာလျှင် ဘဝသစ်ဝယ် ပဋိသန္ဓေ တည်နေရခြင်း = ဇာတိဒုက္ခ, အိုရခြင်း = ဇရာဒုက္ခ, သေကျေ ပျက်စီးရခြင်း = မရဏဒုက္ခ၏ အဆုံးအပိုင်း အခြားကို ပြုလုပ်နိုင်စွမ်း ရှိကြပေလိမ့်မည်ဟု ဤသို့လျှင် ဘုရားရှင်၏ သန္တာန်တော်ဝယ် စိတ်အကြံ ဖြစ်တော်မူခဲ့ပေသည်။

ယခု ရှင်းလင်းတင်ပြခဲ့သော အကြောင်းအတ္ထုပ္ပတ္တိကြောင့် ဤ ဓမ္မဒါယာဒသုတ္တန်ကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ယင်းသုတ္တန်ကို ဖတ်ရှုကြည့်ကြစို့ ---


ဓမ္မဒါယာဒသုတ္တန် (မ၊၁၊၁၅-၁၉။)

အခါတစ်ပါးဝယ် ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား သည် အနာထပိဏ်သူဌေး၏ အာရာမ်ဖြစ်သော သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ ဘုရားရှင်သည် ရဟန်းတော်တို့ကို ရဟန်းတို့ ... ဟု ခေါ်တော် မူလိုက်၏။ ထိုရဟန်းတို့ကလည်း အရှင်ဘုရား ... ဟု ပြန်လည် ကာ လျှောက်ထားကြကုန်၏။ ထိုအခါ ဘုရားရှင်က ဤ ဓမ္မဒါယာဒသုတ္တန်ကို ဟောကြားတော်မူလေသည်။

ချစ်သားရဟန်းတို့ ...သင်ချစ်သားတို့သည် ငါဘုရားရှင်၏ ဓမ္မအမွေခံတို့သာ ဖြစ်ကြပါကုန်လော့၊ အာမိသအမွေခံတို့ မဖြစ်ကြ ပါကုန်လင့်။ (မ၊၁၊၁၅။)

အဋ္ဌကထာ၏ ရှင်းလင်းချက်များ

ဤ၌ ဓမ္မသည် နိပ္ပရိယာယဓမ္မ, ပရိယာယဓမ္မဟု နှစ်မျိုး ရှိပေသည်။ အာမိသသည်လည်း နိပ္ပရိယာယအာမိသ, ပရိယာယအာမိသဟု နှစ်မျိုးပင် ရှိပေသည်။ မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်ဟု ဆိုအပ်သော (၉)ပါးသော လောကုတ္တရာတရားသည် နိပ္ပရိယာယဓမ္မ = ပရိယာယ်မဖက် မုချဖြစ်စေထိုက်သည့် ဓမ္မ မည်၏။ မည်သည့် အကြောင်းပရိယာယ် အရိပ်အမြွက်နှင့်မျှ ဓမ္မ မမည်သည်ကား မဟုတ်ပေ။ အလားတူပင် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်သည့် နိဗ္ဗာန်ကိုသာ ရည်မှန်းကာ ပြုစုပျိုးထောင်ထားသည့် ဒါန သီလ သမထ-ဝိပဿနာ အစဖြာသည့် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ဝိဝဋ္ဋကုသိုလ်တရားသည်လည်း အစဉ်တစိုက် လိုက်နာ ပြုကျင့်မည်ဆိုလျှင် နိပ္ပရိယာယဓမ္မဖြစ်သည့် မသေရာ အမြိုက် နိဗ္ဗာန်ကို ရရှိမည်ဖြစ်သည့် အတွက်ကြောင့် ဤအကြောင်းပရိယာယ် တစ်မျိုးအားဖြင့် ပရိယာယဓမ္မ မည်ပေသည်။ ယင်းနိပ္ပရိယာယဓမ္မ, ပရိယာယဓမ္မဟူသည့် နှစ်မျိုးသော ဓမ္မတို့ကို အမွေဆက်ခံသည့် ရဟန်းတော်များဖြစ်အောင် ကျင့်ဖို့ရန် ဘုရားရှင်က တိုက်တွန်းထားတော်မူပေသည်။ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေးဟူသည့် ပစ္စည်း လေးပါးတို့သည် နိပ္ပရိယာယအာမိသ = ပရိယာယ်မဖက် မုချ သက်သက် အာမိသများ ဖြစ်ကြ၏။ မည်သည့် အကြောင်း ပရိယာယ်နှင့်မျှ အရိပ်အမြွက်နှင့်မျှ အာမိသ မမည်သည်ကား မရှိစကောင်းပေ။ အလားတူပင် သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်နေသည့် ဒါန, သီလ, သမထဘာဝနာ အစဖြာသည့် သံသရာဝဋ်ကို မှီနေသည့် ဝဋ္ဋနိဿိတကုသိုလ်တရားတို့သည်လည်း အစဉ် တစိုက် အားထုတ်ခဲ့မည်ဆိုလျှင် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ ချမ်းသာများကို ဖြစ်စေနိုင်သည့် အကြောင်းပရိယာယ်အားဖြင့် ပရိယာယအာမိသ မည်၏။ ယင်း နိပ္ပရိယာယအာမိသနှင့် ပရိယာယအာမိသ နှစ်မျိုးလုံးကို ဘုရားရှင်ထံမှ အမွေမခံဖို့ရန် ဘုရားရှင်က တိုက်တွန်းထားတော်မူပေသည်။ (မ၊ဋ္ဌ၊၁၊၉၂။)

ယင်း ဓမ္မနှစ်မျိုးတို့တွင် နိပ္ပရိယာယဓမ္မသည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်ပေသည်။ မှန်ပါပေသည်၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတို့ကို ဘုရားရှင်က ညွှန်ကြားပြသ ဆိုဆုံးမ ပေးတော်မူသည့် အတွက်ကြောင့်သာ သာဝကတို့သည် မဂ်ဖိုလ် နိဗ္ဗာန်သို့ သွားရမည့် လမ်းဟူသည့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတို့ကို သိရှိခွင့်ရကြ၏။ သိရှိကြသည့်အတိုင်း တကယ် လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့် အတွက်ကြောင့် မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ရရှိကြခြင်းလည်း ဖြစ်ကြ၏။

ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီးကိုလည်း အရှင်အာနန္ဒာမထေရ်မြတ်က ဤစကားကို မိန့်ကြားထားတော်မူခဲ့ဖူး၏။ ဒကာတော် မောဂ္ဂလ္လာနပုဏ္ဏား...မှန်ပါပေသည်။ ----- ထိုမြတ်စွာဘုရားသည် ကဿပမြတ်စွာဘုရားရှင်၏ သာသနာတော်ကွယ်ပသည့် အချိန်ကာလက စပြီးလျှင် ဂေါတမဘုရားရှင်၏ သာသနာတော်သို့ တိုင်အောင် ထိုးထွင်းသိသည့် သာဝကမရှိသေးသည့် အတွက်ကြောင့် မဖြစ်သေး သည့် အရိယမဂ်တရား (= နိဗ္ဗာန်သို့ သွားရာလမ်း)ကိုလည်း ဖြစ်စေတော်မူတတ်ပါပေ၏။ မဖြစ်ပေါ်ဖူးသေးသည့် အရိယမဂ်တရား (= နိဗ္ဗာန်သို့ သွားရာလမ်း)ကိုလည်း ဟောကြားတော်မူတတ်ပါပေ၏။ မဟောကြားအပ်သေးသည့် အရိယမဂ်တရား (= နိဗ္ဗာန်သွားရာလမ်း)ကိုလည်း ဟောကြားတော်မူတတ်ပါပေ၏။ (နိဗ္ဗာန်သို့ သွားရာလမ်း =) အရိယမဂ်တရားကို သိတော်မူလေ့ ရှိပါ၏၊ အရိယမဂ် တရားကို သိတော်မူတတ်ပါ၏၊ အရိယမဂ်တရား၌ ကျွမ်းကျင် လိမ္မာတော်မူပါ၏။ ယခုအခါမှာ ရှိနေကြသည့် တပည့်သာဝက တို့သည် ဘုရားရှင် ဟောကြားထားတော်မူသည့် (နိဗ္ဗာန်သို့ သွားရာလမ်း =) အရိယမဂ်တရားသို့ အစဉ်လိုက်ကာ ကျင့်ကြကုန်သည့် အတွက် နောက်ပိုင်းကာလဝယ် အရိယမဂ်တရားနှင့် ပြည့်စုံကုန်ကာ သာသနာတော်တွင် နေထိုင်နိုင်ကြပါကုန်၏။ (မ၊၃၊၅၉။)

အလားတူပင် အရှင်မဟာကစ္စာန မထေရ်မြတ်ကလည်း သီတင်းသုံးဖေါ် ရဟန်းတို့ကို မဓုပိဏ္ဍိကသုတ္တန် (မ၊၁၊၁၅၇။)တွင် ဤစကားကို မိန့်ကြားတော်မူခဲ့၏။ -----

မှန်ပါပေသည် ----- ငါ့ရှင်တို့ ...ထိုဘုရားရှင်သည် သိထိုက် သည်ကို သိတော်မူပါ၏၊ မြင်ထိုက်သည်ကို မြင်တော်မူပါ၏၊ စက္ခုငါးတန် ဉာဏ်အမြင်သို့ ရောက်တော်မူပါ၏။ ဉာဏ်သို့ ဆိုက်ရောက် တော်မူပါ၏။ ဗောဓိပက္ခိယဓမ္မသို့ ဆိုက်ရောက်တော်မူပါ၏။ အရိယမဂ်သို့ ဆိုက်ရောက်တော်မူပါ၏။ သစ္စာလေးပါး မြတ်တရားကို ဟောကြားတော်မူပါ၏။ သစ္စာလေးပါး မြတ်တရားကို သာဝကတို့၏ အသိဉာဏ်မှာ ဖြစ်ပေါ်လာအောင် ဟောကြားပေးတော်မူတတ် ပါ၏။ သစ္စာလေးပါး မြတ်တရား၏ အနက်အဓိပ္ပါယ်ကို ထုတ်ဆောင် ပေးတော်မူတတ်ပါ၏။ (မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းကို ညွှန်ကြားပြသကာ) မသေရာ အမြိုက်နိဗ္ဗာန်ကို ပေးသနားတော်မူတတ်ပါ၏။ တရား၏ ပိုင်ရှင် ဖြစ်တော်မူပါ၏။ ရှေးဘုရားတို့နှင့်တူစွာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ဟောကြားပေးတော်မူပါ၏။ (မ၊၁၊၁၅၇။)

အထက်ပါ ဒေသနာတော်များနှင့်အညီ နိပ္ပရိယာယဓမ္မသည် ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်တော်မူပါပေသည်။ အလားတူပင် ပရိယာယဓမ္မသည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်တော် မူပါ၏။ မှန်ပေသည်။ မြတ်စွာဘုရားရှင်က ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတွက်ကြောင့်သာ သာဝကတို့သည် ဤကဲ့သို့ သိရှိခွင့်ကို ရရှိကြ၏။ သံသရာဝဋ်မှ ထွက်မြောက်ရာ နိဗ္ဗာန်ကို တောင့်တလျက် ဒါနကို ပေးလှူခဲ့လျှင်, သီလကို ဆောက်တည်ခဲ့လျှင်, ဥပုသ်ကို ကျင့်သုံးခဲ့လျှင်, နံ့သာပန်းစသည့် ဝတ္ထုပူဇာကို ပူဇော်ခဲ့လျှင်, တရားတော်ကို နာယူခဲ့လျှင်, တရားတော်ကို ဟောကြားခဲ့လျှင်, စျာန် သမာပတ်တို့ကို ဖြစ်စေခဲ့လျှင်, အစဉ်အတိုင်း ဝိပဿနာဘာဝနာကို ကျင့်ခဲ့လျှင် မသေရာအမြိုက်နိဗ္ဗာန်ကို ရရှိနိုင်၏ဟု ဤကဲ့သို့ သိခွင့်ရကြခြင်း ဖြစ်ပေ၏။ ထိုကြောင့် ပရိယာယဓမ္မသည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်ပေသည်။

အလားတူပင် နိပ္ပရိယာယအာမိသခေါ်သည့် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးပစ္စည်းတို့သည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာများ သာ ဖြစ်ကြ၏။ မှန်ပါပေသည်။ ဘုရားရှင်က ခွင့်ပြုတော်မူသော ကြောင့်သာ ရဟန်းတော်တို့သည် ဇီဝကဝတ္ထု (ဝိ၊၃၊၃၉၂။)ကို အစ ပြုကာ မွန်မြတ်သော သင်္ကန်းကို ရရှိခြင်း ဖြစ်၏။ ဝိနည်း မဟာဝါပါဠိတော် (ဝိ၊၃၊၃၉၂။)မှာ ဘုရားရှင်က ဤကဲ့သို့ မိန့်ကြားထားတော် မူခဲ့၏။ --- ရဟန်းတို့ ... လူဒါယကာတို့ လှူဒါန်းသည့် သင်္ကန်းကို ငါဘုရား ခွင့်ပြုတော်မူ၏။ အလိုရှိသည့် ရဟန်းသည် ပံသုကူ (ပံ့သကူ) သင်္ကန်းကို ဆောင်စေ၊ အလိုရှိသည့် ရဟန်းသည် လူ ဒါယကာတို့ လှူသည့် သင်္ကန်းကို သာယာစေ၊ ရဟန်းတို့ ...ငါဘုရားရှင်သည် ကား ရရသမျှသော သင်္ကန်းဖြင့် ကျေနပ်ရောင့်ရဲခြင်းကိုသာလျှင် ချီးမွမ်းတော်မူပါ၏။ (ဝိ၊၃၊၃၉၂။)

ဆွမ်း ----- ရဟန်းတော်တို့သည် ဘုရားရှင် ခွင့်ပြုတော်မမူခင် ရှေးယခင်ပိုင်းက မွန်မြတ်သော ဆွမ်းကို မရရှိခဲ့ကြပေ။ သလုံးမြင်းခေါင်း ခြေနှစ်ချောင်းဖြင့် အိမ်အစဉ်အတိုင်း လှည့်လည်ကာ ဆွမ်းခံ ခြင်းဖြင့် ရရှိသည့် ဆွမ်းသာ ရဟန်းတို့ဝယ် ဖြစ်ပေါ်ခဲ့ကြ၏။ ရာဇဂြိုဟ်မှာ သီတင်းသုံး နေထိုင်တော်မူစဉ် ဘုရားရှင်က ရဟန်းတို့ကို ရဟန်းတို့ ...သံဃာကို လှူဒါန်းသည့် ဆွမ်း, သံဃာက ညွှန်ကြားပေးလိုက်သည့် သံဃာကို လှူဒါန်းသည့် ဆွမ်း, ပင့်ဖိတ်လှူဒါန်းသည့် ဆွမ်း, စာရေးတံ ဆွမ်း, ဥပုသ်အထွက် တစ်ရက်နေ့၌ လှူဒါန်းသည့် ဆွမ်း ---- ဤဆွမ်း အမျိုးမျိုးကို ငါဘုရား ခွင့်ပြုတော်မူ၏။ (ဝိ၊၃၊၃၉၂။) ဤကဲ့သို့ ဘုရားရှင်က ခွင့်ပြုတော်မူသည့် အတွက်ကြောင့်သာလျှင် မွန်မြတ်သော စားဖွယ်ဘောဇဉ်ကို ရရှိကြခြင်း ဖြစ်၏။

ကျောင်း ---- အလားတူပင် ကျောင်းကိုလည်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့၏။ မှန်ပေသည် ---- ရှေးယခင် ကျောင်းကို ဘုရားရှင်က ခွင့်ပြုတော်မမူခင်က ရဟန်းတို့သည် မပြုပြင်ရသေးသည့် တောင်ရှိုင် ဝှမ်းများ တောင်ခေါင်းများ သစ်ပင်ရင်းတည်းဟူသော ကျောင်းများကို အမှီပြုကာ နေထိုင်ကြရ၏။ သို့သော် တစ်ချိန်ဝယ် ဘုရားရှင်က --- ရဟန်းတို့ ...ကိန်းအောင်းဖို့ရာ လိုဏ်ငါးမျိုးတို့ကို ငါဘုရား ခွင့်ပြုတော်မူ၏။ (ဝိ၊၄၊၂၉၀။) စသည်ဖြင့် ဘုရားရှင်က ခွင့်ပြုတော်မူ လိုက်သည့် အတွက်ကြောင့် နှစ်ဘက်မိုးကျောင်း, တစ်ဘက်မိုး ကျောင်း, ပြသာဒ်, ပြသာဒ်မပါသည့် အမိုးကတုံးရှိသည့်ကျောင်း, လိုဏ်ဂူဟူသည့် ကျောင်းတို့ကို ရဟန်းတို့ ရရှိကြ၏။

ဆေး --- အလားတူပင် ဆေးပစ္စည်းကို ရှေးယခင် ဘုရားရှင် ခွင့်ပြုတော်မမူခင်က ရဟန်းတော်တို့သည် နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်သည့် ဇီးဖြူသီး ဖန်ခါးသီး စသည့် ဆေးတို့ကို ပြုစီရင် ကြရ၏။ သို့သော် နောက်ပိုင်း ကာလဝယ် ဘုရားရှင်ကပင် --- ရဟန်းတို့ ...ထောပတ်, ဆီဦး (= ဆီဥ), ပျားရည်, တင်လဲဟူသည့် ဤဆေးငါးမျိုးကို ငါဘုရား ခွင့်ပြုတော်မူ၏။ (ဝိ၊၃၊၂၉၀။) ဤသို့ စသည်ဖြင့် ဘုရားရှင်က ခွင့်ပြုတော်မူသည့် အတွက်ကြောင့်သာလျှင် ဆေးအမျိုးမျိုးတို့ကို ရဟန်းတော်တို့ သုံးစွဲခွင့် ရရှိကြခြင်း ဖြစ်၏။ ထိုကြောင့် နိပ္ပရိယာယအာမိသခေါ်သည့် ပစ္စည်းလေးပါးလုံးသည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်ပေသည်။

ပရိယာယအာမိသ ---- ခေါ်သည့် သံသရာဝဋ်ကို လည်ပတ်စေ တတ်သည့် ဝဋ္ဋနိဿိတကုသိုလ်တရားတို့သည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာတို့သာ ဖြစ်ကြ၏။ မှန်ပေသည်။ မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတွက်ကြောင့် လူချမ်းသာ နတ် ချမ်းသာ ဗြဟ္မာ့ချမ်းသာခေါ်သည့် ပြည့်စုံသည့် သမ္ပတ္တိဘဝကို လိုလား တောင့်တသည့် ပုဂ္ဂိုလ်သည် ဒါနကို ပြုကျင့်၏၊ သီလကို ဆောက်တည် ကျင့်သုံး၏၊ ဥပုသ် ကျင့်သုံး၏၊ စျာန်သမာပတ်တို့ကို ဖြစ်စေ၏၊ ဤသို့ အစဉ်တစိုက် ကျင့်မည်ဆိုပါက လူချမ်းသာ စည်းစိမ်, နတ်ချမ်း သာ စည်းစိမ်, ဗြဟ္မာ့ချမ်းသာ စည်းစိမ်ကို ရနိုင်၏ စသည်ဖြင့် လူနတ် တို့သည် သိရှိခွင့်ကို ရကြပေ၏။

ယခုတင်ပြခဲ့သော အကြောင်းပြချက်တို့ကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ဟု ခေါ်ဆိုအပ်သည့် နိပ္ပရိယာယဓမ္မပင် ဖြစ်ချင် ဖြစ်ပါစေ၊ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဖြစ်သည့် ဝဋ္ဋနိဿိတ ကုသိုလ်တည်းဟူသော ပရိယာယဓမ္မပင် ဖြစ်ချင် ဖြစ်ပါစေ၊ ပစ္စည်း လေးပါးတည်းဟူသော နိပ္ပရိယာယအာမိသပင် ဖြစ်ချင် ဖြစ်ပါစေ၊ သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် ဝဋ္ဋနိဿိတကုသိုလ်တည်း ဟူသော ပရိယာယအာမိသပင် ဖြစ်ချင် ဖြစ်ပါစေ၊ အားလုံးသည် ကား ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်၏။ ထိုကြောင့် ယခုပြောခဲ့သည့် နှစ်မျိုးသော ဓမ္မနှင့် နှစ်မျိုးသော အာမိသတို့၌ မိမိပိုင်ဆိုင်မှု ရှိသည့်သဘောကို ထင်ရှားပြတော်မူလိုသည့်အတွက် ဘုရားရှင်က ရဟန်းတို့ ...သင်တို့သည် ဓမ္မအမွေခံတို့သာ ဖြစ်ကြပါကုန်လော့၊ အာမိသအမွေခံတို့ မဖြစ်ကြပါကုန်လင့်ဟု မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၁၊၉၂-၉၄။)

ဆိုလိုရင်းသဘော --- ယင်း နှစ်မျိုးသော ဓမ္မသည်လည်း ငါ ဘုရားရှင်၏ ဓမ္မသာ ဖြစ်သည်။ ယင်း ဓမ္မ၏ အမွေခံတို့သာ ဖြစ်ကြ ပါစေ၊ ငါဘုရားရှင် ပိုင်ဆိုင်သည့် အာမိသ၏ အမွေခံ ရဟန်းတော်များ မဖြစ်ကြပါစေနှင့်။ ဓမ္မအဖို့အစု၏ ပိုင်ရှင်များသာ ဖြစ်ကြပါစေ၊ အာမိသအဖို့အစု၏ ပိုင်ရှင်များ မဖြစ်ကြပါစေနှင့်။ ရဟန်းတော် တစ်ပါးသည် ငါးမာရ်အောင်မြင် ဘုရားရှင်၏ သာသနာတော်တွင်းသို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပြီးနောက် ပစ္စည်းလေးပါး ရရှိဖို့ရန် အတွက်သာ ကြောင့်ကြစိုက်ကာ ကြိုးစားအားထုတ်ခြင်းဖြင့် အချိန်ကို ကုန်လွန်စေကာ သာသနာတော်ဝယ် နေထိုင်၏။ ပစ္စည်းလေးပါးတို့ အပေါ်၌ တွယ်တာမက်မောမှု တဏှာတရား ထင်ရှားဖြစ်ပေါ်လာမှုကို သာ ထင်ထင်ရှားရှား ဖေါ်ပြလျက် လောကုတ္တရာတရား (၉)ပါးအားလျော်ညီသည့် ကျင့်ဝတ်ပဋိပတ်၌ တာဝန်မဲ့ နေထိုင်၏။ ကမ္မဋ္ဌာန်း ဝန်ထုပ်ဝန်ပိုးကို ဘေးမှာ ဖယ်ထားလိုက်၏။ ဤသို့ နေထိုင်သည့် ပုဂ္ဂိုလ်မျိုးသည် ဘုရားရှင်ထံတော်မှ ပစ္စည်းလေးပါး အာမိသကိုသာ အမွေဆက်ခံပြီး သာသနာတော်မှာ နေထိုင်သည့် ပုဂ္ဂိုလ်မည်၏။ အာမိသဒါယာဒပုဂ္ဂိုလ်ဖြစ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးတွေ မဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဟု ဘုရားရှင်က တိုက်တွန်းထားတော်မူပေသည်။

ရဟန်းတော်တစ်ပါးသည်ကား ဘုရားရှင် ခွင့်ပြုထားတော်မူသည့် ပစ္စည်းလေးပါးတို့ အပေါ်၌ အလိုနည်းပါးခြင်း = အပိစ္ဆတာဂုဏ်တို့ကို အမှီပြု၍ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ကာ ပစ္စည်း လေးပါးတို့ကို သုံးဆောင် မှီဝဲ၏။ သီလ, သမာဓိ, ပညာဟုဆိုအပ်သော သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို တကယ် လက်တွေ့ ကျင့်ခြင်း ဟူသည့် ပဋိပတ္တိလျှင် လွန်မြတ်သော အဆုံးအပိုင်းအခြား ရှိပြီးလျှင် နေထိုင်၏။ အရိယဝံသတရား လေးပါးတို့၌ ထင်လင်းသော စိတ်ဓာတ်ဖြင့် နေထိုင်၏။ [ရရသမျှသော (၁) သင်္ကန်း, (၂) ဆွမ်း, (၃) ကျောင်းဖြင့် ရောင့်ရဲခြင်း, (၄) သမထ-ဝိပဿနာဘာဝနာ၌ မွေ့လျော် ပျော်ပိုက်နှစ်ခြိုက်ခြင်း - ဤလေးပါးကား အရိယဝံသတရား လေးပါးတည်း။ (အံ၊၁၊၃၃၆-၃၃၇။)] ဤကဲ့သို့ နေထိုင်သည့် ပုဂ္ဂိုလ်မျိုးသည်ကား ဓမ္မဒါယာဒ = ဘုရားရှင်ထံတော်မှ ဓမ္မကို အမွေခံယူသည့် ပုဂ္ဂိုလ် ဖြစ်၏။ ထိုကဲ့သို့သော ဓမ္မအမွေကို ခံယူသည့် သူတော်ကောင်းများ ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါဟု ဆိုလိုပေ သည်။ (မ၊ဋ္ဌ၊၁၊၉၃-၉၄။)

အသို့ပါနည်း? ဘုရားရှင်သည် တပည့်သာဝကတို့အား လာဘ် လာဘရရှိမှုကို မလိုလားသောကြောင့် ဤကဲ့သို့ မိန့်ကြားတော် မူလေသလောဟု အချို့ရဟန်းတော်တို့၏ စိတ်သန္တာန်ဝယ် စိတ် အကြံ ဖြစ်ကောင်း ဖြစ်နိုင်၏၊ နောင်အနာဂတ် ရဟန်းတို့၏ စိတ် သန္တာန်မှာလည်း ဖြစ်လတ္တံ့ကောင်း ဖြစ်လတ္တံ့ ဖြစ်နိုင်၏။ ထိုကြောင့် ယင်း ရဟန်းတို့မှာ အလွန် မွန်မြတ်သည့် လာဘ်လာဘ ပေါများမှုကို အလိုရှိတော်မူသော ငါဘုရားရှင်သည် ဤကဲ့သို့သော စကားတော်ကို မိန့်ကြားတော်မူခြင်း ဖြစ်သည်ဟု သိစေတော်မူလိုသည့်အတွက် တရားဒေသနာတော်ကို ဆက်လက်ကာ ဟောကြားတော်မူပြန်လေ သည်။ (မ၊ဋ္ဌ၊၁၊၉၄။) ...သုတ္တန်ကို ဆက်ဖတ်ပါလေ ----

---

အစဉ်သနားစောင့်ရှောက်လိုသည့် စိတ်ဓာတ်

ငါဘုရားရှင်၏ တပည့်သာဝကတို့သည် အဘယ်အကြောင်းဖြင့် ဓမ္မကိုသာ အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်ရာအံ့နည်း၊ အာမိသကို အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကြကုန်ရာအံ့နည်း ဟု ငါဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သင်ချစ်သားတို့ အပေါ်၌ အစဉ်သနား စောင့်ရှောက်လိုသည့် စိတ်ဓာတ်သည် ထင်ရှား တည်ရှိ နေပါ၏။ (မ၊၁၊၁၅။)

[အဋ္ဌကထာ၏ ရှင်းလင်းချက်များကို ဆက်လက် တင်ပြအပ်ပါသည်။ ---- အထက်ပါ စကားရပ်၏ ဆိုလိုရင်းအနက်သဘောမှာ ဤသို့ ဖြစ်၏။ ငါဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သင်ချစ်သားတို့ အပေါ်၌ အစဉ်သနားစောင့်ရှောက်လိုသည့် စိတ်ဓာတ်, သင်ချစ်သားတို့၏ အကျိုးစီးပွားကို လိုလားတောင့်တသည့် စိတ်ဓာတ် အပြည့်အဝ ရှိနေ ပါ၏၊ မည်ကဲ့သို့သော အကြောင်းဥပါယ်တံမျဉ်ဖြင့် တပည့်သာဝက တို့သည် ဓမ္မကိုသာ အမွေခံယူကြသည့် ဓမ္မအဖို့အစုတွေကို ပိုင်ဆိုင် သည့် ပုဂ္ဂိုလ်များ ဖြစ်ကုန်ကြပါအံ့နည်း? အာမိသကို အမွေခံယူသည့် ပုဂ္ဂိုလ်မျိုးတို့ မဖြစ်ကုန်ကြပါအံ့နည်း? လွန်လေပြီးသော အချိန်ကာလ ကဿပဘုရားရှင်၏ သာသနာတော်တွင်းက အာမိသကို အလေးဂရု ပြုခဲ့ကြသည့် အာမိသ၌ ချွတ်ချော်မှု ဖောက်ဖောက်ပြန်ပြန် ကျင့်မှု ရှိခဲ့ကြသည့် ကပိလရဟန်းတို့ကဲ့သို့သော ရဟန်းများကိုလည်းကောင်း, သင်္ကန်းတို့ အလျှံပြောင်ပြောင် မီးဟုန်းဟုန်း တောက်လောင် နေကြသည့် ယုတ်မာကြသည့် ရဟန်းယောက်ျားပြိတ္တာ ရဟန်းမိန်းမ ပြိတ္တာ သိက္ခာမာန်ပြိတ္တာ စသည့် ပြိတ္တာများကိုလည်းကောင်း, အရာမက များပြားကြသည့် အပါယ်ဘုံကို ပြည့်စေသည့် သူများကိုလည်းကောင်း, မိမိ၏ သာသနာတွင်းမှာလည်း အရှင်ဒေဝဒတ် စသည့် ရှင်ရဟန်း ပြုကြသည့် အကျင့်ဖောက်ပြန်သူတို့ကိုလည်းကောင်း ဘုရားရှင်သည် မြင်တော်မူ၏။ တစ်ဘက်တွင်လည်း အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အစရှိကြသည့် ဓမ္မကိုသာ အလေး ဂရုပြုတော်မူကြသည့် အဘိညာဏ်ဂုဏ် ပဋိသမ္ဘိဒါဂုဏ် စသည့် ဂုဏ်ကျေးဇူးတို့ကို ရရှိတော်မူကြသည့် သာဝကတို့ကိုလည်း မြင်တော်မူ၏။ ဤသို့ မြင်တော်မူသည့်အတွက် ထို သာဝကတို့အပေါ်ဝယ် အပါယ်ဘေးမှ လွတ်မြောက်မှုကိုလည်းကောင်း, ရဟန်းတို့၏ ဂုဏ်ကျေးဇူး အားလုံးတို့နှင့် ပြည့်စုံမှုကိုလည်းကောင်း အလိုရှိတော်မူသော ဘုရားရှင်သည် --- ငါဘုရားရှင်၏ တပည့်သာဝကတို့သည် အဘယ် အကြောင်းဖြင့် ဓမ္မကို အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်ရာ အံ့နည်း၊ အာမိသကို အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကြကုန်ရာ အံ့နည်းဟု မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

တစ်ဖန် --- ပစ္စည်းလေးပါးကိုသာ အလေးဂရုပြုသည့် ပုဂ္ဂိုလ် သည် ရဟန်းယောက်ျား ပရိသတ်, ရဟန်းမိန်းမ ပရိသတ်, လူဥပါသကာယောက်ျား ပရိသတ်, လူဥပါသိကာမ ပရိသတ်ဟူသည့် ပရိသတ်လေးမျိုးတို့၏ အလယ်၌ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် အားဖြင့် ထယ်ဝါမှု မရှိသည့်အတွက် အသပြာအတုကဲ့သို့ ဖြစ်ကာ မီးတောက်မီးလျှံ ငြိမ်းပြီးသော ပြာပူဖုံးအုပ်ထားသည့် မီးကျီးခဲကဲ့သို့ ဖြစ်ကာ ထွန်းတောက်ပသည့် တန်ခိုးမရှိ အရောင်အဝါမရှိ ဖြစ်တတ် ပေသည်။ ထိုကြောင့် ပစ္စည်းလေးပါး ရမှုမှ တွန့်ဆုတ်သည့် စိတ်ထားရှိသည့်, ဓမ္မကိုသာ အလေးဂရုပြုသည့် သူတော်ကောင်းသည်ကား ပရိသတ်လေးပါးတို့၏ အလယ်သို့ ရောက်ရှိသည့်အခါ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်အားဖြင့် ထွန်းလင်းတောက်ပသည့် တန်ခိုးဂုဏ် ရှိသည်ဖြစ်၍ မကြောက်မရွံ့ ရဲဝံ့သည့် ခြင်္သေ့ကဲ့သို့ ဖြစ်ကာ ပရိသတ်လေးပါးကို လွှမ်းမိုးပြီးလျှင် မိမိ ကျင့်သင့်ကျင့်ထိုက် သည့် ဓမ္မကိုသာ ကျင့်လေ့ရှိပေသည်။ ဤကဲ့သို့သော အကြောင်းတရားတို့ကြောင့် ဘုရားရှင်ထံတော်မှ ဓမ္မကိုသာ အမွေခံယူသူ ဖြစ်အောင်, အာမိသကို အမွေဆက်ခံသူ မဖြစ်အောင် ကျင့်ကြဖို့ရန် ဘုရားရှင်က အဆုံးအမ ဩဝါဒ ပေးသနားတော်မူခြင်း ဖြစ်ပေသည်။ ဓမ္မအမွေခံတို့သာ ဖြစ်အောင်ကျင့်ဖို့ အာမိသအမွေခံတို့ မဖြစ်အောင် ကျင့်ဖို့ တိုက်တွန်းတော်မူသည့် ဤစကားကို သာဝကတွေ အပေါ်ဝယ် အစဉ်သနား စောင့်ရှောက်လိုသည့် စိတ်ဓာတ်ဖြင့် မွန်မြတ်သည်ထက် မွန်မြတ်သော လာဘ်လာဘကို ရစေလိုသည့် စိတ်ဓာတ်ဖြင့်သာ မိန့်ဆိုတော်မူခြင်း ဖြစ်၏။ လာဘ်လာဘတို့ကို မရစေလိုသည့် စိတ်ဓာတ်ဖြင့် မိန့်ဆိုတော်မူခြင်းကား မဟုတ်ပါဟု ကြားသိစေပြီးသည့် နောက်ဝယ် ဤကဲ့သို့သော အဆုံးအမဩဝါဒကို မပြုလုပ်ခြင်း = မပေးခြင်း၌ ရရှိနိုင်သည့် အပြစ်တင်မှုကို ထင်ရှား ပြတော်မူလိုသည့် အတွက် အောက်ပါဒေသနာတော်ကို ဆက်လက်ကာ ဟောကြား တော်မူပါသည်။ (မ၊ဋ္ဌ၊၁၊၉၅။)]

---

အကဲ့ရဲ့ခံ လူတန်းစားများ

ချစ်သားရဟန်းတို့ ... သင်တို့သည်ကား ငါဘုရားရှင်၏ အာမိသကိုသာ အမွေခံယူသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကုန်ငြားအံ့၊ ဓမ္မကို အမွေခံယူသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကုန်ငြားအံ့။ ယင်းကဲ့သို့သော အကြောင်းကြောင့် ဘုရားရှင်၏ တပည့်သာဝကတို့သည် အာမိသ ကိုသာ အမွေ ခံယူကုန်လျက် သာသနာတော်မှာ နေထိုင်ကြကုန်၏၊ ဓမ္မကို အမွေ ခံယူကာ မနေထိုင်ကြပါကုန်ဟု ဤကဲ့သို့လျှင် သင်ချစ်သားတို့သည် အကဲ့ရဲ့ခံ လူတန်းစားတို့ ဖြစ်ကုန်ရာ၏။ ယင်းကဲ့သို့ သော အကြောင်းကြောင့်ပင် ဘုရားရှင်၏ တပည့်သာဝကတို့သည် အာမိသကိုသာ အမွေခံယူကုန်လျက် သာသနာတော်မှာ နေထိုင်ကြ ကုန်၏၊ ဓမ္မကို အမွေခံယူကာ မနေထိုင်ကြပါကုန်ဟု ဤသို့လျှင် ငါဘုရားရှင်သည်လည်း အကဲ့ရဲ့ခံအပ်သည် ဖြစ်ပေရာ၏။ (မ၊၁၊၁၅။)

[ဤစကားရပ်ကို ဘုရားရှင်က ထိုရဟန်းတော်တို့၏ စိတ်အစဉ်ဝယ် လွန်လွန်ကဲကဲ နူးညံ့ပျော့ပျောင်းမှုကို ပြုလုပ်လိုသည့် အတွက် မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ ဤနေရာ၌ ဆိုလိုရင်း အဓိပ္ပါယ်သည်ကား ချစ်သား ရဟန်းတို့ ...သင်တို့တတွေသည် အကယ်၍ အာမိသ အပေါ်ဝယ် လျှပ်ပေါ်လော်လီသည့် အကျင့် တို့ကို ကျင့်ကြမည်ဆိုလျှင် ဤသို့ ကျင့်သည့်နေရာဝယ် --- ခပ်သိမ်း ဥဿုံ အလုံးစုံသော တရားတို့ကို သိရှိတော်မူသည့် သဗ္ဗညုဘုရားရှင် ဖြစ်တော်မူပါလျက် မိမိ၏ တပည့်သာဝကတို့ကို ဓမ္မကိုသာ အမွေ ခံယူကြသည့်သူများ ဖြစ်အောင် အာမိသကို အမွေခံယူကြသည့် သူများ မဖြစ်အောင် အဘယ်အကြောင်းကြောင့် မပြုလုပ်နိုင်ရပါသနည်းဟု ဤသို့လျှင် ပညာရှိသူတော်ကောင်းတို့က ငါဘုရားရှင်ကို ကဲ့ရဲ့ကြလိမ့်မည်။ ရဟန်းတို့၏ အသွင်အပြင်နှင့် မတူကြသည့် ရဟန်းတို့ကို မြင်တွေ့သည့်အခါ အဘယ်သူ၏ သဒ္ဓိဝိဟာရိက = အတူနေ တပည့်တွေလဲ? ဘယ်သူ၏ အန္တေဝါသိက = အတွင်းနေ တပည့်တွေလဲ?ဟုပြောဆိုကာ ကဲ့ရဲ့ကြသကဲ့သို့ မိမိတို့ အမျိုးအနွယ် မှာ ရှိကြသည့် သီလ မရှိကြသည့် ယုတ်မာသည့် ကိုယ်ကျင့်တရား ရှိနေကြသည့် သတို့သားငယ် သတို့သမီးငယ်တွေကို တွေ့မြင်ကြသည့်အခါ ဘယ်သူ့ သားတွေလဲ? ဘယ်သူ့ သမီးတွေလဲ?ဟု ပြောဆိုကာ မိဘတို့ကို ကဲ့ရဲ့ကြသကဲ့သို့, အလားတူပင် ခပ်သိမ်း ဥဿုံ အလုံးစုံသော တရားတို့ကို သိရှိတော်မူသည့် သဗ္ဗညုဘုရားရှင် ဖြစ်တော်မူပါလျက် မိမိ၏ တပည့်သာဝကတို့ကို ဓမ္မကိုသာ အမွေ ခံယူကြသည့်သူများ ဖြစ်အောင်, အာမိသကို အမွေခံယူကြသည့် သူများ မဖြစ်အောင် အဘယ်အကြောင်းကြောင့် မပြုလုပ်နိုင်ရပါသနည်းဟု ဤသို့လျှင် ပညာရှိသူတော်ကောင်းတို့က ငါဘုရားရှင်ကို ကဲ့ရဲ့ကြလိမ့်မည်ဟု ဆိုလိုပေသည်။ ဤသို့လျှင် ဤကဲ့သို့သော အဆုံးအမဩဝါဒကို မပေးခြင်း၌ ရရှိနိုင်သည့် အပြစ်ကို ထင်ရှား ဖေါ်ပြပြီးသည့်အခါ အဆုံးအမဩဝါဒကို ပေးခြင်း၌ အကျိုးအာနိသင်ကို ထင်ရှားပြတော်မူလိုသည့်အတွက် ဘုရားရှင်က ဒေသနာတော်ကို အောက်ပါအတိုင်း ဆက်လက်ကာ ဟောကြားတော်မူပြန် ပေသည်။ (မ၊ဋ္ဌ၊၁၊၉၅-၉၆။)]

---

အချီးမွမ်းခံ လူတန်းစားများ

ချစ်သားရဟန်းတို့ ... သင် ချစ်သားတို့သည် ငါဘုရားရှင်၏ ဓမ္မကိုသာ အမွေခံယူကြသည့်သူတို့ ဖြစ်ကုန်ငြားအံ့၊ အာမိသကို အမွေ ခံယူကြသည့်သူတို့ မဖြစ်ကုန်ငြားအံ့၊ ယင်းကဲ့သို့သော အကြောင်းတရားကြောင့် ဘုရားရှင်၏ တပည့်သာဝကတို့သည် ဓမ္မကိုသာ အမွေခံယူကြကုန်လျက် သာသနာတော်မှာ နေထိုင်ကြကုန်၏၊ အာမိသကို အမွေခံယူကာ မနေထိုင်ကြပါကုန်ဟု ဤသို့လျှင် သင်ချစ်သားတို့သည် အချီးမွမ်းခံရသူတို့သာ ဖြစ်ကြကုန်လျက် အကဲ့ရဲ့ ခံရသူတို့ မဖြစ်ကြကုန်ရာ။ ယင်းကဲ့သို့သော အကြောင်း တရားကြောင့်ပင် --- ဘုရားရှင်၏ တပည့်သာဝကတို့သည် ဓမ္မကိုသာ အမွေခံယူကြကုန်လျက် သာသနာတော်မှာ နေထိုင်ကြကုန်၏၊ အာမိသကို အမွေခံယူကာ မနေထိုင်ကြပါကုန်ဟု ဤသို့လျှင် ငါဘုရားရှင်သည်လည်း အချီးမွမ်း ခံတော်မူရသည်ဖြစ်၍ အကဲ့ရဲ့ခံအပ်သည် မဖြစ်လေရာ။ ထိုကြောင့် ချစ်သားရဟန်းတို့ ... သင် ချစ်သားတို့သည် ငါဘုရားရှင်၏ ဓမ္မအမွေခံတို့သာ ဖြစ်ကြပါကုန် လော့၊ အာမိသအမွေခံတို့ မဖြစ်ကြပါကုန်လင့်။ ငါဘုရားရှင်၏ တပည့်သာဝကတို့သည် အဘယ်အကြောင်းဖြင့် ဓမ္မကို အမွေခံယူ ကြသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်ရာအံ့နည်း၊ အာမိသကို အမွေခံ ယူကြသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကြကုန်ရာအံ့နည်းဟု ငါဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သင်ချစ်သားတို့ အပေါ်၌ အစဉ်သနား စောင့်ရှောက်တော်မူလိုသည့် စိတ်ဓာတ်သည် ထင်ရှားတည်ရှိနေပါ၏။

(မ၊၁၊၁၅-၁၆။)

[သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ဖြည့်ကျင့်သင့် ဖြည့်ကျင့် ထိုက်သည့် ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကို ဦးထိပ်ရွက် ပန်ဆင်ကာ ရိုရိုသေသေ လေးလေးမြတ်မြတ် လိုလိုလားလား ဖြည့်ကျင့်နေကြသည့်, ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် ပါဠိတော်နှင့် ယင်း ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆို ကြောင်းဖြစ်သည့် အဋ္ဌကထာတည်းဟူသော စာပေကျမ်းဂန် အရပ်ရပ်ကို တကယ်လက်တွေ့ ကျင့်မည်ဆိုသည့် ဦးတည်ချက် အပြည့်အဝဖြင့် သင်အံ လေ့ကျက်နေကြသည့် ဝါတစ်ရာ ရပြီးသည့် မထေရ်ကြီးတို့ကဲ့သို့ ရဟန်းတို့၏ အသွင်အပြင် အပြုအမူတို့နှင့် ပြည့်စုံနေကြသည့် ရဟန်းငယ်တို့ကို ဖူးတွေ့လိုက်ရသည့်အခါ --- အဘယ်မည်သော ဆရာသမား၏ အတူနေ တပည့်တွေလဲ? အဘယ်မည်သော ဆရာသမား၏ အတွင်းနေ တပည့်တွေလဲ? စသည့် မေးခွန်းတို့ကို မေးမြန်းကြည့်လိုက်သည့်အခါ အဘယ် မည်သော ဆရာတော်၏ တပည့်တွေပဲလို့ သိရှိခွင့်ကို ရရှိသည့်အခါ ကြည်နူးဝမ်းမြောက်စွာ မထေရ်မြတ်ကြီးအား ဤတပည့်တို့သည် လျော်လျောက်ပတ် ကောင်းမြတ်လှပါပေ၏၊ တပည်တို့ကို တစ်ကြိမ် တစ်ခါ ဆိုဆုံးမဖို့ရန် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ဆိုဆုံးမဖို့ရန် စွမ်းနိုင်သည့် ဆရာတစ်ဆူ ဖြစ်တော်မူပါပေစွဟု ပြောကြားကာ အကဲ့ရဲ့ မခံကြရသည့် ဆရာဥပဇ္ဈာယ်တွေ ဖြစ်ကြရသကဲ့သို့ ---

အလားတူပင် --- သင် ချစ်သားတို့တတွေ၏ ငါဘုရားရှင် ထံတော်မှ ယင်းကဲ့သို့ ဓမ္မကိုသာ အမွေခံယူကြသည့်သူတွေ အာမိသကို အမွေမခံယူကြသည့်သူတွေ ဖြစ်ကြသည့်အတွက် နာလကကျင့်ဝတ် (သုတ္တနိပါတ၊၃၈၅-၃၉၀။ သုတ္တနိပါတ၊ဋ္ဌ၊၂၊၂၀၂-၂၀၃။) တုဝဋ္ဋက ကျင့်ဝတ် (မဟာနိဒ္ဒေသ၊၂၆၃။မဟာနိဒ္ဒေသ၊ဋ္ဌ၊၃၂၆။) စန္ဒူပမကျင့်ဝတ် = လနှင့်ပမာ တူစွာကျင့်သော ကျင့်ဝတ် (သံ၁၊၄၀၁။ သံ၊ဋ္ဌ၊၂၊၁၅၄။) ရထဝိနီတကျင့်ဝတ် = ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ် (မ၊၁၊၁၉၉-၂၀၅။) မဟာဂေါသိင်္ဂသာလ ကျင့်ဝတ် = အင်ကြင်းတောကြီးကို စံထားကာ ကျင့်ဖို့ရန် ဟောကြားထားသောကျင့်ဝတ် (မ၊၁၊၂၇၃-၂၈၁။) မဟာသုညတကျင့်ဝတ် (မ၊၃၊၁၅၁-၁၅၉။) စသည့် အလွန် အဆင့်အတန်း မြင့်မားလှသည့် ကျင့်ဝတ် ပဋိပတ်တို့ကို တကယ် လက်တွေ့ ကျင့်နေ ကြသည့် တပည့်သာဝကများ ဖြစ်ကြသည့်အတွက်, ပစ္စည်းလေးပါး တို့၌ ရောင့်ရဲလွယ်ခြင်း သမထ ဝိပဿနာ နှစ်ဖြာသော ဘာဝနာ လုပ်ငန်းရပ်တို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းတည်းဟူသော အရိယဝံသတရားတို့၌ တကယ် လက်တွေ့ ကျင့်နေကြသည့် သူတော် ကောင်းတွေပါဟု သက်သေပြထိုက်ကြသည့် တပည့်သာဝကတွေ ဖြစ်ကြကာ ပစ္စည်းလေးပါး အပေါ်၌ တွယ်တာမက်မောမှုမှ ဆုတ်နစ် သော စိတ်ထားရှိကြကုန်လျက် တိမ်တိုက်မှ လွတ်ထွက်လာသော လမင်းကြီးကဲ့သို့ တင့်တယ်စွာ သာသနာတော်မှာ နေထိုင်ကြပါပေ တယ်ဟု ငါဘုရားရှင်သည်လည်း အကဲ့ရဲ့ မခံရသည့်သူ ဖြစ်တော် မူပေလိမ့်မယ်။ ဘယ်သူ့ တပည့်သာဝကတွေပါလိမ့်လို့ မေးကြည့် လိုက်သည့်အခါ ရဟန်းကြီး အရှင်ဂေါတမ၏ တပည့်သာဝက တွေပါဟု သိသွားကြသည့်အခါ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ခပ်သိမ်းဥဿုံ အလုံးစုံသော တရားတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူသည့် သဗ္ဗညုဘုရားရှင် ဖြစ်တော်မူပါပေစွ၊ တပည့်သာဝက တွေကို အာမိသ အမွေခံယူခြင်း ကျင့်ဝတ်ကို စွန့်လွှတ်စေကာ ဓမ္မကိုသာ အမွေခံယူခြင်း ကျင့်ဝတ်ပဋိပတ်ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့် နိုင်အောင် ပြုလုပ်နိုင်စွမ်း ဆိုဆုံးမနိုင်စွမ်း ရှိတော်မူပါပေစွဟု ချီးမွမ်းစကားတို့ကို ပြောကြားလာကြသည့်အတွက် ငါဘုရားရှင်သည်လည်း ပညာရှိ သူတော်ကောင်းတို့၏ အကဲ့ရဲ့ မခံရသည့်သူ ဖြစ်ပါ ပေလိမ့်မည်။ ဤကဲ့သို့လျှင် အဆုံးအမဩဝါဒကို ပြုကျင့်ခြင်း၌ အကျိုးအာနိသင်ကို ဖေါ်ပြပြီးနောက် ထိုအဆုံးအမတို့ကို တပည့် သာဝကတို့၏ လက်ဝယ်သို့ အရောက် အပ်နှင်းလိုသည့် အတွက်ကြောင့် အထက်တွင် ဖေါ်ပြထားသည့် ဓမ္မကိုသာ အမွေခံယူသည့် သူတွေ ဖြစ်အောင်, အာမိသကို အမွေခံယူသည့် သူတွေ မဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ စသည့် အဆုံးအမဩဝါဒ ကို ပေးသနားတော်မူခြင်း ဖြစ်ပေသည်။ ယင်းကဲ့သို့သော အဆုံးအမ ဩဝါဒကို ရဟန်းတော်တို့အား အပ်နှင်းတော်မူပြီးနောက် ယခုအခါ ယင်း ဓမ္မအမွေခံ ကျင့်ဝတ်ပဋိပတ်ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်သူကို ချီးမွမ်းတော်မူခြင်းငှာ ဓမ္မဒါယာဒသုတ္တန်ကို အောက်ပါအတိုင်း ဆက်လက် ဟောကြားတော်မူပြန်သည်။ (မ၊ဋ္ဌ၊၁၊၉၆)]

---

ရဟန်းတော်နှစ်ပါး

ချစ်သားတို့ ...ငါဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီး ဖြစ်၏၊ တော်ပြီဟု ပယ်မြစ်အပ်ပြီးလည်း ဖြစ်၏၊ ဆွမ်းဖြင့် ပြည့်စုံပြီးလည်း ဖြစ်၏၊ ဆွမ်းဘုဉ်းပေးခြင်းကိစ္စလည်း ပြီးဆုံးပြီး ဖြစ်၏၊ ဆွမ်းဖြင့် တင်းတိမ်ပြီးလည်း ဖြစ်၏၊ လိုအပ်သလောက် ဘုဉ်းပေးပြီးလည်း ဖြစ်၏၊ သို့သော် ငါဘုရားရှင်၏ သပိတ်အတွင်း၌ ဆွမ်းကလည်း ပိုလျှံနေ၏၊ စွန့်ပစ်ရမည့် သဘောလည်း ရှိနေ၏။ ထိုအခါ ရဟန်းနှစ်ပါး တို့သည် ဆာလောင်ခြင်း အားနည်းခြင်းတို့သည် နှိပ်စက်အပ်ကုန် သည် ဖြစ်ကာ ငါဘုရားထံသို့ ဆိုက်ရောက်လာကုန်ရာ၏။ ငါဘုရားရှင်က ထိုရဟန်းတို့ကို ---- ချစ်သားရဟန်းတို့ ...ငါဘုရားရှင်သည် ဆွမ်းစားပြီး ဖြစ်၏၊ တော်ပြီဟု ပယ်မြစ်အပ်ပြီးလည်း ဖြစ်၏၊ ဆွမ်းဖြင့် ပြည့်စုံပြီးလည်း ဖြစ်၏၊ ဆွမ်းစားခြင်း ကိစ္စလည်း ပြီးဆုံးပြီး ဖြစ်၏၊ ဆွမ်းဖြင့် တင်းတိမ်ပြီးလည်း ဖြစ်၏၊ လိုအပ်သလောက် စားပြီးလည်း ဖြစ်၏၊ သို့သော် ငါဘုရားရှင်၏ သပိတ်အတွင်း၌ ဆွမ်းကလည်း ပိုလျှံနေ၏၊ စွန့်ပစ်ရမည့် သဘောလည်း ရှိနေ၏။ ဤဆွမ်းကလည်း သပိတ်အတွင်းမှာ ထင်ရှားရှိလည်း ရှိနေသေး၏။ အကယ်၍ သင် ချစ်သားတို့ စားလိုက စားကြပါ၊ အကယ်၍ သင်ချစ်သားတို့ မစားလို ကုန်အံ့၊ ငါဘုရားရှင်သည် ယခုအခါမှာ စိမ်းလန်းစိုပြည်နေသော မြက်သစ်ပင် မရှိရာအရပ်၌မူလည်း စွန့်ပစ်တော်မူပေအံ့၊ ပိုးမွှားမရှိရာ ရေထဲ၌မူလည်း နစ်မြုပ်စေအံ့၊ --- ဤသို့ ငါဘုရားရှင်က ပြောဆို ရာ၏။

---

ပထမ ရဟန်းတော်၏ စိတ်ထား

ထိုရဟန်းနှစ်ပါးတို့တွင် ရဟန်းတစ်ပါး၏ သန္တာန်ဝယ် --- ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီး ဖြစ်တော်မူ၏၊ တော်ပြီဟု ပယ်မြစ်အပ်ပြီးလည်း ဖြစ်တော်မူ၏၊ ဆွမ်းဖြင့် ပြည့်စုံပြီးလည်း ဖြစ်တော်မူ၏၊ ဆွမ်းဘုဉ်းပေးခြင်းကိစ္စလည်း ပြီးဆုံးပြီး ဖြစ်တော်မူ၏။ ဆွမ်းဖြင့် တင်းတိမ်ပြီးလည်း ဖြစ်တော်မူ၏၊ လိုအပ်သလောက် ဘုဉ်းပေးပြီးလည်း ဖြစ်တော်မူ၏။ သို့သော် ဘုရားရှင်၏ သပိတ်တော်အတွင်း၌ ဆွမ်းက လည်း ပိုလျှံနေ၏၊ စွန့်ပစ်ရမည့် သဘောလည်း ရှိနေ၏။ အကယ်၍ ငါတို့ မစားသုံးကြကုန်သည် ဖြစ်ငြားအံ့။ ယခုအခါ၌ ဘုရားရှင်သည် စိမ်းလန်းစိုပြည်နေသော မြက်သစ်ပင် မရှိရာ အရပ်၌မူလည်း စွန့်ပစ်တော်မူပေလတ္တံ့။ ပိုးမွှားမရှိရာ ရေထဲ၌မူလည်း နစ်မြုပ်စေတော်မူ လတ္တံ့။ သို့သော် ဘုရားရှင်က ချစ်သားရဟန်းတို့ ...သင်ချစ်သား တို့သည် ငါဘုရားရှင်၏ ဓမ္မ အမွေခံတို့သာ ဖြစ်ကြကုန်လော့၊ အာမိသ အမွေခံတို့ မဖြစ်ကြပါကုန်လင့်ဟူသော ဤစကားတော်ကို ဆိုဆုံးမထားတော်မူ၏။ ဘုရားရှင်၏ သပိတ်တော်အတွင်း၌ ပိုလွန်နေသော ယင်း ဆွမ်းသည်ကား အာမိသလေးမျိုးတို့တွင် တစ်မျိုး အပါအဝင် ဖြစ်၏။ ငါသည် ဤဆွမ်းကို မစားမူ၍ ဤဆာလောင်ခြင်း အားနည်းခြင်းဖြင့်သာလျှင် ဤလက်ရှိ အခြေအနေအတိုင်း ဤညဉ့်နေ့ကို ကုန်လွန်စေရပါမူကား ကောင်းလေစွဟူသော ဤကဲ့သို့သော စိတ် အကြံအစည်သည် ဖြစ်ပေါ်ခဲ့လေရာ၏။ ထိုရဟန်းသည် ထိုဆွမ်းကို မစားသုံးမူ၍ ထိုဆာလောင်ခြင်း အားနည်းခြင်းဖြင့်သာလျှင်, ဤ လက်ရှိ အခြေအနေအတိုင်းသာလျှင် ဤညဉ့်နေ့ကို သမဏဓမ္မ အမည်ရသည့် သမထဝိပဿနာ အစဖြာသည့် ရဟန်းတရားကို ပွားများ အားထုတ်ခြင်းဖြင့် ကုန်လွန်စေ၏။ (မ၊၁၊၁၆။)

[ထိုရဟန်းတော်ကား နတ်နှင့်တကွသော တစ်လောကလုံးက ဦးထိပ်ရွက် ပန်ဆင်ကာ ခံယူဖို့ရန် ထိုက်တန်သည့်, ဘုရားရှင် ဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် ကြွင်းကျန်နေသေးသည့် ထိုဆွမ်းကို ပင်သော်လည်း မစားသုံးတော့ဘဲ ဘုရားရှင်ထံမှ ဓမ္မကိုသာ အမွေ ခံယူသည့် ရဟန်းဘဝကိုသာ လိုလားတောင့်တလျက် --- ဦးခေါင်း = ဦးထိပ်ထက်၌ မီးလောင်ခံနေရသော ယောက်ျားသည် ထိုမီးကို ငြိမ်းအောင် မငြိမ်းသတ်သေးဘဲ သက္ကာယဒိဋ္ဌိ ငရဲမီးကြီးကို ငြိမ်းသွားအောင် သမထ ဝိပဿနာဘာဝနာတို့ကို အပြင်းအထန် ကြိုးစား အားထုတ်ရမည်ဟူသော ဦးထိပ်ထက်၌ မီးလောင်ခံနေရသော ယောက်ျားဥပမာရှိသော ဘုရားရှင်၏ အဆုံးအမတရားတော်ကို ဉာဏ်ဖြင့် ဆင်ခြင်ကာ ထိုဆာလောင်ခြင်း အားနည်းခြင်းဖြင့်သာ ဤလက်ရှိ အခြေအနေအတိုင်း ထိုညဉ့်နေ့ကို ကုန်လွန်စေရာ၏။ (မ၊ဋ္ဌ၊၁၊၉၈-၉၉။)]

---

ဒုတိယ ရဟန်းတော်၏ စိတ်ထား

ဒုတိယရဟန်းတော်၏ သန္တာန်၌ကား ဘုရားရှင်သည် ဆွမ်း ဘုဉ်းပေးပြီး ဖြစ်တော်မူ၏၊ တော်ပြီဟု ပယ်မြစ်အပ်ပြီးလည်း ဖြစ်တော် မူ၏၊ ဆွမ်းဖြင့် ပြည့်စုံပြီးလည်း ဖြစ်တော်မူ၏၊ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စလည်း ပြီးဆုံးပြီး ဖြစ်တော်မူ၏၊ ဆွမ်းဖြင့် တင်းတိမ်ပြီးလည်း ဖြစ်တော်မူ၏၊ လိုအပ်သလောက် ဘုဉ်းပေးပြီးလည်း ဖြစ်တော်မူ၏၊ သို့သော် ဘုရားရှင်၏ သပိတ်တော်အတွင်း၌ ဆွမ်းကလည်း ပိုလျှံနေ၏၊ စွန့်ပစ်ရမည့် သဘောလည်း ရှိနေ၏။ အကယ်၍ ငါတို့ မစားသုံးကြကုန်သည် ဖြစ်ငြားအံ့၊ ယခုအခါ၌ ဘုရားရှင်သည် စိမ်းလန်း စိုပြည်နေသော မြက်သစ်ပင် မရှိရာ အရပ်၌မူလည်း စွန့်ပစ်တော် မူပေလတ္တံ့၊ ပိုးမွှားမရှိရာ ရေထဲ၌မူလည်း နစ်မြုပ်စေတော်မူလတ္တံ့။ ငါသည် ဤ ဆွမ်းကို စားသုံးပြီးကာ ဆာလောင်ခြင်း အားနည်းခြင်းကို ပယ်ဖျောက်ပြီးနောက် ဤပယ်ဖျောက်ပြီးသည့် အခြေအနေအတိုင်း သမထ ဝိပဿနာ အစဖြာသည့် သမဏဓမ္မအမည်ရသည့် ရဟန်း တရားတို့ကို ပွားများအားထုတ်လျက် ဤညဉ့်နေ့ကို ကုန်လွန်စေရ ပါမူကား ကောင်းလေစွဟူသော ဤကဲ့သို့သော စိတ်အကြံအစည် သည် ဖြစ်ပေါ်လေရာ၏။ ထိုရဟန်းသည် ထိုဆွမ်းကို စားသုံးပြီးကာ ဆာလောင်ခြင်း အားနည်းခြင်းကို ပယ်ဖျောက်ပြီးနောက် ဤပယ်ဖျောက်ပြီးသည့် အခြေအနေအတိုင်း ဤညဉ့်နေ့ကို ကုန်လွန်စေ ရာ၏။ (မ၊၁၊၁၆။)

[ဤအရာ၌ အဋ္ဌကထာ၏ ရှင်းလင်းချက်ကို အကျဉ်းချုပ်ကာ ဆက်လက် တင်ပြအပ်ပါသည် --- ထိုဒုတိယရဟန်းတော်၏ သန္တာန်၌ ကား အထက်တွင် တင်ပြထားသည့်အတိုင်း ဘုရားရှင်ထံမှ ကြွင်း ကျန်နေသော ဆွမ်းအာမိသကို ဘုဉ်းပေးသုံးဆောင်ကာ ဆာလောင်ခြင်း ပင်ပန်းခြင်းကို ပယ်ဖျောက်ပြီးနောက် သမဏဓမ္မအမည်ရသည့် သမထ ဝိပဿနာ အစဖြာသည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဆိုသည့် ရဟန်းတရားတို့ကို အားထုတ်ခြင်းဖြင့် ဤညဉ့်နေ့ကို ကုန်လွန်စေရ ပါမူကား ကောင်းလေစွဟု ကြံစည် စဉ်းစားစဉ် ဤသို့လည်း ကြံစည်မိ လေရာ၏။ သားရဲတိရစ္ဆာန် ပေါများသည့် တောထဲတွင် ဆေးကို ရှာဖွေဖို့ရန် ပင်ပန်းဆင်းရဲမှု ရှိသကဲ့သို့ ရဟန်းတော်တစ်ပါးအဖို့ အာရုံငါးပါး ကာမဂုဏ်တရားတည်းဟူသော သားရဲတို့ဖြင့် ရောပြွမ်း နေသည့် ရွာထဲဝယ် ဆွမ်းကို ရှာဖွေဖို့ရန်မှာလည်း ဆင်းရဲပင်ပန်းလှ ပေသည်၊ ဤယခု ဆွမ်းသည်ကား ယခုပြောခဲ့သည့်အပြစ်မှ လွတ်မြောက်သည့် ဆွမ်းလည်း ဖြစ်၏၊ ဘုရားရှင် ဘုဉ်းပေးသုံးဆောင်တော်မူပြီး၍ ကြွင်းကျန်နေသည့် ဆွမ်းလည်း ဖြစ်၏၊ အမိဘက်, အဘဘက်ဆိုသည့် အမျိုးအနွယ် နှစ်ဘက်စလုံးမှ စင်စင်ကြယ်ကြယ် ကောင်းစွာ မွေးဖွားလာသည့် မင်းသားငယ်ကဲ့သို့ အလွန်စင်ကြယ်သည့် ဆွမ်းလည်း ဖြစ်၏။ အကြောင်းတရား ငါးမျိုးတို့ဖြင့် ဘုရားရှင် ပယ်မြစ်ထားတော်မူသည့် ဆွမ်းမျိုးလည်း မဟုတ်ပေ။

၁။ သီလကို မချစ်မြတ်နိုးသည့်, ဝိနည်းကို မလေးစားသည့် အဂတိ အမျိုးမျိုး လိုက်စားနေသည့် ဝိနည်း သိက္ခာပုဒ်တို့ကို ချိုးဖောက် ရမည်ကို မရှက်တတ်သည့် အရှက်မရှိသည့် အလဇ္ဇီပုဂ္ဂိုလ် ပိုင်ဆိုင်သည့် ဆွမ်းကိုလည်း အလဇ္ဇီပုဂ္ဂိုလ်ကို ကဲ့ရဲ့ကာ မဘုဉ်းပေးရဟု တားမြစ်ထားတော်မူ၏။

၂။ ဘိက္ခုနီ ရဟန်းမက စီမံဆောင်ရွက်ထားသည့် ဆွမ်းနှင့် (စျာန်, မဂ်, ဖိုလ်စသည့် ဂုဏ်ကျေးဇူးတွေ မိမိမှာ ထင်ရှားမရှိပါဘဲလျက် ရှိသယောင် ဟန်ဆောင်ကာ, သီလမရှိပါဘဲလျက် ရှိသယောင် ဟန်ဆောင်ကာ, စာမေးပွဲ မအောင်ပါဘဲလျက် အောင်သယောင် ဟန်ဆောင်ကာ ဤသို့ စသည်ဖြင့်) မိမိမှာ ထင်ရှား မရှိသည့်ဂုဏ်တို့ကို ရှိသယောင် ဟန်ဆောင်ကာ ဝါကြွားပလွှား ပြောကြားခြင်းကြောင့် ရရှိလာသည့် ပစ္စည်းများကိုလည်း မစင်မကြယ် ဖြစ်ပေါ်လာသည့်အတွက်ကြောင့် မသုံးစွဲရဟု တားမြစ်ထားတော်မူ၏။

၃။ ဆွမ်းကို ပိုင်ဆိုင်သည့် ရဟန်းတော်က ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရသည် ဆိုလျှင်လည်း ထိုဆွမ်းပိုင်ရှင် ရဟန်းတော်ကို အစဉ် သနားစောင့်ရှောက်သည့် အနေဖြင့် ထိုဆွမ်းကိုလည်း မဘုဉ်းပေးရဟု တားမြစ်ထားတော်မူ၏။

၄။ အတွင်းနေ = အန္တေဝါသိကတပည့်တွေ, ယင်းတပည့်တွေနှင့် ဆက်စပ်နေကြသည့် အခြားသူတွေက ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေကြရသည် ဆိုလျှင်လည်း ထိုဆွမ်းကို စီမံခန့်ခွဲနေသည့် ရဟန်းတော်က ယင်း အတွင်းနေတပည့် စသူတို့အပေါ်မှာ အစဉ်သနား စောင့်ရှောက်လိုသည့် စိတ်ဓာတ်ဖြင့် ယင်းဆွမ်းကို မသုံးဆောင်ရဟု တားမြစ်ထားတော် မူ၏။

၅။ နောက်တစ်မျိုးသည်ကား ဆွမ်းပိုင်ရှင် ရဟန်းတော်က လှူဒါန်း ဖို့ရန် သဒ္ဓါတရားမရှိသည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေသည် ဆိုလျှင်လည်း ထိုဆွမ်းကို စီမံ ဆောင်ရွက်ပေးနေကြသည့် ရဟန်းတော်တို့က ဆွမ်းရှင်ရဟန်းတော်၏ သဒ္ဓါတရား ခေါင်းပါးမှုကို အကြောင်းပြုကာ ယင်းဆွမ်းကို မဘုဉ်းပေးကြရဟု တားမြစ်တော်မူ၏။

ယခု ရဟန်းတော် သုံးစွဲဖို့ရန် စဉ်းစားနေသည့် ဘုရားရှင်၏ သပိတ်တော် အတွင်းမှာ တည်ရှိနေသည့် ပိုလျှံနေသည့် ဆွမ်းသည် ယင်းဖေါ်ပြပါ ငါးမျိုးသော အကြောင်းတရားတို့မှလည်း လွတ်နေပေသည်။ အကြောင်းမူကား ဤသို့ဖြစ်၏ ---

၁။ ဘုရားရှင်သည် သီလကို ချစ်မြတ်နိုးကြသည့် သိက္ခာပုဒ်တော်ကို လွန်ကျူးဖို့ရန် အရှက်ရှိကြသည့် သူတော်ကောင်း အပေါင်း တို့တွင် အသာဆုံး အမြတ်ဆုံး သူတော်ကောင်း ဖြစ်တော်မူ၏။

၂။ ဘုရားရှင်၏ ဆွမ်းသည်လည်း အလွန် စင်စင်ကြယ်ကြယ် ဖြစ်ပေါ်လာသည့် ဆွမ်းဖြစ်၏။

၃။ ဘုရားရှင် ကိုယ်တော်တိုင်က ဆွမ်းခံဝတ်ဖြင့် ကောင်းစွာ စီမံထားတော်မူသည့် ဆွမ်းလည်း ဖြစ်၏။

၄။ ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရသည့် ယင်းဆွမ်းကို လိုလားတောင့်တနေသည့် အခြား တစ်ပါးသော ပုဂ္ဂိုလ်ကလည်း မရှိ ဖြစ်နေ၏။

၅။ လောကတွင် သဒ္ဓါတရားရှိကြသည့် ပုဂ္ဂိုလ်တို့တွင် ဘုရားရှင် သည် အသာဆုံး အမြတ်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။ (မ။ဋ္ဌ၊၁၊၉၉)

ဤကဲ့သို့ ကြံစည်စိတ်ကူးကာ ထိုဒုတိယ ရဟန်းတော်က ဘုရားရှင်ထံဝယ် ပိုလွန်နေသည့် ထိုဆွမ်းကို ဘုဉ်းပေးပြီးနောက် သမဏဓမ္မ အမည်ရသည့် ရဟန်းတရားများကို (= မဂ္ဂင်ရှစ်ပါး အကျင့်တရားတို့)ကို ပွားများအားထုတ်လျက် ညဉ့်နေ့ကို ကုန်လွန်စေရန် စဉ်းစား လိုက်ခြင်း ဖြစ်၏။

ယင်းဆွမ်းကို မစားဘဲ ရဟန်းတရားကို ပွားများအားထုတ်သည့် ရဟန်းတော်သည်လည်း စားသင့်သည့် ဆွမ်းကို မစားခြင်းမျှသာ ဖြစ်၏။ ယင်းဆွမ်းကို စားပြီးနောက် ရဟန်းတရားကို ပွားများ အားထုတ်သည့် ရဟန်းတော်သည်လည်း စားသင့်သည့် ဆွမ်းကို စားခြင်းမျှသာ ဖြစ်၏။ ဆွမ်းနှင့် ပတ်သက်၍ကား ထူးခြားမှု မရှိပေ။ စားသည့် ပုဂ္ဂိုလ် မစားသည့်ပုဂ္ဂိုလ်နှင့် ပတ်သက်၍သာလျှင် ထူးခြားမှုကား ရှိနေပေ၏။ ယင်းထူးခြားမှုကို ထင်ရှားပြတော်မူလိုသည့် အတွက် ဘုရားရှင်က အောက်ပါအတိုင်း ဒေသနာတော်ကို ဆက်လက် ဟောကြားတော်မူပေသည်။ (မ၊ဋ္ဌ၊၁၊၉၉။)]

ဘုရားရှင် ချီးမွမ်းထိုက်သူ

ချစ်သားရဟန်းတို့ ... ထိုရဟန်းသည် ထိုဆွမ်းကို စားသုံးပြီးကာ ဆာလောင်ခြင်း အားနည်းခြင်းကို ပယ်ဖျောက်ပြီးနောက် ဤသို့ ပယ်ဖျောက်ပြီးသည့် အခြေအနေအတိုင်း ထိုညဉ့်နေ့ကို အကယ်၍ကား ကုန်လွန်စေရာ၏။ ထိုသို့ပင် ကုန်လွန်စေသော်လည်း ငါဘုရားရှင်၏ တပည့်သာဝကဖြစ်သော ရှေးဖြစ်သော ဤရဟန်း သည်သာလျှင် အလွန်လည်း ပူဇော်ထိုက်၏၊ အလွန်လည်း ချီးမွမ်း ထိုက်၏။ ထိုသို့ ပူဇော်ထိုက် ချီးမွမ်းထိုက်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူကား ---

ချစ်သားရဟန်းတို့ ... အကြောင်းကို ပြောဆိုရသော် ထို ရဟန်းတော်က ထိုဆွမ်းကို ပယ်ရှားလိုက်ခြင်းသည် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး ထိုရဟန်းတော်၏ ---

၁။ အလိုရမ္မက် နည်းပါးသူဖြစ်ခြင်းငှာ (အပ္ပိစ္ဆတာယ),

၂။ ရောင့်ရဲလွယ်ခြင်းငှာ (သန္တုဋ္ဌိယာ),

၃။ ကိလေသာ ခေါင်းပါးခြင်းငှာ (သလ္လေခါယ),

၄။ မွေးမြူလွယ်သူဖြစ်ခြင်းငှာ (သုဘရတာယ),

၅။ (အကုသိုလ်တရားတို့ကို ပယ်နိုင်ဖို့ရန် ကုသိုလ်တရားတို့တိုး ပွားလာဖို့ရန် ပြည့်စုံလာဖို့ရန် သမထ ဝိပဿနာဘာဝနာတို့ကို) အပတ်တကုတ် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ တိုးပွား လာခြင်းငှာ (ဝီရိယာရမ္ဘာယ)

ကောင်းစွာ ဖြစ်ပေလတ္တံ့။ ထိုကဲ့သို့သော အကြောင်းတရားကြောင့် ရှေးဖြစ်သော ဤပထမ ရဟန်းသည်သာလျှင် အလွန်လည်း ပူဇော်ထိုက်၏၊ အလွန်လည်း ချီးမွမ်းထိုက်၏။ (မ၊၁၊၁၆-၁၇။)

ထို့ကြောင့် ချစ်သားရဟန်းတို့ ... ဤငါဘုရားရှင်၏ သာသနာ တော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် ငါဘုရားရှင်၏ ဓမ္မအမွေခံတို့သာ ဖြစ်ကြပါကုန်လော့၊ အာမိသအမွေခံတို့ မဖြစ်ကြပါကုန်လင့်။ ငါဘုရားရှင်၏ တပည့်သာဝကတို့သည် အဘယ်အကြောင်းဖြင့် ဓမ္မကိုသာ အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်ရာအံ့နည်း၊ အာမိသကို အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကြကုန်ရာအံ့နည်းဟု ငါဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သင်ချစ်သားတို့ အပေါ်၌ အစဉ် သနားစောင့်ရှောက်လိုသည့် စိတ်ဓာတ်သည် ထင်ရှား တည်ရှိနေ ပါ၏ဟု မိန့်ကြားတော်မူ၏။ (မ၊၁၊၁၇။)

ဤ တရားစကားတော်ကို ဘုရားရှင်သည် မိန့်ကြားတော်မူ၏။ ဤတရားစကားတော်ကို မိန့်ကြားတော်မူပြီးနောက် ကောင်းသော စကားကို ပြောဆိုတော်မူတတ်သော သုဂတဂုဏ်ရှင် ဘုရားရှင်သည် တရားဟောတော်မူရာ နေရာမှ ထတော်မူပြီးနောက် ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူလေသည်။ (မ၊၁၊၁၇။)

[အဋ္ဌကထာ၏ ရှင်းလင်းချက်များကို ဆက်လက်ကာ တင်ပြ အပ်ပါသည်။ ဒုတိယရဟန်းတော်က ဘုရားရှင်၏ ပိုလွန်နေသော ဆွမ်းကို သုံးဆောင်တော်မူ၏၊ ယင်းသို့ သုံးဆောင်ခြင်းသည် အပြစ် မရှိသော သုံးဆောင်ခြင်းသာ ဖြစ်၏။ ယင်းရဟန်းကိုလည်း ယင်း ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားဟူသည့် သမဏဓမ္မ အမည်ရသည့် ရဟန်းတရားတို့ကို ဆက်လက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သည့်အတွက် ချီးမွမ်း ထိုက်ပါ၏။ ထို ဒုတိယရဟန်းတော်သည် ဤသို့ ဘုဉ်းပေးသုံးဆောင်သင့် သုံးဆောင်ထိုက်သည့် ဆွမ်းကို ဘုဉ်းပေး သုံးဆောင်ပြီးနောက် လိုက်နာပြုကျင့်သင့် လိုက်နာပြုကျင့်ထိုက်သည့် ရဟန်းတရား အမည် ရသည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို ဆက်လက်ပြီး ကျင့်ပင် ကျင့်ငြားသော်လည်း ပထမ ရှေးရဟန်းတော်သည်ကား ထိုဆွမ်းကို ပယ်မြစ်ကာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဟူသည့် သမဏဓမ္မ အမည် ရသည့် ရဟန်းတရားတို့ကိုသာ တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူသည့် သူတော်ကောင်း ဖြစ်၏။ ငါဘုရားရှင်၏ သာဝက ဖြစ်ကြကုန်သော ရဟန်းနှစ်ပါးတို့တွင် ရှေးဖြစ်သော ထိုပထမရဟန်းကသာလျှင် ရဲရင့်သူ နှစ်ဦးတို့တွင် သာလွန်၍ ရဲရင့်သူ ကဲ့သို့ ပညာရှိသူနှစ်ဦးတို့တွင် သာလွန်၍ ပညာရှိသူကဲ့သို့ လွန်ကဲသော ပူဇော်ခြင်းဖြင့် အလွန်လည်း ပူဇော်ထိုက်၏၊ အလွန်လည်း ချီးမွမ်းထိုက်၏။ (မ၊ဋ္ဌ၊၁၊၉၉-၁၀၀။)

အကြောင်းပြချက်များ

ထိုပထမရဟန်းတော်က ထိုဆွမ်းကို ပယ်ရှားလိုက်ခြင်းသည် ထိုရဟန်းတော်၏ ရှည်မြင့်စွာသော ညဉ့်နေ့ပတ်လုံး အလိုရမ္မက် ကင်းသူ ဖြစ်ခြင်းငှာ ရောင့်ရဲလွယ်ခြင်းငှာ ကိလေသာခေါင်းပါးခြင်းငှာ မွေးမြူလွယ်သူ ဖြစ်ခြင်းငှာ (အကုသိုလ်တရားတွေကို ပယ်နိုင်ဖို့ရန်, ကုသိုလ်တရားတွေကို တိုးပွားစေဖို့ရန် ပြည့်စုံလာစေဖို့ရန်) ကြိုးစား အားထုတ်ခြင်း လုံ့လဝီရိယ၏ တိုးပွားလာခြင်းငှာ ကောင်းစွာ ဖြစ်ပေလတ္တံ့ဟု ဤသို့လျှင် ဘုရားရှင်က ဟောကြားထားတော်မူပေ သည်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ထိုသို့ ဖြစ်လာနိုင်ပါ သနည်းဟု မေးရန် ရှိလာပြန်၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်ပေ သည်။

ချွန်း = ပညာချွန်း

နောက်ပိုင်းကာလ တစ်ချိန်ချိန်ဝယ် ယင်း ပထမရဟန်းတော်၏ သန္တာန်ဝယ် ပစ္စည်းလေးပါးတို့၌ ---

၁။ သူတစ်ပါးတို့ ရရှိထားသည့် ပစ္စည်းလာဘ်လာဘတွေ အပေါ်ဝယ် အလွန် လိုလားတောင့်တနေခြင်း အတြိစ္ဆာ,

၂။ မိမိမှာ ထင်ရှားမရှိသည့် ဂုဏ်ပုဒ်တွေကို ထုတ်ဖေါ် ချီးမွမ်းလိုခြင်း ပစ္စည်းလေးပါးကို ခံယူရာ၌ မိမိ၏ အတိုင်းအရှည် ပမာဏကို မသိခြင်းဟူသည့် ယုတ်မာသည့် အလိုဆိုးရှိခြင်း ပါပိစ္ဆာ,

၃။ ပစ္စည်းများများ လိုချင်ခြင်း, မွန်မွန်မြတ်မြတ် ပစ္စည်းကောင်းကောင်းကိုမှ လိုချင်ခြင်း မဟိစ္ဆာ ---

ဤ (၃)မျိုးသော မကောင်းတရားများသည် ထိုရဟန်း၏ စိတ်အစဉ်ဝယ် ထင်ရှား ဖြစ်ခဲ့သော် ထိုကဲ့သို့သော ယုတ်မာသည့် အလိုဆိုးများ ဖြစ်ပေါ်လာသော အချိန်အခါမျိုး၌ ဤရဟန်းတော်ကို ဤဘုရားရှင်၏ ဆွမ်းကို ပယ်မြစ်ခဲ့ခြင်းဟူသည့် ပညာချွန်းက --- အမောင်ယောက်ျား ... သင်သည် ဘုရားရှင်၏ ကြွင်းကျန်နေသော ဆွမ်းကိုပင်သော်လည်း မစားသုံးဘဲ ပယ်မြစ်ခဲ့ပြီးမှ ယခုကဲ့သို့ ယုတ်ညံ့သည့် လိုလားတောင့်တမှုမျိုးကို သင့်၏ သန္တာန်မှာ ဖြစ်ပေါ် စေရသေးသလားဟု ဤသို့ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ကာ ပစ္စဝေက္ခဏာချွန်းဖြင့် တားမြစ်ပေလိမ့်မည်။ အလားတူပင် မိမိမှာ ရရှိထားပြီးဖြစ်သည့် ပစ္စည်းမျှဖြင့် မရောင့်ရဲနိုင်သည့်အခါ, မိမိ၏ သန္တာန်ဝယ် ကိလေသာတို့က ခေါင်းပါးမသွားဘဲ တိုးပွားလာသည့် အခါတို့မှာလည်း ဖြစ်ပေါ်လာသည့် ကိလေသာတို့ကို ပုံစံတူပင် ပစ္စဝေက္ခဏာပညာချွန်းဖြင့် တားမြစ်နိုင်ပေလိမ့်မည်။ (မ၊ဋ္ဌ၊၁၊၁၀၀။)

မွေးမြူရ ခက်ခဲသူ

ဤသာသနာတော်ဝယ် အချို့သော ရဟန်းတော်သည်ကား ပစ္စည်းများများ ပစ္စည်းကောင်းကောင်းကိုသာ အလိုရှိသည့် မဟိစ္ဆ ပုဂ္ဂိုလ်မျိုး ဖြစ်နေ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်ကား ပစ္စည်း လေးပါးကို လှူဒါန်းနေကြသည့် ပစ္စယဒါယကာတို့ဘက်က ပစ္စည်း လေးပါးကို လှူဒါန်းခြင်းဖြင့် မွေးမြူဖို့ရန် မစွမ်းနိုင်သကဲ့သို့ အလားတူပင် ပစ္စည်းလေးပါးကို ရှာဖွေခြင်းဖြင့် မိမိကိုယ်တိုင်က မိမိကိုယ်ကို မွေးမြူဖို့ရန်လည်း မစွမ်းနိုင်ရှိတတ်၏။ မွေးမြူဖို့ရန် အလွန်ခက်ခဲသည့် ပုဂ္ဂိုလ်မျိုး ဖြစ်တတ်၏။ သို့သော် အချို့အချို့သော ရဟန်းတော် သည်ကား မိမိကိုယ်တိုင်ကရော အလုပ်အကျွေး ဒါယကာတို့ကရော မွေးမြူဖို့ရန် အလွန် လွယ်ကူသူ ဖြစ်နေတတ်ပြန်၏။

ရဟန်းတော်တစ်ပါးကား အချဉ်စသည်တို့ကို ရရှိခဲ့သော် အချို စသည်တို့ကို ရှာဖွေတတ်ပြန်၏၊ အိမ်တစ်အိမ်မှာ ရရှိလာသော လှူဖွယ်ဝတ္ထုကို အခြားအိမ်တစ်အိမ်ဝယ် စွန့်ပစ်ထားခဲ့ကာ တစ်ရွာလုံးကို လှည့်လည်ပြီးနောက် အချည်းနှီးသော သပိတ်ကိုသာလျှင် စွဲကိုင်ကာ ကျောင်းတွင်းသို့ ဝင်ရောက်ပြီး အိပ်စက်နေတတ်၏၊ ဆာလောင်ခြင်း အင်အားနည်းပါးခြင်း ဒုက္ခကို ခံစားနေတတ်၏။ ဤကဲ့သို့သော ရဟန်းမျိုးသည်ကား မိမိကိုယ်ကို မိမိကိုယ်တိုင်က မွေးမြူ ဖို့ရန် ခက်ခဲသည့် ပုဂ္ဂိုလ်မျိုးဖြစ်ပေ၏။ မည်သည့် လှူဖွယ်ဝတ္ထုကိုမျှ ကျေနပ်မှု မရနိုင်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပေ၏။ နောက်ဆုံး ရရှိသည့် လှူဖွယ်ဝတ္ထုကိုလည်း အားရတင်းတိမ်မှု မရှိသည့်အတွက် စွန့်လွှတ် လိုက်ပြန်၏။ နောက်ထပ်လည်း မည်သည့် လှူဖွယ်ဝတ္ထုကိုမျှ မရရှိတော့သည့်အတွက် စားစရာလုံးဝ မရှိသည့် ဗလာကျင်းနေသည့် သပိတ်ဖြင့် ကျောင်းသို့ ပြန်လာကာ အိပ်စက်ရခြင်း ဖြစ်သည်။ (မ၊ဋ္ဌ၊၁၊၁၀၀။ မ၊ဋီ၊၁၈၆-၁၈၇။)

ရဟန်းတော်တစ်ပါးသည်ကား အသားပြွမ်းသည့် သလေးဆွမ်း (= ဒန်ပေါက်ဆွမ်း) စသည်တို့ကို သပိတ်ထဲ၌ အပြည့်ထည့်ကာ လှူဒါန်းလိုက်ပါသော်လည်း မျက်နှာမသာမယာသည့် သဘောကိုသာ ထင်ရှား ပြတတ်၏၊ မနှစ်ခြိုက်သည့် သဘောကိုသာ ထင်ရှား ပြတတ်၏။ ယင်း အလှူရှင်တို့၏ မျက်မှောက်မှာပင် ထိုဆွမ်းကို သင်တို့တွေ ဘာတွေကို လှူနေတာလဲဟူသည့် မောင်းမဲသည့်စကား အပြစ်တင်စကားတို့ကိုသာ ပြောကြားကာ ရှင်သာမဏေ လူဥပါသကာ စသူတို့အား ပေးလိုက်တတ်၏။ ဤကဲ့သို့သော ရဟန်းတော်မျိုးသည်ကား အလုပ်အကျွေး ဒါယကာတို့က အမွေးမြူရခက်သော ရဟန်းတော်မျိုးပင် ဖြစ်၏။ ဤရဟန်းမျိုးကို မြင်တွေ့ရသည့်အခါ လူဒါယကာ ဒါယိကာမတို့က --- မွေးမြူရ အလွန် ခက်ခဲသည့် ရဟန်းပါလား၊ ဤကဲ့သို့သော ရဟန်းမျိုးကို မွေးမြူ စောင့်ရှောက်ဖို့ ကတော့ ဖြစ်နိုင်စရာ မရှိတော့ပြီဟု နှလုံးပိုက်ကာ ခပ်ဝေးဝေးကပင် ရှောင်ရှားသွားကြ၏။ (မ၊ဋ္ဌ၊၁၊၁၀၀။)

မွေးမြူရ လွယ်ကူသူ

ရဟန်းတော်တစ်ပါးသည်ကား ကြမ်းတမ်းခေါင်းပါးသည့် အစာအာဟာရကိုပင် ဖြစ်စေ, မွန်မြတ်သည့် အစာအာဟာရကိုပင် ဖြစ်စေ မည်သည့် အာဟာရကို မဆို ရရှိသည့်အခါ ရရသမျှသော ဆွမ်းကို ကျေနပ်ရောင့်ရဲသည့် စိတ်ဓာတ်ဖြင့်ပင် ဘုဉ်းပေးသုံးဆောင်ပြီးနောက် နောက်ထပ် ရှာဖွေမှုကို လုံးဝမပြုလုပ်တော့ဘဲ ကျောင်းသို့ ပြန်ကြွကာ မိမိ လိုက်နာပြုကျင့်ရမည့် သမထ ဝိပဿနာ အစဖြာသည့် သမဏဓမ္မ အမည်ရသည့် ရဟန်းတရားကိုပင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်၏။ ဤကဲ့သို့သော ရဟန်းတော်မျိုးသည်ကား မိမိကိုယ်ကို မိမိက မွေးမြူရလွယ်ကူသည့် ရဟန်းမျိုးပင် ဖြစ်၏။ (မ၊ဋ္ဌ၊၁၊၁၀၀။)

ရဟန်းတော်တစ်ပါးသည်ကား သူတစ်ပါးတို့က နည်းပါးသည့် လှူဖွယ်ဝတ္ထုကိုပင် ဖြစ်စေ, များပြားသည့် လှူဖွယ်ဝတ္ထုကိုပင် ဖြစ်စေ ကြမ်းတမ်းသည့် ညံ့ဖျင်းသည့် လှူဖွယ်ဝတ္ထုကိုပင် ဖြစ်စေ, မွန်မြတ် သည့် လှူဖွယ်ဝတ္ထုကိုပင် ဖြစ်စေ ပေးလှူသည့်အခါ ရရသမျှသော လှူဖွယ်ဝတ္ထုကို ကဲ့ရဲ့ရှုတ်ချမှု လုံးဝမပြုဘဲ ကျေနပ်ရောင့်ရဲမှု သန္တောသတရားကို လက်ကိုင်ထားကာ နှစ်လိုဝမ်းမြောက်သော စိတ်ထား ကြည်လင်ရွှင်ပြသော မျက်နှာရှိလျက် ယင်းအလှူရှင်တို့၏ မျက်မှောက်မှာပင် ဘုဉ်းပေးသုံးဆောင်ပြီးနောက် ကျောင်းတော်သို့ ပြန်ကြွကာ သမထ ဝိပဿနာ အစဖြာသည့် သမဏဓမ္မ အမည်ရသည့် ရဟန်းတရားကိုပင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၏။ ဤကဲ့သို့သော ရဟန်းမျိုးသည်ကား အလုပ်အကျွေး ဒါယကာ ဒါယိကာမ တို့က မွေးမြူရလွယ်ကူသည့် ရဟန်းမျိုး ဖြစ်၏။ ဤကဲ့သို့သော ရဟန်းတော်မျိုးကို မြင်တွေ့ရသည့်အခါ လူဝတ်ကြောင် ဒါယကာ ဒါယိကာမတို့က အလွန် ချစ်ကျွမ်းဝင်သည့် စိတ်ထား အလွန် ကြည်ညိုမြတ်နိုးသည့် စိတ်ထားရှိကြ၏။ ငါတို့ ကိုယ်းကွယ်ဆည်းကပ်နေသည့် အရှင်သည် မွေးမြူရလွယ်ကူသည့် ရဟန်းတော်တစ်ပါး ဖြစ်၏၊ အနည်းငယ်မျှသော လှူဖွယ်ဝတ္ထုဖြင့်သော်လည်း ကျေနပ် ရောင့်ရဲ၏၊ ဤရဟန်းတော်ကို ငါတို့ပင် ပြုစုလုပ်ကျွေးကြတော့မည် ဟု ဤသို့ နှလုံးပိုက်ကာ သူတို့၏ ကျောင်းမှာပင် နေထိုင်သီတင်းသုံးဖို့ရန် ပဋိညာဉ် ဝန်ခံချက်ကို ပြုလုပ်ကာ မွေးမြူကြ၏။ (မ၊ဋ္ဌ၊၁၊၁၀၀။)

ပထမ ရဟန်းတော်

ယခုဆွေးနွေးတင်ပြနေသည့် ဓမ္မဒါယာဒသုတ္တန်မှာ လာရှိသည့် ပထမ ရဟန်းတော်, ဒုတိယ ရဟန်းတော်ဟူသည့် ရဟန်းတော်နှစ်မျိုး တို့တွင် ဘုရားရှင်၏ ဆွမ်းကိုပင် ပယ်မြစ်ခဲ့ဖူးသည့် ပထမရဟန်းတော်သည် နောင်တစ်ချိန်ဝယ် ယင်းရဟန်းတော်၏ သန္တာန်မှာ မိမိ ကိုယ်တိုင်ကပင် ဖြစ်စေ အလုပ်အကျွေး ဒါယကာ ဒါယိကာမတို့ကပင် ဖြစ်စေ မိမိကို မွေးမြူဖို့ရန် ခက်ခဲလှသည့်, နည်းလမ်း တစ်မျိုးမျိုးဖြင့် မွေးမြူရ ခက်ခဲလှသည့် စိတ်ဓာတ် ထင်ရှား ဖြစ်ပေါ်လာခဲ့မည်ဆိုလျှင် ထိုအခါမှာ ယင်း ရဟန်းတော်ကို ဤဘုရားရှင်၏ ဆွမ်းကို ပယ်မြစ်ခဲ့ ဖူးခြင်းဟူသည့် ပညာချွန်းက--- အမောင်ယောက်ျား ... သင်သည် ဘုရားရှင်၏ ကြွင်းကျန်နေသည့် ဆွမ်းကိုပင်သော်လည်း ပယ်မြစ်ခဲ့ဖူး ပါလျက် ယခုကဲ့သို့ ယုတ်ညံ့သည့် စိတ်ဓာတ်မျိုးကို ဖြစ်ပေါ်စေရ သေးသလား ဟု ဤကဲ့သို့သော ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ကာ တားမြစ်ပေလိမ့်မည်။ အကယ်၍ ထိုရဟန်းတော်၏ သန္တာန်၌ သမထ ဝိပဿနာ အစဖြာသည့် ရဟန်းတရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သည့်အခါဝယ် ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိမှု = ကောသဇ္ဇတရား ထင်ရှားဖြစ်ပေါ်ခဲ့မည်ဆိုလျှင်လည်း ယင်း ပျင်းရိမှု = ကောသဇ္ဇတရားကိုလည်းပဲ ယင်း ပညာချွန်းကပင် --- အို အမောင်ယောက်ျား ...တစ်ချိန်က သင်သည် ဘုရားရှင်၏ ကြွင်းကျန်နေသေးသည့် ဆွမ်းကိုပင်သော်လည်း ပယ်မြစ်ခဲ့ဖူး၏၊ ဤကဲ့သို့ ပယ်မြစ်ပြီးနောက် အစာမရှိသည့်အတွက် ဆာလောင်မှု ပင်ပန်းမှုဖြင့် အနှိပ်စက်ခံနေခဲ့ရသော်လည်း သမဏဓမ္မ အမည်ရသည့် ရဟန်းတရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူး၏။ ယခုလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးသည့် သင်ကဲ့သို့သော ပုဂ္ဂိုလ် တစ်ယောက်သည် ယနေ့ကျမှ ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိနေခြင်း = ကောသဇ္ဇတရားကို အဖန်ဖန် အားထုတ်နေရသေးသလားဟု ဤသို့ ဆင်ခြင်လိုက်သည့်အခါ ယင်း ဆင်ခြင်လိုက်သည့် ပစ္စဝေက္ခဏာ ပညာချွန်းက ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိခြင်း = ကောသဇ္ဇတရားကို တားမြစ်ပိတ်ပင် ပေးပါလိမ့်မည်။ ဤသို့ တားမြစ် ပိတ်ပင်နိုင်ခဲ့သော် ထိုရဟန်းတော်၏ သန္တာန်ဝယ် အကုသိုလ်တရား တို့ကို ပယ်ရှားနိုင်ရန် ကုသိုလ်တရားတို့ကို တိုးပွားလာစေရန် ပြည့်စုံ လာစေရန် ဘာဝနာလုပ်ငန်းကို အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = လုံ့လဝီရိယသည် အားကောင်းမောင်းသန်စွာ ဖြစ်ပေါ်လာပေ လိမ့်မည်။ ဤသို့လျှင် ဤဘုရားရှင်၏ ဆွမ်းကို ပယ်မြစ်လိုက်ခြင်းသည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလပတ်လုံး ထိုရဟန်းတော်၏ ---

၁။ အလိုရမ္မက် နည်းပါးသူဖြစ်ခြင်းငှာ (အပ္ပိစ္ဆတာယ)

၂။ ရောင့်ရဲလွယ်ခြင်းငှာ (သန္တုဋ္ဌိယာ)

၃။ ကိလေသာ ခေါင်းပါးခြင်းငှာ (သလ္လေခါယ)

၄။ မွေးမြူလွယ်သူ ဖြစ်ခြင်းငှာ (သုဘရတာယ)

၅။ (အကုသိုလ်တရားတွေကို ပယ်နိုင်ဖို့ရန် ကုသိုလ်တရားတွေ၏ တိုးပွားလာဖို့ရန် ပြည့်စုံလာဖို့ရန် သမထ + ဝိပဿနာဘာဝနာ တို့ကို) အပတ်တကုတ် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ တိုးပွားလာခြင်းငှာ ကောင်းစွာ ဖြစ်ပေလိမ့်မည်။ ဤဂုဏ်ကျေးဇူး ငါးမျိုးတို့နှင့် ပြည့်စုံနေသော ရဟန်းတော်သည် ကထာဝတ္ထု ဆယ်ပါးတို့ကိုလည်း ပြည့်စုံအောင် ဖြည့်ကျင့်ပေလိမ့်မည်။ (မ၊ဋ္ဌ၊၁၊၁၀၀-၁၀၁။)

ကထာဝတ္ထု (၁၀) ပါး

၁။ အပ္ပိစ္ဆကထာ = အလိုရမ္မက်နည်းပါးခြင်းနှင့် စပ်သော စကား,

၂။ သန္တုဋ္ဌိကထာ = ရောင့်ရဲလွယ်ခြင်းနှင့် စပ်သော စကား,

၃။ ပဝိဝေကကထာ = ဝိဝေကသုံးဖြာမှ ကင်းဆိတ်ခြင်းနှင့် စပ်သော စကား,

၄။ အသံသဂ္ဂကထာ = ပုဂ္ဂိုလ်သတ္တဝါ အပေါင်းအဖေါ်, ကိလေသာ အပေါင်းအဖေါ်နှင့် ကင်းကင်းရှင်းရှင်း နေထိုင်ခြင်း ရောရောနှောနှော မနေထိုင်ခြင်းနှင့် စပ်သော စကား,

၅။ ဝီရိယာရမ္ဘကထာ = အကုသိုလ်တရားတို့ကို ပယ်နိုင်ရန် ကုသိုလ် တရားတို့ကို တိုးပွားစေရန် ပြည့်စုံစေရန် သမထ ဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = လုံ့လ ဝီရိယနှင့် စပ်သော စကား,

၆။ သီလကထာ = သီလနှင့် စပ်သော စကား,

၇။ သမာဓိကထာ = သမာဓိနှင့် စပ်သော စကား,

၈။ ပညာကထာ = ဝိပဿနာပညာ မဂ်ပညာနှင့် စပ်သော စကား,

၉။ ဝိမုတ္တိကထာ = ကိလေသာမှ လွတ်မြောက်ကြောင်း (အရ ဟတ္တဖိုလ်) နိဗ္ဗာန် (= ဝိမုတ္တိ) နှင့် စပ်သော စကား,

၁၀။ ဝိမုတ္တိဉာဏဒဿနကထာ = ဝိမုတ္တိဉာဏ်အမြင်နှင့် စပ်သော စကား -

ဤ (၁၀)ပါးသည်ကား ရဟန်းတို့ ပြောဆိုသင့်သော ကထာ = စကား (၁၀)မျိုးပင် ဖြစ်၏။ ဤ (၁၀)မျိုးတို့တွင် အမှတ် (၁) အပ္ပိစ္ဆကထာ, အမှတ် (၂) သန္တုဋ္ဌိကထာ, အမှတ် (၅) ဝီရိယာရမ္ဘကထာ ဟူသည့် ကထာ = စကား (၃)မျိုးကိုကား ဘုရားရှင်သည် တိုက်ရိုက် အမည်တပ်ကာ ယခု တင်ပြနေသည့် ဓမ္မဒါယာဒသုတ္တန်ဝယ် ဟောကြားထားတော်မူပါသည်။ ကျန်နေသည့် ကထာ = စကား အမျိုးမျိုး ကိုကား သလ္လေခကထာ = ကိလေသာ ခေါင်းပါးအောင် ကျင့်ရမည့် ကျင့်စဉ်စကားအဖြစ် စုပေါင်းကာ ဟောကြားထားတော်မူပါသည်။ ထိုကဲ့သို့ ဟောကြားထားတော်မူသည့် ထုံးဟောင်းတစ်ရပ်သည်ကား ဥပရိပဏ္ဏာသပါဠိတော် မဟာသုညတသုတ္တန်မှာ လာရှိပေသည်။---

ညီဘွား အာနန္ဒာ ...အကြင်စကားသည် သလ္လေခ = ကိလေသာတို့ကို ခေါင်းပါးစေတတ်၏၊ စိတ်၏ နီဝရဏမှ ကင်းခြင်းငှာ လျောက်ပတ်၏၊ စိတ်ဓာတ်ကို အမှန်တရားကို မမြင်အောင် ဖုံးလွှမ်း ထားတတ်သည့် နီဝရဏ အဖုံးအပိတ်ကို ဖွင့်လှစ်ပြခြင်းဟု ခေါ်ဆိုအပ်သော သမထ ဝိပဿနာ ဘာဝနာတို့အား လျောက်ပတ်၏။ စင်စစ် သင်္ခါရတရားတို့မှ တစ်နည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ ခြင်းငှာ တပ်မက်မှုရာဂ ကင်းခြင်းငှာ တပ်မက်မှုရာဂ ချုပ်ငြိမ်းခြင်းငှာ, တစ်နည်း သံသရာဝဋ်ဒုက္ခ၌ တပ်မက်ခြင်း ကင်းခြင်းငှာ, သံသရာဝဋ်ဒုက္ခ၏ ချုပ်ငြိမ်းခြင်းငှာ, သိသင့်သိထိုက်သော သစ္စာလေးပါး အစရှိသည့် အဘိညေယျတရားစုကို ထိုးထွင်း သိမြင်ခြင်းငှာ, အရိယမဂ်ဉာဏ်ကို ထိုးထွင်း သိမြင်ခြင်းငှာ, ဝိပါက်ကမ္မဇရုပ် အကြွင်းအကျန် မရှိသည့် အနုပါဒိသေသနိဗ္ဗာနဓာတ် ဝင်စံရန် အလို့ငှာ ကောင်းစွာ ဖြစ်၏။ ယင်းစကားသည်ကား ---

၁။ အပ္ပိစ္ဆကထာ = အလိုရမ္မက်နည်းပါးခြင်းနှင့် စပ်သော စကား ။ပ။ ၁၀။ ဝိမုတ္တိဉာဏဒဿနကထာ = ဝိမုတ္တိဉာဏ်အမြင်နှင့် စပ်သော စကားတည်း။ (မ၊၃၊၁၅၅။)

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသည့် ထုံးဟောင်းတစ်ရပ်လည်း ထင်ရှား ရှိနေပေသည်။ ထို့ကြောင့် ဤဂုဏ်ကျေးဇူး ငါးမျိုး တို့ကို ပြည့်စုံစေသော ရဟန်းတော်တို့သည် ကထာဝတ္ထု (၁၀)ပါးတို့ကို ပြည့်စုံစေကြပေကုန်လတ္တံ့။ (မ၊ဋ္ဌ၊၁၊၁၀၁။)

ပဝိဝေကကထာ

ယခု တင်ပြနေသည့် ကထာဝတ္ထု (၁၀)မျိုးတို့တွင် ပါဝင်နေသည့် ပဝိဝေကကထာ အကြောင်းကို အနည်းငယ် ထပ်မံ ရှင်းလင်းတင်ပြ လိုပေသည် --- (၁) ကာယဝိဝေက, (၂) စိတ္တဝိဝေက, (၃) ဥပဓိဝိဝေက ဟု ဝိဝေက သုံးမျိုး ရှိ၏။ ---

(၁) ကာယဝိဝေက --- ဂိုဏ်း အပေါင်းအဖေါ်ကို စွန့်လွှတ်ကာ တစ်ယောက်ထီးတည်း သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း စားခြင်း စသည်ဖြင့် တစ်ယောက်ထီးတည်း နေလေ့ရှိခြင်း သဘောသည် ကာယဝိဝေက မည်၏။

(၂) စိတ္တဝိဝေက --- သို့သော် ကာယဝိဝေကမျှနှင့် လောကုတ္တရာ တရား ကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်သည့်အတွက် ကသိုဏ်းပရိကမ်များကို ပြုကာ စျာန်သမာပတ် (၈)ပါးတို့ကို ဖြစ်ပေါ်လာအောင် ကျင့်ရ၏။ ဤစျာန်သမာပတ်တို့သည် စိတ်အစဉ်ဝယ် နီဝရဏကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးအောင် ကင်းစင်အောင် ဆောင်ရွက်ပေးနိုင်သည့်အတွက် စိတ္တဝိဝေက မည်၏။

(၃) ဥပဓိဝိဝေက --- စျာန်သမာပတ် (၈)ပါးကို ရရှိရုံမျှဖြင့်လည်း လောကုတ္တရာတရားကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်သည့်အတွက် ယင်းစျာန်သမာပတ်ကို ဝိပဿနာ၏ အခြေပါဒကပြုကာ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ အရဟတ္တဖိုလ် ဆိုက်သည်တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရ၏။ ယင်း အရဟတ္တဖိုလ် နိဗ္ဗာန် သည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဥပဓိဝိဝေက မည်၏။

ထိုနိဗ္ဗာန်သည် ကာမုပဓိအမည်ရသည့် ကာမဂုဏ်တို့မှလည်း ကင်းဆိတ်၏၊ ကိလေသုပဓိ အမည်ရသည့် ကိလေသာတို့မှလည်း ကင်းဆိတ်၏၊ အဘိသင်္ခါရုပဓိ အမည်ရသည့် ဘဝသစ်ကို ပြုပြင်တတ်သည့် အဘိသင်္ခါရတရားတို့မှလည်း ကင်းဆိတ်၏၊ ခန္ဓုပဓိ အမည်ရသည့် ခန္ဓာငါးပါးတို့မှလည်း ကင်းဆိတ်၏။ ဤသို့ ဥပဓိလေးဖြာတို့မှ ကင်းဆိတ်နေသည့် အတွက်ကြောင့် နိဗ္ဗာန်တရားတော်မြတ်သည် ဥပဓိဝိဝေက မည်၏။ ဤကဲ့သို့သော ဝိဝေက သုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သည့် ရဟန်းတော်သည် မိမိထံမှောက်သို့ ဆိုက်ရောက်လာသည့် ပရိသတ်ကို ဝိဝေက သုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိရန် ဝိဝေကသုံးဖြာသို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိရန် ပြောကြားကာ ညွှန်ကြားကာ ပရိသတ်ကို ပြန်လွှတ်ပြီးနောက် သမထ ဝိပဿနာ ဘာဝနာဆိုသည့် ရဟန်းတရားကိုသာ ဆက်လက်ကြိုးပမ်း၏။ (အံ၊၃၊၆၆။ အံ၊ဋ္ဌ၊၃၊၂၆။)

ကြွင်းကျန်သော ကထာ = စကားရပ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။ ဤကထာဝတ္ထုဆယ်ပါးကို ပြည့်စုံအောင် ဖြည့်ကျင့်နိုင်သည့် သူတို့သည် သီလ-သမာဓိ-ပညာဆိုသည့် သိက္ခာ သုံးရပ် အကျင့်မြတ်တို့ကို ပြည့်စုံအောင် ဖြည့်ကျင့်နိုင်ကြမည် ဖြစ်၏။

ကထာဝတ္ထု ဆယ်ပါးတို့တွင် အပ္ပိစ္ဆကထာ, သန္တောသကထာ ( = သန္တုဋ္ဌိကထာ), အသံသဂ္ဂကထာ, သီလကထာ --- ဤလေးမျိုးတို့ကို အဓိသီလသိက္ခာဝယ်၊ ပဝိဝေကကထာ, ဝီရိယာရမ္ဘကထာ, သမာဓိကထာတို့ကို သမာဓိသိက္ခာဝယ်၊ ပညာကထာ, ဝိမုတ္တိကထာ, ဝိမုတ္တိဉာဏဒဿနကထာတို့ကို အဓိပညာသိက္ခာဝယ် --- ထည့်သွင်း ရေတွက်ရ၏။ ဤနည်းဖြင့် ကထာဝတ္ထု ဆယ်ပါးတို့ကို အရဟတ္တဖိုလ်ပေါက် ပြည့်ပြည့်စုံစုံ လိုက်နာပြုကျင့်နိုင်သည့် သူတို့သည် သိက္ခာ သုံးရပ် အကျင့်မြတ်တို့ကိုလည်း အရဟတ္တဖိုလ်ပေါက် ပြည့်စုံအောင် ဖြည့်ကျင့်နိုင်ကြပေလိမ့်မည်။ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို အရဟတ္တဖိုလ်ပေါက် ပြည့်စုံအောင် ဖြည့်ကျင့်နိုင်သည့် သူတို့သည် ငါးပါး ကုန်သော အသေက္ခဓမ္မက္ခန္ဓာတို့ကို ပြည့်စုံအောင် ဖြည့်ကျင့်နိုင်ကြ ပေလိမ့်မည်။

အရဟတ္တဖိုလ်ပေါက် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ထားသည့် အဓိသီလသိက္ခာက အသေက္ခ-သီလက္ခန္ဓ = ရဟန္တာပုဂ္ဂိုလ်တို့၏ သီလဂုဏ် ကျေးဇူး အစု ဖြစ်၏။ အဓိစိတ္တသိက္ခာက အသေက္ခ-သမာဓိက္ခန္ဓ = ရဟန္တာပုဂ္ဂိုလ်တို့၏ သမာဓိဂုဏ်ကျေးဇူးအစု ဖြစ်၏။ အဓိပညာသိက္ခာက အသေက္ခ = ပညာက္ခန္ဓ, ဝိမုတ္တိက္ခန္ဓ, ဝိမုတ္တိဉာဏဒဿနက္ခန္ဓ = ရဟန္တာပုဂ္ဂိုလ်တို့၏ ပညာဂုဏ်ကျေးဇူး အစု, ဝိမုတ္တိဂုဏ်ကျေးဇူး အစု, ဝိမုတ္တိဉာဏဒဿန = ဝိမုတ္တိဉာဏ်အမြင် ဂုဏ်ကျေးဇူး အစုတို့ ဖြစ်ကြ၏။ ထိုကြောင့် သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို အရဟတ္တဖိုလ်ပေါက် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်သူတို့သည် အသေက္ခ = ရဟန္တာ အရှင်မြတ်တို့၏ ငါးမျိုးသော ဂုဏ်ကျေးဇူး အစုတို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ပြီး ဖြစ်ကြ၏။ ဤငါးမျိုးသော ဓမ္မက္ခန္ဓ = ဓမ္မဂုဏ်ကျေးဇူး တို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ပြီးသူတို့သည် မသေရာ အမြိုက်နိဗ္ဗာန်သို့ ဝိပါက်ကမ္မဇရုပ် အကြွင်းအကျန် မရှိသည့် အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ဝင်စံကြရမည် ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၁၊၁၀၁။)

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ --- တောင်ထိပ်လွင်ပြင်ပေါ်၌ သည်းထန်စွာ ရွာသွန်းချနေသော မိုးကြီးသည် ရေထုထည်က အလွန် များပြား စွတ်စိုစေခဲ့သော် တောင်ချောက်ကမ္ဘား ရှိုင်ဝှန်း (ချိုင့်ဝှမ်း) ရှိုမြောင်တို့ကို ရေဖြင့် ပြည့်နှက်စေ၏၊ ယင်းရေထုထည်တို့က ပြည့်လျှံလာသောအခါ တစ်ဘက်ဆည်ကန်တို့ကို ပြည့်စေပြန်၏၊ ယင်း တစ်ဘက်ဆည်ကန်ရေတွေက ပြည့်လျှံလာသောအခါ ယင်းရေတို့က မြစ်ငယ်တို့ကို ပြည့်စေပြန်၏၊ တစ်ဖန် မြစ်ငယ်အတွင်း လျှံလာသော ရေတို့က မြစ်ကြီးတို့ကို ပြည့်စေပြန်၏။ မြစ်ကြီးအတွင်းမှာ လျှံတက်လာသော ရေတို့က မဟာသမုဒ္ဒရာကို ပြည့်စေပြန်၏။

ဤဥပမာအတိုင်းပင် ဤဓမ္မဒါယာဒသုတ္တန်ဝယ် ဟောကြားထားတော်မူသည့်အတိုင်း အပ္ပိစ္ဆတာ = အလိုနည်းပါးခြင်းစသည့် ငါးမျိုးသော ဂုဏ်ကျေးဇူးတို့ကို ပြည့်စုံအောင် ဖြည့်ကျင့်သည့် ရဟန်းတော်သည် ကထာဝတ္ထု ဆယ်ပါးကို အစထားကာ မသေရာ အမြိုက်နိဗ္ဗာန်သို့ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ဝင်စံရသည် တိုင်အောင်သော ကျင့်ဝတ်ပဋိပတ်ကို ပြည့်စုံအောင် ဖြည့်ကျင့်နိုင်မည် ဖြစ်သည်။ ဤသို့လျှင် ဤပထမရဟန်းတော်သည် ဘုရားရှင်ထံမှ အာမိသကို အမွေမခံယူဘဲ ဓမ္မကိုသာ အမွေခံယူခြင်းဟူသည့် ဓမ္မဒါယာဒ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ခဲ့သော် အမြတ်ဆုံးသော ဓမ္မကိုသာ အမွေခံယူခြင်း = ပရမဓမ္မဒါယာဒ အမွေကို ဘုရားရှင်ထံမှ ရရှိနိုင်ပါသည် ဟူသည့် ဤသဘောတရားကို ထင်ရှား ပြတော်မူလိုသည့်အတွက်ကြောင့် ဘုရားရှင်က ပထမရဟန်းတော်သည်သာလျှင် အလွန်ပူဇော်ထိုက်သည့် ရဟန်းဖြစ်ကြောင်း အလွန်ချီးမွမ်းထိုက်သည့် ရဟန်းဖြစ်ကြောင်း စသည့် စကားတော်များကို မိန့်ကြားသွားတော်မူခြင်း ဖြစ်ပေသည်။ ဘုရားရှင်ထံမှ အာမိသကို အမွေမခံယူဘဲ ဓမ္မကိုသာ အမွေခံယူရန် တိုက်တွန်းတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၁၊၁၀၁-၁၀၂။)

တရားတော်ကို ချီးမွမ်းတော်မူလိုခြင်း

ဓမ္မဒါယာဒသုတ္တန် တရားဒေသနာတော်ကို ဤမျှလောက် ကိုသာ ဘုရားရှင်က ဟောကြားတော်မူကာ တရားဒေသနာတော် မပြီးဆုံးမီမှာပင် ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူ၏။ တရားဒေသနာတော် မပြီးဆုံးမီ ယခုကဲ့သို့ ဂန္ဓကုဋိကျောင်းတော်တွင်း သို့ ဝင်ရောက်သွားခြင်းသည် ---

၁။ ပုဂ္ဂလထောမနတ္ထံ = ပုဂ္ဂိုလ်ကို ချီးမွမ်းလိုခြင်း -

၂။ ဓမ္မထောမနတ္ထံ = တရားတော်ကို ချီးမွမ်းလိုခြင်းဟူသည့် အကြောင်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းကြောင့် သာ ဖြစ်ပေသည်။

တစ်ခါတစ်ရံ အရှင်သာရိပုတ္တရာ အရှင်မဟာကစ္စည်း အရှင် အာနန္ဒာ အစရှိသည့် သူတော်ကောင်းတို့ကို ချီးမြှောက်တော်မူလိုသည့်အတွက် ငါဘုရား အကျဉ်းအားဖြင့် ဟောကြားထားသည့် အကျယ် မဝေဖန်အပ်သေးသည့် တရားတော်ကို သိလိုကြသည့် တရားနာနေကြသည့် ရဟန်းတော်တို့သည် အာနန္ဒာ သို့မဟုတ် ကစ္စာနတို့ထံ ချဉ်းကပ်ကာ မေးမြန်းလျှောက်ထားကြလိမ့်မည်၊ ထိုရဟန်းတွေကလည်း ငါဘုရားရှင်၏ ဉာဏ်တော်နှင့် နှီးနှောကာ ဖြေဆိုကြလိမ့်မည်။ ထိုအခါမှာ တရားနာပရိသတ်ဖြစ်သည့် ရဟန်းတော်တို့က တစ်ဖန် ငါဘုရားထံသို့ ချဉ်းကပ်ကာ မေးမြန်း လျှောက် ထားကြလိမ့်မည်၊ ထိုအခါမှာ ငါဘုရားရှင်က ယင်း ရဟန်းတို့ကို ချစ်သားရဟန်းတို့ ...အာနန္ဒာသည် ကောင်းစွာ ဟောကြား အပ်ပါပေ၏၊ ကစ္စာနသည် ကောင်းစွာ ဟောကြားအပ်ပါပေ၏၊ သင်ချစ်သားတို့တတွေသည် ငါဘုရားရှင်ထံသို့ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းအရာကိုပဲ မေးမြန်း လျှောက်ထားကြမည်ဆိုလျှင် ငါဘုရားရှင်ကလည်း ဤအတိုင်းပင် ဖြေဆိုမည် ဖြစ်ပေသည်၊ ဤသို့စသည့် စကားတို့ကို ပြောကြားကာ အရှင်အာနန္ဒာ အရှင် မဟာကစ္စာနစသည့် ထိုပုဂ္ဂိုလ်တို့ကို ချီးမွမ်းတော်မူမည် ဖြစ်၏။ ဤကဲ့သို့ ချီးမွမ်းသံကို နာခံရသည့် ရဟန်းတော်တို့သည် ထိုအရှင် အာနန္ဒာ အရှင်မဟာကစ္စာနစသည့် ထိုပုဂ္ဂိုလ်တို့ အပေါ်ဝယ် ရိုသေလေးစားသည့် စိတ်ထားတို့ကို ဖြစ်စေပြီးနောက် ထိုရဟန်းတော် တို့ထံသို့ ချဉ်းကပ်ကြလိမ့်မည်၊ ထိုချဉ်းကပ်လာကြသည့် ရဟန်းတွေ ကိုလည်း အကျိုးတရားတွေမှာရော အကြောင်းတရားတွေမှာရော ယှဉ်စပ်ပြကြပေလိမ့်မည်။ ထိုအခါဝယ် တရားနာရဟန်းတို့သည် အရှင်အာနန္ဒာ အရှင်မဟာကစ္စာနစသည့် ထိုပုဂ္ဂိုလ်တို့က အကျိုးတရား အကြောင်းတရားတို့ကို ယှဉ်စပ်ပြလိုက်သည့်အခါ တိုက်တွန်း နှိုးဆော်လိုက်သည့်အခါ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြည့်ကျင့်ကာ သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ် နိုင်စွမ်း ရှိကြပေလိမ့်မည်။ ဤကဲ့သို့ ပုဂ္ဂိုလ်ကို ချီးမွမ်းလိုသည့် အတွက်ကြောင့်လည်း ဘုရားရှင်သည် တရားမပြီးဆုံးမီ ဂန္ဓကုဋိကျောင်းတော် အတွင်းသို့ ကြွဝင်သွားတော်မူခြင်း ဖြစ်သည်။ (မ၊ဋ္ဌ၊၁၊၁၀၂-၁၀၃။)

တရားတော်ကို ချီးမွမ်းထောမနာလိုသည့်အတွက် ကျောင်းတော်သို့ ဝင်ရောက်သွားတော်မူသည့် အခါဝယ် ဘုရားရှင်၏ စိတ် အကြံအစည်တော်မှာ ဤသို့ ဖြစ်၏။ ယခု ဆွေးနွေး တင်ပြနေသည့် ဓမ္မဒါယာဒသုတ္တန်မှာကဲ့သို့ မှတ်ပါလေ။ ဘုရားရှင်က ဤသို့ စဉ်းစားတော်မူပေသည် ---

ငါဘုရားရှင်သည် ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူသည့်အခါ ယင်းအာမိသကို အမွေခံယူခြင်းကို ကဲ့ရဲ့ရှုတ်ချကာ ဓမ္မကို အမွေခံယူခြင်းကို ချီးမွမ်းမြှောက်စားတော်မူလျက် ဤတရားနာ ပရိသတ်ထဲမှာပင် ထိုင်နေသည့် သာရိပုတ္တရာသည် တရားဟော လိမ့်မည်၊ ဤသို့ဟောခဲ့လျှင် တို့နှစ်ပါးလုံးတို့၏ တူညီသော အဇ္ဈာသယဓာတ် အလိုဆန္ဒဖြင့် ဟောကြားလိုက်သည့် ဤဒေသနာတော် သည် မွန်မြတ်သည့် ဒေသနာတော်လည်း ဖြစ်လိမ့်မည်၊ ကျောက်ထီး တန္တုကဲ့သို့ အလေးဂရုပြုအပ်သည့် တရားဒေသနာတော်လည်း ဖြစ်လိမ့်မည်။ ဩဃ = ရေအယဉ် လေးမျိုးမှ ထွက်မြောက်ကြောင်း ဆိပ်ကမ်းကောင်း၌ တည်ထားအပ်သည့် လှေကဲ့သို့, လမ်းခရီး ကောင်းသို့ သွားရောက်ကြောင်း ဖြစ်သည့် အာဇာနည်မြင်းလေးကောင် ကထားသည့် အာဇာနည် ရထားကဲ့သို့ ဖြစ်ပေလိမ့်မည်။ ဤအမှုကို ဤသို့ ပြုလုပ်သူအား ဤသို့ ဒဏ်ထားရမည်ဟု ပရိသတ် အလယ်၌ အာဏာကို တည်ထားကာ ဘုရင်မင်းမြတ်က နေရာမှ ထကာ ပြာဿဒ်ထက်သို့ တက်သွားခဲ့သော် ယင်းပရိသတ်ထဲမှာပင် ထိုင်နေသည့် စစ်သူကြီးက ထိုရှင်ဘုရင် တည်ထားခဲ့သည့် အာဏာစက်ကို လည်ပတ်စေသကဲ့သို့ အလားတူပင် ငါဘုရားရှင် တည်ထား အပ်သည့် တရားဒေသနာတော် ဓမ္မစက်ကို ဤတရားနာပရိသတ် ထဲမှာပင် ထိုင်နေသည့် သာရိပုတ္တရာက ချီးမွမ်းမြှောက်စားကာ တရား ဟောပေလိမ့်မည်၊ ဤသို့ ဟောခဲ့လျှင် ငါတို့ နှစ်ဦးလုံးတို့၏ တူညီသည့် အလိုဆန္ဒဖြင့် ဟောကြားအပ်သည့် ဤဒေသနာတော်သည် မွန်းတည့် အခါ နေမင်းကဲ့သို့ အလွန် အရှိန်အဝါ အားကောင်းကောင်းနှင့် ထွန်းလင်းတောက်ပပေလိမ့်မည်ဟု ဘုရားရှင်၏ သန္တာန်တော်မှာ ဤကဲ့သို့ စိတ်အကြံအစည် ဖြစ်တော်မူခဲ့၏(မ၊ဋ္ဌ၊၁၊၁၀၃။)။ တရားတော်ကို ချီးမွမ်းတော်မူလိုသည့် စိတ်အကြံအစည် ဖြစ်၏။

ဤကဲ့သို့သော နေရာမျိုးတို့၌ ဘုရားရှင်သည် ထိုင်ကာတရား ဟောတော်မူသည့် ဓမ္မာသနပလ္လင်နေရာမှာပင် ကွယ်ပတော်မူကာ ဤငါ၏ ရူပကာယ ခန္ဓာကိုယ်သည် ဤစိတ်ကဲ့သို့ ဖြစ်စေသတည်း ဟု ခန္ဓာကိုယ်နှင့် စိတ်တို့ တူညီသော သွားလာမှုရှိအောင် အဓိဋ္ဌာန် ပြုတော်မူကာ ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူ သည်ဟု သိရှိပါလေ။ အကယ်၍ ခန္ဓာကိုယ်ဂတိအတိုင်း ကြွသွား မည်ဆိုလျှင် အလုံးစုံသော တရားနာပရိသတ်တို့သည် မြတ်စွာဘုရား ကို ခြံရံကာ လိုက်ပါသွားကြမည် ဖြစ်၏။ တရားနာပရိသတ်တို့သည် ယခုကဲ့သို့ ကွဲပြားသွားပြီဆိုလျှင် တစ်စုတစ်ရုံးတည်း ဖြစ်အောင် ပြန်လုပ်ဆောင်ရာ၌ ခက်ခဲမှု ရှိတတ်ပေသည်။ ထိုကြောင့် ဘုရားရှင် သည် စိတ်တော်၏ ဂတိအတိုင်း တရားဟောတော်မူရာ ပလ္လင်ထက် မှာပင် ကွယ်ပတော်မူကာ ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူလေသည်။ (မ၊ဋ္ဌ၊၁၊၁၀၃။)

အရှင်သာရိပုတ္တရာ တရားဟောတော်မူပုံ

ဘုရားရှင် ကြွသွားတော်မူပြီးနောက် မကြာမီ အချိန်ကာလ အတွင်းမှာပင် အရှင်သာရိပုတ္တရာ မထေရ်မြတ်က စတင်ပြီး တရား ဟောကြားတော်မူပေသည်။ ယင်းတရားတော်ကို အကျဉ်းချုပ်ကာ တင်ပြအပ်ပါသည်။ ---

ငါ့ရှင်တို့ ...ဘုရားရှင်သည် ကာယဝိဝေက စိတ္တဝိဝေက ဥပဓိဝိဝေက ဆိုသည့် ဝိဝေကသုံးဖြာကို မှီတင်းကာ နေထိုင်တော် မူသကဲ့သို့ အဘယ်မျှလောက်သော အတိုင်းအရှည်ဖြင့် ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ ဝိဝေကသုံးဖြာကို မကျင့်ကုန်သနည်း? အဘယ်မျှလောက်သော အတိုင်း အရှည်ဖြင့် ဘုရားရှင်ကို အတုလိုက်ကာ ဝိဝေက သုံးဖြာကို ကျင့်ကုန် သနည်း?

ဤမေးခွန်းနှစ်ခုဖြင့် တရားနိဒါန်းပျိုးကာ တရားတော်ကို ဆက်လက် ဟောကြားတော်မူပေသည်။ သာသနာတော်ဝယ် (၁၀)ဝါမှ စတင်ကာ (၁၀)ဝါအထက် ရဟန်းတော်များကို ထေရဟု, ငါးဝါမှ (၉)ဝါအထိ ရဟန်းတော်များကို မဇ္ဈိမဟု, ငါးဝါအောက် ရဟန်းတော် များကို နဝဟု ခေါ်ဝေါ်သုံးစွဲပေသည်။ သီတင်းကြီး, သီတင်းလတ်, သီတင်းငယ်ဟု ဆိုလိုသည်။ ယင်း ရဟန်းအားလုံးကို ရည်ညွှန်းကာ တရားတော်ကို ဟောကြားထားတော်မူပေသည်။

ဝိဝေက သုံးဖြာကို မလိုက်နာသူများ

ဘုရားရှင်ကို အတုလိုက်ကာ ဝိဝေကသုံးဖြာကို မကျင့်ကြသည့် ထေရ, မဇ္ဈိမ, နဝ ဆိုသည့် သာဝကတို့သည် ---

၁။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော်မူသည့် တရားတို့ကိုလည်း မပယ်စွန့်ကြကုန်၊

၂။ ပစ္စည်းလေးပါး ပေါများရန်ပင် ကျင့်နေကြ၏၊ သာသနာတော်မှာ လာရှိသည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို လျော့လျော့ရဲရဲ ယူဆထားကြ၏။

၃။ အောက်အပါယ်ဘုံသို့ သက်ဆင်းစေတတ်သည့် နီဝရဏ ငါးပါးကို ရှေ့တန်းတင်ထားကြ၏၊ ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာ ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကို ရရှိဖို့ရန် ကြိုးစားအားထုတ်မှု မရှိဘဲ ကြိုးစားအားထုတ်ရမည့် တာဝန်ကို ပစ်ချကာ တာဝန်မဲ့ နေထိုင်ကြ၏။

ငါ့ရှင်တို့ ထိုတပည့်သာဝကတို့တွင် ထေရ (မဇ္ဈိမ, နဝ) ဖြစ်ကြ သည့် ရဟန်းတော်တို့သည် သုံးမျိုးကုန်သော အကြောင်းတို့ဖြင့် ကဲ့ရဲ့ထိုက်ကြကုန်၏။ ---

၁။ ဘုရားရှင်သည် ဝိဝေကသုံးဖြာကို မှီတင်းကာ သီတင်းသုံး နေထိုင်တော်မူသကဲ့သို့ ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ ဝိဝေကသုံးဖြာတို့ကို ရရှိအောင် အစဉ်လိုက်ကာ မကျင့်ခြင်းဟူသည့် ဤပထမအကြောင်းဖြင့်လည်း ကဲ့ရဲ့ထိုက်ကြကုန်၏။

၂။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော်မူသည့် တရား တို့ကို မပယ်စွန့်ခြင်းဆိုသည့် ဤဒုတိယအကြောင်းဖြင့်လည်း ကဲ့ရဲ့ထိုက်ကြ၏။

၃။ ပစ္စည်းလေးပါး ပေါများရန်ကိုပင် ကျင့်နေကြခြင်း, သာသနာတော်မှာ လာရှိသည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို လျော့လျော့ရဲရဲ ယူဆထားကြခြင်း, အောက်အပါယ် ဘုံသို့ သက်ဆင်းစေတတ်သည့် နီဝရဏတရားငါးပါးကို ရှေ့တန်းတင်ထားကြခြင်း, ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာ ဖြစ် သည့် နိဗ္ဗာန်တရားတော်မြတ်ကို ရရှိဖို့ရန် ကြိုးစားအားထုတ်မှု မရှိဘဲ ကြိုးစားအားထုတ်ရမည့် တာဝန်ကို ပစ်ချကာ တာဝန်မဲ့ နေထိုင်ကြခြင်းဆိုသည့် ဤတတိယအကြောင်းဖြင့်လည်း ကဲ့ရဲ့ ထိုက်ကြကုန်၏။

ငါ့ရှင်တို့ ...ဤမျှလောက်သော အတိုင်းအရှည်ဖြင့် ထေရ (မဇ္ဈိမ-နဝ) ဖြစ်ကြသည့် ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ ဝိဝေကသုံးဖြာကို မကျင့်ကြသည် မည်ကုန်၏။ (မ၊၁၊၁၇-၁၈။)

ကဲ့ရဲ့ကြသည်

[၁။ သီတင်းကြီးတွေပင် ဖြစ်ကြသော်လည်း အစွန်းအဖျား ကျသည့် ဆိတ်ငြိမ်သည့် တောကျောင်း တောင်ကျောင်းတွေကို မချဉ်း ကပ်နိုင် ဖြစ်နေကြ၏။ ရွာနီးကျောင်းတွေကို မစွန့်နိုင် ဖြစ်နေကြ၏၊ အပေါင်းအဖေါ်၌ မွေ့လျော် ပျော်ပိုက်နှစ်ခြိုက်မှုကို တိုးပွားအောင် ဆောင်ရွက်ကာ နေထိုင်ကြ၏၊ စိတ္တဝိဝေက ဥပဓိဝိဝေကကို ထားလိုက်ဘိဦး၊ ကာယဝိဝေကမျှကိုသော်လည်း မဖြည့်ကျင့်နိုင်ကြဘူး။ သီတင်းငယ် သီတင်းလတ် အရွယ်တွေတုန်းကဆိုလျှင် ဘယ်လိုများ နေခဲ့ကြမည်မသိ --- ဤသို့ စသည်ဖြင့် ကဲ့ရဲ့ကြ၏။ ငါ့ရှင်တို့သည် ဝိဝေကသုံးဖြာနှင့် ပြည့်စုံအောင် မကျင့်ကြဘူးဆိုလျှင် ဤကဲ့သို့ ကဲ့ရဲ့မှုမျိုးတွေကို ငါ့ရှင်တို့ ခံယူကြရမှာ ဖြစ်ကြပေသည်ဟု အရှင်သာရိပုတ္တရာမထေရ်မြတ်က ညွှန်ပြ ပြောဆိုနေပေသည်။ (မ၊ဋ္ဌ၊၁၊၁၀၆။)

၂။ ငါ့ရှင်တို့ ... ဤမထေရ်ကြီးတို့သည် မထေရ်ကြီးပင် ဖြစ် နေကြသော်လည်း ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော် မူသည့် လောဘ ဒေါသ မောဟ စသည့် တရားဆိုးတွေကို မပယ်စွန့်ကြသေးပါလား၊ လက်ဖျစ်တစ်တွက် ကာလမျှလောက်သော်လည်း သင့်တင့် လျောက်ပတ်သည့်နေရာမှာ ထိုင်ကာ (တရားဘာဝနာကို နှလုံးသွင်းလိုက်လျှင်) စိတ်တည်ကြည်မှုကိုသော်လည်း မရရှိကြသေး ပါလား၊ သီတင်းငယ် သီတင်းလတ် အရွယ်တုန်းက မည်ကဲ့သို့များ ဖြစ်ခဲ့ကြမည်မသိဟု ပြောဆိုကာ ကဲ့ရဲ့ထိုက်သည့် ပုဂ္ဂိုလ်တွေ ဖြစ်ကြ ၏။ ငါ့ရှင်တို့လည်း ဤကဲ့သို့ ကဲ့ရဲ့မှုမျိုးတွေကို ရရှိနိုင်ကြသည်ဟု အရှင်သာရိပုတ္တရာ မထေရ်မြတ်က ညွှန်ပြ ပြောဆိုနေပေသည်။ (မ၊ဋ္ဌ၊၁၊၁၀၆။)

၃။ ငါ့ရှင်တို့ ...ဤမထေရ်ကြီးတို့သည် မထေရ်ကြီးပင် ဖြစ်နေကြသော်လည်း ရရသမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်သည့် စိတ်ဓာတ် တွေ မရှိကြပါလား၊ သင်္ကန်း သပိတ် ပရိက္ခရာ ကျောင်းအိပ်ရာ နေရာတွေ ရရှိဖို့ ဤခန္ဓာကိုယ် အပုပ်ကောင်ကြီးကို တန်ဆာဆင် ပေးဖို့ကိုပဲ အစဉ်တစိုက် ကြောင့်ကြစိုက်ကာ ကြိုးစားအားထုတ်ပြီး နေထိုင်ကြ၏၊ ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတို့ကို ပြည့်ပြည့်စုံစုံ မဖြည့်ကျင့်ကြဘဲ နေထိုင်နေကြ၏။ သီတင်းငယ် သီတင်းလတ်တွေ ဖြစ်ခဲ့ကြစဉ်က မည်ကဲ့သို့များ ဖြစ်ခဲ့ ကြမည် မသိ --- ဤသို့ စသည်ဖြင့် ပြောဆိုကာ ကဲ့ရဲ့ထိုက်သည့် ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ကြ၏။ ငါ့ရှင်တို့ ...သင်တို့တတွေသည်လည်း ဤကဲ့သို့သော ကဲ့ရဲ့မှုမျိုးတွေကို ရရှိနိုင်ကြပါသည်ဟု ဤသို့လျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ညွှန်ပြ ပြောဆိုတော်မူပေသည်။ သီတင်းလတ် သီတင်းငယ် ရဟန်းတို့၌လည်း နည်းတူပင် အကဲ့ရဲ့ခံရမှုကို သဘောပေါက်ပါလေ။ မထေရ်ကြီးဖြစ်သည့်အခါ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ကြမည်လည်း မသိ၊ မထေရ်လတ်တွေ ဖြစ်သည့်အခါ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ကြမည်လည်း မသိ --- ဤသို့ စသည်ဖြင့် အကဲ့ရဲ့ခံရမှုကို သဘောပေါက် ပါလေ။ (မ၊ဋ္ဌ၊၁၊၁၀၆။)]

ဝိဝေကသုံးဖြာကို အတုလိုက်ကာ ကျင့်ကြသူများ

ငါ့ရှင်တို့...ဤသာသနာတော်ဝယ် နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသည့် ဘုရားရှင်သည် ဝိဝေကသုံးဖြာကို မှီတင်းကာ သီတင်းသုံး နေထိုင်တော်မူ၏။ ဘုရားရှင်၏ တပည့်သာဝက ဖြစ်ကြသည့် (ထေရ မဇ္ဈိမ နဝ) ဟူသည့် ရဟန်းတော်တို့သည် ဘုရားရှင်သို့ အတုလိုက်ကာ ဝိဝေကသုံးဖြာကို အစဉ်တစိုက် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကြ၏။

၁။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော်မူသည့် တရား တွေကိုလည်း ပယ်စွန့်ကြ၏။

၂။ ပစ္စည်းလေးပါး ပေါများဖို့ရန်လည်း မကျင့်ကြပေ။ သာသနာတော်မှာ လာရှိသည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့် စဉ်တွေကို လျော့လျော့ရဲရဲ မယူဆကြပေ။ အလေးအနက် ထားကြ၏။

၃။ အောက်အပါယ်ဘုံသို့ သက်ဆင်းစေတတ်သည့် နီဝရဏတရား ငါးပါးကို ပယ်စွန့်ထားကြ၏၊ ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာ ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကို ရရှိဖို့ရန် ကြိုးစားအားထုတ်ရမည့် တာဝန်ဝတ္တရားကို ရှေ့တန်းတင်ထားကြ၏။

ငါ့ရှင်တို့ ...ထိုတပည့်သာဝကတို့တွင် ထေရဖြစ်တော်မူကြသည့် ရဟန်းတော်တို့သည် သုံးမျိုးကုန်သော အကြောင်းတရားတို့ဖြင့် ချီးမွမ်းထိုက်သည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။

၁။ ဘုရားရှင်သည် ဝိဝေကသုံးဖြာကို မှီတင်းကာ သီတင်းသုံးနေထိုင်တော်မူသကဲ့သို့ ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ ဝိဝေကသုံးဖြာတို့ကို ရရှိအောင် အစဉ်လိုက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြ၏ ဟူသည့် ဤပထမအကြောင်းတရားဖြင့်လည်း ချီးမွမ်းထိုက် ကြ၏။

၂။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော်မူသည့် (လောဘ ဒေါသ မောဟ စသည့်) တရားတို့ကို ပယ်စွန့်ခြင်း ဟူသည့် ဤဒုတိယအကြောင်းတရားဖြင့်လည်း ချီးမွမ်းထိုက်ကြ၏။

၃။ ပစ္စည်းလေးပါး ပေါများရန် မကျင့်ကြခြင်း, သာသနာတော်မှာ လာရှိသည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို လျော့လျော့ရဲရဲ မယူဆကြဘဲ အလေးအနက် ထားကြခြင်း, အောက်အပါယ်ဘုံသို့ သက်ဆင်းစေတတ်သည့် နီဝရဏတရား ငါးပါးကို ပယ်စွန့်ထားခြင်း, ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာ ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကို ရရှိဖို့ရန် ကြိုးစားအားထုတ်မှုကို ရှေ့တန်းတင်ထားခြင်းဟူသည့် ဤတတိယအကြောင်း ဖြင့်လည်း ချီးမွမ်းထိုက်ကြ၏။ (မဇ္ဈိမရဟန်း နဝရဟန်းတို့၌လည်း ပုံစံတူပင် မှတ်ပါလေ)

ငါ့ရှင်တို့ ...ဤမျှလောက်သော အတိုင်းအရှည်ဖြင့် ထေရ (မဇ္ဈိမ, နဝ) ဖြစ်ကြသည့် ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ ဝိဝေကသုံးဖြာကို ကျင့်နေကြသည် မည်ပါ၏။ (မ၊၁၊၁၈-၁၉။)

ချီးမွမ်းကြသည်

[၁။ ဤ ရဟန်းတော်တို့သည် မထေရ်ကြီးများပင် စင်စစ်ဖြစ်ကြလင့်ကစား ယူဇနာအဆက်ဆက်က ကြွလာတော်မူကာ တောကျောင်းတောင်ကျောင်း အစွန်းအဖျားကျသည့် ကျောင်းအိပ်ရာနေရာ တို့ကို မှီဝဲကြ၏။ ရွာနီးကျောင်းသို့ ချဉ်းကပ် သီတင်းသုံးဖို့ရန် သင့်တင့် လျောက်ပတ်သည့် အိုမင်းမစွမ်းဖြစ်နေသည့် အသက်အရွယ်၌သော်လည်း ရွာနီးကျောင်းသို့ မချဉ်းကပ်ကြဘူး။ ဤကဲ့သို့ အိုမင်း ရင့်ရော်နေသည့် ကိုယ်ခန္ဓာတွေ ရှိနေကြလင့်ကစား အကုသိုလ် တရားတို့ကို ပယ်ရှားဖို့ရန် ကုသိုလ်တရားတွေနှင့် ပြည့်ပြည့်စုံစုံ ဖြစ်လာဖို့ရန် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ ရှိကြကာ ပစ္စည်းလေးပါးတို့ကို လှူဒါန်းပူဇော်နေကြသည့် အလှူရှင်တို့၏ သန္တာန်မှာ စိတ်ကြည်လင်မှု သဒ္ဓါတရားကို ထင်ရှား ဖြစ်ပေါ် စေကြ၏၊ သီတင်းငယ် သီတင်းလတ် ဖြစ်ခဲ့စဉ် အရွယ်ကဆိုလျှင် မည်ကဲ့သို့များ ဖြစ်ခဲ့ကြကုန်မည်လည်း မသိ --- ဤကဲ့သို့ ချီးမွမ်း ထိုက်သည့် စကားတို့ကို ပြောဆိုကာ ချီးမွမ်းထိုက်အောင် ဓမ္မအမွေ ကိုသာ ခံယူလျက် သာသနာတော်၌ နေထိုင်ခြင်းဟူသည့် ဤပထမ အကြောင်းတရားဖြင့် မထေရ်ကြီး ရဟန်းတို့သည် ချီးမွမ်းထိုက် ကြသည့် သူတော်ကောင်းတွေ ဖြစ်ကြ၏၊ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့အထံမှ အချီးမွမ်းခံရမှုကို ရရှိကြ၏။

၂။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် လောဘစသည့် ကိလေသာတရားဆိုးတို့ကို ပယ်စွန့် ကုန်ကာ စိတ္တဝိဝေက အမည်ရသည့် ကသိုဏ်းပရိကမ်စသည့် သမထကမ္မဋ္ဌာန်းတို့ကို ပွားများကာ စျာန်သမာပတ်တို့ကို ပြီးစီး ပြည့်စုံစေကြ၏၊ ဤမထေရ်မြတ်ကြီးသည် အတူနေတပည့် အတွင်းနေ တပည့်များ ခြံရံကာ နေထိုင်ဖို့ သင့်တင့်လျောက်ပတ်သည့် အချိန် ကာလ, သင့်တင့်လျောက်ပတ်သည့် အသက်အရွယ်သို့ ဆိုက်ရောက်နေပင်ငြားသော်လည်း မနေဘဲ ဆွမ်းစားခြင်းကိစ္စပြီးသည်နှင့် ကမ္မဋ္ဌာန်းကျောင်းတွင်းသို့ ဝင်ရောက်ကာ ညနေချမ်းကျမှ ကျောင်းတွင်းက ထွက်လာတော်မူ၏၊ တစ်ဖန် ညနေချမ်းအချိန်ဝယ် ကမ္မဋ္ဌာန်း ကျောင်းတွင်းသို့ ဝင်ရောက်သွားပြန်လျှင်လည်း နံနက်စောစောကျမှ ကမ္မဋ္ဌာန်းကျောင်းတွင်းက ပြန်ထွက်လာ၏၊ ကသိုဏ်းပရိကမ်တွေကို ပွားများ အားထုတ်တော်မူ၏၊ စျာန်သမာပတ်တွေကို ဖြစ်စေတော် မူ၏၊ မဂ်တရား ဖိုလ်တရားတွေကို ရရှိတော်မူ၏၊ နိဗ္ဗာန်တရားတော်မြတ်ကြီးကို မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုတော် မူနိုင်၏၊ ကသိုဏ်းပရိကမ်တွေကို ပွားများခါစ အစပိုင်း ဝိပဿနာကို ပွားများခါစ အစပိုင်းတို့တွင် တဒင်္ဂ = အခိုက်အတန့်အားဖြင့် ကိလေသာတို့မှ စိတ်ကို လွတ်မြောက်စေလျက်, စျာန်သမာပတ်တွေကို ရရှိသည့်အခါ ကိလေသာတို့ကို ခပ်ကြာကြာ ခွာထားနိုင်ခြင်း = ဝိက္ခမ္ဘနအားဖြင့်, အရိယမဂ်ဉာဏ်တို့သို့ ဆိုက်ရောက်သွားသည့်အခါ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်ခြင်း = သမုစ္ဆေဒစွမ်းအားဖြင့်, အရိယဖိုလ်ဉာဏ်သို့ ဆိုက်ရောက်သည့်အခါ ကိလေသာတို့ကို ငြိမ်းသည်ထက် ငြိမ်းအောင် ငြှိမ်းသတ်ခြင်း = ပဋိပဿဒ္ဓိ စွမ်းအားဖြင့် မိမိ၏စိတ်ကို အချင်းခပ်သိမ်း ကိလေသာတို့မှ ကင်းဆိတ်ခြင်း စိတ္တဝိဝေကတရားကို ပြီးစီးပြည့်စုံစေ၏။ ဤသို့လျှင် ဓမ္မအမွေကိုသာ ခံယူလျက် သာသနာတော်မှာ နေထိုင်ခြင်းဟူသည့် ဤဒုတိယ အကြောင်းဖြင့်လည်း မထေရ်ကြီး ရဟန်းတို့သည် ချီးမွမ်းထိုက်သည့် သူတော်ကောင်းများ ဖြစ်ကြ၏၊ ဘုရားအစရှိသော သူတော်ကောင်း တို့ထံမှ အချီးမွမ်းခံရမှုကို ရရှိကြ၏။

၃။ အိုမင်းမစွမ်း ဖြစ်လာသည့် တစ်ချိန်မှာ မထေရ်ကြီး ရဟန်းတော်အတွက် ပဋ္ဋုန္နတိုင်းဖြစ်သင်္ကန်း ဘွဲ့ဖြူသင်္ကန်း ပိုးသင်္ကန်းစသည့် ချမ်းသာသည့် အတွေ့အထိ ရှိကြသည့် ပေါ့ပါးသည့် သင်္ကန်းစသည် တို့သည် သင့်တင့်လျောက်ပတ်ကြ၏၊ သို့သော် ဤကဲ့သို့ အိုမင်းမစွမ်း ဖြစ်လာသည့် အချိန်အခါမျိုးမှာသော်လည်းပဲ ဤမထေရ်မြတ်ကြီး သည် ပံသုကူသင်္ကန်းတို့ကိုပင် ဝတ်ရုံသုံးဆောင်လေ့ရှိ၏။ ဘုရားရှင် ဆိုဆုံးမထားတော်မူသည့် သီလ သမာဓိ ပညာဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်ထားသည့် ဘုရားရှင်၏ အဆုံးအမ သာသနာတော်ကို လျော့လျော့ရဲရဲ မယူဆဘဲ အလွန်အလေးဂရု ပြုကာ ဦးထိပ်ရွက်ပန်ဆင်ပြီး နီဝရဏ ကိလေသာ အညစ်အကြေးတို့ ကင်းကင်းရှင်းရှင်းဖြင့် ဖလသမာပတ်ကို ဝင်စားတော်မူကာ ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်တရားတော်မြတ်ကို ပြည့်စုံစေလျက် ဆိုက်ရောက်လျက် သာသနာတော်မှာ နေထိုင်တော်မူ၏။ သီတင်းငယ် သီတင်းလတ် အရွယ်မှာဆိုလျှင် အဘယ်မှာလျှင် ပြောဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း --- ဤသို့လျှင် ဘုရားရှင်ထံတော်မှ ဓမ္မအမွေ ကိုသာ ခံယူကာ သာသနာတော်မှာ နေထိုင်ခြင်းဟူသည့် ဤတတိယ အကြောင်းဖြင့်လည်း မထေရ်ကြီးတို့သည် ချီးမွမ်းထိုက်သည့် သူတော်ကောင်းများ ဖြစ်ကြ၏။ ဘုရားအစရှိကုန်သော သူတော်ကောင်း တို့ထံမှ အချီးမွမ်းခံရမှုကို ရရှိနိုင်ကြ၏။ (သီတင်းလတ်, သီတင်းငယ် ရဟန်းတို့၌လည်း နည်းတူပင် မှတ်ပါလေ။) (မ၊ဋ္ဌ၊၁၊၁၀၆။)

ယခု တင်ပြခဲ့သည့် အကြောင်းအရာတို့ကို အကျဉ်းချုပ်လိုက် သော် --- ဘုရားရှင်ထံတော်မှ အာမိသအမွေကို ခံယူကြသည့် မထေရ်ကြီး = သီတင်းကြီးများအတွက် ကဲ့ရဲ့ထိုက်သည့် အကြောင်းတရား သုံးမျိုး, သီတင်းလတ် ရဟန်းတို့အတွက်လည်း အလားတူ သုံးမျိုး, သီတင်းငယ် ရဟန်းတို့အတွက်လည်း အလားတူ သုံးမျိုး ဖြစ်သည့် အတွက် အားလုံးပေါင်းလိုက်သော် ကဲ့ရဲ့ထိုက်သည့် အကြောင်းတရား (၉)မျိုး ဖြစ်၏။

အလားတူပင် ဘုရားရှင်ထံတော်မှ ဓမ္မအမွေကိုသာ ခံယူကြ သည့်အတွက် သီတင်းကြီး = မထေရ်ကြီး ရဟန်းများအတွက် ချီးမွမ်း ထိုက်သည့် အကြောင်းတရား (၃)မျိုး, သီတင်းလတ် ရဟန်းများ အတွက် အလားတူ (၃)မျိုး, သီတင်းငယ် ရဟန်းများအတွက် အလား တူ (၃)မျိုး ဖြစ်သည့်အတွက် အားလုံးပေါင်းလိုက်သော် ချီးမွမ်းထိုက် သည့် အကြောင်းတရား (၉)မျိုး ဖြစ်၏။

ကဲ့ရဲ့ထိုက်သည့် အကြောင်းတရား (၉)မျိုး, ချီးမွမ်းထိုက်သည့် အကြောင်းတရား (၉)မျိုး, နှစ်ရပ်ပေါင်းသော် (၁၈)မျိုးသော အကြောင်းအရာတို့ဖြင့် အာမိသကို အမွေခံယူခြင်း, ဓမ္မကို အမွေခံ ယူခြင်းတို့ကို ဟောကြားတော်မူပြီးနောက် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ပယ်ရှားရမည့် တရားများကို ဆက်လက်ကာ ဟောကြား တော်မူပါသည်။ ယင်း တရားတို့၏ အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်၏။ ---


ပယ်ရှားရမည့် တရားများ

၁။ လောဘ = သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစု အပေါ်၌ တွယ်တာ မက်မောမှု, ထိုထိုအာရုံ ထိုထို ဘုံဘဝ၌ တွယ်တာမက်မောမှု၊

၂။ ဒေါသ = သူတစ်ပါးတို့ကို ဖျက်ဆီးလိုမှု၊

၃။ ကောဓ = အမျက်ဒေါသ ကြီးမားမှု၊

၄။ ဥပနာဟ = ရန်ငြိုးဖွဲ့မှု၊

၅။ မက္ခ = သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်မှု၊

၆။ ပဠာသ = ဂုဏ်အင်ပြိုင်ဆိုင်မှု၊

၇။ ဣဿာ = ကိုယ့်ထက်သာ မနာလိုမှု၊

၈။ မစ္ဆေရ = မိမိပိုင် အရာဝတ္ထုကို အထိမခံနိုင်မှု ဝန်တိုမှု၊

၉။ မာယာ = မိမိမှာ ထင်ရှားရှိနေသည့် အပြစ်ကို ဖုံးကွယ်ထားမှု = မူယာမာယာများမှု၊

၁၀။ သာဌေယျ = မိမိမှာ ထင်ရှားမရှိသည့် ဂုဏ်ပုဒ်တို့ကို ထုတ်ဖေါ်ချီးမွမ်းမှု = ကောက်ကျစ်စဉ်းလဲမှု၊

၁၁။ ထမ္ဘ = စိတ်ဓာတ် ခက်ထန်တင်းမာမှု၊

၁၂။ သာရမ္ဘ = သူတစ်ပါးတို့အား ချုပ်ချယ်မှု၊

၁၃။ မာန = စိတ်ဓာတ် တက်ကြွမြင့်မောက်မှု = မာနကြီးမှု၊

၁၄။ အတိမာန = အလွန် မာန်မာနကြီးမှု၊

၁၅။ မဒ = အကုသိုလ်တရားတို့၌ ယစ်မူးနေမှု၊

၁၆။ ပမာဒ = ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ကုသိုလ် တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်မှု

ဤတရားတို့သည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏ သန္တာန်ဝယ် မရှိသင့် မရှိထိုက်သည့် တရားများ, သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ပယ်သင့်ပယ်ထိုက်သည့် တရားများ ဖြစ်ကြ၏။ ပယ်စွန့်ရ မည့် တရားများ ဖြစ်ကြ၏။ ရှင် ရဟန်းရယ်လို့ ဖြစ်လာကြလျှင် သိမ်းပိုက်ထားရမည့် တရားများ, မွေးမြူထားရမည့် တရားများ မဟုတ်ကြပေ။ ဤတရားဆိုးတို့သည် သာသနာ့ဝန်ထမ်း ရှင်ရဟန်း အချင်းချင်း မသင့်မြတ်အောင်, သီလရှင် အချင်းချင်း မသင့်မြတ်အောင်, ဗုဒ္ဓဘာသာဝင် အချင်းချင်း မသင့်မြတ်အောင်, လူသား အချင်းချင်း မသင့်မြတ်အောင် ရွက်ဆောင်ပေးနေသည့် တရားဆိုးများ ဖြစ်ကြ၏။

ဤတရားများထဲတွင် လောဘသည် ဘုရားရှင်၏ ထံတော်မှ ပစ္စည်းအာမိသကို အမွေခံယူနေသည့် ရဟန်းတော်တစ်ပါး ဖြစ်အောင် ပို့ဆောင်ပေးသည့် တရားတစ်ခု ဖြစ်၏။ ဘုရားရှင်ထံမှ ပစ္စည်း အာမိသကို အမွေခံယူသည့် ရဟန်းတော်၏ သန္တာန်ဝယ် ယင်းပစ္စည်း အာမိသတို့ကို ရရှိသည့်အခါ ယင်းပစ္စည်းအာမိသ အပေါ်ဝယ် တွယ်တာမက်မောမှု လောဘ ဖြစ်ပေါ်လာတတ်၏။ အကယ်၍ မိမိ အမွေခံယူချင်သည့် ပစ္စည်းအာမိသကို မရရှိခဲ့ဘူးဆိုလျှင်လည်း မကျေနပ်ချက် ဒေါသတရား ထင်ရှား ဖြစ်ပေါ်လာတတ်ပြန်၏။ လောဘကြောင့်ပင် မရသေးသည့် ပစ္စည်းအာမိသကို ရရှိဖို့ရန် တောင့်တပြန်၏။ ဒေါသကြောင့် ယင်းပစ္စည်းအာမိသကို တောင့်တ သည့်အတိုင်း မရရှိခဲ့ပြန်လျှင်လည်း ပင်ပန်းဆင်းရဲမှု ဖြစ်တတ်ပြန်၏။ တောင့်တတိုင်း ရရှိပြန်လျှင်လည်း ရရှိလာသည့် လှူဖွယ်ဝတ္ထု ပစ္စည်းစု အပေါ်၌ တပ်မက်မှု လောဘက ထင်ရှား ဖြစ်တတ်ပြန်၏၊ မပေးလှူသည့် အခါမှာဖြစ်စေ သဘောမတူသည့် လှူဖွယ်ဝတ္ထုကို ပေးလှူသည့် အခါမှာဖြစ်စေ ယင်းမလှူသည့် ပုဂ္ဂိုလ်အပေါ်မှာ သို့မဟုတ် သဘောမတူသည့် အရာဝတ္ထုကို ပေးလှူသည့် သူအပေါ် မှာ သို့မဟုတ် ယင်းပစ္စည်း ဝတ္ထုအပေါ်မှာ မကျေနပ်မှု ဒေါသက ဖြစ်ပေါ်လာတတ်ပြန်၏။ ပစ္စည်းအာမိသအပေါ်ဝယ် တပ်မက်မှု တဏှာကို အစွဲပြု၍ ပစ္စည်းကို ရအောင် ရှာဖွေခြင်း, ရှာဖွေခြင်းကို အစွဲပြု၍ လာဘ်လာဘရရှိခြင်း --- ဤသို့စသည့် တဏှာလျှင် အကြောင်းရင်းခံရှိသည့် (၉)မျိုးကုန်သော တရားတို့သည် လောဘ ကြောင့် ပြီးစီးပြည့်စုံလာ၏။


တဏှာမူလကတရား (၉) မျိုး

[တဏှာလျှင် အကြောင်းရင်းခံရှိသောတရား (၉)မျိုး

၁။ ပစ္စည်းအာမိသအပေါ်ဝယ် တပ်မက်မှုတဏှာကို အစွဲပြု၍ ပစ္စည်းအာမိသကို ရရှိအောင် ရှာဖွေခြင်း (ပရိယေသန)

၂။ ရှာဖွေခြင်းကို အစွဲပြု၍ လာဘ်လာဘရရှိခြင်း (လာဘ)

၃။ ရရှိလာသည့် လာဘ်လာဘကို အစွဲပြု၍ --- ဤမျှသည်ကား ငါ၏ ရူပါရုံအတွက်, ဤမျှသည်ကား သဒ္ဒါရုံအတွက်, ဤမျှသည်ကား ငါ့အတွက်, ဤမျှသည်ကား သူ့အတွက်, ဤမျှကို အသုံးပြုအံ့, ဤမျှကို သိုမှီး သိမ်းဆည်းထားအံ့၊ ဤသို့ စသည်ဖြင့် ဆုံးဖြတ်ခြင်း (ဝိနိစ္ဆယ)

၄။ ဆုံးဖြတ်ခြင်းကို အစွဲပြု၍ ယင်းပစ္စည်းဝတ္ထုအပေါ်၌ အားနည်းသော တပ်မက်ခြင်း, ပြင်းထန်သော တပ်မက်ခြင်း (ဆန္ဒရာဂ)

၅။ လိုလားတပ်မက်ခြင်းကို အစွဲပြု၍ မျိုမတတ် စွဲလန်းခြင်း (အဇ္ဈောသာန)

၆။ မျိုမတတ်စွဲလန်းခြင်းကို အစွဲပြု၍ သိမ်းပိုက်ထားခြင်း (ပရိဂ္ဂဟ)

၇။ သိမ်းပိုက်ထားခြင်းကို အစွဲပြု၍ ဝန်တိုခြင်း = သူတပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း (မစ္ဆရိယ)

၈။ ဝန်တိုခြင်းကို အစွဲပြု၍ စောင့်ရှောက်ရခြင်း (အာရက္ခ)

၉။ စောင့်ရှောက်ရခြင်းကို အစွဲပြု၍ တုတ်ကိုင်ခြင်း, လက်နက် ကိုင်ခြင်း, ငြင်းခုံခြင်း, ခိုက်ရန်ဖြစ်ခြင်း နင်ပဲ ငဆ အငြင်း ပွားခြင်း, ဂုံးတိုက်ခြင်း, မုသားပြောခြင်း စသည့် ယုတ်မာကုန်သော များပြားလှကုန်သော အကုသိုလ်တရားတို့ ထင်ရှား ဖြစ်ပွားလာကြ၏။ (အံ၊၃၊၂၀၁။)]

ကျောင်းအာဝါသ အပေါ်၌ မနာလိုဝန်တိုခြင်း, သူတစ်ပါးတို့၏ ရရှိကြသည့် လာဘ်လာဘ အပေါ်၌ မနာလိုဝန်တိုခြင်း, ဒါယကာ ဒါယိကာမတို့ အပေါ်၌ မနာလိုဝန်တိုခြင်း, ရုပ်အဆင်းအပေါ်၌ မနာလိုဝန်တိုခြင်း, ဓမ္မအပေါ်၌ မနာလို ဝန်တိုခြင်းဟူသည့် ဤ ဝန်တိုခြင်း ငါးမျိုးတို့ကိုလည်း ဒေါသတရားက ပြည့်အောင် ဖြည့်ပေး တတ်၏။

ယခု တင်ပြနေသည့် ကိလေသာတရားဆိုးတို့သည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတစ်ပါးကို ဘုရားရှင်ထံမှ အာမိသကိုသာ အမွေ ခံယူသည့်, ဓမ္မကို အမွေမခံယူသည့် ရှင်ရဟန်းတစ်ပါး ဖြစ်အောင် ပို့ဆောင်ပေးနေသည့် တရားဆိုးများ ဖြစ်ကြ၏။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ပယ်ရှားရမည့် တရားတွေလည်း ဖြစ်ကြ၏။ ထိုကြောင့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက အောက်ပါအတိုင်း ဆက်လက်ကာ တရားတော်ကို ဟောကြားပေးတော်မူပေသည်။ ---

သီတင်းသုံးဖေါ် ငါ့ရှင်တို့ ...

၁။ လောဘသည်လည်း ယုတ်မာသည့် တရားဆိုးဖြစ်၏။

၂။ ဒေါသသည်လည်း ယုတ်မာသည့် တရားဆိုးဖြစ်၏။ပ။ (ကောဓ, ပဠာသ, ဣဿာ, မစ္ဆေရ, မာယာ, သာဌေယျ, ထမ္ဘ, သာရမ္ဘ, မာန, အတိမာန, မဒ,) ...

၁၆။ ပမာဒသည်လည်း ယုတ်မာသည့် တရားဆိုးဖြစ်၏။

ယင်း ယုတ်မာသည့် လောဘ ။ပ။ ပမာဒဟူသည့် တရားဆိုးတို့ကို ပယ်ရှားဖို့ရန် မဇ္ဈိမပဋိပဒါဟု ခေါ်ဆိုသည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသော အလယ်အလတ် ကျင့်စဉ်လမ်းသည် ထင်ရှား ရှိနေ၏။ ယင်း မဇ္ဈိမပဋိပဒါဟူသည့် အလယ်အလတ် ကျင့်စဉ်လမ်းသည် ---

၁။ သစ္စာလေးပါး မြတ်တရားကို ထွင်းဖောက် သိမြင်တတ်သည့် ပညာမျက်စိကိုလည်း ပြုလုပ်ပေးတတ်၏၊ (စက္ခုကရဏီ)

၂။ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိတတ်သည့် ပညာဉာဏ် ကိုလည်း ပြုလုပ်ပေးတတ်၏၊ (ဉာဏကရဏီ)

၃။ လောဘ = ရာဂ ။ပ။ ပမာဒဆိုသည့် ကိလေသာ အပူမီးတို့ ငြိမ်းအေးဖို့ရန်လည်း ဖြစ်၏၊ (ဥပသမာယ)

၄။ သစ္စာလေးရပ် တရားမြတ်ကို ထူးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ဖို့ရန်လည်း ဖြစ်၏၊ (အဘိညာယ)

၅။ အရိယမဂ်ဉာဏ်ကို ထိုးထွင်းသိမြင်ဖို့ရန် အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန်လည်း ဖြစ်၏၊ (သမ္ဗောဓာယ)

၆။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ဖို့ရန်လည်း ဖြစ်၏။

(နိဗ္ဗာနာယ)


မဇ္ဈိမပဋိပဒါလမ်းစဉ်

၁။ စက္ခုကရဏီ = သစ္စာလေးပါး မြတ်တရားကို ထွင်းဖောက်သိမြင် တတ်သည့် ပညာမျက်စိကို ပြုလုပ်ပေးတတ်သည့်

၂။ ဉာဏကရဏီ = သစ္စာလေးပါး မြတ်တရားကို ထွင်းဖောက်သိတတ်သည့် ပညာဉာဏ်ကို ပြုလုပ်ပေးတတ်သည့်

၃။ ဥပသမာယ = လောဘ = ရာဂ ။ပ။ ပမာဒဆိုသည့် ကိလေသာ အပူမီးတွေ ငြိမ်းအေးဖို့ရန် ဖြစ်သည့်

၄။ အဘိညာယ = သစ္စာလေးရပ် တရားမြတ်ကို ထူးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ဖို့ရန်ဖြစ်သည့်

၅။ သမ္ဗောဓာယ = အရိယမဂ်ဉာဏ်ကို ထိုးထွင်း သိမြင်ဖို့ရန် ဖြစ်သည့် = (မဂ်ဉာဏ်ကို ရရှိဖို့ရန် ဖြစ်သည့်)

၆။ နိဗ္ဗာနာယ = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် တရားတော် မြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ဖို့ရန် ဖြစ်သည့် ယင်း မဇ္ဈိမပဋိပဒါ = အလယ်အလတ် လမ်းစဉ်ဟူသည် အဘယ်နည်း?

ဖြူစင်မြင့်မြတ်သည့် ဤမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားပင် ဖြစ်၏။ အဘယ် ရှစ်ပါးတို့နည်း?

၁။ သမ္မာဒိဋ္ဌိ = သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်ခြင်း,

၂။ သမ္မာသင်္ကပ္ပ = သစ္စာလေးရပ် တရားမြတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်း,

၃။ သမ္မာဝါစာ = ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ကာ မှန်ကန်သည့် စကားကို ပြောဆိုခြင်း,

၄။ သမ္မာကမ္မန္တ = ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ကာ (သမထ ဝိပဿနာဘာဝနာမှုစသည့်) မှန်ကန်သည့် လုပ်ငန်းရပ်တွေကို ပြုလုပ်ခြင်း,

၅။ သမ္မာအာဇီဝ = မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်ကာ မှန်ကန်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်ဖြင့် အသက်မွေးခြင်း,

၆။ သမ္မာဝါယာမ = အကုသိုလ်တရားတွေကို ပယ်နိုင်ရန် ကုသိုလ် တရားတွေနှင့် ပြည့်စုံလာရန် မှန်ကန်သည့် ကြိုးစားအားထုတ်ခြင်း,

၇။ သမ္မာသတိ = သမထအာရုံ ဝိပဿနာအာရုံဖြစ်သည့် အာရုံကို မှန်မှန်ကန်ကန် အမှတ်ရခြင်း,

၈။ သမ္မာသမာဓိ = ဥပစာရသမာဓိနှင့် တကွသော စျာန်သမာပတ် ရှစ်ပါးတည်းဟူသော မှန်ကန်သည့် စိတ်တည်ကြည်ခြင်း သမာဓိ, (လောကီစျာန် လောကုတ္တရာစျာန် နှစ်မျိုးလုံးပင် ဖြစ် သည်။)

သီတင်းသုံးဖေါ် ငါ့ရှင်တို့ ... သစ္စာလေးပါး မြတ်တရားကို ထွင်းဖောက် သိမြင်တတ်သည့် ပညာမျက်စိကို ပြုလုပ်ပေးတတ်သည့်, သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိတတ်သည့် ပညာဉာဏ်ကို ပြုလုပ်ပေးတတ်သည့်, ကိလေသာ အပူမီးတွေ ငြိမ်းအေးဖို့ရန် ဖြစ်သည့် သစ္စာလေးရပ် တရားမြတ်ကို ထူးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ဖို့ရန် ဖြစ်သည့်, အရိယမဂ်ဉာဏ်ကို ထိုးထွင်း သိမြင်ဖို့ရန် (= အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန်) ဖြစ်သည့်, အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ဖို့ရန် ဖြစ်သည့် ယင်း မဇ္ဈိမပဋိပဒါ = အလယ်အလတ် ကျင့်စဉ်လမ်းဟူသည် ဤသည်ပင်တည်းဟု မိန့်ကြားတော်မူလေသည်။ (မ၊၁၊၁၈-၁၉။)

ဤနေရာမှာပင် ဓမ္မဒါယာဒသုတ္တန်သည် ပြီးဆုံးသွားပြီး ဖြစ်သည်။ ဘုရားရှင့်ထံတော်မှ အာမိသအမွေကို ခံယူသည့် တပည့် သာဝက မဖြစ်ရေး, ဓမ္မအမွေကိုသာ ခံယူသည့် တပည့်သာဝက ဖြစ်ရေးအတွက် ကျင့်ရမည့် ကျင့်စဉ်မှာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားပင် ဖြစ်၏။ ယင်း မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို စနစ်တကျ ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်နိုင်သည့်အတွက် အရဟတ္တမဂ် အရဟတ္တဖိုလ် တိုင်အောင်သော အဆင့်ဆင့်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် သစ္စာလေးရပ် တရားမြတ်တို့ကို ထွင်းဖောက်သိမြင် ပြီးသောအခါ ---

ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ ... (သံ၊၂၊၅၆။)

= သာသနာတော်မှာ ကျင့်သင့်ကျင့်ထိုက်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတွေကို ငါ ကျင့်သုံး၍ ပြီးလေပြီ၊ သာသနာတော်မှာ ပြုသင့်ပြုထိုက်သည့် မဂ်ကိစ္စကို ငါပြု၍ ပြီးလေပြီ။ (သံ၊၂၊၅၆...)

ဤကဲ့သို့သော အနတ္တလက္ခဏသုတ္တန်စသည့် ထိုထို ဒေသနာတော်များမှာ လာရှိသည့်အတိုင်း သာသနာတော်မှာ ပြုသင့်ပြုထိုက် သည့် လုပ်ငန်းရပ်ကို ပြုလုပ်ပြီးသည့် ပုဂ္ဂိုလ် ဖြစ်သွားပေပြီ။

ယင်းကဲ့သို့ သာသနာတော်မှာ ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ် တွေကို ပြုလုပ်ပြီးသည့် တပည့်သာဝကတစ်ဦး ဖြစ်ရေးအတွက် အထက်တွင် တင်ပြခဲ့ပြီးသည့် အတိုင်း ---

၁။ ရှေးရှေး ဘုရားရှင်တို့၏ သာသနာတွင်းမှာ သို့မဟုတ် ဤ ဘုရားရှင်၏ သာသနာတွင်းမှာလည်း ရှေးရှေးဘဝတို့က ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟု ခေါ်ဆိုအပ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတည်းဟူသော အဓိကာရ ကောင်းမှုကုသိုလ် ရှိခဲ့ဖူးခြင်း,

၂။ မိမိမျှော်မှန်းထားသည့် ဗောဓိဉာဏ်တော်ကို လိုလားတောင့်တသည့် ဆန္ဒဓာတ်ရှိခြင်းဆိုသည့် အင်္ဂါရပ်နှစ်ခု ---

၁။ ယခုမျက်မှောက် ဘုရားရှင်၏ သာသနာတွင်းမှာလည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ရရှိမည့် နောက်ဆုံးဘဝတွင် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟု ခေါ်ဆိုအပ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်း ဟူသော အဓိကာရ ကောင်းမှုကုသိုလ်တို့ကို မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လောက်အောင် ရင့်ကျက်အောင် ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ကြိုးစားအားထုတ်ခြင်း,

၂။ မိမိမျှော်မှန်းထားသည့် ဗောဓိဉာဏ်တော်မြတ်ကို လိုလား တောင့်တသည့် ဆန္ဒဓာတ်ပြင်းပြခြင်း သို့မဟုတ် မိမိ လိုလား တောင့်တနေသည့် ဗောဓိဉာဏ်သို့ ရောက်ကြောင်း မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ် လိုသည့် ဆန္ဒဓာတ်ပြင်းပြခြင်း ---

ဤအင်္ဂါနှစ်ရပ်တို့ကို ပြည့်စုံအောင် ဖြည့်ကျင့်ရမည် ဖြစ်သည်။ သို့မှသာလျှင် ---

ဣမေသံ ပန သဗ္ဗေသမ္ပိ အဓိကာရော စ ဆန္ဒတာတိ ဒွင်္ဂသမန္နာဂတောယေဝ အဘိနီဟာရော ဟောတိ။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)

ဤသို့ ဖွင့်ဆိုထားသည့် အဋ္ဌကထာနှင့်အညီ အဓိကာရ ကောင်းမှု ကုသိုလ်နှင့် ဆန္ဒဓာတ်တည်းဟူသော အင်္ဂါနှစ်ပါးနှင့် ပြည့်စုံမည် ဖြစ်သည်။ ယင်း အင်္ဂါနှစ်ပါး စုံညီပါမှသာလျှင် ယင်း ပါရမီကုသိုလ် တို့က မိမိမျှော်လင့်ထားသည့် ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးနေသည့် အဘိနီဟာရခေါ်သည့် ပါရမီတရား အပေါင်း ဖြစ်နိုင်ပေသည်။


ဆန္ဒဓာတ်

ယင်းသို့ အဘိနီဟာရခေါ်သည့် မိမိမျှော်လင့်တောင့်တနေသည့် ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှုသယ်ဆောင်ပေးနေသည့် ပါရမီ တရားအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးသည့်အပိုင်းဝယ် လိုလား တောင့်တမှု = ပြုလုပ်လိုမှု ဆန္ဒဓာတ်သည် မရှိမဖြစ် လိုအပ်ပါ သလားဟု မေးရန် ရှိ၏။

ဤနေရာဝယ် ဣဒ္ဓိပါဒ်လေးပါး = မိမိလိုလားတောင့်တနေသည့် ဗောဓိဉာဏ် အသီးအသီးကို ပြီးစီးပြည့်စုံစေနိုင်သည့် အခြေခံ အကြောင်းရင်းဖြစ်သည့် စွမ်းအင်ကြီး လေးခုကို သိထားသင့်ပေသည်။ ယင်း စွမ်းအင်ကြီး လေးခုတို့မှာ ---

၁။ ဆန္ဒ = ပြင်းထန်သော ဆန္ဒဓာတ်,

၂။ ဝီရိယ = အပြင်းအထန် ကြိုးစားအားထုတ်မှု လုံ့လဝီရိယ,

၃။ စိတ္တ = ပြင်းထန်သည့် အသိစိတ်ဓာတ်,

၄။ ဝီမံသ = (အနိစ္စ, ဒုက္ခ, အနတ္တ စသည်ဖြင့်) စူးစမ်းဆင်ခြင် တတ်သည့် ထက်မြက်ပြင်းထန် စူးရှသည့် ဉာဏ်ပညာ ---

ဤသို့လျှင် ဣဒ္ဓိပါဒ် လေးမျိုး ရှိ၏။ မိမိ မျှော်လင့်ထားသည့် ဗောဓိဉာဏ် တစ်ခုခုသို့ ရောက်ကြောင်း ပါရမီ တရားအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူး ရှာဖွေ စုဆောင်းသည့် လုပ်ငန်းရပ်တို့ကို လိုက်နာ ပြုကျင့်သည့် လုပ်ငန်းအပိုင်းဝယ် ယင်းဣဒ္ဓိပါဒ် လေးမျိုးတို့တွင် တစ်မျိုးမျိုးက ဦးစီးခေါင်းဆောင် ဖြစ်နေလျှင် အကြီးအကဲ အဓိပတိ ဖြစ်နေလျှင် ကျန်သုံးမျိုးက နောက်လိုက်များ ဖြစ်ကြ၏။

ဥပမာ ဆန္ဒက အကြီးအကဲ အဓိပတိ ဖြစ်နေလျှင် ဝီရိယ, စိတ္တ, ဝီမံသတို့က ဆန္ဒ၏ နောက်လိုက် အလုပ်ကို ပြုလုပ်ကြ၏။ အလားတူပင် ဝီရိယ, စိတ္တ, ဝီမံသတို့တွင် တစ်ခုခုက အကြီးအကဲ အဓိပတိ ဖြစ်နေလျှင် ဆန္ဒနဲ့တကွ ကျန်တရားတို့က နောက်လိုက် အလုပ်ကို ပြုလုပ်ကြ၏။ ထိုကြောင့် တစ်ခါတစ်ရံ တချို့တချို့သော ပါရမီ တရားတို့ကို ဖြည့်ကျင့်သည့် အပိုင်းဝယ် တစ်နည်းပြောရပါမူ မိမိ မျှော်မှန်းထားသည့် ဗောဓိဉာဏ်သို့ ရောက်ရှိရေးအတွက် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကဲ့သို့သော ပြုသင့် ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်သည့်အပိုင်းဝယ် ပြုလုပ်လိုသည့် ဆန္ဒဓာတ်ကို ရှေ့တန်းတင်ပြီး ယင်းဆန္ဒဓာတ်က အကြီးအကဲ အဓိပတိနေရာကို ယူကာ ပြုလုပ် ဆောင်ရွက်သည့် အပိုင်းလည်း ရှိ၏။ တစ်ခါတစ်ရံ ဝီရိယ, စိတ္တ, ဝီမံသ တစ်ခုခုက အကြီးအကဲ အဓိပတိ နေရာကို ယူပြီးလျှင် ယင်း ပြုသင့် ပြုထိုက်သည့် လုပ်ငန်းရပ်ကို ပြုလုပ်သည့်အခါ ဆန္ဒက နောက်လိုက်အနေနှင့်ပဲ ပါဝင်ဆောင်ရွက်သည့် အပိုင်းလည်း ရှိတတ်ပါ၏။ ထိုကြောင့် ပြုကျင့်သင့် ပြုကျင့်ထိုက်သည့် အဘိနီဟာရ ခေါ်သည့် ပါရမီ တရားအပေါင်းတို့ကို ဖြည့်ကျင့်သည့် အပိုင်းဝယ် တစ်ခါတစ်ရံ ပြုလုပ်လိုသည့် ဆန္ဒက ရှေ့သွားခေါင်းဆောင် ဖြစ်နေ ငြားသော်လည်း တစ်ခါတစ်ရံ၌ကား နောက်လိုက်လည်း ဖြစ်နေ တတ်သည်ဟု မှတ်သားပါလေ။

သာသနာတော်ဝယ် ပြုသင့် ပြုထိုက်သည့် မဂ်ကိစ္စတို့ကို ပြုလုပ် ပြီးသည့်အခါ တစ်နည်းပြောရလျှင် သာသနာတော်ဝယ် ပြုသင့်ပြုထိုက် ကျင့်သင့်ကျင့်ထိုက်သည့် လောကီမဂ္ဂင်ရှစ်ပါး လောကုတ္တရာ မဂ္ဂင်ရှစ်ပါးဟူသည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်ပြီးကြသည့် အခါ ယင်းသို့ ပြုလုပ်ပြီးကြသည့် ရဟန္တာ အရှင်မြတ်တို့သည် ပရိနိဗ္ဗာန်မစံမီ စပ်ကြား ကာလ မျက်မှောက် ဘဝမှာပင် ချမ်းချမ်းသာသာ နေထိုင်လိုသည့် ဆန္ဒဓာတ်ဖြင့် ---

၁။ စျာန်သမာပတ်များကို ဝင်စားနေခြင်း,

၂။ အရဟတ္တဖလသမာပတ်ကို ဝင်စားနေခြင်း,

၃။ နိရောဓသမာပတ်ကို ဝင်စားနေခြင်း,

၄။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေခြင်း,

၅။ အဘိညာဏ် ဉာဏ်များကို လေ့ကျက်ခြင်း ဟူသည့် လုပ်ငန်းရပ် တို့ကိုလည်း ပြုလုပ်တော်မူကြ၏။

တစ်ခါတစ်ရံမှာမူကား ---

၆။ မိမိတို့ကိုယ်တိုင် သစ္စာလေးရပ် တရားမြတ်ကို အရဟတ္တဖိုလ်ပေါက် ထွင်းဖောက်သိမြင်သကဲ့သို့ သူတစ်ပါးတို့ကိုလည်း သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်အောင် တရား ဓမ္မများကို ဟောကြားပြသ ဆိုဆုံးမခြင်း,

၇။ သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့အောင် သင်္ဂါယနာ အထပ် ထပ် တင်တော်မူခြင်း,

၈။ ပရိယတ်တရားတော်ကို သင်ကြားပို့ချခြင်း ---

ဤသို့စသည့် ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ်များကိုလည်း ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသဟူသည့် အဓိပတိ= အကြီးအကဲ လေးမျိုးတို့တွင် တစ်မျိုးမျိုးကို ရှေ့တန်းတင်ကာ ပြုကျင့်တော်မူကြ၏။ ထိုသို့ ပြုကျင့်သင့်သည့် လုပ်ငန်းရပ်တို့ကို ပြုကျင့် လုပ်ဆောင်သွားတော်မူ ကြသည့် ရဟန္တာ အရှင်မြတ်တို့တွင် ဤဓမ္မဒါယာဒသုတ္တန် နောက်ပိုင်းတွင် လာရှိသည့် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်ကား သာသနာတော်ဝယ် စံ ထားထိုက်သည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်ပေသည်။ သူတော်မှ ကိုယ်ကောင်းသည့် သူတော်ကောင်းမျိုး မဟုတ်ဘဲ, သူတော်သည် ဖြစ်စေ မတော်သည် ဖြစ်စေ မိမိဘက်က ထာဝစဉ် ကောင်းနေသည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်ပေသည်။ ယင်းသို့ သူတော်ကောင်း အစစ် ဖြစ်တော်မူသည့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် လိုက်နာ ပြုကျင့် သွားတော်မူသည့် ကျင့်စဉ်များစွာတို့တွင် ကျင့်စဉ်တစ်ရပ်သည်ကား အင်္ဂုတ္တရနိကာယ် နဝကနိပါတ် သီဟနာဒသုတ္တန်တွင် လာရှိပေသည်။ ယင်းသုတ္တန်တွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ လိုက်နာ ပြုကျင့်သွားတော်မူသည့် ကြည်ညိုဖွယ်ရာ စိတ်နေစိတ်ထား, မွန်မြတ်သည့် စိတ်နေစိတ်ထား, အတုယူကာ လိုက်နာပြုကျင့်သင့်သည့် စိတ်နေ စိတ်ထားများကို ဖေါ်ပြထားပေသည်။ ဆက်လက်ကာ ဖတ်ရှုလေ့လာ ကြည့်ပါလေ ---


သီဟနာဒသုတ္တန်ပိုင်း

သီဟနာဒသုတ္တန် ဖြစ်ပေါ်လာပုံ

တစ်ချိန်ဝယ် ...ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရားရှင် သည် သာဝတ္ထိပြည်မွန်ဝယ် အနာထပိဏ် ကျောင်းဒါယကာကြီး ဆောက်လုပ် လှူဒါန်းထားအပ်သည့် ဇေတဝန်ကျောင်းတိုက်တော်တွင် ဝါဆို ဝါကပ်တော်မူလေသည်။ ဝါကျွတ်သည့်အခါဝယ် ဘုရားရှင် သည် ခရီးဒေသစာရီ ကြွချီတော်မမူသေး ဖြစ်နေ၏။ ထို အချိန်အခါဝယ် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ...

အကယ်၍ ဘုရားရှင်သည် ခရီးဒေသစာရီ ကြွချီတော်မူလို သည်ဆိုလျှင် ဤကဲ့သို့သော အချိန်အခါမျိုးမှာ ကြွချီတော်မူလေ ရာ၏။ ယခုမှာမူကား ဘုရားရှင် ကြွချီတော်မမူသေး ဖြစ်နေ၏။ ယင်းသို့ ဖြစ်လျှင် ယခုအခါ ငါသည် ခရီးဒေသစာရီ ကြွချီဖို့ရန် ဘုရားရှင်အား ပန်ကြား လျှောက်ထားမည်ဟု ဤသို့ စဉ်းစား ဆင်ခြင်တော်မူပြီးနောက် ရဟန်း သံဃာတော်အပေါင်း ခြံရံကာ ဘုရားရှင်ထံသို့ ချဉ်းကပ်တော်မူလေသည်။

ဘုရားရှင်အား ရိုသေစွာ ရှိခိုးဝတ်ပြုပြီးနောက် သင့်တင့်လျောက် ပတ်သည့် တစ်နေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရား ... တပည့်တော်၏ သာဝတ္ထိ၌ ဝါဆိုဝါကပ်ခြင်းသည် ထမြောက်ပြီး ဖြစ်ပါသည်၊ တပည့်တော်သည် ဇနပုဒ်၌ ခရီးဒေသစာရီ ကြွချီလိုပါသည် မြတ်စွာ ဘုရားဟု လျှောက်ထားတော်မူလေသည်။ ဘုရားရှင်ကလည်း သင် သွားသင့်သည့် အချိန်ကာလကို သင်ပင် သိပါ၏ဟူ၍ မိန့်ဆိုကာ ခွင့်ပြုတော်မူလိုက်ပေသည်။ များပြားလှသော ရဟန်း သံဃာ အခြံ အရံနှင့်တကွ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း ဇေတဝန်ကျောင်းတိုက်တော်မှ ထွက်ခွာတော်မူခဲ့လေသည်။ (အံ၊၁၊၁၈၀။)

ထိုအချိန်ဝယ် ရဟန်းတစ်ပါး၏ သန္တာန်၌ အဋ္ဌာနကောပဟု ခေါ်ဆိုသည့် အမျက်ဒေါသ မဖြစ်သင့်သည့်နေရာဝယ် အမျက်ဒေါသ တစ်ခု ထင်ရှား ဖြစ်ပေါ်ခဲ့၏။ ထိုရဟန်းက များစွာသော ရဟန်း သံဃာတော်အပေါင်း ခြံရံကာ ကြွသွားသည်ကို ကြည့်ပြီးလျှင် ဤ ရဟန်းတို့သည် ဘုရားရှင်ကို စွန့်ပယ်ပြီးလျှင် အရှင်သာရိပုတ္တရာကို ခြံရံကာ ထွက်ခွာသွားကြ၏။ ထိုအရှင်သာရိပုတ္တရာ၏ ခရီးသွားမှုကို ရပ်ဆိုင်းသွားအောင် ငါ ပြုလုပ်မည်ဟု စဉ်းစားကာ အရာဌာန မဟုတ်သည်၌ အမျက်ဒေါသကို ဖွဲ့ချည်ထားလိုက်၏။

ဤကဲ့သို့ ခရီးသွားမှုကို ပျက်စီးစေလိုသည့် ဖျက်ဆီးလိုသည့် မပြောပလောက်သည့် အကြောင်းအရာ တစ်ခုသည်ကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ကိုယ်တော်အားဆယ်ပါး, ဉာဏ်တော်အားဆယ်ပါးတို့နှင့် ပြည့်စုံတော်မူသည့် ဘုရားရှင်ကို ရှိခိုးပြီး နောက် နေရာမှထကာ ကြွသွားတော်မူသည့်အခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ နှစ်ထပ်သင်္ကန်းစွန်းက ထိုရဟန်းတော်၏ ခန္ဓာကိုယ်ကို ထိမိသွားခြင်းဖြစ်၏။ အရှင်သာရိပုတ္တရာ ကြွသွားသည့်အခါ ဖြစ်ပေါ်လာသည့် လေအဟုန်ကလေးက သူ၏ကိုယ်ပေါ်မှာ သွားပြီး ထိမိသည်ဟုလည်း ဆိုကြ၏။

ဤကဲ့သို့ မပြောပလောက်သည့် အကြောင်းအရာကလေးတစ်ခုကို အခြေခံကာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး အပေါ်ဝယ် ရန်ငြိုးဖွဲ့ချည်ကာ များပြားလှသည့် ရဟန်းသံဃာ အခြံအရံများနှင့် ခရီးဒေသစာရီ ကြွချီသည်ကို မြင်တွေ့ရသည့်အခါ ငြူစူစောင်းမြောင်းသည့် စိတ်ဓာတ်ဖြင့် ခရီးသွားလာမှုကို အနှောင့် အယှက်ပေးခြင်း ဖြစ်၏။ (အံ၊ဋ္ဌ၊၃၊၂၆၂။)

သို့သော် ဓမ္မပဒအဋ္ဌကထာ၌ကား ယခုပြောခဲ့သည့် အကြောင်းပြချက်အပြင် အခြားအကြောင်းပြချက် တစ်ခုကိုလည်း ထပ်မံ ဖေါ်ပြထား၏။ ယခုကဲ့သို့ ဘုရားရှင်ထံ ပန်ကြား လျှောက်ထားပြီးနောက် ဘုရားရှင်အား ရှိခိုးဝတ်ပြုပြီးလျှင် အခြံအရံ ပရိသတ်နှင့်အတူ ဇေတဝန်ကျောင်းတိုက်တော်မှ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ထွက်ခွာတော်မူလာ၏။ ထိုအခါဝယ် မိမိ၏ အခြံအရံ ရဟန်းများသာမက အခြားရဟန်းများသည်လည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ နောက်တော်သို့ အစဉ်လိုက်လာကြပြန်၏။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း အမည်အနွယ်အားဖြင့် ထင်ရှားတော်မူကြသည့် ရဟန်းတော်တို့ကို အမည်အနွယ်အားဖြင့် ခေါ်တော် မူကာ ပြန်ကြွစေတော်မူ၏။ ထိုရဟန်းတို့ထဲတွင် ယခုကဲ့သို့ ရန်ငြိုးဖွဲ့နေသည့် အမည်အနွယ်အားဖြင့် မထင်ရှားသည့် အညတရ ရဟန်း တစ်ပါးလည်း ပါဝင်နေခဲ့၏။

ယင်း ရဟန်းက ငါ့ကိုလည်း အမည်အနွယ်အားဖြင့် ချီးမြှောက်ပြောဆိုကာ ပြန်လှည့်စေမည်ဆိုလျှင် သိပ်ကောင်းမှာပဲဟု ဤသို့ မျှော်လင့် စောင့်ဆိုင်းနေ၏။ သို့သော် အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးသည် များပြားလှသည့် သံဃာ့အလယ်ဝယ် ရှိနေသည့် ထိုရဟန်းကို အသိအမှတ် မပြုမိ ဖြစ်သွားခဲ့၏။ ထိုရဟန်းက အရှင် သာရိပုတ္တရာသည် အခြားအခြား ရဟန်းတို့ကို ချီးမြှောက်တော် မမူသကဲ့သို့ ငါ့ကိုကား မချီးမြှောက်ဘူးဟု ယူဆကာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အပေါ်ဝယ် ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏။ အရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ နှစ်ထပ်သင်္ကန်းစွန်းကလည်း ထိုကိုယ်တော်၏ ခန္ဓာကိုယ်ကို မတော်တဆ အနည်းငယ် ထိမိသွား ၏။ ဤကဲ့သို့ ထိမိတာကလေးကိုလည်း ရေးကြီးခွင်ကျယ်လုပ်ကာ ရန်ငြိုးထပ်ပြီး ဖွဲ့ခဲ့ပြန်၏။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၉၀။)

ဤ မပြောပလောက်သည့် ရန်ငြိုးကို အခြေခံကာ ယင်း ရဟန်းတော်က ယခုအခါဝယ် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် နောက်လိုက် ရဟန်းသံဃာနှင့်အတူ ဇေတဝန်ကျောင်းတိုက်တော်၏ ဥပစာကိုကား ကျော်သွားလောက်ပြီဟု သိသည့်အတွက် မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် သူက လျှောက်ထား၏။ ---

မြတ်စွာဘုရား ... အရှင်သာရိပုတ္တရာသည် အရှင်ဘုရား တို့၏ အဂ္ဂသာဝက ဖြစ်သည်ဆိုပြီးလျှင် တပည့်တော်ကို နားရွက်ကို ရိုက်ခွဲလိုက်သလို ထိပါးပုတ်ခတ်ပြီးလျှင် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ လှည့်လည်ဖို့ရန် ထွက်ခွာသွားပါသည် မြတ်စွာဘုရား ဟု စကားလုံး အပိုတွေကို ထပ်ဆောင်းကာ တင်ပြလျှောက်ထား လေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၉၀။)

ထိုအခါမှာ ဘုရားရှင်က ထိုရဟန်းတော်၏ စကားကို ကြားပြီး သည့်အခါ ရဟန်း ... သာရိပုတ္တရာသည် သင့်ကို ပုတ်ခတ်သည် မဟုတ်ပါဟု ပြောခဲ့မည်ဆိုလျှင် အရှင်ဘုရား ... အရှင်ဘုရား တို့သည် မိမိ၏ အဂ္ဂသာဝက ဘက်တော်သားအဖြစ်သာ ရွက်ဆောင် တော်မူကြ၏။ တပည့်တော်၏ ဘက်တော်သားအဖြစ်နဲ့ ရွက်ဆောင်တော် မမူကြပါဘူးဟု ပြောဆိုကာ ငါဘုရားရှင်အပေါ်ဝယ် စိတ်ဖြင့် ပြစ်မှားခြင်းအမှုကို လွန်ကျူးမိမည် ဖြစ်၏။ ဤကဲ့သို့ ပြစ်မှားခဲ့လျှင် ဤရဟန်းသည် သေသည်၏ အခြားမဲ့၌ အပါယ်ကိုတော့ ရောက်တော့မှာပဲဟု သိရှိတော်မူသည့်အတွက် သာရိပုတ္တရာကို ခေါ်စေတော်မူပြီးလျှင် ဒီအကြောင်းအရာကို မေးမြန်းမှ သင့်တော်လိမ့်မည်ဟု ဤကဲ့သို့ နှလုံးပိုက်တော်မူကာ ရဟန်းတော်တစ်ပါးကို ---

ရဟန်း လာလော့ ... သင်သည် ငါဘုရားရှင်၏ စကားဖြင့် သာရိပုတ္တရာကို အရှင်ဘုရား သာရိပုတ္တရာ ... အရှင်ဘုရားကို မြတ်စွာဘုရားက ခေါ်တော်မူနေသည်လို့ လျှောက်ထားကာ ခေါ်ချေ လော့ဟု အမိန့် ရှိတော်မူလိုက်လေသည်။

ထိုအခါဝယ် ထိုရဟန်းက ဘုရားရှင်အား မှန်ပါ့ မြတ်စွာဘုရား ဟု ဝန်ခံစကား လျှောက်ထားပြီးလျှင် အရှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်ကာ ဘုရားရှင်က ခေါ်တော်မူကြောင်းကို တင်ပြလျှောက် ထားလိုက်လေသည်။

ထိုအခါဝယ် အရှင်မဟာမောဂ္ဂလ္လာန်နှင့် အရှင်အာနန္ဒာ မထေရ် မြတ်ကြီး နှစ်ပါးတို့က သံကောက် သော့ကို ယူဆောင်ကာ ကျောင်းစဉ် လှည့်လည်ပြီး အရှင်ဘုရားတို့ ... ကြွတော်မူကြပါ ကြွတော် မူကြပါ။ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်၏ မျက်မှောက်တော်ဝယ် ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့သည့် လွန်မြတ်သော ကြုံးဝါးသည့် တရားသံကို လျှောက်ဆိုလိမ့်မည်ဟု ပြောဆို လျှောက် ထားကြ၏။ မထေရ်မြတ်ကြီး နှစ်ပါးတို့က ယခုကဲ့သို့ တိုက်တွန်း ပြောဆို လျှောက်ထားလိုက်ကြသည့်အခါ ရဟန်းသံဃာ အပေါင်း သည် ညဉ့်သန့်စင်ရာ နေရာ, နေ့သန့်စင်ရာ နေရာတို့ကို ပယ်စွန့် ထားခဲ့ပြီး ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူကြ၏။

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကလည်း ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူကာ ဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီးနောက် သင့်တင့်လျောက်ပတ်သည့် တစ်နေရာ၌ ထိုင်တော်မူလိုက်၏။ ထိုအခါဝယ် ဘုရားရှင်က အရှင်သာရိပုတ္တရာကို ---

သာရိပုတ္တရာ ... သီတင်းသုံးဖေါ် ရဟန်းတစ်ပါးသည်ကား သင့်အပေါ်ဝယ် ရှုတ်ချခြင်းသဘောသို့ ရောက်ရှိနေ၏။ မြတ်စွာ ဘုရား ...အရှင်သာရိပုတ္တရာသည် အရှင်ဘုရားတို့၏ အဂ္ဂသာဝက ဖြစ်သည်ဆိုပြီးလျှင် တပည့်တော်ကို နားရွက်ကို ရိုက်ခွဲလိုက်သကဲ့သို့ ထိပါး ပုတ်ခတ်ပြီးလျှင် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ လှည့်လည်ဖို့ရန် ထွက်ခွာသွားပါသည် မြတ်စွာဘုရားဟု လာရောက် လျှောက်ထားနေသည်ဟု ဘုရားရှင်က မိန့်ကြားတော်မူလိုက်လေ သည်။

ထိုအခါဝယ် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သီဟနာဒခေါ်သည့် ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့သည့် မွန်မြတ်သည့် တရားစကားတော်ကို မိန့်မြွက်တော်မူလေသည်။

သီဟနာဒ (၉) မျိုး

၁။ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါး ပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေ ရာ၏။ မြတ်စွာဘုရား ...မဟာပထဝီမြေကြီးပေါ်၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း စွန့်ပစ်ချကြကုန်၏၊ မစင်ကြယ်သော အရာ ဝတ္ထုကိုလည်း စွန့်ပစ်ချကြကုန်၏၊ ကျင်ကြီးကိုလည်း စွန့်ပစ်ချ ကြကုန်၏၊ ကျင်ငယ်ကိုလည်း စွန့်ပစ်ချကြကုန်၏၊ တံတွေးကိုလည်း စွန့်ပစ်ချကြကုန်၏၊ ပြည်ကိုလည်း စွန့်ပစ်ချကြကုန်၏၊ သွေးကိုလည်း စွန့်ပစ်ချကြကုန်၏။ မဟာပထဝီမြေကြီးသည် ထိုသို့ ပစ်ချထားခြင်း တည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု (ဝမ်းမြောက်မှု ဝမ်းနည်းမှု) မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော (= အကုသိုလ် တည်းဟူသော အတွင်းရန်, ရန်သူပုဂ္ဂိုလ်တည်းဟူသော အပြင်ရန် မရှိသော) ငြိုငြင်မှု မရှိသော (= စိတ်မချမ်းသာမှု ဒေါမနဿ မရှိသော) မဟာပထဝီမြေကြီးနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီး နောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာ ပါ၏။

၂။ မြတ်စွာဘုရား ... ရေ၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေး ကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း ဆေးကြောကြကုန်၏၊ ရေသည် ထိုသို့ ဆေးကြောခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော, ငြိုငြင်မှု မရှိသော ရေနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာ ဘုရား ...စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။

၃။ မြတ်စွာဘုရား ... မီးသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်၏။ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း လောင်၏။ မီးသည် ထိုကဲ့သို့ လောင်ရခြင်း တည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော, မြင့်မြတ်သော, အတိုင်းအရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှုမရှိသော, မီးနှင့်တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။

၄။ မြတ်စွာဘုရား ... လေသည် စင်ကြယ်သော အရာဝတ္ထု ကိုလည်း တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွားပါ၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွား ပါ၏၊ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည် ကိုလည်း, သွေးကိုလည်း တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွား ပါ၏။ လေသည် ထိုကဲ့သို့ တိုက်ခတ်ကာ အနံ့ကို သယ်ဆောင် သွားရခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်း အရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, လေနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံ စေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။

၅။ မြတ်စွာဘုရား ...ဖုံသုတ်အဝတ်သည် စင်ကြယ်သော အရာဝတ္ထုကိုလည်း သုတ်ရ၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း သုတ်ရ၏။ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း သုတ်ရ၏။ ဖုံသုတ်အဝတ်သည် ထိုကဲ့သို့ သုတ်ရခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှုမရှိသကဲ့သို့ မြတ်စွာဘုရား ...အလားတူပင် တပည့်တော် သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်း အရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, ဖုံသုတ်အဝတ်နှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံ စေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။

၆။ မြတ်စွာဘုရား ... ခွက်လက်စွဲကာ စုတ်ပြတ်သည့် အဝတ် ကိုသာ ဝတ်ဆင်ထားသော ဒွန်းစဏ္ဍား လုလင်ပျိုသည်လည်းကောင်း၊ ဒွန်းစဏ္ဍား လုံမပျိုသည်လည်းကောင်း ရွာနိဂုံးအတွင်းသို့ ထမင်းအစာ ရှာဖွေရန် အလို့ငှာ ဝင်ရောက်လာလတ်သော် မာန်,မတက်ကြွ နှိမ်ချသော စိတ်ဓာတ်ကိုသာလျှင် ဖြစ်စေ၍ ထမင်းအရှာ ဝင်ရောက်၍ လာသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်း အရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, ဒွန်းစဏ္ဍား လုလင်ပျို, လုံမပျိုနှင့် တူညီသော စိတ်ဓာတ်ဖြင့်(= မာန်,မတက်ကြွ နှိမ်ချသော စိတ်ဓာတ်ဖြင့်) နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံ စေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။

၇။ မြတ်စွာဘုရား ...ဦးချိုကျိုးထားသည့် အကျင့်ကောင်းမွန်သည့် ယဉ်ကျေးပြီး ဆုံးမအပ်ပြီးသည့် နွားလားဥသဘကြီးသည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့, လမ်းဆုံ တစ်ခုမှ လမ်းဆုံ တစ်ခုသို့ လှည့်လည်လတ်သော် ခြေဖြင့်သော်လည်းကောင်း, ဦးချိုဖြင့်သော် လည်းကောင်း (မိမိကို ကိုင်တွယ်လာသူကိုလည်းကောင်း, ဆုပ်နယ် နေသူကိုလည်းကောင်း) တစ်စုံတစ်ယောက်သောသူကိုမျှ မညှဉ်းဆဲ သကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှုမရှိသော, ဦးချိုကျိုးပြီးသော နွားလား ဥသဘနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။

၈။ မြတ်စွာဘုရား...ငယ်ရွယ်နုပျိုနေသည့် အလှပြင်လေ့ရှိသည့် ဦးခေါင်းနှင့်တကွ ရေချိုးပြီးသည့် လုံမပျိုသည်လည်းကောင်း, လုလင်ပျိုသည်လည်းကောင်း မြွေကောင်ပုပ်ကို ဖြစ်စေ, ခွေးကောင် ပုပ်ကို ဖြစ်စေ, လူကောင်ပုပ်ကို ဖြစ်စေ လည်ပင်း၌ ဆွဲလိုက်ပါမူ ငြီးငွေ့ ရှက်နိုး ရွံရှာ စက်ဆုပ်သကဲ့သို့ မြတ်စွာဘုရား ...အလား တူပင် တပည့်တော်သည် ဤတပည့်တော်၏ ခန္ဓာကိုယ် အကောင် ပုပ်ကြီးဖြင့် ငြီးငွေ့ပါ၏, ရှက်နိုးပါ၏, ရွံရှာစက်ဆုပ်ပါ၏။ မြတ်စွာ ဘုရား ...စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။

၉။ မြတ်စွာဘုရား ...ယောက်ျားတစ်ဦးသည် အပေါက်ကြီးငယ်ရှိသည့် အထက်မှလည်း လျှံကျနေသည့် (= အထက်သို့လည်း လျှံတက်နေသည့်) အောက်မှလည်း ယိုကျနေသည့် အမဲဆီအိုးကို ရွက်ဆောင် နေရသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် အပေါက်ကြီးငယ် ရှိနေသည့် အထက်မှလည်း လျှံကျနေသည့် (= အထက်သို့လည်း လျှံတက်နေသည့်) အောက်မှလည်း ယိုကျနေသည့် ဤခန္ဓာကိုယ်ကြီးကို ရွက်ဆောင်နေရပါ၏။ မြတ်စွာဘုရား...စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။

ဤသို့လျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက သာသနာတော်မှာ မိမိကိုယ်တိုင် လိုက်နာကျင့်သုံးနေသည့် စိတ်နေစိတ်ထား တို့ကို ၉-မျိုးသော အခြင်းအရာတို့ဖြင့် ဘုရားရှင်အား တင်ပြ လျှောက် ထားလိုက်သောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်အား ပြစ်မှား မိသော ထိုရဟန်းသည် ထိုင်ရာနေရာမှ ထကာ၊ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ် ဧကသီကို စမ္ပယ်တင်ပြီးနောက် မြတ်စွာဘုရား ၏ ခြေတော်အစုံ ကြာပဒုံတို့ကို ဦးတိုက်ကာ မြတ်စွာဘုရားရှင်အား ဤသို့ လျှောက်ထားလေသည် ---

မြတ်စွာဘုရား...တပည့်တော်သည် မိုက်သည့်အလျောက်, တွေဝေသည့်အလျောက်, မလိမ္မာသည့်အလျောက် အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါ၏၊ တပည့်တော်သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကို ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ်မမှန်သော အကြောင်းအရာဖြင့် စွပ်စွဲမိပါသည်။ မြတ်စွာဘုရားသည် ထိုတပည့်တော်၏ အပြစ်ကို နောင်အခါ စောင့်စည်းနိုင်ရန် အပြစ်ဟု လက်ခံတော်မူပါ မြတ်စွာဘုရား ...ဟု လျှောက်ထားလေသည်။

ရဟန်း...မိုက်သည့်အလျောက်, တွေဝေသည့်အလျောက်, မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် သာရိပုတ္တရာကို ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ်မမှန်သော အကြောင်းအရာဖြင့် စွပ်စွဲခဲ့၏။ ရဟန်း ...သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို အပြစ်ဟု ငါဘုရားရှင်တို့ လက်ခံကြပါကုန်၏။ ရဟန်း ...အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ ထိုသူ၏ ဤသို့ ကုစားခြင်း စောင့်စည်းခြင်းသည် ဖြူစင်မြင့်မြတ်သည့် အရိယာသူတော်ကောင်း၏ ဝိနည်း အဆုံးအမတော်၌ ကြီးပွားကြောင်း တရားပင်တည်းဟု ဘုရားရှင်က မိန့်ကြားတော်မူ လေသည်။

ထိုအခါ မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ မထေရ် မြတ်ကြီးကို သာရိပုတ္တရာ ...ဤမဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားအား ထိုအရပ်၌ပင် ထိုယောက်ျား၏ ဦးထိပ်သည် ခုနစ်စိတ် ခုနစ်မြွှာ မကွဲမီ သည်းခံလေလော့ဟု မိန့်ကြားတော်မူလေသည်။

ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က မြတ်စွာဘုရားအား မြတ်စွာဘုရား ...အကယ်၍ ထိုအရှင်သည် တပည့်တော်ကို သည်းခံတော်မူပါဟု ဤသို့ ပြောဆို လျှောက်ထားလာပါမူ တပည့်တော်သည် ထိုအရှင်အား သည်းခံပါ၏၊ ထိုအရှင်ကလည်း တပည့်တော်အား သည်းခံပါစေဟု လျှောက်ထားလေသည်။ (အံ၊၃၊၁၈၀-၁၈၄။)

သာသနာတော်ဝယ် ပြုသင့်ပြုထိုက်သည့် လောကီမဂ္ဂင် ၈-ပါး၊ လောကုတ္တရာမဂ္ဂင် ၈-ပါးဟူသည့် မဂ်ကိစ္စကို အရဟတ္တမဂ်သို့ တိုင်အောင် လိုက်နာပြုကျင့်တော်မူပြီးနောက် သာသနာတော်ဝယ် ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ဆက်လက်ကာ လိုက်နာ ပြုကျင့်သွားတော်မူသည့် ရှေးထုံးဟောင်း ကျင့်စဉ်တို့တွင် စံထိုက်သော အတုယူကာ လိုက်နာပြုကျင့်ဖွယ် ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်ထားသည့် ကျင့်စဉ်တစ်ရပ်ပင် ဖြစ်ပေသည်။

---

ကာယဂတာသတိဆိုသည်မှာ . . .

မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်ဝယ် ကာယဂတာသတိသုတ္တန် (မ၊၃၊၁၃၀-၁၄၀။) ဟူသော အမည်ဖြင့် သုတ္တန်တစ်ခု လာရှိပေ သည်။ ယင်း ကာယဂတာသတိသုတ္တန် အဋ္ဌကထာက ကာယဂတာ သတိ၏ အဓိပ္ပာယ်ကို ဤသို့ ရှင်းပြထားပေသည်။

ကာယဂတာသတိန္တိ ကာယပရိဂ္ဂါဟိကမ္ပိ ကာယာရမ္မဏမ္ပိ သတိံ။ ကာယပရိဂ္ဂါဟိကန္တိ ဝုတ္တေ သမထော ကထိတော ဟောတိ၊ ကာယာရမ္မဏန္တိ ဝုတ္တေ ဝိပဿနာ။ ဥဘယေန သမထဝိပဿနာ ကထိတာ ဟောန္တိ။ (မ၊ဋ္ဌ၊၄၊၁၀၂။)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်အရ ကာယဂတာသတိ ဟူသည် ---

၁။ ကာယကို သိမ်းဆည်းတတ်သော သတိကိုလည်း ကာယဂတာသတိဟု ခေါ်ဆို၏။

၂။ ကာယလျှင် အာရုံရှိသော သတိကိုလည်း ကာယဂတာသတိဟု ခေါ်ဆို၏။

သတိသီသေန တံသဟဂတေ ဘာဝနာဓမ္မေ ဝဒတိ။ (မ၊ဋီ၊၃၊၃၁၅။)

အထက်ပါ ဋီကာအဖွင့်အရ ကာယလျှင် အာရုံရှိသော သတိအရ သတိတစ်ခုတည်းကိုသာ မဆိုလိုပေ။ သတိနှင့် အတူတကွ ဖြစ်ကြကုန်သော ဘာဝနာဓမ္မ အားလုံးတို့ကိုပင် ဆိုလိုပေသည်။ သတိနှင့် စိတ္တက္ခဏတစ်ခုအတွင်း, ဇောဝီထိတစ်ခုအတွင်း အတူယှဉ်တွဲ ဖြစ်ပေါ်သွားကြသော နာမ်တရားစုကို ဆိုလိုသည်။

ထိုတွင် ကာယပရိဂ္ဂါဟိကသတိ = ကာယကို သိမ်းဆည်း တတ်သော သတိဟုဆိုလျှင် သမထကမ္မဋ္ဌာန်းပိုင်းကို ဆိုလိုပေသည်။ ကာယာရမ္မဏသတိ = ကာယလျှင် အာရုံရှိသော သတိဟုဆိုလျှင် ဝိပဿနာကမ္မဋ္ဌာန်းကို ဆိုလိုပေသည်။ (မ၊ဋ္ဌ၊၄၊၁၀၂။)

ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ (ပဋိသံ၊၁၈၁။)

ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် အာနာပါနဿတိ ကမ္မဋ္ဌာန်းပိုင်းတွင် ဟောကြားထားတော်မူသည်နှင့်အညီ ကာယဂတာသတိဟူသော စကားရပ်၌ ကာယဟူသည် ---

၁။ နာမကာယ = နာမ်တရား အပေါင်းအစု

၂။ ရူပကာယ = ရုပ်တရား အပေါင်းအစု

ဤနှစ်မျိုးလုံးသော ရုပ်-နာမ် အပေါင်းအစုကို ကာယဟု ဆိုလိုပေသည်။ ထိုတွင် ရူပကာယအရ - ဘူတရုပ်ဥပါဒါရုပ်ဟူသော ရုပ်ပရမတ်တရားများတွင်သာမက ---

၁။ အဿာသ ပဿာသကာယ

၂။ ယင်း အဿာသ ပဿာသကာယကို အမှီပြု၍ ဖြစ်ပေါ်လာ သော အာနာပါနနိမိတ်တို့လည်း ပါဝင်ကြောင်းကို ယင်းပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ၊၁၈၁။)တွင် ဆက်လက်ဟောကြား ထားတော်မူပါသည်။

ဤ ရှင်းလင်းချက်များအရ ကာယပရိဂ္ဂါဟိကသတိ = ကာယကို သိမ်းဆည်းတတ်သော သတိသည် သမထကမ္မဋ္ဌာန်းပိုင်းကို ရည်ညွှန်းထားသဖြင့် ကာယအရ - အဿာသ ပဿာသကာယ = ဝင်သက်လေ + ထွက်သက်လေ အပေါင်းအစု = ကာယနှင့် ယင်း ဝင်သက်လေ, ထွက်သက်လေကို အမှီပြုကာ ဘာဝနာစွမ်းအားကြောင့် ဖြစ်ပေါ်လာသော အာနာပါနနိမိတ်စသည့် သမထအာရုံ တို့ကို ဆိုလိုသည်ဟု မှတ်ပါ။ ယင်း သမထအာရုံတို့ကို အောက်တွင် ဆက်လက်ကာ ဖေါ်ပြပါမည်။

ကာယာရမ္မဏသတိ = ကာယလျှင် အာရုံရှိသော သတိဟု ဆိုလျှင် ဝိပဿနာကမ္မဋ္ဌာန်းပိုင်းကို ရည်ညွှန်းထားသည် ဖြစ်ရကား ကာယအရ ဝိပဿနာဉာဏ်ဖြင့် လက္ခဏာရေး သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်ထိုက်သည့် နာမကာယ = နာမ်တရား အပေါင်းအစုနှင့်၊ ရူပကာယ = ရုပ်တရား အပေါင်းအစုကို ဆိုလိုသည်ဟု မှတ်ပါ။

ဤရှင်းလင်းချက်များအရ ယောဂါဝစရ ပုဂ္ဂိုလ်တစ်ဦးသည် ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားသည်ဟုဆိုလျှင် တစ်နည်းဆို ရသော် ကာယဂတာသတိ၌ ထင်လင်းသော သတိရှိသည်ဟု ဆိုလျှင် သမထပိုင်း ဝိပဿနာပိုင်း နှစ်ပိုင်းလုံးကိုပင် ပွားများအားထုတ်နေ သည်ဟု မှတ်သားပါလေ။

ကာယဂတာသတိသုတ္တေ ပန ယဿ ဝဏ္ဏတော ဥပဋ္ဌာတိ၊ တံ သန္ဓာယ စတ္တာရိ စျာနာနိ ဝိဘတ္တာနိ။ (အဘိ၊ဋ္ဌ၊၂၊၂၁၆။)

မဟာသတိပဋ္ဌာနသုတ္တေ စုဒ္ဒသဝိဓေန ကာယာနုပဿနာ ကထိတာ၊ စုဏ္ဏကဇာတာနိ အဋ္ဌိကာနိ ပရိယောသာနံ ကတွာ ကာယာနုပဿနာ နိဒ္ဒိဋ္ဌာ၊ ဣဓ ပန ကေသာဒီသု ဝဏ္ဏကသိဏဝသေန နိဗ္ဗတ္တိတာနံ စတုန္နံစျာနာနံ ဝသေန ဥပရိဒေသနာယ ဝဍ္ဎိတတ္တာ အဋ္ဌာရသဝိဓေန ကာယဂတာသတိ ဘာဝနာ။ (မ၊ဋီ၊၃၊၃၁၅။)

ဤအထက်ပါ အဋ္ဌကထာနှင့် ဋီကာတို့၏ ဖွင့်ဆိုချက်နှင့်အညီ မဟာသတိပဋ္ဌာနသုတ္တန်တွင် ကာယာနုပဿနာပိုင်းကို တစ်နည်း ဆိုရသော် ကာယဂတာသတိ ကမ္မဋ္ဌာန်းကို (၁၄)မျိုးသော အခြင်း အရာအားဖြင့် ဟောကြားထားတော်မူပေသည်။ ဤကာယဂတာသတိသုတ္တန်တွင်ကား ၃၂-ကောဋ္ဌာသတို့၏ အရောင်ကို အာရုံယူကာ ဝဏ္ဏ = အရောင်ကသိုဏ်း လေးမျိုးတို့ကို စျာန်လေးမျိုးသို့ ဆိုက် ရောက်အောင် ပွားများပုံများကိုပါ ထည့်သွင်းကာ ဟောကြားထားတော်မူသည့်အတွက် ၁၈-မျိုးသော ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့ကို ဟောကြားထားတော်မူသည်ဟု မှတ်ပါ။ ယင်းကမ္မဋ္ဌာန်းတို့ကို အကျဉ်း ချုပ်ကာ ရေတွက်ပြပေအံ့ ---

၁။ အာနာပါနကမ္မဋ္ဌာန်းပိုင်း

၂။ ဣရိယာပထပိုင်း

၃။ သမ္ပဇဉ်ပိုင်း

၄။ ၃၂-ကောဋ္ဌာသတို့ကို ရွံရှာ စက်ဆုပ်ဖွယ် အနေဖြင့် ရှုပွားသည့် ပဋိကူလမနသိကာရပိုင်း

၅။ ဓာတ်ကမ္မဋ္ဌာန်းပိုင်း

၆-၁၄။ နဝသိဝထိက = သုသာန်သချုႋင်းနှင့် စပ်သည့် အသုဘ ဘာဝနာ ၉-မျိုး

ပေါင်းလိုက်လျှင် ၁၄-မျိုး ဖြစ်၏။ ဤ ၁၄-မျိုးကား မဟာသတိပဋ္ဌာနသုတ္တန်မှာလည်း လာရှိ၏။ ကာယဂတာသတိသုတ္တန် မှာလည်း ဘုရားရှင်က ထပ်မံပြီး ဟောကြားထားတော်မူ၏။ ယင်း ၁၄-မျိုးတို့အပြင် ၃၂-ကောဋ္ဌာသတို့မှ အရောင်တို့ကို အာရုံယူကာ အရောင်ကသိုဏ်းတို့ကို ပွားများခြင်းကြောင့် ရရှိသည့် ရူပါဝစရ စျာန်လေးပါးတို့ကိုပါ ထပ်ပေါင်းထည့်လိုက်လျှင်မူ ကာယဂတာသတိ ၁၈-မျိုး ဖြစ်သွားပေသည်။

၁။ ဆံပင်တို့ကဲ့သို့ ညိုသည့် ကောဋ္ဌာသတွေကို အာရုံယူပြီး အညိုရောင်ကသိုဏ်း = နီလကသိုဏ်း

၂။ ကျင်ငယ်တို့ကဲ့သို့ ဝါသည့် ကောဋ္ဌာသတွေကို အာရုံယူပြီး အဝါရောင်ကသိုဏ်း = ပီတကသိုဏ်း

၃။ သွေးတို့ကဲ့သို့ နီသည့် ကောဋ္ဌာသတွေကို အာရုံယူပြီး အနီရောင် ကသိုဏ်း = လောဟိတကသိုဏ်း

၄။ အရိုးတို့ကဲ့သို့ ဖြူသည့် ကောဋ္ဌာသတွေကို အာရုံယူပြီး အဖြူရောင်ကသိုဏ်း = ဩဒါတကသိုဏ်း

ဝဏ္ဏ = အရောင်ကသိုဏ်း လေးမျိုးတို့ကို ပွားများလိုက် သည့်အခါ ကသိုဏ်း တစ်မျိုးတစ်မျိုးမှာ ရူပါဝစရစျာန် လေးပါးစီ ရရှိနိုင်ပေသည်။

[ဤကမ္မဋ္ဌာန်း အမျိုးမျိုးတို့ကို ပြည့်ပြည့်စုံစုံ ပွားများအားထုတ် လိုပါက နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသည့် ကျမ်းစာကြီး (၅)တွဲမှာ ကြည့်ရှုပါလေ။]

ယင်း ကာယဂတာသတိသုတ္တန်တွင် ၁၈-မျိုးသော အခြင်းအရာအားဖြင့် ကာယဂတာသတိကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါက တစ်နည်းဆိုရသော် ၁၈-မျိုးသော အခြင်းအရာအားဖြင့် ကာယဂတာသတိ အမည်ရသည့် သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်း တို့ကို ပွားများ အားထုတ်ခဲ့သော် ရရှိနိုင်သော အကျိုးတရား ၁၀-မျိုးတို့ကိုလည်း ဘုရားရှင်က ဆက်လက် ဟောကြားထားတော်မူပေ သည်။

---

ကာယဂတာသတိ၏ အကျိုးအာနိသင် (၁၀) ပါး

၁။ သမထ ဝိပဿနာ အစဖြာသည့် ကုသိုလ်တရားတို့၌ မမွေ့လျော်ခြင်း, ကာမဂုဏ်၌ မွေ့လျော်ခြင်းကို လွှမ်းမိုးနိုင်၏။

၂။ ကြောက်တတ်သော စိတ်, ကြောက်မက်ဖွယ် အာရုံတို့ကို လွှမ်းမိုး နိုင်၏။

၃။ အပူဒဏ်, အအေးဒဏ်, ဆာလောင်ခြင်း, မွတ်သိပ်ခြင်းတို့ကို သည်းခံနိုင်၏။ မှက် ခြင် ယင် လေ နေပူ မြွေ ကင်း သန်းတို့၏ ကိုက်ခဲခြင်း အတွေ့တို့ကို သည်းခံနိုင်၏။ မကောင်းသဖြင့် ပြော ဆိုလာကုန်သည့်, မကောင်းသဖြင့် ဆိုက်ရောက်လာကုန်သည့် စကားတို့ကို (အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကဲ့သို့) သည်း ခံနိုင်၏။ ဆင်းရဲကုန်သည့်, ထက်မြက် စူးရှကုန်သည့်, ကြမ်းတမ်း ကုန်သည့်, ခါးစပ်ကုန်သည့်, သာယာခြင်းမှ ကင်းကုန်သည့်, စိတ်နှလုံးဝယ် ကုသိုလ်တရားတို့ကို မတိုးပွားစေကုန်သည့်, မမြတ်နိုးအပ်ကုန်သည့်, အသက်ကို ဆောင်ယူသွားနိုင်ကုန် သည့် ခန္ဓာကိုယ်ပေါ်မှာ ဖြစ်လာကြသည့် ဝေဒနာ အမျိုးမျိုး တို့ကို သည်းခံနိုင်သည့် သဘောရှိ၏။

၄။ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် ဆိုသည့် ရူပါဝစရစျာန်လေးပါးတို့ကို မငြိုမငြင် မပင်မပန်း လွယ်လွယ် ကူကူ ရရှိနိုင်၏။

၅။ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သည့် ဣဒ္ဓိဝိဓအဘိညာဏ်

၆။ နတ်နားကဲ့သို့ ကြားနိုင်သည့် ဒိဗ္ဗသောတအဘိညာဏ်

၇။ သူတစ်ပါးတို့၏ စိတ်ကို သိနိုင်သည့် ပရစိတ္တဝိဇာနနအဘိညာဏ်

၈။ ရှေးက ဖြစ်ခဲ့ဖူးသည့် ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်သည့် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်

၉။ နတ်မျက်စိကဲ့သို့ မြင်နိုင်သည့် ဒိဗ္ဗစက္ခုအဘိညာဏ်

၁၀။ အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သည့် အာသ- ဝက္ခယဉာဏ်တို့ကို ရရှိနိုင်၏။

ဤအကျိုးတရား ၁၀-ပါးတို့ကို ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါက ရရှိနိုင်ပေသည်။ (မ၊၃၊၁၃၉-၁၄၀။)

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်ကား ဤ ၁၀-မျိုးသော အကျိုးတရားတွေတွင်သာမက အဂ္ဂသာဝက ဗောဓိဉာဏ်တော်မြတ်ကိုပါ ရရှိအောင် ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများ အားထုတ်ထားပြီး ဖြစ်တော်မူပေသည်။ ဤကဲ့သို့ ပွားများအားထုတ်ပြီး ဖြစ်တော်မူသည့်အတွက် တစ်နည်းပြောဆိုရသော် သာသနာတော်မှာ ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်လိုသည့် ဆန္ဒဓာတ် အဝင်အပါ ဣဒ္ဓိပါဒ်လေးပါးတို့တွင် တစ်ပါးပါးကို ရှေ့တန်းတင်ကာ လိုက်နာပြုကျင့်တော်မူသည့်အတွက် ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့စွာ အထက်ပါ သီဟနာဒသုတ္တန်တွင် တင်ပြထား သည့် သီဟနာဒ အမည်ရသည့် ၉-မျိုးသော တရားစည်ကြီးကို (၁၁)ခွင်ရပ် သွက်လျင်ခတ် ပဲ့တင်ထပ်အောင် ရိုက်တီးတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားရှင်ထံတော်မှ အာမိသအမွေကို မခံယူဘဲ ဓမ္မအမွေကိုသာ ခံယူသွားကြသည့် ရှေးသူဟောင်းတို့၏ စံထားရမည့် ဂုဏ်ယူဖွယ်, မြတ်နိုးဖွယ်, ကြည်ညိုဖွယ်, အတုယူဖွယ် ကျင့်စဉ် တစ်ရပ်ပင် ဖြစ်ပေသည်။

ဤကျမ်းစာငယ်ကို ဖတ်ရှုနေသော အသင်သူတော်ကောင်း သည်လည်း ရှေးသူတော်ကောင်းတို့၏ ထုံးကို နှလုံးမူ အတုယူကာ ကာယဂတာသတိကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ပွားများ အားထုတ်ခြင်းဖြင့် သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့အောင် ရွက်ဆောင်နိုင်ပါစေသောဝ် ...၊ တရားစည်ကြီးကို ရိုက်တီးနိုင်ပါ စေသောဝ် ... ဟူသော ဆန္ဒမွန်ဖြင့် ...။

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း-ဖားအောက်တောရ၊

၁၃၆၇-ခု၊ ဝါဆိုလဆုတ် ၈-ရက်၊

(၂၈.၇.၂၀၀၅) ကြာသပတေးနေ့။

---

ငါ လုပ်ချင်တာ

မေးရမည့် အမေး

မိမိ ဘာလုပ်ချင်ပါသနည်း၊ ထို မေးခွန်းကို မေးဖို့ လို၏။ မိမိ ဘာလုပ်နေပါသနည်း၊ ထို မေးခွန်းကိုလည်း မေးဖို့ လိုပါ၏။

မိမိ ဘာလုပ်ချင်သည် ဘာလုပ်နေသည်ကို သိပါမှ မိမိ လုပ်ချင် သည်နှင့် လုပ်နေသည်တို့ ညီညွတ်မှု ရှိ မရှိ သိမည် ဖြစ်သည်။

လူဟူက တစ်ခုမဟုတ် တစ်ခု လုပ်နေကြရ၏။ ထိုသို့ ပြုလုပ်ရာ၌ လောကရေးကို ပဓာနပြုလျက် လုပ်ဆောင်နေသူများ ရှိကြသလို လောကဓမ္မ နှစ်ဖြာသောအရေးတို့ကို အကြောင်းအားလျော်စွာ လုပ်ဆောင်နေသူများလည်း ရှိကြ၏။ ထို့အပြင် လောကမှ ထွက် မြောက်ကြောင်း အလုပ်ကို ပဓာနပြုလျက် လုပ်ဆောင်နေသူများ လည်း ရှိကြပေ၏။

လောကရေးကို ပဓာနပြုလျက် လုပ်ဆောင်နေသူများ အတွင်း၌ သော်လည်းကောင်း, လောကဓမ္မ နှစ်ဖြာသောအရေးတို့ကို အကြောင်း အားလျော်စွာ လုပ်ဆောင်နေသူများ အတွင်း၌သော်လည်းကောင်း, လောကမှ ထွက်မြောက်ကြောင်း အလုပ်ကို ပဓာနပြုလျက် လုပ်ဆောင်နေသူများ အတွင်း၌သော်လည်းကောင်း မိမိတို့ လုပ်ချင်သည့် အရာကို အမှန်ပင် လုပ်နေကြသည် မလုပ်နေကြသည်ကို သိဖို့လို၏။

လုပ်ချင်သည်ကို လုပ်နေသူများ ရှိကြသလို လုပ်ချင်သည်ကို လုပ်နေ၏ မလုပ်နေ၏ဟု မသိသူများလည်း ရှိကြ၏။ လုပ်ချင်သည်ကို လုပ်ဖို့ ကြိုးစားရမည်လော, လုပ်သင့်သည်ကို လုပ်ဖို့ ကြိုးစားရ မည်လော၊ ဤမေးခွန်းနှစ်ခုကိုလည်း မေးဖို့လို၏။

လုပ်ချင်သည်ကို လုပ်နိုင်ဖို့ လုပ်သင့်သည်ကို ဦးစွာ လုပ်ရ၏ဟု ဖြေရပေမည်။ လုပ်သင့်သည်ကို လုပ်ခြင်းဟူသည် လုပ်ချင်သည်ကို လုပ်နိုင်ဖို့ ပြင်ဆင်ခြင်း, လုပ်ချင်သည်ကို လုပ်နိုင်ဖို့ သည်းခံခြင်း, လုပ်ချင်သည်ကို လုပ်ပြီးဖြစ်ဖို့ အချိန် စောင့်ဆိုင်းခြင်းပင် ဖြစ်၏။ စိတ်ကို ခံနိုင်ရည်ရှိဖို့ လေ့ကျင့်ပေးခြင်းဟုလည်း ဆိုရ၏။

လောကရေးကို ပဓာနပြုလျက် လောက၌ ကျင်လည်ဖို့ ကြိုးစား နေသူများ, လောကဓမ္မ နှစ်ဖြာသောအရေးတို့ကို အကြောင်းအားလျော်စွာ လုပ်ဆောင်နေသူများနှင့် လောကမှ ထွက်မြောက်ကြောင်း အကျင့်ကို ကြိုးပမ်း အားထုတ်နေသူများအတွက်ပါ ရည်၍ ဆိုရသော စကား ဖြစ်၏။

---

စိတ်၏ အလိုအတိုင်း

ထိုသို့ လေ့ကျင့်ခြင်း၌ ---

စိတ္တံ ဝသံ ဝတ္တေတိ နော စ သာရိပုတ္တော စိတ္တဿ ဝသေန ဝတ္တတိ။

ဟူသော အဆုံးအမကို ဦးထိပ်ရွက် ပန်ဆင်လျက် ---

စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့, စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့အထိ ရည်ရွယ်ချက် ရှိရ၏။

ထိုရည်ရွယ်ချက်ဖြင့် စိတ်ကို လေ့ကျင့်ပေးရ၏၊ ထိုသို့ လေ့ကျင့်နိုင်မှ တော်ကာကျ၏။

စိတ္တေန နီယတေ လောကောအရ စိတ်သည် သတ္တဝါတို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်၏။ ထို့ကြောင့်ပင် ခေါင်းဆောင်ဖြစ်သော စိတ်၏ ဦးဆောင်မှုကို နာခံကြရ, စိတ်၏ အလိုနိုင်ငံသို့ လိုက်ပါကြရ၏။ ကောင်းသော စိတ်ကြောင့် ကောင်းသောစိတ်၏ အလိုနိုင်ငံသို့ လိုက်ပါခွင့် ရကြသလို မကောင်းသော စိတ်ကြောင့် မကောင်းသော စိတ်၏ အလိုနိုင်ငံသို့ လိုက်ပါခွင့် ရနေကြ၏။ မည်သို့ပင် ဖြစ်စေ စိတ်ကို မိမိ အလိုအတိုင်း ဖြစ်စေဖို့ စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့ ပန်းတိုင်ထား ကြိုးစားရမည်ပင်။

ဖြစ်ချင်သည့်အရာ လုပ်ချင်သည့်အရာအတွက် ဖြစ်သင့်သည့် အရာ လုပ်သင့်သည့်အရာကို ကြားခံပေးရ၏။

ထို့ကြောင့်ပင် လုပ်သင့်သည်ကို လုပ်ဖို့ရန် လောကက အကြံပြု နေခြင်း ဖြစ်၏။ လုပ်သင့်သည်ကို လုပ်ခြင်း၌ ဘဝ၏အဓိပ္ပါယ် ဘဝ၏ ပန်းတိုင်သို့ ဦးတည်နေခြင်း ရှိ မရှိ မြော်မြင်နိုင်ဖို့ လိုသလို ဖြစ်ချင်သည့် ဆန္ဒ ပြီးပြည့်စုံနိုင်ရေး ခရီးပန်းတိုင်သို့ ဦးတည်နေခြင်း ရှိ မရှိ ဆင်ခြင်နိုင်ဖို့လည်း လို၏။

ပန်းတိုင်မတူသူတို့၏ ဘဝအဓိပ္ပါယ် ဖွင့်ဆိုမှု တူကြမည် မဟုတ်ပေ။ မတူသူတို့၏ မတူမှုကို ကြောင့်ကြဖို့ မလိုဟု စာရေးသူ ယူဆ၏။ ပန်းတိုင်တူသူတို့၏ ဘဝအဓိပ္ပါယ် ဖွင့်ဆိုမှုကိုကား တူစေချင်ပါ၏။ ပန်းတိုင်တူဟူရာ၌ အသွင်တူကာမျှ တူခြင်းကို ဆိုခြင်း မဟုတ်၊ အနှစ်သာရ တူခြင်းကို ဆိုခြင်း ဖြစ်၏။

ရဟန်းဟူက အသွင်အားဖြင့် တူ၏၊ အပြင်အသွင် တူခြင်းသာ ဖြစ်၏။ ထိုမြင်ရသည့် အပြင်အသွင် တူကာမျှ တူခြင်းကို စာရေးသူ မဆိုလိုပေ။ အနှစ်သာရ တူခြင်းကိုသာ ဆိုလိုပါ၏။ အနှစ်သာရ ဟူသည် ရောက်အောင်သွားရမည့် ပန်းတိုင်ကို ဆိုခြင်း ဖြစ်၏။

မြင့်မြတ်သည့် ဘုရားမြတ်စွာ သာသနာတော်သည် မြင့်မြတ် လိုသူ, လွတ်မြောက်လိုသူ, ထွက်မြောက်လိုသူတို့အတွက် တည်ထောင်ထားခြင်း ဖြစ်၏။ မြင့်မြတ်ခြင်းဟူသည် ယဉ်ကျေးခြင်း, ရိုးသားခြင်း, လေးစားခြင်း, သည်းခံခြင်း, မချုပ်ချယ်ခြင်း စသည့် အပြုအမူတို့ကို ကိုယ်စားပြု၏။ သူတစ်ပါးတို့၏ အကျိုးကို လိုလားခြင်း, လောကအပေါ် သနားကြင်နာ စောင့်ရှောက်ခြင်း, အောင်မြင်နေသည့် လောကအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း, ဥပေက္ခာ ထားချိန်တန်က ဥပေက္ခာထားနိုင်ခြင်းတို့သည် မြင့်မြတ်ခြင်းတို့ပင် ဖြစ်ကြ၏။

မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်အတွင်း ရဟန်းအသွင်ကို ယူပြီးနောက် ကိုယ်ကျင့်တရားတို့ အရောင်တက်လာကြ၏, အနစ်နာခံနိုင်မှု အားကောင်းလာ၏, စွန့်လွှတ်မှုကို အနှစ်သာရအဖြစ် ကျင့်သုံးလာသည်ဆိုက အသွင်မျှမက အနှစ်ပါ ပါလာ၏။ အသွင်မျှမက အနှစ်ပါ တူလာ၏။

အမျိုး ဇာတ် ဂုဏ်သိမ် စည်းစိမ် ကြီးကျယ်မြင့်မြတ် ခြားနားမှုက သာနာတော်၌ အနှစ်သာရ မကျ။ အမျိုး ဇာတ် ဂုဏ်သိမ် စည်းစိမ် တို့က ထိုသူတို့ကို မမြင့်မြတ်စေနိုင်ကြ။ လွတ်မြောက်မှု ပန်းတိုင်သို့ မပို့ဆောင် ပေးနိုင်ကြ။ မြတ်စွာဘုရား တည်ထောင်တော်မူသည့် သံဃာ့အဖွဲ့အစည်းဟူသည် မြတ်သောအကျင့်ကို ကျင့်လိုသူ ထွက်မြောက်လိုသူများအတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။ ရဟန်းဖြစ်လာက မတူညီသော အမျိုး ဇာတ် ဂုဏ်သိမ် စည်းစိမ်တို့ ပျောက်၍ သာကီဝင် မင်းသား ဘုရားသားတော် ရဟန်းတော်ဟူသော တူညီမှုကို ရကြ၏။ အယုတ် အလတ် အမြတ် ရွေးချယ်ခြင်း မရှိ၊ အသားအရောင် ခွဲခြားခြင်း မရှိသည့် မျှတသော အဖွဲ့အစည်း တစ်ခုသာ ဖြစ်၏။

သဒ္ဓါတရားဖြင့် ရဟန်းပြုလာသူတို့၏ ပန်းတိုင်ဟူသည် ထွက်မြောက်ခြင်း ပန်းတိုင်သို့ ချီတက်ခြင်းသာ ဖြစ်၏။

အနှစ်သာရဟူသော ထွက်မြောက်ခြင်း ပန်းတိုင်သို့ ချီတက်ရာ၌ လမ်းစဉ်တူဖို့ လို၏။ လမ်းစဉ်တူမှ ပန်းတိုင်တူကြ၏။ လမ်းစဉ် မတူက ပန်းတိုင် မတူနိုင်ကြ။ ထိုနည်းတူစွာ ပန်းတိုင်တူက လမ်းစဉ် တူကြ၏။ ပန်းတိုင် မတူက လမ်းစဉ် မတူနိုင်ကြ။ လုပ်သင့်သည်ကို လုပ်ခြင်းသည် လမ်းစဉ်ကို ပြောခြင်းသာ ဖြစ်၏။ မြင့်မြတ်သော အဆုံးပန်းတိုင်သို့ ရောက်လိုသူတို့၏ လမ်းစဉ်ဟူက မြင့်မြတ်မှု သဘာဝ တူကြ၏။

အလုံးစုံသိတော်မူသည့် သမ္မာသမ္ဗုဒ္ဓဉာဏ်ရှင် ဘုရားရှင်တို့ ပွင့်ထွန်းတော်မူခြင်းသည် ရှိ၏။ ထိုပန်းတိုင်သို့ ချီတက်ရသည့် လမ်းစဉ် သည်လည်း ရှိ၏။ ထူးခြားသည်က လမ်းစဉ်တူခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပန်းတိုင်တစ်ခုသို့ ဦးတည်နေသူများ၏ လမ်းစဉ်တို့ တူကြ ရခြင်း ဖြစ်၏။ မြင့်မြတ်သော ပန်းတိုင်ရှိသူဟူက မြင့်မြတ်သော လမ်းစဉ်ကို လက်ကိုင်ပြုကြရ၏။

အိုရသည့်ဒုက္ခ နာရသည့်ဒုက္ခ သေရသည့်ဒုက္ခ စသည့် ဒုက္ခ အပေါင်းတို့ ချုပ်ရာ ငြိမ်းရာသည် ရှိ၏။ ထိုဒုက္ခအပေါင်းတို့ ချုပ်ရာ ငြိမ်းရာ နိဗ္ဗာန်ဟူသော ဟိုမှာဘက်ကမ်းသို့ ရောက်အောင် ကျင့်ကြံရသည့် ကျင့်စဉ် လမ်းစဉ်သည်လည်း ရှိ၏။ ထိုကျင့်စဉ် လမ်းစဉ်ကို မဂ္ဂင်ရှစ်ပါးကျင့်စဉ်ဟု ခေါ်၏။ ထိုကျင့်စဉ် ထိုလမ်းစဉ် တူမှ နိဗ္ဗာန် ရ၏။ ထိုကျင့်စဉ် ထိုလမ်းစဉ် မတူက နိဗ္ဗာန် မရ။ ထိုကျင့်စဉ် ထိုလမ်းစဉ် မရှိသော အဆုံးအမသာသနာ၌ နိဗ္ဗာန်ကို ထိုထွင်းသိသူဟူ၍ မတွေ့ရ။ ထိုလမ်းစဉ်ကို ကျင့်ခြင်းသည် လုပ်သင့်သည်ကို လုပ်ခြင်း ဖြစ်၏။

---

လုပ်ချင်တာ လုပ်ခွင့်ရဖို့

ထိုလမ်းစဉ်ကို ကျင့်သူတိုင်း ထိုပန်းတိုင်သို့ တစ်နေ့ ရောက်ကြ မည် ဖြစ်သည်။ အချိန်ကာလ ဘဝအားဖြင့်မူ ကွာခြားနိုင်၏။ ဖြည့်သင့်သည့် ပါရမီတို့ကို ဖြည့်ဆည်းပြီးသူ, အဆုံးစွန်သော ဘဝကို ရရှိထားသူ သူတော်ကောင်းများ အနေဖြင့် ထိုထို ဘဝသည် ထိုသူ တို့၏ အဆုံးပန်းတိုင်ပင် ဖြစ်ပေလိမ့်မည်။ ဖြည့်သင့်သည့် ပါရမီတို့ကို ဖြည့်ကျင့်ခြင်းဟူသည် လုပ်သင့်သည့် အလုပ်ကို လုပ်ခြင်းသာ ဖြစ်၏။ ပါရမီ မပြည့်မချင်း လုပ်သင့်သည့် အလုပ်ကို လုပ်ကြရ၏။ ထို အလုပ်ကို လုပ်ဖို့ မမေ့လျော့ဖို့ သတိရှိဖို့ လိုပါ၏။

မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို သီလ-သမာဓိ-ပညာကျင့်စဉ်ဟုလည်း ဆိုနိုင်၏။ အခြေခံသီလကိုမှ မစောင့်ထိန်းနိုင်သူအတွက် သီလစောင့် ထိန်းဖို့ရန် ကြိုးစားခြင်းသည် လုပ်သင့်သည်ကို လုပ်ခြင်း ဖြစ်၏။ သီလစောင့်နိုင်လာသူအတွက် သမာဓိစခန်းကို တက်လှမ်းရ၏။ သမာဓိစခန်းကို တက်လှမ်းခြင်းမည်သည် ပညာစခန်းအတွက် လုပ်သင့်သည်ကို လုပ်ခြင်းပင် ဖြစ်၏။ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်လျက် တွင်တွင်ကြီး ဝိပဿနာရှုခြင်းကို ပြုလိုသည့် ပုဂ္ဂိုလ်တို့၏ လုပ်ချင်သည့်ဆန္ဒ ပြည့်ဖို့ဟူသည် သမာဓိကို ထူထောင်ခြင်းဟူသည့် လုပ်သင့်သည်ကို လုပ်ခြင်းကြောင့်သာ ဖြစ်ပေါ်လာရ၏။ ထိုသမာဓိကြောင့် ရုပ် နာမ်ဓမ္မ သင်္ခါရတရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားနိုင်လာ၏။ ရုပ် နာမ်ဓမ္မ သင်္ခါရ တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားနိုင်ပါမှ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်လျက် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်မည် ဖြစ်၏။ ယင်းသို့ စီးဖြန်းနိုင်ပါမှသာလျှင် ရင့်ကျက်သော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်ကို ကိုယ်တိုင် ထွင်းဖောက် မျက်မှောက်ပြုနိုင်မည် ဖြစ်ပေ၏။ ထို့ကြောင့် အမြင့်ဆုံးပန်းတိုင်ဟု ခေါ်ဆိုအပ်သည့် နိဗ္ဗာန်သို့ရောက်ရှိရန် နိဗ္ဗာန်ရောက်ကြောင်း သီလ-သမာဓိ-ပညာကျင့်စဉ်ကို ကျင့်ကြံခြင်းသည် လုပ်သင့်သည်ကို စတင် ပြုလုပ်ခြင်းပင် ဖြစ်၏။ ထိုသို့ လုပ်သင့်သည်ကို လုပ်ရာ၌ ဆန္ဒာဓိပတိဟု ခေါ်ဆိုနိုင်သည့် ပြုချင် လုပ်ချင်သည့် ဆန္ဒဓါတ်ကို အကြီးအမှူးပြုလျက် ပြုသင့် ပြုထိုက်သည့် လုပ်ငန်းရပ် တို့ကို ပြုလုပ်ပါမှ ပြုချင် လုပ်ချင်သည့် ဆန္ဒ၏ ပြီးပြည့်စုံမှု အထွတ် အထိပ်သို့ ရောက်မည် ဖြစ်၏။

လောက၌ ကျင်လည်ဖို့ လောကလူသားတို့ လုပ်သင့်သည်ကို လုပ်နေကြ၏။ လောက၌ ကျင်လည်ဖို့ လုပ်သင့်သည်ကို လုပ်နေခြင်းသည် လုပ်ချင်သည်ကို လုပ်ခွင့် မရသေး၍ ဖြစ်၏။ တစ်နည်းဆိုရမူ ထိုသို့ လုပ်သင့်သည်ကို လုပ်နေခြင်းသည် လုပ်ချင်သည်ကို လုပ်ခွင့်ရဖို့ ဖြစ်ပေ၏။ လုပ်ချင်သည်ကို လုပ်ပြီး ဖြစ်နိုင်သည်တော့ မဟုတ်ပေ။

လောကမှ ထွက်မြောက်ရာအကျင့်ကို ကျင့်နေသူတို့သည်လည်း လုပ်သင့်သည်ကို လုပ်နေကြရသည်ပင်။ လောကမှ ထွက်မြောက်ချင် သည့် ဆန္ဒကြောင့် လုပ်သင့် လုပ်ထိုက်သည့် ထွက်မြောက်ကြောင်း အကျင့်ကို ကျင့်နေခြင်းသည် ဖြစ်ချင် လုပ်ချင်သည့် ဆန္ဒကို ဖြစ်အောင် လုပ်ပြီး ပြုပြီး ဖြစ်ဖို့ ဖြစ်ပေ၏။ ဤသို့ နားလည်သင့်၏။

ဖြစ်ချင်သည်ကို ဖြစ်အောင်ပြုဖို့ လုပ်သင့်သည်ကို လုပ်ကြရ၏။

လူသားတိုင်း၌ လိုချင် နှစ်သက် စွဲလမ်း တပ်မက်မှု လောဘ ရှိ၏။ ထိုလောဘကြောင့် လုပ်ချင်သည်ကို လုပ်ခွင့်ရဖို့ အားထုတ် လိုကြခြင်း ဖြစ်သည်။ လောဘကြောင့် ဖြစ်ပေါ်လာသည့် ချင်နှင့် ဆန္ဒကြောင့် ဖြစ်ပေါ်လာသည့် ချင်တို့ မတူကြ။

---

ပန်းတိုင်ကို ဦးတည်ခြင်း

လုပ်ချင်သည်ကို လုပ်ဖို့ ဦးတည်ချက် ရှိရ၏။ လုပ်ချင်သည်ကို လုပ်ဖို့ ဦးတည်ခြင်းသည် ပန်းတိုင်ကို ဦးတည်ခြင်း ဖြစ်၏။ ပါရမီ ပြည့်မီနေသူတို့ ပန်းတိုင်သို့ တိုက်ရိုက် ချီတက်ခွင့် ရကြ၏၊ ပန်းတိုင်သို့ တိုက်ရိုက် ချီတက်ခြင်းဟူသည် လုပ်ချင်သည်ကို လုပ်လျက် ချီတက်ခြင်းကို ဆိုခြင်း ဖြစ်၏။ ထိုအခွင့်ကို ရသူ နည်းလှ၏။ ထို့ကြောင့် လုပ်ချင်သည်ကို လုပ်နိုင်ဖို့, လုပ်ချင်သည့်ဆန္ဒ ပြီးပြည့်စုံဖို့ လုပ်သင့် သည်ကို ဦးစွာ လုပ်ဖို့ လို၏။

ခိုင်ခံ့သည့် အိမ်ကြီး အိမ်ကောင်း၌ နေချင်သူအဖို့ အုတ်မြစ် ချခြင်း အစရှိသည့် ပြုသင့်သည့် ပြုဖွယ်ကိစ္စတို့ကို ပြုရသကဲ့သို့ ဖြစ်၏။ ထိုသို့ အုတ်မြစ်ချခြင်းသည် ပြုသင့် ပြုထိုက်သည့် အရာတို့၏ အစ မဟုတ်ပေ။ ထိုအမှုကို မပြုခင် ရှာဖွေ စုဆောင်းရသည့် အမှုတို့ကို ပြုခြင်းသည် ရှိ၏။ ထိုအမှုတို့ကို ပြုခြင်းသည် ပြုသင့် ပြုထိုက်သည့် အရာတို့၏ အစဟု ဆိုသင့်၏။

ထို့ကြောင့် လုပ်ချင်သည့် အရာအတွက် လုပ်သင့်သည်ကို သိဖို့ လုပ်ဖို့ လို၏။ လုပ်သင့်သည်ကို မလုပ်ပါဘဲလျက် လုပ်ချင်သည်ကို ရှေ့တန်းတင်၍ လုပ်ကိုင်ခြင်းသည် လုပ်ချင်သည်ကို လုပ်ခွင့်ရဖို့ ပြီးစီးစေဖို့ မဖြစ်စေသော အဟန့်အတား တစ်ခု ဖြစ်တတ်၏။

ရှင်ဒေဝဒတ် ဘုရားဖြစ်ချင်၏၊ ဘုရားဖြစ်အောင် ဖြည့်သင့်သည့် ပါရမီတို့ကိုတော့ မဖြည့်။ လုပ်ချင်သည်ကို လုပ်ဖို့ ကြိုးစားမိ၍ ရှင်ဒေဝဒတ် ပျက်စီးခဲ့ရ၏။ စိတ်၏ အလိုအတိုင်း လုပ်မိခြင်း ဖြစ်သည်။

---

မိမိဘဝကို စတေးရက်သူများ

မိမိ ဘာလုပ်ချင်ပါသနည်း၊ မိမိ ဘာလုပ်ချင်သည်ကို သိဖို့ လို၏။ မိမိ လုပ်နေသော အရာသည် မိမိ ရင်ထဲ၌ အစစ်အမှန် လုပ်ချင်သော အရာ ဟုတ်မှ ဟုတ်ပါ၏လော သို့မဟုတ် လောက၏ လက်ခံမှု, လောက၏ အထင်ကြီးမှု, လောက၏ ချီးမြှောက်မှု, လောက၏ ကြည်ညိုမှု, လောက၌ ပြည့်စုံမှု, လောက၌ ကျော်စောမှုအတွက် တောင်းဆိုနေသည့် ကိလေသာ၏ အလိုအတွက် လုပ်ဆောင်နေခြင်းလော ဤသည်ကို ခွဲခြမ်းသိဖို့ လိုလာ၏။

လောက၌ ပြည့်စုံမှု, လောက၌ ကျော်စောမှုအတွက် တောင်းဆို နေသည့် ကိလေသာ၏ အလိုကို မိမိ၏ အလိုဟု နားလည်မိခဲ့သည့် ရှင်ဒေဝဒတ် စိတ်၏ အလိုနိုင်ငံသို့ လိုက်ခဲ့မိ၏။ ထို့ကြောင့် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့, စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့ ပန်းတိုင်ထား ကြိုးစားဖို့ တိုက်တွန်းရခြင်း ဖြစ်၏။

သူတစ်ပါးတို့၏ လက်ခံမှု အထင်ကြီးမှု ချီးမြှောက်မှု ကြည်ညိုမှု အတွက် မိမိဘဝကို စတေးလျက် လျှောက်လှမ်းနေသူများကိုသာ လောက၌ များစွာ တွေ့ရ၏။ ထိုအထဲ ရှင်ဒေဝဒတ်လည်း ပါခဲ့၏။ သူတစ်ပါးတို့၏ အမြင်များအောက်၌ လမ်းဆုံးနေကြရခြင်း ဖြစ်၏။ သူတစ်ပါးတို့၏ အထင်ကြီးမှု လက်ခံမှုအတွက် ဘဝကို ကုန်ဆုံးခွင့် ပေးနေကြသူများဟု ဆိုနိုင်သကဲ့သို့ သူတစ်ပါးတို့၏ နားလည်မှုကို တောင့်တသော စိတ်ဖြင့် ဘဝကို စတေးနေကြသူများဟုလည်း ဆိုသင့်၏။

မိမိ၏ သဘောထားမှန် ဆန္ဒမှန်ကို သတိမပြုနိုင်ကြ၊ လောက ကြီး၏ မိမိအပေါ် ထားရှိသည့် သဘောထား အမြင်ကိုသာ သတိပြု အလေးဂရုပြုလျက် နေထိုင်ကြ၏။ မိမိ၏ သဘောထားမှန် ဆန္ဒမှန်ကို မသိဘဲ နေထိုင်နေသမျှ စစ်မှန်သောငြိမ်းချမ်းမှု စစ်မှန်သောချမ်းသာမှုကို ရမည် မဟုတ်ပေ။ မိမိ၏ သဘောထားမှန် ဆန္ဒမှန်ကို မသိက ရသည့်ဘဝ အချည်းအနှီး ဖြစ်ရ၏။ မိမိ အစစ်အမှန် လုပ်ချင်သော အရာကို မသိသေးသမျှ စိတ်၏ငြိမ်းချမ်းမှု စိတ်၏တည်ကြည် မှုကို မရ။

နားလည်မှုကို ငံ့လင့်နေသော လောက

တစ်ပါးသူတို့၏ နားလည်မှုကို ငံ့လင့်နေသော လောကကြီးသည် ထိုအရာ ရရှိရေးအတွက် ပင်ပန်းနေကြရ၏။ လောက၏ နားလည်မှုကို လိုချင်နေသမျှ ခံစားရမည့် ဒုက္ခများပင်တည်း။

ဤလောကကို မိမိကိုယ်ကို နားလည်ဖို့, မိမိ၏ သဘောထား အမှန်ကို နားလည်ဖို့ သတိလက်လွတ်နေသော မေ့လျော့နေသော လောကဟု ဆိုသင့်၏။ သူတစ်ပါးတို့၏ နားလည်မှုအတွက် အသက်ရှင်နေသော လောကဟုလည်း ဆိုသင့်၏။

လောကကြီး၏ လက်ခံမှု အထင်ကြီးမှု ချီးမြှောက်မှု ကြည်ညိုမှု ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်နိုင်ဖို့ တန်ဖိုးရှိသည့် ဘဝကို စတေး နေကြခြင်းသာ ဖြစ်၏။ တန်ဖိုးရှိသည့် ဘဝတစ်ခု ဖြစ်ဖို့ လုပ်ဆောင် ရမည့် အရာတို့ကို လျစ်လျူရှုလျက် လောကကြီး၌ မျက်နှာပန်းလှဖို့ တပ်စခန်းချဖို့ ဘဝကို ကုန်ဆုံးခွင့် ပေးနေကြသူများဟုလည်း ဆိုရ၏။ လောကစည်းဝိုင်းထဲမှာ ပျော်မွေ့ဖို့ လောကစည်းဝိုင်းထဲမှာ အထင်ကရ ဖြစ်ဖို့ လောကသားတို့ ပင်ပန်းနေကြရ၏။ ထိုသို့ ဖြစ်ခြင်းသည် လောဘကြောင့် ဖြစ်၏။

မိမိ အကျိုးစီးပွားကို လိုလားပါသော်လည်း လောဘကြောင့် မိမိ၏အကျိုးစီးပွားကို မသိသော ပုဂ္ဂိုလ်များအဖြစ်သို့ ပြောင်းလဲ သွားကြ၏။ လောဘ၏အလိုအတွက် ရအောင် ပြုနိုင်ခြင်းသည်ပင်လျှင် မိမိ၏အကျိုးစီးပွားကို ပြုခြင်းဟု လောက၌ နားလည်နေ ကြ၏။ ထို့ကြောင့်ပင် လုဒ္ဓေါ အတ္ထံ န ဇာနာတိ လောဘ ထင်ရှား ဖြစ်ပေါ်လာသော သူသည် အကျိုးစီးပွားကို မသိဟု မြတ်ဘုရား ဆိုခဲ့ခြင်း ဖြစ်၏။

ဘဝကို တန်ဖိုးရှိရှိ အသုံးချလိုသည့် ပုဂ္ဂိုလ်များဟူက အေးချမ်းသော စိတ်ကို ဖြစ်ပေါ်စေသည့် အလုပ်ကို လုပ်ကြ၏။ မိမိ လုပ်ချင်သော အရာသည်လည်း အေးချမ်းသော စိတ်ကို ဖြစ်ပေါ်စေနိုင်သည့် အလုပ်သာ ဖြစ်ရပေမည်။ လောဘ ကိလေသာ၏ လှည့်ကွက်ကို နားမလည်ပါဘဲ မိမိ ဖြစ်ချင်သည့်အရာဟု နားလည်သောကြောင့် ဘဝကို တန်ဖိုးရှိရှိ အသုံးပြုလိုပါလျက် အသုံးမပြုနိုင် ဖြစ်နေသည့် ပူလောင်နေသည့် လောကသားတို့ကို များစွာ တွေ့ရ၏။ အဘယ်ကြောင့် ပူလောင်နေကြပါသနည်း၊ အဘယ်ကြောင့် မအေးချမ်းကြ ပါသနည်း။ စူးစမ်းခွင့် နားလည်ခွင့်ပင် မရနိုင် ရှိကြ၏။

စူးစမ်းခွင့် နားလည်ခွင့်ကို ပေးရပေမည်။

မိမိ လုပ်ချင်တာ ဘာပါနည်း၊ မိမိ လုပ်ချင်သည်မှာ ဤအရာပါဟု မိမိစိတ်ထဲ၌ ရှိဖို့ မိမိကိုယ်တိုင် သိဖို့ လို၏။ ထိုသို့ သိလျက် သိသည့် အတိုင်း လုပ်ခဲ့သူများ အတိတ်၌လည်း ရှိခဲ့ကြ၏၊ ပစ္စုပ္ပန်၌လည်း ရှိကြပါ၏၊ အနာဂတ်၌လည်း ရှိကြမည်ပင်။

သိလျက် သိသည့်အတိုင်း မလုပ်ခဲ့သူများ အတိတ်၌လည်း ရှိခဲ့ကြ၏၊ ပစ္စုပ္ပန်၌လည်း ရှိကြပါ၏၊ နောင်အနာဂတ်၌လည်း ရှိကြ မည်ပင်။


မတူမှု၌ တူမှု

လောကသားတို့ ဖြစ်ချင်သည့်အရာ လုပ်ချင်သည့်အရာဟူသမျှ မတူကြ။ လောက၌ ကျင်လည်ဖို့ ကြိုးစားနေသူတို့၏ ပန်းတိုင်နှင့် လောကမှ လွန်မြောက်အောင် ကြိုးစားနေသူတို့၏ ပန်းတိုင်တို့သည် အလွန်ဝေးကွာလှ၏။ အပြိုင်သွားနေသည့် မျဉ်းနှစ်ကြောင်းနှင့် တူ၏။

လောက၌ ကျင်လည်ဖို့ ကိုယ့်လမ်း ကိုယ်ထွင်လျက် ကိုယ့်စခန်း ကိုယ်တွင်အောင် သွားနေကြရ၏။ ကိုယ့်ခရီး ကိုယ်ရောက်ဖို့ ပဓာန ပြုလျက် သွားနေကြခြင်းသာ ဖြစ်၏။ ထိုခရီး၏ ရောက်နိုင်ခွင့်ကို သဲသဲကွဲကွဲ သိသည်တော့ မဟုတ်ပေ။ စမ်းတဝါးဝါး လျှောက်လှမ်း နေကြခြင်းသာ ဖြစ်၏။ လောကသားတို့၏ ခရီးသည်ကား မြင်စရာနှင့် ကြားစရာသို့ ဦးတည်ထားသော ခရီးသာ ဖြစ်၏။ ထိုဦးတည်ချက် အတွက် ချီတက်နေကြ လျှောက်လှမ်းနေကြရ၏။

လောကသားတို့ မည်သည်ကား မိမိတို့လျှောက်နေသည့် ပစ္စုပ္ပန် ခဏ ဘဝခရီး၏ ရောက်နိုင်ခွင့်ကိုပင် ကျိန်းသေ သိသူများ မဟုတ်ကြ၊ သံသရာခရီး၏ ရောက်နိုင်ခွင့်ကို သိဖို့ရန်သည် ပြောဖို့ခက်တော့၏။

လောက၌ ကျင်လည်ဖို့ လျှောက်လှမ်းနေသူတို့၏ ဘဝခရီးသည် မတူသည် မှန်၏။ မတူမှု၌ တူမှု သဘောသည် ရှိ၏။ အဘယ်သို့ မတူမှု၌ တူမှု သဘောတရားသည် ဖြစ်နေပါသနည်း။ မတူဟူရာ၌ ပန်းတိုင် မတူခြင်းသာ ဖြစ်၏။ တူဟူရာ၌ မတူသောပန်းတိုင်ကို ချီတက်သော လမ်းတွင် ကိုင်စွဲရသည့် လက်နက်တို့၏ တူခြင်းကို ဆိုခြင်း ဖြစ်၏။ ပန်းတိုင် မတူစေကာမူ လောက၌ ကျင်လည်ဖို့ ကိုင်ဆောင်ရသည့် လက်နက်တို့ တူကြ၏။ လောဘဟူသော လက်နက်, ဒေါသဟူသော လက်နက်, မောဟဟူသော လက်နက်တို့ကို ကိုင်စွဲရပုံ တူကြခြင်း ဖြစ်၏။ လောက၌ ကျင်လည်ဖို့ လောဘကို ကိုင်စွဲရ၏၊ ဒေါသကို ကိုင်စွဲရ၏၊ မောဟကို ကိုင်စွဲရ၏။

ထိုတရားတို့ မရှိက လူ့ဘဝ လူ့အဓိပ္ပါယ် မရှိသကဲ့သို့ မြင်ကြ၏။

ထိုတရားတို့ မရှိက မရှင်သန်နိုင်တော့သည့် အဖြစ်မျိုးသို့ ရောက်ကြတော့မည်ကဲ့သို့ မြင်ကြ၏။

ထိုတရားတို့ မရှိက ရှိအောင် လှုံ့ဆော်ပေးကြ၏။


ဆရာမလိုသော ပညာ

ထို့ကြောင့်ပင် ရှင်သန်ခွင့်ရဖို့ ထိုတရားတို့ကို မွေးမြူရမည်ဟု အထူးတလည် သင်ပေးစရာ မလိုပဲ ထိုတရားတို့က ကိုယ့်သဘော ကိုယ်ဆောင်နိုင်ကြ, အရာဝင်နိုင်ကြ, အစွမ်းပြနိုင်ကြ၏။ ဘဝရရှိခြင်းနှင့်အတူ ရရှိလာသည့် ထိုတရားတို့က ကိုယ့်သဘော ကိုယ်ဆောင်လျက် ကြောင့်ကြဗျာပါရ ပြုပေးနေကြ၏။

ဓမ္မကို ကျင့်သူတို့၌ ဓမ္မဗျာပါရသည် ဖြစ်လာသကဲ့သို့ ထို တရားတို့ကို ကျင့်သူတို့၌ ထိုတရားတို့၏ ဗျာပါရသည် ဖြစ်လာ၏။ ထိုဗျာပါရကြောင့် ဒုက္ခကို ရကြ၏။ မည်သူမျှ မသင်ပေးသော်လည်း တတ်ကျွမ်းနိုင်သည့် လောကပညာရပ်တစ်ခု အဖြစ် တွေ့ရ၏။ ထို့ကြောင့်ပင် လောဘဖြင့် ယှဉ်ပြိုင် ဒေါသဖြင့် ယှဉ်ပြိုင်လျက် ဘဝခရီးကို လျှောက်လှမ်းခွင့် ရကြ၏။ ဖြတ်သန်းခွင့် ရကြ၏။ ထိုတရား တို့ဖြင့် ဘဝရပ်တည်ဖို့ အလုပ်လုပ်ဖို့ ဖြစ်လာကြ၏။

ထိုတရား ထိုလက်နက်တို့ကြောင့် လောကသားတို့ အကျိုးမဲ့ကို ပြုတတ်လာ၏၊ အပြစ်ရှိကို ပြုတတ်လာ၏၊ ကန်းအောင်ပြုတတ်သော အမိုက်တိုက်သဖွယ် ထိုလောဘ ဒေါသ မောဟတရားတို့က လှည့်ပတ်နိုင်လွန်းလှ၏။ ထို့ကြောင့်ပင် ---

လုဒ္ဓေါ အတ္ထံ န ဇာနာတိ လောဘထင်ရှား ဖြစ်ပေါ်လာသော သူသည် အကျိုးစီးပွားကို မသိ၊

ဒုဋ္ဌော အတ္ထံ န ဇာနာတိ ဒေါသထင်ရှား ဖြစ်ပေါ်လာသော သူသည် အကျိုးစီးပွားကို မသိ၊

မူဠော အတ္ထံ န ဇာနာတိ မောဟထင်ရှား ဖြစ်ပေါ်လာသော သူသည် အကျိုးစီးပွားကို မသိဟူ၍ မြတ်ဘုရား ဆိုခဲ့ခြင်း ဖြစ်၏။ ထိုတရားသုံးပါးတို့က အပြစ်ရှိကို မမြင်အောင် ပြုနေကြသကဲ့သို့ ကန်းအောင်လည်း ပြုနေကြ၏ဟူ၍ ဆိုတော်မူခဲ့ပေ၏။


တဒင်္ဂအမှန်

လောက၌ ကျင်လည်ဖို့ ကြိုးစားနေသူတို့မည်သည် သာယာဖွယ် အသာဒကို လိုက်ရှာနေကြခြင်းသာ ဖြစ်၏။ သာယာဖွယ် မရှိသည် မဟုတ်၊ ရှိသည်ပင်။ ကောင်းမွန်သော အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့သည် ရှိကုန်၏။ ထိုအာရုံငါးပါး ကာမဂုဏ်တရား တို့ကို အစွဲပြု၍ ဖြစ်ပေါ်လာသော ချမ်းသာခြင်း ဝမ်းသာခြင်းသည် ထိုကာမတရားတို့၏ သာယာဖွယ် အသာဒပင် ဖြစ်၏။

အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကောင်းကောင်း တို့ကို လိုချင်ကြ၊ နှစ်သက်ကြ၊ တမ်းတကြ၏။ ထိုအရာတို့ကို မြင်တွေ့ လိုကြ၊ နာယူလိုကြ၊ ခံစားလိုကြ၊ တွေ့ထိလိုကြ၏။ ထို့ကြောင့်ပင် ထိုသာယာဖွယ် အသာဒအတွက် အလုပ် လုပ်ကြ၏။ သာယာဖွယ် အသာဒကို ရှာဖွေနေကြခြင်း ဖြစ်၏။ သာယာဖွယ် အသာဒကို အလိုရှိသူတို့၏ ပန်းတိုင်သည် ထိုသာယာဖွယ်တို့ကို ရရှိခံစားဖို့ ဖြစ်၏။ ထိုသာယာဖွယ်ကို ရရှိခံစားဖို့ လုပ်ရသော အလုပ်ကို မိမိ လုပ်ချင်သည့်အလုပ်ဟု ဆိုကြ၏။

သာယာဖွယ်ကို ရရှိ ခံစားလိုသည့် အလိုဆန္ဒ ကြီးစိုးနေချိန်ဖြစ်၍ မိမိ လုပ်ချင်သည့်အလုပ်ဟု ဆိုနိုင်သည့် အချိန် ဖြစ်၏။ ထိုသူတို့ အတွက် အမှန်ဟု ယူဆခွင့်ရသည့် အချိန်လည်း ဖြစ်၏။ သာယာဖွယ် တို့၏ နောက်၌ ရှိသည့် အပြစ်အာဒီနဝကို မမြင်သေးသမျှ မှန်နေမည့် တဒင်္ဂအမှန်သာ ဖြစ်၏၊ ထာဝရအမှန်တော့ မဟုတ်ပေ။ ကာမဂုဏ် တို့၏ အပြစ်အာဒီနဝကို မြင်သည်နှင့် ထိုအမှန် ပျောက်တော့၏။ အမှန်မဟုတ်သည်တို့၌ မွေ့လျော်ဖွယ် သာယာဖွယ်တို့ကို လိုက်ရှာ နေသူတို့၏ ဘဝသည်ကား အမောကြီး မောရသည့် ဘဝသာ ဖြစ်ပေ၏။


ဘဝဆိုတာ ဒီလိုလုပ်ဖို့ပဲ မဟုတ်ပါလား

ထိုသာယာဖွယ်တို့ကို ရရှိအောင် ကြိုးစားကြရသည်က ခဏမျှ မဟုတ်၊ ရရှိအောင် ကြိုးစားကြရသည့် အချိန်နှင့် ခံစားကြရသည့် အချိန်တို့ကို တိုင်းတာနှိုင်းစာက ရင်မောစရာ ကောင်းလှ၏၊ သနားဖို့ရာ ကောင်းလှ၏၊ ရှက်နိုးဖွယ်ရာ ကောင်းလှ၏။ သို့သော်လည်း မမောနိုင် မပန်းနိုင် မသနားနိုင် မရှက်နိုင်ကြ။ ဘဝဆိုတာ ဒီလိုလုပ်ဖို့ပဲ မဟုတ်ပါလားဟု ထောက်ခံမေးခွန်းမျိုး မေးကြဦးမည်ပင်။

သာယာဖွယ်တို့ကို ရရှိဖို့ အထူးသဖြင့် ကိုင်စွဲရသည့် လက်နက် တို့ကို ကြည့်မည်ဆိုက လောဘ ဒေါသ မောဟတရားတို့သာ ဖြစ်ကြ၏။ လောဘဖြင့် ကြိုးစားရသည်လည်း ရှိသလို ဒေါသဖြင့် ကြိုးစား ရသည်လည်း ရှိ၏။ လောဘ ဒေါသဖြစ်က မောဟ ပါ၏။ အပြစ်နှင့် တစ်ကွ ဖြစ်သော ကြိုးစားအားထုတ်မှုများသာ ဖြစ်ကြပေ၏။

လောဘတရား၏ စေ့ဆော်မှုကြောင့် လိုချင်သည်ကို ရဖို့ အပူဒဏ်ကို ရင်ဆိုင်ကြရ၏၊ အအေးဒဏ်ကိုလည်း ရင်ဆိုင်ကြရ၏။ လိုချင်သည်ကို ရဖို့ ခြင် မှက် စသည်တို့၏ ကိုက်ခဲမှု ဒဏ်ကိုလည်း ခံကြရ၏။ ကိုက်ခဲခံရသည့် ဝေဒနာကြောင့် ကိုက်ခဲသည့် ထိုထို သတ္တဝါတို့ကို သတ်ဖြတ်ကြ၏၊ ကြိတ်ခြေပစ်ကြ၏၊ ကိစ္စတုံးအောင် ပြုကြ၏။ လောဘအတွက် ဒေါသကို အဖော်ခေါ်ကြခြင်း ဖြစ်၏။ လိုချင်သည့်အရာ ရမည် မရမည် မသိ ငတ်တလှည့် ပြတ်တလှည့် အသက်ကို အရင်းတည်လျက် အားထုတ်ဖို့လိုက မမောနိုင် မပန်းနိုင် အားထုတ်ကြ၏။ လောဘ၏ ခိုင်းစေ နှိပ်စက်မှုကို လောကသားတို့ ခံကြရခြင်း ဖြစ်၏။ လောဘကြောင့် လောကသားတို့ ပင်ပန်းကြရ၏။ အမှန်မသိမှု အဝိဇ္ဇာ၏ လှည့်ကွက်ထဲ ဝင်ရောက်မိကြခြင်း ဖြစ်၏။

ဤဆင်းရဲတို့သည် ကာမဂုဏ်တို့၌ ရှိသည့် သာယာဖွယ် အသာဒကို ခံစားနိုင်ဖို့ ခံကြရသည့် ဆင်းရဲဒုက္ခများသာ ဖြစ်ကြပေ၏။ ကာမ အထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာ ရှိကြပေ၏၊ ကာမဂုဏ်တို့ကြောင့်သာလျှင် ဖြစ်ပေါ်သော ဤမျက်မှောက် ဆင်းရဲ အစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီနဝဟု ခေါ်ရ၏။ ထိုအပြစ် အာဒီနဝကို မြင်မှ လုပ်သင့်သည်ကို သိ၏။ လုပ်ချင်သည့် လုပ်ရမည့် အရာကိုလည်း အမှန်တကယ် မြင်လာမည် ဖြစ်ပေ၏။


ကံတည်းဟူသော အကြွေး

သာယာဖွယ်အတွက် အပါယ်ရောက်ကြောင်း ကံကြွွေးတို့ကို လောဘ ဒေါသ မောဟကြောင့် စုဆောင်းမိကြ၏။ ကံရှိက အကြွေး ရှိ၏။ ထိုကံကြွေးအတွက် တစ်ချိန်ချိန်၌ ပေးဆပ်ရမည်မှာ ဓမ္မတာ ဖြစ်၏။ အပါယ် (၄)ဘုံသို့ ရောက်ရပါလို၏ဟူ၍ ဆုတောင်းသူ မရှိ။ လောဘ ဒေါသ မောဟတရားတို့ဖြင့် ကံကို ပြုက အပါယ် (၄)ဘုံသို့ ရောက်ရပါလို၏ဟူ၍ ဆုမတောင်းသော်လည်း ဆုတောင်းသကဲ့သို့ပင် ဖြစ်တော့သည်။ ထိုကံတို့ အခွင့်သာက အပါယ်ရောက်အောင် ပို့ဆောင်ကြဦးမည် ဖြစ်သည်။

အလိုရှိသည့် ထိုထို ကာမဂုဏ်တို့ကို မရသည်လည်း ရှိ၏။ မရသည့်အတွက် ဝမ်းနည်းကြ, ပူဆွေးကြ, ငိုကြွေးကြ, ရင်ပတ်စည်တီး မြည်တမ်းကြ၏။ တွေဝေ ပင်ပန်း ဆင်းရဲခြင်းသို့ ရောက်ကြရ၏။ လိုချင်ခြင်းကြောင့် ရရှိလာသည့် ဆင်းရဲဒုက္ခများသာ ဖြစ်ကြပေ၏။

ဤဆင်းရဲတို့သည် ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့် ဆင်းရဲ ဒုက္ခများသာ ဖြစ်ကြ၏။ ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာ ရှိကြကုန်၏၊ ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့် ဤ မျက်မှောက်ဆင်းရဲအစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီနဝဟု ခေါ်ရ ၏။ လိုချင်သည်ကို မရရှိခြင်းကြောင့် ရရှိလာသည့် အပြစ်အာဒီနဝ များဟု နားလည်သင့်၏။

အလိုရှိသည့် ကာမဂုဏ်တို့ကို ရရှိခြင်းကြောင့် ရရှိခြင်း၏ဒုက္ခကို ခံကြရ၏။ ရှိသည့်အတွက် ဘေးအမျိုးမျိုးတို့မှ စောင့်ရှောက်ရ၏၊ ထိန်းသိမ်းရ၏။ စောင့်ရှောက် ထိန်းသိမ်းရခြင်း ဒုက္ခတို့ တိုးပွားလာ ကြခြင်း ဖြစ်၏။ ထိုဒုက္ခအပေါင်းတို့မှ သက်သာခွင့် ရလိုက ကာမဂုဏ်မှ ထွက်မြောက်ကြောင်း နေက္ခမ္မအကျင့်ကို ကျင့်ရ၏။


သားတစ်နှင့်တူသော ကာမချမ်းသာ

ကာမဂုဏ်ချမ်းသာဟူသည် ချမ်းသာဟု ထင်ရသည့် ဒုက္ခသာ ဖြစ်၏။ နေက္ခမ္မချမ်းသာသည်ကား ဆင်းရဲဟု ထင်ရသည့် ချမ်းသာသာ ဖြစ်ပေ၏။ နေက္ခမ္မချမ်းသာကို ရဖို့ နေက္ခမ္မကျင့်စဉ်ကို သိဖို့လို၏။ တောထွက် ရဟန်းပြုခြင်းကို နေက္ခမ္မကျင့်စဉ်ဟု ခေါ်သလို တပ်မက်ဖွယ် အာရုံဟူသမျှမှ ရှောင်ခွာ၍နေခြင်းကိုလည်း နေက္ခမ္မကျင့်စဉ်ဟု ခေါ်၏။ နေက္ခမ္မကျင့်စဉ်ကို ကျင့်ခြင်းဟူသည် ကိလေသာမြူ ပါးအောင်, ကိလေသာမြူ ကင်းအောင် ကျင့်ခြင်းပင် ဖြစ်၏။ ကိလေသာတိမ်လိပ် တို့ကို မှုတ်လွှင့်ဖို့, ဘေးအမျိုးမျိုးတို့မှ လွတ်မြောက်ဖို့လည်း ဖြစ်၏။

ကာမဂုဏ်တို့ကြောင့် ဘေးအမျိုးမျိုးမှ လွတ်မြောက်လိုသူတို့ လွတ်မြောက်ခွင့်ကို မရကြ။ ကာမဂုဏ်တို့က ကာမဂုဏ်တို့ကို နှစ်သက် တပ်မက်သည့် သတ္တဝါတို့ကို ဆွဲဆောင်နေကြ၏။ ထို့ကြောင့်ပင် ကာမဂုဏ်ကို သားတစ်နှင့် တူ၏ဟု ဥပမာဆောင်ခြင်း ဖြစ်သည်။ သားတစ်ကို ကိုက်ချီထားသည့် သိမ်းစွန်ငှက်ကို ဝိုင်းအုံထိုးဆိတ် နေကြသည့် ငှက်အပေါင်း၏ ရည်ရွယ်ချက်သည် ထိုသားတစ်ကို ရရှိဖို့ ဖြစ်၏။ သားတစ်နှင့် တူသည့် ထိုကာမဂုဏ်တို့ကြောင့် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားကြရ, ပင်ပန်းကြရ၏။


ကိလေသာဆိုတာ အားဆေးလား

ကာမဂုဏ် ဝန်ထုပ်ကြီးကို ထမ်းထားသမျှ လေးလံသည့် ဆင်းရဲ ဒုက္ခမှ မလွတ်ကြ။ မိမိ၏ အဇ္ဈတ္တ ခန္ဓာဝန်ကို ထမ်းထားရသည်ကပင် လေးလွန်းလှ၏။ ဗဟိဒ္ဓ သက်ရှိသက်မဲ့ ကာမဂုဏ် ဝန်ထုပ်ဝန်ပိုးကြီးကို ထပ်တိုး၍ ထမ်းခြင်းဟူသည်ကား မနိုင်ဝန်ကို ထမ်းခွင့် တောင်းကြ ခြင်းသာ ဖြစ်၏။ မနိုင်ဝန်ကို နိုင်အောင်ထမ်းဖို့ ကိလေသာ တိမ်လိပ်တို့ တရိပ်ရိပ် ထောင်တက်လျက် အားဆေးအသွင် ဆောင်ရွက်နေကြ၏။ ကိလေသာတို့သည်ပင်လျှင် လောကသားတို့၏ အားဆေးသဖွယ် ဖြစ်လာ၏။ လုပ်စမ်းပါ ယူလိုက်စမ်းပါဟု ဆိုနေကြ၏။ မိမိ၏ ကိလေသာဝန်ကို ထမ်းလို့မှ အားမရ, သူတစ်ပါးတို့၏ ကိလေသာဝန်ကိုပါ ထမ်းခွင့် တောင်းကြခြင်း ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ဆင်းရဲမှု ပင်ပန်းမှုကို ရယူခြင်း တောင်းခံခြင်းဟုသာ ဆိုနိုင်၏။ ချမ်းသာခြင်း ငြိမ်းချမ်းခြင်းကို ရယူခြင်း တောင်းခံခြင်းဟု မဆိုနိုင်ပေ။ ထိုပင်ပန်း ဆင်းရဲခြင်း ဟူသော ဒုက္ခမှ လွတ်မြောက်လိုက ကာမဂုဏ်တည်းဟူသော ထို သားတစ်ကို လွှတ်ချရ၏။ ချမ်းသာလိုက ကာမဂုဏ်တည်းဟူသော သားတစ်ကို ရက်ရက်မကွာ စွန့်လွှတ်နိုင်ဖို့ ကြိုးစားရ၏။ မစွန့်နိုင်သမျှ မစွန့်နိုင်သည့် သူတို့၏ ဒုက္ခကို ခံစားကြရ၏။ သေခြင်းသို့သော်လည်း ရောက်ရ၏။ ထိုသို့ မဟုတ်က သေလောက်သော ဒုက္ခဝေဒနာကိုသော်လည်း ခံစားကြရ၏။


ဘေးတို့ကို ဖိတ်ခေါ်နေကြ

သတ္တဝါအပေါင်းတို့သည်ကား ဘေးရန်အမျိုးမျိုးကို ကြောက်ရွံ့ စိုးထိတ်ကြပေ၏။ ကြောက်ရွံ့ခြင်း ကင်းလိုကြ, စိုးထိတ်ခြင်း ကင်းလို ကြသော်လည်း ကာမဂုဏ်တို့ကြောင့် ဘေးရန်အမျိုးမျိုးမှ ကင်းလွတ်ခွင့် မရကြ။ ကာမဂုဏ်ကို နှစ်သက်တပ်မက်သည့် မင်းတို့၏ ဘေးနှင့်လည်း ဆက်ဆံကြရ၏။ ခိုးသူတို့၏ ဘေးနှင့်လည်း ဆက်ဆံကြရ၏။ မချစ်မနှစ်သက်သူတို့၏ ဘေးနှင့်လည်း ဆက်ဆံကြရ၏။ ကာမဂုဏ် တို့က မင်းဘေး ခိုးသူဘေးတို့ ဖြစ်ပေါ်လာအောင် ဆွဲဆောင်နေ ကြခြင်း ဖြစ်၏။

ကာမဂုဏ်တို့သည် သစ်သီးတို့ဖြင့် ဝေဆာ တင့်တယ်နေသည့် အပင်နှင့် တူလှ၏။ ထိုဝေဆာ တင့်တယ်နေသည့် ကာမဂုဏ် သစ်သီး တို့ကြောင့် လိုချင်သူတို့ ဝန်းရံလာကြ၏။ ခဲဖြင့်သော်လည်းကောင်း, တုတ်ဖြင့်သော်လည်းကောင်း, ဓားဖြင့်သော်လည်းကောင်း ပေါက်ကြ ရိုက်ကြ ခုတ်ကြ၏။ ကာမဂုဏ်အသီး သီးခြင်းသည် ဝေဆာ လှပ တင့်တယ်သည် မှန်၏။ ထိုအလှ ကာမဂုဏ်တို့က သုံးဆောင်လိုသူ ဖျက်ဆီးလိုသူတို့ ပေါ်ထွက်လာအောင် ဆွဲဆောင်နေကြ၏။ အသီး မသီးသည့် သစ်ပင်၏ တင့်တယ်မှုသည် အသီးသီးသည့် သစ်ပင် ဖျက်ဆီးခံရက ထင်ရှားလာ၏။

ရှိသည့်ဘဝကို ကောင်း၏ဟု ယူဆနေသမျှ ချမ်းသာစစ်ကို မရ။ မရှိသည့်ဘဝကို ကောင်း၏ဟု အယူအဆဝင်က ချမ်းသာစစ်ကို ရကြ ၏။ မရှိသည့်ဘဝဟူသည် စွန့်လွှတ်နိုင်သူတို့၏ဘဝကို ဆိုခြင်းသာ ဖြစ်၏။ ရှိခြင်း၏ဒုက္ခကို သိ၍ စွန့်လွှတ်သွားသူများကို ရည်ရွယ်ခြင်း ဖြစ်ပေ၏။

ကာမဂုဏ်ရှိက ကာမဂုဏ်ကို နှစ်သက်တပ်မက်သည့် သတ္တဝါ အမျိုးမျိုးတို့၏ ဘေးသည် ဖြစ်ပေါ်လာတတ်သကဲ့သို့ ကံကြွေးရှိက ကံကြွေးရှိသူတို့ထံသို့ ထိုကံကြွေးတို့က အကြွေးဆပ်ဖို့ရန် ကြွေးတောင်းလာလေ့ ရှိကြ၏။


ခြိမ်းခြောက်ခံနေရသော လောက

သံသရာခရီးတစ်လျှောက် မူမမှန်သည့်ကံတို့ကို ထူထောင်ထား သူတို့ ရှိကြ၏။ ထိုကံတို့ အကျိုးပေးချိန်ရောက်က သက်မဲ့ဖြစ်သည့် ရေတို့သည် လျှံတက်လာကြ၏၊ မီးတို့သည် တောက်လောင်လာကြ ၏။ သက်မဲ့ဖြစ်သည့် အရာတို့က ဖျက်ဆီးပစ်မည် သတ်ဖြတ်ပစ်မည်ဟု ကံကြွေးရှိသူတို့ကို သက်ရှိတို့ကဲ့သို့ ခြိမ်းခြောက်နေကြ၏။ ထိုခြိမ်းခြောက်မှုဟူသမျှတို့သည် ကာမဂုဏ်ကို လိုချင်သည့် တဏှာကြောင့် ဖြစ်ပေါ်လာကြခြင်း ဖြစ်၏။

ဤသည်တို့သည် ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာ ရှိကြကုန်၏၊ ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့် ဤမျက်မှောက် ဆင်းရဲအစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီနဝဟု ခေါ်ရ၏။ အချိန်မရွေး ထိုအပြစ်တို့ ဆိုက်ရောက်လာနိုင်၏။ ထို အပြစ်တို့ကို မြင်အောင်ကြည့်လျက် စင်အောင်ပြုတတ်ဖို့ လို၏။


လုပ်ငန်းတူသူတို့၏ ဒုက္ခ

ကာမဂုဏ်၌ သာယာဖွယ်ကို လိုက်ရှာနေသည့် လူတန်းစား အသီးသီး ရှိပေ၏။ မင်းဟူသော လူတန်းစား, ပုဏ္ဏားဟူသော လူတန်းစား, သူဋ္ဌေး သူကြွယ် အစရှိသည့် လူတန်းစားတို့ပင် ဖြစ်ကြပေ၏။

ကာမဂုဏ်တို့သည် ကာမဂုဏ်တို့ကို နှစ်သက်သည့် သတ္တဝါ အပေါင်း၏ စိတ်ကို ညှို့ငင်လျက် ရှိကုန်၏။ လူတန်းစားအလွှာ မတူသော်ငြားလည်း ကာမဂုဏ်၌ သာယာဖွယ်ကို လိုက်ရှာမှုက တူကြ၏။ ထို့ကြောင့်ပင် ထိုကာမဂုဏ်တို့ကို အကြောင်းပြု၍ မင်းတို့သည် မင်းတို့နှင့် ငြင်းခုံကြကုန်၏၊ ပုဏ္ဏားတို့သည် ပုဏ္ဏားတို့နှင့် ငြင်းခုံကြ ကုန်၏၊ သူဋ္ဌေး သူကြွယ်တို့သည် သူဋ္ဌေး သူကြွယ်တို့နှင့် ငြင်းခုံကြ ကုန်၏။ လုပ်ငန်းတူက ငြင်းခုံရ၏။ လုပ်ငန်းတူက ရန်သူ ဖြစ်ကြ၏၊ လုပ်ငန်းတူခြင်းကြောင့် ရန်သူ ဖြစ်လွယ်ခြင်း ဖြစ်၏။ စင်စစ်မူ လုပ်ငန်း တူခြင်းက ရန်သူ ဖြစ်အောင် ပြုသည် မဟုတ်၊ မိမိထက် သာလွန် သွားမည်ကို မနာလိုသည့် ဣဿာ, မိမိခံစားရမည့် သာယာဖွယ်တို့ကို မခွဲဝေနိုင်သည့် ဝန်တိုခြင်း မစ္ဆရိယတရားဆိုးတို့က ချယ်လှယ်ကြခြင်းကြောင့်သာ ဖြစ်၏။ မဟုတ်တမ်းတရားတို့ကို အဟုတ်တမ်း ကစားလျက် အလုပ်များနေကြခြင်း ဖြစ်၏။

လောကသားတို့မည်သည် တဏှာဒါသဟုခေါ်သည့် တဏှာ၏ ကျေးကျွန်များသာ ဖြစ်ကြ၏။ ကိလေသာအလိုဆိုး နှိပ်စက်ခံနေရသည့် စိတ်၏ အလိုနိုင်ငံသို့ လိုက်ပါနေကြရ၏။ စိတ်၏ အလိုအတိုင်း လုပ်နေကြရသည်ကို မသိနိုင်ကြ။ ကိလေသာနှင့် ငါ တစ်သားတည်း ဖြစ်နေသည့် သူများ၏ ဘဝဟူက လောဘကိုပင် ငါ, ဒေါသကိုပင် ငါ, မောဟကိုပင် ငါဟု မြင်နေသည့် ဘဝသာ ဖြစ်၏။ အဝိဇ္ဇာ၏ ချယ်လှယ်မှုကို ခံရခြင်း ဖြစ်၏။ ထို့ကြောင့်ပင် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့, စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့ ခက်နေကြ၏။

လိုချင်က ငါ လိုချင်တာ၊ မကျေနပ်က ငါ မကျေနပ်တာဟု မှားသော အသိဖြင့် လက်ခံခြင်းကိုသာ စွမ်းနိုင်ကြ၏။

ထို့ကြောင့်ပင် လိုချင်သည့် ကာမဂုဏ်တို့ကို အကြောင်းပြု၍ သားအမိ အချင်းချင်း, သားအဖ အချင်းချင်းတို့သည်လည်း ငြင်းခုံကြ ကုန်၏။ ညီအစ်ကို မောင်နှစ်မ အချင်းချင်းတို့သည်လည်း ငြင်းခုံကြ ကုန်၏။ မိတ်ဆွေ အပေါင်းအဖော် အချင်းချင်းတို့သည်လည်း ငြင်းခုံ ကြကုန်၏။ ချစ်ခင်သူ ချစ်ကျွမ်းဝင်သူ ရင်းနှီးချစ်ကြည်နေသူတို့ ကာမ ဂုဏ်ကြောင့် ငြင်းခုံခြင်းသို့ ရောက်ကြရ၏။

ထိုသို့ ငြင်းခုံကြခြင်းကြောင့် သဘောထားကွဲလွဲခြင်း ရန်ဖြစ်ခြင်းသို့ ရောက်ကြကုန်လျက် အချင်းချင်း လက်တို့ဖြင့်လည်း ပုတ်ခတ် ကြကုန်၏၊ ခဲတို့ဖြင့်လည်း ပေါက်ကြကုန်၏၊ တုတ်တို့ဖြင့်လည်း ရိုက်နှက်ကြကုန်၏၊ ဓားတို့ဖြင့်လည်း ထိုးခုတ်ကြကုန်၏။

ထိုသူတို့သည် ကာမဂုဏ်ကို အကြောင်းပြု၍ ဖြစ်ပေါ်ရသည့် ရန်ပွဲကြောင့် ထိုဖြစ်ရာအရပ်၌ပင် သေခြင်းသို့သော်လည်း ရောက်ရ၏။ ထိုသို့ မဟုတ်က သေလောက်သော ဒုက္ခဝေဒနာကိုသော်လည်း ခံစားကြရ၏။

ဤသည်တို့သည် ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာ ရှိကြကုန်၏၊ ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့် ဤ မျက်မှောက် ဆင်းရဲအစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီနဝဟု ခေါ်ရ၏။ အချိန်မရွေး ထိုအပြစ်တို့ ဆိုက်ရောက်လာနိုင်၏။ ထို အပြစ်တို့ကို မြင်အောင်ကြည့်လျက် စင်အောင်ပြုတတ်ဖို့ လို၏။


ကြိုတင်ဘွတ်ကင် လုပ်ထားသူများ

ကာမဂုဏ်ကို ရရှိခံစားဖို့ အားထုတ်စဉ်က စုဆောင်းမိပြီဖြစ်သည့် အကုသိုလ်မှု အစုစုတို့က မနည်းလှ။ လိုချင်သည့် ကာမဂုဏ်ကို အကြောင်းပြု၍ ပစ္စုပ္ပန်ဘဝ၌လည်း ဆင်းရဲရ ပင်ပန်းရ ငိုကြွေးရ ပြင်းစွာ ပူပန်ကြရ၏။ စုဆောင်းမိပြီဖြစ်သည့် အကုသိုလ်ကံကြွေး တို့ကလည်း အနာဂတ်ဘဝ အနာဂတ်ခန္ဓာဖြင့် အကြွေးဆပ်ဖို့ ကြိုတင် ဘွတ်ကင် လုပ်ထားကြ၏။


မှန်ဖို့သာ ပဓာန

မြင်စရာလောက်သာ မြင်တတ်၍ ကြားစရာလောက်သာ ကြားတတ်သူဖြစ်က မမြင်ရ မကြားရသည့် အနာဂတ်ဘဝအတွက် ဆောင် စရာ ရှောင်စရာကို ဆောင်ဖို့ ရှောင်ဖို့ မလွယ်လှ။ လောကလူသားတို့ အနေဖြင့် မမြင်ရသည်ကို ကြည့်တတ်ဖို့ မကြားရသည်ကို အဓိပ္ပါယ် ဖော်တတ်ဖို့ လို၏။ အမှန်ကို သိနိုင်ဖို့ဟူသည် မြင်စရာနှင့် ကြားစရာနောက်ရှိ မမြင် မကြားရသည့် အပိုင်းထိ မြင်တတ် ကြည့်တတ် အဓိပ္ပါယ်ဖော်တတ်မှ ရ၏။ မြင်စရာနှင့် ကြားစရာ၌ သောင်တင် မနေဖို့ လို၏။

မြင်စရာနှင့် ကြားစရာအတွက် အလှဆင်ဖို့ ကံကို မျက်ကွယ် ပြု၍ ရသည် မဟုတ်။ အလှကို မြင်စရာ ကြားစရာတို့ဖြင့် ပြဖို့လောက်သာ သိသော အမိုက်ဉာဏ်ဖြင့် ဘဝကို တန်ဖိုးတက်အောင် လုပ်နိုင်သည် မဟုတ်။ အမြင်ကောင်းရုံ အကြားကောင်းရုံဖြင့် ကံတို့ ငြိမ်းသွားကြမည်လည်း မဟုတ်။ မြင်စရာနှင့် ကြားစရာနောက် လိုက်နေသည့် လောကကြီး၏ အထင်ကြီးမှု လက်ခံမှုအတွက် အသက်ရှင်ဖို့ ဘဝရလာသည် မဟုတ်။ လောကကြီး၏ အထင်ကြီးမှု လက်ခံမှုက ပဓာန မကျ၊ မှန်ဖို့သာ ပဓာနကျ၏။


မိမိကိုယ်ကို ကျွန်ပြုနေသူများ

ကာမဂုဏ်ချမ်းသာကို ရရှိဖို့ လုပ်ချင်သည်ကို လုပ်ကြ၏။ ထိုသို့ လုပ်ချင်သည်ကို လုပ်ခြင်းသည် ကိလေသာကြောင့်ဟု ဆိုရ၏။ စိတ်၏ အလိုအတိုင်း မိမိ ဖြစ်ခြင်း ဖြစ်သည်။

ကာမဂုဏ်မှ လွတ်မြောက်ကြောင်း အကျင့်ကို ကျင့်လိုကြ၏။ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်လိုခြင်း ဖြစ်၏။ ထိုသို့ ကျင့်ခြင်းသည် စျာန်ချမ်းသာ, ဝိပဿနာချမ်းသာ, မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဟု ဆိုအပ်သော ချမ်းသာ တို့ကို ရရှိခံစားလိုသည့် ဆန္ဒကြောင့်ပင် ဖြစ်ပေ၏။ ဖြစ်ချင်သည့် အရာအတွက် လုပ်သင့်သည်ကို လုပ်ခြင်းဟု ဆိုနိုင်၏။ ထိုချမ်းသာ တို့ကို ရရှိခြင်းငှာ လုပ်သင့်သည်ကို လုပ်ခြင်းသည် ဉာဏ်ကြောင့်ဟု ဆိုရ၏။ စိတ်ကို မိမိ အလိုအတိုင်း ဖြစ်စေခြင်းဟု ဆိုနိုင်၏။

ကာမဂုဏ်၌ သာယာဖွယ်ကို ရှာဖွေနေသူတို့၏ အလိုသည် ကိလေသာ၏ အလိုသာ ဖြစ်၏။ သာယာဖွယ် အသာဒအတွက် ဘဝဆက်နေရသူဟူက ကိလေသာအတွက် ဘဝဆက်နေရသူသာ ဖြစ်၏။ သာယာဖွယ် အသာဒအတွက် ပင်ပန်းနေရခြင်းဟူက ကိလေသာအတွက် ပင်ပန်းနေရခြင်းသာ ဖြစ်၏။ မိမိဘဝကို ကိလေသာဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။ ကိလေသာကို အရှင်ပြုလျက် မိမိကိုယ်ကို ကျွန်ပြုခြင်း ဖြစ်၏။

ကာမဂုဏ်၌ သာယာဖွယ်ကို လိုက်ရှာနေသမျှ ငါ လုပ်ချင်တာဟု ဆို၍ မရ။ ကိလေသာ လုပ်ချင်တာကို လိုက်လုပ်ပေးနေရခြင်းဟုသာ ဆို၍ ရ၏။


ဆက်ရဦးမည့် ပင်ပန်းမှု ခရီး

ကိလေသာ မကင်းသူမှန်က ကိလေသာ၏ လှည့်စားမှုကို ခံကြ ရ၏။ ကိလေသာ ဓာတ်ခံတို့၏ လွှမ်းမိုးမှုကို နာခံကြရ၏။

အမျိုးသမီးဘဝဟူက အမျိုးသမီးဘဝနှင့် သက်ဆိုင်သည့် ကိလေသာအလိုကို ဖြည့်ဆည်းကြရ၏။

အမျိုးသားဘဝဟူကလည်း အမျိုးသားဘဝနှင့် သက်ဆိုင်သည့် ကိလေသာအလိုကို ဖြည့်ဆည်းနေကြရသည်ပင်။

အမျိုးသမီးတို့သည် အမျိုးသားတို့ကြောင့် ပင်ပန်းကြရ၏။

အမျိုးသားတို့သည်လည်း အမျိုးသမီးတို့ကြောင့် ပင်ပန်းနေကြ ရ၏။

ထို့ကြောင့်ပင်

နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ၊ ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ။ ဣတ္ထိရူပံ ဘိက္ခဝေ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတီတိ။

ဟူ၍ အင်္ဂုတ္တရနိကာယ်၌ မြတ်ဘုရား မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။

အမျိုးသမီး၏ အဆင်းသည် အမျိုးသား၏စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏၊ အမျိုးသမီး၏ အဆင်းကဲ့သို့ အမျိုးသား၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်သော တစ်ခုသော အဆင်းကို ငါ ဘုရားရှင် မြင်တော်မမူပေ။ အမျိုးသမီး၏ အဆင်းသည် အမျိုးသား၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူခဲ့၏။

ထို့အတူ အမျိုးသား၏ အဆင်းသည် အမျိုးသမီး၏စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏၊ အမျိုးသား၏ အဆင်းကဲ့သို့ အမျိုးသမီး၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်သော တစ်ခုသော အဆင်းကို ငါ ဘုရားရှင် မြင်တော်မမူပေ။ အမျိုးသား၏ အဆင်းသည် အမျိုးသမီး၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူခဲ့သည်ပင်။

သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌လည်း အလားတူပင် အပြန်အလှန် ဟောခဲ့ပေ၏။

ထို့ကြောင့်ပင် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ အစရှိသည့် အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ဟူသော ကာမဂုဏ်တို့ကို အကြောင်းပြု၍ သတ္တဝါအပေါင်းတို့ မချိညှိုးနွမ်း ပင်းပန်းနေကြရ၏။ သံသရာခရီး မဆုံးသေးသမျှ ပင်ပန်းရဦးမည့် ပင်ပန်းမှုကြီးပင် ဖြစ်သည်။ သံသရာခရီး ဆုံးအောင် ပြုနိုင်ပါမူကား ချမ်းသာကြမည် ဖြစ်၏။ သံသရာခရီး ဆုံးအောင် ပြုခြင်းဟူသည် တဏှာကုန်အောင် ပြုခြင်းသာ ဖြစ်၏။

စင်စစ်မူ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ဟူသော ကာမဂုဏ်တို့ကြောင့် သတ္တဝါအပေါင်းတို့ ပင်ပန်းဆင်းရဲနေကြရသည် မဟုတ်။ ထိုကာမဂုဏ်တို့၌ နှစ်သက်တပ်မက်သည့် တဏှာရှိခြင်းကြောင့် ပင်ပန်းနေကြရခြင်းသာ ဖြစ်ပေ၏။ တဏှာမကုန်သေးသမျှ ထိုပင်ပန်းမှု ခရီးရှည်ကြီးကို ဆက်ကြရဦးမည် ဖြစ်သည်။


ရှက်နိုးဖွယ်ဘဝ

အကြောင်းနှင့် ကင်းသည့် အကျိုးတရားရှိ၏ဟူ၍ မြတ်ဘုရား ဟောတော်မမူခဲ့ပေ။ အကျိုးဖြစ်က အကြောင်းရှိ၏။ ထိုအဆင်း အသံ အနံ့ အရသာ အတွေ့အထိဟူသော အာရုံငါးပါး ကာမဂုဏ် တရားတို့၌ လိုလားတပ်မက်ခြင်း တဏှာကို ဖြစ်ပေါ်စေသည့် အကြောင်း ရှိသည်ပင်။ ထို အကြောင်းတို့၏ စတင်မှုကို ဆိုရမူ --

ဘဝဟူက ဘဝကို တွယ်တာတပ်မက်သည့် ဘဝနိကန္တိတဏှာဖြင့် စခဲ့ကြ၏။ ထိုနောက် ရက်သတ္တပတ် (၁၁)ပတ်အတွင်း အဆင်း အသံ အနံ့ အရသာဟူသော ကာမဂုဏ်အာရုံတို့ကို ယူနိုင်သည့် မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်တို့သည် ထိုက်သည့်အားလျော်စွာ ဖြစ်ပေါ်လာကြ၏။ အတွေ့အထိ အာရုံကို ယူနိုင်သည့် ကာယအကြည်သည်ကား ပဋိသန္ဓေ တည်စကပင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပေ၏။

ထိုအကြည်ရုပ်တို့ အဘယ်ကြောင့် ဖြစ်ပေါ်လာကြပါသနည်း။ အဘယ်လျှင် အကြောင်းရင်းခံ ရှိပါသနည်း။ ဤသည်ကို သိဖို့ လို၏။

ရူပါရုံကို မြင်ချင်သည့် ရူပတဏှာလျှင် အကြောင်းရင်းခံရှိသည့် ကံကြောင့် ဖြစ်ပေါ်လာသော ရုပ်သည် စက္ခုအကြည်ရုပ်ပင် ဖြစ်၏၊ ထို ကြည်လင်မှုသည် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှုသာ ဖြစ်၏။ ထိုအနက်ကို ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခုဟူသော စကားရပ်က ဆိုနေ၏။

ထို့အတူ သောတအကြည်သည်လည်း သဒ္ဒါရုံကို ကြားချင်သည့် သဒ္ဒတဏှာလျှင် အကြောင်းရင်းခံရှိသည့် ကံကြောင့် ဖြစ်ပေါ်လာရ သည့် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှုသဘောဟု သောတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ သောတံဟူ သော စကားရပ်က ဆိုနေ၏။

ကျန်သည့် အကြည်ရုပ်တို့သည်လည်း ဆိုင်ရာတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်သာလျှင် ဖြစ်ပေါ်လာကြ၏။

ရူပါရုံကို မြင်ချင်သည့် ရူပတဏှာ ခိုင်းသမျှ ရူပါရုံကို ရှာဖွေ ပေးကြရ၏။ သဒ္ဒါရုံကို မြင်ချင်သည့် သဒ္ဒတဏှာ ခိုင်းသမျှ သဒ္ဒါရုံကို ရှာဖွေပေးကြရ၏။ ငါကြည့်ချင်တာ ငါမြင်ချင်တာပါဟူသည့် အယူမှားတို့ ပျောက်မှ ချမ်းသာခွင့် ရ၏။

အမျိုးသားအတွက် အမျိုးသမီးတို့၏ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့သည် အညှို့ငင်နိုင်ဆုံး ဖြစ်သကဲ့သို့ အမျိုးသမီး အတွက် အမျိုးသားတို့၏ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ တို့သည် အညှို့ငင်နိုင်ဆုံး ဖြစ်၏။ ထို့ကြောင့်ပင် အမျိုးသမီးဟူသော ရူပါရုံက အမျိုးသားတို့၏ စိတ်ကို သိမ်းကြုံးယူငင်၍ တည်နိုင်သကဲ့သို့ အမျိုးသားဟူသော ရူပါရုံကလည်း အမျိုးသမီးတို့၏ စိတ်ကို သိမ်းကြုံး ယူငင်၍ တည်နိုင်ခြင်း ဖြစ်၏။

ရူပါရုံကို မြင်ချင်သည့် ရူပတဏှာ၏ အလိုသို့ လိုက်ပါနေ ရခြင်းကို မိမိ၏ အလိုသို့ လိုက်ပါနေရခြင်းဟု နားလည်နေမိသည့် မိမိတို့၏ ဘဝကို မသိကြ။ ရူပါရုံကို မြင်ချင်သည့် ရူပတဏှာလျှင် အကြောင်းရင်းခံရှိသည့် စက္ခုအကြည်၏ မြင်ချင်မှုကို ငါ မြင်ချင်တာဟု လက်ခံ ကျင့်သုံးနေရသည့် ဘဝက ရှက်နိုးဖွယ်ရာသာ ဖြစ်၏။ အမှားကို အမှန်အဖြစ် လက်ခံကျင့်သုံးနေသည့် ဘဝဟုသာ ခေါ်ရ၏။

အကြည်ရုပ်ငါးမျိုး ရရှိခြင်း၏ အကြောင်းရင်းခံကို ကြည့်က ဒုက္ခဖြစ်ဖို့ရန်သာ ဖြစ်၏။ ဘဝခန္ဓာ မဆုံးသေးသမျှ ကျွန်ခံကြရမည့် အရေးက မသေးလှ။ စေ့စေ့တွေးက မအေးရသည့် ဘဝဒုက္ခကိုသာ မြင်ရ၏။ ဩော် ... ဘဝဟူသမျှ မကောင်းတာ မှန်ပေစွ၊ ဘဝဒုက္ခ ကြီးကျယ်လှပေစွ ဟူ၍သာ ညည်းတွားမိတော့၏။

ပင်ပန်းနေကြရခြင်းသည်

ထို့ကြောင့်ပင် အာယတန (၆)ပါး ဖြစ်ပေါ်လာသည်ရှိသော် လောက ဖြစ်ပေါ်လာ၏ဟု ကျမ်းဂန်တို့၌ ဆို၏။ အာယတန (၆)ပါး ဟူသည် အကြည်ရုပ်ငါးပါးနှင့် မနာယတနကို ဆိုခြင်း ဖြစ်၏။ အဘိဓမ္မာ အသုံးအနှုန်း ကွဲပြားခြင်းသာ ဖြစ်ပြီး ထိုအာယတန (၆)ပါး ဖြစ်ပေါ်လာခြင်းကြောင့် သတ္တဝါတို့ မချိညှိုးနွမ်း ပင်ပန်းကြရ၏ဟူ၍ ဘုရားရှင် မိန့်ဆိုတော်မူခဲ့၏။

စက္ခုအကြည်ဟု ခေါ်ဆိုအပ်သည့် စက္ခာယတနကြောင့် သတ္တဝါတို့ ပင်ပန်းကြရ၏။

သောတအကြည်ဟု ခေါ်ဆိုအပ်သည့် သောတာယတနကြောင့် လည်း သတ္တဝါတို့ ပင်ပန်းနေကြရ၏။

ဃာနအကြည်ဟု ခေါ်ဆိုအပ်သည့် ဃာနာယတနကြောင့်လည်း သတ္တဝါတို့ ပင်ပန်းကြရ၏။

ဇိဝှါအကြည်ဟု ခေါ်ဆိုအပ်သည့် ဇိဝှါယတနကြောင့်လည်း သတ္တဝါတို့ ပင်ပန်းနေကြရ၏။

ကာယအကြည်ဟု ခေါ်ဆိုအပ်သည့် ကာယာယတနကြောင့်လည်း သတ္တဝါတို့ ပင်ပန်းကြရ၏။

မနာယတနကြောင့်လည်း သတ္တဝါတို့ ပင်ပန်းနေကြရသည်ပင်။

အာယတနဟူသော အကြောင်းကြောင့် အာရုံထိုထိုတို့၏ တွေ့ထိမှု ဖဿသည် ဖြစ်ပေါ်လာသကဲ့သို့ ထိုဖဿဟူသော အကြောင်း ကြောင့် ခံစားမှု ဝေဒနာသည် ဖြစ်ပေါ်လာ၏။ ထိုထို အာရုံတို့ကို ခံစားလိုသည့် ဝေဒနာဟူသော အကြောင်းကြောင့် စွဲလမ်း နှစ်သက်ခြင်း ဆန္ဒရာဂတရားတို့သည် ဖြစ်ပေါ်ကြလာ၏။ ရူပါရုံကို မြင်ချင် သည့် ရူပတဏှာ, သဒ္ဒါရုံကို ကြားချင်သည့် သဒ္ဒတဏှာ အစရှိသည့် တဏှာဆန္ဒတို့ ဖြစ်ပေါ်လာကြခြင်း ဖြစ်၏။ ထိုနှစ်သက် စွဲလမ်းခြင်း တဏှာဟူသော အကြောင်းကြောင့် ပြင်းစွာ စွဲလမ်းခြင်း ဥပါဒါန် တရားတို့သည် ဖြစ်ပေါ်လာကြသကဲ့သို့ ပြင်းစွာ စွဲလမ်းခြင်း ဥပါဒါန်ဟူသော အကြောင်းကြောင့် ကုသိုလ်ကံ အကုသိုလ်ကံတည်း ဟူသော ကမ္မဘဝကို အားထုတ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ကမ္မဘဝ ဟူသော အကြောင်းကြောင့် ဇာတိ ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တရားတို့သည် ဖြစ်ပေါ်လာကြကုန်၏။

ပဋိသန္ဓေနေရခြင်း ဒုက္ခ, အိုရခြင်း ဒုက္ခ, သေရခြင်း ဒုက္ခ, စိုးရိမ်ရခြင်း, ငိုကြွေးရခြင်း, ကိုယ်ဆင်းရဲရခြင်း, စိတ်ဆင်းရဲရခြင်း, ကြီးစွာသော စိတ်၏ ပင်ပန်းရခြင်း ဒုက္ခတရားတို့ ထင်ရှား ဖြစ်ပေါ် လာကြခြင်း ဖြစ်သည်။ ဒုက္ခတရားတို့ မွေးဖွားလာကြခြင်းပင် ဖြစ်၏။ စင်စစ်မူ ထိုသို့ ဖြစ်ခြင်းသည် ထိုထိုအာရုံတို့အပေါ် နှလုံးသွင်းမှားမှု အယောနိသောမနသိကာရ, အသိမှားမှု အဝိဇ္ဇာတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပေ၏။

လိုချင်တပ်မက်မှု ဆန္ဒရာဂဟူသမျှ ဤအာယတနများကြောင့် ဖြစ်ရ၏။ ဒုက္ခဟူသမျှ ဤအာယတနများမှ စကြ၏။ ပင်ပန်းမှုဟူသမျှ ဤအာယတနများမှ ရကြ၏။ ညစ်ညူးမှုဟူသမျှ ဤအာယတနများမှ မွေးဖွားလာကြ၏။ ပူလောင်မှုဟူသမျှ ဤအာယတနများက မွေးပေး ကြ၏။

ယူတတ်ကြသည့် စာချုပ်မဲ့ သဘောတူညီမှု

စက္ခုအကြည်ကို ရရှိခြင်းကြောင့် အဆင်းမျိုးစုံ အလှမျိုးစုံ အရွယ်မျိုးစုံတို့အပေါ်၌ တပ်မက်မှု ဆန္ဒရာဂ ဖြစ်ပေါ်လာကြ၏။ လူ့စည်းမစောင့်သည့် သူတို့ကို အထင်သေးကြ ရှုတ်ချကြ၏။ အကြည်ညို ကင်းကြ၏။

အရွယ်အမျိုးမျိုးတို့၏ အဆင်းတို့၌ ကျက်စားချင်သလို ကျက်စားလျက် စည်းမစောင့်သည့် အမှုကို ပြုတတ်သည့် ပညာမျက်စိကန်း နေကြသော ပုထုဇဉ်ငမိုက်သားတို့ လောကဝယ် မိမိတို့ကိုယ်ကို အထင်သေးသူ ရှုတ်ချသူတို့ မရှိကြ။ အကြည်ညိုကင်းသူကိုလည်း မတွေ့ရ။ ထိုစည်းမစောင့်ခွင့်အတွက် လောကသားတို့ စာချုပ်မဲ့ သဘောတူညီမှု ရကြ၏။ ဒါ လူ့ဓမ္မတာဟု ဆိုကြမည်လား စာရေးသူ တွေးမိ၏။ အဘယ်မျှ ရှက်နိုးဖွယ် ရွံရှာဖွယ် ကောင်းပါသနည်း။ အဘယ်မျှ စက်ဆုပ်ဖွယ် ကောင်းပါသနည်း။ အဘယ်မျှ အကြည်ညို ကင်းဖို့ ကောင်းသည့် ဘဝကို ရရှိထားပါသနည်း။

ထိုတပ်မက်မှု ဆန္ဒရာဂကြောင့် ထိုထိုအဆင်းတို့ကို ရရှိခြင်းငှါ ကြိုးစားကြ၏။ တရားသည်လည်း ရှိသလို မတရားသည်လည်း ရှိ၏။ ရရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ချမ်းသာဟူက ရေမျက်နှာပြင် ထက်သို့ တက်သည့် ရေပွက်ပမာ ခဏသာ ဖြစ်၏။ ရရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဒုက္ခက အမြစ်ပမာ တစ်သက်တာ စူးဝင် နှိပ်စက် ကြ၏။

ရရှိခြင်းကြောင့် စိတ်၏ပင်ပန်းခြင်းသည် ဖြစ်ပေါ်လာသကဲ့သို့ စိတ်၏ညှိုးနွမ်းခြင်း စိတ်၏ညစ်ညူးခြင်းတို့သည်လည်း ဖြစ်ပေါ် လာကြ၏။ ရရှိခြင်းကြောင့် စိတ်၏တုန်လှုပ်ခြင်း စိတ်၌ ဆာလောင်ခြင်းတို့သည် ဖြစ်ပေါ်လာသကဲ့သို့ စိတ်၌ မွတ်သိပ်ခြင်းတို့ ဖြစ်ပေါ် လာကြ၏။ ပူလောင်မှုဒုက္ခတို့ ဖြစ်ပေါ်လာကြခြင်းသာ ဖြစ်၏။ အေးချမ်းမှုသုခကို ရရှိသည်တော့ မဟုတ်ပေ။

ဤသည်တို့သည် ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာ ရှိကြကုန်၏၊ ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့် ဤ မျက်မှောက် ဆင်းရဲအစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီနဝဟု ခေါ်ရ၏။

ငါလုပ်ချင်တာ

ကာမဂုဏ်တို့၏ သာယာဖွယ်-အသာဒအတွက် အလုပ်လုပ်ခြင်းကို ငါ လုပ်ချင်တာဟု မဆိုရ။ တဏှာ လုပ်ချင်သည်ကို လုပ်ပေး နေရခြင်းဟုသာ ဆိုရ၏။ ကိလေသာ၏ အလိုအတိုင်း မိမိ ဖြစ်ခြင်း ဖြစ်သည်။

မိမိ လုပ်ချင်တာ ဘာပါနည်း၊ မိမိ လုပ်ချင်သည်မှာ ကိလေသာ၏ အလိုအတွက်လား, ကိလေသာမှ လွတ်မြောက်ရေးအတွက်လား ဟူသည့် အမေးနှစ်ခုကိုလည်း မေးသင့်၏။

အသာဒဟုခေါ်သည့် သာယာဖွယ်အတွက် ကြိုးစားမှုမှန်က ကိလေသာအတွက် လုပ်ချင်တာဟူ၍ ဆိုရ၏။

ကာမဂုဏ်တို့၌ ရှိနေသည့် အပြစ်အာဒီနဝကို မြင်လာ၏။ ထို အပြစ်တို့မှ ထွက်မြောက်ခြင်း လွတ်မြောက်ခြင်း နိဿရဏကို အလိုရှိလာ၏။ ထိုအပြစ်တို့မှ လွတ်မြောက်လိုသည့်အတွက် လွတ်မြောက် ကြောင်း အလုပ်ကို လက်တွေ့ လုပ်လာ၏။ ထိုသို့ လုပ်ခြင်းကို ကိလေသာမှ လွတ်မြောက်ရေးအတွက် လုပ်ချင်တာဟူ၍ ဆိုရပေမည်။

ကိလေသာမှ လွတ်မြောက်ရေးအတွက် အလုပ်လုပ်ပါမှ ဘဝ ရရှိခြင်း၏ အနှစ်သာရ ဘဝရရှိခြင်း၏ အဓိပ္ပါယ် ပြည့်စုံမည် ဖြစ်၏။

ကိလေသာ၏ အလိုအတွက် အလုပ်လုပ်ခြင်းဟူသည် သံသရာ တစ်လျှောက် လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်တို့ကို ထပ်၍ လုပ်နေခြင်းသာ ဖြစ်၏။ ဘဝရရှိခြင်း၏ အနှစ်သာရ ဘဝရရှိခြင်း၏ အဓိပ္ပါယ်ကို ပြည့်စုံစေနိုင်သည် မဟုတ်ပေ။

ကိလေသာ လုပ်ခိုင်းတာလုပ်ဖို့ မိမိကိုယ်ကို ခွင့်ပြုနေသူတို့ကို ငါ လုပ်ချင်တာ လုပ်နေသူများဟု မဆိုရ။ ကိလေသာ၏ အလိုအတိုင်း မိမိ လုပ်ပေးနေရခြင်းဟုသာ ဆိုရ၏။ ထိုဘဝမှ လွတ်မြောက်အောင် ပြုသင့်လှ၏။

ကိလေသာမှ ထွက်မြောက်ကြောင်း အလုပ်ကို လုပ်ပါမှ ငါ လုပ်ချင်တာ လုပ်နေတာဟု ဆိုနိုင်၏။ ကိလေသာ အလိုအတိုင်း မလုပ်ဘဲ မိမိ အလိုအတိုင်း လုပ်သူများဟုလည်း ဆိုရ၏။

စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့

စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့ စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ရ၏။

သီလကျင့်စဉ်ကို ကျင့်ခြင်းဟူသည် ကိလေသာအလိုကို ချိုးနှိမ်ခြင်း ဖြစ်၏။ ကာယကံ မစင်ကြယ်မှု ဝစီကံ မစင်ကြယ်မှု မဖြစ်အောင် ကျင့်ခြင်းပင် ဖြစ်၏။

မနောကံ စင်ကြယ်ဖို့ သမာဓိကျင့်စဉ်ကို ကျင့်ရ၏။ အာရုံတစ်ခု တည်းပေါ်၌ စိတ်ကို တည်တံ့ ခိုင်ခံ့နေအောင် လေ့ကျင့်ပေးခြင်းပင် ဖြစ်၏။ ထိုသို့ လေ့ကျင့်ခြင်းကြောင့် သမာဓိစံချိန်မီက စိတ်ကို မိမိ အလိုအတိုင်း ဖြစ်စေနိုင်၏။ အာရုံတစ်ခုတည်းပေါ်၌ စိတ်တည်ငြိမ် နေသမျှ မနောကံ၏ စင်ကြယ်ခြင်းကိုလည်း ရနေမည် ဖြစ်သည်။ သမာဓိကျင့်စဉ်ကို ကျင့်ခြင်းကြောင့် မနောကံ စင်ကြယ်မှုကို တဒင်္ဂ ရ၏။ အစဉ်ထာဝရ စင်ကြယ်လိုက ပညာတကာ့ ပညာတို့တွင် အစဉ် သာလှသည့် ဝိပဿနာကျင့်စဉ်ကို မြှင့်တင်ကာ တက်လှမ်းဖို့ အခွင့် အလမ်း ပေးရပေတော့မည်။

ဝိပဿနာကျင့်စဉ်ဟူသည် ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားဟု ခေါ်ဆိုအပ်သည့် သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်လျက် တွင်တွင်ကြီး ရှုပွါး သုံးသပ်ခြင်းကို ခေါ်ခြင်း ဖြစ်၏။

ရုပ် နာမ်ဓမ္မ သင်္ခါရတရားတို့ အပေါ်၌ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်လျက် ဝိပဿနာ ရှုပွါးသုံးသပ်နိုင်ဖို့ဟူသည် ရုပ်တရား နာမ်တရားတို့ကို ပရမတ်ဆိုက်အောင် သိမ်းဆည်းပြီးမှသာ ဖြစ်နိုင်၏။ ရုပ်တရား နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းခြင်းဟူသည် နာမရူပပရိစ္ဆေဒဉာဏ်ကို အားသစ်ခြင်းပင် ဖြစ်ပေ၏။

ထို့နောက် ပစ္စယပရိဂ္ဂဟဉာဏ်ရရှိရေးအတွက် အကြောင်းတရား အကျိုးတရားတို့ကို ရှုပွါးသိမ်းဆည်းရမည် ဖြစ်ပေသည်။

ထိုရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားဟု ခေါ်ဆိုအပ်သည့် သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်လျက် တွင်တွင်ကြီး ဝိပဿနာ ရှုပွါးသုံးသပ်ခြင်းကြောင့် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ်လာမည်ဆိုက စိတ်ကို မိမိ အလိုအတိုင်း ဖြစ်အောင် ပြုပြီးသူ ဖြစ်လာပေလိမ့်မည်။

စိတ်ကို မိမိ အလိုအတိုင်း ဖြစ်စေဖို့ စိတ်၏ အလိုအတိုင်း မဖြစ်စေဖို့ ကျင့်သုံးပြီးသူလည်း ဖြစ်ပေလိမ့်မည်။ ပြုချင်သည့် အရာအတွက် ပြုသင့်သည်ကို ပြုပြီး ဖြစ်သူလည်း ဖြစ်ပေလိမ့်မည်။

စိတ်အဆင့်ဆင့် မြင့်တက်ခြင်း

လောက၌ သာယာဖွယ်အသာဒမျှ မြင်နိုင်သူတို့ လုပ်ချင်သည့် အရာဟူသည် ကိလေသာ၏ အလိုအကြိုက်သာ ဖြစ်ပေ၏။ ကာမဂုဏ်တို့၌ သာယာဖွယ်ကို မြင်နေသမျှ ကိလေသာအကြိုက် လိုက်ကြ ရ၏။ သာယာဖွယ်အဖြစ် မြင်သူများ နေရာမှ ကြည့်က ကာမဂုဏ်၌ အလှကို တွေ့ရ၏။

ထို့ကြောင့်ပင် ကာမဂုဏ်တို့၌ သာယာဖွယ်သည် မရှိငြားအံ့၊ သတ္တဝါတို့သည် ကာမဂုဏ်တို့၌ မတပ်မက်ကုန်ရာ။ ကာမဂုဏ်တို့၌ သာယာဖွယ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် တပ်မက်ကြ ကုန်၏ဟူ၍ မြတ်ဘုရား မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။

ကာမဂုဏ်တို့၏ ငြီးငွေ့ဖွယ် အာဒီနဝကို သိမြင်လာသည့် သူတို့နေရာမှ ကြည့်က ကာမဂုဏ်တို့၌ အပြစ်အာဒီနဝကို တွေ့ရ၏။

ထို့ကြောင့်ပင် ကာမဂုဏ်တို့၌ ငြီးငွေ့ဖွယ် အပြစ်သည် မရှိငြားအံ့၊ သတ္တဝါတို့သည် ကာမဂုဏ်တို့၌ မငြီးငွေ့ကုန်ရာ။ ကာမဂုဏ် တို့၌ ငြီးငွေ့ဖွယ် အပြစ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ငြီးငွေ့ကြကုန်၏ဟူ၍ မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။

ကာမဂုဏ်တို့၏ အပြစ်ကို ကောင်းစွာ သိမြင်လာသူတစ်ဦး အနေဖြင့် ထိုထိုကာမဂုဏ်တို့နှင့် အတူခရီးဆက်လိုသည့် ဆန္ဒတို့ လျော့နည်း ခြောက်ခမ်းလာ၏။ ကာမဂုဏ်တို့မှ ထွက်မြောက်မှု နိဿရဏကိုသာ အလိုရှိလာ၏။ ထိုဆန္ဒကြောင့် ထွက်မြောက်ရာ လမ်းကို ရှာမှီးကြ၏။ ဤသို့ အဆင့်ဆင့် ပြောင်းလဲလာခြင်းသည် စိတ်အဆင့်ဆင့် မြင့်တက်ခြင်းပင် ဖြစ်၏။

ထို့ကြောင့်ပင် ကာမဂုဏ်တို့မှ ထွက်မြောက်ရာသည် မရှိငြားအံ့၊ သတ္တဝါတို့သည် ကာမဂုဏ်တို့မှ မထွက်မြောက်နိုင်ကုန်ရာ။ ကာမဂုဏ်တို့မှ ထွက်မြောက်ရာ ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ထွက်မြောက်နိုင်ကြကုန်၏ဟူ၍ မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။

ကာမဂုဏ်မှ ထွက်မြောက်ရာလမ်း ထွက်မြောက်ရာကျင့်စဉ်ဟူသည် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ သာသနာတော်၌သာ ထင်ရှားရှိသော ကျင့်စဉ် ဖြစ်၏။

ထွက်မြောက်မှု နိဿရဏကို အလိုရှိသည့် သူတော်ကောင်း တစ်ဦး ဖြစ်လာပါမှ ကိလေသာမှ ထွက်မြောက်ကြောင်း အလုပ်ကို လုပ်ဖို့ ညွတ်ကိုင်းရှိုင်းတော့၏။ လုပ်သင့် လုပ်ထိုက်သည့် အလုပ်ကို လုပ်ဖို့ ညွတ်ကိုင်းရှိုင်းလာခြင်း ဖြစ်၏။ ထိုအခါမှ ငါ လုပ်ချင်တာ ဒါပါဟု ဆိုနိုင်သည့် အရည်အချင်းကို ရ၏။ ငါ လုပ်ချင်တာ ဒါပါဟု ဆိုအပ်သည့် ထွက်မြောက်ကြောင်းအကျင့်ဟူသည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ဆိုခြင်း ဖြစ်၏။ ထို မိမိလုပ်ချင်သည့် ထွက်မြောက်ကြောင်း လုပ်သင့် လုပ်ထိုက်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို အားထုတ်ခြင်းကြောင့် အဆုံး၌ တဏှာချုပ်ဆုံးခြင်းဟု ဆိုအပ်သည့် ကိလေသာမှ လွတ်မြောက်ခြင်းသည် ဖြစ်ပေါ်လာ၏။ စိုးရိမ်ရမှု ပူဆွေးရမှုဟူသမျှ ပြီးဆုံးသွားခြင်း ဖြစ်၏။ ပြုဖွယ်ရာကို ပြုပြီးသွားခြင်းဟုလည်း ဆိုရ၏။

တဏှာနှင့် ပညာတို့ ဝိဝါဒ ကွဲကြခြင်း

ကာမဂုဏ်၌ သာယာဖွယ်မျှ မြင်သည့် ပုဂ္ဂိုလ်တို့၏ သာယာဖွယ်ကို ရရှိခြင်းဟူသည် အာသာပြေငြိမ်းသွားသည့် တဏှာချုပ်ငြိမ်း သွားသည့် ဘဝကို ရရှိခြင်း မဟုတ်ပေ။ လိုချင်သည်ကို ရပြီးမှ ငါ တကယ်လိုချင်တာ ဒါမဟုတ်ပါလားဟု အသိဝင်တတ်ကြ၏။ ထိုအသိဝင်ခြင်းသည် ကာမဂုဏ်ကို မြတ်နိုးသည့် တဏှာနှင့် အမှန်ကို မြတ်နိုးသည့် ပညာတို့ ဝိဝါဒ ကွဲပြားကြခြင်း ဖြစ်၏။ ကာမဂုဏ်၏ အပြစ်ကို မမြင်သေးသမျှ ငါ လိုချင်တာ ဒါပါဟု အဖြေမှန်ကို ရနိုင်မည်တော့ မဟုတ်ပေ။ ထို့ကြောင့်ပင် ကာမဂုဏ်ကို မြတ်နိုးသည့် တဏှာ၏ အလိုသို့သာ လိုက်ကြရပြန်၏။ တဏှာလှည့်ကွက်ထဲသို့ ပြန်ဝင်ကြခြင်း ဖြစ်၏။ အာရုံထိုထို လိုချင်သည့် တဏှာအလိုအတိုင်း မိမိကိုယ်ကို တစ်ဖန် ဖြစ်ခွင့်ပေးခြင်းပင် ဖြစ်၏။ တဏှာရှိက လိုချင်မှု အသစ်တစ်ခု ဖြစ်ပေါ်လာပေဦးမည်။ တဏှာရှိနေက လိုချင်မှုတို့ အဆုံးသတ်ကြမည် မဟုတ်။ နောက်ထပ် အသစ်ဖြစ်သော သာယာဖွယ်ကို လိုချင်မှုကြောင့် လုပ်ချင်တာတစ်ခုခု ထွက်ပေါ်လာဦးမည့် ဘဝသာ ဖြစ်၏။

ငါ လုပ်ချင်တာ ထွက်မြောက်မှု နိဿရဏပါ

ထွက်မြောက်မှုကို ရခြင်းသည်ကား အာသာပြေငြိမ်းသွားသည့် တဏှာချုပ်ငြိမ်းသွားသည့် ဘဝကို ရရှိခြင်းသာ ဖြစ်၏။ လုပ်ချင်တာ တစ်ခု ထပ်မံ ထွက်ပေါ်မလာတော့သည့်, ငါ လုပ်ချင်တာကို လုပ်ပြီးသွားသည့်သူ စစ်စစ် ထိုအခါ၌ ဖြစ်လာပေတော့၏။

ငါ လုပ်ချင်တာ ထွက်မြောက်မှု နိဿရဏပါဟု ဆိုနိုင်သည့် ပါရမီတို့ ပြည့်ညီနိုင်ကြပါစေ။

ပါရမီတို့ ပြည့်ညီ၍ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဟု ခေါ်ဆိုအပ်သည့် ထွက်မြောက်ကြောင်းအကျင့်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေ။

ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ၍ နိဗ္ဗာန်ဟူသော ဟိုမှာဘက်ကမ်းသို့ ကူးမြောက် ရောက်ရှိနိုင်ကြပါစေဟု ဆန္ဒပြုလျက်...။

ဆန္ဒမွန်ဖြင့်

အရှင်ရေဝတ

စိတ္တလတောင်ကျောင်း-ဖားအောက်တောရ၊

၁၃၆၇-ခု၊ နယုန်လဆန်း ၆-ရက်၊

(၁၂.၆.၂၀၀၅) တနင်္ဂနွေနေ့။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရေး ပြဿနာပေါင်းခ...