လူမွဲတို့၏ ထွက်ရပ်လမ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နိဒါနကထာ
အမောဃံ (တဿ) ဇီဝိတံ။ (သံ၊၁၊၂၃၄။)
အချည်းနှီးမဟုတ်သော အသက်ရှင်ခြင်း
သတ္တဝါတိုင်း သတ္တဝါတိုင်းသည် ပရိနိဗ္ဗာန် မစံမချင်း အသက်ရှင်နေရသူချည်းသာ ဖြစ်ပေသည်။ ထိုသို့ အသက်ရှင်နေရရာ၌ မွန်မြတ်သော အသက်ရှင်ရခြင်း ရှိသလို ယုတ်ညံ့သော အသက်ရှင်နေရခြင်းလည်း ရှိသည်။ မွန်မြတ်သော အသက်ရှင်ရခြင်းကို အချည်းနှီး မဟုတ်သော အသက်ရှင်ခြင်းဟု ဘုရားရှင်က ဟောကြားထားတော်မူ၏။ ယုတ်ညံ့သော အသက်ရှင်ရခြင်းကိုလည်း အချည်းနှီးသော အသက်ရှင်ခြင်းဟု ပြောင်းပြန် အနက်သဘောအားဖြင့် ဟောကြားထားတော်မူပေ၏။ အချည်းနှီးသော အသက်ရှင်ရခြင်းဟူသည် အဘယ်နည်း? အချည်းနှီးမဟုတ်သော အသက်ရှင်ရခြင်းဟူသည် အဘယ်နည်း? ဤသို့ မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်ပေသည် ----
တစ်ချိန်တွင် တစ်လောကလုံး၏ ကိုးကွယ်အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူသော ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် တောင်ငါးလုံး ပိတ်ဖုံးကာခိုသည့် ရာဇဂြိုဟ်မြို့တော်ဝယ် ရှဉ့်နက်တို့ကို အစာကျွေးကာ မွေးမြူရာဖြစ်သော ဝါးတောပတ်ရံသည့် ဝေဠုဝန်ကျောင်းတိုက်အာရာမ်၌ မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သည့် တရားအမြိုက်စည်ကြီးကို ရိုက်တီးတော်မူကာ သီတင်းသုံး စံနေတော်မူလေသည်။ တစ်နေ့တွင် ဘုရားရှင်သည် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် သက္ကသံယုတ်၌ လာရှိသော ဒလိဒ္ဒသုတ္တန် (သံ၊၁၊၂၃၃။) ကို ဟောကြားတော်မူလေသည်။ ဘုရားရှင်က ယင်းသုတ္တန်ကို လူ့လောကတွင် အဆင့်အတန်း အနိမ့်ကျဆုံး အောက်တန်းအကျဆုံး လူမွဲတစ်ယောက်ကို အကြောင်းပြုကာ ဟောကြားတော်မူခြင်း ဖြစ်၏။
ထိုလူမွဲကား အခြားသူမဟုတ်၊ နာမည်ကျော် သုပ္ပဗုဒ္ဓအနူကြီးပင် ဖြစ်ပေသည်။ ထိုနေ့တွင် ရာဇဂြိုဟ် မြို့သူမြို့သားတို့က မြို့လယ်တွင် မဏ္ဍပ်ကြီး တစ်ခုကို ဆောက်လုပ်ကာ ဘုရားအမှူးရှိသော သံဃာတော်ကို ပင့်ဖိတ်ကာ အလှူဒါနပွဲကြီးတစ်ခုကို ကျင်းပပူဇော်လျက် ရှိကြ၏။ သုပ္ပဗုဒ္ဓအနူကြီးက လည်း ယင်းအလှူမဏ္ဍပ်နှင့် မလှမ်းမကမ်း မနီးမဝေး တစ်နေရာတွင် ပိုလျှံသော စားကြွင်းများကို တောင်းစားရန်ဟူသော ဦးတည်ချက်ဖြင့် ထိုင်စောင့် နေပေသည်။ မြို့သူမြို့သားတို့ကလည်း ဘုရားအမှူးရှိသော သံဃာတော်ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေးပြီးနောက် သုပ္ပဗုဒ္ဓအားလည်း ယာဂုနှင့် ထမင်းကို ပေးလှူကြလေသည်။ မွန်မြတ်သော ဘောဇဉ်ကို စားသုံး လိုက်ရသော ထိုသုပ္ပဗုဒ္ဓ၏ စိတ်သည် တည်ကြည်လာ၏။
ဘုရားရှင်ကလည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးသွားသောအခါ အလှူ ဒါနနှင့် ပတ်သက်သည့် ဝမ်းမြောက်ဖွယ် အနုမောဒနာ တရားစကားတော်ကို မဟောကြားမီတွင် သူတစ်ပါးတို့၏ စိတ်ကို သိတော်မူသည့် စေတောပရိယ အဘိညာဏ်ကို ဝင်စားတော်မူပြီးနောက် သတ္တဝါတို့၏ အတွင်းသဘော အလို ဆန္ဒ အဇ္ဈာသယဓာတ်ကို သိတော်မူသည့် အာသယာနုသယဉာဏ်တော်, သတ္တဝါတို့၏ ဣန္ဒြေအနုံ့အထက် ရင့်ကျက်မှု ရှိ,မရှိကို သိတော်မူသည့် ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်တို့ဖြင့် အဘယ်သူသည် သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်ထိုက်ပါသနည်းဟု ပရိသတ်ကို လှမ်းမြော်ကာ ကြည့်ရှုတော်မူလေသော် ဤသုပ္ပဗုဒ္ဓသည် သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်ထိုက်၏ဟု သိရှိတော်မူသည့်အတွက် သုပ္ပဗုဒ္ဓကိုပင် ဦးတည် အာရုံပြုကာ အနုပုဗ္ဗိကထာဟု ခေါ်ဆိုအပ်သည့် တရားစကားတော်ကို အစဉ်အတိုင်း ဟောကြားပေးတော်မူလေသည်။
၁။ ဒါနနှင့်စပ်သော တရားစကား,
၂။ သီလနှင့်စပ်သော တရားစကား,
၃။ နတ်ရွာသုဂတိနှင့်စပ်သော တရားစကား,
၄။ ကာမဂုဏ်တို့၏ အပြစ်အာဒီနဝ, ကာမဂုဏ်တို့၏ ယုတ်ညံ့ပုံ, ကာမဂုဏ်တို့၏ ညစ်နွမ်းပုံတို့နှင့်စပ်သော တရားစကား,
၅။ ကာမဂုဏ်မှ ထွက်မြောက်ခြင်း၌ ရရှိနိုင်သော အကျိုးအာနိသံသနှင့် ဆက်စပ်သော နေက္ခမ္မေ အာနိသံသကထာ- တရားစကား,
ဤတရားစကားတော်တို့ကို အစဉ်အတိုင်း ဟောကြားပေးတော်မူလေသည်။ ကာမဂုဏ်မှ ထွက်မြောက်ကြောင်းဖြစ်သည့် နေက္ခမ္မဓာတ်နှင့် ဆက်စပ်နေသည့် နေက္ခမ္မေ အာနိသံသကထာကို ဟောကြားထားတော်မူရာ၌ -
ပဗ္ဗဇ္ဇာ ပဌမဇ္ဈာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။
သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မန္တိ ပဝုစ္စရေ။ (ဣတိဝုတ်၊ဋ္ဌ၊၃၃၁။)
ဟူသော အဋ္ဌကထာအဖွင့်များနှင့်အညီ သမထပိုင်း ဝိပဿနာပိုင်းများ ပါဝင်သည့် ကျင့်စဉ် နှစ်ပိုင်းလုံးကိုပင် ဟောကြားပေးတော်မူလေသည်။ သမထကျင့်စဉ်ပိုင်းကို ဟောကြားတော်မူရာ၌ သမထစျာန်များကိုလည်း ထည့်သွင်းကာ ဟောကြားသွားတော်မူပေသည်။ သမထစျာန်နှင့် ဆက်စပ်သည့် တရားစကားတော်တို့သည်လည်း ကာမဂုဏ်မှ ထွက်မြောက်ကြောင်း နေက္ခမ္မကထာ တရားစကားတော်တို့ပင် ဖြစ်ကြပေသည်။ သုပ္ပဗုဒ္ဓကြီးသည် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူသည့် ဒေသနာတော်နောက်သို့ ဉာဏ်ကို စေလွှတ်ကာ လက်တွေ့ လိုက်ကျင့်နိုင်လေသည်။ အောင်မြင်မှုကို ရရှိလာသော သုပ္ပဗုဒ္ဓ၏ စိတ်အစဉ်ဝယ် တည်ကြည်သော သမာဓိများ ကိန်းဝပ်လာကြပေသည်။ စိတ်ဓာတ်သည်လည်း ပီတိစွမ်းဟုန်ကြောင့် ရွှင်လန်း တက်ကြွလျက် ရှိနေ၏။ သုပ္ပဗုဒ္ဓ၏သန္တာန်ဝယ် -----
၁။ ဘုရားရှင် ဟောကြားတော်မူအပ်သော တရားဒေသနာတော်အပေါ်၌ မယုံကြည်ခြင်း အဿဒ္ဓိယစသော စိတ်၏ အညစ်အကြေးများ ကင်းစင် သွားခြင်းကြောင့် အထက်၌ ဟောကြားတော်မူလတ္တံ့ဖြစ်သော သစ္စာလေးပါးတရားဒေသနာတော်ကို ခံယူဖို့ရန် အခန့်သင့်ဖြစ်သော စိတ် (= ကလ္လစိတ္တ),
၂။ ဒိဋ္ဌိမာနစသော ကိလေသာ အညစ်အကြေး ကင်းစင်သဖြင့် နူးညံ့သောစိတ် (= မုဒုစိတ္တ),
၃။ ကာမဂုဏ်၌ လိုလားတပ်မက်ခြင်း = ကာမစ္ဆန္ဒအစရှိသော စျာန်မဂ် ဖိုလ်ကို တားမြစ်နှောင့်ယှက်တတ်သည့် နီဝရဏကိလေသာ အညစ် အကြေး ကင်းစင်သောစိတ် (= ဝိနီဝရဏစိတ္တ),
၄။ ကောင်းမွန်မှန်ကန်စွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည့် သမ္မာပဋိပတ်ကျင့်စဉ်ကို ကျင့်ရာ၌ (= မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ကျင့်ရာ၌) စိတ်အစဉ်ဝယ် ပြန့်ပြောကြီးကျယ် မြင့်မြတ်သည့် နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားနှင့် ယှဉ်တွဲနေသောကြောင့် တက်ကြွသောစိတ် (= ဥဒဂ္ဂစိတ္တ),
၅။ ဝိစိကိစ္ဆာတရား၏ ကင်းကွာ၍သွားခြင်းကြောင့် ရတနာသုံးပါးနှင့် သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ လွတ်လွတ် သက်ဝင်ယုံကြည်ချက် သဒ္ဓါတရား ပြည့်ဝစုံညီလာသဖြင့် ကြည်လင်သောစိတ် (= ပသန္နစိတ္တ), (ဥဒါန၊ဋ္ဌ၊၂၅၇။)
ဤကဲ့သို့သော စိတ်ဓာတ်များ ကိန်းဝပ်တည်ရှိနေသည်ကို ဘုရားရှင်က သိရှိတော်မူသောအခါ ဘုရားရှင်တို့၏ ရွှေနှုတ်တော်မှ တိုက်ရိုက် ထွက်ပေါ်တော်မူလာသည့် တရားဒေသနာတော်ဖြစ်ခြင်းကြောင့် သာမုက္ကံသိကဒေသနာဟု အမည်တွင်သော အရိယသစ္စာလေးပါးနှင့်စပ်သော တရားစကားတော်တို့ကို တစ်ဆင့်တက်ကာ ဟောကြားပေးတော်မူလေသည်။ (ဥဒါန၊၁၃၅။)
အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့က သုပ္ပဗုဒ္ဓ၏သန္တာန်၌ နီဝရဏ ကိလေသာ အညစ်အကြေးတို့မှ ကင်းစင်သော စိတ်ဓာတ်များလည်း တည်ရှိလာကြောင်းကို ဟောကြားဖွင့်ဆိုထားတော်မူသဖြင့် ထိုအချိန်အခါတွင် သုပ္ပဗုဒ္ဓ၏သန္တာန်၌ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိတရားသည်လည်း ထင်ရှားဖြစ်ပေါ်လာပြီဟု သိရှိနိုင်ပေသည်။ သမထပိုင်းတွင် အောင်မြင်မှုကို ရရှိလာသောအခါ အရိယသစ္စာလေးပါးတို့ကို ပြည့်ပြည့်စုံစုံ ထွင်းဖောက်သိမြင်နိုင်ရေးအတွက် ဒုက္ခသစ္စာ သမုဒယသစ္စာဟု ခေါ်ဆိုအပ်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြသော သင်္ခါရတရား တို့ကို ဝိပဿနာရှုပွားသုံးသပ်ပုံအပိုင်းတို့ကို ဆက်လက်ကာ ဟောကြားပေးတော်မူလေသည်။
သုပ္ပဗုဒ္ဓကလည်း ယင်းဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရား တို့ကို ဝိပဿနာရှုပွားသုံးသပ်နိုင်သဖြင့် ရင့်ကျက်လာသော ဝိပဿနာဉာဏ် တို့၏ အဆုံးဝယ် မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည် ကို ကောင်းစွာ ခံယူနိုင်သကဲ့သို့ အလားတူပင် သုပ္ပဗုဒ္ဓ၏သန္တာန်၌ ထိုနေရာ မှာပင် ကိလေသာ မြူအညစ်အကြေး ကင်းစင်သော သောတာပတ္တိမဂ်ဉာဏ် အမြင်သည် ထင်ရှားဖြစ်ပေါ်ခဲ့လေပြီ = အရိယသစ္စာလေးရပ် တရားမြတ်တို့ ကို သောတာပတ္တိမဂ်ဉာဏ်တည်းဟူသော လောကုတ္တရာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သွားလေသည်။
ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ။
= ဖြစ်သည့်တရားမှန်က ပျက်နေ၏ဟူသော အသိဉာဏ်သည်လည်း စွဲမြဲစွာ တည်ရှိသွားပေသည်။ (ဥဒါန၊၁၃၅။ သံ၊၁၊၂၃၃။ သံ၊ဋ္ဌ၊၁၊၃၂၀။ ဥဒါန၊ဋ္ဌ၊၂၅၅-၂၅၇။)
သုပ္ပဗုဒ္ဓကြီးသည် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်၌ တည်ပြီးသောအခါ မိမိ ရရှိထားပြီးသည့် လောကုတ္တရာ တရားထူး တရားမြတ်၏ ဂုဏ် ကျေးဇူးကို ဘုရားရှင်အား တင်ပြလျှောက်ထားလိုခဲ့၏။ သို့သော် မိမိ၏ လက်ရှိဘဝ အခြေအနေက ပရိသတ်အလယ်သို့ ဝင်ရောက်သွားဖို့ရန် မဝံ့ရဲသော အခြေအနေမှာ တည်ရှိနေ၏။ ထိုကြောင့် အလှူရှင် တရားနာပရိသတ် အပေါင်း သူတော်ကောင်းတို့က ဘုရားရှင်အား ရှိခိုးကြပြီးနောက် ဘုရားရှင်က ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ ဘုရားရှင်၏ နောက်တော်သို့ အတန်ငယ် အစဉ်လိုက်ပါလာကြပြီးနောက် တစ်ဖန် ပြန်လှည့်သွားကြသောအခါ ဘုရားရှင်သည်လည်း ဝေဠုဝန်ကျောင်းတိုက်တော်သို့ ရဟန်း သံဃာတော်အပေါင်း ခြံရံလျက် ပြန်ကြွတော်မူခဲ့လေသည်။ ထိုအခါ သုပ္ပဗုဒ္ဓ သည်လည်း ဘုရားရှင်၏ နောက်တော်မှ ဝေဠုဝန်ကျောင်းတိုက်တော်သို့ လိုက်ပါသွားခဲ့လေသည်။ (ဥဒါန၊ဋ္ဌ၊၂၅၈။)
ဤအရာတွင် ဥဒါန်းအဋ္ဌကထာက ဤသို့ ဆက်လက်ကာ ဖွင့်ဆိုထားလေသည် ---
သုပ္ပဗုဒ္ဓသည်လည်း ဝေဠုဝန်ကျောင်းတိုက်တော်သို့ ဘုရားရှင်၏ နောက် တော်မှ လိုက်ပါနေသည်ကို နတ်တို့သေဌ်နင်း သိကြားမင်းကြီးကလည်း မြင်သိလေသည်။ ထိုအခါ သိကြားမင်းကြီးက ဤသုပ္ပဗုဒ္ဓ အနူကြီးသည် ဘုရားရှင်၏ အဆုံးအမ သာသနာတော်၌ မိမိရရှိထားသည့် သောတာပန် ဟူသော ဂုဏ်ကျေးဇူးကို ထင်ရှားပြလိုသည်ဟု သိရှိသည့်အတွက် သုပ္ပဗုဒ္ဓကြီးကို ငါ စုံစမ်းကြည့်ပေအံ့ဟူသော ဦးတည်ချက်ဖြင့် လာရောက်ကာ ကောင်းကင်၌ ရပ်တည်ပြီးလျှင် ဤစကားကို ပြောကြားလိုက်လေသည် ---
သုပ္ပဗုဒ္ဓ ... သင်ဟာ လူဆင်းရဲတစ်ဦးလည်း ဖြစ်တယ်၊ အထီးကျန်သူ တစ်ဦးလည်း ဖြစ်တယ်၊ အောက်တန်းစား လူသားတစ်ဦးလည်း ဖြစ်တယ်၊ ငါဟာ သင့်အား အတိုင်းအတာ ပမာဏမရှိသည့် စည်းစိမ်ဥစ္စာကို ပေးမယ်၊ ဘုရားကို ဘုရားမဟုတ်လို့, တရားကို တရားမဟုတ်လို့, သံဃာကို သံဃာမဟုတ်လို့ ပြောပါ၊ ငါ့အား ဘုရားဖြင့် အလိုမရှိ, ငါ့အား တရားဖြင့် အလိုမရှိ, ငါ့အား သံဃာဖြင့် အလိုမရှိလို့ ပြောပါဟု တိုက်တွန်းစကား ပြောကြားလိုက်လေသည်။
ထိုအခါ သုပ္ပဗုဒ္ဓက -- ယခု စကားပြောနေတဲ့ သင်ဟာ ဘယ်သူလဲ?ဟု မေးမြန်းလိုက်၏။ ငါဟာ နတ်တို့သေဌ်နင်း သိကြားမင်း ဖြစ်တယ်ဟု ပြန်ပြောလိုက်သောအခါ --
ဟယ် ...အရှက်မရှိသည့် လူမိုက်၊ သင်ဟာ ငါနှင့် စကားပြောဖို့ရန် မလျော်ကန်တဲ့သူ ဖြစ်တယ်၊ သင်ဟာ မပြောသင့်တဲ့စကားကို ပြောဆိုနေတယ်၊ တကယ်တော့ သင်ဟာ ငါ့ကို အထီးကျန် သူဆင်းရဲ ငမွဲပဲလို့ ပြောဆိုနေတယ်၊ သင်က ငါ့ကို ဘာကြောင့် ဒီလို ပြောဆိုနိုင်ရသလဲ? ငါဟာ တစ်လောကလုံးရဲ့ ကိုးကွယ်အားထားရာဖြစ်တော်မူတဲ့ ဘုရားရှင်ရဲ့ ရွှေ ရင်တော်နှစ် သားတော်ရင်းအစစ် ဖြစ်တယ်မဟုတ်ဘူးလား? ငါဟာ ငမွဲလည်း မဟုတ်ဘူး၊ အထီးကျန်သူလည်း မဟုတ်ဘူး၊ အောက်တန်းစား လူသားလည်း မဟုတ်ဘူး၊ တကယ်စင်စစ်မှာတော့ ငါဟာ လွန်မြတ်သော ချမ်းသာသုခဖြင့် ချမ်းသာခြင်းသုခသို့ ရောက်ရှိနေတဲ့ (သူတော်ကောင်းဥစ္စာ ဆိုတဲ့) ပစ္စည်းဥစ္စာ ပေါများကြွယ်ဝတဲ့ လူချမ်းသာတစ်ဦးသာ ဖြစ်တယ်ဟု ဤသို့ ပြောဆိုလိုက် လေသည်။ ဤမျှသာမကသေး၊ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် သံခိတ္တဓန သုတ္တန်, ဝိတ္ထတဓနသုတ္တန်တို့၌ လာရှိသည့် ဂါထာဒေသနာတော်နှစ်ခုတို့ကိုပါ ရွတ်ဆိုပြလိုက်လေသည်။
သဒ္ဓါဓနံ သီလဓနံ၊ ဟိရီ ဩတ္တပ္ပိယံ ဓနံ။
သုတဓနဉ္စ စာဂေါ စ၊ ပညာ ဝေ သတ္တမံ ဓနံ။
ယဿ ဧတေ ဓနာ အတ္ထိ၊ ဣတ္ထိယာ ပုရိသဿ ဝါ။
အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ။ (အံ၊၂၊၃၉၈-၃၉၉။)
ဤဂါထာနှစ်ခုတို့ကိုပါ ရွတ်ပြလိုက်လေသည်။ ယင်းဂါထာနှစ်ခုတို့၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏ -----
သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရိ, ဩတ္တပ္ပဟူသည့် သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ ရှိပေသည်။ အမျိုးသမီးပဲ ဖြစ်ဖြစ်, အမျိုးသားပဲ ဖြစ်ဖြစ် ဤသူတော်ကောင်းဥစ္စာ ခုနစ်ဖြာတို့ ထင်ရှားရှိနေသည့် သူသာ မှန်ခဲ့လျှင် ယင်းသူတော်ကောင်းကို အဒလိဒ္ဒ = မဆင်းရဲသူ = လူမွဲမဟုတ်ဟု ဘုရားအစရှိကုန်သော ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းစကား မိန့်ကြားထားတော်မူကြပေသည်။ ထိုပုဂ္ဂိုလ်၏ အသက်ရှင်ခြင်းကိုလည်း အချည်းနှီး မဟုတ်သော အသက်ရှင်ခြင်းဖြစ်သည်ဟု ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ (အံ၊၂၊၃၉၀-၃၉၉။)
ဤတရားဒေသနာတော်ကို ကိုးကားကာ သုပ္ပဗုဒ္ဓက သိကြားမင်းကြီးအား ဒီလို ဘုရားရှင် ဟောကြားထားတော်မူတဲ့ သူတော်ကောင်းဥစ္စာ ခုနစ်ဖြာတို့ဟာ ငါ့ရဲ့သန္တာန်မှာ ထင်ရှား ရှိနေကြတယ်။ ဒီလို သူတော်ကောင်းဥစ္စာ ခုနစ်ဖြာတို့နှင့် ပြည့်စုံနေတဲ့ သူတွေကို သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကရော, ပစ္စေကဗုဒ္ဓဘုရားရှင်တို့ကရော ဒလိဒ္ဒ = လူမွဲလို့ မခေါ်ဆိုကြပါဘူးဟု ဤကဲ့သို့ ပြန်ပြောလိုက်လေသည်။
နတ်တို့သေဌ်နင်း သိကြားမင်းကြီးသည်လည်း ဤစကားကို ကြားရပြီးနောက် သုပ္ပဗုဒ္ဓကြီး ဘုရားရှင်၏ ထံတော်မှောက်သို့ မဆိုက်ရောက်မီ အချိန် ကာလအတွင်းမှာပင် ဘုရားရှင်၏ ထံတော်မှောက်သို့ အရောက်သွားကာ သုပ္ပဗုဒ္ဓကြီးနှင့် မိမိတို့ အချီအချ ပြောကြားခဲ့ကြသည့် စကားအရပ်ရပ်တို့ကို ဘုရားရှင်အား တင်ပြလျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင်က နတ်တို့သေဌ်နင်း သိကြားမင်းကို -- ဒါယကာတော် သိကြား ... သင်ကဲ့သို့သော သိကြားမင်းပေါင်း အရာတို့ကသော်လည်းကောင်း, အထောင်တို့ကသော်လည်းကောင်း သုပ္ပဗုဒ္ဓအနူကြီးကို ဘုရားသည် ဘုရားမဟုတ်, တရားသည် တရားမဟုတ်, သံဃာသည် သံဃာမဟုတ်ဟု ပြောဆိုစေဖို့ရန် စွမ်းနိုင်ကြမည် မဟုတ်ကြပါဟု မိန့်ကြားတော်မူလိုက်လေသည်။ (ဥဒါန၊ဋ္ဌ၊၂၅၈-၂၅၉။)
ဤ၌ မှတ်သားစေလိုသော အချက်တစ်ရပ်
အထက်ပါ သုပ္ပဗုဒ္ဓကြီးက နတ်တို့သေဌ်နင်း သိကြားမင်းအား ပြောဆို လိုက်သည့် စကားရပ်တို့ကို ကြည့်ပါက သုပ္ပဗုဒ္ဓကြီးသည် ဘုရားရှင်၏ တရားတော်တို့ကို အကြိမ် တော်တော်များများ နာကြားဖူးပြီးဖြစ်ကြောင်းကို သိရှိ နိုင်ပေသည်။ တစ်ဖန် သုပ္ပဗုဒ္ဓကြီးသည် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရိ, ဩတ္တပ္ပ -- တည်းဟူသော သူတော်ကောင်းဥစ္စာ ခုနစ်ဖြာဟူသည့် ပါရမီ တရားအပေါင်းတို့ကို ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်းကောင်း, ဤဂေါတမဘုရားရှင်၏ သာသနာတော်တွင်း၌လည်းကောင်း သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ ဆိုက်သည်အထိ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထွင်းဖောက်သိမြင်နိုင်လောက်အောင် ပြုစုပျိုးထောင်ထားပြီး ဖြည့်ကျင့်ဆည်းပူး စုဆောင်းထားပြီး ဖြစ်သည်ဟုလည်း သိရှိနိုင်ပေသည်။
အကြောင်းမူ -- ထိုနေ့ တရားပွဲတွင် တရားမဟောမီ ဘုရားရှင်က တရားနာပရိသတ်တို့ကို အဘိညာဏ်ဉာဏ်တော်မြတ်ဖြင့် လှမ်းမြော်ကြည့်ရှု တော်မူလိုက်သောအခါ ယင်းပရိသတ်ထဲတွင် သုပ္ပဗုဒ္ဓကြီးတစ်ဦးသည် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိနိုင်လောက်အောင် သူ၏ ပါရမီတရား အပေါင်းတို့က ရင့်ကျက်လာကြပြီဟူသည့် အကြောင်းအရာကို ဘုရားရှင်က တွေ့မြင်တော်မူသောကြောင့် ဖြစ်၏။ (ဥဒါန၊ဋ္ဌ၊၂၅၅။) တစ်ဖန် သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးကလည်း ဤသို့ ဖွင့်ဆိုထားပြန်၏ ---
အရိယသာဝကော နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)
ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)
တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
တစ်ဖန် ပဋိသမ္ဘိဒါဝိဘင်းပါဠိတော် သစ္စဝါရဒေသနာတော်၌လည်း ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏ ---
၁။ ဒုက္ခေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။
၂။ ဒုက္ခသမုဒယေ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။
၃။ ဒုက္ခနိရောဓေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။
၄။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။
၅။ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ။
၆။ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇။)
၁။ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်မည်၏။
၂။ သမုဒယသစ္စာ၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်၏။
၃။ ဒုက္ခနိရောဓသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်မည်၏။
၄။ ဒုက္ခနိရောဓသစ္စာသို့ ရောက်ကြောင်း ကျင့်စဉ်၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်၏။
၅။ ထိုသစ္စာလေးပါးတို့၏ (မာဂဓဘာသာ) အခေါ်အဝေါ် အသုံးအနှုန်း၌ သိသောဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ်မည်၏။
၆။ ထိုအတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ် တို့ကို ထိုးထွင်းသိတတ်သော ဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏။ (အဘိ၊၂၊၃၀၇။)
ဤသစ္စဝါရဒေသနာတော်များကို ရည်ညွှန်းလျက် အထက်တွင် တင်ပြထားသော သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက -- ပဋိသမ္ဘိဒါဉာဏ်သို့ မရောက်ရှိသော အရိယာသူတော်ကောင်းမည်သည် မရှိစကောင်းဟု ဖွင့်ဆို ထား၏။ သစ္စာလေးပါးကို ထိုးထွင်းမသိသော အရိယာသူတော်ကောင်း မည်သည် မရှိစကောင်းဟု ဆိုလိုရင်း ဖြစ်၏။
ထိုသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာ တရားနှစ်ပါးတို့ကား သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် ဝဋ္ဋသစ္စာတရားတို့ ဖြစ်ကြ၏။ နိရောဓသစ္စာ မဂ္ဂသစ္စာ တရားနှစ်ပါးတို့ကား သံသရာဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဝိဝဋ္ဋသစ္စာတရားတို့ ဖြစ်ကြ၏။ ထိုဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂါဝစရရဟန်းတော်သည် ဝဋ္ဋသစ္စာတရားနှစ်ပါး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းအမှုကို ပြုအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ -- ဟူသော ဓမ္မစကြာဒေသနာတော်များနှင့်အညီ ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား + နာမ်တရားတို့ကား ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြ၏။
အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂-၁၈၂။)
ဤသို့ စသော အဋ္ဌကထာအဖွင့်များနှင့်အညီ ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာ ငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြောင်းတရားများ ဖြစ်ကြသော အတိတ် ဘဝက ပြုစုပျိုးထောင်ခဲ့သည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ-နှင့် နောင်အနာဂတ် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားအတွက် ပစ္စုပ္ပန်တွင် ပြုစု ပျိုးထောင်နေသော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ -- တို့ကား သမုဒယသစ္စာတရားစုတို့ ဖြစ်ကြ၏။
ယင်းဒုက္ခသစ္စာ အမည်ရသော ရုပ်တရား နာမ်တရားနှင့် သမုဒယသစ္စာ အမည်ရသော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အကြောင်းတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ သင်္ခါရတရားတို့ ဖြစ်ကြ၏။
အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)
= အနိစ္စ, ဒုက္ခ, အနတ္တစသော အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသည့် သင်္ခါရဓမ္မတို့ကို ရှုတတ်သောကြောင့် ဝိပဿနာမည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)
ဤအဋ္ဌကထာ၏ ရှင်းလင်းချက်နှင့်အညီ ယင်းသင်္ခါရတရားတို့ကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု ရှုပွားသုံးသပ်တတ်သော ဉာဏ်သည် ဝိပဿနာ မည်ပေသည်။
အထက်တွင် တင်ပြထားသော သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက-
၁။ ရှေးရှေး အတိတ်ဘဝ၌လည်းကောင်း,
၂။ ယခု ပစ္စုပ္ပန်ဘဝ၌လည်းကောင်း,
သင်္ခါရတရားတို့ကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း = သင်္ခါရသမ္မသနဟူသည့် ပုဗ္ဗယောဂ ကျင့်စဉ်နှင့် ကင်း၍ သစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်ခြင်း = ပဋိသမ္ဘိဒါ ဉာဏ်မည်သည် မရှိစကောင်းပါဟု ဆုံးဖြတ်ထားပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)
ဤအထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့၌ လာရှိသည့်အတိုင်း သုပ္ပဗုဒ္ဓကြီးသည် ရှေးရှေးအတိတ်ဘဝတို့ကလည်း သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ခဲ့ဖူး၏။ ဤယခု ပစ္စုပ္ပန်ဘဝတွင်လည်း ဝိပဿနာ ဉာဏ်များ ရင့်ကျက်လာသည့်တိုင်အောင် ယင်းသင်္ခါရတရားတို့ကို ရှုပွား သုံးသပ်ခဲ့ဖူး၏ဟု မှတ်သားပါလေ။ ထိုကဲ့သို့ ဝိပဿနာဉာဏ်များ ရင့်ကျက် လာသောအခါမှလည်း ဘုရားရှင်က သစ္စာလေးပါးနှင့်စပ်သော တရားစကားတော်များကို ဟောကြားပေးတော်မူခြင်း ဖြစ်ပေသည်။ ယင်းတရားတော်ကို နာကြားပြီးသည်၏အဆုံး၌ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်သို့လည်း ဆိုက်ရောက်သွားခြင်းဖြစ်သည်ဟုလည်း မှတ်သားပါလေ။
ဘုရားရှင်ထံတော်သို့ ဆိုက်ရောက်သွားခြင်း
ဤအပိုင်းတွင် ဥဒါန်းပါဠိတော်က ဤကဲ့သို့ ဖော်ပြထားပေသည် --- ထိုအခါ သုပ္ပဗုဒ္ဓအနူကြီးသည် (ဝိပဿနာသမ္မာဒိဋ္ဌိ + မဂ္ဂသမ္မာဒိဋ္ဌိ ဟူသော နှစ်မျိုးသော) သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် သိမြင်အပ်ပြီးသော သစ္စာလေးပါး တရား ရှိသည်ဖြစ်၍, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဆိုက်ရောက်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိအပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထက်ဝန်းကျင် ပြည့်ပြည့်စုံစုံ သက်ဝင်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍, သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်နိုင်သည်ဖြစ်၍, သစ္စာလေးပါး မြတ်တရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်မှု၌ ရဲရင့်ခြင်းသို့ ရောက်ရှိသည်ဖြစ်၍, ဘုရားရှင်၏ အဆုံးအမသာသနာတော်၌ သစ္စာလေးရပ်တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ဖြစ်သဖြင့် သစ္စာလေးပါး မြတ်တရားတို့အပေါ်၌ သူတစ်ပါးတို့အား ကိုးစားကာ ယုံကြည်မှုမျိုး မရှိသည်ဖြစ်၍ ဘုရားရှင် ရှိတော်မူရာ အရပ်သို့ ချဉ်းကပ်ကာ အလွန် ရိုသေစွာ ရှိခိုးပြီးနောက် သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ထိုင်ကာ ဘုရားရှင်အား ဤသို့ လျှောက်ထားလေသည်။
မြတ်စွာဘုရား ... တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊ မြတ်စွာဘုရား ... တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ မြတ်စွာဘုရား ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာမည်သည်ကား -- မှောက်ထားသော အရာဝတ္ထုကိုမူလည်း လှန်ပြလိုက်ဘိသကဲ့သို့, ဖုံးလွှမ်း၍ ထားအပ်သော အရာဝတ္ထုကိုမူလည်း ဖွင့်လှစ်၍ ပြလိုက်ဘိသကဲ့သို့ မျက်စိလည် လမ်းမှားနေသူအားမူလည်း လမ်းမှန်ကို ပြောကြားပြလိုက်ဘိသကဲ့သို့, မျက်စိအမြင် ရှိကြကုန်သော သူတို့သည် ရူပါရုံ အမျိုးမျိုးတို့ကို တွေ့မြင်ကြကုန်လတ္တံ့ဟု နှလုံးပိုက်ကာ အမိုက်မှောင်ထဲ၌မူလည်း ဆီမီးတန်ဆောင်ကို ထွန်းညှိကာ ကိုင်ဆောင်ပြလိုက်ဘိသကဲ့သို့ -- အလားတူပင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် တစ်ပါးမက များပြားလှသော အကြောင်းပရိယာယ်ဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ် ပါပေပြီ။ ဘုန်းတော်ကြီးမြတ်တော်မူပါပေသော မြတ်စွာဘုရား ... ထို ဘုရားတပည့်တော်သည် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကိုလည်း ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ ရှစ် ယောက်ထင်ပေါ် အရိယာသံဃာတော်မြတ်အပေါင်းကိုလည်း ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် တပည့်တော်ကို ယနေ့ကို အစပြု၍ အသက်ရှည်သမျှ ကာလပတ်လုံး ရတနာသုံးပါးကို ယုံကြည်သိမှတ် ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာ ဒါယကာဟူ၍ အသိအမှတ် ပြုတော်မူပါဘုရားဟု သရဏဂုံ ဆောက်တည်ကျင့်သုံးမှုကို ဘုရားရှင်အား တင်ပြလျှောက်ထားလေသည်။ (ဥဒါန၊၁၃၅။)
သုပ္ပဗုဒ္ဓကြီးသည်ကား လောကုတ္တရာသရဏဂုံ တည်ပြီးသူပင် ဖြစ်၏။ အဘယ်ကြောင့် ယခုကဲ့သို့ သရဏဂုံကို ထပ်မံ ဆောက်တည်နေရပါသနည်းဟု မေးရန်ရှိ၏။ အထက်ပါအတိုင်း တရားဒေသနာတော်ကို ချီးမွမ်းတော်မူ ပြီးနောက် ထိုဒေသနာတော်ကြောင့် ရတနာသုံးပါးအပေါင်း၌ ကြည်ညိုသော စိတ်ဓာတ် ကိန်းဝပ်လာသည်ဖြစ်ရကား ပသန္နာကာရ = ကြည်ညိုသောအခြင်းအရာ အတွင်းသဘော အလိုဆန္ဒ = အဇ္ဈာသယဓာတ်ကို ထင်ရှား ပြုလုပ်ပြလိုသည့်အတွက် ယခုကဲ့သို့ သရဏဂုံ ဆောက်တည်ကျင့်သုံးသွားခြင်း ဖြစ်ပေသည်။ (ဥဒါန၊ဋ္ဌ၊၂၆၁။)
ထိုအခါ သုပ္ပဗုဒ္ဓအနူကြီးသည် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်က တရားစကားတော်ဖြင့် သစ္စာလေးရပ် တရားမြတ်ကို ထင်ရှားပြတော်မူအပ် သည်ရှိသော်, တရားတော်ကို ကျင့်သုံးဖို့ရန် ကောင်းစွာ ဆောက်တည်စေ အပ်သည်ရှိသော်, တရားတော်ကို ကျင့်သုံးဖို့ရန် ဉာဏ်ကို ကောင်းစွာ ထက်မြက်စေအပ်သည်ရှိသော်, တရားတော်ကို ကျင့်သုံးဖို့ရန် စိတ်ဓာတ်ကို ကောင်းစွာ ရွှင်လန်းတက်ကြွစေအပ်သည်ရှိသော် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်က ဟောကြားပြသဆိုဆုံးမတော်မူအပ်သော တရားစကားတော်ကို အလွန်အမင်း နှစ်သက်ကြည်ဖြူ ဝမ်းမြောက်တော်မူလေသောကြောင့် ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုပြီးနောက် ထိုင်ရာနေရာမှ ထကာ ဘုန်းတော် ခြောက်ပါးသခင် ဘုရားရှင်ကို အလွန် ရိုသေစွာ ရှိခိုးဝတ်ပြုပြီးနောက် ဘုရားရှင်ဘက်သို့ လက်အုပ်အဉ္ဇလီ မြှောက်ချီကာ လက်ျာရစ် သုံးကြိမ်တိုင်တိုင် လှည့်လည်ပြီးလျှင် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်အပေါ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိလျက် ဘုရားရှင်ကို ဖူးမြင်၍ မြင်နိုင်လောက်သော အာရုံပြုနိုင်လောက်သော အရပ်ကို ကျော်လွှားလွန်မြောက်သည်တိုင်အောင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကိုသာလျှင် လက်အုပ်အဉ္ဇလီ မြှောက်ချီကာ ရှိခိုးလျက် ဖဲခွာသွားလေသည်။ (ဥဒါန၊၁၃၆။ ဥဒါန၊ဋ္ဌ၊၂၆၂။)
ယင်းကဲ့သို့ ဖဲခွာသွားနေသော သုပ္ပဗုဒ္ဓကြီးကား ထိုအချိန်အခါတွင် နူနာရောဂါဖြင့် အပြင်းအထန် အနှိပ်စက်ခံနေရသူလည်း ဖြစ်၏၊ လက်ချောင်း ခြေချောင်းတို့ကလည်း ပြတ်နေကြ၏၊ နားနှစ်ဖက်တို့ကလည်း အမိဝမ်းထဲ ကတည်းက ပျက်စီးခဲ့ကြသဖြင့် နားရွက်တို့ကလည်း မရှိ ဖြစ်နေကြ၏။ မြက်မီးရှူးဖြင့် အရှို့မြှိုက်ခံရသကဲ့သို့ အလွန် ပူလောင်သော ခန္ဓာကိုယ်လည်း ရှိနေ၏၊ ခန္ဓာကိုယ်၏ နေရာအနှံ့အပြားမှ ပြည်သွေးတို့ကလည်း တစီစီ ယိုစီးလျက် ရှိနေကြ၏၊ အသားများ ကြွေကျနေကြသော အိုင်းအမာနာတို့ဖြင့် အလွန် ဆင်းရဲသည့် ဒုက္ခဝေဒနာတို့ကလည်း အပြင်းအထန် နှိပ်စက်နေကြ၏၊ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်, မကောင်းသော အနံ့အသက်တို့ကလည်း တလှိုင်လှိုင် ထွက်ပေါ်လျက် ရှိကြ၏၊ စက်ဆုပ်ဖွယ် အကောင်းဆုံး အခြေအနေမှာ တည်ရှိနေ၏၊ သနားစဖွယ် အကောင်းဆုံးသော အခြေအနေသို့ ဆိုက်ရောက်နေ၏။
ဤကဲ့သို့သော ခန္ဓာကိုယ် ရူပကာယကြီးသည် အလွန် ငြိမ်သက် အေးချမ်းလှသော အမွန်မြတ်ဆုံး ဓမ္မဖြစ်သည့် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်တည်းဟူသော အရိယဓမ္မ၏တည်ရာ ဖြစ်ဖို့ရန် မသင့်တော်တော့ပေ။
ဤကဲ့သို့ ဖြစ်ပေါ်လာသော နှလုံးသွင်း အဇ္ဈာသယဓာတ် ရှိသကဲ့သို့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတို့ ပြဓာန်းလျက်ရှိသော သူစုဆောင်းထားသည့် ကောင်းမှုကုသိုလ်ကံတို့တွင် တစ်ခုသော နတ်ပြည်၌ ဖြစ်စေတတ်သော ကောင်းမှုကုသိုလ်ကံကလည်း အကျိုးပေးဖို့ရန် ခွင့်ပြုလျက် ရှိနေ၏၊ အနူဘဝသက်တမ်းကို တိုစေတတ်သော မူလအနူဘဝသို့ရောက်အောင် ပို့ဆောင်ပေးတတ်သော ကံ၏အကျိုးတရားကို ကပ်၍ ဖြတ်တတ်သော အတိတ်က ဆည်းပူးခဲ့ ပြုစုပျိုးထောင်ခဲ့သော ပြည့်တန်ဆာမတစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည့် မကောင်းမှု အကုသိုလ်ကံကလည်း အကျိုးပေးဖို့ရန် အသက်ကို တိုသွားအောင် ဖြတ်တောက်ပစ်ဖို့ရန် တိုက်တွန်းလှုံ့ဆော်လျက် ရှိနေ၏။ ထိုအချိန်အခါတွင် နွားသားငယ်ကလေး ရှိနေသော နွားမတစ်ကောင်က ဝှေ့သတ်လိုက်လေသည်။ သို့မဟုတ် အတိတ်ဘဝက ရန်သူဖြစ်ခဲ့ဖူးသော ဘီလူးမက ယင်းနွားမ၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ပူးကာ ဝှေ့သတ်လိုက်လေသည်၊ အသက်ကုန်ခြင်းသို့ ရောက်ရှိသွားပေသည်။ (ဥဒါန၊၁၃၆။ ဥဒါန၊ဋ္ဌ၊၂၆၂။)
သုပ္ပဗုဒ္ဓကြီးသည်လည်း ကွယ်လွန်ပြီးနောက် အိပ်သော် ယောက်ျား နိုးသော်လားသို့ တာဝတိံသာ နတ်ပြည်နတ်လောကသို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ကာ အခြားအခြားသော နတ်တို့ထက် အဆင့်မြင့်သော နတ်သား တစ်ဦး ဖြစ်သွားခဲ့လေသည်။ ဤဝတ္ထုဇာတ်ကြောင်းကို အကြောင်းပြုကာ ဘုရားရှင်က သဂါထာဝဂ္ဂသံယုတ်ပါဠိတော် သက္ကသံယုတ်၌ လာရှိသော ဒလိဒ္ဒသုတ္တန်ကို ဟောကြားတော်မူလေသည်။
ဒလိဒ္ဒသုတ္တန်
ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတိုက်တော်၌ပင် သီတင်းသုံး စံနေ တော်မူခိုက် ရဟန်းတော်တို့ကို ဤဒလိဒ္ဒသုတ္တန်ကို ဟောကြားတော်မူ လေသည်။
ရဟန်းတို့ ... ဟိုရှေးက ဖြစ်ခဲ့ဖူးသည်ကား -- ဤရာဇဂြိုဟ်မြို့၌ပင်လျှင် ယောက်ျားတစ်ယောက်သည် အလွန် ဆင်းရဲသည့် လူမွဲတစ်ဦး ဖြစ်ခဲ့၏၊ အထီးကျန် ကပ်ပါးလူသားတစ်ဦး ဖြစ်ခဲ့၏။ အယုတ်ညံ့ဆုံး အောက်တန်းစား လူသားတစ်ဦး ဖြစ်ခဲ့၏။ ထိုယောက်ျားသည် မြတ်စွာဘုရားသည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော ဓမ္မဝိနယသာသနာတော်မြတ်အတွင်း၌ ---
၁။ ယုံကြည်မှု = သဒ္ဓါတရားကို ဆောက်တည်ကျင့်သုံးခဲ့၏။
၂။ ကိုယ်ကျင့် = သီလကို ဆောက်တည်ကျင့်သုံးခဲ့၏။
၃။ အကြား + အမြင် = သုတတရားကို ဆောက်တည်ကျင့်သုံးခဲ့၏။
၄။ ပေးကမ်းစွန့်ကြဲခြင်း = စာဂတရားကို ဆောက်တည်ကျင့်သုံးခဲ့၏။
၅။ (ဝိပဿနာပညာ+မဂ်ပညာ ဖိုလ်ပညာ) = ပညာတရားကို ဆောက်တည်ကျင့်သုံးခဲ့၏။
ထိုယောက်ျားသည် မြတ်စွာဘုရားသည် ဟောကြားပြသ ဆိုဆုံးမတော် မူအပ်သော ဓမ္မဝိနယ သာသနာတော်မြတ်အတွင်း၌ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ - ဟူသော သူတော်ကောင်းတရားတို့ကို (သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်သည့်တိုင်အောင် အောင်အောင်မြင်မြင်) ဆောက်တည်ကျင့်သုံးခဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့် ခန္ဓာကိုယ်၏ ပျက်စီးသွားခြင်းကြောင့် စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော နတ်ပြည် နတ်လောကဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရှိသွားခဲ့၏။ ထိုနတ်သားသည် အခြားသော နတ်တို့ကို --
၁။ ရုပ်အဆင်း၏ လှပတင့်တယ်ခြင်းဖြင့်လည်းကောင်း,
၂။ အခြံအရံ၏ များပြားခြင်းဖြင့်လည်းကောင်း
သာလွန်၍ တင့်တယ်၏။ ရဟန်းတို့ ... ထိုသို့ဖြစ်ရာ၌ တာဝတိံသာ နတ်တို့သည် ကဲ့ရဲ့ကြကုန်၏, ရှုတ်ချကြကုန်၏, ပြစ်တင်ပြောဆိုကြကုန်၏ --
အချင်းတို့ ... အံ့ဖွယ်ရှိစွတကား၊ မဖြစ်ဘူးမြဲ ဖြစ်စွတကား၊ ဤ နတ်သားသည် ရှေးလူဖြစ်စဉ်အခါက အလွန် ဆင်းရဲသည့် လူမွဲတစ်ဦး ဖြစ်ခဲ့၏၊ အထီးကျန် ကပ်ပါး လူသားတစ်ဦး ဖြစ်ခဲ့၏၊ အယုတ်ညံ့ဆုံး အောက် တန်းစား လူသားတစ်ဦး ဖြစ်ခဲ့၏။ ထိုယောက်ျားသည် ခန္ဓာကိုယ်၏ ပျက်စီး သွားခြင်းကြောင့် စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော နတ်ပြည်နတ်လောက ဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရှိလာ၏။ ထိုနတ်သားသည် အခြားသော နတ်တို့ကို ရုပ်အဆင်း၏ လှပတင့်တယ်ခြင်း ဖြင့်လည်းကောင်း, အခြံအရံ၏ များပြားခြင်းဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်ဘိ၏ဟု ဤသို့လျှင် ကဲ့ရဲ့ကြကုန်၏။
ရဟန်းတို့ ... ထိုအခါ နတ်တို့သေဌ်နင်း သိကြားမင်းသည် တာဝတိံသာနတ်တို့ကို ဤသို့ ပြောဆိုလေ၏။ ----
အချင်းတို့ ... သင်တို့သည် ထိုနတ်သားအား မကဲ့ရဲ့ကြကုန်လင့်၊ အချင်းတို့ ... ဤနတ်သားသည် ရှေးလူဖြစ်စဉ်အခါက မြတ်စွာဘုရားသည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော ဓမ္မဝိနယသာသနာတော်မြတ် အတွင်း၌ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ -- တည်းဟူသော သူတော် ကောင်းတရားတို့ကို (သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ ဆိုက်ရောက် သည့်တိုင်အောင် အောင်အောင်မြင်မြင်) ဆောက်တည်ကျင့်သုံးခဲ့၏။ ထို နတ်သားသည် မြတ်စွာဘုရားသည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော ဓမ္မဝိနယသာသနာတော်မြတ်အတွင်း၌ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ -- တည်းဟူသော သူတော်ကောင်းတရားတို့ကို ဆောက်တည်ကျင့်သုံး ခဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့် ခန္ဓာကိုယ်၏ ပျက်စီးသွား ခြင်းကြောင့် စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော နတ်ပြည်နတ်လောကဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရှိလာ၏။ ထို နတ်သားသည် အခြားသော နတ်တို့ကို ရုပ်အဆင်း၏ လှပတင့်တယ်ခြင်းဖြင့် လည်းကောင်း, အခြံအရံ၏ များပြားခြင်းဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်၏ဟု ပြောကြားလိုက်လေ၏။
ရဟန်းတို့ ... ထိုအခါ နတ်တို့သေဌ်နင်း သိကြားမင်းသည် တာဝတိံသာနတ်တို့ကို ပြောဆိုဆုံးမလိုသည်ဖြစ်၍ ဤဂါထာစကားတို့ကို ရွတ်ဆို လိုက်လေ၏။ ---
ယဿ သဒ္ဓါ တထာဂတေ၊ အစလာ သုပ္ပတိဋ္ဌိတာ။
သီလဉ္စ ယဿ ကလျာဏံ၊ အရိယကန္တံ ပသံသိတံ။
သံဃေ ပသာဒေါ ယဿတ္ထိ၊ ဥဇုဘူတဉ္စ ဒဿနံ။
အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ။
တသ္မာ သဒ္ဓဉ္စ သီလဉ္စ၊ ပသာဒံ ဓမ္မဒဿနံ။
အနုယုေဉ္ဇထ မေဓာဝီ၊ သရံ ဗုဒ္ဓါန သာသနံ။ (သံ၊၁၊၂၃၄။)
ယင်းဂါထာတို့၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏ ---
အချင်းတို့ ... အကြင်သူအား ဘုရားရတနာ၌ ယုံကြည်မှု သဒ္ဓါ တရားသည် မတုန်မလှုပ် ကောင်းစွာ တည်၏။ အကြင်ပုဂ္ဂိုလ်အား အရိယာတကာ သူတော်စွာတို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော ကောင်းမွန် စင်ကြယ်သော ကိုယ်ကျင့်သီလလည်း ရှိ၏။
အကြင်ပုဂ္ဂိုလ်အား သံဃာရတနာ၌လည်း ကြည်ညိုမှု ပသာဒတရားသည် ထင်ရှားတည်ရှိနေ၏၊ ဖြောင့်မတ်သော (စတုသစ္စသမ္မာဒိဋ္ဌိ = သစ္စာ လေးပါးကို ထိုးထွင်းသိမြင်သော သမ္မာဒိဋ္ဌိ) ဉာဏ်အမြင်လည်း ရှိ၏။ ထို ပုဂ္ဂိုလ်ကို (သူတော်ကောင်းဥစ္စာများ ကြွယ်ဝချမ်းသာနေသည့်အတွက်) သူဆင်းရဲ လူမွဲမဟုတ်ဟူ၍ ဆိုအပ်ကုန်၏။ ထိုသူ၏ အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်သော အသက်ရှင်ခြင်းဟု ဆိုအပ်၏။
ထိုကြောင့် မြတ်စွာဘုရား၏ ဓမ္မဝိနယတည်းဟူသော အဆုံးအမ သာသနာတော်ကို အစဉ်လျှောက်ကာ အောက်မေ့အမှတ်ရသော သတိနှင့် ပြည့်စုံသော ဝိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံသော ပညာရှိသူတော်ကောင်းသည် ---
၁။ ရတနာသုံးပါးတို့၌ ယုံကြည်မှု သဒ္ဓါတရားကိုလည်းကောင်း,
၂။ ဖြူစင်မြင့်မြတ်သည့် ကိုယ်ကျင့်သီလကိုလည်းကောင်း,
၃။ ရတနာသုံးပါးတို့၌ ကြည်ညိုမှု ပသာဒတရားကိုလည်းကောင်း,
၄။ သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်တတ်သည့် ဒဿန = ဉာဏ်အမြင်ကိုလည်းကောင်း,
အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်လေရာ၏။ (သံ၊၁၊၂၃၃-၂၃၄။)
ဤကား အထက်ပါ နတ်တို့သေဌ်နင်း သိကြားမင်းကြီးက ရွတ်ဆိုသွားသော ဂါထာတို့၏ အနက်အဓိပ္ပါယ် ဆိုလိုရင်းသဘောတရားတည်း။
စွမ်းအင်ကြီး ငါးရပ်
ဤအထက်ပါ အရပ်ရပ်သော ဒေသနာတော်များနှင့်အညီ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ-တည်းဟူသော သူတော်ကောင်းဥစ္စာရတနာတို့၌ သုပ္ပဗုဒ္ဓကဲ့သို့သော လူ့လောကတွင် အောက်တန်းအကျဆုံး အဆင့်အတန်း အနိမ့်ဆုံး လူမွဲလူနူ သူတောင်းစားဘဝတွင် ရပ်တည်နေရသည့် လူသား တစ်ဦးကို အလွန် အဆင့်အတန်း မြင့်မားလှသည့် တာဝတိံသာ နတ်သားဘဝသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သော စွမ်းအင်များ တည်ရှိနေကြ၏။
ဤမျှတွင်သာ မကသေးပေ၊ သောတာပန်အဆင့်သို့ ရောက်ရှိသွားသည့် သုပ္ပဗုဒ္ဓကဲ့သို့သော သူတော်ကောင်းတစ်ဦးအဖို့ နောက်ထပ် ဆက်လက်သွားရမည့် သံသရာခရီးဟူသည်မှာ ထင်ရှား တည်ရှိနေဦးမည်ဆိုလျှင် အများဆုံး ခုနစ်ဘဝသာ သံသရာတစ်ခွင်တွင် ကျင်လည်ခွင့် ရှိပေသည်။ ထိုခုနစ်ဘဝအတွင်း၌လည်း ယခုကဲ့သို့ အလွန့်အလွန် အဆင့်အတန်း နိမ့်ကျလှသည့် လူနူလူမွဲဘဝသို့လည်း မည်သို့မျှ မရောက်ရှိနိုင်တော့ပေ။ အပါယ်ဘူမိ ဒုဂ္ဂတိသို့လည်း မည်သို့မျှ မလားရောက်ရတော့ပေသည်။ ယင်းကဲ့သို့သော သူတော်ကောင်းဥစ္စာ ရတနာတို့နှင့် ပြည့်စုံနေသော သူတော် ကောင်းသည်ကား အပါယ်သံသရာခရီးမှ အပြီးတိုင် ကျွတ်လွတ်ထွက်မြောက်ရပြီ ဖြစ်ပေသည်။ ခုနစ်ဘဝတို့အတွင်းဝယ် တစ်ခုခုသော ဘဝ၌ အရဟတ္တဖိုလ်သို့ဆိုက်ကာ သံသရာဝဋ်ဆင်းရဲဒုက္ခ အဝဝမှ အပြီးတိုင် ကျွတ်လွတ်ထွက်မြောက်ပြီး ပရိနိဗ္ဗာန် ဝင်စံရတော့မည့် သူတော်ကောင်းတစ်ဦးသာ ဖြစ်ပေသည်။
ထိုကဲ့သို့ နိဗ္ဗာန်သို့ ဝင်စံတော်မူရသည့် ဘဝသို့တိုင်အောင် တစ်ဆင့် ထက် တစ်ဆင့်, မြင့်သထက်မြင့်, မြတ်သထက်မြတ်, နတ်ထက်နတ်, ဗြဟ္မာ ထက် ဗြဟ္မာဖြစ်အောင် ပို့ဆောင်ပေးနေသော စွမ်းအားကြီး ငါးရပ်တို့ကား ဤသင်္ခါရုပပတ္တိသုတ္တန်တွင် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူ သည့် -- သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ--ဟူသည့် သူတော်ကောင်းဥစ္စာ ရတနာတို့ပင် ဖြစ်ကြပေသည်။ ဤကျမ်းစာငယ်ကို ဖတ်ရှုနေသော အသင် သူတော်ကောင်း၏ သန္တာန်၌လည်း ဤသူတော်ကောင်းဥစ္စာ ရတနာတို့ ကိန်းဝပ်တည်ရှိလာပါစေခြင်း အကျိုးငှာ ရည်သန်တောင့်တလျက် --
လူမွဲတို့၏ ထွက်ရပ်လမ်းဟူသော အမည်ဖြင့် ဤ သင်္ခါရုပပတ္တိသုတ္တန် တရားဒေသနာတော်ကို တရားဟောတိတ်ခွေမှ စာပေအဖြစ်သို့ ပြောင်းကာ ရေးသားတင်ဆက်လိုက်ပါသည်။
ဤနေရာတွင် သုပ္ပဗုဒ္ဓ၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်းကို အကျဉ်းချုပ်ကာ ဆက်လက်တင်ပြအပ်ပါသည်။
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်း
ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပဏီတတာယ။ (မ၊၃၊၂၄၄။)
= ကံတရားသည် သတ္တဝါတွေကို ယုတ်ညံ့သူတစ်ယောက် ဖြစ်သွား အောင်, မြင့်မြတ်သူတစ်ယောက် ဖြစ်သွားအောင် ခွဲတမ်းချပေးပေသည်။ (မ၊၃၊၂၄၄။)
ဤစူဠကမ္မဝိဘင်္ဂသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူသည့် တရားဒေသနာတော်နှင့်အညီ သုပ္ပဗုဒ္ဓကို ယုတ်ညံ့သူတစ်ယောက်ဖြစ်အောင် သူ ပြုစုပျိုးထောင်ခဲ့သည့် ကံတရားကပင် ခွဲတမ်းချပေးလိုက်၏။ အလားတူပင် မြင့်မြတ်သူတစ်ဦး ဖြစ်အောင်လည်း သူ ပြုစုပျိုးထောင်ခဲ့သည့် ကံတရားကပင် ခွဲတမ်းချပေးလိုက်ခြင်းပင် ဖြစ်၏။ သူ၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်းကို ဘုရားရှင်က ဥဒါန်းပါဠိတော် (ဥဒါန၊၁၃၆-၁၃၇။) တွင် ဟောကြားထားတော်မူ၏။ သံယုတ်အဋ္ဌကထာ (သံ၊ဋ္ဌ၊၁၊၃၁၉-၃၂၀။) ကလည်း ပြည့်ပြည့်စုံစုံ ဖွင့်ဆိုထား၏။ ဥဒါန်းအဋ္ဌကထာ (ဥဒါန၊ဋ္ဌ၊၂၆၂-၂၆၆။) ကလည်း ပြည့်ပြည့်စုံစုံပင် ဖွင့်ဆိုထား၏။ ယင်းပါဠိတော်နှင့် အဋ္ဌကထာတို့ကို ပေါင်းစပ်ကာ ရေးသားတင်ပြပေအံ့ ---
လွန်လေပြီးသော အတိတ်ဘဝတစ်ခုဝယ် သုပ္ပဗုဒ္ဓ အလောင်းလျာဖြစ် သည့် အမျိုးကောင်းသားသည် ဤရာဇဂြိုဟ်မြို့၌ပင်လျှင် သူဌေးသားတစ်ဦး ဖြစ်ခဲ့၏။ (ဥဒါန၊၁၃၆။)
သို့သော် သံယုတ်အဋ္ဌကထာ (သံ၊ဋ္ဌ၊၁၊၃၁၉။)၌ကား ကာသိတိုင်းကို ထီးဖြူအုပ်ချုပ် မင်းပြုလုပ်သည့် ဗာရာဏသီဘုရင် ဖြစ်ခဲ့ကြောင်း -- မူကွဲ တစ်ခုကို ဖွင့်ဆိုထား၏။
မည်သို့ပင် ဖြစ်စေ၊ သူဌေးသားတို့၏ သဘော, ရှင်ဘုရင်တို့၏ သဘောကား လူများအပေါင်းက မိမိတို့ကို အလေးဂရုပြုပါမှ အရိုအသေပြုပါမှ မြတ်နိုးပါမှ ကြင်နာပါမှ ယုယပါမှ သဘောကျ ကျေနပ်သူတို့ ဖြစ်ကြ၏။ အရိုအသေခံလိုကြ၏၊ အပူဇော်ခံလိုကြ၏၊ အရှိခိုး ခံလိုကြ၏၊ အမြတ်နိုး ခံလိုကြ၏၊ အလေးဂရုပြုမှုကို ခံယူလိုကြ၏။ ဤသဘောတရားကား ယင်း ပုဂ္ဂိုလ်တို့၏ သန္တာန်၌ များသောအားဖြင့် ကိန်းဝပ်တည်ရှိလေ့ရှိသော စိတ်နေ စိတ်ထားများပင် ဖြစ်ကြ၏။ သူတော်ကောင်းဓာတ်ခံ အားပျော့နေသူတို့၏ သန္တာန်၌ ဖြစ်ပေါ်လေ့ရှိသော စိတ်နေစိတ်ထားများပင် ဖြစ်ကြ၏။ ယင်း စိတ်နေစိတ်ထားတို့က သုပ္ပဗုဒ္ဓအား ဒုက္ခမျိုးစုံ အဖုံဖုံတို့နှင့် မိတ်ဆွေဖွဲ့ပေး လိုက်ခြင်းပင် ဖြစ်၏။
ဤကဲ့သို့သော စိတ်နေစိတ်ထားတို့ကို ရင်ဝယ်ထွေးပိုက်ကာ သုပ္ပဗုဒ္ဓ အလောင်းလျာဖြစ်သည့် အမျိုးကောင်းသားသည် တစ်နေ့တွင် ဥယျာဉ် ကစားဖို့ရန် ထွက်ခွာလာခဲ့၏။ ကြီးစွာသော အဆောင်အယောင်ဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်၏။ မြို့သူမြို့သားတို့၏ အလေးဂရုပြုမှု, သူ့ကို စူးစိုက်ကာ အာရုံယူလျက် ကြည့်ရှုနေမှုကို အလိုရှိနေသော စိတ်ထားများဖြင့် ထွက်ခွာ လာခဲ့ခြင်း ဖြစ်၏။ လမ်းခုလတ် တစ်နေရာတွင်ကား ပဒုမဝတီမိဖုရား၏ သားရတနာများ ဖြစ်ကြသော ပစ္စေကဗုဒ္ဓါဘုရားရှင် (၅၀၀)တို့တွင် တစ်ပါးအပါအဝင်ဖြစ်တော်မူသော တဂရသိခိ အမည်ရှိတော်မူသော ပစ္စေကဗုဒ္ဓါ ဘုရားရှင်နှင့် ဆုံဆည်းမိ၏။ ပစ္စေကဗုဒ္ဓါဘုရားရှင်သည်ကား ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်ယူနိုင်သည့် ငြိမ်သက်တည်ကြည်သော ဣန္ဒြေ, ငြိမ်သက်တည်ကြည်သော စိတ်ဓာတ်, အလွန် မြင့်မြတ်သည့် ယဉ်ကျေးသိမ်မွေ့မှုနှင့် ပြည့်စုံတော်မူသည့် ဘုရားတစ်ဆူ ဖြစ်တော်မူ၏။ မြို့တွင်းဝယ် ဆွမ်းအလို့ငှာ လှည့်လည်လာတော်မူခြင်း ဖြစ်၏။ မြို့သူမြို့သားတို့ကား သုပ္ပဗုဒ္ဓအလောင်းလျာဖြစ်သည့် အမျိုးကောင်းသားကို မကြည့်ကြတော့ဘဲ အလေးဂရု မပြုကြ တော့ဘဲ ပစ္စေကဗုဒ္ဓါဘုရားရှင်ကိုသာ ဖူးမြော်ကန်တော့နေကြ၏၊ အရိုအသေ ပြုနေကြ၏၊ မြတ်နိုးနေကြ၏၊ ပူဇော်နေကြ၏၊ ရှိခိုးနေကြ၏။ လူများအပေါင်းက သူ့ကို ဂရုမစိုက်ကြတော့ဘဲ မကြည့်ရှုကြတော့ဘဲ ပစ္စေကဗုဒ္ဓါဘုရားရှင် ကိုသာ အလေးဂရုပြုကာ ကြည်ညို မြတ်နိုးနေကြသည်ကို ထိုအမျိုးကောင်းသားက မရှုစိမ့်နိုင် ဖြစ်နေခဲ့မိ၏။ ကိုယ့်ထက်သာ မနာလိုခြင်းဟူသည့် ဣဿာတရားက သူ့ရဲ့စိတ်အစဉ်ဝယ် နေရာအများဆုံး ယူထားခဲ့ပြီး ဖြစ်နေ၏။ မာန်မာနတရားကလည်း ထပ်လောင်းကာ လွှမ်းမိုးဖိစီး နှိပ်စက်နေပြန်၏။
ထိုပစ္စေကဗုဒ္ဓါဘုရားရှင်မှာလည်း နောက်ဆုံး ပစ္ဆိမအရွယ်တော်သို့ ဆိုက်ရောက်တော်မူနေပြီး ဖြစ်ရကား အလွန် အိုမင်းရင့်ရော်တော်မူလျက် ရှိ၏။ ဝတ်ရုံထားသော သင်္ကန်းတို့ကလည်း ဆွေးမြေ့ဟောင်းနွမ်းနေကြ၏၊ သင်္ကန်းတော်၏ အနားပတ်တို့မှ ချည်မျှင်များပင် တွဲလဲဆွဲကာ ကျနေကြ၏။
ထိုအမျိုးကောင်းသား၏ သန္တာန်၌ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဖြည့်ကျင့်ဆည်းပူးထားတော်မူအပ်ပြီးသည့် ပါရမီတရားအပေါင်းတို့ ထင်ရှားရှိတော်မူသော ပစ္စေကဗုဒ္ဓါဘုရားရှင်ကို ဖူးမြင်ရသည့်အခါ ဣဿာနှင့် မာန်မာနတရားတို့က စိတ်အစဉ်ဝယ် နေရာယူကာ လွှမ်းမိုးထားသည့်အတွက် စိတ်ကြည်လင်မှုမျှသော်လည်း မဖြစ်ခဲ့ပေ။ လက်အုပ်ချီမိုး ရှိခိုးခြင်း အမှုမျှကိုသော်လည်း မပြုခဲ့မိပေ။ သူဌေးသားဟူသော မာန်မာန သို့မဟုတ် ဗာရာဏသီဘုရင်ဟူသော မာန်မာနကို ရင်ဝယ်ပိုက် ထွေးလျက်, ကိုယ့်ထက်သာ မနာလိုသည့် ငြူစူစောင်းမြောင်းမှု ဣဿာ တရားကို အဖော်ပြုကာ စက္ခုန္ဒြေချကာ ဆွမ်းခံကြွတော်မူနေသော ပစ္စေကဗုဒ္ဓါဘုရားရှင်ကို အထင်လွဲ အမြင်လွဲ ဖြစ်ခဲ့၏။ အလေးဂရု အပြုခံချင် နေသည့် သူ့ကို ပစ္စေကဗုဒ္ဓါဘုရားရှင်က အလေးဂရု မပြုသည့်အတွက် မကျေနပ်ချက် ဒေါသတရားတွေကလည်း နေရာဦးအောင် ယူလိုက်ကြပြန်၏။
ဤသူကတော့ ရသေ့ရဟန်း ဖြစ်ပုံတော့ ရတယ်, ငါက သူ့ထက်သာနေတဲ့အတွက် ကိုယ့်ထက်သာ မနာလိုတဲ့ ငြူစူစောင်းမြောင်းတဲ့ စိတ်ထား ထင်ရှားရှိနေတဲ့အတွက်ကြောင့် ငါ့ကို မကြည့်တာနဲ့ တူတယ်
ဤသို့ နှလုံးပိုက်ကာ အမျက်ဒေါသထွက်လျက် ဤစကားတို့ကို ပြောဆိုလေ၏။
ကွာယံ ကုဋ္ဌိစီဝရာနိ ပါရုတော။ (သံ၊ဋ္ဌ၊၁၊၃၁၉။)
ကော အယံ ဘဏ္ဍုကာသာဝဝသနော၊ ကုဋ္ဌီ ဘဝိဿတိ၊ တထာ ဟိ ကုဋ္ဌိစီဝရေန သရီရံ ပါရုပိတွာ ဂစ္ဆတိ။ (ဥဒါန၊ဋ္ဌ၊၂၆၄။)
အနူတွေ ဝတ်တဲ့ သင်္ကန်းကို ဝတ်ရုံကာ လှည့်လည်နေတဲ့ ဒီလူကြီးဟာ ဘယ်သူများပါလိမ့်။ (သံ၊ဋ္ဌ၊၁၊၃၁၉။)
ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့နေတဲ့ ဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန်းကို ရုံထားသူဟာ ဘယ်သူလဲ? အနူကြီး ဖြစ်လိမ့်မယ်၊ ဒါကြောင့် အနူတွေ ဝတ်ရုံတဲ့ သင်္ကန်းနှင့် ကိုယ်ကို ပတ်ပြီးတော့ သွားနေတာပဲ။ (ဥဒါန၊ဋ္ဌ၊၂၆၄။)
ဤသို့ မဖွယ်မရာ ပြောဆိုကာ တံတွေးထွေးကာ ထွက်ခွာသွားခဲ့လေသည်။ ဤ အပြုအမူ အပြောအဆိုသည်ကား သုပ္ပဗုဒ္ဓအလောင်းလျာ အမျိုးကောင်းသားကလေး၏ ပြုစုပျိုးထောင်ခဲ့မိသော အကုသိုလ်ကံပင် ဖြစ်၏။ ဒေါသ, ဣဿာ, မစ္ဆရိယ, မာန်မာနစသော ကိလေသာတရားဆိုးတို့က လှုံ့ဆော်တိုက်တွန်းလိုက်ကြသဖြင့် မပြုသင့် မပြုထိုက်သော ပြစ်မှုကြီးတစ်ခုကို လွန်ကျူးမိခဲ့ခြင်းပင် ဖြစ်၏။ ကံအရာ၌ တည်သွားပြီ ဖြစ်၏။ အရိယမဂ် တည်းဟူသော မွေးညှပ်နှင့် ကင်း၍ ဖျက်သိမ်းဖို့ရန် မလွယ်ကူသော, ဖျက်သိမ်း၍ မရနိုင်သော အဆင့်သို့ အသင့် ဆိုက်ရောက်သွားပြီ ဖြစ်၏။
ထိုအမျိုးကောင်းသားသည် ထိုအကုသိုလ်ကံ၏ စွမ်းအားကြောင့် ငရဲ၌ နှစ်ရာပေါင်းများစွာ, နှစ်ထောင်ပေါင်းများစွာ, နှစ်သိန်းပေါင်းများစွာတို့ ကာလပတ်လုံး ကျက်စားခဲ့ရ၏။ ထိုအကုသိုလ်ကံ၏ ကြွင်းကျန်နေသေးသော အကျိုးဆက်ကြောင့် ငရဲမှ လွတ်မြောက်လာသောအခါ ဤရာဇဂြိုဟ်မြို့၌ပင် အလွန့်အလွန် ဆင်းရဲသည့် အမျိုးသမီးတစ်ဦး၏ ဝမ်းကြာတိုက်ဝယ် ပဋိသန္ဓေ တည်နေရပြန်၏။ ယင်းသတ္တဝါ ပဋိသန္ဓေ ယူပြီးရာ အခါမှစ၍ မိခင်ဖြစ်သူ အမျိုးသမီးအဖို့ ဝမ်းဗိုက်ပြည့်ရုံမျှလောက်သော ပအုံးရည် ထမင်းအာဟာရမျှကိုသော်လည်း မရရှိနိုင် ဖြစ်ခဲ့ရ၏။ ပစ္စေကဗုဒ္ဓါဘုရားရှင်၏ ဆွမ်းခံဝတ်ဖြင့် အစာအာဟာရ ရှာဖွေမှုအပေါ်၌ ငြူစူစောင်းမြောင်းခြင်း ဣဿာတရားနှင့်တကွသော အကုသိုလ်တရားတို့၏ စွမ်းအားပင် ဖြစ်၏။
ယင်းသုပ္ပဗုဒ္ဓအလောင်းလျာ၏ သန္တာန်ဝယ် မိခင်၏ ဝမ်းကြာတိုက်ဝယ် တည်ရှိနေခိုက်မှာပင် နားနှစ်ဖက်တို့ကား ပျက်စီးခြင်းမလှ ပျက်စီးခဲ့ရ၏။ ခရုသင်းနှင့်တူသည့် အနူတစ်ယောက်ဖြစ်ကာ မိခင်ဝမ်းမှ မွေးဖွားလာခဲ့ရ၏။ မိဖနှစ်ဦးတို့ကလည်း ယင်းသုပ္ပဗုဒ္ဓကို အလွန့်အလွန် ခဲခဲယဉ်းယဉ်း ခက်ခက်ခဲခဲ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့ ကြရ၏။ သုပ္ပဗုဒ္ဓကိုယ်တိုင် ခွက်လက်စွဲကာ တောင်းမစားတတ်သေးသည့် အချိန်ကာလပတ်လုံး မိခင်ဖြစ်သူက ပအုံးရည် ထမင်းကိုလည်းကောင်း, ရေ ကိုလည်းကောင်း ဆောင်ယူကာ ပြုစုလုပ်ကျွေးခဲ့ရ၏။ သို့သော် သုပ္ပဗုဒ္ဓ ကိုယ်တိုင် ထမင်းတောင်းစားနိုင်လောက်သော အရွယ်သို့ ရောက်ရှိလာသောအခါ၌ကား မိခင်ဖြစ်သူက ခွက်တစ်ခုကို သုပ္ပဗုဒ္ဓလက်ထဲသို့ ထည့်ပေးလိုက် ပြီးနောက် မိမိကံဖြင့် မိမိ ထင်ရှားလိမ့်မည်ဟု နှလုံးပိုက်ကာ သုပ္ပဗုဒ္ဓကို ပစ်ထားခဲ့လျက် အရပ်တစ်ပါးသို့ ဖဲခွာသွားခဲ့လေသည်။
ထိုအချိန်အခါမှစ၍ သုပ္ပဗုဒ္ဓ၏ တစ်ကိုယ်လုံး နေရာအနှံ့အပြားမှ အသားစတို့သည် တဖြည်းဖြည်း ပြတ်ကြွေကာ ကျလာကြကုန်၏၊ ပြည်သွေး ပုပ်တို့ကလည်း ယိုစီးကာ စီးဆင်းလာကြကုန်၏၊ အလွန် ကြီးကျယ် ပြင်းထန် သည့် ဆင်းရဲသည့် ဒုက္ခဝေဒနာတို့သည်လည်း ထင်ရှား ဖြစ်ပေါ်လာကြကုန် ၏။ ဤမြင်ကွင်းတို့ကား သူ တည်ထောင်လိုက်ခဲ့မိသော ကံတရားမင်းကြီးက စီရင်ချက် ချမှတ်ပေးလိုက်သဖြင့် ရရှိလာသော အကျိုးတရားတို့ပင် ဖြစ်ကြ၏၊ အပြစ်ဒဏ်တို့ပင် ဖြစ်ကြ၏။
သုပ္ပဗုဒ္ဓသည် မည်သည့်လမ်းကိုမဆို အမှီပြုကာ အိပ်စက်ခဲ့မည်ဆိုလျှင် ထိုလမ်း၌ တစ်ညဉ့်လုံး ကျယ်လောင် ပြင်းပြသည့်အသံဖြင့် အော်မြည်နေရ၏။ ထိုသုပ္ပဗုဒ္ဓ၏ သနားစဖွယ် ငိုမြည်တမ်းနေသည့် အသံကြောင့် တစ်လမ်းလုံးမှာ ရှိနေကြသည့် လူအပေါင်းတို့သည် တစ်ညဉ့်လုံး အိပ်စက်နိုင်ခွင့်ကို မရနိုင် ဖြစ်နေကြ၏။ ထိုအချိန်အခါမှစ၍ ချမ်းချမ်းသာသာ အိပ်စက်နေကြသည့် သူတို့ကို အိပ်ရာမှ နိုးလာအောင် ပြုလုပ်နေသောကြောင့် (သုပ္ပ = အိပ်ပျော်နေသူကို, ဗုဒ္ဓ = အိပ်ယာမှ နိုးလာအောင် ပြုလုပ်သူ) သုပ္ပဗုဒ္ဓ ဟူသော အမည်သည် ထင်ရှားဖြစ်ပေါ်လာခဲ့လေသည်။ (ဥဒါန၊၁၃၆-၁၃၇။ သံ၊ဋ္ဌ၊၁၊၃၁၉-၃၂၀။)
သူ ပြုစုပျိုးထောင်ခဲ့သည့် ယုတ်ညံ့သည့် စိတ်နေစိတ်ထား, ယုတ်ညံ့သည့် အကုသိုလ်ကံတရားတို့က ငရဲကဲ့သို့ ယုတ်ညံ့သည့် ဘုံဘဝသို့ရောက်အောင်လည်း ပို့ဆောင်ပေးလိုက်ကြ၏။ သို့သော် ယင်းအကုသိုလ်ကံက လူ့ဘဝ ပဋိသန္ဓေအကျိုးကို ပေးသည်ကား မဟုတ်ပေ။ အတိတ်ဘဝထိုထိုဝယ် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတည်းဟူသော ကောင်းမှုကုသိုလ်တို့ကိုလည်း သူသည် အထိုက်အလျောက် ပြုစုပျိုးထောင်ခဲ့ဖူးသည်သာ ဖြစ်၏။ ယင်း ကုသိုလ်ကံတို့တွင် အဆက်ဆက်ရောက်ထိုက်သော ဘဝထိုထို၌ အကျိုးပေးခြင်းငှာ စွမ်းနိုင်သော အပရာပရိယဝေဒနီယ ကုသိုလ်ကံတို့လည်း ပါဝင်ကြ၏။ ယင်းအပရာပရိယ ကောင်းမှုကုသိုလ်ကံတစ်ခုက လူ့ပြည်လူ့လောကတို့၌ တိဟိတ်ပဋိသန္ဓေအကျိုးကို ဖြစ်စေခဲ့၏။ ယင်းသို့ တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးပြီးသည်၏ အခြားမဲ့ကာလ ပဝတ္တိအခါ၌ ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား ပြစ်မှားမိခဲ့သော အကုသိုလ်ကံတို့တွင် တစ်ခုသော ယင်း ကုသိုလ်၏ အကျိုးကို ကပ်၍ ညှဉ်းပန်းနှိပ်စက်တတ်သော အပရာပရိယဝေဒနီယ ဥပပီဠကကံက သနားစဖွယ် အနူလူမွဲဘဝသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ပြန်၏။
တစ်ဖန် သုပ္ပဗုဒ္ဓကြီးသည် ဂေါတမဘုရားရှင်၏ သာသနာတော်တွင်း၌ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတည်းဟူသော သူတော်ကောင်းဥစ္စာ ရတနာတို့ကို သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်လောက်အောင် စုဆောင်းနိုင်ခဲ့၏၊ ဆည်းပူးနိုင်ခဲ့၏၊ ပြုစုပျိုးထောင်နိုင်ခဲ့၏။ ထိုကြောင့် သောတာပန်ဘဝသို့ ဆိုက်ရောက်ခဲ့ရပြန်၏။
ယင်း သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတည်းဟူသော သူတော်ကောင်းဥစ္စာ ရတနာတို့၏ အနက်အဓိပ္ပါယ် တစ်စိတ်တစ်ဒေသကို လူမွဲတို့၏ ထွက်ရပ်လမ်းဟူသော ဤကျမ်းစာငယ်တွင် ရှင်းလင်းတင်ပြထားပေသည်။
သို့သော် ဤနေရာတွင် မေးမြန်းဖို့ရန် အချက်တစ်ရပ် ပေါ်လာပြန်၏။ သုပ္ပဗုဒ္ဓကြီးသည် သူတော်ကောင်းဥစ္စာငါးပါးတို့တွင် ပေးကမ်းစွန့်ကြဲခြင်း စာဂတရားကို မည်သို့ မည်ပုံ ဆည်းပူး စုဆောင်းခဲ့ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။
စာဂန္တိ ပဌမမဂ္ဂဝဇ္ဈကိလေသာဘိသင်္ခါရာနံ ဝေါဿဂ္ဂသင်္ခါတံ စာဂံ၊ ယေန အရိယသာဝကာ ဒေယျဓမ္မေသု မုတ္တစာဂါ စ ဟောန္တိ ပယတပါဏီ ဝေါဿဂ္ဂရတာ။ (ဥဒါန၊ဋ္ဌ၊၂၆၆။)
စာဂတရားဟူသည် သောတာပတ္တိမဂ်ဉာဏ်ဖြင့် ပယ်သတ်အပ်သော ကိလေသာများနှင့် အပါယ်ဘဝသစ်ကို ပြုပြင်ပေးတတ်သည့် အကုသိုလ်ကံ အကုသိုလ်အဘိသင်္ခါရတရားတို့ကို စွန့်လွှတ်ခြင်း ပယ်သတ်ခြင်းဟူသော စာဂတရားပင်တည်း။ ယင်းစာဂတရားကြောင့် အရိယာသူတော်ကောင်းတို့သည် လှူဖွယ်ဝတ္ထုပစ္စည်းစုတို့ကို လွတ်လွတ် စွန့်ကြဲကြကုန်၏၊ ပေးလှူဖို့ရန် စင်ကြယ်စွာ ဆေးကြောထားပြီးသော လက်ရှိကြကုန်၏၊ပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ကြကုန်၏။ (ဥဒါန၊ဋ္ဌ၊၂၆၆။)
တစ်ဖန် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်းကောင်း, ဤဂေါတမဘုရားရှင်၏ သာသနာတော်တွင်း၌လည်းကောင်း အောင်အောင် မြင်မြင် ပြုစုပျိုးထောင်ထားသော သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတည်းဟူသော သူတော်ကောင်းတရားတို့ ပြဓာန်းလျက်ရှိသော ကောင်းမှုကုသိုလ် ကံတို့တွင် တစ်ခုသော ကောင်းမှုကုသိုလ်ကံကလည်း တာဝတိံသာ နတ်သားဘဝဟူသော အကျိုးတရားကို ပေးဖို့ရန် အခါအခွင့် သင့်လာပြန်၏။
လွန်ခဲ့သော တစ်ခုသော အတိတ်ဘဝက ပြည်တန်ဆာမကို သတ်ဖြတ်ခဲ့ဖူးသည့် ပါဏာတိပါတ အကုသိုလ်ကံကလည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေပြန်၏။ ယင်းအကုသိုလ်ကံကား သုပ္ပဗုဒ္ဓ၏ သက်တမ်းကို တိုသွား အောင် ကပ်၍ ဖြတ်တတ်သော ဥပစ္ဆေဒက အကုသိုလ်ကံပင် ဖြစ်၏။ ယင်း အကုသိုလ်ကံကလည်း စေ့ဆော် တိုက်တွန်းလိုက်သဖြင့် နွားမက ဝှေ့သတ်လိုက်ပြန်၏။ သို့သော် သူ စုဆောင်းခဲ့သည့် အထက်တွင် တင်ပြထားသည့် တစ်ခုသော ကောင်းမှုကုသိုလ်ကံကလည်း အလွန် အဆင့်အတန်း မြင့်မားသည့် တာဝတိံသာ နတ်သားဘဝသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ပြန်၏။ ကံတရားမင်းကြီးက အမှုတွဲကို စိစစ်ကာ စီရင်ချက် ချပေးလိုက်ခြင်းပင် ဖြစ်၏။
နွားဝှေ့ အသတ်ခံရခြင်း၏ အကြောင်းရင်း
သုပ္ပဗုဒ္ဓကား လွန်လေပြီးသော အတိတ်ဘဝတစ်ခုဝယ် သူဌေးသား ဖြစ်ခဲ့ဖူး၏။ သူ့မှာ မိတ်ဆွေ သူဌေးသား သုံးယောက်တို့လည်း ရှိ၏။ (ယင်းမိတ်ဆွေသုံးယောက်တို့တွင် တစ်ယောက်ကား ဤဂေါတမဘုရားရှင်၏ သာသနာတော်တွင်း၌ ပုက္ကုသာတိအမျိုးကောင်းသား, တစ်ယောက်ကား အရှင်ဗာဟိယဒါရုစိရိယ, တစ်ယောက်ကား တမ္ဗဒါဌိက လူသတ်ယောက်ျား အသီးအသီး ဖြစ်လာ၏။) တစ်နေ့တွင် သူဌေးသား မိတ်ဆွေလေးယောက်တို့သည် ပြည်တန်ဆာမတစ်ဦးကို ခေါ်ဆောင်ကာ ဥယျာဉ်တော်တစ်ခုသို့ သွားရောက်ပြီး တစ်နေ့တာပတ်လုံး ပျော်ပါးကြ၏။ နေဝင်သွားသောအခါ မိတ်ဆွေလေးဦးတို့သည် အညီအညွတ် တိုင်ပင်ကာ ပြည်တန်ဆာမကို သတ်ဖို့ရန်, အသပြာတစ်ထောင်နှင့် အဖိုးတန် လက်ဝတ်တန်ဆာတို့ကို ယူဖို့ရန် ကြိုးစားအားထုတ်ကြ၏။ ထိုသို့ ကြိုးစားအားထုတ်ကြစဉ် --
ဒီလူတွေဟာ အရှက်မရှိတဲ့ လူတွေ ဖြစ်ကြတယ်၊ အကြင်နာ ကင်းမဲ့တဲ့ လူတွေ ဖြစ်ကြတယ်၊ ငါနှင့်အတူ ကိလေသာဖြင့် ပေါင်းဖော်ခြင်းကို တစ်နေ့တာပတ်လုံး ပြုကျင့်ပြီးနောက် အပြစ်မရှိတဲ့ ငါ့ကို လက်ဝတ်တန်ဆာ အဖိုး တန်ရတနာ ဥစ္စာပစ္စည်းအပေါ်၌ တွယ်တာမက်မောခြင်း ဓနလောဘကြောင့် သတ်ကြတယ်၊ ငါ့ကို ဒီတစ်ကြိမ်တော့ သတ်ကြပါစေ၊ ငါသည် ဘီလူးမဖြစ်ပြီး တော့ သင်းတို့ကို အကြိမ်များစွာ သတ်ဖြတ်ဖို့ရန် စွမ်းနိုင်သူ ဖြစ်ပါရစေ...
ဤကဲ့သို့သော တောင့်တမှု = ပတ္ထနာကို ပြုကာ ကွယ်လွန်သွားခဲ့၏။ ဤကဲ့သို့ ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံကြောင့် ဤသူလေးယောက်စလုံးတို့သည် အရာမကသော ခန္ဓာကိုယ်အတ္တဘော၌ ဘီလူးမဖြစ်နေသော ထိုအမျိုးသမီးက နွားမယောင်ဆောင်ကာ သို့မဟုတ် နွားမ၏ ကိုယ်အတွင်းသို့ ပူးဝင်ကာ ဝှေ့သတ်သဖြင့် သေကျေပျက်စီးခဲ့ကြရ၏။ ထိုအမျိုးကောင်းသား လေးဦးစလုံးတို့သည် ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ထိုထိုဘဝ၌ သက်တမ်းမကုန်ဆုံးမီ စပ်ကြားကာလဝယ် သေကျေပျက်စီးခြင်းသို့ ရောက်ရှိခဲ့ကြရလေသည်။ ယင်းအကုသိုလ်ကံကပင် သုပ္ပဗုဒ္ဓ၏ သက်တမ်းကို ကပ်၍ ဖြတ်တတ်သော ဥပစ္ဆေဒက ကံအဖြစ် ရပ်တည်ကာ သုပ္ပဗုဒ္ဓ၏ တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးလိုက်သော တိဟိတ်ကုသိုလ်ကံ၏ အကျိုးတရားကို ကပ်၍ ဖြတ်တောက်ကာ အဆောတလျင် သေကျေပျက်စီးရခြင်းသို့ ရောက်အောင် ပို့ဆောင်လိုက်ပေသည်။ (ဥဒါန၊ဋ္ဌ၊၂၆၂-၂၆၃။)
ထိုကြောင့် ဘုရားရှင်က စူဠကမ္မဝိဘင်္ဂသုတ္တန်တွင် ဤသို့ ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏။
ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပဏီတတာယ။ (မ၊၃၊၂၄၄။)
= ကံတရားသည် သတ္တဝါတွေကို ယုတ်ညံ့သူတစ်ယောက် ဖြစ်သွားအောင်, မြင့်မြတ်သူတစ်ယောက် ဖြစ်သွားအောင် ခွဲတမ်းချပေးပေသည်။ (မ၊၃၊၂၄၄။)
ဤကဲ့သို့ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့်အညီ သုပ္ပဗုဒ္ဓကြီးကို ယုတ်ညံ့သူတစ်ယောက် ဖြစ်သွားအောင်, မြင့်မြတ်သူတစ်ယောက် ဖြစ်သွားအောင် သူပြုစုပျိုးထောင်ခဲ့သော ကံတရားမင်းကြီးကပင် သူ၏ အမှုတွဲ များကို မှန်မှန်ကန်ကန် တိတိကျကျ စစ်ဆေးအတည်ပြုကာ အမိန့်တော်မြတ် ချမှတ်ပေးလိုက်ခြင်းပင် ဖြစ်၏။ ထိုကြောင့် ဘုရားရှင်က ဂဒ္ဒုလဗဒ္ဓသုတ္တန်တွင် ဤသို့ ဆိုဆုံးမထားတော်မူခဲ့၏။
တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)
= ချစ်သားရဟန်းတို့ ... ထိုကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည် ဤ ငါတို့၏ စိတ်သည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး ရာဂကြောင့် ညစ်နွမ်းနေရ၏၊ ဒေါသကြောင့် ညစ်နွမ်းနေရ၏၊ မောဟကြောင့် ညစ်နွမ်းနေ ရ၏။ဟု ဤသို့လျှင် မိမိ၏ စိတ်ကို မကြာခဏ ဆင်ခြင်ပေးကြပါ။ ချစ်သားရဟန်းတို့ ... စိတ်ဓာတ်တွေ ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏၊ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် ဖြူစင်သန့်ရှင်းကြရကုန်၏။ (သံ၊၂၊၁၂၃။)
ဤကျမ်းစာငယ်ကို ဖတ်ရှုနေကြကုန်သော သူတော်ကောင်းအပေါင်းတို့ သည်လည်း ဘုရားရှင် ဆိုဆုံးမထားတော်မူသည့်အတိုင်း ဤငါတို့၏ စိတ်ဓာတ်သည် ရာဂကြောင့် ညစ်နွမ်းနေရ၏၊ ဒေါသကြောင့် ညစ်နွမ်းနေရ၏၊ မောဟကြောင့် ညစ်နွမ်းနေရ၏။ဟု ဤသို့လျှင် မကြာခဏ ဆင်ခြင်ကြကုန်လျက် ညစ်နွမ်းနေသော မိမိ၏ စိတ်ဓာတ်ကို ဖြူစင်သန့်ရှင်းသွားအောင် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ-တည်းဟူသော သူတော်ကောင်းဥစ္စာ ရေစင် ရတနာတို့ဖြင့် ဆေးကြောသုတ်သင်နိုင်ကြပါစေသောဝ် ...ဟု ပတ္ထနာမှု ပြုအပ်ပါသတည်း။
ဓမ္မေ ဟောန္တု သဂါရဝါ။
= သဒ္ဓမ္မသုံးဖြာ အဆုံးအမသာသနာတော်၌ ရိုသေလေးစားခြင်း ရှိကြ ပါစေကုန်သတည်း။
ဖားအောက်တောရဆရာတော်
၁၃၆၇-ခုနှစ်၊ သီတင်းကျွတ်လ
လူမွဲတို့၏ ထွက်ရပ်လမ်း
(သင်္ခါရုပပတ္တိသုတ္တန် တရားဒေသနာတော်)
(မ၊၃၊၁၄၀-၁၄၆။)
၁၃၅၈-ခုနှစ်၊ နယုန်လဆန်း ၁၃-ရက်နေ့၊ တစ်နေ့တာဆွမ်း အလှူရှင်များအား အနုမောဒနာတရားအဖြစ်ဖြင့် ဟောကြားအပ်သော မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်၌ လာရှိသော သင်္ခါရုပပတ္တိသုတ္တန် တရားဒေသနာတော် ---
ဤဒေသနာတော်မြတ်ဟာ ရှည်လျားသော သုတ္တန် တရားဒေသနာတော်တစ်ခု ဖြစ်ပါတယ်။ ထိုဒေသနာတော်၏ ဆိုလိုရင်းလောက်ကိုသာ ကောက်နုတ်ချက်ချပြီး ဒီည ဟောကြားဖို့ ရည်ရွယ်ထားပါတယ်။ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး စံနေတော်မူခိုက် ဘုရားရှင်က သင်္ခါရတရားတို့၏ ဖြစ်ပုံနှင့် ပတ်သက်ပြီး ရဟန်းတော်တို့ကို သင်္ခါရုပပတ္တိသုတ္တန် တရားတော်ကို ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ထိုသုတ္တန်၏ ဆိုလိုရင်းက ဘယ်လိုသဘောရှိသလဲ?
သူတော်ကောင်းဥစ္စာ ငါးပါး
ဣဓ ဘိက္ခဝေ ဘိက္ခု သဒ္ဓါယ သမန္နာဂတော ဟောတိ၊ သီလေန သမန္နာဂတော ဟောတိ၊ သုတေန သမန္နာဂတော ဟောတိ၊ စာဂေန သမန္နာဂတော ဟောတိ၊ ပညာယ သမန္နာဂတော ဟောတိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဣဓ = ဤသာသနာတော်မြတ်အတွင်း၌။ ဘိက္ခု = ယောဂါဝစရ ရဟန်းတော်သည်။ သဒ္ဓါယ = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့်။ သမန္နာဂတော = ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။ သုတေန = အကြားအမြင် ဗဟုဿုတတရားနှင့်။ သမန္နာဂတော = ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။ စာဂေန = ပေးကမ်း စွန့်ကြဲခြင်း စာဂတရားနှင့်။ သမန္နာဂတော = ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။ ပညာယ = ဝိပဿနာဉာဏ်ပညာနှင့်။ သမန္နာဂတော = ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။
၁။ သဒ္ဓါတရားရှိခြင်း
ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ ဗုဒ္ဓဘာသာ သူတော်စင် မှန်ခဲ့လျှင် ရဟန်းပဲဖြစ်စေ ရှင်ပဲဖြစ်စေ လူပဲဖြစ်စေ ဘယ်ပုဂ္ဂိုလ်မဆို ရှိသင့်ရှိထိုက်တဲ့ သူတော်ကောင်းဥစ္စာ ငါးမျိုး ရှိပါတယ်။ နံပါတ်တစ် သူတော်ကောင်း ဥစ္စာက သဒ္ဓါတရား ဖြစ်တယ်၊ သူတော်ကောင်းတို့ဟာ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံရမယ်။
ရတနာသုံးတန် ကံ ကံ၏အကျိုးအပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား ရှိရတယ်။ ဖြူစင်ဖြောင့်မှန်တဲ့ ခိုင်မြဲတဲ့ သဒ္ဓါတရား ရှိရတယ်။ ခိုင်မြဲတဲ့သဒ္ဓါတရား ရရှိဖို့ဆိုတာ နောက်ပြောမယ့် သုတတရား ပညာတရားတို့နှင့် ပေါင်းစပ်ပါမှ ခိုင်မြဲတဲ့ သဒ္ဓါတရားကို ရရှိမှာဖြစ်တယ်။
၂။ သီလဖြူစင်ခြင်း
နံပါတ်နှစ်က ကိုယ်ကျင့်သီလ ဖြူစင်ဖို့ လိုအပ်ပါတယ်။ ရဟန်းဆိုလျှင်လည်း ရဟန်းနှင့် ထိုက်တန်တဲ့ ပါတိမောက္ခသံဝရသီလစတဲ့ သီလကြီး လေးပါးကို ဖြူစင်အောင် ဖြည့်ကျင့်နိုင်ဖို့ လိုအပ်တယ်။ လူဖြစ်လျှင်လည်း လူတို့နဲ့ ထိုက်တန်တဲ့ ငါးပါးသီလ, ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလဆိုတဲ့ ကိုယ်ကျင့်သီလတွေကို ဖြူစင်အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ လိုပါတယ်။
အောက်ထစ်ဆုံး ပမာဏအားဖြင့် ပြောမယ်ဆိုလျှင်တော့ ငါးပါးသီလ မြဲဖိ့ု လိုအပ်တယ်။ ဗုဒ္ဓဘာသာသူတော်ကောင်းမှန်ခဲ့လျှင် ဗုဒ္ဓဘာသာကို အကြောင်းပြု၍ အားကိုးရာကို ရှာဖွေရမှာဖြစ်တော့ အားကိုးသင့် အားကိုးထိုက်တဲ့ တရားတွေထဲမှာ ဒီကိုယ်ကျင့်သီလက အခြေခံ အုတ်မြစ်အဖြစ် ပါဝင်နေပါတယ်။ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ ဥပါသကာ ဒါယကာ, ဥပါသိကာ ဒါယိကာမ မှန်ခဲ့လျှင် -- နံပါတ်တစ် -- သူ့အသတ် မသတ်ဘဲ ရှောင်ကြဉ်ရမယ်၊ နံပါတ်နှစ် -- သူ့ပစ္စည်း မတရားမယူဘဲ ရှောင်ကြဉ်ရမယ်၊ နံပါတ်သုံး -- သူ့သားမယား မဖျက်ဆီးဘဲ ရှောင်ကြဉ်ရမယ်၊ နံပါတ်လေး -- မုသားစကား မပြောဘဲ ရှောင်ကြဉ်ရမယ်။ နံပါတ်ငါး -- မူးယစ်ဆေးဝါးမှန်သမျှ အားလုံး ရှောင်ကြဉ်ရမယ်။ ကိုယ်ကျင့်သီလ ဘယ်နှစ်ခုရှိသလဲ? ငါးခု ရှိပါတယ်။
ဒီကိုယ်ကျင့်သီလက သံသရာခရီးသွားတဲ့ အစိတ်အပိုင်းနှင့် သံသရာခရီးမှ လွတ်မြောက်ရေးတို့မှာ အခြေခံ အုတ်မြစ်အဖြစ် အားကိုး အားထားပြုရမယ့် တရားစစ် တရားမှန်တွေ ဖြစ်ပါတယ်။ ထိုတရားစစ် တရားမှန်တို့ဖြင့် ပြည့်စုံတဲ့ သူတော်ကောင်းကို ဒီတရားတွေက တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက် မြင့်နေတဲ့ ဘဝသို့ ရောက်အောင် (၃၁)ဘုံ သံသရာခရီးမှ လွတ်မြောက်ရာ ဖြစ်သည့် နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် အဆင့်ဆင့် ကျေးဇူးပြုပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် နံပါတ်နှစ် အခြေခံ အုတ်မြစ်အဖြစ် ဘုရားရှင်က ကိုယ်ကျင့်သီလနှင့် ပြည့်စုံရမယ်လို့ အမိန့်ရှိတယ်။
၃။ ဗဟုဿုတများပြားခြင်း
နံပါတ်သုံးက အကြားအမြင် ဗဟုဿုတ များပြားခြင်းပဲ ဖြစ်တယ်။ ဘုရားရှင်၏ တရားတော်တွေကို သင်သိအားဖြင့် သိခြင်းဟု ခေါ်ဆိုအပ်သော အာဂမသုတ, ကျင့်သိအားဖြင့် သိခြင်းဟု ခေါ်ဆိုအပ်သော အဓိဂမသုတ ဒီတရားနှစ်ပါးနှင့် ပြည့်စုံရတယ်။ ဘုရားရှင်၏ တရားတော်တွေက ဗောဓိပက္ခိယတရား (၃၇)ပါးကို ဦးတိုက်နေပါတယ်။ ထိုဗောဓိပက္ခိယတရား (၃၇)ပါးကို အဆီညှစ်ထုတ်လိုက်တော့ မဂ္ဂင်(၈)ပါး၊ မဂ္ဂင်(၈)ပါးကို ထပ်ပြီး အဆီညှစ်ထုတ်လိုက်လျှင် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဆိုတဲ့ ကျင့်စဉ်သုံးရပ် ထွက်ပေါ်လာတယ်။
သီလကို ဘယ်လို ကျင့်ရမယ်ဆိုတာ သင်သိအနေနဲ့ သိရမယ်၊ လက်တွေ့လည်း ကျင့်ရမယ်။ သမာဓိကို ဘယ်လို ထူထောင်ရမယ်ဆိုတာ သင်သိ အနေနဲ့ ပထမ သိရမယ်၊ ဒုတိယ ကျင့်သိအနေနှင့် သိအောင် မိမိ ရုပ်နာမ် သန္တာန်အစဉ်မှာ သမာဓိတရားတွေ ကိန်းဝပ်လာအောင် ကြိုးစားရမယ်။ သင်သိကျင့််သိ ဒီအသိနှစ်ခုရှိသည့် အချိန်အခါမှာ ဒီသမာဓိကို အခြေခံပြီး ရုပ်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင် နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ပထမ သင်သိအနေနဲ့ လေ့ကျင့်ရမယ်။ ဒုတိယ ကျင့်သိအနေနှင့် သိအောင် လေ့ကျင့်ရမယ်။
ဒီနေရာမှာ သုတအင်္ဂါရပ်နှင့် ပတ်သက်လို့ ဘယ်လို ဗဟုဿုတမျိုးကို ဆိုလိုတယ်ဆိုတာ ထပ်ပြီး ပြောဦးမယ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော် သေခသုတ္တန် (မ၊၂၊၁၉။)မှာ ဗဟုဿုတအင်္ဂါရပ်ကို ဒီလို ဟောကြားထားတော်မူပါတယ် --
ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထာ သဗျဉ္ဇနာ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ (မ၊၂၊၁၉။)
အာဂမသုတ = သင်သိဗဟုဿုတ
ဘုရားရှင်ရဲ့ တရားတော်တွေဟာ သီလကျင့်စဉ်ဆိုတဲ့ အစရဲ့ကောင်းခြင်းနှင့်လည်း ပြည့်စုံတယ်၊ သမာဓိကျင့်စဉ်ဆိုတဲ့ အလယ်ရဲ့ကောင်းခြင်းနှင့်လည်း ပြည့်စုံတယ်၊ ပညာကျင့်စဉ်ဆိုတဲ့ အဆုံးရဲ့ ကောင်းခြင်းနှင့်လည်း ပြည့်စုံတယ်။ ဟောကြားထားတော်မူတဲ့ စကားလုံးတွေကလည်း သိပ်ပြီးတော့ သိလွယ်တယ်၊ သန့်ရှင်းတယ်။ ဒီစကားလုံးတွေရဲ့ ဆိုလိုရင်း အနက်သဘောတရားတွေကလည်း အနှစ်သာရ ပြည့်စုံနေတယ်။ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိရေးအတွက် အဘက်ဘက်မှ ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူတဲ့တရားတွေ ဖြစ်တယ်။ နုတ်ပယ်ဖို့လည်း မလိုဘူး၊ ထပ်ထည့်ဖို့လည်း မလိုဘူး။
ဥပမာ --- မဂ္ဂင်ရှစ်ပါး ဆိုကြစို့၊ နိဗ္ဗာန်ကို ရရှိရေးအတွက် မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို ဟောကြားသွားတော်မူပါတယ်။ ဒီမဂ္ဂင်ရှစ်ပါးက တစ်ခုတော့ ပိုနေတယ်၊ မဂ္ဂင်ခုနစ်ပါးနှင့် နိဗ္ဗာန်ကို သွားလျှင်လည်း ရနိုင်ပါတယ်လို့ နုတ်ပယ်ကြည့်၊ နုတ်ပယ်လို့ မရနိုင်ဘူး။ မဂ္ဂင်တစ်ပါးတော့ လိုနေသေးပါတယ်လို့ ထပ်ထည့်ကြည့်လျှင်လည်း ထည့်လို့ မရနိုင်ဘူး၊ ဒီလောက်အထိ ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူပါတယ်။
ဒီလို ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူတဲ့ တရားတွေကို ရဟန်းတော်တစ်ပါးက သို့မဟုတ် သူတော်ကောင်း တစ်ဦးက အလွတ်ရအောင် လေ့ကျင့်ပြီးတော့ နှုတ်ငုံဆောင်ထားတယ်။ ဒီလို နှုတ်ငုံဆောင်ထားနိုင်တဲ့ သဘောကိုတော့ အာဂမသုတ = သင်သိဗဟုဿုတလို့ ခေါ်ဆိုပါတယ်။
ဒီနေရာမှာ နည်းနည်း ထပ်ပြီး ပြောချင်သေးတယ်၊ ဒီလိုဆိုလျှင် နိဗ္ဗာန်ကို လိုချင်တဲ့ပုဂ္ဂိုလ်က ဘုရားရှင်ရဲ့ တရားတော်တွေကို အကုန်လုံး နှုတ်ငုံဆောင်ရတော့မှာလားလို့တော့ မေးစရာရှိတယ်။ အကုန်လုံး နှုတ်ငုံ ဆောင်ထားနိုင်လျှင်တော့ အကောင်းဆုံးပဲ၊ သို့သော် ဒီနေရာမှာ ပြောလိုတာကတော့ ဒီလိုပါ၊ ဥပမာ - ငါးပါးသီလဆိုကြစို့၊ ငါးပါးသီလကို ဆောက်တည် ကျင့်သုံးလိုတဲ့ ပုဂ္ဂိုလ်က ငါးပါးသီလဆိုတာက ဘာတွေ၊ ဘယ်လို ဆောက်တည် ကျင့်သုံးရမယ် စသည်ဖြင့် နားလည်ထားပြီးဖြစ်ဖို့, မှတ်မိနေဖို့ လိုအပ်ပါတယ်။
ငါးပါးသီလအကြောင်းကို မသိနားမလည်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါးပါးသီလကို ဖြူစင်အောင် စောင့်ထိန်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အလားတူပဲ ရှစ်ပါးသီလ ဆယ်ပါးသီလတွေကို ဆောက်တည် ကျင့်သုံးလိုတဲ့ သူတွေဟာလည်း ရှစ်ပါးသီလ ဆယ်ပါးသီလတွေကို တတ်သိ နားလည်ဖို့ မှတ်မိဖို့ လိုအပ်ပါတယ်။ အလားတူပင် သူတော်ကောင်းတစ်ဦးက ရဟန်းဘဝသို့ ရောက်ရှိလာတဲ့အတွက် ရဟန်းသီလတွေကို ဖြူစင်အောင် စောင့်ထိန်းချင်တယ်ဆိုလျှင် မိမိ စောင့်ထိန်းရမယ့် ဝိနည်းသီလတွေကို တတ်သိ နားလည်ထားပြီးဖြစ်ဖို့ မှတ်မိနေဖို့ လိုပါတယ်။ ဒီလို တတ်သိ နားလည်ဖို့ မှတ်မိနေဖို့ဆိုတာ အလွတ်ရအောင် ကျက်သင့်တဲ့ အပိုင်းတွေကို ကျက်ရမှာ ဖြစ်ပါတယ်။
အလားတူပဲ သမာဓိပိုင်း ရောက်လာတဲ့အခါမှာလည်း အာနာပါနကို စတုတ္ထစျာန်သို့ ဆိုက်သည့်တိုင်အောင် ဘယ်လိုပွားရမယ်၊ ကသိုဏ်း(၁၀)ပါးကို ဘယ်လို ပွားရမယ်၊ သမာပတ်(၈)ပါးကို ဘယ်လို ပွားရမယ်၊ ဗြဟ္မစိုရ်တရားတွေကို ဘယ်လို ပွားရမယ် စသည်ဖြင့် ပွားပုံ နည်းစနစ်တွေကိုတော့ ပထမ ရှေးဦးစွာ ဆရာသမားထံမှာ သင်ယူရမှာ ဖြစ်ပါတယ်။ မသင်ဘဲနဲ့ အလိုလို တတ်ဖို့ဆိုတာ မမျှော်မှန်းအပ်တဲ့ အရာတွေသာ ဖြစ်တယ်။ မိမိက သင်ယူထားတဲ့အတိုင်း တစ်ဖန်လက်တွေ့ အောင်မြင်အောင် ကျင့်ရမှာ ဖြစ်တယ်။
အလားတူပဲ ပညာစခန်း ရောက်လာပြီ ဆိုကြစို့၊ ရှေးဦးစွာ မိမိက ဝိပဿနာစခန်းကို ကျင့်ချင်တယ်ဆိုလျှင် ဝိပဿနာဆိုတာကဘာလဲ၊ ဘယ်လို ကျင့်ရမလဲ? ဒီအကြောင်းအရာတွေကို ပထမ ဆရာသမားထံမှာ ချဉ်းကပ်ကာ သင်ယူရမှာ ဖြစ်တယ်။ ဒီနေရာမှာ ပညာနှင့် သမ္မာဒိဋ္ဌိမဂ္ဂင်တို့ဟာ အဓိပ္ပါယ် တူညီကြပါတယ်။ ဘာကို သမ္မာဒိဋ္ဌိ = မှန်ကန်တဲ့ အသိအမြင်လို့ ခေါ်ဆိုသလဲ? ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၈၈။)မှာ သမ္မာဒိဋ္ဌိလေးမျိုး ဟောကြားထားတော်မူခဲ့ပါတယ်။
၁။ ဒုက္ခသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,
၂။ သမုဒယသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,
၃။ ဒုက္ခချုပ်ရာ နိရောဓသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,
၄။ ဒုက္ခချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,
ဒီလို သမ္မာဒိဋ္ဌိကို လေးမျိုးခွဲကာ ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီသစ္စာလေးပါးထဲမှာ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့ကို သံသရာဝဋ်မှာ လည်ပတ်နေတဲ့ သစ္စာတရားတွေဖြစ်လို့ ဝဋ္ဋသစ္စာတရားတွေလို့ ခေါ်ဆိုပါတယ်။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတရားတွေကိုတော့ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းတွေဖြစ်လို့ ဝိဝဋ္ဋသစ္စာတရားတွေလို့ ခေါ်ဆိုပါတယ်။
တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉)
ဒီလို သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးက ဖွင့်ဆိုထားတဲ့အတွက် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရမယ့် ဝိပဿနာဉာဏ်ရဲ့ အရှုခံ အာရုံတရားတွေ ဖြစ်ကြပါတယ်။ ဝိဝဋ္ဋသစ္စာတရားတွေကတော့ ဝိပဿနာရှုရမယ့် တရားတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် အဋ္ဌသာလိနီအဋ္ဌကထာက ဝိပဿနာဆိုတဲ့ စကားလုံးကို ဒီလို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)
ဒုက္ခသစ္စာဓမ္မ သမုဒယသစ္စာဓမ္မတွေကို အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲလို့ ဒီလို အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုတတ်တဲ့ဉာဏ်ကို ဝိပဿနာလို့ ခေါ်ဆိုတယ်ဆိုပြီး ဒီလို ရှင်းပြထားပါတယ်။ ဒီလိုဆိုလျှင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းချင်တဲ့ ပုဂ္ဂိုလ်ဟာ - ဒုက္ခသစ္စာတရားတွေက ဘာတွေလဲ? သမုဒယသစ္စာတရားတွေက ဘာတွေလဲ? မိမိ ဝိပဿနာရှုမယ့် တရားတွေကို သိဖို့ မလိုဘူးလား? လိုအပ်ပါတယ်။
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။ မ၊၁၊၈၄။)
လိုရင်းတိုရှင်း ပြောရလျှင်တော့ ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာတရားများ ဖြစ်ကြပါတယ်။ ဓမ္မစကြာဒေသနာတော် မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်တွေမှာ ဒီလိုပဲ ဟောကြားထားတော်မူပါတယ်။ ဟို အင်္ဂုတ္တိုရ် ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။)မှာတော့ ကြောင်းကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သမုဒယသစ္စာလို့ ဟောကြားထားတော်မူခဲ့ပါတယ်။
ဒီတော့ ယောဂီပုဂ္ဂိုလ်က ဝိပဿနာရှုတော့မယ်ဆိုလျှင် ဒုက္ခသစ္စာတရားတွေက ဘာတွေလဲ? ကြောင်းကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်တရားဆိုတဲ့ သမုဒယသစ္စာတရားတွေက ဘာတွေလဲ? ဒီတရားတွေကို သိအောင် ဘယ်လို ရှုရမလဲ? ဒီတရားတွေကို ဘယ်လို ဝိပဿနာရှုရမလဲ? ဒီအကြောင်း အရာတွေကို သိအောင် ဆရာသမားထံမှာ ပထမ သင်ယူရပါတယ်။ ဒီလို သင်ယူလို့ ရရှိတဲ့ သင်သိ အသိဉာဏ်ကိုတော့ အာဂမသုတလို့ ခေါ်ဆိုပါတယ်။ ပရိယတ္တိဗာဟုသစ္စ = ပရိယတ္တိဗဟုဿုတလို့လည်း ခေါ်ဆိုပါတယ်။ (ဥဒါန၊ဋ္ဌ၊၂၆၆။)
ဒီလို သင်သိအနေနဲ့ သင်ယူတဲ့အပိုင်းမှာ ခန္ဓာငါးပါးလို့ ခေါ်ဆိုနေတဲ့ ရူပက္ခန္ဓာဆိုတာက ဘာတွေ ဘာတွေ၊ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာဆိုတဲ့ စေတသိက်သင်္ခါရတရားတွေ ဆိုတာက ဘာတွေ ဘာတွေ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ အသိစိတ်တွေက ဘာတွေ ဘာတွေ -- ဆိုတာကို ဆရာသမားထံမှာ နှုတ်တက်ရအောင် မှတ်မိအောင်တော့ သင်ယူရပါတယ်။ ဒီလို သင်ယူနည်းဖြစ်လို့ အာဂမသုတလို့ ခေါ်ဆိုပါတယ်။ ဒီအာဂမသုတကိုပဲ ရည်ရွယ်တော်မူပြီးတော့ အထက်ပါ ပါဠိတော်မှာ ဓာတာ ဝစသာ ပရိစိတာဆိုပြီး ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်။
အဓိဂမသုတ = ကျင့်သိဗဟုဿုတ
ဒီလို သင်ယူရုံနှင့်တော့ မပြီးသေးဘူး၊ ဘာဆက်လုပ်ရမလဲ? မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ -- ဆိုပြီး ပါဠိတော်မှာ ဆက်ပြီး ဟောထားတော်မူပြန်တယ်။ ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို စိတ်နှင့် အဖန်ဖန် အထပ်ထပ် ရှုရမယ်၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားအားထုတ်ရမယ်လို့ ဒီလို ဆက်ပြီး ဟောထားတော်မူပြန်တယ်။ ဒါကြောင့် အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားတော်မူပြန်တယ်။
မနသာနုပေက္ခိတာတိ စိတ္တေန ဩလောကိတာ။ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်ခုရှိတဲ့အနက် ဒုက္ခသစ္စာတရားတွေက အကျိုးတရားဖြစ်လို့ အဲဒီ ဒုက္ခသစ္စာ တရားစုတွေကို အတ္ထလို့ ခေါ်ဆိုတယ်။ သမုဒယသစ္စာတရားတွေက အကြောင်းတရားဖြစ်လို့ အဲဒီ သမုဒယသစ္စာ တရားတွေကို ကာရဏလို့ ခေါ်ဆိုပါတယ်။
ယောဂါဝစရပုဂ္ဂိုလ်က ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော့မယ်ဆိုလျှင် ဝိပဿနာဉာဏ်ရဲ့ အရှုခံ အာရုံဖြစ်တဲ့ အတ္ထအမည်ရတဲ့ ဒုက္ခသစ္စာတရားစုတွေ, ကာရဏအမည်ရတဲ့ သမုဒယသစ္စာတရားစုတွေကို ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို သိအောင် ကြိုးစား အားထုတ်တဲ့အပိုင်းမှာ -- ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ -ဆိုတဲ့ အဋ္ဌကထာအဖွင့်နှင့်အညီ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးစားအားထုတ်ရပါတယ်၊ ကျင့်ရပါတယ်။ ဒီလို ကိုယ်တိုင် တကယ်လက်တွေ့ ကျင့်လိုက်လို့ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်လာတဲ့ အသိကိုတော့ အဓိဂမသုတ = ကျင့်လို့ရရှိလာတဲ့ ဗဟုဿုတလို့ ခေါ်ပါတယ်။ ဥဒါန်း အဋ္ဌကထာ(ဥဒါန၊ဋ္ဌ၊၂၆၆။)၌ကား ယင်းအဓိဂမသုတကို ပဋိဝေဓဗာဟုသစ္စ = ပဋိဝေဓဗဟုဿုတလို့လည်း ခေါ်ဝေါ်သုံးစွဲထားပါတယ်။
ဒီတော့ ယောဂီပုဂ္ဂိုလ်က ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော့မယ်ဆိုလျှင် ဒီအာဂမသုတခေါ်တဲ့ သင်သိ အဓိဂမသုတခေါ်တဲ့ ကျင့်သိ- ဒီအသိနှစ်မျိုးကို ရရှိအောင်, ပထမ သိအောင် ကြိုးစားအားထုတ်ရပါတယ်။ ဒုက္ခသစ္စာအမည်ရတဲ့ ရုပ်တရားနာမ်တရား = ခန္ဓာငါးပါးတို့ကိုလည်း ပရမတ္ထ ဓမ္မသဘာဝသို့ ဆိုက်သည့်တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတတ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ကိုလည်း ရရှိရမယ်၊ သမုဒယသစ္စာအမည်ရတဲ့ အကြောင်း ပရမတ်တရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတတ်တဲ့ သမ္မာဒိဋ္ဌိ ဉာဏ်ကိုလည်း ရရှိရမယ်။
ရုပ်နာမ်ကိုလည်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်း, ထိုရုပ်နာမ်တွေရဲ့ အကြောင်းတရားကိုလည်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်း သိခြင်းဆိုတဲ့ ဒီသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် သိနေတဲ့ အကြားအမြင် ဗဟုဿုတ ရှိရမယ်။ ဒီအကြားအမြင် ဗဟုဿုတအရ သူတော်ကောင်းက သိရမည့် တရားတွေသည် ရုပ်နာမ်ပရမတ္ထဓာတ်သားတွေဖြစ်တော့ ထိုရုပ်နာမ်ပရမတ္ထ ဓာတ်သားတွေက သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ၊ ထိုရုပ်နာမ် ပရမတ္ထဓာတ်သားတွေရဲ့ အကြောင်းတရားတွေက ဘာသစ္စာလဲ? သမုဒယသစ္စာ၊ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ကိုယ်တိုင်မျက်မှောက် ထိုးထွင်းသိတဲ့ ထိုပုဂ္ဂိုလ် သန္တာန်၌ သုတဆိုတဲ့ သူတော်ကောင်းဥစ္စာ ပြည့်စုံပြီ၊ ထိုသုတဆိုတဲ့ သူတော်ကောင်းဥစ္စာ ပြည့်စုံနေတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တစ်ဦးသည် နောက်ထပ်တစ်ဖန် ပြည့်စုံသင့် ပြည့်စုံထိုက်တဲ့ တရားတွေက ဘယ်တရားတွေလဲ?
၄။ စာဂတရားနှင့် ပြည့်စုံခြင်း
စာဂေန သမန္နာဂတော = ပေးကမ်း စွန့်ကြဲခြင်း စာဂတရားနဲ့ ပြည့်စုံရတယ်။ ဒီနေ့ အလှူရှင်များကဲ့သို့ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား အပေါ်၌ ယုံကြည် သက်ဝင်နေတဲ့ သဒ္ဓါတရား မျိုးစေ့ အပေါ်၌ အခြေစိုက်ပြီး သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး အကြားအမြင် ဗဟုဿုတ များပြားခြင်းတည်းဟူသော သမ္မာဒိဋ္ဌိ ဉာဏ်ပညာတရားတွေ ခြံရံလျက် ပေးကမ်း စွန့်ကြဲခြင်းဆိုတဲ့ စာဂတရား ပြုခဲ့မယ်ဆိုလျှင် ထိုပေးကမ်း စွန့်ကြဲခြင်း စာဂတရားတွေဟာ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ တရားတစ်ခု ဖြစ်သွားပါတယ်။
၅။ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်း
အကယ်၍ ထိုစာဂတရားတွေ ပြည့်စုံနေတဲ့ သူတော်ကောင်းက နောက်ထပ် ပညာယ သမန္နာဂတော = ဝိပဿနာပညာတွေနဲ့ပါ ပိုပြီး ပြည့်စုံခဲ့မယ် ဆိုလျှင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ဘုရား ဖြစ်သွားပြီ။ သဒ္ဓါ-သီလ- သုတ-ပညာ--ဟု ဆိုအပ်တဲ့ ဒီအကြောင်းတရားလေးခု ခြံရံထားအပ်တဲ့ စာဂတရားတွေဟာ အလွန် အဆင့်အတန်း မြင့်သွားပါတယ်။ အဆင့်အတန်း မြင့်မားနေတဲ့ ဒီစာဂတရားက အကျိုးပေးတဲ့ အချိန်အခါမှာ အဆင့်အတန်း အလွန် မြင့်မားနေတဲ့ အကျိုးတွေကို ပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒီစွမ်းအား ရှိမှုနှင့် ပတ်သက်ပြီး မြတ်စွာဘုရားက ဘယ်လိုဟောထားတော်မူသလဲ?
ဣဓ ဘိက္ခုဝေ ဘိက္ခု သဒ္ဓါယ သမန္နာဂတော ဟောတိ၊ သီလေန သမန္နာဂတော ဟောတိ၊ သုတေန သမန္နာဂတော ဟောတိ၊ စာဂေန သမန္နာဂတော ဟောတိ၊ ပညာယ သမန္နာဂတော ဟောတိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဣဓ = ဤသာသနာတော်မြတ်အတွင်း-၌။ ဘိက္ခု = ယောဂါဝစရ ရဟန်းတော်သည်။ သဒ္ဓါယ = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့်။ သမ္မန္နာဂတော = ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။ သီလေန = ကိုယ်ကျင့်သီလနှင့်။ သမန္နာဂတော = ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။ သုတေန = အကြားအမြင် ဗဟုဿုတ များပြားခြင်း သုတတရားနှင့်။ သမန္နာဂတော = ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။ စာဂေန = ပေးကမ်း စွန့်ကြဲခြင်း စာဂတရားနှင့်။ သမန္နာဂတော = ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။ ပညာယ = ဝိပဿနာဉာဏ်ပညာနှင့်။ သမန္နာဂတော = ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။
ဦးတည်ချက်များ
တဿ = သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ပြည့်စုံနေတဲ့ ယောဂါဝစရ ရဟန်းတော် တစ်ပါး၏ သန္တာန်၌။ ဧဝံ = ဤသို့သော အကြံအစည်သည်။ ဟောတိ = ဖြစ်ပေါ်၍နေပေ၏။
သူ့သန္တာန်မှာ စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်နေတယ်။
အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျံ။
အဟံ = ငါသည်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ ခတ္တိယမဟာသာလာနံ = ခတ္တိယမဟာသာလအမည်ရသော သူဌေးသူကြွယ်တို့၏။ သဟဗျတံ = အပေါင်းအဖော်၏ အဖြစ်သို့။ ဥပပဇ္ဇေယျံ = ကပ်ရောက်၍ နေရပါမူကား။ အဟော ဝတ = ဩော်-- ကောင်းလေစွ။ ဧဝံ = ဤကဲ့သို့ စိတ်အကြံအစည်သည်။ ဟောတိ = ဖြစ်ပေါ်၍ နေလေ၏။
ခန္ဓာကိုယ်၏ ပျက်စီးသည်မှ နောက်ကာလ၌ ခတ္တိယမဟာသာလအမည်ရတဲ့ သူဌေးသူကြွယ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရှိရလျှင် သိပ်ကောင်းမယ်၊ ဒီလို စိတ်အကြံအစည် ဖြစ်ပေါ်လာတယ်။ ဒီအကြံအစည် ဖြစ်ရုံတွင်လား? မကသေးဘူး။
သော တံ စိတ္တံ ဒဟတိ၊ တံ စိတ္တံ အဓိဋ္ဌာတိ၊ တံ စိတ္တံ ဘာဝေတိ။
သော = ထိုပုဂ္ဂိုလ်သည်။ တံ စိတ္တံ = ထိုကဲ့သို့သော ဖြစ်လိုသော စိတ်ထားကို။ ဒဟတိ = ဆောက်တည်ထား၏။ တံ စိတ္တံ = ထိုကဲ့သို့သော စိတ်ထားကို။ အဓိဋ္ဌာတိ = နှလုံးထဲ ထည့်သွင်းထား၏။ အဓိဋ္ဌာတိ = အဓိဋ္ဌာန်ပြုထား၏။ တံ စိတ္တံ = ထိုကဲ့သို့ ဖြစ်လိုတဲ့ စိတ်ထားကို။ ဘာဝေတိ = ပွားများ၍ ထား၏။
ခေတ်စကားနဲ့ပြောရလျှင် ဆုတောင်းပန်ထွာထား၏။ ဒီလိုပုံစံ ဖြစ်ကို ဖြစ်ရမယ်၊ ခတ္တိယမဟာသာလ အမည်ရတဲ့ မင်း, သူဌေးသူကြွယ် နောင်ဘဝ၌ ဖြစ်ကိုဖြစ်ရမယ်ဟု စိတ်ဓာတ်တွေ ပြုပြင် ပြောင်းလဲထားတယ်။ ဆုတောင်း ပန်ထွာပြီး ထားလိုက်တော့ --
တဿ တေ သင်္ခါရာ စ ဝိဟာရာ စ ဧဝံ ဘာဝိတာ ဧဝံ ဗဟုလီကတာ တတြုပပတ္တိယာ သံဝတ္တန္တိ။ အယံ ဘိက္ခဝေ မဂ္ဂေါ အယံ ပဋိပဒါ တတြုပပတ္တိယာ သံဝတ္တတိ။
ဧဝံ ဘာဝိတာ = ဤကဲ့သို့ အလေ့အလာ ပြုအပ်သော။ ဧဝံ ဗဟုလီကတာ = ဤကဲ့သို့ ကြိမ်ဖန်များစွာ အလေ့အလာပြု၍ ထားအပ်သော။ တေ သင်္ခါရာ စ = ထိုပြုစုပျိုးထောင်ထားအပ်သော ကုသိုလ်ကံ သင်္ခါရတရားတို့သည်လည်းကောင်း။ တေ ဝိဟာရာ စ = ထိုအထူးသဖြင့် ပြုပြင်ထားအပ်သော ကုသိုလ်ကံ သင်္ခါရတရားတို့၌ နေထိုင်ခြင်းတို့သည်လည်းကောင်း။ တတြုပပတ္တိယာ = ထိုခတ္တိယမဟာသာလ အမည်ရနေတဲ့ အမျိုးအနွယ်၌ ဖြစ်ရန်အလို့ငှာ။ သံဝတ္တန္တိ = ဖြစ်လေကုန်၏။
ထိုသူက ဘယ်အပေါ်မှာ ရပ်တည်ပြီး ဒီသင်္ခါရတရားတွေကို ပြုစု ပျိုးထောင်သလဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဟု ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးအပေါ်မှာ ရပ်တည်ပြီးမှ ဒီကုသိုလ် သင်္ခါရတရားတွေကို ပြုစုပျိုးထောင်ခဲ့တယ်။ ဒီလို ပြုစုပျိုးထောင်တဲ့ အချိန်အခါမှာ သူက ဘာဖြစ်လဲ?
ဧဝံ ဘာဝိတာ ဧဝံ ဗဟုလီကတာ၊
စိတ်ဓာတ်က ဒီခတ္တိယမဟာသာလ၌ ဖြစ်စေရမယ်ဆိုတဲ့ ဒီစိတ်ဓာတ်တွေကို ကြိမ်ဖန်များစွာ ပွားများထားတယ်၊ ဒီလို စိတ်ဓာတ်တွေမှာ ရပ်တည်ပြီးတော့ ဒီစိတ်ဓာတ်တွေကို ကြိမ်ဖန်များစွာ ပွားများပြီးတော့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ ကုသိုလ်သင်္ခါရတရားကို ကြိမ်ဖန်များစွာ ပြုစု ပျိုးထောင်ထားတယ်။
အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ
ဒီကုသိုလ် သင်္ခါရတရားတွေက နောင်အခါ သူမျှော်လင့် တောင့်တနေတဲ့ ခတ္တိယမဟာသာလလို့ ခေါ်ဆိုအပ်တဲ့ ဘဝတစ်ခုခု ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်နေကြတယ်။ ဒီအကြောင်းရင်းဖြစ်တဲ့ ဒီသင်္ခါရ တရားတွေဟာ ဒီသတ္တဝါကို ခတ္တိယမဟာသာလ မင်းသူဌေးသူကြွယ် အမျိုးအနွယ်၌ ပဋိသန္ဓေ တည်နေဖို့ရာအတွက် အကြောင်းရင်းတွေ ဖြစ်ကုန်ပြီ၊ ဒီတော့ ဘုန်းကြီးတို့ နည်းနည်းကလေး ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပြန်ပြောမယ်၊ မင်းသူဌေးသူကြွယ်ဆိုတာ သမ္မုတိသစ္စာနယ်က ရှိတာမှန်တယ်၊ ပရမတ္ထ သစ္စာနယ်ဘက်က ကြည့်မယ်ဆိုလျှင် မင်းသူဌေးသူကြွယ်ဆိုတာ ရှိသလား? မရှိဘူး။
မင်းသူဌေးသူကြွယ်လို့ ခေါ်ဆိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို ပရမတ္ထသစ္စာနယ်ဘက်က လှမ်းပြီး ဓာတ်ကြီးလေးပါး ဖမ်းစိုက်ရှုလိုက်မယ်ဆိုလျှင် ရုပ်နာမ် ပရမတ္ထဓာတ်သား အစုအပုံပဲ ရှိတယ်။ ထိုရုပ်နာမ်တရားတွေသည် ယခုဖြစ် ယခုပျက်နေတဲ့ အနိစ္စတွေသာ မှန်တယ်၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေသာ မှန်တယ်၊ မပျက်စီးဘဲ အကြိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာ မှန်တယ်။
ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံသာ မှန်တယ်။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံတွေသာ မှန်တယ်။ အနိစ္စတရား အစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံတွေသာ မှန်တယ်။ ရုပ်နာမ်အစုအပုံ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံလို့ မသိဘဲ၊ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံလို့ မသိဘဲ၊ မင်းသူဌေးသူကြွယ်လို့ သိခဲ့လျှင် ဒီအသိတွေဟာ မှန်သလား? မမှန်ဘူး။
ဒီအသိမှားမှုက အဝိဇ္ဇာ၊ ထိုအသိမှားမှု အဝိဇ္ဇာကို အခြေတည်ပြီး မင်းသူဌေးသူကြွယ် ဘဝအပေါ်၌ တွယ်တာတပ်မက်နေတဲ့ တဏှာတစ်ခု ပေါ်လာတယ်။ ထိုတွယ်တာတပ်မက်တဲ့ တဏှာက ကြိမ်ဖန်များစွာဖြစ်လို့ ရင့်ကျက်လာလျှင် ဒီတဏှာကိုပဲ ဥပါဒါန်လို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်ဆိုတဲ့ ကိလေသာဝဋ်(၃)ပါး ထူထောင်မိလျက်သား ဖြစ်သွားပြီ၊ ဒီကိလေသာဝဋ်ကို အခြေစိုက်ပြီး ထိုပုဂ္ဂိုလ်က ဘာတွေ ထပ်လုပ်သလဲ?
သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ ကုသိုလ်သင်္ခါရတရားတွေကို တစ်ဖန် ပြုစုပျိုးထောင်ပြန်တယ်။ ထိုသင်္ခါရတရားတွေကလည်း အနိစ္စတရားတွေသာ မှန်ကြတယ်၊ ဒုက္ခတရားတွေသာ မှန်ကြတယ်၊ အနတ္တတရားတွေသာ မှန်ကြတယ်။ အနိစ္စတရားတွေသာ ဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ချက်ချင်းပဲ ပျက်သွားကြတယ်။ ဖြစ်ပြီး ပျက်သွားကြသော်လည်း နောင်တစ်ချိန် သူ မျှော်လင့် တောင့်တနေတဲ့ ခတ္တိယမဟာသာလ မင်းသူဌေးသူကြွယ်ဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ သာလျှင် ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကို ကံ ဟု ခေါ်ပါတယ်။
ပေါင်းလိုက်တော့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်း တရားငါးခု စုံညီသွားတယ်။ သူ့သန္တာန်မှာ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တွေ ခြံရံသွားပြီ၊ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တွေ ခြံရံထားအပ်တဲ့ ဒီသင်္ခါရကံတွေက သူမျှော်လင့် တောင့်တနေတဲ့ ခတ္တိယမဟာသာလ အမည်ရတဲ့ မင်းသူဌေးသူကြွယ်ဘဝကို ဖြစ်ပေါ်စေဖို့ရန် အကြောင်းတရားတွေ ဖြစ်ကုန်ကြတယ်။ အကြောင်းတရားတွေ ဖြစ်တဲ့အတွက် ဘာဖြစ်သလဲ?
အယံ ဘိက္ခဝေ မဂ္ဂေါ အယံ ပဋိပဒါ တတြုပပတ္တိယာ သံဝတ္တတိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ အယံ = ဤသင်္ခါရတရားက။ တတြုပပတ္တိယာ = ထိုမင်းသူဌေးသူကြွယ် ခတ္တိယမဟာသာလဘဝ၌ ဖြစ်ပေါ်လာဖို့ရန်။ မဂ္ဂေါ = အကြောင်းရင်း မဂ်လမ်းတည်း။ အယံ = ဤသည်ကား။ ပဋိပဒါ = ကျင့်ဝတ်ပဋိပတ်ပေတည်း။
ဒီ သူဌေးသူကြွယ် ဖြစ်ချင်တယ်ဆိုလျှင် ဖြစ်အောင် ပြုလုပ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ? အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ခြံရံထားအပ်တဲ့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ကောင်းမှုကုသိုလ်တွေကို ပြုစုပျိုးထောင်တဲ့ သင်္ခါရတရားတွေနှင့် ယင်းသင်္ခါရတို့ရဲ့ စွမ်းအင်ကမ္မသတ္တိတွေ ဖြစ်ကြတယ်။ အဲဒီ အကြောင်းတရားငါးခု စုံညီခဲ့လျှင် တစ်ချိန် သူ့ရဲ့ခန္ဓာ ပျက်စီးပြီး နောက်ကာလ၌ သူမျှော်လင့် တောင့်တနေတဲ့ ခတ္တိယအမျိုးအနွယ်၌ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။
အကယ်၍ ပုဏ္ဏားသူဌေးသူကြွယ်ဘဝ ဂဟပတိသူဌေးသူကြွယ်ဘဝတွေကို အလိုရှိခဲ့လျှင်လည်း ဒီအကြောင်းတရားတွေကို ထူထောင်ခဲ့လျှင် ဖြစ်နိုင်ပါတယ်။ ဒီလောက်နှင့် တင်းတိမ် ရောင့်ရဲမှုမရှိဘဲ နတ်ပြည် ခြောက်ထပ်မှာ တည်ရှိနေတဲ့ နတ်သားဘဝ နတ်သမီးဘဝကို မျှော်လင့် တောင့်တခဲ့လျှင်လည်း ထိုထိုဘဝတွေကို ရောက်အောင် ဒီအကြောင်းတရားတွေက ပြုပြင်ပေးနိုင်တဲ့ ကျိန်းသေတဲ့စွမ်းအား ရှိနေတယ်၊ ဘာဖြစ်လို့ ကျိန်းသေတဲ့ စွမ်းအားလို့ ပြောရသလဲ?
သူ့မှာ ယုံကြည်တဲ့ သဒ္ဓါတရား အပြည့်အဝ ရှိနေတယ်။ ကိုယ်ကျင့် သီလကလည်း အမြဲတမ်း ဖြူစင်နေတယ်။ ပရမတ္ထဓာတ်သား ဒုက္ခသစ္စာတရားနှင့် အကြောင်းတရားဟု ခေါ်ဆိုအပ်တဲ့ သမုဒယသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ အကြားအမြင် ဗဟုဿုတကလည်း သင်သိ ကျင့်သိ ဒီနှစ်မျိုးတို့ဖြင့် ဗဟုဿုတကလည်း ရှိနေတယ်။ ပေးကမ်း စွန့်ကြဲခြင်း စာဂတရားကလည်း ထင်ရှား ရှိနေတယ်။ ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိခြင်း ဆိုတဲ့ ဝိပဿနာ ဉာဏ်ပညာနှင့်လည်း ပြည့်စုံနေပြီ၊
ဒီလို ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်အဖို့ မိမိလိုလား တောင့်တနေတဲ့ ဘဝတစ်ခုသို့ ရောက်ဖို့ရန်သာ စိတ်ဓာတ်က ဆောက်တည်လိုက်ပါ၊ ဆောက်တည်လိုက်လျှင် ထိုဆောက်တည်ထားတဲ့အတိုင်း မိမိ လိုလား တောင့်တနေတဲ့ ဘဝကို ရောက်ရှိနိုင်ပါတယ်ဆိုပြီး ဒီလို ဘုရားရှင်က အာမခံထားတယ်။ ဒီအာမခံချက်နှင့် ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က စိတ်ဝင်စားဖွယ်ရာ ဖွင့်ဆိုထားပါတယ်။ ဘယ်လို ဖွင့်ဆိုထားသလဲ?
---ပတ္ထနာနှင့် ကုသိုလ်ဓမ္မ
အယံ မဂ္ဂေါ အယံ ပဋိပဒါတိ သဟ ပတ္ထနာယ ပဉ္စ ဓမ္မာဝ။ ယဿ ဟိ ပဉ္စ ဓမ္မာ အတ္ထိ၊ န ပတ္ထနာ၊ တဿ ဂတိ အနိဗဒ္ဓါ။ (မ၊ဋ္ဌ၊၄၊၁၀၄။)
အယံ မဂ္ဂေါ = ဒါက မိမိ မျှော်လင့်တောင့်တနေတဲ့ ဘဝသို့ ရောက်ကြောင်းဖြစ်တဲ့ မဂ္ဂလမ်းကြောင်း ဖြစ်တယ်။ အယံ ပဋိပဒါ = ဒါက ကျင့်ဝတ်ပဋိပတ် ဖြစ်တယ်ဆိုပြီး ဒီလို ဟောထားတယ်။ ဟောထားတဲ့ နေရာမှာ ဆုတောင်းပန်ထွာမှုနှင့်တကွ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ အကြောင်းတရား ငါးပါးသာ ဖြစ်ပါတယ်။ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာ ငါးပါးမှာ ဆုတောင်းပန်ထွာမှု ပါရမယ်လို့ ဆိုလိုပါတယ်။ အဲဒီတော့ ဒီဆုတောင်းပန်ထွာမှု မရှိလျှင် ဘာဖြစ်နိုင်သလဲ?
ယဿ = အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌။ ပဉ္စ ဓမ္မာ = သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဟု ခေါ်ဆိုအပ်သော သူတော်ကောင်းဥစ္စာ ငါးပါးတို့သည်။ အတ္ထိ = ရှိကြလေကုန်၏။ ပတ္ထနာ = ဆုတောင်းပန်ထွာမှု ပတ္ထနာတရားသည်။ န အတ္ထိ = မရှိပေ။ တဿ = ထိုပုဂ္ဂိုလ်၏ သန္တာန်၌။ ဂတိ = လားရာဂတိသည်။ အနိဗဒ္ဓါ = အမြဲမရှိပေ။
ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်၌ ဒီနေ့ တရားအားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ် တချို့လို သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံနေပြီ၊ သူတော်ကောင်းဥစ္စာငါးပါး ထင်ရှားရှိပြီ၊ သို့သော် ဘာဖြစ်ရပါလို၏ စသည်ဖြင့် ဆုတောင်းပန်ထွာမှု ပတ္ထနာတော့ မရှိဘူး၊ မရှိခဲ့လျှင် ထိုပုဂ္ဂိုလ်၏ နောင်တစ်ချိန် သေပြီးသည့် နောက်ကာလမှာ ဖြစ်ပေါ် လားရောက်ရမယ့် ဂတိကတော့ ဘယ်ဘဝဆိုတဲ့ သတ်မှတ်ချက် သေချာစွာ မရှိဘူး။
ယဿ ပတ္ထနာ အတ္ထိ၊ န ပဉ္စ ဓမ္မာ၊ တဿပိ အနိဗဒ္ဓါ။
ယဿ = အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌။ ပတ္ထနာ = ဆုတောင်းပန်ထွာမှု ပတ္ထနာတရားသည်ကား။ အတ္ထိ = ထင်ရှားရှိ၏။ ပဉ္စ ဓမ္မာ = သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးသည်ကား။ န အတ္ထိ = ထင်ရှားမရှိကြလေကုန်။ တဿပိ = ထိုပုဂ္ဂိုလ်၏ သန္တာန်၌လည်း။ ဂတိ = လားရာဂတိသည်။ အနိဗဒ္ဓါ = အမြဲမရှိသည်။ ဟောတိ = ဖြစ်၏။
---တရားငါးမျိုးနှင့် မပြည့်စုံတဲ့ ပတ္ထနာ
ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်မှာ ဘာဖြစ်ရပါလို၏, ညာဖြစ်ရပါလို၏ စသည်ဖြင့် ဆုတောင်းပန်ထွာမှု ထင်ရှားရှိနေတယ်၊ သို့သော် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးက ထင်ရှား မရှိပြန်ဘူး၊ မရှိခဲ့လျှင်လည်း ထိုပုဂ္ဂိုလ်၏ ဆုတောင်းပန်ထွာမှုသည် ဆုတောင်း တဲ့အတိုင်း ပြည့်စုံနိုင်တဲ့သဘော ရှိသလား? မရှိဘူး။ ဘာဖြစ်လို့လဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာနှင့် ရင်းပြီးမှ မိမိ လိုလားတောင့်တနေတဲ့ ဘဝဆိုတာ ရနိုင်တဲ့သဘော ရှိပါတယ်။
ယုံကြည်ချက် သဘောတရားက အားပျော့တယ်၊ ကိုယ်ကျင့်သီလတွေကလည်း ဖြူစင်သန့်ရှင်းမှု မရှိဘူး၊ ကြမ်းပိုးကလေး ခြင်ကလေးလည်း သတ်လိုလျှင် သတ်လိုက်တာပဲ၊ သူတစ်ပါး ပစ္စည်းဥစ္စာလည်း မတရားသော နည်းလမ်းဖြင့် ယူရမယ်ဆိုလျှင်လည်း ယူလိုက်တာပဲ၊ ကာမေသုမိစ္ဆာစာရအမှု လွန်ကျူးဖို့ အခွင့်အလမ်း ရလျှင်လည်း လွန်ကျူးလိုက်တာပဲ၊ မုသားစကားတွေကိုလည်း ရေလို သုံးလိုက်တာပဲ၊ မူးယစ်ဆေးဝါးတွေကလည်း ကြုံလိုက်လျှင် မိမိတို့ဘက်က ကြိုက်လိုက်တာပဲ၊ တပည့်တော်က ကြိုက်လို့ မဟုတ်ပါဘူး၊ ကြုံလို့ မလွှဲမရှောင်သာတဲ့ မိတ်ဆွေတွေ ငဲ့ပြီး လွန်ကျူးလိုက်တာပါဆိုတဲ့ ပုံစံဖြင့် သောက်ချင်လည်း သောက်လိုက်မယ်၊ မှီဝဲချင်လည်း မှီဝဲလိုက်တယ်။ ဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ကိုယ်ကျင့်သီလ ဖြူစင်သလား? မဖြူစင်ဘူး။
ယုံကြည်ချက် သဒ္ဓါတရားကလည်း အားနည်းတယ်၊ ကိုယ်ကျင့်သီလကလည်း မကောင်းဘူး။ နောက်တစ်ခု အကြားအမြင် ဗဟုဿုတ ဆိုတာကလည်း မရှိဘူး။ ရုပ်လည်းမသိ, နာမ်လည်းမသိ, အကြောင်းတရားလည်းမသိ, အကျိုးတရားလည်းမသိ၊ ပေးကမ်း စွန့်ကြဲခြင်း စာဂတရားကလည်း မရှိဘူး။ ရှိပြန်တော့လည်း ယင်းစာဂတရားကို သဒ္ဓါ-သီလ-သုတ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာတွေက ခြံရံထားမှု မရှိပြန်ဘူး။
နောက်တစ်ခု - ဒီ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ထိုးထွင်း သိမြင်တတ်တဲ့ ဝိပဿနာ ဉာဏ်ပညာကလည်း မရှိပြန်ဘူး၊ ဒီလိုမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဆုတွေ အမျိုးမျိုး တောင်းနေသော်လည်း သူ့ဆုတောင်းချက်သည် ပြည့်စုံနိုင်တဲ့ သဘောရှိသလား? မရှိဘူး။ လားရာဂတိလည်း ထိုပုဂ္ဂိုလ်မှာ မြဲနိုင်မလား? မမြဲနိုင်ဘူး။ ဒါကြောင့် ---
---နှစ်မျိုးလုံးရှိပါမှ အောင်မြင်နိုင်သည်
ယေသံ ဥဘယံ အတ္ထိ၊ တေသံ ဂတိ နိဗဒ္ဓါ။
ယေသံ = အကြင်ပုဂ္ဂိုလ်တို့၏ သန္တာန်၌။ ဥဘယံ = သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဟု ခေါ်ဆိုအပ်သော သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ဆုတောင်း ပန်ထွာမှု ပတ္ထနာတရား နှစ်မျိုးလုံးသည်။ အတ္ထိ = ရှိ၏။ တေသံ = ထိုပုဂ္ဂိုလ်တို့အား။ ဂတိ = လားရာဂတိသည်။ နိဗဒ္ဓါ = မြဲလျက်ရှိ၏။
ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်မယ်ဆိုလျှင် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးလည်း တစ်ဖက်က ပြည့်စုံတယ်။ တစ်ဖက်ကလည်း မိမိ မျှော်လင့် တောင့်တနေတဲ့အတိုင်း ဆုတောင်းပန်ထွာမှု ပတ္ထနာတရားကလည်း ရှိနေတယ်။ ဒီလို သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံခြင်း, ဆုတောင်းပန်ထွာမှု အထင်အရှား ရှိခြင်း, ဒီအကြောင်းတရားနှစ်ခု ထင်ရှားရှိနေတဲ့ သူတော်ကောင်း ပုဂ္ဂိုလ်တစ်ဦးရဲ့ သန္တာန်၌ မိမိ တောင့်တထားအပ်တဲ့ ဆုတောင်းအားလျော်စွာ လားရာဂတိ မြဲနေတယ်။ မိမိ ဖြစ်လိုတဲ့ဘဝ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။
ယထာ ဟိ အာကာသေ ခိတ္တဒဏ္ဍော အဂ္ဂေန ဝါ မဇ္ဈေန ဝါ မူလေန ဝါ နိပတိဿတီတိ နိယမော နတ္ထိ၊
အာကာသေ = ကောင်းကင်၌။ ခိတ္တဒဏ္ဍော = ပစ်အပ်သော တုတ်သည်။ အဂ္ဂေန ဝါ = အဖျားဖြင့်သော်လည်းကောင်း။ မဇ္ဈေန ဝါ = အလယ်ဖြင့်သော်လည်းကောင်း။ မူလေန ဝါ = အရင်းဖြင့်သော်လည်းကောင်း။ နိပတိဿတိ = ကျလာလတ္တံ့။ ဣတိ = ဤသို့။ နိယမော = သတ်မှတ်ထားခြင်းသည်။ နတ္ထိ ယထာ = မရှိလေသကဲ့သို့။
သတ်မှတ်ချက် မထားဘဲ ကောင်းကင်သို့ တုတ်တစ်ချောင်းမြှောက်ပြီး ပစ်လိုက်ပါ၊ ဒီမြှောက်ပစ်လိုက်သော တုတ်သည် အရင်းကကျမယ်ဆိုတဲ့ ဒီလိုမြဲတဲ့ သတ်မှတ်ချက် ရှိသလား? မရှိနိုင်ဘူး။ အလယ်က ပြန်ကျမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိနိုင်သလား? မရှိနိုင်ဘူး။ အဖျားက ပြန်ကျမယ်ဆိုတဲ့ သတ်မှတ်ချက်ကော ရှိနိုင်သလား? မရှိနိုင်ဘူး၊ အဲဒီလို မရှိနိုင်သလိုဘဲ၊
ဧဝံ သတ္တာနံ ပဋိသန္ဓိဂ္ဂဟဏံ အနိယတံ။
ဧဝံ = ဤအတူသာလျှင်။ သတ္တာနံ = သတ္တဝါတို့၏။ ပဋိသန္ဓိဂ္ဂဟဏံ = ပဋိသန္ဓေကို ယူခြင်းသည်ကား။ အနိယတံ = မြဲသော သတ်မှတ်ချက်မရှိသည်။ ဟောတိ = ဖြစ်၏။
သတ္တဝါတို့ရဲ့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ အကြောင်းတရား ငါးပါး စုံသည်ဖြစ်စေ, မစုံသည်ဖြစ်စေ, ဆုတောင်းပန်ထွာမှု ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ, အကြောင်းတရား ငါးပါးကလည်း စုံလင်မှုမရှိ, ဆုတောင်းပန်ထွာမှုလည်း မရှိခဲ့လျှင် ထိုသတ္တဝါရဲ့ တမလွန်ဘဝ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ရတဲ့အခါ မြဲသော သတ်မှတ်ချက် ရှိနိုင်သလား? မရှိနိုင်ဘူး။
တသ္မာ ကုသလံ ကမ္မံ ကတွာ ဧကသ္မိံ ဌာနေ ပတ္ထနံ ကာတုံ ဝဋ္ဋတိ။
တသ္မာ = ထိုကြောင့်။ ကုသလံ ကမ္မံ = ကောင်းမှုကုသိုလ်ကံကို။ ကတွာ = ပြု၍။ ဧကသ္မိံ ဌာနေ = တစ်ခုသော နေရာဌာန၌။ ပတ္ထနံ = ဆုတောင်း ပန်ထွာခြင်းကို။ ကာတုံ = ပြုခြင်းငှာ။ ဝဋ္ဋတိ = သင့်လှပေ၏။
ဒါကြောင့် ကောင်းမှုကုသိုလ် ပြုလုပ်တဲ့အခါ ဆုတစ်ခုခုကို တစ်နေရာမှာ တောင်းနိုင်တယ်။ တစ်နေရာဆိုတာက သမ္မာသမ္ဗောဓိဉာဏ် အလိုရှိခဲ့လျှင် သမ္မာသမ္ဗောဓိဉာဏ်ဆိုတဲ့ ရာထူး ဌာနန္တရ ရရှိဖို့, ပစ္စေကဗောဓိဉာဏ်, အဂ္ဂသာဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝကဗောဓိဉာဏ်ဆိုတဲ့ ဗောဓိဉာဏ် တစ်ခုခုကို အလိုရှိခဲ့လျှင်လည်း ထိုဗောဓိဉာဏ် ရာထူး ဌာနန္တရ တစ်ခုခုကို ရရှိဖို့အတွက် ဆုတောင်းပန်ထွာသင့်တယ်။
ဒီလိုမှ မဟုတ်ဘဲ ဘဝတစ်ခုကို မျှော်လင့် တောင့်တခဲ့လျှင် မိမိမျှော်လင့် တောင့်တနေတဲ့ ဘဝတစ်ခုလို့ ခေါ်ဆိုအပ်တဲ့ ဌာနတစ်ခုကို ရောက်ရှိအောင် ဆုတောင်း ပန်ထွာပြီး ကောင်းမှုကုသိုလ် ပြုသင့်တယ်။ ဘယ်လို ကောင်းမှု ကုသိုလ်တွေလဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ အကြောင်းတရားငါးခု ဆိုတဲ့ ကုသိုလ်တရားတွေပဲ၊ ဒီကုသိုလ်တရားတွေနှင့် စုံညီနေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားရှင်က အာမခံချက် ပေးပါတယ်။
ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ ဥပါသကာ ဥပါသိကာမ ဖြစ်လာလျှင် ဒီအာမခံချက်နဲ့ ညီညွတ်တဲ့ အကြောင်းတရားတွေကို မိမိတို့၏ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လာအောင် ကြိုးစား အားထုတ်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲ? သံသရာခရီးဆိုတာက ဆက်ရန် ရှိနေကြသေးတယ် ဆိုလျှင် မိမိတို့ လိုလား တောင့်တနေတဲ့ နေရာဌာနတစ်ခု ရာထူး ဌာနန္တရတစ်ခုသို့ ကျိန်းသေဧကန် ရောက်စေနိုင်တဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုလျှင် ဖရိုဖရဲ ပြိုကွဲ ပျက်စီးနိုင်တဲ့သဘော မရှိနိုင်ဘူးလား? ရှိနိုင်တယ်။
ရုပ်နာမ်ဓမ္မ, သင်္ခါရဟု, ကိုယ်က ဤပုံ, ဖြစ်လိုတုံလည်း, တဖုံဆင်ကွဲ, သူတစ်နဲဖြင့်, ဖောက်လွဲတတ်စွာ, ဓမ္မတာကို, ပညာစက္ခု, မျှော်ထောက်ရှုလော့ဆိုတဲ့ မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး ဆိုဆုံးမထားတဲ့ အတိုင်းပဲ ကိုယ်က ဒီလို ဖြစ်လိုသော်လည်း ကိုယ်ဖြစ်စေလိုတဲ့ ပုံစံအတိုင်း မဖြစ်ဘဲ ပုံစံ အမျိုးမျိုး ပြောင်းလဲပြီး မဖြစ်တတ်ဘူးလား? ဖြစ်တတ်ပါတယ်။ ကျိန်းသေတဲ့ ကံတွေကို ထူထောင်မှု ရှိသလား? မရှိဘူး။ ကျိန်းသေမှု မရှိတဲ့ ကံတွေကို ထူထောင်ခဲ့မယ် ဆိုလျှင်တော့ မိမိတို့ မျှော်လင့် တောင့်တနေတဲ့အတိုင်း ရာထူး ဌာနန္တရတွေ ရရှိနိုင်မလား? မရရှိနိုင်ဘူး။
ဒီသုတ္တန်မှာ ဘုရားရှင်က မင်းသူဌေးသူကြွယ် ဘဝကို အစထားကာ ဘဝအမျိုးမျိုးအပေါ် ခံစားမှုနှင့် ပတ်သက်ပြီး အဆင့်ဆင့် ဟောသွားတော်မူပါတယ်။ ဒီဟောထားတော်မူတဲ့အတိုင်း အကယ်၍ လူချမ်းသာ, နတ်ချမ်းသာ အလိုမရှိခဲ့လို့ ဗြဟ္မာချမ်းသာ အလိုရှိခဲ့မယ်ဆိုလျှင် ထိုသူတော်ကောင်းတစ်ဦးသည် ဗြဟ္မာချမ်းသာ ရရှိရေးအတွက် ဒီသဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ အကြောင်းတရားတွေကို အခြေခံပြီး ဘာလုပ်ရမလဲ?
---ရူပဗြဟ္မာဘဝ
ဣမေ တာဝ ပဉ္စ ဓမ္မေ ဘာဝေတွာ ကာမာဝစရေသု နိဗ္ဗတ္တတု။ ဗြဟ္မလောကေ နိဗ္ဗတ္တံ ပန အာသဝက္ခယဉ္စ ကထံ ပါပုဏာတီတိ?
ဣမေ ပဉ္စ ဓမ္မာ = ဤသဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးတို့ကို။ ဘာဝေတွာ = ပွားများခြင်းကြောင့်။ ကာမာဝစရေသု = ကာမဝစရဘုံတို့၌။ နိဗ္ဗတ္တတု = ဖြစ်ကောင်းဖြစ်တန်စေ။ ဗြဟ္မလောကေ = ဗြဟ္မာဘုံ၌။ နိဗ္ဗတ္တံ = ဖြစ်ခြင်းသည်လည်းကောင်း။ အာသဝက္ခယဉ္စ = အာသဝေါတရားတို့၏ ကုန်ရာဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရရှိခြင်းသည်လည်းကောင်း။ ကထံ = ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့်။ ပါပုဏာတိ = ရောက်ရှိ၍ လာနိုင်ပါသနည်း?
ဗြဟ္မာပြည်ကို ဘယ်လိုရောက်နိုင်သလဲ? နိဗ္ဗာန်ကို ဘယ်လိုရောက် နိုင်သလဲ? အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဒီ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာငါးပါးကို ပွားများခြင်းကြောင့် ဘယ်လို ဖြစ်လာနိုင်သလဲ? ဒီလိုတော့ မေးထားတယ်၊ မေးထားလိုက်တဲ့အခါမှာ အဋ္ဌကထာဆရာတော်က ဘယ်လို ဖြေထားသလဲ?
ဣမေ ပဉ္စ ဓမ္မာ သီလံ၊ သော ဣမသ္မိံ သီလေ ပတိဋ္ဌာယ ကသိဏပရိကမ္မံ ကတွာ တာ တာ သမာပတ္တိယော ဘာဝေတွာ ရူပီဗြဟ္မလောကေ နိဗ္ဗတ္တတိ၊
ဣမေ ပဉ္စ ဓမ္မာ = ဤငါးပါးသော တရားတို့၌။ သီလံ = ကိုယ်ကျင့်သီလတရားသည်။ အတ္ထိ = ထင်ရှားရှိနေ၏။ သော = ထိုသူတော်ကောင်းသည်။ ဣမသ္မိံ သီလေ = ဤသီလ၌။ ပတိဋ္ဌာယ = ရပ်တည်၍။ ကသိဏပရိကမ္မံ = ကသိုဏ်းပရိကမ်ကို။ ကတွာ = ပြု၍။ တာ တာ သမာပတ္တိယော = ထိုထို ရူပါဝစရစျာန်သမာပတ်တို့ကို။ ဘာဝေတွာ = ပွားများ၍။ ရူပီဗြဟ္မလောကေ = ရူပါဝစရ ဗြဟ္မာပြည်လောက၌။ နိဗ္ဗတ္တတိ = ဖြစ်နိုင်ပေ၏။
သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးထဲမှာ သီလမပါဘူးလား? ပါနေတယ်။ ဒီသီလက အခြေခံ အကြောင်းရင်းဖြစ်နေပြီး ကိုယ်ကျင့်သီလခေါ်တဲ့ မြေပေါ်၌ ရပ်တည်ပြီးတော့ ထိုသူတော်ကောင်းက ကသိုဏ်းပရိကမ်ဆိုတဲ့ ထိုထိုဘာဝနာတွေကို ပွားများ အားထုတ်ခဲ့မယ်ဆိုလျှင် မိမိတို့၏ ပါရမီအားလျော်စွာ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဆိုတဲ့ ရူပါဝစရစျာန်တွေ ရရှိခဲ့လျှင် ရူပါဝစရဗြဟ္မာပြည်မှာ ဖြစ်နိုင်ပါတယ်။
---အရူပဗြဟ္မာဘဝ
အရူပဇ္ဈာနာနိ နိဗ္ဗတ္တေတွာ အရူပီဗြဟ္မလောကေ၊
အရူပဇ္ဈာနာနိ = အရူပါဝစရစျာန်တို့ကို။ နိဗ္ဗတ္တေတွာ = ဖြစ်စေနိုင်ခဲ့သည်ရှိသော်။ အရူပီဗြဟ္မလောကေ = အရူပဗြဟ္မာပြည်၌။ နိဗ္ဗတ္တတိ = ဖြစ်နိုင်ပေ၏။
ဒီ ကသိုဏ်းဘာဝနာလုပ်ငန်းရပ်တွေကို အခြေခံပြီး ရူပါဝစရစျာန် (၄)ပါး ရရှိပြီးတဲ့ သူတော်ကောင်းက အရူပါဝစရစျာန်သမာပတ်တွေကို ရရှိအောင် တစ်ဆင့်တက်ပြီး ကြိုးစား အားထုတ်ခဲ့မယ်ဆိုလျှင် အရူပဗြဟ္မာပြည်မှာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ? ဒီကံတွေက ဆိုင်ရာဆိုင်ရာ ရူပါဝစရဘုံ အရူပါဝစရဘုံတွေမှာ ပဋိသန္ဓေအကျိုးကို လိုလားတောင့်တနေတဲ့ သူတော်ကောင်းအဖို့ ပဋိသန္ဓေကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။ နောက်တစ်ခု -
---သုဒ္ဓါဝါသဘဝ
သမာပတ္တိပဒဋ္ဌာနံ ဝိပဿနံ ဝဍ္ဎေတွာ အနာဂါမိဖလံ သစ္ဆိကတွာ ပဉ္စသု သုဒ္ဓါဝါသေသု နိဗ္ဗတ္တတိ။
သမာပတ္တိပဒဋ္ဌာနံ = စျာန်သမာပတ်လျှင် အခြေခံ အကြောင်းအရင်းရှိသော။ ဝိပဿနံ = ဝိပဿနာဉာဏ်ကို။ ဝဍ္ဎေတွာ = တိုးပွားစေ၍။ (ဝါ) တိုးပွားအောင် လုံ့လကြိုးကုတ် ပွားများ အားထုတ်နိုင်ခဲ့သည်ရှိသော်။ အနာဂါမိဖလံ = အနာဂါမိဖိုလ်သို့။ သစ္ဆိကတွာ = မျက်မှောက်ပြုနိုင်ခြင်းကြောင့်။ ပဉ္စသု သုဒ္ဓါဝါသေသု = သုဒ္ဓါဝါသ ငါးဘုံတို့၌။ နိဗ္ဗတ္တတိ = ဖြစ်နိုင်ပေ၏။
စျာန်သမာပတ်တွေကို ဝိပဿနာရဲ့ အခြေခံ အကြောင်းရင်းအားဖြင့် ထူထောင်ပြီးတော့ ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ပြုလုပ်နိုင်ခဲ့လို့ မိမိကလည်း ပါရမီအားလျော်စွာ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မျက်မှောက်ပြုနိုင်ခဲ့မယ်ဆိုလျှင် ထိုအနာဂါမ် အရိယာသူတော်ကောင်းသည် သုဒ္ဓါဝါသ ငါးဘုံ၌ အလိုရှိခဲ့လျှင် ဖြစ်နိုင်တဲ့သဘော ရှိပါတယ်။ နောက်တစ်ခု -
---အာသဝက္ခယဉာဏ်
ဥပရိမဂ္ဂံ ဘာဝေတွာ အာသဝက္ခယံ ပါပုဏာတိ။
ဥပရိမဂ္ဂံ = အရဟတ္တမဂ်ကို။ ဘာဝေတွာ = ပွားများနိုင်ခြင်းကြောင့်။ အာသဝက္ခယံ = အာသဝေါတရားတို့၏ ကုန်ရာဖြစ်တဲ့ အရဟတ္တမဂ်ကို။ ပါပုဏာတိ = ရောက်ရှိနိုင်ပါတယ်။
အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိပြီးတဲ့နောက် အထက် အရိယမဂ်ဉာဏ်ဟု ခေါ်ဆိုအပ်တဲ့ အရဟတ္တမဂ်ဉာဏ်အလို့ငှာ မိမိက ဆက်ပြီး ပွားများ အားထုတ်ခဲ့မယ်ဆိုလျှင်လည်း အာသဝေါတရား၏ ကုန်ရာဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်အထိ ဆိုက်ရောက်နိုင်ပါတယ်။ ဒီလောက်ထိ အဆင့်အတန်း မြင့်မားနေတဲ့ အရဟတ္တမဂ်ဉာဏ်တိုင်အောင်သော အကျိုးတရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားသည် ဘယ်မှာရှိနေသလဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးမှာ အခြေတည်လျက် ရှိနေပါတယ်။ ဒါကြောင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ သူတော်ကောင်းသာ မှန်ခဲ့မယ်ဆိုလျှင် မိမိတို့ ရုပ်နာမ်အစဉ်မှာ ဒီသဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါး တည်ရှိလာအောင် ကြိုးစား အားထုတ်ဖို့ လိုအပ်မနေဘူးလား? လိုအပ်နေပါတယ်။
သံသရာခရီး ကျင်လည်ခိုက်မှာ အခုလို မိမိတို့က ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ အချိန်အခါ ဒီသဒ္ဓါ-သီလ-သုတ-စာဂ-ပညာ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ဖို့ လိုအပ်နေပါတယ်။ သံသရာခရီး ကျင်လည်ခိုက်မှာ ယခုလို မိမိတို့က ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ အချိန်အခါမှာ ဒီသဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာငါးပါးနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်မယ်ဆိုလျှင် မိမိတို့ရဲ့ အနာဂတ်ခရီးအတွက် ကျိန်းသေတဲ့ ဘဝတွေကို ကြိုတင်ပြီး ရေးဆွဲထားခြင်းလည်း ဖြစ်သွားပါတယ်။
အကယ်၍ ဒီဘဝတွေကို အလိုမရှိခဲ့ဘူး၊ မိမိက ဘဝမှ လွတ်မြောက်ရာဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်, အရဟတ္တဖိုလ်ဉာဏ်, နိဗ္ဗာန်ကို လိုလား တောင့်တခဲ့မယ်ဆိုလျှင် အတိတ်က အရဟတ္တဖိုလ်ရဲ့ အကြောင်းဖြစ်တဲ့ ပါရမီ မျိုးစေ့ကောင်းတွေကို ကြဲချ စိုက်ပျိုးခဲ့တဲ့ သူတော်ကောင်းများ ဖြစ်မယ်ဆိုလျှင် ဒီဘဝမှာလည်း အရဟတ္တဖိုလ်ကို ရည်မျှော်ကာ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာဖြစ်တဲ့ ကုသိုလ်တရားတွေကို အရဟတ္တဖိုလ် ဆိုက်သည့်တိုင်အောင် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့မယ်ဆိုလျှင် ဒီဘဝမှာပဲ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မဆိုက်ရောက်နိုင်ဘူးလား? ဆိုက်ရောက်နိုင်ပါတယ်။
အရဟတ္တဖိုလ်ကို ဆိုက်ရောက်ခဲ့မယ်ဆိုလျှင် သုံးဆယ့်တစ်ဘုံ သံသရာခရီးမှာ အို-နာ-သေရေး ဒုက္ခဘေးဆိုးကြီးတွေမှ ကွင်းလုံးကျွတ် လွတ်မြောက် မသွားနိုင်ဘူးလား? လွတ်မြောက်သွားနိုင်တယ်။ ဒီလို ကွင်းလုံးကျွတ် လွတ်မြောက်သွားနိုင်အောင် ဘယ်တရားတွေက အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေပါသလဲလို့ မေးလျှင် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာ ငါးပါးက အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေတယ်။
ဒါကြောင့် ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ ယခုလို သာသနာတော်ကို ယုံကြည်ချက် သဒ္ဓါတရားတွေ ထင်ရှားရှိနေတဲ့ ရှင်ပဲဖြစ်စေ ရဟန်းပဲဖြစ်စေ လူပဲဖြစ်စေ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာ ငါးပါးနှင့် ရှေးဦးစွာ ပြည့်စုံလာအောင် ကြိုးစားထားဖို့ မလိုဘူးလား? လိုအပ်တယ်။ ကဲ ဘယ်လို ကြိုးစားမလဲ?
ဘုန်းကြီး နည်းနည်း ထပ်ပြောမယ်၊ နံပါတ်တစ်ဖြစ်တဲ့ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား အပေါ်၌ ယုံကြည်တဲ့ သဒ္ဓါတရားကို အခြေခံပြီးတော့ နံပါတ်နှစ် ကိုယ်ကျင့်သီလ ဖြူစင်အောင် ကြိုးစားရမယ်။ ကိုယ်ကျင့်သီလ ဖြူစင်လာတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဘာလုပ်ရမလဲ? သုတခေါ်တဲ့ သူတော်ကောင်း ဥစ္စာကို တစ်ဆင့်တက်ပြီး ကြိုးစားရမယ်၊ စာဂခေါ်တဲ့ သူတော်ကောင်းဥစ္စာကို ပြည့်စုံအောင် တစ်ဆင့်တက်ပြီး ကြိုးစားရမယ်။
သုတဆိုတာက ဘုရားရှင်၏ တရားတော်တွေကို သင်သိ,ကျင့်သိ ဒီအသိနှစ်မျိုးဖြင့် သိခြင်းကို သုတလို့ခေါ်တယ်။ ဒီတော့ ရုပ်တွေကို သင်သိအနေနဲ့ သိအောင်, နာမ်တရားတွေကို သင်သိအနေနဲ့ သိအောင် ပထမ လေ့ကျင့်ရမယ်။ သင်သိအနေနဲ့ သိပြီးတဲ့ အချိန်အခါမှာ ဒီရုပ်တွေ နာမ်တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထိုးထွင်းသိအောင် ကြိုးစားရမယ်။ ကြိုးစားလိုက်တဲ့ အပိုင်းမှာ ရုပ်နာမ် ပရမတ္ထဓာတ်သားတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် လိုအပ်တဲ့ လက်နက်ကောင်းတွေက ဘာတွေလဲ? သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ရမယ်၊ ဘာကြောင့်လဲ?
သမာဓိံ ဘိက္ခဝေ ဘာဝေထ။ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။
ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိလျှင် ဟုတ်တိုင်းမှန်စွာ သိတဲ့ ယထာဘူတဉာဏ်အမြင်တွေ ပေါ်လာမယ်လို့ ဒီလို ဘုရားရှင် ဟောထားတော်မူပါတယ်။ ဘာတွေကို ဟုတ်တိုင်းမှန်စွာ သိတဲ့ ယထာဘူတဉာဏ်တွေ ဖြစ်ပေါ်လာမလဲ?
ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊ ၃၆၃။)
ဒီလို ဘုရားရှင် ဟောကြားထားတော်မူတဲ့အတွက် သမာဓိရှိလျှင် အရိယသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိတဲ့ ယထာဘူတဉာဏ်အမြင်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ တစ်ဖန် မဟာပရိနိဗ္ဗာနသုတ္တန်စတဲ့ ထိုထို သုတ္တန်တွေမှာလည်း ဣတိ သီလံ၊ ဣတိ သမာဓိ၊ ဣတိ ပညာ စသည်ဖြင့် ဘုရားရှင် ဟောထားတော်မူပါတယ်။ သီလဖြင့် ထုံမွှမ်းထားအပ်တဲ့ သမာဓိသည် များသော အကျိုးအာနိသင် ရှိတယ်၊ သမာဓိဖြင့် ထုံမွှမ်းထားအပ်တဲ့ ပညာသည် များသော အကျိုးအာနိသင် ရှိတယ်၊ ပညာဖြင့် ထုံမွှမ်းထားအပ်တဲ့ စိတ်သည် ကောင်းမွန် မှန်ကန်စွာသာလျှင် အာသဝေါတရားတွေမှ လွတ်မြောက်သွားမယ်၊ ကာမာသဝ, ဘဝါသဝ, အဝိဇ္ဇာသဝဆိုတဲ့ ကိလေသာ အာသဝေါတရားတွေမှ လွတ်မြောက်သွားမယ်။ (ဒီ၊၂၊၆၈။) ဒါကြောင့် သင်ချစ်သားတို့သည် သမာဓိကို ပွားများကြစမ်းပါလို့ ဒီလို ဘုရားရှင်က တိုက်တွန်းထားပါတယ်။ တိုက်တွန်းထားတဲ့အတွက် အရိယသစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ရေးအတွက် ရုပ်-နာမ်-အကြောင်း-အကျိုး သင်္ခါရတရားတွေကို ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိနိုင်ရေးအတွက် သမာဓိ တစ်ခုခုကိုတော့ ထူထောင်ဖို့ လိုအပ်တယ်။
ဒီနေ့ ဆွမ်းအလှူရှင်တွေကတော့ အာနာပါနကျင့်စဉ်ကို နှစ်ခြိုက်နေတဲ့အတွက် သမာဓိထူထောင်တဲ့ အပိုင်းမှာ အာနာပါနကျင့်စဉ်ကို နည်းနည်းလောက် ပြန်ပြောကြရအောင် --
အာနာပါနကျင့်စဉ်
အာနာပါနကျင့်စဉ်ကို အားထုတ်လိုတဲ့ ပုဂ္ဂိုလ်က နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဆိုတဲ့ ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ တစ်နေရာမှာ စိတ်ကလေး ကပ်ထားလိုက်ပါ၊ ကပ်ထားပြီးလျှင် ရှူသွင်းလိုက်တဲ့ လေကလေး ဝင်လျှင် ဝင်လေ, ရှူထုတ်လိုက်တဲ့ လေကလေး ထွက်လျှင် ထွက်လေလို့ု အသာ ရှုနေပါ။ စိတ်က မငြိမ်မသက်လို့ အပြင်အာရုံ အမျိုးမျိုးတွေအပေါ်မှာ တွေးတောမှုတွေက သိပ်များနေလျှင်တော့ ရေတွက်တဲ့ ဂဏနာနည်းကို အသုံးပြုရပါတယ်။
ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... တစ်,
ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... နှစ်,
ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... သုံး,
ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... လေး,
ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... ငါး,
ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... ခြောက်,
ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... ခုနစ်,
ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... ရှစ်။
တစ်ကနေ ရှစ်အထိ သို့မဟုတ် တစ်ဆယ်အထိ ရေတွက်နိုင်ပါတယ်၊ ငါးအထိလည်း ရေတွက်နိုင်ပါတယ်၊ ငါးအောက်လည်း မနည်းစေနဲ့, တစ်ဆယ်ထက်လည်း မပိုစေနဲ့ဆိုပြီး ဒီလို သတ်မှတ်ချက် ရှိပါတယ်။
တစ်ကနေ ရှစ်အထိ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုနေတဲ့ အချိန်အခါမှာ တစ်မှ ရှစ်အထိ ငါ့ရဲ့စိတ် ဘယ်ကိုမှ မထွက်စေရ။ နောက်တစ်ကြိမ်လည်း တစ်မှ ရှစ်အထိ ငါ့ရဲ့စိတ် ဘယ်ကိုမှ မထွက်စေရဆိုတဲ့ ရည်ရွယ်ချက်ဖြင့် စိတ်ကို မြဲမြဲမြံမြံထားပြီး ဒီလို ရေတွက်နေရပါမယ်။ ရေတွက်ခြင်း ဂဏနာစွမ်းအင်ဖြင့် ဘာဝနာစိတ်သည် ဝင်လေထွက်လေ အာရုံ၌ တဖြည်းဖြည်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာတဲ့အခါ ရေတွက်ခြင်း ဂဏနာနည်းကို လွှတ်ပြီး ဝင်လေထွက်လေဟု ဒီလောက်ပဲ ရှုနေပါ။
နာရီဝက် တစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ဝင်လေထွက်လေ အာရုံ၌ ကပ်ပြီး တည်နေလျှင် အရှည်နှင့်အတိုကို သိအောင် တစ်ဆင့်တက်ပြီး ကြိုးစားရပါမယ်။ အရှည်ဆိုတာက အသက်ရှူ နှေးမှုကို ဆိုလိုပါတယ်။ အတိုဆိုတာက အသက်ရှူ မြန်မှုကို ဆိုလိုပါတယ်။ အသက်ရှူ နှေးအောင် သို့မဟုတ် အသက်ရှူ မြန်အောင် သက်သက်တော့ မကြိုးစားနဲ့ ပုံမှန်ပဲ အသက်ရှူပါ။
ဒီအရှည်အတိုမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုလျှင် အသက်ရှူ ရှည်လျှင်လည်း အစအဆုံး တောက်လျှောက်သိအောင်, အသက်ရှူ တိုလျှင်လည်း အစအဆုံး တောက်လျှောက်သိအောင်, ဝင်လေထွက်လေ အကုန်လုံးကို တောက်လျှောက်သိအောင် ကြိုးစားရမယ်။ ဒီလို ကြိုးစားလိုက်တဲ့ အပိုင်းမှာ ဝင်လေထွက်လေရဲ့ အာရုံ၌ ရှည်တဲ့သဘော တိုတဲ့သဘော အကုန်လုံး အစအဆုံး ထင်ထင်ရှားရှား သိလာပြီ ဆိုလျှင်တော့ ဒီဝင်လေထွက်လေ အာရုံကလေး သိမ်မွေ့စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆက်လက်ပြီး ပုံစံမှန် အသက်ရှူနေပါ။ အသက်ရှူတဲ့ လေအပေါ်မှာ ထိတဲ့နေရာက စောင့်ပြီး ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ အဲဒီလို ကပ်ထားနိုင်ခဲ့လျှင် တဖြည်းဖြည်း ဘာဝနာသမာဓိက ရင့်ကျက်လာပါလိမ့်မယ်။ ဝင်လေထွက်လေ အာရုံ၌ ဘာဝနာစိတ် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါလိမ့်မယ်။
ဒီလို တည်လာတဲ့ အချိန်အခါမှာ ဝင်လေထွက်လေကလေး သိမ်မွေ့စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆက်လက်ပြီး ပုံမှန်ပဲ အသက်ရှူနေပါ။ ဒီဝင်လေထွက်လေကို သိမ်မွေ့စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆက်လက်ပြီး အသက်ရှူနေခဲ့လျှင် လေကလည်း တဖြည်းဖြည်း သိမ်မွေ့လာမယ်။ သိမ်မွေ့လာခဲ့လျှင် သိမ်မွေ့နေတဲ့ လေအပေါ်မှာ ဒီဘာဝနာစိတ်ကို ငြိမ်သထက် ငြိမ်အောင် ကပ်ထားပါ။ အားကောင်းတဲ့ သတိတရားနှင့် ကပ်ထားနိုင်မယ်ဆိုလျှင် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါလိမ့်မယ်။
သိမ်မွေ့တဲ့ လေကလည်း အလွန့်အလွန် သိမ်မွေ့လာပြီး ဘာဝနာ သမာဓိကလည်း အလွန့်အလွန် အားကောင်းလာပြီ ဆိုလျှင်တော့ နိမိတ် စတင်ပြီး ပေါ်လာတတ်ပါတယ်။ နိမိတ်က ပေါ်စမှာ များသောအားဖြင့် မီးခိုးရောင် ရှိတတ်ပါတယ်။ သမာဓိက ရင့်ကျက်လာခဲ့လျှင် ဝါဂွမ်းဆိုင်ကဲ့သို့ ဖြူနေတဲ့အရောင် ပြောင်းသွားတယ်။ ဝါဂွမ်းဆိုင်ကဲ့သို့ ဖြူစွတ်နေတဲ့ အရောင်ကို ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်။ ပုံသဏ္ဌာန်ကတော့ ယောဂီရဲ့ အတိတ်က ဆည်းပူးခဲ့တဲ့ ပါရမီနှင့် ပစ္စုပ္ပန် စိတ်နေစိတ်ထားအပေါ် မူတည်ပြီး ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲတတ်တဲ့သဘော ရှိပါတယ်။ အရောင်လည်း အမျိုးမျိုး ပြောင်းလဲတတ်တဲ့သဘော ရှိပါတယ်။
ထိုအချိန်အခါမှာ ယောဂီက အရောင်ကို နှလုံးမသွင်းဘဲ နိမိတ်အနေနဲ့ နှလုံးသွင်းဖို့ လိုအပ်ပါတယ်။ နိမိတ်က ခိုင်ခံ့လာလျှင် ဒီနိမိတ်ထဲမှာ ဘာဝနာစိတ်ကို ကပ်ပြီးထားဖို့ သွတ်သွင်းထားဖို့ လိုအပ်ပါတယ်။ တကယ် သွတ်သွင်းလို့ရတာ မဟုတ်ပါဘူး။ ဒီနိမိတ်ကို စိုက်ပြီး စိတ်နဲ့ ကြည့်နေဖို့သာ ဆိုလိုရင်း ဖြစ်ပါတယ်။ အဲဒီ နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကို ကပ်ထားနိုင်ခဲ့လျှင် ဒီနိမိတ်ဟာ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူနေရာမှ သောက်ရှူးကြယ်ကဲ့သို့ ဆွတ်ဆွတ် ဖြူလာလိမ့်ပါမယ်။ ဆွတ်ဆွတ်ဖြူနေတဲ့ ဒီနိမိတ်အပေါ်မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ ငြိမ်ဝပ်စွာ ကပ်ပြီး ထားနိုင်အောင် ကြိုးစားရပါတယ်။ အလွန် ကြည်လင်တောက်ပနေတဲ့ သောက်ရှူးကြယ်ကဲ့သို့ ဆွတ်ဆွတ်ဖြူတဲ့ ဒီနိမိတ်ကို အာနာပါနပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။
အာနာပါနပဋိဘာဂနိမိတ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားနိုင်ပြီ ဆိုလျှင်တော့ ထိုအချိန်အခါမှာ အပ္ပနာစျာန် သမာဓိဆိုက်သွားပြီ ဖြစ်ပါတယ်။ နှလုံးအိမ်အတွင်း ဟဒယဝတ္ထု ရှိရာဘက်ကို လှမ်းကြည့်လိုက်လျှင် ဘဝင်မနောအကြည်ကို တွေ့နိုင်ပါတယ်။ ထိုဘဝင်မနောအကြည်မှာ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂ နိမိတ်က ထင်နေတာကိုလည်း တွေ့နိုင်ပါတယ်။ ဘဝင်မနောအကြည်မှာ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်က လာပြီး ထင်လိုက်တဲ့ အချိန်အခါမှာ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါငါးပါးကို တစ်ဆင့်တက်ပြီး ဆင်ခြင်လိုက်လျှင် လွယ်လွယ်နဲ့ တွေ့နိုင်ပါတယ်။
ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ ဒီစျာန်အင်္ဂါ ငါးပါးကို ဆင်ခြင်တဲ့အပိုင်းမှာ ပထမ တစ်လုံးစီပဲ ဆင်ခြင်လို့ ရနိုင်ပါတယ်။ ကျွမ်းကျင်လာလျှင်တော့ ပြိုင်တူ ဆင်ခြင်လို့ ရပါတယ်။ အာဒိကမ္မိကခေါ်တဲ့ စျာန်ကို ရရှိစ ပုဂ္ဂိုလ်တွေသည် စျာန်ကို ဝင်စားမှု များရပါမယ်, စျာန်အင်္ဂါ ဆင်ခြင်မှု နည်းရမယ်ဆိုတဲ့ ဒီစည်းကမ်း သတ်မှတ်ချက် ရှိပါတယ်။ အဲဒီ စည်းကမ်း သတ်မှတ်ချက်အတိုင်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်တဲ့အခါ တစ်နာရီကျော်မှသာ ဒီစျာန်အင်္ဂါ ဆင်ခြင်တဲ့ လုပ်ငန်းရပ်ကို ပြုလုပ်လျှင် ပိုကောင်းပါတယ်။
ဒီ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါတွေက ထင်ရှားလာပြီ ဆိုလျှင်တော့ ထိုပုဂ္ဂိုလ်သည် ဘာဆက်လုပ်ရမလဲ? ပထမစျာန် သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရပါမယ်။ ဝင်စားချင်တဲ့အချိန် ဝင်စားလို့ရအောင်, ထချင်တဲ့အချိန် ထလို့ရအောင်, တစ်နာရီ အဓိဋ္ဌာန်လျှင် တစ်နာရီရအောင်, တစ်မိနစ် အဓိဋ္ဌာန်လျှင် တစ်မိနစ်ရအောင် လေ့ကျင့်ရပါမယ်။ စျာန်အင်္ဂါတွေကို အချိန်မရွေး ဆင်ခြင်လို့ရအောင် လေ့ကျင့်ရပါမယ်။ ဒီဝသီဘော်ငါးတန် လေ့ကျင့်ခန်းတွေက အောင်မြင်မှု ရရှိပြီဆိုလျှင်တော့ ထိုပုဂ္ဂိုလ်က ဘာဆက်လုပ်ရမလဲ? ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဆိုတဲ့ ဒီစျာန်တွေကို ကူးနိုင်ပါတယ်။ စတုတ္ထစျာန်လောက် ရောက်ပြီဆိုလျှင် အာနာပါနပဋိဘာဂနိမိတ်က ပိုပြီး ကြည်လင် တောက်ပလာပါတယ်။ ဒီကြည်လင် တောက်ပနေတဲ့ ပဋိဘာဂနိမိတ် အကူအညီကို ရယူပြီး မိမိသန္တာန်မှာ တည်ရှိတဲ့ (၃၂)ကောဋ္ဌာသတွေ ဗဟိဒ္ဓမှာ တည်ရှိနေတဲ့ (၃၂)ကောဋ္ဌာသတွေကို စနစ်တကျ ဆက်လက်ပြီး ရှုမယ်ဆိုလျှင် အောင်မြင်နိုင်ပါတယ်။
ကသိုဏ်းနှင့် သမာပတ်များ
ထို(၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အဝါးဝစွာ အောင်အောင်မြင်မြင် ရှုနိုင်ပြီဆိုလျှင် ဗဟိဒ္ဓကောဋ္ဌာသဖြစ်တဲ့ အရိုးစုကောဋ္ဌာသတစ်ခုရဲ့ အဖြူရောင်ကို အာရုံယူ နှလုံးသွင်းပြီး ဩဒါတကသိုဏ်း ကူးခဲ့မယ်ဆိုလျှင်, ဒီဩဒါတကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကျက်ပြီး စျာန်သမာဓိတွေကို ရအောင် ဆက်လက် ကြိုးပမ်းခဲ့မယ်ဆိုလျှင် ပဌမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တွေကို ရရှိနိုင်ပါတယ်။
အဲဒီစျာန်တွေကို အခြေခံပြီးတော့ ကျန်နေတဲ့ ကသိုဏ်းတွေကို ဆက်လက် ပွားရပါမယ်။ ကသိုဏ်း(၁၀)ပါးလုံးမှာ စတုတ္ထစျာန်သမာဓိအထိ ပေါက်ရောက်အောင် ပွားနိုင်တဲ့ ယောဂီသူတော်ကောင်းက အရူပစျာန်တွေကို တစ်ဆင့်တက်ပြီး ကူးမယ်ဆိုလျှင် ကူးလို့ ရနိုင်ပါတယ်။
သူတော်ကောင်းဥစ္စာ ငါးပါး၌ တည်လာသူ
ထိုသမာပတ်တွေကို အခြေခံပြီး ဓာတ်ကြီးလေးပါးကို ဦးတည်၍ ရုပ်တရားတွေကို သိမ်းဆည်းခြင်း, နာမ်တရားတွေကို သိမ်းဆည်းခြင်း, အကြောင်းတရားတွေကို သိမ်းဆည်းခြင်း, အကျိုးတရားတွေကို သိမ်းဆည်းခြင်း, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီး တွင်တွင်ကြီး ဝိပဿနာ ရှုခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ခဲ့လျှင် ထိုသူတော်ကောင်း၏ သန္တာန်၌ သဒ္ဓါ-သီလ-သုတ-ပညာလို့ ခေါ်ဆိုအပ်တဲ့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းဥစ္စာ လေးပါး တည်ရှိမလာနိုင်ဘူးလား? တည်ရှိနိုင်လာတယ်။
ဒီလို သူတော်ကောင်းဥစ္စာ လေးပါး တည်ရှိတဲ့ ပုဂ္ဂိုလ်က စေတီတစ်ဆူမှာ ဆီမီးတစ်တိုင်ပဲ ဖြစ်စေ, ပန်းကလေး တစ်ပွင့်ပဲဖြစ်စေ, ဆွမ်းကလေး တစ်ပွဲပဲဖြစ်စေ လှူဒါန်း ပူဇော်ခဲ့မယ်ဆိုလျှင် စာဂတရားတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီနေ့ အလှူရှင်တို့ကဲ့သို့ စွမ်းအားရှိသမျှ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေနှင့်တကွ ရှင်ယောဂီ လူယောဂီ ပရိသတ်အပေါင်း သူတော်ကောင်းတွေကို လှူဒါန်း ပူဇော်မယ်ဆိုလျှင် စာဂတရားတွေ ဖြစ်ပေါ်လာပါတယ်။
ဒီတော့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီအကြောင်းတရား ငါးပါးနဲ့ စုံညီနေတဲ့ သူတော်ကောင်းတစ်ဦးက နိဗ္ဗာန်ကို ရောက်နိုင်တဲ့ ဘဝ တစ်ခုခုကို မျှော်လင့် တောင့်တပြီး ဒီကောင်းမှုကံတွေကို ဆက်လက် ထူထောင်ခဲ့မယ်ဆိုလျှင် သို့မဟုတ် မိမိ လိုလားတောင့်တနေတဲ့ သမ္မာသမ္ဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, အဂ္ဂသာဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝကဗောဓိဉာဏ်ဆိုတဲ့ ဗောဓိဉာဏ် တစ်ခုခုကို မျှော်လင့်တောင့်တပြီး ဒီကုသိုလ်သင်္ခါရတရားတွေကို ဆက်လက် ထူထောင်ခဲ့မယ်ဆိုလျှင် ထိုကုသိုလ်သင်္ခါရတရားတွေက မိမိ မျှော်လင့်တောင့်တနေတဲ့ ဗောဓိဉာဏ် အသီးသီးကို ရစေနိုင်တဲ့ဘဝကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိနေပါတယ်။
သုဝဏ္ဏမိဂဇာတ်
(ဇာတက၊ဋ္ဌ၊၃၊၁၆၉-၁၇၃။)
ဒီလို ဗောဓိဉာဏ်တွေကို မျှော်လင့်တောင့်တပြီး ဒီလိုကံတွေကို ထူထောင်ခဲ့လျှင် ဘာတွေဖြစ်နိုင်သလဲ? ဖြစ်နိုင်တဲ့ ထုံးကလေးတစ်ခုကို ဘုန်းကြီး ဒီည သုဝဏ္ဏမိဂဇာတ်ခေါ်တဲ့ ဇာတ်တော်ကလေးတစ်ခုကို ဟောဖို့ ရည်ရွယ်ထားပါတယ်။ သုံးဆယ့်တစ်ဘုံဆိုတဲ့ ကျွန်းကလေးက လွတ်အောင် ရုန်းထွက်သွားနိုင်တဲ့ အမျိုးကောင်းသမီးတစ်ဦးကို အကြောင်းပြုပြီး ဒီဇာတ်တော်ကို ဘုရားရှင် ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်။
ဒီအမျိုးကောင်းသမီးကလေးက ဘယ်လိုသဘောရှိသလဲ? ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးနှစ်ပါး ဖြစ်တော်မူတဲ့ အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့ရဲ့ ဥပဋ္ဌာကကုလလို့ခေါ်ဆိုအပ်တဲ့ အလုပ်အကျွေး ဥပါသကာ ဒါယကာ အမျိုးအနွယ်ရဲ့ သမီးကလေးတစ်ဦး ဖြစ်ပါတယ်။ ဒီသမီးကလေးက ဘယ်လိုသဘောရှိသလဲ?
အမျိုးကောင်းသမီးကလေး၏ ဂုဏ်ရည်
သာ ကိရ သာဝတ္ထိယံ ဒွိန္နံ အဂ္ဂသာဝကာနံ ဥပဋ္ဌာကကုလဿ ဓီတာ သဒ္ဓါ ပသန္နာ ဗုဒ္ဓမာမကာ ဓမ္မမာမကာ သံဃမာမကာ အာစာရသမ္ပန္နာ ပဏ္ဍိတာ ဒါနာဒိပုညာဘိရတာ။ (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)
သာ = ထိုအမျိုးကောင်းသမီးကလေးသည်။ သာဝတ္ထိယံ = သာဝတ္ထိမြို့၌။ အဂ္ဂသာဝကာနံ = အဂ္ဂသာဝက နှစ်ပါးတို့၏။ ဥပဋ္ဌာကကုလဿ = အလုပ်အကျွေး ဥပါသကာ၏။ ဓီတာ = သမီးဖြစ်ပေ၏။ သဒ္ဓါ = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားတို့ အပေါ်၌ ယုံကြည်သော သဒ္ဓါတရား ထင်ရှားရှိပေ၏။ ဗုဒ္ဓမာမကာ = ဘုရားကို မြတ်နိုးတတ်၏။ ဓမ္မမာမကာ = တရားတော်ကို မြတ်နိုးတတ်၏။ သံဃမာမကာ = သံဃာတော်ကို မြတ်နိုးတတ်၏။ အာစာရသမ္ပန္နာ = ကျင့်ဝတ် အာစာရတရားနှင့်လည်း ပြည့်စုံ၏။ ပဏ္ဍိတာ = ပညာရှိ၏။ ဒါနာဒိပုညာဘိရတာ = ဒါနအစရှိသော ကောင်းမှု ကုသိုလ်၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်၍ နေလေ၏။
ဒီအမျိုးကောင်းသမီးကလေးကို ကြည့်လိုက်လျှင် ယုံကြည်ချက် သဒ္ဓါ တရားတွေ ရှိတယ်။ ရတနာသုံးပါး အပေါ်၌ ကြည်ညိုတဲ့ စိတ်ထားတွေလည်း ရှိတယ်။ ဒါန-သီလ-သမထ-ဝိပဿနာဆိုတဲ့ ကောင်းမှုကုသိုလ်တွေမှာ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ဘုရားကို မြတ်နိုးတယ်၊ တရားတော်ကို မြတ်နိုးတယ်၊ သံဃာတော်ကို မြတ်နိုးတယ်၊ ကိုယ်ကျင့် အာစာရတရားတွေနှင့် ပြည့်စုံတယ်၊ ပြောဖွယ်ရာ ရှိသေးလား? မရှိတော့ဘူး။
ရတနာသုံးပါးနှင့် စပ်ပြီး ဒါန-သီလ-သမထ-ဝိပဿနာဟုခေါ်ဆိုအပ်တဲ့ ကောင်းမှုကုသိုလ်တွေမှာ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တယ်၊ ဘုရားရှင်ကို မြတ်နိုးတယ်၊ တရားတော်ကို မြတ်နိုးတယ်၊ သံဃာတော်ကို မြတ်နိုးတယ်၊ ကိုယ်ကျင့်သီလတွေနဲ့ ပြည့်စုံတယ်၊ သဒ္ဓါတရားတွေနဲ့ ပြည့်စုံတယ်၊ ပညာလည်းရှိတယ်ဆိုလျှင် ဒီအမျိုးသမီးကလေးရဲ့ ဘဝသည် အလွန် အဆင့်အတန်း မြင့်နေတဲ့ ဘဝတစ်ခုလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။
သင်္ခါရုပပတ္တိသုတ္တန်နည်းအရ ပြောမယ်ဆိုလျှင်တော့ ဒီအမျိုးကောင်းသမီးကလေး၏ သန္တာန်၌ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါး စုံညီ မနေဘူးလား? စုံညီနေတယ်။ ဒီအမျိုးကောင်းသမီးကလေးက ရုပ်တွေနာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရားနှင့်တကွ ဤရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။
ယုံကြည်ချက် သဒ္ဓါတရားတွေနဲ့လည်း ပြည့်စုံတယ်၊ ကိုယ်ကျင့် သီလတွေနဲ့လည်း ပြည့်စုံတယ်၊ ပေးကမ်းစွန့်ကြဲမူ စာဂတရားတွေနဲ့လည်း ပြည့်စုံတယ်။ အကြားအမြင် ဗဟုဿုတ များပြားခြင်းဆိုတဲ့ ဒုက္ခသစ္စာ သမုဒယသစ္စာကို ထိုးထွင်း သိတတ်တဲ့ သင်သိ-ကျင့်သိ အနေနဲ့ သိတတ်တဲ့ ဗဟုဿုတနဲ့လည်း ပြည့်စုံတယ်။ ထို ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စ အချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာ သိတတ်တဲ့ ဝိပဿနာဉာဏ်တွေနဲ့လည်း ပြည့်စုံနေပြီ၊ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာတွေနဲ့ ပြည့်စုံနေတဲ့ ဒီအမျိုးသမီးကလေးအတွက် တစ်နေ့မှာ ဘယ်လိုအကြောင်း ဖြစ်ပေါ်လာသလဲ?
ဒီအမျိုးကောင်းသမီးကလေးကို တခြား အမျိုးအနွယ်တူ ဇာတ်ချင်းတူ ဖြစ်နေတဲ့ မိစ္ဆာဒိဋ္ဌိ အမျိုးအနွယ် အမျိုးကောင်းသားတစ်ဦးက လာပြီး တောင်းရမ်းတဲ့ အချိန်အခါမှာ ဒီအမျိုးကောင်းသမီးရဲ့ မိဘတွေက ဘာပြောသလဲ?
အိမ်ထောင်ရေးလောက
အထဿာ မာတာပိတရော အမှာကံ ဓီတာ သဒ္ဓါ ပသန္နာ တီဏိ ရတနာနိ မမာယတိ ဒါနာဒိပုညာဘိရတာ၊ တုမှေ မိစ္ဆာဒိဋ္ဌိကာ ဣမိဿာပိ ယထာရုစိယာ ဒါနံ ဝါ ဒါတုံ ဓမ္မံ ဝါ သောတုံ ဝိဟာရံ ဝါ ဂန္တုံ သီလံ ဝါ ရက္ခိတုံ ဥပေါသထကမ္မံ ဝါ ကာတုံ န ဒဿထ၊ န မယံ တုမှာကံ ဒေမ၊ အတ္တနာ သဒိသံ မိစ္ဆာဒိဋ္ဌိကကုလာဝ ကုမာရိကံ ဂဏှထာတိ အာဟံသု။ (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)
အဿာ = ထိုအမျိုးကောင်းသမီး၏။ မာတာပိတရော = မိဘနှစ်ပါးတို့က။ အာဟံသု = ပြောဆို ပယ်မြစ်ကြကုန်ပြီ။ ကိံ = အဘယ်သို့ ပြောဆိုပယ်မြစ်ကြကုန်သနည်း။ အမှာကံ = ငါတို့၏။ ဓီတာ = သမီးတော်ကလေးက။ သဒ္ဓါ = ရတနာသုံးပါး အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား ရှိ၏။ ပသန္နာ = ရတနာသုံးပါး အပေါ်၌ ကြည်ညိုသော စိတ်ထားရှိ၏။ တီဏိ ရတနာနိ = ရတနာသုံးပါးကို။ မမာယတိ = မြတ်နိုးတတ်၏။ ဒါနာဒိပုညာဘိရတာ = ဒါန-သီလ-ဝိပဿနာဟု ခေါ်ဆိုအပ်သော ကောင်းမှု ကုသိုလ်တို့၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်၍နေ၏။
တုမှေ = သင်တို့သည်။ မိစ္ဆာဒိဋ္ဌိကာ = မိစ္ဆာဒိဋ္ဌိတို့သာတည်း။ ဣမိဿာပိ = ဤအမျိုးသမီးအားလည်း။ ယထာရုစိ = အလိုရှိတိုင်း။ ဒါနံ = ဒါနကို။ ဒါတုံ ဝါ = ပေးလှူခွင့်ကိုလည်းကောင်း။ ဓမ္မံ = တရားတော်မြတ်ကို။ သောတုံ ဝါ = နာကြားခွင့်ကိုလည်းကောင်း။ ဝိဟာရံ = ဘုရားကျောင်းတော်သို့။ ဂန္တုံ ဝါ = သွားလာခွင့်ကိုလည်းကောင်း။ သီလံ = သီလကို။ ရက္ခိတုံ ဝါ = စောင့်ထိန်းခွင့်ကိုလည်းကောင်း။ ဥပေါသထကမ္မံ = ဥပုသ်သီလကို။ ကာတုံ ဝါ = ပြုခွင့်ကိုလည်းကောင်း။ န ဒဿထ = အခွင့် မပေးကြကုန်လတံ့။ မယံ = ငါတို့သည်။ တုမှာကံ = သင်တို့အား။ န ဒေမ = မပေးနိုင်ကြပါကုန်။
အတ္တနာ = မိမိနှင့်။ သဒိသံ = တူညီသော။ မိစ္ဆာဒိဋ္ဌိကကုလာဝ = မိစ္ဆာဒိဋ္ဌိ အမျိုးအနွယ်မှသာလျှင်။ ကုမာရိကံ = သတို့သမီးငယ်ကို။ ဂဏှထ = ယူကြပေကုန်လော့။ ဣတိ = ဤသို့လျှင်။ အာဟံသု = ပြောဆို ပယ်မြစ်ကြလေကုန်၏။
မိဘတွေဘက်ကလည်း တာဝန်ကျေကြပါတယ်၊ ဘာကြောင့်လဲ? ငါတို့ရဲ့သမီးကလေးက ရတနာသုံးပါးကို ကြည်ညိုတဲ့ သဒ္ဓါတရား ရှိတယ်၊ ရတနာသုံးပါးအပေါ်၌ အလွန် ကြည်ညိုလေးစားတယ်၊ ရတနာသုံးပါးကို မြတ်နိုးတယ်၊ ဒါန-သီလ-သမထ-ဝိပဿနာဆိုတဲ့ ကောင်းမှုကုသိုလ်တွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ သမီးကလေး ဖြစ်တယ်။ သင်တို့သည် မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဒီအမျိုးသမီးလေးရဲ့ စိတ်ကြိုက်အတိုင်း အလှူဒါနပြုခွင့် ရမှာမဟုတ်ဘူး၊ တရားတော်ကို နာယူဖို့ရန်အတွက်လည်း သင်တို့ ခွင့်ပေးကြမှာ မဟုတ်ဘူး၊ ကျောင်းသွားဖို့ရာ သင်တို့ ခွင့်ပေးကြမှာ မဟုတ်ဘူး၊ သီလ စောင့်ထိန်းဖို့ရန် ဥပုသ်ကျင့်သုံးဖို့ရန်လည်း ခွင့်ပေးကြမှာ မဟုတ်ဘူး၊ ဒါကြောင့် သင်တို့ကို တို့ရဲ့သမီးရတနာကို မပေးနိုင်ဘူး၊ သင်တို့နဲ့ အမျိုးအနွယ်တူဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိ အမျိုးအနွယ်မှ အမျိုးသမီးကို ယူဆောင်ကြပါဆိုပြီးတော့ ဒီလို ပြန်ပြီး အမိန့်ရှိလိုက်ကြပါတယ်။ ဒီလို ပြန်ပြောလိုက်တော့ အမျိုးကောင်းသားကလည်း တစ်ဖန် တောင်းပန်ပြန်တယ်၊ ဘယ်လို တောင်းပန်သလဲ?
တုမှာကံ ဓီတာ အမှာကံ ဃရံ ဂန္တွာ ယထာဓိပ္ပါယေန သဗ္ဗမေတံ ကရောတု၊ မယံ န ဝါရဿောမ၊ ဒေထ နော ဧတံ။ (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)
တုမှာကံ = သင်တို့၏။ ဓီတာ = သမီးရတနာသည်။ အမှာကံ = ငါတို့ရဲ့။ ဃရံ = အိမ်သို့။ ဂန္တွာ = သွားခဲ့သည်ရှိသော်။ ယထာဓိပ္ပါယေန = အလိုရှိသည့် အတိုင်း။ ဧတံ သဗ္ဗံ = ဤအလုံးစုံကို။ ကရောတု = ပြုနိုင်ပါတယ်။ မယံ = ငါတို့သည်။ န ဝါရဿောမ = မတားမြစ်ကြပါကုန်အံ့။ နော = ငါတို့အား။ ဧတံ = ဤသမီးရတနာကို။ ဒေထ = ပေးကြပါကုန်။
ဤသမီးရတနာကို ပေးကြပါကုန်၊ သင်တို့ရဲ့သမီးသည် တို့အိမ်ကို သွားမယ်ဆိုလျှင် သင်တို့သမီး အလိုရှိတဲ့အတိုင်း အကုန်လုံး ပြုလုပ်နိုင်ပါတယ်၊ တို့ မတားပါဘူး။ တို့ကိုသာ သင်တို့ရဲ့ သမီးရတနာကို ပေးပါဆိုပြီး တောင်းပန်ကြတယ်။ တောင်းပန်လိုက်တဲ့ အချိန်အခါမှာလည်း မိဘတွေကလည်း သဘောတူပြီး ကောင်းမြတ်တဲ့ နက္ခတ်ကလေးတွေ ရွေးချယ်ပြီး ထိမ်းမြား လက်ထပ်မင်္ဂလာ ပြုပေးလိုက်ပါတယ်။ ထိမ်းမြားပေးလိုက်တဲ့ အချိန်အခါမှာ သတို့သားက သတို့သမီးကို မိမိတို့အိမ်သို့ ဆောင်သွားပြီ၊ ဆောင်သွားလိုက်တဲ့ အချိန်အခါမှာ ဒီသတို့သမီးကလေးက ဘယ်လို သဘောရှိသလဲ?
ဝတ္တရားကျေပွန်သူ
သာ ဝတ္တာစာရသမ္ပန္နာ ပတိဒေဝတာ အဟောသိ၊ (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)
သာ = ထိုသတို့သမီးကလေးသည်။ ဝတ္တာစာရသမ္ပန္နာ = ကျင့်ဝတ် အာစာရနှင့် ပြည့်စုံသည်။ ပတိဒေဝတာ = ခင်ပွန်းတည်းဟူသော နတ်ရှိသည်။ အဟောသိ = ဖြစ်ပြီ။
ဒီအမျိုးသမီးကလေးဟာ မယားဝတ္တရားတွေနဲ့လည်း ကျေပွန်တယ်၊ ကိုယ်ကျင့်တရားတွေလည်း သိပ်ကောင်းတယ်။ လင်ကို နတ်သားကဲ့သို့ ပြုစု လုပ်ကျွေးတတ်တဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်တယ်။ မရိုမသေ မလေးမစားနဲ့ အံတကြိတ်ကြိတ် မျက်စောင်း တခဲခဲ လုပ်နေတဲ့ အမျိုးသမီးမျိုး ဟုတ်သလား? မဟုတ်ဘူး။ ပြောင်ချော်ချော် ပြောင်စပ်စပ် ပြောင်ရွှတ်ရွှတ် မတော်တရော်တွေကို ပြောနေတဲ့ အမျိုးသမီးမျိုး ဟုတ်သလား? မဟုတ်ဘူး။
အိမ်ရှင်ယောကျ်ားအပေါ်၌ နတ်သားကဲ့သို့ သဘောထားပြီး ရိုသေစွာ ကျင့်ဝတ်ပဋိပတ်နဲ့ ပြုစု လုပ်ကျွေးတယ်။ စိတ်နေသဘောထားကလေး အလွန် အဆင့် မမြင့်ဘူးလား? မြင့်နေတယ်။ ယောက္ခမအိမ် ရောက်တဲ့နေ့က စပြီး အိမ်ရှင်ယောက်ျားရဲ့ ကျင့်ဝတ်ပဋိပတ်နဲ့ ပတ်သက်ပြီး တစ်ခုမျှ မချို့ယွင်းစေရဘူး၊ အားလုံး ကျေကျေပွန်ပွန် ပြုပေးတယ်။ တစ်နေ့မှာ ဘာလုပ်လာသလဲ?
အလှူဒါနပွဲတစ်ခု
ဣစ္ဆာမဟံ အယျပုတ္တ အမှာကံ ကုလူပကတ္ထေရာနံ ဒါနံ ဒါတုံ။
အယျပုတ္တ = အရှင့်သား။ အမှာကံ = ကျွန်တော်မတို့ရဲ့။ ကုလူပကတ္ထေရာနံ = ကိုးကွယ် ဆည်းကပ်နေတဲ့ မထေရ်တို့အား။ ဒါနံ = အလှူဒါနကို။ ဒါတုံ = ပေးလှူခြင်းငှာ။ အဟံ = ကျွန်တော်မသည်။ ဣစ္ဆာမိ = အလိုရှိပါ၏။
အရှင့်သား ... ကျွန်တော်မတို့ ကိုးကွယ် ဆည်းကပ်နေတဲ့ ဆရာ မထေရ်တွေကို အလှူဒါန ပြုဖို့ရာအတွက် အလိုရှိပါတယ် ဆုိပြီးတော့ အိမ်ရှင်ယောက်ျားထံ ရှေးဦးစွာ ခွင့်ပန်တယ်။ ခွင့်ပန်လိုက်တော့ --
သာဓု ဘဒ္ဒေ ယထာဇ္ဈာသယေန ဒါနံ ဒေဟိ။
ဘဒ္ဒေ = ရှင်မ။ သာဓု = ကောင်းလှပေ၏။ ယထာဇ္ဈာသယေန = မိမိအလိုရှိတဲ့အတိုင်း။ ဒါနံ = အလှူဒါနကို။ ဒေဟိ = ပေးလှူပါ။
သင်ဟာ အလှူဒါန ပြုလိုက အလိုရှိသလို ပေးလှူပါ ကောင်းပါတယ် ဆိုပြီးတော့ ခွင့်ပေးလိုက်တယ်။ ခွင့်ပေးလိုက်တော့ ဘာလုပ်သလဲ?
သာ ထေရေ နိမန္တာပေတွာ မဟန္တံ သက္ကာရံ ကတွာ ပဏီတဘောဇနံ ဘောဇေတွာ ဧကမန္တံ နိသီဒိတွာ ဘန္တေ ဣမံ ကုလံ မိစ္ဆာဒိဋ္ဌိကံ အဿဒ္ဓံ တိဏ္ဏံ ရတနာနံ ဂုဏံ န ဇာနာတိ၊ သာဓု အယျာ ယာဝ ဣမံ ကုလံ တိဏ္ဏံ ရတနာနံ ဂုဏံ ဇာနာတိ၊ တာဝ ဣဓေဝ ဘိက္ခံ ဂဏှထာတိ အာဟ။ ထေရာ အဓိဝါသေတွာ တတ္ထ နိဗဒ္ဓံ ဘုဉ္ဇန္တိ။ (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)
သာ = ထိုအမျိုးသမီးသည်။ ထေရေ = အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလ္လာန် အမှူးရှိသော မထေရ်ကြီးတို့ကို။ နိမန္တာပေတွာ = ပင့်ဖိတ်၍။ မဟန္တံ = ကြီးစွာသော။ သက္ကာရံ = ပူဇော်သက္ကာရကို။ ကတွာ = ပြု၍။ ပဏီတဘောဇနံ = မြတ်သော ဘောဇဉ်ကို။ ဘောဇေတွာ = ဆက်ကပ် သုံးဆောင်စေပြီးလျှင်။ ဧကမန္တံ = အပြစ်ခြောက်ပါး လွတ်၍ သင့်တင့်လျောက်ပတ်သော တစ်ခုသော အရပ်၌။ နိသီဒိသွာ = ထိုင်ပြီးနောက်။
ဘန္တေ = အရှင်မြတ်တို့ဘုရား။ ဣမံ ကုလံ = ဤမိစ္ဆာဒိဋ္ဌိ အမျိုးအနွယ်သည်။ အဿဒ္ဓံ = ရတနာသုံးပါးတို့ အပေါ်၌ ယုံကြည်ခြင်း သဒ္ဓါတရားမရှိပါ။ တိဏ္ဏံ ရတနာနံ = ရတနာသုံးပါး၏။ ဂုဏံ = ဂုဏ်ကျေးဇူးကို။ န ဇာနာတိ = မသိရှိပါ။ သာဓု = တောင်းပန်ပါ၏။ အယျာ = အရှင်မြတ်တို့သည်။ ဣမံ ကုလံ = ဤအမျိုးအနွယ်ကို။ တိဏ္ဏံ ရတနာနံ = ရတနာသုံးပါးတို့၏။ ဂုဏံ = ဂုဏ်ကျေးဇူးကို။ ယာဝ = အကြင်မျှလောက်။ ဇာနာတိ = သိရှိ၏။ တာဝ = ထိုမျှလောက်သော ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို သိသည့်ကာလ တိုင်အောင်။ ဣဓေဝ = ဤအိမ်၌ပင်လျှင်။ ဘိက္ခံ = ဆွမ်းကို။ ဂဏှထ = အလှူခံကြပါဘုရား။ ဣတိ = ဤသို့။ အာဟ = လျှောက်ထားလေ၏။
တစ်နေ့မှာ ဒီအမျိုးသမီးက အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလ္လာန် အမှူးရှိတဲ့ မထေရ်ကြီးတွေကို ပင့်ဖိတ်တယ်။ မွန်မြတ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေဖြင့် ပြုစု လုပ်ကျွေးတယ်။ ဆွမ်းကျွေးခြင်းကိစ္စပြီးတဲ့ အခါမှာ သင့်တင့်လျောက်ပတ်သော တစ်နေရာမှာ ထိုင်ပြီး လျှောက်ထားတယ်။
အရှင်မြတ်တို့ဘုရား ... ဒီမိစ္ဆာဒိဋ္ဌိ အမျိုးအနွယ်တွေက ယုံကြည်ချက် သဒ္ဓါတရား မရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ရတနာသုံးတန် ကံ, ကံ၏အကျိုးတရား အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားမရှိတဲ့ အမျိုးအနွယ် ဖြစ်ကြပါတယ်။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို မသိတတ်တဲ့ အမျိုးအနွယ် ဖြစ်ကြပါတယ်။ ဒါကြောင့် တပည့်တော်မ တောင်းပန်ပါတယ်။ ဒီအမျိုးအနွယ်သည် ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကို သိလာသည့်တိုင်အောင် ဤအိမ်မှာပင် ဆွမ်းကို အလှူခံတော်မူကြပါကုန်ဘုရားဆိုပြီးတော့ လျှောက်ထားတယ်။
မထေရ်မြတ်ကြီးတို့ကလည်း လက်ခံတော်မူပြီးတော့ ထိုအိမ်မှာပဲ အမြဲတမ်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူကြပါတယ်။ တစ်နေ့မှာ ဒီအမျိုးသမီးကလေးက ဘာလုပ်သလဲ?
သောတာပတ္တိဖိုလ်၌ တည်ကြပြီ
အယျပုတ္တ ထေရာ ဣဓ နိဗဒ္ဓံ အာဂစ္ဆန္တိ၊ ကိံ ကာရဏာ တုမှေ န ပဿထ။ (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)
အယျပုတ္တ = အရှင်သား ...။ ထေရာ = မထေရ်မြတ်ကြီးတို့သည်။ ဣဓ = ဤအိမ်သို့။ နိဗဒ္ဓံ = နေ့စဉ်မပြတ်။ အာဂစ္ဆန္တိ = ကြွလာတော်မူကြကုန်၏။ ကိံ ကာရဏာ = အဘယ်အကြောင်းတရားကြောင့်။ တုမှေ = သင်တို့သည်။ န ပဿထ = မဖူးမြင်ကြကုန်သနည်း။
အရှင့်သား ...မထေရ်မြတ်ကြီးတွေဟာ ဒီအိမ်ကို အမြဲတမ်း ကြွလာတော်မူကြပါတယ်။ ဘယ်လိုအကြောင်းကြောင့် အရှင့်သားက ဒီမထေရ်ကြီးတွေကို မဖူးမြော်ရပါသလဲလို့ မေးမြန်းတယ်။
သာဓု၊ ပဿိဿာမိ။ (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)
သာဓု = အေး ...ကောင်းပါပြီ။ ပဿိဿာမိ = ငါဖူးမြော်ပါမယ်။
အိမ်ရှင်ယောကျ်ားကလည်း ကတိတစ်ခု ပေးပါတယ်။ နောက်တစ်နေ့ မထေရ်ကြီးတွေ ဆွမ်းစားခြင်းကိစ္စ ပြီးပြီ။ ဆွမ်းစားခြင်းကိစ္စ ပြီးတဲ့အကြောင်း ထိုအမျိုးကောင်းသားကလေးကို အမျိုးသမီးကလေးက သွားရောက် ပြောပြတယ်။ ပြောပြလိုက်တဲ့အခါမှာ ထိုအမျိုးကောင်းသားကလည်း မထေရ်ကြီးတွေထံ ချဉ်းကပ်လာပါတယ်။ အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်ကြီးတို့နှင့်တကွ နှုတ်ခွန်းဆက်သခြင်းဆိုတဲ့ စကားတွေကို ပြောကြားကြပါတယ်။ ပြောကြားပြီးတော့ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်လိုက်ပါတယ်။ အဲဒီအခါမှာ အရှင်သာရိပုတြာ မထေရ်မြတ်ကြီးက ဒီ အမျိုးကောင်းသားကလေးကို တရားဟောပေးတော်မူပါတယ်။ ဟောတော်မူလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ?၊
သော ထေရဿ ဓမ္မကထာယ စ ဣရိယာပထေသု စ ပသီဒိတွာ တတော ပဋ္ဌာယ ထေရာနံ အာသနံ ပညပေတိ၊ ပါနီယံ ပရိဿာဝေတိ၊ အန္တရာဘတ္တေ ဓမ္မကထံ သုဏာတိ၊ တဿ အပရဘာဂေ မိစ္ဆာဒိဋ္ဌိ ဘိဇ္ဇိ။ (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)
သော = ထိုအမျိုးကောင်းသားသည်။ ထေရဿ = အရှင်သာရိပုတြာ မထေရ်မြတ်၏။ ဓမ္မကထာယ စ = တရားစကားတော်၌လည်းကောင်း။ ဣရိယာပထေသု စ = ဣရိယာပုထ်တို့၌လည်းကောင်း။ ပသီဒိတွာ = ကြည်ညိုသည်ဖြစ်၍။ တတော = ထိုအချိန်အခါမှ။ ပဋ္ဌာယ = စ၍။ ထေရာနံ = မထေရ်မြတ်ကြီးတို့၏။ အာသနံ = နေရာကို။ ပညပေတိ = ခင်းကျင်း၍ပေး၏။ ပါနီယံ = သောက်ရေကို။ ပရိဿာဝေတိ = စစ်၍ပေး၏။ အန္တရာဘတ္တေ = ဆွမ်းစားခြင်း၏ စပ်ကြားကာလ၌။ တစ်နည်း -- အန္တရာဘတ္တေ = ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသောအခါ၌။ ဓမ္မကထံ = တရားစကားကို။ သုဏာတိ = နာကြား၏။ တဿ = ထိုအမျိုးကောင်းသား၏ သန္တာန်၌။ အပရဘာဂေ = နောက်ပိုင်းအဖို့၌။ မိစ္ဆာဒိဋ္ဌိ = မှားယွင်းသော မိစ္ဆာဒိဋ္ဌိအယူသည်။ ဘိဇ္ဇိ = ပြိုကွဲ၍ သွားခဲ့လေပြီ။
အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ တရားစကားတွေ နာကြားလိုက်ရတော့ ကြည်ညိုသွားတယ်။ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီး အစရှိတဲ့ မထေရ်မြတ်ကြီးတို့ရဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံ သွားပုံလာပုံဆိုတဲ့ ဣရိယာပုထ်တွေမှာလည်း ကြည်ညိုသွားတယ်။
အဲဒီအချိန်မှ စတင်ပြီး မထေရ်သူမြတ်ကြီးတွေအတွက် နေရာတွေ ခင်းပေးတယ်၊ မထေရ်မြတ်ကြီးတို့ သုံးဆောင်ဖို့ရန်အတွက် ရေတွေကို စစ်ပြီး ကပ်လှူပေးတယ်၊ ဆွမ်းစားခြင်းကိစ္စ ပြီးတဲ့အခါမှာ သို့မဟုတ် ဆွမ်းရဲ့ စပ်ကြားကာလတွေမှာလည်း တရားတော်ကို နာကြားတယ်၊ နောက်ပိုင်းကာလမှာတော့ တဖြည်းဖြည်းနဲ့ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေ ပြိုကွဲသွားတယ်။ တစ်နေ့မှာတော့ ဘာဖြစ်လာသလဲ?
အထေကဒိဝသံ ထေရော ဒွိန္နမ္ပိ ဓမ္မကထံ ကထေန္တော သစ္စာနိ ပကာသေသိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
ဧကဒိဝသံ = တစ်နေ့သ၌။ ထေရော = အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးသည်။ ဒွိန္နမ္ပိ = ဇနီးမောင်နှံ နှစ်ဦးတို့အားလည်း။ ဓမ္မကထံ = တရားစကားကို။ ကထေန္တော = ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ရှိသော်။ သစ္စာနိ = သစ္စာလေးပါးတို့ကို။ ပကာသေတိ = ထင်ရှားပြတော်မူ၏။
တစ်ချိန်ဆိုတာကတော့ သူတို့မှာလည်း တော်တော်ကလေး ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့ အချိန်လို့ ယူဆရပါတယ်။ ဇနီးမောင်နှံ နှစ်ဦးသားတို့ရဲ့ သန္တာန်၌ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါး ရင့်ကျက်လာတဲ့အချိန်ပဲ၊ အဲဒီ အချိန်အခါမှာ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးက တရားဟောတယ်။ သစ္စာလေးပါးကို ထင်ရှားပြတော်မူတယ်။ သစ္စာလေးပါးကဘာတွေလဲ? ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ။
ဒုက္ခသစ္စာဆိုတာက ခုနကပြောခဲ့တဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္စျတ္တ, ဗဟိဒ္ဓ စသည်ဖြင့် တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရားနာမ်တရားတွေ ဖြစ်ကြတယ်။ သမုဒယသစ္စာ ဆိုတာက ထိုဒုက္ခသစ္စာတွေရဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ အစရှိတဲ့ အကြောင်းတရားတွေ ဖြစ်ကြပါတယ်။ နိရောဓသစ္စာမှာ လောကီနိရောဓသစ္စာ ဆိုတာက အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေက အရဟတ္တမဂ်ဉာဏ်ကြောင့် အကြွင်းအကျန်မရှိ နောက်ထပ်တစ်ဖန် ဘယ်တော့မှ မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုတဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာငါးပါး = ဒုက္ခသစ္စာတရားတို့ရဲ့ နောက်ထပ်တစ်ဖန် ဘယ်တော့မှ မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းမှု = အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုသဘောဖြစ်တယ်။ လောကုတ္တရာ နိရောဓသစ္စာဆိုတာက အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန် ဖြစ်ပါတယ်။ လောကီမဂ္ဂသစ္စာ ဆိုတာက ရှုနေတဲ့ ဝိပဿနာဉာဏ်နှင့်တကွသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ အစရှိတဲ့ မဂ္ဂင်တရားကိုယ်ရှစ်ပါး ဖြစ်တယ်။ လောကုတ္တရာ မဂ္ဂသစ္စာဆိုတာက အရိယမဂ်ဉာဏ်နှင့် ယှဉ်နေတဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်။
အဲဒီ သစ္စာလေးပါးကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သွားအောင် ထင်ရှားပြတော်မူတယ်။ ပြတော်မူတဲ့ အချိန်အခါ ဘာဖြစ်သွားကြသလဲ?
သစ္စပရိယောသာနေ ဥဘောပိ ဇယမ္ပတိကာ သောတာပတ္တိဖလေ ပတိဋ္ဌဟိံသု။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
သစ္စပရိယောသာနေ = သစ္စာဒေသနာတော်နိဂုံး ပြီးဆုံးသော အချိန်အခါကာလ၌။ ဥဘောပိ ဇယမ္ပတိကာ = ဇနီးမောင်နှံ နှစ်ဦးသားတို့သည်လည်း။ သောတာပတ္တိဖလေ = သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌဟိံသု = တည်ကြလေကုန်ပြီ။
သစ္စာဒေသနာတော်နိဂုံး ပြီးဆုံးသွားတဲ့ အချိန်အခါမှာ ဇနီးမောင်နှံနှစ်ဦး ဘာဖြစ်သွားသလဲ? သောတာပတ္တိဖိုလ်၌ တည်သွားကြပြီ၊ ဘာကြောင့် သောတာပတ္တိဖိုလ်၌ တည်ကြရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်တဲ့ အချိန်အခါမှာ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ဒီဇနီးမောင်နှံ နှစ်ဦးတို့မှာ မပြည့်စုံကြဘူးလား? ပြည့်စုံနေကြပြီ။ ပြည့်စုံနေကြခြင်းကြောင့် သောတာပတ္တိဖိုလ်၌ တည်ကြပြီ၊ တည်လိုက်တဲ့ အချိန်အခါ၌ ရှေ့ဆက်ပြီးတော့ ဘာတွေဖြစ်လာကြသလဲ?
ဒီအချိန်ကစပြီး မိဘနှစ်ပါး အစထား၍ အောက်ထစ်ဆုံးအားဖြင့် ထိုအိမ်မှာ တည်ရှိနေတဲ့ ကျွန်ယောက်ျား ကျွန်မိန်းမ အစရှိတဲ့ ကျေးကျွန်တွေမှာလည်း မိစ္ဆာဒိဋ္ဌိအယူကို အားလုံး ဖျက်ဆီးပြီး ဘုရား-တရား-သံဃာဆိုတဲ့ ရတနာသုံးပါး၌ မြတ်နိုးမှုတွေ ထင်ရှား ဖြစ်ပေါ်လာကြပြီ်။ အဲဒီလို ထင်ရှား ဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ သူတို့က ဒီလောက်နဲ့ ကျေနပ်နေကြသလား? ကျေနပ်မနေကြပါဘူး။ အဲဒီလောက်နဲ့ ကျေနပ်နေတာကို ဘုန်းကြီးလည်း မနှစ်ခြိုက်ပါဘူး၊ အဲဒါကြောင့် ဘုန်းကြီးကလည်း ဒီဇနီးမောင်နှံ နှစ်ဦးတို့ရဲ့ ထုံးကလေးကို ဟောနေခြင်းလည်း ဖြစ်ပါတယ်။ ဇနီးမောင်နှံ နှစ်ဦးသားတို့ တစ်နေ့ ဘာဖြစ်လာသလဲ?
အထေကဒိဝသံ ဒါရိကာ သာမိကံ အာဟ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
ဧကဒိဝသံ = တစ်နေ့သ၌။ ဒါရိကာ = အမျိုးသမီးငယ်က။ သာမိကံ = အိမ်ရှင်ယောက်ျားကို။ အာဟ = ပြောပြလေ၏။
တစ်နေ့မှာ အမျိုးသမီးငယ်ကလေးက အိမ်ရှင်ယောက်ျားကို ခွင့်တောင်း သောအားဖြင့် ပြောကြားပြီ။
အယျပုတ္တ ကိံ မေ ဃရာဝါသေန၊ ဣစ္ဆာမဟံ ပဗ္ဗဇိတုံ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
အယျပုတ္တ = အရှင့်သား။ မေ = ကျွန်တော်မအား။ ဃရာဝါသေန = အိမ်ရာတည်ထောင် လူ့ဘောင်၌ နေထိုင်ရခြင်းဖြင့်။ ကိံ = အဘယ်အကျိုးရှိနိုင်ပါအံ့နည်း။ အဟံ = ကျွန်တော်မသည်။ ပဗ္ဗဇိတုံ = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုခြင်းငှာ။ ဣစ္ဆာမိ = အလိုရှိပါ၏။
အရှင့်သား ... ကျွန်တော်မအဖို့ အိမ်ရာတည်ထောင် လူ့ဘောင်မှာ နေထိုင်ခြင်းဖြင့် ဘာအကျိုးရှိမှာလဲ၊ ကျွန်တော်မသည် သာသနာတော်ဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလိုပါတယ်။ ဒီလို စိတ်ထားတွေ ပေါ်လာတယ်။ မွန်မြတ်တဲ့ စိတ်ထားတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ ယခုအချိန်မှာ ဒါယကာကြီးတွေကို အိမ်ရှင်မတွေက ဒီလို ပြောလာပြီဆိုလျှင် ဘယ်လိုနေကြမလဲ၊ ခွင့်ပြုနိုင်ပါ့မလား? ခွင့်ပြုနိုင်ရမယ်။ ဒီအိမ်ရှင်ယောက်ျားကတော့ မိစ္ဆာဒိဋ္ဌိဘဝမှ ရွေ့လျောပြီးတော့ သစ္စာလေးပါးကိုသိတဲ့ အရိယာ သူတော်ကောင်းဘဝသို့ ဆိုက်ရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သစ္စာလေးပါးကို သိမြင်ထားတော့ သူက ဘာပြောသလဲ?
သာဓု ဘဒ္ဒေ၊ အဟမ္ပိ ပဗ္ဗဇိဿာမိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
ဘဒ္ဒေ = အရှင်မ။ သာဓု = ကောင်းလှပါပေ၏။ အဟမ္ပိ = ငါသည်လည်းပဲ။ ပဗ္ဗဇိဿာမိ = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုပေအံ့။
မကောင်းဘူးလား? သိပ်ကောင်းတယ်။ နှစ်ယောက်လုံး ကောင်းသွားတယ်။ ငါလည်းပဲ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုမယ်လို့ ဒီလို ပြန်ပြောကြားပြီး ---
မဟန္တေန ပရိဝါရေန တံ ဘိက္ခုနုပဿယံ နေတွာ ပဗ္ဗာဇေတွာ သယမ္ပိ သတ္ထာရံ ဥပသင်္ကမိတွာ ပဗ္ဗဇ္ဇံ ယာစိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
ဣတိ = ဤသို့ ပြောကြားပြီး၍။ မဟန္တေန ပရိဝါရေန = ကြီးကျယ်စွာ သော အခြံအရံဖြင့်။ တံ = ထိုအမျိုးသမီးငယ်ကို။ ဘိက္ခုနုပဿယံ = ဘိက္ခူနီမကျောင်းတော်သို့။ နေတွာ = ဆောင်၍။ ပဗ္ဗာဇေတွာ = ရှင်ရဟန်းပြုစေ၍။ သယမ္ပိ = မိမိကိုယ်တိုင်ကလည်းပဲ။ သတ္ထာရံ = ဘုရားရှင်ထံသို့။ ဥပသင်္ကမိတွာ = ချဉ်းကပ်၍။ ပဗ္ဗဇ္ဇံ = ရှင်ရဟန်းအဖြစ်ကို။ ယာစိ = တောင်းပန် လျှောက်ထားခဲ့လေ၏။
ကြီးစွာသောအခြံအရံဖြင့် ဒီအမျိုးသမီးငယ်ကလေးကို ဘိက္ခူနီမကျောင်းတိုက်သို့ ခေါ်ဆောင်ပြီးတော့ ရှင်ရဟန်းပြုစေတယ်၊ မိမိကိုယ်တိုင်လည်း ဘုရားရှင်ထံ ချဉ်းကပ်ပြီးတော့ ရှင်ရဟန်းအဖြစ်ကို တောင်းပန်တယ်။ တောင်းပန်လိုက်တဲ့ အချိန်အခါမှာ-
တံ သတ္ထာ ပဗ္ဗာဇေသိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
တံ = ထိုသတို့သားငယ်ကို။ သတ္ထာ = လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည်။ ပဗ္ဗာဇေသိ = ရဟန်းပြုခွင့်ပေးလေ၏။
ဘုရားရှင်ကလည်း ဒီသတို့သားငယ်ကို ရှင်ရဟန်းပြုခွင့် ပေးလိုက်ပါတယ်။
အရဟတ္တဖိုလ်၌ တည်သွားကြပြီ
ဥဘောပိ ဝိပဿနံ ဝဍ္ဎေတွာ န စိရေဿဝ အရဟတ္တံ ပါပုဏိံသု။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
ဥဘောပိ = ဇနီးမောင်နှံ နှစ်ဦးသားတို့လည်း။ ဝိပဿနံ = ဝိပဿနာဉာဏ်ကို။ ဝဍ္ဎေတွာ = တိုးပွားအောင် ကြိုးစားအားထုတ်နိုင်ခဲ့ခြင်းကြောင့်။ န စိရေဿဝ = မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင်။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ ပါပုဏိံသု = ဆိုက်ရောက်တော်မူကြလေကုန်ပြီ။
ဇနီးမောင်နှံ နှစ်ဦးသားတို့ ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ရင့်ကျက်အောင် ကြိုးစား အားထုတ်နိုင်တဲ့အတွက် မကြာမီ အချိန်ကာလ အတွင်းမှာ အရဟတ္တဖိုလ် တည်သွားကြပြီ၊ မကောင်းဘူးလား? သိပ်ကောင်းသွားတယ်။ တဏှာရာဂတည်းဟူသော သံယောဇဉ် အနှောင်အဖွဲ့တွေဖြင့် အိမ်ရာတည်ထောင် လူ့ဘောင်မှာ နေထိုင်ခြင်းကို ပယ်စွန့်ပြီး ဒီလို သာသနာဘောင်သို့ ဝင်ရောက်ကာ ကြိုးစားအားထုတ်နိုင်မှုကြောင့် အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်သွားတဲ့အတွက် အို-နာ-သေရေး ဒုက္ခဘေးတို့မှ ကွင်းလုံးကျွတ် လွတ်မသွားကြဘူးလား? လွတ်သွားကြပြီ၊ လွတ်သွားကြတော့ ဘာဖြစ်လာသလဲ? တစ်ချိန် ရဟန်းတော်တွေက ဓမ္မသဘင်မှာ စုစည်းမိတဲ့ အချိန်အခါမှာ -
အထေကဒိဝသံ ဘိက္ခူ ဓမ္မသဘာယံ ကထံ သမုဋ္ဌာပေသုံ အာဝုသော အသုကာ နာမ ဒဟရဘိက္ခုနီ အတ္တနော စေဝ ပစ္စယာ ဇာတာ သာမိကဿ စ၊ အတ္တနာပိ ပဗ္ဗဇိတွာ အရဟတ္တံ ပတွာ တမ္ပိ ပါပေသီတိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
ငါ့ရှင်တို့ ... ဒီအမည်ရှိတဲ့ ဘိက္ခူနီမလေးဟာ မိမိကိုယ်တိုင်ရဲ့ အကြောင်းတရားသာ ဖြစ်သည် မဟုတ်ဘူး၊ အိမ်ရှင်ယောက်ျျားရဲ့ အကြောင်း တရားလည်း ဖြစ်နေတယ်။ ဘာအကြောင်းတရားလဲ? မိမိကိုယ်တိုင် သာသနာဘောင် ဝင်ရောက်၍ ရှင်ရဟန်းပြုပြီး အရဟတ္တဖိုလ်ရောက်သည် မဟုတ်ဘူး။ ထိုအိမ်ရှင်ယောက်ျားကိုလည်း သာသနာဘောင် ဝင်ရောက်ကာ ရှင်ရဟန်းပြုစေပြီးတော့ အရဟတ္တဖိုလ်ကို ရောက်အောင် ရွက်ဆောင်ပေးနိုင်တယ် စသည်ဖြင့် ဒီစကားတွေ ပြောကြတယ်။ ပြောလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကလေးတစ်ခုကို ဆက်ပြီး ဟောကြားပေးတော်မူပါတယ်။
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်း
န ဘိက္ခဝေ ဣဒါနေဝ တာဝ ဧသာ သာမိကံ ရာဂပါသာ မောစေသိ၊ ပုဗ္ဗေပေသာ ပေါရာဏကပဏ္ဍိတေ ပန မရဏပါသာ မောစေသီတိ ဝတွာ အတီတံ အာဟရိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဣဒါနေဝ = ဤယခုအခါ၌ပင်လျှင်။ ဧသာ = ဤအမျိုးသမီးသည်။ သာမိကံ = အိမ်ရှင်ယောက်ျားကို။ ရာဂပါသာ = ရာဂကျော့ကွင်းမှ။ န မောစေသိ = လွတ်မြောက်စေခဲ့သည် မဟုတ်သေး။ ပုဗ္ဗေပိ = ရှေးယခင် ဘဝတုန်းကလည်းပဲ။ ဧသာ = ဤအမျိုးကောင်းသမီးသည်။ ပေါရာဏကပဏ္ဍိတေ = ရှေးပညာရှိ သူတော်ကောင်းတို့ကို။ မရဏပါသာ = သေမင်းကျော့ကွင်းမှ။ မောစေသိ = လွတ်မြောက်စေခဲ့ဖူးလေပြီ။ ဣတိ = ဤသို့။ ဝတွာ = မိန့်ကြားတော်မူပြီးနောက်။ အတီတံ = ရှေးဖြစ်ဟောင်း အတိတ်ဇာတ်ကြောင်းကို။ အာဟရိ = ဆောင်ယူ၍ ဟောကြားပြသတော်မူခဲ့လေပြီ။
ချစ်သားရဟန်းတို့ ...ယခုဘဝမှာသာလျှင် ဒီအမျိုးကောင်းသမီးသည် အိမ်ရှင်ယောက်ျားကို ရာဂကျော့ကွင်းမှ လွတ်မြောက်စေသည် မဟုတ်ဘူး၊ ရှေးယခင် ဘဝတွေကလည်း ဒီအမျိုးကောင်းသမီးလေးဟာ ရှေးပညာရှိ သူတော်ကောင်းတို့ကို သေမင်းတည်းဟူသော ကျော့ကွင်းမှ လွတ်မြောက်စေခဲ့ဖူးပါတယ် ဆိုပြီးတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ဟောကြားတော်မူပါတယ်။
ဒီနေရာမှာ ဘုန်းကြီး ပြောချင်တာကတော့ ဒီအမျိုးကောင်းသားကလေးနှင့် အမျိုးကောင်းသမီးတို့ အရဟတ္တဖိုလ် တည်ရခြင်းသည် ဘုန်းကြီးတို့ သာဝကပါရမီဉာဏ်အရာမှာ ဘာရှိသလဲ? အဓိကာရော စ ဆန္ဒတာ ဆိုပြီးတော့ အကြောင်းအင်္ဂါ နှစ်ချက် စုံစုံညီညီ ရှိရမယ်ဆိုတာ အပဒါနအဋ္ဌကထာ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)များမှာ လာရှိပါတယ်။ အဓိကာရဆိုတာက နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်ခဲ့တဲ့ ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းတွေ ဖြစ်ကြပါတယ်။ ဆန္ဒတာဆိုတာကတော့ အရဟတ္တဖိုလ်ကို လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်တွေက အလွန် ပြင်းပြင်းထန်ထန် ရှိရမှာ ဖြစ်ပါတယ်။
နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်ခဲ့တဲ့ အဓိကာရ ကောင်းမှု ကုသိုလ်ဆိုတာက ဒီနေ့ဟောတဲ့ တရားအရ ပြောခဲ့လျှင် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးပဲ ဖြစ်ပါတယ်။ ရှေးရှေး ဘဝတွေကတည်းက အရဟတ္တဖိုလ်ရကြောင်းဖြစ်တဲ့ ဒီ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာတွေကို ဆည်းပူး ရှာဖွေခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာကတည်းက ဒီ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ ခေါ်တဲ့ သူတော်ကောင်းဥစ္စာတွေကို ဆည်းပူး ရှာဖွေခဲ့ခြင်းတည်းဟူသော အဓိကာရကောင်းမှုကုသိုလ်တွေက ဒီဘဝမှာ အရဟတ္တဖိုလ်ရအောင် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေကြပါတယ်။
မေးမြန်းသင့်သော မေးခွန်းတစ်ခု
ဒီဇနီးမောင်နှံ နှစ်ဦးတို့ဟာ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာကတည်းက သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်း ဥစ္စာတွေနှင့် ပြည့်စုံခဲ့ရိုးမှန်လျှင် ဒီအမျိုးသမီးကလေးဟာ အဘယ်ကြောင့် တိရစ္ဆာန်ဘုံဘဝဝယ် သမင်မျိုး၌ သွားဖြစ်နေရပါသလဲဟု မေးရန် ရှိလာပြန်တယ်။ ဘာဖြစ်လို့လဲ? ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့မှာ အပါယ်မရောက်နိုင်ဘူးဆိုတဲ့ အဖွင့်တွေ လာရှိနေပါတယ်။ ဒီအဖွင့်တွေက ဘယ်လိုသဘောလဲ? ရှေးဦးစွာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့်ကို ပြောကြရအောင် ---
ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)
ဒီအဋ္ဌကထာရဲ့ ဆိုလိုရင်းကို ပြောကြရအောင် --- သူတော်ကောင်းဥစ္စာ ငါးပါးထဲမှာ သုတဆိုတဲ့ အကြား+အမြင် = ဗဟုဿုတများပြားခြင်းဆိုတဲ့ အင်္ဂါရပ်တစ်ခုလည်း ပါဝင်နေပါတယ်။ ရှေးပိုင်းက ပြောခဲ့ပြီးပါပြီ ---
၁။ ရုပ်+နာမ်ကို ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ ဆိုက်အောင် ထိုးထွင်းသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ် --
၂။ ယင်းရုပ်+နာမ်တို့ရဲ့ အကြောင်းတရားတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ သို့မဟုတ် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် --
ဒီဉာဏ်အမြင်နှစ်မျိုးနှင့် ပြည့်စုံလျှင် ဗဟုဿုတအင်္ဂါနှင့် ပြည့်စုံပြီ ဖြစ်ကြောင်းကို ရှေးပိုင်းက ရှင်းပြခဲ့ပြီးပြီ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း --
ဒီဉာဏ်အမြင်နှစ်မျိုးနှင့် ပြည့်စုံနေတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ဟာ ဗုဒ္ဓမြတ်စွာသာသနာတော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာ တည်ရာကို ရရှိသွားပြီ၊ ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိ မြဲပြီ၊ စူဠသောတာပန် = သောတာပန်ညီထွေးဖြစ်ပြီ --- ဆိုပြီးတော့ ဖွင့်ဆိုထားတယ်။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)
တစ်ဖန် သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးကလည်း ---
ဧဝံ သင်္ခါရေ သလ္လက္ခေတွာ ဌိတဿ ပန ဘိက္ခုဿ ဒသဗလဿ သာသနေ မူလံ ဩတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
ဒီလို အကြောင်းတရားနှင့်တကွသော ရုပ်+နာမ် = ဓမ္မ = သင်္ခါရတရားတွေကို ကောင်းစွာ ပိုင်းခြား မှတ်သားလျက် တည်နေတဲ့ ယောဂါဝစရ ရဟန်းတော်ဟာ ကိုယ်တော်အား ဆယ်ပါး, ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်ရဲ့ သာသနာတော်မှ မခွဲနိုင်လောက်အောင် အမြစ်တွယ်သွားပြီ၊ ထောက်ရာ တည်ရာကို ရရှိသွားပြီ၊ စူဠသောတာပန် ဖြစ်ပြီ၊ လားရာဂတိ မြဲပြီ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
ဒီလို ဖွင့်ဆိုထားပြန်တယ်။ ဒါကြောင့် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ပြည့်စုံနေတဲ့ သူတွေဟာ တိရစ္ဆာန်ဘဝသို့ မရောက်နိုင်တော့ဘူး၊ တိရစ္ဆာန် မဖြစ်နိုင်တော့ဘူး မဟုတ်လားလို့ ဒီလိုတော့ မေးစရာရှိပါတယ်။
ဘုန်းကြီးအနေနဲ့ စဉ်းစားမိတဲ့ အချက်နှစ်ချက်တော့ ရှိပါတယ်။ ပထမအချက်ကတော့ သူတော်ကောင်းဥစ္စာ ငါးပါးထဲက ဗဟုဿုတအင်္ဂါရပ်နှင့် ပြည့်စုံခြင်း, ဝိပဿနာပညာနှင့် ပြည့်စုံခြင်းဆိုတဲ့ ဒီအင်္ဂါရပ် နှစ်ခုကတော့ ဒီအမျိုးသမီးကလေး သမင်ဘဝ ရောက်ရှိပြီးမှ နောက်နောက် ဘဝများစွာထဲက တစ်ခုခုသော ဘဝမှာ ဘုရားရှင်တို့ရဲ့ သာသနာတော်နှင့် ကြုံခိုက်မှာ ဒီ သူတော်ကောင်းဥစ္စာ ငါးပါးလုံးနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ခဲ့တယ်။ သမင်ဘဝသို့ မရောက်ခင်က ပြည့်ပြည့်စုံစုံ အားမထုတ်ရသေးဘူးလို့တော့ ဆိုစရာ ရှိပါတယ်။ ဒါကတော့ ယူဆချက်တစ်ခုပေါ့။
နောက်တစ်ချက်ကတော့ ဒီအမျိုးသမီးကလေးဟာ သမင်မကလေးဘဝသို့ မရောက်ခင်မှာ သာဝကတို့ သိသင့်သိထိုက်တဲ့ ရုပ်နာမ် ပရမတ် တရားတွေကို သာဝကပါရမီနှင့် လျော်ညီစွာ ပြည့်ပြည့်စုံစုံ သိခဲ့သေးဟန် မတူဘူးလို့လည်း ယူဆရပါတယ်။ ဥပမာ -- ဓာတ်ကြီးလေးပါးလောက်သာ ရှုခဲ့ဖူးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ရုပ်တရားလောက်ကိုသာ ရှုခဲ့ဖူးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ နာမ်တရားတွေကိုလည်း အနည်းအကျဉ်းလောက် တစ်ချို့တစ်ဝက်လောက် တစ်လုံးစ နှစ်လုံးစလောက်သာ သိခဲ့ဖူးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ်ကို မရှုခဲ့ဖူးသေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အကယ်၍ သာဝကတစ်ဦးဟာ ဓာတ်ကြီးလေးပါးလောက်ကိုသာ ရှေးရှေးဘဝတွေက ရှုခဲ့ဖူးတယ်ဆိုလျှင်လည်း ဒီဘဝမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်လောက်အောင် အားပေးထောက်ပံ့နိုင်တဲ့ ပါရမီမျိုးစေ့ ဖြစ်နိုင်တယ်လို့ လယ်တီဆရာတော်ဘုရားက မိမိရဲ့ ပါရမီဒီပနီမှာ ဆုံးဖြတ်ထားတော်မူပါတယ်။
ဘယ်လိုပင် ဖြစ်ချင်ဖြစ်ပါစေ၊ ဒီအမျိုးသမီးကလေးဟာ သမင်မကလေး ဖြစ်ပြီးတဲ့ နောက်ပိုင်းကာလဝယ် ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ရတနာတွေကို ရရှိအောင် ပါရမီမျိုးစေ့တွေကို ထူထောင်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ?
တသ္မာ ပစ္စေကဗုဒ္ဓဗုဒ္ဓသာဝကာနံ သဗ္ဗေသံ ပတ္ထနာ စ အဘိနီဟာရော စ ဣစ္ဆိတဗ္ဗော။ (အပဒါန၊ဋ္ဌ၊၁၊၁၅၅။)
ပစ္စေကဗုဒ္ဓဘုရားရှင်နှင့် ဗုဒ္ဓသာဝက (= ဘုရားရှင်ရဲ့ တပည့်သာဝက) အားလုံးတို့မှာ ---
၁။ မိမိ လိုလားတောင့်တတဲ့ ဗောဓိဉာဏ်ကို ဆုတောင်း ပန်ထွာမှု ပတ္ထနာ,
၂။ မိမိ လိုလားတောင့်တတဲ့ ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးမည့် အဘိနီဟာရခေါ်တဲ့ ပါရမီတရားအပေါင်း --
ဒီပတ္ထနာနှင့် အဘိနီဟာရ နှစ်မျိုးကတော့ မရှိမဖြစ် အလိုရှိအပ်တဲ့ တရားနှစ်မျိုး ဖြစ်ကြပါတယ်။ နောက်ထပ် အဋ္ဌကထာက ထပ်ဖွင့်ထားသေးတယ် ---
ဣမေသံ ပန သဗ္ဗေသမ္ပိ အဓိကာရော စ ဆန္ဒတာတိ ဒွင်္ဂသမန္နာဂတောယေဝ အဘိနီဟာရော ဟောတိ။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)
ဒီဘုရားရှင်ရဲ့ တပည့်သာဝကအားလုံးတို့ဟာ ---
၁။ အဓိကာရ ကောင်းမှုကုသိုလ်ရှိခြင်း,
၂။ မိမိ မျှော်မှန်းထားသည့် ဗောဓိဉာဏ်ကို လိုလား တောင့်တတဲ့ ဆန္ဒဓာတ်ရှိခြင်းဆိုတဲ့ --
ဒီအင်္ဂါနှစ်ပါးနှင့် ပြည့်စုံပါမှသာ မိမိလိုလားတောင့်တနေတဲ့ ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးနိုင်တဲ့ အဘိနီဟာရတရားဖြစ်တယ်လို့ ဒီလိုလည်း ဖွင့်ဆိုထားပါတယ်။
အဓိကာရကောင်းမှုကုသိုလ်ဆိုတာကတော့ ခုဟောနေတဲ့ သင်္ခါရုပပတ္တိသုတ္တန်နည်းအရ ပြောရလျှင်တော့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးတို့ပဲ ဖြစ်ကြပါတယ်။ ဒီအဓိကာရကောင်းမှု ကုသိုလ်တွေက ဒီအမျိုးသမီးကလေးရဲ့ နောက်ဆုံးဘဝဖြစ်တဲ့ ဘုရားရှင်ရဲ့ သာသနာတော်တွင်း ဘိက္ခုနီမကလေးဘဝမှာ အရဟတ္တဖိုလ်ကို မျက်မှောက် ပြုနိုင်လောက်အောင် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးနေကြပါတယ်။
ဒီလို ကျေးဇူးပြုပေးလိုက်တဲ့ အခါမှာ ရှေးရှေးဘဝတွေက ပြုစု ပျိုးထောင်ခဲ့တဲ့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာတွေထဲမှာ ဘုရားရှင် ဟောထားတဲ့ သေမင်းကျော့ကွင်းမှ လွတ်မြောက်စေခြင်းဆိုတဲ့ ကောင်းမှုကုသိုလ်တစ်ခု ပါနေတယ်။ ဒီကောင်းမှုကုသိုလ်က သံဃာများကို အခြေခံပြီး ဘုရားရှင် ဟောကြားတော်မူခဲ့သော်လည်း ဝတ္ထုဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ကိုယ်ကျင့်သီလ ဖြူစင်မှုအပေါ်၌ ရပ်တည်နေပြီးမှ အသက်ကို စွန့်လွှတ် လှူဒါန်းခြင်းဆိုတဲ့ စာဂတရားကို ဘုရားရှင်က ဦးစားပေးပြီး ဟောနေခြင်း ဖြစ်ပါတယ်။ ဘယ်လို ဟောကြားတော်မူသလဲ?
တစ်ချိန် ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း ထီးဖြူအုပ်ချုပ် မင်းလုပ်တဲ့ အချိန်အခါမှာ ဘုရားအလောင်းတော်က သမင်မျိုးမှာ သွားပြီးတော့ သမင်ကလေး ဖြစ်ပါတယ်။ ဘုရားအလောင်း သမင်ကလေး အရွယ်ရောက်တဲ့ အချိန်အခါမှာ အလွန် အဆင်းလှတယ်၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တယ်၊ ဘယ်လိုပဲကြည့်ကြည့် ကြည့်လို့ သိပ်ကောင်းတယ်၊ ရွှေအဆင်းလို ဝါဝင်းနေတယ်၊ ချိတ်ရည်နှင့် ပြုပြင်ထားအပ်သကဲ့သို့သော ခြေလက်တွေနဲ့ ပြည့်စုံနေတယ်။ ခြေသည်းနီ လက်သည်းနီဆိုးဖို့ လိုသေးသလား? မလိုပါဘူး။ သူပြုစု ပျိုးထောင်ခဲ့တဲ့ အတိတ်ဘဝကံတွေက အသင့် ဖန်တီးပေးထားတယ်။
နောက်တစ်ခု သူ့ရဲ့ ဦးချိုတွေကို ကြည့်လိုက်မယ်ဆိုလျှင် ငွေပန်းခိုင်ကဲ့သို့ အလွန် တင့်တယ်နေတဲ့ ဦးချိုတွေ ဖြစ်ကြတယ်။ မျက်လုံးအစုံကို ကြည့်လိုက်မယ် ဆိုလျှင်လည်း ပတ္တမြားလုံးကဲ့သို့ အလွန်လှပ တင့်တယ်နေတဲ့ မျက်လုံးတွေ ဖြစ်ကြတယ်။ မျက်နှာအဆင်းကို ကြည့်လိုက်မယ်ဆိုလျှင်လည်း ကမ္ဗလာနီအဆင်းကဲ့သို့ အလွန် တင့်တယ်နေတဲ့ မျက်နှာ ရှိနေတယ်၊
အဲဒီ ဘုရားအလောင်း သမင်မင်းမှာ ကြင်ရာ သမင်မကလေးလည်း ရှိသေးတယ်။ အဲဒီ ကြင်ရာ သမင်မကလေးကလည်း အလွန် အဆင်းလှပါတယ်။ ကြည့်ရှုဖွယ်ကောင်းတဲ့ ရုပ်အဆင်းနဲ့ ပြည့်စုံတဲ့ သမင်မကလေး ဖြစ်ပါတယ်။ သမင်အပေါင်းခြံရံပြီး ညီညီညွတ်ညွတ်နဲ့ ပေါင်းစုကာ လှည့်လည် ကျက်စား နေထိုင်ကြပါတယ်။ အလောင်းတော် သမင်ကြီးဟာ သမင်ပေါင်း ရှစ်သောင်းတို့ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ ရှစ်သောင်းသော သမင်တွေက ဒီဘုရားအလောင်း သမင်မင်းကြီးကို လာပြီးတော့ ဆည်းကပ် ခစားကြပါတယ်။
ဒီလို သမင်အပေါင်း ခြံရံလျက် လှည့်လည် ကျက်စားပြီး နေတဲ့ အချိန်အခါ တစ်နေ့မှာ ကျော့ကွင်းမှာ ခြေထောက်ဖျားနဲ့ သွားပြီး ငြိနေတယ်။ ကျော့ကွင်းမှာ စွပ်မိရက်သား ဖြစ်နေတဲ့ အချိန်အခါ ဘုရားအလောင်းကလည်း ဒီကျော့ကွင်းကို ဖြတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားကုန် ရုန်းပါတယ်။ ရုန်းလိုက်တဲ့ အချိန်အခါမှာ အရေတွေ ပြတ်ကုန်တယ်၊ တစ်ဆင့်တက်ပြီး ရုန်းလိုက်တော့ အသားတွေ ပြတ်ကုန်တယ်၊ တစ်ဆင့်တက်ပြီး ရုန်းလိုက်တဲ့ အချိန်အခါမှာ အကြောတွေ ပြတ်သွားတယ်၊ အကြောတွေ ပြတ်သွားသည့်တိုင်အောင် ဒီကျော့ကွင်းကလည်း အလွန် ခိုင်ခံ့နေတော့ အရိုးခိုက်ပြီး တည်နေတော့တယ်။
ထိုအချိန်အခါမှာ ဘုရားအလောင်း သမင်ကြီးလည်း ဒီကျော့ကွင်းကို ဖြတ်တောက်နိုင်တဲ့ စွမ်းအား မရှိတော့တဲ့အတွက် သေဘေးဖြင့် ခြိမ်းခြောက်လာတော့ ပြင်းထန်စွာ အော်မြည်ခြင်းကို ပြုလိုက်တယ်။ ဒီဘုရားအလောင်း သမင်ကြီးရဲ့ အော်သံကို ကြားလိုက်တဲ့ အချိန်အခါမှာ သမင်အပေါင်းလည်း အကုန်လုံး ထွက်ပြေးကြတယ်။ သို့သော် သစ္စာရှိနေတဲ့ ကြင်ရာ သမင်မကလေးက ဘာဖြစ်သလဲ? ထွက်ပြေးပြီးတဲ့ အချိန်အခါမှာ သမင်တွေ အကြားမှာ ဘုရားအလောင်း သမင်ကြီးကို လိုက်လံရှာဖွေသော်လည်း မတွေ့ဖြစ်နေတယ်။
အသက်တစ်ချောင်းကိုပင် စွန့်လွှတ်ရဲသူ
ဣဒံ ဘယံ မယှံ ပိယသာမိကဿ ဥပ္ပန္နံ ဘဝိဿတိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)
ဣဒံ ဘယံ = ဤဘေးဒုက္ခသည်ကား။ မယှံ = ငါ၏။ ပိယသာမိကဿ = ချစ်ခင်မြတ်နိုးအပ်တဲ့ အရှင် သမင်ဖိုကြီး၏ သန္တာန်၌။ ဥပ္ပန္နံ = ဖြစ်ပေါ်နေတဲ့ ဘေးဒုက္ခသည်။ ဘဝိဿတိ = ဖြစ်ပေလိမ့်မယ်။
ဒီဘေးဒုက္ခကတော့ ဧကန္တအားဖြင့် ငါချစ်မြတ်နိုးအပ်တဲ့ ငါရဲ့ အရှင် သမင်ဖိုကြီးရဲ့ သန္တာန်၌ ဖြစ်ပေါ်နေတဲ့ ဘေးဒုက္ခ ဖြစ်ပေလိမ့်မယ်၊ ဒီလို နှလုံးပိုက်ပြီးတော့ ခပ်မြန်မြန် ဒီအသံမြည်နေတဲ့ သမင်ကြီးထံကို ပြေးလာတယ်။ ပြေးလာပြီးတော့ --
အဿုမုခီ ရောဒမာနာ၊
အဿုမုခီ = မျက်ရည်ကျသော မျက်နှာရှိသည်။ ရောဒမာနာ = ငိုကြွေးလျက် --
သာမိ တွံ မဟဗ္ဗလော၊ ကိံ ဧတံ ပါသံ သန္ဓာရေတုံ န သက္ခိဿသိ၊ ဝေဂံ ဇနေတွာ ဆိန္ဒာဟိ နံ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)
သာမိ = အရှင်။ တွံ = သင်သည်။ မဟဗ္ဗလာ = ကြီးမားသော အားရှိသော ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။ ကိံ = အဘယ် အကြောင်းကြောင့်။ ဧတံ ပါသံ = ထိုကျော့ကွင်းကို။ သန္ဓာရေတုံ = ကောင်းစွာ ဆောင်ယူအံ့သောငှာ။ (ဝါ) သန္ဓာရေတုံ = လွတ်မြောက်စေအံ့သောငှာ။ န သက္ခိဿသိ = မစွမ်းနိုင်ပါအံ့နည်း။ ဝေဂံ = လျင်မြန်တဲ့ အဟုန်ကို။ ဇနေတွာ = ဖြစ်စေ၍။ နံ = ထိုကျော့ကွင်းကို။ ဆိန္ဒာဟိ = ဖြတ်တောက်လိုက်ပါ။
အရှင် ...သင်သည် ခွန်အားကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါလျက် ဒီကျော့ကွင်းကို ဆောင်ယူဖို့ရန် ဘာကြောင့် မစွမ်းနိုင်ရသလဲ၊ လျင်မြန်သော အဟုန်ဖြင့် ဒီကျော့ကွင်းကို ဖြတ်တောက်လိုက်စမ်းပါဆိုပြီး တိုက်တွန်းတယ်။ အဲဒီလို တိုက်တွန်းလိုတဲ့အတွက် ဂါထာလေးတစ်ခု ခေါင်ဆုံးစပြီးတော့ ဆိုတယ်။
ဝိက္ကမ ရေ ဟရိပါဒ၊ ဝိက္ကမ ရေ မဟာမိဂ။
ဆိန္ဒ ဝါရတ္တိကံ ပါသံ၊ နာဟံ ဧကာ ဝနေ ရမေတိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)
ရေ ဟရိပါဒ = ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခြေရှိတော်မူပါပေသော အို သမင်ဖိုကြီး။ ဝိက္ကမ = ကြိုးစား အားထုတ်လိုက်စမ်းပါ။ ရေ မဟာမိဂ = အို သမင်မင်းကြီး။ ဝိက္ကမ = အားထုတ်လိုက်စမ်းပါ။ ဝါရတ္တိကံ = သုံးလွန်းတင်၍ ထားအပ်သော။ ပါသံ = ကျော့ကွင်းကို။ ဆိန္ဒ = ဖြတ်တောက်လိုက်စမ်းပါ။ အဟံ = ကျွန်တော်မသည်။ ဧကာ = ကြင်ဖော်မပါ တစ်ကိုယ်တည်းသည်။ ဟုတွာ = ဖြစ်၍။ ဝနေ = တောအတွင်း၌။ န ရမေ = မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်မှု မရှိနိုင်ပါ။
တစ်ဦးအပေါ်တစ်ဦး တွယ်တာနေတဲ့ ရာဂ ထင်ရှားရှိနေတုန်းကတော့ ဒီစိတ်ထားကလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီကျော့ကွင်းကို လွတ်အောင် ရုန်းစမ်းပါ၊ ဒီကျော့ကွင်းကြီးကို ဖြတ်တောက်ပစ်စမ်းပါ၊ တောထဲမှာ ကျွန်တော်မ တစ်ကိုယ်တည်း နေမယ်ဆိုလျှင်တော့ မနေနိုင်ဘူး၊ ဘယ်လို မနေနိုင်သလဲ?
အဟံ တယာ ဝိနာ ဧကိကာ ဝနေ န ရမိဿာမိ၊ တိဏောဒကံ ပန အဂ္ဂဟေတွာ သုဿိတွာ မရိဿာမီတိ ဒေဿတိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)
အဟံ = ကျွန်တော်မသည်။ တယာ = အရှင်နှင့်။ ဝိနာ = ကွေကွင်းပြီး၍။ ဧကိကာ = တစ်ကိုယ်တည်းသည်။ ဟုတွာ = ဖြစ်၍။ ဝနေ = တောအတွင်း၌။ န ရမိဿာမိ = မွေ့လျော်ပျော်ပိုက် နှစ်သက်မှု မရှိနိုင်ပါ။ တိဏောဒကံ = မြက်အစာ သောက်ရေကို။ အဂ္ဂဟေတွာ = မစားသောက်မူ၍။ သုဿိတွာ = ခန်းခြောက်၍။ မရိဿာမိ = သေရပေအံ့။ ဣတိ = ဤသို့။ ဒေဿတိ = ထင်ရှားပြပေ၏။
ကျွန်တော်မ တစ်ကိုယ်တည်း တောထဲမှာ နေရမယ်ဆိုလျှင်တော့ ဘယ်လိုမှ မမွေ့လျော်နိုင်ပါဘူး။ မြက်အစာရေစာတွေကို မစားသုံးနိုင်တော့ဘဲ အသားအရေတွေ ခန်းခြောက်ပြီး သေကျေပျက်စီးရပါလိမ့်မယ်ဆိုပြီးတော့ ဒီလို ပြောတယ်။ ပြောလိုက်တဲ့ အချိန်အခါမှာ သမင်ဖိုကြီးက ဘာပြန်ပြောသလဲ?
ဝိက္ကမာမိ န ပါရေမိ၊ ဘူမိံ သုမ္ဘာမိ ဝေဂသာ။
ဒဠှော ဝါရတ္တိကော ပါသော၊ ပါဒံ မေ ပရိကန္တတိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)
ဘဒ္ဒေ = အရှင်မ။ အဟံ = ငါသည်။ ဝိက္ကမာမိ = ဝီရိယကို ပြုလုပ်၍ နေပါ၏။ ပါသံ = ကျော့ကွင်းကို။ ဆိန္ဒိတုံ = ဖြတ်အံ့သောငှာ။ န ပါရေမိ = မစွမ်းနိုင်ပါ။ အပိ = စင်စစ်အားဖြင့်သော်ကား။ ဆိဇ္ဇေယျာ နာမ = ပြတ်မူလည်း ပြတ်လေရာ၏။ ဣတိ = ဤသို့ နှလုံးပိုက်၍။ ဝေဂသာ = လျင်မြန်သော အဟုန်ဖြင့်။ ပါဒေနာပိ = ခြေဖြင့်လည်းပဲ။ ဘူမိံ = မြေကြီးကို။ သုမ္ဘာမိ = ကန်ကျောက်၍ နေပါ၏။ ဝါရတ္တိကော ပါသော = သုံးလွန်းတင် ကျစ်၍ထားအပ်သော ကျော့ကွင်းကြီးသည်ကား။ ဒဠှော = ခိုင်မြဲ၍ နေပါ၏။ မေ = ငါ၏။ ပါဒံ = ခြေကို။ ပရိကန္တတိ = အရေတို့ကို ဖြတ်လျက် ထက်ဝန်းကျင်မှ ပြတ်တောက်စေပါ၏။
လျင်မြန်သော အဟုန်ဖြင့် ဒီမြေကြီးကို ငါသည် ကန်ကျောက်နေပါတယ်။ လွတ်လိုလွတ်ငြားဆိုတဲ့ ဒီစိတ်ဓာတ်ဖြင့် ငါသည် ရုန်းကန်နေပါတယ်။ဒီကြိုးက သုံးလွန်းတင်ကျစ်ထားတဲ့ ကြိုးဖြစ်တော့ သိပ်ခိုင်ခံ့နေတယ်။ ဒါကြောင့် ငါရဲ့ခြေထောက်တွေကို ဖြတ်တောက်စေနိုင်တဲ့ စွမ်းအား ဒီကြိုးမှာ အထင်အရှားရှိနေပါတယ် ဆိုပြီးတော့ ပြန်ပြောတယ်။ အဲဒီ အချိန်အခါမှာ ဒီသမင်မကလေးက သမင်ဖိုကြီးကို ဘာပြောသလဲ?
မာ ဘာယိ သာမိ အဟံ အတ္တနော ဗလေန လုဒ္ဒကံ ယာစိတွာ တဝ ဇီဝိတံ အာဟရိဿာမိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)
သာမိ = အရှင်။ မာ ဘာယိ = မကြောက်ပါနဲ့။ အဟံ = ကျွန်တော်မသည်။ အတ္တနော = မိမိ၏။ ဗလေန = စွမ်းအားဖြင့်။ လုဒ္ဒကံ = မုဆိုးကို။ ယာစိတွာ = တောင်းပန်၍။ တဝ = သင်၏။ ဇီဝိတံ = အသက်ကို။ အာဟရိဿာမိ = တစ်ဖန် ပြန်ပြီး ဆောင်ယူ၍ ပေးပါအံ့။
အရှင် ... ဘာမှ မကြောက်ပါနဲ့ ကျွန်တော်မ၏ စွမ်းအားဖြင့် မုဆိုးကြီးကို တောင်းပန်ပြီးတော့ သင့်ရဲ့ အသက်ကို ရအောင် ဆောင်ယူပေးပါမယ်။
သစေ ယာစနာယ န သက္ခိဿာမိ၊ မမ ဇီဝိတမ္ပိ ဒတွာ တဝ ဇီဝိတံ အာဟရိဿာမိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)
သစေ = အကယ်၍။ ယာစနာယ = တောင်းပန်ခြင်းဖြင့်။ န သက္ခိဿာမိ = သင်ရဲ့အသက်ကို ဆောင်ယူခြင်းငှာ မစွမ်းနိုင်ခဲ့သည် ဖြစ်ပါအံ့။ မမ = ကျွန်တော်မ၏။ ဇီဝိတမ္ပိ = အသက်ကိုသော်လည်းပဲ။ ဒတွာ = ပေးလှူ၍။ တဝ = အရှင်၏။ ဇီဝိတံ = အသက်ကို။ အာဟရိဿာမိ = ငါဆောင်ယူပေအံ့။
အကယ်၍ တောင်းပန်လို့မှ သင့်ရဲ့အသက်ကို ရအောင် မဆောင်ပေးနိုင်ခဲ့ဘူးဆိုလျှင် ကျွန်တော်မရဲ့အသက်ကို စွန့်လွှတ်ပြီး သင့်ရဲ့အသက်ကို ရအောင် ဆောင်ပေးပါမယ်။ ဒီလို ပြောဆိုပြီး ဘုရားအလောင်း သမင်ကြီးကို သက်သာရာရစေတယ်၊ သက်သာရာရစေရုံလောက်ကလေးတွင်ပဲလားဆိုတော့ မဟုတ်သေးဘူး၊ သွေးအလိမ်းလိမ်း ကပ်နေတဲ့ ဘုရားအလောင်း သမင်ကြီးကို ပွေ့ပိုက်ပြီးတော့ ရပ်တည်နေလိုက်တယ်။
သန်လျက်တွေ လှံတွေ ကိုင်ပြီးတော့ ကမ္ဘာပျက်တဲ့အခါ လောင်တဲ့မီးကဲ့သို့ ဒေါသအမျက်တွေ ခြောင်းခြောင်းထွက်လျက် ကြမ်းတမ်းတဲ့ ကိုယ်အမူအရာ စိတ်အမူအရာတွေနဲ့ လာနေတဲ့ မုဆိုးကိုလည်း သမင်မကလေးက မြင်ပြီ။ မြင်တဲ့အချိန်အခါမှာ သမင်မလေးက သမင်ဖိုကြီးကို ဘာပြောသလဲ?
သာမိ လုဒ္ဒကော အာဂစ္ဆတိ၊ အဟံ အတ္တနော ဗလံ ကရိဿာမိ၊ တွံ မာ ဘာယိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)
သာမိ = အရှင်။ လုဒ္ဒကော = မုဆိုးကြီးသည်။ အာဂစ္ဆတိ = လာ၍နေပေ၏။ အဟံ = ကျွန်တော်မသည်။ အတ္တနော = မိမိ၏။ ဗလံ = အားအစွမ်းကို။ ကရိဿာမိ = ပြုလုပ်၍ ပြပေအံ့။ တွံ = သင်သည်။ မာ ဘာယိ = မကြောက်ပါလင့်။
အရှင် ...မုဆိုးကြီးတော့ လာနေပြီ၊ ကျွန်တော်မသည် ကျွန်တော်မ၏ စွမ်းအားတွေကို ထင်ရှား ပြုလုပ်ပြီး ပြပါတော့မယ်။ သင်ဘာမှ မကြောက်ပါနဲ့ ဆိုပြီးတော့ သမင်ဖိုကြီးကို သက်သာရာ ရစေပြီးတော့ မုဆိုးကြီးလာနေသည့် ခရီးရင်ဆိုင်ဘက်ကို သူက ခြေလှမ်းပြီးတော့ သွားလိုက်တယ်။ သေရဲတဲ့စိတ်ထား မရှိဘူးလား? ရှိနေတယ်။ အသက်ကို စွန့်လွှတ်ပြီးတော့ သူတစ်ပါးကို ကယ်တင်မယ်ဆိုတဲ့ ဒီစိတ်ဓာတ် ရှိနေတယ်။ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ရပ်လိုက်တယ်။ ရပ်ပြီးတော့ မုဆိုးကို ရှိခိုးတယ်။ ရှိခိုးပြီးတော့ ဘာပြောသလဲ?
သာမိ မမ သာမိကော သုဝဏ္ဏဝဏ္ဏော သီလာစာရသမ္ပန္နော၊ အသီတိသဟဿာနံ မိဂါနံ ရာဇာ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)
သာမိ = အရှင်မုဆိုး။ မမ = ကျွန်တော်မ၏။ သာမိကော = အရှင်သခင်သည်။ သုဝဏ္ဏဝဏ္ဏော = ရွှေအဆင်းနှင့်တူသော အဆင်းရှိပါပေ၏။ သီလာစာရသမ္ပန္နော = ကိုယ်ကျင့်သီလ ကျင့်ဝတ်ပဋိပတ် အာစာရနှင့် ပြည့်စုံပါပေ၏။ အသီတိသဟဿာနံ မိဂါနံ = ရှစ်သောင်းသော သားသမင်တို့၏။ ရာဇာ = ရှင်ဘုရင်ဖြစ်ပါပေ၏။
ကျွန်မရဲ့ အရှင်သခင်ဖြစ်တဲ့ သမင်ဖိုကြီးကို ကြည့်လိုက်မယ်ဆိုလျှင် ရွှေအဆင်းနဲ့တူတဲ့ အဆင်းလည်း ရှိပါတယ်၊ ကိုယ်ကျင့်သီလတွေနဲ့လည်း ပြည့်စုံတယ်၊ အကျင့်အာစာရ ကျင့်ဝတ်ပဋိပတ်တွေနဲ့လည်း ပြည့်စုံပါတယ်၊ ရှစ်သောင်းသော သားသမင်တို့ရဲ့ ရှင်ဘုရင်လည်းဖြစ်နေတယ်။ ဒီလို စသည်ဖြင့် ဘုရားအလောင်းရဲ့ ဂုဏ်ကျေးဇူးတွေကို ပြောဆိုပြီးတော့ ဘုရားအလောင်း သမင်မင်းရဲ့ ရပ်တည်နေစဉ် အချိန်အခါမှာ မိမိကို သတ်ဖို့ရန်အတွက် မုဆိုးကို လျှောက်ထားတောင်းပန်တယ်။ ဘယ်လိုလဲ?
အတ္ထရဿု ပလာသာနိ၊ အသိံ နိဗ္ဗာဟ လုဒ္ဒက။
ပဌမံ မံ ဝဓိတွာန၊ ဟန ပစ္ဆာ မဟာမိဂန္တိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)
လုဒ္ဒက = ရက်စက်ကြမ်းကြုတ်လှပေသော အသင်မုဆိုး။ အသိံ = သန်လျက်ကို။ နိဗ္ဗာဟ = သန်လျက်အိမ်မှ ထုတ်ဆောင်လိုက်ပါတော့။ ပလာသာနိ = ပေါက်ဖက်တို့ကို။ အတ္ထရဿု = ခင်းကျင်း၍ ထားပါလော့။ ပဌမံ = ရှေးဦးစွာ။ မံ = ကျွန်တော်မကို။ ဝဓိတွာန = သတ်ဖြတ်ပြီး၍။ ပစ္ဆာ = နောက်ကာလ၌။ မဟာမိဂံ = သားသမင်ဖိုကြီးကို။ ဟန = သတ်ဖြတ်ပါလော့။
အသင်မုဆိုး ... သန်လျက်အိမ်မှ သန်လျက်ဓားကြီးကို ထုတ်ဆောင်လိုက်ပါ၊ အသားတွေ ထုပ်ဖို့ရန်အတွက် ပေါက်ဖက်တွေကိုလည်း အသင့် ခင်းကျင်းပြီး ထားလိုက်ပါ၊ ရှေးဦးစွာ ကျွန်တော်မကို သတ်ပါ၊ ကျွန်တော်မကို ရှေးဦးစွာ သတ်ပြီးတဲ့ နောက်ပိုင်းမှာ သမင်ဖိုကြီးကို သတ်ပါ ဆိုပြီးတော့ ဒီလို သူက လျှောက်ထားတောင်းပန်လိုက်တယ်။ အဲဒီ အခါမှာတော့ ဘာဖြစ်လာသလဲ?
တံ သုတွာ လုဒ္ဒကော မနုဿဘူတာ တာဝ သာမိကဿ အတ္ထာယ အတ္တနော ဇီဝိတံ န ပရိစ္စဇန္တိ၊ အယံ တိရစ္ဆာနဂတာ ဇီဝိတံ ပရိစ္စဇတိ၊ မနုဿဘာသာယ စ မဓုရေန သရေန ကထေတိ၊ (ဇာတက၊ဋ္ဌ၊၃၊၁၇၂၊၊)
တံ = ထိုစကားကို။ သုတွာ = ကြား၍။ လုဒ္ဒကော = မုဆိုးသည်။ မနုဿဘူတာ = လူသားဖြစ်ကြကုန်သော သူတို့သည်။ သာမိကဿ = အိမ်ရှင်ယောက်ျား၏။ အတ္ထာယ = အကျိုးငှာ။ အတ္တနော = မိမိ၏။ ဇီဝိတံ = အသက်ကို။ န ပရိစ္စဇန္တိ = မစွန့်လွှတ်နိုင်ကြကုန်သည်သာလျှင်တည်း။ အထ = ထိုသို့ဖြစ်ပါလျက်။ အယံ = ဤသမင်မသည်ကား။ တိရစ္ဆာနဂတာ = တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်းပဲ။ ဇီဝိတံ = အသက်ကို။ ပရိစ္စဇတိ = စွန့်လွှတ်၍ နေပေ၏။ မနုဿဘာသာယ = လူတို့ဘာသာစကားဖြင့်။ မဓုရေန သရေန စ = သာယာဖွယ် ချိုမြိန်သော အသံဖြင့်လည်း။ ကထေတိ = ပြောဆို၍နေပေ၏။
ပါရမီရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ အကြောင်းမလှလို့ တိရစ္ဆာန်ဘဝ ရောက်နေသော်လည်း အတိတ်ဘဝက လေ့ကျင့်ခဲ့တဲ့ လူတို့ရဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီးတော့ မေ့ပျောက်မှုတွေက မရှိကြဘူး။ ဘာဖြစ်လို့လဲ? ဘဝချင်းက အလွန် နီးကပ်နေတယ်။ ဒါကြောင့် လူတို့ ဘာသာစကားဖြစ်တဲ့ ချိုမြိန်တဲ့ အသံဖြင့် သူက ပြောပြနေတယ်။
လူသားတွေသော်မှလည်းပဲ မိမိရဲ့ အိမ်ရှင်ယောက်ျားအတွက် အသက်ကို မစွန့်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ ဒီသမင်မလေးဟာ တိရစ္ဆာန်ပင် ဖြစ်နေသော်လည်း မိမိရဲ့ အိမ်ရှင်ယောက်ျားအတွက် အသက်ကို စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်၊ ဘာ-ဒါနလဲ? ဇီဝိတပရိစ္စာဂ-ဒါနပဲ၊ မိမိ အသက်ကို စွန့်လွှတ်လှူဒါန်းနေတဲ့ ဒီသမင်မကလေးကို ကြည့်လိုက်လျှင် ဘယ်လိုပုဂ္ဂိုလ်လဲ? သီလာစာရဂုဏသမ္ပန္န = ကိုယ်ကျင့်သီလတည်းဟူသော ဂုဏ်ကျေးဇူးတွေနှင့် ပြည့်စုံနေတဲ့ သီလဆိုတဲ့ မြေပေါ်မှာ ရပ်တည်ပြီးတော့ မိမိရဲ့ အသက်ကို စွန့်လွှတ်လှူဒါန်းခြင်းဆိုတဲ့ စာဂတရားကို ပြုစုပျိုးထောင် မနေဘူးလား? ပြုစုပျိုးထောင်နေတယ်။
သို့သော် ဒီသမင်မကလေးက ဒီဘဝမှာသာ စပြီး ဒီကောင်းမှုကုသိုလ် ပြုသလားဆိုတော့ ဒီလို မဟုတ်ပါဘူး။ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာလည်း အကြောင်းအားလျော်စွာ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ပါရမီမျိုးစေ့ကောင်းတွေကို ထူထောင်ခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်နိုင်ပါတယ်။ နောက်တစ်ခု လူတို့ရဲ့ ဘာသာစကားဖြင့် ဒီလို ချိုမြိန်တဲ့အသံဖြင့် ပြောနေတော့ မုဆိုးကြီးက ဘာစဉ်းစားသလဲ?
ဇီဝိတဒါနအလှူ
အဇ္ဇ ဣမိဿာ စ ပတိနော စဿာ ဇီဝိတံ ဒဿာမိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)
အဇ္ဇ = ယနေ့။ အဟံ = ငါသည်။ ဣမိဿာ စ = ဤသမင်မကလေး၏ လည်းကောင်း။ အဿာ = ဤသမင်မကလေး၏။ ပတိနော စ = အရှင်သခင်ဖြစ်သော သမင်ဖိုကြီး၏လည်းကောင်း။ ဇီဝိတံ = အသက်ကို။ ဒဿာမိ = ငါပေးလှူပေအံ့။
တစ်ဖက်က ရက်စက်ကြမ်းကြုတ်သော စိတ်ထားရှိတဲ့ မုဆိုးကြီးရဲ့ စိတ်ထားတွေ ပြောင်းလဲ မသွားဘူးလား? ပြောင်းလဲသွားတယ်။ စိတ်ထားတွေ ပြောင်းလဲသွားပြီး ဒီသမင်မကလေးအပေါ် ကြည်ညိုတဲ့ စိတ်ထားဖြင့် မုဆိုးကြီးက ဘာပြောသလဲ?
န မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ဘာသန္တိံ မာနုသိံ မိဂိံ။
တွဉ္စ ဘဒ္ဒေ သုခီ ဟောဟိ၊ ဧသော စာပိ မဟာမိဂေါ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)
မေ = ငါသည်။ မာနုသိံ = လူ၌ဖြစ်သော ဘာသာစကားကို။ ဘာသန္တိံ = ပြောဆိုတတ်သော။ မိဂိံ = သမင်မကို။ န သုတံ ဝါ = ကြားလည်း မကြားစဖူးပါ။ န ဒိဋ္ဌံ ဝါ = မြင်လည်း မမြင်စဖူးပါ။ ဘဒ္ဒေ = အိုအရှင်သမင်မ။ တွဉ္စ = သင်သည်လည်း။ သုခီ = စိတ်ချမ်းသာခြင်းသည်။ ဟောဟိ = ဖြစ်ပါစေတော့။ ဧသော စာပိ မဟာမိဂေါ = ဤသမင်ဖိုကြီးသည်လည်းပဲ။ သုခီ = ချမ်းသာခြင်းရှိသည်။ ဟောဟိ = ဖြစ်ပါစေလော့။
လူတို့ရဲ့ ဘာသာစကားကို ပြောကြားနေတဲ့ သမင်ဆိုတာ ငါသည် ကြားလည်း မကြားစဖူးပါ၊ မြင်လည်း မမြင်ဖူးပါ၊ ဒါကြောင့် ရှင်မ သင်လည်း ချမ်းသာခြင်း ဖြစ်ပါစေ၊ ဒီသမင်ဖိုကြီးလည်း ချမ်းသာခြင်း ဖြစ်ပါစေ ဆိုပြီးတော့ မုဆိုးကြီးက သမင်ဇနီးမောင်နှံကို ချမ်းသာခွင့် ပေးလိုက်ပါတယ်၊ ချမ်းသာခွင့် ပေးလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ?
ဣတိ တံ အာလပိတွာ ပုန တွဉ္စ ဧသော စာပိ မဟာမိဂေါတိ ဒွေပိ ဇနာ သုခီ နိဒ္ဒုက္ခာ ဟောထာတိ တံ သမဿာသေတွာ လုဒ္ဒကော ဗောဓိသတ္တဿ သန္တိကံ ဂန္တွာ ဝါသိယာ စမ္မပါသံ ဆိန္ဒိတွာ ပါဒေ လဂ္ဂပါသကံ သဏိကံ နီဟရိတွာ နှာရုနာ နှာရုံ၊ မံသေန မံသံ၊ စမ္မေန စမ္မံ ပဋိပါဋေတွာ ပါဒံ ဟတ္ထေန ပရိမဇ္ဇိ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)
ဣတိ = ဤသို့လျှင်။ တံ = ထိုသမင်မကို။ အာလပိတွာ = ပြောဆိုပြီးနောက်။ ပုန = တဖန်။ တွဉ္စ = သင်သမင်မသည်လည်းကောင်း။ ဧသောစာပိ မဟာမိဂေါ = ဤသမင်ဖိုကြီးသည်လည်းကောင်း။ ဒွေပိ ဇနာ = နှစ်ဦးသားကုန်သော ပုဂ္ဂိုလ်တို့သည်လည်း။ သုခီ = ချမ်းသာခြင်းရှိကြကုန်သည်။ နိဒ္ဒုက္ခာ = ဆင်းရဲခြင်း ကင်းကြကုန်သည်။ ဟောထ = ဖြစ်ကြကုန်လော့။ ဣတိ = ဤသို့လျှင်။ တံ = ထိုသမင်မငယ်ကို။ သမဿာသေတွာ = သက်သာရာရစေ၏။
လုဒ္ဒကော = မုဆိုးကြီးသည်။ ဗောဓိသတ္တဿ = ဘုရားအလောင်း သမင်ကြီး၏။ သန္တိကံ = အထံသို့။ ဂန္တွာ = သွား၍။ ဝါသိယာ = ပဲခွပ်ဖြင့်။ စမ္မပါသံ = သားရေဖြင့် သုံးလွန်းတင် ကျစ်ထားတဲ့ ကျော့ကွင်းကြိုးကို။ ဆိန္ဒိတွာ = ဖြတ်၍။ ပါဒေ = ခြေတို့ကို။ လဂ္ဂပါသကံ = ငြိတွယ်နေတဲ့ ကျော့ကွင်းကို။ သဏိကံ = ဖြည်းဖြည်းသက်သာ။ နီဟရိတွာ = ထုတ်ဆောင်၍။ နှာရုနာ = အကြောတစ်ခုဖြင့်။ နှာရုံ = အကြောတစ်ခုကို။ မံသေန = အသားတစ်ခုဖြင့်။ မံသံ = အသားတစ်ခုကို။ စမ္မေန = အရေဖြင့်။ စမ္မံ = အရေကို။ ပဋိပါဋေတွာ = ဆက်စပ်စေ၍။ ပါဒံ = သမင်ဖိုကြီး၏ ခြေထောက်ကို။ ဟတ္ထေန = လက်ဖြင့်။ ပရိမဇ္ဇိ = ဆုပ်နယ်သုံးသပ်၍ ပေးလေ၏။
မုဆိုးကြီးက ဘုရားအလောင်း သမင်ကြီးထံ သွားပြီးတော့ သားကောင်တို့ရဲ့ သားရေဖြင့် သုံးလွန်းတင် ကျစ်ထားတဲ့ ကျော့ကွင်းကြိုးကို ပဲခွပ်ဖြင့် ဖြတ်တောက်လိုက်ပါတယ်၊ ခြေထောက်မှာ ငြိကပ်နေတဲ့ ကျော့ကွင်းတွေကိုတော့ ဖြည်းဖြည်းလေး အသာအယာ ထုတ်ဆောင်ပေးလိုက်တယ်။ ထုတ်ဆောင်ပေးပြီးတော့ အကြော-အကြောချင်း, အသား-အသားချင်း, အရေ-အရေချင်း ဆက်စပ်ပြီးတော့ ဆုပ်နယ်ပေးလိုက်တယ်၊ ဆုပ်နယ်ပေးလိုက်တော့ ဘာဖြစ်လာသလဲ?
သုံးဦးသားတို့၏ မေတ္တာဓာတ်စွမ်းအား
တင်္ခဏညေဝ မဟာသတ္တဿ ပူရိတပါရမိတာနုဘာဝေန လုဒ္ဒကဿ စ မေတ္တစိတ္တာနုဘာဝေန မိဂိယာ စ မေတ္တဓမ္မာနုဘာဝေန နှာရုမံသစမ္မာနိ နှာရုမံသစမ္မေဟိ ဃဋယိံသု။ (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)
တင်္ခဏညေဝ = ထိုခဏအတွင်း၌ပင်လျှင်။ မဟာသတ္တဿ = ဘုရားအလောင်းတော်သမင်မင်းကြီး၏။ ပူရိတပါရမိတာနုဘာဝေန စ = ဖြည့်ကျင့် ဆည်းပူးအပ်ခဲ့ပြီးသော ပါရမီတော်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် လည်းကောင်း။ လုဒ္ဒကဿ = မုဆိုး၏။ မေတ္တစိတ္တာနုဘာဝေန စ = မေတ္တာစိတ်၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လည်းကောင်း။ မိဂိယာ = သမင်မငယ်၏။ မေတ္တဓမ္မာနုဘာဝေန စ = မေတ္တာဓမ္မ၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လည်းကောင်း။ နှာရုမံသစမ္မာနိ = အကြော-အသား-အရေတို့သည်။ နှာရုမံသစမ္မေဟိ = အကြော-အသား-အရေတို့ဖြင့်။ ဃဋယိံသု = ဆက်စပ်၍ သွားကြလေကုန်၏။
အံ့ဩဖွယ်မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ဘုရားအလောင်းတော် သမင်မင်းကြီးရဲ့ ပါရမီတော် တန်ခိုးတော်ဟုန်, ဒါက အကြောင်းတစ်ခု၊ မုဆိုးကြီးရဲ့ မေတ္တာစိတ်ရဲ့ အာနုဘော်, ဒါက အကြောင်းတစ်ခု၊ သမင်မကလေးရဲ့ သမင်ဖိုကြီးအပေါ်၌ ထားရှိတဲ့ မေတ္တာဓမ္မတို့ရဲ့ အာနုဘော်, ဒါက အကြောင်းတစ်ခု၊ ဒီအာနုဘော်တွေရဲ့ စွမ်းအားကြောင့် အကြော-အကြောချင်း, အသား-အသားချင်း, အရေ-အရေချင်း အားလုံး ဆက်စပ်သွားကြတယ်။ မေတ္တာအာနုဘော်ရဲ့ စွမ်းအား မကြီးမားဘူးလား? သိပ်ကြီးမားတယ်။ ပါရမီတော်တန်ခိုးအာနုဘော်တို့ရဲ့ စွမ်းအားလည်း မကြီးမားဘူးလား? ကြီးမားတယ်။
သမင်မကလေး၏ အနုမောဒနာတရား
ဒါကြောင့် ယခုလို အသိဉာဏ်ရှိတဲ့ ဘဝတွေမှာ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ ပါရမီကောင်းမှု ကုသိုလ်တွေကို ထိထိမိမိကလေး ဖြစ်အောင် ဖြည့်ကျင့် ဆည်းပူးထားဖို့ မလိုဘူးလား? လိုအပ်တယ်။ နောက်ဘဝအတွက် မသေချာတဲ့ ကံတွေကို ထူထောင်ပြီး မျှော်လင့်နေခဲ့လျှင် သေချာမှု ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး၊
ဘုရားအလောင်း သမင်ဖိုကြီးလည်း ရပ်တည်နေပြီ၊ ရပ်တည်နေတဲ့ အချိန်အခါမှာတော့ သမင်မလေးကလည်း ဘုရားအလောင်း သမင်မင်းကြီး ချမ်းသာစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတာ, ချမ်းသာစွာ ရပ်တည်နေတာကို မြင်တွေ့ရတဲ့အတွက် သိပ်ဝမ်းသာသွားတယ်၊ ဝမ်းသာသွားတဲ့အတွက် မုဆိုးကြီးကို ဘာပြောသလဲ? မုဆိုးကြီးကို သမင်မလေးက အနုမောဒနာ ဝမ်းမြောက်ဖွယ် တရားစကားကလေး ဟောပြတယ်။
ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟမဇ္ဇ နန္ဒာမိ၊ မုတ္တံ ဒိသွာ မဟာမိဂံ။ (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)
လုဒ္ဒက = အသင်မုဆိုး။ မုတ္တံ = ကျော့ကွင်းမှ လွတ်မြောက်၍သွားသော။ မဟာမိဂံ = သမင်ဖိုကြီးကို။ ဒိသွာ = တွေ့မြင်ရ၍။ အဟံ = ငါသည်။ အဇ္ဇ = ယနေ့။ နန္ဒာမိ ယထာ = နှစ်သက် ဝမ်းမြောက်ရသကဲ့သို့။ ဧဝံ = ဤအတူ။ သဗ္ဗေဟိ = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ။ ဉာတိဘိ = ဆွေမျိုးအပေါင်းတို့နှင့်။ သဟ = အတူတကွ။ တွံ = သင်မုဆိုးကြီးသည်လည်း။ နန္ဒဿု = နှစ်သက်ဝမ်းမြောက်ရပါစေသတည်း။
ကျွန်မ နှစ်သက်ဝမ်းမြောက်သလို သင်မုဆိုးကြီးလည်း နှစ်သက် ဝမ်းမြောက်ပါစေသတည်းဆိုပြီး ဒီလို ဝမ်းမြောက်ဖွယ်စကား သမင်မလေးက ပြောကြားပါတယ်။
တစ်ဦးနဲ့တစ်ဦး အခုလို ကြုံတွေ့တဲ့ အချိန်အခါကလေးမှာ ဒီလို မေတ္တာဓာတ်တွေ ကူးလူး ဆက်ဆံတာဟာ ကုသိုလ်တရားတွေ တိုးပွားဖို့အကြောင်း မဖြစ်ဘူးလား? ဖြစ်သွားတယ်။ ရန်ထောင်ပလွှားနေကြမယ်ဆိုလျှင်တော့ အကုသိုလ်တရားတွေ ထပ်ဖြစ်ပြီး ထပ်ခါထပ်ခါ မတိုးပွားနိုင်ဘူးလား? တိုးပွားနိုင်တယ်။ ကုသိုလ်ဆိုတာ ယူတတ်မယ်ဆိုလျှင် နေရာတကာမှာ မရနိုင်ဘူးလား? ရနိုင်တယ်။ အကုသိုလ်ဆိုတာလည်း ယူတတ်မယ်ဆိုလျှင် နေရာတကာမှာ မရနိုင်ဘူးလား? ရနိုင်တယ်။ အဲဒီလို ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? ဘုရားအလောင်း သမင်ကြီးက စဉ်းစားပြီ။
မုဆိုးကြီး၏ မှီခိုအားထားရာ
အယံ လုဒ္ဒေါ မယှံ အဝဿယော ဇာတော၊ မယာပိဿ အဝဿယေနေဝ ဘဝိတုံ ဝဋ္ဋတိ (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)
အယံ လုဒ္ဒေါ = ဤမုဆိုးကြီးသည်ကား။ မယှံ = ငါ၏။ အဝဿယော = မှီခိုအားထားရာသည်။ ဇာတော = ဖြစ်ခဲ့လေပြီ။ မယာပိ = ငါသည်လည်းပဲ။ အဿ = ထိုမုဆိုး၏။ အဝဿယေနေဝ = မှီရာတည်ရာသာလျှင်။ ဘဝတုံ = ဖြစ်ခြင်းငှာ။ ဝဋ္ဋတိ = သင့်လှပေ၏။
အသက်ချမ်းသာရေးအတွက် မှီခိုအားထားရာ မဖြစ်ဘူးလား? ဖြစ်သွားတယ်။ အကယ်၍သာ ဒီမုဆိုးကသာ အသက်ချမ်းသာခွင့် မပေးခဲ့ဘူး, ကျော့ကွင်းကို ဖြတ်တောက်ပြီး မကုသပေးခဲ့ဘူးဆိုလျှင် ဘုရားအလောင်း သမင်ကြီး အသက်ရှင်နိုင်မလား? မရှင်နိုင်ဘူး၊ ဒီလို သူတော်ကောင်းဆိုတာက ကြံဖန်ပြီးတော့ ကျေးဇူးတင်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါကြောင့် သူတော်ကောင်းတို့၏ စိတ်ထားက ဘယ်လိုသဘောရှိသလဲ? ငါသည် ဒီမုဆိုးကို အမှီပြုပြီးတော့ ချမ်းသာသုခ ရရှိတယ်၊ မုဆိုးကြီးကို ငါက အမှီပြုပြီး ချမ်းသာရသလို ငါသည်လည်းပဲ မုဆိုး၏ မှီခိုအားထားရာ ဖြစ်စေမယ်လို့ သူတော်ကောင်းဖြစ်တဲ့ ဘုရားအလောင်း သမင်ကြီးက စဉ်းစားတယ်။ စဉ်းစားပြီးတော့ ဘာလုပ်သလဲ?
ဂေါစရဘူမိယံ ဒိဋ္ဌံ ဧကံ မဏိက္ခန္ဓံ တဿ ဒတွာ သမ္မ ဣတော ပဋ္ဌာယ ပါဏာတိပါတာဒီနိ မာ ကရိ၊ ဣမိနာ ကုဋုမ္ဗံ သဏ္ဌပေတွာ ဒါရကေ ပေါသေန္တော ဒါနသီလာဒီနိ ပုညာနိ ကရောဟီတိ တေဿာဝါဒံ ဒတွာ အရညံ ပါဝိသိ။ (ဇာတက၊ဋ္ဌ၃၊၁၇၂-၁၇၃။)
ဗောဓိသတ္တော = ဘုရားအလောင်းတော် သမင်ကြီးသည်။ ဂေါစရဘူမိယံ = လှည့်လည်ကျက်စားရာ မြေအရပ်၌။ ဒိဋ္ဌံ = တွေ့မြင်ခဲ့ဖူးသော။ ဧကံ မဏိက္ခန္ဓံ = ပတ္တမြားတုံးကြီးတစ်ခုကို။ တဿ = ထိုမုဆိုးအား။ ဒတွာ = ပေး၍။
မိမိက တောထဲ လှည့်လည် ကျက်စားနေစဉ် အခါက မြင်တွေ့ခဲ့ဖူးတဲ့ ပတ္တမြားတုံးကြီးတစ်ခု ရှိတယ်၊ ဒီပတ္တမြားတုံးကြီးကို ပေးလိုက်တယ်။ သားသမင်တွေအတွက် ဒီပတ္တမြားတုံးကြီးက အသုံးကျသလား? အသုံးမကျပါဘူး၊ မိမိအတွက် အသုံးမကျသော်လည်း မုဆိုးကြီးအတွက်တော့ ဒီပတ္တမြား ရတနာကြီးက အသုံးမကျဘူးလား? အသုံးကျနေတယ်။ ဒါကြောင့် တောထဲမှာ ကျင်လည်ကျက်စားခဲ့စဉ် အချိန်အခါက မိမိကျက်စားနေတဲ့ နယ်မြေ အတွင်းမှာ တွေ့ရှိခဲ့တဲ့ ဒီပတ္တမြားရတနာကြီးကို မုဆိုးကြီးအား ပေးပြီးတော့ ဘာပြောသလဲ?
သမ္မ = အဆွေ။ ဣတော = ဤနေ့မှ။ ပဋ္ဌာယ = စ၍။ ပါဏာတိပါတာဒီနိ = ပါဏာတိပါတာ အစရှိတဲ့ မကောင်းမှု အကုသိုလ်တို့ကို။ မာ ကရိ = မပြု မကျင့်ပါလင့်။
ဣမိနာ = ဤပတ္တမြားဖြင့်။ ကုဋုမ္ဗံ = ဥစ္စာနှစ်တို့ကို။ သဏ္ဌပေတွာ = တည်ထားစေ၍။ ဒါရကေ = သားမယားတို့ကို။ ပေါသေန္တော = ပြုစု မွေးမြူလျက်။ ဒါနသီလာဒီနိ = ဒါန-သီလအစရှိကုန်သော။ ပုညာနိ = ကောင်းမှု ကုသိုလ်တို့ကို။ ကရောဟိ = ပြုစုပျိုးထောင်ပါ။ ဣတိ = ဤသို့လျှင်။ တဿ = ထိုမုဆိုးအား။ ဩဝါဒံ = အဆုံးအမဩဝါဒကို။ ဒတွာ = ပေးပြီး၍။ အရညံ = တောအတွင်းသို့။ ပါဝိသိ = ဝင်ခဲ့လေပြီ။
ပတ္တမြားကြီး ပေးပြီးတော့ အဆွေ ဒီနေ့ကစပြီး သူ့အသက်သတ်ခြင်း အစရှိတဲ့ မကောင်းမှုတွေကို မပြုလုပ်ပါနှင့်၊ ဒီပတ္တမြားရတနာဖြင့် စည်းစိမ် ဥစ္စာနှစ်တွေကို တည်အောင်ထားပြီးတော့ သားမယားတို့ကို ပြုစု လုပ်ကျွေးလျက် ဒါန-သီလ အစရှိတဲ့ ကောင်းမှု ကုသိုလ်တွေကို ပြုစုပျိုးထောင်ပါလို့ ဒီလို မုဆိုးကြီးအား အဆုံးအမ ဩဝါဒပေးပြီး တောအတွင်း ဝင်သွားကြပြီ။
ဇာတ်တော်ပေါင်းခန်း
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ ဇာတကံ သမောဓာနေသိ၊ တဒါ လုဒ္ဒကော ဆန္နော အဟောသိ၊ မိဂီ ဒဟရဘိက္ခုနီ၊ မိဂရာဇာ ပန အဟမေဝ အဟောသိန္တိ။
ဒီအတိတ်ဇာတ်ကြောင်း ဒေသနာတော်ကို မြတ်စွာဘုရားရှင်သည် ဆောင်ယူ ဟောပြပြီး ဇာတ်တော်ကို ပေါင်းတော်မူပါတယ်။ ထိုအချိန်အခါမှာ မုဆိုးကြီးက ပါရမီဖြည့်ဖက် မြင်းမြီးဆွဲ မောင်ဆန်ဟု အသိများသော အရှင်ဆန္နမထေရ်ရဲ့ အလောင်းလျာ ဖြစ်ပါတယ်၊ သမင်မလေးကတော့ ယခုဘဝမှာ အိမ်ရှင်ယောက်ျားနှင့်တကွ မိဘတွေကို မိစ္ဆာဒိဋ္ဌိကျော့ကွင်းမှ လွတ်အောင်, အိမ်ရှင်ယောက်ျားကိုလည်း ရာဂကျော့ကွင်းမှ လွတ်အောင်, အရဟတ္တဖိုလ် တည်အောင် ထုတ်ဆောင် ကယ်တင်ပေးတဲ့ ဘိက္ခုနီမကလေး ဖြစ်ပါတယ်။ သမင်ဖိုကြီးကတော့ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ရှေးသူတော်ကောင်းတို့သည် မိမိကိုယ်တိုင်လည်း ရာဂကျော့ကွင်းမှ လွတ်အောင် ရုန်းကန်သလို မိမိနဲ့ ဆက်စပ်ရာ ပုဂ္ဂိုလ်တွေကိုလည်း ရာဂကျော့ကွင်းမှ လွတ်အောင် ရုန်းကန်တဲ့ လုပ်ငန်းရပ်တွေကို မပြုကြဘူးလား? ပြုကြတယ်။ ရာဂကျော့ကွင်းမှ မိမိလည်း လွတ်မြောက်တယ်။ မိမိနဲ့ စပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေလည်း ရာဂကျော့ကွင်းမှ လွတ်မြောက်သွားကြတဲ့အတွက် အို-နာ-သေရေး ဒုက္ခဘေးဆိုးကြီးတို့မှ လွတ်မြောက်မသွားကြဘူးလား? လွတ်မြောက်သွားကြတယ်။ ဒီလို လွတ်မြောက်အောင် ရှေးသူတော်ကောင်းတွေက ဘာလုပ်ကြသလဲ?
သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးကို မိမိတို့ရဲ့ သန္တာန်၌ တည်ရှိအောင် ထိထိမိမိ ကြိုးစား အားထုတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေကို ပြုကြတယ်။ ဒါကြောင့် မိမိတို့ရဲ့ သန္တာန်၌ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာတွေနဲ့ ပြည့်စုံအောင် ပြုစုပျိုးထောင်ခဲ့ခြင်းဆိုတဲ့ ပါရမီမျိုးစေ့ကောင်းလည်း ရှိခဲ့မယ်ဆိုလျှင် မိမိတို့လည်း ဒီဘဝမှာပဲ ရာဂကျော့ကွင်းမှ လွတ်မြောက်ပြီး မသွားနိုင်ဘူးလား? လွတ်မြောက်သွားနိုင်တယ်။
ဒါကြောင့် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေနဲ့ ပြည့်စုံအောင် အထူးသဖြင့် ဒီနေ့ ယောဂီများ ဒီနေ့အလှူရှင်များ ဘာလုပ်ကြရမလဲ? ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စနစ်တကျ စီးဖြန်းတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ လိုအပ်တော့ သုတဆိုတဲ့ သူတော်ကောင်းဥစ္စာအရ မိမိတို့က ဒုက္ခသစ္စာအမည်ရနေတဲ့ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိပြီ။ အဲဒီလို သိပြီးတဲ့ အချိန်အခါမှာ ဒီဒုက္ခသစ္စာ အမည်ရနေတဲ့ အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတွေကို ဘာလုပ်ရမလဲ? အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုရမယ်။
တစ်နည်းအားဖြင့် အနိစ္စလက္ခဏာ ဆယ်ချက်, ဒုက္ခလက္ခဏာ နှစ်ဆယ့် ငါးချက်, အနတ္တလက္ခဏာ ငါးချက်၊ ပေါင်းလိုက်တော့ လက္ခဏာကြီးသုံးတန် ရှုကွက်လေးဆယ် ဆိုပြီးတော့ ရှေးရှေးဆရာတော်ကြီးများက ခေါ်ဝေါ် သုံးစွဲထားပါတယ်။ အဲဒီ ရှုကွက်လေးဆယ်ကို စနစ်တကျ ရှုနိုင်ခဲ့မယ်ဆိုလျှင် မိမိတို့လည်း ရာဂကျော့ကွင်းမှ လွတ်မြောက်သွားနိုင်တယ်။ မိမိတို့နဲ့ ဆက်စပ်နေတဲ့ သူတော်ကောင်းတွေလည်း ရာဂကျော့ကွင်းမှ လွတ်မြောက်သွားနိုင်တယ်။ လွတ်မြောက်သွားနိုင်အောင် ကိုယ့်တွက်ကိုယ့်တာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ ဆိုပြီးတော့ ဘုရားရှင်ရဲ့ အလိုတော်အတိုင်း ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးက ဆိုဆုံးမထားတဲ့ လင်္ကာကလေး ဒီတရားထဲမှာ ထည့်သွင်းပေးပါလို့ လျှောက်ထားကြတဲ့အတွက် အဲဒီလင်္ကာကလေးနဲ့ တရားသိမ်းကြရအောင် -
ကိုယ့်တွက်ကိုယ့်တာ ကျင့်ကြံပါ
ဆိုပိန့်ဟုတ်ရာ, စဉ်းစားပါလော့, ခန္ဓာဘာရ, ပဉ္စကကား, ယုယခင်မင်, စိန်ရွှေဆင်၍, ပြုပြင်ပိုက်ထွေး, နင်ကျွေးမွေးလည်း, အရေးမရောက်, သဲရေမှောက်သို့, နင့်နောက်မပါ, နင်လိုရာကို, ဘယ်ခါမလိုက်, နင့်အကြိုက်နှင့်, တိုက်ရိုက်ဖီလာ, ဆန့်ကျင်ပါခဲ့။
မိမိတို့ရဲ့ ခန္ဓာအိမ်ကြီးကို ပြန်ပြီးတော့ ဆန်းစစ်ကြည့်ပါ၊ ခန္ဓာဘာရ ပဉ္စက၊ ပဉ္စကဆိုတာက ငါးခု အစုအပုံကို ခေါ်တယ်။ ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ ဆိုပြီးတော့ မိမိတို့ရဲ့ သန္တာန်မှာ ခန္ဓာ ဘယ်နှစ်ပါးရှိသလဲ? ငါးပါး၊၊
ရူပက္ခန္ဓာက ရုပ်တရား၊ ဝေဒနာက္ခန္ဓာစတဲ့ ကျန်ခန္ဓာလေးပါးက နာမ်တရား၊ အဲဒီ ရုပ်နာမ်နှစ်ပါး, ခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ကို မိမိတို့က သံသရာတစ်လျှောက်မှာ ထမ်းဆောင်လာကြရတယ်။ မိမိတို့ ထမ်းဆောင်ထားတဲ့ ဒီခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးရဲ့ သဘောက ဘယ်လိုရှိသလဲ?
ဆိုပိန့်ဟုတ်ရာ, စဉ်းစားပါလော့, ခန္ဓာဘာရ, ပဉ္စကကား, ယုယခင်မင်, စိန်ရွှေဆင်၍, ပြုပြင်ပိုက်ထွေး, နင်ကျွေးမွေးလည်း, အရေးမရောက်, သဲရေမှောက်သို့, နင့်နောက်မပါ, နင်လိုရာကို, ဘယ်ခါမလိုက်, နင့်အကြိုက်နှင့်, တိုက်ရိုက်ဖီလာ, ဆန့်ကျင်ပါခဲ့။
ဒီခန္ဓာငါးပါးကို စိန်တွေ ရွှေတွေ ဆင်ပေးရတယ်၊ ယုယပိုက်ထွေးမှု အမျိုးမျိုးကို ပြုပေးရတယ်၊ လက်သည်းနီကလေးတွေ, နှုတ်ခမ်းနီကလေးတွေ ဆိုးပေးရတယ်၊ မျက်ရစ်ကလေး ကွင်းပေးရတယ်၊ အမောက်ကလေး ရှေ့က ချလိုက်, နောက်က ချလိုက်နဲ့ ဆံပင်ကလေးတွေကို အမျိုးမျိုး ပြုပြင်ပေးရတယ်၊ ပုံစံအမျိုးမျိုးရှိတဲ့ အင်္ကျီကလေးတွေကို ဝတ်ဆင်ပေးရတယ်။ ဒီလို ပုံစံအမျိုးမျိုး ပြောင်းလဲပြီး ဘယ်လိုပင် ပြုပြင်ပိုက်ထွေးခြင်း, ယုယခုံမင်ခြင်းတွေ ပြုပေးနေသော်လည်း ဒီခန္ဓာငါးပါးက မိမိတို့ရဲ့ အလိုအကြိုက်ကို လိုက်ပါတဲ့သဘော ရှိပါရဲ့လား? မရှိကြဘူး။
မလှချင်ဘူးလား? လှချင်တယ်၊ မိမိရဲ့ ရူပကာယကလေး ပျိုမြစ်နုနယ် တင့်တင့်တယ်တယ် ရှုချင်စဖွယ်အဆင်းနဲ့ ပြည့်စုံစေချင်သော်လည်း ဒီခန္ဓာငါးပါးက မိမိရဲ့အလိုအတိုင်း တည်နေနိုင်တဲ့သဘော ရှိသလား? မရှိဘူး။
ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်, တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း, အအိုစာရင်း, သူကသွင်း၏။
ဥဒယဘဒ္ဒမင်းသားနှင့် ဥဒယဘဒ္ဒါမင်းသမီး
ဘယ်စာရင်းထဲ သွင်းလိုက်သလဲ? အအိုစာရင်းပဲ သွင်းလိုက်တယ်၊ နောက်ဆုတ်လို့ ပြန်မပျိုသည် ရှေ့ကိုသာ အိုစမြဲဆိုတဲ့အတိုင်း နောက်ထပ် ပျိုလာတယ်လို့ မရှိပါဘူး၊ တစ်နေ့ထက်တစ်နေ့ ဘယ်ဘက်ကို သွားနေသလဲ? အိုတဲ့ဘက်ကိုပဲ သွားနေတယ်၊ ဥဒယဘဒ္ဒဇာတ်မှာ ဘုရားအလောင်းတော် ဥဒယဘဒ္ဒမင်းသားနှင့် ဥဒယဘဒ္ဒါ မင်းသမီးကလေးတို့ တစ်ဦးက အရင် ကွယ်လွန်သွားလျှင် တစ်ဦးက ပြန်လာပြီး ပြောပြကြစတမ်းဆိုပြီး ကတိသစ္စာ ထားခဲ့ကြတယ်။ ဒါပေမဲ့ သက်တမ်းရှည်တဲ့ကာလ ဖြစ်ကြပါတယ်။ ဥဒယဘဒ္ဒ မင်းသားကလေးက အရင် ကွယ်လွန်သွားပြီ၊ ကွယ်လွန်သွားတဲ့ အချိန်အခါ နတ်ပြည်ရောက်တော့ သိကြားမင်းကြီး ဖြစ်ပြီ၊ သိကြားမင်းစည်းစိမ်က ကြီးကျယ်လွန်းတော့ ဥဒယဘဒ္ဒါမင်းသမီးနဲ့ ထားခဲ့တဲ့ ကတိသစ္စာကို ပြန်ပြီး ပြောပြဖို့ရန် ခုနစ်ရက်လောက် မေ့သွားတယ်။ တာဝတိံသာ နတ်ပြည်မှာ ခုနစ်ရက် လူ့ပြည်မှာ နှစ်ပေါင်း ခုနစ်ရာ ကြာသွားတယ်။ အခုလိုသာ နှစ်ပေါင်း တစ်ရာတမ်းအောက် ရောက်နေပြီဆိုလျှင် မှီနိုင်ပါ့မလား? မမှီနိုင်တော့ဘူး။
နတ်ပြည်သက်တမ်းဖြင့် ရေတွက်လျှင်တော့ ခုနစ်ရက်ပဲ ရှိပါသေးတယ်၊ ခုနစ်ရက်ပြည့်တော့ သတိရတာနဲ့ ပြန်လာတယ်။ ဘုံခုနစ်ဆင့် အထပ်မှာ ဥဒယဘဒ္ဒါ မင်းသမီးလေးကလည်း တစ်ယောက်ထီးတည်း စံမြန်းနေတဲ့အချိန် ဖြစ်ပါတယ်။ ညဘက်အချိန်မှာ ဆင်းလာပါတယ်၊ ဆင်းလာတော့ ပထမနေ့မှာ အင်မတန် ချောမောလှပတဲ့ လုလင်အသွင် ဆောင်ပြီးတော့ လူပျိုစကား လာပြောတယ် ဆိုကြစို့၊
လက်ဆောင်ဘဏ္ဍာတွေက ဘာတွေပါလာသလဲ? ပထမနေ့မှာ လက်ဆောင်ဘဏ္ဍာအဖြစ် ရွှေလင်ပန်းထဲမှာ ရွှေဒင်္ဂါးတွေ အပြည့်ထည့်ပြီးတော့ လာပြောတယ်။ ဥဒယဘဒ္ဒါ မင်းသမီးကလေးကလည်း လက်မခံလိုက်ပါဘူး၊ ဒုတိယနေ့မှာ ငွေလင်ပန်းထဲမှာ ရွှေဒင်္ဂါးတွေ ထည့်ပြီးတော့ လာပြောတယ်။ တတိယနေ့မှာတော့ ကြေးလင်ပန်းထဲမှာ ငွေဒင်္ဂါးတွေ ထည့်ပြီးတော့ လာပြောတယ်။ (ဇာတက၊ဋ္ဌ၊၃၊၁၀၈-၁၀၉။)
သုံးညဉ့်တိုင်တိုင် ဒီလောက် အစောင့်အကြပ်တွေများတဲ့ အထဲက ဒင်းဘယ်လိုများ ဝင်လာပြီး လူပျိုစကား လာပြောရသလဲ ဆိုပြီးတော့ ဥဒယဘဒ္ဒါ မင်းသမီးလေးကလည်း စဉ်းစားတယ်။ စဉ်းစားပြီးတဲ့ အခါမှာ သူက ဘာပြန်မေးသလဲ? သူတစ်ပါးတို့က အလိုမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ထံ လာပြီး လူပျိုလှည့်တယ်ဆိုလျှင် တစ်နေ့ထက်တစ်နေ့ လက်ဆောင်ဘဏ္ဍာတွေ တိုးတိုးပြီးသာ ပေးပို့ကြပါတယ်။ ဘယ်အကြောင်းကြောင့် တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီး မပေးဘဲ လျော့လျော့ပြီး ပေးရသလဲလို့ မေးကြည့်တယ်။
ငါဟာ ကျွမ်းကျင်လိမ္မာတဲ့ ကုန်သည်တစ်ဦး ဖြစ်ပါတယ်။ သင်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အိုအိုမလာဘဲ ပျိုပျိုလာတယ်ဆိုလျှင်တော့ ငါက တိုးပေးနိုင်ပါတယ်၊ ယခုတော့ သင်က တစ်နေ့ထက်တစ်နေ့ ပျိုပျိုပြီး မလာဘဲနဲ့ ပိုပိုပြီး အိုအိုလာတယ်။ ဒါကြောင့် ငါ တိုးမပေးနိုင်ပါဘူးလို့ ပြန်ပြောတယ်။ မမှန်ဘူးလား? မှန်နေတယ်။
ဒါယကာကြီးတွေ တိုးပေးသင့်သလား၊ လျော့ပေးသင့်သလား? လျော့ပေးသင့်တယ်။ တို့ဟာ တစ်နေ့ထက်တစ်နေ့ အိုအိုပြီးသာ လာတယ်။ ပျိုပျိုပြီးတော့ မလာဘူး၊ ဒီလို စူးစမ်းဆင်ခြင်သင့်တယ်။ သင်ဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လှလှလာတယ်၊ ပိုပိုပြီးတော့ အကျည်းတန် အရုပ်ဆိုးမှု မရှိဘူး ဆိုလျှင်လည်း ငါက တိုးပေးပါတယ်။ သို့သော် သင်၏ ရုပ်အဆင်းတွေဟာ တစ်နေ့ထက်တစ်နေ့ အိုအိုလာတဲ့အတွက် ပိုပိုပြီးတော့ အရုပ်ဆိုးလာတယ်။ ဒါကြောင့် ငါက တိုးမပေးနိုင်ဘူးလို့ ပြောလိုက်တဲ့စကားက မမှန်ဘူးလား? မှန်နေတယ်။ အဲဒီ ပုံစံအတိုင်းပဲ --
ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။
နေ့တိုင်းနေ့တိုင်း ဘယ်စာရင်းထဲကိုသာ သူက ထည့်ပေးနေသလဲ? ကိုယ်က ပျိုချင်နေသော်လည်း သူက အအိုစာရင်းထဲကို အမြဲတမ်း ထည့်ပေးမနေဘူးလား? ထည့်ပေးနေတယ်။
ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူက သွင်း၏၊ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကို မညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။
ဘေးရန်တွေ ကင်းချင်တယ်၊ ရောဂါတွေ ကင်းချင်တယ်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် နေချင်တယ်၊ သို့သော် ဒီခန္ဓာငါးပါးက ဘယ်သဘောရှိသလဲ? ဘေးအန္တရာယ် မကင်းအောင်, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မနေရအောင် နာနေတဲ့ စာရင်းထဲကို နေ့တိုင်း သွင်းမပေးဘူးလား? သွင်းပေးနေတယ်။ ဒီနေ့ ခေါင်းကလည်း ကိုက်လိုက်တာ တရားထိုင်လို့ မကောင်းပြန်ဘူး၊ ဒီနေ့ တရားထိုင်ရတာ အားက မရှိပြန်ဘူး၊ ဒီနေ့ တရားထိုင်ရတာ ဗိုက်ကြီးက ဟာတာတာ ဖြစ်နေလို့၊ ဒီနေ့ ဗိုက်ကြီးက တင်းတင်းကြီး ဖြစ်နေလို့၊ နောက်ဖေး ခဏခဏ သွားနေရလို့ တရားထိုင်ရတာ သိပ်မကောင်းဘူး ဆိုပြီးတော့ နေ့စဉ် မပြောကြဘူးလား? ပြောနေတယ်။
မိမိက ဘေးရန်တွေ ကင်းချင်တယ်၊ အနာရောဂါတွေ ကင်းရှင်းချင်သော်လည်း ဒီခန္ဓာငါးပါးက လိုလား တောင့်တနေသည့်အတိုင်း ဘေးရန်တွေ ကင်းရှင်းသွားအောင် အနာရောဂါတွေ ကင်းရှင်းသွားအောင် ပြုလုပ်ပေးနိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ ဘေးရန်အမျိုးမျိုးတွေ ကျရောက်လာအောင်, ရောဂါအမျိုးမျိုးတွေ ကျရောက်လာအောင် ဒီခန္ဓာငါးပါးက ဖန်တီးပေးနေတယ်။ ရောဂါဆိုတာက ဘယ်ရောဂါကို ပြောတာလဲ?
ဒီခန္ဓာငါးပါးကိုပဲ ရောဂါလို့ ပြောနေတာ၊ ခန္ဓာငါးပါးရှိလို့ ရောဂါရှိတာ၊ ခန္ဓာငါးပါးမရှိလျှင် ရောဂါရှိမလား? မရှိဘူး။ မာတဲ့သဘောကို ရောဂါလို့ပြောလျှင် ဒီခန္ဓာအိမ်ထဲမှာ မာတဲ့သဘော မရှိဘူးလား? ရှိနေတယ်။ ယိုစီးနေတဲ့သဘောကို ရောဂါလို့ ပြောခဲ့လျှင်လည်း ယိုစီးနေတဲ့သဘောတွေက ဒီခန္ဓာအိမ်ထဲမှာ မရှိဘူးလား? ရှိနေတယ်။ ပူတဲ့သဘောကို ရောဂါလို့ ပြောခဲ့လျှင် ပူတဲ့သဘော ဒီခန္ဓာအိမ်ထဲမှာ မရှိဘူးလား? ရှိနေတယ်။ ထောက်ကန် တွန်းကန်နေတဲ့ အလွန်ပြင်းထန်သော လေဓာတ်သဘောတွေကို ရောဂါလို့ ပြောခဲ့လျှင်လည်း ဒီဝါယောဓာတ်တွေလည်း ခန္ဓာအိမ်ထဲ မရှိဘူးလား? ရှိနေတယ်။
ဒီဓာတ်ကြီးလေးပါးရဲ့ လွန်ကဲမှုကို ရောဂါလို့ ပြောခဲ့လျှင် ဒီဓာတ်ကြီး လေးပါးက ခန္ဓာအိမ်ထဲမှာ အမြဲရှိနေတယ်။ ဒါကြောင့် ဒီခန္ဓာသည် ရောဂါတုံးကြီး ဖြစ်နေတယ်။ ခန္ဓာငါးပါးကိုက ရောဂါဖြစ်နေတဲ့အတွက် ဒီခန္ဓာ ငါးပါးကို တွယ်တာတပ်မက်လို့ ဒီကံတွေကို ပြုစုပျိုးထောင်လို့ ဒီကံတွေရဲ့ စွမ်းအား ရရှိလာတဲ့အခါ ရောဂါတုံးကြီးကို ရရှိနေတာနဲ့ မတူဘူးလား? တူနေတယ်။ နောက်ထပ် ဒီခန္ဓာငါးပါးက ဘယ်သဘော ရှိပြန်သလဲ?
ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။ နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကို မထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကို သေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏။
ပြုံးပြုံး ပြုံးပြုံးနဲ့ သားတွေ, သမီးတွေ, ဇနီးတွေ, မြေးတွေ, မြစ်တွေနဲ့ မနေချင်ကြဘူးလား? နေချင်ကြတယ်။ စည်းစိမ်ဥစ္စာတွေနဲ့ အတူတွဲပြီးတော့ အမြဲတမ်း နေချင်ကြတယ်။ နေချင်သော်လည်း ဒီခန္ဓာငါးပါးက မိမိတို့ မျှော်လင့်တောင့်တထားတဲ့အတိုင်း နေနိုင်အောင် ပြုစုပျိုးထောင်ပေးသလား? မပေးဘူး။ သေမင်းသူ့လက် ဝကွက်ပြီးတော့ အပ်ပေးကြတယ်။ ဒါကြောင့်-
ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။ နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကို မထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကို သေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏။
လရက်နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။
ဒီခန္ဓာငါးပါးသည် အနိစ္စတရားဖြစ်တယ်, ဒုက္ခတရားဖြစ်တယ်, အနတ္တ တရားဖြစ်တယ်လို့ နိုင်နိုင်နင်းနင်း ဉာဏ်နဲ့ မသွင်းနိုင်ခဲ့ဘူး၊ မသွင်းနိုင်တဲ့ အတွက်ကြောင့် ဘာဖြစ်သလဲ? နိုင်နိုင်နင်းနင်း ဉာဏ်မသွင်းနိုင်တဲ့အတွက် ဒီခန္ဓာငါးပါးကိုပဲ မိမိ အလွန် ချစ်မြတ်နိုးနေတဲ့ သားငယ်လို့ ထင်နေတယ်။ နွားမကြီးတစ်ကောင်မှာ သားငယ်ကလေး တစ်ကောင်ရှိတယ် ဆိုကြစို့၊ သားငယ်ကလေး ပျောက်သွားလို့ လိုက်လံ ရှာဖွေရာမှာ တောစပ် တစ်နေရာ ရောက်တော့ မိမိကို သတ်ဖို့ရာ ချောင်းမြောင်းနေတဲ့ ကျားကိုပဲ မိမိရဲ့ နွားသားငယ်ကလေးလို့ ထင်သလို မိမိရဲ့ ခန္ဓာငါးပါးကို သားငယ်ကလေးလို ထင်မြင်ကြပြီး ယုယခုံမင်ပြီး နေကြတယ်။ မဟုတ်ဘူးလား? ဟုတ်တယ်။
ဒီခန္ဓာငါးပါးရှိလို့ ပဋိသန္ဓေနေရတယ်၊ ဒီခန္ဓာငါးပါးရှိလို့ အိုရတယ်၊ ဒီခန္ဓာငါးပါးရှိလို့ နာရတယ်၊ ဒီခန္ဓာငါးပါးရှိလို့ သေရတယ်၊ အသေစာရင်းဝင်နေတဲ့ ဒီခန္ဓာငါးပါးကြီးကိုပဲ နိုင်နိုင်နင်းနင်းနဲ့ အနိစ္စ-ဒုက္ခ-အနတ္တပဲလို့ ဒီလို ဉာဏ်မသွင်းနိုင်တဲ့အတွက်, ဒီခန္ဓာငါးပါးကြီးကိုပဲ မက်မောပြီး နေတဲ့အတွက် ကံတွေကို ပြုစုပျိုးထောင်တယ်။ ဒီကံတွေကို ပြုစု ပျိုးထောင်လိုက်တဲ့အတွက် ဒီခန္ဓာငါးပါးကြီး ထပ်ပြီး ရပြန်တယ်။ ထပ်ရလိုက်တဲ့ အချိန်အခါမှာ ဒီခန္ဓာငါးပါးကြီးကို အခြေခံပြီးတော့ ပဋိသန္ဓေ နေရပြန်တယ်၊ ထပ်ပြီး အိုရပြန်တယ်၊ နာရပြန်တယ်၊ သေရပြန်တယ်။
မိမိကို အသေသတ်ရန် ချောင်းမြောင်းနေတဲ့ ကျားသစ်ကို နွားသားငယ်ကလေးလို့ မိခင်နွားမကြီးက ထင်နေသလို မိမိကို အသေသတ်နေတဲ့ ဒီခန္ဓာငါးပါးကိုပဲ မိမိရဲ့ သားငယ်ကလေးလို့ ထင်ပြီးတော့ ယုယပိုက်ထွေးလာခဲ့တဲ့ ဘဝတွေ ဘယ်လောက်များပြီလဲ? များလှပြီလို့ ဒီလို ဆရာတော်ကြီးက ဆုံးမထားတယ်။ မဟုတ်ဘူးလား? ဟုတ်နေတယ်။ ဟုတ်နေတဲ့အတွက်ကြောင့် ဘာဆက်ပြီးတော့ ဆရာတော်ကြီးက အမိန့်ရှိသလဲ?
ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။ နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကို မထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကို သေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏။
လရက်နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ဝိပ္ပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။
ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှုလော့။ ဥတုဂိမှန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။
နွေကာလ အိုင်ပက္ကားခေါ်တဲ့ ရေတိမ်တိမ်ကလေးသာ ရှိတော့တဲ့ ရေအိုင်ကလေးတစ်ခုမှာ ကျက်စားနေတဲ့ ငါးတွေကို ပြန်ကြည့်လိုက်တဲ့ အချိန်အခါမှာ ရေကလည်း နည်းလာပြီ။ နွေကာလရောက်တော့လည်း အပူရှိန်တွေကလည်း ပြင်းထန်လာပြီ။ သိန်းတွေစွန်တွေကလည်း အပေါ်က ဝဲနေပြီဆိုလျှင် ဒီငါးတွေအတွက် သေဖို့ရာ နီးကပ်မလာဘူးလား? နီးကပ်လာပြီ။
ဥတုဂိမှာန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။
သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဉ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏။
ဒီခန္ဓာငါးပါး ပြန်ကြည့်လိုက်တော့ --- ဖြစ်လိုက်, တည်လိုက်, ပျက်လိုက် ဖြစ်လိုက်, တည်လိုက်, ပျက်လိုက် --- ဥပါဒ်-ဌီ-ဘင် သဘောအားဖြင့် အစဉ်မပြတ် ဖြစ်ပျက်နေတဲ့ ဒီခန္ဓာငါးပါးကြီးသည် ဘယ်ဘက်ကို သွားနေသလဲ? သေခြင်းဘက်ကို သွားနေတယ်။ တစ်နေ့ထက်တစ်နေ့ သေဘက်သို့ ပိုပိုပြီး နီးမလာဘူးလား? နီးလာပြီ။ ဒါကြောင့် -
သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဉ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏။
ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊ ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။
ငါငါလို့ ထောင်လွှား တက်ကြွနေတဲ့ မာန်မာနတွေ ရှိတယ်။ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု အစရှိတဲ့ တွယ်တာစရာ အာရုံတွေကို တွယ်တာ မက်မောတတ်တဲ့ လောဘတရားတွေ ရှိတယ်။ ဒေါသတရားတွေ, မာန်မာနတရားတွေ, ဣဿာမစ္ဆရိယတရားတွေ စသည်ဖြင့် မကောင်းတဲ့ အကုသိုလ် အညစ်အကြေးတွေ ရှိကြတယ်။
ဒီအကုသိုလ် အညစ်အကြေးတွေကို မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်တည်ရှိမှု မရှိအောင် ဘာလုပ်ရသလဲ? ဒီအကုသိုလ်တရားတွေကို အနိစ္စ-ဒုက္ခ-အနတ္တလို့ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုရတယ်။ ဒီအကုသိုလ်တရားတွေရဲ့ တည်ရာ အခြေခံအကြောင်း ရင်းဖြစ်နေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကိုလည်း အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုရတယ်။ အဲဒီလို ဝိပဿနာရှုနေတဲ့ လုပ်ငန်းရပ်တွေမှာ ပျင်းကြောတွေ ထူနေခဲ့မယ်ဆိုလျှင်တော့ ဘာဖြစ်သလဲ?
လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။
တစ်နည်းပြောလျှင်တော့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံေအောင် ကြိုးစားအားထုတ်ရတဲ့ လုပ်ငန်းရပ်တွေမှာ အပျင်းထူနေမယ်ဆိုလျှင်တော့ ဘာဖြစ်မလဲ?
လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။
အပါယ်လေးဘုံသည် ကိုယ့်အိုးကိုယ့်အိမ် နင့်အိုးနင့်အိမ်လို့ ဒီလို စိတ်ထဲမှာ မှတ်ထားပေတော့။ ဒါကြောင့် အထက်တန်းကျနေတဲ့ နေရာတွေကို ရောက်လိုလျှင် ဘာလုပ်ရမလဲ?
လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊ လုံ့လသည်းလော့။
အထက်တန်းကျနေတဲ့ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝတွေကို ရောက်ချင်တယ်ဆိုလျှင်, ချမ်းသာသုခအားလုံးတို့ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကြီးကို လိုချင်တယ်ဆိုလျှင် လိုလားတောင့်တခဲ့တယ်ဆိုလျှင် ဘာလုပ်ရမလဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ထိုထိုကုသိုလ်တရားတွေနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။
ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်။
အင်မတန် ကြုံခဲလှတဲ့ ဘုရားသာသနာနဲ့ ယခုအခါမှာ တွေ့လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် အာရုံငါးပါး ကာမဂုဏ်တရားလို့ ခေါ်ဆိုအပ်တဲ့ မစင်ပုံကြီးကိုတော့ စုံစုံမက်မက် မနေကြပါနဲ့။ ဆီဦးထောပတ်နဲ့ တူနေတဲ့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုတဲ့ သူတော်ကောင်းဥစ္စာတွေနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါတဲ့။
ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ဉာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍။
အာရုံငါးပါးလို့ ခေါ်ဆိုအပ်တဲ့ မစင်ပုံကြီးက အင်မတန် ထက်မြက်နေတဲ့ သင်တုန်းသွားပေါ်မှာ တင်ထားတဲ့ ပျားရည်ကလေးကို သွားပြီးတော့ လျှက်မိလျှင် လျှာပြတ်သွားတာနဲ့ တူတယ်။ ဘာဖြစ်လို့လဲ? ဒီအာရုံငါးပါး ကာမဂုဏ်တရားတွေက သတ္တဝါတွေကို သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်နိုင်အောင် ဆွဲခေါ်ထားတဲ့ တရားတွေလည်း ဖြစ်ကြတယ်။ ဒီအာရုံငါးပါး ကာမဂုဏ်တရားတွေကို အကြောင်းပြုပြီး ဒုစရိုက်တရားတွေကို လွန်ကျူးခဲ့လျှင် ဒီ ဒုစရိုက်တရားတွေက ဒီသတ္တဝါတွေကို အပါယ်လေးဘုံသို့ ရောက်အောင် ပစ်ချမှာပဲ ဖြစ်ကြတယ်။
ဒါကြောင့် သင်တုန်းသွားပေါ်မှာ တင်ထားတဲ့ ပျားရည်စက်ကလေး တစ်စက်ကို မလျှက်တတ်လျှင် လျှာပြတ်ပြီး သွားနိုင်သလို ဒီအာရုံငါးပါး ကာမဂုဏ်တရားဆိုတဲ့ ဒီမစင်ပုံကြီးကို သွားပြီး မက်မောလို့ ပွေ့ပိုက်ထားခဲ့မယ်ဆိုလျှင် ဒီမစင်ပုံကြီးက သတ္တဝါတွေကို အပါယ်လေးဘုံရောက်အောင် ပစ်ချနိုင်တဲ့စွမ်းအား ရှိတယ်။ လျှာတွေကို ပြတ်သွားအောင် ပြုလုပ်ပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒါကြောင့် -
ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ဉာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊ တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့၊ တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော - တောဆို၍၊ မဂ်ဖိုလ်မနှောင်း၊ အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊ ဗုဒ္ဓရွှေနှုတ်၊ ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊ နင်ကားနင့်တွက်၊ ကျင့်တော့တည်း။
တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော - တောဆို၍ ...
တော - တောဆိုတယ် ဆိုတာကဘာလဲ? အနိစ္စတော, ဒုက္ခတော, ရောဂတော, ဂန္ဓတော, သလ္လတော, အဃတော, အာဗာဓတော စသည်ဖြင့်၊ တော (၄၀)ရှုကွက်ကို ရှုရတယ်။ ဘာကို ရှုရမလဲ? ခန္ဓာငါးပါး။ သမုဒယသစ္စာ အမည်ရတဲ့ အကြောင်းတရားနှင့်တကွသော ဒီခန္ဓာငါးပါးတွေကို အနိစ္စလက္ခဏာ ဘယ်နှစ်ချက်လဲ? ဆယ်ချက်၊ ဒုက္ခလက္ခဏာ နှစ်ဆယ့်ငါးချက်၊ အနတ္တလက္ခဏာ ငါးချက်၊ ပေါင်းလိုက်တော့ ဒီတော (၄၀) ရှုကွက်ကို တောထဲ သင်္ခမ်းကျောင်းလို့ ခေါ်ဆိုအပ်တဲ့ ကျောင်းကလေးတွေမှာ ချဉ်းကပ်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါမှ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်မယ်လို့ မြတ်စွာဘုရား ဖော်ပြထားပါတယ်။ ဒါကြောင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတဲ့။
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေကို အထွတ်အထိပ်သို့ ရောက်အောင် ဖြည့်ကျင့်နိုင်ခဲ့လျှင် တစ်နည်းပြောရလျှင်တော့ -- တော (၄၀)ရှုကွက်ကိုလည်း အရဟတ္တဖိုလ်ပေါက် ရှုနိုင်ခဲ့မယ်ဆိုလျှင် ဘယ်လို ဖြစ်လာမလဲ?
သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ ဘိက္ခဝေ ဘိက္ခု န ကတ္ထစိ ဥပပဇ္ဇတိ။ (မ၊၃၊၁၄၆။)
အရဟတ္တဖိုလ်ပေါက် ကျင့်နိုင်သော ထိုယောဂါဝစရ ရဟန်းတော်သည် အာသဝေါတရားတို့ရဲ့ ကုန်ခန်းသွားခြင်းကြောင့် ကိလေသာ အာသဝေါတရားတွေမရှိတဲ့ အာသဝေါတရားတွေမှ လွတ်မြောက်သွားတဲ့ အရဟတ္တဖိုလ်ပညာကို မျက်မှောက်သော ကိုယ်၏အဖြစ်မှာပင် ထူးသောဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ပြီးတော့ ပြည့်ပြည့်စုံစုံ ကပ်ရောက်နေထိုင်နိုင်ပါတယ်။
ဒီလို နေနိုင်တဲ့ ဒီလို ရဟန်းတော်ဟာ ဘယ်ဘုံဘဝမှာမှ ပဋိသန္ဓေအားဖြင့် ကပ်ရောက် တည်နေမှု မရှိနိုင်တော့ဘဲ သံသရာဝဋ် မီးပုံကြီး အပြီးတိုင် အငြိမ်းကြီးငြိမ်း အအေးကြီးအေးရမည် ဖြစ်တယ်လို့ ဘုရားရှင်က ဒီ သင်္ခါရုပပတ္တိသုတ္တန်ကို နိဂုံးချုပ်ကာ အဆုံးသတ်တော်မူလိုက်ပါတယ်။ တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း သံသရာဝဋ်ဒုက္ခ မီးပုံကြီးမှ အပြီးတိုင် လွတ်မြောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ်-ဟု ဆန္ဒပြုလျက် ----
ဖားအောက်တောရဆရာတော်
၁၃၆၇-ခု၊ သီတင်းကျွတ်လ
_________
Comments
Post a Comment