ဝိနည်းငါးကျမ်း အရသာ
(ပထမတွဲ)
▬▬▬ஜ۩۞۩ஜ▬▬▬
(ဘိက္ခုဝိဘင်းအရသာ)
ညောင်လေးပင်တောရဆရာတော်
အဂ္ဂမဟာပဏ္ဍိတ
ညောင်လေးပင်တောရ တတိယ မဟာနာယက
ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း
ပဏာမ
သုံးပါးရတနာ၊ ဆရာမိဘ၊ ဂုဏ်အနန္တကို၊ တုပ်ကွရိုကျိုး၊ ရှိမြတ်နိုးသည်၊ ကောင်းကျိုးလျင်ဆော ရောက်စေသောဝ်။
ဖွားမြင်ချိန်
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် ညောင်လေးပင်မြို့နှင့် လေးမိုင် ကွာဝေးသော အိမ်ခြေသုံးထောင်ခန့် ရှိသော ပုဇွန်မြောင်းရွာတွင် ၁၂၄ဂ-ခု ပြာသိုလဆန်း ၂-ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသည်။ ခမည်းတော် မယ်တော်တို့၏ အမည်မှာ ကျောင်းအုပ်ဆရာကြီး ဦးခေါင်၊ ဆရာကတော် ဒေါ်ခက်တို့မှ ပထမဦးစွာ ဖွားမြင်သော အာဇာနည် သားထူးသားမြတ် ဖြစ်သည်။
ရှင်သာမဏေပြုချိန်
၇-နှစ်သားအရွယ်သို့ ရောက်သောအခါ အဖိုးအဖွားများက ရှင်ပြုသည်။ ၁၂-နှစ် သားအရွယ်သို့ ရောက်သောအခါ မိဘနှစ်ပါးက ညောင်လေးပင် တောရ ပထမ ဆရာတော်ထံတွင် ရှင်ပြုသည်။ ရှင်အရိယ ဟူသော ဘွဲ့အမည်ကို ပေးတော် မူသည်။ ပထမဆရာတော်ထံ၌ ရဟန်းမပြုရသေးမီ၌ပင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ ဂန္ထန္တရ ကျမ်းဂန်အဝဝတို့ကို ပေါက်ရောက်တော်မူသည်။
ရဟန်းပြုချိန်
မြန်မာနိုင်ငံတော် အထက်အောက်တွင် ရဟန္တာဟု ကျော်ကြားတော်မူသော ဘုန်းတော်ကြီး ဦးသီလကို ပင့်ပြီးလျှင် ရှင်အရိယအား အပ်နှင်းစေပြီး ဥပဇ္ဈာယ် ပြုစေ၍ ၁၂၆၇-ခု တပို့တွဲလပြည့်ကျော် ၂-ရက်နေ့တွင် ရဟန်းပြုပေးတော်မူ၏။ ဘုန်းတော်ကြီး ဦးသီလထံတွင် ပဋိပတ္တိနှင့်ဆိုင်ရာ နည်းနာ နိဿယများကို ခံယူတော်မူသည်။
ညောင်လေးပင်တောရ သီတင်းသုံးချိန်
ငါးဝါအတွင်းမှာပင် နိကာယ်အရပ်ရပ် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့ကို တတ်မြောက် တော်မူသည်။ ထို ပထမဆရာတော်၊ ဒုတီယ ဆရာတော်ဘုရားများ တိမ်းပါး တော်မူသွားကြ၍ ညောင်လေးပင်မြို့နယ် ရွှေကျင်ဂိုဏ်း သံဃနာယက သံဃာ့ ထေရ်ကြီးများ၏ လွှဲအပ်ချက်အရ ၁၂၈၁-ခုနှစ်တွင် ညောင်လေးပင် တောရ ဂိုဏ်းဂဏ တာဝန်ခံယူလျက် သံဃာတော် ၁ဝဝ မှ ၁၅ဝ ကျော်လောက်ကို အုပ်ချုပ်ကာ ပရိယတ်၊ ပဋိပတ် သာသနာကို ပြုစု ပျိုးထောင်တော်မူခဲ့၏။ ထိုအချိန်မှစ၍ ပရိယတ္တိဘက်တွင် အောက်မြန်မာပြည်၌ အစိုးရ ပထမပြန် စာမေးပွဲတွင် အအောင်အများဆုံး စာသင်တိုက်ဟု အထူးပင် ကျော်ကြားခဲ့ လေသည်။
ဆရာတော်ဘုရားသည် စာပေသင်ကြား ပို့ချရုံနှင့် အားရ တင်းတိမ်တော်မမူပဲ နောင်လာနောက်သား ရဟန်း ရှင်လူများအတွက်လည်း လေ့လာမှတ်သားရန် အောက်ပါ ကျမ်းတို့ကို ပြုစုတော်မူခဲ့သည်။
- ဓမ္မပဒဘာသာပြန်။
- ဘာဝနာအရသာနှင့် သိဿကောဝါဒ စကားပုံ။
- သာမဏေဝိနည်းခေါ် ရှင်ကျင့်ဝက်။
- ကထိန်အရသာ။
- ဓမ္မစကြာအရသာ။
- သတိပဋ္ဌာန်အရသာ။
- ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ၊
- ဂုဏ်တော်အရသာနှင့် လက္ခဏာအရသာ။
- ပဋိစ္စသမုပ္ပါဒ်အခြေပြု။
- ပဋိစ္စသမုပ္ပါဒ် အရသာ။
- အလင်္ကာအရသာ။
- ဒွေမာတိကာအရသာ။
- ဥပါသကာလက်သုံး။
- ဝိသုဒ္ဓိမဂ်အရသာ။
- ကမ္မဝါအခဏ်း၂၀။
- သင်္ဂြိုဟ်အရသာ။
- သင်္ဂြိုဟ်နိဿယ။
- ဆန်းအရသာ၊
- ဆန္ဒောမဉ္ဇူရီအရသာ၊
- သဒ္ဒါအရသာ၊
- ကဆုန်လပြည့် အရသာ၊
- စတုရာရက္ခကျမ်း၊
- ဝိနည်းငါးကျမ်း အရသာ - ကျမ်းများဖြစ်ပါသည်။
ဤကျမ်းများကို ပြုစုတော်မူသဖြင့် ၁၃၁၂-ခုနှစ်တွင် မန္တလေးမြို့ သကျသီဟ ပရိယတ္တိ သာသနဟိတ အသင်းကြီး၏ အနှစ်၅၀-မြောက် အထိမ်းအမှတ် ပွဲတွင် သံဃဩဝါဒ အမှုဆောင်အဖြစ်ဖြင့် ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ဘဒ္ဒန္တ အရိယာဘိဝံသ ဟူသော ဘွဲ့တံဆိပ်ကို ဆက်ကပ်လှူဒါန်းခြင်း ခံတော်မူရလေသည်။
အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်
၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက အဂ္ဂမဟာပဏ္ဍိတ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း၍ နိုင်ငံတော်အစိုးရ၏ ဆဋ္ဌသင်္ဂါယနာ တင်ရေး ကိစ္စအတွက် နည်းပေးညွှန်ကြားသော ဩဝါဒါစရိယ အဖြစ်ဖြင့် ဆောင်ရွက်တော် မူခဲ့လေသည်။
ထို့နောက် များမကြာမီ ဆရာတော်ဘုရားကြီးအား ၁၃၁၄-ခုနှစ်၊ တပို့တွဲလ လောက်တွင် လေငန်းရောဂါ စွဲကပ်တော်မူသဖြင့် တပည့်ဒါယကာ၊ ဒါယိကာမများ၏ လျှောက်ထား တောင်းပန်ချက်အရ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အထူးခန်း၌ ကုသရာ ပထမ-ဒုတိယအကြိမ်တွင် ပျောက်ကင်း၍ တတိယ အကြိမ်မှာ သက်သာရာ မရှိသောကြောင့် ဆရာပန်များနှင့် ဆရာဝန်မကြီးမျှ အလွန့်အလွန် အားနည်းနေ သောကြောင့် ညနေဘက်တွင် လဘက်ရေ ကော်ဖိ ဆံပြုတ်များ သောက်ရန်အတွက် လျှောက်ထားသောအခါ အောက်ပါ မှတ်သားဖွယ်ရာစကားကို ဆရာတော်ကြီးသည် ထိုအချိန်တွင် စကားမပြောနိုင် တော့သဖြင့် စာဖြင့်ရေးသား တော်မူခဲ့လေသည်။
မှတ်သားဖွယ်ရာ ဆုံးမချက်
“နိုင်ငံတော်အစိုးရ၏ အမှုထမ်းများသည် အစိုးရဥပဒေကို တသွေမတိမ်း လိုက်နာ ကျင့်ကြံကြရသည်။ ထို့အတူ မြတ်စွာဘုရား၏ တပည့်သားဖြစ်ကြသော သာသနာ့ ဝန်ထမ်း ရဟန်း သာမဏေများသည်လည်း ဘုရားရှင်၏ ဥပဒေဝိနည်းကို လိုက်နာရပေသည်။”
အထက်ပါ ဆုံးမသော စကားသည် ပေါ်လွင်ထင်ရှားပါ၏။ လွန်စွာလေးနက်၍ သူတော်စင်တိုင်း လိုက်နာသင့်၏။
ဆုံးမတိုင်း မချွတ်မယွင်း ဖြောင့်စင်းသော သံဃာသည် သုပ္ပဋိပ္ပန္နဂုဏ်နှင့် ညီပေစွ ဆိုတဲ့ တရားတော်အတိုင်း ဆရာတော်ကြီးသည် အသက်ခန္ဓာ မငဲ့ညှာမူ၍ ဘုရား ဥပဒေတော်ကြီးကို အသက်နှင့်လဲ၍ သုပ္ပဋိပ္ပန္နဂုဏ်နှင့်အညီ ကျင့်သုံး သွားခဲ့သည်။
ဆရာတော်ဘုရားသည် ဘင်္ဂါဘိမုခဖြစ်၍ မရဏာသန္နနှင့် အတော်နီးကပ်လျက် ရှိချေပြီ၊ အင်အားလည်း အတော်ပင် လျော့နည်း ဆုတ်ယုတ်လျက် ရှိချေပြီ၊ တပည့် ဒကာ ဒကာမများလည်း မျက်ရည်တွေစီရရီ အလီလီကျဆင်းလျက် ဝမ်းနည်း ပက်လက်ဖြစ်၍ နေချေပြီ၊ ထိုအခါမှာပင် သတိကောင်းလျက် ရှိနေသေးသော ဆရာတော်ဘုရားကြီးသည်-
ဤကိုယ်၌ မာ-ပထဝီ, ရင့်-တေဇော, ဖွဲ့-အာပေါ ထောက်-ဝါယော ဟူသော ဓာတ်ကြီးလေးပါး၏ မညီညွတ်မှုကြောင့် ဆရာ၏ ဤကိုယ်ခန္ဓာကြီးသည် ဤကဲ့သို့ ဖြစ်နေသည်ကို တရားယူကြပေတော့ -
ဟု နောက်ဆုံး ရေးသား ဟောကြားတော် မူနိုင်ခဲ့ပေသေးသည်၊ တပည့်သံဃာ ဒကာ ဒကာမများ၏ အကျိုးကို ဤမျှပင် ရွက်ဆောင်သွားတော် မူသော ကျေးဇူးရှင် ဆရာတော်ဘုရားကြီးပါ တကား။
ဘဝနတ်ထံ ပျံလွန်ပြီ
ဤသို့ ရေးသား ဟောကြားတော် မူပြီးနောက် မကြာမီမှာပင် ၁၃၁၄-ခု၊ ဝါခေါင် လဆန်း ၁၄-ရက်၊ ည ၇-နာရီ မိနစ် ၄၀-အချိန်တွင် တပည့်သံဃာ ဒကာ ဒကာမများ၏ အကျိုးနှင့် သာသနာရေးကိစ္စ အဝဝတို့ကို မျက်နှာလွှဲတော်မူလျက် အနားယူရန် တုသိတာနတ်နန်းသို့ ကြွလှမ်းစံနေတော်မူလေသည်။
...
ဘိက္ခုဝိဘင်းအရသာ
▬▬ஜ۩۞۩ஜ▬▬
မာတိကာ
- ပဏာမ၊ ပဋိညာ
- နိဒါနုဒ္ဒေသ
- ပါတိမောက်နှစ်ပါး
- ပါတိမောက်ပြခြင်းကိုးပါး
- အန္တရာယ်ဆယ်ပါး
- ၁။ ပုဗ္ဗကရဏလေးပါး
- ၂။ ပုဗ္ဗကိစ္စငါးပါး
- ၃။ ပတ္တကလ္လအင်္ဂါလေးပါး
- ၄။ အာရာဓနာကာရ
- နိဒါနုဒ္ဒေသ ခွင့်ပြုတော်မူခြင်း
- ၁။ ဉတ်ထားခြင်း
- ပါတိမောက်ပြခြင်း အစိုးရသူ
- သံဃာအပြား
- ဥပုသ်ရက် မတူခြင်း
- ပဝါရဏာနေ့
- သာမဂ္ဂီနေ့
- နေ့သုံးမျိုး-လေးမျိုး
- ပါတိမောက်ပြခြင်း နှစ်မျိုး
- ပါရိသုဒ္ဓိဥပုသ်
- ဥပုသ်နေ့ ဖဲသွားမှု
- ဘုရားရှင်တို့သာ ပြသော ဩဝါဒပါတိမောက်
- ၂။ ပုဗ္ဗကိစ္စမေးခြင်း
- ပါတိမောက် မနာကောင်းသူ
- ၃။ သဝနဝိဓိ
- ၄။ ဝိသုဒ္ဓါရောစနဝိဓိ
- အာပတ်မရှိခြင်း သုံးမျိုး
- အာပတ်သင့်ကြောင်း ခြောက်ပါး
- အာပတ်ကုစားနည်း
- အဖြေနှစ်မျိုး တူပုံ
- သုံးကြိမ်မေးအပ်သော ဝိနည်း
- ၅။ အနာရောစနာပတ္တိ
- မုသာဝါဒ အာပတ်၏ အပြစ်
- ထင်စွာပြုကျိုး
- သေခါနီး သိက္ခာချသူ
- နိဒါနုဒ္ဒေသ နိဂုံး
- သိမ်အကြောင်း သိကောင်းစရာ ဗဒ္ဓသိမ်၌ မှတ်ဖွယ်
- နိမိတ္တသမ္ပတ္တိ
- တောင်နိမိတ်
- ၃၂-ဗိုလ်
- မြေအက် ဖာထေးခြင်း
- ပရိသာသမ္ပတ္တိ
- ကမ္မဝါစာသမ္ပတ္တိ
- အဗဒ္ဓသိမ်၌ မှတ်ဖွယ်
- ဂါမသိမ်
- သတ္တဗ္ဘန္တရသိမ်
- ဥဒကုက္ခေပသိမ်
- ဇာတဿရပျက်ပုံ
- ဥပစာချန်ရခြင်း
- သိမ်စပ်အမျိုးမျိုး
- ပညတ်ကျိုးဆယ်ပါး
- ပါရာဇိကုဒ္ဒေသ
- ၁။ မေထုန သိက္ခာပုဒ်
- မေထုနဓမ္မ
- ဘိက္ခုရှစ်မျိုး
- အဓိသီလသိက္ခာ
- မဂ်သုံးဆယ်
- သာဓာရဏလက္ခဏာ ၁၇-ပါး မှတ်ဖွယ်
- သမုဋ္ဌာန် ၁၃-ပါး
- သာဓာရဏ အဆုံးအဖြတ်
- အနုပညတ် သုံးမျိုး
- ဉတ္တိစတုတ္ထကံ မှတ်ဖွယ်
- အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက် မှတ်ဖွယ်
- ပဏ္ဍုက်ငါးမျိုး
- ထေယျသံဝါသက သုံးမျိုး
- တိတ္တိယပက္ကန္တက
- ဘိက္ခု နိဒူသက
- ဥဘတောဗျည်း
- သိက္ခာချခြင်း မှတ်ဖွယ်
- ဝတ္ထုကြောင်း မှတ်ဖွယ်
- ဝိနီတဝတ္ထုများ၊ ၇၉-ဝတ္ထု
- ၂-အဒိန္နာဒါနာ
- ငါးဌာန မှတ်ဖွယ်
- အဆုံးအဖြတ် ၁၇-ပါး
- ခိုးခြင်း ၂၅-ပါး မှတ်ဖွယ်
- ဒုက္ကဋ်ရှစ်မျိုး မှတ်ဖွယ်
- ဝတ္ထုကြောင်း မှတ်ဖွယ်
- မာတိကာ သုံးဆယ်
- ဝိနီတဝတ္ထုများ၊ ဝတ္ထု(၁၅၀)
- ၃-မနုဿဝိဂ္ဂဟ
- သေဂုဏ်ပြစကား
- အဆုံးအဖြတ် ၁၇-ပါး
- ပါဏစသည် လေးပါးမှတ်ဖွယ်
- ဝတ္ထုကြောင်း မှတ်ဖွယ်
- မာတိတာ ၂၉-ပါး
- ဝိနီတဝတ္တုများ၊ ဝတ္ထု (၁၀၃)
- ၄-ဥတ္တရိမနုဿဓမ္မ
- စင်ကြယ်ခြင်း
- အဆုံးအဖြတ် ၁၇-ပါး
- ဝတ္ထုကြောင်း မှတ်ဖွယ်
- အနုပညတ်ဝတ္ထုနှင့် မှတ်ဖွယ်အထူး
- ဝိနီတဝတ္ထုများ၊ ဝတ္ထု (၆၀)
- နိဂုံး
- ပါရာဇိက ၂၄-ပါး
- သံဃာဒိသေသုဒ္ဒေသ
- ၁-သုက္ကဝိဿဋ္ဌိ
- ဝတ္ထုစသည် မှတ်ဖွယ်
- ဝိနီတဝတ္ထု-၇ဝ
- ၂-ကာယသံသဂ္ဂ
- အဆုံးအဖြတ်
- ဝိနီတဝတ္ထု
- ၃-ဒုဋ္ဌုလ္လဝါစာ
- အာပတ္တိကရ ခြောက်ခွန်း
- အဆုံးအဖြတ်
- ဝိနီတဝတ္ထု
- ၄-အတ္တကာမပါစရိယ
- ဝိနီတဝတ္ထု ၇-ခု
- ၅-သဉ္ဇရိတ္တ
- အဆုံးအဖြတ်
- ဆသမုဋ္ဌာန်ဖြစ်ပုံ
- မိန်းမနှစ်ကျိပ်
- ဝတ္ထု
- ဝိနီတဝတ္ထု ၇-ခု
- ၆-ကုဋိကာရ
- သညာဓိကမှတ်ဖွယ်
- ဘေးရန် ၂၉-ပါး
- အဆုံးအဖြတ်
- အတိတ်နဂါး ဝတ္ထုနှင့် ဝတ္ထုများ
- ၇-ဝိဟာရကာရ
- အဆုံးအဖြတ်
- ၈-ဒုဋ္ဌဒေါသ
- အဓိကရဏ သုံးမျိုး
- စောဒနာလေးပါး
- အဆုံးအဖြတ်
- ၉-အညဘာဂိယ
- အညဘာဂီ၊ တဗ္ဘာဂီ
- ၁၀-သံဃဘေဒက
- ဘေဒကရဝတ္ထု ၁၈နှင့် အဆုံးအဖြတ်
- ၁၁ ဘေဒါနုဝတ္တက
- အဆုံးအဖြတ်နှင့် ဝတ္ထု
- ၁၂-ဒုဗ္ဗစ
- အဆုံးအဖြတ်နှင့် ဝတ္ထု
- ၁၃-ကုလဒူသန
- ပဗ္ဗာဇနိယကံ စသည်မှတ်ဖွယ်
- အဂတိလေးပါး
- ကုလဒူသန ရှစ်ပါး
- အနေသန ၂၁-ပါး
- တသာသနာလုံး မအပ်
- ဒါယကာလေးမျိုး
- သစ်ပင်စိုက်နည်း
- ပုပ္ဖဝိကတိ ခြောက်မျိုး
- ဝတ္ထုနှင့် နိဂုံး
- ဖုံးခြင်း ဆယ်ပါး
- ပရိဝါသ် မှတ်ဖွယ်
- သုဒ္ဓန် နှစ်မျိုး
- သမောဓာန် သုံးမျိုး
- မာနတ်နှစ်မျိုးနှင့် မှတ်စုများ
- အနိယတုဒ္ဒေသ
- ၁-ပဌမ အနိယတ
- အလဇ္ဇီ ပဋိညာ
- အဆုံးအဖြတ်နှင့် ဝတ္ထု
- ၂-ဒုတိယ အနိယတ
- မှတ်ဖွယ်အထူးနှင့် ဝတ္ထု
- နိဿဂ္ဂိပါစိတ္တိယုဒ္ဒေသ
- ၁--ပထမကထိန
- သင်္ကန်းစွန့်ပုံနှင့် အဆုံးအဖြတ်
- ဇာတိသင်္ကန်းခြောက်ထည် မှတ်ဖွယ်
- အတိရေက မဖြစ်
- ပလိဗောဓနှစ်ပါးနှင့် အာနိသင်ငါးပါး
- ကထိန်နုတ် မာတိကာရှစ်ပါး
- သင်္ကန်းကိုးထည် မှတ်ဖွယ်
- အဓိဋ္ဌာန်တင်ပုံ
- အဓိဋ္ဌာန်ကျပုံ
- နိဿဂ္ဂ ၃ဝ၊ ပြန်ပေး မပေးရ စသည်မှတ်ဖွယ်
- ၂-၃- ဥဒေါသိတ
- အဝိပ္ပဝါသ အရပ် ၁၅-ပါးနှင့် ဝတ္ထု
- ၃-တတိယကထိန
- ပစ္စာသာကို မူလပုံ
- သင်္ကန်းဖြစ်ရာ မာတိကာရှစ်ဖြာ မှတ်ဖွယ်
- ဗုဒ္ဓသန္တက
- ၄-ပုရာဏစိဝရ
- အဆုံးအဖြတ်နှင့် ဝတ္ထု
- ၅-စီဝရပဋိဂ္ဂဟဏ
- အဆုံးအဖြတ်နှင့် ဝတ္ထု
- ၆-အဉာတကဝိညတ္တိ
- အဓိပ္ပါယ်နှင့် အဆုံးအဖြတ်
- ၇-တတုတ္တရိ
- သန္တရုတ္တရပရမ ယူခြင်း
- အဆုံးအဖြတ်နှင့် ဝတ္ထု
- ၈-ဥပက္ခဋ
- အဆုံးအဖြတ်နှင့် ဝတ္ထု
- ၉-ဒုတိယ ဥပက္ခဋ
- ၁ဝ-ရာဇ
- အာဂမနသုဒ္ဓိဖြစ်ပုံ
- တမန် ချွတ်ပုံ၊ မချွတ်ပုံ
- သုံးကြိမ်တောင်း၊ ခြောက်ကြိမ်ရပ်
- မပြီးရာ၌ ကျင့်ဝတ်
- နိဿဂ္ဂိလေးပါး၊ ဒုက္ကဋ်အများ မှတ်ဖွယ်
- ကပ္ပိယတကျိပ်မှတ်ဖွယ်
- ရဟန်းညွှန်းလေး
- တမန်လေး
- မညွှန်းနှစ်ယောက်
- ၁-ကောသိယ
- ၂-သုဒ္ဓကာဠက
- ၃-ဒွေဘာဂနှင့် အဓိပ္ပါယ်စသည်
- ၄-ဆဗ္ဗဿနှင့် အဓိပ္ပါယ် အဆုံးအဖြတ်
- ၅-နိသီဒနသန္တတနှင့် အဓိပ္ပါယ်
- ၆-ဧဠကလောမနှင့် အဓိပ္ပါယ်
- ၇-ဧဠကလောမဓောဝါပနနှင့် အဓိပ္ပါယ်စသည်
- ၈—ရူပိယနှင့် အဓိပ္ပါယ်စသည်
- ရွှေငွေသာယာခြင်း၌မှတ်ဖွယ်
- ၉-ရူပိယသံဝေါဟာရ
- ပစ္စည်းသုံးမျိုး
- အကပ္ပိယပတ္တိစတုက္ကမှတ်ဖွယ်
- ၁ဝ-ကယဝိက္ကယအဓိပ္ပါယ်စသည်
- ဆင်ခြင်ဖွယ်အထူး
- ၁-ပတ္တနှင့် အဓိပ္ပါယ်
- သပိတ်ကိုးလုံးမှတ်ဖွယ်
- ၂-ဦနပဉ္စဗန္ဓနနှင့် အဓိပ္ပါယ်
- အစွန်ဆုံးပြုပုံနှင့် အဆုံးအဖြတ်
- ၃-ဘေသဇ္ဇနှင့် အဓိပ္ပါယ်
- သန္နိဓိကာရက
- ၄-ဝဿိကသာဋိက
- အစောင့်အရှောက် ၁၁-လနှင့် သမယနှစ်ပါး
- ၅—စီဝရအစ္ဆိန္ဒနနှင့် အဆုံးအဖြတ်
- ၆-သုတ္တဝိညတ္တိနှင့် အဓိပ္ပါယ်
- မှတ်ဖွယ်အထူး
- ၇-မဟာပေသကာရနှင့် အဓိပ္ပါယ်
- ၈-အစ္စေကစီဝရ
- ဝါဆိုသင်္ကန်း
- ပရိဟာရအမျိုးမျိုး
- ၉-သာသင်္က
- သင်္ကန်းထားကြောင်းအင်္ဂါ
- ၁၀-ပရိဏတ
- ဓမ္မိကဒါန-အဓမ္မိကဒါန မှတ်ဖွယ်
- မာတိကာ ပြီး၏။
ဘိက္ခုဝိဘင်းအရသာ
▬▬ஜ۩۞۩ஜ▬▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဏာမ၊ ပဋိညာ
ဗုဒ္ဓံ သံဃဉ္စ ဓမ္မဉ္စ၊ ဝိပ္ပသန္နေန စေတသာ။
ဝန္ဒိတွာ ဝန္ဒနာမာန- ပူဇာသက္ကာရဘာဇနံ။
ပါမောက္ခံ အနဝဇ္ဇာနံ၊ ဓမ္မာနံ ယံ မဟေသိနာ။
မုခံ မောက္ခပ္ပဝေသာယ၊ ပါတိမောက္ခံ ပကာသိတံ။
ဝတ္တယိဿာမိ ဧတဿ၊ ပါတိမောက္ခရသံ သုဘံ။
အဟံ၊ ငါသည်။
ဝန္ဒနာမာနပူဇာသက္ကာရဘာဇနံ၊ ရှိခိုးခြင်း မြတ်နိုးခြင်း ပူဇော်ခြင်း အရိုအသေပြုခြင်း တို့၏ တည်ရာဖြစ်တော်မူသော။
ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကို၎င်း။
ဓမ္မဉ္စ၊ ဆယ်ပါးသော တရားတော်မြတ်ကို၎င်း။
သံဃဉ္စ၊ ရှစ်ယောက်သော ဒက္ခိဏေယျ သံဃာတော်မြတ် အပေါင်းကို၎င်း။
ဝါ၊ ဝိနည်း ကံအရာ ပုထုရိယာသောင်းပြောင်း ဝိနည်းကျင့်သမ္မုတိ သံဃာအပေါင်းကို ၎င်း။
ဝိပ္ပသန္နေန၊ အထူးသဖြင့် ကြည်လင်သော။
စေတသာ၊ စိတ်ဖြင့်။
(လက္ခိတော၊ မှတ်သားအပ်သောသူဖြစ်၍။
တိဟိ ဒွါရေဟိ၊ သုံးပါးသော ဒွါရတို့ဖြင့်။
ဝန္ဒာမိ၊ ရှိခိုးပါ၏။)
ဝန္ဒိတွာ၊ ရှိခိုးပြီး၍။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
အနဝဇ္ဇာနံ၊ အကုသိုလ်ပြစ် မရှိကုန်သော။
ဓမ္မာနံ၊ ကုသိုလ် အဗျာကတ တရားတို့၏။
ဝါ၊ တို့တွင်။
ပါမောက္ခံ၊ အဦးအစ လည်းဖြစ်သော။
မောက္ခပ္ပဝေသာယ၊ နိဗ္ဗာန်သို့ဝင်ခြင်းငှါ။
မုခံ၊ ခံတွင်းအလား တံခါးသဖွယ်လည်းဖြစ်သော။
ယံ ပါတိမောက္ခံ၊ အကြင်ပါတိမောက်ကို။
ပကာသိတံ၊ ပြအပ်ပြီ။
ဝါ၊ ပညတ်တော်မူအပ်ပြီ။
ဧတဿ၊ ဤပါတိမောက်၏။
သုဘံ၊ တင့်တယ်ကောင်းမြတ်သော။
ပါတိမောက္ခသံ၊ ပါတိမောက်အရသာကို။
ဝါ၊ ပါတိမောက်ကို ဝေဖန်ခွဲစိတ်သော ဝိဘင်း၏အရသာကို။
ဝတ္တယိဿာမိ၊ ဖြစ်ပေါ်စေအံ့။
ဣတိ၊ ဤကား ပဏာမ ပဋိညာတည်း။
(ကင်္ခါကို အခြေတည်၍ ဝိဘင်းပါဠိတော် စကားစုံအောင် သွင်းသောကြောင့် ကင်္ခါအရသာ-ဟူ၍လည်း ဆိုနိုင်သည်။)
နိဒါနုဒ္ဒေသ
ပါတိမောက် နှစ်ပါး
အဘယ်အနက်ကြောင့် ပါတိမောက် မည်သနည်း။
ပ အတိမောက္ခန္တိ ပါတိမောက္ခံ - ဟူသော ဝစနတ္ထနှင့်အညီ အလွန်မြတ်သော အနက်ကြောင့် ပါတိမောက်မည်၏။
ဤပါတိမောက်သည် အဘယ်မျှ ပြားသနည်း။
ဆိုပြီးသော ဝစနတ္ထ အားဖြင့် တပါးတည်း ဖြစ်သော်လည်း သီလပါတိမောက်၊ ဂန္ထပါတိမောက် ဟူ၍ နှစ်ပါးပြား၏။
အဘယ်စကားရပ်တို့၌ သီလကို ပါတိမောက်ဟု သိအပ်သနည်း။
ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်၍ နေ၏-ဟူသော စကားရပ်၌၎င်း၊ ဤ ပါတိမောက်သည် ကုသိုလ်တို့၏ အဦးအစဖြစ်၏။ ထို့ကြောင့် ပါတိမောက် မည်၏-ဟူသော စကားရပ်၌၎င်း သီလကို ပါတိမောက်ဟု သိအပ်၏။
(ပါတိ မောက်အကျင့် သီလဟူလို)။
အဘယ်စကားရပ်တို့၌ ဂန္ထကို ပါတိမောက်ဟု သိအပ်သနည်း။
ပါတိမောက်နှစ်စောင် အကျယ်အားဖြင့် နှုတ်တက်လေ့လာကုန်၏-စသော စကားရပ် တို့၌ ဂန္ထကို ပါတိမောက်ဟု သိအပ်၏။
(ပါတိမောက်မည်သော ကျမ်းစာဟူလို။)
သီလသည် အဘယ်အနက်ကြောင့် ပါတိမောက် မည်သနည်း။
ပါတိံ + မောက္ခတီတိ ပါတိမောက္ခံ-ဟူသော ဝစနတ္ထနှအညီ စောင့်ထိန်းသူကို လွတ်စေတတ်သော အနက်ကြောင့် ပါတိမောက်မည်၏။
(မိမိကို စောင့်ထိန်းသောသူကို အပါယ်ဒုက္ခစသည်မှ လွတ်အောင်၊ စွပ်စွဲခြင်းဘေး စသည်မှ လွတ်အောင် ပြုနိုင်သော သီလဟူလို။ စောင့်ထိန်းသူသည် ပါတိ မည်၏)။
ဂန္ထသည် အဘယ်အနက်ကြောင့် ပါတိမောက် မည်သနည်း။
ပါတိမောက္ခံ + ဇောတေတီတိ ပါတိမောက္ခံ - ဟူသော ဝစနတ္ထနှင့်အညီ သီလပါတိမောက်ကို ထွန်းပြတတ်သောအနက်ကြောင့် ပါတိမောက်မည်၏။
(ဤကျမ်းစာသည် သီလအနက်အဓိပ္ပါယ်ကို ထင်စွာပြသည်၊ ဆိုသည်ဟူလို။)
ရှေးဦးအစ ပြခဲ့သော ပ အတိမောက္ခံ - ဟူသော ဝစနတ္ထသည် အဘယ် ပါတိမောက် နှင့် ဆက်ဆံသနည်း။
သီလ၊ ဂန္ထပါတိမောက် နှစ်ပါးလုံးနှင့် ဆက်ဆံ၏။
ပါတိမောက်ဝိဘင်းအရသာဟူသည် အဘယ် ပါတိမောက်ဝိဘင်း၏ အရသာနည်း။
သီလ၊ ဂန္ထနှစ်ပါးလုံး၏ အရသာဖြစ်၏။ ဂန္ထ၏ အရသာကို ဖော်ပြခြင်းဖြင့် ဂန္တ၏ အနက်ဖြစ်သော သီလအရသာသည်။ ဝါ၊ကျင့်သူ၏ နှလုံးအိမ်၌တည်သော သီလ အရသာသည် ပေါ်လွင်မည် ဖြစ်သောကြောင့်တည်း။
ဂန္ထပါတိမောက်သည် အဘယ်မျှ ပြားသနည်း။
ဘိက္ခုပါတိမောက်၊ ဘိက္ခုနီပါတိမောက်ဟူ၍ နှစ်ပါးပြား၏။
အဘယ်သည် ဘိက္ခုပါတိမောက် မည်သနည်း။
သုဏာတု မေ ဘန္တေ သံဃော - အစရှိသော ဥဒ္ဒေသငါးပါး အပြားဖြင့်၊ ဝါ- ပါတိမောက်ပြခြင်း ငါးမျိုးဖြင့် မှတ်အပ်သော ပါတိမောက်သည် ဘိက္ခုပါတိမောက် မည်၏။
အဘယ်သည် ဘိက္ခုနီပါတိမောက် မည်သနည်း။
သုဏာတု မေ အယျေ သံဃော-အစရှိသော ဥဒ္ဒေသလေးပါးဖြင့် မှတ်အပ်သော ပါတိမောက်သည် ဘိက္ခုနီပါတိမောက် မည်၏။
ပါတိမောက်ပြခြင်း ကိုးပါး
ဘိက္ခုပါတိမောက်၌ ဥဒ္ဒေသငါးပါးဟူသည် အဘယ်နည်း။
နိဒါနုဒ္ဒေသ၊ ပါရာဇိကုဒ္ဒေသ၊ သံဃာဒိသေသုဒ္ဒေသ၊ အနိယတုဒ္ဒေသ၊ ဝိတ္ထာရုဒ္ဒေသ ဟူ၍ ငါးပါးဖြစ်၏။
နိဒါနုဒ္ဒေသ ဟူသည် အဘယ်နည်း။
သုဏာတုမေ ဘန္တေ သံဃော (လ) အာဝိကတာ ဟိဿ ဖာသု ဟောတိ။ ဥဒ္ဓိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ။ တတ္ထာယသ္မန္တေ ပုစ္ဆာမိ၊ ကစ္စိတ္ထ ပရိသုဒ္ဓါ(လ)ဧဝမေတံ ဓာရယာမိ။ ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ။ သုတာ ခေါ ပနာယသ္မန္တေဟိ စတ္တာရော ပါရာဇိကာ ဓမ္မာ။ သုတာ တေရသ သံဃာဒိသေသာ ဓမ္မာ၊ (လ) အဝိဝဒမာ နေဟိ သိက္ခိတဗ္ဗန္တိ။ နိဒါနုဒ္ဒေသော ပဌမော။ ဤသို့ ပါတိမောက်ပြခြင်းသည် နိဒါနုဒ္ဒေသ မည်၏။
(နိဒါနုဒ္ဒေသော ပဌမော-ကို အကြား၌ မဆိုမူ၍ အပြီး အဆုံးရောက်မှ ဆိုအပ်၏။)
ပါရာဇိကုဒ္ဒေသ စသည်ကား အဘယ်နည်း။
သုဏာတု မေ - စသော နိဒါန်းမှစ၍ ပါရာဇိကအဆုံး၌။ ဝါ၊ သံဃာဒိသေသအဆုံး၌။ ဝါ၊ အနိယတ အဆုံး၌ အကြွင်းကို သုတ-သဒ္ဒါဖြင့် ရွတ်ဆို၍ပြခြင်း (သုံးမျိုး) သည် ပါရာဇိကုဒ္ဒေသစသည် မည်၏။
သုတသဒ္ဒါဖြင့် ရွတ်ဆိုပုံကား -
ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ။ ဥဒ္ဒိဋ္ဌာ စတ္တာရော ပါရာဇိကာ ဓမ္မာ။ ဥဒ္ဒိဋ္ဌာ တေရသ သံဃာဒိသေသာ ဓမ္မာ။ ဥဒ္ဒိဋ္ဌာ ဒွေ အနိယတာ ဓမ္မာ။ သုဘာ ခေါ ပနာယသ္မန္တေဟိ တိံသ နိဿဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ။ သုတာ ဒွေနဝုတိ ပါစိတ္တိယာ ဓမ္မာ။ သုတာ စတ္တာရော ပါဋိဒေသနီယာ ဓမ္မာ။ သုတာ သေခိယာ ဓမ္မာ။ သုတာ သတ္တ အဓိကရဏ သမထာ ဓမ္မာ။ ဧတ္တကံ တဿ ဘဂဝတော(လ)သိက္ခိတဗ္ဗန္တိ။ အနိယတုဒ္ဒေသော စတုတ္ထော။
(ခေါ၊ ခေါ ပန-နိပါတ်တို့ကို အစဝါကျ၌ယှဉ်၍ နောက်နောက်ဝါကျတို့၌ မယှဉ်အပ်။ နိဒါနုဒ္ဒေသော ပဌမော၊ ပါရာဇိကုဒ္ဒေသော ဒုတီယော - စသည်ကိုလည်း အကြား အကြား၌ မဆိုမူ၍ အပြီးအဆုံးရောက်မှ ဆိုင်ရာတခုခုကို ဆိုအပ်၏။)
ဝိတ္ထာရုဒ္ဒေသ ဟူသည် အဘယ်နည်း။
အကျယ်ရှိတိုင်း အကျယ်ပြခြင်း သည်သာလျှင် ဝိတ္ထာရုဒ္ဒေသ မည်၏။
(နိဒါနုဒ္ဒေသော ပဌမော - စသည်ကို အကြား၌ မဆိုမူ၍ အပြီးအဆုံးရောက်မှ ဝိတ္ထာရုဒ္ဒေသော ပဉ္စမော - ဟူ၍သာ တခုတည်း ဆိုအပ်၏။)
ပါတိမောက်ပြစဉ် အန္တရာယ်ရောက်အံ့၊ အပြီးသို့ မရောက်သော ဥဒ္ဒေသကို အဘယ်သို့ ရွတ်ဆိုအပ်သနည်း။
ဥဒ္ဒိဋ္ဌလော၊ သုတလော။ ။ အဝသေသံ သုတေန သာဝေတဗ္ဗံ-ဟု ဟောသည်။ ပြ၍မပြီးသေးသော ဥဒ္ဒေသလည်း ကြွင်းသော ဥဒ္ဒေသသာ မည်သည်။ ထို့ကြောင့် သုတသဒ္ဒါဖြင့် ရွတ်ဆိုအပ်၏။
နိဒါနုဒ္ဒေသမပြီးမီ အန္တရာယ်ရောက်အံ့၊ ပြပြီးမရှိ၍ အားလုံး သုတသဒ္ဒါဖြင့် ရွတ်ဆို ရမည်လော။
နိဒါနုဒ္ဒေသ မပြီးမီကား သုတသဒ္ဒါဖြင့် ရွတ်ဆိုဖွယ်မည်သည် မရှိ။ အန္တရာယ်ကြောင့် ထပြန်ရမည်သာတည်း။
ဘိက္ခုနီပါတိမောက်၌ ဥဒ္ဒေသလေးပါးဟူသည် အဘယ်နည်း။
အနိယတုဒ္ဒေသ လျော့၍ ကြွင်းလေးပါးပင် ဖြစ်၏။
ဤသို့လျှင် ဥဒ္ဒေသငါးပါး၊ လေးပါးတို့ဖြင့် မှတ်အပ်သော ပါတိမောက် နှစ်ပါးတို့တွင် ဘိက္ခုပါတိမောက်ကို ရှေးဦးစွာ ဝိဘင်းအရသာ ပေါ်အောင် ပြပေလတ္တံ့။
အန္တရာယ်ဆယ်ပါး
ပါတိမောက်ပြစဉ် အန္တရာယ်ဟူသည်ကား--
မင်း၊ ခိုးသူ၊ မီး၊ ရေ၊ လူ (၅)။
ဘီလူး၊ သားရဲ၊ မြွေ၊ အသက်၊ သာသနာ (၅) ဟူ၍ ဆယ်ပါးဖြစ်၏။
ဥပုသ်ပြုရန် ရဟန်းများ စည်းဝေးသောအခါ --
မင်းလာသည် ဖြစ်အံ့၊ ရာဇန္တရာယ် မည်၏။
ခိုးသူလာအံ့၊ စောရန္တရာယ်။
တောမိးလောင်အံ့၊ ကျောင်း၌ မီးလောင်အံ့၊ အဂ္ဂန္တရာယ်။
မိုးကြီးတက်လာအံ့၊ ရေအယဉ်စီးလာအံ့၊ ဥဒကန္တရာယ်။
လူများစွာလာအံ့၊ မနုဿန္တရာယ်(၅)။
ရဟန်းကို ဘီလူးဖမ်းအံ့၊ အမနုဿန္တရာယ်။
ကျားစသော သားရဲတို့လာအံ့၊ ဂါဠန္တရာယ်။
ရဟန်းကို မြွေစသည်ခဲအံ့၊ သရီသပန္တရာယ်။
ရဟန်းဂိလာန ဖြစ်အံ့၊ ပျံလွန်အံ့၊ သတ်မည်ဟု ရန်သူဖမ်းအံ့၊ ဇီဝီတန္တရာယ်။
ရဟန်းကို သာသနာမှ ရွေ့လျောစေလို၍ လူတို့ဖမ်းအံ့၊ ဗြဟ္မစရိယန္တရာယ် မည်၏ (၅)။
ဤဆယ်ပါးတွင် တပါး ပါရှိလျင် ပါတိမောက်အစ တဥဒ္ဒေသမျှဖြစ်စေ၊ နှစ်၊ သုံး၊ လေး ဥဒ္ဒေသမျှ ဖြစ်စေ ပြအပ်၏။ ဒုတိယ ဥဒ္ဒေသ စသည်ကို ပြစဉ် အန္တရာယ် ရောက်အံ့၊ ပြဆဲဥဒ္ဒေသနှင့် အကြွင်းကို သုဘသဒ္ဒါဖြင့် သိမ်းအပ်၏။ ဝဇီရဋီကာ၌ - ပစ္ဆာစုသော သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါတိ ဝစနတော အသတိပိ အန္တရာယေ ထာမံ ပမာဏန္တိ သိဒ္ဓံ ဟောတိ - ဟု ဆို၏။ အန္တရာယ်မရှိသော်လည်း ပါတိမောက်ပြသော ရဟန်း၏ အားစွမ်းသာ ပမာဏဟု ထင်ရှား၏ ဟူလို။
မီး၊ ရေ၊ လူမျိုး (၃)။
မင်း၊ သူခိုး (၂)။
သားဆိုး၊ ဘီလူးကြမ်း (၂)။
မြွေ၊ ကျင့်၊ သက်ဆွယ် (၃)။
အန္တရာယ်-တဆယ် ဤသို့မှန်း။
မှတ်ချက်
လင်္ကာတို့၌ အပိုဒ်ငယ်အတိုင်း အလေးပြုကာ စဉ်းငယ်ဖြတ်၊ ဂဏန်းဖြင့် ပြ၍ ဖော်လျက် ရေတွက်နိုင်ရမည်။ အပိုဒ်နှင့် ဂဏန်း အလေးပြုရမည်။
၁။ ပုဗ္ဗကရဏ လေးပါး
သမ္မဇ္ဇနီ ပဒီပေါ စ၊ ဥဒကံ အာသနေန စ၊
ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကရဏန္တိ ဝုစ္စတိ။
သမ္မဇ္ဇနီ စ၊ တံမြက်လှည်းခြင်း၎င်း။
ပဒီပေါ စ၊ ဆီမီးညှိထွန်းခြင်း၎င်း။
အာသနေန၊ နေရာခင်းခြင်းနှင့်တကွ။
ဥဒကဉ္စ၊ သောက်ရေသုံးရေ တည်ထားခြင်း၎င်း။
ဣတိ၊ ဤသို့။
ဧတာနိ၊ ဤလေးပါးတို့ကို။
ဥပေါသထဿ၊ ဥပုသ်ကံ၏။
ပုဗ္ဗကရဏန္တိ၊ (သံဃာမစည်းဝေးမီ ရှေးအဖို့၌ ပြုအပ်သောကြောင့်) ပုဗ္ဗကရဏ မည်၏ဟူ၍။
ဝုစ္စတိ-ဝုစ္စန္တေ၊ မိန့်ဆိုအပ်ကုန်၏။
အဓိပ္ပါယ်
ဥပုသ်နေ့၌ ဥပုသ်အိမ်သို့သွား၍ --
- တံမြက်လှည်းရသည်၊
- မီးထွန်းရသည်၊
- နေရာခင်းရသည်၊
- သောက်ရေသုံးရေ တည်ရသည်။
ဤလေးပါးသည် ဥပုသ်ကံ၏ ပုဗ္ဗကရဏမည်၏။ ဥပုသ်ပြုရန် သံဃာမရောက်လာမီ ပြုနှင့်ရသည်။
ဥပုသ်အိမ် အမှိုက်ရှုပ်ခြင်းကြောင့်၎င်း၊
နေရာမခင်းသဖြင့် မြေ၌ထိုင်ရ၍ မြေမှုန့်လိမ်းကပ်ခြင်းကြောင့်၎င်း၊
မီးမရှိသဖြင့် အမိုက်မှောင်၌ နင်းမိကြခြင်းကြောင့်၎င်း၊
သောက်ရေသုံးရေ မထားခြင်းကြောင့်၎င်း၊
အာဂန္တု ရဟန်းများ ကဲ့ရဲ့ကုန်၏။
ထို့ကြောင့် တံမြက်လှည်းခြင်း စသော လေးပါးပြုရန် မထေရ်ကြီးသည် သီတင်း ငယ်ကို စေခိုင်းရန် ခွင့်ပြုတော်မူသည်။ မထေရ်ကြီးစေခိုင်းလျှင် ကျန်းမာလျက် မပြုအံ့၊ ဒုက္ကဋ်။ ထို့ကြောင့် သင့်လျော်သူကိုကြည့်၍ စေခိုင်းအပ်၏။ မမှောင်လျှင် မီးထွန်းဖွယ် မရှိ။ သုံးရေ၌ အာဂန္တုများအတွက် ခြေဆေးရေကို ပဓာနပြုကြသည်။
၂။ ပုဗ္ဗကိစ္စငါးပါး
ဆန္ဒပါရိသုဒ္ဓိဥတုက္ခာနံ၊ ဘိက္ခုဂဏနာ စ ဩဝါဒေါ။
ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကိစ္စန္တိ ဝုစ္စတိ။
ဆန္ဒပါရိသုဒ္ဓိဥတုက္ခာနဉ္စ၊ ဆန္ဒကိုလျှောက်ကြားခြင်း ပါရိသုဒ္ဓိကိုလျှောက်ကြားခြင်း ဥတုပက္ခတို့ကို လျှောက်ကြားခြင်း၎င်း။
ဘိက္ခုဂဏနာ စ၊ ရဟန်းအပေါင်းကို ရေတွက်၍ လျောက်ကြားခြင်း၎င်း။
ဩဝါဒေါစ၊ ဘိက္ခုနီမတို့ တောင်းပန်သော ဩဝါဒကို လျှောက်ကြားခြင်း၎င်း။
ဣတိ၊ ဤသို့။
ဧတာနိ၊ ဤငါးပါးတို့ကို။
ဥပေါသထဿ၊ ဥပုသ်ကံ၏။
ပုဗ္ဗကိစ္စန္တိ၊ (သံဃာစည်းဝေးပြီးနောက် ပါတီမောက်မပြမီ ပါရိသုဒ္ဓိ မကြားမီ အမိဋ္ဌာန မပြုမီ ရှေးအဖို့၌ ပြုအပ်သောကြောင့်) ပုဗ္ဗကိစ္စမည်၏ ဟူ၍။
ဝုစ္စတိ -ဝုစ္စန္တေ၊ မိန့်ဆိုအပ်ကုန်၏။
အဓိပ္ပါယ်
၁-ဥပုသ်ပြုပြီးသူ၊ နာသူ၊ ကိစ္စရှိသူ သုံးယောက်သည် စည်းဝေးရာသို့ မရောက်နိုင်အံ့။ သံဃကံ ဝဂ်မဖြစ်စိမ့်သောငှာ ဆန္ဒကို ပေးရသည်။ ထိုဆန္ဒကို ဆောင်လာသော ရဟန်းသည် ပါတိမောက်မပြမီ သံဃာကို လျှောက်ရသည်။ ဤသို့ ဆန္ဒ လျှောက်ခြင်း သည် ဆန္ဒအက္ခာန မည်၏။ အကျိုးကား ဆန္ဒမျှပေးလျှင် သံဃာသည် ဥပုသ်ကံ ပြုနိုင်သည်။ တပါးသော ကံကိုလည်း ပြုနိုင်သည်။ မိမိဥပုသ်ကိစ္စကား မပြီး။
၂-နာသူ၊ ကိစ္စရှိသူ နှစ်ယောက်သည် ပါရိသုဒ္ဓိ ပေးရသည်။ ထို့အတူ လျှောက်ရသည်။ ဤကား ပါရိသုဒ္ဓိအက္ခာန မည်၏။ ပါရိသုဒ္ဓိမျှပေးလျှင် မိမိ ဥပုသ်ကိစ္စ ပြီးသည်။ သံဃ ဥပုသ်ကံလည်း ပြုနိုင်သည်။ တပါးသော သံဃကံကို မပြုနိုင်။ ဆန္ဒ၊ ပါရိသုဒ္ဓိ နှစ်ပါးလုံး ပေးလျှင် ကိစ္စအားလုံး ပြီးနိုင်၏။
၃-ဆောင်း၊ နွေ၊ မိုး၊ ဥတု သုံးပါးလုံး ရှစ်ပက္ခစီ ရှိသည်တွင် ဤမည်သော ဥတုဖြစ်သည်။ ပက္ခဤမျှ လွန်ပြီ၊ ဤမျှကြွင်းသေးသည်ဟု လျှောက်ရသည်။ ဤကာ: ဥတုအက္ခာန မည်၏။
၄-ဥပုသ်ပြုရာ၌ စည်းဝေးသော ရဟန်းတို့ကိုလည်း ရေတွက်၍ လျှောက်ရသည်။ ဤကား ဘိက္ခု ဂဏနာ မည်၏။
၅-ဘိက္ခုနီမတို့တောင်းပန်သော ဩဝါဒကိုလည်း လျှောက်ရသည်။ ဤကား ဩဝါဒ မည်၏။
ဤငါးပါးသည် ပုဗ္ဗကိစ္စ မည်၏။ သံဃာစည်းဝေးပြီးနောက် ပါတိမောက် မပြမီ ပြုရသည်။ နှစ်ပါး၊ သုံးပါးပြုရာ၌ ပါရိသုဒ္ဓိ မကြားမီ ပြုရသည်။ တပါးတည်း အဓိဋ္ဌာန်ပြုရာ၌ကား ကြားဖွယ်မရှိ။ ဒေသနာသောတာတိတ စွမ်းဖြင့် ဆိုသည်။ ဝါ၊ ဒေသနာ အဟုန်စွမ်းဖြင့် ဆိုသည်။
အခါတပါး ဘုရားရှင်သည် ချစ်သားတို့ စည်းဝေးကြလော့၊ သံဃာသည် ဥပုသ်ကံ ပြုလတ္တံ့ဟု မိန့်တော်မူ၏။ ဂိလာနရဟန်း ရှိပါသည်၊ မလာနိုင်ပါဟု လျှောက်လတ် သော် ချစ်သားတို့၊ ဂိလာနသည် ပါရိသုဒ္ဓိပေးခြင်းငှာ ခွင့်ပြုသည်ဟု မိန့်တော်မူသည်။
ထို့အတူ သံဃာသည် သံဃကံ ပြုလတ္တံ့ စည်းဝေးကြလော့။ ဂိလာနရဟန်း မလာနိုင်ပါ။ ချစ်သားတို့၊ ဂိလာနသည် ဆန္ဒပေးခြင်းငှာ ခွင့်ပြုသည်ဟု မိန့်တော်မူသည်။
လူတို့သည် ဆွမ်းခံကြွလာသော ရဟန်းတို့ကို (ကတမီ ဘန္တေ ပက္ခဿ) ဟု နေ့ရက် မေးကုန်၏။ မသိဟု ဆိုလတ်သော် နေ့ရက်မျှမသိလျှင် အဘယ်ကောင်းမှု သိအံ့နည်း ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ရဟန်းအားလုံးသည် ပက္ခ အရေအတွက် မှတ်သား ခြင်းငှာ ခွင့်ပြု၏။
ထိုအတူ (ကိံဝတိကာ ဘန္တေ ဘိက္ခူ) ဟု ရဟန်း အရေအတွက် မေးကုန်၏။ မသိဟု ဆိုလတ်သော် မိမိတို့အချင်းချင်းမျှ မသိလျှင် အဘယ်ကောင်းမှု သိကုန်အံ့နည်းဟု ဆို၏။ ချစ်သားတို့၊ ဥပုသ်နေ့၌ ရဟန်းရေတွက်ခြင်းငှာ ခွင့်ပြု၏။
မိထွေးတော် ဂေါတမီတို့အား ရဟန်းပြုလိုလျှင် ဂရုဓမ်ရှစ်ပါး ဝန်ခံရမည်ဟု ပညတ်ရာ၌ ဥပုသ်နေ့ မေးခြင်း၎င်း၊ ဩဝါဒသို့ ကပ်ခြင်းငှာ ရပါအံ့လောဟု တောင်းပန်ခြင်း၎င်း၊ ဤနှစ်ပါးအတွက် ရဟန်းတို့ထံ လခွဲတိုင်း ချဉ်းကပ်ရမည်ဟု ပညတ်သည်။
သံဃာမစည်းဝေးမီ ပြုရသော လေးပါးသည် ပုဗ္ဗကရဏ၊ ပါတိမောက် မပြမီ ပြုရငသာ ငါးပါးသည် ပုဗ္ဗကိစ္စ-ဟု အဋ္ဌကထာဆရာတို့ ခွဲခြားသည်။ ပါဠိတော်၌ ကိုးပါးလုံးကို ပုဗ္ဗကိစ္စဟု ဟောသည်၊ အဋ္ဌကထာ ဆရာတို့သည် ဘုရားရှင်၏ အလိုကို သိကုန်၏။
၃။ ပတ္တကလ္လ အင်္ဂါလေးပါး
ဥပေါသထော ယာဝတိကာ စ ဘိက္ခူ ကမ္မပတ္တာ၊
သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ။
ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊
ပတ္တကလ္လန္တိ ဝုစ္စတိ။
ဥပေါသထော စ၊ ဥပုသ်နေ့ဖြစ်ခြင်း၎င်း။
ယာဝတိကာ စ ဘိက္ခု ကမ္မပတ္တာ၊ ဥပုသ်ကံ အားလျော်စွာ ရဟန်းအနည်းဆုံး လေးပါးရှိခြင်း၎င်း။
သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ၊ ဝတ္ထုသဘောတူ အာပတ်မရှိခြင်း၎င်း။
ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊ ထိုသံဃာ့ဟတ္ထပါသ်အတွင်း ဝဇ္ဇနိယပုဂ္ဂိုလ် မရှိခြင်း၎င်း။
ဣတိ၊ ဤသို့ အင်္ဂါလေးတန် ရှိသောကံကို။
ပတ္တကလ္လန္တိ၊ (လျောက်ပတ်သောအခါ ရှိသောကြောင့်) ပတ္တကလ္လ ဥပုသ်ကံ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
အဓိပ္ပါယ်
၁-သင့်လျော်သောအခါ လေးပါးကြုံမှ ဥပုသ်ကံပြုရသည်။ ၁၄-ရက်နေ့၊ ၁၅-ရက်နေ့၊ သာမဂ္ဂီနေ့တို့တွင် တနေ့နေ့သည် ဥပေါသထ အခါမည်၏။
၂-အနည်းဆုံး လေးပါး ဟတ္ထပါသ်မစွန့်ပဲ တသိမ်တည်း နေခြင်းသည် ကမ္မပတ္တအခါ မည်၏။
၃-သဘောတူသောဝတ္ထု လွန်ကျူးမှုကြောင့် သင့်သောအာပတ် မရှိခြင်းသည် အသဘာဂါပတ္တိ အခါမည်၏။
၄-လူ၊ ဘိက္ခုနီစသော ဝဇ္ဇနီယ နှစ်ကျိပ်တယောက် သံဃာ့ဟတ္ထပါသ်အတွင်း မရှိခြင်းသည် အဝဇ္ဇနီယ အခါမည်၏။
ဤသို့ သင့်လျော်သော အခါလေးပါး ရှိသော ဥပုသ်ကံသည် ပတ္တကလ္လ ဥပုသ်ကံ မည်၏။
ဝိနည်းကံ ဟူသမျှ ပတ္တကလ္လဖြစ်မှ ပြုရသည်။ အင်္ဂါကား အချို့လေးငါး၊ အချို့ငါးပါး စသည်ဖြင့် ကံအားလျော်စွာ အမျိုးမျိုး ဖြစ်ကုန်၏။
၄။ အာရာဓနာကာရ
ပုဗ္ဗကရဏ ပုဗ္ဗကိစ္စာနိ သမာဒပေတွာ ဒေသိတာပတ္တိကဿ သမဂ္ဂဿ ဘိက္ခု သံဃဿ အနုမတိယာ ပါတိမောက္ခံ ဥဒ္ဒိသိတုံ အာရာဓနံ ကရောမ။
ပုဗ္ဗကရဏ ပုဗ္ဗကိစ္စာနိ၊ ပုဗ္ဗကရဏလေးပါး ပုဗ္ဗကိစ္စငါးပါးတို့ကို။
သမာဒပေတွာ၊ ကောင်းစွာ ပြီးစေပြီး၍။
ဒေသိတာပတ္တိကဿ၊ ကြားအပ်သော အာပတ်ရှိသော။
ဝါ၊ အာပတ် ဒေသနာကြားပြီး ဖြစ်၍ ပတ္တကလ္လ ဥပုသ်ကံ ရှိသော။
သမဂ္ဂဿ၊ စိတ်တူကိုယ်မျှ ဖြစ်သော။
ဘိက္ခု သံဃဿ၊ ရဟန်းသံဃာ၏။
အနုမတိယာ၊ အလိုဆန္ဒအား လျော်သောအားဖြင့်။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ဥဒ္ဒိသိတုံ၊ ပြခြင်းငှာ။
အာရာဓနံ၊ အားထုတ်ခြင်းကို။
ဝါ၊ နှစ်သက်ခြင်းကို။
မယံ၊ ငါတို့သည်။
ကရောမ၊ ပြုကုန်အံ့။
အဓိပ္ပါယ်
“မချွတ်ပြုထိုက်လျှင် ကရဏ၊ မပြုသော်လည်း သင့်တော်လျှင် ကိစ္စ” ဟူသော သုတ္တန်အဋ္ဌကထာနည်းဖြင့် တံမြက်လှည်းခြင်း စသော လေးပါးသည် မချွတ် ပြုထိုက်သောကြောင့် ပုဗ္ဗကရဏမည်၏။ ဆန္ဒ လျှောက်ကြားခြင်းစသော ငါးပါးသည် မလျှောက်ကြားသော်လည်း သင့်တော်၏။ ဥပုသ်ကံပြုနိုင်၏။ ထို့ကြောင့် ပုဗ္ဗကိစ္စ မည်၏။ ဆန္ဒထိုက်သူ၏ ဆန္ဒကိုကား ဆောင်ရသည်သာတည်း။ (သင့်အောင် ယူနိုင်ရမည်။) ပါဠိတော်၌ “ပုဗ္ဗကိစ္စကိုးပါး” ဟု အမည်ပေးသည်။
ပြုခြင်း၊ ပြုခိုင်းခြင်းဖြင့် ကောင်းစွာ ပြီးစေသမျှသည် သမာဒပေတွာ မည်၏၊ သံ+အာ+အပ+ဏေ+တွာ = ကောင်းစွာ+ကြွင်းမဲ့+ပြီး+စေ+၍ - ဒအက္ခရာ မလာလျှင် သမာပေတွာ။ လာလျှင် သမာဒပေတွာ။
ဒေသနာဂါမ်ဝုဋ္ဌာနဂါမ်ဖြင့် ကြား၍ ထင်စွာပြု၍ စင်ကြယ်သော သံဃာသည် ဒေသိတာပတ္တိက မည်၏။ သမာနသံဝါသက ရဟန်းသည် သမဂ္ဂ မည်၏။ ဥက္ခိတ္တကကံပြုခံရသော ကမ္မနာနာသံပါသကရဟန်း၊ ဥက္ခိတ္တာနုဝတ္တကဖြစ်သော လဒ္ဓိနာနာသံဝါသက ရဟန်းနှစ်မျိုးကား သမဂ္ဂ မမည်။
စတုဝဂ်၊ ပဉ္စဝဂ်စသော သံဃာအားလုံးသည် ဘိက္ခုသံဃ မည်၏။ အလိုဆန္ဒသည် မတိ မည်၏။ ပညာကို မယူရ။ အနု-သည် အနုရူပနက်ဟောသော ဥပသာရပုဒ်။ အာဏာ ထား၍ ပညတ်အပ်သော ပါတိမောက် သိက္ခာပုဒ်သည် ပါတိမောက္ခ မည်၏။
ပြောခြင်း၊ ဟောခြင်း၊ သိစေခြင်း၊ ပေါ်လွင်အောင် ပြုခြင်း၊ ထင်စွာပြုခြင်းသည် ဥဒ္ဓိသိတုံ မည်၏။ အာဏာပါတိမောက်ကို ပြုခြင်းငှာ အားထုတ်ခြင်းကို သူလည်းပြု၊ သင်လည်းပြု၊ ငါလည်းပြု။ ထို့ကြောင့် ငါတို့ ပြုကုန်အံ့ဟု ပေါင်း၍ ဝန်ခံခြင်းသည် အာရာဓနံ ကရောမ မည်၏။ ဤသို့ အာရာဓနာကာရ ပြုသောအခါ ရဟန်း သံဃာအားလုံးသည် သာဓု-သာဓုဟု ဝန်ခံကြသည်။ ဤသို့ ဝန်ခံပြီးမှ သုဏာတု မေ-စသည်ဖြင့် အာဏာပါတိမောက်ကို ပြသည်။
ပုဗ္ဗကရဏဂါထာ၊ ပုဗ္ဗကိစ္စဂါထာ၊ ပတ္တကလ္လဂါထာ၊ ဤသုံးဂါထာတို့သည် အဋ္ဌကထာ ဆရာတို့ ချုံး၍ မိန့်ဆိုအပ်သော ဂါထာတို့ ဖြစ်ကုန်၏။ အာရာဓနာကာရ စကားစဉ် ကား ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ မလာ။ မူလသိက္ခာကျမ်း၌သာ လာသည်။ ဆရာမြတ်တို့၏ အတ္တနောမတိ ဖြစ်ရာ၏။
နိဒါနုဒ္ဒေသ ခွင့်ပြုတော်မူခြင်း
ရာဇဂြိုဟ်ပြည်၌ တိတ္ထိပရိဗိုဇ်တို့သည် ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်တို့၌ စည်းဝေး၍ တရားဟောကုန်၏။ တိတ္ထိတို့ ပြုထိုက်၊ မပြုထိုက်တရားမျိုး ဟောကုန်၏။ ဗိမ္ဗိသာရ မင်းကြီးသည် ထိုအကြောင်းကို ဘုရားရှင်အား လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို ထို့အတူ စည်းဝေးစေ၏။ တရားဟောစေ၏။ ထို့နောက် ငါဘုရား ပညတ်သော သိက္ခာပုဒ်တို့ကို ပါတိမောက်ပြခြင်းငှာ ခွင့်ပြုရမူ ကောင်းလေစွ၊ ရဟန်းတို့အား ဥပုသ်ကံ ဖြစ်လတ္တံ့ဟု ကြံတော်မူ၍ တရား ဟောပြီးလျှင် ချစ်သားတို့၊ ပါတိမောက်ပြခြင်းငှာ ခွင့်ပြု၏။ ပါတိမောက်ပြပုံကား - ဗျတ္တပဋိဗလ ရဟန်းသည် သံဃာကို သိစေရမည်။ သုဏာတု မေ ဘန္တေ သံဃော (လ) အာဝိကတာ ဟိဿ ဖာသု ဟောတိ-ဤသို့ သိစေရမည်ဟု နိဒါန်း ပါဠိကို မိန့်တော်မူသည်။ နိဒါန်းအဓိပ္ပာယ် ကိုလည်း ချဲ့ဟောတော်မူသည်။
ဤနိဒါန်း၌ ဉတ်ထာခြင်း၊ ပုဗ္ဗကိစ္စမေးခြင်း၊ သဝနဝိဓိ၊ ပိသုဒ္ဓါရောစနဝိဓိ၊ အနာရောစနအာပတ္တိ ဟု ပိဏ္ဍတ္ထငါးခု ခွဲအပ်၏ဟူ၍ ဋီကာဆိုသည်။ ငါးချိုးခွဲအံ့။
၁။ ဉတ်ထားခြင်း
သုဏာတု မေ ဘန္တေ သံဃော။ အဇ္ဇု ပေါသထော ပန္နရသော (စာတုဒ္ဒသော)။ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဥပေါသထံ ကရေယျ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ။
ဘန္တေ၊ အရှင်ဘုရားတို့။
သံဃော၊ သံဃာသည်။
မေ၊ အကျွန်ုပ်၏။
(ဝစနံ၊ စကားကို။)
သုဏာတု၊ နာတော်မူလော့။
အဇ္ဇ၊ ယနေ့။
ဥပေါသထော၊ ဥပုသ်နေ့သည်။
ပန္နရသော၊ တဆယ့်ငါးရက် ပြည့်သောနေ့တည်း။
(စာတုဒ္ဒသော၊ တဆယ့်လေးရက် ပြည့်သောနေ့တည်း။)
သံဃဿ၊ သံဃာအား။
ပတ္တ ကလ္လံ၊ လျောက်ပတ်သောအခါရှိသော အင်္ဂါလေးတန် ဥပုသ်ကံသည်။
ယဒိ သိယာ၊ အကယ်၍ဖြစ်ကြားအံ့။
(ဧဝံ သတိ၊ ဤသို့ဖြစ်သည်ရှိသော်။)
သံဃော၊ သံဃာသည်။
ဥပေါသထံ၊ ဥပုသ်ကံကို။
ကရေယျ၊ ပြုရာ၏။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ဥဒ္ဒိသေယျံ၊ ပြရာ၏။
ဝါ၊ ရွတ်ဆိုရာ၏။
အဓိပ္ပါယ်
ဤဉတ်၌ --
၁။ သုဏာတု-ဖြင့် နားထောင်ခြင်းငှာ တိုက်တွန်းသည်။
၂။ မေ-ဖြင့် ပါတိမောက် ပြမည်ဖြစ်သော မိမိကိုယ်ကို ညွှန်ပြသည်။
၃။ ဘန္တေ-ဖြင့် အရိုအသေပြု၍ ဆိုသည်။
၄။ သံဃော-ဖြင့် သိမ်တွင်းရှိ ရဟန်းအပေါင်းကို ဆိုသည်။
၅။ အဇ္ဇုပေါသထော-ဖြင့် ဥပုသ်မဟုတ်သောနေ့ကို ပယ်သည်။
၆။ ပန္နရသော-ဖြင့် (စာတုဒ္ဒသီ၊ ပန္နရသီ၊ သာပဂ္ဂီဟု) နေ့စွမ်း ဥပုသ်သုံးခုတို့တွင် နှစ်ခုကိုပယ်သည်။
၇။ ယဒိ သံဃဿ ပတ္တကလ္လံ-ဖြင့် အင်္ဂါလေးပါး ချွတ်လျက် ဥပုသ်ပြုလျှင် အာပတ်မလွတ်ဟု ပြသည်။
၈။ သံဃော ဥပေါသထံ ကရေယျ-ဖြင့် (သံဃ၊ ဂဏ၊ ပုဂ္ဂလ-ဟု) ပုဂ္ဂိုလ်စွမ်း ဥပုသ်သုံးခုတို့တွင် နှစ်ခုကို ပယ်သည်။
၉။ ပါတိမောက္ခံ ဥဒ္ဒိသေယျ-ဖြင့် (သတ္တုဒ္ဒေသ၊ ပါရိသုဒ္ဓိ၊ အဓိဋ္ဌာန်-ဟု) ပြုအပ်သော အခြင်းအရာစွမ်း ဥပုသ်သုံးခုတို့တွင် နှစ်ခုကိုပယ်သည်။
(ဥပုသ်ကိုးမျိုး ရေတွက်နိုင်ရမည်။)
အာဝုသော၊ ဘန္တေ။
ရာဇဂြိုဟ်၌ ပါတိမောက်ပြပုံ ခွင့်ပြုတော်မူစဉ် “ဗျတ္တ ပဋိဗလ ပါတိမောက်ပြ ရဟန်းသည် ဤစကားအားလုံးဖြင့် သံဃာကို သိစေရမည်” ဟု မိန့်တော်မူ သောကြောင့် သံဃာ့မထေရ်ကြီး ပါတိမောက်ပြလျှင် အာဝုသော၊ သီတင်းငယ် ပြလျှင် ဘန္တေ-ဟု ဆိုရသည်။
တနည်း-မထေရ်ကြီးသည် သံဃာကို အလေးပြု၍ ဘန္တေ၊ သီတင်းငယ်သည် မိမိအောက်ငယ်သူကိုငဲ့၍ အာဝုသော-ဟုဆိုလျှင်လည်း အပြစ်မရှိဟု မိန့်ဆိုကုန်၏။
ပါတိမောက်ပြခြင်း အစိုးရသူ
ထေရာဓေယျံ ပါတိမောက္ခံ-ဟု ဟောသောကြောင့် သံဃာ့မထေရ်သည် ပါတိမောက် ကို အစိုးတရ ပြနိုင်၏။ အနုဇာနာမိ ဘိက္ခဝေ ယော တတ္ထ ဘိက္ခု ဗျတ္တော ပဋိဗလော၊ တဿာဓေယျံ ပါတိမောက္ခံ- ဟု ဟောသောကြောင့် ဗျတ္တ ပဋိဗလဖြစ်သော သီတင်းငယ်သည်လည်း အစိုးတရပြနိုင်၏။ သံဃာမထေရ်သည် အယုတ်ဆုံး နှစ်ဥဒ္ဒေသမျှ သန့်ရှင်းစွာ ရွတ်ဆိုနိုင်လျှင် မထေရ်ကြီးသာ အစိုးရ၏။ ထို့ကြောင့် မထေရ်ကြီးကိုယ်တိုင်သော်လည်း ပြအပ်၏။ သူတပါး ကိုသော်လည်း စေခိုင်းအပ်၏။ နှစ်ဥဒ္ဒေသမျှ မရွတ်ဆိုနိုင်လျှင် ဗျတ္တ ပဋိဗလရဟန်း အစိုးရ၏။
သံဃာအပြား
အထူးမပြု ပုဂ္ဂိုလ်အစုသည် သံဃာ မည်၏။ အထူးအားဖြင့် အရိယာပုဂ္ဂိုလ် ရှစ်ယောက်အပေါင်းသည် ဒက္ခိဏေယျ သံဃာ၊ ပုထုဇဉ်အရိယာ သောင်းပြောင်း ရဟန်းအပေါင်းသည် သမ္မုတိ သံဃာ၊ ဤသို့နှစ်မျိုးပြား၏။
ထိုတွင် သမ္မုတိသံဃာကိုသာ ပါတိမောက်ပြရာ၌ သံဃာဟု အလိုရှိအပ်၏။ အရိယာ ဒက္ခိဏေယျ ဖြစ်ခြင်းမျှကို အလိုမရှိအပ်။ သမုတိသံဃာသည် ဝိနည်းကံစွမ်းဖြင့် စတုဝဂ္ဂသံဃာ၊ ပဉ္စဝဂ္ဂသံဃာ၊ ဒသဂ္ဂသံဃာ၊ ဝီသတိဝဂ္ဂသံဃာ၊ အတိရေကဝီသတိ-ဝဂ္ဂသံဃာ ဟု ငါးမျိုးပြား၏။
ထိုတွင် ရဟန်းလေးပါးအပေါင်းသည် စတုဝဂ္ဂ သံဃာ မည်၏။ ဥပသမ္ပဒ၊ ပဝါရဏာ၊ အဗ္ဘာန၊ ကံသုံးခုဖယ်၍ အလုံးစုံသော သံဃကံကို ပြုနိုင်၏။ ငါးပါးအပေါင်း ပဉ္စဝဂ္ဂသံဃာသည် မဇ္ဈိမဒေသ ဥပသမ္ပဒ၊ အဗ္ဘာနကံတခု ဖယ်၍ ကံအားလုံး ပြုနိုင်၏။ နှစ်ဆယ်အပေါင်း ဝီသတိဝဂ္ဂသံဃာသည် ကံအားလုံး ပြုနိုင်၏။ နှစ်ဆယ်ကျော် အတိရေကဝီသတိဝဂ္ဂသံဃာသည် ကံအားလုံး ပြုနိုင်၏။ ဤသံဃာ နှစ်ခု မပြုနိုင်သော ကံမရှိ။ အတိရေကဝီသတိဝဂ္ဂသံဃာကို မိန့်တော်မူခြင်းဖြင့် ပိုင်းခြားထားသော သံဃာမပြည့်လျှင် မည်သည့်ကံကိုမျှ မပြုအပ်။ ပိုလွန်လျှင် ပြုအပ်၏ဟု ပြတော် မူသည်။ ဤပါတိမောက်ပြသော ဥပုသ်ကံ၌ စတုဝဂ္ဂကို အစပြု၍ သမ္မုတိသံဃာ အားလုံးကို အလိုရှိအပ်၏။
အဇ္ဇုပေါသထော
ဥပုသ်သည် နေ့အစွမ်းဖြင့် စာတုဒ္ဒသိက၊ ပန္နရသိက၊ သာမဂ္ဂီ ဟူ၍ သုံးမျိုးပြား၏။ ဟေမန္တ၊ ဂိမှ၊ ဝဿာန ဥတုသုံးခု၏ တတိယပက္ခနှင့် သတ္တမပက္ခ နှစ်ခုစီသည် စာတုဒ္ဒသိက ဥပုသ် ခြောက်ပါးဖြစ်၏။ အကြွင်းသည် ပန္နရသိက ဥပုသ် တဆယ့်ရှစ်ပါး ဖြစ်၏။ ဤသို့လျှင် တနှစ်၌ ၂၄-ဥပုသ်ဖြစ်၏။ ဤကား ပကတိစာရိတ္တ တည်း။ ဝိကတိစာရိတ္တကား “ချစ်သားတို့၊ တပက္ခတကြိမ် ၁၄-ရက်မြောက်၌၎င်း၊ ၁၅-ရက်မြောက်၌၎င်း၊ ပါတိမောက်ပြခြင်းငှါ ခွင့်ပြုတော်မူ၏”ဟူ၍၎င်း၊ အာဂန္တု တို့သည် အာဝါသိကတို့၏ အလိုသို့လိုက်အပ်၏ ဟူ၍၎င်း ဟောတော်မူသောကြောင့် အကြောင်းထူးရှိလျှင် တပါးသော ၁၄-ရက် (အဖိတ်) နေ့၌လည်း စာတုဒ္ဒသိကဥပုသ် ပြုခြင်းငှါ အပ်သေး၏။
ဥပုသ်ရက် မတူခြင်း
အဋ္ဌကထာကြီး၌ အာဝါသိကတို့သည် အဇ္ဇုပေါသထော စာတုဒ္ဒသော-ဟု ဉတ် ထားကုန်အံ့။ အာဂန္တုကတို့သည် ပန္နရသော-ဟု အယူရှိကုန်အံ့၊ မတားမြစ်အပ်ကုန်။ အာဝါသိကတို့၏ အလိုသို့ လိုက်အပ်၏။ အယူမတူကြောင်းကိုကား အာဂန္တုက တို့သည် အတိတ်ဥပုသ်ကို စာတုဒ္ဒသိပြုခဲ့ကြသည်လည်း ဖြစ်ကုန်ရာ၏။ တိုင်းတပါးမှ လာကြသည်လည်း ဖြစ်ကုန်ရာ၏ဟု ဆို၏။ ရခိုင်ပြည်နှင့် မြန်မာပြည်လည်း ရက်ချင်း သီသီကွဲတတ်၏။ မြန်မာပြည်တွင်း၌လည်း အချို့ကွဲ၏။ အလိုလိုက်ရုံမျှဖြင့် ပြီးစေနိုင်၏။
ပဝါရဏာနေ့
ဥပုသ်နေ့ ၂၄-နေ့တို့တွင် သုံးနေ့သည် ပဝါရဏာနေ့လည်း ဖြစ်သေး၏။ ပုရိမဝါကျွတ် ရဟန်းတို့အား သီတင်းကျွတ်လပြည့်နေ့၊ ပဝါရဏာဝင်လျှင် သီတင်းကျွတ်လကွယ် စာတုဒ္ဒသီနေ့၊ တန်ဆောင်မုန်းလပြည့်နေ့၊ ပစ္ဆိမဝါကျွတ်တို့အား တန်ဆောင်မုန်း လပြည့်နေ့သာ။ ဤသို့ သုံးနေ့ဖြစ်၏။ ဤကား ပကတိစာရိတ္တတည်း။ ဝိကတိစာရိတ္တ ကား အကြောင်းထူးရှိလျှင် သီတင်းကျွတ်လပြည့် အဖိတ်၊ တန်ဆောင်မုန်းလပြည့် အဖိတ် ၁၄-ရက်နေ့တို့၌လည်း စာတုဒ္ဒသီ ပဝါရဏာပြုခြင်းငှာ အပ်သေး၏။
သာမဂ္ဂီနေ့
ကောသမ္ဗကက္ခန္ဓက၌ လာသောနည်းဖြင့် သံဃာကွဲပြီးနောက် အမှုသည်ရဟန်းကို သံဃာ့ဘောင်သို့ သွင်းသောအခါ ထိုဝတ္ထု ငြိမ်းစေခြင်းငှာ သံဃာ၏ညီညွတ်ခြင်းကို ပြုအံ့၊ ထိုခဏ၌ ဥပုသ်ပြုရမည်။ ပါတိမောက်ပြရမည်ဟု ဟော၏။ ထို့ကြောင့် ၁၄-ရက်၊ ၁၅-ရက်မှ တပါးသော နေ့ဖြစ်သော်လည်း သာမဂ္ဂီဥပုသ်နေ့ မည်၏။
(၁၄-ရက်၊ ၁၅-ရက်လည်း သာမဂ္ဂီ မည်၏။ မည်သော်လည်း သာမဂ္ဂီဟု မဆိုပဲ ပကတိနည်းအတိုင်း ပြအပ်၏)။ ဝါကျွတ်သော ရဟန်းတို့အားကား တန်ဆောင်မုန်း လပြည့်အတွင်း ညီညွတ်သော နေ့သာလျှင် သာမဂ္ဂီ ပဝါရဏာနေ့ မည်၏။
နေ့သုံးမျိုး လေးမျိုး
ပရိဝါကမ္မဝဂ်အဋ္ဌကထာ၌ ဥပုသ်နေ့သည် ပြမြဲတိုင်၊ စာတုဒ္ဒသီ၊ ပန္နရသီ၊ ကတ္တိကမာသမှတပါး ၁၁-လ၌ သာမဂ္ဂီဟု သုံးမျိုး။ ပဝါရဏာနေ့ကား ကတ္တိကမာသ၌ သာမဂ္ဂီနေ့၊ ပဝါရဏာ ငင်သောနေ့၊ ပုဏ္ဏမာသီ ၂-နေ့ အားဖြင့် လေးမျိုးဟု ဆို၏။
ဤသို့ ဥပုသ်နေ့ သုံးမျိုးကိုသိ၍ ဥပုသ်ပြုသောအခါ အဇ္ဇုပေါသထော ပန္နရသော-ဟူ၍၎င်း၊ စာတုဒ္ဒသော-ဟူ၍၎င်း၊ သာမဂ္ဂီ-ဟူ၍၎င်း ဉတ်ထား၍ ပြုအပ်၏။ တပါးသောနေ့၌ မပြုအပ်၊ ဥပုသ်မဟုတ်သောနေ့ကို အဇ္ဇုပေါသထော-ဖြင့်ပယ်သည်။
(ပဝါရဏာ၌ အဇ္ဇ ပဝါရဏာပန္နရသီ၊ စာတုဒ္ဒသီ၊ သာမဂ္ဂီ ဟု ဆိုအပ်၏။)
ယဒိ သံဃဿ ပတ္တကလ္လံ
ပတ္တော ကာလော ဣမဿ ကမ္မဿာတိ ပတ္တကာလံ။ ပတ္တကာလမေဝ ပတ္တကလ္လံ-ဟူသော ဝစနတ္ထနှင့်အညီ လျောက်ပတ်သော အခါကာလရှိသောကံသည် ပတ္တကလ္လ မည်၏။ ပတ္တကလ္လဖြစ်မှ ဥပုသ်ကံပြုရသည်။ တပါးသောကံပြုရာ၌ ပတ္တကလ္လ အင်္ဂါသည် လေးပါးသော်၎င်း၊ ငါးပါသော်၎င်း ဖြစ်ရာ၏။ ဤဥပုသ်ကံ ပြုရာ၌ အင်္ဂါလေးပါးရှိ၏။ ထို့ကြောင့် ဥပေါသထော ယာဝတိကာ စ ဘိက္ခူ (လ) ပတ္တကလ္လန္တိ ဝုစ္စတိ-ဟု အဋ္ဌကထာဆရာတို့ မိန့်ဆိုကုန်၏။
ဥပေါသထော
ပတ္တကလ္လအင်္ဂါလေးပါးတို့တွင် ဥပေါသေထော ဟူသည်ကား ဥပုသ်နေ့ သုံးနေ့ တို့တွင် တနေ့နေ့ဖြစ်ခြင်းတည်း။ ဥပုသ်နေ့ဖြစ်မှ သံဃဥပုသ်ကံ ပတ္တကလ္လ ဖြစ်သည်။ တပါးသောနေ့၌ မဖြစ်။ ထို့ကြောင့် “ဥပုသ်နေ့မဟုတ်ပဲ ဥပုသ်ပြုလျှင် ဒုက္ကဋ်” ဟု ဟောသည်။
ယာဝတိကာ စ ဘိက္ခူ
ယာဝတိကာစ ဘိက္ခူ-ဟူရာ၌ အယုတ်ဆုံး ပကတတ်ရဟန်း လေးပါးသည် ဥပုသ်ကံအား လျောက်ပတ်၏။ ထိုရဟန်းလေးပါး ဟတ္ထပါသ်မစွန့်မူ၍ တသိမ်တည်း၌ တည်ခြင်းသည် ကမ္မပတ္တ မည်၏။ ထိုသို့တည်မှ သံဃဥပုသ်ကံ ပတ္တကလ္လဖြစ်သည်။ ထိုသို့ မတည်လျှင် ပတ္တကလ္လ မဖြစ်။ ထို့ကြောင့် “ရဟန်းလေးပါးတို့အား ပါတိမောက် ပြခြင်းငှာ ခွင့်ပြု၏”ဟု မိန့်တော်မူသည်။
ဤ၌ ဥက္ခိတ္တကကံ အပြုခံရသော ရဟန်းနှင့် ပါရာဇိကသို့ ရောက်သော ရဟန်းသည် ပကတတ်မပည်။ ထိုနှစ်ပါးမှ လွတ်လျှင် ပကတတ် မည်၏။
(ပကတိ-ပင်ကိုယ်+အတ္တ - သဘောရှိသောကြောင့် ပကတတ္တ မည်၏။)
ပကတတ်ရဟန်း အချင်းချင်း တထွာထက် မလွန်သော ခြားခြင်းသည် ဟတ္ထပါသ် မစွန့်သည် မည်၏။ နှစ်တောင့်ထွာသည် ဟတ္ထပါသ် မည်သောကြောင့် နှစ်တောင့် ထွာအတွင်း နှစ်ပါးစီ နေရသည်ဟူလို။ (သိမ်အကြောင်း နောက်ဆိုလတ္တံ့။)
သဘာဂါပတ္တိယော စ
သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ - ဟူရာ၌ ရဟန်း အားလုံးသည် ဝိကာလဘောဇန စသော သဘောတူဝတ္ထု တခုကြောင့် လဟုကအာပတ်သို့ ရောက်ခဲ့အံ့။ ဤ အာပတ်သည် သဘာဂအာပတ် မည်၏။ အချင်းချင်းထံ ဒေသနာကြားကောင်းသော အာပတ် ဖြစ်၏။ အနတိရိတ္တဘောဇနကြောင့် ပါစိတ်သင့်သော ရဟန်းထံ၌ကား ဒေသနာ ကြားကောင်း၏။ ပါစိတ်ချင်းတူသော်လည်း ဝတ္ထုချင်း မတူမတူကြောင့် သဘာဂအာပတ် မမည်။ ဝိသဘာဂ မည်၏။
အကယ်၍ ဥပုသ်နေ့၌ ရဟန်းအားလုံး သဘာဂအာပတ် ရှိခဲ့အံ့။ ရဟန်း တပါးကို “အနီးကျောင်းသို့ ဒေသနာသွားကြားချေ”ဟု နေ့ချင်းပြန်စေအပ်၏။ ဤသို့မရလျှင် သုဏာတု မေ ဘန္တေ သံဃော-စသည်ဖြင့် စင်ကြယ်သော ရဟန်း တွေ့သောအခါ ကုစားရလတံ့ဟု ဉတ်တား၍ ဥပုသ်ပြုအပ်၏။ ယုံမှား ရှိခဲ့အံ့။ ယုံမှားကင်းသောအခါ ကုစားရလတံ့ဟု ဉတ်ထား၍ ပြုအပ်၏။
အကယ်၍ ထိုသဘာဂအာပတ်ကို အချင်းချင်း ဒေသနာကြားမိအံ့၊ သုဒေသိတသာ ဖြစ်၏။ စင်ကြယ်၏။ သို့ရာတွင် ဒုက္ကဋ်တခု ထပ်သင့်ပြန်သည်။ ကြားသူလည်း ဒုက္ကဋ်၊ ခံသူလည်း ဒုက္ကဋ်။ ထိုဒုက္ကဋ်ကား ကြားခြင်းဝတ္ထုနှင့် ခံခြင်းဝတ္ထု ကွဲသောကြောင့် နာနာဝတ္ထုက အာပတ်လည်း မည်၏။ အချင်းချင်းလည်း ကြားကောင်း၏။
ဒုတိယတကြိမ် ထပ်ကြားလတ်သော် ထိုရဟန်း နှစ်ပါး စင်ကြယ်၏။ ထိုနှစ်ပါးထံ ကြွင်းသော ရဟန်းတို့လည်း ကြားအပ်ကုန်၏။ “ငါအား အာပတ်ရှိခြင်းကို သင် သိပါလော့” ဟု ပြောမူလည်း ပြောထားအပ်ကုန်၏။ ထိုသို့မပြုပဲ အာပတ်ရှိလျက် ဥပုသ်ပြုလျှင် ဒုက္ကဋ်။ သံဃာအားလုံး သဘာဂ အာပတ်ရှိလျက် ဥပုသ်ပြုလျှင် သံဃာကုန် ဒုက္ကဋ်။ ထိုကြောင့် သဘာဂ အာပတ်ရှိလျှင် ဥပုသ်ကံ ပတ္တကလ္လ မဖြစ်။ ဝိသဘာဂ အာပတ်ရှိအံ့၊ ပတ္တကလ္လ သာတည်း။
---
ဝဇ္ဇနီယာ စ ပုဂ္ဂလာ
ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ-ဟူရာ၌ ၊ ဘိက္ခဝေ သဂဟဋ္ဌာယ ပရိသာယ ပါတိမောက္ခံ ဥဒ္ဒိသိတဗ္ဗံ စသည်ဖြင့် ကြဉ်အပ်သော ဝဇ္ဇနီယပုဂ္ဂိုလ် နှစ်ကျိပ် တယောက်ကို ဟော၏။
လူ၊ ဘိက္ခုနီမ၊ သိက္ခမာန်မ၊ သာမဏေယောက်ျား၊ သာမဏေမိန်းမ၊ သိက္ခာချသော သူ၊ ပါရာဇိက အန္တိမဝတ္ထုသို့ ရောက်သောသူ(၇)။
အာပတ်ကို မရှုခြင်းကြောင့် ဥက္ခိတ္တကကံ အပြုခံရသော ရဟန်း၊
အာပတ် မကုစားခြင်းကြောင့် ဥက္ခိတ္တကကံ အပြုခံရသော ရဟန်း၊
ယုတ်မာသော အယူ မစွန့်ခြင်းကြောင့် ဥက္ခိတ္တကကံ အပြုခံရသော ရဟန်း (၃)။
ပဏ္ဍုက်၊ ထေယျသံဝါသက၊ တိတ္ထိယပက္ကန္တက၊ တိရစ္ဆာန်၊ အမိသတ်သူ၊ အဖသတ်သူ၊ ရဟန္တာသတ်သူ၊ ဘိက္ခုနီမ ဖျက်ဆီးသူ၊ သံဃာသင်းခွဲသူ၊ ဘုရား သွေးစိမ်းတည်အောင် ပြုသူ၊ ဥပတောဗျည်း (၁၁)။
ဤနှစ်ကျိပ်တယောက်ရှိလျှင် ပါတိမောက် မပြအပ်။ နှစ်တောင့်ထွာ ဟတ္ထပါသ်မှ အပပြု၍ ကြဉ်ရသည်။ မကြဉ်လျှင် ဥပုသ်ကံ ပတ္တကလ္လ မဖြစ်။ ဥက္ခိတ္တက သုံးယောက် မကြဉ်ရာ၌ သံဃာအားလုံး ပါစိတ်။ ကြွင်း ၁၀- ယောက် မကြဉ်ရာ၌ ဒုက္ကဋ်။
*လူ၊ နီ၊ သိက္ခ (၃)။
သာ-နှစ်ဝ (၂)။
သိက္ခံ၊ အန္တိမာ (၂)။
မစွန့်၊ မကု၊ ပြစ်မရှူ-သုံးခု ဥက္ခိတ္တာ (၃)။
ပဏ်၊ ထေ၊ ပက်၊ စ္ဆာန် (၄)။
ပဉ္စာနန် (၅)။
ဒူသံ၊ ဥဘောပါ (၂)။
ဝဇ္ဇနီယ-ဧက်ဝီသ-ထုတ်ပြပါဠိမှာ။
(အစ်ဟုဖတ်၊ အက်မဖတ်နှင့်)
ဥက္ခိတ်သုံးရပ်-ပါစိတ်မှတ် (၃)။
ကြွင်းလတ် ဒုက္ကဋာ (၁ဂ)။
ဤနှစ်ကျိပ်တယောက်တို့တွင် ရဟန်းပြု မပေးအပ်ဟု အပယ်ခံရသော ဂဠုန်၊ နဂါး၊ နတ်၊ သိကြား စသည်တို့သည် တိရစ္ဆာန် မည်ကုန်၏။ ဤသူတို့သာ လူအသွင်ရှိ၍ ရဟန်းအဖြစ် အပယ်ခံကြရသည်။ ခွေး၊ ဝက်၊ ကျွဲ၊ နွား စသည်တို့ကား လူအသွင် မရှိကြ၊ ရဟန်းပြုပေးပါ ဟူ၍လည်း မတောင်းပန်ကြ။ ထို့ကြောင့် အပယ်ခံရသည် မဟုတ်သော်လည်း စကား၌ ထည့်ပြောစရာတို့ပင် မဟုတ်ကုန်။ တိတ္ထိပရိဗိုဇ်တို့ကား လူအဖြစ်ဖြင့် ရေတွက်အပ်သော ဝဇ္ဇနီယတို့ ဖြစ်ကုန်၏။ ပဏ္ဍုက်အစ ဥဘတောဗျည်း အဆုံး ၁၁-ယောက်သည် သာသနာတော်နှင့် မထိုက်သောကြောင့် အဘဗ္ဗပုဂ္ဂိုလ်တကျိပ်တယောက် မည်၏။ ရဟန်းအဖြစ်၊ ရှင်အဖြစ် မရထိုက်။
ဤသို့လျှင် --
၁။ ဥပုသ်ကံ ပြုရာ၌ ဥပုသ်နေ့ ဖြစ်ခြင်း၊
၂။ ကမ္မပတ္တ ရဟန်းတို့ ဟတ္ထပါသ် မစွန့်ပဲတည်ခြင်း၊
၃။ သဘာဂ အာပတ်မရှိခြင်း၊
၄။ ဝဇ္ဇနိယ ကြဉ်ခြင်း-
အားဖြင့် ပတ္တကလ္လ အင်္ဂါလေးပါးရှိ၏။
သံဃော ဥပေါသထံ
သံဃော ဥပေါသထံ ကရေယျ-ဟူသော ပါဌ်ဖြင့် သံဃဥပုသ်ကို ပြတော်မူသည်။ ဥပုသ်သည် ကာရက အစွမ်းဖြင့် သံဃ၊ ဂဏ၊ ပုဂ္ဂလ-ဟု သုံးမျိုးရှိ၏။ ထိုသူ မျိုးတို့တွင် နှစ်မျိုး ပယ်၍ သံဃဥပုသ်ကိုသာ ပြတော်မူသည်။
ပါတိမောက္ခံ
ပါတိမောက္ခံ ဥဒ္ဒိသေယျ - ဟူသော ပါဌ်ဖြင့် သုတ္တုဒ္ဒေသ ဥပုသ်ကို ပြတော်မူ၏။ ဥပုသ်သည် ပြုအပ်သော အခြင်းအရာ ကာတဗ္ဗာကာရ အစွမ်းဖြင့် သုတ္တုဒ္ဒေသ၊ ပါရိသုဒ္ဓိ၊ အဓိဋ္ဌာန်-ဟု သုံးမျိုးရှိ၏။ ထိုတွင် နှစ်မျိုးပယ်၍ သုတ္တုဒ္ဒေသဥပုသ်ကိုသာ ပြတော်မူသည်။
ပါတိမောက်ပြခြင်း နှစ်မျိုး
သုတ္တုဒ္ဒေသ မည်သည် ပါတိမောက် ပြခြင်းတည်း။ ပါတိမောက်ပြခြင်းသည် ဩဝါဒပါတိမောက်ပြခြင်း၊ အာဏာပါတိမောက်ပြခြင်းဟု နှစ်မျိုးရှိ၏။ ထိုတွင် -
ခန္တီ ပရမံ တပေါ - စသော သုံးဂါထာသည် ဩဝါဒပါတိမောက်မည်၏။ ၎င်းကို ဘုရားရှင် တို့သာ ပြကုန်၏။ သာဝကတို့ မပြကုန်။
သုဏာတု မေ ဘန္တေ သံဃော - စတင်၍ ပညတ်သော ပါတိမောက်သည် အာဏာ ပါတိမောက် မည်၏။ ၎င်းကို သာဝကတို့သာ ပြကုန်၏။ ဘုရားရှင်တို့ မပြကုန်။ ဤသုတ္တုဒ္ဒေသ အရာ၌ အာဏာပါတိမောက်သာလျှင် ဆိုလိုရင်း ပါတိမောက်ဖြစ်၏။
ပါရိသုဒ္ဓိဥပုသ်
သုတ္တုဒ္ဒေသမှတပါး ပါရိသုဒ္ဓိဥပုသ်ကား တပါးသော ရဟန်းတို့ထံ ပါရိသုဒ္ဓိကြားခြင်း၊ အချင်းချင်း ပါရိသုဒ္ဓိ ကြားခြင်း ဟု နှစ်မျိုးပြား၏။ တပါးသော ရဟန်းတို့ထံ ကြားခြင်း သည်လည်း ပဝါရဏာပြုသော ရဟန်းတို့ထံ ကြားခြင်း၊ ပဝါရဏာ မပြုသော ရဟန်းတို့ထံ ကြားခြင်းဟု နှစ်မျိုးပြား၏။
ချဲ့ဦးအံ့ -
သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့ ဖြစ်အံ့၊ ပဝါရဏာ ပြုသော ရဟန်းတို့ထံ၌ ပစ္ဆိမဝါကပ်၊ ဝါမကပ်၊ ဝါပြတ် ရဟန်းတို့သည် ကာယသာမဂ္ဂီပေး၍ (ဝါ) ဟတ္ထပါသ် ချဉ်းကပ်၍ ပဝါရဏာအပြီးတွင် “ပရိသုဒ္ဓေါ အဟံ ဘန္တေ၊ ပရိသုဒ္ဓေါတိ မံ ဓာရေထ” ဟု သုံးကြိမ်ကြားအပ်၏။ တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်အံ့။ ပဝါရဏာပြုသော ရဟန်းတို့ထံ ပုရိမ ဝါကပ်၊ ဝါမကပ်၊ ဝါပြတ် ရဟန်းတို့သည် ထိုအတူ သုံးကြိမ် ကြားအပ်၏။
ပဝါရဏာနေ့မှ တပါးသော ဥပုသ်နေ့ဖြစ်အံ့၊ အာဝါသိကတို့ ပါတိမောက်ပြပြီး၍ မထသေးမီဖြစ်စေ၊ အချို့ ထသည်ဖြစ်စေ၊ အားလုံးထပြီးမှဖြစ်စေ ဥပုသ်ပြုခြင်းငှါ ရောက်လာသော ရဟန်းတို့ အရေအတွက် တူလျှင်၎င်း၊ နည်းလျှင်၎င်း ပါတိမောက် ပြပြီးသော ရဟန်းတို့ထံ၌ ပါရိသုဒ္ဓိ သုံးကြိမ်စီ ကြားအပ်၏။ ပါတိမောက်ပြစဉ် ရောက်လာကုန်အံ့၊ ပြဆဲ ပါတိမောက်ကို နာကြားအပ်၏။ ပါရိသုဒ္ဓိကြားဖွယ် မရှိ။ နောက်ရောက်ရဟန်းတို့ အရေအတွက် များလျှင်ကား ပါတိမောက် ပြန်၍ ပြအပ်၏။
အားလုံးထပြီးမှ-ဟူသည်၌ ဝိမတိဋီကာ၌ “ဗဟိသီမဂတာယ ပရိသာယ တေသု ယဿ ကဿစိ သန္တိကေ အနဓိဋ္ဌိတေဟိ ပါရိသုဒ္ဓိံ အာရောစေတုံ ဝဋ္ဋတီတိ ဝဒန္တိ-ဟုဆို၏။
(ပရိသတ် သိမ်မရောက်လျှင် ထို တဦးဦးထံ အဓိဋ္ဌာန် ဥပုသ် မဆောက်တည် သေးသော ရဟန်းသည် ပါရိသုဒ္ဓိကြားအပ်၏ ဟု မိန့်ဆိုကုန်၏ ဟူလို)။
အချင်းချင်း ပါရိသုဒ္ဓိကြားခြင်းကား ဉတ်ထား၍ကြားခြင်း၊ ဉတ်မထား မူ၍ကြားခြင်း ဟုနှစ်မျိုးပြား၏။ ကျောင်းတိုက်တခု၌ ရဟန်းသုံးပါးရှိအံ့၊ ဥပုသ်နေ့ စည်းဝေးသော အခါ ရဟန်းတပါးသည်-
သုဏန္တု မေ အာယသ္မန္တာ။ အဇ္ဇုပေါသထော ပန္နရသော (စာတုဒ္ဒသော)။ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ မယံ အညမညံ ပါရိသုဒ္ဓိ ဥပေါသထံ ကရေယျာမ–
ဟူ၍ ဤသို့ ဉတ်ထားအပ်၏။ ထို့နောက် သီတင်းကြီးသည် ပခုံးတဖက် စမ္ပာယ်တင်၊ ဆောင့်ကြောင့်ထိုင်၊ လက်အုပ်ချီလျက် “ပရိသုဒ္ဓေါ အဟံ အာဝုသော၊ ပရိသုဒ္ဓေါတိ မံ ဓာရေထ” ဟု သုံးကြိမ်ကြားအပ်၏။ သီတင်းငယ်တို့လည်း ထို့အတူ ဘန္တေ-ဟု ဆို၍ ကြားအပ်၏။ ရဟန်းနှစ်ပါးသာရှိအံ့၊ ဉတ် မထားမူ၍ ပါရိသုဒ္ဓိ ကြားအပ်၏။
အဓိဋ္ဌာန်ဥပုသ်
ရဟန်းတပါးတည်းသာ ရှိအံ့၊ ပုဗ္ဗကရဏ အားလုံးပြုပြီးလျှင် တပါးသောရဟန်းတို့ ရောက်လာကြကုန်လတံ့လော ဟု စောင့်အပ်၏။ ရောက်လာလျှင် ထိုရဟန်းတို့နှင့် ပြုအပ်၏။ မရောက်လာကုန်လတ္တံ့ ဟု သိရသောအခါ “အဇ္ဇ မေ ဥပေါသတော ပန္နရသော (စာတုဒ္ဒသော) အဓိဋ္ဌာမိ” ဟု ဆိုအပ်၏။ ဤကား အဓိဋ္ဌာန် ဥပုသ်တည်း။
ဤသို့ ကာတဗ္ဗာကာရစွမ်းဖြင့် ဥပုသ်သုံးမျိုး သိအပ်၏။
ဤတွင် ဥပုသ်ကိုးမျိုး ပြခြင်း စုံလင်ပြီ။
ဥပုသ်နေ့ ဖဲသွားမှု
နေ့အစွမ်းဖြင့် ပန္နရသိက၊ ကာရကစွမ်းဖြင့် သံဃ၊ ကာတဗ္ဗာကာရစွမ်းဖြင့် သုတ္တုဒ္ဒေသ၊ ဤလက္ခဏာ သုံးပါးရှိသော ဥပုသ်သည် ဤ ဥပပါသဉတ်၌ ညွှန်ပြ အပ်သော ဥပုသ် ဖြစ်၏။ ဤသို့သော ဥပုသ်နှင့် ကြုံသောအခါ ဥပုသ်မပြုမူ၍ ထိုဥပုသ်နေ့၌ ရဟန်း မရှိသော အာဝါသ၊ အနာဝါသသို့၎င်း။ နာနာသံဝါသက (ဥက္ခိတ္တက) ရဟန်း ရှိသော အာဝါသ၊ အနာဝါသသို့၎င်း နေခြင်းငှါ မသွားအပ်။ သွားငြားအံ့၊ ဒုက္ကဋ်။ အဓိဋ္ဌာန်ဥပုသ် ပြုခြင်းငှါ သွားလျှင်လည်း ဒုက္ကဋ်။ သံဃာနှင့် အတူသွားအံ့၊ အန္တရာယ်ဆယ်ပါး တပါးပါးရှိ၍ သွားအံ့၊ အနာပတ္တိ။ သမာနသံဝါသက ရဟန်းရှိရာ အာဝါသ၊ အနာဝါသသို့ သံဃဥပုသ်ပြုခြင်းငှါ သံဃဥပုသ်ပြုရာမှ သွားအံ့၊ အနာပတ္တိ။ ပါရိသုဒ္ဓိ ပြုခြင်းငှါ ပါရိသုဒ္ဓိ ပြုရာမှ သွားအံ့၊ အနာပတ္တိ။ ဥပုသ် စွန့်လွှတ်ထားသောကျောင်းမှ အဓိဋ္ဌာန်ဥပုသ်ပြုခြင်းငှါ သွားအံ့၊ အနာပတ္တိ။
တောကျောင်းနေ ရဟန်းသည်လည်း ဥပုသ်နေ့၌ ဆွမ်းခံပြီးသောအခါ မိမိ ကျောင်းသို့သာ ပြန်လာအပ်၏။ တပါးသောကျောင်းသို့ ဝင်အံ့၊ ထိုကျောင်း၌ ဥပုသ်ပြုပြီးမှ ပြန်လာအပ်၏။
၁။ ဉတ်ထားခြင်းအဖွင့် ပြီး၏။
ဘုရားရှင်တို့သာပြသော ဩဝါဒပါတိမောက်
(ကြည်ညိုရန်)(၁) ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ။
န သမဏော ဟောဟိ ပရံ ဝိဟေဌယန္တော။
(၂) သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
(၃) အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ တံ ဗုဒ္ဓါန သာသနံ။
တိတိက္ခာ၊ သည်းခံခြင်းဟု ဆိုအပ်သော။
ခန္တီ၊ အဓိဝါသနခန္တီ မည်သော တရားသည်။
ပရမံ၊ မြတ်သော။
တပေါ၊ အကျင့်တည်း။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ဝါ၊ ဒေါသငြိမ်းခြင်းကို။
ပရမံ၊ မြတ်၏ဟူ၍။
ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။
ဝဒန္တိ၊ ဟောတော်မူကုန်၏။
ပရူပဃာတီ၊ သူတပါးကို ညှဉ်းဆဲလေ့ရှိသောသူသည်။
ဝါ၊ သီလကို ဖျက်လေ့ရှိသောသူသည်။
န ဟိ ပဗ္ဗဇိတော၊ အညစ်အကြေး နှင်ထုတ်သော ရဟန်းမဟုတ်။
ပရံ၊ သူတပါးကို။
ဝိဟေဌယန္တော၊ ညှဉ်းဆဲသော သူသည်။
ဝါ၊ သီလကိုဖျက်သောသူသည်။
န သမဏော ဟောတိ၊ မကောင်းမှုငြိမ်းသော ရဟန်းမဟုတ်။
(ဝိပဿနာဉာဏ်ဟူသော အနုလောမခန္တီကို ဤ၌ အလိုမရှိအပ်သေး၊ သည်းခံခြင်း သာ အဓိဝါသနခန္တီ မည်၏။ ဆိုလွယ်ရန် ဒီဃပြု၍ ခန္တီ-ဟု ဆိုသည်။ ပုဒ်ရင်းကား ခန္တိ-ဖြစ်သည်။ ပရ-သဒ္ဒါသည် သီလအနက်လည်း ဟောသည်)။
သဗ္ဗပါပဿ၊ အလုံးစုံသော အကုသိုလ်ကို။
အကရဏဉ္စ၊ မပြုခြင်း၎င်း။
ကုသလဿ၊ စတုဘူမိက ကုသိုလ်ကို။
ဥပသမ္ပဒါ စ၊ ပြည့်စုံစေခြင်း၎င်း။
သစိတ္တ ပရိယောဒပနဉ္စ၊ မိမိစိတ်ကို ဖြူစင်အောင် သုတ်သင်ခြင်း၎င်း။
ဣတိ-ဧတံ၊ ဤတရားအပေါင်းသည်။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။
သာသနံ၊ အဆုံးအမ သာသနာတော်မြတ်တည်း။
အနုပဝါဒေါ စ၊ မစွပ်စွဲ မကဲ့ရဲ့ခြင်း၎င်း။
အနုပဃာတော စ၊ မညှဉ်းဆဲခြင်း၎င်း။
ပါတိမောက္ခေ၊ ပါတိမောက္ခသံဝရသီလ၌။
သံဂရော စ၊ စောင့်စည်းခြင်း၎င်း။
ဝါ၊ မလွန်ကျူးခြင်း၎င်း။
ဘတ္တသ္မိံ၊ ဆွမ်း၌။
မတ္တညုတာ စ၊ ခံယူခြင်းအတိုင်းအရှည်, သုံးဆောင်ခြင်း အတိုင်းအရှည်သိခြင်း၎င်း။
ပန္တံ၊ ဆိတ်ငြိမ်သော။
သယနာသနဉ္စ၊ ကျောင်းအိပ်ရာ နေရာသို့ ချဉ်းကပ်ခြင်း၎င်း။
အဓိစိတ္တေ၊ စိတ်ကို အစိုးရခြင်း ဟူသော သမာဓိ၌။
အာယောဂေါ စ၊ လုံ့လပြုခြင်း၎င်း။
ဣတိ-ဧတံ၊ ဤတရားအပေါင်းသည်။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။
သာသနံ၊ အဆုံး အမ သာသနာတော်မြတ်တည်း။
(ဆွမ်း၊ ကျောင်း ပစ္စည်းနှစ်ပါးဖြင့် သန္တောသ လေးပါးလုံးကို ပြတော်မူသည်)။
၂။ ပုဗ္ဗကိစ္စ မေးခြင်း
ကိံ သံဃဿ ပုဗ္ဗကိစ္စံ၊ ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ၊ ပါတိမောက္ခံ ဥဒ္ဒိသိဿာမိ။သံဃဿ၊ သံဃာသည်။
ပုဗ္ဗကိစ္စ၊ ကိုးပါးသော ပုဗ္ဗကိစ္စကို။
ကတံ ကိံ၊ ပြုအပ်ပြီလော။
အာယသ္မန္တော၊ အရှင်တို့။
ပါရိသုဒ္ဓိံ၊ မိမိ၏စင်ကြယ်ခြင်းကို။
အာရောစေထ၊ ပြောကြားကြကုန်လော့။
(ပြောကြားသင့်ကြောင်းကား။)
အဟံ၊ ငါသည်။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ဥဒ္ဒိသိဿာမိ၊ ပြပေအံ့။
အဓိပ္ပါယ်အကျဉ်း
ကိံ သံဃဿ ပုဗ္ဗကိစ္စံ-ဟူသော ပဌမစကားဖြင့် ပုဗ္ဗကိစ္စ ပြုပြီးပြီလောဟု မေးသည်။ ပုဗ္ဗကိစ္စမပြုပဲ ဥပုသ်မပြုကောင်းသောကြောင့်တည်း။ ပါရိသုဒ္ဓိံ-စသော ဒုတိယ စကားဖြင့် ပုဗ္ဗကိစ္စပြီးလျှင် မိမိစင်ကြယ်ခြင်းကို ပြောကြပါဟု တိုက်တွန်းသည်။ မစင်ကြယ်လျှင် ပါတိမောက် မနာကောင်းသောကြောင့်တည်း။ ပါတိမောက္ခံ - စသော တတိယစကားဖြင့် ယခုပါတိမောက် ပြတော့မည် ဖြစ်သောကြောင့်ဟု အကြောင်းကို ပြသည်။ ထိုအကြောင်းကြောင့် စင်ကြယ်ခြင်းကို ပြောကြပါ ဟူလို။ ဤပုဗ္ဗကိစ္စကို ပုဗ္ဗကရဏလေးပါး၊ ပုဗ္ဗကိစ္စငါးပါးဟု ခွဲသည်။
ပုဗ္ဗကရဏ လေးပါး
ထို့ကြောင့် သီတင်းကြီးစေခိုင်းလျှင် ကျန်းမာသော ရဟန်းသည် ဥပုသ်အိမ်သို့သွား၍ တံမြက်လှည်းခြင်း၊ ခြေဆေးရေ သောက်ရေ တည်ထားခြင်း၊ နေရာခင်းခြင်း၊ ဆီမထွန်းခြင်း ပြုရသည်။ မပြုလျှင် ဒုက္ကဋ်။ သီတင်းကြီးကလည်း သင့်လျော်သော ရဟန်းကို သိအောင်ပြု၍ စေခိုင်းရသည်။
ဆန္ဒပါရိသုဒ္ဓိ
ဆန္ဒကို လျှောက်ကြားခြင်း စသည်၌ အဆုံးအဖြတ်ကား - ဥပုသ်ပြုအံ့ဟု သံဃာ စည်းဝေးသောအခါ အရပ်တပါး၌ ဥပုသ်ပြုခဲ့သော ရဟန်းသည် ကာယသာမဂ္ဂီကို ပေးအပ်၏။ ဝါ၊ ဟတ္ထပါသ်သို့ ကပ်အပ်၏။ မကပ်လိုလျှင် ဆန္ဒပေးရသည်။ ဥပုသ်မပြုရသေးသော ဂိလာနရဟန်း၊ ကိစ္စပ္ပသုတရဟန်း၊ ဤနှစ်ပါးကား ပါရိသုဒ္ဓိ ပေးရသည်။ ဆန္ဒလည်း ပေးရသည်။
(ဤရဟန်း သုံးပါးတို့တွင် သုံးပါးလုံး ဆန္ဒ၊ နှစ်ပါး ပါရိသုဒ္ဓိ ပေးရသည်။)
ဆန္ဒပေးပုံကား -
ရဟန်းတပါးထံ၌ “ဆန္ဒံ ဒမ္မိ၊ ဆန္ဒံ မေ ဟရ၊ ဆန္ဒံ မေ အာရောစေဟိ”ဟူ၍ အနက်ကို ကိုယ်ဖြင့်၎င်း၊ နှုတ်ဖြင့်၎င်း သိစေရသည်။ ပါရိသုဒ္ဓိ ပေးပုံကားက “ပါရိသုဒ္ဓိံ ဒမ္မိ၊ ပါရိသုဒ္ဓိ မေ ဟရ၊ ပါရိသုဒ္ဓိံ မေ အာရောစေဟိ”ဟု သိစေရသည်။
အကျိုးအပြစ်ကား -
သံဃာအား ဥပုသ်ကံမှတပါးသော ကံပြုဖွယ်ရှိတတ်သည်။ ထို့ကြောင့် ပါရိသုဒ္ဓိ ပေးသော ရဟန်းသည် ဆန္ဒကိုလည်း ပေးခြင်းငှာ ခွင့်ပြု၏ဟု ဟောသည်။ ပါရိသုဒ္ဓိ ပေးအံ့၊ သံဃာအား ဥပုသ်ပြုခြင်း၊ မိမိအား ဥပုသ်ပြုခြင်း နှစ်ကိစ္စသာ ပြီးသည်။ ကြွင်းသောသံဃကိစ္စ မပြီး။ ဆန္ဒပေးအံ့၊ သံဃာအား ဥပုသ်ပြုခြင်း၊ ကြွင်းသံဃ ကိစ္စပြီးခြင်း နှစ်ကိစ္စသာ ပြီးသည်။ မိမိဥပုသ်ကိစ္စမပြီး။ ထို့ကြောင့် ပါရိသုဒ္ဓိပေးလျှင် ဆန္ဒလည်း ပေးရသည်။
ရောက်ပုံ မရောက်ပုံ
ရဟန်းအများ၏ ဆန္ဒပါရိသုဒ္ဓိကို ရဟန်းတပါးတည်း ဆောင်ခြင်းငှာလည်း အပ်၏။ ဆောင်လာစဉ် ခရီးအကြား၌ ရဟန်းတပါးကိုတွေ့၍ အများ၏၎င်း၊ မိမိ၏၎င်း ဆန္ဒ ပါရိသုဒ္ဓိကို တဆင့်ပေးလျှင်ကား မိမိ၏ ဆန္ဒပါရိသုဒ္ဓိသာ သံဃာ့ထံသို့ ရောက်သည်။ အများ၏ ဆန္ဒပါရိသုဒ္ဓိကား မရောက်။ သံကွင်းဆက် အဆင့်ဆင့် အလားတူဖြစ်၏။ ထို့ကြောင့် သံဃာ့ထံ ကိုယ်ဟိုသွား၍ လျှောက်ကြားအပ်၏။ စေတနာနှင့်တကွ လွန်ကျူး၍ မလျှောက်ကြားအံ့၊ ဒုက္ကဋ်။ ဆန္ဒပါရိသုဒ္ဓိကား မလျှောက်ကြား သော်လည်း သံဃာ့ဟတ္ထပါသ်သို့ ချည်းကပ်၍ -
“တိဿော နာမ ဘန္တေ ဘိက္ခု၊ ဆန္ဒံ ဒေတိ (ပါရိသုဒ္ဓိံ ဒေတိ)။
တမဟံ အာဟရာမိ တမဟံ အာရောစေမိ”
ဟု သိစေအပ်၏။ ဂဏ၊ ပုဂ္ဂလထံကား ပေးသော်လည်း မရောက်ကောင်း။
ဥတုက္ခာနံ
ဥတုသုံးပါး ပြောကြားခြင်းသည် ဥတုက္ခာန မည်၏။ တန်ဆောင်မုန်းလဆုတ်ရက်မှ တပေါင်းလပြည့်အထိ(ကျော်တရက် မပါ) လေးလသည် ဟေမန္တ = ဆောင်းဥတု မည်၏။ တပေါင်းလဆုတ်ရက်မှ ဝါဆိုလပြည့်အထိ လေးလသည် ဂိမှ = နွေဥတု မည်၏။ ဝါဆိုလဆုတ်ရက်မှ တန်ဆောင်မုန်းလပြည့်အထိ လေးလသည် ဝဿာန = မိုးဥတု မည်၏။ ဤဥတု၌ ပက္ခ ဤမျှလွန်ပြီ၊ ဤမျှ ကြွင်းသေးသည်ဟု လျှောက်ကြား ရသည်။
ဘိက္ခုဂဏနာ
ရဟန်းရေတွက်ခြင်းသည် ဘိက္ခု ဂဏနာမည်၏။ ယခု ဥပုသ်အိမ်၌ ရဟန်းဤမျှ စည်းဝေးရောက်လာကြသည်ဟု အရေအတွက် လျှောက်ကြားရသည်။ ဥတုက္ခာန၊ ဘိက္ခု ဂဏနာ ဤနှစ်ပါးကိုလည်း ပြုပြီးမှသာ ဥပုသ်ပြုရသည်။
ဩဝါဒေါ
ဘိက္ခုနီမတို့ တောင်းပန်သော ဩဝါဒသည် ဩဝါဒမည်၏။ ဤဩဝါဒကို မလျှောက်ကြားပဲ ဥပုသ်ပြုခြင်းငှာ မအပ်။ ဘိက္ခုနီမတို့သည် အဖိတ်နေ့၌ (ဝါ) ၁၃-ရက်နေ့၌ လာ၍ “ဤဥပုသ်သည် စာတုဒ္ဒသီလော၊ ပန္နရသီလော” ဟု မေးရသည်။ ဥပုသ်နေ၌လည်း တဖန် လာ၍ “ဩဝါဒအလို့ငှာ ချဉ်းကပ်ခြင်းကို ရပါအံ့လော”ဟု တောင်းပန်ရသည်။ ထိုဩဝါဒတောင်းပန်ခြင်းကို ဗာလ၊ ဂိလာန၊ ဂမိကမှတပါး တောကျောင်းနေသော ရဟန်းပင်ဖြစ်စေ လက်မခံပဲ မနေရ။ လက်ခံပြီးလျှင် ဥပုသ် အိမ်၌ ပါတိမောက်ပြသော ရဟန်းကို ဘိက္ခုနီမတို့ တောင်းပန်ပုံ လျှောက်ကြား ရသည်။
ပါတိမောက်ပြသော ရဟန်းသည် “ဘိက္ခုနောဝါဒကသမ္မုတိရသော ရဟန်း ရှိသလော” ဟု မေး၍ ရှိလျှင် “ထိုရဟန်းထံသို့ ဘိက္ခုနီမတို့ ချဉ်းကပ် စေကုန်သတည်း” ဟု ဆိုအပ်၏။ မရှိငြားအံ့၊ “အဘယ်မထေရ်သည် ဆုံးမခြင်းငှာ စွမ်းနိုင်သနည်း”ဟု မေး၍ အင်္ဂါရှစ်ပါး ပြည့်စုံလျှင် ထိုနေရာ၌ သမုတ်၍ ဤရဟန်း ထံသို့ ချဉ်းကပ်စေကုန်သတည်း”ဟု ဆိုအပ်၏။ ထိုသို့မရှိလျှင် “ပါသာဒိကေန ဘိက္ခုနီသံဃော သမ္ပာဒေတု”ဟု ဆိုအပ်၏။ သိက္ခာသုံးပါးဖြင့် ရေတွက်အပ်သော သာသနာအားလုံးကို ဤမျှစကားကျဉ်းဖြင့် ဟောကြားဆုံးမသည် မည်၏။
ဩဝါဒလက်ခံသော ရဟန်းသည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ အထွက် တရက်နေ့၌ ဘိက္ခုနီမတို့အား ပြောကြားရသည်။ ဘိက္ခုနီမတို့သည်လည်း “နှစ်ယောက် သုံးယောက်သော ဘိက္ခုနီမတို့ကို ဩဝါဒ ရ-မရ သွား၍ မေးကြ”ဟု စေလွှတ် ရသည်။ သွား၍ မေးသောအခါ ပါသာဒိကေန ဘိက္ခုနီ သံဃော သမ္ပာဒေတု-ဟု ဆိုလတ်သော် ကောင်းပါပြီဟု ဝန်ခံအပ်၏။ ဘိက္ခုနီမ အနည်းအများ၊ ရဟန်း အနည်းအများ အားလျော်စွာ စကားအစဉ် ယှဉ်ရသည်။ ဤသို့ ဘိက္ခုနီမတို့ တောင်းပန်သောဩဝါဒကို လျှောက်ကြား၍သာ ဥပုသ်ပြုရသည်။
ပါတိမောက် မနာကောင်းသူ
ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထကား အကျိုး၊
ပါတိမောက္ခံ ဥဒ္ဒိသိဿာမိကား အကြောင်း၊
အဓိပ္ပါယ်ကား --
“ယခု ငါပါတိမောက် ပြတော့မည်။ ထို့ကြောင့် မိမိ၏ စင်ကြယ်ခြင်းကို ပြောကြားကြပါ” ဟု တိုက်တွန်းရသည် ဟူလို။ ကြောင်းကျိုးပြ၍ တိုက်တွန်းရခြင်း ကား မစင်ကြယ်လျှင် ပါတိမောက် မနာကောင်းသောကြောင့်တည်း။ ပါဠိတော်၌ “ချစ်သားတို့၊ အာပတ်ရှိသော ရဟန်းသည် ပါတိမောက် မနာအပ်။ နာကြားအံ့၊ ဒုက္ကဋ်ဟု ဟောသည်။
စောဒနာ၊ သောဓနာ
ဉတ်ထားစဉ်က “သံဃော ဥပေါသထံ ကရေယျ” စသည်ဖြင့် သံဃာသည် ဥပုသ်ပြုရာ၏။ ပါတိမောက်ပြရာ၏” ဟု ဆိုပြီးဖြစ်လျက် ယခုကား “ငါပါတိမောက် ပြမည်” ဟု ဆိုသည်။ စကားရှေ့နောက် မညီဟု အပြစ်တင်ဖွယ်ရှိ၏။
အဖြေကား - စကားမညီသော်လည်း လက္ခဏာအားဖြင့် ညီ၏။ ထို့ကြောင့် “ငါ ပါတိမောက်ပြမည်” ဟူ၍သာ ဆိုရပေသည်။ လက္ခဏာကား - သံဃာ၏ ညီညွတ် ခြင်းကြောင့်၊ ဂဏ၏ ညီညွတ်ခြင်းကြောင့် ပုဂ္ဂိုလ်တဦး၏ ပြခြင်းသည်ပင်။ (ဝါ) ငါပြလျှင်လည်း သံဃာပြသော ပါတိမောက် ဖြစ်လေ၏။
၂။ ပုဗ္ဗကိစ္စမေးခြင်း ပြီး၏။
၃။ သဝနဝိဓိ
တံ သဗ္ဗေဝ သန္တာ သာဓုကံ သုဏောမ မနသိကရောမ။
တံ၊ ထိုပါတိမောက်ကို။
(ငါပြသော သံဃာပြ ပါတိမောက် ဟူလို။)
သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။
သန္တာ၊ ပရိသတ်၌ ထင်ရှားရှိကုန်သော။
မယံ၊ ငါတို့သည်။
သာဓုကံ၊ ကောင်းစွာ။
သုဏောမ၊ နာကုန်အံ့။
မနသိ ကရောမ၊ နှလုံးသွင်းကုန်အံ့။
ဤသို့ ပုဗ္ဗကိစ္စမေးခြင်း၊ ပါရိသုဒ္ဓိအာရောစန တိုက်တွန်းခြင်းတို့ကို ပြီး၍ ယခုအခါ သဝနဝိဓိ = နားထောင်ခြင်း အစီအရင်ကို ပြလို၍ တံ သဗ္ဗေဝ စသည်ကို မိန့်တော်မူသည်။
ထေရ၊ နဝ၊ မဇ္ဈိမ အားလုံးသည် သဗ္ဗေ၀ မည်၏။
(ဤ၌ ငါးဝါမရမီ နဝ၊ ထိုမှ ဆယ်ဝါမရမီ မဇ္ဈိမ၊ ထိုမှ ဝါနှစ်ဆယ်မရမီ အနုထေရ၊ ထိုမှ လွန်လျှင် မဟာထေရ မည်၏။)
ထိုပရိသတ်၌ ရှိသော ရဟန်းတို့သည် သန္တာ မည်ကုန်၏။ ပါတိမောက်ကို လက်ရှိဥစ္စာ ကိုယ်ပိုင်ပြု၍ စိတ်ခိုင်ခိုင်ဖြင့် ဆောင်ယူကာ နားထောင်ကြလျှင် ငါတို့အားလုံးသည် သာဓုကံ သုဏောမ ဖြစ်ကုန်လတ္တံ့။ ထိုသို့ဖြစ်အောင် နားထောင်ကြစို့ဟု တိုက်တွန်းသည်။
စောဒနာ၊ သောဓနာ
“ငါ ပါတိမောက် ပြမည်” ဟု ဆိုခဲ့ခြင်းကြောင့် သုဏောထ၊ သင်တို့နာကြ။ မနသိ ကရောထ၊ သင်တို့ နှလုံးသွင်းကြ” ဟု ဆိုသင့်သည် မဟုတ်လော။
အဖြေကား-ဤသို့ဆိုလျှင် သံဃော ဥပေါသထံ ကရေယျ-နှင့် မညီ။ သံဃာ အညီအညွတ် ပြုသော ဥပုသ်ဖြစ်၍ ပါတိမောက် ပြသူလည်း သံဃာ၌ အကျုံးဝင် သူသာ ဖြစ်သည်။ ထို့ကြောင့် “သင်တို့လဲ နားထောင်၊ ငါလဲနားထောင်၊ ပေါင်း၍ ငါတို့ နားထောင်ကုန်အံ့” ဟု သုဏောမ၊ မနသိ ကရောမ-သာ ဆိုသည်။
၃။ သဝနဝိဓိ ပြီး၏။
၄။ ဝိသုဒ္ဓါရောစနဝိဓိ
ယဿ သိယာ အာပတ္တိ၊ သော အာဝိကရေယျ။ အသန္တိယာ အာပတ္တိယာ တုဏှီ ဘဝိတဗ္ဗံ၊ တုဏှီဘာဝေန ခေါ ပနာယသ္မန္တေ ပရိသုဒ္ဓါတိ ဝေဒိဿာမိ။ ယထာ ခေါ ပန ပစ္စေကပုဋ္ဌဿ ဝေယျာကရဏံ ဟောတိ၊ ဧဝမေဝ ဧဝရူပါယ ပရိသာယ ယာဝတတီယံ အနုဿာဝိတံ ဟောတိ။
ယဿ၊ အကြင်ရဟန်းအား။
အာပတ္တိ၊ အာပတ်သည်။
သိယာ၊ ရှိငြားအံ့။
သော၊ ထိုရဟန်းသည်။
အာဝိကရေယျ၊ ထင်စွာပြုရာ၏။
အာပတ္တိယာ၊ အာပတ်သည်။
အသန္တိယာ၊ မရှိလတ်သော်။
တုဏှီ၊ ဆိတ်ဆိတ်။
ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
တုဏှီဘာဝေန ခေါ ပန၊ ဆိတ်ဆိတ်နေခြင်းဖြင့်သာလျှင်။
ဝါ၊ ဆိတ်ဆိတ်နေခြင်းကြောင့်သော်လည်း။
အာယသ္မန္တေ၊ အရှင်တို့ကို။
ပရိသုဒ္ဓါတိ၊ စင်ကြယ်ကုန်၏ ဟူ၍။
ဝေဒိဿာမိ၊ သိရလတံ့။
ပန၊ ဥပမာတူပုံကား။
ပစ္စေက ပုဋ္ဌဿ၊ အသီးသီး မေးအပ်သောသူ၏။
ဝါ၊ အသီးသီး အမေးခံရသည်ရှိသော်။
ဝေယျာကရဏံ ခေါ၊ “ငါ့ကို မေးသည်”ဟု သိ၍ ဖြေကြားခြင်းသည်သာလျှင်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့တည်း။
ဧဝမေဝ၊ ဤအတူသာလျှင်။
ဝါ၊ ဤသို့သာလျှင်။
ဧဝရူပါယ၊ ဤသို့ (ဆိတ်ဆိတ်နေ၍ ဖြေကြားခြင်း) သဘောရှိသော။
ပရိသာယ၊ ရဟန်းပရိသတ်၌။
ယာဝတတီယံ၊ သုံးကြိမ်တိုင်အောင်။
အနုဿာဝိတံ၊ ပြောကြားအပ်သည်။
ဝါ၊ မေးစစ်အပ်သည်။
ဟောတိ၊ ဖြစ်၏။
ယခင် ပုဗ္ဗကိစ္စကို မေးခြင်း၌ ပါရိသုဒ္ဓိအာရောစနကို တိုက်တွန်းခဲ့ပြီ။ ယခုအခါ ထို တိုက်တွန်းရာ၌ မိမိ၏ စင်ကြယ်ခြင်း ပြောကြားပုံနည်းကိုပြလို၍ ယဿ သိယာ စသည်ကို မိန့်တော်မူသည်။
အဓိပ္ပါယ်ကား - အာပတ်ရှိလျှင် ထင်စွာပြု၊ ဖုံးမထားနှင့်။ မရှိလျှင် ဆိတ်ဆိတ်သာနေ။ ဆိတ်ဆိတ်နေခြင်းသည်ပင် စင်ကြယ်ပါသည်ဟု ပြောကြားသည် မည်၏။ ဤသို့ဆိတ်ဆိတ်နေ ဖြေဆိုသော ပရိသတ်၌ သုံးကြိမ်မေးရသည်။ ဝိနည်းထုံးစံ သုံးကြိမ်မေးရသော ပါတိမောက် ဖြစ်သည်။ ထို့ကြောင့် အသံများခြင်း၊ အချိန် ဖြုန်းခြင်း မဖြစ်အောင် စင်ကြယ်သူသည် ဆိတ်ဆိတ်နေခြင်းဖြင့် စင်ကြယ်ခြင်းကို ပြောကြားရသည်။
အာပတ်မရှိခြင်း သုံးမျိုး
အာပတ်သည် ရဟန်းထံသို့ မရောက်၊ (ဝါ၊) ရဟန်းသည် အာပတ်သို့ မရောက်။ ဤသို့မရောက်သော အာပတ်သည် အသန္တီမည်၏။ ရောက်သော်လည်း ဝုဋ္ဌာနဂါမ်၊ ဒေသနာဂါမ်ဖြင့် ကုစားလျှင် အသန္တီမည်၏။ မကုစားသေးသော်လည်း ထင်စွာ ပြောကြားလျှင် ပါတိမောက် နာကောင်းသောကြောင့် အသန္တီ မည်၏။ အာပတ် မရှိသည် မည်၏။ စင်ကြယ်သည် မည်၏။ ဤသို့ အသန္တီ သုံးမျိုးရှိ၏။
မရောက်၊ ကုစား၊ ထင်စွာကြား၊ ၃-ပါး အသန္တိ။
အာပတ်သင့်ကြောင်း ခြောက်ပါး
အာပတ်သင့်ရာ၌ အရှက်မရှိခြင်း၊ မသိခြင်း စသည်ဖြင့် အကြောင်းခြောက်ပါး ရှိ၏။ ထိုတွင် --
၁-ဤအမှုမအပ်-ဟု သိလျက် လွန်ကျူးအံ့၊ အရှက်မရှိခြင်းကြောင့် အာပတ် သင့်သည် မည်၏။ အလဇ္ဇီပုဂ္ဂိုလ်လည်း ဖြစ်၏။
ပရိဝါပါဠိ သိလျက်၌ လွန်ကျူးသော ရဟန်း၊
သင့်သော အာပတ်ကို မကုစား၊ ထင်စွာမကြား၊ ဖုံးထားသော ရဟန်း၊
အဂတိလေးပါး လိုက်စားသော ရဟန်း၊
ဤသုံးယောက်သည် အလဇ္ဇီမည်၏ဟု ဟောသည်။
လွန်ကျူး၊ ဖုံးထား၊ ဂတိလား၊ ၃-ပါး အလဇ္ဇီ။
မအပ်ဟုသိလျက် လျွန်ကျူးခြင်းသည် ဝီတိက္ကမ အန္တရာယ် မည်၏။ နတ်ရွာ နိဗ္ဗာန် ဈာန် မဂ်ဖိုလ်ကို တားသည်။ မသိခြင်းဖြင့် အစိတ္တက အာပတ်သင့်လျှင် အန္တရာယ် မဖြစ်။ အလဇ္ဇီလည်း မဖြစ်သေး။ ဖုံးထားလျှင်ကား ထိုအပြစ်မျိုး မလွတ်။ ထို့ကြောင့် အာပတ်ဟုသိလျှင် မီးခဲနင်းမိသည့်ပမာ ကုစားခြင်း မနှောင်းစေရာ။
၂-ပြုအပ်၊ မပြုအပ်ကို မသိမလိမ္မာသူဖြစ်၍ ပြုအပ်သည်ကို မပြုမိ၊ မပြုအပ်သည်ကို ပြုမိအံ့၊ မသိခြင်းကြောင့် အာပတ်သင့်သည် မည်၏။
၃-ဤအမှု အပ်မည်လော၊ မအပ်မည်လောဟု ဝိနည်း၌ ကုက္ကုစ္စ သံသယ ရှိသူ ဖြစ်လျက် လွန်ကျူးအံ့၊ ကုက္ကုစ္စ နှိပ်စက်ခြင်းကြောင့် အာပတ်သင့်သည် မည်၏။
ဝိနည်းပညတ်တော်၌ အယုံအကြည် မရှိသူသည် သံသယရှိလျက်ပင် ပြုလုပ် တတ်သည်။ အပ်သောအရာ ဖြစ်စေကာမူ သံသယကြောင့် အာပတ်သင့်သည်။ အယုံအကြည်ရှိသူကား အရာရာ၌ပင် သံသယဖြစ်လေ့ ရှိရသည်။ ထိုသံသယ အမြန်ငြိမ်းအောင် ဝိနည်းတတ် ပုဂ္ဂိုလ်ထံ မေးရသည်။ သံသယကင်း၍ အပ်သည်ဟု သိမှ ပြုရသည်၊ မအပ်ဟုသိလျှင် မပြုရ။ သံသယ မငြိမ်းသေးလျှင် မပြုသေးပဲ အမှန်အတိုင်းသိအောင် အမြန်အားထုတ်ရသည်။
ကျမ်းဂန်၌ အပ်မအပ် ထင်ရှားရှိသည်ကို သံသယကြီးခြင်းကား မချီးမွမ်းအပ်။ ဂရုဘက်လိုက်ခြင်းကိုကား ချီးမွမ်းအပ်၏။ အဆုံးအဖြတ် မလေ့လာပဲ “ဂရုကလဟုကေသု ဂရုကေ ဌာတဗ္ဗံ၊ ဧတံ ဝိနယလက္ခဏံ” ဟု ဆိုခြင်းကား အလေးပြုသူ မဟုတ်ဟု ဧကန်သိသင့်၏။
၄−ဝံသားကို ဝက်သားထင်၍ စားအံ့၊ နေလွဲကို နံနက်ထင်၍ စားအံ့၊ မအပ်သည်၌ အပ်သည်ဟု အထင်လွဲခြင်းကြောင့် အာပတ်သင့်သည် မည်၏။
၅-ဝက်သားကို ဝံသား၊ နံနက်ကို နေလွဲထင်၍ စားအံ့၊ အပ်သည်၌ မအပ်ဟု အထင် လွဲခြင်းကြောင့် အာပတ်သင့်သည် မည်၏။
၆-သဟသေယျ ဖြစ်အောင် အိပ်သူ၊ သင်္ကန်းညဉ့်ကင်းအောင် နေသူ ဖြစ်အံ့၊ သတိ မေ့လျော့ခြင်းကြောင့် အာပတ်သင့်သည် မည်၏။
အာပတ် ကုစားနည်း
အကြောင်းခြောက်ပါး တပါးပါးကြောင့် အာပတ် ခုနစ်မျိုး တမျိုးမျိုးသင့်ရာတွင် ပါရာဇိကကို ရဟန်း အဖြစ်မှ စွန့်ခြင်းဖြင့် ကုစားလျှင် စင်ကြယ်သည်။ သံဃာဒိသိသ် ကို ဝတ်စောင့်၍ အဗ္ဘာန်သွင်းခြင်းဖြင့်၊ ကြွင်းအာပတ်ကို ဒေသနာကြားဖြင့် ကုစားလျှင် စင်ကြယ်သည်။
“ငါ့အား ဤအာပတ်ရှိခြင်းကို သင့်အား ပြောကြားပါ၏” စသည်ဖြင့် ထင်စွာပြုခြင်း ကား အသန္တီ မည်၍ အာပတ်တန့်နေသည်။ ကုစားခြင်း မဟုတ်သေး။ ထင်စွာပြုခြင်း အကျိုးကိုလည်း နောက်ဆိုဦးအံ့။
အဖြေနှစ်မျိုး တူပုံ
ဆိတ်ဆိတ်နေလျက် ဖြေခြင်းကို နှုတ်မြွက်၍ ဖြေခြင်းနှင့် ယှဉ်ပြလိုရကား ယထာ ခေါ ပန-စသည်ကို မိန့်တော်မူ၏။ တယောက်စီ သီးခြား အမေးခံရသောသူသည် ပစ္စေကပုဋ္ဌ မည်၏။ ဤသို့ အမေးခံရသောအခါ “ငါ့ကို ဤသူမေးသည်” ဟု သိ၍ ပြန်ဖြေရသည်။ ထို့အတူ “ငါ့ကို ယခု ပါတိမောက် ပြသော ရဟန်း မေးသည်” ဟု သိ၍ ပြန်ဖြေရမည်သာတည်း။ သို့ရာတွင် ဆိတ်ဆိတ်နေခြင်းလည်း စင်ကြယ် ပါသည်ဟု ဖြေခြင်းပင် ဖြစ်သောကြောင့် စင်ကြယ်လျှင် ဆိတ်ဆိတ်သာ ဖြေပါ။ ဆိတ်ဆိတ်နေသူကို စင်ကြယ်သည်ဟု ပါတိမောက်ပြသူ သိနိုင်သည်။ ပါတိမောက် ပြသူသိလျှင်လည်း သံဃာ သိခြင်းပင် ဖြစ်၏။
သုံးကြိမ်မေးအပ်သော ဝိနည်း
ပါတိမောက်ကို သုံးကြိမ် မေးအပ်သည့် အဖြစ်ကို သိစေလိုရကား ဧဝမေဝ ဧ၀ ရူပါယ-စသည်ကို မိန့်တော်မူ၏။ မိမိ၏ စင်ကြယ်ခြင်းကို နှုတ်မြွက်မဖြေ ဆိတ်ဆိတ် ဖြေသော ပရိသတ်၌ ပါတိမောက်ကို သုံးကြိမ် မေးရသည်။ ဤကား ဝိနည်းထုံးစံ မှတ်သားကြောင်း လက္ခဏာတည်း။ ဤ လက္ခဏာစကားဖြင့် အာပတ် ထင်းရှား ရှိသည်ကို သိလျက် ထင်စွာမပြုသူသည် သုံးကြိမ်မေးခြင်း အဆုံး၌ သမ္ပဇာနမုသာဝါဒ ဖြစ်လေ၏-ဟူသော အဓိပ္ပါယ်ကို ပြတော်မူသည်။
သုံးကြိမ်မေးပုံကား --
တတ္ထာယသ္မန္တေ ပုစ္ဆာမိ၊ ကစ္စိတ္ထ ပရိသုဒ္ဓါ။ ဒုတိယမ္ပိ ပုစ္ဆာမိ-စသည်တည်း။ ထိုမေးခြင်းသည်လည်း ပါရာဇိကုဒ္ဒေသ စသည် အဆုံး၌ အာပတ်အသီးသီး မေးပုံ ထင်ရှား၏။ နိဒါန်းအဆုံး၌ မေးစရာအာပတ် (သီးခြား) မထင်ရှား။ မထင်ရှား သော်လည်း ပါတိမောက်ပြရာ၌ အာဝိကတာ ဟိဿ ဖာသု ဟောတိ-ဟုဆိုပြီးလျှင် ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ။ ဘတ္ထာယသ္မန္တေ ပုစ္ဆာမိ-စသည်ဖြင့် ဆိုအပ်သည် သာတည်း။ ဤသို့ဆိုမှ နိဒါန်းပြုခြင်းပြည့်စုံသည်။ မဆိုလျှင် မပြည့်စုံ။ ဤအနက်ကို ရည်၍ -–
ယာဝတတိယံ အနုဿာဝိတံ ဟောတီတိ သကိမ္ပိ အနုဿာဝိတံ ဟောတိ၊ ဒုတီယမ္ပိ အနုဿာဝိတံ ဓဟာတိ၊ တတီယမ္ပိ အနုဿာဝိတံ ဟောတိ -
ဟု ဥပေါသထက္ခန္ဓက၌ ဟောသည်။ နိဒါန်းခွင့်ပြုစဉ် နိဒါန်းအဓိပ္ပါယ် ချဲ့ဟောသည်။ ဤကား ဆရာစဉ်ဆက် ဆောင်ယူသော အဆုံးအဖြတ်တည်း။
ဧကစ္စေဝါဒ
ဧကစ္စေဆရာတို့ ဝါဒကား -- ယဿ သိယာ-စသည်၊ အသန္တိယာ စသည်၊ တုဏှီဘာဝေန စသည်၊ ဤ သုံးဝါကျသည်သာလျှင် သုံးကြိမ်မေးခြင်းဖြစ်၏။ “ငါ့ကိုမေးသည်”ဟု သိအပ်သောစကား သုံးကြိမ် ဖြစ်၏ဟု ဆိုကုန်၏။
ထိုစကားသည် အနက်သဒ္ဒါ ပြားသောကြောင့် မသင့်။ အကြိမ်ကြိမ်မေးခြင်းဟူသည် အနက်သဒ္ဒါ မပြားစကောင်း။ အကယ်၍ သုံးကြိမ် မေးခြင်း ဖြစ်ခဲ့လျှင် နိဒါန်းပြခြင်း မပြီးမီ သုံးဝါကျအဆုံးတွင် အာပတ်သင့်ရာ၏။ အနာပတ္တိ ခေတ်၌ အာပတ် သင့်ခြင်းငှာလည်း မလျောက်ပတ်။ ယဿ သိယာ အာပတ္တိ-၌ အာပတ်သည် ပါရာဇိက သံဃာဒိသိသ်ဟုမသီးခြား၊ ခုနစ်ပါးလုံးနှင့် ဆက်ဆံ၏။ ခုနစ်ပါးလုံးမှ စင်ကြယ်ခြင်းကို တပြိုင်တည်း မေးသည်-ဟုသော်လည်း ဆိုရချေတော့မည်တည်း။
အပရေဝါဒ
အပရေဆရာတို့ ဝါဒကား -- အနုဿာဝိတံ-ဟူသော ပုဒ်ကို အနာဂတ်အနက်ကြံ၍ အထက်ပါရာဇိကုဒ္ဒေသ စသည်အဆုံး၌ ကစ္စိတ္ထပရိသုဒ္ဓါ-စသည်ဖြင့် မေးလတံ့သော စကားသုံးလုံးကိုရည်၍ ယာဝထတီ ယံ အနုဿာဝိတံ-ဟူ၍ ဟောသည်ဟု ဆိုကုန်၏။ အနက်သဒ္ဒါ တူသော်လည်း အနာဂတ် အနက်ကား မသင့်။ အတိတ် ကာလကိုသာ တ-ပစ္စည်းက ပြသည်၊ အနာဂတ် အနက်ဖြစ်ခဲ့လျှင် အနုဿာဝိတံ ဟေဿတိ-ဟု ဟောရာ၏။
ပါရာဇိကုဒ္ဒေသစသည် အဆုံး၌ မေးလတံ့ကိုရည်၍ ဟောခြင်းဖြစ်ခဲ့လျှင် “အာပတ် ကို ထင်စွာမပြုအံ့”ဟု နှလုံးထားသော ရဟန်းအား နိဒါန်းမေးခွန်း ပြီးသော်လည်း မုသာဝါဒဒုက္ကဋ် ဖြစ်ဖွယ်မရှိရာ။ ယော ပန ဘိက္ခု ယာဝတီယံ အနုဿာဝိယမာနေ စသည်ဖြင့် ထင်စွာမပြုလျှင် သမ္ပဇာနမုသာဝါဒဖြစ်သည် ဟု ပစ္စုပ္ပန်အနက် မာန-ပစ္စည်းဖြင့် ဟောထားသည်။ ဟောထားသော်လည်း နိဒါနုဒ္ဒေသ၌ မေးစရာအာပတ် မရှိခြင်းကြောင့် အနက်မဲ့ စကားပို ဟောထားခြင်းသာ ဖြစ်ရချေတော့မည်။ ဤသို့ အသင့်ယုတ္တိ မရှိသောကြောင့် မလျောက်ပတ်သည်သာတည်း။
အထူးမှတ်ဖွယ်
အာပတ်ကိုထင်စွာမပြုအံ့ - ဟူသော စိတ်ဖြစ်တိုင်း ပြုရမည်ကို မပြုသောကြောင့် မုသာဝါဒဖြစ်သည်။ တတိယမ္ပိ ပုစ္ဆာမိ၊ ကစ္စိတ္ထ ပရိသုဒ္ဓါ - အဆုံးတွင် နိဒါန်းမှ သမထအထိ ထိုနေရာသည် အာပတ္တိခေတ်ဖြစ်သည်၊ နိဒါန်းအဆုံး သမထအဆုံး သုံးကြိမ်မေးသောအခါ သာမန် အာပတ်တခုခုရှိလျက် “ထင်ရှားစွာမပြုအံ့” ဟု စိတ်ဖြစ်လျှင် သာမညမုသာဝါဒ၊ ပါရာဇိက (လ) သေခိယ မေးခွန်းအဆုံး၌ ထိုထို ဆိုင်ရာ အာပတ်ရှိလျှင် အထူး မုသာဝါဒ။ ထိုတွင် ပါရာဇိက၏ မုသာဝါဒသည် ဒုက္ကဋ် မသင့်။
မုသာဌာန သာမန် ၂၊ အထူး ၇-ပေါင်း ၉။
ဒုက္ကဋ် ၈၊ မသင့် ၁- ပေါင်း ၉။
သာမန် မုသာဒုက္ကဋ် ၂၊ အထူး မုသာဒုက္ကဋ် ၆၊ အထူးမှသာ အနာပတ္တိ ၁-ပေါင်း ၉။
၄။ ဝိသုဒ္ဓါရောစနဝိဓိ ပြီး၏။
၅။ အနာရောစနာပတ္တိ
ယော ပန ဘိက္ခု ယာဝတတီယံ အနုဿာဝိယမာနေ သရမာနော သန္တိံ အာပတ္တိံ နာဝိကရေယျ၊ သမ္ပဇာနမုသာဝါဒဿ ဟောတိ။ သမ္ပဇာနမုသာဝါဒေါ ခေါ ပနာယသ္မန္တော အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ၊ တသ္မာ သရမာနေန ဘိက္ခုနာ အာပန္နေန ဝိသုဒ္ဓါပေက္ခေန သန္တီ အာပတ္တိ အာဝိကာတဗ္ဗာ။ အာဝိကတာ ဟိဿ ဖာသု ဟောတိ။
ယော ပန ဘိက္ခု ၊ အကြင်ရဟန်းသည်။
ယာဝတတိယံ၊ သုံးကြိမ်တိုင်အောင်။
အနုဿာဝိယမာနေ၊ အဖန်တလဲလဲ မေးအပ်သည်ရှိသော်။
သရမာနော၊ သိလျက်။
သန္တိံ၊ ထင်ရှားရှိသော။
အာပတ္တိံ၊ အာပတ်ကို။
နာဝိကရေယျ၊ ထင်စွာမပြုငြားအံ့။
တဿ ဘိက္ခုနော၊ ထိုရဟန်းအား။
သမ္ပဇာနမုသာဝါဒေါ၊ သိလျက် ချွတ်ယွင်းသော စကားကို ဆိုခြင်းမည်သည်။
ဝါ၊ မုသာဆိုခြင်းကြောင့် ဒုက္ကဋ်အာပတ်သည်။
ဟောတိ၊ ဖြစ်၏။
အာယသ္မန္တော၊ အရှင်တို့။
သမ္ပဇာနမုသာဝါဒေါ၊ သမ္ပဇာနမုသာဝါဒကို။
ခေါပန၊ စင်စစ်။
အန္တရာယိကော ဓမ္မော၊ အန္တရာယ်ပြုတတ်သော အာပတ်ဟူ၍။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တော၊ ဟောအပ်၏။
တသ္မာ၊ ထို့ကြောင့်။
သရမာနေန၊ သိသော။
အာပန္နေန၊ အာပတ်သင့်ခြင်းမှ။
ဝိသုဒ္ဓါပေက္ခေန၊ စင်ကြယ်ခြင်းကို အလိုရှိသော။
ဘိက္ခုနာ၊ ရဟန်းသည်။
သန္တိ၊ ထင်ရှားရှိသော။
အာပတ္တိ၊ အာပတ်ကို။
အာဝိကာတဗ္ဗာ၊ ထင်စွာပြုအပ်၏။
ဟိ၊ ထင်စွာပြုခြင်းကြောင့်။
အဿ၊ ထိုရဟန်းအား။
ဖာသု၊ ချမ်းသာသော အကျင့်သည်။
ဟောတိ၊ ဖြစ်၏။
ယခုအခါ အနာရောစနအာပတ်ကို ပြလိုရကား ယော ပန ဘိက္ခု-စသည်ကို မိန့်တော်မူ၏။ သုံးကြိမ်မေးသောအခါ သိလျက် အာပတ်ကို ထင်စွာမပြုလျှင် မုသာဝါဒ ဖြစ်၏။ ထိုမုသာဝါဒသည် နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလ် မရနိုင်ကြောင်း အန္တရာယ် ဖြစ်၏။ ထို့ကြောင့် သိလျှင် ထင်စွာကြားရမည်။ ထင်စွာကြားလျှင် နတ်ရွာ နိဗ္ဗာန်ဈာန်မဂ်ဖိုလ် ရနိုင်သည်အထိ အကျိုးရှိသည် ဟူလို။
မုသာဝါဒ
သိလျက်ချွတ်ယွင်းသော စကားသည် သမ္ပဇာနမုသာဝါဒမည်၏။ ထိုမုသာဝါဒကြောင့် ဒုက္ကဋ်အာပတ် သင့်သည်။ ဤ အာပတ် ထင်စွာရှိလျက် ဆိတ်ဆိတ်နေသူအား နှုတ်မြွက်စကား မရှိ။ အဓမ္မိကပဋိညာဖြင့် ဆိတ်ဆိတ် နေစေကာမူ “မနောဒွါရေ အနာပတ္တိ” ဟု ဟောသောကြောင့် မနောဒွါရ အာပတ်လည်း မရှိ။ အဘယ်သို့ အာပတ်သင့်မည်နည်း။
သင့်ပုံကား --
သမ္ပဇာနမုသာဝါဒေ ကိံ ဟောတိ၊ ဒုက္ကဋံ ဟောတိ-ဟူသော မိန့်ခွန်းတော်ရှိသည်။ ပြောကြားသင့်သည်ကို မပြောကြားသော အကြိယ သမုဋ္ဌာန်ကြောင့် ဝစီဒါရ၌ ဒုက္ကဋ် သင့်သည်၊ မပြောကြားသော စကားကြောင့် ဒုက္ကဋ်ဟူလို။ ပရိဝါပါဠိတော်၌ စကား တိုးတိုးလည်း မဆို၊ ကျယ်ကျယ်လည်း မဆို၊ နှုတ်ကြောင့် အာပတ်သင့်သည်။ သိထိုက်သည်။ ကြံစည်ကြလော့ဟု ပြဿနာထုတ်လေပြီ။
အာပတ်၏ အပြစ်
သမ္ပဇာနမုသာဝါဒေါ ခေါ-စသော စကားသည် မုသာဝါဒ အပြစ်ပြစကား ဖြစ်သည်။ ဤမုသာဝါဒ ဒုက္ကဋ်သည် စိတ်နှလုံး ပူပန်ခြင်းကို ဖြစ်စေနိုင်သည်။ ပါမောဇ္ဇ = ဝမ်းမြောက်ခြင်း၊ ပီတိ = ပီတိငါးမျိုး နှစ်သက်ခြင်း၊ ပဿဒ္ဓိ = ကိုယ်စိတ် ငြိမ်းအေးခြင်း စသည်တို့ကို မဖြစ်အောင် တားသည်။ ပီတိ ပဿဒ္ဓိ မဖြစ်လျှင် သမာဓိ မဖြစ်။ သမာဓိ မဖြစ်လျှင် ပဌမဈာန်စသည် မရ။ အကြား၌ ဝင်၍နေသော ဒုက္ကဋ်ဖြစ်သောကြောင့် အန္တရာယိကဓမ္မ မည်၏။
(အန္တရ-အကြား၌ + အယိက-ဖြစ်သည်။)
လူ့ပြည်၊ နတ်ပြည် သုဂတိဘဝ မရောက်အောင်ပင် အန္တရာယ်ပြုသည်။
တိုက်တွန်းခြင်း
တသ္မာ သရမာနေန - စသောစကားသည် မုသာဝါဒ အပြစ်လွတ်စိမ့်သောငှာ နည်းကောင်းညွှန်ပြခြင်း၊ တိုက်တွန်းခြင်း ဖြစ်၏။ ဤ၌ မိမိ၌ရှိသောအာပတ်ကို သိသောရဟန်းသည် သရမာန မည်၏။ ဂရုကအာပတ်မှထလို၊ လဟုကအာပတ်မှ စင်ကြယ်လိုသော ရဟန်းသည် ဝိသုဒ္ဓါပေက္ခ မည်၏။ ရောက်ပြီးဖြစ်၍ မထသေးသော အာပတ်သည် သန္တီအာပတ္တိ မည်၏။ မုသာဝါဒ အပြစ်အားကြီးလှသောကြောင့် ထိုသို့ အာပတ်ကို ထင်စွာပြုထိုက်သည်ဟု တိုက်တွန်းရလေသည်။
ထင်စွာပြုနည်းကား -
သံဃ၊ ဂဏ၊ ပုဂ္ဂလ တဦးဦးထံ၌’အနီးဆုံးနေသော ရဟန်းထံ၌ပင်ဖြစ်စေ “ငါသည် အာပတ်သို့ ရောက်၏။ ဤဥပုသ်အိမ်မှ ထသောအခါ ကုစားပါအံ့”ဟု ပြောဆိုအပ်၏။ ယုံမှားရှိသူဖြစ်အံ့၊ “ဤအပတ်၌ ယုံမှား၏။ ယုံမှားကင်းသောအခါ ကုစားပါအံ့”ဟု ပြောဆိုအပ်၏။
ထင်စွာပြုကျိုး
အာဝိကတာ ဟိဿ-စသည်သည် အကျိုးအာနိသင်ပြ စကားဖြစ်၏။ အာပတ် ထင်စွာပြုသူအား ချမ်းသာခြင်း ဖာသု ဖြစ်၏။ ချမ်းသာခြင်းသည် ထင်စွာပြုကျိုး ဟူလို။ လူမင်း၊ နတ်မင်းတို့၏ စည်းစိမ်ကို ဆိုသော ချမ်းသာ မဟုတ်။ ဈာန်မဂ်ဖိုလ် ရခြင်းငှာ ဖြစ်သော ချမ်းသာသည် ဤ၌ ဖာသုမည်၏။ ချမ်းသာခြင်းမည်၏။ စိတ်နှလုံး သာယာခြင်း၊ ဝမ်းမြောက်ခြင်း၊ ပီတိဖြစ်ခြင်း၊ ပဿဒ္ဓိဖြစ်ခြင်း၊ သမာဓိ ဖြစ်ခြင်းတို့၏ အစွမ်းဖြင့် သုခါပဋိပဒါ ပြည့်စုံသည် ဟူလို။ ကမ္မဋ္ဌာန်းအာရုံ ထင်လွယ်လျှင် သုခါပဋိဒါ၊ ထင်ခဲလျှင် ဒုက္ခာပဋိပဒါ၊ ထင်ပြီးနောက် ဈာန်မဂ်ဖိုလ် ရလွယ်လျှင် ခိပ္ပါဘိညာ။ ရခဲလျှင် ဒန္ဓာဘိညာ။
သုခါ-ခိပ္ပါ၊ သုခါ-ဒန္ဓာ၊ ဒုက္ခာ-ခိပ္ပါ၊ ဒုက္ခာ-ဒန္ဓာဟု အကျင့်လေးမျိုး တို့တွင် အာပတ် ထင်စွာပြုလျှင် သုခါပဋိပဒါ သေချာပြီ။ ခိပ္ပါဘိညာဖြစ်မူ တပုဒ်တဂါထာ ဒေသနာအဆုံး မဂ်ဖိုလ်ရလွယ်လတံ့။
ဘုရားရှင့်တာဝန်
အာဝိကတာ ဟိဿ ဖာသု ဟောတိ-ဟူသော ဤပါဠိတော်သည် သက်တော် ထင်ရှား ဘုရားရှင်ကိုယ်စား တည်နေ၏။ သင်ချစ်သားတို့အား ဈာန်မဂ်ဖိုလ်ရခြင်းငှာ ငါဘုရား၏ တာဝန်ဟု ဝန်ခံလျက် ရှိ၏၊ သာဝကတို့ တာဝန်ကား - အာပတ် မရောက်စေရခြင်း၊ ရောက်လျှင် ကုစာရခြင်း၊ မကုစားသာလျှင် နီးရာပုဂ္ဂိုလ်အား ထင်စွာကြားခြင်းမျှတည်း။ ဤသုံးမျိုးတွင် ထင်စွာကြားခြင်းမျှသည်ပင် အာပတ်မှ မထသေးသော်လည်း အာပတ်မရှိ အသန္တီမည်၏။ အာပတ်စင်ကြယ်သည် မည်၏။ ဆိတ်ဆိတ် ဖြေဆိုခြင်းကြောင့် မုသာဝါဒမဖြစ်၊ ဒုက္ကဋ်မသင့်။ ပါတိမောက် နာကောင်း၏။ အန္တရာယိကဓမ္မမှ လွတ်၏ဟု တိုက်ရိုက်သိသာ၏။
တွေးဆယူဖွယ် အာနိသင်ကား --
အာပတ်ကို သိလျက်မဖုံးသူ၊ ထင်စွာပြုသူသည် သမထ၊ ဝိပဿနာ အားထုတ် ကောင်း၏။ တရားထူး ရစကောင်း၏။ မရလျှင် ဒုတိယဘဝ၌ အပါယ်ပဋိသန္ဓေမရှိ။ အကုသိုလ်အာပတ် သတ္တမဇော စေတနာအစွမ်းတုံးပြီ။ အဟောသိကံ အဖြစ်သို့ ရောက်သွားပြီ၊ ဤသို့စသည်ဖြင့် အာနိသင်ကို ဉာဏ်ရှိသလောက် ယုံကြည်ရာ၏။
သေခါနီး သိက္ခာချသူ
မသိပဲသင့်သော အာပတ်ငယ်များအတွက် သံသယ ရှိသည့်သူ အချို့ သေခါနီး သိက္ခာချကုန်၏။ အာဝိကရဏပြုခြင်းသည် သာ၍စိတ်ချရ၏။ ပျက်၍စွန့်ရသော အန္တီမသိက္ခာကိုပင် နှမြော၍ ဝိပ္ပဋိသာရ ဖြစ်ကြသေးသည် မဟုတ်လော။ ဝဲဂယက် အတွင်း သင်္ဘောမှ ခုန်ဆင်းကာ လက်ပစ်ကူးလျှင် ဇနက္ကလို မေခလာတွေ့ဖို့ ကိန်းသေ ဟုတ်ပါအံ့လော။ ထို့ကြောင့် သိက္ခာချရန် မလို၊ ကုစားရန် လိုသည်။ မကုစားသာလျှင် ထင်စွာကြားရန် လိုသည်။ ထာဝရ အာပတ်မထကြောင်း မိစ္ဆာဇီဝပစ္စည်း၊ နိဿဂ္ဂိပစ္စည်းများလည်း မရှိရန်လိုသည်။
၅။ အနာရောစနာပတ္တိဝိဓိ ပြီး၏။
နိဒါနုဒ္ဒေသ နိဂုံး
အာယသ္မန္တော၊ အရှင်တို့။
နိဒါနံ၊ နိဒါန်းကို။
ဥဒ္ဒံဋ္ဌံ ခေါ၊ ပြအပ်ပြီးသည်သာတည်း။
တတ္ထ၊ ထိုနိဒါန်း၌။
အာယသ္မန္တေ၊ အရှင်တို့ကို။
ပုစ္ဆာမိ၊ ငါမေး၏။
ကစ္စိ၊ အသို့နည်း။
ပရိသုဒ္ဓါ၊ စင်ကြယ်ကုန်သည်။
အတ္ထ၊ ဖြစ်ကုန်၏လော။
ဒုတီယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
ပုစ္ဆာမိ၊ ငါမေး၏။
ကစ္စိ၊ အသို့နည်း။
ပရိသုဒ္ဓါ၊ စင်ကြယ်ကုန်သည်။
အတ္ထ၊ ဖြစ်ကုန်၏လော။
တတီယမ္ပိ၊ သုံးကြိမ်မြောက်လည်း။
ပုစ္ဆာမိ၊ ငါမေး၏။
ကစ္စိ၊ အသို့နည်း။
ပရိသုဒ္ဓါ၊ စင်ကြယ်ကုန်သည်။
အတ္ထ၊ ဖြစ်ကုန်၏လော။
ဧတ္ထ၊ ဤနိဒါန်း၌။
အာယသ္မန္တော၊ အရှင်တို့သည်။
(ယသ္မာ၊ အကြင့်ကြောင့်)
ပရိသုဒ္ဓါ၊ စင်ကြယ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
တုဏှီ၊ ဆိတ်ဆိတ်နေခြင်းသည်။
အသိ၊ ဖြစ်ပြီ။
ဧဝံ၊ ဤသို့ဆိတ်ဆိတ်နေခြင်းဖြင့်။
ဧတံ၊ ထိုစင်ကြယ်ခြင်းကို။
ဓာရယာမိ၊ ငါသိပါ၏။
ဣတိ၊ ဤသို့သောစကားအစဉ်ဖြင့်။
ပဌမော၊ ရှေးဦစွာသော။
နိဒါနုဒ္ဒေသော၊ နိဒါန်းပြခြင်းသည်။
သမတ္တော၊ ပြီးပြီ။
ဤနိဒါန်း၌ သရုပ်အားဖြင့် ပြစရာ အာပတ်မရှိ။ ယဿ သိယာ အာပတ္တိ- ဟု ဟောရာ၌ကား အာပတ်ခုနစ်ဘုံလုံးနှင့် ဆက်ဆံ၏။ ထို့ကြောင့် အာပတ် တခုခု ရှိသူသည် နိဒါန်းမေးခွန်းအဆုံး၌ ထင်စွာမပြုလျှင် မုသာဝါဒဒုက္ကဋ်သို့ ရောက်၏။ ထိုအာပတ်တို့ကို မဆက်ဆံအောင် ထိုထိုဥဒ္ဒေသ၌ သရုပ်သီးခြား ပြလတံ့။
ဥပုသ်ပြုစဉ်သံဃာ့အလယ်၌ မုသာဝါဒသိက္ခာပုဒ်ကို သိလျက် လွန်ကျူးသော မသူတော် ရဟန်းသည် အလဇ္ဇီဖြစ်လျက် အနာပတ္တိ ဖြစ်ကောင်းအံ့လော။
ဥပုသ်ပြုစဉ် သံဃာ့အလယ်၌ ပါရာဇိကုဒ္ဒေသ မေးခွန်းအဆုံးတွင် မိမိ၏ ပါရာဇိက အာပတ်ကို ထင်စွာမပြုအံ့ဟု အကြိယသမုဋ္ဌာနမုသာဝါဒကို လွန်ကျူးသော မသူတော် ရဟန်းသည် အလဇ္ဇီဖြစ်လျက် အနာပတ္တိ ဖြစ်စကောင်း၏။
သိမ်အကြောင်း သိကောင်းစရာ
ဗဒ္ဓသိမ်၌ မှတ်ဖွယ်
ပတ္တကလ္လအင်္ဂါလေးပါး၌ ရဟန်းလေးပါး ဟတ္ထပါသ်မစွန့်မူ၍ တသိမ်တည်း၌ တည်ခြင်းဟု ဒုတိယအင်္ဂါကို ဆိုအပ်၏။ ထိုသိမ်သည် ဗဒ္ဓသိမ်၊ အဗဒ္ဓသိမ် ဟု နှစ်မျိုးပြား၏။ ထိုတွင် သိမ်ပျက် ၁၁-ခု မဖြစ်စေမူ၍ သမ္ပတ္တိသုံးပါးနှင့် ယှဉ်သော နိမိတ်ချင်း စပ်အောင်ပြု၍ သမုတ်သောသိမ်သည် ဗဒ္ဓသိမ် မည်၏။
သိမ်ပျက် ၁၁-ခု
ကံကို ပျက်စေတတ်သော သိမ်သည် ဝိပတ္တိသိမ်မည်၏။ အတိကစသည်ဖြင့် ၁၁-ခု ရှိ၏။ ထိုတွင် ရဟန်းနှစ်ကျိပ်တပါး မစည်းဝေးလောက်သော သိမ်ငယ်သည် အတိခုဒ္ဒကသိမ် မည်၏။ (ငယ်)
သုံးယူဇနာကို ဆံချည်တပင်မျှသော်လည်း လွန်၍ သမုတ်သော သိမ်ကြီးသည် အတိမဟတီသိမ် မည်၏။ (ကြီး)
နိမိတ်မစပ် ပြတ်ကျိုးသောသိမ်သည် ခဏ္ဍနိမိတ္တသိမ် မည်၏။ ရှေးဦးစွာ အရှေ့ အရပ်၌ နိမိတ်ကြား၍ တောင်၊ အနောက်၊ မြောက်အရပ်တို့၌ အစဉ်အတိုင်း ကြား၍ အရှေ့အရပ် ထပ်မကြားလျှင်သော်၎င်း၊ နိမိတ်မလောက်သော နိမိတ်တခုခုကို အရပ်တခုခု၌ နိမိတ်ကြား၍ သမုတ်လျှင်သော်၎င်း နိမိတ်မစပ်။ (ပြတ်ကျိုး)
တောင်ရိပ် သစ်ရိပ်တခုခုကို နိမိတ်ပြု၍ သမုတ်သောသိမ်သည် ဆာယာနိမိတ္ထသိမ် မည်၏။ (ရိပ်မျိုး)
နိမိတ်တခုမျှ မကြားပဲ သမုတ်အံ့၊ အနိမိတ္တသိမ် မည်၏။ (မ)
နိမိတ်အပြည့်အစုံကြား၍ နိမိတ်ပြင်ပ၌နေ၍ သမုတ်အံ့၊ ဗဟိသမတသိမ် မည်၏။ (ပြင်)
မြစ်၌၎င်း၊ သမုဒြာ၌၎င်း၊ ဇာတဿရ၌၎င်း သမုတ်အံ့၊ နဒီသမ္မတသိမ်၊ သမုဒ္ဒသမ္မတ သိမ်၊ ဇာတဿရသမ္မတသိမ် မည်၏။ သမုတ်သော်လည်း ဤသုံးခု ဗဒ္ဓသိမ် မဖြစ်။ (ပင်လယ်၊ အိုင်၊ မြစ်)
သမုတ်ပြီးသော သိမ်တခုကိုစပ်၍ သမုတ်အံ့၊ သမ္ဘိန္နသိမ် မည်၏။ စပ်ပုံကား - သပြေပင်နှင့် သရက်ကိုင်းခက် ရောယှက်လျက်ရှိရာ သပြေကို သိမ်တွင်းထားကာ သရက်ကို နိမိတ်ကြား၍ ပဌမသိမ်သစ်ကို သမုတ်ထား၏။ ထို့နောက် ကျောင်းသစ် တည်ကြသော ရဟန်းတို့သည် မိမိတို့သိမ်သစ်ကို သမုတ်သောအခါ ထို သရက်ကို သိမ်တွင်းထား၍ ထိုသပြေကို နိမိတ်ကြားအံ့၊ သိမ်ချင်းစပ်သည် မည်၏။ နောက်သိမ် ပျက်၏။
သမုတ်ပြီးသော သိမ်ကိုလွှမ်း၍ အလုံးစုံဖြစ်စေ၊ တစိတ်ဖြစ်စေ အတွင်းပြု၍ သမုတ်အံ့၊ အဇ္ဈောတ္ထရိတသိမ် မည်၏။ နောက်သိမ် ပျက်၏။ (လွှမ်း)
သံဃာလေးပါးထိုင်၍ ကံပြုလောက်သော နေရာမျှသွင်းလျှင် လွှမ်းသည် မည်၏။ လေးပါး မထိုင်လောက်လျှင် စပ်သည်မည်၏။
ဤ ၁၁-မျိုး မဖြစ်စေရ။
ငယ်၊ ကြီး၊ ပြတ်ကျိုး (၃)။
ရိပ်မျိုး၊ မ၊ ပြင် (၃)။
ပင်လယ်၊ အိုင်၊ မြစ်၊ (၃)။
လွှမ်း၊ စပ်-လစ် (၂)။
ဆဲ့တစ် သိမ်ပျက်တည်း။
နိမိတ္တသမ္ပတ္တိ
သမ္ပတ္တိသုံးပါးကား နိမိတ္တသမ္ပတ္တိ၊ ပရိသာသမ္ပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိတည်း။
ထိုတွင် နိမိတ်သည် --
ပဗ္ဗတော = တောင်၊
ပါသာဏော = ကျောက်၊
ဝနံ = တော၊
ရုက္ခော = သစ်ပင်၊
မဂ္ဂေါ = လမ်းခရီး၊
ဝမ္မိကော = တောင်ပို့၊
နဒီ = မြစ်၊
ဥဒကံ = ရေ၊ ဤသို့ ရှစ်ပါးရှိ၏။
ထို ရှစ်ပါးတို့တွင် ထိုထိုအရပ်၌ ရရာ လုံလောက်သော နိမိတ်တို့ကို “ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ” ဟုမေး၍ “ပဗ္ဗတော ဘန္တေ” စသည်ဖြင့် ဖြေဆိုသောအခါ “ဧသော ပဗ္ဗတော နိမိတ္တံ” စသည်ဖြင့် နိမိတ်ကို ပြောကြားအပ်၏။ ဤသို့ နိမိတ် ကြား၍ သမုတ်သောသိမ်သည် နိမိတ္တသမ္ပတ္တိနှင့် ယှဉ်သည် မည်၏။ “ပဗ္ဗတော ဘန္တေ” စသည်ဖြင့် တကာ၊ တကာမ ဖြေဆိုလျှင်လည်း အပြစ်မရှိ၊ ဖြေဆိုနိုင်၏။
တောင်၊ ကျောက်၊ တော၊ သစ် (၄)။
ခ၊ ပို့၊ မြစ်၊ ရေ(၄)။
ဤ ရှစ်ထွေ- မှတ်လေ သိမ်နိမိတ်။
တောင်နိမိတ်
ထိုတွင် တောင်သည် မြေတောင်၊ ကျောက်တောင်၊ မြေကျောက်ရောသော တောင်ဟူ၍ သုံးမျိုးရှိ၏။ ခုနစ်တောင့်ထွာမျှ ဆင်ပမာဏအောက် မငယ်လျှင် သုံးမျိုးလုံး တောင်နိမိတ် လောက်၏။ ထိုအောက်ငယ်လျှင် မအပ်။
ကျောက်
သံတွေ ခဲသည်လည်း ကျောက်မည်၏။ မည်သည့်ကျောက်မဆို၊ ယခင် ဆင်ပမာဏ အောက်ငယ်၍ ၃၂-ပိုလ် တင်လဲခဲ ပမာဏ ရှိလျှင် ကျောက်နိမိတ် လောက်၏။ ထိုအောက်ငယ်လျှင် မအပ်။ အုတ်ခဲလည်း မအပ်၊ ကျောက်ဖျာကား ကြီးလွန်း သော်လည်း အပ်၏။
၃၂-ပိုလ်
ကင်္ခါ ဋီကာသစ်၌ ဧကံ ပလံ နာမ ဒသကဠဉ္ဇ တခုဟုဆိုသည်။ ထို့ကြောင့် ဒသကဠဉ္ဇ တပိုလ်သည် ရွေးငယ် ၃၂၀-ဖြစ်၏။ ကပ္ပဒ္ဒုမကျမ်း၌ ရွေးငယ်ရှစ်ဆယ်သည် တကျပ်ဟု ဆိုသည်။ ထို့ကြောင့် ရွေးငယ် ၃၂၀-သည် လေးကျပ်-တပိုလ်ဖြစ်၏။ မိုင်ခိုင်း ဆရာတော်ကြီးကား မာဂဓ ကျပ်ချိန်အားဖြင့် ၁၂၈-ကျပ်။ -လောက်၊ အင်္ဂလိပ်ဒင်္ဂါး ၁၆ဝ-ကျပ် လောက်၊ မြန်မာချိန် ၁၁၂-ကျပ်။ ၇-မူး၊ ၃-ရွေးလောက် အချိန်ရှိသော တင်လဲခဲ အနေ ပမာဏတူ ကျောက်ခဲသည် ကျောက်နိမိတ် လောက်၏ဟု ဆုံးဖြတ် တော်မူသည်။
တော
တော၌ အတွင်းအနှစ်ရှိသော သစ်ပင်မျိုး လေးငါးပင်မျှသည် တောနိမိတ် လောက်၏။ အတွင်းအနှစ်ရှိ သစ်ပင်မျိုးများသော် လေးငါးပင်လည်း တောနိမိတ် လောက်၏။ လေးပင်မျှရှိသော တောဖြစ်မူ အနှစ်ပင် သုံးပင် ရှိရမည်။ ထိုအောက် နည်းလျှင် မအပ်။ ထန်းပင်၊ အုန်းပင်တို့ကား အပ၌ အနှစ်ရှိကုန်၏။ မယူအပ်ကုန်။
(ကင်္ခါဋီကာ၌ အနှစ်ပင် သုံးပင်၊ ဝိမတိဋီကာ၌ လေးပင် ပြသည်။)
သစ်ပင်
သစ်ပင်၌ - အယုတ်ဆုံး အမြင့်ရှစ်သစ်၊ လုံးပတ် သီဟိုဠ်ကညစ်ရိုးခန့် (ဝါ) လက်သန်းခန့် ရှိ၍ စိမ်းရှင်လျက် မြေ၌တည်သော အတွင်းအနှစ်ရှိ သစ်ပင်မျိုးသည် သစ်ပင်နိမိတ် လောက်၏။ ထိုအောက်ငယ်လျှင် မအပ်။
ခရီး
ခရီး၌ - ဂါမခေတ် နှစ်ခု သုံးတို့သို့ ရောက်သော ခြေလမ်းခရီး၊ လှည်းလမ်းခရီးသည် ကုန်သည်တို့ အသုံးပြုလျှင် ခရီးနိမိတ်လောက်၏။ မသုံးသောခရီး မအပ်။
တောင်ပို့
တောင်ပို့၌ - အမြင့်ရှစ်သစ်၊ လုံးပတ် နွားဦးချိုမျှ ရှိသော တောင်ပိုသည် ယနေ့ပေါက် ဖြစ်စေကာမူ တောင်နိမိတ် လောက်၏။ ထိုအောက်ငယ်လျှင် မအပ်။
မြစ်
မြစ်၌—လခွဲတိုင်း၊ ဆယ်ရက်တိုင်း၊ ငါးရက်တိုင်း မိုးရွာလျက် မိုး ဥတု လေးလအတွင်း ရေအလျဉ်ပြတ်လျှင် မြစ်မမည်။ မိုးလေးလ ရေအလျဉ် မပြတ်မူ၍ ဘိက္ခုနီမ ဖြတ်ကူးလျှင် အဝန်းသုံးပါး ဖုံးလွှမ်းသော သင်းပိုင် တသစ်နှစ်သစ်ခန့် စွတ်သော မြစ်သည် မြစ်နိမိတ် လောက်၏။ သမုဒ္ဒရာသို့ စီးသော်၎င်း၊ တဖက်ဆည်ကန်သို့ စီးသော်၎င်း အမွန်အစမှစ၍ မြစ်မည်၏။ ထိုသို့မဟုတ်သောမြစ် မအပ်။ ဤ၌ ဘိက္ခုနီမသင်းပိုင် ကသစ် နှစ်သစ်ဟု ဆိုခြင်း၌ကား ဘိက္ခုနီပါတိမောက်၌ နဒီ ပါရံ ဂစ္ဆေယျ တွင် နဒီလက္ခဏာ အစစွာ ဟောသောကြောင့်တည်း။
ရေ
ရေ၌-တွင်း၊ ကန်၊ ထုံးအိုင်၊ သမုဒ္ဒရာစသည်၌ တည်သော မစီးသော ရေသည် ရေနိမိတ်လောက်၏။ အယုတ်ဆုံး ထိုခဏတူးသော တွင်းငယ်၌ လောင်းထည့်သော ရေဖြစ်စေ၊ ကလေးကစားသောတွင်း ဝက်တူးတွင်းဖြစ်စေ ကမ္မဝါစာ ဆုံးအောင် ရေတည်လျှင် နိမိတ်လောက်၏။ ထိုမျှ မတည်သောရေ၊ စီးသောရေ၊ အိုးခွက်၌ တည်သောရေတို့က မအပ်ကုန်။
မြေအက် ဖာထေးခြင်း
ထိုခဏတူးသောတွင်း၌ ရေတည်အောင် မြေအက် မြေပေါက် ဖာထေးလျှင် အိုးခွက်နှင့် အလားတူ၍ မအပ် ဟု အချို့ သံသယစကား ဆိုကုန်၏။ ဝိနည်းအရာ သံသယဖြစ်တတ်ခြင်းသည် ကောင်း၏။ အဋ္ဌကထာကြီး၌ ရေစီးသော မြစ်၌ ဆည်ဖို့လျှင် ရေစီး ရပ်သော နေရာကို ရေနိမိတ် ကြားအပ်၏။ မြစ်နိမိတ် မကြားအပ်ဟု ဆိုသည်။ အိုးခွက်ကြီးအလားတူ၍ မအပ်ဟု မဆို။
ထို့ကြောင့် “စီးယိုသောရေ တည်အောင် ဖာထေးခြင်း၌ ရေနိမိတ်ပျက်အံ့”ဟူသော သံသယကို “ဆည်ဖို့လျှင် ရေစီးရပ်သောနေရာကို ရေနိမိတ် ကြားအပ်၏”ဟူသော သန္နိဋ္ဌာန်ဖြင့် ငြိမ်းစေရာ၏။ သံသယမငြိမ်းလျှင် အပ်သောအရာ ဟူသမျှ မပြုကောင်း။ ကလေး ကစားသောတွင်း၊ ဝက်တူးတွင်းတို့၌ “သူငယ်တို့၊ ဝက်တို့ ဖနောင့်ဖြင့် လှည့်ကာ ဖာထေးရာ၏” ဟု သံသယရှိလျှပ် အဋ္ဌကထာကို လွန်ရာ ကျလတံ့။
ပရိသာသမ္ပတ္တိ
ပရိသာသမ္ပတ္တိ၌-အယုတ်ဆုံး ရဟန်းလေးပါး စည်းဝေးပြီးလျှင် ထိုသိမ်သမုတ် လိုသော ဂါမခေတ်၊ ဝိသုံဂါမခေတ် အတွင်းရှိ ရဟန်းတို့ကို တပါးမကျန် ဟတ္ထပါသ်ဆောင်၍ (ဝါ) ဆန္ဒဆောင်၍ (ဝါ) ဗဒ္ဓသိမ်၊ မြစ်၊ သမုဒ္ဒရာ၊ ဇာတဿရ တို့၌သာ နေစေ၍ သမုတ်သောသိမ်သည် ပရိသသမ္ပတ္တိနှင့် ယှဉ်သည် မည်၏။
ကမ္မဝါစာသမ္ပတ္တိ
ကမ္မဝါစာသမ္ပတ္တိ၌ - သုဏာတု မေ ဘန္တေ သံဃော— စသော သန့်ရှင်းစွာ သံဃာ သိအောင်ပြု၍ ကမ္မဝါစာသမ္ပတ္တိနှင့် ယှဉ်သည် မည်၏။
ဤသို့လျှင် သိမ်ပျက် ၁၁-ခု မဖြစ်စေမူ၍ သမ္ပတ္တိသုံးပါးနှင့် ယှဉ်သော နိမိတ်ချင်း စပ်အောင်ပြု၍ သမုတ်သောသိမ်သည် ဗဒ္ဓသိမ် မည်၏။ သံဝါသသိမ်လည်း မည်၏။
အဝိပ္ပဝါသကမ္မဝါစာဖြင့် ထပ်သမုတ်လျှင် အဝိပ္ပဝါသသိမ်လည်း မည်၏။ ငယ်လျှင် ခဏ္ဍသိမ်၊ ကြီးလျှင် မဟာသိမ်လည်း မည်၏။ ပမာဏ မပြ၊ နှစ်ကျိပ်တပါး စည်းဝေး လောက်ရာနှင့် သုံးယူဇနာတို့၏ အကြားသာတည်း။
ဗဒ္ဓသိမ် ပြီး၏။
အဗဒ္ဓသိမ်၌ မှတ်ဖွယ်
ဂါမသိမ်
အဗဒ္ဓသိမ်သည် ဂါမသိမ်၊ သတ္တဗ္ဘန္တရသိမ်၊ ဥဒကုက္ခေပသိမ် ဟု သုံးမျိုး ပြား၏။ ထိုတွင် ဂါမခေတ်တခုသည် ဂါမသိမ်တခု မည်၏။ ရွာတရွာဖြစ်စေ၊ အများဖြစ်စေ အကျယ် အဝန်း ရှိသမျှ ရွာစားသူကြီး တပိုင်ကို (အပိုင်မပေးသော်လည်း) ဂါမခေတ် တခု ခေါ်သည်။
ထိုဂါမခေတ်မှ ရွာစားတဦးအား သီးခြားအောင် အစိုးရမင်းတို့ ခွဲပေးသော ဂါမခေတ်ငယ်သည် ဝိသုံဂါမ မည်၏။ ၎င်းလည်း ဂါမသိမ်တခုပင်တည်း။ မသမုတ်မီ အဗဒ္ဓသိမ်၊ သမုတ်ပြီးလျှင် ဗဒ္ဓသိမ် ဖြစ်၏။
အစိုးရမင်းတို့ ခွဲပေးခြင်းသည် အပိုင်ပေး ဟုတ်၏လောဟု မေးမြန်းတတ်ကုန်၏။ သူကြီးတပိုင် ဂါမခေတ်လည်း သူကြီးအား အပိုင်ပေးသည် မဟုတ်၊ အခွန်သီးခြားရုံ၊ အာဏာ သီးခြားရုံသာ ခွဲပေးခြင်းဖြစ်သည်။
သတ္တဗ္ဘန္တရသိမ်
ရွာမနီးသော တောအုပ်၌ ဝန်းကျင် ခုနစ်အဗ္ဘန္တရသည် သတ္တဗ္ဘန္တရသိမ် မည်၏။ ထိုနေရာမျိုးကို ဝိဉ္စာဋဝိတောအုပ် စသည်၌၎င်း၊ သမုဒ္ဒရာအလယ် တံငါတို့ နေ့ချင်း မပြန်နိုင်သော ကျွန်းငယ် တို့၌၎င်း ရအပ်၏။ ဝန်းကျင် ခုနစ်အဗ္ဘန္တရသည် ထုတ်ချင်း တဆယ့်လေး အဗ္ဘန္တရဖြစ်၏။ အဗ္ဘန္တရ တခုသည် ၂၈-တောင်ပမာဏ ရှိ၏။ ခုနစ်အဗ္ဘန္တရသည် ၁၉၆-တောင်၊ ဝန်းကျင် ၃၉၂-တောင် (ဝါ) အလံတရာ နီးပါး တည်း။ ဤသိမ်သည် ပရိသတ်စွမ်းဖြင့် ကျယ်ပွား၏။ ထို့ကြောင့် ဝန်းကျင် ပရိသတ် စွန်မှစ၍ အဗ္ဘန္တရကို ပိုင်းခြားအပ်၏။ သံဃာနှစ်ဖွဲ့ ဥပုသ်ကံ စသည်ကို အသီးသီး ပြုလျှင် သတ္တဗ္ဘန္တရ နှစ်ခုတို့၏အကြား၌ သတ္တဗ္ဘန္တရ တခုကို ဥပစာရအလို့ငှာ ချန်ထားအပ်၏။
ဥဒကုက္ခေပသိမ်
မြစ်၊ သမုဒ္ဒရာ၊ ဇာတဿရတို့၌ ခွန်အား အလတ်စားရှိသော ယောက်ျား၏ ဝန်းကျင်ရေ တကျအတွင်းသည် ဥဒကုက္ခေပသိမ် မည်၏။ ဗဒ္ဓသိမ်ကား မဖြစ်ကောင်း။
ဤ၌ သိမ်နိမိတ် ကြားလောက်သော မြစ်သည် မြစ်မည်၏။ သမုဒ္ဒရာကား ထင်ရှား၏။ တစုံတယောက် မတူးပဲ အလိုလိုဖြစ်သော ထုံးအိုင်သည် ဇာတဿရ မည်၏။ ဤဇာတဿရလည်း ဆဲ့ငါးရက်တိုင်း ဆယ်ရက်တိုင်း ငါးရက်တိုင်း မိုးရွာသော မိုးဥတု၌ ရေတည်မှ အပ်သည်။ မြစ်၊ သမုဒ္ဒရာတို့ကို ဖောက်ခွဲ၍ ထွက်လာသော ရေဖြင့် ရေစားသော ထုံးအိုင်သည်လည်း ဇာတဿရ သာတည်း။
ရေတကျ
ထိုမြစ် စသည်တို့၌ ရေတကျ ဟူသည်ကား ကြွေအံကြူးသူတို့ အန်စာပစ်သကဲ့သို့ ရေကိုဖြစ်စေ၊ သဲကိုဖြစ်စေ လက်ဖြင့်ယူ၍ ခွန်အားအလတ်စား ယောက်ျားသည် အားကုန်ပစ်အပ်၏။ (ဝါ) ပစ်သည် ဖြစ်အံ့၊ ထိုရေ၊ ထိုသဲကျရာ အရပ်သည် ဥဒကုက္ခေပသိမ် မည်၏။
အချို့ကား ရေသဲပစ်မှ သိမ်ဖြစ်သည်ဟု မှတ်ယူစွဲလမ်းကုန်၏။ အဋ္ဌကထာကြီး၌ “လှေသွားစဉ် ကံဆောင်အံ့၊ သိမ်တခု၌ဉတ်၊ သိမ်တခု၌ ကမ္မဝါစာဖြစ်၍ မအပ်”ဟု ဆိုသည်။ လှေသွားစဉ် ရေသဲပစ်သူထား၍ မပြတ်ပစ်လေသလော။ ပစ်သည် မဟုတ်။ ထို့ကြောင့် ပစ်သော်၎င်း၊ မပစ်သော်၎င်း ကျလောက်ရာ အတွင်းသည် ရေတကျမည်၏။
ဇာတဿရ ပျက်ပုံ
ဥဒကုက္ခေပသိမ်ကို မြစ် စသည်တို့၏ အတွင်း၌သာ ရသည်။ ထိုအတွင်း၌ ပရိသတ်အစွန်မှစ၍ ဝန်းကျင် ရေတကျ ပိုင်းရသည်။ သံဃာနှစ်ဖွဲ့ အသီးသီး ကံဆောင်လျှင် ဥဒကုက္ခေပ နှစ်ခုတို့၏ အကြား၌ ဥဒကုက္ခေပတခုကို ဥပစာအလို့ငှာ ချန်ရသည်။ သတ္တဗ္ဘန္တရနှင့် ဥဒကုက္ခေပ နှစ်ခု၌ ပရိသတ်အများ အနည်းစွမ်းဖြင့် သိမ်အတိုးအဆုတ် ရှိသည်။ သိမ်ချင်း မရောယှက်စေခြင်းငှာ ဥပစာချန်ရသည်။
ရဟန်းတို့တည်ရာ အစွန်မှ စ၍ ပိုင်းခြားရသည်။ ထိုအပိုင်းအခြားအတွင်း ဟတ္ထပါသ်စွန့်သော ရဟန်းသည် ကံကိုပျက်စေ၏။ ပြင်ပ၌ ထိုမျှသော အပိုင်း အခြားကို မစွန့်သော ရဟန်းသည်လည်း ကံကိုပျက်စေ၏။ ဤဆိုပြီးသော ဗဒ္ဓ၊ အဗဒ္ဓသိမ် နှစ်ရပ်ကိုရည်၍ ဟတ္ထပါသ် မစွန့်ပဲ တသိမ်တည်း တည်ခြင်းဟူသော ပတ္တကလ္လအင်္ဂါကို မိန့်ဆိုသည်။
သိမ်စပ် အမျိုးမျိုး
ဗဒ္ဓသိမ်ချင်း နီးနီး၊ ဝေးဝေး မစပ်ကောင်း။ သစ်ကိုင်း သစ်မြစ် စသည်တို့ဖြင့် စပ်သည်ဖြစ်အံ့၊ သိမ်တခု၌ ရဟန်းရှိစဉ် သိမ်တခု၌ ကံမဆောင်အပ်။ မြေ၌မြှုပ်လျက် စပ်ခြင်းသည် မြေအလားတူ ဖြစ်၏၊ အပ်သည်။ အုတ်အင်္ဂတေ စပ်ခြင်းသည် မြေပင်ဖြစ်၏၊ အပ်သည်။ ဗဒ္ဓနှင့် ဂါမ စပ်ခြင်းသည် နိဿယ နိဿိတ စပ်နေကျ ဖြစ်၏၊ အပ်သည်။
အချို့ကား - “ပင်ကိုယ်စပ် မအပ်၊ လူတို့ပြုလုပ်သော စပ်ခြင်းကား အပ်သည်”ဟု ဆိုကုန်၏။ အဋ္ဌကထာ၌ မြစ်၌လှေကို ကုန်း၌ပေါက်သော သစ်ပင် သစ်မြစ်တွင် ချည်၍ ကံပြုလျှင် မအပ်ဟု ဆို၏။ ထိုစကားဖြင့် ပယ်အပ်၏။
မစပ်ကောင်းသော သိမ်စပ်တို့ကား —
ဥဒကုက္ခေပနှင့် ဥဒကုက္ခေပ၊ သတ္တဗ္ဘန္တရ၊ ဗဒ္ဓ၊ ဂါမ - (ဥ ဥ၊ ဥ သတ်၊ ဥ ဗဒ်၊ ဥ ဂါ) လေးမျိုး မစပ်ကောင်း။
ဗဒ္ဓနှင့် ဗဒ္ဓ၊ သတ္တဗ္ဘန္တရ-(ဗဒ် ဗဒ်၊ ဗဒ် သတ်) နှစ်မျိုး မစပ်ကောင်း။
သတ္တဗ္ဘန္တ နှင့် သတ္တဗ္ဘန္တရ၊ ဂါမ–(သတ် သတ်၊ သတ် ဂါ) နှစ်မျိုး မစပ်ကောင်း။
ဤသို့ ရှစ်မျိုးရှိကုန်၏။
စပ်ကောင်းသော သိမ်စပ်တို့ကား --
ဂါမနှင့် ဂါမ၊ ဗဒ္ဓ (ဂါ ဂါ၊ ဂါ ဗဒ်) နှစ်မျိုး စပ်ကောင်းကုန်၏။
ဂါ ဂါ၊ ဂါ ဗဒ် (၂)။ ဤနှစ်ရပ်စပ်အပ်သိမ်သဘော။
မစပ်ကောင်းတွင်-ရှစ်ခုဝင် (၈)-ရှာလျှင် တွေ့စေသော။
(ဝိမတိဝိနောဒနီဋီကာ၌ ဂါမ၊ အရည၊ နဒီ၊ သမုဒ္ဒ၊ ဇာတဿရ-ဟု နိဿယသိမ် ငါးလုံး။ ဗဒ္ဓ၊ သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပ-ဟု နိဿိတသိမ် သုံးလုံး။ ထိုရှစ်လုံးတို့တွင် နိဿယငါးလုံး၌ နိဿိတ အစပ်ငါးမျိုး အပြစ်မရှိ။ ၁+၁+၁+၁+၁+ပေါင်း ၅-ဖြစ်အောင် တွဲကောက်ရမည်။ နိဿာယချင်း အစပ် ၁၅-မျိုး အပြစ်မရှိ။ ၅+၄+၃+၂+၁-ပေါင်း ၁၅-ဖြစ်အောင် စက်လှည့် ရမည်။
နိဿိတချင်း အစပ်ခြောက်မျိုး မအပ်။ ၃+၂+၁ = ပေါင်း ၆ ဖြစ်စေရမည်။ နိဿယတပါး ကျော်စပ်သော အဆယ်မျိုး မအပ်။ ဗဒ္ဓ မမှီ-၄။ သတ္တ မမှီ-၄။ ဥဒ မမှီ-၂။ ပေါင်း ၁၀-ဖြစ်စေရမည်။ ဤသို့ အကျယ်ဝေဖန် ၏။ စက်လှည့်၍ စပ်လျှင် ရှစ်ရှစ်လီ ၆၄-စပ်။ အတူ ၂၈-ဖယ်လျှင် ၃ စပ်သာ ရှိသည်။)
မှီရာငါးရပ်-မှီခိုတတ်-ငါးစပ်အပ်သလို။
မှီရာချင်းအား-မှီစပ်ငြား-ဆဲ့ငါးပြစ်မဆို။
မှီတက်ချင်းသာ-စပ်တုံပါ-ခြောက်ဖြာအပြစ်ဆို။
မှီရာတပါး-ကျော်စပ်ငြား-ဆယ်ပါးအပြစ်ဆို။
နိဒါနုဒ္ဒေသ အရသာ ပြီး၏။
ပညတ်ကျိုး ဆယ်ပါး
မြတ်စွာဘုရား သိက္ခာပုဒ် ပညတ်ခြင်းသည် နှိပ်စက်၍ အာဏာပြ၍ ပညတ်သည်ဟု မရှိ။
၁။ သုဋ္ဌု ဘန္တေ = ကောင်းပါပြီ၊ ကျင့်ပါမည်ဘုရားဟု ဝန်ခံနိုင်စေခြင်းငှာ
၂။ သံဃာအား ချမ်းသာသုခ ခိုင်မြဲစေခြင်းငှာ၊
၃။ အလဇ္ဇီကို နှိပ်ခြင်းငှာ၊
၄။ လဇ္ဇီကို ကျင့်စရာ လွယ်ကူစွာဖြင့် ချီးမြှောက်ခြင်းငှာ၊
၅။ ကိုယ်ပန်းစိတ်နောက် မျက်မှောက်အာသ၀ ပယ်ခြင်းငှာ၊
၆။ အပါယ်လေးတန် တမလွန်အာသဝ တားခြင်းငှာ၊
၇။ မကြည်ညိုသူ ကြည်ညိုစေခြင်းငှာ၊
၈။ ကြည်ညိုသူ လွန်စွာ ကြည်ညိုစေခြင်းငှာ၊
၉။ ပရိယတ်၊ ပဋိပတ်၊ အဓိဂမ-ဟူသော သာသနာသုံးပါးကို တည်ထားနိုင်စေခြင်းငှာ၊
၁၀။ သံဝရဝိနည်း၊ ပဟာနဝိနည်း၊ သမထဝိနည်း၊ ပညတ္တိဝိနည်း- ဟူသော ဝိနည်း လေးပါးကို ချီးမြှောက်ခြင်းငှာ
ထိုဆိုသိက္ခာပုဒ်ကို အကျိုးဆယ်မျိုး ရွယ်ကိုး ပညတ်တော်မူသတည်း။
၁။ သုဋ္ဌု ဘန္တေ - ဝန်ခံစေငှာ (၁)။
ချမ်းသာမြဲခိုင် (၁)။
နှိမ်နိုင် အလဇ္ဇီ(၁)။
လဇ္ဇီကျင့်လွယ် (၁)။
ဘေး-နှစ်သွယ်လွှင့် (၂)။
ကြည်ညို၊ ဆင့်ပွား (၂)။
သုံးပါးသဒ္ဓမ္မ-တည်ရအပြီး(၁)။
လေး ဝိနည်းဖြိုး (၁)။
ကျိုးဆယ်မျိုး ရွယ်ကိုး ပညတ်တော်မူသတည်း။
၂။ စိတ်ပန်းဒဏ်ဆွယ် (၁)။
လား အပါယ် (၁)
နှစ်သွယ်ဘေး အာသဝ။
၃။ ယတ်၊ ပတ်၊ အဓိ (၃)။
တိသာသနာ တည်ထိုက်စွာ-သုံးဖြာသဒ္ဓမ္မ။
၄။ သံဝရ၊ ပဟာန်၊ သမထံ၊ ပညတ် (၄)
ချီးမြှောက်အပ်-လေးရပ် ဝိနည်းတည်း။
၅။ သီလ၊ သတိ (၂)။
ခန္တီ၊ ဉာဏ (၂)။
ဝီရိယသည်း(၁)။
ငါး စောင့်စည်း ဝိနည်းသံဝရ။
၆။ တဒင်၊ ဝိက္ခမ် (၂)။
မုစ္ဆေဒံ၊ ပဋိ (၂)။
နိသရဏ (၁)။
ပါပပယ်နည်း-ငါးပါးလည်း-ဝိနည်းပဟာန။
၇။ ဓိကရုဏ်းငြိမ်းနည်း-ခုနစ်နည်း (၇)။
ဝိနည်းသမထ။
၈။ သိက္ခာပုဒ်သီး-ပညတ်ပြီး (၂၂၇)။
ဝိနည်းပညတ္တိ။
ပါရာဇိကုဒ္ဒေသ
တတြ၊ ထိုပါတိမောက်၌။
(ငါပြမည်ဟု ဆိုခဲ့သော သံဃာပြ ပါတိမောက် ဟူလို။)
စတ္တာရော၊ လေးပါးကုန်သော။
ပါရာဇိကာ၊ ပါရာဇိက အမည်ရှိကုန်သော။
ဣမေ ဓမ္မာ၊ ဤသိက္ခာပုဒ်တို့သည်။
ဝါ၊ ဤအာပတ်တို့သည်။
ဥဒ္ဒေသံ၊ သရုပ်အားဖြင့် ပြအပ်သည်၏ အဖြစ်သို့။
အာဂစ္ဆန္တိ၊ ရောက်ကုန်၏။
အဓိပ္ပါယ်
နိဒါန်း၌ ယဿ သိယာ အာပတ္တိ၊ သော အာဝိကရေယျ - ဟု ငါဆိုခဲ့ခြင်းသည် အာပတ်ခုနစ်ပါးလုံးနှင့် ဆက်ဆံ၏။ ယခုကား သံဃာဒိသိသ် စသည်မဖက် ပါရာဇိက ချည်း သက်သက် ဖြစ်၏။ တခုစီ သရုပ်ထုတ်၍ ရွတ်ပြမည်။ ဆိုပြမည်ဟု သိမ်တွင်း၌ စည်းဝေးသော သံဃာကို သိစေသော စကားဖြစ်သည်။ ပြအပ်သည်ကား သိက္ခာပုဒ်တို့။ အဖြစ်ကား ရွတ်ပြခံရခြင်း ကြိယာဘာဝ။ သိက္ခာပုဒ်တို့သည် ရွတ်ပြ ခံရခြင်းသို့ ရောက်ကုန်၏ဟု စကား တန်ဆာဆင်သည်။
၁။ မေထုန သိက္ခာပုဒ်
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
ဘိက္ခူနံ၊ ရဟန်းတို့၏။
သိက္ခာ သာဇီဝသမာပန္နော၊ သိက္ခာသာဇီဝသို့ ရောက်လျက်။
သိက္ခံ၊ သိက္ခာကို။
အပစ္စက္ခာယ၊ မချမူ၍။
ဒုဗ္ဗလျံ၊ သာဇီဝ၌ အားနည်းခြင်းကို။
အနာဝိကတွာ၊ ထင်စွာမပြုမူ၍။
မေထုနံ ဓမ္မံ၊ မေထုန်အကျင့်ကို။
ပဋိသေဝေယျ၊ မှီဝဲငြားအံ့။
အန္တမသော၊ အယုတ်ဆုံးအားဖြင့်။
တိရစ္ဆာနဂတာယပိ၊ တိရစ္ဆာန်မ၌ သော်လည်း။
ပဋိသေဝေယျ၊ မှီဝဲငြားအံ့။
သော ဘိက္ခု၊ ထိုရဟန်းသည်။
ပါရာဇိကော၊ ပါရာဇိက အာပတ်သို့ ရောက်သည်။
ဟောတိ၊ ဖြစ်၏။
အသံဝါသော၊ အတူ ပေါင်းဖော်ခြင်း မရှိသောသူသည်။
ဟောတိ၊ ဖြစ်၏။
ယော ပန ဘိက္ခု
ဤသိက္ခာပုဒ်၌-မည်း၊ ဖြူ၊ ဆူ၊ ကြုံ၊ နိမ့်၊ မြင့်၊ ဝါကြီး၊ ဝါငယ်စသည်ဖြင့် အမှတ်မရှိ အလုံးစုံသည် အကြင်မည်၏။ ပန-ကား အနက်ထူး မရှိ၊ ရွတ်လွယ်စေခြင်းငှာ ပုဒ်တန်ဆာဆင်ခြင်းတည်း။ ဉတ္တိစတုတ္ထကံဆောင် ရဟန်းသည် ဤသိက္ခာပုဒ်၌ အာပတ်သင့်နိုင်သော ရဟန်း မည်၏။
သိက္ခာသာဇီဝ
အဓိသီလသည် သိက္ခာ မည်၏။ ရဟန်းတို့၏ ကိုယ်နှုတ် စောင့်စည်းခြင်း ဟူလို။ ပညတ်တော် သိက္ခာပုဒ်အပေါင်းသည် သာဇီဝ မည်၏။ အတူသီလ အသက်ရှင်ရာ သဘောတူရာ အရပ်ဟူလို။ ကုဋေ ကိုးထောင့်တရာ့ ရှစ်ဆယ့်ငါးသန်း သုံးသောင်း ခြောက်ထောင် အတိုင်းအရှည် ရှိ၏။ သိက္ခာ၊ သာဇီဝ နှစ်ပါး၌ ကျင့်သူသည် သိက္ခာသာဇီဝသို့ ရောက်သည် မည်၏။ ကျင့်ပုံကား အဓိသီလ ဟူသော စောင့်စည်းခြင်းကိုလည်း ပြည့်စုံအောင် ဖြည့်ကျင့်ရသည်။ သိက္ခာပုဒ်အပေါင်းကို လည်း မလွန်ကျူးရ။
ဗုဒ္ဓံ ပစ္စက္ခာမိ၊ သာမဏေရာတိ မံ ဓာရေဟိ - စသည်ဖြင့် သိက္ခာကိုစွန့်ခြင်းသည် သိက္ခာချသည်လည်း မည်၏။ သာဇီဝ၌ အားနည်းခြင်းကို ထင်စွာပြုသည်လည်း မည်၏။ ဘုရားကို စွန့်ပြီးပြီ၊ စွန့်ရမူ ကောင်းလေစွ၊ ငါ့ကို သာမဏေဟု မှတ်ပြီးပြီလော - စသည်ဖြင့် ဆိုခြင်းသည် အားနည်းခြင်းကို ထင်စွာပြုသည်သာ မည်၏။ သိက္ခာချသည် မည်၏။
မေထုနဓမ္မ
ရာဂအနှိပ်စက်ခံရခြင်း တူသူနှစ်ယောက်သည် မေထုန မည်၏။ ထိုနှစ်ယောက်၏ မဂ်တခု၌ မဂ်တခုသွင်းသော အကျင့်သည် မေထုနဓမ္မ မည်၏။ ထိုအကျင့်ကို လွန်ကျူးသူသည် မှီဝဲသည် မည်၏။ လွန်ကျူးခံရ၍ သာယာသူလည်း မှီဝဲသည် မည်၏။
တိရစ္ဆာနဂတာ
အယုတ်ဆုံး တိရိစ္ဆာန်မ-ဟုဆိုသော်လည်း အခြေမဲ့တွင် မြွေ ငါး၊ ခြေနှစ်ချောင်းတွင် ကြက်၊ ခြေလေးချောင်းတွင် ကြောင်၊ ဤအထိ ပါရာဇိကဝတ္ထု တိရစ္ဆာန်မည်၏။ ထိုအောက် ပါရာဇိက မလောက်။
ပါရာဇိကော
သာသနာတော်မှ ရှုံးခြင်းသို့ ရောက်သူသည် ပါရာဇိကပုဂ္ဂိုလ် မည်၏။ ပရာဇယံ အာပန္နောတိ ပါရာဇိကော။ မှီဝဲခြင်းဓမ္မသည်လည်း သာသနာတော်မှ ရှုံးစေတတ် သောကြောင့် ပါရာဇိကဓမ္မ မည်၏။ ပရာဇေတီတိ ပါရာဇိကော။ အာပတ်သည်လည်း ထို့အတူ ရှုံးစေတတ်သောကြောင့် ပါရာဇိကအာပတ် မည်၏။ (ဣတ္တိလိင်) ပရာဇေတီတိ ပါရာဇိကော။ ပါရာဇိကဓမ္မ လွန်ကျူးမူကြောင့် ပါရာဇိက အာပတ်ရောက်၍ ပါရာဇိကပုဂ္ဂိုလ် ဖြစ်၏။
အသံဝါသော
ရဟန်းကောင်းတို့နှင့်အတူ ပေါင်းဖော်ခြင်း မရှိစကောင်းသူသည် အသံဝါသပုဂ္ဂိုလ် မည်၏။
ဧကဓမ္မ = တသိမ်တည်း ပကတတ်ရဟန်းတို့ အတူပြုအပ်သော ကံလေးပါး။
ဧကုဒ္ဒေသ = ထို့အတူ အတူပြအပ်သော ပါတိမောက်ပြခြင်းငါးပါး။
သမသိက္ခတာ = လဇ္ဇီအားလုံး အတူကျင့်အပ်သော သိက္ခာပုဒ်အပေါင်း။
ဤသုံးမျိုးသည် သံဝါသမည်၏။ လဇ္ဇီရဟန်းတို့ အတူနေရာ (အတူဆောက်တည်ရာ) ဖြစ်၏။ ဤသံဝါသသုံးမျိုးသည် ထိုပုဂ္ဂိုလ်နှင့်အတူမရှိ။ ထို့ကြောင့် အသံဝါသသုံးမျိုး သည် ထိုပုဂ္ဂိုလ်နှင့်အတူမရှိ။ ထို့ကြောင့် အသံဝါသ မည်၏။ သံဃကံအားလုံး၌ အရေအတွက် မပြုအပ်။ ပကတတ်ကား - ပါရာဇိက မရောက်သူ၊ ဥက္ခိတ္တကံပြု မခံရသူတည်း။
သိက္ခာမချပဲ မေထုန်မှုပြုလျှင် ရဟန်းအသက် ထွက်၏။ ဦးခေါင်းပြတ်သူ ဦးခေါင်းနှင့် ပြန်စပ်သော်လည်း အသက်မရှူပြီ၊ သီလသည် ရဟန်းအသက် မည်၏။
ဘိက္ခုရှစ်မျိုး
ရဟန်းဟူသည် --
- ဧဟိက္ခုရဟန်း၊
- သရဏဂုံရဟန်း၊
- ဩဝါဒ ပဋိဂ္ဂဟဏရဟန်း၊
- ပဉှာဗျာကရဏရဟန်း၊
(ဤလေးမျိုးသည် အမိန့်ထူးဖြင့် ဖြစ်၏။ ဤဘဝတွင် မဂ်ဖိုလ်ရ၏။)
- အဋ္ဌဂရုဓမ္မပဋိဂ္ဂဟဏရဟန်း၊
- ဒူတေနုပသမ္ပဒရဟန်း၊
- အဋ္ဌဝါစိကရဟန်း၊
(ဤသုံးမျိုးသည် ဘိက္ခုနီမ-ဖြစ်၏။)
- ဉတ္တိစတုတ္ထကံဆောင်ရဟန်း
(ဤတမျိုးသည် နှစ်ငါးထောင်လုံး တည်၏။)
ဤသို့ ရှစ်မျိုးရှိ၏။ ထိုတွင် ဉတ္တိစတုတ္ထကံဆောင်ကိုသာ ဤ၌ အလိုရှိအပ်၏။ ဝါ၊ ပါရာဇိကအာပတ် သင့်နိုင်၏။ ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်တို့၌ကား ကြွင်းသော ရဟန်း များလည်း အာပတ်သင့်နိုင်ကုန်၏။
*ဧဟိ၊ သရဏ (၂)၊ ဩဝါဒနှင့် (၁)၊ ပဉှ၊ ဂရုဓမ် (၂) ဒူတံတဖြာ (၁)၊ ဋ္ဌဝါစိက(၁)၊
စတုတ္ထ (၁) အဋ္ဌဘိက္ခုတည်း။
အဓိသီလသိက္ခာ
သိက္ခာသည် အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာ သိက္ခာ-ဟု သုံးပါးရှိ၏။
မဂ္ဂင်ရှစ်ပါး၌ --
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပသည် အဓိပညာသိက္ခာ။
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝသည် အဓိသီလသိက္ခာ။
သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိသည် အဓိစိတ္တသိက္ခာ မည်၏။
ဤ၌ ကိုယ် နှုတ် နှစ်ပါးစောင့်စည်းခြင်းအားဖြင့် အဓိသီလသိက္ခာကိုသာ ယူရသည်။ လူ သာမဏေတို့၏ စောင့်စည်းခြင်းသီလသည် သီလမည်၏။ ထိုထက်လွန်သော ရဟန်းသီလသည် အဓိသီလမည်၏။ အကျဉ်းအားဖြင့် သီလ၊ သမာဓိ၊ ပညာ သုံးပါးတွင် သီလကို ဤ၌ယူသည်။
မဂ်သုံးဆယ်
မေထုနဓမ္မ ဖြစ်ရာ၌ မဂ်သုံးဆယ်ကို သိအပ်၏။
လူ နတ် တိရစ္ဆာန်အားဖြင့် မိန်းမသုံးယောက်၊ ယောက်ျား သုံးယောက်၊ ဥဘတောဗျည်း သုံးယောက်၊ ပဏ္ဍုက် သုံးယောက်၊ ဤသို့ ၁၂- ယောက် ရှိ၏။
မ-သုံးယောက်၊ ဗျည်း-သုံးယောက်၌ ဝစ္စမဂ်၊ ပဿာဝမဂ် မုခမဂ်အားဖြင့် သုံးမဂ်စီ ရှိ၍ ၁၈-မဂ်၊ ထီး-သုံးယောက်၊ ပဏ်-သုံးယောက်၌ ဝစ္စမဂ်၊ မုခမဂ်အားဖြင့် နှစ်မဂ်စီရှိ၍ ၁၂-မဂ်၊ ပေါင်း မဂ် ၃ဝ-မည်၏။
*မ၊ ဗျည်း၊ ထီး၊ ပဏ်(၄) လူ၊ နတ်၊ စ္ဆာန် (၃)၊ မြှောက်ရန် သုံးလေးလီ (၁၂)။
မ၊ ဗျည်း-သုံးမဂ် (၁၈)၊ ကြွင်း-နှစ်မဂ် (၁၂) ပေါင်း မဂ်သုံးဆယ်မည်။
ထိုမဂ်သုံးဆယ်တို့၌ ပကတိ လေမရောက်ရာ စွတ်စိုသောအရပ်၌ ရဟန်း၏ အင်္ဂါဇာတ်ကို မှီဝဲလိုသောစိတ်ဖြင့် နှမ်းစေ့ခန့်မျှ ဝင်အောင်ပြုအံ့၊ ပါရာဇိက။ သူတပါးပြုလျှင် သွင်းဆဲ၊ ဝင်ဆဲ၊ တည်ဆဲ၊ နှုတ်ဆဲ တချက်ချက် သာယာအံ့ ပါရာဇိကသာတည်း။ အသေကောင်ဖြစ်အံ့၊ ခွေး မြေခွေးတို့ မခဲသော မဂ်၌၎င်း၊ များစွာမခဲသေးသော မဂ်၌၎င်း ပါရာဇိက။ မိမိမဂ် သူတပါးမဂ် အဝတ်ခံထား သော်၎င်း၊ ရဟန်းအင်္ဂါဇာတ် အဝတ်ပတ်ထားသော်၎င်း ပါရာဖိကသာတည်း။
သာဓာရဏလက္ခဏာ ၁၇-ပါး မှတ်ဖွယ်
သိက္ခာပုဒ်အားလုံးနှင့် ဆက်ဆံသော ဝိနိစ္ဆယ ၁၇-ပါးကို သိအပ်၏။
နိဒါန်း၊ ပုဂ္ဂိုလ်၊ ဝတ္ထု၊ ပညတ္တိဝိဓိ၊ အာဏတ္တိ၊(၅)၊
အာပတ္တိဘေဒ၊ အနာပတ္တိ၊ ဝိပတ္တိ၊ အင်္ဂါ၊ သမုဋ္ဌာနဝိဓိ (၁၀)၊
ကြိယာ၊ သညာ၊ စိတ္တ၊ ဝဇ္ဇ၊ ကမ္မ (၁၅)၊
ကုသလတ္တိက၊ ဝေဒနာတ္တိက (၁၇)၊
ဤကား ဆက်ဆံသော လက္ခဏာ ၁၇- ပါးတည်း။
၁-နိဒါန်း
ထိုတွင် သိက္ခာပုဒ် ပညတ်ရာ တိုင်းပြည်သည် နိဒါန်းမည်၏။ ဖြစ်ရာဌာန မည်၏။ ဝေသာလီ၊ ရာဇဂြိုဟ်၊ သာဝတ္ထိ၊ အာဠဝီ၊ ကောသမ္ဗီပြည်၊ သက္ကတိုင်း၊ ဘဂ္ဂတိုင်း ဟု ခုနစ်တိုင်း ခုနစ်ဌာန ရှိ၏။ သိက္ခာပုဒ်အားလုံး ဖြစ်ရာ ဤ ၇-ဌာနသာတည်း၊
၂-ပုဂ္ဂိုလ်
ထိုထိုသိက္ခာပုဒ် ပညတ်ရန် အကြောင်းရင်းခံအမှုသည် (အမှုသယ်) ရဟန်းသည် ပုဂ္ဂိုလ်မည်၏။
၃-ဝတ္ထု
ထိုအမှုသည် ပုဂ္ဂိုလ်၏လွန်ကျူးသောပြစ်မှုသည် ဝတ္ထုမည်၏။
၄-ပညတ္တိဝိဓိ
ပညတ်အပြားကား --
ပညတ်၊ အနုပညတ်၊ အနုပ္ပန္နပညတ် ဟူ၍ သုံးပါး။
သဗ္ဗတ္ထပညတ်၊ ပဒေသပညတ်-ဟူ၍ နှစ်ပါး။
သာဓာရဏပညတ်၊ အသာဓာရဏပညတ်-ဟူ၍ နှစ်ပါး။
ဧကတောပညတ်၊ ဥဘတောပညတ်-ဟူ၍ နှစ်ပါး။
ဤသို့ ကိုးပါးပြား၏။
ထိုတွင် --
မူလပညတ်ခြင်းသည် ပညတ်မည်၏။
နောက်ထပ် ပညတ်ခြင်းသည် အနုပညတ် မည်၏။
ပြစ်မှုမလွန်ကျူးမီ ပညတ်ခြင်းသည် အနုပ္ပပညတ်မည်၏။ ဤ၌ အနုပ္ပန္နပညတ်ကို ဂရုဓမ်ရှစ်ပါး ဝန်ခံစေခြင်းဖြင့် ဘိက္ခုနီမတို့အားသာ ပညတ်သည်။ ထို့ပြင်မရှိ။
အရပ်ဒေသ ပိုင်းခြား၍ ပညတ်ခြင်းသည် ပဒေသ ပညတ်မည်၏။ ဝိနယဓရပဉ္စမဂဏ ဖြင့် ရဟန်းခံခြင်း၊ လေးထပ်မှစ၍ အထပ်ထပ်သော ဖိနပ်စီးခြင်း၊ နေ့စဉ်ရေချိုးခြင်း၊ သားရေအခင်းခင်းခြင်း၊ ဤလေးပါးသည် ပဒေသပညတ်မည်၏။ မဇ္ဈိမဒေသသာ အာပတ်သင့်သည်။ ပစ္စန္တရစ်၌ အာပတ်မသင့်။ ကြွင်းအားလုံးသည် သဗ္ဗတ္ထပညတ် မည်၏။ အရပ်အားလုံး၌ ပညတ်သည်။
ဘိက္ခု၊ ဘိက္ခုနီ နှစ်ဦးလုံး ဆက်ဆံသော ပညတ်သည် သာဓာရဏပညတ် မည်၏။ ဥဘတောပညတ်လည်း မည်၏။ ဘိက္ခု သက်သက်၊ ဘိက္ခုနီ သက်သက် မဆက်ဆံ သောပညတ်သည် အသာဓာရဏပညတ် မည်၏။ ဧကတောပညတ်လည်း မည်၏။
သိက္ခာပုဒ် ဆုံးဖြတ်ရာ၌ ပညတ်၊ အနုပညတ် နှစ်ပါး။ သာဓာရဏ၊ အသာဓာရဏ နှစ်ပါး၊ ဤလေးပါးပြခြင်းဖြင့် ကိုးပါးလုံး ပြည့်စုံလတ္တံ့။
၅-အာဏတ္တိ
စေခိုင်းခြင်းသည် အာဏတ္တိမည်၏။
(ခိုးခိုင်းသည်၊ ဘိက္ခုနီအား သင်္ကန်းဖွပ်လော့-ဟု ခိုင်းသည်)။
၆-အာပတ္တိဘေဒ
ပုဗ္ဗပယောဂ စသည် အစွမ်းဖြင့် အာပတ်ပြားခြင်းသည် အာပတ္တိဘေဒ မည်၏။
၇-အနာပတ္တိ
မသိခြင်း စသည်စွမ်းဖြင့် အာပတ်မသင့်ခြင်းသည် အနာပတ္တိ မည်၏။
၈-ဝိပတ္တိ
သီလ၊ အာစာရ၊ ဒိဋ္ဌိ၊ အာဇီဝ - လေးပါးပျက်ခြင်းသည် ဝိပတ္တိ မည်၏။
(ပါရာဇိက၊ သံဃာဒိသိသ် ၂-ခုသည် သီလဝိပတ္တိ။ ကြွင်းအာပတ် ၅-ခုသည် အာစာရဝိပတ္တိ။ မိစ္ဆာဒိဋ္ဌိအယူ ယူခြင်းသည် ဒိဋ္ဌိဝိပတ္တိ။ မိစ္ဆာဇီဝဖြင့် အသက်မွေး ညံ့ခြင်းသည် အာဇီဝဝိပတ္တိ မည်၏။)
၉-အင်္ဂါ
သိက္ခာပုဒ်တို့၌ အာပတ်၏ အကြောင်း အစိတ်စိတ်သည် အင်္ဂါ မည်၏။
၁၀-သံဋ္ဌာနဝိဓိ
သမုဋ္ဌာန်အပြားသည် (ပဌမ၊ ဒုတိယ အစဉ်အားဖြင့်) ကာယ၊ ဝါစာ၊ ကာယဝါစာ၊ ကာယစိတ္တ၊ ဝါစာစိတ္တ၊ ကာယဝါစာစိတ္တ-ဟု ခြောက်ပါးရှိ၏။ အာပတ်အားလုံး၏ အကြောင်း ဖြစ်သောကြောင့် အာပတ္တိသမုဋ္ဌာန် မည်၏။ သိက္ခာပဒသမုဋ္ဌာန်လည်း မည်၏။
အင်္ဂါတပါးရှိ ၂-ပါး၊ နှစ်ပါးရှိ ၃-ပါး၊ သုံးပါးရှိ ၁-ပါးဖြစ်၏။
ဝါ၊ အစိတ္တက သုံးပါး၊ သစိတ္တက သုံးပါးဖြစ်၏။
ထိုတွင် --
တပါး၊ နှစ်ပါး၊ သုံးပါး၊ လေးပါး၊ ခြောက်ပါးကြောင့် အာပတ်သင့်သည်။
ငါးပါးကြောင့် အာပတ်သင့်ခြင်း မရှိ။
တပါးကြောင့်ကား - စတုတ္ထကြောင့်၊ ပဉ္စမကြောင့်၊ ဆဋ္ဌကြောင့် သင့်၏။ သုံးမျိုး။
နှစ်ပါးကြောင့်ကား - ပဌမ စတုတ္ထကြောင့်၊ တတိယ ပဉ္စမကြောင့်၊ တတိယ ဆဋ္ဌကြောင့်၊ စတုတ္ထ ဆဋ္ဌကြောင့်၊ ပဉ္စမ ဆဋ္ဌကြောင့် သင့်၏။ ငါးမျိုး။
သုံးပါးကြောင့်ကား - ရှေ့သုံးပါးကြောင့်၊ နောက် သုံးပါးကြောင့် သင့်၏။ နှစ်မျိုး။
လေးပါးကြောင့်ကား - ပ၊ တ၊ စ၊ ဆကြောင့်၊ ဒု၊ တ၊ မ၊ ဆကြောင့် သင့်၏။ နှစ်မျိုး။
ခြောက်ပါးကြောင့်ကား - ခြောက်ပါးလုံးကြောင့် သင့်၏။ တမျိုး။
ဤသို့ အာပတ်အားလုံးသည် ၁၃-မျိုးသာဖြစ်၏။
*သုံး၊ ငါး၊ နှစ်၊ နှစ်၊ နောက်ဆုံးတစ်၊ ပေါင်းလစ် တဆယ့်သုံး။
သမုဋ္ဌာန်-၁၃ပါး
အာပတ်တို့သည် ရှေးဦးစွာသော သိက္ခာပုဒ်သမုဋ္ဌာန် အားဖြင့် ပဌမပါရာဇိက-သမုဋ္ဌာန် အာပတ်-စသည် မည်ကုန်၏။ စတုတ္ထ (ကာယစိတ္တ) ကြောင့် သင့်သော အာပတ်သည် ပဌမပါရာဇိက သမုဋ္ဌာန်အာပတ် မည်၏။ ပါတိမောက်နှစ်စောင်၌ ထို အာပတ်မျိုး ၇၆-ခုရှိ၏။
သစိတ္တက သုံးပါးကြောင့် သင့်လျှင် အဒိန္နာဒါနသမုဋ္ဌာန်-မည်၏။ ၇၁-ခုရှိ၏။
ခြောက်ပါးလုံးကြောင့်သင့်လျှင် သဉ္စရိတ္တ-၅၀။
ဆဋ္ဌကြောင့် သင့်လျှင် သမနုဘာသန-၃၇။ (ဓုရနိက္ခေပသမုဋ္ဌာန်လည်း မည်၏။)
တတိယ ဆဋ္ဌကြောင့်သင့်လျှင် ကထိန-၂၉။
ပဌမ စတုတ္ထကြောင့်သင့်လျှင် ဧဠကလောမ-၄၄။
ဒုတိယ ပဉ္စမကြောင့်သင့်လျှင် ပဒုသောဓမ္မ-၇။
ပဌမ တတိယ၊ စတုတ္ထ၊ ဆဋ္ဌကြောင့်သင့်လျှင် အဒ္ဓါန-၁၅။
စတုတ္ထ၊ ဆဋ္ဌကြောင့် သင့်လျှင် ထေယျသတ္တ-၇။
ပဉ္စမကြောင့် သင့်လျှင် ဓမ္မဒေသနာ-၁၁။
အစိတ္တက သုံးပါးကြောင့် သင့်လျှင် ဘူတာရောစန-၁။
ပဉ္စမ၊ ဆဋ္ဌကြောင့် သင့်လျှင် စောရီဝုဋ္ဌာပန-၁။
ဒုတိယ၊ တတိယ၊ ပဉ္စမ၊ ဆဋ္ဌကြောင့်သင့်လျှင် အနနုညာတသမုဋ္ဌာန် အာပတ် မည်၏။ ၁-ခုသာရှိ၏။ (ပရိဝါသမုဋ္ဌာနသီသ သင်္ခေပ၌ အဒိန္နာဒါနတွင် သိက္ခာပဒါသတ္တမိမေ - ဟု ရှိသည်။ သရုပ်ကား - ၇၁-သာတည်း။)
*စ-မေထုနာ (၇၆)၊
သစိတ္တာသုံး-စုရုံးဒိန္နာ (၇၁)၊
သဉ္စာ-သဗ္ဗ၊ (၅၀)၊
သမနု-ဆာ (၃၇)၊
ထိနာ-တ၊ ဆ၊ (၂၉)၊
ပ၊ စ၊ ဧဠံ (၄၄)၊
ဒု၊ မံ-ပဒ (၇)၊
ပ၊ တ၊ စ၊ ဆာ-ယူပါအဒ္ဓ (၁၅)၊
စ၊ ဆ-ထေယျာ၊ (၇)၊
ဓမ္မာ၊ ပဉ္စမ (၁၁)၊
ရှေ့ကတယော-ဘူဘာရောမှီ (၁)၊
စောရီ-မ၊ ဆာ(၁)၊
နာနုညာတ-ဒု၊ တ၊ မ၊ ဆံ (၁) သွင်းထည့်ပြန် -
မှတ်ရန် သမုဋ္ဌာန်အကျဉ်းတည်း (၃၅၀)။
၁၁-ကြိယာ
အာပတ်တို့သည် --
၁။ ကြိယကြောင့်၊
၂။ အကြိယကြောင့်၊
၃။ ကြိယာကြိယကြောင့်၊
၄။ သိယာကြိယ သိယာအကြိယကြောင့်၊
၅။ သိယာကြိယ သိယာကြိယကြောင့်
ဤငါးမျိုးကြောင့် ဖြစ်ကုန်၏။
၁။ ထိုတွင် ကိုယ်ဖြင့်၎င်း၊ နှုတ်ဖြင့်၎င်း လွန်ကျူးမှုပြု၍ သင့်သော အာပတ်သည် ကြိယ ကြောင့် သင့်၏။ ကြိယသမုဋ္ဌာနအာပတ် မည်၏။ မြေတူးခြင်းစသော အာပတ် မျိုးတည်း။
၂။ ပြုရမည်ကို မပြု၍ သင့်လျှင် အကြိယမည်၏။ ဆယ်ရက်အတွင်း အဓိဋ္ဌာန်ဝိကပ္ပနာ မပြုသော အာပတ်မျိုးတည်း။
၃။ ပြု မပြု နှစ်ပါးကြောင့် သင့်လျှင် ကြိယာကြိယ မည်၏။ ဘိက္ခုနီမ၏ လက်မှ သင်္ကန်းခံသော အာပတ်မျိုးတည်း။
၄။ လဲခြင်းမပြုပဲ ခံခြင်းပြုသည်။ ရံခါပြုခြင်းကြောင့်၊ ရံခါ မပြုခြင်းကြောင့် သင့်လျှင် သိယာကြိယ သိယာအကြိယ မည်၏။ ရွှေငွေခံသော အာပတ်မျိုးတည်း။
၅။ ရံခါ ခံယူခြင်း ပြုခြင်းကြောင့်၊ ရံခါ တားမြစ်မှု မပြုခြင်းကြောင့် သင့်သည်။ ရံခါ ပြုခြင်းကြောင့်၊ ရံခါ ပြု-မပြု နှစ်ပါးကြောင့် သင့်လျှင် သိယာကြိယ၊ သိယာကြိယာ ကြိယ မည်၏။ ကုဋိကာရအာပတ်မျိုးတည်း။ ကျောင်းနေရာ ကြားစေ၍ ပမာန လွန်အောင် ပြုသောအခါ သိယာကြိယ၊ မကြားစေပဲ လွန်အောင်ပြုသောအခါ သိယာ ကြိယာကြိယကြောင့် သင့်သည်။
ဤနည်းဖြင့် အာပတ်အားလုံးသည် ငါးမျိုးသာ ဖြစ်၏။
၁၂-သညာ
သညာအားဖြင့် သညာဝိမောက္ခ၊ နေဝသညာဝိမောက္ခ-ဟု အာပတ်နှစ်မျိုး ပြား၏။ မလွန်ကျူးလိုသော သညာကြောင့် လွတ်သော အာပတ်သည် သညာဝိမောက္ခ မည်၏။ မလွန်ကျူးလိုသော သညာကြောင့် မလွတ်သော အာပတ်သည် နေဝသညာဝိမောက္ခ မည်၏။ လွန်ကျူးလိုသော သညာမရှိသဖြင့် လွတ် မလွတ်လည်း အတူတူ။
၁၃-စိတ္တ
စိတ္တအားဖြင့် သစိတ္တက၊ အစိတ္တကဟု နှစ်မျိုး ပြား၏။ သစိတ္တက သမုဋ္ဌာန် သုံးပါးကြောင့် သင့်သော အာပတ်သည် သစိတ္တက မည်၏။ အစိတ္တကသုံးပါး ကြောင့်၎င်း၊ သစိတ္တကမိဿက အာရော-ကြောင့်၎င်း သင့်သော အာပတ်သည် အစိတ္တက မည်၏။
၁၄-ဝဇ္ဇ
ဝဇ္ဇအားဖြင့် လောကဝဇ္ဇ၊ ပဏ္ဏတ္တိဝဇ္ဇ ဟု နှစ်မျိုးပြား၏။ သစိတ္တကအဖို့၌ အကုသိုလ်စိတ်သာရှိသော အာပတ်သည် လောကဝဇ္ဇမည်၏။ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတရှိသော အာပတ်သည် ပဏ္ဏတ္တိဝဇ္ဇ မည်၏။ ဤ၌ ဝတ္ထုကို သိသော သစိတ္တကကို ယူရသည်။ ပညတ်တော်ကို သိခြင်း၊ မသိခြင်းကား ပဓာနမဟုတ်။
၁၅-ကမ္မ
ကမ္မ၌ ကံသည် ကာယကံ၊ ဝစီကံ၊ ကာယကံဝစီကံ ဟု သုံးမျိုး ရှိ၏။ ကာယဒွါရ၌ သင့်သောအာပတ်သည် ကာယကံအာပတ် မည်၏။ ဝစီဒွါရ၌သင့်လျှင် ဝစီကံ အာပတ်၊ ဒွါရနှစ်ပါး၌ သင့်လျှင် ကာယကံဝစီကံအာပတ် မည်၏။ မနောဒွါရ၌ သင့်သော အာပတ်ပည်သည် မရှိ။ အဓမ္မိကပဋိညာဉ် ရှိစေကာမူ မနော၌ အာပတ် မသင့်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဟူသော အဓိသီလသိက္ခာသည် မနောကံအရာ မဟုတ်သောကြောင့်တည်း။
၁၆-ကုသလတ္တိက
ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ အဗျာကတစိတ်ရှိလျက် အာပတ်သင့်သော်လည်း အကုသိုလ်စိတ်စွမ်းဖြင့် သင့်လျှင် အကုသလစိတ္တအာပတ်။ ကုသိုလ် အဗျာကတ စွမ်းဖြင့် သင့်လျှင် ဒွိစိတ္တအာပတ်။ သုံးပါးစွမ်းဖြင့် သင့်လျှင် တိစိတ္တအာပတ်။ ဤသို့ ကုသလတိက်အားဖြင့် အာပတ်သုံးမျိုး ပြား၏။ ပါဠိတော်၌ အာပတ်သည် ရံခါ အကုသိုလ်၊ ရံခါ အဗျာကတ၊ ဤသို့နှစ်ပါးသာတည်း။ ကုသိုလ်အာပတ်မရှိဟု ဟောသည်။ ထို့ကြောင့် ကုသိုလ်စိတ်ရှိစဉ် အာပတ်သင့်ရာ၌ လွန်ကျူးခြင်းဖြင့် ဖြစ်သော ရုပ်အဗျာကတသည် အာပတ်မည်၏။ ကုသိုလ်စိတ်သည် အာပတ်အမည် မရ။
၁၇-ဝေဒနာတ္တိက
ဝေဒနာသုံးပါး တပါးပါးရှိခိုက် အာပတ်သင့်သော်လည်း ဒုက္ခဝေဒနာစွမ်းဖြင့် သင့်လျှင် ဒုက္ခဝေဒနာ၊ သုခ၊ ဥပေက္ခာစွမ်းဖြင့်သင့်လျှင် ဒွိဝေဒနာ၊ ဝေဒနာသုံးပါး စွမ်းဖြင့် သင့်လျှင် တိဝေဒနာ၊ ဤသို့သာလျှင် ဝေဒနာတိက်အားဖြင့် အာပတ်သုံးမျိုး ပြား၏။ ဤ ၁၇-ပါးသော လက္ခဏာကို သိက္ခာပုဒ်အားလုံး၏ အသာဓာရဏဝိနိစ္ဆယ အဆုံးတွင် ယှဉ်တွဲ၍ ပြအပ်၏။
သာဓာရဏ အဆုံးအဖြတ်
နိဒါနပဉ္စက
ဤ ပဌမပါရာဇိကသိက္ခာပုဒ်ကို --
၁ ဝေသာလီပြည်၌၊
၂-ရှင်သုဒိန္နမထေရ်ကို အကြောင်းပြု၍၊
၃-မေထုန်မှု လွန်ကျူးခြင်းကြောင့် ပညတ်၏။
၄−မေထုနံ ဓမ္မံ ပဋိသေဝေယျ-ကား မူလ ပညတ်ဖြစ်၏။ သိက္ခံ အပစ္စက္ခာယနှင့် အန္တမသော တိရစ္ဆာနဂတာယ-သည် အနုပညတ် နှစ်ပါးဖြစ်၏။ ဤမှနောက်၌ အနုပညတ်ရှိရာ၌သာ အနုပညတ်ကို ဖော်ပြပေအံ့။ အကြွင်းကို မူလပညတ်ဟု သိအပ်၏။ ရဟန်းကို အကြောင်းပြုသော ဝတ္ထုကြောင့်သာလျှင် ဘိက္ခုနီမတို့အား လည်း ယာ ပန ဘိက္ခုနီ ဆန္ဒသော မေထုနံ ဓမ္မံ ပဋိသေဝေယျ ဟု ပညတ် သောကြောင့် သာဓာရဏ ပညတ်သိက္ခာပုဒ် ဖြစ်၏။
၅-စေခိုင်းသော ရဟန်းအား ဤအာပတ် မသင့်သောကြောင့် အနာဏတ္တိက သိက္ခာပုဒ် မည်၏။ မအပ်မရာ စေခိုင်းခြင်းကြောင့် ဒုက္ကဋ်ကား သင့်၏။ ထိုဒုက္ကဋ်ကို ဘေသဇ္ဇက္ခန္ဓက အာတုမမြို့ သုဘဒ္ဒဝတ္ထု၌ ပညတ်သည်။
အနုပညတ်သုံးမျိုး
ဤအနုပညတ်သည် အာပတ်သင့်သော အနုပညတ်၊ မသင့်သော အနုပညတ်၊ ထောက်ပံ့သော အနုပညတ် ဟု သုံးမျိုး ရှိ၏။ အညဝါဒကသိက္ခာပုဒ် စသည်တို့၌ အနုပညတ်သည် အညဝါဒကမှတပါး ဝိဟေသကကြောင့်လည်း အာပတ် ထပ်သင့်၏။ အညတြ သုပိနန္တာ စသည်ကား အာပတ်မသင့်။ အဒိန္နာဒါန သိက္ခာပုဒ် စသည်တို့၌ကား မူလအာပတ်ကို အထောက်အပံ့ပြု၏။ ဤသိက္ခာပုဒ်၌ အနုပညတ် နှစ်ပါးလုံးသည် အထောက်အပံ့ ပြုသည်သာတည်း။
*ထပ်သင့် မသင့်၊ ထောက်ပံ့နှင့် (၃) သုံးဆင့် နုပညတ်။
၆-အာပတ္တိဘေဒ
မေထုနရာဂဖြင့် ကိုယ်လက်နှီးနှောအံ့၊ ဒုက္ကဋ်။ သက်ရှိ မဂ် ၃၀-၌ သားရေစသည်ကို အကြွင်းမဲ့ ပယ်လှီး၍ နိမိတ်ပုံသဏ္ဌာန် မျှ၌သော်လည်း မှီဝဲလိုသောစိတ်ဖြင့် သွင်းအံ့၊ ပါရာဇိက။ အယုတ်ဆုံးအားဖြင့် အင်္ဂါဇာတ်၌ဖြစ်သော အဖုကို သားရေစွန်းကို သော်လည်း သွင်းအံ့၊ ပါရာဇိက။ ကာယပသာဒပျက်သော ခြောက်သောအဖု၊ သေသော သားရေစွန်း၊ အမွေးတို့ကို သွင်းအံ့၊ ဒုက္ကဋ်။ နိမိတ်သဏ္ဌာန်မျှ မကျန်အောင် အကြွင်းမဲ့ ပယ်လှီးအပ်ပြီးသော နေရာ၌ လုံ့လပြုအံ့၊ အနာမည်၏။ အနာစွမ်းဖြင့် ထုလ္လစ္စည်း။ လူတို့၏ မျက်စိပေါက်၊ နှာပေါက်၊ နားပေါက်၊ သိုအိမ်၊ ဓားဖြင့် ခွဲသောအနာ၊ ဆင် မြင်းစသည်တို့၏ သိုအိမ်၊ နှာပေါက်တို့၌လည်း ထုလ္လစ္စည်း။ တိရစ္ဆာန်တို့၏ မျက်ကွင်း၊ နားပေါက်၊ အနာတို့၌ ဒုက္ကဋ်။ မြွေ၊ ငါးစသည် တို့၏ မသွင်းလောက်သော ငယ်သောနိမိတ်၊ သတ္တဝါအားလုံး၏ လက်ကတီးကြား စသော ကြွင်းကိုယ်တို့၌၎င်း ဒုက္ကဋ်။
အသေကောင်၌ကား နိမိတ်ထက်ဝက် ခွေးစသည် ခဲအပ်သည်မှစ၍ ကျိုက်ကျိုက်ဆူ မပုပ်သေးမီ ထုလ္လစ္စည်း။ ကျိုက်ကျိုက်ဆူပုပ်လျှင် ဒုက္ကဋ်။ ဟင်းလင်းပွင့်သောခံတွင်း၌ မထိမခိုက်သွင်းလျှင် ဒုက္ကဋ်။ နှုတ်ခမ်းမှ ပြင်ပသို့ ထွက်သော လျှာ၌၊ သွား၌ ထုလ္လစ္စည်း။ နိမိတ်ပြင်ပကျသော အသားတုံး၌ ဒုက္ကဋ်။
ဤကား အာပတ်အပြားတည်း။
၇-အနာပတ္တိ
မသိသောရဟန်း၊ မသာယာသောရဟန်း၊ ရူးသောရဟန်း၊ စိတ်ပျံ့လွင့်သောရဟန်း၊ ဝေဒနာနှိပ်စက်သော ရဟန်း၊ အာဒိကမ္မိကရဟန်း တို့အား အနာပတ္တိ။
ထိုတွင် အိပ်ပျော်ခိုက် သူတပါးပြုကျင့်သွားသည်ကို မသိလျှင် မသိသောရဟန်း မည်၏။ သိသော်လည်း မသာယာလျှင် မသာယာသောရဟန်း၊ သည်းခြေပျက်၍ ဆေးကုမရအောင် ရူးလည်း ရူးသောရဟန်း၊ ဘီလူးဖမ်း၍ စိတ်ပျံ့လွင့်လျှင် စိတ်ပျံ့လွင့်သောရဟန်း၊ ဝေဒနာပြင်းစွာ နှိပ်စက်၍ မသိလျှင် ဝေဒနာနှိပ်စက်သော ရဟန်း၊ ထိုထိုဝတ္ထု၌ အစဖြစ်သော။ ဝါ၊ ပညတ်ဦး ဖြစ်သော ရဟန်းသည် အာဒိကမ္မိကရဟန်း မည်၏။ ဤသို့ အနာပတ္တိပုဂ္ဂိုလ် ခြောက်ယောက်ကို ဟော၏။ ရူးသူ၊ စိတ်ပျံ့လွင့်သူ နှစ်ယောက်၏ ပမာဏကား မီးနှင့်ရွှေကို ထူးပြားအောင် မသိခြင်း၊ မစင်နှင့် စန္ဒကူး ထူးပြားအောင် မသိခြင်း စသည်တည်း။
ဝိပတ္တိအဋ္ဌက
ဝိပတ္တိလေးပါးတို့တွင် --
၈-သီလဝိပတ္တိ မည်၏။
၉-မှီဝဲလိုသောစိတ်ရှိခြင်း၊ မဂ်ချင်းသွင်းခြင်း၊ ဤကား အင်္ဂါနှစ်ပါးတည်း။
၁ဝ-ပဌမပါရာဇိကသမုဋ္ဌာန်ရှိသော သိက္ခာပုဒ်ဖြစ်၏။ (စ-မေထုနာ-၇၆)။
၁၁–ကြိယ ဖြစ်၏။
၁၂−သညာဝိမာက္ခဖြစ်၏။
၁၃-သစိတ္တက ဖြစ်၏။
၁၄-လောကဝဇ္ဇ ဖြစ်၏။
ဤ၌ သမုဋ္ဌာန်စသည်သည် အာပတ်နှင့်သာ ဆိုင်သည်။ သိက္ခာပုဒ်နှင့် မဆိုင်။ ခေါ်လွယ်စေခြင်းငှာ သိက္ခာပုဒ်၏ သမုဋ္ဌာန် စသည်ဖြင့် တင်စားသည်။ ဘုရားရှင် အာဘော်ကျအောင် အနက်အဓိပ္ပါယ်ကို အထူး အလေးပြုရာ၏။ အက္ခရာရှိတိုင်း မပြုရာ။ သိက္ခာပုဒ်ဖြစ်ကြောင်း သမုဋ္ဌာန် မဟုတ်။ အာပတ်သင့်ကြောင်း သမုဋ္ဌာန် ဟူလို။
ဉတ္တိစတုတ္ထကံ မှတ်ဖွယ်
ဉတ္တိစတုတ္ထကံဆောင်ရဟန်းဟု ဆိုရာ၌ ထိုကံကို ဝတ္ထုသမ္ပတ္တိ၊ ဉတ္တိသမ္ပတ္တိ၊ အနုသာဝနသမ္ပတ္တိ၊ သီမသမ္ပတ္တိ၊ ပရိသသမ္ပတ္တိ-ဟူသော သမ္ပတ္တိငါးပါး အစွမ်းဖြင့် သိအပ်၏။
ဝတ္ထု
ထိုငါးပါးတို့တွင် ရဟန်းလောင်းသည် ဝတ္ထု မည်၏။ အသက် ၂ဝ မပြည့်သူ၊ အန္တိမဝတ္ထုသို့ ရောက်သူ၊ အဘဗ္ဗပုဂ္ဂိုလ် တကျိပ်တယောက်၊ ဤ ၁၃ယောက်သည် ဝတ္ထုမဟုတ်။ ပဋိသန္ဓေမှစ၍ နှစ်အားဖြင့် ၂၀၊ လအားဖြင့် ၂၄၀၊ ရှက်အားဖြင့် ၇၂၀၀-ပြည့်သူသည် ပါရာဇိက လေးပါးမှလည်း လွတ်၊ အဘဗ္ဗတကျိပ်တယောက်မှလည်း လွတ်မူ ဝတ္ထုသမ္ပတ္တိ မည်၏။ ဤဝတ္ထုသမ္ပတ္တိစွမ်းဖြင့် ထိုဉတ္တိစတုတ္ထကံ မပျက်။
ဉတ္တိ
ဉတ်ထားရာ၌ ဝတ္ထုအပရာမသန၊ သံဃံအပရာမသန၊ ပုဂ္ဂလအပရာမသန၊ ဉတ္တိအပရာမသန၊ ပစ္ဆာဉတ္တိတ္ထပန ဟု အပြစ်ငါးပါး ရှိ၏။
အယံ ဣတ္ထန္နာမော (နာဂေါ) ဟု ရဟန်းလောင်းကို မသုံးသပ်ခြင်း၊ မဆိုခြင်းသည် ဝတ္ထုအပရာမသန မည်၏။ သုဏာတု မေ ဘန္တေ နောင်သံဃာဟု မဆိုလျှင် သံဃအပရာမသန၊ ဣတ္တန္နာမဿ (အာယသ္မတော တိဿဿ) ဥပသမ္ပဒါပေက္ခော ဟု ဥပဇ္ဈာယ်ကို ထည့်မဖတ်လျှင် ပုဂ္ဂလအပရာမသန၊ ဉတ်မဖတ်လျှင် ဉတ္တိအပရာမသန၊ ကမ္မဝါစာဖတ်ပြီးမှ ဉတ်ကို ဖတ်လျှင် ပစ္ဆာဉတ္တိတ္ထပန မည်၏။ ဤအပြစ်ငါးပါးမှ လွတ်လျှင် ဉတ္တိသမ္ပတ္တိစွမ်းဖြင့် ကံမပျက်။
အနုသာဝန
ကမ္မဝါစာဖတ်ရာ၌ ဝတ္ထု၊ သံဃာ၊ ပုဂ္ဂလ၊ အပရာမသန သုံးပါး၊ သာဝနာဟာပန၊ အကာလသာဝနာ ဟု အပြစ်ငါးပါး ရှိ၏။ ရှေ့သုံးပါး တူပြီ။ ကမ္မဝါစာသုံးကြိမ် မဖတ်ခြင်း၊ ဉတ်ကိုသာ လေးကြိမ်ဖတ်ခြင်း၊ အက္ခရာပုဒ်အချို့ မဖတ်ခြင်း၊ သိထိလဓနိတ စသည်ကို ချွတ်ယွင်းစေလျက် ဖတ်ခြင်းတို့သည် သာဝနာဟာပန မည်၏။ ဉတ်မထားမီ ကမ္မဝါစာ ဖတ်ခြင်းသည် အကာလသာဝနာ မည်၏။ ဤ အပြစ်ငါးပါးမှ လွတ်လျှင် အနုသာဝနသမ္ပတ္တိစွမ်းဖြင့် ကံမပျက်။
သီမာ
သိမ်ပျက် ၁၁-မှ လွတ်၍ ဗဒ္ဓသိမ်နှစ်ရပ်၌ ကံပြုလျှင် သီမသမ္ပတ္တိစွမ်းဖြင့် ကံမပျက်၊
ပရိသ
ကံအား လျောက်ပတ်သော ရဟန်းတို့ ပြည့်စုံအောင် မလာခြင်း၊ ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကို မဆောင်ခြင်း၊ မျက်မှောက်ရှိသော ရဟန်းတို့၏ တားမြစ်ခြင်း၊ ဤသုံးပါးသည် ပရိသတ်၏ အပြစ်မည်၏။ ထိုမှလွတ်၍ မဇ္ဈိမ၌ ဆယ်ပါး၊ ပစ္စန္တရစ်၌ ငါးပါးလာအံ့၊ ဆန္ဒထိုက်သူ ဆန္ဒဆောင်အံ့၊ မျက်မှောက် မတားမြစ်အံ့၊ ပရိသ သတ္တိစွမ်းဖြင့် ကံမပျက်။ ဤ သမ္ပတ္တိငါးပါးနှင့် ပြည့်စုံသော ဉတ္တိစတုတ္ထကံသည် ဘုရားရှင်သာသနာတော်အား ထိုက်သောကြောင့် ဌာနာရဟကံ မည်၏။ ဤကံဖြင့် ရဟန်းဖြစ်သူသာ ဤအာပတ်သင့်နိုင်သည်။
ဝိမတိဋိကာ၌ - ရဟန်းခံကံ၏ ပတ္တကလ္လကို ဝတ္ထုသမ္ပတ္တိ၊ သီမသမ္ပတ္တိ၊ ပရိသသမ္ပတ္တိ၊ အန္တရာယိကဓမ္မစင်ကြယ်ခြင်း၊ ဥပဇ္ဈာယ်ယူ သပိတ် သင်္ကန်း ပြောကြား စသော ပုဗ္ဗကိစ္စရှစ်ပါး ပြီးခြင်းဟု အင်္ဂါငါးပါး ဆို၏။
အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက် မှတ်ဖွယ်
ရဟန်းမပြုကောင်းသော ပတ္ထုပျက် ၁၃-ယောက်တို့တွင် အဘဗ္ဗကား -
- ပဏ္ဍုက်၊
- ထေယျသံဝါသက၊
- တိတ္ထိယပက္ကန္တက၊
- တိရစ္ဆာန်၊
- အမိသတ်သူ၊
- အဖသတ်သူ၊
- ရဟန္တာသတ်သူ၊
- ဘုရားသွေးစိမ်းတည်အောင်ပြုသူ၊
- သံဃာသင်းခွဲသူ၊
- ဘိက္ခုနီ ဒူသက၊
- ဥဘတောဗျည်း၊
ဤ ၁၁-ယောက်သည် သာသနာနှင့် မထိုက်သောကြောင့် အဘဗ္ဗ မည်၏။ ရှင်မပြုထိုက်၊ ရဟန်းအဖြစ ်ဝေးစွ၊ ရှင်မပြုရ၊ ၁၁။ ရဟန်းမပြုရ။ ၁၃။
*ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်(၄)၊
ပဉ္စာနန် (၅)၊
ဒူသံ၊ ဥဘောပါ (၂)။
ရှင်မပြုရ၊ ဆယ့်တစ်မျှ၊ မှတ်ကြ အဘဗ္ဗာ။
ပဏ္ဍုက်ငါးမျိုး
ပုရိသအင်္ဂါချို့သူသည် ပဏ္ဍက မည်၏။ ရာဂပူပန်ခြင်း လွန်ကဲ၏။ ငါးမျိုးရှိ၏။
- အာသိတ္တပဏ္ဍုက် = သူတပါး အင်္ဂါဇာတ်ကို စုတ်ရမှ ရာဂငြိမ်းသူ၊
- ဥဿူယျပဏ္ဍုက် = လွန်ကျူးခြင်းကို ကြည့်၍ ငြူစူမှ ရာဂငြိမ်းသူ၊
- ဩပက္ကမိကပဏ္ဍုက် = ဝှေးစေ့ပယ်ထုတ်ခံရသူ၊
- ပက္ခပဏ္ဍုက် = လဆုတ်ပက္ခ ရာဂပူပန်၍ လဆန်းပက္ခ၌ ရာဂငြိမ်းသူ၊
- နပုံသကပဏ္ဍုက် = ဘာဝရုပ်ချို့သူ။
ဤငါးယောက်တွင် အာသိတ္တနှင့် ဥဿူယျသည် အစ၌သာ သာသနာနှင့် ထိုက်၏။ လွန်ကျူးသော အခါမှစ၍ ဖျက်ဆီးအပ်၏။ ဩပက္ကမိကနှင့် နပုံသကကား လုံးလုံး မထိုက်။ ပက္ခကား ပူပန်သော ပက္ခ၌ မထိုက်။ ငြိမ်းသောပက္ခ၌ ထိုက်၏။
*အာ၊ ဥ၊ ဩ၊ ပက် (၄)၊ နပုံစွက် (၁)၊ ငါးချက် ပဏ္ဍုက်လာ။
ပဏ္ဍုက်ပက္ခ၊ ဩနှင့် န (၃)၊ မှတ်ကြ အဘဗ္ဗာ။
လဆန်းပက္ခ၊ ဥ၊ သိတ္တ (၃)၊ ထိုက်လှသာသနာ။
ထေယျသံဝါသက သုံးမျိုး
အသွင်ပေါင်းဖော်ခြင်း ခိုးသူသည် ထေယျသံဝါသက မည်၏။ လိင်္ဂတ္ထေနက၊ သံဝါသတ္ထေနက၊ ဥဘယက္ထေနက ဟု သုံးမျိုးရှိ၏။
ကိုယ်တိုင် သင်္ကန်းဝတ်ခြင်း သည် အသွင်ခိုး လိပ်ခိုးမည်၏။ ရဟန်းဝါရေတွက်ခြင်း၊ သီတင်းကြီးစဉ် ရှိခိုးခံခြင်း၊ ဥပုသ်ပြုခြင်း စသည်သည် ပေါင်းဖော်ခြင်းခိုး-သဝပါသ ခိုးမည်၏။ လူသည် အသွင်ခိုးလို၍ သင်္ကန်းဝတ်ပြီး ရဟန်းဟု ဝန်ခံအံ့၊ ရဟန်းဝါရေ တွက်ခြင်းစသည်ကိုကား မပြုအံ့၊ လိင်္ဂတ္ထေနကမည်၏။ သာမဏေသည် ရဟန်း ဝါ ရေတွက်ခြင်းစသည်ပြု၍ ရဟန်းတို့နှင့် ပေါင်းဖော်အံ့၊ သံဝါသတ္ထေနက မည်၏။ လူသည် ကိုယ်တိုင် သင်္ကန်းဝတ်၍ ရဟန်းတို့ထံ ဝါရေတွက်ခြင်း စသည်ပြုအံ့၊ ဥဘယတ္ထေနကမည်၏။ (သာမဏေတယောက်၊ လူနှစ်ယောက်)
လိင်္ဂ၊ သံဝါသ(၂)၊ ဥဘယ(၁)၊ သုံးဝ ထေနကာ။
သာမဏေသည် သင်္ကန်းပြန်ဝတ်ဦးမည်ဟု ငဲ့လျက် ချွတ်ပြီးလျှင် လိင်ကျမှ လွန်ကျူး၍ ပြန်ဝတ်၍ သာမဏေအဖြစ် ဝန်ခံအံ့၊ အသွင် မစွန့်သောကြောင့် လိင်္ဂတ္ထေနက မဖြစ်။ အသွင်အားလျော်သော ပေါင်းဖော်ခြင်းကို ပြုသောကြောင့် သံဝါသတ္ထေနကလည်း မဖြစ်။ ပါရာဇိကရောက်၍ ဝန်မခံ၊ လူမထွက်သော ရဟန်းလည်း ထေနကနှစ်ပါးလုံး မဖြစ်။ သင်္ကန်း- ပယ်သော်လည်း သိက္ခာချပြီးမှ မသိသော ရဟန်းထံ ဝါရေတွက်ခြင်း စသည် ပြုအံ့၊ သံဝါသတ္ထေနက ဖြစ်၏။ လိင်္ဂတ္ထေနက မဖြစ်။ သင်္ကန်းကို ဓူရနိက္ခေပပယ်၍ သိက္ခာချအံ့၊ ဝါ၊ အန္တိမသို့ ရောက်အံ့၊ ထိုနောက် ပြန်ဝတ်၍ ဝါရေတွက်ခြင်း စသည်ပြုလျှင် ဥဘယတ္ထေနက ဖြစ်၏။
မင်းဘေး၊ ငတ်မွတ်ခြင်းဘေး၊ ခရီးခဲဘေး၊ ရောဂါဘေး၊ ရန်သူဘေး စသည်ကြောင့် ကိုယ်တိုင် သင်္ကန်းဝတ်သောလူသည် စိတ်စင်ကြယ်စွာဖြင့် ဝန်လည်းမခံ၊ ပေါင်းဖော် ခြင်းလည်းမပြုအံ့၊ ထေယျသံဝါသက အပြစ်မရှိ။ ကျောင်းသို့ သင်္ကန်းပြန်ပို့မည်၊ သွားပို့မည်ဟု ကိုယ်တိုင်ဝတ်ဆင် သွားသော လူသည်လည်း စိတ်စင်ကြယ်သမျှ အပြစ်မရှိ။
(သိက္ခာချလျှင် သံဝါသ ပျက်၏၊ လိင်္ဂမပျက်၊ ပါရာဇိကကျလျှင် နှစ်ပါးလုံး မပျက်။)
တိတ္ထိယပက္ကန္တက
ရဟန်းကောင်းသည် တိတ္ထိအဖြစ် တောင့်တ၍ သိက္ခာ မစွန့်ပဲ သမန်းမြက်သင်္ကန်း စသော တိတ္ထိအသွင်ကို ကိုယ်တိုင်ယူအံ့၊ တိတ္တိယပက္ကန္တက မည်၏။ ထို့အတူ သိက္ခာမစွန့်ပဲ တိတ္ထိတို့ထံ ရှင်ပြုအံ့၊ အဝတ်မဝတ်ပဲ နဂ္ဂတက္ကတွန်းတို့ထံ သွား၍ အကျင့်ယူအံ့၊ တိတ္ထိယပက္ကန္တကသာ မည်၏။
(ရဟန်းမဟုတ်လျှင် တိတ္ထိယပက္ကန္တက မဖြစ်ကောင်း။)
တိရစ္ဆာန်
လူဇာတ်ရှိသူကို ဖယ်ထား၍ ကြွင်းသမျှ သတ္တဝါအားလုံးသည် တိရစ္ဆာန်မည်၏။ ဤ၌ကား လူအသွင် ဖန်ဆင်းတတ်သော နတ် သိကြား နဂါး ဂဠုန်တို့ကိုသာ ရဟန်းမပြုထိုက်ဟု တားသည်။ ကျွဲ နွား စသည်တို့ကို အထူးမတား၊ ရဟန်းအဖြစ် တောင့်တသူ၊ တောင်းပန်တတ်သူ မဟုတ်ကုန်။
ပဉ္စာနန်
လူဖြစ်သော အမိကို သတ်သော လူဖြစ်သော သားသည် မာတုဃာတက မည်၏။ ထို့အတူ လူအဖကို သတ်အံ့၊ ပိတုဃာတက။ လူဇာတ်ရှိသော ရဟန္တာကို အယုတ်ဆုံး လူဝတ်ဖြင့် တည်စဉ်ကိုပင် သတ်အံ့၊ အရဟန္တဃာတက။ ပြစ်မှား လိုသော စိတ်ဖြင့် အသက်ထင်ရှား ဘုရားရှင်၏ ကိုယ်တော်၌ ယင်ငယ်သောက် လောက်ရုံမျှသော်လည်း သွေးကို ဖြစ်စေအံ့၊ လောဟိတုပ္ပါဒက မည်၏။
(သွေးစုရုံသာ တတ်ကောင်းသည်၊ သွေးထွက်အောင် မတတ်ကောင်း၊ အဘေဇ္ဇကာယ = ပြစ်မှားသော လက်နက်ဖြင့် မကွဲကောင်းသော ကိုယ်ရှိ၏။ ဆရာဇီဝက ခွဲထုတ်သောအခါ ကွဲစကောင်း၏။)
သာသနာကို ဓမ္မမဟုတ်၊ ဝိနယမဟုတ်ဟု မုသားဆို၍ ကံလေးပါး တပါးပါးဖြင့် သံဃာကိုခွဲသော ရဟန်းသည် သံဃဘေဒက မည်၏။
(အနည်းဆုံး တသိမ်တည်း ရဟန်းကိုးပါးရှိမှ ခွဲနိုင်သည်၊ ရဟန်းမဟုတ်သူလည်း မခွဲနိုင်။)
ဘိက္ခုနီဒူသက
ပကတိ သီလမပျက်သော ဘိက္ခုနီမကို အလိုမတူပဲ မဂ်သုံးပါး တပါးပါး၌ မေထုနဓမ္မဖြင့် ဖျက်ဆီးသောသူသည် ဘိက္ခုနီဒူသက မည်၏။
ဥဘတောဗျည်း
မိန်းမ နိမိတ်ဖြစ်ကြောင်း ကံ၊ ယောက်ျား နိမိတ်ဖြစ်ကြောင်းကံ နှစ်ခုတို့ကြောင့် နိမိတ်နှစ်ခု ရှိသောသူသည် ဥဘတောဗျည်း မည်၏။ ဤတွင် အဘဗ္ဗပုဂ္ဂိုလ် တကျိပ်တယောက် ပြီး၏။
(နိမိတ်နှစ်ခု ရှိသော်လည်း ဘာဝရုပ် နှစ်ခုမရှိ၊ လိင်္ဂ၊ ကုတ္တ၊ အာကပ္ပ၊ နိမိတ္တသည် ဘာဝရုပ် မဟုတ်။)
သိက္ခာချခြင်း မှတ်ဖွယ်
သိက္ခာချခြင်းကို စိတ်၊ ခေတ်၊ ကာလ၊ ပယောဂ၊ ပုဂ္ဂိုလ်၊ သိခြင်း၊ ဤခြောက်ပါးဖြင့် သိအပ်၏။
စိတ်
ရဟန်းအဖြစ်မှ ရွေ့လျောလိုသောစိတ်ဖြင့် သိက္ခာချပုံ ခေတ်ပုဒ်ကို ဆိုမှ သိက္ခာ ကျသည်။ အမြန်ချွတ်ယွင်း၊ မသိချွတ်ယွင်း-ဆိုမိခြင်းဖြင့် သိက္ခာမကျ။
ခေတ်
ခေတ်ပုဒ် ၂၂-ကိုဆိုမှ သိက္ခာကျသည်။ ၂၂-ပုဒ်ကား --
ဗုဒ္ဓံ ပစ္စက္ခာမိ၊ ဓမ္မံ ပစ္စက္ခာမိ၊ သံဃံ၊ သိက္ခံ၊ ဝိနယံ (၅)၊ ပါတိမောက္ခံ၊ ဥဒ္ဒေသံ၊ ဥပဇ္ဈာယံ၊ အာစရိယံ၊ သဒ္ဓိဝိဟာရိကံ (၁၀)၊ အန္တေဝါသိကံ၊ သမာနုပဇ္ဈာယကံ၊ သမာနာစရိယကံ၊ သဗြဟ္မစာရိံ ပစ္စက္ခာမိ (၁၄)။
ဂိတီတိ မံ ဓာရေထ၊ ဥပါသကောတိ မံ ဓာရေထ၊ အာရာမိကော၊ သာမဏေရော။ (၄)၊ တိတ္ထိယော၊ တိတ္ထိယသာဝကော၊ အသမဏော၊ အသကျပုတ္တိ ယောတိ မံ ဓာရေထ (၈)၊
ဤသို့ ပစ္စက္ခာမိ ၁၄-ပုဒ်၊ ဓာရေထ ၈-ပုဒ် သည် ခေတ်ပုဒ်မည်၏။ ဤခေတ်ပုဒ်တို့ကို တခုခုဆိုအံ့၊ ဝေဝုစ်ပရိယာယ်ဖြင့် သော်လည်း ဆိုအံ့၊ တခုကိုဆိုလိုလျက် တခုကို ဆိုမိအံ့၊ သိက္ခာကျသည်။ သစ်ပင် စသည် အမည်တို့ကို ဆိုလျှင် သိက္ခာမကျ။
ကာလ
ပစ္စုပ္ပန်ကာလ ၂၂-ပုဒ်၊ အနာမဋ္ဌကာလ ၅၆-ပုဒ်ကိုဆိုမှ သိက္ခာကျသည်။ ပစ္စက္ခာမိ ၁၄-ပုဒ်၊ ဓာရေထ ၈-ပုဒ်သည် ပစ္စုပ္ပန် ကာလ ၂၂-ပုဒ် မည်၏။ အလံ မေ ဗုဒ္ဓေန၊ ကိံ နု မေ ဗုဒ္ဓေန၊ န မမတ္တော ဗုဒ္ဓေန၊ သုမုတ္တာဟံ ဗုဒ္ဓေန၊ ဤနည်းဖြင့် ၁၄-ပုဒ် လေးလီ ၅၆-ပုဒ်သည် အနာမဋ္ဌ ၅၆-ပုဒ်မည်၏။ ဤ ၇၈-ပုဒ်ကို တပုဒ်ပုဒ်ဆိုအံ့၊ ဝေဝုစ်ဖြင့် သော်လည်း ဆိုအံ့၊ သိက္ခာကျသည်။ အတိတ်၊ အနာဂတ်၊ ပရိကပ္ပကာလစွမ်းဖြင့် မကျ။ အားနည်းခြင်း ထင်စွာပြုသည်သာ ဖြစ်သည်။
ပယောဂ
ပယောဂသည် ကာယိက၊ ဝါစသိကဟု နှစ်မျိုးရှိ၏။ ထိုတွ ဝါစသိက ပယောဂဖြင့်သာ သိက္ခာကျသည်။ ဗုဒ္ဓံ ပစ္စက္ခာမိ စသော ခေတ်ပုဒ်ကို အမှတ်မရှိ ဘာသာစကားဖြင့် ဆိုမှကျသည်။ စာရေးပြခြင်း၊ လက်ဟန်ပြခြင်း စသော ကာယိကဖြင့် မကျ။
ပုဂ္ဂိုလ်
ပုဂ္ဂိုလ်သည် သိက္ခာချလိုသော ပုဂ္ဂိုလ်၊ ချရာပုဂ္ဂိုလ်ဟု နှစ်ဦးလုံး ရူးသူ၊ ဘီးလူးဖမ်း၍ စိတ်ပျံ့လွင့်သူ၊ ဝေဒနာနှိပ်စက်သူ မဖြစ်စေရ။ ထိုအပြစ်မျိုး ကင်းသော ရဟန်းသည် ထိုအပြစ်မျိုး ကင်းသော လူဇာတ်ရှိသူထံ မျက်မှောက်သိက္ခာချအံ့၊ သိက္ခာကျသည်။ မျက်ကွယ် တမန်စေခြင်း၊ စာပေးခြင်းဖြင့် မကျ။ ရူးသူ စသည်တို့ဖြစ်လျှင်လည်း မကျ၊ နတ် သိကြား စသည်တို့ထံ၌လည်း မကျ။
သိခြင်း
ငါ၏ သိက္ခာချခြင်းကို ဤသူသိအောင်ဆိုမည် ဟု မှတ်၍ဆိုအံ့၊ ထို မှတ်အပ်သူ သိလျှင် သိက္ခာကျသည်။ ထို မှတ်အပ်သူသည်လည်း လောက၌ ကြား၍ သိနေကျ အချိန်အတိုင်း ထို ရဟန်း၏ စကားအဆုံး၌ “ဤ ရဟန်းသည် လူထွက်လို၏”ဟု သိလျှင် ကျသည်။ နောက်အဖို့၌ စဉ်းစားပြီးမှ သိလျှင် မကျ။ မမှတ်အပ်သူ သိလျှင်လည်း မကျ။ မမှတ်မူ၍ ဆိုလျှင်ကား လူဇာတ်ရှိသူ တယောက်ယောက် သိလျှင် ကျသည်။ ဤ ခြောက်ပါးစွမ်းဖြင့် သိက္ခာကျ၊ မကျ သိအပ်၏။ သိက္ခာကျခြင်း ဟူသမျှသည် သာဇီဝ၌ အားနည်းခြင်း ထင်စွာပြုလည်း ဖြစ်သည်သာတည်း။
စိတ်၊ ခေတ်၊ ကာလ (၃) ၊
ပယောဂ (၁)၊
သိမှ၊ ပုဂ္ဂလာ (၂)။
ခြောက်ပါး ဤမျှ၊ မစုံက။ မကျ မြတ်သိက္ခာ။
ဝတ္ထုကြောင်း မှတ်ဖွယ်
မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်ကျောင်း၌ နေတော်မူသောအခါ ဝေသာလီမြို့အနီး ကလန္ဒရွာသား သူဌေးသား သုဒိန်သည် ဘုရားရှင်ထံ တရား နာရ၍ ရဟန်းပြုမည်ကြံ၏။ မိဘတို့ထံမှ သုံးကြိမ်တိုင် ခွင့်မရသဖြင့် သေစေတော့-ဟု အစာမစားပဲ မြေ၌ လှည်း၍အိပ်၏။ ခုနစ်ရက်ကြာသောအခါ မိဘတို့က “သေခြင်းဖြင့် အကျိုးမရှိ”ဟု ခွင့်ပြုကုန်၏။
ထိုအခါ ရဟန်းပြု၍ ဓူတင်တို့ကို ကျင့်သုံးလျက် ဝဇ္ဇီရွာငယ်၌နေ၏။ ရှစ်နှစ်ခန့် ကြာသောအခါ ဝဇ္ဇီရွာငယ်၌ ငတ်မွတ်ခြင်း ဘေးကြီး ဆိုက်၏။ လူပေါင်း များစွာ ပျက်စီး၏။ ထိုအခါတွင် “ဆွေမျိုးအနီးနေလျှင် ငါလည်းချမ်းသာမည်၊ ဆွေမျိုး အပေါင်း လည်း ကုသိုလ်များမည်” ဟု ဝေသာလီသို့ ကြွလာ၏။
မြို့နေဆွေမျိုးတို့ ဆွမ်းပို့ကြ၏။ ဆွမ်းအုပ် ၆၀-ရှိ၏။ တအုပ် ၁၀-ပါး စားလောက်၏။ ရှင်သုဒိန်သည် ထိုဆွမ်းတို့ကို သံဃာ ၆၀၀-အား လှူပြီလျှင် မိဘတို့ရွာသို့ ဆွမ်းခံကြွ၏။ မိဘအိမ်၌ ကျွန်မတယောက်သည် တညဉ့်လွန် မုန့်သို စွန့်လို၍ ထွက်လာသည်ကိုမြင်၍ “နှမ၊ စွန့်လိုလျှင် ငါ၏သပိတ်၌ ထည့်လော့” ဟုဆို၏။ ထိုမုန့်ကို ဆွမ်းစားစရပ်တခု၌ အမြိုက်သုဒ္ဓါဘုတ်ပမာ မရွံမရှာ ဘုဉ်းပေး၏။
ကလန္ဒသူဌေးကြီးသည် အမှုလုပ်ရာမှ ပြန်လာသောအခါ မြင်ရ၍-ချစ်သား၊ မိဘတို့ ရှိလျက် အဘယ့်ကြောင့် ဤမုန့်ကို စားဘိသနည်း၊ အိမ်သို့ ကြွပါဦး- ဟု ပင့်ဆောင်၍ အိမ်၌ ဆွမ်းကပ်၏။ ထိုနေ့၌ ဆွမ်းကိစ္စ ပြီးပြီဟု မဘုဉ်းပေး။ နက်ဖြန်အတွက် ပင့်ခြင်းကိုကား လက်ခံ၏။
နောက်နေ့၌ ဓူဘင်ကိုမငဲ့မူ၍ ဆွမ်းစားကြ၏။ အိမ်၌ လူတရပ်မြုပ်သောရွှေပုံ၊ ငွေပုံတို့ကို ပြ၍ “ဤကား အမောင့် မိခင်အား သူ့မိဘ လက်ဖွဲ့လိုက်သော ဆပ်ပြာဘိုးသာ၊ တပါးသောပစ္စည်း အမြောက်အမြား ရှိသေးသည်၊ လူထွက်ပါ”ဟု ဆို၏။
မထွက်လိုဟု ဆိုလတ်သော် မယားဟောင်းက “အရှင့်သား၊ ရဟန်းပြုခြင်းဖြင့် ရထိုက်သော နတ်သမီးတို့သည် အဘယ်မျှ လှကုန်သနည်း” ဟု ဆို၏။ နှမ၊ နတ်သမီးအတွက် မဟုတ်ဟု ဆိုလတ်သော် ငါ့အပေါ် နှမ ဟူသောစကားလုံး သုံးလေပြီ – ဟု သတိလစ်၍ မေ့မြောသွားလေ၏။
ထို့နောက် “မထွက်လိုလျှင် နေပါ၊ အမွေမျိုးဆက်မျှ ပေးပါဟု တောင်းပန်ကုန်၏။ ထိုအခါ ရှင်သုဒိန်သည် “မျိုး ဆက်ရှိလျှင် သာသနာ၌ ငါ ချမ်းသာစွာနေရလတ္တံ့”ဟု နှလုံးသွင်း၍ အပြစ် မမြင်ခြင်းကြောင့် အကြောင်းသင့်သောနေ့၌ မျိုးဆက် ပေးမိလေ၏။
နောက်မှ “ငါသည် ဤ မြတ်သော သာသနာအကျင့်ကို မသန့်မရှင်း ကျင့်မိလေပြီဟု နောင်တပူပန်ခြင်း၊ ကြံမှိုင်ခြင်းဖြင့် ရုပ်ပျက်ဆင်းပျက် ပိန်ချုံးခြင်းသို့ ရောက်လေ၏။ ရဟန်းတို့ မေးကြသောအခါ မိမိအကြောင်း ဝမ်းနည်းစွာ ပြောပြ၏။ ရဟန်းတို့သည် များစွာ ကဲ့ရဲ့၍ ဘုရားရှင်အား လျှောက်ကုန်၏။ မေးစစ်၍ များစွာကဲ့ရဲ့ပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
အနုပညတ် ဝတ္ထုများ
အခါတပါး အာဂန္တု ရဟန်း များစွာတို့သည် ကျောင်းတို့ကို လှည့်လည်၍ ကြည့်ရှုကုန်၏။ ကျောင်းတကျောင်း၌ မျောက်မတကောင်၏ အမူအရာကို မြင်ရ သဖြင့် ကျောင်းနေရဟန်းအား တွေးတောဖွယ် ယုံမှားသင်္ကာပြု၍ ပုန်းအောင်းကာ နေကုန်၏။ ကျောင်းနေရဟန်းသည် ဆွမ်းခံရာမှ ပြန်လာသောအခါ ဆွမ်းအနည်း ငယ်ကျွေး၍ ဖောက်ပြန်မှုပြု၏။
ထိုအခါ ပုန်းအောင်းရာမှ ထွက်လာကြပြီးလျှင် “ငါ့ရှင်၊ မြတ်စွာဘုရား သိက္ခာပုဒ် ပညတ်ထားလျက် အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု ဆိုကုန်၏။ ငါ့ရှင်တို့၊ လူမ၌သာပညတ်သည်၊ တိရစ္ဆာန်မ၌ ပညတ်သည် မဟုတ်’ဟု ဆို၏။ ဘုရားရှင်အား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် မေးစစ်၍ များစွာ ကဲ့ရဲ့ပြီးလျှင် - “အန္တမသော တိရစ္ဆာန ဂတာယ” ဟူသော အနုပညတ်နှင့် တဖန် ပညတ်တော် မူပြန်၏။
အခါဘပါး ဝဇ္ဇီတိုင်းသား ရဟန်းတို့သည် စောင့်စည်းခြင်းကင်းလျက် စိတ်ထင်တိုင်း စားကာ အိပ်ကာ နေကုန်၏။ တနေ့၌ ပါရာဇိကသို့ ရောက်၍ လူထွက်ကုန်၏။ အိမ်၌ ဆွေမျိုးဥစ္စာပျက်စီး၍ အားထားစရာမရှိ ဒုက္ခအတိ ရောက်ကြသောအခါ ရှင်အာနန္ဒာထံ ချဉ်းကပ်ပြီးလျှင် “အရှင်၊ မြတ်စွာဘုရားထံ လျှောက်ပေးပါ၊ အခွင့် ရလျှင် ရဟန်းပြန်ပြု၍ နေ့ညဉ့်မပြတ် တရားအားထုတ်လျက် ကောင်းစွာ နေပါမည်” ဟု တောင်းပန်ကုန်၏။ ရှင်အာနန္ဒာ လျှောက်သောအခါ အခွင့်မပြုပဲ သိက္ခံ အပစ္စက္ခာယ-စသော အနုပညတ် နှင့် တဖန် ပညတ်တော်မူပြန်၏။
---
ဝိနီတဝတ္ထုများ။ ၇၉-ဝတ္ထု
မြတ်စွာဘုရား ကိုယ်တော်တိုင် စစ်ဆေး၍ ဆုံးဖြတ်ပေးသော အမှုတို့သည် ဝိနီတဝတ္ထုတို့ မည်ကုန်၏။
အခါတပါး ရဟန်းတပါးသည် မျောက်မ၌ ဖောက်ပြန်၏။ ငါသည် ပါရာဇိကသို့ ရောက်ပြီလော-ဟု ကုက္ကုစ္စ ဖြစ်၍ ဘုရားရှင်အား လျှောက်၏။
(၁) ချစ်သားရဟန်း၊ သင်သည် ပါရာဇိကသို့ ရောက်ပြီဟု ဆုံးဖြတ်တော်မူ၏။
(၂) ဝဇ္ဇီတိုင်းသား ရဟန်းတို့သည် သိက္ခာမချပဲ ဖောက်ပြန်မှု ပြုကုန်၏။ သင်တို့ ပါရာဇိက။
(၃) ရဟန်းတပါးသည် အာပတ်မသင့်အောင် ဟု လူ့အသွင်ဖြင့် ကျင့်၏။ ပါရာဇိက။
(၄) ရဟန်းတပါးသည် အာပတ် မသင့်အောင်ဟု အဝတ်မဝတ်ပဲ။
(၅) သမန်းမြက်သင်္ကန်း ဝတ်၍။
(၆) လျှော်တေ ဝတ်၍။
(၇) ပျဉ်ချပ် ဝတ်၍။
(၈) ဆံပင်ဖြင့် ရက်သော ကမ္ဗလာဝတ်၍။
(၉) သားမြီးကမ္ဗလာ ဝတ်၍။
(၁ဝ) ခင်ပုပ်တောင်ဖြင့် ရက်သောအဝတ် ဝတ်၍။
(၁၁) သစ်နက်ရေ ဝတ်၍ ကျင့်၏။ ပါရာဇိက။
(၁၂) ရဟန်းတပါးသည် ဆွမ်းခံသွားစဉ် အင်းပျဉ်၌ အိပ်နေသော သူငယ်မကို ခြေမဖြင့် မှီဝဲ၏၊ သူငယ်မ သေ၏။ ချစ်သား၊ သင် ပါရာဇိက မရောက်၊ သံဃာဒိသိသ် ဟု ဆုံးဖြတ်တော်မူ၏။
(၁၃) လုလင်ပျို တယောက်သည် ကျောင်းတွင်း ဝင်၍ ပုန်းနေ၏၊ ရှင်မဥပ္ပလဝဏ် ဆွမ်းခံပြန် ကျောင်းတွင်း ဝင်သောအခါ ပုန်းနေရာမှထွက်၍ အလိုရှိတိုင်း ပြုကျင့်၏။ ချစ်သားတို့၊ မသာယာသောသူအား အနာပတ္တိ-ဟု ဆုံးဖြတ်တော်မူ၏။
(ရဟန္တာမအား သာယာခြင်း မရှိ။)
(၁၄) ရဟန်းတပါးအား လိင်ပြန်၍ မိန်းမဖြစ်သွား၏၊ ချစ်သားတို့၊ ထိုဥပဇ္ဈာယ် အတိုင်း၊ ထိုရဟန်း အဖြစ်အတိုင်း၊ ထိုသိက္ခာ ဝါအတိုင်း၊ ဘိက္ခုနီမ တို့နှင့် ပြောင်း၍ ပေါင်းသင်း နေထိုင်ခြင်းငှာ၎င်း၊ သာဓာရဏ အာပတ်တို့ကို ဘိက္ခုနီမတို့ထံ ကုစား ခြင်းငှာ၎င်း၊ အသာဓာရဏ အာပတ်တို့ကား အနာပတ္တိ ဖြစ်ခြင်းငှာ၎င်း ခွင့်ပြု၏ဟု မိန့်တော်မူ၏။
(၁၅) ဘိက္ခုနီမ တပါးအား လိင်ပြန်၍ ယောက်ျား ဖြစ်သွား၏။ ချစ်သားတို့၊ ထိုဥပဇ္ဈာယ်၊ ထိုရဟန်း အဖြစ်၊ ထိုသိက္ခာဝါအတိုင်း ရဟန်းတို့နှင့်ပြောင်း၍ ပေါင်းသင်း နေထိုင်ခြင်းငှါ၎င်း၊ သာဓာရဏတို့ကို ရဟန်းတို့ထံ ကုစားခြင်းငှာ၎င်း၊ အသာဓာရဏ တို့ကား အနာပတ္တိ ဖြစ်ခြင်းငှာ၎င်း ခွင့်ပြုတော်မူ၏။
(၁၆) ရဟန်းတပါးသည် အာပတ်မှ လွတ်စေခြင်းငှာ မိခင်၌။
(၁၇) သ္မီး၌။
(၁၈) အစ်မ နှစ်မ၌ ကျင့်၏၊ ပါရာဇိက၊
(၁၉) မယားဟောင်း၌ ကျင့်၏၊ ပါရာဇိက။
(၂ဝ) ရဟန်းတပါးသည် ကျောက်ကုန်း နူးညံ့၏၊ ခါးပျော့၏၊ ပျင်းရိသောအခါ ကုန်း၍စုတ်၏။ ပါရာဇိက၊
(၂၁) ရဟန်းတပါးသည် သူသေကောင်တခုကို မြင်၏။ ထိုသူသေ၏ အင်္ဂါဇာတ် အနီးတွင် အနာ တခုရှိ၏၊ အာပတ်မှ လွှတ်စေခြင်းငှာ အင်္ဂါဇာတ်၌ သွင်း၍ အနာဖြင့် ထုတ်၏။
(၂၃) အနာ၌သွင်း၍ အင်္ဂါဇာတ်ဖြင့် ထုတ်၏၊ ပါရာဇိက။
(၂၄) ရဟန်းတပါးသည် ဆေးရေးရုပ်၏ နိမိတ်ကို အင်္ဂါဇာတ်ဖြင့် တို့၏၊ ဒုက္ကဋ် ။
(၂၅) သစ်သားရုပ်၏ နိမိတ်ကို အင်္ဂါဇာတ်ဖြင့် တို့၏၊ ဒုက္ကဋ်။
(၂၆) ရှင်သုန္ဒရ မည်သော ရဟန်းသည် လမ်းမ၌ လျှောက်သွား၏၊ မိန်းမ တယောက်သည် ရပ်တော်မူပါဦးဟု ဆို၍ ရှိခိုး ဦးချ၏။ ခြေဖမိုး၌ ဦးချပြီးလျှင် သင်းပိုင်ပင့်၍ အင်္ဂါဇာတ်ကို စုတ်၏၊ ကုက္ကုစ္စဖြစ်၍ ဘုရားရှင်အား လျှောက်၏၊ ချစ်သား၊ သင်သာယာ သလော? မသာယာပါဘုရား။ မသာယာသော ရဟန်းအား အနာပတ္တိ။ (အနာဂါမ်မှ တပါးတို့၏ အရာမဟုတ်)
(၂၇) မိန်းမတယောက်သည် ရဟန်းတခါးကို အရှင်မြတ်၊ ကြွလာပါ၊ ပျော်ပါးတော်မူပါ ဟု လျှောက်၏၊ မအပ်ဟု ဆိုလတ်သော် အာပတ်မသင့်အောင် ငြိမ်၍နေပါ၊ အကျွန်ုပ်ကသာ အားထုတ်ပါမည်ဟု ဆို၏၊ မိန်းမစကား လိုက်နာ၏၊ ပါရာဇိက။
(၂၈) အကျွန်ုပ် ငြိမ်၍နေမည်၊ အရှင်သာ အားထုတ်ပါဟု ဆို၏၊ လိုက်နာ၏၊ ပါရာဇိက။
(၂၉) အတွင်း၌ အားထုတ်၍ အပြင်၌လွှတ်ပါ။
(၃၀) အပြင်၌ အားထုတ်၍ အတွင်း၌လွှတ်ပါ-ဟု ဆို၏၊ လိုက်နာ၏။
(၃၁) ရဟန်းတပါးသည် သုသာန်သို့ သွားရောက်၍ ခွေး မြေခွေး မခဲသေးသော အသေကောင်ကို လွန်ကျူး၏။
(၃၂) မဂ်များစွာ မခဲသေးသော အသေကောင်ကို လွန်ကျူး၏။ ပါရာဇိက။
(၃၃) မဂ်များစွာ ခဲပြီးသော အသေကောင်ကို လွန်ကျူး၏။ ထုလ္လစ္စည်း။ ဤ၌ ထက်ဝက်ထုလ္လစ္စည်း ဟုသာ ဆုံးဖြတ်သည်။
(၃၄) ဦးခေါင်းပြတ်ကို မြင်၍ ခံတွင်း၌ ထိခိုက်လျက် အင်္ဂါဇာတ် သွင်း၏၊ ပါရာဇိက။
(၃၅) မထိမခိုက် သွင်း၏၊ ဒုက္ကဋ်။
(၃၇) ရဟန်းတပါးသည် နဂါးမအား။
(၃၈) ဘီလူးမအား။
(၃၉) ပြိတ္တာမအား။
(၄၀) ပဏ္ဍုက်အား လွန်ကျူး၏၊ပါရာဇိက။
(ဘီလူးမ ပြိတ္တာမသည် ဒဿန = မြင်ခြင်း၊ ဂဟဏ = ကိုင်ခြင်း မထင်ပဲ အာမသန=သုံးသပ်ခြင်း၊ ဖုသန=တွေ့ခြင်း၊ ဃဋ္ဋန = ထိခြင်းထင်အံ့၊ အနာပတ္တိ။)
(၄၁) ရဟန်းတပါးသည် ပျက်သော ကာယပသာဒ ရှိ၏၊ အကောင်းအဆိုး ခံစားခြင်း၊ သိခြင်း ငါ့အား မရှိဟု လွန်ကျူး၏။ ချစ်သားတို့၊ မခံစားသော်၎င်း၊ ခံစားသော်၎င်း (သေဝနစွမ်းဖြင့်) ပါရာဇိက။
(၄၂) ရဟန်းတပါးသည် မိန်းမ၌ လွန်ကျူးအံ့ဟု ကြံပြီးလျှင် တို့ထိရုံမျှပြု၍ နှလုံးမသာမယာဖြစ်၏၊ သံဃာဒိသိသ်။
(၄၃) ရဟန်းတပါးသည် ဘဒ္ဒိယမြို့ မုလေးတော၌ နေ့အခါ အိပ်ပျော်နေခိုက် လေခတ်သဖြင့် အင်္ဂါခိုင်မာသည်၊ မိန်းမတယောက်မြင်၍ ဖိထိုင်လျက် အလိုရှိတိုင်း ပြုသွား၏။ ရဟန်းတို့သည် ပေကျံ လိမ်းကပ်သည်ကို မြင်၍ ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့၊ ရာဂကြောင့်၊ ကျင်ကြီး နှိပ်စက်ခြင်းကြောင့်၊ ကျင်ငယ် နှိပ်စက်ခြင်းကြောင့်၊ လေခတ်ခြင်းကြောင့်၊ ဥစ္စာလိင်္ဂပိုး ခဲခြင်းကြောင့်၊ ဤအကြောင်း ငါးပါးကြောင့် အင်္ဂါခိုင်မာ၏၊ ရဟန္တာအား ရာဂကြောင့် ခိုင်မာခြင်း မရှိ၊ ဤ ရဟန်းသည် ရဟန္တာ ဖြစ်၏။ အနာပတ္တိ-ဟု မိန့်တော်မူ၏။
(၄၄) သာဝတ္ထိ၌ ရဟန်းတပါးသည် ယင်းတိုက်တော၌ နေ့အခါ အိပ်ပျော်နေ၏၊ နွားကျောင်းမတယောက်မြင်၍ အင်္ဂါဇာတ်၌ ဖိထိုင်၏။ သွင်းခြင်း၊ ဝင်ခြင်း၊ တည်ခြင်း၊ နှုတ်ခြင်း၌ သာယာ၏၊ ပါရာဇိက၊
(၄၅) ဆိတ်ကျောင်းမ ဖိထိုင်၏။
(၄၆) ထင်းခွေမ ဖိထိုင်၏။
(၄၇) နွားချေးကျုံးမ ဖိထိုင်၏။ သာယာ၏၊ ပါရာဇိက။
(၄၈) ဝေသာလီပြည်၌ ရဟန်းတပါး နေ့အခါ အိပ်ပျော်နေစဉ် မိန်းမ တယောက် သည် ဖိထိုင်၍ အလိုရှိတိုင်း ပြုပြီးလျှင် အနီးတွင် ရယ်လျက်နေ၏။ ရဟန်းသည် နိုး၍ ဤအမှုကို သင်ပြုသလောဟု မေး၏။ ပြုသည်ဟု ဆိုလတ်သော် ကုက္ကုစ္စဖြစ်၍ ဘုရားရှင်ထံ လျှောက်၏။ ချစ်သား၊ သင် သာယာသလော။ မသိပါဘုရား။ မသိသော ရဟန်းအား အနာပတ္တိ။
(၄၉) ရဟန်း တပါးသည် နေ့အခါ သစ်ပင်ကိုမှီလျက် အိပ်၏။ မိန်းမတယောက် ဖိထိုင်၏။ ရဟန်းသည် မီးလောင်သောအလား၊ မြွေဝါးသည့်အသွင် လျင်စွာထ၏။ ချစ်သား၊ သင်သာယာသလော။ မသာယာပါ။ အနာပတ္တိ။
(၅၀) ရဟန်း တပါးသည် နေ့အခါ သစ်ပင်ကို မှီလျက်အိပ်၏။ မိန်းမတယောက် ဖိထိုင်သည်ကို ချက်ချင်း ထ၍ လိမ့်သွားအောင် ကန်ပစ်၏။ သာယာသလော။ မသာယာပါ။ အနာပတ္တိ။
(ပုထုဇဉ်ကလျာဏကသည် ဤသို့ စောင့်စည်းရ၏။ တပ်ဦး ဗိုလ်မှူးတဦးတည်း)။
(၅၁) ဝေသာလီပြည်၊ မဟာဝုန်တော စုလစ်မွန်းချွန် တပ်သောကျောင်း၌ ရဟန်း တပါးသည် နေ့အခါ တံခါးဖွင့်လျက် အိပ်ပျော်ခြင်းသို့ ရောက်၏။ လေခတ်သဖြင့် အင်္ဂါခိုင်မာ၏၊ ပန်းနံ့သာ လက်စွဲကာ လာသော မိန်းမတို့သည် မြင်၍ ဖိထိုင်၍ အလိုရှိတိုင်း ပြုပြီးလျှင် ပန်းနံ့သာတင်လှူ၍ ကန်တော့၍ ဖဲသွားကုန်၏။ ချစ်သားတို့၊ အကြောင်း ငါးပါးတို့တွင် ရာဂကြောင့် ခိုင်မာခြင်းသည် ရဟန္တာအား မရှိ၊ အနာပတ္တိ။ ချစ်သားတို့၊ နေ့အခါအိပ်သော ရဟန်းသည် တံခါးပိတ်၍ အိပ်ခြင်းငှာ ခွင့်ပြု၏။
(ထွက်ဝင် တံခါးမကြီး မပိတ်ပဲ အိပ်လျှင် ဒုက္ကဋ်)။
(၅၂) ဘာရုကစ္ဆက အရပ်သား ရဟန်းတပါးသည် မယားဟောင်းအား မေထုန်မှီဝဲ ရသည်ဟု အိပ်မက်မြင်၏။ နိုးလတ်သော် ငါ ပါရာဇိကသို့ရောက်ပြီ၊ လူထွက် တော့မည်ဟု အရပ်သို့ ပြန်သွား၏။ လမ်း၌ ရှင်ဥပါလိနှင့်တွေ့၍ ထိုအကြောင်း ပြောပြ၏။ ရှင်ဥပါလိသည် ငါ့ရှင်၊ အိပ်မက်ခြင်းဖြင့် အနာပတ္တိ-ဟု နည်းယူ၍ ဆုံးဖြတ်၏။
(ရှင်ဥပါလိသည် အိပ်မက်ကို ဘုရားရှင် မဆုံးဖြတ်သေးပဲ နည်းယူ ဆုံးဖြတ်၏။ ကောင်းကင်၌ ခြေရာပြသူ မည်၏။ ထို့ကြောင့် ဝိနည်းဓိုရ်ဧတဒဂ် ရသည်)။
(၅၃) ရာဇဂြိုဟ်ပြည်၌ သုပဗ္ဗာမည်သော မိန်းမသည် သဒ္ဓါတရား လွန်ကဲ၏။ အသိဉာဏ် နည်းပါး၏။ မေထုန်လှူလျှင် အမြတ်ဆုံးအလှူဟု အယူရှိ၏။ ရဟန်း တပါးကို အရှင်ဘုရား၊ အလှူမြတ်ကို ခံတော်မူပါဟု လျှောက်၏။ မအပ်ဟု ဆိုလတ်သော် အာပတ်မသင့်အောင် ပေါင်ကြား၌ အားထုတ်ပါဟု ဆို၏။ မိန်းမစကား လိုက်နာ၏။ သံဃဒိသိသ်။
(၅၄) ချက်၌ အားထုတ်ပါ။
(၅၅) ဝမ်းပျဉ်း၌။
(၅၆) လက်ကတီးကြား၌။
(၅၇) လည်ပင်း၌၊
(၅၈) နားပေါက်၌။
(၅၉) ဆံထုံး၌။
(၆ဝ) လက်ချောင်းကြား၌ အားထုတ်ပါ။
(၆၁) လက်ဖြင့် အားထုတ်ပေးပါမည်-ဟု ဆို၏။ လိုက်နာ၏။ သံဃာဒိသိသ်။
(၆၂) သာဝတ္ထိပြည်၌ သဒ္ဓါမည်သော မိန်းမသည် သဒ္ဓါကြီးထွား ဉာဏ်နည်းပါး၏။ ရဟန်းတပါးကို အရှင်ဘုရား၊ အမြတ်ဆုံးအလှူကို ခံတော်မူပါ-ဟု လျှောက်ထား၏။ မအပ်ဟု ဆိုလတ်သော် အာပတ်မသင့်အောင် ပေါင်ကြား၌ အားထုတ်ပါ။
(၆၃) ချက်၌။
(၆၄) ဝမ်းပျဉ်း၌။
(၆၅) လက်ကတီးကြား၌။
(၆၆) လည်ပင်း၌၊
(၆၇) နားပေါက်၌။
(၆၈) ဆံထုံး၌။
(၆၉) လက်ချောင်းကြား၌ အားထုတ်ပါ။
(၇၀) လက်ဖြင့် အားထုတ်ပေးပါမည်ဟု ဆို၏။ လိုက်နာ၏၊ သံဃာဒိသိသ်။
(၇ဂ) ကြီးမှ ရဟန်းပြုသော ရဟန်းကြီး တပါးသည် မယားဟောင်းအိမ်သို့ အကြည့်အရှု သွား၏။ မယားဟောင်းက လူထွက်ရမည်ဟု ဖမ်းသဖြင့် လွတ်အောင် ရုန်းစဉ် ပက်လက်ကျသွား၏။ မယားဟောင်းသည် သင်းပိုင်လှစ်၍ ဖိထိုင်၏။ ချစ်သား၊ သင် သာယာသလော၊ မသာယာပါဘုရား။ မသာယာသော ရဟန်းအား အနာပတ္တိ။ (အနာဂါမ်ဖြစ်သည်)။
(၇၉) ရဟန်း တပါးသည် တောကျောင်း၌ နေ၏။ ကျင်ငယ်စွန့်စဉ် သမင် တကောင်သည် ကျင်ငယ်လာသောက်၍ အင်္ဂါစပ်ကို စုတ်ယူ၏၊ သာယာ၏၊ ပါရာဇိက။
ပဌမ ပါရာဇိက ပြီး၏။
---
၂-အဒိန္နာဒါနာ
ယော ပန ဘိက္ခု၊ ဂါမာဝါ၊ ရွာမှ၎င်း။
အရညာ ဝါ၊ တောမှ၎င်း။
အဒိန္နံ၊ အရှင်မပေးသော ဥစ္စာကို။
ထေယျသင်္ခါတံ၊ ခိုးလိုသော စိတ်အစုဖြင့်။
အာဒိယေယျ၊ ခိုးယူငြားအံ့။
ယထာ ရူပေ၊ အကြင်သို့ (တမတ်၊ တမတ်တန် ထိုထက်အလွန်) သဘောရှိသော။
အဒိန္နာဒါနေ၊ အရှင်မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းကြောင့်။
ရာဇာနော၊ မင်းတို့သည်။
စောရံ၊ ခိုးသူကို။
ဂဟေတွာ၊ ဖမ်း၍။
ဟနေယျုံ ဝါ၊ ညှဉ်းဆဲကုန်ရာ၏။
ဗန္ဓေယျုံ ဝါ၊ နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာ၏။
ပဗ္ဗာဇေယျုံ ဝါ၊ တိုင်းပြည်မှ နှင်ထုတ်မူလည်း နှင်ထုတ်ကုန်ရာ၏။
တွံ၊ သင်သည်။
စောရော၊ ခိုးသူသည်။
အသိ၊ ဖြစ်၏။
ဗာလော၊ လူမိုက်သည်။
မုဠှော၊ တွေဝေသည်။
အသိ၊ ဖြစ်၏။
ထေနော၊ ဝှက်တတ်သည်။
အသိ၊ ဖြစ်၏။
ဣတိ၊ ဤသို့ စသာ စကားတို့ဖြင့်။
ပရိဘာသေယျုံ ဝါ၊ ဆဲရေးမူလည်း ဆဲရေးကုန်ရာ၏။
အသိ၊ ဖြစ်၏။
တထာရူပံ၊ ထိုသို့ သဘောရှိသော။
အဒိန္နံ၊ အရှင်မပေးသော သူ့ဥစ္စာကို။
အာဒိယမာနော၊ ခိုးယူသော။
အယမ္ပိ ဘိက္ခု၊ ဤရဟန်းသည်လည်း။
ပါရာဇိကော။ ဟောတိ၊
အသံဝါသော။ ဟောတိ။
---
ဂါမာဝါ အရညာဝါ
ဤသိက္ခာပုဒ်၌ တအိမ်ရှိသောရွာ၊ အိမ်များစွာ ရှိသောရွာ၊ လူရှိသောရွာ၊ လူမရှိသောရွာ၊ အရံ ရှိသောရွာ၊ အရံမရှိသောရွာ အားလုံးသည် ဂါမမည်၏။ အယုတ်ဆုံး လေးလကျော်နေသော ရွှေကုန်သည်၊ လှည်းကုန်သည်လည်း ဂါမ မည်၏။ အရံရှိသောရွာ၏ တံခါးခုံမှ ခဲတကျသည်၎င်း၊ အရံမရှိသောရွာ၏ အစွန်ဆုံးအိမ် ဥပမာရမှ ခဲနှစ်ကျသည်၎င်း ဂါမူပစာ မည်၏။ ဂါမ၊ ဂါမူပစာရကိုဖယ်၍ အကြွင်းသည် အရည မည်၏။
လူမနေသေးသောရွာ၊ မငဲ့မကွက် စွန့်သွားသော ရွာလည်း ဂါမ မမည်၊ အရညသာ မည်၏။
---
အဒိန္နံ ထေယျသင်္ခါတံ
မိမိမှ တပါးသော လူဇာတ်ရှိသောသူ၏ မပေးမစွန့်သော အမြတ်တနိုး စောင့်ရှောက်သော ဥစ္စာသည် အဒိန္နမည်၏။ လူစောင့်လျှင် ဘုရားစ္စည်း၊ နတ်ပစ္စည်းလည်း အဒိန္နသာတည်း။ ငှက်၊ တိရစ္ဆာန်၊ ပြိတ္တာတို့၏ ဥစ္စာကား အဒိန္န မမည်။ ခိုးသူသည် ထေနမည်၏။ ခိုးလိုသော စိတ်သည် ထေယျမည်၏။ ခိုးလိုသောစိတ် အဖို့အစုသည် ထေယျသင်္ခါတ မည်၏။ တရားစွဲ၍ ခိုးယူခြင်း စသော ခိုးခြင်း ၂၅-ပါး တို့တွင် တပါးပါးဖြင့် ယူခြင်းသည် အာဒိယေယျ မည်၏။
---
ယထာရူပ
တမတ်၊ တမတ်တန်၊ ထိုထက်အလွန် ခိုးသောသူကို ဗိမ္ဗိသာရ မင်းကြီးတို့သည် ဖမ်း၍ ညှဉ်းဆဲခြင်း စသည်ဖြင့် အပြစ်ပေးကုန်၏။ တပါးသောမင်းတို့ ပေး၊ မပေး− ပမာဏမဟုတ်။ ထိုသို့ သဘောရှိသော ပေါရာဏက-ကဟာပဏ၏ တမတ်၊ တမတ်တန်၊ ထိုထက် အလွန်ကို ခိုးယူခြင်းသည် ယထာရူပ အဒိန္နာဒါန မည်၏။ မြေ၊ ကုန်း၊ ကောင်းကင် စသည်၌တည်သော ထိုမျှသော သက်ရှိ သက်မဲ့ ဘဏ္ဍာကို အရှင်မပေးပဲ ခိုးယူသော ရဟန်းသည် ပါရာဇိက အာပတ်သို့ ရောက်၏။ ထိုထက် အလွန် ခိုးရာ၌ ဆိုဖွယ်မရှိ။ (ထိုအခါ ရာဇဂြိုဟ်၌ ငါးပဲသည် တမတ်။)
တမတ်တန် ခိုးလျှင် ရဟန်းအသက်ထွက်၏။ သစ်ရွက်ကြွေ-မစိမ်းလန်းပြီ။
---
ငါးဌာန မှတ်ဖွယ်
ဂါမ စသည်၌ မတွေဝေစိမ့်သောငှါ ဃရ၊ ဃရူပစာရ- စသည်ခွဲ၍ သိအပ်သည်။ အိမ်တံစက်မြိတ် ရေကျရာ အတွင်းသည် ဃရမည်၏။ မာတုဂါမသည် အိမ်တံခါး၌ ရပ်၍ ခွက်ဆေးရေစွန့်အံ့။ ထိုရေကျရာ အရပ်သည် ဃရူပစာရ မည်၏။ တနည်း -မာတုဂါမသည်ပင် အိမ်တွင်း၌နေ၍ ပကတိအားဖြင့် အပသို့ မန်းငယ် (ဗန်းငယ်) ပစ်အံ့။ ထိုမန်း တကျသည်၎င်း၊ ဝါ၊ တံမြက်ချေးစု ကျရာသည်၎င်း၊ သရူပစာရမည်၏။ တနည်း-အိမ်ရှေ့၌ ထောင့်နှစ်ခုတို့၌ ဖွဲ့၍ အလယ်၌ တံခါးထား၍ နွားစသည် မဝင်အောင် ပြုသောအရံသည်လည်း ဃရူပစာရ မည်၏။
အား အလယ်အလတ်ရှိသော ယောက်ျားသည် အစွန်ဆုံးအိမ်၏ ဃရူပစာရ၌ ရပ်လျက် လက်မောင်း ဆန့်တန်း၍ ခဲကိုအားကုန်ပစ်အံ့။ ထိုခဲတကျအတွင်းသည် ဂါမ မည်၏။ ထိုမှတဆင့် ခဲတကျအတွင်းသည် ဂါမူပစာရ မည်၏။ ကျသောခဲ လိမ့်သွားရာကို မယူရ။ အရံရှိသော ရွာဖြစ်မူ အရံသည်ပင် ဂါမ အပိုင်းအခြားဖြစ်၏။ ထိုအရံ၌ တံခါးခုံနှစ်ခုရှိလျှင် အတွင်းတံခါးခုံမှ ခဲတကျသည် ဂါမူပစာရ မည်၏။ ပဒဘာဇနီ၌ အရံမရှိသောရွာ၏ ဃရူပစာရမှ ခဲတကျ-ဟု ဟောသော်လည်း ဆိုပြီးသောနည်းဖြင့် ခဲတကျ ဂါမ။ ခဲနှစ်ကျ ဂါမူပစာရ-ဟု သိအပ်၏။
ထို ခဲနှစ်ကျစွမ်းဖြင့် နေလွဲရွာဝင်ခြင်း စသော အာပတ်ကို ပိုင်းခြားအပ်၏။ နေလွဲရွာဝင် သိက္ခာပုဒ်၊ ဘိက္ခုနီမ ရင်လွှမ်းတဘက်မပါပဲ ရွာဝင်သိက္ခာပုဒ်တို့၌လည်း အရံရှိလျှင် အရံကိုလွန်အံ့၊ အရံမရှိလျှင် ဥပစာရသို့ သက်ဝင်အံ့ - စသည်ဖြင့် ဟောသည်။
ဤဂါမ၊ ဂါမူပစာရ တို့ကိုဖယ်၍ ကြွင်းသောအရပ်သည် ဤသိက္ခာပုဒ်၌ အရည မည်၏။
ပါရာဇိကလောက်သော ဘဏ္ဍာကို ဃရစသော ဤငါးဌာနမှလည်း ခိုးယူသော ရဟန်းအား ပါရာဇိကသာတည်း။ ထို့ကြောင့် ဂါမာ ဝါ အရညာဝါ-ဟု ဟောခြင်းသည် ဒေသနာမတ္တသာတည်း။ ဝါ၊ ဥပလက္ခဏနည်းတည်း။
ထာ၌-ရှေး ရွာကြီးပျက်၍ အိမ်လျှော့သောအခါ ဃရူပစာရမှ ခဲတကျဖြင့် ဂါမကို ပိုင်းခြားအပ်၏။ အရံရှိ၊ မရှိ-ရှေးအပိုင်းအခြား ပမာဏမဟုတ်-ဟု ဆို၏။
---
အဆုံးအဖြတ် ၁၇ ပါး
ဤသိက္ခာပုဒ်ကို --
၁-ရာဇဂြိုဟ်ပြည်၌၊
၂-ရှင်ဓနိယ မထေရ်ကို အကြောင်းပြု၍၊
၃-မင်းကြီး၏ သစ်ဘဏ္ဍာတို့ကို အရှင်မပေးပဲ ယူခြင်းကြောင့် ပညတ်၏။
၄-ဂါမာဝါ၊ အရညဝါသည် အနုပညတ် ဖြစ်၏။ သာဓာရဏပညတ်ဖြစ်၏။
၅-သာဏတ္တိက ဖြစ်၏။
၆-ခိုးခြင်းငှာ သွားခြင်း၊ အဖော်ရှာခြင်း စသော ပုဗ္ဗပယောဂ၌ ဒုက္ကဋ်။ သုံးသပ်အံ့၊ ဒုက္ကဋ်။ ပါရာဇိကလောက်သော ဝတ္ထုကို လှုပ်စေအံ့၊ ထုလ္လစ္စည်း။ တပဲ၊ တပဲအောက် ခိုးအံ့၊ ဒုက္ကဋ်။ တပဲထက်အလွန် ငါးပဲအောက်ခိုးအံ့၊ ထုလ္လစ္စည်း။ ငါးပဲ ငါးပဲထက် အလွန်ခိုးအံ့၊ ပါရာဇိက။ ခိုးခြင်းဟူသမျှ၌ ခိုးအပ်သောပစ္စည်း များ၏။ သခင် ရှိ မရှိအားဖြင့်၎င်း၊ ခိုးရာကာလ တန်ဖိုးဖြင့်၎င်း၊ ခိုးရာအရပ် တန်ဖိုးဖြင့်၎င်း၊ ဘဏ္ဍာဖိုး အတက်အကျအားဖြင့်၎င်း၊ သုံးဆောင်ခြင်း၊ ခွက်ပြောင်းခြင်း စသည်ဖြင့် တန်ဖိုး ယုတ် မယုတ်အားဖြင့်၎င်း ဆုံးဖြတ်အပ်၏။ တမတ်တန်ဆန်မှ စပါးလုံးတလုံး ပယ်လိုက်လျှင် ပါရာဇိကမလောက်။
၇-သကသညာ ရှိအံ့၊ အကျွမ်းတဝင် ယူအံ့၊ အခိုက်အတန့် ယူအံ့၊ ပြိတ္တာ သိမ်းဆည်းသော ဥစ္စာ (နတ်သိကြား သိမ်းဆည်းသောဥစ္စာ) ဖြစ်အံ့၊ တိရစ္ဆာန် သိမ်းဆည်းသော ဥစ္စာဖြစ်အံ့၊ ပံ့သကူ အမှတ်ဖြင့် ယူအံ့၊ ဥမ္မတ္တက-ရူးသော ရဟန်းစသည်ဖြစ်အံ့၊ အနာပတ္တိ။ (နတ်ကို ရည်စူး၍ သစ်ပင်စသည်၌ ထားသော အဝတ်စသည်ကို လူစောင့်ရှိလျှင် စောင့်သူသည် ဣဿရဖြစ်၏။ မယူအပ်ဟုသာ ဋီ၌ဆိုသည်။)
၈-သီလဝိပတ္တိဖြစ်၏။
၉-လူဇာတ်ရှိသူ အစွမ်းဖြင့် သူတပါးသိမ်းဆည်းသော ဥစ္စာဖြစ်ခြင်း၊ သူတပါး သိမ်းဆည်းသည်ဟု အမှတ်ရှိခြင်း၊ ဂရုပရိက္ခာရ (ငါးပဲတန်) ဖြစ်ခြင်း၊ ခိုးလိုသောစိတ် ရှိခြင်း၊ ခိုးခြင်း ၂၅-ပါး တပါးပါးဖြင့် ခိုးခြင်း၊ ဤကား အင်္ဂါငါးပါးတည်း။
၁၀-အဒိန္နာဒါနသမုဋ္ဌာန်။(သစိတ္တာ သုံး၊ စုရုံးစိန္နာ (၇၁)။
၁၁–ကြိယ၊
၁၂−သညာဝိမောက္ခ၊
၁၃-သစိတ္တက၊
၁၄-လောကဝဇ္ဇ၊
၁၅-ကာယကံ ဝစီကံ၊
၁၆-အကုသလစိတ္တ၊
၁၇- တိဝေဒနသိက္ခာပုဒ် ဖြစ်၏။
ခိုးခြင်း ၂၅-ပါးမှတ်ဖွယ်
ခိုးခြင်း ၂၅-ပါးကို --
၁။ နာနာဘဏ္ဍပဉ္စက၊
၂။ ဧကဘဏ္ဍပဉ္စက၊
၃။ သာဟတ္ထိကပဉ္စက၊
၄။ ပုဗ္ဗပယောဂပဉ္စက၊
၅။ ထေယျာဝဟာရပဉ္စက၊
ဤသို့ ပဉ္စကငါးခုဖြင့် ပေါင်း၍ မှတ်သားအပ်၏။
နာနာ၊ ဧက(၂)၊ သဟတ္ထနှင့်(၁)၊ ပုဗ္ဗ၊ ထေယျာ(၂)၊ ငါးခုမှာ၊ ငါးဖြာ ပဉ္စက။
ထိုတွင် နာနာဘဏ္ဍပဉ္စကသည် သက်ရှိသက်မဲ့ ဘဏ္ဍာ၌ အာဒိယန၊ ဟရဏ၊ အဝဟရဏ၊ ဣရိယာပထဝိကောပန၊ ဌာနာစဝန-ဟု ငါးပါးပြား၏။
ထိုတွင် တရားစွဲ၍ယူခြင်းသည် အာဒိယန မည်၏။ အရံစသည်ကို မုသာဆို၍ တရားစွဲအံ့၊ ဒုက္ကဋ်။ (သဟပယောဂဖြစ်၍ မုသာပါစိတ်မဖြစ်) ပစ္စည်းရှင်အား ငါ့ဥစ္စာ ဆုံးတော့မည်လောဟု ယုံမှားဖြစ်စေအံ့၊ ထုလ္လစ္စည်း။ ပစ္စည်းရှင်သည် ငါ့ဥစ္စာဆုံးပြီဟု ဝန်ခံအံ့၊ ပါရာဇိက။
ဆောင်ယူသည်ခိုးစဉ် ခိုးခြင်းသည် ဟရဏမည်၏။ သူတပါး၏ ဘဏ္ဍာကို ဆောင်ယူ သယ်ပိုးစဉ် ခိုးလိုသောစိတ် ဝင်၍ ဦးခေါင်း၌တင်သောဝန်ကို သုံးသပ်အံ့၊ ဒုက္ကဋ်။ လှုပ်အံ့၊ ထုလ္လစ္စည်း။ ပခုံးသို့ချအံ့၊ ပါရာဇိက။
ပစ္စည်ရှင်ကိုယ်တိုင် စေခိုင်း၍ ဆောင်ယူသယ်ပိုးစဉ် ခိုးရာ၌ကား ပါရာဇိက မရှိ။ အရှင်ပေး မည်သောကြောင့်တည်း။
အပ်နှံထားသော ဘဏ္ဍာကို ခိုးခြင်းသည် အဝဟရဏ မည်၏။ အပ်နှံထားသော ဘဏ္ဍာကို ပြန်တောင်းသောအခါ ငါမယူဟု မုသာဆိုအံ့၊ ဒုက္ကဋ်၊ (သဟပယောဂဖြစ်၍ ဒုက္ကဋ်။) ပစ္စည်းရှင်အား ယုံမှားဖြစ်စေအံ့၊ ထုလ္လစ္စည်း။ ပစ္စည်းရှင် ဝန်ချအံ့၊ ပါရာဇိက။
ဣရိယာပုထ်ဖျက်၍ ခိုးခြင်းသည် ဣရိယာပထဝိကောပန မည်၏။ ဘဏ္ဍာ ဆောင်သူနှင့်တကွ ခေါ်သွားမည်ဟု ပဌမခြေလှမ်းကို လွန်စေအံ့၊ ထုလ္လစ္စည်း။ ဒုတီယခြေလှမ်းကို လွန်စေအံ့၊ ပါရာဇိက။
နေရာမှ ရွေ့စေ၍ ခိုးခြင်းသည် ဌာနာစဝန မည်၏။ ကုန်း၌တည်သော ဘဏ္ဍာကို ခိုးလို၍ သုံးသပ်အံ့၊ ဒုက္ကဋ်။ လှုပ်စေအံ့၊ ထုလ္လစ္စည်း။ နေရာမှ ရွေ့စေအံ့၊ ပါရာဇိက။
အဒိ၊ ဟရ(၂)၊ ဝဟာရ(၁)၊ ပထ၊ ဌာနာစာ(၂)။
---
ဧကဘဏ္ဍပဉ္စကသည် သက်ရှိဘဏ္ဍာ၌ အာဒိယန စသော ထိုငါးပါးပင် ဖြစ်၏။ သခင်ရှိသောကျွန်ကို၊ ဝါ၊ တိရစ္ဆာန်ကို ဆိုပြီးသောနည်း ငါးမျိုးအတိုင်း တရားစွဲ၍ ခိုးခြင်း၊ ဆောင်ယူသယ်ပိုးစဉ် ခိုးခြင်း၊ အပ်နှံထားသည်ကို ခိုးခြင်း၊ ဣရိယာပုထ် ဖျက်၍ ခိုးခြင်း၊ နေရာမှ ရွေ့စေ၍ ခိုးခြင်းတို့ဖြင့် သိအပ်၏။
ဧကဘဏ်လည်း၊ ထိုငါးတည်း၊ ထူးပြီး သက်ရှိသာ။
---
သာဟတ္ထိကပဉ္စကသည် သာဟတ္ထိက၊ အာဏတ္တိက၊ နိဿဂ္ဂိယ၊ အတ္ထသာဓက၊ ဓုရနိက္ခေပ ဟု ငါးပါးပြား၏။
ကိုယ်တိုင် ခိုးခြင်းသည် သာဟတ္ထိက မည်၏။
ဤဘဏ္ဍာကို ခိုးလော့ဟု သူတပါးကို စေခိုင်းခြင်းသည် အာဏတ္တိက မည်၏။
ကင်းထားရာအရပ်၊ မိမိကြံစည်ရာ အရပ်တို့၏ အတွင်း၌ နေ၍ အပသို့ ပစ်ခြင်းသည် နိဿဂ္ဂိယ မည်၏။
ဤသူ၏ဘဏ္ဍာကို စွမ်းနိုင်သောအခါ ခိုးလော့ဟု (ကာလမပိုင်း) စေခိုင်းခြင်းသည် အတ္ထသာဓက မည်၏။
ဤအတ္ထသာဓကနည်းဖြင့် ခိုင်းသည့်အဘိုင်း ဧကန်ခိုးခြင်းဖြစ်အံ့၊ စေခိုင်းသူအား စေခိုင်းဆဲခဏ၌ ပါရာဇိက။ ခိုးသူအားကား နှစ် ၆၀-လွန်စေကာမူ ခိုးသောအခါမှ ပါရာဇိက။
ဖိနပ် ဆီစိမ်လို၍ သူတပါး၏ ဆီအိုး၌ ခိုးထည့်ရာ၌လည်း ဆီတမတ်ဖိုး ဧကန် စုပ်ယူနိုင်မည်ဖြစ်အံ့၊ လက်မှ လွတ်ကာမျှ၌ ပါရာဇိက။
တရားစွဲသောအခါ၊ အပ်နှံထားသောဘဏ္ဍာ ပြန်မပေးသော အခါတို့၌ ပစ္စည်းရှင်အား မပေးအံ့ဟု ဝန်ချခြင်းသည် ဓုရနိက္ခပ မည်၏။ ခေတ္တယူသော ဏ္ဍာကို၎င်း၊ အစားပေး သင့်သော ဘဏ္ဍာကို၎င်း မပေးအံ့ဟု ဝန်ချခြင်းသည် ဓုရနိက္ခေပတည်း။
သာ-ဟတ်၊ အာဏ (၂)၊ နိဿဂ္ဂ (၁)၊ အတ္ထ၊ ဓုရပါ (၂)။
---
ပုဗ္ဗပယောဂကပဉ္စကသည် ပုဗ္ဗပယောဂ၊ သဟပယောဂ၊ သံဝိဒါဝဟာရ၊ သင်္ကေတကမ္မ၊ နိမိတ္တကမ္မဟု ငါးပါးပြား၏။
ခိုးခိုင်းခြင်းသည် ပုဗ္ဗပယောဂ မည်၏။ တည်ရာမှ ရွေ့စေခြင်းသည်၎င်း၊ တသစ်ငုတ် စသည် ပြောင်းရွှေ့၍ မြေချဲ့ခြင်းသည်၎င်း သဟပယောဂ မည်၏။
ဤမည်သော ဘဏ္ဍာကို ငါတို့ခိုးကြစို့ ဟု တိုင်ပင်၍ ခိုးခြင်းသည် သံဝိဒါဝဟာရ မည်၏။ တိုင်ပင်သူတို့တွင် တယောက်ခိုးအံ့၊ အားလုံးခိုးသည် မည်၏။ အားလုံး ပါရာဇိက။
သိအောင် အချိန်းအချက် ပြုခြင်းသည် သင်္ကေတကမ္မ မည်၏။ နံနက်စသော ကာလတခုခုကို ပိုင်းခြား၍ ဤအချိန်တွင် ဤဘဏ္ဍာကို ခိုးလော့ဟု ချိန်းဆိုအံ့၊ ထိုအချိန်အတိုင်း ခိုးဖြစ်လျှင် ချိန်းသောရဟန်းအား ချိန်းသောခဏ၌ပင် ခိုးခြင်းဖြစ်၏ အမှတ်သညာ ဖြစ်စေခြင်းငှာ မျက်စိမှိတ်ခြင်း စသော အမူအရာသည် နိမိတ္တကမ္မ မည်၏။ ဤသို့ နိမိတ်ပြုသောအခါ မရှေးမနှောင်း ခိုးလော့ဟု ဆိုအံ့၊ ဆိုတိုင်း ခိုးဖြစ်လျှင် နိမိတ်ပြုသောရဟန်းအား နိမိတ်ပြုသော ခဏ၌ပင် ခိုးခြင်းဖြစ်၏။
ပုဗ္ဗ၊ သဟ (၂)၊ သံဝိဒ (၁)၊ င်္ကေတ၊ နိမိတ္တာ (၂)။
---
ထေယျာဝဟာရပဉ္စကသည် ထေယျာဝဟာရ၊ ပသယှာဝဟာရ၊ ပရိကပ္ပါဝဟာရ၊ ပဋိစ္ဆန္နာဝဟာရ၊ ကုသာဝဟာရ-ဟု ငါးပါးပြား၏။
မထင်မရှား ခိုးခြင်း၊ လှည့်ပတ်၍ ခိုးခြင်းသည် ထေယျာဝဟာရ မည်၏။ နံရံစပ် ဖောက်ခြင်း စသည်ဖြင့် ခိုးသောအခါ၊ ချိန်ခွင်တင်းတောင်း အသပြာစဉ်းလဲခြင်း စသည်ဖြင့် လည်ဆယ်သော အခါတို့၌ သိအပ်၏။
နှိပ်စက်၍ယူခြင်းသည် ထေယျာဝဟာရ မည်၏။ ဒမြကဲ့သို့ အနိုင်အထက် လုယူ သောအခါ၊ မင်းမှုထမ်းကဲ့သို့ အနိုင်ကျင့်၍ သင့်သော မင်းခွန်ထက် ပိုယူသောအခါ တို့၌ သိအပ်၏။
ကြံစည်၍ ယူခြင်းသည် ပရိကပ္ပါဝဟာရ မည်၏။ ဘဏ္ဍာကို ကြံစည်ခြင်း၊ အရပ်ကို ကြံစည်ခြင်းဟု နှစ်မျိုးပြား၏။ ဘဏ္ဍာကြံစည်ပုံကား - ပုဆိုးဖြစ်လျှင် ယူမည်၊ ချည်ခင် ဖြစ်လျှင် မယူဟု ကြံ၍ မှောင်မိုက်တွင်း အထုပ်ကိုယူအံ့၊ ချည်ခင်ဖြစ်လျှင် စောင့်သေး၏။ ပုဆိုးဖြစ်လျှင် အထုပ်မြှောက်သော ခဏ၌ ပါရာဇိက။
ပြင်ပသို့ ထုတ်ကြည့်၍ ချည်ခင်ဟုသိ၍ ထားခဲ့လျှင် စောင့်သေး၏။ ရရာယူမည်ဟု ယူသွားအံ့၊ ခြေလှမ်းဖြင့် ဆုံးဖြတ်အပ်၏။ တဖက်လှမ်း ထုလ္လစ္စည်း၊ နှစ်ဖက်လှမ်း ပါရာဇိက။ ချထားရာမှ ပြန်ယူအံ့၊ မြှောက်သောခဏ၌ ပါရာဇိက။
သူခိုး သူခိုးဟု လိုက်သံကြား၍ စွန့်ပြေးအံ့၊ စောင့်သေး၏။ သခင်မြင်၍ ပြန်ယူအံ့၊ စောင့်သေး၏။ တပါးသောသူမြင်၍ ယူသွားအံ့၊ ဘဏ္ဍာစားပေးအပ်၏။ သခင် မမြင်၍ မယူပဲ ပြန်သွားပြီးမှ ငါယူခဲ့ပြီးဖြစ်၍ ငါ့ဥစ္စာဖြစ်ပြီဟု သကသညာဖြင့် ယူအံ့၊ ဘဏ္ဍာစား ပေးအပ်၏။ ဤကား ဘဏ္ဍပရိကပ္ပတည်း။
အရပ် ကြံစည်ပုံကား - ပရိဝေဏ္ဍ ကောင်းငယ် စသည်တို့သို့ ဝင်ပြီးလျှင် နှစ်သက်သော ဘဏ္ဍာကိုမြင်၍ တိုက်ခန်းတံခါး၊ တံခါးမုခ်၊ ပြာသာဒ်အောက်၊ တံခါးခုံ၊ သစ်ပင်ရင်း စသော နေရာကိုပိုင်းခြား၍ ဤနေရာအတွင်း ပစ္စည်းရှင် မြင်သွားလျှင် ခေတ္တယူဟန်ဖြင့် ပြန်ထားမည်၊ မမြင်လျှင် ယူသွားမည်ဟု ကြံစည်၍ ယူအံ့၊ ကြံစည်ရာအရပ်ကို လွန်ကာမျှ၌ ခိုးခြင်းဖြစ်၏။ ဤကား ဩကာသပရိကပ္ပ = အရပ်ကို ကြံစည်ခြင်းတည်း။
ဖုံးလွှမ်း၍ ခိုးခြင်းဖြစ်၏၊ ပဋိစ္ဆန္နာဝဟာရ မည်၏။ ဖုံးလွှမ်းပုံကား ဥယျာဉ်ထဲ၌ သူတပါး ချွတ်ထားသော လက်စွပ် စသည်ကိုမြင်၍ နောက်မှယူမည်ဟု မြေမှုန့်ဖြင့် သစ်ရွက်ဖြင့် ဖုံးထားလိုက်အံ့၊ ခိုးခြင်းမဖြစ်သေး။ ပစ္စည်းရှင်တို့ ရှာမတွေ့၍ ဆုံးပြီဟု ဝန်ချ၍ သွားကုန်မှ ယူအံ့၊ ဘဏ္ဍာဒေယျသာတည်း။ နောင်သိ၍ တောင်းသောအခါ ပြန်မပေးအံ့၊ ပစ္စည်းရှင် ဝန်ချလျင် ခိုးခြင်း ဖြစ်၏။ ခိုးလိုသော စိတ်ဖြင့် မဖုံးလွှမ်းပဲ ညွန်၌ သဲ၌ နင်းသွင်းလိုက်အံ့၊ ဝင်ကာမျှ၌ ခိုးခြင်းဖြစ်၏။
ကမ္ပည်းပြောင်း၍ ခိုးခြင်းသည် ကုသာဝဟာရ မည်၏။ ပြောင်းပုံကား-ဝါး၊ ထန်းရွက် စသည်၌ အမှတ်အသား ကမ္ပည်းရေး၍ ကမ္ပည်းချ၍ သင်္ကန်းစသည်ကို ဝေဖန်သော အခါ မိမိအဖွဲ့၏ အနီး၌ အဖိုးနည်း၊ အဖိုးကြီး၊ အဖိုးတူ ဖြစ်သော သူတပါး၏ အဖိုးတခုခုကို ယူလိုသဖြင့် မိမိအဖို့၌ ကျသောကမ္ပည်းကို ကောက်ယူအံ့၊ ကောက်ယူ၍ သူတပါးအဖို့၌ ချအံ့၊ စောင့်သေး၏။ ထိုအဖို့မှ သူတပါး၏ ကမ္ပည်းကို ကောက်ယူအံ့၊ ယူကာမျှ၌ ခိုးခြင်း ဖြစ်၏။ ရှေးဦးစွာ သူတပါးဖို့မှ ကမ္ပည်းကို ယူအံ့ မိမိအဖို့၌ ချအံ့၊ မိမိ ကမ္ပည်းကို ကောက်ယူအံ့၊ စောင့်သေး၏။ ထိုကမ္ပည်းကို သူတပါးအဖို့၌ ချအံ့၊ လက်မှလွတ်ကာမျှ၌ ခိုးခြင်းဖြစ်၏။
ဤသို့ ခိုးခြင်း ၂၅-ပါးကို ပဉ္စက ငါးခုဖြင့် သိအပ်၏။
ထေယျ၊ ပသယှ (၂)၊ ရိကပ္ပ (၁)၊ ဆန္ဒ၊ ကုသာဝါ (၂)။
---
ဒုက္ကဋ်ရှစ်မျိုး မှတ်ဖွယ်
(ဤအဒိန္နာဒါန၌ ပုဗ္ဗပယောဂ ဒုက္ကဋ်၊ သဟပယောဂဒုက္ကဋ် - စသည်ဖြင့် ဒုက္ကဋ် ရှစ်မျိုးကို ပြအပ်၏။
ခိုးလိုသောစိတ်ဖြင့် အဖော်ရှာအံ့၊ ပေါက်တူး၊ ခြင်းတောင်းရှာအံ့၊ သွားအံ့၊ ဒုက္ကဋ်။ ဤသို့ ဟောသော ဒုက္ကဋ်မျိုးသည် ပုဗ္ဗပယောဂဒုက္ကဋ် မည်၏။ မခိုးမီ ရှေးလုံ့လ ဖြစ်သော ပုဗ္ဗပယောဂ၌ ဒုက္ကဋ် နေရာ ဒုက္ကဋ်၊ ပါစိတ်နေရာ ပါစိတ်သင့်၏။
ဘဏ္ဍာရှိရာ၌ ပေါက်သောသစ်ပင်ကို ဖြတ်အံ့၊ မြေတူးအံ့၊ ဒုက္ကဋ်။ ဤသို့ဟောသော ဒုက္ကဋ်မျိုးသည် ပယောဂ ဒုက္ကဋ်မည်၏။ ခိုးခြင်းနှင့်အတူ တစပ်တည်း လုံ့လဖြစ်သော သဟပယောဂ၌ ဒုက္ကဋ်နေရာလည်း ဒုက္ကဋ်၊ ပါစိတ်နေရာလည်း ဒုက္ကဋ်တည်း။ ထို့ကြောင့် တရားစွဲရာ၌ မုသာလည်း ဒုက္ကဋ်သာတည်း။
ရတနာဆယ်ပါး၊ စပါမျိုး ခုနစ်ပါး၊ လက်နက်၊ တူရိယာ၊ မိန်းမရုပ် စသည်ကို ကိုင်အံ့၊ ဒုက္ကဋ်။ ဤကား အနာမာသဒုက္ကဋ် မည်၏။ မသုံးသပ်ကောင်း။
အပင်၌ သီးဆဲဖြစ်သော သစ်သီး ခဲဖွယ် စားဖွယ်ကို ကိုင်အံ့၊ ဒုက္ကဋ်။ ဤကား ဒုရူပစိဏ္ဏဒုက္ကဋ် မည်၏။
အလေ့အကျင့် မကောင်း၊ လက်မငြိမ်။ ဆွမ်းခံစဉ် မြူကျသောသပိတ်ကို ပြန်အကပ် မခံမူ၍ ဝါ၊ ကျသောမြူကို မသုတ်သင်မူ၍ ထိုသပိတ်ဖြင့်ပင် ဆွမ်းခံအံ့၊ ဒုက္ကဋ်။ ဤကား ဝိနယဒုက္ကဋ် မည်၏။ ကြွင်းခုနစ်ပါးမှ လွတ်သမျှ အားလုံး ဝိနယဒုက္ကဋ် သာတည်း။
အကပ်မခံပဲ မြူ မသုတ်သင်ပဲ လူ သာမဏေတို့အား ဤဆွမ်းကို ပေးအံ့ဟု နှလုံးသွင်း၍ ခံလျှင် ဝိနယဒုက္ကဋ် လွတ်၏။
သုတွာ န ဝဒန္တိ အာပတ္တိ ဒုက္ကဋဿ၊ သံဃာကွဲစေခြင်းငှာ လုံ့လပြုခြင်း စသည်ကို ကြားသိလျက် မဆိုကုန်အံ့၊ ဒုက္ကဋ်။ ဤကား ဉာတဒုက္ကဋ် မည်၏။
သံဃာသည် ဉာတ်ကမ္မဝါစာဖြင့် ဆုံးမသောအခါ ဉာတ်၏အဆုံး၌ သင့်သောဒုက္ကဋ် အာပတ်သည် ဉတ္တိဒုက္ကဋ် မည်၏။
သမနုဘာသန ကံ ၁၁-ခုတို့၌ ဉတ်အဆုံး၌ အယူမစွန့်အံ့၊ ဒုက္ကဋ်။ ဤကား ပဋိဿဝဒုက္ကဋ် မည်၏။ (ဝန်ခံစဉ်က မစင်ကြယ်လျှင် ပါစိတ်လည်း သင့်၏)
ဤသို့ ဒုက္ကဋ် ရှစ်မျိုးသိလျှင် သဟပယောဂ၌ သစ်ပင်ဖြတ်၊ မြေတူး၊ မုသာဆို – စသည်ကြောင့်ဖြစ်သော ဒုက္ကဋ် မတွေဝေနိုင်၊ ကြွင်းသော ဒုက္ကဋ်တို့ကိုလည်း အလေး ပြုနိုင်၏။
ပုဗ္ဗ၊ သဟ (၂)၊ နာမာသ (၁)၊ စိဏ္ဏ၊ ဝိနယာ (၂)။
ဉတ္တိ၊ ဉာတ(၂)၊ ဋိဿဝ (၁)၊ အဋ္ဌ ဒုက္ကဋာ။
---
ဝတ္ထုကြောင်းမှတ်ဖွယ်
ရာဇဂြိုဟ်ပြည်၊ ဂိဇ္ဈကုဋ်တောင်၌ မြတ်စွာဘုရား နေတော်မူသောအခါ ရဟန်းတို့သည် ဣသိဂိလိတောင်၌ မြက်မိုးကျောင်း၊ သက်ကယ်မိုးကျောင်း ဆောက်၍ နေကုန်၏။ အိုးထိန်းသည်သား ရှင်ဓနိယသည် မိမိ၏ကျောင်းကို ထင်းခွေသမားတို့ သုံးကြိမ်တိုင် ဖျက်ယူသွားကြသဖြင့် မြေကျောင်း လှပစွာ ပြုလုပ်မီးဖုတ်၍ မြေကျောင်း၌ နေ၏။
ထိုကျောင်းကို ဘုရားရှင် မြင်လတ်သော် မြေကျောင်းဟူသည် မီးဖုတ်စဉ် ပိုးကောင်ငယ် များစွာ ပျက်စီးသည်၊ တိတ္ထိတံခွန်လည်း ဖြစ်သည်—ဟု ဖျက်ဆီးစေ ပြီးလျှင် ချစ်သားတို့၊ အလုံးစုံ မြေဖြင့် ပြီးသောကျောင်းကို မပြုအပ်၊ ပြုငြားအံ့၊ ဒုက္ကဋ်ဟု ပညတ်တော်မူ၏။
ထိုအခါ ရှင်ဓနိယသည် အစိုးရသစ်တော်ထားရာ၌ သစ်ထိန်းစာရေးထံ သစ်ကို အလှူခံ၏။ အရုပ်ဘုရား၊ ယူစရာ သစ်မရှိပါ။ မြို့ပြုပြင်ရန် သစ်တော်တို့သာ ရှိကုန်၏။ မင်းကြီး ခိုင်းမှ လှူဝံ့ပါမည်ဟု ဆိုလတ်သော် ဗိမ္ဗိသာရမင်းကြီးသည် ငါ့အား လှူပြီးပြီ ဟု ဆို၏။ လှူပြီးဖြစ်လျှင် ယူတော်မူပါဟု ဆိုလတ်သော် လိုသလောက် ဖြတ်၍ ယူသွား၏။
ဝဿကာရ အမတ်ကြီး သိသောအခါ မင်းကြီးထံလျှောက်၍ သစ်ထိန်း စာရေးကို ဖမ်းစေ၏။ ရှင်ဓနိယသည်လည်း နန်းတော်သို့ လိုက်သွား၏။ အရှင်မြတ်အား သစ်တော်လှူခြင်းကို မမှတ်မိပါ။ အဘယ်အခါ လှူမိပါသနည်းဟု မေးလတ်သော် အရှင်မင်းကြီးသည် ဘိသိက်ခံတော်မူစဉ်က သမဏာဗြာဟ္မဏတို့အား မြက်၊ ထင်း၊ ရေ၊ သစ်သားတို့ကို လှူပါ၏။ သုံးဆောင်ကြပါစေသတည်း ဟု ဆိုသည် မဟုတ်လော ဟု ဆို၏။
အရှင်သည် သိက္ခာလိုလား ကုက္ကုစ္စ ကြီးမားသော ပုဂ္ဂိုလ်တို့ကို ငဲ့၍ မသိမ်းဆည်း သောပစ္စည်းကို ရည်၍ဆိုသည်ကို အမြွက်ပြုခြင်းဖြင့် ယူဘိ၏။ ရဟန်းကို ခိုးမှုဖြင့် သတ်ရခြင်းသည် မသင့်။ သင်္ကန်းဟူသော အမွေကြောင့် လွှတ်သင့်သည်။ နောင် ဤသို့မပြုပါနှင့်ဟု ဆို၍ လွှတ်လိုက်၏။
လူတို့သည် ဤရဟန်းတို့ကား မင်းကြီးကိုပင် လှည့်စားကုန်သေး၏ စသည်ဖြင့် ကဲ့ရဲ့ကုန်၏။ မြတ်စွာဘုရားသည် မေးစစ်၍ ကဲ့ရဲ့ပြီးလျှင် ဗိမ္ဗိသာရမင်းသည် မည်မျှလောက်ခိုးလျှင် သတ်ခြင်း၊ နှောင်ဖွဲ့ခြင်း စသည်ဖြင့် အပြစ်ပေးသနည်းဟု အမတ် ရဟန်းတပါးကို မိန့်တော်မူ၏။ တမတ်တန် ခိုးလျှင် ဤသို့ အပြစ်ပေးပါသည် ဟု လျှောက်၏။ ထိုအခါ များစွာ ကဲ့ရဲ့၍ ဤ သိက္ခာပုဒ်ကို ပညတ်တော်မူသည်။
---
အနုပညတ်ဝတ္ထု
အခါတပါး ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခဝါသည်တို့ အဝတ်လှန်းရာ အရပ်သို့ သွား၍ အဝတ်ထုပ် ခိုးလာပြီးလျှင် ဝေဖန်၍ သင်္ကန်းချုပ်ကုန်၏။ သင်တို့ ဘုန်းကြီးကုန်စွ၊ သင်္ကန်းများစွာ ရကြသည်ဟု တပါးသော ရဟန်းတို့ ဆိုလတ်သော် ဘုန်းကြီး၍ မဟုတ်၊ အဝတ်လှန်းရာမှ ယူခဲ့သည်ဟု ဆိုကုန်၏။
အဘယ့်ကြောင့် ဤသို့ယူကြသနည်း၊ သိက္ခာပုဒ် ပညတ်ထားပြီး မဟုတ်လော ဟု ဆိုလတ်သော် ရွာ၌ ပညတ်သည်၊ တော၌ မပညတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ဂါမာ ဝါ အရညာ ဝါ ဟူသော အနုပညတ်ဖြင့် တဖန် ပညတ်ပြန်သည်။
---
မာတိကာ သုံးဆယ်
မြေ၌တည်သော ဥစ္စာ၊ ကုန်း၌တည်သော ဥစ္စာ၊ ကောင်းကင်၌၊ ဟင်းလင်းပြင်၌၊ ရေ၌၊ လှေ၌၊ ယာဉ်၌ တည်သောဥစ္စာ ၇၊
ဝန်ထုပ်အားဖြင့်တည်သော ဥစ္စာ၊ အရံ၌၊ ကျောင်း၌၊ လယ်၌၊ ယာ၌၊ တော၌၊ ရွာ၌တည်သောဥစ္စာ ၁၄၊
ရေ၊ ဒန်ပူ၊ တောစိုး သစ်ပင်၊ ဆောင်ယူသောဥစ္စာ၊ အပ်နှံသောဥစ္စာ၊ ကင်းထားရာ အရပ်၊ လူ သတ္တဝါ ၂၁၊
အခြေမရှိ၊ နှစ်ချောင်းရှိ၊ လေးချောင်းရှိ၊ အခြေများစွာရှိသော သတ္တဝါ ၂၅၊
အခန်းတွင်း ဝင်ကြည့်၍ ခိုးခိုင်းသူ၊ ဆောင်လာသော ဘဏ္ဍာကို စောင့်ရှောက်သူ၊ တိုင်ပင်၍ခိုးခြင်း၊ အချိန်းအပျက်ပြုခြင်း၊ နိမိတ္တပြခြင်း ၃၀၊
ဤသို့ မာတိကာ ၃၀-ဖြင့် ဝေဖန်တော်မူသည်။
ဝိနီတဝတ္ထုများ၊ ဝတ္ထု (၁၅၀)
(၁) ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခဝါလှန်းရာသို့ သွား၍ ခဝါထုပ် ခိုးကုန်၏။ ငါတို့ ပါရာဇိကသို့ ရောက်သလောဟု ကုက္ကုစ္စဖြစ်၍ ဘုရားရှင်အား လျှောက်ကုန်၏။ သင်တို့ ပါရာဇိကဟု ဆုံးဖြတ်တော်မူ၏။
(၂) ရဟန်းတပါးသည် ခဝါလှန်းရာ၌ အဖိုးတန်ပုဆိုးကိုမြင်၍ ခိုးလိုသောစိတ် ဖြစ်၏။ စိတ်ဖြစ်ရုံမျှ၌ အနာပတ္တိဟု ဆုံးဖြတ်တော်မူ၏။
(၃) ထို့အတူ ခိုးလိုသောစိတ်ဖြစ်၍ သုံးသပ်၏၊ ဒုက္ကဋ်။
(၄) ခိုးလိုသောစိတ်ဖြင့် လှုပ်စေ၏၊ ထုလ္လစ္စည်း။
(၅) ခိုးလိုသောစိတ်ဖြင့် နေရာမှ ရွေ့စေ၏။ ပါရာဇိက။
(၆) ရဟန်းတပါးသည် ဆွမ်းခံသွားစဉ် အဖိုးတန်အပေါ်ရုံကို မြင်၍ ခိုးလိုသောစိတ် ဖြစ်၏၊ အနာပတ္တိ။
(၇) သုံးသပ်၏၊ ဒုက္ကဋ်။
(၈) လှုပ်၊ ထုလ္လစ္စည်း။
(၉) ရွေ့စေ၏၊ ပါရာဇိက။
(၁၀) ရဟန်းတပါးသည် နေ့အခါ ဘဏ္ဍာကိုမြင်၍ ညဉ့်၌ ခိုးမည်ဟု မှတ်ထား၏။ ညဉ့်၌ ထိုဘဏ္ဍာဟုမှတ်၍ ထိုဘဏ္ဍာကိုခိုး၏၊ ပါရာဇိက။
(၁၁) ထိုဘဏ္ဍာဟုမှတ်၍ တပါးသောဘဏ္ဍာကို၊
(၁၂) တပါးသော ဘဏ္ဍာဟုမှတ်၍ ထိုဘဏ္ဍာကို၊
(၁၃) တပါးသော ဘဏ္ဍာဟုမှတ်၍ တပါးသော ဘဏ္ဍာကို ခိုး၏၊ ပါရာဇိက။
(၁၄) ထိုဘဏ္ဍာဟုမှတ်၍ မိမိ၏ ဘဏ္ဍာကို ခိုး၏၊ ဒုက္ကဋ်။
(၁၅) ရဟန်းတပါးသည် သူတပါး၏ ဘဏ္ဍာကို ဆောင်ယူသယ်ပိုးစဉ် ဦးခေါင်း၌ ရှိသော ဝန်ထုပ်ကို ခိုးလို၍ သုံးသပ်၏၊ ဒုက္ကဋ်၊
(၁၆) လှုပ်စေ၏၊ ထုလ္လစ္စည်း။
(၁၇) ပခုံးသို့ချ၏၊ ပါရာဇိက။
(၁၈) ပခုံး၌ရှိသော ဝန်ထုပ်ကို သုံးသပ်၏၊
(၁၉)
(၂၀)
(၂၁)
(၂၂) လှုပ်စေ၏၊
(၂၃) လက်ဖြင့် ယူ၏၊ ပါရာဇိက၊
(၂၄) လက်၌ ဝန်ထုပ်ကို မြေသို့ချ၏၊ ပါရာဇိက။
(၂၅) စင်ကြယ်သောစိတ်ဖြင့် မြေ၌ချ၍ ခိုးလိုသောစိတ်ဖြင့် မြေမှယူ၏၊ ပါရာဇိက၊
(၂၆) ရဟန်းတပါးသည် လွင်တီးခေါင်၌ သင်္ကန်းလွှား၍ ကျောင်းတွင်းသို့ သွား၏။ ရဟန်းတပါးက မပျောက်ပျက်ပါစေလင့်ဟု ယူသိမ်းထား၏။ ငါ၏ သင်္ကန်း အဘယ်သူ ခိုးသနည်းဟု မေးလတ်သောအခါ ငါခိုးသည်ဟု ဆို၏။ သင် ရဟန်း မဟုတ်ပြီဟု ဆိုလတ်သော် ကုက္ကုစ္စဖြစ်၍ ဘုရားရှင်အား လျှောက်၏။ ချစ်သား၊ သင် အဘယ်စိတ်ရှိသနည်း။ စကားဆိုခြင်းမျှသာ ဖြစ်ပါသည်။ စကားဆိုခြင်းမျှ၌ အနာပတ္တိ။
(၂၇) ရဟန်းတပါးသည် အင်းပျဉ်၌ သင်္ကန်းထား၏။
(၂၈) နိသီဒိုင် ထား၏။
(၂၉) အင်းပျဉ်အောက်၌ သပိတ်ထား၏။
(၃၀) ဘိက္ခုနီမတယောက်သည် စောင်ရန်း၌ သင်္ကန်းလွှား၏။ ဘိက္ခုနီမ တယောက်က မပျောက်ပျက်ပါစေလင့်ဟု သိမ်းထား၏။ ငါခိုးသည်ဟု ဆို၏။ စကားဆိုခြင်းမျှ၌ အနာပတ္တိ။
(၃၁) ရဟန်းတပါးသည် လေပွေမွှေ့လာသော ပုဆိုးကို သခင်တို့အား ပေးမည်ဟု ယူလိုက်၏။ ပစ္စည်းရှိက ရဟန်းမဟုတ်ပြီ ဟု စောဒနာ၏။ အဘယ်စိတ် ရှိသနည်း။ ခိုးလိုသောစိတ် မရှိပါ။ ခိုးလိုသောစိတ် မရှိသော ရဟန်းအား အနာပတ္တိ။
(၃၂) လေပွေမွှေ့ လာသော ဦးရစ်ကို သခင် မတွေ့ခင် ယူမည်ဟု ယူလိုက်၏၊ ပါရာဇိက။
(၃၃) ရဟန်းတပါးသည် သုသာန်၌ မပျက်သေးသော လူသေကောင်၌ ပံ့သကူပုဆိုး ကောက်ယူ၏။ ပုဆိုးစွဲလမ်းသော ပြိတ္တာသည် ပူးဝင်၍ မယူပါနှင့်ဟု ဆို၏။ ယူသွားသောအခါ သူကောင် ထ၍ တကောက်ကောက် လိုက်၏။ ကျောင်းရောက်၍ တံခါးပိတ်လိုက်သောအခါ ပြိတ္တာထွက်သွား၍ သူကောင်လဲ၍ ကျ၏။ ရဟန်းအား ကုက္ကုစ္စ ဖြစ်၏၊ အနာပတ္တိ။ ချစ်သားတို့၊ မပျက်သေးသော သူကောင်၌ ပံ့သကူ မကောက်ယူအပ်။ ကောက်ယူငြားအံ့၊ ဒုက္ကဋ်၊
(၃၄) ရဟန်းတပါးသည် သံဃိကသင်္ကန်း ဝေဖန်သောအခါ ခိုးလိုသောစိတ်ဖြင့် ကမ္ပည်းပြောင်း၍ သင်္ကန်းကို ယူ၏၊ ပါရာဇိက။
(၃၅) ရှင်အာနန္ဒာ စရုံးအိမ်၌ ရဟန်းတပါး၏ သင်းပိုင်ကို မိမိသင်္ကန်းထင်၍ ဝတ်၏။ သကသညာရှိသော ရဟန်းအား အနာပတ္တိ။
(၃၆) ရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင် အဆင်း၌ ခြင်္သေ့စားကြွင်းကို ယူ၍ ချက်စား ကုန်၏။ တိရစ္ဆာန် သိမ်းဆည်းသော ဥစ္စာ၌ အနာပတ္တိ။
(၃၇) ကျားစားကြွင်းကို၊
(၃၈) သစ်၊
(၃၉) အောင်း၊
(၄၀) တောခွေးစားကြွင်း ကိုယူ၍ ချက်စားကုန်၏၊ အနာပတ္တိ။
(၄၁) ရဟန်းတပါးသည် သံဃိကဆွမ်း ဝေဖန်သောအခါ တပါးသောသူအတွက် ဝေစုပေးပါဦးဟု တပါးသောသူ မရှိပဲ လိမ်၍ တောင်းယူ၏။ ပေးသည်ကို ယူသောကြောင့် ပါရာဇိက မသင့်။ လိမ်သောကြောင့် သမ္ပဇာနမုသာဝါဒပါစိတ် သင့်၏။
(လိမ်တောင်းရာ၌ သံဃိကပစ္စည်းကို သမ္မုတိရ ရဟန်းနှင့် အာဏာရသူတို့ ပေးအံ့၊ လူ့ပစ္စည်းကို သခင်နှင့် အာဏာရသူတို့ ပေးအံ့၊ ခိုးမှုမဖြစ်။ တပါးသောသူ ဝင်၍ ပေးသည်ကို လိမ်တောင်းလျှင် ခိုးမှုဖြစ်သည်။)
(၄၂) ခဲဖွယ်၊
(၄၃) မုန့်၊
(၄၄) ကြံ၊
(၄၅) တည်သီး ဝေဖန်သောအခါ ရှေးအတူ လိမ်၍တောင်းယူ၏။ လိမ်သောကြောင့် ပါစိတ်။
(၄၆) ရဟန်းတပါးသည် ဒုဗ္ဘိက္ခအခါ ထမင်းချက်ရာ အိမ်သို့ဝင်၍ ထမင်း သပိတ် အပြည့် ခိုးယူ၏၊ ပါရာဇိက။
(၄၇) အမဲသားချက်ရာ၌ အမဲသားဟင်း တသပိတ်၊
(၄၈) မုန့်လုပ်ရာ၌ မုန့်တသပိတ်၊
(၄၉) မုန့်ကျွဲသည်း တသပိတ်၊
(၅၀) ကတွတ်မုန့် တသပိတ် ခိုးယူ၏၊ ပါရာဇိက။
(၅၁) ရဟန်းတပါးသည် နေ့အခါ ပရိက္ခရာကို ကြည့်၍ ညဉ့်အခါ ခိုးမည်ဟု အမှတ်ပြု၏၊ ညဉ့်အခါ ပရိက္ခရာဟု မှတ်၍ ထိုပရိက္ခရာကို၊
(၅၂) ထို ဟုမှတ်၍ တပါးကို၊
(၅၃) တပါး ဟုမှတ်၍ ထိုကို၊
(၅၄) တပါးဟုမှတ်၍ တပါးကိုခိုး၏၊ ပါရာဇိက။
(၅၅) ထိုဟု မှတ်၍ မိမိပရိက္ခရာကို ခိုး၏၊ ဒုက္ကဋ်။
(၅၆) ရဟန်းတပါးသည် အင်းပျဉ်၌ အိတ်တခုကိုမြင်၍ ပါရာဇိက မဖြစ်အောင်ဟု အင်းပျဉ်နှင့်တကွ ရွှေ့ပြောင်း၍ ယူ၏၊ ပါရာဇိက။
(၅၇) ရဟန်းတပါးသည် သံဃိကဘုံလျှိုကို ခိုး၏၊ ပါရာဇိက။
(၅၈) သင်္ကန်းတန်း၌ ထားသော သင်္ကန်းကို ခိုး၏၊ ပါရာဇိက။
(၅၉) သင်္ကန်း ခိုးပြီးလျှင် ပါရာဇိက မဖြစ်အောင်ဟု ထိုကျောင်းမှ မထွက်ပဲ နေ၏။ ချစ်သားတို့၊ ထွက်သော်၎င်း၊ မထွက်သော်၎င်း ပါရာဇိက။
(၆၀) ရဟန်းနှစ်ပါးသည် အပေါင်းအဖော် အတူနေကြ၏။ တပါးဆွမ်းခံ သွားခိုက် သံဃိက ခဲဖွယ် ဝေရာမှ တပါးက အဖော်၏ဝေစုကိုယူ၍ အကျွမ်းတဝင် စားလိုက်၏။ အဖော်ရဟန်းသိ၍ စောဒနာ၏။ ချစ်သား၊ အဘယ်စိတ် ရှိသနည်း။ အကျွမ်းဝင်၍ ယူပါသည်။ အကျွမ်းဝင်၍ ယူရာ၌ အနာပတ္တိ။
(တောင်းလျှင် ဘဏ္ဍာစား ပေးအပ်၏။)
(၆၁) ရဟန်းများ သင်္ကန်းချွတ်ကြစဉ် သံဃိကခဲဖွယ် ဝေ၍ အားလုံးအတွက် အဖို့တို့ကို အနီး၌ ထားကုန်၏။ ရဟန်းတပါးသည် တပါးသော အဖို့ကို မိမိအဖို့ထင်၍ စားအံ့၊ သကသညာ ရှိသော ရဟန်းအား အနာပတ္တိ။
(၆၂) ရဟန်းများ သင်္ကန်းချုပ်ကြစဉ် သံဃိကခဲဖွယ်ဝေ၍ တပါး၏သပိတ်ဖြင့် တပါး၏အဖို့ကို ဆောင်၍ အနီး၌ ထား၏။ သပိတ်ရှင်သည် မိမိအဖို့ထင်၍ စား၏၊ သကသညာရှိသော ရဟန်းအား အနာပတ္တိ။
(၆၃) သရက်သီး သူခိုးတို့သည် သရက်သီးခိုး၍ သွားကြစဉ် သခင်လိုက်၍ သရက်သီးထုပ် ပစ်၍ ပြေးကုန်၏။ ရဟန်းတို့သည် ပံ့သကူထင်၍ သခင်တို့ စောဒနာကုန်၏။ ပံ့သကူသညာရှိသော ရဟန်းအား အနာပတ္တိ။
(၆၄) သပြေသီး၊
(၆၅) တောင်ပိန္နဲသီး၊
(၆၆) အိမ်ပိန္နဲသီး၊
(၆၇) ထန်းသီး၊
(၆၈) ကြံ၊
(၆၉) တည်သီး သူခိုးတို့ ပစ်၍ပြေးကုန်၏ ရဟန်းတို့ ပံ့သကူ ထင်၍ စားကုန်၏။ အနာပတ္တိ။
(၇၀) သရက်သီးသူခိုးတို့ ပစ်၍ပြေးကုန်၏။ ရဟန်းတို့သည် သခင်မမြင်မိဟု စားကုန်၏၊ ပါရာဇိက။
(၇၁) သပြေသီး၊
(၇၂) တောင်ပိန္နဲသီး၊
(၇၃) အိမ်ပိန္နဲသီး၊
(၇၄) ထန်းသီး၊
(၇၅) ကြံ၊
(၇၆) တည်သီး သူခိုးတို့ ပစ်၍ပြေးကုန်၏။ ရဟန်းတို့သည် သခင်မမြင်မိဟု စားကုန်၏၊ ပါရာဇိက။
(သခင်၊ ခိုးသူ တဦးဦး အာလယရှိသေးခိုက် ခိုးအံ့၊ ပါရာဇိက။
နှစ်ဦးလုံး အာလယ ကင်းမှ ခိုးလျှင် ဒုက္ကဋ်။)
(၇၇) ရဟန်းတပါးသည် သံဃာ၏ သရက်သီးကို ခိုးလိုသောစိတ်ဖြင့် ယူ၏၊ ပါရာဇိက။
(၇၈) သပြေသီး၊
(၇၉) တောင်ပိန္နဲသီး၊
(၈၀) အိမ်ပိန္နဲသီး၊
(၈၁) ထန်းသီး၊
(၈၂) ကြံ၊
(၈၃) တည်သီးကို ခိုးလိုသောစိတ်ဖြင့် ယူ၏၊ ပါရာဇိက။
(၈၄) ရဟန်းတပါးသည် ပန်းခြံသို့သွား၍ ဆွတ်ခူးပြီးသော ပန်းကို ငါးပဲဖိုး ခိုးယူ၏၊ ပါရာဇိက။
(၈၅) ငါးပဲဖိုး ဆွတ်ခူး၍ ခိုးယူ၏၊ ပါရာဇိက။
(၈၆) ရဟန်းတပါးသည် ရွာငယ်သို့ သွားလို၏။ ရဟန်းတပါးကို ငါ့ရှင်၊ သင်၏ ဒါယကာကို သင်မှာလိုက်သည်ဟူ၍ ပြောမည်ဟု ဆို၏။ သွားပြီးလျှင် ပုဆိုး တထည်ကို ဆောင်စေ၍ ကိုယ်တိုင်သုံးဆောင်၏။ ထိုရဟန်းသိ၍ စောဒနာ၏။ ချစ်သား၊ ပါရာဇိက အာပတ်မသင့်။ ချစ်သားတို့၊ သင်မှာလိုက်သည်ဟူ၍ ပြောမည်ဟု မဆိုအပ်။ ဆိုငြားအံ့၊ ဒုက္ကဋ်။
(၈၇) ရွာငယ်သို့ သွားလိုသော ရဟန်းကို ရဟန်းတပါးက ငါ့ရှင်၊ ငါ၏ ဒါယကာကို ငါမှာလိုက်သည်ဟူ၍ ပြောပါဟု ဆို၏။ ထိုရဟန်းသည် သွား၍ ပုဆိုးတစုံတောင်း၍ သုံးဆောင်၏။ အနာပတ္တိ။ ချစ်သားတို့၊ ငါမှာလိုက်သည်ဟူ၍ ပြောပါဟု မဆိုအပ်၊ ဒုက္ကဋ်။
(၈၈) ရွာငယ်သွား ရဟန်းသည် ရဟန်းတပါးကို ငါ့ရှင်၊ သင်၏ ဒါယကာကို သင်မှာလိုက်သည်ဟု ပြောမည်ဟု ဆို၏။ ထိုရဟန်းကလည်း ငါမှာလိုက်သည်ဟူ၍ ပြောပါဟုဆို၏။ ထိုရဟန်းသည် သွား၍ ထောပတ် တပြည်၊ တင်လဲတချိန်၊ (ဝါ၊ ပိုလ်တရာ၊ ဝါ-လေးပိဿာ) ဆန်တစိတ် ယူစေ၍ သုံးဆောင်၏၊ အနာပတ္တိ။ ချစ်သားတို့၊ သင်မှာလိုက်သည်ဟူ၍ ပြောမည်ဟု မဆိုအပ်။ ငါမှာလိုက်သည် ဟူ၍လည်း မဆိုအပ်၊ ဒုက္ကဋ်။
(သခင် ပေးသောကြောင့် အနာပတ္တိ။ ဤမည်သော ဝတ္ထုကိုဟု လိုသလောက် ပိုင်းခြား၍ဆိုလျှင် ဝတ္ထု သုံးခုလုံး အပ်၏။ အရှင်ကောင်းတို့သည် အပိုင်းခြားမရှိ ဆိုကုန်၏ဟု အပြစ်တင်ခြင်းမှလည်း လွတ်၏။)
(၈၉) လူတယောက်သည် အဖိုးတန်ပတ္တမြားတခု ယူ၍ ရဟန်းတပါးနှင့် ခရီးရှည် သွား၏။ ကင်းခွန်ကောက်ရာအရပ်ကို မြင်လတ်သော် ပတ္တမြားကို ရဟန်း၏အိတ်၌ မသိအောင်ထည့်၍ ကင်းလွန်သောအခါ ပြန်ယူ၏။ ရဟန်းသည် ကုက္ကုစ္စ ဖြစ်၏။ ချစ်သား၊ သင် အဘယ်စိတ်ရှိသနည်း။ မသိပါဘုရား။ မသိသောရဟန်းအား အနာပတ္တိ။
(၉၀) ကင်းခွန်ကောက်ရာအရပ်ကို မြင်လတ်သော် လူနာယောင်ဆောင်၍ မိမိ အထုပ်ကို ရဟန်းအား ပေး၏။ ကင်းလွန်သောအခါမှ ပြန်တောင်း၍ ကင်းခွန် ပေးရမည်စိုး၍ လူနာယောင်ဆောင်ပါသည်ဟု ဆို၏။ ကုက္ကုစ္စ ဖြစ်၏။ မသိသော ရဟန်းအား အနာပတ္တိ။
(၉၁) ရဟန်းတပါးသည် ကုန်သည်နှင့် ခရီးရှည်သွား၏။ လူတယောက်သည် ရဟန်းကို အာမိသဖြင့် ဖြားယောင်း၍ ကင်းထားရာ မြင်လတ်သော် ဤပတ္တမြားကို ကင်းလွန်အောင် ယူသွားပေးပါဟု ဆို၏။ ရဟန်းသည် ကင်းကိုလွန်စေ၏၊ ပါရာဇိက။
(၉၂) ရဟန်းတပါးသည် ကျော့ကွင်း၌မိ၍ ဆာလောင်သောဝက်ကို သနားသဖြင့် လွှတ်လိုက်၏။ ကုက္ကုစ္စဖြစ်၏။ အဘယ်စိတ်ရှိသနည်း။ သနားခြင်းဟူသော နှလုံးသွင်း ရှိပါသည်ဘုရား။ သနားခြင်း နှလုံးသွင်းရှိသော ရဟန်းအား အနာပတ္တိ။
(ကျော့ကွင်းရှင် မကျေနပ်လျှင် ဘဏ္ဍာစား။)
(၉၃) ကျော့ကွင်းမိ၍ ဆာသောဝက်ကို သခင်မမြင်မီဟု လွှတ်လိုက်၏၊ ပါရာဇိက။
(ကျော့ကွင်းသို့မရောက်မီ မောင်းပစ်အံ့၊ ခိုးခြင်းမရှိ။ ကျော့ကွင်းကို ဖျက်ဆီးအံ့၊ နောက်မှ ထိုနေရာ ဝက်နင်းသွားလျှင် ဘဏ္ဍာစား။)
(၉၄) ကျော့ကွင်းမိသော သမင်ကို သနားသဖြင့် လွှတ်၏။
(၉၅) သခင် မမြင်မီဟု လွှတ်၏။
(၉၆) မြှုံးမိသောငါးကို သနားသဖြင့် လွှတ်၏။
(၉၇) သခင်မမြင်မီ လွှတ်၏။
(၉၈) ရဟန်းတပါးသည် ယာဉ်၌ထားရှိသော ဘဏ္ဍာကို ပါရာဇိက မဖြစ်အောင်ဟု ဘီးလွန်အောင်လှိမ့်၍ ယူ၏၊ ပါရာဇိက။
(၉၉) ရဟန်းတပါးသည် စွန်ချီလာသော အမဲသားကို သခင်တို့အား ပေးမည်ဟု ယူလိုက်၏။ သခင်တို့ စောဒနာကုန်၏။ ခိုးလိုသောစိတ်မရှိသော ရဟန်းအား အနာပတ္တိ။
(၁၀၀) သခင်မမြင်မီဟု ယူလိုက်၏၊ ပါရာဇိက။
(၁၀၁) အစိရဝတီမြစ်၌ ဖောင်ပျက်၍ မျောလာသော သစ်တို့ကို ပံ့သကူဟု ဆယ်ယူကုန်၏။ ပံ့သကူ သညာရှိသောရဟန်းအား အနာပတ္တိ။
(၁၀၂) သခင်မမြင်မိဟု ဆယ်ယူကုန်၏၊ ပါရာဇိက။
(၁၀၃) နွားကျောင်းသား တယောက်သည် သစ်ပင်၌ အဝတ်ပုဆိုး ချိတ်ထား၍ နောက်ဖေးသွားကုန်၏။ ရဟန်းတပါးသည် ထိုချိတ်ထားသည်ကို ပံ့သကူ ဟု ယူသွား၏။ နွားကျောင်းသား စောဒနာ၏။ ပံ့သကူသညာရှိသော ရဟန်းအား အနာပတ္တိ။
(၁၀၄) ရဟန်းတပါး မြစ်ကူးစဉ် ခဝါသည်တို့၏ အဝတ်ပုဆိုး ခြေ၌ငြိ၏။ သခင်တို့အား ပေးမည်ဟု ယူလိုက်၏။ ခိုးလိုသောစိတ် မရှိသော ရဟန်းအား အနာပတ္တိ။
(၁၀၅) သခင် မမြင်မီဟု ယူလိုက်၏၊ ပါရာဇိက။
(၁၀၆) ရဟန်းတပါးသည် ထောပတ်အိုးကို မြင်၍ အနည်းငယ် အနည်းငယ် ယူစား၏၊ ပါရာဇိကမသင့်၊ ဒုက္ကဋ်။ (နောင် ဤသို့မခိုးတော့ပြီဟု စောစည်းခြင်း မပြုလျှင် တမတ်ဖိုး ပြည့်သောနေ့၌ ပါရာဇိက။ စောင့်စည်းခြင်းပြုလျက် ခိုးလိုမှ ထထခိုးလျှင် တပဲအောက်တိုင်း ဒုက္ကဋ်၊ ငါးပဲအောက်တိုင်း ထုလ္လစ္စည်း။ အကြိမ် များသော်လည်း ဒုက္ကဋ်၊ ထုလ္လစ္စည်းသာ။ ဘဏ္ဍာစားကား ထိုက်၏။)
(၁၀၇) ရဟန်းများစွာတို့သည် ဘဏ္ဍာခိုးမည်ဟု တိုင်ပင်၍ သွားကုန်၏။ ထိုတွင် တယောက်သည် ခိုး၏၊ မခိုးသော ရဟန်းတို့က ခိုးသူသာ ပါရာဇိက၊ ငါတို့ ပါရာဇိက မဟုတ်ဟု ဆိုကုန်၏။ ချစ်သားတို့၊ သင်တို့အားလုံး ပါရာဇိက။
(၁၀၈) တိုင်ပင်၍ ခိုးပြီလျှင် ဝေသောအခါ တဖို့ တဖို့သည် ငါးပဲမထိုက်သဖြင့် ငါတို့ ပါရာဇိက မဟုတ်သေးဟု ဆိုကုန်၏။ သင်တို့အားလုံး ပါရာဇိက။
(တိုင်ပင်သော်လည်း သင် တပဲခိုး၊ သင် နှစ်ပဲခိုး၊ ငါ သုံးပဲခိုးမည်ဟု သုံးယောက် တိုင်ပင်လျှင် ငါ ပါရာဇိက မဖြစ်၊ ကိုယ်တိုင်လည်း ငါးပဲမပြည့်၊ စေခိုင်းခြင်းလည်း ငါးပဲမပြည့်သောကြောင့်တည်း။ သင် နှစ်ပဲ၊ သင် သုံးပဲ၊ ငါတပဲဟု တိုင်ပင်လျှင်ကား ငါ ပါရာဇိကဖြစ်သည်။ စေခိုင်းခြင်း ငါးပဲပြည့်သောကြောင့်တည်း။ သာဟတ္တိကနှင့် အာဏတ္တိကကို မရောယှက်စေရ။)
(၁၀၉) သာဝတ္ထိပြည်၌ ဒုဗ္ဘိက္ခအခါ ရဟန်းတပါးသည် ဈေးဆိုင်၌ ဆန်တဆုပ် ခိုး၏။ ပါရာဇိက။
(၁၁၀) ဒုဗ္ဘိက္ခအခါ ပဲနောက်တဆုပ်၊
(၁၁၁) ပဲကြီးတဆုပ်၊
(၁၁၂) နှမ်းတဆုပ် ခိုး၏၊ ပါရာဇိက။
(၁၁၃) ယင်းတိုက်တော၌ ခိုးသူတို့သည် နွားသတ်စား၍ အကျန်ကိုဝှက်ထားကုန်၏။ ရဟန်းတို့၊ ပံ့သကူဟု ယူစားကုန်၏။ ပံ့သကူ အမှတ်ရှိသော ရဟန်းအား အနာပတ္တိ။
(၁၁၄) ဝက်သတ်စား၍ အကျန်ဝှက်ထားကုန်၏။ ပံ့သကူဟု ယူစားကုန်၏။ အနာပတ္တိ။
(၁၁၅) ရဟန်းတပါးသည် မြက်ခင်းသို့သွား၍ ရိတ်ထားသော မြက်ကို ငါးပဲဖိုး ခိုး၏။
(၁၁၆) ငါးပဲဖိုးရိတ်၏။ ပါရာဇိက။
(၁၁၇) အာဂန္တု ရဟန်းတို့သည် သံဃိက သရက်သီးကို ဝေဖန်စေ၍ ဆောင်ကုန်၏။ အာပါသိကကို စောဒနာကုန်၏။ အဘယ်စိတ် ရှိကြနည်း။ သုံးဆောင်ခြင်းငှာ စိတ်ရှိကြပါသည်ဘုရား။ သံဃိက သုံးဆောင်ခြင်းဖြင့် သုံးဆောင်ခြင်းငှာ ယူရာ၌ အနာပတ္တိ။
(သံဃိက သရက်သီးဖြစ်လျက် အာဝါသိကတို့သာ အာဂန္တုတို့ မရှိမှ ခိုးစားလျှင် အာဂန္တုကို ဝဖန်စေ၍ သုံးဆောင်ကောင်း၏။ အာဝါသိကတို့ စောင့်ရှောက်၍ ဝေဖန်လေ့ရှိလျှင် အာဂန္တုတို့ အစိုးမရ။)
(၁၁၈) သပြေသီး၊ တောင်ပိန္နဲသီး၊ အိမ်ပိန္နဲသီး၊ ထန်းသီး၊ ကြံ၊
(၁၁၉)
(၁၂၀)
(၁၂၁)
(၁၂၂)
(၁၂၃) တည်သီးကို ဝေဘန်စေ၍ သုံးဆောင်ကုန်၏၊ သုံးဆောင်ခြင်းငှာ စိတ်ရှိသူအား အနာပတ္တိ။
(၁၂၄) သရက်သီးစောင့်သောသူတို့သည် ရဟန်းတို့အား သရက်သီး လှူကုန်၏။ ရဟန်းတို့သည် ဤသူတို့ကား စောင့်ခြင်းငှာသာ အစိုးရကုန်သည်ဟု ကုက္ကုစ္စဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့၊ စောင့်သူလှူရာ၌ အနာပတ္တိ။
(စောင့်သူသည် ဣဿရ ဖြစ်၏။လူတို့၏အရံဖြစ်မူ စောင့်သူသားသမီးတို့ လှူရာ၌ပင် အပြစ်မရှိ။ တောင်း၍ကား မယူအပ်။ သံဃာ့ဥစ္စာ စေတီဥစ္စာအရာမ် ဖြစ်မူ သီးစားဝယ်၍ စောင့်သူ လှူရာ၌၎င်း၊ အခဖြင့်စောင့်သူ မိမိအဖို့မှ လှူရာ၌၎င်း အပြစ် မရှိ။)
(၁၂၅) သပြေသီးစောင့်၊ တောင်ပိန္နဲ၊ အိမ်ပိန္နဲ၊ ထန်း၊ ကြံ၊
(၁၂၆)
(၁၂၇)
(၁၂၈)
(၁၂၉)
(၁၃၀) တည်သီးစောင့်တို့သည် တည်သီးလှူကုန်၏။ စောင့်သူ လှူရာ၌ အနာပတ္တိ။
(၁၃၁) ရဟန်းတပါးသည် သံဃိက သစ်သားကို အခိုက်အတန့်ယူ၍ မိမိကျောင်း နံရံကို ထောက်၏။ ရဟန်းတို့ စောဒနာကုန်၏။ အဘယ်စိတ် ရှိသနည်း၊ အခိုက် အတန့်ယူပါသည်ဘုရား။ တာဝကာလိက၌ အနာပတ္တိ။
(စောင့်ရှောက်သူ ကင်းသော သံဃိက သစ်သားကို ယူ၍ မိမိအတွက် ကျောင်း ဆောက်လျှင် အပ်၏။ သံဃာတောင်းလျှင် ပြန်ပေးအပ်၏။ သံဃိက အဖြစ်ဖြင့် သုံးကြပါ ဟူ၍သော်လည်း ဆိုအပ်၏။ ကျောင်းကိုကား ဤ ရဟန်းသာ အစိုးရ၏။ မထစေအပ်။)
(၁၃၂) ရဟန်းတပါးသည် သံဃိက ရေကို၊
(၁၃၃) သံဃိက မြေညက်ကို၊
(၁၃၄) စုပုံထားသော သံဃိကမြက်ကို ခိုး၏၊ ပါရာဇိက။
(၁၃၅) စုပုံထားသော သံဃိကမြက်ကို ခိုးလိုသော စိဘ်ဖြင့် မီးရှို့၏၊ ပါရာဇိကမသင့်၊ ဒုက္ကဋ်သင့်၏။
(ဌာနစာဝန မရှိသောကြောင့် ဒုက္ကဋ်။ ဘဏ္ဍာစားကား ပေးအပ်၏။)
(၁၃၆) သံဃိက ညောင်စောင်းကို၊
(၁၃၇) အင်းပျဉ်၊
(၁၃၈) ဘုံလျှို၊
(၁၃၉) ခေါင်းအုံး၊
(၁၄၀) တံခါးရွက်၊
(၁၄၁) ပြတင်းတံခါးကို၊
(၁၄၂) အခင်းကို ခိုး၏။ ပါရာဇိက။
(၁၄၃) ရဟန်းတို့သည် ဒကာတဦး၏ ကျောင်းသုံး အိပ်ရာနေရာကို တပါးသော ကျောင်း၌ သုံးဆောင်ကုန်၏။ ဒကာကဲ့ရဲ့၏။ ချစ်သားတို့၊ တကျောင်း အသုံး အဆောင်ကို တကျောင်း၌ မသုံးအပ်၊ ဒုက္ကဋ်။
(၁၄၄) ရဟန်းတို့သည် ဥပုသ်ပြုရာသို့ နေရာဆောင်ယူခြင်းငှာ ကုက္ကုစ္စဖြစ်၍ မြေ၌ ထိုင်ရကုန်၏။ ကိုယ် သင်္ကန်း မြူကပ်၏။ ချစ်သားတို့၊ အခိုက်အတန့် သုံးဆောင်ခြင်းငှာ ခွင့်ပြု၏။
(အခိုက်အတန့် ယူသုံးရာ၌ သံဃိကညောင်စောင်း စသည်ကို သံဃိကသုံး သုံးအံ့။ သီတင်းကြီးအား မတားအံ့၊ ပျက်စီးလျှင် အစားမဖြစ်။ သွားလျှင် နေရာတကျ ပြန်ထားအပ်၏။ ပုဂ္ဂလိကသုံး သုံးအံ့၊ ပျက်လျှင် အစားပေးအပ်၏။)
(၁၄၅) စမ္ပာပြည်၌ ရှင်မထုလ္လနန္ဒာ၏ တပည့်မသည် ရှင်မထုလ္လနန္ဒာ၏ တကာထံ သွား၍ အရှင်မကြီးသည် နှမ်း၊ ဆန်၊ ပဲသုံးမျိုးဖြင့်စပ်သော ယာဂုသောက်လိုသည်ဟု တောင်း၍ သုံးဆောင်၏။ ချစ်သားတို့၊ ပါရာဇိက မဖြစ်။ မုသာဆိုခြင်းဖြင့် အရသာ ရှိသော ပျားမုန့်စားလိုသည်ဟု တောင်းယူ သုံးဆောင်၏၊ မုသာဝါဒပါစိတ်။
(၁၄၇) ဝေသာလီပြည်၌ ဒါယကာတဦးသည် သေခါနီးတွင် ရှင်အဇ္ဇုကကို ဤသို့ဆို၏။ “အရှင်ဘုရား၊ တပည့်တော်၏ သားနှင့် တူနှစ်ယောက်တို့တွင် သဒ္ဓါ တရားရှိသူအား ဤဥစ္စာထားရာကို ပြောကြားဘော်မူပါ” မှာသွား၏။ သားသည် သဒ္ဓါတရားမရှိ၊ တူသည် သဒ္ဓါတရားရှိ၏။ ထို့ကြောင့် တူအား ပြောကြား၏။ တူသည် ချမ်းသာ ကြွယ်ဝ၏။
သားသည် အရှင်အာနန္ဒာထံ ချဉ်းကပ်၍ “အရှင်ဘုရား၊ မိဘအမွေကို သားရထိုက် သလော၊ တူရထိုက်သလော”ဟု လျှောက်၏။ သားရထိုက်သည်ဟု ဆိုလတ်သော် ဤ အရှင်အကသည် ဤဥစ္စာနှစ်ကို တူအား ပြောကြားပါသည်ဟု ဆို၏။ ထိုအခါ ရှင်အာနန္ဒာသည် အရှင်အဇ္ဇုက ရဟန်းမဟုတ်ပြီဟု ဆို၏။
အရှင် အဇ္ဇုကသည် ရှင်အာနန္ဒာကို ငါ့ရှင် အဆုံးအဖြတ်ပေးလော့ဟု ဆို၏။ ထိုအခါ ရှင်ဥပါလိသည် ရှင်အဇ္ဇုကဘက်သို့ လိုက်၏။ (အနာပတ္တိသညာဖြင့် လဇ္ဇီ ချီးမြှောက်ခြင်း၊ ဝိနည်းချီးမြှောက်ခြင်းဖြင့် လိုက်၍) “ငါ့ရှင် အာနန္ဒာ၊ ပစ္စည်းရှင် ဆိုတိုင်း ပြောသူသည် အဘယ်အပြစ်သို့ ရောက်သနည်း ဟု မေး၏။ ဒုက္ကဋ် အပြစ်သို့မျှ မရောက်ပါဟု ဖြေ၏။ ဤအရှင်အဇ္ဈကသည် ပစ္စည်းရှင်ဆိုတိုင်း ပြောပေသည်။ ရှင်အဇ္ဈကအား အနာပတ္တိဟု ဆုံးဖြတ်လိုက်၏။
(၁၄၈) ရှင်ပိလိန္ဒဝစ္ဆမထေရ်၏ ဒကာကို ခိုးသူတို့ နှိပ်စက်၍ သူငယ် နှစ်ယောက်ကို ဖမ်းယူသွားကုန်၏။ ရှင်ပိလိန္ဒဝစ္ဆသည် ထို သူငယ်တို့ကို တန်ခိုးဖြင့် ဆောင်၍ ပြာသာဒ်၌ ထား၏။ လူတို့မြင်၍ လွန်စွာကြည်ညိုကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ခိုးသူတို့ ဆောင်သွားသည်ကို အဘယ့်ကြောင့် ပြန်ဆောင်ဘိ သနည်းဟု ကဲ့ရဲ့၍ ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့၊ တန်ခိုးရှင်၏ တန်ခိုးရာ၌ အနာတ္တိ။
(သောကရောက်သော ဒကာကို သနားသဖြင့်၊ ဓမ္မကို ချီးမြှောက်ခြင်းဖြင့် ပြာသာဒ်ကို သူငယ်တို့၏အနီး ရောက်စေသတည်း ဟု ဓိဋ္ဌာန်၏။ သူငယ်တို့သည် မိမိတို့ ပြာသာဒ်ကိုမြင်၍ ပြာသာဒ်သို့ တက်ကုန်၏။ ထိုအခါ တန်ခိုးရုပ်သိမ်းလိုက်သဖြင့် ပြာသာဒ်သည် မိမိနေရာ၌သာ တည်လေ၏။ ဤသို့သော အဓိဋ္ဌာန်တန်ခိုး၌ အနာပတ္တိ။ မိမိအသွင်ကို အမျိုးမျိုးသော ဖန်ဆင်းသော ဝိကုဗ္ဗနိဒ္ဓိကား မအပ်။)
(၁၄၉) ရွာငယ်၌နေသော ရဟန်းတပါးသည် ကောသမ္ဗီသို့သွားစဉ် မြစ်ကူးရာ၌ ဝက်အဆီခွေ ခြေ၌ငြိ၏။ သခင်တို့အား ပေးမည်ဟု ယူလိုက်၏။ သခင်တို့သည် သင်ရဟန်း မဟုတ်ပြီဟု စောဒနာကုန်၏။ မြစ်ကူးပြီးသောအခါ နွားကျောင်းမ တယောက်က “အရှင်ဘုရား၊ ကြွလာပါ၊ ပျော်ပါးတော်မူပါ” ဟု ဖိတ်ကြား၏။ ငါသည် ရဟန်းမဟုတ်တော့ပြီဟု ပျော်ပါး၏။ “ချစ်သားတို့၊ အဒိန္နာဒါနကြောင့် ပါရာဇိက အာပတ်ပသင့်၊ မေထုနဓမ္မကြောင့် ပါရာဇိက” ဟု မိန့်တော်မူ၏။
(၁၅၀) သာဂလပြည်၌ အရှင်ဠှိက၏ တပည့်ရဟန်းသည် မပျော်ပိုက်သဖြင့် ဈေးသည်၏ ဦးရစ်ကို ခိုးယူပြီးလျှင် “အရှပ်ဘုရား၊ တပည့်တော် ရဟန်းမဟုတ်ပါပြီ၊ လူထွက်ပါတော့မည်”ဟု လျှောက်၏။ သင် အဘယ်အမှု ပြုမိသနည်းဟုမေး၍ ဦးရစ်ကိုဆောင်စေပြီး အဖိုးဖြတ်စေ၏။ ထိုဦးရပ်သည် ငါးပဲမထိုက်တန်။ ငါ့ရှင်၊ ပါရာဇိက အာပတ်မရှိဟု တရားဟော၏။ ထိုရဟန်းသည် နောက်၌ ပျော်ပိုက်လေ၏။
ဤဒုတိယ ပါရာဇိကသည် နည်းမျိုးစုံပြွမ်း၏။ နက်နဲသော အဆုံးအဖြတ်ရှိ၏။ ပါဠိ၊ အဋ္ဌကထာအဓိပ္ပါယ်ကုန် ဉာဏ်ဝင်စား၍ ဆုံးဖြတ်အပ်၏။ အာပတ်ကိုရှုအံ့ဟု အားမထုတ်ရ။ အနာပတ္တိကို ရှုမည်ဟု နှလုံးသွင်းရသည်။ အာပတ်မြင်လျှင် အာပတ်ဟု မဆိုမူ၍ ပညာရှိတို့နှင့် တိုင်ပင်စူးစမ်း၍ ဆိုရသည်။ မိဘပိုင်ကပ္ပိယ ပစ္စည်း ဖြစ်သာ်လည်း မိဘမမြင်ခင်ဟူသော စိတ်ဖောက်ပြန်ခြင်း လျင်မြန်လှ သောကြောင့် ရဟန်းအဖြစ်မှ ရွေ့နိုင်သည်။ ထို့ကြောင့် သူတပါး ပရိက္ခရာကို မြွေဆိုးတနဲ မီးခဲပမာ မတောင်းခံပဲ မသုံးအပ်ရာ။
ဒုတိယပါရာဇိက ပြီး၏။
၃-မနုဿဝိဂ္ဂဟ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
သဉ္စိစ္စ၊ တကွအားထုတ်၍။
မနုဿ ဝိဂ္ဂဟံ၊ လူဇာတ်ဖြစ်သော သူ၏ကိုယ်ကို။
ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။
ဝေါရောပေယျ၊ ချငြားအံ့။
အဿ၊ ထိုလူဇာတ်ဖြစ်သောသူ၏။
သတ္ထ ဟာရကံ ဝါ၊ အသက်ကိုဆောင်တတ်သော လက်နက်ကိုမူလည်း။
ဝါ၊ ရှာပေးအပ်သော လက်နက်ကိုမူလည်း။
ပရိယေသေယျ၊ ရှာမှီး၍ အနီး၌ ထားငြားအံ့။
မရဏဝဏ္ဏံ ဝါ၊ သေခြင်းကျေးဇူးကိုမူလည်း။
သံဝဏ္ဏေယျ၊ ချီးမွမ်းငြားအံ့။
မရဏယ ဝါ၊ သေခြင်းငှာမူလည်း။
သမာဒပေယျ၊ ဆောက်တည်စေငြားအံ့။
အမ္ဘောပုရိသ၊ အမောင်ယောက်ျား။
တုယှံ၊ သင့်အား။
ပါပကေန၊ ယုတ်ညံ့သော။
ဣမိနာ ဒုဇ္ဇီဝိတေန၊ ဤမကောင်းသော အသက်ရှင်ခြင်းဖြင့်။
ကိံ၊ အဘယ်အကျိုး ရှိအံ့နည်း။
တေ၊ သင့်အား။
မတံ၊ သေခြင်းသည်။
ဇီဝိတာ၊ အသက်ရှင်ခြင်းထက်။
သေယျော၊ မြတ်၏။
ဣတိ၊ ဤကား ချီးမွမ်းပုံစကားတည်း။
ဣတိ စိတ္တမနော၊ ဤသို့ သေစေလိုသော စိတ်နှလုံး ရှိသည်ဖြစ်၍။
ဣတိ စိတ္တသင်္ကပ္ပေါ၊ ဤသို့ဆန်းကြယ်များပြားသော အစီအမံရှိသည်ဖြစ်၍။
အနေကပရိယာယေန၊ များစွာသောအကြောင်းဖြင့်။
မရဏဝဏ္ဏံ ပါ၊ သံပဏ္ဏေယျ၊ မရဏာယဝါ၊ သမာဒပေယျ။ အယမ္ပိ ဘိက္ခု၊ ပါရာဇိကော၊ ဟောတိ။ အသံဝါသော၊ ဟောတိ။
သဉ္စိစ္စမနုဿဝိဂ္ဂဟံ
သတ္တဝါဟု သိခြင်းနှင့်တကွ ထိုသူကိုသတ်မည် ဟူသော စေတနာဖြင့် အားထုတ်ခြင်းသည် သဉ္စိစ္စ မည်၏။ ကလလရေကြည် တည်သည်မှစ၍ အသက် ရှိသော လူဇာတ်ဖြစ်သူ၏ကိုယ်သည် မနုဿဝိဂ္ဂဟ မည်၏။ အသက်ကင်းအောင် ပြုခြင်းသည် ဇီဝိတာဝေါရောပေယျ မည်၏။ ကလလရေကြည် တည်သောကာလ၌ ပူလောင်အောင်ပြုခြင်း၊ နင်းနယ်ခြင်းဖြင့်၎င်း၊ ဆေးပေးခြင်းဖြင့်၎င်း၊ အမြှုပ်၊ သားတစ်၊ တခဲနက်၊ ခက်မ ငါးဖြာစသော နောက်ကာလ၌လည်း ထိုအားလျော်သော အားထုတ်ခြင်းဖြင့်၎င်း အသက်ကင်းအောင်ပြုအံ့၊ ပါရာဇိက။
ဤ၌ သာဟတ္ထိကပယောဂကို ပြသည်။
သတ္ထဟာရကံ
လက်နက်သည် သတ္ထမည်၏။ အသက်ကိုဆောင်တတ်သောကြောင့် ဟာရကလည်း မည်၏။ ဝါ၊ ရှာပေးအပ်သောကြောင့်လည်း ဟာရက မည်၏။ ထိုသို့သော သန်လျက် စသော လက်နက်ကို ရှာပေးခြင်းသည်။ ဝါ၊ ရှာ၍အနီး၌ ထားခြင်းသည် ပရိယေသေယျ မည်၏။ ထိုသို့ထားအံ့၊ ပါရာဇိက။ လက်နက် ရှာကာမျှဖြင့် ပါရာဇိက မဟုတ်၊ အနီး၌ ထားမှ ပါရာဇိက။
ဤ၌ ထာဝရပယောဂကို ပြသည်။
မရဏဝဏ္ဏံ ဝါ
နှုတ်ဖြင့်၎င်း၊ စာရေး၍၎င်း ဤနည်း ဤနည်းဖြင့် သေလျှင် ဥစ္စာရ၏၊ နတ်ပြည် ရောက်၏ စသည်ဖြင့် သေခြင်း ဂုဏ်ကျေးဇူးပြခြင်းသည် မရဏဝဏ္ဏသံဝဏ္ဏေယျ မည်၏။ ဤသို့ သေဂုဏ်ပြအံ့၊ ပါရာဇိက။ ဤ၌ ပရိယာယ်စကားဖြင့်လည်း ပါရာဇိက မလွတ်ဟု သိအပ်၏။ အဒိန္နာဒါန၌ကား - ဤနေရာ၌ ရွှေငွေ ရှိ၏။ စောင့်သူ အိပ်နေ၏။ သွားယူလျှင် အလွယ်ရ၏ - ဟု ပရိယာယ်ဆိုအံ့၊ ပါရာဇိကမှ လွတ်၏။
မရဏာယ ဝါ
လက်နက်ကို ယူသုံးလော့၊ အဆိပ်မျိုလော့၊ အစာဖြတ်လော့ – စသည်ဖြင့် သေကြောင်း နည်းပေးခြင်းသည် မရဏာယ သမာဒပေယျ မည်၏။ ဤသို့ နည်းပေး လမ်းပြပြုလျှင် ပါရာဇိက။
ဤ၌ အာဏတ္တိပယောဂကို ပြသည်။
သေဂုဏ်ပြစကား
အမ္ဘောပုရိသ စသော စကားရပ်သည် သေခြင်းဂုဏ်ကိုပြ စကားဖြစ်၏။ သင့်အား ဒုက္ခကြီးစွာ အသက်ရှင်ရခြင်းထက် သေရခြင်းက မြတ်သေး၏-စသည်ဖြင့် ချီးမွမ်း ရာ၌ သေစေလိုသော စေတနာပင်ဖြစ်လျက် ကရုဏာအသွင်ဖြင့် လှည့်စား၏။ ဤသို့ သေစေလိုသော စိတ်ရှိသူသည် ဣတိစိတ္တမနမည်၏။
ဆန်းကြယ်များပြားသော အစီအမံရှိသူသည် စိတ္တသင်္ကပ္ပသည် ဝိတက်တခုတည်း မဟုတ်၊ သညာ၊ စေတနာ၊ အဓိပ္ပာယသုံးခုဖြင့် ရေတွက်အပ်သော အစီအမံဖြစ်၏။ ထို့ကြောင့် စိတ္တ-ဆန်းကြယ်၏။ များပြား၏။ ချီးမွမ်းရာ၌ ဆိုအပ်သော သေစေ လိုသော သညာရှိသူ၊ သေစေလိုသော စေတနာရှိသူ၊ သေစေလိုသော အဓိပ္ပာယ ရှိသူဟု အနက်သိအပ်၏။ အဓိပ္ပာယဟူသည် ဝိတက်ဖြစ်၏။
ဤသို့ သေစေလိုသော စိတ်စေတနာ သညာဝိတက် မရှိပဲ သေဂုဏ်ပြုတရား ဟောရာ၌ အပြစ်မရှိ။ ဟောပုံကား- အားထုတ်ခြင်းမရှိပဲ အသက်ရှည်ခြင်းသည် အပါယ်ရိက္ခာသာ များသည်၊ အားထုတ်သူ၏ တရက်အသက် ရှည်ခြင်းလောက် မမြတ်၊ အဆိပ်မျိုရခြင်းသည် မြတ်၏။ သားလှီးဓား ဦးချွန်ဖြင့် ဝမ်းဘိုက်ဖောက်ခွဲခြင်း သည်ပင်မြတ်၏။
အနုဖြင့် သေကြောင်း၊ အကြမ်းဖြင့် သေကြောင်းများစွာသည် အနေကပရိယာယ မည်၏။ တဖန် မရဏဝဏ္ဏံ ဝါ-စသည်ဖြင့် ဆိုခြင်းသည် နိဂုံးဖြစ်၏။ ထိုခဏ ဖြစ်စ လူကိုဖြစ်စေ သေအောင်ပြုလျှင် ပါရာဇိက။ လူကို အသက်ထွက်အောင်ပြုလျှင် ရဟန်းအသက် ထွက်၏။ ကျောက်ဖျာကဲ့သို့ ပြန်မစပ်ပြီ။
အဆုံးအဖြတ် ၁၇-ပါး
ဤသိက္ခာပုဒ်ကို ဝေသာလီပြည်၌ များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ပုထုဇဉ် အချင်းချင် သတ်သော ဝတ္ထုကြောင့် ပညတ်၏၊ မရဏဝဏ္ဏံ ဝါ-သည် အနုပညတ် ဖြစ်၏။ သာဓာရဏပညတ်ဖြစ်၏။ သာဏတ္တိကဖြစ်၏။
သေစေခြင်းငှာ ကူခြင်း စသည်ကိုပြုအံ့၊ ဒုက္ကဋ်။
မရည်မှန်းမူ၍ တူးသောတွင်း၌ တစုံတယောက်ကျအံ့၊ ဒုက္ကဋ်။
လူမှတပါးသူ ဒုက္ခဖြစ်အံ့၊ ဒုက္ကဋ်။
လူ ဒုက္ခဖြစ်အံ့၊ ထုလ္လစ္စည်း။
လူ တိရစ္ဆာန်သေအံ့၊ ပါစိတ်။
ဘီလူး၊ ပြိတ္တာ၊ လူအသွင်ရှိသော နဂါး ဂဠုန် သေအံ့၊ ထုလ္လစ္စည်း။
လူသေအံ့၊ ပါရာဇိက။
စေတနာမရှိအံ့၊ မသိအံ့၊ သေစေခြင်းငှာ အလိုမရှိအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
ဤလုံ့လဖြင့် ဤသူကို သေစေမည်ဟု စေတနာမရှိလျှင် ကျည်ပွေ့ ထောင်သော ဝတ္ထု ကဲ့သို့ သူတပါးသေသော်လည်း အနာပတ္တိ။
ဤလုံ့လဖြင့် ဤသူသေလတ္တံ့ဟု မသိလျှင် အဆိပ်သင့်သော ဆွမ်းဝတ္ထု၌ကဲ့သို့ အနာပတ္တိ။
သေစေခြင်းငှာ အလိုမရှိလျှင် ဆေးကုသောဝတ္ထု၌ကဲ့သို့ အနာပတ္တိ။ သီလဝိပတ္တိ။
- လူဇာတ် ဖြစ်သော သတ္တဝါဖြစ်ခြင်း၊
- သတ္တဝါဟု အမှတ်ရှိခြင်း၊
- သေစေလိုသောစိတ် ရှိခြင်း၊
- လုံ့လပြုခြင်း၊
- ထိုလုံ့လဖြင့် သေခြင်း -
ဤကား အင်္ဂါငါးပါးတည်း။
အဒိန္နာဒါနသမုဋ္ဌာန်။ ကြိယ။ သညာဝိမောက္ခ။ သစိတ္တက။ လောကဝဇ္ဇ။ ကာယကံ ဝစီကံ။ အကုသလစိတ္တ။ ဒုက္ခဝေဒန သိက္ခာပုဒ်ဖြစ်၏။
ပါဏ-စသည် လေးပါးမှတ်ဖွယ်
ဤသိက္ခာပုဒ်၌ ပါဏ၊ ပါဏာတိပါတ၊ ပါဏာတိပါတီ၊ ပါဏာတိပါတပယောဂ -- ဤ လေးပါးကို သိအပ်၏။
လောက ဝေါဟာရအားဖြင့် သတ္တဝါသည်၊ ပရမတ်အားဖြင့် ရုပ်ဇီဝီတိန္ဒြေသည် ပါဏ မည်၏။
သတ်ကြောင်း လုံ့လကို ဖြစ်စေသော စေတနာသည် ပါဏာတိပါတမည်၏။
ထို စေတနာရှိသူသည် ပါဏာတိပါတီ မည်၏။
သတ်ကြောင်း လုံ့လသည် ပါဏာတိပါတပယောဂ မည်၏။
ထိုပယောဂသည် သာဟတ္ထိက၊ နိဿဂ္ဂိယ၊ အာဏတ္တိက၊ ထာဝရ၊ ဝိဇ္ဇာယ၊ ဣဒ္ဓိမယ ခြောက်ပါး ရှိ၏။
နိဿဂ်၊ သာဟတ်(၂)၊
အာဏတ်၊ ထာဝရာ၊ (၂)
ဝိဇ္ဇာ၊ ဣဒ္ဓိ (၂)၊
ခြောက်ခုရှိ၊ ပါဏာတိပယောဂတည်း။
ကိုယ်ဖြင့်၎င်း၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်၎င်း ကိုယ်တိုင် ပုတ်ခတ်ခြင်းသည် သာဟတ္ထိကပယောဂ မည်၏။ အဝေး၌နေသူကို မြား လှံ ယန္တရား ကျောက်ခဲ စသည်ဖြင့် ပစ်ခြင်းသည် နိဿဂ္ဂိယပယောဂ မည်၏၊ ဤနှစ်ပါးသည် ဥဒ္ဒိသ၊ အနုဒ္ဒိသဟု နှစ်ပါးစီပြား၏။ ဥဒ္ဒိသ၌ အကြင်သူကို ရည်မှန်း၍ ပုတ်ခတ်၏၊ ပစ်၏၊ ထိုသူသေမှ ကံထိုက်သည်။ အနုဒ္ဒိသ၌ မည်သူမဆို သေစေသတည်းဟု ပုတ်ခတ်၏၊ ပစ်၏၊ တယောက်ယောက်သေလျှင် ကံထိုက်သည်။ ချက်ချင်းဖြစ်စေ၊ နောင်ကာလ ကြာမှဖြစ်စေ ထိုရောဂါဖြင့်သေလျှင် ပုတ်ခတ်ကာမျှ ပစ်ကာမျှခဏ၌ ကံထိုက်သည်။ ဝေဒနာကို ဉာဏ်ဖြင့် ဝိပဿနာ ရှု၍ ရဟန္တာဖြစ်ပြီးမှ သေလျှင် အာနန္တရိကကံလည်း ထိုက်သည်။ မသေမီ သူတပါးလုံ့လဖြင့် ဒဏ်ရာရ၍ နောက်ဒဏ်ရာဖြင့် သေအံ့၊ ပဌမပုဂ္ဂိုလ် ကံမထိုက်။
ဤသူကို သတ်လော့ဟု သူတပါးကို စေခိုင်းခြင်းသည် အာဏတ္တိက မည်၏။ ဤအာဏတ္တိက ပယောဂ၌ ဝတ္ထု၊ ကာလ၊ ဩကာသ၊ အာဝုဓ၊ ဣရိယာပထ၊ ကြိယာဝိသေသဟု မှတ်သားကြောင်း ခြောက်ပါးရှိ၏။
သတ်အပ်သောသူသည် ဝတ္ထုမည်၏။ ထိုသူကိုသတ်ဟု စေခိုင်းသောအဟိုင်း ထိုသူကို သတ်အံ့၊ ခိုင်းသူ မလွတ်။ တပါးသူကို သတ်မိအံ့၊ ခိုင်းသူလွတ်၏။ စေခိုင်းခြင်းကြောင့် ဒုက္ကဋ်မှကား မလွတ်။ နံနက် စသောအခါ၊ ပဌမအရွယ် စသော အခါသည် ကာလ မည်၏။ အခါလွဲလျှင် ခိုင်းသူလွတ်၏။ သတ်အပ်သောသူ၏ နေရာသည် ဩကာသမည်၏။ သတ်ကြောင်း လက်နက်သည် အာဝုဓ မည်၏။ သတ်အပ်သူ၏ သွားစဉ် ရပ်စဉ် စသောအခိုက်သည် ဣရိယာပထ မည်၏။ ဤသို့ ဤသို့ ပြု၍သတ်ဟု သတ်ပုံအခြင်းအရာသည် ကြိယာဝိသေသ မည်၏။
ဝတ္ထု၊ ကာလ (၂)၊
ဩကာသဟု (၁)၊
အာဝုဓ ဣရိ (၂)၊
ကြိယာဝိထပ် (၁)၊
ဤခြောက်ရပ်၊ အာဏတ် မှတ်ကြောင်းတည်း။
မရွှေ့မပြောင်းနိုင်သော အဆောက်အဦဖြင့် သတ်လို၍ တွင်းတူးခြင်း၊ မှီရာတံကဲပျဉ် စီရင်ခြင်း၊ လက်နက်ရှာ၍ အနီး၌ ထားခြင်း၊ ရေကန်၌ အဆိပ်ခတ်ခြင်း၊ ရူပါရုံအနီး ဆောင်ခြင်း စသည်သည် ထာဝရ ပယောဂ မည်၏။ ဤ၌လည်း ဥဒ္ဒိသ၊ အနုဒ္ဒိသ နှစ်မျိုး ပြား၏။ စွဲလမ်း၍ သေအောင် အဆင်းလှလှ ဆောင်သည်ကို လန့်သေအံ့၊ လန့်သေအောင် အဆင်းဆိုးဆိုး ဆောင်သည်ကို စွဲလမ်း၍ သေအံ့၊ ကံမထိုက်။
သေစေခြင်းငှာ မန္တန်ရွတ်ခြင်းသည် ဝိဇ္ဇာမယ မည်၏။ ကမ္မဇိဒ္ဓိတန်ခိုးကို ယှဉ်စေခြင်းသည် ဣဒ္ဓိမယ ပယောဂမည်၏။
ဤတန်ခိုးသည် အတိတ်ကံကြောင့် ဖြစ်၏၊ ပဋိသန္ဓေနှင့် အတူဖြစ်၏။ ကံ၏ အကျိုးဝိပါက် အနေဖြင့် ဖြစ်၏။ နဂါးတန်ခိုး၊ နတ်တန်ခိုး၊ မင်းတန်ခိုး စသည်ဖြင့် များ၏၊ နဂါးကိုက်ခြင်းဖြင့်သာ မဟုတ်၊ ထိခြင်းမျှ၊ ကြည့်ခြင်းမျှဖြင့်ပင် အဆိပ် တက်နိုင်သည်။ ဝေဿဝဏနတ်မင်း၏ မျက်စောင်းဖြင့် ကုမ္ဘန်များစွာ သေသည်။ သီဟိုဠ်ဘုရင် ပိတုမင်း အစွယ်ခေါက်ခြင်းဖြင့် သုမနသူကြွယ် သေသည်။
သာဟတ်၊ နိဿဂ်၊ ထာဝရာ-ဥဒ္ဒိသ၊ အနုဒ္ဒိသ နှစ်ပါးစီ။ အာဏတ္တိ ၆-ပါး။ ဝိဇ္ဇာ၊ ဣဒ္ဓိ အပြား မပြ။
ဝတ္ထုကြောင်း မှတ်ဖွယ်
မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော စုလစ်မွန်ချွန်တပ်သော ကျောင်း၌ နေတော်မူသောအခါ ရဟန်းတို့အား အသုဘကထာ များစွာ ဟောကြား၏။ ထိုနောက် ချစ်သားတို့၊ ငါဘုရား တပါးတည်း နေလိုသည်၊ ဆွမ်းပို့သော ရဟန်းတပါးမှ တပါး မလာကြရဟု မိန့်တော်မူ၏။ ထိုအခါ ရှေးဘဝ၌ မုဆိုးဖြစ်ဖူးသော ရဟန်း ငါးရာတို့သည် အသုဘ ဘာဝနာပွား၍ မိမိကိုယ်ကို လွန်စွာ စက်ဆုပ်သဖြင့် ကိုယ်တိုင် လည်း သတ်၍ သေကုန်၏၊ အချင်းချင်း သတ်ခိုင်း၍လည်း သေကုန်၏။ မိဂလန္ဒ မည်သော ရှင်ယောင်ကို သပိတ် သင်္ကန်း ပေး၍လည်း သတ်ခိုင်းကုန်၏။
မာရ်နတ်အသင်းသား နတ်တဦးကလည်း မိဂလန္ဒကို အသင်သည် ရဟန်းတို့ကို နိဗ္ဗာန်သို့ ပို့ပေးသည်ဟု ဆိုသဖြင့် စိတ်ထက်သန်စွာ တနေ့တနေ့ လေးဆယ်၊ ငါးဆယ် သတ်ပေး၏။ ၁၅-ရက် ကြာလာသောအခါ ဘုရားရှင်သည် တပါးတည်း နေရာမှကြွလာ၍ ရဟန်းများ နည်းပါးကုန်ပြီ၊ အဘယ်သို့ သွားကြသနည်းဟု မေးတော်မူသည်။
ထိုအခါ အရှင်အာနန္ဒာ ဤသို့လျှောက်၏။ ရဟန်းတို့သည် အသုဘကထာ နာကြား ရသဖြင့် ငြီးငွေ့၍ သတ်သေကြပါပြီ။ အသုဘမှ တပါးသော တရားကို ဟောတော်မူပါ-ဟု လျှောက်၏။ ထိုအခါ ရဟန်းတို့ကို စည်းဝေးစေ၍ အာနာပါနဿတိ ဘာဝနာကို ဟောကြားပြီးလျှင် အချင်းချင်း သတ်သေကြသည်ကို ကဲ့ရဲ့၍ မူလပညတ် တော်မူသည်။
(မိမိကိုယ်ကို မိမိသတ်ခြင်း၊ မိဂလန္ဒကို သတ်ခိုင်းခြင်းသည် ပါရာဇိကဝတ္ထု မဟုတ်၊ ထိုအချင်းချင်း သတ်သူတို့တွင်လည်း အချို့ မသေမီ အရိယာဖြစ်ကုန်၏။ ထို့ကြောင့် မောဃပုရိသ မဆို။ ကိုယ်တိုင်သတ်ခြင်း၊ တိုက်တွန်းခြင်း စသည်ကို အရိယာ ပုဂ္ဂိုလ်တို့ မပြုကုန်။ အရိယာတို့သည် ငါရှိ သူမရှိ သတ္တဝါမရှိဟု ကောင်းစွာ မြင်ကုန်၏။ အကြောင်းမကင်းသော နာမ်ရုပ်တို့၏ ဖြစ်ခြင်း ချုပ်ခြင်းကို ကောင်းစွာ မြင်ကုန်၏။ မွေးဖွားသော သတ္တဝါ၊ အိုသောသတ္တဝါ၊ သေသော သတ္တဝါဟူ၍ မမြင်သဖြင့် ကြောက်ရွံ့ထိတ်လန့်ခြင်းလည်း ကင်းကုန်၏။)
အနုပညတ်
အခါတပါး ဥပါသကာ တဦးသည် မကျန်းမမာ ဖြစ်၏။ ထိုဥပါသကာ၏မယားကို ဆဗ္ဗဂ္ဂီတို့ စွဲလမ်းကြသဖြင့် ဒါယကာ၊ သင့်အား အကုသိုလ်မရှိ ကုသိုလ်သာ ရှိသည်၊ သေလျှင် နတ်ပြည် မလွဲပြီ။ လူ့ပြည်၌ မမာခြင်းဖြင့် အကျိုးမရှိဟု ပြောကုန်၏။ ဥပါသကာသည် သဘောကျ၍ မသင့်သောအစာကို စား၍ သေလေ၏။ မယားသည် ဤရဟန်းတို့ သေခြင်းဂုဏ် ချီးမွမ်းသောကြောင့် သေရသည်ဟု ကဲ့ရဲ့၏။ ထို့ကြောင့် မရဏဝဏ္ဏံ ဝါ စသော အနုပညတ်ဖြင့် တဖန် ပညတ်ပြန်သည်။
မာတိကာ ၂၉-ပါး
ကိုယ်တိုင်သတ်ခြင်း၊ အနီး၌နေ၍ စေခိုင်းခြင်း၊
တမန်စေခြင်း၊ တမန်အဆင့်ဆင့်၊
ချွတ်ယွင်းသောတမန်၊ သွား၍ ပြန်လာသော တမန်၊ (၆)
မျက်မှောက်ကို မျက်ကွယ်ထင်ခြင်း၊
မျက်ကွယ်ကို မျက်မှောက်ထင်ခြင်း၊
မျက်မှောက်ကို မျက်မှောက်ထင်ခြင်း၊
မျက်ကွယ်ကို မျက်ကွယ်ထင်ခြင်း၊ (၁၀)
ကိုယ်ဖြင့် ချီးမွမ်းခြင်း၊ နှုတ်ဖြင့်၊ ကိုယ်နှုတ်ဖြင့်၊
တမန်ဖြင့်၊ စာရေးခြင်းဖြင့် ချီးမွမ်းခြင်း၊ (၁၅)
တွင်းတူးခြင်း၊ မှီတံကဲပျဉ် ထားခြင်း၊
အနီး၌ လက်နက်ထားခြင်း၊ ဆေးပေးခြင်း၊ (၁၉)
ရူပါရုံ ဆောင်ခြင်း၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊
ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ ဆောင်ခြင်း၊ (၂၅)
ပြောကြားခြင်း၊ ဆုံးမခြင်း၊ ချိန်းချက်ခြင်း၊ နိမိတ်ပြုခြင်း (၂၉)
ဤသို့ မာတိကာ ၂၉-ပါး ထား၍ ဝေဖန်တော်မူသည်။
ဝိနီတဝတ္ထုများ။ ဝတ္ထု (၁၀၃)
(၁) ရဟန်းတပါးသည် မကျန်းမမာဖြစ်၏။ ရဟန်းတို့သည် သနားသဖြင့် သေခြင်း ကျေးဇူး ပြောကုန်၏။ ထိုရဟန်းသည် အစာဖြတ်၍သေ၏။ ထိုရဟန်းတို့အား ငါတို့ ပါရာဇိကသို့ ရောက်ကုန်သလောဟု ကုက္ကုစ္စ ဖြစ်ကုန်၏။ ချစ်သားတို့၊ သင်တို့ အားလုံး ပါရာဇိကသို့ ရောက်ကုန်၏ဟု ဆုံးဖြတ်တော်မူ၏။
(ဝဓကစေတနာသည် ကရုဏာအသွင် လှည့်စားတတ်သည်။ သေခြင်းကို မချီးမွမ်းရ။ ဩဝါဒစကားဖြင့် အားပေးရသည်။ သီလရှိသူအား မဂ်ဖိုလ် မခဲယဉ်း။ ကျောင်း စသည် တွယ်တာခြင်းမပြုပဲ သတိမနသိကာရဘာဝနာကိုသာ အားထုတ်ပါလော့ဟု အားပေးရသည်။)
(၂) ရဟန်းတပါးသည် ဆွမ်းခံသွားစဉ် အင်းပျဉ်၌ အဝတ်ဖြင့် ဖုံးထားသော သူငယ်ကို ဖိထိုင်မိ၏။ သူငယ်သေ၏။ အနာပတ္တိ။ ချစ်သားတို့၊ မစူးစမ်းပဲ နေရာ၌ မထိုင်အပ်။ ထိုင်ငြားအံ့၊ ဒုက္ကဋ်။
(အတွန့်မရှိ တပြင်တည်း တည်သော နေရာ၌ စူးစမ်းဖွယ် မရှိ။)
(၃) ရဟန်းတပါးသည် ဆွမ်းစားကျောင်း၌ နေရာခင်းစဉ် ကျည်ပွေ့ ထောင်လိုက်၏။ ကျည်ပွေ့တခုကို ခတ်မိသဖြင့် လဲကျ၍ သူငယ်တယောက်၏ ဦးခေါင်းကို ရိုက်မိ၏။ သူငယ်သေ၏။ ချစ်သား၊ အဘယ်စိတ် ရှိသနည်း၊ သေစေလိုသော စေတနာ မရှိပါ၊ စေတနာမရှိသော ရဟန်းအား အနာပတ္တိ။
(၄) နေရာခင်းစဉ် ဆုံငယ်ကို နမ်းမိ၏။ လိမ့်၍ သူငယ်ကို ဖိ၏။ ထိုသူငယ်မ သေ၏။ စေတနာ မရှိသော ရဟန်းအား အနာပတ္တိ။
(၅) သားအဖ နှစ်ယောက်သည် ရဟန်းပြု၍ နေကုန်၏၊ စည်းဝေးချိန် ရောက်သော အခါ သားရဟန်းသည် အဖရဟန်းကို မြန်မြန်သွားပါဟု ကျောကုန်း၌ တွန်းလိုက်၏။ အဖရဟန်းသည် လဲ၍သေ၏။ အဘယ်စိတ်ရှိသနည်း။ သေစေလိုသောစိတ် မရှိပါ။ သေစေလိုသော စိတ်မရှိသော ရဟန်းအား အနာပတ္တိ။
(၆) ထို့အတူ သေစေလို၍ တွန်းလိုက်၏။ အဖရဟန်း လဲ၍သေ၏၊ ပါရာဇိက။
(၇) သေစေလို၍ တွန်းလိုက်၏။ လဲ၍မသေ၊ ပါရာဇိကဖြင့် အနာပတ္တိ။ ထုလ္လစ္စည်း သင့်၏။
(၈) ရဟန်းတပါး ဆွမ်းစားစဉ် အမဲသား နင်၏၊ ရဟန်းတပါးက လည်ချောင်းကို ပုတ်ခတ်လိုက်၏။ သွေးနှင့်တကွ အမဲသား အန်ထွက်၍သေ၏။ သေစေလိုသော စိတ်မရှိသောရဟန်းအား အနာပတ္တိ။
(၉) သေစေလို၍ လည်ချောင်းကို ပုတ်ခတ်အံ့၊ သွေးနှင့်တကွအန်ထွက်၍ သေ၏၊ ပါရာဇိက။
(၁၀) မသေ။ ထုလ္လစ္စည်း။
(၁၁) ရဟန်းတပါးသည် ဆွမ်းခံရာတွင် အဆိပ်ရောသော ဆွမ်းကို ရလာ၏။ ဆွမ်းစားကျောင်းသို့တက်၍ အဦးအဖျား လှူ၏။ စားသောရဟန်းတို့ သေကုန်၏။ မသိသောရဟန်းအား အနာပတ္တိ။
(မသဒ္ဓါသော အိမ်မှရလျှင် မစူးမစမ်း မစားသင့် မလှူသင့်။)
(၁၂) ရဟန်းတပါးသည် စုံစမ်းလို၍ ရဟန်းတပါးအား အဆိပ်ကိုပေး၏၊ ထိုရဟန်း သေ၏။ အဘယ်စိတ်ရှိသနည်း၊ စုံစမ်းလိုပါသည်။ ပါရာဇိက မသင့်၊ ထုလ္လစ္စည်း သင့်၏။
(ဤအဆိပ်သည် သေခြင်းငှာ စွမ်း- မစွမ်းဟု အဆိပ်ကိုစုံစမ်းခြင်း၊ ဤသူသည် သေ-မသေ-ဟု ပုဂ္ဂိုလ်ကိုစုံစမ်းခြင်း နှစ်မျိုးလုံးပင် ထုလ္လစ္စည်း။)
(၁၃) အာဠဝီတိုင်းသား ရဟန်းတို့သည် ကျောင်းရာ သုတ်သင်ကုန်၏။ ရဟန်း တပါးသည် အောက်၌ နေ၍ ကျောက်တို့ကို ပစ်တင်၏။ အထက်၌နေသော ရဟန်းသည် အဖမ်း မကောင်းခြင်းဖြင့် အောက်ရဟန်း၏ ထိပ်၌ ကျစေ၏၊ အောက်ရဟန်း သေ၏။ စေတနာမရှိသော ရဟန်းအား အနာပတ္တိ။
(၁၄) သေစေလို၍ ကျစေ၏၊ သေ၏၊ ပါရာဇိက။
(၁၅) မသေ၊ ထုလ္လစ္စည်း။
(၁၆) အာဠဝီရဟန်းတို့သည် ကျောင်း၏နံရံကို အုတ်စီကုန်၏။ ရဟန်တပါးသည် အုတ်တို့ကို မြှောက်ပေး၏၊ အထက်ရဟန်းသည် အဖမ်းမကောင်းခြင်းဖြင့် အောက်ရဟန်း၏ ထိပ်၌ ကျစေ၏၊ သေ၏၊ စေတနာမရှိသော ရဟန်းအား အနာပတ္တိ။
(၁၇) သေစေလို၍ ကျစေ၏၊ သေ၏၊ ပါရာဇိက။
(၁၈) မသေ၊ ထုလ္လစ္စည်း။
(၁၉) အာဠဝီရဟန်းတို့သည် နဝကမ္မအမှုသစ် ပြုကုန်၏။ ရဟန်းတပါးသည် ပဲခွပ် မြှောက်တင်၏၊ အထက်ရဟန်းသည် အဖမ်းမကောင်းခြင်းဖြင့် အောက်ရဟန်း၏ ထိပ်၌ ကျစေ၏၊ သေ၏၊ စေတနာမရှိသော ရဟန်းအား အနာပတ္တိ။
(၂၀) သေစေလို၍ ကျစေ၏၊ သေ၏။ ပါရာဇိက။
(၂၁) မသေ၊ ထုလ္လစ္စည်း။
(၂၂) အခြင်ကို မြှောက်တင်၏၊ မတော်၍ကျစေ၏၊ သေ၏၊ အနာပတ္တိ။
(၂၃) သေစေလို၍ ကျစေ၏၊ သေ၏၊ ပါရာဇိက။
(၂၄) မသေ၊ ထုလ္လစ္စည်း။
(၂၅) ငြမ်းဖွဲ့ကုန်စဉ် ဤနေရာ၌ ဖွဲ့ပါဟုဆို၏၊ ကျ၍ သေ၏။
(၂၆) သေစေလို၍ ဆို၏။ ကျ၍သေ၏။
(၂၇) မသေ၊ ထုလ္လစ္စည်း။
(၂၈) ရဟန်းတပါးသည် ကျောင်းမိုးပြီး၍ ဆင်းသောအခါ ဤနေရာမှဆင်းပါဟု ဆို၏၊ ကျသေ၏။
(၂၉) သေစေလို၍ဆို၏၊ ကျသေ၏။
(၃၀) ကျ၍ မသေ၊ ထုလ္လစ္စည်း။
(၃၁) ရဟန်းတပါးသည် မမွေ့လျော်သဖြင့် ဂိဇ္ဈကုဋ်တောင်သို့ တက်၍ ခုန်ချ၏။ အောက်၌ နှီးဖျာသောလူကို ဖိမိ၏၊ အနာပတ္တိ။ ချစ်သားတို့၊ မိမိ ကိုယ်ကို မကျစေအပ်၊ ကျစေငြားအံ့၊ ဒုက္ကဋ်။
(ထိုမှ တပါးသော နည်းဖြင့်လည်း မိမိကိုယ်မိမိ မသတ်အပ်၊ ဂိလာနသည် ဆေး ပြုစုသူရှိလျက် သေလို၍ အစာဖြတ်အံ့၊ ဒုက္ကဋ်။ အနာပျောက်ခဲသဖြင့် ဤကိုယ်သည် စောင့်ရှောက်၍ လည်းမရ၊ ပြုစုသူတို့လည်း ပန်းကုန်ပြီဟု ငြီးငွေ့၍ဖြတ်အံ့၊ အပ်၏။ တရားထူး ရလုနီးပြီဟုထင်၍ ကမ္မဋ္ဌာန်းရှေးရှု၍ဖြတ်အံ့၊ အပ်၏၊ တရားထူး ရသည်ကို ပြောကြားပြီးမှ ဖြတ်လျှင် မအပ်။ သဘာဂလဇ္ဇီတို့အား ရသည်ကိုပြောကောင်း၏။)
(၃၂) ဆဗ္ဗဂ္ဂီတို့သည် ဂိဇ္ဈကုဋ်တောင်ပေါ်တက်၍ မြူးထူးလိုသဖြင့် ကျောက်လှိမ့် ချကုန်၏၊ နွားကျောင်းသားတယောက် ဖိ၍သေ၏၊ အနာပတ္တိ။ ချစ်သားတို့၊ မြူးထူး လိုသဖြင့် ကျောက် မလှိမ့်အပ်၊ လှိမ့်ငြားအံ့၊ ဒုက္ကဋ်၊
(သစ်သား အုတ်ခဲ စသည်တို့ကိုလည်း မြူးထူးလို၍ မပစ်ခတ်အပ်။)
(၃၃) ရဟန်းတို့သည် မမာသောရဟန်းကို ချွေးအောင်းပေးကုန်၏၊ ထိုရဟန်း သေ၏၊ အနာပတ္တိ။
(၃၄) သေစေလို၍ ချွေးအောင်းပေးကုန်၏၊ သေ၏၊ ပါရာဇိက။
(၃၅) မသေ၊ ထုလ္လစ္စည်း။
(၃၆၊၃၇၊၃၈) ဦးခေါင်းပူ ဝေဒနာနှိပ်စက်သော ရဟန်းကို နှာနှတ်ကုန်၏။
(၃၉၊၄၀၊၄၁) မမာသော ရဟန်းကို နှိပ်ပေးကုန်၏။
(၄၂၊၄၃၊၄၄) ရေချိုးပေးကုန်၏။
(၄၅၊၄၆၊၄၇) ဆီလိမ်းပေးကုန်၏။
(၄၈၊၄၉၊၅၀) ထူပေးကုန်၏။
(၅၁၊၅၂၊၅၃) လှည်းပေးကုန်၏။
(၅၄၊၅၅၊၅၆) ဆွမ်းဘုဉ်းပေးကုန်၏။
(၅၇၊၅၈၊၅၉) အဖျော်တိုက်ကုန်၏၊ အနာပတ္တိ၊ ပါရာဇိက၊ ထုလ္လစ္စည်း။
(ငါ ကုက္ကုစ္စရှိသည်ဟု လူနာမလုပ်ကျွေးပဲ မနေအပ်။ အစီးအပွား လိုလားသော စိတ်ဖြင့် သင့် - မသင့် နှိုင်းချိန်၍ ပြုရသည်။)
(၆၀) မိန်းမတယောက်သည် သယောက်ဖြင့် ကိုယ်ဝန်ရ၏၊ အိမ်ကြွနေကျ ရဟန်းကို ကိုယ်ဝန်ကျဆေး သိပါသလောဟု မေး၏။ ကောင်းပြီဟုဆို၍ ဆေးရှာပေး၏၊ ကလေးသေ၏၊ ပါရာဇိက။
(၆၁) ယောက်ျားတယောက်အား မယားနှစ်ယောက်ရှိ၏၊ တယောက် မြုံ၏၊ တယောက် ကိုယ်ဝန်ရ၏၊ မြုံသောမိန်းမသည် ကုလူပကရဟန်းကို ဤမိန်းမ သားဖွားလျှင် စည်းစိမ် အစိုးရချေတော့မည်၊ ကိုယ်ဝန်ကျဆေး သိပါသလော ဟုဆို၏၊ ဆေးရှာပေး၏၊ ကလေးသေ၏၊ မိခင်မသေ၊ ပါရာဇိက။
(၆၂) မိခင်သေ၏၊ ကလေးမသေ၊ ထုလ္လစ္စည်း။
(၆၃) နှစ်ယောက်လုံး သေ၏၊ ပါရာဇိက။
(၆၄) နှစ်ယောက်လုံး မသေ၊ ထုလ္လစ္စည်း။
(၆၅) မိန်းမတယောက်သည် ကုလူပက ရဟန်းကို ကိုယ်ဝန်ကျဆေး သိပါသလော ဟု ဆို၏၊ နယ်ရမည်ဟု ဆို၏၊ နယ်၍ ကိုယ်ဝန် ကျစေ၏၊ ပါရာဇိက။
(၆၆) မီးကင်ရမည်ဟု ဆို၏၊ မီးကင်၍ ကျစေ၏၊ ပါရာဇိက။
(နယ်ရမည်ဟုဆိုလျှင်သူတပါးကိုနယ်စေအံ့၊ နယ်စေရမည်ဟုဆိုလျှင် ကိုယ်တိုင် နယ်အံ့၊ ဝိသင်္ကေတဖြစ်၏၊ ပရိယာယ်အားဖြင့် နယ်လျှင် ကျတတ်သည်ဟုဆိုအံ့၊ နယ်သော်၎င်း နယ်စေသော်၎င်း ဝိသင်္ကေတ မဖြစ်၊ ပါရာဇိကသာ၊ ပရိယာယ် မလွတ်။)
(၆၇) မြုံသောမိန်းမတယောက်သည် ကုလူပကရဟန်းကို သားရစေသော ဆေး သိပါသလောဟု ဆို၏။ ဆေးရှာပေး၏။ ထိုမိန်းမ သေ၏။ ပါရာဇိကဖြင့် အနာပတ္တိ။ ဒုက္ကဋ် သင့်၏။
(၆၈) သားရသော မိန်းမတယောက်သည် သားမရစေသောဆေး သိပါသလောဟု ဆို၏၊ ဆေးရှာပေး၏။ ထိုမိန်းမ သေ၏။ ဒုက္ကဋ်။
(ကိုယ်ဝန် မယူနိုင်သောမိန်းမ မရှိ။ ဖြစ်စသူငယ်၏ အကုသိုလ်ကံကြောင့် ဖြစ်စ တွင်လည်း ပျက်စီး၏။ လေကြောင့်သော်လည်း ခန်းခြောက်၍ ပျက်၏။ ပိုးခဲသော ကြောင့်လည်း ပျက်၏။ လေ၊ ပိုး၊ ကမ္မ (၃)၊ တိဝိဓ၊ ဂဗ္ဘပျက်ကြောင်းတည်း။ ဤသို့ ပျက်လေ့ရှိသည်ကို မြုံသောမိန်းမဟု ခေါ်သည်။ လေနိုင်ဆေး၊ ပိုးနိုင်ဆေး မပေးပဲ ကြမ်းသောဆေး ပေးသောကြောင့် ထိုမိန်းမ သေသည်။ ဘုရားရှင်သည် ဆေးကုမှုကြောင့် ဒုက္ကဋ်ဟု ပညတ်သည်။ ထို့ကြောင့် တပါးသောသူအား ဆေးကုလျှင် ဒုက္ကဋ်။
သီတင်းသုံးဖော် ငါးယောက်၊ မိဘ၊ မိဘ၏ အလုပ်အကျွေး၊ မိမိ၏ ဝေယျာဝစ္စပြုသူ၊ ရှင်လောင်း၊ ညီအစ်ကို စသော ဆွေမျိုး၊ ကျောင်းသို့ရောက်လာသော ဧည့်သည်၊ ခိုးသူ၊ စစ်ရှုံးသောမင်း၊ ဆွေမျိုးတို့စွန့်ပစ်ထားသော သူဆင်းရဲ၊ ခရီးသွားတို့ အားသာ လာဘ်မမျှော်ပဲ ကုလျှင် အပ်၏။
ထိုမှတပါး မိဘအရာ၌ တည်သော ပစ္စည်းလေးပါး ဒါယကာအား သော်လည်း မကုအပ်။ ကုလျှင် ဝေဇ္ဇကမ္မ ဒုက္ကဋ်။ ချီးမြှောက်ခြင်းဖြင့်ကုလျှင် ကုလဒူသက ဒုက္ကဋ်။ လာဘ်မျှော်လျှင် အနေသနဒုက္ကဋ် သင့်၏။ ဆေးနည်း မေးသည်မျှကိုပင် မပြောအပ်။ မေးသူတို့ ကြားအောင် မိမိတို့အချင်းချင်းပြောလျှင်ကား အပ်၏။)
(၆၉) ဆဗ္ဗဂ္ဂီတို့သည် သတ္တ္ကရသဝဂ္ဂီ ရဟန်းကလေးတဝါးကို ချိုင်းထိုး၍ ရှယ်စေ ကုန်၏။ အသက်မရှူနိုင်သဖြင့် သေ၏။ ပါရာဇိကဖြင့် အနာပတ္တိ။
(ဤဝတ္ထုကြောင့် ချိုင်းထိုးလျှင် ပါစိတ်ဟု ပညတ်သည်။)
(၇၀) သတ္တရသဝဂ္ဂီတို့သည် ဆဗ္ဗဂ္ဂီရဟန်းတပါးကို ကံပြုမည်ဟု ဝိုင်း၍ဖိကြ၏၊ ဆဗ္ဗဂ္ဂီသေ၏၊ ပါရာဇိကဖြင့် အနာပတ္တိ။
(ကမ္မာဓိပ္ပာယ ရှိကုန်၏။ မရဏာဓိပ္ပာယ မရှိကုန်။)
(၇၁) ပယောဂဆေးကုတတ်သော ရဟန်းတပါးသည် ဘီလူးပူးသူကို ဆေးကု၏။ ဘီလူးကို ပညာစွမ်းဖြင့် သေစေ၏၊ ထုလ္လစ္စည်း။
(သိကြာမင်းကို သေစေသော်လည်း ထုလ္လစ္စည်းသာ။)
(၇၂) ရဟန်းတပါးသည် ရဟန်းတပါးကို ဘီလူးရှိသောကျောင်းသို့ (မသိ၍) ပို့လိုက်၏။ ဘီလူးသတ်၍ ရဟန်းသေ၏၊ မသေစေလိုသော ရဟန်းအား အနာပတ္တိ။
(၇၃) သေစေလို၍ ပို့၏၊ သေ၏၊ ပါရာဇိက။
(၇၄) မသေ၊ ထုလ္လစ္စည်း။
(၇၅၊ ၇၆၊ ၇၇) သစ်ကျား စသော သားရဲရှိသော ခရီးသို့ စေလိုက်၏၊
(၇၈၊ ၇၉၊ ၈၀) ခိုးသူရှိသော ခရီးသို့ စေလိုက်၏၊ အနာပတ္တိ။ ပါရာဇိက။ ထုလ္လစ္စည်း။
(ဘီလူးစသည်ကို ရဟန်းထံ လွှတ်ရာ၌လည်း ဤအတူတည်း။ ဤပါရာဇိကသည် သိမ်မွေ့၏။ ပရိယာယ်ဖြင့် မလွတ်။ ဤနေရာ၌ ခိုးသူရှိ၏။ ဦးခေါင်းဖြတ်သူ ဆုငွေရနိုင်၏ဟု ဆိုအံ့။ ကြားသူ သွားသတ်လျှင်လည်း ပါရာဇိကတည်း။)
(၈၁) ရဟန်းတပါးသည် (ရန်သူကို သတ်လို၍) ထိုသူဟုမှတ်၍ ထိုသူကို သတ်၏။ ပါရာဇိက။
(၈၂) ထိုသူဟုမှတ်၍ သူတပါးကို၊
(၈၃) သူတပါးဟုမှတ်၍ ထိုသူကို၊
(၈၄) သူတပါးဟုမှတ်၍ သူတပါးကို သတ်၏၊ ပါရာဇိက။
(၈၅) ရဟန်းတပါးကို ဘီလူးဖမ်း၏။ ရဟန်းတပါးက ရိုက်၏။ ရဟန်း သေ၏။ မသေ စေလိုသောရဟန်းအား အနာပတ္တိ။
(အနာပတ္တိဖြစ်သော်လည်း မရိုက်အပ်၊ ထန်းရွက်ကို၊ ပရိတ်ချည်ကို၊ လက်ခြေ၌ ဖွဲ့အပ်၏။ ပရိတ်ရွတ်အပ်၏။ ရဟန်းကို မညှဉ်းဆဲပါနှင့်ဟု တရားဟောအပ်၏။)
(၈၆) သေစေလို၍ ရိုက်၏။ သေ၏၊ ပါရာဇိက။
(၈၇) မသေ၊ ထုလ္လစ္စည်း။
(၈၈၊ ၈၉၊ ၉၀) ရဟန်း တပါးသည် ကောင်းမှုများသူအား နတ်စည်းစိမ်အကြောင်း တရားဟော၏။ ထိုသူသည် နတ်ပြည်ရောက်လို၍ သေ၏။
(၉၁၊ ၉၂၊ ၉၃) အကုသိုလ်များသူအား ငရဲအကြောင်း ဟော၏။ ကြောက်လန့်၍ ထိုသူ သေ၏၊ အနာပတ္တိ။ ပါရာဇိက။ ထုလ္လစ္စည်း။
(၉၄) အာဠဝီရဟန်းတို့သည် နဝကမ္မကိစ္စဖြင့် သစ်ပင်ခုတ်ကုန်၏၊ ရဟန်းတပါးသည် ရဟန်းတပါးကို ဤနေရာ၌နေ၍ ဖြတ်ပါဟု ဆို၏။ သစ်ပင်ပိ၍ သေ၏။
(၉၅) သေစေလို၍ ဆို၏။ သေ၏။
(၉၆) မသေ။
(အထူးကား သစ်ပင်ပိလျှင် လက်၌ ပဲခွပ် စသည်ရှိ၍ စွမ်းနိုင်သော်လည်း မြေတူးခြင်း သစ်ပင် ဖြတ်ခြင်း မပြုအပ်။ ပြုလျှင် အာဏာတော်လွန်ကျူးသူ၊ ဇီဝိကပရိယန္တသီလ မကျင့်သူ ဖြစ်၏။ အသက်ပျက်လိုပျက်စေ၊ သီလကို မပျက်စေအံ့ဟု သိမ်းဆည်းအပ်၏။ မြင်သိသောရဟန်းသည်ကား ကယ်ဆယ်ရန် မြေတူးခြင်း၊ သစ်ပင်ဖြတ်ခြင်း စသည်ကို ပြုကောင်း၏။ သူတပါး၏ အသက်ကိုငဲ့၍ ပြုလျှင် အပ်၏။ မိမိအသက်ကိုငဲ့၍ပြုလျှင် မအပ်။)
(၉၇၊ ၉၈၊ ၉၉) ဆဗ္ဗဂ္ဂီတို့သည် တောကို မီးတိုက်ကုန်၏။ လူတို့ တောမီးလောင်၍ သေကုန်၏။ သေစေလို၍ မီးတိုက်ကုန်၏။ မသေ။
(မီးတိုက်ရာ၌ မရည်စူး၊ မရည်စူးစမ်းဖြင့် ပါရာဇိက။
အာနန္တရိယကံတို့ဖြင့် တိုက်ကုန်၏။ မြက်ချုံစသည်ကို တိုက်အံ့၊ ပါစိတ်။
သခင်သိမ်းဆည်းသော သစ်သားစသည်ကို တိုက်အံ့၊ ဌာနာစာဝန မရှိသောကြောင့် ဒုက္ကဋ်။
မြူးထူး၍တိုက်အံ့၊ ဒုက္ကဋ်။
တောမီး လောင်လာလျှင်ကား ကျောင်းများ မလောင်နိုင်အောင် မီးတုံ့ပေးအပ်၏။ အနီးရှိ မြက်အမှိုက်တို့ကို မီးရှို့နှင့်ရ၏။ မြေကိုရှပ်ခြင်း၊ မြောင်းတူးခြင်းဖြင့် အရံအတားသော်လည်း ပြုအပ်၏။ တောမီး မလာမီကား ကိုယ်တိုင်မပြုအပ်၊ လူ သာမဏေတို့ကို ကပ္ပိယ ဝေါဟာရဖြင့်စေအပ်၏။ ရေလောင်းလျှင် ပိုးမရှိသောရေဖြင့် လောင်းအပ်၏။)
(၁၀၀) ရဟန်းတပါးသည် သုသာန်သို့သွား၍ ခိုးသူသတ်ကို ဒါယကာ၊ ဤခိုးသူကို မညှဉ်းဆဲပါနှင့်၊ တချက်တည်းဖြင့် သေအောင်ပြုပါဟု ဆို၏။ ဆိုတိုင်းပြု၏၊ ပါရာဇိက။
(၁၀၁) အရှင်စကား နားမထောင်နိုင်ဟု ဆို၍ သတ်၏၊ ဒုက္ကဋ်။
(နှစ်ချက်ဖြင့်ဟု ခိုင်းလျှင် တချက်ဖြင့်လည်း ခေတ်တွင်းကျ သောကြောင့် ပါရာဇိက။ သုံးချက်ဖြင့်သတ်မူ ဝိသင်္ကေတ။ (ချွတ်ယွင်း၏ဟူလို) နှစ်ယောက်သတ်ပါဟု ခိုင်းလျှင် တယောက်တည်းက သတ်လျှင်လည်း ပါရာဇိက။ သုံးယောက်က သတ်လျှင် ဝိသင်္ကေတ။ စစ်ပွဲ၌ပြေးလာသူကို တယောက်က ခေါင်းဖြတ်၏။ ခေါင်းပြတ်လျှင် ပြေးဆဲကို တယောက်ကရိုက်၍ လဲကျစေ၏။ အဘယ်သူအား အပြစ်ရှိသနည်း။ ခေါင်းဖြတ်သူအားသာ အပြစ်ရှိသည်။)
(၁၀၂) လူတယောက်သည် လက်ခြေ အဖြတ်ခံရ၏။ ဆွေမျိုးတို့ ဝိုင်းကြည့်စဉ် ရဟန်းတပါးက သေစေလိုကြသလောဟု ဆို၏။ အာမဘန္တေ ဟု ဆိုလတ်သော် ရက်တက်တိုက်ကြဟု ဆို၏။ ဆိုတိုင်းပြု၍ သေ၏။ ပါရာဇိက။
(နွား ရက်တက်တိုက်ဟု မှတ်၍ခိုင်းလျှပ် ကျွဲရက်တက်တိုက်အံ့၊ ဝိသင်္ကေတ။)
(၁၀၃) ဘိက္ခုနီမတယောက်သည် ထို့အတူမေး၍ လောဏသုဂီရကဆေး တိုက်ကြ ဟုဆို၏။ ဆိုတိုင်းပြု၍ သေ၏။ ပါရာဇိက။
(လောဏသုဝီရကဆေးသည် အစာကြေဆေးကြီး ဖြစ်၏။ ဂီလာနရဟန်းတို့အား နေလွဲသောက်အပ်၏။ အဂိလာနအား ရေရော၍ အဖျော်အဖြစ်ဖြင့် သောက်အပ်၏။)
တတိယပါရာဇိက ပြီး၏။
၄-ဥတ္တရိမနုဿဓမ္မ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
အနဘိဇာနံ၊ မသိပဲလျက်။
အလမရိယဉာဏဒဿနံ၊ ကိလေသာကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင်ရှိသော။
ဥတ္တရိမနုဿဓမ္မံ၊ ဈာန်မဂ်ဖိုလ် တရားကို။
အတ္တုပနာယိကံ၊ မိမိသို့ဆောင်သည်ကို။
ကတွာ၊ ပြု၍။
ဣတိဇာနာမိ၊ ဤသို့ ငါသိ၏။
ဣတိပဿာမိ၊ ဤသို့ငါမြင်၏။
ဣတိ၊ ဤသို့။
သမုဒါ စရေယျ၊ ပြောဆိုငြားအံ့။
တတော၊ ထိုသို့ပြောဆိုပြီးသည်မှ။
အပရေန၊ တပါးသော။
သမယေန၊ အခါ၌။
သမဂ္ဂါဟီယမာနော ဝါ၊ မေးစစ်အပ်သော်၎င်း။
အသမုဂ္ဂါဟီယမာနော ဝါ၊ မမေးစစ်အပ်သော်၎င်း။
အာပန္နော၊ အာပတ်သို့ရောက်ပြီးသော ရဟန်းသည်။
ဝိသုဒ္ဓါပေက္ခော၊ ကြယ်ခြင်းကို အလိုရှိသည်ဖြစ်၍။
ဧဝံ၊ ဤသို့။
ဝဒေယျ၊ (ဝန်ခံစကား) ဆိုရာ၏။
အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
အဇာနံ၊ မသိပဲလျက်။
ဧဝံ ဇာနာမိ၊ ဤသို့သိ၏ ဟူ၍၎င်း။
အပဿံ၊ မမြင်ပဲလျက်။
ဧဝံ ပဿာမိ၊ ဤသို့မြင်၏ဟူ၍၎င်း။
အဝစံ၊ ဆိုမိပါပြီ။
တုစ္ဆံ၊ အချည်းနှီးသော။
မုသာ၊ ချွတ်ယွင်းသောစကားကို။
ဝိလပိ၊ ဆိုမိပါပြီ။
ဣတိ။ ဝဒေယျ။ အဓိမာနာ၊ (ရနိုးခြင်းရှိ၍ ရပြီဟု) လွန်ကဲသော မှတ်ထင်ခြင်းကို။
အညတြ၊ ကြဉ်ထား၍။
အယမ္ပိ ဘိက္ခု၊ ပါရာဇိကာ၊ ဟောတိ။ အသံဝါသော၊ ဟောတိ။
ဥတ္တရိမနုဿဓမ္မ
မိမိသန္တာန်၌ မဖြစ်ခြင်းကြောင့် မိမိ၌ရှိခြင်းကို မသိသော သူသည် အနဘိဇာနန္တ မည်၏။ ဈာန်ရပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်သည် ဥတ္တရိမနုဿ မည်၏။ လူလွန်လူမြတ် မည်၏။ ထိုပုဂ္ဂိုလ်တို့၏ ဈာန် မဂ်ဖိုလ်သည် ဥတ္တရိမနုဿဓမ္မ မည်၏။(မဟဂ္ဂုတ်၊ လောကုတ္တရာတရား ဟူလို။)
ကိလေသာကိုဖျက်နိုင်သော ဉာဏ်ရှိသောကြောင့် အလမရိယ ဉာဏဒဿနလည်း မည်၏။ ဤဈာန်မဂ်ဖိုလ်၌ရှိသော ပညာစေတသိက်သည် --
ကိလေသာကို ဖျက်နိုင် သောကြောင့် အလံ မည်၏။
စင်ကြယ်ခြင်း ကောင်းမြတ်ခြင်းကြောင့် အရိယ မည်၏။
အပြားအားဖြင့် သိသောကြောင့် ဉာဏမည်၏။
မျက်မှောက် ထင်ထင် နိဗ္ဗာန် မြင်သောကြောင့် ဒဿနမည်၏။
လေးမည် ရသည်။ လေးမည်ရ ဉာဏ်ရှိသော ဈာန်မဂ်ဖိုလ်ဟူလို။
ပကတိ လူတို့အားကား ကုသိုလ်ကမ္မပထ ဆယ်ပါး ကာမတရားသာ ဖြစ်နိုင်သည်။
အတ္တုပနာယိက
တရားထူးကို မိမိကိုယ်တွင်းသို့ ဆောင်သွင်းခြင်းသည် အတ္တုပနာယိက မည်၏။ ဤဈာန်သည် ငါ၌ရှိ၏ဟု ဆောင်သွင်းသည်။ တနည်း မိမိကိုယ်ကို တရားထူးသို့ ဆောင်ပို့ခြင်းသည် အတ္တုပနာယိက မည်၏။ ငါသည် ဤဈာား၌ ထင်ရှား၏ဟု ဆောင်ပို့သည်။ ဤသို့ပြု၍ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ်နှုတ်ဖြင့် သိကြားလိမ္မာသော လူဇာတ် ဖြစ်သောသူအား ပြောပြခြင်းသည် သမုဒါစရေယျ မည်၏။ နတ်စသည်အား ပြောလျှင် ပြောသည် မမည်။ သွယ်ဝိုက်၍ ပြောလျှင်လည်း ပါရာဇိကသို့ မရောက်။
ဣတိဇာနာမိ
ဣတိဇာနာမိ ဣတိပဿာမိသည် ပြောပုံ အခြင်းအရာပြ စကားဖြစ်၏။ မိမိသို့ ဆောင်၍ မသွယ်မဝိုက် ပြောပြပုံတည်း။ဤ၌ ပဌမဈာန်ကို ဝင်စားပြီး၊ ဝင်စားဆဲ၊ ဝင်စား၏ စသည်ဖြင့် ဟောသော စကား အားလုံးကို ရေတွက်ရသည်။ ဤသို့ ဤသို့ ငါသိ၏ ငါမြင်၏ဟု ပြောလျှင် သိရုံမြင်ရုံသာမဟုတ်။ ဤအကြောင်း ဤအကြောင်းကြောင့် ဝါ၊ ဤသို့သိခြင်း မြင်ခြင်းကြောင့် ဤတရားထူးသည် ငါ၌ရှိ၏ ဟူ၍လည်း ဆောင်သွင်းပြသည်။ ငါသည် ဤတရားထူး၌ ထင်ရှား၏ ဟူ၍လည်း ဆောင်ပို့ပြသည်။ ငါသည် ဈာန်ကို ဝင်စား၏ စသည်ကိုပြောလျှင် ဝင်စားခြင်းစသော အကြောင်းကြောင့် ရှိခြင်းကို သွင်းပြခြင်း၊ ပို့ပြခြင်းပင်တည်း။
တတော အပရေန
အာပတ်ကို ဝန်ခံသော အခါကာလသည် အပရသမယ မည်၏။ မသွယ်မဝိုက် ပြောပြစဉ် ခဏတွင် အာပတ်သို့ ရောက်ခဲ့လေပြီ။ ထိုသို့ ပြောပြပြီးမှ တပါးသော အခါကာလဟူလို။ အာပတ်သို့ ရောက်ပြီးသောသူသည် သူတပါးက မေးစစ်လျှင် သမနုဂ္ဂါဟီယမာန၊ မမေးစစ်လျှင် အသမနုဂ္ဂါဟီယမာန မည်၏။ မေးသော်၎င်း၊ မမေးသော်၎င်း ဝန်ခံသည်ဟူလို။အဘယ့်ကြောင့် ဝန်ခံသနည်း၊ စင်ကြယ်လိုသောကြောင့်တည်း။ ပြောစဉ်က အာပတ်သို့ရောက်ပြီးသူသည် အာပန္န မည်၏။ စင်ကြယ်လိုသောကြောင့် ဝိသုဒ္ဓါပေက္ခ မည်၏။ အဇာနေမေဝံ အာဝုသော စသည်သည် ဝန်ခံပုံစကားဖြစ်၏။ အနက်မရှိသောစကားသည် တုစ္ဆ မည်၏။ လှည့်ပတ်လိုသော စကားသည် မုသာ မည်၏။ မသိမမြင်ပဲ ဤသို့ဤသို့ သိသည် မြင်သည် ဟူ၍ မဟုတ်မမှန် ဆိုမိပါပြီဟု ဝန်ခံ၏။ ဝန်ခံသော်လည်း အာပတ်သင့်ပြီး ဖြစ်၏။ စင်ကြယ်လိုသောကြောင့် ဝန်ခံသည်။
စင်ကြယ်ခြင်း
ပါရာဇိကရောက်သူသည် ရဟန်းအဖြစ်၌ တည်နေလျှင် နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလ် မရထိုက်၊ အန္တရာယ်ဖြစ်၏။ ထိုသူ၏ ရဟန်းအဖြစ်သည် စင်ကြယ်သည် မမည်။ လူဥပါသကာ အရံအစောင့် သာမဏေအဖြစ်၌ တည်နေလျှင်ကား ဒါနစသည်ဖြင့် နတ်ရွာခရီးကို၊ ဈာန် စသည်ဖြင့် နိဗ္ဗာန်ခရီးကို ရခြင်းငှာ ထိုက်၏။ ထို့ကြောင့် ဝန်ခံ၍ လူအဖြစ် စသည်၌ တည်ခြင်းသည် စင်ကြယ်သည် မည်၏။ ပါရာဇိကကို ကုစားသည် မည်၏။
အဓိမာန
အဓိက=လွန်ကဲသော၊ မာန=မှတ်ထပ်ခြင်းသည်။ ဝါ၊ အဓိဂတ=ရ၏ဟူသော၊ မာန=မှတ်ခြင်းသည် အဓိမာနမည်၏။ ဈာန် မဂ်ဖိုလ်မရပဲလျက် ရသည်ဟု မှတ်ထင်ခြင်းတည်း။(ထိုအဓိမာနသည် အရိယာ ပုဂ္ဂိုလ်တို့အား မဖြစ်။ မဂ်ဖိုလ်နိဗ္ဗာန်၊ ပယ်ကိလေသာ ကြွင်းကိလေသာတို့ကို ဆင်ခြင်၍ ယုံမှား ကင်းသောကြောင့်တည်း။ ဒုဿီလ အားလည်း မဖြစ်။ တရားထူးရခြင်းငှာ အာသာ မရှိသောကြောင့်တည်း။ အားမထုတ်သော သီလဝန္တ အားလည်းမဖြစ်။ အိပ်ခြင်း၊ စားခြင်း၊ စကားပြောခြင်း ဖြင့်သာ အချိန်ကုန်သောကြောင့်တည်း။
သီလစင်ကြယ်၍၊ ရုပ်နာမ်သိမ်းဆည်း၍၊ လက္ခဏာရေး သုံးပါးတင်၍ ဝိပဿနာ လွန်စွာ အားထုတ်သူအားသာ အဓိမာန ဖြစ်သည်။ ငါသည် မဂ်ဖိုလ်ကို ယခု ရတော့မည်၊ မနက်ဖြန် ရတော့မည်ဟု ရလိုသော အာသာ များစွာရှိသောကြောင့် မရပဲ ရ၏ဟု ထင်သည်။ သမထသက်သက် ဝိပဿနာသက်သက် ရသူသည် အနာဂါမ်အထိ၊ နှစ်ပါးစုံရသူသည် ရဟန္တာအထိ မှတ်ထင်တတ်သည်။ အဓိမာန ဖြင့်ပြောလျှင် အာပတ်မသင့်။ ဝါကြွားလို၍ ပြောမှ အာပတ်သင့်သည်။)
ဈာန်မဂ်ဖိုလ်ဖြင့် ဝါကြွားလျှင် ရဟန်း အသက် ထွက်၏။ ထန်းလည်ဆစ်ပြတ် မစည်ကားပြီ။
အဆုံးအဖြတ် ၁၇-ပါး
ဤသိက္ခာပုဒ်ကို ဝေသာလီပြည်၌ ဝဂ္ဂုမုဒါ မြစ်ကမ်းနား၌ နေသော ရဟန်းတို့ကို အကြောင်းပြု၍ ဥတ္တရိမနုဿဓမ္မဖြင့် ဝါကြွားခြင်းကြောင့် ပညတ်၏။ အညတြ အဓိမာနာသည် အနုပညတ်ဖြစ်၏။ သာဓာရဏပညတ်ဖြစ်၏။ အနာဏတ္တိက ဖြစ်၏။ ငါပဌမဈာန်ဝင်စားပြီ စသည်ဖြင့် ထင်ရှားမရှိပဲ လူဇာတ်ဖြစ်သူအား ပြောအံ့၊ စကား အခြားမဲ့၌ ဤရဟန်းသည် ဈာန်ရ၏၊ အရိယာဖြစ်၏ဟု ထိုလူ သိအံ့၊ ပါရာဇိက။ မသိအံ့၊ ထုလ္လစ္စည်း။(ကာယဝိညတ်၊ ဝစိဝိညတ် အရာကိုလွန်၍ အဘိညာဉ်ဖြင့် သိရာ၌ ပါရာဇိက မရှိ)။
သင်၏ ကျောင်း၌နေသော ရဟန်းသည် ဈာန်ရ၏ စသည်ဖြင့် သူတပါးကို ညွှန်းသကဲ့သို့ သွယ်ဝိုက်၍ ပြောအံ့၊ သိလျှင် ထုလ္လစ္စည်း။ မသိလျှင် ဒုက္ကဋ်။ အဓိမာနဖြင့် ပြောအံ့၊ ဝါကြွားခြင်းငှာ အလိုမရှိအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။ သီလဝိပတ္တိ။
၁။ ဥတ္တရမနုဿဓမ္မ၏ မိမိ၌မရှိခြင်း၊
၂။ ယုတ်မာသောအလိုဖြင့် ပြောခြင်း၊
၃။ သူတပါးကို မညွှန်း မသွယ်ဝိုက်ပဲ မိမိကိုယ်ကို တိုက်ရိုက်ပြောခြင်း၊
၄။ လူဇာတ်ဖြစ်သူအား ပြောခြင်း၊
၅။ ထိုခဏ၌သိခြင်း၊ ဤကား အင်္ဂါငါးပါးတည်း။
သမုဋ္ဌာန် စသော ကြွင်းရှစ်ပါးသည် အဒိန္နာဒါန၌ ဆိုအပ်ပြီးသည်နှင့် တူ၏။
ဝတ္ထုကြောင်း မှတ်ဖွယ်
မြတ်စွာဘုရားသည် ဝေသာလီပြည်၌ မဟာဝုန်တော စုလစ်မွန်းချွန်တပ်သော ကျောင်း၌ နေတော်မူသောအခါ ဝဂ္ဂုမုဒါ မြစ်ကမ်းနား၌ နေသော ရဟန်းတို့သည် ဒုဗ္ဘိက္ခအခါဖြစ်၍ မျှတခြင်း မရှိကြကုန်။ ထိုအခါ အချို့က ငါတို့အား လှူချင်အောင် လူတို့အမှု စီရင်ကုန်အံ့ဟု ဆိုကုန်၏။ အချို့ကပယ်၍ တမန်သည်အမှု ပြုကုန်အံ့ဟု ဆိုကုန်၏။ အချို့က ပယ်၍ လူတို့အား ဈာန် မဂ်ဖိုလ် ပြောကြားကုန်အံ့ဟု ဆိုကုန်၏။ထိုစကားကို အားလုံး သဘောတူ၍ ငါဈာန်ရသည်၊ သူမဂ်ဖိုလ်ရသည် စသည်ဖြင့် လူတို့အား ပြောကုန်၏။ လူတို့သည် ငါတို့မှာ အရတော်လေစွဟု ဝမ်းမြောက်၍ ချစ်လှစွာသော သားမယားတို့အား မပေးရက်၊ မစားရက်သော ဘောဇဉ်ခဲဖွယ် အထူးထူးဖြင့် လုပ်ကျွေးကုန်၏။ ဝါကျွတ်လတ်သော် အရပ်ရပ်မှ ရဟန်းတို့သည် ဘုရားရှင်ထံ ရောက်လာကုန်၏။ အရပ်တပါးမှ ရောက်လာသူတို့ကား ပိန်ပိန် ခြောက်ခြောက်၊ ဝဂ္ဂုမုဒါမှ ရောက်လာသူတို့ကား ဝဝဖြိုးဖြိုး ဖြစ်ကုန်၏။
ဘုရားရှင်သည် ရဟန်းတို့အား မျှတစွာ၊ ချမ်းသာစွာ နေကြရ၏လော ဟု မေးတော်မူ၏။ ဝဂ္ဂုမုဒါရဟန်းတို့က ချမ်းသာစွာ နေကြရကြောင်း လျှောက်ကုန်၏။ အဘယ်သို့ နေကြရသနည်းဟု မေးလတ်သော် ဈာန်မဂ်ဖိုလ်တို့ကို ပြောကြား၍ ချမ်းသာကြောင်း လျှောက်ကုန်၏။ ဟုတ်မှန်သောအတိုင်း ပြောကြားသလောဟု မေးလတ်သော် မဟုတ်မမှန် ပြောကြပါသည်ဟု လျှောက်ကုန်၏။
ချစ်သားတို့၊ အဘယ့်ကြောင့် ဝမ်းရေးအတွက် လူတို့အား ဈာန် မဂ်ဖိုလ်ဖြင့် ဝါကြွား ကြသနည်း။ ထက်လှသော ဓားဦးမျှဖြင့် ဝမ်းကို ဖောက်ခွဲရခြင်းသည် မြတ်သေး၏။ ချစ်သားတို့၊ လောက၌ ခိုးသူကြီး ငါးယောက်ရှိ၏။
၁။ အရပ်ရပ်လှည့်၍ ခိုးတိုက်သော ခိုးသူကြီးအလား ပစ္စည်းလေးပါး အတွက် ပရိသတ်နှင့်တကွ အရပ်ရပ်လှည့်၍ အပူဇော်ခံကာ ပစ္စည်းဆောင်သော ခိုးသူ တယောက်၊ (သာသနာကိုရည်၍ လှူသည်ကို လှည့်ခိုးသူတယောက် ဟူလို၏။)
၂။ ဘုရားဟောတရားကို သင်ယူပြီးလျှင် ငါသိသောတရားဟု ဆိုသော ခိုးသူ တယောက်၊ (တရားခိုးသူတယောက်ဟူလို။)
၃။ ရဟန်းကောင်းကို အရင်း မရှိသော ပါရာဇိကဖြင့် စွပ်စွဲသော ခိုးသူတယောက်၊ (ရဟန်း၏ သီလကို ခိုး၍ဖျက်ဆီးသူတယောက် ဟူလို။)
၄။ ဥတ္တမသံဃိကဂရုဘဏ် ပစ္စည်းဖြင့် လူတို့အား ဖြားယောင်းသော ခိုးသူ တယောက်၊ (သံဃိကပစ္စည်း ခိုးပေးသူတယောက်ဟူလို။)
၅။ ဥတ္တရိမနုဿဓမ္မကို ဝါကြွားပြောဆို၍ တိုင်းပြည်၏ဆွမ်းကို ခိုးစားသော အကြီးဆုံး ခိုးသူကြီးတယောက်၊
ဤသို့ သာသနာတော်၌ ခိုးသူကြီး ငါးယောက်ရှိ၏။
အလှူခံလှည့်၊ ငါသိတရား၊ စွပ်စွဲမှားပြု၊ ပေးမှုဂရုဘဏ်၊ မဂ်ဈာန်ဝါကြွား (၅)၊ ဤငါးပါး၊ ခိုးစား သာသနာ။
ငှက်မုဆိုးသည် ချုံငယ်အတွင်း အထင်လွဲအောင် ပလီ၍ လှည့်ပတ်၍ ငှက်အပေါင်းကို ဖမ်းစားသည့်အလား တိုင်းပြည်၏ဆွမ်းကို လိမ်စားခြင်းသည် ငရဲ ရောက်ကြောင်း ဖြစ်၏၊ မမြတ်။ သံတွေခဲ စားရခြင်းသည် မြတ်သေး၏။ ဤသို့ စသည်ဖြင့် ကဲ့ရဲ့၍ မူလပညတ်ကို ပညတ်တော်မူသည်။
အနုပညတ်ဝတ္ထု
အခါတပါး ရဟန်းများစွာတို့သည် မသိမမြင်ပဲလျက် သိသည်၊ မြင်သည်ဟု အလွန် အကဲ မှတ်ထင်ခြင်းဖြင့် အရဟတ္တဖိုလ်ကို ပြောကြားကုန်၏။ နောက်၌ ရာဂ ဒေါသ မောဟ ဖြစ်ပေါ်ခြင်းဖြင့် ကုက္ကုစ္စဖြစ်၍ ရှင်အာနန္ဒာအား လျှောက်ကုန်၏။ ရှင်အာနန္ဒာသည် ဘုရားရှင်အား လျှောက်၏။ချစ်သား အာနန္ဒာ၊ အလွန်အကဲ မှတ်ထင်သော အဓိမာနဖြင့် မသိမမြင်ပဲ သိသည် မြင်သည်ဟု မှတ်ထင်၍ အရဟတ္တဖိုလ်ကို ပြောကြားခြင်းတို့သည် ရှိကုန်၏။ ထို ပြောကြားခြင်းသည် အဗ္ဗောဟာရိက ဖြစ်၏၊ မပြောပလောက် ဟု မိန့်၍ အနုပညတ်ဖြင့် တဖန် ပညတ်ပြန်သည်။
မှတ်ဖွယ်အထူး
ဥတ္တရိမနုဿဓမ္မ မည်သည် ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ္တိ၊ ဉာဏဒဿန၊ မဂ်၊ ဖိုလ်၊ ကိလေသာပယ်ခြင်း၊ နီဝရဏကင်းခြင်း၊ ဆိတ်ငြမ်ရာ၌ မွေ့လျော်ခြင်း၊ ဤသို့ ဆယ်မျိုး ဟောသည်။(သုညာဂါရေ အဘိရမာမိ = ဆိတ်ငြိမ်ရာ၌ အလွန်မွေ့လျော်၏ ဟုဆိုရုံဖြင့် ပါရာဇိကမသင့်။ ဈာန် သမာပတ်ဖြင့် မွေ့လျော်၏ဟုဆိုပါမှ ပါရာဇိက။
ငါနိရောဓ သမာပတ် ဝင်စား၏ဟု ဆိုလျှင်လည်း ပါရာဇိက မသင့်။ နိရောဓသမာပတ် သည် လောကီ လောကုတ္တရာမှ လွတ်သောကြောင့်တည်း။ ငါသည် အတိတ် ဘဝ၌ ရဟန္တာဟု ဆိုလျှင်လည်း ပါရာဇိက မသင့်၊ ဘဝတပါး ဖြစ်သောကြောင့်တည်း။ ဆယ်မျိုး၌ နိဗ္ဗာန်မပါသော်လည်း ငါ နိဗ္ဗာန်ရပြီ-ဟုဆိုလျှင် ပါရာဇိကသာ။ လောကုတ္တရာ ဖြစ်သောကြောင့်တည်း)။
ဝိနီတဝတ္ထုများ၊ ဝတ္ထု (၆၀)
(၁) ရဟန်းတပါးသည် ၎င်း၏ဟူသော လွန်ကဲသော မှတ်ထင်ခြင်းဖြင့် အရဟတ္တဖိုလ် ကို ပြောကြား၏။ ကုက္ကုစ္စဖြစ်၏။ ချစ်သား၊ အဓိမာနဖြင့် အနာပတ္တိဟု ဆုံးဖြတ်တော်မူ၏။
(၂) ရဟန်းတပါးသည် ငါ ဤသို့ပြုလျှင် လူ ချီးမွမ်းလိမ့်မည်ဟု တောင့်တ၍ တော၌ နေ၏။ လူချီးမွမ်း၏။ အနာပတ္တိ။ ချစ်သားတို့၊ တောင့်တခြင်းပြု၍ တော၌မနေအပ်၊ ဒုက္ကဋ်။
(၃) တောင့်တ၍ ဆွမ်းခံသွား၏။ လူချီးမွမ်း၏၊ အနာပတ္တိ။ ချစ်သားတို့၊ တောင့်တခြင်း ပြု၍ ဆွမ်းခံမသွားအပ်၊ ဒုက္ကဋ်။
(၄) ရဟန်းတပါးသည် ရဟန်းတပါးကို ငါ့ရှင်၊ ငါတို့ ဥပဇ္ဈာယ်ဆရာ၏ သဒ္ဓိဝိဟာရိက တို့သည် အားလုံး ရဟန္တာတို့တည်းဟု ဆို၏။ အဘယ်စိတ်ရှိသနည်း။ ဝါကြွား လိုသောစိတ် ရှိပါသည်။ ပါရာဇိက မသင့်၊ ထုလ္လစ္စည်း သင့်၏။ (ငါဟု တိုက်ရိုက် မဆိုသောကြောင့်တည်း။) အတ္ထု ပနာယိက မဖြစ်ဟူလို။
(၅) ငါ့ရှင်၊ ငါတို့ ဥပဇ္ဈာယ်ဆရာ၏ အန္တေဝါသိကတို့သည် ကြီးသော တန်ခိုး ရှိကုန်၏ဟု ဆိုကုန်၏။ ဝါကြွားလို၏ ထုလ္လစ္စည်း။
(၆) ရဟန်းတပါးသည် လူချီးမွမ်းလိမ့်မည်ဟု တောင့်တခြင်းပြု၍ စင်္ကြံ သွား၏။
(၇၊၈၊၉) ရပ်၏၊ ထိုင်၏၊ လျောင်း၏။ လူချီးမွမ်း၏။ အနာပတ္တိ။
ချစ်သားတို့၊ တောင့်တခြင်းပြု၍ သွား၊ ရုပ်၊ ထိုင်၊ လျောင်း မပြုအပ်၊ ဒုက္ကဋ်။
(၁၀) ရဟန်းတပါးသည် ရဟန်းတပါးအား ငါသည် သံယောဇဉ်တို့ကို ပယ်ပြီးပြီဟု ဝါကြွား၏၊ ပါရာဇိက။
(၁၁) ရဟန်းတပါးသည် ဆိတ်ကွယ်ရာသို့ သွား၍ ငါရဟန္တာဟု ဆို၏။ အဘိညာဉ် ရသော ရဟန်းတပါးက ငါ့ရှင်၊ ဤသို့ မဆိုနှင့်၊ သင့်အား ဤတရားမရှိဟု မောင်းမဲ၏။ ပါရာဇိက မသင့်၊ ဒုက္ကဋ်။
(၁၂) ထို့အတူ ဆို၏။ နတ်က မောင်းမဲ၏၊ ဒုက္ကဋ်။
(၁၃) ရဟန်းတပါးသည် ဒါယကာတယောက်ကို ဒါယကာ၊ သင်၏ကျောင်း၌ နေသော ရဟန်းသည် ရဟန္တာဖြစ်သည်ဟု ဆို၏။ ထိုရဟန္တာသည်လည်း ထို ဒါယကာ၏ ကျောင်း၌ နေ၏။ အဘယ်စိတ် ရှိသနည်း။ ဝါကြွားလိုပါသည်၊ ထုလ္လစ္စည်း။
(၁၄) ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးသော ဒါယကာကို သင် ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးအပ်သော ရဟန်းသည် ရဟန္တာဖြစ်သည်ဟု ဝါကြွား၏၊ ထုလ္လစ္စည်း။
(၁၅) ရဟန်းတပါး မကျန်းမမာ ဖြစ်၏။ တရားထူး ရသလောဟု မေးလတ်သော် ငါ့ရှင်တို့၊ အရဟတ္တဖိုလ်ကို ပြောကြားခြင်းငှာ ခဲယဉ်းစွာ ပြုရသည် မဟုတ်ဟု ဆို၏။ ထိုနောက် သာဝကတို့သာ ဤစကားကို ဆိုကြသည်။ ငါ သာဝက မဟုတ်သေး။ ပါရာဇိကသို့ ရောက်သလောဟု ကုက္ကုစ္စ ဖြစ်၏။ အဘယ်စိတ် ရှိသနည်း၊ ဝါကြွားလိုသောစိတ် မရှိပါ၊ အနာပတ္တိ။
(သီလရှိသော အာရဒ္ဓဝိပဿကအား အရဟတ္တဖိုလ် ရခြင်းငှာ မခဲယဉ်းဟု ဆိုလိုသည်၊ ဝါကြွားသည် မဟုတ်ဟူလို။)
(၁၆) ရဟန်းတပါး မမာ၍ ထို့အတူ မေးလတ်သော် လုံ့လရှိသူ ရနိုင်သည်ဟု မဝါမကြွား ဆို၏၊ အနာပတ္တိ။
(၁၇) ရဟန်းတပါး မမာ၍ ကြောက်သလော ဟု မေးလတ်သော် ငါသေခြင်းမှ မကြောက်ဟု မဝါမကြွား ဆို၏၊ အနာပတ္တိ။ (သီလအားကိုး၍ ဆိုသည်။)
(၁၈) ရဟန်းတပါး မမာ၍ ငါ့ရှင်၊ မကြောက်လင့် ဟု ဆိုကုန်၏။ နှလုံး မသာယာ သူအား ကြောက်ရာသည် မဟုတ်လောဟု မဝါမကြွား ဆို၏၊ အနာပတ္တိ။
(၁၉) မမာ၍ တရားထူး ရသလောဟု မေးကုန်၏။ ငါ့ရှင်တို့၊ အသင့်အားဖြင့် အားထုတ်သူ ရနိုင်သည်၊
(၂၀) ဝီရိယရှိသူ ရနိုင်သည်၊
(၂၁) အားထုတ်ခြင်းနှင့်ယှဉ်သူ ရနိုင်သည်ဟု မဝါမကြွား ဆို၏၊ အနာပတ္တိ။
(၂၂) သက်သာ၏လောဟု မေးကုန်၏။ ငါ့ရှင်တို့၊ ဟူးဟူးငြားငြား သာမန်ပုဂ္ဂိုလ် သည်းမခံနိုင် ဟု မဝါမကြွားဆို၏၊ အနာပတ္တိ။ (ဆင်ခြင်ခြင်းဖြင့် သည်းခံ၍ ဆိုသည်။)
(၂၃) ငါ့ရှင်တို့၊ ပုထုဇဉ်ဖြစ်သူသည် မခံနိုင်ဟု ဝါကြွား၏၊ ထုလ္လစ္စည်း။
(ပရိယာယ်ဖြင့် ဆိုသည်၊ အတ္တုပနာယိက မဖြစ်။)
(၂၄) ပုဏ္ဏားတဦးသည် ရဟန်းတို့ကို ပင့်ဖိတ်၏။ ကြွလာကြသောအခါ ရဟန္တာ အရှင်မြတ်တို့ ကြွလာတော်မူကြပါဟု ဆို၏။ ရဟန်းတို့ အလိုတူဖြစ်၍ အဘယ်သို့ ကျင့်ရပါအံ့နည်းဟု လျှောက်ကုန်၏။ ချစ်သားတို့၊ ကြည်ညို၍ ဆိုရာ၌ အနာပတ္တိ။
(ဤသို့ဆိုသည်ကို ဝမ်းမြောက်ခြင်း မဖြစ်စေပဲ ရဟန္တာ ဖြစ်ကြောင်း အကျင့်ကို ဖြည့်ကျင့်ပါအံ့ဟု အားထုတ်အပ်၏။)
(၂၅) ရဟန္တာအရှင်မြတ်တို့ ထိုင်တော်မူကြပါ၊
(၂၆) ဘုဉ်းပေးတော်မူကြပါ၊
(၂၇) ရောင့်ရဲတော်မူကြပါ၊
(၂၈) ကြွသွားတော်မူကြပါဟု ဆို၏။ ကြည်ညို၍ ဆိုရာ၌ အနာပတ္တိ။
(၂၉) ရဟန်းတပါးသည် ရဟန်းတပါးအား ဥတ္တရိမနုဿဓမ္မဖြင့် ဝါကြွား၏။ ထို ရဟန်းကလည်း ငါသည်လည်း အာသဝေါပယ် ပြီးပြီဟု ပြဆို၏၊ နှစ်ပါးလုံး ပါရာဇိက။
(၃၀) ထို့အတူ ငါ့အားလည်း ဤတရားတို့ ရှိကုန်၏၊
(၃၁) ငါသည်လည်း ဤတရားတို့၌ ထင်ရှား၏ ဟု ပြန်ဆို၏၊ ပါရာဇိက။
(၃၂) ရဟန်းတပါးကို ဆွေမျိုးတို့က လူထွက်၍ အိမ်၌နေပါဟု ဆိုကုန်၏။ ငါကဲ့သို့သောသူသည် အိမ်၌နေခြင်းငှာ မထိုက်ဟု ဆို၏။ ကုက္ကုစ္စ ဖြစ်၏။ မကြွားသောရဟန်းအား အနာပတ္တိ။ (လူမထွက်လို၍ ဆိုသည်။)
(၃၃) ထို့အတူ ကာမဂုဏ် ခံစားပါဟု ဆိုကုန်၏။ ငါသည် ကာမတို့ကို ပိတ်ဆို့အပ် ကုန်ပြီ ဟု မဝါမကြွား ဆို၏၊ အနာပတ္တိ။ (လောကီဉာဏ်ဖြင့် အပြစ်ရှု၍ ငဲ့ခြင်း မပြုပဲ ဆိုသည်။)
(၃၄) မွေ့လျော်၏လောဟု မေးကုန်၏။ လွန်စွာမွေ့လျော်ခြင်းဖြင့် မွေ့လျော်၏ ဟု မဝါမကြွား ဆို၏၊ အနာပတ္တိ။ (စာသင်ခြင်း စသည်ဖြင့် မပျင်းရိသောကြောင့် ဆိုသည်။)
(၃၅) ရဟန်းများစွာတို့သည် ကျောင်းတိုက် တခု၌ ဝါကပ်၍ ဤကျောင်းတိုက်မှ ရှေးဦးစွာ ထွက်ခွာသူကို ရဟန္တာဟု သိကုန်အံ့-ဟု ကတိကဝတ် ပြုကုန်၏။ ရဟန်းတပါးသည် ငါ့ကို ရဟန္တာဟု သိကြစေသတည်း ဟု ရှေးဦးစွာ ထွက်ခွါ၏၊ ပါရာဇိက။ (ကိစ္စရှိ၍သွားလျှင် အနာပတ္တိ။ သွားပြီးမှ စိတ်ယုတ်မာ ဝင်သဖြင့် ရဟန္တာဟု သိကြစေ ဟု ပြန်မလာသော်လည်း အနာပတ္တိ။ ခြေဖြင့်မထွက်ပဲ ယာဉ်ဖြင့်၊ တန်ခိုးဖြင့် ထွက်လျှင်လည်း အနာပတ္တိ။ ကတိကဝတ် ပြုသူအားလုံး ပြိုင်တူထွက်လျင်လည်း အနာပတ္တိ။ သို့ရာတွင် ဤကတိကဝတ်မျိုးသည် အဓမ္မိက ဖြစ်၏၊ မပြုအပ်။ ရဟန္တာဖြစ်သူ ဤကျောင်း၌ နေစေသတည်း၊ ဤသင်္ကန်း ယူစေသတည်း-ဟု ပြုရာ၌လည်း စိတ်ယုတ်မာဖြင့် နေသူ ယူသူ ပါရာဇိက။ မပြုအပ်သော ကတိကဝတ်မျိုး ဖြစ်သည်။ ဝါတွင်းသုံးလပတ်လုံး ဓူတင် ဆောင်ကြစေကုန်၊ စာမသင်ရ၊ ရှင်မပြုရ၊ စကားမပြောရ၊ ဥပစာရသိမ်၌ တည်သူ အားလည်း သံဃိကလာဘ် ပေးရမည် စသည်သည် အဓမ္မိက ကတိကဝတ်မျိုး ဖြစ်သည်၊ မပြုအပ်သည်သာတည်း။)
(၃၆) ရှင်လက္ခဏနှင့် ရှင်မောဂ္ဂလာန်တို့သည် ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံ ဝင်မည်ဟု ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာဟုန်၏။ တခုသောနေရာ၌ ရှင်မောဂ္ဂလာန်သည် အရိုးစုပြိတ္တာကို မြင်၍ ပြုံးတော်မူ၏။ ရှင်လက္ခဏက အကြောင်းမေးလတ်သော် ဘုရားရှင်ထံ ရောက်မှ မေးပါဟု ဆို၏။
ဆွမ်းကိစ္စပြီး၍ ဘုရားရှင်ထံ ရောက်၍ မေးလတ်သော် ကောင်းကင်၌သွားသော အရိုးစုပြိတ္တာကို ငါ မြင်သည်၊ လင်းတ ကျီး စွန်တို့လိုက်၍ နံကြား၌ ထိုးဆွခြင်း ကြောင့် နာကျင်စွာ မြည်တမ်းလေသည် ဟု ဆို၏။ များစွာသော ရဟန်းတို့က တရားထူး ဝါကြွားသည်ဟု ကဲ့ရဲ့ကုန်၏။
ချစ်သားတို့၊ ရှင်မောဂ္ဂလာန်သည် ဝါကြွားသည် မဟုတ်၊ မျက်စိအမြင် ရှိပေစွ။ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ နွားသတ်သမား ဖြစ်ဖူးပြီ။ ကံအကျိုးအားဖြင့် နှစ်ပေါင်းများစွာ ငရဲခံရပြီးလျှင် ကံဝိပါက် ကြွင်းဖြင့် ဤသို့သော ပြိတ္တာဖြစ်သည်။ ရှင်မောဂ္ဂလာန် အမှန်ဆိုပေသည်၊ အနာပတ္တိ။
(သစ္စာလေးပါး မမြင်သူတို့ ရသင့်သော အတ္တဘောမှ ငါလွတ်ပြီ ဟူ၍၎င်း၊ ကမ္မဝိပါကကို မကြံစည်အပ်ဟု မျက်မှောက်မြင်သိ၍ ဟောကြားသော ဘုရားရှင်၏ ဉာဏ်တော်သည် ကြီးပေစွ ဟူ၍၎င်း သတိရ၍ ပြုံးသည်၊ ပြိတ္တာ၏ဒုက္ခကို ပြုံးသည် မဟုတ်။ ဓမ္မသံဝေဂ ဖြစ်သည်။ သတ္တမဇောဖြင့် ငရဲကျ၍ ကြွင်းသော အလယ်ဇောဖြင့် ပြိတ္တာဖြစ်သည်။ ငရဲမှ စုတေအံ့သောအခါ နွားတို့၏ အရိုးစု ကမ္မနိမိတ်ကို အာရုံပြု၍ အရိုးစုပြိတ္တာဖြစ်သည်။ မိမိ၏ ဖုံးကွယ်အပ်သောကံကို ပညာရှင်တို့အား သိသာထင်ရှားအောင် ပြုသည့်ပမာ အရိုးစုပြိတ္တာ ဖြစ်ရလေသည်။)
(၃၇) ထို့အတူ ကောင်းကင်သွား အသားတုံးပြိတ္တာကို လင်းတတို့ လိုက်၍ ထိုးဆွ သည်ကို ငါမြင်သည်ဟု ဆို၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ နွားသတ်သမား ဖြစ်ဖူးသည်။
(၃၈) ကောင်းကင်သွား အသားတုံးပြိတ္တာကို ထိုးဆွသည်ကို မြင်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ ငှက်ခတ်မုဆိုး ဖြစ်ဖူးပြီ။
(၃၉) ကောင်းကင်သွား အရေမရှိသော ယောကျ်ားကို ထိုးဆွသည်ကို မြင်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ ဆိတ်သတ်သမား ဖြစ်ဖူးပြီ။
(၄၀) ကောင်းကင်သွား သန်လျက်မွေးပေါက်သော ယောက်ျားကို သန်လျက်တို့ ကျွတ်၍ ကိုယ်၌ ပြန်ဝင်သည်ကို မြင်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ ဝက်သတ်သမား ဖြစ်ဖူးပြီ။
(၄၁) ကောင်းကင်သွား လှံမွှေးပေါက်သော ယောက်ျားကို လှံကျွတ်၍ ပြန်ဝင်သည် ကိုမြင်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ သားသတ်သမား ဖြစ်ဖူးပြီ။
(၄၂) ကောင်းကင်သွား မြှားမွေးပေါက်သော ယောက်ျားကို မြှားကျွတ်၍ ပြန်ဝင် သည်ကို မြင်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ မင်းပြစ်သင့်သူကို ညှဉ်းဆဲသော ကမ္မကရဏ ပြုသူဖြစ်ဖူးပြီ။
(၄၃) ကောင်းကင်သွား အပ်မွေးပေါက်သော ယောက်ျားကို အပ်ကျွတ်၍ ပြန်ဝင်သည်ကို မြင်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ ရထားထိန်း ဖြစ်ဖူးပြီ။
(၄၄) ကောင်းကင်သွား အပ်မွေးပေါက်သော ယောက်ျားကို မြင်၏။ ထိုအပ်တို့သည် ဦးခေါင်း၌ ဝင်၍ ခံတွင်းမှထွက်ကုန်၏။ ခံတွင်း၌ဝင်၍ ရင်မှထွက်၊ ရင်ဝင် ဝမ်းထွက်၊ ဝမ်းဝင် ပေါင်ထွက်၊ ပေါင်ဝင် မြင်းခေါင်းထွက်၊ မြင်းခေါင်းဝင် ခြေထွက် ဖြစ်ကုန်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ ကုန်းချောသမား ဖြစ်ဖူးပြီ။
(၄၅) ကောင်းကင်သွား အိုးစရည်းခန့် ဝှေးစေ့ဖြင့် ယောက်ျားကို မြင်၏။ ထိုဝှေးစေ့ကို ထမ်းသွား၏။ ဖိထိုင်၏။ လင်းတတို့ ထိုးဆွကုန်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ စဉ်းလဲသော တရားသူကြီး ဖြစ်ဖူးပြီ။
(၄၆) မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်သော ယောက်ျားကို မြင်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ သူတပါး၏ မယားကို ဖျက်ဆီးသောသူ ဖြစ်ဖူးပြီ။
(၄၇) မစင်တွင်း၌ ဦးခေါင်းနှင့်တကွ မြုပ်နစ်လျက် လက်နှစ်ဖက်ဖြင့် မစင်စားသော ယောက်ျားကိုမြင်၏။ ချစ်သားတို့၊ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ ပုဏ္ဏားပျက် ဖြစ်ဖူးပြီ။ ဤပုဏ္ဏားသည် ကဿပ ဘုရားလက်ထက်၌ သံဃာကို ဆွမ်းဖြင့် ဖိတ်ပြီးလျှင် ကျင်း၌ ပစ်ထည့်၍ အလိုရှိတိုင်း စားကြပါ၊ ယူသွားကြပါ ဟု ဆိုဖူးပြီ။ ရှင်မောဂ္ဂလာန် အမှန်ဆိုပေသည်၊ အနာပတ္တိ။
(၄၈) ကောင်းကင်သွား အရေမရှိသောမိန်းမကို လင်းတတို့ထိုးဆွသည် ကိုမြင်၏။ ချစ်သားတို့၊ ဤပြိတ္တာမသည် ဤရာဇဂြိုဟ်၌ လင်ကိုလွန်၍ အကျင့်လွန်သူ ဖြစ်ဖူးပြီ။
(၄၉) ကောင်းကင်သွား အနံ့အဆင်း မကောင်းသော မိန်းမကို လင်းတတို့ ထိုးဆွသည်ကိုမြင်၏။ ချစ်သားကို၊ ပြိတ္တာမသည် ဤရာဇဂြိုဟ်၌ လူအပေါင်းကို အယူမှားစေသော နတ်ဝင်မ (နတ်ကတော်) ဖြစ်ဖူးပြီ။
(၅၀) ကောင်းကင်သွားမိန်းမကို မီးတောက်မီးဖွား ဝန်းကျင်လောင်ကျွမ်းသည်ကို မြင်၏။ ချစ်သားတို့၊ ဤပြိတ္တာမသည် ကာလိင်္ဂရာဇ်မင်း၏ မိဖုရားကြီး ဖြစ်ဖူးပြီ။ ထိုမိဖုရားကြီးသည် လင်တူမောင်းမကို ငြူစူသဖြင့် မီ အိုးကင်းဖြင့် လောင်းဖူးပြီ။
(၅၁) ကောင်းကင်သွား ဦးခေါင်းမရှိသော ပြိတ္တာကို မြင်၏။ ရင်၌သာ မျက်စိ ခံတွင်းပေါက်၏။ လင်းတတို့ ထိုးဆွဲ၏။ ချစ်သားတို့ ဤပြိတ္တာသည် ဤရာဇဂြိုဟ်၌ ဟာရိက မည်သော ခိုးသူသတ် ယောက်ျား ဖြစ်ဖူးပြီ၊ ရှင်မောဂ္ဂလာန် အမှန် ဆိုပေသည်၊ အနာပတ္တိ။
(၅၂) ကောင်းကင်သွား ရဟန်းကိုမြင်၏။ ထိုရဟန်း၏ သပိတ်သင်္ကန်း ခါးပန်းနှင့် တကွ တကိုယ်လုံးသည် ဝင်းထိန်အောင် တောက်လောင်၏။ ချစ်သားတို့၊ ဤ ပြိတ္တာသည် ကဿပဘုရားရှင် သာသနာ၌ ယုတ်မာသောရဟန်း ဖြစ်ဖူးပြီ။
(သဒ္ဓါဒေယျ ပစ္စည်းကို သုံးစားလျက် မစောင့်စည်းသူ၊ အာဇီဝပျက်သူ ဖြစ်၏။ ဘုရားနှစ်ဆူအကြား ငရဲခံရ၍ ရဟန်းအသွင်ဖြင့် ပြိတ္တာ ဖြစ်ရလေသည်။
(၅၃) ကောင်းကင်သွား ဘိက္ခုနီမကို၊
(၅၄) သိက္ခမာန်မကို၊
(၅၅) သာမဏေကို။
(၅၆) သာမဏေမကို မြင်၏။ ထို့အတူ တကိုယ်လုံး ထိန်တောက်၏။ ချစ်သားတို့၊ ဤပြိတ္တာမသည် ကဿပဘုရားရှင် သာသနာ၌ ယုတ်မာသော သာမဏေမ ဖြစ်ဖူးပြီ၊ နှစ်ပေါင်းများစွာ ငရဲခံပြီးလျှင် ကံအကျိုး ကြွင်းအားဖြင့် ဤသို့သော ပြိတ္တာမဖြစ်သည်။ ရှင်မောဂ္ဂလာန် အမှန်ဆိုပေသည်၊ အနာပတ္တိ။
(၅၇) အခါတပါး ရှင်မောဂ္ဂလာန်သည် ရဟန်းတို့ကို ဤသို့ဆို၏။ ငါ့ရှင်တို့၊ ဤ တပေါဒါမြစ်၏ အမွန်အစ စီးရာအိုင်သည် အလွန်အေးမြ၏၊ ကြည်လင်၏၊ ကောင်းသောရေရှိ၏၊ ငါးလိပ်များစွာရှိ၏၊ ကြာပန်းတို့သည် လှည်းဘီးမျှ ရှိကုန်၏၊ အလွန် မွေ့လျော်ဖွယ်ကောင်းသော ဆိပ်ကမ်းရှိ၏။ ဤသို့ ဆိုလတ်သော် တပါးသော ရဟန်းတို့က ဤမျှကျိုက်ကျိုက်ဆူ၍ ရေစီးသော တပေါဒါမြစ်ကို (ရေပူမြစ်ကို) ဤသို့ဆိုခြင်းဖြင့် ဥတ္တရိမနုဿဓမ္မဖြင့် ဝါကြွားသည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဤတပေါဒမြစ်၏ စီးရာအိုင်သည် အလွန် အေးမြသည်မှန်၏။ နှစ်ခုသော ငရဲတို့၏ အကြားဖြင့် စိးလာသောကြောင့် ကျိုက်ကျိုက်ဆူသည်။ ရှင်မောဂ္ဂလာန် အမှန်ဆိုပေသည်၊ အနာပတ္တိ။ (နဂါးပြည်မှ စီးလာသောမြစ် ဖြစ်သည်)။
(၅၈) အခါတပါး ဗိမ္ဗိသာရမင်းနှင့် လိစ္ဆဝီမင်းတို့ စစ်ထိုးကုန်၏။ ရှေးဦးစွာ ဗိမ္ဗိသာရ မင်း၏ စစ်တပ်ပျက်၏။ ထိုနောက် စုရုံး၍ ပြန်တိုက်သောအခါ လိစ္ဆဝီတို့ ရှုံးကုန်၏။ ငါတို့၏မင်းသည် လိစ္ဆဝီတို့ကိုနိုင်ပြီဟု အောင်စည်ကိုတီး၏။ ထိုအခါ ရှင်မောဂ္ဂလာန် သည် ငါ့ရှင်တို့၊ လိစ္ဆဝီတို့ကြောင့် ငါတို့ဗိမ္ဗိသာရမင်း၏ စစ်တပ်သည် ပျက်သည် ဟုဆို၏။ စစ်မြေပြင်၌ လိစ္ဆဝီတို့ရှုံး၍ အောင်စည် တီးပြီးဖြစ်လျက် အဘယ့်ကြောင့် ဤသို့ဆိုသနည်း၊ ဥတ္တရိမနုဿဓမ္မဖြင့် ဝါကြွားသည်ဟု ကဲ့ရဲ့ကြကုန်၏။ ချစ်သားတို့၊ ရှေးဦးစွာ ဗိမ္ဗိသာရမင်း၏ စစ်တပ်ပျက်သည်။ နောက်တဖန် လိစ္ဆဝီတို့ကိုနိုင်သည်။ ရှင်မောဂ္ဂလာန် အမှန်ပေဆိုသည်၊ အနာပတ္တိ။
(၅၉) အခါတပါး ရှင်မောဂ္ဂလာန်သည် ငါ့ရှင်တို့၊ ငါသည် သပ္ပိနီကာ မြစ်ကမ်းနား၌ သမာပတ်ဝင်စားစဉ် ဆင်ပြောင်တို့၏ ကြိုးကြာသံကို ကြားရသည်ဟု ဆို၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့၊ ထိုသမာဓိသည် ရှိ၏။ မစင်ကြယ်။ အမှန် ဆိုပေသည်၊ အနာပတ္တိ။
(ရဟန်းပြု၍ ခုနစ်ရက်တွင် ရဟန္တာဖြစ်၍ သမာပတ်ရှစ်ပါး၌ ဝသီဘော် မလေ့လာ ရသေးသဖြင့် မစင်ကြယ်၊ သမာပတ်မှအထတွင် ကြားသည်ကို သမာပတ် အတွင်း ကြားသည်ဟု မှတ်ထင်၍ ဆိုသည်။)
(၆၀) အရှင်သောဘိတသည် င့ါရှင်တို့၊ ငါသည် (တကြိမ်သော ဆင်ခြင်ခြင်းဖြင့်) ကမ္ဘာငါးရာ အောက်မေ့နိုင်သည် ဟုဆို၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဟုတ်ပေသည်။ တခုသောဘဝသာ ဖြစ်သည်။ ရှင်သောဘိတ အမှန်ဆိုပေသည်။ အနာပတ္တိ။
(ပုဗ္ဗေနိဝါသ ဆင်ခြင်ရာတွင် ဤဘဝပဋိသန္ဓေမြင်ပြီးနောက် တတိယ ဘဝ စုတိကိုသာ မြင်၍ အကြား၌ စိတ်ကင်းသော အတ္တဘောကို အောက်မေ့ခြင်းငှာ မတတ်နိုင်။ ထိုအခါ ငါသည် မချွတ် အသညသတ်ဘုံ၌ဖြစ်သည်ဟု နည်းယူ၍ မှတ်သားလိုက်သည်။ ကောင်းကင်၌ ခြေရာပြခြင်းတည်း။ ထို့ကြောင့် ရှင်သောဘိတ သည် ပုဗ္ဗေနိဝါသ အဘိညာဉ်ဧတဒဂ် ရသည်။ အသညသတ်ဘုံသက်သည် ကမ္ဘာ ငါးရာဖြစ်သည်)။
စတုတ္ထပါရာဇိက ပြီး၏
နိဂုံး
အာယသ္မန္တော၊ အရှင်တို့။
စတ္တာရော၊ လေးပါးကုန်သော။
ပါရာဇိကာ၊ ပါရာဇိက အမည်ရှိကုန်သော။
ဓမ္မာ၊ သိက္ခာပုဒ်တို့ကို။
(ဝါ၊ အာပတ်တို့ကို။)
ဥဒ္ဒိဋ္ဌာ ခေါ၊ သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည်သာတည်း။
ဘိက္ခု၊ ရဟန်းသည်။
ယေသံ၊ ယင်းပါရာဇိက လေးပါးတို့တွင်။
အညတရံ အညတရံ ဝါ၊ တပါးပါး ပါရာဇိကသို့လည်း။
အာပဇ္ဇိတွာ၊ ရောက်သည်ရှိသော်။
ပုရေ၊ ရှေးလူ သာမဏေအခါ၌။
ဘိက္ခူဟိ၊ ရဟန်းတို့နှင့်။
သဒ္ဓိံ၊ တကွ၊
သံဝါသံ၊ အတူပေါင်းဖော်ခြင်းကို။
န လဘတိ ယထာ၊ မရသကဲ့သို့။
တထာ၊ ထို့အတူ။
ပစ္ဆာ၊ နောက်၌။
န လဘတိ၊ မရ။
ပါရာဇိကော။ ဟောတိ။
တတ္ထ၊ ထိုလေးပါသော ပါရာဇိကတို့၌။
အာယသ္မန္တေ။ ပုစ္ဆာမိ။ ကဉ္စိ။ ပရိသုဒ္ဓါ။ အတ္ထ။ ဒုတီယမ္ပိ၊ တတီယမ္ပိ၊ ပုစ္ဆာမိ။ ကစ္စ။ ပရိသုဒ္ဓါ။ အတ္တ။
ဧတ္ထ၊ ဤပါရာဇိက၌။
အာယသ္မန္တော၊ အရှင်တို့သည်။
ယသ္မာ။ ပရိသုဒ္ဓါ၊ စင်ကြယ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
တုဏှီ၊ ဆိတ်ဆိတ်နေခြင်းသည်။
အသိ။ ဧဝံ။ ဧတံ။ ဓာရယာမိ၊ ငါသိပါ၏။
ဣတိ။ ဒုတီယော။ ပါရာဇိကုဒ္ဒေသော၊ ပါရာဇိက ပြခြင်းသည်။
သမတ္တော၊ ပြီ။
အဓိပ္ပါယ်
အရှင်ဘုရားတို့၊ ပါရာဇိက လေးပါးကို သရုပ်ထုတ်၍ ရွတ်ပြခြင်းကိစ္စကား ပြီးဆုံးပါပြီ။ ဤလေးပါးတွင် တပါးပါး ရောက်သူသည် ရဟန်းကောင်းတို့နှင့် ဥပုသ်ပြုခြင်းစသော သံဝါသကို မရနိုင်ပြီ။ ရှေးလူ သာမဏေ ဖြစ်စဉ်ကာလ၌ မရသကဲ့သို့ ပါရာဇိကသို့ ရောက်သော သူလည်းမရ။ အသံဝါသပုဂ္ဂိုလ်ဖြစ်၏။ ဤပါရာဇိက၌ စင်ကြယ်ကြ ၏လောဟု သုံးကြိမ်မေးပါသည်။ စင်ကြယ်သောကြောင့် ဆိတ်ဆိတ်နေခြင်းသည် ဖြစ်ပြီ။ ဆိတ်ဆိတ်နေခြင်းကြောင့် စင်ကြယ်ကြသည်အဖြစ်ကို သိပါ၏။ ဤတွင် ပါရာဇိကအထိ နှစ်ဥဒေသပြခြင်းပြီးပြီဟု သိမ်တွင်း၌ပြောဆိုသောစကား ဖြစ်သည်။ မစင်ကြယ်ပဲ ဆိတ်ဆိတ်နေသူအား သမ္ပဇာနမုသာဝါဒ ဖြစ်၏။ ဒုက္ကဋ်ကား ပါရာဇိက ရှိသူ၌ မသင့်နိုင်။
ပါရာဇိက ၂၄-ပါး
ဤ၌ ပါရာဇိကသရုပ် လေးပါးသာ ထုတ်ပြသော်လည်း တပါးသောနေရာ၌ ပါရာဇိကတို့နှင့် ပေါင်းလျှင် ၂၄-ပါးကို သိအပ်၏
ဘိက္ခုပါရာဇိက ၄၊
ဘိက္ခုနီပါရာဇိက အသာဓာရဏ ၄၊
(ဤကား ပါတိမောက်လာ ရှစ်ပါးတည်း။)
ပဏ္ဍုက်စသည်တို့၏ အဘဗ္ဗဘာဝ ပါရာဇိက ၁၁၊
သိက္ခာမပျက်ပဲ လူထွက်လိုသော ဘိက္ခုနီမ၏ လူထွက်ခြင်း (လူဝတ်လဲခြင်း) ပါရာဇိက ၁၊
လိင်ရှည်သော ရဟန်း၊
ကျောက်ကုန်းနူးညံ့ သော ရဟန်း၊
သူတပါးအင်္ဂါဇာတ်ကို စုပ်သောရဟန်း၊
ဝစ္စမဂ်ဖြင့် ထိုင်သော ရဟန်း၊
ဤလေးယောက်တို့ အစွမ်းဖြင့် မေထုန်အားလျော်သော အနုလောမပါရာဇိက ၄၊
ဤသို့ ပါရာဇိက ၂၄-ပါး ဖြစ်၏။
ရှစ်ပါး ပါရာ (၈)၊ အဘဗ္ဗာသွတ်(၁၁)၊
လူဝတ်သည့်နိ(၁)၊ လိင်ရှည် ကျောက်နု၊
စုပ်ထိုင်ပြု (၄)၊ ရှုံးမှု နှစ်ဆယ့်လေး။
အဘဗ္ဗ၌ အဟိတ်ပဋိသန္ဓေရှိသော ဝတ္ထုဝိပန္န (ပဏ်၊ စ္ဆာန်၊ ဥဘော) သုံးယောက်၊
ကြိယာဝိပန္န (ထေ၊ ပက်၊ ဒူသံ၊ ပဉ္စာနန်) ရှစ်ယောက်ပေါင်း ၁၁၊
နတ်ရွာလည်းတား မဂ်လည်းတား အပါယ်သွား (ပဉ္စာနန်) ငါးယောက်၊
နတ်ရွာမတား မဂ်သာတား ခြောက်ယောက်၊
ပေါင်း ၁၁-၏ ရှင်အဖြစ် တားအပ်သောကြောင့် ၁၁-ယောက်လုံး ပါရာဇိက။
သံဃာဒိသေသုဒ္ဒေသ
အာယသ္မန္တော၊ အရှင်တို့။
တေရသ၊ တဆယ့်သုံးပါးကုန်သော။
သံဃာဒိသေသာ၊ သံဃာဒိသိသ်အမည်ရှိကုန်သော။
ဣမေ ခေါ ပန ဓမ္မာ၊ ဤသိက္ခာပုဒ်တို့သည်။
ဥဒ္ဒေသံ၊ သရုပ်အားဖြင့် ပြအပ်သည်၏အဖြစ်သို့။
အာဂစ္ဆန္တိ၊ ရောက်ကုန်၏။
၁-သုက္ကဝိဿဋ္ဌိ
သုပိနန္တာ၊ အိပ်မက်၌ သုက်လွှတ်ခြင်းကို။
အညတြ၊ ကြဉ်၍။
သေဉ္စတနိကာ၊ စေတနာ ထင်ရှားရှိသော။
သုက္ကဝိဿဋ္ဌိ၊ သုက်လွှတ်ခြင်းသည်။
သံဃာဒိသေသော၊ သံဃာဒိသိသ် အမည်ရှိသော။
အာပတ္တိနိကာယော၊ အာပတ်အပေါင်းသည်။
ဟောတိ၊ ဖြစ်၏။
သေဉ္စတနိကာ
သုက်၏ တည်ရာမှ ရွေ့ခြင်းသည် သုက္ကဝိဿဋ္ဌိမည်၏။
လွန်ကျူးလိုသော စေတနာရှိလျှင် သေဉ္စတနိကာလည်း မည်၏။
အိပ်မက်မက်ရာ၌ သုက်လွှတ်ခြင်းသည် သုပိနန္တ မည်၏။
သံဃာဒိသိသ်
သံဃာ = သံဃာကို + အာဒိ = အစ၌၎င်း + သေသ = ကြွင်းသော ကာလ၌၎င်း အလိုရှိအပ်သော အာပတ်။ ဤအာပတ်မျိုးသို့ ရောက်၍ ထလိုလျှင် အစ၌ ပရိဝါသ် ပေးခြးငှာ သံဃာကို အလိုရှိအပ်၏။ ကြွင်းကာလဖြစ်သော အလယ်၌ မာနတ် ပေးခြင်း၊ အရင်းငင်ခြင်းငှာ အဆုံး၌ အဗ္ဗာန်သွင်းခြင်းငှာ သံဃာကို အလိုရှိအပ်၏။ သံဃာနှင့် ကင်း၍ ပြုနိုင်သော ကံမရှိ။
ထို့ကြောင့် “သံဃော အာဒိမှိ စေဝ သေသေ စ ဣစ္ဆိတဗ္ဗော အဿာတိ သံဃာဒိသေသော” ဟု ဗဟုဗ္ဗီဟိသမာသ် တွဲစပ်အပ်၏။ ဤအာပတ်မျိုးအပေါင်းရ၏၊ ထိုထွင် တခုကိုလည်း အာပတ်အပေါင်းဟု တင်စားအပ်၏။
အဓိပ္ပါယ်
ရာဂ၊ ကျင်ကြီး၊ ကျင်ငယ်၊ လေ၊ ပိုး၊ ဤအကြောင်းငါးပါး တပါးပါးကြောင့် အင်္ဂါ ခိုင်မာတတ်သည်။ ထိုအခါ အနာကင်းခြင်း၊ ချမ်းသာခြင်း စသော အကျိုးဆယ်ပါး တပါးပါးရည်စူး၍ အဇ္ဈတ္တ ရုပ်ဖြင့်၊ ဗဟိဒ္ဓရုပ်ဖြင့်၊ အဇ္ဈတ္တဗဟိဒ္ဓရုပ်ဖြင့်၊ ကောင်းကင်၌ ခါးလှုပ်ခြင်းဖြင့်၊ ဤလေးမျိုး တမျိုးမျိုးဖြင့် နိမိတ်ကိုလုံ့လပြုအံ့၊ ဝါ-လွတ်ခြင်းငှာ သာယာသော စေတနာဖြင့် နိမိတ်ကို လုံ့လပြုအံ့၊ အညို အရွှေ စသည်ပြားသော သုက်ဆယ်မျိုးတွင် တမျိုးမျိုးသည် တည်ရာမှ ရွေ့အံ့၊ သံဃာဒိသိသ် အာပတ် သင့်၏။ လွတ်ဆဲသာယာ၊ လွတ်ပြီးသာယာ၍ အနာပတ္တိ။
သုက်သည် သည်းခြေသလိပ် စသော အာသယဓာတ် အထူးထူးကြောင့် ဆယ်မျိုး ပြား၏။ တကိုယ်လုံး နှံ့တည်သည်။ “ကာယပသာဒ၊ ဇီဝိတ၊ ဘာဝ၊ သုက်၊ သည်းခြေ” ဤငါးမျိုးသည် ရေ၊ သား၊ သွေး ကိုယ်လုံးနှံ့ တည်သည်။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်သေယျသကကို အကြောင်းပြု၍ အားထုတ်၍ သုက်လွှတ် စေသော ဝတ္ထုကြောင့် ပညတ်၏။ အညတြ သုပိနန္တာသည် အနုပညတ်ဖြစ်၏။ အသာဓာရဏ-ပညတ်။ အနာဏတ္တိက။ မိမိအင်္ဂါ၌ လုံ့လပြုခိုင်း၍ လွတ်စေသော်ကား သံဃာဒိသိသ် သာတည်း။ ကောင်းကင်၌ ခါးလှုပ်ခြင်း ဟူသော အယုတ်ဆုံး လုံ့လမျှဖြင့် နိမိတ်၌ လုံ့လပြုအံ့၊ မလွတ်လျှင် ထုလ္လစ္စည်း။ ယင်ကောင်တသောက် မျှသော်လည်း တည်ရာမှ ရွေ့အံ့၊ ကျင်ချောင်းသို့ မရောက်သော်လည်း သံဃာဒိသိသ်။
အဋ္ဌကထာတို့၌ တည်ရာမှ ရွေ့လျှင် ကျင်ချောင်းသို့ မချွတ်ရောက်၏။ ပြင်ပသို့ မထွက်သော်လည်း သံဃာဒိသိသ်ဟု ဆို၏၊ လုံ့လမပြုအံ့၊ မလွတ်စေလိုပဲ ဆေးလိမ်းခြင်း စသည်ပြုအံ့၊ အိမ်မက်ဖြင့် လွတ်အံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ လွတ်သော်လည်း အနာပတ္တိ။ သီလဝိပတ္တိ။ စေတနာ၊ လုံ့လ၊ လွတ်ခြင်း၊ ဤကား အင်္ဂါသုံးပါးတည်း။ သမုဋ္ဌာန်စသည် ပထမပါရာဇိက တူ၏။
ဝတ္ထုစသည် မှတ်ဖွယ်
သာဝတ္ထိ ဇေတဝန် ရှင်သေယျသကသည် မမွေ့လျော်ခြင်းဖြင့် ပိန်ချုံး၏။ ရှင်ဥဒါယီက ငါ့ရှင်၊ မမွေ့လျော်လျှင် အလိုရှိတိုင်း ၀၀စား၊ ၀၀အိပ်၊ ၀၀ရေချိုးလော့၊ မမွေ့လျော်ခြင်း နှိပ်စက်သောအခါ လုံ့လပြု၍ သုက်ကိုလွတ်စေလော့ ဟု ဆို၏။ ဤသို့ပြု၍ အပ်ပါမည်လောဟု ပြန်မေးလတ်သော် အပ်ပါသည်၊ ငါလည်း ဤသို့ပြုသည် ဟု ဆို၏။ ထို့နောက် ရှင်သေယျသကသည် ဝဖြိုး၏။ အဖော် ရဟန်းများက အဘယ်ဆေးဖြင့် ဝသနည်းဟု မေးလတ်သော် ထိုအကြောင်းကို ပြောပြ၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် မူလပညတ်ကို ပညတ်တော်မူ၏။
အခါတပါး ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို စား၍ သတိသမ္ပဇည ကင်းလျက် အိပ်စက်ကုန်၏။ အိပ်ပျော်စဉ် အိပ်မက်ဖြင့် သုက်လွှတ်၍ အလို့လို့ ဖြစ်ကုန်၏။ ချစ်သားတို့၊ အိပ်မက်၌ လွတ်စေလိုသော စေတနာသည် ရှိ၏၊ ရှိသော်လည်း မပြာပလောက် အဗ္ဗောဟာရိက ဖြစ် သည်ဟု မိန့်၍ အနုပညတ်ဖြင့် တဖန် ပညတ်ရပြန်သည်။
မာတိကာ ၂၄-ပါး
အဇ္ဈတ္တရုပ်၊ ဗဟိဒ္ဓရုပ်၊ အဇ္ဈတ္တဗဟိဒ္ဓရုပ်၊ ကောင်းကင်၌ ခါးလှုပ်ခြင်းဖြင့် (၄)၊ ရာဂကြောင့်၊ ကျင့်ကြီးကြာင့်၊ ကျင်ငယ်ကြောင့်၊ လေခတ်ခြင်းကြောင့်၊ ပိုးခဲခြင်း ကြောင့် ခိုင်မာသောအခါ (၅)၊ အနာကင်းခြင်း၊ သုခဝေဒနာဖြစ်ခြင်း၊ ဆေးအလှူ ကောင်းမှု၊ ယဇ်ပူဇော်ခြင်း၊ နတ်ပြည်၊ မျိုးစေ့၊ စုံစမ်းခြင်း၊ မြူးထူးခြင်း အကျိုးငှာ (၁၀)၊ ညို၊ ရွှေ၊ နီ၊ ဖြူ၊ ရက်တက်၊ ရေ၊ ဆီ၊ နို့၊ နို့ဓမ်း၊ ထောပတ် အဆင်းရှိသော သုက်ကို (၁၀) လွတ်စေခြင်းဟု မာတိကာ ၂၄-ပါးဖြင့် ဝေဖန်သည်။
ဝိနီတဝတ္ထု ၇၀
(၁) ရဟန်းတပါးသည် အိပ်မက်ဖြင့် သုက်လွှတ်၏။ ကုက္ကုစ္စဖြစ်၏။ အနာပတ္တိ။
(၂) ရဟန်းတပါးသည် ကျင်ကြီးစွန့်စဉ်၊
(၃) ကျင်ငယ်စွန့်စဉ် လွတ်၏၊ လွတ်စေလိုသောစိတ်မရှိသော ရဟန်းအား အနာပတ္တိ။
(အနာပတ္တိ ဖြစ်သော်လည်း ဝိတက်အလို မလိုက်ရ။)
(၄) ရဟန်းတပါးသည် ကာမဝိတက်ကြံစည်လွတ်၏၊ ကြံသောရဟန်အား အနာပတ္တိ။
(၅) ရေနွေးချိုးစဉ်လွတ်၏။ အဘယ်စိတ်ရှိသနည်း။ လွတ်စေလိုသောစိတ်မရှိပါ၊ လွတ်စေလိုသော စိတ်မရှိသောရဟန်းအား အနာပတ္တိ။
(၆) လွတ်စေလို၍ ရေနွေးချိုးစဉ် လွတ်၏။ သံဃာဒိသိသ်။
(နိမိတ်ကို ရေနွေးလောင်း၍ လောင်း၍ချိုးသည်)။
(၇) လွှတ်စေလို၍ ရေနွေးချိုးစဉ် မလွတ်၊ ထုလ္လစ္စည်း။
(အားထုတ်ခြင်း မရှိသောကြောင့်တည်း။)
(၈) အင်္ဂါဇာတ်၌ အနာရှိ၍ ဆေးလိမ်းစဉ် လွတ်၏၊ အနာပတ္တိ။
(၉) လွတ်စေလို၍ ဆေးလိမ်းစဉ်၊ လွတ်၏၊ သံဃာဒိသိသ်၊
(၁၀) မလွတ်၊ ထုလ္လစ္စည်း။
(၁၁၊၁၂၊၁၃) ဝဲနာဖျောက်စဉ် လွတ်၏။ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း၊
(၁၄၊၁၅၊၁၆) ခရီးသွားစဉ် လွတ်၏၊ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(ခရီးသွားစဉ် အင်္ဂါခိုင်လျှင် မသွားအပ်၊ ရပ်၍ အသုဘစသည်ဖြင့် ဆုံးမ၍ စင်ကြယ်မှ ကမ္မဋ္ဌာန်းဖြင့် သွားရသည်။ ရပ်၍ မပယ်ဖျောက်နိုင်လျှင် လမ်းဘေး၌ ထိုင်၍ ပယ်ဖျောက်ရသည်။)
(၁၇၊၁၈၊၁၉) သိုအိမ်ကိုကိုင်၍ (ကလေးကဲ့သို့) ကျင်ငယ်စွန့်စဉ်၊ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၂၀၊၂၁၊၂၂) စရုံးအိမ်၌ ဝမ်းဗိုက်မီးကင်စဉ် အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(ဝမ်းဗိုက်သက်သက်ကပ်လျှင်၊ လွတ်စေလို၍ လွတ်လျှင်လည်း အနာပတ္တိသာ တည်း။)
(၂၃၊၂၄၊၂၅) စရုံးအိမ်၌ ဥပဇ္ဈာယ်အား ချေးတွန်းစဉ် လွတ်၏၊ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(နိမိတ်လှုပ်စေလျက် တွန်းသည်)
(၂၆၊၂၇၊၂၈) ပေါင်ကို ထိခိုက်ခိုင်းစဉ်၊ လွတ်၏၊ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(အင်္ဂါကိုလည်း ထိခိုင်းသောကြောင့် အာပတ်တပ်သည်။)
(၂၉) ရဟန်းတပါးသည် စေတနာနှင့်တကွ သာမဏေကို မိမိနိမိတ် ကိုင်စေ၏။ ကိုင်စဉ် လွတ်၏၊ သံဃာဒိသိသ်။
(၃၀) အိပ်ပျော်သော သာမဏေ၏ အင်္ဂါကိုကိုင်စဉ် မိမိလွတ်၏၊ ဒုက္ကဋ်။
(၃၁၊၃၂) စောတနာနှင့်တကွ ပေါင်ဖြင့်ညှပ်စဉ် လွတ်၏၊ သံဃာဒိသိသ်။ မလွတ်၊ ထုလ္လစ္စည်း။
(၃၃၊၃၄) စေတနာနှင့် လက်ဖြင့်ဆုပ်စဉ်။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၃၅၊၃၆) စေတနာနှင့် ကောင်းကင်၌ ခါးလှုပ်စဉ်၊ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၃၇၊၃၈၊၃၉) အညောင်းပြေ ကိုယ်ဆန့်စဉ်။ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၄၀) ရဟန်းတပါသည် တပ်သောစိတ်ဖြင့် မာတုဂါမ၏အင်္ဂါဇာတ်ကို တစိမ့်စိမ့်ရှု၏။ ရှုစဉ် လွတ်၏၊ အနာပတ္တိ။ ချစ်သားတို့၊ တပ်သောစိတ်ဖြင့် မာတုဂါမ အင်္ဂါဇာတ်ကို မရှုအပ်၊ ဒုက္ကဋ်။
(အဝတ် အထပ်ထပ် ရှိစေကာမူ ရှေ့မှ၎င်း၊ နောက်မှ၎င်း ဤနေရာ၌ နိမိတ်ဟု မှန်းကြည့်လျှင်လည်း ဒုက္ကဋ်။ အဝတ်လပ်သော သူငယ်မ၌ ဆိုဖွယ်မရှိ။ တိရစ္ဆာန် လည်း ဤအတူတည်း။ ကြာမြင့်စွာ စိုက်ကြည့်သော်လည်း ပယောဂတကြိမ်၊ ဒုက္ကဋ် တချက်။ မှိတ်ခြင်း ဖွင့်ခြင်းဖြင့် မဆုံးဖြတ်ရ။ မြင်မိလျှင် ဆင်ခြင်၍စောင့်စည်းရာ၏။ အနာပတ္တိ။)
(၄၁) ရဟန်းတပါးသည် စေတနာနှင့်တကွ သံကောက်ပေါက်၌ အင်္ဂါဇာတ်သွားစဉ် လွတ်၏၊ သံဃာဒိသိသ်၊
(၄၂) မလွတ်၊ ထုလ္လစည်း။
(၄၃၊၄၄) စေတနာနှင့် သစ်သားဖြင့် အင်္ဂါကို ပုတ်ခတ်စဉ်၊ ထုလ္လစ္စည်း။
(၄၅၊ ၄၆ ၄၇) ရေအလျဉ်သို့ ရှေးရှုလှည့်၍ ရေချိုးစဉ်။ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(ရေအလျဉ်ကို နိမိတ်ဖြင့် ပုတ်ခတ်သောကြောင့် အာပတ်တပ်သည်။)
(၄၈၊ ၄၉၊ ၅၀) ညွှန်ရေကို ကစားစဉ်။ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၅၁၊ ၅၂၊ ၅၃) ရေ၌ ပြေးစဉ်။ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၅၄၊ ၅၅၊ ၅၆) ပန်းပွင့်အစဉ်၌ ကစားစဉ်။ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(ကစားမူ ဒုက္ကဋ်မလွတ်။)
(၅၇၊ ၅၈၊ ၅၉) ကြာတော၌ ပြေးစဉ်။ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၆၀၊ ၆၁) စေတနာနှင့် အင်္ဂါဇာတ်ကို သဲသို့သွင်းစဉ်။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၆၂၊၆၃) စေတနာနှင့် ညွှန်သို့သွင်းစဉ်။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၆၄၊ ၆၅၊ ၆၆) ရေဖြင့် လောင်းစဉ်။ အနာပတ္တိ။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၆၇၊ ၆၈) စေတနာဖြင့် အိပ်ရာထဲ၌ အင်္ဂါကို ပုတ်ခတ်စဉ်။ သံဃာဒိသိသ်၊ ထုလ္လစ္စည်း။
(၆၉၊ ၇၀) စေတနာနှင့် လက်မ ပုတ်ခတ်စဉ် လွတ်၏၊ သံဃာဒိသိသ်။ မလွတ်၊ ထုလ္လစ္စည်း။
၂-ကာယသံသဂ္ဂ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
သြတိဏ္ဏော၊ ရာဂသက်ဝင်သည်ဖြစ်၍။
ဝိပရိဏတေန၊ ဖောက်ပြန်သော။
စိတ္တေန၊ စိတ်ဖြင့်။
မာတုဂါမံ၊ မာတုဂါမကို။
သဒ္ဓိံ၊ တကွ။
ကာယသံသဂ္ဂံ၊ ကိုယ်လက်နှီးနှောခြင်းသို့်။
သမာပဇ္ဇေယျ၊ ရောက်ငြားအံ့။
ဟတ္ထဂ္ဂါဟံ ဝါ၊ လက်ကိုင်ခြင်းသို့၎င်း။
ဂေဏိဂ္ဂါဟံ ဝါ၊ ဆံထုံးကိုင်ခြင်းသို့၎င်း။
အညတရဿ ဝါ အညတရဿ ဝါ၊ တပါးပါးလည်းဖြစ်သော။
အင်္ဂဿ၊ အင်္ဂါကြီးငယ်ကို။
ပရာမသနံ၊ သုံးသပ်ခြင်းသို့။
သမာပဇ္ဇေယျ။ တဿ ဘိက္ခုနော၊ ထိုရဟန်းအား။
သံဃာဒိသေသော။ အာပတ္တိနိကာယော။ ဟောတိ။
အဓိပ္ပါယ်
ရာဂဖြင့်တပ်သောစိတ်ရှိသော ရဟန်းသည် ဩတိက္က မည်၏။ ရာဂဘီလူး ပူးကပ် သက်ဝင်အပ်သူဟူ၍၎င်း၊ ရာဂချောက်တွင်း လိမ့်ဆင်း သက်ဝင်တတ်သူ ဟူ၍၎င်း ဆိုလိုသည်။ သတိသမ္ပဇည နည်းပါး၍ စိတ်မခိုင်သူ ဘီလူးပူး ခံရသည်။ ယောနိသောမနသိကာရ လက်လွတ်၍ သင့်အောင် မကြည့်သူ ချောက်တွင်း ကျတတ်သည်။ ရာဂဖြင့်၊ ဒေါသဖြင့်၊ မောဟဖြင့် ဖောက်ပြန်သောစိတ်သည် ဝိပရိဏတမည်၏။ ဤသိက္ခာပုဒ်၌ကား ရာဂဖြင့် ဖောက်ပြန်သောစိတ်သည် ပိပရိဏတ မည်၏။
(ဤ၌ ဖောက်ပြန် ဟူသည် အပြစ် ကင်းစင်သော ဘဝအစဉ် ပင်ကိုသဘောကို စွန့်၍ အပြစ်မကင်းသောစိတ် ဖြစ်လာခြင်းတည်း။)
အသက်ရှိသော လူမိန်းမသည် ဖွားမြင်သည်မှစ၍ ဤသိက္ခာပုဒ်၌ မာတုဂါမ မည်၏။ လက်ကိုင်ခြင်း၊ ဆံထုံးကိုင်ခြင်း၊ မေးတို့ခြင်းစသော ကိုယ်ခန္ဓာ ရောယှက်ခြင်းသည် ကာယသံသဂ္ဂ မည်၏။
(ကာယသံသဂ္ဂံ သမာပဇ္ဇေယျဖြင့် ကာယသံသဂ္ဂစွမ်းဖြင့်သာ ဤသိက္ခာပုဒ်၌ ဩတိဏ္ဏ၊ ဝိပရိဏတ ဟုယူရသည်။ မေထုနရာဂ၊ ဒုဋ္ဌုလ္လဝါစာ ရာဂစသည် အစွမ်းဖြင့် မယူရ။)
တံတောင်ဆစ်မှ လက်သည်းဖျားအထိ ဟတ္ထ မည်၏။ ဆံပင်သည် ဝေဏိ မည်၏။ ထုံးသော်၎င်း၊ မထုံးသော်၎င်း ဆံစည်းကြိုး၊ ပန်း၊ ဆံထုံး၊ ပုလဲသွယ် စသည်တို့နှင့် ရောသော်၎င်း၊ မရောသော်၎င်း ဝေဏိသာတည်း၊ (မွေးညင်းကိုလည်း ဝေဏိသဒ္ဒါဖြင့် ယူရသေးသည်။)
ကြွင်းသော အင်္ဂါကြီးငယ်သည် အညတရ အညတရအင်္ဂ မည်၏။ ဆိုပြီးသော လက်ကို၊ ဆံထုံးကို၊ ကြွင်းအင်္ဂါတခုခုကို ကာယသံသဂ္ဂရာဂဖြင့် ကိုင်အံ့၊ သံဃာဒိသိသ် အာပတ်အပေါင်းသင့်၏။ (တပါးသောရာဂဖြင့် ဤအာပတ်မသင့်။)
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥဒါယီ ကိုယ်လက်နှီးနှောခြင်းကြောင့် ပညတ်၏။ အနုပညတ်မရှိ။ အသာဓာရဏ။ အာဏတ္တိက၊ မိန်းမ၌ မိန်းမဟု အမှတ်ရှိ၍ အယုတ်ဆုံး အမွှေးဖြင့် အမွှေးကို ထိစေအံ့၊ မိန်းမက လာထိလျှင် ခံစားလိုခြင်းဖြင့် အားထုတ်၍ အတွေ့ ဖဿကို သာယာအံ့၊ သံဃာဒိသိသ်။
လက်တဖက်ဖြင့်ကိုင်လျက် တဖက်ဖြင့် ထိုထိုနေရာ တနေ့လုံး ထိအံ့၊ အာပတ် တခုသာတည်း။ တနည်း၊ မကိုင်ပဲ ဦးခေါင်းမှ ဖဝါးတိုင်အောင် စုန်ဆန်ကာ ကိုယ်မှမလွှတ်ပဲ ထိအံ့၊ အာပတ်တခုသာတည်း။ လက်ငါးချောင်းကို တပြိုင်တည်း ကိုင်လည်း အာပတ်တခုသာတည်း။ မိန်းမငါးယောက်၏ လက်ငါးချောင်းကို ပြိုင်တူ ကိုင်အံ့၊ အာပတ်ငါးခု။ မိန်းမ၌ ယုံမှားရှိအံ့၊ ပဏ္ဍုက် ယောက်ျား၊ တိရစ္ဆာန်ဟု အမှတ်ရှိအံ့၊ ထုလ္လစ္စည်း။
လူမိန်းမ၌ ကာယပဋိဗဒ္ဓဖြင့် ကာယပဋိဗဒ္ဓကို ထိအံ့၊ ယောက်ျားကိုယ်ကို ထိအံ့၊ ဒုက္ကဋ်။
မဟာပစ္စရီ၌ မိန်းမကိုယ်ကို ထိအံ့ဟု အဝတ်ကို ထိအံ့၊ ထုလ္လစ္စည်း။
အဝတ်ကို ထိအံ့ဟု အသားကို ထိအံ့၊ သံဃာဒိသိသ်ဟု ဆို၏၊
မေထုနရာဂဖြင့် ကိုင်အံ့၊ ဒုက္ကဋ်သာတည်း။
မိန်းမ၏ ထိခြင်းကို ကိုယ်ဖြင့်လုံ့လမပြုပဲ အတွေ့သာယာအံ့၊ လွတ်အောင် ရုန်းခြင်းဖြင့် မိန်းမကို ထိအံ့၊ စေတနာ မရှိအံ့၊ သတိမရအံ့၊ မသိအံ့၊ မသာယာအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
သီလဝပတ္တိ၊ လူမိန်းမဖြစ်ခြင်း၊ မိန်းမဟုအမှတ်ရှိခြင်း၊ ကာယသံသဂ္ဂရာဂရှိခြင်း၊ ထိုရာဂဖြင့် လုံ့လပြုခြင်း၊ လက်ကိုင်ခြင်း စသည်တို့သို့ ရောက်ခြင်း၊ ဤကား အင်္ဂါ ငါးပါးတည်း။ သမုဋ္ဌာန်စသည် ပဌမပါရာဇိကနှင့် တူ၏။
ဝတ္ထု
သာဝတ္ထိ၊ ဇေတဝန် ရှင်ဥဒါယီသည် တောကျောင်း၌ နေ၏။ ထိုတောကျောင်းသည် အလယ်၌ အခန်းရှိ၏။ ဝန်းကျင် စမြင်လှည့်၏။ အခင်းအကျင်း ကောင်း၏၊ လူတို့လာ၍ လာ၍ ကြည့်ရှုကုန်၏။ တနေ့သ၌ ပုဏ္ဏားလင်မယားနှစ်ယောက်လာ၍ ကြည့်ရှု၏။ ရှင်ဥဒါယီသည် အခန်းတံခါး တို့ကို အချို့ဖွင့်၍ အချို့ပိတ်၍ လိုက်ပြစဉ် အခန်းတွင်းသို့ လှည့်ဝင်၍ ပုဏ္ဏား၏နောက်မှ လိုက်သော ပုဏ္ဏေးမကို အင်္ဂါ ကြီးငယ်၌ သုံးသပ်၏။ ပြန်လာကြသောအခါ ပုဏ္ဏားသည် ရှင်ဥဒါယိကို များစွာ ချီးမွမ်း၏။ ပုဏ္ဏေးမသည် လျှို့ဝှက်ထားလိုသော်လည်း ပုဏ္ဏားကြီး ရဟန်း ပြုသွားမည်ကို စိုးရိမ်သဖြင့် ရှင်ဥဒါယီသည် ငါ၏အင်္ဂါကြီးငယ်ကို သင်ကဲ့သို့ သုံးသပ်သည်ဟု ဖွင့်ပြောလိုက်သည်။ ပုဏ္ဏားကြီးသည် များစွာကဲ့ရဲ့၏။ ထို့ကြောင့် ပညတ်သည်။
မာတိကာ
ရှေးရှုသုံးသပ်ခြင်း၊ ထိုမှ ဤမှ ရွှေ့၍သုံးသပ်ခြင်း၊ အောက်သို့ သက်၍ သုံးသပ်ခြင်း၊ အထက်သို့ဆန်၍ သုံးသပ်ခြင်း၊ (၄)။ အောက်သို့ ခုန်ကျော်၍ သုံးသပ်ခြင်း၊ အထက်သို့ ခုန်ကျော်၍ သုံးသပ်ခြင်း၊ ဆွဲခြင်း၊ တွန်းခြင်း၊(၄)။ နှိပ်ခြင်း၊ ညှပ်ခြင်း၊ ကိုင်ခြင်း၊ တို့ခြင်း၊ (၄)။ ဤသို့ မာတိကာ ၁၂-ပါးဖြင့် ဝေဖန်သည်။
ဝိနီတဝတ္ထု၊ ၂၀
(၁) ရဟန်းတပါးသည် မိခင်ဟူသော ချစ်ခြင်းဖြင့် မိခင်အား သုံးသပ်၏။ ကုက္ကုစ္စ ဖြစ်၏။ သံဃာဒိသိသ်ဖြင့် အနာပတ္တိ။ ဒုက္ကဋ် သင့်၏။
(မိခင်ဖြစ်စေ၊ သမီးဖြစ်စေ၊ မိန်းမဟူသည် ဗြဟ္မစရိယ၏ အန္တရာယ်သာ။ ထို့ကြောင့် အယုတ်ဆုံး ဒုက္ကဋ်။ မိခင်ရေမျောသည်ကိုပင် ဆင်းမဆယ်အပ်။ လှေကို၊ ဝါးကို၊ ကြိုးကို ရှေ့၌ ချအပ်၏။ သင်္ကန်းကိုသော်လည်း ချအပ်၏။ ဤ၌ ဆွဲဟု မဆိုအပ်။ ဤ၌ဆွဲသူ ချမ်းသာတတ်သည်ဟု ပြောအပ်၏။ ဆွဲသောအခါ ပရိက္ခရာကို ငင်မည် ဟု ငင်အပ်၏။ လန့်၍ မိမိကို ခုန်ဆွဲတက်စိးလျှင် မခါတွက်အပ်။ ကုန်းသို့ အရောက်ပို့အပ်၏။ မိန်းမ၏ အသုံးအဆောင်ကို ထန်းရွက်လက်စွပ်မျှပင် မကိုင်အပ်။ ကပ္ပိယပစ္စည်းကို ကိုင်အပ်၏။)
(၂) ရဟန်းတပါးသည် သမီးချစ်စိတ်ဖြင့် ကိုင်၏၊
(၃) နှမအား ချစ်စိတ်ဖြင့် ကိုင်၏။ ဒုက္ကဋ်။
(၄) မယားဟောင်းအား ကိုင်၏၊ သံဃာဒိသိသ်။
(၅၊ ၆) ဘီလူးမအား၊ ပဏ္ဍုက်အား သုံးသပ်၏၊ ထုလ္လစ္စည်း။
(ပရနိမ္မိတနတ်သမီးဖြစ်စေ၊ ထုလ္လစ္စည်း။)
(၇) အိပ်ပျော်သော မိန်းမအား-သံဃာဒိသိသ်။
(၈) သေသောမိန်းမအား-ထုလ္လစ္စည်း။
(ပါရာဇိက မလောက်အောင် ပုပ်သောအခါ-ဒုက္ကဋ်။)
(၉) တိရစ္ဆာန်မအား ဒုက္ကဋ်။ (ကိန္နရာမ၊ နွားမ၊ နဂါးမအားလည်း- ဒုက္ကဋ်။)
(၁၀) သစ်သားမိန်းမရုပ်အား ဒုက္ကဋ်။ (ရေးသော မိန်းမရုပ်အားလည်း ဒုက္ကဋ်။)
(၁၁) များစွာသော မိန်းမတို့သည် ရဟန်းတပါးကို ညှပ်၍ လက်မောင်း အဆက်ဆက်ဖြင့် ဆောင်ကုန်၏။ ချစ်သား၊ သာယာ သလော။ မသာယာပါဘုရား။ မသာယာသော ရဟန်းအား အနာပတ္တိ။
(၁၂) ရဟန်းတပါးသည် မိန်းမလျှောက်သော တံတားကို တပ်သောစိတ်ဖြင့် လှုပ်၏၊ ဒုက္ကဋ်။ (လှုပ်စေခြင်းငှာ မတတ်နိုင်လည်း ဒုက္ကဋ်။)
(၁၃) မိန်းမတယောက်ကို တပ်သောစိတ်ဖြင့် ပခုံးစွန်းဖြင့် ပုတ်ခတ်၏၊ သံဃာဒိသိသ်။
(၁၄) မိန်းမတက်သော သစ်ပင်ကို၊
(၁၅) လှေကို တပ်သောစိတ်ဖြင့် လှုပ်၏၊ ဒုက္ကဋ်။
(၁၆၊ ၁၇) မိန်းမကိုင်သောကြိုးကို၊ တောင်ဝှေးကို၊ တပ်သောစိတ်ဖြင့် ဆွဲ၏၊ ထုလ္လစ္စည်း။
(ကြိုး၊ တောင်ဝှေး ကြီးလွန်း၍ မလှုပ်နိုင်လျှင် ဒုက္ကဋ်။ မြေ၌ လဲနေသော သစ်တုံးကြီး ၌လည်း ထို့အတူတည်း။)
(၁၈) မိန်းမကို တပ်သော စိတ်ဖြင့် သပိတ်ဖြင့်တွန်း၏။ ထုလ္လစ္စည်း။
(၁၉) မိန်းမတယောက်သည် ဦးတိုက်၍ ရှိခိုး၏။ ရဟန်းသည် တပ်သောစိတ်ဖြင့် ခြေကိုလှုပ်၏၊ သံဃာဒိသိသ်။
(ခြေကိုဆုပ်နယ်ကာ ရှိခိုးလိုသော မိန်းမကို တားရသည်။ မတားသာလျှင် ခြေကို အဝတ်ဖြင့်ဖုံး၊ မဖုံးသာလျှင် မတုန်မလှုပ်နေ။ အကျိုးကား စိတ်ဖြင့် သာယာ သော်လည်း မတုန်လှုပ်သူအား အနာပတ္တိ။)
(၂၀) ရဟန်းတပါးသည် မိန်းမကို ကိုင်မည်ဟု အားထုတ်၏။ မကိုင်၊ ဒုက္ကဋ်။
၃-ဒုဋ္ဌုလ္လဝါစာ
ယောပန ဘိက္ခု။ ဩတိဏ္ဏော။ ဝိပရိဏတေန။ စိတ္တေန။
မာတုဂါမံ၊ မာတုဂါမကို။
ဒုဋ္ဌုလ္လဟိ၊ ရုန့်ရင်းကုန်သော။
ဝါစာဟိ၊ စကားတို့ဖြင့်။
ဩဘာသေယျ၊ ပြက်ရယ်စကား ပြောဆိုငြားအံ့။
ယုဝါ၊ လုလင်ပျိုသည်။
ယုဝတိံ၊ မိန်းမပျိုကို။
မေထုနုပသံဟိတာဟိ၊ မေထုန်နှင့် စပ်သော စကားတို့ဖြင့်။ (ဝါစာဟိကိုငဲ့။)
ဩဘာသေယျယထာ၊ ပြက်ရယ်စကား ပြောဆိုသကဲ့သို့။
ဩဘာသေယျ။ တဿ ဘိက္ခုနော။ သံဃာဒိသေသော။
အဓိပ္ပါယ်
ဤသိက္ခာပုဒ်၌ ရုန့်ရင်းသော စကားကို သာယာသော ရာဂအစွမ်းဖြင့် ဩတိဏ္ဏ၊ ဝိရိဏတကို ယူရသည်။ ကာယသံသဂ္ဂရာဂ အစွမ်းဖြင့် မယူရ။ မာတုဂါမကိုလည်း ရုန့်ရင်း၊ မရုန့်ရင်း မှတ်သား နိုင်သော လူမိန်းမကိုသာ ယူရသည်။ သက်ရှိလူမ ဖြစ်ရုံမျှကို မယူရ။ ဝစ္စမဂ်၊ ပဿာဝမဂ်၊ မေထုနဓမ္မ၊ ဤသုံးခုနှင့် စပ်သော စကားသည် ဒုဋ္ဌုလ္လဝါစာ မည်၏။ ထိုသုံးခုနှင့် စပ်သော မသူတော်စကားကို လွန်ကျူး ပြောဆိုခြင်းသည် ဩဘာသေယျ မည်၏။ လုလင်ပျို ၊ မိန်းမပျို ဥပမာဖြင့် မငဲ့မကွက် ပြောဆိုခြင်းကို ပြသည်။ မေထုနုပသံဟိတာဟိဖြင့် ရုန့်ရင်းစကား အကြီးဆုံးကို ပြသည်။ ဒုဋ္ဌုလ္လဝါစာ၌ သာယာသော ရာဂဖြင့် သိတတ်သော မာတုဂါမကို ဒုဋ္ဌုလ္လဝါစာ ပြောအံ့၊ သံဃာဒိသိသ်။
အာပတ္တိကရ ခြောက်ခွန်း
မသူတော်စကားသည် - ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ တောင်းခြင်း၊ သွယ်ဝိုက်၍ တောင်းခြင်း၊ မေးခြင်း၊ သွယ်ဝိုက်၍ မေးခြင်း၊ မေး၍ ပြောပြခြင်း၊ ဆုံးမစကား ပြောပြခြင်း၊ ဆဲခြင်းဟု ကိုးမျိုးရှိ၏။
ထိုတွင် ချီးမွမ်း၊ ကဲ့ရဲ့ နှစ်မျိုးသည် မဂ်နှစ်ခုစပ်မှ အာပတ်။ တောင်း၊ မေး၊ ပြော၊ ခြောက်မျိုးသည် မေထုန်နှင့်စပ်မှ အာပတ်။ ဆဲခြင်းတမျိုးသည် နင့်အသားစွန်း ရှည်ထွက်သည်၊ မဂ်နှစ်ခု စပ်နေသည်၊ ဥဘတောဗျည်း ဖြစ်သည်ဟု ဆဲခြင်းသုံးခု ဖြစ်၏။ ပင်ကိုအာပတ်။
ဤသို့ ဆဲသုံးခု၊ မဂ်နှစ်ခု၊ မေထုန်တခု၊ ပေါင်းခြောက်ခုသည် အာပတ္တိကရ စကား ခြောက်ခွန်းမည်၏။
(ဆဲခြင်း၌ ဒေါသဖြင့် ကြမ်းတမ်းစွာဆဲလျှင် အာပတ်ငယ်၊ ရာဂဖြင့် နူးညံ့စွာဆဲလျှင် အာပတ်ကြီး။)
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥဒါယီသည် ရုန့်ရင်းသော စကားတို့ဖြင့် ပြက်ရယ်ပြောဆို ခြင်းကြောင့် ပညတ်၏။ အသာဓာရဏ၊ အနာပတ္တိက။ မိန်းမ၌ မိန်းမဟု မမှတ်ရှိ၍ လက်ဆုပ်ပြခြင်းမျှဖြင့်လည်း မသူတော်စကား ပြက်ရယ်ဆိုငြားအံ့။ ထိုမိန်းမသည် ထိုခဏ၌ ထိုအဓိပ္ပါယ်ကို သိလျှင် သံဃာဒိသိသ်၊ မသိလျှင် ထုလ္လစ္စည်း။ ပဏ္ဍုက်၌ ပဏ္ဍုက်သညာရှိအံ့၊ ထုလ္လစ္စည်း။ မာတုဂါမ သညာရှိအံ့၊ ဒုက္ကဋ်။
အဖန်ဖန်ဆိုခြင်း၊ မိန်းမအများကို တခွန်းမျှ ဆိုခြင်းတို့၌ စကားအရေအတွက်၊ မိန်းမ အရေအတွက်အားဖြင့် အာပတ်ဖြစ်၏။ ရည်စူး၍ဆိုရာ၌ ရည်စူးအပ်သော မိန်းမ မသိလျှင် ထုလ္လစ္စည်း။ ညှပ်ရိုးနှစ်ဖက်အောက် ဒူးဝန်းနှစ်ဖက်အထက်ကို ရည်၍ ချီးမွမ်းခြင်း စသည် ပြုအံ့၊ ထုလ္လစ္စည်း။ ပဏ္ဍုက်၌ ဒုက္ကဋ်။ ညှပ်ရိုးနှင့် ဒူး၌လည်း ဒုက္ကဋ်။ အနက်ကို၊ ပါဠိကို၊ ဆုံးမခြင်းကို ရှေးရှု၍ ဆိုအံ့၊ ဥမ္မတ္တကစသည်ဖြစ်အံ့၊ အနာပတ္တိ။ သီလဝိပတ္တိ။
လူမိန်းမဖြစ်ခြင်း၊ မိန်းမဟု အမှတ်ရှိခြင်း၊ ဒုဋ္ဌုလ္လဝါစာဿာဒ ရာဂရှိခြင်း၊ ထိုရာဂဖြင့် ပြက်ရယ်ဆိုခြင်း၊ ထိုခဏသိခြင်း၊ ဤကား အင်္ဂါ ငါးပါးတည်း။
အဒိန္နာဒါနသမုဋ္ဌာန်၊ ကြိယ၊ သညာဝိမောက္ခ၊ သစိတ္တက၊ လောကဝဇ္ဇ၊ ကာယကံ ဝစီကံ၊ အကုသလစိတ္တ၊ ဒွိဝေဒန-သိက္ခာပုဒ် ဖြစ်၏။
ဝတ္ထု
သာဝတ္ထိ၊ ဇေတဝန် ရှင်ဥဒါယီသည် တောကျောင်း၌ နေ၏။ ကျောင်းသည် အလွန် ကြည့်ရှုဖွယ် ကောင်း၏။ မိန်းမများစွာတို့သည် ကြည့်ရှုရန် သွားကုန်၏။ ရှင်ဥဒါယီ သည် ထိုမိန်းမတို့ကို လှည့်ပြပြီးလျှင် ထိုမိန်းမတို့၏ ဝစ္စမဂ်၊ ပဿာဝမဂ်ကို ရည်၍ ချီးမွမ်း၏၊ ကဲ့ရဲ့၏၊ တောင်း၏၊ သွယ်ဝိုက်၍ တောင်း၏၊ မေး၏၊ သွယ်ဝိုက်၍ မေး၏၊ မေး၍ ပြောပြ၏၊ ဆုံးမစကား ပြောပြ၏၊ အဆဲသုံးခုဖြင့် ဆဲ၏။ အရှက်နည်းသော မိန်းမတို့သည် ပြင်းစွာရယ်ခြင်း၊ ပြောင်လှောင်ခြင်း၊ ချီးမွမ်းခြင်းတို့ကို ပြုကုန်၏။ အရှက်ကြီးသော မိန်းမတို့ကား ငါတို့ယောက်ျားများပင် ဤသို့ဆိုလျှင် မနှစ်သက်နိုင် ဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
ဝိနီတဝတ္ထု ၁၂
(၁) မိန်းမတယောက်သည် ဆိုးသစ်စ ကမ္ဗလာကို ခြုံ၏။ ရဟန်းတပါးသည် တပ်သောစိတ်ဖြင့် နှမ၊ သင်၏ ဥစ္စာ နီသည်ဟု ဆို၏။ ထိုမိန်းမသည် ပသိ၊ ဆိုးသစ်စ ကမ္ဗလာဖြစ်၍ နီပါသည်ဟု ဆို၏။ ထိုရဟန်းအား ကုက္ကုစ္စဖြစ်၏။ ချစ်သားတို့၊ သံဃာဒိသိသ် မသင့်၊ ဒုက္ကဋ်သင့်၏။
(၂) ကြမ်းသော ကမ္ဗလာခြုံသောမိန်းမကို သင့်ဥစ္စာ ကြမ်းသော အမွေးရှိသည်ဟု ဆို၏။ မသိ၊ ကမ္ဗလာကြမ်းဖြစ်၍ အမွေးကြမ်းပါသည်ဟု ဆို၏။ ဒုက္ကဋ်။
(၃) ရက်ပြီးစ ကမ္ဗလာခြုံသောမိန်မကို သင့်ဥစ္စာ အမွေး ရှုပ်သည်ဟု ဆို၏၊ မသိ၊ ဒုက္ကဋ်။
(၄) ကမ္ဗလာကြမ်းသည်ကို သင့်ဥစ္စာ အမွေးကြမ်းသည်ဟု ဆို၏။
(၅) စုလျားခြုံသည်ကို သင့်ဥစ္စာ အမွေးရှည်သည်ဟု ဆို၏၊ မသိ၊ ဒုက္ကဋ်။
(၆) မိန်းမတယောက်သည် လယ်ကို စိုက်စေပြီး၍ ပြန်လာ၏။ ရဟန်းတပါးသည် တပ်သောစိတ်ဖြင့် နှမ၊ သင့်ဥစ္စာ စိုက်ပြီးပြီလောဟု ဆို၏၊ စိုက်ပြီးပါပြီ၊ မည္ဗိရသေးပါဟု မသိပဲ ဆို၏၊ ဒုက္ကဋ။
(စပါးပင် သေရာ၌ ညီအောင် ထပ်မစိုက်ရသေးပါ ဟူလို။)
(၇) ရဟန်းတပါးသည် ပရိဗိုဇ်မတယောက်ကို ခရီးရင်ဆိုင်မြင်၍ “ကစ္စိ ဘဂိနိ မဂ္ဂေါ သံသီဒတိ”ဟု မေး၏၊
(ဘဂိနိ၊ နှမ။
တေ၊ သင်၏။
မဂ္ဂေါ၊ ခရီးသည်။
သံသီဒတိ၊ ရှည်ဝေးသလော။
ဖွင့်ဆိုသော အပြစ်ကင်းသော အနက်။
မဂ္ဂေါ၊ ပဿာဝ မဂ်သည်။
သံသီဒတိ၊ တွင်းနက်သလော။
စိတ်၌ထားသော အပြစ်ရှိသော အနက်။)
ပရိဗိုဇ်မသည် မရိပ်မိ၍ ရှည်ဝေးစွာ သွားရလတ္တံ့ဟု ဆို၏၊ ထုလ္လစ္စည်း။
မဂ္ဂေါ-ဟု ဆိုသောကြောင့် သိလျှင် သံဃာဒိသိသ်၊ မသိလျှင် ထုလ္လစ္စည်း။
(၈) ရဟန်းတပါးသည် မိန်းမတယောက်ကို သင်သည် သဒ္ဓါ တရားကောင်းလျက် လင်အားပေးသည်ကို ငါတို့အား မပေးဟုဆို၏။ အဘယ်ပါနည်းဟု မေးသော် မေထုနဓမ္မဟု ဆို၏၊ သံဃာဒိသိသ်။
(၁၀) မိန်းမ တယောက်သည် အမှုကိစ္စတခု ပြု၍နေ၏၊ ရဟန်းတပါးသည် တပ်သော စိတ်ဖြင့် နှမ၊ ထလော့၊ ငါပြုချင်သည်။
(၁၁) ထိုင်လော့၊ ငါပြုချင်သည်၊ အိပ်လော့၊ ငါပြုချင်သည်ဟုဆို၏။ မသိ၊ ဒုက္ကဋ်။
၄- အတ္တကာမပါရိစရိယ
သော ပန ဘိက္ခု။ ဩတိဏ္ဏော။ ဝိပရိဏတေန။ စိတ္တေန။
မာတုဂါမဿ၊ ၏။
သန္တိကေ၊ အထံ၌။
အတ္တ+ကာမ + ပါရိစရိယာယ၊ မိမိအလို့ငှာ + မေထုန်ကာမဖြင့်၊ လုပ်ကျွေးခြင်း၏။
ဝဏ္ဏံ၊ အကျိုးကျေးဇူးကို။
ဘာသေယျ၊ ပြောဆိုငြားအံ့။
ဘဂိနိ၊ နှမ။
ယာ၊ အကြင်မိန်းမသည်။
သီလဝန္တံ၊ သီလရှိသော။
ကလျာဏမ္မံ၊ ကောင်းသော တရားရှိသော။
ဗြဟ္မစာရိံ၊ မြတ်သောအကျင့်ကို ကျင့်သော။
မာဒိသံ၊ ငါကဲ့သို့သောသူကို။
ဧတေန ဓမ္မေန၊ ဤမေထုန်အကျင့်ဖြင့်။
ပရိ စရေယျ၊ လုပ်ကျွေးငြားအံ့။
တဿာ၊ ထိုမိန်းမ၏။
ဧတ-ဧံသော၊ ထိုလုပ်ကျွေးခြင်းသည်။
ပါရိစရိယာနံ၊ လုပ်ကျွေးခြင်းတကာတို့ထက်။
အဂ္ဂံ-အဂ္ဂါ၊ မြတ်၏။
ဣတိ၊ ဤသို့။
မေထုနုပသံဟိတေန၊ မေထုန်နှင့် စပ်သော စကားဖြင့်။
(ဝစနေနကိုငဲ့။)
ဘာသေယျ။ တဿ ဘိက္ခုနော။ သံဃာဒိသေသော။
အဓိပ္ပါယ်
ဤသိက္ခာပုဒ်၌ မိမိအလို့ငှာ မေထုန်ကာမဖြင့် လုပ်ကျွေးခြင်း၌ သာယာသော ရာဂစွမ်းဖြင့် ဩတိဏ္ဏ၊ ဝိပရိဏတကို ယူရသည်။ ကာယသံသဂ္ဂစသော ရာဂစွမ်းဖြင့် မယူရ။ ရုန့်ရင်း မရုန့်ရင်း မှတ်သားနိုင်သော လူမိန်းမသာ၊ မာတုဂါမ မည်၏။ မိမိအလို့ငှာ မေထုန်ကာမဖြင့် လုပ်ကျွေးခြင်းသည်၊ ဝါ၊ မိမိသည် မေထုန်ကာမဖြင့် အလိုရှိအပ်သော လုပ်ကျွေးခြင်းသည် အတ္တကာမပါရိစရိယာ မည်၏။ ဧတဒမ္မိ-စသည်ကား လုပ်ကျွေးခြင်း၏ အကျိုးကျေးဇူး ပြောပုံကို ပြသောစကားဖြစ်၏။
ပါဏာတိပါတ စသည်မှ ကင်းသောကြောင့် သီလဝန္တ၊ မေထုနဓမ္မမှ ကင်းသောကြောင့် ဗြဟ္မစာရီ။ ထိုသီလ ဗြဟ္မစရိယ နှစ်ပါးရှိသောကြောင့် ကလျာဏ ပုဂ္ဂိုလ် မည်၏။ မေထုနဓမ္မကို ဧတေန ဓမ္မေနဟု ဆိုသည်။ ပျော်ပါးစေခြင်းသည် ပရိစရေယျ မည်၏။ လုပ်ကျွေးခြင်းကျေးဇူး ပြောလိုသောသူသည် “သင်သည် ငါ့အား မေထုနဓမ္မကို လှူထိုက်သည်” စသည်ဖြင့် မေထုန်နှင့်စပ်၍ ပြောရာ၏။ ဤသို့ သိတတ်သော မိန်းမအား ပြောအံ့၊ သံဃာဒိသိသ်။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥဒါယီ မိမိအလို့ငှာ မေထုန်ကာမဖြင့် လုပ်ကျွေးခြင်း၏ကျေးဇူးကို ပြောဆိုခြင်းကြောင့် ပညတ်၏။ အသာဓာရဏ။ အနာဏတ္တိက။ မိန်းမ၌ မိန်းမဟု အမှတ်ရှိ၍ လက်ဆုပ်ပြခြင်းမျှဖြင့် သော်လည်း ထိုကျေးဇူးကိုပြောအံ့၊ ထိုမိန်းမ သည်လည်း ထိုခဏ၌ သိအံ့၊ သံဃာဒိသိသ်။ မသိအံ့၊ ထုလ္လစ္စည်း။ ပဏ္ဍုက် အမှတ်ရှိအံ့၊ ထုလ္လစ္စည်း။ မိန်းမဟု အမှတ်ရှိအံ့။ ဒုက္ကဋ်။ သင်္ကန်း၊ ဆွမ်းစသော ဝတ္ထုကာမဖြင့် လုပ်ကျွေးခြင်း ကျေးဇူးကို ပြောဆိုအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။ သီလဝိပတ္တိ။
လူမိန်းမဖြစ်ခြင်း။ မိန်းမဟု အမှတ်ရှိခြင်း၊ အတ္တကာမပါရိစရိယရာဂ ရှိခြင်း၊ ထိုရာဂဖြင့် ကျေးဇူးဆိုခြင်း၊ ထိုခဏသိခြင်း၊ ဤကား အင်္ဂါငါးပါးတည်း။
သမုဋ္ဌာစသည် ဒုဋ္ဌုလ္လဝါစာနှင့် တူ၏။
ဝတ္ထု
သာဝတ္ထိ၊ ဇေတဝန် ရှင်ဥဒါယီသည် သာဝတ္ထိပြည်၌ ကုလုပက ရဟန်းဖြစ်၏၊ များစွာသော အိမ်တို့သို့ ချဉ်းကပ်လေ့ရှိ၏၊ ယောက်ျား သေဆုံးသော မိန်းမလှလှ တယောက်ထံ သွား၍ တရားဟောရာ အလိုရှိရာ တောင်းပါဟု ပစ္စည်းလေးပါးဖြင့် ဖိတ်ကြား၏။ နှမ၊ ငါတို့အား ပစ္စည်း လေးပါးရလွယ်သည်၊ ရခဲသည်ကို လှူပါဟုဆို၏။ အဘယ်ပါနည်းဟု ပေးသော် မေထုနဓမ္မ-ဟု ဆို၏။ အလိုရှိပြီလော၊ အလိုရှိပြီ။ ကြွတော်မူပါဟုဆို၍ အခန်းတွင်းဝင်၍ ညောင်စောင်း၌အိပ်၏။
ရှင်ဒါယီသည် ဝင်သွားပြီးလျှင် “ဤသို့သော စက်ဆုပ်ဖွယ်ကို အဘယ်သူ သုံးသပ်အံ့နည်း” ဟု တံတွေး ထွေး၍ ဖဲသွား၏။ ထိုအခါ မိန်းမသည် “ဤရဟန်း တို့သည် အလဇ္ဇီဖြစ်ကုန်၏၊ မုသားဆိုကုန်၏၊ ကိုယ်တိုင်တောင်းလျက် စက်ဆုပ်ဖွယ် ဟု တံတွေးထွေး၍ ဖဲသွား၏၊ ငါ၏ စက်ဆုပ်ဖွယ် အဘယ်နည်း၊ အဘယ်မိန်းမအောက် ငါယုတ်သနည်း”ဟု ကဲ့ရဲ့၏။ ထို့ကြောင့် ပညတ်သည်။
ဝိနီတဝတ္ထု ၇-ခု
(၁) မြုံသော မိန်းမတယောက်သည် ကုလုပက ဆရာတော်ရဟန်းကို အရှင်ဘုရား၊ သားဖွားအောင် အဘယ်သို့ ပြုရမည်နည်းဟု လျှောက်၏။ အဂ္ဂဒါန = အလှူမြတ်ကို လှူလော့ဟု ဆို၏။ အဘယ် အလှူပါနည်းဟု မေးသော် မေထုန်-ဟု ဆို၏၊ သံဃာဒိသိသ်။
(၂) မမြုံသော မိန်းမတယောက်သည် သားရအောင် အဘယ်သို့ ပြုရမည် အဘယ်သို့ ပြုရမည်နည်းဟု မေး၏။ အဂ္ဂဒါနကို လှူလော့၊ မေထုန်ဟု ဆို၏၊ သံဃာဒိသိသ်။
(၃) လင်ချစ်အောင် အဘယ်သို့ပြုရမည်နည်း။
(၄) တင့်တယ်သော အဆင်းရှိအောင် အဘယ်သို့ ပြုရမည်နည်း။
(၅) အရှင်မြတ်အား အဘယ်အလှူ လှူရမည်နည်း။
(၆) အဘယ်အလှူဖြင့် လုပ်ကျွေးရမည်နည်း။
(၇) နတ်ပြည်ရောက်အောင် အဘယ်သို့ ပြုရမည်နည်း ဟု မေး၏။ အဂ္ဂဒါန = အလှူမြတ်ကို လှူလော့၊ မေထုန်ဟု ဆို၏၊ သံဃာသိသ်။
၅-သဉ္စရိတ္တ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
သဉ္စရိတ္တံ၊ အောင်တမန်သွားလာခြင်းသို့။
သမာပဇ္ဇေယျ၊ ရောက်ငြားအံ့။
ဣတ္ထိယာ ဝါ၊ မိန်းမအားလည်း။
ပုရိသမတိံ၊ ယောကျ်ား၏အလိုကို။
ပုရိသဿ ဝါ၊ ယောက်ျားအားလည်း။
ဣတ္ထိမတိံ၊ မိန်းမ၏အလိုကို။
ဇာယတ္တနေ ဝါ၊ မယား၏ ဖြစ်ခြင်း ဟူသော အကြောင်းကြောင့်၎င်း။
ဇာရတ္တနေ ဝါ၊ လင်၏ဖြစ်ခြင်းဟူသော အကြောင်းကြောင့်၎င်း။
အာရောစေယျ၊ ပြောကြားငြားအံ့။
(ဇာယ = အမြဲ ဖြစ်ခြင်း၊ ဇာရ = အမြှောင်ဖြစ်ခြင်းအကြောင်း ဟုလည်း ဆိုနိုင်သည်။)
အန္တမသော။ တင်္ခဏိကာယပိ၊ ထိုခဏမျှ ပေါင်းဖော်အပ်သော မိန်းမအားလည်း။
အာရောစေယျ၊ ပြောကြားငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
မိန်းမ ယောက်ျားတို့၏အကြား၌ သွားလာခြင်းသည် သဉ္စရိတ္တ မည်၏။ ဝန်ခံခြင်း၊ စုံစမ်ခြင်း၊ ပြန်ပြောခြင်း၊ ဤသုံးခု ပြုခြင်းသည် သမာပဇ္ဇေယျ မည်၏။ ယောက်ျား၊ ယောက်ျား၏ မိဘ စသည်တို့က စေခိုင်းလျှင် ယောကျ်ား၏အလိုကို မိန်းမအား အမြဲမယား ဖြစ်ပါ၊ အမြှောင်မယားဖြစ်ပါဟု ပြောရာ၏။ ထို့အတူ မိန်းမဖက်က ခိုင်းလျှင် ယောက်ျားအား အမြဲလင်ဖြစ်ပါ၊ အမြှောင်လင် ဖြစ်ပါဟု ပြောရာ၏။ မယားသည် ဇာယာ မည်၏။ လင်သည် ဇာရမည်၏။ တနည်း - အမြဲလင် အမြဲမယားသည် ဇာယ-ဇာယာ မည်၏။ အမြှောင်သည် ဇာရ-ဇာရီ မည်၏။ (ဘာဝတဒ္ဓိတ်၌ တ္တန ပစ္စည်းသက်သည်။)
ခေတ္တပေါင်းအပ်သော မိန်းမသည်။ ဝါ၊ ဂဏိကာသည် တင်္ခဏိကာ မည်၏။ ပြည့်တန်ဆာမ ဟူလို။ မုဟုတ္တိကာလည်း မည်၏။ အယုတ်ဆုံးအားဖြင့် ထို မိန်းမအား မုဟုတ္တိကာ ဖြစ်မည်လားဟု ယောကျ်ား၏ အလိုကို ပြောအံ့၊ ယောက်ျား အားသော်လည်း မုဟုတ္တိက ဖြစ်မည်လားဟု မိန်းမ၏ အလိုကို ပြောအံ့၊ သံဃာဒိသိသ်။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥဒါယီ အောင်တမန် သွားလာခြင်းကြောင့် ပညတ်၏။ အန္တမသော တင်္ခဏိကာယပိသည် အနုပညတ်ဖြစ်၏။ သာဓာရဏ၊ သာဏတ္တိက၊ ဝန်ခံစုံစမ်း၍ တပည့်ကို ပြန်ပြောစေသော နည်းဖြင့်လည်း ဤအာပတ် သင့်သောကြောင့် သာဏတ္တိက ဟူလို။ ယောက်ျား၏အလို ပြောခိုင်းသည်ကို ဝန်ခံ၍ ထိုမိန်းမအား ဤသူ၏ မယား ဖြစ်ပါသလောဟု ပြောဆို စုံစမ်းပြီးလျှင် ဖြစ်မည်ဟု ဝန်ခံသည်ကို စေခိုင်းသူအား ပြန်ပြောအံ့၊ သံဃာဒိသိသ်။
လင်မယား ဖြစ်-မဖြစ်ကား အကြောင်း မဟုတ်၊ ထိုမိန်းမ၏ မိခင်အား ပြောခြင်း၊ မချွတ်ပြောနိုင်သူအား ပြောလိုက်ပါဟု ပြောခြင်းသည် ဤအတူတည်း။ မနက္ကိတ မယား ဖြစ်ပါဟု ပြောလိုလျက် ဆန္ဒဝါသိနီမယား ဖြစ်ပါဟု ပြောခြင်းလည်း ခေတ်တွင်းကျသောကြ ဤအတူတည်း။
(ဤ၌ မဆက်ဆံရသေးသော၊ ဝါ၊ ဆက်ဆံပြီး၍ အပြီးစွန့်ထားသော အလံဝစနီယ မိန်းမကိုသာ သိအပ်၏။ ပြောပေးထိုက်သော မိန်းမ ဟူလို။)
ခေတ္တခွဲနေသော နာလံဝစနိယ-မပြောပေးထိုက်သော မိန်းမ၌ အာပတ်မသင့်။ မာတုရက္ခိတကို ပြောပါဟု ခိုင်းစေလျက် ပိတုရက္ခိတကို၊ ပိတုရက္ခိတကို ပြောပါဟု စေခိုင်းလျက် မာတုရက္ခိတကို ပြောအံ့၊ ချွတ်ယွင်း၏။ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ်နှုတ်ဖြင့် ဝန်ခံခြင်းသည် ဝန်ခံသည် မည်၏။ ကိုယ်စုံစမ်းခြင်း၊ သူတပါးကို စုံစမ်းခြင်းသည် စုံစမ်းသည် မည်၏။ ကိုယ်တိုင်ပြန်ပြော၊ သူတပါးကို ပြန်ပြောခိုင်း ခြင်းသည် တဖန်ပြန်ပြောသည် မည်၏။ ဤအင်္ဂါပါးစုံလျှင် သံဃာဒိသိသ်။ နှစ်ပါးဖြင့် ထုလ္လစ္စည်း။ တပါးဖြင့် ဒုက္ကဋ်။ ပဏ္ဍုက်၌ အင်္ဂါသုံးပါးဖြင့် ထုလ္လစ္စည်း၊ နှစ်ပါး တပါးဖြင့် ဒုက္ကဋ်။
သံဃကိစ္စ၊ စေတီကိစ္စ၊ ဂိလာနကိစ္စဖြင့် သွားအံ့၊ ဥမ္မတ္တက စသည် ဖြစ်အံ့၊ အနာပတ္တိ။ သီလဝိပတ္တိ။ အောင်တမန် သွားလာထိုက်သူတို့၏ လူဇာတ် ဖြစ်ခြင်း၊ အလံဝစနီယ မိန်းမဖြစ်ခြင်း၊ ဝန်ခံခြင်း၊ စုံစမ်းခြင်း၊ ပြန်ပြောခြင်း ဤကား အင်္ဂါငါးပါးတည်း။
သမုဋ္ဌာန ခြောက်ပါးရှိသောကြောင့် ဆသမုဋ္ဌာန်။ (သဉ္ဇာသဗ္ဗ။ ၅ဝ။) ကြိယ၊ နောသညာဝိမောက္ခ၊ အစိတ္တက၊ ပဏ္ဏတ္တိဝဇ္ဇ၊ ကာယကံ ဝစီကံ၊ တိဝေဒန သိက္ခာပုဒ် ဖြစ်၏။
သသမုဋ္ဌာန်ဖြစ်ပုံ
သိက္ခာပုဒ်ကို၎င်း၊ အလံဝစနီယ မိန်းမဖြစ်ခြင်းကို၎င်း မသိသော ရဟန်းသည် စေခိုင်းသည်ကို ကိုယ်ဖြင့်ဝန်ခံ၍ ကိုယ်ဖြင့်စုံစမ်း၍ ကိုယ်ဖြင့်သာ ပြန်၍ပြောအံ့၊ ကာယကြောင့် အာပတ်သင့်၏။ ဤမည်သော မိန်းမလာလျှင် ပြောပေးပါဟု စေခိုင်းသည်ကို ကောင်းပြီဟု နှုတ်ဖြင့်ဝန်ခံ၍ ထိုင်နေစဉ် ထိုမိန်းမ ရောက်လာသဖြင့် နှုတ်မြွက်စုံစမ်း၍ တဖန် ထိုလူလာသောအခါ နှုတ်ဖြင့် ပြန်ပြောအံ့၊ ဝါစာကြောင့် အာပတ်သင့်၏။
တနည်း - နှုတ်ဖြင့်ဝန်ခံ၍ ကိစ္စတပါးဖြင့် ထိုအိမ်သို့ ရောက်သောအခါဖြစ်စေ၊ အရပ်တပါး သွားသောအခါဖြစ်စေ တွေ့ရာ၌ နှုတ်ဖြင့်စုံစမ်း၍ ကိစ္စတပါးဖြင့်ပင် ပြန်လာသောအခါ တနေရာတွင် ထိုလူကိုတွေ့၍ နှုတ်ဖြင့်ပြန်ပြောအံ့၊ ဝါစာကြောင့် သာတည်း။
(ဤသိက္ခာပုဒ်၌ မသိသော ရဟန္တာသည် အဖ၏ စကားကို နှုတ်ဖြင့်ဝန်ခံ၍ အပြတ်အစဲ ထွက်ခွာသွားသော အမိကို ဒကာကြီးကို ပစ်မထားပါနှင့် ပြန်၍ လုပ်ကျွေးပါဟု ပြောဆိုစုံစမ်း၍ ဒကာကြီးထံ ပြန်ပြောအံ့၊ ကာယဝါစာကြောင့် အာပတ်သင့်၏။)
ဤကား အစိတ္တကသမုဋ္ဌာန် သုံးခုတည်။ သိက္ခာပုဒ်ကို၎င်း၊ အလံဝစနီယ ဖြစ်ခြင်းကို၎င်း သိသော ရဟန်းဖြစ်အံ့၊ ထိုသုံးနည်းဖြင့် သစိတ္တကသမုဋ္ဌာန် သုံးခုကို ဖြစ်စေနိုင်၏။ (ရဟန္တာအားလည်း ဤသံဃာသိသ် သင့်သည်။)
မိန်းမနှစ်ကျိပ်
ပါဠိတော်၌ မိန်းမဆယ်ယောက်၊ မယားဆယ်ယောက်ဖြင့် အောင်တမန် သွားလာခြင်းကို ဝေဖန်သည်။
၁။ မာတုရက္ခိတာ = အမိစောင့်သော မိန်းမ၊
၂။ ပိတုရက္ခိတာ = အဖစောင့်သော မိန်းမ၊
၃။ မာတာပိတုရက္ခိတာ = မိဘစောင့်သော မိန်းမ၊
၄။ ဘဂိနိရက္ခိတာ = အမညီမစောင့်သော မိန်းမ၊
၅။ ဘာတုရက္ခိတာ = မောင်ကြီး မောင်ငယ် စောင့်သော မိန်းမ၊
၆။ ဉာတိရက္ခိတာ = အမျိုးစောင့်သော မိန်းမ၊
၇။ ဂေါတ္တရက္ခိတာ = အနွယ်စောင့်သော မိန်းမ၊
၈။ ဓမ္မရက္ခိတာ = တရားကျင့်ဖော်တို့စောင့်သော မိန်းမ၊
၉။ သပရိဒဏ္ဍာ = ဒဏ်ထားသော မိန်းမ၊
၁၀။ သာရက္ခာ = မှန်းထားသော၊ ဝါ၊ အစောင့်ထားသော မိန်းမ၊ (၁၀)၊
၁။ ဓနက္ကိတာ = ဥစ္စာဖြင့်ဝယ်သော မယား၊
၂။ ဆန္ဒဝါသိနီ = အလိုအတိုင်းနေသော မယား၊
၃။ ဘောဂဝါသိနီ = စည်းစိမ်ကြောင့် နေသော မယား၊
၄။ ပဋဝါသိနီ- အဝတ်ကြောင့်နေသော မယား၊
၅။ ဩဒကပတ္တကိနီ = ရေခွက်၌ လက်ချ၍ ယူသော မယား၊
၆။ ဩဘတစုမ္ဗတာ = ခေါင်းခုချစေ၍ ယူသော မယား၊
၇။ ဓဇာဟတာ = နိုင်ငံတပါးမှ သုံ့ပန်းဖမ်းလာသော မယား၊
၈။ ကမ္မကာရီဘရိယာ = အခစားအမှုလုပ်သော မယား၊
၉။ ဒါသီဘရိယာ = ကျွန်ဖြစ်သော မယား၊
၁၀။ မုဟုတ္တိကာ = တခဏမျှ ပေါင်းသော မယား (၁၀)၊
ဤကား မိန်းမနှစ်ကျိပ်တည်း။
မာ၊ ပိ၊ မာပိ(၃)၊ ဘနှင့်၊ ဘာ (၂)
ဉာ၊ ဂေါ၊ ဓမ်၊ သ၊ သာ (၅)
ဓ၊ ဆန်၊ ဘော၊ ပ (၄)၊ ဩ၊ ဩ၊ ဓ(၃)၊
ကမ္မ၊ ဒါ၊ မုဟာ (၃)
သဉ္စရိတ္တံ၊ အောင်တမန်၊ ရှောင်ရန် နှစ်ကျိပ်လာ။
ဤတွင် ရှေ့ရှစ်ယောက်၌ ယောက်ျားသာ ကာမေသုမိစ္ဆာစာရကံ ထိုက်သည်၊ သူတို့ မထိုက်။ နောက် ၁၂-ယောက်၌ ယောက်ျားလည်းထိုက်၊ သူတို့လည်းထိုက်။ သဉ္စရိတ္တကား ၂၀-လုံး ထိုက်သည်။
ဝတ္ထု
သာဝတ္ထိ၊ ဇေတဝန်၊ ရှင်ဥဒါယီသည် သာဝတ္ထိ၌ ကုလုပကဖြစ်၏။ သားပျို သမီးပျို တို့ကိုမြင်လျှင် မိဘတို့ထံ ချဉ်းကပ်၍ ဤသူငယ်နှင့် ဤသူငယ်မ သင့်တော်သည်၊ ထိမ်းမြားကြဟု ဆို၏။ အကျွန်ုပ်တို့ မပြောဝံ့ပါဟု ဆိုလျှင် ကိုယ်တိုင်စေ့စပ်ပေးလေ့ ရှိ၏။ အခါတပါး ရွာတပါးမှ အာဇီဝက တပည့်တို့သည် သတို့သားအတွက် ဟူးရားကတော်၏ သမီးကို လာတောင်းကုန်၏။ မရသဖြင့် ရှင်ဥဒါယီကို တောင်းခိုင်း ကုန်၏။ ရှင်ဥဒါယီသည် ဟူးရားကတော်ထံ သွား၍ ဤသူတို့ကို ငါသိသည်၊ သင့်တော်သည်၊ ထည့်လိုက် ဟုဆို၍ ထည့်စေ၏။
နောက် တလကျော်သောအခါ သတို့သမီးထံမှ “မိခင်၊ အကျွန်ုပ်ကို အမြန်လာခေါ်ပါ။ အာဇီဝကတို့သည် တလခန့်သာ ချွေးမအဖြစ်ဖြင့်ထား၍ နောက်၌ ကျွန်အဖြစ်သာ ထားကြသည်” ဟုမှာကြားလိုက်၏။ မိခင် လိုက်သွားသောအခါ ငါတို့သည် ရဟန်းနှင့်သာ အပေးအယူ ဆက်ဆံကြသည်၊ သင့်ကိုမသိဟု မောင်းမဲကုန်၏။ ရှင်ဥဒါယီ မလိုက်သွားသောအခါ ဟူးရားကတော်နှင့်သာ အပေးအယူ ရှိသည်၊ ရဟန်းဟူသည် ဣန္ဒြေရရ နေသင့်သည်။ သင့်ကို မသိဟု မောင်းမဲကုန်၏။
ဒုတိယအကြိမ် မှာကြားပြန်သောအခါ၌ ဥဒါယီထံသွား၍ လျှောက်၏။ ဒါယိကာမကြီး သာ သွားပါ၊ ငါ့ကို မောင်းမဲကြသည်၊ ငါမသွားလိုဟု ဆို၏။ ဟူးရားကတော်သည် ငါ့သမီး ဆင်းရဲသလို ရှင်ဥဒါယီ ဆင်းရဲပါစေဟု ကျိန်ဆဲ၏။ ထိုမှတပါး ဥဒါယီ ဆက်သွယ်ပေး၍ ဆင်းရဲသော သတို့သမီးတို့သည် ငါတို့ဆင်းရဲသလို ရှင်ဥဒါယိ ဆင်းရဲပါစေဟု ကျိန်ဆဲကုန်၏။ ချမ်းသာသော သတို့သမီးတို့ကား ငါတို့ ချမ်းသာသလို ရှင်ဥဒါယီ ချမ်းသာပါစေဟု ဆုတောင်းပတ္ထနာ ပြုကုန်၏။ ရဟန်းတို့ သိ၍ ကဲ့ရဲ့ကြကုန်၏။ ထို့ကြောင့် ပညတ်သည်။
အနုပညတ်ဝတ္ထု
အခါတပါး သေသောက်ကြူးတို့သည် ပြည့်တန်ဆာမ တယောက်ကို မြို့ပြင်သို့ လိုက်ရန် ခေါ်ကုန်၏။ ခေါ်၍ မရသောအခါ တယောက်က ရှင်ဥဒါယီကို ပြောခိုင်းလျှင် ရလိမ့်မည်ဟု ဆို၏။ ဥပါသကာ တယောက် ကြားလတ်သော် အမောင်တို့၊ ဤသို့ မဆိုကြလင့်၊ မအပ်၊ ရှင်ဥဒါယီ ပြောပေးလိမ့်မည်မဟုတ်ဟု ဆို၍ ပြောလတ္တံ့ -မပြောလတ္တံ့ ဟု အလောင်းအစားပြုကုန်၏။ သေသောက်ကြူးတို့ သွား၍ ပြောခိုင်းသောအခါ ရှင်ဥဒါယီကြွလာ၍ ငါသိသည်၊ လိုက်သွားဟု ထည့်ပေးလိုက်၏။ ဥပါသကာ ရှုံး၍ ကဲ့ရဲ့၏။ ထို့ကြောင့် အနုပညတ်ဖြင့် တဖန် ပညတ်ပြန်သည်။
ဝိနီတဝတ္ထု ၇-ခု
(၁) ယောက်ျား တယောက်သည် ရဟန်းတပါးကို အရှင်ဘုရား၊ ဤမိန်းမကို စုံစမ်းပေးပါဟု ဆို၏။ ရဟန်းသည် သွား၍ ဤမိန်းမအဘယ်မှာနည်းဟု လူတို့ကို မေး၏။ အိပ်ပျော်နေသည် ဟု ဆိုကုန်၏။ (မစုံစမ်းရ) ရဟန်း ကုက္ကုစ္စဖြစ်၏။ ချစ်သား၊ သံဃာဒိသိသ် မသင့်၊ ဒုက္ကဋ်ဟု မိန့်တော်မူ၏။
(၂) ထိုမိန်းမ သေပြီဟု၊
(၃) အရပ်တပါး ထွက်သည်ဟု၊
(၄) မိန်းမ မဟုတ်ဟု၊
(၅) ပဏ္ဍုက် ဖြစ်သည်ဟု ဆိုကုန်၏။ ဒုက္ကဋ်။
(ဤငါးဝတ္ထု၌ ဝန်ခံခြင်းမျှကြောင့် ဒုက္ကဋ်။)
(၆) မိန်းမတယောက်သည် လင်နှင့် ရန်ဖြစ်၍ မိဘထံ ပြန်သွား၏။ ကုလုပကဆရာ ရဟန်းသည် ပြန်၍ စေ့စပ်ပေး၏၊ ကုက္ကုစ္စဖြစ်၏။ ချစ်သား၊ အလံဝစနီယ မိန်းမလော၊ နာလံဝစနိယပါ ဘုရား။ နာလံဝစနိယမိန်းမ၌ အနာပတ္တိ။
(မယားအဖြစ် စွန့်အပ်သူ မဟုတ်၊ ငြင်းခုံ၍ အိမ်ပြန်သွားသူ ဖြစ်သည်။ ထို့ကြောင့် အနာပတ္တိ)။
(၇) ရဟန်းတပါးသည် ပဏ္ဍုက်၌ အောင်သွယ်ပေး၏၊ ထုလ္လစ္စည်း။ (ကာယသံသဂ္ဂ၊ ဒုဋ္ဌုလ္လ စသည်တို့၌ နတ်မ၊ ပြိတ္တာမတို့သည် ထုလ္လစ္စည်းဝတ္ထု သာတည်း)။
၆-ကုဋိကာရ
သညာစိကာယ၊ ကိုယ်တိုင် တောင်းအပ်သော အဆောက်အဦဖြင့်။
အဿာမိကံ၊ ဆောက်လုပ်သူ ဒါယကာမရှိသော။
အတ္တုဒ္ဒေသံ၊ မိမိဟုဆိုအပ်သော ညွှန်းအပ်သောသူ ရှိသော။
ကုဋိံ၊ ကုဋီမည်သော ကျောင်းငယ်ကို။
ကာရယမာနေန၊ ပြုစေလိုသော။
ဘိက္ခုနာ၊ ရဟန်းသည်။
ပမာဏိကာ၊ ပမာဏနှင့်ယှဉ်သော ကုဋီကို။
ကာရေတဗ္ဗာ၊ ပြုစေအပ်၏။
တတြ၊ ထိုကုဋီ၏။
ဣဒံ၊ ဤဆိုလတ္တံ့သည်ကား။
ပမာဏံ၊ ပမာဏတည်း။
ဒီဃသော၊ အလျားမှ။
သုဂတဝိဒတ္ထိယာ၊ မြတ်စွာဘုရား၏ အထွာအားဖြင့်။
ဒွါဒသဝိဒတ္ထိယော၊ ၁၂-ထွာတို့ကို။
(မိနေတဗ္ဗာ၊ အပစ္စန်းဖြင့် တာအပ်ကုန်၏။)
တိရိယံ၊ အနံမှ။
သတ္တ၊ ခုနစ်ထွာတို့ကို။
အန္တရာ၊ အတွင်းစွန်းဖြင့်။
(မိနေတဗ္ဗာ၊ တာအပ်ကုန်၏။)
ဘိက္ခု၊ ရဟန်းတို့ကို။
ဝတ္ထု ဒေသနာယ၊ ကုဋီနေရာကို ပြောကြားစေခြင်းငှာ။
အဘိနေတဗ္ဗာ၊ ပင့်ဆောင်အပ်ကုန်၏။
တေဟိ ဘိက္ခူဟိ၊ ထိုရဟန်းတို့သည်။
အနာရမ္ဘံ၊ (၁၃-ပါး၊ ၁၆-ပါးသော) ဘေးရန် မရှိသော။
သပရိက္ကမနံ၊ (နွားလှည်းဖြင့်)လှည့်လည် လောက်သော ဥပစာရရှိသော။
ဝတ္ထု၊ ကုဋီနေရာကို။
ဒေသေတဗ္ဗံ၊ ပြောကြားအပ်၏။
ဘိက္ခု၊ ရဟန်းသည်။
သာရမ္ဘေ၊ ဘေးရန်ရှိသော။
အပရိက္ကမနေ၊ လှည့်လည်လောက်သော ဥပစာရ မရှိသော။
ဝတ္ထုသ္မိံ၊ နေရာ၌။
သညာစိ ကာယ။ ကုဋိံ။
စေကာရေယျ၊ အကယ်၍ ပြုစေငြားအံ့။
ဝတ္ထုဒေသနာယ။ ဘိက္ခု ဝါ၊ ရဟန်းတို့ကိုမူလည်း။
စေ အနဘိနေယျ၊ အကယ်၍ မပင့်ဆောင်ငြားအံ့။
ပမာဏံဝါ၊ ပမာဏကိုမူလည်း။
စေ အတိက္ကမေယျ၊ အကယ်၍ လွန်စေငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ကိုယ်တိုင်ဖြစ်စေအပ်သော မိမိ၏ တောင်းခြင်းသည် သံဃာ စိကာ မည်၏။ လက်သမား၊ လှည်း၊ နွား၊ စူး၊ ဆောက်၊ သစ်၊ ဝါး စသည်ကို ကိုယ်တိုင် တောင်းယူသည်ဟူလို။ ဆောက်လုပ်သူ ဒါယကာ မရှိသော ကျောင်းငယ်သည် ကုဋီ မည်၏။ ငယ်ငယ်ကြီးကြီး ဒါယကာ မရှိသောကြောင့် ကျောင်းငယ်ဟု ခေါ်သည်။ ဤသိက္ခာပုဒ်၌ တွင်းပလိမ်းကျံသော ကျောင်းငယ်သည်သာလျှင် ကုဋီမည်၏။ တိုင်၊ ထုပ်၊ လျောက်၊ တံခါးပေါင်၊ လေသာပြတင်း၊ အိုးပေါက်၊ လေဝင်ပေါက် စသည် မှတပါ၊ လိမ်းကျံကောင်းသော နေရာတို့ကို နံရံနှင့်အမိုး တစပ်တည်းဖြစ်အောင် အင်္ဂတေဖြင့်၎င်း၊ မြေညက်ဖြင့်၎င်း လိမ်းကျံသည်ဟူလို။ အတွင်းသက်သက် လိမ်းကျံလျှင် ဥတ္တိတ္တာ၊ မော့၍ လိမ်းကျံသည်။ အပသက်သက် လိမ်းကျံလျှင် အဝလိတ္တာ၊ ငုံ၍လိမ်းကျံသည်။ တွင်းပအားလုံး လိမ်းကျံလျှင် ဥလိတ္တာဝလိတ္တာဟု သုံးမျိုးပြား၏။ သုံးမျိုးလုံးပင် အာပတ်ကိုဖြစ်စေနိူင်သည်။
ဤ ကုဋီသုံးမျိုးသည် ဒါယကာ မရှိသော အဿာမိက၊ ငါ၏ နေစရာ ဝါသာဂါရဟု မိမိတည်းဟူသော ညွှန်းအပ်သူ ရှိသောကြောင့် အတ္တုဒ္ဒေသ မည်၏။ ကိုယ်တိုင် ဆောက်သော်၎င်း၊ သူတပါးကို ဆောက်ခိုင်းသော်၎င်း ကာရယမာန မည်၏။ ဒါယကာ မရှိခြင်း၊ ပမာဏရှိခြင်းသည် ကုဋီ၏ လက္ခဏာဖြစ်သည်။ ပမာဏကား ဘုရားအထွာဖြင့် အလျား ၁၂-ထွာဖြစ်၏။ အနံကား ၇-ထွာအတွင်း ခွင်ကျဖြစ်၏။ အနံ ၇-ထွာအတွင်းဟု ဆိုခြင်းဖြင့် အလျား ၁၂-ထွာကို အပဟု သိသာ၏။ ဘုရား တထွာသည် မဇ္ဈိမပုရိသ သုံးထွာဖြစ်၏။ လက်သမား တောင်အားဖြင့် တတောင့်ထွာ ဟု ခေါ်သည်။ (ပကတိပုရိသ လေးထွာခွဲ ဖြစ်၏။)
ဘုရားတထွာ၊ မဇ်သုံးထွာ၊ တို့မှာလေးထွာခွဲ။
(တို့မှာ ခေါက်ချိုးတက်၊ တို့မှာထက်ဝက်တိုး၊ စသည်ဖြင့်လည်း ဆိုအပ်၏)
ကုဋီပမာဏ အလျား ၁၂-ထွာသည် မဇ္ဈိမ ၃၆-ထွာ၊ ပကတိ ၅၄-ထွာ၊ (ဝါ၊ ၂၇-တောင်) အနံ ၇-ထွာသည် မဇ္ဈိမ ၂၁-ထွာ၊ ပကတိ ၃၁-ထွာခွဲ၊ (ဝါ ၁၅-တောင် တထွာ၊ ၆-သစ်) အလျား ပြင်ပနံရံစွန်း၌ အောက်ခံမြေ ကြမ်းစွန်းကို မယူမူ၍ အထက် မြေချောစွန်းဖြင့် နှိုင်းယှဉ်ရသည်။ မြေချော အထက် ဆေးဖြူသုတ်ခြင်း စသည်ကား အဗ္ဗောဟာရိက ဖြစ်သည်။ မြေချော မလိမ်း၊ မြေကြမ်းစွန်းဖြင့်သာ ပြိးစေအံ့၊ မြေကြမ်းစွန်းဖြင့်သာ နှိုင်းယှဉ်ရသည်။
အနံပမာဏကို နံရံပြင်ပ၌ မယူမူ၍ အတွင်း၌ယူရသည်။ အလျားလျှော့၍ အနံ တိုးခြင်း၊ အနံလျှော့၍ အလျားတိုးခြင်းတို့၌ ဆံချည်ဖျားမျှလည်း မအပ်။ အလျား အတောင် ၆၀-ရှိသော်လည်း အနံလေးတောင် မပြည့်လျှင် အပ်၏။ ပမာဏယုတ္တ ညောင်စောင်း မလှည့်နိုင်သောကြောင့် ကုဋီမမည်။ ဤစကားဖြင့် ကုဋီပမာဏ အငယ်ဆုံးသည် အလျား လေးတောင်၊ အနံလေးတောင်ဟု ပြသည်။
(ပမာဏယုတ္တ ညောင်စောင်းကား ကင်္ခါဋီကာသစ်၌ - ပမာဏယုတ္တောတိ ပကတိဝိဒတ္ထိယောဟု ဆိုသည်။ ပကတိ ကိုးထွာရှိသည်။ ထို့ကြောင့် ကုဋီ အငယ်ဆုံး လေးတောင်သည် မဇ္ဈိမဖြစ်၍ ပကတိ ခြောက်တောင်ဟု သိအပ်၏။ ကိုးထွာ ညောင်စောင်း လှည့်နိုင်၏။)
ကုဋီနေရာကြားပုံကား – ကုဋီဆောက်လိုသော ရဟန်းသည် နေရာကို သုတ်သင်၍ သံဃာကို နေရာကြည့်ရှုရန် သုံးကြိမ် တောင်းပန်၍ ပင့်ဆောင်ရသည်။ သံဃာ အားလုံး သွား၍ကြည့်အပ်၏။ စွမ်းနိုင်သော ရဟန်းနှစ်ပါး သုံးပါးကို သမုတ်၍ သော်လည်း ကြည့်စေအပ်၏။ ကြည့်ရှုသော ရဟန်းတို့သည် ဘေးရန်ရှိအံ့၊ ဥပစာရ ရှိအံ့၊ ဤ၌ မဆောက်နှင့်ဟု ပြောအပ်၏။ ဘေးရန်မရှိအံ့၊ ဥပစာရရှိအံ့၊ သံဃာထံ ပြန်ပြောအပ်၏။ ထိုရဟန်းသည် တဖန် သံဃာထံ နေရာပြောကြားရန် သုံးကြိမ် တောင်းပန်အပ်၏။ သံဃာသည် ဉတ္တိဒုတိယကံဖြင့် နေရာ ပြောကြားအပ်၏။ အပလောကန ကံဖြင့် မပြောကြားအပ်။
ဤ၌ ပိုးရွတို့၏နေရာ စသော ၁၃-ပါး၊ ၁၆-ပါး ဘေးရန်တို့မှ လွတ်သောနေရာသည် အနာရမ္ဘမည်၏။ ဘေးရန် မလွတ်လျှင် သာရမ္ဘမည်၏။ နွားနှစ်ကောင်-လေးကောင် ကသောလှည်းဖြင့် ဥပစာရ ရှိသော နေရာသည် သပရိက္ကမန မည်၏။ ဝန်းကျင် ပတ်လည် လှေကားထောင်၍ မိုးနိုင်အောင် ဥပစာရ ရှိရမည်ဟူလို။
ဥပစာရ မရှိလျှင် အပရိက္ကမန မည်၏။ သာရမ္ဘဖြစ်အံ့၊ ဒုက္ကဋ်။
အပရိက္ကမနဖြစ်အံ့၊ ဒုက္ကဋ်။
နေရာမကြားစေအံ့၊ သံဃာဒိသိသ်။
ပမာဏလွန်အံ့၊ သံဃာဒိသိသ်။
(ဒုက်-နှစ်ချက်၊ သံ-နှစ်ချက်)။
သညာစီကမှတ်ဖွယ်
သူတပါး သိမ်းဆည်းသော ပစ္စည်းကို အရင်းပြတ် မတောင်းအပ်၊ ခေတ္တသာ အပ်သည်။ အဖော်အလို့ငှာ ဖြစ်စေ၊ ပြုသင့်သော အမှု ပြုခြင်းငှာဖြစ်စေ၊ ပုရိသံ ဒေထဟု ဆိုလျှင် အပ်၏။ ပုရိသတ္တကရံ ဒေထ၊ ဟတ္ထကမ္မံ ဒေထ-ဟု လက်သမား စသည်တို့ ပြုအပ်သော လက်အမှုကို တောင်းလျှင်လည်းအပ်၏။
ဟတ္ထကမ္မသည် တစုံတခုသော ပစ္စည်း မဟုတ်သောကြောင့် အဘယ်ကို အလိုရှိ သနည်းဟု မေးသော်၎င်း၊ မမေးသော်၎င်း တောင်းအပ်၏။ ဝိညတ်အပြစ်မရှိ၊ မုဆိုး စသည်တို့အားကား သကကမ္မကို ပေးပါဟု မတောင်းအပ်။ အမဲသတ်၍ ပေးကုန် ရာ၏။ ကျောင်း၌ပြုဖွယ်ရှိ၍ ဟတ္ထကံကိုပေးပါဟု မှတ်၍တောင်းရသည်။
ဘေးရန် ၂၉-ပါး
ပိုးရွတို့၏ အမြဲနေရာ --
၁။ ခြတို့၏၊
၂။ ကြွက်၊
၃။ မြွေ၊
၄။ ကင်း၊
၅။ ပုစွန်၊
၆။ ကင်းခြေများတို့၏ အမြဲနေရာ၊
ဤခြောက်ပါးသည် သတ္တဝါငယ်တို့ကို သနားသဖြင့် ကုဋီမပြုရဟု ပယ်အပ်သော နေရာ ဖြစ်၏။
၁။ ဆင်တို့၏ အမြဲနေရာ၊ အမြဲကျက်စားရာ၊
၂။ မြင်းတို့၏၊
၃။ ခြင်္သေ့၊
၄။ ကျား၊
၅။ ကျားသစ်၊
၆။ ဝံ၊
၇။ အောင်းတို့၏ အမြဲနေရာ၊ ဝါ၊ အမြဲကျက်စားရာ
ဤ ခုနစ်ပါးသည် ဘေးရန်ကြောင့် ပယ်အပ်သောနေရာဖြစ်၏။ တပါးသော သားရဲ တို့၏ နေရာကိုလည်း ဤအတူ ပယ်ရသည်။
ကောက်ခင်းကို မှီသောနေရာ၊ ပဲခင်းကို မှီသောနေရာ၊
ခိုးသူသတ်ရာအိမ်၊ လက်ခြေဖြတ်စရာ စဉ်းနှီတုံး ထားရာအိမ်၊ (၄)၊
သုသာန်၊ ဥယျာဉ်၊ မင်းဆရာ၊ ဆင်တင်းကုပ်။ (၄)၊
မြင်းတင်းကုပ်၊ နှောင်အိမ်၊ သေတင်းကုပ်၊ အမဲသတ်ရုံ၊ (၄)၊
ခရီးရှည်၊ ခရီးဆုံး၊ သဘင်၊
ထုတ်ချင်းမပေါက်သော ခရီးကို မှီသောနေရာ (၄)။
ဤ ၁၆-ပါးသည် အနှောင့်အယှက်များ၍ ပယ်အပ်သောနေရာဖြစ်၏။
အဆုံးအဖြတ်
အာဠဝီပြည်၌ အာဠဝီတိုင်းသား ရဟန်းများ ကိုယ်တိုင် တောင်းခြင်းဖြင့် ကုဋီကျောင်းငယ် ပြုလုပ်ခြင်းကြောင့် ပညတ်၏၊ အသာဓာရဏ။ သာဏတ္တိက။ နေရာမကြား ပမာဏလွန်ပြုမည်ဟု သစ်ဝါးအတွက် တောသို့ သွားသည်မှစ၍ ပယောဂအားလုံးတို့၌ ဒုက္ကဋ်။
မြေစိုင် နှစ်ခုလိမ်းကျံခြင်းဖြင့် ပြီးတော့မည် ဖြစ်သောအခါ ပဌမမြေစိုင် အပြီးတွင် ထုလ္လစ္စည်း။ ဒုတိယ မြေစိုင်အပြီးတွင်၊ ဝါ၊ လိမ်းကျံခြင်းစပ်လျှင် နေရာ မကြားသော ကုဋီ၌ သံဃာဒိသိသ်တချက်၊ ဒုက္ကဋ် နှစ်ချက်။ ပမာဏလွန်သော ကုဋီ၌ ထို့အတူ သံ-တချက်၊ ဒုက်-နှစ်ချက်။ နေရာမကြား၊ ပမာဏလွန်၌ သံ-နှစ်ချက်၊ ဒုက်-နှစ်ချက်။
တံခါးရွက်၊ လေသာတံခါးရွက်တို့ကို မထားမီ မြေလိမ်းကျံအံ့၊ စောင့်သေး၏။ ထားပြီးသော်လည်း တံခါးရွက်နှင့် လိမ်းကျံခြင်း မစပ်သေးလျှင် စောင့်သေး၏၊ တဖန်လိမ်းကျံ၍စပ်ကာမျှ၌ သံဃာဒိသိသ်။ တံခါးထားသောအခါ အကြားမရှိ တစပ်တည်းတည်အောင်ဟု တံခါးမထားမီကပင် အပြီး လိမ်းကျံခြင်း၌လည်း သံဃာဒိသိသ်။ သာရမ္ဘသက်သက်၌ ပြုအံ့၊ အပရိက္ကမန သက်သက်၌ပြုအံ့၊ ဒုက္ကဋ်။
ပြု၍မပြီးမီ ကုဋီကို သူတပါးအား ပေးအံ့၊ မပြီးမီ မြေနှင့်ညီအောင်ဖျက်အံ့၊ လိုဏ်၊ ဂူ၊ မြက်သက်ကယ်မိုးကျောင်း၊ သစ်ရွက်မိုးကျောင်းပြုအံ့၊ သူတပါးနေခြင်းငှာ ပြုပေးအံ့၊ ဝါသာဂါရမဟုတ်သော ဥပုသ်အိမ် စသည်ပြုအံ့။ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာတ္တိ။
(တံခါးရှိလျှင် လိုဏ်၊ တောင်ဂူ သက်သက်ကား ဂူမည်၏။)
၁။ သီလဝိပတ္တိ၊ ဥလ္လိတ္တ စသောသုံးခုတွင် တခုခုဖြစ်ခြင်း၊
၂။ အယုတ်ဆုံး ပမာဏ (လေးတောင်) ရှိခြင်း၊
၃။ နေရာမကြားခြင်း၊
၄။ ပမာဏလွန်ခြင်း၊
၅။ မိမိဟူသော ညွှန်အပ်သူရှိခြင်း။
၆။ ဝါသာဂါရ = နေရာကျောင်းဖြစ်ခြင်း၊
၇။ စပ်လိမ်းကျံခြင်း။
ဤကား အင်္ဂါ ၆-ပါး ၇-ပါးတည်း။
ဆသမုဋ္ဌာန်၊ ဝါ၊ သဉ္စရိတ္တ သမုဋ္ဌာန်။ ရံခါကြိယ။ ရံခါအကြိယ နေရာကြားစေ၍ ပမာဏလွန်အောင် ပြုလျှင် ကြိယာသမုဋ္ဌာန် ဖြစ်၏။ အင်္ဂါ ၆-ပါးသာရှိ၏။ နေရာ မကြားစေပဲ ပမာဏအညီပြုလျှင် အကြိယ၊ အင်္ဂါ ၆-ပါးပင်တည်း။ နေရာမကြား၊ ပမာဏလွန်ပြုလျှင် ကြိယာကြိယ၊ အင်္ဂါ ၇-ပါးဖြစ်၏၊ အကြွင်း သဉ္စရိတ္တနှင့် တူ၏။
ဝတ္ထု
အာဠဝီ အဂ္ဂါဠဝစေတီ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူသောအခါ အာဠဝီတိုင်းသား ရဟန်းကိုယ်တိုင် တောင်းခြင်းဖြင့် ဒါယကာ မရှိသော ကုဋီကို ပြုကုန်၏။ မပြီးနိုင်သဖြင့် လူပေးပါ၊ နွားပေးပါ၊ ပဲခွပ်ပေးပါ စသည်ဖြင့် အတောင်း များကုန်၏။ လူတို့သည် ရဟန်းတို့ကိုမြင်လျှင် ကြောက်လန့်၍ ပြေးကုန်၏။ တံခါးကိုသော်လည်း ပိတ်၍ ပုန်းကုန်၏။ အဝေး၌ နွားတို့ကိုပင် ရဟန်းထင်၍ တံခါး ပိတ်ကုန်၏။
ထိုအခါ ရှင်မဟာကဿပသည် အာဠဝီသို့ ရောက်လာ၍ နံနက် ဆွမ်းခံဝင်၏။ လူတို့သည် ရှင်မဟာကဿပကို မြင်လျှင် တံခါးပိတ်ကုန်၏။ ဆွမ်းကိစ္စပြီးသောအခါ အာဠဝီရဟန်းတို့ထံ သွား၍ ငါ့ရှင်တို့၊ ရှေးအခါ အာဠဝီ၌ ဆွမ်းရလွယ်သည်၊ ယခု မလွယ်ဟု အကြောင်းကိုမေး၏။ ထိုအကြောင်းကို လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ အာဠဝီသို့ ကြွလာ၍ အဂ္ဂါဠဝစေတီ၌ နေတော်မူ၏။ ရှင်မဟာကဿပသည် မြတ်စွာဘုရားထံသွား၍ ထိုအကြောင်းကို လျှောက်၏။ ထိုရဟန်းတို့ကို ခေါ်၍ မေးပြီးလျှင် ဤသို့ မိန့်တော်မူ၏။
အတိတ်နဂါး ဝတ္ထု
ချစ်သားတို့၊ ရှေးအခါ ရသေ့ညီနောင်နှစ်ယောက် ဂင်္ဂါမြစ်အနီး၌ နေထိုင်ကြ၏။ မဏိကဏ္ဌနဂါးမင်းသည် ရသေ့ငယ်ထံ လာ၍ ခုနစ်ပတ်ခွေ၍ ပါးပျဉ်းအုပ်ကာ နေ၏။ ရသေ့သည် ကြောက်လန့်၍ ပိန်းချုံး၏။ ဤသို့ ပြုဖန်များလတ်သော် တနေ့၌ နဂါးမင်းကို သင့်လည်ပင်းက ပတ္တမြား ငါ့ပေးပါဟုဆို၏။ နဂါးမင်းသည် ချက်ချင်း ပြန်သွား၏။ နောက် လာတိုင်း တောင်းလတ်သော် ရှင်ရသေ့၊ ဤပတ္တမြား ကြောင့် စည်းစိမ်ကြီး ငါခံစားရသည်၊ သင်တောင်းလွန်းသည်၊ နောင်မလာတော့ပြီဟု ဆို၍ ဖဲခြင်းကြီး ဖဲသွားလေ၏။ ချစ်သားတို့၊ တောင်းခြင်းကို တိရစ္ဆာန်ပင် မနှစ်သက်။ လူတို့မှာ အဘယ်ဆိုဖွယ် ရှိအံ့နည်း။
ငှက်ဝတ္ထု
ချစ်သားတို့၊ ရှေးအခါ ရဟန်းသည် ဟိမဝန္တာ၌ နေ၏။ ထိုအနီးတွင် ညွန်အိုင်ကြီးကို စားကျက်ပြု၍ ငှက်များစွာ နေကြ၏။ ငှက်သံကြောင့် ထိုရဟန်းသည် များစွာ ဆင်းရဲ၏။ ထိုအခါ အို-ငှက်တို့၊ ငါ့အား အတောင်တခုစီ ပေးကြလော့ဟု ညဉ့်ဦး တကြိမ်၊ သန်းခေါင်တကြိမ်၊ နံနက်တကြိမ် နေ့စဉ် အသံပြု၏။ ငှက်အပေါင်းသည် အတောင်ကိုပင် တောင်းသော ရဟန်းဟု ထိုတောအုပ်မှ ဖဲခြင်းကြီး ဖဲသွားကုန်၏။ ချစ်သားတို့၊ တောင်းခြင်းကို ငှက်တို့ပင် မနှစ်သက်၊ လူတို့မှာ အဘယ်ဆိုဖွယ် ရှိအံ့နည်း။
ရဋ္ဌပါလ ဝတ္ထု
ချစ်သားတို့၊ ရှေးအခါ ရဋ္ဌပါလသတို့သားအား ဖခင် သူဌေးကြီးက ချစ်သား ရဋ္ဌပါလ၊ များစွာသော လူတို့သည် ငါ့အထံ မကြာမကြာလာ၍ တောင်းကြသည်။ သင်ကား အဘယ့်ကြောင့် မတောင်းသနည်းဟု ဆို၏။ ဖခင်၊ တောင်းသူလည်း မုန်းစရာ ဖြစ်တတ်သည်။ တောင်း၍ မပေးသူလည်း မုန်းစရာဖြစ်တတ်သည်။ ထို့ကြောင့် မတောင်းလိုဟု ဆို၏။ ချစ်သားတို့၊ မိဘကိုသော်လည်း ဤသို့ ဆိုတုံသေး၏။ တပါးသော သူတို့မှာ အဘယ်ဆိုဖွယ် ရှိအံ့နည်း။
ချစ်သားတို့၊ လူတို့သည် ပစ္စည်းဥစ္စာကို ဆင်းရဲစွာ ရှာဖွေရသည်။ ဆင်းရဲစွာ စုဆောင်းရသည်။ ဆင်းရဲစွာ စောင့်ရှောက်ရသည်။ သင်တို့သည် အဘယ့်ကြောင့် အလွယ်တကူ တောင်းရမ်းခြင်း များလျက် နေကြကုန်ဘိသနည်း-ဟု ကဲ့ရဲ့၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
၇-ဝိဟာရကာရ
သဿာမိကံ၊ ဆောက်လုပ်သူ ဒါယကာရှိသော။
အတ္တုဒ္ဒေသံ၊ မိမိဟု ဆိုအပ်သော ညွှန်းအပ်သောသူ ရှိသော။
မဟလ္လကံ၊ ကြီးစွာသော။
ဝိဟာရံ၊ ကျောင်းကို။
ကာရယမာနေန။ ဘိက္ခုနာ။
ဝတ္ထုဒေသနာယ၊ ကျောင်းနေရာကို ပြောကြားစေခြင်းငှာ။
ဘိက္ခု။ အဘိနေတဗ္ဗာ။ တေဟိ ဘိက္ခူဟိ။ အနာရမ္ဘံ။ သပရိက္ကမနံ။
ဝတ္တု၊ ကျောင်းနေရာကို။
ဒေသတဗ္ဗံ။ ဘိက္ခု။ သာရမ္ဘေ။ အပရိက္ကမနေ။ ဝတ္ထုသ္မိံ။ မဟလ္လကံ။ ဝိဟာရံ။ စေ ကာရေယျ။ ဝတ္ထုဒေသနာယ။ ဘိက္ခူဝါ။ စေ အနဘိနေယျ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ဒါယကာရှိသောကျောင်း၊ ကုဋီထက် ကြီးသောကျောင်းသည် သဿာမိက မည်၏၊ မဟလ္လက မည်၏။ ဒါယကာရှိခြင်း၊ ကုဋီထက် ကြီးခြင်းသည် ဝိဟာရ၏ လက္ခဏာ တည်း။ ကျောင်းနေရာကို ပြောကြားစေပြီးလျှင် ပမာဏလွန်၍သော်လည်း ပြုအပ်၏။ ဒါယကာ ရှိသောကြောင့် ပမာဏလွန်ခွင့် ရသည်။ အကြွင်း တူပြီ။ ဒါကကာ ရှိခြင်းသာ ထူးသည်။ ထိုကြောင့် ပမာဏလွန် သံဃာဒိသိသ်မရှိ၊ ဒုက်-နှစ်ချက်၊ သံ-တချက်။
အဆုံးအဖြတ်
ကောသမ္ဗီပြည်၌ ရှင်ဆန္န ကျောင်းဆောက်ရန် ကျောင်းနေရာတွင် အများ ပူဇော်သော သစ်ပင်ကို ဖြတ်လှဲစေခြင်းကြောင့် ပညတ်၏။ အကြိယမျှသာ သမုဋ္ဌာန် ရှိ၍ သံဃာဒိသိသ်တခုသာ သင့်၏။ ဤဝိဟာရလည်း ကုဋီကဲ့သို့ ဥလ္လိတ္တ စသည်ဖြင့် သုံးမျိုးပြား၏။
(ကင်္ခါဋီကာသစ်၌ ကျောင်းနေရာ မကြားစေ၍ အာပတ်သင့်သောကြောင့် အကြိယ သာတည်း။ ကြိယမရှိ။ ကေစိတို့ကား နေရာမကြားစေပဲ ဆောက်စေသဖြင့် အာပတ် သင့်သောကြောင့် ကြိယာကြိယဟု ဆိုကုန်၏။ ပမာဏရှိခြင်းလည်း ထူး၏ဟု ဆိုသည်။)
ဝတ္ထု
ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ မြတ်စွာဘုရား နေတော်မူသောအခါ ရှင်ဆန္ဒ၏ ဒါယကာသည် ကျောင်းဆောက်လို၍ ကျောင်းနေရာ ရှာဖွေပါဟု လျှောက်၏။ ရှင်ဆန္ဒသည် ကျောင်းနေရာ သုတ်သင်ခြင်းငှာ ရပ်သူရွာသား အများ ပူဇော်သော စေတီဟု သမုတ်အပ်သော သစ်ပင်ကြီးကို လှဲစေ၏။ အဘယ့်ကြောင့် စေတီကို ဖျက်သနည်း၊ အသက် တခုကို ညှဉ်းဆဲရသလောဟု လူတို့ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
(ထိုလူတို့သည် သစ်ပင်ကို၎င်း၊ မြေကြီးကို၎င်း အသက်ရှိသည်ဟု မှတ်ထင် စွဲလမ်း ကုန်သတတ်။)
၈-ဒုဋ္ဌဒေါသ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
ဒုဋ္ဌော၊ ဒေါသနှိပ်စက်သည် ဖြစ်၍။
ဒေါသော၊ အမျက်ထွက်သည်ဖြစ်၍။
အပ္ပတီတော၊ မနှစ်မြို့သည်ဖြစ်၍။
ဘိက္ခုံ၊ ရဟန်းကို။
အမူလကေန၊ အရင်းမရှိသော။
ပါရာဇိကေန ဓမ္မေန၊ ပါရာဇိက အာပတ်ဖြင့်။
အနုဒ္ဓံသေယျ၊ စွပ်စွဲငြားအံ့။
နံ၊ ထိုရဟန်းကို။
ဣမမှာ ဗြဟ္မစရိယာ၊ ဤသာသနာတော်မှ။
စာဝေယျံ၊ ရွေ့လျောစေရမူကား။
အပ္ပေဝနာမ၊ ကောင်းလေစွ။
ဣတိ၊ ဤသို့ ရွေ့လျောစေလိုခြင်းဖြင့်။
အနုဒ္ဓံသေယျ။ တတော၊ ထိုစွပ်စွဲပြီးသည်မှ။
အပရေန။ သမယေန။ သမနုဂ္ဂါ ဟိယမာနေဝါ။
တံအဓိကရုဏံ၊ ထိုပါရာဇိက အာပတ်ဟူသော အဓိကရဏသည်။
အမူလကေဉ္စဝ၊ အရင်းမရှိသည်လည်း။
ဟောတိ။ ဘိက္ခုစ၊ ရဟန်း သည်လည်း။
ဒေါသံ၊ မိမိအပြစ်ကို။
ပတိဋ္ဌာတိ၊ ဝန်ခံ၍ တည်၏။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
အမျက်ထွက်သူသည် ပကတိသဘော ကင်းအောင် ဒေါသ၏ အနှိပ်စက် ခံရသောကြောင့် ဒုဋ္ဌမည်၏။ သူတပါးကို ဖျက်ဆီးတတ်သောကြောင့် ဒေါသလည်း မည်၏။ ပီတိ သုခ စသည်တို့မှ ကင်းသောကြောင့် အပ္ပတီတလည်း မည်၏။ စောဒက၏ မြင်ခြင်း၊ ကြားခြင်း၊ ရွံ့ရှားခြင်းသည် အရင်းမူလ မည်၏။ ထိုမူလ သုံးမျိုးကင်းသော ဝါရာဇိက အာပတ်သည် ဤ၌ အမူလက မည်၏။ ထိုပါရာဇိကသို့ စုဒိတကပုဂ္ဂိုလ်ရောက်ခြင်း၊ မရောက်ခြင်းကား ပမာဏမဟုတ်။
ဤ၌ မိမိကိုယ်တိုင် ပသာဒစက္ခု၊ ဒိဗ္ဗစက္ခုဖြင့် မြင်ရသော အာပတ်သည် ဒိဋ္ဌ၊ မမြင်လျှင် အဒိဋ္ဌ၊ သူတပါးပြောသည်ကို ပသာဒသောတ၊ ဒိဗ္ဗသောတဖြင့် ကြားရသော အာပတ်သည် သုတ၊ မကြားလျှင် အသုတ၊ မိမိသူတပါးမြင်၍၊ ကြား၍၊ တွေးဆ၍ စိတ်သင်္ကာရှိသော အာပတ်သည် ပရိသင်္ကိတ၊ သင်္ကာမရှိလျှင် အပရိသင်္ကိတ၊ ဤသို့ ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကိတ ရှိခြင်းသည်သာ ပမာဏဖြစ်သည်။
အမူလကဖြစ်သော စွပ်စွဲကြောင်း ပါရာဇိကသည် လေးပါးဖြစ်၏။ ဝါ၊ ၂၄-ပါးတို့တွင် ဘိက္ခုအနုလောမ ၁၉-ပါး ဖြစ်၏။ (ဘိက္ခုနီအနုလောမကို စိစစ်နိုင်ရမည်။)
ဤပါရာဇိက လေးပါး၊ ၁၉-ပါးဖြင့် နှိပ်စက်၍ မျက်မှောက် ဆိုခြင်းသည် အနုဒ္ဓံသေယျ မည်၏။ စွပ်စွဲသည်မည်၏။ (စွပ်စွဲပုံလေးပါး နောက်ဆိုလတ္တံ့။)
အပ္ပေဝနာမ နံ စသည်သည် စောဒက၏ အလိုဆန္ဒအဓိပ္ပာယ်ဖြစ်၏။ သာသနာမှ ရွေ့လျောအောင် ငါပြုလိုသည်၊ ပြုနိုင်လျှင် ကောင်းလေစွဟု စာဝနာဓိပ္ပာယဖြင့် စွပ်စွဲသည်ဟူလို။ (အဓိပ္ပာယ်ရှစ်မျိုး နောက်ဆိုလတ္တံ့။)
နောက်၌ အနုဝိဇ္ဇကဝိနည်းဓိုရ်က သင် အဘယ်ကို မြင်သနည်း စသည်ဖြင့် မေးသော်၎င်း၊ မမေးသော်၎င်း စွပ်စွဲသော ရဟန်းသည် မိမိအပြစ်ကို ဝန်ခံသည်ဟု စကားဆက်အပ်၏။ ဤစကားဖြင့် အမူလကအဖြစ် ထင်ရှားသော ကာလကို ပြခြင်းသာ ဖြစ်သည်။ အာပတ်သို့ကား စွပ်စွဲသောခဏ၌ပင် ရောက်လေပြီ။ ထိုစွပ်စွဲကြောင်း ပါရာဇိကသည် မြင်ခြင်းစသော အရင်းမရှိသောကြောင့် အမူလက မည်၏။ သမထတို့ဖြင့် ငြိမ်းစေအပ်သောကြောင့် အဓိကရဏလည်း မည်၏။ အဓိကရဏ လေးပါးတို့တွင် အာပတ္တာဓိကရဏ ဖြစ်၏။ စွပ်စွဲသော ရဟန်းသည် လည်း ငါ အချည်းနှီး ပြောမိပါသည်ဟု ဝန်ခံ၏။ ထို့ကြောင့် ထိုရဟန်းအား စွပ်စွဲသောခဏ၌ပင် သံဃာဒိသိသ်။
အဓိကရဏ သုံးမျိုး
ဤသိက္ခာပုဒ်၌ အာပတ်သည် သမထဖြင့် ငြိမ်းစေအပ်သောကြောင့် အဓိကရဏ မည်၏။ ဝိဝါဒစသော အဓိကရဏလေးပါး၌ အပါအဝင်ဖြစ်သည်။ (၁)
နောက်သိက္ခာပုဒ်၌ အဖို့တပါးရှိသော အညဘာဂီပုဂ္ဂိုလ်သည် နာမစသည်တို့၏ တည်ရာဖြစ်သောကြောင့် အဓိကရဏ မည်၏။ (၂)
နောက်သိက္ခာပုဒ်တခု၌ ဓမ္မာဓမ္မစသော ဘေဒကရဝတ္ထု ၁၈-ပါးသည် ကွဲပြားကြောင်း ဖြစ်သောကြောင့် အဓိကရဏ မည်၏။ (၃)
ငြိမ်းစေ၊ တည်ရာ (၂)၊ အကြောင်းမှာ (၁)၊ သုံးဖြာဓိကရဏ။
စောဒနာ လေးပါး
စောဒနာခြင်းသည် ဝတ္ထုသန္ဒဿန၊ အာပတ္တိသန္ဒဿန၊ သံဝါသပ္ပဋိက္ခေပ၊ သာမီစိပ္ပဋိက္ခေပ-ဟု အကျဉ်းလေး ပါးရှိ၏။
သင် မေထုန်မှီဝဲသည်ဟု ဝတ္ထုမျှ ပြောခြင်းသည် ဝတ္ထုသန္ဒဿန မည်၏။ သင် မေထုန်အာပတ်သို့ ရောက်သည်ဟု အာပတ်ကို ပြောခြင်းသည် အာပတ္တိသန္ဒဿန မည်၏။ သင်နှင့် ဥပုသ်စသော သံဃာ့ကံကို မပြုနိုင်ဟု သံဝါသ ပယ်ခြင်းကို ဆိုခြင်းသည် သံဝါသပ္ပဋိက္ခေပ မည်၏။ ရှိခိုးခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ ယပ်လေ ခတ်ခြင်း စသည်ကို အစဉ်အတိုင်းပြုစဉ် တယောက်သောရဟန်းအား မပြုခြင်းသည် သာမီစိပ္ပဋိက္ခေပ မည်၏။
ထိုတွင် ပယ်ခြင်းနောက်နှစ်ပါးသည် စောဒနာသာ မည်သည်။ အာပတ်အပြီး မရောက်။ အဘယ့်ကြောင့် ဤသို့ ပယ်သနည်း ဟု မေးသဖြင့် သင် ရဟန်းမဟုတ် စသည်ဖြင့် တွဲစပ်၍ အာပတ်ဝတ္ထုကို ပြမှ အာပတ်အပြီးသို့ ရောက်သည်။
ဝတ္ထုကိုပြ (၁)၊ အာပတ်ဝတ္ထုကိုပြမှ အာပတ်အပြီးသို့ ရောက်သည်။
ကျင့်ဝတ်ပယ် (၁)၊ လေးသွယ် စောဒနာ။
ပယ်ခြင်းဒွယ၊ မပြီးကြ၊ ပြမှ ပြီးသည်သာ။
သိက္ခာချရာ၌ လက်ဆုပ်ပြခြင်းဖြင့် မရ၊ ဈာန်မဂ်ဖိုလ်ဝါကြွားရာ၊ စွပ်စွဲရာ၌ ရသည်။ ထို့ကြောင့် ရဟန်းတပါး၏ အနီး ၁၂-တောင်အတွင်း နေ၍ သင် မေထုန်မှီဝဲသည်၊ ရဟန်းမဟုတ် စသော အဓိပ္ပါယ်ကို လက်ဆုပ်ပြခြင်း ဖြင့်သော်လည်း စွပ်စွဲအံ့၊ ရဟန်းရှင် တယောက်ယောက်ကိုသော်လည်း စွပ်စွဲခိုင်းအံ့၊ စွပ်စွဲသည် မည်၏။
အဆုံးအဖြတ်
ရာဇဂြိုဟ်ပြည်၌ မေတ္တိယ၊ ဘုမ္မဇက ရဟန်းတို့ အရင်းမရှိသော ပါရာဇိကဖြင့် စွပ်စွဲခြင်းကြောင့် ပညတ်၏။
သာဓာရဏ။ သာဏတ္တိက။ ဥပသမ္ပဒကံဖြင့် ရဟန်းဖြစ်သော စင်ကြယ်သော သုဒ္ဓ ပုဂ္ဂိုလ်ကို၎င်း၊ ပါရာဇိကရောက်သော အသုဒ္ဓပုဂ္ဂိုလ်ကို၎င်း၊ မိမိစွပ်စွဲလိုသော ပါရာဇိကသို့ မရောက်ဟု သိ၊ ရောက်ဟု မသိပဲ ရွေ့လျှောစေလိုသော စာဝနာ ဓိပ္ပာယဖြင့် စောဒနာအံ့၊ စုဒိတကသည် ငါ့ကို စွပ်စွဲသည်ဟု ထိုခဏ၌ သိအံ့။ ပြောစရာရှိသည်၊ ခွင့်ပြုပါဟု ခွင့်တောင်းခြင်း မရှိလျှင် ခွန်းတိုင်း သံဃာဒိသိသ်နှင့် ဒုက္ကဋ်။ ခွင့်တောင်ခြင်းရှိလျှင် သံဃာဒိသိသ်သာ။
လက်ဆုပ်ပြခြင်းဖြင့် မျက်မှောက် စောဒနာသော ရဟန်းအားလည်း ဤ အတူတည်း။ မျက်ကွယ် စောဒနာအံ့။ အပြီးမရောက်၊ ဒုက္ကဋ်သာ။ အနီး၌နေ၍ ရဟန်းတပါးကို စေခိုင်းအံ့၊ စေခိုင်းသမျှကိုသာ ဆိုအံ့။ စေခိုင်းသူအားသာ အာပတ်သင့်သည်။ ငါလည်း မြင်သည် ကြားသည်ဟု စကားကို ထည့်ဆိုအံ့။ နှစ်ပါးလုံး ထိုအာပတ်သို့ သင့်ကုန်၏။
ဆဲလိုသော အက္ကောသာဓိပ္ပါယဖြင့် ဆိုအံ့။ ခွင့်မတောင်းလျှင် ပါစိတ်၊ ဒုက္ကဋ်။ ခွင့်တောင်းလျှင် ပါစိတ်သာ။ ကံပြုလိုသော ကမ္မာဓိပ္ပါယဖြင့် တဇ္ဇနိယ စသော ကံခုနစ်ပါးကို မျက်ကွယ်ပြုအံ့။ ဒုက္ကဋ်သာ။
အာပတ်မှ ထစေလိုသော ဝုဋ္ဌာနာဓိပ္ပါယဖြင့် သင် ဤအာပတ်သို့ ရောက်သည်။ ကုစားလော့ဟု ဆိုအံ့။ ခွင့်တောင်းဖွယ်မရှိ။ ဥပုသ်ထားလိုသော ဥပေါသထ ဌာပနာဓိပ္ပါယဖြင့်၊ ပဝါရဏထားလိုသော ပဝါရဏာဌာပနာဓိပ္ပါယဖြင့် ဥပုသ် ထားအံ့၊ ပဝါရဏာထားအံ့၊ ခွင့်တောင်းဖွယ်မရှိ။ ထားရာခေတ်ကိုကား သိရသည်။ (ဉတ်မဆုံးမီ ထားနိုင်သည်။)
မေးစစ်လိုသော အနုဝိဇ္ဇာနာဓိပ္ပါယဖြင့် ဝိနည်းဓိုရ်က တရားခွင်တွင် မေးစစ်အံ့၊ ခွင့်တောင်းဖွယ်မရှိ။ တရား ဟောလိုသော ဓမ္မကထာဓိပ္ပါယဖြင့် ဤသို့ပြုသူ ရဟန်းမဟုတ်ဟု မရည်စူးပဲ တရားဟောအံ့။ ခွင့်တောင်းဖွယ်မရှိ။ ရည်စူး၍ ဤသူ ရဟန်းမဟုတ်၊ ဤသူ ဥပသကာ မဟုတ်ဟု ဟောအံ့၊ ပလ္လင်အဆင်း အာပတ် ဖြေအပ်၏။ အဓိပ္ပာယ ရှစ်ပါးတို့တွင် ရွေ့စေလိုတပါးသာ စွပ်စွဲခြင်းကို ဖြစ်စေသည်။
ရွေ့စေ၊ ဆဲလို၊ (၂)၊ ကြံပြုလို (၁)၊ ထလို အာပတ်မှ (၁)။
ဥပုသ်ကိုထား (၁)၊ ပဝါထား (၁)၊ မေးငြား တရားပြ(၂)။
စွပ်စွဲတပါး (၁)၊ ကြွင်းပယ်ရှား(၇)၊ ရှစ်ပါး ဓိပ္ပာယ။
အသုဒ္ဓရဟန်းဟု မှတ်ထင်အံ့၊ ဥမ္မတ္တကစသည် ဖြစ်အံ့၊ အနာပတ္တိ။ သီလဝိပတ္တိ။
၁။ စုဒိတက၏ ရဟန်းဟူသော အရေအတွက်သို့ ရောက်ခြင်း၊
၂။ စုဒိတက၌ စင်ကြယ် သည်ဟု အမှတ်ရှိခြင်း၊
၃။ စွပ်စွဲသော ပါရာဇိက၏ အမူလကဖြစ်ခြင်း၊
၄။ စာဝနာဓိပ္ပါယ ဖြင့် မျက်မှောက်စွပ်စွဲခြင်း၊
၅။ စုဒိတက၏ ထိုခဏသိခြင်း၊
ဤကား အင်္ဂါငါးပါးတည်း။
သမုဋ္ဌာန်စသည် အဒိန္နာဒါနနှင့် တူ၏။ ဒုက္ခဝေဒန ဖြစ်ခြင်းသာ ထူးသည်။
ဝတ္ထု
ရာဇဂြိုဟ်၊ ဝေဠုဝန် ရှင်ဒဗ္ဗသည် ခုနစ်နှစ်သားအရွယ် ရဟန္တာ ဖြစ်၍ ဤ နောက်ဆုံး ကိုယ်ဖြင့် သံဃာ့ဝေယျာဝစ္စ ဆောင်ရမူ ကောင်းလေစွဟု ကြံ၍ ကျောင်းညွှန်း၊ ဆွမ်းညွှန်း ပုဂ္ဂိုလ်ပြုလိုပါသည်ဟု ဘုရားရှင်အား လျှောက်၏။ ချစ်သားတို့၊ သံဃာသည် ရှင်ဒဗ္ဗကို တောင်းပန်၍ ဉတ္တိ ဒုတိယကံဖြင့် သမ္မုတိပေးလော့ဟု ခွင့်ပြုတော်မူ၏။
ရှင်ဒဗ္ဗသည် သမ္မုတိရသူဖြစ်၍ ရဟန်းတို့ကို နေရာညွှန်း၏။ အချိန်မဲ့ရောက်လာသော အာဂန္တုတို့ အား လိုရာသို့ လိုက်ပို့၏။ ရံခါ နှစ်ကိုယ်၊ သုံးကိုယ်ခွဲ၍ တေဇောကသိုဏ်း အလင်းရောင်ဖြင့် တခြားစီလိုက်ပို့၏။ ထိုအခါ ကလျာဏဘတ္တိက မည်သော ဒါယကာသည် အိမ်၌ တနေ့လေးပါး နိစ္စဘတ်ဆွမ်းကောင်း ကျွေး၏။
တနေ့၌ ကျောင်းသို့လာ၍ ရှင်ဒဗ္ဗထံ တရားနာ၍ နက်ဖြန် အဘယ်ရဟန်းများ အလှည့်ပါနည်းဟု မေး၏။ မေတ္တိယ ဘုမ္မဇကတို့ အလှည့်ဟု ဆိုလတ်သော် စိတ်ပျက်၍ ပြန်သွား၏။ ထိုရဟန်းတို့ကား ပကတိအားဖြင့် ဘုန်းကံနည်းကုန်၏။ ပအုံးရည်နှင့် ဆန်ကွဲထမင်းသာ နေ့စဉ်အစာ ရှိကုန်၏၊ ထို့ကြောင့် ငါတို့ နက်ဖြန် ကောင်းကောင်း သုံးဆောင်ရလိမ့်မည်ဟု တညလုံး အိပ်မပျော်အောင် ဝမ်းသာ ကုန်၏။
နံနက် ထိုအိမ်သို့ ကြွသွားသောအခါ ကျွန်မက အပြင်၌ နေကြပါဟု ဆို၏။ ဆွမ်းဟင်း မစုံသေး၍ ဖြစ်မည်ဧကန်ဟု နေကြ၏။ ကျွန်မသည် ဆန်ကွဲထမင်းနှင့် ပအုံးရည်ကို ယူလာ၍ ဆွမ်းကပ်၏။ သူဌေးကြီးက ဤအတိုင်း ဆွမ်းကပ်ရမည်ဟု မှာသွားသည်ဟု ဆို၏။ ထိုရဟန်းတို့သည် ရှင်ဒဗ္ဗဉာဏ် ဧကန်ဟု စိတ်မချမ်းမသာ ဖြစ်ကုန်၏။ ကျောင်းသို့ ပြန်ရောက်သောအခါ ပြင်ပ၌ထိုင်၍ ငေးမှိုင်ကာနေကုန်၏။
ထိုအခါ မေတ္တိယာမည်သော ဘိက္ခုနီမသည် လာ၍ရှိခိုး၏။ စကားမဆိုကြကုန်။ အကျွန်ုပ်အား အဘယ်အပြစ်ရှိ၍ စကားမဆိုကြ ပါသနည်းဟု လျှောက်၏။ ငါတို့ကို ရှင်ဒဗ္ဗ နှိပ်စက်သည်၊ ယနေ့ရှင်ဒဗ္ဗ ဒုက္ခဖြစ်အောင် ဘုရားရှင်ထံ ဤသို့ဤသို့ လျှောက်ရမည်ဟု ဆိုကုန်၏။ ထိုဘိက္ခုနီမသည် ဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရား၊ ဘေးမရှိရာမှ ဘေးဖြစ်ခြင်းသည် မလျောက်ပတ်ပါ၊ လေမရှိရာမှ လေလာပါသည်။ ရေကို မီးလောင်ပါသည်။ အရှင်ဒဗ္ဗသည် တပည့်တော်မကို ဖျက်ဆီးပါသည် ဟု လျှောက်၏။
ဘုရားရှင်ခေါ်၍ မေးစစ်လတ်သော် အိမ်မက်၌ပင် မလွန်ကျူးမိစဖူးပါဟု လျှောက်၏။ ချစ်သားတို့၊ မေတ္တိယာဘိက္ခုနီမကို သာသနာမှအပ ပြုကုန်လော့။ ဤရဟန်း တို့ကိုလည်း မေးစစ်ကြည့်ဦးလော့ဟု မိန့်၍ ကျောင်းတွင်းသို့ ဝင်တော်မူ၏။
သူတပါး ပျက်နေသည်မှာ ကြာပြီ၊ (ဝန်ခံခြင်းမရှိ၍ မဆုံးဖြတ်။) ယခုမှ ရှင်ဒဗ္ဗနှင့်ဟု ပါရာဇိကကို ဝန်ခံသည်။ ရှင်ဒဗ္ဗ ဟုတ်-မဟုတ် အပထား၍ ဝန်ခံချက်အရ အပ ပြုခိုင်းသည်၊ ရဟန်းတို့ အပပြုကြသောအခါ မေတ္တိယ ဘုမ္မဇက ရဟန်းတို့က ဤသို့ မပြုကြပါနှင့်။ အကျွန်ုပ်တို့က သာသနာမှ ရွေ့စေလိုသဖြင့် စေခိုင်းကြပါသည်ဟု ဝန်ခံကုန်၏။ သင်တို့သည် အရင်းမရှိသော အာပတ်ဖြင့် စွပ်စွဲကြသလောဟု ဆိုလတ်သော် ဟုတ်ပါသည်ဟု ဝန်ခံကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၉-အညဘာဂိယ
ယော ပ န ဘိက္ခု။ ဒုဋ္ဌော။ ဒေါသော။ အပ္ပတီတော။ ဘိက္ခုံ။
အညဘာဂိယဿ၊ တပါးသော အဖို့ရှိသော။
အဓိကရဏကဿ၊ တည်ရာ (ပုဂ္ဂိုလ်)၏။
ကိဉ္စိ ဒေသံ၊ ညွှန်းအပ်သော တစုံတခုဟုဆိုအပ်သော။
လေသမတ္တံ၊ ကပ်ငြိခြင်းမျှကို။
ဥပါဒါယ၊ စွဲ၍။
ပါရာဇိကေန။ ဓမ္မေန။ အနုဒ္ဓံသေယျ။ နံ။ ဣမမှာ ဗြဟ္မစရိယာ။ စာဝေယျံ။ အပ္ပဝနာမ။ ဣတိ။ အနုဒ္ဓံသေယျ။ တတော။ အပရေန။ သမယေန။ သမနုဂ္ဂါ ဟိယမာနော ဝါ။ အသမနုဂ္ဂါဟိယမာနော ဝါ။
တံ အဓိကရဏံ၊ ထိုတည်ရာ (ပုဂ္ဂိုလ်) ဟူသော အဓိကရဏသည်။
အညဘာဂိယေဉ္စဝ၊ တပါးသောအဖို့ ရှိသည်လည်း။
ဟောတိ။ ကောစိဒေသော၊ ညွှန်းအပ်သော တစုံတခုဟု ဆိုအပ်သော။
လေသမတ္တော၊ ကပ်ငြိခြင်းမျှကို။
ဥပါဒိန္နော စ၊ စွဲယူအပ်သည်လည်း။
ဟောတိ။ ဘိက္ခုစ။ ဒေါသံ။ ပတိဋ္ဌာတိ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ် စသည်
တောင်ခြေရင်းတွင် ဆိတ်တို့ ပျော်မြူးသည်ကို မြင်၍ ဆိတ်ဖိုကို ရှင်ဒဗ္ဗမှည့်၍ စွပ်စွဲကြပြန်သည်။ ရှင်ဒဗ္ဗ၏ လူဇာတ် ရဟန်းအဖြစ်သည် သကဘာဂ မည်၏။ ဆိတ်ဖို၏ တိရစ္ဆာန်ဇာတ် ဆိတ်ဖိုအဖြစ်သည် အညဘာဂ မည်၏၊ ရှင်ဒဗ္ဗ၏ သကဘာဂမှ တပါးဖြစ်သောကြောင့်တည်း။ ဆိတ်ဖိုသည် အညဘာဂနှင့် စပ်ဆိုင်၏၊ အညာဘာဂ၏ ဥစ္စာဖြစ်၏။
ဣဒံတဒ္ဓိတ်။ ဝါ၊ အညဘာဂရှိ၏၊ အဿတ္ထိတဒ္ဓိတ်။ ထို့ကြောင့် ဆိတ်ဖိုသည် အညဘာဂိယ မည်၏။ ရှင်ဒဗ္ဗဟု မှည့်သောအမည်၏ တည်ရာပုဂ္ဂိုလ် ဖြစ်သော ကြောင့်လည်း ဆိတ်ဖိုသည်ပင် အဓိကရဏမည်၏။
ဤ၌ အဓိကရဏသည် အာဓာရ၊ ဝတ္ထု၊ အဓိဋ္ဌာနနှင့် အနက်တူ၊ တည်ရာအနက် ရှိ၏။ ဝိဝါဒစသော အဓိကရဏလေးပါး၌ အပါအဝင်မဟုတ်။ ထိုလေးပါး၌ လေသ မည်သည်လည်း မရှိ၊ လေသဟူသည် ပုဂ္ဂိုလ်၏လေသဖြစ်သည်၊ ဆယ်ပါးပြားသည်။ အဓိကရဏ လေးပါး၏ လေသမဟုတ်။ ထို့ကြောင့် ရှင်ဒဗ္ဗဟူသော အမည်သည် ဆိတ်ဖို၏ ကောစိဒေသ ဖြစ်၏။ လေသမတ္တဖြစ်၏၊ ဝါ အညဘာဂိယအဓိကရဏ၏ ကောစိဒေသ လေသမတ္တဖြစ်၏။
အကျဉ်းအားဖြင့် ဆိတ်ဖို ခန္ဓာကိုယ်ဒြပ်သည် အညဘာဂိယ အဓိကရဏမည်၏။ ရှင်ဒဗ္ဗဟူသော အမည်ပညတ်သည် ကောစိဒေသ လေသပတ္တ မည်၏။ ဤ သိက္ခာပုဒ်ကို ဆိတ်ဖို၏ ရှင်ဒဗ္ဗအမည် ကပ်ငြိခြင်းကိုယူ၍ ပါရာဇိကဖြင့် စွပ်စွဲသောကြောင့် ပညတ်၏။ အာပတ္တညဘာဂိယ စောဒနာ၌ ထိုအတိုင်း အမှတ် ရှိအံ့၊ အနာပတ္တိ။ အင်္ဂါတို့၌ အညဘာဂိယအဓိကရဏ၏ ကိဉ္စိဒေသ လေသမတ္တကို စွဲယူခြင်းမျှ ပိုလွန်၏။ အကြွင်းတူပြီ။
ကောစိဒေသော
ဒိဿတီတိ ဒေသော။
ယော၊ အကြင်ဇာတိ နာမ စသော အရာဆယ်ပါးကို။
ဒိဿတိ၊ ဤသို့သောသူဟု ညွှန်ကြားအပ်၏။
ဣတိ၊ ထို့ကြောင့်။
ဒေသော၊ ဒေသမည်၏။
ဆယ်ပါးကား --
ဇာတိ၊ နာမ၊ ဂေါတ္တ၊ လိင်္ဂ၊ အာပတ္တိ (၅)၊
ပတ္တ၊ စီဝရ၊ ဥပဇ္ဈာယ၊ အာစရိယ၊ သေနာသန (၅)၊
ဤသို့ ဆယ်ပါးဖြစ်၏။
ပဒမာလာပြုလျှင် ကောစိဒေသော၊ ကိဉ္စိဒေသံ၊ ကေနစိ ဒေသေန၊ ကဿစိ ဒေသဿ စသည် ဖြစ်၏။
လိဿတီတိ လေသော။
ယော၊ အကြင်ဇာတိ စသော ဆယ်ပါးသည်။
လိဿတိ၊ ကပ်ငြိတတ်၏။
ဣတိ၊ ထို့ကြောင့်။
လေသော၊ လေသမည်၏။
ယခင် ဆယ်ပါးပင်တည်း။ ခေါ်ဝေါ်ခြင်းမျှ၌ သူတပါးကို အနည်းငယ် ကပ်ငြိသကဲ့သို့ ဖြစ်၏။ စောင်းမြောင်း၍ စွပ်စွဲခြင်းငှာ ကပ်ငြိရုံသာတည်း။
မည်၊ နွယ်၊ လိင်၊ ဇာတ် (၄)၊ အာပတ်၊ ပတ်၊ စီ (၃)၊
ဇ္ဈာယ်၊ စရိ၊ ကျောင်း (၃)၊ လေသစောင်း၊ ဆယ်မြောင်း စိဒေသ၊
ဤသိက္ခာပုဒ်၌ တည်ရာအနက်ရှိသော အဓိကရဏသည် ဝတ္ထုဖြင့် ထင်ရှားသည်ဟု ပါဠိတော်၌ မဝေဖန်။ အဓိကရဏလေးပါး၏ အညဘာဂိယ၊ တမ္ဘာဂိယ အဖြစ်သည်သာ မထင်ရှားသောကြောင့် ဝေဖန်သည်။ ဝိနည်းဓိုရ်တို့ မှတ်သား ထိုက်သည်။
အညဘာဂီ၊ တဗ္ဘာဂီ
ဝိဝါဒသည် အနုဝါဒ၏၊ အာပတ္တိ၏၊ ကိစ္စ၏ အညဘာဂိယ ဖြစ်၏။ (၃)၊
အနုဝါဒသည် ထို့အတူ ကြွင်းသုံးပါး၏ အည (၃)၊
အာပတ္တိသည် ကြွင်းသုံးပါး၏ အည (၃)၊
ကိစ္စသည် ကြွင်းသုံးပါး၏ အည (၃)၊
အညဘာဂိယ(၁၂)။
ဝိဝါဒသည် ဝိဝါဒ၏ တဗ္ဘာဂိယ ဖြစ်၏။ (၁) အနုဝါဒသည် အနုဝါဒ၏ တမ္ဘာဂီ (၁)၊ ကိစ္စသည် ကိစ္စ၏ တဗ္ဘာ (၁)၊ အာပတ္တိသည်ကား အာပတ္တိ၏ အချို့ တဗ္ဘာဂိယ၊ အချို့ အညဘာဂိယ ဖြစ်၏။ ဤကား အဓိကရဏချင်းတည်း။
အာပတ္တိချင်းကား --
မေထုနပါရာဇိကသည် ကြွင်း ပါရာဇိက သုံးပါး၏ အညဘာဂိယ၊
အဒိန္နာဒါနသည် ကြွင်းသုံးပါး၏ အည၊
မနုဿဝိဂ္ဂဟသည် ကြွင်းသုံးပါး၏ အည၊
ဥတ္တရိသည် ကြွင်းသုံးပါး၏ အညဘာဂိယ၊
သုံးလေးလီ (၁၂)။
မေထုနအာပတ်သည် မေထုန၏၊
အဒိန္နာဒါနသည် အဒိန္နာ၏၊
မနုဿသည် မနုဿ၏၊
ဥတ္တရိသည် ဥတ္တရိ၏ တဗ္ဘာဂိယ၊
ပေါင်း အာပတ္တိဘဗ္ဘာဂိယ လေးခု။
ကင်္ခါဋီကာသစ်၌ အညဘာဂိယ သိက္ခာပုဒ်ကို သင့်အောင် မသင်သူသည် ဝိနည်းမြင်သိ ပညာရှိတို့မှ အညဘာဂိယ ဖြစ်တတ်သည်ဟု ဆို၏။
ဝတ္ထု
ရာဇဂြိုဟ် ဝေဠုဝန် မေတ္တိယ ဘုမ္မကရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင်မှ အဆင်း ဆိတ်တို့ပျော်မြူးကြသည်ကို မြင်၍ ဤဆိတ်ဖိုကို ရှင်ဒဗ္ဗ၊ ဆိတ်မကို မေတ္တိယာ ဘိက္ခုနီဟု မှည့်ကြစို့ ဟူ၍၎င်း၊ ရှေးက ငါတို့ ပြောသံကြား၊ ယခုကား ဒိဋ္ဌမျက်မြင်ဟု ဆိုကြစို့ ဟူ၍၎င်း တိုင်ပင်ကုန်၏။ တိုင်ပင်တိုင်းလည်း ဆိုကုန်၏။
ဘုရားရှင် မေးစစ်သောအခါ အိပ်မက်မျှ မမက်ဖူးပါဟု ရှင်ဒဗ္ဗ လျှောက်၏။ ချစ်သားတို့၊ ဤ ရဟန်းတို့ကို မေးစစ်ကြဦးလော့ဟု မိန့်၍ ကျောင်းတွင်းသို့ ဝင်ကြွတော်မူ၏။ ရဟန်းတို့ကို မေးစစ်သောအခါ အကျွန်ုပ်တို့ကိုယ်တိုင် ဂိဇ္ဈကုဋ် တောင်ခြေ၌ (ဆွမ်းခံချိန်တွင်) တွေ့မြင်ကြပါသည်ဟု အစစ်ခံကုန်၏။
(ရှင်ဒဗ္ဗကား ဆွမ်းညွှန်း၊ ကျောင်းညွှန်းကိစ္စဖြင့် ပြင်ပထွက်ရန် အချိန်အား မရှိသည်ကို အများသိလျက် ထိုရဟန်းတို့ သတိမထားမိကြကုန်။) သင်တို့သည် တပါးသော အဖို့ရှိသော တည်ရာပုဂ္ဂိုလ်၏ အမည်ပညတ်ကို ကိဉ္စိဒေသ လေသမတ္တ ကို စွဲယူ၍ ပါရာဇိကဖြင့် စွပ်စွဲကြသည် မဟုတ်လောဟု မေးလတ်သော် ဟုတ်ပါသည် ဟု ဝန်ခံကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၁၀-သံဃဘေဒက
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
သမဂ္ဂဿ၊ အညီအညွှတ်ဖြစ်သော။
သံဃဿ၊ သံဃာ၏။
ဘေဒါယ၊ ကွဲပြားစေခြင်းငှာ။
ပရက္ကမေယျ၊ လုံ့လပြုငြားအံ့။
ဘေဒနသံဝတ္တနိကံ၊ ကွဲပြားခြင်းကို ဖြစ်စေတတ်သော။
အဓိကရဏံ ဝါ၊ အကြောင်း ၁၈-ပါးကိုမူလည်း။
သမာဒါယ၊ ယူ၍။
ပဂ္ဂယှ၊ ချီးမြှောက်၍။
တိဋ္ဌေယျ၊ တည်ငြားအံ့။
ထိုရဟန်းကို။
ဘိက္ခူဟိ၊ (မြင်ကုန် ကြားကုန်သော) ရဟန်းတို့သည်။
ဧဝံ၊ ဤသို့။
ဝစနီယော၊ ဆိုအပ်သည်။
အဿ (ဟောတိ)၊ ဖြစ်၏။
အာယသ္မာ၊ အရှင်သည်။
သမဂ္ဂဿ။ သံဃဿ။ ဘေဒါယ။
မာ ပရက္ကမိ၊ လုံ့လမပြုလင့်။
ဘေဒနသံဝနိကံ။ အဓိကရဏံဝါ။ သမာဒါယ။ ပုဂ္ဂယှ။
မာအဌာသိ၊ မတည်လင့်။
အာယသ္မာ။ သံဃေန၊ သံဃာနှင့်။
သဒ္ဓိံ၊ တကွ။
သမေတု၊ အယူဝါဒ တူမျှစေသတည်း။
ဟိ၊ တူမျှသင့်ကြောင်းကား။
သမဂ္ဂေါ၊ သော။
သံဃော၊ သည်။
သမ္မောဒမာနော၊ ဝမ်းမြောက်သည်ဖြစ်၍။
အဝိဝဒမာနော၊ ငြင်းခုံခြင်း မရှိသည်ဖြစ်၍။
ဧကုဒ္ဒေသော၊ ဟူသော ပါတိမောက်ပြခြင်း ရှိသည် ဖြစ်၍။
ဖာသု၊ ချမ်းသာစွာ။
ဝိဟရတိ၊ နေရ၏။
(တသ္မာ၊ ထို့ကြောင့်။ သမေတု။) ဣတိ။ ဝစနီယော။ အဿ ဟောတိ။
ဧဝဉ္စ၊ ဤသို့လျှင်။
သောဘိက္ခု၊ ကို။
ဘိက္ခူဟိ၊ တို့သည်။
ဝုစ္စမာနော၊ ဆိုအပ်သည် ဖြစ်လျက်။
တထေဝ၊ ထို့အတူသာလျှင်။
ပဂ္ဂဏှေယျ၊ ချီးမြှောက်ငြားအံ့။
သောဘိက္ခု။ ဘိက္ခူဟိ။ တဿ၊ ထိုသင်းခွဲလိုသော အယူဝါဒကို။
ပဋိနိဿဂ္ဂါယ၊ စွန့်စေခြင်းငှာ။
ယာဝတတီယံ၊ သုံးကြိမ်တိုင်အောင်။
သမနုဘာသိတဗ္ဗော၊ ဉ တ်ကမ္မဝါစာဖြင့် ဆုံးမအပ်၏။
(သမနုဘာသနကံဖြင့် ဆုံးမအပ်၏။)
ယာဝတတီယံ။ သမနုဘာသိယမာနော၊ ဉတ်ကမ္မဝါစာဖြင့် ဆုံးမအပ်သည် ရှိသော်။
တံ၊ ထိုအယူကို။
စေ ပဋိနိဿဇ္ဇေယျ၊ အကယ်၍ စွန့်ငြားအံ့။
ဣစ္စေတံ၊ ဤသို့ အယူစွန့်ခြင်းသည်။
ကုသလံ၊ ကောင်း၏။
နော စေ ပဋိနိဿဇ္ဇေယျ၊ အကယ်၍ မစွန့်ငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
စိတ်မကွဲ ကိုယ်မကွဲသော ရဟန်းအပေါင်းသည် သမဂ္ဂသံဃ မည်၏။ တနည်း-သံဝါသ = အတူပေါင်း အတူသိမ်ဝင်သော ရဟန်းအပေါင်းသည် သမဂ္ဂသံဃ မည်၏။ စိတ်မကွဲမှ သံဝါသသုံးပါး အတူ ပေါင်းနိုင်သည်။ ကိုယ်မကွဲမှ သိမ်အတူ ဝင်နိုင်သည်။ ဤညီညွတ်သော သံဃာကို ကွဲအောင် အဘယ်သို့ ပြုရအံ့နည်းဟု ကြံ၍ အားထုတ်ခြင်းသည်၊ ဝါ၊ အဖော်စုခြင်းသည် ဘေဒါယ ပရက္ကမေယျ မည်၏။ အကြောင်း ၁၈-ပါးသည် အဓိကရဏ မည်၏။ ကွဲခြင်းငှာ ဖြစ်စေသောကြောင့် ဘေဒနသံဝတ္တနိကလည်း မည်၏။
(ဤပုဒ်သည် သံဝတ္တနိက မဖြစ်သင့်၊ သံဝတ္တနကသာ ဖြစ်သင့်သည်ဟု နိရုတ္တိက ဆရာတို့ ဆိုကုန်၏။)
ကွဲကြောင်း ဝတ္ထုစွမ်းဖြင့် ၁၈-ပါး ရှိ၏။ ထိုကွဲကြောင်းကို ယူခြင်းသည် သမာဒါယ မည်၏။ ပြခြင်းသည် ပဂ္ဂယှ၊ မစွန့်ခြင်းသည် တိဋ္ဌေယျ မည်၏။ ထိုမစွန့်သော သင်းခွဲလိုသော ရဟန်းကို မျက်မြင်ရဟန်း၊ သတင်းကြား ရဟန်းတို့သည် ယူဇနာခွဲမျှ ဝေးကွာ စေကာမူ တပန်မစေ စာပေမပါး ကိုယ်တိုင်သွား၍ ပြောကြားရသည်။ ကြားလျက် မပြောကြားလျှင် ဒုက္ကဋ်။
(ဒုက္ကဋ် ရှစ်မျိုးတွင် ဉာတဒုက္ကဋ် မည်၏။ ဧဝမဿဝစနိယော၌ အဿသည် ဟောတိ၊ ဘဝတိ အနက်ရှိ၏။ မာယသ္မာ စသည်သည် ပြောကြားပုံဖြစ်၏။ အချင်းချင်း ပြည့်စုံ၍ လွန်စွာ ဝမ်းမြောက်သော သံဃာသည် သမ္မောဒမာန မည်၏။ ဓမ္မ၊ အဓမ္မ စသည်ဖြင့် မငြင်းခုံသောကြောင့် အဝိဝဒမာန၊ ပါတိမောက် အတူပြသောကြောင့် ဧကုဒ္ဒေသ မည်၏။
ညီညွတ်စွာ ပါတိမောက် အတူပြမှ သံဃာ ချမ်းသာသည်။ ထို့ကြောင့် ညီညွတ် စေသတည်း၊ တူသောအယူရှိသူ ဖြစ်ပါစေသတည်း၊ တူစေချင်သည်၊ တူပါဟု အသီးအခြား၎င်း၊ သံဃာ့အလယ်၌၎င်း၊ သုံးကြိမ် ပြောကြားရသည်။ အယူမစွန့်လျှင် ဒုက္ကဋ်။
ထို့နောက် သမနုဘာသနကံ ပြုရသည်။ အယူစွန့်လျှင် ကုသလ ဖြစ်၏၊ ဝါ၊ ဘေးကင်း၏၊ ချမ်းသာ၏၊ အပြစ်မရှိ၊ အနာပတ္တိ ဖြစ်၏။ အယူမစွန့်လျှင် ဉတ်အဆုံး၌ ဒုက္ကဋ်။ ကမ္မဝါစာ နှစ်ကြိမ် အဆုံး၌ ထုလ္လစ္စည်း။ တတိယ ကမ္မဝါစာအဆုံး၌ (ဒုက္ကဋ်၊ ထုလ္လစ္စည်း ငြိမ်း၍) သံဃာဒိသိသ်။
ဘေဒကရဝတ္ထု-၁၈
သံဃာကွဲပြားခြင်းကို ပြုကြောင်း ၁၈-ပါးသည် ဘေဒကရဝတ္ထု မည်၏။ အကြောင်း အဓိကရဏလည်း မည်၏။
၁၈-ပါးကား --
၁။ အဓမ္မကို ဓမ္မဟု ပြခြင်း၊ ဓမ္မကို အဓမ္မဟု ပြခြင်း၊ (ဒုကတခု၊)
ထို့အတူ -
၂။ အဝိနယကို ဝိနယ၊ ဝိနယကို အဝိနယဟု ပြခြင်း၊ (ဒုကတခု၊)
၃။ ဗုဒ္ဓအဘာသိတကို ဘာသိတဟု (ဒုကတခု၊)
၄။ အနာစိဏ္ဏကို အစိဏ္ဏဟု (ဒုကတခု၊)
၅။ အပညတ္တိကို ပညတ္တိဟု (ဒုကတခု၊)
၆။ အနာပတ္တိကို အာပတ္တိဟု (ဒုကတခု၊)
၇။ လဟုကအာပတ္တိကို ဂရုကဟု (ဒုကတခု၊)
၈။ သာဝသေသကို အနာဝသေသဟု (ဒုကတခု၊)
၉။ ဒုဋ္ဌုလ္လအာပတ္တိကို အဒုဋ္ဌုလ္လဟု (ဒုကတခု၊)
ဤသို့ ဒုကအားဖြင့် ကိုးခုဖြစ်၍ ၁၈-ပါး ဖြစ်၏။
(မြှုပ်ထားသည်ကို ဒုကဖြစ်အောင် ဖော်နိုင်သောဉာဏ် ရှိမရှိ သိရလတ္တံ့ ။)
ဓမ္မ၊ ဝိနယ၊ ဘာသိက၊ စိဏ္ဏ၊ ပညတ်၊ ဒုက်။ (၅-ဒုက်)
အာပတ္တိ၊ လဟုက၊ ဒုဋ္ဌုလ္လ၊ သာဝသေသ၊ ဒုက်။ (၄-ဒုက်)
တဆယ့်ရှစ်ခု၊ ကွဲပြားမှု၊ ဝတ္ထုကိုယ် ၃-ဒုက်။
အဆုံးအဖြတ်
ရာဇဂြိုဟ်ပြည်၌ ရှင်ဒေဝဒတ် သံဃာကွဲခြင်းငှာ လုံ့လပြု ခြင်းကြောင့် ပညတ်၏။ သာဓာရဏ၊ အနာဏတ္တိက။
(ရှင်ဒေဝဒတ်သည် အယူပစွန့်သူ အာဒိကမ္မိကဟု အမည်မရ။ သမနုဘာသနကံ အပြုမခံရသောကြောင့်တည်း။ ဘိက္ခုသည် သံဃာကို ခွဲနိုင်သူ မဟုတ်။ ကွဲအောင်ကား အားထုတ်နိုင်သည်။ ထို့ကြောင့် သာဓာရဏ။)
သမနုဘာသန ကံပြုပြီး၍ အယူမစွန့်လျှင် ဉတ်အဆုံး ဒုက္ကဋ်။ ကမ္မဝါစာ နှစ်ကြိမ် အဆုံး ထုလ္လစ္စည်း နှစ်ချက်၊ တတိယကမ္မဝါစာအဆုံး သောဘာသေယျ၌ ယျအက္ခရာ အရောက်တွင် ဒုက္ကဋ်၊ ထုလ္လစ္စည်းတို့ ငြိမ်း၍ သံဃာဒိသိသ်သာ တည်၏။
သမနုဘာသနကံ မပြုအံ့၊ အယူစွန့်အံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။ သီလဝိပတ္တိ။
၁။ ကွဲပြားခြင်းငှာ လုံ့လပြုခြင်း၊
၂။ ဓမ္မကံဖြင့် သမနုဘာသနကံပြုခြင်း၊
၃။ ကမ္မဝါစာဆုံးခြင်း၊
၄။ အယူမစွန့်ခြင်း၊
ဤကား အင်္ဂါလေးပါးတည်း။
သမနုဘာသနသမုဋ္ဌာန် (သမနု-ကာ၊ ၃၇။) (သမနုဟူသမျှ ဓူရနိက္ခေပလည်း မည်၏။) အကြိသ၊ သညာဝိမောက္ခ၊ သစိတ္တက၊ လောကဝဇ္ဇ၊ ကာယကံ ဝစီကံ၊ အကုသလစိတ္တ၊ ဒုက္ခဝေဒနာ ဖြစ်၏။
(ကမ္မဝါစာအဆုံး ဒုက္ကဋ် ထုလ္လစ္စည်း သုံးခု ငြိမ်းခြင်းသည် လိင်ပြန်ခြင်းဖြင့် အသာဓာရဏအာပတ် ငြိမ်းသကဲ့သို့တည်း။)
ဝတ္ထု
ရာဇဂြိုဟ် ဝေဠုဝန် ရှင်ဒေဝဒတ်သည် ရှင်ကောကာလိက၊ ရှင်ကဋမောဒကတိဿာ၊ ဝဏ္ဍဒေဝီ၏သား ရှင်သမုဒ္ဒဒတ္တတို့ သံဃာ ခွဲပြီး သာသနာစက် ဖျက်ကြရအောင်ဟု တိုင်ပင်၍ ဘုရားရှင်ထံ ချဉ်းကပ်၍ ဤသို့ လျှောက်၏။ “မြတ်စွာဘုရား၊ ရဟန်းများ အပ္ပိစ္ဆဂုဏ် စသည်ရှိအောင် တသက်လုံး တောကျောင်း၌နေကြပါစေ၊ ဆွမ်းခံ စားကြပါစေ၊ ပံ့သကူသင်္ကန်း ဆောင်ကြပါစေ၊ သစ်ပင်ရင်းကိုသာ ကျောင်းပြု၍ နေကြပါစေ၊ ငါးအမဲ ရှောင်ကြပါစေ။ အကယ်၍ ရွာကျောင်း နေအံ့၊ ဆွမ်းစားအံ့၊ ဒကာလှူ သင်္ကန်း ဝတ်အံ့၊ အမိုးတွင်းဝင်အံ့၊ ငါးအမဲ စားအံ့၊ အပြစ်ပေးတော်မူပါဟု လျှောက်၏။
ချစ်သား ဒေဝဒတ်၊ မသင့်၊ တောကျောင်း၊ ရွာကျောင်း လိုရာ နေစေ၊ ခံဆွမ်း၊ ပင့်ဆွမ်း လိုရာစားစေ၊ ပံ့သကူ၊ ဒကာလှူ လိုရာ ဝတ်ရုံစေ၊ သစ်ပင်ရင်း နေခြင်းကို မိုးလေးလ မှတပါး ရှစ်လ ခွင့်ပြုထားသည်။ ငါး အမဲမှာ ဥဒ္ဒိဿမံသ=မြင်၊ ကြား၊ ထင် အစွန်းသုံးပါးလွတ်လျှင် ခွင့်ပြုထားသည်ဟု မိန့်တော်မူသည်။
ရှင်ဒေဝဒတ်သည် ဝမ်းမြောက်စွာ ဖဲသွားပြီးလျှင် ရာဇဂြိုဟ် မြို့တွင်း၌ “ငါတို့သည် ရဟန်းဂေါတမထံ ဤကျင့်ဝတ်ငါးပါး တောင်းပန်၏၊ ခွင့်မပြု၊ ငါတို့ကျင့်ကုန်အံ့” ဟု လူတို့ထံ ဆို၏။ သဒ္ဓါနည်းသူတို့ကား ရဟန်းဂေါတမ လာဘ်ပေါအောင် ကျင့်သည်ဟု ဆိုကုန်၏။ သဒ္ဓါကြီးသူတို့ကား ရှင်ဒေဝဒတ်သည် သာသနာစက် ပျက်အောင်၊ သံဃာကွဲအောင် လုံ့လ ပြုဘိသည်ဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
မိုးလေးလ ရုက္ခမူဓူတင်။ (ဝိနည်းဋီကာကြီးတို့၌ ဝါတွင်းအခါ (တံခါး အဖွဲ့လုံခြုံသော) ကျောင်းရှိသူဖြစ်၍ ဝါကပ်ရသည်။ ကျောင်းမရှိပဲ ရုက္ခမူ ဓူတင်ဆောင်ပြု၍ မနေရ။ ကျောင်းရှိ၍ ဝါကပ်ပြီးလျှင်ကား ရုက္ခမူ ဓူတင် ဆောင်နိုင်သည်ဟု အဆိုရှိ၏။)
၁၁-ဘေဒါနုဝတ္တက
တဿေဝ ခေါပန ဘိက္ခုဿ၊ ထိုသံဃာ ကွဲပြားခြင်းငှာ လုံ့လပြုသော ရဟန်း သို့သာလျှင်။
အနုဝတ္တကာ၊ အတုလိုက်၍ ကျင့်ကုန်သော။
ဝဂ္ဂဝါဒကာ၊ မညီညွတ်သော စကားကို ဆိုတတ်ကုန်သော။
ဘိက္ခူ၊ ရဟန်းတို့သည်။
ဧကော ဝါ၊ တပါးသည်၎င်း။
ဒွေ ဝါ၊ နှစ်ပါးတို့သည်၎င်း။
တယော ဝါ၊ သုံးပါးတို့သည်၎င်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေ ဘိက္ခူ၊ ထိုရဟန်းတို့သည်။
ဧဝံ၊ ဤသို့။
ဝဒေယျုံ၊ ဆိုကုန်ငြားအံ့။
အာယသ္မန္တော၊ အရှင်တို့။
ဧတံ ဘိက္ခုံ၊ ဤရဟန်းကို။
ကိဉ္စိ၊ တစုံတခုကိုမျှ။
မာ အဝစုတ္ထ၊ မဆိုကြကုန်လင့်။
ဧသော ဘိက္ခု၊ ဤရဟန်းသည်။
ဓမ္မဝါဒီ စ၊ ဓမ္မကိုလည်း ဆိုလေ့ရှိ၏။
ဧသောဘိက္ခု။ ဝိနယဝါဒီ စ၊ ဝိနည်းကိုလည်း ဆိုလေ့ရှိ၏။
ဧသော ဘိက္ခု။ အမှာကဉ္စ၊ ငါတို့၏လည်း။
ဆန္ဒဉ္စ၊ အလိုကို၎င်း။
ရုစိဉ္စ၊ နှစ်သက်ခြင်းကို၎င်း။
အာဒါယ၊ ယူ၍။
ဝေါဟရတိ၊ ဆို၏။
နော၊ ငါတို့၏။ (အလိုနှစ်သက်ခြင်းကိုလည်း)
ဇာနာတိ၊ သိ၏။
ဘာသတိ၊ ငါတို့နှင့် တိုင်ပင်၍လည်း ဆို၏။
အမှာကမ္ပိ၊ ငါတို့သည်လည်း။
ဧတံ၊ ထိုရဟန်း၏ အယူကို။
ခမတိ၊ နှစ်သက်အပ်၏။
ဣတိ။ ဝဒေယျုံ။ တေ ဘိက္ခု၊ တို့ကို။
ဘိက္ခူဟိ၊ (မြင်ကုန် ကြားကုန်သော) ရဟန်းတို့သည်။
ဧဝံ၊ ဤသို့။
ဝစနီယာ၊ ဆိုအပ်ကုန်သည်။
အဿု (ဟောန္တိ)၊ ဖြစ်ကုန်၏။
အာယသ္မန္တော၊ တို့။
ဧဝံ။ မာ အဝစုတ္ထ၊ မဆိုကြကုန်လင့်။
ဧသော ဘိက္ခု။ န စ ဓမ္မဝါဒီ၊ ဓမ္မကိုလည်း ဆိုလေ့မရှိ။
သောဘိက္ခု။ န စ ဝိနယဝါဒီ၊ ဝိနည်းကိုလည်း ဆိုလေ့မရှိ။
အာယသ္မန္တာနမ္ပိ၊ အရှင်တို့သည်လည်း။
သံဃဘေဒေါ၊ သံဃာ ကွဲပြားခြင်းကို။
မာ ရုစိတ္ထ၊ မနှစ်သက်အပ်၊
(နာမာယာဂ ကံဟော ဧကဝုစ် တ္ထ-ဝိဘတ်တည်း၊ တုမှယောဂ ဗဟုဝုစ် မဟုတ်။)
အာယသ္မန္တာနံ၊ အရှင်တို့၏။
စိတ္တံ၊ စိတ်သည်။
သံဃေန။ သဒ္ဓိံ သမေတု၊ တပေါင်းတည်း ဖြစ်စေသတည်း။
ဟိ၊ တပေါင်းတည်း ဖြစ်သင့်ကြောင်းကား။
သမဂ္ဂေါ။ သံဃော။ သမ္မောဒမာနော။ အဝိဝဒမာနော။ ဧကုဒ္ဒေသော။ ဖာသု။ ဝိဟရတိ။ တသ္မာ။ သမေတု။ ဣတိ။ ဝစနီယာ။ အဿု ဟောန္တိ။ ဧဝဉ္စ။ တေ။ ဘိက္ခူ၊ တို့ကို။ ဘိက္ခူဟိ။ ဝုစ္စမာနာ၊ ဆိုအပ်ကုန်သည် ဖြစ်လျက်။
တထေဝ။ ပဂ္ဂဏှေယျုံ၊ ချီးမြှောက် ကုန်ငြားအံ့။
တေ ဘိက္ခူ၊ ဘိက္ခူ ဟိ။ တဿ၊ ထိုအတုလိုက်သော အယူဝါဒကို။
ပဋိနိဿဂ္ဂါယ။ ယာဝတတီယံ။ သမနုဘာသိတဗ္ဗာ၊ ဆုံးမအပ်ကုန်၏။
ယာဝတတီယံ။ သမနုဘာသိယမာနာ၊ ဆုံးမအပ်ကုန်သည် ရှိသော်။
တံ၊ ထိုအယူကို။
စေ ပဋိနိဿဇ္ဇေယျုံ၊ အကယ်၍စွန့်ကုန်ငြားအံ့။
ဣစ္စေတံ။ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ၊ အကယ်၍ မစွန့်ကုန်ငြားအံ့။
တေသံ ဘိက္ခူနံ၊ ထိုရဟန်းတို့အား။
သံဃာဒိသေသော။ အာပတ္တိနိကာယော။ ဟောတိ။
အဓိပ္ပါယ်
သံဃာကွဲခြင်းငှာ လုံ့လပြုသော ရဟန်းသည် တဿေဝ - ထိုရဟန်း မည်၏။ သံဃာကွဲအောင် လုံ့လပြုသော ရဟန်း၏ အယူကိုယူ၍ ကျင့်သော ရဟန်းတို့သည် ဘေဒါနုဝတ္တကတို့ မည်ကုန်၏။ မညီမညွတ် ဆိုတတ်သောကြောင့် ဝဂ္ဂဝါဒက တို့လည်း မည်ကုန်၏။ “န ဟိ သံဃော သံဃဿ ကမ္မံ ကရောတိ” သံဃော၊ သံဃာသည်။ သံဃဿ၊ သံဃာအား။ ကမ္မံ၊ ကံကို။ န ဟိ ကရောတိ၊ မပြုနိုင်သည်သာတည်း။ ဤသို့ ဟောသည်။
သုံးပါးထက်အလွန် ကံမပြုအပ်။ ထို့ကြောင့် ဘေဒါနုဝတ္တကရဟန်း တပါး၊ နှစ်ပါး၊ သုံးပါးဟူ၍မျှ ဟောသည်။ နိဂ္ဂဟကံ၌ ကံပြုခံရသူ လေးပါး၊ သံဃာဖြစ်လျှင် ကံပြုသောသံဃာကို ခုခံဖွယ် ရှိသည်။ ပဂ္ဂဟကံ၌ကား ဥဗ္ဗာဟိက စသော ကံမျိုးကို ရဟန်းများစွာတို့အားလည်း ပြုနိုင်သည်။ သတ္တသတိ ကက္ခန္ဓက၌ ရဟန်းရှစ်ပါးကို ဥဗ္ဗာဟိကကံဖြင့် အဓိကရုဏ်း ဆုံးဖြတ်ရန် သမုတ်သည်။ တနည်း - နောက်လိုက် ရဟန်း များစွာဖြစ်ကောင်း သော်လည်း ဝတ္ထုကြောင်း အားလျော်စွာ သုံးပါးအထိမျှ ဟောသည်။
(ဤ၌ န ဟိ သံဃော - ပါဠိဖြင့် သုံးပါးထက်လွန်၍ လေးငါးပါးအများ ကမ္မဝါစာ မဖတ်အပ်ဟု ခုတ်ရာတပါး ရှရာတခြား အဓိပ္ပါယ် ယူမှားတတ်ကုန်၏။ သုံးပါးထက် လွန်၍ လေးငါးပါး မဖတ်အပ်ဟု တားခြင်း ဘယ်မှာမျှ မရှိ။ ဦနဝီသတိဝဿ သိက္ခာပုဒ်၌ ရဟန်းမဖြစ်သူ ကမ္မဝါစာဖတ်လျှင် ကံအောင်သည်ဟု မြင်နိုင်သည်။ ဗျတ္တ၊ ပဋိဗလသာ ဖတ်သူ့အင်္ဂါတည်း။)
မှန်သည်ကို ဆိုလေ့ရှိသူသည် ဓမ္မဝါဒီ၊ ငြိမ်းအေးအောင် ဆိုလေ့ရှိသူသည် ဝိနယဝါဒီ မည်၏။ ဇာနာတိ နော-၌ ဆန္ဒဉ္စ ရစိဉ္စု ဆောင်၍ စပ်။ ဘာသတိ၌ နော အမှေဟိ သဒ္ဓိံ ဘာသတိ-ဟု စပ်။ ဤသို့ပြုအံ့ဟု ငါတို့နှင့်အတူ ဆိုသည်ဟူလို။ သမေတာယသ္မန္တာနံ၌ စိတ္တံ ဆောင်၍ စပ်။ ဧဝမဿု ဝစနီယာ၌ အဿုသည် ဟောန္တိ၊ ဘဝန္တိ အနက် ရှိ၏။ အကြွင်း တူပြီ။
အဆုံးအဖြတ်
ရာဇဂြိုဟ်ပြည်၌ ရဟန်းများစွာတို့အား သံဃာကွဲအောင် လုံ့လပြုသော ရှင်ဒေဝဒတ် သို့ အတုလိုက်ခြင်းကြောင့် ပညတ်၏။ အကြွင်း တူပြီ။ အင်္ဂါလေးပါး၌ ကွဲခြင်းငှာ လုံ့လပြုခြင်း၊ အင်္ဂါကို ပယ်၍ အတုလိုက်ခြင်း အင်္ဂါမျှ ထူး၏။
ဝတ္ထု
ရာဇဂြိုဟ် ဝေဠုဝန် ရှင်ဒေဝဒတ် သံဃာသင်းခွဲခြင်းငှာ လုံ့လ ပြုသည်ကို ရဟန်းတို့က ဒေဝဒတ်သည် အဓမ္မဝါဒီ၊ အဝိနယဝါဒီ-ဟု ဆိုကုန်၏။ ရှင်ကောကာလိက စသော ရဟန်းသုံးပါးတို့က ဒေဝဒတ်သည် ဓမ္မဝါဒီ၊ ဝိနယဝါဒီ ဖြစ်သည်၊ ငါတို့၏ အလိုဆန္ဒကိုယူ၍ ဆိုသည်၊ ငါတို့၏ အလိုဆန္ဒကို သိသည်၊ ငါတို့နှင့်တိုင်ပင်၍ ဆိုသည်။ ငါတို့လည်း နှစ်သက်အပ်ပေသည်ဟု ဆိုကုန်၏။ ဒေဝဒတ်သို့ အတုလိုက်၍ မညီမညွတ် ဆိုကုန်ဘိသည် ဟု ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထိုကြောင့် ပညတ်သည်။
၁၂-ဒုဗ္ဗစ
ဘိက္ခုပနေဝ၊ ရဟန်းသည်သာလျှင်။
ဒုဗ္ဗစဇာတိကော၊ ဆိုနိုင်ခက်သော သဘောရှိသည်။
ဟောတိ၊ ဖြစ်၏။
ဥဒ္ဒေသပရိယာပန္နေသု၊ ပါတိမောက်၌ အကျုံးဝင်ကုန်သော။
သိက္ခာပဒေသု၊ သိက္ခာပုဒ်တို့၌။
ဘိက္ခူဟိ၊ တို့သည်။
သဟဓမ္မိကံ၊ သိက္ခာပုဒ်တော်ဖြင့် (ဒုတိယာကရိုဏ်း)။
ဝုစ္စမာနော၊ ဆို (ဆုံးမ) အပ်သည်ရှိသော်။
အတ္တာနံ၊ မိမိကိုယ်ကို။
အဝစနီယံ၊ မဆိုအပ်သည်ကို။
ကရောတိ၊ ပြု၏။
(ပြုပုံကား–)
“အာယသ္မန္တော၊ တို့။
မံ၊ အကျွန်ုပ်ကို။
ကလျာဏံ ဝါ၊ ကောင်းသည်ကို၎င်း။
ပါပကံ ဝါ၊ မကောင်းသည်ကို၎င်း။
ကိဉ္စိ၊ တစုံတခုကိုမျှ။
မာ အဝစုတ္ထ၊ မဆိုကြကုန်လင့်။
အဟမ္ပိ၊ အကျွန်ုပ်သည်လည်း။
အာယသ္မန္တေ၊ တို့ကို။
မမ၊ အကျွန်ုပ်အား။
ဝစနာယ၊ ဆိုခြင်းငှာ။
ဝိရမထ၊ ရှောင်ကြဉ်ကြကုန်လော့”။
ဣတိ။ သတ္တာနံ။ အဝစနီယံ။ ကရောတိ။ သော ဘိက္ခု။ ဘိက္ခူဟိ။ ဧဝံ၊ ဝစနီယော။ အဿဟောတိ။ “အာယသ္မာ။ အတ္တာနံ။ အဝစနီယံ။
မာ အကာသိ၊ မပြုလင့်။
အာယသ္မာ။ အတ္တာနံ။ ဝစနီယမေဝ၊ ဆိုအပ်သည်ကိုသာလျှင်။
ကရောတု၊ ပြုလော့။
အာယသ္မာပိ၊ အရှင်သည်လည်း။
ဘိက္ခူ၊ တို့ကို။
သဟဓမ္မေန၊ သိက္ခာပုဒ်တော်ဖြင့်။
ဝဒတု၊ ဆိုလော့။
ဘိက္ခူပိ၊ တို့သည်လည်း။
အာယသ္မန္တံ။ သဟဓမ္မေန။ ဝက္ခန္တိ၊ ဆိုကုန်လတ္တံ့ ။
ဧဝံ၊ ဤသို့။
ယဒိဒံ၊ အကြင် အချင်းချင်း ဆိုဆုံးမခြင်း အချင်းချင်း အာပတ်မှ ထစေခြင်းသည်။
အတ္ထိ၊ ရှိ၏။
တေန အညမညဝစနေန၊ ထိုအချင်းချင်း ဆိုဆုံးမခြင်းကြောင့်။
တေန အညမညဝုဋ္ဌာပနေန၊ ထိုအချင်းချင်း အာပတ်မှ ထစေခြင်းကြောင့်။
တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရား၏။
ပရိသာ၊ ပရိသတ်သည်။
သံဝဍ္ဎာဟိ၊ ကြီးပွားသည်သာတည်း။
တဿ၊ ထိုဒုဗ္ဗစ သဘောရှိသာ အယူဝါဒကို။
ပဋိနိဿဂ္ဂါယ။ ယာဝတတီယံ။ သမနုဘာသိ တဗ္ဗော။ ယာဝတတိယံ။ သမနုဘာသိယမာနော။ တံ။ စေ ပဋိနိဿဇ္ဇေယျ။ ဣစ္စေတံ။ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ။ တဿ စေ ဘိက္ခုနော။
အဓိပ္ပါယ်
ပြောဆိုဆုံးမခြင်းငှာ မတတ်နိုင်သော သဘောရှိသော ရဟန်းသည် ဒုဗ္ဗစဇာတိက မည်၏။ အပြောမခံသူ ဟူလို။ ပါတိမောက်သည် ရွတ်ဆိုအပ်သောကြောင့် ဥဒ္ဒေသ မည်၏။ ပါတိမောက်၌ အကျုံးဝင်သော သိက္ခာပုဒ်သည် ဥဒ္ဒေသပရိယာပန္န မည်၏။ ယထာ သိယာ အာပတ္တိ၊ သော အာဝိကရေယျ ဖြင့် ရေတွက်ရသောကြောင့် အကျုံးဝင်သည်။
မဂ္ဂင် ရှစ်ပါး၌ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ သုံးပါးသည် အဓိသီလသိက္ခာ မည်၏။ ဝိနည်းပညတ်သည် ထိုအဓိသီလသိက္ခာ မည်၏။ ဝိနည်းပညတ်သည် ထိုအဓိသီလသိက္ခာကို ရကြောင်းဖြစ်သောကြောင့် သိက္ခာပဒ မည်၏။ သီတင်း သုံးဖော် ငါးယောက်၏ ကျင့်စရာ ငါးဦးဆိုင်ဥစ္စာ ဖြစ်သောကြောင့် သဟဓမ္မိကလည်း မည်၏။
သိက္ခာပုဒ်ဖြင့်ဆိုလော့ဟု ဆိုသော်လည်း သိက္ခာပုဒ်မှ တပါးသော ကြည်ညိုဖွယ် ဖြစ်စေသော စကားဖြင့်လည်း ဆိုနိုင်၏။ ပရိသတ် ကြီးပွားခြင်းသည် အကျိုး၊ အချင်းချင်းဆိုခြင်း၊ အာပတ်မှ ထစေခြင်းသည် အကြောင်း။ ယဒိဒံကား ကြီးပွား ကြောင်းပြ နိပါတ်ပုဒ် ဖြစ်၏။ ယံဣဒံ အညမညဝစနံ အတ္ထိ၊ တေန အညမညဝစနေန တဿ ဘဂဝတော ပရိသာ သံဝဍ္ဎာ-ဟု ကြောင်းကျိုးယှဉ်အပ်၏။
အဆုံးအဖြတ်
ကောသမ္ဗီပြည်၌ ရှင်ဆန္ဒ မိမိကိုယ်ကို မဆိုရအောင် ပြုခြင်းကြောင့် ပညတ်၏။ အင်္ဂါလေးပါး၌ လုံ့လပြုခြင်းကို ပယ်၍ မဆိုအပ်သည်ကို ပြုခြင်းမျှ ထူး၏။
ဝတ္ထု
ကောသမ္ဗီ ဃောသိတာရုံ ရှင်ဆန္ဒသည် မအပ်သော အကျင့်ကို ကျင့်၏။ ရဟန်းတို့ သိ၍ ငါ့ရှင်၊ ဤသို့မပြုအပ်ဟု ဆိုလတ်သော် သင်တို့သည် ငါ့ကိုပြောအပ်သည်ဟု မှတ်ထင်ကြသလော။ ငါကသာ သင်တို့ကို ပြောနိုင်ရမည်။ ငါတို့၏ ဘုရား၊ ငါတို့၏ တရား၊ ငါတို့၏ အရှင့်သား သိသော တရားဖြစ်သည်။ လေလာသောအခါ အမှိုက်များ တနေရာ ဝင်စုကြသကဲ့သို့၊ တောင်ပေါ် ချောင်းရေစီးသောအခါ မှော်များ တနေရာ ပင်စုကြသကဲ့သို့ သင်တို့သည် အထူးထူးသော အမျိုးမှ ထွက်၍ ရဟန်းပြု၍ ဤသာသနာ တနေရာ၌ ဝင်စုကြသည်ဖြစ်လျက် ငါ့ကို ပြောအပ်သည်ဟု မှတ်ထင်ကြသလော စသည်ဖြင့် ပြန်ပြော၏။ ရှင်ဆန္ဒသည် သိက္ခာပုဒ်နှင့်အညီ ပြောသည်ကို အပြောမခံဟု ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၁၃-ကုလဒူသန
ဘိက္ခု ပနေဝ၊ ရဟန်းသည်သာလျှင်။
အညတရံ၊ တခုခုသော။
ဂါမံ ဝါ၊ ရွာကို၎င်း။
နိဂမံ ဝါ၊ နိဂုံးကို၎င်း။
ဥပနိဿာယ၊ အမှီပြု၍။
ဝိဟရတိ၊ နေရ၏။
ကုလဒူသကော၊ ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတတ်၏။
ပါပသမာစာရော၊ ယုတ်မာသော အကျင့်ရှိ၏။
တဿ ခေါ၊ ထိုရဟန်း၏သာလျှင်။
ပါပကာ၊ ယုတ်မာကုန်သော။
သမာစာရာ၊ အကျင့်တို့ကို။
ဒိဿန္တိ စေဝ၊ မြင်လည်း မြင်အပ်ကုန်၏။
သုယျန္တိ စ၊ ကြားလည်း ကြားအပ်ကုန်၏။
တေန၊ ထိုရဟန်းသည်။
ဒုဋ္ဌာနိ၊ ဖျက်ဆီးအပ်ကုန်သော။
ကုလာနိ စ၊ အမျိုးတို့ကိုလည်း။
ဒိဿန္တိ စေဝ၊ သုယျန္တိ စ။ သော ဘိက္ခု ။ ဘိက္ခူဟိ။ ဧဝံ။ ဝစနီယော။ အဿ ဟောတိ။
အာယသ္မာ၊ သည်။
ခေါ၊ စင်စစ်။
ကုလဒူသကော။ ပါပသမာစာရော၊ အာယသ္မတော၊ ၏။
ပါပကာ။ သမာစာရာ။ ဒိဿန္တိ စေဝ။ သုယျန္တိ စ။
အာယသ္မတာ၊ သည်။
ဒုဋ္ဌာနိ။ ကုလာနိ စ။ ဝိဿန္တိစေဝ။ သုယျန္တိ စ။ အာယသ္မာ။
ဣမမှာအာဝါသာ၊ ဤကျောင်းမှ။
ပက္ကမတု၊ ဖဲသွားလော့။
တေ၊ သင့်အား။
ဣဓ၊ ဤကျောင်း၌။
ဝါသေန၊ နေခြင်းဖြင့်။
အလံ၊ အကျိုးမရှိ။
ဣတိ ဝစနိယော။ အဿ ဟောတိ။ ဧဝဉ္စ။ သော ဘိက္ခု။ ဘိက္ခူဟိ။ ဝုစ္စမာနော။
တေ ဘိက္ခု၊ ထို (နှင်ထုတ်သောရဟန်း) တို့ကို။
ဧဝံ။ ဝဒေယျ၊ ဆိုငြားအံ့၊
“ဘိက္ခူ၊ ရဟန်းတို့သည်။
ဆန္ဒဂါမိနော စ၊ ချစ်သဖြင့် အဂတိသို့လည်း ရောက်ကုန်၏။
ဘိက္ခူ။ ဒေါသဂါမိနော စ၊ အမျက်ထွက်သဖြင့် အဂတိသို့ လည်းရောက်ကုန်၏။
ဘိက္ခူ။ မောဟ ဂါမိနော စ၊ တွေဝေသဖြင့် အဂတိသို့လည် ရောက်ကုန်၏။
ဘိက္ခူ။ ဘယဂါမိနော စ၊ ကြောက်သဖြင့် အဂတိသို့လည်း ရောက်ကုန်၏။
တာဒိသိကာယ၊ ထိုသို့သဘောရှိသော။
အာပတ္တိယာ၊ အာပတ်ကြောင့်။
ဧကစ္စံ၊ အချို့သောသူကို။
ပဗ္ဗာဇေန္တိ၊ နှင်ထုတ်ကုန်၏။
ဧကစ္စံ၊ အချို့သောသူကို။
န ပဗ္ဗာဇေန္တိ၊ မနှင်ထုတ်ကြကုန်။
ဣတိ။ ဝဒေယျ။ သော ဘိက္ခု။ ဘိက္ခူဟိ။ ဧဝံ။ ဝစနီယော။ အဿ။ အာယသ္မာ။ ဧဝံ။ မာ အဝစ၊ မဆိုလင့်။
ဘိက္ခူ၊ ရဟန်းတို့သည်။
န စ ဆန္ဒဂါမိနော၊ ချစ်သဖြင့် အဂတိသို့လည်း မရောက်ကုန်။
ဘိက္ခူ။ န စ ဒေါသဂါမိနော။
ဘိက္ခု။ န စ မောဟဂါမိနော။
ဘိက္ခူ။ န စ ဘယဂါမိနော။ အာယသ္မာ ခေါ။ ကုလဒူသကော။ ပါပသမာစာရော။ အာယသ္မတော ခေါ။ ပါပကာ။ သမာစာရော။ ဒိဿန္တိစေဝ။ သုယျန္တိ စ။ အာယသ္မတာ။ ဒုဋ္ဌာနိ။ ကုလာနိ စ။ ဝိဿန္တိစေဝ။ သုယျန္တိ စ။ အာယသ္မာ။ ဣမမှာ အာဝါသာ။ ပက္ကမတု။ တေ။ ဣဓ။ ဝါသေန။ အလံ။ ဣဘိ။ ဝစနီယော။ အဿ။ ဧဝဉ္စ။ သော ဘိက္ခု။ ဘိက္ခူဟိ။
တဿ၊ ထို (အဂတိသို့ရောက်ကုန်၏ ဟု ပြောဆိုသော) အယူဝါဒကို။
ပဋိနိသာဂ္ဂါယ။ ယာဝတတီယံ။ သမနုဘာသိတဗ္ဗော။ ယာဝတတီယံ။ သမနုဘာသိယမာနော။ တံ။ စေ ပဋိနိဿဇ္ဇေယျ။ ဣစ္စေတံ။ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ။ တဿ စေ ဘိက္ခုနော။
အဓိပ္ပါယ်
ဂါမံ ဝါ နိဂမံ ဝါ၌ နဂရလည်း ပါဝင်သည်။ ဂါမ၊ နိဂမ၊ နဂရ၊ သုံးမျိုးလုံးသည် ဂါမလည်း မည်၏၊ နိဂမလည်း မည်၏၊
(ဈေးမရှိ၊ တံတိုင်းမရှိလျှင် ဂါမ၊ ဈေးသာရှိလျှင် နိဂမ၊ ဈေးတံတိုင်းနှစ်ပါးစုံလျှင် နဂရ)။
ထိုဂါမ၊ နိဂမ၌ ပစ္စည်းလေးပါး ရရှိသဖြင့် အမှီပြုကာ နေသော ရဟန်းသည် ဥပနိဿာယ ဝိဟရတိ မည်၏။ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုး၊ လေးမျိုးသည် ကုလမည်၏။ ထိုလူလေးမျိုးကို သစ်သီးပေးခြင်း၊ ပန်းပေးခြင်း စသည်ဖြင့် သဒ္ဒါတရား ဖျက်ဆီးသောရဟန်းသည် ကုလဒူသကရဟန်း မည်၏။
(ထိုသို့မပြုသောသီလဝန္တ ရဟန်းကောင်းတို့အပေါ် မသဒ္ဓါအောင် ပြုသည်ဟူလို၊ ငှက်ပျောသီးပေးသောဘုန်းကြီး စာတတ်သည်ဟု သဒ္ဓါလွန်ကဲသော်လည်း မပေးသော ဘုန်းကြီးကို “ပစ္စည်း စုံမက်သည်၊ မူးတင်း ပဲတင်း” စသည်ဖြင့် ဝစီကံ ထိုက်လျက် သဒ္ဓါပျက်ကုန်၏။)
ပန်းပင်ငယ် စိုက်ပျိုးခြင်း ရေလောင်းခြင်း၊ ဆွတ်ခူးခြင်း၊ သီကုံးခြင်း စသော ယုတ်မာသော အကျင့်ရှိသော ရဟန်းသည် “ပါပသမာစာရရဟန်း မည်၏။ ယုတ်မာသော အကျင့်ကို၎င်း၊ ပျက်စီးသော လူတို့ကို၎င်း မြင်ရခြင်းကား မျက်မှောက်၊ ကြားရခြင်းကား မျက်ကွယ်တို့ဖြစ်ကုန်၏။
ထိုကုလဒူသကရဟန်း၏ ပဗ္ဗာဇနိယကံ ထိုက်သည် အဖြစ်ကို အာယသ္မာ ခေါ ကုလဒူသကော (လ) အလန္တေ ဣဓ ဝါသေန ဟူသောစကားဖြင့် ပြ၏။ ဤကျောင်း၌ မနေထိုက်ဟု ပြောဆို၍ နှင်အပ်၏။ ပဗ္ဗာဇနီယကံဖြင့် အနှင်ခံရသော ရဟန်းသည် ဆန္ဒဂါမိနော စ ဘိက္ခူ စသည်ဖြင့် ဆိုငြားအံ့၊ ဝါ၊ အဂတိလေးပါးလိုက်စား၍ အချို့ကို နှင်ကြသည်။ အချို့ကို မနှင်ကြဟု ဆိုငြားအံ့၊ ထိုသို့ပြောဆိုသော အယူဝါဒကို စွန့်စေခြင်း ငှာ မာယသ္မာ ဧဝံ အဝစ စသည်ဖြင့် ပြောဆိုအပ်၏။
ကုလဒူသနအမှုကို တားမြစ်ခြင်းငှာ ပြောဆိုအပ်သည် မဟုတ်၊ ထိုအမှုဖြင့် ကုလဒူသနအာပတ် ကား ရောက်ပြီးပြီ။ မြှောက်စားလို၍ မိမိပစ္စည်းပေးလျှင် ဒုက္ကဋ်။ သံဃာ့ ပစ္စည်းကို ငါအစိုးရသည်ဟု ပေးလျှင် ထုလ္လစ္စည်း။ လုယူ၍ ပေးလျှင် ပါရာဇိက အထိ ရောက်ပြီးပြီ။
ဤသို့ သီးခြား၎င်း၊ သံဃာ့အလယ်၌၎င်း ပြောဆိုလျက် ထိုအယူဝါဒကို မစွန့်အံ့၊ အဂတိလိုက်၍ နှင်ကြသည်ဟု ပြောဆိုသောဝါဒကို မစွန့်အံ့၊ တဖန် ဒုက္ကဋ်၊ ထို့နောက် သမနုဘာသနကံ ပြုအပ်၏။ ရှေးအတိုင်း ဒုက္ကဋ်၊ ထုလ္လစ္စည်း၊ သံဃာဒိသိသ်။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ အဿဇိ၊ ပုနဗ္ဗသုက ရဟန်းတို့ အဂတိ လိုက်၍ နှင်သည်ဟု ဆိုခြင်းကြောင့် ပညတ်၏။ အင်္ဂါလေးပါး၌ လုံ့လပြုခြင်းကို ပယ်၍ အဂတိလိုက်သည် ဟု ပြောဆိုခြင်းမျှ ထူး၏။
ပဗ္ဗာဇနီယကံစသည် မှတ်ဖွယ်
သစ်သီးပေးခြင်း စသည်ဖြင့် ကုလဒူသနအမှုပြုသော ကုလဒူသက ရဟန်းကို ပြောမရလျှင် ပဗ္ဗာဇနိယကံ ပြုအပ်၏။ ထိုကံ ပြုခံခဲ့ရသော ရဟန်းသည် ထိုရွာ၊ ထိုကျောင်း ရှောင်ရသည်။ ထိုရွာ၌ နေ၍ ရွာတပါး လှည့်လည်ခြင်း၊ ကျောင်းတပါး၌ နေ၍ ထိုရွာလှည့်လည်ခြင်း မပြုရ။ ထိုလူတို့က ပစ္စည်းလေးပါးလှူလျှင် မခံအပ်။
အဘယ့်ကြောင့် နည်းဟုမေးလျှင် သင်တို့အား သစ်သီးပေးခြင်း၊ ဆေးကုခြင်း စသည်ဖြင့် ချီးမြှောက်ဖူးသောကြောင့်ဟု ဆိုအပ်၏။ ထိုအတွက် လှူသည် မဟုတ်ပါ။ သီလစသောဂုဏ်ကို ကြည်ညို၍ လှူပါသည်။ နိဗ္ဗာန်မဂ်အလို့ငှာ လှူပါသည် ဟုဆိုလျှင် ခံအပ်၏။ ကျင့်ဝတ်တို့ကို ကောင်းစွာကျင့်လျှင် ထိုကံကို ငြိမ်းစေအပ်၏။
အဂတိလေးပါး
သူတော်ကောင်းတို့ မရောက်အပ်သော အရပ်သည် အဂတိ မည်၏။ ချစ်သဖြင့်၊ မုန်းသဖြင့်၊ တွေဝေသဖြင့်၊ ကြောက်သဖြင့် ရောက်ခြင်းကြောင့် လေးမျိုးပြား၏။
ချီးမြှောက်ထိုက်သူတို့တွင် ချစ်သူကို ပို၍ ချီးမြောက်အံ့၊ နှိပ်ထိုက်သူတို့တွင် ချစ်သူကို လျှော့၍ နှိပ်အံ့၊ ဤသို့ ချစ်ခြင်းဖြင့် လိုက်စားသူသည် ဆန္ဒာဂတိသို့ ရောက်သည်မည်၏။
မုန်းခြင်း တွေဝေခြင်း၊ ကြောက်ခြင်းဖြင့် လိုက်စားသူသည် ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ သို့ရောက်သည်မည်၏။
ဂုဏ်ထူးရှိသော ပုဂ္ဂလဝိသေသကို ပိုချီးမြှောက်ခြင်း၊ လျှော့နှိပ်ခြင်းကား အပြစ်မရှိ။ ဘုရားရှင်သည် သိက္ခာကြီးသော ရဟန်းတထောင်ကျော်ရှိလျက် ရဟန်းပြုစ ရှင်သာရိပုတ္တရာတို့အား အဂ္ဂသာဝကရာထူး ပေးတော်မူ၏။
မကျေနပ်သူတို့က မုခံဩလောကေတွာ ဘတ္တံ ဒေတိ၊ မျက်နှာကြည့်၍ ထမင်း ပေးသည်။ (မျက်နှာကြီးရာ ဟင်းဖတ်ပါ) ဟု ဆိုလတ်သော် ပါရမီဆုတောင်း (မျက်နှာ) ကြီးသူတို့ ဖြစ်၍ ထိုရာထူး ပေးရသည်ဟု ဖြေဆိုတော်မူ၏။
ကုလဒူသနရှစ်ပါး
လူတို့ကို သဒ္ဓါတရားပျက်အောင် မြှောက်စားခြင်းသည် ကုလဒူသန မည်၏။
၁။ ပုပ္ဖ-ပန်းပေးခြင်း၊
၂။ ဖလ- သစ်သီးပေးခြင်း၊
၃။ စုဏ္ဏ-မျက်နှာခြယ်မှုန့်ပေးခြင်း၊
၄။ မတ္တိကာ-မြေညက်ပေးခြင်း၊
၅။ ဒန္တကဋ္ဌ-တံပူပေးခြင်၊
၆။ ဝေဠု-ဝါးပေးခြင်း၊
၇။ ဝေဇ္ဇကမ္မ-ဆေးကုခြင်း၊
၈။ ဇင်္ယပေသနိက-အဝေးစေခိုင်းရာ တအိမ်မှတအိမ်သို့ ခြေဖြင့်သွားခြင်း၊
ဤသို့ ရှစ်ပါးရှိ၏။ မြေညက်ဟူသည်၌ ဆပ်ပြာတုံ: ပါဝင်သည်ဟု ဆိုကုန်၏။
ပွင့်၊ သီး၊ မှုန့်၊ မြေ(၄)၊
ဝါ၊ ပူ၊ ခြေ (၃)၊
ဝေဇ္ဇေ (၁) ဒူ ရှစ်ဖြာ။
အနေသန ၂၁-ပါး
မအပ်မရာ ပစ္စည်းရှာခြင်းသည် အနေသန မည်၏။ ၂၁-ပါးပြာ၏ ၂၁-ပါး ပြား၏။
ပစ္စည်းလာဘ်ရလို၍ မျက်နှာသစ်ရေပေးခြင်း၊
ဆွမ်းတုံ့ပြန်ခြင်း၊
သစ်ရွက်ပေးခြင်း၊
ရေချိုးကသယ်မှုန့်ပေးခြင်း (၄)၊
ကလေးထိန်းချီခြင်း၊
ပဲဟင်းအလား အမှန်နည်း၍ အမှားများသော စကားကိုဆိုခြင်း၊
ချစ်ခင်အောင် နှိမ့်ချအောက်ကျို့ကာ ဆိုခြင်း (၃)၊
ခိုင်းစေရာ ခံခြင်း၊
စာပေ.တမန်ပြုခြင်း၊
ဘူမိနက်သန် မြေကြန်အတတ် ဟောခြင်း (၃)၊
လယ်ယာအကျိုးအပြစ် ဟောခြင်း၊
အင်္ဂါအကျိုးအပြစ် ဟောခြင်း၊
နက္ခတ် အကျိုးအပြစ်ဟောခြင်း (၃)၊
ပွင့်သီးပေးခြင်း စသော ယခင်ရှစ်ပါး (၈)၊
ဤသို့ ၂၁-ပါးဖြစ်၏။
ပဲဟင်းချက်ရာ၌- ပကတိမကျေမကျက် နည်းသည်၊ ဝိကတိအကျေအကျက် များ၏။ ထိုရဟန်း၏စကားလည်း ပကတိ အမှန်နည်းသည် ဟူလို။ မြေကြန်ကား-မြေ၏ ကြန်အင်လက္ခဏာတည်း။
ဆေးကုရာ၌ --
လာဘ်ငဲ့၍ ကုအံ့၊ အနေသန ဒုက္ကဋ်။
မိမိ၌ အထူးကြည်ညိုအောင် သူတော်ကောင်းကို မကြည်ညိုနိုင်သူ လူပျက်ဖြစ်အောင် မြှောက်စားခြင်းဖြင့် ကုအံ့၊ ကုလဒူသနဒုက္ကဋ်။
လာဘ်မြော်ခြင်း၊ မြှောက်စားခြင်း ကင်းစေလျက် ကုအံ့၊ ဆေးကု ဒုက္ကဋ်။
သီတင်း သုံးဖော်၊ ဆွေမျိုး၊ ဝေယျာပစ္စပြုသူ စသည်ဖြင့် ကုကောင်းသူတို့အား ကုအံ့၊ အနာပတ္တိ။ ဤဆေးကုကောင်းသူတို့တွင် ပစ္စည်းလေးပါး ဒါယကာ မပါ။ မိဘအရာ တည်စေကာမူ မပါ။ ဝေယျာဝစ္စပြုသူသာ ပါဝင်သည်။
မျက်သစ်ရေထက်၊ ဆွမ်းတုံ့စွက်၊ သစ်ရွက် ချိုးမှုန့်ပါ (၄)။
ကလေးချီသယ်၊ ပဲဟင်းနှယ်၊ ချစ်ဖွယ် နှုတ်စာပါ (၃)။
ခိုင်းစေရာခံ၊ စာတမန်၊ မြေကြန် အတတ်ပါ (၃)။
ခေတ္တ၊ အင်္ဂ၊ နက္ခတ္တ သုံး၀ ထိုဝိဇ္ဇာ (၃)
ပေါင်းပါဒူရှစ် (၈)၊ နှစ်ဆယ့်တစ်၊ စင်စစ် နေသနာ။
တသာသနာလုံး မအပ်
ကုလဒူသနဖြင့် ရသောပစ္စည်း၊ အနေသနဖြင့် ရသော ပစ္စည်း၊ အညာတကဝိညတ် ပစ္စည်း၊ (အမျိုးမတော်သူထံ တောင်း၍ ရသော ဟူလို)၊ အံ့ဖွယ်ပြုခြင်း၊ မြှောက်ခြင်း ခြောက်ခြင်း၊ အရိပ်နိမိတ်ပြုခြင်းတို့ဖြင့် ရသောပစ္စည်း၊ ရွှေငွေခံခြင်း၊ ရွှေငွေဖြင့် လဲလှယ်ဝယ်ယူခြင်း တို့ဖြင့်ဖြစ်သော ပစ္စည်း၊ ဈာန်မဂ်ဖိုလ် ဝါကြွားခြင်းဖြင့် ရသော ပစ္စည်း၊ ဤပစ္စည်းတို့သည် တသာသနာလုံး အပ်ကုန်။ ရဟန်းချင်း ကူညီ ကျွေးမွေး လှူဒါန်းရာ၌ ဤပစ္စည်းမျိုး ဖြစ်မည်လော၊ မဖြစ်မည်လောဟု ဝိနည်းကို အလေးပြုသော မထေရ်များ သတိသမ္ပဇည ကြီးစွာ ထားကုန်၏။ အာဇီဝ ပျက်ကြောင်းဖြစ်၍ အမှတ်မဲ့ မသုံးဆောင်ကြကုန်။ အလေး ပြုသင့်၏။
ဒါယကာလေးမျိုး
ကုလဒူသန၊ အနေသနမှ လွတ်စေခြင်းငှာ ဒါယကာ လေးမျိုးကို သိအပ်၏။
လိုရာတောင်းပါဟု ဖိတ်ကြားသူထံ တောင်းကောင်းသည်၊ မပေးကောင်း၊ ဝေယျာဝစ္စပြုသူအားကား ပေးကောင်း၊ ကျွေးကောင်း၊ ဆေးကုကောင်းသည်၊ မတောင်းကောင်း။ နှစ်မျိုးလုံး ကင်းသူကို နှစ်မျိုးလုံး မပြုကောင်း၊ မကင်းသူကို ပြုကောင်း၏။ ဆွေမျိုးခုနစ်ဆက်ကိုလည်း တောင်းကောင်း၊ ပေးကောင်း၏။
ဝတ်ကား မမူ၊ ဖိတ်ကြားသူ၊ တောင်းသူ မပေးအပ်။
ဖိတ်ကြားမကြေ၊ ဝတ်ကားကြေ၊ ပေးလေ မတောင်းအပ်၊
ဖိတ်ကြားသဖြင့်၊ ဝတ်လည်းကျင့်၊ တောင်းသင့် ပေးသင့်မှတ်။
ဖိတ်ကြားကင်းဝေး၊ ဝတ်လည်းဝေး၊ မပေး မတောင်းအပ်။
သစ်ပင်စိုက်နည်း
ပါပသမာစာရ၌ သစ်ပင်ငယ်ကို ဖြတ်ခြင်း၊ တွင်းတူးခြင်း၊ စိုက်ပျိုးခြင်း၊ ရေလောင်းခြင်း၊ ရေမြောင်းပြုခြင်း စသည်ကို ကိုယ်တိုင်ပြုအံ့၊ ဖြတ်လော့၊ တူးလော့၊ စိုက်လော့ စသည်ဖြင့် စေခိုင်းအံ့၊ အကပ္ပိယဝေါဟာရ မည်၏။ မအပ်ဟုဆိုအပ်သော အကျင့်ဟူလို။
ကိုယ်တိုင်လည်း မပြု၊ သူတပါးကိုလည်း တိုက်ရိုက်မခိုင်းပဲ ဤ သစ်ပင်ကို သိလော့၊ နားလည်လော့၊ ရိပ်မိလော့၊ တွင်းသိလော့၊ ရေသိလော့ ဟု ဆိုအံ့၊ ခြောက်သော မြောင်းကို ဖြောင့်အောင်ပြုအံ့၊ ကပ္ပိယဝေါဟာရ မည်၏။ ဉာဏ်အမြော်အမြင် ရှိသူသည် သစ်ပင်ငယ်စိုက်ခြင်း စသည်ကို ပြုရသည်။ မကြာမီ အကျိုးများ၏။ ဤသို့ စသည်ဖြင့် ဆိုအံ့၊ ပရိယာယ မည်၏။
ပေါက်တူး၊ သစ်ပင်ငယ် စသည်ကို ကိုင်၍သာ ရပ်နေအံ့၊ ဩဘာသ မည်၏။ သာမဏေများ မြင်လျှင် ရိပ်မိ၍ စိုက်ပေးအောင် ရိပ်ရောင်ပြသည် ဟူလို။ ပေါက်တူး စသည်ကို လူသာမဏေတို့အနီး၌ သွား၍ထားအံ့၊ နိမိတ္တကမ္မ မည်၏။
သစ်ပင်စိုက်တတ်၊ ရဟန်းမြတ်၊ ငါရပ်သိစေလို၊
နှစ်သွယ်ဝေါဟာ (၂)၊ ပရိယာ (၁)၊ ဩဘာ နိမိတ်ကို (၂)။
ကိုယ်တိုင်စိုက်တတ်၊ စိုက်ခိုင်းတတ်၊ အကပ္ပိယက။
သိလော၊ ကပ္ပိလော၊ ဤမျှပြော၊ ဝေါဟာကပ္ပိယ။
ဉာဏ်ရှိသူသာ၊ စိုက်တတ်စွာ၊ ဝါစာပရိယာယ။
သစ်ပင်ကိုင်ထောင်၊ မြင်သာအောင်၊ ရိပ်ရောင်ဩဘာသ။
လူသာမဏေထံ၊ သွားအပ်နှံ၊ ကမ္မံနိတ္တ။
ကုလဒူသန အကျိုးငှာ ဤငါးမျိုးလုံး မအပ်။
အသီးအရွက် စားခြင်းငှာ အကပ္ပိယ ဝေါဟာရတခု မအပ်။ ကြွင်းလေးပါး အပ်၏။
အရာမ်၊ အရိပ် စသည် အလို့ငှာ ကြွင်းလေးပါး အပ်၏။
အကပ္ပိယဝေါဟာရမှ ကိုယ်တိုင် ရေလောင်းခြင်းလည်း အပ်၏။
အဇာတပထဝီ၌ ကိုယ်တိုင်တူး၍ စိုက်ခြင်းလည်း အပ်၏။ ထိုမှ သီးသောအခါ အသီးစားခြင်းငှာလည်း အပ်သေး၏။
ခူးခြင်း၊ ခူးခိုင်းခြင်း စသည်ကား ပင်ကို ပါစိတ်။
ပန်းကုံးခြင်း၊ ကုံးစေခြင်းကား ပင်ကို ဒုက္ကဋ်။
ဘုရားပူဇော်ခြင်းငှာလည်း မကုံးအပ်။
ပုပ္ဖဝိကတိခြောက်မျိုး
ထုံးခြင်းသည် ဂန္ထိမ မည်၏။ ကြာပန်း စသည် ကို ညှာတံချင်း ထုံးဖွဲ့သည် (၁)။
ကွပ်ခြင်းသည် ဂေါပ္ဖိမ မည်၏။ မုလေးပန်းစသည်၏ အညှာကို ကြိုးဖြင့် ကွပ်သည်၊ စုစည်းသည်၊ ကြိုးလွန်းအကြား စီသွင်းသည် (၂)။
ထိုးသွင်းခြင်းသည် ဝေဓိမ မည်၏။ အညှာပေါက်၊ အပွင့်ပေါက်၌ တုတ်ဖြင့် ထိုးသီသည်။ သစ်တုံး၌ ငုတ်တို့ကိုစိုက်၍ အပွင့်ပေါက်ဖြင့် စွပ်သွင်းသည်။ ပန်းတပွင့်၌ အပွင့်စွပ်သွင်းသည် (၃)။
ရစ်စည်းခြင်းသည် ဝေဋ္ဌိမမည်၏။ တုတ်တံစသည်၌ ပန်းတို့ကို ကပ်၍ ကြိုးဖြင့် ရစ်စည်းသည် (၄)။
ရှေ့နေရာကို လွန်စေခြင်းသည် ပုရိမ မည်၏။ သူတပါးပြုသော ပန်းကုံး ပန်းပြားဖြင့် စေတီစသည်ကို လှည့်ပတ်ရာ ရှေ့နေရာကို ကျော်လွန်အောင် လှည့်ပတ်သည်။ ဝါ၊ ပတ်ထက်လွန်အောင် ပတ်သည်။ ကောက်၌ တွဲလွဲဆွဲထားသော ပန်းကုံးကို ကောက်၌ ပြန်ရစ်သည်။ ကောက်၌ ပန်းလက်ကောက်သွင်းခြင်းကား အပတ်မလွန် အပ်၏။ လခြမ်း သဏ္ဌာန်၊ ကြာသွတ်အိုး ဆွဲသောသဏ္ဌာန်လည်း ပုရိမ၌ ပါဝင်၏ (၅)။
ရက်ခြင်းသည် ဝါယိမ မည်၏။ စေတီ၌ ပန်းပုဆိုး၊ ပန်းကွန်ရက်၊ ပန်းအရုပ် ပြုသည် (၆)။
ဤပန်းအထူး ခြောက်မျိုးကို ဘိက္ခု၊ ဘိက္ခုနီတို့ ပြုခြင်း၊ ပြုစေခြင်းငှာ မအပ်။
“ပူဇော်ခြင်းငှာ ဤသို့ သိလော့၊ ဤသို့ပြုလျှင် တင့်တယ်ရာ၏ စသည်ဖြင့် ကပ္ပိယဝစန ပြောလျှင် အပ်၏။ ပရိယာယ်၊ ဩဘာ နိမိတ်လည်း အပ်၏။
ညှာချင်းထုံး၊ ကွပ် (၂)၊ သွင်း၊ ရစ်ပတ် (၂)၊ လေးရပ် ညှာနှင့်ပွင့်။
လွန်ပတ်၊ ရက်နည်း (၂)၊ နှစ်ပါးလည်း၊ ပြုပြီး ပန်းကုံးဖြင့်။
ပန်းကုံးခြောက်ခု။ ကိုယ်တိုင်ပြု၊ စေပြု ဒုက္ကဋ်သင့်။
ကပ္ပိယဝါစာ (၁)၊ ပရိယာ (၁) ၊ ဩဘာ နိမိတ်(၂)အပ်သတည်း။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် အဿဇိ ပုနဗ္ဗသုကရဟန်းတို့သည် ကိဋာဂိရိဇနပုဒ်၌ အလဇ္ဇီ အပြုအမူဖြင့် ကျောင်းတိုက်တည်၍ နေကုန်၏။ မအပ်မရာ များစွာကျင့်ကုန်၏။ ပန်းပင်ငယ်စိုက်ခြင်း၊ ရေလောင်းခြင်း၊ ဆွတ်ခူးခြင်း ပန်းကုံးခြင်း ပြုကုန်၏။ ပန်းကုံးတို့ကို မိန်းမတို့ထံ ပို့ကုန်၏။ မိန်းမတို့နှင့် တခွက်တည်း စားကုန်၏။ တခင်းတရုံတည်း အိပ်ကုန်၏။ နေလွဲညစာစားခြင်း အရက်သောက်ခြင်း ပြုကုန်၏။ ပန်းနံ့သာ ပန်ဆင်၍ မိန်းမတို့နှင့် အတူ ကခြင်း သီခြင်း ပြုကုန်၏။ အမျိုးမျိုး ကစားကုန်၏။ ဆင်စီး မြင်းစီး စသည် သင်ကြားကုန်၏။
ထိုအခါ ခရီးသွား ရဟန်းတပါးသည် ထိုရွာသို့ရောက်၍ စောင့်စည်းသော ဣန္ဒြေဖြင့် ဆွမ်းခံဝင်၏။ လူတို့သည် ဤအရှင်သည် အအ၊ အထိုင်း၊ အနုံ၊ မျက်မှောင်ကုပ်၊ အဘယ်သူ ဆွမ်းလှူချင်အံ့နည်း.၊ ငါတို့အရှင် များကား ဖော်ရွေကြပါပေသည်၊ ကြိုတင်ကာ နှုတ်ခွန်း ဆက်သကြပါပေသည်၊ ထိုအရှင်တို့အားသာ လှူသင့်သည် မဟုတ်လောဟု ဆိုကုန်၏။
(ဤတွင် လူတို့ကို သဒ္ဓါတရား ဖျက်ဆီးပုံ၊ ရဟန်းကောင်းတို့အပေါ်၌ မသဒ္ဓါပုံ ထင်ရှား၏။)
ဥပါသကာတယောက်သည် ထိုရဟန်းကို မြင်လတ်သော် ဆွမ်းရပါ၏လောဟု လျှောက်၏။ မရသေးဟု ဆိုလတ်သော် အရှင်ကဲ့သို့ ပုဂ္ဂိုလ်မျိုး တရွာလုံး လှည့်သော်လည်း ဆွမ်းရမည်မဟုတ်။ အိမ်သို့ ကြွပါဟု ပင့်၍ ဆွမ်းကျွေးပြီးလျှင် အရှင်ဘုရား၊ ဘုရားရှင်ထံ ရောက်သောအခါ ဤကိဋာဂိရိဇနပုဒ် ပျက်နေပါပြီ၊ ရဟန်းကောင်းတို့ကို စေလွှတ်တော်မူပါဟူ၍ လျှောက်ကြားပါဟု မှာလိုက်၏။
မြတ်စွာဘုရားသည် များစွာကဲ့ရဲ့ပြီးလျှင် ချစ်သား သာရိပုတ္တရာ မောဂ္ဂလာန်တို့၊ သင်တို့သွား၍ မေးစစ်၍ အပြစ်အလျောက် ပဗ္ဗာဇနိယကံ ပြု၍ ထိုရွာမှ ထိုကျောင်းမှ နှင်ထုတ်ကြလော့ဟု မိန့်တော်မူ၏။ ရဟန်းများစွာနှင့် သွား၍ ပဗ္ဗာဇနိယကံ ပြုသောအခါ ကံငြိမ်းအောင် မကျင့်၊ မာန်မာန မချ၊ အဂတိလေးပါး လိုက်စား၍ နှင်လိုက်သည်ဟု ဆဲရေးကုန်၏။ အချို့ လူထွက်ကုန်၏။
မြတ်စွာဘုရားသည် များစွာ ကဲ့ရဲ့ပြီးလျှင် အဂတိလိုက်သည်ဟု ပြောဆိုခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူသည်။ ကုလဒူသန အမှုကြောင့် ပညတ်သည် မဟုတ်။
နိဂုံး
အာယသ္မန္တော၊ အရှင်တို့။
တေရသ။ သံဃာဒိသေသာ။ ဓမ္မာ၊ သိက္ခာပုဒ်တို့ကို၊
ဝါ၊ အာပတ်တို့ကို။
ဥဒ္ဒိဋ္ဌာ ခေါ၊ သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည်သာတည်း။
နဝ၊ ကိုးပါးတို့သည်။
ပဌမာပတ္တိကာ၊ ရှေးဦးစွာ လွန်ကျူးသောခဏ၌ ရောက်ခြင်းရှိကုန်၏။
စတ္တာရော၊ လေးပါးတို့သည်။
ယာဝတတီယကာ၊ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါဖြင့် ဆုံးမသည့် အဆုံး၌ ရောက်ခြင်း ရှိကုန်၏။
ဘိက္ခု၊ ရဟန်းသည်။
ယေသံ၊ ယင်း ၁၃-ပါး တို့တွင်။
အညတရံ ဝါ အညတရံ ဝါ၊ တပါးပါးသို့လည်း။
အာပဇ္ဇိတွာ၊ ရောက်သည်ရှိသော်။
ယာဝတီဟံ၊ အကြင်မျှလောက်သော ရက်ပတ်လုံး။
ဇာနံ၊ သိလျက်။
ပရိစ္ဆာဒေတိ၊ ဖုံးလွှမ်း၏။
တာဝတီဟံ၊ ထိုမျှလောက်သော ရက်ပတ်လုံး။
တေန ဘိက္ခုနာ၊ ထိုရဟန်းသည်။
အကာမာ၊ အလိုပရှိပဲ (သော်လည်း)။
ပရိဝတ္တဗ္ဗံ၊ ပရဝါသ် နေအပ်၏။
ပရိဝတ္တ ပရိဝါသေန၊ ပရိဝါသ် နေပြီးသော။
ဘိက္ခုနာ၊ သည်။
ဥတ္တရိ၊ ထို့ထက်အလွန်။
ဘိက္ခုမာနတ္တာယ၊ ရဟန်းတို့၏ မြတ်နိုးခြင်းငှာ။
ဆာရတ္တံ၊ ခြောက်ညဉ့်ပတ်လုံး။
ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်အပ်၏။
ဘိက္ခု၊ သည်။
စိဏ္ဏမာနတ္တော၊ မာနတ်ကျင့်ပြီးသည်ရှိသော်။
ယတ္ထ၊ အကြင်သိမ်၌။
ပီသတိဂဏော၊ နှစ်ကျိပ် အရေအတွက်ရှိသော။
ဘိက္ခု သံဃော၊ ရဟန်းသံဃာသည်။
သိယာ၊ ရှိရာ၏။
တတ္ထ၊ ထိုသိမ်၌။
သော ဘိက္ခု၊ ကို။
ဘိက္ခူဟိ၊ ရဟန်းတို့သည်။
အဗ္ဘေတဗ္ဗော၊ အဗ္ဘာန်သွင်းအပ်၏။
(ရှေးရှုခေါ်အပ်၏၊ သံဃာ့ဘောင်သို့ သွင်းအပ်၏ ဟူလို။)
ဧကေနာပိ၊ တပါးဖြင့်လည်း။
ဦနော၊ ယုတ်လျော့သော။
ဝီသတိဂဏော။ ဘိက္ခုသံဃော။ တံ ဘိက္ခုံ။
စေ အဗ္ဘေယျ၊ အကယ်၍ အဗ္ဘာန်သွင်းငြားအံ့။
သော စ ဘိက္ခု၊ သည်လည်း။
အနဗ္ဘိတော၊ အဗ္ဘာန်သွင်းအပ်သောသူ မဖြစ်။
တေ စ ဘိက္ခူ၊ တို့သည်လည်း။
ဂါရယှာ၊ ကဲ့ရဲ့အပ်သူတို့သည်။
ဝါ၊ ဒုက္ကဋ်သင့်ကုန်သည်။
ဟောန္တိ။ အယံ၊ ဤဆိုအပ်ပြီးသော အစီအရင်သည်။
တတ္ထ၊ ထို သံဃာဒိသိသ် အာပတ်သင့်ရာ၌။
သာမီစိ၊ ကျင့်ဝတ်တည်း။
ဤသို့ကျင့်လျှင် အပြစ်ကင်းသည်၊ ကုသိုလ်ဖြစ်သည်၊ မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း ဖြစ်သည်ဟူလို။
တတ္ထ၊ ထို ၁၃-ပါးသော သံဃာဒိသိသ်တို့၌။
အာယသ္မန္တေ။ ပုစ္ဆာမိ။ လ။ တတီယော။ သံဃဒိသေသုဒ္ဒေသော။ သံဃာဒိသိသ် ပြခြင်းသည်။ သမတ္တော၊ ပြီးပြီ။
အဓိပ္ပါယ်
ရှေးဦးစွာ လွန်ကျူးဆဲခဏ၌ ရောက်သော အာပတ်ကိုးခုသည် ပဌမာပတ္တီကာ မည်၏။ သုံးကြိမ်တိုင် သမနုဘာသနကံပြုပြီးမှ ရောက်သော အာပတ် လေးခုသည် ယာဝတတီယကာ မည်၏။ ဤ ၁၃-ခုတို့တွင် တခုခုရောက်သော ရဟန်းသည် သိလျက်ဖုံးအံ့၊ ဖုံးသည်မည်၏။
သိလျက် ဖုံးပုံကား အာပတ်သင့်၏၊ အာပတ်ဟု မှတ်၏ (၂)၊
ပကတတ်ဟုတ်၏၊ ပကတတ်ဟု မှတ်၏ (၂)၊
အန္တရာယ်ကင်း၏၊ အန္တရာယ်ကင်းသည်ဟု မှတ်၏ (၂)၊
ဒေသနာကြားခြင်းငှာ စွမ်းနိုင်၏၊ စွမ်းနိုင်သည်ဟု မှတ်၏ (၂)၊
ဖုံးလို၏၊ ဝန်ချ၍ အရုဏ်တက်အောင် ဖုံး၏(၂)၊
ဤ လက္ခဏာဆယ်ပါးဖြင့် ဖုံးအံ့၊ ဝါ ဒေသနာ မကြားအံ့၊ ထင်စွာပြုခြင်းမျှပင် မပြုအံ့၊ ဖုံးသည်မည်၏။ ဒုက္ကဋ်လည်း သင့်၏။
အာပတ်၊ ပကတတ် (၂)၊
ကင်းလတ်အန္တရာယ်(၁)၊
စွမ်းနိုင်ဖွယ် (၁)၊ ဖုံးကွယ် (၁) နှစ်စီတည်း။
ဝန်ချဖုံးလျက်၊ အရုဏ်တက်၊ ဖုံးတွက် ဒုက္ကဋ်တည်း။
သိလျက် ဖုံးသောရဟန်းသည် ဖုံးအံ့ဟုဝန်ချ၍ ဖုံးသောနေ့မှစ၍ ဒေသနာ ကြားသော နေ့အထိ ရက်ကိုရေတွက်၍ ထိုရက်နှင့်အမျှ ပရိဝါသ် နေရသည်။ ဖုံးခြင်းသည် အလဇ္ဇီလက္ခဏာ ဖြစ်၏။ နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ် ဖြစ်၏။
ထို့ကြောင့် ပရိဝါသ် မနေလိုသော်လည်း နေရသည်။ နောက်မှဟု အချိန်မရွှေ့ရာ၊ သံဃာသည်လည်း အလိုမရှိသူအား ပရိဝါသ် ပေးရသည် ဟူလို။ ဖုံးသောရက် မရှိသူ၊ ဖုံးအံ့ဟု ဝန်ချခြင်းမရှိပဲ ဖုံးမိသူတို့ကား ပရိဝါသ် မနေရပဲ မာနတ် ၆-ညဉ့်သာ ကျင့်ရသည်။ မာနတ်ပြီးသောအခါ နှစ်ကျိပ်သံဃာ ရှိရာသိမ်၌ အဗ္ဘာန်သွင်းရသည်။
ရှေးရှုခေါ်ခြင်း၊ လက်ခံခြင်းသည် အဗ္ဘာန မည်၏။ အဗ္ဘာန်မသွင်းမီ ဒဏ်သားဖြစ်၏။ သံဃာ့အလယ်၌ အချို့ နေတတ်သည်။ ဝါစဉ်ဖြင့်ပင် မနေရ။ နေရာစွန်၌သာ နေရသည်။ အဗ္ဘာန်သွင်းပြီး သောအခါ ဒဏ်သားမဟုတ်၊ ပကတတ် ရဟန်းကောင်း ဖြစ်၏။ သံဃာ့အလယ် ဝါစဉ်အတိုင်း နေနိုင်၏။ နှစ်ကျိပ်သံဃာမပြည့်ပဲ သိလျက် အဗ္ဘာန်သွင်းအံ့၊ ကံပျက်၏။ သွင်းအပ်သူအဖြစ်သို့ မရောက်။ ရဟန်းတို့သည်လည်း ကဲ့ရဲ့ဖွယ် အပြစ်ရှိသောကြာင့် ဂါရယှတို့ မည်ကုန်၏။ ဒုက္ကဋ်သင့်ကုန်၏။
ဤ အာပတ် မျိုးသင့်သူအား ပရိဝါသ်၊ မာနတ်ကျ၍ အဗ္ဘာန်သွင်းခြင်းသည် အာပတ် စင်ကြယ်ခြင်းအကျိုးမျှ ရှိသည်မဟုတ်။ လောကုတ္တရာသို့ အစဉ်ရောက်သော ဩဝါဒ၊ အနုသာသနီကျခြင်းလည်း ဖြစ်သည်။ ဝိဝဋ္ဋနိဿိတကုသိုလ်ကို ဖြည့်ကျင့်သည် လည်း မည်၏ ဟူလို၊ ထို့ကြောင့် စင်ကြယ်ခြင်းဖြင့် ဝမ်းမြောက်လိုသူသည် ဝတ်စောင့်ခြင်းကို မထီမဲ့မြင် မပြုရာ။
ဖုံးခြင်းဆယ်ပါး
ရဟန်းသည် သံဃာဒိသိသ်သို့ ရောက်၍ ဝတ္ထုစွမ်းဖြင့် သံဃာဒိသိသ် ဟူ၍ မှတ်ထင်သူဖြစ်လျက် ထိုအာပတ်ကို တစုံတယောက်အား မကြားအံ့ဟု ဖုံးလို၍ ဝန်ချကာ အရုဏ်တက်အောင် ဖုံးအံ့၊ ဖုံးသည်မည်၏။ အလဇ္ဇီ ဖြစ်၏။ ဒုက္ကဋ်သင့်၏၊
အနာပတ္တိထင်၍၎င်း၊ တပါးသော အာပတ် ထင်၍၎င်း၊ ယုံမှားရှိ၍၎င်း မကြားအံ့ဟု ဝန်ချကာ အရုဏ်တက်စေကာမူ ဖုံးသည် မမည်။ လဟုကို ဂရုထင်၍၊ ဂရုကို လဟုထင်၍ ဖုံးစေကာမူ ဖုံးသည် မမည်။ အလဇ္ဇီကား ဖြစ်သည်။ ဂရု လဟု မသိပဲ ဖုံးမည်ဟု ဖုံးလျှင် ဖုံးသည်မည်၏။
အာပတ်သို့ရောက်သူသည် ပကတတ်ဖြစ်၍ ငါ ပကတတ်ဟု မှတ်ထင်လျက် ဖုံးလို၍ ဝန်ချကာဖုံးအံ့၊ ဖုံးသည်မည်၏။ အပကတတ်ထံဖြစ်မူ ဖုံးလိုသလောက် ဖုံးသော်လည်း ဖုံးသည်မမည်။ အပကတတ်ထံ ဒေသနာကြားလျှင်လည်း ဒေသနာ ကြားသည်မမည်။ ဤ၌ ဥက္ခိတ္တကကံ ပြုခံရသော ရဟန်းသည် အပကတတ် မည်၏။ သမာနသံဝါသ ရတန်းကောင်းသည် ပကတတ်မည်၏။
ပကတ = သဘာဝဘူတဖြစ်သော + အတ္တ = သဘော ရှိသူသည် ပကတတ္တ မည်၏။ ဝါ - ပကတိ + အတ္တ = ပင်ကို + သဘော ရှိသူဟူ၍လည်း ဆိုနိုင်သည်။ ကံပြုခံရခြင်း ဖြင့် ဝိကတ + အတ္တ = ရှိသူ။ ဝါ – ဝိကတိ + အတ္တ ရှိသူသည် အပကတတ် မည်၏။
အာပတ်သို့ ရောက်သူသည် အန္တရာယ်ဆယ်ပါး ကင်းလျက်၊ ငါအန္တရာယ် ကင်း၏ဟု မှတ်ထင်လျက် ဖုံးလို၍ ဝန်ချကာဖုံးအံ့၊ ဖုံးသည်မည်၏။ ကြောက်တတ်သူဖြစ်၍၎င်း၊ အချိန်မဲ့ဖြစ်၍၎င်း၊ အန္တရာယ်ရှိသော နေရာမျိုးဖြစ်၍၎င်း၊ အန္တရာယ်ရှိအံ့ထင်၍ ဖုံးအံ့၊ ဖုံးသည် မမည်။
အာပတ်သို့ ရောက်သူသည် ရဟန်းတပါးထံ သွားခြင်းငှာ၎င်း၊ ဒေသနာ ကြားခြင်းငှာ ၎င်း စွမ်းနိုင်သူဖြစ်၍ ငါ့စွမ်းနိူင်၏ဟု မှတ်ထင်လျက် ဖုံးလို၍ ဝန်ချကာ ဖုံးအံ့၊ ဖုံးသည်မည်၏။
ခြေနာ၍ ခံတွင်းနာ၍ မစွမ်းနိုင်ဟုထင်၍ ဖုံးအံ့၊ ဖုံးသည်မမည်။ ဖုံးလို၏၊ ဝန်ချ၍ အရုဏ်တက်အောင်ဖုံး၏-၌ကား ချဲ့ဖွယ်မရှိပြီ။ အထူးကား ဖုံးအံ့ဟု ဝန်ချပြီးနောက် အရုဏ်မတက်မီ လဇ္ဇီသဘော သက်ဝင်၍ ဒေသနာကြားအံ့၊ မဖုံးလိုလျက် ဖုံးသည်မည်၏။ ခဏချင်း မီးခဲနင်းမိသူအလား သဘာဂထံ သွား၍ ဒေသနာကြားအံ့၊ မဖုံးလိုလျက် မဖုံးသည်မည်၏။ ဤသုံးယောက်အား ဖုံးခြင်းမဖြစ်၊ အပြစ်မရှိ။
သဘာဂရဟန်းကို ဆရာဟု ရှက်၍ မကြားမူကား ဖုံးသောအပြစ်ဖြစ်၏။ သဘာဂ ဖြစ်ခြင်းသာ ပမာဏ ဖြစ်သည်။ ဆန့်ကျင်ဘက်ဖြစ်၍ အပြစ်ပြလေ့ရှိသော ဆရာကိုကား မကြားသော်လည်း ဖုံးသည်မမည်။ ဆန့်ကျင်ဘက် ရန်သူသည် ဝိသဘာဂ မည်၏။ အကျိုးလိုလားခြင်းမရှိ။ ရှောင်ရသည်။
ပရိဝါသ် မှတ်ဖွယ်
ပရိဝါသ်သည် ပဋိစ္ဆန္န ပရိဝါသ်၊ သုဒ္ဓန္တ ပရိဝါသ်၊ သမောဓါန ပရိဝါသ် ဟု သုံးမျိုးရှိ၏။
ထိုတွင် ပဋိစ္ဆန္န ပရိဝါသ်ကို ဖုံးသော အာပတ် အားလျော်စွာ ပေးရသည်။ ဝိနည်းဓိုရ်သည် ရှေးဦးစွာ လက္ခဏာဆယ်ပါးဖြင့် ဖုံးခြင်းဟုတ် မဟုတ်သိအောင် ပြုရသည်။ ထို့နောက် ဖုံးသောရက် အာပတ်တို့ကိုမှတ်၍ တရက်ဖုံး အာပတ်တခု ဖြစ်အံ့၊ အဟံ ဘန္တေ ဧကံ အာပတ္တိံ အာပဇ္ဇိ ဧကာ ဟပ္ပဋိစ္ဆန္နံ စသည်ဖြင့် တောင်းစေ၍ ကမ္မဝါစာဖတ်၍ ပရိဝါသ် ပေးရသည်။
နှစ်ရှက်ဖုံးအံ့၊ ဒွိဟပ္ပဋိစ္ဆန္နံ။ လ။
၁၄-ရက် ဖုံးအံ့။ စုဒ္ဒသာဟပ္ပဋိစ္ဆန္နံ။
၁၅-ရက် ဖုံးအံ့၊ ပက္ခပ္ပဋိစ္ဆန္နံ။ (ဟ-မပါ)။
ထို့နောက် ၂၉-ရက်ထိ အတိရေကပ္ပက္ခ ပဋိစ္ဆန္နံ။
ထို့နောက် မာသပ္ပဋိစ္ဆန္နံ။
အတိရေက မာသပ္ပဋိစ္ဆန္နံ။
ဒွေမာသပ္ပဋိစ္ဆန္န။ လ။
အတိရေကဧကာဒသမာ သပ္ပဋိစ္ဆန္နံ။
ဧကသံဝစ္ဆရပ္ပဋိစ္ဆန္နံ။
အတိရေကသံဝစ္ဆရပ္ပဋိစ္ဆန္နံ။ လ။
အတိရေကသဋ္ဌိသံဝစ္ဆရပ္ပဋိစ္ဆန္နံ။ စသည်ဖြင့် ယှဉ်စေရသည်၊
အာပတ်တခုဖြစ်အံ့၊ ဧကံ အာပတ္တိံ။
နှစ်ခု၊ သုံးခုဖြစ်အံ့၊ ဒွေ အာပတ္တိယော။ တိဿော အာပတ္တိယော။
ထို့ထက် လွန်အံ့၊ သမ္ဗဟုလာ အာပတ္တိယောဟု ယှဉ်စေရသည်။
ဝတ္ထုအသီးသီး-နာနာဝတ္ထုကအာပတ်တို့ ဖြစ်ကုန်အံ့၊ အဟံ ဘန္တေ သမ္ဗဟုလာ သံဃာဒိသေသာ အာပတ္တိယော အာပဇ္ဇိံ၊ ဧကံ သုက္ကဝိဿဋ္ဌိံ ဧကံ သဉ္စရိတ္တံ ဧကာဟပ္ပဋိစ္ဆန္နာယော-ဟု တခုစီ ရေတွက်ခြင်းဖြင့်၎င်း၊ သံဃာဒိသေသာ အာပတ္တိယော အာပဇ္ဇိံ နာနာဝတ္ထုကာယော၊ ဧကာဟပ္ပဋိစ္ဆန္နာယော-ဟု နာနာဝတ္ထု ပေါင်းခြင်းဖြင့်၎င်း ယှဉ်စေရသည်။
အမည်၌ သံဃာဒိသေသာကား သဇာတိသာဓာရဏ အမည်ဖြစ်၏။ အာပတ္တိကား၊ သဗ္ဗသာဓာရဏအမည် ဖြစ်၏။ ထို့ကြောင့် အဟံ ဘန္တေ သမ္ဗဟုလာ အာပတ္တိယော အာပဇ္ဇိံ၊ ဧကာဟပ္ပဋိစ္ဆန္နာယော ဟု (သံဃာဒိသေသာ-မထည့်ပဲ) သဗ္ဗသာဓာရဏ အမည်ဖြင့်လည်း ဆိုအပ်၏။ ဤပရိဝါသ် စသော ဝိနည်းကံသည် ဝတ္ထု၊ ဂေါတ္တ မည်၏။ သံဃာဒိသေသော-ဟူသည် နာမ မည်၏။ အာပတ္တိ မည်၏။
အနိက္ခိတ္တ
ရဟန်းနည်းသောကျောင်း၊ ရတ္တိစ္ဆေဒမဖြစ်အောင် နေနိုင်သော ကျောင်းဖြစ်အံ့၊ ကမ္မဝါစာ အဆုံး၌ ထိုသိမ်အပြင်၌သာလျှင် ပရိဝါသံ သမာဒိယာမိ၊ ဝတ္တံ သမာဒိယာမိ ဟု ဝတ်ဆောက်တည်၍ ထိုသံဃာအား ကြားပြီးလျှင် ရောက်လာသမျှ ရဟန်းတို့အား ကြားလျက် ကျင့်ဝတ်မပျက်အောင် ညဉ့်မပြတ်အောင် နေရသည်။ ဝတ် မချရ။
နိက္ခိတ္တ
ပရိဝါသ်သုတ်သင်ခြင်းငှာ မတတ်နိုင်၍ နိက္ခိတ္တဝတ် ကျင့်လိုအံ့၊ ဆောက်တည်၍ ကြားပြီးလျှင် ထိုသိမ်တွင်းရှိ သံဃာထံ၌၎င်း၊ တပါးပါးထံ၌၎င်း ပရိဝါသံ နိက္ခိပါမိ၊ ဝတ္တံ နိက္ခိပါမိ-ဟု ဆို၍ ဝတ်ချ ရသည်။
ဆောက်တည်ရာ၊ ချရာ၌ တပုဒ်ပုဒ်ဖြင့်လည်း ဆောက်တည်နိုင်၊ ချနိုင်၏၊ နှစ်ပုဒ်ဖြင့် ကောင်းစွာပြည့်စုံ၏။ ဝတ်ချပြီးသော ကာလမှစ၍ ပကတတ်အရာ၌ တည်၏။ ထို့နောက် နံနက်စောစော ပကတတ် ရဟန်းတပါးနှစ်ပါးနှင့်အတူ ကျောင်း၏အရာမ်၊ အရာမ်ထိုက်ရာမှ ခဲနှစ်ကျလွန်အောင်သွား၍ လမ်းမကြီးမှ ဖဲ၍ ချုံ၊ စောင်ရန်းတို့ဖြင့် ဖုံးကွယ်သောနေရာ၌ နေ၍ ဝတ်ဆောက်တည်၍၊ ဝတ်ကြား၍ နေရသည်။ ရဟန်းတပါးပါးကိုမြင်လျှင် ထိုရဟန်းအားလည်း ကြားရသည်။
အရုဏ်တက်သောအခါ ထိုပကတ်တံ ဝတ်ချ၍ ကျောင်းသို့ပြန်နိုင်သည်။ ပကတတ် သည် အရုဏ်တက်သောအခါ ထိုပကတတ်ထံ ဝတ်ချ၍ ကျောင်းသို့ပြန်နိုင်သည်။ ပကတတ်သည် အရုဏ်မတက်ခင် ကိစ္စရှိ၍ ဖဲသွားအံ့၊ အရုဏ်တက်သောအခါ ကျောင်းသို့ပြန်လာ၍ ရှေးဦးစွာ မြင်သော ရဟန်းထံ ကြား၍ ချရသည်။ ဤသို့ မှတ်သား၍ ဖုံးသောရက် နှင့်အညီ ရက်ပြည့်အောင် ပရိဝါသ် ကျင့်ရသည်။ အကျယ်ကို စူဠဝါ၊ ပါဠိ၊ အဋ္ဌကထာ၌ စုံလင်စွာဆိုသည်။
သုဒ္ဓန်နှစ်မျိုး
အာပတ်အပိုင်းအခြား မသိ၊ ဖုံးသော ညဉ့်အပိုင်းအခြား မသိသူအား ပေးအပ်သော ပရိဝါသ်သည် သုဒ္ဓန္တ ပရိဝါသ် မည်၏။ စူဠသုဒ္ဓန်၊ မဟာသုဒ္ဓန် ဟု နှစ်မျိုးပြား၏။
နှစ်မျိုးလုံးကိုပင် ဖုံးသော ညဉ့်ကုန်စင်အောင် မသိသူ၊ ယုံမှားရှိသူအား ပေးရသည်။ အာပတ်ကုန်စင်အောင် သိခြင်း၊ မသိခြင်းကား အကြောင်းမဟုတ်၊ ရဟန်းပြုသည် မှစ၍ ရက်တရာရှိသောရဟန်းသည် ဖုံးသောရက်ကို မသိအံ့၊ မဖုံးသော စင်ကြယ် သော ရက်တို့ကို ဤနေ့ ဤနေ့၌ စင်ကြယ်သည်ဟု ရေတွက်ရသည်။ စင်ကြယ် သည်ဟု ယုံမှားကင်းသော ရက်ပေါင်း ၇၀-ရှိအံ့၊ ကြွင်းရက် ၃၀-အတွက် ပရိဝါသ်ကျလျှင် ချွတ်ယွင်းသောအကျင့် မဖြစ်။ ထို့ကြောင့် ထိုရဟန်းအား ရက်-၃ဝ ပရိဝါသ် ပေးရသည်။ ဤကား စူဠသုဒ္ဓန်တည်း။
စင်ကြယ်သည်ဟု ယုံမှားကင်းသောရက်ကို ယနေ့အထိ တရက်မျှ မရေတွက်နိုင်သူ ဖြစ်အံ့၊ ရဟန်းဖြစ်သည်မှစ၍ ယနေ့အထိ ရက်တရာလုံး ပရိဝါသ် ပေးရသည်။ ဤကား မဟာသုဒ္ဓန်တည်း။
သမောဓာန်သုံးမျိုး
သမောဓာန ပရိဝါသ်သည် --
၁။ ဩဓာနသမောဓာန်၊
၂။ အဂ္ဃသမောဓာန်၊
၃။ မိဿကသမောဓာန် ဟု သုံးမျိုး ပြား၏။
ဝတ်ဆောက်တည်၍ ကျင့်စဉ် ဝတ်မချမီ ဒဏ်သားအဖြစ်၌ အာပတ် ထပ်သင့်၍ ဖုံးသည်ဖြစ်အံ့၊ ပရိဝါသ်နေပြီးသော ရက်တို့ကို အကုန်ဖျက်၍ ရှေး မူလအာပတ်၌ နောက်အာပတ်ကို ပေါင်း၍ ပရိဝါသ် ပေးရသည်။ ဤပရိဝါသ်သည် ဩဓာနသမောဓာန် မည်၏။ (ဩဓာန = ဖျက်၍ + သမောဓာန = ပေါင်းသည် ဟူလို။)
အာပတ်အများ သင့်ရာတွင် ရက်အများဆုံး ဖုံးသော အာပတ်အား ထိုက်သော ရက်ဖြင့် ကြွင်းအာပတ်တို့ကို ပေါင်း၍ပေးသော ပရိဝါသ်သည် အဂ္ဃသမောဓာန် မည်၏။ (အဂ္ဂ = အများဆုံး ဖုံးသူအား ထိုက်သော ရက်ဖြင့် + သမောဓာန = ပေါင်းသည် ဟူလို။)
အများဆုံး ဆယ်ရက် ဖုံးအံ့၊ ကိုးရက်၊ ရှစ်ရက် စသည်ဖြင့် ရက်အနည်းငယ်ဖုံး အာပတ်တို့ကို၎င်း၊ ရက်တူဆက်လျက် ဖုံးအာပတ်ကို၎င်း တပေါင်းတည်းပြု၍ ဆယ်ရက်ပရိဝါသ် ပေးရသည်။ ဆယ်ရက်စီဖုံးသော အာပတ် ဆယ်ခုရှိအံ့၊ ရက်တရာ ပရိဝါသ် မပေးပဲ တပေါင်းတည်း ဆယ်ရက်မျှပေးနိုင်သည်။
ထို့ကြောင့် ပရိဝါသ်၌ “အာပတ်တရာကို ဆယ်ရက်စီဖုံး၍ ဖုံးရက်တထောင် ရှိသော်လည်း ဆယ်ရက်မျှ ပရိဝါသ် ကျင့်ခြင်းဖြင့် စင်ကြယ်သည်” ဟု ဆိုပြီ။ နာနာဝတ္ထုက- ဝတ္ထုအသီးသီးရှိ အာပတ်တို့ကို တပေါင်းတည်းပြု၍ ပေးသော ပရိဝါသ်သည် မိဿကသမောဓာန် မည်၏။
မာနတ်နှစ်မျိုး
မာနတ်သည် ပဋိစ္ဆန္နမာနတ်၊ အပ္ပဋိစ္ဆန္နမာနတ်ဟု နှစ်မျိုး ရှိ၏။ အာပတ်ကို ဖုံး၍ ပရိဝါသ်ထိုက်သူအား ပရိဝါသ် အဆုံး၌ပေးသော မာနတ်သည် ပဋိစ္ဆန္နမာနတ် မည်၏။ မဖုံးသူအား၊ ဖုံးသော်လည်း လက္ခဏာ ဆယ်ပါးနှင့်အညီ ဝန်ချ၍ ဖုံးခြင်း မရှိသူအား ပရိဝါသ် မပေးပဲ မာနတ်သက်သက် ပေးခြင်းသည် အပ္ပဋိစ္ဆန္နမာနတ် မည်၏။ ခြောက်ညဉ့် ကျင့်ရသည် ချည်းသာတည်း။
နိက္ခိတ္တမာနတ် ကျင့်ရာ၌ နံနက်စောစော အရာမ်မှ ခဲနှစ်ကျလွန်အောင် အနည်းဆုံး ပကတတ်လေးပါးနှင့် သွားရခြင်းမျှ ထူး၏။ မာနတ္တံ သမာဒိယာမိ၊ ဝတ္တံ သမာဒိယာမိ ဟု ဆောက်တည်၍ ကြားရသည်။ အရုဏ်တက်သောအခါ မာနတ္တံ နိက္ခိပါမိ၊ ဝတ္တံ နိက္ခိပါမိဟု ချရသည်။ မာနတ်ကို နေ့တိုင်းကြားရသည် ဆိုသောကြောင့် အရုဏ် တက်သောအခါလည်း ကြားပြီးမှ ဝတ်ချခြင်းကို ပြုကြလေသည်။
မှတ်စုများ
အာပတ်အများကို အနည်းဆို၍ ဝတ်စောင့်အံ့၊ အာပတ်မှ မထ။ အနည်းဆုံးဆိုလျှင် ထ၏။ ဖုံးသည်ကို မဖုံးဆိုအံ့၊ မထ။ မဖုံးသည်ကို ဖုံးသည်ဟုဆိုလျှင် ထ၏။ ရက်အများဆုံး ဖုံးကို အနည်းဖုံး ဆိုအံ့၊ မထ။ အနည်းဖုံးကို အများဖုံးဆိုလျှင် ထ၏။
ထို့ကြောင့် လက္ခဏာ ဆယ်ပါးဖြင့် စိစစ်၍ ရက်အများဆုံး ဖုံးသလောက် ကျင့်လျှင် လမ်းမှန် ကျ၏။ အသိဉာဏ်တိုး၏။ ရက်များတိုင်း ကောင်းအံ့ထင်၍ လက္ခဏာဖြင့် မစိစစ်ပဲ ကျင့်လျှင် ဉာဏ်မတိုး။ လက္ခဏာဆယ်ပါး မသိသူများလှ၏။ သိသူ ချည်းသာ ဖြစ်မူ ကောင်းလေစွ။
ဝတ်မချခင် ဒဏ်သားအဖြစ်၌ တည်စဉ် ထပ်သင့်အံ့၊ မူလာယပဋိကဿန အရင်း ပြန်ငင်ရသည်။ ဝတ်ချထားခိုက် ထပ်သင့်အံ့၊ ဖုံးလျှင် ပရိဝါသ်နှင့်တကွ ပြန်ကျင့် ရသည်။ မဖုံးလျှင် ဝိသုမာနတ်=သီးခြားကျင့်ရသည်။ ပရိဝါသ် ကျင့်သူအား ကျင့်ဝတ် ၉၄-ပါးရှိ၏။
ထိုတွင် သဟဝါသော၊ ဝိပ္ပဝါသော၊ အနာရောစနာ သုံးပါးသည် ညဉ့်ပျက်ကြောင်း ဖြစ်၏။ မာနတ်ကျင့်သူအား ကျင့်ဝတ် ၉၅-ပါး ရှိ၏။ နေ့တိုင်း ကြားရခြင်းတခု ပိုလွန်၏။
ထိုတွင် သဟဝါသော၊ ဝိပ္ပဝါသော၊ အနာရောစနာ၊ ဦနေ ဂဏေ စရတိ၊ လေးပါး သည် ညဉ့်ပျက်ကြောင်း ဖြစ်၏။
သဟဝါသော = ပကတတ်နှင့် တမိုးတည်း ကိုယ်စင်း၍ အိပ်ခြင်း။
ဝိပ္ပဝါသော = ပကတတ်နှင့် ကင်းခြင်း၊ အရာမ်ပ၌မူ ၁၂-တောင် ကင်းခြင်း။
အနာရောစနာ = အဆင်းမြင် အသံကြား ရဟန်းတို့အား ဝတ်မကြားခြင်း။
ဦနေ ဂဏေ စရတိ = ပကတတ်လေးပါး မပြည့်ပဲ မာနတ်ကျင့်ခြင်း။
ပရိဝါသ်ပြီး၍ မာနတ်ထိုက်သူ၊ မာနတ်ပြီး၍ အဗ္ဘာန်ထိုက်သူအား ကျင့်ဝတ် ၈၉-ပါး ဟော၏။ ရဟန်းတို့အား ကြားခြင်းကျင့်ဝတ်များကို မဟော။ အချို့ အဗ္ဘာန်အခါ သိမ်တွင်း သိမ်ပ ကျောင်းပိုင်းတွင်းရှိ ရဟန်းတို့အား ဝတ်ကြားရန် ဂရုအပြု လွန်ကုန်၏။
သံဃာဒိသိသ် ပြီး၏။
အနိယတုဒ္ဒေသ
ဣမေ ခေါ ပနာယသ္မန္တော ဒွေ အနိယတာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။
၁-ပဌမ အနိယတ
ယော ပန ဘိက္ခု၊ မာတုဂါမေန။ သဒ္ဓိံ။
ဧကောဧကာယ၊ တယောက်ချင်းချင်း။
ရဟော၊ (မျက်စိ) ဆိတ်ကွယ်သော။
ပဋိစ္ဆန္နေ၊ ဖုံးလွှမ်းအပ်သော။
အလံကမ္မနိယေ၊ မေထုန်မှုပြုခြင်းငှာ ခံ့သော။
အာသနေ၊ နေရာ၌။
နိသဇ္ဇံ၊ ထိုင်ခြင်း (အိပ်ခြင်း) ကို။
ကပ္ပေယျ၊ ပြုငြားအံ့။
တမေနံ၊ ထိုရဟန်းကို။
သဒ္ဓေယျဝစသာ၊ ယုံကြည်အပ်သောစကား ရှိသော။
ဥပါသိကာ၊ (အရိယာဖြစ်သော) ဒါယိကာမသည်။
ဒိသွာ၊ မြင်၍။
ပါရာဇိကေန ဝါ၊ ပါရာဇိကအာပတ်ဖြင့်၎င်း။
သံဃာဒိသေသေန ဝါ။ ပါစိတ္တိယေန ဝါ၊ ဖြင့်၎င်း။
တိဏ္ဏံ ဓမ္မာနံ၊ သုံးပါးသော အာပတ်တို့တွင်။
အညတရေန၊ တပါးပါးသော အာပတ်ဖြင့်။
ဝဒေယျ၊ ဆိုငြားအံ့။
ဘိက္ခု၊ ရဟန်းသည်။
နိသဇ္ဇံ၊ ထိုင်ခြင်း (အိပ်ခြင်း) ကို။
ပဋိဇာနမာနော၊ ဝန်ခံသည်ရှိသော်။
ပါရာဇိကေန ဝါ။ သံဃာဒိသေသေန ဝါ။ ပါစိတ္တိယေန ဝါ။ တိဏ္ဏံ ဓမ္မာနံ။ အညတရေန။
ကာရေတဗ္ဗော၊ ကုစားစေအပ်၏။
ယေန ဓမ္မေန၊ အကြင် အာပတ်ဖြင့်။
သဒ္ဓေယျဝစသာ။ သာ ဥပါသိကာ။ ဝဒေယျ။
တေန ဓမ္မေန ဝါ၊ ထိုအာပတ်ဖြင့်လည်း။
သော ဘိက္ခု ၊ ကို။
ကာရေတဗ္ဗော၊ ဆုံးဖြတ်အပ်၏။
ဝါ၊ ကုစားစေအပ်၏။
အယံ ဓမ္မော၊ ဤအာပတ်သည်။
အနိယတော၊ အမြဲမရှိသော အာပတ်သည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
ဖွားမြင်စဖြစ်စေ အသက်ရှိသော လူမိန်းမသည် မာတုဂါမ မည်၏။ ရဟန်းတပါး တည်းနှင့် မာတုဂါမ တယောက်တည်းသည် ဧကောဧကာယ မည်၏။ မျက်စိဆိတ်ကွယ်ရာသည် ရဟော မည်၏။ ပါဠိတော်၌ မျက်စိဆိတ်ရာ၊ နားဆိတ်ရာ ဟု နှစ်မျိုး အပြည့်အစုံ လာသော်လည်း ဤသိက္ခာပုဒ်၌ မျက်စိဆိတ်ရာကိုသာ ယူရသည်။
တံခါးအနီး ထိုင်နေသော ဝိညူပုရိသသည် တိုက်ခန်းတံခါး ပိတ်ထားလျှင် အနာပတ္တိကို မပြုနိုင်။ မမြင်သာသောကြောင့်တည်း။ မြင်လောက်ရာ ဒဿနူပစာ = ၁၂-တောင် အတွင်းထိုင်နေသော ဝိညူပုရိသသည် စိတ်ပျံ့လွင့်လျက်ဖြစ်စေ၊ အိပ်ပျော်လျက် ဖြစ်စေ အနာပတ္တိကို ပြုနိုင်သည်။ လျောင်းလျက်အိပ်လျှင် အနာပတ္တိ မပြုနိုင်။ သူကန်းကား အနီးတွင် ရပ်နေသော်လည်း အနာပတ္တိ မပြုနိုင်။ ထို့ကြောင့် မျက်စိကွယ်ရာကိုသာ “ရဟောမည်၏”ဟု ယူရသည်။ မာတုဂါမတို့ကား တရာ ရှိမသာ်လည်း အနာပတ္တိကို မပြုနိုင်ကုန်။
နံရံစသည်ဖြင့် ဖုံးကွယ်သောအရပ်သည် ပဋိစ္ဆန္န မည်၏။ လွန်ကျူးမှုပြုစွမ်းနိုင်သော အရပ်သည် အလံကမ္မနိယ မည်၏။ ထိုင်ခြင်းသည် နိသဇ္ဇံ ကပ္ပေယျ မည်၏။ ထိုင်ခြင်းဖြင့် အိပ်ခြင်းကိုလည်း ယူရသည်။ ရပ်ခြင်း၊ သွားခြင်းကို မယူရ။ ယုံကြည် အပ်သော စကားရှိသူသည် သန္ဓေယျဝစသာ မည်၏။ (အရိယာပုဂ္ဂိုလ်ဟူလို။) အသက်အန္တရာယ် ရောက်စေကာမူ မုသာဆိုခြင်း မပြု။ မဂ်ဖြင့်ပယ်ပြီးဖြစ်သည်။
ဤသို့သော အရိယာပုဂ္ဂိုလ်သည် မြင်၍ ပြောသော်လည်း ထိုင်ခြင်း၊ အိပ်ခြင်းကို ရဟန်းဝန်ခံမှ အာပတ်သုံးခုတွင် တခုခုဖြင့် ဆုံးဖြတ်ရသည်။ ဝန်မခံလျှင် မဆုံးဖြတ်ရ။ မြင်သူ မုသာမဆိုဟု ယုံကြည်ရသော်လည်း မြင်ခြင်းသည် မှန်သည် လည်းရှိ၏။ မှားသည်လည်း ရှိ၏။ ထို့ကြောင့် ရဟန်းဝန်ခံမှ ဆုံးဖြတ်ရသည်။ မြင်သူ၏စကားမျှဖြင့် မဆုံးဖြတ်ရ။ မေထုန ပါရာဇိက၊ ကာယသံသဂ္ဂ သံဃာဒိသိသ်။ ဆိတ်ကွယ်ရာ ထိုင်ခြင်း အိပ်ခြင်းကြောင့်သင့်သော ရဟောနိသဇ္ဇ ပါစိတ်၊ ဤသုံးခု တို့တွင် ဝန်ခံသော အာပတ်ဖြင့်၊ ဝန်ခံသောဝတ္ထုဖြင့် ဆုံးဖြတ်ခဲ့သောကြောင့် အမြဲမရှိ၊ အနိယတ မည်၏။
အလဇ္ဇီပဋိညာ
အလဇ္ဇီကိုသော်လည်း ဝန်ခံမှုသာ အာပတ်ဖြင့် ဆုံးဖြတ်ရသည်။ ဝန်မခံအံ့။ နေဝသုဒ္ဓနာသုဒ္ဓ ဟူ၍သော်လည်း ဆိုရသည်။ ဝန်ခံသော်လည်း အလဇ္ဇီ၌ မှန်သော ပဋိညာ မရှိ၊ စကားများစွာ ဆိုတတ်၏။ စကားချင်း စေ့စပ်ညီညွတ်မှသာ ဆုံးဖြတ်ရသည်။ အလဇ္ဇီတို့၌ ပဋိညာဖြင့်ပင် ဆုံးဖြတ်ရသည်။
(ဓမ္မပဒ ၁၀-ဒဏ္ဍဝဂ်၌ ကောဏ္ဍဓာနမထေရ်သည် ရဟန်းပြုသော နေ့မှစ၍ မိန်းမတယောက်နှင့် အတူသွား အတူနေသည်ကို အများမြင်ကြ၏။ အချို့ကား ဆွမ်းနှစ်ခွက်လောင်း၍ အရှင်ဖို့တခွက်၊ အဖော်ဖို့တခွက် ဟု ဆိုကုန်၏။ နောက်၌ ရဟန္တာဖြစ်၍ စာရေးတံယူ ဧတဒဂ်ရပုဂ္ဂိုလ် ဖြစ်သည်။ နတ်ဖြစ်စဉ်က ရဟန်းနှစ်ပါး ကွဲပြားအောင် မိန်းမအသွင်ဖြင့် အထင်မှားအောင် ပြုခဲ့သောကြောင့်တည်း။ ထို့ကြောင့် မြင်ခြင်းသည် မှန်သည်လည်း ရှိ၏ စသည်ဖြင့်၎င်း၊ ရဟန်းဝန်ခံမှ ဆုံးဖြတ်ရသည် ဟူ၍၎င်း ဆိုအပ်ပြီ။)
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥဒါယီ မာတုဂါမနှင့် ဖုံးကွယ်ရာ၌ နေထိုင်ခြင်းကြောင့် ပညတ်၏။ အသာဓာရဏ၊ အနာဏတ္တိက။ မေထုနဓမ္မကို မှီသော ရဟောနိသဇ္ဇ အဿာဒရာဂဖြင့် ဝါ၊ ဆိတ်ရာနေခြင်း၌ သာယာသောရာဂဖြင့် မျက်စိကွယ်ခြင်း စသည်မှ မာတုဂါမထံ သွားအံ့၊ ပယောဂတိုင်း ဒုက္ကဋ်ဟု၊ သွားပြီးလျှင် တယောက်ပြီး တယောက် ထိုင်သော်၎င်း၊ ပြိုင်တူထိုင်သော်၎င်း၊ နှစ်ယောက်လုံး ထိုင်အံ့၊ ပါစိတ်ဟု ဆုံးဖြတ်အပ်၏။ ကာယသံသဂ္ဂသို့၊ မေထုနသို့ ရောက်အံ့၊ ထိုအစွမ်းဖြင့် ဆုံးဖြတ်အပ်၏။ အိပ်ခြင်းလည်း ထိုင်ခြင်းနှင့် တူ၏။ (ထိုင်ခြင်း အိပ်ခြင်း မပြု၊ ရပ်၏ဟု ဝန်ခံလျှင် မဆုံးဖြတ်အပ်။)
မျက်စိကောင်းသော ဝိညူပုရိသသည် ၁၂-တောင်အတွင်း၌ မအိပ်ပဲ လျောလျက်ပင် ဖြစ်စေ ရှိအံ့၊ ရဟန်းသည် ရပ်နေအံ့၊ ဆိပ်ကွယ်ရာဟု နှလုံးမပြုပဲ ထိုင်အံ့၊ အာရုံတပါး နှလုံးထားလျက် ထိုင်အံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။ အချို့ သီလဝိပတ္တိ။ အချို့ အာစာရဝိပတ္တိ ဖြစ်၏။ ဝန်ခံသော အာပတ်စွမ်းဖြင့် အင်္ဂါအသီးသီးကို သိအပ်၏။ သမုဋ္ဌာန် စသည် ပဌမပါရာဇိကနှင့် တူ၏။
(ဝိပတ္တိလေးပါးတို့တွင် ပါရာဇိကနှင့် သံဃာဒိသိသ်သည် သီလဝိပတ္တိ မည်၏။ ကြွင်းသော အာပက်တို့သည် အာစာရဝိပတ္တိတို့ ဖြစ်ကုန်၏။ အာဇီဝဝိပတ္တိအာပတ်၊ ဒိဋ္ဌိဝိပတ္တိအာပတ် မရှိ။ အာဇီဝဝိပတ္တိကြောင့် ဒုဗ္ဘာသီမှတပါး အာပတ်ခြောက်ပါး ပညတ်သည်။ ဒိဋ္ဌိဝိပတ္တိကြောင့် ပါစိတ်၊ ဒုက္ကဋ်နှစ်ပါး ပညတ်သည်။)
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရှင်ဥဒါယီသည် သာဝတ္ထိ၌ ကုလုပက ဖြစ်၏။ မင်္ဂလာဆောင်ပွဲ ကျင်းပသော အိမ်သို့ ကြွသွား၍ သတို့သမီး အဘယ်မှာနည်းဟု မေး၏။ အခန်းတွင်း၌ ဟု ဆိုကုန်လက်သော် ဝင်သွား၍ ဆိတ်ရာ၊ ဖုံးကွယ်ရာ၊ မေထုန်မှု ပြုနိုင်လောက်ရာ၌ တယောက်ချင်းချင်း တရား ဟောကာ စကားပြောကာ နေ၏။
ထိုခေတ်ကာလ၌ ဝိသာခါသည် သားသမီး မြေးမြစ် ပေါများခြင်း၊ အနာကင်းခြင်း တို့ကြောင့် လွန်စွာမင်္ဂလာရှိသည်ဟု အများသမုတ်၍ ထင်ရှားကျော်စော၏။ အလှူပွဲသဘင် ကျင်းပရာတို့၌ ဝိသာခါကို ဖိတ်၍ ရှေးဦးစွာ ကျွေးမွေးကြ၏။
ထို့ကြောင့် ဝိသာခါသည် ထိုအိမ်သို့ သွား၍ အခန်းတွင်း၌ ရှင်ဥဒါယီကိုမြင်ရ၍ အရှင်ဘုရား၊ ဤသို့နေခြင်းသည် မသင့်တော်ပါ၊ လွန်ကျူးမှု မပြုသော်လည်း လူတို့ ယုံကြည်နိုင်ခဲပါသည်ဟု လျှောက်၏။ ရှင်ဥဒါယီသည် ဝိသာခါ၏စကားကို နာယူခြင်း မပြုပဲ နေမြဲ နေ၏။ ဝိသာခါသည် ပြင်ပသို့ထွက်၍ ရဟန်းတို့အား ထိုအကြောင်းကို လျှောက်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၂-ဒုတီယ အနိယတ
အာသနံ၊ နေရာသည်။
ပဋိစ္ဆန္နံ၊ ဖုံးလွှမ်းအပ်သည်။
န ဟေဝ ခေါ ပန ဟောတိ၊ မဖြစ်သည်သာတည်း။
အလံကမ္မနိယံ၊ မေထုန်မှုပြုခြင်းငှာ ခံ့သည်။
န ဟောတိ၊ မဖြစ်သည်သာတည်း။
မာတုဂါမံ၊ ကို။
ဒုဋ္ဌုလ္လာဟိ၊ ရုန့်ရင်းကုန်သော။
ဝါစာဟိ၊ စကားတို့ဖြင့်။
ဩဘာသိတုံ၊ ပြက်ရယ်ပြောဆိုခြင်းငှာ။
အလဉ္စ ခေါ ပန ဟောတိ၊ စွမ်းနိုင်သည်သာတည်း။
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
တထာရူပေ၊ ထိုသို့သဘောရှိသော။
အာသနေ။ မာဟုဂါမေန။ သဒ္ဓိံ။ ဧကော ဧကာယ။
ရဟော၊ (မျက်စိ နား) ဆိတ်ကွယ်သော နေရာ၌။
နိသဇ္ဇံ။ ကပ္ပေယျ။ တမေနံ။ သန္ဓေယျဝစသာ။ ဥပါသိကာ။ ဒိသွာ။ သံဃာဒိသေသေနဝါ။ ပါစိတ္တိယေန ဝါ။ ဒွိန္နံ ဓမ္မာနံ။ အညတရေန။ ဝဒေယျ။ ဘိက္ခု။ နိသဇ္ဇံ။ ပဋိဇာနမာနော။ သံဃာဒိသေသေနဝါ။ ပါစိတ္တိ ယေန ဝါ။ ဒွိန္နံ ဓမ္မာနံ။ အညတရေန။ ကာရေတဗ္ဗာ။ ယေန ဓမ္မေန။ သဒ္ဒေယျဝစသာ။ သာ ဥပါသိကာ။ ဝဒေယျ။ တေန ဓမ္မေန ဝါ သော ဘိက္ခု။ ကာရေတဗ္ဗော။ အယမ္ပိ ဓမ္မော၊ ဤအာပတ်သည်လည်း။ အနိယတော။ ဟောတိ။
အဓိပ္ပါယ် စသည်
ဤသိက္ခာပုဒ်၌ သိကြား လိမ္မာသော လူမိန်းမသည် မာတုဂါမ မည်၏။ မျက်စိ ဆိတ်ကွယ်ရာ၊ နား ဆိတ်ကွယ်ရာ နှစ်မျိုးလုံးသည် ဤ၌ ရဟောမည်၏။ မိန်းမဖြစ်စေ၊ ယောကျ်ား ဖြစ်စေ သိကြားလိမ္မာ၍ မကန်း၊ မပင်းသူ ဟူသမျှသည် ၁၂-တောင်တွင်း၌ ရပ်လျက်၊ ထိုင်လျက် အနာပတ္တိကို ပြုနိုင်သည်။ စိတ်ပျံ့လွင့် သော်၎င်း၊ အိပ်ငိုက်သော်၎င်း ပြုနိုင်သည်။ ပင်းသူ၊ ကန်းသူမပြုနိုင်။ ပါရာဇိကကို လျှော့၍ ဒုဋ္ဌုလ္လဝါစာ သံဃာဒိသိသ်ကို ထည့်ဟောခြင်းမျှ ထူးသည်။ အကြွင်း ရှေးနည်းဖြင့် သိသာပြီ။ သမုဋ္ဌာန် စသည် အဒိန္နာဒါနနှင့် တူ၏။
မှတ်ဖွယ်အထူး
ဤသိက္ခာပုဒ်၌ သိကြားလိမ္မာသော လူမိန်းမနှင့် ဒုဋ္ဌုလ္လဝါစာ အာပတ်ကို ယူသည်။ အဒိန္နာဒါန သမုဋ္ဌာန်နှင့် ညီညွှတ်သည်။ ပဒဘာဇနီ၌ကား ကာယသံသဂ္ဂသို့ ရောက်သည်ကို မြင်ရ၏ စသည်ဖြင့်လည်း ဟောသောကြောင့် ကာယသံသဂ္ဂ သံဃာဒိသိသ်ကိုလည်း ယူရသည်။ ကာယသံသဂ္ဂအာပတ်သည် မွေးစဖြစ်သော သက်ရှိလူမ၌ ဖြစ်သည်။ ပဌမပါရာဇိက သမုဋ္ဌာန်နှင့် ညီညွတ်၏။ ကာယသံသဂ္ဂ စွမ်းဖြင့် မကန်းသူကို၊ ဒုဠုလ္လဝါစာစွမ်းဖြင့် မပင်းသူကို ဟောသည်။
ဤအနိယတဥဒ္ဒေသကို အဘယ် အကျိုးငှာ ဟောသနည်း ဟူမူ ဝတ္ထု ဝန်ခံသူကို အာပတ်ဖြင့် ဆုံးဖြတ်ရသည်။ ဝန်မခံသူကို မဆုံးဖြတ်ရ။ ထို့ကြောင့် အာပတ်သို့ တင်သင့်၊ မတင်သင့် လက္ခဏာကိုပြခြင်းငှာ ဟောသည်ဟု မိန့်ဆိုကုန်၏။ ပါဠိတော်၌ မေထုနကို၊ ကာယသံသဂ္ဂကို၊ ဒုဋ္ဌုလ္လဝါစာကို၊ ထိုင်ခြင်းကို၊ အိပ်ခြင်းကို၊ အာပတ်ကို ဝန်ခံအံ့၊ အာပတ်ဖြင့် ဆုံးဖြတ်အပ်၏။ ရပ်ခြင်း၊ သွားခြင်းကို ဝန်ခံအံ့၊ မဆုံးဖြတ်အပ်ဟု လာ၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရှင်ဥဒါယီသည် မာတုဂါမနှင့် တယောက် ချင်းချင်း အလံကမ္မနိယ နေရာ၌ နေခြင်းကို ဘုရားရှင် ပယ်တော်မူသည်ဟု ထိုသတို့သမီးနှင့် သာလျှင် မျက်စိနား ဆိတ်ကွယ်ရာ၌ တယောက် ချင်းချင်း နေ၍ တရားဟောကာ၊ စကားပြောကာ နေပြန်၏။ ဝိသာခါလည်း ထိုအိမ်မှ ဆိတ်သဖြင့် ရှင်ဥဒါယီကို မြင်ပြန်၏။ မသင့်တော်ကြောင်း လျှောက်ရာ နားမထောင်။ ရဟန်းတို့အား လျှောက်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
အနိယတ ပြီး၏။
နိဿဂ္ဂိပါစိတ္တိယုဒ္ဒေသ
ဣမေ ခေါ ပနာယသ္မန္တော တိံသ နိဿဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။
၁-ပဌမကထိန
ဘိက္ခုနာ၊ ရဟန်းသည်။
နိဋ္ဌိတစီဝရသ္မိံ၊ သင်္ကန်းကိစ္စ ပြီးပြီးသည်ရှိသော်။
ကထိနေ၊ ကထိန်ကို။
ဥဗ္ဘတသ္မိံ၊ နုတ်အပ်ပြီးသည်ရှိသော်။
ဒသာဟပရမံ၊ ဆယ်ရက် အပိုင်းအခြားရှိသော ကာလပတ်လုံး။
အတိရေကစီဝရံ၊ ပိုလွန်သော သင်္ကန်းကို။
(ဝိကပ္ပနာလောက် ဟူလို။)
ဓာရေတဗ္ဗံ၊ ဆောင်ထားအပ်၏။
တံ၊ ထိုဆယ်ရက်ကို။
အတိက္ကာမယတော၊ လွန်စေသော။
တဿ ဘိက္ခုနော၊ ထိုရဟန်းအား။
နိဿဂ္ဂိယံ၊ စွန့်ခြင်း ဝိနည်းကံရှိသော။
ပါစိတ္တိယံ၊ ပါစိတ်အာပတ်သည်။
ဟောတိ၊ ဖြစ်၏။
(နိဿဂ္ဂိယံ၊ ပစ္စည်းကိုလည်း စွန့်အပ်၏။
ပါစိတ္တိယံ၊ ပါစိတ်အာပတ်ကိုလည်း ကုစားအပ်၏။
ဤသို့သော်လည်း အနက်ယူနိုင်သည်။)
အဓိပ္ပါယ်
အပ်ချုပ်မှုပြီးခြင်းဖြင့် ပြီးသော သင်္ကန်းသည် နိဋ္ဌိတစီဝရ မည်၏။ ဆိုးခြင်း၊ ဗိန္ဒုထိုးခြင်း မပြုမီကပင် စီဝရ မည်၏။ ပျောက်ခြင်း၊ ပျက်ခြင်း၊ မီးလောင်ခြင်း၊ သင်္ကန်းအာသာ ပြတ်ခြင်းဖြင့်လည်း နိဋ္ဌိတ မည်သေး၏။ ဤပြီးခြင်း ငါးမျိုးဖြင့် ‘စီဝရပလိဗောဓ' ပြတ်ပြီဟု ပြသည်။
ခင်းပြီးသောကထိန်ကို မာတိကာရှစ်ပါးဖြင့်၎င်း၊ အန္တရုဗ္တာရဖြင့်၎င်း နုတ်ခြင်းသည် ဥဗ္ဘတကထိန မည်၏။ ဤ ကထိန်နုတ်ခြင်း ကိုးမျိုးဖြင့် အာဝါသပလိဗောဓလည်း ပြတ်ပြီဟု ပြသည်။ ပလိဗောဓ တခုခု မပြတ်သေးလျှင် ကထိန်အာနိသင် မပျက်။ နှစ်ခုလုံးပြတ်မှ အာနိသင်ငါးပါး ပျက်သည်။ အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာမပြုသော သင်္ကန်းသည် ပိုလွန်၏။ အတိရေကစီဝရ မည်၏။ ဆယ်ရက်အထိ ထားနိုင်သည်။ ဇာတိအားဖြင့် ခေါမ စသော အဝတ် ခြောက်ထည်သည် စီဝရမည်၏။
ဘွဲ့ဖြူ စသော ခြောက်ထည်သည်လည်း ဇာတိသင်္ကန်းအား (အနုလောမ) လျော်သောကြောင့်စီဝရ မည်၏။ ဇာတိ ခြောက်ထည်၊ အနုလောမ ခြောက်ထည် ဖြစ်၏။ ပမာဏအားဖြင့် အလျား ရှစ်သစ်၊ အနံ လေးသစ်ရှိလျှင် စီဝရမည်၏။ ဝိကပ္ပနာလောက်သော စီဝရ အငယ်ဆုံးဖြစ်၏။ ထိုအောက်ငယ်လျှင် စီဝရ မမည်။
မဇ္ဈိမဖြင့် လျားတတောင်၊ နံတထွာ၊ ပကတိဖြင့် လျား တတောင့်ထွာ၊ နံ-တထွာခွဲ တည်း။ ဤသို့ ဇာတိ၊ ပမာဏ နှစ်ပါးရှိရုံဖြင့် စီဝရမည်သည်။ ထိုသို့သော စီဝရကို ရသောနေ့မှ ဆယ်ရက်အတွင်း အဓိဋ္ဌာန် ဝိကပ္ပနာ ပြုရသည်။ မပြုမူ၍ ဆယ်ရက်ကို လွန်စေအံ့၊ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ စီဝရဖိုး ပေးဆပ်ဖွယ် တချင်ရွေးမျှ ကျန်သေးလျှင် မပိုင်သေးသောကြောင့် နိဿဂ္ဂိ မဖြစ်။ အဓိဋ္ဌာန်၊ ဝိကပ္ပနာလည်း မပြုအပ်သေး။
နိဿဂ္ဂိ
အာပတ်ကား ပါစိတ်သာတည်း၊ ပစ္စည်းစွန့်ခြင်းဟူသော ဝိနည်းကံ ရှေးဦးစွာပြုခြင်း ရှိသောကြောင့် နိဿဂ္ဂိပါစိတ် မည်သည်။ ပစ္စည်းကိုလည်း စွန့်ရသည်၊ ပါစိတ် ကိုလည်း ကုစားရသည်။ အရုဏ်သည် သင်္ကန်းရသောနေ့ကိုမှီ၏။ ထိုနေ့အရုဏ် နှင့်တကွ ၁၁-ခုမြောက် အရုဏ်တက်လျှင် ဆယ်ရက်လွန်သည် မည်၏။ ထို သင်္ကန်းကို သံဃ၊ ဂဏ၊ ပုဂ္ဂလ၊ တဦးဦးထံ စွန့်ရသည်။
(ဤ၌ ဝိနည်းကြံစည်သော ဆရာမြတ်တို့သည် နိဿဂ္ဂိပစ္စည်း မစွန့်ပဲလည်း ဒေသနာ ကြားလျှင် ထိုပါစိတ်မှ ထနိုင်သည်။ အဋ္ဌဝတ္တုက ပါရာဇိက၌သာ ဂဏနူပိကာ၊ အဂဏနူပိကာတို့ကို ပြသည်။ တပါး၌ မပြဟု မိန့်ဆိုကုန်၏။ မနှစ်သက်သော ဆရာမြတ်တို့ကား ပျောက်ပျက်၍ စွန့်ဖွယ်မရှိလျှင် သင့်လျော်၏။ ရှိလျက် မစွန့်လျှင် ပြုသင့်သော ဝိနည်းကံ ချွတ်သောကြောင့် မထနိုင်။ ပါတိမောက်အာပတ်သည် ဒေသနာသုဒ္ဓိဖြင့် စင်ကြယ်သည်။
အဋ္ဌဝတ္ထုက၌ကား သံဝရရှိမှ ဒေသနာ ကြားသည်မည်၍ အဋ္ဌဝတ္ထု ပျက်သည်။ သံဝရမရှိလျှင် ကြားသည်မမည်။ အဋ္ဌဝတ္ထု မပျက်၊ ရှစ်ခုပြည့်လျှင် ပါရာဇိက ဟု အထူးဆိုသည်။ နိဿဂ္ဂိ အရာ၌လည်း နိဿဇ္ဇိတွာ အာပတ္တိ ဒေသေတဗ္ဗာ ဟူ၍၎င်း၊ နိဿဇ္ဇိတွာန ဒေသေတိ၊ တေနေတံ ဣတိ ဝုစ္စတိဟူ၍၎င်း ပုဗ္ဗကာလကြိယာထည့်၍ အထူးဟောသည်။ ဘေဒနက၊ ဥဒ္ဓါလနက – စသော ပါစိတ်တို့လည်း အလားတူ ရှိကုန်သေး၏ဟု ပယ်ကုန်၏။ သိက္ခာပုဒ်ပညတ်ခြင်းသည် ဘုရားရှင်အရာ၊ ယုံကြည်စွာလိုက်နာခြင်းသည် သာဝကတို့အရာ။ ဤ၌ မစွန့်ပဲကြားလျှင် မထဟု တိုက်ရိုက်မရှိသောကြောင့် ကြံနိုင်လျှင် ကြံသင့်သေး၏။ မဆန့်ကျင်အောင် ကြံခြင်းသည် အပြစ်မရှိ။)
သင်္ကန်းစွန့်ပုံ
ဆယ်ရက်လွန်သင်္ကန်းကို သံဃာ့အထံ၌ “ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ၊ ဣမာဟံ သံဃဿ နိဿဇ္ဇာမိ” ဟု စွန့်အပ်၏။ စွန့်ပြီးလျှင် ဒေသနာ ကြားအပ်၏။ ဗျတ္တ၊ ပဋိဗလ ရဟန်းသည် ဉတ္တိကံဖြင့် ဒေသနာခံအံ့ဟု သံဃာကို သိစေ၍ ဒေသနာခံအပ်၏။ ထိုနောက် ဉတ္တိကံဖြင့် ဤသင်္ကန်းကို ဤရဟန်းအား ပေးရာ၏ဟု သံဃာကို သိစေ၍ စွန့်သောသင်္ကန်းကို ပြန်ပေးရသည်။ သုံးပါးဂိုဏ်း ထံ၌ အာယသ္မန္တာနံ နိဿဇ္ဇာမိ-ဟု စွန့်၍ ဒေသနာကြားအပ်၏။ ဂဏဉတ်ဖြင့် သိစေ၍ ဒေသနာ ခံအပ်၏၊ ထို့နောက် ဂဏဉတ်ဖြင့် သိစေ၍ ပြန်ပေးရသည်။ နှစ်ပါဂိုဏ်းထံ၌ အာယသ္မန္တာနံ နိဿဇ္ဇာမိဟု စွန့်၍ ဒေသနာကြားအပ်၏။ ဉတ်မထားပဲ ဒေသနာခံ၍ ပြန်ပေးရသည်။
ပုဂ္ဂိုလ်တပါးထံ၌ “ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ၊ ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ” ဟု စွန့်၍ ဒေသနာကြားအပ်၏။ ထို့နောက် စွန့်သော သင်္ကန်းကို ဣမံ စီဝရံ အာယသ္မတော ဒမ္မိ-ဟု ဆို၍ ပြန်ပေးရသည်။ များလျှင် “ဣမာနိ မေ ဘန္တေ စီဝရာနိ ဒသာဟာတိက္ကန္တာနိ နိဿဂ္ဂိယာနိ၊ ဣမာနာဟံ အာယသ္မတော နိဿဇ္ဇာမိ”ဟု စွန့်။ ဣမာနိ စီဝရာနိ အာယသ္မတော ဒမ္မိ-ဟု ပြန်ပေး။ ဘာသာတပါး စကား ဖြင့်လည်း ပြုအပ်၏။
ဝိနည်းကံမျှပြုသော သင်္ကန်းဖြစ်၍ ပြန်မပေးပဲ မနေအပ်။ နိဿဂ္ဂိ အားလုံး ဤ အစီရင်အတိုင်း ပြုရသည်။ စီဝရံ၊ ပတ္တော၊ နိသီဒနံ စသည် ဖြင့် ဝတ္ထုမျှ ထူးသည်။ မျက်ကွယ်ဖြစ်လျှင် ဧတံ၊ ဧတာနိ-ဟုဆို။ စွန့်သော ပစ္စည်းကို ငါ့အား ပေးပြီဟူ၍ ပြန်မပေးအံ့၊ ဒုက္ကဋ်။ သိလျက် အမြွက်ထောင်၍ယူအံ့၊ ပစ္စည်းရှင် ဝန်ချလျှင် ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏။
အဆုံးအဖြတ်
ဝေသာလီပြည်၌ ဆဗ္ဗဂ္ဂီရဟန်းများ အတိရေက သင်္ကန်း ထားခြင်းကြောင့် ပညတ်၏။ ဒသာဟပရမံသည် အနုပညတ် ဖြစ်၏။ သာဓာရဏ၊ အနာဏတ္တိက။ နိဿဂ္ဂိ သင်္ကန်းကို မစွန့်ပဲ သုံးဆောင်အံ့၊ ဒုက္ကဋ်။ နိဿဂ္ဂိ ၃၀-လုံး မစွန့်ပဲ သုံးဆောင်လျှင် ဒုက္ကဋ်ချည်း သာတည်း။ နောက်၌ မဆိုသော်လည်း နိဿဂ္ဂတိုင်း၌ သိအပ်၏။
ဆယ်ရက် မလွန်သည်၌ လွန်ပြီဟု မှတ်ထင်အံ့၊ ယုံမှားအံ့၊ ဒုက္ကဋ်။ လွန်သည်၌ လွန်ပြီဟု ထင်အံ့၊ မလွန်ဟုထင်အံ့၊ ယုံမှားအံ့၊ (တိက) နိဿဂ္ဂိပါစိတ်။ အဓိဋ္ဌာန် မတင်၊ ဝိကပ္ပနာမပြု၊ မစွန့်၊ မပျောက်၊ မပျက်၊ မီးမလောင်၊ မလုယက်သည် တို့၌လည်း ထို့အတူ (တိက) နိဿဂ္ဂိပါစိတ်ချည်းသာတည်း။
ဆယ်ရက်အတွင်း အဓိဋ္ဌာန်တင်အံ့၊ ဝိကပ္ပနာပြုအံ့၊ စွန့်အံ့၊ ပျောက်အံ့၊ ပျက်အံ့၊ မီးလောင်အံ့၊ လုယက်အံ့၊ အကျွမ်းတဝင် ယူသွားအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။ သင်္ကန်းရသောနေ့မှ၎င်း၊ သင်၏သင်္ကန်းပြီးပြီ၊ သင့်အတွက် ပိုလိုက်ပြီဟု သတင်းကြားသောနေ့မှ၎င်း ဆယ်ရက် ရေတွက်ရသည်။ အာစာရဝိပတ္တိ ဖြစ်၏။ ပါရာဇိက၊ သံဃာဒိသိသ်မှ ကြွင်းသမျှ အာစာရဝိပတ္တိသာ။ နောက်၌ ဝိပတ္တိကထာ ကို မစိစစ်တော့အံ့၊
- ဇာတ်ပမာဏပြည့်စုံသော သင်္ကန်း၏ မိမိ သင်္ကန်းဖြစ်ခြင်း၊
- သင်္ကန်းကိုးထည်၌ ပါဝင်သောသင်္ကန်းဖြစ်ခြင်း၊
- ပလိဗောဓ နှစ်ပါး ပြတ်ခြင်း၊
- အတိရေကသင်္ကန်း ဖြစ်ခြင်း၊
- ဆယ်ရက်လွန်ခြင်း၊
ဤကား အင်္ဂါငါးပါးတည်း။
ကထိနသမုဋ္ဌာန်။ (ထိနာ-တဆ-၂၉) အကြိယ၊ နောသညာဝိမောက္ခ၊ အစိတ္တက၊ ပဏ္ဏတ္တိဝဇ္ဇ။ ကာယကံ ဝစီကံ၊ တိစိတ္တ၊ တိဝေဒန ဖြစ်၏။
ဝတ္ထု
ဝေသာလီပြည် ဂေါတမကစေတီ၌ မြတ်စွာဘုရား သီတင်းသုံးသောအခါ ရဟန်း တို့အား တိစီဝရိက်ကို ခွင့်ပြုတော်မူ၏။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဘုရားရှင် ခွင့်ပြုသည်ဟု တိစီဝရိက်တစုံဖြင့် ရွာဝင်၊ တစုံဖြင့် ကျောင်းနေ၊ တစုံဖြင့် ရေချိုး ကုန်၏။ ပိုလွန်သောသင်္ကန်း ထားကြသည်ဟု ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ယော ပန ဘိက္ခု အတိရေကစီဝရံ ဓာရေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံဟု ပညတ်၏။
အခါတပါး ရှင်အာနန္ဒာအား သင်္ကန်းအပို ဖြစ်၏။ ထိုသင်္ကန်းကို ရှင်သာရိပုတ္တရာအား လှူလို၏။ ရှင်သာရိပုတ္တရာလည်း သာကေတပြည်၌ ဝါဆို၏။ အဘယ်သို့ ပြုရအံ့နည်း ဟု လျှောက်၏။ ချစ်သား အာနန္ဒာ၊ ရှင်သာရိပုတ္တရာ အဘယ်အခါ လာမည်နည်း။ နောက် ကိုးရက် ဆယ်ရက်ခန့်တွင် လာပါလိမ့်မည်။
ချစ်သားတို့၊ ပိုလွန်သော သင်္ကန်းကို ဆယ်ရက်ပတ်လုံး ထားခြင်းငှာ ခွင့်ပြု၏ဟု မိန့်တော်မူ၍ နိဋ္ဌိတ စီဝရသ္မိံ ဘိက္ခုနာ စသည်ဖြင့် အနုပညတ်ဖြင့် တဖန် ပညတ်တော်မူပြန်၏။ ဝိနီတဝတ္ထုတခု။
ဆဗ္ဗဂ္ဂီတို့သည် စွန့်သောသင်္ကန်းကို ပြန်မပေးကြကုန်။ ချစ်သားတို့၊ စွန့်သော သင်္ကန်းကို မပေးအပ်သည်မဟုတ်။ မပေးငြားအံ့၊ ဒုက္ကဋ်ဟု ဆုံးဖြတ်တော်မူ၏။
ဇာတိသင်္ကန်း ခြောက်ထည် မှတ်ဖွယ်
- ခေါမ = ခေါမချည်ဖြင့် ရက်သောသင်္ကန်း၊
- ကပ္ပာသိက = ဝါချည်သင်္ကန်း၊
- ကောသေယျ = ပိုးချည်သင်္ကန်း၊
- ကမ္ဗလ = သားမွေးချည် သင်္ကန်း၊ (ဝါ၊ သက္ကလတ်)၊
- သာဏ = ပိုက်ဆန်လျှော်ချည် သင်္ကန်း၊
- ဘင်္ဂ = ခေါမစသော ချည် ငါးမျိုး ရော၍ရက်သော သင်္ကန်း၊
ဤကား ဇာတိသင်္ကန်း ခြောက်ထည်တည်း။ ချည်ဇာတ်ဖြင့် ခြောက်ထည် ဖြစ်သည်။
- ဒုကူလ = ဘွဲ့ဖြူပုဆိုး၊
- ပဋ္ဋုဏ္ဏ = ပဋ္ဋုဏ္ဏတိုင်းဖြစ် ပုဆိုး၊
- သောမာရ = သောမာရတိုင်းဖြစ် ပိုးပုဆိုး၊
- စိန = စိန့်တိုင်းဖြစ် ပိုးပုဆိုး၊
- ဣဒ္ဓိဇ = ဧဟိဘိက္ခုတို့အား တန်ခိုးဖြင့်ဖြစ်သောပုဆိုး၊
- ဒေဝဒိန္န = နတ်လှူသော ပုဆိုး၊
ဤကား အနုလောမ သင်္ကန်းခြောက်ထည်တည်း။
ဇာတိသင်္ကန်းတို့အား လျော်သည်။ လျော်ပုံကား၊ ဘွဲ့ဖြူသည် လျှော်ဖြင့်ပြီး၏ သာဏအား လျော်သည်။ ပဋ်၊ သော၊ စိ သည် ကောသေယျအား၊ တန်ခိုး၊ နတ်သည် ခေါမစသည်တို့အား လျော်၏။
ခေါမ၊ ဝါချည် (၂)၊ ပိုးချည်၊ သားမွေး (၂)၊
ကျော်ထွေးပိုက်ဆန် (၁) ၊ ငါးတန်ရောဘိ (၁)၊
ခြောက်ခုရှိ၊ ဇာတိသင်္ကန်းတည်း။
ဘွဲ့ဖြူ၊ ပဋ္ဋုဏ္ဏ (၂)၊ သောမာရ (၁)၊
စိန၊ တန်ခိုး၊ နတ် (၃)။
ဇာတ်အားလျော်မှု၊ ဤခြောက်ခု၊ အနုလောမမှတ်။
အတိရေက မဖြစ်
သမန်းမြက်၊ လျှော်တေ၊ ဝါ၊ လျှော်မျှင်၊ ပျဉ်ချပ်၊ ဆံပင်ကမ္ဗလာ (၄)၊
သားမြီးကမ္ဗလာ၊ ခင်ပုပ်တောင်၊ သစ်နက်ရေ၊ မရိုးတံ (၄) ဖြင့် ပြုသောသင်္ကန်း။ ဤကား ထုလ္လစ္စည်း ရှစ်ထည်တည်း။ အတိရေက မဖြစ်။
သင်ပန်းမျှင်၊ မရိုးလျှော်မျှင်၊ ငှက်ပျောမျှင်၊ ပြိတ်မြက်ဖြင့်ပြုသော သင်္ကန်းကား ဒုက္ကဋ်လေးထည် ဖြစ်၏။ အတိရေက မဖြစ်။
သန္တတအခင်းလည်း အတိရေက မဖြစ်။
ကထိန်၌ မှတ်ဖွယ်
မဟာဝါနည်း
ပုရိမဝါမှ ထသော ရဟန်းတို့အားသာ ကထိန်ခင်းခြင်းကို ခွင့်ပြုသည်။ အယုတ်ဆုံး ငါးပါးရှိမှ အပ်သည်။ ကထိန်ခံသူ တပါး၊ ကမ္မဝါစာဖတ်၍ ကံပြုသူ လေးပါး၊ စတုဝဂ္ဂကံ။ ငါးပါးမပြည့်လျှင် ဝါပြတ်၊ ဝါမကပ်တို့ကိုသော်လည်း ငါးပါးဂဏ ပြည့်အောင် ပင့်ဆောင်၍ ခင်းရသည်။ အာနိသင် သင်္ကန်းလာဘ်၊ သံဃိကကို ဤ ကျောင်းပုရိမဝါကျွတ် ရဟန်းတို့သာ ယူရသည်။ ဤကျောင်းပုရိမဝါကျွတ် မဟုတ်သူ၊ အခြားမှ ပင့်သူတို့ကား ဂဏပူရဏသာ ဖြစ်သည်။ သင်္ကန်းအာနိသင် မယူကောင်းကုန်၊
ထို့ကြောင့် ပုရိမဝါကျွတ်ရဟန်းတို့အား လူ၊ ရှင်၊ ရဟန်း တဦးဦးက တရားနှင့်အညီ “ဣမံ ကထိနစီဝရံ သံဃဿ ဒေမ၊ ဣမိနာ ကထိနံ အတ္ထရထ”ဟု ဆို၍ သင်္ကန်းလှူအံ့၊ ထိုသင်္ကန်းကို ထိုနေ့တွင် ဉတ္တိဒုတိယကမ္မဝါစာဖြင့် ကထိန်ပေးထိုက်သော ရဟန်းအား ပေးရသည်။
ဤတွင် မဟာဝါနည်းအခင်း ပြီး၏။ သံဃာ့အခင်းလည်း မည်၏။
ကမ္မဝါစာဖတ်ခြင်းမျှ ဖြစ်၍ ကံဆောင်ရာ သိမ်၌သာ ခင်းရ ပြုရသည်။
ပရိဝါနည်း
ထိုကထိန်သင်္ကန်းရသော ရဟန်းသည် ထိုနေ့တွင် ငါးခန်း စသည်ဖြတ်၍ ဒုကုဋ်၊ ကိုယ်ရုံ၊ သင်းပိုင် တခုခုပြုရသည်။ ကြွင်းသောရဟန်းတို့လည်း ကူညီရသည်။ ချုပ်ပြီး ဆိုးပြီးဖြစ်မူ ကောင်းသည်သာတည်း။ မဖြတ်ပဲ ချုပ်လျှင်ကား မအပ်။ ဒုကုဋ်ဖြင့် ခင်းလိုအံ့၊ ယခင် ဒုကုဋ် ရှိလျှင် အဓိဋ္ဌာန်ချ၍ ယခု ဒုကုဋ်ကို ဗိန္ဒုထိုး၍ အဓိဋ္ဌာန် တင်၍ “ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ”ဟု နှုတ်မြွက်၍ ခင်းရသည်။ ကိုယ်ရုံ၊ သင်းပိုင်ဖြင့်လည်း “ဣမိနာ ဥတ္တရာသင်္ဂေန၊ ဣမိနာ အန္တရဝါသကေန” မျှသာ ထူးသည်။
ဤကား ပရိဝါနည်း။ ပုဂ္ဂိုလ်၏ အခင်းသာတည်း။
ဝါဆိုခေတ် အတွင်း၌သာ ခင်းရ ပြုရသည်။
အချို့ကား အယုတ်ဆုံး ငါးပါးရှိမှ အပ်သည်ဟူသောစကားကို ဤအခင်း၌ ဆိုဟန် အငြင်းသန်ကုန်၏။
ဤအနေ ကထိန်ခင်းပြီးသော ရဟန်းသည် ဥပစာရသိမ်တွင်း ပုရိမဝါကျွတ် ရဟန်းတို့ထံ ချဉ်းကပ်၍ “အတ္တတံ ဘန္တေ သံဃဿ ကထိနံ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ”ဟု တိုက်တွန်းရသည်။ ထိုရဟန်းတို့သည်လည်း “အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော အနုမောဒါမ”ဟု နှုတ်မြွက်၍ အနုမောဒနာပြုရသည်။
ဤတွင် ပရိဝါနည်း အခင်းပြီး၏။ ပုရိမဝါကျွတ် အားလုံး၏ အနုမောဒနာအခင်း ဖြစ်သည်။ ဝါဆိုခေတ်အတွင်း၌ ခင်းရ၊ ပြုရသည်။ နှုတ်မမြွက်သူအား အခင်းမဖြစ်။ အာနိသင် ငါးပါးမရ။
ပလိဗောဓ နှစ်ပါး
အာနိသင်အဝတ်ကို သင်္ကန်းချုပ်မည်ဟု ငဲ့ခြင်းသည် စီဝရပလိဗောဓ မည်၏။ မငဲ့လျှင် စီဝရပလိဗောဓ ပြတ်ပြီ။ ဤကျောင်းသို့ တဖန်လာဦးမည်ဟု ငဲ့ခြင်းသည် အာဝါသပလိဗောဓ မည်၏။ မငဲ့လျှင် အာဝါသပလိဗောဓ ပြတ်ပြီ။ ပလိဗောဓ နှစ်ပါးလုံး ပြတ်သောသူအား ကထိန်နုတ်ခြင်း မဖြစ်သေး။ အာနိသင် ရသေးသည်။
အာနိသင် ငါးပါး
ကထိန်ခင်းသူ၊ အနုမောဒနာ ပြုသူတို့သည် ထိုအခါမှစ၍ ကထိန်နုတ်သည် တိုင်အောင် အနာမန္တစာရ စသော အကျိုးငါးပါး ရကုန်၏။ ပင့်ဖိတ်အပ်သော ဘတ်ရှိသော ရဟန်းသည် ထင်ရှားရှိသော ရဟန်းကို မပန်ကြားပဲ အိမ်တပါးသို့ သွားနိုင်၏။ စာရိတ္တ သိက္ခာပုဒ်ဖြင့် အာပတ်မသင့်၊ ဤကား အနာမန္တစာရအာနိသင် မည်၏။ (အချို့ နေလွှဲရွာဝင် မပန်ပဲ အပ်သည်ဟု စွဲလမ်းတတ်ကုန်၏)။
အဓိဋ္ဌာန် တင်ထားသော သင်္ကန်းနှင့် ညဉ့်ကင်းနိုင်၏။ ဒုတိယကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်၊ ဤကား အသမာဒါနစာရ မည်၏။ အဓိဋ္ဌာန် ဝိကပ္ပနာမပြုပဲ ဆယ်ရက်ထက်အလွန် အတိရေကသင်္ကန်း ထားနိုင်၏။ ပဌမကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်။ ဤကား ယာဝဒတ္ထစီဝရတည်း။
ဘောဇဉ်အမည်ဖြင့် ဖိတ်သော ဘောဇဉ်ငါးပါးကို လေးပါး၊ လေးပါးထက်အလွန် တပေါင်းတည်း ခံနိုင်၏။ ဂဏဘောဇနဖြင့် အာပတ်မသင့်၊ ဤကား ဂဏဘောဇန တည်း။ (ပရမ္ပရဖြင့် အာပတ်မသင့်ခြင်းကိုလည်း ဤ၌ပေါင်းအပ်၏။)
ကထိန်ခင်းသော ကျောင်းတိုက် ဝါဆိုခေတ်အတွင်းသို့ ရောက်လာသမျှ သံဃိက အဝတ်သင်္ကန်း တို့ကို အစိုးတရ ပိုင်ဆိုင်၏၊ ယူနိုင်၏၊ ဘဏ္ဍာစားအပြစ်မရှိ၊ ဤကား ယော စ တတ္ထ စီဝရုပ္ပာဒ တည်း။ ဤငါးပါးတို့တွင် အသမာဒါနစာရ ဖယ်၍ ကြွင်းလေးပါးကို ကထိန်မခင်းသော်လည်း ပုရိမဝါကျွတ်တို့အား တန်ဆောင်မုန်း လပြည့်အထိ ရကုန်၏။
အနာမန္တ၊ အသမာဒါ (၂)၊ ယာဝါ၊ ဂဏ (၂)၊
ယောတတ္ထ (၁)၊ ပဉ္စအာနိသင်။
ကထိန်နုတ် မာတိကာရှစ်ပါး
ထိုကထိန်ကိုပက္ကမနန္တိကာစသော မာတိကာ ရှစ်ပါးဖြင့် နုတ်ခြင်း၊ အန္တရဗ္ဘာရဖြင့် နုတ်ခြင်းသည် ကထိန်နုတ်သည်မည်၏။ သင်္ကန်းပြီး၍ ဖဲခြင်းအဆုံးရှိသော ကထိန် နုတ်ခြင်းသည် ပက္ကမနန္တိကာ မည်၏။
စီဝရပလိဗောဓ ရှေးဦးပြတ်သည်။ ဖဲမှ အာဝါသပလိဗောဓပြတ်သည်။ ဖဲပြီးနောက် သင်္ကန်းပြီးခြင်း အဆုံးရှိလျှင် နိဋ္ဌာနန္တိကာ မည်၏။ အာဝါသ ရှေးဦးပြတ်သည်။ သင်္ကန်း ပြီးမှ စီဝရပြတ်သည်။ ပြင်ပ၌ သင်္ကန်းကိုလည်း မပြုတော့အံ့၊ ကျောင်းသို့ လည်း မပြန်တော့အံ့ဟု စိတ်ဆုံးဖြတ်အံ့၊ သန္နိဋ္ဌာနန္တီကာ မည်၏။ နှစ်ပါးလုံး ပြိုင်တူ ပြတ်သည်။ ပြင်ပသို့ ဖဲပြီးနောက် သင်္ကန်းပျောက်အံ့၊ ပျက်အံ့၊ နာသနန္တိကာ မည်၏။ အာဝါသ ရှေးဦးပြတ်သည်။ ပြင်ပ၌ သင်္ကန်းပြုပြီးမှ ကျောင်းတွင် ကထိန် နုတ်ပြီတဲ့ဟု သတင်းကြားအံ့၊ သဝနန္တိကာ မည်၏။ စီဝရ ရှေးဦးပြတ်သည်။
ပြင်ပသို့ဖဲပြီး နောက်ရထိုက်သော သင်္ကန်းအာသာပြတ်အံ့၊ အာသာဝစ္ဆေဒိကာ မည်၏။ အာဝါသ ရှေးဦးပြတ်သည်။ ပြင်ပ၌ သင်္ကန်းပြီး၍ တပေါင်းလပြည့်ဟူသော အပိုင်း အခြားကို လွန်အံ့၊ သီမာတိက္ကမနန္တိကာမည်၏။ (ဥပစာရ သိမ်ကိုလွန်အံ့-ဟု လွဲတတ်သည်။)
စီဝရ ရှေးဦးပြတ်သည်။ ပြင်ပ၌ သင်္ကန်ပြီး၍ ပြန်လာပြီးလျှင် တပေါင်းလပြည့်အတွင်း ရဟန်းတို့နှင့်အတူ ကမ္မဝါစာဖြင့် နုတ်အံ့၊ သဟုဗ္ဘာရ မည်၏။ နှစ်ပါးအတူပြတ်သည်။
ဤကား မာတိကာရှစ်ပါးဖြင့် နုတ်ခြင်းတည်း။
ပက်၊ နိဌ်၊ သန်နာ (၄)၊ သ၊ အာသာ (၂)၊
သီမာ၊ သဟုဗ္ဘာရ် (၂)။ စီ၊ အာ၊ တူ၊ အာ၊ (၄)၊
စီ၊ အာ (၂)၊ စီ၊ တူ (၂)၊ ရှေးပြတ်စဉ်တိုင်း ယူ၊
ပြင်ပသို့မသွားပဲ တပေါင်းလပြည့်အတွင်း ရဟန်းတို့နှင့်အတူ ကမ္မဝါစာဖြင့် ကထိန် နုတ်ခြင်းသည် အန္တရုဗ္ဘာရ မည်၏။ အတူပြတ်ပင်တည်း။
သင်္ကန်းကိုးထည် မှတ်ဖွယ်
- သံဃာဋိ = ဒုကုဋ်၊
- ဥတ္တရာသင်္ဂ = ကိုယ်ရုံ၊
- အန္တရဝါသက = သင်းပိုင်၊
ဤတိစီဝရိက်ကို အဓိဋ္ဌာန်တင်ရသည်။ ဝိကပ္ပနာ မပြုရ။
၄။ ဝဿိကသာဋီကာ = မိုးရေခံ သင်္ကန်းကို မိုးလေးလ အတွင်းသာ အဓိဋ္ဌာန် တင်ရသည်။ မိုးကုန်လျှင် အဓိဋ္ဌာန် ကျသောကြောင့် ဝိကပ္ပနာ ပြုရသည်။
- နိသီဒန = နိသီဒိုင်၊
- ပစ္စတ္ထရဏ = အိပ်ရာခင်း၊
- မုခပုဉ္ဆန = မျက်နှာသုတ်ပုဝါ၊
- ပရိက္ခာရစောဠ = ကြွင်းအသုံးအဆောင် အဝတ်၊
ဤလေးထည်ကို အဓိဋ္ဌာန်တင်ရသည်။ ဝိကပ္ပနာ မပြုရ။
၉။ ကဏ္ဍုပဋိစ္ဆာဒိ = အမာလွှမ်းကို အနာရှိသောအခါသာ အဓိဋ္ဌာန် တင်ရသည်။ အနာကင်းလျှင် အဓိဋ္ဌာန်ကျသောကြောင့် ဝိကပ္ပနာ ပြုရသည်။
ဤကိုးထည်လုံးကို သံဃာဋိစသော အမည်ထူးဖြင့် ဝိကပ္ပနာ မပြုရ၊
စီဝရဟူသော အမည် သာမန်ဖြင့် ဝိကပ္ပနာပြုလျှင် အပ်၏။
ပရိက္ခာရစောဠ အမည်ဖြင့်လည်း အဓိဋ္ဌာန် တင်လျှင် အပ်၏။
နိ၊ အိပ်၊ မျက်၊ ပရိက်လေးထည်၌ ဆိုးရည် ဗိန္ဒု မပြုသော်လည်း အပ်၏။ အထူးမပြ။
တိစီဝရိုက် (၃)၊ နိ၊ မာ၊ အိပ် (၃)၊
မျက်၊ ပရိက်၊ မိုး(၃)၊ သင်္ကန်း ကိုး။
နိ၊ အိပ်၊ မျက်၊ ပ (၄)၊ လေးထည်မျှ၊ မပြ၊ ဆိုး၊ ဗိန္ဒု၊
အဓိဋ္ဌာန်တင်ပုံ
တိစီဝရိက်ကိုဆိုး၍ ဗိန္ဒုထိုး၍ ပမာဏညီလျှင် အဓိဋ္ဌာန် တင်အပ်၏။ ပမာဏကား အကြီးဆုံး ဘုရားသင်္ကန်း အောက်၊ အငယ်ဆုံး အလျား ငါးတောင်ဆုပ် (လေးတောင်နှင့် တောင်ဆုပ် တခု-ဟူလို။) အနံသုံးတောင်ဆုပ်၊ သင်းပိုင် အနံကား နှစ်တောင့်ထွာ၊ ဝါ၊ နှစ်တောင်ရှိလျှင် အပ်၏။ (မိမိအတောင်ဖြင့် ယူအပ်သည်။)
ပမာဏထက် လွန်မူ၊ ယုတ်မူ ပရိက္ခာရစောဠ ဟု အဓိဋ္ဌာန်တင်လျှင် အပ်၏။ ဒုက္ကဋ်သစ် တင်လိုအံ့၊ ယခင်ဒုက္ကဋ်ကို “ဣမံ သံဃာဋိ ပစ္စုဒ္ဓရာမိ” ဟု အဓိဋ္ဌာန်ချ၍ ယခု ဒုကုဋ်ကို လက်ဖြင့်ကိုင်၍ “ဣမံသံဃာဋိံ အဓိဋ္ဌာမိ”ဟု နှလုံးသွင်းလိုက်လျက် ကိုယ်ဖြင့် သုံးသပ်၍သော်လည်း တင်အပ်၏။ နှုတ်သက်သက်ဖြင့်လည်း တင်အပ်၏။ နှုတ်ဖြင့်တင်ရာ၌ နှစ်တောင့်ထွာ ဟတ္ထပါသ်တွင်း ဖြစ်အံ့၊ “ဣမံ သံဃာဋိံ”၊ အဝေး၌ဖြစ်အံ့၊ နေရာကို မှတ်၍ “ဧတံ သံဃာဋိံ” ဟု ဆိုအပ်၏။
ဤနည်းဖြင့် သုံးထည်ကို သံဃာဋိ၊ ဥတ္တရာသင်္ဂံ၊ အန္တရပါသကံအဓိဋ္ဌာမိဟု မိမိ အမည်ဖြင့်သာ အဓိဋ္ဌာန်တင်ရသည်။ အဓိဋ္ဌာန်တင်ထားသော အဝတ်ဖြင့် သံဃာဋိ စသည်ပြုအံ့၊ ဆိုးပြီး၊ ဗိန္ဒုထိုးပြီးသော် “ဣမံ ပစ္စုဒ္ဓရာမိ” ဟု ချ၍ တဖန် သံဃာဋိ စသည်ဖြင့် တင်အပ်၏။
ဤတိစီဝရိက်ကို ဟတ္ထပါသ်ကင်းလျက် သုံးဆောင်လွယ်စိမ့်သောငှာ ပရိက္ခာရစေဟု တပ်ခြင်းသည်လည်း အပ်၏။ အဝတ်အသစ်ဖြစ်လျှင် ဒုကုဋ်နှစ်ထပ်၊ ကိုယ်ရုံ၊ သင်းပိုင်တထပ်၊ အဟောင်း ဖြစ်လျှင် လေးထပ်၊ နှစ်ထပ်။ ပံ့သကူဖြစ်လျှင် အထပ်လိုသမျှ ခွင့်ပြု၏။
မိုးရေခံသင်္ကန်းကို ပါစိတ်၌လာသော ပမာဏအတိုင်းကို အမည်ဖြင့် မိုးလေးလ ပတ်လုံး အဓိဋ္ဌာန်တင်အပ်၏။ မိုးလလွန်သောအခါ ပစ္စုဒ္ဓိရ်ပြု၍၊ ဝါ၊ မိုးရေခံအဖြစ်မှ ပယ်၍ ဝိကပ္ပနာပြုအပ်၏။
(မိုးလလွန်လျှင် အဓိဋ္ဌာန် အလိုလို ကျသောကြောင့် မိုးရေခံအဖြစ်မှ ပယ်၍ ဆယ်ရက်အတွင်း “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ” ဟု ရဟန်းတပါးထံ ဝိကပ္ပနာ ပြုရသည်။ ထိုရဟန်းက “မယှံ သန္တကံ” စသည်ဖြင့် ပစ္စုဒ္ဓိရ်ပြန်အောင် ဝိကပ္ပနာ ပြုရသည်လည်း ဟူလို။)
မိုးရေခံသင်္ကန်းသည် အဆင်းပျက်ရုံ တကြိမ် နှစ်ကြိမ်ဆိုးလည်း အပ်၏။ နှစ်ထည် သုံးထည် မအပ်။
(ဝိ-ဋီ ၌ အဋ္ဌကထာကြီး၌ မိုးရေခံ၊ အမာလွှမ်းသည် မိုးလလွန်ခြင်း၊ အနာ ကင်းခြင်းဖြင့် အဓိဋ္ဌာန် ကျသည်ဟု မဆိုသောကြောင့် ပစ္စုဒ္ဓိရ် အဓိဋ္ဌာန်ချ၍ ဝိကပ္ပနာ ပြုအပ်၏ ဟု ဆို၏။)
နိသီဒိုင်ကို ပါစိတ်လာ ပမာဏအတိုင်း အမည်ဖြင့် တထည်သာ အဓိဋ္ဌာန်တင် အပ်၏။ နှစ်ထည်၊ သုံးထည် မအပ်။ အဓိဋ္ဌာန်တင်ထားသော နိသီဒိုင်နှင့် လေးလ မကင်းရ ဟု စူဠဝါအဋ္ဌကထာ၌ ဆိုသည်။ မိုးလေးလမဟုတ်၊ သာမန်လေးလ။
အိပ်ရာခင်းကိုလည်း အမည်ဖြင့် အဓိဋ္ဌာန် တင်အပ်၏။ ကြီးသော်၎င်း၊ အများသော်၎င်း၊ အညိုအရွှေ စသည်ဖြစ်သော်၎င်း၊ ပန်းပွင့်အဆာ ရှိသော်၎င်း အပ်၏။
အမာလွှမ်းကို ပါစိတ်လာ ပမာဏအတိုင်း အနာရှိသော ကာလပတ်လုံး အမည်ဖြင့် အဓိဋ္ဌာန်တင်အပ်၏။ အနာပျောက်သောအခါ ပစ္စုဒ္ဓိရ်ပြု၍ ဝိကပ္ပနာပြုအပ်၏။
(အဓိဋ္ဌာန် အလိုလိုကျသောကြောင့် အမာလွှမ်းအဖြစ်မှ ပယ်၍ ဆယ်ရက်အတွင်း ဝိကပ္ပနာပြု ဟူလို)။ (ဝိ-ဋီ-အလို အလိုလိုမကျ။)
မျက်နှာသုတ်ပုဝါကို အမည်ဖြင့် အဓိဋ္ဌာန်တင်အပ်၏။ ကြီးသော်၎င်း၊ အများသော်၎င်း အပ်၏။ အဋ္ဌကထာကြီး၌ နှစ်ထည်၊ အပရိဝါဒ အများ၊ ကင်္ခါ၌လည်း အများဟု ဆို၏။
ပရိက္ခာရစောဠကို အရေအတွက်မရှိ လိုသလောက် အမည်ဖြင့် အဓိဋ္ဌာန်တင် အပ်၏။ ဝိကပ္ပနာလောက်သော အိတ်၊ ရေစစ်၊ ပုဝါကိုလည်း ပရိက္ခာရစောဠ တင်အပ်၏။ အများကို တပေါင်းတည်း “ဣမာနိ စီဝရာနိ ပရိက္ခာရ စောဠာနိ အဓိဋ္ဌာမိ” ဟု တင်အပ်၏။
ညောင်စောင်းဘုံလျှို (မွှေ့ရာ)၊ အင်းပျဉ်ဘုံလျှို၊ ခေါင်းအုံး၊ အခင်းစုလျား၊ ကော်ဇော တို့၌၎င်း၊ ကျောင်းသုံး အိပ်ရာခင်းတို့၌၎င်း အဓိဋ္ဌာန်တင်ဖွယ် မရှိ။
တိစီဝရာ (၃)၊ မိုး၊ နိ၊ မာ (၃)၊ ပိဋ္ဌာ တထည်စီ။
ပ၊ မျက်၊ အိပ်ရာ (၃)၊ သုံးမျိုးသာ၊ များစွာ တင်နိုင်သည်။
အဓိဋ္ဌာန်ကျပုံ
အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကိုးထည်သည် --
- သူတပါးအား ပေးခြင်း၊
- လုယက်ခြင်း၊
- အကျွမ်းတဝင် ယူသွားခြင်း၊
- လူထွက်ခြင်း (၄)၊
သိက္ခာစွန့်ခြင်း၊ သေခြင်း၊ လိင်ပြန်ခြင်း၊ အဓိဋ္ဌာန်ချခြင်း (၄)၊
ဤအကြောင်းရှစ်ပါးတို့ဖြင့် အဓိဋ္ဌာန်ကျ၏။
ဤ၌ လူထွက်ခြင်းကို သိက္ခာမချပဲ သင်္ကန်းမငဲ့မူ၍ လူဝတ် ဝတ်ခြင်းကို ယူသည်။ ဘိက္ခုနီ လူထွက်ရာ၌ ဆိုဖွယ်မရှိ။
တိစီဝရိက်၌ အထူးကား - လက်သန်း လက်သည်းခွံမျှ ပေါက်ခြင်းဖြင့်လည်း အဓိဋ္ဌာန်ကျသည်။ ထုတ်ချင်းမပေါက်ပဲ အလယ်၌ ချည်မျှင်တမျှင်မျှ မပြတ်မူ၍ ကျန်အံ့၊ စောင့်သေး၏။ ဒုကုဋ်၊ ကိုယ်ရုံ၌ အလျားစွန်း တထွာ၊ အနံစွန်း ရှစ်သစ်။ သင်းပိုင်၌ လျားစွန်း တထွာ၊ နံစွန်း လေးသစ်၊ ဤနေရာတို့၌ ပေါက်လျှင် အဓိဋ္ဌာန်မကျ။ ထိုမှ အတွင်းအလယ်တို့၌ ပေါက်မှသာ အဓိဋ္ဌာန် ကျသည်။ အတိရေကသင်္ကန်းအရာ၌ တည်သည်။ အပ်ဖြင့် ချုပ်ဖာ၍ အဓိဋ္ဌာန် တဖန် တင်ရသည်။
မိုးရေခံသည် မိုးလလွန်သော အခါဖြင့်၎င်း၊ အမာလွှမ်းသည် အနာပျောက်သော အခါဖြင့်၎င်း အဓိဋ္ဌာန်ကျသေးသည်။ ဤနှစ်ထည်ကို ကာလသီးခြားဖြင့် အဓိဋ္ဌာန် တင်ရသည်။
ထွက်၊ ယူ၊ ပေး၊ လု(၄)၊
မစ္စု၊ လိင်ပြန် (၂)၊အဓိဋ္ဌာန်ချ (၁)၊ သိက္ခာချ(၁)၊
အဋ္ဌ ဓိဋ္ဌာန်ပျက်ကြောင်းတည်း။
လက်သန်းသည်းလောက်၊ တိစီပေါက်(၁)၊ ထည့်လှောက် ကိုးပါးတည်း။
မိုးလမကျန်(၁)၊ မိုးရေခံ၊ ထည့်ပြန် ကိုးပါးတည်း။
ရောဂါခန့်ကျန်း(၁)၊ အမာလွှမ်း၊ ဖြည့်စွမ်း ကိုးပါးတည်း။
ဆပ်ထမင်းလောက်၊ သပိတ်ပေါက်(၁)၊ တည့်လှောက်ကိုးပါးတည်း။
ဆပ်ထမင်းလောက် သပိတ်ပေါက်ကား ပတ္တသိက္ခာပုဒ်၌ ထင်ရှားလတ္တံ့။
နိဿဂ္ဂိ-၃၀၊ ပြန်ပေး-မပေးရ စသည်မှတ်ဖွယ်
နိဿဂ္ဂီ ၃၀-တို့တွင် ၂၃-ခုသည် သံဃ၊ ဂဏ၊ ပုဂ္ဂလ တဦးဦထံ စွန့်ရသည်။ ပြန်ပေးရသည်။ သုံးရသည်။ ဦနပဉ္စဗန္ဓ၌ သပိတ် ၁-ခုသည် သံဃာ့ထံသာ စွန့်ရသည်။ အစွန့်ဆုံးပြု၍ ပြန်ပေးရသည်၊ သုံးရသည်။ အခင်း ၃-ခု သည် သံဃ၊ ဂဏ၊ ပုဂ္ဂလ၌ စွန့်၊ ပြန်ပေးရသည်၊ မသုံးရ၊ ဖျက်သုံးရသည်။ ရက်လွန်ဆေး ၁-သည် သံဃ၊ ဂဏ၊ ပုဂ္ဂလ၌ စွန့်၊ ပြန်ပေးရသည်၊ မသုံးရ။ စားခြင်း၊ ကိုယ်လိမ်းခြင်း မပြုအပ်။ ပြင်ပ၌သာ သုံးရသည်၊ ရွှေငွေခံ၊ ရွှေ ငွေလဲ ၂-ခုသည် သံဃာ့အလယ်သာ စွန့်ရသည်၊ ပြန်မပေးရ၊ ဖျောက်ဖျက်ပစ်ရသည်။
ရွှေငွေခံ၊ လဲ(၂)၊ နှစ်ခုတွဲ၊ ပြန်ပဲ မပေးရ၊
သန္တတ တေး(၃)၊ ရက်လွန်ဆေး(၁)၊ ပြန်ပေး မသုံးရ။
အကြွင်းစစ်ဆေး၊ နှစ်ဆယ့်လေး(၂၄)၊ ပြန်ပေး သုံးစွဲရ။
သံဃာ့လယ်သာ၊ စွန့်ရပါ၊ သုံးဖြာတွေ့ပါစ။
၂-၃ ဥဒေါသိတ
ဘိက္ခုနာ-ဘိက္ခုနော၊ ရဟန်း၏။ နိဋ္ဌိတစီဝရသ္မိံ။ ကထိနေ။ ဥဗ္ဘတသ္မိံ။
ဘိက္ခု၊ ရဟန်းသည်။
ဧက ရတ္တမ္ပိ၊ တညဉ့်မျှလည်း။
တိစီဝရေန၊ တိစီဝရိက်နှင့်။
စေ ဝိပ္ပဝသေယျ၊ အကယ်၍ ကင်းနေငြားအံ့။
ဘိက္ခု သမ္မုတိယာ၊ ဂိလာနရဟန်းအား ပေးသော သမ္မုတိကို။
(ဝါ၊ သမ္မုတိရသော ရဟန်းကို။)
အညတြ၊ ကြဉ်၍။
တဿ ဘိက္ခုနော၊ နိဿဂ္ဂိယံ။ ပါစိတ္တိယံ။ ဟောတိ။
အဓိပ္ပါယ်
ဤသိက္ခာပုဒ်၌ ဘိက္ခုနာ၊ ရဟန်းသည် ဟု ကတ္တားနက်ယူလျှင် ပြုဖွယ်ကြိယာ မရှိ။ ဘိက္ခုနော၊ ရဟန်း၏ဟု သာမိနက်ယူလျှင်ကား အနက်သင့်လျော်၏။ ရဟန်း၏ သင်္ကန်းပြီးပြီးသော် ကထိန်နုတ်ပြီးသော် ပလိဗောမနှစ်ပါး ပြတ်ပြီးသော ရဟန်းသည် တညဉ့်မျှ တိစီဝရိက်နှင့် ကင်ငြားအံ့ဟု အနက်သင့်လျော်၏။
အမည်ဖြင့် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်သည် တိစီဝရမည်၏။ (ဇာတိ၊ ပမာဏ နှစ်ပါးရှိရုံမျှ မဟုတ်။) တထည်ထည်နှင့်သော်လည်း မကင်းရ။ သံဃာသည် ဂိလာနရဟန်းအား သင်္ကန်းနှင့် မကင်းသော သမ္မုတိကို ပေးခြင်းသည် ဘိက္ခု သမ္မုတိ မည်၏။ ထို သမ္မုတိမရသော ရဟန်းသည် တအရုဏ်မျှ ကင်း၍နေငြားအံ့၊ အရုဏ်တက် သည်နှင့်တကွ နိဿဂ္ဂိပါစိတ်။
“ဣဒံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္တ အညတြ ဘိက္ခု သမ္မုတိယာ နိဿဂ္ဂိယံ၊ ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ”ဟု အနည်း အများ လျော်စွာဆို၍ စွန့်အပ်၏။
အဝိပ္ပဝါသအရပ် ၁၅-ပါး
- ဂါမ = ရွာ၊
- နိဝေသန = အိမ်၊
- ဥဒေါသိတ = ဘဏ္ဍာတိုက်၊ ဝါ-ကုန်လှောင်ရုံ၊
- အဋ္ဋ = ပြအိုး၊
- မာဠ = တန်ဆောင်း (၅)၊
- ပါသာဒ = ပြာသာဒ်ရှည်၊
- ဟမ္မိယ = ပြာသာဒ်ဦးပြည်း၊
- နာဝါ = လှေ၊
- သတ္ထ = လှည်း၊
- ခေတ္တ = လယ်(၅)၊
- ဓညကရ = ကောက်နယ်တလင်း၊
- အာရာမ = ပန်းသစ်သီးအရာမ်၊
- ဝိဟာရ = ကျောင်း၊
- ရုက္ခမူလ = သစ်ပင်ရင်း၊
- အဇ္ဈောကာသ = လွင်တီးခေါင်(၅)၊
ဤသို့ သင်္ကန်း ထားရာအရပ် ၁၅-ပါး ဟောသည်။
ဧကကုလ ဖြစ်အံ့၊ တခုခု၌ ထား၍ ထို တခုခု၏ အတွင်း နေလျှင် သင်္ကန်းနှင့် မကင်းသည် မည်၏။ တပါးသောနေရာ၌ ဟတ္ထပါသ်လွတ်၍ အရုဏ်တက်စေအံ့၊ ကင်းသည်မည်၏။ နိဿဂ္ဂိဖြစ်၏။ အဝိပ္ပဝါသဗဒ္ဓသိမ်တွင်း၌လည်း ရဟန်းနှင့်သင်္ကန်း ဝေးစေကာမူ ကင်းသည်မမည်။
ရွာ၊ အိမ်၊ တိုက်၊ ပြ(၄)၊
သာ၊ ဆောင်း၊ ပြည်း(၃)၊
လှေ၊ လှည်း၊ ကောက်နယ်(၃)၊
ရုံ၊ လယ်၊ လွင်ကွင်း(၃)၊
ပင်ရင်း၊ ကျောင်း-အား(၂)၊
ပေါင်းဆယ့်ငါ.သည်၊ မှတ်သား အဝိပ္ပဝါသတည်း။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရဟန်းများစွာ သင်းပိုင်၊ ကိုယ်ရုံမျှဖြင့် ဇနပုဒ်လှည့်လည်ခြင်းကြောင့် ပညတ်၏။ အညတြ ဘိက္ခု သမ္မုတိယာသည် အနုပညတ်ဖြစ်၏။ သာဓာရဏ၊ အနာဏတ္တိက။
ညဉ့်မကင်းသည်၌ ကင်းသည်ဟု ထင်အံ့၊ ယုံမှားအံ့၊ ဒုက္ကဋ်။
ညဉ့်ကင်းသည်၌ ကင်းထ၊ မကင်းထင်၊ ယုံမှား(တိက) နိဿဂ္ဂိပါစိတ်။
အဓိဋ္ဌာန်မချ၊ မစွန့် စသည်၌လည်း ထို့အတူ (တိက) နိဿဂ္ဂိပါစိတ်။
အရုဏ်မတက်မီ အဓိဋ္ဌာန်အံ့၊ စွန့်၊ ပျောက်၊ ပျက်၊ မီးလောင်၊ လု၊ အကျွမ်းတဝင် ယူအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
သမ္မုတိရသော ဂိလာနအားလည်း အနာပတ္တိ။
အနာပျောက်သောအခါ သင်္ကန်းရှိရာသို့ လာရသည်။ အဝေး၌ နေ၍သော်လည်း အဓိဋ္ဌာန်ချရသည်။ ထိုအနာဖြစ်စေ၊ အနာတပါးဖြစ်စေ နှိပ်စက်ပြန်အံ့၊ အပ်သေး သည်သာတည်း။
- တိစီဝရိက် အဓိဋ္ဌာန်ဖြင့် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းဖြစ်ခြင်း၊
- ခင်းအပ်သော ကထိန်မရှိခြင်း၊
- သမ္မုတိမရခြင်း၊
- ညဉ့်ကင်းခြင်း၊
ဤကား အင်္ဂါလေးပါးတည်း။
သမုဋ္ဌာန် စသည် ပဌမကထိနနှင့် တူ၏။ ထို၌ အဓိဋ္ဌာန်မတင်ခြင်း၊ ဝိကပ္ပနာ မပြုခြင်းသည် အကြိယ၊ ဤ၌ အဓိဋ္ဌာန် မချခြင်းသည် အကြိယ၊ ဤမျှထူး၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန်ရဟန်းတို့သည် ရဟန်းတို့လက်၌ သင်္ကန်းထား၍ သင်းပိုင်၊ ကိုယ်ရုံမျှဖြင့် ဇနပုဒ်သို့ လှည့်လည်ကုန်၏။ ကြာမြင့်သောအခါ မှိုတက်၍ နေလှန်း ရကုန်၏။ ရှင်အာန္ဒာ လှည့်လည်၍ မြင်သောအခါ အဘယ့်ကြောင့် သင်းပိုင်၊ ကိုယ်ရုံမျှဖြင့် လှည့်လည်ကြသနည်းဟု ကဲ့ရဲ့၏။ ထို့ကြောင့် ပညတ်သည်။
အခါတပါး ရဟန်းတပါးသည် ကာယမ္ဗီပြည်၌ ဂိလာနဖြစ်၏။ ဆွေမျိုးတို့က ပင့်ကြသော် တိစီဂရိက်နှင့် မကင်းရဟု ပညတ်ထားသည်၊ ယူ၍လည်း မသွားနိူင်ဟု ဆို၏။ ချစ်သားတို့၊ ဂိလာနရဟန်းအား တိစီဝရိက်နှင့် မကင်းသော အဝိပ္ပဝါသ သမ္မုတိကို ပေးခြင်းငှာ ခွင့်ပြု၏။ ပေးပုံကား - ဂိလာနရဟန်းသည် သံဃာထံ ချဉ်းကပ်၍ “အကျွန်ုပ်သည် ဂိလာန ဖြစ်သည်၊ အဝိပ္ပပါသသမ္မုတိ ပေးပါဟု သုံးကြိမ် တောင်းအပ်၏။ ဗျတ္တ၊ ပဋိဗလ ရဟန်းသည် ဉတ္တိ ဒုတိယကံဖြင့် သံဃာကို သိစေအပ်၏ဟု မိန့်၍ အနုပညတ်ဖြင့် တဖန် ပညတ်ပြန်သည်။
၃-တတိယကထိန
ဘိက္ခုနာ-ဘိက္ခုနော၊ ၏။
နိဋ္ဌိတစီဝရသ္မိံ။ ကသိနေ။ ဥဗ္ဘတသ္မိံ။ ဘိက္ခုနော ပနေဝ၊ အဆောတလျင်။
အကာလစီဝရံ၊ အခါမဲ့ရသော သင်္ကန်းသည် (ဝိကပ္ပနာလောက်။)
ဥပဇ္ဇေယျ၊ ဖြစ်ရာ၏။
အာကင်္ခမာနေန၊ အလိုရှိသော။
ဘိက္ခုနာ၊ သည်။
ပဋိဂ္ဂဟေတဗ္ဗံ၊ ခံယူအပ်၏။
ပဋိဂ္ဂဟေတွာ၊ ခံယူပြီး၍။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
(ဝါ၊ ဆယ်ရက်အတွင်းသာလျှင်။)
ကာရေတဗ္ဗံ၊ ပြုစေအပ်၏။
ပါရိပူရီ၊ ပြည့်စုံလုံလောက်ခြင်းသည်။
နောစဿ၊ အကယ်၍ မဖြစ်ငြားအံ့။
တေန ဘိက္ခုနာ၊ သည်။
တိစီဝရံ၊ ကို။
မာသပရမံ၊ တလအတိုင်း အရှည်ရှိသော ကာလပတ်လုံး။
ဦနဿ၊ ယုတ်သော သင်္ကန်းကို။
ပါရိပူရိယာ၊ ပြည့်စုံစေခြင်းငှာ။
ပစ္စာသာယ၊ (သင်္ကန်းလျာပုဆိုး) ရနိုးခြင်းသည်။
သတိယာ၊ ရှိလတ်သော်။
နိက္ခိပိတဗ္ဗံ၊ ထားအပ်၏။
ပစ္စာသာယ၊ ရနိုးခြင်းသည်။
သတိယာပိ၊ ရှိသော်လည်း။
တတော၊ ထိုတလထက်။
ဥတ္တရိ၊ အလွန်။
စေ နိက္ခိပေယျ၊ အကယ်၍ ထားငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ဘိက္ခုနာ- ဘိက္ခုနော သာမိနက်ယူအပ်၏။ ကထိန်မခင်းလျှင် ၁၁-လ၌ ခင်းလျှင် ၇-လ၌ ဖြစ်သော သင်္ကန်းသည်၎င်း၊ ကာလအတွင်း၌သော်လည်း ရည်စူး၍လှူသော သင်္ကန်းသည်၎င်း၊ အကာလ စီဝရ မည်၏။ “သံဃဿဣဒံ အကာလစီဝရံ ဒမ္မိ၊ ပုဂ္ဂလ ဒမ္မိ၊ တုယှံ ဒမ္မိ” စသည်သည် ရည်စူးပုံတည်း။
(ကာလအတွင်း မရည်စူးပဲဖြစ်သော သံဃိကသင်္ကန်းသည် ကာလစီဝရ မည်၏။ ပုရိမဝါကျွတ်သူ၊ ကထိန်အာနိသင် ရသူတို့သာ အစိုးရကုန်၏။)
အကာလသင်္ကန်းကို မိမိအတွက် ရခြင်းသည် ဥပဇ္ဇေယျ မည်၏။ မိမိဝေစုအဖြစ်ဖြင့် သံဃာမှ၊ သုတ္တန်ဆောင်စသော ဂိုဏ်းမှ၊ အမျိုးမှ၊ မိတ်ဆွေမှသော်၎င်း၊ ပံ့သကူ သော်၎င်း၊ မိမိဝါချည်စသော ဥစ္စာဖြင့်၎င်း ရရာ၏။ သီမာယ ဒေတိ စသော မာတိကာ ရှစ်ပါးဖြင့်သော်လည်း အကာလသင်္ကန်းလက္ခဏာဖြင့် ရရာ၏။ ဤအလုံးစုံသည် ဥပဇ္ဇေယျမည်၏။ (ကာလသင်္ကန်းကား တလ၊ ငါးလ၊ အသက်ရှိပြီး) အကာလ သင်္ကန်းကို အလိုရှိသော ရဟန်းသည် အာကင်္ခမာန မည်၏။ အလှူခံအပ်၏။
ရသောနေ့မှ ဆယ်ရက်အတွင်း ချုပ်ဆိုးပြီးစေရသည်။ ဆယ်ရက်အတွင်းသည် ခိပ္ပမေဝ မည်၏။ အဓိဋ္ဌာန်တင်လောက်၊ ဝတ်လောက်၊ ရုံလောက်ဖြစ်အောင် မပြီးလျှင် နောစဿပါရိပူရီ မည်၏။ ဤသို့ မပြည့်စုံသည်ကို ပြည့်စုံစိမ့်သောငှာ ရဖွယ် ပစ္စာသာရှိလျှင် တလအထိ ထားအပ်၏။
သံဃ၊ ဂဏ၊ ဉာတိ၊ မိတ္တ၊ ပံသုကူလ၊ အတ္တနောဓန အားဖြင့် ရဟရာအာသာ (မြှော်လင့်စရာ) သည် ပစ္စာသာ မည်၏။ မြှော်လင့်ပုံကား သံဃာသည်၊ ဂဏသည် မကြာမီ သင်္ကန်းရလိမ့်မည်၊ ထိုမှ ငါ၊ ဝေစုရလတ္တံ့ ဟူ၍၎င်း၊ ဉာတိမိတ္တတို့သည် သင်္ကန်းလှူမည်ဟု ပြောသွားသည်၊ ထိုမှ ငါရတ္တံ့ဟူ၍၎င်း၊ ပံ့သကူရဖွယ်ရှိသည် ဟူ၍၎င်း၊ ငါ၏ ဤ ကပ္ပိယဘဏ္ဍာဖြင့် ယူစေလျှင် ရလတ္တံ့ ဟူ၍၎င်း ရဟရာအာသာ ထင်ရှားပါမှ ပစ္စာသာ မည်သည်။
(မြှော်လင့်ဖွယ်မရှိပဲ မိမိလိုချင်ကာမျှသည် ပစ္စာသာ မဟုတ်။)
ဤသို့ ပစ္စာသာရှိသော်လည်း တလထက်အလွန်ထားအံ့၊ နိဿဂ္ဂိ ပါစိတ်။ “ဣဒံ မေ ဘန္တေ အကာလစီဝရံ မာသာတိက္ကန္တံ နိဿဂ္ဂိကံ” စသည် ဖြင့် စွန့်အပ်၏။
ပစ္စာသာကို မူလပြုပုံ
မူလသင်္ကန်းသည်၊ ပစ္စသာသင်္ကန်းသည် ထူအံ့၊ မချုပ်လိုလျှင် နေအပ်၏။ ညဉ့်ကြွင်းလည်း တလမပြည့် ရှိသေးအံ့၊ နောက်တဖန် ပစ္စာသာ ပါးပါးရလျှင် တလကာလအတွင်း ပြီးအောင် ပြုအပ်၏။ ပစ္စာသာ ထူထူကို ပရိက္ခာရစောဠ တင်ထားအပ်၏။ မူလ ထူထူ၊ ပစ္စာသာ ပါးပါး ဖြစ်၍ ထူထူကို မသုံးလိုအံ့၊ မူလ ထူထူကို ပရိက္ခာရ စောဠတင်၍ ပစ္စာသာပါးပါးကို မူလပြုအပ်သည်။ ထိုမှတဖန် အစောင့် အရှောက် တလရပြန်၏။ ဤနည်းဖြင့် အထူအပါး မညီ၍ မချုပ်လိုလျှင် နောက်နောက် ပစ္စာသာကို မူလပြုအပ်၏။ တလ တလ အစောင့်အရှောက် ရသည်သာတည်း။
မာသပရမ
မူလသင်္ကန်းရသောနေ့၌ ပစ္စာသာရအံ့၊ ဆယ်ရက်အတွင်း ပြုအပ်၏။ ၂-ရက်၊ ၃-ရက် (လ) ရသ ၂၀-ရှိမှ ရက်၊ ဆယ်ရက်အတွင်းပြု။ ၂၁-ရက်ရှိမှ ရအံ့၊ ကိုးရက်အတွင်းပြု။ (လ) ၂၉-ရက်ရှိမှ ရအံ့၊ တရက် အတွင်းပြု။ ရက် ၃၀-မြောက် အရုဏ်၌ နိဿဂ္ဂိ ဖြစ်၏။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရဟန်းများစွာ အကာလ သင်္ကန်း အလှူခံ၍ တလကို လွန်စေခြင်းကြောင့် ပညတ်၏။ သာဓာရဏ၊ အနာဏတ္တိက။ အကြွင်းသည် ပဌမ ကထိနနှင့် တူ၏။ ထို၌ ဆယ်ရက်လွန်ခြင်း၊ တလလွန်ခြင်း အင်္ဂါမျှ ထူး၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရဟန်းတပါးသည် အကာလ သင်္ကန်းရ၍ ချုပ်၏။ မလောက်င သောကြောင့် ဖြန့်၍အဖန်ဖန် သုံးသပ်၏။ ဘုရားရှင် ကျောင်းလှည့်စဉ် မြင်၍ --
“ချစ်သား၊ အဘယ့်ကြောင့် ဤသို့ ပြုသနည်း။”
“မလောက်ငသောကြောင့်ပါဘုရား”။
“သင့်အား ပစ္စာသာသင်္ကန်းရှိမူ သိမ်းထားခြင်းငှာ ခွင့်ပြု၏” ဟု မိန့်တော်မူ၏။
ရဟန်းတို့သည် အခွင့်ရ၍ တလထက်အလွန် ထားကုန်၏။ သင်္ကန်းတန်းဝါး၌ အထုပ်များစွာဖွဲ့၍ ထားကုန်၏။ ရှင်အာနန္ဒာ ကျောင်းလှည့်စဉ် မြင်၍ မေးပြီးလျှင် အကာလသင်္ကန်းကို တလထက်အလွန် ထားကုန်ဘိ၏ဟု ကဲ့ရဲ့၏။ ထို့ကြောင့် ပညတ်သည်။ (ပရိဝါ၌ ဧကာ အနုပညတ္တိ-ဟု ဆို၏။)
သင်္ကန်း ဖြစ်ရာ မာတိကာရှစ်ဖြာ မှတ်ဖွယ်
သိမာယ ဒေဟိ၊ ကတိကာယ ဒေတိ၊ ဘိက္ခာပညတ္တိယာ ဒေတိ၊ သံဃဿ ဒေဟိ၊ ဥဘတောသံဃဿ ဒေတိ၊ ဝဿံဝုတ္ထသံဃဿ ဒေတိ၊ အာဒိဿ ဒေတိ၊ ပုဂ္ဂလဿ ဒေတိ၊ ဤကား သင်္ကန်းဖြစ်ရာ မာတိကာ ရှစ်ပါးတည်း။
သီမာ၊ ကတိကာ (၂)၊ ဘိက္ခာပညတ် (၁)၊
သံဃဿနှင့် (၁)၊ ဥဘတော သံဃံ ( ၁)၊
ဝဿံဝုတ္ထ (၁)၊ အာဒိဿ (၁)၊ ပုဂ္ဂလ (၁) ရှစ်မာတိ။
သီမာ
ထိုတွင် “သီမာယ ဒမ္မိ” ဟု သိမ်ကိုသုံးသပ်၍ လှူခြင်းသည် --
ခဏ္ဍသိမ်၊ ဥပစာရသိမ်၊ သမာနသံပါသကသိမ်၊ အဝိပ္ပဝါသသိမ်၊ လာဘသိမ် (၅)၊
ဂါမ၊ နိဂမ၊ နဂရ၊ အဗ္ဘန္တရ၊ ဥဒကုက္ခေပသိမ် (၅)၊
ဇနပဒ၊ ရဋ္ဌ၊ ရဇ္ဇ၊ ဒီပ၊ စက္ကဝါဠသိမ် (၅)၊
ဤသို့ ၁၅-မျိုး ပြား၏။
ထိုတွင် ဥပစာရသိမ်ကား - အရာမ်ရှိသော ကျောင်းတိုက်၌ အရာမ်ဖြင့် ပိုင်းအပ်သော အရပ်၊ အရာမ်မရှိလျှင် အရာမ်ထိုက်ရာ ခဲတကျဖြင့် ပိုင်းအပ်သော အရပ်သည် ဥပစာရသိမ် မည်၏။ တနည်း - အစွန်ဖြစ်သော ရဟန်းတို့ အမြဲ စည်းဝေးရာမှ၎င်း၊ ဆွမ်းစားကျောင်းမှ၎င်း၊ အမြဲနေရာကျောင်းမှ၎င်း အားအလတ် ရှိသူ၏ ခဲနှစ်ကျအတွင်းသည် ဥပစာရသိမ် မည်၏။
(ခဲတကျ အတွင်းသာ ဥပစာရသိမ်ဟုပြ၍ ခဲနှစ်ကျတွင်းလည်း ဥပစာရသိမ်ဟု ပြခြင်းကား တနည်း ထပ်ဆိုခြင်းဟု ဆို၏။)
ဤဥပစာရသိမ်သည် ကျောင်းပွားလျှင်၊ ရဟန်းပ္ပားလျှင် ယူဇနာတရာသော်လည်း ကျယ်၏။ ယုတ်လျှင် ကျဉ်း၏။ ဘိက္ခုနီ အရာမ်ပန်းပန်ခြင်း၊ ဂမိက အိပ်ရာနေရာ ပန်ခြင်း၊ ဝတ်ကြားခြင်း၊ ဝါပြတ်ခြင်း၊ နိဿယည်းငြိမ်းခြင်း၊ ကျောင်းယူခြင်း စသည်ကို ဥပစာရသိမ်စွမ်းဖြင့်သာ သိရသည်။
လာဘသိမ်ကား မင်း၊ အမတ် စသည်တို့သည် ကျောင်းတိုက်တည်၍ တဂါဝုတ်၊ တယူဇနာ စသည်ဖြင့် ပိုင်းခြား၍ မြေကို “ဤကား ငါတို့ကျောင်းတိုက်အတွက် လာဘသိမ်တည်း၊ ဤမှဖြစ်သော ပစ္စည်းအားလုံးကိုသာ ငါတို့ကျောင်းတိုက်အား လှူကုန်အံ့”ဟု ထားကုန်၏။ ဤမြေသည် လာဘသိမ် မည်၏။ (ဝတ္ထုကံမြေ ဟူလို။) လာဘ်အလို့ငှာထားသော လောကဝေါဟာရသိမ် ဖြစ်၏။ သာသနဝေါဟာရ မဟုတ်။
ကာသိတိုင်း၊ ကောသလတိုင်း စသည်၌ ဇနပုဒ် တခုတခုသည် ဇနပဒသိမ်မည်၏။ ကာသိတိုင်း စသည်သည် ရဋ္ဌသိမ် မည်၏။ တမင်းပိုင် အားလုံးသည် ရဇ္ဇသိမ် မည်၏။ သမုဒ္ဒရာဖြင့် ပိုင်းသော ကျွန်းကြီး၊ ကျွန်းငယ်သည် ဒီပသိမ် မည်၏။ စကြဝဠာ တတိုက်အတွင်းသည် စက္ကဝါဠသိမ် မည်၏။ ကြွင်းသော သိမ်တို့ကား သိသာဖွယ်နည်း ရှိကုန်၏။
ထိုတွင် “ခဏ္ဍသီမာယ ဒေမ” ဟု လှူသောလာဘ်သည် ခဏ္ဍသိမ်တွင်းရှိ ရဟန်း တို့အား ရောက်၏။ သိမ်ပ၌၊ သိမ်ကြား၌ ရှိသော ရဟန်းတို့အား မရောက်။ “ဥပစာရသီမာယ ဒေမ” ဟု လှူလျှင် ဥပစာရသိမ်တွင်း ခဏ္ဍ၌၊ သိမ်ကြား၌ ရှိသူတို့အားလည်း ရောက်၏။
သမာနသံဝါသသိမ်၌ လှူလျှင် ခဏ္ဍသိမ်၊ သိမ်ကြားတို့အား မရောက်။ အဝိပ္ပဝါသသိမ်၊ လာဘသိမ်တို့၌ လှူလျှင် ထိုအတွင်းရှိ ဗဒ္ဓသိမ်တို့အားလည်း ရောက်၏။ အဗ္ဘန္တရ၊ ဥဒကုက္ခေပတို့၌ လှူလျှင် ထိုအတွင်း၌သာ ရောက်၏။ ဇနပဒသိမ် စသည်၌လှူလျှင် ထိုအတွင်း ဗဒ္ဓသိမ်တို့အားလည်း ရောက်၏။ ထို့ကြောင့် ဇမ္ဗူဒိပ်ကျွန်း၌နေ၍ “တမ္ဗပဏ္ဏိဒီပေ သံဃဿ ဒေမ”ဟု လှူသည်ဖြစ်အံ့၊ထိုလာဘ်ကို တမ္ဗပဏ္ဏိမှ ရဟန်းတပါးတည်း သွား၍သော်လည်း အားလုံးအတွက် ယူခြင်းငှာ ရ၏၊ ဇမ္ဗူဒိပ်၌ နေသော သဘာဂ ရဟန်းတပါးကသော်လည်း ထိုရဟန်းတို့အတွက် ယူလျှင် မတားမြစ်အပ်။ (သုတ္တန်၌ ဤသံဃိကမျိုး မပြ။)
ဒါယကာတဦးသည် ကျောင်းတွင်း ဝင်၍ “သီမာယ ဒမ္မိ” ဟု လှူအံ့၊ သိမ် ၁၅-ရပ် တို့တွင် အဘယ်သိမ်ကို ရည်၍လှူသနည်းဟု မေးအပ်၏။ သိမ်အပြားကို မသိ၊ သိမ်၌တည်သူ ယူစေသတည်း ဟု ဆိုအံ့၊ ဥပစာရသိမ်တွင်းရှိ ရဟန်းတို့သာ ဝေဖန်အပ်၏။
ခဏ်၊ ဥ၊ သမာ(၃)၊ အဝိပ်၊ လာ (၂)၊ ဂါမာ၊ နိ၊ နဂ (၃)။
အဗ္ဘာန်၊ ဥဒ (၂)၊ ဇ၊ ရဋ္ဌ (၂)၊ ရဇ္ဇ၊ ဒီ၊ စက္က (၃)။
သိမ် မာတိကာ၊ လှူနေရာ၊ စိတ်ဖြာ ဆယ့်ငါးမျှ။
ကတိကာ
လာဘ်တူအောင် ပြုသော ကတိကဝတ်သည် ကတိကာ မည်၏။ ပြုပုံကား-ကျောင်းတခု၌ ရှိသော ရဟန်းတို့သည် အခြား ကျောင်းတခုကို ချီးမြှောက်လို၍ လာဘ်တူပြုလို၍ နေကုန်အံ့၊ ဤမည်သော ကျောင်းသည် ရှေးကျောင်း ဖြစ်၏၊ လာဘ်နည်း၏ စသည်ဖြင့် အကြောင်း ဖော်ပြ၍ ထိုကျောင်းကို ဤကျောင်းနှင့် အတူတကွ လာဘ်တူပြုခြင်းငှာ သံဃာသည် နှစ်သက်အပ်၏ ဟု သုံးကြိမ် ပြောကြားအပ်၏။ ဤမျှပြုလျှင် ထိုကျောင်း၌နေသူသည် ဤကျောင်း၌ နေသူကဲ့သို့ ဖြစ်၏။ ထိုကျောင်း၌လည်း ဤအတူပြုအပ်၏။ ဤသို့ပြုလျှင် ဤကျောင်း၌နေလည်း ထိုကျောင်း၌ နေသကဲ့သို့ ဖြစ်၏။ တကျောင်း၌ လာဘ်ဝေဖန်လျှင် တကျောင်းရှိ ရဟန်းတို့အားလည်း အဖို့ယူခြင်းငှာ အပ်၏။
သိက္ခာပညတ်
ဒါယကာ၏ ကောင်းမှုတို့ တည်ရာအရပ်သည် ဘိက္ခာပညတ္တိ မည်၏။ ထို့ကြောင့် ငါ၏ အမြဲကောင်းမှုရှိရာတို့၌ လှူပါ၏၊ ဝါ၊ လှူကြလော့ဟု ဆိုအံ့၊ ထိုအလှူရှင်၏ အမြဲဆွမ်းချက်ဝတ်ရှိရာ၊ အမြဲဆွမ်းကျွေးရာ၊ ထိုအလှူရှင် ဆောက်သော ကျောင်း ရှိရာ အရပ်အားလုံးတို့၌ လှူအပ်သည်သာတည်း။ ထိုနေရာတို့တွင် တနေရာ၌ ရဟန်းနည်းအံ့၊ ဝါ၊ အဝတ် သင်္ကန်းတထည်တည်းသော်လည်း ဖြစ်အံ့၊ မာတိကာသို့ တင်ရသည်။ (ဝါ၊ ဒါယကာကို ပြန်ပေးရသည်။) ဒါယကာဆိုတိုင်း ယူစေရသည်။ ဒါယကာ မစိစစ်လျှင် သံဃာစိစစ်ခြင်းငှာလည်း အပ်၏။ စိစစ်ပုံကား - မထေရ်ကြီး နေရာ၌ ပေးကြဟု ဆိုအပ်၏။ မထေရ်ကြီးနေရာ ပြည့်စုံလျှင် မပြည့်စုံရာ၌ ပေးအပ်၏။ ရဟန်းတပါးက အကျွန်ုပ်၏ နေရာ၌ မပြည့်စုံဟု ဆိုအံ့၊ ထို၌ ပေးအပ်၏။
သံဃဿ ဒမ္မိ
ကျောင်းတွင်းသို့လာ၍ “သံဃဿ ဒမ္မိ” ဟု ဆို၍ လှူအံ့၊ ဥပစာရသိမ်တွင်းရှိ ရဟန်းတို့အား၎င်း၊ ထိုရဟန်းတို့နှင့် တစပ်တည်းသော ပြင်ပရဟန်းတို့အား၎င်း ရောက်၏။ ထိုပြင်ပရဟန်းတို့ အတွက် ယူသူရှိလျှင် ပေးအပ်၏။ ဥပစာရသိမ်ပ၌ ရဟန်းတို့ကိုမြင်၍ “သံဃဿ ဒေမ” ဟု လှူအံ့၊ တစပ်တည်း တည်သော ရဟန်းတို့အား ရောက်၏။ ၁၂-တောင်တွင်းဖြင့် စပ်လျှင် တစပ်တည်း မည်၏။ ၁၂-တောင်ခြားသူအား မရောက်။
ဥဘတော သံဃံ
“ဥဘတောသံဃဿ ဒမ္မိ” ဟု လှူအံ့၊ ဘိက္ခုတို့အား ထက်ဝက်၊ ဘိက္ခုနီတို့အား ထက်ဝက် ပေးအပ်၏၊ တပါးတည်းရှိလျှင်လည်း ထက်ဝက်တည်း။ အယုတ်ဆုံး သာမဏေတပါးမျှရှိလျှင် ထက်ဝက်သာတည်း။ “ဥဘတောသံဃဿ စ တုယှဉ္စ ဒမ္မိ” ဟု လှူအံ့၊ ဘိက္ခုတကျိပ်၊ ဘိက္ခုနီတကျိပ်ရှိလျှင် ၂၁-ခု အဖို့ပြု၍ ပုဂ္ဂိုလ်အား တဖို့၊ ဘိက္ခု သံဃာအား ဆယ်ဖို့၊ ဘိက္ခုနီသံဃာအား ဆယ်ဖို့ ပေးအပ်၏။
ပုဂ္ဂလိကအဖို့ ရသူသည် သံဃာမှလည်း မိမိဝါစဉ်ဖြင့် ယူခြင်းငှာ ရသည်။ ဥဘတောသံဃ သဒ္ဒါဖြင့် ယူအပ်သောကြောင့်တည်း။ “ဥဘတောသံဃဿ စ စေတိယဿ စ ဒမ္မိ” ဟု ဆို၍ လှူအံ့၊ ၂၁-ခု အဖို့ပြု၍ပင် ပေးအပ်၏။ အထူးကား စေတီအား သံဃာမှ အဖို့မရောက်။ တယောက်အဖို့နှင့် တူစွာ တချို့သာ ရောက်၏။ “ဥဘတောသံဃဿ စ တုယှဉ္စ စေတိယဿ စ ဒမ္မိ” ဟု လှူအံ့၊ ၂၂-ခုပြု၍ ပေးအပ်၏။ (ဥဘတော လေးဝါရ)။
“ဘိက္ခုသံဃဿ စ ဘိက္ခုနီနဉ္စ” ဟုဆိုလျှင် ထက်ဝက်မခွဲရ၊ ဘိက္ခု ဘိက္ခုနီ ရှိသမျှကို ရေတွက်၍ ပေးအပ်၏။ “ဘိက္ခုသံဃဿ စ ဘိက္ခုနီနဉ္စ တုယှဉ္စ” ပုဂ္ဂိုလ်သည် သီးခြားမရ။ (ဘိက္ခုသံဃသဒ္ဒါဖြင့် ယူအပ်သောကြောင့် တုယှံ သီးခြားမရ ဟူလို)။ သံဃာမှ တဖို့သာရနိုင်၏။ “စေတိယဿ စ” ဟု ထည့်ဆိုလျှင်၎င်း၊ “တုယှဉ္စ စေတိယဿ စ” ဟု ထည့်ဆိုလျှင်၎င်း သိနိုင်လောက်ပြီ။ (ဘိက္ခုသံဃ လေးဝါရ)။
“ဘိက္ခူနဉ္စ ဘိက္ခုနီနဉ္စ” ဟုဆိုလျှင် ထက်ဝက်မခွဲရ၊ ပုဂ္ဂိုလ်ရေတွက်၍သာ ဝေဖန်ရသည်။ တုယှဉ္စနှင့်၊ စေတိယဿ စ နှင့်၊ တုယှဉ္စ စေတိယဿ စ နှင့်လည်း သိလောက်ပြီ။ (လေးဝါရ)။
ဘိက္ခုနီကို အစထား၍ ဘိက္ခုနီသံဃဿ ဘိက္ခူနဉ္စ လေးဝါရ။ ဘိက္ခုနီနဉ္စ လေးဝါရကိုလည်း သိအပ်၏။ “စေတိယဿ စ” ဟုဆိုလျှင် သီးခြားရသည်။ “တုယှဉ္စ” ဟုဆိုလျှင် ဥဘတော သံဃာအား ဝါရ၌သာ သီးခြားရသည်။
ဗုဒ္ဓသန္တက
ရှေးက ဗုဒ္ဓပ္ပမုခ ဥဘတောသံဃာအား လှူလျှင် ဘိက္ခု၊ ဘိက္ခုနီတို့၏ သံဃမထေရ် အဖြစ်ဖြင့် ဘုရားရှင်သည် အလယ်၌ နေ၏။ မိမိရသောပစ္စည်းကို မိမိသုံးဆောင်၏။ ဘိက္ခုတို့အားသော်လည်း ပေး၏။ ယခုအခါ ပညာရှိတို့ကား ဆင်းတုတော်စသည် တို့ကို ထား၍ ဗုဒ္ဓပ္ပမုခ သံဃာအား လှူကုန်၏။
အဘယ်သို့ စီမံသင့်သနည်းဟူမူ ပန်းနံ့သာ စသည်ကို စေတီ၌ တင်လှူ၊ အဝတ်ဖြင့် တံခွန်ကုက္ကားပြု၊ ဆီဖြင့် မီးထွန်း၊ စားသောက်ဖွယ်ကို အမြဲစေတီဝတ်ပြုသူ ရဟန်းရှင်လူအားပေး၊ ဝတ်ပြုသူမရှိလျှင် ကိုယ်တိုင် ဝတ်ပြု၍စား၊ မွန်းတည့်ချိန် နီးလျှင် စားပြီးမှသော်လည်း ဝတ်ပြုရသည်။
လူတို့က ဤပန်းနံ့သာစသည်ကို ယူသွား၍ စေတီအား ပူဇော်ပါဟု ဆိုအံ့၊ ဝေးသော်လည်း သွား၍ ပူဇော်အပ်၏။ သံဃာအလို့ငှာ ဤဆွမ်းယူပါဟု ဆိုအံ့၊ ယူသွားအပ်၏။ ဂိဟိကမ္မမဟုတ်။ ငါဆွမ်းခံသွားရဦးမည်၊ ဆွမ်းစားကျောင်းက ရဟန်းများ ဤဆွမ်းကို လာယူလိမ့်မည်ဟု မိမိက ဆိုသဖြင့် အရှင့်အားသာ လှူပါ၏ဟု ဆိုအံ့၊ စားခြင်းငှာ အပ်၏။ သံဃာအတွက် ဆောင်သွားစဉ် မွန်းတည့်ချိန် နီးအံ့၊ “မယှံ ပါပုဏာတိ” ဟု မိမိအားရောက်စေ၍ စားခြင်းငှာအပ်၏။
ဝဿံဝုတ္ထ
ကျောင်းသို့လာ၍ “ဝဿံဝုတ္ထဿ ဒမ္မိ” ဟုဆိုအံ့၊ ထိုကျောင်း၌ ပုရိမဝါမှ ကောင်းစွာ ထသော ရဟန်းတို့အား သိမ်ပ၌ တည်သော်လည်း ရောက်၏။ ကျောင်းဝိုင်းပြင်ပ၌ နေလျှင် “ဝဿဝုတ္ထသံဃဿ” ဟု ဆိုအံ့၊ အမှတ် မရှိရာ၌ ဝါကျွတ်၍ ဤနေရာသို့ ရောက်လာသူ အားလုံးတို့အား ရောက်၏။ “အသုကဝိဟာရေ ဝဿဝုတ္ထဿ သံဃဿ ဒမ္မိ” ဟုဆိုအံ့၊ ထိုအမည် သုံးသပ်ရာကျောင်း၌ ဝါကျွတ်သောရဟန်း တို့အားသာ ကထိန်နုတ်သည် တိုင်အောင် ရောက်၏။ တပေါင်းလပြည့်ကျော် တရက်မှစ၍ (ပိဋ္ဌိသမယ၌) ဤအတူ ဆိုအံ့၊ ထိုကျောင်း၌ သမ္မုခီဘူတသံဃာအား ရောက်၏။ (သုတ္တန်၌ ဤသံဃိကမျိုး မပြ။)
အာဒိဿ
ပိုင်းခြား၍လှူခြင်းသည် အာဒိဿ ဒေတိ မည်၏။ ယာဂုဖြင့် ပင့်ဖိတ်၍ ယာဂု သောက်စေပြီးလျှင် ဤသင်္ကန်းတို့ကို အကျွန်ုပ်၏ ယာဂုသောက်သူတို့အား လှူပါ၏။ “ဣမာနိ စီဝရာနိ ယေဟိ မယှံ ယာဂု ပီတာ၊ တေသံ ဒမ္မိ”ဟု ဆို၍ လှူအံ့၊ ထိုရဟန်းတို့အားသာ ရောက်၏။ ဆွမ်း ခဲဖွယ် စသည်ဖြင့်လည်း ဤအတူတည်း။
ပုဂ္ဂလ
“ဣဒံ စီဝရံ ဣတ္ထန္နာမဿ ဒမ္မိ”ဟု မျက်ကွယ်ဖြစ်စေ၊ ခြေရင်း၌ ထား၍ “ဣဒံ တုမှာကံ ဒမ္မိ”ဟု မျက်မှောက်ဖြစ်စေ ပုဂ္ဂိုလ်အား လှူခြင်းသည် ပုဂ္ဂလဿ ဒေတိ မည်၏။ မာတိကာရှစ်ပါး အကျယ်ကို စီဝရက္ခန္ဓက၌ မိန့်ဆိုသည်။
၄-ပုရာဏစီဝရ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
အဉာတိကာယ၊ အမျိုးမတော်သော။
ဘိက္ခုနိယာ၊ ဘိက္ခုနီမကို။
ပုရာဏစီဝရံ၊ သင်္ကန်းဟောင်းကို။
ဓောဝါပေယျ ဝါ၊ ဖွပ်မူလည်း ဖွပ်စေငြားအံ့။
ရဇာပေယျ ဝါ၊ ဆိုးမူလည်း ဆိုးစေပြားအံ့။
အာကောဋာပေယျ ဝါ၊ နယ်မူလည်း နယ်စေငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
အမိဘက်မှ၎င်း၊ အဖဘက်မှ၎င်း (ဘိုးဘွား အမျိုး ခုနစ်ဆက် တိုင်အောင် မစပ်သော သူသည် အဉာတိကာ မည်၏။) ဥဘတော သံဃာ၌ ရဟန်းပြုသော မိန်းမသည် ဤသိက္ခာပုဒ်၌ ဘိက္ခုနီ မည်၏။ သာကီဝင် မင်းသမီးငါးရာတို့ကဲ့သို့ ဘိက္ခု သံဃာ သက်သက်၌ ရဟန်းဖြစ်သော မိန်းမသည်၎င်း၊ ရဟန်းအဖြစ်၌တည်၍ လိင်ပြန်သော ဘိက္ခုနီသည်၎င်း ဤသိက္ခာပုဒ်၌ ဘိက္ခုနီ မည်သေး၏။
ဘိက္ခုနီ သံဃာသက်သက်၌ ရဟန်းဖြစ်သော မိန်းမကား ဧကေတော ဥပသမ္ပန္နာ ဘိက္ခုနီ မည်၏။ ဤသိက္ခာပုဒ်၌ ပါစိတ်ဖြင် အလိုမရှိအပ်၊ ဒုက္ကဋ်ဖြင့်သာ အလိုရှိအပ်၏။
ဆိုးပြီး၊ ဗိန္ဒုထိုးပြီးနောက် တကြိမ်မျှ ဝတ်ရုံသော သင်္ကန်းသည် ပုရာဏစီဝရမည်၏။ အယုတ်ဆုံး ပခုံးတင်ရုံ၊ ခေါင်းအုံးရုံမျှဖြင့် သုံးသော သင်္ကန်းသည်လည်း ပုရာဏစီဝရ မည်၏။ ၁၂ တောင်တွင်းနေလျက် ဖွပ်လော့ဟု ဆိုခြင်း၊ ကိုယ်အမူအရာဖြင့် ပြခြင်း၊ လက်၌ ပေးခြင်း၊ အနီး၌ထားခြင်း၊ ပစ်ပေးခြင်း၊ စေ၍ ပေးခြင်းတို့သည် ဖွပ်ခိုင်းသည် မည်၏။ ဤသို့ ဖွပ်ခိုင်းအံ့၊ ဒုက္ကဋ်။ ဖွပ်ပြီးလျှင် နိဿဂ္ဂိ။ ထို့အတူ ဆိုးခိုင်းအံ့၊ ဒုက္ကဋ်။ ဆိုးပြီးလျှင် နိဿဂ္ဂိ။ နယ်ခိုင်းအံ့၊ ဒုက္ကဋ်။ နယ်ပြီးလျှင် နိဿဂ္ဂိ။
သိက္ခမာန်မ၊ သာမဏေမ၊ ဥပါသိကာမ၏ လက်၌ ဖွပ်ခြင်းငှာ ပေးအံ့၊ ထိုသူတို့ ဘိက္ခုနီပြုပြီးမှ ဖွပ်လျှင် နိဿဂ္ဂိ။ ဥပါသကာ၊ သာမဏေတို့၏ လက်၌ ပေးအံ့၊ ထိုသူတို့ လိင်ပြန်၍ ဘိက္ခုနီပြုပြီးမှ ဖွပ်လျှင် နိဿဂ္ဂိ။ ရဟန်းငယ်အား ပေးအံ့၊ ရဟန်းငယ် လိင်ပြန်ပြီးမှ ဖွပ်လျှင် နိဿဂ္ဂိ။ တကြိမ် ပုတ်ခတ်ခြင်းမျှ ဖြင့်လည်း နိဿဂ္ဂိ။ “ဣဒံ မေ ဘန္တေ ပုရာဏစီဝရံ အဉာတိကာယ ဘိက္ခုနိယာ ဓောဝါပိတံ” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥဒါယီ သင်္ကန်းဟောင်း ဖွပ်စေခြင်းကြောင့် ပညတ်၏။ အသာဓာရဏ၊ ဖွပ်လော့ စသော စေခိုင်းခြင်းဖြင့် သာဏတ္တိက။ ဤသို့ စေခိုင်းအပ်သော ဘိက္ခုနီမသည် ခုံလောက် စီရင်ခြင်း စသည်ကို ပြုအံ့၊ ပယောဂတိုင်း ရဟန်းအား ဒုက္ကဋ်။ ဖွပ်၍ ဆယ်ယူကာမျှ၊ ဆိုးပြီးကာမျှ၊ နယ်ပြီး ကာမျှဖြင့် နိဿဂ္ဂိ။ ဖွပ်ခြင်း စသော သုံးမျိုးကို၎င်း၊ နှစ်မျိုးကို၎င်း စေခိုင်းအံ့၊ တမျိုးဖြင့် နိဿဂ္ဂိ။ အကြွင်းတို့ဖြင့် ဒုက္ကဋ်။
ဖွပ်လော့ဟု တမျိုးခိုင်းလျက် အလုံးစုံပြုအံ့၊ ဖွပ်ခြင်းကြောင့်သာ နိဿဂ္ဂိ၊ ဤ သင်္ကန်း၌ ပြုဖွယ်အားလုံး ပြုလော့ဟု ဆိုအံ့၊ စကားတခွန်း တည်းဖြင့် ပါစိတ် တချက်၊ ဒုက္ကဋ် နှစ်ချက်၊ ဧကတောဥပသမ္ပန္နာ ဘိက္ခုနီအား ခိုင်းအံ့၊ ဒုက္ကဋ်။ သူတပါး၏ သင်္ကန်းကို ဖွပ်ခိုင်းအံ့၊ နိသီဒိုင်၊ အိပ်ရာခင်းကို ဖွပ်ခိုင်းအံ့၊ ဒုက္ကဋ်။ အမျိုး၌ အဉာတကသညီ၊ ဝေမတိကဖြင့် ခိုင်းအံ့၊ ဒုက္ကဋ်။ အမျိုးမဟုတ်သူ၌ အမျိုးမဟုတ်ဟု ထင်အံ့၊ အမျိုးဟု ထင်အံ့၊ ယုံမှားအံ့၊ တိကနိဿဂ္ဂိပါစိတ်။
အမျိုးဘိက္ခုနီ၏ အဖော်ဖြစ်သော အမျိုးမဟုတ်သော ဘိက္ခုနီ ဖွပ်အံ့၊ မစေခိုင်းပဲ ဖွပ်အံ့၊ မသုံးသေးသော သင်္ကန်းကို၎င်း၊ (သင်္ကန်း၊ နိသီဒိုင်၊ အိပ်ရာခင်းမှ) တပါးသော ပရိက္ခရာကို၎င်း ဖွပ်ခိုင်းအံ့၊ သိက္ခမာန်၊ သာမဏေမတို့ကို ဖွပ်ခိုင်းအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
သင်္ကန်းဟောင်းဖြစ်ခြင်း၊ ၁၂-တောင် ဥပစာရအတွင်း တည်လျက် အမျိုး မဟုတ်သော ဘိက္ခုနီအား စေခိုင်းခြင်း၊ ထို ဘိက္ခုနီ၏ ဖွပ်၊ ဆိုး၊ နယ်ခြင်း၊ ဤကား အင်္ဂါသုံးပါး တည်း။ သဉ္စရိတ္တသမုဋ္ဌာန်၊ ကြိယ၊ နောသညာဝိမောက္ခ၊ အစိတ္တက၊ ပဏ္ဏတ္တိပဇ္ဇ၊ ကာယကံ ဝစီကံ၊ တိစိတ္တ၊ တိပေဒန ဖြစ်၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် အရှင်ဥဒါယီ၏ မယားဟောင်းသည် ဘိက္ခုနီမ ပြုလုပ်ပြီးလျှင် ရှင်ဥဒါယီထံ မကြာမကြာ လာလေ့ရှိ၏။ ရှင်ဥဒါယီလည်း ထို ဘိက္ခုနီမထံ သွားလေ့ရှိ၏။ ဆွမ်းစားလေ့ရှိ၏။ တနေ့၌ ရှင်ဥဒါယီသည် ကြွသွား၍ အင်္ဂါကြီးငယ် လှစ်၍ ထိုင်၏။ ထိုဘိက္ခုနီမသည်လည်း လှစ်၍ ထိုင်၏။ ရှင်ဥဒါယီသည် တစိမ့်စိမ့် ကြည့်၍ အညစ်အကြေးလွတ်၍ ဖွပ်မည်ဟု ရေယူခိုင်း၏။
ဘိက္ခုနီမသည် ဖွပ်ပေးမည်ဟု သင်္ကန်းကိုယူ၍ အညစ်အကြေးကို အချို့စုပ်၍ အချို့ အင်္ဂါဇာတ်၌ ထည့်၍ ကိုယ်ဝန်တည်၏။ ဘိက္ခုနမတို့ မေးစစ်သောအခါ ထို အကြောင်းကို ပြောပြ၏။ ရှင်ဥဒါယီသည် ဘိက္ခုနီအား သင်္ကန်းဟောင်း ဖွပ်ခိုင်းသည် ဟု ကဲ့ရဲ့ကုန်၏၊ ချစ်သား ဥဒါယိ၊ အမျိုး တော်သလော။ မတော်ပါဘုရား။ အမျိုးမတော်သူသည် သင့်-မသင့်၊ လျော် မလျော်။ ကြည်ညိုဖွယ်ရှိ-မရှိ မသိတတ်ဟု ကဲ့ရဲ့၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
၅-စီဝရပဋိဂ္ဂဟဏ
ယော ပန ဘိက္ခု။ အဉာတိကာယ။ ဘိက္ခုနိယာ၊ ၏။ (ဟတ္ထကော၊ လက်မှ။) စီဝရံ။ ပဋိဂ္ဂဏှေယျ၊ ခံယူငြားအံ့။ ပါရိဝတ္တကာ၊ လဲလှယ်ခြင်းကို။ အညတြ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ဇာတ်ပမာဏအားဖြင့် ဝိကပ္ပနာလောက်သော အဝတ်သည် ဤ၌ စိဝရမည်၏။ လက်မှ ပေးသော်၎င်း၊ ခြေရင်းအနီး ထားသော်၎င်း၊ ၁၂-တောင် ဥပစာရပြင်ပမှ ပစ်ပေးသော်၎င်း ယူခြင်းသည် ပဋိဂ္ဂဏှေယျ မည်၏။ လူသာမဏေ၏လက်၌ ပေးခိုင်းသော သင်္ကန်းကိုယူခြင်း အမှိုက်ပုံ စသည်၌ ထားသောသင်္ကန်းကို ပံ့သကူဟု ယူခြင်းကား အပ်၏။
အယုတ်ဆုံးအားဖြင့် သျှိသျှားသီး ပိုင်းမျှကို ပေး၍၎င်း၊ ပေးမည်ဟု နှလုံးပြု၍၎င်း ယူခြင်းသည် ပါရိဝတ္တက မည်၏။ ဤသို့ လဲလှယ်ခြင်းကို ကြဉ်၍ ဝိကပ္ပနာ လောက်သော ရေစစ်ပုဝါ ကိုသော်လည်း ခံယူအံ့၊ နိဿဂ္ဂိ။ “ဣဒံ မေ ဘန္တေ စီဝရံ အဉာတိကာယ ဘိက္ခုနိယာ ဟတ္တတော ပဋိဂ္ဂဟိတံ အညတြ ပါရိဝတ္တကာ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
ရာဇဂြိုဟ်၌ ရှင်ဥဒါယီ သင်္ကန်းခံယူခြင်းကြောင့် ပညတ်၏။ အညတြ ပါရိဝတ္တကာ သည် အနုပညတ် ဖြစ်၏။ အသာဓာရဏ၊ အနာဏတ္တိက။ တိက ပါစိတ်။ ဧကတော ဥပသမ္ပန္န ဘိက္ခုနီ ထံမှ ခံယူအံ့၊ အမျိုးတော်သူ၌ အဉာတကသညီ၊ ဝေမတိကာ ဖြစ်အံ့ ဒုက္ကဋ်၊ အကျွမ်းတဝင် ယူအံ့၊ အခိုက်အတန့်ယူအံ့၊ အဓိဋ္ဌာန်မလောက်သော ပရိက္ခရာကို ယူအံ့၊ သိက္ခမာန် သာမဏေမ၏ လက်မှယူအံ့၊ ဥမ္မတ္တက စသသည်ဖြစ်အံ့ အနာပတ္တိ။
၁။ ဝိကပ္ပနာလောက်သော အဝတ်ဖြစ်ခြင်း၊
၂။ လဲလှယ်သည် မဟုတ်ခြင်း၊
၃။ အမျိုးမတော်သော ဘိက္ခုနီ၏ လက်မှယူခြင်း၊
ဤကား အင်္ဂါသုံးပါးတည်း။
သဉ္စရိတ္တသမုဋ္ဌာန်၊ ကြိယာကြိယ၊ အကြွင်းစတုတ္ထနှင့် တူ၏။
ဝတ္ထု
ရာဇဂြိုဟ် ဝေဠုဝန် ရှင်မဥပ္ပလဝဏ်သည် သာဝတ္ထိပြည်၌ နေ့သန့်စင်ခြင်းငှာ ယင်းတိုက်တောသို့ဝင်၍ သစ်ပင်အောက်၌ သမာပတ် ဝင်စား၍ နေ၏။ (ထိုအခါ ဂဏမှာ ဩဟီယန သိက္ခာပုဒ် မပညတ်ရသေး။) ခိုးသူတို့သည် နွားသတ်၍ နွားသားယူ၍ ယင်းတိုက်တောသို့ လာကြ၏။
ခိုးသူကြီးသည် ဘိက္ခုနီမကို မြင်လတ်သော် ငါ့တူငါ့သားများ မြင်လျှင် ညှဉ်းဆဲကုန် လတ္တံ့ ဟု ခရီးလမ်းဖဲ၍ တောအုပ်သို့ဝင်၏။ ဟင်းချက်ပြီးသောအခါ ကောင်းသော အသားတို့ကို ဖက်ဖြင့်ထုပ်၍ ဘိက္ခုနီမ၏ မနီးမဝေး သစ်တပင်၌ “မြင်သူ ယူစေသတည်း” ဟုဆို၍ ဆွဲထား၏။
ရှင်မဥပ္ပလဝဏ်သည် သမာပတ်မှထခိုက် ထိုစကားကိုကြား၍ အမဲသားကို ကျောင်းသို့ယူသွားပြီးလျှင် ကောင်းစွာ ပြင်၍ချက်၏။ နောက်တနေ့၌ အပေါ်ရုံဖြင့် ထုပ်၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်သို့ ကောင်းကင်ခရီးဖြင့် ယူသွား၏။ ဘုရားရှင် ဆွမ်းခံကြွခိုက် ကျောင်းစောင့် ရှင်ဥဒါယီကို မြင်လတ်သော် “ဤ အမဲသားကို ဘုရားရှင်အား လှူပါ” ဟု လျှောက်၏။
နှမ၊ သင်သည် ဘုရားရှင်အား အမဲသားလှူ၏။ ငါအားလည်း သင်၏သင်းပိုင် လှူလော့ဟု လမ်းမဖြောင့်သော ဝိသမလောဘဖြင့် ဆို၏။ အရှင်ဘုရား၊ မာတုဂါမ တို့သည် နည်းသော လာဘ်ရှိကုန်၏။ ဤသင်းပိုင်သည် သင်္ကန်းငါးထည်တွင် အစွန်ဆုံး ဖြစ်၏။ (ထိုမှတပါး မရှိပါ။) မလှူနိုင်ပါဟု လျှောက်၏။ (နှမြော၍ မဟုတ်၊ ခွင့်ပြုသော ငါးထည်သာ ဆောင်သောကြောင့် လျှောက်၏။)
နှမ၊ သင်သည် ဆင်ကို ပေးလျက် ကကြိုး မပေးနိုင်သကဲ့သို့ ဘုရားရှင်အား အမဲသားလှူလျက် ငါ့အား သင်းပိုင်မျှ မလှူနိုင်ဟု နှိပ်ဆို၏။ ရှင်မ ဥပ္ပလဝဏ်သည် သင်းပိုင်ကို လှူ၍ (ရုပ်လွှမ်းတဘက်ကိုဝတ်၍) ကျောင်းသို့ပြန်လာ၏။ ဘိက္ခုနီမတို့ သိကြသောအခါ ရှင်ဥဒါယီသည် လာဘ်ရှားပါးသောဘိက္ခုနီ၏ သင်းပိုင်ကိုပင် ခံယူသည်ဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
အခါတပါး ရဟန်းတို့သည် ဘိက္ခုနီမတို့၏ လဲလှယ်သော သင်္ကန်းကို အလိုရှိ၍ မခံကုန်။ အရှင်ကောင်းတို့သည် လဲလှယ်သော ငါတို့၏သင်္ကန်းကို မခံကြကုန်ဟု ကဲ့ရဲ့ကုန်၏။
(ငါတို့၌ ဤမျှပင် အကျွမ်းဝင်ခြင်း မရှိဟု စိတ်အားငယ်၍ ကဲ့ရဲ့ကုန်၏။)
ချစ်သားတို့၊ သီတင်းသုံးဖော် ငါးယောက်တို့အား လဲလှယ်သော သင်္ကန်းကို ယူစိမ့် သောငှာ ခွင့်ပြု၏ဟု မိန့်၍ အနုပညတ်ဖြင့် တဖန် ပညတ်ပြန်သည်။
၆-အဉာတကဝိညတ္တိ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
အဉာတကံ။ ဂဟပတိံ ဝါ၊ ဒါယကာသို့၎င်း။
ဂဟပတာနိံ ဝါ၊ ဒါယိကာမသို့၎င်း။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
စီဝရံ။ ဝိညာပေယျ၊ တောင်းငြားအံ့၊
(ဝိကပ္ပနာလောက်သော အဝတ်သင်္ကန်း)
သမယာ၊ အခါကို။
အညတြ။ တဿ ဘိက္ခုနော။ နိဿဂ္ဂိယံ။ ပါစိတ္တိယံ။
တတ္ထ၊ ထိုသင်္ကန်းတောင်းရာ၌။
အယံ၊ ဤသို့လတ္တံ့သည်ကား။
သမယော၊ အခါတည်း။
ဘိက္ခု၊ ရဟန်းသည်၊
အစ္ဆိန္နစီဝရော ဝါ၊ ခိုးသူလုယက်အပ်သော သင်္ကန်းရှိသည်၎င်း။
နဋ္ဌစီဝရော ဝါ၊ ပျောက်ပျက်သော သင်္ကန်းရှိသည်၎င်း။
ဟောတိ၊ ဖြစ်၏။
အယံ၊ ဤဆိုအပ်ပြီးသည်ကား။
တတ္ထ၊ ထိုသင်္ကန်းတောင်းရာ၌။
သမယော၊ အခါတည်း။
အဓိပ္ပါယ်
ရဟန်းတို့ထံ ရှင်ရဟန်းမပြုသော လူသည် ဂဟပတိ မည်၏။ ဘိက္ခုနီတို့ထံ ရှင်ရဟန်း မပြုသော မိန်းမသည် ဂဟပတာနိ မည်၏။ ဝါ၊ ပရိဗိုဇ်ဖြစ်စေ ဒါယကာ၊ ဒါယိကာမ မည်၏။ ကိုယ်တိုင် တောင်းခြင်း၊ သူတပါးကို တောင်းစေခြင်းသည် ဝိညာပေယျ မည်၏။ မင်း၊ ခိုးသူ၊ သေသောက်ကြူး စသော တယောက်ယောက်၏ သင်္ကန်းအလု ခံရသော ရဟန်းသည် အစ္ဆိန္နစီဝရ မည်၏။
မီးလောင်၊ ခြစား၊ ဆွေးမြေ့ခြင်း စသော အားဖြင့် ပျက်စီးသော သင်္ကန်းရှိသော ရဟန်းသည် နဋ္ဌစီဝရ မည်၏။ အလုခံရ၍၊ ပျက်စီး၍ သင်းပိုင်ကိုယ်ရုံမျှ မပြည့်စုံ သောအခါသည် သင်္ကန်းတောင်းကောင်းသောအခါ မည်၏။ အခါကိုကြဉ်၍ တောင်းအံ့၊ ပယောဂတိုင်း ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂိ။ “ဣဒံ မေ ဘန္တေ စီဝရံ အဉာတကံ ဂဟပတိကံ အညတြ သမယာ ဝိညာပိတံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥပနန္ဒ သင်္ကန်းတောင်းခြင်းကြောင့် ပညတ်၏။ အညတြ သမယာသည် အနုပညတ် ဖြစ်၏။ သာဓာရဏ၊ အနာအတ္တိက။ တိကပါစိတ်။ ဉာတက၌ အဉာတကသညီ၊ ဝေမတိက ဖြစ်အံ့၊ ဒုက္ကဋ်။ အခါနှစ်ပါးဖြစ်အံ့၊ အမျိုး တော်သူ ဖိတ်ကြားသူထံ တောင်းအံ့၊ အညဿတ္ထာယ-တပါးသော ရဟန်း၏အလို့ငှာ တောင်းအံ့ မိမိဥစ္စာဖြင့် ယူအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ ဝိကပ္ပနာ လောက်သော သင်္ကန်း ဖြစ်ခြင်း၊
၂။ အခါ နှစ်ပါး မရှိခြင်း၊
၃။ အမျိုးမတော်သူထံ တောင်းခြင်း၊
၄။ တောင်း၍ ရခြင်း၊
ဤကား အင်္ဂါလေးပါးတည်း။
မှတ်ဖွယ်အထူး
အညဿတ္ထာယ အနာပတ္တိသည် နှစ်မျိုးရှိ၏။ မိမိ၏ ဉာတက ပဝါရိတထံ၌ မိမိ အလို့ငှာသာမဟုတ်၊ သူတပါးအလို့ငှာ တောင်းလည်း အနာပတ္တိ။ တပါးသော ရဟန်း၏ ဉာတကပဝါရိတထံ ထိုတပါးသော ရဟန်းအလို့ငှာ တောင်းလည်း အနာပတ္တိ။ ဤသို့ နှစ်မျိုး ဖွင့်ပြသည်။
သံဃာစွမ်းဖြင့် ဖိတ်ရာ၌ ပမာဏသိ၍ တောင်း။ ပုဂ္ဂလိက ဖိတ်ရာ၌ အလိုရှိတိုင်း တောင်း။ ပစ္စည်းလေးပါးတို့တွင် သင်္ကန်း၊ ဆွမ်းနှစ်ခု၌ နိမိတ်၊ ဩဘာ၊ ပရိကထာ၊ ဝိညတ် လေးပါးလုံး မအပ်။ သူတပါးအတွက်လည်း မအပ်။ ကျောင်း၌ ဝိညတ် တခုသာ မအပ်။ ဆေး၌ကား လေးပါးလုံး အပ်သည်။ ဝိညတ်သင်္ကန်း နိဿဂ္ဂိလည်း ဝိနည်းကံစွန့်ပြီးလျှင် အပ်သေး၏။
ဝတ္ထု
သာဝတ္ထိပြည် ဇေတဝန် ရှင်ဥပနန္ဒသည် တရားဟော ကောင်း၏။ သူဌေးသား တယောက် တရားကြည်ညို၍ ပစ္စည်းလေးပါးလိုရာ ပြောပါ လှူပါမည်ဟု လျှောက်၏။ ဒါယကာ၊ လှူလိုလျှင် သင့်ကိုယ်မှ ပုဆိုး နှစ်ထည်တွင် တထည်လှူပါဟု ဆို၏။ အရှင်ဘုရား၊ ကုလပုတ္တတို့အား ပုဆိုး တထည်တည်းဖြင့် သွားခြင်းငှာ မလျောက် ပတ်ပါ၊ အိမ်ရောက်သောအခါ သည်ထက် ကောင်းသည်ကို ပို့လိုက်ပါမည်ဟု လျှောက်၏။
ရှင်ဥပနန္ဒသည် ထိုပုဆိုးကိုသာ ထပ်ကာထပ်ကာ တောင်း၍ မလှူလိုလျှင် အဘယ့်ကြောင့် ဖိတ်သနည်းဟု ဆိုသဖြင့် လှူ၍ပြန်သွား၏။ လူတို့သည် အမောင်၊ အဘယ့်ကြောင့် ပုဆိုးတထည်တည်းဖြင့် လာသနည်းဟု မေးကုန်၏။ ထို အကြောင်းကို ပြောပြသောအခါ ဤရဟန်းတို့သည် မရောင့်ရဲနိုင်ကြကုန်၊ တရား ကြည်ညို၍ ဓမ္မနိ မန္တနစွမ်းဖြင့် ဖိတ်ခြင်းငှာလည်း မလွယ်ကုန်ဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် အမျိုး မတော်လျှင် မတောင်းအပ်ဟု ပညတ်သည်။
အခါတပါး ရဟန်းများစွာတို့သည် သာဝတ္ထိသို့သွားစဉ် လမ်း၌ ခိုးသူတို့ လုယက် ကုန်၏။ အမျိုးမတော်သူထံ တောင်းခြင်းကို ဘုရားရှင် ပယ်သည်ဟု အလို့လို့ရှိ၍ မိမွေးတိုင်း ကိုယ်တုံးလုံးဖြင့် သာဝတ္ထိသို့ ရောက်၍ ရဟန်းတို့ကို ရှိခိုးကုန်၏။ ရဟန်းတို့က ဤတက္ကတွန်းတို့သည် တော်ကုန်၏။ ရဟန်းတို့ကို ရှိခိုးကြသည်ဟု ဆိုကုန်၏။
ငါတို့သည် တက္ကတွန်းတို့ မဟုတ်၊ ရဟန်းတို့ဖြစ်ကုန်၏ဟု ဆိုလတ်သော် ရှင်ဥပါလိ မထေရ် မေးစစ်၍ ရဟန်းတို့ဟုသိ၍ သင်္ကန်းများ ပေးကြပြီးလျှင် အဘယ့်ကြောင့် မိမွေးတိုင်း လာကြသနည်း၊ မြက်သစ်ရွက်ဖြင့်ပင် ဖုံးလွှမ်း၍ လာသင့်သည် မဟုတ်လောဟု ကဲ့ရဲ့ကုန်၏။
ချစ်သားတို့၊ သင်္ကန်းခိုးသူ လုသောရဟန်း၊ သင်္ကန်းပျောက်ပျက်သော ရဟန်းသည် အမျိုး မတော်သူထံ သင်္ကန်းတောင်းခြင်းငှာ ခွင့်ပြု၏။ ရှေးဦးစွာ ရောက်သော ကျောင်း၌ သံဃိကဖြစ်သော ဝိဟာရသင်္ကန်း၊ အပေါ်ခင်း၊ မြေအခင်း၊ ဘုံလျှို၊ အိတ်တို့ကိုယူ၍ ဝတ်ရုံခြင်းငှာ ခွင့်ပြု၏။ မရလျှင် မြက်သစ်ရွက်ဖြင့် ဖုံးလွှမ်း၍ လာအပ်၏။ မိမွေးတိုင်း အချည်းနှီး မလာအပ်လာငြားအံ့၊ ဒုက္ကဋ်ဟု မိန့်တော်မူ၍ အနုပညတ်ဖြင့် တဖန်ပညတ်ပြန်သည်။ ဆိုးရည်မဆိုး ဗိန္ဓုမထိုးပဲ ဝတ်ရုံ၍ လိုရာ သွားနိုင်သည်၊ အာပတ်မသင့်၊ ဘုရားရှင်ခွင့်ပြုသည်ကို သိလော့ဟု ပြဿနာ ထုတ်အပ်၏။
၇-တတုတ္တရိ
တံ၊ (ထိုသင်္ကန်းလုယက်၊ ပျောက်ပျက်သော) ရဟန်းကို။
အဉာတကော။ ဂဟပတိဝါ၊ သည်၎င်း။
ဂဟပတာနီ ဝါ၊ မသည်၎င်း။
ဗဟူဟိ၊ များစွာကုန်သော။
စီဝရေဟိ၊ သင်္ကန်းတို့ဖြင့်။
အဘိဟဋ္ဌုံ၊ ခံယူစိမ့်သောငှာ။
ဝါ၊ ရှေးရှုဆောင်၍။
စေ ပဝါရေယျ၊ ဖိတ်ငြားအံ့။
တေန ဘိက္ခုနာ၊ သည်။
တတော၊ ထိုဖိတ်သောသင်္ကန်းမှ။
သန္တရုတ္တရပရမံ၊ သင်းပိုင်နှင့်တကွ ကိုယ်ရုံအတိုင်း အရှည်ရှိသော။
စီဝရံ၊ ကို။
သာဒိတဗ္ဗံ၊ သာယာအပ်၏။
တတော၊ ထိုထက်။
ဥတ္တရိ၊ အလွန်။
စေ သာဒိယေယျ၊ အကယ်၍ သာယာငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
သင်္ကန်းခိုးသူလုသောရဟန်း၊ သင်္ကန်း ပျောက်ပျက်သောရဟန်းသည် (တံ) ထိုရဟန်း မည်၏။ ယူစိမ့်သောငှာ ဖိတ်ခြင်းသည် အဘိဟဋ္ဌုံ ပဝါရေယျ မည်၏။ (အဘိဟရိတုံ- ဂဏှိတုံ အနက်။) လိုသလောက် ယူပါဟု ဖိတ်ကြားသည်ဟူလို။
တနည်း၊ ရှေးရှုဆောင်၍ ဖိတ်ခြင်းသည် အဘိဟဋ္ဌုံ ပဝါရေယျ မည်၏။ (အဘိဟရိတွာ-အာဟရိတွာ အနက်။) ကိုယ်ဖြင့် နှုတ်ဖြင့် ဆောင်၍ ဖိတ်ကြားသည် ဟူလို။ ရှေ့၌ လာထားခြင်းသည် ကိုယ်ဖြင့်ဆောင်သည် မည်၏။ အကျွန်ုပ်တို့၏ ပုဆိုးတိုက်မှ လိုသလောက်ယူပါ ဟု ဆိုခြင်းသည် နှုတ်ဖြင့် ဆောင်သည်မည်၏။ (သ + အန္တရ + ဥတ္တရ + ပရမ) သင်းပိုင်နှင့်+တကွ+ကိုယ်ရုံ+အတိုင်း အရှည်ရှိသော သင်္ကန်းသည် သန္တရုတ္တရပရမ မည်၏။ အလွန်ဆုံး သင်းပိုင်နှင့်ကိုယ်ရုံ နှစ်ထည် ကိုသာ ထိုအတိဟဋ သင်္ကန်းတို့မှ ယူရသည်။ ပိုယူလျှင် နိဿဂ္ဂိ။
သန္တရုတ္တရပရမ ယူခြင်း
အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းသုံးထည် ရှိသူသည် သုံးထည် ပျောက်ပျက်အံ့၊ နှစ်ထည်ယူ၍ ဝတ်ရုံပြီး သဘာဂဌာနမှ တထည် ရှာအပ်၏။ နှစ်ထည်ပျောက်အံ့၊ တထည် ယူအပ်၏။ တထည်သာ ပျောက်အံ့၊ မယူအပ်။ ပကတိအားဖြင့် နှစ်ထည်ရှိသူ နှစ်ထည်ပျောက်အံ့၊ နှစ်ထည်ယူအပ်၏။ တထည်ပျောက်အံ့၊ တထည် ယူအပ်၏။ တထည်သာရှိသူ တထည်ပျောက်အံ့၊ နှစ်ထည်ယူအပ်၏။
ဘိက္ခုနီအား ငါးထည်ပျောက်လျှင် နှစ်ထည်ယူအပ်၏။ လေးထည်ပျောက်လျှင် တထည်ယူအပ်၏။ သုံးထည်၊ နှစ်ထည်၊ တထည် ပျောက်လျှင် မယူအပ်။ အကြွင်း ရရာဖြင့် သင်းပိုင် ကိုယ်ရုံ ရှိသူအဖြစ်၌ တည်ရသည်။ ထို့ထက်အလွန်တောင်းအံ့၊ ပယောဂတိုင်း ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂိ။ “ဣဒံ မေ ဘန္တေ စီဝရံ အဉာတကံ ဂဟပတိကံ တတုတ္တရိ ဝိညာပိတံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ဆဗ္ဗဂ္ဂီရဟန်းတို့ သင်္ကန်းများစွာ တောင်းခြင်းကြောင့် ပညတ်၏။ သာဓာရဏ၊ အနာဏတ္တိက။ တိကပါစိတ်။ ဉာတက၌ အဉာတကသည် ဝေမတိက ဖြစ်အံ့၊ ဒုက္ကဋ်၊ “သင်္ကန်းနှစ်ထည်ပြုပြီးလျှင် အကြွင်ပြန်ပေးမည်”ဟု ဆို၍ ယူသွားအံ့၊ အကြွင်းသည် အရှင့်အားသာ ဖြစ်ပါစေဟု ဆိုကုန်အံ့၊ လုခြင်း၊ ပျောက်ခြင်းကြောင့် မဟုတ်ပဲ လှူသည်ကိုယူအံ့၊ ဉာတကပဝါရိတထံ တောင်းအံ့၊ မိမိဥစ္စာဖြင့် ယူအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ သင်းပိုင် ကိုယ်ရုံထက်လွန်ခြင်း၊
၂။ လုယက်ပျောက်ပျက်ဟူသော အကြောင်းရှိခြင်း၊
၃။ အမျိုးမတော်သူထံ တောင်းခြင်း၊
၄။ တောင်း၍ရခြင်း။
ဤကား အင်္ဂါလေးပါးတည်း။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းခိုးသူ လုသော ရဟန်းတို့ထံ ချဉ်းကပ်၍ သင်္ကန်းမပျောက်လျှင် အမျိုးမတော်သူထံ တောင်းကောင်းသည်။ တောင်းကြကုန်လော့ဟု ဆိုကုန်၏။ ငါတို့ ရ၍ ပြည့်စုံပြီဟု ဆိုလတ်သော် သင်တို့အတွက် တောင်းပေးမည်ဟုဆို၍ လူတို့ထံ များစွာသော သင်္ကန်းတို့ကို တောင်းကုန်၏။
လူတို့သည် စည်းဝေးရာ၌ ဆုံမိကြသဖြင့် ရဟန်းသင်္ကန်း ခိုးသူလုသည့်အတွက် ငါ သင်္ကန်းလှူရသည်ဟု ဆိုလတ်သော် တပါးသောသူတို့က ငါလည်း လှူရသည်၊ ငါလည်း လှူရသည် ဟု ဆိုကုန်၏။ ရဟန်းတို့သည် အတိုင်းမသိ သင်္ကန်းများစွာ တောင်းကုန်၏။ ပုဆိုးကုန်သည် ပြုကုန်အံ့လော၊ ဈေးဆိုင်ကျင်းပကုန်အံ့လောဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၈-ဥပက္ခဋ
ဘိက္ခုပနေဝ၊ ရဟန်းကိုသာလျှင်။
ဥဒ္ဒိဿ၊ ရည်၍။
အဉာတကဿ။ ဂဟပတိဿဝါ၊ သည်၎င်း။
ဂဟပတာနိယာဝါ၊ မသည်၎င်း။
စီဝရစေတာပန္နံ၊ သင်္ကန်းဖိုးကို။
(ကပ္ပိယ၊ အကပ္ပိယ-အဖိုးဟူလို။)
ဥပက္ခဋံ၊ စီရင်အပ်သည်။
ဟောတိ၊ ဖြစ်၏။
ဣမိနာ စီဝရစေတာပန္နေန၊ ဤသင်္ကန်းဖိုးဖြင့်။
စီဝရံ၊ ကို။
စေတာပေတွာ၊ ဝယ်၍။ (လဲလှယ်၍။)
ဣတ္ထန္နာမံ၊ ဤအမည်ရှိသော။
ဘိက္ခု၊ ကို။
စီဝရေန၊ ဖြင့်။
အစ္ဆာဒေဿာမိ၊ ဖုံးလွှမ်းအံ့။
ဝါ၊ လှူအံ့။
ဣတိ။ ဥပက္ခဋံ။ ဟောတိ။
တတြ၊ ထိုစီရင်သောအိမ်သို့။
သော ဘိက္ခု၊ သည်။
ပုဗ္ဗေ၊ ရှေး၌။
အပ္ပဝါရိတော၊ ဖိတ်အပ်သူမဟုတ်ပဲ။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
စီဝရေ၊ သင်္ကန်း၌။
ဝိကပ္ပံ၊ အလွန်စီရင်ခြင်းသို့။
စေ အာပဇ္ဇေယျ၊ အကယ်၍ ရောက်ငြားအံ့။
အာယသ္မာ၊ အသက်ရှည်လတ္တံ့သော ဒါယကာ။
သာဓု၊ ငါတောင်းပန်၏။
ဝတ၊ စင်စစ်။
ဝတ၊ ကြံစည်စဉ်းစားလော့။
မံ၊ ငါ့ကို။
ဣမိနာ စီဝရစေတာပန္နေန။ ဧဝရူပံ ဝါ၊
ဧဝရုပံပါ၊ ဤသို့ ဤသို့ (ရှည်ပြန့်ထူချော)သဘောရှိသော။
စီဝရံ။ စေတာပေတွာ။
အစ္ဆာဒေဟိ၊ လှူလော့။
ဣတိ၊ ဤသို့။
ကလျာဏကမျတံ၊ ကောင်းသည်၌ အလိုရှိခြင်းကို။
ဥပါဒါယ၊ စွဲ၍။
ဝိကပ္ပံ။ စေ အာပဇ္ဇေယျ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ရဟန်း၏ အလို့ငှာ ရဟန်းကို အကြောင်းပြု၍ လှူလို၍ လှူမည် ရည်ညွှန်းခြင်းသည် ဘိက္ခုံပနေပ ဥဒ္ဒိဿ မည်၏။ ရွှေ၊ ငွေ၊ ပုလဲ၊ ပတ္တမြား စသော အကပ္ပိယဝတ္ထု သည်၎င်း၊ ပုဆိုး၊ ဝါ၊ ချည် စသော ကပ္ပိယဝတ္ထုသည်၎င်း ဤ၌ စီဝရစေတာပန္န မည်၏။ အပ် – မအပ် - နှစ်မျိုးလုံးသည် သင်္ကန်းဖိုးမည်၏။
(စေတာပေန္တိ ပရိဝက္ကေန္တိ ဧတေနာတိ စေတာပနံ-ဟု ဆိုလိုလျက် န-အာဂုံဖြင့် စေတာပန္နံဟု ဆိုသည်။ စေတာပနံဟူ၍လည်း ရွတ်ကြသည်ဟု ဋီကာဆို၏၊)
ရှေးရှုထင်ရှား ဆောင်ယူထားခြင်းသည် ဥပက္ခဋ မည်၏။ လဲလှယ်ခြင်း၊ ဝယ်ယူခြင်း၊ ပြုလုပ်ခြင်းသည် စေတာပေတွာ မည်၏။ အစ္ဆာဒေဿာမိ = ဖုံးလွှမ်းအံ့ဟူသည် ထိုကာလကသုံးသော ဝေါဟာရ စကားဖြစ်၏။ ရဟန်းအား သင်္ကန်းလှူမည်ဟူသော အနက်ပင်တည်း။
ထို ဒါယကာ ဒါယိကာမ ရှိရာအရပ်သည် တတြမည်၏။ ထို ဒါယကာ ဒါယိကာမ ရှိရာအိမ်သို့၎င်း၊ နေရာတခုခုသို့၎င်း ရှေး၌ မဖိတ်ကြားအပ်ပဲ ချဉ်းကပ်၍ အလွန် စီရင်ငြားအံ့ဟု စပ်အပ်၏။ အဘယ်သို့သော သင်္ကန်းကို အလိုရှိသနည်း၊ ဝယ်ပေး ရမည်နည်းဟု ရှေး၌ မဆိုအပ်သောရဟန်းသည် ပုဗ္ဗေအပ္ပဝါရိတ မည် ၏။
ရှည်ရှည်၊ ပြန့်ပြန့်၊ ထူထူ၊ ချောချော ပြုပါဟု ဆိုခြင်းသည် ဝိကပ္ပံ အာပဇ္ဇေယျ မည်၏။ သာဓုကား တောင်းပန်ခြင်း အနက်၌ နိပါတ်။ ဝတ ကား ကြံခြင်းအနက်၊ ဝါ-ဧကန္တအနက်၌ နိပါတ်။ မံဖြင့် မိမိကိုယ်ကို ညွှန်း၏။ အာယသ္မာဖြင့် ဒါယကာကို ခေါ်၏။ ရှည်ပြန့်ထူချော တခုခုသည် ဧဝရူပံဝါ မည်၏၊
ကောင်းသည်ကို ရလိုခြင်းတဏှာသည် ကလျာဏ ကမျတာ မည်၏။ စိတ်ဖြင့် ယူခြင်းသည် ဥပါဒါယ မည်၏။ အာပဇ္ဇေယျနှင့် စပ်။ ဤသို့ စီရင်ခြင်းကြောင့် သင်္ကန်းဖိုး တိုးစေ၍ ဝယ်လျှင် ဝယ်သူ၏ ပယောဂတိုင်း ဒုက္ကဋ်၊ ရသောအခါ နိဿဂ္ဂိ။ “ဣဒံ မေ ဘန္တေ စီဝရံ ပုဗ္ဗေ အပ္ပဝါရိတံ အဉာတကံ ဂဟပတိကံ ဥပသင်္ကမိတွာ ဝိကပ္ပံ အာပန္နံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥပနန္ဒ သင်္ကန်း၌ အလွန် စီရင်ခြင်းကြော ပညတ်၏။ သာဓာရဏ၊ အနာဏတ္တိက။ တိကပါစိတ်၊ ဉာတက၌ ဒွိကဒုက္ကဋ်။ အဖိုးတန်ဝယ်လိုသူကို အဖိုးအနည်းငယ်တန် လှူပါဟု ဆိုအံ့၊ ဤအဖိုးဖြင့်သာ တပါးသောသင်္ကန်းကို လှူပါဟု ဆိုအံ့၊ ဉာတက ပဝါရိတထံ တောင်းအံ့၊ သူတပါးအလို့ငှာ တောင်းအံ့၊ မိမိဥစ္စာဖြင့် ယူအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ သင်္ကန်း၌ အလှူကို အလိုရှိခြင်း၊
၂။ အမျိုး မတော်သူထံ တောင်းခြင်း၊
၃။ တောင်း၍ရခြင်း၊
ဤကား အင်္ဂါသုံးပါးတည်း။
သမုဋ္ဌာန် စသည် စတုတ္ထနှင့် တူ၏။ အညဿတ္ထာယ သူတပါးအလို့ငှာ တောင်းရာ၌ အနက် နှစ်မျိုးကို (၇) အဉာတကဝိညတ္တိ၌ ဆိုအပ်ပြီ။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ဒါယကာတဦးသည် မိမိ မယားအား ရှင်ဥပနန္ဒကို သင်္ကန်း လှူရအောင်ဟု ဆို၏။ ဆွမ်းခံကြွသော ရဟန်းတပါးသည် ထိုစကားကို ကြားခဲ့၍ ရှင်ဥပနန္ဒအား ပြောပြ၏။ ရှင်ဥပနန္ဒသည် ငါ၏ ငါ၏ ဒါယကာဖြစ်သည်ဟု ပြော၍ ထို ဒါယကာထံသွား၍ ငါ့ကို သင်္ကန်းလှူမည်ဟု ကြားသည်။ ဤသို့သောသင်္ကန်းကို လှူလော့၊ ငါမသုံးလိုသော သင်္ကန်းကို လှူလျှင် အဘယ်သို့ သုံးနိုင်အံ့နည်းဟု ဆို၏။ ဤရဟန်းတို့သည် အလိုကြီးကုန်၏၊ သင်္ကန်းလှူရန် မလွယ်၊ အဘယ့်ကြောင့် ရှင်ဥပနန္ဒသည် ငါ မဖိတ်ကြားပဲ ငါ့ထံချဉ်းကပ်၍ သင်္ကန်းစီရင်သနည်းဟု ကဲ့ရဲ့၏။ ထို့ကြောင့် ပညတ်သည်။
၉-ဒုတီယ ဥပက္ခဋ
ဘိက္ခုံပနေဝ။ ဥဒ္ဒိဿ။
ဥဘိန္နံ၊ နှစ်ဦးကုန်သော။
အဉာတကာနံ၊ ကုန်သော။
ဂဟပတီနံ ဝါ၊ တို့သည် ၎င်း။
ဂဟပတာနီနံ ဝါ။
ပစ္စေကစီဝရ စေတာပန္နာနိ၊ အသီးသီးသော သင်္ကန်းဖိုးတို့ကို။
ဥပက္ခဋာနိ၊ စီရင်အပ်ကုန်သည်။
ဟောန္တိ။ မယံ၊ ငါတို့သည်။
ဣမေ ဟိ ပစ္စေကစီဝရစေတာပန္နေဟိ၊ တို့ဖြင့်။
ပစ္စေကစီဝရာနိ။ စေတာပေတွာ။ ဣတ္ထန္နာမံ။ ဘိက္ခုံ။ စိဝရေဟိ။
အစ္ဆာဒေဿာမ၊ ဖုံးလွှမ်းကုန်အံ့။
ဝါ၊ လှူကုန်အံ့။
ဣတိ။ ဥပက္ခဋာနိ။ ဟောန္တိ။
တတြ၊ ထိုစီရင်သော အိမ်တို့သို့။
သော ဘိက္ခု။ ပုဗ္ဗေ။ အပ္ပဝါရိတော။ ဥပသင်္ကမိတွာ။ စီဝရေ။ ဝိကပ္ပံ။ စေ အာပဇ္ဇေယျ။
အာယသ္မန္တော၊ အသက်ရှည်လတ္တံ့သော ဒါယကာတို့။
သာဓု။ ဝတ။ မံ။ ဣမေဟိ ပစ္စေကစီဝရစေတာပန္နေဟိ။ ဧဝ ရူပံ ဝါ၊ ဧဝ ရူပံ ဝါ။ စီဝရံ။ စေတာပေတွာ။
ဥဘောဝ၊ နှစ်ဦးလုံးတို့သည်သာလျှင်။
သန္တာ၊ ထင်ထင် ရှားရှား။
ဧကေန၊ တပေါင်းတည်း။
အစ္ဆာဒေထ။ ဣတိ။ ကလျာဏ ကမျတံ။ ဥပါဒါယ။ ဝိကပ္ပံ။ စေ အာပဇ္ဇေယျ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ် စသည်
ဤသိက္ခာပုဒ်သည် ယခင် သိက္ခာ၏ အနုပညတ် သဖွယ် ဖြစ်၏။ ထို၌ ဒါယကာ တဦးတည်းကို၊ ဤ၌ နှစ်ဦးကို နှိပ်စက်၏။ အကြွင်း တူ၏။ ဒါယကာများစွာတို့ကို နှိပ်စက်ရာ၌လည်း ဤနည်းဖြင့် အာပတ်သင့်နိုင်၏။ “ဣဒံ မေ ဘန္တေ စီဝရံ ပုဗ္ဗေ အပ္ပဝါရိတေ အဉာတကေ ဂဟပတိကေ ဥပသင်္ကမိတွာ ဝိကပ္ပံ အာပန္နံ နိဿဂ္ဂိယံ” စသည် ဖြင့် စွန့်အပ်၏။ ဗဟုဝုစ်မျှ ထူး၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ဒါယကာတဦးသည် ဒါယကာတဦးကို ငါ သည် ရှင်ဥပနန္ဒအား သင်္ကန်းလှူမည်ဟု ပြော၏။ ထိုဒါယကာကလည်း မိမိလည်း လှူမည်ဟု ပြန်ပြော၏။ ဆွမ်းခံကြွသော ရဟန်းကြား၍ ရှင်ဥပနန္ဒအား ပြောပြ၏။ ရှင်ဥပနန္ဒသည် ထို ဒါယကာတို့ထံသွား၍ စီရင်၏။ ဒါယကာတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၁ဝ-ရာဇ
ဘိက္ခုံပနေဝ။ ဥဒ္ဒိဿ။
ရာဇာ ဝါ၊ မင်းသည်၎င်း။
ရာဇ ဘောဂ္ဂေါ ဝါ၊ မင်း အမတ်သည်၎င်း။
ဗြာဟ္မဏော ဝါ၊ ပုဏ္ဏားသည်၎င်း။
ဂဟပတိကောဝါ၊ သူကြွယ်သည်၎င်း။
ဒူတေန၊ တမန်ဖြင့်။
စီဝရ စေတာပန္နံ၊ သင်္ကန်းဖိုး (ငွေ) ကို (အကပ္ပိယ တမျိုးသာ။)
ပဟိဏေယျ၊ စေရာ၏။
ဣမိနာ စီဝရ စေတာပန္နေန။ စီဝရံ။ စေတာပေတွာ။ ဣတ္ထိန္နာနံ။ ဘိက္ခုံ။ စီဝရေန။
အစ္ဆာဒေဟိ၊ လှူချေလော့။
ဣတိ။ ပဟိဏေယျ။ သော ဒူတော၊ သည်။
တံ ဘိက္ခုံ။ ဥပသင်္ကမိတွာ။ ဧဝံ။
စေ ဝဒေယျ၊ အကယ်၍ ဆိုငြားအံ့။
ဘန္တေ။ အာယသ္မန္တံ၊ အရှင်ဘုရားကို။
ဥဒ္ဒိဿ။ ဣဒံ ခေါ စီဝရစေတာပန္နံ။
အာဘတံ၊ ဆောင်အပ်၏။
အာယသ္မာ၊ သည်။
စီဝရစေတာပန္နံ။
ပဋိဂ္ဂဏှတု၊ ခံယူတော်မူပါလော့။
ဣတိ၊ စေ ဝဒေယျ။ တေနဘိက္ခုနာ၊ သည်။
သောဒူတော။ ဧဝံ။ ဝစနီယော။ အဿ (ဟောတိ)။
အာဝုသော၊ ဒါယကာ။
မယံ။ စီပရစေတာပန္နံ။
ခေါ ပဋိဂ္ဂဏှာမ၊ မခံကုန်။
ကာလေန၊ အလိုရှိသောအခါ၌။
ကပ္ပိယံ၊ အပ်သော။
စိဝရဉ္စ ခေါ၊ သင်္ကန်းကိုသာလျှင်။
ပဋိဂ္ဂဏှာမ၊ ခံကုန်၏။
ဣတိ။ ဝစနိယော။ အဿ (ဟောတိ)။ သော ဒူတော။ တံ ဘိက္ခုံ။ ဧဝံ။ စေ ဝဒေယျ။
အာယသ္မတော၊ အား။
ကောစိ၊ တစုံတယောက်သော။
ဝေယျာဝစ္စကရော၊ အမှုကြီးငယ် ပြုသောသူသည်။
အတ္ထိ ပန၊ ရှိပါ၏လော။
ဣတိ။ စေ ဝဒေယျ။
ဘိက္ခဝေ၊ ချစ်သားတို့။
စီဝရတ္ထိကေန၊ သင်္ကန်းဖြင့် အလိုရှိသော။
ဘိက္ခုနာ၊ သည်။
ဝေယျာဝစ္စကရော၊ ကို။
နိဒ္ဒိသိတဗ္ဗော၊ ညွှန်းအပ်၏။
အာရာမိကော ဝါ၊ အရာမ်စောင့်ကို၎င်း။
ဥပါသကောဝါ၊ သီတင်းသည်ကို၎င်း။
အာဝုသော၊ ဒါယကာ။
သော ခေါ၊ ဤသူသည်။
ဘိက္ခူနံ၊ တို့၏။
ဝေယျာဝစ္စကရော၊ ဖြစ်၏။
ဣတိ။ နိဒ္ဒိသိတဗ္ဗော။ သော ဒူတော။ တံ ဝေယျာဝစ္စကရံ။
သညာပေတွာ၊ သိစေ၍။
တံ ဘိက္ခုံ။ ဥပသင်္ကမိတွာ။ ဧဝံ။ စေ ဝဒေယျ။
အာယသ္မာ။ ယံခေါ ဝေယျာဝစ္စကရံ။
နိဒ္ဒိသိ၊ ညွှန်းပြီ။
သော၊ ထိုသူကို။
မယာ၊ အကျွန်ုပ်သည်။
အညတ္တော၊ သိစေအပ်ပြီ။
အာယသ္မာ။ ကာလေန၊ အလိုရှိသောအခါ၌။
ဥပသင်္ကမတု၊ ချဉ်းကပ်တော်မူပါလော့။
တံ၊ အရှင်ဘုရားကို။
စီဝရေန။ အစ္ဆာဒေဿတိ၊ လှူလတ္တံ့။
ဣတိ။ စေ ဝဒေယျုံ။ ဘိက္ခဝေ။
စီဝရတ္ထိကေန။ ဘိက္ခုနာ။ ဝေယျာဝစ္စကရော၊ သို့။ ဥပသင်္ကမိတွာ။
ဒွတ္တိက္ခတ္တုံ၊ နှစ်ကြိမ် သုံးကြိမ်။
စောဒေတဗ္ဗော၊ တောင်းအပ်၏။
သာရေတဗ္ဗော၊ သတိပေးအပ်၏။
အာဝုသော၊ ဒါယကာ။
မေ၊ ငါ့အား။
စီဝရေန၊ ဖြင့်။
အက္ကော၊ အလိုရှိ၏။
ဣတိ၊ ဤသို့ နှစ်ကြိမ် သုံးကြိမ် တောင်းအပ် သတိပေးအပ်၏။
ဒွတ္တိက္ခတ္တုံ။ စောဒီယမာနော၊ တောင်းအပ်သည်ရှိသော်။
သာရီယမနော၊ သတိပေးအပ်သည်ရှိသော်။
တံ စီဝရံ၊ ကို။ စေ အဘိနိပ္ဖာဒေယျ၊ အကယ်၍ ပြီးစေငြားအံ့။
ဣစ္စေတံ၊ ဤသို့ ပြီးစေခြင်းသည်။
ကုသလံ။ နောစေ အဘိနိပ္ဖာဒေယျ။
စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တု ပရမံ၊ လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ် အတိုင်း အရှည် ရှိသည်တိုင်အောင်။
တုဏှိဘူတေန၊ ဆိတ်ဆိတ်နေသူဖြစ်၍။
ဥဒ္ဒိဿ၊ ရည်စူး၍။
ဌာတဗ္ဗံ၊ ရပ်အပ်၏။
စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တု ပရမံ၊ တိုင်အောင်။
တုဏှိဘူတော၊ ဆိတ်ဆိတ်နေသူဖြစ်၍။
ဥဒ္ဒိဿ၊ ရည်စူး၍။
တိဋ္ဌမာနော၊ ရပ်သည်ရှိသော်။
တံ စီဝရံ၊ ကို။
စေ အဘိနိပ္ဖာဒေယျ။ ဣစ္စေတံ။ ကုသလံ။
တတော၊ ထိုသုံးကြိမ်တောင်းခြင်း ခြောက်ကြိမ် ရပ်ခြင်းထက်။
ဥတ္တရိ။ ဝါယမမာနော၊ အားထုတ်သည်ဖြစ်၍။
တံစီဝရံ။ အဘိနိပ္ဖာဒေယျ၊ တဿ ဘိက္ခုနော။ နိဿဂ္ဂိယံ။ ပါစိတ္တိယံ။ ဟောတိ။ နောစေ အဘိနိပ္ဖာဒေယျ။
ယတော၊ အကြင်သူထံမှ။
အဿ၊ ထိုရဟန်းအား။
ဒီဝရစေတာပန္နံ။ အာဘတံ။
တတ္ထ၊ ထိုသူထံသို့။
သာမံ ဝါ၊ ကိုယ်တိုင်မူလည်း။
ဂန္ထဗ္ဗံ၊ သွားအပ်၏။
ဒူတော ဝါ၊ တမန်ကိုမူလည်း။
ပါဟေတဗ္ဗော၊ စေအပ်၏။
အာယသ္မန္တော၊ ဒါယကာတို့။
တုမေ၊ သင်တို့သည်။
ယံ ခေါ ဘိက္ခုံ။ ဥဒ္ဒိဿ။ စီဝရစေတာပန္နံ။ ပဟိဏိတ္ထ၊ စေကြကုန်ပြီ။
တံ၊ ထိုသင်္ကန်းဖိုး (ငွေ) သည်။
တဿ ဘိက္ခုနော၊ အား။
ကိဉ္စိ အတ္ထံ၊ တစုံတခုသောအကျိုးကို။
အနုဘောတိ၊ မပြီးစေ။
အာယသ္မန္တော၊ ဒါယကာတို့သည်။
သကံ၊ မိမိဥစ္စာကို။
ယဉ္စန္တု၊ တောင်းကြပါကုန်လော့။
ခေါ၊ သင်တို့သည်။
သကံ၊ မိမိဥစ္စာသည်။
မာ ဝိနဿ၊ မပျက်စီးပါစေသတည်း။
ဣတိ။ သာမံဝါ။ ဂန္ထဗ္ဗံ။ ဒူတော ဝါ။ ပါဟေတဗ္ဗော။
အယံ၊ ဤသို့ ကိုယ်တိုင်သွားခြင်း၊ တမန်စေခြင်းသည်။
တတ္ထ္လ၊ ထိုသင်္ကန်းကို မပြီးစေရာ၌။
သာမိစိ၊ ကျင့်ရာသော ဝတ်ဖြစ်၏
အာဂမနသုဒ္ဓိဖြစ်ပုံ
မင်းထံမှ စည်းစိမ်ရိက္ခာ ရသောသူသည် ရာဇဘောဂ္ဂ မည်၏။ ဇာတ်အားဖြင့် ပုဏ္ဏားသည် ဗြဟ္မဏ။ မင်း အမတ်၊ ပုဏ္ဏားမှကြွင်းသူသည် ဂဟပတိက မည်၏။ ရွှေ၊ ငွေ၊ စသော အကပ္ပိယ ဝတ္ထုသာလျှင် ဤ၌ စီဝရစေတာပန္န မည်၏။
(ယခင် သိက္ခာပုဒ် နှစ်ခုနှင့် မတူ။)
သင်္ကန်းဝယ်၍လှူလော့ဟု စေခြင်းဖြင့် အာဂမနသုဒ္ဓိကို၊ ဝါ- မူလသုဒ္ဓိကို ပြသည်။ ဤငွေကို လှူလော့ဟု စေလျှင် အာဂမနအသုဒ္ဓိ ဖြစ်သည်။ ဤသို့သော အကပ္ပိယဝတ္ထုကို အကြောင်းပြု၍ ကပ္ပိယကာရက ကိုလည်း မညွှန်သင့်ရာ။
(ဋီကာကြီး၌ တမန်လိမ္မာ၍ ကပ္ပိယညွှန်းပါဟု လျှောက်မူကား တမန်စကားဖြင့် ညွှန်းကောင်းသေး၏ဟု ဆို၏။)
တမန်ချွတ်ပုံ
အာဂမနသုဒ္ဓိစွမ်းဖြင့် သင်္ကန်းဖိုးယူလာသော်လည်း သင်္ကန်းဖိုးငွေကို အလှူခံပါဟု လျှောက်ခြင်းဖြင့် တမန်ချွတ်သည် အဖြစ်ကို သိအပ်၏။ မလိမ္မာသော တမန်၏ စကားကြောင့် မအပ်။
ထို့ကြောင့် န ခေါ မယံ စသည်ဖြင့် ပယ်ရသည်။ နိဿဂ္ဂိ ဝတ္ထုလေးပါး၊ ဒုက္ကဋ်ဝတ္ထု အများတို့ကို မိမိအလို့ငှာ၎င်း၊ စေတီ၊ သံဃာ၊ ဂိုဏ်း ပုဂ္ဂိုလ်အလို့ငှာ၎င်း မခံယူအပ်ကုန်။
သင်္ကန်းဖိုးငွေကို ငါတို့ မခံလိုကုန်ဟု ပယ်အပ်သော်လည်း သင်္ကန်းကိုသာ ခံလိုကုန်၏-ဟု ဆိုခြင်းငှာကား အပ်၏။ မိမိကို ရည်စူး၍ ဆောင်ယူလာသောကြောင့် တည်း။
အလိုရှိသောအခါသည် ကာလေန - လျောက်ပတ်သောအခါ မည်၏။ အလိုရှိသော အခါ အပ်သောသင်္ကန်းကိုသာ ခံယူမည်။ ငွေကိုကား မခံယူလိုဟု ဆိုထိုက်သည် ဟူလို။
တမန်မချွတ်ပုံ
အရှင့်အား အမှုကြီးငယ် ဆောင်ရွက်သော ဝေယျာဝစ္စ ဒကာ၊ ကပ္ပိယဒကာ ရှိပါသလောဟု လျှောက်ခြင်းဖြင့် တမန်, မချွတ်ယွင်းသည်ကို သိရ၏။
ကပ္ပိယကာရကကို ညွှန်းပြကောင်း၏။ အမှုကြီး-ငယ် ဆောင်ရွက်သူသည် ဝေယျာဝစ္စကရ မည်၏။ ကပ္ပိယကာရကလည်း မည်၏။ အရံစောင့် ဥပါသကာ မဟုတ်စေကာမူ သီတင်းသုံးဖော် ငါးယောက်မှ တပါး အလုံးစုံသောသူသည် ကပ္ပိယကာရက ဒကာ ဖြစ်ကောင်းသည်သာတည်း။
ဤသင်္ကန်ဖိုးကို အဘယ်သူ သိမ်းမည်နည်း၊ အဘယ်သူအား ပေးရမည်နည်းဟု လျှောက်လျှင် ကပ္ပိယဒကာ မညွှန်းကောင်း။
ညွှန်းကောင်းရာ၌လည်း ဤသူသည် ရဟန်းတို့၏ ကပ္ပိယဒကာ ဖြစ်၏။ ဤသို့ အပ်သော စကားသာ ဆိုရသည်။ ဤသူအား ပေးလိုက် စသည်ဖြင့် မဆိုအပ်။
တမန်သည် ကပ္ပိယဒကာကို သိအောင်ပြောပြ၍ ရဟန်းထံ တဖန် ချဉ်းကပ်၍ အရှင်ညွှန်းသော ကပ္ပိယဒကာကို သိအောင် ပြောပြပြီးပါပြီ၊ လိုသောအခါ ချဉ်းကပ်တော်မူပါဟု လျှောက်မှသာ သင်္ကန်းတောင်း ကောင်းသည်။
ကပ္ပိယလက်၌ ငွေပေး၍သွားခြင်းမျှဖြင့် မတောင်းအပ်။ မျက်မှောက် ကပ္ပိယထံ မျက်မှောက် ငွေပေး၍ မထေရ်အား သင်္ကန်းဝယ်လှူပါဟု ဆို၍ သွားလျှင်ကား ပြန်မလျှောက်သော်လည်း တောင်းခြင်းငှာ အပ်၏။
မျက်ကွယ်ဖြစ်မူ ပြန်လျှောက်ခြင်း၊ စေ၍ လျှောက်ခြင်း၊ သွားစဉ်ကပင် ကပ္ပိယထံ ထားခဲ့ပါမည်၊ တောင်းယူပါဟု မှာထား၍ သွားခြင်းဖြစ်မှ တောင်းရသည်။
တမန် မစေပဲ လှူသူ ကိုယ်တိုင် သင်္ကန်းဖိုးငွေ ယူလာ၍ လှူရာ၌လည်း ဤ လက္ခဏာ အတိုင်းပင် ကျင့်ရသည်။
သုံးကြိမ်တောင်း- ခြောက်ကြိမ်ရပ်
ဒါယကာ၊ ငါ့အား သင်္ကန်းဖြင့် အလိုရှိ၏ဟူသည် တောင်းပုံ လက္ခဏာပြစကား ဖြစ်၏။ အမှတ်မရှိ ဘာသာစကားဖြင့် ဆိုကောင်း၏။ ငါအား ပေးလော့၊ ငါ၏ သင်္ကန်း ယူခဲ့လော့ စသည်ဖြင့် မဆိုအပ်။ ဤသို့နှုတ်မြွက်၍ သုံးကြိမ်တောင်းခြင်းဖြင့် ရလျှင် အပြစ်မရှိ။ သင်္ကန်းရခြင်းသည် အဘိနပ္ဖာဒေယျ မည်၏။ အပြစ်မရှိ ကောင်းခြင်း သည် ကုသလ မည်၏။
ခြောက်ကြိမ် ရပ်ခြင်းကား သင်္ကန်းကို ရည်မှန်း၍သာ ဆိတ်ဆိတ် ရပ်ရသည်။ မထိုင်အပ်၊ အာမိသ မခံယူအပ်၊ တရာ းမဟောအပ်။ အဘယ် ကိစ္စပါနည်းဟု မေးလျှင်ကား ဒါယကာ၊ အသင် သိလော့၊ ဤမျှသာ ဆိုရသည်။ ထိုင်ခြင်း စသည်ကို ပြုလျှင် ရပ်ခြင်း တကြိမ်ပြီး၏။ လာခြင်းအကြောင်းကို ပျက်စေ၏။ ဤကား ကိုယ်ဖြင့် တောင်းပုံ လက္ခဏာတည်း။
သုံးကြိမ်တောင်းခြင်း၊ ခြောက်ကြိမ်ရပ်ခြင်းကို အလွန်ဆုံး ခွင့်ပြုရာ၌ တောင်းခြင်းထက် ရပ်ခြင်းကို နှစ်ဆ ခွင့်ပြုသည်။ ထို့ကြောင့် မရပ်ပဲ သက်သက် တောင်းအံ့၊ ခြောက်ကြိမ်တောင်းရသည်။ မတောင်းပဲ သက်သက်ရပ်အံ့၊ ၁၂-ကြိမ် ရပ်ရသည်။ နှစ်မျိုး စုံပြုအံ့၊ တကြိမ်တောင်းလျှင် ရပ်ခြင်း နှစ်ကြိမ် လျှော့ချသည်။ တနေ့တည်း ခြောက်ကြိမ်သွား၍၎င်း၊ တကြိမ်တည်း သွား၍၎င်း ခြောက်ကြိမ် တောင်းအံ့၊ ၁၂ကြိမ်၎င်း၊ တကြိမ်၎င်း သွား၍ ထိုထိုနေရာ၌ ၁၂-ကြိမ်ရပ်အံ့၊ တောင်းခြင်း ရပ်ခြင်းကိစ္စ အားလုံး ပြီး၏။ နေ့အသီးသီး၌ ဆိုဖွယ်မရှိ၊ ဤကား ရဟန်းညွှန်း ကပ္ပိယထံ တောင်းပုံ အဆုံးအဖြတ်ဟည်း။
ဒါယကာကိုယ်တိုင် ညွှန်းသော ကပ္ပိယထံ၌ကား အကြိမ် ရာထောင်လည်း တောင်းအပ်၏။ ရဟန်းလည်းမညွှန်း၊ တကာလည်း မညွှန်းသော ကပ္ပိယဖြစ်မူ တစုံတခုကိုမျှ မဆိုအပ်။ ဤ၌ ကပ္ပိယတကျိပ်ကို သိအပ်၏။ (နောက်၌ ပြလတ္တံ့။)
ဆိုပြီးသောနည်းဖြင့် ၆-ကြိမ်၊ ၁၂-ကြိမ်ထက် အလွန်အားထုတ်အံ့၊ ပယောဂတိုင်း ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂိ။
“ဣဒံ မေ ဘန္တေ စိဝရံ အတိရေကတိက္ခတ္တုံ စောဒနာယ၊ အတိရေက ဆက္ခတ္တုံ ဌာနေန အဘိနိပ္ဖာဒိတံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
မပြီးရာ၌ ကျင့်ဝတ်
ဆိုပြီးသော တောင်းခြင်း၊ ရပ်ခြင်း အတိုင်းအရှည်ဖြင့် သင်္ကန်း မရသည်ဖြစ်အံ့၊ သင်္ကန်းဖိုး ငွေလှူသူထံ ကိုယ်တိုင်သွား၍ဖြစ်စေ၊ တမန်စေ၍ဖြစ်စေ ပြန်ပြောရသည်။ ဒါယကာ လှူလိုက်သော သင်္ကန်းဖိုးသည် ကိစ္စအနည်းငယ်မျှ မပြီး၊ သင်္ကန်းမရ။ မိမိပစ္စည်းကို ပြန်တောင်းကြဟု ပြန်ပြောရသည်။
အနည်းငယ်သော အမှုကိစ္စသည် ကိဉ္စိအတ္ထ မည်၏။
မပြီးစေခြင်းသည် န အနုဘောတိ မည်၏။
မိမိ၏ ဥစ္စာသည် သက မည်၏။
တောင်းကြ၊ ပြန်ရအောင် ပြုကြဟု တိုက်တွန်းခြင်းသည် ယုဉ္ဇန္တု မည်၏။
အာယသ္မန္တော၊ ဒါယကာတို့သည်။
ယုဉ္ဇန္တု၊ တောင်းကြစေကုန်သတည်း။
ဝေါ၊ သင်တို့၏။
သကံ၊ မိမိဥစ္စာသည်။
မာဝိနဿ-မာဝိနဿတု၊ မပျက်စီးစေသတည်း-
ဟု အနက်ကို သိအပ်၏။
လောကုတ္တရာတရားသို့ အစဉ် ရောက်သော ကျင့်ဝတ်သည် သာမီစိ မည်၏။ သင်္ကန်းမပြီး၍ ဒါယကာအား ပြန်ပြောခြင်းသည် ဝိဝဋ္ဋ နိဿိတ ကုသိုလ်ဖြစ်၏။ ဘုရားစကားကို နားထောင်သောကြောင့် ဟူလို။ ထို့ကြောင့် ပြန်မပြောသော ရဟန်းသည် ဝတ္တဘေဒ ဒုက္ကဋ်သို့ ရောက်၏။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥပနန္ဒသည် ယနေ့တရက် ဆိုင်းပါဦးဟု ဆိုသည်ကို မဆိုင်းပဲ တောင်း၏။ ထို့ကြောင့် ပညတ်၏။ သာဓာရဏ၊ အနာဏတ္တိက။ တိကပါစိတ်။ တောင်းခြင်း ရပ်ခြင်း မပြည်စုံသေးသည်၌ အတိရေကသညီ၊ ဝေမတိကစွမ်းဖြင့် ဒွိကဒုက္ကဋ်။ မတောင်းပဲ ရအံ့၊ သခင်တို့တောင်း၍ လှူအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ ရဟန်းညွှန်း ကပ္ပိယဒါယကာ ဖြစ်ခြင်း၊
၂။ တမန်သင်္ကန်းဖိုးငွေ အပ်နှံခြင်း၊
(ဝါ၊ တမန်ကြောင့် အကပ္ပိယ ဖြစ်ခြင်း၊)
၃။ အကြိမ်လွန်၍ အားထုတ်ခြင်း၊
၄။ အားထုတ်၍ ရခြင်း၊
ဤကား အင်္ဂါလေးပါးတည်း။
သမုဋ္ဌာန် စသည် စတုတ္ထနှင့် တူ၏။
နိဿဂ္ဂိ လေးပါး၊ ဒုက္ကဋ်အများ မှတ်ဖွယ်
၁။ သုဝဏ္ဏ = ရွှေ၊
၂။ ရဇတ = ငွေ၊
၃။ ကဟာပဏ = ရွှေငွေဖြင့်ပြုသော အသပြာ ဒင်္ဂါး၊
၄။ မာသက = သံ၊ ကြေး၊ ချိပ်၊ သစ်နှစ် စသည်ဖြင့်ပြုသော ပဲရုပ်။
ဤ လေးပါးသည် နိဿဂ္ဂိယဝတ္ထု မည်၏။
မုတ္တာ = ပုလဲ၊ မဏိ = ပတ္တမြား၊ ဝါ-မြ။ ဝေဠုရိယ-ကြောင်မျက်ရွဲ၊ သင်္ခ = ခရုသင်း၊ သိလာ = ကျောက်သလင်း၊ ပဝါဠ = သန္တာ၊ လောဟိတင်္က = ပတ္တမြားနီ၊ မသာရဝလ္လ = ပတ္တမြားပြောက်၊ ဤရတနာရှစ်မျိုးသည် ဒုက္ကဋ်ဝတ္ထု မည်၏။
စပါးမျိုး ၇-ပါး၊ ကျွန်မ၊ ကျွန်ထီး၊ လယ်၊ ယာ၊ ပန်းအရာမ်၊ သစ်သီးအရာမ် စသည်သည်လည်း ဒုက္ကဋ် ဝတ္ထု မည်၏။
ဤနိဿဂ္ဂိယဝတ္ထု၊ ဒုက္ကဋ်ဝတ္ထုတို့ကို စေတီအလို့ငှာသော်လည်း အလှူမခံအပ်ကုန်၊ ပယ်အပ်ကုန်သည်သာတည်း။ “သေနာသနဿ ဒေမ၊ ဝိဟာရဿ ဒေမ၊ ဣတော ဥပ္ပန္နာနိ စတ္တာရိ ပစ္စယာနိ ဒေမ” ဟု လှူကား မပယ်အပ်ကုန်။
ရွှေ၊ ငွေ၊ သပြာ(၃)၊ ပဲရုပ်မှာ(၁)၊ လေးဖြာ နိဿဂ္ဂိ။
သတ္တဓညာ၊ ကျွန်၊ လယ်၊ ယာ၊ ပုပ္ဖာရာမာဒိ (အများ။)
နီ၊ ပြောက်၊ မြ၊ လဲ(၄)၊ လမ်း၊ ရု၊ ရွဲ(၃)၊ န္တာ၊ လဲ(၁)၊ ဒုက္ကဋ်သိ။
ကပ္ပိယတကျိပ် မှတ်ဖွယ်
ရဟန်းတို့၏ ကိစ္စကြီးငယ် ရွက်ဆောင်သော ကပ္ပိယ ဒါယကာသည် နိဒ္ဒိဋ္ဌ၊ အနိဒ္ဒိဋ္ဌ နှစ်မျိုးရှိ၏။
နိဒ္ဒိဋ္ဌသည် ရဟန်းညွှန်း၊ တမန်ညွှန်းဟု နှစ်မျိုး ရှိ၏။ ရဟန်းညွှန်းသည် မျက်မှောက် တယောက်၊ မျက်ကွယ်သုံးယောက်အားဖြင့် လေးယောက် ရှိ၏။ တမန်ညွှန်းလည်း ထို့အတူ (မှောက်တယောက်၊ ကွယ်သုံးယောက်) လေးယောက် ရှိ၏။
အနိဒ္ဒိဋ္ဌသည် မျက်မှောက်တယောက်၊ မျက်ကွယ် တယောက်အားဖြင့် နှစ်ယောက် ရှိ၏။
ဤသို့ ကပ္ပိယကျိပ် ဖြစ်၏။
ရဟန်းညွှန်းလေး
တမန်ဖြစ်စေ၊ အလှူရှင်ဖြစ်စေ မလိမ္မာ၍ ဤငွေ ခံတော်မူပါဟု လျှောက်အံ့၊ ငါတို့အား မအပ်ဟု ပယ်ရသည်။ လိမ္မာသူဖြစ်၍ ကပ္ပိယဒကာ ရှိပါသလော၊ ညွှန်ပြတော်မူပါဟု လျှောက်အံ့၊ မျက်မှောက်တွင် ရှိသူတယောက်ကို ဤသူသည် ရဟန်းတို့၏ ကပ္ပိယယတည်းဟု ညွှန်းအပ်၏။ တမန်သည် မျက်မှောက်တွင် ငွေအပ်၍ သင်္ကန်း ဝယ်လှူပါဟု ဆို၍ ပြန်သွားအံ့၊ ရှေ့တွင် အပ်သွားသူ မျက်မှောက်ကပ္ပိယ ဖြစ်၏။
ရွာ၌ရှိသူ တစုံတယောက်ကို ဤသူသည် ကပ္ပိယတည်းဟု ညွှန်းအံ့၊ တမန်သည် သွား၍ မျက်ကွယ် ငွေအပ်၍၊ ရဟန်းထံ ပြန်လာ၍ ဤသူ့ထံ တောင်းပါဟု လျှောက်အံ့၊ ပြန်ကြားအပ်သူ မည်၏။
ထို့အတူ တစုံတယောက်ကို စေလွှတ်၍ လျှောက်ခိုင်းအံ့၊ စေ၍ကြားအပ်သူ မည်၏။
ရဟန်းထံမှ တမန်သွားကတည်းက ဤသူ့ထံ တောင်းပါဟု လျှောက်သွားအံ့၊ မှာသွား အပ်သူမည်၏။
(မျက်ကွယ်သုံးယောက်။)
ဤသို့သော ရဟန်းညွှန်း လေးယောက်ဖြစ်မူ ဤရာဇသိက္ခာပုဒ်နည်းအတိုင်း ခြောက်ကြိမ် တောင်းရသည်။ ပိုမတောင်းရ၊ ခြောက်ကြိမ်ပြီး၍ ငွေကျန်ရှိသေးလျှင် အလှူရှင်ထံ၊ တမန်ထံ ပြန်ပြောရသည်၊ မပြောလျှင် ဒုက္ကဋ်။
တမန် လေး
ရဟန်းသည် မစီစစ်လို၍သော်လည်း ကပ္ပိယမရှိဟု ဆိုအံ့၊ ထိုအခိုက်တွင် ရောက်လာသူ တစုံတယောက်အား ငွေပေး၍ ဤသူထံ တောင်းပါဟု လျှောက်အံ့။ ရှေ့တွင်အပ်သွားသူ မျက်မှောက်ကပ္ပိယ ဖြစ်၏။
တမန်သည် ရွာသို့သွား၍ ယုံကြည်သူ့ထံ၊ ရဟန်းများမျက်ကွယ် ငွေအပ်၍ ဤသူ့ထံ တောင်းပါဟု ပြန်လျှောက်အံ့၊ စေလွှတ်၍ လျှောက်ခိုင်းအံ့၊ သွားကတည်းက လျှောက်သွားအံ့၊ မျက်ကွယ်သုံးယောက် ဖြစ်၏။
ဤသို့သော တမန်ညွှန်း လေးယောက်ဖြစ်မူ ဘေသဇ္ဇက္ခန္ဓက မေဏ္ဍက သိက္ခာပုဒ် နည်းအတိုင်း အကြိမ်ရာထောင် တောင်းရသည်။ ရွှေ ငွေကိုကား မတောင်းရ။ တောင်း၍မရလျှင် တပါးသောသူကို ကပ္ပိယအရာ ထား၍လည်း ယူစေရသည်။ အလှူရှင်ထံ ပြန်မပြောလျှင်လည်း အပြစ်မရှိ။
မညွှန်း နှစ်ယောက်
ရဟန်းရှေ့တွင် တစုံတယောက်သောသူက ငါ့ကို ငွေပေးထား၊ ငါ ဝယ်လှူမည်ဟု ဝန်ခံ၍ တမန်သည် ငွေအပ်ပြီးလျှင် တစုံတခု မလျှောက်ကြားပဲ ပြန်သွားအံ့၊ နှုတ်မြွက်၍ ဝန်ခံသော မုခဝေ ပဋိကကပ္ပိယ မည်၏။
မျက်ကွယ်၌ ငွေအပ်၍ တစုံတခု မလျှောက်အံ့၊ ပရမ္မုခကပ္ပိယ မည်၏။
ဤကား ရဟန်း၊ တမန် နှစ်ဦးလုံး မညွှန်းသော အနိဒ္ဒိဋ္ဌကပ္ပိယ မည်၏။
ဤသို့သော အနိဒ္ဒိဋ္ဌ နှစ်ယောက်ဖြစ်မူ အဉာတကဝိညတ္တိ သိက္ခာပုဒ် နည်းအတိုင်း မတောင်းကောင်း၊ သူတို့ဝယ်လှူလျှင် ယူရသည်၊ မလှူလျှင် ဘာမျှ မဆိုအပ်။
ရှေ့အပ် (၁)၊ပြန်ကြား၊ စေ၍ကြား၊ မှာထားသွားသည်သာ (၃)။
ရှေ့အပ်မကြား (၁)၊ ကွယ်အပ်ထား (၁)၊ နှစ်ပါးမညွှန်းရာ။
ရဟန်းညွှန်းလေး၊ တမန်လေး၊ ဒွေးမှာ မညွှန်းရာ (၁၀)။
ရာဇ မေဏ္ဍ၊ အဉာတ ကြင့်ရစဉ်တိုင်းသာ။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရှင်ဥပနန္ဒ၏ ဒါယကာအမတ်ကြီးသည် ရှင်ဥပနန္ဒထံသို့ သင်္ကန်းဝယ်၍ လှူချေလော့ဟု တမန်ဖြင့် သင်္ကန်းဖိုးငွေ စေလိုက်၏။
တမန်သည် ရှင်ဥပနန္ဒထံချဉ်းကပ်၍ အရှင်ကိုရည်စူး၍ ဤ သင်္ကန်းဖိုးငွေတို့ကို ယူခဲ့ပါသည်၊ အလှူခံပါဟု ဆို၏။ ဒါယကာ၊ ငါတို့သည် သင်္ကန်းဖိုးငွေကို မခံကုန်။ အလိုရှိသောအခါ အပ်သော သင်္ကန်းကိုသာ အလှူခံကုန်၏ဟု ဆိုလတ်သော် အရှင်အား ကပ္ပိယကော ရှိပါသလော-ဟု လျှောက်၏။
ထိုအခိုက်တွင် ကိစ္စတခုဖြင့် ကျောင်းသို့လာသော ဥပါသကာကိုပြ၍ ဤသူသည် ရဟန်းတို့၏ ကပ္ပိယဒကာဖြစ်သည်ဟု မိန့်ဆို၏။ တမန်သည် ထိုဥပါသကာကို သိအောင် ပြောပြပြီးလျှင် ရှင်ဥပနန္ဒထံ အရှင်မြတ် ညွှန်းပြသော ဒကာကို သိစေအပ်ပါပြီ။ အလိုရှိသောအခါ ချဉ်းကပ်တော်မူပါ၊ သင်္ကန်း လှူပါလိမ့်မည်ဟု လျှောက်၍ ပြန်သွား၏။
အမတ်ကြီးသည် ရှင်ဥပနန္ဒ အထံသို့ အရှင်မြတ်သည် သင်္ကန်းကိုဝတ်ရုံပါသလော၊ ဝတ်ရုံစေချင်ပါသည် ဟု မှာကြားလိုက်၏။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် မှာကြားလိုက် သောအခါ ရှင်ဥပနန္ဒသည် ထိုဥပါသကာထံ သွား၍ သင်္ကန်း အလိုရှိသည်ဟု ဆို၏။
ထိုနေ့၌လည်း နိဂုံးအစည်းအဝေးရှိ၏။ နောက်ကျသူ ဒဏ်ငါးဆယ်ဟု ဒဏ်ထား၏။ ထို့ကြောင့် အရှင်ဘုရာ၊ ယနေ့တရက်မျှ ဆိုင်းငံ့ပါဟု လျှောက်သော်လည်း ယနေ့ပင် ပေးရမည်ဟု နှိပ်စက်၍တောင်း၏။ သင်္ကန်းဝယ်၍ လှူပြီးသောအခါ အစည်းအဝေး နောက်ကျသဖြင့် ဒဏ်ငါးဆယ် ဆောင်ရ၏။
လူတို့သိသောအခါ ဤရဟန်းတို့အား ကပ္ပိယကာရက ပြုလုပ်ရန်မလွယ်၊ တနေ့မျှပင် မဆိုင်းကြဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။ စီဝရ မဂ္ဂေါ ပဌမော။
၁-ကောသိယ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
ကောသေယျမိဿကံ၊ ပိုးချည်နှင့်ရောသော။
သန္တကံ၊ အခင်းကို။
ကာရာပေယျ၊ ပြုစေငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
မရက်ပဲ ဖြန့်ခင်း၍ပြုထားသော အခင်းသည် သန္တတမည်၏။ ပိုးချည်မျှင် တမျှင်မျှဖြင့် လေလွင့်လာ၍ ရောစေကာမူ ကောသေယျမိဿကမည်၏။ ဤသန္တတ အခင်းမျိုးကို ညီညွတ်သောမြေပြင်၌ ချည်မျှင် အထပ်ထပ် ဖြန့်ခင်း၍ ကော်ရည် စသည်ဖျန်း၍ ပြုရသည်။ အဓိဋ္ဌာန်ဝိကပ္ပနာ ပြုအပ်သော စီဝရကိုးမျိုး၌ မပါဝင်။ ပြုခြင်း၊ ပြုစေခြင်းသည် ကာရာပေယျ မည်၏။ ပယောဂတိုင်း ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂ။ “ဣဒံ မေ ဘန္တေ ကောသိယ မိဿကသန္တတံ ကာရပိတံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။ စွန့်ပြီး ပြန်ရသော်လည်း ထိုအတိုင်း မသုံးအပ်။
အဆုံးအဖြတ်
အာဠဝီပြည်၌ ဆဗ္ဗဂ္ဂီတို့ ပိုးချည်နှင့်ရောသော အခင်းကို ပြုစေခြင်းကြောင့် ပညတ်၏။ အသာဓာရဏ။ မိမိအလို့ငှာ ပြုစေခြင်းဖြင့် သာဏတ္တိက။ မိမိပြု၍မပြီးသည်ကို မိမိပြီးစေအံ့၊ သူတပါးကို ပြီးစေအံ့၊ သူတပါးပြု၍ မပြီးသည်ကို မိမိပြီးစေအံ့၊ သူတပါးကို ပြီးစေအံ့၊ စတုက္ကပါစိတ်။ သူတပါးအလို့ငှာ ပြုအံ့၊ ပြုစေအံ့၊ သူတပါး ပြုသည်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်။ မျက်နှာကြက်၊ မြေအခင်း၊ တင်းထိမ် ကန့်လန်ကာ ဘုံလျှို ခေါင်းအုံးပြုအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ ပိုးချည်ဖြစ်ခြင်း၊
၂။ မိမိအလို့ငှာ သန္တတပြုခြင်း၊ ဝါ-ပြုစေခြင်း၊
၃။ ရခြင်း၊
ဤကား အင်္ဂါသုံးပါး တည်း။
သမုဋ္ဌာန်စသည် သင်္ကန်းဖွပ်ခိုင်းသော သိက္ခာပုဒ်နှင့် တူ၏။
ဝတ္ထု
အာဠဝီ အဂ္ဂါဠဝစေတီ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပိုးချည်လုပ်သူတို့ထံ သွား၍ ဒါယကာတို့၊ အိမ်ဖွဲ့သော ပိုးကောင်တို့ကို ပြုတ်ကြလော့၊ ငါတို့အားလည်း လှူကြလော့၊ ပိုးချည်နှင့်ရောသော အခင်းကို ပြုလိုကုန်သည် ဟု ဆိုကုန်၏။ အရှင်ကောင်းတို့သည် အဘယ့်ကြောင့် ဤသို့ဆိုကြသနည်း။ ငါတို့မှာ အသက် အတွက်၊ သားမယားအတွက် ပိုးကောင်ငယ် များစွာတို့ကို ဖျက်ဆီးကြရသည်ဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၂-သုဒ္ဓကာဠက
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
သုဒ္ဓကာဠကာနံ၊ အမည်းသက်သက် ဖြစ်ကုန်သော။
ဝဠကလောမာနံ၊ သိုးမွေးတို့၏။
သန္တိတံ။ ကာရာပေယျ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ် စသည်
ပင်ကိုမည်းသည်၎င်း၊ ဆေးဆိုး၍ မည်းသည်၎င်း၊ နှစ်မျိုးလုံးသည် ကာဠကမည်၏။ တပါးသောသိုးမွေး မရောယှက် သိုးမွေးမည်း သက်သက်သည် သုဒ္ဓကာဠက မည်၏။ နှစ်မျိုးလုံး မအပ်။ ပယောဂတိုင်း ဒုက္ကဋ်။ ရလျှင် နိဿဂ္ဂိ။
“ဣဒံ မေ ဘန္တေ သဒ္ဒကာဠကာနံ ဧဠကလောမာနံ သန္တိတံ ကာရာပိတဿ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။ ဝေသာလီ၌ ဆဗ္ဗဂ္ဂီတို့ ထိုသို့သောအခင်းကို ပြုစေခြင်းကြောင့် ပညတ်၏။
အကြွင်းပဌမနှင့် တူပြီ။
စွန့်ပြီး ပြန်ရလည်း မသုံးအပ်။
ဝတ္ထု
ဝေသာလီ ကုဋာဂါရသာလာ ဆဗ္ဗဂ္ဂီတို့သည် သိုးမွေးမည်း သက်သက်ဖြင့် အခင်း ပြုကုန်၏။ လူတို့သည် ကျောင်းတို့ကို လှည့်လည်၍ မြင်လတ်သော် ကာမဂုဏ် ခံစားသော လူတို့ကဲ့သို့ သိုးမွှေးမည်း သက်သက်ဖြင့် အခင်းပြုကြသည်ဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၃−ဒွေဘာဂ
နဝံ၊ အသစ်ဖြစ်သော။
သန္ထတံ။ ကာရယမာနေန။ ဘိက္ခုနာ။ သုဒ္ဓကာရကာနံ။ ဧဠကလောမာနံ။
ဒွေဘာဂါ၊ နှစ်ဖို့တို့ကို။
အာဒါတဗ္ဗာ၊ ယူအပ်ကုန်၏။
ဩဒါတာနံ၊ ဖြူသောသိုးမွေးတို့၏။
တတီယံ၊ သုံးခုမြောက် အဖို့ကို။
ဂေါစရိယာနံ၊ ကြောင်သောသိုးမွေးတို့၏။
စတုတ္ထံ၊ လေးခုမြောက်တဖို့ကို။
အာဒါတဗ္ဗံ၊ ယူအပ်၏။
ဘိက္ခု၊ သည်။
သုဒ္ဓကာဠကာနံ။ ဧဠကလောမာနံ။ ဒွေဘာဂေ၊ နှစ်ဖို့တို့ကို။
ဩဒါတာနံ။ တတီယံ။ ဂေါစရိယာနံ။ စတုတ္ထံ။ အာနာဒါ၊ မယူမူ၍။
နဝံ။ သန္ထတံ။ စေ ကာရမေယျ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ်စသည်
ပြုခြင်းကိုစွဲ၍ န၀ = အသစ်ဟု ခေါ်သည်။ ပြုပြီးမှလည်း န၀ တည်း။ အမည်း အဖြူ မှတပါး ကြောင်ကြား၊ မကြောင်ကျား၊ အားလုံးသည် ဂေါစရိယ = ကြောင်သည် ကျားသည်သာ မည်၏။ အခင်းပြုလိုသလောက် သိုးမွေးတို့ကို ချိန်၍ အမည်းနှစ်ဖို့၊ အဖြူတဖို့၊ အကြောင် တဖို့ ယူရသည်။ အမည်းလျော့လျှင် အပြစ်မရှိ၊ တပင်မျှ လွန်လျှင် နိဿဂ္ဂိ။
“ဣဒံ မေ ဘန္တေ သန္တတံ အနာဒိယိတွာ ဒွေ တုလေ သုဒ္ဓကာဠကာနံ ဧဠကလောမာနံ တုလံ ဩဒါတာနံ တုလံ ဂေါစရိယာနံ ကာရာပိတံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
သာဝတ္ထိ၌ ဆဗ္ဗဂ္ဂီတို့ ထိုသို့ သော အခင်းပြုသောကြောင့် ပညတ်၏။ ကြိယာ ကြိယ။
အကြွင်း ပဌမနှင့် တူပြီ။
စွန့်ပြီးပြန်ရလည်း မသုံးအပ်။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ဆဗ္ဗဂ္ဂီတို့သည် အမည်းသက်သက်ကို ဘုရားရှင် ပယ်သည်ဟု သိုးမွေးဖြူ အနည်းငယ်အတွင်း၌ ထည့်၍ အမည်း သက်သက်နှင့် တူသော အခင်း တို့ကို ပြုကုန်၏။ ရဟန်းတို့ သိ၍ ဆဗ္ဗဂ္ဂီတို့ ဤသို့ ပြုကြသည်ဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၄-ဆဗ္ဗဿ
ဘိက္ခုနာ၊ သည်။
နဝံ။ သန္ထတံ။ ကာရာပေတွာ၊ ပြုစေပြီး၍။
ဆဗ္ဗဿာနိ၊ ခြောက်နှစ်တို့ပတ်လုံး။
ဓာရေတဗ္ဗံ၊ ဆောင်အပ်၏။
ဆန္နံ ဝဿာနံ၊ ခြောက်နှစ်တို့၏။
ဩရေန၊ အတွင်း၌။
တံ သန္ထတံ၊ ထိုအခင်းကို။
ဝိဿဇ္ဇေတွာ ဝါ၊ စွန့်၍၎င်း။
အဝိဿဇ္ဇေတွာ ဝါ၊ မစွန့်မူ၍၎င်း။
အညံ၊ တပါးသော။
နဝံ။ သန္ထတံ။ စေကာရာပေယျ။
ဘိက္ခု သမ္မုတိယာ၊ ဂိလာန ရဟန်းအား ပေးသော သမ္မုတိကို။
အညတြ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ဂိလာနရဟန်းအား သံဃာပေးသော သန္ထတသမ္မုတိသည် ဘိက္ခု သမ္မုတိ မည်၏။ ဤသို့သော သမ္မုတိကို မရပဲ ခြောက်နှစ်အတွင်း အခင်းတပါး ပြုအံ့၊ နိဿဂ္ဂိ။
“ဣဒံ မေ ဘန္တေ သန္ထတံ ဦနက ဆဗ္ဗဿာနိ ကာရာပိတံ၊ အညတြ ဘိက္ခုသမ္မုတိယာ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
စွန့်ပြီး ပြန်ရလျှင်ကား သုံးကောင်း၏။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရဟန်းများစွာတို့ နှစ်တိုင်း အခင်းပြုစေခြင်းကြောင့် ပညတ်၏။ အညတြ ဘိက္ခု သမ္မုတိယာသည် အနုပညတ် ဖြစ်၏။ သမ္မုတိရသော ရဟန်းအား ရောဂါမငြိမ်းသေးသော်၎င်း၊ ငြိမ်းသော်လည်း ရောဂါဟောင်း ရောဂါသစ် ဖြစ်ပြန် သော်၎င်း ရောက်ရာ၌ နှစ်တိုင်းပင် ပြုပြင်ခြင်းငှာ အပ်၏။ အနာပတ္တိ၌ သူတပါး အလို့ငှာ ပြုအံ့ ပြုစေအံ့၊ သူတပါးပြုပြီးကိုရ၍ သုံးဆောင်အံ့၊ အနာပတ္တိဟု ပိုလွန်၏။ အကြွင်း ပဌမနှင့် တူပြီ။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရဟန်းတို့သည် နှစ်တိုင်း အခင်းပြုကြသဖြင့် သိုးမွေး အတောင်းအရမ်း များကုန်၏။ အရှင်ကောင်းတို့သည် နှစ်စဉ် ပြုကြသည်၊ ငါတို့မှာ တကြိမ်ပြုထားလျှင် သားငယ်တို့ ကျင်ကြီး ကျင်ငယ်စွန့်ခြင်း၊ ကြွက်ခဲခြင်းတို့ဖြင့်ပင် ငါးနှစ် ခြောက်နှစ် သုံးရကုန်သည်ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ခြောက်နှစ် ဆောင်ရမည်ဟု ပညတ်သည်။
အခါတပါး ရဟန်းတပါးသည် ကောသမ္ဗီ၌ မကျန်းမမာ ဖြစ်၏။ ဆွေမျိုးတို့က ကြွလာပါဟု တမန်စေလိုက်ကုန်၏။ ရဟန်းတို့ကလည်း တိုက်တွန်း၏။ အခင်းသစ် ခြောက်နှစ် ဆောင်ရမည်ဟု ပညတ်ထားသည်။ ယူလည်း မသွားနိုင်၊ အခင်းနှင့် ကင်း၍လည်း မချမ်းသာဟု ဆို၏။ ချစ်သားတို့၊ ဂိလာနရဟန်းအား သန္ထတသမ္မုတိ ပေးခြင်းငှာ ခွင့်ပြု၏။
ဂိလာနသည် သံဃာထံ ချဉ်းကပ်၍ အကျွန်ုပ် ဂိလာန ဖြစ်ပါသည်၊ အခင်း ယူမသွားနိုင်ပါ။ သမ္မုတိပေးပါဟု တောင်းပန်ရမည်။ သံဃာသည် ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သမ္မုတိ ပေးရမည် ဟု မိန့်၍ အနုပညတ်ဖြင့် တဖန် ပညတ်ပြန်သည်။
၅-နိသီဒနသန္ထတ
နိသီဒနသန္ထတံ၊ နိသီဒိုင်အခင်းကို။
ကာရယမာနေန။ ဘိက္ခုနာ။ ပုရာဏသန္ထတဿ၊ အခင်းဟောင်း၏။
သာမန္တာ၊ နံပါးတဖက်မှ။
သုဂတဝိဒတ္တိ၊ ဘုရားရှင် တထွာမျှ မရပ်ကို။
ဒုဗ္ဗဏ္ဏ ကရဏာယ၊ အဆင်းပျက်အောင်ပြုခြင်းငှာ။
အာဒါတဗ္ဗာ၊ (ဖြတ်၍) ယူအပ်၏။
ဘိက္ခု၊ သည်။
ပုရာဏသန္ထတဿ။ သာမန္တာ။ သုဂတဝိပတ္တိံ၊ ကို။
အနာဒါ။ နဝံ။ နိသီဒနသန္တတံ။ စေ ကာရာပေယျ။ တဿ ဘိက္ခုနေ။
အဓိပ္ပါယ်
အဆာနှင့်တကွသည် နိသိဒန မည်၏။ ဘုရားရှင် အထွာဖြင့် အလျား နှစ်ထွာ၊ အနံတထွာခွဲ၊ အဆာ တထွာ၊ ဤပမာဏထက် မလွန်စေရဟု ပါစိတ်၌ ဆိုသည်။
(ဝေသာလီဝတ္ထုဆယ်ပါး၌ အဆာမပါသော နိသီဒိုင် အပ်သည်ဟုပြသည်။ ဒုတိယ သင်္ဂါယနာတင်သောအခါ အဆာမပါသော နိသီဒိုင် မအပ်ဟု ပယ်သည်။ အဆာ ရှိသော ပမာဏအတိုင်း အဆာမပါသောကြောင့် မအပ်ဟူလို။)
တကြိမ်မျှ (ဝတ်ရုံပြီးသော) ထိုင်ပြီး အိပ်ပြီးသော အခင်းသည် ပုရာဏသန္ထတ မည်၏။ တခုခုသောနံပါးသည် သာမန္ထ မည်၏။ အဝိုင်းဖြစ်စေ၊ လေးထောင့်ဖြစ်စေ ဘုရားရှင့်တထွာ ဖြတ်၍ယူရသည်၊ မရလျှင် အနည်းငယ်သော်လည်း ဖြတ်ယူ၍ အခင်းသစ်ပြုရာ၌ ထည့်ခင်းရသည်။
ဖြေ၍ ရော၍သော်လည်း ခင်းရသည်။ ဖြေရောခင်းလျှင် သာ၍ ခိုင်ခံ့၏။ အဟောင်း မရှိလျှင် မယူသော်လည်း အပ်၏။ သူတပါးအလို့ငှာ ပြုအံ့၊ ပြုစေအံ့၊ ပြုပြီးကိုရ၍ သုံးဆောင်အံ့၊ အပြစ်မရှိ။ အခင်းဟောင်းမှ တထွာမယူပဲ အသစ်ပြုအံ့၊ ပယောဂတိုင်း ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂိ။ ဣဒံ မေ ဘန္တေ နိသီဒနသန္ထတံအနာ ဒိယိတွာ ပုရာဏသန္ထတဿ သာမန္တာ သုဂတဝိဒတ္တိံ ကာရာပိတံ နိဿဂ္ဂိယံ စသည်ဖြင့် စွန့်အပ်၏။ စွန့်ပြီး ပြန်ရလျှင် သုံးကောင်း၏။
(စီဝရမဟုတ်၊ ဓိဋ္ဌာန် ဝိကပ္ပနာ မပြုအပ်။)
အဆုံးအဖြတ်
သာဝတ္ထိ၌ ရဟန်းများစွာ အခင်းကို စွန့်ခြင်းကြောင့် ပညတ်၏။
အကြွင်း တတိယနှင့် တူ၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် အခါတပါး ဘုရားရှင်သည် ချစ်သားတို့၊ ငါ ဘုရားသည် သုံးလပတ်လုံး တပါးတည်း ကိန်းအောင်းလိုသည်။ ဆွမ်းပို့သော ရဟန်းမှတပါး မည်သူမျှ မချဉ်းကပ်ရဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ဝန်ခံပြီးလျှင် ဘုရားရှင်ထံ ချဉ်းကပ်သော ရဟန်းသည် ပါစိတ် အာပတ်ကို ဒေသနာကြားရမည်ဟု ကတိကဝတ် ပြုကုန်၏။
ဝင်္ဂန္တ ပုဏ္ဏား၏သား ရှင်ဥပသေနသည် ပရိသတ်နှင့်တကွ ဘုရားရှင့်ထံ ချဉ်းကပ် ခစား၏။ ဘုရားရှင်သည် အာဂန္တုတို့နှင့် ဝမ်းမြောက်စွာ ပြောဆိုပြီးလျှင် ရဟန်းငယ် တပါးကို ချစ်သား၊ သင်၏ပံ့သကူသင်္ကန်းတို့သည် နှစ်သက်ဖွယ်ဖြစ်ကုန်၏ဟု မိန့်တော်မူ၏။ ဤ ပံ့သကူတို့ကို တပည့်တော် မနှစ်သက်ပါဘုရားဟု လျှောက်၏။ အဘယ့်ကြောင့် ဆောင်သနည်း။ ဥပဇ္ဈာယ်ဆရာ ဆောင်၍ တပည့်များအားလုံး ဆောင်ကြရပါသည်ဘုရား။
ချစ်သား ဥပသေန၊ သင်၏ ပရိသတ်သည် ကြည်ညိုဖွယ်ရှိ၏၊ အဘယ်သို့ပြု၍ ဆုံးမနည်း။ မြတ်စွာဘုရား ရဟန်းပြုလို၍၊ နိဿယည်း ယူလို၍ တောင်းပန်သူကို အာရညကင်၊ ပိဏ္ဍပါတ်၊ ပံ့သကူ ငါကဲ့သို့ ဆောင်ရမည်ဟုဆို၍ ဝန်ခံမှ ပြုပါသည် ဘုရား။
ချစ်သား ဥပသေန၊ ကောင်းပေစွ၊ ကောင်းပေစွ၊ သင်သည် မိမိပရိသတ်ကို ကောင်းစွာ ဆုံးမတတ်ပေသည်။ ဤသာဝတ္ထိ၌ သံဃာ့ကတိကဝတ်ပြုသည်ကို သင် သိ၏လော။ မသိပါဘုရား။ ချစ်သားဥပသေန၊ ဘုရာရှင် တပါးတည်း ကိန်းနေ သည်ကို ချဉ်းကပ်လျှင် ပါစိတ်အာပတ်ဒေသနာ ကြားရမည်ဟု ကတိကဝတ် ပြုထားသည်။
မြတ်စွာဘုရား၊ သံဃာသည် မိမိ ကတိကဝတ်ဖြင့် ထင်ရှားပါလတ္တံ့။ တပည့်တော် များသည်ကား ဘုရား မပညတ်သေးသည်ကို အသစ် မပညတ်ပါ၊ ပညတ်ပြီးကို မလွန်ကျူးပါ၊ ပညတ်တော်မူဘိုင်းသာ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ကြ ပါသည်။
ချစ်သား ဥပသေန၊ ကောင်းပေစွ၊ ကောင်းပေစွ၊ ဤအတိုင်း ကျင့်ရသည်။ ချစ်သား ဥပသေန၊ အာရညကင်၊ ပိဏ္ဍပါတ်၊ ပံ့သကူဆောင် ရဟန်းများ ငါဘုရားကို ဖူးမြော်ခြင်းငှာ အလိုရှိတိုင်း လာကြစေ၊ ခွင့်ပြု၏ဟု မိန့်တော်မူ၏။
ရှင်ဥပသေနသည် ဘုရားရှင့်ထံမှ ဖဲလာသောအခါ ရဟန်းတို့က သံဃာ့ ကတိကဝတ်ကို သင် သိသည် မဟုတ်လောဟု ဆိုကုန်၏။ ဘုရားရှင် မိန့်သောကြောင့် သိပါသည်ဟု ဆိုပြီးလျှင် ဘုရားရှင် ခွင့်ပြုခြင်းကို ပြောပြလေ၏။ ထိုအခါ ရဟန်း တို့သည် ဘုရားရှင်ကို ဖူးမြော်လိုကြသဖြင့် အခင်းတို့ကို စွန့်ပစ်၍ ဓူတင် ဆောင်ကုန်၏။
(သိုးမွှေး အခင်းကို ကမ္ဗလာသက္ကလတ်သင်္ကန်း ဟူသော သညာဖြင့် စွန့်ပစ်၍ ဓူတင် ဆောင်ကြသည်။)
ထိုစွန့်ပစ်သော အခင်းတို့ကို ဘုရားရှင်မြင်၍ တရားဟောပြီးလျှင် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူသည်။
(သဒ္ဓါဒေယျ ဝိနိပါတန အကြောင်းမရှိ။ သုံးဆောင်ကြောင်း ပြအံ့ဟု တရား ဟောသည်။)
ဤ ရှင်ဥပသေနသည် ဝါငယ်စဉ် ပရိသတ် မွေးမိ၍ မောဃ ပုရိသဟု အကဲ့ရဲ့ ခံရစဉ်က ပရိသတ်ကြောင့် ကဲ့ရဲ့သော ခံတွင်းတော်ကို ပရိသတ်ကြောင့် ကောင်းချီးပေးသော ခံတွင်းတော် ဖြစ်စေမည်ဟု ဆောက်တည်လိုက်၏၊ ရှင်သာရိပုတ္တရာ၏ ညီဖြစ်၏။ သာမန္တပါသာဒိက ဧတဒဂ်ရ မဟာသာဝက ဖြစ်၏။
၆-ဧဠက လောမ
အဒ္ဓါနမဂ္ဂပ္ပဋိပန္နဿ၊ အဓွန့်ရှည်သောခရီးသို့သွားသော။
ဘိက္ခုနောပနေဝ၊ အားသာလျှင်။
ဧဠကလောမာနိ၊ သိုးမွေးတို့သည်။
ဥပ္ပဇ္ဇေယျုံ၊ ဖြစ်ကုန်အံ့။
အာကင်္ခမာနေနေ၊ အလိုရှိသော။
ဘိက္ခုနာ၊ သည်။
ပဋိဂ္ဂဟေတဗ္ဗာနိ၊ ခံယူအပ်ကုန်၏။
ပဋိဂ္ဂဟေတွာ၊ ခံယူပြီး၍။
ဟာရကေ၊ ဆောင်သောသူသည်။
အသန္တေ၊ မရှိလတ်သော်။
တိယောဇနပရမံ၊ သုံးယူဇနာ ပမာဏရှိသော အရပ်တိုင်အောင်။
သဟတ္ထာ၊ မိမိ လက်ဖြင့်။
ဟရိတဗ္ဗာနိ၊ ဆောင်အပ်ကုန်၏။
ဟာရကေ။ အသန္တေပိ၊ မရှိသော်လည်း။
တတော။ ဥတ္တရိ။ စေ ဟရေယျ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ခရီးရှည်သည် အဒ္ဓါနမဂ္ဂ မည်၏။ ဝတ္ထုအားလျော်စွာ ခရီးရှည် သွားရသော ရဟန်းဟု ဆိုသော်လည်း မသွားပဲ တစုံတခုသော အရပ်၌ တရားသဖြင့်ရလျှင် အလှူခံ ကောင်းသည်သာတည်း။ ဆောင်တတ်သောရဟန်း၊ ရှင်၊ လူ တဦးဦးမရှိခဲ့လျှင် ခံယူရာမှ သုံးယူဇနာအထိသာ ကိုယ်တိုင် ဆောင်ယူရသည်။
အယုတ်ဆုံး လေနာဆေးကုရန် နားပေါက်၌ အနည်းငယ် ထည့်ဆောင်သော်လည်း သုံးယူဇနာကို ခြေတလှမ်း လွန်စေအံ့၊ ဒုက္ကဋ်။ ဒုတိယ ခြေလှမ်းလွန်အံ့၊ နိဿဂ္ဂိ။ သုံးယူဇနာအတွင်း၌ နေ၍ ပြင်ပသို့ ကျရောက်စေအံ့၊ နိဿဂ္ဂိ။ သူတပါး၏ ယာဉ်၌၎င်း၊ ဘဏ္ဍာ၌၎င်း မသိအောင်ထည့်ပေး၍ လွန်စေအံ့၊ နိဿဂ္ဂိ။
“ဣမာနိ မေ ဘန္တေ ဧဠကလောမာနိ တိယောဇနံ အတိက္ကာမိတာနိ + နိဿဂ္ဂိယာနိ၊ ဣမာနာဟံ” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိ၌ ရဟန်းတပါး သုံးယူဇနာကို လွန်စေခြင်းကြောင့် ပညတ်၏။ အသာဓာရဏ၊ အနာဏတ္တိက။ တိကပါစိတ်။ သုံးယူဇနာအောက် ယုတ်သည်၌ အတိရေကသညီ၊ ဝေမတိက၊ ဒွိကဒုက္ကဋ်။ သုံးယူဇာထိ ဆောင်၍ ပြန်ဆောင်အံ့၊ နေလိုခြင်းဖြင့် သွား၍ ထိုမှတဖန် ဆောင်အံ့၊ လုသွားသည်ကိုပြန်ရ၍ ဆောင်အံ့၊ ဝိနည်းကံဖြင့် စွန့်ပြီးကို ပြန်ရ၍ ဆောင်အံ့၊ သူတပါးကို ဆောင်စေအံ့၊ အယုတ်ဆုံး ချည်ဖြင့် ဖွဲ့အပ်သော ကတဘဋ = ဘဏ္ဍာပြုပြီးသည်ကိုဆောင်အံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ၊ (ထုံးဖွဲ့ခြင်းသည် ကတဘဏ္ဍ မဖြစ်)။
၁။ ကတဘဏ္ဍမဟုတ်ခြင်း၊
၂။ ရှေးဦးစွာရသော သိုးမွေးဖြစ်ခြင်း၊
၃။ ကိုယ်တိုင်ဖြစ်စေ၊ သို့မဟုတ် သူတပါးယာဉ်၌ မသိအောင် ထည့်၍ဖြစ်စေ သုံးယူဇနာကို လွန်စေခြင်း၊
၄။ ဆောင်ပြီးတဖန် ပြန်ဆောင်သည် မဟုတ်ခြင်း၊
၅။ မနေလို၍ သွားသည်မဟုတ်ခြင်း၊
ဤကား အင်္ဂါငါးပါးတည်း။
ဧဠကလောမသမုဋ္ဌာန်။ (ပ၊ စ-ဧဠ။ ၄၄။) ကြိယ၊ နောသညာဝိမောက္ခ၊ အစိတ္တက၊ ပဏ္ဏတ္တိဝဇ္ဇ၊ ကာယကံ၊ တိစိတ္တ၊ တိဝေဒန ဖြစ်၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရဟန်းတပါးသည် ခရီးသွားစဉ် သိုးမွေးတို့ကို ရ၍ ကိုယ်ရုံဖြင့် ထုတ်၍ယူသွား၏။ လူတို့မြင်၍ အရှင်မြတ်၊ အဘယ်ဈေးဖြင့် ဝယ်ခဲ့သနည်း၊ အဘယ်မျှ မြတ်မည်နည်းဟု ပြက်ရယ်ပြုကုန်၏။ ကျောင်းသို့ရောက်သောအခါ မတ်တတ်မှ ပစ်ချ၏။ ရဟန်းတို့ မေးသောအခါ ပြက်ရယ်ပြုခံရကြာင်း ပြောပြ၏။ အဘယ်မျှ ဝေးစွာ ဆောင်ခဲ့သနည်း။ သုံးယူဇနာ သာသာမျှ ဝေး၏။ သုံးယူဇနာထက် လွန်၍ သိုးမွေးဆောင်သည်ဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၇-ဧဠကလောမဓောဝါပန
ယော ပန ဘိက္ခုံ။ အဉာတိကာယ။ ဘိက္ခုနိယာ၊ ကို။ ဧဠကလောမာနိ၊ ဓောဝါပေယျဝါ။ ရဇာပေယျဝါ။ ဝိဇဋာပေယျဝါ၊ အရှုပ်အထွေးကို ဖြေမူလည်း ဖြေစေငြားအံ့။ တဿ ဘိက္ခုနော။
အဓိပ္ပါယ် စသည်
သင်္ကန်းဟောင်း ဖွပ်ခိုင်းသော သိက္ခာပုဒ် နည်းသာတည်း။ သက္ကတိုင်းတို့၌ ဆဗ္ဗဂ္ဂီတို့ သိုးမွေးဖွပ်စေခြင်းကြောင့် ပညတ်၏။ (စွန့်ပုံလည်း နည်းယူနိုင်စေလော့။)
ဝတ္ထု
သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီမတို့ကို သိုးမွေးဖွပ်ခိုင်း၏။ ဆိုးခိုင်းကုန်၏။ အရှုပ်အထွေး ဖြေခိုင်းကုန်၏။ ဘိက္ခုနီမတို့အား စာအံခြင်း၊ တရားအားထုတ်ခြင်း ကင်းဆိတ်ကုန်၏။
တနေ့၌ မိထွေးတော် ဂေါတမီသည် ဘုရားရှင်ထံသို့ ချဉ်းကပ်၏။ မြတ်စွာဘုရား သည် အသို့နည်း၊ ဘိက္ခုနီမတို့သည် မမေ့မလျော့ အားထုတ်ကြ၏လော ဟု မိန့်တော်မူ၏။ သိုးမွေး ဖွပ်လျော်ရခြင်း ကိစ္စကြောင့် အားမထုတ်ကြရပါဘုရားဟု လျှောက်၏။ မိထွေးတော်အား တရားဟောပြီးလျှင် သံဃာ စည်းဝေးစေ၍ ဆဗ္ဗဂ္ဂီတို့အား မေးစစ်၍ ကဲ့ရဲ့ပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
၈-ရူပိယ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
ဇာတရူပရဇတံ၊ ရွှေငွေကို။
ဥဂ္ဂဏှေယျ ဝါ၊ ကိုယ်တိုင်လည်း ယူငြားအံ့။
ဥဂ္ဂဏှာပေယျ ဝါ၊ သူတပါးကိုလည်း ယူစေငြားအံ့။
ဥပနိက္ခိတ္တံ ဝါ၊ အနီးသို့ဆောင်၍ လှူသည်ကိုလည်း။
သာဒိယေယျ၊ သာယာငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ရွှေသည် ဇာတရူပ မည်၏။ ဘုရားရှင်၏ အဆင်းနှင့် တူ၏။ ငွေသည် ရဇတမည်၏။ ကဟာပဏသည်၎င်း၊ ကုန်သွယ်ခြင်းသို့ရောက်သော မာသကသည်၎င်း ဤ၌ ရဇတသာ မည်။ မိမိအလို့ငှာ လှူသည်ကိုယူခြင်းသည် ဥဂ္ဂဏှေယျ မည်၏။ လမ်းစသည်၌ သခင်မရှိသည်ကို မြင်၍ ကောက်ယူခြင်းသည်လည်း ဥဂ္ဂဏှေယျ မည်၏။ (သခင်မမြင်မီ-ဟု ကောက်ယူလျှပ် ခိုးခြင်းဖြစ်၏။)
သူတပါးကို ယူခိုင်းခြင်းသည် ဥဂ္ဂဏှာပေယျ မည်၏။ ဤရွှေငွေသည် အရှင်မြတ် အလို့ငှါ ဖြစ်ပါစေဟုဆို၍ လက်ဖြင့်ပြ၍ မျက်မှောက် ချထားသော ရွှေငွေသည် ဥပနိက္ခိတ္တ မည်၏။ ဤမည်သော အရပ်၌ အကျွန်ုပ်၏ ရွှေငွေရှိပါသည်၊ အရှင်မြတ်အား ဖြစ်ပါစေလော-ဟု မျက်ကွယ်ညွှန်းပြခဲ့သော ရွှေ-ငွေသည်လည်း ဥပနိက္ခိတ္တသာ မည်၏။
ဤဥပနိက္ခိတ္တ ရွှေငွေကို ကိုယ်ဖြင့် နှုတ်ဖြင့်မပယ်ပဲ စိတ်ဖြင့် သည်းခံခြင်းသည် သာဒိယေယျ မည်၏။ ဤ၌ စိတ်ဖြင့် ယူလိုသော်လည်း ကိုယ်နှုတ်ဖြင့် ဤရွှေငွေ မအပ်ဟု ပယ်အံ့၊ ကိုယ်နှုတ်ဖြင့် မပယ်သော်လည်း စင်ကြယ်သောစိတ်ဖြင့် ငါတို့အား ဤရွှေ ငွေမအပ်ဟု နှလုံးသွင်းလျက် မသာယာအံ့၊ သာဒိယေယျ မဖြစ်၊ အပြစ်မရှိ။ ပယ်သည်ချည်းသည်သာ မည်၏။ ဤသို့မပယ်ပဲ ယူအံ့၊ ယူစေအံ့၊ သာယာအံ့၊ လျော့လျော့ထုပ်သောပစ္စည်း၌ ပစ္စည်းအရေအတွက်အားဖြင့် နိဿဂ္ဂိ ဖြစ်၏။
ရွှေငွေ စွန့်နည်း
ဤနိဿဂ္ဂိ ရွှေငွေကို “အဟံ ဘန္တေ ရူပိယံ ပဋိဂ္ဂဟေသိံ၊ ဣဒံ မေ နိဿဂ္ဂိယံ၊ ဣမာဟံ (သံဃဿ) နိဿဇ္ဇာမိ” ဟု သံဃာ့အလယ်၌သာ စွန့်ရသည်။ ထိုစွန့်ရာသို့ လူတယောက် ရောက်လာလျှင် “ဣဒံ ဇာနာတိ” ဤပစ္စည်းကို သိလော့၊ နားလည်လော့ဟု ဆိုအပ်၏။
ဤပစ္စည်းဖြင့် အဘယ်ကို ဆောင်ခဲ့ရမည်နည်း-ဟုမေးလျှင် ဤပစ္စည်း၊ ဤပစ္စည်း ဆောင်ခဲ့ဟု မဆိုအပ်။ ထောပတ်သည်၊ သရက်သီးသည် ရဟန်းတို့အားအပ်၏ ဟု အပ်သည်ကိုသာ ဆိုရသည်။ အကယ်၍ ဆောင်ခဲ့လျှင် ရွှေငွေခံသော ရဟန်းကို ဖယ်၍ ရဟန်းအားလုံး ဝေဖန်သုံးဆောင်နိုင်သည်။ ဤကား စွန့်ပုံကျိုးတည်း။
ရွှေငွေခံသူက ဝေဖန်ရာမှ သူကပါ ရ၍ လာပေးသော်လည်း မအပ်။ အယုတ်ဆုံး ထိုငွေဖြင့် ဝယ်သော သစ်သီးမှပေါက်သော သစ်ပင်၏ (မွန်းတည့်) အရိပ်ကို သော်လည်း မသုံးဆောင်အပ်။
(တိရစ္ဆာန် သိမ်းဖြစ်၊ ပံ့သကူဖြစ်လည်း မအပ်။ ဆီဝယ်၍ မီးထွန်းလျှင် ထိုမီးရောင်၌ အိပ်ခြင်း၊ စာဖတ်ခြင်း၊ ကသိုဏ်းဝန်းရှုခြင်းလည်း မအပ်။ လမ်း၊ တံတားပြုလည်း မလျှောက်အပ်။ ရေတွင်းတူးလျှင် ထွက်ရေ မသုံးအပ်။)
ထိုသူသည် တစုံတခုကို မဆောင်လိုအံ့၊ ဤဥစ္စာတို့ကို စွန့်ပစ်ချေလော့ဟု ဆိုအပ်၏။ စွန့်သော်၎င်း၊ အိမ်ယူသွားသော်၎င်း မတားမြစ်အပ်။ စွန့်သူ၊ ယူသူ မရှိလျှင်ကား ဂတိလေးပါး မလိုက်၊ စွန့်-မစွန့်သိ၊ အင်္ဂါငါးပါးရှိသော ရဟန်းကို ရွှေငွေစွန့်တတ်သော ရဟန်းဟု သမုတ်အပ်၏။ ထိုသမုတ်အပ်သော ရဟန်းသည် လက်ဖြင့်ကောက်ယူ၍ မစင်သဖွယ် စွန့်ပစ်အပ်၏။ မျက်စိမှိတ်၍ မငဲ့မကွက် ကျရာကို မမှတ်ပဲ ပစ်အပ်၏။ ကျရာ မှတ်သားအံ့၊ ဒုက္ကဋ်။
အဆုံးအဖြတ်
ရာဇဂြိုဟ်၌ ရှင်ဥပနန္ဒ ရွှေငွေခံခြင်းကြောင့် ပညတ်၏။ သာဓာရဏ၊ သာဏတ္တိက။ တိကပါစိတ်။ ရူပီယမဟုတ်သည်၌ ရူပိယသညီ၊ ဝေမတိက၊ ဒွိကဒုက္ကဋ်။ သံဃာ၊ စေတီစသည်အလို့ငှာ ခံအံ့၊ ပုလဲ၊ ပတ္တမြားစသော ဒုက္ကဋ်ဝတ္ထုကိုခံအံ့၊ ဒုက္ကဋ်။
ရတနသိက္ခာပုဒ်နည်းဖြင့် အရံတွင်း၌မြင်၍ ပစ္စည်းရှင်ပြန်ယူလတ္တံ့ဟု ယူသိမ်းအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ ဇာတရူပရဇတဖြစ်ခြင်း၊
၂။ မိမိအလို့ငှာ ညွှန်းခြင်း၊
၃။ ယူ၊ ယူစေ၊ သာယာ တပါးပါးဖြစ်ခြင်း၊
ဤကား အင်္ဂါသုံးပါးတည်း။
သမုဋ္ဌာန်စသည် သဉ္စရိတ္တနှင့် တူ၏။
ခံယူခြင်းဖြင့် ရံခါကြိယ၊ မပယ်ခြင်းဖြင့် ရံခါ အကြိယ၊ ဤမျှထူး၏။
ဝတ္ထု
ရာဇဂြိုဟ် ဝေဠုဝန် ဒါယကာတဦးသည် ရှင်ဥပနန္ဒအား လွန်စွာ ကြည်ညို၏။ စားကောင်းသောက်ဖွယ်ရလျှင် ဖယ်ထားလေ့ရှိ၏။ တနေ့၌ ညချမ်း အမဲသားဟင်း ချက်၍ တခွက်ဖယ်ထား၏။ နံနက်စောစောတွင် သားငယ်ငို၍ တောင်းသောကြောင့် ထိုဟင်းကို သားငယ်အား ပေး၍ ရှင်ဥပနန္ဒအား တစုံတခု ဝယ်လှူမည်ဟု စိတ်ကူး ထား၏။ ရှင်ဥပနန္ဒ ဆွမ်းခံ ကြွလာသောအခါ ထိုအကြောင်းပြောပြ၍ အသပြာဖြင့် အဘယ်ပစ္စည်းလှူရမည်နည်းဟု လျှောက်၏။ ငါအား လှူမည့် အသပြာလော။ ဟုတ်ပါသည် ဘုရား။ ဟုတ်လျင် ထိုအသပြာကိုသာ လှူလော့ဟု ဆို၏။ ထိုဒါယကာသည် လှူပြီးလျှင် ငါတို့ကဲ့သို့ ရွှေငွေကိုင်ခံသည်ဟု ကဲ့ရဲ့၏။ ထို့ကြောင့် ပညတ်သည်။
ရွှေငွေသာယာခြင်း၌ မှတ်ဖွယ်
ကိုယ်နှုတ်ဖြင့် မပယ်ပဲ စိတ်ဖြင့်သာယာလျှင် ကိုယ်နှုတ်ဖြင့် ပယ်သင့်သည်ကို မပယ်သောကြောင့် အကြိယ။ ကာယဝစီ အာပတ်သင့်၏။ မနော၌ မသင့်။ လူတယောက်သည် ရွှေငွေတို့ကို ယူလာ၍ အရှင်မြတ်အလို့ငှာ ဖြစ်စေသတည်း ဟု ခြေရင်း၌ ထားအံ့၊ မအပ်ဟုဆို၍ ပယ်သော်လည်း လှူပြီးပြီဟု ထား၍ ဖဲသွားအံ့။ တပါးသောလူ ရောက်လာ၍ အဘယ်သို့သော ငွေပါနည်းဟု မေးလျှင် ထိုလူဆိုပုံ၊ မိမိဆိုပုံ ပြောပြအပ်၏။ ထိုလူက သိမ်းပေးပါမည်၊ လုံခြုံရာ ပြပါဟု ဆိုအံ့၊ ဘုံခုနစ်ဆင့်တက်၍ ဖြစ်စေ ဤနေရာသည် လုံခြုံ၏ဟု ဆိုအပ်၏။ ဤနေရာ၌ ထားလော့ဟု မဆိုအပ်။
ဤမျှဖြင့် အပ်ခြင်း၊ မအပ်ခြင်း နှစ်ပါးကို မှီ၏။ တံခါးပိတ်၍ စောင့်အပ်၏။ ပရိက္ခရာကုန်သည်လာ၍ ဤဘဏ္ဍာယူပါဟု ဆိုလျှင် ငါ့အား ဤသပိတ်ဖြင့် အလိုရှိ၏။ ဤသို့သော ငွေလည်း ရှိ၏။ ကပ္ပိယကာရက မရှိဟု ဆိုအပ်၏။ အကျွန်ုပ် ကပ္ပိယပြုလုပ်ပါမည်ဟု ဆိုလျှင် တံခါးဖွင့်ပေး၍ ဤနေရာ၌ ထားသည်ဟု ဆိုအပ်၏။ ဤပစ္စည်းကို ယူလော့ မဆိုအပ်။ ဤသို့လည်း အပ်၊ မအပ် နှစ်ပါး မှီသေး၏။ ထိုကုန်သည်သည် ငွေယူ၍ သပိတ်ပေးအံ့၊ အပ်၏။ ငွေပို၍ ယူအံ့၊ သင့်ဘဏ္ဍာကို မလိုချင်တော့ဘူး၊ ထွက်လော့ဟု ဆိုအပ်၏။
ရွှေ ငွေသည် သံဃ၊ ဂဏ၊ ပုဂ္ဂလအား မအပ်သော အကပ္ပိယ ပစ္စည်းဖြစ်သောကြောင့် သံဃာ့အလယ်၌သာ စွန့်ရမည်ဟု ဟောသည်။
အလှူခံရုံမျှ ဖြစ်၍ ဘဏ္ဍာတခုခု မဝယ်သေးသောကြောင့် သုံးဆောင်သင့်ကြောင့် နည်း တမျိုးကို ပြခြင်းငှာ သံဃာ့အလယ်၌သာ စွန့်ဟု ဟောသည်။ ဝိနည်းကံဖြင့် စွန့်လျှင် ငွေခံသူသာ မအပ်၊ တပါးသော ရဟန်းတို့အား အပ်သေး၏။ မစွန့်လျှင် ကုလဒူသန၊ အနေသန ပစ္စည်းကဲ့သို့ တသာသနာလုံး ဘယ်သူအားမျှ မအပ်။ သံဃာ့အလယ်၌ စွန့်ပြီးကာမျှတွင် သိက္ခာချ၍၊ လူထွက်၍ ထိုလူ ထိုငွေကို ပြန်ယူ၍ ဝယ်ကျွေးလျှင် အပ်သည်သာတည်း။ မစွန့်ပဲ လူထွက်၍ ဝယ်ကျွေးလျှင် ဝိနည်းကံ မဟုတ်။ သတိထားသင့်၏။
နိဿဂ္ဂိယ ပစ္စည်းလေးမျိုးကို မိမိအလို့ငှာ ခံအံ့၊ နိဿဂ္ဂိ။ စေတီ၊ သံဃ၊ ဂဏ၊ ပုဂ္ဂလအလို့ငှာ ခံအံ့၊ ဒုက္ကဋ်။ ဒုက္ကဋ်ပစ္စည်းတို့ကို မိမိအလို့ငှာ၎င်း၊ စေတီ၊ သံဃာ စသည်အလို့ငှာ၎င်း ခံအံ့၊ ဒုက္ကဋ်။
ထိုမှကြွင်းသော သပိတ် သင်္ကန်း စသည်သည် ကပ္ပိယဝတ္ထု မည်၏။ ကပ္ပိယဝတ္ထု၌ အနာပတ္တိ။ သိမ်းထားခြင်းငှာ ဘဏ္ဍာစိုးအနေဖြင့် လက်ခံအံ့။ နိဿဂ္ဂိယဝတ္ထု၊ ဒုက္ကဋ်ဝတ္ထု၊ ကပ္ပိယဝတ္ထု သုံးပါးလုံး ရတနသိက္ခာပုဒ်နည်းဖြင့် ပါစိတ်ချည်းသာတည်း။
၉-ရူပိယသံဝေါဟာရ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
နာနာပ္ပကာရံ၊ (တန်ဆာပြုပြီး၊ မပြုသေး စသည်ဖြင့်)များသော အပြားရှိသော။
ရူပိယသံဝေါဟာရံ၊ ရွှေ ငွေ ဖလှယ်ခြင်းသို့။
သမာပဇ္ဇေယျ၊ ရောက်ငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ဤ၌ နိဿဂ္ဂိယဝတ္ထု လေးပါးလုံးသည် ရူပိယ မည်၏၊ ကတ၊ အကတ၊ ကတာကတ ဟူ၍ သုံးမျိုးပြား၏။ ပုတီး နားတောင်း စသည်ဖြင့် ပြုလုပ်အပ်သော ရူပိယသည် ကတရူပိယ မည်၏။ မပြုလုပ်အပ်သော အတုံးအခဲသည် အကတရူပိယ မည်၏။ ပြုပြီးအချို့နှင့် မပြုသေးအချို့သည် ကတာကတ မည်၏။ ဤသုံးမျိုးသည်ပင် နာနာပ္ပကာရ မည်၏။ ထိုရူပိယတို့ကို လဲလှယ်ခြင်းသည် ရူပိယသံဝေါဟာရ မည်၏။
(ဝါ၊ ပိုက်ဆံဖြင့် ဝယ်ခြင်း၊ ရောင်းခြင်းသည် ရူပိယသံဝေါဟာရမည်၏။ ကယဝိက္ကယ မမည်။)
ယခင်သိက္ခာပုဒ်ဖြင့် နိဿဂ္ဂိယဝတ္ထု၊ ဒုက္ကဋ်ဝတ္ထု နှစ်ခုခံယူခြင်းကို တားသည်။ ဤသိက္ခာပုဒ်ဖြင့် လဲလှယ်ခြင်းကို တားသည်။ ထို့ကြောင့် ဒုက္ကဋ်ဝတ္ထုဖြင့် ဒုက္ကဋ်သုံးချက်။ နိဿဂ္ဂိယဝတ္ထုဖြင့် နိ-ကို၊ ဒုက်-ကို၊ ကပ်-ကို လဲအံ့၊ ဒုက်-ဖြင့် ကပ်-ဖြင့် နိ-ကို လဲအံ့၊ နိဿဂ္ဂိငါးချက်။ (ကပ်-ဖြင့် ကပ်-လဲအံ့၊အနာပတ္တိ။)
ဤရွှေ ငွေ လဲ နိဿဂ္ဂိ ကိုလည်း “အဟံ ဘန္တေ နာနာပ္ပကာရံ ရူပိယသံဝေါဟာရံ သမာပဇ္ဇိံ၊ ဣဒံ မေ နိဿဂ္ဂိယံ၊ ဣမာဟံ (သံဃဿ) နိဿဇ္ဇာမိ”ဟု သံဃာ့ အလယ်၌ စွန့်ရသည်။ စွန့်ပြီးနောက်လည်း ယခင်သိက္ခာပုဒ်အတိုင်း ကျင့်အပ်၏။
(ရောင်းဝယ်၊ လဲလှယ် ဤနှစ်ခု သဒ္ဒါထူးလျက် အနက်အထူး မပြ၊ အတူထားသည်။)
ပစ္စည်းသုံးမျိုး
ရွှေ၊ ငွေ၊ အသပြာ၊ မာသကသည် နိဿဂ္ဂိယဝတ္ထု လေးပါး။
စပါးမျိုး၊ ကျွန်၊ လယ်ယာ၊ ပတ္တမြား စသည်သည် ဒုက္ကဋ်ဝတ္ထုအများ။
သပိတ်၊ သင်္ကန်း စသည်သည် ကပ္ပိယဝတ္ထု ပစ္စည်းများစွာ။
ဤသုံးမျိုးကို လဲလှယ်ရာ၌ သိရသည်။
(နိဿဂ္ဂိ ၃၀-၌ လာသော နိဿဂ္ဂိပစ္စည်းဟူသမျှဟု မယူရ။ လေးမျိုးသာ ယူရသည်။)
နိ-ဖြင့် နိ-လဲ၊ နိ။
နိ-ဖြင့် ဒုက်လဲ၊ နိ။
နိ-ဖြင့် ကပ်-လဲ၊ နိ။ (နိ-မူသုံးခု)
ဒုက်-ဖြင့် ဒုက်-လဲ၊ ဒုက်။
ဒုက်-ဖြင့် ကပ်-လဲ၊ ဒုက်။
ဒုက်-ဖြင့် နိ-လဲ၊ နိ။ (ဒုက်-မူသုံးခု)
ကပ်–ဖြင့် ကပ်-လဲ၊ ကပ်။
ကပ်-ဖြင့် နိ-လဲ၊ နိ။
ကပ်-ဖြင့် ဒုက်-လဲ၊ ဒုက်။(ကပ်-မူသုံးခု။)
ရွှေ ငွေ၊ အသပြာ (၃)၊ ပဲရုပ်မှာ (၁)၊ လေးဖြာ နိဿဂ္ဂိ။
သတ္တဓညာ၊ ကျွန်၊ လယ်ယာ၊ ပုပ္ဖာရာမာဒိ။
နီ၊ ပြောက်၊ မြ၊ လဲ (၄)၊ လင်း၊ ရှ၊ ရွဲ (၃)၊ န္တာ၊ လဲ (၁) ဒုက္ကဋ်သိ။
စီဝရာဒိက(အများ)၊ ကပ္ပိယ၊ မှတ်ကြ သုံးမျိုးရှိ။
အဆုံးအဖြတ်
သာဝတ္ထိ၌ ဆဗ္ဗဂ္ဂီတို့ ရွှေ ငွေ လဲလှယ်ခြင်းကြောင့် ပညတ်၏။
(ခံခြင်းပယ်ရကား ခံ၍လဲခြင်း၌ အပြစ်မမြင်၍ ငွေခံ၍ ဝယ်သည်။ ငွေရအောင် ဘဏ္ဍာရောင်းသည် ဟူလို။)
သာဓာရဏ၊ အနာဏတ္တိက။
၁။ လဲသောဒဏ္ဍာ သူ့စ္စည်း ကိုယ့်ပစ္စည်း ရူပိယ ဖြစ်ခြင်း၊
၂။ လဲခြင်း၊
ဤကား အင်္ဂါနှစ်ပါးတည်း။
ကြိယ။ အကြွင်း ယခင်နှင့် တူပြီ။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ဆဗ္ဗဂ္ဂီတို့သည် တန်ဆာပြုပြီး၊ မပြုသေးစသော များသော အပြားရှိသော ရွှေတို့ကို ဖလှယ်ကုန်၏။ ကာမဘောဂီတို့ကဲ့သို့ဟု လူတို့ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
အကပ္ပိယ ပတ္တစတုက္က မှတ်ဖွယ်
(၁) ရဟန်းသည် ငွေခံ၍ ထိုငွေဖြင့် သံမျိုးကျောက်ကို ဝယ်၍ သံထုတ်၍ သပိတ်ပြုအံ့၊ မဟာအကပ္ပိယသပိတ် မည်၏။ အပ်တောင် ပြု၍မရ။ ဖျက်၍ ခွက်ပြုလည်း ထိုခွက်ဖြင့် ရေမျှမအပ်။ ပဲခွပ်ပြု၍ တံပူဖြတ်လည်း ထိုတံပူ မအပ်။ ငါးမျှားချိတ်ပြု၍ ငါးမျှားလျှင် ထိုးငါးပင် မအပ်။
(၂) ခံသောငွေဖြင့် ကိုယ်တိုင်သပိတ်ဝယ်အံ့၊ အကပ္ပိယသပိတ် မည်၏။ အပ်အောင်ပြုလျှင် ရ၏။ ငွေကို ငွေရှင်အား၊ သပိတ်ကို သပိတ်ရှင်အား ပြန်ပေးရသည်။ ထိုနောက် အပ်သောနည်းဖြင့်ရလျှင် ထိုသပိတ် အပ်၏။
(၃) ခံငွေဖြင့် “ဤသပိတ် ငါ အလိုရှိသည်” ဟု ကပ္ပိယအား ပြော၍ ကပ္ပိယ ဝယ်ပေးသော သပိတ်လည်း အကပ္ပိယသပိတ် မည်၏။ ခံငွေ မစွန့်ခြင်းကြောင့် တသာသနာလုံး မအပ်။ ဆိုင်ရာပြန်ပေး၍ နောက်၌ အပ်သောနည်းဖြင့် ရလျှင် ထိုသပိတ်လည်း အပ်၏။
(၄) ငွေကိုမခံပဲ သပိတ်ဝယ်လှူမည့်သူကို ဤသပိတ်အတွက် ငွေဤမျှပေးလိုက်၊ ဤမျှဖြင့် ဤသပိတ်ပေးလော့ စသည်ဖြင့် စီမံလျှင်လည်း အကပ္ပိယ သပိတ် မည်၏။ ဒုဗ္ဗိစာရိတ ဖြစ်သောကြောင့် ထိုရဟန်းအားသာ မအပ်။
ဤကား အကပ္ပိယသပိတ်လေးလုံးတည်း။
ငွေကိုမခံပဲ ကပ္ပိယကို “ဤသပိတ်ကို အလိုရှိသည်” ဟုဆို၍ ကပ္ပိယ ဝယ်လှူသော သပိတ်ကား အလုံးစုံအပ်၏။ ဘုရားရှင်တို့အားလည်း သုံးဆောင်ထိုက်၏။
၁၀-ကယဝိက္ကယ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
နာနာပ္ပကာရံ၊ (သင်္ကန်း ဆွမ်း စသော ကပ္ပိယဘဏ္ဍာဖြင့်) များသောအပြားရှိသော။
ကယဝိက္ကယံ၊ ဝယ်ခြင်း ရောင်းခြင်းသို့။
ဝါ၊ လဲလှယ်ခြင်းသို့။
သမာပဇ္ဇေယျ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ်
သင်္ကန်းစသော ကပ္ပိယဘဏ္ဍာ များစွာသည် နာနာပ္ပကာရ မည်၏။ ဤသိက္ခာပုဒ်၌ ရွှေငွေစသော နိဿဂ္ဂိယဝတ္ထု၊ ဒုက္ကဋ် ဝတ္ထုတို့ကို မယူအပ်။ ဤဘဏ္ဍာဖြင့် ဤ ဘဏ္ဍာကို ပေးလော့၊ ယူခဲ့လော့၊ ရောင်းလော့၊ ဝယ်လော့၊ ဖလှယ်လော့စသည်ဖြင့် သူတပါး၏ ဘဏ္ဍာကိုယူခြင်းသည် ကယ = ဝယ်သည် မည်၏။ မိမိ၏ဘဏ္ဍာကို ပေးခြင်းသည်ဝိက္ကယ = ရောင်းသည် မည်၏။
ဤသို့သော ကယဝိက္ကယကို ဝါ-ကပ္ပိယဘဏ္ဍာ လဲခြင်းကို သီတင်းသုံးဖော် ငါးယောက်၌ အပြစ်မရှိ။ ထိုငါးယောက်ကိုဖယ်၍ မိဘထံ၌သော်လည်း လဲလှယ်အံ့၊ ဒုက္ကဋ်။ မိမိ ဘဏ္ဍာသူတပါးလက်သို့၊ သူတပါးဘဏ္ဍာ မိမိလက်သို့ရောက်သောအခါ နိဿဂ္ဂိ။
“အယံ ဘန္တေ နာနာပ္ပကာရကံ ကယဝိက္ကယံ သမာပဇ္ဇိံ၊ ဣဒံ မေ နိဿဂ္ဂိယံ ဣမာဟံ” စသည်ဖြင့် တဦးဦးထံ စွန့်အပ်၏။ စွန့်ပြီး ဒေသနာကြား၊ ပြန်ပေး၊ သုံးကောင်း၏။ ဤပစ္စည်းကို သုံးဆောင်၍၊ ယူ၍ ဤမည်သော ပစ္စည်းကို ယူခဲ့လော့၊ ဤအမှုပြုလော့ဟု ဆိုအံ့၊ လဲလှယ်ခြင်းပင် မည်၏။ ယူခဲ့သော ပစ္စည်း၌ နိဿဂ္ဂိပါစိတ်။
မြေသုတ်သင်ခြင်းစသော အမှုပြုခြင်း၌ ပစ္စည်းမရှိသောကြောင့် ပါစိတ်သာ ကုစားအပ်၏။ ပစ္စည်းသုံးပြီး ပျောက်ပျက်ပြီးလျှင်လည်း ပါစိတ်သာ ကုစားအပ်၏။
(ဝေယျာဝစ္စပြုအောင် ခိုင်းပြီးမှ ဝေယျာဝစ္စပြုသူအား ပေးရာ၌ အပြစ်မရှိ)။
အဆုံးအဖြတ်
သာဝတ္ထိပြည်၌ ရှင်ဥပနန္ဒ ဝယ်ရောင်းလဲလှယ်ခြင်းကြောင့် ပညတ်၏။ ဤဘဏ္ဍာ အဘယ်မျှ အဖိုးနည်းဟု အဖိုးမေးအံ့၊ လဲလှယ်လိုသူမှ တပါးသောသူကို ကပ္ပိယ ဒကာပြု၍ ဤဘဏ္ဍာဖြင့် ဤဘဏ္ဍာ ယူပေးလော့ဟု ဆိုအံ့၊ ဤဘဏ္ဍာဖြင့် ဤဘဏ္ဍာကို အလိုရှိသည်ဟု ဆို၍ ရသော ဘဏ္ဍာကို ယူအံ့၊ သီတင်းသုံးဖော် ငါးဦးထံ ကပ္ပိယဘဏ္ဍာ ဖလှယ်အံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ လဲလှယ်သော ဘဏ္ဍာ ကပ္ပိယဘဏ္ဍာဖြစ်ခြင်း၊
၂။ သီတင်း သုံးဖော် ငါးဦးမဟုတ်ခြင်း၊
၃။ ရောင်းဝယ်ဖလှယ်ခြင်း၊
ဤကား အင်္ဂါသုံးပါး တည်း။
အကြွင်း ရူပိယသံဝေါဟာရ၌ ဆိုပြီးသည်နှင့် တူ၏။
ဆင်ခြင်ဖွယ်အထူး
ဤမျှ မရဘူးလား၊ ဤမျှယူ၊ ဤမျှလုပ်-စသည်ဖြင့် ဈေးဆစ်ခြင်းသည် ကယဝိက္ကယ ဖြစ်သည်ဟု အချို့ဆိုမိကုန်၏။ အဖိုးမေးခြင်းသာ၊ ဝါ-ဒုဗ္ဗေစာရိတသာ ဖြစ်သည်။ လဲလှယ်ခြင်းမပြုသေး၍ ကယဝိက္ကယ မဖြစ်သေး၊ ငွေကြေးဖြင့် လဲလှယ်ဝယ်ယူလျှင် လည်း ကယဝိက္ကယ မဖြစ်၊ ရူပိယသံဝေါဟာရ ဖြစ်သည်။ အမှုသာ၍ကြီးသည်။
ကပ္ပိယဘဏ္ဍာချင်း လဲလှယ်၍ အသီးသီး လက်ရောက်မှ ကယဝိက္ကယ ဖြစ်သည်။ ကယဝိက္ကယ အမှုငယ်နှင့် ရူပိယသံဝေါဟာရ အမှုကြီးကို မထွေးယှက်အောင် ဆင်ခြင်ရာ၏၊ အဖိုးမေးခြင်းနှင့် လဲလှယ်ခြင်းကိုလည်း မထွေးယှက်စေရာ။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရှင်ဥပနန္ဒသည် သင်္ကန်းချုပ်ခြင်း၌ လိမ္မာ၏။ အဟောင်းကို သင်္ကန်းချုပ်၍ ကောင်းစွာပြု၍ ဝတ်ရုံ၏။ ပရိဗိုဇ် တဦးသည် အဖိုးတန်အဝတ်ကို ဝတ်ရုံလာ၍ ရှင်ဥနန္ဒနှင့် တွေ့လတ်သော် ရှင်ဥပနန္ဒ၏ သင်္ကန်းကို လွန်စွာ နှစ်သက်၍ လဲယူလေ၏။ ထိုသင်္ကန်းကို ဝတ်ရုံ၍ ပရိဗိုဇ်ကျောင်းသို့ ပြန်ရောက်သောအခါ သူ၏ သင်္ကန်းကောင်း၏၊ အဘယ်မှ ရသနည်းဟု မေးကုန်၏။
ထို အဖိုးတန်အဝတ်ဖြင့် လဲခဲ့သည်ဟု ပြန်ပြောသောအခါ သင်၏ အဖိုးတန် အဝတ်သည် ဤသင်္ကန်းထက် ကောင်းသည်ဟု ဆိုကုန်၏။ ထိုပရိဗိုဇ်သည် ရှင်ဥပနန္ဒထံ သွား၍ ပြန်လဲပါဟု ဆို၏။ မလဲဟု ဆိုလတ်သော် ရဟန်းချင်းဖြစ်လျက် အဘယ့်ကြောင့်မလဲသနည်း၊ လူချင်းသော်မှ သဘောမကျ ပြန်လဲကြသေးသည်ဟု ပရိဗိုဇ်ကဲ့ရဲ့၏။ ထို့ကြောင့် ပညတ်သည်။ ဧဠကလောမဝဂ္ဂေါ ဒုတီယော။
၁-ပတ္တ
ဒသာဟပရမံ၊ ဆယ်ရက် အပိုင်းးအခြားရှိသော ကာလပတ်လုံး။
အတိရေကပတ္တော၊ ပိုလွန်သောသပိတ်ကို။
ဓာရေတဗ္ဗော၊ ဆောင်အပ်၏။
တံ၊ ထိုဆယ်ရက်ကို။
အတိက္ကာမယတော၊ လွန်စေသော ရဟန်းအား။
နိဿဂ္ဂိယံ။ ပါစိတ္တိယံ။ ဟောတိ။
အဓိပ္ပါယ်
အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာ မပြုသော သပိတ်သည် အတိရေကပတ္တ = ပိုလွန်သော မည်၏။ သံသပိတ်၊ မြေသပိတ်ဟု ဇာတိ နှစ်မျိုး ရှိ၏။ ဥက္ကဋ္ဌ၊ မဇ္ဈိမ၊ ဩမက-ဟု အရွယ်သုံးစားရှိ၏။ သုံးပြည် သုံးခွက် သုံးစလယ် အစဉ်အတိုင်းဆံ့၏။
ရဟန်းတို့အား လျောက်ပတ်အောင် သံသပိတ် ငါးကြိမ်၊ မြေသပိတ် နှစ်ကြိမ် ဖုတ်အပ်၏။ တကြိမ်မျှဖြင့် လျောက်ပတ်အောင် မည်းနက်လျှင်လည်း အပ်၏။ ဤသို့ ဇာတ် ပမာဏရှိသော လျောက်ပတ်စွာ ဖုတ်ပြီးသော သပိတ်ကို ရလျှင် ယခင် သပိတ်ကို အဓိဋ္ဌာန်ချ၍ ဆယ်ရက်အတွင်း အသစ်ကို အဓိဋ္ဌာန်တင်ရသည်။ သပိတ်ဖိုး တချင်ရွေးမျှ ပေးဖွယ်ကျန်သေးလျှင် အဓိဋ္ဌာန် မတင်အပ်။ မိမိမပိုင်၊ နိဿဂ္ဂိမဖြစ်နိုင်။ ယခင်သပိတ် အဓိဋ္ဌာန်ချလိုလျှင် အသစ်ကို ဝိကပ္ပနာပြုရသည်။
သပိတ်မရှိသူ ဆယ်လုံးရ၍ အားလုံး သုံးဆောင်လိုအံ့။ ယနေ့တလုံး အဓိဋ္ဌာန်တင်။ နောက်နေ့၌ အဓိဋ္ဌာန်ချ၍ တလုံးတင်။ ဤနည်းဖြင့် နှစ်တရာကြာအောင်လည်း သုံးဆောင်နိုင်၏။ နှုတ်ခမ်းရေးအောက် နှစ်သစ်မှစ၍ တစုံတခုသော နေရာ၌ ဆပ်ထမင်းလုံး ထွက်နိုင်အောင် ပေါက်လျှင် အဓိဋ္ဌာန်မလောက်။ ဖာပြီးလျှင် အဓိဋ္ဌာန် တင်အပ်၏။
အဓိဋ္ဌာန်ကျကြောင်း ကိုးပါးကို သင်္ကန်း၌ ဆိုပြီးပြီ။ ဆိုပြီးသော သပိတ်ကို အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာမပြုပဲ ဆယ်ရက်လွန်လျှင် ဧကာဒသမအရုဏ်၌ နိဿဂ္ဂိ။ “အယံ မေ ဘန္တေ ပတ္တော ဒသာဟတိက္ကန္တော နိဿဂ္ဂိယော” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိ၌ ဆဗ္ဗဂ္ဂီတို့ ပိုလွန်သောသပိတ်ကို ဆောင်ထားခြင်းကြောင့် ပညတ်၏။ အသာဓာရဏ။ အကြွင်း စီဝရဝဂ် ပဌမသိက္ခာပုဒ်နှင့် တူပြီ။
အထူးမှတ်ဖွယ်
သာရုပ္ပဖြစ်အောင် ဖုတ်ပြီးသော သပိတ်ကို ရသောနေ့၊ အရှင့်အား ပို့လိုက်ပြီဟု သတင်းကြားသော နေ့မှစ၍ ဆယ်ရက်အတွင်း အဓိဋ္ဌာန်တင်၊ ဝိကပ္ပနာပြုရသည်။ နှစ်လုံးအဓိဋ္ဌာန် မတင်အပ်။
ဟတ္ထပါသ်တွင်းဖြစ်လျှင် “ဣမံ ပတ္တံ အဓိဋ္ဌာမိ”၊
ဝေးလျှင် “ဧတံ ပတ္တံ တုယှံ ဧတံ ဝိကပ္ပေမိ”၊
ဝေးလျှင် “ဧတံ ပတ္တံ အဓိဋ္ဌာမိ”၊
အဓိဋ္ဌာန်ချလိုလျှင် “ဣမံ ပတ္တံ ပစ္စုဒ္ဓရာမိ၊ ဧတံ ပတ္တံ ပစ္စုဒ္ဓရာမိ”၊
ဝိကပ္ပနာပြုလိုလျှင် ရဟန်းတပါး၌” ဣမံ ပတ္တံ တုယှံ ဝိကပ္ပေမိ”၊
များလျှင် “ဣမေ ပတ္တေ တုယှံ ဝိကပ္ပေမိ”၊
ဝေးလျှင် “ဧတံ ပတ္တံ၊ ဧတေ ပတ္တေ” ဤမျှဖြင့် ထားခြင်းငှာ အပ်၏။
ထိုရဟန်းတပါးက “မယှံ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောတိ”ဟု ဆို၍ ပစ္စုဒ္ဓါရ ပြန်ပေးပြီးသောအခါ သုံးဆောင်ခြင်းငှာ၊ စွန့်ခြင်းငှာ၊ အဓိဋ္ဌာန် တင်ခြင်းငှာ အပ်၏။ များလျှင် “မယှံ သန္တိကာနိ ပရိဘုဉ္ဇ ဝါ” စသည်ဖြင့် ပစ္စုဒ္ဓါရ ပြန်ပေးရသည်။
သပိတ်ကိုးလုံး မှတ်ဖွယ်
စင်ကြယ်စွာ ဖွပ်ထောင်းပြီးသော အဟောင်းသလေးဆန်ရင်းတို့ကို မဂဓ နာဠီဖြင့် နှစ်ခွက်ယူ၍ သင်းခွေပန်းအငုံနှင့်တူစွာ ပျော့မာ တွေခဲမရှိအောင်၊ ချိုးမကပ်အောင် ချက်၍ အကြွင်းမဲ့ သပိတ်၌ ထည့်ရမည်။ (ဆွမ်းနှစ်ပြည် ဟူလို) လက်ကော်ရ ပဲဟင်းကို လေးဖို့တဖို့ ထည့်ရမည်။ (တခွက်ဟူလို) အမဲဟင်း ငါးဟင်းကိုလည်း လေးဖို့တဖို့ ထည့်ရမည်။ (တခွက်ဟူလို)
ဤသို့ သုံးပြည်ထည့်၍ --
၁။ မဟောက် မမောက် နှုတ်ခမ်းရေး စတုတ်ညီလျှင် ဤသပိတ်သည် ဥက္ကဋ္ဌ မည်၏။
၂။ သုံးပြည်မောက်လျှင် ဥက္ကဋ္ဌောမက မည်၏။
၃။ သုံးပြည် ဟောက်လျှင် ဥက္ကဋ္ဌုက္ကဋ္ဌ မည်၏။
၄။ ထိုအောက်ထက်ဝက် သုံးခွက်ဆံ့လျှင် မဇ္ဈိမ မည်၏။
၅။ သုံးခွက်မောက်လျှင် မဇ္ဈိမောမက၊
၆။ သုံးခွက်ဟောက်လျှင် မဇ္ဈိမုက္ကဋ္ဌ မည်၏။
၇။ ထိုအောက်ထက်ဝက် သုံးစလယ်ဆံ့လျှင် ဩမက၊
၈။ သုံးစလယ်မောက်လျှင် ဩမကောမက၊
၉။ သုံးစလယ်ဟောက်လျှင် ဩမကုက္ကဋ္ဌ မည်၏။
ဤကိုးလုံးတို့တွင် အကြီးဆုံး ဥက္ကဋ္ဌုက္ကဋ္ဌ၊ အငယ်ဆုံး ဩမကောမက နှစ်လုံးသည် သပိတ် မမည်။ အဓိဋ္ဌာနံ၊ ဝိကပ္ပနာ မပြုအပ်။ နိဿဂ္ဂိမဖြစ်။ ခွက်အဖြစ်ဖြင့် သုံးအပ်၏။ ပတ္တမဟုတ်။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ဆဗ္ဗဂ္ဂီတို့သည် သပိတ်များစွာ သိုမှီးကုန်၏။ လူတို့ ကျောင်းရောက်၍ မြင်လတ်သော် သပိတ်ကုန်သည် ပြုကုန်အံ့လော။ သပိတ်ဆိုင် ဖွင့်ကုန်အံ့လောဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် သပိတ်ပို မထားရဟု ပညတ်သည်။
အခါတပါး ရှင်အာနန္ဒာအား ပိုလွန်သောသပိတ် ဖြစ်၏။ ထိုသပိတ်ကို ရှင်သာရိပုတ္တရာအား လှူလို၏။ ရှင်သာရိပုတ္တရာလည်း သာကေတ၌ နေ၏။ အသို့ ပြုရအံ့နည်းဟု ကြံ၍ ဘုရားရှင်အား လျှောက်၏။
ချစ်သား အာနန္ဒာ၊ ရှင်သာရိပုတ္တရာ အဘယ်အခါ လာမည်နည်း။ ကိုးရက်၊ ဆယ်ရက်ကြာလျှင် လာပါလိမ့်မည်ဘုရား။ ချစ်သားတို့၊ ပိုလျှံသော သပိတ်ကို ဆယ်ရက်ပတ်လုံး ဆောင်ထားခြင်းငှာ ခွင့်ပြု၏ဟု မိန့်၍ အနုပညတ်ဖြင့် တဖန် ပညတ်ပြန်သည်။
ဝိနီတဝတ္ထုတခု။ ဆဗ္ဗဂ္ဂီတို့သည် (ဝိနည်းကံ) စွန့်သော သပိတ်ကို မပေးအပ်သည် မဟုတ်၊ မပေးငြားအံ့၊ ဒုက္ကဋ်။
၂-ဦနပဉ္စဗန္ဓန
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
ဦနပဉ္စဗန္ဓနေန၊ ငါးဖွဲ့အောက် ယုတ်သော။
ပတ္တေန၊ သပိတ်ဖြင့်။
(ဝါ၊ ငါးဖွဲ့အောက် ယုတ်သော သပိတ်ရှိသည်ဖြစ်၍။)
အညံ၊ တပါးသော။
နဝံ။ ပတ္တံ။ စေတာပေယျ၊ တောင်းငြားအံ့။
တဿ ဘိက္ခုနော။ နိဿဂ္ဂိယံ။ ပါစိတ္တိယံ။ ဟောတိ။
တေန ဘိက္ခုနာ၊ သည်။
သော ပတ္တော၊ ကို။
ဘိက္ခုပရိသာယ၊ ရဟန်းပရိသတ်၌။
နိဿဇ္ဇိတဗ္ဗော၊ စွန့်အပ်၏။
ယော စ၊ အကြင်သပိတ်သည်ကား။
တဿ ဘိက္ခု ပရိသာယ၊ ထိုရဟန်းပရိသတ်၌။
ပတ္တပရိယန္တော၊ သံဃာငယ်စွန့်သော အစွန်ဆုံး၌ တည်သော သပိတ်ဖြစ်၏။
သော၊ ထိုသပိတ်ကို။
တဿ ဘိက္ခုနော၊ အား။
ပဒါတဗ္ဗော၊ ပေးအပ်၏။
ဘိက္ခု၊ ရဟန်း။
တေ၊ သင်သည်။
အယံပတ္တော၊ ဤသပိတ်ကို။
ယာဝ ဘေဒနာယ၊ ကွဲသည်တိုင်အောင်။
ဓာရေတဗ္ဗော၊ ဆောင်အပ်၏။
ဣတိ၊ ဤသို့ဆို၍။
ပဒါတဗ္ဗော။ အယံ၊ ဤအစွန်ဆုံး သပိတ်ကို ပေးခြင်းသည်။
တတ္ထ၊ ထိုသပိတ်စွန့်ရာ၌။
သာမိစိ၊ ကျင့်ဝတ်တည်း။
အဓိပ္ပါယ်
ငါးဖွဲ့မပြည့်သော သပိတ်သည်၎င်း၊ တဖွဲ့မျှမရှိသော သပိတ်သည်၎င်း ဦနပဉ္စဗန္ဓန မည်၏။ ထိုသပိတ်ဖြင့် မှတ်သားအပ်သော ရဟန်းသည် ဣတ္တမ္ဘူတလက္ခဏာကို သိအပ်၏။ (ထိုသပိတ်ဖြင့် တောင်းခြင်းဟု ကရိုဏ်းအနက် မသိအပ်။) ထိုသို့သော သပိတ်ရှိသော ရဟန်းဟု ဆိုလိုသည်။
ငါးဖွဲ့၊ ငါးဖွဲ့ရာရှိသော သပိတ်သည် သပိတ် မမည်။ အဓိဋ္ဌာန်၊ ဝိကပ္ပနာ မပြုအပ်။ ရက်လွန် နိဿဂ္ဂိ မဖြစ်။ နှုတ်ခမ်းရေးမှ အောက်၌ ကွဲကြောင်းသည် နှစ်သစ်ရှိအံ့၊ တဖွဲ့။ လေးသစ်၊ ခြောက်သစ်၊ ရှစ်သစ်ရှိအံ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့၊လေးဖွဲ့၊ ဖွဲ့အပ်၏။
ဆယ်သစ်ရှိလျှင် သပိတ်မမည်။ နှစ်သစ်စီ ကွဲကြောင်းတခု၊ နှစ်ခု၊ သုံးခု၊ လေးခု ရှိအံ့၊ ဖွဲ့အပ်၏။ ငါးခုရှိလျှင် သပိတ်မမည်။ ဖွဲ့ပုံကား ကွဲကြောင်း အောက်စွန်း၌ စူးငယ်ဖြင့်ဖောက်၍ ချည်လျှော် သလွဲကြီးငယ်ဖြင့် ဖွဲ့၍ သလွဲပြား၊ သစ်စေး စသည်ဖြင့် အာမိသ မကပ်အောင် ဖုံးအပ်၏။ တင်လဲကျောက်မှုန့် ဖြင့်သော်လည်း ဖွဲ့အပ်၏။ ဖွဲ့ပြီးသောသပိတ်ကို အမိဋ္ဌာန်တင်၍ သုံးဆောင်အပ်၏။ ဤကား မြေသပိတ်၌ အဆုံးအဖြတ်တည်း။
သံသပိတ် ဖြစ်အံ့ ငါးပေါက်၊ ဆယ်ပေါက်ရှိသော်လည်း သံမှုန့်၊ မယ်န၊ သံပြားတို့ဖြင့် ဖွဲ့၍ ပြေပြစ်လျှင် အဓိဋ္ဌာန်တင်၍ သုံးဆောင်အပ်၏။ အပေါက်ကြီး၍ ပြေပြစ်အောင် ဖာ၍မရ၊ အာမိသက အပ်လျှင် အကပ္ပိယသပိတ် ဖြစ်၏။
မြေသပိတ် ငါးဖွဲ့၊ ငါးရာ ရှိအံ့၊ သံသပိတ် ပြန်၍ ပြေပြစ်အောင် ဖာ၍မရအံ့၊ သပိတ်မရှိသည် မည်၏။ သပိတ်အသစ် တောင်းကောင်းပြီ။ တောင်းခြင်းကို စွဲ၍ နဝ = အသစ်ဟု ခေါ်သည်။ သပိတ် မည်သော မြေသပိဘ်၊ သံသပိတ်ရှိလျက် တောင်းအံ့၊ ပယောဂတိုင်း ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂိ။
“အယံ မေ ဘန္တေ ပတ္တော ဦနပဉ္စဗန္ဓနေန ပတ္တေန စေတာပိတော နိဿဂ္ဂိယော၊ ဣမာဟံ သံဃဿ နိဿဇ္ဇာမိ” ဟု သံဃာ့အလယ်၌သာ စွန့်အပ်၏။
အစွန်ဆုံး ပြုပုံ
စွန့်၍ ဒေသနာကြားအပ်၏။ သံဃာ့ပရိသတ်၌ ပါဝင်သော ရဟန်းတို့သည် အဓိဋ္ဌာန်တင်ထားသော မိမိသပိတ်ကို ကိုယ်စီ ယူလာ၍ စည်းဝေးရသည်။ သပိတ် ခံယူစေသော သမ္မုတိရ ရဟန်းသည် ထိုသပိတ်၏ ထင်ရှားရှိဂုဏ်ကို ဆို၍ မထေရ်ကြီးအား ဤသပိတ်ကို ယူတော်မူပါဟု ဆိုရသည်။ မနှစ်သက်၍၎င်း၊ အလိုနည်း၍၎င်း မယူလျှင် အပြစ်မရှိ။ သပိတ်ခံသော ရဟန်းကို သနား၍ မယူလျှင် ဒုက္ကဋ်။
မထေရ်ကြီးယူလျှင် မထေရ် ကြီး၏ သပိတ်ကို ဒုတိယမထေရ်ကို ယူပါဟု ဆိုအပ်၏။ ဤနည်းဖြင့် သံဃာငယ်တိုင်အောင် ပြုရသည်။ ဤသို့ လဲလှယ်၍ အငယ်ဆုံးပုဂ္ဂိုလ် စွန့်အပ်သော သပိတ်သည် ပတ္တပရိယန္တ မည်၏။ အစွန်ဆုံး၌တည်သည် မည်၏။ ထိုသပိတ်ကို ထိုရဟန်းအား ပေးရသည်။ ထိုရဟန်းသည် ရိုသေစွာ သုံးဆောင်ရသည်။ စက်ဆုပ်သဖြင့် မသင့်ရာ၌ ထားအံ့၊ မသင့်အောင် သုံးအံ့၊ စွန့်ပစ်အံ့၊ ဒုက္ကဋ်။
အဆုံးအဖြတ်
သက္ကတိုင်းတို့၌ ဆဗ္ဗဂ္ဂီတို့ သပိတ်များစွာ တောင်းခြင်းကြောင့် ပညတ်၏။ သာဓာရဏ၊ အနာဏတ္တိက။ အဖွဲ့မရှိသော သပိတ်ဖြင့် (ဝါ၊ အဖွဲ့မရှိသော သပိတ် ရှိလျက်) အဖွဲ့မရှိသော သပိတ် ကို တစ်၊ နှစ်၊ သုံး၊ လေးဖွဲ့ရှိကို (၅)၊ အဖွဲ့ရာ မရှိကို၊ တဖွဲ့ရာ ရှိကို၊ နှစ်၊ သုံး၊ လေးဖွဲ့ရာရှိကို (၅)၊ တောင်းအံ့၊ နိဿဂ္ဂိ တဆယ်။ တဖွဲ့ရှိဖြင့် ထို့အတူ တဆယ်။ (လ) လေးဖွဲ့ရှိရာရှိဖြင့် တဆယ်။ ဤသို့ နိဿဂ္ဂိပါစိတ် တရာကို ဟောသည်။
သံဃပဝါရိတထံ သပိတ်ပျောက်၍ တောင်းအံ့၊ ကွဲ၍တောင်းအံ့၊ ဉာတကပဝါရိကထံ တောင်းအံ့၊ သူတပါးအလို့ငှာ အညဿတ္ထာယ တောင်းအံ့၊ မိမိဥစ္စာဖြင့် ယူအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ အဓိဋ္ဌာန်လောက် ငါးဖွဲ့အောက် သပိတ်ဖြစ်ခြင်း၊
၂။ မိမိအတွက် ရည်ညွှန်းခြင်း၊
၃။ မအပ်သော တောင်းခြင်း၊ (ဝါ၊ သံဃပဝါရိတထံ တောင်းခြင်း၊)
၄။ တောင်း၍ ရခြင်း၊
ဤကား အင်္ဂါလေးပါးတည်း။
သမုဋ္ဌာန် စသည် စီဝရဓောဝါပနနှင့် တူ၏။
ဝတ္ထု
သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ အိုးထိန်းသည် တယောက်သည် သပိတ် အလိုရှိသော အရှင်ကောင်းတို့အား သပိတ်ဖြင့် ဖိတ်ကြားပါသည်ဟု လျှောက်ထား၏။ ရဟန်းတို့သည် အတိုင်းမသိ များစွာ တောင်းကုန်၏။ ထို အိုးထိန်းသည်သည် ရောင်းစရာအိုး မပြုလုပ်ရသဖြင့် သား မယားနှင့်တကွ ပင်ပန်းပြန်၏။ လူတို့ ရှေးအတူ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၃-ဘေသဇ္ဇ
ဂိလာနာနံ၊ နာကုန်သော။
ဘိက္ခူနံ၊ တို့၏။
ပဋိသာယ နီယာနိ၊ လျက်ဖွယ်ဖြစ်ကုန်သော။
ယာနိ ခေါ ပနတာနိ ဘေသဇ္ဇာနိ၊ အကြင်ဆေးတို့သည်။
သန္တိ၊ ရှိကုန်၏။
သေယျထိဒံ၊ ထိုဆေးတို့ကား။
သပ္ပိ၊ ထောပတ်။
နဝနီတံ၊ ဆီဦး။
တေလံ၊ ဆီ။
မဓု၊ ပျား။
ဖာဏိတံ၊ တင်လဲ။
ဣတိ၊ ဤငါးပါးတို့တည်း။
တာနိ၊ ထိုဆေးတို့ကို။
ပဋိဂ္ဂဟေတွာ၊ အကပ်ခံ၍။
သတ္တာဟပရမံ၊ ခုနစ်ရက် အပိုင်းအခြားရှိသော ကာလပတ်လုံး။
သန္နိဓိကာရကံ၊ သိုမှီးခြင်းကိုပြု၍။
ပရိဘုဉ္ဇိတဗ္ဗာနိ၊ သုံးဆောင်အပ်ကုန်၏။
တံ၊ ထိုခုနစ်ရက်ကို။
အတိက္ကာမယတော၊ အား။
နိဿဂ္ဂိယံ။
အဓိပ္ပါယ်
စားဖွယ် မျိုဖွယ်သည်ပင် လျက်ဖွယ် = ပဋိသာယနီယ မည်၏။ ဤစကားဖြင့် အကပ်မခံပဲ ကောက်ယူလျှင် ခုနစ်ရက် လွန်သော်လည်း အပြစ်မရှိဟု ပြသည်။ မစားအပ်သောကြောင့်တည်း။
ဆေးကိစ္စ ပြုသော်၎င်း ထောပတ်စသော ငါးပါးသည် ဘေသဇ္ဇ အမည် ရ၏။ (ဩဒိဿ ခုနစ်ပါးတွင် ဘေသဇ္ဇောဒိဿ မည်၏။)
အသားအပ်သော နွား၊ ဆိတ် စသည်တို့၏ ထောပတ်သည် သပ္ပိ မည်၏။ ထိုသတ္တဝါတို့၏သာ (ထောပတ်မဖြစ်မီ) ဆီဦးသည် နဝနီတ မည်၏။ နှမ်းဆီ၊ မုန်ညင်းဆီ၊ သစ်မည်စည်ဆီ၊ ကြက်ဆူဆီ၊ သားဆီ (ငါးမျိုးသည်) သည် တေလ မည်၏။
ပျားကောင်ငယ်တို့ပြုသော ပျားရည်သည် မဓုမည်၏။ ကြံမှဖြစ်သမျှသည် ဖာဏိတ မည်၏။ မချက်သော ကြံရည်၊ အဖတ်မပါစေပဲ စစ်ချက်သော တင်လဲရည်၊ တင်လဲလုံး စသည်ဖြင့် များပြား၏။ ဤကား ပါဠိတော်လာ ဆေးငါးပါး မည်၏။ နိဿဂ္ဂိယဝတ္ထု ဖြစ်၏။
ထိုမှကြွင်းသော အသားမအပ်သော လူ၊ ဆင်၊ မြင်း စသည်တို့၏ ထောပတ်၊ ပဲဆီ၊ ထန်းရည်မှ ဖြစ်သော ထန်းလျက် စသော ဆေးငါးပါးကား ပါဠိယာနာဂတ မည်၏။ ဒုက္ကဋ်ဝတ္ထု ဖြစ်၏။
တေလ၌ လူဆီတခုကား မစားအပ်။ လူနို့၊ လူထောပတ် စသည်ကား စားအပ်၏။
(ကြံသကာ နိဿဂ္ဂိဝတ္ထု။ ထန်းလျက် ဒုက္ကဋ်ဝတ္ထု။ ဤသို့ထူး၏။)
ထော၊ ဦး၊ ဆီ၊ ပျား (၄)၊
တင်လဲ အား (၁)၊
ငါးပါး လျက်ဖွယ်ဆေး။
ထိုဆေးငါးပါး၏ ဝတ္ထုမပါစေပဲ ဆေးသက်သက်ကို အကပ်ခံခြင်းသည် တာနိ ပဋိဂ္ဂဟေတွာ မည်၏။ ဤစကားဖြင့် ဝသာတေလမှ တပါး ယာဝ ကာလိက (နို့စသော) ဝတ္ထုကို အကပ်ခံ၍ပြုသော ထောပတ် စသည်သည် ရက်လွန် သော်လည်း အပြစ်မရှိဟု ပြသည်။ မစားအပ်၍သာ မဟုတ်၊ တာနိ ပဋိဂ္ဂဟေတွာ မဟုတ်သောကြောင့်တည်း။
ခုနစ်ရက်သိုမှီး၍ သုံးဆောင်ပုံကား ဆေးငါးပါးကို နံနက် အကပ်ခံလျှင် ထိုနေ့နံနက်၌ အာမိသနှင့်တကွလည်း စားအပ်၏။ နေလွဲမှစ၍ ခုနစ်ရက်လုံး အာမိသကင်းစေ၍ စားအပ်၏။ နေလွဲမှ အကပ်ခံလျှင် ခုနစ်ရက်လုံး အာမိသကင်းစေ၍ စားအပ်၏။ ခုနစ်ချက် အတွင်း၌ နယ်ဆီစသည် ပြုတော့မည်၊ နောက် မစားတော့အံ့ဟု မဆောက်တည်လျှင် ရက်လွန်သော်လည်း အပြစ်မရှိ။ နယ်ဆီ စသည်အလို့ငှာ မဆောက်တည်ပဲ ခုနစ်ရက်လွန်စေအံ့၊ အဋ္ဌမအရုဏ်တွင် နိဿဂ္ဂိ ဖြစ်၏။
“ဣဒံ မေ ဘန္တေ ဘေသဇ္ဇံ သတ္တာဟာတိက္ကန္တံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။ ဝိနည်းကံ စွန့်ပြီး ပြန်ရသောအခါ ကိုယ်လိမ်းခြင်း၊ စားခြင်း မအပ်။ မီးထွန်းခြင်း၊ ကျောင်းလိမ်းခြင်း စသော ပြင်ပသုံးခြင်းကား အပ်၏။ တပါးသော ရဟန်းအား ကိုယ်လိမ်းခြင်း အပ်၏။ စားခြင်းကား မအပ်။ မငဲ့မကွက် လူ သာမဏေတို့အား စွန့်သည် ဖြစ်အံ့၊ ပြန်ပေး၍ ရသည်ကို၎င်း၊ တောင်း၍ရသည်ကို၎င်း စားခြင်းငှာ အပ်သေး၏။
အဆုံးအဖြတ်
သာဝတ္ထိ၌ ရဟန်းများစွာ ခုနစ်ရက် လွန်စေခြင်းကြောင့် ပညတ်၏။
အကြွင်းသည် စီဝရဝဂ် ပဌမသိက္ခာပုဒ်နှင့် တူ၏။
သန္နိဝိကာရက
ဝသာတေလ၌ အသားအပ် မအပ်၊ သတ္တာဟကာလိက အဖြင့်ဖြင့် စားခွင့်ပြုသည်။ လူဆီတခုသာ မအပ်။ ထို့ကြောင့် ဝက်ဆီကြည်၊ ဝံဆီကြည်ကို နံနက်အကပ်ခံ၍ နံနက်တွင် ကိုယ်တိုင် ချက်၍၊ စစ်သောဆီဖြစ်အံ့၊ ခုနစ်ရက်လုံး အာမိသကင်း၍သာ စားအပ်သည်။
လူသာမဏေချက်ပေးအံ့၊ ထိုနေ့နံနက်တွင် အာမိသနှင့်လည်း အပ်သည်။ နေလွဲမှ စ၍ ခုနစ်ရက် အာမိသကင်းမှ အပ်သည်။ ရက်လွန်လျှင် နိဿဂ္ဂိ ဖြစ်သည်။ ဝသာမှ တပါးသော ယာဝကာလိကဝတ္တုကို ကိုယ်တိုင် မချက်အပ်၊ သာမံပါက ဖြစ်သည်။ ထောပတ် ဆီဦးကို ကိုယ်တိုင်ချက်လျှင် သာမံပါက မဖြစ်သော်လည်း အာမိသနှင့် ရော၍ မစားအပ်။
နံနက်အကပ်ခံသော နို့ရည်၊ နို့ဓမ်းကို လူ သာမဏေချက်၍ ထောပတ်ပြုလျှင် ထိုနေ့နံနက် အာမိသနှင့်လည်း အပ်၏။ နေလွဲမှစ၍ မစားအပ်။ ရက်လွန်သော်လည်း နိဿဂ္ဂိ မဖြစ်။ ယာဝဇီဝကဖြစ်သော မုန်ညင်းစေ့၊ သစ်မည်စည်စေ့၊ ကြက်ဆူစေ့ကို ဆီပြုခြင်းငှာ အကပ်ခံ၍ ထိုနေ့ ဆီပြုအံ့၊ ခုနစ်ရက်အပ်၏။ ရက်လွန်လျှင် နိဿဂ္ဂိ။
ဒုတိယနေ့တွင် ပြုအံ့၊ ခြောက်ရက်။ တတိယနေ့တွင် ပြုအံ့၊ ငါးရက်။ (လ) သတ္တမနေ့တွင် ပြုအံ့၊ ထိုတနေ့သာ အပ်သည်၊ အဋ္ဌမအရုဏ်တွင် နိဿဂ္ဂိ။ အဋ္ဌမနေ့၌ ဆီပြုအံ့၊ မစားအပ်၊ နိဿဂ္ဂိ မဖြစ်။ အပလိမ်းကျံခြင်း အပ်၏။ ဆီပြုခြင်းငှာ အကပ်ခံထားသော မုန်ညင်းစေ့ကို ဆီမပြုပဲ ခုနစ်ရက်လွန်စေအံ့၊ ဒုက္ကဋ်။ ပါဠိယနာဂတ ဆေးငါးပါးလည်း ရက်လွန်လျှင် ဒုက္ကဋ်။
ရေအေးဖြင့်ပြုသော သစ်မည်စည်ပွင့်အရည်သည် တင်လဲအလား ရှိ၏။ နံနက် သာမိသ၊ နေလွဲမှ စ၍ ခုနစ်ရှက် နိရာမိသ အပ်၏။ ရက်လွန်လျှင် ဒုက္ကဋ်။
သစ်မည်စည်ပွင့်ကို သေအလို့သောငှာ ပြုအံ့၊ မျိုးမှစ၍ မအပ်၊ သရက်၊ မန်ကျည်း စသော ယာဝကာလိက၏ တင်လဲကား ယာဝကာလိက သာတည်း။ ပြုတ်သီးမှည့် တင်လဲကားယာဝဇီဝက။ ပျားရည်မကပ်သော ပျားဖယောင်း၊ ပျားသလက်လည်း ယာဝဇီဝက။ နှစ်ဦးပိုင်ဆေးကို တဦး အကပ်ခံ၍ မဝေဖန်လျှင် ရက်လွန်သော်လည်း နှစ်ဦးလုံး အနာပတ္တိ။ ရဟန်းတပါးသည် အကပ်ခံ၍ တပါးသောရဟန်းအား “ခုနစ်ရက် စားပါလော့” ဟု ဆို၍ ပေးအံ့၊ ရက်လွန်လျှင် နှစ်ဦးလုံး အနာပတ္တိ။ အကပ်မခံပဲ ကောက်ယူလျှင် စားဖွယ်မဟုတ်သောကြောင့် နိဿဂ္ဂိ မဖြစ်။ ထို့အတူ ဝတ္ထုနှင့်တကွ အကပ်ခံလျှင် ဆေးကို အကပ်ခံသည် မဟုတ်သောကြောင့်၊ နှစ်ဦးပိုင်ကို အကပ်ခံလျှင် မခွဲဝေခြင်းကြောင့်၊ အကပ်ခံသူက လာပေးလျှင်၊ အကပ်ခံစဉ် မိမိပိုင် မဟုတ် သောကြောင့် ရက်လွန် နိဿဂ္ဂိ မဖြစ်။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရှင်ပိလိန္ဒဝစ္ဆသည် ရာဇဂြိုဟ်၌ တောင်ဝှမ်းကို လိုဏ်ပြုရန် သုတ်သင်၏။ ဗိမ္ဗိသာရမင်းကြီး မြင်လတ်သော် အရှင်အား အရာမ်စောင့်ဖြင့် အလိုရှိပါသလောဟု လျောက်၏။ ဘုရားရှင် ခွင့်မပြုသေးဟု ဆိုလတ်သော် ဘုရားရှင်အား လျှောက်ပြီးသောအခါ အမိန့်ရှိတော်မူပါဟု လျှောက်၏။
ဘုရားရှင်သည် တရားဟော၍ ချစ်သားတို့၊ အရာမ်စောင့်ကို ခွင့်ပြု၏ဟု မိန့်တော်မူ၏။ မင်းကြီးသည် နှစ်ကြိမ်မြောက် ရှင်ပိလိန္ဒဝစ္ဆထံ ရောက်သောအခါ ဘုရားရှင် ခွင့်ပြုပြီးဟု သိ၍ အရာမ်စောင့် လှူပါမည်ဟု ဝန်ခံသွား၏။ ထို့နောက် ရက်များစွာ လွန်မှ သတိရ၍ သဗ္ဗတ္ထက (ကိစ္စအားလုံး ပြီးစေသော) အမတ်ကို ခေါ်၍ အရာမ်စောင့်လှူမည်ဟု ဝန်ခံသည်မှာ အဘယ်မျှ ကြာနည်းဟု မေး၏။
ရက်ငါးရာ ကြာရှိပါပြီဟု ဆိုလတ်သော် အရာမ်စောင့် ငါးရာကို လှူ၏။ ထို အရာမ်စောင့်တို့ နေရာသည် ရွာတခု သီးခြား ဖြစ်၍ အရာမ်စောင့် ရွာဟူ၍၎င်း၊ ပိလိန္ဒရွာဟူ၍၎င်း ခေါ်ဝေါ်ကြ၏။ မထေရ်သည် ထိုရွာ၌ ဆွမ်းခံကြွလေ့ရှိ၏။
တနေ့၌ ပွဲသဘင် ကျင်းပသောအခါ သတို့သမီးတယောက်သည် ဆင်မြန်းစရာ တန်ဆာမရ၍ ငိုကြွေး၏။ မထေရ်မြတ်မြင်၍ သိလတ်သော် “ထိုမြက်ကရွတ်ခွေကို သတို့သမီး၏ ဦးခေါင်း၌ စွပ်လော့” ဟု မိန့်တော်မူ၏။ စွပ်သည်နှင့်တပြိုင်နက် ရွှေအတိပြီးသော လှပသော ပန်းဖြစ်၏။ တပါးသောသူတို့သည် မင်းကြီးထံ ကုန်းချောကြသဖြင့် ခိုးသူဟု ဖမ်းစေ၏။ မထေရ်သည် နန်းတော်သို့ကြွသွား၍ နန်းတော်တခုလုံး ရွှေအတိဖြစ်စေသတည်းဟု ဓိဋ္ဌာန်၍ မြတ်သောမင်းကြီး၊ ဤမျှလောက်များသော ရွှေတို့ကို အဘယ်မှရသနည်းဟု မိန့်တော်မူ၏။ အရှင်မြတ်၏ တန်ခိုးတော် ကို သိပြီးပါပြီဘုရားဟု အရာမ်စောင့်ကိုလွှတ်လိုက်၏။
လူတို့သည် တန်ခိုးပြသည်ကို ဖူးမြင်ရသဖြင့် မထေရ်အား ထောပတ်စသော ဆေးငါးပါးဖြင့် လှူကုန်၏။ ပင်ကိုအားဖြင့်လည်း ဆေးငါးပါးရလေ့ရှိသဖြင့် ရတိုင်း စွန့်၏။ ရဟန်းတို့သည် အိုးကြီးအိုးငယ်၊ အိတ်ကြီးအိတ်ငယ်တို့ဖြင့် ချိတ်ဆွဲ၍ ပြတင်းပေါက် စသည်တို့၌ ရှုပ်ထွေးလျက် ရှိကုန်၏။ ကြွက်တို့ဖြင့်လည်း ပြွမ်းကုန်၏။ လူတို့သည် ကျောင်းလှည့်လည်၍ မြင်ကြသောအခါ ဤရဟန်းတို့ကား မင်းကြီးကဲ့သို့ အတွင်းဘဏ္ဍာတိုက် ရှိကြသည်ဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၄-ဝဿိကသာဋိက
ဂိမှာနံ၊ နွေလတို့၏။ မာသော (အဆုံး) တလသည်။
သေသော၊ ကြွင်းသေး၏။
ဣတိ၊ ဤသို့ဆိုအပ်သော အခါမှစ၍။
ဘိက္ခုနာ၊ သည်။
ဝဿိကသာဋိကစီဝရံ၊ မိုးရေခံသင်္ကန်းကို။
ပရိယေသိတဗ္ဗံ၊ ရှာအပ်၏။
ဂိမှာနံ။ အဍ္ဎမာသော၊ လခွဲသည်။
သေသော။ ဣတိ၊ စ၍။
ကတွာ၊ ချုပ်ဆိုး၍။
နိဝါသေတဗ္ဗံ၊ ဝတ်အပ်၏။
ဩရေန၊ အတွင်း၌။
ဂိမှာနံ။ မာသော။ သေသော။ ဣတိ၊ ဤသို့နှလုံးသွင်း၍။
ဝဿိကသာဋိကစီဝရံ။ စေ ပရိယေသေယျ။ ဩရေန။ ဂိမှာနံ။ အဍ္ဎမာသော။ သေသော။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ကတွာ။ စေ နိဝါသေယျ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ်
နယုန်လပြည့်ကျော် တရက်မှ ဝါဆိုလပြည့်အထိ တလသည် နွေဥတုတလကြွင်း မည်၏။ တန်ဆောင်မုန်း လပြည့်အထိ ငါးလ အတွင်းသည် ကုစ္ဆိသမယ မည်၏။ မိုးရေခံ သင်္ကန်းရှာရာ ငါးလ ဖြစ်၏။
ရှာပုံကား - မိုးရေခံသင်္ကန်း လှူနေကျ ဒါယကာတို့ထံ ချဉ်းကပ်၍၊ ဝါ-သံဃာအား ဖိတ်ကြားရာသို့ ချဉ်းကပ်၍ မိုးရေခံသင်္ကန်း အချိန်တန်ပြီဟု သတိပေးအပ်၏။ လှူကြလော့၊ ဆောင်ကြလော့ဟု မဆိုအပ်။ မိမိ၏ ဉာတကပဝါရိတ ထံ၌ လှူကြလော့ ဟူ၍လည်း တောင်းအပ်၏။ အညတကအပ္ပဝါရိတထံ၌ သတိပေးအံ့၊ ဝတ္တဘေဒဒုက္ကဋ်။ တောင်းအံ့၊ အဉာတကဝိညတ္တိ နိဿဂ္ဂိ။
ဝါဆိုလဆန်း တရက်မှ ဝါဆိုလပြည့်အထိ ၁၅-ရက်သည် နွေဥတုလခွဲကြွင်း မည်၏။ တန်ဆောင်မုန်း လပြည့်ထိ လေးလခွဲ အတွင်းသည် ချုပ်ဆိုး၊ ဗိန္ဒုထိုး၍ ဝတ်ရာ လေးလခွဲ ဖြစ်၏။ ရှာရာလည်း ဖြစ်၏။
ဤမျှဖြင့် တလသည် ပရိယေသန ခေတ်၊ တလခွဲသည် ကရဏခေတ်၊ နိဝါသနခေတ်၊ လေးလသည် အလုံးစုံခေတ်ဟု ပြ၏။ အဓိဋ္ဌာန်တင်ရာခေတ်လည်း ဖြစ်သည်။ ငါးလရှာ၊ လေးလခွဲ ချုပ်၊ ဆိုး၊ ဝတ်။ လေးလအဓိဋ္ဌာန်တင်။
တန်ဆောင်မုန်း လပြည့်ကျော်တရက်မှ နယုန်လပြည့်အထိ ခုနစ်လသည် ဩရေန မာသော သေသော ဂိမှာနံ မည်၏။ ပိဋ္ဌိသမယ မည်၏။ ဤ ပိဋ္ဌိသမယ ခုနစ်လ အတွင်း၌ သတိပေးခြင်းဖြင့် ရှာအံ့၊ ဉာတကပဝါရိတထံ တောင်းအံ့၊ သတိပေးအံ့၊ နိဿဂ္ဂိ။ (အဉာတကအပ္ပဝါရိတထံ တောင်းအံ့၊ အဉာတကဝိညတ္တိ နိဿဂ္ဂ။)
နောက် လခွဲအတွင်း၌ တရားသဖြင့်ရသော မိုးရေခံသင်္ကန်းကိုသော်လည်း ချုပ်ဆိုး၍ ဝတ်အံ့၊ နိဿဂ္ဂိ။ “ဣဒံ မေ ဘန္တေ ဝဿိကသာဋိကစီဝရံ အတိရေကမာသေ သေသေ ဂိမှာနေ ပရိယိဋ္ဌိ၊ အတိရေကဍ္ဎမာသေ သေသေ ဂိမှာနေ ကတွာ ပရိဒဟိတံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။ ပရိဝါ၌ သံဃာအား ညွတ်ပြီး မဟုတ်ပဲ မိခင်ထံ သင်္ကန်းတောင်းအံ့၊ အာပတ်သင့်၏။ ကြံစည်လော့ဟု ပြဿနာထုတ်၏။
အစောင့်အရှောက် ၁၁-လ
နယုန်လဆုတ် တရက်မှ ဝါဆိုလပြည့်အထိ တလအတွင်း မိုးရေခံသင်္ကန်း ချုပ်ဆိုး ပြီးသော်လည်း ဓိဋ္ဌာန်မတင်ရ။ တလ အစောင့်အရှောက်ရ၏။ ဝါထပ်လျှင် နောက် တလ ရသေး၏။ ဝါဆိုအံ့သောနေ့၌ အဓိဋ္ဌာန်တင်ရသည်။ မတင်လျှင် ပြုပြီး ဆယ်ရက်လွန်သောကြောင့် နိဿဂ္ဂိ။
သတိမေ့ခြင်း၊ မလုံလောက်ခြင်းကြောင့် မချုပ်ရသေးလျှင် မိုးလေးလလည်း ရသေး၏။ ကထိန်ခင်းလျှင် နောက်လေးလလည်း ရသေး၏။ ထို့နောက် ပစ္စာသာ သင်္ကန်းရှိ၍ မူလသင်္ကန်းပြုအံ့၊ နောက်တလလည်း ရသေး၏။ ဤသို့ တန်ခူးလပြည့် အထိ ၁၁-လ အစောင့်အရှောက် ရနိုင်သည်။ တန်ခူးလပြည့်ကျော် တရက်မှ နယုန်လပြည့်အထိ နှစ်လတွင်း၌ အစောင့်အရှောက်ရက် မရှိ။
သမယနှစ်ပါး
ကုစ္ဆိသမယ ငါးလ၌ သံဃားအား ဖိတ်ကြားရာ၌ သတိပေးအံ့၊ မိမိ၏ ဉာတကပဝါရိတ ထံတောင်းအံ့၊ အနာပတ္တိ။ အဉာတကအပ္ပဝါရိတထံ သတိပေးအံ့၊ ဝတ္တဘေဒဒုက္ကဋ်။ တောင်းအံ့၊ အဉာတကဝိညတ္တိ နိဿဂ္ဂိ။ (ပထမ လခွဲရှာရုံ၊ နောက်လခွဲရှာ၊ ချုပ်၊ ဝတ်ရုံ၊ နောက် လေးလ၊ ရှာ၊ ချုပ်၊ ဝတ်၊ အဓိဋ္ဌာန်တင်) ပိဋ္ဌိသမယ ခုနစ်လ၌ အဉာတက အပ္ပဝါရိတထံ သတိပေးအံ့၊ ဤနိဿန္တိ။ တောင်းအံ့၊ ဝိညတ္တိ နိဿဂ္ဂ။ ဉာတကပဝါရိတထံ တောင်းအံ့၊ သတိပေးအံ့၊ ဤ နိဿဂ္ဂိ။ ဤပိဋ္ဌသမယ၌ မိခင်ထံ မိုးရေခံသင်္ကန်းတောင်းအံ့၊ နိဿဂ္ဂိပါစိတ်ဟု ပြဿနာ ဖြေအပ်၏။
အသုံးအဖြတ်
သာဝတ္ထိပြည်၌ ဆဗ္ဗဂ္ဂီတို့ မိုးရေခံသင်္ကန်းရှာခြင်းကြောင့် ပညတ်၏။ အသာဓာရဏ၊ အနာဏတ္တိက။ တိကပါစိတ်။ တလ၊ တလခွဲအောက်၌ အတိရေကသညီ၊ ဝေမတိက၊ ဒွိကဒုက္ကဋ်။ မိုးရေခံသင်္ကန်း ရှိလျက် အချည်းနှီး ကိုယ်ကိုမိုးစွတ်စေအံ့၊ ဒုက္ကဋ်။
ရေကန်စသည်၌ ရေဖုံးခြင်း ရေချိုးခန်းဖုံးခြင်းဖြင့် ရေချိုးအံ့၊ ခိုးသူလုခြင်း၊ ပျောက်ပျက်ခြင်းကြောင့် အခါမဟုတ်ပဲ မိုးရေခံဝတ်အံ့၊ မဝတ်လျှင် ခိုးသူဘေး ရှိခြင်းကြောင့် ဝတ်အံ့ ဥမ္မတ္တကစသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ မိမိကိုရည်ညွှန်းသော မိုးရေခံသင်္ကန်းဖြစ်ခြင်း၊
၂။ အခါမဟုတ်သည်၌ ရှာခြင်း၊
၃။ ရှာ၍ရခြင်း၊
ဤကား ရှာသောအာပတ်၌ အင်္ဂါသုံးပါးတည်း။
၁။ သင်္ကန်းရှိခြင်း၊
၂။ ခိုးသူစသော ဘေးရန်မရှိခြင်း၊
၃။ မိုးရေခံ၏ မိမိသင်္ကန်းဖြစ်ခြင်း၊
၄။ အခါမဟုတ်ပဲ ဝတ်ခြင်း၊
ဤကား ဝတ်သောအာပတ်၌ အင်္ဂါလေးပါးတည်း။
သမုဋ္ဌာန်စသည် စီဝရဓောဝါပနသိက္ခာပုဒ်နှင့် တူ၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ဘုရားရှင်သည် ရဟန်းတို့အား မိုးရေခံသင်္ကန်းကို ခွင့်ပြု၏။ (အချည်းနှီး ရေချိုးသည်ကို ဝိသာခါ သိ၍ လှူလို၍ တောင်းပန်သောကြောင့်တည်း။)
ဆဗ္ဗဂ္ဂီတို့သည် ဘုရားရှင် ခွင့်ပြုသည်ဟု မိုးရေခံသင်္ကန်း စောစောရှာ၍ စောစော ချုပ်ဆိုး၍ ဝတ်ကုန်၏။ မိုးရေခံ ဆွေးမြည့်သောအခါ အချည်းနှီးကိုယ်ကို မိုးစွတ်စေ ကုန်၏။ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီတို့ ဤသို့ ပြုကုန်သနည်းဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၅-စီဝရအစ္ဆိန္ဒန
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
ဘိက္ခုဿ၊ အား။
သာမံ၊ ကိုယ်ကိုင်။
စီဝရံ။ ဒတွာ။ ကုပိတော၊ အမျက်ထွက်သည် ဖြစ်၍။
အနတ္တမနော၊ နှလုံးမသာယာသည် ဖြစ်၍။
(ဝါ၊ မိမိအကျိုးဆောင်စိတ် မရှိသည်ဖြစ်၍။)
အစ္ဆိန္ဒေယျ ဝါ၊ ကိုယ်တိုင်လည်း လုယက်ငြားအံ့။
အစ္ဆိန္ဒာပေယျ ဝါ၊ သူတပါးကိုယ်လည်း လုယက်စေငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ဇာတ်ပမာဏ ဝိကပ္ပနာလောက်သော အဝတ်သည်ပင် စီဝရ မည်၏။ အမျက် ဒေါသ ထွက်သူသည် ကုပိတ မည်၏။ မိမိ၏ စိတ်မရှိသောကြောင့် အနတ္တမန မည်၏။ (ဒေါသသည် ကျိုးကြောင်းမသိ၊ ထို့ကြောင့် မိမိ၏စိတ်ဟု မဆိုထိုက် ဟူလို။)
အမှုကြီးငယ်ပြုခြင်း စသည်ကို မျှော်လင့်၍ ဝိကပ္ပနာလောက်သော အဝတ် သင်္ကန်းကို ကိုယ်တိုင်ပေးပြီးလျှင် အမှုကြီးငယ် မပြုခြင်းကြောင့် သကသညာဖြင့် လုငြားအံ့၊ သင်္ကန်း အရေ အတွက်အားဖြင့် နိဿဂ္ဂိ။ လုလော့ဟု စေခိုင်းအံ့၊ ဒုက္ကဋ်။ လုပြီးသည်ရှိသော် စေခိုင်းသော သင်္ကန်းအရေအတွက်အားဖြင့် နိဿဂ္ဂိ။ “ဣဒံ မေ ဘန္တေ စီဝရံ ဘိက္ခုဿ သာမံ ဒတွာ အစ္ဆိန္နံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိ၌ ရှင်ဥပနန္ဒ သင်္ကန်းလုခြင်းကြောင့် ပညတ်၏။ သာဓာရဏ၊ သာဏတ္တိက။ တိကပါစိတ်။ အနုပသမ္ပန္န၌ တိကဒုက္ကဋ်။ ဥပသမ္ပန္န၏ စီဝရမှ တပါးသော ပရိက္ခရာကို လုအံ့၊ အနုပသမ္ပန္န၏ အမှတ်မရှိ ပရိက္ခရာကို လုအံ့၊ ဒုက္ကဋ်။
ကျေနပ်၍ ဖြစ်စေ၊ အမျက်ထွက်၍ဖြစ်စေ ပြန်ပေးသည်ကို ယူအံ့၊ အကျွမ်းတဝင် ယူအံ့၊ ဥမ္မတ္တက စသည် ဖြစ်အံ့၊ အနာပတ္တိ။
၁။ အယုတ်ဆုံး ဝိကပ္ပနာလောက်သော စီဝရဖြစ်ခြင်း၊
၂။ ကိုယ်တိုင်ပေးခြင်း၊
၃။ သကသညာရှိခြင်း၊
၄။ ရဟန်းဖြစ်ခြင်း၊
၅။ အမျက်ထွက်၍လုခြင်း ဝါ၊ လုစေခြင်း၊
ဤကား အင်္ဂါငါးပါးတည်း။
သမုဋ္ဌာန် စသည် အဒိန္နာဒါနနှင့်တူ၏။ ဒုက္ခဝေဒနာရှိခြင်းသာ ထူး၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရှင်ဥပနန္ဒသည် ရဟန်းတပါးကို ငါ့ရှင်၊ လာလော့၊ ဇနပုဒ် ဒေသစာရီ လှည့်လည်ရအောင်ဟု ဆို၏။ သင်္ကန်း မရှိ၍ မလိုက်နိူင်ပါဟု ဆိုလတ်သော် သင်္ကန်းတထည် ပေးလိုက်၏။ ထိုရဟန်းသည် ဘုရားရှင် ဇနပုဒ် လှည့်လည်လတ္တံ့ ဟု ကြား၍ ဘုရားရှင်နှင့် လိုက်မည် ဟု ကြံ၏၊
ရှင်ဥပနန္ဒ သွား၍ခေါ်သောအခါ ဘုရားရှင်နှင့် လိုက်လိုသည် ဆိုသဖြင့် အမျက်ထွက်၍ သင်္ကန်းကို လုယူ၏။ ရှင်ဥပနန္ဒသည် ရဟန်းအား ကိုယ်တိုင် သင်္ကန်းပေး၍ အမျက်ဒေါသဖြင့် ပြန်လုသည်ဟု ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၆-သုတ္တဝိညတ္တိ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
သာမံ။ သုတ္တံ၊ ချည်ကို။
ဝိညာပေတွာ၊ တောင်း၍။
တန္တဝါယေဟိ၊ ယက်ကန်းသည်တို့ကို။
စီဝရံ၊ ကို။
ဝါယာပေယျ၊ ရက်စေငြားအံ့။
တ ဘိက္ခုနော။
အဓိပ္ပါယ်
(ခေါမချည်၊ ဝါချည်၊ ပိုးချည်၊ သားမွေးချည်၊ ပိုက်ဆံလျှော်ချည်၊ ငါးမျိုးရောသောချည်၊ ဝါ၊ ဘန်ချည်၊) ခေါမစသော ချည်ခြောက်မျိုးသည်၎င်း၊ ဘွဲ့ဖြူ၊ ပဋ္ဋုဏ္ဏ စသော အနုလောမချည် ခြောက်မျိုးသည်၎င်း သုတ္တ မည်၏။ သင်္ကန်းအလို့ငှာ တောင်းခြင်း သည် ဝိညာပေတွာ မည်၏။ ငါ့အလို့ငှာ သင်္ကန်းရက်လော့ဟု အကပ္ပိယ ဝိညတ်ဖြင့် ရက်ခိုင်းခြင်းသည် ဝါယာပေယျ မည်၏။
ဤသို့ အဉာတက အပ္ပဝါရိတထံ တောင်း၍ ရသော အကပ္ပိယချည်ဖြင့် အဉာတက အပ္ပဝါရိတထံ တောင်း၍ရသော အကပ္ပိယ ယက်ကန်းသည်ကို ရက်ခိုင်းအံ့၊ လိပ်၊ လက်ခတ်စီရင်သည်မှစ၍ ပယောဂတိုင်း ရဟန်းအား ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂိ။
“ဣဒံ မေ ဘန္တေ စီဝရံ သာမံ သုတ္တံ ဝိညာပေတွာ တန္တဝါယေဟိ ဝါယာပိတံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။ (ရက်ပြီးကို လိပ်၍ထားရာ သစ်သားလုံးသည် တုရီ = လိပ် မည်၏။ ချည်ကို သွင်းပြီးသောအခါ အသားထူအောင် ခတ်သော သစ်သားသည် ဝေမ = လက်ခတ် မည်၏။
အဆုံးအဖြတ်
ရာဇဂြိုဟ်၌ ဆဗ္ဗဂ္ဂီတို့ သင်္ကန်း ရက်ခိုင်းခြင်းကြောင့် ပညတ်၏။ သာဓာရဏ၊ အနာဏတ္တိက။ အကပ္ပိယချည်ဖြင့် အကပ္ပိယ ယက်ကန်းသည်ကို ရက်စေအံ့၊ အလျား တထွာ၊ အနံ တတောင် (ဝိကပ္ပနာ လောက်ရုံ)မျှ ပြီးသောအခါတိုင်း နိဿဂ္ဂိ။ ကပ္ပိယချည်ဖြင့် ရက်စေအံ့၊ ထိုပမာဏအတိုင်း ဒုက္ကဋ်။
ကပ္ပိယချည် အကပ္ပိယချည် နှစ်မျိုးဖြင့် ရက်စေအံ့၊ ပိကပ္ပနာလောက်သော ပမာဏဖြင့် လယ်ခွက်ကဲ့သို့ တကွက်စီရင်လျှင် အကပ္ပိယချည်ခွက်တိုင်း ပါစိတ်။ ကပ္ပိယ ချည်ကွက်တိုင်း ဒုက္ကဋ်။ ပမာဏယုတ်လျှင် အကွက်တိုင်း ဒုက္ကဋ်။ တပင်ခြား ဖြစ်စေ၊ အတိုင်တမျိုး အဖောက်တမျိုး ဖြစ်စေ ရောရက်လျှင် ထိုပမာဏတိုင်း ဒုက္ကဋ်။
ဤနည်းဖြင့် ကပ္ပိယ ယက်ကန်းသည်ကို ကပ္ပိယချည်ဖြင့်၊ အကပ္ပိယချည်ဖြင့်၊ ကပ္ပိယချည်၊ အကပ္ပိယချည်ဖြင့် ရက်စေအံ့၊ ကပ္ပိယ ယက်ကန်းသည်အား အကပ္ပိယ ယက်ကန်းသည် နှစ်ဦးကို ကပ္ပိယချည်ဖြင့်၊ အကပ္ပိယချည်ဖြင့်၊ ကပ္ပိယာ - ကပ္ပိယ ချည်ဖြင့် ရက်စေအံ့၊ ထို၌လည်း အာပတ်အပြားကို သိရာ၏။ ကပ္ပိယချည်ကို ကပ္ပိယ ယက်ကန်းသည် ရက်ရာ၌သာ အနာပတ္တိ ဖြစ်သည်။ တိကပါစိတ်။ မရက်စေသည်၌ ဝါယာပိတသညီ၊ ဝေမတိက၊ ဒွိကဒုက္ကဋ်။
သင်္ကန်းချုပ်ခြင်းငှာ အာယောဂပတ်၊ ခါးပန်း၊ ပခုံးဖွဲ့၊ သပိတ်အိတ်၊ ရေစစ်တို့အလို့ငှာ ချည်ကို တောင်းအံ့၊ ဉာတကပဝါရိတတို့ကို ကပ္ပိယချည်ဖြင့် ရက်စေအံ့၊ အညဿတ္ထာယ = သူတပါးအလို့ငှာ ရက်စေအံ့၊ မိမိဥစ္စာဖြင့် ရက်စေအံ့၊ ဥမ္မတ္တက စသည် ဖြစ်အံ့၊ အနာပတ္တိ။
၁။ သင်္ကန်းအလို့ငှာ တောင်းသောချည် ဖြစ်ခြင်း၊
၂။ မိမိအလို့ငှာ ရည်ညွှန်းခြင်း
၃။ အကပ္ပိယ ယက်ကန်းသည်ကို အကပ္ပိယ ဝေါကာရဖြင့် ရက်စေခြင်း
ဤကား အင်္ဂါသုံးပါးတည်း။
သမုဋ္ဌာန်စသည် စီဝရဓောဝါပန နှင့်တူ၏။
မှတ်ဖွယ်အထူး
ယက်ကန်းသည် ဉာတကပဝါရိတ ဖြစ်အံ့၊ ကပ္ပိယဘဏ္ဍာ အဖိုးအခဖြင့် ခိုင်းအပ်သူ ဖြစ်အံ့၊ ကပ္ပိယမည်၏။ ဤသို့သော ကပ္ပိယယက်ကန်းသည်ကို ကပ္ပိယချည်ဖြင့် ရက်ရာ၌ အနာပတ္တိ။
ဝိကပ္ပနာလောက်ရုံ ရက်ပြီးသည်ရှိသော် ယက်ကန်းစင်၌ပင် အဓိဋ္ဌာန်၊ ဝိကပ္ပနာ ပြုအပ်၏။ ရက်ပြီးသား ဆယ်ရက်လွန်လျှင် နိဿဂ္ဂိ ဖြစ်ရာ၏။ ရက်ခမပြေသေးလျှင် စောင့်သေး၏။
ဝတ္ထု
ရာဇဂြိုဟ် ဝေဠုဝန် ဆဗ္ဗဂ္ဂီတို့သည် စီဝရကာရသမယ၌ ချည်များ တောင်းကုန်၍ ယက်ကန်းသည်တို့ကို သင်္ကန်းရက်စေကုန်၏။ ရက်ပြီးလတ်သော် များစွာ ကြွင်းကျန်၏။ တဖန် တောင်း၍ ရက်စေကုန်၏။ ဤသို့ ကြိမ်ကြိမ်တောင်း၍ ရက်စေကုန်၏။ ရဟန်းတို့သည် ကိုယ်တိုင် ချည်တောင်း၍ ယက်ကန်းသည်တို့ကို သင်္ကန်းရက်စေကုန်၏ ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။
၇-မဟာပေသကာရ
ဘိက္ခုပနေဝ။ ဥဒ္ဒိဿ။ အညာတကော။ ဂဟဂတိ ဝါ။ ဂဟပတာနိ ဝါ။ တန္တဝါယေဟိ၊ တို့သည်။ ပုဗ္ဗေ။ အပ္ပဝါရိတော။ တန္တဝါယေ၊ တို့သို့။ ဥပသင်္ကမိတွာ။ စီဝရေ။ ဝိကပ္ပံ။ စေ အာဝဇ္ဇေယျ။
အာဝုသော၊ ဒါယကာတို့။
ခေါ၊ စင်စစ်။
ဣဒံစီဝရံ၊ ကို။
မံ၊ ငါ့ကို။
ဥဒ္ဒိဿ။ ဝိယျတိ၊ ရက်အပ်၏။
အာယတဉ္စ၊ အလျားရှည်သည်ကိုလည်း။
ကရောထ၊ ပြုကုန်လော့။
ဝိတ္ထတဉ္စ၊ အနံပြန့်သည်ကိုလည်း။
ကရောထ။ အပ္ပိတဉ္စ၊ အသားထူသည်ကိုလည်း။
ကရောထ (၃)။
သုဝိတဉ္စ၊ ညီစွာရက်ခြင်းကိုလည်း။
ကရောထ။ သုပ္ပဝါယိတဉ္စ၊ ညီစွာခင်းခြင်းကိုလည်း။
ကရောထ (၂)။
သုဝိလေခိတဉ္စ၊ ကောင်းစွာနယ်ကန်ခြင်းကိုလည်း။
ကရောထ။ သုဝိတစ္ဆိတဉ္စ၊ ကောင်းစွာဖြီးခြင်းကိုလည်း။
ကရောထ (၂)။
မယံပိ၊ ငါတို့သည်လည်း။
အာယသ္မန္တာနံ၊ ဒါယကာတို့အား။
ကိဉ္စိမတ္တံ၊ တစုံတခုသော ပေးကမ်းဖွယ်ကို။
အပွေဝနာမ အနုပဒဇ္ဇေယျာမ၊ ပေးကမ်းနိူင်ကုန်ငြားအံ့လည်း မသိ။
ဣတိ၊ ဤသို့ဆို၍။
ဝိကပ္ပံ။ စေ အာပဇ္ဇေယျ။ ဧဝဉ္စ။ သော ဘိက္ခု။ ဝတွာ။ ကိဉ္စိမတ္တံ။
အနုပဒဇ္ဇေယျ၊ ပေးကမ်းငြားအံ့။
အန္တမသော။ ပိဏ္ဍပါတပတ္တမ္ပိ၊ ဆွမ်းမျှကိုလည်း ပေးကမ်းငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ယက်ကန်းသည်တို့ရှိရာ ရွာနိဂုံးသည် တတြ မည်၏။
သင်္ကန်း ဒါယကာတို့ ဖိတ်အပ်သော ရဟန်းသည် ပုဗ္ဗေ အပ္ပဝါရိတ မည်၏။
ဣဒံ ခေါ အာဝုသော စသော စကားသည် အလွန်စီရင်ပုံ အခြင်းအရာပြ စကားဖြစ်၏။
အရှည်အလျားသည် အာယတ။
အနံအပြန့်သည် ဝိတ္ထတ။
တခဲနက်ထူခြင်းသည် အပ္ပိတ (၃)၊
နေရာအားလုံး၌ ညီအောင်ပြု၍ ရက်ခြင်း သည် သုဝိတ။
ညီအောင်ပြု၍ ယက်ကန်းစင်၌ ဖြန့်ခြင်းသည် သုပ္ပဝါယိတ (၂)၊
နယ်ကန်ဖြင့် ကောင်းစွာကန်ခြင်းသည် သုဝိလေခိတ။
ဘီး၊ ဆပ်သွားသီး စသည်ဖြင့် ကောင်းစွာဖြီးခြင်းသည် သုဝိတစ္ဆိတ (၂) မည်၏။
ထမင်း၊ ခဲဖွယ်၊ ရေချိုးကသယ်မှုန့်၊ တံပူ စသော ပေးကမ်းစရာသည် ပိဏ္ဍပါတ မည်၏။
ပေးကမ်းဖွယ် ပေးအံ့၊ အယုတ်ဆုံး တရားသော်လည်း ဟောအံ့၊ ဤမျှဖြင့် နိဿဂ္ဂိ မဖြစ်သေး။ ရဟန်း၏စကားဖြင့် သင်္ကန်းဒါယကာထံမှ ချည်ယူ၍ အနည်းငယ်မျှပင် ရှည်အောင်၊ ပြန့်အောင်၊ ထူအောင် ပြုအံ့၊ ယက်ကန်းသည် တို့၏ ပယောဂတိုင်း ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂိ။
“ဣဒံ မေ ဘန္တေ စိဝရံ ပုဗ္ဗေ အပ္ပဝါရိတဿ အဉာတကဿ ဂဟပတိကဿ တန္တဝါယေ ဥပင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပန္နံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိ၌ ရှင်ဥပနန္ဒ သင်္ကန်းအလွန်စီရင်ခြင်းကြောင့် ပညတ်၏။ သာဓာရဏံ၊ အနာဏတ္တိက။ တိကပါစိတ်၊ ဉာတက၌ အဉာတကသညီ၊ ဝေမတိက၊ ဒွိကဒုက္ကဋ်။
ဉာတကပဝါရိတတို့၏ ယက်ကန်းသည်ကို စီရင်အံ့၊ အညဿတ္ထာယ = သူတပါး အလို့ငှာ စီရင်အံ့၊ မိမိ ဥစ္စာဖြင့် စီရင်အံ့၊ အဖိုးတန် ရက်စေလိုသူကို အဖိုး အနည်းငယ်တန် ရက်စေအံ့၊ ဥမ္မတ္တက စသည်ဖြစ်အံ့၊ အနာပတ္တိ။
၁။ အကပ္ပိယ ယက်ကန်းသည်တို့ထံ ချဉ်းကပ်၍ အလွန်စီရင်ခြင်း၊
၂။ မိမိအလို့ငှာ ရည်ညွှန်းသော သင်္ကန်းဖြစ်ခြင်း၊
၃။ ထိုရဟန်း၏ စကားဖြင့် ချည်တိုးခြင်း၊
၄။ သင်္ကန်းရခြင်း၊
ဤကား အင်္ဂါလေးပါးတည်း။
သမုဋ္ဌာန် စသည် စီဝရဓောဝါပနနှင့် တူ၏
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ဒါယကာတဦးသည် အရပ်တပါးသွားလို၍ မယားကို ဤသို့ဆို၏။ “ချည်ကို ချိန်၍ ဤမည်သော ယက်ကန်းသည်အား ပေးလော့၊ သင်္ကန်းရက်စေ၍ ထားလော့၊ ပြန်ရောက်လာသောအခါ ရှင်ဥပနန္ဒကို သင်္ကန်းလှူမည်ဟု ဆို၏။ ဆွမ်းခံရဟန်းတပါးကြား၍ ရှင်ဥပနန္ဒကို ပြောပြ၏။ ငါ၏ ဒါယကာဖြစ်သည်ဟု ဆို၏။ ယက်ကန်းသည်လည်း ရှင်ဥပနန္ဒ၏ ဒါယကာပင် ဖြစ်၏။ ရှင်ဥပနန္ဒသည် ယက်ကန်းသည်ထံ ချဉ်းကပ်၍ “ဤသင်္ကန်းကို ငါ့ကိုရည်၍ ရက်သည်၊ လျားရှည်၊ နံပြန့်၊ အသား ထူထူ ပြုလော့၊ ညီစွာရက်ခြင်း၊ ခင်းခြင်းပြုလော့၊ ကောင်းစွာ နယ်ကန်ခြင်း၊ ဘီးဖြီးခြင်း ပြုလော့ဟု ဆို၏။
အရှင်ဘုရား၊ ဤချည်ဖြင့် ရက်ရမည်ဟု ချိန်၍ ပေးပါသည်။ ရှည်၊ ပြန့်၊ ထူအောင် မတတ်နိုင်ပါ၊ ညီစွာရက်ခြင်း စသည်ကို တတ်နိုင်ပါသည်ဟု လျှောက်၏။ ရှည်၊ ပြန့်၊ ထူစွာသာ ပြုလော့၊ ချည်ဖြင့် ချို့တဲ့ခြင်း မရှိလတ္တံ့ ဟု ဆို၏။ ယက်ကန်းသည်သည် ယူခဲ့သောချည်ကို ယက်ကန်းစင်၌ ဆောင်၍ သင်္ကန်းဒါယကာ၏ မိန်းမထံ ချည်တောင်းပြန်၏။
အမောင်၊ ဤချည်ဖြင့်ရက်ဟု ပြောထားသည် မဟုတ်လော။ အရှင်မ ပြောထားသည် မှန်၏။ ရှင်ဥပနန္ဒ ကြွလာ၍ ရှည်၊ ပြန့်၊ ထူစွာ ရက်လော့၊ ချည်ဖြင့် ချို့တဲ့ခြင်း မရှိလတ္တံ့ ဟူ၍ မိန့်တော်မူပါသည်ဟု ဆို၏။ ထိုမိန်းမသည် ချည်တို့ကို ယခင်မျှလောက်ပင် ထပ်ပေးပြန်၏။
ရှင်ဥပနန္ဒသည် ထိုဒါယကာ ပြန်လာပြီဟု ကြားသောအခါ ထိုအိမ်သို့ ကြွသွား၏။ ထိုယောက်ျားသည် မိမိမယားအား သင်္ကန်းပြီးပြီလော၊ လှူကြစို့ဟုဆို၏။ ထို မိန်းမသည် သင်္ကန်းယူလာပြီးလျှင် ယောက်ျားအား ထိုအကြောင်းကို ပြောပြ၏။ ရှင်ဥပနန္ဒအား သင်္ကန်း လှူပြီးသောအခါ ဤရဟန်းတို့သည် အလိုကြီးကုန်၏။ သင်္ကန်းလှူရန် မလွယ်ကုန်။ ရှင်ဥပနန္ဒသည် မဖိတ်ပဲ သင်္ကန်း၌အလွန်စီရင်သည်ဟု ကဲ့ရဲ့၏။ ထို့ကြောင့် ပညတ်သည်။
၈-အစ္စေကစီဝရ
ဒသာဟနာဂတံ၊ ဆယ်ရက်ဖြင့် မရောက်သေးသော။
ကတ္တိကတေမာသိကပုဏ္ဏမံ၊ သီတင်းကျွတ်လပြည့် တိုင်အောင်သောနေ့၌၊
ဝါ၊ သီတင်းကျွတ်လဆန်းငါးရက်မှ လပြည့်အထိ ၁၁-ရက်ပတ်လုံး၌။
ဘိက္ခုနောပနေဝ၊ ရဟန်းအားသာလျှင်။
အစ္စေကစီဝရံ၊ အဆောတလျင်လှူအပ်သော(အဝတ်)သင်္ကန်းသည်။
ဥပ္ပဇ္ဇေယျ။ အစ္စေကံ၊ အဆောတလျင် လှူသောသင်္ကန်းဟူ၍။
မညမာနေန၊ သိသော။
ဘိက္ခုနာ။ ပဋိဂ္ဂဟေတဗ္ဗံ။ ပဋိဂ္ဂဟေတွာ။
ယာဝဇီဝရကာလသမယံ၊ သင်္ကန်းကာလပတ်လုံး။
နိက္ခိပိတဗ္ဗံ၊ ထားအပ်၏။
တတော။ ဥတ္တရိ။ စေနိက္ခိပေယျ။ အဿ ဘိက္ခုနော။
အဓိပ္ပါယ်
သီတင်းကျွတ်လဆန်း ငါးရက်မှ လပြည့်ထိ ၁၁-ရက်လုံးသည် ဒသာဟနာဂတလည်း မည်၏။ ကတ္တိကတေမာသိကပုဏ္ဏမ လည်း မည်၏။
(ထို ၁၁-ရက်ချည်းရအောင် နှစ်ပုဒ်လုံးကို သဒ္ဒါနည်း ထုတ်၍ ကြံလေ။)
အစ္စန္တသံယောဂစွမ်းဖြင့် ဩကာသအနက် ဒုတီယာဖြစ်သည်။
ဆိုလိုရင်းကား - လဆန်းငါးရက်မှစ၍ ဖြစ်သောသင်္ကန်း၏ ထားရာ ကာလကို ပြတော်မူအပ်၏။ အဆောတလျင် လှူသော ဝိကပ္ပနာလောက်သော အဝတ်သည် အစ္စေကစီဝရမည်၏။
အဘယ်သို့သောသူ လှူသနည်း။ စစ်ပွဲသွားလိုသူ၊ အရပ်တပါး သွားလိုသူ၊ မမာသူ၊ ကိုယ်ဝန်ဆောင်သူ၊ မသဒ္ဓါစဖူးသဒ္ဓါသူ၊ ဗလဝသဒ္ဓါရှိသူ၊ ဤသူတို့တွင် တယောက်ယောက်သည် ဝါဆိုသင်္ကန်း လှူလိုပါသည်ဟု ဆို၍ ဝါမကျွတ်မီ ကြိုတင်၍ လှူတတ်၏။
ကထိန်မခင်းလျှင် တလသည်၊ ခင်းလျှင် ငါးလသည် စီဝရကာလသမယ မည်၏။ အစ္စေကသင်္ကန်းကို ရသောရဟန်းသည် “ဣဒံ အစ္စေကစီဝရံ” ဟု မှတ်သား၍ ထားရသည်။ သင်္ကန်းကာလ တလ၊ ငါးလ ပတ်လုံး အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာမပြုပဲ ထားနိုင်၏။ တလကို၊ ငါးလကို လွန်စေအံ့၊ နိဿဂ္ဂ။ “ဣဒံ မေ ဘန္တေ အစ္စေကစီဝရံစီဝရကာလသမယံ အတိက္ကာမိတံ နိဿဂ္ဂိယံ”စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိ၌ ရဟန်းများစွာ အစ္စေကသင်္ကန်းကို သင်္ကန်း ကာလကို လွန်စေခြင်းကြောင့် ပညတ်၏။
အကြွင်းသည် ပဌမကထိနသိက္ခာပုဒ်နှင့် တူ၏။
ဝါဆိုသင်္ကန်း
ကျောင်းဒါယကာတို့သည် ဝါကျွတ်သောအခါ ငါတို့၏ ကျောင်း၌ ဝါကပ်တော် မူကြကုန်သည်ဟု လှူသော သင်္ကန်းသည် ဝဿဝါသိက = ဝါဆိုသင်္ကန်း မည်၏။ ဝါဆိုသင်္ကန်း ရပ်တန့်သော အစဉ်ဖြင့် ကထိန်အာနိသင် သင်္ကန်းကို ဆက်၍ ဝေရသည်။ တူသော အလားရှိသည်။ ပုရိမဝါမှ ကောင်းစွာထသူသာ ရနိုင်သည်။ သီတင်းမကျွတ်မီ ကြိုတင်၍ လှူသောကြောင့် အစ္စေက မည်သော်လည်း ဝါဆိုသင်္ကန်းပင်တည်း။ ထို့ကြောင့် ပဝါရဏာမပြုမီ ဝေဖန်လျှင် ထိုသင်္ကန်းရသော ရဟန်းသည် ဝါ မကျိုးမပြတ်စေရ။ ကျိုးပြတ်လျှင် ထိုသင်္ကန်းသည် သံဃိကဖြစ်၏။ သံဃာသို့ ပြန်ပေးရသည်။ ပြန်ပေးရာ၌ “ဣဒံ အစ္စေကစီဝရံ”ဟု မှတ်သားထားလျှင် လွယ်ကူ၏။
ပရိဟာရ အမျိုးမျိုး
သီတင်းကျွတ်လဆန်း ၆-ရက်နေ့မှစ၍ လပြည့်ထိ ဆယ်ရက်အတွင်း ရသော အနစ္စေကသင်္ကန်း၊ အဓိဋ္ဌာန်ချထားသော သင်္ကန်းတို့သည်လည်း စီဝရကာလ ပတ်လုံး အစောင့်အရှောက် ရကုန်သည်သာတည်း။ အဓိဋ္ဌာန်မတင်၊ ဝိပ္ပနာပြုပဲ ထားနိုင်ကုန်၏ ဟူလို။
အတိရေကစီဝရရိုးရိုး၌ ဆယ်ရက်၊ ပစ္စာသာရှိသော မူလသင်္ကန်း၌ တလ၊ မိုးရေခံ၌ (ဝါမထပ်၊ ဝါထပ်အားလျော်စွာ) ငါးလ၊ ခြောက်လ၊ ဆယ်လ၊ ဆယ့်တလ၊ ဤ အစ္စေကစီဝရ၌ကား တလနှင့် ၁၁-ရက်၊ ငါးလနှင့် ၁၁-ရက်ထိ ပရိဟာရအသီးသီး ရှိပုံကို သိအပ်၏။
ပမာဒလေခ
အဋ္ဌကထာ၌ “ကာမေဉ္စသ”စသော စကားတရပ် ပါရှိ၏။ အဓိပ္ပါယ်ကား - လဆန်း ငါးရက်မှစ၍ ဖြစ်သောသင်္ကန်း၏ ထားရာကာလကို ပြတော်မူ၏ဟူသော စကားသည် အသစ်မဟုတ်။ “ဒသာဟ ပရမံ အတိရေကစီဝရံ ဓာရေတဗ္ဗံ”ဖြင့်သာ ပြီး၏။ ဝတ္ထု ဖြစ်ပေါ်ခြင်းအစွမ်းဖြင့် အသစ်ကဲ့သို့ပြ၍ သိက္ခာပုဒ်ကို ထားသည်ဟူလို။
ထိုစကားကို ဋီကာကြီး၌ ပမာဒလေခဟု ပယ်သည်။ စကားနှစ်ရပ် မညီ။ “ဒသာဟူပရမံ” စသည်ဖြင့် ပြီးသည်မဟုတ်ဟူလို။ ကင်္ခါဋီကာ၌ “ဒသာဟနာဂတံ” နှင့်လည်း ဆန့်ကျင်သည်ဟု ဆို၏။ ပမာဒလေခသည် မူလအရေးမှား၍၎င်း၊ တစုံတယောက် အမှားရေးထည့်၍၎င်း ဖြစ်နိုင်၏။ ငါးရက်အရုဏ်မှ လပြည့် အရုဏ်သည် ဧကာဒသမအရုဏ် ဖြစ်၏။ ဆယ်ရက်လွန်သောကြောင့် ထိုစကားဖြင့် မပြီးနိုင်ဟူလို။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် အမတ်ကြီးတယောက်သည် အရပ်တပါးသို့ သွားရန်ကိစ္စရှိ၍ “ဝါဆိုသင်္ကန်း လှူလိုပါသည်”ဟု ဝါမကျွတ်မီ ရဟန်းတို့ကို ပင့်၏။ ရဟန်းတို့သည် “ဘုရားရှင်သည် ဝါကျွတ်သော ရဟန်းတို့အား ဝါဆိုသင်္ကန်းကိုခွင့်ပြုသည်”ဟု အလို့လို့ရှိ၍ မသွားကြကုန်။
အဘယ့်ကြောင့် အရှင်ကောင်းတို့ မကြွလာကုန်သနည်း။ ငါသည် စစ်ထိုးခြင်းငှာ သွားရမည်ဖြစ်၍ သေမည်၊ ရှင်မည်မသိဟု ကဲ့ရဲ့၏။ ဘုရားရှင်သည် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့၊ အဆောတလျင်လှူသော သင်္ကန်းကို အလှူခံ၍ ထားခြင်းငှာ ခွင့်ပြုသည်ဟု မိန့်တော်မူ၏။
ရဟန်းတို့သည် ဘုရားရှင် ခွင့်ပြုသည်ဟု အစ္စေကစီဝရကို အလှူခံ၍ သင်္ကန်း ကာလကို လွန်စေကုန်၏။ ထိုသင်္ကန်းတို့သည် သင်္ကန်းတန်းဝါး၌ အထုပ်ဖွဲ့၍ တည်ကုန်၏။ ရှင်အာနန္ဒာ သိ၍ အစ္စေကစီဝရကို ကာလလွန်စေကုန်၏ဟု ကဲ့ရဲ့၏။ ထို့ကြောင့် ပညတ်သည်။
၉-သာသင်္က
အာရညကာနိ၊ တော၌ဖြစ်ကုန်သော။
သာသင်္ကသမ္မတာနိ၊ ရွံ့ရှားဖွယ်ရှိ၏ဟု သမုတ်အပ်ကုန်သော။
သပ္ပဋိဘယာနိ၊ ဘေးရန်နှင့် တကွဖြစ်ကုန်သော။
ယာနိ ခေါ ပန တာနိ သေနာသနာနိ၊ အကြင်ကျောင်းတို့သည်။
သန္တိ၊ ရှိကုန်၏။
တထာရူပသု၊ ထိုသို့သဘော ရှိကုန်သော။
သေနာသနေသု၊ ကျောင်းတို့၌။
ဘိက္ခု၊ ရဟန်းသည်။
ဥပဝဿံ ခေါပန၊ ဝါကပ်ပြီး၍သာလျှင်။
ဝါ၊ ဝါကျွတ်ပြီး၍သာလျှင်။
ကတ္တိက ပုဏ္ဏမံ၊ တန်ဆောင်မုန်းလပြည့်တိုင်အောင်။
ဝိဟရန္တော၊ ( ၂၈-ရက်လုံး နေလိုသည် ရှိသော်။
အာကင်္ခမာနော၊ အလိုရှိသော ရဟန်းသည်။
တိဏ္ဏံ ဇီဝရာနံ၊ သုံးထည်သော သင်္ကန်းတို့တွင်။
အညတရံ စီဝရံ၊ တထည်ထည်သော သင်္ကန်းကို။
အန္တရဃရေ၊ (ဆွမ်းခံနေကျ) ရွာတွင်း၌။
နိက္ခပေယျ၊ (၂၉-ရက်လုံး) ထားရာ၏။
တဿ ဘိက္ခုနော၊ အား။
တေန စီဝရေန၊ နှင့်။
ဝိပ္ပါသာယ၊ ကင်း၍နေခြင်းငှာ။
ကောစိဒေဝ ပစ္စယော၊ တစုံတခုသာလျှင် ဖြစ်သော အကြောင်းသည်။
သိယာစ၊ ရှိငြားအံ့။
(အရပ်တပါး သွားခြင်းအကြောင်း ဟူလို။)
ဆာရတ္တပရမံ၊ ခြောက်ညဉ့်ပတ်လုံး။
တေန ဘိက္ခုနာ၊ သည်။
တေန စီဝရေန၊ နှင့်။
ငိပ္ပဝသိတဗ္ဗံ၊ ကင်း၍ နေအပ်၏။
(နေထိုက်၏။ နေသင့်၏။)
တတော။ ဥတ္တရိ။ စေ ဝိပ္ပဝသေယျ။ ဘိက္ခု၊ သမ္မုတိယာ။ အညတြ။ တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ဝါကျွတ်ပြီးသော ရဟန်းတို့သည် ဥပဝဿံ ခေါပန မည်၏။ ဥပဝသိတွာ-အနက်။ တွ ပစ္စည်းကို ယ-ပြု။ ယ-ကို ပုဗ္ဗရုပ်သ-ပြု၍ ဥပဝဿ။ နိဂ္ဂဟိတ်လာ၍ ဥပဝဿံ။ ဤပုဒ်ကို ဝိဟရန္တော၌ စပ်။ အဝေးအနီး ပဓာန မဟုတ်။ ဝါကျွတ်ပြီနောက် တန်ဆောင်မုန်း လပြည့်ထိ ဘေးရန်ရှိသော တောကျောင်း၌ နေလိုလျှင် ရွာတွင်း၌ သင်္ကန်း တထည်ထည်ကို ထားရာ၏ ဟူလို။
ဤ၌ တန်ဆောင်မုန်းလပြည့်သည် ကတ္တိကပုဏ္ဏမ မည်၏။ ကုလလေးတာ ငါးရာ အယုတ်ဆုံး ဝေးကွာသောကျောင်းသည် အာရညက သေနာသန မည်၏။ ထိုတောကျောင်း၏ အရာမ်၊ အရာမ်ဥပစာရတို့၌ ခိုးသူတို့ ခိုအောင်းနေထိုင်ခြင်း ထင်ရှားလျှင် သာသ၀ သမ္မတမည်၏။ လူတို့ကို သတ်ဖြတ် လုယက်ရိုက်နှက်ခြင်း ထင်ရှားလျှင် သမ္ပဋိတယ မည်၏။ အမည်ဖြင့် အဓိဋ္ဌာန် တင်ထားသော တိစီဝရိက် တို့တွင် တထည်ထည်သည် အညတရစီဝရ မည်၏။ ထိုတောကျောင်း၏ ဝန်းကျင် အနီး ဆွမ်းခံရပ်သည် အန္တရဃရ မည်၏ (အန္တရ = အကြား၌ + ဃရ = အိမ်တို့ + ရှိသောကြောင့် အန္တရဃရ မည်၏။ အန္တရေ ဃရာနိ ယသ္မိံ သောတိ အန္တရဃရော၊ ဂါမော။) ဆွမ်းခံရွာတို့တွင် မိမိနှစ်သက်ရာရွာ၌ သင်္ကန်းထားနိုင်၏။ ထားနိုင် သော်လည်း ဝါကျွတ်ခြင်း၊ တန်ဆောင်မုန်း လပြည့်အတွင်း ဖြစ်ခြင်း၊ တောကျောင်း ဖြစ်ခြင်း၊ ဘေးရန် ရှိခြင်း၊ ဤအင်္ဂါလေးပါး ပြည့်စုံမှ ထားရသည်။
ဤသို့ ဆွမ်းခံရာ၌ ထား၍ မိမိတောကျောင်း၌နေလျှင် ၂၉-ရက်ပတ်လုံး တန်ဆောင်မုန်း လပြည့်ထိ ကင်း၍နေနိုင်သည်။ ထိုရဟန်းအား ထိုသင်္ကန်းနှင့် ကင်းခြင်းငှာ တစုံတခုသော အကြောင်း ရှိငြားအံ့ဟု ဆိုသည်၌ တစုံတခုသော အကြောင်းဟူသည် အရပ် တပါးသို့ ကြွသွားလိုသောကိစ္စ ဖြစ်၏။
ထိုအဓိပ္ပါယ်ကို အနာပတ္တိဝါရ ထောက်ဆ၍ သိအပ်၏။ အနာပတ္တိဝါရ၌ “ဆာရတ္တံ ဝိပ္ပဝသိတွာ ပုန ဂါမသိမံ ဩက္ကမိတွာ ဝသိတွာ ပက္ကမတိ” ဟု ဟောသည်။ ဤသို့ အကြောင်း တစုံတခု ရှိအံ့၊ ဝါ၊ အရပ်တပါး ဖဲသွားအံ့၊ ခြောက်ညဉ့်သာ ကင်းရသည်။ ထိုအရပ်တပါး ကျောင်း၌ သတ္တမအရုဏ် မတက်စေရ။ မိမိကျောင်းသို့ ပြန်ရသည်။ ကျောင်းရောက် မပြန်နိုင်လျှင် ထိုရွာသို့ဝင်၍ တစုံတခုသောနေရာ၌ အရုဏ် တက်အောင်နေ၍ သင်္ကန်းအကြောင်း သိအောင်ပြု၍ ဖဲသွားလျှင် အပ်၏။
ဥဒေါသိတ သိက္ခာပုဒ်၌လာသော ဂိလာနအား ပေးသော သမ္မုတိသည် ဘိက္ခုသမ္မုတိ မည်၏။ သမ္မုတိမရပဲ ခြောက်ညဉ့်ထက်လွန်၍ ကင်းအံ့၊ သတ္တမ အရုဏ်၌ နိဿဂ္ဂိ။ “ဣဒံ မေ ဘန္တေ စီဝရံ အတိရေကဆာရတ္တံ ဝိပ္ပဝုတ္တံ အညတြ ဘိက္ခု သမ္မုတိယာ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။
အဆုံးအဖြတ်
သာဝတ္ထိ၌ ရဟန်းများစွာ သင်္ကန်းနှင့်ကင်း၍ နေခြင်းကြောင့် ပညတ်၏။
အကြွင်းသည် ဥဒေါသိတနှင့် တူ၏။ ကထိန်မခင်းလျှင် အသမာဒါန အကျိုးမရပုံကို ဤသိက္ခာပုဒ်ဖြင့်လည်း သိသာ၏။
သင်္ကန်း ထားကြောင်း အင်္ဂါ
ပုရိမဝါကပ်၍ မဟာပဝါရဏာနေ့၌ ပဝါရဏာ ပြုပြီးခြင်းသည် ပဌမအင်္ဂါ ဖြစ်၏။ ပစ္ဆိမဝါကပ်လျှင် မထားရ။ တန်ဆောင်မုန်းလ ဖြစ်ခြင်းသည် ဒုတိယအင်္ဂါ ဖြစ်၏။ တန်ဆောင်မုန်း လပြည့်ကျော်လျှင် မထားရ။ တာငါးရာပြည့်သော တောကျောင်း ဖြစ်ခြင်းသည် တတိယအင်္ဂါ ဖြစ်၏။ တာငါးရာ မပြည့်သောကျောင်း၊ တဂါဝုတ်ထက် လွန်၍ ဝေးသောကျောင်းတို့၌ ဤအင်္ဂါ မရ။ ဆွမ်းခံသွား၍ ဆွမ်းစားချိန် ပြန်ရောက်နိုင်မှ ဤအင်္ဂါ ရသည်။ ရွံ့ရှားဖွယ် ဘေးရန်ရှိခြင်းသည် စတုတ္ထအင်္ဂါ ဖြစ်၏။ ဘေးရန်ကင်းလျှင် မထားရ။ ဒုတီယ အင်္ဂါ၌ ၂၉-ရက်ပြည့်အောင် ရေတွက်နိုင်ရမည်။
တောကျောင်း လက္ခဏာ
ကင်္ခါဋီကာ၌ “အာစရိယဓနု နာမ ပကတိ ဟတ္ထေန နဝဝိဒတ္ထိပမာနံ” ဟု ပကတိဟတ္ထဖြင့် ဆိုသည်။ ပကတိကိုးထွာရှိသော အာစရိယဓနုသည် ညှို့တင်ပြီးသောအခါ တထွာလျော့၍ ပကတိလေးတောင်ရှိ၏။ ထိုလေးဖြင့် အပြန် ငါးရာသည် ကုလ လေးတာ ငါးရာအယုတ်ဆုံး ဝေးကွာသော တောကျောင်းဖြစ်၏။ အလံငါးရာ၊ ဝါ၊ အတောင်နှစ်ထောင် ဝေးကွာ၏။ ရွာ၏ အရာမ်မှ တာရသည်။
အရာမ်မရှိလျှင် အရာမ်ထိုက်ရာမှ တာရသည်။ အစွန်ဆုံး အိမ်ဥပစာရမှ ခဲတကျသည် အရာမ်ထိုက်ရာ မည်၏။ ကျောင်းသည် အရာမ်ရှိအံ့၊ အရာမ်အထိ တာရသည်။ အရာမ်မရှိလျှင် ရွာမှလာ၍ ရှေးဦးစွာ မြင်ရသော ကျောင်း၊ စေတီ၊ အမြဲ စည်းဝေးရာ အရပ်အထိ တာရသည်။
(မဇ္ဈိမဘာဏက အလိုကား ရွာဥပစာမှ ခဲတကျကို၎င်း၊ ကျောင်းဥပစာမှ ခဲတကျ ကို၎င်း ဖယ်၍ ထားရသည်။)
ပကတိ သွားလာနေကျ လမ်းသည် ကောက်သော်၎င်း၊ ဖြောင့်သော်၎င်း ထိုလမ်း အတိုင်း တာရသည်။ တာမပြည့်၍ တိုသောလမ်းကိုပိတ်လျှင် ဓုတင်္ဂစောရ မည်၏။ တောကျောင်းအင်္ဂါ လက္ခဏာပျက်၏။
ဝတ္ထု
သာဝတ္ထိ ဇေတဝန် ရဟန်းတို့သည် ဝါကျွတ်ပြီးသောအခါ တောကျောင်းတို့၌ နေကုန်၏။ တန်ဆောင်မုန်း ခိုးသူတို့သည် ရဟန်းတို့ လာဘ်ရသည်ကို သိ၍ နှိပ်စက်ကုန်၏။ “ချစ်သားတို့၊ တောကျောင်း၌ နေသော ရဟန်းသည် သင်္ကန်း သုံးထည်တို့တွင် တထည်ထည်ကို ရွာတွင်း၌ ထားခြင်းငှာ ခွင့်ပြု၏” ဟု မိန့်တော်မူ၏။ရဟန်းတို့သည် ဘုရားရှင်ခွင့်ပြုသည်ဟု ရွာတွင်း၌ ထား၍ ခြောက်ညဉ့်ထက်လွန်၍ ကင်းကုန်၏။ ထိုသင်္ကန်းတို့သည် ပျောက်ပျက်၊ မီးလောင်၊ ကြွက်ခဲခြင်းတို့ကြောင့် သင်္ကန်းခေါင်းပါးကုန်၏။ တပါးသော ရဟန်းတို့က သင်္ကန်းခေါင်းပါးခြင်း အကြောင်းကို မေး၍ ခြောက်ညဉ့်ထက် လွန်၍ ကင်းရသလောဟု ကဲ့ရဲ့ကုန်၏။ ထို့ကြောင ပညတ်သည်။
၁၀-ပရိဏတ
ယော ပန ဘိက္ခု၊ အကြင်ရဟန်းသည်။
ဇာနံ၊ သိလျက်။
ပရိဏတံ၊ သံဃာသို့ ကိုယ်နှုတ်ဖြင့် ညွတ်လေပြီးသော။
သံဃိကံ၊ သံဃာ၏ဥစ္စာဖြစ်သော။
(ဝါ၊ သံဃိက ဖြစ်လတ္တံ့သော။)
လာဘံ၊ လာဘ်ကို။
အတ္တနော၊ မိမိသို့။
ပရိဏာမေယျ၊ ညွတ်စေငြားအံ့။
တဿ ဘိက္ခုနော။
အဓိပ္ပါယ်
ကိုယ်တိုင်ဖြစ်စေ၊ သူတပါးပြော၍ဖြစ်စေ သိသူသည် ဇာနန္တ မည်၏။ သံဃာအား လှူပြီးသော ဥစ္စာသည် သံဃိက မည်၏။ ဤ၌ကား ညွတ်ပြီးဖြစ်သောကြောင့် မလှူသေးမီကပင် ပရိယာယ်အားဖြင့် သံဃိကအမည် ရသည်။ သင်္ကန်း ဆွမ်း စသည်သည် လာဘ မည်၏။ အယုတ်ဆုံး တံပူမျှပင် ရအပ်သောကြောင့် လာဘံ မည်၏။ (လဗ္ဘတေတိလာဘော။)လှူကုန်အံ့၊ ပြုကုန်အံ့ဟု နှုတ်မြွက်ကာမျှ၊ လက်ဆုပ်ပြကာမျှဖြင့် ထိုလာဘ်သည် ပရိဏတ မည်၏။ ဤလာဘ်ကို ငါ့အားလှူလော့ဟု မိမိသို့ညွှတ်လာအောင် ပြုခြင်းသည် အတ္တနော ပရိဏာမေယျ မည်၏။
သံဃာအားလှူပြီးဖြစ်မူ မယူရ၊ သံဃာအားသာ ပြန်ပေးရသည်။ မိခင်၏ပစ္စည်းပင် ဖြစ်စေ သံဃာသို့ ညွတ်ပြီးသောလာဘ်ကို မိမိသို့ညွတ်စေအံ့၊ ပယောဂတိုင်း ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂိ။
“ဣဒံ မေ ဘန္တေ ဇာနံ သံဃိကံ လာဘံ ပရိဏတံ အတ္တနော ပရိုဏာမိတံ နိဿဂ္ဂိယံ” စသည်ဖြင့် စွန့်အပ်၏။ ဒေသနာကြားအပ်၏။ စွန့်ပြီးပြန်ရလျှင် သုံးကောင်း၏။
အဆုံးအဖြတ်
သာဝတ္ထိ၌ ဆဗ္ဗဂ္ဂီတို့ ညွှတ်စေခြင်းကြောင့် ပညတ်၏။ သာဓာရဏ၊ အနာဏတ္တိက။ ညွှတ်ပြီးသော လာဘ်၌ ယုံမှား ရှိအံ့၊ မညွှတ်သေးသောလာဘ်၌ ပရိဏတသညီ၊ ဝေမတိက ဖြစ်အံ့၊ ဒုက္ကဋ်။ သံဃာအား၊ စေတီအား၊ ပုဂ္ဂိုလ်အား ညွတ်ပြီးကို တပါးသော သံဃာ၊ စေတီ၊ ပုဂ္ဂိုလ်သို့ ညွတ်စေအံ့၊ ဒုက္ကဋ်။
ဤ၌ ကိုးချက်ခွဲနိုင်ရမည်။ တချက်ကား နိဿဂ္ဂိပါစိတ်နှင့် သုဒ္ဓပါစိတ်။ ကြွင်း ရှစ်ချက်သာ ဒုက္ကဋ်။
မညွတ်ရသေးဟု မှတ်ထင်အံ့၊ အဘယ်၌ လှူရမည်နည်း ဟုမေးလျှင် ကြည်ညိုရာ၌ လှူကြလော့၊ သုံးဆောင်ခြင်းဖြင့် ကျေးဇူးများရာ၌ လှူကြလော့ဟု ဆိုအံ့၊ ဥမ္မတ္တက စသည် ဖြစ်အံ့၊ အနာပတ္တိ။
၁။ သံဃာအား ညွတ်ပြီးသော လာဘ်ဖြစ်ခြင်း၊
၂။ ထိုလာဘ်ကို သိလျက် မိမိသို့ ညွတ်စေခြင်း၊
၃။ ရခြင်း၊
ဤကား အင်္ဂါသုံးပါးတည်း။
သမုဋ္ဌာန် စသည် အဒိန္နာဒါနနှင့် တူ၏။
ဓမ္မိကဒါန-အဓမ္မိကဒါန မှတ်ဖွယ်
ပရိဝါ၌ သံဃာအား၊ စေတီအား၊ ပုဂ္ဂိုလ်အား ညွတ်ပြီးသော လာဘ်ကို ညွတ်ရာမှ တပါးဖြစ်သော သံဃာ စေတီ ပုဂ္ဂိုလ်သို့ ညွတ်စေခြင်း ကိုးပါးလုံးသည် အဓမ္မိကပဋိဂ္ဂဟ ကိုးပါး မည်၏။
ထိုကို ခံယူခြင်းသည် အဓမ္မိက ပဋိဂ္ဂဟ ကိုးပါး မည်၏။
ထိုကို သုံးဆောင်ခြင်းသည် အဓမ္မိက ပရိဘောဂ ကိုးပါး မည်၏။
ညွတ်ရင်းတိုင်း၊ သံဃာ စေတီ၊ ပုဂ္ဂိုလ်သို့သာ လှူခြင်း သုံးပါးသည် ဓမ္မိကဒါန သုံးပါး မည်၏။
ခံယူခြင်းသည် ဓမ္မိက ပဋိဂ္ဂဟ သုံးပါး မည်၏။
သုံးဆောင်ခြင်းသည် ဓမ္မိက ပရိဘောဂသုံးပါး မည်၏။
ဤသို့ ဓမ္မိက အဓမ္မိက အမည်ဖြင့် ပြသည်။
ဝိဘင်း၌ သံဃာအားညွှတ်ပြီးသော လာဘ်ကို သိလျက် မိမိသို့ညွတ်စေအံ့၊ ဒုက္ကဋ်။ ရသောအခါ နိဿဂ္ဂိ။
သံဃ ဂဏ ပုဂ္ဂလထံ စွန့်၍ ဒေသနာ ကြားအပ်၏။ စွန့်ပြီးသောပစ္စည်းကို ထိုညွတ်စေသောရဟန်းအား ပြန်ပေးအပ်၏။ ညွှတ်ပြီးကို ညွတ်ပြီးဟု အမှတ်ရှိလျက် မိမိသို့ ညွတ်စေအံ့၊ နိဿဂ္ဂိပါစိတ်။ ယုံမှားရှိအံ့၊ ဒုက္ကဋ်။ မညွှတ်ဟုထင်အံ့၊ အနာပတ္တိ၊
သံဃာအား ညွတ်ပြီးကို တပါးသောသံဃာအား၊ စေတီအား(၂)၊
စေတီအား ညွတ်ပြီးကို တပါးသောစေတီ၊ သံဃာ၊ ပုဂ္ဂိုလ်အာ•(၃)၊
ပုဂ္ဂိုလ်အား ညွတ်ပြီးကို တပါးသော ပုဂ္ဂိုလ်၊ သံဃာ၊ စေတီအား(၃)၊
ညွတ်စေအံ့၊ ဒုက္ကဋီ၊ (ရှစ်ချက်)။
သံဃာအား ညွတ်ပြီးကို သိလျက် မိမိမှ တပါးသောပုဂ္ဂိုလ်သို့ ညွတ်စေအံ့၊ သုဒ္ဓ ပါစိတ် တချက်။ ဤသို့ သံဃာအား ညွှတ်ပြီးကို ပုဂ္ဂိုလ်သို့ညွတ်ရာ တချက်၌ နိဿဂ္ဂိပါစိတ်၊ သုဒ္ဓပါစိတ်။ ကြင်းရှစ်ချက်၌ ဒုက္ကဋ်ဟု အာပတ်ဖြင့် ဝေဖန်သည်။
အဋ္ဌကထာကြီး၌ လှူအံ့ဟု ရှေးရှုဆောင်လာသော ပစ္စည်း လှူအံ့ဟု ရည်စူး၍ အိမ်၌ ဖယ်ထားသော ပစ္စည်းတို့ကို တောင်းအံ့၊ ဝိညတ် ဒုက္ကဋ်မသင့်၊ တောင်းကောင်း၏။ သံဃာအား လှူပြီးဖြစ်မူ မယူအပ်၊ သံဃာအားသာ ပြန်ပေးအပ်၏။ သံဃာအား ဆွမ်းကျွေးကုန်အံ့ ဟုဆို၍ ညွတ်၍ ယူသော ထောပတ်ကို ဂိလာနရဟန်းသည် သိလျက် အနည်းငယ်တောင်းအံ့၊ နိဿဂ္ဂိ ပါစိတ်။ သိသော်လည်း “သင်တို့ အတွက် (သီးခြား) ယူလာသော ထောပတ်ရှိလျှင် လှူပါ”ဟု ဆိုအံ့၊ အပြစ်မရှိ။
ကုက္ကုစ္စ သံသယရှိသော ရဟန်းဟု လူတို့သိ၍ “သံဃာသည်လည်း အကျွန်ုပ်တို့ လှူသမျှသာ ရနိုင်သည်။ အရှင်မြတ် အလှူခံပါ”ဟု ဆိုအံ့၊ ဤသို့လည်း အပြစ်မရှိ အပ်၏။
စေတီတဆူအလို့ငှာ မှတ်၍ စိုက်သော ပန်းပင်မှ ပန်းပွင့်ကိုလည်း တပါးသော စေတီ၌ မတင်အပ်။ စေတီတဆူအား ထီး တံခွန် လှူပြီး၍ အကြွင်းကို တပါးသော စေတီသို့ လှူခိုင်းအံ့၊ အပ်၏။ အယုတ်ဆုံး ခွေးနက်အား ကျွေးမည်ဟု ညွတ်ပြီးသော အစာကို ခွေးဖြူအား ကျွေးလော့ဟု တပါးသောပုဂ္ဂိုလ်သို့ ညွတ်စေအံ့၊ ဒုက္ကဋ်ဟု ဆိုအပ်၏။
သာရတ္ထဋီကာ၌ စေတီတဆူ၌ ပူဇော်ထားပြီးသော ပန်းကို ယူ၍ တပါး သော စေတီ၌ ပူဇော်အံ့၊ အပြစ်မရှိ။ တိရစ္ဆာန်တကောင်အား စွန့်ကျွေးပြီးသော အစာကို ထို တိရစ္ဆာန်ကို မောင်းပစ်၍ အခြားတကောင်ကို ကျွေးအံ့၊ အပြစ်မရှိဟု ဆို၏။
ဝိမတိဋီကာ၌ စေတီအလို့ငှာ မှတ်၍ စိုက်သောပန်းပင်မှ မဆွတ်ခူးသဖြင့် ညှိုးနွမ်းသော ပန်းတို့ကို မြင်လျှင် ဆွတ်ခူး၍ အမှတ်မရှိရာ၌ ပူဇော်အံ့၊ အပြစ်မရှိဟု ဆို၏။
(ဤဆိုပြီးသော ပါဠိ အဋ္ဌကထာ ဋီကာတို့၌ အဓမ္မိကဒါန ကိုးပါးလုံး လှူသူ၊ အလှူ ခံသူ၊ သုံးဆောင်သူတို့အား အပြစ်မပြ။ ညွတ်စေသူအားသာ အပြစ်ပြသည်၊ ဝါ၊ တပါးသို့ လှူခိုင်းသူအားသာ အပြစ်ပြသည်။
စေတီ၊ သံဃာ(၂)၊ ပုဂ္ဂလာ(၁)၊ ဤမှာလှူမည် ညွတ်။
ညွှတ်ရာမှခြား၊ လှူခိုင်းငြား၊ ကိုးပါးပြားအောင်မှတ်(၉)။
လှူသူ၊ ခံသူ၊ ပြစ်မမူ၊ ခိုင်းသူ အပြစ်ကပ်။
နိဿင်္ဂပါစိတ်၊ သုဒ်ပါစိတ်၊ နောက်ပိတ် ဒုက္ကဋ်ကပ်၊
ဝတ္ထု
သာဝတ္ထိ ဇေတဝန် သာဝတ္ထိပြည်၌ အသင်းတခုသည် သံဃာအား ဆွမ်းနှင့်တကွ သင်္ကန်း လှူမည်ဟု စီရင်၏။ ဆဗ္ဗဂ္ဂီဟန်းတို့သည် အသင်းသားတို့ထံ သွား၍ ဤသင်္ကန်းတို့ကို ငါတို့အား လှူကြလော့ဟု ဆိုကုန်၏။ သံဃာအား နှစ်စဉ် သင်္ကန်းနှင့်ဆွမ်း လှူနေကျဖြစ်၍ အရှင်တို့အား သင်္ကန်းတို့ကို မလှူနိုင်ပါဟု ဆိုလတ်သော် ဒါယကာတို့၊ သံဃအား လှူသူ များလှ၏၊ ငါတို့သည် သင်တို့ကိုမှီ၍ မျှော်လင့်ကာ နေကြသည်။ သင်တို့ မလှူလျှင် အဘယ်သူ လှူအံ့နည်းဟု ဆိုကုန်၏။
ထိုအသင်းသည် စီရင်တိုင်း ဖြစ်သော သင်္ကန်းတို့ကို ဆဗ္ဗဂ္ဂီတို့အား လှူ၍ သံဃာအား ဆွမ်းလုပ်ကျွေး၏။ ရဟန်းတို့သည် သင်္ကန်းလှူပြီးသည်ကို မသိ၍ ဒါယကာတို့၊ သံဃာအား သင်္ကန်းလှူကြလော့ဟု ဆိုကုန်၏။ အရှင်ဘုရားတို့၊ စီရင်တိုင်းဖြစ်သော သင်္ကန်းတို့ကို အရှင်ဆဗ္ဗဂ္ဂီတို့သည် မိမိသို့ ညွတ်စေကုန်၏ဟု ဆိုကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် သိလျက် သံဃာ့ဥစ္စာဖြစ်သော သံဃာအား ညွှတ်ပြိးသော လာဘ်ကို မိမိသို့ ညွတ်စေကုန်သည်ဟု ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ပညတ်သည်။ ပဝတ္တဝဂ္ဂေါ တတီယော။
နိဂုံး
အာယသ္မန္တော၊ တို့။ တိံသ။ နိဿဂ္ဂိယာ။ ပါစိတ္တိယာဓမ္မာ၊ တို့ကို။ ဥဒ္ဒိဋ္ဌာခေါ။ တတ္ထ။ အာယသ္မန္တေ။ ပုစ္ဆာမိ။ ကစ္စိ။ ပရိသုဒ္ဓါ။ အတ္ထ။ လ။ ဧဝံ။ ဧတံ။ ဓာရယာမိ။
တိံသ နိဿဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ နိဋ္ဌိတာ။
နိဿဂ္ဂိ ပြီး၏။
Comments
Post a Comment