Skip to main content

ဝိနည်းငါးကျမ်းအရသာ (တတိယတွဲ)

နည်းငါးကျမ်းအရသာ (တတိယတွဲ)

မဟာဝါအရသာ

ညောင်လေးပင်တောရဆရာတော်

မာတိကာ

မဟာခန္ဓက

၁။ ဗောဓိကထာ
၂။ အနာဂတကိလေသာ
၃။ ယုံမှား...... ၁၆ .......
၄။ အဇပါလကထာ
၅။ ရောင်ခြည်တော်-၂-နေရာ
၆။ မုစလိန္ဒကထာ
၇။ ရာဇာယတနကထာ
၈။ ဗြဟ္မယာစနကထာ
၉။ ဥပကနှင့်တွေ့ခြင်း
၁၀။ ဓမ္မစကြာ၊ အနတ္တလက္ခဏာဟောခြင်း
၁၁။ ဓမ္မစက္ခု မဂ် ၄-ခု
၁၂။ သဌေးသားယသတို့ ရဟန်းပြုခြင်း
၁၃။ အနုပုဗ္ဗိကထာ
၁၄။ မာရကထာ
၁၅။ သရဏဂုံရဟန်း
၁၆။ ပဗ္ဗဇ္ဇာဝိနိစ္ဆယ
၁၇။ သရဏဂုံ ဆိုပုံ
၁၈။ ရှင်လောင်းခေါင်းရိတ်သရဇ္ဈာယ်ရန်
၁၉။ ဘဒ္ဒဝဂ္ဂီဝတ္ထု
၂၀။ ရှင်တထောင်ဝတ္ထု
၂၁။ ရာဇဂြိုဟ်ဝေဠုဝန်
၂၂။ သရဏဂုံ လေးမျိုး
၂၃။ ဥပဓိလေးပါး
၂၄။ သိင်္ဂီနိက္ခရွှေ
၂၅။ အရိယာဝါသ ဆယ်ပါး
၂၆။ အားတော် ဆယ်ပါး
၂၇။ ဉာဏ်အား ဆယ်ပါး
၂၈။ အသေက္ခအင်္ဂါ ဆယ်ပါး
၂၉။ ရှင်သာရိပုတြာတို့ဝတ္ထု
၃၀။ ဝိပဿနာအာရုံထူးခြင်း
၃၁။ အရောင်ပမာ ဝိပဿနာ
၃၂။ သွားခြင်းပမာ ဝိပဿနာ
၃၃။ မြို့သားတို့ အပြစ်တင်ခြင်း

ရှင်ပြုစသော ဝိနည်းကံနိဒါန်း ပြီး၏။

၃၄။ ဥပဇ္ဈာယ်ခွင့်ပြုခြင်း
၃၅။ ဥပဇ္ဈာယဝတ်
၃၆။ နိဿယည်းမလွတ်သူ အာပတ်သင့်သောဝတ်
၃၇။ နိဿယည်းမလွတ်သူသာ
၃၈။ သဒ္ဓိဝိဟာရိကဝတ်
၃၉။ သဒ္ဓိဝိဟာရိကကိုနှင်ခြင်း
၄၀။ ဉာတ္တိစတုတ္ထဥပသမ္ပဒကံ
၄၁။ မှီရာလေးပါး ပြောကြားခြင်း
၄၂။ ဥပဇ္ဈာယ်ချွတ်ယွင်းခြင်း
၄၃။ နိဿယည်းဆရာ ခွင့်ပြုခြင်း
၄၄။ အာစရိယဝတ်၊ အန္တေဝါသိကဝတ်
၄၅။ အန္တေဝါသိကကို နှင်ခြင်း
၄၆။ အာစရိယ ချွတ်ယွင်းခြင်း
၄၇။ နိဿယည်းငြိမ်း ငါးပါး-ခြောက်ပါး
၄၈။ ကျောင်းထိုင်အင်္ဂါ
၄၉။ အညတိတ္ထိယပုဗ္ဗကထာ
၅၀။ တိတ္ထိယကျင့်ဝတ် ၈-ပါး
၅၁။ ပဉ္စဗာဓဝတ္ထု
၅၂။ ရာဇဘဋဝတ္ထုစသည်
၅၃။ အင်္ဂုလိမာလ ဧဟိဘိက္ခု
၅၄။ ကာရာဘေဒ
၅၅။ လိခိတက
၅၆။ ကသာဟတ
၅၇။ လက္ခဏာဟတ
၅၈။ ဣဏာယိက
၅၉။ ဒါသဝတ္ထု
၆၀။ ဘဏ္ဍုကမ္မဝတ္ထု
၆၁။ ဦနဝီသတိဝဿဝတ္ထု
၆၂။ တဆယ့်ငါးနှစ်အောက်ရှင်မပြုရ
၆၃။ ကျီးမောင်းနိုင်လျှင် ရှင်ပြုပေး၏
၆၄။ ရှင်နှစ်ပါး မမွေးရ
၆၅။ နိဿယပုစ္စကအင်္ဂါ
၆၆။ ရာဟုလဝတ္ထု
၆၇။ ပန်ကြားထိုက်သောမိဘ
၆၈။ မပန်ပဲပြုပေးအပ်ပုံ
၆၉။ နိုင်သလောက် ရှင်များစွာမွေးခွင့်
၇၀။ ဆယ်ပါးသီလ
၇၁။ ဒဏ္ဏမ္မဝတ္ထု
၇၂။ သူတပါးတပည့်
၇၃။ လိင်ဆယ်ပါး
၇၄။ ပဏ္ဍကဝတ္ထု
၇၅။ ထေယျသံဝါသကဝတ္ထု
၇၆။ ပကိဏ်းခြောက်ချက်
၇၇။ ထေယျသံဝါသက ဝေဖန်ခြင်း
၇၈။ ဝုဍ္ဎပဗ္ဗဇိတ
၇၉။ တိတ္ထိယပက္ကန္တက
၈၀။ တိရစ္ဆာနဝတ္ထု
၈၁။ မိဘသတ်သူ
၈၂။ ရဟန္တာသတ်သူ
၈၃။ ဘိက္ခုနီဒူသက
၈၄။ သံဃဘေဒက
၈၅။ လောဟိတုပ္ပါဒက
၈၆။ ဥဘတောဗျည်း
၈၇။ ဥပဇ္ဈာယ်အတွက် ဒုက္ကဋ်-၁၄
၈၈။ သပိတ်သင်္ကန်းမရှိ-၃။ ငှါး-၃
၈၉။ ဟတ္ထစ္ဆိန္နာဒိတ္တိံသ
၉၀။ ပရိသဒူသက ၁၀၈-ယောက်
၉၁။ နိဿယည်း ကင်းနိုင်သူများ
၉၂။ ကံဆောင်ရာ၌အမည်
၉၃။ ရဟန်းလောင်းနှစ်ပါး၊ သုံးပါး
၉၄။ ဂဗ္ဘဝီသရဟန်းပြုခြင်း
၉၅။ ဥပသမ္ပဒကံကြောင်းကျိုးစုံ
၉၆။ သုဏာတုမေဘန္တေသံဃော
၉၇။ အယံဣတ္တန္နာမော
၉၈။ အန္တရာယိကေဟိ စသည်
၉၉။ ယဒိသံဃဿပတ္တကလ္လံ
၁၀၀။ ပတ္တကလ္လအင်္ဂါ ငါးပါး
၁၀၁။ ပုဗ္ဗကိစ္စ ရှစ်ပါး
၁၀၂။ ဧသောဉတ္တိ
၁၀၃။ ယဿာယသ္မတောစသည်
၁၀၄။ အတီတကရဏနိဂုံး
၁၀၅။ မှီရာလေးပါး
၁၀၆။ အကရဏီယလေးပါး
၁၀၇။ ဥက္ခိတ္တသမ္ဘောဂ

မဟာခန္ဓက ပြီး၏။

ဥပေါသထက္ခန္ဓက

၁၀၈။ ပါတိမောက်ပြခွင့်ပြုခြင်း
၁၀၉။ နိဒ္ဒေသ
၁၁၀။ တပက္ခတကြိမ်၊ အညီအညွတ်
၁၁၁။ ဒေဝသိကန္တိ၊ ဒိဝသေဒိဝသေ
၁၁၂။ မဟာကပ္ပိနကို တိုက်တွန်းခြင်း
၁၁၃။ သိမ်သမုတ်ခွင့်ပြုခြင်း
၁၁၄။ သုံးယူဇနာအထိသိမ်
၁၁၅။ နဒီပါရသိမ်
၁၁၆။ ဥပုသ်သိမ်တခုသာ
၁၁၇။ ဥပေါသထပမုခ
၁၁၈။ မထေရ်ကြီး ဒုက္ကဋ်
၁၁၉။ ဝဂ္ဂကံမပြုအပ်
၁၂၀။ အဝိပ္ပဝါသသိမ်
၁၂၁။ သမုတ်ခြင်း နုတ်ခြင်းအစီအစဉ်
၁၂၂။ အဗဒ္ဓသိမ် သုံးခု
၁၂၃။ သိမ်စပ်သိမ်ထပ်
၁၂၄။ ဓမ္မသမဂ္ဂကံ
၁၂၅။ ပါတိမောက်ပြခြင်းငါးပါး
၁၂၆။ အန္တရာယ် ဆယ်ပါး
၁၂၇။ တရားဟောခြင်းသုံးမျိုး
၁၂၈။ ဝိနည်းမေးဖြေသမ္မုတိ
၁၂၉။ ခွင့်တောင်း၍ စောဒနာ
၁၃၀။ တား၍မရလျှင် ဒိဋ္ဌာဝိကမ္မ
၁၃၁။ တိုးတိုးပါတိမောက် မပြအပ်
၁၃၂။ လူရှိရာ၌ ပါတိမောက် မပြအပ်
၁၃၃။ ပါတိမောက်နှင့်စပ်သူ
၁၃၄။ နေ့ချင်းပြန်
၁၃၅။ မသိခြင်းများ
၁၃၆။ ပုဗ္ဗကရဏလေးပါး
၁၃၇။ အဗျတ္တဒုက္ကဋ်များ
၁၃၈။ ပါရိသုဒ္ဓိဆောင်ခြင်း
၁၃၉။ ဆန္ဒဆောင်ခြင်း
၁၄၀။ ဥပုသ်နေ့လူဖမ်းခြင်း
၁၄၁။ ဂဂ္ဂနှင့်ဥပုသ်ကံ
၁၄၂။ သံဃံ၊ ဂဏ၊ ပုဂ္ဂလ
၁၄၃။ ဥပုသ်နေ့၌အာပတ်
၁၄၄။ သဘာဂအချင်းချင်း
၁၄၅။ ပါတိမောက်ပြစဉ် သတိရသူ
၁၄၆။ သံဃာအားလုံး သဘာဂါပတ္တိ
၁၄၇။ မလိုလျှင်မဆိုအပ်
၁၄၈။ အနာပတ္တိပန္နရသက
၁၄၉။ ဝဂ္ဂါဝဂ္ဂသည် ၁၅-ခု
၁၅၀။ ဝေမတိက ၁၅-ခု
၁၅၁။ ကုက္ကုစ္စပကတ ၁၅-ခု
၁၅၂။ ဘေဒပုရေက္ခာရ ၁၅-ခု
၁၅၃။ တိက် ခုနစ်ရာ
၁၅၄။ နေ့ရက်ချင်းမတူပုံ
၁၅၅။ အာကာရာဒိပဉ္စက လေးခု
၁၅၆။ နာနာသံဝါသကတိက် လေးခု
၁၅၇။ ဥပုသ်နေ့ ခရီးသွား နဝက သုံးခု
၁၅၈။ သံဃာရှိလျက် ပါရိသုဒ္ဓိဝါဒ
၁၅၉။ ဝဇ္ဇနီယ ပုဂ္ဂိုလ်များ
၁၆၀။ မပြအပ်နှစ်ခု

သိမ်နိမိတ်ရှစ်ပါး ဝိနိစ္ဆယအကျယ်

၁၆၁။ တောင်နိမိတ်
၁၆၂။ ကျောက်နိမိတ်
၁၆၃။ ၃၂-ဗိုလ်
၁၆၄။ တောနိမိတ်
၁၆၅။ သစ်ပင်နိမိတ်
၁၆၆။ ခရီးနိမိတ်
၁၆၇။ တောင်ပို့နိမိတ်
၁၆၈။ မြစ်နိမိတ်
၁၆၉။ ရေနိမိတ်
၁၇၀။ နိမိတ်တိုင်စိုက်ထားခြင်း

နိမိတ်ဝိနိစ္ဆယအဆုံး၌ ဆက်၍ပြသော သိမ်အမျိုးမျိုး သမုတ်ပုံ အဆုံးအဖြတ်

၁၇၁။ ဂါမခေတ်တခု၌ သမုတ်ပုံ
၁၇၂။ ဂါမခေတ် တပါးသွင်း သမုတ်ပုံ
၁၇၃။ ခဏ္ဍသိမ်
၁၇၄။ မဟာသိမ်
၁၇၅။ ပိဋ္ဌိပါသာဏသိမ်
၁၇၆။ ကုဋိဂေဟသိမ်
၁၇၇။ လေဏသိမ်
၁၇၈။ ပါသာဒသိမ်
၁၇၉။ ပဗ္ဗတမတ္ထကသိမ်
၁၈၀။ မြေဖို့ခြင်း စသည်
၁၈၁။ သိမ်သုတ်သင်၍ ကံဆောင်ခြင်း

နဒီပါရသီမာဝိနိစ္ဆယအကျယ်

၁၈၂။ နဒီပါရလက္ခဏာ
၁၈၃။ နဒီပါရသိမ် သမုတ်ပုံ
၁၈၄။ ကျွန်းရှိသော နဒီဝါရ

အဝိပ္ပဝါသ သီမာဝိနိစ္ဆယအကျယ်

၁၈၅။ အဝိပ္ပဝါသသိမ်

သိမ်နုတ် ဝိနိစ္ဆယအကျယ်

၁၈၆။ သိမ်နုတ်ပုံ
၁၈၇။ မသိပဲ သိမ်နုတ်နိုင်ခြင်း

အဗဒ္ဓသီမာဝိနိစ္ဆယအကျယ်

၁၈၈။ အဗဒ္ဓသိမ်သုံးခု
၁၈၉။ ဂါမသိမ်
၁၉၀။ သတ္တဗ္ဗန္တရသိမ်
၁၉၁။ ဥဒကုက္ခေပသိမ်
၁၉၂။ နဒီသိမ်
၁၉၃။ သမ္ဘေဒဒေါသများ
၁၉၄။ သိမ်၏အောက်အဖို့
၁၉၅။ သမုဒ္ဒသိမ်
၁၉၆။ ဇာတဿရသိမ်

သိမ်စပ် သိမ်ထပ် သမုတ်ခြင်း

၁၉၇။ လွှမ်း စပ် သိမ်ပျက်
၁၉၈။ ဝိပ္ပတ္တိသိမ် ၁၁-လုံး

ဥပေါသထက္ခန္ဓက ပြီး၏။

မဟာဝါအရသာ

နမော တဿ ဘဂတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ မဟာခန္ဓက (ဝိနည်းကံ၏ နိဒါန်း)

[ဝါဒကွဲနှစ်ခုသုံးခုပြရာ၌ မဆုံးဖြတ်လျှင် နောက်ဆုံးဝါဒသည် ပဓာနဖြစ်၏]

ဗောဓိကထာ

ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ဗောဓိပင်အောက်၌ ရှေးဦးစွာ သစ္စာလေးပါး သိ၍ ခုနစ်ရက်ပတ်လုံး တခုသောပလ္လင်ဖြင့် (ဝါ-တထက်ဝယ်တည်းဖြင့် အရဟတ္တဖိုလ်ချမ်းသာ ခံစားကာ နေတော်မူ၏။

ထိုအခါ ညဉ့်၏ ပဌမယာမ်၌ ပဋိစ္စသမုပ္ပါဒ်ကို အဝိဇ္ဇာပစ္စယာသင်္ခါရာ။..လ...။ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။... ဟု အနုလုံကို လည်းကောင်း၊ အဝိဇ္ဇာယတွေဝ အသေဝိရာဂ နိရောဓာ သင်္ခါရနိရောဓော။....လ.....။ ဒုက္ခက္ခန္ဓဿ နိရောဓောဟောတိ။...ဟု ပဋိလုံကိုလည်းကောင်း နှလုံးသွင်းတော်မူ၏။

ထို့နောက် “ယဒါဟဝေ ပါတုဘဝန္တိဓမ္မာ...လ......။ ယတော ပဇာနာတိ သ ဟေတုဓမ္မံ”... ဟု ဥဒါန်း ကျူးတော်မူ၏။ ဝါ-ဗောဓိပက္ခိယတရားသိ၍ ယုံမှားကင်းခြင်းကြောင့် အကြောင်းမကင်းသော ပဋိစ္စသမုပ္ပါဒ် တရားကို သိရသည်ဟု ဥဒါန်းကျူးတော်မူ၍ မဇ္ဈိမယာမ်၌လည်း ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ နှလုံးသွင်း၍ ယဒါဟဝေ။....လ....။ ယတောခယံ ပစ္စယာနံ အဝေဒိ။...ဟု ဥဒါန်းကျူး၏။ ဝါ-ဗောဓိပက္ခိယ-တရားသိ၍ ယုံမှားကင်းခြင်းကြောင့် အကြောင်းကုန်ရာ နိဗ္ဗာန်ကို သိရပြီဟု ဥဒါန်းကျူးတော်မူ၏။

ပစ္ဆိမယာမ်၌လည်း ပဋိစ္စသမုပ္ပါဒ် အနုလုံပဋိလုံ နှလုံးသွင်း၍ “ယဒါဟဝေ။ ....လ...။ ဩဘာသယ မန္တလိက္ခံ။... ဟု ဥဒါန်းကျူး၏။ ဝါ-ဗောဓိပက္ခိယတရား သိ၍ မာရ်စစ်သည်ကို ဖျက်ဆီး၍ တည်နိုင်သည်။ နေမင်းသည် ရှေးရှု တက်လာသောအခါ မိမိအရောင်ဖြင့် ကောင်းကင်၌ ထွန်းလင်းစေလျက် အမိုက်မှောင်ကို ဖျက်ဆီး၍ တည်နိုင်သကဲ့သို့ဟု ဥဒါန်းကျူးတော်မူ၏။
။ ဗောဓိကထာ ပြီး၏။

(ထာ ... ဝိနည်းသို့ရောက်သောအခါ တေနသမယေန ဟု ကရိုဏ်း ဝိဘတ်ဖြင့် ဆိုခြင်းကား နိဒါန်းပြခြင်း အကျိုးရှိ၏။ ရှင်ပြု ရဟန်းခံခွင့်ပြုခြင်း၊ ဥပဇ္ဈာယ်ဆရာ၊ ဥပဇ္ဈယ်ဆရာကျင့်ဝတ် ခွင့်ပြုခြင်း စသော ဝိနည်းကံတို့ကို ဗောဓိမဏ္ဍိုင်၌ ဘုရားဖြစ်၍ ခုနစ်ရက် ခုနစ်လီ လွန်ပြီးသောအခါ ဗာရာဏသီ၌ ဓမ္မစကြာ ဟော၍ ဤအစဉ်ဖြင့် ထိုထိုအရပ်၌ ထိုထိုဝတ္ထုကြောင့် ပညတ်အပ်ကုန်၏ဟု ရှင်ပြုစသော ဝိနည်းကံတို့၏ နိဒါန်းကိုအရင်း အစမှစ၍ ပြခြင်းအကျိုးရှိ၏။

ဥရုဝေလ ဟူသည်ကား ဥရု-များသော + ဝေလ-သဲအစု။ တနည်း၊ ဝေလာ-မရိယာဒါ- စည်းကမ်းကြောင့် အမျိုးသားတို့သည် ရသေ့ပြု၍ ထိုနေရာ၌နေကုန်၏။

တနေ့သ၌ အစည်းအဝေးပြု၍ “ကာယကံ ဝစီကံကား ထင်ရှားသည်။ မနောကံဖြင့် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက်ကြံမိလျှင် အပြစ် ပြနိုင်သူမရှိ။ မိမိအပြစ် မိမိပြ၍ သစ်ရွက်ထုပ်ဖြင့် သဲဆောင်၍ ဤနေရာ၌ လောင်းရမည်။ ဤကား ထိုသူ၏ ဒဏ်အမှုတည်း။” ဟု ကတိကဝတ်ပြုကုန်၏။

ထိုအခါမှ စ၍ စည်းကမ်းလွန်ကျူးသူ သဲလောင်းရသောကြောင့် တဖြည်းဖြည်း သဲစုအပုံကြီး ဖြစ်လာ၏။ ထိုသဲပုံကြီးကို နောက်လူများ ကာရံ၍ စေတီ ပြုကုန်သတတ်။ ဤကား ဥရုဝေလ အဓိပ္ပါယ်တည်း။

နေရဉ္ဇရာကား န+ဧလ+ဇလာ = နေရဉ္ဇရာ။ လကို ရပြု၊ နိဂ္ဂဟိတ်လာ၊ ဝဂ္ဂန္တ ဉပြု။ ဧလ-အညစ်အကြေး + - မရှိသော + ဇလာ - ရေဖြင့်ပြည့်သောမြစ်ဟူလို။

ဗောဓိပင် ဟူသည်ကား မဂ်လေးပါး၌ရှိသော ဉာဏ်သည် (ဝါ-သဗ္ဗညုတဉာဏ်သည်) ဗောဓိမည်၏။ ဗောဓိဉာဏ်ကို ဤသစ်ပင်အောက်၌ ရသောကြောင့် ဗောဓိပင်မည်၏။ ဗောဓိပင်၏အနီး အောက်နေရာသည် ဗောဓိရုက္ခမူလ မည်၏။ ထိုဗောဓိပင်အောက်၌ ခုနစ်ရက်ပတ်လုံး တကြိမ်မျှ မထပဲ ခွေမြဲတိုင်း တင်ပျဉ်ခွေ တခုတည်းဖြင့် ဝိမုတ္တိသုခဟူသော အရဟတ္တဖိုလ် သမာပတ်ချမ်းသာကို ခံစားနေ၏။

ဥဒါန်းသုံးခုတို့တွင် ပဌမဥဒါန်းသည် ပစ္စယာကာရ (ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုး) ကို ဆင်ခြင်ခြင်း အစွမ်းဖြင့် ဖြစ်၏။ ဒုတိယသည် နိဗ္ဗာန်ကို ဆင်ခြင်ခြင်း အစွမ်းဖြင့်ဖြစ်၏။ တတိယသည် မဂ်ကို ဆင်ခြင်ခြင်း အစွမ်းဖြင့် ဖြစ်၏။ ကဆုန်လပြည့်ကျော် တရက်နေ့ ညဉ့်တွင် ဥဒါန်းကျူးသည်။

မြတ်စွာဘုရားသည် (၁၀၃-ခု) ကဆုန်လပြည့်နေ့တွင် ဗောဓိပင်အောက်၌ ညဉ့်ဦး ပဌမယာမ်၌ ပုဗ္ဗေနိဝါသကို အောက်မေ့သည်။ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုကို သုတ်သင်သည်။ ပစ္ဆိမယာမ်၌ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ နှလုံးသွင်း၍ အရုဏ်တက်လုနီးတွင် သဗ္ဗညုတဉာဏ်ရသည်။ သဗ္ဗညုတဉာဏ် ရပြီးသည့် အခြားမဲ့၌ အရုဏ်တက်သည်။ ထို့နောက် ထိုနေ့၌ ထိုတင်ပျဉ်ခွေဖြင့်သာ လွန်စေ၍ လပြည့်ကျော်တရက်နေ့ ညဉ့်သုံးယာမ်၌ ပဋိစ္စသမုပ္ပါဒ် ဆင်ခြင်၍ ဤဥဒါန်းတို့ကို ဥဒါန်းကျူးသည်။ ထို့နောက် ဗောဓိပင်အောက်၌ ခုနစ်ရက်ပတ်လုံး တထက်ဝယ်တည်း နေသည်။

(လပြည့်ကျော် တရက်နေ့တွင် ဘုရားဖြစ်သည်ဟု အဋ္ဌကထာ များစွာတို့၌ ဆိုခြင်းကား သာမညစကား ဖြစ်သည်ဟု သိအပ်၏။)

(သာဋီ ... ကဆုန်လပြည့်နေ့ နေမဝင်မီကပင်လျှင် အပရာဇိတပလ္လင်္ကစွမ်းဖြင့် ဝဇီရာသန၌ ထိုင်သည်မှစ၍ တကြိမ်မျှမထပဲ ခွေမြဲတိုင်း ပလ္လင်တခုဖြင့်သာ ဝိမုတ္တိသုခကို ခံစားကာနေသည်။ တဒင်္ဂ၊ ဝိက္ခမ္ဘန၊ သမုစ္ဆေဒ၊ ပဋိပ္ပဿဒ္ဓိ၊ နိဿရဏ-ဟု ငါးပါးသော ဝိမုတ္တိတို့တွင် ပဋိပ္ပဿဒ္ဓိ ဝိမုတ္တိ ဟူသော ဖလဝိမုတ္တိကို “ဝိမုတ္တိသုခ” ဟု ဆိုအပ်၏။ ဖိုလ်စိတ်သည် ကိလေသာတို့မှ ငြိမ်းအေးသောကြောင့် ကျွတ်လွတ်သော ဝိမုတ္တိစိတ် ဖြစ်၏။ ထိုဝိမုတ္တိစိတ်နှင့် ယှဉ်သော သုခသည် ဝိမုတ္တိသုခ မည်၏။ ဤ၌ ဥပေက္ခာဝေဒနာကိုပင် ငြိမ်သက် သောကြောင့် သုခဟုဆိုသည်။

မြတ်စွာဘုရားသည် ဥပေက္ခာ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် ယှဉ်သော စတုတ္ထဈာန် အရဟတ္တဖိုလ်သမာပတ်ကိုသာ ဝင်စားတော်မူသည်။ တနည်း - “တေသံ ဝူပသမောသုခေါ”၌ သင်္ခါရ ဒုက္ခငြိမ်းခြင်းသည် သုခမည်သကဲ့သို့ အလုံးစုံသော ကိလေသာဒုက္ခ ငြိမ်းသော အရဟတ္တဖိုလ်၌ ရအပ်သော ပဋိပ္ပဿဒ္ဓိ ဝိတ္တိကိုသာ သုခဟုဆိုအပ်၏။ အထသဒ္ဒါသည် အဓိကာရအနက်နိပါတ်တည်း။ အဓိကာရ တပါးကိုပြသည်။ ဝိမုတ္တိသုခ ခံစားသည်မှတပါး ပဋိစ္စသမုပ္ပါဒ်ကို နှလုံးသွင်းသည် ဟူလို။ ပဌမံယာမံအစ္စန္တသံယောဂ အနက် သိအပ်၏။ မြတ်စွာဘုရားသည် ထိုညဉ့်၏ ပဌမယာမ် တယာမ်ပတ်လုံး မပြတ် ထိုပဋိစ္စသမုပ္ပါဒ်ကို နှလုံး သွင်းတော်မူသည်)။

အနာဂတ ကိလေသာ

ပဋိစ္စသမုပ္ပါဒ် ဟူသည်ကား၊ ပစ္စေတုံအရဟတီတိ ပဋိစ္စော။ ယုံကြည်ထိုက်သောကြောင့် ပဋိစ္စမည်၏။ ယုံကြည်စွာ သိလျှင် ဒုက္ခငြိမ်းသောကြောင့်တည်း။ သမ္မာဥပ္ပါဒေတီတိ သမုပ္ပါဒေါ။ မိမိအကျိုးကို အပြည့်အစုံ ဖြစ်စေသော အကြောင်းဖြစ်သောကြောင့် သမုပ္ပါဒ မည်၏။ ပဋိစ္စော စသော သမုပ္ပါဒေါစာတိ ပဋိစ္စသမုပ္ပါဒေါ။ ယုံကြည်ထိုက်သော အကြောင်း အဆက်ဆက်သည် ပဋိစ္စသမုပ္ပါဒ မည်၏။ အနုလောမ၌ ကာလတ္တယပရိယာပန္န (ကာလသုံးပါး အကျုံးဝင်သော) ဒုက္ခက္ခန္ဓမည်၏။ ဥပ္ပါဒကိုပြသည်။

ပဋိလောမ၌ ကာလတ္တယဒုက္ခက္ခန္ဓ၏ နိရောဓကိုမပြပဲ အနာဂတဒုက္ခက္ခန္ဓ ၏သာ နိရောဓကို ပြသည်။ မဂ်ဉာဏ် မဖြစ်လျှင် အနာဂတဒုက္ခက္ခန္ဓသည် စင်စစ်ဖြစ်ထိုက်၏။ မဂ်ဉာဏ်ဖြစ်ခြင်းကြောင့် ထို အနာဂဟဒုက္ခက္ခန္ဓသည် နိရောဓ ဖြစ်သည်ဟုပြသည်။ (ဤ၌ နဝတ္တဗ္ဗ ကာလဝိမုတ်အနုပ္ပါဒနိရောဓ မဖြစ်မူ၍ ချုပ်ခြင်း) ကို အနာဂတသဒ္ဒါဖြင့်သုံးသည်။ ဋီကာကျော်ပဏိမဉ္ဇူတို့၌လည်း အနာဂတဟု သုံးသည်။ ဘုရားရှင်သည်လည်း အဘိဓမ္မာပါဠိတော်တို့၌ အနုသယကို ကာလသုံးပါးဖြင့် ဝေဖန်သည်။ ဥပ္ပဇ္ဇတိ စသည်ဖြင့် ဟောသည်။ ထို့ကြောင့် မုချ၊ ဥပစာ-ကို ဝေဖန်ကာ အလေးပြုအပ်၏။

ယုံမှား ၁၆

ယုံမှားခြင်းကား အတိတ်၌ငါးပါး၊ အနာဂတ်၌ ငါးပါး၊ ပစ္စုပ္ပန်၌ ခြောက်ပါး၊ ဤသို့ ၁၆ ပါးရ၏။ အတိတ်၌ ငါဖြစ် ဖူးပြီလော၊ မဖြစ်ဖူးပြီလော၊ အဘယ်သူ ဖြစ်ဖူးသနည်း၊ အဘယ်ခြင်းရာဖြင့် ဖြစ်ဖူးသနည်း၊ အဘယ်သူ ဖြစ်ပြီး၍ အဘယ်သူ ဖြစ်ပြန်သနည်း။ အနာဂတ်၌ ငါဖြစ်လတ္တံ့လော၊ မဖြစ်လတ္တံ့လော၊ အဘယ်သူဖြစ်လတ္တံ့ နည်း။ အဘယ်ခြင်းရာဖြင့် ဖြစ်လတ္တံ့နည်း။ အဘယ်သူဖြစ်၍ အဘယ်သူ ဖြစ်ပြန်လတ္တံ့နည်း။ ပစ္စုပ္ပန်၌ ငါဟုတ်သလော၊ မဟုတ်သလော၊ အဘယ် သူဖြစ်သနည်း၊ အဘယ်ခြင်းရာဖြင့် ဖြစ်သနည်း။ ဤငါဟူသော သတ္တဝါသည် ငါ-အတ္တဘောသည် အဘယ်ဘဝမှလာခဲ့သနည်း၊ အဘယ်ဘဝသို့ သွားဦးမည်နည်း။

အတိတ်၌ငါဖြစ်ဖူးပြီလော၊ မဖြစ်ဖူးပြီလောဟူသည် သဿတာကာရ အဓိစ္စ သမုပ္ပတ္တိအာကာရ (မြဲခြင်းနှင့် အကြောင်းမရှိခြင်း) ကိုမှီ၍ ယုံမှားခြင်းတည်း။ အကြောင်းမရှိ၊ ဗာလပုထုဇဉ်သည် ဥမ္မတ္တကကဲ့သို့ ဖြစ်ချင်ရာ ဖြစ်၏။ တနည်း အယောနိသော မနသိကာရ ကြောင့်ဖြစ်၏။ အဘယ်သူဖြစ်ဖူးသနည်း ဟူသည် ဇာတိ၊ လိဂ်၊ ဥပပတ္တိကိုမှီ၍ မင်းပုဏ္ဏားသည် လူနတ်စသည် ဖြစ်ဖူးပြီလောဟု ယုံမှားခြင်းတည်း။ အဘယ်ခြင်းရာဖြင့် ဖြစ်ဖူးသနည်းဟူသည် သဏ္ဌာန်ခြင်းရာကိုမှီ၍ အရှည်လော အတိုလော အမည်းလော အပြုလောဟု ယုံမှားခြင်းတည်း။

ကေစိတို့ကား ဣဿရနိမ္မာန စသည်ကိုမှီ၍ “အဘယ်သူ ဖန်ဆင်းခြင်းစသော အကြောင်းဖြင့် ဖြစ်ဖူးသနည်း” ဟု အကြောင်းဖြင့် ယုံမှားခြင်းကို ဆိုကုန်၏။ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်ပြန်သနည်း ဟူသည် ဇာတိ စသည်တို့ကိုမှီ၍ မင်းဖြစ်ပြီး၍ ပုဏ္ဏားဖြစ်ပြန်သလော၊ နတ်ဖြစ်ပြီး၍ လူဖြစ်ပြန်သလောဟု ဇာတိ စသည် အဆင့်ဆင့်ဖြင့် ယုံမှားခြင်းတည်း။

အနာဂတ်၌ ငါဖြစ်လတ္တံ့လော၊ မဖြစ်လတ္တံ့လော ဟူသည် သဿတာကာရ၊ ဥစ္ဆေဒါကာရ (မြဲခြင်း ပြတ်ခြင်း) ကိုမှီ၍ ယုံမှားခြင်းတည်း။ ။ အကြွင်းတူပြီ။

ပစ္စုပ္ပန်၌ ငါဟုတ်သလောဟူသည် မိမိ၏ရှိခြင်းကို ယုံမှားခြင်းတည်း။ ဥဒါဟရုဏ်ကား မိထွေး၏သားသည် ဦးပြည်းခေါင်းတုံး ဖြစ်၏။ မိကြီး၏သားကား ဆံရှည်ဖြစ်၏။ အိပ်ပျော်ခိုက် ဦးပြည်း ရိတ်ထားလိုက်သဖြင့် နိုးလာသောအခါ ငါသည်မိထွေး၏သားလောဟု ယုံမှားသတတ်။ ငါ မဟုတ်လေသလော ဟူသည် မိမိ၏ မရှိခြင်းကို ယုံမှားခြင်းတည်း။

လူတယောက်သည် ငါးဖမ်းစဉ် ချမ်းအေးလှသဖြင့် မိမိ၏ပေါင်ကို ငါးထင်၍ ရိုက်သတတ်။ လူတယောက်လည်း သုသာန်အနီးတွင် အိပ်ပျော်ရာမှနိုးလတ်သော် မိမိ၏ဒူးတို့ကို ဘီလူးနှစ်ယောက် ထိုင်နေသည်ကိုထင်၍ ရိုက်သတတ်။ ဤသို့ ငါမဟုတ်လေသလောဟု ယုံမှား၏။ အဘယ်သူ ဖြစ်သနည်း ဟူသည် မင်းဖြစ်လျက် မိမိ၏မင်းအဖြစ်ကို ယုံမှားခြင်းတည်း။ ။ အကြွင်းတူပြီ။

နတ်တို့ကား ငါသည်ရုပ်ရှိသလော၊ မရှိသလောစသည်ဖြင့် ယုံမှားတတ်ကုန်၏။ အချို့ မင်းတို့သည် မိမိကိုယ်ကို နတ်ဟု ထင်ကုန်၏။ အဘယ်ခြင်းရာဖြင့်နည်း ဟူသောပုဒ်ကား ဆိုပြီးသောနည်းရှိပြီ၊ သက်သက် အားဖြင့်ကား ကိုယ်တွင်း၌ ဇီဝရှိသည်ဟုယူ၍ ထိုဇီဝသည် အရှည်လော၊ အတိုလော၊ လေးမြှောင့်လော၊ ရှစ်မြှောင့်လော စသည်ဖြင့် သဏ္ဌာန်ကို မှီ၍ ယုံမှားခြင်းတည်း။ အဘယ်ဘဝမှလာခဲ့သနည်း၊ အဘယ်ဘဝသို့ သွားဦးမည်နည်း ဟူသည် အတ္တဘော၏လာရာ၊ သွားရာအရပ်ကို ယုံမှားခြင်းတည်း။

ဤယုံမှားခြင်း ၁၆-ပါးတို့သည် ဗောဓိပက္ခိယတရား သိသောအခါ အနုပ္ပတ္တိ+နိရောဓ၊ မဖြစ်သော ချုပ်ခြင်း စွမ်းဖြင့် ချုပ်ကွယ်ကင်းပျောက်ကုန်၏။

အဇပါလကထာ

ထို ဗောဓိသတ္တာဟ လွန်သောအခါ ထိုသမာဓိမှထ၍ ဗောဓိပင်မှ အဇပါလညောင်ပင်သို့ကြွပြီးလျှင် အဇပါလ ညောင်ပင်အောက်၌ ခုနစ်ရက်ပတ်လုံး တခုသောပလ္လင်ဖြင့် ဝိမုတ္တိချမ်းသာ ခံစားကာ နေတော်မူ၏။ ထိုအခါ ဟုံဟုင်္ကဇာတိ ပုဏ္ဏားသည် လာ၍ ဝမ်းမြောက်စွာ ပြောဆို၍ အရှင်ဂေါတမ အဘယ်မျှဖြင့် ဗြဟ္မဏ ဖြစ်ပါသနည်း။ ဗြဟ္မဏအဖြစ်ကို ပြုတတ်သော တရားတို့ကား အဘယ်တို့ပါနည်း ဟုလျှောက်၏။ ထိုအခါ ပုဏ္ဏားစကား၏ သိဒါပတ္တ ထိပ်ဆုံး ရောက်သော အနက်ကိုယူ၍ .... ယောဗြဟ္မဏေ .... စသည်ဖြင့် ဥဒါန်း ကျူးတော်မူ၏။ ဝါ-မကောင်းမှုအပပြုပြီးသူ၊ တတုံးဟုံးမာန်မမူသူ၊ ကိလေသာ ဖန်ရည်ကင်းသူ၊ ဘာဝနာ လုံ့လရှိသူ၊ နိဗ္ဗာန်သိသူ၊ မြတ်သော အကျင့် ကျင့်ပြီးသူသည် ငါ ဗြဟ္မဏဟု ဗြဟ္မဏဝါဒကို တရားသဖြင့် ဆိုလိုက်၏။ ယင်းဗြဟ္မဏအား လောကအားလုံး၌ တခုသောအာရုံ၌ပင် ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိဟူသော ဥဿဒတရား မရှိပြီဟု ဥဒါန်း ကျူးတော်မူ၏။
။ အဇပါလကထာ ပြီး၏။

ထာ ... ဗောဓိသတ္တာဟနောင် ဗောဓိပင်အနီး၌သာလျှင် အနိမိသ၊ စင်္ကမ၊ ရတနာဃရ-ဟူသော သတ္တာဟ သုံးခုကို လွန်စေပြီးမှ ပဉ္စမသတ္တာဟ၌ အဇပါလသို့ကြွသည်။ (ခုနစ်+ရက်သည် သတ္တာ+ဟ မည်၏။) အစဉ်အတိုင်းကား … ဘုရားအဖြစ်သို့ရောက်၍ ဗောဓိသတ္တာဟ နေသောအခါ နတ်အချို့သည် “မြတ်စွာဘုရားသည် မထသေး၊ တပါးသော ဘုရားဖြစ်ကြောင်းတရားများ ရှိလေသေးသလော”ဟု ယုံမှား၏။

ထို့ကြောင့် ရှစ်ရက်မြောက်နေ့၌ သမာပတ်မှထ၍ နတ်တို့၏ယုံမှား ပျောက်ခြင်းငှါ ကောင်းကင်သို့ပျံတက်၍ ရေမီးအစုံ တန်ခိုးပြပြီးလျှင် ပလ္လင်မှ စဉ်းငယ်အရှေ့ကျသော မြောက်အရပ်၌ရပ်လျက် လေးသင်္ချေနှင့် ကမ္ဘာ တသိန်း ပါရမီဆည်းပူးမှရသော ပလ္လင်နှင့်ဗောဓိကို မျက်စိမမှိတ်ပဲ ကြည့်လျက် ခုနစ်ရက် နေ၏။ ထိုနေရာသည် အနိမိသစေတီ မည်၏။

ပလ္လင်နှင့်ရပ်ကြည့်ရာ အကြား အရှေ့ အနောက် ရှည်လျားသော (နတ်တို့ ဖန်ဆင်းသော ရတနာစင်္ကြံ၌ စင်္ကြံကြွလျက် ခုနစ်ရက်နေ၏။ ထိုနေရာသည် ရတနာစင်္ကြံ စေတီမည်၏။

ထိုမှ အနောက်ဘက်၌ နတ်တို့ဖန်ဆင်းသော ရဟနာဃရ (ရွှေအိမ်) ၌ ထက်ဝယ်ဖွဲ့ခွေနေလျက် အဘိဓမ္မာကို အထူးအားဖြင့် အနန္တနယ ပဋ္ဌာန်းကျမ်းကို သုံးသပ်၍ ခုနစ်ရက်နေ၏။ ထိုနေရာသည် ရတနာဃရစေတီမည်၏။

ဤသို့ဗောဓိပင်အနီး၌ လေးသတ္တာဟနေပြီးမှ အဇပါလသို့ကြွသည်၊ ထိုညောင်ပင်အရိပ်၌ ဆိတ်ကျောင်းသား အဇပါလတို့ နေကြသောကြောင့် အဇပါလနိဂြောဓ အမည်တွင်သည်။ ထို၌လည်း ဓမ္မကိုစိစစ်လျက်သာ ဖိုလ်ချမ်းသာ ခံစားကာ နေ၏။ ဤညောင်ပင်သည် ဗောဓိပင်မှ အရှေ့ဘက်၌ရှိသည်။

ထိုအခါ ပြဿနာလာမေးသော ပုဏ္ဏားကား ဒိဋ္ဌမင်္ဂလိက မည်၏။ (မသန့်ရှင်းသည်ကို မြင်လျှင် စက်ဆုပ်၏။) မာန ဒေါသစွမ်းဖြင့် ဟုံဟင်စသော အသံပြုတတ်၏။ ထို့ကြောင့် ဟုံဟုင်္ကဇာတိကလည်း မည်၏။]

(သာဋီ ... မဂ်ဖိုလ်ရ၍ နိဗ္ဗာန်မျက်မှောက်ပြုပြီးသော နတ်တို့သည် တစိတ်တဒေသအားဖြင့် ဗုဒ္ဓဂုဏ်တော်ကို သိကုန်၏။ တပါးသော နတ်တို့ကား မသိ၍ ယုံမှားကုန်၏။ မျက်စိမမှိတ်ခြင်းကား ဓမ္မပီတိပျံ့နှံ့သဖြင့် ကြည်လင်ခြင်း၊ ပွင့်ခြင်း၊ မတုန်လှုပ်ခြင်းကြောင့် မျက်စိမှိတ်ခြင်းမှ ကင်း၏။ အမြတ်ဆုံး ဓမ္မရတနာခုနစ်ပါး အဘိဓမ္မာတရားတို့ကို သုံးသပ်ရာဌာနသည် ရတနာဃရစေတီမည်၏။)

ရောင်ခြည်တော် ၂-နေရာ

အဇပါလ၌ ဓမ္မစိစစ်ပုံကား အဘိဓမ္မာ၌ “ပဋ္ဌမသည် ဓမ္မသင်္ဂဏီကျမ်း မည်၏။ ထိုနောက် ဝိဘင်းကျမ်း ဓာတုကထာကျမ်း၊ …လ… ပဋ္ဌာန်းကျမ်း မည်၏” ဟု သုံးသပ်သည်။ သဏှသုခုမ ပဋ္ဌာန်းကျမ်း၌ စိတ်သက်ဝင်သောအခါ မြတ်စွာဘုရားအား ပီတိဖြစ်၏။ ပီတိဖြစ်သော် သွေးကြည်၏။ သွေးကြည်သော် အရေကြည်၏။ အရေကြည်သော် ရှေ့ကိုယ်တော်မှ အိမ်လုံး တောင်လုံးမျှ ရောင်ခြည်တော်တို့ ထကြွ၍ ကောင်းကင်ပျံ ဆဒ္ဒန်ဆင်မျိုးကဲ့သို့ ပခုံးစွန်းမှ တောင်ဘက်၊ လက်ဝဲပခုံးစွန်းမှ မြောက်ဘက်၊ အနန္တစကြဝဠာသို့ ဘဝါးပြင်မှ သန္တာညွန့်အသွေး နီထွေးသော ရောင်ခြည်တော်တို့သည် မြေ ရေ လေ ဖောက်ခွဲ၍ အောက် အဇဋာကာသသို့ ဦးခေါင်းတော်မှ ဝန်းကျင်လုံးဝိုင်း ပတ္တမြားပန်းဆိုင်း ကဲ့သို့ ညိုသော ရောင်ခြည်တော် အလုံးလိုက်အလိပ်လိုက်ထ၍ နတ်ပြည် ဗြဟ္မာ့ပြည်တို့ကိုလွှမ်း၍ အထက် အဇဋာကာသသို့ ပြေးဝင်ကုန်၏။ ထိုနေ့၌ အနန္တစကြဝဠာတို့၌ အနန္တ သတ္တဝါအားလုံး ရွှေအဆင်း ရှိကုန်၏။ ထိုနေ့ ကိုယ်တော်မှထွက်သော ရောင်ခြည်တို့သည် ယနေ့တိုင်အောင် အနန္တစကြဝဠာတို့သို့ ပြေးသွားကုန်ဆဲသာ ဖြစ်ကုန်၏။

ရတနာဃရသတ္တာဟ ၌လည်း ပဋ္ဌာန်းကျမ်း သုံးသပ်သောအခါ ဤအတူ ရောင်ခြည်တော်တို့ ထွက်ပြီးကုန်ပြီ။ အဋ္ဌသာလိနီ၌ ၂၁-ရက် အတွင်း ရောင်ခြည်တော်မထွက်၊ စတုတ္ထသတ္တာဟရတနာရ၌ ယမိုက်ကျမ်းအထိ ရောင်ခြည်တော် မထွက်၊ ပဋ္ဌာန်းကျမ်းသုံးသပ်မှ သဗ္ဗညုတဉာဏ်တော် အခွင့်ရ၍ ရောင်ခြည်တော်တို့ ထွက်ကုန်၏။ ထိုအခါ တိသဟဿိ မဟာသဟဿိ လောကဓာတ်ဟူသော စကြဝဠာ ကုဋေတသိန်းတိုင် အရောင်ပြန့်သော မဟာဗြဟ္မာသည်လည်း ပိုးစုန်းကြူးကဲ့သို့ဖြစ်၏။ (တထောင်တည် x တထောင်ဖြင့် သုံးကြိမ် မြှောက်၊ တကြိမ်မြှောက်လျှင် တသန်း၊ နှစ်ကြိမ် မြောက်လျှင် ရာကုဋေ၊ သုံးကြိမ်မြောက်လျှင် သိန်းကုဋေ ဖြစ်၏။)

ဤတန်ခိုးသည် ဘုရားရှင်တို့၏ အဓိဋ္ဌာနိဒ္ဓိ၊ ဘာဝနာမယိဒ္ဓိမဟုတ်။ နူးညံ့သိမ်မွေ့သော သဏုသုခုမဓမ္မကို သုံးသပ်၍ သွေးကြည်၏။ ဝတ္ထုရုပ် ကြည်၏။ အရေအဆင်းကြည်၏။ စိတ်ကြောင့်ဖြစ်သော ဝဏ္ဏဓာတ်သည် ထက်ဝန်းကျင် အတောင်ရှစ်ဆယ် အရပ်တိုင်အောင် မတုန်မလှုပ် တည်လေပြီဟုဆိုသည်။

ဟုံဟုင်္ကဇာတိ ပုဏ္ဏားကား ဒုက္ကရစရိယာ ခြောက်နှစ်အတွင်း ဘုရားရှင်ကို မြင်ဖူး၏။ စကားလည်းပြောဖူး၏။ ဓမ္မဒေသနာ၏ တည်ရာ မဟုတ်သောကြောင့် ထိုပုဏ္ဏားအား တရားမဟောပဲ ဥဒါန်းကျူးသည်။ ဥဒါန်း ကျူးသည်ကို ကြားလျက် ပုဏ္ဏား သစ္စာလေးပါး မထိုးထွင်းနိုင်၊ ဤအတူ ဥပက အာဇီဝကလည်း ဘုရားဂုဏ် ကျေးဇူး ကြားနာရလျက် သစ္စာလေးပါး မထိုးထွင်းနိုင်၊ ဓမ္မစကြာတရား မဟောမီ ရှေ့အဖို့၌ ဘုရားဟောတရား ကြားနာကြရသော်လည်း တပုဿ ဘလ္လိက တို့အား သရဏဂုဏ် ပေးခြင်းကဲ့သို့ ဝါသနာဘာဂီသာ ဖြစ်၏။ အသေက္ခဘာဂီယ၊ နိဗ္ဗေဓဘာဂီယမဖြစ်။
။ ဤကား ဓမ္မတာတည်း။

(ဗုဒ္ဓဝင်ပါဠိတော်မှ ဘုရားအရပ်တော် ၁၆-တောင်ဟု ဆိုသည်။ ရှေ့နောက်ဝဲယာ အထက်အားဖြင့် အရပ်ငါးပါး၌ အရပ်တော် ၁၆-တောင်နှင့်အမျှ တလံရောင်ခြည်တော်ကို ၁၆-တောင် ငါးလီနည်းဖြင့် အတောင်ရှစ်ဆယ် ဝန်းကျင်ဟု မိန့်ဆိုကုန်၏။ အဋ္ဌကထာနည်း ၁၈-တောင် x ငါးလီ ယူလျှင် ကိုးဆယ် ဝန်းကျင်ဟု ဆိုသင့်၏။ သုတ်သီလက္ခန်ဋီကာသစ်၌ ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ ထက်၊ အောက် အရပ် ၆-ပါး၌ အတောင်ရှစ်ဆယ် ရောင်ခြည်ကို အဝေးမှ တလံဝန်းကျင် ထင်ရသည်ဟု ဆို၏။)

မုစလိန္ဒကထာ

မြတ်စွာဘုရားသည် ပဉ္စမသတ္တာဟ လွန်သောအခါ အဇပါလမှ မုစလိန္ဒ ကျည်းပင်သို့ ကြွပြီးလျှင် ထို ကျည်းပင်အောက်၌ ခုနစ်ရက်ပတ်လုံး တခုသောပလ္လင်ဖြင့် ဝိမုတ္တိချမ်းသာ ခံစားကာ နေတော်မူ၏။ ထိုအခိုက်တွင် အခါမဲ့မိုးစွေခြင်း ဖြစ်၏။ ထို(မပြတ်ရွာ၏။) ဧသော လေဖြင့် နှိပ်စက်အပ်သော နေ့ရက်ရှိသော မိုးစွေခြင်းဖြစ်၏။ ထိုအခါ မုစလိန္ဒနဂါးမင်းသည် မိမိဘုံဗိမာန်မှထွက်၍ ဘုရားရှင်ကို အအေး အပူ မှက် ခြင် စသည် မနှိပ်စက်ပါစေလင့်ဟု ကိုယ်တော်ကိုခုနစ်ပတ်ခွေလျက် ပါးပျဉ်းမိုးကာ တည်နေ၏။ ခုနစ်ရက်လွန်၍ မိုးတိမ်တိုက် ကင်းသောအခါ အခွေဖြေ၍ လုလင်အသွင်ဖြင့် ရှေ့တော်၌ လက်အုပ်မိုး၍ ရှိခိုးကာ တည်နေ၏။

ထိုအခါ ဘုရားရှင်သည် (ဝိဝေကသုခ ခံစားသူအား နေရာမရွေး ချမ်းသာ၏ဟု) ထိုအနက်ကိုသိ၍ (ဝါ-ဉာဏ်ဖြင့်ယူ၍) သုခေါဝိဝေကော တုဋ္ဌဿ ... စသည်ဖြင့် ဥဒါန်းကျူးတော်မူ၏။ ဝါ-မဂ်ဉာဏ်ဖြင့် ရောင့်ရဲ နှစ်သက်သော တရားကို ထင်ရှားစွာ သိမြင်သောသူအား ဥပဓိဝိဝေက နိဗ္ဗာန်သည် ချမ်းသာ၏။ အမျက် မရှိခြင်းသည် ချမ်းသာ၏။ သတ္တဝါတို့၌ မညဉ်းဆဲသော စောင့်စည်းခြင်းသည် ချမ်းသာ၏။ ကာမအာရုံလွန်၍ ရာဂကင်းခြင်းသည် ချမ်းသာ၏။ ငါဟူသောမာန ငြိမ်းခြင်းသည် လွန်စွာ ချမ်းသာ၏ဟု ဥဒါန်းကျူးတော်မူ၏။
။ မုစလိကထာပြီး၏။

(ထာ …. မိုး ကာလ မရောက်မီ နွေဥတုအဆုံးတလ၌ ရွာသောမိုးသည် အကာလမေဃ-အခါမဲ့မိုး မည်၏။ မုစလိန္ဒနဂါးမင်းကား ကျည်းပင်အနီး ရေကန်၌ဖြစ်သော အာနုဘော်ကြီးသော နဂါးမင်းဖြစ်၏။ ခုနစ်ပတ်ခွေ အတွင်းသည် လောဟပါသာဒ ဘဏ္ဍာတိုက်ခန်း ပမာဏကျယ်၏။ ဘုရားရှင်သည် လေတိတ်ရာ တံခါး ပိတ်သော ကျောင်း၌ကဲ့သို့ နေတော်မူရ၏။ ဥဒါန်းကျူးရာ ချမ်းသာငါးမျိုးဖြင့် အစဉ်အတိုင်း နိဗ္ဗာန်ကို လည်းကောင်း၊ မေတ္တာဈာန်၏ရှေ့ ဥပစာရမေတ္တာကိုလည်းကောင်း၊ ကရုဏာ ဈာန်၏ရှေ့ ဥပစာရကရုဏာကို လည်းကောင်း၊ အနာဂါမိမဂ်ကိုလည်း ကောင်း၊ အရဟတ္တမဂ်ကိုလည်းကောင်း ပြသည်။)

(သာဋီ ... မုစလိန္ဒသည် နိပရုက္ခမည်၏။ နိစုလလည်း၏။ အခါမဲ့မိုးသည် စကြဝဠာတိုက်လုံးကို ပြည့်စေလျက် ရွာသွန်း၏။ စကြဝတေးမင်း ဖြစ်သောအခါ ဘုရားပွင့်သောအခါ အခါနှစ်ပါး၌သာ ရွာသွန်းသတတ်။ ကျည်းပင်အနီး ရေကန်၏အောက်၌ နဂါးဗိမာန်ရှိ၏။ ထိုဗိမာန်၌ဖြစ်သည်ကို ရေကန်၌ဖြစ်သည်ဟု ဆိုသည်။ ထိုနဂါးမင်းသည် ငါ၏ဗိမာန်အနီး သစ်ပင်အောက်၌ ဘုရားရှင် နေတော်မူသည်။ မိုးသည်လည်း ခုနစ်ရက် စွေသည်၊ နေရာကျောင်း ရသင့်၏ဟုကြံ၍ ရတနာပြာသာဒ် ဖန်ဆင်းနိုင်သော်လည်း ဘုရားရှင်အား ကာယဝေယျာပစ္စပြုအံ့ဟု အတ္တဘောကို ကြိးစွာဖန်ဆင်း၍ ခုနစ်ပတ်ငွေ့၍ အထက်၌ ပါးပျဉ်းမိုးထား၏။ လောဟပါသာဒ ဘဏ္ဍာတိုက်ခန်း ပမာဏကျယ်သည်ဟု ဤအဋ္ဌကထာ၌ ဆို၏။

မဇ္ဈိမဋ္ဌကထာ၌ကား ဘုရားရှင်လိုရာ ဣရိယာပုတ်ဖြင့် နေနိုင်လတ္တံ့ ဟု နဂါးမင်း အလိုဆန္ဒဖြင့် ဘဏ္ဍာတိုက်ခန်းမျှ ကျယ်အောင်ခွေ၏။ အလယ်၌ ရတနပလ္လင် ခင်းထား၏။ အထက်၌ ရွှေကြယ်စီသော နံ့သာပန်းဆိုင်း မျက်နှာကြက် တပ်ဆင်၏။ ထောင့်လေးခု၌ နံ့သာဆီမီး ထွန်းထား၏။ လေးမျက်နှာ၌ စန္ဒကူးနံ့သာကြုတ် ဖွင့်ထား၏ ဟုဆို၏။ ဘုရားရှင်ကား လိုရာဣရိယာပုထ်ဖြင့် နေစေလိုသော်လည်း ထိုင်မြဲတိုင်းသာ ခုနစ်ရက်ကို လွန်စေသည်။)

ရာဇာယတနကထာ

မြတ်စွာဘုရားသည် ဆဋ္ဌသတ္တာဟ လွန်သောအခါ မုစလိန္ဒမှ ရာဇာယတန-လင်းလွန်းပင်သို့ ကြွပြီးလျှင် ထိုလင်းလွန်းပင်အောက်၌ ခုနစ်ရက်ပတ်လုံး တခုသောပလ္လင်ဖြင့် ဝိမုတ္တိ ချမ်းသာ ခံစားကာ နေတော်မူ၏။ ထိုအခိုက်တွင် တပုဿ၊ ဘလ္လိက ကုန်သည်တို့သည် ဥက္ကလာဇနပုဒ်မှ ခရီးရှည်သွားစဉ် ဆွေမျိုး တော်စပ်ဖူးသောနတ် တိုက်တွန်းသဖြင့် ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး၍ မန္တ-မဆုပ်သောမုံ့ကြွပ်ကျစ်ကို မဓုပိဏ္ဍိကာ-ပျားထောပတ်စသည် ရော၍ ဆုပ်သော ပျားမုံ့ဆုပ်ကို အကျွန်ုပ်တို့၏ စီးပွားချမ်းသာအလို့ငှာ အလှူခံတော်မူပါဟု လျှောက်ကုန်၏။

“ဘုရားရှင်တို့သည် လက်တို့ဖြင့် အလှူမခံကုန်၊ အဘယ်ဖြင့် အလှူခံရအံ့နည်း”ဟု ဘုရားရှင်အား အကြံဖြစ်သဖြင့် နတ်မင်းကြီး လေးယောက်တို့သည် သိ၍ ကျောက်သပိတ်လေးလုံးတို့ကို လှူကုန်၏။ ဘုရားရှင်သည် အသစ်စက်စက်သပိတ်ဖြင့် မုံ့ကြွပ်ကျစ်၊ ပျားမုံ့ဆုပ်ကို အလှူခံ၍ ဘုဉ်းပေးတော်မူ၏။ ဘုဉ်းပေးပြီးသောအခါ တပုဿ၊ ဘလ္လိကတို့သည် ခြေတော်ရင်း၌ ဝပ်စင်း၍ မြတ်စွာဘုရား အကျွန်ုပ်တို့သည် ဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ ယနေ့မှစ၍ တသက်ပတ်လုံး ဆည်းကပ်သော ဥပါသကာတို့ ဟူ၍ မှတ်တော်မူပါဟု လျှောက်ကုန်၏။ ထိုသူတို့သည် လောက၌ ရှေးဦးစွာ ဒွေဝါစိကာ ဥပါသကာတို့ဖြစ်ကုန်၏။
။ ရာဇာယတနကထာ ပြီး၏။

ထာ ...မုစလိန္ဒကျည်းပင်သည် ဗောဓိပင်မှ အရှေ့တောင်ထောင့်၌ တည်၏။ ရာဇာယတန လင်းလွန်းပင်သည် တောင်ဘက်အရပ်၌ တည်၏။ လင်းလွန်းပင်အောက်၌ ခုနစ်ရက်နေ၍ သမာဓိမှ ထသောနေ့ အရုဏ်တက်ချိန်၌ ဘောဇဉ်ကိစ္စဖြစ်သင့်ပြီဟု သိကြားမင်းသိ၍ (ဒန်ပူနှင့်) ဆေးဖန်ခါးသီး၊ ဝါ- ကြစုသီး ဆက်ကပ်၏။ ဘုဉ်းပေးကာမျှတွင် သရီရကိစ္စ ကိုယ်လက်သုတ်သင်ခြင်းကိစ္စဖြစ်၏။ မျက်နှာသစ်ရေကိုလည်း သိကြားမင်း လှူ၏။ ဘုရားရှင်သည် မျက်နှာသစ်ရေ သုံးဆောင်ပြီးလျှင် လင်းလွန်းပင် အောက်၌သာ နေတော်မူ၏။ ထိုအခိုက်တွင် တပုဿ၊ ဘလ္လိကညီနောင် ကုန်သည်တို့ မဇ္ဈိမဒေသသို့ ခရီးရှည်သွားစဉ် ဆွေမျိုးဖြစ်ဖူးသော နတ်သည် ထိုကုန်သည်တို့၏လှည်းတို့ကို မသွားနိုင်အောင်ပြု၏။ မဒေဝတာတို့ကို တင်မြှောက်သောအခါ ကိုယ်ထင်ရှားပြ၍ ဘုရားရှင်အား မုန့်လှူကြဟု တိုက်တွန်း၏။

ဘုရားရှင်၏ ဒုက္ကရစရိယာ ကျင့်စဉ်က သပိတ်သည် သုဇာတာ နို့ဃနာလာလှူသော အခါတွင် ကွယ်ပျောက်ခဲ့ပြီ၊ ထို့ကြောင့် ငါ့အား သပိတ်မရှိ၊ အဘယ်ဖြင့ ်ခံရအံ့နည်းဟု ကြံတော်မူ၏။ ဤနေ့အထိ သုဇာတာလှူသော ဘောဇဉ်သည် ဩဇာဖွဲ့၍ တည်၏။ ခုနစ်ရက်ခုနစ်လီ ၄၉-ရက်ပတ်လုံး ဆာလောင်မွတ်သိပ်ခြင်း၊ ကိုယ်အားနည်းပါးခြင်း မဖြစ်၊ ယနေ့ကား အာဟာရအလှူခံခြင်းငှာ “ရှေးဘုရားတို့ သပိတ်ဖြင့် ခံကုန်၏” စသည်ဖြင့်ကြံတော်မူ၏။

နတ်မင်းကြီးတို့သည် ရှေးဦးစွာ ဣန္ဒနီလာမဏိဖြင့်ပြီးသော သပိတ်တို့ကို လှူကုန်၏။ အလှူမခံ၊ ထို့နောက် ပဲနောက်အဆင်း ကျောက်သပိတ် လေးလုံးတို့ကို လှူကုန်၏။ လေးလုံးတို့ကို နတ်မင်းကြီးတို့၏ သဒ္ဓါတရားကိုငဲ့၍ အလှူခံပြီးလျှင် တလုံးတည်းဖြစ်အောင် ဓိဋ္ဌာန်တော်မူ၏။ ကုသိုလ်အကျိုး တူစေတော်မူ၏။ တပုဿ ဘလ္လိက တို့သည် ဥပါသကာအဖြစ် လျှောက်ပြီးသောအခါ မြတ်စွာဘုရား-အကျွန်ုပ်တို့သည် ယနေ့မှစ၍ အဘယ်သူအားရှိခိုးခြင်း၊ ခစားခြင်းပြုရပါကုန်အံ့နည်းဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဦးခေါင်းတော်ကိုသုံးသပ်၍ လက်၌ကပ်ငြိသော ဆံတော်တို့ကို ပေးသနားတော်မူ၏၊ ဆံတော်တို့ကို ရသောအခါ အမြိုက်ရေစင်ဖျန်းသကဲ့သို့ ဝမ်းမြောက်စွာရှိခိုး၍ ဖဲသွားကုန်၏။]

(ဧကအင်္ဂုတ္ထိုရ်အဋ္ဌကထာ၌ … အသိတဉ္စနမြို့သား တပုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့သည် ပဉ္စမဘဝ၌ မိခင်ဖြစ်ဖူးသော ဘုမ္မစိုရ်းနတ် တိုက်တွန်းသဖြင့် မုန့်လှူ၍ ဒွေဝါစိကသရဏဂုံ ဆောက်တည်၍ ပူဇော်ရန် တောင်းသောအခါ ဆံတော်ရှစ်ဆူ ပေးသနားသည်ကို ရွှေပန်းတောင်းဖြင့် ထည့်ယူသွားပြီးလျှင် အသိတဉ္စနမြို့တံခါး၌ စေတီတည်ကုန်၏။ ဥပုသ်နေ့တို့၌ ထိုစေတီမှ ညိုသောရောင်ခြည်တော် လွှတ်သည်ဟု ဆို၏။

(ထေရဂါထာအဋ္ဌကထာ၌ ... သုံးဆယ့်တကမ္ဘာထက်၌ သိခီဘုရားအား ဥဇိတ၊ ဩဇိတတို့ ရှေးဦးစွာ အာဟာရ လှူကြရသည်ဟုကြား၍ အလှူကြီးလှူပြီးလျှင် နောင်အခါ ရှင်တော်မြတ်ဘုရား ကဲ့သို့သော ဘုရားရှင်အား ရှေးဦးစွာအာဟာရ လှူနိုင်ကြရပါလို၏ဟု ဆုတောင်းခဲ့၍ ငါတို့ဘုရား လက်ထက်၌ ပေါက္ခရဝတီမြို့သား တပုဿ၊ ဘလ္လိကညီနောင် ဖြစ်လာကုန်၏။ လှည်းငါးရာကုန်တင်၍ ကုန်သွယ် သွားကြရာ ဆွေမျိုး ဖြစ်ဖူးသောနတ် တိုက်တွန်းသဖြင့် ဘုရားရှင်အား မုန့်လှူ၍ ဒွေဝါစိကသရဏဂုံ ဆောက်တည်၍ ဆံတော်ဓာတ်များ ရလာကုန်၏။ ဘုရားရှင် ဓမ္မစကြာဟော၍ အစဉ်အားဖြင့် ရာဇဂြိုဟ်၌နေသော ညီနောင်နှစ်ယောက် ရောက်လာ၍ တရားနာရသဖြင့် နောင်တော် ဘပုဿ သောတာပန် တည်သည်။ ညီတော် ဘလ္လိက ရဟန်းပြု၍ ဆဠာဘိညရဟန္တာဖြစ်သည်ဟုဆို၏။ သီဟိုဠ်မူတို့၌ တပုဿ၊ ဘလ္လိယ ဟုမူကွဲသည်။)

ဗြဟ္မယာစနကထာ

မြတ်စွာဘုရားသည် သတ္တမသတ္တာဟ လွန်သောအခါ ထိုသမာဓိမှထ၍ ရာဇာယတန အဇပါလညောင်ပင်သို့ ချဉ်းကပ်၍ နေတော်မူ၏။ ထိုအခါ ဤသို့အကြံဖြစ်၏။ ငါသိသော တရားသည် သိမ်မွေ့၏။ နက်နဲ၏။ မြင်သိနိုင်ခဲ၏။ ကြံစည်၍မရကောင်း၊ ပညာရှိတို့သာ သိအပ်၏။ သတ္တဝါအပေါင်းသည် ကာမဂုဏ် ငါးပါး ကွယ်တာခြင်း၌ မွေ့လျော်၏။ ဤပဋိစ္စသမုပ္ပါဒ်တရား၊ ဤနိဗ္ဗာန်တရားကား မြင်နိုင်ခဲ၏။ ဟောကြားသော် လည်း မသိကုန်ရာ၊ ပင်ပန်းရုံသာ ဖြစ်ရာ၏။ ငြိုငြင်စွာရအပ်သော တရားမြတ်ကို ဟောပြခြင်းငှာ မသင့်။ ရာဂ ဒေါသ အားကြီးသူတို့မသိလွယ်။ နိဗ္ဗာန်ရောက်ကြောင်း သိမ်မွေ့သော တရားကို အမိုက်မှောင်ဖုံး ရာဂတုံးတို့ မမြင်နိုင်ကုန်-ဟု ကြံစည်ဆင်ခြင်စဉ် ကြောင့်ကြမဲ့နေခြင်းငှာ တရား မဟောခြင်းငှာ စိတ်ညွှတ်တော်မူ၏။

ထိုအခါ သဟမ္ပတိဗြဟ္မာကြီးသည် “နဿတိဝတဘော လောကော”။ အချင်းတို့ သတ္တလောကသည် ပျက်စီးလေစွ၊ ဘုရားရှင်အား တရားမဟောခြင်းငှာ စိတ်ညွတ်တော်မူ၏ ဟု ဆို၍ ကွေးသောလက် ဆန့်သကဲ့သို့ ဆန့်သောလက် ကွေးသကဲ့သို့ ဗြဟ္မာပြည်၌ကွယ်၍ ဘုရားရှင် ရှေ့တော်၌ ထင်စွာဖြစ်၍ ပခုံးတဘက်၌ ကိုယ်ရုံစမ္ပယ်တင်၍ လက်ျာဒူးဝန်း မြေ၌ ထောက်၍ လက်အုပ်ချီလျက် ... မြတ်စွာဘုရား တရားကို ဟောတော်မူပါ၊ ကိလေသာမြူ နည်းသောသူတို့ ရှိကြပါသည်၊ တရားမနာရလျှင် တရားမှ ဆုတ်ယုတ်ကုန် လတ္တံ့။ တရားကိုသိနိုင်သူတို့ ဖြစ်ကြပါလိမ့်မည်။

မြတ်စွာဘုရား- ရှေးအခါတွင် မဂဓတိုင်းတို့၌ တိတ္ထိကြီးခြောက်ဦး ကြံစည် စိတ်ကူးသော အဓမ္မစင်စစ် တရားညစ်သာ လွန်စွာ ထင်ရှားပါသည်။ နိဗ္ဗာန်တံခါးကို ဖွင့်တော်မူပါ၊ ရှင်တော်သိအပ် တရားမြတ်ကို နာကြားကြပါစေ။ တောင်ထိပ်၌ တည်သောသူသည် တောင်အောက် ဝန်းကျင် လူအပေါင်းကိုငဲ့၍ ရှုစားနိုင်သကဲ့သို့ တရားပြာသာဒ်ထက် တက်ရောက် တည်ရှိသော ရှင်တော်မြတ်ဘုရား သည်လည်း လောက အတွင်း ဇာတိ ဇရာ အညှဉ်းခံရသူအပေါင်းကို ရှုစားတော်မူပါ။ (လူယုတ်မာသည် နီးသော်လည်း ညဉ့်အခါ ပစ်သော မြှားအလား ဗုဒ္ဓစက္ခုအား မထင်ရှား။ ကျွတ်ထိုက်သော ဝေနေယျကား ဝေးသော်လည်း ညဉဉ့်အခါ မီးရောင်ပမာ ထင်ရှားပါသည်။) ထ၍ ကြွ၍ တရားဟောတော်မူပါ။ သိနိုင်သူတို့ ဖြစ်ကြပါလိမ့်မည်ဘုရားဟု လျှောက်ကြား၏။

ဗြဟ္မာကြီး ငါသိသောတရားကား နက်နဲ၏။ သတ္တဝါအပေါင်းကား ကာမဂုဏ် တွယ်တာလွန်း၏။ ပဋိစ္စသမုပ္ပါဒ်တရား၊ နိဗ္ဗာန်တရားကို သိနိုင်ခဲ၏။ မသိနိုင်သူအား ဟောကြားလျှင် ပင်ပန်းရုံသာ၊ အဝိဇ္ဇာဖုံး ရာဂတုံးတို့သည် နိဗ္ဗာန်ရောက်ကြောင်းတရားကို မသိ မမြင်နိုင်ကြသောကြောင့် တရားမဟောခြင်းငှာ စိတ်ညွှတ်တော်မူသည်ဟု ပယ်တော်မူ၏။ ထို့အတူ နှစ်ကြိမ်မြောက် တောင်းပန်ပြန်လည်း ပယ်တော်မူ၏၊ သုံးကြိမ်မြောက် တောင်းပန်သောအခါ မြတ်စွာဘုရားသည် ဗြဟ္မာကြီး၏ တောင်းပန်ခြင်းကို အသိအမှတ်ပြု၍ သတ္တဝါတို့၌လည်း သနားခြင်းကိုစွဲ၍ ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ရှုစားတော်မူ၏။

ထိုအခါ ဉာဏ်မျက်စိ၌ ကိလေသာမြူ နည်းသူ များတို့ကိုလည်းကောင်း၊ သဒ္ဓါစသောဣန္ဒထက်သူ၊ နှံ့သူတို့ကို လည်းကောင်း၊ သဒ္ဓါစသော အခြင်းအရာ ကောင်းသူ၊ ညံ့သူတို့ကိုလည်းကောင်း၊ တရားသိလွယ်သူ၊ သိခဲသူတို့ကိုလည်းကောင်း၊ တမလွန်၏ အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၊ ရှူလေ့မရှိသူတို့ကို လည်းကောင်း မြင်တော်မူ၏။

ဥပမာကား ... ကြာတောကြာကန်၌ ရေတွင်ငုပ်လျက် ကြီးပွားသောကြာ၊ ရေနှင့်အညီတက်၍ ကြီးပွားသောကြာ၊ ရေမှတက်၍ ရေနှင့် မကပ်မငြိ ကြီးပွားသော ကြာတို့ကဲ့သို့ ကိလေသာမြူ နည်းသူ များသူစသည်တို့ကို မြင်တော်မူ၍ ဗြဟ္မာကြီး၊ ငါဘုရားသည် တရားမြတ်ကို မသိနိုင်သူတို့အား ဟောကြားခြင်းဖြင့် ပင်ပန်းအံ့ဟု အမှတ်ပြု၍ မဟောကြားလို၊ နာကြားလိုသူတို့သည် သဒ္ဓါတရားကို လွှတ်ကြစေ၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးဟူသော အရိယာမဂ်ကို ဖွင့်ပေတော့အံ့။ (သဒ္ဓါခွက်ဖွင့်ကြစေ၊ အကြံအစည် ပြည့်စေအံ့)ဟု ဝန်ခံစကား မိန့်ကြားတော်မူ၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ဘုရားရှင် တရားဟောကြားခြင်းငှာ ငါအခွင့်ရပေပြီဟု ရှိခိုး၍ လက်ျာရစ်လှည့်၍ (ပန်းနံ့သာစသည်ဖြင့် ပူဇော်၍) ထိုနေရာ၌သာလျှင် ကွယ်ပျောက်လေ၏။
။ ဗြဟ္မယာစနကထာ ပြီး၏။

(ထာ ... အဇပါလ၌ နေကာမျှတွင် ဘုရားရှင်အားလုံးတို့၏ မချွတ်သော အလေ့ဖြစ်သောအကြံသည်ဖြစ်၏။ (ဘုရားရှင်တိုင်း ပဌမာ ... ဘိသမ္ဗောဓိ၌ ဖြစ်သောဓမ္မတာ ဟူလို။) အဘယ်ကြောင့် ဘုရားတိုင်း ဤသို့ ကြံသနည်းဟူမူ ဓမ္မ၏ကြီးကျယ်မြင့်မြတ်ခြင်း၊ လေးလံခြင်းကို ဆင်ခြင်ခြင်းကြောင့် လည်းကောင်း၊ ဗြဟ္မာ တောင်းပန်မှ ဟောလိုသောကြောင့် လည်းကောင်း၊ ဘုရားတိုင်း ဤသို့ ကြံသည်။ ဤသို့ကြံလျှင် ဗြဟ္မာ လာ၍ တရားဟော တောင်းပန်လတ္တံ့၊ ဗြဟ္မာ တောင်းပန်ခြင်းကြောင့် ဗြဟ္မာကို အလေးပြုလေ့ရှိသောအတိုင်း ဓမ္မ၌ ရိုသေကုန်လတ္တံ့၊ ဤအကြောင်း နှစ်ပါးကြောင့် ဤအကြံဖြစ်သည်။ သဟမ္ပတိဗြဟ္မာသည် တရားဟော တောင်းပန်ခြင်းငှာ စကြဝဠာသောင်းလောကဓာတ် ဗြဟ္မာတို့ကိုခေါ်လာ၍ ရှေ့တော်၌ ထင်ရှားစွာဖြစ်လာ၏။ သတ္တဝါတို့၏ သဒ္ဓါ စသော ဣန္ဒြေငါးပါး အနုအရင့်ကို သိသောဉာဏ်သည် ဣန္ဒြိယပရောပရိယတ္တိဉာဏ် မည်၏။ သတ္တဝါတို့၏အလို နှလုံးသွင်းကို သိသောဉာဏ်သည် အာသယာနုသယဉာဏ် မည်၏။ ဗုဒ္ဓစက္ခုဟူသည် ဤဉာဏ်နှစ်ပါး၏အမည် ဖြစ်၏။)

သာဋီ ... တရားတော်သည် နက်နဲလှသော်လည်း ဆန့်ကျင်ဘက်ကိုပယ်လျှင် ပေါ်လွင်၏။ ကောင်းစွာကျင့်မှ ဆန့်ကျင်ဘက်ကို ပယ်နိုင်သည်။ တရားနာရမှ ကောင်းစွာကျင့်နိုင်သည်။ ဘုရား၌ လည်းကောင်း၊ တရား၌ လည်းကောင်း၊ ကြည်ညိုယုံကြည်မှ တရားနာနိုင်သည်။ အထူးအားဖြင့် အများ အမြတ်တနိုး အလေးပြုအပ်သူ တောင်းပန်မှ ကြည်ညို ယုံကြည်နိုင်သည်။ ဤသို့ အဆင့်ဆင့်အားဖြင့် သတ္တဝါတို့ တရားကျင့်နိုင်ခြင်းငှာ ဗြဟ္မာတောင်းပန်ခြင်းလျှင် အကြောင်းရှိသည်ကို ပြလိုသည်။

သိသူကျင့်သူတို့အား တရားဟောခြင်းကြောင့် ဘုရားရှင် ပင်ပန်းသော်လည်း ပင်ပန်းသည် မမည်၊ မသိသူ မကျင့်သူတို့အတွက် ညောင်းညာခြင်း၊ အာခြောက်ခြင်းဖြင့် ကိုယ်ပင်ပန်းသည်။ ဘုရားရှင်တို့အား စိတ်ပင်ပန်းခြင်း မရှိ၊ အကြွင်းမဲ့ ဖြတ်ပြီးပြီ။ ဘုရားရှင်တို့အား မဂ်လေးပါးလုံး သုခပ္ပဋိပဒါ ချည်းသာ ဖြစ်သော်လည်း ပါရမီဖြည့်စဉ် ဦးခေါင်း ဖြတ်လှူခြင်း၊ သားမယားလှူခြင်း စသည်ဖြင့် ပင်ပန်းသော အာဂမနိယပဋိပဒါကိုရည်၍ ငြိုငြင်စွာ ရအပ်သောတရားဟု ဆိုသည်။

ဤတရားသည် နှစ်သိန်းလေးသောင်း ပထဝီကိုခံသော လေးသိန်းရှစ်သောင်း ရေအစုကဲ့သို့ နက်နဲ၏။ တောင်ဖုံးထားသော မုန်ညင်းကဲ့သို့ မြင်နိုင်ခဲ၏။ အစိတ်တရာစိတ်သော သားမြီးစွန်းကဲ့သို့ သိမ်မွေ့၏။ ဤ တရားကိုထိုးထွင်း၍ သိခြင်းငှာ မပြုဖူးသော ဒါနသီလစသည် မရှိ။ မာရ်နတ်စစ်သည်ကို ဖျက်ဆီးစဉ်၊ ပုဗ္ဗေနိဝါသ အောက်မေ့စဉ်၊ ဒိဗ္ဗစက္ခု သုတ်သင်စဉ် မြေမလှုပ်၊ ပစ္ဆိမယာမ်၌ ပဋိစ္စသမုပ္ပါဒ် ထိုးထွင်းသောအခါ သောင်းလောကဓာတ်လှုပ်သည်]။

သဟမ္ပတိဟူသည်ကား ... ကဿပဘုရားသာသနာ၌ သဟကမထေရ် ဖြစ်၍ ပဌမဈာန်ရ၍ ပဌမဈာန်ဘုံ၌ အသင်္ချေယျတကပ် အသက်ရှိသော ဗြဟ္မာဖြစ်၏။ ဗြဟ္မာပြည်၌ သဟမ္ပတိဗြဟ္မာဟု သိကြ၏။ (သဟက + ပတိ = သဟမ္ပတိ။ က ကိုနိဂ္ဂဟိတ်ပြု၍ ဝဂ္ဂန္တပြုသည်) နဿတိဝကဘောလောကော စသော စကားကို သောင်းလောကဓာတ် ဗြဟ္မာတို့ကြား၍ အားလုံး စည်းဝေးလာကြအောင် အသံမြွက်ဆိုသည်။ ပူရာဏကဿပ စသော ဆရာ ၆-ဦးတို့သည် ရှေးဦးစွာဖြစ်၍ ဗုဒ္ဓကောလာဟကို ကြားရသဖြင့် လောကကို လှည့်စား၍ ဘုရားဟု ဝန်ခံပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းလုံး ဆူးဖြန့်သကဲ့သို့ အဆိပ်ဖျန်းသကဲ့သို့ မိစ္ဆာတရား ဟောကုန်၏။

ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ အာသယာနုသယဉာဏ် နှစ်ပါးသည် ဗုဒ္ဓစက္ခုမည်၏။ သဗ္ဗညုတဉာဏ်သည် သမန္တစက္ခု မည်၏။ အောက်မဂ်ဉာဏ် သုံးပါးသည် ဓမ္မစက္ခု မည်၏။ ကြာဥပမာ၌ ရေမှတက်သော ကြာတို့သည် နေဧရာင်ကို မျှော်လင့်ကုန်၏။ ယနေ့ပွင့်ကုန်လတ္တံ့။ ရေနှင့်အညီ တည်သော ကြာတို့သည် ဒုတိယနေ့ပွင့်ကုန်လတ္တံ့။ ရေ၌ငုပ်လျက်ကြီးပွားသော ကြာတို့သည် တတိယနေ့၌ ပွင့်ကုန်လတ္တံ့။ ရေမှ မတက်နိုင်သော အနာအဆာရှိသော ကြာတို့ကား ငါး၊ လိပ်တို့၏အစာဖြစ်ကုန်လတ္တံ့။ ထိုကြာလေးမျိုးတို့နှင့် အစဉ်အတိုင်းတူစွာ ဥဂ္ဂါဋိတညူ၊ ဝိပဉ္စိတညူ၊ နေယျ၊ ပဒပရမဟူသော ပုဂ္ဂိုလ်လေးမျိုးကို မြင်တော်မူ၏။ ထိုတွင် ရှေ့သုံးယောက်သည် ယခုဘဝ မဂ်ဖိုလ်ရနိုင်ကုန်၏။ ပဒပရမကားအနာဂတ်အကျိုးငှာ ဝါသနာထုံ၏။]

ဥပကနှင့်တွေ့ခြင်း

မြတ်စွာဘုရားသည် တရားဟော ဝန်ခံပြီးသောအခါ အဘယ်သူအား ရှေးဦးစွာ ဟောရအံ့နည်း။ အဘယ်သူသည် လျင်စွာ သိလတ္တံ့နည်းဟု ကြံ၍ ဤ အာဠာရရသေ့သည် ပညာရှိ၏။ ကိလေသာနည်း၏။ လျင်စ္စာသိလတ္တံ့ ဟု အကြံဖြစ်၏။ ထိုအခါ နတ်တယောက်သည် အာဠာရရသေ့ ကွယ်လွန်၍ ခုနစ်ရက်ရှိပါပြီ ဟုလျှောက်၏။ ဘုရားရှင်အားလည်း (ဤအာဠာရ ရသေ့ ကွယ်လွန်၍ အာကိဉ္စညာယတနဘုံ၌ ဖြစ်နေပြီဟု) သိသော သဗ္ဗညုတဉာဏ်ဖြစ်၍ အာဠာရရသေ့သည် (မဂ်ဖိုလ်မရထိုက်သော အက္ခဏဘုံ၌ဖြစ်သောကြောင့် ရသင့်သော မဂ်ဖိုလ်မှ) ရှုံးခြင်းကြီး ရှုံးလေစွ၊ တရားနာရလျှင် လျင်စွာသိပေလတ္တံ့ ဟုကြံပြီးလျှင် ဥဒက ရသေ့အား တရားဟောရန် ကြံပြန်၏။

ဥဒကရသေ့သည် (ယမန်နေ့) (သန်းခေါင်ယာမ်တွင်) ကွယ်လွန်ပါပြီဟု နတ်လျှောက်ပြန်၏။ ဘုရားရှင် အားလည်း (ဥဒကရသေ့ကွယ်လွန်၍ နေဝသညာနတ်ဘုံ၌ ဖြစ်နေပြီဟု) သဗ္ဗညုတဉာဏ်ဖြစ်၍ ရှုံးခြင်းကြီး ရှူံးလေစွဟုကြံပြီးလျှင် ပဉ္စဝဂ္ဂီတို့သည် ဒုက္ကရစရိယာ ကျင့်စဉ် ငါ့ကို လုပ်ကျွေးကုန်၏။ တရားဦး ဟောရမူ ကောင်းလေစွဟု ကြည့်လတ်သော် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ နေကြသည်ကိုမြင်၍ ဗာရာဏသီသို့ကြွတော်မူ၏။

ဗောဓိပင်နှင့်ဂယာအကြားတွင် ဘုရားရှင်ကို ဥပက တက္ကတွန်းကြီး မြင်လတ်သော်၊ ငါ့ရှင် သင့်၏စက္ခုစသော ဣန္ဒြေသည် ကြည်လင်၏။ အရောင်အဆင်း ကောင်းလှ၏။ သင်၏ဆရာ အဘယ်သူနည်းဟု မေး၏။ ဥပက-ငါသည် အလုံးစုံသော တရားတို့ကိုသိ၏။ ကိလေသာမကပ်ငြိ၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်သိသောကြောင့် အဘယ်သူကို ဆရာဟု ညွှန်းရအံ့နည်း။ လောကုတ္တရာတရား၌ ငါအားဆရာမရှိ၊ ငါနှင့်တူသူလောက၌ မရှိ၊ အတုမရှိသော ဘုရားတဆူ ဖြစ်၏။ အမတ စည်တော်ကြီးတီးရန် ကာသိတိုင်းသို့ ယခုသွား၏ ဟု ဆိုလတ်သော် ငါ့ရှင် သင်ဝန်ခံဓသာ အနန္တဇိန ဖြစ်လိုက်ပေသည်ဟု ဆို၏။ ဥပက-ငါတို့ကဲ့သို့သော သူတို့သည် အာသဝေါ ကင်း၍ ယုတ်မာသောတရားတို့ကို အောင်ခြင်းကြောင့် ဇီနဖြစ်ကုန်၏ဟုဆိုလတ်သော်၊ ငါ့ရှင်ဟုတ်တန်ရာ၏ဟု ဦးခေါင်းငြိမ့်ကာ လမ်းဖယ်၍ ဖဲသွားလေ၏။ မြတ်စွာဘုရားလည်း အစဉ်အတိုင်း ပဉ္စငဂ္ဂီငါးဦးတို့ထံ ချည်းကပ်လေ၏။

(သာဋီ ... တပါးသော ဘုရားရှင်တို့သည် တရားဦးဟောရန် ကြွသောအခါ ကောင်းကင်ဖြင့်ကြွ၍ ဣသိပတန မိဂဒါဝုန်တော၌ သက်ဆင်းကုန်၏။ ငါတို့ဘုရားရှင်ကား ဥပက၏ ဥပနိဿယကိုမြင်၍ ၁၈-ယူဇနာခရီးကို ခြေဖြင့်သာ ကြွ၏။ ဗောဓိမဏ္ဍမှ ဂယာထိ သုံးဂါဝုတ်၊ ဗာရာဏသီထိ ၁၈-ယူဇနာရှိ၏။
ဥပကလည်း ဂယာအကြား ဘုရားရှင်နှင့် စကားပြော၍ ဖဲသွားပြီးလျှင် ဝင်္ကယာရဇနပုဒ်၌ မုဆိုးရွာကိုမှီ၍ နေ၏။ အကြီးအကဲမုဆိုးသည် လုပ်ကျွေး ခစား၏။ ခြင် မှက် ပေါများလှသောကြောင့် အိုးစရည်းကြီးတခု၌ နေစေ၏။ ထိုရွာ၌ လူထွက်၍ မုဆိုးသမီး စာပါနှင့် သင့်မြတ်၍ သုဒ္ဒမည်သော သားတယောက်ရပြီးမှ စာပါ၏ သားချော့တေး ကဗျာသံဖြင့် ငြီးငွေ့၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ဘုရားရှင်ထံ မေးမြန်း၍ လိုက်သွား၍ ရဟန်းပြု၏။ ကမ္မဋ္ဌာန်းအားထုတ်၍ အနာဂါမ်တည်၍ စုတေလတ်သော် သုဒ္ဓါဝါသ အဝိဟာဘုံ၌ ဖြစ်၏။ ဖြစ်သောခဏ၌ပင် ရဟန္တာဖြစ်၏။

အဝိဟာဘုံ၌ ဖြစ်သောခဏတွင် ရဟန္တာဖြစ်သူသည် ဥပက၊ သလဘဏ၊ ပက္ကုသာတိ၊ ဘဒ္ဒိယ (၄)၊ ခဏ္ဍ ဒေဝ၊ ဗာဟုရန္တိ၊ ပိင်္ဂီယ (၃) ဟု ခုနစ်ယောက်ရှိ၏။။

ဇိဋီ ... ဥပကသည် မုဆိုးသမီး ဆာဝါကြောင့် ငြီးငွေ့၍လာသောအခါ အနာဂါမ်တည်လိမ့်မည် ဟု ဥပနိဿယ ပြည့်စုံခြင်းကို ဘုရားရှင် မြင်တော်မူ၏။

ဝိဋီ ... အနန္တဇိန ဖြစ်ထိုက်ပေသည်ဟု ဥပကဆိုခြင်းသည် နောင်ဒုက္ခတွေ့သောအခါ သတိရ၍ မဂ်ဖိုလ် ရကြောင်းဖြစ်၏။ ထိုဥပကနှင့် တွေ့ဆုံနိုင်အောင် ခြေဖြင့်သာ ကြွတော်မူသည်။

(ဗောဓိ-သဗ္ဗညုတ ဉာဏ်တော်၏၊ မဏ္ဍ-ကြည်လင်ရာ သစ်ပင်သည်-ဗောဓိမဏ္ဍ မည်၏။)

ဓမ္မစကြာ၊ အနတ္တလက္ခဏာ ဟောခြင်း

မြတ်စွာဘုရားသည် ဗာရာဏသီ ဣသိပတနမိဂဒါဝုန် ပဉ္စဝဂ္ဂီတို့ထံ ချဉ်းကပ်သောအခါ ပဉ္စဝဂ္ဂီတို့ မြင်လတ်သော်၊ ငါ့ရှင်တို့ ဤရဟန်းကြီး ဂေါတမသည် ကြွလာ၏။ ဒုက္ကရစရိယာ အကျင့်မှထွက်၍ ပစ္စည်းပေါများခြင်းငှာ လှည့်လည်၏။ ရှိမခိုးအပ် ခရီးဦးမကြိုဆိုအပ်၊ သပိတ်-သင်္ကန်း လှမ်းမယူအပ်၊ ထိုင်လိုလျှင် ထိုင်ရန် နေရာခင်းအပ်၏ဟု ကတိကဝတ်ပြုကုန်၏။

ဘုရားရှင် အနီးသို့ ရောက်လဘ်သော် ပဉ္စဝဂ္ဂီတို့ ကတိကဝတ်မတည်ပဲ ခရီးဦးကြိုဆို၍ သပိတ်-သင်္ကန်း လှမ်းယူခြင်း၊ နေရာခင်းခြင်း၊ ခြေဆေးရေ၊ ခြေဆေးအင်ပျဉ်၊ ခြေပွတ်အိုးခြမ်း ထားခြင်းတို့ကို အသီးသီး ပြုကုန်၏။ ဘုရားရှင်သည် ခင်းပေးသော နေရာ၌ထိုင်၍ ခြေတို့ကို စင်ကြယ်စေ၏။ ဘုရားရှင်ကိုကား အမည်ဖြင့်လည်းကောင်း၊ အာဝုသောအခေါ်ဖြင့်လည်းကောင်း ပြောဆိုကုန်၏။

ချစ်သားတို့-မြတ်စွာဘုရားကို အမည်ဖြင့် အာဝုသောဖြင့် မပြောဆိုကြလင့်၊ ငါဘုရားသည် အလုံးစုံသော တရားကိုသိပြီ၊ နားထောင်ကြ၊ အမြိုက်နိဗ္ဗာန်ရပြီ၊ ဆုံးမမည်။ တရားဟောမည်၊ ဆုံးမတိုင်း ကျင့်လျှင် မကြာမီ နိဗ္ဗာန်မျက်မှောက် ပြုရလတ္တံ့ ဟု မိန့်ဆိုလတ်သော်။ ငါ့ရှင်ဂေါတမ။ သင်သည် ဒုက္ကရစရိယာ လွန်စွာ ကျင့်ပါလျက် တရားထူးမရ၊ ယခုအခါ အကျင့်မှထွက်၍ ပစ္စည်းပေါများခြင်းငှာ လှည့်လည်လျက် အဘယ်မှာ တရားထူး ရနိုင်အံ့နည်းဟု ဆိုကုန်၏။

ချစ်သားတို့ - ငါသည် အကျင့်မှမထွက်၊ ပစ္စည်းပေါများခြင်းငှာ မလှည့်လည်၊ ငါဘုရားဖြစ်ပြီ၊ အမြိုက်တရား နားထောင်ကြဟု မိန့်ဆိုပြန်သော် ပဉ္စဝဂ္ဂီတို့သည် နှစ်ကြိမ်မြောက် အဘယ်မှာ တရားထူး ရနိုင်အံ့နည်း ဟု ဆိုကုန်၏။ နောက်တဖန် မိန့်ဆိုပြန်လည်း သုံးကြိမ်မြောက် ငြင်းပယ်ကုန်၏။

ချစ်သားတို့ … သင်တို့သည် ရှေး၌ ဤသို့ငါပြောဖူးသည်ကို သိကြသလောဟု မိန့်ဆိုလတ်သော်၊ မသိကြပါ ဘုရားဟု ဝန်ခံကုန်၏။ (ပဉ္စဝဂ္ဂီတို့သည် ဤစကား တပုဒ်တည်းဖြင့် သတိရ၍ ဂါရဝဖြစ်၍ မချွတ် ဘုရားဖြစ်ပြီဟု ယုံကြည်စွာ ဝန်ခံကုန်၏။) ချစ်သားတို့-ငါဘုရားဖြစ်ပြီ၊ အမြိုက် တရားနားထောင်ကြဟု မိန့်ဆိုခြင်းဖြင့် (ငါဘုရားဟု) သိစေခြင်းငှာ စွမ်းနိုင်ပြီဖြစ်၍ ပဉ္စဝဂ္ဂီတို့သည် ရိုသေစွာ နားထောင်ကုန်၏။ အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာ စိတ်ကိုဖြစ်စေကုန်၏။

ထိုအခါ ဒွေမေဘိက္ခဝေ ခန္တာ ပဗ္ဗဇိတေန နေသေဝိတဗ္ဗာ ... စသည်ဖြင့် ဓမ္မစကြာတရား ဟောကြားတော်မူ၏။ (၁၀၃-ခု ဝါဆိုလပြည့် စနေနေ့ညနေ နေဝင်လထွက် အချိန် ဓမ္မစကြာ ဟောသည်) တရားအဆုံး၌ ပဉ္စဝဂ္ဂီတို့သည် ဘုရားရှင် ဟောသော တရားကို လွန်စွာနှစ်သက်ကုန်၏။ (ဗြဟ္မာ တဆဲ့ ရှစ်ကုဋေနှင့် တကွ) အရှင်ကောဏ္ဍညအား ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗတံနိရောဓဓမ္မံ ဟု၊ ဝါ-ဖြစ်သမျှ ချုပ်ရခြင်းသာဟု ဓမ္မစက္ခု ထင်စွာဖြစ်လေ၏။ ဝါ-သော တာပန်တည်၏။

တရားဟောပြီးလတ်သော် ဘုမ္မစိုးနတ်တို့သည် ဗာရာဏသီ ဣသိပတနမိဂဒါဝုန်၌ မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာတို့ မဟောနိုင်သော ဓမ္မစကြာကို ဟောပေပြီဟု ကြွေးကြော်ကုန်၏။ ဘုမ္မစိုးနတ်တို့၏အသံကို ကြား၍ အထက်-အထက်နတ်တို့ အဆင့်ဆင့် ကြွေးကြော်ကြသဖြင့် တခဏခြင်း ဗြဟ္မာ့ပြည်တိုင်အောင် ကြွေးကြော်သံ လွှမ်းမိုး၏။ စကြဝဠာ တိုက်တသောင်းလည်း ရှေ့ နောက်၊ ဝဲ ယာ၊ နိမ် မြင့်ကာဖြင့် ချာချာလည်၍ လှုပ်၏။ သဗ္ဗညုတဉာဏ်၏ အာနုဘော် စိတ္တပစ္စယဥတုဇဖြစ်သော မြတ်သော အရောင်သည် နတ်တို့၏ အာနုဘော်ကိုလွန်၍ ထင်ရှား၏။

ထိုအခါမြတ်စွာဘုရားသည် အညာသိဝတ ဘော ကောဏ္ဍညော-ဟု ဥဒါန်းကျူး၏။ ထို့ကြောင့် အညာတကောဏ္ဍည အမည်တွင်လေ၏။ တိုအခါ အရှင်အညာတကောဏ္ဍညသည် ယုံမှားမရှိ တရားသိ၍ သာသနာ၌ ရဲဝံ့ခြင်းသို့ရောက်၍ ကိုယ်တွေ့ဉာဏ်ဖြင့် ယုံကြည်၍ ဝါ-ဘုရားမှတပါး အားထားစရာ မရှိသည်ဖြစ်၍ ရှင်ရဟန်းအဖြစ် ရလိုပါသည်ဘုရား ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဧဟိဘိက္ခု၊ သွာက္ခာတော ဓမ္မောစရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ (ချစ်သားရဟန်း လာလော၊ တရားကိုကောင်းစွာဟောအပ်၏၊ ဒုက္ခ၏အဆုံးကို မျက်မှောက်ပြုခြင်းငှာ ကောင်းစွာ မြတ်သော အကျင့်ကို ကျင့်လော။) ဟု ဧဟိဘိက္ခု ခေါ်တော်မူ၏။ ဧဟိဘိက္ခု ရဟန်းဖြစ်လေ၏။ ထိုအခါဘုရားရှင်သည် ကြွင်းသောရဟန်းတို့ကို တရားစကားဆုံးမသဖြင့် အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ နှစ်ပါး သောတာပန်=တည်၍ ဧဟိဘိက္ခု ရဟန်းဖြစ်ကုန်၏။

ထို့နောက် သုံးပါးဆွမ်းခံခြင်းဖြင့် ခြောက်ပါး မျှတကာနေလျက် ဆုံးမသဖြင့် အရှင် မဟာနာမ်၊ အရှင်အဿဇိ နှစ်ပါး သောတာပန်တည်၍ ဧဟိဘိက္ခုရဟန်း ဖြစ်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို ရူပံ ဘိက္ခဝေ အနတ္တာ အစချီလျက် အနတ္တလက္ခဏသုတ် ဟောတော်မူ၏။ တရားအဆုံး၌ ပဉ္စဝဂ္ဂီတို့ရဟန္တာ ဖြစ်ကုန်၏။ ထိုအခါ လောက၌ ရဟန္တာ ခြောက်ပါးဖြစ်ကုန်၏။

[ထာ ... ဝါဆိုလပြည့်ကျော် တရက်နေ့၌ အရှင်ဝပ္ပ၊ နှစ်ရက်နေ့ အရှင်ဘဒ္ဒိယ၊ သုံးရက်နေ့ အရှင်မဟာနာမ်၊ လေးရက်နေ့ အရှင်အဿဇိ သောတာပန်တည်သည်။ ငါးရက်နေ့ အနတ္တလက္ခဏသုတ် ဟော၏။ ထိုနေ့၌ လူရဟန္တာခြောက်ပါး ဖြစ်ကုန်၏။]

ဓမ္မစက္ခု မဂ် ၄-ခု

(သာဋီ ... ဗြဟ္မာယုသုတ်၌ အောက်မဂ် သုံးပါးကို၊ စူဠရာဟုလောဝါဒ၌ အာသဝက္ခယကို၊ ဤ၌ သောတာပတ္တိ မဂ်ကို ဓမ္မစက္ခုဟုဆိုသည်။ သစ္စာဓမ္မတို့ကို မြင်သောစက္ခု၊ အောက်မဂ် ဓမ္မသုံးပါး၌ တခုသောမဂ် စက္ခု သီလစသော ဓမ္မက္ခန္ဓ သုံးပါးကြောင့် ဖြစ်သော ဓမ္မမယစက္ခု ဖြစ်သောကြောင့် ဓမ္မစက္ခုမည်၏။ ဓမ္မစက္ခု ဟူသည် ပဋိဝေဓဉာဏ် ဒေသနာဉာဏ်ဟု နှစ်ပါးရှိ၏။ ဗောဓိပလ္လင်၌ သစ္စာ ၄-ပါး၊ ခြင်းရာ ၁၂-ပါးကို ထိုးထွင်းသောဉာဏ်သည် ပဋိဝေဓဉာဏ် မည်၏။ ဣသိပတန၌ ဒွါဒသာကာရ သစ္စာဟောသောဉာဏ်သည် ဒေသနာဉာဏ် မည်၏။
ဓမ္မစကြာတရား ဟောသံသည် အောက်အဝီစိ၊ အထက်ဘဝဂ်တိုင် ရောက်၍ သောင်းလောကဓာတ်နှင့် တည်၏။ ကောင်းမှုရှိသော ၁၈-ကုဋေသော ဗြဟ္မာတို့ တရားနာ ရောက်ကုန်၏။ အနောက်၌ နေဝင်၍ အရှေ့၌ အာသဠှီနက္ခတ်ယှဉ်သော လထွက်ချိန် ဓမ္မစကြာဟော၏။ အညာသိ ဝတ ဘော ကောဏ္ဍညော-ဟူသော ဥဒါန်းကျူးသံသည် သောင်းလောကဓာတ် နှံ့၏။ အနတ္တလက္ခဏသုတ် အဆုံး၌ လူရဟန္တာသာ ဘုရားရှင်နှင့် တကွ ခြောက်ယောက်ဖြစ်သည်။ တပါးသောနတ်ဗြဟ္မာတို့လည်း ရဟန္တာဖြစ်ကုန်သေး၏။)

သဌေးသား ယသတို့ ရဟန်းပြုခြင်း

ထိုအခါ ဗာရာဏသီမြို့၌ ယသမည်သော သဌေးသားသည်ရှိ၏။ ဥတုသုံးပါး အလျောက် ပြာသာဒ် သုံးဆောင်၌ မိန်းမအလုပ်အကျွေးတို့ဖြင့်သာ လေးလစီ စည်းစိမ်ခံစားကာ ပြာသာဒ်အောက် မဆင်းပဲနေ၏။ တနေ့၌ စောစောအိပ်ပျော်၍ ရှေးဦးစွာ နိုး၏။ တညဉ့်လုံး ထွန်းထားသော မီးရောင်ဖြင့် ဖရိုဖရဲ အိပ်ပျော်နေသော မိမိပရိသတ် မိန်းမတို့ကို ဖရိုဖရဲ ပစ်ထားသော သူသေကောင်တို့အသွင် မြင်ရ၍၊ သုသာန်သင်္ချိုင်းကြီး လက်ထဲရောက်နေသကဲ့သို့ အပြစ်မြင်၏။

ထိုအခါ ငြီးငွေ့၍ ဥပဒ္ဒုတံဝတဘော၊ ဥပဿဋ္ဌံ ဝတဘော - ကိလေသာတို့သည် နှိပ်စက်လေစွ၊ ညှဉ်းပန်း လေစွဟု ဥဒါန်းကျူးပြီးလျှင် ရွှေခြေနင်းစီး၍ ဆင်းသွား၏။ နတ်တို့သည် ရဟန်းဖြစ်ခြင်းငှာ အန္တရာယ် မဖြစ်ပါစေနှင့်ဟု တံခါးဖွင့်ပေးကုန်၏။

ယသသဌေးသားသည် ဣသိပတန၌ ဘုရားရှင်အနီးသို့ ဥဒါန်းကျူးလျက် ရောက်သွား၏။ ဘုရားရှင်သည် နံနက်စောစော လွင်တီးခေါင်၌ စင်္ကြံကြွရာမှ ယသကိုမြင်လတ်သော် စင်္ကြံမှဆင်း၍ ခင်းထားသောနေရာ၌ ထိုင်လျက် ချစ်သားယသ၊ ဤနိဗ္ဗာန်တရားသည် နှိပ်စက်ခြင်းမရှိ၊ ညှဉ်းပန်းခြင်းမရှိ၊ လာလော၊ ထိုင်လော၊ တရားဟောအံ့ဟုမိန့်တော်မူ၏။ ယသသည် ဝမ်းမြောက်စွာ ဖိနပ်ချွတ်၍ ချဉ်းကပ်၏။

ဘုရားရှင်သည် ဒါနကထာ = ဒါနနှင့် စပ်သောစကား၊ သီလကထာ = သီလနှင့် စပ်သောစကား၊ သဂ္ဂကထာ = နတ်ပြည်နှင့် စပ်သောစကား၊ ကာမာနံအာဒီနဝ = ကာမဂုဏ်တို့၏ အပြစ်၊ ဩကာရံ = ယုတ်ညံ့ခြင်း၊ သံကိလေသံ = ပူပန်နှိပ်စက်ခြင်း၊ နေက္ခမ္မ အာနိသံသံ = တောထွက်ခြင်း၌ အာနိသင် - ဤတရားတို့ကို အစဉ်အတိုင်းပြ၍ စိတ်ထက်သန်ပြီဟု သိလတ်သော် သစ္စာလေးပါး ပြ၏။ ထိုအခါ ယသ သဌေးသား သောတာပန်တည်လေ၏။

မိခင်သည် ပြာသာဒ်၌ သားကိုမမြင်လတ်သော် သဌေးကြီးအား ပြောကြား၏။ သဌေးကြီးသည် မြင်းစီး တမန်တို့ကို အရပ်လေးမျက်နှာသို့ စေလွှတ်၍ မိမိကိုယ်တိုင် ဣသိပတနသို့ ခြေရာခံကာ လိုက်သွား၏။ ဘုရားရှင်သည် သဌေးကြီးကို မြင်လတ်သော် တန်ခိုးဖြင့် သားကို မမြင်အောင် ပြုပြင်၏။ သဌေးကြီးသည် ဘုရားရှင်ထံချဉ်းကပ်၍ မြတ်စွာဘုရားက အမျိုးသားယသကို မြင်မိပါသလောဟု မေး၏။ သဌေးကြီး -ထိုသို့ဖြစ်လျှင် ဤ၌ထိုင်လော၊ မြင်ကောင်း မြင်ရပေလိမ့်မည်ဟု မိန့်ဆိုသဖြင့် ဝမ်းမြောက်စွာထိုင်၏။ ထိုအခါ တရားဟော၏။ သဌေးကြီးသည် သောတာပန်တည်၍ သရဏဂုံသုံးပါး ဆောက်တည်၏။

လောက၌ ရှေးဦးစွာ တေဝါစိကသရဏဂုံ ဆောက်တည်သော ယောက်ျားဖြစ်လေ၏။ ယသသည် ဖခင်အား တရားဟောခိုက် သိသော တရားကို ဆင်ခြင်သဖြင့် ရဟန္တာဖြစ်၏။ ထိုအခါ တန်ခိုးရုပ်သိမ်းသဖြင့် သားကို မြင်လတ်သော်၊ ချစ်သား ... မောင့်မိခင်ပူဆွေးနေပြီ မိခင်အား အသက်ပေးပါလောဟုဆို၏။ သတို့သားသည် ဘုရားရှင်၏ မျက်နှာတော် မော်၍ကြည့်၏။

သဌေးကြီး-သင်ကား သောတာပန်ဖြစ်ပြီ၊ သားကား ရဟန္တာဖြစ်ပြီ၊ ရှေးကကဲ့သို့ ကာမဂုဏ်ခံစားခြင်းငှာ ထိုက်မည်လောဟု မိန့်ဆိုလတ်သော်၊ မထိုက်ပါဘုရား။ သတို့သားအား လူဖြစ်ကျိုးနပ်လေစွ၊ မြတ်စွာဘုရား-ယနေ့နံနက် ဆွမ်းအလို့ငှာ ယသကို နောက်လိုက်ရဟန်းပြု၍ အလှူခံကြွတော်မူပါဟု လျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ် ဝန်ခံသဖြင့် သဌေးကြီး ပြန်သွားလေ၏။ ထို့နောက် မကြာမီ ရဟန်းအဖြစ် တောင်းပန်၏။ ဧဟိဘိက္ခု သွာက္ခာတောဓမ္မော၊ စရဗြဟ္မစရိယံ ဟူသော မိန့်ခွန်းဖြင့် ဧဟိဘိက္ခု ရဟန်း ဖြစ်လေ၏။ ထိုအခါ ရဟန္တာခုနစ်ပါးဖြစ်ကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် သင်းပိုင်ပြင်ဝတ်၍ သပိတ်သင်္ကန်းယူ၍ ယသရဟန်းနှင့် သဌေးကြီးအိမ်သို့ကြွသွား၏။ အရှင် ယသ၏ မိခင်နှင့် မယားဟောင်းတို့လည်း ချဉ်းကပ်၍ တရားနာသဖြင့် သောတာပန် တည်ပြီးလျှင် တေဝါစိကသရဏဂုံ ဆောက်တည်ကုန်၏။ လောက၌ ရှေးဦးစွာ တေဝါစိက သရဏဂုံ ဆောက်တည်သော မိန်းမတို့ ဖြစ်ကုန်၏။ ထို့နောက်ဘုရားရှင်သည် ဆွမ်းဘုဉ်းပေး၍ တရားဟော၍ ဖဲကြွလေ၏။

အရှင်ယသ၏ အဖော်သဟဲဖြစ်ကုန်သော ဗာရာဏသီသဌေးကြီး သဌေးငယ်တို့၏သား ဝိမလ၊ သုဗာဟု၊ ပုဏ္ဏဇိ၊ ဂဝမ္ပတိ လေးယောက်တို့သည် ယသသတို့သား ရဟန်းပြုသတတ်ဟု ကြားလတ်သော် ထိုဓမ္မဝိနယ သည်လည်းကောင်း၊ ထိုရဟန်းအဖြစ်သည် လည်းကောင်း၊ အယုတ်အညံ့ မဖြစ်တန်ရာဟု ကြံ၍ အရှင်ယသထံ ချဉ်းကပ်ကုန်၏။ အရှင်ယသသည် ဘုရားရှင်ထံ လိုက်ပို့၏။ ဘုရားရှင် တရားဟော၍ သောတာပန်တို့ဖြစ်၍ ဧဟိဘိက္ခု ရဟန်းတို့ဖြစ်ပြီးလျှင် မကြာမီ ရဟန္တာဖြစ်ကုန်၏။ လောက၌ ရဟန္တာ တို့သည် တဆယ့်တပါးတို့ ဖြစ်ကုန်၏။

အရှင်ယသ၏ အဖော်သဟဲ ဇနပုဒ်နေ ရှေးရှေး ကုလပုတ္တ ငါးကျိပ်တို့သည် ယသသတို့သား ရဟန်းပြုသည်ဟု ကြား၍ ရောက်လာကုန်၏။ ဘုရားရှင်ထံ လိုက်ပို့၍ တရားနာကြရသဖြင့် သောတာပန် တည်၍ ဧဟိဘိက္ခု ရဟန်းဖြစ်၍ မကြာမီရဟန္တာ ဖြစ်ကုန်၏။ ထိုအခါ လောက၌ ရဟန္တာတို့သည် ခြောက်ကျိပ်တပါး ဖြစ်ကုန်၏။

[ထာ ... ယခင် ခြောက်ပါး၊ ယခု ငါးကျိပ်ငါးပါး အားဖြင့် ဝါတွင်း၌သာ ခြောက်ကျိပ်တပါးသော လူရဟန္တာ တို့သည် ဖြစ်ကုန်၏။ ငါးကျိပ်ငါးပါး၏ ရှေးကောင်းမှုကား ရှေးအတိတ်၌ လူပေါင်းငါးကျိပ် ငါးယောက်တို့သည် အသင်းဖွဲ့၍ ကောင်းမှုပြုလျက် အားကိုးရာမဲ့ သူသေတို့ကို သုတ်သင်ကုန်၏။ တနေ့၌ ကိုယ်ဝန်ဆောင် မိန်းမသေကို သုသာန်သို့ပို၍ မီးသင်္ဂြိုဟ်ရန် ငါးယောက်ထားခဲ့၍ ပြန်ကုန်၏။ ယသလောင်း သူငယ်သည် ထိုအလောင်းကို ထိုးဆွလှန်လှော၍ မီးရှို့စဉ် အသုဘ သညာကိုရ၏။ ကြွင်း လေးယောက်တို့အားလည်း “အသုစိ ပဋိကုလ” မစင်မကြယ် စက်ဆုပ်ဖွယ်ဟု မြင်အောင်ပြ၏။ ထို လေးယောက်လည်း အသုဘသညာကိုရကုန်၏။
ရွာသို့ပြန်ရောက်သောအခါ အဖော်ငါးကျိပ် တို့အားလည်း ပြောပြကုန်၏။ ယသသူငယ်ကား အိမ်၌ မိခင်ဖခင်နှင့် မယားအားလည်း ပြောပြ၏။ ထိုသူအားလုံးလည်း အသုဘဘာဝနာကို ပွားကုန်၏။ ဤကား ထိုသူတို့၏ ရှေးကောင်းမှုတည်း။ ထို့ကြောင့် အရှင်ယသအား ကချေသည်တို့၌ သုသာန်သညာသာ ဖြစ်လေ၏။ ထို ဥပနိဿယသမ္ပတ္တိကြောင့် အားလုံး တရားထူး ရကုန်၏။]

(ဇီဋီ ... ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့ကို ဝါဆိုလပြည့်ကျော် ငါးရက်နေ့ (အနတ္တလက္ခဏသုတ်ဖြင့်) ရဟန္တာဖြစ်စေ၍ ခုနစ်ရက်နေ့၌ နာလက မထေရ်အား နာလကပဋိပဒါဟော၍ တော်သလင်းလပြည့်နေ့၌ ယသ၏ ဣန္ဒြေရင့်ခြင်းကိုသိ၍ စောင့်ဆိုင်းလျက် ဗာရာဏသီ၌ နေတော်မူ၏။ သဌေးကြီးသည် သားကို ရှေးဦးစွာ မြင်လျှင် သောတာပန်တည်မည် မဟုတ်၊ သားလည်း ရဟန္တာဖြစ်မည် မဟုတ်။ ထို့ကြောင့် တန်ခိုးဖြင့် ကွယ်ဝှက်တော်မူသည်။ ယသရဟန္တာဖြစ်ပြီးမှ ဧဟိဘိက္ခု ခေါ်ခြင်းကြောင့် ဧဟိဘိက္ခု သွာက္ခာတော ဓမ္မော၊ စရဗြဟ္မစရိယံ ဟုမိန့်ဆိုသည်။ “သမ္မာဒုက္ခဿ အန္တကိရိယာယ”ဟု မိန့်တော်မမူ။ ယသ ရဟန်းပြု၍ သောကဖြစ်ကြသောကြောင့် နေအိမ်၌ သောကငြိမ်းနှင့်အောင် ဆွမ်းမစားမီ ဘုရားရှင် တရား ဟောသည်။)

အနုပုဗ္ဗိကထာ

သာဋီ ... ယသသတို့သား ဥဒါန်းကျူးခြင်းသည် မိမိပရိသတ်ကို အာမကသုသာန်အသွင် မြင်၍ သံဝေဂ စွမ်းဖြင့် ဖြစ်သော စကားကို မြွက်ဆိုခြင်းဖြစ်၏။ (မဟာကုသိုလ်ဩတ္တပ္ပနှင့် ဉာဏ်သည် ဤ၌ သံဝေဂ မည်၏။) အနုပုဗ္ဗိကထာ = အစဉ်အတိုင်းတရားစကားဟူသည်ကား ဒါနဟူသည် ချမ်းသာကြောင်း ဖြစ်၏။ မျက်မှောက် တမလွန် အားကိုးရာဖြစ်၏။ စည်းစိမ်အားလုံးကိုပေး၏။ ပါရမီဉာဏ်၊ အဘိသမ္ဗောဓိ ဉာဏ်ကို ပေး၏ စသည်ဖြင့် ဒါနကထာကို ရှေးဦးစွာဟော၏။

ထိုအခြားမဲ့၌ ဒါနရှင်သည် အကျိုးလိုလား၍ မိမိပစ္စည်းကို သူတပါးအားပေးလှူသည်။ သူတပါးပစ္စည်းကို ယူသည်မဟုတ်၊ ထို့ကြောင့် ဒါနပြုသူ သီလ မခဲယဉ်း၊ သီလသည် မှီရာတည်ရာဖြစ်၏။ သီလရှိသူကို နတ်လူတို့ ဖူးမြင်၍ မရောင့်ရဲနိုင် စသည်ဖြင့် သီလကထာကို ဟော၏။

ထို့နောက် ဤသီလကြောင့် ရသော နတ်စည်းစိမ်သည် လွန်စွာနှစ်သက်ဖွယ်ရှိ၏။ စာတုမဟာရာဇ်နတ် တို့ပင် အနှစ်ကိုးသန်းတိုင် နတ်စည်းစိမ် မငြီးနိုင်ကြ စသည်ဖြင့် သဂ္ဂကထာကို ခံတွင်းမဆန့် ဟော၏။

ဤသို့ သဂ္ဂကထာဖြင့် ဖြားယောင်း၍ “ဆင်ကို တန်ဆာဆင်ပြီး နှာမောင်းဖြတ်သကဲ့သို့” ဤ နတ်စည်းစိမ်သည်လည်း အနိစ္စ၊ အဒ္ဓုဝဖြစ်သည်၊ တွယ်တာစရာ မကောင်း၊ သာယာဖွယ်နည်း၍ အပြစ် များလှ၏ စသည်ဖြင့် ကာမာနံအာဒီနဝကို ဩကာရကို သံကိလေသကို ဟော၏။ ဤသို့ကား ကာမအပြစ် ထိတ်လန့်ဖွယ်ပြ၍ ကာမတို့မှထွက်ခွာသော နေက္ခမ္မသည် ကျဉ်းမြောင်းခြင်းမရှိ၊ ပူပန်နှိပ်စက်ခြင်းမရှိ စသည်ဖြင့် နေက္ခမ္မအာနိသင်ကိုပြ၏။ ရှင်ရဟန်းအဖြစ်၌ ဈာန်စသည်တို့၌ ဂုဏ်ကျေးဇူးကို ချီးမွမ်းကာပြ၏။

သဂ္ဂကထာ၏အခြားမဲ့၌ မဂ္ဂကထာကိုလည်း မဟာကြားအပ်၏။ သားကိုမမြင်အောင် တန်ခိုးပြုရခြင်းကား နှစ်ဦးလုံး ရထိုက်သော တရားထူး၏ အန္တယ်ကို တားလို၍ပြုသည်။ ယသသည် သောတာပန် တည်ပြီး သော်လည်း “သင့်မိခင်အား အသက်ပေးပါ”ဟု တောင်းပန်လျှင် ပျံ့လွှင့်၍ ရဟန္တာမဖြစ်နိုင်ရာ။

(ဝိဋီ ... ယသရဟန္တာ ဖြစ်ပြီးသောကြောင့် ဧဟိဘိက္ခု သွာက္ခာတော ဓမ္မော၊ စရဗြဟ္မစရိယံမျှဖြင့် ရဟန်း အဖြစ်ကိုပေးသည်။ ရဟန္တာတို့အား ဤမျှဖြင့် ရဟန်းအဖြစ်ကို ခွင့်ပြုသည်။ ဒုက္ခကုန်ပြီး ဖြစ်သောကြောင့် တည်း။ စရဗြဟ္မစရိယံဟူသည် သာသနဗြဟ္မစရိယ ဟူသော သိက္ခာပဒကို ဖြည့်ကျင့်ခြင်းကို ရည်ဆိုသည်။ မဂ္ဂဗြဟ္မစရိယကို မရည်ဆို။)

မာရကထာ

လောက၌ ရဟန္တာ ခြောက်ကျိပ်တပါး ဖြစ်သောအခါ မြတ်စွာဘုရားသည် ထို ရဟန်းတို့ကို ချစ်သား .... ငါဘုရားသည် နတ်လူတို့၌ဖြစ်သော ကျော့ကွင်းအားလုံးတို့မှ လွတ်ပြီ၊ သင်တို့လည်း လွတ်ကုန်ပြီ။ ချစ်သားတို့ - များစွာသော နတ်လူတို့၏ စီးပွားချမ်းသာအလို့ငှာ စောင့်ရှောက်သောအားဖြင့် ဒေသစာရီ လှည့်လည်ကြလော၊ တခုသော ခရီး၌ နှစ်ပါးသွားကြလင့်၊ အစ အလယ် အဆုံး ကောင်းသောတရား အနက်သဒ္ဒါ ပြည့်စုံသောတရားကို ဟောကြလော၊ ပြည့်စုံ၍စင်ကြယ်သော ဗြဟ္မစရိယကို ပြကြလော၊ ကိလေသာ နည်းသောသူတို့သည် တရားမနာရလျှင် ဆုတ်ယုတ်ကုန်လတ္တံ့၊ နာရလျှင်သိနိုင်ကုန်လတ္တံ့။

ချစ်သားတို့ - ငါဘုရားသည်လည်း ဥရုဝေလတော သေနာနိဂုံးသို့ တရားဟောခြင်းငှာ (ဝါ-ရှင်တထောင် ချွတ်ရန်) သွားပေအံ့ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် ချဉ်းကပ်၍ ဗန္ဓောသိ သဗ္ဗပါသေဟိ စသောဂါထာဖြင့် ရဟန်းကြီး-သင့်ကို နတ်လူတို့၏ ပူဇော်သက္ကာရ ကျော့ကွင်းဖြင့် ကြီးစွာ ငါဖွဲ့လိုက်ပြီ။ ငါ၏လက်မှ သင်မလွတ်ဟုဆို၏။ မာရ်နတ် - ငါကား ကျော့ကွင်း အနှောင်အဖွဲ့အားလုံးမှ လွတ်ပြီ။ သင်ရှုံးပြီဟု မုတ္တောဟံသဗ္ဗပါသေဟိ ဂါထာဖြင့် ပြန်ဆို၏။

ရဟန်းကြီး - ဈာန်အဘိညာရ မြေလျှိုးမိုးပျံသူကိုပင် ဖွဲ့နိုင်သော စိတ်၌ဖြစ်သော ရာဂကျော့ကွင်းဖြင့် နှိပ်စက်မည်၊ ငါ၏ လက်မှ သင်မလွတ်ဟု ဂါထာဖြင့်ဆိုပြန်သော်၊ မာရ်နတ် - ရူပါရုံစသော ကာမဂုဏ်ငါးပါး၌ တွယ်တာသော ဆန္ဒရာဂသည် ငါမှကင်းကွာပြီ၊ သင် ရှုံးပြီဟု ဂါထာဖြင့်ပြန်ဆို၏။ ထိုအခါ မာရ်နတ်သည် ငါ့ကိုဘုရားရှင် သိသည်ဟု ကိုယ်စိတ်ဆင်းရဲခြင်းဖြင့် ကွယ်ပျောက်လေ၏။ ။ မာရကထာ ပြီး၏။

[ထာ ... မြတ်စွာဘုရားသည် တန်ဆောင်မုန်းလပြည့်ထိ ဗာရာဏသီ၌ နေ၍ တနေ့၌ ထိုရဟန္တာ ခြောက်ကျိပ်တို့ကို တရားဟောစေလွှတ်ရန် မိန့်တော်မူသည်။ နတ်အာရုံ လူအာရုံတို့၌ တွယ်တာ ကပ်ငြိသောကြောင့် ရာဂသည် ကျော့ကွင်းမည်၏။ မိုးပျံသူ၏စိတ်ကိုပင် ဖွဲ့သောကြောင့် ကောင်းကင်သွား ကျော့ကွင်းလည်း မည်၏။]

(သာဋီ ... ယခုအခါ သရဏဂုံရဟန်းအဖြစ်ကို ပြအံ့သောငှာ အထခေါ ဘဂဝါ-စသည်ကို ရှင်ဥပါလိသည် ပဌမသင်္ဂါယနာ၌ အားထုတ်အပ်ပြီ။ ကမ္ဘာဦးစစ်သားတို့၏ နေရာ၌ တည်သောရွာ ဖြစ်သောကြောင့် သေနာနိဂုံး မည်၏။ တနည်း - သုဇာတာ၏ဖခင်သည် သေနာနိ မည်၏။ ထိုသူ၏ရွာဖြစ်သောကြောင့် သေနာနိရွာ မည်၏။ ထိုအရပ်သို့ ရှင်တထောင် ချွတ်ခြင်းငှာ ငါဘုရားကြွပေအံ့ဟူလို။ ရဟန်းကြီး ဂေါတမသည် စစ်ပွဲကြီး ဆင်သကဲ့သို့ ရဟန်းခြောက်ကျိပ်တို့ကို တရားဟောစေလွှတ်၏။ သူတဦးတည်း ဟောရာ၌ပင် ငါအား စိတ်မသက်သာ၊ အများဟောရာ၌ အဘယ်မှာ သက်သာနိုင်တော့အံ့နည်း၊ တားမြစ်ဦးအံ့ ဟုကြံ၍ မာရ်နတ်ချဉ်းကပ်၏။)

သရဏဂုံရဟန်း

ထိုတရား ဟောစေလွှတ်ပြီးသောအခါ ရဟန်းတို့သည် ထိုထို အရပ်ဇနပုဒ်တို့မှ ရှင်လောင်းရဟန်းတို့ကို ရှင်ရဟန်း ပြုပေးရန် ဆောင်လာကြသဖြင့် အားလုံး ပင်ပန်းကုန်၏။ ဘုရားရှင်အားလည်း ဆိတ်ငြိမ်ရာ ချဉ်းကပ်စဉ် ရဟန်းတို့အား ထိုထိုအရပ်၌ပင် ရှင်ရဟန်းပြုပေးကြလောဟု ခွင့်ပြုရမူ ကောင်းလေစွဟု အကြံဖြစ်၏။ ညချမ်းအခါ ဆိတ် ငြိမ်ရာမှထ၍ တရားဟောပြီးလျှင်။

ချစ်သားတို့-ယခုအခါ သင်တို့သည်သာလျှင် ထိုထိုအရပ်၌ ရှင်ပြုပေးကြလော၊ ရဟန်းပြုပေးကြလော၊ ငါဘုရား ခွင့်ပြု၏။ ချစ်သားတို့ ပြုပေးပုံကား ရှေးဦးစွာ ဆံမုတ်ဆိတ်ပယ်စေ၍ ဖန်ရည် စွန်းသော သင်္ကန်းတို့ကို ဝတ်စေ၍၊ လက်ဝဲတဘက်ပခုံးထက်၌ ကိုယ်ရုံ စမ္ပယ်တင်စေ၍၊ ရဟန်းတို့၏ ခြေတို့ကို ရှိခိုးစေ၍၊ ဆောင့်ကြောင့်ထိုင်စေ၍၊ လက်အုပ်ချီစေ၍၊ ဧဝံဝ ဒေဟိ ဤသို့ဆိုလောဟုဆို၍၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ...လ... တတိယမ္ပိ ...လ... ဂစ္ဆာမိဟု ဆိုအပ်၏။ ချစ်သားတို့ - ဤသရဏဂုံ သုံးပါးဖြင့် ရှင်အဖြစ်ကိုလည်းကောင်း၊ ရဟန်းအဖြစ်ကိုလည်းကောင်း ငါဘုရား ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ။ သရဏဂုံဖြင့် ရဟန်းပြုခန်း ပြီး၏။

ပဗ္ဗဇ္ဇာဝိနိစ္ဆယ

ထာ ... နောက်၌ ပယ်လတ္တံ့သော ပဗ္ဗဇ္ဇာဒေါသမှ ကင်း၍ ခွင့်ပြုလတ္တံ့သော မိဘတို့ခွင့်လွှတ်သူကို ရှင်ပြုပေးလိုသော ရဟန်းသည် ဆံမရိတ်ရသေးသူဖြစ်လျှင် သိမ်တူရှိရဟန်းတို့ကိုလည်း ဆံရိတ်ခြင်းငှာ ဘဏ္ဍုကမ္မပန်ကြားရသည်။ ဆံရိတ်ပန်ကြားပုံ နောက်ဆိုလတ္တံ့။ အခွင့်သာလျှင် ကိုယ်တိုင်ဆံရိတ်ခြင်း စသည်ဖြင့် ရှင်ပြုပေးရသည်။ ပါဠိသင်ပေးခြင်း စသည်ဖြင့် ကိစ္စများလျှင် ရဟန်းငယ်တဦးကို ဤသူကို ရှင်ပြုပေးလောဟု စေခိုင်းအပ်၏။ မစေခိုင်းသော်လည်း ဥပဇ္ဈာယ်ကို ရည်စူး၍ ရဟန်းငယ်က ရှင်ပြုပေးအံ့ အပ်၏။
ရဟန်းငယ်မရှိလျှင် သာမဏေကိုသော်လည်း ဤသူကို ခဏ္ဍသိမ်ငယ်သို့ဆောင်၍ ရှင်ပြု၍ (ဝါ-ခေါင်းရိတ်၍) သင်္ကန်းတို့ကို ဝတ်ပေး၍ လာလော-ဟု စေခိုင်းအပ်၏။ သရဏဂုံတို့ကိုကား ကိုယ်တိုင်ပေးရသည်။ ဤသို့ပြုလျှင် ရဟန်းသည်သာ ရှင်ပြုပေးသည် မည်၏။
ယောက်ျားကို ဘိက္ခုမှ တပါးသောသူသည် (သရဏဂုံပေး၍) ရှင်ပြုပေးခြင်းငှာ မရ။ မာတုဂါမကို ဘိက္ခုနီမှ တပါးသောသူသည် ရှင်ပြုပေးခြင်းငှာမရ။ သာမဏေယောကျ်ား သာမဏေမိန်းမတို့ကား စေခိုင်းခြင်းဖြင့် သင်္ကန်း ဝတ်ပေးခြင်းငှာ ရကုန်၏။ ခေါင်းရိတ်ခြင်းကို မည်သူမဆိုပြုလျှင် အပြစ်မရှိ။ (ရဟန်း စေခိုင်းခြင်းဖြင့် လူသာမဏေတို့ သရဏဂုံပေးသော်လည်း ရှင်သာမဏေမဖြစ်) (ဤမျှဖြင့် ရှင်ပြုခြင်းဟူသည် ခေါင်းရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်း၊ သရဏဂုံပေးခြင်းဟု သုံးမျိုးသိအပ်၏။ ရဟန်းသည် သုံးမျိုးလုံးပြုနိုင်သည်။ ရဟန်းက စေခိုင်းလျှင် သင်္ကန်း ဝတ်ပေးခြင်းသာ ပြုနိုင်သည်။ ခေါင်းရိတ်ခြင်းကို မည်သူမဆို ပြုနိုင်သည်။)

မဂ်ဖိုလ်ရထိုက်သော ပါရမီရှိသူ၊ ထင်ရှားသူ၊ အခြံအရံများသူ အမျိုးကောင်းသားဖြစ်မူ အခွင့်ရအောင် ကိုယ်တိုင် ခေါင်းရိတ်ပေးရသည်၊ “မြေညက်ဆုပ် (ဆပ်ပြာခဲ) ကိုယူ၍ ရေချိုး၍ ဆံပင်ရေဆွတ်၍ လာခဲ့လော” ဟု မလွှတ်လိုက်ရ။ အပြစ်ကား ရှေးဦးစွာ ထက်သန်သော်လည်း သင်္ကန်း၊ သင်ဓုန်းတို့ကိုမြင်လျှင် လန့်၍ ထွက်ပြေးတတ်ကုန်၏။ ထို့ကြောင့် ကိုယ်တိုင် ရေချိုးရာသို့ဆောင်၍ မငယ်လွန်းလျှင် ရေချိုးလောဟု ဆိုရသည်။ ဆံပင်ကို ကိုယ်တိုင် မြေညက်ဆုပ်ဖြင့် ပွတ်ပေးရသည်။ ငယ်သောသတိုးသား ဖြစ်လျှင် ကိုယ်တိုင် ရေသို့သက်ဆင်း၍ ဆပ်ပြာပွတ်၍ ရေချိုးပေးရသည်။ ဝဲနာ အိုင်းနာရှိလျှင် မိခင်ပမာ မရွံမရှာ လက် ခြေ ဦးခေါင်း တို့ကို ပွတ်၍ ကောင်းစွာရေချိုးပေးရသည်။

အကျိုးကား = ဤမျှသော ကျေးဇူးပြုခြင်းဖြင့် ဆရာဥပဇ္ဈာယ်တို့၌ လည်းကောင်း၊ သာသနာတော်၌ လည်းကောင်း၊ ချစ်ကြောက်ရိုသေသဖြင့် မဆုတ်မနစ် နေနိုင်ကုန်၏။ ပျင်းရိခြင်းကို ပယ်ဖျောက်၍ မထေရ်ကြီးအဖြစ်သို့ ရောက်နိုင်ကုန်၏။ ပြုဖူးသောကျေးဇူးကို အမျိုးကောင်းသားတို့သည် သိတတ်ကုန်၏။ ဤသို့ ရေချိုးပေး၊ ဆံရိတ်ပေးသောအခါ သင်ကား ပြည့်စုံ၍ ထင်ရှား၏။ သင့်ကိုမှီ၍ ငါတို့ပစ္စည်းလေးပါးဖြင့် ချမ်းသာကုန်အံ့ဟု မဆိုရ။ ဝဋ်မှထွက်မြောက်ကြောင်း မဟုတ်သော စကားတို့ကို မဆိုရ။ ငါ့ရှင်၊ စိတ်ခိုင်ခိုင်ထား၊ သတိမလွတ်စေလင့်ဟုဆို၍ တစပဉ္စက ကမ္မဋ္ဌာန်းကို အဆင်း၊ သဏ္ဍာန၊ အနံ့၊ မှီရာ၊ တည်ရာ အားဖြင့် စက်ဆုပ်ရွံရှာဖွယ်ကို လည်းကောင်း၊ သတ္တ၊ ဇီဝ မဟုတ်သည်အဖြစ်ကိုလည်းကောင်း ထင်အောင် ပြောပြရသည်။

အကျိုးကား = ရှေး၌ သင်္ခါရသုံးသပ်၍ ဝိပဿနာ လေ့လာဖူးသူဖြစ်လျှင် နေရောင်လင့်သော ကြာကဲ့သို့ နှလုံးသွင်းကာမျှ၌ ကိလေသာ ဖြိုဖျက်နိုင်သောဉာဏ်ဖြင့် သင်ဓုန်းအဆုံးတွင် ရဟန္တာဖြစ်နိုင်၏။ သင်ဓုန်း အဆုံး ရဟန္တာဖြစ်ကြသော အမျိုးသားတို့သည် ဤသို့ကြားနာရ ကလျာဏမိတ္တ ဆရာကောင်းကို အမှီရ၍သာ ဖြစ်ကုန်၏။ ထို့ကြောင့် ရှေးဦးစွာ တရားစကားတို့ကို ဟောကြားရသည်။

ဆံရိတ်ပြီးသောအခါ နနွင်းမှုန့်၊ နံသာမှုန့်တို့ဖြင့် ဦးခေါင်းကို ကိုယ်တိုင် ပွတ်တိုက်၍ အနံပယ်၍ သုံးကြိမ် ဖြစ်စေ နှစ်ကြိမ်ဖြစ်စေ တကြိမ်ဖြစ်စေ တောင်းစေရသည်။ ရှင်လောင်း၏လက်သို့ သင်္ကန်းမပေးပဲ သော်လည်း ဆရာဥပဇ္ဈာယ်ကိုယ်တိုင် ဝတ်ပေးအံ့၊ တပါးသောရဟန်း သာမဏေ ဥပါသကာတို့ကို ဤသင်္ကန်းယူ၍ ဝတ်ပေးလိုက်လောဟု စေခိုင်းအံ့၊ ထိုရှင်လောင်းကိုပင် ဤသင်္ကန်းယူ၍ ဝတ်လောဟု စေခိုင်းအံ့၊ အားလုံး ရဟန်းပေးသင်္ကန်းဖြစ်၍ အပြစ်မရှိ။ (မစေခိုင်းပဲဝတ်ရုံခဲ့လျှင် ပယ်၍ တဖန်ပေးရသည်။)

ရှင်လောင်း၏ သင်္ကန်းဖြစ်စေကာမူ ရဟန်းကိုယ်တိုင် ဖြစ်စေ၊ စေခိုင်း၍ဖြစ်စေ၊ ပေးသောသင်္ကန်းဖြစ်မှ အပ်သည်။ ရှင်သာမဏေဖြစ်သည်။ မပေးလျှင် ရှင်သာမဏေမဖြစ်၊ မပြုအပ်။ ဆရာ၏သင်္ကန်း ဖြစ်၍မပေးမူ ဆိုဖွယ်မရှိ၊ ရှင်သာမဏေ မဖြစ်သည်သာတည်း။ ။ ဤကား ဆံရိတ်ခြင်းစသော အဆုံးအဖြတ်တည်း။

သရဏံဂုံဆိုပုံ

ထို့နောက် ထိုနေရာ၌ရောက်လာသော ရဟန်းတို့၏ ခြေကို ရှေးရှု၍ ရှိခိုးစေ၍ သရဏဂုံယူရန် ဆောင့်ကြောင့် ထိုင်စေ လက်အုပ်ချီစေ၍ ဧဝံဝဒေဟိ ... ဤသို့ဆိုလောဟူ၍လည်းကောင်း၊ ယမဟံ ဝဒါမိ တံဝဒေဟိ -ငါဆိုသည်ကိုဆိုလေ ဟူ၍လည်းကောင်း ဆိုပြီးလျှင် ဥပဇ္ဈယ်ကဖြစ်စေ၊ အာစရိယကဖြစ်စေ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဖြင့် အစဉ် အတိုင်း သရဏဂုံပေးရသည်။ အစဉ်ချွတ်အံ့၊ ပုဒ်အက္ခရာ တလုံးတလေ ချွတ်အံ့၊ မအပ်၊ နောက်၌ ခွင့်ပြုသော ကမ္မဝါစာဖြင့် ရဟန်းပြုခြင်းလည် ဧကတောသုဒ္ဓိဖြင့်အပ်၏။ ရှင်ပြုခြင်းကား ဥဘတောသုဒ္ဓိ ဖြစ်မှအပ်သည်။

ထို့ကြောင့် ရဟန်းပြုရာ၌ ကမ္မဝါစာဆရာသည် ကမ္မဝါစာကို ပြည့်စုံအောင် ဖတ်လျှင် ကံမြောက်သည်။ ရှင်သာမဏေပြုရာ၌ကား သရဏဂုံသုံးပါးကို ဗု-အက္ခရာ၊ ဓ-အက္ခရာစသည်တို့၏ ဌာန်ကရိုဏ်းပြည့်စုံစွာ ဆရာတပည့် နှစ်ဦးလုံး ဆိုရသည်။ ဆရာဆိုနိုင်၍ တပည့်မဆိုနိုင်၊ တပည့်ဆိုနိုင်၍ (သွားကျိုးခြင်း စသည်ကြောင့်) ဆရာမဆိုနိုင်၊ နှစ်ဦးလုံးမဆိုနိုင်လျှင် မအပ်။ နှစ်ဦးလုံးဆိုနိုင်မှ အပ်သည်။

ဤသရဏဂုံတို့ကို ပေးသောဆရာသည် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဟု ဧကသမ္ဗန္ဓ၊ အနုနာသိကန္တပြု၍ (ဝါ-ဒ္ဓသံ၊ နိဂ္ဂဟိတ်သံ မပြတ်အောင် ဒ္ဓ ၏မှီရာ အ-သရ၌ နိဂ္ဂဟိတ်လည်း မှီသောကြောင့် တသံစီ မဖြစ်အောင်၊ နှာသံလည်း အဆုံး၌ ထင်အောင်ပြု၍) ပေးရသည်။

တနည်း - ဗုဒ္ဓမ်သရဏမ် ဂစ္ဆာမိ-ဟုဖြတ်၍ မကာရန္တပြု၍ (ဝါ-ဒ္ဓသံ၊ မသတ်သံ ပြတ်သားအောင်၊ ဒ္ဓ ၏မှီရာ အသရ၌ မ်-မမှီသောကြောင့် တသံစီ ထင်ရှားအောင်၊ မသံလည်း အဆုံး၌ထင်အောင်ပြု၍) ပေးရသည်။

အန္ဓကဋ္ဌကထာ၌ကား - အဟံဘန္တေ ဗုဒ္ဓရက္ခိတော ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဟု အမည်ထည့်၍ ဆိုရသည်ဟုဆို၏။ ပါဠိအဋ္ဌကထာတို့၌ မဆိုသောကြောင့် အမည်မထည့်သော်လည်း သရဏဂုံမပျက်။ ဤသို့သုံးကြိမ် ဥဘတောသုဒ္ဓိ သရဏဂုံသုံးပါးဖြင့် ရှင်အဖြစ်ကို လည်းကောင်း၊ ရဟန်းအဖြစ်ကို လည်းကောင်း၊ ရှေးဦးစွာ ခွင့်ပြု၏။ နောက်၌ ရဟန်းအဖြစ်ကိုပယ်၍ ရှင်သာမဏေအဖြစ်ကိုသာ ဤအတိုင်း ထပ်မံ၍ ခွင့်ပြုတော်မူ၏။ ထို့ကြောင့် ယခုအခါ သရဏဂုံဖြင့်ရဟန်းမဖြစ်၊ ရှင်သာမဏေသာ ဖြစ်သည်။

ဤသို့ သာမဏေဘုံ၌ တည်သောသူသည် ဉာဏ်ထက်သူဖြစ်လျှင် ထိုနေရာ၌ပင် ပါဏာတိပါတာ ဝေရမဏိ။ ....လ...။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ-ဟု သိက္ခာပုဒ်တို့ကို ရွတ်ဆိုအပ်၏။

အန္ဓကအဋ္ဌကထာ၌ - အဟံဘန္တေ ဣတ္ထန္နာမော ယာဝဇီဝံ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ဟု ပါဠိအဋ္ဌကထာတို့၌ မရှိသည်ကို ဆို၏။

ပါဠိတော်ရှိတိုင်း ရွတ်ဆိုအပ်၏။ ရှင်သာမဏေအဖြစ်ဟူသည် သရဏဂုံဖြင့်သာ ပြီး၏။ သိက္ခာပုဒ်တို့ကို ဖြည့်ကျင့်နိုင်ခြင်းငှာသာ သိအပ်၏။ ထို့ကြောင့် ပါဠိတော်နည်းဖြင့် မသင်ယူနိုင်သူအား အနက်အဓိပ္ပါယ်ကို အမှတ်မရှိ ဘာသာစကားဖြင့် ပြောကြားခြင်းငှာလည်း အပ်၏။ သိက္ခာပုဒ် နားမလည်သေး။ သင်္ဃာဋိပတ္တစီဝရ-ဓာရဏ = သပိတ်သင်္ကန်း ကိုင်ဆောင်ပုံ နေထိုင်စားသောက်ပုံ မလိမ္မာသေးသမျှ ဆွမ်းစားကျောင်း စာရေးတံ ယူရာစသည်တို့ကို မစေလွှတ်အပ်။ သတို့သားငယ်တို့ကဲ့သို့ အနီး၌နေစေ၍ စောင့်ရှောက်ရသည်။ အပ်မအပ် အလုံးစုံ ပြောပြရသည်။

ဝတ်ခြင်း ရုံခြင်း စသော အာဘိသမာစာရိကသီလတို့၌ သေခိယခန္ဓကဝတ်၌ လာတိုင်း ဆုံးမရသည်။ ထို ရှင်သာမဏေသည်လည်း လိင်ဆယ်ပါးတို့ကို ဝေးစွာ ရှောင်၍ အာဘိသမာစာရိက ကျင့်ဝတ်ကို ဖြည့်ကျင့်သဖြင့် ဆယ်ပါးသီလ၌ ကောင်းစွာကျင့်ရသည်။ ။ ပဗ္ဗဇ္ဇာဝိနိစ္ဆယ ပြီး၏။

ပါစိတျာဒိ ယောဇနာ၌ … ဗုဒ္ဓံ သရဏံ ဂစ္ဆာမိဟု နိဂ္ဂဟိတန္တ ရွတ်သောအခါ ဧကသမ္ဗန္ဓဖြစ်အောင် တဝါကျလုံး အစအဆုံး အသံ မပြတ်စေရ၊ တဆက်တည်း ဆိုရမည်။ နိဂ္ဂဟိတ်နေရာ၌ နှုတ်သီးပိတ်ဆိုရမည်။ ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမိ-ဟု မကာရန္တရွတ်သောအခါ ဝိစ္ဆိန္ဒိတဖြစ်အောင် ဗုဒ္ဓမ်-တဖြတ်၊ သရဏမ်-တဖြတ်၊ ဂစ္ဆာမိ-တဖြတ် သုံးကြိမ် ဖြတ်ဆိုရမည်။ မကာရန္တနေရာ၌ နှုတ်ခမ်းဖွင့်ဆိုရမည်။ ဤသို့မိန့်ဆို၏။ ထိုနည်းအတိုင်း အချို့ လေ့လာကုန်၏။ အဋ္ဌကထာ၌ နိဂ္ဂဟိတန္တ ဗုဒ္ဓံကို ဧကသမ္ဗန္ဓဖြစ်အောင်၊ မကာရန္တဗုဒ္ဓမ်ကို ဝိစ္ဆိန္ဒိတဖြစ်အောင် အက္ခရာ တလုံးတလုံးကိုသာ စိစစ်သည်။ ဝါကျတခုလုံးကို မစိစစ်ဟု ဆရာမြတ်တို့ မိန့်ဆိုကုန်၏။

သင်္ဃာဋိပတ္တစီဝ ဓာရဏဖြင့် ရှင်သာမဏေတို့အား သင်္ဃာဋိ-ဒုကုဋ် နှစ်ထပ်သင်္ကန်းအပ်ခြင်း ထင်ရှားသည်ဟု အချို့ဆိုကုန်၏။ ဆရာမြတ်တို့ကား သင်္ဃာဋိသဒ္ဒါသည် သင်္ကန်းဟူသမျှ အားလုံးကို ဟောနိုင်သည်။ ဣမံသင်္ဃာဋိံ အဓိဋ္ဌာမိ၌ ဒုကုဋ် နှစ်ထပ်သာ။ သင်္ဃာဋိံ ပါရုပိတွာ၌ ဒုကုဋ် ကိုယ်ရုံနှစ်ထည်၊ ပဉ္စာဟိကံ သင်္ဃာဋိစာရံ၌ ဘိက္ခုနီ၏ တိစီဝရိတ်၊ ရေသနုပ်၊ ရင်လွှမ်းတဘက်အားဖြင့် ငါးထည်ဟောသည်။ အရာ အားလျော်စွာ ယူရသည်။ ထို့ကြောင့် သာမဏေ၏ သင်္ဃာဋိကား ... သင်းပိုင်ကိုယ်ရုံဖြစ်သော စီဝရ နှစ်ထည်မျှ ယူရသည်ဟု မိန့်ဆိုကုန်၏။ သံဃာဋိနှင့်စီဝရ အနက်တူဖြစ်သည်။

ဇီဋီ ... ခဏ္ဍသိမ်ငယ်သို့ဆောင်၍ ဟူသည်ကို ဘဏ္ဍုကမ္မ (ဆံရိတ်) ပန်ကြားရာ၌ လွယ်ကူစိမ့်သောငှာ ဆိုသည်။ ထိုစကားဖြင့် ရဟန်းရှိသော ကျောင်း၌ သူတပါးကိုသော်လည်း ဤ ရှင်လောင်းအား ဆံရိတ်လောဟု ဆိုခြင်းငှာ မအပ်ဟု သိအပ်၏။ ဥပဇ္ဈာယ်သည် ဆံမုတ်ဆိတ်ရိတ်ခြင်း စသည်မပြုပဲ ရှင်ပြုပေးလို၍ သရဏဂုံပေးအံ့၊ ရှင်မဖြစ်။ ရဟန်းပြုပေးလို၍ ကမ္မဝါဖတ်အံ့၊ ရဟန်းဖြစ်၏။ ဤကား ဧကေဝါဒတည်း။ သရဏဂုံဖြင့် ရဟန်းအဖြစ် ရှင်အဖြစ်ခွင့်ပြုခြင်းကြောင့် အဝတ်မရှိသော နဂ္ဂသော်လည်း ရှင်ဖြစ်၏။ ရဟန်းဖြစ်၏။ ဤကား အာစရိယဝါဒတည်း။ နိဂ္ဂဟိတန္တ သရဏဂုံပေးရာ၌ ချွတ်ယွင်း၍ မကာရန္တ ရောခဲ့သော် ခေတ်၌ကျသောကြောင့် အပ်သည်ဟု ဥပတိဿမထေရ် မိန့်ဆို၏။ ရော၍ဆိုခြင်းငှာ အပ်၏။ ဆိုသောအခါ နိဂ္ဂဟိတန္တနေရာ၌ မပြတ်စေပဲ ဆိုအပ်၏ဟု ဓမ္မသီရိမထေရ် မိန့်ဆို၏။
(နိဂ္ဂဟိတန္တနေရာသည် အက္ခရာတလုံးပင်တည်း။ တဝါကျလုံး မဟုတ်။ ဝါဒတပါးကား လူကို ကမ္မဝါစာ မဖတ်အပ်။ သာမဏေဖြစ်သူကို ကမ္မဝါစာဖတ်မှ ရဟန်းဖြစ်သည်ဟူ၏။ သမ္ပတ္တိငါးပါး၌ ဝတ္ထုသမ္ပတ္တိကို သာမဏေဖြစ်သူဟု မဆို။ အဘဗ္ဗ၊ ပါရာဇိက၊ ဦနဝဿ ဆယ့်သုံးယောက်မှ လွတ်လျှင် ဝတ္ထုသမ္ပတ္တိဖြစ်၍ ရဟန်းဖြစ်နိုင်သည်ဟု ဆိုသည်။)

(သာဋီ ... ဆံရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်း၊ သရဏဂုံပေးခြင်း ဤသုံးမျိုးကို လည်းကောင်း၊ နှစ်မျိုးကို လည်းကောင်း ပြုသူကို ရှင်ပြုပေးသူဟု ဆိုအပ်၏။ တစပဉ္စက၌ ဆံပင်ဟူသည် အဆင်းအားဖြင့် လည်းကောင်း၊ သဏ္ဌာန်အားဖြင့် လည်းကောင်း၊ အနံ့အားဖြင့် လည်းကောင်း၊ မှီရာ အကြောင်းအားဖြင့် လည်းကောင်း၊ တည်ရာ အက္ခရာအားဖြင့် လည်းကောင်း၊ စက်ဆုပ်စရာ ရွံစရာဖြစ်၏။
စားသောက်ဖွယ်၌ ဆံပင်အဆင်း မြင်ရလျှင် ဆံပင်ရောသော အစာဟု စက်ဆုပ်ကုန်၏။ ညဉ့်အခါ စားသောက်စဉ် ဆံပင်သဏ္ဌာန်အမျှင် စမ်းသပ်မိလျှင်လည်း ထိုအတူ စက်ဆုပ်ကုန်၏။ မဖီးမလိမ်းသော ဆံပင် အနံ့၊ မီးလောင်သော ဆံပင်အနံ့တို့သည် လွန်စွာစက်ဆုပ်ဖွယ် ကောင်းကုန်၏။ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေးစသည်တို့ကို မှီရာအကြောင်းပြု၍ အကျိုးအဖြစ်ဖြင့် ဆံပင်ပေါက်သောကြောင့် မသန့်သော အရပ်၌ ပေါက်သော ဟင်းရွက်ပမာ စက်ဆုပ်စရာ ဖြစ်ကုန်၏။ သုံးဆယ့်တပါးသော ကောဋ္ဌာသကို တည်ရာ အရပ်ပြု၍ ဆံပင်ပေါက်သောကြောင့် မစင်ပုံအထက်ပေါက်သော မှိုပမာ စက်ဆုပ်စရာ ဖြစ်ကုန်၏။

သတ္တဇီဝ မဟုတ်ပုံကား၊ ဤဆံပင်သည် ဦးခေါင်းခွံကို ရစ်ပတ်သော သားရေ၌ ပေါက်၏။ တောင်ပို့ထိပ်၌ ပေါက်သော သမန်းမြက်သည် ငါတောင်ပို့ထိပ်၌ ပေါက်သည်ဟုမသိ၊ တောင်ပို့ကလည်း ငါ့ထိပ်၌ သမန်းမြက် ပေါက်သည်ဟုမသိ၊ အချင်းချင်း မသိတတ်သကဲ့သို့ ဆံပင်နှင့် ဦးခေါင်းသားရေလည်း အချင်းချင်းမသိတတ်။ ထို့ကြောင့် ဤဆံပင်သည် ဤကိုယ်၌ အသီးအခြားအဖို့ ကောဋ္ဌာသ တခုဖြစ်၏။ စိတ်မရှိ၊ ပုဂ္ဂိုလ် သတ္တဝါဟု မဆိုအပ်သော အဗျာကတဖြစ်၏။ ပုဂ္ဂိုလ်သတ္တဝါမှဆိတ်သော သုညဖြစ်၏။ သတ္တဝါမဟုတ်၊ အသက်အရှင် မဟုတ်၊ မာတင်းသော ပထဝီ ဓာတ်ဖြစ်၏။ ဤသို့စသည်ဖြင့် ထင်အောင်ပြောပြရသည်။
ဧကသမ္ဗန္ဓ ဟူသည်ကား အနုနာသိကန္တပြု၍ သရဏဂုံပေးသောအခါ အကြား၌ ပြတ်ခြင်း အန္တရာဝိစ္ဆေဒကို မပြုပဲပေးရသည်။ ဝိစ္ဆန္တိတကား မကာရန္တပြု၍ ပေးသောအခါပြတ်ခြင်း ဝိစ္ဆေဒကို ပြု၍ပေးရသည်။ (ဤ၌လည်း နိဂ္ဂဟိတန္တအက္ခရာ၊ မကာရန္တအက္ခရာကိုသာ စိစစ်သည်။ ဝါကျတခုလုံးကို မစိစစ်ဟု ဆရာမြတ်တို့ မိန့်ဆိုကုန်၏။)

(ဝိဇီ .... ဧဟိဘိက္ခုဖြစ်ခြင်းငှာ အကြောင်းဥပနိဿယ ကင်းသူတို့ကို ဘုရားရှင်တို့သည် ဧဟိဘိက္ခုရဟန်း ပြုမပေးကုန်။ ထို့ကြောင့် ထိုသူတို့အား ရဟန်းပြုပေးရန် အစီအရင်ကိုပြလို၍ သရဏဂုံဖြင့် ရှင်ရဟန်းပြု ပေးရန် အကြံဖြစ်သည်ဟု မှတ်အပ်၏။ ဆံရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်း၊ သရဏဂုံပေးခြင်း၊ ဤသုံးမျိုးသည် ရှင်ပြုခြင်းမည်၏။ ထိုတွင် နောက်နှစ်မျိုးကို ရဟန်းတို့သာ ပြုရသည်။ ပြုစေရသည်။ ရဟန်းငယ်ကိုစေ၍ ဤသူကို ရှင်ပြု ပေးလောဟုဆိုခြင်းသည် သုံးမျိုးလုံးကိုရည်၍ ဆိုခြင်းဖြစ်၏။ (ဤစကားဖြင့် ဆယ်ဝါမရသော ရဟန်းငယ်များ သရဏဂုံ မပေးအပ်ဟူသောဝါဒကို တားအပ်၏။)
တသိမ်တည်း၌ - တပါးသော ရဟန်းတို့ကို မပြန်ကြားပဲ ဤ ရှင်လောင်းကို ဆံရိတ်ပေးလောဟု စေခိုင်းခြင်းငှာ လည်း မအပ်။ သင်္ကန်း တောင်းရာ၌ သဗ္ဗဒုက္ခ နိဿရဏတ္ထာယ ဣမံကာသာဝံ ဂဟေတွာတိဝါ၊ တံကာသာဝံ ဒတွာတိဝါ ဝတွာ ပဗ္ဗာဇေထ မံဘန္တေ အနုကမ္မံ ဥပါဒါယ .... ဟု တောင်းခြင်း၊ ရှေးရှိသော သင်္ကန်းကို လက်ခံစေရသည်။ ဥပဇ္ဈာယ် ပေးသူသည် ဥပဇ္ဈာယ်ဆရာ မည်၏။ အာဘိသမာစာရိက ကျင့်ဝတ်တို့၌ ဆုံးမခြင်းငှာ အပ်နှံရာဆရာသည် အာစရိယမည်၏။ သူတပါး မအပ်နှံပဲ ကိုယ်တိုင်ဆုံးမလျှင် ဥပဇ္ဈာယ်သည်ပင် အာစရိယဖြစ်၏။ ရဟန်းခံရာ၌ ကိုယ်တိုင် ကမ္မဝါစာဖတ်လျှင် ဥပဇ္ဈာယ်သည်ပင် ကမ္မဝါစာဆရာ ဖြစ်သကဲ့သို့တည်း။ (ဤစကားဖြင့် ဥပဇ္ဈာယ်သည် ကမ္မဝါစာ မပြုအပ် ဟူသော ဝါဒကို တားအပ်၏။) အနုနာသိကန္တပြု၍ သရဏဂုံ ပေးသောအခါ အန္တရာဝိစ္ဆေဒကို မပြုအပ်။ ထို့ကြောင့် ဧကသမ္ဗန္ဓဟု ဆိုသည်။ (ဤ၌လည်း နိဂ္ဂဟိတန္တ အက္ခရာကိုသာ ဆိုသည်။ ဝါကျကို မဆို။) သေခိယ၊ ခန္ဓကဝတ်၊ တပါးသောလောကဝဇ္ဇ သိက္ခာပုဒ်တို့၌ သာမဏေတို့သည် ဖြည့်ကျင့်ရာ ရသည်။ မဖြည့်လျှင် အလဇ္ဇီဖြစ်၍ ဒဏ်ထိုက်ကုန်၏။)

ရှင်လောင်း ခေါင်းရိတ်သရဇ္ဈာယ်ရန်

(ဤကိုယ်၌ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ။ အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင် ဤငါးခုသည် အဆင်းအားဖြင့် လည်းကောင်း၊ သဏ္ဌာန်အားဖြင့် လည်းကောင်း၊ အနံ့အားဖြင့် လည်းကောင်း၊ မှီရာ အကြောင်းအားဖြင့် လည်းကောင်း၊ တည်ရာအရပ်အားဖြင့်လည်းကောင်း၊ စက်ဆုပ်ရွံစရာ ဖြစ်၏။ သတ္တဝါလည်းမဟုတ်၊ အသက်လည်းမဟုတ်၊ မာတင်းသော ပထဝီဓာတ် ဖြစ်၏။ ငါ့ကိုယ် ငါ့ဟာ ငါမဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ။

(ဤအတိုင်းဖြစ်စေ၊ ရှင်လောင်းဉာဏ် ချင့်ချိန်၍ဖြစ်စေ သင်ပေး၍ ဆံရိတ်စဉ် နှလုံးသွင်းစေအပ်၏။ သရဇ္ဈာယ်စေအပ်၏။)

ဘဒ္ဒဝဂ္ဂီဝတ္ထု

ထိုအခါ မြတ်စွာဘုရားသည် ဝါကျွတ်လတ်သော်၊ ရဟန်းတို့ကို ချစ်သားတို့၊ ငါဘုရားသည် သင့်သော နှလုံးသွင်းခြင်း၊ အားထုတ်ခြင်းကြောင့် အတုမရှိသော အရဟတ္တဖိုလ်ကိုရပြီ၊ မျက်မှောက် ပြုရပြီ၊ သင်တို့လည်း ထိုအတူ ရကြလော၊ မျက်မှောက်ပြုကြလော၊ (ဝါ- ရဟန္တာဖြစ်၍လည်း = အရဟတ္တ ဖလသမာပတ်ဖြင့် အချိန်ကုန်စေကြလော) ဟု မိန့်တော်မူ၏။

ထိုအခါ မာရ်နတ်သည် ချဉ်းကပ်၍ ရဟန်းကြီး၊ သင့်ကို လူနတ်တို့၌ဖြစ်သော ကိလေသာမာရ် ကျော့ကွင်းဖြင့် ကြီးစွာဖွဲ့အပ်ပြီ၊ ငါ၏ လက်မှ မလွတ်ဟုဆို၏။ မာရ်နတ် ငါသည် ထိုကျော့ကွင်းတို့မှ ကြီးစွာလွတ်ပြီ၊ သင်ရှုံးပြီ ဟုမိန့်ဆို၏။ ထိုအခါ ဘုရားရှင်သည် ငါ့ကိုသိသည်ဟု နှလုံးမသာမယာဖြစ်၍ မာရ်နတ်ကွယ်ပျောက်လေ၏။

မြတ်စွာဘုရားသည် ဗာရာဏသီ၌ မွေ့လျော်သလောက် (ဝါ-အလိုတော်အလျောက်) နေ၍ ဥရုဝေလ တောအုပ်သို့ကြွစဉ် သစ်တပင် အောက်၌ နေတော်မူ၏။ ထိုအခါ ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့သည် မယား ကိုယ်စီဖြင့် တောအုပ်၌လှည့်လည်ကုန်၏။ တယောက်ကား မယား မရှိ၍ ပြည့်တန်ဆာမ ဆောင်ခဲ့၏။ ထိုပြည့်တန်ဆာမသည် မင်းသားတို့ကိုမေ့လျော့ခိုက် ဘဏ္ဍာတို့ကိုယူ၍ ထွက်ပြေး၏။

အဖော်ကိစ္စကူညီကာ လိုက်ရှာလတ်သော် ဘုရားရှင်ကိုမြင်၍၊ အရှင်ဘုရား မိန်းမတယောက်ကို မြင်မိပါ သလောဟု လျှောက်ကုန်၏။ မင်းသားတို့-မိန်းမနှင့် အဘယ်သို့ဖြစ်ကြသနည်း။ အရှင်ဘုရား ထိုမိန်းမသည် ဘဏ္ဍာတို့ကို ယူပြေးသောကြောင့် လိုက်ရှာကြသဖြင့် ဤအရပ်သို့ ရောက်လာကြပါသည်ဘုရား။

မင်းသားတို့ ငါဆိုလတ္တံ့သောစကားကို အဘယ်သို့ မှတ်ထင်ကြသနည်း။ မိန်းမကို ရှာခြင်း၊ မိမိကိုယ်ကို ရှာခြင်းတို့တွင် အဘယ်သည် သင်တို့အား အကျိုးရှိမည်နည်း။ အရှင်ဘုရား မိမိကိုယ်ကို ရှာခြင်းသည်သာလျှင် အကျိုးရှိပါသည်ဘုရား။ မင်းသားတို့ ထိုသို့ဖြစ်လျှင် ထိုင်ကြလော၊ တရားဟောအံ့။ မြတ်စွာဘုရား ကောင်းပါပြီ ဟု ဝန်ခံ၍ ရှိခိုး၍ သင့်လျော်စွာ ထိုင်ကုန်၏။ ဒါနကထာ စသည်ကို အစဉ်အတိုင်း ဟော၍ သစ္စာလေးပါး ပြလတ်သော် ဓမ္မစက္ခုရ၍ (ဝါ-အောက်မဂ်သုံးပါးရ၍) ဧဟိဘိက္ခု ရဟန်းတို့ဖြစ်ကုန်၏။

(ထာ ... ဘဒ္ဒဝဂ္ဂီတို့သည် မင်းသားတို့ဖြစ်ကုန်၏။ ရုပ်ကောင်း စိတ်ကောင်းရှိ၍ အသင်းဖွဲ့ကာ လှည့်လည် သောကြောင့် ဘဒ္ဒ+ဝဂ္ဂီတို့ မည်ကုန်၏။ ဓမ္မစက္ခု ရခြင်းကား အချို့သောတာပန်၊ အချို့ သကဒါဂါမ်၊ အချို့ အနာဂါမ် ဖြစ်ခြင်းတည်း။ ဤ၌ အောက်မဂ်သုံးပါးသည် ဓမ္မစက္ခု မည်၏။ ထိုမင်းသားတို့သည် ဆက္ကနိပါတ် တုဏ္ဍိလဇာတ်၌ သေသောက်ကြူး သုံးကျိပ်ဖြစ်၍ ဝက်မင်းတရားနာရသဖြင့် ငါးပါးသီလ စောင့်ကုန်၏။ ဤကား ထိုသူတို့၏ တရားထူးရကြောင်း ကောင်းမှုတည်း။)

(သာဋီ ... ဘုရားရှင်တို့အား နေရာတခု၌နေစဉ် မပြည့်စုံ၍ ပျင်းရိခြင်း၊ ပြည့်စုံ၍ ကြာမြင့်စွာနေခြင်း ဟူသည်မရှိ။ သရဏဂုံသီလတို့၌ တည်သူ၊ ရှင်ရဟန်းပြုသူ၊ မဂ်ဖိုလ်ရထိုက်သူတို့ရှိရာအရပ်၌ ထိုသူတို့ကို ချီးမြှောက်လိုခြင်း သာ နေကုန်၏။ ထိုသူတို့ မရှိလျှင် ဖဲသွားကုန်၏။ (ဤကား ယထာဘိရန္တ မွေ့လျော်သလောက်၏ အဓိပ္ပါယ်တည်း။)

ရှင်တထောင်ဝတ္ထု

ဘဒ္ဒဝဂ္ဂီ ရဟန်းပြုပြီးသောအခါ မြတ်စွာဘုရားသည် ခရီးစဉ်အတိုင်း ရသေ့ကြီး သုံးဦးတို့နေသော ဥရုဝေလတော၌ ရသေ့ငါးရာတို့၏ အကြီးအမှူး ဥရုဝေလကဿပ ရသေ့ကြီးထံရောက်၍၊ ကဿပ သင်အား ဝန်မလေးလျှင် မီးတင်းကုပ်၌ တညဉ့်နေလို၏ ဟုဆို၏။ ရဟန်းကြီး ဝန်မလေးပါ၊ မီးတင်းကုပ်၌ နဂါးမင်းကြီး ရှိ၏။ သင့်ကို မနှိပ်စက်ပါစေနှင့်ဟု တား၏။ ဒုတိယအကြိမ်လည်း တား၏။ တတိယအကြိမ်လည်း တား၏။ ကဿပ ငါ့ကိုမနှိပ်စက်နိုင်၊ ခွင့်သာ ပြုလောဟုဆိုမှ ချမ်းသာသလိုနေပါဟု ခွင့်ပြုသဖြင့် မီးတင်းကုပ်သို့ဝင်၍ မြက်အခင်းကိုခင်း၍ ထိုင်တော်မူ၏။

နဂါးမင်းသည် မြင်လတ်သော် အမျက်ထွက်၍ အခိုးလွှတ်၏။ ဘုရားရှင်သည်လည်း နဂါးမင်း၏ အသားအရေကို မထိခိုက်စေပဲ တန်ခိုးဖြင့် အခိုး၊ မီးလျှံတို့ကိုလွှတ်၏။ မီးတင်းကုပ်တခုလုံး ထိန်ထိန် တောက်၏။ ရသေ့တို့သည် မီးတင်းကုပ်ကို ဝန်းရံ၍ ရဟန်းကြီးသည် အလွန်အဆင်း လှပပေစ္စ၊ နဂါးမင်း နှိပ်စက်တိုင်း ခံရရှာတော့အံ့ဟုဆို ကုန်၏။

နံနက်မိုးသောက်လတ်သော် နဂါးမင်းကို တန်ခိုးကုန်စေ၍ ပတ္တ-သပိတ်၌ထည့်၍ ဥရုဝေလကဿပအားပြ၏။ ဥရုဝေလကဿပသည် ရဟန်းကြီးကား တန်ခိုးကြီးပေစွ၊ နဂါးမင်းကိုသော်လည်း တန်ခိုးကုန်စေနိုင်သည်။ ငါကဲ့သို့ ရဟန္တာမဟုတ်သေးသည်သာဟု ကြံစည်လေ၏။

နေရဉ္စရာယံ ဘဂဝါ - စသော ရှည်လျားသော ဂါထာကြီး လေးဂါထာခွဲဖြင့် ထိုဆိုပြီးသော စကားတို့ကို သီကုံး ထားလေ၏။

ဥရုဝေလကဿပသည် ဤတန်ခိုးဖြင့်အလွန်ကြည်ညို၍ ရဟန်းကြီး ဤတွင် နေထိုင်ပါ၊ အမြဲဆွမ်းဝတ်ဖြင့် လုပ်ကျွေးပါမည်ဟု ဆို၏။ ဤကား ပဌမတန်ခိုးတည်း။

(ထာ ... ဥရုဝေလကဿပသည် မိမိကိုယ်ကို ရဟန္တာဟု ထင်၍ ဆိုသည်။ နေရဉ္စရာယံ ဘဂဝါ စသော ဂါထာတို့ကို နောက်ကာလ၌ ထည့်ကုန်၏။)

(ဝိဋီ ... နဂါးမင်းကို တန်ခိုးကင်းစေ၍ သရဏဂုံသီလ ဆောက်တည်စေ၍ တညလုံး ခစားစေ၍ နေသည်ကို ရသေ့တို့အားပြခြင်းငှာ၊ ပတ္တ-သပိတ်၌ထည့်သည်။ အလမ္ပာယ်ကဲ့သို့ အတင်းဖမ်းထည့်သည် မဟုတ်။ ဇီဋီ ပတ္တေန-ပဒုမ္မာကြာရွက်ဟူ၍လည်း ပေါရာဏတို့ ဆိုကုန်၏။ ဘုရားရှင်သည် ပဒုမ္မာကြာရုံ၌တည်၏။ ဤကား ထိုပေါရာဏတို့၏ အလိုတည်း။)

ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကသာပ၏ ကျောင်းသင်္ခမ်းအနီး တခုသောတောအုပ်၌ နေ၏။ သန်းခေါင်ယံ၌ နတ်မင်းကြီး လေးယောက်တို့သည် ထိုတောအုပ်ကိုလင်းစေလျက် ဘုရားရှင်ထံ ခစားကုန်၏။ ဥရုဝေလကဿပသည် နံနက်၌ ဘုရားရှင်ထံသွား၍ ရဟန်းကြီး - ဆွမ်းပြင်ပြီး၍ အချိန်တန်ပါပြီဟု ဆွမ်းစားပင့်ပြီးလျှင် မီးပုံကြီးများကဲ့သို့ သန်းခေါင်ယံ လာသူတို့သည် အဘယ်သူတို့ပါနည်းဟု မေး၏။ နတ်မင်းကြီးလေးယောက် တရားနာလာကြသည်ဟု ဆိုလတ်သော်၊ ရဟန်းကြီးကား တန်ခိုးကြီးပေစွ၊ နတ်မင်းကြီးတို့သော်မှ တရားနာ လာကြရသည်၊ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်ဟု ကြံလေ၏။ ဘုရားရှင်သည် ဆွမ်းစားပြီးသောအခါ ထိုတောအုပ်၌သာ နေတော်မူ၏။ ဤကား ဒုတိယတန်ခိုးတည်း။

တနေ့၌ သိကြားမင်းလာ၍ ခစား၏။ ဥရုဝေလကဿပသည် နံနက်ဆွမ်းစားသွား ပင့်ပြီးလျှင် ရှေး အရောင်တို့ထက် ထွန်းလင်းစွာ သန်းခေါင်ယံလာသူသည် အဘယ်သူနည်းဟုမေး၏။ သိကြားမင်း တရားနာ လာသည်ဟု ဆိုလတ်သော်။ ရဟန်းကြီးကား တန်ခိုးကြီးပေစွ၊ သိကြားမင်းသော်မှ လာရသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာဟု ကြံ၏။ ဘုရားရှင်လည်း ဆွမ်းစားပြီးလျှင် ထိုတောအုပ်၌သာ နေတော်မူ၏။ ဤကား တတိယတန်ခိုးတည်း။

တနေ့၌ သဟမ္ပတိဗြဟ္မာကြီး လာ၍ ခစား၏။ ဥရုဝေလကဿပသည် နံနက်ဆွမ်းစားပင့်ပြီးလျှင် ထို အကြောင်းမေး၍ သိသောအခါ၊ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ သဟမ္ပတိဗြဟ္မာသော်မှလာရသည်၊ ငါ ကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာဟု ကြံ၏။ ဘုရားရှင်လည်း ဆွမ်းစား ပြီးလျှင် ထိုဟောအုပ်၌သာ နေတော်မူ၏။ ဤကား စတုတ္ထတန်ခိုးတည်း။

တနေ့၌ ဥရုဝေလကဿပထံ အင်္ဂတိုင်း၊ မဂဓတိုင်းသားတို့သည် အလှူကြီးပေးရန် လာရောက်လိုကုန်၏။ ဥရုဝေလကဿပသည် ယခု ရဟန်းကြီးကြွလာ၍ ဣဒ္ဓိပါဋိဟာရိယ တန်ခိုးပြလျှင် ရဟန်းကြီးအား လာဘ်များ၍ ငါအား ဆုတ်ယုတ်လတ္တံ့။ နံနက်တွင် ဆွမ်းမကြွလာမူ ကောင်းလေစွဟု ကြံ၏။ ထိုနေ့၌ ဘုရားရှင်သည် မကြွလာပဲ မြောက်ကျွန်း၌ ဆွမ်းခံ၍ အနဝတတ်အိုင်၌ ဆွမ်းဘုဉ်းပေး၍ တနေ့လုံး နေတော်မူ၏။ နောက်တနေ့ နံနက်တွင် ဆွမ်းစားသွားပင့်သောအခါ “ယမန်နေ့က အဘယ်ကြောင့် မကြွလာပါသနည်း၊ ရဟန်းကြီးအတွက် ခဲဖွယ်ဘောဇဉ်တို့ကို ထား၍ မျှော်နေကြပါသည်” ဟု လျှောက်၏။

ကဿပ-ရဟန်းကြီး မကြွလာမူ ကောင်းလေစွဟု သင်ကြံသည် မဟုတ်လော၊ ငါသည် သင့်အကြံကိုသိ၍ မြောက်ကျွန်း၌ ဆွမ်းခံ၍ အနဝတတ်အိုင်၌ ဆွမ်းဘုဉ်းပေး၍ တနေ့လုံး နေသည်ဟု ဆိုလတ်သော်၊ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ စိတ်အကြံကိုသော်လည်း သိပေသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည် ဟုကြံ၏။ ဘုရားရှင်လည်း ဆွမ်းစားပြီးလျှင် ထိုတောအုပ်၌သာ နေတော်မူ၏။ ဤကား ပဉ္စမတန်ခိုးတည်း။

(သာဋီ … ဣဒ္ဓိပါဋိဟာရိယ တန်ခိုးပြပြီးလျှင်ဟု ဆိုရာ၌ ဆန့်ကျင်ဘက် တိတ္ထိတို့ကို နှိမ်နင်းခြင်းသည် လည်းကောင်း၊ ဝေနေယျတို့၏ ကိလေသာကို ပယ်ခြင်းသည်လည်းကောင်း ပါဋိဟာရိယ မည်၏။ ဣဒ္ဓိ၊ အာဒေသနာ၊ အနုသာသနီဟု သုံးမျိုးပြား၏။

ထိုတွင် အနည်းကို အများ ပြုခြင်း၊ ကွယ်ပျောက်ခြင်းစသော ဣဒ္ဓိဝိဓသည် ဣဒ္ဓိပါဋိဟာရိယ မည်၏။ သင်၏စိတ်ကား ဤသို့ ဤသို့ဟု သူတပါး၏စိတ်ကိုသိ၍ ပြောခြင်းသည် အာဒေသနာပါဋိဟာရိယ မည်၏။ ဤသို့ကြံကြ၊ နှလုံးသွင်းကြ၊ အားထုတ်ကြ၊ ဤသို့မပြကြလင့်စသည်ဖြင့် အခါခပ်သိမ်း ဟောသော တရား သည် အနုသာသနီပါဋိဟာရိယ မည်၏။ ဤ၌ အာဒေသနာ၊ အနုသာသနိ နှစ်ပါးကိုနစ်စေ၍ ဣဒ္ဓိဝိဓ အဘိညာ တန်ခိုးကို ဆိုသည်။

တနေ့သ၌ မြတ်စွာဘုရားအား ပံသုကူသင်္ကန်းရ၍ အဘယ်၌ ဖွပ်ရအံ့နည်း-ဟု ကြံလတ်သော် သိကြားမင်းသည် လက်ဖြင့် ရေကန်တူး၍ (ဝါ) လက်ဖြင့်တူးသကဲ့သို့ တန်ခိုးဖြင့်တူး၍ ဤရေကန်၌ ဖွပ်တော်မူပါဟု လျှောက်၏။ ထို့နောက် အဘယ်၌ နယ်ရအံ့နည်းဟု ကြံလတ်သော် သိကြားမင်းသည် ကျောက်ခဲကြီးတခုကိုချထား၍ ဤ၌ နယ်တော်မူပါဟု လျှောက်ထား၏။ ထို့နောက် အဘယ်၌ ဆွဲရအံ့နည်းဟု ကြံလတ်သော် ရေခတက်ပင် စောင့်နတ်သည် ရေခတက်ကိုင်းညွှတ်ပေး၍ ဤ၌ဆွဲတော်မူပါဟု လျှောက်၏။ ထို့နောက်၌ အဘယ်၌ ဖြန့်လှန်းရအံ့နည်းဟု ကြံလတ်သော် သိကြားမင်းသည် ကျောက်ခဲကြီးတခုကို ချထား၍ ဤ၌ ဖြန့်လှန်း တော်မူပါဟု လျှောက်၏။

ဥရုဝေလကဿပသည် နံနက်ဆွမ်းစား လာပင့်သောအခါ ဤရေကန်စသည်တို့ရှေး၌ မရှိ။ အသို့ပါနည်းဟု မေး၍ ထို အကြောင်းပြောပြသောအခါ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊သိကြား နတ်တို့သော်မှလည်း ဝေယျာဝစ္စပြုကြရပေသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်ဟု ကြံ၏။ ဘုရားရှင်လည်း ဆွမ်းစားပြီးလျှင် ထိုတောအုပ်၌သာ နေတော်မူ၏။ ရေကန်၊ ကျောက်ခဲ၊ ခတက်ကိုင်းညွတ်၊ ကျောက်ခဲ တန်ခိုးလေးခု။

(ဝိဋီ … ပံသုကူသင်္ကန်းသည် ပုဏ္ဏာမည်သော ကျွန်မအသေကောင်ကို ပတ်၍စွန့်သော ပိုက်ဆံလျှော် အဝတ်ဖြစ်၏။ ပိုးလောက်ပြွမ်း၏။ ရှာဖွေခြင်းဖြင့်ရသော အဝတ်ဖြစ်၏။ ဘုရားရှင်သည် ထိုအဝတ်ကို မြေလှုပ်စေလျက် ဝတ်ရုံသည်။ နောက်၌ ရှင်မဟာကဿပအား ပေးသည်။ ထိုအဝတ်ကိုရည်၍ ဆိုကြသည်။

တနေ့သ၌ ဆွမ်းစားသွား ပင့်သောအခါ ကဿပ သင်သွားနှင့်၊ ငါလာခဲ့မည်ဟု လွှတ်လိုက်၏။ ဥရုဝေလကဿပသည် ဘုရားရှင်ကို မီးတင်းကုပ်၌ ရောက်နှင့်သည်ကိုမြင်၍ အဘယ်ခရီးဖြင့် ကြွလာပါသနည်း ဟု မေး၏။ ကဿပ-ငါသည် ဇမ္ဗူဒိပ်ကျွန်းဟု ခေါ်ကြောင်းဖြစ်သော ဇမ္ဗုသပြေပင်မှ အသီးကိုယူ၍လာသည်၊ အဆင်းအနံ့ အရသာရှိ၏။ သုံးဆောင်လောဟု ဆို၏။ သင်သာထိုက်သည်၊ ဝါ၊ သင်သာဆောင်သည်။ သင်သာ သုံးဆောင်ပါလောဟု ဆို၍ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ ငါ့ကိုလွှတ်ပြီးလျှင် ဇမ္ဗုသပြေသီးကိုယူ၍ ရှေးဦးစွာ ရောက်နှင့်ပေသည်၊ ငါကဲ့သို့ ရဟန္တာ မဟုတ်သေး သည်သာဟုကြံ၏။ ဘုရားရှင်လည်း ဆွမ်းစား ပြီးလျှင် ထိုတောအုပ်၌သာ နေတော်မူ၏။ ဤကားတန်ခိုး တခု။

နောက်နေ့တို့၌လည်း ရှေးအတူ ရှေးဦးစွာရောက်နှင့်၍ - ငါသည် ဇမ္ဗုသပြေပင်အနီး သရက်ပင်မှ သရက်သီးကို....။ ရှိရှားပင်မှ ရှိရှားသီးကို၊ ဖန်ခါးပင်မှ ဖန်းခါးသီးကို၊ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်မှ ပန်းကိုယူလာသည် ယူ၍ သုံးဆောင်လောဟု ဆို၏။ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ ငါ့ကို လွှတ်ပြီးလျှင် သရက်သီး စသည်ကိုယူ၍ ရှေးဦးစွာ ရောက်နှင့်ပေသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေး သည်သာဟု ကြံ၏။ သရက်၊ ရှိရှား၊ ဖန်ခါး၊ ကသစ် တန်ခိုးလေးခု။

ထိုအခါ ရသေ့တို့သည် မီးလုပ်ကျွေးလိုကုန်၏။ ထင်းတို့ကိုခွဲ၍ မရကြသဖြင့် မချွတ်ရဟန်းကြီး၏ တန်ခိုးဟု ကြံကုန်၏။ မြတ်စွာဘုရားသည် ကဿဿပ - ထင်းတို့ကို ခွဲလိုကုန်သလောဟု မိန့်တော်မူ၏။ ခွဲလိုကုန်၏ဟု ဆိုလတ်သော်၊ တကြိမ်တည်းဖြင့် ထင်းငါရာ ကွဲကုန်၏။ ရသေ့တို့သည် မီးတောက်အောင် မတတ်နိုင်ကုန်၊ တကြိမ်တည်းဖြင့် ငြိမ်းစေပြန်၏။ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ ထင်းငါးရာ မကွဲအောင်၊ ကွဲအောင်၊ မီးငါးရာ မတောက်အောင်၊ တောက်အောင်၊ မီးမငြိမ်းအောင်၊ ငြိမ်းအောင် တတ်နိုင်ပေ၏။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာဟုကြံ၏။ တန်ခိုး ငါးရာ ခြောက်လီသုံးထောင်။

ရသေ့တို့သည် ချမ်းအေးသော ဆောင်းတွင်း အန္တရဋ္ဌက ရက်တို့၌ (ဝါ-တပို့တွဲလ အဆုံးလေးရက်၊ တပေါင်းလ အစလေးရက်တို့၌) ဆီးနှင်း ကျသောအခါ နေရဉ္ဇရာမြစ်၌ (မကောင်းမှု စင်ကြယ်နိုင်သည်ဟု အယူရှိ၍) ငုပ်ကြ ပေါ်ကြကုန်၏။ မြတ်စွာဘုရားသည် ရသေ့တို့၏ မီးလှုံရန် မီးမယ်ဖျူး (မီးအိုးကင်း) ငါးရာ ဖန်ဆင်းပေး၏။ ရသေ့တို့သည် ရဟန်းကြီး၏ တန်ခိုးမချွတ်ဟု ကြံကုန်၏။ ဥရုဝေလကဿပကား ရဟန်းကြီးသည် တန်ခိုး ကြီးပေစွ၊ မီးမယ်ဖျူးငါးရာ ဖန်ဆင်းပေးသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာ ဟုကြံ၏။ ဤကား တန်ခိုးငါးရာ။

တနေ့၌ အခါမဲ့ မိုးကြီးရွာ၏။ ကြီးစွာသော ရေအယဉ်ဖြစ်၏။ ဥရုဝေလကဿပသည် ရဟန်းကြီးကို ရေမမျှောပါစေလင့်ဟု လှေဖြင့်လာလတ်သော် ထက်ဝန်းကျင်မှ ရေကိုဖဲစေ၍ အလယ်၌ မြူနှင့်တကွသော မြေ၌ စင်္ကြံကြွနေသော ဘုရားရှင်ကိုမြင်လျှင် ... ဣဒံ န တွံ မဟာသမဏ - ရဟန်းကြီး၊ သင်သည် ဤ နေရာ၌လောဟု မေး၏။ အယမဟမသ္မိ ကဿပ - ဤ ငါသည် ဤနေရာ၌ ဟုတ်၏ဟု မိန့်ဆိုပြီးလျှင် ကောင်းကင်သို့ တက်၍ လှေ၌ ရှေးရှုတည်တော်မူ၏။ ထိုအခါ၌လည်း ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ ဤသို့သော ရေသော်မှလည်း မမျှောနိုင်၊ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာဟုကြံ၏။ တန်ခိုးတခု။

(ဝိဋီ ... ဣဒံ နု တွံ ကား - ဣဓ+နု+တွံ။ ဓ အောက်ခြိုက်ကို ဒဒွေး ပြု၍ နိဂ္ဂဟိတ်လာ၍ ဣဒံ နုတွံ-ဟု ဆိုသည်။ ဧကမိဒါဟံ စသည်ကဲ့သို့တည်း။)

ထို့နောက် မြတ်စွာဘုရားသည် ဤမောဃပုရိသအား “တန်ခိုးကြီးပေစွ၊ ငါကဲ့သို့ ရဟန္တာမဟုတ်သေး” ဟူသောအကြံသည် ကြာရှည်စွာပင် ဖြစ်ရှာလတ္တံ့၊ သံဝေဂဖြစ်စေရမူ ကောင်းလေစွဟု ကြံ၍၊ ကဿပ သင်သည် ရဟန္တာလည်းမဟုတ်၊ ရဟန္တာအကျင့်လည်း မရှိဟု မိန့်တော်မူ၏။ (ကလျာဏပုထုဇဉ်မျှ မဟုတ်သေး ဟူလို။)

ထိုအခါ ခြေတော်တို့၌ ဦးခိုက်ပြီးလျှင် မြတ်စွာဘုရား - မြတ်စွာဘုရား အထံ၌ ရှင်အဖြစ်၊ ရဟန်း အဖြစ် ရယူလိုပါသည်ဟု လျှောက်၏။ ကဿပ သင်သည် ရသေ့ငါးရာ တို့၏ အကြီးအမှူးဖြစ်သည်၊ ထိုရသေ့တို့ကို ပန်ကြားဦးလောဟု မိန့်ဆို၏။ ပန်ကြားလတ်သော် အရှင်အကျွန်ုပ်တို့သည် ကြာမြင့်သောကာလမှစ၍ (ဝါ-နဂါးမင်းကို ဆုံးမသည်မှစ၍) ရဟန်းကြီး၌ အလွန်ကြည်ညိုကုန်ပြီ၊ အကျွန်ုပ်တို့လည်း ရှင်ရဟန်းပြုကုန်အံ့ ဟုဆို၍ ဆံပင်၊ ဆံကျစ်၊ ရသေ့ ပရိက္ခရာထမ်းသော ထမ်းပိုး၊ မီးမွှေယောက်မတို့ကို ရေမျှောပြီးလျှင် ရဟန်း အဖြစ် တောင်းကုန်၏။ ဧဟိဘိက္ခု ရဟန်းတို့ ဖြစ်ကုန်၏။

ထိုအခါ နဒီကဿပသည် ရေ၌မျောလာသော ဆံကျစ်စသည်ကို မြင်၍ နောင်တော်တို့အား ဘေးရန် မဖြစ်ပါစေလင့်ဟု ရသေ့တို့ကို စေလွှတ်၍ မိမိလည်း ရသေ့သုံးရာနှင့် ဥရုဝေလကဿပထံ ရောက်လာ၍ ဤရဟန်းအဖြစ်သည် အထူးမြတ်၏ဟု နောင်တော်ပြောသဖြင့် ဆံကျစ် စသည်တို့ကို မျှော၍ ဘုရားရှင်ထံ ရဟန်းအဖြစ်တောင်းပန်၏။ ဧဟိဘိက္ခုတို့ဖြစ်ကုန်၏။ ဂယာကဿပလည်း ရေမျောလာသော ဆံကျစ်တို့ကို မြင်၍ ရသေ့နှစ်ရာနှင့် ရောက်လာပြီးလျှင် ဧဟိဘိက္ခုတို့ ဖြစ်ကုန်၏၊ ထို့နောက် တန်ခိုးသုံးထောင့်ငါးရာကို ဂါထာရှည်ဖြင့် သီကုံးထားသည်။

သာဋီ ... မီးပွတ်၊ ကယား၊ သစ်သားဆံထိုး စသောရသေ့ပရိက္ခရာသည် ခါရီမည်၏။ ထိုကိုဆောင်သော ထမ်းပိုးသည် ခါရီကာဇ မည်၏။ ဘဂဝတော အဓိဋ္ဌာနေန-စသော ဂါထာဖြင့် သုံးထောင့်ငါးရာကုန်သော တန်ခိုးတို့ကို ရေတွက်၏။ နဂါးဆုံးမခြင်း စသော ၁၆-ပါးသောတန်ခိုးနှင့် ၃၅၁၆ တန်ခိုးတို့ဖြစ်ကုန်၏။

ဇီဋီ ... ၃၅၁၆ - တန်ခိုးတို့ဖြစ်ကုန်၏။

ဝိဋီ ... သုံးထောင့်ငါးရာသော တန်ခိုးကို နဂါးဆုံးမခြင်းစသော တန်ခိုး ကဆယ့်ငါးပါး ကျဉ်၍ဆိုသည်။ ၃၅၁၅ ဟူလို၏။)

မြတ်စွာဘုရားသည် ဥရုဝေလတော၌ အလိုအလျောက်နေ၍ ဂယာသီသို့ ရှင်တထောင်နှင့် ကြွရောက် နေထိုင်၍ သဗ္ဗံ ဘိက္ခဝေ အာဒိတ္တံ အစ ချီလျက် အာဒိတ္တပရိယာယသုတ်ကို ဟော၏။ ဒေသနာအဆုံး၌ ရှင်တထောင် အားလုံး ရဟန္တာချည်း ဖြစ်ကုန်၏။

(သာဋီ ... ဂယာမြစ်၊ ဂယာရွာ၊ ဂယာရေကန်၊ ဂယာသီသ ကျောက်ဖျာ ဤလေးခုသည် အချင်းချင်း မနီးမဝေးတည်၏။ ကျောက်ဖျာကား- ဆင်ဦးကင်းနှင့်တူ၏။ ရဟန်းတထောင် နေလောက်၏။ ဤရသေ့ တထောင်သည် နံနက်ညချမ်း မီးလုပ်ကျွေးနေကျဖြစ်၏။ အာယတန တဆယ့်နှစ်ပါးကို ရဲရဲတောက်ပြု၍ တရားဟောလျှင် ရဟန္တာဖြစ်ကုန်လတ္တံ့ ဟု ဆုံးဖြတ်၍ အာဒိတ္တသုတ်ကို ဟောသည်။)

ရာဇဂြိုဟ် ဝေဠုဝန်

ထိုအခါ မြတ်စွာဘုရားသည် ဂယာသီသ အလိုရှိသလောက် နေပြီးလျှင် ရှင်တထောင်နှင့်တကွ ရာဇဂြိုဟ် ပြည်သို့ ကြွ၍ ထန်းတောဥယျာဉ်၌ သုပတိဋ္ဌစေတီ မည်သော ပညောင်ပင်၌ နေတော်မူ၏။ မဂဓတိုင်းလုံး အစိုးရသော ရာဇဂြိုဟ်ဘုရင် ဗိဗ္ဗိသာရမင်းကြီး ကြားသိလတ်သော် ပုဏ္ဏားသူကြွယ် တသိန်း နှစ်သောင်းနှင့် သွား၍ ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး၍ သင့်သောနေရာ၌နေ၏။

ပုဏ္ဏားသူကြွယ် အချို့ကား ရှိခိုး၍ သင့်ရာ၌နေ၏။ အချို့ဝမ်းမြောက်ဝမ်းသာပြောဆို၍ အချို့ လက်အုပ်ချီ၍၊ အချို့ အမည်အနွယ် ပြောကြား၍၊ အချို့ ဆိတ်ဆိတ်နေ၍ အားလုံးသင့်ရာ၌ နေကုန်၏။ ထိုပုဏ္ဏား သူကြွယ်တို့အား ဤသို့ အကြံဖြစ်၏။ ရဟန်းကြီးသည် ဥရုဝေလကဿပထံ၌ မြတ်သောအကျင့် ကျင့်သော တပည့်လော။ ထိုသို့မဟုတ်၊ ဥရုဝေလကဿပသည် ရဟန်းကြီး၏ တပည့်လောဟု အကြံဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုအကြံကိုသိ၍ ဂါထာဖြင့်မေး၏။ ဥရုဝေလကဿပသည် ဂါထာဖြင့် ဖြေဆို၏။

ချစ်သားကဿပ၊ သင်သည် ရသေ့တို့၏ ဆရာကြီးဖြစ်လျက် အဘယ်ကိုမြင်၍ အဘယ်ကြောင့် မီးပူဇော်ခြင်းကို စွန့်သနည်း။

မြတ်စွာဘုရား၊ မီးပူဇော်ခြင်းကြောင့် ကာမဂုဏ် ငါးပါးရ၏။ ကာမဂုဏ်ငါးပါးသည် ခန္ဓာဥပဓိ၌ အညစ် အကြေးသာ ဖြစ်၏။ ဤသို့ မြင်သောကြောင့် စွန့်ပါသည်။

ချစ်သားကဿပ - ကာမဂုဏ်ငါးပါး၌ သင်၏စိတ်မမွေ့လျော်လျှင် လူ့ပြည် နတ်ပြည် အဘယ်၌ မွေ့လျော် သနည်း။

မြတ်စွာဘုရား၊ နိဗ္ဗာန်သည် ငြိမ်သက်၏။ ဥပဓိလေးပါးမရှိ၊ ရာဂ စသောကြောင့် ကြခြင်း မရှိ၊ ကာမဘဝ၌ ကပ်ငြိခြင်းမရှိ၊ ပျက်စီးခြင်းမရှိ၊ သူတပါး၏ဉာဏ်ဖြင့် မသိအပ်၊ ထိုသို့သော နိဗ္ဗာန်ကို မြင်သိရပါပြီ၊ ထို့ကြောင့် လူနတ်စည်းစိမ် ပြည့်စုံကြောင်း ပူဇော်ကြီး၊ ပူဇော်ငယ်တို့၌ မမွေ့လျော်ပါ၊ (နိဗ္ဗာန်၌သာ မွေ့လျော်ပါသည် ဟူလို။)

ဤသို့လျှောက်ပြီးလျှင် နေရာမှထ၍ ကိုယ်ရုံစမ္ပာယ်တင်၍ ဘုရားရှင်၏ ခြေတော်တို့၌ ဦးခိုက်ဝပ်စင်း၍ မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာဖြစ်ပါသည်။ အကျွန်ုပ်သည် တပည့်သာဝက ဖြစ်ပါသည်ဟု (ကောင်းကင်၌ တန်ခိုး အထူးထူးပြ၍) အကြိမ်ကြိမ်လျှောက်၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုလူတို့၏ စိတ်ကြံသိ၍ ဒါနကထာ စသည်ကိုဟော၍ သစ္စာလေးပါး ပြတော်မူ၏။ ဗိမ္ဗိသာရမင်းကြီး အမှူးရှိသော တသိန်း တသောင်းသော သူတို့သည် သောတာပန်တည်ကုန်၏။ တသောင်းကား ဥပါသကာအဖြစ်ကို လျှောက်ကြားကုန်၏။

ဗိမ္ဗိသာရမင်းကြီးသည် သောတာပန်တည်ပြီးသောအခါ မြတ်စွာဘုရား ရှေးအခါ အကျွန်ုပ် မင်းသားဖြစ်စဉ်က “ငါ့ကို မင်းဘိသိက် မြှောက်ကြမူ ကောင်းလေစွ၊ ငါ၏နိုင်ငံသို့ ဘုရားရှင် ကြွတော်မူ ကောင်းလေစွ၊ ထို ဘုရားရှင်ကို ဆည်းကပ်ရမူ ကောင်းလေစွ၊ ငါ့ကို ဘုရားရှင် တရားဟောမူ ကောင်းလေစွ၊ ထိုတရားကို ငါသိရမူ ကောင်းလေစွ”ဟု အကြံငါး မျိုးကြံမိပါသည်။

ယခု ထိုငါးမျိုးလုံး ပြည့်စုံပါပြီဟု လျှောက်ပြီးလျှင် သရဏဂုံဆောက်တည်၍ ရဟန်းသံဃာနှင့်တကွ နက်ဖြန်ဆွမ်း အလှူခံတော်မူပါဟု လျှောက်၍၊ ရှိခိုး၍၊ လက်ျာရစ်လှည့်၍ ဖဲသွား၏၊ နံနက်မိုးသောက် လတ်သော် ဆွမ်းပြီးပါပြီ၊ အချိန်တန်ပါပြီဟု လျှောက်စေ၏။ မြတ်စွာဘုရားသည် ရဟန်းတထောင်နှင့် ရာဇဂြိုဟ်မြို့တွင်းသို့ ဝင်တော်မူ၏။ ထိုအခါ သိကြားမင်းသည် လုလင်အသွင် ဖန်ဆင်း၍ ဒန္တောဒန္တေတိ စသော ဂါထာတို့ကိုသီဆိုကာ ရှေ့တော်မှ သွား၏။

ဣန္ဒြေတို့ကို ဆုံးမပြီးသော ဘုရားရှင်သည် ဆုံးမပြီးသော ရဟန်းတို့နှင့် ကိလေသာမှ လွတ်ပြီးသော ဘုရားရှင်သည် လွတ်ပြီးသော ရဟန်းတို့နှင့် သိင်္ဂီနိက္ခရွှေပြားအတူ တောက်ပလျက် ရာဇဂြိုဟ်သို့ ကြွဝင်တော် မူလေပြီ။

သံသရာဝဋ်မှ လွတ်ပြီးသော ဘုရားရှင်သည် လွတ်ပြီးသော ရဟန်းတို့နှင့် သံသရာဝဋ်မှ ကူးတက်ပြီးသော ဘုရားရှင်သည် ကူးတက်ပြီးသော ရဟန်းတို့နှင့် ငြိမ်သက်သောဘုရားရှင်သည် ငြိမ်သက်သော ရဟန်းတို့နှင့် သိင်္ဂီနိက္ခရွှေပြားအတူ တောက်ပလျက် ရာဇဂြိုဟ်သို့ ကြွဝင်တော်မူလေပြီ။

အရိယာဝါသ ဆယ်ပါး၌ နေပြီးသော ကိုယ်အား ဉာဏ်အား ဆယ်ပါးရှိသော ကုသိုလ်ကမ္မပထ ဆယ်ပါး သိပြီးသော အသေက္ခအင်္ဂါ ဆယ်ပါးနှင့်ပြည့်စုံသော ဘုရားရှင်သည် ဆယ်ခုသော ရဟန်းတရာတို့ဖြင့် ခြံရံလျက် ရာဇဂြိုဟ်သို့ ကြွဝင်တော်မူလေပြီ။

ဤသို့ သီဆိုကာ သွားသည်ကို လူတို့မြင်လတ်သော် ဤလုလင်သည် အလွန်အဆင်းလှလေစွ၊ ကြည့်ရှုဖွယ် ကောင်းလေစွ၊ ကြည်နူးဖွယ် ကောင်းလေစွ၊ အဘယ်သူ၏ လုလင်ဖြစ်လေသနည်းဟု ဆိုကုန်၏။ သိကြားမင်းသည် ယောဓိရော စသော ဂါထာဖြင့် ထိုလူတို့ကို ပြန်ပြော၏။

အို ... လူအပေါင်းတို့၊ လောက၌ အကြင်ဘုရားရှင်သည် တည်ကြည်သော လုံ့လပညာ ရှိ၏။ ယဉ်ကျေး၏။ စင်ကြယ်၏။ သင့်သော စကား ဆိုလေ့ရှိ၏။ အတုမရှိ ပူဇော်အထူးခံထိုက်၏။ ငါသည် ထိုဘုရားရှင်၏ အလုပ်အကျွေး ဖြစ်ပါသည်ဟု ပြန်ပြော၏။

မြတ်စွာဘုရားသည် မင်းကြီး၏နန်းတော်သို့ ဝင်၍ ခင်းထားသော နေရာ၌ ရဟန်း သံဃာနှင့် ထိုင်၍ ဆွမ်းဘုဉ်းပေးတော်မူ၏။ ဆွမ်းကိစ္စ ပြီးလတ်သော် ဗိမ္ဗိသာရမင်းကြီးသည် ဤ ငါတို့၏ ဝေဠုဝန်ဥယျာဉ်သည် ရွာမှ မဝေးလွန်း၊ မနီးလွန်း၊ အသွားအလာ လွယ်ကူ၏။ ဘုရားဖူး တရားနာသွားလိုသူတိုင်း ရောက်လွယ်၏။ နေ့အခါ လူမပြွမ်း၊ ညဉ့်အခါ အသံဆိတ်၏။ မြို့တွန်သံမရှိ၊ လှည့်လည်သော လူအပေါင်း၏ ကိုယ်လေမှ ကင်း၏။ လျှို့ဝှက်မှုပင် ပြုနိုင်၏။ ဆိတ်ငြိမ်စွာ တယောက်တည်း နေခြင်းငှာ လျော်၏။

ဤဥယျာဉ်ကို သီတင်းသုံးရန်လှူရမူ ကောင်းလေစွဟု ကြံ၍ ရွှေကရား ကိုင်၍ ဧတာဟံ ဘန္တေ ဝေဠုဝနံ ဥယျာနံ ဗုဒ္ဓပမုခဿ ဘိက္ခု သံဃဿ ဒမ္မိ။ ဤ ဝေဠုဝန်ဥယျာဉ်ကို ဗုဒ္ဓပမုခသံဃာအား လှူပါ၏ဟု ဆို၍ လှူဒါန်း၏။ မြတ်စွာဘုရားသည် အလှူခံတော်မူ၏။ ထို့နောက် တရားဟော၍ ကြွသွားပြီးလျှင် ဤ အကြောင်းကို အကြောင်းပြု၍ ရဟန်းတို့ကို တရားဟော၍ အနုဇာနာမိ ဘိက္ခဝေ အာရာမံ-ချစ်သားတို့။ အရံကို ငါဘုရား ခွင့်ပြု၏ဟု မိန့်တော်မူ၏။

သရဏဂုံ လေးမျိုး

[ထာ ... မင်းကြီးအား မဂ်ရခြင်းဖြင့် သရဏဂုံပြီးသော်လည်း ဆောက်တည်ဦးမည်ဟု ဆုံးဖြတ်၏။ နှုတ်ဖြင့် မိမိကိုယ်ကို အပ်နှင်းသော အတ္တသန္နိယျာတနကို ပြ၏။ မဂ်ဖြင့် နိယတ သရဏဂုံသို့ ရောက်သည်ကို နှုတ်ဖြင့် ထင်စွာပြု၏။ ပါဏိပါတဂမန ဖြစ်အောင်လည်း သရဏဂုံ ဆောက်တည်၏။]

[အဟံ အတ္တာနံ ဗုဒ္ဓ နိယျာတေမိ (ငါသည် မိမိကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းအပ်နှင်းပါ၏။) စသည်ဖြင့် မိမိကိုယ်ကို အပ်နှင်းခြင်းသည် အတ္တ သန္နိယျာတန သရဏဂုံမည်၏။

အဟံ ဗုဒ္ဓပရာယဏော (ငါသည် မြတ်စွာဘုရားကို လည်းလျောင်း အားထားပါ၏။) စသည်ဖြင့် လည်းလျောင်းခြင်းသည် တပ္ပရာယနသရဏဂုံ မည်၏။

အဟံ ဗုဒ္ဓဿ အန္တေဝါသိကော (ငါသည် မြတ်စွာဘုရား၏ တပည့်ရင်းတည်း။) စသည်ဖြင့် တပည့်အဖြစ် ဝန်ခံခြင်းသည် သိဿ ဘာဝူပဂမန သရဏဂုံမည်၏။

အဟံ အဘိဝါဒနာဒယော ဗုဒ္ဓါဒီနံယေ၀ ကရောမိ (ငါသည် ရှိခိုးခြင်း စသည်တို့ကို မြတ်စွာဘုရား စသည်တို့အားသာ ပြုပါတော့အံ့) စသည်ဖြင့် အမြတ်တနိုး ရိုသေတုံ့ဝပ်ခြင်းသည် ပါဏိပါတသရဏဂုံ မည်၏။

ဤကား လောကီသရဏဂုံ လေးပါးတည်း။)]

(သာဋီ ... ဘုရားရှင်ကို လက်အုပ်ချီ၍ နေသူအချို့ကား ဥဘတော ပက္ခိကတို့ ဖြစ်ကုန်၏။ အဘယ်ကြောင့် ရဟန်းဂေါတမကို ရှိခိုးသနည်းဟု မိစ္ဆာဒိဋ္ဌိတို့ မေးလျှင် လက်အုပ်ချီရုံဖြင့် ရှိခိုးခြင်းဖြစ်သလောဟု ဖြေအံ့။ အဘယ်ကြောင့် ရှိမခိုးသနည်းဟု သမ္မာဒိဋ္ဌိတို့မေးလျှင်၊ ဦးခေါင်း မြေထိမှလော၊ လက်အုပ်ချီခြင်းလည်း ရှိခိုးခြင်းမဟုတ်လောဟု ဖြေအံ့၊ ဤသို့ ကြံသော နှစ်ဘက်အသင်းသားတို့ ဖြစ်ကုန်၏၊ (အဉ္စလီကမ္မ-လက်အုပ် ချီခြင်း၊ အဘိဝါဒန - ရှိခိုးခြင်း နှစ်မျိုးသည် ဆင်တူယိုးမှား မတူဟု သိသာ၏၊)

အမည်အနွယ် ပြောကြားသူတို့ကား ဆင်းရဲသူတို့ဖြစ်၍၊ အကျွန်ုပ်သည် မည်သူ၏သား၊ ဤအမည်ရှိပါသည်၊ ဝါသေဋ္ဌ အနွယ်ပါ၊ ကစ္စာန အနွယ်ပါဟု ပရိသတ်အလယ် ထင်ရှားအောင် ပြောကြားကုန်၏။

ဆိတ်ဆိတ်နေသူတို့ကား ကေရာဋိက - နှမြောစဉ်းလဲသူနှင့်အန္ဓဗာလတို့ဖြစ်ကုန်၏။ နှမြောစဉ်းလဲသူတို့ကား စကားပြောလျှင် အကျွမ်းဝင်၍ မလှူချင်မနေရ (မလှူလျှင်မဖြစ်) ဟု ကြံ၍ ဆိတ်ဆိတ်နေကြသည်။

အန္ဓဗာလတို့ကား အသိဉာဏ်မရှိ၍ ရွံ့ရုပ်ကဲ့သို့ ဆိတ်ဆိတ်နေကြသည်။)

ဥပဓိလေးပါး

ဥပဓိတို့သည် ကာမုပဓိ၊ ခန္ဓုပဓိ၊ ကိလေသုပဓိ၊ အဘိသင်္ခါရုပဓိဟု လေးပါးပြားကုန်၏။ ထိုတွင် ကာမတို့သည် သာယာသော သုခဝေဒနာ၏ တည်ရာဖြစ်သောကြောင့် ကာမုပဓိမည်ကုန်၏၊ ခန္ဓာငါးပါးသည် ဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ခန္ဓုပမိမည်၏။ ကိလေသာသည် အပါယ်ဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ကိလေသုပဓိ မည်၏။ လောကီကုသိုလ် အကုသိုလ်ကံလည် ဘဝဒုက္ခ၏ တည်ရာဖြစ်သောကြောင့် အဘိသင်္ခါရုပဓိ မည်၏။ ဥရုဝေလကဿပမထေရ် ဘုရားရှင်ထံ လျှာက်ရာ၌ ခန္ဓုပဓိကို အလိုရှိအပ်၏။

သိင်္ဂီနိက္ခရွှေ

လူတို့သုံးဆောင်သောရွှေ၌ ယုတ္တိကရွှေ၊ ဒဿဝိဒ္ဓရွှေ၊ အာကရုပ္ပန္နရွှေသည် တခုထက်တခု အစဉ်အတိုင်း မြတ်၏။ ထိုထက် ဒိဗ္ဗရွှေ မြတ်၏။ ထို ဒိဗ္ဗရွှေတို့တွင်လည်း စာမိကရရွှေ၊ သာတကုမ္ဘရွှေ၊ ဇမ္ဗုနရဒရွှေသည် အစဉ်အတိုင်းမြတ်၏။ သိင်္ဂီရွှေသည် ထိုရွှေအားလုံးထက် အမြတ်ဆုံးဖြစ်၏။ တနိက္ခအတိုင်း အရှည်ရှိသော သိင်္ဂိရွှေအပြားသည် သိင်္ဂီနိက္ခမည်၏။ တနိက္ခမပြည့်လျှင် ရွှေပြားမခတ်လောက်၊ တနိက္ခထက်များသော ရွှေပြားသည် အဆင်းမလှ၊ ကြမ်းယောင်ရှိ၏။ ကေစီတို့ကား သုဝဏ္ဏနှစ်ဆယ့်ငါးသည် တနိက္ခဟု ဆိုကုန်၏။ အပရေတို့ကား ၂၅-သုဝဏ်ဟု ဆိုကုန်၏။ မဇ္ဈိမနိကာယ်အဋ္ဌကထာ၌ ငါးသုဝဏ်ဟု ဆို၏။ တသုဝဏ်ကား လေးဓရဏဟု ဆိုကုန်၏။ (လေးကျပ်တသုဝဏ်၊ သုဝဏ် နှစ်ဆယ့်ငါး၊ ဝါ-ကျပ်တရာတနိက္ခ ဟူ၍လည်း ဆိုကုန်၏။)

အရိယာဝါသ ဆယ်ပါး

အရိယာဝါသသည် ပဉ္စင်္ဂဝိပ္ပဟီန၊ ဆဠင်္ဂသမန္နာဂတ၊ ဧကာရက္ခ၊ စတုရာပဿေန၊ ပနုဏ္ဏပစ္စေကသစ္စ (၅)၊ သမဝယသဌေသန၊ အနာဝိလသင်္ကပ္ပ၊ ပသဒ္ဓကာယသင်္ခါရ၊ သုဝိမုတ္တစိတ္တ၊ သုဝိမုတ္တပည (၅)ဟု ဆယ်ပါးရှိ၏။

ထိုတွင် ကာမစ္ဆန္ဒနီဝရဏ စသော နီဝရဏငါးပါးကို ပယ်သောသူသည် ပဉ္စင်္ဂဝိပ္ပဟီန မည်၏။ (ပဉ္စအင်္ဂါနိ ဝိပ္ပဟီနာနိ ယေနသောတိ ပဉ္စင်္ဂဝိပ္ပဟီနော။)

ခြောက်ဒွါရဖြင့် ခြောက်အာရုံ တွေ့ဆုံသောအခါ ဝမ်းမသာ ဝမ်းမနည်းပဲ လျစ်လျူ ရှုခြင်း ခြောက်ပါးရှိသူသည် ဆဠင်္ဂသမန္နာဂတ မည်၏။ (ဆဟိအင်္ဂေဟိ သမန္နာဂတော ဆဠင်္ဂသမန္နာဂတော။)

သတိဟူသော အစောင့်အရှောက်တပါး ရှိသူသည် ဧကာရက္ခ မည်၏။ (ဧကာ သတိ အာရက္ခဿ သော ဧကာရက္ခော။)

ပညာဖြင့် ဆင်ခြင်၍ မှီဝဲသင့်သော ပစ္စည်းလေးပါးကို မှီဝဲခြင်း၊ သည်းခံသင့်သော အအေးအပူကို သည်းခံခြင်း၊ ရှောင်သင့်သော ဆင်ကြမ်း မြင်းကြမ်း စသော ဘေးရန်ကို ရှောင်ခြင်း၊ ပယ်သင့်သော ကာမဝိတက် စသည်ကိုပယ်ခြင်း၊ ဤ မှီရာလေးပါး ရှိသူသည် စတုရာပဿန မည်၏။ (စတ္တာရိ အပဿနာနိ ယဿ သော စတုရာပနော။)

များစွာသော ရဟန်းပုဏ္ဏားတို့၏ အသီးသီး ငါ့အယူသာမှန်သည် ဟု ယူသော ဒိဋ္ဌိသစ္စာတို့ကို ပယ်သူသည် ပနုဏ္ဏပစ္စေကသစ္စာ မည်၏။ (ပနုဒီယန္တိတိပနုဏ္ဏာနိပနုဏ္ဏာနိ - ပဟိနာနိ ပစ္စေက သင်္ခါတာနိ ဒိဋ္ဌိ သစ္စာနိ အနေန သော ပနုဏ္ဏပစ္စေကသစ္စော။)

ကာမေသနာ၊ ဘဝေသနာ (ကာမရှာခြင်း၊ ဘဝရှာခြင်း) စွန့်ပြီးသော ဗြဟ္မစရိယေသနာ (အကျင့်မြတ်ရှာခြင်း) ပြည့်စုံပြီးသောသူသည် သမဝယသဌေသန မည်၏။ (သံ-ကောင်းစွာ၊ အဝယာ-မပျက်သော မယုတ်သော ပြည့်သော၊ သဌာ-စွန့်အပ်သော၊ ဧသနာ-ရှာခြင်း သုံးပါး ရှိသူ) (ပြည့်သောရှာခြင်းတပါး၊ စွန့်သောရှာခြင်း နှစ်ပါး၊ ပေါင်း-သုံးပါးရှိသူ) သမ္မာ အဝယာ သဌာဧသနာ ယဿ သော သမဝယသဌေ သနော။)

ကာမဝိတက်စသည်ကို ပယ်သူသည် အနာဝိလသင်္ကပမည်၏။ (နတ္ထိ အဝိလော သင်္ကပ္ပေါ ယဿ ယဿ သော အနာဝိလသင်္ကပ္ပေါ။ )

ဥပေက္ခာ၊ ကဂ္ဂတာ အင်္ဂါနှစ်ပါးရှိသော စတုတ္ထဈာန်ကို ဝင်စားသူသည် ပဿဒ္ဓကာယသင်္ခါရ မည်၏။ (ပဿဒ္ဓေါ ကာယသင်္ခါရော ယဿ သော ပဿဒ္ဓကာယသင်္ခါရော။ ထွက်သက်ဝင်သက် ဟူသော ကာယ သင်္ခါရ မဖြစ်သူဟူလို။)

ရာဂစသည်မှ လွတ်သောစိတ်ရှိသူသည် သုဝိမုတ္တစိတ္တ မည်၏။ (သုဋ္ဌု ဝိမုတ္တံ စိတ္တံ ယဿ သော သုဝိမုတ္တ စိတ္တော။ မဂ်ကိစ္စရှိသူ ဟူလို။)

ရာဂစသည်ကို ငါပယ်အပ်ပြီဟု သိသူသည် သုဝိမုတ္တပည မည်၏။ (သုဝိမုတ္တေ ပညာ ယဿ သော သုဝိမုတ္တပညာ၊ ဖိုလ်ကိစ္စရှိသူ၊ ပစ္စဝေက္ခဏာဉာဏ်ကိစ္စရှိသူဟူလို)။

ဤကား ရဟန္တာဖြစ်သော အရိယာတို့၏ နေရာဆယ်ပါးတည်း။ ပုဂ္ဂလာဓိဋ္ဌာန်ဖြင့် ဟောသည်။)

အားတော်ဆယ်ပါး

ဘုရားရှင်သည် ကိုယ်အားဆယ်ပါး၊ ဉာဏ်အားဆယ်ပါးရှိ၏။ ထိုတွင် လူဆယ်ယောက်၏ အားသည် ကာဠာဝကဆင်၏ အားဖြစ်၏။ ထိုဆင်ဆယ်စီးအားသည် ဂင်္ဂေယျဆင်အား ဖြစ်၏။ ဤနည်းဖြင့် ကာဠာဝက၊ ဂင်္ဂေယျ၊ ပဏ္ဍ၊ တမ္ပ၊ ပိင်္ဂလ (၅)၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမဝတ၊ ဥပေါသထ၊ ဆဒ္ဒန္တ (၅)၊ ဤဆင် ဆယ်မျိုးတို့တွင် ဆဒ္ဒန္တဆင် ဆယ်စီးအားသည် ဘုရားရှင်၏ ပကတိ ကိုယ်အားနှင့် မျှ၏။ လူဗိုလ်ချေ ကုဋေတသောင်း အားဖြစ်၏။ နာရာယနသင်္သာတဗလ မည်၏။ နာရ - ရောင်စုံအမျိုးမျိုး၊ အာယန - ဖြစ်ရာထွက်ရာစိန်။ (နာရာ အယန္တိ ဥပ္ပဇ္ဇန္တိ ဧတသ္မာတိ နာရာယနံ။) နာရာယန သင်္ဃာတ -- စိန်တုံးကြီး၏ + ဗလ - အားနှင့်တူသော အားတော်။ ဝဇိရသင်္ဃာတဗလ - စိန်တုံးနှင့်တူသော ဘုရားရှင်၏ အားတော်ဟူလို။

ဉာဏ်အားဆယ်ပါး

ဉာဏ်အားဆယ်ပါးကား ဌာနာဌာနဉာဏ်၊ ကမ္မဝိပါကဉာဏ်၊ သဗ္ဗတ္ထဂါမိနိ ပဋိပဒါဉာဏ်၊ အနေကဓာတု နာနာဓာတုလောကဉာဏ်၊ သတ္တာနံ နာနာဓိမုတ္တိကဉာဏ် (၅)၊ ဣန္ဒြိယပရောပရိယတ္တဉာဏ်၊ ဈာန ဝိမောက္ခ သမာဓိ သမာပတ္တိနံ သံကိလေသ ဝေါဒါန ဝုဋ္ဌာနဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယ ဉာဏ် (၅)၊ ဤသို့ ဆယ်ပါးရှိ၏။

ထိုဉာဏ်ဆယ်ပါး သိသောအာရုံကို သဗ္ဗညုတဉာဏ်လည်း သိသည်။ ထိုဆယ်ပါး၏ ကိစ္စကိုကား သဗ္ဗညုတဉာဏ် မပြုနိုင်။ ဥဒါဟရုဏ်ကား အာသဝက္ခယဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြု၏။ မဂ်ကိစ္စဖြစ်၍ ကိလေသာကို သတ်သည်။ သဗ္ဗညုတဉာဏ်ကား နိဗ္ဗာန်ကို အာရုံသာ ပြုနိုင်သည်။ မဂ်ကိစ္စမဖြစ်၊ ကိလေသာမသတ်နိုင်။ ဈာန်မဖြစ်နိုင်၊ တန်ခိုး မဖြစ်နိုင်။

ဤကား ဉာဏ်တော်ဆယ်ပါးနှင့် သဗ္ဗညုတဉာဏ် အထူးတည်း။

အသေက္ခအင်္ဂါဆယ်ပါး

အရဟတ္တဖိုလ်၌ရှိသော သမ္မာသင်္ကပ္ပ စသော မဂ္ဂင်ရှစ်ပါးနှင့် သမ္မာဉာဏ သမ္မာဝိမုတ္တိ ဤဆယ်ပါးသည် အသေက္ခအင်္ဂါ မည်၏။ ထို့တွင် ပညာတခုတည်းကို သမ္မဒဿန အနက်ဖြင့် သမ္ပာဒိဋ္ဌိ၊ သမ္မာပဇာနအနက်ဖြင့် သမ္မာဉာဏဟု ဟောသည်။ သိခြင်းနှင့် မြင်ခြင်းသည် ဖြစ်ပုံအခြင်းအရာ မတူ။ ဆိုပြီးကိုးပါးကိုဖယ်၍ ဖလသမာပတ်နှင့ ်တကွဖြစ်သော တရားအားလုံးကို သမ္မာဝိမုတ္တိမည်၏။

(ဝါ-ဖိုလ်စိတ္တုပ္ပါဒ်သည် သမ္မာဝိမုတ္တိ မည်၏။) ထို အရိယဖလသမ္ပယုတ္တဓမ္မ (ဖိုလ်စိတ္တုပ္ပါဒ်) တို့လည်း ဆန့်ကျင်ဘက် ပဋိပက္ခမှ လွတ်သောကြောင့် ဝိမုတ္တိတို့သာ မည်ကုန်၏။

ရှင်သာရိပုတြာတို့ဝတ္ထု

ထိုအခါ သဉ္စယမည်သော သိဉ္စည်း ပရိဗိုဇ်သည် ရာဇဂြိုဟ်၌ တပည့်ပရိဗိုဇ် နှစ်ရာ့ငါးဆယ်နှင့်နေ၏။ ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန်တို့လည်း သိဉ္စည်းဆရာထံ တရားကျင့်ကာ နေလျက် “အမြိုက်တရား ရှေးဦးစွာ ရသူသည် ပြောကြားစေသတည်း” ဟု ကတိကဝတ် ပြုကုန်၍။

တနေ့သ၌ ရာဇဂြိုဟ်ပြည်သို့ ကြည်ညိုဖွယ် ဆွမ်းခံဝင်သော ရှင်အဿဇိကို ရှင်သာရိပုတြာပရိဗိုဇ် မြင်လတ်သော် ဤသူသည် လောက၌ ရဟန္တာတို့တွင် ပါဝင်သူ ဖြစ်လတ္တံ့၊ ချဉ်းကပ်၍ မေးရမူ ကောင်းလေစွ၊ ဆွမ်းခံကြွစဉ် မေးမြန်းခြင်းငှာ မသင့်သေး၊ နောက်မှလိုက်ရမူ ကောင်းလေစွ၊ နောက်မှလိုက်သင့်ကြောင်းကား အလိုရှိသော ငါတို့သည် အကြောင်းကို သိသင့်သည်။

တနည်းကား - အလိုရှိသော ငါတို့သည် အနုမာန မှန်းဆအပ်သော (ဥပညာတ) နိဗ္ဗာန်ကို ရှာဖွေသည်။ ထို့ကြောင့် နောက်မှလိုက်ရမူ ကောင်းလေစွဟု ကြံ၏။ (အပူရှိလျှင် အအေးရှိသကဲ့သို့ သေခြင်းရှိလျှင် မသေခြင်း ရှိတန်ရာ၏ဟု တွေးဆအပ်သော နိဗ္ဗာန်သည် ဥပညာတမည်၏။ ထိုနိဗ္ဗာန်ကိုရှာဖွေသည် ဟူလို။)

ရှင်အဿဇိ ဆွမ်းခံပြန်သောအခါ ချဉ်းကပ်၍ ဝမ်းမြောက်ဖွယ်စကား ပြောပြီးလျှင် ငါ့ရှင် သင်၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်ကုန်၏။ အရေအဆင်း စင်ကြယ် သန့်ရှင်း၏။ သင်၏ဆရာ အဘယ်သူနည်းဟု မေး၏။ ငါ့ရှင် ငါ၏ဆရာသည် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမဖြစ်၏ဟု ဆိုလတ်သော်၊ အရှင်မြတ်၏ ဆရာသည် အဘယ်သို့သော တရားကို ဟောပါသနည်းဟု ပေး၏။

ငါ့ရှင် .... ငါသည်ရဟန်းပြုသည်မှာ မကြာသေး၊ တရားကို အကျယ် ဟာခြင်းငှာ မတတ်နိုင်၊ ကျဉ်းကျဉ်း လိုရင်းမျှ ဟောမည်ဟု ဆိုလတ်သော် အကျဉ်းဖြစ်ပေ အကျယ်ဖြစ်စေ ဟောပြပါ၊ နာကြားလိုပါသည်ဟု လျှောက်၏။ ထိုအခါ ....

ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတု တထာဂတော အာဟ။

တေသဉ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။

ယေဓမ္မာ၊ အကြင်တရားတို့သည်။

ဟေတုပ္ပဘဝါ၊ အကြောင်းလျှင် အမွန်ရှိကုန်၏။

တေဓမ္မေ၊ ထိုတရားတို့ကို။

တထာဂတော၊ မြတ်စွာဘုရားသည်။

အာဟ၊ ဟောပြီ။

တေသံ၊ ထိုတရားတို့၏။

ဟေတုံစ၊ အကြောင်းအမွန်ကိုလည်း။

အာဟ၊ ဟောပြီ။

တေသံ၊ ထိုအကျိုးအကြောင်းတို့၏။

ယောနိရောဓော၊ အကြင်ချုပ်ရာချုပ်ကြောင်းသည်။

အတ္ထိ၊ ရှိ၏။

တဉ္စ၊ ထို ချုပ်ရာချုပ်ကြောင်းကိုလည်း။

အာဟ၊ ဟောပြီ။

မဟာသမဏော၊ ရဟန်းကြီးသည်။

ဧဝံဝါဒီ၊ ဤသို့ ဟောလေ့ရှိ၏။

ဤသို့ ဟောပြသောအခါ ယံကိဉ္စသမုဒယမ္မံ၊ သဗ္ဗတံနိရောဓဓမ္မံ- အကြောင်းမကင်းသော တရားဟူသမျှသည် နိရောဓ သဘောချည်းပါ တကားဟု ဓမ္မစက္ခုဖြစ်၏။ ဝါ၊ သောတာပန်တည်၏။

အရှင်ဘုရား ... ဤတရားသည် အကျွန်ုပ်ကိုရှာသော တရား ဖြစ်ပါသည်။ အမြိုက်နိဗ္ဗာန်ကို အရှင်မြတ်တို့ သိနှင့်ကြပြီ။ အကျွန်ုပ်တို့ မသိကြသဖြင့် ကမ္ဘာနဟုတ များစွာလွန်ကုန်ပါပြီဟုဆို၏။

(ကုဋေ x ကုဋေလီ-ပကောဋိ။ ပကောဋိ x ကုဋေလီ - ကောဋိပကောဋီ။ ၎င်း x ကုဋေလီ - နဟုတ။)

ထို့နောက် ရှင်သာရိပုတြာသည် ရှင်မောဂ္ဂလာန်ထံသို့ သွား၏။ ရှင်မောဂ္ဂလာန်သည် အဝေးမှ မြင်လတ်သော် ငါ့ရှင် သင်၏ ဣန္ဒြေတို့သည် ကြည်လင်ကုန်၏။။ အမြိုက်တရား ရခဲ့သလောဟု မေး၏။ ရခဲ့ပြီဟု ဆို၍ ရှင်အဿဇိနှင့်တွေ့ပုံ တရားဟောပုံ အလုံးစုံပြန်ပြော၏။ ရှင်မောဂ္ဂလာန် ပရိဗိုဇ်လည်း တရားနာရ၍ သောတာပန် တည်ပြီးလျှင် ငါ့ရှင် ငါတို့ဆရာ မြတ်စွာဘုရားထံ သွားကြစို့ဟုဆို၏။ တပည့် ပရိဗိုဇ် ၂၅၀ - တို့လည်း ရဟန်းကြီးထံလိုက်မည်ဟု ဆိုသဖြင့် သိဉ္စည်း ဆရာကြီးထံ ပန်ကြားကုန်၏။

ငါ့ရှင်တို့ မသွားကြနှင့်၊ ဤ ပရိသတ်ကို ငါတို့သုံးယောက် စောင့်ရှောက်ကုန်အံ့ဟု တား၏။ သုံးကြိမ်တိုင် တားသော်လည်း တပည့် ၂၅ဝ-နှင့်တကွ ဝေဠုဝန်သို့ ချဉ်းကပ်ကုန်၏။ ထိုအခါ သိဉ္စည်းဆရာကြီးသည် ထိုနေရာ၌သာလျှင် သွေးအန်၏။ မြတ်စွာဘုရားသည် ရှင်သာရိပုတြာတို့ အဝေးမှ လာသည်ကို မြင်လတ်သော် ရဟန်းတို့ကိုခေါ်၍ ချစ်သားတို့ ကောလိတ၊ ဥပတိဿ အဖော်နှစ်ယောက်တို့သည် လာကုန်၏။ ငါဘုရား၏ အဂ္ဂသာဝက အစုံဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။ ထို့နောက် ဘုရားရှင်ထံ အားလုံး ဧဟိ ဘိက္ခု ရဟန်းတို့ ဖြစ်ကုန်၏။

(ထာ ... ရှင်သာရိပုတြာ၊ ရှင်မောဂ္ဂလာန်တို့သည် အိမ်၌နေစဉ် ဥပတိဿ၊ ကောလိတဟု ထင်ရှားကုန်၏။ လုလင် ၂၅၀ - ခြံရံလျက် တောင်ထိပ်ပွဲသို့ သွားကြသည်တွင် လူများစွာကိုမြင်၍ လူအပေါင်းသည် နှစ်တရာအတွင်း သေတွင်း ဆင်းကြရလတ္တံ့ ဟု တိုင်ပင်၍ သေခြင်းရှိလျှင် မသေခြင်း အမတ ရှိထိုက်သည်။ အမတကို ရှာကြစို့ဟု အဝတ်ရှိသော ဆန္နပရိဗိုဇ်သိဉ္ဇည်း ဆရာထံ ပရိသတ်နှင့်တကွ ရဟန်းပြုကုန်၏။

တရက် နှစ်ရက်အတွင်း သိဉ္စည်းဆရာ၏ ဉာဏ်အရာ၌ ကမ်းတဘက်သို့ရောက်၍ အမတကိုမမြင်လတ်သော် မေး၍ ဤမျှသာတည်းဟု နာကြားရသော အခါ၊ ငါ့ရှင် ... ဤဆရာ၏ အယူသည် အနှစ်မရှိ၊ ရှေးဦးစွာ အမတ အမြိုက်တရား ရသူသည် တယောက်အား ပြောကြားစေသတည်းဟု ကတိကဝတ်ပြုကုန်၏။

ရှင်အဿဇိ ဆွမ်းခံပြန်၍ ဆွမ်းစားပြီးသောအခါ ရှင်သာရိပုတြာပရိဗိုဇ်သည် မိမိကရားမှရေကို လှူ၏။ မထေရ်မြတ် လက်ခြေ ဆေးကြောပြီးမှ ဝမ်းမြောက်ဖွယ် စကားပြော၍ ပြဿနာမေးသည်။ မထေရ်သည် ပဋိသမ္ဘိဒါပတ္တဖြစ်သော်လည်း ပရိဗိုဇ်အား ဓမ္မဂါရ၀ ဖြစ်စေအံ့ဟု ကြံ၍ (ဗုဒ္ဓဝိသယ) - ဘုရားအရာ၌ မိမိအရာ မဟုတ်ခြင်းဖြင့် အကျယ်ဟောခြင်းငှာ မတတ်နိုင်ဟု ဆိုသည်။

ယေဓမ္မာဟေတုပ္ပဘဝါ - တရား၌ အကြောင်းကြောင့်ဖြစ်သော တရားဟူသည် ခန္ဓာငါးပါး ဖြစ်၏။ ဒုက္ခသစ္စာဟူလို၊ ထို တရားတို့၏ အကြောင်းဟူသည် သမုဒယသစ္စာဖြစ်၏။ ထိုနှစ်ပါးတို့၏ ချုပ်ငြိမ်းရာ ဟူသည် အပ္ပဝတ္တိနိရောဓ ဒုက္ခ - သမုဒယနှစ်ပါး၏ မဖြစ်မူ၍ ချုပ်ရာ ဖြစ်၏။ နိရောဓသစ္စာဟူလို။ မဂ္ဂသစ္စာကို တိုက်ရိုက် မဆိုသော်လည်း နိရောဓကိုဆိုလျှင် နိရောဓသို့ရောက်ကြောင်း မဂ္ဂသစ္စာကို ဆိုပြီးသာဖြစ်၏။

ဧဟိဘိက္ခု ရဟန်းဖြစ်ပြီးသောအခါ ရှင်မောဂ္ဂလာန်သည် ခုနစ်ရက်ဖြင့် ရဟန္တာဖြစ်၏။ ရှင်သာရိပုတြာသည် လခွဲဖြင့် ရဟန္တာဖြစ်၏။ ရှေး ... တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ အနောမဒဿီဘုရား အမှူးရှိသော သံဃာအား သာရဒရသေ့သည် ပန်းမဏ္ဍပ်ဆောက်လှူ၍ အဂ္ဂသာဝကဆု တောင်း၏။ ထို့နောက် သိရိဝဍ္ဎ သဌေးကိုလည်းတိုက်တွန်းသဖြင့် ထိုသဌေးသည် ကြာညိုမဏ္ဍပ်ဆောက်လုပ် ဘုရားအမှူး ရှိသော သံဃာအား ဆွမ်းကျွေး၍ ဒုတိယသာဝကဆု တောင်း၏။ သာရဒရသေ့ကား ရှင်သာရိပုတြာ ဖြစ်၏။ သိရိဝဍ္ဎသဌေးကား ရှင်မောဂ္ဂလာန် ဖြစ်၏။ (ဤကား ထိုသူတို့၏ ရှေးကောင်းမှုတည်း။)

(သာဋီ ... ရာဇဂြိုဟ်အနီး ဥပတိဿရွာ၌ သာရိမည်သော ပုဏ္ဏေးမ၏ သားဖြစ်သော သာရိပုတြာသည် ဥပတိဿရွာ၌ ဇေဋ္ဌကုလ၏သား ဖြစ်သောကြောင့် ဥပတိဿ မည်၏။ မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်သော မောဂ္ဂလာန်သည် ကောလိတရွာ၌ ဇေဋ္ဌကုလ၏သား ဖြစ်သောကြောင့် ကောလိတမည်၏။ ဆွေမျိုး ခုနစ်ဆက်တိုင် မိတ်ဆွေတို့ဖြစ်ကုန်၏။ ဥပတိဿ သည် မြစ်ဥယျာဉ် စသည်တို့သို့ သွားသောအခါ ရွှေထမ်းစင်ငါးရာ အခြံအရံ ရှိ၏။

ကောလိတကား အာဇာနည်မြင်းကသော ရထားငါးရာ ခြံရံ၏။ လုလင်ငါးရာစီ ခြံရံ၏။ ရာဇဂြိုဟ်၌ နှစ်စဉ် တောင်ထိပ်ပွဲ ကျင်းပသောအခါ ညောင်စောင်းတည်း အတူနေ၍ ပွဲကြည့်ကုန်၏။ တနေ့၌ ပွဲကြည့်စဉ် ဉာဏ်ရင့်လာသဖြင့် ပျော်ရွှင်ခြင်းမရှိပဲ ဤသတ္တဝါအပေါင်းသည် နှစ်တရာအတွင်း အမည်ပညတ်မျှမကျန် ပျောက်ကွယ်လတ္တံ့၊ သေခြင်းလွတ်ရာတရားကို ရှာသင့်သည်ဟု နှလုံးသွင်းမိကြသဖြင့် အချင်းချင်း တိုင်ပင်၍ သိဉ္စည်းဆရာထံ လုလင်ငါးရာနှင့်တကွ ပရိဗိုဇ်ပြုကုန်၏။

ထိုအခါမှစ၍ ဆရာကြီးအား လာဘ်အခြံအရံ ပေါများလာ၏။ တရက် နှစ်ရက်မျှဖြင့် ထိုဆရာ၏ ဝါဒအလုံးစုံကို သင်ယူပြီးလျှင် ငါတို့ရှာသော တရား မတွေ့သေးဟု ဇမ္ဗူဒိပ်ကျွန်းအရပ်ရပ် ပညာရှိများရှိရာသို့ ချဉ်းကပ် မေးမြန်း၍ မိမိတို့လောက် ပညာရှိသူကို မမြင်သဖြင့် သိဉ္စည်းဆရာထံ ပြန်လာကြပြီးလျှင် “တို့ အမြိုက်တရား ရှေးဦးစွာရသူ ပြန်ပြောစေသတည်း”ဟု ကတိကဝတ်ပြုကုန်၏။

သိဉ္စည်းဆရာသည် နဂ္ဂပရိဗိုဇ် ဝတ်လစ်စလစ်မဟုတ်၊ အဝတ်ဖြူ ဝတ်သော ဆန္ဒပရိဗိုဇ် (ဘိုးသူတော်) ဖြစ်၏။ ကတိကဝတ်ပြုပြီးနောက် ရှင်သာရိပုတြာသည် ရှင်အဿဇိနှင့် တွေ့၍ သောတာပန်တည်ပြီးသော အခါ အရှင်ဘုရား ဤမျှသာ ဖြစ်ပါစေဦး ကြွတော်မူနှင့်ပါ အဖော် တယောက်ရှိသေး၍ ထိုအဖော်ကိုခေါ်၍ ဝေဠုဝန်သို့ လိုက်ခဲ့ပါမည်ဟု ဆို၍ ပြားပြားဝပ်ရှိခိုး၍ ပရိဗိုဇ်အရံသို့ ပြန်သွားလေ၏။

(ရှင်အဿဇိ ဟူသည် ပဉ္စဝဂ္ဂီအဝင်ဖြစ်၏။ အရပ်ရပ် တရားဟော စေလွှတ်အပ်သော ရဟန်းခြောက်ကျိပ်၌ ပါဝင်၏။ တရားဟောရာမှပြန်လာ၍ ထိုအခါ ရာဇဂြိုဟ်၌နေသည်ဟု ဓမ္မပဒအဋ္ဌကထာ၌ ဆို၏။)

ရှင်သာရိပုတြာသည် ယေဓမ္မာဟေတုပ္ပဘဝါ-ဂါထာ၌ အစနှစ်ပါဒမျှ နာရရုံဖြင့် နည်းပေါင်း တထောင်ရှိသော သောတာပတ္တိဖိုလ်၌ တည်သည်။ (ဓမ္မသင်္ဂဏီ၌ သောတာပတ္တိဖိုလ်တထောင်ဖြစ်အောင် နည်းတထောင်ဖြင့် ဟောသည်ကို ရှည်ဆိုသည်။) သောတာပန်တည်ပြီးမှ ကြွင်း နှစ်ပါဒ ပြီးဆုံးသည်။

ရှင်မောဂ္ဂလာန်ကား လေးပါဒဂါထာအဆုံး၌ သောတာပန် တည်သည်။ ရှင်မောဂ္ဂလာန် သောတာပန် တည်ပြီးသောအခါ ရှင်သာရိပုတြာသည် အခါခပ်သိမ်း ဆရာသမားကို ပူဇော်လေ့ရှိသောကြောင့် ငါတို့ သိသော တရားကို သိဉ္စည်းဆရာအား ပြောပြဦးအံ့၊ ဆရာကြီးသည် တရားကို ယခု မသိသေးလျှင် ဘုရားရှင်ထံ ရောက်သောအခါ သိနိုင်ပေလိမ့်မည်ဟုကြံ၍. ဆရာ-လောက၌ ဘုရားပွင့်ပြီ၊ တရားဟောပြီ၊ သံဃာအပေါင်း ကောင်းစွာ ကျင့်ပြီ၊ ဘုရားဖူးသွားကြစို့ဟု ပြောကြား၏။

အမောင်တို့ ... အဘယ်သို့ ဆိုကြသနည်းဟု တားမြစ်၏။ ဆရာ .... အကျွန်ုပ်တို့အား ရောက်ရာ၌ သူတပါး၏ တပည့်ဖြစ်ရခြင်းသည် အမြဲသာဖြစ်ပါစေတော့။ (စိတ်မဆုတ်နစ်ပါ။) အရှင်တို့၏ သွားသင့်မသွားသင့်ကို ဆင်ခြင်စဉ်းစားပါဦးဟု ဆိုလတ်သော်၊ “ဤမျှလောက် အသိဉာဏ်ရောက်ကုန်ပြီ၊ ငါ့စကားကို လိုက်နာကြ တော့မည် မဟုတ်”ဟု သိ၍ အမောင်တို့ သွားလိုလျှင် သွားကြလော၊ ငါကားကြီးပြီ၊ သူတပါး၏ တပည့်အဖြစ်ဖြင့် မနေနိုင်ဟုဆို၏။ ထိုအခါ အနည်းနည်း ဖျောင်းဖျပြောဆိုသော်လည်း မရသဖြင့် တပည့် ငါးရာတို့တွင် လိုက်နာသောတပည့် ၂၅၀-ကိုခေါ်၍ ဝေဠုဝန်သို့ သွားကြကုန်၏။

မြတ်စွာဘုရားသည် ပရိသတ်အလယ်၌ တရားဟော၏။ အဂ္ဂသာဝက နှစ်ပါးကိုချန်၍ တပည့်ပရိဗိုဇ် ၂၅ဝ-တို့သည် ရဟန္တာဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ဧထ ဘိက္ခဝေါ ... ဟု လက်တော်ကို ဆန့်လတ်သော် အားလုံး ဆံမုတ်ဆိတ်ကွယ်၍ တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်း ကိုယ်၌ဖွဲ့၍ တည်၏။ အဂ္ဂသာဝက နှစ်ပါးတို့အား လည်း တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်း ရ၏။ သာဝက ပါရမီဉာဏ်ကြီးသောကြောင့် အထက်မဂ်သုံးပါး ကိစ္စကား မပြီး။

ထို့နောက် ရှင်မောဂ္ဂလာန်သည် ခုနစ်ရက်ကြာသောအခါ မဂဓတိုင်း ကလ္လဝါဠရွာငယ်ကိုမှီ၍ တရား အားထုတ်စဉ် ထိနမိဒ္ဓနှိပ်စက်ခြင်းကြောင့် မြတ်စွာဘုရားသည် သံဝေဂဉာဏ် ထိတ်လန့်အောင်ပြု၍ ဓာတု ကမ္မဋ္ဌာန်းကို ဟော၏။ တရားအဆုံး၌ ရဟန္တာဖြစ်၍ သာဝကပါရမီ အထွဋ်အထိပ်သို့ ရောက်၏။

ရှင်သာရိပုတြာကား လခွဲလွန်သောအခါ ဘုရားရှင်နှင့်အတူ ရာဇဂြိုဟ်ကိုအမှီပြု၍ ဝက်တူးသောလိုဏ်၌ နေစဉ် မိမိတူ ဒီဃနခပရိဗိုဇ်အား ဘုရားရှင်ဟောသော ဝေဒနာပရိဂ္ဂဟသုတ်ကိုနာ၍ ဉာဏ်စေလွှတ်၍ သူတပါး အလို့ငှာ ပြင်ထားသောထမင်းကို ဝင်စားသူကဲ့သို့ သာဝက ပါရမီအထွဋ်အထိပ်သို့ ရောက်လေ၏။

* [တပါးတည်းကို ဧဟိဘိက္ခု - ဧကဝုစ်၊ အများကို ဧထဘိက္ခဝေါ - ဗဟုဝုစ်၊ ဤသို့ အနည်းအများ-ဝှစ်မျှထူးသည်။ ဧဟိဘိက္ခု ရဟန်းချည်းသာ အတူတူ ဟူလို။]

* [မဟာ၊ ပုထု၊ တိက္ခ၊ ဟာသ၊ နိဗ္ဗေဓိက၊ ဇဝန-ပညာ ၆-ပါး။ နဝါနုပုဗ္ဗ ဝိဟာရခေါ် သမာပတ်ပညာ ၉-ပါး၊ အရဟတ္တမဂ်ပညာ တပါး၊ ဤပညာ ၆-ရပ်ကို ထိုးထွင်းနိုင်လျှင် ပညာထွဋ်ထိပ်သို့ ရောက်သည်မည်၏။]

ဝိပဿနာအာရုံထူးခြင်း

ရှင်မောဂ္ဂလာန်သည် သာဝကတို့၏ ဝိပဿနာအာရုံကို တစိတ်တဒေသ သုံးသပ်၍ ခုနစ်ရက်ဖြင့် ရဟန္တာ ဖြစ်သည်။ ရှင်သာရိပုတြာသည် အလုံးစုံသုံးသပ်၍ လခွဲဖြင့် ရဟန္တာဖြစ်သည်။ ဘုရားရှင်တို့၏ ဝိပဿနာသည် လောကဓာတ်တသောင်း၌ သက်ရှိသက်မဲ့ အလုံးစုံသော သင်္ခါရတို့ကို အာရုံပြုသည်။ စကြဝဠာကုဋေတသိန်းဟု အပရေတို့ဆိုကုန်၏။

ပစ္စေကဗုဒ္ဓါသည် မိမိသန္တာန်နှင့်တကွ မဇ္ဈိမဒေသ အတွင်း သက်ရှိသက်မဲ့ သင်္ခါရအကုန် အာရုံပြုသည်။ ဇမ္ဗူ ဒိပ်တကျွန်းလုံးဟု ကေစိတို့ ဆိုကုန်၏။ သာဝကတို့သည် မိမိသန္တာန်ကို လည်းကောင်း၊ သူတပါးသန္တာန်၌ သန္တာန်မခွဲမူ၍ ဗဟိဒ္ဓသန္တာန် သာမညအားလုံးကို လည်းကောင်း သုံးသပ်ကုန်၏။ ရှင်မောဂ္ဂလာန်သည် ဗဟိဒ္ဓတို့ကို သန္တာန် ခွဲ၍ အချို့ အချို့ကိုထုတ်၍ ဉာဏ်ဖြင့်ထိကာမျှပြု၍ သုံးသပ်သည်။ ရှင်သာရိပုတြာသည် ပကတိသာဝကတို့၏ ဝိပဿနာအာရုံအလုံးစုံကို အကြွင်းမဲ့ သုံးသပ်သည်။

အရောင်ပမာ ဝိပဿနာ

ပုဂ္ဂိုလ်အားဖြင့် သုက္ခဝိပဿက၊ ဈာန်အဘိညာရသော ပကတိသာဝက၊ မဟာသာဝက၊ အဂ္ဂသာဝက၊ ပစ္စေက ဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ အားဖြင့် ခြောက်ယောက်ရှိ၏။

ထို့တွင် သုက္ခဝိပဿကတို့သည် ဝိပဿနာပွားရာ၌ သူကန်းအလိုရှိရာ မရောက်နိုင်သကဲ့သို့ အလိုရှိရာ မပွားနိုင်ကြ၊ သိမ်းဆည်းအပ်သော တရား၌သာ ပွားနိုင်ကြသည်။ ၎င်းတို့၏ ဝိပဿနာပွားခြင်းသည် ပိုးစုန်းကြူး အရောင်နှင့် တူ၏။

အဘိညာရသော ပကတိသာဝကတို့သည် ပညာကြီးသောကြောင့် ချဲ့၍ ပွားနိုင်ကုန်၏။ မီးရောင်နှင့်တူ၏။

မဟာသာဝကတို့သည် ဆုတောင်း ပြည့်စုံသောကြောင့် ထိုထက်အလွန် ချဲ့ပွားနိုင်ကုန်၏။ မီးရှူးရောင်နှင့် တူ၏။ ဒုတိယ အဂ္ဂသာဝကသည် ထိုထက်ချဲ့နိုင်၏။ ပဌမအဂ္ဂသာဝကသည် သာဝကတို့နှင့် မဆက်ဆံအောင် ချဲ့နိုင်ကုန်၏။

အဂ္ဂသာဝကတို့၏ ဝိပဿနာသည် သောက်ရှူးကြယ်ရောင်နှင့်တူ၏။

ပစ္စေကဗုဒ္ဓတို့ကား ထို ထက်ချဲ့နိုင်ကုန်၏။ လရောင်နှင့်တူ၏။

ဘုရားရှင်တို့ကား သဗ္ဗညုတဉာဏ်ရသည်အလျောက် သုံးသပ်အပ်သမျှ၌ နည်းအထူးထူးဖြင့် မကပ်မငြိ သုံးသပ်နိုင်ကုန်၏။ သရဒ အခါ ရောင်ခြည်တထောင် ဆောင်သော နေမင်းရောင်နှင့်တူ၏။ ထိုဉာဏ်သည် မဟာဝဇိရဉာဏ်လည်း မည်၏။

(လင်း/ဆုတ် ၁-မှ-ဆောင်/ပြည့်ထိ ၂-လ သည် သရဒဥတုငယ်အခါ မည်၏။)

သွားခြင်းပမာ ဝိပဿနာ

သုက္ခဝိပဿကတို့၏ ဝိပဿနာသည် သူကန်း တောင်ဝှေးစမ်း၍ သွားခြင်းနှင့် တူ၏။ အဘိညာရသော ပကတိသာဝကတို့ကား သစ်တုံးတံတား၌ သွားခြင်းနှင့်တူ၏။ မဟာသာဝကတို့ကား ခြေကြောင်းတံတား၌ သွားခြင်းနှင့်တူ။ အဂ္ဂသာဝကတို့ကား လှည်းကြောင်းတံတား၌ သွာခြင်းနှင့်တူ၏။ ပစ္စေကဗုဒ္ဓါတို့ကား ခြေကြောင်း လမ်းမကြီး၌ သွားခြင်းနှင့်တူ၏။ ဘုရားရှင်တို့ကား လှည်းလမ်းမကြီး၌ သွားခြင်းနှင့် တူ၏။ ပစ္စေကဗုဒ္ဓါနှင့် သမ္မာသမ္ဗုဒ္ဓတို့၏ ဝိပဿနာသည် စိန္တာမယဉာဏ်ဖြင့် ကြီးပွားသောကြောင့် သယမ္ဘူဉာဏ် မည်၏။ သာဝက တို့၏ ဝိပဿနာသည် သုတမယဉာဏ်ဖြင့် ကြီးပွားသောကြောင့် ပရော ပဒေသ သမ္ဘူတတို့ မည်ကုန်၏။

မြို့သားတို့အပြစ်တင်ခြင်း

ရာဇဂြိုဟ်၌ မြတ်စွာဘုရား နေတော်မူသောအခါ အလွန်ထင်ရှားသော မဂဓတိုင်းသား အမျိုးသားတို့သည် ဘုရားရှင်ထံ များစွာ ရဟန်းပြုကုန်၏။ လူတို့သည် ရဟန်းဂေါတမကား သားရှိသူတို့အား သားမရှိအောင်၊ မိန်းမတို့အား မုဆိုးမဖြစ်အောင်၊ အမျိုး ပြတ်အောင် ပြုကျင့်သည်။ ရသေ့တထောင်ကို လည်းကောင်း၊ ပရိဗိုဇ် နှစ်ရာ့ငါးဆယ်ကို လည်းကောင်း ရဟန်းပြုပေးသည်။ ထင်ရှားသော မဂဓတိုင်းသား များစွာတို့လည်း ရဟန်းပြုကုန်ပြီဟု ဆို၍ ရဟန်းတို့ကို မြင်သောအခါ အာဂတောခေါ အစချီလျက် ဂါထာကို ရွတ်ဆိုကုန်၏။

အာဂတောခေါ မဟာသမဏော
မဂဓာနံ ဂိရိဗ္ဗဇံ
သဗ္ဗေသဉ္စယေ နေတွာန
ကံ သုခါနိ နယိဿတိ

မဟာသမဏော၊ ရဟန်းကြီးဂေါတမသည်။
မဂဓနံ၊ မဂဓ တိုင်းသူတိုင်းသားတို့၏။
ဂိရိဗ္ဗဇံ၊ တောင်ငါးလုံးရံ နွားခြံလိုလို ရာဇဂြိုဟ်သို့။
အာဂတောခေါ၊ ရောက်လာသည်သာတည်း။
ဝါ၊ ရောက်လာ၍။
သဗ္ဗေသဉ္စယေ၊ သိဉ္စည်းတပည့် ၂၅၀-လုံးတို့ကို။
နေတွာန၊ ဆောင်ပြီး၍။
ဒါနိ၊ ယခုအခါ၌။
ကံ၊ အဘယ်သူကို။
နယိဿတိ၊ ဆောင်ယူဦးမည်နည်း။
ဝါ၊ ဆောင်ယူလိမ့်မည်မသိ။

ဤသို့ အပြစ်တင်စကား ဆိုကုန်၏။ ရဟန်းတို့သည် ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့ ... သင်တို့လည်း နယန္တိ ဝေ- အစချီသောဂါထာဖြင့် ပြန်၍ဆိုကြလော။

နယန္တိ ဝေ မဟာဝီရာ
သဒ္ဓမ္မေန တထာဂတာ
ဓမ္မေန နယမာနာနံ
ကာ ဥဿုယျာ ဝိဇာနတံ

မဟာဝီရာ၊ ကြီးသောလုံ့လရှိကုန်သော။
တထာဂတာ၊ မြတ်စွာဘုရားတို့သည်။
ဝေ၊ စင်စစ်။
သဒ္ဓမ္မေန၊ သူတော်ကောင်းတရားဖြင့်။
နယန္တိ၊ ဆောင်ကုန်၏။
ဓမ္မေန၊ သူတော်ကောင်းတရားဖြင့်။
နယမာနာနံ၊ ဆောင်ကုန်သောသူတို့၌။
ဝါ၊ ဆောင်ကုန်သောသူတို့ကို။
ဥဿုယျာ၊ ငြူစူခြင်းသည်။
ဝိဇာနတံ၊ တရားဖြင့်ဆောင်သည်ဟု သိသူတို့အား။
ကာ၊ အဘယ်မှာသင့်အံ့နိုးနိုး ကောင်းကျိုးရှိနိုင်အံ့နည်း။

ဤသို့ပြန်ဆိုကြဟု မိန့်တော်မူ၏။ ရဟန်းတို့ ပြန်ဆိုသည်ကိုကြားသိ ကြသောအခါ၊ ဘုရားရှင်တို့ကား တရားဖြင့် ဆောင်ယူကြသည်ဟု သိရှိကြသဖြင့် အပြစ်မတင်ပဲ ထိုအသံသည် ခုနစ်ရက်သာ ဖြစ်၍ ပပျောက်လေ၏။

(ဇိဋီ ... ဤမျှဖြင့် ရှင်ဥပါလိသည် နိဒါန်းကိုပြီးဆုံးစေတော်မူ၏။)

ရှင်ပြုစသော ဝိနည်းကံ၏ နိဒါန်းပြီး၏။

ဥပဇ္ဈာယ်ခွင့်ပြုခြင်း

ထိုအခါ ရဟန်းတို့သည် ဥပဇ္ဈာယ်မရှိ ဆရာမရှိ ဆုံးမသူကံဖြစ်သူ မရှိ မကောင်းသောဝတ်ခြင်း ရုံခြင်းရှိ၍ ရဟန်း အသွင် အပြင်၊ သမဏသာရုပ္ပအကျင့် ကင်းလျက် ဆွမ်းခံသွားကုန်၏။ စားသောက်ဆဲ ဖြစ်သော လူတို့၏ ဘောဇဉ်၊ ခဲဖွယ်၊ လျက်ဖွယ်၊ သောက်ဖွယ် အထက်၌ ဆွမ်းခံသောသပိတ်ကို ညွှတ်ကုန်၏၊ ဟင်းကို ဆွမ်းကို တောင်း၍စားကုန်၏။ ဆွမ်းယူရာ ဆွမ်းစားရာ ဘတ္တဂ္ဂ၌ ကျယ်စွာ အသံများစွာပြုကုန်၏။ ပုဏ္ဏားတို့ဘောဇဉ် ကျွေးရာ၌ ပုဏ္ဏားတို့ ဆူညံသကဲ့သို့ဟု လူတို့ကဲ့ရဲ့ကုန်၏။

ဘုရားရှင်ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့- ဥပဇ္ဈာယ်ကိုခွင့်ပြု၏။ ဝါ၊ ဥပဇ္ဈာယ်၏အဖြစ်ကို စိတ်ဖြင့်ယူခြင်းငှာ ခွင့်ပြု၏။ ဥပဇ္ဈာယ်သည် အတူနေ သဒ္ဓိဝိဟာရိကတပည့်၌ သားဟူသောချစ် စိတ်ကို ဖြစ်စေလတ္တံ့။ သဒ္ဓိဝိဟာရိကသည် ဥပဇ္ဈာယ်၌ ဖခင်ဟူသောချစ်စိတ်ကို ဖြစ်စေလတ္တံ့။ ဤသို့ အချင်းချင်း ရိုသေ တုံ့ဝပ်လျက် တူသော အသက်မွေးခြင်းရှိကြလျှင် ဤဓမ္မဝိနယ၌ ကြီးပွားကုန်လတ္တံ့။ ဥပဇ္ဈာယ် ယူပုံကား ပခုံးတဘက်၌ ကိုယ်ရုံစမ္ပယ်တင်၍ ခြေတို့ကိုရှိခိုး၍ ဆောင့်ကြောင့် ထိုင်လျက် လက်အုပ်ချီလျက် “ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ” ဟု သုံးကြိမ်ဆို၍ ယူအပ်၏။

(ဘန္တေ၊ အရှင်မြတ်ဘုရား။
အာယသ္မာ၊ သက်တော်ရှည်သော။
တွံ၊ အရှင်မြတ်ဘုရားသည်။
မေ၊ အကျွန်ုပ်၏။
ဥပဇ္ဈာယော၊ အပြစ်ငယ်အပြစ်ကြီးကိုကြည့်ရှုမပြတ် ဆုံးမတတ်သော ဥပဇ္ဈာယ်ဆရာသည်။
ဟောဟိ၊ ဖြစ်တော်မူပါဘုရား။)

သာဟု၊ ကောင်း၏။
လဟု၊ ငါ ဝန်မလေး။
ဩပါယိကံ၊ သင်ဥပဇ္ဈာယ်ယူခြင်းသည် အကြောင်းနှင့် ပြည့်စုံ၏။
ပတိရူပံ၊ သင်ဥပဇ္ဈာယ်ယူခြင်းသည် လျောက်ပတ်၏။
ပါသာဒိကေန သမ္ပါဒေဟိ
ပါသာဒိကေန၊ ကြည်ညိုဘွယ်ဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့်။
တိဝိဓသိက္ခံ၊ သိက္ခာသုံးရပ် သာသနာတော်မြတ်ကို။
သမ္ပါဒေဟိ၊ ပြည့်စုံစေလော”။

ဤ ငါးပုဒ် တပုဒ်ပုဒ်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ကိုယ်နှုတ်ဖြင့်လည်းကောင်း၊ ဆရာသည် သိစေသည်ဖြစ်အံ့၊ ဥပဇ္ဈာယ်ယူခြင်းဖြစ်၏။ မသိစေသည် ဖြစ်အံ့၊ ဥပဇ္ဈာယ်ယူခြင်း မဖြစ်။

[ထာ ... ငယ်သောအပြစ်၊ ကြီးသောအပြစ်ကို မပြတ်ရှုသော ဆရာသည် ဥပဇ္ဈာယ။ ထိုမှကင်းလျှင် ဥပဇ္ဈာယ်မရှိသူ မည်၏။ သာဟုစသော ငါးပုဒ်သည် ဥပဇ္ဈာယ်အဖြစ်ဝန်ခံရာ၌ သဒ္ဒါမတူ အနက်တူ ပရိယာယ် ဝေဝုစ်ငါးပုဒ်ဖြစ်၏။ တပည့်သည်သုံးကြိမ်ဆို၍ ဥပဇ္ဈာယ်ယူအပ်ပြီ ဟူသော အနက်ကို သိစေလျှင် ဥပဇ္ဈာယ် ယူခြင်းဖြစ်၏။

ကေစိတို့ကား တပည့်က သာဓုဟု ပြန်၍ဝန်ခံမှ ဥပဇ္ဈာယ်ယူခြင်းဖြစ်သည်ဟု ဆိုကုန်၏။ ပမာဏ မဟုတ်၊ တောင်းခြင်း၊ ပေးခြင်းမျှဖြင့် ယူခြင်းဖြစ်သည်။ တဖန် ဝန်ခံခြင်းသည် အကြောင်းမဟုတ်၊ တပည့်သည် ငါဥပဇ္ဈာယ်ယူပြီးပြီဟူ၍မျှသာ သိအပ်သည်မဟုတ်၊ အဇ္ဇတဂ္ဂေ ဒါနိ ထေရော မယှံ ဘာရောအဟမ္ပိ ထေရဿ ဘာရော - ယနေ့မှစ၍ မထေရ်သည် ငါ၏တာဝန်၊ ငါသည်လည်း မထေရ်၏တာဝန်ဖြစ်ပြီ ဟူ၍လည်း သိခြင်းငှာအပ်၏။]

(ဤပါဠိကို အနက်ပေးနိုင်သော ဉာဏ်ပညာရှိ-မရှိ ဤတွင် သိရပေလတ္တံ့။)

(သာဋီ ... ငယ်သောအပြစ်သည် ဝဇ္ဇ၊ ကြီးသောအပြစ်သည် အဝဇ္ဇ မည်၏။
အ-သဒ္ဒါသည် ဝုဒ္ဓိအနက်ရှိ၏။
ဂရုနောဘာဝေါ-ဂါရဝံ
သဟဂါရဝေန ယေ သဂါရဝါ၊ အလေးပြုခြင်းနှင့်တကွ ဖြစ်သူတို့။
ဝါ-အလေးပြုသူတို့။
ပဋိဿဝနံ ပဋိဿောသဟပဋိသောန ယေ သပ္ပဋိဿာ နားတောင်သူတို့။
သာဟုကား-သာဓု၊ ကောင်း၏။
လဟုကား... အဂရု သင့်ဥပဇ္ဈာယ်ဖြစ်ရခြင်း၌ ငါအား လေးသောဝန် မရှိ။
ဩပါယိကံကား - ဥပါယပဋိသံယုတ္တံ၊ အကြောင်းဥပါယနှင့် ယှဉ်၏။
ဤဥပါယဖြင့် သင်သည် ဤနေ့မှစ၍ ငါ့တာဝန်ဖြစ်ပြီဟူလို။
တနည်း၊ ဤသို့ကျင့်ခြင်းသည် ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်၏ဟူလို။
ပတိရူပံကား အနုရူပံ၊ သင်ပဥဇ္ဈာယ် ယူခြင်းသည် လျောက်ပတ်၏။
ပါသာဒိကေန သမ္ပာဒေဟိကား - ပသာဒါ ဝဟေန ကာယဝစီ ပယောဂန တိဝိဓသိက္ခံ နိပ္ဖါဒေဟိ-ဟူသော အနက်ဖြစ်၏။
ဥပဇ္ဈာယောမေ-စသည်ဆိုခြင်းသည် ဥပဇ္ဈာယ်တောင်းသည် မည်၏။
ဆရာက သာဟုစသည်ဆိုခြင်းသည် ဥပဇ္ဈာယ်ပေးသည်မည်၏။

ဤမျှဖြင့်ပြည့်စုံပြီ။ တဖန်တပည့်က သာဓုဝန်ခံခြင်းသည် အကြောင်း အင်္ဂါမဟုတ်။)

ဥပဇ္ဈာယဝတ်

ချစ်သားတို့ ... သဒ္ဓိဝိဟာရိက တပည့်သည် ဥပဇ္ဈာယ်ဆရာ၌ ကောင်းစွာကျင့်အပ်၏။ ကျင့်ဝတ်ကား နံနက်စောစော ထ၍ (ဘိနပ်စီးထားလျှင်) ဘိနပ်ချွတ်၍ ပခုံးတဘက်စမ္ပယ်တင်၍ ဒန်ပူ၊ မျက်နှာသစ်ရေ ပေးအပ်၏။ နေရာခင်းအပ်၏။ ယာဂုရှိလျှင် ခွက်ဆေး၍ ယာဂုကပ်အပ်၏။ ယာဂုသောက်ပြီးလျှင် ရေပေး၍ ခွက်ယူ၍ ရိုသေစွာ မထိမခိုက်ဆေး၍ သိုမှီးအပ်၏။ ဆရာထလျှင် နေရာသိမ်းအပ်၏။ ထိုနေရာ အမှိုက်လှည်းအပ်၏။ (ရေပေါက်မျှရှိလျှင် လက်ဖြင့်သော်လည်း သုတ်သင်အပ်၏။)

ဆရာ ရွာသို့ဝင်လိုသောအခါ သင်းပိုင်ပေး၍ သင်းပိုင်ဟောင်း ယူအပ်၏။ ခါးပန်းကြိုး ပေးအပ်၏။ ကိုယ်ရုံနှင့်ဒုကုဋ်ကိုထပ်၍ သံဃာဋိတို့ကို ပေးအပ်ကုန်၏။ သပိတ်ဆေး၍ ရေကြွင်းနှင့်တကွ ပေးအပ်၏။ နောက်လိုက် အလိုရှိလျှင် အဝန်းသုံးပါး (ဒူးဝန်းနှစ်ဘက်၊ ချက်)ညီစွာ ဖုံး၍ အဝန်းညီစွာဝတ်၍ ခါးပန်းဖွဲ့၍ နှစ်ထပ်ပြုကာ သံဃာဋိတို့ကိုရုံ၍ ကမ္ပတ်သီးဝင်၍ သပိတ်ဆေး၍ နောက်မှလိုက်အပ်၏။ မနီးလွန်း မဝေး လွန်း လိုအပ်၏။ (လှည့်ကြည့်လျှင် တလှမ်း နှစ်လှမ်းဖြင့် မှီစေရသည်။) သပိတ်ပြည့်၍ ပူ၍လဲလျှင် မိမိသပိတ်ကို ပေး၍ ယူအပ်၏။ ဆရာစကား ပြောစဉ် ကြားဖြတ်၍ တပါးသောစကား မပြောအပ်။ (ဤမှစ၍ နောက်၌လည်း မပြုအပ်ဟုတားတိုင်း ဒုက္ကဋ်ဟု သိအပ်၏။ ဤကား ခန္ဓက ဓမ္မတာတည်း။) ဆရာသည် အာပတ်အနီး စကားကို ပြောအံ့ တားအပ်၏။

ရွာမှပြန်သောအခါ ရှေးဦးစွာလာ၍ နေရာခင်းအပ်၏။ (နီးလျှင် ကျောင်း၌ ဂိလာနရှိလျှင် ရှေးဦးစွာလာ၍ ရွာဝေးလျှင် အတူလာ၍ သပိတ်ကို *သင်္ကန်းစွန်းဖြင့်ပတ်၍ လမ်းရောက်မှ ရှေးဦးစွာလာ၍ နေရာ ခင်းခြင်း စသည်ကို ပြုရသည်။)

(*သပိတ်ကို သင်္ကန်းစွန်းဖြင့်မပတ်သူကို အပြစ်ဆိုဝံ့သူဟု မကြားရသေး။ ယခုကာလ သပိတ်အိတ်စွပ်သူကို အပြစ်ဆိုဝံ့သူဟူ၍ကား ကြားရပေ၏။ သဒ္ဓါပညာစစ်ဖြင့်ဆိုမူ ကောင်းပေ၏။)

ခြေဆေးရေ၊ ခြေဆေးအင်းပျဉ်၊ ခြေပွတ်အိုးခြမ်း ထားအပ်၏။ ခရီးဦးကြို၍ သပိတ်သင်္ကန်းယူအပ်၏။ သင်းပိုင် အဟောင်းပေး၍ သင်းပိုင်ကိုယူအပ်၏။ သင်္ကန်းချွေးစွတ်လျှင် အတန်ငယ် နေလှန်းအပ်၏။ ကြာမြင့်စွာ မလှန်းအပ်။ သင်္ကန်းခေါက်အပ်၏။ အလယ်၌အကျိုးမထင်အောင် လက်လေးသစ်ရှား၍ အပိုထား၍ခေါက် အပ်၏။ အခွေ၌ ခါးပန်းကြိုးခေါက်၍ ထားအပ်၏။ ဥပဇ္ဈာယ်ဆရာ ဆွမ်းစားလိုလျှင် ရေပေး၍ ဆွမ်းကပ်အပ်၏။ (မိမိရသော ဆွမ်းကိုသော်လည်း ပေးအပ်၏။) သောက်ရေဖြင့်ပန်အပ်၏။ (စားစဉ် အစ၊ အလယ်၊ အဆုံး သုံးကြိမ်ပန်ရသည်။ မွန်းတည့်ချိန်နီးလျှင် ရေထားခဲ့၍ မိမိစားရသည်။)

ဆွမ်းစားပြီးလျှင် ရေပေး၍ သပိတ်ယူ၍ ရိုသေစွာ မထိမခိုက် ဆေး၍ ရေစင်အောင်သုတ်၍ အတန်ငယ် နေလှန်းအပ်၏။ ကြာမြင့်စွာ မလှန်းအပ်။ သပိတ်သင်္ကန်း ထားအပ်၏။ သပိတ်ထားသောအခါ လက် တဘက်ဖြင့် သပိတ်ကိုင်၍ တဘက်ဖြင့် ညောင်စောင်းအောက်၊ အင်းပျဉ်အောက် သုံးသပ်၍ ထားအပ်၏။ အခင်းမရှိသောမြေ၌ မထားအပ်။ သင်္ကန်းထားသောအခါ လက်တဘက်ဖြင့် သင်္ကန်းကိုင်၍ တဘက်ဖြင့် သင်္ကန်းတန်းဝါး၊ ကြိုးကိုပွတ်၍ အပ၌အစွန်း အတွင်း၌အခွေပြု၍ ထားအပ်၏။ ဆရာထသောအခါ နေရာသိမ်းအပ်၏။ ခြေဆေးရေ စသည်တို့ကို သိမ်းအပ်ကုန်၏။ အမှိုက်ရှိလျှင် တံမြက်လှည်းအပ်၏။

ဥပဇ္ဈာယ်ဆရာ ရေချိုးလိုသောအခါ ရေအေးရေနွေး လိုရာချိုးရေ စီမံအပ်၏။ စရုံးအိမ်ဝင်လိုလျှင် ရေချိုးကသယ်မှုန့်ကို ရေဆွတ်၍ အစု အပုံ အလုံးပြုအပ်၏။ မြေညက်ရေဆွတ်အပ်၏။ စရုံးအိမ် အင်းပျဉ်ပေး၍ သင်္ကန်းယူ၍ တနေရာ၌ (ကျပ်ခိုးမရှိရာ၌) ထားအပ်၏။ ရေချိုးကသယ်မှုန့် မြေညက် ပေးအပ်၏။ စွမ်းနိုင်လျှင် စရုံးအိမ်သို့ ဝင်အပ်၏။ စရုံးအိမ် ဝင်သောအခါ မြေညက်ဖြင့် မျက်နှာလိမ်း၍ ရှေ့မှ နောက်မှ ဖုံးလွှမ်း၍ ဝင်အပ်၏။ မထေရ်ကြီးတို့ကို တိုးဝှေ့၍ မနေအပ်။ ရဟန်းငယ်တို့ကို နေရာဖြင့် မတားအပ်ကုန်။ စရုံးအိမ်၌ ဥပဇ္ဈာယ်အား ပရိကံ့ကို (ဝါ-မီးခဲ မြေညက် ရေနွေးပေးခြင်း စသော ကိစ္စ အလုံးစုံပရိကံကို) ပြုအပ်၏။

စရုံးအိမ်မှထွက်သောအခါ စရုံးအိမ် အင်းပျဉ်ယူ၍ ရှေ့နောက်ဖုံး၍ ထွက်အပ်၏။ ရေချိုးရာ၌လည်း ပရိကံကို ဝါ-အင်္ဂါကြီးငယ်ပွတ်တိုက်ခြင်း စသော ကိစ္စ အလုံးစုံ-ပရိကံကို) ပြုအပ်၏။ ရေချိုးပြီးသောအခါ ရှေးဦးစွာ တက်၍ မိမိကိုယ်ကို ရေစင်အောင်ပြု၍ သင်းပိုင်ဝတ်၍ ဆရာ့ကိုယ်မှ ရေသုတ်အပ်၏။ သင်းပိုင်သင်္ကန်း ပေးအပ်၏။ စရုံးအိမ်အင်းပျဉ်ယူ၍ ရှေးဦးစွာလာ၍ နေရာခင်းအပ်၏။ ခြေဆေးရေ စသည် ထားအပ်၏။ သောက်ရေဖြင့် ပန်အပ်၏။ (မီးပူ၍ ရေငတ်သောကြောင့်တည်း။)

ပါဠိသင်ခြင်း၊ အဋ္ဌကထာသင်ခြင်း ပြုစေလိုသည်ဖြစ်အံ့။ သင်ယူအပ်၏။ ဥပဇ္ဈာယ်နေသောကျောင်း အမှိုက်ရှိအံ့၊ စွမ်းနိုင်လျှင် သုတ်သင်အပ်၏။ သုတ်သင်သောအခါ ရှေးဦးစွာ သပိတ်သင်္ကန်းထုတ်၍ တနေရာ၌ ထားအပ်၏။ နိသီဒိုင်၊ အိပ်ရာခင်း၊ ဘုံလျှို၊ ခေါင်းအုံးထုတ်၍ တနေရာစီ ထားအပ်၏။ ညောင်စောင်းအင်းပျဉ်တို့ကို အရိုအသေ မြေ၌မထိမခိုက်၊ တံခါးရွက်တံခါးဘောင် မထိမခိုက်ထုတ်၍ တနေရာထားအပ်၏။ ညောင်စောင်းအခြေ၊ ထွေးခံ၊ မှီရာတံကဲပျဉ်ထုတ်၍ တနေရာ ထားအပ်၏။

မြေအခင်းကို ထားမြဲအတိုင်းမှတ်၍ ထုတ်၍ တနေရာထားအပ်၏။ ပိုးအိမ် ပင့်ကူမျှင် စသည်ရှိလျှင် မျက်နှာကြက်မှစ၍ (ဝါ-အထက်အဘို့ကို အစပြု၍) ချအပ်၏။ ပြူတင်း၊ ထောင့်အဖို့တို့ကို (ဝါ-ပြူတင်း တံခါးရွက် တွင်းပကို လည်းကောင်း၊ တိုက်ခန်းထောင့်လေးခုတို့ကို လည်းကောင်း) တိုက်ပွတ်အပ်၏။ ရွှေသင်္ဘောဖြင့် အပြေအပြစ်ပြုသော နံရံမှိုတက်အံ့၊ မည်းသော အဆင်းဖြင့် အပြေအပြစ်ပြုသောမြေ-မှိုတက်အံ့၊ ပုဆိုးကြမ်း ရေဆွတ်၍ ရေညှစ်၍ ပွတ်အပ်၏။

အပြေအပြစ်မပြုသော မြေဖြစ်အံ့၊ ကျောင်း မြူ မကပ်ပါစေလင့်ဟု ရေဖျန်း၍ တံမြက်လှည်းအပ်၏။ အမှိုက်ကို စု၍ တနေရာ၌ စွန့်အပ်၏။ မြေအခင်းကို နေလှန်း၍ သုတ်သင်ခါတွက်၍ ပြန်ဆောင်၍ ခင်းမြဲတိုင်း ခင်းအပ်၏။ ညောင်စောင်းအခြေတို့ကို နေလှန်း၍ ပွတ်တိုက်၍ ပြန်ဆောင်၍ ထားမြဲထားအပ်၏။ ညောင်စောင်း အင်းပျဉ်တို့ကို နေလှန်း၍ သုတ်သင်ခါတွက်၍ အရိုအသေ မထိမခိုက် ပြန်ဆောင်၍ ထားမြဲထားအပ်၏။

ဘုံလျှို ခေါင်းအုံး နိသီဒိုင် အိပ်ရာခင်းတို့ကို နေလှန်း၍ ခါတွက်၍ ပြန်ဆောင်၍ ထားမြဲထားအပ်၏။ ထွေးခံ မှီရာ တံကဲပျဉ်တို့ကို နေလှန်း၍ ပွတ်တိုက်၍ ပြန်ဆောင်ထားမြဲ ထားအပ်၏။ သပိတ်သင်္ကန်းတို့ကို ယခင်နည်းအတိုင်း ထားအပ်၏။ အရပ်လေးမျက်နှာ မြူနှင့်တကွ လေလာလျှင် လေလာရာ ပြူတင်းတံခါး တို့ကို ပိတ်အပ်ကုန်၏။

ဧသောအခါ ပြူတင်းတံခါးတို့ကို နေ့ဖွင့်၍ ညဉ့်ပိတ်အပ်ကုန်၏။ ပူသောအခါ နေ့ပိတ်၍ ညဉ့်ဖွင့်အပ်၏။ ပရိဝေဏ - နေရာကျောင်းငယ်၊ ကောဋ္ဌက - တံခါးမုခ်၊ စည်းဝေးရာဇရပ်၊ မီးတင်းကုပ်၊ ဝစ္စကုဋီ – အမှိုက်ရှိအံ့၊ တံမြက်လှည်းအပ်၏။ သောက်ရေသုံးရေ သန့်သက်ရေ မရှိလျှင် ခပ်ထည့်အပ်၏။

ဥပဇ္ဈာယ်ဆရာ သာသနာ၌ မမွေ့လျော်အံ့၊ (ကလျာဏမိတ္တစသည် မှီရာအရပ်တပါးသို့) ဆောင်ပို့အပ်၏။ သူတပါးကိုသော်လည်း ဆောင်ပို့စေအပ်၏။ တရားသော်လည်း ဟောအပ်၏။ ကုက္ကုစ္စဖြစ်အံ့၊ မိစ္ဆာအယူ ဖြစ်အံ့၊ ပယ်ဖျောက်အပ်၏။ ပယ်ဖျောက်စေအပ်၏။ တရားသော်လည်း ဟောအပ်၏။ ဂရုဓမ္မသို့ရောက်၍ ပရိဝါသ်ထိုက်အံ့၊ ပရိဝါသ်သံဃာပေး အောင် အားထုတ်အပ်၏။ (ဝါ- ထိုထိုရဟန်းထံကပ်၍ တောင်းပန်အပ်၏။ စွမ်းနိုင်လျှင် မိမိပေးအပ်၏။ မစွမ်းနိုင်လျှင် သူတပါးကို ပေးစေအပ်၏။)

မူလာယပဋိကဿနထိုက်အံ့၊ မာနတ်ထိုက်အံ့၊ အဗ္ဘာန်ထိုက်အံ့၊ ထို့အတူ အားထုတ်အပ်၏။ သံဃာသည် ဥပဇ္ဈာယ်အား တဇ္ဇနီယကံ၊ နိယသကံ၊ ပဗ္ဗာဇနီယကံ၊ ပဋိသာရဏီယကံ၊ ဥက္ခေပနီယကံ ပြုလိုအံ့၊ ကံမပြုအောင်၊ ကံငယ်ပြုအောင် (ဝါ-ဥက္ခေပနီယကံကြီး ပြုလိုလျှင် တဇ္ဇနီယ၊ နိယသကံငယ်မျှပြုအောင်) အားထုတ်အပ်၏။ ကံပြုပြီးသည် ဖြစ်အံ့၊ ကောင်းစွာကျင့်အောင် ကံငြိမ်းအောင် အားထုတ်အပ်၏။ ဥပဇ္ဈာယ် အား သင်္ကန်းဖွပ်စရာ၊ ချုပ်စရာ၊ ဆိုးရည်ကြိုစရာ၊ ဆိုးစရာ ကိစ္စရှိအံ့၊ ပြုပေးအပ်၏။ အသို့ပြုစေရအံ့နည်း-ဟု အားထုတ်အပ်၏။ သင်္ကန်း ဆိုးသောအခါ ကောင်းစွာလှည့်၍ လှည့်၍ ဆိုးအပ်၏။ ဆိုးရည်ပေါက် မပြတ်မီ မဖဲအပ်။ (အနည်းငယ်မျှ စီးကျသော်လည်း မဖဲအပ်။)

(ဤအထိ ကျင့်ဝတ်ကိုမပြုလျှင် ဥပဇ္ဈာယ်အား ဆုတ်ယုတ်၏။ ထို့ကြောင့် နိဿယည်း လွတ်သူ၊ မလွတ်သူ အားလုံး မကျင့်သူအား အာပတ်သာတည်း။ နောက်ဆိုလတ္တံ့ကား နိဿယည်း မလွတ်သူအားသာ အာပတ် သင့်၏ဟု အဋ္ဌကထာဆိုလတ္တံ့။)

နိဿယည်းမလွတ်သူ အာပတ်သင့်သောဝတ်

ဥပဇ္ဈာယ်ဆရာကို မပန်ကြားပဲ အချို့သောရဟန်းအား (ဝါ - ဥပဇ္ဈာယ်နှင့် ဝိသဘာဂ ဖြစ်သောရဟန်းအား) သပိတ်မပေးအပ်။ အချို့သောရဟန်း၏ သပိတ်ကို မယူအပ်။ ထို့အတူ ထိုဝိသဘာဂနှင့် သင်္ကန်း၊ ရဟန်းသုံးပရိက္ခရာပေးခြင်း၊ ယူခြင်း မဆက်ဆံအပ်။ ဆံရိတ်မပေးအပ်။ ဆံရိတ်မခံအပ်။ ချေးတွန်းခြင်း၊ ဝေယျာဝစ္စပြုခြင်း၊ နောက်လိုက်ပြုခြင်း၊ ဆွမ်းဆောင် ပို့ခြင်းတို့ကို မပြုအပ်။ အပြုမခံအပ်။ (မဆက်ဆံအပ်။) ဥပဇ္ဈာယ်ဆရာကို မပန်ပဲ ရွာသို့မဝင်အပ်။ သုသာန်သို့ (အနေလည်းကောင်း၊ အရှုလည်းကောင်း) မသွားအပ်။ အရပ်တပါးသို့မသွားအပ်။ ဥပဇ္ဈာယ်မမာလျှင် တသက်လုံး လုပ်ကျွေးအပ်၏။ ရောဂါ ပျောက်ကင်းသည် တိုင်အောင် ဆိုင်းငံ့၍နေအပ်၏။ ဤကား ဥပဇ္ဈာယ်၌ ပြုရာသော ဝတ်တည်း။

(ထာ ... ဒန်ပူပေးသောအခါ ကြီးလတ်ငယ်သုံးမျိုး ပေးအပ်၏။ သုံးရက်လုံးယူသော ဒန်ပူမျိုးကို စတုတ္ထနေ့မှစ၍ ပေးအပ်၏။ အမှတ်မရှိ ယူလေ့ရှိလျှင် ရရာပေးအပ်၏။ မျက်နှာသစ်ရေကို ရေအေး ရေနွေး နှစ်မျိုး ပေးအပ်၏။ သုံးရက်လုံးယူသောရေချိုးကို စတုတ္ထနေ့မှစ၍ ပေးအပ်၏။ အမှတ်မရှိယူလျှင် ရောပေးအပ်၏။ နှစ်မျိုး လုံးသုံးလျှင် နှစ်မျိုးလုံး ပေးအပ်၏။ မျက်နှာသစ်ရာ နေရာ၌ ရေကိုထားပြီးလျှင် ဝစ္စကုဋီမှ စ၍ တံမြက်လှည်းအပ်၏။ မထေရ်ဝစ္စကုဋိသို့သွားလျှင် ပရိဝေဏနေရာ ကျောင်းငယ်ကို တံမြက်လှည်းအပ်၏။ ဤသို့ပြုလျှင် ကျောင်းငယ်၌ လူမဆိတ်၊ မထေရ်ဝစ္စကုဋီမှမပြန်မီ နေရာခင်းအပ်၏။ လာ၍ထိုင်နေသောအခါ ယာဂုကပ်အပ်၏။

ထပ်၍သံဃာဋိတို့ကို ပေးအပ်၏ ဟူရာ၌ ခေါက်အပ်သောသံဃာဋိတ အနက်ကြောင့် သင်္ကန်းအားလုံးသည် သံဃာဋိမည်၏။ ထို့ကြောင့် သံဃာဋိဟု ဟောသည်။ ပဒသောဓမ္မအာပတ်၊ ဒုဠုလ္လအာပတ် သင့်တတ်သော စကားမျိုးကို ပြောလျှင် အရှင်ဘုရား၊ ဤစကားသင့်ပါမည်လော၊ အာပတ်လွတ်ပါမည်လောဟု မေးသကဲ့သို့ တားအပ်၏။ “အို သက်ကြားအိုကြီး၊ ဤသို့မဆိုလင့်”ဟု မတားအပ်။

သပိတ်ထားရာ၌ ကဲလား၊ သားရေပိုင်းစသော အခင်းမရှိရာမြေ၌ လည်းကောင်း၊ ကျောက်စရစ် ရောသော မြေ၌လည်းကောင်း မထားအပ်။ မြေမှုံမရှိ အပြေအပြစ်ပြုသော မည်းသောမြေ၊ အင်္ဂတေဖွဲ့သောမြေ၌ကား ထားလျှင်အပ်၏။ ရေဆေးပြီး စင်ကြယ်သော သဲ၌ထားလျှင်လည်းအပ်၏။ မြေစသည်၌ သစ်ရွက်ကို သပိတ်ခြေကိုထား၍ ထို၌ထားလျှင်အပ်၏။ အပ၌အစွန်း အတွင်း၌ အပြု၍ဟူသောစကားကို သင်္ကန်းတန်းဝါး စသည်၏အောက်၌ လက်တဘက်လျှို၍ ရှေးရှုသောလက်ဖြင့် ဖြေးဖြေးသာသာ ထားခြင်းငှာဆိုသည်။ အစွန်း၌ကိုင်၍ အခွေဖြင့် တန်းအထက်တင်လိုက်လျှင် နံရံ၌အခွေ ထိခိုက်တတ်၏။ ထိုသို့ မပြုအပ်။

ရောဂါကင်း၍ စွမ်းနိုင်လျင် ဝါခြောက်ဆယ်ရသော်လည်း ဥပဇ္ဈာယ်ဝတ် အလုံးစုံကို ပြုအပ်၏။ မရိုသေခြင်းဖြင့် မပြုလျှင် ဝတ္ထဘေဒဒုက္ကဋ်၊ မပြုအပ်ဟု တားရာ၌ လွန်ကျူးလျှင် ဂီလာနအားလည်း ဒုက္ကဋ်သာတည်း။ မြေအခင်းကို ရှေးခင်းမြဲတိုင်း ပြန်ခင်းနိုင်အောင် မှတ်သား၍ ထုတ်ရသည်။ ရှေး၌မသိသူခင်းအံ့။ ထက်ဝန်းကျင်နံရံကို နှစ်သစ် သုံးသစ် ခွါ၍ ခင်းအပ်၏။ ဤကား ခင်းပုံကျင့်ဝတ်တည်း။

ဖျာကြီးလွန်းလျှင် ဖြတ်၍ အစွန်းခေါက်သွင်း၍ ခင်းအပ်၏။ မသွင်းတတ် မချုပ်တတ်လျှင် မဖြတ်ကပ်။ သံဃာသည် ဥပဇ္ဈာယ်အား ဥက္ခေပနီယကံ ပြုလိုသည်ဟု သိအံ့။ ရဟန်းတပါးစီသို့ကပ်၍ ဥပဇ္ဈာယ်အား ကံမပြုပါနှင့်ဟု တောင်းပန်အပ်၏။ ပြုကုန်အံ့၊ တဇ္ဇနီယကို နိယသမျှကို ပြုကြပါဟု တောင်းပန်အပ်၏။ ပြုပြီးဖြစ်အံ့၊ ဥပဇ္ဈာယ်ကို အရှင်ဘုရား - ကောင်းစွာကျင့်ပါဟု တောင်းပန်အပ်၏။ ကောင်းစွာကျင့်စေပြီးသော အခါ ကံငြိမ်းစေတော်မူကြပါဟု ရဟန်းတို့ကို တောင်းပန်အပ်၏။

နိသယည်း မလွတ်သူသာ

ဥပဇ္ဈာယ်ကို မပန်ကြားပဲ အချို့အား သပိတ်မပေးအပ် စသည်ကို ဥပဇ္ဈာယ်၏ ဝိသဘာဂပုဂ္ဂိုလ်စွမ်းဖြင့် ဟောသည်။ မပန်ပဲရွာသို့ မဝင်အပ်ဟူသည်ကား ဆွမ်းအလို့ငှာ လည်းကောင်း၊ ကိစ္စတပါးပါးဖြင့် လည်းကောင်း ဝင်လိုလျှင် ပန်ကြား၍သာ ဝင်အပ်၏။ ဥပဇ္ဈာယ်သည် အရပ်ဝေးသို့ စောစောသွားလိုအံ့၊ ရဟန်းငယ်တို့ကို “သင်တို့ ဆွမ်းအလို့ငှာ ဝင်ကြလော”ဟု ခွင့်ပေး၍ သွားအပ်၏။ မဆိုပဲသွားအံ့၊ ဥပဇ္ဈာယ်၏ ပရိဝေဏသို့သွား၍ မတွေ့လျှင် ရွာဝင်ခြင်းငှာ အပ်၏။ ရွာဝင်ပြီးမှတွေ့အံ့၊ တွေ့ရာမှစ၍ ပန်အပ်သည် သာတည်း။

အရပ်တပါးဖဲသွားလိုလျှင် အမှုကိစ္စ ပြောကြား၍ သုံးကြိမ် တောင်းအပ်၏။ ခွင့်ပြုလျှင် အပြစ်မရှိ၊ ခွင့်မပြုအံ့၊ ထိုဆရာထံ၌ ပရိယတ် ပဋိပတ်မပြည့်စုံအံ့၊ ဥပဇ္ဈာယ်သည် အဗျတ္တဖြစ်လျက် မိမိအထံ၌သာ နေစေလို၍ ခွင့်မပေးသည်ဖြစ်အံ့၊ ထိုဥပဇ္ဈာယ်မျိုး တားသော်လည်း သွားခြင်းငှာ အပ်၏၊ ဆရာရောဂါကင်းသည် တိုင်အောင် ဆိုင်းငံ့ရာ၌ မည်သည့်နည်းဖြင့်မျှလည်း မသွားအပ်။ တပါးသော အလုပ်အကျွေးရဟန်းရှိလျှင် ဆေးရှာပေး၍ အရှင်ဘုရား ... ဤရဟန်း လုပ်ကျွေးပါလိမ့်မည်ဟု လျှောက်ကြား၍ သွားအပ်၏။)

(ဇီဋိ ... မပြုအပ်ဟု တားရာ၌ အနာဒရိယ အကြောင်းရှိသောကြောင့် သစိတ္တကအာပတ်သာ ဖြစ်ပါ၏။ ပါတိမောက်ပြုရာ၌ သေခိယအရေအတွက် မပိုင်းခြားခြင်းသည် ခန္ဓက၌ပါဝင်သော သစိတ္တကစာရိတ္တ သိက္ခာပုဒ်တို့ကို ရေတွက်ခြင်းငှာ ဖြစ်၏။ (အနာဒရိယ သစိတ္တကချင်း တူသောကြောင့် ဟူလို။) ဤ လက္ခဏာကို ဝါရိတ္တသိက္ခာပုဒ်၌မသိအပ်။ အကပ္ပိယမံသ စားခြင်း စသည်ကြောင့် သင့်သောအာပတ်တို့၏ အစိတ္တကဖြစ်ခြင်းကြောင့်တည်း။)

(သာဋီ ... ကိုယ်ရုံနှင့် ဒုကုဋ်နှစ်ထည်ကိုရည်၍ သံဃာဋိနှစ်ထည်ကို ဆိုသည်။ ခေါက်အပ်သော သံဃာဋိတ အနက်ကြောင့် သင်္ကန်းအားလုံး သံဃာဋိမည်ပြီ။ ဥပဇ္ဈာယ်ဆရာ စကားပြောစဉ်ဝင်၍ ကြားဖြတ်၍ မပြောအပ်ဟု တားသည်မှစ၍ တားခြင်းဟူသမျှ၌ ဒုက္ကဋ်ဟု သိအပ်၏။ ဂိလာနလည်းမလွတ်၊ တပါးသော ဥပဇ္ဈာယ်ဝတ်ကို မရိုသေခြင်းဖြင့် မပြုလျှင် ကျန်းမာသူအား ဝါခြောက်ဆယ်ရသော်လည်း ဝတ္တဘေဒ ဒုက္ကဋ်သာတည်း။)

(ဝိဋီ ... ဆရာ စကားပြောစဉ် ဝင်မပြောအပ်ဟု န-ပဋိသေဓကား သည်မှစ၍သာ ဒုက္ကဋ်။ ရှေ့၌ နာတိဒူရေ စသည်ဖြင့်ကား သောန-ပဋိသေဓ၌ အာပတ်မရှိ။ တားရာအားလုံး ဒုက္ကဋ်ဟူ၍ ဘေးရန်၊ ရူးသူ၊ စိတ်ပြန့်သူ၊ ဝေဒနာနှိပ်စက်သူ စသည်ကြဉ်၍ ပညတ်တော်ကို မသိသော် လည်းကောင်း၊ ဂိလာနသော် လည်းကောင်း ဒုက္ကဋ်သာတည်း။

ဘေးရန် တို့ကြောင့် အကြားအကြား ဝင်ပြောခြင်းငှာ အပ်သည်သာတည်း။ ညောင်စောင်းအောက် အင်းပျဉ်အောက် သုံးသပ်၍ သပိတ်ထားရာ၌ ရှိနှင့်သောသပိတ် စသည်နှင့် မထိခိုက်စိမ့်သောငှာ ဆိုသည်။ မျက်စိဖြင့် ကြည့်၍လည်းကောင်း၊ တပါးသောသပိတ်စသည် မရှိဟုသိ၍ လည်းကောင်း၊ ထားလျှင် အပ်သည် သာတည်း။

စရုံးအိမ်ဟူသည်ကား ဆီးနှင်းအကျများသော ဒေသတို့၌ ဆီးနှင်းကြောင့်ဖြစ်သော ရောဂါစသည်ကို ကာကွယ်ခြင်းငှာ ကိုယ်ကိုချွေးအောင်းစရာ နေရာဖြစ်၏။ ထိုစရုံးအိမ်၌ အမိုက်မှောင် ဖုံးခြင်းကြောင့် ရဟန်း များစွာလည်း အတူဝင်၍ သင်္ကန်းကိုထား၍ မီးပူကာကွယ်ရန် မြေညက်ဖြင့် မျက်နှာကိုလိမ်း၍ အလိုရှိသလောက် ချွေးအောင်း၍ ရေချိုးကသယ်မှုန့် စသည်ဖြင့်ပွတ်တိုက်ကာ ရေချိုးကုန်သတတ်။

လဇ္ဇီဖြစ်စေ အလဇ္ဇီဖြစ်စေ ဥပဇ္ဈာယ်၏ ကြီးပွားခြင်းကို မလိုလားသူသည် ဥပဇ္ဈာယ်၏ ဝိသဘာဂ မည်၏။ ဥပဇ္ဈာယ်သည် အလဇ္ဇီဖြစ်၍ ဘုရားရှင်၏ ဩဝါဒကို မလိုက်သူဖြစ်အံ့၊ လဇ္ဇီတို့ကား ဥပဇ္ဈာယ်၏ ဝိသဘာဂတို့ ဖြစ်ကုန်အံ့၊ ဥပဇ္ဈာယ်ကိုစွန့်၍ လဇ္ဇီတို့နှင့်သာ အာမိသစသော ပရိဘောဂတို့ပြုအပ်၏။ ဥပဇ္ဈာယ်စသည် ဖြစ်ခြင်းသည် ပမာဏမဟုတ်၊ သုသာန်သို့ မသွားအပ်ဟူသည်-ဥပလက္ခဏ ဖြစ်၏။ ဥပစာရသိမ်မှ ပြင်ပသို့ သွားလိုသူသည် မပန်ကြားပဲသွားခြင်းငှာ မအပ်။)

သဒ္ဓိဝိဟာရိကဝတ်

ချစ်သားတို့-ဥပဇ္ဈာယ်သည် သဒ္ဓိဝိဟာရိကတပည့်၌ ကောင်းစွာကျင့်အပ်၏။ ကျင့်ဝတ်ကား။ ချစ်သားတို့၊ ဥပဇ္ဈာယ်သည် သဒ္ဓိဝိဟာရိကကို ပါဠိသင်ခြင်း၊ အဋ္ဌကထာသင်ခြင်း၊ ဩဝါဒ - ဆုံးမခြင်း၊ အနုသာသနီ - ကံမြစ်ခြင်း၊ ချီးမြှောက်အပ်၏။ သပိတ်၊ သင်္ကန်း (တပါးသောရဟန်းသုံး) ပရိက္ခရာ အပိုရှိလျှင် မရှိသော တပည့်အား ပေးအပ်၏။ အဘယ်သို့လျှင် (တရားသဖြင့်) ရစေအံ့နည်း-ဟု ကြောင့်ကြအပ်၏။ တပည့် မမာသောအခါ နံနက်စောစောထ၍ ဒန်ပူ မျက်နှာသစ်ရေ ပေးအပ်၏။ နေရာခင်းအပ်၏။ ယာဂုရှိလျှင် ခွက်ဆေး၍ ယာဂုပေးအပ်၏။ ယာဂုသောက်ပြီးလျှင် ရေပေး၍ ခွက်ယူ၍ ရိုသေစွာ မထိမခိုက်ဆေး၍ မှီးအပ်၏။ တပည့်ထလျှင် နေရာသိမ်းအပ်၏။ ထိုနေရာ အမှိုက်လှည်းအပ်၏။

တပည့်ရွာသို့ ဝင်လိုသောအခါ သင်းပိုင်ပေး၍ သင်းပိုင်ဟောင်း ယူအပ်၏။ ခါးပန်းကြိုးပေးအပ်၏။ ကိုယ်ရုံ ဒုကုဋ်နှစ်ထပ်ပြု၍ သံဃာဋိ ပေးအပ်၏။ သပိတ်ဆေး၍ ရေကြွင်းနှင့်တကွ ပေးအပ်၏။ ဤအချိန် ပြန်လာလတ္တံ့ဟု နေရာခင်းထားအပ်၏။ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်း ထားအပ်၏။ ခရီးဦးကြို၍ သပိတ်သင်္ကန်း ယူအပ်၏။ သင်းပိုင်ဟောင်းပေး၍ သင်းပိုင်ကိုယူအပ်၏။ သင်္ကန်း ချွေးစွတ်လျှင် အတန်ငယ်နေလှန်းအပ်၏။ ကြာမြင့်စွာ မလှန်းအပ်၊ သင်္ကန်းခေါက် အပ်၏။ အလယ်၌ အကျိုးမထင်အောင် လက်လေးသစ်ရှား၍ ခေါက်အပ်၏။ အခွေ၌ ခါးပန်းကြိုး ခေါက်၍ထားအပ်၏။

တပည့်ဆွမ်းစားလိုလျှင် ရေပေး၍ ဆွမ်းပေးအပ်၏။ သောက်ရေဖြင့် ပန်အပ်၏။ ဆွမ်းစားပြီးလျှင် ရေပေး၍ သပိတ်ယူ၍ ရိုသေစွာ မထိမခိုက်ဆေး၍ ရေစင်အောင် သုတ်၍ အတန်ငယ်နေလှန်းအပ်၏။ ကြာမြင့်စွာ မလှန်းအပ်။ သပိတ်သင်္ကန်း ထားအပ်၏။ ထားသောအခါ ယခင်နည်းအတိုင်း ထားအပ်၏။ တပည့် ထသောအခါ နေရာသိမ်းအပ်၏။ ခြေဆေးရေစသည်တို့ကို သိမ်းအပ်ကုန်၏။ အမှိုက်ရှိလျှင် တံမြက်လှည်း အပ်၏။

တပည့်ရေချိုးလိုသောအခါ ရေအေး၊ ရေနွေးလိုရာ စီမံအပ်၏။ စရုံးအိမ်ဝင်လိုလျှင် ...လ... (ဥပဇ္ဈာယဝတ် အတိုင်းပြုအပ်၏။) ...လ.... သောက်ရေဖြင့် ပန်အပ်၏။

တပည့်နေသောကျောင်း အမှိုက်ရှိအံ့၊ စွမ်းနိုင်လျှင် ...လ.... (ဥပဇ္ဈာယဝတ်အတိုင်းပြုအပ်၏။) …. လ … သောက်ရေ၊ သုံးရေ၊ သန့်သက်ရေမရှိလျှင် ခပ်ထည့်အပ်၏။

သဒ္ဓိဝိဟာရိကတပည့် သာသနာ၌ မမွေ့လျော်အံ့ …လ... (ဥပဇ္ဈာယဝတ်အတိုင်း ပြုအပ်၏) ....လ.... တပည့်အား သင်္ကန်းဖွပ်စရာ၊ ချုပ်စရာ၊ ဆိုးရည်ကြိုစရာ၊ ဆိုးစရာကိစ္စရှိအံ့၊ ဤသို့ ဤသို့ပြုရသည်ဟု ပြောပြအပ်၏။ အသို့ပြုစေရအံ့နည်းဟု အားထုတ်အပ်၏။ သင်္ကန်းဆိုးသော တပည့်သည် ကောင်းစွာ လှည့်၍လှည့်၍ဆိုးအပ်၏။ (ဝါ-ဆရာ့ထံမှ ရသောနည်းအတိုင်း သဒ္ဓိဝိဟာရိကသည် မိမိသင်္ကန်းကိုလှည့်၍ ဆိုးအပ်၏။ ဆိုးရည်ပေါက် မပြတ်မီ မဖဲအပ်။ သဒ္ဓိဝိဟာရိကတပည့် မမာလျှင် တသက်လုံး လုပ်ကျွေးအပ်၏။ ရောဂါပျောက်ကင်းသည်တိုင်အောင် ဆိုင်းငံ့၍ နေအပ်၏။ ဤကား သဒ္ဓိဝိဟာရိက၌ ပြုရာသော ဝတ်တည်း။

(ထာ ... ဝတ္ထုကြောင်းရာ မဖြစ်မီ ကြိုတင်၍ ဤသို့ပြု၍၊ ဤသို့မပြုနှင့်ဟု ဆိုခြင်းသည် ဩဝါဒမည်၏။ ဖြစ်ပြီးမှ ဆိုခြင်းသည် အနုသာသနီ မည်၏။ တနည်းကား - အမှုဖြစ်၍လည်းကောင်း၊ မဖြစ်မူ၍လည်းကောင်း၊ ရှေးဦးစွာ ဆိုသောစကားသည် ဩဝါဒ၊ နောက်ထပ် ဖန်ဖန်ဆိုသော စကားသည် အနုသာသနီ မည်၏။ ဒန်ပူပေးခြင်းအစ သန့်သက်ရေ ခပ်ထည့်ခြင်း အဆုံးရှိသော ကျင့်ဝတ်ကို ဂိလာနတပည့်အားသာ ပြုအပ်၏။ မမွေ့လျော်သဖြင့် အရပ်တပါးဆောင်ပို့ခြင်း စသည်ကို မာသော တပည့်အားလည်း ပြုအပ်၏။)

(ဝိဋီ ... အနာဒရိယကိုစွဲ၍ ဓမ္မ၊ အာမိသတို့ဖြင့် မချီးမြှောက်သော ဆရာဥပဇ္ဈာယ်တို့အား ဝတ်ပျက်ခြင်းကြောင့် ဒုက္ကဋ်၊ ထို့ကြောင့် ပရိဝါ၌လည်း အဒဒန္တေ အာပဋိ-မပေးသောရဟန်း အာပတ်သို့ ရောက်၏ ဟုဆိုပြီ။)

သဒ္ဓိဝိဟာရိကကို နှင်ခြင်း

ထိုအခါ သဒ္ဓိဝိဟာရိကတို့သည် ဥပဇ္ဈာယ်တို့၌ ပညတ်တော်မူတိုင်း ကောင်းစွာမကျင့်ကုန်။ ချစ်သားတို့ သဒ္ဓိဝိဟာရိကသည် ဥပဇ္ဈာယ်၌ ကောင်းစွာကျင့်အပ်၏။ ကောင်းစွာ မကျင့်ငြားအံ့၊ ဒုက္ကဋ်၊ ကောင်းစွာ မကျင့် ကုန်သည်သာတည်း။ ချစ်သားတို့ - ကောင်းစွာမကျင့်သူကို နှင်ထုတ်ခြင်းငှာ ခွင့်ပြု၏။ နှင်ထုတ်ပုံကား - သင့်ကို ငါနှင်ထုတ်၏။ ဤနေရာသို့မဝင်လာနှင့်၊ သင်၏သပိတ် သင်္ကန်းကို ယူသွားလော၊ ငါ့ကိုသင်မလုပ်ကျွေးရ၊ ဤသို့ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ်နှုတ်ဖြင့်သိစေလျှင် နှင်ထုတ်ခံရသူဖြစ်၏။ မသိစေလျှင် နှင်ထုတ်ခံရသူ မဖြစ်။

သဒ္ဓိဝိဟာရိကတို့သည် အနှင်ခံရကုန်လျက် မကန်တော့ကြကုန်။ ချစ်သားတို့ ကန်တော့ခြင်းငှာ ခွင့်ပြု၏။ မကန်တော့ကုန်သည်သာတည်း။ ချစ်သားတို့ အနှင်ခံရသူသည် မကန်တော့ပဲ မနေအပ်၊ မကန်တော့ငြား ဒုက္ကဋ်။ ကန်တော့သောအခါ ဥပဇ္ဈာယ်တို့သည် သည်းမခံကြကုန်။ ချစ်သားကို သည်းခံခြင်းငှာခွင့်ပြု၏။ သည်းမခံကုန်သည်သာဖြစ်၍ တပည့်တို့သည် ဖဲသွားကုန်၏။ လူထွက်ကုန်၏။ တိတ္ထိဘောင်သို့ ပြောင်းကုန်၏။

ချစ်သားတို့ - ကန်တော့လျှင် သည်းမခံပဲ မနေအပ်၊ သည်းမခံငြားအံ့၊ ဒုက္ကဋ်။ ဥပဇ္ဈာယ်တို့သည် ကောင်းစွာ ကျင့်သူကိုနှင်ကုန်၏။ မကောင်းစွာ ကျင့်သူကို မနှင်ကုန်။ ချစ်သားတို့ - ကောင်းစွာကျင့်သူကို မနှင်အပ်၊ နှင်ငြားအံ့ ဒုက္ကဋ်။ ချစ်သားတို့ မကောင်းစွာကျင့်သူကို မနှင်ပဲမနေအပ်၊ မနှင်ငြားအံ့ ဒုက္ကဋ်။

ချစ်သားတို့- အင်္ဂါငါးပါးနှင့်ပြည့်စုံသော သဒ္ဓိဝိဟာရိကကို နှင်အပ်၏။ (ဝါ-ကြိမ်းမောင်းအပ်၏။) ဥပဇ္ဈာယ်၌ လွန်စွာချစ်ခင်ခြင်း မရှိ ဂေဟသိတပေမ မရှိ၊ လွန်စွာကြည်ညိုခြင်း မရှိ၊ လွန်စွာရှက်ခြင်း မရှိ၊ လွန်စွာ အလေးပြုခြင်း မရှိ၊ လွန်စွာမေတ္တာပွားခြင်း မရှိ၊ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော သဒ္ဓိဝိဟာရိကကို နှင်အပ်၏။ နှင်ခြင်းငှာထိုက်၏။ မနှင်လျှင် ဥပဇ္ဈာယ်အပြစ် ရှိ၏။ နှင်လျှင်အပြစ်မရှိ။

ချစ်သားတို့-အင်္ဂါငါးပါးနှင့် ပြည့်စုံသော သဒ္ဓိဝိဟာရိကကို မနှင်အပ်။ ဥပဇ္ဈာယ်၌ လွန်စွာချစ်ခင်ခြင်း ရှိ၏။ ကြည်ညိုခြင်းရှိ၏၊ ရှက်ခြင်းရှိ၏။ အလေးပြုခြင်းရှိ၏။ မေတ္တာပွားခြင်းရှိ၏။ ဤ အင်္ဂါငါးပါးနှင့် ပြည့်စုံသူကို မနှင်အပ်။ နှင်ခြင်းငှာမထိုက်၊ ရှင်လျှင်အပြစ် ရှိ၏။ မနှင်လျှင်အပြစ်မရှိ။

[ထာ ... မနှင်လျှင် ဥပဇ္ဈာယ်အပြစ်ရှိ၏ ဟူသည်ကား အာပတ်သို့ ရောက်၏။ ထို့ကြောင့် ကောင်းစွာ မကျင့်သူကို နှင်အပ်သည်သာတည်း။ ကောင်းစွာမကျင့်ရာ၌လည်း သင်္ကန်းဆိုးသည်တိုင်အောင်သော ကျင့်ဝတ်ကို ကျင့်လျှင် ဥပဇ္ဈာယ်အား ဆုတ်ယုတ်၏။ ထို့ကြောင့် မကျင့်သူအား နိဿယည်း လွတ်သော် လည်းကောင်း၊ မလွတ်သော်လည်းကောင်း၊ အာပတ်သင့်သည်သာတည်း။

အချို့အား သပိတ်ပေးခြင်းမှစ၍ နိဿယည်း မလွတ်သူအားသာ အာပတ်သင့်သည်။ တပည့်တို့ ကောင်းစွာကျင့်လျက် ဆရာကောင်းစွာ မကျင့်အံ့၊ ဆရာအား အာပတ်သင့်၏။ ဆရာကောင်းစွာကျင့်လျက် တပည့် ကောင်းစွာမကျင့်အံ့၊ တပည့်တို့ အာပတ်သင့်၏။ ဆရာသည် ဝတ်ကိုသာယာလျှင် တပည့်အများ (မပြုသူ) အားလုံးပင် အာပတ်သင့်၏။

ဥပဇ္ဈာယ်သည် ငါအားလုပ်ကျွေးသူရှိ၏။ သင်တို့သည် မိမိ၏သရဇ္ဈာယ်ခြင်း၊ နှလုံးသွင်းခြင်း စသည်တို့၌ အားထုတ်ကြလောဟုဆိုအံ့၊ တပည့်တို့အား အာပတ် မသင့်။ ဥပဇ္ဈာယ်သည် သာယာသင့် မသာယာသင့် မသိ၊ ဗာလဖြစ်အံ့၊ ဝတ်နှင့်ပြည့်စုံသော ရဟန်းတပါးသည် “ဥပဇ္ဈာယ်ကိစ္စကို ငါပြုမည်၊ သင်တို့ ကြောင့်ကြမဲ့ နေကြလော”ဟု ဆို၍ မိမိတာဝန်ပြု၍ တပါးသော တပည့်တို့ကို လွှတ်အံ့၊ ထိုရဟန်း တာဝန်ခံသည်မှစ၍ ထိုတပည့်တို့အား အနာပတ္တိ။

(ဇီဋိ ... လွန်စွာချစ်ခင်ခြင်း ဂေဟသိတပေမကို အကုသိုလ်ဟူ၍ချည်း မမှတ်အပ်။ ရဟန္တာတို့နှင့်လည်း ဆက်ဆံ၏။ ဥပဇ္ဈာယ်သည် ငါ့တာဝန်ဟု မြတ်နိုးခြင်းသည် ထိုနေရာ၌ ပေမ-မည်ဟု သိအပ်၏။ ဝတ်နှင့် ပြည့်စုံသော ရဟန်းတပါးသည် အရှင်မြတ်တို့၏ ကြောင့်ကြမဲ့ နေတော်မူကြပါ၊ အကျွန်ုပ်သည် အရှင်မြတ်တို့၏ သဒ္ဓိဝိဟာရိက၊ အန္တေဝါသိကတို့ ဂိလာနဖြစ်လျှင်လည်း ပြုစုပါမည်။ ဆုံးမစရာကို ဆုံးမပါမည်။ ပြုဖွယ်ကိစ္စတို့၌ ကြောင့်ကြစိုက်ပါမည်ဟု ဆိုအံ့၊ တပည့်တို့ကသော်လည်း အရှင်မြတ်တို့သည် သက်သက် ကြောင့်ကြမဲ့ နေတော်မူကြပါဟု ဆိုကုန်အံ့၊ ဝတ်ကိုသော်လည်း မသာယာကုန်အံ့ (သုံးနည်း) ထိုအခါမှစ၍ ဆရာ ဥပဇ္ဈာယ်တို့အား အနာပတ္တိဟု ဆိုအပ်၏။)

(သာဋီ ... ဂေဟသိတပေမ ဟူသည် ဤ ဥပဇ္ဈာယ်သည် ငါ၏ဘခင်တည်းဟု ချစ်ချင်းပင်တည်း။ ဤသို့သောစိတ်ဖြစ်ခြင်းသာလျှင် ဤနေရာ၌ ဂေဟသိတပေမ မည်၏။ အကုသိုလ်ဂေဟသိတပေမကို ရည်၍ ဆိုသည် မဟုတ်။ သစ္စာလေးပါးသိ၍ မက်မောခြင်းပယ်ပြီးသူတို့အား အကုသိုလိ ဂေဟသိတပေမ မဖြစ်၊ ဘုရားရှင်သည် ရဟန်းတို့ကို ကိလေသာ၌ တိုက်တွန်းတော်မမူ။

ဂေဟသိတပေမနှင့် အလားတူသော မေတ္တာချစ်ကိုသာ ဤနေရာ၌ ဟောသည်။ ဝတ်နှင့်ပြည့်စုံသော ရဟန်းသည် အရှင်ဘုရား ကြောင့်ကြမဲ့နေတော်မူပါ၊ အကျွန်ုပ်သည် အရှင်မြတ်၏ တပည့်များကို ဂိလာနဖြစ်လျှင် ပြုစုပါမည်၊ ဆုံးမစရာကို ဆုံးမပါမည်၊ ပြုသင့်သော အရာတို့၌ ကြောင့်ကြစိုက်ပါမည်ဟု ဆိုအံ့၊ တပည့်တို့ကသာလျှင်လည်း အရှင်ဘုရား ကြောင့်ကြမဲ့သက်သက် နေတော်မူကြပါဟုဆိုအံ့၊ ဝတ်ကို သော်လည်း မသာယာကုန်အံ့၊ (သုံးနည်း) ထိုအခါမှစ၍ ဆရာဥပဇ္ဈာယ်တို့အား အနာပတ္တိဟု ဆိုကုန်၏။)

(ဝိဋီ ... ဝတ်ပြုရာ အချိန်အခါဟု ဝတ္ထုကိုသိလျက် မာနစွမ်း ပျင်းရိခြင်းအစွမ်း စသည်ဖြင့်လည်းကောင်း၊ ဆရာတို့၌ မရိုမသေ မပြုကောင်းဟု မသိတတ်သဖြင့်လည်းကောင်း၊ ဝတ်မပြုအံ့ ဒုက္ကဋ်သာတည်း။ စေတနာ မရှိ၊ သတိမရ စသည်ဖြင့်မပြုလျှင် အနာပတ္တိ။ ဤဝတ်အားလုံးသည် သေခိယတို့သာတည်း။ ထို့ကြောင့် သေခိယတို့၌ ဆိုသောနည်းဖြင့် အဆုံးအဖြတ်သိအပ်၏။ မေတ္တာချစ် ချစ်ခြင်းသည် ဂေဟသီတပေမ မည်၏။ သာယာသင့် မသာယာသင့်တို့ မသိပုံကား ငါသာလျှင် ပြပြုသူတို့အား အာပတ်သင့်၏။ ပယ်၍ မသာယာလျှင် အာပတ်မသင့်ဟု မသိတတ် ဟူလို။

ဝတ်နှင့်ပြည့်စုံသော ရဟန်းတဦးဦးသည် အရှင်မြတ်တို့၏တပည့်များကို ဂီလာနဖြစ်လျှင် ပြုစုပါမည်၊ ဩဝါဒ အနုသာသနီစသော ပြုဖွယ် အားလုံးကို ပြုပါမည်ဟု ဆိုအံ့။ တပည့်တို့ကသော်လည်း ကြောင့်ကြမဲ့ နေတော်မူကြပါဟု ဆိုကုန်အံ့။ ဝတ်ကိုသော်လည်း မသာယာကုန်အံ့ (သုံးနည်း) ဆရာဥပဇ္ဈာယ်တို့အား အနာပတ္တိ။)

(အချို့သော တပည့်များသည် ဆရာအပေါ်၌ ပြုသင့်သောပတ်တို့တွင် ခွင့်ပေး၍ ရကောင်းသောဝတ်တို့ကို မပြုပါရစေနှင့် ခွင့်လွှတ်ပါ၊ တပည့်တို့ကလည်း ခွင့်လွှတ်ပါမည် ဟူသော အဓိပ္ပါယ်ဖြင့် ပန်ကြားကုန်၏။ ဋီကာနည်းနှင့် စကားချင်း မတူကုန်။ အပြစ်မရှိစေကာမူ သဒ္ဓါပဗ္ဗဇ္ဇိအား မလျော်ဟု မိန့်ဆိုကုန်၏။)

ဉာတ္တိစတုတ္ထဥပသမ္ပဒကံ

ထိုအခါ ပုဏ္ဏား တယောက်သည် ရဟန်းတို့ထံချဉ်းကပ်၍ ရဟန်းပြုရန်တောင်းပန်၏။ ပြုမပေးလိုကြသဖြင့် (မစားနိုင် မသောက်နိုင်) ပိန်ချုံး၏။ဘုရားရှင်မြင်လတ်သော်၊ ချစ်သားတို့ - ထိုပုဏ္ဏား၏ပြုဖူးသော ကျေးဇူးကို အဘယ်သူသိသနည်းဟု မိန့်တော်မူ၏။ ရှင်သာရိပုတြာသည် ဘုရားတပည့်တော်သိပါသည်။ ဤရာဇဂြိုဟ်၌ ဆွမ်းခံသွားစဉ် ဆွမ်းတခွက် လောင်းဖူးပါသည်ဟု လျှောက်၏။ ချစ်သား- သာရိပြုတြာ၊ သာဓု သာဓု။ သူတော်ကောင်းတို့သည် ပြုဖူးသော ကျေးဇူးကိုသိကုန်၏။ သင်သည် ထိုပုဏ္ဏားကို ရှင်ရဟန်းပြုပေးလောဟု မိန့်တော်မူ၏။

မြတ်စွာဘုရား ထိုပုဏ္ဏားကို အဘယ်သို့ရှင်ပြုပေး၊ ရဟန်း ပြုပေးရပါအံ့နည်းဟု လျှောက်၏။ ချစ်သားတို့ -ငါဘုရားသည် သရဏဂုံ သုံးပါးဖြင့် ရဟန်းပြုခြင်းကို ခွင့်ပြုအပ်ပြီ၊ ထိုရဟန်းပြုခြင်းကို ယနေ့မှ စ၍ပယ်၏။ ချစ်သားတို့ - ဉတ္တိစတုတ္ထကံဖြင့် ရဟန်းပြုခြင်းကို ခွင့်ပြု၏။ ချစ်သားတို့ - ဗျတ္တ ပဋိဗလရဟန်းသည် သုဏာတုမေ ဘန္တေ သံဃော အယံ ဣတ္ထန္နမော ဣတ္ထန္နာမဿ အာယသ္မတော ဥပသမ္ပဒါပေက္ခော ယဒိသံဃဿ ပတ္တကလ္လံ-စသော ဉာတ္တိစတုတ္ထ ကမ္မဝါစာဖြင့် သံဃာကို သိစေအပ်၏။

ရဟန်းတပါးသည် ရဟန်းပြုပြီးသည့် အခြားမဲ့၌ သိက္ခာပုဒ် လွန်ကျူးခြင်းဖြင့် မပြုကပ်သည်ကိုပြု၏။ ငါ့ရှင် ဤသို့မပြုကောင်းဟု ဆုံးမလတ်သော် အကျွန်ုပ်သည် အရှင်တို့ကို ရဟန်းပြုပေးကြပါဟု မတောင်းပန်ပဲ အဘယ်ကြောင့် ရဟန်းပြုပေးကြသနည်းဟု ပြန်ပြော၏။ ချစ်သားတို့ - မတောင်းပန်ပဲ ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။

ချစ်သားတို့ - ကောင်းပန်မှ ရဟန်းပြုပေးခြင်းငှာ ခွင့်ပြု၏။ ထိုရဟန်းလောင်းသည် သံဃာကို ချဉ်းကပ်၍ ပခုံးတဘက် စမ္ပယ်တင်ရှိခိုး ဆောင့်ကြောင့်ထိုင် လက်အုပ်ချီလျက် သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိဥလ္လုမ္ပတု မံ ဘန္တေ သံဃော အနုကမ္မံ ဥပါဒါယ -

(ဘန္တေ၊ အရှင်မြတ်ဘုရားတို့။
သံဃံ၊ သံဃာကို။
ဥပသမ္ပဒံ၊ ရဟန်းအဖြစ်ကို။
ယာစာမိ၊ တောင်းပန်ပါ၏။
ဘန္တေ၊ အရှင်မြတ်ဘုရားတို့။
သံဃော၊ သံဃာသည်။
မံ၊ အကျွန်ုပ်ကို၊
ဝါ၊ အကျွနု်ပ်၏အပေါ်၌။
အနုကမ္မံ၊ အစဉ်သနားခြင်းကို။
ဥပါဒါယ၊ စွဲ၍။
ဥလ္လုမ္ပတု=ပတိဋ္ဌပေတု၊ မည်းညစ်သော အကုသိုလ်အဖို့မှ ထစေ၍ ဖြူစင်သော ကုသိုလ်အဖို့၌ တည်အောင် ထားတော်မူပါဘုရား၊
ဝါ၊ ယုတ်နိမ့်သော ရှင်သာမဏေအဖြစ်မှ ထုတ်နှုတ်၍ မြင့်မြတ်သော ရဟန်းပဉ္စင်းအဖြစ်၌ တည်အောင် ထားတော်မူပါဘုရား။
ဝါ၊ သံသရာတည်းဟူသော ဝဲဩဃရေအယဉ်မှ ဆယ်ယူ၍ နိဗ္ဗာန်တည်း ဟူသော ကြည်းကုန်းထက်၌ တည်အောင်ထားတော်မူပါဘုရား)

ဤသို့ သုံးကြိမ်တောင်းပန်အပ်၏။

သုဏာတု မေ ဘန္တေ သံယောအယံဣတ္ထန္နာ မော ဣတ္ထန္နာမဿ အာယသ္မတော ဥပသမ္ပဒါပေက္ခာအယံဣတ္ထန္နာမော ဣတ္ထန္နာမဿ အာယသ္မတော ဥပသမ္ပဒါပေက္ခာဣစ္ဆန္နာမော သံဃံ ဥပသမ္ပဒံ ယာစတိ ဣတ္ထန္နာမေန ဥပဇ္ဈာယေနယဒိသံဃံဿ ပတ္တကလ္လံ – စသည်ဖြင့် သံဃာကို သိစေအပ်၏။

[ထာ ... ဤ ရာဓပုဏ္ဏားဝတ္ထု၌ ရှင်သာရိပုတြာသည် သရဏဂုံဖြင့် ဗာရာဏသ၌ ရှင်ရဟန်းအဖြစ် ခွင့်ပြုသည်ကို သိပြီးသော်လည်း ဘုရားရှင်၏ အလိုတော်ကိုသိ၍ ထိုပုဏ္ဏားကို အဘယ်သို့ ရှင်ပြုပေး၊ ရဟန်းပြုပေးရပါအံ့နည်းဟု လျှောက်သည်။

ဘုရားရှင်၏ ပရိသတ်သည် အလိုတော်ကိုသိ၏။ ရှင်သာရိပုတြာသည် ထိုပရိသတ်၌ အကြီးအမြတ်ဖြစ်၏။ အလိုတော်ကား ပေါ့သောသရဏဂုံ ရဟန်းအဖြစ်ကို ပယ်၍ ဉာတ္တိစတုတ္ထကံဖြင့် အလေးပြု၍ ရဟန်းအဖြစ် ခွင့်ပြုတော်မူလိုခြင်းတည်း။ သံဃာကိုသိစေရာ၌ အဋ္ဌကထာ နှင့်တကွ ဝိနည်းပိဋကတ်ကို လေ့လာသူသည် ဗျတ္တမည်၏။ အယုတ်ဆုံးအားဖြင့် ဤ ဉတ္တိစတုတ္ထကမ္မဝါစာမျှ နှုတ်တက်သူလည်း ဤ၌ ဗျတ္တ မည်၏။ (စာ၌ကြည့်ဖတ်သော်လည်း နှုတ်တက်မှ ဗျတ္တဟူ၍လည်း မိန့်ဆိုကုန်၏။)

ကသာ-ချောင်းဆိုးနာ၊ သောသ-အဆုတ်ကို စွဲ၍ ဖြစ်သော ခယရုဂ်နာ၊ သလိပ်နာ စသည်ကြောင့် လည်းကောင်း၊ သွား နှုတ်ခမ်း လျှာ စသော ဋ္ဌာန်ကရိုဏ်း မပြည့်စုံခြင်းကြောင့်လည်းကောင်း ပရိယတ်၌ မလေ့လာခြင်းကြောင့် လည်းကောင်း၊ ပုဒ်အက္ခရာ ပြည့်စုံအောင် မဖတ်နိုင်သူ၊ ပုဒ်အက္ခရာ ချွတ်ယွင်းစေ၍ အလွဲလွဲ အမှားမှား ဖတ်သူတို့သည် အပ္ပဋိဗလမည်၏။ ထိုမှပြန်၍ ပဋိဗလကို သိအပ်၏။

ဥလ္လုမ္ပတုကား ဥဒ္ဓရတု ဖြစ်၏။ အကုသလော ဝုဋ္ဌာပေတွာ ကုသလေ ပတိဋ္ဌပေတုသာမဏေရ ဘာဝါဝါ ဥဒ္ဓရိတွာ ဘိက္ခုဘာဝေ ပတိဋ္ဌပေတု-နှစ်နက်ဖြစ်၏။ (တတိယ အနက်ဋီကာ၌လည်း မပြု။) အနုကမ္မံ ဥပါဒါယ ကား-အနုဒ္ဒယံပဋိစ္စမယိ အနုကမ္မံ ကတွာ တူသောအနက်ဖြစ်၏။)

(ဥလ္လုမ္ပတု၌ “တည်ပါစေလော”ဟု အကမ္မက အာသိဋ္ဌ အနက် မသင့်။ “တည်စေပါလော”ဟု ကာရိုက်အနက်။ “ထားပါလော” ဟု သကမ္မက အနက်သင့်၏။ သဒ္ဒါနည်း။)

မှီရာလေးပါး ပြောကြားခြင်း

ထိုအခါရာဇဂြိုဟ်၌ မွန်မြတ်သော ဆွမ်းဖြင့် ဆွမ်းဝတ်-ဆွမ်းလှည့် ရှိ၏။ ပုဏ္ဏားတယောက်သည် “ရဟန်းတို့သည် ကောင်းသော စားဖွယ်တို့ဖြင့် ချမ်းသာစွာ နေရကုန်၏။ ငါရဟန်းပြုရမူ ကောင်းလေစွ”ဟု ရဟန်းအဖြစ်ကို တောင်းပန်၏။ ထိုပုဏ္ဏား ရဟန်း ပြုပြီးသောအခါ ဆွမ်းဝတ်ပြတ်သွား၏။ ရဟန်းတို့က ဆွမ်းခံသွားရန် ခေါ်သောအခါ အကျွန်ုပ်သည် ဆွမ်းခံစားမည်ဟု ရဟန်းပြုသည်မဟုတ်၊ ပေးလျှင်စားမည်၊ မပေးလျှင် လူထွက်မည်၊ ဝမ်းရေးကြောင့် ရဟန်းပြု သည်ဟုဆို၏။

ချစ်သားတို့ - ရဟန်းပြုပေးသောသူသည် မှီရာနိဿယလေးပါးကို ပြောကြားခြင်းငှာ ခွင့်ပြု၏။ ဆွမ်းခံ သွားသဖြင့် ရသောဆွမ်းကို မှီ၍ ရဟန်းပြုခြင်းသည် ဖြစ်၏။ ထို၌ တသက်လုံး အားထုတ်အပ်၏။ ပိုလွန်သော လာဘ်ရှိလျှင် သံဃဘတ်၊ ဥဒ္ဒေသဘတ်၊ နိမန္တနဘတ် စသည်ကိုလည်း ဘုဉ်းပေးအပ်၏။ ပံသုကူ သင်္ကန်းကိုမှီ၍ ရဟန်းပြုခြင်းသည် ဖြစ်၏။ ထို၌ တသက်လုံး အားထုတ်အပ်၏။ လာဘ်ပေါလျှင် ခေါမ၊ ကပ္ပါသိက၊ ကောသေယျံ စသည်ကိုလည်း ဝတ်ရုံအပ်၏။

သစ်ပင်ရင်း ကျောင်းကိုမှီ၍ ရဟန်းပြုခြင်းသည် ဖြစ်၏။ ထို၌ တသက်လုံး အားထုတ်အပ်၏။ လာဘ်ပေါလျှင် ပိဟာရ၊ အဍ္ဎယောဂ၊ ပါသာဒ စသည်ကိုလည်း နေထိုင်အပ်၏။ နွားကျင်ပုပ်ဆေးကိုမှီ၍ ရဟန်းပြုခြင်းသည် ဖြစ်၏။ ထို၌ တသက်လုံး အားထုတ်အပ်၏။ လာဘ်ပေါလျှင် ထောပတ်၊ ဆီဦးစသည်ကိုလည်း မှီဝဲအပ်၏။ ဤသို့ မှီရာ နိဿယလေးပါးကို ပြောကြားခြင်းငှာ ခွင့်ပြု၏။

လုလင်တယောက်သည် ရဟန်းအဖြစ်ကို တောင်းပန်၏။ ရဟန်းတို့သည် မှီရာလေးပါးကို ရှေးဦးစွာ ပြောကြားကုန်၏။ အရှင်မြတ်တို့သည် ရဟန်း ပြုပြီးမှ ပြောလျှင် မွေ့လျော်နိုင်ရာ၏။ ယခုကား မပြုလိုပြီ၊ စက်ဆုပ်သည်ဟု ဆို၏။ ချစ်သားတို့ .... စောစောကပင် မှီရာနိဿယတို့ကို မပြောကြားအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... ရဟန်းပြုပြီးသည် အခြားမဲ့၌ မှီရာတို့ကို ပြောကြားခြင်းငှာ ခွင့်ပြု၏။

(သာဋီ ... အတ္တဘော တည်တံ့စွာ ဆောင်ခြင်းငှာ အမှီပြုအပ်သော ပစ္စည်းလေးပါးသည် နိဿယ မည်၏။ သံဃဘတ် စသည်အကျယ်သည် သေနာသနက္ခန္ဓက အဖွင့်၌ ထင်ရှားလတ္တံ့။ တံတိုင်းဖြင့် ပိုင်းခြားသော အာဝါသ တခုလုံးသည် ပိဟာရမည်၏။ ရှည်လျားသော ပြာသာဒ်သည် အဍ္ဎယောဂ မည်၏။ ဂဠုန်သဏ္ဌာန် ပြာသာဒ်ဟူ၍လည်း ဆိုကုန်၏။ လေးထောင့်ပြာသာဒ်သည် ပါသာဒ။ ဦးပြည်းမိုးသော ပြာသာဒ်သည် ဟမ္မိယမည်၏။

အပရေတို့ကား မုခ်ဦးရှည်သော ပြာသာဒ်သည် ဝိဟာရ၊ တဘက်နံပါးမိုးသော နံရံတဘက် နိမ့်မြင့် ကျောင်းသည် အဍ္ဎယောဂ၊ ရှည်လျားသော လေးထောင့်ပြာသာဒ်သည် ပါသာဒ။ ဦးပြည်းမိုး၍ လသာဆောင် ရှိလျှင် ဟမ္မိယဟု ဆိုကုန်၏။ တောင်ဂူသည် ဂူဟာမည်၏။ အမှတ်မရှိ ကျင်ငယ်သည် ပူတိမုတ္တ မည်၏။)

(ဝိဋီ ... သက်ကယ်မိုး ကျောင်းငယ်နှင့်တကွ တံတိုင်းဖြင့် ပိုင်းခြားသော သံဃာ့အရံ တခုလုံးသည် ဝိဟာရ။ တဆောင်တည်း ရှည်လျားသော ပြာသာဒ်သည် အဍ္ဎယောဂ မည်၏။ ဆင်ကျောက်ကုန်းအသွင် ဂဠုန်အသွင် ရှည်လျားသော ပြာသာဒ်ဟူ၍လည်း ဆိုကုန်၏။ လေးထောင့် မြင့်သော ဘုံအထပ်များသော ပြာသာဒ်သည် ပါသာဒ၊ ဦးပြည်းမိုးသော လသာဆောင်ရှိသော ပြာသာဒ်နိမ့်သည် ဟမ္မိယ။ တောင်ဂူသည် ဂူဟာ။ နွားကျင်ငယ်သည် ပူတိမုတ္တ မည်၏။) ဆရာမြတ်တို့ကား လေးဘက်မိုး ကျောင်းသည် ဝိဟာရ၊ နှစ်ဘက်မိုး ကျောင်းသည် အဍ္ဎယောဂ - ဟူ၍လည်း ဆိုကုန်၏။

ဥပဇ္ဈာယ်ချွတ်ယွင်းခြင်း

ထိုအခါ ရဟန်းတို့သည် နှစ်ပါးအစုံ၊ သုံးပါးအစု (ရဟန်း) ဖြင့်လည်း ရဟန်းပြုပေးကုန်၏။ ချစ်သားတို့ - ဆယ်ပါးအစု အောက်ယုတ်သော ဂဏဖြင့် ရဟန်းပြုမပေးအပ်။ ဒုက္ကဋ်။ ချစ်သားတို့ - ဆယ်ပါးအစု၊ ဆယ်ပါးထက်လွန်သော အစုဖြင့် ရဟန်းပြုပေးခြင်းငှာ ခွင့်ပြု၏။

တဝါ နှစ်ဝါရှိ ရဟန်းတို့သည် သဒ္ဓိဝိဟာရိကကို ရဟန်း ပြုပေးကုန်၏။ ဝင်္ဂန္တပုဏ္ဏား၏သား ရှင်ဥပသေန သည်လည်း တဝါရှိသူ ဖြစ်လျက် တပည့်ကို ရဟန်းပြုပေး၍ ဝါကျွတ်သောအခါ ဘုရားရှင်ထံ ခေါ်သွား၏။ ဘုရားရှင်တို့အား အာဂန္တုတို့နှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆိုခြင်းငှာ အလေ့အကျင့်ရှိ၏။ ချစ်သားရဟန်း၊ ခန့်ကျန်း၏လော၊ မျှတ၏လော၊ မပင်မပန်း ခရီးရှည်လာရသေးသလောဟု မိန့်တော်မူ၏။ မြတ်စွာဘုရား၊ ခန့်ကျန်းပါ၏။ မျှတပါ၏။ မပင်မပန်းလာရပါ၏ဟု လျှောက်၏။ ဘုရားရှင်တို့သည် သိလျက်လည်း ရံခါ မေးကုန်၏။ ရံခါ မမေးကုန်၊ ကာလကိုသိ၍ ရံခါမေးကုန်၏။ ရံခါမမေးကုန်၊ အကျိုးရှိ သည်ကို မေးကုန်၏။ အကျိုးမရှိသည်ကို မမေးကုန်။ အကျိုးမရှိသည်၌ မဂ်ဖြင့်ပယ်အပ်ပြီ။ တရားဟောအံ့၊ သိက္ခာပုဒ်ပညတ်အံ့ဟု အကြောင်း နှစ်ပါးဖြင့် မေးကုန်၏။

ချစ်သားရဟန်း သင်အဘယ်ဝါရှိပြီနည်း၊ နှစ်ဝါရှိပါပြီဘုရား၊ ဤရဟန်းကား အဘယ်မျှဝါရှိပြီနည်း။ တဝါ ရှိပါပြီဘုရား၊ သင်နှင့် အဘယ်သို့စပ်သနည်း၊ သဒ္ဓိဝိဟာရိကတပည့် ဖြစ်ပါသည်ဘုရား၊ မောဃပုရိသ၊ အချည်းနှီးယောက်ျား၊ မလျော်သည်ကို သင်ပြု၏။ သင်သည် သူတပါး၏ ဆုံးမခြင်းကို ခံထိုက်သေး သည်ဖြစ်လျက် တပါးသောသူကို ဆုံးမချင်ဘိ၏။ ဂိုဏ်းဖွဲ့ခြင်းရှိသော ဗာဟုလ္လ၏အကျိုးငှာ ပရိသတ် မွေးခြင်းသည် မြန်လွန်း၏။ ကြည်ညိုဖွယ်မရှိဟု ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့-ဆယ်ဝါမရသေးသော ရဟန်းသည် ဥပဇ္ဈာယ်ပြု၍ ရဟန်းပြု မပေးအပ်။ ဒုက္ကဋ်။

ချစ်သားတို့ ဆယ်ဝါ၊ ဆယ်ဝါထက်လွန်သောရဟန်းသည် ရဟန်းပြုပေးခြင်းငှာ ခွင့်ပြု၏။ ထိုအခါ ရဟန်းတို့သည် ဆယ်ဝါရပြီဟု ဗာလ အဗျတ္တဖြစ်လျက် ရဟန်းပြုပေးကုန်၏။ ဥပဇ္ဈာယ်ကား ဗာလ၊ အဗျတ္တ၊ အပ္ပဿုတ၊ ဒုပ္ပည။ သဒ္ဓိဝိဟာရိကကား ပဏ္ဍိတ၊ ဗျတ္တ၊ ဗဟုသုတ၊ ပညဝန္တတို့ဖြစ်၍ ထင်ရှားကုန်၏။ အညတိတ္ထိယ ဖြစ်ဖူးသော ရဟန်းတဦးသည်လည်း သိက္ခာပုဒ်ဖြင့်ဆုံးမသော ဥပဇ္ဈာယ်အား အပြစ်တင်၍ တိတ္ထိဘောင်သို့ ပြောင်းသွား၏။ ချစ်သားတို့ ဗာလ အဗျတ္တ ရဟန်းသည် ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ - ဗျတ္တ ပဋိဗလဖြစ်၍ ဆယ်ဝါရသော ဆယ်ဝါထက်လွန်သော ရဟန်းသည် ရဟန်းပြုပေးခြင်းငှာ ခွင့်ပြု၏။

[ထာ … အညတိတ္တိယဖြစ်သော ပသုရပရိဗိုဇ်သည် တရားခိုးမည်ဟု ရှင်ဥဒါယီထံ၌ ရဟန်းပြုပြီးလျှင် သိက္ခာပုဒ်ဖြင့်ပြောသောအခါ ရှင်ဥဒါယီကို အပြစ်တင်၏။ ဥပဇ္ဈာယ်ဖြစ်ထိုက်သော ဗျတ္တကား ဘိက္ခုနောဝါဒ သိက္ခာပုဒ်ဆိုအပ်သောအတိုင်း ပရိသတ်ကို ဝိနည်းသက်သက် ဆုံးမခြင်းငှာ ဝိဘင်းနှစ်ဖြာ လေ့လာအပ်၏။ မစွမ်းနိုင်လျှင် သုံးပါးနှင့်အတူတကွ လှည့်နိုင်အောင် လေ့လာအပ်၏။ ကံကြီးကံငယ် ခန္ဓကဝတ်ကို သင်ယူအပ်၏။

ဓမ္မသက်သက်ဆုံးမခြင်းငှာ မူလပဏ္ဏာသဖြစ်စေ၊ သုတ်မဟာဝါဖြစ်စေ၊ သံယုတ်အောက်သုံးကျမ်းဖြစ်စေ၊ မဟာဝဂ္ဂသံယုတ်ဖြစ်စေ၊ အင်္ဂုတ္တိုရ် အောက်ထက်ဝက်ဖြစ်စေ၊ အထက် ထက်ဝက်ဖြစ်စေ၊ အစမှ တိကနိပါတ် အထိ ဖြစ်စေ၊ မဟာပစ္စရိ၌ကား စတုက္ကနိပါတ်ဖြစ်စေ ပဉ္စကနိပါတ်ဖြစ်စေဟု ဆို၏။ အဋ္ဌကထာနှင့်တကွ ဇာတကဖြစ်စေ၊ ဝတ္ထုနှင့်တကွ ဓမ္မပဒဖြစ်စေ သင်ယူအပ်၏။

ဝိနည်းနှင့်အဘိဓမ္မာကို အဋ္ဌကထာနှင့်တကွ လေ့လာပြီးသော်လည်း သုတ္တန်၌ ဆိုပြီးသလောက် မလေ့လာ ဘူးလျှင် ပရိသတ်မွေးခြင်းငှာ မရ၊ သုတ္တန်၊ ဝိနည်းမှ ဆိုပြီးသလောက် သင်ယူပြီးမူကား ပရိသု ပဋ္ဌာနပက ဗဟုသုတဒိသာပါမောက္ခ ဖြစ်၏။ အလိုရှိရာသွား၍ ပရိသတ် အလုပ်အကျွေးခံခြင်းငှာ ရ၏။ ဤကား ဗျတ္တပုဂ္ဂိုလ်တည်း။ ပဋိဗလ ဟူသည်ကား တပည့်ဂိလာနဖြစ်လျှင် လုပ်ကျွေးသမှုပြုစုခြင်း စသည်ကို ပြုနိုင်သူတည်း။

(သာဋီ ..ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့သည် တိတ္ထမည်၏။ ထိုဒိဋ္ဌိတို့ကိုဖြစ်စေတတ်သော ပူရာဏကဿပ စသည်တို့သည် တိတ္ထကရမည်၏။ ထိုဆရာ၏အယူ၌ ရဟန်းပြုသူတို့သည် တိတ္ထိယတို့ မည်ကုန်၏။ ၎င်းတို့အား ပစ္စည်းထောက်ပံ့သူတို့သည် တိတ္ထိယသာဝကတို့ မည်ကုန်၏။)

(ဝိဋီ ... ဤသို့ သင်းပိုင်ဝတ်အပ်၏ စသည်ဖြင့် သိက္ခာပုဒ်ဖြင့် ဆုံးမသောအခါ မညီမညွတ်ဝတ်ခြင်း စသည်တို့ကြောင့် အဘယ်အပြစ်ရှိသနည်း၊ အကယ်၍အပြစ်ရှိအံ့။ ညီညွတ်စွာဝတ်ခြင်း စသည်တို့ကြောင့် လည်း အပြစ် ရှိရာ၏။ စသည်ဖြင့်အပြစ်တင်သည်။)

နိဿယည်းဆရာ ခွင့်ပြုခြင်း

ထိုအခါ ရဟန်းတို့သည် ဥပဇ္ဈာယ်တို့ဖဲခြင်း၊ လူထွက်ခြင်း၊ ပျံလွန်ခြင်း၊ တိတ္ထိဘောင်သို့ပြောင်းခြင်း (ဖဲ၊ ထွက်၊ သေ၊ ပြောင်းခြင်း) တို့ကြောင့် ဆုံးမကံမြစ်သူဆရာ မရှိသဖြင့် မကောင်းသောဝတ်ခြင်း ရုံခြင်းရှိ၍ ရဟန်းအသွင်ကင်းလျက် ဆွမ်းခံသွားကုန်၏။ စားသောက်ဆဲလူတို့၏ အထက်၌ သပိတ်ကိုညွတ်ကုန်၏။ ကိုယ်တိုင် ဆွမ်းဟင်း တောင်းစားကုန်၏။ ဘတ္တ၌ ကျယ်သောအသံ များသောအသံ ပြုကုန်၏။ ပုဏ္ဏားတို့ ဘောဇဉ်ကျွေးရာ၌ ပုဏ္ဏားတို့ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏။

ချစ်သားတို့ - အာစရိယကို ယူခြင်းငှာ ခွင့်ပြု၏။ သားဟူသောချစ်စိတ်၊ ဖခင်ဟူသော ချစ်စိတ်ဖြင့် အရိုအသေပြု၍ ကြီးပွားကုန်လတ္တံ့။ ချစ်သားတို့ - ဆယ်ဝါရသောရဟန်းကို မှီ၍နေခြင်းငှာလည်းကောင်း၊ ဆယ်ဝါရသောရဟန်းသည် မှီရာနိဿယည်းပေးခြင်းငှာလည်းကောင်း ခွင့်ပြု၏။

နိဿယည်းယူပုံကား စမ္ပယ်တင် လက်အုပ်ချီလျက် “အာစရိယော မေ ဘန္တေ ဟောဟိ၊ အာယသ္မတော နိဿာယ ဝစ္ဆာမိ ဟုသုံးကြိမ်ဆို၍ယူအပ်၏။

(ဘန္တေ၊ အရှင်မြတ်ဘုရား။
အာယသ္မာ၊ သက်တော်ရှည်သော။
တွံ၊ အရှင်မြတ်ဘုရားသည်။
မေ၊ အကျွန်ုပ်၏။
အာစရိယော၊ မှီခိုစရာနိဿယည်းဆရာသည်။
ဟောဟိ၊ ဖြစ်တော်မူပါ ဘုရား။
အာယသ္မတော အာယသ္မန္တံ၊ အရှင်မြတ်ဘုရားကို။
နိဿာယ၊ မှီ၍။
ဝစ္ဆာမိ၊ နေပါအံ့ဘုရား။)

သာဟု၊ လဟု၊ ဩပါယိကံ၊ ပတိရူပံ၊ ပါသာဒီကေန သမ္ပာဒေဟိ - ဤငါးပုဒ် တပုဒ်ပုဒ်ကို ကိုယ်ဖြင့် နှုတ်ဖြင့် သိစေလျှင် နိဿယည်းဆရာယူခြင်းဖြစ်၏။ မသိစေလျှင် ဆရာယူခြင်း မဖြစ်။

အာစရိယဝတ်၊ အန္တေဝါသိကဝတ်

ချစ်သားတို့ … အန္တေဝါသိကသည် နိဿယည်းဆရာ၌ ကောင်းစွာကျင့်အပ်၏။ ကျင့်ဝတ်ကား - နံနက် စောစောထ၍ ... ဥပဇ္ဈာယဝတ်အတိုင်း ...လ... ရောဂါပျောက်ကင်း သည်တိုင်အောင် ဆိုင်းငံ့၍ နေအပ်၏။ ချစ်သားတို့ နိဿယည်း ဆရာသည် အန္တေဝါသိက၌ ကောင်းစွာကျင့်အပ်၏။ ကျင့်ဝတ်ကား ပါဠိသင်ခြင်း၊ အဋ္ဌကထာသင်ခြင်း၊ သဒ္ဓိဝိဟာရိကဝတ်အတိုင်း ရောဂါပျောက်ကင်း သည်တိုင်အောင် ဆိုင်းငံ့၍ နေအပ်၏။

[ထာ … အာစာရ၊ သမာစာရကို ကျင့်စေသော သင်ပေးသော ဆရာသည် အာစရိယ မည်၏။ ဝါ၊ နိဿယည်း ဆရာ မည်၏။ အာစရိယဝတ်၊ အန္တေဝါသိကဝတ်တို့သည် ဥပဇ္ဈာယဝတ်၊ သဒ္ဓိဝိဟာရိကဝတ် အတိုင်း ဖြစ်ကုန်၏။ အမည်မျှသာထူး၏။]

(ဇီဋိ .... အာယသ္မတော၊ အရှင်မြတ်၏။
ဩဝါဒံ၊ ဩဝါဒကို၊
နိဿယ-နိဿာယာ (နိဿယေန) မှီခြင်းဖြင့်။
ဝစ္ဆာမိ၊ နေပါအံ့။
တနည်း။
အာယသ္မတော၊ အရှင်မြတ်ကို။
ကံအနက်ဆဋ္ဌီ။
သာဋီ၊ ဝိဋီ .... အာယသ္မန္တံ၊ အရှင်မြတ်ကို။
နိဿယ၊ မှီ၍။
ဝစ္ဆာမိ-ဝသိဿာမိ၊ နေပါအံ့။)

အနေဝါသိကကို နှင်ခြင်း

ထိုအခါ အန္တေဝါသိက တို့သည် အာစရိယတို့၌ ကောင်းစွာမကျင့်ကုန်။ ချစ်သားတို့ အန္တေဝါသိကသည် အာစရိယ၌ ကောင်းစွာ ကျင့်အပ်၏။ မကျင့်ငြားအံ့၊ ဒုက္ကဋ်။ ချစ်သားတို့ .. ကောင်းစွာမကျင့်သူကို နှင်ခြင်းငှာ ခွင့်ပြု၏။ သင့်ကိုငါနှင်ထုတ်၏။ ဤ နေရာသို့ မဝင်လာနှင့်၊ သင်၏ သပိတ်သင်္ကန်းကို ယူသွားလော၊ ငါ့ကိုသင် မလုပ်ကျွေးရ၊ ဤသို့ ကိုယ်ဖြင့်-နှုတ်ဖြင့် သိစေအပ်၏။ မသိစေလျှင် နှင်ထုတ်ခံရသူမဖြစ်။

ချစ်သားတို့ ... (အနှင်ခံရသူသည်) ကန်တော့ခြင်းငှာ ခွင့်ပြု၏။ ချစ်သားတို့ အနှင်ခံရသူသည် မကန်တော့ပဲ မနေအပ်။ ဒုက္ကဋ်။ ချစ်သားတို့ (ကန်တော့လျှင် ဆရာသည်) သည်းခံခြင်းငှာ ခွင့်ပြု၏။ ချစ်သားတို့ … ကန်တော့လျှင် သည်းမခံပဲ မနေအပ်၊ ဒုက္ကဋ်။

ချစ်သားတို့.. ကောင်းစွာကျင့်သူကို မနှင်အပ်။ ဒုက္ကဋ်။ မကောင်းစွာကျင့်သူကို မနှင်ပဲ မနေအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ဆရာ၌ လွန်စွာချစ်ခြင်း မရှိ၊ ကြည်ညိုခြင်းမရှိ၊ ရှက်ခြင်းမရှိ၊ အလေးပြုခြင်းမရှိ၊ မေတ္တာပွားခြင်း မရှိ၊ ဤအင်္ဂါ ငါးပါးနှင့် ပြည့်စုံသောတပည့်ကို နှင်အပ်၏။ နှင်ထိုက်၏။ မနှင်လျှင် ဆရာအပြစ်ရှိ၏။ နှင်လျှင် အပြစ်မရှိ။

ချစ်သားတို့ ဆရာ၌ လွန်စွာချစ်ခြင်း၊ ကြည်ညိုခြင်း၊ ရှက်ခြင်း၊ အလေးပြုခြင်း၊ မေတ္တာပွားခြင်းရှိ၏။ ဤအင်္ဂါ ငါးပါးနှင့် ပြည့်စုံသော တပည့်ကို မနှင်အပ်။ မနှင်ထိုက်၊ နှင်လျှင် အပြစ် ရှိ၏။ မနှင်လျှင်အပြစ် မရှိ။

အာစရိယချွတ်ယွင်းခြင်း

ထိုအခါ ရဟန်းတို့သည် ဆယ်ဝါ ရပြီဟု ဗာလ အဗျတ္တဖြစ်လျက် နိဿယည်း ပေးကုန်၏။ အာစရိယဗာလ၊ အန္တေဝါသိက-ပဏ္ဍိတတို့ ထင်ရှားကုန်၏။ ချစ်သားတို့ ...ဗာလ အဗျတ္တသည် နိဿယည်း မပေးအပ်၊ ဒုက္ကဋ်။ ချစ်သား ... ဗျတ္တ ပဋိဗလဖြစ်၍ ဆယ်ဝါရသော ဆယ်ဝါထက်လွန်သော ရဟန်းသည် နိဿယည်းကို ပေးခြင်းငှာ ခွင့်ပြု၏။

[ထာ ... ကျင့်ဝတ်အရင်းမှစ၍ သင်္ကန်းဆိုးကျင့်ဝတ်အထိ မကျင့်လျှင် နိဿယည်း လွတ်သူ၊ မလွတ်သူ အားလုံး အာပတ်သင့်၏။ အချို ဝိသဘာဂတို့အား သပိတ်ပေးခြင်းစသည်ကိုကား နိဿယည်းမလွတ်သူသာ အာပတ် သင့်၏ဟု - ဥပဇ္ဈာယဝတ်၌ ခွဲခြားသည်။

ဤ အာစရိယဝတ်၌ ဤသို့မခွဲခြား၊ နိဿယန္တေဝါသိကသည် ဆရာကို မှီခို၍နေသော ကာလ၌သာ အာစရိယဝတ် အားလုံးကို ကျင့်အပ်၏။ ပဗ္ဗဇ္ဇန္တေဝါသိက၊ ဥပသမ္ပဒန္တေဝါသိက၊ ဓမ္မန္တေဝါသိက သုံးယောက်သည် နိဿယည်း လွတ်သော်လည်း သင်္ကန်းဆိုး ကျင့်ဝတ်အထိ ပြုအပ်၏။ မပန်မကြား သပိတ်ပေးခြင်း စသည်ကြောင့် နိဿယည်း လွတ်သူတို့အား အနာပတ္တိ။

ဤတပည့် လေးယောက်တို့တွင်လည်း ပဗ္ဗဇ္ဇန္တေဝါသိက၊ ဥပသမ္ပဒန္တေဝါသိက နှစ်ယောက်သည် ဆရာ၏ တသက်လုံး တာဝန်ဖြစ်၏။ နိဿယန္တေဝါသိက၊ ဓမ္မန္တေဝါသိက နှစ်ယောက်ကား အနီးနေသမျှသာ တာဝန်ဖြစ်၍ ထိုနှစ်ယောက်လည်း ကောင်းစွာကျင့်အပ်၏။ အာစရိယ အန္တေဝါသိကတို့တွင် ကောင်းစွာ မကျင့်သူ ထိုထိုအား အာပတ်သင့်၏။]

(သာဋီ ... သဒ္ဓိဝိဟာရိကအား ဆိုသော လက္ခဏာဖြင့် အန္တေဝါသိကအား အာပတ်ကို မသိအပ်။ သဒ္ဓိဝိဟာရိက နိဿယည်း လွတ်၊ မလွတ် တသက်လုံး အာပတ်သင့်နိုင်သည်။ အန္တေဝါသိကအား နိဿယည်း မလွတ်မီသာ အာပတ်သင့်နိုင်သည်။ ဥပဇ္ဈာယ၊ ပဗ္ဗဇ္ဇာစရိယ၊ ဥပသမ္ပဒါစရိယ၊ သဒ္ဓိဟာရိက၊ ပဗ္ဗန္တေဝါသိက၊ ဥပသမ္ပဒန္တေဝါသိက၊ သမာနုပဇ္ဈာယက၊ ဤခုနစ်ယောက် ဂိလာနဖြစ်လျှင် တသက်လုံး လုပ်ကျွေးအပ်၏။ နိဿယာစရိယ၊ ဥဒ္ဒေသာစရိယ၊ နိဿယန္တေဝါသိက၊ ဥဒ္ဒေသန္တေဝါသိက၊ သမာနာစရိယက ဤငါးယောက် ဂိလာနဖြစ်လျှင် နိဿယမပြတ်မီ ဥဒ္ဒေသမပြတ်မီ လုပ်ကျွေးအပ်၏၊ သိက္ခာပုဒ် ပေးသော-ဝါ-လုံ့လပေးသော ဆရာသည် ပဗ္ဗဇ္ဇာစရိယ မည်၏။ ဥပသမ္ပဒကမ္မဝါစာ ဖတ်သော ဆရာသည် ဥပသမ္ပဒါစရိယမည်၏။ စာချပေးသောဆရာသည် ဥဒ္ဒေသာစရိယမည်၏။)

နိဿယည်းငြိမ်း-ငါးပါး ခြောက်ပါး

ထိုအခါ ရဟန်းတို့သည် အာစရိယ၊ ဥပဇ္ဈာယ်တို့ ဖဲ၊ ထွက်၊ ပြောင်းကုန်သော်လည်း နိဿယည်း ငြိမ်းခြင်းကို မသိကုန်။ ချစ်သားတို့ - ဥပဇ္ဈာယမှ မှီရာငြိမ်းခြင်းတို့သည် ဥပဇ္ဈာယ်ဖဲသွားအံ့၊ လူထွက်အံ့၊ ပျံလွန်အံ့၊ တိတ္ထိဘောင် ပြောင်းသွားအံ့၊ နှင်ထုတ်ဝံ့၊ ဤ ငါးပါးတို့ဖြစ်ကုန်၏။

ချစ်သားတို့ - အာစရိယမှ မှီရာငြိမ်းခြင်းတို့သည် ဆရာဖဲသွားအံ့၊ လူထွက်အံ့၊ ပျံလွန်အံ့၊ တိတ္ထိဘောင် ပြောင်းသွားအံ့၊ နှင်ထုတ်အံ့၊ ဥပဇ္ဈာယ်နှင့်ပေါင်းဆုံအံ့၊ ဤခြောက်ပါးတို့ဖြစ်ကုန်၏။

ဖဲ၊ ထွက်၊ သေ၊ ပြောင်း (၄)၊
နှင်၊ ဆုံပေါင်း (၂)၊
ငြိမ်းပြောင်းခြောက်ပါးတည်း။

ဆုံပေါင်းမပါ (၅)၊ ဥပဇ္ဈာ၊ ငါးဖြာ ငြိမ်းကြောင်းတည်း။

[ထာ ... ဥပဇ္ဈာယ် ဖဲသွားအံ့ ဟူသည်ကား - မနေလို၍ အရပ်တပါး ဖဲသွား၏။ (ပြန်လာမည်ဖြစ်စေ၊ မလာမည်ဖြစ်စေလို) ဤသို့ဖဲသွားလျှင် ထိုကျောင်း၌ နိဿယည်း ပေးနိုင်သော ယခင်က နိဿယည်း ယူဘူးသော ဆရာထံ၌ လည်းကောင်း၊ ဧကမ္ဘောဂပရိဘောဂ ရှိသော ဆရာထံ၌လည်းကောင်း နိဿယည်း ယူအပ်၏။ တရက်မျှလည်း အစောင့်အရှောက်မရှိ။ ထိုသို့မရှိလျှင် ပေသလအဖြစ်ကို သိပြီးသော တပါးသော လဇ္ဇီထံ၌ ထိုနေ့ပင် နိဿယည်းယူအပ်၏။ ပေးလျှင် အပြင်မရှိ။

သင်တို့၏ ဥပဇ္ဈာယ် မကြာမီ ပြန်လာမည်လောဟု မေးအံ့၊ ဥပဇ္ဈာယ်ကလည်း ထိုအတိုင်း ပြောသွားအံ့၊ အာမဘန္တေဟု ဆိုအပ်၏။ ဥပဇ္ဈာယ်လာသည်တိုင်အောင် ဆိုင်းကြဦး ဆိုအံ့၊ အပြစ်မရှိ၊ ပေသလအဖြစ်ကို မသိသေးလျှင် လေးငါးရက်လုံး သဘာဂအဖြစ် (ပေသလအဖြစ်) ကိုဆင်ခြင်၍၊ အခွင့်ကောင်း၍ နိဿယည်း ယူအပ်၏။

ထိုကျောင်း၌ နိဿယည်း ပေးနိုင်သောဆရာ မရှိအံ့၊ ဥပဇ္ဈာယ် ကလည်း ငါးရက် နှစ်ရှက်ဖြင့် ပြန်လာမည်၊ မပျင်းကြနှင့်ဟုမှာထားအံ့၊ ပြန်လာသည်တိုင်အောင် အစောင့်အရှောက်ရ၏။ ရောက်ရာ၌ ငါးရက် ဆယ်ရက်ပို၍နေရန် လူတို့ပင့်ကုန်အံ့၊ ဥပဇ္ဈာယ်သည် ဤနေ့ရက်လောက်တွင် ပြန်လာမည်၊ မပျင်းကြနှင့်ဟု သတင်းပို့အပ်၏။ ဤသို့လည်း အစောင့် အရှောက်ရ၏။

ပြန်လာစဉ် ခရီးအကြား မြစ်ရေပြည့်ခြင်းကြောင့် ခိုးသူစသည်ကြောင့် အန္တရာယ်ရှိ၍ ရေကျအောင် ဆိုင်းနေအံ့၊ အဖော်သော်လည်း ရှာနေအံ့၊ ထိုအကြောင်းကို ရဟန်းငယ်တို့ ကြားသိကုန်အံ့၊ ပြန်လာသည် တိုင်အောင် အစောင့်အရှောက်ရ၏။ ဥပဇ္ဈာယ်သည် ငါဤတွင် နေတော့မည်ဟု သတင်းပေးအံ့၊ အစောင့်အရှောက် မရှိ။ နိဿယည်း ပေးနိုင်ရာသို့ သွားအပ်၏။

ထွက်လျှင် သေလျှင် ပြောင်းလျှင်ကား တနေ့မျှ အစောင့်အရှောက်မရှိ၊ နိဿယည်း ပေးနိုင်ရာသို့ သွားအပ်၏။ နှင်ရာ၌ သင့်ကို ငါနှင်၏ .... ငါ့ကို သင်မလုပ်ကျွေးရဟု ပါဠိတော်နည်းဖြင့် လည်းကောင်း၊ ငါ့ကိုရွာဝင်မပန်လင့်ဟု ပါဠိမုတ္တကနည်းဖြင့် လည်းကောင်း၊ နိဿယပဏာပနာဖြင့် နှင်ထုတ်အံ့၊ ဥပဇ္ဈာယ်ကို ကန်တော့အပ်၏။ ရှေးဦးစွာ သည်းမခံသေးလျှင် ဒဏ်အမှုရွက်ဆောင်၍ သုံးကြိမ်တိုင်အောင် ကိုယ်တိုင် ကန်တော့အပ်၏။

သည်းမခံသေးလျှင် ထိုကျောင်းနေ မထေရ်တို့ကို ပင့်ဆောင်၍ ကန်တော့အပ်၏။ သည်းမခံသေးလျှင် အနီးကျောင်းနေ ရဟန်းတို့ကို ပင့်ဆောင်၍ ကန်တော့အပ်၏။ သည်းမခံသေးလျှင် အရပ်တပါးသို့သွား၍ ဥပဇ္ဈာယ်၏ သဘာဂရဟန်းတို့ထံ၌ ဤ၌ နေသည်ဟု ကြားလျှင် သည်းခံကောင်း သည်းခံလိမ့်မည်ဟု မျှော်လင့်၍ နေအပ်၏။ သည်းမခံသေးလျှင် ထိုအရပ်၌သာ နေအပ်၏။ ထိုအရပ်၌ ခေါင်းပါးခြင်း စသည်ကြောင့် မနေနိုင်လျှင် ထိုကျောင်းသို့ ပြန်လာ၍ တပါးသော ရဟန်းထံ နိဿယည်းယူ၍ နေအပ်၏။ ဤကား နှင်ရာ၌ အဆုံးအဖြတ်တည်း။]

နိသာယည်းဆရာ ဖဲသွားရာ၌ ဆရာအချို့သည် ပန်ကြား၍၊ အချို့သည် မပန်ကြားမူ၍ ဖဲသွား၏။ အန္တေဝါသိကတို့လည်း ထို့အတူတည်း။ ထိုသူတို့တွင် တပည့်သည် ဆရာကို ဤမည်သောအရပ်ကို ဤကိစ္စဖြင့် သွားလိုပါသည်ဟု ပန်ကြားအံ့၊ အဘယ်အခါ သွားမည်နည်းဟု ဆရာမေးအံ့၊ ညနေအချိန်၊ ညည့်အချိန်ဟု ဆိုအံ့၊ ကောင်းပြီဟု ဆရာဝန်ခံအံ့၊ ထိုခဏ၌ပင် နိဿယဉ်း ငြိမ်း၏။ သွားလို၍ ပန်ကြားသောအခါ ဤမည်သော ရွာ၌ ဆွမ်းခံကြီးမှ သင်သိရလတ္တံ့ ဟုဆိုအံ့။ ကောင်းပါပြီဟု တပည့် ဝန်ခံအံ့၊ ထိုနောက်သွားလျှင် ကောင်းသော သွားခြင်းတည်း။ မသွားလျှင် နိဿယည်း မငြိမ်း။

မသွားနှင့်ဦး၊ ညဉ့်တွင်တိုင်ပင်ပြီးမှ ငါတို့သိကုန်အံ့ဟုဆိုအံ့၊ တိုင်ပင်ပြီးမှ သွားလျှင်ကောင်း၏၊ မသွားလျှင် နိဿယည်း မငြိမ်း။ ဆရာကိုမပန်ကြားပဲ ဖဲသွားအံ့၊ ဥပစာရ သိမ်လွန်လျှင် ငြိမ်း၏။ ဥပစာရသိမ်တွင်းမှ ပြန်လာအံ့ မငြိမ်း။

ဆရာသည်တပည့်ကို ဤမည်သော အရပ်သို့သွားမည်ဟု ပန်ကြားအံ့၊ အဘယ်အခါပါနည်းဟု လျှောက်အံ့၊ ညနေအချိန် ညဉ့်အချိန်ဟုဆိုအံ့၊ ကောင်းပါပြီဟု တပည့်ဝန်ခံအံ့၊ ထိုခဏ၌ပင် နိဿယည်းငြိမ်း၏။ နက်ဖြန် ဆွမ်းခံပြီးမှသွားမည်ဟုဆိုအံ့။ ကောင်းပါပြီဟု ဝန်ခံအံ့၊ ရှေးဦးစွာတရက်၌ မငြိမ်း။ နောက်နေ့၌ငြိမ်း၏။

ဤရွာ၌ ဆွမ်းခံပြီးမှ သွားမသွား ငါသိနိုင်မည်ဟုဆိုအံ့။ မသွားလျှင်မငြိမ်း၊ တပည့်သည် - မကြွပါနှင့်ဦး၊ တိုင်ပင်ပြီးမှ သိတော်မူကြပါဟု လျှောက်အံ့၊ တိုင်ပင်ပြီး၍ မသွားလျှင် မငြိမ်း။

ဆရာတပည့်နှစ်ဦးလုံး ကိစ္စတခုကြောင့် ဥပစာရသိမ်ပသို့ သွားစဉ် ဆရာသည် ခရီးသွားလို၍ မပန်ကြားပဲ ထွက်သွား၍ ခဲနှစ်ကျအတွင်းမှ ပြန်လာအံ့၊ မငြိမ်း။ ခဲနှစ်ကျလွန်မှ ပြန်လာအံ့။ ငြိမ်း၏။ (တပည့်အာလယ မပြတ်သော်လည်း ငြိမ်း၏ဟူလို။) ဆရာဥပဇ္ဈာယ်တို့သည် ခဲနှစ်ကျလွန်၍ တပါးသောကျောင်း၌ နေကုန်အံ့၊ ငြိမ်း၏။ ဆရာသည် လူထွက်လျှင် သေလျှင် ပြောင်းလျှင် ထိုခဏ၌ပင် နိဿယည်း ငြိမ်း၏၊

နှင်ရာ၌ နိဿယပဏာမနာဖြင့် အာလယပြတ်နှင်အံ့၊ တပည့်သည် အနှင်ခံရသော်လည်း ငါ့ဆရာ စိတ်နူးညံ့ပါပေသည်ဟု အာလယမပြတ်အံ့၊ နိဿယည်း မငြိမ်း။ ဆရာကားမပြတ်။ တပည့်ကား ဤဆရာကို မှီ၍မနေတော့အံ့ဟု ဝန်ချအံ့၊ မငြိမ်း။ နှစ်ဦးလုံးမပြတ်အံ့၊ မငြိမ်း။ နှစ်ဦးလုံး ဝန်ချမှ ငြိမ်းသည်။

အနှင်ခံရသော တပည့်သည် ဒဏ်ထမ်း၍ သုံးကြိမ်တိုင် ကန်တော့အပ်၏။ သည်းမခံလျှင် ဥပဇ္ဈာယ်၌ ဆိုပြီးသော နည်းအတိုင်း ကျင့်အပ်၏။

ဥပဇ္ဈာယ်နှင့် ပေါင်းဆုံခြင်းကို ဒဿန၊ သဝနစွမ်းဖြင့် သိအပ်၏။

နိဿယည်းဆရာထံ မှီ၍နေသော တပည့်သည် တခုသောကျောင်း၌ ဥပဇ္ဈာယ်ကို ဘုရားရှိခိုးနေသည်ကို လည်းကောင်း၊ တခုသောရွာ၌ ဆွမ်းခံကြွသည်ကို လည်းကောင်း မြင်ငြားအံ့၊ နိဿယည်းငြိမ်း၏။ ဥပဇ္ဈာယ်သာ မြင်၍ တပည့်ကမမြင်အံ့၊ မငြိမ်း။ ခရီးဝေး၌ ကောင်းကင်၌ ကြွသွားသည်ကို မြင်သော်လည်း ရဟန်းဟူ၍သာ သိ၍ ဥပဇ္ဈာယ်ဟု မသိအံ့၊ မငြိမ်း။ ဥပဇ္ဈာယ်ဟု သိမှ ငြိမ်းသည်။ ပြာသာဒ်၊ ဆွမ်းစားကျောင်း၊ တရားနာရာအရပ် စသည်တို့၌ တခြားစီနေ၍ မမြင်ပဲ ဖဲသွားအံ့၊ မငြိမ်း။ ဤသို့ ဒဿန စွမ်းဖြင့် ပေါင်းဆုံပုံကို သိအပ်၏။

သဝနစွမ်းဖြင့်ကား ကျောင်းတွင်း၌ အိမ်တွင်း၌ စကားပြာသော တရားဟောသော ဥပဇ္ဈာယ်၏အသံကိုကြား၍ ငါ့ဥပဇ္ဈာယ်၏အသံဟု မှတ်မိအံ့။ ငြိမ်း၏။ မမှတ်မိအံ့၊ မငြိမ်း။

ဤကားပေါင်းဆုံခြင်း၌ အဆုံးအဖြတ်တည်း။

(ဇီဋိ ... သည်းမခံသော ဥပဇ္ဈာယ်သည် ကာလ ကြာသောအခါ ချီးမြှောက်လိုပြန်အံ့၊ ထိုအခါမှစ၍ ဥပဇ္ဈာယ်သာမှီရာ နိဿယဖြစ်သည်။ ဥပဇ္ဈာယ်သည် အလဇ္ဇီဖြစ်အံ့၊ တပည့်အကြိမ်ကြိမ် တားသော်လည်း မရှောင်ကြဉ်အံ့။ မနှင်သော်လည်း ထိုဥပဇ္ဈာယ်ကိုစွန့်၍ သူတပါးထံ၌ နိဿယည်းယူ၍ နေအပ်၏။

ဥပဇ္ဈာယ်လိင်ပြန်အံ့။ တရက်မျှ အစောင့် အရှောက်မရ။ ပက္ခပဏ္ဍုတ်ဖြစ်အံ့၊ သုက္ကပက္ခတိုင်အောင် စောင့်နေလျှင် အပ်၏။ ဥက္ခေပနိယကံပြုခံရအံ့၊ နာနာသံဝါသကဘုံ၌တည်သောကြောင့် နိဿယည်းငြိမ်း၏။ ကောင်းစွာကျင့်သည်ကိုမြင်၍ ကံငြိမ်းသည်တိုင်အောင် စောင့်ရှောက်အပ်၏။ မာနတ်ကျင့်အံ့၊ အဗ္ဘာန် တိုင်အောင် စောင့်အပ်၏။ ပရိဝါသ်ကြာမြင့်စွာစောင့်အံ့၊ တပါးသောရဟန်းထံ နိဿယည်းယူအပ်၏ ဥပဇ္ဈာယ်နှင့် ထိုအခိုက် ပေါင်းဆုံခြင်းသည် ပမာဏမဟုတ်၊ ပရိဝါသ်မာနတ်ကျင့်စဉ် နိဿယည်း မပေးအပ် သောကြောင့်တည်း။)

(သာဋီ ... ထွက်၊ သေ၊ ပြောင်းလျှင် တနေမျှ အစောင့်အရှောက် မရှိ၊ နိဿယည်း ပေးနိုင်ရာသို့ သွားအပ်၏။ … ဟူရာ၌ ကိစ္စရှိ၍ ထိုနေ့မသွားနိုင်သဖြင့် “နှစ်ရက်သုံးရက် အတွင်းသွားမည်”ဟု သွားခြင်း၌ အားထုတ် ခြင်းရှိလျှင် စောင့်သေး၏ဟု ဆိုကုန်၏။ ခေါင်းပါးခြင်း စသည်ကြောင့် ပြန်လာ၍ တပါးသော ရဟန်းထံ နိဿယည်း ယူနေရာ၌ ဥပဇ္ဈာယ်စွန့်ပြီး ဖြစ်သောကြောင့် ပေါင်းဆုံမိသော်လည်း ပမာဏမဟုတ်။

ဥပဇ္ဈာယ် ဖဲသွားရာ၌ ဆိုသောနည်းကို နိဿယည်းဆရာ ဖဲသွားရာ၌လည်း သိအပ်၏။ နိကာယည်း ဆရာဖဲသွားရာ၌ ဆိုသောနည်းကိုလည်း ဥပဇ္ဈာယ်ဖဲသွားရာ၌ သိအပ်၏။ ဤသို့သော နေရာတို့၌ တနေရာ၌ ဆိုသော လက္ခဏာကို တနေရာ၌လည်း သိအပ်၏။ ခဲနှစ်ကျလွန်အောင်သွားလျှင် ဒိသာပက္ကန္တမည်၏။ ထို့ကြောင့် တပည့်ဝန်မချသော်လည်း နိဿယည်း ငြိမ်း၏။ ဆရာဥပဇ္ဈာယ်တို့သည် ခဲနှစ်ကျလွန်၍ တပါးသော ကျောင်း၌ နေကုန်အံ့၊ ငြိမ်း၏။ … ဟူရာ၌ ဥပစာရသိမ်ပ၌ တပည့်တို့၏နေရာမှ ခဲနှစ်ကျလွန်၍ နေသော်လည်း နိဿယည်း မငြိမ်း။ နိဿယည်းဆရာ၏ နိဿယပဏာမနာဖြင့် နှင်ခြင်း စသောအလုံးစုံကို ဥပဇ္ဈာယ်နှင်ခြင်း၌လည်း သိအပ်၏။)

(ဝိဋီ ... ဧကသမ္ဘောဂ ပရိဘောဂ ရှိသောဆရာထံ နိဿယည်း ယူအပ်၏ ဟူသော စကားဖြင့် လဇ္ဇီတို့ထံ၌သာ နိဿယည်းယူခြင်းကို တိုက်တွန်းတော်မူ၏။ ပရိဘောဂသဒ္ဒါဖြင့် ဧကကမ္မစသော သံဝါသကိုလည်းကောင်း၊ သမ္ဘောဂသဒ္ဒါဖြင့် ပစ္စယပရိဘောဂကို လည်းကောင်း ယူအပ်၏။ ထိုစကားရပ်ဖြင့် အလဇ္ဇီတို့နှင့်အတူ သမ္ဘောဂ၊ သံဝါသ မပြုအပ်သည် အဖြစ်ကို ပြတော်မူ၏။ အစောင့်အရှောက်မရှိ ဟူသည်ကား အာပတ်စောင့် ခြင်းမရှိ၊ လေးငါးရက်ပတ်လုံး သဘာဂအဖြစ်ကို ဆင်ခြင်ရာ၌ တရက်နှစ်ရက် မျှဖြင့် သဘာဂအဖြစ် ထင်ရှားလျှင် ထင်ရှားသောနေ့၌ နိဿယည်းယူ အပ်၏။ မထင်ရှားသေးလျှင် နေ့ရက်များစွာ ဆပ်ခြင်ဆင်၏။ ဆင်ခြင်ဦးမည်ဟု ရက်ရှည်ဆွဲလျက် အမြွက်ထောင်ခြင်းကိုကား မပြုအပ်၏။ ဥပဇ္ဈာယ် ပြန်လာရာတွင် ခရီးအကြား အန္တရာယ်ရှိကြောင်းကို ရဟန်းငယ်တို့ သတင်းမကြားသော်လည်း ဥပဇ္ဈာယ်ကား ပြန်လာလတ္တံ့၊ တစုံတရာတို့ကြောင့် ကြာမြင့်နေသည်ဟု အမှတ်သညာရှိလျှင် အစောင့်အရှောက် ရသည်သာတည်း။

ဥပဇ္ဈာယ်ဆရာက ငါ ဤအရပ်တွင် နေတော့မည်ဟု သတင်းပေးလိုက်ပါမှ အစောင့်အရှောက် ပျက်သည်။ တနေ့မှ အစောင့်အရှောက် မရှိ ဟူသည်ကို သွားခြင်း၌ အားထုတ်ခြင်း မရှိသူကိုရည်၍ ဆိုသည်။ အားထုတ်ခြင်းရှိ၍ ကျောင်းသိမ်းဆည်းခြင်း စသည်ဖြင့် တရက်နှစ်ရက်ကြာပြီးမှ သွားလျှင်လည်းအပြစ်မရှိ။ ထိုအရပ်၌သာ နေအပ်၏ ဟူသည်ကား ထိုသဘာဂ အရပ်၌သာ နိဿယည်းယူ၍ နေအပ်၏။ ခေါင်းပါးခြင်း စသည်ကြောင့် ထိုကျောင်းသို့ ပြန်လာ၍ ရဟန်းတပါး နိဿယည်းယူ၍ နေအပ်၏ ဟူသော စကားဖြင့် ချီးမြှောက်သော ဥပဇ္ဈာယ်နှင့် ပေါင်းဆုံရာ၌သာ နိဿယည်း ငြိမ်းခြင်းကို ဆိုအပ်၏။

အမျက်ထွက်၍ လည်းကောင်း၊ မငဲ့ကွက်၍ လည်းကောင်း၊ မချီးမြှောက်အံ့၊ တပါးသော ရဟန်းထံ၌ယူသော နိဿယည်း မငြိမ်းဟု ပြတော်မူ၏။ အချို့ ပန်ကြား၍ ဖဲသွားခြင်း စသောနည်းကို ဥပဇ္ဈာယ်ဖဲရာ၌လည်း ဆောင်၍ သိအပ်၏။ ဥပဇ္ဈာယ်၌ ဆိုသောနည်းကိုလည်း အာစရိယ၌ ထိုက်သည်အလျောက် ဆောင်၍ သိအပ်၏။ ဥပစာရ သိမ်ပ၌ ခဲနှစ်ကျ အတွင်းနေလျှင် နိဿယည်း မငြိမ်း၊ ဥပစာရသိမ်တွင်း၌ကား ခဲနှစ်ကျလွန်၍ နေသော်လည်း မငြိမ်းသည်သာတည်း။)

ကျောင်းထိုင်အင်္ဂါ

ချစ်သားတို့ ... ငါးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသော ရဟန်းသည် (ဥပဇ္ဈာယ်ပြု၍) ရဟန်းပြု မပေးအပ်။ (နိဿယည်းဆရာပြု၍) နိဿယည်း မပေးအပ်။ (ဥပဇ္ဈာယ်ပြု၍) သာမဏေကို မလုပ်ကျွေးစေအပ်။ (၁) အသေက္ခသီလက္ခန္ဓနှင့်မပြည့်စုံ။ (၂) အသေက္ခသမာဓိက္ခန္ဓနှင့်-။ (၃) ပညာက္ခန္ဓနှင့်...။ (၄) ဝိမုတ္တိက္ခန္ဓနှင့်..။ (၅) ဝိမုတ္တိဉာဏဒဿနက္ခန္ဓနှင့် မပြည့်စုံ။ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် ရဟန်းပြု မပေးအပ်။ နိဿယည်း မပေးအပ်၊ သာမဏေ မလုပ်ကျွေးစေအပ်။ ရဟန္တာ၏သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနနှင့် ပြည့်စုံ၍ အင်္ဂါငါးပါးရှိလျှင် ရဟန်းပြုပေးအပ်၏။ နိဿယည်း ပေးအပ်၏။ သာမဏေကို လုပ်ကျွေးစေအပ်၏။

ထိုမှတပါး အသေက္ခသီလက္ခန္ဓ စသော ငါးပါးနှင့် မိမိလည်း မပြည့်စုံ၊ သူတပါးကိုလည်း မဆောက်တည် စေနိုင်လျှင်-မအပ်၊ ပြည့်စုံ၍ ဆောက်တည်စေနိုင်လျှင် အပ်၏။

ထိုမှတပါး သဒ္ဓါ၊ ဟိရိ၊ ဩတ္တပ္ပ၊ ဝိရိယ၊ သတိ - ငါးပါးမရှိလျှင် မအပ်။ ရှိလျှင်-အပ်၏။

ထိုမှတပါး အဓိသီလ ပျက်၏။ အဇ္ဈာစာရ ပျက်၏။ အတိဒိဋ္ဌိ ပျက်၏။ အပ္ပသုတ ဖြစ်၏။ ဒုပ္ပညဖြစ်၏။ ဤငါးပါးရှိလျှင်-မအပ်။ အဓိသီလ၊ အဇ္ဈာစာရ၊ အတိဒိဋ္ဌိမပျက်၊ ဗဟုသုတ၊ ပညဝန္တ ဖြစ်လျှင်- အပ်၏။

ထိုမှတပါး တပည့်မမာလျှင် လုပ်ကျွေးခြင်း၊ လုပ်ကျွေးခြင်းငှာ မစွမ်းနိုင်၊ ပျင်းရှိလျှင် ပျောက်ကင်းအောင် အရပ်တပါး ခေါ်သွားခြင်း၊ ခေါ်သွားစေခြင်းငှာ မစွမ်းနိုင်။ ကုက္ကုစ္စဖြစ်လျှင် ပျောက်ခြင်း ပျောက်စေခြင်းငှာ မစွမ်းနိုင်။ အာပတ်ကို မသိ။ အာပတ်မှ ထခြင်းကို မသိ။ ဤငါးပါးရှိလျှင်-မအပ်၊ သုံးခုစွမ်းနိုင်၏။ နှစ်ခုသိ၏။ ဤ ငါးပါးရှိလျှင်- အပ်၏။

ထိုမှတပါး တပည့်ကို အာဘိသမာစာရီက ကျင့်ဝတ်၌ ကျင့်စေခြင်းငှာ၊ အာဒိဗြဟ္မစရိယသီလဖြင့် ဆုံးမခြင်းငှာ၊ အဘိဓမ္မ၌ ဆုံးမခြင်းငှာ၊ အဘိဝိနယ၌ ဆုံးမခြင်းငှာ၊ ဒိဋ္ဌိအယူဖြစ်လျှင် တရားသဖြင့် ပျောက်ခြင်းငှာ မစွမ်းနိုင်၊ ဤငါးပါးရှိလျှင်မအပ်။ စွမ်းနိုင်သောငါးပါးရှိလျှင် အပ်၏။

ထိုမှတပါး အာပတ္တိ၊ အနာပတ္တိ၊ လဟုကာပတ္တိ၊ ဂရုကာပတ္တိကို မသိ၊ ပါတိမောက် နှစ်စောင်အကျယ် ကောင်းစွာမလာ၊ ကောင်းစွာမသိ၊ ဤငါးပါးရှိလျှင်-မအပ်။ အာပတ္တိစသည်သိခြင်း ပါတိမောက်နှစ်စောင် အကျယ် ကောင်းစွာသိခြင်း၊ ဤ ငါးပါးရှိလျှင်-အပ်၏။

ထိုမှတပါး အာပတ္တိစသော လေးပါးမသိ၊ ဆယ်ဝါမပြည့်၊ ဤ ငါးပါးရှိလျှင်-မအပ်။ လေးပါးသိခြင်း၊ ဆယ်ဝါပြည့်ခြင်း၊ ဤငါးပါး ရှိလျှင်-အပ်၏။ ကဏှာပက္ခ ပဉ္စကရှစ်ဝါရ၊ သုက္ကပက္ခ ပဉ္စကရှစ်ဝါရ အားဖြင့် ဥပသာဒေတဗ္ဗ ပဉ္စကသေဋ္ဌသဝါရ ပြီး၏။

(ဤ၌ အချို့ကိုထပ်စေလျက် ကျောင်းထိုင်အင်္ဂါလေးဆယ် ဟောသည်။)

ချစ်သားတို့ … အသေက္ခသီလက္ခန္ဓ မပြည့်စုံခြင်း။ ...လ.... ဉာဏဒဿနက္ခန္ဓ မပြည့်စုံခြင်း။ ဆယ်ဝါ မပြည့်ခြင်း။ ဤအင်္ဂါခြောက်ပါး ရှိသောရဟန်းလည်း ရဟန်းပြု မပေးအပ်။ နိဿယည်း မပေးအပ်၊ သာမဏေ အလုပ်ကျွေး မခံအပ်။ ငါးပါးပြည့်စုံခြင်း၊ ဆယ်ဝါ ဆယ်ဝါထက်လွန်ခြင်း၊ ဤ ခြောက်ပါးရှိလျှင်-အပ်၏။

(ဤနည်းဖြင့် ယခင် ပဉ္စက ၁၄-ပါးကို ဆယ်ဝါ မပြည့်ခြင်း၊ ပြည့်ခြင်းထည့်၍ ဆက္က ၁၄-ဝါရကို ဟောသည်။ ဤကျောင်းထိုင်အင်္ဂါ ၄၂-ဟောသည်။)

ဆက္ကဒုဒ္ဒဝါရ ပြီး၏။

ထာ ... ကဏှပက္ခ ပဉ္စကရှစ်ဝါရတို့တွင် အစစွာ သုံးဝါရ၌ ပရိသတ် ဆုတ်ယုတ်ကြောင်းဖြစ်၍ မသင့်သည် အစွမ်းဖြင့် ဟောသည်။ အာပတ်အင်္ဂါစွမ်းဖြင့် ဟောသည်မဟုတ်၊ ရဟန္တာသာဥပဇ္ဈာယ် ဖြစ်ရမည်ဟု ခွင့်ပြုသည် မဟုတ်။ အကယ်၍ခွင့်ပြုလျှင် ဥပဇ္ဈာယဿ န ဘိရတိ ဥပ္ပန္နာဟောတိ - ဥပဇ္ဈာယ်အား ပျင်းရိ၏ စသည်ကို မဟောတန်ရာ၊ ရဟန္တာ၏ ပရိသတ်သည် သီလစသည်မှ မဆုတ်ယုတ်သောကြောင့်သာ ဟောတော်မူသည်။

စတုတ္ထပဉ္စက၌ ပါရာဇိက၊ သံဃာဒိသိသ်တို့သို့ ရောက်သူသည် အဓိသီလပျက်သည် မည်၏။ ကြွင်း အာပတ်ငါးပါးသို့ ရောက်သူသည် အဇ္ဈာစာရပျက်သည်မည်၏။ သမ္မာဒိဋ္ဌိပယ်စွန့်၍ အန္တဂ္ဂါဟိကာဒိဋ္ဌိနှင့် (ဝါ... သဿတ၊ ဥစ္ဆေဒနှင့်) ပြည့်စုံသောသူသည် အတိဒိဋ္ဌိပျက်သည် မည်၏။ ပရိသတ်မွေးသူတို့ အလိုရှိအပ်သော ဗဟုသုတမှ ကင်းသူသည် အပ္ပသုတ ဖြစ်သည်မည်၏။ အာပတ်စသည်ကို မသိသူသည် ... ဒုပ္ပညဖြစ်သည် မည်၏။ ဤ ပဉ္စက၌ ရှေးသုံးပုဒ် အယုတ္တမသင့်၊ မသင့်ခြင်းစွမ်းဖြင့် နောက်နှစ်ပုဒ်အား အာပတ္တိအင်္ဂါစွမ်းဖြင့် ဟောသည်။

ပဉ္စမပဉ္စက၌ ဤအမှုကို ပြုမိပါသည်ဟုဆိုလျှင် ဤအာပတ်သင့်၏ ဟု မသိသူသည် အာပတ်ကို မသိသည် မည်၏။ ဝုဋ္ဌာနဂါမ်ဖြင့်လည်းကောင်း၊ ဒေသနာဂါမ်ဖြင့်လည်းကောင်း၊ ဤအာပတ်မှ ဤသို့ထ၏ဟု မသိသူသည် အာပတ်မှထခြင်းကို မသိသည်မည်၏။ ဤ၌ ကုက္ကုစ္စဖြစ်လျှင် မဖျောက်နိုင်ခြင်း၊ အာပတ် မသိခြင်း၊ အာပတ်မှထခြင်းကို မသိခြင်း၊ ဤနောက်ဆုံး ပုဒ်ကို အာပတ္တိအင်္ဂါစွမ်းဖြင့်၊ မမာလျှင် မလုပ်ကျွေးနိုင်ခြင်း၊ ပျင်းရိလျှင် ခေါ်မသွားနိုင်ခြင်းနှစ်ပုဒ်ကို အယုတ္တစွမ်းဖြင့် ဟောသည်။

ဆဋ္ဌပဉ္စက၌ ခန္ဓကဝတ်၌ ဆုံးမခြင်းငှာ မစွမ်းနိုင်သူသည် အာဘိသမာစာရိကကျင့်ဝတ်၌ ကျင့်စေခြင်းငှာ မစွမ်းနိုင်သည်မည်၏။ ကျင့်အပ်သော ပညတ်တော်-ဟူသော သေက္ခပဏ္ဏတ္တိ၌ (ဝါ ဥဘတောဝိဘင်း အာပတ်၌) မဆုံးမနိုင်သူသည် အာဒိဗြဟ္မစရိယသီလဖြင့် မဆုံးမနိုင်သူ မည်၏။ နာမ်ရုပ်အပိုင်းအခြား၌ မဆုံးမနိုင်သူသည် အဘိဓမ္မာ၌ မဆုံးမနိုင်သူ မည်၏။ ဝိနည်းပိဋကတ်အားလုံး၌ မဆုံးမနိုင်သူသည် အဘိဝိနယ၌ မဆုံးမနိုင်သူ မည်၏။ ကျင့်စေခြင်းငှာ သင်ပေးခြင်းငှာ မတတ်နိုင်ဟူလို။ ဒိဋ္ဌိအယူကို တရားဖြင့် အကြောင်းဖြင့် စွန့်စေခြင်းငှာ မစွမ်းနိုင်သူသည် ဒိဋ္ဌိအယူကို မဖျောက်နိုင်သူမည်၏။ ဤ ပဉ္စက၌ ပုဒ်အားလုံး၌ အာပတ်သင့်၏။ သတ္တမ၊ အဋ္ဌမ ပဉ္စကတို့၌လည်း ပုဒ်အားလုံး အာပတ်သင့်၏။

ဤသို့လျှင် အစစွာ ပဉ္စကသုံးခု၌ ၁၅-ပုဒ်၊ စတုတ္ထ၌ သုံးပုဒ်၊ ပဉ္စမ၌ နှစ်ပုဒ် ... ဤ ပုဒ်နှစ်ဆယ်သည် အယုတ္တဖြစ်၏။ စတုတ္ထ၌ နှစ်ပုဒ်၊ ပဉ္စမ၌ သုံးပုဒ်၊ အဆုံး ပဉ္စကသုံးခု၌ ၁၅-ပုဒ်၊ ဤ ပုဒ်နှစ်ဆယ်သည် အာပတ်အင်္ဂါဖြစ်၏။ သုက္ကပက္ခ၌ ပဉ္စကရှစ်ခုလုံး အနာပတ္တိသာတည်း။

ဆက္ကတို့၌ ဆယ်ဝါမပြည့်ခြင်း ဟူသောပုဒ်သည် ထူး၏။ အာပတ် သင့်ခြင်းကို ပြုသောပုဒ် ဖြစ်၏။ ဥဘတော ဝိဘင်းစွမ်းဖြင့် ဟောသော ပါတိမောက်နှစ်စောင်အကျယ် သွာဂတမဖြစ်သူ၊ မာတိကာဝိဘင်္ဂစွမ်းဖြင့် သုဝိဘတ္တမဖြစ်သူ၊ ဝါစုဂ္ဂတစွမ်းဖြင့် သုပ္ပဝတ္တိ မဖြစ်သူ၊ သုတ္တ၊ အနုဗျဉ္ဇန၊ မာတိကာ၊ ဝိဘင်္ဂအားဖြင့် သုဝိနိစ္ဆိတ မဖြစ်သူသည် ပါတိမောက်နှစ်စောင် အကျယ် ကောင်းစွာမလာ ကောင်းစွာမသိ မည်၏။

(ပါဠိတော်လာ ဥပဇ္ဈာယ်အင်္ဂါလေးဆယ်တို့တွင် အယုတ္တအင်္ဂါ ၂၀ မှတပါး အာပတ်အင်္ဂါ ၂၀-ကား)

အပ္ပသုတ၊ ဒုပ္ပည၊ ကုက္ကုစ္စ မဖျောက်နိုင် (၃)
အာပတ်မသိ၊ ထမသိ၊ ညံ့ဘိ ဘုန်းကျောင်းထိုင် (၂)။
အဘိ အာဒိ၊ ဓမ္မ ဝိ၊ ဒိဋ္ဌိမဖျောက်နိုင် (၅)။
အာပတ် နာပတ်၊ ကြီး ငယ်ပတ်၊ နှစ်ရပ်ဝိဘင်းမှိုင်(၅)။
အာပတ် နာပတ်၊ ကြီး ငယ်ပတ်၊ ဆယ်ရပ်ဝါမပိုင် (၅)။

ဘိက္ခုနောဝါဒ သိက္ခာပုဒ် အဋ္ဌကထာ၌ကား ဆယ်ပါရခြင်း၊ ပရိသတ်အား ဝိနည်းဖြင့်ဆုံးမခြင်းငှာ ဝိဘင်း နှစ်ဖြာ နှုတ်တက်လေ့လာခြင်း မစွမ်းနိုင်လျှင် သုံးပါးတို့နှင့်အတူ လှည့်ပတ်နိုင်အောင်ပြုခြင်း၊ ကံကြီး ကံငယ် သင်ယူခြင်း၊ ခန္ဓကဂတိ သင်ယူခြင်း၊ ပရိသတ်အား ရုပ်နာမ်ဓမ္မဖြင့် ဆုံးမခြင်းငှာ မူလပဏ္ဏာသ စသည်ကို သင်ယူခြင်း၊ ဤအင်္ဂါငါးပါးပြည့်စုံသူသည် ပရိသုပဋ္ဌာပက ဗဟုသုတဒိသာပါမောက္ခဖြစ်၍ ပရိသတ် အလုပ်အကျွေး ခံထိုက်သည်ဟုဆိုပြီ။

ဤငါးပါး ပြည့်ပုံလျှင် ပါဠိတော်လာ အင်္ဂါ ၂ဝ ပြည့်စုံသည်သာတည်း။

ဗဟုသုတ၊ ပညာဝ၊ ကုက္ကုစ္စ ပယ်ဖျောက်နိုင် (၃)။
အာပတ်ကိုသိ၊ ထပုံသိ၊ သင့်၏ ဘုန်းကျောင်းထိုင် (၂)။
အာဘိ အာဒိ၊ ဓမ္မ ဝိ၊ ဒိဋ္ဌိပယ်ဖျောက်နိုင် (၅)။
အာပတ် နာပတ်၊ ကြီး ငယ်ပတ်၊ နှစ်ရပ်ဝိဘင်းဖြိုင် (၅)။
အာပတ် နာပတ်၊ ကြီး ငယ်ပတ်၊ ဆယ်ရပ်ဝါကိုပိုင်(၅)။

ဝိနယကောသလ္လ၌ တပည့် ရဟန်း သာမဏေမွေး၊ နိဿယည်း - ဥပဇ္ဈာယ်ပေး၍ သာသနာတော်ကို ချီးမြှောက်လိုသော ကျောင်းထိုင် ဘုန်းကြီးအင်္ဂါကား ဆယ်ဝါရခြင်း၊ ဥဘတောဝိဘင်း ပါဠိအဋ္ဌကထာကို အနက်အဓိပ္ပါယ် ထင်မြင်ခြင်း၊ ပရိဝါကမ္မဝဂ်လာ ကံကြီး ကံငယ်တို့ကို သိနားလည်ခြင်း၊ ခန္ဓကဝတ်တို့ကို များစွာဆိုသော ခုဒ္ဒသိက္ခာကျမ်းများကို သင်ကြားနှုတ်တက်ရ၍ ခန္ဓကဝိနည်းကို သိနားလည်ခြင်း၊ နာမ်ရုပ် အပိုင်းအခြားကို များစွာဆိုသော သင်္ဂြိုဟ်ကျမ်းများကို ရမိ သိနားလည်၍ သမထဝိပဿနာ နည်းနှစ်ပါး ပြွမ်းသော ကမ္မဋ္ဌာန်းတရားကို တပည့်သားတို့အား ဟောကြား ဆုံးမနိုင်ခြင်း၊ ဤအင်္ဂါငါးပါးပြည့်စုံမှ ပဋိဗလော ဟောတိ အန္တေဝါသိကံ အဘိဓမ္မအဘိဝိနယေ ဝိနေတုံ အစ ရှိသော ပါဠိအဋ္ဌကထာတို့နှင့် ညီညွတ်၍ ပရိသတ်မွေးကောင်း ကျောင်းထိုင်ကောင်းသည်။

ဆယ်ဝါပြည့်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊
ခန္ဓကပုဒ်၊ နာမ်ရုပ် ပိုင်ပိုင်၊ ဟောပြနိုင်-
ကျောင်းထိုင်အင်္ဂါ ငါးပါးတည်း။ ဟုဆိုပြီ။)

(သာဋီ ... မိမိပြည့်စုံပြီးမှ သူတပါးကို ဆုံးမထိုက်သည်နှင့် လျော်စွာ ရှေးဦးစွာ မိမိ၌ပြည့်စုံသင့်သည်ကို ပြည့်စုံစေလို၍ အသေက္ခသီလက္ခန္ဓနှင့် မပြည့်စုံ စသည်ကို ဟောသည်။ အာပတ်အင်္ဂါစွမ်းဖြင့် ဟောသည် မဟုတ်။ ရဟန္တာ၌ဖြစ်သော လောကီ လောကုတ္တရာ သီလအားလုံးသည် ဤ၌ အသေက္ခသီလက္ခန္ဓမည်၏။ မဂ်ဖိုလ်မျှသာမဟုတ်၊ သမာဓိပညာလည်း ဤအတူတည်း။

ဝိမုတ္တိက္ခန္ဒကိုလည်း တဒင်္ဂဝိမုတ္တိ စသည်တို့ကိုလည်း သိအပ်ကုန်၏။ ပဋိပဿဒ္ဓိ ဝိမုတ္တိမျှသာ မဟုတ်။ ဝိမုတ္တိဉာဏဒဿနကား လောကီ ပစ္စဝေက္ခဏာညဏ်သာဖြစ်၏။ သဿတ၊ ဥစ္ဆေဒဟူသော အစွန်းအန္တကို ယူတတ် ယူစေတတ်သော မိစ္ဆာဒိဋ္ဌိသည် အန္တဂ္ဂါဟိကာဒိဋ္ဌိမည်၏။ ထူးမြတ်သော အကျင့်သည် အဘိသမာစာရ မည်၏။ သင်အပ် ကျင့်အပ်သော အဘိသမာစာရိကသိက္ခာလည်း မည်၏။ မဂ္ဂဗြဟ္မစရိယ၏ အဦးအစ ဖြစ်သော အကျင့်သည် အာဒိဗြဟ္မစရိယက မည်၏။ ထို့ကြောင့် ဥဘတောဝိဘင်း၌ အကျုံးဝင်သော သိက္ခာသည် အာဒိဗြဟ္မစရိယက၊ ခန္ဓက၌အကျုံးဝင်သော သိက္ခာသည် အဘိသမာစာရိက ဟု ဝိသုဒ္ဓိမဂ်၌ ဆိုသည်။ ထို့ကြောင့် ဥဘတောဝိဘင်း၌ အကျုံးဝင်သော အာပတ်အားလုံးကို ကျင့်အပ်သောကြောင့် သေက္ခပဏ္ဏတ္တိဟု ယူအပ်၏။)

(ဝိဋီ ... ကုက္ကုစ္စဖြစ်သော တပည့်အား ပါဠိအဋ္ဌကထာ ဓမ္မဖြင့် ပယ်ဖျောက်ခြင်းငှာ မစွမ်းနိုင်ခြင်းသည် အဗျတ္တ ဖြစ်ခြင်းသာတည်း။ ထို့ကြောင့် အာပတ်အင်္ဂါဟု ဟောသည်။ ထူးသော မြတ်သော ဝတ်ကြီး ဝတ်ငယ် အကျင့်သီလသည် အဘိသမာစာရမည်၏။ ထိုသီလကို အကြောင်း ပြု၍ ပညတ်သော ခန္ဓကသိက္ခာပုဒ်သည် အာဘိသမာစရိကာသိက္ခာမည်၏။ မဂ္ဂဗြဟ္မစရိယ၏ အကြောင်းဖြစ်သော ဥဘတောဝိဘင်း=သိက္ခာပုဒ်သည် အာဒိဗြဟ္မစရိယကာ သိက္ခာမည်၏။ ဥဘတောဝိဘင်း သိက္ခာပုဒ်အားလုံးသည် သင်အပ် ကျင့်အပ်သောကြောင့် သေက္ခ။ ဘုရားရှင် ပညတ်သောကြောင့် ပဏ္ဏတ္တိ။ ထို့ကြောင့် သေက္ခပဏ္ဏတ္တိမည်၏။

ကုသလတိက် စသည်ဖြင့် ဟောသော စိတ် စေတသိက် နိဗ္ဗာန်-နာမ်ကို လည်းကောင်း၊ ဘူတရုပ် ဥပါဒါရုပ် ဟူသော ရုပ်ကိုလည်းကောင်း၊ ဇာတိ၊ ဘူမိ၊ ပုဂ္ဂလ၊ သာယောဂ၊ ဝတ္ထု၊ အာရမ္မဏ၊ ကမ္မ၊ ဒွါရ၊ လက္ခဏ၊ ရသ စသော အပြားတို့ဖြင့် ပိုင်းခြား၍ သိသော ဉာဏ်ပညာသည် လည်းကောင်း၊ ထိုနာမ်ရုပ်ကိုပြသော ကျမ်းသည် လည်းကောင်း၊ နာမရူပ ပရိစ္ဆေဒ မည်၏။ ဤစကားဖြင့် အဘိဓမ္မတ္ထ၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ရမည်ဟု ပြတော်မူ၏။)

အညတိတ္ထိယပုဗ္ဗကထာ

ထိုအခါ အညတိတ္ထိယ ဖြစ်ဖူးသော ဥပဇ္ဈာယ်ဆုံးမသည်ကို အပြစ်တင်၍ တိတ္ထိကျောင်း ပြောင်းသွားသော ဝသုရသည် ပြန်လာ၌ ရဟန်းအဖြစ်ကို တောင်းပန်၏။ ချစ်သားတို့ .. ဥပဇ္ဈာယ်အား အပြစ်တင်၍ တိတ္ထိကျောင်းသို့ ပြောင်းသွားသော အညတိတ္တိယ ဖြစ်ဖူးသူသည် လာခဲ့ငြားအံ့၊ ရဟန်းပြုမပေးအပ်။ ချစ်သားတို့ ... ထိုမှတပါးသော အညတ္ထိယဖြစ်ဖူးသူသည် ဤဓမ္မဝိနယ၌ ရှင်အဖြစ်ကို ရဟန်းအဖြစ်ကို အလိုရှိငြားအံ့၊ ထိုသူအား လေးလပက်လုံး ပရိဝါသ် ပေးအပ်၏၊ ပေးပုံကား ရှေးဦးစွာ ဆံမုတ်ဆိတ်ပယ်စေ၍ သင်္ကန်းဝတ်စေ၍ စမ္ပယ်တင်ရှိခိုး ဆောင့်ကြောင့်ထိုင် လက်အုပ်ချီစေ၍၊ ဧဝံဝဒေဟိ ဟု ဆို၍ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ …လ….. တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ဟု လိုက်ဆိုစေအပ်၏။

ချစ်သားတို့...ထိုသူသည် သံဃာသို့ ချဉ်းကပ်၍ လက်အုပ်ချီ၍ အရှင်ဘုရားတို့ အကျွန်ုပ်သည် အညတိတ္ထိယ ဖြစ်ဖူး၏။ ဤဓမ္မဝိနယ၌ ရဟန်းပြုလို၏။ လေးလ ပရိဝါသ်တောင်းပါ၏ဟု သုံးကြိမ် တောင်းအပ်၏။ ဗျတ္တပဋိဗလ ရဟန်းသည် သံဃာကို ညတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ၊ ဤအညတိတ္ထိယပုဗ္ဗသည် ဤမ္မဝိနယ၌ ရဟန်းပြုလို၏။ လေးလပရိဝါသ် တောင်း၏။ သံဃာသည် လေးလပရိဝါသ် ပေးရာ၏။ ပေး၏။ ပေးပြီဟု သိအပ်၏။

တိတ္တိယကျင့်ဝတ်ရှစ်ပါး

ချစ်သားတို့ ... အညတိတ္ထိယ ဖြစ်ဖူးသူသည် နှစ်သက်စေသူ၊ မနှစ်သက်စေသူဟု နှစ်ယောက်ရှိ၏။ မနှစ်သက်စေသူသည် အလွန်စောလွန်းစွာ ရွာသို့ဝင်၏။ အလွန်နေမြင့်မှပြန်လာ၏၊ (၁)

ထိုမှတပါးလည်း ပြည့်တန်ဆာမ လင်ကင်းသူမ၊ အပျိုကြီး၊ ပဏ္ဍုတ်၊ ဘိက္ခုနီတို့ထံ (အကျွမ်းတဝင် ထွက်ဝင် ဖန်ဖန်) ဆွမ်းခံလေ့ရှိ၏။ (၂)

ထို့ပြင်လည်း သီတင်းသုံးဖော်တို့၏ ကိစ္စကြီးငယ် ပြုလုပ်ဖွယ်၌ မလိမ္မာ၊ ပျင်းရိ၏၊ သင့်သောပညာမရှိ၊ ပြုခြင်းငှာ မတတ်နိုင်။ စီရင်ခြင်းငှာ မတတ်နိုင်။ (၃)

ထို့ပြင်လည်း ပါဠိသင်ခြင်း၊ အဋ္ဌကထာ နာယူခြင်း၌၊ အဓိသီလ၌၊ အဓိစိတ္တ၌၊ အဓိပညာ၌ ထက်သန်သော ဆန္ဒမရှိ။(၄)

ထို့ပြင်လည်း ထိုသူ၏ ဆရာဖြစ်ဖူးသော တိတ္ထိကို လည်းကောင်း၊ ထိုဆရာ၏အယူကို လည်းကောင်း ကဲ့ရဲ့၍ဆိုလျှင် မနှစ်သက်၊ ရတနာသုံးပါးကို ကဲ့ရဲ့လျှင် နှစ်သက်၏။ ထိုဆရာကို ထိုအယူကို ချီးမွမ်းလျှင် နစ်သက်၏။ ရတနာသုံးပါးကို ချီးမွမ်းလျှင် မနှစ်သက်။ ဤနောက် ထိုလေးပါးကား မနှစ်သက် စေသူ၌ သင်္ဃာတနီယတည်း။ (ဝါ-အသွင် ဖြစ်၏။ လက္ခဏာ ဖြစ်၏။ ခိုင်ခံ့သောပမာဏဖြစ်၏။) ဤသို့သောသူကို ရဟန်းပြု မပေးအပ်။

ထိုမှပြန်၍ နှစ်သက်စေသူကို ရဟန်းပြုပေးအပ်၏။ ချစ်သားတို့ .... အဝတ်မရှိသော နဂ္ဂတိတ္ထိဖြစ်အံ့၊ ဥပဇ္ဈာယ်လျှင် စာရင်းရှိသော သင်္ကန်းကို ရှာအပ်၏။ ဆံမရိတ်ရသေးသည် ဖြစ်အံ့ ဆံရိတ်ရန် သံဃာကို ပန်ကြားအပ်၏။ မီးလုပ်ကျွေးသော ရသေ့ဖြစ်အံ့ ရဟန်းပြုပေးအပ်၏။ ပရိဝါသ် မပေးအပ်။ ထိုရသေ့တို့သည် ကမ္ပဝါဒီ၊ ကြိယဝါဒီတို့ ဖြစ်ကုန်၏။ ချစ်သားတို့ .... ဇာတ်အားဖြင့် သာကီဝင်မျိုးဖြစ်သော အညတိတ္ထိယ ဖြစ်သူသည် ရောက်လာအံ့၊ ရဟန်းပြုပေးအပ်၏။ ပရိဝါသ်မပေးအပ်။ ချစ်သား ... ငါဘုရားသည် ဆွေတော် မျိုးတော်တို့အား ဤသီးခြားသော အာဝေဏိက အစောင့်အရှောက်ကိုပေး၏။

[ထာ ... အညတိတ္တိယပုဗ္ဗတ္ထု၌ ဤ ပသုရပရိဗိုဇ်သည် တိတ္တိယ ပက္ကန္တကဖြစ်၏။ ထို့ကြောင့် ရဟန်းပြု မပေးအပ်။ ဤသာသနာ၌ ရှင်ရဟန်း မပြုစဘူးသေးပဲ ရောက်လာသော တိတ္ထိအားကား ပရိဝါသ် လေးလပေး အပ်၏။ ဤပရိဝါသ်သည် အပ္ပဋိစ္ဆန္နပရိဝါသ်မည်၏။ နဂ္ဂသာဖြစ်သော အာဇီဝက၊ အစေလကတို့အား ပေးအပ်၏။ အဝတ်ပုဆိုးကို လည်းကောင်း၊ တိတ္ထိတံခွန် အဝတ်ကို လည်းကောင်း ဝတ်လာလျှင် မပေးအပ်၊ ရသေ့ ဘိုးသူတော် စသည်တို့အားကား မပေးအပ်သည်သာတည်း။

ရှေးဦးစွာ ဆံမုတ်ဆိတ်ပယ်ခြင်း စသော စကားဖြင့် ရှင်သာမဏေပြုခြင်းကို ပြသည်။ ရှင်ပြုပေးသောအခါ သံဃာ့အလယ်၌ ထိုတိတ္ထိရှိစဉ် မထေရ်တို့ကို အရှင်သည် ရှင်ပြုပေးပါလော၊ အရှင်ကား ဆရာ၊ အရှင်ကား ဥပဇ္ဈာယ်ပြုပါလောဟု မဆိုအပ်ကုန်၊ အပြစ်ကား - မထေရ်တို့ဝန်မခံလျှင် ဤရဟန်းတို့သည် ငါ့အား မယုံကြည် ကုန်ဟု အမျက်ထွက်၍သော်လည်း သွားရာ၏။ ထို့ကြောင့် တနေရာ၌ထား၍ ဆရာ၊ ဥပဇ္ဈာယ်ရှာအပ်၏။

ကျင့်ဝတ်ဝိဘင်း၌ ရဟန်းတို့ဝတ်ပြုချိန် ရွာသို့ဝင်လျှင် အလွန်စောလွန်းစွာ ရွာသို့ဝင်သည်မည်၏။ အလွန် နေမြင့်မှ ပြန်လာပုံကား ဒါယကာအိမ်တို့၌ မိန်းမ ယောက်ျား စသည်တို့နှင့် အကျွမ်းတဝင် ဂေဟသိတ စကားကိုပြော၍ ထိုအိမ်၌ပင် ဆွမ်းစားပြီးမှ ရဟန်းတို့ သပိတ်သင်္ကန်း သိုမှီး၍ စာသင်ချိန် ကိန်းအောင်းချိန်တွင် ပြန်ရောက်၍ ဆရာသမား ဝတ်မပြုပဲ နေရာသို့ဝင်၍ အိပ်တတ်၏။ ဤသို့ ပြုသင့်သည်။ ဤသို့ မပြုသင့်ဟု တင်္ခဏုပ္ပတ္တိဉာဏ်မရှိ၊ ကိုယ်တိုင်လည်း မပြုနိုင်၊ ကိုင်ကြပါ၊ ပြုကြပါ၊ အကျွန်ုပ်တို့မပြုလျှင် အဘယ်သူ ပြုရမည်နည်းဟု အားတက်သရောလည်း မစီမံနိုင်၊ အမှုပြုကြစို့ဟုဆိုလျှင် အနာခုခုကိုညွှန်ပြ၏၊ အမှု ပြုလုပ်သူတို့အနီး၌ လှည့်လည်၏။ ဦးခေါင်းမျှပြ၏။ ဤသူသည်လည်း မနှစ်သက်စေသူ မည်၏။

အနည်းငယ်သော လာဘ်ဖြင့် ပေါင်းသင်းလွယ်သော ရုပ်မှီ၍ အသက်မွေးသူတို့သည် ပြည်တန်ဆာမတို့ မည်ကုန်၏။ လင်သေလင်ကွာတို့သည် လင်ကင်းသူမတို့ မည်ကုန်၏။ အရွယ်ရောက် အရွယ်လွန်သတို့သမီး တို့သည် အပျိုကြီးတို့မည်ကုန်၏။ ကိလေသာများစွာ ပူပန်သော နပုံသက တို့သည် ပဏ္ဍုတ်တို့မည်ကုန်၏။ ထိုသူတို့သည် တစုံတယောက်နှင့် မိတ်ဆွေအဖြစ်ကို တောင့်တကုန်၏။

တူသော ရဟန်းအဖြစ်ရှိသော မိန်းမတို့သည် ဘိက္ခုနီမတို့ မည်ကုန်၏။ ဘိက္ခုနီတို့နှင့် လျင်စွာ အကျွမ်းတဝင် ဖြစ်လွယ်၏။ သီလပျက်လွယ်၏။ ထို ပြည့်တန်ဆာမတို့၌ ကုလုပကဆရာ ရဟန်းပြု၍ လည်းကောင်း၊ ဆွမ်းခံခြင်းစသည်ကို ညွှန်ပြ၍လည်းကောင်း၊ ချစ်ကျွမ်း တဝင် မပြတ်မြင်ရအောင် စကားပြောရအောင် သွားလေ့ရှိသော ရဟန်းသည် ပြည့်တန်ဆာမစသည်တို့ထံ ဆွမ်းခံလေ့ရှိသူ (စားကျက်ရှိသူ) မည်၏။ မကြာမီ ပျက်စီးတတ်၏။

ပြည့်တန်ဆာမ စသည်တို့သည် သလာကဘတ် စသည်ကို လှူကုန်၏၊ ထိုရဟန်းတို့နှင့် အတူသွား၍ အတူ စား၍ အတူခံယူ၍ ပြန်လာအပ်၏။ ဂိလာနဖြစ်သော ဘိက္ခုနီတို့ကို ဆုံးမခြင်း၊ တရားဟောခြင်း၊ စာသင်ပေးခြင်းငှာလည်း ရဟန်းတို့နှင့် အတူသွားအပ်၏။ ထိုသို့ မသွား − ချစ်ကျွမ်းတဝင်သွားလျှင် နှစ်သက် စေသူ မည်၏။

ကျောက်စည်ထိုး၍ သမဂ္ဂသံဃာ စည်းဝေး၍ ပြုအပ်သော စေတီ ပြာသာဒ် ပြုပြင်ခြင်း စသည်သည် ကိစ္စကြီးမည်၏။ သင်္ကန်းဖွပ်ခြင်း၊ဆိုးခြင်း စသောကိစ္စ၊ ခန္ဓက၌ အကျုံးဝင်သော မီးတင်းကုပ်ဝတ် စသော အာဘိသမာစာရိကတို့သည် ကိစ္စငယ်မည်၏။

ထိုကိစ္စတို့၌ မလိမ္မာ မသင်ကြား၊ ထကြွလုံ့လမရှိ၊ ပြုဖွယ်ကိစ္စရှိသည်ဟု ကြားလျှင် စောစောစား၍ အခန်းတွင်း ဝင်အိပ်၍ ညချမ်းမှထွက်၏။ ဤသို့ ပြုသင့်သည်။ ဤသို့ မပြုသင့်ဟု တင်္ခဏုပ္ပတ္တိဉာဏ်မရှိ၊ ကိုယ်တိုင်လည်း မပြုနိုင်၊ ကိုင်ကြပါ၊ ပြုကြပါ၊ အကျွန်ုပ်တို့မပြုလျှင် အဘယ်သူ ပြုရမည်နည်းဟု အားတက်သရောလည်း မစီမံနိုင်၊ အမှုပြုကြစို့ဟုဆိုလျှင် အနာခုခုကိုညွှန်ပြ၏၊ အမှု ပြုလုပ်သူတို့အနီး၌ လှည့်လည်၏။ ဦးခေါင်းမျှပြ၏။ ဤသူသည်လည်း မနှစ်သက်စေသူ မည်၏။

ပါဠိသင်ခြင်းသည် ဥဒ္ဒေသ မည်၏။ အနက်နားထောင်ခြင်းသည် ပရိပုစ္ဆာ မည်၏။ ပါတိမောက်သီလသည် အဓိသီလ မည်၏။ လောကီသမာဓိ ဘာဝနာသည် အဓိစိတ္တ မည်၏။ လောကုတ္တရာမဂ္ဂဘာဝနာသည် အဓိပညာ မည်၏။ ထိုတို့၌ အားကြီးသောဆန္ဒ မရှိ။

ထို တိတ္ထိဆရာကို အယူကိုကဲ့ရဲ့၍ဆိုလျှင် မနှစ်သက်ခြင်း စသော လေးပါးကား အကျင့်မပြည့်စုံစေခြင်း၌ သင်္ဃာတနီယ-ဟူသော လိင်္ဂဖြစ်၏။ လက္ခဏ ဖြစ်၏။ အစလပမာဖြစ်၏။ ဤသို့ မနှစ်သက်စေသူကို အင်္ဂါတခုခုဖြင့်သော်လည်း ရဟန်းပြု မပေးအပ်။

သက္ကပက္ခ၌ အလုံးစုံကိုပြန်၍ သိအပ်၏။
စောစောရွာမဝင် နေမမြင့်မီ ပြန်လာခြင်း၊ (၁)
ပြည့်တန်ဆာမအိမ် စသည်၌ စားကျက်မပြုခြင်း၊ (၂)
သီတင်းသုံးဖော်တို့၏ကိစ္စ၌ လိမ္မာခြင်း၊ (၃)
ပါဠိသင်ခြင်း စသည်၌ ဆန္ဒထက်သန်ခြင်း၊(၄)
တိတ္ထိယတို့ကို ကဲ့ရဲ့လျှင် နှစ်သက်ခြင်း၊ (၅)
ချီးမွှမ်းလျှင်မနှစ်သက်ခြင်း၊ (၆)
ရတနာသုံးပါးတို့ကို ကဲ့ရဲ့လျှင် မနှစ်သက်ခြင်း၊ (၇)
ချီးမွမ်းလျှင် နှစ်သက်ခြင်း၊ (၈)

ဤရှစ်ပါးသော တိတ္ထိကျင့်ဝတ်ကို ဖြည့်ကျင့်သဖြင့် နှစ်သက်စေသောသူကို ရဟန်းပြုပေးအပ်၏။ ရဟန်း ပြုအံ့ဆဲဆဲသိမ်၌ပင် ဝတ်တခုပျက်ခဲ့လျှင် တဖန် လေးလ ကျင့်အပ်၏။ ပရိဝါသ်ကား ထပ်ပေးဖွယ်မရှိ၊ ယခင်ပေးပြီးပင်တည်း။ ပရိဝါသ် ကျင့်စဉ် ဈာန်သမာပတ်ရခဲ့အံ့၊ နာမ်ရုပ်ခွဲ၍ ဝိပဿနာဉာဏ်ရစေကာမူ ရဟန်းပြုမပေးအပ်။ လောကီတရားဖြစ်၍ ပျက်နိုင်သည်။ သောတာပတ္တိ မဂ်ဖိုလ်ရခဲ့အံ့၊ ရဟန်းပြုပေးအပ်ပြီ။ ကျင့်ဝတ်ပြည့်စုံပြီ။ ဒိဋ္ဌိဝိစိကိစ္ဆာ ကင်းပြီ။ တိတ္ထိအသွင်၌ တည်စဉ် မဂ်ဖိုလ်ရပြီဖြစ်အံ့၊ ပရိဝါသ်မပေးအပ်။ ထိုနေ့၌ပင် ရှင်ရဟန်း ပြုပေးအပ်၏။

ဥပဇ္ဈာယ်လျှင် အရင်းရှိသော သင်္ကန်းကိုရှာအပ်၏ ဟူသည်ကား ... ဥပဇ္ဈာယ်ကို သင်္ကန်းသခင် သပိတ်သခင် ပြု၍ သပိတ်သင်္ကန်း ရှာအပ်၏။ ဥပဇ္ဈာယ်၌ရှိလျှင် ထိုသူအား ပေးလောဟု ဆိုအပ်၏။ မရှိလျှင် လှူလိုကြလျှင် ဥပဇ္ဈာယ်အားသာ အရှင်မြတ်တို့၏ ဥစ္စာပြု၍ ထိုသူအား ပေးတော်မူပါဟု လှူအပ်၏။ အကြောင်းကား တိတ္ထိတို့သည် ဆန့်ကျင်တတ်ကုန်၏။ သံဃာသည်သာလျှင် အကျွန်ုပ်အား သပိတ်သင်္ကန်း ပေးသည်။ အရှင်တို့နှင့် ဘာမျှမစပ်မဆိုင်ဟုဆို၍ ကလန်ကဆန်ပြုကုန်ရာ၏။ ပစ္စည်းဆက်သွယ်သော အသက်မွေးခြင်း ရှိလျှင် လိုက်နာလွယ်၏။ ဤကား အကြောင်းတည်း။ ဆံရိတ်ပန်ပုံ နောက်ဆိုလတ္တံ့။

မီးလုပ်ကျွေးသော ရသေ့တို့သည် ကံ-ကံ၏အကျိုး ယုံကြည်သော ကြိယဝါဒီတို့ ဖြစ်ကုန်၏။ ဘုရားလောင်းတို့သည် နေက္ခမ္မပါရမီ ဖြည့်ကျင့်သောအခါ ဤရသေ့မျိုး ပြုလုပ်၍ ပါရမီဖြည့်ကြသည်။ ထိုရသေ့မျိုးသည် သာသနာ၌မဆန့်ကျင်၊ ထို့ကြောင့် ပရိဝါသ်မပေးပဲ ရဟန်းပြုပေး၏။ သာကီဝင်မျိုးတို့သည် အညတိတ္ထိယ ဖြစ်ကုန်သော်လည်း သာသနာ၏ ကျေးဇူးမဲ့ကို မလိုလားကုန်။ ငါတို့၏ ဆွေမျိုးမြတ်၏ သာသနာတော်ဟု ဂုဏ်ကျေးဇူးကိုသာ ဆိုလေ့ရှိကုန်၏။ ထို့ကြောင့် ဆွေတော်မျိုးတော်တို့အား အသီးအခြား ရည်စူးအပ်သော အစောင့်အရှောက်ကို ပေး၏ဟု မိန့်တော်မူသည်။

[သာဋီ ... နဂ္ဂပရိဗိုဇ်သည် အာဇီဝက၊ အစေလကဟု နှစ်မျိုးရှိ၏။ အာဇီဝကသည် အထက်၌ အဝတ်တခုကိုသာ လက်ကတီးကြားသွင်း၍ ဝတ်၏။ အောက်၌ အဝတ်မရှိ။ အစေလကသည် လုံးလုံး အဝတ်မရှိ၊ “ပြည့်တန်ဆာမ စသည်ကို ချစ်ကျွမ်းဝင် ချဉ်းကပ်အပ်၏ဟု ပြုသောသူသည် ဝေသိယဂေါစရစသည် မည်၏”။ ဘိက္ခုနှင့် ဘိက္ခုနီသည် ဗြဟ္မစရိယ များသူချင်း တူကုန်၏။ သဘာဂဝတ္ထုချင်း မဟုတ်သောကြောင့် အကျွမ်းတဝင် နီးကပ်လျှင် ဗြဟ္မစရိယ၏ အန္တရာယ် ဖြစ်လွယ်၏။ အရွယ်ရောက် အရွယ်လွန်နှစ်ပုဒ်ဖြင့် ယောက်ျားနှင့် မဆက်ဆံသော သတို့သမီးတို့ကို ဆိုသည်။]

[ဝိဋီ ... အာဇီဝကမည်သည် အကြိယဝါဒီဖြစ်၏။ ကြိယဝါဒီနိဂဏ္ဍ၊ တပါးသော နဂ္ဂတို့ကို အစေလက၌ ရေတွက်အပ်ကုန်၏။ လုံးလုံးအဝတ် မရှိ နဂ္ဂဖြစ်၍ ရဟန်းတို့ထံ နဂ္ဂအသွင်ဖြင့် လာသူအားသာ တိတ္ထိယပရိဝါသ် ပေးခြင်းကို စီရင်အပ်၏။ ဖုံးလွှမ်း၍လာသူအား မပေးအပ်။ အကြိမ်များစွာ ဖြစ်ရာဌာနသည် ဂေါစရ - စားကျက် မည်၏။ အရွယ်လွန်ဖြင့် ယောက်ျားနှင့် မဆက်ဆံသော အသက်ကြီးသူကိုဆိုသည်။]

(အာဒါယဿ ကို အာဒါနဿဂဟဏဿ-ဟု ဖွင့်သည်။ န ကို ယ ပြုသည်။)

ပဉ္စဗာဓဝတ္ထု

ထိုအခါ မဂဓတိုင်းတို့၌ လူတို့သည် ကုဋ္ဌ-နူနာ၊ ဂဏ္ဍ-ထွတ်မြင်းနာ၊ ကိလာသ-ညှင်း၊ သောသ-ခယရုဂ် ချောင်းဆိုးနာ၊ အပမာရ-သူရူးနာ ဟူသော အနာ ငါးမျိုး တွေ့ထိကြသဖြင့် ဆရာဇီဝကထံ ဆေးကုပေးပါဟု တောင်းပန်ကုန်၏။ အမောင်တို့ ငါသည် မင်း၊ မင်းမောင်းမ၊ ဘုရားအမှူးရှိဘော ရဟန်းသံဃာကို ကုစားရသည်။ သင်တို့အား ကုစားခြင်းငှာ မတတ်နိုင်ဟု ပယ်၏။

ဥစ္စာအားလုံးနှင့်တကွ မိမိတို့ပါ ကျေးကျွန်အဖြစ် အပ်နှင်း၍ တောင်းပန်သော်လည်း ပယ်ခြင်းကြောင့် ငါတို့သည် ရဟန်းတို့ထံ ရှင်ပြုကြရမူ ကောင်းလေစွ၊ ရဟန်းတို့လည်း ပြုစုကုန်လတ္တံ့၊ ဆရာဇီဝကလည်း ကုစားလတ္တံ့ ဟုကြံ၍ ရှင်အဖြစ်ကို တောင်းပန်ကုန်၏။ ရဟန်းတို့သည် ထိုသူတို့ကို ရှင်ပြုပေးကုန်၏။ ရဟန်းပြုပေးကုန်၏။ ထိုသူတို့ကို ရဟန်းတို့လည်း ပြုစုကုန်၏။ ဆရာဇီဝကလည်း ကုစား၏။

ထိုအခါ များစွာသော ဂီလာနတို့ကို ပြုစုကြရသဖြင့် ရဟန်းတို့သည် ဂိလာနဘတ်၊ ဂိလာနုပဋ္ဌာကဘတ်၊ ဂိလာနဘေသဇ္ဇတို့ ပေးကြပါ လှူကြပါ အတောင်းအရမ်း များကုန်၏။ ဆရာဇီဝကလည်း ဂိလာန ရဟန်း များစွာတို့ကို ကုစားရသဖြင့် မင်းကိစ္စကို ဆုတ်ယုတ်စေ၏။ မထင်ရှားသော ယောက်ျားတယောက် သည်လည်း အနာငါးမျိုးသင့်၍ ဆရာဇီဝကထံ ပစ္စည်းနှင့်ကိုယ်ပါ အပ်နှင်း၍ တောင်းပန်သော်လည်း ကုစားခွင့် မရသောကြောင့် “နောက်မှလူထွက်မည်” ဟုကြံ၍ ရှင်အဖြစ်ကို တောင်းပန်၏။ ရှင်လည်းပြုပေးကုန်၏။ ရဟန်းလည်း ပြုပေးကုန်၏။ ရဟန်းတို့ပြုစုခြင်း ဆရာဇီဝက ကုစားခြင်းခံ၍ ရောဂါပျောက်သောအခါ လူထွက်၏။

ထိုအကြောင်းကို ဆရာဇီဝက သိလတ်သော် ဘုရားရှင်ထံချဉ်းကပ်၍ မြတ်စွာဘုရား အရှင်ကောင်းတို့သည် အနာငါးမျိုးသင့်သူကို ရှင်မပြုပေးမူ ကောင်းပါသည်ဟု လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့ ... ငါးပါးသော အနာတို့ဖြင့် နှိပ်စက်အပ်သောသူကို ရှင်ပြု မပေးအပ်။ ...ဒုက္ကဋ်။

[ထာ .... မဂဓဇနပုဒ်၌ မနုဿ-လူတို့အား လည်းကောင်း၊ အမနုဿ-ရဟန်းတို့အားလည်းကောင်း၊ ငါးပါးသော ရောဂါတို့သည် များပြားစွာ ဖြစ်ကုန်၏။ ကုဋ္ဌဟူသည် ရတ္တကုဋ္ဌ-နူနီ၊ ကာဠကုဋ္ဌ-နူနက်၊ ကိဋိဘ- ဆိတ်လည်နု၊ ဒဒ္ဒု-ပွေး၊ ကစ္ဆု-ယားနာ စသည်အားလုံးသည် ကုဋ္ဌသာ မည်၏။ ထိုကုဋ္ဌသည် (လက်သန်း) လက်သည်းခွံမျှ ငယ်သော်လည်း တိုးပွားအံ့သော အဖွဲ့၌တည်လျှင် ရှင်ပြုမပေးအပ်။ သင်းပိုင်ကိုယ်ရုံတို့ဖြင့် ပကတိ ဖုံးလွှမ်းအပ်သော နေရာ၌ လက်သည်းခွံမျှရှိ၍ မတိုးပွားလျှင် အပ်၏။ မျက်နှာ လက်ဖမိုး ခြေဖမိုးတို့၌ကား မတိုးပွားသော် လည်းကောင်း၊ လက်သည်းခွံအောက် ငယ်သော်လည်းကောင်း မအပ်ဟု ကုရုန္ဒီ၌ဆို၏။

ဆေးကုစေ၍ ပကတိအဆင်းဖြစ်မှသာ (ရောဂါကြောင့် ဖေါက်ပြန်သော အဆင်း မရှိမှသာ) ရှင်ပြုပေးအပ်၏။ ဖွတ်ကျောက်ကုန်းနှင့်တူစွာ အမှုန့် ပြည့်သောကိုယ် ရှိသူကိုလည်း ရှင်ပြုပေးခြင်းငှာ မအပ်၊ ဂဏ္ဍ ဟူသည် မောဒဂဏ္ဍတ-ဆက်ဆံတည်သော ကွတ်မြင်းနာဖြစ်စေ၊ တပါးငသော ထွတ်မြင်းနာဖြစ်စေ ကလောစေ့ (ဆီးစေ့) မျှရှိသော်လည်း တိုးပွားအံ့ဖြစ်လျှင် ရှင်ပြုမပေးအပ်။ ဖုံးလွှမ်းသောနေရာ၌ ကလောစေ့ခန့်ရှိ၍ မတိုးပွားလျှင်အပ်၏။ မျက်နှာစသော မဖုံးလွှမ်းသောနေရာ၌ မတိုးပွားသော်လည်း မအပ်။ ဆေးကု၍ အနာပျောက်ကင်းစေပြီးမှသာ (သဉ္ဆဝိ ပိဇ္ဇမာနဝိ အရေရှိအောင် ပြီးမှသာ) ရှင်ပြုပေးအပ်၏။

နွားနို့ကဲ့သို့ လက်ချောင်းကဲ့သို့ ထိုထိုနေရာ၌ တွဲလျားကျဘော ဥဏ္ဏိဂဏ္ဍ-သားမြတ်နာတို့လည်း ဂဏ္ဍတို့သာတည်း။ ရှင်ပြုပေးခြင်ငှာမအပ်။ ငယ်ရွယ်သောအခါ ခီရပီဠက-နို့ဝက်သက်၊ အရွယ်ရောက်သော အခါ မျက်နှာတို့၌ ခရပီဠက ဝက်ခြံတို့သည် အရွယ်ကြီးသောအခါ ပျောက်ကုန်၏။ ဂဏ္ဍတို့ မမည်ကုန်။ ရှင်ပြု ပေးခြင်းငှာအပ်၏။

ကိုယ်၌ ထိုမှတပါးသော ခရပီဠက-ကြွက်နို့၊ ပဒုမကဏ္ဍိက-တင်းတိတ် (ဝါ-ကြာဆူး) တို့သည် လည်းကောင်း၊ မုန်ညင်းစေ့မျှ ကိုယ်လုံးနှံ့သော သာသပဗီဇက - ညှင်းသေးတို့သည် လည်းကောင်း၊ ကုဋ္ဌမျိုးတို့သာတည်း။ ရှင်ပြုမပေးအပ်။

ကိလာသဟူသည် မကွဲမယို ပဒုမ္မာပုဏ္ဍရိတ်ကြာချပ်အဆင်းရှိသော နူနာဖြစ်၏။ ထိုအနာဖြင့် ကိုယ်သည် အပြောက်အကျား နွားကဲ့သို့ ဖြစ်၏။ ကုဋ္ဌ၌ဆိုပြီးသော နည်းဖြင့်သာ ကိလာသ၌ အဆုံးအဖြတ်ကိုသိအပ်၏။

သောသဟူသည် သောသဗျာဓိ-ယေရုဂ်နာ (ဝါ-အဆုတ်ကိုစွဲ၍ဖြစ်သော ချောင်းဆိုးနာ) ဖြစ်၏။ ရှင်ပြု မပေးအပ်။ အပမာရဟူသည် ပိတ္တုမာရ - သည်းခြေပျက်၍ ရူးခြင်း၊ ယက္ခုမ္မာရ - ဘီလူးဖမ်းစား၍ ရူးခြင်း တို့တည်း။ ရှေးကရန်သူဖြစ်ဖူးသော ဘီလူးဖမ်းစားလျှင် ကုစားရန်ခဲယဉ်း၏။ အနည်းငယ်မျှ အဝမာရရှိသော် လည်း ရှင်ပြုမပေးအပ်။)

(သာဋီ ... သင်းပိုင်ကိုယ်ရုံတို့ဖြင့် ပကတိဖုံးလွှမ်းရာမှ တပါးသော နေရာ၌ လက်သည်းခွံမျှရှိလျှင် မတိုးပွား သော်လည်း မအပ်။ လက်သည်းခွံ အောက်ငယ်လျှင် တိုးပွားသော် လည်းကောင်း၊ မတိုးပွားသော် လည်းကောင်း အပ်၏။ မျက်နှာစသည်တို့၌သာ ပယ်ခြင်းကြောင့်တည်း။ ဂဏ္ဍ၌လည်း ဤနည်းဖြင့်သာ ဆုံးဖြတ်အပ်၏။ မျက်နှာစသည်တို့၌ ကလောစေ့ အောက်ငယ်သော ဂဏ္ဍသည်လည်း မအပ်ဟူ၍ သီးခြား မပြသော်လည်း ကုဋ္ဌ၌ဆိုသောနည်းဖြင့် မအပ်ဟုသိအပ်၏။ ကလောစေ့ကား ဆီးစေ့ခန့် ရှိ၏။ ပဒုမ္မာပုဏ္ဍရိတ် ကြာချပ် အဆင်းသည် ပဒုမ္မာအနီ အစွမ်းဖြင့် ပဒုမာ ကြာချပ်အဆင်းဖြစ်၏။ လောသဗျာဓိသည် ခယရောဂ ဖြစ်၏။)

(ဝိဋီ ... ဖုံးလွမ်းအပ်သောနေရာ၌ လက်သည်းခွံမျှရှိ၍ မတိုးပွားလျှင် အပ်၏-ဟုဆိုသောကြောင့် မဖုံးရာ၌ မအပ်။ ဖုံးရာ၌လည်း မတိုးပွားသော်လည်း မအပ်ဟုဆိုခြင်းဖြင့် ကလောစေ့အောက်ငယ်သော ဂဏ္ဍလည်း မအပ်ဟု ပြသည်။ ထို့ကြောင့် သဉ္ဆဝိံကာရေတွာ ဟုဆိုသည်။ ဝိဇ္ဇမာနစ္ဆဝိံ ကတွာ - အနက်။ သဉ္ဆဝိံ ဟူ၍လည်း ရှိ၏။ သဉ္ဇါတစ္ဆဝိံ အနက် ဂဏ္ဍစသည်တို့ ပျောက်သောအခါ ထိုနေရာက ဆင်းပျက်သော်လည်း အပ်၏။ ပဒုမ္မာပုဏ္ဍရိတ်ကြာချပ်အဆင်းသည် ပဒုမ္မာအနီ ပဒုမ္မာအဖြူ၏ ပွင့်ဖတ်အဆင်းဖြစ်၏။ ကုဋ္ဌ၌ ဆိုပြီးသော နည်းဖြင့်သာ ကိလေသာ၌ဟူသော စကားဖြင့်ဖုံးရာ၌မတိုးလျှင် အပ်၏။ တပါးသောနေရာ၌ တစုံတခုမျှလည်း မအပ်ဟု ဆိုပြီးသောနည်း ကိုပြသည်။ သောသဗျာမိသည် ခယရောဂါဖြစ်၏။ ယက္ခုမ္မာရဟူသည် တရံတခါ လာ၍ မြေ၌လှည်း၍ လက်မျက်နှာ စသောအစိတ်ကို မြေ၌သွေးသော ဘီလူးဖြစ်၏၊ ရောဂါသော်လည်းဖြစ်၏။)

ရာဇဘဋဝတ္ထု စသည်

ထိုအခါ ဗိမ္ဗိသာရမင်းကြီး၏ ပစ္စန္တရာဇ်သည် ပျက်စီး၏။ မင်းကြီးသည် သေနာနာယက အမတ်ကြီးတို့ကို၊ အချင်းတို့ ပစ္စန္တရာဇ်ကို ကြီးပွားသာယာအောင် ပြုပြင်ကြလောဟု စေလွတ်၏။ ထင်ရှားသောစစ်သားတို့သည် မကောင်းမှုမပြုလိုဟု ရဟန်းတို့ထံ ရှင်အဖြစ် တောင်းပန်ကုန်၏။ ရှင်ပြုပေး-ရဟန်းပြုပေးကုန်၏။ နာယက အမတ်ကြီးတို့ သိလတ်သော် ရဟန်းတို့ကိုကဲ့ရဲ့၍ မင်းကြီးအား အကြောင်းကြားကုန်၏။

မင်းကြီးသည် တရားဆုံးဖြတ်သော အမတ်တို့ကို အချင်းတို့၊ မင်းခယောက်ျားကို ရဟန်းပြုပေးသူသည် အဘယ်အပြစ်ကို ဆည်းပူးသနည်းဟု မေး၏။ အရှင်မင်းကြီး၊ ဥပဇ္ဈာယ်အား ဦးခေါင်းဖြတ်အပ်၏။ ကမ္မဝါစာ- ဆရာအားလျှာထုတ်အပ်၏။ ကာရကသံဃာအား နံရိုးထက်ဝက်ချိုးအပ်၏ဟု လျှောက်တင်ကုန်၏။

မင်းကြီးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ မြတ်စွာဘုရား မသဒ္ဓါသောမင်းတို့သည် အနည်းငယ်မျှဖြင့်လည်း ရဟန်းတို့ကို ညှဉ်းဆဲကုန်ရာ၏။ အရှင်ကောင်းတို့သည် မင်းခယောက်ျားတို့ကို ရှင်မပြုပေးမူ ကောင်းပါသည် ဟုလျှောက်၏။ မြတ်စွာဘုရားသည် တရားဟောပြီးလျှင် ချစ်သားတို့..၊ မင်းခယောက်ျားကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ … မင်းကြီးသည် သောတာပန်ဖြစ်သောကြောင့် ပစ္စန္တရာဇ်ကို ကြီးပွားသာယာအောင် ပြုပြင်ကြလောဟု စေလွှတ်သည်။ ခိုးသူတို့ကို သတ်ကြလောဟု မစေလွှတ်၊ ရှင်ပြုရာ၌ ဥပဇ္ဈာယ်သည် အမြတ်ဆုံး၊ ထိုအောက် အာစရိယ၊ ထိုအောက် ဂဏဟုကြံစည်၍ ဝေါဟာရ ဝိနိစ္ဆယ၌ ဤသို့ရှိပါသည်ဟု - (မုသာ) လျှောက်တင်ကုန်၏။ မင်းခယောက်ျား ဟူသည်ကား အမစ္စ-အမတ်၊ မဟာမတ္တ-အမတ်ကြီး၊ သေဝက မင်းခစား၊ ရာထူးရသော် လည်းကောင်း မရသော်လည်းကောင်း၊ မင်းရိက္ခာဖြင့် စားသူ-ဤသူတို့တည်း။ ရှင်ပြုမပေးအပ်။

မင်းခယောက်ျား၏ သား၊ မြေး၊ ညီအစ်ကိုတို့ကား မင်းမှရိက္ခာ မယူသူကို ရှင်ပြုပေးခြင်းငှာ အပ်၏။ မင်းမှ ရသောစည်းစိမ် လစာ နှစ်စာကို မင်းထံပြန်၍ အပ်နှင်းသူ၊ သားညီတို့ကို ရာထူးလွှဲ၍ ယခုအမှုထမ်းအဖြစ်မှ ထွက်ပါပြီဟု မင်းထံခွင့်ပန်သူ၊ ရိက္ခာ ယူထားပြီးသူ၊ ရှင်ပြုလောဟု မင်းခွင့်ပြုသူ၊ ဤသူတို့ကိုလည်း ရှင်ပြုပေး ခြင်းငှာအပ်၏။

(ဝိဋီ ... မင်းမှုထမ်းအမတ်တို့ စသည်တို့ ခန့်ထားသော သူခစား၊ အမတ်စသည်တို့၏ သူခစားတို့သည် ထိုထို အမတ်စသည်ကိုလည်း ပန်ခြင်းငှာသင့်၏။)

အင်္ဂုလိမာလ ဧဟိဘိက္ခု

ထိုအခါ ခိုးသူ အင်္ဂုလိမာလသည် ရဟန်းတို့၌ရှင်ပြု၏။ လူတို့သည် မြင်၍ ထိတ်လန့်ကုန် ပြေးကုန်၏။ မျက်နှာ လွှဲကြ တံခါးပိတ်ကြ၏။ ဓဇဗန္ဓတံခွန်စိုက်ခိုးသူကို အဘယ်ကြောင့် ရှင်ပြုပေးကုန်သနည်းဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ .... တံခွန်စိုက်ခိုးသူကို ရှင်ပြု မပေးအပ်။ ဒုက္ကဋ်။

[ထာ … အင်္ဂုလိမာလကို မြင်ဖူး ကြားဖူးသူတို့ လန့်ပြေးကုန်၏။ မသိသူတို့၏အိမ်၌ ဆွမ်းရ၏။ မြတ်စွာဘုရား သည် ဓမ္မသာမိဖြစ်သောကြောင့် (ရဟန်းတို့ ရှင်ပြုမပေးအပ်သော ခိုးသူအင်္ဂုလိမာလကို ရှင်ပြုပေးသည်။ ဝါ - ဧဟိဘိက္ခု အဖြစ်ဖြင့် ရှင်ပြုပေးသည်။) နောင်အခါ မပြုပေးစိမ့် သောငှာ ရဟန်းတို့အား သိက္ခာပုဒ် ပညတ်တော်မူသည်။

တံခွန်ဖွဲ့၍ လှည့်လည်သည်နှင့် တူသောကြောင့် တံခွန်စိုက်ခိုးသူ မည်၏။ မူလဒေဝ စသည်ကဲ့သို့ ထင်ရှားသူဟူလို။ ထို့ကြောင့် ရွာဖျက်ခြင်း၊ လမ်း၌လုခြင်း၊ မြို့၌ တိုက်နံရံအစပ်ဖေါက်ခြင်း စသည်ကိုပြု၍ “ဤသူဤအမှု ဤအမှုပြုသည်”ဟု ထင်ရှားအံ့ ရှင်ပြုမပေးအပ်။

မင်းသားသည် မင်းအဖြစ်တောင့်တ၍ ရွာဖျက်ခြင်း စသည်ကိုပြုအံ့၊ ရှင်ပြုပေးအပ်၏။ မင်းတို့ ဝမ်းမြောက် သောကြောင့်တည်း။ ဝမ်းမမြောက်လျှင် ပြုမပေးအပ်။ ရှေးအခါ ထင်ရှားသော်လည်း နောက်၌ ခိုးမှုပယ်၍ သီလသီတင်း ဆောက်တည်သည်ဟု လူတို့ သိကုန်အံ့၊ ရှင်ပြုပေးအပ်၏။ သရက် ပိန္နဲစသည်ခိုးသူ၊ မထင်ရှားသော ဖောက်ထွင်းခိုးသူတို့ကိုကား ရှင်ပြုပေးခြင်းငှာ အပ်၏။)

ကာရာဘေဒ

အခါတပါး ဗိမ္ဗိသာရမင်းကြီးသည် သာသနာ၌ ရဟန်းပြုသူတို့ကို တစုံတရာမပြုရ၊ မြတ်သောအကျင့်ကို ကျင့်ကြံကြစေသတည်း ဟု ခွင့်ပြု၏။ ထိုအခါ ခိုးမှုကြောင့် အချုပ်ထောင်၌ ချုပ်ထားသော ခိုးသူ တယောက်သည် အချုပ်ထောင်ဖောက်၍ ထွက်ပြေးပြီးလျှင် ရဟန်းတို့ထံ၌ ရှင်ပြု၏။ လူတို့မြင်လတ်သော် ဤသူကား ထောင်ဖောက်ခိုးသူဖြစ်၏။ ဖမ်းပို့ကုန်အံ့ဟု ဆိုကုန်၏။ အမောင်တို့၊ ဤသို့မဆိုကြလင့်၊ မင်းကြီး ခွင့်ပြုထားပြီဟု အချို့ ဆိုလတ်သော် ဤရဟန်းတို့သည် အဘယူဝရ-ဘေးမရှောင်သူတို့ ဖြစ်ကုန်၏။ ထောင်ဖောက်ခိုးသူကို ရှင်ပြုပေးကြသည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ကာရာဘေဒက-ထောင်ဖောက် ခိုးသူကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ ... ဘယေန ဥပရိမန္တီတိ ဘယူဝရာ။ မကိုဝပြု။ န ဘယူဝရာ အဘယူဝရာ။ ဘေးမဲ့ရသောကြောင့် ဘေးမှမရှောင်သော ရဟန်းတို့ ဟူလို။ ကာရာ-ဟူသည် ဗန္ဓနာဂါရ အချုပ်ထောင်ဖြစ်သည်။ ဤနေရာ၌ကား အန္ဒုဗန္ဓန-ထိတ်တုန်းအဖွဲ့၊ သင်္ခလိကာဗန္ဓန-သံခြေကျဉ်းအဖွဲ့၊ ကြိုးနှောင်အဖွဲ့၊ ဂါမဗန္ဓန-ရွာအဖွဲ့၊ နိဂမဗန္ဓန-နိဂုံးအဖွဲ့၊ နာဂရဗန္ဓန-မြို့အဖွဲ့၊ ပုရိသဂုတ္တိ-ယောက်ျားအစောင့်၊ ဇနပဒဗန္ဓန-ဇနပုဒ်အဖွဲ့၊ ဒီပဗန္ဓန-ကျွန်းအဖွဲ့၊ ဤအဖွဲ့တခုခုကို ဖောက်ဖျက်ဖြေဖွင့်၍ စောင့်သူတို့မမြင်စဉ် ထွက်ပြေးသူသည် ကာရာဘေက မည်၏။

ထို့ကြောင့် ဤသို့ ခိုးသူတို့ တကျွန်းမှာကျွန်းသို့ ရောက်သော်လည်း ရှင်ပြုပေးအပ်၊ ခိုးသူ မဟုတ်ပဲ လက်အမှုပြုစေလို၍ မင်းအမတ်စသည်တို့ ဖမ်းချုပ်ထားသူကား ထောင်ဖောက်ပြေးသော်လည်း ရှင်ပြုပေး အပ်၏။ အခွန်တော်ငွေကြေး မဆောင်၍ ချုပ်ထားသူ ထွက်ပြေးလာအံ့။ ရှင်ပြု မပေးအပ်။ လယ်ထွန်ခြင်း စသည်တို့ဖြင့် ပစ္စည်းပြည့်စုံစေ၍ အသက်မွေးသူဖြစ်လျက် ဤသူ ရွှေအိုးငွေအိုး ရသည်ဟု ဂုံးတိုက်ကြသဖြင် အနှောင်အဖွဲ့ခံရသူဖြစ်အံ့၊ ထိုအရပ်၌သာ ရှင်ပြုမပေးအပ်။ ထွက်ပြေး၍ ရောက်ရာ အရပ်၌ကား ရှင်ပြုပေးခြင်းငှာ အပ်၏။

လိခိတက

ထိုအခါ လူတယောက်သည် ခိုးမှုပြု၍ ထွက်ပြေး၍ ရဟန်းတို့ထံ၌ ရှင်ပြု၏။ ထိုလူကို “မြင်ရာအရပ်၌ သတ်အပ်သူ”ဟု မင်း၏ နန်းတော်တွင်း၌ စာရေးထားအပ်၏။ လူတို့မြင်လတ်သော် သတ်ကုန်အံ့ဟု ဆိုကုန်၏။ အမောင်တို့ မင်းကြီးခွင့်ပြုထားပြီဟု အချို့ ဆိုလတ်သော် ဤရဟန်းတို့သည် အဘယူဝရတို့ ဖြစ်ကုန်၏။ စာရေးထားအပ်သူကို ရှင်ပြု မပေးအပ်။ ဒုက္ကဋ်။

[ထာ ... မြင်ရာအရပ်၌သတ်အပ်သူ-ဟု သက်သက်ရေးသည်မဟုတ်၊ ခိုးမှုကို ကြီးလေးသော မင်းအပြစ်ကို ပြု၍ ထွက်ပြေးသူ ဖြစ်သောကြောင့် မင်းသည် စာရွက်၌ ဤအမည်ရှိသေးသူကို မြင်ရာ၌ ဖမ်း၍ သတ်အပ်၏ဟူ၍ လည်းကောင်း၊ လက်ခြေဖြတ်အပ်၏ဟူ၍ လည်းကောင်း၊ ဤမျှသော ဒဏ်ကို ဆောင်စေအပ်ဟူ၍ လည်းကောင်း စာရေးထားစေ၏။ ဤလိခိတကကို ရှင်ပြုမပေးအပ်။]

ကသာဟတ

ထိုအခါ လူတယောက်သည် ကသာဟတ = ကြိမ်ရိုက်ဒဏ်ခံရသူဖြစ်၍ ရဟန်းတို့၌ ရှင်ပြု၏။ လူတို့မြင် လတ်သော် ကဲ့ရဲ့ ကုန်၏။ ချစ်သား … ကသာဟတ၊ ကြိမ်ရိုက်ဒဏ်ခံရသူကို ရှင်ပြုမပေး အပ်။ ဒုက္ကဋ်။

[ထာ ... စကားနားမထောင်ခြင်း၊ စေခိုင်းသည်ကို မပြုခြင်း စသည်ကြောင့် အရိုက်ခံရသူသည် ဒဏ်ခံရသူ မဟုတ်၊ အခွန်အဖြင့်လည်းကောင်း၊ တပါးသော အခြင်းအရာဖြင့် လည်းကောင်း၊ တစုံတခုကိုယူစား၍ ပြန်မပေးနိုင်သူကို သင့်အား ဤဒဏ် ဖြစ်စေဟု ကြိမ်တို့ဖြင့် ရိုက်အပ်၏။ ဤကြိမ် ရိုက်ခံရသူသည် ကသာဟတ ကြိမ်ရိုက်ဒဏ်ခံရသူဖြစ်၏။ ကြိမ်ဖြင့်လည်းကောင်း၊ တုတ်စသည်ဖြင့် လည်းကောင်း၊ အရိုက်ခံရသူကို စိုစွတ်သော အနာရှိသမျှပတ်လုံး ရှင်ပြုမပေးသပ်။ အနာတို့ကို ပကတိဖြစ်အောင် ပြုပြီးမှ ရှင်ပြုပေးအပ်၏။ ဒူး၊ တထောင်၊ အုန်းသီး၊ ကျောက်ခဲစသည် တို့ဖြင့် ထောင်းထုခံရ၍ လွတ်လာသူဖြစ်အံ့။ ကိုယ်၌ ဖူးဖူးယောင် သေးလျှင် ရှင်ပြုမပေးအပ်၊ ကုစား၍ ဖူးဖူးယောင်ပျောက်လျှင် ရှင်ပြုပေးအပ်၏။]

လက္ခဏာဟတ

ထိုအခါ လူတယောက်သည် လက္ခဏာဟတ - သံပူကပ်ဒဏ်ခံရသူဖြစ်၍ ရဟန်းတို့၌ ရှင်ပြု၏။ လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သား ... လက္ခဏာဟတ-သံပူကပ်ဒဏ်ခံရသူကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ ... သံပူကပ်ခံရသော်လည်း ဒဏ်ခံရသူမဟုတ်သည် ဟုတ်သည်ကို ကသာဟတနည်းဖြင့် သိအပ်၏။ နဖူးပြင်၊ ပေါင်စသည်တို့၌ သံပူဖြင့် အမှတ်တံဆိပ် ခတ်နှိတ်အပ်သူသည် ကျွန်လေးမျိုးမှလွတ်သော တော်လှန်သူ ဖြစ်အံ့၊ အနာစွတ်စိုသမျှပတ်လုံး ရှင်ပြုမပေးအပ်။ အသားနု တက်၍ အရေပါးနှင့် ညီမျှသည်ဖြစ်အံ့၊ အမှတ်ထင်သော်လည်း အဝန်းသုံးပါး ဝတ်၍ ကိုယ်ရုံဖြင့် ဖုံးလွှမ်းအပ်သောအရပ်၌ဖြစ်လျှင် ရှင်ပြုပေးခြင်းငှာ အပ်၏။ မဖုံးလွှမ်းရာအရပ်၌ဖြစ်လျှင် မအပ်။]

ဣဏာယိက

ထိုအခါ ကြွေးရှိသူတယောက်သည် ထွက်ပြေး၍ ရဟန်းတို့၌ ရှင်ပြု၏။ ကြွေးရှင်တို့မြင်လတ်သော် ငါတို့၏ကြွေးရှိသည် ဖမ်းမည်ဟု ဆိုကုန်၏။ အမောင်တို့ .. မင်းကြီးခွင့်ပြုထားပြီဟု တချို့ဆိုလတ်သော်၊ ဤရဟန်းတို့သည် အဘယူဝရတို့ဖြစ်ကုန်၏။ ကြွေးရှိသူကို ရှင်ပြု ပေးကြသည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ကြွေးရှိသူကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ ... မိဘဘိုးဘွားယူသော ကြွေးမြီ၊ မိမိယူသော ကြွေးမြီ၊ မိမိတို့ပေါင်နှံ၍ မိဘတို့ယူသောကြွေးမြီ၊ ဤ ကြွေးမြီဟူသမျှကို မိမိ ပေးဆပ်ရသည်ဖြစ်သောကြောင့် ထိုသူသည် ဣဏာယိက မည်၏။ ရှင်ပြုမပေးအပ်။

တပါးသော ဆွေမျိုးတို့က မိမိကိုပေါင်နှံ၍ ယူလျှင် ဣဏာယိက မဟုတ်။ ထိုဆွေမျိုးတို့သည် ထိုသူကို ပေါင်နှံခြင်းငှာ အစိုးမရကုန်။ ရှင်ပြုပေးခြင်းငှာ အပ်၏။

ဆွေမျိုးသားချင်းတို့သည်လည်းကောင်း၊ တပါးသောသူသည်လည်းကောင်း “အကျွန်ုပ်တို့ ပေးဆပ်ကြမည်၊ ထိုသူကို ရှင်ပြုပေးကြပါ”ဟု ဝန်ခံကုန်အံ့၊ ရှင်ပြုပေးခြင်းငှာ အပ်၏။ ဝန်ခံသူ မရှိလျှင် ရဟန်းသည် ဝန်ခံနိုင်သော အလုပ်အကျွေး ဒါယကာအား ပြောကြားအပ်၏။ ထိုသူဝန်ခံအံ့၊ ရှင်ပြုပေးအပ်၏။

မိမိအား ကပ္ပိယဘဏ္ဍာ ရှိအံ့၊ ထိုဘဏ္ဍာကို ပေးမည်ဟူ၍လည်း ရှင်ပြုပေးအပ်၏။ ဝန်ခံသူလည်း မရှိ၊ ကပ္ပိယဘဏ္ဍာလည်းမရှိသဖြင့် “ရှင်ပြုပေးပြီးမှ အလှူခံ၍ ကြွေးဆပ်မည်” ဟူ၍ကား ရှင်ပြုပေးခြင်းငှာ မအပ်။ အကယ်၍ ပြုပေးအံ့။ ဒုက္ကဋ်။ ထွက်ပြေးသော်လည်း ဆောင်၍ပေးအပ်၏။ မပေးငြားအံ့၊ ကြွေးအားလုံးသည် ဂီဝါဖြစ်၏။ အစားပေးထိုက်၏။ (ကြွေးရှိသည်အဖြစ်ကိုသိလျက် မရိုသေခြင်းဖြင့် ကြွေးလွတ်သော ဘိက္ခု အဖြစ်သို့ သွင်းခြင်းကြောင့်တည်း။) မသိ၍ ရှင်ပြုပေးသူအား အနာပတ္တိ

မြင်သောအခါဆောင်၍ ကြွေးရှင်တို့အား ပြအပ်၏။ မမြင်သူအား ဂီဝါမဖြစ်။ ကြွေးရှိလျက် အရပ် တပါးသို့ သွား၍ ကြွေးမရှိဟုဆို၍ ရှင်ပြုအံ့။ ကြွေးရှင်လိုက်လာသည်ကို မြင်လတ်သော် ထိုရှင်သစ်သည် ထွက်ပြေးအံ့၊ ကြွေးရှင်သည် မထေရ်ထံ ချဉ်းကပ်၍၊ ဤသူကို အဘယ်သူရှင်ပြုပေးပါသနည်း၊ အကျွန်ုပ်၏ ဤမျှသော ကြွေးကိုယူ၍ ထွက်ပြေးပါသည်ဟု ဆိုအံ့။ ဒါယကာ၊ ကြွေးမရှိ ပါဟု ဆိုသောကြောင့် ငါရှင်ပြုပေးသည်၊ ယခု အဘယ်သို့ ပြုအံ့နည်း၊ ငါ့အား သပိတ်သင်္ကန်းမျှရှိသည်ကိုကြည့်လော၊ (ဝါ-ဤသပိတ်သင်္ကန်းမျှ ငါပေးရလတ္တံ့) ဟု မထေရ်ဆိုအပ်၏။ ဤသို့ဆိုခြင်းသည် ထိုကြေးရှိသူကို ရှင်ပြုပေးမိရာ၌ ကျင့်ဝတ်တည်း။ ထွက်ပြေးခြင်း ကြောင့်ကား ဂီဝါမဖြစ်။

ထိုရှင်သစ်ကို မထေရ်၏ မျက်မှောက်၌သာမြင်၍ အကျွန်ုပ်၏ ကြွေးရှိပါသည်ဟုဆိုအံ့။ သင်၏ကြွေးရှိသူကို သင်သာသိလောဟုဆို၏။ ဤသို့လည်း ဂီဝါမဖြစ်။ ယခုရှင်ဖြစ်နေပြီ၊ အဘယ်အရပ်သို့သူသွားဦးမည်နည်းဟု ဆိုအံ့၊ သင်သာသိလောဟုဆိုအပ်၏။ ဤသို့လည်း ထိုသူထွက်ပြေးခြင်းကြောင့် ဂီဝါ မဖြစ်။ အကယ်၍ မထေရ်က အဘယ်သို့သူ သွားလတ္တံ့နည်း၊ ဤ၌သာ နေပါစေဟုဆိုအံ့၊ ထွက်ပြေးလျှင် ဂီဝါဖြစ်၏။

ပါရမီအကြောင်းရှိသူ ကျင့်ဝတ်ပြည့်စုံသူဖြစ်လျှင် မထေရ်သည် “ဤသူ ဤသို့သဘောရှိသည်” ဟု ဂုဏ်ကျေးဇူး ပြောအပ်၏။ ကြွေးရှင်သည် ကောင်းပါပြီဟု လွှတ်အံ့၊ အပြစ် မရှိ။ ထက်ဝက်ထက်ဝက်မျှ (ဝါ၊ အနည်းငယ်မျှ ပေးပါဟု ဆိုအံ့၊ ပေးအပ်၏။ နောက်အခါ၌ အလွန်နှစ်သက်စေတတ်သော ရဟန်းကောင်း ဖြစ်အံ့၊ အားလုံး ပေးပါဟုဆိုလျှင်လည်း ပေးအပ်သည်သာတည်း။ ပါဠိ သင်ခြင်း၊ အဋ္ဌကထာ မေးမြန်းခြင်း စသည်တို့၌ ကျွမ်းကျင်သူ၊ ရဟန်းတို့အား ကျေးဇူးများသူဖြစ်ခဲ့အံ့၊ ဆွမ်းခံကျင့်ဝတ်ဖြင့် အလှူခံ၍သော်လည်း ကြွေးကို ပေးအပ်သည်သာတည်း။]

(ဝိဋီ ... ပေးအပ်သည်သာတည်း ဟူသည်ကား ကြွေးရှင်သည် ဥစ္စာကို လက်ခံသည် ဖြစ်စေ၊ လက်မခံ သည်ဖြစ်စေ၊ ပေးခြင်း၌ အားထုတ်ခြင်းရှိသူသာ ဖြစ်ထိုက်၏။ တပါးသော ရဟန်းတို့ကလည်း “မပေးတော့အံ့” ဟု ဝန်မခံပါနှင့်ဟုဆို၍ အဖော်တို့ဖြစ်ထိုက်၏၊ ဝန်ချခြင်းအားဖြင့် ထိုသူအား ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်ထိုက်ခြင်း ဖြစ်ရာသောကြောင့်တည်း။)

ဒါသဝတ္ထု

ထိုအခါ ကျွန်တယောက်သည် ထွက်ပြေး၍ ရဟန်းတို့ထံ၌ရှင်ပြု၏။ သခင်မြင်လတ်သော် ငါ့ကျွန်ဖြစ်သည် ဖမ်းမည်ဟုဆို၏။ အမောင်၊ မင်းကြီးခွင့်ပြုထားပြီဟု ဆိုလတ်သော် ဤရဟန်းတို့သည် အဘယူဝရတို့ ဖြစ်ကုန်၏။ ကျွန်ကိုရှင်ပြုပေးကြသည်ဟု ကဲ့ရဲ့၏။ ချစ်သားတို့ ... ကျွန်ကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ ... ကျွန်ဟူသည် အန္တောဇာတ - အိမ်ပေါက်ကျွန်၊ ဓနက္ကီတ - ငွေဝယ်ကျွန်၊ ကရမရာနီတ - သုံ့ ပန်းကျွန်၊ သာမံဒါသဗျံ ဥပဂတ - ကိုယ်တိုင်ကျွန် အဖြစ်သို့ ကပ်ရောက်သောကျွန် (ဝါ-သာမံဒါသ၊ ကိုယ်တိုင် ကျွန်ခံသောကျွန်) ဤသို့ လေးယောက်ရှိ၏။

ထိုတွင် အန္တောဇာတသည် ဇာတိကျွန်ဖြစ်၏။ အိမ်ကျွန်မ ဃရဒါသီ၏ သားဖြစ်၏။ ဓနက္ကီတသည် မိဘထံမှ သားကိုလည်းကောင်း၊ သခင်ထံမှကျွန်ကိုလည်းကောင်း၊ ဥစ္စာပေး၍ ဒါသစာရိတ္တ ကျွန်စာရင်းတင်၍ ဝယ်အပ်သူ ဖြစ်၏။ ဤနှစ်ယောက်ကို ရှင်ပြုမပေးအပ်။ ရှင်ပြုပေးလိုလျှင် ထိုထို အရပ်စာရိတ္တစွမ်းဖြင့် (နည်းထုံးစွမ်းဖြင့်) အဒါသ ဖြစ်အောင် ပြု၍ ရှင်ပြုပေးအပ်၏။

ကရမရာနီတ မည်သည်ကား တိုင်းတပါးကို လုယက်၍လည်းကောင်း၊ တိုင်းတပါးမှ ဖြားယောင်း၍ လည်းကောင်း၊ ကျွန်မဟုတ်သော ဘုဇိဿ-လူအပေါင်းကို ဆောင်ယူလာကုန်၏။ တိုင်းတွင်းမှသော်လည်း အပြစ်ကျူးလွန်သော ရွာကို ဖျက်ရမည်ဟု မင်းအာဏာ ထားသဖြင့် ထိုရွာမှ လူတို့ကိုသော်လည်း ဆောင်ယူ လာကုန်၏။ ထိုသူတို့တွင် ယောက်ျားဟူသမျှ ဒါသ၊ မိန်းမ ဟူသမျှ ဒါသီတို့ဖြစ်ကုန်၏။ ဤသို့သော ကရမရာနီတတို့ကို ဖမ်းလာသူတို့ ထံ၌ နေစဉ်၊ နှောင်အိမ်၌ အချုပ်ရစဉ်၊ ယောက်ျားတို့ စောင့်ရှောက်အပ်စဉ် ရှင်ပြုမပေးအပ်။ ထွက်ပြေးလျှင်ရောက်ရာအရပ်၌ ရှင်ပြုပေးအပ်၏။

မင်းသည် နှစ်လိုခြင်းဖြင့် သုံ့ပန်းတို့ကို လွှတ်ကြလောဟု ဆို၍ လွှတ်သူတို့ကို လည်းကောင်း၊ (ဘိသိက်အခါ စသည်တို့၌) အားလုံးဆက်ဆံသောနည်းဖြင့် လွှတ်သူတို့ကိုလည်းကောင်း ရှင်ပြုပေးအပ်သည်သာတည်း။

သာမံ ဒါသဗျံ ဥဂပက-ဟူသည် ကိုယ်တိုင်သာလျှင် ကျွန်အဖြစ်သို့ ကပ်ရောက်သူဖြစ်၏။ မင်းတို့၏-ဆင် မြင်း ကျွဲ၊ နွား ထိန်းကျောင်းသမား စသည်ကဲ့သို့တည်း။ ထိုကျွန်မျိုးကို ရှင်ပြု မပေးအပ်၊ မင်း၏ မောင်းမ- ဝဏ္ဏဒါသီ တို့၏ သားတို့သည် အမစ္စပုတ္တနှင့်တူကုန်၏။ ရှင်ပြု မပေးအပ်ကုန်။

ဝဏ္ဏဒါသီမဟုတ်ပဲ စောင့်စည်းခြင်းကင်းလျက် ဝဏ္ဏဒါသီတို့နှင့် အတူနေလေ့ရှိသော မိန်းမတို့၏ သားတို့ကို ရှင်ပြုပေးအပ်၏။ ကိုယ်တိုင်သာလျှင် ဝဏ္ဏဒါသီစာရင်းတင်အံ့၊ မအပ်။

ဘဋိပုတ္တကဂဏ၊ ဗိသာနိုး၏သား မဟာပိန္နဲကို ကိုးကွယ်သူအပေါင်း စသည်တို့၏ ကျွန်ကိုလည်း ထိုသူအပေါင်းတို့ မပေးလျှင် ရှင်ပြုမပေးအပ်။

ကျောင်းတို့၌ မင်းတို့သည် အာရာမိကဒါသ- အရံစောင့်ကျွန်ကို လှူကုန်အံ့။ ထိုဒါသကိုလည်း ရှင်ပြုမပေးအပ်။ တော်လှန်သူ ဘုဇိဿ ဖြစ်အောင်ပြု၍ ရှင်ပြုပေးလျှင် အပ်၏။ မဟာပစ္စရိ၌ အန္တောဇာတ၊ ဓနက္ကီတတို့ကို အာရာမိကေဒေမ - အရံစောင့်တို့ကို လှူပါကုန်၏ဟု ရဟန်းသံဃာအား လှူလျှင် ဦးခေါင်း၌ ရက်တက်လောင်း သည်နှင့် ဟူ၏။ ရှင်ပြု ပေးခြင်းငှာ အပ်သည်ဟုဆို၏။

ကုရုန္ဒီ၌ကား ကပ္ပိယ ဝေါဟာရဖြင့် အာရာမိကံဒေမ-ဟုလှူကြသည်။ ကပ္ပိယ အကပ္ပိယ အမှတ်မရှိ ဝေါဟာရဖြင့် လှူစေကာမူ ရှင်ပြုမပေးအပ်သည်သာ ဟုဆို၏။ သံဃာကိုမှီ၍ အသက်မွေးမည်ဟု ကျောင်း၌ ကပ္ပိယကာရကပြုလုပ်ကုန်သော ဒုဂ္ဂတမနုဿ - လူဆင်းရဲကိုလည်း ရှင်ပြုပေးခြင်းငှာအပ်၏။

မိဘနှစ်ဦးလုံး ကျွန်ဖြစ်သူ၊ အဖကျွန်မဟုတ် အမိသာကျွန်ဖြစ် သူတို့ကို ရှင်ပြုပေးအပ်၏။ အမိကျွန်မဟုတ် အဖသာကျွန်ဖြစ်လျှင် ရှင်ပြုပေးရ၏။ ရဟန်း၏ ဆွေမျိုးသည် လည်းကောင်း၊ ဒါယကာသည် လည်းကောင်း ဣမံ ပဗ္ဗာဇေတ တုမှာကံ ဝေယျာဝစ္စံ ကရိဿတိ-ဟု လှူသောဒါသကို ဖြစ်စေ၊ ရဟန်းအား ရှိပြီးသော မိမိ၏ဒါသကိုဖြစ်စေ၊ တော်လှန်ပြီးမှသာ ရှင်ပြုပေးအပ်၏။

သခင်တို့သည် ကျွန်ကိုလှူသောအခါ ဤသူကိုရှင်ပြုပေးကြပါ၊ ပျော်မွေ့လျှင်အဒါသ၊ လူထွက်လျှင် အကျွန်ုပ်တို့၏ ဒါသသာဟုဆိုအံ့၊ တာဝကာလိက မည်၏။ ရှင်ပြုမပေးအပ်ဟု ကုရုန္ဒီ၌ဆို၏။ ဒါသသည် သခင်မရှိသူပင်ဖြစ်စေ၊ တော်လှန်ပြီးမှသာ ရှင်ပြုပေးအပ်၏။ မသိပဲရှင်ပြုပေး၍ ရဟန်းခံပေးပြီး၍သော်လည်း နောင်သိလျှင် တော်လှန်အပ်သည်သာတည်း။

ဆောင်စရာ ဝတ္ထုကြောင်းကား ကုလဒါသီ တယောက်သည် ယောက်ျားတယောက်နှင့် အနုရာဓမှ ထွက်ပြေး၍ ရောဟဏ၌ နေစဉ် သားတယောက်ရ၏။ ထိုသားသည် ရှင်ပြု၍ ရဟန်းပြုပြီးသောအခါ လဇ္ဇီကုက္ကုစ္စကဖြစ်၏။ တနေ့၌ မိခင်ကို ဦးတော် ဦးကြီး မိကြီး မိထွေး စသည် မေးမြန်းသဖြင့် မိခင်ဖွင့်ပြောသည်ကို ကြားသိရသောအခါ ငါ၏ ရဟန်းအဖြစ်သည် မသန့်ရှင်းလေစွဟု သံဝေဂရ၍ အနုရာဓသို့ ရောက်လာပြီးလျှင် ထိုသခင်၏ အိမ်တံခါး၌ရပ်၏။ အတိစ္ဆထဘန္တေ၊ ကြွသွားတော်မူပါဦးဟု ဆိုသော်လည်း မသွား။ ထိုအခါ အိမ်ရှင်တို့လာ၍ ကိံ ဘန္တေဟု မေးမြန်းကုန်၏။

ဒါယကာတို့ သင်တို့အား ဤမည်သော ကျွန်မသည် ထွက်ပြေးဖူးသလော၊ ထွက်ပြေးဖူးပါသည်ဘုရား၊ ငါသည် ထိုကျွန်မ၏ သားဖြစ်၏။ သင်တို့ ခွင့်ပြုလျှင် ရှင်အဖြစ်ကို ရပေအံ့၊ သင်တို့သည် ငါ၏သခင်တို့တည်း ဟုဆို၏။ ထိုသခင်တို့သည် လွန်စွာဝမ်း မြောက်ကြသဖြင့် သုဒ္ဓါ ဘန္တေ တုမှာကံ ပဗ္ဗဇ္ဇာ-ဟု တော်လှန်ပြီးလျှင် မဟာဝိဟာရ၌ နေစေ၍ ပစ္စည်းလေးပါးဖြင့် ပြုစုကုန်၏။ ထိုအရှင် သည် အရဟတ္တဖိုလ်သို့ ရောက်ဖူးပြီ။]

(သာဋီ ... အဘိသိက်အခါ စသည်တို့၌ ဗန္ဓနာဂါရ စသည်တို့ကို သုတ်သင်ကုန်၏။ ထိုကိုရည်၍ အားလုံး ဆက်ဆံသောနည်းဖြင့်ဟုဆိုသည်။ ဘုဇိဿိတ္ထီ-တော်လှန်ကောင်းမြတ်သော မိန်မဖြစ်သော်လည်း မယမ္ပိဒါ သီယောဟောမ-ငါတို့လည်း ဒါသီတို့ဖြစ်ကုန်၏-ဟု ကိုယ်တိုင်ကျွန်စာရင်းကို ရေးခိုင်းအံ့၊ မအပ်။ ဒါသကို အဒါသဖြစ်အောင် ပြုသူတို့သည် ရက်တက်ဖြင့် ဦးခေါင်းကိုဆေး၍ပြုကုန်၏။ ထို့အတူ-အာရာမိက အမည်ဖြင့် လှူခြင်းကြောင့် ထိုဒါသတို့လည်း အဒါသသာဟု မဟာပစ္စရိ အလိုရှိ၏။ ရက်တက် လောင်းခြင်း၊ ဆေးခြင်းသည် သီဟိုဠ်ကျွန်း အလေ့ဟု ဆိုကုန်၏။ ကပ္ပိယ ဝေါဟာရဖြင့် လှူသော်လည်း သံဃာ၏ အာရာမိကဒါသ ဖြစ်သောကြောင့် ရှင်ပြုမပေးအပ်သည်သာဟု ကုရုန္ဒီဆို၏၊ သခင်မရှိသောကျွန် ဟူသည်ကား သခင်တို့သည် သားမယား စသည်နှင့်တကွ သေကုန်၏။ သိမ်းပိုက်သူ တစုံတယောက်မျှ မရှိ။ သခင်မရှိသော်လည်း ရှင်ပြုပေးခြင်းငှာ မအပ်။ ထိုကျွန်ကို ရဟန်းကိုယ်တိုင်လည်း တော်လှန်ပေးခြင်းငှာ အပ်၏။ ထိုတိုင်းပြည်၌ အစိုးရတို့ကိုသော်လည်း တော်လှန်စေအပ်၏။ ဒေဝဒါသီ ပုတ္တ-နတ်ကတော် နတ်ထိန်းမ၏သားကို ရှင်ပြုပေးခြင်းငှာ အပ်သည်ဟု ဂဏ္ဌိသုံးကျမ်းတို့၌ ဆို၏။ ရှင်ပြုပြီးမှ သခင်မြင်၍ ထွက်ပြေး သူအားကား အနာပတ္တိဟုဆိုကုန်။)

(ဝိဋီ .... ကျွန်အဖြစ်မှ လွတ်စိမ့်သောငှာ ဝယ်အပ်သော ကျွန်သည် ဓနက္ကီတဖြစ်သော်လည်း ကျွန်မဟုတ်၊ အဒါသ သာတည်း။ ထိုကိုအရပ် စာရိတ္တကား ထိုထိုဇနပုဒ်၌ စာရင်းမီးရှို့စေခြင်း၊ ဒါသပဏဇ္ဈပနစသော အဒါသကရဏနည်းတည်း။ အဘိသိက်အခါ စသည်တို့၌ အလုံးစုံသော ဗန္ဓနတို့ကို လွတ်စေကုန်၏။ ထိုကိုရည်၍ အားလုံးဆက်အံသောနည်းဟု ဆိုသည်။ မယမ္ပိ ဝဏ္ဏဒါသီယော ဟောမ ... ဟု မိမိကို စောင့်စိမ့်သောငှာ ကိုယ်တိုင် မင်း၏ကျွန်စာရင်း၌ မိမိအမည်ကိုရေးခိုင်းသော မိန်းမတို့၏ သားကိုလည်း ရာဇဒါသတို့သာ ဖြစ်သောကြောင့် ရှင်ပြုပေးခြင်းငှာ မအပ်။

ထိုသူအပေါင်းကိုမပေးလျှင် ရှင်ပြုမပေးအပ်ဟူသည်ကား (ဂဏ၏ကျွန်၊ ပုဂ္ဂ၏ကျွန်၊ သေဏ၏ကျွန် စသော ဘုံကျွန်တို့၏) ထိုသခင်တို့တွင် တဦး တယောက်မပေးလျှင်လည်း ရှင်ပြုမပေးအပ်၊ ကျောင်း၌လျူထားသော အာရာမိကဒါသကို ကျောင်းရှိသံဃာကို သိစေ၍ ဖာတိကမ္မ ပွားစီးမှုဖြင့် ဥစ္စာတို့ကိုပေးပြီးလျှင် တော်လှန်၍ ရှင်ပြုပေးခြင်းငှာ အပ်၏။ အချို့အရပ်၌ ဦးခေါင်း၌ ရက်တက်လောင်းခြင်းဖြင့် ဒါသတို့ အဒါသသို့ ဖြစ်ကုန်၏။ ဤအတူ အာရာမိကဝစနဖြင့် လှူခြင်းသည် ရက်တက်လောင်း အတူ အဒေါသဖြစ်သည်ဟု မဟာပစ္စရိ အလိုရှိ၏။ ထိုသို့ လှူသော်လည်း သံဃာ၏ အာရာမိကဒါသ သာဖြစ်သောကြောင့် ရှင်ပြုပေးအပ်ဟု ကုရုန္ဒီဆို၏။

ကာလ ပိုင်းခြား၍ လှူခြင်းသည် လည်းကောင်း၊ နောင်ပြန်ယူလိုခြင်းဖြင့် လှူခြင်းသည် လည်းကောင်း တာဝကာလိက သာတည်း။ သခင်မရှိသော ကျွန်ဟူသည်ကား သခင်သည် ဆွေမျိုးမရှိ၊ သေခြင်းဖြစ်ကုန်၏။ အမွေခံသူမရှိ။ ထိုသခင်မဲ့ကျွန်ကို ဇာတ်တူသူ၊ အမြဲရွာနေသူ၊ အစိုးရတို့ တော်လှန်ပြီးမှသာ ရှင်ပြုပေးအပ်၏။ ဒေဝဒါသတို့လည်း ဒါသတို့ပင်တည်း။ ထိုဒေဝဒါသတို့သည် အချို့အရပ်၌ ရာဇဒေါသ၊ အချို့အရပ်၌ ဝိဟာရဒါသ ဖြစ်ကုန်၏။ ရှင်ပြုမပေးအပ်။ ကျွန်ကို ရှင်ပြုပေးပြီးလျှင် သခင်ကိုမြင်၍ ဖုံးကွယ်ခြင်းငှာ ဆောင်သူကို ခြေလှမ်းအကြိမ်ဖြင့် အဒိန္နာဒါနအာပတ် ဆုံးဖြတ်အပ်၏။ ထွက်ပြေးသောကျွန် (ရဟန်း) အားကား အနာပတ္တိ။)

ဘဏ္ဍုကမ္မဝတ္ထု

ထိုအခါ ကမ္မာရဏ္ဍု - ရွှေပန်းတိမ်သည်၏ သားတယောက်သည် မိဘတို့နှင့် ငြင်းခုံ၍ ကျောင်းသို့သွား၍ ရဟန်းတို့ထံ ရှင်ပြု၏။ မိဘတို့သည် ရှာဖွေလျက် ကျောင်းသို့သွား၍ မေးမြန်းကုန်၏။ ရဟန်းတို့သည် မသိကြ မမြင်ကြသဖြင့်၊ ငါတို့မသိ၊ ငါတို့မမြင်ဟု ဆိုကုန်၏။ ထို့နောက် ရဟန်းတို့ထံ ရှင်ပြု၍နေသည်ကို မြင်လတ်သော်၊ ဤရဟန်းတို့သည် အလဇ္ဇီဒုဿိလ မုသာဝါဒီတို့ဖြစ်ကုန်၏ဟု ကဲ့ရဲ့ကုန်၏။ ချစ်သား ... ဘဏ္ဍုကမ္မ-ဆံရိတ်မှုပြုခြင်းအတွက် သံဃာကိုပန်ကြားခြင်းငှာ ခွင့်ပြု၏။

(ထာ ... ရွှေပန်းတိမ်သည်သား ကမ္မာရဘဏ္ဍု ဟူသည် တုလာ ဓာရ မုဏ္ဍက ချိန်ခွင်ဆောင်သူ ဦးပြည်းဖြစ်၏။ ဦးစွန်းငါးခုရှိသော သူငယ်ကလေးဟု ဆိုလိုသည်။ ဆံရိတ်မှုပြုခြင်းအတွက် သံဃာကိုပန်ရာ၌ အစီအရင်ကား (ဗဒ္ဓသိမ်ဥပစာရသိမ်) ၌ရှိသော ရဟန်းတို့ကို စည်းဝေးစေ၍ ရှင်လောင်းကို ထိုနေရာသို့ဆောင်၍၊ အရှင်ဘုရားတို့၊ ဤ သတို့သား၏ ဘဏ္ဍုကမ္မံ-ဆံရိတ်မှုကိုပန်ကြားပါ၏ဟု သုံးကြိမ်လည်းကောင်း၊ နှစ်ကြိမ် လည်းကောင်း၊ တကြိမ်လည်းကောင်း ဆိုအပ်၏။

ဣမဿဒါရကဿ - ဘဏ္ဍုကမ္မံ အာပုစ္ဆာမသမဏကရဏံ အာပုစ္ဆာမ-ပဗ္ဗဇနံ အာပုစ္ဆာမ .. အယံသမဏော ဟောတု ကာမောအယံ ပဗ္ဗဇိတုကာမော ... ဟူ၍လည်း တခုခု ဆိုခြင်းငှာ အပ်၏။ သဘာဝဌာနဖြစ်၍ ရဟန်းနှစ်ဆယ်၊ သုံးဆယ် နေသည်ဟု အပိုင်းအခြား ထင်ရှားအံ့။ ထိုအရပ်သို့ သွား၍သော်လည်း ရှေးနည်းအတိုင်း ပန်ကြားအပ်၏။ ရှင်လောင်းမပါပဲ ရဟန်းငယ်၊ သာမဏေတို့ကို စေလွတ်၍သော်လည်း ရှင်လောင်း တယောက်ရှိပါသည်။ ထိုရှင်လောင်း၏ ဘဏ္ဍုကမ္မကို ပန်ကြားပါသည် စသည်ဖြင့် ပန်ကြား စေခြင်းငှာအပ်၏။ ရဟန်းအချို့ နေရာတခုခု၌ အိပ်ခြင်း၊ တရားနှလုံးသွင်းခြင်း စသည်ကြောင့်မမြင်၍ ရဟန်းအား ပန်ကြားပြီးပြီဟု မှတ်ထင်ကုန်အံ့။ ရှင်ပြုခြင်းသည် လဟုကကံဖြစ်၏။ သုပဗ္ဗဇိတဖြစ်၏။ ရှင်ပြု ပေးသော ဆရာအားလည်း အနာပတ္တိ

ရဟန်းများစွာနေသော ကျောင်းတိုက်ကြီးဖြစ်၍ အားလုံး စည်းဝေးစေခြင်းငှာ လည်းကောင်း၊ အစဉ်အတိုင်း ပန်ကြားခြင်းငှာ လည်းကောင်း၊ မတတ်နိုင်သည်ဖြစ်အံ့၊ ခဏ္ဍသိမ်ငယ်၌ တည်၍ လည်းကောင်း၊ မြစ်သမုဒ္ဒရာ စသည်သို့သွား၍ လည်းကောင်း၊ ရှင်ပြု ပေးအပ်၏။ (ဝါ-ဆံရိတ်ပေးအပ်၏။) ဆံရိတ်ပြီးစဖြစ်၍ လူထွက်ဖြစ်၍ နှစ်သစ်၊ နှစ်သစ်အောက်ယုတ်သောဆံရှိ၍ ဆံရိတ်ဖွယ်မရှိငြားအံ့၊ ဘဏ္ဍုကမ္မ မပန်ကြားမူ၍လည်း ရှင်ပြုပေးခြင်းငှာအပ်၏။ နှစ်သစ်ထက်ရှည်လျှင် ဦးစွန်း တခုမျှရှိစေကာမူ ဆံရိတ်မှု ပန်ကြား၍သာ ရှင်ပြုပေး အပ်၏။

(ဇီဋီ .... သူငယ်သည် ဦးစွန်းမျှထား၍ လာ၏။ ထို့ကြောင့် ပန်ကြားခြင်းငှာရသည်။ ထိုဦးစွန်းကို ရှင်လောင်းကိုယ်တိုင်ဖြစ်စေ၊ သူတပါး ဖြစ်စေ ရိတ်ပယ်အံ့၊ အပြစ်မရှိ၊ ဆံမုတ်ဆိတ်မရိတ်ပဲ သတိချွတ်၍ သရဏဂုံ ပေး၍ ရှင်ပြုပေးအံ့၊ ရှင်အဖြစ် ရောက်သည်သာတည်းဟု ဆိုကုန်၏။)

(ဝိဋီ .... ကမ္မာရဒါရက သည်ပင် ငယ်သူဖြစ်၍ ဥသျှောင်မထုံး ဦးပြည်းခေါင်းတုံး ဖြစ်သောကြောင့် ကမ္မာရဘဏ္ဍု မည်၏။ ရွှေချိန်ခွင် စသည်ကို လက်ဖြင့်ဆောင်သော ဦးပြည်းခေါင်းတုံး သူငယ် ဖြစ်သောကြောင့် တုလာဓာရမုဏ္ဍက မည်၏။ ထို့ကြောင့် ဦးစွန်းငါးခုရှိသော သူငယ်ကလေးဟုဆိုသည်။ ဦးစွန်းတခုတည်းကို ဆံပင်အထုံးငါးခုပြု၍ ဖွဲ့ခြင်းဖြင့် ဦးစွန်းငါးခုဟုဆိုအပ်၏။ ထိုသူငယ်၏ဦးစွန်းကိုဖြတ်၍ ရဟန်းတို့ကိုမသိစေပဲ ရှင်ပြု ပေးကြသောကြောင့် ဘဏ္ဍုကမ္မပန်ကြားခြင်းကို ခွင့်ပြုသည်။ ဗဒ္ဓသိမ်ရှိလျှင် ဗဒ္ဓသိမ်တွင်းရှိ ရဟန်းတို့ကို ဗဒ္ဓသိမ်မရှိလျှင် ဥပစာရသိပ်တွင်းရှိ ရဟန်းတို့ကို ပန်ကြားရသည်။

ဤ၌သံဃာကို ဆံရိတ်မှု ပန်ကြားခြင်းငှာ ခွင့်ပြု၏ဟူ၍သာ မိန့်ကြားသည်၊ မပန်ကြားလျှင် အာပတ်ဟုမမိန့်။ အဋ္ဌကထာ၌ ရဟန်းအားလုံး ပန်ကြားပြီးပြီထင်၍ ရှင်ပြုပေးသောဆရာအား အနာပတ္တိဟုဆိုသောကြောင့် စေတနာနှင့်တကွ အားထုတ်၍မပန်ကြားပဲ ဆံရိတ်ပေးသူအား ဒုက္ကဋ်သာဟု မှတ်အပ်၏။

ဆံရိတ်ခြင်းသည်လည်း သာမဏပြုခြင်း၊ ပဗ္ဗဇနပြုခြင်း အမည်ကိုရ၏။ တခုတည်းသော ဆံပင်ဖြင့်လည်း ဦးစွန်းတခုမည်၏။ နည်းသောဆံပင်တို့ကို သိခါ-ဦးစွန်းဟုဆိုသည်။ ဆံပင်တခုတည်းကိုသော်လည်း မပန်ကြားပဲရိတ်ခြင်းငှာ မအပ်သည်သာတည်း။) (လူတို့ကိုယ်တိုင်ရိတ်လျှင် ပန်ကြားဖွယ်မရှိ။)

ဦနဝိသတိဝဿဝတ္ထု

ထိုအခါ ရာဇဂြိုဟ်၌ သူငယ်ဖော် သတ္တရသဝဂ္ဂီ-တဆယ့်ခုနှစ်ယောက်ရှိ၏။ ဥပါလိသတို့သားသည် အကြီးအကဲဖြစ်၏။ ဥပါလိ၏မိဘတို့သည် ငါတို့ကွယ်လွန်သောအခါ ဥပါလိသည် အဘယ်သို့ ချမ်းသာစွာ အသက်မွေးနိုင်ရာအံ့နည်း၊ လေခ-စာရေး အတတ်သင်စေရလျှင် ကောင်းမည်လော (စာရေးရခြင်းဖြင့်) လက်ချောင်းများ ဒုက္ခဖြစ်လတ္တံ့၊ ဂဏန-ဂဏန်းသင်္ချာ သင်စေရလျှင် (များစွာကြံစည်ရခြင်းဖြင့်) ရင်ဒုက္ခ ဖြစ်ကုန်လတ္တံ့။ ရူပ-ရွှေငွေ အတတ်သင်စေရလျှင် (အသပြာလှည့်ကာ လှည့်ကာကြည့်ရခြင်းဖြင့်) မျက်စိတို့ ဒုက္ခဖြစ်ကုန်လတ္တံ့။

ဤရဟန်းတို့သည် ချမ်းသာစွာ နေထိုင်စားသောက်ရကုန်၏။ ရဟန်းတို့ထံ၌ ရှင်ပြုပေရလျှင် ငါတို့ကွယ်လွန် သောအခါ ချမ်းသာစွာအသက် မွေးနိုင်ရာ၏ဟု အကြံပြုကုန်၏။ ဥပါလိသည် ထိုစကားကိုကြား၍ သူငယ်ဖော် တို့ကို ပြောကြား၏။ တဆယ့်ခုနစ်ယောက်လုံး စိတ်ဆနတူ၍ မိဘတို့ထံ ခွင့်တေားင်၍ ရဟန်းတို့ထံ ရှင်အဖြစ်ကိုတောင်းကုန်၏။ ရဟန်းတို့သည် ရှင်ပြုပေးကုန်၏။ ရဟန်းပြုပေးကုန်၏။

ထိုရဟန်းငယ်တို့သည် နံနက် စောစောထ၍ ထမင်းပေးပါ၊ မုန့်ပေးပါဟုငိုကုန်၏။ မိုးလင်းအောင် ဆိုင်းကြဦး ငါ့ရှင်တို့ဟု ဆိုသော်လည်း ငိုကုန်သည်သာတည်း။ အိပ်ရာ နေရာ၌ ကျင်ကြီးကျင်ငယ်လည်း စွန့်ကုန်၏။ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၍ ချစ်သားတို့ ... အသက်နှစ်ဆယ် မပြည့်သေးသော သူသည် အချမ်း အပူကို မွတ်သိပ်ခြင်းကို မှတ် ခြင် ယင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့ကို မကောင်းသဖြင့် ဆိုသော စကားကို၊ ကိုယ်၌ဖြစ်ပေါ်တတ်သော ဒုက္ခဝေဒနာတို့ကို သည်းမခံနိုင်သော သဘောရှိ၏။ အသက်နှစ်ဆယ် ပြည့်မှ သည်းခံနိုင်သည်။ ဤသို့ပြုခြင်းသည် ကြည်ညိုဖွယ်မရှိ၊ ချစ်သား ... သိလျက် အသက်နှစ်ဆယ် မပြည့်သေးသောသူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးငြားအံ့ ယထာဓမ္မ ဆုံးဖြတ်အပ်၏။ (ထိုသူလည်း ရဟန်းမဖြစ်၊ ကာရကသံဃာလည်း ဒုက္ကဋ်။ ဥပဇ္ဈာယ်အား ပါစိတ်ဟုဆုံးဖြတ်အပ်၏။)

တဆယ့်ငါးနှစ်အောက် ရှင်မပြုရ

အခါတပါး အမျိုးသားတဦး အိမ်သားအပေါင်းသည် အဟိဝါတ-ယဉ်းအနာဖြင့် သေကုန်၏။ သားအဖ နှစ်ယောက်သာ ကြွင်းကျန်၍ ရဟန်းတို့ထံ ရှင်ပြုကြ၍ အတူဆွမ်းခံ သွားကုန်၏။ ဖခင်အား ဆွမ်းလောင်းသော အခါ သားငယ်သည် ပြေးလာ၍ ဖခင် အကျွန်ုပ်အားလည်း ပေးပါ၊ ပေးပါဟုဆို၏။ လူတို့သည် ဤရဟန်းတို့ကား မြတ်သောအကျင့် ရှိကုန်၏။ ဤသူငယ်လည်း ဘိက္ခုနီမမှ ဖွားမြင်သည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... တဆယ့်ငါးနှစ်မပြည့်သေးသော သူငယ်ကို ရှင်ပြုမပေးအပ်။ ... ဒုက္ကဋ်။

(ထာ ... အဟိဝါတ ရောဂါဟူသည် မာရိ-ဗျာဓိဖြစ်၏။ ထိုရောဂါ ဖြစ်လျှင် ထိုကုလသည် အခြေနှစ်ချောင်းရှိ၊ လေးချောင်းရှိ သတ္တဝါ အပေါင်းနှင့်တကွ အားလုံးပျက်စီး၏။ နံရံကိုလည်းကောင်း၊ အမိုးကို လည်းကောင်း၊ ဖောက်၍ထွက်ပြေးသူ၊ ရွာတပါးစသည်သို့ ထွက်သွားသူ လွတ်၏။ ထိုနည်းဖြင့် သားအဖနှစ်ယောက်လွတ်၍ ကြွင်းကျန်ကုန်၏။)

ကျီးမောင်းနိုင်လျှင် ရှင်ပြုပေး၏

အခါတပါး အရှင်အာနန္ဒာ၏ အလုပ်အကျွေး သဒ္ဓါပသန္န ဒါယကာ အိမ်သား အပေါင်းသည် ယဉ်းသော အနာဖြင့်သေ၍ သားငယ်နှစ်ယောက် ကျန်ရစ်၏။ ထိုသူငယ်တို့သည် ရှေးအလေ့အကျင့်ဖြင့် ရဟန်းတို့ကို မြင်လျှင် ပြေးသွားကုန်၏။ ရဟန်းတို့သည် မောင်းမဲကုန်၏။ ထိုအခါ သူငယ်တို့သည် ငိုကုန်၏။ ရှင်အာနန္ဒာသည် ငိုသောသူငယ်တို့ကိုမြင်၍ တဆယ့်ငါးနှစ် မပြည့်သေးလျှင် ရှင်ပြုမပေးအပ်ဟု ဘုရားရှင် ပညတ်သည်။ ဤသူငယ်တို့ မပျက်စီးအောင် အဘယ်သို့ စောင့်ရှောက် ရအံ့နည်းဟုကြံ၍ ဘုရားရှင်အား လျှောက်၏။ ချစ်သားအာနန္ဒာ ... သူငယ်တို့သည် ကျီးတို့ကို ပျံစိမ့်သောငှာ တတ်နိုင်ကြ၏လောဟု မေး၏။ တတ်နိုင်ကြပါသည်ဟု လျှောက်၏။ ချစ်သား ... တဆယ့်ငါးနှစ် မပြည့်သေးသော ကျီးပျံအောင် မောင်းနိုင်သော ကာကုဍ္ဋေပက သူငယ်ကို ရှင်သာမဏေပြုပေးခြင်းငှာ ခွင့်ပြု၏။

(ထာ ... လက်ဝဲလက်ဖြင့် ခဲကိုကိုင်လျက် ထိုင်၍ လာတိုင်းလာတိုင်းသော ကျီးတို့ကို ပျံအောင်မောင်း၍ ရှေ့၌ထားသောထမင်းကို (လက်ျာလက်ဖြင့်) စားခြင်းငှာ စွမ်းနိုင်သောသူသည် ကာကုဍ္ဋေပက မည်၏။ ရှင်ပြု ခြင်းငှာ အပ်၏။)

ရှင်နှစ်ပါး မမွေးရ

အခါတပါး သာကီဝင်မင်းသား အရှင်ဥပန္ဒအား ကဏ္ဍက မဟက-ဟူသော သာမဏေနှစ်ပါး ရှိကုန်၏။ ထိုသာမဏေတို့သည် အချင်းချင်း ဖျက်ဆီးကုန်၏။ ချစ်သား ... ရဟန်းတပါးသည် သာမဏေနှစ်ပါးတို့ကို မလုပ်ကျွေးစေအပ်၊ (ဝါ– မမွေးအပ်။) ဒုက္ကဋ်။

နိဿယမုစ္စကအင်္ဂါ

မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌သာလျှင် မိုး ဆောင်း နွေ ဥတုသုံးပါး နေတော်မူ၏။ လူတို့သည် “သာကီဝင် မင်းသားရဟန်းတို့အား အရပ်မျက်နှာကျဉ်းကုန်၏။ မှောင်ကုန်၏။ မထင်ရှားကုန်”ဟု ကဲ့ရဲ့ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်၊ ချစ်သားအာနန္ဒာ ရဟန်းတို့အား ပြောကြားလော၊ မြတ်စွာဘုရားသည် “ဒက္ခိဏဂိရိသို့ လှည့်လည်လိုသည် အလိုရှိသောရဟန်း လာစေသတည်းဟု။ ပရိဝေဏတိုင်း ပြောကြားလော”ဟု မိန့်တော်မူ၏။

အရှင်အာနန္ဒာ ပြောကြားသောအခါ ရဟန်းတို့သည် ငါ့ရှင်အာနန္ဒာ ... မြတ်စွာဘုရားသည် ဆယ်ဝါပတ်လုံး မှီ၍နေခြင်းငှာ လည်းကောင်း၊ ဆယ်ဝါရသော ရဟန်းသည် နိဿယည်း ပေးခြင်းငှာ လည်းကောင်း ပညတ်သည်။ ထိုအရပ်သို့ ငါတို့ရောက်သွားလျှင် နိဿယည်းကိုလည်း ယူရလတ္တံ့၊ ခေတ္တနေခြင်းလည်း ဖြစ်လတ္တံ့၊ တဖန်ပြန်လာလျှင် တဖန်လည်း နိဿယည်း ယူရလတ္တံ့၊ ငါတို့၏ဆရာ ဥပဇ္ဈာယ်များသွားလျှင် ငါတို့လည်းသွားမည်။ သူတို့မသွားလျှင် ငါတို့လည်း မသွားကုန်အံ့၊ ငါတို့၏ လျှင်မြန်ပေါ့ပါးသော စိတ်ရှိခြင်းသည် ထင်ရှားလတ္တံ့ ဟု ဆိုကုန်၏။

မြတ်စွာဘုရားသည် အနည်းငယ်သော ရဟန်းသံဃာနှင့် လှည့်လည်၍ ဒက္ခိဏဂိရိ၌ မွေ့သလောက် နေလိုသလောက် နေ၍ ရာဇဂြိုဟ်သို့ ပြန်ကြွလာပြီးသောအခါ ရဟန်းတို့ကို တရားဟော၍၊ ချစ်သားတို့ ... ဗျတ္တပဋိဗလရဟန်းသည် ငါးဝါပတ်လုံး၊ အဗျတ္တသည် တသက်လုံး မှီ၍ နေခြင်းငှာ ခွင့်ပြု၏၊

ချစ်သားတို့ ... ငါးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသောရဟန်းသည် မမှီမူ၍၊ (ဝါ-နိဿယည်းကင်းလျက်) မနေအပ်။ အသေက္ခသီလက္ခန္ဓနှင့် မပြည့်စုံ။ အသေက္ခသမာဓိက္ခန္ဓနှင့် ပညာက္ခန္ဓနှင့် … ဝိမုတ္တိက္ခန္ဓနှင့် ဝိမုတ္တိဉာဏ-ဒဿနက္ခန္ဓနှင့် မပြည့်စုံ၊ ဤ အင်္ဂါငါးပါးတို့နှင့် ပြည်စုံသောရဟန်းသည် မမှီမူ၍ မနေအပ်။ ရဟန္တာ၏သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ၊ ဝိမုတ္တိဉာဏဒဿနနှင့်ပြည့်စုံ၍ အင်္ဂါငါးပါးရှိလျှင် မမှီမူ၍ (ဝါ- နိဿယည်း ကင်းလျက်) နေအပ်၏။

ထိုမှတပါး သဒ္ဓါဟိရီဩတ္တပ္ပဝိရိယသတိ – ငါးပါးမရှိလျှင် မနေအပ်။ ရှိလျှင် နေအပ်၏။

ထိုမှတပါး အဓိသီလပျက်၏။ အဇ္ဈာစာရပျက်၏။ အတိဒိဋ္ဌိပျက်၏။ အပ္ပသုတဖြစ်၏။ ဒုပ္ပညဖြစ်၏။ ဤငါးပါး ရှိလျှင် မနေအပ်။ အဓိသီလအဇ္ဈာစာရအတိဒိဋ္ဌိမပျက်၊ ဗဟုသုတပညဝန္တ ဖြစ်လျှင် နေအပ်၏။

ထိုမှတပါး အာပတ္တိအနာပတ္တိလဟုကာပတ္တိဂရုကာပတ္တိကို မသိ၊ ပါမောက်နှစ်စောင်အကျယ် ကောင်းစွာ မလာ ကောင်းစွာမသိ၊ ဤငါးပါးရှိလျှင် မနေအပ်၊ အာပတ္တိစသည် သိခြင်း၊ ပါတိမောက် နှစ်စောင် အကျယ်ကောင်းစွာလာ ကောင်းစွာသိခြင်း၊ ဤငါးပါးရှိလျှင် နေအပ်၏။ ကဏှပက္ခ ပဉ္စကငါးဝါရ၊ သုက္ကပက္ခ ပဉ္စကငါးဝါရ အားဖြင့် ဆယ်ပါရပြီး၏။ (ဤ၌ နိဿယမုစ္စကအင်္ဂါ ၂၅-ပါး ဟောသည်။ ဝါ .... ၂၁-ပါး ဟောသည်။ လေးပါးထပ်သည်။)

ချစ်သားတို့ ... အသေက္ခသီလက္ခန္ဓ မပြည့်စုံခြင်း။ ....လ.....။ ဝိမုတ္တိဉာဏဒဿနက္ခန္ဓ မပြည့်စုံခြင်း၊ ငါးဝါ မပြည့်ခြင်း၊ ဤအင်္ဂါ ခြောက်ပါး ရှိသောရဟန်းသည် မမှီမူ၍ မနေအပ်။ ငါးပါးပြည့်စုံခြင်း၊ ငါးဝါ ငါးဝါထက်လွန်ခြင်း၊ ဤခြောက်ပါးရှိလျှင် မမှီမူ၍ နေအပ်၏။

ဤနည်းဖြင့် ယခင် ပဉ္စကရှစ်ဝါရကို ငါးဝါ မပြည့်ခြင်း ၊ပြည့်ခြင်း ထည့်၍ ကဏှ ၄၊ သုက္က ၄၊ ဆက္က ရှစ်ဝါရကို ဟောသည်။ ဤ၌ နိဿယမုစ္စကအင်္ဂါ ၂၄-ပါးဟောသည်။ (ဝါ၊ ၂၁-ပါး ဟောသည်။)

(ထာ ... အဗျတ္တသည် တသက်လုံးဟုဆိုရာ၌ သီတင်းကြီးသော ဆရာကိုမရလျှင် ဝါခြောက်ဆယ်၊ ခုနစ်ဆယ် ရှိစေကာမူ ဗျတ္တဖြစ်သော ရဟန်းငယ်ထံ၌ပင် ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ ... “အာစရိယော မေ အာဝုသော ဟောဟိ။ အာယသ္မတော နိဿာယ ဝစ္ဆာမိ။ ဟု သုံးကြိမ် ဆို၍ နိဿယည်း ယူအပ်၏။ ရွာဝင်ပန်ကြားလျှင်လည်း ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ ဂါမပ္ပဝေသနံ အာပုစ္ဆာမိ အာစရိယ ဟု ဆိုအပ်၏။ ငယ်သော အာစရိယကို ရှိမခိုးအပ်ဟု ပရိဝါဋီကာ၌ဆိုသည်။ (လက်အုပ်ချီခြင်းသည်ကား ရှိခိုးခြင်း မဟုတ် ဟူလို။) အလုံးစုံပန်ကြားခြင်းတို့၌ ဤနည်းတည်း။ ပဉ္စက ဆက္ကတို့၌ နိဿယည်း လွတ်ကြောင်း ဖြစ်သော ဗဟုသုတကို ဘိက္ခုနောဝါဒက အဖွင့်၌ ဆိုအပ်ပြီ။ ထိုအနေမျှ မရှိလျှင် အပ္ပသုတ၊ ရှိလျှင် ဗဟုသုတ ဖြစ်၏။ အကြွင်းဆိုပြီးသောနည်းရှိပြီ။)

(သာဋီ ... ပါတိမောက် နှစ်စောင်အကျယ် ကောင်းစွာလာခြင်း စသည်၌ မာတိကာ အဋ္ဌကထာကို (ဝါ) ကင်္ခါကိုသိလျှင် ဤအလုံးစုံသော အပြားကို သိသည်မည်၏ ဟူ၍ ဂဏ္ဍီသုံးကျမ်းတို့၌ ဆိုသည်။ အာပတ်ကိုသိ၍ စသည်တို့၌ ဤမည်သော အမှုကိုပြုခြင်းကြောင့် ဤအာပတ်သင့်သည်ဟု သိလျှင် အပ်သည်ဟူ၍ ဂဏ္ဍီသုံးကျမ်းတို့၌ ဆိုသည်။

(ဝိဋီ ... မာတိကာအဋ္ဌကထာ ကိုသိလျှင် ပါတိမောက်အကျယ် ကောင်းစွာလာခြင်း စသောအပြားကို သိ၏။ အာပတ္တိကို၊ အနာပတ္တိကို သိခြင်းကို မိမိသိရာဌာနတို့၌ အာပတ် စသည်ကိုရည်၍ ဆိုသည်ဟု မယူအပ်။)

(ဘိက္ခုနောဝါဒက အဖွင့်၌ - နိဿယမုစ္စနကပုဂ္ဂိုလ်သည် -- ရဟန်း သိက္ခာ ငါးဝါရှိသူဖြစ်၍ (၁) အယုတ်ဆုံး ဒွေမာတိကာကို နှုတ်တက် လေ့လာ၍ (၂) သီတင်းနေ့တို့၌ တရားနာခြင်း၊ နာစေခြင်းငှာ သုတ္တန်မှ လေးဘာဏဝါရ-(၂-အင်္ဂါ) ကို သင်ယူအပ်၏။ (၃) ရောက်လာသော ပရိသတ်တို့အား ဟောပြောခြင်းငှာ အန္ဓကဝိန္ဒသုတ်၊ မဟာရာဟုလောဝါဒသုတ်၊ အမ္ဗဋ္ဌသုတ်နှင့်တူသော တခုသော စကားအစဉ်ကို သင်ယူအပ်၏။ (၄) သံဃဘတ်၊ သုမင်္ဂလ၊ ဒုမင်္ဂလတို့အတွက် အနုမောဒနာတရားသုံးပုဒ် သင်ယူအပ်၏။ (၅) ဥပုသ်၊ ပဝါရဏာစသည် သိခြင်းငှါ ကမ္မာကမ္မ ဝိနိစ္ဆယကို သင်ယူအပ်၏၊ (၆) သမာဓိဖြင့်လည်းကောင်း၊ ဝိပဿနာဖြင့် လည်းကောင်း အရဟတ္တပိုလ်ရောက် ကမ္မဋ္ဌာန်းတခုကို သင်ယူအပ်၏။ (၇) ဤခုနစ်ပါးမှုဖြင့် ဤရဟန်းသည် ဗဟုသုတရှိ၍ အရပ်လေးမျက်မှာ နေလိုရာ၌ အစိုးတရ နေနိုင်သည်ဟု ဆို၏။

မုစ္စနင်္ဂကြေးမုံမှ ကောက်နုတ်ချက်ကား ရဟန်းသိက္ခာ ငါးဝါရသူဖြစ်ရမည်၊ (၁) ဒွေမာတိကာ၌ ဤသို့ပြုလျှင် ဤအာပတ်သင့်သည်ဟု ပါဌ်လျောက် အဓိပ္ပါယ်သိအောင် လေ့လာရမည်။ အဓိပ္ပါယ်သိရှိက ပေစာပါလျှင် အပ်တော့သည်။ (၂) အက္ခရာ ရှစ်လုံးတပါဒ၊ လေးပါဒတဂါထာ၊ ဂါထာ ၂၅၀-တဘာဏဝါရ၊ ဂါထာ တထောင်လေးဘာဏဝါရ၊ ဝါ၊ နှစ်အင်္ဂါ၊ ဤမျှသော သုတ္တန် နှုတ်တက် မရသော်လည်း ပေစာပါလျှင် အပ်တော့သည်။ (၃) တစုံတခု ဇာတ်နိပါတ် ဝတ္ထုသက်သေ မှတ်မိစေရသည်။ ရှေးစကား ပြောတတ်စေ ရသည်။ (၄) ရေစက်ချနှင့်တကွ တရားသုံးပုဒ်ရစေရသည်။ (၅) ဧကစာရီ ပုဂ္ဂိုလ်နှင့် ဆက်ဆံသော ဥပုသ်၊ ပဂါရဏာ၊ ပရိဝါသ်၊ မာနတ်၊ အဗ္ဘာနကံ စသည်တို့ကို သိစေရသည်။ (၆) ဤဘဝတွင် မဂ်ဖိုလ်ရစေမည် ဟူသော လုံ့လဖြင့် အားထုတ်ရန် ကမ္မဋ္ဌာန်းစီးဖြန်းနည်း နားလည်ရသည်။ (၇)

ဤ ခုနစ်ပါးတို့တွင် ငါးဝါရ၊ ဒွေမာတိကာ၊ ကမ္မာကမ္မ - ဤအင်္ဂါ သုံးပါးသာ လိုရင်းဖြစ်ပါသည်။ ကြွင်းလေးပါးကား ဒါယကာတို့နှင့် တွေ့ကြုံသောအခါ ဝက်အိုကြီးပမာ ဘာမျှမဟော မပြောတတ်ပဲ မရှိပါ စေလင့်၊ ရာဂစသည်ကို နှိမ်နင်းလွယ်စေ၊ သဒ္ဓါတရား တိုးတက်စေ၊ ရဟန်းအဖြစ် အချည်းနှီး မဖြစ်ပါစေလင့် ဟု အဋ္ဌကထာမိန့်ဆိုသော အင်္ဂါဖြစ်သည်။ အာပတ် အင်္ဂါမဟုတ်ဟု ကောက်နှုတ်အပ်၏။

မာတိကာ၊ ကမ္မာကမ္မ၊ ငါးဝါရဟု၊ လိုရင်းစုနှင့် (၃)။
ဝတ္ထုတပါး၊ တရားသုံးပုဒ်၊ သုတ်နှစ်အင်္ဂါ၊ လာဝနာလည်း (၄)။
မှီရာလွတ်ကြောင်း ခုနစ်တည်း။

လိုရင်းသုံးပါးပြည့်လျှင် နိဿယမုစ္စက အင်္ဂါ ၂၅-ပါး၊၂၄-ပါး၊ ဝါ-၂၁ ပါးလုံးပြည့်၏။ ကျောင်းထိုင်အင်္ဂါနည်းမှီ၍ အယုတ္တအင်္ဂါ၊ အာပတ်အင်္ဂါ စိစစ်အပ်၏။)

ရာဟုလဝတ္ထု

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ မွေ့လျော်သလောက်နေ၍ ကပိလဝတ်သို့ လှည့်လည်၏။ ရောက်သောအခါ သက္ကတိုင်း ကပိလဝတ်၌ နိဂြောဓာရုံ၌ နေတော်မူ၏။ နံနက်၌ သုဒ္ဓေါဒန မင်းကြီး၏ နန်းတော်သို့ကြွသွား၏။ ထိုအခါ ရာဟုလာမင်းသားသည် မိခင်စေလွတ်သောအတိုင်း ဘုရားရှင်ထံ ချဉ်းကပ်၍ ရှေ့တော်၌ရပ်လျက် သုခါ တေ သမဏ ဆာယာ ... ရှင်တော်ဘုရား၏အရိပ် အေးချမ်းပါသည်ဟု ဆို၏။

ဘုရားရှင် ကြွသွားသောအခါ နောက်တော်မှ လိုက်၍ ဒါယဇ္ဇံ မေ သမဏ ဒေဟိ- အမွေပေးတော်မူပါဟုဆို၏။ မြတ်စွာဘုရားသည် ရှင်သာရိပုတြာကို ချစ်သား ... သာရိပုတြာ ရာဟုလာကို ရှင်ပြုလောဟု မိန့်တော်မူ၏။ မြတ်စွာဘုရား အဘယ်သို့ ပြုပေးရပါမည်နည်းဟု လျှောက်လတ်သော်၊ တရားစကားဟောကြား၍၊ ချစ်သား ... သုံးပါးသောသရဏဂုံဖြင့် သာမဏေရပဗ္ဗဇ္ဇကို ခွင့်ပြု၏။

ပြုပေးပုံကား ရှေးဦးစွာ ဆံမုတ်ဆိတ်ပယ်စေ၍ သင်္ကန်းတို့ကိုဝတ်စေ၍ ပခုံးတဘက်၌ ကိုယ်ရုံစမ္ပယ်တင်စေ၍ ရဟန်းတို့၏ခြေတို့ကို ရှိခိုးစေ၍ ဆောင့်ကြောင့် ထိုင်စေ၍ လက်အုပ်ချီစေ၍ ဧဝံဝဒေဟိ-ဟုဆိုအပ်၏။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ …လ.. ဒုတိယမ္ပိ ...လ....... တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိဟု ဆိုအပ်၏။ ချစ်သားတို့ .... ဤသုံးပါးသော သရဏဂုံတို့ဖြင့် သာမဏေရပဗ္ဗဇ္ဇကို ခွင့်ပြု၏ဟု မိန့်တော်မူ၏။

ရှင်သာရိပုတြာသည် ရာဟုလာမင်းသားကို ရှင်ပြုပေး၏။ ထိုအခါ သုဒ္ဓေါဒနမင်းကြီးသည် ဘုရားရှင်ထံ ချဉ်းကပ်၍၊ ရှိခိုး၍ မြတ်စွာဘုရား ... တခုသောဆုကို တောင်းလိုပါသည်ဟု လျှောက်၏။ ဂေါတမအနွယ် ဖြစ်သော ဒါယကာကြီး ... ဘုရားရှင်တို့သည် ဆုကိုလွန်စွာနှစ်သက်ကုန်၏ဟု မိန့်၏။ မြတ်စွာဘုရား ... အပ်သောဆု၊ အပြစ်မရှိသောဆု ဖြစ်ပါသည်။ ဒါယကာကြီး … ဆိုလော။

မြတ်စွာဘုရား .... မြတ်စွာဘုရား ကိုယ်တော်တိုင် ရဟန်းပြုသောအခါ များစွာဆင်းရဲ ဖြစ်ခဲ့ပြီ။ နန္ဒ ရဟန်း ပြုသော အခါလည်း ထို့အတူပါတည်း။ ရာဟုလာရှင်ပြုသောအခါ လွန်ကဲပါသည်။ သားဟူသော ချစ်ခြင်းသည် အရေပါး၊ အရေထူ၊ အသားမာကြော၊ အရိုးတို့ကို ဖြတ်၍ဖြတ်၍ ရိုးတွင်းချဉ်ဆီကိုက်၍ တည်ပါသည်။ မြတ်စွာဘုရား ... အရှင်ကောင်းတို့သည် မိဘခွင့်မပြုသောသားကို ရှင်ပြုမပေးကြရန် တောင်းပန်ပါသည်ဟု လျှောက်၏။ ထိုအခါ မင်းကြီးအား တရားဟော၍ ချစ်သားတို့ … မိဘတို့ ခွင့်မပြုသောသားကို ရှင်ပြုမပေးအပ်။ ပြုပေးငြားအံ့။ ဒုက္ကဋ်။

[ထာ ... သုဒ္ဓေါဒနမင်းကြီးသည် ဘုရားလောင်း တောထွက်သည်မှ စ၍ ငါ့သား ဘုရားဖြစ်မည်ဟု ထွက်သွားသည်။ ဘုရားဖြစ်ပြီလောဟု သတင်း နားစွင့်လျက်သာ နေ၏။ ဒုက္ကရစရိယာကျင့်ခြင်း၊ ဘုရား ဖြစ်ခြင်း၊ ဓမ္မစကြာ ဟောခြင်း စသည်တို့ကိုကြား၍ ယခု ရာဇဂြိုဟ်၌နေသည်ဟု ကြားလတ်သော် အမတ် တယောက်ကို “ငါကြီးပြီ၊ မသေမီ ငါ့သားကိုပြပါလော့” ဟု စေခိုင်း၏။

ထိုအမတ်သည် ကောင်းပါပြီဟုဝန်ခံ၍ ယောက်ျား တစ်ထောင်ခြံရံလျက် ရာဇဂြိုဟ်သို့သွား၍ ဘုရားရှင်အား ရှိခိုး၍နေ၏။ တရားဟောသည်ကိုကြည်ညို၍ ရှင်အဖြစ် ရဟန်းအဖြစ်တောင်း၏။ ဧဟိ ဘိက္ခု ခေါ်၍ ရဟန်းပြုပေးသဖြင့် ပရိသတ်နှင့်တကွ ရဟန္တာဖြစ်၍ ဖလသမာပတ် ချမ်းသာ ခံစားကာနေ၏။ ထိုနည်းဖြင့် နောက်ထပ်တဖန် ရှစ်ယောက် စေလွတ်သော်လည်း ပရိသတ်နှင့်တကွ ရဟန္တာဖြစ်၍ ဖိုလ်ချမ်းသာ ခံစားကာနေ၏။ သတင်း ပြန်ကြားသူ တယောက်မျှမရှိ။

ထိုအခါ ဖွားဖက်တော် ကာဠုဒါယီကို စေလွတ်၏။ “ရှင်ပြုခွင့်ရလျှင် ပြပါမည်” ဟု ဝန်ခံလတ်သော် ရှင်ပြု၍လည်း ငါ့သားကိုသာပြပါလောဟု စေလွှတ်လိုက်၏။ ကာဠုဒါယီသည် ယောက်ျားတထောင် ခြံရံလျက်သွား၍ အားလုံး ရဟန္တာဖြစ်၍ တနေ့၌ လူတို့အလုပ်အကိုင်ပါးချိန်၊ ကြည်းပန်းရေပန်း ပွင့်ချိန်၊ ခရီးသွားကောင်းချိန်၌ မြတ်စွာဘုရားကိုရှိခိုး၍ ဂါထာ ၆၀-တို့ဖြင့် ခရီးသွားခြင်းအကျိုး ချီးကျူး၏၊

အကြောင်းမေးလတ်သော် ခမည်းတော်မင်းကြီး ပင့်ခိုင်းကြောင်း၊ ဆွေတော်မျိုးတော်တို့ကို ချီးမြှောက် သင့်ကြောင်း လျှောက်၏။ မြတ်စွာဘုရားသည် အင်္ဂ မဂဓ တိုင်းသားတသောင်း၊ ကပိလဝတ်ပြည်သား တသောင်း အားလုံး ရဟန္တာ နှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်မှထွက်၍ ယူဇနာခြောက်ဆယ်ဝေးသော ကပိလဝတ်သို့ တနေ့တယူဇနာကျဖြင့် နှစ်လပြည့်အရောက် ဖြည်းဖြည်း ကြွတော်မူ၏။

မြတ်စွာဘုရား ခရီးထွက်သည်မှစ၍ ကာဠုဒါယီ မထေရ်သည် သုဒ္ဓေါဒနမင်းကြီးနန်းတော်၌ ဆွမ်းစား၍ ဘုရားရှင်အလို့ငှါ ဆွမ်းဆောင်ပို့၏။ ခရီးအကြား၌ မင်းကြီး၏ဆွမ်းကိုသာ ဘုရားရှင်ဘုဉ်းပေးတော်မူ၏။ အထေရ်မြတ်လည်း မင်းကြီးအား ယနေ့ဘုရားရှင် ဤအရပ် ဤအရပ်သို့ ရောက်ပြီဟုပြော၍ ဘုရား ဂုဏ်ကျေးဇူးတို့ကို ပြောပြခြင်းဖြင့် သာကီဝင်တို့၏ သဒ္ဓါတရားကို တိုးပွားစေ၏၊ ထို့ကြောင့် ဒါယကာတို့ သဒ္ဓါတိုးတက်စေသူတို့တွင် အတော်ဆုံး - ကုလပ္ပဿာဒက ဧတဒဂ်ရလေ၏။

သာကီဝင်မင်းမျိုးတို့သည် ဘုရားရှင်ရောက်လာသောအခါ ခရီးဦး ကြိုဆို၍ နိဂြောဓသာကီဝင်၏အရံသို့ ပင့်ဆောင်ကုန်၏။ ဘုရားရှင်သည် ရဟန္တာနှစ်သောင်းနှင့် ခင်းထားအပ်သော နေရာမြတ်တို့၌ ထိုင်တော်မူ သောအခါ မာနခက်ထန်သော သာကီဝင်တို့သည် သိဒ္ဓတ္ထမင်းသားကား ငါတို့အောက်ငယ်သည်၊ ငါတို့၏ညီ၊ ငါတို့၏၊ သား၊ မြေး-ဟုကြံ၍ ငယ်ကုန်ငယ်ကုန်သော မင်းသားတို့ကို သင်တို့ရှိခိုးကြလော၊ ငါတို့ကား သင်တို့၏နောက်၌ နေထိုင်ကုန်အံ့ဟု ဆိုကုန်၏။

မြတ်စွာဘုရားသည် ထိုသူတို့၏ နှလုံးသွင်းကိုကြည့်၍ တန်ခိုးဖြင့် ကောင်းကင်းသို့တက်၍ ဖဝါးခြေမှုန့် ကြဲဖြန့်သကဲ့သို့ပြုလျက် ရေမီးအစုံတန်ခိုး ပြတော်မူ၏။ သုဒ္ဓေါဒနမင်းကြီးသည် ထိုအံ့ဖွယ်ကိုမြင်ရ၍၊ မြတ်စွာဘုရား ... မင်္ဂလာနေ့၌ ဗြဟ္မဏတို့အား ရှိခိုးခြင်းငှါ ဆောင်ယူလာသောအခါ ရှင်တော်ဘုရား၏ ခြေတော်တို့သည်လည်၍ ဗြဟ္မဏတို့၏ ဦးခေါင်းထက်၌ တည်သည်တို့ကို မြင်ရသဖြင့်လည်း ရှင်တော်မြတ် ဘုရားကို ပဌမအကြိမ်ရှိခိုးဖူးပါပြီ၊ လယ်ထွန်မင်္ဂလာနေ့၌လည်း သပြေပင်အောက်၌ သိပ်ထားစဉ် သပြေပင်အရိပ်မပြောင်း မလှည့်သည်ကို မြင်ရသဖြင့် ခြေတော်တို့ကို ဒုတိယအကြိမ်ရှိခိုးဖူးပါပြီ၊ ယခုမမြင်စဖူး တန်ခိုးထူးကို မြင်ရသဖြင့်လည်း ခြေတော်တို့ကို ရှိခိုးပါသည်။ ဤကား တတိယအကြိမ် ရှိခိုးခြင်းပါတည်းဟု လျှောက်၏။

မင်းကြီးရှိခိုးသောအခါ ရှိမခိုးသော သာကီဝင်မည်သည်မရှိ၊ အားလုံးရှိခိုးကုန်၏။ ဤသို့ ဆွေတော် မျိုးတော် တို့ကိုရှိခိုးစေ၍ ကောင်းကင်မှသက်ဆင်း၍ ခင်းထားသောနေရာ၌ ထိုင်လတ်သော် အထွဋ်အထိပ်သို့ ရောက်သော ဆွေတော်မျိုးတော် အပေါင်းတို့သည် တပေါင်းတည်း စုဝေးကုန်၏။ ထိုအခါ ကြီးစွာသော မိုးသည် ပေါက္ခရဝဿမိုးကိုရွာသွန်း၏။

နီသောအဆင်းရှိသောရေသည် အောက်၌ မြည်လျက်စီး၏။ အချို့သောသူ၏ကိုယ်၌ ရေတပေါက်မျှမကျ၊ မြတ်စွာဘုရားသည် ယခုအခါ၌သာ ငါ၏ ဆွေတော်မျိုးတော် အစည်းအဝေး၌ ပေါက္ခရဝဿမိုး ရွာသည် မဟုတ်၊ ရှေး၌လည်းရွာဖူးပြီဟု ဤပစ္စုပ္ပန် အတ္ထုပ္ပတ္တိကြောင့် ဝေဿန္တရာဇာတ်တော်ကိုဟော၏။ တရားနာ၍ အားလုံး ထ၍ ရှိခိုး၍ လက်ျာရစ်လှည့်၍ ဖဲသွားကုန်၏။ “နက်ဖြန်အကျွန်ုပ်၏ဆွမ်းကို အလှူခံတော်မူပါ”ဟု လျှောက်ကြား၍သွားသူ မည်သည်မရှိ။

မြတ်စွာဘုရားသည် ဒုတိယနေ့၌ ရဟန်းနှစ်သောင်း ခြံရံလျက် ကပိလဝတ်သို့ ဆွမ်းခံဝင်တော်မူ၏။ ကြိုဆို၍ ပင့်ဖိတ်သူ၊ သပိတ်ယူသူမရှိ၊ တံခါးခုံသို့ရောက်လတ်သော် ရပ်တော်မူလျက် ရှေးရှေးဘုရားရှင်တို့သည် အိမ်စဉ် မချွတ်စေပဲ အိမ်စဉ်မပြတ် ဆွမ်းခံလှည့်လည်ကုန်၏။ ဤ ဗုဒ္ဓအနွယ်ကို ငါချီးမြှောက်အံ့။ နောင်အခါ သာဝကတို့လည်း ငါတို့အတုလိုက်၍ ဆွမ်းခံဝတ်ဖြင့် ကျင့်နိုင်ကုန်လတ္တံ့ ဟုဆင်ခြင်၍ အစွန်ဆုံးအိပ်မှစ၍ အိမ်စဉ်မပြတ် ဆွမ်းခံခြင်းငှါ လှည့်လည်တော်မူ၏။

လူတို့သည် ဘုရားရှင်ဆွမ်းခံကြွသည်ကို ကြည့်ရှုခြင်းငှါ အားထုတ်ကုန်၏။ ရာဟုလမာတာဒေဝီသည်လည်း အရှင့်သားသည် ဤမြို့၌ ကြီးစွာသော မင်းအာနုဘော်ဖြင့် ရွှေထမ်းစင် စသည်စီးလျက် လှည့်လည်သည်၊ ယခုဆံမုတ်ဆိတ်ပယ်၍ ဖန်ရည်ဆိုးသောအဝတ်ဝတ်လျက် သပိတ်ခွက်လက်စွဲကာ ဆွမ်းခံလှည့်လည်သည် တင့်တယ်၏လောဟု မြတ်သော လေသာပြုတင်းဖွင့်လှစ်၍ ကြည့်ရှုလတ်သော် ကိုယ်တော်ရောင်ဖြင့် ထွန်းလင်း တင့်တယ်သည်ကိုမြင်၍ ရှစ်ခုသော နရသီဟဂါထာတို့ဖြင့် ချီးမွမ်း၍ မင်းကြီးအား ထိုအကြောင်းကို ပြောကြား၏။

မင်းကြီးသည် ဆောလျင်စွာ ဘုရားရှင်ရှေ့တော်သို့သွား၍ အရှင်ဘုရား ... အဘယ်ကြောင့် အကျွန်ုပ်တို့ကို ရှက်စေဘိသနည်း၊ အဘယ်အကျိုးငှါ ဆွမ်းခံကြပါသနည်း၊ ဤမျှလောက်သော ရဟန်းတို့အတွက် ဆွမ်းမရနိုင်ဟု အမှတ်ရှိပါသလောဟု လျှောက်၏။ မြတ်သောမင်းကြီး၊ ဤဆွမ်းခံသွားခြင်းသည် ငါတို့၏ အနွယ်အလေ့ တည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ... အကျွန်ုပ်တို့၏ မဟာသမ္မတရတ္တိယ အနွယ်၌ ဆွမ်းခံသွားသည် မည်သောမင်းသည် မရှိစဘူးပါဟု လျှောက်လက်သော်၊ မင်းကြီး … ဤ မဟာသမ္မတ ခတ္တိယနွယ်သည် သင်မင်းကြီးတို့၏ အနွယ်ဖြစ်သည်၊ ငါတို့အနွယ်ကား ဗုဒ္ဓဝံသအနွယ် ဖြစ်သည်။ အလုံးစုံသော ဘုရားရှင်တို့သည် ဆွမ်းခံ ကြွကုန်သည်ဟုဆို၍ လမ်းမ၌ ရပ်တော်မူလျက် ဥတ္တိဋ္ဌေ နပမဇ္ဇေယျဂါထာဖြင့် ဆွမ်းခံကျင့်ဝတ် မချွတ်သင့်ကြောင်း ဟောတော်မူ၏။

ဂါထာအဆုံး၌ မင်းကြီး သောတာပန်တည်၏။ (ဤ၌ စကားစပ်၍ဆိုဘွယ်ကား နန်းတော်ရောက်သောအခါ) ဓမ္မံစရေ သုစရိတံ ဂါထာကို နာရ၍ မင်းကြီး သကဒါဂါမ်တည်၏။ ဓမ္မပါလဇာတ်တော် နာရ၍ အနာဂါမ် တည်၏။ သေရာညောင်စောင်းလျောင်းသောအခါ ထီးဖြူအောက်၌ လျောင်းစက်လျက်သာလျှင် အရဟတ္တဖိုလ်သို့ရောက်၏။ မင်းကြီးအား တော၌နေ၍ တရားအားထုတ်ရခြင်း မရှိ၊ (ဤကား စကားစပ်၍ ဆိုခြင်းတည်း။)

လမ်းမ၌ သောတာပန်တည်ပြီးသောအခါ မင်းကြီးသည်သပိတ်တော်ကိုယူ၍ ပရိသတ်နှင့်တကွ နန်းတော်သို့ ပင့်၍ ဆွမ်းလုပ်ကျွေး၏။ ထိုအခါ မင်းမောင်းမအပေါင်း လာ၍ရှိခိုး၏။ ရာဟုလမာတာကား ငါအား ဂုဏ်ကျေးဇူး ရှိလျှင် အလိုလိုကြွလာလတ္တံ့၊ ထိုအခါရှိခိုးမည်ဟု မသွားပဲနေ၏။ မြတ်စွာဘုရားသည် အဂ္ဂသာဝက နှစ်ပါးနှင့် အတူကြွသွား၏။ မင်းသမီးသည် ဖမျက်တို့၌ကိုင်၍ ဖမိုးပြင်၌ အကြိမ်ကြိမ် ဦးတိုက်လျက် အလိုရှိတိုင်း ရှိခိုး၏။

မင်းကြီးသည် မင်းသမီး၏ဂုဏ်ထူးကို ချီးကျူးကာ လျှောက်ကြား၏။ မြတ်သောမင်းကြီး၊ ယခုဉာဏ်ရင့်၍ သင်မင်းကြီး စောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ထိန်းနိုင်ခြင်းသည် အံ့ဘွယ်မဟုတ်၊ ရှေးအခါ စောင့်ရှောက်သူကင်းလျက် တောင်ခြေ၌ ဉာဏ်မရင့်မီ မိမိကိုယ်ကို စောင့်ထိန်းဖူးပြီဟု စန္ဒကိန္နရီဇာတ်ကို ဟော၏။

ထိုနေ့၌လည်း နန္ဒမင်းသားအား ကေသဝိဿဇ္ဇန-ဥသျှောင်တုံးရန် ဦးစွန်းဖြေမင်္ဂလာ လည်းကောင်း၊ ပဋဗန္ဓ-သင်းကျစ်ဆောင်းမင်္ဂလာ လည်းကောင်း၊ ဃရမင်္ဂလ-အိမ်တက်မင်္ဂလာ လည်းကောင်း၊ အာဝါဟ မင်္ဂလ - ထိမ်းမြားမင်္ဂလာ လည်းကောင်း၊ ဆတ္တမင်္ဂလ - အိမ်ရှေ့မင်း ထီးဆောင်းမင်္ဂလာ လည်းကောင်း၊ ဤသို့ မင်္ဂလာငါးပါးတို့ ဖြစ်ကုန်၏။

မြတ်စွာဘုရားသည် နန္ဒကို သပိတ်ယူစေ၍ မင်္ဂလာစကားဆို၍ ကြွတော်မူ၏။ ဇနပကလျာဏီ မြင်သောအခါ အရှင့်သား မြန်မြန်ပြန်လာခဲ့ပါဟု ဆို၍ လည်ဆန့်ကာ မျှော်ကြည့်လိုက်၏။ နန္ဒသည် မြတ်စွာဘုရားကို သပိတ် ယူတော်မူပါဟု မလျှောက်ဝံ့သဖြင့် ကျောင်းတော်သို့ရောက်လတ်သော် အလိုဆန္ဒ မရှိသော နန္ဒကိုရှင် ရှင်ပြုပေး၏။ မြတ်စွာဘုရားသည် ကပိလဝတ်သို့ ရောက်၍ ဒုတိယနေ့တွင် နန္ဒကိုရှင်ပြုပေး၏။

ခုနစ်ရက်မြောက် သတ္တမနေ့တွင် ရာဟုလာ၏မိခင်သည် ရာဟုလာမင်းသားကို တန်ဆာဆင်၍ ချစ်သား-ရဟန်းနှစ်သေင်း ခြံရံလျက် ရွှေအဆင်းဖြင့် ဗြဟ္မာကြီးအလား ရဟန်းမင်းဘုရားသည် မောင့်ခမည်းတော် ဖြစ်သည်၊ ရွှေအိုးကြီးတို့ ရှိကုန်၏။ တောထွက်သည်မှစ၍ မမြင်ရ၊ သွားချေ၊ စကြာမင်း ဖြစ်ရအောင် အမွေတောင်းချေလောဟု စေလွှတ်၏။

ရာဟုလာသည် ဘုရားရှင်ထံသွား၍ ခမည်းတော်ဟူသော ချစ်ခြင်းဖြင့် ဝမ်းမြောက်စွာ သုခါ တေ သမဏဆာယာ ဟု ဆို၍ မိမိနှင့်လျှော်စွာ စကားတို့ကို ဆို၍ ရပ်တည်၏။ မြတ်စွာဘုရားသည် ဆွမ်းကိစ္စပြီး၍ တရားဟော၍ ကြွသွားသောအခါ ဒါယဇ္ဇံ မေ သမဏ ဒေဟိ-အမွေအနှစ် ပေးတော်မူပါဟု ဆို၍ လိုက်သွား၏။

ဘုရားရှင်လည်း ပြန်မလွှတ်သဖြင့်၊ ပရိသတ်လည်း ပြန်နစ်စိမ့်သောငှါ မဝံ့သဖြင့်၊ ကျောင်းတော်သို့ ရောက်လတ်သော် ရာဟုလာသည် ဝဋ်ဒုက္ခမကင်းသော ဥစ္စာအမွေကို အလိုရှိ၏၊ ဗောဓိမဏ္ဍိုင်၌ရသော အရိယာဥစ္စာကိုပေးအံ့၊ လောကုတ္တရာအမွေ၏ သခင်ပြုအံ့ ဟု ကြံ၍၊ ချစ်သားသာရိပုတ္တရာ ရာဟုလာသည် အမွေတောင်း၏။ လောကုတ္တရာ အမွေရစိမ့်သောငှါ ရှင်ပြုပေးလောဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဗာရာဏသီ၌ သရဏဂုံဖြင့်ရှင်အဖြစ်၊ ရဟန်း အဖြစ်ကို ခွင့်ပြု၏။ နောက်၌ ရဟန်း အဖြစ်ကိုပယ်၍ ဉာတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်ကို ခွင့်ပြု၏။ ရှင်အဖြစ်ကိုလည်းမပယ်၊ နောက်ထပ်လည်း ခွင့်မပြု၊ နောင်အခါ ရဟန်းတို့သည် ရှင်အဖြစ်ကို ကမ္မဝါစာဖြင့်သာ ပြုရအံ့လောဟု ယုံမှားဖွယ်ရာရှိ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် တဖန်လည်း သရဏဂုံဖြင့် ရှင်အဖြစ်ကိုခွင့်ပြုလိုရကား၊ ဘုရားရှင်၏ နှလုံးသွင်းကို ရှင်သာရိပုတြာသိ၍ တဖန်ခွင့်ပြုစေလိုသောကြောင့်၊ မြတ်စွာဘုရား အဘယ်သို့ ပြုပေးရပါမည်နည်းဟု လျှောက်ခြင်းဖြစ်သည်။

ရာဟုလာအား ရှင်မောဂ္ဂလာန်သည် ဆံချ၍ သင်္ကန်း ဝတ်ပေး၍ သရဏဂုံတို့ကို ပေး၏။ မဟာကဿပ မထေရ်သည် ဩဝါဒဆရာဖြစ်၏။ ရှင်အဖြစ် ရဟန်းအဖြစ် ဟူသည် ဥပဇ္ဈာယ်အရင်းရှိ၏။ ဥပဇ္ဈာယ်သာ အစိုးရ၏။ ထို့ကြောင့် ရှင်သာရိပုတြာ ရှင်ပြုပေးသည်ဟုဆိုအပ်၏။ အချို့ စာမူ၌ ရှင်သာရိပုတြာသည် သရဏဂုံတို့ကိုပေးသည်ဟု ဆို၏။

ဤသို့ မင်းသားရှင်ပြုသည်ဟု ကြားရသောအခါ ထိတ်လန့်သော စိတ်နှလုံးဖြင့် မင်းကြီးလာ၍လျှောက်၏။ ထိုသို့ လျှောက်ရာ၌ ဆွမ်းခံ၍ အသက်မွေးသော ရဟန်းအား ဆုကို တောင်းလိုပါသည်ဟု သာမန် လျှောက်ခဲ့လျှင် တောင်းဟုခွင့်ပြုခြင်းသည် မလျောက်ပတ်၊ ဘုရားရှင်တို့၏ အလေ့လည်းမဟုတ်၊ ထို့ကြောင့် ဒါယကာကြီး ဘုရားရှင်တို့သည် ဆုကို လွန်စွာနှစ်သက်ကုန်၏ ဟု မိန့်ဆို၏။ အပ်သောဆု အပြစ်မရှိသောဆု ဟူသည်ကား အကြင်ဆုမျိုးကို ပေးခြင်းငှါ အရှင်ဘုရားတို့အားလည်း အပ်ပါသည်။ အပြစ်မရှိပါ။ အကျွန်ုပ်အားလည်း ဝန်ခံခြင်းကြောင့် ပညာရှိတို့ မကဲ့ရဲ့ထိုက်ပါ။ ထိုဆုမျိုးကိုတောင်းပါ၏ဟူလို။

ဘုရားလောင်းကို မင်္ဂလာနေ့၌ နိမိတ်ဘတ်ဆရာတို့သည် စကြာမင်းဖြစ်လတ္တံ့ ဟုဟောသကဲ့သို့ နန္ဒမင်းသား၊ ရာဟုလာမင်းသား တို့ကိုလည်း ဟောကုန်၏။ ထို့ကြောင့် မင်းကြီးသည် သား၏ စကြာမင်းအသရေကို မြင်ရတော့မည်ဟု မျှော်လင့်၏။ မြတ်စွာဘုရား ရဟန်းပြုခြင်းကြောင့် ကြီးစွာသော မျှော်လင့်ချက် ပျက်သော်လည်း နန္ဒမင်းသား၏ စကြာမင်းအသရေကို မြင်ရဦးလတ္တံ့ ဟု မျှော်လင့်ပြန်၏။ ထိုနန္ဒကိုလည်း မြတ်စွာဘုရား ရှင်ပြုပေးပြန်ပြီ၊ ထိုဆင်းရဲကို သည်းခံ၍ ယခုရာဟုလာ၏ စကြာမင်းအသရေကို မျှော်လင့်နေရာ ရာဟုလာကိုလည်း ရှင်ပြုပေးပြန်သဖြင့် အမျိုးအနွယ်လည်းပြတ်ပြီ၊ စကြာမင်းအသရေ အဘယ်မှာ ရှိတော့အံ့နည်းဟု လွန်ကဲစ္စာ ဆင်းရဲခဲ့၏။ ထို့ကြောင့် ရာဟုလာ ရှင်ပြုသောအခါ လွန်ကဲပါသည်ဟု လျှောက်၏။ ထိုအခါ မင်းကြီး အနာဂါမ်မတည်သေး၊ ထို့နောက်မှတည်သည်ဟု သိသာ၏။

မြတ်စွာဘုရား ... အရှင်ကောင်းတို့သည် မိဘခွင့်မပြုသူကို ရှင်ပြု မပေးရန် တောင်းပန်ပါသည်ဟု လျှောက်ခြင်း အကြောင်းကား၊ ငါသည် ဘုရား, တရား, သံဃာ၌ မြတ်နိုးသူဖြစ်လျက် မိမိ၏အဘသည် သား (ရာဟုလာ) ကို ရှင်ပြုပေးသောအခါ ဆွေမျိုး ကွေကွင်းခြင်း ဆင်းရဲကို သည်းခံခြင်းငှါ မတတ်နိုင်၊ တပါးသောသူတို့ကား အဘယ်မှာ တတ်နိုင်ကုန်အံ့နည်း၊ ထိုဒုက္ခမျိုး သူတပါးအား မဖြစ်ပါစေလင့်ဟု နှလုံးသွင်း၍ လျှောက်၏။ မြတ်စွာဘုရားသည် သာသနာ၌ ထွက်မြောက်ကြောင်းကို မင်းကြီးဆိုပေသည် ဟု တရားဟော၍ မိဘတို့ ခွင့်မပြုသောသားကို ရှင်ပြု မပေးအပ်ဟု သိက္ခာပုဒ်ပညတ်တော်မူသည်။

ပန်ကြားထိုက်သောမိဘ

ထိုသိက္ခာပုဒ်၌ မွေးဖွားသော မိစစ်ဘစစ်ကိုရည်၍ မိဘတို့ဟုဆိုသည်။ ရှိလျှင် နှစ်ယောက်လုံး ပန်ကြား အပ်၏။ တယောက်ယောက်သေလျှင် ရှိသူကိုပန်ကြားအပ်၏။ ရှင်ရဟန်းပြုနေသော မိဘကိုလည်း ပန်ကြားအပ်သည် သာတည်း။ အချို့စာ၌ ရှင်ရဟန်းပြုပြီးမှသော်လည်း ပန်ကြားအပ်သည်သာ ဟုမူကွဲ၏။

ဆရာကိုယ်တိုင်သွား၍သော်လည်း ပန်ကြားအပ်၏။ သူတပါးကိုသော်လည်း စေလွှတ်အပ်၏။ ထိုရှင်လောင်း ရဟန်းလောင်းတို့ကို သော်လည်း သွား၍ မိဘတို့ကိုပန်ကြားလော ဟုစေလွှတ်အပ်၏။ ခွင့်ရခဲ့ပါပြီဟုဆိုအံ့၊ ယုံကြည်လျှင် ရှင်ပြုပေးအပ်၏။ (မယုံကြည်ပဲ သံသယဖြင့် ရှင်ပြုပေးလျှင် အာပတ်သာတည်း။)

ဖခင်ကိုယ်တိုင် ရှင်ရဟန်းပြု၍ သားကိုလည်း ပြုပေးစေလိုအံ့ မိခင်ကိုပန်၍သာ ပြုပေးအပ်၏။ မိခင်သည်လည်း သမီးကို ရှင်ပြုပေးစေလိုအံ့၊ ဖခင်ကိုပန်၍သာ ပြုပေးအပ်၏။ ဖခင်သည် သားမယားကို စွန့်ပြေးအံ့၊ မိခင်က ဤသူငယ်ကို ရှင်ပြုပေးပါ၊ သူ့ဖခင်သည်ကား စိတ်ပျော်ရာ ထွက်သွားပါပြီဟု ဆိုအံ့၊ ပြုပေးခြင်းငှါအပ်၏။ မိခင်စွန့်ပြေး၍ ဖခင်လာအပ်ရာ၌လည်း ဤနည်းသာတည်း။

ဖခင်တခြားနေခိုက် မိခင်လာအပ်၍ အရှင်မြတ်တို့အာ သူငယ်၏ ဖခင်ဖြင့် အကျိုးမရှိပါ၊ တပည့်တော် သိစေပါမည်ဟုဆိုအံ့၊ ပြုပေးခြင်းငှါ အပ်သည်ဟု ကုရုန္ဒီ၌ဆို၏။ မိဘနှစ်ဦးလုံးသေ၍ မိကြီးမိထွေးစသည် တို့ထံ ကြီးပွားသူကို ရှင်ပြုပေးလျှင် ဆွေမျိုးတို့ငြင်းခုံခြင်း၊ ရှုတ်ချခြင်း ပြုတတ်ကြသည်။ ထို့ကြောင့် ငြင်းခုံခြင်း ကင်းအောင် ပန်ကြား၍သာ ပြုပေးအပ်၏။ မပန်ကြားပဲ ပြုပေးလျှင်ကား အာပတ်မရှိ။ ငယ်စဉ်က ယူ၍မွေးစားသော မိဘ၌လည်း ဤနည်းသာတည်း။

မိဘကို အမှီပြုသော သားဖြစ်အံ့၊ ပြည့်ရှင်မင်းဖြစ်စေကာမူ ပန်ကြား၍သာ ပြုပေးအပ်၏။ မိဘခွင့်ပြု၍ ရှင်ပြု၍ လူထွက်သူဖြစ်အံ့၊ အကြိမ်တရာရှိစေကာမူ လာတိုင်း ပန်ကြား၍သာ ပြုပေးအပ်၏။ လာတိုင်းလာတိုင်း ပြုပေးကြပါ၊ ပန်ကြားဖွယ်မရှိပါဟု လွတ်လွတ်ဆိုအံ့၊ မပန်ကြားပဲလည်း ပြုပေးခြင်းငှါ အပ်၏။ ငယ်စဉ်ကပင် ဤသူငယ်ကို အလိုရှိသောအခါ ရှင်ပြုပေးကြပါဟု လှူထားအံ့၊ လာတိုင်း မပန်ကြားမူ၍သာ ရှင်ပြုပေးအပ်၏။ ငယ်စဉ်က ခွင့်ပြုသော်လည်း ကြီးသောအခါ ခွင့်မပြုကုန်အံ့၊ မပန်ကြားပဲရှင်ပြုမပေးအပ်။

မပန်ပဲ ပြုပေးအပ်ပုံ

သူငယ်တယောက်သည် မိဘတို့နှင့်ငြင်းခုံခဲ့၍ ရှင်ပြုပေးပါဟု ရောက်လာအံ့၊ ပန်ကြား၍လာလော ဟုဆိုအပ်၏။ မိဘတို့ထံ မသွားလို၊ ရှင်ပြုမပေးလျှင် ကျောင်းမီးရှို့မည်။ အရှင်မြတ်တို့ကိုလည်းကောင်း၊ အရှင်မြတ်တို့၏ ဒါယကာတို့ကိုလည်း ကောင်းနှိပ်စက်မည်၊ သစ်ပင်မှ ခုန်ချ၍သော်လည်း သေမည်။ သူခိုး ဒမြတို့ထံဝင်မည်၊ အရပ်တပါးသွား မည်ဟုဆိုအံ့၊ အသက်ကိုစောင့်ရှောက်ခြင်းဖြင့် ရှင်ပြုပေးခြင်းငှါ အပ်၏။

မိဘတို့က အဘယ်ကြောင့် ရှင်ပြုပေးကြသနည်း ဟုဆိုလျှင် ထိုအကြောင်း ပြောပြ၍ အသက်ကို စောင့်ရှောက်ခြင်းဖြင့် ရှင်ပြုပေးထားသည်၊ သင်တို့၏ သားဖြင့် သင်တို့ထင်ရှားစွာ သိကြလောဟုဆိုအပ်၏။ သစ်ပင်မှခုန်ချမည်၊ တက်၍ လက်ခြေတို့ကို လွှတ်သူကိုကား ရှင်ပြုပေးခြင်းငှါ အပ်သည်သာတည်း၊

အရပ်တပါးသို့သွား၍ ရှင်အဖြစ် တောင်းအံ့၊ ပန်ကြားသွားသူကို ရှင်ပြုပေးအပ်၏။ မပန်ကြားရသေးလျှင် ရဟန်းငယ်ကို စေလွတ်၍ ပန်ကြားစေ၍ ရှင်ပြုပေးအပ်၏။ ဝေးလွန်းလျှင် ရှင်ပြုပေးပြီးသော်လည်း ရဟန်းတို့နှင့်အတူ စေလွှတ်၍ ပြုခြင်းငှါ အပ်၏။

ကုရုန္ဒီ၌ကား ဝေးလွန်း၍ ဘေးရန်ရှိသော ခရီးဖြစ်အံ့ “သွား၍ ပန်ကြားမည်”ဟူ၍ ရှင်ပြုပေးခြင်းငှါ အပ်သည်ဟု ဆို၏။ သားယောကျ်ား များစွာတို့တွင် အလိုရှိသူကို ရှင်ပြုပေးကြပါဟု ဆိုကုန်အံ့၊ စုံစမ်း၍ အလိုရှိသူကို ရှင်ပြု ပေးအပ်၏။ တမျိုးလုံး၊ တရွာလုံးက ဤအမျိုး၌ ဤရွာ၌ အလိုရှိသူကို ရှင်ပြုပေးကြပါဟု ခွင့်ပြုအံ့၊ အလိုရှိသူကို ပြုပေးအပ်၏။ ။ ရာဟုလ ဝတ္ထုပြီး၏။

(သာဋီ ... အမတ်တို့သည် ရဟန္တာဖြစ်သောအခါ လျစ်လျူရှုလျက် မင်းကြီးစေလွတ်သော သတင်းစကားကို မလျှောက်ကြားမူ၍သာ နေကုန်၏၊ တနေ့တည်းဖွားမြင်သော ဖွားဖက်တော် ကာဠုဒါယီကား ပဒုမုတ္တရဘုရား ရှင်လက်ထက်၌ - ကုလပ္ပသာဒက တဒဂ်ဆုတောင်း၍ ကောင်းမှုပြု၍ ငါတို့ ဘုရားလောင်း ပဋိသန္ဓေယူသော နေ့၌ ကပိလဝတ်ပြည်တွင် အမတ်အိမ်၌ ပဋိသန္ဓေယူသူ ဖြစ်၏။ တနေ့တည်းဖွား၍ ထိုနေ့၌ပင် ဘုရားအလောင်းအား ခစားခြင်းငှါ ဆောင်ယူအပ်သူဖြစ်၏။

ဘုရားလောင်းနှင့် အတူဖြစ်သော ဖွားဖက်တော်တို့ကား ဗောဓိပင်၊ ရာဟုလမာတာ၊ ရွှေအိုးကြီး လေးလုံး၊ အာရောဟနိယဟတ္ထိခေါ် စီးတော်ဆင်၊ ကဏ္ဍိကဆန္ဒကာဠုဒါယီ ဟု ခုနစ်ဦးဖြစ်ကုန်၏။ (ဗုဒ္ဓဝင် အဋ္ဌကထာ၌ အာနန္ဒာဟုဆို၏။ စီးတော်ဆင်မပါ။)

ပေါက္ခရဝဿမိုးကား ပေါက္ခရပတ္တဝဏ္ဏ - ကြာရွက်အဆင်း ရှိသောရေဟု ဂဏ္ဍိတို့၌ဆို၏။ ကြာရွက်အနေ အလယ်၌ကြွခုံး၍ အစဉ်အတိုင်း အထပ်ထပ် ရာထောင်ဖြစ်၍ ရွာသောမိုးဟူ၍လည်းဆိုကုန်၏။ ယိုမိုးရွာသော အခါ စွတ်လိုသူတို့သာ စွတ်ကုန်၏။ မစွတ်လိုသူတို့ မစွတ်ကုန်။

တရားနာ၍ ပြန်ကြသောအခါ ဆွေတော်မျိုးတော်တို့လည်း ဆွမ်းစားမပင့်ကြ။ ခမည်းတော်မင်းကြီးလည်း ငါ့သားသည် ငါ့နန်းတော်မလာပဲ အဘယ်သို့ သွားအံ့နည်းဟု မပင့်ပဲပြန်သွား၍ ရဟန်းနှစ်သောင်းအတွက် ယာဂုစသည်ကိုစီရင်၍ နေရာခင်းထား၏၊

ဓမ္မံစရေ-ဟူသော ဒုတိယဂါထာကို နန်းတော်တွင်း၌ ဟောသည်။ ထို့ကြောင့် ထေရဂါထာအဋ္ဌကထာ၌ ဆရာဓမ္မပါလမထေရ် မိန့်ဆိုသည်မှာ ... ဒုတိယနေ့၌ ဆွမ်းခံကြွစဉ် ဥတ္တိဋ္ဌေနပ္ပမဇ္ဈေယျ-ဂါထာဖြင့် ခမည်းတော်ကို သောတာပန်တည်စေ၍ နန်းတော်သို့ ရောက်သောအခါ ဓမဉ္စ္မရေ- ဂါထာဖြင့် မဟာပဇာပတိကို သောတာပန်၊ မင်းကြီးကို သကဒါဂါမ်တည်စေသည်ဟု မိန့်ဆို၏။ ဓမ္မပဒ အဋ္ဌကထာ၌လည်း ဤနည်းပင်ဆို၏။

တဖန် တခုသောနေ့၌ မင်းကြီးသည် မြတ်စွာဘုရား၊ အရှင်ဘုရားတို့ ဒုက္ကရစရိယာကျင့်စဉ် နတ်တယောက် လာ၍ သင့်သား သေပြီဟု ပြောပါသည်၊ မယုံကြည်သဖြင့် “ဘုရားမဖြစ်ပဲ ငါ့သားမသေနိုင်”ဟု ပယ်လိုက် ပါသည်ဟု လျှောက်၏။ ယခုအဘယ်သို့ ယုံကြည်ကုန်အံ့နည်း၊ ရှေး၌လည်း အရိုးတို့ကို ပြ၍ သင့်သားသေပြီဟု ဆိုသည်ကိုမယုံကြည်ဘူးပြီဟု ဤအတ္ထုပ္ပတ္တိကြောင့် ဓမ္မပါလဇာတ်တော်ကို ဟော၏။ ထိုအခါ မင်းကြီး အနာဂါမ်တည်၏။

ဇနပဒကလျာဏီကား ဇနပုဒ်၌ မြတ်သောမိန်းမဖြစ်၏။ မမြင့်လွန်း မနိမ့်လွန်း မဝလွန်း မမဲလွန်း မဖြူလွန်း ကိုယ်အပြစ်ခြောက်ပါး ကင်း၏။ လူကိုလွန်ပြီး နတ်နီးနီးလှ၏။ အရေ၊ အသား၊ အကြော၊ အရိုး၊ အရွယ်- ကောင်းခြင်းငါးပါး ရှိ၏။ အရောင်တန်ဆာ ဆင်ဖွယ်မရှိ၊ ၁၂−တောင် ကိုယ်ရောင်လင်း၏။ ညိုစိမ့်နှင့် အသားဝင်းသည်။ အရေကောင်းမည်၏။ လက်ခြေနှုတ်ခမ်း နီမြန်းလျက် အသားကောင်း လက်သည်း ခြေသည် ၂ဝ-နီ၍ အသားလွတ်ရာဖြူလျှင် အကြောကောင်း။ သွား ၃၂-ညီလှလျှင် အရိုးကောင်း...။ အသက် ရာကျော် သော်လည်း ဆံမဖြူ အရေမတွန့် ၁၆-နှစ် အရွယ်ဖြစ်လျှင် အရွယ်ကောင်းမည်၏။ ဤသို့ ငါးဖြာကောင်းခြင်း၊ ခြောက်ပြစ်ကင်းကို ဇနပဒကလျာဏီဟုဆိုသည်။

လှေကားဦးတွင် မြတ်စွာဘုရားသည် သပိတ်တော်ကို ယူလတ္တံ့ဟူ၍ လည်းကောင်း၊ လှေကားအောက်၌ ယူလတ္တံ့၊ မင်းရင်ပြင်၌ယူလတ္တံ့၊ ထိုထိုနေရာ၌ယူလတ္တံ့ ဟူ၍လည်းကောင်း၊ နန္ဒမင်းသား စိတ်ကြံသော်လည်း ဘုရားရှင်မယူသဖြင့် ကျောင်းတော်သို့ အရောက်လိုက်သွား၍ ဘုရားရှင်က၊ နန္ဒ၊ ရှင်ပြုမည်လောဟု မေးလတ်သော် ရိုသေခြင်းဖြင့် မပြုလိုဟုမဆိုပဲ ပြုလိုပါသည်ဟုဆိုသဖြင့်၊ ယင်းသို့ဖြစ်လျှင် နန္ဒကို ရှင်ပြုပေးကြလောဟု မိန့်ဆို၍ ရှင်ပြုစေ၏။

မြတ်စွာဘုရားသည် ကပိလဝတ်သို့ရောက်၍ တတိယနေ့တွင် နန္ဒကို ရှင်ပြုပေးသည်ဟု ဓမ္မပဒအဋ္ဌကထာ၌ ဆို၏။ အင်္ဂုတ္တိုရ်ဋ္ဌကထာ၌လည်း ထို့အတူ၊ တတိယနေ့တွင်ဟုဆို၏။ ဤ ဝိနည်း ဋ္ဌကထာ၌ကား ဒုတိယနေ့တွင် ဟုဆို၏။ ထိုစကားအားလုံးကို ရှင်ဗုဒ္ဓဃောသ အဋ္ဌကထာဆရာသည် ထိုထို နိကာယ်ဆောင်တို့၏ မိမိတို့ကြားဖူးတိုင်း ဆောင်လာကြသောကြောင့် ထိုထိုအဋ္ဌကထာ၌ ထိုထိုစကားကို အမျိုးမျိုးခွဲ၍ဆိုသည်။ ရှေ့နောက်ဆန့်ကျင်သည်ဟု မဆိုအပ်။)

(ဝိဋီ ... ပေါက္ခရဝဿမိုး ဟူသည် ကြာတော၌ရွာသော မိုးကဲ့သို့ဖြစ်၏၊ မစွတ်လိုသူတို့၏ကိုယ်မှ လျောကျသော မိုး ဖြစ်၏။ မစွတ်လိုသူတို့ မစွတ်ကုန်၊ မိမိဥစ္စာ မင်းစည်းစိမ်၌ ဥစ္စာနှစ်အားလုံးကို ကိုယ်တော်တိုင် ခံစားနိုင်လတ္တံ့ ဟု အလေးပြုခြင်းဖြင့် မင်းကြီးသည်လည်း ဆွမ်းအလှူခံရန် မပင့်ဖိတ်၊ နန်းတော်၌ကား တညဉ့်လုံး အလှူကြီးကိုလည်းကောင်း၊ နေရာ ထိုင်ခင်းကိုလည်းကောင်း စီရင်လျက် အချိန်ကုန်စေ၏။ “မိမိ၏ခမည်းတော်၏ နန်းတော်သို့သာ ဘုရားရှင်ကြွလတ္တံ့” ဟူသော အမှတ်သညာဖြင့် သပိတ်တော်ကိုယူသူ တစုံတယောက်မျှမရှိ။

မင်းကြီး သောတာပန်တည်ပြီးနောက် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ပုံတို့ကို စကားစပ်လျဉ်း၍ တဆက်တည်း ဆိုသည်။ မြတ်စွာဘုရားသည် ထိုနေ့၌သာ သွား၍မကြည့်ရှုလျှင် ရာဟုလမာတာသည် နှလုံး ကွဲ၍ သေရာ၏။ ထို့ကြောင့် အဂ္ဂသာဝက နှစ်ပါးနှင့်အတူ ကြွသွားသည်။ ထို ရာဟုလမာတာကို သွား၍ ကြည့်ရှုသော နေ့၌သာလျှင် နန္ဒကို ရှင်ပြုပေးသည်။ ဓမ္မပဒအဋ္ဌကထာ၌ ဘုရားရှင် ကပိလဝတ်သို့ ရောက်၍ တတိယနေ့တွင်ဟု ဆိုသည်။

ကေသဝိဿဇ္ဇနကား ဘုရင်ဥသျှောင်ထုံးခြင်းငှါ ဝါ-ဘုရင်မကိုဋ်ဖွဲ့ဆောင်ခြင်းငှါ မင်းသား ကာလဖွဲ့သော ဦးစွန်းသျှောင်ထုံးကို ဖြေခြင်းတည်း။ ထိုသျှောင်ထုံးကို ဖြေဆိုသူတို့သည် မင်္ဂလာမှုပြုကုန်သတတ်။ ပဋဗန္ဓကား .... “ဤမည်သော မင်း” ဟု နဖူး၌ ရွှေပြားဖွဲ့ခြင်းတည်း။ ဃရမင်္ဂလာကား ... အသစ်ဖြစ်သော ပြာသာဒ်၌ ဝင်ခြင်း မင်္ဂလာတည်း။ ဆတ္တမင်္ဂလာကား ... ထီးစိုက်ထူခြင်း မင်္ဂလာတည်း။

ဇနပုဒ်နယ်တခု၌ အလှဆုံးမိန်းမသည် ဇနပဒကလျာဏီ မည်၏။ နန္ဒသည် ရှင်ပြခြင်းငှါ စိတ်ဖြင့် မနှစ်သက်သော်လည်း ဘုရားရှင် မေးသောအခါ ရိုသေခြင်းဖြင့် မပယ်ဝံ့၍ နှုတ်ဖြင့်ဝန်ခံ၏။ ထို ဝန်ခံခြင်း အမြွက်ဖြင့် ရှင်ပြုပေးသည်။ ရာဟုလာ ရှင်ပြုသောအခါ နန္ဒရှင်ပြုစဉ်ကထက် စိတ်ဒုက္ခပိုလွန်သောကြောင့် ထိုအခါ မင်းကြီးအနာဂါမ် မတည်သေး၊ အနာဂါမ်တို့အား ချစ်ခြင်းမုန်းခြင်းမရှိ၊ သားဟူသောချစ်ခြင်း၏ ထက်သန်ပုံကား ထိုချစ်ခြင်း စိတ္တုပ္ပါဒ်သည် မိမိနှင့်အတူဖြစ်ဖက် ပီတိဟုန်ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့ကို တကိုယ်လုံးချောက်ချားစေ၍ ဖြစ်ခြင်းကြောင့် ခြင်ဆီကိုထိ၍ တည်သည်မည်၏။)

နိုင်သလောက် ရှင်များစွာမွေးခွင့်

မြတ်စွာဘုရားသည် ကပိလဝတ်မှကြွ၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူသောအခါ ရှင်သာရိပုတြာ၏ ဒါယကာသည် ရှင်သာရိပုတြာထံသို့ ဤသူငယ်ကို ရှင်ပြုပေးတော်မူပါဟု သူငယ်ကို စေလွတ်၏။ ရဟန်းတပါးသည် သာမဏေ နှစ်ပါးတို့ကို မလုပ်ကျွေးစေအပ်ဟု ပညတ်ထားသည်။ ငါ့အားဤ- ရာဟုလာသာမဏေရှိပြီ၊ အဘယ်သို့ပြုရပါအံ့နည်းဟုကြံ၍ ဘုရားရှင်အား လျှောက်၏။ ချစ်သားတို့ ... ဗျတ္တပဋိဗလရဟန်းသည် သာမဏေနှစ်ပါးကို လုပ်ကျွေးစေခြင်းငှါ လည်းကောင်း၊ ဆုံးမကြံဖြစ်ခြင်းငှါ စွမ်းနိုင်သမျှ သာမဏေတို့ကို လုပ်ကျွေးစေခြင်းငှါလည်းကောင်း ခွင့်ပြု၏။

ဆယ်ပါးသီလ

ထိုအခါ သာမဏေတို့အား ငါတို့၏ သိက္ခာပုဒ်တို့သည် အဘယ်မျှတို့နည်း။ အဘယ်၌ ကျင့်ရအံ့နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... သာမဏေတို့အား ဆယ်ပါးသောသိက္ခာ ပုဒ်တို့ကိုခွင့်ပြု၏။ ထိုဆယ်ပါးတို့၌ သာမဏေတို့ကျင့်ခြင်းငှါလည်း ခွင့်ပြု၏။

  • ပါဏာတိပါတာ ဝေရမဏိ
    (ပါဏာတိပါတာ၊ ပါဏာတိပါတစေတနာ မှ။
    ဝေရမဏိ၊ ရှောင်ကြဉ်ကြောင်း ဝိရတိလည်းကောင်း။
    ဤသို့ ဝိရတီ သီလသိက္ခာပဒဖြစ်အောင် အနက်ပေး။)
  • အဒိန္နာဒါနာ....။
  • အဗြဟ္မ စရိယာ...။
  • မုသာဝါဒါ......။
  • သူရာမေရယ မဇ္ဇပမာဒဋ္ဌာနာ......။
  • ဝိကာလ ဘောဇနာ...။
  • နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿန......။
  • မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ...။
  • ဥစ္စာသယန မဟာသယနာ.......။
  • ဇာတရူပရဇတ ပဋိဂ္ဂဟဏာဝေရမဏိ (၅)

ချစ်သားတို့ ... သာမဏေတို့အား ဤ ဆယ်ပါးသော သိက္ခာပုဒ်တို့ကို ခွင့်ပြု၏။ ဤ ဆယ်ပါးတို့၌ သာမဏေတို့ ကျင့်ခြင်းငှါလည်း ခွင့်ပြု၏။

[ထာ … ဆယ်ပါးသော သိက္ခာပုဒ်တို့တွင် ရှေ့ငါးပါးကိုလွန်ကျူးခြင်းသည် နာသနဝတ္ထုဖြစ်၏။ (ဝါ- ပါရာဇိက ဌာနဖြစ်သောကြောင့် အသွင်ကိုဖျက်ဆီးခြင်း၏ အကြောင်းဖြစ်၏။) နောက်ငါးပါးကို လွန်ကျူးခြင်းသည် ဒဏ္ဍကမ္မဝတ္ထုဖြစ်၏။]

(သာဋီ ... သိဒ္ဓိတဗ္ဗာနိပဒါနိ-သိက္ခာပဒါနိ၊ ကျင့်အပ်သော အဖို့အစုတို့သည် သိက္ခာပဒတို့ မည်ကုန်၏။ တနည်း ... သိက္ခာယပဒါနိ-သိက္ခာပဒါနိ၊ သိက္ခာသုံးပါးရကြောင်းတို့သည် သိက္ခာပဒတို့ မည်ကုန်၏။ အဓိသီလစသော သိက္ခာသုံးပါး၏ (ဝါ-မဂ္ဂင်ရှစ်ပါး၏) ရကြောင်း မဟာကုသိုလ် ဝိရတီသုံးခုရ၏။ (သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ- သုံးခုသည် သိက္ခာပဒမည်၏ ဟူလို။)

သတ္တဝါသည် (ဝါ) ဇီဝိတိန္ဒြေသည် ပါဏမည်၏။ ထိုပါဏကို မိမိ သဘောအတိုင်း ဖြည်းဖြည်း ကျင့်ခွင့်မပေး၊ လက်နက်စသည်ဖြင့် နှိပ်စက်၍ လျင်စွာကျစေခြင်းသည် ပါဏာတိပါတ မည်၏။ ပါဏ၌ ပါဏသညာရှိသူ၏ အသက်ပြတ်ကြောင်း ကိုယ်နှုတ်ပယောဂကို ဖြစ်စေသော ဝဓက စေတနာရ၏။ ထို ဝဓကစေတနာမှ ရှောင်ကြဉ်ကြောင်း မဟာကုသိုလ် ဝိရတီသည် ဝေရမဏိမည်၏။ ဝိရမတိ ဧတာယာတိ ဝိရမဏိ။ နိရုတ္တိနည်းဖြင့် ဝေရမဏိဖြစ်၏။ (ဤကာရန္တဣတ္ထိလိင်။) တနည်း ... ဝေရံ+မဏတီတိ ဝေရမဏိ

ရန်သူပါပဓမ္မကို နှင်ထုတ်တတ်သော ဝိရတီသည် ဝေရမဏိ မည်၏။ “ဟယ်ပါပဓမ္မ၊ ဤ၌ငါရှိလျက် သင် အဘယ်ကြောင့်လာသနည်း” ဟု ခြိမ်းခြောက်သကဲ့သို့ နှင်ထုတ်တတ်သော ဝိရတီဟူလို။ ဤ၌ သမုစ္ဆေဒ စွမ်းဖြင့်ဖြစ်သော လောကုတ္တရာဝိရတီကို မယူအပ်၊ သမာဒါနစွမ်းဖြင့်ဖြစ်သော လောကီဝိရတီကိုသာ ယူအပ်၏။

မပေးသောဥစ္စာကို ယူခြင်းသည် အဒိန္နာဒါန မည်၏။ သူတပါး သိမ်းဆည်းသောဥစ္စာ၌ သူတပါး သိမ်းဆည်း သည်ဟု အမှတ်သညာရှိလျက် ကိုယ်နှုတ်ဖြင့်ယူကြောင်း ခိုးလိုသော ထေယျစေတနာ ရ၏။

မမြတ်သော အကျင့်သည် ဝါ-ယုတ်ညံ့သော မိန်းမယောက်ျား နှစ်ယောက်၏အကျင့်သည် အဗြဟ္မစရိယ မည်၏။ မသူတော်အကျင့်ကို မှီဝဲလို၍ ကိုယ်၌ဖြစ်သောမဂ်ဖြင့် မဂ်၌သွင်းကြောင်း မေထုနစေတနာ ရ၏။

မဟုတ်မမှန်သော ဝတ္ထုသည် မုသာမည်၏။ မုသာကို အဟုတ်အမှန်အားဖြင့် သိအောင် ပြုခြင်းသည် မုသာဝါဒ မည်၏။ မှားဟုသိလျက် အမှန်ဟုသူတပါးသိအောင် ကိုယ်နှုတ်ဖြင့် ပြုလိုသူ၏ ချွတ်ယွင်းစေသော စေတနာရ၏။

မုံ့ညက်ကိုခွက်၌ထည့်၍ ရေသင့်ရုံဖြင့်နယ်၍ ပြုသောသေသည် ပိဋ္ဌသုရာ မည်၏။ ထို့အတူ မုံ့ကိုပြုလျှင် ပူဝသုရာ။ ထမင်းကိုပြုလျှင် ဩဒနသုရာ၊ သေမျိုးစေ့ဖြစ်သော တဆေးတို့ကိုထည့်၍ ပြုလျှင် ကိဏ္ဏပက္ခိတ္တာ မည်၏။ ဖန်ခါးမုန်ညင်းစသော သမ္ဘာရအမျိုးမျိုးနှင့် ယှဉ်စပ်လျှင် သမ္ဘာရသံယုတ္တာ မည်၏။ ဤကား နယ်၍ပြုသော သေငါးပါး၊ သုရာငါးပါးတည်း။

မုန့်ညက်, မုန့်, ထမင်း (၃) ဆေး, ဖန်သွင်း (၂) နယ်ခြင်း သေငါးပါး၊ သစ်မည်စည်ပွင့် ထန်းပွင့် အုန်းပွင့် စသည်၏ ကြာမြင့်စွာ စိမ်အပ် ထုံအပ်သော သစ်ပွင့်အရည် အရက်သည် ပုပ္ဖါသဝ မည်၏။ ထို့အတူ ပိန္နဲ စသည်၏ သစ်သီးအရည်သည် ဖလာသဝ မည်၏။ သစ်မည်စည်သီးအရည်သည် မဓွာသ၀ မည်၏။ ကြံရည်သည် ရဋ္ဌသဝ မည်၏။ ဖန်ခါး သျှီသျား ငရုတ်စသော သမ္ဘာရအမျိုးမျိုး၏ ကြာမြင့်စွာ စိမ်အပ် ထုံအပ်သောအရည်သည် သမ္ဘာရ သံယုတ္တ မည်၏။ ဤကား စိမ်၍ ပြုသောအရက် ငါးပါး-မေရယငါးပါး တည်း။ ပွင့်, သီး, စည်, ကြံ (၄) တိဖလံ (၁) စိမ်ပြန်အရက်ငါး။

ထိုသုရာမေရယ အားလုံးသည် သောက်သူကို မူးယစ်စေသောကြောင့် မဇ္ဇမည်၏။ ထိုမဇ္ဇကို သောက်ကြောင်း စေတနာသည် မေ့လျော့ခြင်း၏ အကြောင်းဖြစ်သောကြောင့် ပမာဒဋ္ဌာန မည်၏။ သုရာငါးပါး၊ မေရယငါးပါး ဟူသော မဇ္ဇ၌ မေ့လျော့ကြောင်း ဖြစ်သော သောက်ကြောင်းသည် သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာန မည်၏။

အရုဏ်တက်သည်မှစ၍ နေမွန်းတည့် အထိသည် ဘုရားစသော အရိယာတို့၏ အစာစားရာ အချိန်ကာလ မည်၏။ ထိုမှတပါးသော အခါသည် ဝိကာလမည်၏။ ယာဂုထမင်းစသော ယာဝကာလိကဝတ္ထု အားလုံးသည် ဘောဇနမည်၏။ ဘောဇနကိုစားမျိုခြင်းသည် ဝိကာလဘောဇန မည်၏။ ကာယဒွါရ၌ဖြစ်သော ဝိကာလဘောဇနစေတနာ ရ၏။

ကိုယ်တိုင် ကခြင်းသည် လည်းကောင်း၊ သူတပါးကို ကစေခြင်းသည် လည်းကောင်း နစ္စမည်၏။ ထို့အတူ သီချင်းသီစေခြင်းသည် ဂီတ မည်၏။ တီးမှုတ်ခြင်းသည် ဝါဒိတမည်၏။ ထိုနစ္စစသည်ကို ကြည့်ရှူ နားထာင် ခြင်းသည် ဝိသုကဒဿန မည်၏။

ဝိသုက-သာသနာ၏ကြောင့် ကျင်သဖွယ်ဖြစ်သော၊
ဒဿန-ကြည့်ရှုခြင်း၊
သဝန – နားထောင်ခြင်း၊

ဒဿနသဒ္ဓါဖြင့် သဝနကိုလည်းယူသည်။ ထိုကြည့်ရှုနားထောင်ခြင်းသည် ရာဂ ဖြစ်ကြောင်းဖြစ်သည်။ သဗ္ဗပါပဿ အကရဏံ-ဟု ဘုရားရှင်၏ ဆုံးမခြင်းသာသနာကို လျော်စေသည် မဟုတ်။ ဆန့်ကျင်စေသော အကျင့်ဖြစ်၏။ အယုတ်ဆုံးအားဖြင့် ဥဒေါင်းကခြင်း စသော နစ္စစသည်တို့ကို ငြောင့်တံကျင်သဖွယ် ကြည့်ရှုနားထောင်ခြင်းမှ ဝါ၊ ဖြစ်ကြောင်းစေတနာမှ ရှောင်ကြဉ်ရသည်။

နစ္စစသည်ကို ဘိက္ခု၊ ဘိက္ခုနီတို့အား ပြုခြင်းငှါလည်း မအပ်။ ပြုစေခြင်းငှါလည်း မအပ်။ ကြည့်ရှု နားထောင်ခြင်းငှါလည်း မအပ်။ ကြည့်ရှုလို၍ သွားကြည့်သူအား လွန်ကျူးခြင်း ဖြစ်သည်။ မိမိနေရာသို့ ရောက်လာသည်ကိုလည်းကောင်း၊ ခရီးသွားစဉ် ရင်ဆိုင်မြင်ရသည်ကို လည်းကောင်း ကြည့်သူအားကား ညစ်နွမ်းခြင်းသည်သာ ဖြစ်သည်၊ လွန်ကျူးခြင်း မဖြစ်။

ပန်းကုံးသည်လည်းကောင်း၊ ပန်းပွင့်သည်လည်းကောင်း၊ ပန်းဟူသမျှသည် မာလာမည်၏။ နံ့သာပြောင်း မှတပါးသော အထုံ၊ အမှုန့်၊ အခိုး စသော နံ့သာအားလုံးသည် ဂန္ဓမည်၏။ လိမ်းကျံစရာသွေး၍ စီရင်သော အရေအဆင်းလှကြောင်း အပျော့အပျောင်း အားလုံးသည် ဝိလေပန မည်၏။ တန်ဆာဆင်ခြင်းသည် ဓာရဏ မည်၏။ နိမ့်ရာချိုင့်ရာပြည့်အောင် ပြုခြင်းသည် မဏ္ဍန မည်၏။ အနံ့ကောင်းအောင် အရေအဆင်းလှအောင် ပြုခြင်းသည် ဝိဘူသန မည်၏။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်ဋ္ဌကထာတို့၌လည်း ဤနည်းအတိုင်းသာ ဆိုသည်။

ခုဒ္ဓပါဋ္ဌ အဋ္ဌကထာ၌ကား မာလာစသော သုံးပုဒ်၌ ဓာရဏစသော သုံးပုဒ်ကို အစဉ်အတိုင်း ယှဉ်စပ်အပ်၏ ဟုဆိုသည်။ အကြောင်းစေတနာသည် ဌာနမည်၏။ လူများအပေါင်းသည် ဒုဿီလ၏ ဖြစ်ကြောင်း အကြင် စေတနာဖြင့် ပန်းပန်ခြင်းစသည်ကိုပြု၏။ ထိုပြုကြောင်း ဒုဿီလစေတနာသည် မာလာဂန္ဓဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာန မည်၏။

ဥစ္စာ-ပမာဏလွန်အောင်မြင့်သော+သယန-ညောင်စောင်းစသော အိပ်ရာနေရာသည် ဥစ္စာသယန မည်၏။ မဟာ-မအပ်သော မြတ်သော အဘိုးတန်ကော်ဇော စသည်ဖြင့် ခင်းသော + သယန ခြေရှည်ညောင်စောင်း စသည်သည် မဟာသယန မည်၏။ နေရာကိုပယ်လျှင် ထိုနေရာ၌ ထိုင်ခြင်းအိပ်ခြင်း ကြိယာကို ပယ်ပြီးသာဖြစ်၏။ ထို့ကြောင့် ထိုမြင့်သော နေရာ၌သုံးဆောင်လို၍ ထိုင်ခြင်း၊ အိပ်ခြင်း (နှစ်ပါး) ကို ဖြစ်စေသော စေတနာမှ ရှောင်ကြဉ်ကြောင်း ဝိရတီကိုပြသည်ဟု မှတ်အပ်၏။

ရွှေသည် ဇာတရူပ မည်၏။ ကဟာပဏ-ဒင်္ဂါးအသပြာသည်လည်းကောင်း၊ မာသက-ကြေး၊ သံ၊ ချိပ်၊ သစ်သား စသည်ဖြင့် ရောင်းဝယ်သုံးစွဲရန်ပြုသော ပဲရုပ်သည်လည်းကောင်း ရဇတ မည်၏။ ထိုနှစ်မျိုးကို ခံယူခြင်းသည် ဇာတရူပ ရဇတ ပဋိဂ္ဂဟဏ မည်၏။ ကိုယ်ဖြင့်ခံယူခြင်း၊ နှုတ်ဖြင့် ခံယူစေခြင်း၊ စိတ်ဖြင့် လက်ခံသာယာခြင်း (ဝါ- ငါတို့အား မအပ်ဟု စိတ်ဖြင့်မပယ်ခြင်း) ဟု ခံယူခြင်း သုံးမျိုးရှိ၏။ ထို့ကြောင့် ခံယူခြင်း သုံးမျိုးလုံးပင် မအပ်။ ဤသိက္ခာပုဒ်တို့သည် လူတို့အားလည်း ဆက်ဆံကုန်၏။

ဥပါသကာ-ဥပါသိကာတို့၏ နိစ္စငါးပါးသီလသည် လည်းကောင်း၊ အားထုတ်နိုင်သောအခါ ဆယ်ပါးသီလ၊ ဥပေါသထင်္ဂရှစ်ပါးသီလသည် လည်းကောင်း ဂဟဋ္ဌသီလမည်၏။ နောက်ဆုံး သိက္ခာပုဒ်ကိုဖယ်၍ နစ္စာဒိ၊ မာလဒိ သိက္ခာပုဒ်နှစ်ခုကို တခုတည်း ပေါင်းခြင်းဖြင့် ဥပေါသထင်္ဂသီလ ဖြစ်၏။

(ဝိဋီ ... (ထူးရာမျှကား) နစ္စဂီတ စသည်ကို ကြည့်ရှုနားထောင်ခြင်းသည် လည်းကောင်း၊ ငုံးတိုက်ခြင်း၊ ကြွေအန်ကစားခြင်း၊ မြွေကစားခြင်း စသည် သည်လည်းကောင်း၊ ဝိသူကဒဿန မည်၏။ (သာသနဆူးငြောင့် မည်၏။) ချည်စသည်ဖြင့်ပြုသော တန်ဆာအလို့ငှါ ပန်ဆင်အပ်သော ပန်းဟူသမျှသည် မာလာမည်၏။ ဥစ္စာ ဟူသည် ဥစ္စနှင့်အနက်တူသော နိပါတ်ပုဒ် ဖြစ်၏။ ပုလဲ၊ ပတ္တမြားစသော ရတနာ၊ စပါး၊ လယ်ယာ စသည်တို့ကိုလည်း ရဇတသဒ္ဒါဖြင့် ယူအပ်ကုန်၏။)

(ဝိနယကုက္ကုစ္စ ထက်သန်သော မထေရ်ဝါဒများ။ ဆပ်ပြာမွှေး သုံးခြင်းကို ဝိဘူသနဟု တားမြစ်ကုန်၏။ အပေါင်၏ အောက်၌အခြေ- ဘုရားရှစ်သစ်၊ မဇ္ဈိမတတောင်၊ ပကတိ တတောင့်ထွာထက်လွန်သော၊ မဉ္ဇ- ညောင်စောင်း၊ ပီဌ-အင်းပျဉ်သည် ဥစ္စာသယန မည်၏။ ပမာဏမလွန်အောင် အခြေကိုဖြတ်၍ သုံးလျှင် အပြစ်မရှိ။ အခြေ၌ ခြင်္သေ့ရုပ်၊ ကျားရုပ် စသည်ရှိသော ပလ္လင်္ကသည် မဟာသယန မည်၏။ အရုပ်ကိုဖျက်၍ ဖြုတ်၍ သုံးအပ်၏။ လဲသွတ်သော ဘုံလျှိုမွေ့ရာသည် မဟာသယန မည်၏။ လဲထုတ်၍ သုံးအပ်၏။

လေးထောင့်အညီ အာသန္နီညောင်စောင်းကား အခြေရှည်သော်လည်း အပ်သည်။ ထိုအပ်သော အခြေ ညောင်စောင်း၌ လည်းကောင်း၊ ပမာဏလွန်သော မဉ္စ၊ ပီဌ ရိုးရိုး၌လည်းကောင်း၊ သားမွေး အခင်း ကော်ဇော စသည်ခင်းလျှင် မဟာသယနမည်၏။ မြေ၌ ကြမ်း၌ ချခင်း၍ သုံးအပ်၏။ ဇာတရူပရဇတကို စိတ်ဖြင့် လက်ခံသာယာခြင်းကား ... ကိုယ်နှုတ်ဖြင့် ပယ်ခြင်းမပြုသော အကြိယသမုဋ္ဌာန်ကြောင့် မအပ်။ ကိုယ်နှုတ်ဖြင့် ပယ်လျှင် စိတ်သာယာသော်လည်း အပြစ်မရှိ။ စိတ်ဖြင့်ပယ်လျှင် ကိုယ်နှုတ်မပယ်လည်း အပြစ်မရှိ။)

ဒဏ္ဍကမ္မဝတ္ထု

ထိုအခါ သာမဏေတို့သည် ရဟန်းတို့၌ ရိုသေခြင်းမရှိကုန်နားထောင်ခြင်း မရှိကုန်။ ရဟန်းတို့ကို ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ငါးပါးသော အင်္ဂါနှင့်ပြည့်စုံသော သာမဏေအား ဒဏ္ဍကမ္မ ပြုခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့အား လာဘ်မရအောင် လုံ့လပြု၏။ ရဟန်းတို့အား အကျိုးမဲ့ ဘေးရန်ဖြစ်အောင် လုံ့လပြု၏နေရာမရအောင်လုံ့လ ပြု၏။ ရဟန်းတို့ကို ဆဲရေး၏ရေရွတ်၏။ ရဟန်းတို့ကို ရဟန်းတို့နှင့် ကွဲပြားအောင် ဂုံးတိုက်၏။ ဤ အင်္ဂါငါးပါးနှင့် ပြည့်စုံသော သာမဏေအား ဒဏ်မှုပြုခြင်းငှါ ခွင့်ပြု၏။

ထိုအခါ ရဟန်းတို့အား အဘယ်သို့လျှင် ဒဏ္ဍကမ္မကို ပြုအပ်သနည်းဟု အကြံဖြစ်၏။ ဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ ... အာဝရဏ-တားမြစ်ခြင်းကို ပြုခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့သည် သာမဏေ တို့အား သံဃံ အရံတခုလုံးကို တားမြစ်ခြင်းကို ပြုကုန်၏။ သာမဏေတို့သည် အရံတွင်းသို့ ဝင်ခွင့်မရသဖြင့် ဖဲသွားကုန်၏။ လူထွက်ကုန်၏။ တိတ္ထိတို့ထံ ပြောင်းကုန်၏။ ချစ်သားတို့ ... သံဃအရံ တခုလုံးကို တားခြင်းကိုမပြုအပ်...။ ဒုက္ကဋ်။

ချစ်သားတို့ ... နေရာအရပ်၊ သက်ဝင်ရာ အရပ်တို့၌ တားခြင်းကို ပြုခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့သည် သာမဏေတို့အား ခံတွင်းဖြင့်သုံးဆောင်အပ်သော အာဟာရကို တားကုန်၏။ လူတို့သည် ယာဂု သောက်ပါ၊ ဆွမ်းစားပါဟုဆိုသောအခါ ဒါယကာတို့၊ ငါတို့မှာစားခွင့်မရ၊ ရဟန်းတို့ တားမြစ်ထားသည်ဟု ဆိုကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့... ခံတွင်းဖြင့်သုံးဆောင်အပ်သော အာဟာရကို တားခြင်းကို မပြုအပ်။ ဒုက္ကဋ်။   ။ ဒဏ္ဍကပ္ပဝတ္ထု ပြီး၏။

[ထာ ... ရဟန်းတို့ကို ကြီးကဲစိုးရသောနေရာ၌ မတားခြင်းသည် နားထောင်ခြင်းမရှိ မည်၏။ အပ္ပဋိဿ မည်၏။ ဤကျောင်း၌ မနေနိုင်အောင်ဟု အားထုတ်ခြင်းသည် နေရာမရအောင်လုံ့လပြုသည် မည်၏။ ဘေးကိုပြ၍ ခြိမ်းခြောက်ခြင်းသည် ရေရွတ်သည်မည်၏။ ဤအရပ်သို့မဝင်ရ ဟု တားခြင်းသည် အာဝရဏ မည်၏။ နေရာအရပ်၊ သက်ဝင်ရာအရပ် နှစ်ခုဖြင့် မိမိ၏နေရာ ကျောင်းငယ်ပရိဝေဏကို လည်းကောင်း၊ ဝါစဉ်ဖြင့် ရောက်သော သေနာသနကို လည်းကောင်း ဆိုသည်။

ယနေ့ မခဲရ၊ မစားရဟု တားခြင်းသည် ခံတွင်းဖြင့် သုံးဆောင်အပ်သော အာဟာရကို တားခြင်း ဖြစ်၏။ မခဲရ မစားရဟု တားသော ရဟန်းအားလည်းကောင်း၊ အာဟာရ တားမည်ဟု သပိတ်သင်္ကန်းကို အတွင်း၌ ထားသော ရဟန်းအားလည်းကောင်း၊ ပယောဂတိုင်း ဒုက္ကဋ်။

အကျင့်မကောင်းသော် လည်းကောင်း၊ အဆိုခက်သော် လည်းကောင်း၊ သာမဏေအား ဒဏ္ဍကမ္မပြု၍ ယာဂုဆွမ်း သပိတ် သင်္ကန်း ပြပြီးလျှင် ဤမျှသော ဒဏ္ဍကမ္မဆောင်လျှင် ဤ ဥစ္စာ-ရလတ္တံ့ ဟု ဆိုခြင်းငှါ အပ်၏။ ဘုရားရှင်သည် တားမြစ်ခြင်း အာဝရဏကိုသာ ဒဏ္ဍကမ္မဟု မိန့်ဆိုသည်။ သင်္ဂါယနာတင် မထေရ်တို့ကား အပြစ် အားလျော်စွာ ရေ၊ ထင်း၊ သဲစသည်ကို ဆောင်ခိုင်းခြင်းကိုသော်လည်း ပြုအပ်၏ဟု ဆိုကုန်၏။ ထို့ကြောင့် ထိုအမှုကိုလည်းပြုအပ်၏။ ထိုဒဏ်အမှုကိုလည်း နောင်ရှောင်ကြဉ်လတ္တံ့ဟု သနား စောင့်ရှောက်ခြင်းအားဖြင့် ပြုရသည်။ ပျက်စီးလတ္တံ့၊ လူထွက်လတ္တံ့ စသော အလိုဆိုးဖြင့် မပြုအပ်။ ဒဏ်ပေးမည်ဟုသာ ကျောက်၌ အိပ်ခိုင်းခြင်း၊ ကျောက်အုတ် စသည်ကို ဦးခေါင်း၌ ရွက်ခိုင်းခြင်း၊ ရေ၌ငုပ်ခိုင်းခြင်းတို့ကား မအပ်ကုန်။]

(သာဋီ ... ဂဏ္ဍိပဒအလိုကား မိမိ၏ပရိဝေဏသည် ပုဂ္ဂလိကဝါစဉ်ဖြင့် ရောက်သော သေနာသနသည် သံဃိကဖြစ်၏။ ငါတို့အလိုကား နေရာ အရပ်သည် သံဃိကဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ သာမဏေ၏ အမြဲနေရာ ဖြစ်၏။ သက်ဝင်ရာအရပ်သည် လုပ်ကျွေးခြင်း စသည်ကြောင့် သာမဏေတို့ အမြဲသက်ဝင်ရာ ဆရာ ဥပဇ္ဈာယ်၏ နေရာဖြစ်၏။ မိမိ၏ ပရိဝေဏသည် ဆရာ ဥပဇ္ဈာယ်၏နေရာ ဖြစ်၏။ ဝါစဉ်ဖြင့်ရောက်သော သေနာသနသည် သာမဏေ၏နေရာဖြစ်၏။ ထိုနေရာနှစ်ခုလုံး သံဃိကဖြစ်စေ၊ ပုဂ္ဂလိက ဖြစ်စေ တားခြင်းကို ပြုအပ်သည်သာတည်း။

မုခဒွါရဖြင့် သုံးဆောင်အပ် သောအစာသည် မုခဒွါရိက မည်၏။ ဒဏ္ဍေန္တိ ပိနေန္တိ ဧတေနာတိဒဏ္ဍာကာတဗ္ဗန္တိကမ္မံ ဒဏ္ဏောယေဝကမ္မံ၊ ဒဏ္ဍကမ္မံ၊ တားမြစ်ခြင်း စသည်သည် ဆုံးမကြောင်းဒဏ္ဍ၊ ပြုအပ်သောကမ္မ ဖြစ်သောကြောင့် ဒဏ္ဍကမ္မမည်၏။ နှိပ်ကွပ်ခြင်းကို ပြုခြင်းပင်တည်း။

ဝိဋီ ... နေရာအရပ်သည် သာမဏေ၏ ဝါစဉ်ဖြင့် ရသည်ဖြစ်စေ၊ မိမိဥစ္စာဖြစ်စေ အမြဲနေရာ သေနာသနဖြစ်၏။ သက်ဝင်ရာအရပ်သည် ဆရာဥပဇ္ဈာယ်၏နေရာ သေနာသနဖြစ်၏။ ဒဏ္ဍေန္တိ ပိနေန္တိဧတေနာတိ ဒဏ္ဍော၊ နှစ်သက်စေကြောင်း ပြုအပ်သော အမှုသည် ဒဏ္ဍကမ္မ မည်၏။ (ဝိနေန္တိသည် ပိနေန္တိဟု အက္ခရာချွတ်သည် ဟူ၍သော်လည်း အကြံအပ်၏။ တားမြစ်ခြင်းစသည်ပင်တည်း။)

သူတပါးတပည့်

ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆရာဥပဇ္ဈာယ်တို့ကို မပန်ကြားပဲ သာမဏေတို့အား တားမြစ်ခြင်းကိုပြုကုန်၏။ ဆရာ ဥပဇ္ဈာယ်တို့မြင်၍ လိုက်ရှာကြကုန်၏။ ဆဗ္ဗဂ္ဂီတို့ တားမြစ်ထားသည်ကို သိ၍ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဥပဇ္ဈာယ်တို့ကိုမပန်ကြားပဲ တားမြစ်ခြင်းကို မပြုအပ်။ ဒုက္ကဋ်။

ဆဗ္ဗဂ္ဂီတို့သည် မထေရ်တို့၏ သာမဏေတို့ကို ဖြားယောင်းကုန်၏။ မထေရ်တို့သည် ကိုယ်တိုင် ဒန်ပူ မျက်နှာသစ်ရေယူရသဖြင့် ပင်ပန်းကုန်၏။ ချစ်သား ... သူတပါး၏ပရိသတ်ကို မဖြားယောင်းအပ်။ ဒုက္ကဋ်။

ထာ ... အရှင်မြတ်တို့၏ သာမဏေအား အပြစ် ဤသို့ရှိပါသည် ဒဏ္ဍကမ္မပြုတော်မူကြပါ။ နှိပ်ကွပ်ပါဟု သုံးကြိမ်ဆိုသော်လည်း ဥပဇ္ဈာယ်သည် ဒဏ်မပေးငြားအံ့၊ ထိုအခါ မိမိကိုယ်တိုင် ဒဏ်ပေးခြင်းငှါအပ်၏။ ဥပဇ္ဈာယ်သည် အစကတည်းက ငါ၏သာမဏေများအား အပြစ်ရှိလျှင် ဒဏ်ပေးကြလောဟုဆိုအံ့၊ ဒဏ်ပေး ခြင်းငှါအပ်၏။ သာမဏေတို့အားကဲ့သို့ သဒ္ဓိဝိဟာရိက၊ အန္တေဝါသိက ရဟန်းတို့အားလည်း ဒဏ်ပေးခြင်းငှါ အပ်၏။

သပိတ်ပေးမည်၊ သင်္ကန်းပေးမည် စသည်ဖြင့် မိမိထံလုပ်ကျွေး၍ နေစေခြင်းငှါ၊ ချီးမြှောက်ခြင်းသည် ဖြားယောင်းသည်မည်၏။ သာမဏေဖြစ်စေ၊ ရဟန်းဖြစ်စေ၊ အယုတ်ဆုံး ဒုဿီလ ဘိက္ခု၏ ပရိသတ်ရဟန်း၊ သာမဏေကို သော်လည်း ဖျက်ဆီး၍ ယူခြင်းငှါ မအပ်။ အပြစ်ကိုပြောဆိုခြင်းငှါကား အပ်၏။ သင်သည် ရေချိုးရန်လာလျက် မစင်လိမ်းသကဲ့သို့ ဒုဿီလကိုမှီ၍ နေဘိ၏ စသည်ဖြင့် အပြစ်ကိုပြောဆိုအပ်၏။ ထိုသူသည် အလိုလိုအသိဉာဏ်ဖြစ်၍ ဥပဇ္ဈာယ်ကို နိဿယည်းကိုတောင်းအံ့၊ ပေးခြင်းငှါအပ်၏။]

(ဝိဋီ ... သဒ္ဓိဝိဟာရိက၊ အန္တေဝါသိက ရဟန်းတို့၌လည်း နောင်ကြဉ်အောင် ဆရာဥပဇ္ဈာယ်တို့ မနှိပ်ကွပ်လျှင် တပါးသော ရဟန်းတို့သည် တားမြစ်ခြင်းစသော နိဂ္ဂဟကံကို ပြုအပ်သည်သာတည်း။ သူတပါး ပရိသတ်ကို ဖျက်ဆီး၍ယူမည်ဟု ဒါနံ−ပေးကမ်းခြင်း၊ ပိယဝါစာ-ချစ်ဖွယ်ဆိုခြင်း၊ အတ္ထစရိယာ-အကျိုးရှိအောင် ကျင့်ခြင်း၊ သမာနတ္တတာ-ချမ်းသာဆင်းရဲ အတူမခွဲခြင်း ဟူသော သင်္ဂဟဝတ္ထုလေးပါးဖြင့် ချီးမြှောက်ခြင်းသည် ချီးမြှောက်သည် မည်၏။ သူတပါး၏ ပရိသတ်ပျက်သော် လည်းကောင်း၊ မပျက်သော် လည်းကောင်း၊ ချီးမြှောက်သူအား ပယောဂတို့နှင့် အာပတ်သာတည်း။

ဖျက်ဆီး၍ယူခြင်းငှါ မအပ်ဟုဆိုရာ၌ ဖျက်ခြင်းငှါလည်း မအပ်၊ ယူခြင်းငှါလည်း မအပ်ဟူလို။ အပြစ်ကို ပြောဆိုခြင်းငှါ အပ်ရာ၌ သာသနာရိုသေခြင်းဖြင့် လည်းကောင်း၊ သူတပါးကို သနားခြင်းဖြင့် လည်းကောင်း ပြောခြင်းငှါအပ်သည်။ ပရိသတ်၌ လော်လီခြင်းဖြင့် မအပ်။)

လိင်ဆယ်ပါး

အရှင်ဥပနန္ဒ၏တပည့် ကဏ္ဍကမည်သော သာမဏေသည် ကဏ္ဍကီမည်သော ဘိက္ခုနီမကို ဖျက်ဆီး၏။ ရဟန်းတို့ကဲ့ရဲ့ကုန်၏။ ချစ်သား … ဆယ်ပါးသော အင်္ဂါတို့နှင့်ပြည့်စုံသော သာမဏေကို ဖျက်ဆီးခြင်းငှါ ခွင့်ပြု၏။ သူ့အသက်သတ်၏။ သူ့ဥစ္စာခိုး၏။ မမြတ်သော အကျင့်ကျင့်၏။ မုသားပြောဆို၏။ သေ၊ အရက်သောက်၏။ (၅) ဘုရား၏ ကျေးဇူးမဲ့ ဆို၏။ တရား၏ ကျေးဇူးမဲ့ ဆို၏။ သံဃာ၏ ကျေးဇူးမဲ့ဆို၏။ မိစ္ဆာဒိဋ္ဌိ အယူရှိ၏။ ဘိက္ခုနီမကို ဖျက်ဆီး၏။ ချစ်သားတို့ ... ဤအင်္ဂါဆယ်ပါးနှင့် ပြည်စုံသော သာမဏေကို ဖျက်ဆီးခြင်းငှါ ခွင့်ပြု၏။

[ထာ ... သံဝါသနာသန-ဥက္ခိတ္တကကံ စသည်ဖြင့် သံဝါသကို-ဖျက်ဆီးခြင်း၊ ဝါ-သံဝါသအတူ မပြုရခြင်း၊ လိင်္ဂနာသနာ-အသွင်းကိုဖျက်ဆီးခြင်း၊ ဝါ-လူထွက်ခိုင်းခြင်း၊ ဒဏ္ဍကမ္မ နာသနာ-ဒဏ်အမှုဖြင့် ဖျက်ဆီးခြင်း၊ ဝါ-ဒဏ်ပေး၍နှိပ်က္ခပ်ခြင်း၊ ဤသို့ နာသနာသုံးမျိုးရှိ၏။ သံဝါ, လိင်္ဂ (၂) ဒဏ်ကမ္မ (၁)၊ သုံးဝနာသနာ။

ဤ၌ လိင်္ဂနာသနာကိုသာ ယူအပ်၏။ ထို့ကြောင့် ထိုဆယ်ပါးတွင် တပါးပါး လွန်ကျူးသော သာမဏေကို လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏။ ရဟန်းတို့အား ပါဏာတိပါတ စသည်ကြောင့် ပါရာဇိက၊ ထုလ္လစ္စည်း၊ ပါစိတ် စသည်ဖြင့် ထိုထိုအာပတ် အမျိုးမျိုးရှိ၏။ သာမဏေတို့အား ထိုသို့အမျိုးမျိုး မရှိ၊ ပိုးရွ ခြပုန်း သတ်ခြင်းကြောင့် လည်းကောင်း၊ ကြမ်းပိုးဥခွဲခြင်းကြောင့် လည်းကောင်း၊ အသွင်ဖျက်ဆီးအပ်သူ အဖြစ်သို့သာရောက်၏။ ထိုခဏ၌ပင် ထိုသာမဏေ၏ သရဏဂုံတို့သည် ငြိမ်းကုန်၏။ ဥပဇ္ဈာယ်ယူခြင်းလည်း ငြိမ်း၏။ ကျောင်းအိပ်ရာ နေရာယူခြင်းလည်း ငြိမ်း၏။ သံဃိကလာဘ်ကို မရကောင်း၊ အသွင်တခုသာ အကြွင်းအကျန်ရှိတော့၏။ အကယ်၍အပြစ်များသူဖြစ်အံ့၊ နောင်ကြဉ်ခြင်း၌မတည်သူဖြစ်အံ့၊ နှင်ထုတ် အပ်၏။ ထိုသို့မဟုတ်ပဲ၊

အဆောတလျင်ချွတ်ယွင်း၍ မလျော်သည်ကို ငါပြုမိချေပြီဟု နောင်တဖန်စောင့်ရှောက်ခြင်း၌ တည်လိုသူ ဖြစ်အံ့။ ထိုကြွင်းကျန်သော အသွင်ကို ဖျက်ဆီးဖွယ်ကိစ္စမရှိ၊ ဝတ်ရုံမြဲတိုင်းဖြင့်သာ အသွင် မပျက်သေးသော ထိုသာမဏေအား သရဏဂုံတို့ကို ပေးအပ်ကုန်၏။ ဥပဇ္ဈာယ်ကို ပေးအပ်၏။ သိက္ခာပုဒ် (ဝိရတိ) တို့ကား သရဏဂုံဖြင့်သာပြည့်စုံကုန်၏။

သာမဏေတို့ သရဏဂုံသည် ရဟန်းတို့ ဥပသမ္ပဒ ကမ္မဝါစာနှင့် တူ၏။ ထို့ကြောင့် ရဟန်းတို့ကဲ့သို့ စတုပါရိသုဒ္ဓိသီလသည် လည်းကောင်း၊ ဤဆယ်ပါးသီလသည်လည်းကောင်း ဆောက်တည်ပြီးသာဖြစ်၏။ (သရဏဂုံဖြင့် သမာဒါနဝိရတိဖြစ်ပြီ) ထိုသို့ဖြစ်သော်လည်း မြဲကြံသည်ကိုပြုခြင်းငှါ နောင်စောင့်စည်းခြင်း၌ တည်စေခြင်းငှါ တဖန်ပေးအပ်ကုန်၏။ ပုရိမဝါ၌ သရဏဂုံထပ်ယူရလျှင် ပစ္ဆိမဝါ၌ ဝါဆိုသင်္ကန်းလာဘ်ရလတ္တံ့ ပစ္ဆိမဝါ၌ သရဏဂုံ ထပ်ယူရလျှင် (မရထိုက်) သံဃာသည် ပန်ကြား၍ လာဘ်ကိုပေးအပ်၏။

သူ့ဥစ္စာခိုးခြင်း၌ မြက်၊ ဝါးခြမ်းမျှ ဝတ္ထုဖြင့်လည်း သမဏ မဟုတ်၊ မမြတ်သော အကျင့်ကျင့်ခြင်း၌ မဂ်သုံးပါး တို့တွင် တပါးပါးသောမဂ်၌ ဖေါက်ပြန်သော ကျင့်ခြင်းဖြင့်လည်း သမဏ မဟုတ်။ မုသာပြောဆိုခြင်း၌ ရှယ်မြူးလိုခြင်းဖြင့်သော်လည်း မုသာပြောဆိုလျှင် သမဏ မဟုတ်၊ ဖျက်ဆီးအပ်သူ အဖြစ်သို့ရောက်၏။

သေအရက်သောက်ခြင်း၌ကား ရဟန်းအား မသိသော်လည်း မျိုးစေ့ မှစ၍ သောက်လျှင် ပါစိတ်။ သာမဏေသည် သိ၍ သောက်လျှင် သီလပျက်၏။ မသိလျှင်မပျက်။ ဝိကာလဘောဇန စသော သိက္ခာပုဒ်ငါးခု ပျက်လျှင် အသွင်မဖျက်အပ်။ ဒဏ်အမှုပြုအပ်၏။ သိက္ခာပုဒ်ထပ်၍ ပေးသော်လည်းကောင်း၊ မပေး သော်လည်းကောင်း အပ်၏။ ဒဏ်အမှုဖြင့်နှိပ်ပြီးလျှင် နောင်စောင့်စည်းခြင်း၌ တည်စေခြင်းငှါ ပေးအပ်သည် သာတည်း။ သာမဏေတို့အား သေအရက် သောက်ခြင်းသည် သစိတ္တကဖြစ်၏။ ပါရာဇိကဝတ္ထု ဖြစ်၏။ ဤကားအထူးတည်း။

ကျေးဇူးမဲ့ဆိုခြင်း၌ အရဟံ သမ္မာသမ္ဗုဒ္ဓေါစသည်၏ ဆန့်ကျင်ဘက်၊ သွာက္ခာတောစသည်၏ ဆန့်ကျင်ဘက်၊ သုပ္ပဋိပန္နောစသည်၏ ဆန့်ကျင်ဘက်တို့ဖြင့် ဘုရား၊ တရား၊ သံဃာ၏ ကျေးဇူးမဲ့ဆိုလျက် ရတနာသုံးပါးကို ကဲ့ရဲ့သော သာမဏေကို ဆရာဥပဇ္ဈာယ်တို့သည် ဤသို့မဆိုလင့်ဟု အပြစ် ပြ၍ တားအပ်၏။ သုံးကြိမ် တိုင်အောင် ဆုံးမလျက် မရှောင်ကြဉ်လျင် ကဏ္ဍကသာမဏေကို ဖျက်ဆီးသော (နှင်ဒဏ်) နည်းဖြင့် ဖျက်ဆီး အပ်၏ဟု ကုရုန္ဒီ၌ ဆိုသည်။

မဟာအဋ္ဌကထာ၌ကား ဆုံးမ၍ အယူစွန့်လျှင် ဂုဏ်အမှု ပြုစေ၍ အပြစ်ကိုတောင်းပန် လျှောက်ကြား စေအပ်၏။ မစွန့်ပဲယူမြဲယူလျှင် လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏ဟု ဆိုသည်။ မဟာဋ္ဌကထာစကား သင့်သည်။ ဤ ဆယ်ပါးလွန်ကျူးရာ၌ ဤ လိင်္ဂနာသနာကိုသာ ယူရသည်။ မိစ္ဆာဒိဋ္ဌိအယူ၌လည်း ဤနည်းအတူတည်း။

သဿတဒိဋ္ဌိဥစ္ဆေဒဒိဋ္ဌိတို့တွင် တခုခုယူသူဖြစ်၍ ဆရာတို့ဆုံးမသောအခါ အယူစွန့်လျှင် ဒဏ်အမှုပြုစေ၍ အပြစ်ကို တောင်းပန် လျှောက်ကြားစေအပ်၏။ အယူမစွန့်သူကိုသာ ဖျက်ဆီးအပ်၏။ ဘိက္ခုနီမကို ဖျက်ဆီးသူကို မမြတ်သောအကျင့် ကျင့်သူဟု ယူထိုက်သော်လည်း အဗြဟ္မစာရီကို နောင်စောင့်စည်းလိုလျှင် သရဏဂုံ ပေး၍ ရဟန်းပြုပေးခြင်းငှါ အပ်၏။ ဘိက္ခုနီဒူသကသည်ကား နောင် စောင့်စည်းလိုသော်လည်း ရှင်အဖြစ်ကိုပင် မရနိုင်။ ရဟန်းအဖြစ်ကို ဝေးစွဟု ပြုခြင်းငှါ ဘိက္ခုနီဒူသကဟူသော ဤ ဒသမအင်္ဂါကို သီးခြားဟောသည် ဟု သိအပ်၏။)

(သာဋီ ... ကျောင်းအိပ်ရာ နေရာယူခြင်း ငြိမ်း၏ ဟူသော စကားဖြင့် ဝါကျိုးသူ ဝါပြတ်သူလည်းဖြစ်၏ဟု ပြသည်။ အပြစ်များ နောင်ကြဉ်ခြင်း၌ မတည်သူကို နှင်ထုတ်သောအခါ သုံးကြိမ်ဆုံးမသော်လည်း မကြဉ်လျှင် သံဃာကိုပန်ကြား၍ ဖျက်ဆီးအပ်၏။ တဖန် ရှင်အဖြစ်ကိုတောင်းပန်လျှင်လည်း ပန်ကြား၍ ရှင်ပြုပေးအပ်၏ ဟုဆိုကုန်၏။

ပစ္ဆိမဝါ၌ ဝါဆိုသင်္ကန်း လာဘ်ရလတ္တံ့ ဟူသည်ကား ...  ပစ္ဆိမဝါသို့ တဖန်ကပ်သောကြောင့် ရနိုင်လတ္တံ့။ ပန်ကြား၍ လာဘ်ကိုပေးအပ်၏ ဟူသည်ကား ဝါကျိုးဝါပြတ် ဖြစ်သောကြောင့်တည်း။ အပြစ်ကို တောင်းပန် လျှောက်ကြားစေရာ၌ “အစ္စယော မံ ဘန္တေ အစ္စာဂမာ” စသောနည်းဖြင့် လျှောက်ကြားစေအပ်၏။)

ဇီဋီ ...  ရှေးမထေရ်တို့သည်ကား သုံးကြိမ်ဆုံးမသော်လည်း မကြဉ်လျှင် သံဃာကိုပန်ကြား၍ ဖျက်ဆီး အပ်၏။ တဖန်ရှင်အဖြစ်ကိုတောင်းပန်လျှင်လည်း ပန်ကြား၍ ရှင်ပြုပေးအပ်၏ဟု ဆိုကုန်၏။ ရဟန်းတို့ ဥပသမ္ပဒကမ္မဝါစာနှင့်တူရာ၌ ရဟန်းသည် သိက္ခာကိုချ၍ ဝတ်ရုံမြဲတိုင်းဖြင့် နောက်တဖန်ရဟန်းပြုလျှင် ရှေး၌ မိမိအောက်ငယ်သူ၊ ဝါတူတို့အား ရှိခိုးခြင်း စသည်ကို ပြုရသကဲ့သို့ သာမဏေသည်သည်။ တဖန် သရဏဂုံ ထပ်ယူရလျှင် ရှေး၌ မိမိအောက်ငယ်သူ၊ ဝါတူတို့အား ရှိခိုးခြင်း စသည်ကို ပြုရ၏။ အသွင်လိင်္ဂသည် သီတင်းကြီးအဖြစ်ကို မပြီးစေနိုင်ဟုဆိုအပ်၏။

အစ္စယော မံ ဘန္တေ အစ္စာဂမာ-စသောနည်းဖြင့် အပြစ်ကို တောင်းပန်လျှောက်ကြားစေအပ်၏။ မိစ္ဆာဒိဋ္ဌိ အယူမစွန့်ခြင်းကြောင့် ငါ့ရှင်သာမဏေ၊ သင်သွားလောဟုဆို၍ အနှင်ခံရမှ ပါရာဇိကဖြစ်သည်။ (ဝါ-လိင်ကျသည်။) သုံးကြိမ်တိုင်အောင်ဟု ဆိုခြင်းကြောင့် ဘုရား တရား သံဃာ၏ ကျေးဇူးမဲ့ ဆိုကာမျှဖြင့် မိစ္ဆာဒိဋ္ဌိယူကာမျှဖြင့် သရဏဂုံတို့ မပျက်ကုန်ဟု ဆိုကုန်၏။ ဤသို့ဖြစ်ခဲ့လျှင် ပါဏာတိပါတစသည်ကို ပြုသူအားလည်း ထိုသဘောဖြစ် သည်ဟုကြံဖွယ်ရှိ၏။ (ထိုဝါဒ မသင့်ဟူလို။) ကေစိတို့ကား သီလမရှိသူအား အသွင်ဖျက်ဆီးခြင်းကို ဟောသည်ဟု ဆိုကုန်၏။ ထိုကေစိဝါဒ သင့်၏။ မြတ်စွာဘုရားသည် သီလဝန္တအား လိင်္ဂနာသနာကိုခွင့်မပြုဟု စိစစ်အပ်၏။ ဘိက္ခုနီဒူသကဟောခြင်းဖြင့် ဘဗ္ဗ၊ အဘဗ္ဗတို့ကို ရေတွက်သည်ဟု ရှေးမထေရ်တို့ မိန့်ဆိုကုန်၏။)

(ဝိဋီ ... ကျောင်းအိပ်ရာ နေရာယူခြင်းငြိမ်း၏ ဟူသောစကားဖြင့် ဝါကျိုးပြတ်ခြင်းကိုပြသည်။ ရဟန်းတို့ ကားလည်း ပါရာဇိက ရောက်ခြင်းဖြင့် သရဏဂုံစသော သာမဏေဖြစ်ကြောင်းလည်း ပျက်ခြင်းကြောင့် ကျောင်းအိပ်ရာ နေရာယူခြင်းလည်း ငြိမ်း၏။ သံဃိကလာဘ်လည်း မရနိုင်ကုန်ဟုသိအပ်၏။

ပုရိမဝါ၌ သရဏဂုံထပ်ယူရလျှင် ဟူသောစကားဖြင့် သရဏဂုံထပ်ယူခြင်း နှင့်တကွ ထိုနေ့၌ပင် ပုရိမဝါ ကပ်ခြင်းကိုလည်းပြသည်။ ပစ္ဆိမပါ၌ ဝါဆိုသင်္ကန်း-ဟူသည်ကား ဝါဆိုသင်္ကန်း လာဘ်ယူခြင်းကို (ဝါ-ယူအပ်သော လာဘ်ကို) ပြခြင်းမျှသာဖြစ်သည်။ အကြောင်းကား ... ပုရိမဝါကပ်သော နေ့မှ ရှေ့၌ လည်းကောင်း၊ နောက်၌လည်းကောင်း ရသော ဝါဆိုသင်္ကန်းကို လည်းကောင်း၊ စီဝရမာသတို့၌ရသော သံဃိက ကာလသင်္ကန်းကို လည်းကောင်း၊ ပုရိမဝါကပ်၍ သီလမပျက်သော သာမဏေသည် ရနိုင်သည်သာ တည်း။

ပစ္ဆိမဝါ၌ သရဏဂုံထပ်ယူရလျှင် ဟူသောစကားဖြင့် ပစ္ဆိမဝါ ကပ်ခြင်းကိုလည်းကောင်း၊ ငါ့ပြတ်ခြင်းကို လည်းကောင်း ပြသည်။ ထိုပစ္ဆိမ ဝါကပ်နှင့်ဝါပြတ်အား ကာလသင်္ကန်း၌ အဖို့မရနိုင်၊ ထို့ကြောင့် ပန်ကြား၍ လာဘိကို ပေးအပ်၏-ဟုဆိုသည်။ ဝါဆိုသင်္ကန်းလာဘ်ကိုကား ကျောင်းရှင် ဒါယကာတို့က ကျောင်း စောင့်ရှောက်ခြင်းငှါ ပစ္ဆိမဝါကပ်၍ ဝတ်ပြု၍ မိမိကျောင်း၌ နေသူအားလည်း ဝါဆိုသင်္ကန်း ပေးအပ်ဟု ဆိုကုန်အံ့၊ မပန်ကြားမူ၍လည်း ပေးအပ်သည်သာတည်း။

သာရတ္ထဒီပနီ၌ကား ပစ္ဆိမဝါ၌ ဝါဆိုသင်္ကန်းလာဘ်ရလတ္တံ့ ဟူသည်ကား ပစ္ဆိမဝါသို့ တဖန်ကပ်သောကြောင့် ရနိုင်လတ္တံ့ ဟုဆိုသည်။ ထိုစကားသည်လည်း ဝါဆိုသင်္ကန်း၌ ဒါယကာတို့၏ ဤဆိုပြီးအဓိပ္ပါယ်ကိုမှီ၍ဆိုလျှင် ကောင်း၏။ သံဃိကကာလ သင်္ကန်းကိုလည်း ရည်၍ဆိုလျှင် မသင့်ဟုမှတ်အပ်၏။

သေ-ဟုမသိ၍ သောက်သော သာမဏေအား ပါဏာတိပါတာ ဝေရမဏိစသော သီလအားလုံးပျက်ခြင်းသို့ လည်းကောင်း၊ သရဏဂုံပျက်ခြင်းသို့ လည်းကောင်း မရောက်။ အကုသိုလ်ကား ဖြစ်၏။ သုရာပါဏာဝေရမဏိ ဟူသော ဝိရတီသီလလည်း ပျက်၏။ ပန်းပန်ခြင်း စသည်တို့၌ကဲ့သို့ မှတ်အပ်၏။ ဝိကာလဘောဇနာ ဝေရမဏိ စသည်တို့ကို အားထုတ်၍ လွန်ကျူးသော သာမဏေဖြစ်အံ့၊ ထိုထို လွန်ကျူးသော သိက္ခာပုဒ်ပျက်သည် သာတည်း။

ပါဏာတိပါတ စသည်တို့ မပျက်လျှင် နာသနင်္ဂတို့မဖြစ်ကုန်။ အပြစ်ကို တောင်းပန်လျှောက်ကြားစေရာ၌ အစ္စယော မံ ဘန္တေ အစ္စဂမာ-စသည်ဖြင့် သံဃအလယ်၌ လျှောက်ကြားစေ၍ သရဏဂုံသီလကိုပေးအပ်၏။ ပါရာဇိကတို့ ဖြစ်သောကြောင့်တည်း။ (မတောင်းပန်မီ ရတနာသုံးပါးကဲ့ရဲ့စဉ် မိစ္ဆာဒိဋ္ဌိယူစဉ်ကပင် လိင်ကျ၍ သရဏဂုံ ပျက်ပြီးတို့ ဖြစ်ကုန်၏ဟူလို။) ထို့ကြောင့် လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏ ဟုဆိုသည်။

ဘိက္ခုဝိဘင်း သမဏုဒ္ဒေသောပိ စေ ဧဝံ ဝဒေယျ-ဟူသော ကဏ္ဍကသိက္ခာပုဒ်၌ ကဏ္ဍကသာမဏေ သည်လည်း မိစ္ဆာဒိဋ္ဌိသာတည်း။ ထိုသာမဏေအား ဒဏ္ဍကမ္မနာသနာကိုသာ ဟောသည်။ ဤ၌ မိစ္ဆာဒိဋ္ဌိသာမဏေအား လိင်္ဂနာသနာကို ဟောသည်။ အဘယ်သို့ ထူးသနည်းဟု မေးဖွယ်ရှိသောကြောင့် သဿတဒိဋ္ဌိဥစ္ဆေဒဒိဋ္ဌိတို့တွင် တခုခုယူသူ .. ဟုဆိုသည်။

အဓိပ္ပါယ်ကား အတ္တသည်အစိုးရ၏။ မြဲ၏။ ခိုင်၏စသည်ဖြင့် လည်းကောင်း၊ အတ္တသည် ပြတ်လတ္တံ့၊ ပျက်လတ္တံ့ စသည်ဖြင့် လည်းကောင်း၊ ကိတ္ထိတို့ကြံဆအပ်သော သဿတဒိဋ္ဌိကို ဥစ္ဆေဒဒိဋ္ဌိကို မြဲစွာယူ၍ ပြောဆိုလျှင် ထိုသာမဏေ၏ မိစ္ဆာဒိဋ္ဌိသည် ပါရာဇိက၏ အကြောင်းဖြစ်၏။ လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏။

ဤသို့သော ဒိဋ္ဌိကိုမယူ သာသနာယုံကြည်သူဖြစ်လျက် သက်သက်အဓိပ္ပါယ် ဖောက်ပြန်စွာယူ၍ ရဟန်းတို့ ဆုံးမသော်လည်း မစွန့်ပဲပြောဆိုလျှင် ထိုသာမဏေ၏ မိစ္ဆာဒိဋ္ဌိသည် ပါရာဇိကမဟုတ်၊ ကဏ္ဍကကဲ့သို့ ဒဏ္ဍကမ္မနာသနာဖြင့် ဖျက်ဆီးအပ်၏။)

(ဆရာမြတ်တို့ကား ရတနာသုံးပါး ကျေးဇူးမဲ့ ကိုယ်နှုတ်ဖြင့်ကဲ့ရဲ့လျှင် သဿတဥစ္ဆေဒ၏ ကဲ့ရဲ့လျှင် လိင်ကျသည်။ ရဟန်းတို့ ဆုံးမ၍ နားထောင်လျှင် အစ္စယော မံ ဘန္တေ အစ္စာဂမာ ယထာ ဗာလံ ယထာမုဠှံ ယထာအကုသလံ။ ယွာဟံ ဝေမကာသိံ တဿမေ ဘန္တေ အယျော သံဃော အစ္စယံ အစ္စယတော ပဋိဂ္ဂဏှာတု အာယတိံ သံဝရာယ-ဟု သံဃာ့အလယ်၌ ကန်တော့စေပြီးမှ သရဏဂုံသီလ တပ်ပေးရသည်။

ကိုယ်နှုတ် မပါပဲ စိတ်ဖြင့် ကဲ့ရဲ့အံ့၊ စိတ်ဖြင့် မိစ္ဆာဒိဋ္ဌိယူအံ့၊ ဝိနည်းပြစ်မရှိ။ မနောဒွါရေ အနာပတ္တိဟု မိန့်ဆိုကုန်၏။ အချို့ကား ပုထုဇဉ်တိုင်း သက္ကာယဒိဋ္ဌိရှိ၍ သဿတ ဥစ္ဆေဒ၏ ဖြစ်နိုင်သောကြောင့် သရဏဂုံ ဘုရားအာဏာဖြင့် ရှင်သာမဏေဖြစ်လျှင်လည်း မိစ္ဆာဒိဋ္ဌိကော ဟောတိ ဟူသော အာဏာတော်ဖြင့် လိင်ကျခြင်းသာ ဖြစ်ကုန်၏ဟု အလွန်အကျွံ ဆိုမှားကုန်၏။

ကဏ္ဍကသာမဏေသည် အဘိဓမ္မာကိုသင်၍ ဝိနည်းစကားကို အဘိဓမ္မာနည်းဖြင့် ယူသည်။ ကော်ဇော ကမ္ဗလာတို့ကို ရဟန်းတို့အား ဘုရားရှင်ခွင့်ပြုသည် ဖောဋ္ဌဗ္ဗာရုံဖြစ်သည်။ ဤဖောဋ္ဌဗ္ဗာရုံ အပ်လျှင် မာတုဂါမ ဖောဋ္ဌဗ္ဗာလည်း အပ်ရမည်သာတည်းဟု ယူသည်။

ပဏ္ဍကဝတ္ထု

ထိုအခါ ပဏ္ဍုက်တယောက်သည် ရဟန်းထံ၌ ရှင်ပြု၍နေ၏။ ထို ပဏ္ဍုက်သည် ရဟန်းငယ်တို့ထံ ချဉ်းကပ်၍ အကျွန်ုပ်ကို မှီဝဲဖျက်ဆီးကြပါလော ဟုဆို၏။ ရဟန်းတို့မောင်းမဲကုန်၏။ ထိုအခါ သာမဏေကြီးတို့ထံသွား၍ ဆိုသော်လည်း မောင်းမဲခံရသဖြင့် ဆင်ထိန်း မြင်းထိန်းတို့ထံသွား၍ ဖျက်ဆီးခိုင်း၏။ ဆင်ထိန်း မြင်းထိန်း တို့သည် ဖျက်ဆီးပြီးလျှင် ဤ ရဟန်းတို့သည် ပဏ္ဍုက်တို့တည်း။ တပါးသော ရဟန်းတို့လည်း ဤ ပဏ္ဍုက်တို့ကို ဖျက်ဆီးကုန်၏။ ရဟန်းအားလုံး အဗြဟ္မစာရီဖြစ်ကုန်၏ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ .. ပဏ္ဍုက်ကို ရဟန်းမဖြစ်သေးလျှင် ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

[ထာ ... ပဏ္ဍုက်သည် အာသိတ္တဥဿုယဩပက္ကမိကပက္ခနပုံသကဟု ငါးမျိုးရှိ၏။ ထိုတွင် သူတပါး၏ အင်္ဂါဇာတ်ကိုစုပ်၍ သုက်ဖြင့် သွန်းလောင်းသောအခါ ပူပန်ခြင်းငြိမ်းသူသည် အာသိတ္တပဏ္ဍုက်မည်၏။ သူတပါးတို့ လွန်ကျူးသည်ကိုမြင်၍ ငြူစူသောအခါ ပူပန်ခြင်းငြိမ်းသူသည် ဥဿုယ၊ လုံ့လဖြင့်ဗီဇ …  ဝှေးစေ့ ထုတ်ပယ်ခံရသူသည် ဩပက္ကမိက....။ အကုသိုလ်ကံစွမ်းဖြင့် လဆုတ်ပက္ခ၌ ပဏ္ဍုက်ဖြစ်၍ လဆန်းပက္ခ၌ ပူပန်ခြင်း ငြိမ်းသူသည် ပက္ခ….။ ပဋိသန္ဓေကပင် ဣတ္ထိဘာဝ၊ ပုမ္ဘာဝဆိုသူသည် နပုံသကပဏ္ဍုက် မည်၏။

ထိုတွင် အာသိတ္တဥဿုယ နှစ်ယောက်အား ရှင်အဖြစ်မတား (ရဟန်းအဖြစ်လည်း မတား) ကြွင်း သုံးယောက်အား တားသည်။ ထိုသုံးယောက်တို့တွင်လည်း ပက္ခ ပဏ္ဍုက်အား ပဏ္ဍုက်ဖြစ်သော ပက္ခ၌သာ ရှင်အဖြစ်ကိုတားသည်ဟု ကုရုန္ဒီ၌ ဆို၏။ ရှင်အဖြစ်တားအပ်သူ (နှစ်ယောက်ခွဲ) တို့ကိုရည်၍ ရဟန်း ပြုမပေးအပ်၊ ပြုပေးလျှင် ဖျက်ဆီးအပ်၏ဟု ဟောသည်။ လိင်္ဂနာသနာဖြင့်သာ ဖျက်ဆီးအပ်၏။ နောက်၌ ဖျက်ဆီးအပ်၏ဟုဆိုရာ၌လည်း ဤ လိင်္ဂနာသနာနည်းသာတည်း။)

(သာဋီ ... “လဆုတ်ပက္ခ၌ မိန်းမဖြစ်၍ လဆန်းပက္ခ၌ ယောကျ်ား ဖြစ်သူသည် ပက္ခပဏ္ဍုက်မည်၏” ဟု အနှစ်သာရ မရှိသောစကားကို အဋ္ဌကထာဆိုသည်နှင့် မတူအောင် ကေစိတို့ဆိုကုန်၏။ အဋ္ဌကထာ၌ အပဏ္ဍက ပက္ခ၌ ပူပန်ခြင်းငြိမ်းသည်ကိုသာ ဆိုခြင်းကြောင့် ပဏ္ဍကပက္ခ၌ များသော ပူပန်ခြင်းသည်သာ ပဏ္ဍကဘာဝဟု သိအပ်၏။ ဂဏ္ဍိသုံးကျမ်း၌ အပဏ္ဍကပက္ခ၌ ရှင်ပြုပေး၍ ရှင်ပြုသူသည် ကိလေသာ ကုန်ခြင်းသို့ရောက်အံ့၊ (ဝါ–ရဟန္တာဖြစ်အံ့) မဖျက်ဆီးအပ်ဟု ဆိုကုန်၏။

ပဏ္ဍကအား ကိလေသာကုန်ခြင်း မဖြစ်၊ ကိလေသာ ကုန်ထိုက်သူအား ပဏ္ဍကမဖြစ်။ ထို့ကြောင့် ထိုကေစိ တို့၏ အလိုမျှသာတည်း။ အဘဗ္ဗပုဂ္ဂိုလ် တကျိပ်တယောက်တို့တွင် ပဏ္ဍုက်၊ တိရစ္ဆာန်၊ ဥဘတောဗျည်း ဤ သုံးယောက်သည် ဝတ္ထုဝိပန္န ဖြစ်၏။ အဟိတ် ပဋိသန္ဓေရှိသူ ဖြစ်၏။ နတ်ရွာမတားအပ်၊ မဂ်ကိုတားအပ်၏ ဟု အထူးမပြုပဲ ဆိုသည်။

(ဝိဋီ ... အာသိတ္တဥဿုယျပက္ခ - ပဏ္ဍုက် သုံးယောက်သည် ပုရိသဘာဝ ပုရိသလိင်္ဂ စသည်ရှိသော သုဂတိ အဟိတ်တို့ ဖြစ်ကုန်၏။ ကိလေသာ ထကြွလွန်းသဖြင့် နပုံသကနှင့်တူသောကြောင့် ဟု ဆိုသည်။ အာသိတ္တဥဿုယျ နှစ်ယောက်ကား ကိလေသာ ထကြွသောအခါ ယောနိသော မနသိကာရ စသည်ဖြင့် မလွန်ကျူးအောင်တားခြင်းငှါ တတ်ကောင်း၏။ ထို့ကြောင့် ရှင်ပြုပေးအပ်ကုန်၏။ ပက္ခပဏ္ဍုက် ကား လဆုတ်ပက္ခ၌ သူရူးကဲ့သို့ ကိလေသာလွှမ်းမိုး၏။ လွန်ကျူးရမှ ငြိမ်သက်၏။ ထို့ကြောင့် ထိုပက္ခ၌ ရှင်ပြုမပေးအပ်။ အာသိတ္တသည် ခံတွင်း၌ သုက်ဖြင့်သွန်းလောင်းအပ်သည်ဖြစ်၍ မိမိကလည်း သုက်လွှတ်မှ ပူပန်ငြိမ်းသည်။

ဥဿုယျသည် ငြူစူသဖြင့် မိမိကလည်း မှီဝဲလိုသောရာဂ ဖြစ်၍ သုက်လွှတ်မှ ပူပန်ငြိမ်းသည်။ ဩပက္ကမိက၌ ဗီဇပယ်ခြင်းကို ဆိုသောကြောင့် ဗီဇမပယ် နိမိတ်မျှပယ်လျှင် ပဏ္ဍကမဖြစ်။ ရဟန်းအား အနာ စသော အကြောင်းမရှိပဲ နိမိတ်ပယ်လျှင်ပဏ္ဍက မဖြစ်။ ရဟန်းအား အနာ စသော အကြောင်းမရှိပဲ နိမိတ်ပယ်လျှင် ထုလ္လစ္စည်းသာတည်း။

ပဏ္ဍက မဖြစ်။ ဗီဇတို့ကိုပယ်လျှင် အင်္ဂါဇာတ်သည် ရာဂကြောင့် ခိုင်မာခြင်း မဖြစ်။ ပုရိသဘာဝလည်း ကွယ်၏။ မုတ်ဆိတ်စသော ပုရိသလိင်္ဂလည်း ကွယ်၏။ ရဟန်းအဖြစ်လည်းကင်း၏။ နပုံပဏ္ဍုက်ကဲ့သို့ လွန်ကျူးမှု မတားနိုင်အောင် ပူလောင်၏။ ထို့ကြောင့် ဤသို့သောသူကို ဥပသမ္ပန္နဖြစ်သော်လည်း ဖျက်ဆီးအပ်၏ဟု ဆိုကုန်၏။

ကေစိတို့ကား ဗီဇာထုတ်သောခဏ၌ ပဏ္ဍုက်မဖြစ်သေး၊ နောက်၌ဆိုပြီးသောနည်းဖြင့် ပဏ္ဍုက်ဖြစ်၍ ဘာဝ ကင်း၏။ ဥပသမ္ပဒါ၏ဝတ္တုမဟုတ်၊ ထိုအခါ ရဟန်းအဖြစ် ကင်း၏။ ဤသို့ ပဏ္ဍကဘာဝသို့ရောက်သည်မှစ၍ ထိုသူကို ဇာတိနပုံသကနှင့် တူစွာ ဖျက်ဆီးအပ်၏။ အဘဗ္ဗဟုဆိုအပ်၏။ အဟိတ်ပုဂ္ဂိုလ်ဖြစ်သော်လည်း ကင်းသောအခါ အဟိတ်ပုဂ္ဂိုလ်နှင့်တူ၏။ မဂ်ဖိုလိလည်းမရဟု ဆိုကုန်၏။

အပရေတို့ကား ရှင်မပြုမီ ဗီဇပယ်အပ်သူကိုရည်၍ ဖျက်ဆီးအပ်၏ ဟုဟောသည်။ ရဟန်းအား နောက်၌ ဗီဇပယ်ခြင်းဖြင့် ဥပသမ္ပဒါလည်းမကင်းဟု ဆိုကုန်၏။ ထိုအပရေဝါဒမသင့်၊ အကြင်ဗီဇပယ်သောလုံ့လဖြင့် ရှင်မပြုမီ အဘဗ္ဗဖြစ်၏။ ထို လုံ့လဖြင့် နောက်၌လည်းဖြစ်သည်။ ပဗ္ဗဇ္ဇာသဒ္ဒါဖြင့် ဥပသမ္ပဒါကိုလည်းယူ၍ ရှင်အဖြစ် မတားအပ်သော အာသိတ္တဥဿုယျ နှစ်ယောက်အား ရဟန်းအဖြစ်လည်း မတားအပ်။ ပဏ္ဍုက်ဖြစ်သော ပက္ခ၌သာ ရှင်အဖြစ်တားသည်-ဟုဆိုရာ၌ ပဏ္ဍုက်မဟုတ်သော ပက္ခ၌လည်း ရှင်အဖြစ်မျှသာ ရသည်။ ရဟန်းအဖြစ်သည်ကား ထိုအခါ၌လည်း မအပ်။ ပဏ္ဍကပက္ခရောက်သောအခါ လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏။

ထေယျသံဝါသကဝတ္ထု

ထိုအခါ ကုလပုတ္တ ဖြစ်ဖူးသော ခီဏ ကောလည သေ၍ကုန်သော မိမျိုးဘမျိုးရှိသော နုနယ်သူတယောက် သည် ငါကား စီးပွားရအောင်လည်းမရှာနိုင်၊ ရှိပြီးကိုလည်း တိုးပွါးအောင်မတတ်နိုင်၊ မပင်မပန်း ချမ်းသာစွာ အသက်မွေးခြင်းငှါ ရဟန်းတို့နှင့်အတူသွားနေမည်ဟု ကိုယ်တိုင်သပိတ်သင်္ကန်းစီရင်၍ ဆံမုတ်ဆိတ်ပယ် စေ၍ သင်္ကန်းဝတ်၍ ကျောင်းအရံသို့သွား၍ ရဟန်းတို့ကိုရှိခိုး၏။

ငါ့ရှင်- ဝါအဘယ်မျှ ရှိပြီနည်းဟု မေးကြသောအခါ၊ ဝါဟူသည် အဘယ်နည်းဟု ဆို၏။ သင်၏ဥပဇ္ဈာယ် အဘယ်သူနည်းဟု မေးသောအခါ ဥပဇ္ဈာယ်ဟူသည် အဘယ်နည်းဟုဆို၏။ ရဟန်းတို့သည် ရှင်ဥပါလိကို မေးစစ်ပါလောဟု တိုက်တွန်းကုန်၏။ ရှင်ဥပါလိမေးစစ်သောအခါ ထိုအကြောင်းကို လျှောက်ကြား၏။ ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့ ... ထေယျသံဝါသကကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။ ချစ်သားတို့ .... တိတ္ထိယပက္ကန္တကကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

ထာ ... ရှင်ဥပါလိမေးစစ်ပုံကား တနေရာသို့ခေါ်သွား၍ ဆံမုတ်ဆိတ်ပယ်ခြင်း၊ သင်္ကန်းခံယူခြင်း၊ သရဏဂုံ ဆိုခြင်း၊ ဥပဇ္ဈာယ်ယူခြင်း၊ ကမ္မဝါစာ၊ မှီရာဓမ္မတို့ကို မေးစစ်၏။ ထိုအခါ ကိုယ်တိုင်ရှင်ပြုခြင်းကို အစမှစ၍ လျှောက်ကြား၏။ (ပရိဝါ၌ ဝိနည်းဓိုရ်သည် အမှုသည်ကို ဥပဇ္ဈာယ်စသည် မမေးရဟုတားသည်။ အမှုနှင့်မဆိုင်သည်ကို မမေးရဟု တားခြင်းတည်း။ ထေယျသံဝါသကသည် လိင်္ဂတ္ထေနကသံဝါသတ္ထေနကဥဘတ္ထေနက ဟူသုံးမျိုးရှိ၏။ ထိုတွင်အကြင်သူသည် ကိုယ်တိုင် သင်္ကန်းဝတ်ခြင်းဖြင့် ရှင်သာမဏေ၏ အသွင်ကိုသာယူ၏။ ကျောင်းသို့သွား၍ ရဟန်းဝါ ရေတွက်ခြင်းမပြု၊ သီတင်းကြီးစဉ်ဖြင့် ရှိခိုးမခံ၊ နေရာမတား၊ ဥပုသ်ပဝါရဏာ စသည်မပြု၊ ထိုသူသည် အသွင်မျှကိုသာ ခိုးသောကြောင့် လိင်္ဂတ္ထေနက မည်၏။

အကြင်သူသည် ရဟန်းတို့ ရှင်ပြုပေးသော သာမဏေ ဖြစ်၏။ အသွင်ရှိပြီးဖြစ်၏။ အရပ်တပါးသို့ ရောက်သောအခါ ဆယ်ဝါ ရပြီ၊ ဝါနှစ်ဆယ်ရပြီ စသည်ဖြင့် မုသာပြော၍ ရဟန်းဝါရေတွက်၏။ ထိုမုသာဝါဒ ဝါအားလျော်စွာ သီတင်းကြီးစဉ်ရှိခိုးခံ၏။ နေရာဖြင့် တား၏။ ဥပုသ်ပဝါရဏာ စသည်၌မြင်ရ၏။ ဤ သာမဏေသည် ပေါင်းဖော်ခြင်းမျကိုသာ ခိုးသောကြောင့် သံဝါသတ္ထေနက မည်၏။

ဤနေရာ၌ (ကံကြီးကံငယ် အတူပြုမှသာမဟုတ်) ရဟန်းဝါရေတွက်ခြင်း စသော ကြိယာအမျိုးမျိုး သည်လည်း သံဝါသ မည်၏။ အကြင်သူသည် ကိုယ်တိုင် သင်္ကန်းဝတ်၍ အသွင်ကိုလည်းယူ၏။ ကျောင်းသို့သွား၍ ရဟန်းဝါ ရေတွက်ခြင်းစသည်ဖြင့် သံဝါသကိုလည်းပြု၏။ ဤသူသည် လိင်္ဂ၊ သံဝါသ နှစ်ခုလုံး ခိုးသောကြောင့် ဥဘယတ္ထေနကမည်၏။ ဤသုံးယောက်လုံးကို ရဟန်းပြုမပေးအပ်၊ ပြုပေးလျှင် ဖျက်ဆီးအပ်၏။ ရှင်အဖြစ် တောင်းသော်လည်း ရှင်ပြုမပေးအပ်။

ပကိဏ်းခြောက်ချက်

ဤနေရာ၌ အသိဉာဏ်သန့်ရှင်းစေခြင်းငှါ ဤပဏိဏ်း ခြောက်ချက်သိအပ်၏။ မင်းဘေး၊ ဒုဗ္ဘိက္ခဘေး၊ ခရီးခဲဘေး၊ ရောဂ ါဘေး၊ ရန်သူ ဘေးကြောင့် သော်လည်းကောင်း၊ သင်္ကန်းကို ကျောင်းသို့ပို့လိုသောကြောင့် သော်လည်းကောင်း၊ အသွင်ကို ယူသူသည်၊ ဝါ၊ ကိုယ်တိုင်သင်္ကန်း ဝတ်သောလူသည် ဝါရေတွက်ခြင်း စသော သံဝါသ မပြအံ့၊ ဤသို့စင်ကြယ်သော စိတ်ရှိသမျှကာလပတ်လုံး ထေယျသံဝါသက မဖြစ်။

မင်းဘေးဟူသည်ကား မင်းအမျက်သင့်ခဲ့ရသောလူသည် ချမ်းသာ ရစိမ့်သောငှါ ကိုယ်တိုင်သင်္ကန်းဝတ်၍ ထွက်ပြေး၏။ သင်္ကန်းဝတ်နေသည်ဟု မင်းကြီးသိသောအခါ သင်္ကန်းဝတ်သူအား အပြစ်မပေးထိုက်ပြီဟု အမျက်ပြေပျောက်၏။ ထိုလူသည် ငါ့အား မင်းဘေးငြိမ်းပြီဟုသိ၍ သံဃာ့အလယ် မဝင်ပဲ လူဝတ်လဲ၍ ရောက်လာအံ့၊ ရှင်ပြုပေးအပ်၏။ တနည်း--ငါသည် သာသနာကိုမှီ၍ အသက်ချမ်းသာပေပြီဟု သံဝေဂ ဉာဏ်ရ၍ ရှင်ပြုရန် ထိုသင်္ကန်းဝတ်ဖြင့် ရောက်လာအံ့၊ အာဂန္တုကဝတ် ပြုကြသည်ကို လက်မခံပဲ ဟုတ်တိုင်းမှန်စွာ လျှောက်ကြား၍ ရှင်အဖြစ်ကို တောင်းပန်အံ့၊ ထိုအသွင်ကိုပယ်၍ ရှင်ပြုပေးအပ်၏။ ထိုသို့မဟုတ်ပဲ ဝတ်ပြုသည်ကို လက်ခံအံ့။ ရှင်ရဟန်းအသွင်ပြုအံ့၊ ငါရေတွက်ခြင်းစသည်ကို ပြုအံ့၊ ရှင်ပြု မပေးအပ်၊ ဥဘယတ္ထေနကဖြစ်သည်။

ဒုဗ္ဘိက္ခဘေးကား ဒုဗ္ဘိက္ခအခါ အသက်မွေး ခဲယဉ်းသောလူသည် ကိုယ်တိုင်သင်္ကန်းဝတ်၍ သဗ္ဗပါသဏ္ဍိယဘတ်၊ ဘာသာဝါဒမရွေး အားလုံးကိုလှူသော ဆွမ်းကိုစား၍ ဒုဗ္ဘိက္ခ အခါလွန်သောအခါ သံဃာ့အလယ် မဝင်ပဲ လူဝတ်လဲ၍ ရောက်လာအံ့၊ ယခင်နည်းအတိုင်းတူပြီ။

ခရီးခဲဘေးကား ခဲယဉ်းသောခရီးကို လွန်မြောက်အောင် သွားလိုသောလူသည် “ကုန်သည်ကြီးတဦးသည် ပဗ္ဗဇ္ဇိတတို့ကို ပင့်ဆောင်သွားလေ့ရှိသည်” ဟုသိ၍ ကိုယ်တိုင်သင်္ကန်းဝတ်၍ ကုန်သည်ကြီးနှင့်အတူ လိုက်သွား၏။ ခရီးခဲလွန်၍ ဘေးကင်းရာ ရောက်သောအခါ သံဃာ့အလယ်မဝင်ပဲ လူဝတ်၍ရောက်လာအံ့၊ ရှေးနည်းတူပြီ။

ရောဂါဘေးကား ရောဂါစွဲကပ်သဖြင့် အသက်မွေး ကျပ်သောလူသည် ကိုယ်တိုင်သင်္ကန်းဝတ်၍ သဗ္ဗပါသဏ္ဍိယဘတ်ကိုစား၏။ ရောဂါ ဘေးကင်းသောအခါ သံဃာ့အလယ် မဝင်ပွဲ လူဝတ်လဲ၍ ရောက်လာအံ့၊ ရှေးနည်းတူပြီ။

ရန်သူဘေးကား ရန်သူသတ်မည်ဟု အလိုက်ခံရသောလူသည် ချမ်းသာရစိမ့်သောငှါ ကိုယ်တိုင်သင်္ကန်း ဝတ်၍ပြေး၏။ သင်္ကန်းဝတ်သွားပြီဟု ရန်သူသိသောအခါ သင်္ကန်းဝတ်သူအား မနှိပ်စက်လိုပြီဟု အမျက် ပြေပျောက်၏။ ထိုလူသည် ရန်ငြိမ်းပြီဟုသိ၍ သံဃာ့အလယ်မဝင်ပဲ လူဝတ်လဲ၍ရောက်လာအံ့၊ ရှေးနည်း တူပြီ။

သင်္ကန်းကိုကျောင်းသို့ ပို့လိုသူကား ရဟန်းတပါးသည် ဆွေမျိုးထံ ပြန်သွား၍ သိက္ခာချ၍ လူထွက်ပြီးလျှင် ဤလင်္ကန်းတို့သည် အိမ်၌ပျက်စီးကုန်လတ္တံ့၊ ကျောင်းသို့ပြန်ပို့ခဲ့လျှင် ငါ့ကိုသင်္ကန်းသူခိုးဟု ဖမ်းကုန်လတ္တံ့၊ ဝတ်ဆင်၍သွားရမူ ကောင်းလေစွဟု သင်္ကန်းကို ကျောင်းသို့ပို့ဆောင်ခြင်းငှါ ဝတ်ရုံကာ ကျောင်းသို့သွား၏။ ကျောင်း၌သာမဏေ၊ ရဟန်းငယ်တို့ကြိုဆို၍ ဝတ်ပြုသည်ကို လက်မခံပဲ ဟုတ်တိုင်းမှန်စွာ ပြောကြားအံ့၊ ထိုသူကို ပြန်မလွတ်လိုသဖြင့် အနိုင်အထက် ရှင်ပြုပေးလိုလျှင် ထိုသင်္ကန်း တို့ကိုပယ်၍ တဖန် ရှင်ပြုပေးအပ်၏။ ငါ၏လူထွက်ခြင်းကို မသိကြကုန်ဟု ယခင်ရဟန်းအဖြစ်ကို ဝန်ခံ၍ ဝါရေတွက်ခြင်းစသော သံဝါသကိုပြုအံ့၊ ရှင်ပြုမပေးအပ်။ ဥဘယတ္ထနကဖြစ်သည်။

ထေယျသံဝါသက ဝေဖန်ခြင်း

သာမဏေကြီးတပါးသည် (ဗျတ္တ ဗဟုသုတဖြစ်လျက်) ဆွေမျိုးထံပြန်သွား၍ လူထွက်ပြီးလျှင် အလုပ်အကိုင် ပျင်းသဖြင့် သာမဏေပြန်ပြုလို၍ ငါလူထွက်သည်ကိုမည်သူမျှမသိကြသေးဟု ထိုသပိတ်သင်္ကန်းကိုယူအံ့၊ ဝါ၊ ကိုယ်တိုင်ပြန်ဝတ်အံ့။ ကျောင်းသို့သွား၍ လူထွက်ကြောင်းကို မပြောပဲ သာမဏေအဖြစ်ကို ဝန်ခံအံ့၊ ထေယျသံဝါသကသာ ဖြစ်၏။ ရှင်အဖြစ်မရထိုက်။

ထိုသူသည် အသွင်ယူသောအခါ ဘယ်သူအားမျှ မပြောအံ့ဟု အကြံဖြစ်အံ့၊ ကျောင်းသို့ရောက်သောအခါ ပြောကြားသော်လည်း အသွင်ယူသောအခါ၌ပင် (စိတ်မစင်ကြယ်သောကြောင့်) ထေယျသံဝါသက ဖြစ်၏။ အသွင်ယူသောအခါ ပြောကြားမည်ဟု စိတ်ဖြစ်အံ့၊ ကျောင်းသို့ရောက်သောအခါ ဤသူတို့ မသိကြသေးဟု လှည့်စား၍ မပြောကြားအံ့၊ မပြောကြားအံ့ဟု ဝန်ချခြင်းနှင့်တကွ ထေယျသံဝါသကသာဖြစ်၏။ (ရဟန်းတို့နှင့် ပေါင်းဆုံပြီးမှ သံဝါသ + အဓိဝါသန စွမ်းဖြင့် ဝန်ချသည်ဟူလို။) ယူစဉ်ကလည်း ပြောကြားမည်ဟု စိတ်ဖြစ်အံ့၊ ကျောင်းရောက်သောအခါလည်း ပြောကြားအံ့၊ တဖန်ရှင်အဖြစ်ကိုရ၏။

အဗျတ္တအပ္ပသုတဖြစ်သော သာမဏေငယ်သည်လည်းကောင်း၊ သာမဏေကြီးသည်လည်းကောင်း၊ ရှေးနည်း အတိုင်း အိမ်ပြန်လူထွက်၍ နွားကျောင်းခြင်းစသောအိမ်မှုကို မပြုလိုသူဖြစ်သောကြောင့်၊ ဆွေမျိုးတို့သည် ထိုသင်္ကန်းတို့ကိုသာဝတ်ခိုင်း၍ ခွက်ကိုလည်းကောင်း၊ သပိတ်ကိုလည်းကောင်း ပေး၍ သွားချေ၊ သမဏသာဖြစ်ချေလောဟု နှင်လိုက်သဖြင့် ကျောင်းသို့ပြန်သွားအံ့၊ ရဟန်းတို့သည်လည်း လူထွက်ပြီးမှ တဖန်ကိုယ်တိုင် ဝတ်လာသည်ကို မသိကြ၊ ထိုသူကိုယ်တိုင်လည်း ဤသို့ ကိုယ်တိုင် သင်္ကန်းဝတ်လျှင် (မပြုကောင်း၊ သမဏမဖြစ်၊ ပဗ္ဗဇိတ မဖြစ်၊) ထေယျသံဝါသကဖြစ်သည် ဟု မသိ။ ထိုသူကို အသက်ပြည့်၍ ရဟန်းပြုပေးလျှင် ကောင်းသော ရဟန်းဖြစ်၍ (ဤ၌ သာမဏေ မဖြစ်ခဲ့သော်လည်း ရဟန်းဖြစ်ပုံ ထင်ရှား၏။)

ရဟန်းမပြုမီသာလျှင် ဤသို့ကိုယ်တိုင် သင်္ကန်းဝတ်သူ ထေယျသံဝါသက ဖြစ်သည်ဟု ဝိနည်းအဆုံးအဖြတ် ကြားနာရသည်ဖြစ်အံ့၊ အကျွနု်ပ် ဤသို့ ပြုခဲ့ပါသည်ဟု ရဟန်းတို့အား လျှောက်ကြားအပ်၏။ ဤသို့ ပြုလျှင် တဖန် ရှင်အဖြစ်ကိုရ၏။ ငါ့အကြောင်းသိ မရှိဟု မလျှောက်ကြားလျှင် ဝန်ချကာမျှ၌ ထေယျသံဝါသက ဖြစ်၏။

ရဟန်းသည် သိက္ခာကိုစွန့်၍ အသွင်မပယ်ပဲ မသူတော်မှုပြု၍ လည်းကောင်း၊ မပြု၍လည်းကောင်း တဖန် ဝါရေတွက်ခြင်း စသည်ကို ပြုအံ့၊ ထေယျသံဝါသက ဖြစ်၏။ သိက္ခာမချပဲ အသွင်လည်းမစွန့်ပဲ မေထုန်မှုပြု၍ ဝါရေတွက်ခြင်းစသည်ကိုပြုအံ့၊ ထေယျသံဝါသကမဖြစ်။ ရှင်အဖြစ်မျှ ရနိုင်သေး၏။ အန္ဓအဋ္ဌကထာ၌ကား--ဤသူ ထေယျသံဝါသက ဖြစ်သည်ဟုဆို၏။ မမှတ်သားအပ်။

ရဟန်းတဦးသည် သင်္ကန်း၌ ပြန်ဝတ်မည်ဟု တွယ်တာလျက်သာလျှင် အဝတ်ဖြူဝတ်၍ ပါရာဇိကမှုပြု၍ သင်္ကန်း ပြန်ဝတ်လျှင် ရဟန်းဝါရေတွက်ခြင်း စသည်ပြုအံ့၊ ထေယျသံဝါသက မဖြစ်၊ ရှင်အဖြစ်မျှရနိုင်သေး၏။ သင်္ကန်း၌ ပြန်မဝတ်တော့ပြီဟု ဝန်ချ၍ အဝတ်ဖြူဝတ်၍ လွန်ကျူးမှုပြု၍ သင်္ကန်းပြန်ဝတ်ပြီးလျှင် ဝါရေတွက်ခြင်း စသည်ပြုအံ့၊ ထေယျသံဝါသက ဖြစ်၏။ (သိက္ခာချခြင်းသည် အသွင်ကို ပျက်စေ၏။ ပါရာဇိကသည် အသွင်ကိုမပျက်စေဟု အထူးမှတ်အပ်၏။)

သာမဏေသည် မိမိအသွင်၌တည်လျက် လိင်ကျကြောင်းအမှုကို လွန်ကျူးသော်လည်း ထေယျသံဝါသက မဖြစ်။ သင်္ကန်း၌တွယ်တာလျက် ချွတ်ပယ်၍ လွန်ကျူးပြီးလျှင် သင်္ကန်းပြန်ဝတ်အံ့၊ ထေယျသံဝါသကမဖြစ်။ သင်္ကန်း၌ ဓုရနိက္ခေပစွန့်၍ အဝတ်ဖြူ မဝတ်သော်လည်းကောင်း၊ ဝတ်သော်လည်းကောင်း၊ လိင်ကျသောအမှု လွန်ကျူး၍ သင်္ကန်းပြန်ဝတ်အံ့၊ ထေယျသံဝါသက ဖြစ်၏။

လူထွက်လိုသော သာမဏေသည် သင်္ကန်းကို ခါးတောင်းကြိုက်၍ လည်းကောင်း၊ တပါးသော ခြင်းရာဖြင့် လည်းကောင်း၊ လူဝတ်နည်း ဝတ်အံ့၊ ငါအား လူ့အသွင်တင့်တယ် မတင့်တယ်ဟု စုံစမ်းခြင်းငှါ ဝတ်လျှင် စောင့်သေး၏။ တင့်တယ်၏ဟု (လူအဖြစ်ကို) ဝန်ခံပြီးမှ အသွင်ကိုပြန်၍ ယူအံ့၊ ထေယျသံဝါသကဖြစ်၏။ အဝတ်ဖြူကိုဝတ်၍ စုံစမ်းခြင်း၊ ဝန်ခံခြင်း၌လည်း ဤနည်းသာတည်း။ ဝတ်ထားသောသင်္ကန်း၏ အထက်၌ အဝတ်ဖြူကိုဝတ်၍ စုံစမ်းအံ့၊ ဝန်ခံသော်လည်း စောင့်သေးသည်သာတည်း။

ဘိက္ခုနီမအားလည်း ဤနည်းတူ လူထွက်လို၍ သင်္ကန်းကိုလူဝတ် ဝတ်အံ့၊ တင့်တယ်၊ မတင့်တယ် စုံစမ်းခြင်းငှါ ဝန်ခံလျှင် ဝတ်လျှင် စောင့်သေး၏။ တင့်တယ်သည်ဟု ဝန်ခံလျှင် မစောင့်။ အဝတ်ဖြူ ဝတ်၍ စုံစမ်းခြင်း၊ ဝန်ခံခြင်း၌သာတည်း၊ ဝတ်ထားသော သင်္ကန်းအထက်၌ အဝတ်ဖြူဝတ်၍ စုံစမ်းအံ့၊ ဝန်ခံသော်လည်း စောင့်သေးသည်သာတည်း။

စုဍ္ဎပဗ္ဗဇိတ

ကြီးမှ ရှင်ပြုသော သာမဏေကြီး (ကိုရင်ကြီး)သည် ဝါကို မရေတွက်မပြောကြား၊ ဝါစဉ်အတိုင်းလည်း မတည်ပဲ နံပါးတဘက်မှ လာ၍ ပအုပ်ကြီးစသည်၌ ယောက်ချိုဖြင့် ဆွမ်းခပ်ယူသောအခါ သပိတ်ကို ညွှတ်ခံ၍ ဆွမ်းအမဲသုတ်အလား ယူ၍သွားငြားအံ့၊ ထေယျသံဝါသက မဖြစ်။ ရဟန်းဝါရေတွက်၍ ယူလျှင်ကား ထေယျသံဝါသက ဖြစ်၏။

သာမဏေသည် သာမဏေ အစဉ်အားဖြင့် စဉ်းလဲသောဝါတို့ကို ရေတွက်၍ ယူအံ့၊ ထေယျသံဝါသက မဖြစ်။ (လိင်ကျအံ့) ရဟန်းသည် ရဟန်းအစဉ်အားဖြင့် စဉ်းလဲသော ဝါတို့ကိုရေတွက်၍ယူအံ့၊ ဘဏ္ဍာ၏တန်ဖိုးဖြင့် ဆုံးဖြတ်အပ်၏။ (ရဟန်းဝါ ရေတွက်၍ ယူလျှင်ကား ထေယျသံဝါသက ဖြစ်၏ဟုဆိုရာ၌ ဤဝုဍ္ဎပဗ္ဗဇိတသည် ရဟန်းဝါ ရေတွက်ခြင်းဖြင့် လူကို လှည့်စားသလော၊ ရဟန်းအကြားဝင်၍ လှည့်စားသလော ... ဉာဏ်စိစစ် အပ်၏။)

ဇီဋီ ... ထေယျသံဝါသကသည် သဒ္ဒါနက်စွမ်းဖြင့် သံဝါသတ္ထေနကသာ ထင်ရှားသော်လည်း ထေယျသံဝါသကသည် သုံးမျိုးပြား၏။ ရဟန်းဝါ ရေတွက်ခြင်းစသော သံဝါသကိုခိုးခြင်းဖြင့် သုံးစွဲခြင်းငှါ တတ်ကောင်းသည်ဟု အလိုရှိအပ်၏။ အရပ်တပါးသို့ ရောက်သောအခါ ရဟန်းတို့မေး၍ ဆယ်ဝါရပြီဟု လှည့်စားသူအား အပြစ်ရှိသည်။ လူတို့မေး၍ လှည့်စားသူအား ထိုအပြစ်မရှိ၊ မင်းဘေးစသည်ကြောင့် အသွင် ယူသူသည် ငါ့ကိုရဟန်းဟု လူသိစေသတည်းဟု လှည့်စားသောစိတ်ရှိသော်လည်း ရဟန်းတို့အား လှည့်စားလိုသောစိတ်၊ ရဟန်းတို့နှင့်အတူ နေလိုသောစိတ် မရှိသောကြောင့် ထိုအပြစ်မဖြစ်၊ ကိုယ်တိုင် သင်္ကန်းဝတ်လာသော အဗျတ္တကို ရဟန်းပြုပေးလျှင် ကောင်းသောရဟန်းဖြစ်သည် ဟုဆိုသောကြောင့်၊ ဂဟဋ္ဌ* လူကိုရဟန်းပြုပေးလျှင် ကောင်းသော ရဟန်းဖြစ်သည်ဟု ဆိုရာစကား ရောက်၏။

(*ဝိနည်းဗဟုသုတ နည်းပါးလျက် ဝိနည်းအလေးဂရု ပြုသူတို့သည် သာမဏ မဟုတ်သူကို ရဟန်းပြု မပေးအပ်ဟု အဆိုဂရုဖြင့် ချွတ်စေတတ်ကုန်၏။)

အန္ဓကဋ္ဌကထာနှင့် ရှေးဂဏ္ဍိတို့၌ ဒုဿီလဘိက္ခုကို ထေယျသံဝါသကဟု ဆိုသည်။ ထေယျာလ ဝေါ ရဋ္ဌပိဏ္ဍံ ပရိဘုတ္တံ ဟူသော ပရိယာယ်နည်းဖြင့် ဆိုသည်ဟု မှတ်အပ်၏။ ထို့ကြောင့် မမှတ်သားအပ်ဟု ပယ်သည်။ ပအုပ်ကြီးဆွမ်းသည် လူတို့၏ပစ္စည်း ဖြစ်၏။ သာမဏေအချင်းချင်း ဝါစဉ်းလဲ၍ခံယူလျှင် (လိင်ကျခြင်း) ပါရာဇိက ဖြစ်သည်၊ ထေယျသံဝါသက မဖြစ်။ ရဟန်းအချင်းချင်းလည်း ထို့အတူ ထေယျသံဝါသက မဖြစ်။ ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏။ သာမဏေ၏ အသွင်ဆောင်အံ့၊ လူသည် ဥဘယတ္ထနက ဖြစ်သည်။ သာမဏေ၏ သံဝါသကသည် ဤ၌ သံဝါသ မမည်။ (သာမဏေ၏ သံဝါသခိုးလျှင် ထေနကမဖြစ်ဟူလို။ ဝိဋီနှင့်မတူလတ္တံ့။)

(သာဋီ ... မိနွယ်ဘနွယ်၌ဖြစ်သော ဆွေမျိုးအားလုံးသည် ကောလည မည်၏။ ခိုးခြင်းဖြင့် သံဝါသရှိသူသည် ထေယျသံဝါသက မည်၏။ ဤ၌ လိင်္ဂတ္ထေနကဥဘယတ္ထေန ကလည်း ထေယျသံဝါသက သာတည်း။ မင်းဘေး စသည်ကြောင့် အသွင်ယူသော်လည်း စိတ်စင်ကြယ်၍ ပေါင်းဖော်ခြင်းမပြုအံ့ ထေယျသံဝါသက မဖြစ်။ မင်းဘေးစသည် ကင်းလျက် သက်သက်ရဟန်းတို့ကို လှည့်စား၍ ပေါင်းဖော်လိုသဖြင့် အသွင်ယူအံ့၊ စိတ်မစင်ကြယ်သောကြောင့် အသွင်ယူကာမျှ၌ ထေယျသံဝါသကဖြစ်၏။

ငါ့ကို သမဏဟု လူတို့သိစေကုန်သတည်းဟု ဝဉ္စနာစိတ် ရှိသော်လည်း ရဟန်းတို့အား ဝဉ္စနာစိတ်မရှိလျှင် ထိုအပြစ်မရှိဟု ဂဏ္ဍိသုံးကျမ်းတို့၌ ဆို၏။ သဗ္ဗပါသဏ္ဍိယဘတ်ကိုစား၍ ဟူသောစကားဖြင့် ဘေးရန် ရှိသော်လည်း သံဝါသကို မယူမူ၍သာနေသည်ဟုပြသည်။ ကျောင်းသို့သွား၍ သံဃိကဘတ်ကိုခံယူလျှင် သံဝါသ လွတ်နိုင်ခဲသည်။

သဗ္ဗ-အလုံးစုံကုန်သော။ ပါသဏ္ဍိက-ကျော့ကွင်းထောင်သူတို့နှင့် (ဝါ-သာမယိက - အယူဝါဒ ရှိသူတို့နှင့်) ဆက်ဆံအောင်ပြု၍ လမ်းလေးခွစသည်၌ ထား၍လှူသော ဘတ္တ-ထမင်းသည် သဗ္ဗပါသဏ္ဍိယဘတ်မည်၏။ ကိုယ်တိုင်သင်္ကန်းဝတ်လာသော အဗျတ္တသည် ရဟန်းပြုပြီးမှ ဝိနည်းစကားနာကြားရ၍ မပြောကြား သော်လည်း ထေယျသံဝါသက မဖြစ်။

သိက္ခာမချပဲ ပါရာဇိကမှုပြု၍ ရဟန်းဝါ ရေတွက်သူသည် ရဟန်းတို့ပေးသောအသွင်ကို မစွန့်သောကြောင့် လိင်္ဂတ္ထေနက မဖြစ်။ အသွင်အားလျော်သော သံဝါသကို သာယာလက်ခံသောကြောင့် သံဝါသတ္ထေနက လည်း မဖြစ်။ နောက်၌ ထေယျသံဝါသက မဖြစ်ဟုဆိုရာ၌ လည်းကောင်း၊ ဘိက္ခုနီ၌လည်းကောင်း ဤနည်းကို သိအပ်၏။ ဝုဍ္ဎပဗ္ဗဇိတကို သာမဏေကြီးကို ရည်၍ဆိုသည်။ ပအုပ်ကြီးဆွမ်းဟူသော စကားဖြင့် လူတို့၏ ဥစ္စာကိုပြသည်။ သာမဏေအချင်းချင်း ဝါစဉ်းလဲ၍ ခံယူရာ၌ ထေယျသံဝါသက မဖြစ်သော်လည်း ပါရာဇိက (လိင်ကျခြင်းသို့) ရောက်သည်သာတည်း။)

(ဝိဋီ ... ကုလေ+ဇာတာ-ဝိဒိတာ၊ ဉာတာ၊ ပသိဒ္ဓါဝါ-ကောလညူကုလံ ဇာနန္တီတိ ကောလညူ။ ဆွေမျိုးတို့ကိုရ၏။ ခိုးခြင်းဖြင့် အသွင်လိင်္ဂကိုယူခြင်းမျှသည်လည်း သံဝါသံသာတည်း။ ထို့ကြောင့် ထေယျ သံဝါသက-သုံးယောက်ဟု ဆိုသည်။ သာမဏေကြီး၏ ရှိခိုးခံရသော သာမဏေငယ်၊ ရဟန်းကြီး၏ ရှိခိုးခံရသော ရဟန်းတို့သည် ယေယျသံဝါသက မဖြစ်။ ကိုယ်တိုင်သင်္ကန်းဝတ်၍ သာမဏေဝါ ရေတွက်သူသည်လည်း ဥဘယတ္ထေနကသာတည်း။ (ဇီဋီနှင့်မတူ။)

မိန်းမတို့သည်လည်း ဘိက္ခုနီတို့ထံ၌ ဤသို့ကျင့်လျှင် ထေယျသံဝါသကသာတည်း။ ဤသိက္ခာပုဒ်၌ အာဒိကမ္မိကသည်လည်း မလွတ်။ ဤအသွင်ဖြင့် ရဟန်းတို့ကို လှည့်စား၍ ရဟန်းတို့နှင့် အတူနေမည်ဟု မစင်ကြယ်သော စိတ်မရှိလျှင် စင်ကြယ်သောစိတ်ရှိသည် မည်၏။ ထိုမစင်ကြယ်သောစိတ်ဖြင့် အသွင်ယူလျှင် နောင်ရဟန်းတို့နှင့် အတူမနေသော်လည်း အသွင်ယူသော ခဏ၌ပင် လိင်္ဂတ္ထေနကဖြစ်၏။ နောက်၌ အတူနေသော်လည်း အဘဗ္ဗဖြစ်ပြီးမှ နေသူဖြစ်၏။ ထို့ကြောင့် ဥဘယတ္ထေနကသည်လည်း လိင်္ဂတ္ထေနက၌သာ သက်ဝင်၏။

မင်းဘေး စသည်ကြောင့် စင်ကြယ်သော စိတ်ဖြင့် အသွင်ယူသူသည် နောက်၌ ရဟန်းဝါရေတွက်၍ လှည့်စားကာ အတူနေတော့မည်ဟု မစင်ကြယ်သော စိတ်ဖြစ်အံ့၊ စိတ်ဖြစ်ရုံဖြင့် ထေယျသံဝါသကမဖြစ်။ စင်ကြယ်သောစိတ်ဖြင့် ယူသော အသွင်ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ထံ သွား၍ သာမဏေဝါ ရေတွက်ခြင်း စသည်ကို ပြုလျှင်ကား သံဝါသတ္ထေနကဖြစ်၏။ ဝါ၊ ဥဘယတ္ထေနကဖြစ်၏။

နောက်၌ “ဝန်ချခြင်းနှင့်တကွ ထေယျသံဝါသက သာဖြစ်၏”ဟု ဆိုခြင်းကား ရဟန်းတို့နှင့် ပေါင်းဆုံပြီးမှ သံဝါသ အဓိဝါသနစွမ်းဖြင့် ဓုရနိက္ခေပကို ရည်၍ဆိုသည်။ သံဝါသကို မသာယာသေးသမျှ စင်ကြယ်သော စိတ်ဖြင့် အသွင်ယူသော ထိုသူတို့အား ထေယျသံဝါသက-ဟု မဆိုအပ်။ ဘေးရန်မရှိပဲ မြူးတူးလို၍ အသွင်ယူပြီးလျှင် ရဟန်းတို့ထံ ပဗ္ဗဇိတအသွင်ပြ၍ ခိုးခြင်းစသည်ကို လက်မခံသူ၊ ငါအား တင့်တယ်လေ သလောဟု စင်ကြယ်သောစိတ်ဖြင့် ပဗ္ဗဇိတအသွင် ယူသူတို့ လည်း ထေယျသံဝါသကမဖြစ်။)

အလုံးစုံသော အယူဝါဒရှိသူတို့နှင့် ဆက်ဆံအောင်ပြု၍ တည်ထားသော ထမင်းသည် သဗ္ဗပါသဏ္ဍိယဘတ္ထ မည်၏။ ဘိက္ခုတို့အတွက် သတ်မှတ်သော ဘတ္တကိုခံယူလျှင် သံဝါသ ဖြစ်ဖွယ်ရာရှိသောကြောင့် အားလုံးနှင့် ဆက်ဆံသော ဘတ္တကို ဆိုသည်။ စင်စစ်အားဖြင့် သံဝါသကို မသာယာပဲ ရဟန်းမရှိသောကျောင်း စသည်၌ ရှိသော ဝိဟာရဘတ္တစသည်ကို သုံးဆောင်သော်လည်း ထေယျသံဝါသ မဖြစ်သည်သာတည်း။

ကိုယ်တိုင် သင်္ကန်းဝတ်သူသည် ထေယျသံဝါသက ဟူသော အမည်ကို မသိသော်လည်း ဤသို့ မပြုကောင်းဟူ၍ လည်းကောင်း၊ ဤသို့ပြု၍ သာမဏမဖြစ်ဟူ၍ လည်းကောင်း၊ ငါဖွင့်ပြောလျှင် ငါ့ကို နှင်ကုန်လတ္တံ့ ဟူ၍လည်းကောင်း၊ မိမိအား ရှင်အဖြစ် မရောက်သည်ကို တနည်းနည်းဖြင့်သိလျှင် ထေယျသံဝါသကဖြစ်၏။ ရှင်အဖြစ်ကို ဤသို့ ငါယူပြီးပြီဟုလည်း သညာရှိလျက် သက်သက်မိမိ၏ အဝတ်ဖြူ ဝတ်ခြင်းစသော ဖောက်ပြန်ခြင်း ကိုယ်တိုင်ပြောပြခြင်းငှါ ရှက်၍မပြောအံ့၊ ထေယျသံဝါသက မဖြစ်။

ရဟန်းမပြုမီသာလျှင် ဟူသော စကားဖြင့် ရဟန်းပြုပြီးမှ ထေယျသံဝါသက လက္ခဏာကိုသိလျှင် လှည့်စားခြင်းဖြင့် မပြောကြားသော်လည်း ထေယျသံဝါသက မဖြစ်ပြီဟုပြသည်။ ထိုရဟန်းသည် စိတ်စင်ကြယ်စွာယူသော အသွင်ဖြစ်သောကြောင့် လိင်္ဂတ္ထေနကလည်း မဖြစ်၊ ရဟန်းအဖြစ်ရပြီးဖြစ်၍ ထိုအားလျော်စွာသော သံဝါသကို သာယာသောကြောင့် သံဝါသတ္ထေနကလည်းမဖြစ်၊ ရဟန်းအဖြစ် မရသေး သူကား သံဝါသထိုက်သော လိင်္ဂကိုယူသောကြောင့် လိင်္ဂတ္ထေနကမဖြစ် (စင်ကြယ်သောစိတ်ဖြင့် မသိ၍ ယူခဲ့သည်ဟူလို) ပါရာဇိကသို့ရောက်ပြီးသော ဘိက္ခုသည် ရဟန်းတို့ပေးသော လိင်္ဂကို မစွန့်သောကြောင့် လိင်္ဂတ္ထေနကမဖြစ်။ ဘိက္ခု ပဋိညာကိုမစွန့်သောကြောင့် သံဝါသတ္ထေနကမဖြစ်။

ကင်္ခါဋ္ဌကထာ၌ လိင်္ဂအားလျော်သော သံဝါသကို သာယာသောကြောင့် သံဝါသတ္ထေနကမဖြစ် ဟု အကြောင်း ပြခြင်းသည်လည်း ဤဘိက္ခု ပဋိညာမစွန့်သော အကြောင်းကိုရည်၍ ပြသည်။ ဤဘိက္ခု ပဋိညာကြောင့် မဟုတ်၊ ရဟန်းတို့ပေးသော လိင်္ဂကြောင့်ဟု ယူဆလျှင် သာမဏေအားလည်း ရဟန်းတို့ပေးသော လိင်္ဂရှိသောကြောင့် ရဟန်းဝါ ရေတွက်ခြင်းစသည်ပြုလျှင် လိင်္ဂအားလျော်သော သံဝါသကို သာယာပေသည်၊ သံဝါသတ္ထေနက မဖြစ်နိုင်ရာ။

ရဟန်းကဲ့သို့ ပါရာဇိကသို့ရောက်သော သာမဏေသည်လည်း သာမဏေရ ပဋိညာ မစွန့်ခြင်းကြောင့် သံဝါသတ္ထေနက မဖြစ်ဟု သိအပ်၏။ ဝုဍ္ဎပဗ္ဗဇိတကို သာမဏေကြီးကိုရည်၍ ဆိုသည်။ မဟာပေဠ ပအုပ်ကြီးကား နှီးစသည်ဖြင့်ပြု၍ အိမ်တံခါးအနီး၌ထားသော ဆွမ်းတောင်းအထူးတည်း။ ဤစကားဖြင့် ကျောင်း၌ ရဟန်းတို့နှင့်အတူ ဝါရေတွက်ခြင်း စသည်မပြုခြင်းကိုပြသည်။)

တိတ္ထိယ ပက္ကန္တက

ဇီဋီ ... ချစ်သားတို့.. တိတ္ထိယပက္ကန္တကကို ရဟန်းပြုမပေးအပ် စသည်ကို မိမိ၏ နိဒါန်းဖြစ်သော ပသူရတိတ္ထိ၌ ဟောခဲ့ပြီးဖြစ်သော်လည်း အဘဗ္ဗချင်းတူသောကြောင့် ဤထေယျသံဝါသက အခြားမဲ့တွင် ပါဠိတော်၌ တဖန် ဟောပြန်လေသည်။)

[ထာ ... တိတ္ထိတို့ထံ ပြောင်း၍ဝင်သူသည် တိတ္ထိယပက္ကန္တက မည်၏။ ထိုသူကို ရှင်မျှပြုသော်လည်း ပြု မပေးအပ်။ အဆုံးအဖြတ်ကား ဥပသမ္ပန္န ရဟန်းသည် တိတ္ထိဖြစ်လိုသည်ဟု ရဟန်းအသွင်ဖြင့် တိတ္ထိကျောင်းသို့သွားအံ့၊ ခြေလှမ်းတိုင်း ဒုက္ကဋ်။

ထိုတိတ္ထိတို့၏ အသွင်ကိုယူကာမျှ၌ တိတ္ထိယပက္ကန္တက ဖြစ်၏။ (တိတ္ထိကျောင်းသို့ မသွားသော်လည်း) တိတ္ထိဖြစ်လိုသည်ဟု ကုသစီရ သမန်းမြက်သင်္ကန်း စသည်ကို ကိုယ်တိုင်ဝတ်အံ့၊ တိတ္တိယပက္ကန္တက သာဖြစ်၏။ အဝတ်ကင်းလျက် ရေချိုးစဉ် မိမိကိုယ်ကိုကြည့်၍ ငါအား အာဇီဝကအဖြစ်သည် တင့်တယ်၏။ အာဇီဝက ပြုတော့အံ့ ဟု အဝတ်ကင်းလျက်သာ အာဇီဝကတို့ထံသွားအံ့၊ ခြေလှမ်းတိုင်း ဒုက္ကဋ်။

ခရီးအကြား၌ ဟိရိဩတ္တပ္ပဖြစ်မူ ဒုက္ကဋ်တို့ကို ဒေသနာကြား၍ လွတ်နိုင်၏။ တိတ္ထိကျောင်းရောက်ပြီးမှ သော်လည်း “သင်တို့၏ ရဟန်းအဖြစ်သည် ဒုက္ခကြီးလှ၏” ဟု အပြစ်မြင်၍ ပြန်လာလျှင် လွတ်သေးသည် သာတည်း။ အရှင်တို့၏ ရဟန်းအဖြစ်၌ အမြတ်ဆုံး အဘယ်နည်းဟုမေး၍ ဆံမုတ်ဆိတ်နှုတ်ခြင်း စသည်တို့သည် အမြတ်ဆုံးဟုဆိုသဖြင့် တပင်မျှသော်လည်း နှုတ်ခိုင်းအံ့၊ မလွတ်နိုင်တော့ပြီ။

ပဆွန့်နင်းလျက်သွားခြင်း၊ နေခြင်းစသော အကျင့်ကိုသော်လည်းယူအံ့၊ ဥဒေါင်းမြီးစသည်ကိုသော်လည်း ဝတ်ဆင်အံ့၊ ထိုတိတ္ထိတို့၏ အသွင်ကိုယူ၍ ဤရဟန်းအဖြစ်သည် အလွန်မြတ်၏ ဟု မြတ်သည်အဖြစ်သို့ သော်လည်း ကပ်ရောက်အံ့၊ မလွတ်နိုင်တော့ပြီ၊ တိတ္ထိယပက္ကန္တက ဖြစ်၏။

အကယ်၍ တင့်တယ်သလောဟု စုံစမ်းခြင်းငှါ သမန်းမြက်သင်္ကန်း သော်လည်း ဝတ်အံ့၊ ဆံကျစ်ကို သော်လည်းဖွဲ့အံ့၊ ခါရိကာဇ- ပရိက္ခရာထမ်းသော ထမ်းပိုးသော်လည်းယူအံ့၊ ဝန်မခံသေးလျှင် အယူသည် စောင့်သေး၏။ ဝန်ခံကာမျှ၌ တိတ္ထိယပက္ကန္တက ဖြစ်၏။

သင်္ကန်းခိုးသူ လုယက်သဖြင့် သမန်းမြက်သင်္ကန်း စသည်ဝတ်သောရဟန်း၊ မင်းဘေးစသည်ကြောင့် တိတ္ထိအသွင်ယူသော ရဟန်းသည်လည်း အယူ မယူခြင်းကြောင့် တိတ္ထိယပက္ကန္တက မဖြစ်။ (အာပတ်လည်း မသင့်။)

ဤ တိတ္တိယပက္ကန္တက ဟူသည်ကို ရဟန်းဖြင့်ဟောသည်။ ထို့ကြောင့် သာမဏေသည် မိမိ သာမဏေ အသွင်ဖြင့် တိတ္ထိကျောင်း ပြောင်းသွားသော်လည်း နောက်တဖန် ရှင်အဖြစ် ရဟန်းအဖြစ်ကို ရနိုင်သည်ဟု ကုရုန္ဒီ၌ ဆို၏။ ယခင် ထေယျသံဝါသကကံကိုကား ရဟန်းမဟုတ်သူဖြင့် ဟောသည်။ ထို့ကြောင့် ရဟန်းသည် စဉ်းလဲသော ဝါရေတွက်သော်လည်း (ဝါရေတွက်၍ သံဝါသ သာယာသော်လည်း) သမဏ ပင်တည်း။ အသွင်၌ အားထုတ်ငဲ့ကွက်ခြင်း ရှိလျက် ပါရာဇိကသို့ရောက်၍ ရဟန်းဝါ စသည် ရေတွက်သူလည်း ထေယျသံဝါသက မဖြစ်။]

(ပသုရမည်သောတိတ္ထိသည် တရားခိုးလို၍ ဥဒါယီမထေရ်ထံ ရဟန်း ပြုပြီးလျှင် တရားနှင့်အညီပြောဆိုသော ဥပဇ္ဈာယ်ကို အပြစ်တင်၍ တိတ္ထိကျောင်းသို့ ပြောင်းသွား၏။ ထိုနိဒါန်းကြောင့် ဗာလအဗျတ္တသည် ဥပဇ္ဈာယ်ဆရာမပြုရ၊ ပြုငြားအံ့၊ ဒုက္ကဋ် အာပတ်ဟူ၍ လည်းကောင်း၊ ဆယ်ဝါရပြီးသော်လည်း ဗျတ္တပဋိဗလဖြစ်မှ ဥပဇ္ဈာယ်ဆရာပြုခြင်းငှါ ခွင့်ပြု၏ ဟူ၍လည်းကောင်း ပညတ်သည်။

ထို့နောက်တဖန် ထို ပသုရသည် လာ၍ ရဟန်းအဖြစ်ကို တောင်းပန်ပြန်၏။ ထိုနိဒါန်းကြောင့် တိတ္ထိယပက္ကန္တကကို ရဟန်းပြု မပေးအပ်ဟူ၍ လည်းကောင်း၊ ထိုမှတပါးသော တိတ္ထိဖြစ်အံ့၊ သာသနာသို့ ဝင်ရန် တောင်းပန်လျှင် လေးလပရိဝါသ် ကျင့်စေရမည် ဟူ၍လည်းကောင်း ပညတ်သည်။ ယခုကိုယ်တိုင် သင်္ကန်းဝတ်လာသော နိဒါန်းကြောင့် ထေယျသံဝါသကကို ပယ်တော်မူသည်။ ထိုနှင့်တူစွာ တိတ္ထိယပက္ကန္တကကို ရဟန်းပြုမပေးအပ်။ ပြုပေးမိလျှင် အသွင်ဖျက်ဆီးရမည်ဟု ပယ်တော်မူသည်ကိုလည်း သင်္ဂါယနာတင်ဆရာတို့ ပေါင်းပြသည်။)

(သာဋီ ... တိတ္ထိဖြစ်လိုသည်ဟု သွားသူအား အသွင်ယူခြင်းဖြင့်သာလျှင် အယူကိုလည်း ယူပြီးသာဖြစ်သည်။ ထိုကြောင့် တိတ္ထိယပက္ကန္တကဖြစ်၏ ဟု ဆိုသည်၊ ကေစိဆရာကား အသွင်ယူကာမျှ၌ အယူယူသော် လည်းကောင်း၊ မယူသော်လည်းကောင်း တိတ္တိယပက္ကန္တက ဖြစ်၏ဟု ဆိုသည်။ မမှတ်အပ်။

တိတ္ထိဖြစ်လိုသည် ဟု သွားသူအား အသွင်ယူခြင်းကြောင့် (ဝါ-အသွင်ယူပြီးမှ) တပါးသောအယူ ယူသည် မဟုတ်၊ အသွင်ယူလျှင် အယူ ယူသူဖြစ်သည်။ ထို့ကြောင့် စုံစမ်းခြင်းငှါ၊ သမန်းမြက်သင်္ကန်း …..လ.... ဝန်မခံသေးလျှင် အယူသည်စောင့်သေး၏၊ ဝန်ခံကာမျှ၌ တိတ္တိယပက္ကန္တက ဖြစ်၏ဟုဆိုပြီ။ အဝတ်ကင်းလျက် အာဇီဝကတို့ထံ သွားသူအား အာဇီဝက ပြုတော့အံ့ဟု အသုဒ္ဓစိတ်ဖြင့်သွားခြင်းကြောင့် ဒုက္ကဋ်ဟုဆိုသည်။ အဝတ်ကင်းလျက် သွားခြင်းကြောင့်လည်း ဒုက္ကဋ်သာတည်း။)

(ဝိဋီ ... စုံစမ်းလိုခြင်း စသည်မဟုတ်ပဲ တိတ္ထိဖြစ်လိုသည်ဟု ဆုံးဖြတ်၍ အသွင်ကို ကိုယ်ဖြင့်ယူဆောင်ကာမျှ၌ တိတ္ထိယပက္ကန္တကဖြစ်၏။ အာဇီဝက ပြုတော့အံ့ဟု အဝတ်ကင်းလျက် သွားသူအား တိတ္ထိအဖြစ်သို့ ရောက်ခြင်းကို စွဲ၍ ဆုံးဖြတ်ခြင်းရှိသော်လည်း၊ ရောက်ပြီးမှ ထိုတိတ္ထိတို့၏ အစီအရင်ဖြင့် အာဇီဝကပြုမည်ဟု ကြံစည်ခြင်း ရှိသောကြောင့် ခြေလှမ်းတိုင်း ဒုက္ကဋ်ဟု ဆိုသည်။

ပါဠိတော်၌ ဒုက္ကဋ်ဟု မဟောသော်လည်း မေထုနစသည်၌ ဟောသော ပုဗ္ဗပယောဂဒုက္ကဋ်အား လျော်သောကြောင့်ဆိုသည်။ ဤစကားဖြင့် သန္နိဋ္ဌာန်ချ၍ အသွင်ယူလျှင် ပါရာဇိက၊ ထိုမှရှေ့ လုံ့လ၌ ထုလ္လစ္စည်းကိုလည်း ဆိုအပ်သည်သာတည်း။ ထုလ္လစ္စည်းခဏ၌ ပြန်နစ်သူလည်း အာပတ် ဒေသနာကြားလျှင် လွှတ်သည်သာတည်း။ ဤနည်းအတူ သံဃဘေဒ၊ လောဟိတုပ္ပါဒတို့၌လည်း ဘိက္ခုတို့အား ပုဗ္ဗပယောဂ စသည်တို့၌ ဒုက္ကဋ်။ ထုလ္လစ္စည်း၊ ပါရာဇိကတို့ကို လည်းကောင်း၊ လွတ်သောအပိုင်းအခြားကို လည်းကောင်း သိအပ်၏။

ဤ၌သာသနာ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် အာဒိကမ္မိကတို့အားလည်း အနာပတ္တိဟု မဟော။ ရှင်အဖြစ်မျှလည်း မထိုက်ဟုပြခြင်းငှါ သိက္ခာပုဒ်သီးခြားဖြင့် ပါရာဇိကစသည်ဟု မဟောပဲ ဤ အဘဗ္ဗပုဂ္ဂိုလ် (တကျိပ်တယောက်) တို့၌သာ ဟောသည်။ ထိုတိတ္ထိတို့၏ သဿတစသော အယူကိုသော်လည်း အသွင်ကိုမယူလျှင် တိတ္ထိယပက္ကန္တက မဖြစ်။ ထိုသဿတ စသည်ကို မယူသော်လည်း ထို တိတ္ထိတို့၏ အကျင့်သည် ကောင်း၏ဟု နှလုံးသွင်း၍ အသွင်ယူလျှင် တိတ္ထိယပက္ကန္တက ဖြစ်သည်သာတည်း။

ရဟန်းအဖြစ်၌ တွယ်တာလျက် တိတ္ထိအယူမရှိပဲ ဘေးရန်ကြောင့် သမန်းမြက်သင်္ကန်း စသည်ကို ဝတ်ရုံသော ရဟန်းအားလည်း အနာပတ္တိ၊ တိတ္ထိယပက္ကန္တကနှင့် သံဃဘေဒက နှစ်ယောက်ကို ဥပသ္ပ္မန္နရဟန်းဖြင့်သာ ဟောသည်။ မာတုဃာတက စသည်တို့ကို အနုပသမ္ပန္နဖြင့်လည်း ဟောသည်။)

တိရစ္ဆာနဝတ္ထု

ထိုအခါ နဂါးတဦးသည် နဂါးဘဝဖြင့် ငြီးငွေ့၍ လူ့ဘဝ ရလိုသောကြောင့် လုလင်အသွင်ဖြင့်လာ၍ ရဟန်းတို့ထံ ရှင်အဖြစ်ကို တောင်းပန်၏။ ရဟန်းတို့သည် ရှင်ပြု၍ ရဟန်းပြုပေးကုန်၏။ ထိုနဂါးရဟန်းသည် ရဟန်းတဦးနှင့် အစွန်ဖြစ်သောကျောင်း၌ နေ၏။ တနေ့၌ အဖော်ရဟန်းသည် နံနက်စောစောထ၍ လွင်တီးခေါင်၌ စင်္ကြံ သွားစဉ် နဂါးရဟန်းသည် လွတ်လွတ်အိပ်ပျော်ခြင်းသို့ ရောက်စေသဖြင့် တကျောင်းလုံး မြွေ၏ကိုယ်ဖြင့်ပြည့်၍ ပြူတင်းပေါက်မှ အခွေတို့ ထွက်ကုန်၏။

အဖော်ရဟန်းသည် ကျောင်းတွင်းဝင်မည်ဟု တံခါးဖွင့်လတ်သော် မြွေကိုယ်ဖြင့် ပြည့်နေသည်ကိုမြင်၍ ကြောက်လန့်သောကြောင့် (သာမဏ သညာကင်းလျက်) ကျယ်စွာ အော်ဟစ်၏။ ရဟန်းတို့ပြေးလာ၍ မေးကြသောအခါ၊ နဂါးရဟန်းသည် နိုး၍ မိမိနေရာ၌ ထိုင်၏။ ရဟန်းတို့မေးကြသောအခါ ကျွန်ုပ်သည် နဂါးဖြစ်ပါသည်။ လူ့ဘဝ ရလိုသောကြောင့် ရဟန်းပြုပါသည်ဟု ဝန်ခံ၏။

မြတ်စွာဘုရားသည် ရဟန်းတို့ကို စည်းဝေး စေ၍ ထိုနဂါးကို သင်နဂါးတို့သည် (ဈာန်ဝိပဿနာ မဂ်ဖိုလ်တို့အား မထိုက်ခြင်းကြောင့်) ဤသာသနာ၌ မကြီးပွားနိုင်ကုန်၊ နဂါးပြည် ပြန်သွား၍ ပက္ခ ၁၄-ရက်၊ ၁၅-ရက်၊ ၇-ရက်နေ့တို့၌ ဥပုသ်သီလစောင့်သုံးလော၊ မကြာမီ လူ့ဘ၀ ရလတ္တံ့ဟု မိန့်တော်မူ၏။ နဂါးသည် မျက်ရည်ရွှဲစို ကျူကျူငိုလျက် ဖဲသွား၏။

ချစ်သားတို့ ... နဂါးအား ဇာတ်တူမနှင့် မေထုန်ပျော်ပါးသာအခါ လွတ်လွတ်အိပ်ပျော်သောအခါ အကြောင်း နှစ်ပါးဖြင့် နဂါးသဘော ထင်စွာဖြစ်၏။ ချစ်သားတို့ .... တိရစ္ဆာန်ကို ရဟန်းပြု မပေးအပ်။ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

(ထာ ... ထိုနဂါးသည် ပဝတ္တိအခါ ကုသိုလ်ကျိုးဖြင့် နတ်စည်းစိမ်နှင့်တူစွာ အစိုးတရ စည်းစိမ် ခံစားရသော်လည်း အကုသိုလ်ကျိုး ပဋိသန္ဓေ ရှိသောကြောင့် ဇာတ်တူမနှင့် မေထုန်ပျော်ပါးသောအခါ လွတ်လွတ် အိပ်ပျော်သောအခါ ရေပျော်ပါး ဖားစားနဂါးကိုယ် ထင်ရှားခြင်းကြောင့် ငြီးငွေ့၏။ ရှက်၏၊ စက်ဆုပ်၏။ အဖော်ရဟန်းရှိစဉ် သတိထား၍ မျောက်ငိုက်မြည်းသကဲ့သို့သာ အိပ်၏။ အဖော်ရဟန်း ထွက်သောအခါ သတိလွတ်၍ ရဲဝံ့စွာအိပ်ကြီးအိပ်၏။

နဂါးတို့သည် ဇာတ်တူ မဟုတ်သော လူမိန်းမ စသည်၌ ပျော်ပါးသောအခါ နတ်သားကဲ့သို့ဖြစ်၏။ ပဝတ္တိအခါ မပြတ်မြင်ကြရခြင်းဖြင့် အကြောင်းနှစ်ပါးသာ ဟောသည်။ ပဋိသန္ဓေ အခါ၊ အရေလဲသောအခါ၊ ဇာတ်တူ နဂါးမနှင့် ပျော်ပါးသောအခါ၊ လွတ်လွတ်အိပ်ပျော်သောအခါ၊ သေသောအခါ၊ ဤအခါငါးပါး၌ နဂါးသဘော ထင်စွာပြ၏။

ဤသိက္ခာပုဒ်၌ နဂါးဖြစ်စေ၊ ဂဠုန်လုလင် စသည်ဖြစ်စေ၊ သိကြားမင်းကို အစပြု၍ လူဇာတ်မဟုတ်သူ ဟူသမျှသည် (ဝါ...လူဇာတ်မဟုတ်ပဲ လူအသွင်ရှိသူ ဟူသမျှသည်) တိရစ္ဆာန်မည်၏။ ရဟန်းပြုမပေးအပ်၊ ရှင်ပြုမပေးအပ်။ ပြုပေးပြီးလျှင်လည်း ဖျက်ဆီးအပ်၏။ (ကျွဲ နွားစသည်တို့အား လူအသွင် မရှိသောကြောင့် အထူးပယ်ဖို့မလို။)

မိဘသတ်သူ

ထိုအခါ လုလင်တယောက်သည် မိခင်ကိုသတ်မိသည်ဖြစ်၍ ထိုအပြစ်မှလွတ်စိမ့်သောငှါ ရဟန်းတို့ထံ ရှင်အဖြစ်ကိုတောင်းပန်၏။ ရဟန်းတို့သည် “လုလင်အသွင်ဖြင့်လာ၍ နဂါးရဟန်းပြုဖူးပြီ၊ မေးစစ်ပါဦး” ဟု ရှင်ဥပါလိကို တိုက်တွန်းကုန်၏။ လုလင်သည် မိခင်ကို သတ်မိသည်ဟု ဝန်ခံသဖြင့် မြတ်စွာဘုရားအား လျှောက်ကြားကုန်၏။

ချစ်သား ... အမိသတ်သူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။ လုလင်တယောက်သည် ဖခင်ကို သတ်မိသည်ဖြစ်၍ ရှေးနည်းတူရောက်လာ၏။ ချစ်သား ... အဘသတ်သူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

(ထာ ... လူဖြစ်သောမိခင်ကို စေတနာနှင့်သသော လူဖြစ်သော သားသည် အာနန္တရိယ-မာတုဃာတကကံ ထိုက်၏။ ထိုသူအား ရှင်အဖြစ်၊ ရဟန်းအဖြစ်ကို ပယ်အပ်၏။ လူဖြစ်သော်လည်း မွေးစားသောအမိ မိကြီး မိထွေးကိုလည်းကောင်း၊ မွေးမိခင်ဖြစ်သော်လည်း လူမိန်းမ မဟုတ်သူကို လည်းကောင်းသတ်အံ့၊ ရှင်ရဟန်း အဖြစ်မထားအပ်။ အာနန္တရိယကံလည်း မထိုက်။ လူမိခင်ကိုသတ်သော သားဖြစ်သော တိရစ္ဆာန်လည်း အာနန္တရိယကံမထိုက်။ တိရစ္ဆာန်ဖြစ်သောကြောင့် ပယ်အပ်၏။ အဘသတ်သူ၌လည်း ဤနည်းသာ တည်း။ ပြည့်တန်ဆာမ၏သားဖြစ်အံ့၊ သူ့ဖခင်ကို သူမသိနိုင်၊ အကြင်သူ၏သွေးကြောင့် ဖြစ်၏။ ထိုသူသည် ဖခင်ဖြစ်၏။ ထိုသူကိုသတ်မိလျှင် ပိတုဃာတက … အာနန္တရိကကံ ထိုက်၏။)

(သာဋီ ... လူအတ္တဘော၌ တည်သူ၏ ကုသိုလ်သည် ထက်မြက်၏။ ပြန့်ပြူး၏။ ရဲရင့်၏။ အကုသိုလ်လည်း ထို့အတူတည်း။ ထို့ကြောင့် လူမိခင်ကိုသတ်သော လူဖြစ်သောသားအား အာနန္တရိယကံထိုက်သည်။ စုတိအခြားမဲ့၌ အကျိုးပေးမြဲသော ကံဖြစ်သောကြောင့် အာနန္တရိယ မည်၏။ လိင်ဖောက်ပြန်သော မိခင်၊ ဖခင်ကိုသော်လည်း သတ်မိလျှင် အာနန္တရိယကံသာတည်း။ လိင်ဖောက်ပြန်ခြင်းသာဖြစ်သည်။

တခုသော ကံကြောင့်ဖြစ်သော ဘဝင်အစဉ်ပြတ်သည်မဟုတ်၊ ဇီဝိတိန္ဒြေ ပြတ်သည် မဟုတ်၊ တပါးသော အစဉ် ဝင်ရောက်လာသည်လည်း မဟုတ်။ တိရစ္ဆာန် မိဘကိုသတ်သော လူသား၊ လူမိဘကိုသတ်သော တိရစ္ဆာန်သား၊ တိရစ္ဆာန် မိဘကိုသတ်သော တိရစ္ဆာန်သားတို့အား အာနန္တရိယကံ မဖြစ်။ ဝန်လေးသော ကံဖြစ်၏။ အာနန္တရိယကံကို ထိကပ်၍တည်၏။ ဤ၌ ဧဠကစတုက္က၊ သင်္ဂါမစတုက္က၊ စောရစတုက္ကကို ဆိုအပ်၏။

ရှေးဦးစွာ အားထုတ်သော စိတ်သည် ပမာဏမဟုတ်၊ သတ်ဆဲအခါစိတ်နှင့် ထိုစိတ်၏ အာရုံဖြစ်သော ဇီဝိတိန္ဒြေ - ဤနှစ်ခုသာ အာနန္တရိယကံ ထိုက်ခြင်း-မတိုက်ခြင်း၌ ပမာဏ ဖြစ်သည်။

(၁) ဆိတ်ကိုသတ်မည်ဟု အားထုတ်သော်လည်း ဆိတ်နေရာ၌ရောက်နေသော မိဘကိုသတ်မိက အနန္တရိယကံ ထိုက်၏။ သတ်လိုသော စေတနာဖြင့် အာနန္တရိယဝတ္ထုကို ဖျက်ဆီးမိခြင်းကြောင့်တည်း။ (သတ်လိုသော သတ်ဆဲစေတနာသည် ဇီဝိတိန္ဒြေပရမတ်ကိုသာ အာရုံပြုသည်။ မိဘ၊ ဆိတ်ဟူသော ပညတ်ကိုအာရုံမပြုနိုင်၊ ကျိုးကြောင်းမသိ၊ မှောင်အတိ ဖြစ်နေလေ၏။)

(၂) ဆိတ်ကိုသတ်မိအံ့၊ အာနန္တရိယကံ မထိုက်။

(၃) ဘီလူးကိုသတ်မိအံ့ ထုလ္လစ္စည်း၊

(၄) လူကိုသတ်မိအံ့၊ ပါရာဇိက၊ ဤသို့ ဧဠကစတုက္ကဖြစ်ပုံကို သိအပ်၏။)

မိဘကိုသတ်မည်ဟု အားထုတ်သော်လည်း ဆိတ်ကိုသတ်မိအံ့၊ မထိုက်။ မိဘကိုသတ်မိအံ့၊ ထိုက်၏။ စစ်ပွဲ၌ တပါးသော စစ်သားကိုသတ်မည်ဟု မိဘကိုသတ်ခြင်းစသည်ဖြင့် သင်္ဂါမစတုက္ကကို သိအပ်၏။ ညဉ့်အခါ ခိုးသူကိုသတ်မည်ဟု မိဘကိုသတ်ခြင်း စသည်ဖြင့် စောရစတုက္ကကို သိအပ်၏။ မိဘ၌ကဲ့သို့ ရဟန္တာ၌လည်း ဤ စတုက္ကတို့ကို သိအပ်ကုန်၏။

အာနန္တရိယကံ ပြုမိသောသူသည် ထိုကံကျိုးကို တားမည်ဟု စကြဝဠာအပြည့် မဟာစေတီမျှသော ရွှေစေတီတို့ကို တည်ထားသော် လည်းကောင်း၊ စကြဝဠာအပြည့် နေထိုင်သောရဟန်း သံဃာအား အလှူကြီး လှူသော်လည်းကောင်း၊ ဘုရားရှင်၏သင်္ကန်းတော် မလွှတ်ပဲ အမြဲ လိုက်နေသော်လည်းကောင်း• စုတိ အခြားမဲ့၌ ငရဲသာ ဖြစ်၏။ ရှင်အဖြစ်ကိုလည်း မရ။

(ဝိဋီ ... အမနုဿဇာတိက မိခင်ထက် မနုဿဇာတိက မိခင်တို့အားသာလျှင် သားသမီးတို့၌ မေတ္တာ ကရုဏာစသည်တို့သည် ထက်မြက်ပြန့်ပြူးကုန်၏။ ထို့ကြောင့် လူဖြစ်သောမိခင်ကိုဟုဆိုသည်။ လူတို့အား သာလျှင် ကုသိုလ်စိတ် ထက်မြက်ပြန့်ပြူးသကဲ့သို့ အကုသိုလ်စိတ်လည်း ပြန့်ပြူး၏။ ထို့ကြောင့် လူဖြစ်သော သားသည်ဟု ဆိုသည်။

စုတိ၏အခြားမဲ့၌ ငရဲ၌ ပဋိသန္ဓေကျိုးသည် အနန္တရမည်၏။ ထိုအကျိုး၌ဖြစ်ခြင်းဖြင့် ယှဉ်တွဲသော ကံသည် အာနန္တရိယဖြစ်၏။ ပြည့်တန်ဆာမ မဟုတ်သော်လည်း လော်လည်သူမ (ဝါ-လော်လည်သူတို့၏ အနှိပ်စက်ခံရသူမ) တို့၏သားသည်လည်း မိမိဖခင်ကို မသိပဲသတ်မိအံ့၊ ပိတုဃာတကကံသာတည်း။)

ရဟန္ထာ သတ်သူ

ထိုအခါ များစွာသော ရဟန်းတို့သည် သာကေတမှ သာဝတ္ထိသို့ ခရီးရှည်သွားကုန်၏။ ခရီးအကြား၌ ခိုးသူတို့သည် ရဟန်းအချို့ကို လုယက်၍ အချို့ကို သတ်ကုန်၏။ သာဝတ္ထိမှ မင်းခယောက်ျားတို့ လိုက်ဖမ်းကုန်၏။ အချို့ထွက်ပြေး၍ ရဟန်းတို့ထံရှင်ပြုကုန်၏။ အဖမ်းခံရသော ခိုးသူတို့ကို သတ်ရန် ထုတ်သွားသောအခါ၊ ခိုးသူရဟန်းတို့သည် ငါတို့လည်း အဖမ်းခံရလျှင် အသတ်ခံရကုန်လတ္တံ့ ဟု ဆိုကုန်၏။ ရဟန်းတို့ မေးမြန်း၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။

ချစ်သားတို့ ... အသတ်ခံရသော ရဟန်းတို့သည် ရဟန္တာတို့ ဖြစ်ကုန်၏။ ချစ်သား ... ရဟန္တာသတ်သူကို ရဟန်းပြု မပေးအပ်။ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

[ထာ ... အရဟန္တဃာတကကိုလည်း လူရဟန္တာစွမ်းဖြင့်သာ သိအပ်၏။ ပဗ္ဗဇိတမဟုတ်သော်လည်း လူဇာတ် ရှိသော အာသဝေါ ကင်းပြီးသော ယောက်ျားကလေး မိန်းမကလေးကို သတ်လျှင်လည်း အရဟန္တဃာတက အာနန္တရိယကံထိုက်၏။ ရှင်အဖြစ် တားအပ်၏။

လူဇာတ်မဟုတ်သော နတ်ရဟန္တာကို လည်းကောင်း၊ လူဇာတ်ဟုတ်သော အနာဂါမ်စသော အရိယာ ပုဂ္ဂိုလ်ကိုလည်းကောင်း သတ်လျှင် အာနန္တရိယကံ မထိုက်၊ ရှင်အဖြစ်မတားအပ်။ ကံကား အားကြီး၏။ တိရစ္ဆာန်သည် လူရဟန္တာကို သတ်အံ့၊ အာနန္တရိယကံမထိုက်၊ ကံ့ကား လေးလှ၏။ ပါဠိတော်၌ သစေ မယံ-ဟုဆိုလိုလျက် သစာစမယံ-ဟု သစေနှင့်အနက်တူ သစာစ-နိပါတ်ကို ဆိုသည်။ သစဇ္ဇ ဟူ၍လည်း ပါဌ်ရှိတတ်၏။ သစေ အဇ္ဇအနက်။]

ဘိက္ခုနီဒူသက

များစွာသော ဘိက္ခုနီမတို့သည် သာကေတမှ သာဝတ္ထိသို့ ခရီးရှည်သွားကုန်၏။ ခရီးအကြား၌ ခိုးသူတို့သည် ဘိက္ခုနီမ အချို့ကို လုယက်၍ အချို့ကိုဖျက်ဆီးကုန်၏။ မင်းခယောက်ျားတို့ လိုက်ဖမ်းကုန်၏။ အချို့ ထွက်ပြေး၍ ရဟန်းတို့ထံ ရှင်ပြုကုန်၏။ အဖမ်းခံရသော ခိုးသူတို့ကို သတ်ရန် ထုတ်သွားသောအခါ ငါတို့လည်း အဖမ်းခံရလျှင် အသတ်ခံရကုန်လတ္တံ့ ဟု ဆိုကုန်၏။

ချစ်သား ... ဘိက္ခုနီမဖျက်ဆီးသော သူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။ ချစ်သားတို့ … သံဃာသင်းခွဲသောသူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။ ချစ်သားတို့ ... ဘုရား သွေးစိမ်းတည်အောင်ပြုသော သူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

[ထာ ... ပကတိသီလမပျက်သော ဘိက္ခုနီမကို မဂ်သုံးပါးတပါးပါး၌ ဖျက်ဆီးသူသည် ဘိက္ခုနီဒူသက မည်၏။ ရှင်အဖြစ်၊ ရဟန်းအဖြစ် ထားအပ်၏။ ကိုယ်လက်နှီးနှောခြင်းဖြင့် သီလဖျက်ဆီးသူအား ရှင်အဖြစ်၊ ရဟန်း အဖြစ်မတားအပ်၊ အနိုင်အထက်အဝတ်ဖြူ (လူဝတ်) ဝတ်ပေး၍ အလိုမတူပဲ ဖျက်ဆီးသူသည် ဘိက္ခုနီဒူသက ဖြစ်၏။ (အဖြူဝတ်ပေးခြင်းကို) အလိုတူ၍ ဖျက်ဆီးလျှင် တဦးလျှင် ဘိက္ခုနီသက မဖြစ်။ (အလိုတူလျှင် လူအဖြစ်ဝန်ခံသည် မည်၏။) လူအဖြစ်ဝန်ခံကာမျှ၌ ဘိက္ခုနီ မဟုတ်ခြင်းကြောင့်တည်း။ တကြိမ် သီလပျက်ပြီးသော ဘိက္ခုနီကို နောက်ထပ်ဖျက်ဆီးသူ၊ သိက္ခာမန်သမဏမကို ဖျက်ဆီးသူအား ဘိက္ခုနီဒူသက မဖြစ်၊ ရှင်အဖြစ်၊ ရဟန်းအဖြစ်ကိုရနိုင်၏။

သံဃံ ဘေဒက

(ထာ ... သံဃ ဘေဒက၌ ဒေဝဒတ်ကဲ့သို့ သာသနာတော်မြတ်ကို ဓမ္မမဟုတ်သည်ကိုပြု၍၊ ဝိနယ မဟုတ်သည်ကိုပြု၍ (အပလောကနကံ စသော လေးပါးသောကံတို့တွင် တပါးပါးသော ကံဖြင့် သံဃာကို သင်းခွဲသူသည် (ဝါ-ရဟန်းသည်သာလျှင်) သံဃဘေဒက မည်၏။ ရှင်အဖြစ် ရဟန်းအဖြစ် ထားအပ်၏။)

(သာဋီ ... သံဃဘေဒက အကျယ်သည် နောက်၌ ထင်ရှားလတ္တံ့၊ ဒေဝဒတ်လည် တသိမ်တည်း၌ သံဃာကိုခွဲ၍ ဥပုသ်ကံ ဆောင်သည်။ ထို့ကြောင့် ပညတ်သည်ကို ဤ၌ ပေါင်းပြသည်။ ဓမ္မဝါဒီ သံဃာလေးပါး၊ အဓမ္မ ဝါဒီလေးပါး၊ ခေါင်းဆောင်ခွဲသူ အမ္မဝါဒီတပါး၊ ဤသို့ အနည်းဆုံး ကိုးပါးရှိမှ သံဃာ ခွဲခြားဖြစ်နိုင်သည်။ ကိုးပါးအောက်ယုတ်လျှင် ခွဲ၍ကွဲသော်လည်း သံဃဘေဒက မဖြစ်။)

(ဝိဋီ ... ပကတိသီလမပျက်သော ရဟန်းကိုရည်၍ သံဃဘေဒက ဆိုသည်။ ပါရာဇိကသို့ရောက်ပြီးသူ၊ ဝတ္ထုဝိပန္နစသည်ကြောင့် ရဟန်း မဖြစ်ခဲ့သူသည် သံဃာကိုခွဲသော်လည်း အာနန္တရိယကံမထိုက်၊ သံဃာကား ကွဲသည်သာတည်း၊ ရှင်အဖြစ် ရဟန်းအဖြစ် မတားအပ်။)

လောဟိတုပ္ပါဒက

(ထာ ... လောဟိတုပ္ပါဒက၌ ဒေဝဒတ်ကဲ့သို့ ဒေါသစိတ် ဝဓကစိတ်ဖြင့် သက်တော်ထင်ရှား ဘုရားရှင်၏ ကိုယ်တော်၌ ယင်ငယ်တကောင် သောက်လောက်ရုံမျှ သွေးကိုဖြစ်စေသော သူသည် လောဟိတုပ္ပါဒက မည်၏။ ရှင်အဖြစ် ရဟန်းအဖြစ် တားအပ်၏။ ဆရာဇီဝကကဲ့သို့ ချမ်းသာအောင်ပြုသူကား ကုသိုလ်များစွာ တိုးပွား၏။)

(ဒေဝဒတ်ကျောက်လှိမ့်ချ၍ ခြေမတော်သွေးချည်ဥသောကြောင့် ပညတ်သည်ကို ဤ၌ပေါင်းပြသည်။)

သာဋီ ... ဘုရားရှင်သည် အဘေဇ္ဇကာယ-မခွဲအပ်သောကိုယ် ရှိ၏။ လုံ့လဖြင့် အရေတော်ကိုခွဲ၍ သွေးယိုခြင်း၊ ထွက်ခြင်းမည်သည်မရှိ၊ ကိုယ်တော်အတွင်း၌သာ ယနေရာ၌ သွေးချည်စုဝေး၏။ ထိခိုက်သဖြင့် ပျက်သော သွေး-ပေါင်းစု၏။ ဒေဝဒတ် လှိမ့်ချသောကျောက်မှ ပဲ့သော ကျောက်စွန်းမျှ ခြေဖျားတော်ကိုထိ၏။ ပုဆိန်ထိသကဲ့သို့ သွေးချည်ဥ၏။ ဆရာဇီဝကကား အလိုတော်ကျ ဓားငယ်ဖြင့် အရေတော်ခွဲဖြတ်၍ မကောင်းဘော သွေးထုတ်၍ ချမ်းသာအောင်ပြု၏။ ထို့ကြောင့် ကုသိုလ်ကံသာဖြစ်သည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် စေတီဖျက်သူ၊ ဗောဓိပင်ခုတ်သူ၊ ဓာတ်တော်၌ လုံ့လပြုသူတို့၏ ကံကား ကြီးလေး၏။ အာနန္တရိယကံနှင့်တူ၏။ ဓာတ်တော်ရှိသောစေတီကို လည်းကောင်း၊ ဆင်းတုတော်ကို လည်းကောင်း ထိခိုက်သော ဗောဓိကိုင်းကိုကား ဖြတ်ခြင်းငှါအပ်၏။ ငှက်တို့နား၍ စေတီ၌ ကျင်ကြီး စွန့်ကုန်အံ့၊ ထိုဗောဓိကိုင်းကိုလည်း ဖြတ်ခြင်းငှါအပ်သည်သာတည်း။

ပရိဘောဂ (ဗောဓိပင်) စေတီထက် သရီရဓာတ်စေတီကို အထူး အလေးပြုရသည်။ စေတီ၏ ဝတ္ထု အကျည်ကိုခွဲသော ဗောဓိမြစ်ကိုလည်း ဖြတ်၍ ပယ်နှုတ်ခြင်းငှါ အပ်၏။ ဗောဓိအိမ်ကို ထိခိုက် ဖျက်ဆီးသော ဗောဓိကိုင်းကိုကား ဗောဓိအိမ်ကို စောင့်ရှောက်မည်ဟု မဖြတ်ကောင်း၊ ဗောဓိပင်အလို့ငှါ ဗောဓိအိမ်ဖြစ်သည်။ ဗောဓိအိမ်အလို့ငှာ ဗောဓိပင် မဟုတ်။

အာသနဃရ၌လည်း ဤနည်းသာတည်း၊ (အာသနဃရန္တိပဋိမာဃရံ။ ဟု သေနာသနက္ခန္ဓက ဇီဋီဖွင့်သည်။ ဘုရားကျောင်း၌လည်း ဘုရားအတွက်သာ ကျောင်းဖြစ်သည်။ ကျောင်းအတွက်ဘုရား မဟုတ်၊ ပျက်စီးဖွယ်ဖြစ်လျှင် ကျောင်းကိုသာ ဖျက်ရမည်ဟူလို။ အာသနဃရ၌ ဓာတ်တော် ကိန်းအောင်းအံ့၊ စောင့်ရှောက်ခြင်းငှါ ဗောဓိကိုင်းကို ဖြတ်ခြင်းငှါ အပ်၏။ ဗောဓိပင်ကိုသုတ်သင်ခြင်းငှါ အစေးဩဇာယိုသော သစ်ကိုင်း၊ သစ်ဆွေးတို့ကို ဖြတ်ခြင်းငှါ အပ်သည်သာတည်။ ဘုရားရှင်၏ ရူပကာယကို သုတ်သင်သကဲ့သို့ ကောင်းမှုလည်းဖြစ်၏။)

(ဝိဋီ ... ဘုရားရှင်အား ရန်သူတို့ မခွဲနိုင်သောကိုယ် ရှိခြင်းကြောင့် အားစွမ်းဖြင့်အရေစသည်ကို ဖြတ်ခွဲ၍ အပသို့ သွေးထွက်အောင်ပြုခြင်းငှါ မတတ်ကောင်း၊ လက်နက်စသည် ပုတ်ခတ်လျှင် သွေးသည်နေရာမှ ရွေ့၍ ပျက်စီးလျက် တနေရာ၌ စုဝေး၏။ ဤမျှပြုလျှင် ဒေဝဒတ်ကဲ့သို့ လောဟိတုပ္ပါဒကကံထိုက်၏။ စေတီတော်၊ ဗောဓိပင်၊ ဆင်းတုတော် စသည်ကို ဖျက်ဆီးသူသည် အာနန္တရိယကံ မထိုက်၊ ထိုကံနှင့်တူစွာ အပြစ်ကြီး၏။ အစေးဩဇာ ယိုထွက်သော ဗောဓိကိုင်းကို လည်းကောင်း၊ ဓာတ်တော် ကိန်းသော စေတီတော်ကို ထိခိုက်သော ဗောဓိကိုင်းကိုလည်းကောင်း ဖြတ်အပ်၏။ ကုသိုလ်သာဖြစ်သည်။)

ဥဘတောဗျည်း

ထိုအခါ ဥဘတောဗျည်း တယောက်သည် ရဟန်းတို့ထံ ရှင်ပြု၍နေ၏။ မိမိကလည်းပြု၏။ မိမိကိုလည်း ပြုစေ၏။ မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ ... ဥဘတောဗျည်းကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

[ထာ ... ဣတ္ထိနိမိတ်ဖြစ်ကြောင်း ကံ၊ ပုရိသနိမိတ်ဖြစ်ကြောင်း ကံ၊ ဤကံနှစ်ပါး (ဥဘတော) ကြောင့် နိမိတ် (ဗျဉ္ဇန) နှစ်ခုရှိသောသူသည် ဥဘတောဗျဉ္ဇနက မည်၏။ မိမိ၏ ပုရိသနိမိတ်ဖြင့် ဣတ္ထိတို့၌လည်း မေထုန် မှုကို ပြုကျင့်၏။ မိမိဣတ္ထိနိမိတ်၌လည်း သူတပါးကို တိုက်တွန်း၍ ပြုကျင့်စေ၏။

ဣတ္ထိဥဘတောဗျည်း၊ ပုရိသဥဘတောဗျည်းဟု နှစ်မျိုးရှိ၏။

ဣတ္ထိ ဥဘတောဗျည်းကား ဣတ္ထိနိမိတ် ထင်ရှား၏။ ပုရိသနိမိတ် မထင်ရှား။ တပါးသော ဣတ္ထိတို့၌ ပုရိသကိစ္စပြုသောအခါ ဣတ္ထိနိမိတ်ကွယ်၏။ ပုရိသ နိမိတ်ထင်ရှား၏။ မိမိလည်း ကိုယ်ဝန်ယူသည်။ သူတပါး ကိုလည်း ယူစေသည်။

ပုရိသဥဘတောဗျည်းကား ပုရိသနိမိတ်ထင်ရှား၏။ ဣတ္ထိနိမိတ် မထင်ရှား။ တပါးသော ပုရိသတို့ထံ ဣတ္ထိကိစ္စဖြင့် ကပ်ရောက်သောအခါ ပုရိသနိမိတ်ကွယ်၏။ ဣတ္ထိနိမိတ်ထင်ရှား၏။ မိမိကိုယ်ဝန်မယူ။ သူတပါးကို ယူစေသည်။ ဤကား ဥဘတောဗျည်းနှစ်မျိုးတို့၏ အထူးတည်း။

ကုရုန္ဒီ၌ကား ပဋိသန္ဓေအခါ ဣတ္ထိလိင်္ဂဖြစ်လျှင် ပဝတ္တိအခါ ပုရိသလိင်္ဂ ဖြစ်သည်ဟု ဆို၏။ (လိင်္ဂသည် ပဋိသန္ဓေအခါ မဖြစ်ကောင်း၊ ဣန္ဒြိယသာ ပဋိသန္ဓေအခါဖြစ်သည်။) ဓမ္မသင်္ဂဟဋ္ဌကထာ-အဋ္ဌသာလိနီ၌ အကျယ်စိစစ်အပ်ပြီ။ ဤ ဥဘတောဗျည်း နှစ်ယောက်လုံးအား ရှင်အဖြစ်၊ ရဟန်းအဖြစ် မရှိ။)

(သာဋီ ... ဣတ္ထိပုရိသတို့၏ နိမိတ်သည် ဗျဉ္ဇနမည်၏။ ဥဘတော ဗျည်းအား နိမိတ်ဗျဉ္စနသာ နှစ်ခုရှိသည်။ ဣန္ဒြိယမည်သော ဘာဝရုပ်ကား တခုတည်းသာတည်း။ တခုသောသန္တာန်၌ ဣန္ဒြိယရုပ်နှစ်ခုပြိုင်တူမဖြစ်။ “ယဿဣတ္ထန္ဒြိယံ ဥပ္ပဇ္ဇတိ၊ တဿ ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇတီ တိ။ နော။ ယဿဝါပန ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇတိ၊ တဿ ဣတ္တိန္ဒြိယံ ဥပ္ပဇ္ဇတီ တိ။နော-” ဟု ယမိုက်ကျမ်း၌ပယ်သည်။ ဣတ္ထိဥဘတောဗျည်းအား ဣတ္တိန္ဒြိယရုပ်သာ။ ပုရိသဥဘတောဗျည်းအား ပုရိသိန္ဒြိယသာဖြစ်သည်။

စောဒကဆရာသည် သူ့ ဣန္ဒြိယကြောင့် သူ့ဗျဉ္ဇန ဖြစ်သည်။ ဣန္ဒြိယရုပ်တခုစီသာဖြစ်လျှင် ဒုတိယနိမိတ် အဘယ်သို့ဖြစ်မည်နည်း”ဟု (ဣန္ဒြိယရုပ် နှစ်ခုရမည်ထင်၍) ဆို။ အဖြေကား၊ ဣန္ဒြိယရုပ်သည် ဒုတိယဗျဉ္ဇန၏ အကြောင်းမဟုတ်။ ဣန္ဒြိယရုပ်- အခါခပ်သိမ်းရှိလျက် ဒုတိယဗျဉ္ဇန အခါခပ်သိမ်းမဖြစ်။ ဣတ္ထိ၌ ရာဂဖြစ်လျှင် ပုရိသဗျဉ္ဇန။ ပုရိသ၌ရာဂဖြစ်လျှင် ဣတ္တိဗျဉ္ဇန ထင်ရှား၏။ ထိုအခိုက် တခုမမြင်ရ။ ထို့ကြောင့် ကံအဖော်ရှိသော ရာဂသည်သာ ဒုတိယဗျဉ္ဇန ဖြစ်ကြောင်းတည်း။

ဣန္ဒြိယရုပ်နှစ်ခုလုံးရလျှင် ပုရိသဥဘတောဗျည်းလည်း ကိုယ်ဝန်ယူနိုင်ရာ၏။ ကုရုန္ဒီ၌ ပဋိသန္ဓေအခါ လိင်္ဂဖြစ်ခြင်းကို ဆိုခြင်းလည်း မသင့်။ ပဝတ္တိအခါ၌သာ လိင်္ဂစသည်ဖြစ်သည်။ ပဋိသန္ဓေအခါ မဖြစ်၊ ပဋိသန္ဓေအခါ ဣန္ဒြိယရုပ်သာ ဖြစ်သည်။ လိင်္ဂစသည်မဖြစ်။ ဣန္ဒြိယရုပ်သည် လိင်္ဂ စသည်မဟုတ်၊ သဘော တခြားစီဖြစ်သည်။

အဋ္ဌသာလိနီ၌ ဣတ္ထိဘာဝဖြစ်သာ ဣန္ဒြိယရုပ်သည် ကမ္မဇဖြစ်၍ ပဋိသန္ဓေနှင့်အတူ ဖြစ်သည်။ လိင်္ဂ၊ ကုတ္တ၊ အာကပ္ပ၊ နိမိတ္တတို့သည် ဣတ္ထိန္ဒြိယရုပ်ကိုစွဲ၍ ပဝတ္တိအခါ၌သာ မျိုးစေ့ကိုစွဲ၍ အကိုင်းအခက်နှင့်တကွ သစ်ပင်ကြီးဖြစ် သကဲ့သို့ ဖြစ်ကုန်၏။ ပဋိသန္ဓေမှစ၍ဖြစ်သော ဣတ္ထိန္ဒြိယရုပ်ကို မျက်စိဖြင့် မသိအပ်၊ စိတ်ဖြင့်သာ သိရသည်။ ဣတ္ထိလိင်္ဂစသည်တို့ကို မျက်စိဖြင့်လည်း သိအပ်ကုန်၏။ စိတ်ဖြင့်လည်း သိအပ်ကုန်၏ဟု အကျယ်စပ်သည်။

(လက်ခြေစသော အင်္ဂါကြီးငယ်သဏ္ဌာန်သည် လိင်္ဂမည်၏။ ပြုံးရယ်ခြင်း စသည်သည် နိမိတ္တ။ မန်းငယ်၊ ထွန်ငယ်စသည်ဖြင့် ကစားခြင်းသည် ကုတ္တ။ သွားခြင်းစသော သန့်ရှင်း၊ မသန့်ရှင်းသော ခြင်းရာသည် အာကပ္ပမည်၏။

ဋီကာကျော်၌ အင်္ဂါဇာတ်သည် လိင်္ဂ။ အထီးအမ သိကြောင်းအသံ အလိုဆန္ဒသည် နိမိတ္တ။ မသန့်ရှင်း၊ သန့်ရှင်းသော သွားခြင်း ထိုင်ခြင်းစသည်သည် ကုတ္တ။ ပုံဟန်သဏ္ဌာန်သည် အာကပ္ပ ဆို၏။ ဤလေးပါးသည် မြင်နိုင်သော ရူပါရုံရုပ်၊ သြဠာရိကရုပ် ဖြစ်၏။ ဣန္ဒြိယရုပ်ကား ထိုရူပါရုံတခုခုကိုမြင်ပြီးမှ ဤအဆင်းထောက်၍ ဤသတ္တဝါကား အထီးဖြစ်မည်။ အမဖြစ်မည်ဟု စိတ်တွေးဖြင့်သိရသော ဘာဝရုပ်၊ သုခုမရုပ် ဓမ္မာရုံဖြစ်၏။ အထီးအမ၏ ဖြစ်ကြောင်းရုပ်၊ လိင်္ဂ စသည်၏ ဖြစ်ကြောင်းရုပ်ဖြစ်၏။ သိမ်မွေ့နက်နဲသိနိုင်ခဲကို ဘဝင်စွဲစေလော။)

(ဝိဋီ ... ဣတ္ထိဥဘတော-ဗျည်းအား ... ဣတ္ထိန္ဒြိယရုပ်သာ။ ပုရိသ ဥဘတော-ဗျည်းအား ပုရိသိန္ဒြိယရုပ်သာ ရှိသည်။ တယောက်တည်းအား ဘာဝရုပ်နှစ်ခု အတူမဖြစ်ဟု ယမိုက်၌ပယ်သည်။ ကံအဖော်ရှိသော အကုသိုလ် စိတ်ကြောင့်သာ ဒုတိယဗျဉ္ဇနသည် (ဆိုင်ရာ) ဘာဝရုပ် မရှိပဲလျက် သက်သက် ဖြစ်သည်၊ ပကတိဣတ္ထိ၊ ပုရိသတို့အားသော်လည်း အတိတ်ကံသည်သာလျှင် ဗျဉ္ဇန၊ လိင်္ဂတို့၏ အကြောင်းကမ္မပစ္စည်း ဖြစ်သည်။ ဘာဝရုပ်ကား ... ထိုဗျဉ္ဇနလိင်္ဂတို့၏ ကမ္မပစ္စည်းလည်း မဟုတ်၊ ကြွင်းသော ၂၃-ပစ္စည်းလည်း မဟုတ်၊ အကြောင်း ၂၄-ပစ္စည်း၌ မဟော။

ဘာဝနှင့်တကွဖြစ်တတ်သော ဗျဉ္ဇန၊ လိင်္ဂတို့၏ ဖြစ်ခြင်းသက်သက်ပြလို၍သာ အဋ္ဌကထာတို့၌ ဣန္ဒြိယံ ပဋိစ္စ ဣတ္ထိလိင်္ဂါဒီနိ စသည်ဖြင့် “ဣန္ဒြိယရုပ်သည် ဗျဉ္ဇန၏အကြောင်း ဟုဆိုသည်။” ဤဝိနည်း အဋ္ဌကထာ၌ကား “အကုသိုလ်စွမ်းကြောင့် ဣန္ဒြိယ ရုပ်မရှိပဲလည်း ဗျဉ္စနဖြစ်သည်”ဟု ဆိုသည်။ ထိုဥဘတောဗျည်းတို့အား ရာဂ၏ အာရုံ အထီး အမနှင့်သင့်လျော်အောင် ဗျဉ္ဇနတခုထင်၍ တခုကွယ်သည်။

ကုရုန္ဒီစကား မသင့်ပုံကို အဋ္ဌသာလိနီ၌ - လိင်္ဂစသည်သည် ဣန္ဒြိယရုပ်ကိုစွဲ၍ ပဝတ္တိအခါ၌သာဖြစ်သည် စသည်ဖြင့် စိစစ်၏။ ရှင်အဖြစ် ရဟန်းအဖြစ် ပယ်အပ်ကုန်သော အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်တို့ကို လည်းကောင်း၊ ဘဗ္ဗ ပုဂ္ဂိုလ်များစွာတို့ကိုလည်းကောင်း ပယ်အပ်သူဟုသိလျက် ရှင်ပြုပေးအံ့၊ ရဟန်းပြုပေးအံ့ ဒုက္ကဋ်။ မသိလျှင် အနာပတ္တိ။)

(အဘိဓမ္မာဝိဘင်းကျမ်း၌ ဣန္ဒြေ ၁၂-ပါး ဟောသည်။ ပဋ္ဌာန်း ၂၄-ပစ္စည်း ဟောရာ၌ ဣန္ဒြေ ၂ဝ ကို ပူရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယ၊ သဟဇာတိန္ဒြိယဟု သုံးမျိုးပြား၍ ဝေဖန်သည်။ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ နှစ်ခုကို ဣန္ဒြိယပစ္စည်းဟု မဝေဖန်၊ ဇနကသတ္တိ၊ ထမ္ဘကသတ္တိ မရှိ။ ပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင်သော်လည်း ပဝတ္တိအခါ လိင်္ဂစသည်တို့ကို မိမိ သဘောကျဖြစ်စေလျက် အကြီးအကဲပြုသောကြောင့်သာ ဣန္ဒြေ ၁၂-မျိုး၌ ဟောသည်။

ဥပဇ္ဈာယ်အတွက် ဒုက္ကဋ် ၁၄

ထိုအခါ ရဟန်းတို့သည် ဥပဇ္ဈာယ် မရှိသူကို (ဝါ-ဥပဇ္ဈာယ်ကင်းလျက်) ရဟန်းပြုပေးကုန်၏။ ချစ်သားတို့ .... ဥပဇ္ဈာယ်မရှိသူကို ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။ ရဟန်းတို့သည် သံဃာ ဥပဇ္ဈာယ်ဖြင့် ဂဏဥပဇ္ဈာယ်ဖြင့် ရဟန်းပြုပေးကုန်၏။ ချစ်သားတို့ .... သံဃာဥပဇ္ဈာယ်ဖြင့် ဂဏဥပဇ္ဈာယ်ဖြင့် ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။ ရဟန်းတို့သည် ပဏ္ဍုက်ဥပဇ္ဈာယ်ဖြင့် .…လ.... ဥဘဘောဗျည်း ဥပဇ္ဈာယ်ဖြင့် (ပဏ်၊ထေ၊ပက်၊စ္ဆာန် (၄)။ ပဉ္စာနန်(၅)။ ဒူသံ၊ ဥဘောဗျည်း(၂)။ အဘဗ္ဗ ၁၁-ယောက် ဥပဇ္ဈာယ်ဖြင့်) ရဟန်းပြုပေးကုန်၏၊

ချစ်သား ... ပဏ္ဍက၊ ထေယျသံဝါသက၊ တိတ္ထိယပက္ကန္တက၊ တိရစ္ဆာန (၄)၊ မာတုဃာတက၊ ပိတုဃာတက၊ အရဟန္တဃာတက၊ ဘိက္ခုနီဒူသက (၄)၊ သံဃဘေဒက၊ လောဟိတုပ္ပါဒက၊ ဥဘတောဗျဉ္ဇနက (၃)၊ ဥပဇ္ဈာယ်ဖြင့် ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။

[ထာ ... ဤသိက္ခာပုဒ် မပညတ်သေးမီအခါ ဥပဇ္ဈာယ်မယူစေပဲ ဥပဇ္ဈာယ်ကင်းလျက် ရဟန်း ပြုပေးအပ်သူတို့သည် ဓမ္မအားဖြင့်၊ အာမိသအားဖြင့် ချီးမြောက်ခြင်းကို မရကြကုန်။ ဆုတ်ယုတ်ပျက်ပြား မကြီးပွားကြကုန်။ ဥပဇ္ဈာယ်ကို မယူစေပဲ ဥပဇ္ဈာယ်ကင်းလွတ်လျက် ရဟန်းပြုမပေးအပ်။ ဒုက္ကဋ်ဟု ပညတ်သော အခါမှစ၍ ဥပဇ္ဈာယ်မယူစေပဲ ရဟန်းပြုပေးလျှင် ဒုက္ကဋ်။ ကံကားမပျက်။ ကေစိတို့ကား ကံကား ပျက်သည်ဟုဆိုကုန်၏။ မယူအပ်။ သံဃာဥပဇ္ဈာယ် ....လ.... ဥသတောဗျည်းဥပဇ္ဈာယ်ဖြင့် ရဟန်းပြုပေးရာ ၁၃ နေရာ၌လည်း ဤနည်းသာတည်း။]

(သာဋီ ... ဥပဇ္ဈာယောမေ ဘန္တေဟောဟိ-ဟု ဥပဇ္ဈာယ်ကို မယူစေသော်လည်း ကမ္မဝါစာ၌ “အာယသ္မတောတိဿဿ ဥပသမ္ပဒါပေက္ခော” ဟု ဥပဇ္ဈာယ် ပြောကြားရသည်သာတည်း။ မပြောကြားလျှင် ပုဂ္ဂလံ န ပရာမသတိ - ဟူသော ကမ္မဝိပတ္တိ ဒေါသသင့်၍ ကံပျက်၏။ သပိတ်သင်္ကန်း မပြည့်စုံသော်လည်း ပရိပုဏ္ဏဿာပတ္တစီဝရံဟု ထည့်၍ ကမ္မဝါစာဖတ်လျှင် ရဟန်းဖြစ်၏။ ထို့အတူ မရှိသော်လည်း ဥပဇ္ဈာယ်ထည့်၍ ဖတ်လျှင် ရဟန်း ဖြစ်၏။ ထို့ကြောင့် ကံကား မပျက်ဟုဆိုသည်။ ဤသိက္ခာပုဒ်၌ ဒုက္ကဋ်ကိုသာ ဟောသည်၊ သောဝပုဂ္ဂလော အနုပသမ္ပန္နော ဟု မဟော။ ကမ္မဝိပတ္တိ လက္ခဏာလည်းမရှိ။ ထို့ကြောင့် မယူအပ်ဟု ပယ်သည်။ ပဏ္ဍက ...လ.... ဥဘတောဗျည်း ဤ ၁၁ ယောက်၏ ဂဏပူရဏ အဖြစ်ကြောင့်သာ ကံပျက်သည်။ ဤ ၁၁ ယောက်အပြင် ဂဏပူရဏအဖြစ်ကြောင့် ကံမပျက်။)

(ဝိဋီ ... ဥပဇ္ဈာယ် မရှိသော်လည်း သေသူ၊ ထွက်သူ၊ ရှေးဥပဇ္ဈာယ် ဖြစ်ဖူးသူ တယောက်ယောက်၏ အမည်ဖြင့် ဣတ္ထန္နာမဿ ဥပသမ္ပဒါပေက္ခာ။ ဣတ္ထန္နာမေန ဥပဇ္ဈာယေန ဟု ဥပဇ္ဈာယ်ထည့်ဖတ်ခြင်းကြောင့် ကံမပျက်။ မထည့်လျှင် ပုဂ္ဂလအပရာမသန-ကမ္မဝိပတ္တိ သာဖြစ်ရာ၏။ ထို့ကြောင့် ပါဠိတော်၌ ဥပဇ္ဈာယ်မပြောကြား ခြင်းကြောင့် ဒုက္ကဋ်ဟုမဟော။ မယူခြင်းကြောင့်သာ ဟောသည်။

အယံနာဂေါ သံဃဿ ဥပသမ္ပဒါ ပေက္ခော၊ သံဃေန ဥပဇ္ဈာယေန။ ဂဏဿ ဥပသမ္ပဒါပေက္ခော။ ဂဏေနု ဥပဇ္ဈာယေန ဟု သံဃ၊ ဂဏဥပဇ္ဈာယ်ဖြင့် ကမ္မဝါစာ ဖတ်သော်လည်း ကံမပျက်။ ဒုက္ကဋ်သာဟောသည်။ ကံပျက်လျှင် သောစပုဂ္ဂလော အနုပသမ္ပန္နော ဟုဟောရာ၏။ ပဏ္ဍက စသော ဥပဇ္ဈာယ်ဖြင့် ကံပြုရာ၌ ပဏ္ဍက စသည်ကိုလွှတ်၍ ဂိုဏ်းပြည့်လျှင် ကံမပျက်။ ဤသို့မဟုတ်လျှင် ပျက်၏။

သပိတ်သင်္ကန်း မရှိသော်လည်း ပရိပုဏ္ဏဿပတ္တစီဝရံ ဟု ကမ္မဝါစာထည့် ဖတ်ခြင်းကြောင့် ကံပျက်သည်ဟု မဟော။ ဒုက္ကဋ်ကိုသာ ဟောသည်။ မထည့်လျှင် ပုဒ်အက္ခရာ ကမ္မဝါစာယုတ်သောကြောင့် ကံပျက်သာ ဖြစ်ရာ၏။

ကေစိတို့ကား ပထမခွင့်ပြုသော ကမ္မဝါစာအတိုင်းဖြင့် ပရိပုဏ္ဏဿ ပတ္တစီဝရံ မဆိုပဲ ကမ္မဝါစာဖတ်လျှင် ယခုအခါ၌လည်း ကံအောင်သည်ဟု ဆိုကုန်၏။ မသင့်၊ ခွင့်ပြုသောအခါမှစ၍ မသုံးသပ်လျှင် သာဝနာဟာပန ဝိပတ္တိ သာတည်း။ သံဃံဥပသမ္မဒီယာစတိ ပုဒ်ယုတ်စေရာ၌ကဲ့သို့ ဟာပန ဝိပတ္တိ သာတည်း။ ပရိသုဒ္ဓေါအန္တရာယိကာဟိ စသည်၊ ပရိပုဏ္ဏဿစ သည်၊ ...ယာစတိ.... စသည်ဖြင့် နောက်မှခွင့်ပြုသောပုဒ် သုံးပုဒ် ရှိသည်။ သံဃံဘန္တေဥပသမ္ပဒံ ယာစာမိ-စသည်ဖြင့် မတောင်းပန်သော်လည်း သံဃံ ဥပသမ္ပဒံ ယာစတိ-ဟု ထည့်၍ဖတ်လျှင် ကံမပျက်။ မထည့်လျှင်ကံပျက်သည်။ နောက်ခွင့်ပြုသော ကမ္မဝါစာမှ တစုံတခုမျှ မယုတ်စေရ။ ယုတ်စေလျှင် သာဝနာ ဟာပနဝိပတ္တိသာတည်း။)

သပိတ်သင်္ကန်း မရှိ ၃၊ ငှါး ၃၊

ထိုအခါ ရဟန်းတို့သည် သပိတ် သင်္ကန်း မရှိသူကို ရဟန်းပြုပေးကုန်၏။ လက်ဖြင့်ဆွမ်းအလို့ငှါ (ဝါ-ဆွမ်းခံ) လှည့်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု လူတို့ကဲ့ရဲ့ကုန်၏။ သင်္ကန်းမရှိသူကို ရဟန်း ပြုပေးကုန်၏။ အချည်းနှီး ဆွမ်းခံလှည့်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။ သပိတ်သင်္ကန်းမရှိသူကို ရဟန်းပြုပေးကုန်၏။ အချည်းနှီးလက်ဖြင့် ဆွမ်းခံ လှည့်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

ချစ်သားတို့ … သပိတ်မရှိသူကို၊ သင်္ကန်းမရှိသူကို၊ သပိတ်သင်္ကန်းမရှိသူကို ရဟန်းပြုမပေးအပ်။ ဒုက္ကဋ်။ ရဟန်းတို့သည် ငှါးသောသပိတ်ဖြင့်၊ ငှါးသောသင်္ကန်းဖြင့်၊ ငှါးသော သပိတ်သင်္ကန်းဖြင့် ရဟန်းပြုပေးကုန်၏။ ရဟန်းပြုပြီးသောအခါ ပြန်ယူကြသဖြင့် လက်ဖြင့် အချည်းနှီး … အချည်းနှီး ... လက်ဖြင့်ဆွမ်းခံလှည့်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ငှါးသောသပိတ်ဖြင့်...၊ ငှါးသောသင်္ကန်းဖြင့်၊ ငှါးသောသပိတ် သင်္ကန်းဖြင့် ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။

[ထာ ... လက်ဖြင့်ဆွမ်းအလို့ငှါ လှည့်ခြင်းကား လက်၌ရအပ်သော ဆွမ်းအလို့ငှါ လှည့်လည်ခြင်းတည်။ (ဆွမ်းအလို့ငှါ လက်ဖြင့်လှည့်လည်ခြင်း မဟုတ်ဟူလို။) တိတ္ထိကား - အာဇီဝက တိတ္ထိတည်း။ ထို တိတ္ထိတို့သည် ဟင်း၊ ဟင်းလျာတို့နှင့်ရော၍ လက်၌ထားသော ထမင်းဆုပ်ကိုသာ စားကုန်၏။ သပိတ် မရှိသူကို ရဟန်းပြုပေးသူအား အာပတ်သင့်သည်။ ကံကား မပျက်။ သင်္ကန်းမရှိသူ စသောဝတ္ထုတို့၌လည်း ဤနည်းသာ တည်း။

ကံဆောင်ချိန်ကာလမျှ ငှါးသော တာဝကာလိကသပိတ် စသည်ဖြင့် ရဟန်းပြုပေးသူအားသာ အာပတ် သင့်သည်။ ကံမပျက်။ ထို့ကြောင့် သပိတ်သင်္ကန်း ပြည့်စုံသူကိုသာလျှင် ရဟန်းပြုပေးအပ်၏။ မရှိ၍ ဆရာဥပဇ္ဈာယ်စသည်တို့က ပေးလိုလျှင် မငဲ့မကွက်စွန့်၍ အဓိဋ္ဌာန်လောက်သော သပိတ်သင်္ကန်းကို ပးအပ်၏။ ပဏ္ဍုပလာသရှင်အဖြစ်ငဲ့သော ရှင်လောင်းကိုကား ငှါးသော သပိတ်သင်္ကန်းဖြင့်လည်း ရှင်ပြုပေးခြင်ငှါ အပ်၏။ သဘောတူရာပုဂ္ဂိုလ်ထံမှ အကျွမ်းတဝင် ယူသော်လည်း ရှင်ပြုပေးအပ်၏။

မဖုတ်မချုပ်သေးသော သပိတ်၊ သင်္ကန်းလျာ အဝတ်တို့ကိုယူလာ၍ ဖုတ်ခြင်း ချုပ်ခြင်း မပြီးမီ ကျောင်း၌ နေသော ရှင်လောင်းအား အနာမဋ္ဌပိဏ္ဍပါတ (ဆွမ်းဦး) ကို ပေးခြင်းငှါ အပ်၏။ ထာလက ... (သံဃာသုံး) ဆွမ်းထွက်၌ သုံးဆောင်ခြင်းငှါအပ်၏။ နံနက်အခါ သာမဏေ အဖို့နှင့်တူမျှသော အာမိသ အဖို့ကို ပေးခြင်းငှါအပ်၏။ ကျောင်းအိပ်ရာ နေရာယူခြင်း၊ သလာကဘတ်၊ ဥဒ္ဒေသဘတ်၊ နိမန္တနဘတ် စသည်တို့ကား မအပ်ကုန်။ ညနေချမ်း၌လည်း သာမဏေရဘာဂနှင့် သမဘာဂဖြစ်သော ဆီ၊ ပျား၊ တင်လဲ စသော ဆေးကိုလည်း ပေးခြင်းငှါအပ်၏။ ထိုရှင်လောင်း ဂိလာနဖြစ်လျှင် (လူဖြစ်သူကို သော်လည်း) ဆေးကုခြင်းငှါ အပ်၏။ သာမဏေအားကဲ့သို့ လုပ်ကျွေးသမှု အားလုံး ပြုအပ်၏။)

(သာဋီ ... အနာမဋ္ဌ ပိဏ္ဍပါတသည် အဦးမယူသေးသောဆွမ်း ဖြစ်၏။ သာမဏေအဖို့ ဘာဝဟူသည် အထူးသီးခြား မဟုတ်။ အောက်၌ ရံခါ ဆွမ်းညံ့ရာ၏ဟု အထက်၌ယူ၍မပေးရ။ သာမဏေအစဉ်ဖြင့်သာ ယူ၍ ရှင်လောင်းအား ပေးရသည်ဟူလို။ ဤအဖို့ကိုလည်း နိယတပဗ္ဗဇ္ဇ ဧကန် ရှင်လောင်းအားသာ ပေးရသည်။ ထို့ကြောင့် “မဖုတ်မချုပ်သေးသော သပိတ်” စသည်ကိုဆိုသည်။)

(ဝိဋီ ... အာမဋ္ဌ ပိဏ္ဍပါတသည် ရဟန်းတို့ရသောဆွမ်းမှ အဦးမယူသေးသောဆွမ်း ဖြစ်၏။ သာမဏေ တို့အားလည်း အာမိသဘာဂကို အညီအမျှသာ ပေးရသည်။ သာမဏေရဘာဂ သီးခြားမရှိ၊ မရှိသော်လည်း သပိတ်သင်္ကန်း ပြုလုပ်ခြင်းမျှဖြင့်စပ်သော ရှင်အဖြစ် ရှိသောကြောင့် “ရှင်လောင်းဟူသည် သာမဏေနှင့် တူသည်” ဟု ပြခြင်းငှါ အလိုရှိသည်ဟု မှတ်အပ်၏။ ဤအဖို့ကိုလည်း နိယတာသနပဗဇ္ဇ္ဗ ရှင်ပြုလုနီး ဧကန်ရှင်လောင်းအားသာ ပေးရသည်။ ထို့ကြောင့် ဖုတ်ခြင်း ချုပ်ခြင်း မပြီးမီ စသည်ကို ဆိုလိုသည်။ အာမိသအဖို့ဟူသည်ကို ကျောင်း၌ လှူသော သံဃဘတ်၊ တတြုပ္ပါဒတို့ကို ရည်၍ဆိုသည်။ ဒါယကာတို့ အိမ်၌လှူသော ဘတ်တို့ကို ရည်ဆိုသည်မဟုတ်။ ထို့ကြောင့် သလာကဘတ် စသည်ကိုဆိုသည်။ အလှူရှင်တို့ ဝိပ္ပဋိသာရဖြစ်တတ်သောကြောင့်တည်း။ ရှင်လောင်း၌ဆေးကုလျှင် လူတို့အား ဆေးကုခြင်းစသော အပြစ်မျိုး မဖြစ်။)

ဟတ္ထစ္ဆိန္နာဒိဒွတိံသ

ထိုအခါ ရဟန်းတို့သည် (လက်ပြတ်သူ စသော ၃၂-ယောက်ကို ရှင်ပြုပေးကုန်၏။ မပြုပေးအပ်၊ ဒုက္ကဋ်ဟု ပညတ်သည်။)

ဟတ္ထစ္ဆိန္န-လက်ပြတ်သူ၊ ပါဒစ္ဆိန္န-ခြေပြတ်သူ၊ ဟတ္ထပါဒစ္ဆိန္န လက်ခြေပြတ်သူ၊ ကဏ္ဏစ္ဆိန္န-နားပြတ်သူ၊ နာသစ္ဆိန္န-နှာပြတ်သူ၊ ကဏ္ဏနာသစ္ဆိန္န-နားနှာပြတ်သူ၊ အင်္ဂုလစ္ဆိန္န-လက်ချောင်းခြေချောင်း ပြတ်သူ၊ အဠစ္ဆိန္န-လက်မခြေမပြတ်သူ၊ ကဏ္ဍရစ္ဆိန္န-အကြောမကြီးပြတ်သူ (၉)၊

ဖဏ ဟတ္တက-လက်ပျစ်သူ၊ ခုဇ္ဇ-ကုန်းသူ၊ ဝါမန-ပုကွသူ၊ ဂလဂဏ္ဍိ-လည်ပင်း၌ ထွတ်မြင်းဖုရှိသူ၊ လက္ခဏာဟတ-သံပူကပ်ခံရသူ၊ ကသာဟတ-ကြိမ်ဒဏ်ခတ်ခံရသူ၊ လိခိတက-တွေ့ရာသတ်စေဟု မင်းအမိန့် ရေးမှတ်ခံရသူ (၇)။

သီပဒီ-ခြေထိုင်းသူ၊ ပါပရောဂီ--မြင်းသရိုက် စသော အနာဆိုးရှိသူ၊ ပရိသဒူသက-ပရိသတ်ဖျက်သူ၊ ကာဏ-တဖက်ကန်းသူ၊ ကုဏီ-လက်ခြေ ကောက်သူ၊ ဓဉ္ဇ-ခြေခွင်သူ၊ ပက္ခဟတ-ဖက်သကတ်စွဲသူ၊ ဝါ-ကိုယ် တခြမ်းသေသူ၊ ဆိန္ဒိရိယာပထ-ပြတ်သောဣရိယာပုတ်ရှိသူ၊ ဝါ-ဆွံ့သူ၊ ဇရာဒုဗ္ဗလ-အို၍အားနည်းသူ (၉)။

အန္ဓ-စုံလုံးကန်းသူ၊ မူဂ-အ သူ၊ ဗဓိရ-နားပင်းသူ၊ အန္ဓမူဂ-ကန်း-အ-သူ၊ အန္ဓဗဓိရ-ကန်းပင်းသူ၊ မူဂ ဗဓိရ-အ ပင်းသူ၊ အန္ဓမူဂ ဗဓိရ-ကန်း-အ ပင်းသူ (၇)၊

ဤ သုံးဆယ့်နှစ်ယောက်သောသူကို ရဟန်းပြုပေးကုန်၏။ ချစ်သား ... ဆိန္နဟတ္ထ စသော သုံးဆယ့် နှစ်ယောက်ကို ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။

[ထာ ... ဟတ္ထဏ္ဏိန္နဟူသည်-လက်ဝါး လက်ကောက်ဝတ် တတောင် တခုခုသော နေရာ၌ တဖက် လည်းကောင်း၊ နှစ်ဘက်လည်းကောင်း၊ ပြတ်သူဖြစ်၏။

ပါဒစ္ဆိန္နသည်-ခြေဖျား ဖမျက် မြင်းခေါင်းနေရာတခု၌ တဖက်လည်းကောင်း၊ နှစ်ဖက်လည်းကောင်း ပြတ်သူဖြစ်၏။

ဟတ္ထပါဒစ္ဆိန္နသည်-ဆိုပြီးသော လက် ခြေ လေးခုတို့တွင် နှစ်ခု၊ သုံးခု၊ လေးခုသော လက်ခြေပြတ်သူဖြစ်၏။

ကဏ္ဏစ္ဆိနသည်-နားရင်း၊ နားရွက်တို့၌တဖက် လည်းကောင်း၊ နှစ်ဖက်လည်းကောင်း ပြတ်၏။ (နားဍ္ဍောင်း ပန်ရာဖြစ်သော) နားထွင်းသော နေရာပြတ်လျှင် ဆက်ခြင်းငှါ တတ်ကောင်းအံ့၊ ဆက်၍ ရှင်ပြုပေးအပ်၏။

နာသစ္ဆိန္နသည်-ဆိတ်ခွါသဏ္ဌာန်အရပ် (ဝါ- နှာရိုးအစွန်း) ၌လည်းကောင်း၊ နှာသီးဖျား၌လည်းကောင်း၊ နှာခေါင်း တဖက်၌လည်းကောင်း၊ နေရာတခုခု၌ပြတ်၏။ စေ့စပ်အောင် ပြုခြင်းငှါ တတ်နိုင်လျှင် နှာခေါင်းကို ကောင်းအောင်ပြု၍ ရှင်ပြု ပေးအပ်၏။

ကဏ္ဏနာသစ္ဆိန္နသည်-နှစ်ပါးစုံဖြင့် သိအပ်သူဖြစ်၏။

အင်္ဂုလစ္ဆိနသည် လက်သည်း ခြေသည်း (နခါ) မကျန်အောင် တချောင်းဖြစ်စေ၊ အများဖြစ်စေ၊ လက်ချောင်း ခြေချောင်းပြတ်၏။

ချည်မျှင်မျှ (နခါ) အကြွင်းမြင်ရသူကို ရှင်ပြုပေးခြင်းငှါအပ်၏။

အဠစ္ဆိန္နသည်-လက်မ၊ ခြေမလေးခုတို့၌ (နခါ) မကျန်အောင် တချောင်း၊ ဝါ-အများပြတ်၏။

ကဏ္ဍရစ္ဆိန္ဒသည် ကဏ္ဍရမည်သော အကြောမကြီးများ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း ပြတ်၏။ ကဏ္ဍရတခုမျှပြတ်လျှင် ခြေဖျားဖြင့် လည်းကောင်း၊ ဖနောင့်ဖြင့်လည်းကောင်း သွား၏။ ခြေကို ညီအောင် မထားနိုင်။ (၉)

ဖဏဟတ္ထကသည် လင်းနို့ တောင်ပံကဲ့သို့ လက်ချောင်းတွဲစပ်၏။ ရှင်ပြု ပေးလိုလျှင် လက်ချောင်းအကြား တို့ကိုခွဲ၍ အကြားသားရေ အားလုံးကို ပယ်၍ အနာကင်းအောင်ပြု၍ ရှင်ပြုပေးအပ်၏။ လက်ချောင်းခြောက်ခု ရှိအံ့။ ပိုသောလက်ချောင်းကိုဖြတ်၍ အနာကင်းအောင်ပြု၍ ရှင်ပြုပေးအပ်၏။

ခုဇ္ဇ၊ ဝါမန၊ ဂလဂဏ္ဍိ

ခုဇ္ဇသည် ရင်၊ ကျောက်ကုန်း၊ နံပါး-တခုခုထွက်သောကြောင့် ကော့သော ကုန်းသော ကောက်သော ကိုယ်ရှိ၏။ အင်္ဂါကြီးငယ်တခုခု အနည်းငယ်ကောက်သူကို ရှင်ပြုပေးခြင်းငှါအပ်၏။ မဟာပုရိသ သည်သာလျှင် ဗြဟု္မဇုဂတ္တ၊ ဗြဟ္မာကဲ့သို့ ဖြောင့်သောကိုယ်ရှိသည်။ ကြွင်းသော သတ္တဝါတိုင်း ခုဇ္ဇ သဘော လွတ်သူမရှိ။

ဝါမနသည်- ခေါင်းကွသူ၊ ခါးကွသူ၊ နှစ်မျိုးစုံကွသူဖြစ်၏။ မြင်းခေါင်းကွလျှင် ခါးမှအောက် ကိုယ်တို၏။ အထက်ကိုယ်ပြည့်စုံ၏။ ခါးကွလျှင် ခါးမှအထက်ကိုယ်တို့၏ အောက်ကိုပြည့်စုံ၏။ နှစ်မျိုးစုံကွလျှင် ထက် အောက်ကိုယ် နှစ်ခုလုံးတို့၏ ဘုတ်ပြိတ္တာတို့၏ ကိုယ်ကဲ့သို့ ထက်ဝန်းကျင် လုံးသောကိုယ်ရှိ၏။ ဝမ်းကြီးသော အိုးနှင့်တူသော အတ္တဘောရှိ၏။ ထိုသုံးယောက်လုံးကို ရှင်ပြုပေးခြင်းငှါမအပ်။

ဂလဂဏ္ဍိသည်-လည်ပင်း၌ ဖရုံသီးကဲ့သို့ မြင်းဖုရှိ၏။ လည်ပင်းမဟုတ်သော်လည်း နေရာမရွေး မြင်းဖုရှိလျှင် ရှင်ပြုမပေးအပ်၊

အနာငါးမျိုး၌ အဆုံးအဖြတ်ဆိုအပ်ပြီ။ လက္ခဏာဟတကသာဟတလိခိတက သုံးယောက်ကိုလည်း ဆိုအပ်ပြီ။ (၇)

သီပဒီ၊ ပါပရောဂီ၊ ပရိသဒူသက

သီပဒီသည်=ဘာရပါဒ - လေးသောခြေရှိ၏။ ဝါ၊ ခြေထိုင်း၏။ ခြေကြီး၍ အိုင်းနာဖြစ်၍ မာသော ကြမ်းသော ခြေရှိသူကို ရှင်ပြုမပေးအပ်၊ မာခြင်း ကြမ်းခြင်း မရှိသေးလျှင် ပုဆိုးကြမ်းဖြင့်ဖွဲ့၍ ရေနွေးထည့်ရာတွင်း၌ ခြေကိုသွင်း၍ ရေနွေး သဲနွေးဖြင့် ပြည့်စေ၍ အကြောပေါ်လာအောင် လည်းကောင်း၊ ဆီကျည်တောက်ကဲ့သို့ မြင်းခေါင်း ပိန်ကြုံအောင်လည်းကောင်း တတ်နိုင်ကောင်းအံ့။ ထိုသို့ပြု၍ ရှင်ပြုပေးခြင်း ငှါအပ်၏။ တဖန်တိုးပွားပြန့်အံ့၊ ထိုအတိုင်းပြု၍သာ ရဟန်းပြုပေးအပ်၏။

ပါပရောဂီသည်-အရိသ--မြင်းသရိုက်နာ၊ တဂန္ဒရ-အရည် တစက်စက် ယိုသော ဘာဂန္ဒိရ်နာ၊ ပိတ္တ-သည်းခြေနာ၊ သေမှ-သလိပ်နာ၊ ကာသ- ချောင်းဆိုးနာ၊ သောသ-ခယရုဂ်နာ စသည် တခုခုအမြဲရှိသူ ဖြစ်၏။ ဆေးကု၍မရ၊ စက်ဆုပ်ဖွယ်ရှိ၏။ ရှင်ပြုမပေးအပ်။

ပရိသဒူသကသည် အလွန်ရှည်ခြင်း၊ ပူခြင်းစသော မိမိ၏ဖောက်ပြန်သော အဆင်းဖြင့် ပရိသတ်ကို ဖျက်ဆီးသူဖြစ်၏။ (၁၀၈-မျိုး သရုပ်ပြ၏ နောက်၌ သီးခြားဆိုအံ့)

ကာဏ၊ ကုဏီ၊ ခဉ္ဇ၊ ဘိန္နဇင်္ဃော၊ ကုဏ္ဍပါဒကော

ကာဏသည်--ပြတ်ပြတ်ထင်ထင် မမြင်သူဖြစ်စေ၊ တိမ်သူလာလွှမ်းသူဖြစ်စေ၊ နှစ်ဖက်ဖြင့် လည်းကောင်း တဖက်ဖြင့် လည်းကောင်း၊ မမြင်သူ ဖြစ်၏။ ရှင်ပြုမပေးအပ်။

မဟာပစ္စရီ၌ တဖက်ကန်းလျှင် ကာဏ နှင့်ဖက်ကန်းလျှင် အန္ဓဟုဆို၏။ မဟာအဋ္ဌကထာ၌ ဝမ်းတွင်း ကန်းလျှင် အန္ဓဟုဆို၏။ ပရိယာယ်အားဖြင့် နှစ်မျိုးလုံးသင့်၏။

ကုဏီသည် - လက်၊ ခြေ၊ လက်ချောင်း၊ ခြေချောင်း တခုခုကောက်၏။

ခဉ္ဇသည် - နတဇာဏုကော-ပုဆစ် ဒူးခေါင်းညွတ်သူ၊

ဘိန္နဇင်္ဃော - မြင်းခေါင်းကျိုးသူ၊

ကုဏ္ဍ (ကုဒဏ္ဍ၊ ကုဏ္ဍ) ပါဒကော - ဖမိုးလယ်ဖြင့်သွားသော ဖမိုးလယ်ဖြင့်သွားသော ဘဝါးလယ်ကောက်သူ၊

ကုဏ္ဍပါဒကော - ဖမိုးများဖြင့်သွားသော ဘဝါးဦးကောက်သူ၊

ထို့ပြင် ခြေဖျားဖြင့်သာ သွားသောခင်သူ၊ ဖနောင့်ဖြင့်သာ သွားသောခွင်သူ၊ အပြင် ဘဝါးစောင်းဖြင့် သွားသောခွင်သူ၊ အတွင်းဘဝါးစောင်းဖြင့် သွားသော ခွင်သူ၊ ဖမျက်အထက်၌ကျိုး၍ ဖမိုးတပြင်လုံးဖြင့် သွားသောခွင်သူ၊ ဤသို့ အမျိုးမျိုးရှိ၏။ ရှင်ပြုမပေးအပ်။

ပက္ခဟတ၊ ဆိန္ဒိရိယာပထ၊ ဇရာဒုဗ္ဗလ

ပက္ခဟတသည် - လက်တဘက်ဖြစ်စေ၊ ခြေတဘက်ဖြစ်စေ၊ ထက်ဝက်သောကိုယ်ဖြစ်စေ၊ ကောင်းစွာ မသယ်နိုင်။ (ဝါ-ကိုယ်တခြမ်းသေ၏)

ဆိန္ဒိရိယာပထသည်-ဆွံ့သူဖြစ်၏။ (ဝါ-မသွားနိုင်သူဖြစ်၏)

ဇရာဒုဗ္ဗလသည်-အိုမင်း၍အားနည်း၏။ မိမိသင်္ကန်းကိုဆိုးခြင်း စသည် မပြုနိုင်။ အသက်ကြီးသော်လည်း အားရှိ၍ မိမိကိုယ်မိမိသုတ်သင်နိုင်လျှင် ရှင်ပြုပေးအပ်၏။ (၉)

အန္ဓ၊ မူဂ၊ ဗဓိရ

အန္ဓသည် ... ဇစ္စန္ဓ - ဝမ်းတွင်းကန်းသူ ဖြစ်၏။

မူဂသည် - စကား မပြောတတ်သူ ဖြစ်၏။ စကားပြောတတ်သော်လည်း သရဏဂုံပြည့်စုံအောင် ဆို၍မဖြစ် ချွတ်ချော်ထစ်သူသာ မမ္မန မည်၏။ ရှင်ပြုပေးခြင်းငှါ မအပ်။ သရဏဂုံမျှ ပြည့်စုံအောင်ဆိုနိုင်လျှင် ရှင်ပြုပေးခြင်းငှါ အပ်၏။

ဗဓိရသည်- အချင်းခပ်သိမ်း နားမကြားသူသာ ဖြစ်၏။ ကြီးစွာသော အသံကိုကြားနိုင်လျှင် ရှင်ပြုပေးခြင်းငှါ အပ်၏။

အန္ဓမူဂ-စသော လေးယောက်သည် အပြစ်တစုံရှိခြင်းဖြင့် ဆိုအပ်သော လေးယောက်ဖြစ်၏။ (၇)

ရှင်အဖြစ် ပယ်အပ်သူတို့အား ရဟန်းအဖြစ်ကိုလည်း ပယ်အပ်၏။ အကယ်၍ ထိုဟတ္ထစ္ဆိန္န စသော ၃၂- ယောက်ကို သံဃာသည် ရဟန်းပြုပေးငြားအံ့၊ အပြစ်မရှိသောရဟန်းသာ ဖြစ်၏။ ကာရကသံဃာ၊ ဆရာ ဥပဇ္ဈာယ်တို့အား အာပတ်မလွတ်ကုန်။

စမ္ပေယျက္ခန္ဓက၌ ... အတ္တိဘိက္ခေ၀ ပုဂ္ဂလာ အပ္ပတ္တော ဩသာရနံ၊ တဉ္စေသံဃော ဩသာရေတိ၊ ဧကစ္စော သုဩသာရိတော၊ ဧကစ္စော ဒုဩသာရိတော။ မသွင်းထိုက်သူဖြစ်လျက် သံဃာသွင်းလျှင် အချို့ ကောင်းသောသွင်းခြင်း၊ အချို့မကောင်းသော သွင်းခြင်းနှစ်မျိုး ရှိ၏ဟု ဟောတော်မူလတ္တံ့။ ရောက်ရာ၌ ထိုအနက် ထင်ရှားလတ္တံ့။

ပရိသဒူသက ၁၀၈-ယောက်

ပရိသပျက်သူတို့ကား အတိဒီဃ-အလွန်အရပ်မြင့်သူ။ သူတပါး၏ ဦးခေါင်းမျှမြင့်သော ချက်နေရာရှိ၏။

အတိရဿ-အလွန်ပုကွသူ။ ထက်အောက် နှစ်ရပ်လုံးကွသော ဘုတ်ပြိတ္တာနှင့် တူ၏။

အတိကာဠ - အလွန်မည်းနက်သူ၊ မီးလောင်ပြင် သစ်ငုတ်နှင့်တူ၏။

အစ္စောဒါတ-အလွန်ဖြူသူ။ နို့ဓမ်း ရက်တက်စသည်ဖြင့် ပွတ်သော ကြေးနီ အိုးချောအဆင်းရှိ၏။

အတိကိသ-အလွန်ပိန်ကြုံသူ။ အသားအသွေးနည်း၏။ ဦးခေါင်း အရိုးအရေမျှ ကိုယ်ရှိသည်နှင့် တူ၏။

အတိထူလ-အလွန်ဆူဝသူ။ များသောအသားရှိ၏။

မဟောဒရ-ဝမ်းခေါင်းကြီးသူ၊ ဖုတ်ပြိတ္တာကြီးနှင့်တူ၏။

အတိမဟန္တသီသ - ဦးခေါင်းကြီးလွန်းသူ၊ ခြင်းတောင်းကို ဦးခေါင်း၌ ထားသည်နှင့် တူ၏။

အတိခုဒ္ဒကသီလ-ဦးခေါင်းငယ်လွန်းသူ၊ ကိုယ်နှင့်မလျော်အောင် ငယ်၏။

ကုဋကုဋသီသ-ဦးခေါင်းအဖုအထစ်များသူ။ ထန်းသီးခိုင်နှင့်တူ၏။ (၅)။

သိခရသီသ-ဦးခေါင်းစွေသူ။ အထက်သို့ အစဉ်အတိုင်းရှူး၏။ (စေတီသဏ္ဌာန်ရှိ၏။)

နာဠီသီသ - ဦးခေါင်းကျည်တောက်ရှိသူ၊ ဝါးဆစ်ကြီးနှင့်တူ၏။ (တထောင့်ထည်း ရှည်၏။)

ကပ္ပသီသ- ဆင်ဦးကင်းသဏ္ဌာန်ရှိသူ၊ ဦးခေါင်းနှစ်ခွရှိ၏။

ပဗ္ဘရသီသ - ရှိုင်းသော ဦးခေါင်းရှိသူ။ နံပါးလေးဘက်တွင် တဘက်ဘက် ညွတ်ဝင်၏။

ဝဏသီသ - ဦးခေါင်း၌အနာများသူ။ (၅)။

ပူတိသိသ-ဦးခေါင်းပုသူ။

ကဏ္ဏိကကေသ - အစုအစုဆံပင်ပေါက်သူ။ ပိုးကျသောလယ်၌ ကောက်ပင်ကဲ့သို့ ထိုနေရာ တစု၊ ဤနေရာ စု ဆံပင်ပေါက်သည်။

နိလ္လောမသိသ-ဦးခေါင်းကျဉ်းသူ။ ဦးခေါင်းမွေး ရှင်းလင်းဆံပင်ကင်း၍ တျင်းတျင်း ကုန်စင်၏။

ထူလတဒ္ဓကေသ-ဆံပင်ထူကြမ်းသူ။ ထန်းမျှင်အတူ ထူထပ်ကြမ်းတမ်း၏။

ပဏ္ဍရကေသ - ဆံပင်ဖြူသူ။ ဇာတိပလိတဖြစ်၍ ဝမ်းတွင်းပါဖြူသူ ဖြစ်၏။ (၅)။

ပကတိကမ္ဗကေသ - ပင်ကိုယ်ဆံပင်နီသူ။ ရဲရဲတောက်နီ၏။

အာဝဋ္ဋသီသ - ဦးခေါင်းဗွေများသူ။ နွားကိုယ်၌ဗွေအလား အဖျားထောင်သော ဆံပင်တို့နှင့် ပြည့်စုံ၏။

ဧကာဗဒ္ဓဘမုကလောပ - တစပ်တည်းဖွဲ့သော မျက်ခုံးမွှေးရှိသူ။ နဖူးပြင်ကွန်ရက်ဖွဲ့သကဲ့သို့ ဦးခေါင်းမွှေးနှင့် ပျက်ခုံးမွှေး ဆက်ပေါက်၏။ (ဝါ....ပျောက်နှင့်မထူး နဖူးဆံပေါက်၏။)

သမ္ဗဒ္ဓဘမုက - မျက်ခုံးနှစ်ဘက် အမွေးဆက်သူ။

နိလ္လောမဘမုက - မျက်ခုံးမွေးမရှိသူ။

မက္ကဋဘပုက - မျောက်မျက်ခုံးမွေးရှိသူ။ (နဖူးမွေး မျက်ခုံးမွေး ဝေခွဲ၍ မရ။) [၆ …. ၂၆။]

အတိမဟန္တက္ခိ-မျက်စိအလွန်ကြီးသူ။

အတိခုဒ္ဒကက္ခိ - မျက်စိအလွန် ငယ်သူ။ ကျွဲသားရေ၌ ပဲခွပ်စွန်းဖြင့်ထွင်းသော အပေါက်သဖွယ် မျက်စိငယ် လွန်း၏။

ဝိသမက္ခိ-မျက်စိမညီသူ တဘက်ကျယ်၊ တဘက်ကျဉ်း ဖြစ်၏။

ဝိသမစက္ကလ-မြက်ကွင်းမညီသူ။ (ဝါ-မျက်နက်ဝန်းမညီသူ) တဘက်မြင့် တဘက်နိမ့် ဖြစ်၏။

ကေကရဟ-မျက်စိဖီလာကြည့်ရှုသူ (၅)။

ဂမ္ဘီရက္ခိ-မျက်တွင်းနက်သူ။မျက်လုံး - အက္ခိတာရကသည်-ရေတွင်းနက်နက်၌ ရေပွက် - ဥဒကတာရကနှင့် တူ၏။ ဝါ-မျက်လုံး၌ ထင်သောအရိပ် အက္ခိတာရကသည် ရေတွင်းနက်နက်၌ ငုံကြည့်သူ၏ ရေ၌ထင်သော အရုပ်ရိပ် ဥဒကတာရကနှင့် တူ၏။

နိက္ခန္တက္ခိ-မျက်စိပြူးသူ၊ ပုဇွန်ကဲ့သို့ မျက်လုံးအပြင်ထွက်၏။

ဟတ္ထကဏ္ဍ-ဆင်နားရှိသူ။ ကြီးသောနားရွက်ရှိ၏။

မူသိကကဏ္ဏ-ကြွက်နားရှိသူ။

ဇဋုကကဏ္ဏ-လင်းနို့ နားရှိသူ။ ငယ်သောနားရွက်ရှိ၏ (၅)။

ဆိဒ္ဒမတ္တကဏ္ဏ - နားတွင်းမျှရှိသူ။ နားရွက်မရှိ။

အဝိဒ္ဓကဏ္ဏ-နားမထွင်းသူ ယောနကဇာတိက ဖြစ်သော ပန်းသေးမျိုးကား ပရိသဒူသက မဖြစ်။ တမျိုးလုံး နားမထွင်းခြင်း ထုံးစံရှိ၏။

ကဏ္ဏဘဂန္ဒရိက-ကဏ္ဏမူနားရှိသူ။ နားအမြဲပုပ်သည်။

ဂဏ္ဍကဏ္ဏ - နား၌အိုင်းနာရှိသူ။ နားအမြဲပြည်ယိုသည်။

ဋကိတကဏ္ဏ-နားရုန့်သူ။ နွားအစာခွန့်သော ကျည်တောက်အစွန်းအဖျားနှင့် ထိုနား တူသည်။ (၅)။

အတိပိင်္ဂလက္ခိ - အလွန်မျက်စိကြောင်သူ။ (ဝါ-ကြောင်မျက်စိနှင့် တူသော မျက်စိရှိသူ။) ပျားကဲ့သို့ ခပ်ကြောင်ကြောင်ကလေး ရှိသူကို ရှင်ပြုပေးခြင်းငှါ အပ်၏။

နိပ္ပဥမက္ခိ-မျက်တောင်မွေး မရှိသူ။

အဿုပဂ္ဃရဏက္ခိ - မျက်ရည်ယိုသူ၊

ပုပ္ဖိတက္ခိ-မျက်စိပွင့်သူ။ (အနီပွင့်လျှင်မျက်သား၊ အဖြူပွင့်လျှင်တိမ်။)

ပါကက္ခိ-မျက်ခမ်းစပ်သူ။ (၅)။

အတိမဟန္တနာသိက-နှာခေါင်း အလွန်ကြီးသူ။

အတိခုဒ္ဒကနာသိက-နှာခေါင်းအလွန်ငယ်သူ။

စိပိဋနာသိက-နှာခေါင်းပိပြားသူ။

ဝင်္ကနာသိက-နှာခေါင်းကောက်သူ။ အလယ်နှာခေါင်းမနေ- တဘက်ရွေ့သည်။

ဒီဃနာသိက-နှာခေါင်းရှည်သူ။ ကျေးနှုက်သီးနှင့်တူ၏။ မိမိလျာဖြင့် လျက်နိုင်အောင်ရှည်၏။

နိစ္စပဂ္ဃရိတသိင်္ဃာဏိကာနာသ-နှပ်တရွှဲရွှဲ အမြဲယိုသူ။ (၆
၂၆)။

မဟာမုခ - ခံတွင်းကြီးသူ။ ပဋင်္ဂဖားကဲ့သို့ ခံတွင်းအယောင် မုခနိတ္တသာ ကြီး၍ ခံတွင်းပေါက် - မုခကား အိမ်ဗူးကဲ့သို့ အလွန်ကျဉ်း၏။ (ခံတွင်းကြီး ကျယ်သောဖားသည် ပဋင်္ဂမဏ္ဍုကမည်၏။)

ဘိန္နမုခ - ခံတွင်း ကွဲပဲ့သူ (ဝါ-အမြဲပွင့်သောခံတွင်းရှိသူ)

ဝင်္ကပုခ- ခံတွင်းရွဲ့သူ၊ (အောက် မေးရိုးတဘက် လွှဲနေသည်။)

မဟာဩဋ္ဌ-နှုတ်ခမ်းထူသူ၊ အိုးနှုတ်ခမ်းနှင့်တူသည်။

တနုကဩဋ္ဌ-နှုတ်ခမ်းတိုသူ။ စည်ကြက်သော သားရေအလား သွားတို့ကို မဖုံးနိုင်။ (၅)။

မဟာအဓရောဓ- အောက်နှုတ်ခမ်းကြီးသူ။

တနက ဥတ္တရောဋ္ဌ-အထက်နှုတ်ခမ်းတိုသူ။

တနုကအဓရောဋ္ဌ-အောက်နှုတ်ခမ်းတိုသူ။

မဟာဥတ္တရောဋ္ဌ-အထက်နှုတ်ခမ်းကြီးသူ။

ဩဋ္ဌဆိန္နက-နှုတ်ခမ်း ပဲ့ပြတ်သူ။ (အထက်အောက် နေရာမရွေး ဇာတိအားဖြင့် လည်းကောင်း၊ ပဝတ္တိအခါ ထားရှိခြင်းဖြင့် လည်းကောင်း နှုတ်ခမ်းအသားကင်း၏)။ (၅)။

ဧဠမုခ-ခံတွင်းမှ အရိအရွဲယိုသူ။ (အမြဲတံတွေးရည် စီးကျသည်။)

ဥပက္ကမုခ-ခံတွင်းရိသူ။(ဝါ၊ ခံတွင်းကျိုက်ကျိုက်ဆူသူ)

သင်္ခတုဏ္ဍက -ခရုသင်းနှုတ်ခမ်း ရှိသူ။ နှုတ်ခမ်းပြင်ပ၌ဖြူသည်။ အတွင်း၌အလွန်နီသည်။

ဒုဂ္ဂန္ဓ ကုဏပမုခ- ခံတွင်းပုပ်သူ။

မဟာဒန္တ-သွားကြီးသူ။ ထွန်သွားနှင့်တူ၏။ (၅)။

အသူရဒန္တ - သွားခေါသူ။ အောက်၌လည်းကောင်း၊ အထက်၌လည်းကောင်း သွား အပြင်ထွက်သည်။ နှုတ်ခမ်းဖြင့် ပိတ်နိုင်အံ့၊ စကားမပြောလျှင်မပေါ်အံ့၊ ရှင်ပြုပေးခြင်းငှါအပ်၏။

ပူတိဒန္တ-သွားပုပ်သူ။

နိဒ္ဒန္တ-သွားမရှိသူ။ သွားကြား၌ ရှဉ့်သွားကဲ့သို့ သွားညှပ်ရှိသူကို ရှင်ပြုပေးခြင်းငှါအပ်၏။

မဟာ ဟနုက-မေးကြီးသူ။ နွားမေးနှင့်တူ၏။

ဒီဃဟနုက-မေးရှည်သူ။ (၅)။

စိပိဋ ဟနုက-မေးပိပြားသူ-အတွင်းဝင်နေသကဲ့သို့ မေးအလွန်တို၏။

ဘိန္နဟနုက - မေးမဲ့သူ။

ဝင်္ကဟနုက-မေးကောက်သူ။

နိမ္မဿုဒါဌိက-မုတ်ဆိတ်ကျင်စွယ် မရှိသူ။ ဘိက္ခုနီမျက်နှာနှင့်တူ၏။ (မိန်းမပျက်နှာနှင့်တူ၏။)

ဒီဃဂလ- လည်တံရှည်သူ၊ ဗျိုင်းလည်တံနှင့်တူ၏။ (၅)။

ရဿဂလ-လည်တံတိုသူ။ လည်ပင်း အတွင်းဝင်နေသည်နှင့်တူ၏။

ဘိန္နဂလ-လည်တံပဲ့သူ။ (ဝါ-လည်ပင် ညွတ်သူ)

ဘဋ္ဌအံ့သကူဋ- ပခုံးစွန်းပဲ့သူ။ (၃-၂၈)

အဟတ္ထ-လက်မရှိသူ။

ဧကဟတ္ထ-လက်တဖက်သာရှိသူ။

အတိရဿ ဟတ္ထ-လက်တိုလွန်းသူ။ (တထောင်မှစ၍ တိုလွန်းသူ-ဟူလို။)

အတိဒီဃ ဟတ္ထ-လက်ရှည်လွန်းသူ။

ဘိန္နဥရ - ရင်ကျိုးသူ။ (ရင်ဘတ်အလယ်၌အချိုင့် မရှိ။) (၅)။

ဘိန္နပိဋ္ဌိ- ကျောက်ကုန်းမခွက်သူ။

ကစ္ဆု ဂတ္တ-ဝဲရှိသူ။

ကဏ္ဍ ဂတ္တ- ယားနာရှိသူ။

ဒဒ္ဒုဂတ္တ-ပွေးရှိသူ။

ဂေါဓာဂတ္တ-ဖွတ်ကိုယ်ရှိသူ။ ဖွတ်ကဲ့သို့ ကိုယ်မှ အမှုန့်တို့ကျကုန်၏။

ဤ (ဝဲရှိသူမှစ၍) အလုံးစုံဖောက်ပြန်ခြင်းကိုရည်၍ ချဲ့သည်။ အဆုံးအဖြတ်ကို ကုဠစသော အနာငါးမျိုး၌ ဆိုပြီးပြီ။ (၅)။

ဘဋ္ဌကဋိက-ခါကျိုးပဲ့သူ။

မဟာ အာနိသဒ-တင်သား ကြီးသူ။ ခုံလောက်စွန်း (ဖိုခနောက်စွန်း) အလား အထက်သို့ တင်သား မြင့်တက်၏။

မဟာဦရုက-ပေါင်ကြီးသူ။

ဝါကဏ္ဍိက - မုတ်ရှိသူ။ (ဗီဇအဏ္ဍ ကောသ-အဥအိမ်) ဖောင်းသည်။ သင်းပိုင်ဖုံးသော်လည်း အဖောင် ထင်သူကို ရှင်ပြု မပေးအပ်။

မဟာဇာဏုက-ဒူးခေါင်းကြီးသူ။ (၅)။

သင်္ဃဋနဇာဏုက-ဒူးခေါင်းနှစ်ဖက်ထိခိုက်သူ။

ဒီဃဇင်္သ-မြင်းခေါင်းရှည်သူ လှံတံကဲ့သို့ ခြေသလုံးရှည်၏။

ဝိကဋ-ဖီလာသွားသူ။ (ဖဝါးဖီလာသွား၏- သွားသောအခါ ဒူးအပြင်တွက်၏။)

ပဏှ-ပုဆစ်ဝင်သူ။

သဏ္ဍ-နောက်သို့ ခြေလည်သူ။ သွားသောအခါ ဒူးအတွင်းဝင်၏။
(ဝိဋီအလို-သင်္ဃာတ- နောက်သို့ ခြေလှည်သူ။ သွားသောအခါ ဒူးအတွင်းဝင်၏။)
(ထာပဏှသာဋီသဏ္ဍဝိဋီသင်္ဃာတ ဟု သဒ္ဒါကွဲသည် အနက်တူသည်။)

ဥပဒ္ဓ ပိဏ္ဍိက-ထုပ်ဖွဲ့သော သလုံးသားရှိသူ။ သလုံးသား အောက်ကွဲသူ- နှစ်မျိုးရှိ၏။ သားလုံးသားကြီး၏။
(၅)။

မဟာဇင်္ဃ-မြင်းခေါင်းကြီးသူ။

ထုလဇင်္ဃပိဏ္ဍိက-မြင်းခေါင်းသားဆူသူ။

မဟာပါဒ-ဘဝါးကြီးသူ။

မဟာ ပဏှိ-ဖနောင့်ကြီးသူ။

ပိဋ္ဌိကပါဒ-ဖမိုးတံရှည်သူ။ မိုးအလယ်၌ မြင်းခေါင်ပေါက်သည် (ခြေဖျားနှင့် ဖနောင့်အတူရှည်လျားသည်။) (၅)။

ဝင်္ကပါဒ- ဖဝါးကောက်သူ။ အတွင်းသို့ကောက်သူ၊ အပသို့ကောက်သူ နှစ်မျိုးရှိ၏။

ဂဏ္ဍိကင်္ဂုလိ-လက်ချောင်း ခြေချောင်း ဖုထစ်ရှိသူ။ ချင်းစိမ်းအတက်နှင့် တူ၏။

အန္ဓနခ-လက်သည်းပုပ်သူ မည်းသော လက်သည်းပုပ် ရှိ၏။ (၃-၂၈)

ဤသို့သော ပရိသဒူသက အလုံးစုံကို ရှင်ပြုမပေးအပ် (၁၀၈-) ယောက်ပြသည်။)

(ဝိဋီ ... အပြစ်မရှိခြင်း၊ မြတ်ခြင်းအနက်တို့၌ ဗြဟ္မသဒ္ဓါကိုယူ၍ အပြစ်မရှိသော ဖြောင့်သော ကိုယ်ရှိသူသည် ဗြဟ္မုဇုဂတ္တမည်၏ဟုဆိုသည်။ တနည်း ကာမဘောဂီနတ်မင်းတို့ကို ဥပမာမပြုလို။ ဗြဟ္မာကဲ့သို့ ဖြောင့်သော ကိုယ်ရှိ၏ဟု ဥပမာပြုလိုသည်။ ကပ္ပသီသသည် - ဆင်နှင့် တူ၏။ ဥပက္ကမုဓသည် = ကုမိတမုဓ - ကျိုက်ကျိုက် ဆူသော ခံတွင်းရှိသူဖြစ်၏။

(သာဋီ ... မဟာပုရိသစက္ကဝတ္တိမှတပါးသော သူတို့သည် ခုဇ္ဇအဖို့၌ ဝင်ကုန်၏။ ဗြဟ္မုဇုမရှိ၊ ပခုံး၊ ခါး၊ ဒူး-ဤသုံးနေရာ၌ ညွတ်တတ်၏။ ကော့ကုန်းကုန်၏။ အရပ်မြင့်လျှင် တဖက်ကောက်သည်။ ကိုင်းသည်။ မျက်နှာ မော့သွားတတ်သည်။ ကပ္ပသီသည် - ဦးခေါင်းနှစ်ခွ ရှိ၏။ ဥဒကကာရကသည်-ရေပွက်မည်၏ ဟုဂဏ္ဍိတို့၌ ဆိုသည်။ အက္ခိတာရကသည်- အက္ခိဘဏ္ဍ-မျက်လုံးဖြစ်၏။ ပခုမ-သဒ္ဒါသည် မျက်ခမ်းထက်အောက် နှစ်လွှာမွေး၌။ ဝါ-မျက်တောင်မွေး၌ ထင်ရှား၏။ ပဋင်္ဂမဏ္ဍုကသည် ခံတွင်းကြီးသော ဖားဖြစ်၏။ မုဂ၌ပြသော မမ္မနသည် ချွတ်သောစကား ရှိ၏။ အက္ခရာတလုံးကို လေးငါးကြိမ်ဆို၏။)

(ဝိဋီ ..... ဆိတ်ခွါသဏ္ဌာန်အရပ် နှာရိုးအစွန်းမှအထက်၌ မပြတ်နိုင်၊ နှာခေါင်းပြတ်ကို စေ့စပ်အောင်ပြုရာ၌ ဖောက်ပြန်စွာ ဝိရူပဖြစ်လျှင် ပရိဒူသကဖြစ်သည်။ သဏ္ဌာန် ဖောက်ပြန်ခြင်း မရှိအောင် ပြုရသည်။ ကပ္ပသီသည်-ဆင်၏ ဦးကင်းကဲ့သို့ နှစ်ခွကွဲပြားသော ဦးခေါင်းရှိ၏။

ဥဒကတာရကသည် - ငုံ့ကြည့်သူတို့၏ ရေ၌ထင်သော အရုပ်ရိပ်-ပဋိမ္ဗမိကစ္ဆာယာ ဖြစ်၏။ အက္ခီတာရက သည် - ရှေ့၌ရပ်သူတို့၏ အရိပ်ဖြစ်၏။ အတိပိင်္ဂလက္ခိ သည်-ကြောင်မျက်စိနှင့် တူသောမျက်စိရှိသူ။ မဉ္ဇာရတ္ထိဖြစ်၏။ မျက်စိလုံး အစွန်း၌ ပုပ်သောရောဂါသည် အက္ခိပါက ရောဂါမည်၏။ မျက်ခမ်း စပ်ရောဂါ မည်၏။

စိပိဋနာသိကသည် မပိမပြား ရွှေချွန်းလားသွင် ပေါ်လွင်သော နှာခေါင်းမဟုတ်၊ နှာတံမပေါ်သူ ဖြစ်၏။ ခံတွင်းကွဲ၊ ရွဲ့၊ နှုတ်ခမ်းထူ၊ နှုတ်ခမ်းတို၊ နှုတ်ခမ်းမဲ့၊ အရိယို၊ ခံတွင်းရိသူတို့သည် အမြဲပွင့်သော ခံတွင်းရှိကုန်၏။

မမ္မနသည် -ဌာန်ကရိုဏ်း မစင်ကြယ်သဖြင့် မရှိသော အက္ခရာကိုဆိုခြင်း ဝစနဖြစ်၏။ ဝစနကို အကြောင်းပြု၍ ပုဂ္ဂိုလ်သည် မမ္မနမည်၏။ ကရိုဏ်းပြည့်စုံသော်လည်း အက္ခရာတလုံးကို တဟဲဟဲသံ များစ္စာဆိုသူလည်း မမ္မန၌ပါဝင်၏။ မထစ်မထပ် ပြတ်သားစွာ ဆိုနိုင်သူကို ရှင်ပြုပေးအပ်၏။ သိလျက်နှင့် ရှင်ရဟန်းပြု ပေးသူသည် အာပတ်မှမလွတ်၊ အန္တရာယ်ကြောင့် ကာယသာမဂ္ဂီပေးသူအား အနာပတ္တိ။)

နိဿယည်း ကင်းနိုင်သူများ

ထိုအခါ ဆဗ္ဗဂ္ဂီရဟန်း တို့သည် အလဇ္ဇီတို့အား နိဿယည်းပေးကုန်၏။ ချစ်သား ... အလဇ္ဇီတို့အား နိဿယည်း မပေးအပ်။ ဒုက္ကဋ်။ ရဟန်းတို့သည် အလဇ္ဇီတို့ကိုမှီ၍ နေကုန်၏။ မကြာမီ အလဇ္ဇီပါပဘိက္ခူတို့ ဖြစ်ကုန်၏။ ချစ်သားတို့ ... အလဇ္ဇီတို့ကိုမှီ၍မနေအပ်။ ဒုက္ကဋ်။

ရဟန်းတို့အား ဤသို့အကြံဖြစ်၏။ မြတ်စွာဘုရားသည် အလဇ္ဇီတို့အား နိဿယည်း မပေးအပ်။ အလဇ္ဇီတို့ကို မှီ၍ မနေအပ်ဟုပညတ်သည်။ လဇ္ဇီ၊ အလဇ္ဇီကို အဘယ်သို့သိရကုန်အံ့နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။
ချစ်သားတို့ ... ဘိက္ခုသဘာဝအဖြစ်ကို (ဝါ၊ လဇ္ဇီအဖြစ်ကို) သိရသည် တိုင်အောင် လေးရက်ငါးရက် ဆိုင်းခြင်းငှါ ခွင့်ပြု၏။

ရဟန်းတပါးသည် ကောသလဇနပုဒ်တို့၌ ခရီးရှည်သွား၏။ အမှီမရှိပဲ မနေအပ်ဟု ပညတ်သည်။ ငါသည်လည်း မှီရာမလွတ်ပဲ ခရီးရှည်သွား၏။ အသို့ပြုရအံ့နည်းဟု အကြံဖြစ်၍ လျှောက်၏။ ချစ်သားတို့ ... ခရီးရှည်သွားသောရဟန်းသည် မှီရာမရလျှင် အမှီကင်းလျက် နေခြင်းငှါ ခွင့်ပြု၏။

ရဟန်းနှစ်ပါးတို့သည် ခရီးရှည်သွားကုန်၏။ ကျောင်းတခုသို့ ရောက်သောအခါ တပါးသည် ဂိလာနဖြစ်၏။ ငါသည် မှီရာမလွတ်၊ ဂိလာနဖြစ်သည် ဟု အကြံဖြစ်၍ လျှောက်၏။ ချစ်သားတို့ .... ဂိလာနရဟန်းသည် မှီရာမရလျှင် အမှီကင်းလျက် နေခြင်းငှါခွင့်ပြု၏။

ထိုဂိလာနအား လုပ်ကျွေးသော ရဟန်းသည်လည်း အကြံဖြစ်၍လျှောက်၏။ ချစ်သားတို့ … ဂိလာနုပဋ္ဌာက ရဟန်းသည် မှီရာမရလျှင် တောင်းပန်လျှင် အမှီကင်းလျက် နေခြင်ငှာ ခွင့်ပြု၏။

ရဟန်းတပါးသည် တောကျောင်း၌နေ၏။ ထိုရဟန်းအား ထိုတောကျောင်း၌ ဖာသု ဖြစ်၏။ (ဝါ၊ သမထ၊ ဝိပဿာနာရ၍ ချမ်းသာ၏။) ငါသည် မှီရာမလွတ်၊ ဖာသုဖြစ်၏။ အသို့ပြုရပါအံ့နည်း။ ချစ်သားတို့ ... ဟောကျောင်းနေသော ရဟန်းသည် ဖာသုဝိဟာရကိုမှတ်သား၍ မှီရာမရလျှင် လျှောက်ပတ်သော နိဿယည်း ပေးဆရာ ရောက်လာသောအခါ ထိုဆရာကိုမှီ၍ နေပါအံ့ဟု နှလုံးပြု၍ အမှီကင်းလျက် နေခြင်းငှါခွင့်ပြု၏။

[ထာ ... ဘိက္ခုသဘာဂ အဖြစ်သည် ရဟန်းတို့နှင့် သဘောတူသူ လဇ္ဇီပုဂ္ဂိုလ်၏ အဖြစ်တည်း။ နိဿယည်းပေး မထေရ်၏ လဇ္ဇီအဖြစ်ကို သိနိုင်အောင် လေးငါးရက်ဆိုင်းရသည်။ ထို့ကြောင့် နေရာသစ်သို့ သွားသောရဟန်းသည် “ငါ့ရှင်နိဿယည်းယူလော”ဟု ဆိုသော်လည်း ထို နိဿယည်းပေးဆရာ၏ အဖြစ်ကို လေးငါးရက် စူးစမ်းပြီးမှ နိဿယည်း ယူအပ်၏။ လဇ္ဇီပင်ဖြစ်သည်ဟု ရောက်လာသောနေ့၌ပင် သိ၍ယူလိုအံ့၊ မထေရ်က ငါရှင်ဆိုင်းဦးလော၊ နေထိုင်စဉ်သိရလတ္တံ့ဟု ဆို၍ နှစ်ရက် သုံးရက် အကျင့်စူးစမ်းပြီးမှ နိဿယည်း ပေးအံ့၊ အပ်၏။ ပကတိအားဖြင့် နိဿယည်း ယူရာသို့ရောက်လျှင် ထိုနေ့တွင်သာ ယူအပ်၏။

တနေ့မျှ အစောင့် အရှောက်မရ။ ညဉ့်ဦးယူခွင့်မရလျှင် နံနက်စောစော အရုဏ်မတက်မီ ယူရသည်။ နံနက်စောစောယူမည်ဟု နှလုံးသွင်း၍ အိပ်သူအား အရုဏ်တက်သော်လည်း အနာပတ္တိ။ နှလုံးမသွင်းပဲ အိပ်လျှင် အရုဏ်တက်သောအခါ ဒုက္ကဋ်။

မရောက်ဖူးသော အရပ်သို့ရောက်၍ နှစ်ရက် သုံးရက် ခေတ္တနေ၍ သွားလိုသောသူသည် နိဿယည်း မယူပဲ နေကောင်းသေး၏။ ခုနစ်ရက် နေမည်ဟု နှလုံးထားသူကား နိဿယည်းယူအပ်၏။ မထေရ်သည် ခုနစ်ရက် နေသူအား နိဿယည်းဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟုဆိုအံ့။ ပယ်သော ကာလမှစ၍ အစောင့်အရှောက် ရ၏။

နိဿယည်း လွတ်ကြောင်း အင်္ဂါ မပြည့်စုံသေးသော ရဟန်းသည် ခရီးရှည်အတူသွားသူတို့တွင် နိဿယည်း ပေးနိုင်သူ မရှိအံ့၊ မှီရာမရလျှင် အမှီကင်းလျက် နေ့ရက်များစွာလည်း သွားအပ်၏၊ ရှေး၌ နိဿယည်းယူ၍ နေဖူးသောကျောင်းသို့ ဝင်ရောက်အံ့၊ တညဉ့်မျှနေသော်လည်း နိဿယည်း ယူအပ်၏။ ခရီးအကြား၌ အပန်း ဖြေလျက် အဖော်ရှာလျက် တရက်နှစ်ရက်နေအံ့၊ အနာပတ္တိ။ ဝါတွင်း၌ကား အမြဲနေခြင်းဖြင့် နေအပ်၏။ နိဿယည်း ယူအပ်၏။

လှေဖြင့်သွားရသော ရဟန်းကား ဝါဆိုချိန်ရောက်သော်လည်း မှီရာဆရာ မရလျှင် အနာပတ္တိ။ ဂိလာန ရဟန်းက တောင်းပန်လျှင် အမှီကင်းလျက် နေအပ်၏။ ငါ့ကို တောင်းပန်လော ဟုဆိုသော်လည်း ဂိလာနမာနဖြင့် မတောင်းပန်အံ့၊ သွားအပ်၏။

ဖာသုဖြစ်၏ ဟူသည်ကား သမထ၊ ဝိပဿနာရ၍ (ရကာစဖြစ်၍) ချမ်းသာ၏။ ဤသို့သော အစောင့် အရှောက်ကို သောတာပန်စသော အရိယာပုဂ္ဂိုလ်မရ အားစွမ်းထက်သော သမထ၊ ဝိပဿနာ ရသောရဟန်း မရ၊ ကမ္မဋ္ဌာန်းစွန့်ထားသော ဗာလပုထုဇဉ်၌ ဆိုဖွယ်မရှိ။ သမထနုသော ရဟန်း၊ ဝိပဿနာနုသောရဟန်းသာလျှင် ဤအစောင့်အရှောက်ကိုရသည်။

ပဝါရဏာသင်္ဂဟ ပဝါရဏာ မပြုသေးပဲ ဆိုင်းထားခြင်းဖြင့် ချီးမြှောက်ခြင်းကိုလည်း ထိုတရုဏသမထတရုဏဝိပဿနာ ရှိသူအတွက်သာ ခွင့်ပြုသည်။ ထို့ကြောင့် ဤသို့သောပုဂ္ဂိုလ်သည် ဆရာပဝါရဏာပြု၍ ဖဲသွားသော်လည်း သင့်လျော်သော နိဿယည်းပေးဆရာ ရောက်လာသောအခါ ထိုဆရာကိုမှီ၍ နေမည်ဟု နှလုံးသွင်း၍ တဖန်ဝါဆိုလပြည့် တိုင်အောင် အမှီကင်းလျက် နေခြင်းငှါအပ်၏။ ဝါဆိုလ၌ ဆရာ ရောက်မလာအံ့၊ နိဿယည်းရရာအရပ်သို့ သွားအပ်၏။

(ဇီဋီ .... အလဇ္ဇီတို့အား နိဿယည်း မပေးအပ်ဟူသော ပညတ်တော်ဖြင့် အလဇ္ဇီဖြစ်သောရဟန်း၊ သာမဏေ တို့နှင့်အတူ ဓမ္မ၊ အာမိသ ပရိဘောဂနှစ်ပါးတို့ကို ပယ်တော်မူသည်၊ ဥပဇ္ဈာယ်ကိုသော်လည်း အလဇ္ဇီ ဖြစ်လျှင် အမှီပြု၍မနေအပ်။ ... ဟူသောစကားထင်၏။

ရဟန်းတို့၏ သမ္မာပဋိပတ်အားဖြင့် တူသော အလိုရှိသော ရဟန်းသည် ဘိက္ခုသဘာဂ မည်၏။ ထိုရဟန်း၏ ဖြစ်ကြောင်းဂုဏ်သည် ဘိက္ခု သဘာဂအဖြစ် မည်၏။ လဇ္ဇီအဖြစ် ဟူလို။ ခုနစ်ရက်မျှ ငါနေမည်။ လဇ္ဇီအဖြစ်သိအောင် ပြုခြင်းဖြင့်အကျိုး မရှိဟု ဓုရနိက္ခေပပြု၍ နေခြင်းငှါမရ။ လဇ္ဇီအဖြစ်ကိုသိလျက် နက်ဖြန် သွားမည်၊ နိဿယည်း မယူတော့ပြီဟု အရုဏ်တက်စေခြင်းငှါ မရ။ အရုဏ် မတက်မီ သွားမည်ဟု အာဘောဂဖြင့်အိပ်လျှင် အရုဏ်တက်သော်လည်း အပြစ်မရှိ။

သင့်လျော်သော နိဿယည်းပေးဆရာ ရောက်လာသောအခါ … ဟူသောစကားဖြင့် ဤအစီအရင်သည် မိုးဥတု မဟုတ်သော ကာလ၌သာဟု ထင်ရှား၏။ ဤမည်သော မထေရ် ကြွလာလိမ့်မည်ဟုကြား၍ စောင့်ဆိုင်းစဉ် ဝါဆိုလပြည့်နေ့ရောက်အံ့။ ဝါဆိုလပြည့် ရောက်သော်လည်း နိဿယည်းပေး ဆရာရှိရာသို့ သွားအပ်၏။

ပါတိမောက်ပြတတ်သော ရဟန်းမရှိကာမျှဖြင့်ပင် သွားအပ်သောကြောင့် နိဿယည်းပေးဆရာ မရှိလျှင် အဘယ်ဆိုဖွယ်ရှိအံ့နည်း။ ထိုရဟန်းသည် သွားသည်ရှိသော် အသက် အန္တရာယ် သာသနာအန္တရာယ်ကို မြင်အံ့၊ ထိုအရပ်၌သာ နေအပ်၏ဟု ဧကေဆရာတို့ဆိုကုန်၏။

(သာဋီ .... ရဟန်းတို့နှင့်တူမျှသော သီလစသော ဂုဏ်ဘာဂရှိသော ရဟန်းသည် ဘိက္ခု+သ+ဘာဂ မည်၏။ ထိုရဟန်း၏ ဖြစ်ကြောင်းဂုဏ်သည် ဘိက္ခုသဘာဂအဖြစ် မည်၏။ နှစ်ရက်သုံးရက်မျှ နေ၍သွားလိုသော ရဟန်းသည် လဇ္ဇီအဖြစ်ကို သိရသည်တိုင်အောင်ဟု အာဘောဂ မပြုသော်လည်း အမှီကင်းလျက် နေခြင်းငှါအပ်၏ဟု ဆိုလိုသည်။ လဇ္ဇီအဖြစ်ကို သိလျှင်ကား နက်ဖြန်သွားမည် နိဿယည်းမယူတော့ပြီဟု အရုဏ်တက်စေခြင်းငှါမရ။ အရုဏ်မတက်မိ သွားမည်ဟု အာဘောဂဖြင့်အိပ်လျှင် အရုဏ်တက်သော်လည်း အပြစ်မရှိ။

ခုနစ်ရက်နေမည်ဟု အာလယပြုသော ရဟန်းသည် လဇ္ဇီအဖြစ်သိအောင် မပြုလိုဟု ဓုရနိက္ခေပပြု၍ နေခြင်းငှါ မရ၊ စူးစမ်း၍ နိဿယည်း ယူအပ်၏။ ခရီးအကြား၌ အပန်းဖြေလျက် အဖော်ရှာလျက် တရက် နှစ်ရက်နေစဉ် နိဿယည်းပေးဆရာ မရှိလတ်သော် အနာပတ္တိ။

ဝါဆိုချိန်နီးသဖြင့် သွားလိုသော ရဟန်းသည် ဤမည်သော မထေရ်ကြွလာလိမ့်မည်ဟုကြား၍ စောင့်ဆိုင်းအံ့။ အပ်၏။ စောင့်ဆိုင်းစဉ် ဝါဆိုနေ့ဖြစ်လာအံ့၊ ဖြစ်စေကာမူ၊ နိဿယည်းပေးဆရာ ရရာသို့ သွားအပ်၏။ သွားလျှင် အသက် သာသနာအန္တရာယ်ကိုမြင်အံ့၊ ထို၌သာ နေအပ်၏ဟု ကေစိတို့ဆိုကုန်၏။)

(ဝိဋီ ... (ထူးခြားရာမှ ထုတ်ဆိုအံ့) အပန်းဖြေလျက် အဖေါ်ရှာလျက် တရက်နှစ်ရက်နေသူသည် သွားခြင်း၌ အားထုတ်ခြင်း ရှိသောကြောင့် ထိုသို့နေသော်လည်း ခရီးသွားသာတည်း။ ထိုနေရာ၌ နိဿယည်းပေးသူ ရှိလျှင် အနာပတ္တိဟု အဓိပ္ပါယ်သိအပ်၏။

ဤစကားဖြင့် ပင်ပန်းခြင်း စသည်မရှိပဲ သေနာသနစသည်၏ ပြည့်စုံခြင်းကို စွဲ၍နေလျှင် အာပတ်ဟု ပြသည်။ ထိုအာပတ်သို့လည်း မသွားခြင်း အကြောင်းကြောင့် နေ့တိုင်း နေ့တိုင်း ရောက်သည်ဟုဆိုကုန်၏။

သင်္ကန်းဆိုးခြင်း စသည်အလို့ငှါ ဆရာ စေလွှတ်လျှင် ကိစ္စပြီးသည်တိုင်အောင်သာ နေအပ်၏။ ထိုထက်လွန်၍ မနေအပ်။ ဆရာတို့သည်လည်း တာဝကာလိက ကိစ္စအလို့ငှါသာ လဇ္ဇီပေသလ ရဟန်းငယ်တို့ကို စေလွှတ်အပ်ကုန်၏။ နိစ္စကာလ ကိစ္စအလို့ငှါ မစေလွှတ်အပ်ကုန်ဟု မှတ်အပ်၏။

လှေဖြင့်သွားသူအား ဝါဆိုချိန်ရောက်သော်လည်း မှီရာဆရာမရလျှင် အနာပတ္တိ ဟုဆိုခြင်းကြောင့် ဤသို့သော စီမံ၍ မရစကောင်းသည်ကိုကြဉ်၍ နိဿယည်းပေး ဆရာကင်းသောအရပ်၌ ဝါဆိုကပ်ခြင်းငှါ မအပ်ဟုမှတ်အပ်၏။ စောင့်ဆိုင်းစဉ် ဝါဆိုအံ့သော နေ့ဖြစ်အံ့၊ ဖြစ်စေကာမူ ထိုနေရာ၌ ဝါမကပ်မူ၍ နိဿယည်းပေးဆရာ ရရာသို့ ဝေးသော်လည်းသွား၍ ပစ္ဆိမဝါကပ်အပ်၏။)

ကံဆောင်ရာ၌ အမည်

ထိုအခါ အရှင်မဟာကဿပအား ရဟန်းလောင်းရှိ၍ ရှင်အာနန္ဒာထံသို့ “အရှင်အာနန္ဒာသည် လာ၍ ရဟန်းလောင်းကို ကမ္မဝါစာ ဖတ်စေသတည်း”ဟု တမန်စေလိုက်၏။ ရှင်အာနန္ဒာသည် ဤသို့ဆို၏။ ငါသည် မထေရ်၏အမည်တော်ကို ယူခြင်းငှါ၊ ဝါ...ရွတ်ဖတ်ခြင်းငှါမဝံ့၊ ငါ၏အလေးပြုအပ်သော မထေရ်ဖြစ်၏ဟုဆို၍ မြတ်စွာဘုရားအား လျှောက်ကြား၏။ ချစ်သားတို့...၊ အနွယ်ဖြင့်လည်း ကမ္မဝါစာဖတ်ခြင်းငှါ ခွင့်ပြု၏။

[ထာ .... အနွယ်ဖြင့် ကမ္မဝါစာဖတ်ခြင်းငှါ ဟူသည်ကား မဟာကဿပဥပသမ္ပဒါပေက္ခာ-ဟု အနွယ်ဂေါတ္တကို ဆို၍ ကမ္မဝါစာဖတ်ခြင်းငှါ ခွင့်ပြု၏-ဟူလို။]

(သာဋီ ... ကမ္မဝါစာဖတ်ရာ၌ ဣတ္ထန္နာမော ဣတ္ထန္နာမဿ အာယသ္မတော-ဟု အမည်ကြားခြင်းလာ၏။ (အရှင်မဟာကဿပ၏ အမည်ကား ပိပ္ပလိ-ဖြစ်၏။) ထို့ကြောင့် အာယသ္မကော ပိပ္ပလိဿ ဥပသမ္ပဒါပေက္ခော ဟု မထေရ်၏အမည်ကို မဖတ်ဝံ့ဟု ဆိုလိုသည်။ အနွယ်ဖြင့်လည်း ဖတ်ရှုခြင်းငှါ ခွင့်ပြုခြင်းကြောင့် ခေါ်နေကျဝေါဟာရဖြင့် အပ်သည်ဟု ထင်ရှား၏။

ကောနာမောတေ ဥပဇ္ဈာယော-ဟု မေးလျှင်လည်း အနွယ်ကိုသာ အမည်ပြု၍ ဖြေဆိုအပ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် နာမလေးပါး တပါးပါးဖြင့် ကမ္မဝါစာဖတ်အပ်သည်ဟု ဆိုကုန်၏။ အမည်များသူ ဖြစ်လျှင် ဉာတ်၌တမည်၊ ကမ္မဝါစာ၌တမည်ပြုခြင်းငှါမအပ်။ ကမ္မဝါစာတို့သည် အနက်ဖြင့်လည်းကောင်း၊ သဒ္ဒါဖြင့် လည်းကောင်း မကွဲမပြားဖြစ်ထိုက်၏။

ပါဠိတော်၌ ဣတ္ထန္နာမဿ အာယသ္မတော-ဟု အာယသ္မတော နောက်ထား၏။ ကမ္မဝါစာပါဠိ၌-အယံဗုဒ္ဓရက္ခိတော အာယသ္မတော ဓမ္မရက္ခိတဿ-ဟု ရှေ့ထား၏။ အစဉ်ချွတ်သည်ဟု မဆိုအပ်။ အာယသ္မာသာရိပုတ္တော အတ္ထကုသလော စသည်ဖြင့် ပါဠိတော်ပြယုဂ် ထင်သည်ဟု ဆိုကုန်၏။ တနေရာ၌ အာယသ္မတော ဗုဒ္ဓရက္ခိတဿ ဖတ်၍ တနေရာ၌ ဗုဒ္ဓရက္ခိတဿ မျှဖတ်လျှင် ကမ္မဝါစာယုတ်စေသည်ဟု မဆိုအပ်။ အမည်မယုတ်သောကြောင့်ဟု ဧကေတို့ကိုဆိုကုန်၏။

တနေရာ၌ အာယသ္မတော ဗုဒ္ဓရက္ခိတဿ၊ တနေရာ၌ ဗုဒ္ဓရက္ခိတဿ အာယသ္မတော-ဟုဖတ်လျှင် ပါဠိတော်အား လျော်သောကြောင့် ခေတ်အတွင်းသာ ကျသည်ဟူ၍လည်း ဧကေတို့ဆိုကုန်၏။ ထိုသို့ တနေရာ တမျိုးဖတ်ခြင်းသည် ကမ္မဝါစာတို့၏ သဒ္ဒါပြားခြင်း ကပ်ငြိသောကြောင့် (သဒ္ဒါကွဲသောကြောင့်) မအပ်ဟု ဆိုကုန်၏။ နေရာအားလုံး၌လည်း တမျိုးတည်းဖြင့်သာလျှင် ဆိုငြားအံ့၊ အပ်၏။

(ဝိဋီ .... အာယသ္မတောပိပ္ပလိဿ ဥပသမ္ပဒါပေက္ခာ ဟု နာမကို မဖတ်မူ၍ ဂေါတ္တနာမဖြင့်လည်း ဖတ်ခြင်းငှါခွင့်ပြု၏ဟူလို။ ဥပဇ္ဈာယ်အမည် ပေးလျှင် အာယသ္မာကဿပေါဟု ဂေါတ္တနာမဖြင့် ဖြေဆိုအပ်၏။ ထို့ကြောင့် ထင်ရှားသော အမည်တခုခုကိုဖြစ်စေ၊ ထိုခဏမှည့်သော အမည်ကိုဖြစ်စေ ယူ၍လည်း ကမ္မဝါစာ ဖတ်အပ်၏။ ဥပဇ္ဈာယ်၏ အမည်ကဲ့သို့ ရဟန်းလောင်း၏ ဂေါတ္တဒိနာမဖြင့်လည်းကောင်း၊ တင်္ခဏိကနာမဖြင့် လည်းကောင်း ကမ္မဝါစာဖတ်ခြင်းငှါ အပ်၏။

ထိုခဏ၌လည်း တိဿနာဂ စသည် မှည့်လိုလျှင် အနုသာသကသမ္မုတိဉာတ်မထားမီ မှည့်သင့်၏။ မှည့်ပြီး သော်လည်း အန္တရာယိကဓမ္မ ဆုံးမသောအခါ မေးမြန်းသောအခါတို့၌ ကိန္နာမောသိအဟံဘန္တေ နာဂေါနာမကောနာမော တေ ဥပဇ္ဈာယောဥဇ္ဈာယော မေ ဘန္တေ တိဿောနာမ စသည်ဖြင့်သိစေ၍ နှစ်ဦးလုံး၏ စိတ်၌ ဤကား ငါ၏အမည်တည်းဟု မှတ်သားမိအောင် ပြောကြားအပ်၏။

ထိုခဏ၌ ပကတိအမည်ဖြင့်ဖတ်၍ နောက်၌ တိဿနာဂ စသော အမည်သစ်ဖြင့်ဖတ်လျှင် မသင့်သော်လည်း တိဿဿ ဥပသမ္ပဒါ ပေက္ခာ စသော အမည်တခုခုဖြင့် ပုဂ္ဂိုလ်သုံးသပ်လျှင် ကံမပျက်၊ ဥပဇ္ဈာယ် မရှိရာ၌ သော်လည်း ပုဂ္ဂိုလ်သုံးသပ်လျှင် ကံမြောက်၏။ ရဟန်းလောင်း၏ မိမိအမည်ကိုကြဉ်၍ တပါးသောအမည်ဖြင့် ဖတ်လျှင်ကား ကံပျက်၏။ ရဟန်းမဖြစ်။

ထို့ကြောင့် ရဟန်းလောင်း၏ ပကတိအမည်ကို ပြောင်းလွဲ၍ လဲလှယ်၍ အစဉ်အတိုင်း နာဂ - စသော အမည်ဖြင့် ဖတ်လိုသော ဆရာသည် ရှေးမဆွကပင်လျှင် သင်သည်နာဂမည်၏ ... စသည်ဖြင့် သိစေ၍ အနုသာသန အခါ၊ ပုစ္ဆန အခါတို့၌လည်း ရဟန်းလောင်းအား လည်းကောင်း၊ သံဃာအားလည်းကောင်း ထင်ရှားအောင် ဖော်ပြ၍သာလျှင် နာဂစသော အမည်ဖြင့် ဖတ်အပ်၏။ အမည်များသူဖြစ်အံ့၊ တမည်မည်ကို ဖတ်ခြင်းငှါ အပ်၏။

ရဟန်းလောင်း၊ ဥပဇ္ဈာယ်တို့၏ တနေရာ၌ဖတ်သော အမည်ကိုသာလျှင် ဉာတ်၌လည်းကောင်း၊ ကမ္မဝါစာ၌ လည်းကောင်း ဖတ်အပ်၏။ တပါးသောအမည်ကိုဖတ်လျှင် သဒ္ဒါ ပြားသည် မည်၏။ ကံပျက်၏။ အနက် သဒ္ဒါ မပြားမှ ဉာတ်ကမ္မဝါစာတို့လည်း အပ်ကုန်၏။ ဥပဇ္ဈာယ်အမည်၏ရှေ့၌ အာယသ္မတောတိဿဿ စသည်ဖြင့် အာယသ္မန္တ ပုဒ် ရှေ့ထား၍လည်း ဖတ်ကုန်၏။ မထားသော်လည်း အပြစ်မရှိ၊ ပါဠိတော်၌ နောက်ထား၍ ဟောသည်။

အာယသ္မာ သာရိပုတ္တော အတ္ထ ကုသလော စသည်ဖြင့် ရှေ့ထားသည်ကို မြင်ရသောကြောင့် ရှေ့၌သာ ထားခြင်းသည် သာ၍သင့်လျော်၏။ တနေရာ၌ အာယသ္မန္တပုဒ်ယှဉ်၍ တနေရာ၌ မယှဉ်သော်လည်းကောင်း၊ တနေရာ၌ထား၍ တနေရာ၌ နောက်ထားသော် လည်းကောင်း၊ အမည်ကို မယုတ်စေသောကြောင့် ကမ္မဝါစာကို ယုတ်စေသည်မမည်။

ပါဠိတော်၌လည်း ဣတ္ထန္နာမဿ အာယသ္မတော ဟု တနေရာ၌ယှဉ်၍၊ ဣတ္ထန္နာမေန ဥပဇ္ဈာယေန ... စသည်တို့၌ မယှဉ်ဟုဆိုကုန်၏။ နေရာအားလုံး၌ပင် တမျိုးတည်းဖြင့်သာ ယှဉ်၍လည်းကောင်း၊ မယှဉ်မူ၍ လည်းကောင်း ဖတ်ခြင်းကို လွန်စွာချီးမွှမ်းအပ်သည်ဟု မှတ်အပ်၏။

ရဟန်းလောင်းနှစ်ပါး၊ သုံးပါး

ထိုအခါ ရှင်မဟာကဿပအား ရဟန်းလောင်း နှစ်ယောက်ရှိကုန်၏။ “ငါ ရှေးဦးစွာ ရဟန်းပြုမည်၊ ငါ ရှေးဦးစွာပြုမည်ဟု” ငြင်းခုန်၏။ ချစ်သားတို့ .... နှစ်ယောက်သော ရဟန်းလောင်းတို့ကို တပြိုင်နက် ကမ္မဝါစာ ဖတ်အပ်သည်တို့ကို ပြုခြင်းငှါ ခွင့်ပြု၏။ များစွာသော မထေရ်တို့အား ရဟန်းလောင်းတို့သည်ရှိကုန်၏။ “ငါရှေးဦးစွာရဟန်းပြုမည်။ ငါရှေးဦးစွာ ပြုမည်ဟု ငြင်းခုံကုန်၏။ မထေရ်တို့သည် ငါ့ရှင်တို့ ... ရဟန်းလောင်း အားလုံးတို့ကိုသာလျှင် တပြိုင်နက် ကမ္မဝါစာ ဖတ်အပ်သည်တို့ကို ပြုကုန်အံ့ဟု ဆိုကုန်၏။

ချစ်သားတို့ ... နှစ်ယောက်၊ သုံးယောက်သော ရဟန်းလောင်းတို့ကို တပြိုင်နက် ကမ္မဝါစာဖတ်အပ် သည်တို့ကို ပြုခြင်းငှါ ခွင့်ပြု၏၊ ထိုအစီအရင်ကိုလည်း တဦးသော ဥပဇ္ဈာယ်ဖြင့် ခွင့်ပြု၏။ အသီးသီးသော ဥပဇ္ဈာယ်ဖြင့် ခွင့်မပြုသည်သာတည်း။

[ထာ ... နှစ်ယောက်သော ရဟန်းလောင်းတို့ကို ကမ္မဝါစာ ဆရာ တဦးစီဖြင့် ဆရာနှစ်ဦးသည်လည်းကောင်း၊ ဆရာတဦးတည်းသည် လည်းကောင်း တပြိုင်နက် ကမ္မဝါစာဖတ်၍ ရဟန်းပြုပေးခြင်းငှါ ခွင့်ပြုသည်ဟု သိအပ်၏။ နှစ်ယောက်၊ သုံးယောက်သော ရဟန်းလောင်းတို့ကိုလည်း ရှေးနည်းအတိုင်း တပြိုင်နက် ကမ္မဝါစာဖတ်ခြင်းငှါ ခွင့်ပြု၏။ ထိုကမ္မဝါစာဖတ်ခြင်းကိုလည်း တဦးသောဥပဇ္ဈာယ်ဖြင့် ခွင့်ပြုသည်ဟု သိအပ်၏။

ထို့ကြောင့် ဆရာတဦးသည် ရဟန်းလောင်းနှစ်ယောက်၊ သုံးယောက်တို့ကိုလည်း ကမ္မဝါစာဖတ်အပ်ကုန်၏။ နှစ်ဦး၊ သုံးဦးသော ဆရာတို့သည်လည်း အသီးသီး တယောက်စီငဲ့၍ ဖတ်အပ်ကုန်၏။ ဤသို့ တပြိုင်နက် တချက်တည်းသာလျှင် နှစ်ခု သုံးခုသော ကမ္မဝါစာတို့ကို ဖတ်အပ်ကုန်၏။ ကမ္မဝါစာဆရာအသီးသီး၊ ဥပဇ္ဈာယ်အသီးသီး ဖြစ်ကုန်အံ့၊ တိဿမထေရ်သည် သုမနထေရ်သဒ္ဓိဝိဟာရိကကို၊ သုမနထေရ်သည် (တိဿမဟုတ်သော) နန္ဒထေရ်သဒ္ဓိဝိဟာရိကကို ကမ္မဝါစာဖတ်အံ့၊ အချင်းချင်းလည်း ဂဏပူရကတို့ ဖြစ်ကုန်အံ့။ အပ်၏။ ဥပဇ္ဈာယ်အသီးသီး ကမ္မဝါစာဆရာတဦးတည်း ဖြစ်အံ့၊ မအပ်။ ဤကို ရည်စူး၍ ဤပယ်ခြင်းဖြစ်၏။]

(ဇီဋီ … တပြိုင်နက်ဖတ်ခြင်းကို ဥပဇ္ဈာယ်တဦးတည်း၊ဆရာအသီးသီး ခွင့်ပြုသည်။ ဥပဇ္ဈာယ်အသီးသီး၊ ဆရာတဦးတည်းဖြင့် ခွင့်မပြု။ ရှေးဂဏ္ဍိ၌လည်း ထို့အတူဆို၍ ရဟန်းလောင်း သုံးယောက်ထက် အလွန်ဖြစ်လျှင် ဗာပြိုင်နက်တည်း မအပ်ဟု ဆို၏။ သံဃာသည် သံဃာအား ကံမပြုကောင်းသောကြောင့် တည်း။

ဤ၌ ဆင်ခြင်ဖွယ်ကား ရဟန်းလောင်းသည် သုံးယောက်ထက် လွန်သော်လည်း ရဟန်းမဟုတ်ခြင်းကြောင့် သံဃာ မမည်သေး။ ဘုရားရှင်သည် သုံးယောက်ဟု သက်သက်ပိုင်းခြားသောကြောင့် သုံးယောက်ထက် လွန်လျှင် မအပ်။ ဤကား ငါတို့အကြံဟု ဆရာမြတ်ဆို၏။ အနုဂဏ္ဍိ၌လည်း ဤအကြောင်းကို များစွာ စိစစ်၍ဆိုသည်။ အန္ဓကဋ္ဌကထာ၌လည်း ဤအတူတည်း... စသည်။

(ဤ၌ သံဃာသည် သံဃာအား ကံမပြုကောင်းသောကြောင့် ဟူသည်ထက် ဘုရားရှင်သည် သုံးယောက်ဟု သက်သက် ပိုင်းခြားထားသောကြောင့် ဟူသည်ကို အလေးပြုအပ်၏ဟု မိန့်ဆိုကုန်၏။) ကမ္မဝါစာဆရာ ကိုကား ပါဠိတော်၌ တပါးသာ၊ အဋ္ဌကထာဋီကာ တို့၌ နှစ်ပါး၊ သုံးပါးပြသည်။ ထိုထက်အလွန်မပြသော်လည်း သံဃာကို သိစေနိုင်လျှင် သင့်လျော်၏။ ရဟန်းမဖြစ်သူ ဖတ်ခြင်းသည်ပင် ကံအောင်သေးသည်ဟု မိန့်ဆိုကုန်၏။ ဦနဝီသတိဝဿ သိက္ခာပုဒ်ချိန်သည်။)

(သာဋီ ... ဧကတော အနုသာဝနံ ဧတေသန္တိ ဧကာနုသာဝနာဘိန္နာဓိကရဏ ဗဟုဗွီဟိသမာသ်ဧကတောကား ဧကက္ခဏ အနက်။ ရှေးနည်းအတိုင်း ဟူသည်ကား ကမ္မဝါစာဆရာတဦးစီဖြင့် ဆရာနှစ်ဦး၊ သုံးဦးသည် လည်းကောင်း၊ ဆရာတဦးတည်းသည် လည်းကောင်း၊ တပြိုင်နက် ကမ္မဝါစာ ဖတ်အပ်သည် တို့ကို ပြုခြင်းငှါဟု ဆိုအပ်၏။)

(ဝိဋီဧကတော သဟေဝ ဧကသ္မိံ ခဏေ အနုသာဝနံ ဧတေသန္တိ ဧကာနုသာဝနာ။ ရဟန်းလောင်းတို့ ရကုန်၏။ ထို ရဟန်းလောင်းတို့ကို အတူတချိန်တည်း ကမ္မ္ပဝါစာဖတ်ခြင်း ရှိသည်တို့ကို ပြုခြင်းငှါ ခွင့်ပြုသည်။ ဆရာတဦးတည်းသည် လည်းကောင်း ဟူသည်ကား နှစ်ယောက်သော ရဟန်းလောင်းတို့ကိုလည်း တချိန်တည်း ကမ္မဝါစာ တခုတည်းဖြင့် သာလျှင် ဖတ်ရာ၌ တဦးတည်းသော ဆရာသည်ဟူလို။

အယံဗုဒ္ဓရက္ခိတောစ အယံဓမ္မ ရက္ခိတောစ အာယသ္မတောသံဃရက္ခိတဿ ဥပသမ္ပဒါပေက္ခာ စသော နည်းဖြင့် ဆရာတဦးသည် ရဟန်းလောင်း နှစ်ယောက်တို့အား တချိန်တည်း ကမ္မဝါစာဖတ်နည်းကို သိအပ်၏။ ရဟန်းလောင်း သုံးယောက်တို့အားလည်း ဤနည်းဖြင့် သိအပ်၏။ ရှေးနည်းအတိုင်း ဟူသည်ကား ကမ္မဝါစာ ဆရာ တဦးစီဖြင့် စသောနည်းဖြင့် ရဟန်းလောင်း သုံးယောက်တို့အား ဆရာနှစ်ဦး၊ သုံးဦးသည် လည်းလောင်း၊ ဆရာတဦးတည်းသည် လည်းကောင်း၊ သုံးယောက်တို့ကိုလည်း ဧကတောအနုသာဝနတို့ကို ပြုခြင်းငှါဟု ဆိုလိုသည်။

နှစ်ယောက် သုံးယောက်ကို ဥပဇ္ဈာယ်အသီးသီးနှစ်ပါး သုံးပါးဖြင့် ကမ္မဝါစာဆရာတဦးတည်း တချိန်တည်း တပြိုင်နက်ဖတ်ခြင်းကို ပယ်သော်လည်း ကမ္မဝါစာဆရာ အသီးသီး ဖတ်ခြင်းငှါ မအပ်ဟု ပယ်သည် မဟုတ်။ တိဿထေရ်သည် သုမနထေရ်၏တပည့်ကို၊ သုမနထေရ်သည် (တိဿမဟုတ်သော) နန္ဒထေရ်၏တပည့်ကို ကမ္မဝါစာဖတ်အံ့၊ အချင်းချင်းလည်း ဂဏပူရကတို့ ဖြစ်ကုန်အံ့၊ အပ်သည်သာတည်း။

ဥပဇ္ဈာယ်ကိုယ်တိုင် မိမိတပည့်ကို ကမ္မဝါစာဖတ်ရာ၌ ဆိုဖွယ်မရှိ။ ကောင်းသောကံ ဖြစ်သည်သာတည်း။ (ဤဖြင့် ဥပဇ္ဈာယ်သည် ကမ္မဝါစာဆရာ မပြုအပ်ဟူသော ဝါဒကို တားအပ်၏။) ဥပဇ္ဈာယ်မရှိသူအား သော်လည်း တယောက်ယောက် ကမ္မဝါစာဖတ်လျှင် ရဟန်းဖြစ်သေး၏။ ဥပဇ္ဈာယ်ရှိသူကား ဥပဇ္ဈာယ်သာ ဖတ်ရာ၌ ဆိုဖွယ်မရှိ။)

(အသက်မပြည့်ပဲ ရဟန်းပြုလျှင် ရဟန်းမဖြစ်၊ ထိုရဟန်း မဖြစ်သော သူသည် ဆယ်ဝါလွန်သောအခါ) သူတပါးကို ရဟန်းပြုပေးအံ့၊ ဝါ- ဥပဇ္ဈာယ်သော်လည်းကောင်း၊ ကမ္မဝါစာဆရာသော် လည်းကောင်း ပြု၍ ရဟန်းပြုပေးအံ့၊ ထိုသူကိုလွှတ်၍ ဂိုဏ်းပြည့်လျှင် ကောင်းသောရဟန်း ဖြစ်၏ဟု ဆိုရာ၌ “ရဟန်းမဟုတ်သူ ကမ္မဝါစာဖတ်ခြင်းပင် ကံမြောက်ခြင်း” ထင်ရှား၏။)

ဂဗ္ဘဝီသ ရဟန်းပြုခြင်း

ထိုအခါ အရှင် ကုမာရကဿပသည် ဂဗ္ဘဝီသပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်ပြည့်၍ ရဟန်းပြု၏။ ထို့နောက် ဤသို့ အကြံဖြစ်၏။ မြတ်စွာဘုရားသည် အသက်နှစ်ဆယ် မပြည့်သူကို ရဟန်းပြုမပေးအပ်ဟု ပညတ်သည်။ ငါသည် ဂဗ္ဘဝီသဖြစ်၍ ရဟန်းပြု၏။ ရဟန်းဖြစ်မည်လော၊ မဖြစ်လောဟု အကြံဖြစ်၍ မြတ်စွာဘုရားအား လျှောက်၏။ ချစ်သားတို့ ... မိခင်ဝမ်း၌ အကြင် ပဋ္ဌမစိတ် ပဋ္ဌမဝိညာဏ်သည် ဖြစ်၏။ ထိုစိတ် ထိုဝိညာဏ်ကိုအစပြု၍ ထိုသူ၏ဇာတိသည်ဖြစ်၏။ ချစ်သားတို့ ဂဗ္ဘဝီသ ပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်ပြည့်သူ ရဟန်းပြုပေးခြင်းငှါ ခွင့်ပြု၏။ (အသက်နှစ်ဆယ်သည် လအားဖြင့် ၂၄၀၊ ရက်အားဖြင့် ၇၂၀၀- ပြည့်လျှင် လိုရင်းတည်း။ )

[ဦနဝီသတိဝဿ သိက္ခာပုဒ်ဋ္ဌကထာ ဂဗ္ဘဝီသသည်လည်း ပရိပုဏ္ဏ ဝီသတိဝဿ-သာတည်း။ မိခင်ဝမ်း၌ ၁၂-လနေ၍ သီတင်းကျွတ်လပြည့်တွင် မွေးဖွားသောသူကို မွေးသည်မှစ၍ ၁၉-နှစ်မြောက် သီတင်းကျွတ် လပြည့်လွန်သောအခါ လပြည့်ကျော် တရက်နေ့မှစ၍ ရဟန်းပြုပေးအပ်၏။ ဤနည်းဖြင့် အလျော့၊ အတိုး သိအပ်၏။

ရှေးမထေရ်တို့ကား ထိုဧကူနဝီသတိဝဿာကို ဝါခေါင်လပြည့်ကျော် တရက်နေ့၌ ရဟန်းပြုပေးကုန်၏။ နှစ်လ လိုသေးသည်မဟုတ်လော) အဖြေကား။ တနှစ်တနှစ်၌ စာတုဒ္ဒသိက ဥပုသ် ၆-ခုရှိ၏။ နှစ် ၂ဝ ၌ လေးလ လျှော့၏။ သုံးနှစ်တကြိမ် ဝါထပ်သောကြောင့် ၁၈-နှစ် ၁၈-နှစ်၌ ခြောက်လတိုး၏။ ထိုမှ လေးလဖယ်၍ နှစ်လယူ၍ အသက် ၂၀- ပြည့်သည်ဟု ယုံမှားကင်းလျက် ဝါခေါင် လပြည့်ကျော်၌ ရဟန်းပြုပေးကြသည်။

ပဝါရဏာပြုပြီးမှ ဝိသတီဝဿ ဖြစ်လတ္တံ့၊ ထိုသူကိုရည်၍ ဧကူနဝီသတိဝဿဟု ဆိုခဲ့ပြီ။ ထိုသို့ဂဗ္ဘမာသကို ရေတွက်ရသောကြောင့် မိခင်ဝမ်း၌ ၁၂-လနေအံ့၊ ထိုဇာတိဝီသတိဝဿ သည် ဧကဝီသတိပဿ ဖြစ်၏။
၇-လနေလျှင် ၇-လလွန်သော ဝီသတိဝဿ ဖြစ်၏။ ခြောက်လနေ၍ မွေးသူကား အသက်မရှင်။ ဦနဝီသတိဝဿကို ပရိပုဏ္ဏသညာဖြင့် ရဟန်းပြုပေးသောသူအား အနာပတ္တိ။

ပုဂ္ဂိုလ်ကား ဥပသမ္ပန္န မဖြစ်။ မဖြစ်သော်လည်း ဆယ်နှစ်လွန်သောအခါ သူတပါးကို ဥပဇ္ဈာယ်ပေး၍ လည်းကောင်း၊ ကမ္မဝါစာဖတ်၍ လည်းကောင်း၊ ရဟန်း ပြုပေးအံ့။ ထိုပုဂ္ဂိုလ်ကိုလွှတ်၍ ဂိုဏ်းပြည့်လျှင် ကောင်းသောရဟန်းဖြစ်၏။ ထိုပုဂ္ဂိုလ်အား မသိမချင်း သဂ္ဂမောက္ခအန္တရာယ် မဖြစ်။ သိသောအခါ ပြန်၍ ရဟန်းပြုအပ်၏။]

(ဤ၌ ရဟန်းမဖြစ်သူ ကမ္မဝါစာဖတ်ရာ၌ ကံမပျက်ပုံကို ပုစ္ဆာဉာဏ်စမ်း ပြုသင့်၏။ )

ဥပသမ္ပဒကံ ကြောင်းကျိုးစုံ

ထိုအခါ ရဟန်းပြုပြီးသူတို့သည် နူနာရှိသူ စသည်တို့ ထင်ရှားကုန်၏။ ချစ်သားတို့ ... ရဟန်းပြုပေးသော ဆရာသည် ရဟန်းလောင်း (၁၃−ပါးသော) အန္တရာယ်ဓမ္မတို့ကို မေးခြင်းငှါခွင့်ပြု၏။ မေးပုံကား။ သင်အား နူနာရှိသလော။ …လ.... သင်အား သပိတ်သင်္ကန်း ပြည့်စုံ၏လော။ (ဤတွင် ၁၃-ပါးပြည့်ပြီ။) သင် အဘယ်အမည်ရှိသနည်း။ သင်၏ဥပဇ္ဈာယ်သည် အဘယ်အမည်ရှိသနည်းဟု မေးအပ်၏။

ရဟန်းတို့သည် မဆုံးမအပ်သော ရဟန်းလောင်းတို့ကို အန္တရာယိကဓမ္မတို့ကို မေးကုန်၏။ ရဟန်းလောင်းတို့သည် ရွံ့ကုန်၏။ မျက်နှာ ငုံ့ကုန်၏။ မဖြေနိုင်ကြကုန်။ ချစ်သားတို့ .... ရှေးဦးစွာဆုံးမ၍ နောက်၌ အန္တရာယိကဓမ္မတို့ကို မေးခြင်းငှါခွင့်ပြု၏။ ထိုသံဃာ့အလယ်၌သာ ဆုံးမကုန်၏။ ရဟန်းလောင်း တို့သည် ရှေးအတူ မဖြေနိုင်ကြကုန်။ ချစ်သားတို့ .... တခုသောနေရာ၌ဆုံးမ၍ သံဃာ့အလယ်၌ အန္တရာယိက ဓမ္မတို့ကို မေးမြန်းခြင်းငှါ ခွင့်ပြု၏။

ဆုံးမပုံကား။ ရှေးဦးစွာ ဥပဇ္ဈာယ်ကို ယူစေအပ်၏။ ဥပဇ္ဈာယ်ယူစေ၍ သပိတ်သင်္ကန်းကို ပြောကြားအပ်၏။ ဤကားသင်၏ သပိတ်၊ ဤကားသင်၏ ဒုကုဋ်၊ ဤကားသင်၏ ကိုယ်ရုံ၊ ဤကားသင်၏ ခါးဝတ်၊ သွားချေလော၊ ဤမည်သောအရပ်၌ တည်ချေလောဟု ဆိုအပ်၏။

ဗာလအဗျတ္တတို့သည် ဆုံးမကုန်၏။ ဆုံးမအပ်သော ရဟန်းလောင်းတို့သည် မဖြေနိုင်ကြကုန်။ ချစ်သားတို့ ... ဗာလအဗျတ္တသည် မဆုံးမအပ်။ ဒုက္ကဋ်။ ချစ်သားတို့... ဗျတ္တပဋိဗလရဟန်းသည် ဆုံးမခြင်းငှါ ခွင့်ပြု၏။ သမ္မုတိမရပဲ ဆုံးမကုန်၏။ ချစ်သား ... သမ္မုတိမရပဲ မဆုံးမအပ်။ ဒုက္ကဋ်။ ချစ်သားတို့ .... သမ္မုတိရသော ရဟန်းသည် ဆုံးမခြင်းငှါ ခွင့်ပြု၏။ သုဏာတုမေ-စသော ဉာတ္တိကံဖြင့် မိမိသည် မိမိကိုယ်ကိုလည်းကောင်း၊ သူတပါးသည် သူတပါးကို လည်းကောင်း၊ ရဟန်းလောင်းကို ဆုံးမရာ၏ဟု သမုတ်အပ်၏။ သမ္မုတိရသော ရဟန်းသည် ရဟန်းလောင်းသို့ချဉ်းကပ်၍ သုဏာသိ .....လ.....။ ကောနာမောတေဥပဇ္ဈာယော-ဟု ဆိုအပ်၏။ အတူတကွ လာကုန်၏။

ချစ်သားတို့ .... အတူတကွ မလာအပ်၊ ဆုံးမတတ်သော ရဟန်းသည် ရှေးဦးစွာလာ၍ သုဏာတုမေ ...လ.... အာဂစ္ဆေယျ-ဟူသော ဉာတ်ဖြင့် ကျွန်ုပ်ဆုံးမပြီးပြီ၊ ရဟန်းလောင်းသည် လာရာ၏ဟု သံဃာကိုသိစေအပ်၏။ အာဂစ္ဆာဟိ-လာလောဟုဆိုအပ်၏။

ပခုံးတဘက်၌ ကိုယ်ရုံစမ္ပယ် တင်စေ၍ ရဟန်းတို့၏ ခြေတို့ကို ရှိခိုးစေ၍ ဆောင့်ကြောင့်ထိုင်စေ၍ လက်အုပ်ချီစေ၍ ရဟန်းအဖြစ်ကို တောင်းစေအပ်၏။ သံဃံဘန္တေ ဥပသမ္ပဒံ ယာစာမိ၊ …လ.... အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ၊ ရဟန်းလောင်းကို အန္တရာယိကဓမ္မတို့ကို မေးရာ၏ .... ဟု သံဃာကို သိစေအပ်၏။ သုဏာသိ …လ....။ ကောနာမောတေဥပဇ္ဈာယော-ဟု မေးအပ်၏။

ဗျတ္တပဋိဗလ ရဟန်းသည် ဉာတ္တိစတုတ္ထကမ္မဝါစာဖြင့် သံဃာကို သိစေအပ်၏။ ဝါ ... ဤနာဂသည် အရှင်တိဿ၏ ရဟန်းလောင်းဖြစ်၏။ အန္တရာယိကဓမ္မတို့မှ စင်ကြယ်၏။ သပိတ်သင်္ကန်း ပြည့်စုံ၏။ သံဃာကို ရဟန်းအဖြစ်ကို တောင်းပန်၏။ သံဃာသည် နာဂကို ရဟန်းဖြစ်စေရာ၏။ ဖြစ်စေ၏။ ဖြစ်စေ၏။ ဖြစ်စေ၏။ ဖြစ်စေပြီဟု သိစေအပ်၏။ ဥပသမ္ပဒကံပြီး၏။

[ထာ ... အပြစ်ငယ်အပြစ်ကြီးကို ကပ်၍ရှုတတ်သောသူသည် ဥပဇ္ဈာ- ဥပဇ္ဈာယ်မည်၏။ ထိုဥပဇ္ဈာယ်ကို ဥပဇ္ဈာယောမေ ဘန္တေဟောတိ ဟု ဆိုစေ၍ ယူစေအပ်၏။]

(ဝိဋီ ... ဥပဇ္ဈာ-သဒ္ဒါသည် ဥပဇ္ဈာယ-သဒ္ဒါနှင့် အနက်တူ အာကာရန္တဖြစ်၏။ တနည်း၊ ပဌမာ ဒုတိယာဝိဘတ်ကြောင့် ယ-အက္ခရာကျေသည်။ ကတိယာ စသည်ကြောင့် ဥပဇ္ဈာ-ဟုပြယုဂ်မရှိ။ သစ္စကာလ ဟူသည်ကား လျှို့ဝှက်မည်ဟူသော လှည့်စားခြင်းကိုပယ်၍ သင်၏သစ္စာကို သာလိုအပ်သောကာလဖြစ်၏။ ဘူတကာလကား - မလှည့်စားသော်လည်း လူဖြစ်ခြင်း စသောဝတ္ထု၏ ဟုတ်မှန်ခြင်းကို မချွတ်ဧကန် လိုအပ်သော ကာလဖြစ်၏။ ဤသို့မဟုတ်လျှင် ကံပျက်ခြင်းစသော အန္တရာယ်ဖြစ်၏ ဟူလို။ မင်္ကုဟူသည် အောက်သို့ မျက်နှာချ၏။ ဥဒ္ဓရတု အနုပသမ္ပန္န အဖြစ်ထက်လွန်၍ ပြည့်စုံသော ဥပသမ္ပန္နအဖြစ်၌ တည်စေပါ၊ ဝါ၊ တည်အောင်ထားပါဟု အနက်ပေး။ (တည်ပါစေလော-အနက်မသင့် ဟူလို။)

သုဏာတု မေ ဘန္တေ သံဃော

သုဏာတု ၌ နားထောင်ရန် တိုက်တွန်းခြင်း အနက်၌ ပဋ္ဌမပုရိသ်သက်သည်။ ၎င်း၏ ကတ္တာ-သံဃာသည် မျက်မှောက်ဖြစ်ခြင်းကြောင့် သုဏာဟိ ဟု မဇ္ဈိမပုရိသ်ဖြင့် ဆိုသင့်လျက် သံဃသဒ္ဒါကိုငဲ့၍ ပဌမပုရိသ် သက်သည်။ ဤကား သဒ္ဒါဆရာတို့၏ အလေ့အကျင့်တည်း။ ဘဂဝန္တ−သဒ္ဒါ၊ အာယသ္မန္တ-သဒ္ဒါ စသည်ယှဉ်ရာ၌ ကဲ့သို့တည်း။

အဓိဝါသေတု ဘဝံဂေါတမောပက္ကမတာယသ္မာ စသော ပြယုဂ်ထင်၏။ ထို့ကြောင့် ဤနေရာ၌ ပဌမပုရိသ်သက်သည်။ တနည်း ... ဂါရဝစွမ်းဖြင့်ဆိုသည်။ အလေးပြုအပ်သူတို့၌ ရိုသေခြင်းဖြင့် မဇ္ဈိမပုရိသ် ပြုသင့်သော်လည်း ပဌမပုရိသ်ပြုကြသည်။ ဒေသေတု သုဂတောဓမ္မံ ကဲ့သို့တည်း။ ကေစိတို့ကား ဘန္တေအာဝုသောတို့ကိုငဲ့၍ ပဌမပုရိသ်ဟုဆိုကုန်၏။ မသင့်။

အာစရိယော မေ ဘန္တေ ဟောဟိဣင်္ဃဝုသောဥပါလိ ဣမံ ပဗ္ဗဇိတံ အနုယုဉ္ဇာဟိ ... စသည်တို့၌ ဘန္တေအာဝုသောယှဉ်လျက် မဇ္ဈိမပုရိသ် ယှဉ်ခြင်းကြောင့်တည်း။

မေကား ... သံဃာကို နာကြားစေသော ကမ္မဝါစာဆရာ၏ မိမိကိုယ်ကိုညွှန်းရာ၌သာ မိမိဖတ်ယှဉ်သည်။

ဘန္တေကား .. အာလုပ်အနက် မထေရ်ကြီး တို့၌ ရိုသေစွာဆိုသောစကားဖြစ်သည်။ သီတင်းငယ်တို့၌ အာဝုသောဟု ဆိုရသည်။ နှစ်ပုဒ်လုံးနိပါတ်-ဗဟုဝုစ် တုမှေနှင့်လည်း အနက်တူသည်။

သံဃောကား ..... စတုဝဂ်သံဃာ-စသော ပကတတ္တပုဂ္ဂိုလ်အပေါင်း၌ဖြစ်၏။ ဤနေရာ၌ကား ပစ္စန္တရာဇ်တို့၌ ပဉ္စဝဂ်မှ စ၍ မဇ္ဈိမတို့၌ ဒသဝဂ်မှစ၍ သံဃာကိုယူရသည်။

ပိဏ္ဍတ္ထကား ... ဘန္တေ၊ အရှင်ဘုရားတို့။ သံဃော၊ သံဃာသည်။ မေ−မမဝစနံ၊ အကျွန်ုပ်၏ စကားကို။ သုဏာတု၊ နာတော်မူပါလော။ ကမ္မဝါစာဆရာသည် မထေရ်အကြီးဆုံးဖြစ်အံ့။ သုဏာတုမေအာဝုသော သံဃော ဟု ဆိုအပ်၏။ ထိုမထေရ်ကြီးသည် ဘန္တေ ဟု၊ သီတင်းငယ်သည် အာဝုသော ဟု ဆိုငြားအံ့၊ ကံပျက်ခြင်း မရှိ။ တနေရာ၌ ဘန္တေ၊ တနေရာ၌ အာဝုသော ဟု ဆိုလျှင် ကံမပျက်ဟု ဆိုကုန်၏။

အယံဣတ္ထန္ဒာမော

အယံ ဟူသောပုဒ်ဖြင့် ရဟန်းလောင်း၏ ဟတ္ထပါသ်၌ တည်ခြင်းကိုပြသည်။ ဟတ္ထပါသ်၌တည်မှ ရဟန်းဖြစ်သည်။ ဟတ္ထပါသ်၏ပြင်ပ၌ တည်သူတို့ကို အယံ ဟု မဆိုအပ်သောကြောင့်တည်း။ ထို့ကြောင့် အနုသာသကသမ္မုတိဉာတ်၌ ဟတ္ထပါသ်ပြင်ပ၌ တည်သော ရဟန်းလောင်းကို အယံ-ဟုမဆို။ ဥပသမ္ပဒကံ၌ ..... ရဟန်းလောင်း အနုပသမ္ပန္နကို ဟတ္ထပါသ်၌ထား၍ အယံဣတ္ထန္နာမော ... ဟု အယံ သဒ္ဒါကို မချွတ်ယှဉ်အပ်၏။ မချွတ် ယှဉ်ခြင်းကိုလည်း ဤ ရှေးဦးစွာသော နာမပ္ပယောဂ၌သာဟု ယူအပ်၏။

ဣတ္ထန္နာမောကား.... အနိယမအားဖြင့် ရဟန်းလောင်းအမည်ပြ စကားတည်း။ အယံဗုဒ္ဓရက္ခိတော အာယသ္မတော ဓမ္မရက္ခိတဿ သဒ္ဓိဝိဟာရိကဘူတော ဥပသမ္ပဒါပေက္ခာ ... စသည်ဖြင့် အမည်နှင့်တကွ အနက်ကိုပြခြင်းတည်း။ ရဟန်းလောင်းအမည်၌ အဘယ်ကြောင့် ဣမ-မယှဉ်သနည်း။ ဥပဇ္ဈာယ်လည်း ဟတ္ထပါသ်၌သာ တည်ရသည် မဟုတ်ပါလော။ အဖြေကား ... ဥပဇ္ဈာယ်မရှိရာ၌ပင် ကံမပျက်။ ကံပြီးခြင်းငှါသာ ဥပဇ္ဈာယ်အမည်ကို ပြောကြားရသည်။ မရှိသော်လည်း ဥပဇ္ဈာယ်အမည် သုံးသပ်ကာမျှဖြင့် ကံပြီးသောကြောင့် ဣမ-မယှဉ်သင့်ပြီ။

အန္တရာယိကေဟိစသည်

ရဟန်းမဖြစ်ကြောင်း အဘဗ္ဗစသော သဘောသည်လည်းကောင်း၊ အာပတ်သင့်ကြောင်း ပဉ္စဗာဓ၊ ဟတ္ထစ္ဆိန္န စသော သဘောသည် လည်းကောင်း၊ အန္တရာယိကဓမ္မ မည်၏။ ထိုသဘောမှ လွတ်သည်ဟု ကမ္မဝါစာ၌ ထည့်၍ဆိုလျှင် အာပတ်သင့်ကြောင်း ပဉ္စဗာဓ စသည်မှ အလွတ်သော်လည်း ရဟန်းဖြစ်၏။ မဆိုလျှင် ရဟန်းမဖြစ်။

ရဟန်းလောင်းအား သပိတ်သင်္ကန်း ပြည့်စုံပြီဟု ပရိပုဏ္ဏဿပတ္တစီဝရံ ဟု ဆိုလျှင် သပိတ်သင်္ကန်း မရှိသော်လည်း ရဟန်းဖြစ်၏။ မဆိုလျှင် ရဟန်း မဖြစ်။

သံဃံဘန္တေ ဥပသမ္ပဒံယာစာမိ စသည်ဖြင့် တောင်းသူကိုရည်၍ ဥပသမ္ပဒံယာစတိ-ဟု ဆိုလျှင် မတောင်းသော်လည်း ကံမပျက်။ မဆိုလျှင်ကံပျက်သည်။

ကရိုဏ်းဖြစ်သောဥပဇ္ဈာယ် ဤမည်သော ဆရာကို ဥပဇ္ဈာယ်ပြု၍ ကံဖြစ်သောရဟန်းအဖြစ်ကို ပေးခြင်းငှါ ပြီးစေခြင်းငှါ ကတ္တားဖြစ်သော သံဃာကို တောင်းပန်ပါသည်ဟု အနက်သိအပ်၏။ ယာစ- ဓာတ်သည် ဒွိကမ္မကဖြစ်သောကြောင့် သံဃံဥပသမ္ပဒံ...ဟု ကံပုဒ်နှစ်ခု ဆိုသည်။

ယဒိသံဃဿပတ္ထကလ္လံ

လျောက်ပတ်သော ကာလရှိသော ကံသည် ပတ္တကာလ မည်၏။ ပတ္တကာလသည်ပင် ပတ္တကလ္လလည်း မည်၏။ အပလောကန စသော သံဃကံလေးပါးရ၏။ ဤ၌ကား ဉာတ္တိစတုတ္ထ ဥပသမ္ပဒကံကို အလိုရှိအပ်၏။ ထိုကံကိုပြုခြင်းငှါ ပတ္တကလ္လကံသည် ဖြစ်ပေါ်ပြီ။ ယဒိကား အလိုဆန္ဒယူခြင်းဖြင့် ပတ္တကလ္လကံ၏ဖြစ်ခြင်းကို သိစေ၏။ ပတ္တကလ္လဖြစ်ခြင်း မရှိဟု သဘောရသော အရှင်မြတ်သည် ပြောဆိုကော်မူလတ္တံ့ ဟု သိစေသည်။ ထို့ကြောင့် ကမ္မဝါစာ၌ ယဿာယသ္မတောခမတိ၊ .....လ.....။ သောဘာသေယျ ဟု မိန့်ဆိုသည်။

ပတ္တကလ္လအင်္ဂါငါးပါး

ဤ ဥပသမ္ပဒ ပတ္တကလ္လ အင်္ဂါငါးပါး ဖြင့် ရေတွက်အပ်၏။ ဝတ္ထုပြည့်စုံခြင်း၊ အန္တရာယိကဓမ္မ စင်ကြယ်ခြင်း သိမ်ပြည့်စုံခြင်း၊ ပရိသတ်ပြည့်စုံခြင်း၊ ပုဗ္ဗကိစ္စပြီးခြင်း ဤငါးပါးတည်း။

ဝတ္ထုပြည့်ခြင်း (၁)

စင်ကင်းအန္တရာယ် (၁)

သိမ်ဝယ်, ပရိသတ် (၂)

ရှစ်ရပ်ပြုလုပ် ပုဗ္ဗကိစ္စံ (၂)၊

ဤငါးတန်၊ ရဟန်းခံ ပတ္တကလ္လအင်္ဂါတည်း။

ထိုတွင် အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်၊ အန္တိမရောက်သူ၊ အသက် ၂၀-မပြည့်သူ၊ ဤ ၁၃-ယောက်မှတပါးသော အနုပသမ္ပန္န လူယောက်ျားဖြစ်လျှင် ဝတ္ထုပြည့်စုံ၍ ပတ္တကလ္လဖြစ်၏။ ၁၃-ယောက်ကား ဝတ္ထုမပြည့်စုံ၍ ရဟန်းမဖြစ်။

အနာငါးမျိုးရှိသူ၊ မိဘခွင့်မပြုသူ၊ လက်ပြတ်သူ စသည်သည် သံဃာအား အာပတ်အန္တရာယ်ကို ဖြစ်စေ၏။ ထိုအပြစ်မှ လွတ်လျှင် အန္တရာယိကဓမ္မ စင်ကြယ်၍ ပတ္တကလ္လဖြစ်၏။ ထိုအပြစ်မလွတ်လျှင် ပတ္တကလ္လ မဖြစ်သော်လည်း ကံမပျက်၊ အသက်မပြည့်သူကား ရဟန်း မဖြစ်၊

ဝိပတ္တိသိမ် ၁၁-လုံးမှ လွတ်သော ဗဒ္ဓသိမ်၊ အဗဒ္ဓသိမ်ဖြစ်လျှင် သိမ်ပြည့်စုံ၍ ပတ္တကလ္လဖြစ်၏။ သိမ်မပြည့်စုံလျှင် ကံပျက်၏။

သမာနသံဝါသကရဟန်း အနည်းဆုံးဆယ်ပါး၊ ငါးပါး တသိမ်တည်း ဟတ္ထပါသ် မစွန့်ခြင်း၊ ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကိုဆောင်ခြင်း၊ မျက်မှောက် ရဟန်းတို့၏ မတားမြစ်ခြင်း၊ ရဟန်းလောင်းမှတပါးသော ဝဇ္ဇနီယ ၂၁- ယောက် သံဃာဟတ္ထပါသ်၌ မရှိခြင်း၊ ဤအင်္ဂါငါးပါးရှိလျှင် ပရိသတ် ပြည့်စုံ၍ ပတ္တကလ္လဖြစ်၏။

ဤအင်္ဂါငါးပါးတို့တွင် ရှေ့သုံးပါး မပြည့်စုံလျှင် ကံပျက်၏။ ဝဇ္ဇနီယ မကြဉ်လျှင် ကံမပျက်။ ဥပဇ္ဈာယ်ယူစေခြင်း စသော ရှစ်ပါးရှေးဦးစွာ ပြုပြီးဖြစ်လျှင် ပုဗ္ဗကိစ္စပြီး၍ ပတ္တကလဖြစ်၏။ ဤရှစ်ပါး မပြည့်စုံလျှင် ကံကားမပျက်။ ယခင်လေးပါး ပြည့်စုံခြင်းဖြင့် ကံမြောက်၏။ တပါးသော ကံတို့၌လည်း ပတ္တကလ္လဖြစ်ကြောင်းအင်္ဂါကို ထိုက်သည် အားလျော်စွာ သိအပ်၏။

ပုဗ္ဗကိစ္စ ရှစ်ပါး

ရှေးဦးစွာ ပြုအပ်သော ပုဗ္ဗကိစ္စကား ...

ရှေးဦးစ္စာ ဥပဇ္ဈာယ်ယူစေခြင်း၊ သပိတ်သင်္ကန်း ပြောကြားခြင်း(၂)။

ဟတ္ထပါသ် မှ ပြင်ပသို့ထုတ်၍ အနုသာသက သမ္မုတိကံပြုခြင်း၊ သမ္မုတိရသူ ဆုံးမခြင်း (၂)။

အနုသာသကရဟန်းသည် ရှေးဦးစွာလာ၍ သံဃာကို ဉာတ်ဖြင့် သိစေ၍ ရဟန်းလောင်းကို အာဂစ္ဆာဟိ ဟု ဟတ္ထပါသ်တွင်း ခေါ်သွင်းခြင်း၊ အနုသာသကရဟန်းသည်ပင်လျှင် ရဟန်းတို့၏ခြေတို့ကို ရှိခိုးစေ၍ ရဟန်း အဖြစ်ကို တောင်းပန်စေခြင်း (၂)။

အန္တရာယိကဓမ္မတို့ကို မေးစစ်ရန် သမ္မုတိကံပြုခြင်း၊ သမ္မုတိရသောရဟန်း မေးစစ်ခြင်း (၂)။ ဤရှစ်ပါးတည်း။

ဥပဇ္ဈာယ်အား၊ ယူပြီးငြား (၁)၊

ပြောကြား သပိတ်သင်္ကန်း။ (၁)၊

ပြင်ထုတ်အနု၊ သာကံပြု (၁)၊

ပြစ်မှုဆုံးမခဏ်း(၁)။

ခေါ်သွင်း၊ တောင်းပန် (၂)၊

မေးစစ်ရန်၊ တဖန်သမုတ်မန်။ (၁)

မေးစစ်တဝ (၁)၊

ရှစ်ခုမျှ-ပုဗ္ဗကိစ္စမှန်း။

ဧသာဉာတ္တိ

ဧသာဉာတ္တိကား .... သံဃောဉာပေတဗ္ဗော ဟူသော ဉာပနာဖြစ်၏။ ဧသာ၊ ဤသည်ကား။ ဉာတ္တိ...ဉာပနာ၊ သံဃာကို သိစေခြင်းတည်း။နောက်၌ ကမ္မဝါစာရှိသေးသည်ဟု ပြခြင်းငှါ ဤသာဉာတ္တိကို မချွတ်ဆိုအပ်၏။ ဉာတ္တိကံ၌ကား မဆိုအပ်။ ယျ ... အက္ခရာ ရောက်လျှင် ဉာတ္တိကံပြီး၏။ (ကမ္မဉာတ်။ ကမ္မပါဒကဉာတ်ဟု ပရိဝါ၌ခွဲ၏) ကမ္မဉာတ်၌ ဧသာဉာတ္တိ မပါ။)

ယဿာယသ္မတော စသည်

ခမတိကား၊ ရုစ္စတိ ပင်တည်း။ (ကတ္တုရုပ်၊ ကမ္မရုပ်ဟု အသီးသီးကြံသော်လည်း လိုရင်းအဓိပ္ပါယ်ကား တမျိုးတည်းသာတည်း။) ဥပသမ္ပဒါကား ... သံဃာသည်ပေးအပ် ပြီးစေအပ်သော ရဟန်းအဖြစ်တည်း။ ယဿ ခမတိ သော တုဏှဿ နှင့်ယှဉ်ရသည်။ တုဏှီကား-အကထန အနက်နိပါတ်။ အဿဘဝေယျ ... အနက်ဖြစ်၏။

(ဥပသမ္ပဒါ၊ ရဟန်း၏အဖြစ်ကို။

(ဝါ) ရဟန်းလောင်းကို ရဟန်းဖြစ်စေခြင်းကို။

ယဿ၊ အကြင်အရှင်သည်။

ခမတိ၊ နှစ်သက်အပ်၏။

သော၊ ထိုနှစ်သက်တတ်သောအရှင်သည်။

တုဏှီ၊ စကားမဆိုသူသည်။

ဝါ၊ ဆိတ်ဆိတ် နေသူသည်။

အဿ၊ ဖြစ်ရာ၏။ ဤကား ကမ္မရုပ်တည်း။

ဥပသမ္ပဒါ၊ ရဟန်း၏အဖြစ်ကို။

(ဝါ) ရဟန်းလောင်းကို ရဟန်းဖြစ်စေခြင်းကို။

ယဿ၊ အကြင်အရှင်အား။

ခမတိ၊ နှစ်သက်အောင်ပြု၏။ သက်ဝင်၏။

သော၊ နှစ်သက်တတ်သောထိုအရှင်သည်။

တုဏှီအဿ။ ဤကား ကတ္တုရုပ်တည်း။)

အတီတ ကရဏနိဂုံး

ခမတိသံဃဿကို ဣတ္ထန္နာမဿဥပသမ္ပဒါ ဟူသော ပကတနှင့် စပ်အပ်၏။ (ခမတိ နှင့် ဥပသမ္ပဒါ ... အရတူသည်။) ထို၌ အကြောင်းကို တသ္မာတုဏှီဟုဆိုသည်။ တသ္မာတုဏှီ၌ အသိ..ပါဌသေသကို သိအပ်၏။ ‘ယဿနက္ခမတိသောဘာသေယျ’ဟု ကမ္မဝါစာ သုံးကြိမ်ဆိုသော်လည်း သံဃာသည် အသံမပြု ဆိတ်ဆိတ် နေသူဖြစ်ခဲ့ပြီ။ ထို့ကြောင့်သံဃာ နှစ်သက်၏ဟူလို။

ယသ္မာ၊ အကြင်ကြောင့်။

သံဃော၊ သံဃာသည်။

တုဏှီ၊ ဆိတ်ဆိတ်နေသည်။

အသိ၊ ဖြစ်ပြီ။

တသ္မာ၊ ထို့ကြောင့်။

ဣတ္ထန္နာမဿ ဥပသမ္ပဒါ၊ ရဟန်းလောင်း၏ ရဟန်းအဖြစ်သည်။

သံဃဿ၊ သံဃာအား။

ခမတိ၊ နှစ်သက်အောင်ပြု၏။

ဧဝံ၊ ဤသို့ ဆိတ်ဆိတ်နေခြင်း တုဏှိဘာဝဖြင့်။

ဧတံ၊ ဤသံဃာ၏ နှစ်သက်ခြင်းကို။

ဝေရယာမိ ... ဗုဇ္ဈာမိ ဇာနာမိ၊ ငါသိ၏။

အပြီးသတ် ဣတိသဒ္ဒါသည် ကမ္မဝါစာ၏အင်္ဂါမဟုတ်။

ကမ္မဝါစာ ဖတ်သူသည် ဓာရယာမိ ... တွင်ပြီးစေအပ်၏။ ဣတိသဒ္ဒါ မယှဉ်အပ်။)

မှီရာလေးပါး

ထိုရဟန်းပြုပေးပြီးစ အခြားမဲ့ကာလ၌ အရိပ်ကို နှိုင်းယှဉ်အပ်၏။ ဥတုပမာဏကို ပြောကြားအပ်၏။ နေ့အဖို့ကို ပြောကြားအပ်၏။ အရိပ်၊ ဥတု၊ နေ့အဖို့ အပေါင်းကို ပြောကြားအပ်၏။ လေးပါးသော မှီရာတို့ကို ပြောကြားအပ်ကုန်၏။ ဆွမ်းခံသွားခြင်းဖြင့် ရသော ဆွမ်းဘောဇဉ်ကိုမှီ၍ ရဟန်းအဖြစ်သည် ဖြစ်၏။ ထိုအဖြစ်၌ တသက်လုံး အားထုတ်အပ်ကုန်၏။ လာဘ်ပေါလျှင် သံဃဘတ်၊ ဥဒ္ဒေသဘတ်စသည်ကို ဘုဉ်းပေးအပ်၏။

ပံ့သကူသင်္ကန်းကိုမှီ၍ ရဟန်းအဖြစ်သည် ဖြစ်၏။ ထိုအဖြစ်၌ တသက်လုံးအားထုတ်အပ်၏။ လာဘ်ပေါလျှင် ခေါမ၊ ကပ္ပါသိက သင်္ကန်းစသည်ကို ဝတ်ရုံအပ်၏။

သစ်ပင်ရင်းကျောင်းကိုမှီ၍ ...လ... လာဘ်ပေါလျှင် လေးဘက်ဆောင် နှစ်ဘက်ဆောင်ကျောင်း စသည်ကို နေထိုင်အပ်၏။

နွားကျင်ပုပ်ဆေးကိုမှီ၍ ....လ... လာဘ်ပေါလျှင် ထောပတ်ဆီဦး စသည်ကို မှီဝဲအပ်၏။

ဤကား မှီရာလေးပါးတည်း။ နိဿယလေးပါးပြီး၏။

[ထာ ... အရိပ်ကို တသူ၊ နှစ်သူစသည်ဖြင့် တိုင်းထွာနှိုင်းယှဉ်အပ်၏။ ဥတုပမာဏကို မိုး၊ ဆောင်း၊ နွေဟု ပြောကြားအပ်၏။ တခုသော ဥတုမပြည့်သေးလျှင် ယုတ်သော ရက်တို့ကို မှတ်သား၍၊ နေ့အဖို့ကို ပြောကြားအပ်၏။ တနည်း ဤမည်သော ဥတုဖြစ်သည်၊ ပြည့်ပြီ၊ မပြည့်သေးဟု ပြောကြားအပ်၏။ နေ့အဖို့ကို နံနက်၊ ညချမ်းဟု ပြောကြားအပ်၏။ ဤအလုံးစုံကိုပေါင်း၍ သူတပါးမေးလျှင် “ငါသည် ဤမျှသော မိုး၊ ဆောင်း၊ နွေကိုရသည်။ ဤအရိပ် ဤဥတု၊ ဤနေ့ အဖို့ဟု ပြောဆိုလေလောဟူ၍ ပြောကြားအပ်၏။]

ဇီဋီ ... ထေရာနံဘိက္ခူနံ ပါဒေ ဝန္ဒိတွာ-ဟု ဟောသောကြောင့် ထေရ်ကြီး ထေရ်ငယ်အဖြစ် သိစိမ့်သောငှါ “အရိပ်ကိုနှိုင်းယှဉ်အပ်၏” စသည် ကိုမိန့်တော်မူသည်။

ဝိဋီ ... ကိုယ်ရိပ်ကို ဘဝါးဖြင့်တိုင်း၍ သိစေပုံကို တသူ စသည်ဖြင့်ပြသည်။ ခြောက်ဘဝါး၊ ခုနစ်ဘဝါးမျှသော အရိပ်သည် ပေါရိသ မည်၏။ တသူမည်၏။ ဥတုပြောကြားခြင်း စသည်ကို အာဂန္တုတို့နှင့် ဝါကြီးဝါငယ်ကိုသိ၍ ရှိခိုးခြင်း၊ ရှိခိုးစေခြင်းသည် ပြုခြင်းငှါဟောသည်။ ဥတုပြောကြားလျှင် သာသနာနှစ် ဤမျှ၌၊ ကလိယုဂ် ဤမျှ၌၊ ဤဥတုကို ရသည်ဟု ပြောကြားအပ်၏။ ဤမည်သော ခုနှစ်၊ ဥတု၊ လ၊ ပက္ခ၊ ရက်၊ နေ့၊ နက္ခတ်၊ နံနက်၊ ညချမ်း၊ အရိပ်၊ နာရီတွင် ရဟန်းဖြစ်သည်ဟု ပြောဆိုလော၊ ကောင်းစွာမှတ်၍ အာဂန္တုတို့နှင့် ကြီးငယ်စဉ် သိ၍ ကျင့်လေလောဟု ပြောကြားအပ်၏။)

အကရဏီယလေးပါး

ထိုအခါ ရဟန်းတို့သည် ရဟန်းတပါးကို ရဟန်းပြုပြီးလျှင် တပါးတည်းချန်၍ ဖဲကုန်၏၊ နောက်မှတပါးတည်း လာစဉ် ခရီးအကြား မယားဟောင်းမြင်၍ ယခုပဗ္ဗဇိတ ပြုနေသလောဟုမေး၏။ ဧ=ပဗ္ဗဇိတဖြစ်နေပြီ။ ပဗ္ဗဇိတတို့အား မေထုနဓမ္မ ရခဲသည်။ လာ၍ မှီဝဲပါလောဟု ဆို၏။ ထိုရဟန်းသည် မယားဟောင်း ဆိုတိုင်းဖြင့် ကြာမြင့်မှရောက်လာ၏။ အဘယ့်ကြောင့် ကြာသနည်းဟု မေးလတ်သော် ထိုအကြောင်းကို ပြောပြ၏။

ချစ်သား ... ရဟန်း ပြုပေးပြီးလျှင် (သိမ်မှ ကျောင်းအပြန်တွင်) အဖော်ပေးခြင်းငှါ လည်းကောင်း၊ အကရဏီယလေးပါး ပြောကြားခြင်းငှါလည်းကောင်း ခွင့်ပြု၏။ ဥပသမ္ပန္န ရဟန်းအဖြစ်သို့ ရောက်သော သူသည် မေထုနဓမ္မကို တိရစ္ဆာန်မ၌ သော်လည်း မမှီဝဲအပ်။ ဦးခေါင်းပြတ်သူ အသက်မရှည်သကဲ့သို့ သီလ အသက်မရှည်သူ အသမဏဖြစ်၏။ တသက်လုံးမပြုအပ်။

သူတပါးပစ္စည်းကို မြက်ဝါးခြမ်းမျှသော်လည်း မခိုးယူအပ်။ ဖက်ရွက်ကြွေ ပြန်မစိမ်းသကဲ့သို့ သီလပြန်မစိမ်းသူ အသမဏဖြစ်၏။ တသက်လုံး မပြုအပ်။

သူတပါး အသက်ကို ခြပုန်းပဏ္ဍုက်မျှသော်လည်း မသတ်အပ်။ ကျောက်ခဲကြီး ကွဲပြန် မစပ်သကဲ့သို့ သီလပြန်မစပ်သူ အသမဏဖြစ်၏။ တသက်လုံး မပြုအပ်။

ဈာန်မဂ်ဖိုလ်ကို ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏ ဟူ၍မျှသော်လည်း မဝါ ကြားအပ်၊ ထန်းလည်ဆစ်ပြတ် ပြန်မစည်ကားသူ အသမဏ ဖြစ်၏။ တသက်လုံးမပြုအပ်။

ဤကားမပြုအပ်သော လေးပါးတည်း။

အကရဏီယလေးပါးပြီး၏။

ဥက္ခိတ္တသမ္ဘောဂ

ထိုအခါရဟန်းတပါးသည် အာပတ်ကိုမရှုခြင်းကြောင့် ဥက္ခိတ္တကကံ ပြုခံရလျက် လူထွက်၏။ ထို့နောက် ပြန်လာ၍ ရဟန်းအဖြစ်ကိုတောင်း၏။ ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် အာပတ်ကိုမရှုခြင်းကြောင့် ဥက္ခိတ္တကကံပြုခံရလျှင် လူထွက်အံ့၊ ထို့နောက် ပြန်လာ၍ ရဟန်းအဖြစ်ကိုတောင်းအံ့ “ထိုအာပတ်ကို ရှုလတ္တံ့ လော”ဟု မေးအပ်၏။ ရှုပါမည်ဟုဆိုလျှင် ရှင်ပြုပေးအပ်၏။ မရှုအံ့ဟု ဆိုလျှင် ရှင်ပြုမပေးအပ်။ (၁)။

ရှင်ပြုပေးပြီးလျှင် “ရှုလတ္တံ့လော”ဟုမေးအပ်၏။ ရှုပါမည်ဟုဆိုလျှင် ရဟန်းပြုပေးအပ်၏။ မရှုအံ့ဟုဆိုလျှင် ရဟန်းပြုမပေးအပ်။ (၂)။

ရဟန်းပြု ပေးပြီးလျှင် “ရှုလတ္တံ့လော”ဟူ မေးအပ်၏။ ရှုပါမည်ဟုဆိုလျှင် သံဃာ့ဘောင်သို့သွင်းအပ်၏။ မရှုအံ့ဟုဆိုလျှင် မသွင်းအပ်။ (၃)။

သွင်းပြီးလျှင် “ရှုလော”ဟု ဆိုအပ်၏။ ရှုလျှင်အပြစ်မရှိ။ မရှုလျှင် ညီညွတ်ခြင်းကို ရလတ်သော် တဖန် ဥက္ခိတ္တကကံ ပြုအပ်၏။ (၄)။

ညီညွတ်ခြင်းကိုမရလတ်သော် သဗ္ဘောဂ၊ သံဝါသကြောင့် အနာပတ္တိ။ (၅)။ ငါးချက်။

ထို့အတူ အာပတ်ကို မကုစားခြင်းကြောင့် ငါးချက်။

ယုတ်မာသောအယူကို မစွန့်ခြင်းကြောင့် ငါးချက်။

ပေါင်း ၁၅-ချက်ဟောသည်။

မဟာခန္ဓကပြီး၏။

(ထာ ... ဥက္ခေပနီယကံဖြင့် နှင်ထုတ်ခြင်းငှါ သာမဂ္ဂီကို မရသေးသမျှကို မစွန့်၊ မကု၊ ပြစ်မရှုသော ရဟန်းနှင့် သမ္ဘောဂပြုခြင်းကြောင့် လည်းကောင်း၊ ဥပုသ်ပဝါရဏာပြုခြင်း စသော သံဝါသကြောင့်လည်းကောင်း- အနာပတ္တိ၊ ဝတ္ထု ၁၇၂-ခုဖြင့် တန်ဆာဆင်အပ်သော မဟာ ခန္ဓကအဋ္ဌကထာ ပြီး၏။]

(သာဋီ ... သမ္ဘောဂသံဝါသကြောင့် အနာပတ္တိ ၌ ... ဤသူသည် သံဃာ့ဘောင်သို့သွင်းပြီး၍ ပကတတ် အရာ၌တည်ပြီ။ ထို့ကြောင့် ဥက္ခိတ္တ သမ္ဘောဂပါစိတ်မသင့်။ အလဇ္ဇီမဟုတ်ခြင်းကြောင့် အလဇ္ဇီပရိဘောဂ ဒုက္ကဋ်လည်း မသင့်။ “အပ်သည်ဟုထင်၍ အာပတ်သင့်သည်ကို မရှုသူ၊ မကုစား သူသည် အလဇ္ဇီမဟုတ်။”

ဤကား ... သဗ္ဘောဂသံဝါသကြောင့် အနာပတ္တိ အဓိပ္ပါယ်တည်း။ အနာပတ္တိဌာန၌သာ အနာပတ္တိကို ဟောသည်။ အလဇ္ဇီ သမ္ဘောဂအာပတ် ဖြစ်သင့်လျက် အနာပတ္တိဟုဟောသည် မဟုတ်။ အချို့ဆရာကား သမ္ဘောဂသံဝါသ ကြောင့် ပါစိတ်မသင့်။ အလဇ္ဇီပရိဘောဂ ဒုက္ကဋ်သို့ကား ရောက်သည်သာ ဟုဆို၍ များစွာ ခွဲ၏။ အနှစ်သာရမရှိ။)

(ဝိဋီ ... လူထွက်၍ တဖန်ရဟန်းအဖြစ် ရသော်လည်း ရှေး ဥက္ခိတ္တက အဖြစ် မလွတ်သေး၊ သမ္ဘောဂ စသည်ပြုလျှင် ရဟန်းတို့အား ပါစိတ်သာတည်း။ ထို့ကြောင့် သံဃာ့ဘောင်သို့ သွင်းအပ်၏ဟု ဟောသည်။ သမ္ဘောဂ၊ သံဝါသကြောင့် အနာပတ္တိ၌ သဟယေယျကိုလည်း ရေတွက်အပ်၏။ ဤသူသည် သံဃာဘောင်သို့ သွင်းပြီးသော ပကတတ်ဖြစ်သောကြောင့် ဥက္ခိတ္တကသမ္ဘောဂ-စသော ပါစိတ်မသင့်။ “အာပတ်အရာ၌ အနာပတ္တိအယူဖြင့် အာပတ်ကိုမရှုသူ၊ မကုစားသူ အလဇ္ဇီမဟုတ်သေး” ပညတ်တော် သိလျက် လွန်ကျူးမှ အလဇ္ဇီဖြစ်သည်။ ထို့ကြောင့် ဤ၌ အလဇ္ဇီ ပရိဘောဂဒုက္ကဋ်ကို မဟော။ ဤအဓိပ္ပါယ်ကို မသိသော ဆရာအချို့သည် “သမ္ဘောဂသံဝါသကြောင့် ပါစိတ်မသင့်။ အလဇ္ဇီပရိဘောဂဒုက္ကဋ်သို့ကား ရောက်သည်သာ”ဟု အာပတ်မှတ်သားလျက် ဆိုသည်။ အလဇ္ဇီအဖြစ်ရှိလျှင် ဆိုသင့်၏။ မရှိလျှင် မဆိုသင့်။)

[မဟာခန္ဓက ပြီး၏။]

၂။ ဥပေါသထက္ခန္ဓက

ပါတိမောက် ပြခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူ၏။ ထိုအခါ အညတိတ္ထိယ ပရိဗိုဇ်တို့သည် ပက္ခ၏ ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့တို့၌ စည်းဝေး၍ တရားဟောကုန်၏။ လူတို့သည် တိတ္ထိတို့ထံ တရားနာရသဖြင့် ချစ်မြတ်နိုး၍ အပင်းအသင်း ဖြစ်ကုန်၏။ ဗိမ္မိသာရမင်းကြီးသည် ထို အကြောင်းကို ဘုရားရှင်အား လျှောက်ကြား၍ အရှင်ကောင်းတို့သည်လည်း ထိုနေ့တို့၌ စည်းဝေးကြမှု ကောင်းလေစွဟု တောင်းပန်၏။

ဘုရားရှင်သည် တရား ဟော၍ မင်းကြီးပြန်သွားသောအခါ ရဟန်းတို့ကို တရား ဟော၍ ချစ်သားတို့ ... ပက္ခ၏ ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်တို့၌ စည်းဝေးခြင်းငှါ ခွင့်ပြု၏ ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ဘုရားရှင် ခွင့်ပြုသည်ဟု ထိုနေ့တို့၌ စည်းဝေး၍ ဆိတ်ဆိတ်နေကုန်၏။ လူတို့သည် တရားနာခြင်းငှါ ချဉ်းကပ်၍ အဘယ်ကြောင့် ရဟန်းတို့သည် စည်းဝေး၍ မူဂသူကရ - ဆူဖြိုးသော ဝက်တို့ကဲ့သို့ ဆိတ်ဆိတ်နေကြသနည်း၊ စည်းဝေးသူတို့သည် တရားဟောအပ်သည် မဟုတ်လောဟု ကဲ့ရဲ့ကုန်၏။

ချစ်သား ... ပက္ခ၏ ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့တို့၌ စည်းဝေး၍ တရားဟောခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ အခါတပါး ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်သော ဘုရားရှင်အား ဤသို့သောအကြံသည် ဖြစ်၏။ ငါဘုရားသည် ရဟန်းတို့အား သိက္ခာပုဒ်တို့ကို ပညတ်အပ်ပြီ။ ထိုသိက္ခာပုဒ်တို့ကို ထိုရဟန်းတို့အား ပါတိမောက်ပြခြင်းကို ခွင့်ပြုရမူ ကောင်းလေစွ။ ထိုပါတိမောက်ပြခြင်းသည် ထိုရဟန်းတို့အား ဥပုသ်ကံ ဖြစ်လတ္တံ့ ဟု ကြံ၍ ညချမ်း၌ ရဟန်း တို့ကို တရားဟော၍၊ ချစ်သားတို့ … ပါတိမောက်ပြခြင်းငှါ ခွင့်ပြု၏။ ပြပုံ ကား ...ဗျတ္ထပဋိဗလရဟန်းသည် သံဃာကို သိစေအပ်၏။

သုဏာတုမေ ဘန္တေ သံဃော။ ......လ...... ယဒိသံဃဿပတ္တကလ္လံ၊ သံဃောဥပါသထံ ကရယျ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ။

ကိံ သံဃဿ ပုဗ္ဗကိစ္စံ ....လ...... အာဝိကတာ ဟိဿ ဖာသုဟောတိ။

ဤသို့ သိစေအပ်၏။ (ဤဉာတ်၌ အဇ္ဇုပေါသထော ပန္နရသော မပါသေး။)

(ထာ ... အညတိတ္တိယ၌ လဒ္ဓိ-အယူသည် တိတ္ထိမည်၏။ တပါးသော အယူသည် အညတိတ္ထိမည်၏။ တပါးသောအယူရှိသူသည် အညတိတ္တိယ မည်ကုန်၏။ ဤသာသနာအယူမှ တပါးသောအယူရှိသူတို့ဟု ဆိုလို၏။ တိတ္တိယတို့ တရားဟောပုံကား လူတို့၏ ကတ္တဗ္ဗာကတ္တဗ္ဗ ပြုအပ်မပြုအပ်သည်ကို ဟောကုန်၏။ မူဂသူကရ-ဟူသည် ထူလသရီရသူကရ ဆူဖြိုးသော ကိုယ်ရှိသော ဝက်တို့ဖြစ်ကုန်၏။)

ဇီဋီ ... ထိုအခါဟူသည် မိမိ၏ ဩဝါဒပါတိမောက် ပြခြင်း၌ ဓုရနိက္ခေပပြု၍ ရဟန်းတို့အားသာ သက်သက်ဥပုသ်ပြုခြင်းကို ခွင့်ပြု၍ တည်သောအခါတည်း။ မဇ္ဈိမဗောဓိ၌ ပါတိမောက် ပြလောက်သော သိက္ခာပုဒ်တို့ကို ပညတ်ပြီးသောအခါ ဟူလို။

ပြပုံကား ဟူသည်ကို နိဒါနုဒ္ဒေသကို ပညတ်လိုခြင်းငှါလည်းကောင်း၊ သိက္ခာပုဒ်တို့၏ ဥဒ္ဒေသ အပိုင်းအခြားကို ပြခြင်းငှါလည်းကောင်း မိန့်ဆိုသည်။ သံဃဥပုသ်ကိုလည်း ရည်၍မိန့်ဆိုသည်။ သုဏာတု မေဘန္တေ သံဃော ဟု မိန့်သော်လည်း သံဃာ့မထေရ်သည် ရဟန်းတို့ကိုထောက်၍ အာဝုသော....။ သံဃာကို ထောက်၍ ဘန္တေ....ဟူ၍လည်းရွတ်ဆိုအပ်၏။ ယဒိ သံဃဿ ပတ္တကမ္မံ ကို နောက်၌ ပညတ်လတ္တံ့သော ဥပုသ်အန္တရာယ် တို့ကို ရည်၍ မိန့်ဆိုသည်။

ဥပေါသထဟူသည် (သီလ၊ ဝိနည်းကံ၊ နေခြင်း၊ ဆင်မျိုး၊ အမည် စသည်ဖြင့်) များပြားသော အပြား ရှိသောကြောင့် (ဝိနည်းကံဟု) သရုပ်အားဖြင့်ဆိုခြင်းငှါ ပါတိမောက္ခဥဒ္ဒိသေယျ-ဟု ဟောသည်။ ဤမျှဖြင့် ဉာတ်ကိုပြီးစေတော်မူ၏။ ကိံ သံဃဿ ပုဗ္ဗကိစ္စံ ...ဟူသည်ကို ဉာတ်ကိုပြီးစေ ပြီးသောအခါ ရွတ်ဆိုအပ်၏။ ထိုပုဗ္ဗကိစ္စကိုကား ဉာတ်မှရှေး၌သာ ပြုအပ်၏။ ပါတိမောက်ပြသော ရဟန်းသည် ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ-ဟု ဆိုလိုသောအခါ ရှေးဦးစွာ သာလျှင် စင်ကြယ်၊ မစင်ကြယ် အကြောင်းရှိသော ပုဗ္ဗကိစ္စကို အောက်မေ့စေ၏။

ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ ဟူသည်၌ အကြောင်းကား နိဒါနုဒ္ဒေသဟူသော ပါတိမောက်၏ အဆုံး၌ ... ကစ္စိတ္ထပရိသုဒ္ဓါ အစရှိသော သုံးကြိမ်ပြောကြားခြင်းသည် အာပတ်၏ခေတ်ဖြစ်၏။ ထိုခေတ်ကို ရည်၍ ပါတိမောက္ခံ ဥဒ္ဒိသိဿာမိဟု ဆိုသည်။ အာပတ်ခေတ်မရောက်မီ အာပတ်မှ ကြောက်သော သင်တို့သည် ရှေးဦးစွာ ပါရိသုဒ္ဓိကို ပြောကြားလော ဟူသော အနက်သည်ဖြစ်၏။

ပါတိမောက်ပြသော ရဟန်းသည် အချင်းချင်း အာပတ္တာ ဓိကရုဏ်းကို မပြုပဲ ဆိတ်ဆိတ်နေသော ရဟန်းတို့ကိုမြင်၍၊ ထိုမြင်ခြင်းဖြင့်သာလျှင် ပြောကြားအပ်သော ပါရိသုဒ္ဓိရှိသူဖြစ်၍ သုဏာတု မေ ဘန္တေ တို့ဖြင့် ပါတိမောက်ပြခြင်းကို အားထုတ်၏။ ဉာတ်၌ သံဃော ဥပေါသထံ ကရေယျ၊ ပါတိမောက္ခံဥဒ္ဒိသေယျ ဟု ဆိုခြင်းကြောင့် ဤ၌လည်း သံဃော ဥပေါသထံ ကရိဿတိ၊ ပါတိမောက္ခံဥဒ္ဒိသိဿတိ-ဟု ဆိုသင့်သည် မဟုတ်လော။ မဆိုအပ်။ လက္ခဏာဆန့်ကျင်ခြင်း၊ မလိုရာ၌ လျဉ်းပါးခြင်းကြောင့်တည်း။

ပုဂ္ဂိုလ်၏ ပါတိမောက်ရွတ်ဆိုခြင်းသည်သာလျှင် သံဃာ၏ ဥပုသ်ပြု ခြင်းဖြစ်သည်။ ပုဂ္ဂိုလ်၏ ဥပုသ်ပြုခြင်းဖြင့် သံဃာ၏ ဥပုသ်ပြုခြင်း မဖြစ်။ (ဤကား လက္ခဏာ ဆန့်ကျင်ခြင်းတည်း)

ပါတိမောက်ရွတ်ဆိုခြင်းကို ပုဂ္ဂိုလ်သာပြုလတ္တံ့။ သံဃာပြုလတ္တံ့ မဟုတ်။ ဤကား မလိုရာ၌ လျဉ်းပါး ခြင်းသို့ ရောက်ခြင်းတည်း။

ပုဂ္ဂိုလ်၏ ပါတိမောက်ရွတ်ဆိုခြင်းသည်သာလျှင် သံဃာ၏ ဥပုသ်ပြုခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်၏ ဥပုသ်ပြုခြင်းဖြင့် သံဃာ၏ ဥပုသ်ပြုခြင်းမဖြစ်။ (ဤကား လက္ခဏာဆန့်ကျင်ခြင်းတည်း)

ပါတိမောက် ရွတ်ဆိုခြင်းကို ပုဂ္ဂိုလ်သာပြုလတ္တံ့။ သံဃာပြုလတ္တံ့ မဟုတ်။ ဤကား မလိုရာ၌ လျဉ်းပါးခြင်းသို့ ရောက်ခြင်းတည်း။

ထို ငါပြသောပါတိမောက်ကို သုဏာထ--သင်တို့နာကြဟုဆိုလျှင် စိတ္တသာမဂ္ဂီမရှိ-ဟု လျဉ်းပါးဖွယ် ရှိသည်။ ထို့ကြောင့် သုဏောမ--ငါတို့နာကုန်အံ့ဟုဆိုသည်။ ရွတ်ဆိုလတ္တံ့ ဖြစ်သောကြောင့် သုဏိဿာမ--ငါတို့နာကုန်လတ္တံ့ ဟူ၍လည်း မဆိုအပ်။ အာပတ်ခေတ်ကို ပြလိုခြင်း မဟုတ်သောကြောင့် သုဏောမ--ဟူ၍သာ ဆိုအပ်၏။ တပုဒ်တည်းဖြင့် အဓိပ္ပါယ်နှစ်ခုပြီး၏။

တံ သဗ္ဗေဟေဝ ဟု အဘယ်အကျိုးငှါ အားထုတ်သနည်း။ ဥဒ္ဒိသိဿာမိ-ငါပြအံ့ ဟူသော အ သာဓာရဏစကားဖြင့် စိတ္တသာမဂ္ဂီ မရှိဟု လျဉ်းပါးဖွယ်ရှိပြန်၏။ ထိုကို ထားခြင်းအကျိုးငှါတည်း။ သရမာနေန ဖြင့် ဤသမ္မဇာနမုသာဝါဒ၏ သစိတ္တကအဖြစ်ကို ပြသည်။ အန္တရာယိကောဓမ္မော ဖြင့် အကြိယသမုဋ္ဌာန် ဖြစ်၍ သေးငယ်သော်လည်း ဤမုသာဝါဒ၏ အပြစ်ကြီးကျယ်ခြင်းကို ပြသည်။

ဝိသုဒ္ဓါပေက္ခေန ဟူသည် သာဝသေသ အာပတ်သင့်လျှင် အနာပတ္တိ ဘာဝဟူသော စင်ကြယ်ခြင်းကို၊ အနဝသေသ အာပတ်သင့်လျှင် ဂိဟိဘာဝ ဟူသော စင်ကြယ်ခြင်းကို အလိုရှိသူသာတည်း။ အဘယ်ကြောင့် ထင်စွာ ပြုအပ်သနည်း။ အန္တရာယဘာဝသို့ မရောက်ပဲ ချမ်းသာစွာနေရခြင်း အကြောင်းရှိသောကြောင့် တည်း။ ဤ၌ အဇ္ဇုပေါသထော ပန္နရသော ဟု မဟောသေး။ နောက်၌ နေ့မှတ်ခြင်းကို ပြုလိုခြင်းကြောင့်တည်း။ ထို့ကြောင့် ထိုရဟန်းတို့သည် နေ့တိုင်း ပါတိမောက်ပြကုန်၏။

(သာဋီ ... ကရန္တိ ပလဝန္တိ ဧတ္ထ ဗာလာ တိ တိတ္ထိံ။ တိတ္ထိတို့ဟောပုံကား ဤမည်သောနေ့၌ မုဟုတ်၌ ဤအမှုကိုပြုအပ်၏ စသည်ဖြင့် ဟောကုန်၏။ သုဏာတုမေဘန္တေ စသည်တို့၌ ဆိုဖွယ်သည် မာတိကာဋ္ဌကထာ (ကင်္ခါ)၌ အကျယ်လာပြီ။ အလိုရှိသူတို့မှ ယူအပ်၏။

ဝိဋီ ... (တရန္တိ ဩတရန္တိ ဧတ္ထာတိ တိတ္ထိံ။ ဤသာသနာ အယူမှတပါးသော အယူ) (တရန္တိ ဧတ္ထာတိ တိတ္ထိံ။ တိတ္ထိံဝိယတိတ္ထိံ။ တဘက်သို့ကူးရာ ရေဆိပ်တို့နှင့် တူသော သံသရာ တဘက်သို့ကူးရာ အယူဝါဒဟူ၍လည်း မိန့်ဆိုကုန်၏။)

နိဒ္ဒေသ

ပါတိမောက္ခ ဟူသည်ကား ကုသလဓမ္မတို့၏ အာဒိ၊ မုခ၊ ပမုခ၊ အဦးအစဖြစ်သောကြောင့် ပါတိမောက္ခဟု ဆိုသည်။ အာယသ္မန္တော ဟူသည် ချစ်၍အလေးပြု၍ ဆိုသောစကား၊ ရိုသေကျိုးနွံစွာ ဆိုသောစကား ဖြစ်၏။ ဥဒ္ဒိသိဿာမိသည် အာစိက္ခိဿာမိ၊ ဒေသိဿာမိ၊ ပညပိဿာမိ၊ ပဋ္ဌပေဿာမိ၊ ဝိဝရိဿာမိ၊ ဝိဘဇိဿာမိ၊ ဥတ္တာနိံကရိဿာမိ၊ ပကာသိဿာမိ။ ပြောအံ့၊ ရွတ်အံ့၊ ဖွင့်အံ့၊ ပြအံ့ဖြစ်၏။ တံကား ထိုပါတိမောက်ကိုတည်း။

သဗ္ဗေဝ သန္တာသည် ထိုပရိသတ်၌ ရှိရှိသမျှ ထေရ၊ နဝ၊ မဇ္ဈိမတို့တည်း။ သာဓုကံ သုဏောမသည် အရိုအသေပြု၍ စိတ်၌ထား၍ အလုံးစုံကို စိတ်ဖြင့်ကောင်းစ္စာ ဆောင်ကုန်အံ့။ မနသိကရောမသည် တည်ကြည်သော မပျံ့လွင့်သော မလွတ်သောစိတ်ရှိ၍ နားထောင်ကုန်အံ့။ ယဿသိယာ အာပတ္တိသည် ထေရ၊ နဝ၊ မဇ္ဈိမအား ငါးပါးသော ခုနစ်ပါးသော အာပတ်အစုတို့တွင် တပါးပါးသော အာပတ်တည်း။

သော အာဝိကရေယျသည် သောဒေသေယျ၊ .....လ......။ သောပကာသေယျ သံဃံအလယ်၊ ဂဏ အလယ်၊ ဧကပုဂ္ဂလထံ ပြောပြရာ၏။ အသန္တိအာပတ္တိမည်သည် မရောက်သောအာပတ်၊ ရောက်သော်ထပြီးသော အာပတ်ဖြစ်၏။

တုဏှီ ဘဝိတဗ္ဗံ သည် သည်းခံ၏။ စကားမဆိုအပ်၊ ပရိသုဒ္ဓါတိ ဝေဒိဿာမိသည် ငါသိလတ္တံ့၊ ငါမှတ်လတ္တံ့၊ ယထာခေါပန ပစ္စေကပုဋ္ဌဿ ဝေယျာကရဏံ ဟောတိသည် တယောက်သည် တယောက်ကိုမေးလျှင် ဖြေရသကဲ့သို့ ဤအတူသာလျှင် ထိုပရိသတ်၌ ငါ့ကိုမေးသည်ဟုသိအပ်၏။

ဧဝရူပါ ပရိသာသည် ဘိက္ခု ပရိသတ်ကို ဆိုသည်။ ယာဝတတိယံ အနုဿာဝိတံ ဟောတိသည် တကြိမ် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် နာကြားစေအပ်၏။ (ဝါ-ပြောကြားအပ်၏။) သရမာနောသည် ကောင်းစွာ သိသော ရဟန်းတည်း။ သန္တိအာပတ္တိမည်သည် ရောက်သောအာပတ်၊ ရောက်၍ မထသေးသော အာပတ်တည်း။

နာပိကရေယျသည် သံဃ၊ ဂဏ၊ ပုဂ္ဂလထံ မပြောပြဌားအံ့။ သမ္ပဇာနမုသာဝါဒဿ ဟောတိ၌ သမ္ပဇာနမုသာဝါဒကြောင့် အဘယ်သည် ဖြစ်သနည်း။ ဒုက္ကဋ်သည် ဖြစ်၏။ အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ၌ အဘယ်အန္တရာယ်နည်း။ ပထမဈာန်ရခြင်း၏ အန္တရာယ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထဈာန် ရခြင်း၏အန္တရာယ်၊ ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ္တိ၊ နေက္ခမ္မ၊ နိဿရဏ၊ ပဝိဝေကကုသိုလ်တရားကို ရခြင်း၏ အန္တရာယ်ဖြစ်၏။

တသ္မာသည် တံကာရဏာ-ထိုအကြောင်းကြောင့်။ သရမာနေနသည် ကောင်းစွာသိသော ရဟန်း။ ဝိသုဒ္ဓါပေက္ခေနသည် ထလို စင်ကြယ်လိုသောရဟန်း။ သန္တီအာပတ္တိမည်သည် ရောက်သော အာပတ်၊ ရောက်၍ မထသေးသောအာပတ်။ အာဝိကတာတဗ္ဗာသည် သံဃ ဂဏ ပုဂ္ဂလထံ ထင်စွာပြုအပ်၏။ အာဝိကတာဟိဿ ဖာသုဟောတိ၌ အဘယ်ငှာ ချမ်းသာခြင်းဖြစ်သနည်း၊ ပဌမဈာန်ရခြင်းငှါ ချမ်းသာခြင်း ……လ....။ ပဝိဝေက-ကုသိုလ်တရားတို့ကိုရခြင်းငှါ ချမ်းသာခြင်း ဖြစ်၏။

ဤကား အကျယ်နိဒ္ဒေသတည်း။

(မရောက်သော အာပတ်၊ ရောက်သော် ထပြီးသောအာပတ်၌ အကြင်အာပတ်သို့ ရဟန်းသည်မရောက်၊ ရောက်သော် ထပြီးဖြစ်၏။ ဤအာပတ်သည် အသန္တီအာပတ် မည်၏။

သမ္ပဇာနမုသာဝါဒကြောင့် အဘယ်သည် ဖြစ်သနည်း၌ ထိုရဟန်းအားဖြစ်သော သမ္ပဇာနမုသာဝါဒသည် အာပတ်အားဖြင့် အဘယ်သည် ဖြစ်သနည်း။ ဒုက္ကဋ်သည်ဖြစ်၏ ... ဟူသည်-ဒုက္ကဋာပတ္တိသည်ဖြစ်၏။ ထိုအာပတ်သည် မုသာဝါဒလက္ခဏာဖြင့် (ပါစိတ်) မဟုတ်။ ဘုရားရှင်၏စကားတော်ဖြင့် ဝစီဒွါရ၌ အကြိယ သမုဋ္ဌာနာပတ္တိ ဖြစ်၏။ ပရိဝါ၌-အနီးရဟန်းနှင့် တိုးတိုးမဆို၊ အဝေး၏ ကျယ်ကျယ်မပြောပဲ နှုတ်အာပတ်သို့ ရောက်၏။ ကိုယ်အာပတ်သို့မရောက်။ ဤဝိနည်းသဘောကိုသိအပ်၏ဟု ဆိုလတ္တံ့။

အန္တရာယိကောသည် အန္တရာယ ကရော။ အဘယ်ငှါချမ်းသာခြင်း ဖြစ်သနည်းဟူသည်၊ အဘယ်အကျိုးငှါ ချမ်းသာခြင်းဖြစ်သနည်း။ ပဌမဈာန်ကိုရခြင်းငှါ ထိုရဟန်းအား ဖါသုသည်ဖြစ်၏။ သုခသည်ဖြစ်၏။ ဧသနယောသဗ္ဗတ္ထ။ ဤသို့ မြတ်စွာဘုရားသည် ဥဒ္ဒေသအားဖြင့် လည်းကောင်း၊ နိဒ္ဒေသအားဖြင့် လည်းကောင်း၊ ပဌမပါတိမောက်ပြခြင်းကို ဟောတော်မူ၏။)

ဇီဋီ ... ငါးပါးသော အာပတ်အစုကို မာတိကာ၌ ဟောသော အာပတ်စွမ်းဖြင့် ဆိုသည်။ ကုသလဓမ္မတို့၏ အာဒိမုခ ပမုခဖြင့် သီလပါတိမောက်ကိုသာ ဆိုသည်။ဆိုသော်လည်း ဂန္ထပါတိမောက်ကို အလိုရှိအပ်၏။ ရှေးဂဏ္ဍိ၌ ဥပေါသထံကရေယျ အထိဖြင့်သာ ဖြစ်၏။ ယာဝတတီယာ နုသာဝန မည်သည် ယဿသိယာအာပတ္တိ အစရှိသော စကားသုံးရပ်အဆုံး၌ ဒုတိယမ္ပိ၊ တတိယမ္ပိ ဟူသောစကား ဤသို့ နှစ်ပါးရှိ၏။ ထိုတွင် ပဌမ စကားသုံးရပ်သည် အာပတ်ကိုသတိရ၍ နေသူအား၊ ဒုတိယစကားသည် သတိမရသူအား အောက်မေ့စေခြင်းငှါတည်းဟုဆို၏ .... စသည်။)

(သာဋီ ... အာပဇ္ဇိတွာဝါဝုဋ္ဌိတော၌ အာရောစိတ အာပတ်သည်လည်း အသန္တီမည်၏။ ထို့ကြောင့် မာတိကာဋ္ဌကထာ၌ ယဿပန ဧဝံ အနာပန္နာဝါ အာပတ္တိ (မရောက်သောအာပတ်)၊ အာပဇ္ဇိတွာ စပန ဝုဋ္ဌိတာဝါ ဒေသိတာဝါ (ကုစားပြီးသောအာပတ်)၊ အာရောစိတာဝါ (ထင်ရှားပြောကြားပြီးသောအာပတ်)၊ တဿ သာအာပတ္တိ အသန္တီနာမ ဟောတိ ဟု မိန့်ဆိုပြီ။ (ကုစားချိန်မရ၍ ထင်စွာပြောကြားရုံမျှဖြင့်လည်း အာပတ်မရှိမည်၏။ ပါတိမောက်နားထောင်ပြီ။ အန္တရာယိကဓမ္မ မဖြစ်ပြီ ဟူလို။)

မရောက်၊ ကုစား။ ထင်စွာကြား။ (၃) ပါးအသန္တီ။

မုသာဝါဒမည်သည် ဝစီဘေး အကြောင်းရှိ၏။ ထို့ကြောင့် မုသာဝါဒလက္ခဏာဖြင့် မဟုတ်ဟုဆိုသည်။ ဘုရားရှင်၏ စကားတော်ဖြင့်-ဟူသည် သမ္ပဇာနမုသာဝါဒေ ကိံ ဟောတိ။ ဒုက္ကဋံ ဟောတိ ဟူသော စကားတော်ဖြင့်တည်း။ ဝစီဒွါရ၌ အကြိယသမုဋ္ဌာနာပတ္တိ ဟူသည် အဓမ္မိက ပဋိညာဖြင့် သော်လည်း ဆိတ်ဆိတ်နေသူအား မနောဒွါရ၌ အာပတ် မည်သည်မရှိ။ မရှိသော်လည်း ထင်စွာ ပြုအပ်သည်ကို ထင်စွာမပြု။ ထို့ကြောင့် ထိုရဟန်း၏ ဝစီဒွါရ၌ အကြိယသမုဋ္ဌာန် အာပတ်သည်ဖြစ်၏။ အန္တရာယကရော ဟူသည် ဝိပ္ပဋိသာရ ဝတ္ထုရှိခြင်းဖြင့် ပါမောဇ္ဇစသည်တို့၏ ဖြစ်ခြင်းကိုတား၍ ပဌမဈာန်စသည်တို့ကို ရခြင်းငှါ အန္တရာယ်ပြု၏။ ထိုရဟန်းအား ဖာသုသည်ဖြစ်၏ ဟူသည် အဝိပ္ပဋိသာရ အကြောင်းရှိသော ပါမောဇ္ဇ စသည်စွမ်းဖြင့် ထိုရဟန်းအား သုခပဋိပဒါသည် ပြည့်စုံ၏ ဟူသောအနက်တည်း။

(ဝိဋီ ... အာပဇ္ဇိတွာဝါ ဝုဋ္ဌိတော ၌ ဒေသနာရောစနာတို့ကိုလည်း ရေတွက်ခြင်းဖြစ်၏။ ထို့ကြောင့် မာတိကာဋ္ဌကထာ၌ ဝုဋ္ဌိတာဝါ ဒေသိတာဝါ (ကုစားပြီးသောအာပတ်၊) အာရောစိတာဝါ အာပတ္တိ (ထင်စွာ ကြားပြီးသောအာပတ်) ...ပ... အသန္တီနာမ ဟောတိဟု မိန့်ဆိုပြီ။ အာဝိက တာဟိဿဖာသုဟောတိ-ဟု ဆိုခြင်းကြောင့် ဂရုကာပတ္တိသည်လည်း အာဝိကရဏမတ္တဖြင့် ထသည်ဟု ကေစိတို့ဆိုကုန်၏။ ပရိဝါသ် စသော အစီအရင် ပါဠိတို့နှင့် ဆန့်ကျင်သောကြောင့် ကေစိတို့၏အယူမျှဖြစ်၏။

လိုအပ်သော အဓိပ္ပါယ်ကား ဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာပြုသော ရဟန်းကောင်းကို ဝတ်မစောင့်လိုသော်လည်း အကြောင်းဥပါယဖြင့် ပရိဝါသ် စသည်တို့၌ ပေးစေ၍ မချွတ်စင်ကြယ်ခြင်း၌ တည်စေကုန်လတ္တံ့။ ထို့ကြောင့် ထိုရဟန်းကောင်းအား အဝိပ္ပဋိသာရ စသည်တို့၏ အစွမ်းဖြင့် ဖာသုဖြစ်၏။ ပဌမပါတိမောက်ပြခြင်းဟူသော စကားဖြင့် နိဒါနုဒ္ဒေသကို ပြတော်မူသည်။ ရှေး၌မရှိသော နိဒါန်းကို ပြတော်မူသည်။ သည်မျှမကသေး ရှေး၌ပညတ်ပြီးသော ပါရာဇိကစသော သိက္ခာပုဒ် အလုံးကိုလည်း တတြိမေ စတ္တာရော ပါရာဇိကာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ အစရှိသော ပါရာဇိကပြခြင်း စသည်စွမ်းဖြင့် ဝိနယမာတိကာပြု၍ နိဒါန်းပြုခြင်းနှင့်တကွ ကိုယ်တော်တိုင်ပေါင်းစု၍ ပါတိမောက်ဟု ပညတ်တော်မူသည်။ ထိုအလုံးစုံကိုရည်၍ အနုဇာနာမိ ဘိက္ခဝေ ပါတိမောက္ခံ ဥဒ္ဒိသိတုံ- ဟုခွင့်ပြုစကား မိန့်ကြားတော်မူသည်။)

တပက္ခတကြိမ်၊ အညီညွတ်

ထိုအခါ ရဟန်းတို့သည် ဘုရားရှင် ခွင့်ပြုသည်ဟု နေ့တိုင်း ပါတိမောက်ကိုပြကုန်၏။ ချစ်သားတို့ ... နေ့တိုင်းပါတိ မောက်ကို မပြအပ်။ ပြဌားအံ့ ဒုက္ကဋ်။ ချစ်သားတို့ဥပုသ်နေ့၌ ပါတိ မောက်ကိုပြခြင်းငှါခွင့်ပြု၏။ ရဟန်းတို့သည် ဥပုသ်နေ့၌ခွင့်ပြုသည်ဟု ပက္ခ၏ ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့တို့၌ သုံးကြိမ် ပါတိမောက်ကို ပြကုန်၏။ ချစ်သား ... တပက္ခ သုံးကြိမ်ပါတိမောက်ကို မပြအပ်။ ဒုက္ကဋ်။ ချစ်သားတို့ .... တပက္ခ တကြိမ် ၁၄-ရက်နေ့၌ လည်းကောင်း၊ ၁၅-ရက်နေ့၌ လည်းကောင်း ပါတိမောက်ကိုပြခြင်းငှါ ခွင့်ပြု၏။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိ မိမိ၏ပရိသတ်၌ ပါတိမောက်ကို ပြကုန်၏။ ချစ်သားတို့ ... မိမိ မိမိ၏ပရိသတ်၌ ပါတိမောက်ကိုမပြအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... ညီညွှတ်သော သမဂ္ဂရဟန်းတို့၏ ဥပုသ်ကံကို ခွင့်ပြု၏။ ထိုအခါ ရဟန်းတို့အား သမဂ္ဂတို့၏ ဥပုသ်ကံကို ခွင့်ပြုသည်။ အဘယ်မျှဖြင့် သမဂ္ဂဖြစ်မည်နည်း။ တခုသော အာဝါသ ဖြင့်လော။ မြေတပြင်လုံးဖြင့်လောဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... တခုသော အာဝါသ၌ နေသောရဟန်းတို့ဖြင့် သာမဂ္ဂီဖြစ်သည်ကိုခွင့်ပြု၏။ (ဝါ-သဘာဂါနံ သန္နိပါတကို ခွင့်ပြု၏။)

ဒေဝသိကန္တိ ဒိဝသေဒိဝသေ

၁၄ ရက်၊ ၁၅- ရက်ဟူသည် တခုသောဥတု၏ တတိယ သတ္တမပက္ခ၌ ၁၄ ရက်နှစ်ကြိမ်၊ ကြွင်းပက္ခတို့၌ ၁၅- ရက် ခြောက်ကြိမ်ဖြစ်၏။ ဤကား ပကတိ စာရိတ္တစွမ်းတည်း။ သကိံ ပက္ခဿ စာတုဒ္ဒသေဝါ ပန္နရသေဝါ-ဟု ဟောသောကြောင့် ထိုထိုအကြောင်းရှိလျှင် အမှတ်မရှိ ၁၄-ရက်၌လည်းကောင်း၊ ၁၅-ရက် ၌လည်းကောင်း ပြခြင်းငှါအပ်၏။ အာဝါသိကတို့အား ၁၄-ရက်၊ အာဂန္တုတို့အား ၁၅-ရက်ဖြစ်အံ့။ အာဝါသိကများလျှင် အာဂန္တုတို့သည် အာဝါသိကတို့၏ အလိုသို့ လိုက်အပ်၏ဟု ဟောသောကြောင့်လည်း ထိုအနက်ကို (ဝါ-အမှတ်မရှိ ၁၄-ရက်၌လည်းကောင်း၊ ၁၅-ရက်၌ လည်းကောင်းပြခြင်းငှါ အပ်၏ဟူသောအနက်ကို သိအပ်၏။

ဇီဋီ ... နေ့တိုင်း မပြအပ်ဟုပယ်၍ ဥပုသ်နေ့၌ ခွင့်ပြုခြင်းကြောင့် ဥပုသ်နေ့ မဟုတ်လျှင်သာ ဒုက္ကဋ်။ ဥပုသ်နေ့၌ကား နေ့တိုင်းလည်းအပ်သည်ဟုပြ၏။ ထို့ကြောင့် ၁၄-ရက်၌ပြပြီး၍လည်း ၁၅-ရက်နေ့၌ ပြကြပြန်သည်။ ထို့ကြောင့် သကိံ ပက္ခဿဟု ထပ်မိန့်သည်။ ရှေ့စကားဖြင့် သာမဂ္ဂီနေ့သည် ဥပုသ်နေ့ သာတည်းဟုပြသည်။ နှစ်ပါးစုံဖြင့် အဋ္ဌမီကို ပယ်၍ ... စသည်။)

မဟာကပ္ပိနကို တိုက်တွန်းခြင်း

ထိုအခါ အရှင်မဟာကပ္ပိနသည် ရာဇဂြိုဟ်၌ မဒ္ဒကုစ္ဆိမိဂဒါဝုန်၌နေ၏။ ဆိတ်ငြိမ်ရာ ချဉ်းကပ်စဉ် ဤသို့အကြံ ဖြစ်၏။ ငါသည်ဥပုသ်ကံ၊ သံဃကံပြုရာသို့ သွားရာအံ့လော၊ မသွားရာအံ့လော၊ ငါသည်အလွန် စင်ကြယ်သဖြင့် စင်ကြယ်၏ဟု အကြံဖြစ်စဉ်၊ မြတ်စွာဘုရားသည် ထိုအကြံကိုသိ၍ ကွေးသောလက် ဆန့်သကဲ့သို့ ဆန့်သောလက် ကွေးသကဲ့သို့ ဂိဇ္ဈကုဋ်တောင်၌ ကွယ်၏။

မဒ္ဒကုစ္ဆိ မိဂဒါဝုန်၌ အရှင်မဟာကပ္ပိန၏ မျက်မှောက်၌ ထင်စွာဖြစ်၍ ခင်းထားသော နေရာ၌ ထိုင်၍ ချစ်သားကပ္ပိန ... သင့်အား၊ဤသို့ ဤသို့အကြံဖြစ်သည်မဟုတ်လော၊ ဧဝံဘန္တေ၊ ဖြစ်ပါသည်ဘုရား။ ဗြဟ္မဏ-စင်ကြယ်သော ချစ်သားကပ္ပိန၊ ဥပုသ်ကံ၊ သံဃကံကိုသင်တို့ အလေးမပြုကြ မပူဇော်ကြလျှင် အဘယ်သို့သောသူသည် အလေးပြုအံ့နည်း၊ ပူဇော်အံ့နည်း၊ စင်ကြယ်သောကပ္ပိန၊ သင်သည် ဥပုသ်ကံ၊ သံဃကံ ပြုရာသို့သွားချေလော။ မသွားသောသူ မဖြစ်လင့်ဟု မိန့်တော်မူ၏။ ဧဝံဘန္တေ-သွားပါမည်ဘုရားဟု ဝန်ခံ၏။ ထိုအခါ မြတ်စွာဘုရားသည် မဟာကပ္ပိနကို တရားဟော၍ ထို၌ကွယ်၍ ဂိဇ္ဈကုဋ်တောင်၌ ထင်စွာ ဖြစ်တော်မူ၏။

(ဇီဋီ ... မာနော အဂမာသီတိ-အဂတော မာဟောဟိ - မသွားသောသူ မဖြစ်လင့်။)

သိမ်သမုတ်ခွင့်ပြုခြင်း

ထိုအခါ ရဟန်းတို့အား “တခုသော အာဝါသဖြင့် သာမဂ္ဂီကို ပညတ်ပြီ။ တခုသော အာဝါသသည် အဘယ်မျှနည်း”ဟု အကြံဖြစ်၏။ ချစ်သား ... သိမ်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏။ သမုတ်ပုံကား ... ရှေးဦးစွာ နိမိတ်တို့ကို ကြားအပ်ကုန်၏။ ပဗ္ဗတနိမိတ္တံ- တောင်နိမိတ်။ ပါသာဏ-ကျောက်နိမိတ်။ ဝန-တောနိမိတ်။ ရုက္ခ-သစ်ပင်နိမိတ်။ မဂ္ဂ-လမ်းခရီးနိမိတ်။ ဝမ္မိက-တောင်ပို့နိမိတ်။ နဒီ-မြစ်နိမိတ်။ ဥဒက-ရေနိမိတ်။ ဤနိမိတ်တို့အကြား၌ ဗျတ္တပဋိဗလရဟန်းသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ၊ သံဃာသည် ထိုကြားပြီးသော နိမိတ်တို့ဖြင့် သမာနသံဝါသ ဧကူပေါသထသိမ်ကို သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟူသော အဓိပ္ပါယ်ဖြင့် သိစေအပ်၏။

တောင်၊ ကျောက်၊ တော၊ သစ် (၄)။

ခ၊ ပို့၊ မြစ်၊ ရေ (၃)။

ဤရှစ်ထွေ၊ မှတ်လေ သိမ်နိမိတ်။

ရှေးဦးစွာ နိမိတ်တို့ကို ကြားအပ်ကုန်၏ ဟူသည် ဝိနည်းဓိုရ်သည် ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ-ဟု မေးအပ်၏။ ပဗ္ဗတောဘန္တေ ဟု ဖြေအပ်၏။ တဖန် ဝိနည်းဓိုရ်သည် ဧသောပဗ္ဗတောနိမိတ္တံ ဟု နိမိတ်ကို ကြားအပ်၏။ ဤတောင်ကိုနိမိတ်ကိုပြုသည်၊ ပြုမည်။ ပြုပြီ။ဤတောင်သည် နိမိတ်ဖြစ်သည်၊ ဖြစ်မည် ဖြစ်ပြီ၊ ဖြစ်စေဟု မကြားအပ်။ ပါသာဏ စသည်တို့၌လည်း ဤနည်းသာတည်း။

ပုရတ္ထိမာယဒိသာယ…။ ပုရတ္ထိမာယ အနုဒိသာယဒက္ခိဏာယ အနု...။ ပစ္ဆိမာယ....အနုဥတ္တရာယ....။ ဥတ္တရာယ အနုဒိသာယ ကိံ နိမိတ္တံ ဟု မေး၍ ဥဒကံဘန္တေ ဟု ဖြေ၍ ဧတံဥဒကံ နိမိတ္တံဟု နိမိတ်ကြား၍ ဤ၌ မရပ်ပဲ တဖန် ပုရတ္ထိမာယဒိသာယ ကိံ နိမိတ္တံ။ ပဗ္ဗတောဘန္တေ။ ဧသော ပဗ္ဗတော နိမိတ္တံ ဟု ရှေးဦးစွာ ကြားပြီးသော နိမိတ်ကို ထပ်ကြားပြီးမှသာ ရပ်အပ်၏။ ဤသို့ထပ်ကြားမှ နိမိတ်နှင့် နိမိတ် စပ်ခြင်းသည် ဖြစ်၏။

ဤသို့ နိမိတ်ကြားပြီးသောအခါ အခြားမဲ့၌ ဟောသောကမ္မဝါစာဖြင့် သိမ်သမုတ်အပ်၏။ ကမ္မဝါစာ၏အဆုံး၌ နိမိတ် အတွင်းသည် သိမ်ဖြစ်၏။ နိမိတ်တို့သည် သိမ်မှပြင်ပ၌ ဖြစ်ကုန်၏။ နိမိတ်တို့ကို တကြိမ် ကြားလျှင်လည်း အပ်၏။ အန္ဓကဋ္ဌကထာ၌ သုံးကြိမ် သိမ်ဝန်း စပ်အောင်ကြားရမည်ဟု ဆိုသည်။ ပဗ္ဗတောဘန္တေ၊ ဥဒကံဘန္တေ ဟု ဖြေဆိုသောစကားကို ရဟန်းပြောကြားသော် လည်းကောင်း၊ လူသာမဏေ ပြောကြားသော်လည်းကောင်း အပ်သည်သာတည်း။

ဇီဋီ ... ဧကာဝါသ၌ တည်နေသူတို့၏ အစွမ်းဖြင့် သာမဂ္ဂီကိုပယ်၍ ဧကသီမ၌ တည်သူတို့၏ အစွမ်းဖြင့် ခွင့်ပြုလိုသောကြောင့် သိမ်ကိုသမုတ်ခြင်းငှါ ခွင့်ပြုသည်။ ယခုခွင့်ပြုသော ဗဒ္ဓသိမ်စွမ်းဖြင့် ဧကဝါသပရိစ္ဆေဒ သည် မဖြစ်။ ဥပစာရသိမ်စွမ်းဖြင့်သာ ဖြစ်၏ ... စသည်၊)

(ဝိဋီ ... ပုရတ္ထိမာယ ဒိသာယ ဟူသည် နိဒဿနမျှတည်း။ အရှေ့၌ နိမိတ်မရှိအံ့။ ရှိရာအရပ်မှစ၍ ဝန်းကျင်ထင်ရှားရှိသောနိမိတ်တို့ကို ကြား၍ အစပဌမ ကြားရာအရပ်ကို ထပ်ကြားအပ်၏။ နိမိတ်သုံးခုမျှဖြင့် ခရီးသုံးထောင့်သဏ္ဌာန် (လှည်းဦးသဏ္ဌာန်) သိမ်ကို သမုတ်အပ်သောကြောင့်တည်း။

သုံးကြိမ် သိမ်ဝန်း စပ်အောင်ဟူသည် တနေရာ၌ရပ်၍ နိမိတ်ကြား စကားဖြင့်သာ သိမ်တဝန်းလုံး-နိမိတ်ချင်း စပ်အောင်တည်း။ ထိုထိုနိမိတ်နေရာသို့ မသွားမူ၍လည်း ကြားခြင်းငှါအပ်၏။ သုံးယူဇနာသိမ်၌ ဝန်းကျင်သုံးကြိမ် လှည့်သွားလျှင် တနေ့တည်းဖြင့် ပြုနိုင်ခဲ၏။ ဝိနည်းဓိုရ်သည် နိမိတ်ကို ကိုယ်တိုင် မမြင်ရသော်လည်း ရှေး၌ ရဟန်းတို့မှတ်သားထားတိုင်း နိမိတ်ကို သာလျှင် ပါသာဏောဘန္တေ စသည်ဖြင့် ဖြေဆိုသည်ကိုမှတ်၍ ဧသော ပါသာဏောနိမိတ္တံ စသည်ဖြင့် ကြားခြင်းငှါလည်း အပ်သည်သာတည်း။)

[နိမိတ်ရှစ်ပါး ဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

သုံးယူဇနာအထိသိမ်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သိမ်သမုတ်ခွင့်ပြုသည်ဟု လေးငါးခြောက်ယူဇနာ သိမ်ကြီးတို့ကို သမုတ်ကုန်၏။ ရဟန်းတို့သည် ဥပုသ်ကံကိုလာကြသည်ရှိသော် ပါတိမောက်ပြစဉ်၌လည်းကောင်း၊ ပြပြီးကာ၌လည်းကောင်း ရောက်လာကုန်၏။ ခရီးအကြား၌လည်း နေကုန်၏။ ချစ်သား ... လေးငါးခြောက်ယူဇနာသိမ်ကြီးတို့ကို မသမုတ်အပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... သုံးယူဇနာပမာဏရှိသော သိမ်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏။

(တိယောဇနံ ပရမံ ပမာဏမေတိဿာတိ - တိယောဇနပရမာ။ သုံးယူဇနာ ပမာဏရှိသော သိမ်ကို သမုတ်လိုသောသူသည် အလယ်၌တည်၍ လေးမျက်နှာလုံး တယူဇနာခွဲစီရှိအောင် သမုတ်အပ်၏။ တဘက် သုံးယူဇနာ စီရှိအောင် သမုတ်လျှင် ခြောက်ယူဇနာဖြစ်သောကြောင့် မအပ်။ လေးထောင့်ကို လည်းကောင်း သုံးထောင့်ကို လည်းကောင်း၊ သမုတ်လျှင် တထောင့်မှတထောင့်ကို သုံးယူဇနာရှိအောင် သမုတ်အပ်၏။ အစွန်းတခုခုဖြင့် ဆံဖျားမျှသော်လည်း သုံးယူဇနာကို လွန်စေအံ့၊ အာပတ်သို့လည်း ရောက်၏။ သိမ်လည်း မဖြစ်။)

နဒီပါရသိမ်

ဆဂ္ဂီတို့သည် နဒီပါရ မြစ်ကိုကူးသော မြစ်လွှမ်း သိမ်ကို သမုတ်ကုန်၏။ ဥပုသ်ကံသို့လာသောအခါ ရဟန်းတို့သည် လည်းကောင်း၊ သပိတ်သင်္ကန်းတို့သည် လည်းကောင်း ရေမျောကုန်၏။ ချစ်သားတို့ … နဒီပါရသိမ်ကို မသမုတ်အပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... ဓုဝနာဝါ-လှေအမြဲရှိရာ၊ ဓုဝသေတု-တံတား အမြဲရှိရာဖြစ်အံ့၊ ဤသို့သော နဒီပါရသိမ်ကို သမုတ်ခြင်းငှါခွင့်ပြု၏။

(ပါရယတီတိပါရာနဒိယာပါယာ-နဒီပါရာ။ မြစ်ကိုကူးသော သိမ်။ မြစ်ကိုလွှမ်းသည်ဟူလို။ နဒီဟူသည် နဒီနိမိတ်လောက်သောမြစ်တည်း။ လှေအမြဲရှိရာဟူသည် သိမ်သမုတ်ရာဌာနမြစ်ဆိပ်၌ အငယ်ဆုံး သုံးယောက်စီးနိုင်သော အမြဲကူးသောလှေ ရှိ၏။ တံတားအမြဲရှိရာဟူသည် အယုတ်ဆုံး ထိုခဏ၌ သစ်ပင်ကိုဖြတ်၍ လူတို့ကူးနိုင်သော ဧကပဒိကသေတု တဖဝါးမျှ လှမ်းသာသော တံတားသော်လည်း ရှိသည်ဖြစ်စေ အပ်၏။ အထက်၌ဖွဲ့သော ကြိမ်နွယ်စသည်တို့ကို ကိုင်၍သော်လည်း မသွားနိုင်လျှင် မအပ်။ ဤသို့ဆိုအပ်ပြီးသော အမြဲလှေ၊ အမြဲတံတား၊ ဆိပ်ကမ်း ရှေးရှု ရှိသောမြစ်ကို နဒီပါရသိမ်သမုတ်ခြင်းငှါ ခွင့်ပြုလို၏ဟူလို။)

[ဒီပါရသီမာဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

ဥပုသ်သိမ်တခုသာ

ရဟန်းတို့သည် ပရိဝေဏတိုင်း၌ အချိန်းအချက်မပြုပဲ ပါတိမောက်ပြကုန်၏။ အာဂန္တုတို့သည် အဘယ်၌ ယနေ့ ဥပုသ်ပြုသည်ဟု မသိကုန်။ ချစ်သားတို့ ... ပရိဝေဏတိုင်း၌ အချိန်းအချက် မပြုပဲ ပါတိမောက်ကို မပြအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ..... ဥပေါသထာဂါရ ဥပုသ်အိမ်ကို သမုတ်၍ ဥပုသ်ကံကိုပြုခြင်းငှါ ခွင့်ပြု၏။ သံဃာအလိုရှိရာ ကျောင်း ပြာသာဒ် ဂူကို သမုတ်အပ်၏။ ဗျတ္တပဋိဗလသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ (ဝါ) ဤမည်သောကျောင်းကို ဥပေါသထာဂါရဟု သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။

ထိုအခါ တခုသော အာဝါသ၌ ဥပုသ်အိမ်နှစ်ခု သမုတ်ကုန်၏။ ရဟန်းတို့သည် နှစ်ခုလုံး၌ ဤ၌ ဤ၌ ဥပုသ်ပြုမည်ဟု စည်းဝေးကုန်၏။ ချစ်သားတို့ ... တခုသောအာဝါသ၌ ဥပုသ်အိမ်နှစ်ခု မသမုတ်အပ်။ ဒုက္ကဋ်။ ချစ်သားတို့ … တခုကိုနုတ်၍ တခု၌ဥပုသ်ပြုခြင်းငှါ ခွင့်ပြု၏။ နုတ်ပုံကား ... ဗျတ္တသည် သံဃာကို သိစေအပ်၏။ ဝါ-ဤမည်သောဥပုသ်အိမ်ကို နုတ်ရာ၏။ နုတ်၏၊ နုတ်ပြီဟုသိစေအပ်၏။

(ပရိဝေဏတိုင်းဟူသည် တသိမ်တည်းဖြစ်သော ကျောင်းတိုက်ကြီး၌ ထိုထိုကျောင်းငယ် ပရိဝေဏ၌တည်း။ အသင်္ကေတေနာတိ သင်္ကေတံ အကတွာ အချိန်းအချက်မပြုမူ၍တည်း။ တခုကိုနုတ်၍-ဟူသည် ကမ္မဝါစာဖြင့် နုတ်၍တည်း။)

(ဇီဋီ ... သံဃာအလိုရှိရာကျောင်း ပြာသာဒ် ဂူကို ဟောသောကြောင့် မြေ၌သာ မဟုတ်သေး။ ဝိဟာရ စသည်၏ အထက်၌လည်း သိမ်သမုတ်ခြင်းကို ခွင့်ပြု၏။ ဥပုသ်ကံပြဋ္ဌာန်းသောကြောင့်တည်း။ ပြဋ္ဌာန်းပုံကား ... သမုတ်ရာ၌ သမာနသံဝါသာ ဟု ဆိုခြင်းဖြင့် ပြီးလျှင် ဧကူပေါသထာ-ဟု သီးခြားမိန့်ဆို၏။ ဥပေါသထကံကို ထား၍ ကြွင်းသောကံတို့သည် သမာနသံဝါသတို့ မည်ကုန်၏။

ဝိဋီ .... နုတ်၍ဟူသည်ကို အာပတ်မှစောင့်ရှောက်ခြင်းငှါ ဆိုသည်။)

ဥပေါသထပမုခ

ထိုအခါ တခုသော အာဝါသ၌ အလွန်ငယ်သော ဥပုသ်အိမ်ကိုသမုတ်၏။ ဥပုသ်နေ့၌ သံဃာများစွာ စည်းဝေး၏။ ရဟန်းတို့သည် (ဥပုသ်အိမ်ဟု) မသမုတ်သောမြေ၌နေ၍ ပါတိမောက် နာကြရကုန်၏။ ငါတို့သည် ဥပုသ်ပြုခြင်းဖြစ်သလော၊ မဖြစ်သလောဟု အကြံဖြစ်၍လျှောက်ကုန်၏။ ချစ်သားတို့ ... သမုတ်သောမြေ၌ လည်းကောင်း၊ မသမုတ်သောမြေ၌ လည်းကောင်းနေ၍ ပါတိမောက်ကိုနာလျှင် ဥပုသ်ပြုခြင်း ဖြစ်သည်သာတည်း။ ချစ်သားတို့ ... သံဃာသည် ဥပေါသထပမုခ - ဥပုသ်အိမ်အဦးကို ကြီးစွာအလိုရှိသလောက် သမုတ်လော၊ ရှေးဦးစွာ နိမိတ်တို့ကိုကြား၍ ဗျတ္တသည် သံဃာကိုသိစေအပ်၏။ ဝါ ဤနိမိတ်တို့ဖြင့် ဥပုသ်အိမ်အဦးကို သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။

[နေရာမရွေး ရဟန်းတို့၏ ဟတ္ထပါသ်၌ နေ၍ ပါတိမောက် နားထောင်လျှင် ဥပုသ်ပြုခြင်းသည် ဖြစ်၏။ ဤစကားကို ဝတ္ထုစွမ်းဖြင့်သာ ဆိုသည်။ ဟတ္ထပါသ်၌နေသူအား မကြားရသော်လည်း ဥပုသ်ပြုခြင်း ဖြစ်သည်သာတည်း။

နိမိတ်တို့ကိုကြား၍-ဟူသည် ဥပေါသထပမုခအား ငယ်သော ကြီးသော ကျောက် အုတ် သစ်သားပိုင်းစသော နိမိတ်တခုခုကို လွင်တီးခေါင်၌ လည်းကောင်း၊ တန်ဆောင်းစသည်၌ လည်းကောင်း၊ နေရာ တခုခု၌ အမှတ်သညာပြု၍ ကြားခြင်းငှါ အပ်၏။ တနည်း၊ နိမိတ်လောက်၊ မလောက် အပိုင်းအခြားသိခြင်းငှါ ကြားအပ်ကုန်၏။]

(ဇီဋီ ... ဥပုသ်ပြုခြင်း ဖြစ်သည်သာတည်း-ဟူသည်ကို တသိမ်တည်း၌ သမဂ္ဂတို့ကိုရည်ဆိုသည်။ ထိုသို့ မဟုတ်လျှင် သိမ်အသီးသီး၌ တည်သော်လည်း နာကြားခြင်းသာ ပမာဏဟူ၍လည်းကောင်း၊ တသိမ်တည်း၌ ဟတ္ထပါသ် စွန့်၍တည်သော်လည်း နာကြားခြင်းသာ ပမာဏဟူ၍ လည်းကောင်း မလိုအပ်သော အဓိပ္ပါယ်သို့ ရောက်၏။

ထို၌သမုတ်သော မြေ၌လည်းကောင်း၊ မသမုတ်သောမြေ၌ လည်းကောင်း-ဟူသည် ဥပေါသထာဂါရ သမ္မုတိ၌တည်း။ သီမသမ္မုတိ၌မဟုတ်၊ နောက်၌ ဆန္ဒဒါန ပညတ်ခြင်းကြောင့် သိမ် အသီးသီး၌တည်၍ မဟုတ်ဟု လည်းကောင်း၊ ပါရိသုဒ္ဓိဒါန ပညတ်ခြင်း ကြောင့် ဟတ္ထပါသ်စွန့်တည်၍ မဟုတ်ဟူ၍ လည်းကောင်း သိစေအပ်၏။ ဥပေါသထပမုခသည် ဥပေါသထဌာနတည်း။ ဥပေါသထာဂါရဌာန တည်း။ ရှေးဦးစွာ နိမိတ်တို့ကိုကြား၍မျှ ဟောသောကြောင့် အမှတ်မရှိ နိမိတ်တို့ကို ကြားခြင်းငှါ အပ်၏။ ရှေး၌နိမိတ်တို့ကို ဟောပြီးသောကြောင့် နောက်ထပ် မဟောဟု မဆိုအပ်။ ဘုရားရှင်တို့အား ဟောကြားခြင်း၌ ပျင်းရိခြင်း မရှိစေသည်။

သာဋီ ... ဝတ္ထုစွမ်းဖြင့်-ဟူသည်ကို မသမုတ်သောမြေ၌ နေ၍ ပါတိမောက် နာကြရကုန်၏ဟု ဝတ္ထု၌ ပါတိမောက် နာခြင်း လာသောကြောင့် ဆိုသည်။ ဥပေါသထပမုခသည် ဥပေါသထာ ဂါရ၏ သမ္မုခဌာနဖြစ်၏။ ပါဠိတော်၌ ရှေးဦးစွာ နိမိတ်တို့ကို ကြား၍မျှဟော၍ သိမ်သမုတ်ရာ၌ ကဲ့သို့ တောင်နိမိတ် ကျောက်နိမိတ် စသည်ဖြင့် အထူး-နိမိတ်တို့ကို မပြခြင်းကြောင့် ငယ်သော ကြီးသော စသည်ကိုဆိုသည်။။

ဝိဋီ ... ငယ်သော ကြီးသောစသည်ကို သိမ်၌ကဲ့သို့ နိမိတ်သရုပ် မဟောသောကြောင့်ဆိုသည်။]

မထေရ်ကြီးဒုက္ကဋ်

တခုသော အာဝါသ၌ ဥပုသ်နေ့၌ ရဟန်းငယ်တို့သည် ရှေးဦးစွာ စည်းဝေးပြီးလျှင် မထေရ်ကြီးများ မရောက်လာကြသေးဟု ဖဲသွားကုန်၏။ ဥပုသ်သည် အချိန်မဲ့၌ဖြစ်၏။ ချစ်သားတို့ ... မထေရ်ကြီး တို့သည် ရှေးဦးစွာ စည်းဝေးခြင်းငှါ ခွင့်ပြု၏။

[မထေရ်ကြီးတို့သည် ရှေးဦးစွာစည်းဝေးခြင်းငှါ-ဟူသည်၌ မဟာထေရ်သည် ရှေးဦးစွာမလာအံ့။ ဒုက္ကဋ်။]

ဝဂ္ဂကံမပြုအပ်

ထိုအခါ ရာဇဂြိုဟ်၌ များစွာသော အာဝါသတို့သည် သိမ်တူဖြစ်ကုန်၏။ ရဟန်းတို့သည် ငါတို့၏အာဝါသ၌ ဥပုသ်ကံ ပြုအပ်စေသတည်းဟု အသီးသီးငြင်းခုံကုန်၏။ ချစ်သားတို့ ... သိမ်တူဖြစ်၍ ငြင်းခုံသော ရဟန်းတို့သည် အားလုံး တပေါင်းတည်း စည်းဝေး၍ ဥပုသ် ပြုအပ်၏။ မထေရ်ကြီး နေရာကျောင်း၌ သော်လည်း စည်းဝေး၍ ဥပုသ် ပြုအပ်၏။ ချစ်သားတို့ ... ဝဂ္ဂဖြစ်လျက် သံဃာသည် ဥပုသ်ကံကို မပြုအပ်။ ဒုက္ကဋ်

[အားလုံးတပေါင်းတည်းစသည်၌ ရှေးကျောင်းသည် ကျောင်းလယ်၌ရှိ၍ ရဟန်းတို့နေလောက်လျှင် ထို၌ အားလုံးစည်းဝေး၍ ဥပုသ် ပြုအပ်၏။ ဆွေးအံ့၊ ကျဉ်းအံ့၊ နောက်ကျောင်းသည်ကျယ်အံ့၊ ထိုနောက်ကျောင်း၌ ဥပုသ်ပြုအပ်၏။ မထေရ်ကြီးနေရာကျောင်း၌-ဟူသည်၌လည်း အားလုံးဆန့်၍ ချမ်းသာစ္စာနေလောက်လျှင် ထို၌ပြုအပ်၏။ အစွန်ဖြစ်အံ့၊ မညီညွတ်သောနေရာ၌ဖြစ်အံ့၊ မထေရ်ကြီးအား “အရှင်မြတ်တို့၏ကျောင်းသည် နေရာမလောက်ပါ။ ဤမည်သောအာဝါသ၌ နေရာလောက်ပါသည်။ ထိုအာဝါသသို့ ကြွခြင်းငှါ သင့်ပါသည်” ဟု လျှောက်အပ်၏။ မထေရ်ကြီး မကြွလိုလျှင် မထေရ်ကြီး၏ ဆန္ဒပါရိသုဒ္ဓိကိုဆောင်၍ အားလုံး ဆန့်သော နေရာ၌ ဥပုသ်ပြုအပ်၏။]

(ဇီဋီ ...ရှေးကျောင်းဟူသည် မူလအာဝါသ ဖြစ်၏။)

အဝိပ္ပဝါသသိမ်

ထိုအခါ အရှင်မဟာကဿပသည် အန္ဓ ကဝိန္ဒမှ ရာဇဂြိုဟ်သို့ ဥပုသ်ပြုရာသို့ကြွလာ၏။ ခရီးအကြား၌ မြစ်ကိုကူးစဉ် “မနံဝုဠှော” မျောလုနီးပါးဖြစ်၍ သင်္ကန်းများကို ရေစိုကုန်၏။ ချစ်သား ... သံဃာသည် သမုတ်ပြီးသော သမာနသံဝါသသိမ်ကို တိစီဝရိတ်နှင့် မကင်းသော အဝိပ္ပဝါသသိမ်ကို သမုတ်လော။ ဗျတ္တသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ၊ ထိုသမာနသံဝါသသိမ်ကို အဝိပ္ပဝါသကို သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟုသိစေအပ်၏။

ရဟန်းတို့သည် အဝိပ္ပဝါသ သမုတ်ခြင်းကို ဘုရားရှင်ခွင့်ပြုသည်ဟု ရွာတွင်း၌ သင်္ကန်း ထားကုန်၏။ ပျောက်ပျက်၍ သင်္ကန်းခေါင်းပါးကုန်၏။. ချစ်သား .... သံဃာသည် သမုတ်ပြီးသော သမာနသံဝါသသိမ်ကို သမုတ်လော။ ဗျတ္တသည် သိစေအပ်၏။ ဝါ...ထိုသမာနသံဝါသသိမ်ကို ဂါမကိုလည်းကောင်း၊ ဂါမူပစာရ ကို လည်းကောင်း ချန်၍ အဝိပ္ပဝါသကိုသမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။

(အန္ဓကဝိန္ဒ-ဟူသည် ရာဇဂြိုဟ်မှ သုံးဂါဝုတ်၌ အန္ဓကဝိန္ဒမည်သော အရပ်ဖြစ်၏။ ထိုအရပ်ကိုမှီ၍ မထေရိ နေ၏။ ထိုမှ ရာဇဂြိုဟ်သို့ ဥပုသ် ပြုရာသို့ကြွလာ၏။ ရာဇဂြိုဟ်ကိုရံ၍ ၁၈-ရပ်ရှိသော ကျောင်းတိုက်ကြီးတို့ သည် တသိမ်တည်းဖြစ်ကုန်၏။ ဓမ္မသေနာပတိ ရှင်သာရိပုတြာ သမုတ်ထားသည်။ ထို့ကြောင့် ဝေဠုဝန်၌ သံဃာအား သာမဂ္ဂီပေးခြင်းငှါ ကြွလာသည်ဟူလို။

မြစ်ကိုကူးစဉ်ဟူသည် သိပ္ပိနိယမည်သောမြစ်ကို ကူးစဉ်တည်း။ မနံဝုဠှောသည် အနည်းငယ်မျောလုနီးပါး ဖြစ်၏။ ထိုမြစ်သည် ဂိဇ္ဈကုဋ်တောင်မှစီးလာ၍ ကြမ်းသော ရေအယဉ်ဖြင့် မထေရ်ကိုဆောင်၏။ အဟုန်ဖြင့်လာသောရေကို နှလုံးမသွင်းသဖြင့် မထေရ်သည် မျောလုနီးပါး ဖြစ်၏။ မျောကားမမျော၊ ရေတိုက်ခတ်ခြင်းကြောင့် သင်္ကန်းများစိုကုန်၏။

ဂါမကိုလည်းကောင်း၊ ဂါမူပစာရကိုလည်းကောင်း ချန်၍ သမုတ်သော အဝိပ္ပဝါသကမ္မဝါစာ ဖြစ်သည်မှစ၍ ဘိက္ခုတို့အား ယခင် အဝိပ္ပဝါသကမ္မဝါစာသည် မအပ်။ နောက်ကမ္မဝါစာထာဝရ ဖြစ်သည်။ ဘိက္ခုနီ တို့အားကား ဤနောက် ကမ္မဝါစာမအပ်။ ယခင်ကမ္မဝါစာသာအပ်၏။ အကြောင်းကား .... ဘိက္ခုနီ သံဃာသည် ရွာတွင်း၌နေ၏။ ဂါမူပစာရ-ဟူသည်၌ အရံရှိသောရွာ၏ အရံသည် အရံမရှိလျှင် အရံထိုက်သော အရပ်သည် ဂါမူပစာရ မည်၏။)

(ဇီဋီ ... မရမှိဝုဠှော ဟူ၍လည်း ပါဌ်ရှိ၏။ မနံဝုဠှောအမှီ-ဟူသော အနက်တည်း။ ဂါမကိုလည်းကောင်း ဂါမူပစာရကိုလည်းကောင်း ချန်၍ ဟူသည် အန္တရဃရ-ဟူသော ဂါမကိုလည်းကောင်း၊ ဂါမူပစာရကို လည်းကောင်း ချန်၍တည်း။

ကေစိတို့ကား အရံရှိသော ရွာကိုရည်၍ ဂါမ၊ အရံမရှိသောရွာကိုရည်၍ ဂါမူပစာရကိုဟောသည်ဟု ဆိုကုန်၏။ အဋ္ဌကထာနှင့် ဆန့်ကျင်၏။ နေအိမ်၊ လမ်းမ စသည်တို့ကိုရည်၍ ဂါမ၊ အရံထိုက်ရာ ဌာနကိုရည်၍ ဂါမူပစာရ-ဟု ဟောသည်။

ဝိဋီ ... ၁၈-ရပ်ဟူသည်ကို အန္ဓ ကဝိန္ဒဝိဟာရကိုလည်း စွဲ၍ဆိုသည်။ နှလုံးမသွင်းသဖြင့်ဟူသည်ကို တန်ခိုးဖြင့် မကူးခြင်း၏အကြောင်းကို ဆိုသည်။)

[အဝိပ္ပဝါသ သီမာဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

သမုတ်ခြင်း နှုတ်ခြင်းအစဉ်

ချစ်သား ... သိမ်သမုတ်လိုသော သံဃာသည် ရှေးဦးစွာ သမာနသံဝါသသိမ်ကို သမုတ်အပ်၏။ နောက်၌— တိစီဝရေနအဝိပ္ပဝါသကို သမုတ်အပ်၏။ ချစ်သားတို့ ... သိမ်နုတ်လိုသော သံဃာသည် ရှေးဦးစွာ တိစီဝရေန အဝိပ္ပဝါသကို နှုတ်အပ်၏။ နောက်၌ သမာနသံဝါသသိမ်ကို နှုတ်အပ်၏။

နှုတ်ပုံကား ဗျတ္တသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် တိစီဝရေန အဝိပ္ပဝါသ ကို နှုတ်ရာ၏။ နှုတ်၏။ နှုတ်ပြီဟု သိစေအပ်၏။ သမာနသံဝါသသိမ်နှုတ်ပုံကား ... ဗျတ္တသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် သမာနသံဝါသသိမ်ကိုနှုတ်ရာ၏။ နှုတ်၏၊ နှုတ်ပြီဟု သိစေအပ်၏။

(ခဏ္ဍသိမ်၌နေ၍ အဝိပ္ပဝါသသိမ်ကို (ဝါ-မဟာသိမ်ကို) မနှုတ်အပ်။ အဝိပ္ပဝါသသိမ်၌နေ၍ ခဏ္ဍသိမ်ကို မနှုတ်အပ်။ သိမ်ငယ်ကို သိမ်ကြီး ပြုခြင်းငှါ လည်းကောင်း၊ သိမ်ကြီးကို သိမ်ငယ်ပြုခြင်းငှါ လည်းကောင်း၊ အကြောင်းနှစ်ပါးဖြင့် နှုတ်ကြသည်။

ခဏ္ဍသိမ်မျှကိုသိလျှင် နှုတ်ခြင်းငှါ လည်းကောင်း၊ တဖန်သမုတ်ခြင်းငှါ လည်းကောင်း တတ်နိုင်ကုန်လတ္တံ့၊ ခဏ္ဍသိမ်ကိုမသိလျှင် အဝိပ္ပဝါသသိမ်ကိုနှုတ်ခြင်းငှါ တတ်နိုင်သော်လည်း တဖန်သမုတ်ခြင်းငှါ မတတ်နိုင် ကုန်လတ္တံ့၊ တဖန်သမုတ်လျှင် သိမသမ္ဘောဂ ဖြစ်တတ်သည်။ ဤသိမ်မည်သည် ကမ္မဝါစာဖြင့် လည်းကောင်း၊ သာသနာ ကွယ်ခြင်းဖြင့်လည်းကောင်း သိမ်မဟုတ်သည်ဖြစ်၏။)

[သိမ်နှုတ်ဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

အဗဒ္ဓသိမ်သုံးခု

ချစ်သားတို့ ... သိမ်ကို မသမုတ်ရာ၌ ဗဒ္ဓသိမ် အပိုင်းအခြား မထားရာ၌ မှီ၍နေရာ ဂါမနိဂမဂါမ အပိုင်းအခြား၊ နိဂမအပိုင်းအခြားသည် သမာနသံဝါသဧကူပေါသထသိမ် ဖြစ်၏။ ချစ်သားတို့ ... ရွာမရှိသော တော၌ ထက်ဝန်းကျင် သတ္တဗ္ဘန္တရသည် သမာနသံဝါသ ဧကူပေါသထသိမ် ဖြစ်၏။

ချစ်သား ... မြစ်တခုလုံး၊ သမုဒြာ တခုလုံး၊ ဇာတဿရတခုလုံးသည် သိမ်ဖြစ်၏။ ချစ်သားတို့ ... မြစ်၌ လည်းကောင်း၊ သမုဒြာ၌လည်းကောင်း၊ ဇာတဿရ၌လည်းကောင်း၊ မဇ္ဈိမ ပုရိသ၏ ထက်ဝန်းကျင် ရေတကျသည် သမာနသံဝါသဧကူပေါသထသိမ် ဖြစ်၏။

[ဂါမဖြင့် နဂရကိုလည်း ယူအပ်၏။ ထိုထိုရွာ၏ ရွာစားတို့ အစွန် ရရာပဒေသသည် ငယ်သော်လည်းကောင်း၊ ကြီးသော်လည်းကောင်း ဂါမသိမ်သာ မည်၏။ နာဂရသိမ် နိဂမသိမ်တို့၌လည်း ဧသဝနယောဂါမခေတ်တခုတည်း၌သော်လည်း တခုသော ပဒေသကို ဝိသုံဂါမသီးခြား ရွာဖြစ်စေဟု ပိုင်းခြား၍ မင်းသည် တစုံတယောက်အား ပေးအံ့၊ ထိုပဒေသ သည်လည်း ဝိသုံဂါမ ဖြစ်သည်သာတည်း။ ထိုအားလုံးတို့သည် ဗဒ္ဓသိမ်နှင့် တူ၏။ တိစီဝရိတ် အစောင့်အရှောက်ကိုကား မရ (ဤ၌ အချို့ကား သိမ်မသမုတ်လျှင် ပြန်သိမ်းမည်ဟု) ခေတ္တပေးခြင်းသည် အပေးမြောက် မည်လော၊ အပေး မမြောက်လျှင် သိမ်သမုတ် ကောင်းမည်လောဟု သံသယ စကားဆိုကုန်၏။

မင်းသည် တစုံတယောက်အား ပိုင်အောင် အာလယပြတ် ပေးသလော၊ သီးခြားအောင်ပေးသလော၊ ရွာစားတို့သည် အခွန်ကို ရရာ၌ ရွာကိုပိုင်သလော၊ အလုပ်ပြုတ်သွားလျှင်လည်း ပိုင်လျက်လောဟု စိစစ်၍ဆိုလျှင် ဆိုသင့်ကုန်ရာ၏။)

တော၌-ဟူသည် ဝိဉ္စာဋဝီနှင့်တူသော တောအုပ်၌တည်း။ ထို၌နေသော ရဟန်း၏ ဝန်းကျင်သတ္တဗ္ဘန္တရသည် သမာနသံဝါသသိမ်တခုဖြစ်၏။ ဤသိမ်သည် တိစီဝရိတ်အစောင့်အရှောက် ကိုလည်းရ၏။ ၂၈-တောင်သည် အဗ္ဘန္တရ တခု ဖြစ်၏။ ဝန်းကျင်ခုနစ် အဗ္ဘန္တရသည် ထုတ်ချင်း ၁၄-အဗ္ဘန္တရ ဖြစ်၏၊ မြစ် သမုဒြာ ဇာတဿရ တို့၌ ဗဒ္ဓသိမ်မဖြစ်။ အဗဒ္ဓသိမ်ကား ဝန်းကျင်ရေတကျအတွင်း၌ ဖြစ်၏။]

[အဗဒ္ဓသိမာဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

သိမ်စပ် သိမ်ထပ်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သိမ်ဖြင့် သိမ်ကို စပ်ကုန်၏။ (ဝါ၊ ဆက်စပ်အောင် သမုတ်ကုန်၏။ ) ချစ်သားတို့ … ပဌမ သမုတ်သော ရဟန်းတို့၏ ကံသည် ဓမ္မိက၊ အကုပ္ပ၊ ဌာနာရဟ ဖြစ်၏။ နောက်သမုတ်သူတို့၏ ကံသည် အဓမ္မိက၊ ကုပ္ပ၊ အဌာနာရဟ ဖြစ်၏။ (ဝါ၊ နောက်သိမ်ပျက်၏။) ချစ်သား ... သိမ်ဖြင့် သိမ်ကို မစပ်အပ်။ ဒုက္ကဋ်

ဆဗ္ဗဂ္ဂီတို့သည် သိမ်ဖြင့် သိမ်ကိုလွှမ်းကုန်၏။ ချစ်သားတို့ ... ပဌမ သမုတ်သော ရဟန်းတို့၏ ကံသည် အဓမ္မိက ဖြစ်၏။ ချစ်သားတို့ ... သိမ်ဖြင့် သိမ်ကို မလွှမ်းအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... သိမ်ကိုသမုတ်သောရဟန်းသည် သီမန္တရိက်ကိုထား၍ သိမ်ကိုသမုတ်ခြင်းငှါ ခွင့်ပြု၏။

[သိမ်စပ် သိမ်ထပ် သမုတ်ခြင်း အကျယ်ကို နောက်၌ဆိုအံ့။]

ဓမ္မသမဂ္ဂကံ

ထိုအခါ ရဟန်းတို့အား ဥပေါသထတို့သည် အဘယ်မျှတို့နည်းဟု အကြံဖြစ်၍ လျှောက်ကြကုန်၏။ ချစ်သားတို့၊ ဥပေါသထတို့သည် စာတုဒ္ဒသိက၊ ပန္နရသိကဟု နှစ်မျိုးရှိကုန်၏။ ဥပေါသထကမ္မ တို့သည် အဘယ်မျှတို့နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။

ချစ်သားတို့ .... ဥပေါသထကမ္မတို့သည် အဓမ္မဝဂ္ဂကံ၊ အဓမ္မသမဂ္ဂကံ၊ ဓမ္မဝဂ္ဂကံ၊ ဓမ္မသမဂ္ဂကံ ဟု လေးပါး ရှိကုန်၏။ ချစ်သားတို့ ... ထိုတွင် အဓမ္မဝဂ္ဂကံ၊ အဓမ္မသမဂ္ဂကံ၊ ဓမ္မဝဂ္ဂကံ သုံးပါးကို မပြုအပ်။ ငါဘုရားခွင့်မပြု။ ဓမ္မသမဂ္ဂကံကိုပြုအပ်၏။ ငါဘုရားခွင့်ပြု၏။ ချစ်သားတို့ … ထို့ကြောင့် ဓမ္မသမဂ္ဂဥပုသ်ကံကို ပြုပါကုန်အံ့ဟု ကျင့်အပ်၏။

[ဥပေါသထ နှစ်မျိုးတို့တွင် စာတုဒ္ဒသိက၏ ပုဗ္ဗကိစ္စ၌ အဇ္ဇုပေါသထော စာတုဒ္ဒသော-ဟု ဆိုအပ်၏။ ကံလေးပါးတို့တွင် ရဟန်းလေးပါး နေသော ကျောင်း၌ တပါး၏ ဆန္ဒပါရိသုဒ္ဓိကို ဆောင်၍ သုံးပါး ပါရိသုဒ္ဓိ ပြုအံ့။ သုံးပါးနေရာ၌ တပါး၏ ဆန္ဒပါရိသုဒ္ဓိကို ဆောင်၍ နှစ်ပါး ပါတိမောက်ပြအံ့ အဓမ္မဝဂ္ဂကံ ဖြစ်၏။ လေးပါးလုံး စည်းဝေး၍ ပါရိသုဒ္ဓိ ပြုအံ့၊ သုံးပါး၊ နှစ်ပါး ပါတိမောက်ပြအံ့၊ အဓမ္မသမဂ္ဂကံ ဖြစ်၏။

လေးပါးတို့တွင် တပါး၏ ပါရိသုဒ္ဓိကို ဆောင်၍ သုံးပါး ပါတိမောက် ပြအံ့၊ သုံးပါးတို့တွင် တပါး၏ ပါရိသုဒ္ဓိကို ဆောင်၍ နှစ်ပါး ပါရိသုဒ္ဓိပြုအံ့ ဓမ္မဝဂ္ဂကံဖြစ်၏။ လေးပါးလုံး အတူစည်းဝေး၍ ပါတိမောက်ပြအံ့၊ သုံးပါး ပါရိသုဒ္ဓိပြုအံ့၊ နှစ်ပါးအညမညပါရိသုဒ္ဓိပြုအံ့ ဓမ္မသမဂ္ဂကံဖြစ်၏။]

(ဇီဋီ .... ထိုအခါ သာမဂ္ဂီဥပေါသထကို ခွင့်မပြုသေးသောကြောင့် ဥပေါသထနှစ်မျိုးကိုသာ ပေးသည်၊ သာမဂ္ဂီဥပုသ်နေ့၌ ပုဗ္ဗကိစ္စ၌ အဇ္ဇုပေါသထောသာမဂ္ဂီ ဟု ဆိုအပ်၏-စသည်။)

(သာဋီ ... လေးပါး ပါတိမောက်ပြခြင်းကို နှစ်ပါး သုံးပါး ပါရိသုဒ္ဓိ ပြုခြင်းကို ခွင့်ပြုလျက်၊ လေးပါးနေရာ၌ ပါရိသုဒ္ဓိကို၊ သုံးပါးနေရာ၌ ပါတိမောက်ပြခြင်းကို ပြုသောကြောင့် အဓမ္မဟု ဆိုသည်။ လေးပါးလုံး မစည်းဝေးခြင်းကြောင့် လည်းကောင်း၊ ဆန္ဒပါရိသုဒ္ဓိသည် သံဃအလယ်သို့သာ ရောက်သည်၊ ဂဏ အလယ်သို့ မရောက်ခြင်းကြောင့်လည်းကောင်း ဝဂ္ဂဟုဆိုသည်။)

(ဝိဋီ ... တသိမ်တည်း၌ လေးပါးရှိလျှင် ပါတိမောက်ပြခြင်းကိုသာ၊ သုံးပါးနှစ်ပါးရှိလျှင် ပါရိသုဒ္ဓိဥပုသ်ကိုသာ ခွင့်ပြုသည်။ ထိုသို့ မပြုခြင်းကြောင့် အဓမ္မဟုဆိုသည်။ ဆန္ဒပါရိသုဒ္ဓိသည် သံဃာ၌သာရောက်သည်။ ဂဏ၌ ပုဂ္ဂလ၌ မရောက်။ ထို့ကြောင့် ဝဂ္ဂဟု ဆိုသည်။

သံဃာနှစ်စုသည် တသိမ်ထည်း အချင်းချင်းဆန္ဒဆောင်၍ တချိန်တည်း အသီးသီး သံဃကံကို ပြုကုန်အံ့။ ကေစိတို့ကား အပ်သည်ဟု ဆိုကုန်၏။ ကံဖြစ်သောကြောင့် မမှတ်အပ်။ ကံပြုသူတို့၏ ဆန္ဒပါရိသုဒ္ဓိသည် တပါးသောနေရာသို့မရောက်၊ ထိုသို့ဟောခြင်း မရှိသောကြောင့်လည်းကောင်း၊ အသီးသီး ကံပြုခြင်းငှါသာ သိမ်ကို ခွင့်ပြုသောကြောင့်တည်း။ ဝိဟာရသိမ်၌ သံဃာရှိသော်လည်း တစုံတခုသော အကြောင်းဖြင့် ခဏ္ဍသိမ်၌ သုံးပါး၊ နှစ်ပါး ပါရိသုဒ္ဓိ ပြုလျှင် ဓမ္မသမဂ္ဂသာဖြစ်၏။ သိမ်ပြားသောကြောင့်တည်း။ )

ပါတိမောက်ပြခြင်းငါးပါး

ထိုအခါ ရဟန်းတို့အား ပါတိမောက္ခုဒ္ဒေသသည် အဘယ်မျှနည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... ပါတိမောက္ခုဒ္ဒေသသည် ငါးပါးရှိ၏။ နိဒါန်းကိုပြ၍ အကြွင်းကို သုတသဒ္ဒါဖြင့် သိစေခြင်းတပါး။ နိဒါန်း ပါရာဇိကကိုပြ၍ အကြွင်းကို သုတဖြင့်သိစေခြင်း တပါး။ နိဒါန်း၊ ပါရာဇိက၊ သံဃာ ဒိသိသ်၊ အနိယတကိုပြ၍ အကြွင်းကို သုတဖြင့်သိစေခြင်းတပါး။ အကျယ်အားဖြင့်သာပြခြင်းတပါး။ ဤသို့ငါးပါးရှိ၏။

ထိုအခါ ရဟန်းတို့သည် အကျဉ်းအားဖြင့် ပါတိမောက်ပြခြင်းကို ခွင့်ပြုတော်မူသည်ဟု အခါခပ်သိမ်း အကျဉ်းအားဖြင့် ပြကုန်၏။ ချစ်သား ... အကျဉ်းအားဖြင့် ပါတိမောက်ကိုမပြအပ်၊ ဒုက္ကဋ်

[နိဒါန်းကိုပြ၍ အကြွင်းကို သုတသဒ္ဓါဖြင့် သိစေခြင်းကား .. သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇုပေါသထော ...လ… အာဝိက တာဟိဿ ဖာသုဟောတိ။ ဥဒ္ဒိဋ္ဌံခေါ အာယသ္မန္တောနိဒါနံ၊ တတ္ထာယသ္မန္တေ ပုစ္ဆာမိ ...လ... ဧဝမေတံ ဓာရယာမိ။ (ဥဒ္ဒိဋ္ဌံခေါအာယသန္တော နိဒါနံ) သုတာခေါပနာ ယသ္မန္တေဟိ စတ္တာရော ပါရာဇိကာ ဓမ္မာ (သုတာတေရသသံဃာဒိသေသာဓမ္မာ) ....လ..... အဝိဝဒမာနေဟိ သိက္ခတဗ္ဗန္တိ (နိဒါနုဒ္ဒေသောပဌမော။) ဤသို့ အကြွင်းကို သုတသဒ္ဓါဖြင့် သိစေအပ်၏။ ဤနည်းဖြင့် ကြွင်းသော ပါတိမောက် ပြခြင်း လေးပါး တို့ကိုလည်း သိအပ်ကုန်၏။]

(ဇီဋီ ... နိဒါန်းပါဠိအဆုံး၌ ဧဝမေတံ ဓာရယာမိ-ဟု ဆိုပြီးလျှင် ဥဒ္ဒိဋ္ဌံခေါ အာယသ္မန္တော နိဒါနံ ဟူသော စကားကို ချုံးထားသည်ဟု သိအပ်၏။ ကေစိတို့ကား အဝိဝဒမာနေဟိ သိက္ခိတဗ္ဗံ ဟု ဆိုပြီးလျှင် နိဒါန်းပြခြင်း ပြီးသည် မည်၏။ ထို့ကြောင့် ထင်စွာမပြုသောရဟန်းသည် အာပတ်သို့ရောက်သည်ဟုဆိုကုန်၏။ မသင့်။ နိဒါန်း စကားတို့ဖြင့် နိဒါန်း၏ ပြီးခြင်းကို ဟောသည်။ နိဒါန်းအဆုံး၌ အာပတ်ကိုမဟော။)

(သာဋီ ... ဧဝမေတံ ဓာရယာမိ ဟု ဆိုပြီးလျှင် ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ၊ သုတာခေါပနာယသ္မန္တေဟိ စသည်ကို ဆိုအပ်၏။ မာတိကာဋ္ဌကထာ၌ ဤအတိုင်းပင်ဆိုသည်။ သုတေနာတိ သုတပဒေန။)

(ဝိဋီ .... သာဋီအတိုင်းပင်တည်း။)

အန္တရာယ်ဆယ်ပါး

ထိုအခါ ကောသလဇနပုဒ်တို့၌ တခုသော အာဝါသ၌ ထိုဥပုသ်နေ့၌ သဝရဘယ-လူရိုင်းဘေးသည်ဖြစ်၏။ အကျယ်အားဖြင့် ပါတိမောက်ကို ပြခြင်းငှါ မတတ်နိုင်ကြကုန်။ ချစ်သား ... အန္တရာယ်ရှိသောအခါ အကျဉ်း အားဖြင့် ပါတိမောက်ကိုပြခြင်းငှါ ခွင့်ပြု၏။

ဆဗ္ဗဂ္ဂီတို့သည် အန္တရာယ်မရှိသော အခါလည်း အကျဉ်းအားဖြင့် ပါတိမောက်ကိုပြကုန်၏။ ချစ်သားတို့ ... အန္တရာယ်မရှိသောအခါ အကျဉ်းအားဖြင့် ပါတိမောက်မပြအပ်။ ဒုက္ကဋ်။ ချစ်သား... အန္တရာယ်ရှိသော အခါ အကျဉ်းအားဖြင့်ပါတိမောက်ကိုပြခြင်းငှါခွင့်ပြု၏။ အန္တရာယ်တို့ကား ရာဇန္တရာယ-မင်းအန္တရာယ်။ စောရ-ခိုးသူအန္တရာယ်။ အဂ္ဂီ-မီး။ ဥဒက-ရေ။ မနုဿ-လူ။ အမနုဿ-ဘီလူး။ ဝါဠ-သားရဲ။ သရီသပ-မြွေ။ ဇီဝိတ-အသက်။ ဗြဟ္မစရိယ-သာသနာအန္တရာယ်။ ဤသို့ဆယ်ပါးရှိကုန်၏။ ချစ်သားတို့... ဤသို့သော အန္တရာယ်တို့ ရှိသောအခါ အကျဉ်းအားဖြင့် လည်းကောင်း၊ အန္တရာယ်မရှိသောအခါ အကျယ်အားဖြင့် ပါတိမောက်ကို ပြခြင်းငှါ ခွင့်ပြု၏။

မီး၊ ရေ၊ လူမျိုး (၃)။ မင်း။ သူခိုး (၂)။ သားဆိုး၊ ဘီလူးကြမ်း (၂)။
မြွေ၊ ကျင့်၊ သက်ဆွယ် (၃)။ အန္တရာယ်။ တဆယ်ဤသို့မှန်း။

(သဝရဘယန္တိ အဋဝိမနုဿဘယံ-တောအုပ်၌နေသောလူ၏ဘေး၊ အန္တရာယ်တို့တွင် ရဟန်းတို့သည် ဥပုသ်ပြုကြကုန်အံ့ဟု နေထိုင်ကြသောအခါ -

  1. မင်းသည် ရောက်လာအံ့၊ မင်းအန္တရာယ်မည်၏။
  2. ခိုးသူလာအံ့၊ ခိုးသူအန္တရာယ်။
  3. တောမီးလောင်လာအံ့၊ ကျောင်း၌မီးထအံ့-မီးအန္တရာယ်။
  4. မိုးတက်အံ့၊ ရေအယဉ်စီးလာအံ့-ရေအန္တရာယ်။
  5. လူများစွာတို့ လာကြကုန်အံ့-လူအန္တရာယ်။
  6. ရဟန်းကို ဘီလူးဖမ်းအံ့ -ဘီလူးအန္တရာယ်။
  7. ကျား စသော သားကြမ်းတို့ လာကြကုန်အံ့-သားရဲ အန္တရာယ်။
  8. ရဟန်းကို မြွေစသည်တို့ခဲကုန်အံ့-မြွေအန္တရာယ်။
  9. ရဟန်းသည် ဂိလာနဖြစ်အံ့ ပျံလွန်အံ့၊ ရန်သူတို့သော်လည်း သတ်လို၍ ဖမ်းကုန်အံ့ အသက်အန္တရာယ်။
  10. ရဟန်းကို သာသနာမှရွေ့စေလိုသဖြင့် ဖမ်းအံ့ သာသနာအန္တရာယ်မည်၏။

ဤသို့ သောအန္တရာယ်တို့ကြောင့် အကျဉ်းပြအပ်၏။ ပဌမတဥဒ္ဒေသကို ဖြစ်စေ၊ အစနှစ်ခု၊ သုံးခု၊ လေးခုသော ဥဒ္ဒေသကိုဖြစ်စေ ပြအပ်၏။ ဒုတိယဥဒ္ဒေသ စသည်ကိုပြစဉ် မပြီးသေးမီ အန္တရာယ်ဖြစ်အံ့၊ ထိုမပြီးသေးသော ဥဒ္ဒေသကိုလည်း သုတဖြင့်သာ သိစေအပ်၏။)

(သာဋီ ... သဝရဘယန္တိ ဝနစရကဘယံ - တော၌လှည့်လည်သူ၏ဘေး၊ ထို့ကြောင့် အဋဝိမနုဿဘယ-ဟု ဆိုသည်။ အဝသေသံ သုတေန သာဝေ တဗ္ဗံ ဟု ဟောသောကြောင့် နိဒါန်းပြခြင်း မပြီးမီ သုတဖြင့် သိစေအပ်သော မည်သည်မရှိရကား “ဒုတိယဥဒ္ဒေသ စသည်ကိုပြစဉ်”ဟုဆိုသည်။ အဝသေသ သဒ္ဒါသည် ပြဆဲဥဒ္ဒေသကိုငဲ့၏။ ထို့ကြောင့် နိဒါန်းပြီး၍ ပါရာဇိက စသည်တို့မပြီးမီ၊ အန္တရာယ်ဖြစ်အံ့၊ ထိုမပြီးသေးသော ဥဒ္ဒေသနှင့်တကွ အကြွင်းကို သုတဖြင့်သိစေအပ်၏။)

(ဝိဋီသရဝဘယန္တိ ဝနစရကဘယံတေနာဟ အဋဝိမနုဿဘယန္တိ။ (သဝရ၊ သရဝ—အက္ခရာကွဲသည်။) နိဒါန်းမပြီးသေးလျှင် ပါတိမောက်ပြခြင်း မမည်သေးသောကြောင့် ဒုတိယဥဒ္ဒေသ စသည်ကို ပြစဉ်ဟု ဆိုသည်။)

တရားဟောခြင်း သုံးမျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့ အလယ်၌ မတိုက်တွန်းအပ်သူဖြစ်လျက် တရားဟောကုန်၏၊ ချစ်သားတို့ .... သံဃာ့အလယ်၌ မတိုက်တွန်းအပ်သူဖြစ်လျက် တရားမဟောအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... မထေရ် ရဟန်းသည် ကိုယ်တိုင် တရားဟောခြင်းငှါ လည်းကောင်း၊ သူတပါးကို တိုက်တွန်းခြင်းငှါ လည်းကောင်း ခွင့်ပြု၏။

(အနဇ္ဈိဋ္ဌ၊ မတိုက်တွန်းအပ်သူဟူသည်။ အ-နာဏတ္တ၊ မစေခိုင်းအပ်သူ။ အယာစိတ၊ မတောင်းပန်အပ်သူ ဖြစ်၏။ တိုက်တွန်းခြင်းသည် သံဃသမ္မုတိရသော ဓမ္မဇ္ဈေသက ရဟန်းနှင့်စပ်၏။ သံဃာ့မထေရ်နှင့်လည်း စပ်၏။ ထိုသမ္မုတိရသော တိုက်တွန်းသူမရှိလျှင် သံဃာ့မထေရ်ကို ပန်ကြား၍လည်းကောင်း၊ မထေရ်ကြီးက တိုက်တွန်းအပ်သည်ဖြစ်၍ လည်းကောင်း ဟောခြင်းငှါရ၏။ သံဃထေရ်သည်လည်း ဓမ္မကထိက များစွာ ရှိလျှင် အလှည့်စဉ်ဖြင့် မိန့်ဆိုအပ်၏။

တွံ ဓမ္မံ ဘဏ၊ ဓမ္မဒါနံ ဒေဟိ-ဟု(သာမန်) မိန့်ဆိုလျှင် အစီအရင်သုံးပါးလုံးဖြင့်လည်း (ဝါ-ဩသာရဏ၊ ကထန၊ သရဘည-သုံးပါးဖြင့်လည်း) ဟောအပ်၏။ ဩသာရေဟိ-ပါဠိကို ပြီးဆုံးအောင် ရွတ်လောဟူ၍ လည်းကောင်း၊ ကတေဟိ၊ အနက်အဓိပ္ပါယ်ကို ပြောပြလောဟူ၍ လည်းကောင်း၊ သရဘညံဘဏာဟိ၊ အသံဖြင့် ရွတ်ဆိုခြင်းကို ရွတ်လောဟူ၍လည်းကောင်း (အထူး) တိုက်တွန်းလျှင် တိုက်တွန်းရာ တခုခုကိုသာ ပြုအပ်၏။

သံဃာ့မထေရ်သည်လည်း မြင့်သောနေရာ၌နေလျက် တောင်းပန်ခြင်းငှါ မရ။ ဆရာတပည့်ဖြစ်၍ နေရာမြင့်၌ နေလျက် ဟောရမည်ဟု ဆိုအံ့။ သရဇ္ဈာယ်ခြင်းကို ဆောက်တည်၍ ဟောအပ်၏။ ရဟန်းငယ်တို့ရှိလျှင် ထို ရဟန်းငယ်တို့အား ဟောမည်ဟု နှလုံးသွင်း၍လည်း ဟောအပ်၏။ မထေရ်သည် မိမိ၏တပည့်တို့ကိုသာ ဟောခိုင်းအံ့၊ သာယာစွာ ဟောတတ်သူတို့ ရှိသော်လည်း မတိုက်တွန်းအံ့၊ အရှင်ဘုရား ... ဤမည်သော ပုဂ္ဂိုလ်ကို ဟောခိုင်းပါရစေဦးဟု လျှောက်အပ်၏။ အခွင့်ပြုအံ့၊ ဆိတ်ဆိတ်သော်လည်း နေအံ့၊ ဟောခိုင်းခြင်းငှါ အပ်၏။ တားမြစ်အံ့၊ မဟောခိုင်းအပ်။

မထေရ်ကြီး မကြွလာမီ တရားနာခြင်းကို အားထုတ်အပ်သည်ဖြစ်အံ့၊ ကြွလာသောအခါ ရပ်ဆိုင်း၍ ပန်ဖွယ်ကိစ္စမရှိ။ ဩသာရဏပြုပြီး၍ (ကိုယ်တိုင်) ကထန ပြောပြလိုသူအား ပန်ကြား၍ လည်းကောင်း၊ မရပ်တန့်မူ၍ လည်းကောင်း ဟောပြအပ်၏။ ကထနဟောပြစဉ် ကြွလာရာ၌လည်း ဧသေဝနယော။ အနီး၌ နေသူအား ဟောသော ဥပနိသိန္နကထာ၌လည်း သံဃာ့ထေရ်သာလျှင် အစိုးရ၏။ ထို့ကြောင့် ကိုယ်တိုင်လည်း ဟောအပ်၏။ တပါးသော ရဟန်းကိုသော်လည်း ကထန ပြုလောဟု ဆိုအပ်၏။ နေရာမြင့်၌ နေလျက်ကား မဆိုအပ်။ မနုဿာနံ ဘဏာတိ-ဟု (အထူးပြု၍) ဆိုခြင်းငှါကား အပ်၏။

လူတို့သည် မိမိသိကျွမ်းရာရဟန်းကို ရှေးရှုမေးမြန်းကုန်အံ့၊ ထိုရဟန်းသည် မထေရ်ကို ပန်၍ ဟောကြား ဖြေဆိုအပ်၏။ အရှင်ဘုရား ... လူတို့သည် ပြဿနာကိုမေးကြပါသည်ဟု ပန်သောအခါ၊ သံဃာ့ထေရ်သည် “မေးအပ်သူဖြေကြားလော” ဟု ခွင့်ပြုအံ့၊ ဆိတ်ဆိတ်သော်လည်း နေအံ့၊ ဖြေကြားခြင်းငှါ အပ်၏။

ရွာတွင်း အနုမောဒနာတရား ဟောရာ စသည်တို့၌လည်း ဧသေဝနယော။ ကျောင်း၌ လည်းကောင်း၊ ရွာ၌ လည်းကောင်း၊ ငါ့ကို မပန်မူ၍လည်း ဟောကြားရာ၏ဟု ခွင့်ပြုထားအံ့၊ အပ်ခွင့်ရ၏။ နေရာမရွေး ဟောခြင်းငှါ အပ်၏။ သရဇ္ဈာယ်လိုသော ရဟန်းသည်လည်း မထေရ်ကို (ဝါ-မိမိထက် ကြီးသူကို) ပန်အပ်သည်သာတည်း။ တပါးကိုပန်၍ သရဇ္ဈာယ်စဉ် (ထိုထက် ကြီးသော) နောက်တပါးသည် ရောက်လာအံ့၊ တဖန်ပန်ဖွယ်မရှိ။ အပန်းဖြေအံ့ဟု ရပ်ထားစဉ် ရောက်လာအံ့၊ တဖန် သရဇ္ဈာယ်လိုလျှင်လည်း ပန်အပ်၏။

မထေရ်ကြီး မလာမီကပင် အားထုတ်၍ သရဇ္ဈာယ်သူအားလည်း ဧသေဝနယော။ မထေရ်တပါးသည် ငါ့ကိုမပန်မူ၍လည်း အလိုရှိတိုင်း သရဇ္ဈာယ်လောဟု ခွင့်ပြုထားအံ့၊ (ဤသို့ ခွင့်ပြုရာ၌လည်း) အလိုရှိတိုင်း သရဇ္ဈာယ်ခြင်းငှါ အပ်၏။ သို့သော် တပါးသော မထေရ်ကြီး ရောက်လာပြန်သော်ကား ထိုမထေရ်ကြီးကို ပန်၍သာ သရဇ္ဈာယ်အပ်၏။)

(သာဋီ ... အစီအရင်သုံးပါးကား ဩသာရဏ၊ ကထန၊ သရဘည တည်း။ အနက်အဓိပ္ပါယ်ကို ဆိုလို၍ ပါဠိကိုပြီးအောင် ရွတ်ခြင်းသည် သြသာရဏ မည်၏။ ထိုပါဠိ၏ အနက်အဓိပ္ပါယ်ကို ပြောပြခြင်းသည် သရဘည မည်၏။ သရဇ္ဈာယ်ခြင်းကို ဆောက်တည်၍ ဟူသည် သရဇ္ဈာယ်ခြင်းကို ပြုအံ့ဟု စိတ်ကို ဖြစ်စေ၍တည်း။ မနုဿာနံဘဏာတိ ... စသည်၌ မြင့်သော မနေရာ၌ နေလျက်သော်လည်း မနုဿာနံဘဏာတိ-ဟု အထူးပြု၍သာ ဆိုခြင်းငှါ အပ်၏။ အထူးမပြုလျှင် မအပ်။ သရဇ္ဈာယ်လိုသော ဟူသည် အမှတ်မရှိသော နေရာ၌နေ၍ သရဇ္ဈာယ်လိုသော ရဟန်းတည်း။ မထေရ်ကို ဟူသည် အမှတ်မရှိ။ မိမိထက်ကြီးသော ပုဂ္ဂိုလ်ကိုတည်း။ တပါးကိုပန်၍ ဟူသည် ဝုဍ္ဎတရကို ပန်၍တည်း။ နောက်တပါး ရောက်လာအံ့ ဟူသည် ကတောပိ ဝုဍ္ဎတရာ အာဂစ္ဆတိ။)

(ဝိဋီ ... တီဟိပိ ဝိဓိဟိတိဩသာရဏ၊ ကထန၊ သရဘညေဟိ။ အနက်အဓိပ္ပါယ်ကို ဆိုလို၍ လည်းကောင်း၊ ဆိုစေလို၍ လည်းကောင်း၊ ပါဠိကိုပြီးအောင်ရွတ်ခြင်းသည် ဩသာရဏ မည်၏။ ထို၏ အနက်အဓိပ္ပါယ်ကို ပြခြင်းသည် ကထနမည်၏။ ပါဠိသက်သက်ကိုသာ အသံဖြင့်ရွတ်ခြင်းသည် သရဘညမည်၏။ သဇ္ဈာယံ အဓိဋ္ဌဟိတွာတိ သဇ္ဈာယံ ကရောမီတိ စိတ္တံ ဥပ္ပါဒေတွာဩသာရဏပြုပြီး၍ ကထနပြောပြလိုသူ ဟူသည် ကိုယ်တိုင်သာလျှင် ပါဠိကိုရွတ်၍ နောက်၌ အနက်အဓိပ္ပါယ် ပြောပြလိုသူတည်း။)

ဝိနည်းမေးဖြေသမ္မုတိ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့အလယ်၌ မသမုတ်ပဲ ဝိနည်းကိုမေးကုန်၏။ ချစ်သားတို့ ... သံဃာ့အလယ်၌ မသမုတ်ပဲ ဝိနည်းကိုမမေးအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... သံဃာ့အလယ်၌ သမုတ်၍ ဝိနည်းမေးခြင်းငှါ ခွင့်ပြု၏။ ကိုယ်တိုင် သမုတ်အပ်၏။ သူတပါးသည်လည်း သမုတ်အပ်၏။

ဗျတ္တသည် ဉာတ္တိကံဖြင့် သံဃာကို သိစေအပ်၏။ ဝါ-အကျွန်ုပ်သည် ဤမည်သောသူကို ဝိနည်းမေးရာ၏ဟု ကိုယ်တိုင် သမုတ်ခြင်းဖြင့် သိစေအပ်၏။ ဤမည်သောသူသည် ဤမည်သောသူကို ဝိနည်း မေးရာ၏ဟု သူတပါး သမုတ်ခြင်းဖြင့် သိစေအပ်၏။ ထိုအခါ လဇ္ဇီပေသလ ရဟန်းတို့ သံဃာ့အလယ်၌ သမုတ်၍ ဝိနည်းမေးကုန်၏။

ဆဗ္ဗဂ္ဂီတို့သည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်ကုန်၏။ ချစ်သားတို့ ... သံဃာ့အလယ်၌ သမုတ်၍သော်လည်း ပရိသတ်ကိုကြည့်၍ ဝိနည်း မေးခြင်းငှါ ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့အလယ်၌ မသမုတ်ပဲ ဝိနည်းကို ဖြေကုန်၏။ ချစ်သား ... သံဃာ့အလယ်၌ မသမုတ်ပဲ ဝိနည်းကို မဖြေအပ်၊ ဒုက္ကဋ်

ချစ်သား ... သံဃာ့အလယ်၌ သမုတ်၍ ဝိနည်းကို ဖြေခြင်းငှါ ခွင့်ပြု၏။ ကိုယ်တိုင် သမုတ်အပ်၏။ သူတပါးသည်လည်း သမုတ်အပ်၏။ ဗျတ္တသည် ဉာတ္တိကံဖြင့် ....လ... သိစေအပ်၏။ ထိုအခါ လဇ္ဇီပေသလ တို့သည် သံဃာ့အလယ်၌ သမုတ်၍ ဝိနည်းဖြေကုန်၏။ ဆဗ္ဗဂ္ဂီတို့တည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်ကုန်၏။ ချစ်သားတို့ ... သံဃာ့အလယ်၌ သမုတ်၍သော်လည်း ပရိသတ်ကိုကြည့်၍ ပုဂ္ဂိုလ်ကိုနှိုင်းချိန်၍ ဝိနည်း ဖြေခြင်းငှါ ခွင့်ပြု၏။

(မေးလိုသူသည် ပရိသတ်ကိုကြည့်၍ မိမိအား ဘေးရန်မရှိအံ့၊ ဝိနည်းကို မေးအပ်၏။)

ခွင့်တောင်း၍ စောဒနာ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ခွင့်မတောင်းပဲ ရဟန်းကို အာပတ်ဖြင့် စောဒနာကုန်၏။ ချစ်သားတို့ ... ခွင့်မတောင်းပဲ ရဟန်းကို အာပတ်ဖြင့် မစောဒနာအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... ခွင့်တောင်း၍ အာပတ်ဖြင့် စောဒနာခြင်းငှါ ခွင့်ပြု၏။ အရှင်သည် အခွင့်ကိုပြုပါ၊ အကျွန်ုပ်သည် အရှင်ကို ပြောဆိုလိုပါသည်ဟု ခွင့်တောင်းအပ်၏။ လဇ္ဇီပေသလ တို့သည် ဆဗ္ဗဂ္ဂီတို့ကို ခွင့်တောင်း၍ အာပတ်ဖြင့် စောဒနာကုန်၏။ ဆဗ္ဗဂ္ဂီ တို့သည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်ကုန်၏။

ချစ်သားတို့ ... ခွင့်တောင်းပြီးသော်လည်း ပုဂ္ဂိုလ်ကို နှိုင်းချိန်၍ အာပတ်ဖြင့် စောဒနာခြင်းငှါ ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ငါတို့ကို ပေသလတို့ ခွင့်မတောင်းမီဟု ကြိုတင်၍ စင်ကြယ်သော အာပတ်မရှိသော ရဟန်းတို့အား အကြောင်းမဲ့ ခွင့်တောင်းကုန်၏။ ချစ်သားတို့ ... အာပတ်မရှိသော ရဟန်းတို့အား အကြောင်းမဲ့ ခွင့်မတောင်းအပ်၊ ဒုက္ကဋ်။ ချစ်သား ... ပုဂ္ဂိုလ်ကိုနှိုင်းချိန်၍ ခွင့်တောင်းခြင်းငှါ ခွင့်ပြု၏။

[ခွင့်တောင်းပြီးသော်လည်း ပုဂ္ဂိုလ်ကို နှိုင်းချိန်၍-ဟူသည် ငါအား ဤပုဂ္ဂိုလ်မှ ဘေးရန်ရှိမည်လော၊ မရှိမည်လောဟု စူးစမ်း၍တည်း။ ပုဂ္ဂိုလ်ကို နှိုင်းချိန်၍ ခွင့်တောင်းခြင်းငှါ-ဟူသည် ဟုတ်မှန်သော အာပတ်ကို ဆိုသလော၊ မဟုတ်မှန်သော အာပတ်ကို ဆိုသလောဟု စူးစမ်း၍ အခွင့်ကို ပြုခြင်းငှါ ခွင့်ပြု၏။]

တား၍မရလျှင် ဒိဋ္ဌာဝိကမ္မ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့ အလယ်၌ အဓမ္မကံကိုပြုကုန်၏။ ချစ်သားတို့ ... အဓမ္မကံကိုမပြုအပ်၊ ဒုက္ကဋ်အဓမ္မကံကို ပြုကုန်သည်သာတည်း၊ ချစ်သားတို့ ... အဓမ္မကံကိုပြုလျှင် တားခြင်းငှါ ခွင့်ပြု၏။ လဇ္ဇီပေသလ တို့သည် ဆဗ္ဗဂ္ဂီတို့ အဓမ္မကံပြုသောအခါ တားကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်ကုန်၏။

ချစ်သားတို့ ... အယူကိုသော်လည်း ထင်စွာပြုခြင်းငှါ ခွင့်ပြု၏။ ထိုရဟန်းတို့၏ အထံ၌သာလျှင် အယူကို ထင်စွာပြုကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် ခြိမ်းခြောက်ကုန်၏။ ချစ်သားတို့ ... လေးပါး ငါးပါးတို့သည် တားခြင်းငှါ၊ နှစ်ပါး သုံးပါးတို့သည် အယူကို ထင်စွာပြုခြင်းငှါ (ဝါ-တပါးပါးထံ ငါမနှစ်သက်ဟု ထင်စွာ ဆိုခြင်းငှါ) တပါးသည် “နမေတံ ခမတိ-ဤကံကို ငါမနှစ်သက်” ဟု ဆောက်တည်ခြင်းငှါ ခွင့်ပြု၏။

[အဓမ္မကမ္မံ ဝုတ္တနယမေဝပဋိက္ကောသိတုန္တိဝါရေတုံ၊ တားခြင်းငှါ။ ဒိဋ္ဌိမ္ပိအာဝိကာတုံ ဟူသည်၊ ဤကံသည် အဓမ္မကံ ဖြစ်သည်၊ ငါမနှစ်သက်ဟု ရဟန်းတပါး၏ အထံ၌ မိမိအယူကို ပြခြင်းငှါတည်း။ လေးပါး ငါးပါးကို ဘေးရန်မဖြစ်စိမ့်သောငှါ ဆိုသည်။]

တိုးတိုးပါတိမောက် မပြအပ်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့ အလယ်၌ ပါတိမောက်ကို ပြသောအခါ အားထုတ်၍ မကြားအောင် ပြကုန်၏။ (ဝါ-တိုးတိုးပြကုန်၏။) ချစ်သားတို့ … ပါတိမောက်ပြသူလည် အားထုတ်၍ မကြားအောင် မပြအပ်။ ဒုက္ကဋ်။ ထိုအခါ ရှင်ဥဒါယီသည် သံဃာအား ပါတိမောက် ပြသူဖြစ်၏။ ကာကဿရက ကျီးသံရှိသူဖြစ်၏။ ပါတိမောက်ကို မကြားအောင် မပြုအပ်ဟု ပညတ်သည်။ ငါသည်ကျီးသံ ရှိ၏။ အဘယ်သို့ ကျင့်ရမည်နည်းဟု အကြံဖြစ်၍ လျှောက်၏။ ချစ်သား ... ပါတိမောက်ပြသူသည် အဘယ်သို့လျှင် ကြားစေရပါအံ့နည်း ဟု အားထုတ်ခြင်းငှါ ခွင့်ပြု၏။ အားထုတ်သူအား အနာပတ္တိ

[အားထုတ်၍ မကြားအောင် ပြုကုန်၏ ဟူသည် ကြားနိုင်ကြအောင် ဆိုမည်ဟု အားထုတ်၍ တိုးတိုး ရွတ်ဆိုကုန်၏။]

လူရှိရာ၌ ပါတိမောက် မပြအပ်

ထိုအခါ ရှင်ဒေဝဒတ်သည် လူနှင့်တကွသော ပရိသတ်၌ ပါတိမောက်ကို ပြ၏။ ချစ်သားတို့ … လူနှင့် တကွသော ပရိသတ်၌ ပါတိမောက်ကို မပြအပ်။ ဒုက္ကဋ်

(ဝဇ္ဇနီယ နှစ်ကျိပ်တယောက်တို့တွင် ဥက္ခိတ္တက သုံးယောက်ရှိရာ၌ ပါတိမောက်ပြလျှင် ပါစိတ်။ ကြွင်း ၁၈- ယောက်ရှိရာ၌ ဒုက္ကဋ်၊ နောက်၌ စုံလင်လတ္တံ့။)

ပါတိမောက်နှင့်စပ်သူ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့အလယ်၌ မတိုက်တွန်းအပ်ပဲ ပါတိမောက် ပြကုန်၏။ ချစ်သားတို့ ... သံဃာ့ အလယ်၌ မတိုက်တွန်းအပ်ပဲ ပါတိမောက်မပြအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... ထေရာဓိကံ- မထေရ်ကြီးများနှင့် စပ်သော ပါတိမောက်ကို ခွင့်ပြု၏။ အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ ကြွ၍ စောဒနာဝတ္ထုမြို့သို့ ရောက်၏။ ထိုအခါ တခုသော အာဝါသ၌ ရဟန်းများစွာ နေကုန်၏။

ထို၌ မထေရ် ကြီးသည် ဗာလ၊ အဗျတ္တ ဖြစ်၏။ ဥပုသ် (နှစ်ပါး၊ ကိုးပါး) ကိုမသိ၊ ဥပုသ်ကံ (လေးပါး) ကို၊ ပါတိမောက် (နှစ်ပါး)ကို၊ ပါတိမောက်ပြခြင်း (ကိုးပါး) ကို မသိ။ ထိုအခါ ရဟန်းတို့အား ဤသို့ အကြံဖြစ်၏။ သေရာဓိကံ ပါတိမောက္ခံ ဟု ပညတ်သည်။ ဤငါတို့၏ မထေရ်ကြီးသည်လည်း ဘာမျှ မသိ၊ အဘယ်သို့ ကျင့်ရပါအံ့နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... အကြင်ရဟန်းသည် ထိုအာဝါသ၌ ဗျတ္တပဋိဗလနှင့် စပ်သော ပါတိမောက်ကို ခွင့်ပြု၏။

(ထေရာဓိကန္တိထေရာဓိကံ၊ ထေရာယတ္တံဘဝတုန္တိအတ္ထော - မထေရ်ကြီးနှင့် စပ်သော ပါပါမောက် ဖြစ်ခြင်းငှါ ဟူလို။ ထေရာဓေယျံ-ဟူ၍လည်း ပါဌ်ရှိ၏။ ထို့ကြောင့် မထေရ်ကြီးသည် ကိုယ်တိုင်းလည်း ပြအပ်၏။ သူတပါးကို သော်လည်း တိုက်တွန်းအပ်၏၊ တိုက်တွန်းပုံလည်း ဓမ္မဇ္ဈေသန၌ ဆိုပြီးသော နည်းရှိပြီ။ ဥပုသ်ကိုမသိ စသည်၌ စာတုဒ္ဒသိက၊ ပန္နရသိက အပြားဖြင့် နှစ်ပါး၊ သံဃဥပုသ် စသည်အပြားဖြင့် ကိုးပါး၊ ဤသို့ ဥပုသ်ကိုသိ။ အဓမ္မဝဂ္ဂ စသော လေးပါးသော ဥပုသ်ကံကို။ ဘိက္ခု၊ ဘိက္ခုနီစွမ်းဖြင့် နှစ်ပါးသော ပါတိမောက်ကို။ ဥဒ္ဒေသငါးပါး၊ လေးပါးစွမ်းဖြင့် ကိုးပါးသော ပါတိမောက်ကို မသိ။ ငယ်သော်လည်း ဗျတ္တအား ပါတိမောက် ပြခြင်းကို ခွင့်ပြုရာ၌ အဓိပ္ပါယ်ကား = မထေရ်ကြီးအား အယုတ်ဆုံး နှစ်ဥဒ္ဒေသမျှ သန့်ရှင်းစွာ နှုတ်တက်လျှင် ပါတိမောက်ပြခြင်းသည် မထေရ်ကြီးနှင့်သာ စပ်၏။ နှစ်ဥဒ္ဒေသမျှ သန့်ရှင်းစွာ မတက်နိုင်လျှင် ဗျက္က ရဟန်းအား စပ်သော ပါတိမောက်ပြခြင်း ဖြစ်၏။

(ဇီဋီ ... ထေရာဓေယျ ဟု ဟော၍လည်း နောက်၌ အထူးမပြုပဲ ဗျတ္တဓေယျကို ဟောသောကြောင့် ဘန္တေဟူသော စကားသည် မထေရ်ကြီးအားလည်း ရှိခြင်း ထင်ရှား၏။

သာဋီ .... စောဒနာဝတ္ထု၊ နာမဧကံနဂရံ
ကိုးပါးသောဥပုသ်ကား ...
သံဃံ၊ ဂဏ၊ ပုဂ္ဂလ ဟု ကာရကစွမ်းဖြင့်သုံးပါး၊
သုတ္တုဒ္ဒေသ၊ ပါရိသုဒ္ဓိ၊ အဓိဋ္ဌာန် ဟု ကတ္တဗ္ဗာကာရစွမ်းဖြင့် သုံးပါး၊
စာတုဒ္ဒသီ၊ ပန္နရသီ၊ သာမဂ္ဂီ ဟု ဒိဝသစွမ်းဖြင့် သုံးပါးဖြစ်၏။

ဥပုသ်ကံသည် အဓမ္မဝဂ္ဂ၊ အဓမ္မသမဂ္ဂ၊ ဓမ္မဝဂ္ဂ၊ ဓမ္မသမဂ္ဂ ဟု လေးပါးဖြစ်၏။
ဘိက္ခုပါတိမောက်၊ ဘိက္ခုနီပါတိမောက်ဟု နှစ်ပါးဖြစ်၏။
ဘိက္ခုတို့အား ငါးဥဒ္ဒေသ၊ ဘိက္ခုနီတို့အား အနိယတချန်၍ လေးဥဒ္ဒေသဟု ပြခြင်း ကိုးပါးဖြစ်၏။

ဝိဋီ … သာဋီထက် မထူး။)

နေ့ချင်းပြန်

ထိုအခါ တခုသောအာဝါသ၌ ဥပုသ်နေ့၌ ရဟန်းများစွာနေကုန်၏။ ဗာလအဗျတ္တဖြစ်ကုန်၏။ ဥပုသ်၊ ဥပုသ်ကံ၊ ပါတိမောက်၊ ပါတိမောက်ပြခြင်းတို့ကို မသိကုန်။ ထိုရဟန်းတို့သည် မထေရ်ကြီးကို ပါတိမောက်ပြပါဟု တိုက်တွန်းကုန်၏။ ငါ့ရှင်တို့ ... ငါမရဟုဆို၏။ ဒုတိယမထေရ်ကို တိုက်တွန်းလည်း ငါမရဟုဆို၏။ တတိယ မထေရ်မှစ၍ သံဃာအငယ်ဆုံး တိုင်အောင် တိုက်တွန်းလည်း ငါမရဟုဆို၏။

ချစ်သားတို့ ... တခုသော အာဝါသ၌ ဥပုသ်နေ့၌ ရဟန်းများစွာနေကုန်၏။ ဗာလအဗျတ္တ ဖြစ်ကုန်၏။ ....လ.... အငယ်ဆုံး တိုင်အောင်တိုက်တွန်းလည်း ငါမရဟု ဆို၏။ ချစ်သားတို့ ... ထိုရဟန်းတို့သည် ရဟန်းတပါးကို အနီးကျောင်းသို့ ဖြစ်စေ၊ ပါတိမောက်သင်၍ ပြန်လာလောဟု စေလွှတ်အပ်၏။

အဘယ်သူသည် စေလွှတ်အပ်သနည်းဟု လျောက်ကုန်၏။ ချစ်သားတို့ ... မထေရ်ကြီးသည် သီတင်းငယ်ကို စေလွှတ်ခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီးစေလွတ်သော သီတင်းငယ်တို့သည် မသွားကုန်၊ ချစ်သားတို့ ... မထေရ်ကြီး စေလွတ်သော ကျန်းမာသော ရဟန်းသည် မသွားပဲ မနေအပ်၊ ဒုက္ကဋ်

ထို့နောက် မြတ်စွာဘုရားသည် စောဒနာဝတ္ထုမြို့မှ တဖန် ရာဇဂြိုဟ်သို့ ပြန်လာ၏။

(သမန္တာအာဝါသာတိ သမန္တံ အာဝါသံ၊ အနီးကျောင်းသို့။ သဇ္ဈကန္တိတဒဟော အာဂမနတ္ထာယ၊ ထိုနေ့၌သာ ပြန်လာခြင်းငှါ၊ သီတင်းငယ်ကို စေလွတ်ခြင်းငှါ-၌ သင်ယူနိုင်သောသီတင်းငယ်ကို စေလွှတ်အပ်၏။ ဗာလကို မစေလွှတ်အပ်။)

(ဇီဋီ ... ဂစ္ဆာဝုသော သံခိပိတ္တေနဝါ ဝိတ္ထာရေနဝါတိ ဝစနတော အသတိပိ အန္တရာယေ ထာမံ ပမာဏန္တိ သိဒ္ဓံ ဟောတိ။ အကျဉ်းဖြစ်စေ အကျယ်ဖြစ်စေ-ဟု ဟောသောကြောင့် အန္တရာယ်မရှိသော်လည်း ထာမံ ပမာဏံ-အားစွမ်းသည် ပမာဏဖြစ်၏ဟု ထင်ရှား၏။)

မသိခြင်းများ

ထိုအခါ လူတို့သည် ဆွမ်းခံကြွသော ရဟန်းတို့ကို “ကတိမိဘန္တေ ပက္ခဿ” ပက္ခ၏ အဘယ်မျှ တိထီပြည့်ပြီနည်း။ (ဝါ- ယနေ့ အဘယ်ရက်ပါနည်းဟု မေးကုန်၏။ ငါတို့မသိဟုဆိုကုန်၏။ ရဟန်းတို့ ဖြစ်လျက် ပက္ခ၏အရေအတွက် ရက်မျှမသိ။ တပါးသော ကောင်းမှုကို အဘယ်မှာ သိကုန်အံ့နည်းဟု လူတို့ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ပက္ခ၏ အရေအတွက်ကို သင်ယူခြင်းငှါခွင့်ပြု၏။ အဘယ်သူသည် သင်ယူအပ်ပါသနည်း ဟု လျှောက်ကုန်၏။ ချစ်သားတို့ … အလုံးစုံသော ရဟန်းတို့သည်သာလျှင် ပက္ခ၏ အရေအတွက်ကို သင်ယူခြင်းငှါ ခွင့်ပြု၏။

လူတို့သည် ဆွမ်းခံကြွသော ရဟန်းတို့ကို “ကိံ ဝတိကာဘန္တေ ဘိက္ခူ” ရဟန်းများ အဘယ်မျှရှိပါသနည်းဟု မေးကုန်၏။ ငါတို့မသိဟု ဆိုကုန်၏။ ရဟန်းတို့ဖြစ်လျက် အချင်းချင်းမျှ မသိကုန်။ တပါးသောကောင်းမှုကို အဘယ်မှာ သိကုန်အံ့နည်းဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ရဟန်းတို့ကို ရေတွက်ခြင်းငှါ ခွင့်ပြု၏။ အဘယ်အခါ ရေတွက်အပ်ပါသနည်း ဟုလျှောက်ကုန်၏။ ချစ်သားတို့ .... ဥပုသ်နေ့၌ ဂဏစဉ်ဖြင့် ရေတွက်ခြင်းငှါ လည်းကောင်း၊ စာရေးတံကို ရေတွက်ခြင်းငှါလည်းကောင်း ခွင့်ပြု၏။

ရဟန်းတို့သည် ယနေ့ ဥပုသ်နေ့ဟု မသိကြသဖြင့် အရပ်ဝေးသို့ဆွမ်းခံကြွကုန်၏။ ထိုရဟန်းတို့သည် ပါတိမောက် ပြစဉ်လည်းကောင်း၊ ပြပြီးမှလည်းကောင်း ရောက်ကုန်၏။ ချစ်သား ... ယနေ့ ဥပုသ်နေ့ဟု ပြောကြားခြင်းငှါ ခွင့်ပြု၏။ အဘယ်သူသည် ပြောကြားအပ်ပါသနည်းဟု လျှောက်ကုန်၏။ ချစ်သားတို့ ... မထေရ်ကြီးသည် နံနက် စောစော၌ ပြောကြားခြင်းငှါ ခွင့်ပြု၏။ ထိုအခါ မထေရ်ကြီးသည် နံနက်၌ သတိမရ၊ ချစ်သားတို့ ... ဘတ္တကာလ-ဆွမ်းကာလ၌လည်း ပြောကြားခြင်းငှါ ခွင့်ပြု၏။

[ကတိနံ ပူရဏီတိကတိမိ - အဘယ်တိထီတို့၏ ပြည့်ကြောင်းနည်း။ ကာလဝတောတိ ကာလဿေဝ၊ ပဂေဝါတိအတ္ထော - နံနက်စောစော ဟူလို။ သတိရသောအခါ-ဟူသည်၌ ညချမ်း၌သော်လည်း ယနေ့ ဥပုသ်နေ့ ဖြစ်သည်။ နှလုံးသွင်းကြလောဟု ပြောကြားခြင်းငှါ အပ်၏။]

(သာဋီ .... နှလုံးသွင်းကြလော-ဟူသည် မှတ်သားကြလောတည်း။

ဝိဋီ ... ကတိမိကို တိတ္ထိသဒ္ဒါကိုငဲ့သော ဣတ္ထိလိင်ဟု မှတ်အပ်၏။)

ပုဗ္ဗကရဏ လေးပါး

ထိုအခါ တခုသော အာဝါသ၌ ဥပုသ်အိမ်သည် အမှိုက်များ၏၊ အဘယ်ကြောင့် တံမြက်မလှည်းကြ သနည်းဟု အာဂန္တုတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဥပုသ်အိမ်ကို တံမြက် လှည်းခြင်းငှါခွင့်ပြု၏။ အဘယ်သူ လှည်းအပ်ပါသနည်း။ ချစ်သား ... မထေရ်ကြီးသည် သီတင်းငယ်ကို စေခိုင်းခြင်းငှါ ခွင့်ပြု၏။ စေခိုင်းသော် လည်း မလှည်းကုန်။ ချစ်သားတို့ ... မထေရ်ကြီးစေခိုင်းလျှင် ကျန်းမာသူသည် တံမြက်မလှည်းပဲ မနေအပ်၊ ဒုက္ကဋ်

ဥပုသ်အိမ်၌ နေရာ မခင်းကုန်။ ရဟန်းတို့သည် မြေ၌ထိုင်ကုန်၏။ ကိုယ်နှင့် သင်္ကန်း မြေမှုန့် ကပ်ငြိကုန်၏။ ချစ်သားတို့ ... ဥပုသ်အိမ်၌ နေရာခင်းခြင်းငှါ ခွင့်ပြု၏။ အဘယ်သူ...။ ချစ်သားတို့ ... မထေရ်ကြီးသည် သီတင်းငယ်ကို စေခိုင်းခြင်းငှါ ခွင့်ပြု၏။ မခင်းကုန်။ ချစ်သားတို့ ... မထေရ်ကြီးစေခိုင်းလျှင် ကျန်းမာသူသည် နေရာမခင်းပဲ မနေအပ်။ ဒုက္ကဋ်

ဥပုသ်အိမ်၌ မီးမရှိ၊ ရဟန်းတို့သည် အမိုက်မှောင်၌ ကိုယ်ကို သင်္ကန်းကို နင်းမိကုန်၏။ ချစ်သားတို့ ... ဥပုသ်အိမ်၌ မီးထွန်းခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီးသည် သီတင်းငယ်ကို စေခိုင်းခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီး စေခိုင်းလျှင် ကျန်းမာသူသည် မီးမထွန်းပဲ မနေအပ်။ ဒုက္ကဋ်

တခုသောအာဝါသ၌ အာဝါသိကတို့သည် သောက်ရေ၊ သုံးရေကို မတည်ထားကုန်။ အာဂန္တုတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... သောက်ရေကို သုံးရေကို တည်ထားခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီး စေခိုင်းလျှင် ကျန်းမာသူသည် မတည်ထားပဲ မနေအပ်၊ ဒုက္ကဋ်

[သီတင်းငယ်ကိုစေခိုင်းရာ၌ တစုံတခု အမှုပြုသူ၊ အမြဲတပါးတည်း နေသူ၊ သံဃာ့ဝန်ဆောင်သူ၊ ဓမ္မကထိက စသော ဂုဏ်ထူးရှိသူကို တံမြက်လှည်းခြင်း စသည် အလို့ငှါ မစေခိုင်းအပ်။ ကြွင်းသော ရဟန်းတို့ကိုကား အလှည့်ဖြင့် စေခိုင်းအပ်ကုန်၏။ စေခိုင်းအပ်သူသည် တံမြက်ကို အခိုက်အတန့်မျှ မရအံ့။ သစ်ခက်ချိုးကို ကပ္ပိစေ၍ တံမြက်လှည်းအပ်၏။ ထိုမျှ မရလျှင် အပ်ခွင့်ရ၏။

ဥပုသ်အိမ်၌ အခင်းမရှိလျှင် သံဃိကကျောင်းမှသော်လည်း ယူခင်း၍ ပြန်ထားအပ်၏။ မရှိလျှင် ဖျာကြမ်း ကပိုင်တို့ကိုသော်လည်း ခင်းအပ်၏။ မရှိလျှင် သစ်ခက်ချိုးကိုစေ၍ ခင်းအပ်၏။ ကပ္ပိယကာရကကို မရလျှင် အပ်ခွင့်ရ၏။

မီးထွန်းခိုင်းသောအခါ ဤမည်သော နေရာ၌ ဆီ၊ မီးစာ၊ မီးခွက် ရှိသည် ယူ၍ထွန်းလောဟု ခိုင်းအပ်၏။ မရှိလျှင် ရှာအပ်၏။ ရှာ၍မရလျှင် အပ်ခွင့်ရ၏။ တနည်း-မီးအိုးကင်း၌ မီးသော်လည်း တောက်စေအပ်၏။]

အဗျတ္တဒုက္ကဋ်များ

ထိုအခါ များစ္စာသော ဗာလအဗျတ္တရဟန်းတို့သည် အရပ်တပါး ခရီးသွားကုန်၏။ ဆရာဥပဇ္ဈာယ်တို့ကို မပန်ကုန်။ ချစ်သားတို့ ... ဤသာသနာ၌ ဗာလအဗျတ္တရဟန်းတို့သည် ခရီးသွားကုန်အံ့၊ ဆရာဥပဇ္ဈာယ်တို့ကို မပန်ကုန်အံ့၊ ချစ်သားတို့ ... ထိုဆရာဥပဇ္ဈာယ်တို့သည် အဘယ်သို့ သွားကုန်အံ့နည်း အဘယ်သူနှင့် သွားကုန်အံ့နည်းဟု မေအပ်ကုန်၏။
ချစ်သားတို့ .... ထို ဗာလအဗျတ္တရဟန်းတို့သည် တပါးသော ဗာလအဗျတ္တ ရဟန်းတို့ကို ညွှန်းပြကုန်အံ့၊ ချစ်သား ... ဆရာဥပဇ္ဈာယ်တို့သည် ခွင့်မပြုအပ်ကုန်။ ခွင့်ပြုကုန်အံ့၊ ဒုက္ကဋ်

ချစ်သားတို့ ... ထိုဗာလအဗျတ္တတို့သည်လည်း ဆရာဥပဇ္ဈာယ်တို့ ခွင့်မပြုပဲ သွားကုန်အံ့၊ ဒုက္ကဋ်။ ချစ်သားတို့ ... ဤ သာသနာ၌ တခုသောအာဝါသ၌ ရဟန်းများစွာနေကုန်အံ့၊ ဗာလအဗျတ္တဖြစ်ကုန်အံ့၊ ဥပုသ်၊ ဥပုသ်ကံ၊ ပါတိမောက်၊ ပါတိမောက်ပြခြင်းကို မသိကုန်အံ့၊ ထိုအာဝါသသို့ တပါးသော ဗဟုသုတ၊ ဝိနည်းဓိုရ်၊ ဗျတ္တ၊ လဇ္ဇီသည် ရောက်လာအံ့၊ ထိုအာဝါသိကတို့သည် ထိုရဟန်းကို ချီးမြှောက်အပ်၏။ ဖိတ်အပ်၏။ ရေချိုး ကသယ်မှုန့် မြေညက် ဒန်ပူ မျက်နှာသစ်ရေဖြင့် လုပ်ကျွေးအပ်၏။ မချီးမြှောက်၊ မပင့်ဖိတ်၊ မလုပ်ကျွေးကုန်အံ့၊ ဒုက္ကဋ်

ချစ်သားတို့ .... ဤသာသနာ၌ တခုသောအာဝါသ၌ ဥပုသ်နေ့၌ ရဟန်းများစွာ ...လ.... မသိကုန်အံ့၊ ထို ရဟန်းတို့သည် ရဟန်းတပါးကို အနီး ကျောင်းသို့ နေ့ချင်းပြန် စေလွှတ်အပ်၏။ ငါ့ရှင်-သွားချေ၊ အကျဉ်းဖြစ်စေ။ အကျယ်ဖြစ်စေ၊ ပါတိမောက်သင်၍ ပြန်လာလောဟု စေလွှတ်အပ်၏၊ စေလွတ်၍ရလျှင် အပြစ်မရှိ၊ မရငြားအံ့၊ ချစ်သား ... ထိုရဟန်းတို့သည် ဥပုသ်စသည်ကို သိသောရဟန်းတို့နေရာ အာဝါသသို့ တပါးမကျန် သွားအပ်၏။ မသွားကုန်အံ့၊ ဒုက္ကဋ်

ချစ်သားတို့ ... ဤသာသနာတော်၌ တခုသော အာဝါသ၌ ရဟန်းများစွာ ဝါဆိုလျက်ရှိကုန်အံ့၊ ဗာလအဗျတ္တ …..လ... မသိကုန်အံ့၊ ထိုရဟန်းတို့သည် ရဟန်းတပါးကို အနီးကျောင်းသို့ နေ့ချင်းပြန် ....လ... မရငြားအံ့၊ ခုနစ်ရက်အတွင်း ပြန်စေလွှတ်အပ်၏။ မရငြားအံ့၊ ချစ်သား ... ထိုရဟန်းတို့သည် ထိုအာဝါသ၌ ဝါတွင်း မနေအပ်။ နေကုန်ငြားအံ့၊ ဒုက္ကဋ်

ချီးမြှောက်အပ်၏-ဟူသည် အရှင်ဘုရား ကြွလာခြင်းသည် ကောင်း၏။ ဤအရပ်၌ ဆွမ်းကွမ်းပြည့်စုံပါသည်၊ မပျင်းမရိနေတော်မူပါဟု ချစ်ဖွယ်စကားဖြင့် ချီးမြှောက်အပ်၏။ ဖန်ဖန်ပြု၍ ချီးမြောက်အပ်၏။ ကောင်းပြီ နေမည်ဟုဆိုသည့်တိုင်အောင် ပင့်ဖိတ်အပ်၏။ တနည်း - ပစ္စည်းလေးပါးဖြင့် ချီးမြှောက်အပ်၏။ ဖန်ဖန် ချီးမြှောက်အပ်၏။ ချစ်ဖွယ်စကားဖြင့် ပင့်ဖိတ်အပ်၏။ နားချမ်းသာအောင် ပြောဆိုအပ်၏ဟူလို။ ရေချိုး ကသယ်မှုန့် စသဖြင့် လုပ်ကျွေးအပ်၏။

ဒုက္ကဋ်ဟူသည် သံဃာအားလုံးပင် ဤသို့ မပြုအံ့၊ ထေရ်ကြီး ထေရ်ငယ်မလွတ် အားလုံး ဒုက္ကဋ်။ အားလုံး အလှည့်ဖြင့် လုပ်ကျွေးအပ်၏။ မိမိ၏အလှည့်၌ မလုပ်ကျွေးသူအား အာပတ်တည်း။ ထိုဝိနည်းဓိုရ် လဇ္ဇီသည်ကား မထေရ်ကြီးတို့၏ လုပ်ကျွေးခြင်းကို မသာယာအပ်။ မသာယာသော်လည်း မထေရ်ကြီး တို့သည် နံနက် ညချမ်း လုပ်ကျွေးရာသို့ လာအပ်၏။ ဝိနည်းဓိုရ်ကား မထေရ်ကြီးတို့၏ လာခြင်းကို သိ၍ ရှေးဦးစွာ မထေရ်ကြီးတို့ထံ ဆည်းကပ်အပ်၏။

ဝိနည်းဓိုရ်အား အတူနေ လုပ်ကျွေးသူရှိအံ့၊ ငါအား အလုပ်အကျွေးရှိသည်၊ သင်တို့ ကြောင့်ကြမဲ့ နေကြပါကုန်ဟု ဆိုအပ်၏။ မရှိအံ့၊ ဝတ်ပြုတတ်သူ တပါးနှစ်ပါးက မထေရ်အား ငါတို့လုပ်ကျွေးမည်၊ အရှင်တို့ ချမ်းသာစွာနေကြပါ”ဟု ဆိုလျှင်လည်း အားလုံးအနာပတ္တိ

တပါးမကျန်သွားအပ်၏ ဟူသည် ဥပုသ်ပြုခြင်းငှါ လခွဲတိုင်း သွားအပ်၏။ ထိုသွားခြင်းကိုလည်း ဥတုဝဿ- ဆောင်း နွေကာလ၌သာ သွားအပ်၏။ ဝါတွင်းကာလ၌ကား ထိုအာဝါသ၌ ဝါတွင်းမနေအပ်။ ပုရိမဝါ၌ ပါတိမောက်ပြုတတ်သူ ကင်းလျက် ဝါမကပ်အပ်။ ဝါကပ်ပြီးမှ ပါတိမောက်ပြတတ်သူ ဖဲအံ့။ ထွက်အံ့၊ သေအံ့၊ တပါးသော ပါတိမောက် ပြတတ်သူရှိလျှင်သာ ပစ္ဆိမဝါ၌ နေခြင်းငှါ အပ်သည်။ မရှိလျှင် အရပ်တပါးသို့ သွားအပ်၏။ မသွားသူတို့အား ဒုက္ကဋ်။ ပစ္ဆိမဝါကပ်ပြီးမှ ဖဲထွက်သေလျှင် မာသဒွယ-ကြွင်းနှစ်လလုံး နေအပ်၏။

(ဇီဋီ ... ဥတုဝဿဟူသည် ဥတုသံဝစ္ဆရဖြစ်သော ဆောင်း၊ နွေ ကာလတည်း။

သာဋီ၊ ဝိဋီ ... ထိုထက်မထူး။)

ပါရိသုဒ္ဓိဆောင်ခြင်း

အခါတပါး မြတ်စွာဘုရားသည် ရဟန်းတို့ကို ချစ်သားတို့ ... စည်းဝေးကြလော၊ သံဃာသည် ဥပုသ်ကံကို ပြုလတ္တံ့ ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူလတ်သော် ရဟန်းတပါးက မြတ်စွာဘုရား၊ ရဟန်းဂိလာန ရှိပါသည်၊ ထိုရဟန်းသည် မလာနိုင်ပါဟုလျှောက်၏။ ချစ်သားတို့ ... ဂိလာနရဟန်းသည် ပါရိသုဒ္ဓိကို ပေးခြင်းငှါ ခွင့်ပြု၏။

ပေးပုံကား ... ထိုဂိလာနရဟန်းသည် ရဟန်းတပါးထံ ချဉ်းကပ်၍ ပခုံး တဘက်စမ္ပယ်တင်၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍ “ပါရိသုဒ္ဓိံ ဒမ္မိ၊ ပါရိသုဒ္ဓိံ မေ ဟရ၊ ပါရိသုဒ္ဓိံ မေ အာရောစေဟိ” ဟု ဆိုအပ်၏။ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ်နှုတ်ဖြင့် သိစေအပ်၏။ သိစေလျှင် ပေးအပ်သော ပါရိသုဒ္ဓိဖြစ်၏။ ကိုယ်ဖြင့် နှုတ်ဖြင့် မသိစေလျှင် ပေးအပ်သော ပါရိသုဒ္ဓိ မဖြစ်၊ ဤသို့ရလျှင် အပြစ်မရှိ။

မရငြားအံ့၊ ချစ်သားတို့ ... ထို ဂိလာနကို ညောင်စောင်း အင်းပျဉ်ဖြင့် သံဃာ့အလယ်သို့ ဆောင်၍ ဥပုသ် ပြုအပ်၏။ အလုပ်အကျွေးတို့က ရောဂါတိုးလိမ့်မည်ဟုဆိုအံ့၊ ဂိလာနကို မရွှေ့အပ်၊ သံဃာသည် ထိုနေရာသို့ သွား၍ ဥပုသ်ပြုအပ်၏။ ချစ်သားတို့ ... ဝဂ္ဂဖြစ်သောသံဃာသည် ဥပုသ်မပြုအပ်၊ ဒုက္ကဋ်

ချစ်သားတို့ ... ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပါရိသုဒ္ဓိကို ပေးလတ်သော်၊ ဝါ-ပေးအပ်သော ပါရိသုဒ္ဓိဖြင့် ထိုအရပ်၌သာလျှင်ဖဲသွားအံ့၊ (ဝါ-သံဃာ့အလယ်သို့ မရောက်ပဲ ထိုမှသာ ဖဲသွားအံ့) တပါးသော ရဟန်းအား ပါရိသုဒ္ဓိ (တဖန် ထပ်၍) ပေးအပ်၏။ လူထွက်အံ့၊ သေအံ့၊ သာမဏေဟုဝန်ခံအံ့၊ သိက္ခာချသူ၊ အန္တိမဝတ္ထု ရောက်သူ၊ ရူးသူ၊ စိတ်ပျံ့လွင့်သူ၊ ဝေဒနာနှိပ်စက်သူ၊ ဥက္ခိတ္တကသုံးယောက်၊ ပဏ္ဍုက်၊ ထေယျသံဝါသက၊ တိတ္ထိယပက္ကန္တက၊ တိရစ္ဆာန်၊ အမိသတ်သူ၊ အဘသတ်သူ၊ ရဟန္တာသတ်သူ၊ ဘိက္ခုနီဖျက်ဆီးသူ၊ သံဃာသင်းခွဲသူ၊ လောဟိတုပ္ပါဒက၊ ဥဘတောဗျည်း ဟု ဝန်ခံအံ့၊ တပါးသောရဟန်းအား ထပ်ပေးအပ်၏။ (ထပ်ပေး-၂၃)

ချစ်သားတို့ ... ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပေးအပ်သော ပါရိသုဒ္ဓိဖြင့် ခရီးအကြား၌ ဖဲသွားအံ့။ .....လ..... ဥဘတောဗျည်းဟု ဝန်ခံအံ့၊ မဆောင်အပ်သော ပါရိသုဒ္ဓိဖြစ်၏။ (မဆောင်-၂၃)။

ချစ်သားတို့ … ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပေးအပ်သော ပါရိသုဒ္ဓိဖြင့် သံဃာသို့ရောက်ပြီးမှ ဖဲသွားအံ့ .....လ..... ဥဘတောဗျည်းဟု ဝန်ခံအံ့၊ ဆောင်အပ်သော ပါရိသုဒ္ဓိဖြစ်၏။(ဆောင်အပ်- ၂၃)။

ချစ်သားတို့ ... ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပေးအပ်သော ပါရိသုဒ္ဓိဖြင့် သံဃာသို့ရောက်ပြီးမှ အိပ်ပျော်၍၊ မေ့၍၊ သမာပတ်ဝင်စား၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ပါရိသုဒ္ဓိ ဖြစ်၏။ ဆောင်သူအား အနာပတ္တိ။ (အနာပတ္တိ-၃)။

ချစ်သားတို့ ... ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပေးအပ်သော ပါရိသုဒ္ဓိဖြင့် သံဃာသို့ရောက်ပြီးမှ အားထုတ်၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ပါရိသုဒ္ဓိ ဖြစ်၏။ ဆောင်သူအား ဒုက္ကဋ်။ (ဒုက္ကဋ်-၁)။

ပါရိသုဒ္ဓိပေးခြင်းကို အမှတ်မရှိ ကိုယ်အင်္ဂါဖြင့် စကားဆိုနိုင်လျှင် နှုတ်ဖြင့်နှစ်ပါးစုံ တတ်နိုင်လျှင် ကိုယ်နှုတ်ဖြင့် သိစေအံ့၊ ပေးအပ်သော ပါရိသုဒ္ဓိဖြစ်၏။ ထိုနေရာသို့သွား၍ ဟူသည်၌ မရွှေ့အပ်သော ဂိလာန အများ ဖြစ်အံ့၊ သံဃာသည် စီတန်း၍ ဂိလာနအားလုံးကို ဟတ္ထပါသ်၌ပြု၍ ဥပုသ်ပြုအပ်၏။ ဝေးလွန်း ဝေးလွန်းသဖြင့် သံဃာမလောက်အံ့၊ ထိုနေ့၌ ဥပုသ်မပြုအပ်။ ဝဂ္ဂဖြစ်လျက် သံဃာသည့် ဥပုသ်မပြုအပ် သည်သာတည်း၊

ထိုအရပ်၌သာလျှင် ဖဲသွားအံ့-ဟူသည် သံဃာ့အလယ်သို့ မရောက်လာပဲ ထိုနေရာမှသာ အရပ်တပါးသို့ ဖဲသွားအံ့တည်း။

သာမဏေဟုဝန်ခံအံ့-ဟူသည် အကျွန်ုပ်သည် သာမဏေတည်းဟု ဝန်ခံ၏။ ဟုတ်မှန်တိုင်းသာ သာမဏေ အဖြစ်ကိုပြောသူတည်း။ ယခု သာမဏေပြုတော့မည်ဟု ဆို၍ သာမဏေဘုံ၌ တည်သူတည်း။ ဧသနယော သဗ္ဗတ္ထသံဃာသို့ရောက်ပြီးမှ ဖဲသွားအံ့ဟူသည် အယုတ်ဆုံး ဥပုသ်ကံအလို့ငှါ စည်းဝေးသော ရဟန်း လေးပါးတို့၏ ဟတ္ထပါသ်သို့ရောက်ပြီးမှ ဖဲသွား၏။ ဧသနယော သဗ္ဗတ္ထ

ဤ၌ ရဟန်းတပါးသည် ရဟန်းအများ၏ ပါရိသုဒ္ဓိကို ဆောင်သော်လည်း အပ်၏။ ခရီးအကြား၌ ရဟန်းတပါးကိုမြင်၍ ဆောင်ခဲ့သော ထိုရဟန်းတို့၏ ပါရိသုဒ္ဓိကိုလည်းကောင်း၊ မိမိ၏ပါရိသုဒ္ဓိကို လည်းကောင်း ပေးလိုက်အံ့၊ ထိုသူ၏ ပါရိသုဒ္ဓိသည်သာ ရောက်သည်။ ထိုရဟန်းတို့၏ ပါရိသုဒ္ဓိသည် ဗိဠာလသင်္ခလိကာမည်၏။ မရောက်။

အိပ်ပျော်၍ မလျှောက်ကြား-ဟူသည် ရောက်လာ၍ အိပ်ပျော်နေ၏။ အသုကေန ဘန္တေ ပါရိသုဒ္ဓိ ဒိန္နာ-ဟု မလျှောက်ကြားမိ။ မလျှောက်ကြားလိုသော စေတနာဖြင့် အားထုတ်၍ မလျှောက်ကြားလျှင် ဒုက္ကဋ်။ ပါရိသုဒ္ဓိကား ရောက်သည်သာ။ စေတနာဖြင့် မဟုတ်ပဲ မလျှောက်မိလျှင် အနာပတ္တိ။ နှစ်ဦးလုံးအားလည်း ဥပုသ်ပြုခြင်းသည် ဖြစ်သည်သာတည်း။]

(ဇီဋီ ... ပါရိသုဒ္ဓိံ ဒမ္မိ ဟု အာပတ်ရှိသူပေးအံ့၊ သမ္ပဇာနမုသာဝါဒ ဖြစ်၏။ ဒမ္မိသည် မိမိ၏ဥပုသ်ကံ ပြီးကြောင်းတည်း။ ဟရ၊ အာရောစေဟိ သည် ဆောင်သူအား အနာရောစနဒုက္ကဋ် လွတ်စေခြင်းငှါတည်း။ ဆန္ဒပေးရာ၌လည်း ဒမ္မိသည် မိမိ၏ စိတ္တသာမဂ္ဂီပြစကားဖြစ်၏။ အကြွင်း တူပြီ။

သမဂ္ဂသံဃာ၌သာ ဆန္ဒပါရိသုဒ္ဓိသည် ရောက်၏။ ဥက္ခိတ္တက စသည်တို့အားသော်လည်း ဆန္ဒပါရိသုဒ္ဓိကို ပေးခြင်းသည် ရောက်၏။ ပကတတ် သညာဖြင့် ပေးခြင်းကြောင့်သာတည်း။ သိလျက် သာမဏေအား ပေးလျှင် မရောက်၊ အာပတ်လည်းသင့်၏။ မသိ၍ပေးလျှင် ရောက်၏။ အာပတ်လည်းမသင့်- စသည်။)

(သာဋီ .... ကိုယ်အင်္ဂါဖြင့် သိစေရာ၌ စိတ်ဖြင့်ကြံ၍ လက်ပယောဂ စသည်ဖြင့် သိစေခြင်းတည်း။ သံဃာမလောက်အံ့-ဟူသည် နှစ်ပါး နှစ်ပါး အကြား ဟတ္ထပါသ်ကိုမစွန့်ပဲ စီတန်း၍ တည်ခြင်းငှါ မတတ်နိုင်ခြင်းတည်း။

ဗိဠာလသင်္ခလိကာ၌ ကေစိတို့အဆိုကား ကြောင်ကို အိမ်တွင်း၌ သံကြိုးဖြင့် ချည်ထားလျှင် အရပ်တပါးသို့ မသွားသကဲ့သို့ ထိုပါရိသုဒ္ဓိလည်း မသွား။ အပရေတို့ အဆိုကား-ကြောင်တကောင်၏ လည်ပင်း၌ လူအများကိုယ်စီ သံကြိုးဖြင့် ချည်လျှင် ထိုကြောင်သွားမှ သံကြိုးအားလုံး သွားသည်။ တပါးသောကြောင် သွားခြင်းဖြင့် ထို သံကြိုးတို့ မသွားသကဲ့သို့၊ ရဟန်းအများ ပေးသော ဆန္ဒပါရိသုဒ္ဓိသည် ထိုရဟန်းသွားမှ သွားသည်၊ တပါးသော ရဟန်းသွားခြင်းဖြင့် မသွားဟူ၏။ အမြတ်တနိုးမမှတ်အပ်။

မှတ်စရာကား - သံကြိုး၏ ပဌမကွင်းသည် ဒုတိယကွင်းသို့ ရောက်၏။ တတိယကွင်းသို့ မရောက်၊ ဤအတူ ဤပါရိသုဒ္ဓိသည်လည်း ပေးသူသည် အကြင်ရဟန်းအား ပေး၏။ ထိုရဟန်းမှ တပါးသောရဟန်းသို့ မရောက်၊ ဤသို့ သင်္ခလိကာနှင့် တူသောကြောင့် ဗိဠာလသင်္ခလိကာဟု ဆိုသည်။ ဗိဠာလသင်္ခလိကာသဒ္ဒါ ကို သံကြိုး ဟူသမျှတို့၏ ဥပလက္ခဏမျှဟု မှတ်အပ်၏။

(ဝိဋီ ... သိစေရာ၌ စိတ်ဖြင့်ကြံ၍ ကာယဝိကာရပြုခြင်းကိုသာ သိစေခြင်းဟု မှတ်အပ်၏။ ပါဠိ၌ အညဿဒါတဗ္ဗာ-ဟူသည် ပါရိသုဒ္ဓိပေးသူသည် တပါးသော ရဟန်းထံ တဖန်ပေးအပ်၏တည်း-ဟု ဟုတ်မှန် တိုင်းသာ သာမဏေအဖြစ်ကို ပြောသူတည်းဟု ဆိုသောကြောင့်၊ အသက် ၂၀-မပြည့်ပဲ ရဟန်းပြုသူ၊ အန္တိမရောက်သူ၊ သိက္ခာချသူ စသည်တို့အား ဘိက္ခုပဋိညာ ရှိသမျှပတ်လုံး ဆောင်သော ဆန္ဒပါရိသုဒ္ဓိလည်း ရောက်၏။ သာမဏေ စသော အဖြစ်ကို ဝန်ခံသည်မှစ၍ မရောက်ဟု ပြအပ်၏။

ပါဠိ၌ သံဃာသို့ ရောက်ပြီးမှ ထွက်၏ ....လ… ပဏ္ဍုက်၊ တိရစ္ဆာန်၊ ဥဘတောဗျည်းဟု ဝန်ခံအံ့၊ ဆောင်အပ်သော ပါရိသုဒ္ဓိ ဖြစ်၏ဟု ဆိုသောကြောင့် ပဏ္ဍုက် စသည်တို့အားလည်း ဘိက္ခု ပဋိညာ ရှိသမျှ ကာလတို့၌ ဆောင်သော ဆန္ဒပါရိသုဒ္ဓိ၏ ရောက်ခြင်းသည် ထင်ရှား၏။ ထို့ကြောင့် ဧသနယောသဗ္ဗတ္ထ ဟု ဆိုသည်။

ရူးသူ စသော သုံးယောက်ကား ပကတတ်ဖြစ်သောကြောင့် ခရီးအကြား၌ ရူးခြင်း စသည်ကိုဝန်ခံသော်လည်း သံဃာသို့ ထိုလူတို့က ရောက်လျှင် ဆန္ဒ စသည် ရောက်၏ဟု မှတ်အပ်၏။

ရဟန်းလေးပါးတို့၏ ဟတ္ထပါသ်သို့ ဟူသောစကားဖြင့် ဂဏ၊ ပုဂ္ဂလတို့ထံ၌ ဆန္ဒပါရိသုဒ္ဓိ၏ မရောက်ခြင်းကို ပြသည်။ ပါဠိ၌ သံဃပ္ပတ္တော-ဟူ၍သာ ဟောသည်။ (ဂဏပ္ပတ္တောဟု မဟော)

ဗိဠာလသင်္ခလိကာ ပါရိသုဒ္ဓိ ဟူသည် ကြောင်လည်ပင်း၌ ဖွဲ့သော သံကြိုးနှင့်တူသော ပါရိသုဒ္ဓိ ဖြစ်၏။ ကြောင်ရောက်မှ သံကြိုးရောက်သကဲ့သို့ ဟူလို။ တနည်း-သံကြိုး၏ ပဌမကွင်းသည် ဒုတိယကွင်းသို့ ရောက်၏။ တတိယကွင်းသို့ မရောက်သကဲ့သို့ဟူလို။ ဗိဠာလသဒ္ဒါသည် မှတ်သားရုံမျှ ဥပလက္ခဏတည်း။)

ဆန္ဒဆောင်ခြင်း

အခါတပါး မြတ်စွာဘုရားသည် ချစ်သားတို့ ... စည်းဝေးလာကြလော၊ သံဃာသည် ကံကို ပြုလတ္တံ့။ ရဟန်းဂိလာန ရှိပါသည်။ မလာနိုင်ပါဘုရား၊ ချစ်သားတို့ .... ဂိလာနရဟန်းသည် ဆန္ဒကို ပေးခြင်းငှါ ခွင့်ပြု၏။ ပေးပုံကား = ထိုလာနသည် ရဟန်းတပါးထံ ....လ.... လက်အုပ်ချီ၍ “ဆန္ဒံ ဒမ္မိ၊ ဆန္ဒံ မေ ဟရ၊ ဆန္ဒံ မေ အာရောစေဟိ” - ဟု ဆိုအပ်၏။ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ်နှုတ်ဖြင့် သိစေလျှင် ပေးအပ်သော ဆန္ဒဖြစ်၏။ ထိုမသိစေလျှင် ပေးအပ်သော ဆန္ဒ မဖြစ်။

ဤသို့ မရငြားအံ့၊ ချစ်သား … ထိုဂိလာနကို ညောင်စောင်း အင်းပျဉ်ဖြင့် သံဃာ့အလယ်သို့ ဆောင်၍ ကံပြုအပ်၏။ ရောဂါတိုးမည်ဟု ဆိုအံ့၊ ဂီလာနကို မရွှေ့အပ်။ သံဃာသည် ထိုနေရာသို့ သွား၍ ကံပြုအပ်၏။ ချစ်သားတို့ ... ဝဂ္ဂ ဖြစ်သော သံဃာသည် ကံကို မပြုအပ်၊ ဒုက္ကဋ်

ချစ်သားတို့ … ဆန္ဒဆောင်သော ရဟန်းသည် ဆန္ဒကို ပေးလတ်သော်၊ ဝါ-ပေးအပ်သောဆန္ဒဖြင့် ထိုအရပ်၌ သာလျှင်ဖဲသွားအံ့၊ ထွက်အံ့၊ …လ.... ဥဘာာဗျည်းဟု ဝန်ခံအံ့၊ တပါးသော ရဟန်းအား ဆန္ဒကို တဖန်ထပ်၍ ပေးအပ်၏။ (ထပ်ပေး ၂၃)။

ခရီးအကြား၌ ဖဲသွားအံ့၊ ဥဘတောဗျည်းဟု ဝန်ခံအံ့၊ မဆောင်အပ်သော ဆန္ဒဖြစ်၏။ (မဆောင် ၂၃)။

သံဃာသို့ ရောက်ပြီးမှ ဖဲသွားအံ့၊ ဥဘတောဗျည်းဟု ဝန်ခံအံ့၊ ဆောင်အပ်သော ဆန္ဒဖြစ်၏။ (ဆောင်အပ်၂၃)။

သံဃာသို့ရောက်ပြီးမှ အိပ်ပျော်၍၊ မေ့၍၊ သမာပတ်ဝင်စား၍ မလျောက်ကြားအံ့၊ ဆောင်အပ်သော ဆန္ဒ ဖြစ်၏။ ဆောင်သူ အနာပတ္တိ။ (အနာပတ္တိ ၃)။

အားထုတ်၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ဆန္ဒ ဖြစ်၏။ ဆောင်သူအား ဒုက္ကဋ်။ (ဒုက္ကဋ် ၁)။

ချစ်သားတို့ ... ဥပုသ်နေ့၌ ပါရိသုဒ္ဓိ ပေးသူသည် ဆန္ဒကိုလည်း ပေးခြင်းငှါ ခွင့်ပြု၏၊ သံဃာ၌ ပြုဖွယ် ကံ၌ (ဝါ-ကံတို့သည်) ရှိကုန်၏။

ဆန္ဒပေးရာ၌လည်း ပါရိသုဒ္ဓိပေးရာ၌ ဆိုပြီးနှင့်တူသော ဝိနိစ္ဆယသာတည်း။ ပါရိသုဒ္ဓိပေးသူသည် ဆန္ဒကိုလည်း ပေးခြင်းငှါ - ဟူသည်၌ ဆန္ဒမပေးပဲ ပါရိသုဒ္ဓိကိုသာပေးအံ့၊ ဥပုသ်ကိုပြုအပ်၏။ တပါးသော သံဃကံကိုမပြုအပ်။ ပါရိသုဒ္ဓိမပေးပဲ ဆန္ဒကိုသာပေးအံ့၊ သံဃာသည် ဥပုသ်ကိုလည်းကောင်း၊ တပါးသော ကံကိုလည်းကောင်း ပြုအပ်၏။ ဆန္ဒပေးသူ၏ ဥပုသ်ကံမပြီး (ထို့ကြောင့် ဥပုသ်နေ့၌ ပါရိသုဒ္ဓိပေးသူသည် ဆန္ဒကိုလည်းပေးအပ်၏)။ တပါးသောမြစ်၌ သိမ်၌ ဥပုသ်အဓိဋ္ဌာန်ပြု၍ လာသူသည်လည်း ငါဥပုသ်ပြုပြီးပြီဟု နေခြင်းငှါမရ၊ သာမဂ္ဂီကိုလည်း ကောင်း၊ ဆန္ဒကိုလည်းကောင်း ပေးအပ်၏။]

(သာဋီ ... သန္တိ သံဃဿ ကရဏီယာနိ ဟု ဆိုအပ်လျက်၊ ဝစန ဝိပလ္လာသဖြင့် ကရဏီယံ-ဟုဆိုသည်။ ပြုဖွယ်ကံတို့သည်-ဟု ဆိုလိုလျက် ပြုဖွယ်ကံသည်ဟု ကေဝုစ်ဆိုသည်ဟူလို။

ဝိဋီ .... အတူတည်း။)

(ကင်္ခါ၌ ဥပုသ်ပြုပြီးသူ၊ ဂိလာန၊ ကိစ္စပ္ပသုတ-သုံးယောက်ကို ဆန္ဒပါရိသုဒ္ဓိပေးရာ၌ ညွှန်ပြ၏။)

ဥပုသ်နေ့လူဖမ်းခြင်း

ထိုအခါ ရဟန်းတပါးကို ဥပုသ်နေ့၌ ဆွေမျိုးတို့သည် ဖမ်းကုန်၏။ ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းကို ဥပုသ်နေ့၌ ဆွေမျိုးတို့ ဖမ်းကုန်အံ့၊ ထိုဆွေမျိုးတို့ကို ဤသို့ ဆိုအပ်၏။ ဒါယကာတို့ … သင်တို့သည် ဤ ရဟန်း ဥပုသ်ပြုပြီးသည်တိုင်အောင် ခေတ္တ လွှတ်ကြလောဟု ဆိုအပ်၏။ ရလျှင်အပြစ်မရှိ။ မရဌားအံ့၊ ဤရဟန်း ပါရိသုဒ္ဓိပေးသည်တိုင်အောင် ခေတ္တတနေရာ၌ နေကြလောဟု ဆိုအပ်၏။ မရငြားအံ့။ သံဃာ ဥပုသ်ကံ ပြုသည်တိုင်အောင် ဤရဟန်းကို သိမ်ပသို့ ခေတ္တဆောင်ကြလောဟု ဆိုအပ်၏။ ရလျှင်အပြစ်မရှိ။ မရငြားအံ့၊ ချစ်သားတို့ ... ဝဂ္ဂ ဖြစ်သောသံဃာသည် ဥပုသ်မပြုအပ်-ဒုက္ကဋ်။ (လေးမျိုး)။

ချစ်သား... ဤသာသနာ၌ ရဟန်းကို ဥပုသ်နေ့၌ မင်းတို့သည်ဖမ်းကုန်အံ့၊ ဤအတူလေးမျိုးစီ။

(ဇီဋီ ... ခေတ္တတနေရာ၌ နေကြလောဟု ဟောသောကြောင့် ဘိက္ခု ကမ္မ-ဟူသမျှသည် လူစသည်တို့ ဟတ္ထပါသ်၌ ရှိလျှင် မအပ်ဟူသော အနက် ဖြစ်၏။)

ဂဂ္ဂနှင့်ဥပုသ်ကံ

အခါတပါး မြတ်စွာဘုရားသည် ချစ်သားတို့ ... စည်းဝေးကြလော။ သံဃာအား ကရဏီယပြုဖွယ်ကိစ္စရှိ၏။ မြတ်စွာဘုရား ဂဂ္ဂမည်သောရဟန်း ဥမ္မတ္တက ရှိပါသည်။ လာမည် မဟုတ်ပါဘုရား၊ ချစ်သားတို့ ... ဥမ္မတ္တက သည် နှစ်မျိုးရှိ၏။ ဥပုသ်ကံ သံဃကံကို ရံခါသတိရ၍ ရံခါသတိမရ၍၊ ရံခါလာ၍ ရံခါမလာသူမျိုး။ အမြဲသတိမရ၍ အမြဲမလာသူတမျိုး-ဤသို့နှစ်မျိုးရှိ၏။

ချစ်သားတို့ ... ထိုနှစ်မျိုးတို့တွင် ရံခါသတိရ၍ ရံခါလာသူ ဥမ္မတ္တကအား ဥမ္မတ္တကသမ္မုတိကို ပေးခြင်းငှါ ခွင့်ပြု၏။ ဗျတ္တပဋိဗလသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် ရံခါသတိရ၍ ရံခါလာသူ ဥမ္မတ္တကဖြစ်သော ဂဂ္ဂရဟန်းအား “လာသော်လည်းကောင်း၊ မလာသော်လည်းကောင်း၊ ဂဂ္ဂနှင့်တကွ လည်းကောင်း၊ ကင်း၍လည်းကောင်း၊ သံဃာသည် ဥပုသ်ကံ သံဃာ့ကံပြုရာ၏” ဟု ဥမ္မတ္တကသမ္မုတိကို ပေးရာ၏။ ဂဂ္ဂနှင့်တကွလည်းကောင်း၊ ကင်း၍လည်းကောင်း ကံကိုပြုလတ္တံ့-ဟု သမ္မုတိကို ပေးပြီဟု သိစေအပ်၏။

[ကဒါ-နသရတိ။ ။ ရံခါသတိမရသူ၊ ဧကန္တံ-နေဝသရတိ-အမြဲ သတိမရသူ - နှစ်ယောက်တို့တွင် အမြဲသတိမရသူအား သမ္မုတိပေးဖွယ်ကိစ္စ မရှိ၊ မလာသော်လည်း ကံကိုမပျက်စေနိုင်။]

(သာဋီ ... တဿ သမ္မုတိဒါနကိစ္စံ နတ္ထိ ဟတ္ထပါသံ အာနေတဗ္ဗော ယေဝါတိ ဂဏ္ဍိပဒေသု ဝုတ္တံ

ဝိဋီ .... ရံခါသတိရသူအားသာ သမ္မုတိကိုပေးခြင်းကို ဟောသောကြောင့် အမြဲသတိမရသူအား သမ္မုတိဒါန ကိစ္စံ နတ္ထိ။ အမြဲသတိမရသူအား သမ္မုတိ မရှိသော်လည်း ထိုသူ၏မလာခြင်းသည် ဂဂ္ဂကအကျိုးငှါမဖြစ်ဟု ဆိုအပ်၏။ ကေစိတို့ကား ထိုသူကိုလည်း ဟတ္ထပါသ်သို့သာ ဆောင်အပ်၏ဟု ဆိုကုန်၏။ မယူအပ်။)

သံဃ၊ ဂဏ၊ ပုဂ္ဂလ

ထိုအခါ တခုသော အာဝါသ၌ ဥပုသ်နေ့၌ ရဟန်းလေးပါးနေကုန်၏။ ဤသို့အကြံဖြစ်၏။ ဥပုသ်ပြုအပ်၏ဟု ပညတ်သည်။ ငါတို့လေးပါး အဘယ်သို့ ပြုအပ်မည်နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... လေးပါးတို့အား ပါတိမောက်ကို ပြခြင်းငှါ (ဝါ---ပါတိမောက်ကို ရွတ်ဆိုခြင်းငှါ) ခွင့်ပြု၏။

တခုသော အာဝါသ၌ သုံးပါးနေကုန်၏။ အကြံဖြစ်၏။ ချစ်သား ... သုံးပါးတို့အား ပါရိသုဒ္ဓိ ဥပုသ်ကိုပြုခြင်းငှါ ခွင့်ပြု၏။

ပြုပုံကား ဗျတ္တပဋိဗလသည် ထိုရဟန်းတို့ကို သိစေအပ်ကန်၏။

ယဒါ ယသ္မန္တာနံ ပတ္တကလ္လံ မယံ အညမညံ ပါရိသုဒ္ဓိ ဥပေါသထံ ကရေယျာမ

ဤသို့ သိစေအပ်ကုန်၏။ မထေရ်ကြီးသည် ပခုံးတဘက်စမ္ပယ်တင်၍ ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ ထိုရဟန်းတို့ကို ဤသို့ဆိုအပ်၏။

ပရိသုဒ္ဓေါ အဟံ အာဝုသော။ ပရိသုဒ္ဓေါတိ မံ ဓာရေထ။ (သုံးကြိမ်) သီတင်းငယ်သည် ပခုံးတဘက် ....လ.... လက်အုပ်ချီ၍

ပရိသုဒ္ဓေါ အဟံ ဘန္တေ။ ပရိသုဒ္ဓေါတိ မံဓာရေထ (သုံးကြိမ်)

တခုသော အာဝါသ၌ နှစ်ပါး နေကုန်၏။ အကြံဖြစ်၏။

ချစ်သားတို့ ... နှစ်ပါးတို့အား ပါရိသုဒ္ဓိဥပုသ်ကိုပြုခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီးသည် ပခုံးတဘက် ... လက်အုပ်ချီ၍ သီတင်းငယ်ကို..

ပရိသုဒ္ဓေါအဟံ အာဝုသော။ ပဝိသုဒ္ဓေါတိ မံ ဓာရေဟိ (သုံးကြိမ်)

သီတင်းငယ်သည် ပခုံးတဖက်... လက်အုပ်ချီ၍ သီတင်းကြီးကို..

ပရိသုဒ္ဓေါ အဟံဘန္တေ၊ ပရိသုဒ္ဓေါတိ မံ ဓာရေထ (သုံးကြိမ်)

တခုသော အာဝါသ၌ ရဟန်းတပါးနေ၏။ အကြံဖြစ်၏။ ချစ်သား ... ဤသာသနာ၌ တခုသောအာဝါသ၌ ဥပုသ်နေ့၌ ရဟန်းတပါးသည် နေအံ့၊ ထိုရဟန်းသည် ရဟန်းတို့သက်ဝင်ရာဇရပ်၊ မဏ္ဍပ်၊ သစ်ပင်ရင်း၌ တံမြက်လှည်း၍ သောက်ရေ သုံးရေတည်ထား၍ နေရာခင်း၍ မီးထွန်း၍ နေအပ်၏။ တပါးသောရဟန်းများ ရောက်လာကုန်အံ့၊ ထိုရဟန်းတို့နှင့် အတူ ဥပုသ်ပြုအပ်၏။ မရောက်လာကုန်အံ့။

အဇ္ဇမေ ဥပေါသထော (ပန္နရသောအဓိဋ္ဌာမိ)

ဤသို့ အဓိဋ္ဌာန်ပြုအပ်၏။ အဓိဋ္ဌာန်မပြုအံ့-ဒုက္ကဋ်။ ချစ်သားတို့ ... လေးပါးနေရာ၌ တပါး၏ ပါရိသုဒ္ဓိကို ဆောင်၍ သုံးပါးပါတိမောက်မပြအပ်၊ ဒုက္ကဋ်။ သုံးပါးနေရာ၌ တပါး၏ ပါရိသုဒ္ဓိကို ဆောင်၍ နှစ်ပါး ပါရိသုဒ္ဓိ မပြုအပ်၊ ဒုက္ကဋ်။ နှစ်ပါးနေရာ၌ တပါး၏ ပါရိသုဒ္ဓိကိုဆောင်၍ တပါး အဓိဋ္ဌာန်မပြုအပ်၊ ဒုက္ကဋ်

[တပါးတည်း အဓိဋ္ဌာန်ဥပုသ်၌ တံမြက်လှည်းခြင်း၊ တံမြက်လှည်းခြင်း၊ သောက်ရေတည်ခြင်း စသည်တို့ကို အဘယ်ကြောင့် ဟောသနည်းဟူမူ၊ ဥပုသ်၏ ပုဗ္ဗကရဏ၊ ပုဗ္ဗကိစ္စ၊ ပတ္တကလ္လ တို့ကိုပြခြင်းငှါတည်း။ ထို့ကြောင့် အဋ္ဌကထာ ဆရာတို့သည် ဤသို့ မိန့်ဆိုကုန်၏။

သမ္မဇ္ဇနီ ပဒီပေါစ၊ ဥဒကံ အာသနေနစ။
ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကရဏန္တိ ဝုစ္စတိ။
ဆန္ဒပါရိသုဒ္ဓိ ဥတုက္ခာနံ၊ ဘိက္ခု ဂဏနာစ ဩဝါဒေါ။
ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကိစ္စန္တိ ဝုစ္စတိ။
ဥပေါသထော ယာဝတိကာစ ဘိက္ခူကမ္မပ္ပတ္တာ။
သဘာဂါ ပတ္တိယောစ နဝိဇ္ဇန္တိ။
ဝဇ္ဇနီယာစ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊ ပတ္တကလ္လန္တိဝုစ္စံတိ။

ဤသို့ ရှေးဦးစွာ လေးပါးကို ပုဗ္ဗကရဏ၊ ထိုနောင်ပြုအပ်သော ငါးပါးကို ပုဗ္ဗကိစ္စ။ နောက်ဆုံး လေးပါးကို ပတ္တကလ္လဟု မိန့်ဆိုကုန်၏။ ထိုရဟန်းတို့နှင့်အတူ-ဟူသည် ထိုရောက်လာသော ရဟန်းတို့နှင့်အတူ ပုဗ္ဗကရဏ စသည်ပြု၍ ဥပုသ်ပြုအပ်၏။ အဇ္ဇမေဥပေါသထော၌ ၁၅-ရက် ဖြစ်အံ့၊ အဇ္ဇမေဥပေါသထော ပန္နရသော-ဟူ၍လည်း အဓိဋ္ဌာန်ပြုခြင်းငှါ အပ်၏။ စာတုဒ္ဒသိက၌လည်း ဧသေဝနယော

(ဇီဋီ ... အာသနေန သဟ ဥဒကန္တိအတ္ထောပန္နရသောဟူ၍လည်း ဟူသည် စာတုဒ္ဒသီကိုပေါင်းသည်။

ဝိဋီ ... သံဃာစည်းဝေးသည်မှ ရှေးဦးစွာပြုအပ်သော အမှုသည် ပုဗ္ဗကရဏမည်၏။ စည်းဝေးပြီးမှ ပြုအပ်သော အမှုသည် ပုဗ္ဗကိစ္စမည်၏။ ပါဠိ၌ အဓိဋ္ဌာန်မပြုအံ့၊ ဒုက္ကဋ်ဟူသည်၌။ အသဉ္စိစ္စ အသတိယာ အနာပတ္တိ။)

(သာဋီ ... သံဃာစည်းဝေးသည်မှ ရှေးဦးစွာပြုအပ်သည်ကို ပုဗ္ဗကရဏဟု ဆိုအပ်၏။ ပုဗ္ဗကရဏမှ နောက်ပြုအပ်သည်ကိုလည်း ဥပုသ်ကံမှ ရှေး၌ပြုအပ်သောကြောင့် ပုဗ္ဗကိစ္စဟုဆိုအပ်၏။ ထိုနှစ်ပါးလုံးကိုပင် ပုဗ္ဗကိစ္စ ဟူ၍သာ အချို့နေရာ၌ ဆိုအပ်၏။ ကိံ သံဃဿ ပုဗ္ဗကိစ္စ စသည်တို့၌ ကဲ့သို့တည်း။

ဥပေါသထော ဟူသည် ဥပုသ်နေ့ သုံးနေ့တို့တွင် တနေ့နေ့တည်း။ ဥပုသ်နေ့ဖြစ်လျှင် သံဃာ၏ဥပုသ်ကံသည် ပတ္တကလ္လ ဖြစ်၏။ ထိုနေ့မဟုတ်လျှင် ပတ္တကလ္လမဖြစ်။ ဥပုသ်နေ့မဟုတ်သောနေ့၌ ဥပုသ်မပြုအပ်ဟု ဟောသည်။

ယာဝတိကာစ ဘိက္ခူ ကမ္မပ္ပတ္တာ ဟူသည် ထိုဥပုသ် ကံအားလျော်သော အယုတ်ဆုံး ပကတတ်လေးပါး တို့တည်း။ ထိုလေးပါးတို့သည်လည်း ဟတ္ထပါသ်မစွန့်ပဲ တသိမ်ထည်း တည်ကြသူတို့ ဖြစ်ကုန်၏။

သဘာဂါပတ္တိယောစ နဝိဇ္ဇန္တိ၌ သံဃာအားလုံး ဝိကာလဘောဇန-စသော သဘောတူဝတ္ထုကြောင့် လဟုကာပတ္တိသို့ ရောက်သည်ကို ဝတ္ထုသဘာဂါပတ္တိဟု ဆိုအပ်၏။ ဤသို့သော သဘာဂါပတ္တိမရှိလျှင် ဝိသဘာဂအာပတ် ရှိသော်လည်း ပတ္တကလ္လကံ ဖြစ်သည်သာတည်း။

ဝဇ္ဇနီယာစပုဂ္ဂလာ တသ္မိံ နဟောန္တိ ဟူသည်၌ နဘိက္ခဝေ သဂဟဋ္ဌာယပရိသာယ ဟူ၍ ဟောသောကြောင့် လည်းကောင်း၊ နဘိက္ခဝေ ဘိက္ခုနိယာ နိသိန္နာယ ပရိသာယ ပါတိမောက္ခံ ဥဒ္ဒိသိတဗ္ဗံ စသည်ဖြင့် ဟောလတ္တံ့ သောကြောင့်လည်းကောင်း၊ လူ၊ ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေ၊ သာမဏေမ၊ သိက္ခာချသူ၊ အန္တိမဝတ္ထု ရောက်သူ (ခုနစ်ယောက်)။

အာပတ်မရှူခြင်းကြောင့်၊ အာပတ်မကုစားခြင်းကြောင့်၊ ယုတ်မာသောအယူ မစွန့်ခြင်းကြောင့် ဥက္ခိတ္တကကံ ပြုခံရသူတို့ (သုံးယောက်)။

ပဏ္ဍုက်၊ ထေယျ သံဝါသက၊ တိတ္ထိယပက္ကန္တက၊ တိရစ္ဆာန်၊ အမိသတ်သူ၊ အဘသတ်သူ၊ ရဟန္တာသတ်သူ၊ ဘိက္ခုနီဖျက်ဆီးသူ၊ သံဃာသင်းခွဲသူ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုသူ၊ ဥဘတောဗျည်း (၁၁- ယောက်)

ဤနှစ်ကျိပ် တယောက်သည် ဝဇ္ဇနီယပုဂ္ဂိုလ်မည်၏။ ဟတ္ထပါသ်မှ အပ ပြု၍ ကြဉ်အပ်သူတို့ ဖြစ်ကုန်၏။ ထိုတွင် ဥက္ခိတ္တက သုံးယောက်ရှိရာ၌ ဥပုသ်ပြုသော သံဃာသည် ပါစိတ်သို့ရောက်၏။ အကြွင်း ၁၈- ယောက် ရှိရာ၌ ဒုက္ကဋ်။ ဤ၌လည်း တိရစ္ဆာန်ဟူသည်၌ ရဟန်းအဖြစ်ပယ်အပ်သော လူအသွင်ရှိသူကိုသာ ဆိုလိုသည်။ တိတ္ထိယတို့ကို ဂဟဋ္ဌဖြင့်ယူ၍ ကြဉ်အပ်ကုန်၏။

ဤသို့ ပတ္တကလ္လကံကို အင်္ဂါလေးပါးဖြင့် ရေတွက်အပ်၏။

အဇ္ဇမေ ဥပေါသထော ပန္နရသောတိပိပိသဒ္ဓါဖြင့် ဥပေါသထော ဟူ၍မျှလည်း ဆိုခြင်းငှါအပ်၏ဟု ပြသည်။ မာတိကာဌကထာ၌ကား .... အဇ္ဇမေ ဥပေါသထော စာတုဒ္ဒသောတိဝါ ပန္နရသောတိဝါ ဝတွာ အဓိဋ္ဌာမီတိ ဝတ္တဗ္ဗံ ဟုဆို၏။ (စိတ်ဖြင့်အဓိဋ္ဌာန်ရုံမဟုတ်၊ နှုတ်မြွက်ရမည် ဟူလို။)

လူ၊ နီ၊ သိက္ခ (၃)။ သာ နှစ်ဝ (၂)။ သိက္ခ၊ အန္တိမာ (၂)၊
မစွန့်၊ မကု။ ပြစ်မရှု။သုံးခု ဥက္ခိတ္တာ (၃)။
ပဏ်၊ ထေ၊ ပက်၊ စ္ဆန် (၄)၊ ပဉ္စာနန် (၅)၊ ဒုသံ၊ ဥဘောပါ (၂)။
ဝဇ္ဇနီယ။ ဧက် ဝီသ။ ထုတ်ပြပါဠိမှာ (၂၁)။
ဥက္ခိတ်သုံးရပ်။ ပါစိတ်မှတ် (၅)၊ ကြွင်းလတ် ဒုက္ကဋာ (၁၈)။

ဥပုသ်နေ့၌အာပတ်

ထိုအခါ ရဟန်းတပါးသည် ဥပုသ်နေ့၌ အာပတ်သို့ ရောက်၏။ အာပတ်ရှိသူ ဥပုသ်မပြုအပ်ဟု ပညတ်သည်။ အဘယ်သို့ ပြုရပါအံ့နည်းဟု အကြံဖြစ်၏။ ချစ်သား ... ဤသာသနာ၌ ရဟန်းသည် ဥပုသ်နေ့၌ အာပတ်သို့ ရောက်အံ့၊ ချစ်သားတို့ ... ထိုရဟန်းသည် ရဟန်းတပါးထံ ချဉ်းကပ်၍ ... ပခုံးတဘက် စမ္ပာယ်တင်၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍ “အဟံ အာဝုသော ဣတ္ထန္နာမံ အာပတ္တိံ အာပန္နော။ တံ ပဋိဒေသေမိ”-ဟု ဆိုအပ်၏။ (ဝါ အမှတ်မရှိ ဘာသာစကားဖြင့် ဒေသနာကြားအပ်၏။)

ထိုရဟန်းသည် ပဿသိ-ဟု မေးအပ်၏။ အာမ ပဿာမိ ဟု ပဋိညာဝန်ခံအပ်၏။ အာယတိံ သံဝရေယျာသိ ဟု ဆိုအပ်၏။ (ဝါ-ပဋိညာတကရဏဝိနည်းကံ-ပဋိညာအတိုင်းပြုအပ်၏။) ချစ်သားတို့ .... ဤသာသနာ၌ ရဟန်းသည် ဥပုသ်နေ့၌ အာပတ်၌ ယုံမှားအံ့။ ထိုရဟန်းသည် ရဟန်းတပါးထံ ....လ... လက်အုပ်ချီ၍ အဟံ အာဝုသော ...လ... ပဋိကရိဿာမိ - အကျွန်ုပ်သည် ဤမည်သော ဤမည်သော အာပတ်၌ ယုံမှား၏။ ယုံမှား ကင်းသောအခါ ကုစားမည်ဟုဆို၍ ဥပုသ်ပြုအပ်၏။ ပါတိမောက်နာအပ်၏။ ထိုအကြောင်းကြောင့် ဥပုသ်၏ အန္တရာယ်ကို မပြုအပ်။

[အာပတ်ရှိသူ ဥပုသ်မပြုအပ်ဟု ပညတ်ခြင်းကို “ယဿသိယာအာပတ္တိ” စသည် ဟောခြင်းဖြင့် လည်းကောင်း၊ ပါရိသုဒ္ဓိပေးခြင်းကို ပညတ်ခြင်းဖြင့် လည်းကောင်း၊ ပါရိသုဒ္ဓိဥပုသ်ကို ပညတ်ခြင်းဖြင့် လည်းကောင်း ပညတ်သည်ဟုသိအပ်၏။ “ဣတ္တန္နာမံ အာပတ္တိံ ကို ထုလ္လစ္စယံ အာပတ္တိံ၊ ပါစိတ္တိယံ အာပတ္တိံ” စသည်ဖြင့် အမည်ကိုယူဆိုအပ်၏။

တံပဋိဒေသေမိ ကို တံတုမှမူလေ၊ တံတုယှမူလေ ပဋိဒေသေမိ ဟု ဆိုလျှင်လည်း သုဝုတ္တ သာတည်း။ (တုမှမူလေ ကို မထေရ်ကြီးထံ၌ ဆိုအပ်၏။ တုမှာကံ+မူလေ ဟူလို။ တုယှမူလေ ကို သီတင်းငယ်ထံ၌ ဆိုအပ်၏။ တုယှံ+မူလေ ဟူလို။)

ပဿသိ ကို ပဿသိ အာဝုသော တံ အာပတ္တိံ၊ ပဿထ ဘန္တေတံ အာပတ္တိံ ဟု ဆိုအပ်၏။ အာမပဿာမိ ကို အာမဘန္တေပဿာမိ။ အာမ အာဝုသောပဿာမိ ဟု ဆိုလျှင်လည်း သုဝုတ္တသာတည်း။ အာယတိံ သံဝရေယျာသိ ၌ သီတင်းကြီးကို အာယတိံ သံဝရေယျာထဟု ဆိုအပ်၏။ ဤသို့ဆိုလျှင် သာဓု သုဋ္ဌု သံဝရိဿာမိ ဟု ဆိုအပ်သည်သာတည်း။

ယုံမှား ကင်းသောအခါ ဟူသည်၌ ယုံမှားကင်းသူ ဖြစ်အံ့တည်း။ ဝတ္ထုကိုပြော၍သော်လည်း ကြားခြင်းငှါ အပ်သည်ဟု အန္ဓကဋ္ဌကထာ၌ဆို၏။ အစီအရင်ကား မိုးအံ့သောအခါဖြစ်၍ ကာလလော၊ ဝိကာလလော ဟု ယုံမှားလျက်စားအံ့၊ ထိုရဟန်းသည် အရှင်ဘုရား အကျွန်ုပ်သည် ယုံမှားလျက် စားမိ၏။ ကာလရှိလျှင် ဒုက္ကဋ်များစွာတို့သို့၊ ကာလမရှိလျှင် ပါစိတ်များစွာတို့သို့ ရောက်ပြီဟု ဝတ္ထုကိုပြော၍ အဟံဘန္တေ ယာတသ္မိံ ဝတ္ထုသ္မိံ သဗ္ဗဟုလာ ဒုက္ကဋာဝါ ပါစိတ္တိယာဝါ အာပတ္တိယော အာပန္နော။ တာ တုမှမူလေပဋိဒေသေမိ-ဟု မှာကြားအပ်၏။ ဧသနယောသဗ္ဗာပတ္တိသု။]

(ဇိဋီ ... ယုံမှားရှိသူသည် “ယုံမှားကင်းသောအခါ ကုစားမည်” ဟု ဆိုပြီးသောအခါ၌ ယုံမှားကင်းသူ မဖြစ်သေး သော်လည်း သဘာဂ အာပတ်ကို ဒေသနာခံခြင်းငှါ ရ၏။ တပါးသောကံတို့ အားလည်း ပရိသုဒ္ဓမည်၏။ တဖန် ယုံမှားကင်းသူဖြစ်လျှင် ဒေသနာကြားအပ်၏။ စသည်။)

သာဋီ ... အာပတ်ရှိသူ ဥပုသ်မပြုအပ်ဟု န ဘိက္ခေ၀ သာပတ္တိကေန စသည်ဖြင့် တိုက်ရိုက်သီးခြား ပညတ်ခြင်းကားမရှိ။ မရှိသော်လည်း ယဿ သိယာအာပတ္တိ သောအာဝိကရေယျ စသည်ကိုဟောခြင်းဖြင့် အနက်အားဖြင့် ပညတ်ပြီးသာဟု အဓိပ္ပါယ်ဖြစ်၏။ ပါရိသုဒ္ဓိပေးခြင်းကို ပညတ်ခြင်းဟူသော စကားဖြင့် အာပတ်ရှိသူ ပါရိသုဒ္ဓိလည်း မပေးအပ်ဟုပြ၏။ ထို့ကြောင့် ပါရိသုဒ္ဓိ ပေးလိုသောသူသည် အာပတ် ရှိလျှင် ဒေသနာကြားအပ်၏။

အကျွန်ုပ်သည် ဤမည်သော အာပတ်၌ ယုံမှား၏။ ….လ…... ပါတိမောက်နာအပ်၏ ဟုဟောသောကြောင့် ယုံမှားကင်းသူ နိဗ္ဗေမတိက မဖြစ်မချင်း သဘာဂါပတ္တိကို ခံခြင်းငှါ ရ၏။ တပါးသော ကံတို့အားလည်း စင်ကြယ်သူ မည်၏။ တဖန် ယုံမှားကင်းသူဖြစ်လျှင် ဒေသနာ ကြားအပ်၏။ “နစာတိ နေဝပါဠိယံ နအဋ္ဌကတာယံအတ္ထိ။ ဒေသိတေပန ဒေါသော နတ္ထိ။ ဣတောဝုဋ္ဌဟိတွာ ပဋိကရိဿာမိ” ၌လည်း ဧသေဝနယော-ဟု ဂဏ္ဍိပဒတို့၌ဆို၏။ )

(ဝိဋီ ... ပညတ်သည်ဟူသောစကားဖြင့် အာပတ်ရှိသူ ဥပုသ်မပြုအပ် ဟု သီးခြားပညတ်ခြင်း မရှိသော်လည်း ယဿသိယာ-စသော ပါဠိစွမ်းဖြင့် ပညတ်အပ်ပြီးသာဟုပြ၏။ ဤနည်းဖြင့်သာလျှင် အဌာနမေတံ ဘိက္ခဝေ အနဝကာသော ယံတထာဂတော အပရိသုဒ္ဓါယ ပရိသာယ ဥပေါသထံ ကရေယျ ပါတိမောက္ခံ ဥဒ္ဒိသေယျ စသော ပါဠိနည်းဖြင့်လည်း အလဇ္ဇီတို့နှင့်လည်း ဥပုသ်ပြုခြင်းကို ပယ်အပ်သည်သာတည်း။ သိက္ခာပုဒ် အားလုံးသည် အလဇ္ဇီနှိပ်ခြင်း အကျိုးရှိသောကြောင့်ဟု မှတ်အပ်၏။ ပါရိသုဒ္ဓိ ပေးခြင်းကို ပညတ်ခြင်း ဟူသော စကားဖြင့် အာပတ်ရှိသူ ပါရိသုဒ္ဓိမပေးအပ်ဟု ပြ၏။ )

သဘာဂ အချင်းချင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သဘာဂအာပတ်ကို ဒေသနာ ကြားကုန်၏။ ချစ်သားတို့ ... သဘာဂအာပတ်ကို ဒေသနာ မကြားအပ်၊ ဒုက္ကဋ်။ ဆဗ္ဗဂ္ဂီတို့သည် သဘာဂအာပတ်ကို ဒေသနာ ခံကုန်၏။ ချစ်သားတို့ ... သဘာဂအာပတ်ကို ဒေသနာ မခံအပ်။ ဒုက္ကဋ်

[သဘာဂအာပတ် ဟူသည်၌ နှစ်ပါးသော ရဟန်းတို့သည် ဝိကာလ ဘောဇန စသော သဘာဂဝတ္ထု-ဝတ္ထုတူကြောင့် အာပတ်သို့ ရောက်ကုန်အံ့၊ ဤသို့သော ဝတ္ထုတူကို သဘာဂအာပတ်ဟု ဆိုအပ်၏။ ဝိကာလ ဘောဇနအာပတ်ကို အနတိရိတ္တဘောဇန အာပတ်ရှိသူ၏ အထံ၌ ဒေသနာ ကြားခြင်းငှါ အပ်၏။ ဝတ္ထုတူ အာပတ်ကိုသော်လည်း ကြားမိလျှင် သုဒေသိတသာတည်း။ တပါးသော အာပတ်သို့ကား ရောက်ကုန်၏။ ကြားသူသည် ကြားခြင်းဝတ္ထုကြောင့်၊ ခံသူသည် ခံခြင်းဝတ္ထုကြောင့် နှစ်ပါးလုံး ဒုက္ကဋ်။ ထိုဒုက္ကဋ်သည် ဝတ္ထု မတူ၊ ထို့ကြောင့် (ထိုနာနာဝတ္ထုက အာပတ်ကို) အချင်းချင်း ကြားခြင်းငှါ အပ်၏။]

(ဝိဋီ .... နှစ်ပါးလုံး ဒုက္ကဋ်ဟူသည်၌ သဘာဂါပတ္တိဟု မသိပဲ အာပတ္တိ အမည်သက်သက်ဖြင့်သာ ကြားသူ၊ ခံသူတို့အား အစိတ္တကဒုက္ကဋ်သာဟု မိန့်ဆိုကုန်၏။)

ပါတိမောက်ပြစဉ် သတိရသူ

ထိုအခါ ရဟန်းတပါးသည် ပါတိမောက်ပြစဉ် အာပတ်ကို သတိရ၏။ အာပတ်ရှိသူ ဥပုသ်မပြုအပ်ဟု ပညတ်သည်။ အဘယ်သို့ ပြုရပါအံ့နည်းဟု လျှောက်၏။ ချစ်သားတို့ … ဤသို့ဆိုအပ်၏။ အကျွန်ုပ်သည် ဤမည်သော အာပတ်သို့ ရောက်၏။ ယိုအကြောင်းကြောင့် ဥပုသ်အန္တရာယ် မပြုအပ်။

ချစ်သားတို့ … ရဟန်းသည် ပါတိမောက်ပြစဉ် အာပတ်၌ ယုံမှားအံ့။ အနီးရဟန်းကို အကျွန်ုပ်သည် ဤမည်သော အာပတ်၌ ယုံမှား၏။ ယုံမှားကင်းသောအခါ ကုစားပါမည် ဟု ဆို၍ ဥပုသ် ပြုအပ်၏။ ပါတိမောက် နာအပ်၏။ ထိုအကြောင်းကြောင့် ဥပုသ်အန္တရာယ် မပြုအပ်။

[အနီးရဟန်းကို-ဆိုရာ၌ သဘာဂရဟန်းကိုသာ ဆိုအပ်၏။ ဝိသဘာဂ ရဟန်းထံ၌ဆိုလျှင် ငြင်းခုံခြင်း ကွဲပြားခြင်း စသည်တို့သော်လည်း ဖြစ်ကုန်၏။ ထို့ကြောင့် ဝိသဘာဂအား မဆိုပဲ ဣတော ဝုဋ္ဌဟိတွာ ပဋိကရိဿာမိ ဟု နှလုံးသွင်း၍ ဥပုသ်ပြုအပ်၏ ဟု အန္ဓကဋ္ဌကထာ၌ ဆို၏။]

သံဃာအားလုံး သဘာဂါပတ္တိ

ထိုအခါ တခုသောအာဝါသ၌ ဥပုသ်နေ့၌ သံဃာအားလုံး သဘာဂအာပတ်သို့ရောက်၏။ သဘာဂအာပတ်ကို မကြားအပ်၊ မခံအပ်ဟု ပညတ်သည်။ အဘယ်သို့ ပြုရအံ့နည်းဟု လျှောက်၏။ ချစ်သားတို့ … ဥပုသ်နေ့၌ သံဃာအားလုံး သဘာဂအာပတ်သို့ ရောက်အံ့၊ ရဟန်းတပါးကို အနီးကျောင်းသို့ နေ့ချင်းပြန် စေလွှတ်အပ်၏။ ငါ့ရှင် ... သွားလော၊ ထိုအာပတ်ကို ကုစား၍လာလော၊ ငါတို့သည် သင့်ထံ၌ ကုစားကုန်အံ့၊ ဤသို့စေလွတ်၍ ရလျှင်ကောင်း၏။ ပရအံ့၊ ဗျတ္တသည် သံဃာကိုသိစေအပ်၏။ သုဏာတု မေ ...လ... ပဋိကရိဿတိ-စင်ကြယ်သော ရဟန်းကိုမြင်သောအခါ ကုစားလတ္တံ့ ဟု ဆို၍ ဥပုသ် ပြုအပ်၏။ ပါတိမောက် နာအပ်၏။ အန္တရာယ်မပြုအပ်။

ချစ်သားတို့ .... ဥပုသ်နေ့၌ သံဃာအားလုံး သဘာဂ အာပတ်၌ ယုံမှားအံ့၊ ဗျတ္တသည် သံဃာကို သိစေအပ်၏။ သုဏာတုမေ ...လ.... ပဋိကရိဿတိ-ယုံမှားကင်းသောအခါ ကုစားလတ္တံ့ဟု ဆို၍ ဥပုသ်ပြုအပ်၏။ ပါတိမောက်နာအပ်၏။ အန္တရာယ် မပြုအပ်။ ချစ်သားတို့ ... တခုသော အာဝါသ၌ ဝါကပ်သော သံဃာသည် သဘာဂ အာပတ်သို့ရောက်အံ့၊ ရဟန်းတပါးကို အနီးကျောင်းသို့ နေ့ချင်းပြန် ....လ …. မရှိအံ့၊ ခုနစ်ရက်အတွင်း ပြန်စေလွှတ်အပ်၏။ ငါ့ရှင် .. သွားလော၊...လ... ကုစားအံ့။

(သာဋီ၊ ဝိဋီ ... သံဃာသည် သဘာဂအာပတ်သို့ရောက်လျှင် ဉာတ်ထား၍ ဥပုသ်ပြုခြင်းငှါ ရသကဲ့သို့ သုံးပါးသည်လည်း သုဏန္တု မေ အာယသ္မန္တာ ဣမေဘိက္ခူ သဘာဂံအာပတ္တိ အာပန္နာ စသည် နည်းမှီး၍ ဂဏဉာတ်ထား၍၊ နှစ်ပါးဖြစ်မူ အချင်းချင်းပြောကြား၍ ဥပုသ်ပြုခြင်းငှါ အပ်၏။ တပါးတည်းသည်ကား အဝေးသို့သွား၍လည်း ကုစားခြင်းငှါ အပ်၏။ မရောက်နိုင်လျှင် ရဟန်းတပါးကို မြင်သောအခါ ကုစားပါမည်ဟု ဥပုသ်ပြုအပ်၏။ ကုစားပြီး၍သာလည်း တဖန် ဥပုသ်ပြုအပ်၏။)

မလိုလျှင် မဆိုအပ်

ထိုအခါ တခုသောအာဝါသ၌ သံဃာ အားလုံးသည် သဘာဂအာပတ်သို့ ရောက်၏။ ထိုအာပတ်၏ နာမဂေါတ္တ - အမည်အနွယ်ကို မသိ။ ထိုအာဝါသသို့ ဝိနည်းဓိုရ် ရဟန်းတပါးသည် ရောက်လာ၏။ ထိုဝိနည်းဓိုရ်ထံ ရဟန်းတပါးသည် ချဉ်းကပ်၍ ဤသို့ ဤသို့ပြုလျှင် အဘယ်အာပတ်သို့ ရောက်သည်းဟု မေး၏။ ငါ့ရှင် ဤသို့ ဤသို့ပြုလျှင် ဤမည်သော အာပတ်သို့ရောက်၏။ ဤအာပတ်သို့ သင်ရောက်သလော၊ ကုစားလော ဟု ဆို၏။

အကျွန်ုပ်တယောက်ထဲမဟုတ်၊ ဤသံဃာအားလုံးသည် ဤအာပတ်သို့ ရောက်သည်ဟုဆို၏။ ငါ့ရှင်-သူတပါးရောက်သော် လည်းကောင်၊ မရောက်သော် လည်းကောင်း၊ အဘယ်သို့ပြုအံ့နည်း၊ သင့်ကို ငါ တိုက်တွန်း၏။ သင်သည် မိမိအာပတ်မှ ထပါလောဟုဆို၏။ ထိုအခါ ရဟန်းသည် ဝိနည်းဓိုရ်၏စကားဖြင့် ထိုအာပတ်ကို ကုစား၍ ထိုရဟန်းတို့ထံသွား၍ ငါ့ရှင်တို့-ဤသို့ဤသို့ပြုလျှင် ဤမည်သောအာပတ်သို့ ရောက် သတတ်။ သင်တို့သည် ဤမည်သောအာပတ်သို့ေ ရာက်ကုန်၏။ ကုစားကြလော့ ဟုဆို၏။

ရဟန်းတို့သည် ထိုရဟန်း၏စကားဖြင့် ထိုအာပတ်ကို ကုစားခြင်းငှါ အလိုမရှိကုန်။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ .. ဤသာသနာ၌ တခုသောအာဝါသ၌ သံဃာအားလုံးသည် သဘာဂအာပတ်သို့ ရောက်၏။ နာမဂေါတ္တမသိ။ ဝိနည်းဓိုရ်လဇ္ဇီ ရောက်လာ၏။ …..လ….. ကုစားကြ ကုန်လောဟု ဆိုအံ့။ ချစ်သားတို့ … ထိုရဟန်း တို့သည် ထိုရဟန်း၏ စကားဖြင့် ထိုအာပတ်ကို ကုစားကုန်အံ့၊ အပြစ်မရှိ။ မကုစားကုန်အံ့။ ချစ်သားတို့ ... ထိုရဟန်းတို့ကို ထိုရဟန်းသည် အာကာမာ ဝစနီယာ -အလိုမရှိလျှင် မဆိုအပ်ကုန်။

အနာပတ္တိပန္နရသက

ထိုအခါ တခုသောအာဝါသ၌ ဥပုသ်နေ့၌ လေးပါး၊ လေးပါးထက်အလွန် အာဝါသိကတို့သည် စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသိကတို့ ရှိသည်ကို မသိကုန်။ ထိုအာဝါသိကတို့သည် ဓမ္မသညာ၊ ဝိနယသညာ၊ သမဂ္ဂသညာဖြင့် ဝဂ်ဖြစ်လျက် ဥပုသ် ပြုကုန်၏။ ပါတိမောက်ပြကုန်၏။

ပါတိမောက်ပြစဉ် ထိုအာဝါသိကတို့သည် များစွာရောက်လာကုန်၏။ မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ ... ဤသာသနာ၌ ဥပုသ်နေ့၌ လေးပါး၊ လေးပါးထက်အလွန် အာဝါသိကတို့သည် စည်းဝေးကုန်၏။ .....လ...... ပါတိမောက်ပြစဉ် အာဝါသိကတို့သည် များစွာရောက်လာကုန်အံ့။

ချစ်သားတို့ ... ထိုရဟန်းတို့သည် တဖန်ပြန်၍ (တဖန် ပုဗ္ဗကိစ္စပြု၍ ဉာတ်ထား၍) ပါတိမောက်ကို ပြအပ်၏။ ပြသူတို့အား အနာပတ္တိ။ ချစ်သားတို့ ....လ...... အညီအမျှ ရောက်လာကုန်အံ့၊ ပြပြီးခြင်းသည် သုဒ္ဒိဋ္ဌ-အပြစ်မရှိ။ အကြွင်းကို နားထောင်အပ်၏။ ပြသူတို့အား အနာပတ္တိ

ချစ်သားတို့ ....လ..... အနည်းငယ် ရောက်လာကုန်အံ့။ ပြပြီးခြင်းသည် သုဒ္ဒိဋ္ဌ။ အကြွင်းကို နားထောင်အပ်၏။ ပြသူတို့အား အနာပတ္တိ (တိက်တခု)။

ပါတိမောက်ပြပြီးကာမျှ၌ ရောက်လာကုန်အံ့၊ များလျှင် ပြန်ပြအပ်၏။ တူလျှင် နည်းလျှင် ပြပြီးသူတို့ထံ ပါရိသုဒ္ဓိကြားအပ်၏။ ပြသူတို့အား အနာပတ္တိ (တိက်တခု)။

ပါတိမောက်ပြပြီး၍ ပရိသတ်မထမီ ရောက်လာကုန်အံ့။ များလျှင် ပြန်ပြအပ်၏။ တူလျှင် နည်းလျှင် ပြပြီးသူတို့ထံ ပါရိသုဒ္ဓိကြားအပ်၏။ ပြသူတို့အား အနာပတ္တိ (တိက်တခု)။

ပါတိမောက်ပြပြီး၍ ပရိသတ်အချို့ထံမှ ရောက်လာကုန်အံ့။ ထို့အတူ (တိက်တခု)။

ပါတိမောက်ပြပြီး၍ ပရိသတ် အားလုံးထကုန်မှ ရောက်လာကုန်အံ့။ များလျှင်ပြန်ပြ၊ တူလျှင် နည်းလျှင် ပြပြီးသူတို့ထံ ပါရိသုဒ္ဓိ။ ပြသူတို့အား အနာပတ္တိ (တိက်တခု)။

အနာပတ္တိ ပန္နရသကပြီး၏။ [တိက်ငါးခု]

(မသိကုန်-ဟူသည် သိမ်ထဲသို့ဝင်ကုန်ပြီးကို လည်းကောင်း၊ ဝင်ကုန်ဆဲကို လည်းကောင်း၊ မသိကုန်။ ရောက်လာကုန်၏-ဟူသည် ရွာသို့လည်းကောင်း၊ တောသို့လည်းကောင်း၊ ကိစ္စတခုခုဖြင့်သွားပြီး၍ မိမိတို့ေ နရာသို့ ပြန်ရောက်ကုန်၏။ ဝဂ်ဖြစ်လျက်-ဟူသည် ထိုအာဝါသိကတို့၏ သိမ်သို့ဝင်ခြင်းကြောင့် ဝဂ်ဖြစ်လျက် ဝင်ခြင်းကို မသိသောကြောင့် သမဂ္ဂသညာ ရှိကုန်၏။)

(ဝိဋီ ... သွားပြီ-ဟူသည် သိမ်အပိုင်းအခြားမှ ပြင်ပဖြစ်သော ဂါမ၊ အရညသို့သွား၍ဟု အနက်ဖြစ်၏။ ထို့ကြောင့်သာလျှင် ဥပုသ်ဉာတ်ကို ထားသောအခါ၌ သမဂ္ဂဖြစ်လျက်သာ ဉာတ်ကိုထားကုန်ပြီဟုသိ၏။ ပါဠိတော်၌လည်း ဥဒ္ဒိဋ္ဌံ သုဥဒ္ဒိဋ္ဌံ ဟု ၁၅−ဝါရလုံး ဟောသည်။

ဝဂ်ဖြစ်လျက် စသည်ကို ဉာတ်ပြီး၍ ကိံ သံဃဿ ပုဗ္ဗကိစ္စံ စသည်ကို ဆိုသောခဏ၌ ပြင်ပသွား ရဟန်းတို့ သိမ်တွင်း ပြန်ဝင်ခြင်းကြောင့် ဘိက္ခုတို့သည် ဝဂ္ဂ ဖြစ်ကုန်၏။ ထို့ကြောင့်ဆိုသည်။ သိမ်သို့ဝင်ခြင်းကြောင့် ဝဂ်ဖြစ်လျက် စသည်ကို အဋ္ဌကထာ၌လည်း ဆိုပြီ။ ဤစကားဖြင့် ပါရာဇိကုဒ္ဒေသ စသော ခဏ၌လည်း ဝဂ္ဂသညာဖြင့် သူတို့အား အာပတ်သာတည်း။ ဉာတ်ပြီးခဲ့ခြင်းကြောင့် ကံပျက်ခြင်းမှာ မရှိဟုပြအပ်၏။ အထက်ဝါရ အားလုံးတို့၌လည်း ဤသို့သော အဓိပ္ပါယ်ကိုသိအပ်၏။

ပါဠိတော်၌ ပရိသတ်အားလုံး ထကုန်မှ ရောက်လာကုန်အံ့ ....လ.... ပြီးသူတို့ထံ ပါရိသုဒ္ဓိ ကြားအပ်၏ ဟူသောကြောင့် ပရိသတ်သည် သိမ်ပသို့ရောက်လတ်သော် ထိုသူတို့တွင် တယောက်ယောက်ထံ၌ အဓိဋ္ဌာန် မပြုသေးသူတို့သည် ပါရိသုဒ္ဓိကို ကြားခြင်းငှါအပ်သည်ဟု မိန့်ဆိုကုန်၏။)

ဝဂ္ဂါဝဂ္ဂ (၁၅) ခု

ချစ်သားတို့ ... ဥပုသ်နေ့၌ လေးပါး၊ လေးပါးထက်အလွန် အာဝါသိကတို့သည် စည်းဝေးကုန်၏။ မရောက် လာသေးသော အာဝါသိကတို့ ရှိကုန်သည်ကိုသိကုန်၏။ ဓမ္မသညာ ဝိနယ သညာ ဝဂ္ဂသညာဖြင့် ဝဂ်ဖြစ်လျက် ဥပုသ်ပြုကုန်၏။ ပါတိမောက်ပြကုန်၏။ ပါတိမောက်ပြစဉ် အာဝါသိကတို့သည် များစွာ ရောက်လာကုန်အံ့။ ချစ်သား... ထိုရဟန်းတို့သည် တဖန်ပြန်၍ ပါတိမောက်ကိုပြအပ်၏။ ပြသူတို့အား ဒုက္ကဋ်။ အညီအမျှ ရောက်လာကုန်အံ့၊ ပြပြီးခြင်းသည် သုဒ္ဒိဋ္ဌ။ အကြွင်းကိုနားထောင်အပ်၏။ ပြသူတို့အား ဒုက္ကဋ်။ အနည်းငယ် ရောက်လာကုန်အံ့။ ပြပြီးခြင်းသည် သုဒ္ဒိဋ္ဌ။ အကြွင်းကိုနားထောင်အပ်၏။ ပြသူတို့အား ဒုက္ကဋ် (၃)။

ပြပြီးကာမျှ၌ ရောက်လာကုန်အံ့။ များလျှင် ပြန်ပြ၊ တူလျှင် နည်းလျှင် ပါရိသုဒ္ဓိကြား၊ ပြပြီးသူတို့အား ဒုက္ကဋ်။ (၃)။

ပြပြီး၍ ပရိသတ် မထမီ ရောက်လာကုန်အံ့။ (၃)။

ပြုပြီး၍ ပရိသတ် အချို့ထံမှ ရောက်လာကုန်အံ့။ (၃)။

ပရိသတ်အားလုံး ထကုန်မှရောက်လာ ကုန်အံ့။ (၃)။

ဝဂ္ဂါဝဂ္ဂသည် ပန္နရသက ပြီး၏။

(သိကုန်၏-ဟူသည် တောင်၌ ကုန်း၌ တည်လျက် သိမ်သို့ဝင်ပြီး တို့ကိုလည်းကောင်း၊ ဝင်ဆဲတို့ကို လည်းကောင်း မြင်ကုန်၏။)

(ဇီဋိ …. သိမ်သို့ဝင်သည်တို့ကို မြင်လျက် ဓမ္မသညာရှိခြင်းကား မသိခြင်းကြောင့်တည်း။)

ဝေဝတိက (၁၅) ခု

ချစ်သားတို့ ... ဥပုသ်နေ့၌ စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသိကတို့ရှိသည်ကိုသိလျက် ဥပုသ်ပြုခြင်းငှါ အပ်မည်လော၊ မအပ်မည်လောဟု ယုံမှားလျက် ဥပုသ်ပြုကုန်၏။ ပါတိမောက်ပြကုန်၏။ ပါတိမောက်ပြုစဉ်၌ ….. ပြပြီးကာမျှ၌ .... ပရိသတ်မထမီ၌ .... အချို့ ထပြီး၌ … အားလုံးထပြီး၍ များ တူ၊ နည်းသုံးဝါရစီ တူပြီ။ ပြသူတို့အား ဒုက္ကဋ်။

ဝေမတိကပန္နရသကပြီး၏။ (ဥတ္တာန မေဝ။)

ကုက္ကုစ္စပကတ (၁၅) ခု

ချစ်သားတို့ ... ဥပုသ်နေ့၌ စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသိကတို့ ရှိသည်ကို သိလျက် ငါတို့အား ဥပုသ်ပြုခြင်းငှါ အပ်သည်သာတည်း။ မအပ်သည်မဟုတ်ဟု ကုက္ကုစ္စနှိပ်စက်လျက် ငါတို့အား ဥပုသ်ပြုကုန်၏။ ပါတိမောက်ပြကုန်၏။ ပြစဉ်၊ ပြပြီး၊ မထ၊ အချို့ထ၊ အားလုံးထ၊ ပြသူတို့အား ဒုက္ကဋ်။

ကုက္ကုစ္စပကတပန္နရသကပြီး၏။

(ရှေ့အဖို့၌ သန္နိဋ္ဌာန-ဆုံးဖြတ်ခြင်း ပြုပြီးသော်လည်း ပြုဆဲခဏ၌ အကပ္ပိယေကပ္ပိယတာ ဟူသော ကုက္ကုစ္စသည် နှိပ်စက်အပ်သောကြောင့် - ကုက္ကုစ္စပကတ-ကုက္ကုစ္စ နှိပ်စက်လျက်ဟု သိအပ်ကုန်၏။ အလိုဆိုးနှိပ်စက်သူကို ဣစ္ဆာပကတ-ဟု ဆိုအပ်သကဲ့သို့တည်း။)

ဘေဒပုရေက္ခာရ (၁၅) ခု

ချစ်သားတို့ ... ဥပုသ်နေ့၌ သိလျက် မရောက်လာသူတို့သည် ပျောက်ကြစေ၊ ပျက်ကြစေ၊ ထိုသူတို့ဖြင့်အကျို မရှိဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏။ ပါတိမောက် ပြကုန်၏။ ပြစဉ်၊ ပြပြီး၊ မထ၊ အချို့ ထ၊ အားလုံးထ-သုံးဝါရစီ။ ပြသူတို့အား ထုလ္လစ္စည်း။

ဘေဒပုရေက္ခာရပန္နရသကပြီး၏။

ပဉ္စဝိသတိကပြီး၏။ (ငါးဌာန၌ငါးတိက်စီ ၂၅-တိက်ဖြစ်၏။)

(ဘေဒပုရေက္ခာရပန္နရသက၌ အကုသိုလ်ဗလဝ ဖြစ်ခြင်းကြောင့် ထုလ္လစ္စည်းဟု ပညတ်သည်။)

တိက်ခုနစ်ရာ

ချစ်သားတို့ .... ဥပုသ်နေ့၌ အာဝါသိကတို့သည် တပါးသော အာဝါသိကတို့သိမ်သို့ ဝင်လာကုန်ဆဲဟု သိလျက် စသည်ဖြင့် တိက်ခုနစ်ရာကို ဟောတော်မူ၏။ တိက်ခုနစ်ရာဖြစ်ပုံကား -

  • ရှေးဦးစွာ အာဝါသိကနှင့် အာဝါသိက၌ မရောက်လာကြသေးသည်ကို မသိ စသည်ဖြင့် ၂၅-တိက်။
  • သိမ်သို့ဝင်လာကုန်ဆဲဟုသိလျက် ၂၅-တိက်။
  • ဝင်လာကုန်ပြီဟုသိလျက် ၂၅-တိက်။
  • ဝင်လာဆဲကိုမြင်လျက် ၂၅-တိက်။
  • ဝင်လာပြီးကိုမြင်လျက် ၂၅-တိက်။
  • ဝင်လာဆဲဟု ကြားလျက် ၂၅-တိက်။
  • ဝင်လာပြီးဟုကြားလျက် ၂၅-တိက်။

ဤသို့ လေးလီပေယျာလမုခ အားဖြင့် တိက် ၇ဝဝ-ကိုဟောတော်မူသည်။

နေ့ရက်ချင်းမတူပုံ

ချစ်သားတို့ ... ဤသာသနာ၌ အာဝါသိကတို့အား ၁၄-ရက်နေ့၊ အာဂန္တုတို့အား ၁၅-ရက်နေ့ ဖြစ်အံ့၊ အာဝါသိကများလျှင် အာဂန္တုတို့သည် အာဝါသိကတို့ကို (ဝါ၊ အာဝါသိကတို့၏ အလိုသို့) လိုက်အပ်၏။ တူမျှလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ အာဂန္တုများလျှင် အာဝါသိကတို့သည် အာဂန္တုတို့သို့ လိုက်အပ်၏။ ချစ်သားတို့ ... အာဝါသိကတို့အား ၁၅-ရက်၊ အာဂန္တုတို့အား ၁၄-ရက် ဖြစ်အံ့၊ အာဝါသိက များလျှင်၊ တူလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ အာဂန္တုများလျှင် အာဝါသိက တို့သည် အာဂန္တုတို့သို့ လိုက်အပ်၏။

ချစ်သားတို့ ... အာဝါသိကတို့အား အထွက်တရက်၊ အာဂန္တုတို့အား ၁၅-ရက်ဖြစ်အံ့၊ အာဝါသိက များလျှင်၊ တူလျှင် အာဝါသိကတို့သည် အာဂန္တုတို့အား သာမဂ္ဂီ မပေးလိုလျှင် မပေးအပ်။ (သာမဂ္ဂီမပေးလျှင်) အာဂန္တုတို့သည် သိမ်ပသို့သွား၍ ဥပုသ်ပြုအပ်၏။ အာဂန္တုများလျှင် အာဝါသိကတို့သည် အာဂန္တုတို့အား သာမဂ္ဂီကို ပေးအပ်၏။ မပေးလျှင် သိမ်ပသို့သွားအပ်၏။

ချစ်သားတို့ ... အာဝါသိက ၁၅-ရက် အာဂန္တု အထွက်တရက်ဖြစ်အံ့၊ အာဝါသိကများလျှင်၊ တူလျှင် အာဂန္တုတို့သည် အာဝါသိကတို့အား သာမဂ္ဂီကို ပေးအပ်၏။ မပေးလျှင် သိမ်ပသို့ သွားအပ်၏။ အာဂန္တုများလျှင် အာဝါသိကတို့အား သာမဂ္ဂီ မပေးလိုလျှင် မပေးအပ်။ အာဝါသိကတို့သည် သိမ်ပသို့သွား၍ ဥပုသ် ပြုအပ်၏။

[၁၄ရက်၊ ၁၅-ရက်ဟု ရက်မတူရာ၌ ၁၅ ရက်ဟု ယူသူတို့သည် တိုင်းတပါးမှ လာသူတို့ ဖြစ်ကုန်၏။ တနည်း-အဖိတ်ဥပုသ်ကို ၁၄ ရက်၌ ပြုသူတို့ ဖြစ်ကုန်၏။ အာဝါသိကတို့သို့ လိုက်အပ်၏ ဟူသည် - အာဝါသိကတို့သည် အဇ္ဇုပေါသထော စာတုဒ္ဓသော ဟု ပုဗ္ဗကိစ္စပြုသည် ရှိသော် အလိုသို့ လိုက်အပ်၏။ မတားအပ်။ န အကာမာ ဒါတဗ္ဗာတိ န အနိစ္ဆာယဒါတဗ္ဗာ၊ မပေးလိုလျှင် မပေးအပ်။]

အာကာရာဒိပဉ္စက လေးခု

ချစ်သားတို့ ... ဤသာသနာ၌ အာဂန္တုတို့သည် အာဝါသိကတို့၏ အာကာရ၊ လိင်္ဂ၊ နိမိတ္တ၊ ဥဒ္ဒေသ မည်သော ကောင်းစွာထားသော ညောင်စောင်း၊ အင်းပျဉ်၊ သောက်ရေ၊ သုံးရေ စသည်ကိုမြင်လျက် -

  • အာဝါသိကတို့ ရှိသလော၊ မရှိသလောဟု ယုံမှားလျက် မရှာဖွေပဲ ဥပုသ်ပြုကုန်အံ့၊ ဒုက္ကဋ်။
  • ရှာဖွေ၍ မမြင်၍ ဥပုသ်ပြုကုန်အံ့၊ အနာပတ္တိ။
  • ရှာဖွေ၍ မြင်၍ အတူ ဥပုသ်ပြုကုန်အံ့၊ အနာပတ္တိ။
  • ရှာဖွေ၍ မြင်၍ သီးခြား ဥပုသ်ပြုကုန်အံ့၊ ဒုက္ကဋ်။
  • ရှာဖွေ၍ မြင်၍ ကွဲပြားခြင်း ရှေးရှု၍ ဥပုသ်ပြုကုန်အံ့၊ ထုလ္လစ္စည်း (ငါးဝါရ)။

အာဂန္တုတို့သည် အာဝါသိကတို့၏ အာကာရ ...လ..... မည်သော စင်္ကြံသွားသံ၊ သရဇ္ဈာယ်သံ စသည်ကို ကြားလျက် ရှိ မရှိ ယုံမှားလျက် မရှာဖွေပဲ စသည်ဖြင့် ဥပုသ် ပြုကုန်အံ့၊ ဒုက္ကဋ်။ အနာပတ္တိ၊ အနာပတ္တိ၊ ဒုက္ကဋ်။ ထုလ္လစ္စည်း (ငါးဝါရ)။

ချစ်သားတို့ ... အာဝါသိကတို့သည် အာဂန္တုတို့၏ အာကာရ ...လ...... မည်သော အညာတကပတ္တ၊ မသိအပ်သော သပိတ် သင်္ကန်း ခြေဆေးသော ရေကြွင်းစသည်ကိုမြင်လျက် အာဂန္တု ရှိ မရှိ ယုံးမှားလျက် မရှာဖွေပဲ …. စသည် (ငါးဝါရ)။

အာဝါသိကတို့သည် အာဂန္တုတို့၏ အာကာရ ….လ.... မည်သော ခြေသံ ဖိနပ်သံ စသည်ကိုကြားလျက် ယုံမှားလျက် (ငါးဝါရ)။

[ညောင်စောင်း အင်းပျဉ် ကောင်းစွာ ခင်းထားခြင်း စသည်သည် အာဝါသိကတို့၏ အာကာရမည်၏။ လိင်္ဂ၊ နိမိတ္တ၊ ဥဒ္ဒေသ လည်းမည်၏။

ကျင့်ဝတ်ရှိ၊ မရှိဟု အာစာရသဏ္ဍာနကို ယူကြောင်း ဖြစ်သောကြောင့် အာကာရ မည်၏။ ထိုထိုနေရာ၌ ကိန်းနေသူတို့ကို သိစေသောကြောင့် လိင်္ဂမည်၏။

မမြင်ရသော်လည်း သိစေနိုင်၏ ဟူလို။ အကြင်ညောင်စောင်း စသည်ကိုမြင်လျက် အာဝါသိကကို ရှိကြသည်ဟု သိရ၏။ ထိုသို့သိကြောင်း ဖြစ်သောကြောင့် နိမိတ္တမည်၏။

အာဝါသိကတို့သည် ဤသို့သော ပရိက္ခရာ ရှိကုန်၏ဟု ညွှန်းကြောင်း ပရိက္ခရာ ဖြစ်သောကြောင့် ဥဒ္ဒေသ မည်၏ ညွှန်းပြခြင်းကို ရကုန်၏ ဟူလို။

ဤ အာကာရစသော လေးပါးသည် ကောင်းစွာထားသော ညောင်စောင်း စသည်တို့၏ အမည်ဖြစ်၏။ သင့်သလို ယှဉ်စေအပ်၏။ (အာဂန္တုတို့၏အာကာရ စသည်တို့၌လည်း) ဧသေဝနယော။ ထို၌ အညာတကန္တိ အညေသံ သန္တကံ - သူတပါး၏ ဥစ္စာဖြစ်သော သပိတ် စသည်တည်း။]

(သာဋီ ... အာစာရသဏ္ဍာနန္တိ အာစာရသဏ္ဍိတိ။ အာကရိယတိ ပကာသိယတိ ဧတေနာတိ အာကာရော။ ပြကြောင်း အာကာရ။ လီနံ ဂမယတိ ဗောဓေတီတိလိင်္ဂ = ကွယ်သူကို သိစေသော လိင်္ဂ၊ နိမိယန္တိ ပရိစ္ဆိဇ္ဇဉာယန္တိ ဧတေနာတိနိမိတ္တံ = ဆုံးဖြတ်၍ သိကြောင်းနိမိတ္တ။ ဥဒ္ဒိ သီယန္တိ အပဒိသီယန္တိ ဧတေနာတိဥဒ္ဒေသော = ညွှန်ပြကြောင်းဥဒ္ဒေသ။ အမည် လေးခု ဖြစ်၏။ အညာတက-ဟူသည် ငါတို့၏ ဥစ္စာဟု မသိအပ်။ သူတပါးတို့၏ ဥစ္စာဟူလို။ ထို့ကြောင့် အညေသံ သန္တကံဟု ဆိုသည်။

ဝိဋီ ... အညာကက-ဟူသည် မမြင်အပ်ဘူးသော ဥစ္စာဖြစ်၏။ ထို့ကြောင့် အညေသံ သန္တကံဟုဆိုသည်။ အညေသံ ဟူသည် မိမိ မမြင်ဘူးသူတို့၏တည်း။)

နာနာသံဝါသကတိက် လေးခု

ချစ်သားတို့ ... ဤသာသနာ၌ အာဂန္တုတို့သည် နာနာသံဝါသက အာဝါသိကတို့ကိုမြင်၍ သမာန သံဝါသက-ဟုအယူရှိ၍ မပေးပဲ အတူ ဥပုသ်ပြုကုန်အံ့။ အနာပတ္တိ။ မေး၍ နာဘိဝိတရန္တိ-နာနာသံဝါသက အဖြစ်ကို မစွန့်စေကုန်။ မစွန့်စေကုန်မူ၍ အတူဥပုသ်ပြုကုန်အံ့။ ဒုက္ကဋ်။ သီးခြားဥပုသ် ပြုကုန်အံ့။ အနာပတ္တိ (သုံးဝါရ)

အာဂန္တုတို့သည် သမာနသံဝါသက အာဝါသိကတို့ကိုမြင်၍ နာနာသံဝါသက-ဟု အယူရှိ၍ မမေးပဲ အတူ ဥပုသ်ပြုကုန်အံ့၊ ဒုက္ကဋ်။ မေး၍ အဘိဝိတရန္တိ-သမာနသံဝါသက အဖြစ်ကို ဆုံးဖြတ်ကုန်၏။ ဆုံးဖြတ်၍ သီးခြား ဥပုသ်ပြုကုန်အံ့-ဒုက္ကဋ်။ အတူပြုကုန်အံ့၊ အနာပတ္တိ (၃)။

ချစ်သားတို့ ... အာဝါသိကတို့သည် နာနာသံဝါသက အာဂန္တုတို့ကိုမြင်၍ သမာနသံဝါသကဟု အယူရှိ၍ မမေးပဲ အတူဥပုသ်ပြုကုန်အံ့၊ အနာပတ္တိ။ မေး၍ မစွန့်စေမူ၍ အတူပြုကုန်အံ့၊ ဒုက္ကဋ်။ သီးခြားပြုကုန်အံ့။ အနာပတ္တိ (၃)။

အာဝါသိကတို့သည် သမာနသံဝါသက အာဂန္တုတို့ကိုမြင်၍ နာနာသံဝါသက-ဟု အယူရှိ၍ မမေးပဲ အတူဥပုသ်ပြုကုန်အံ့၊ ဒုက္ကဋ်။ မေး၍ သမာနသံဝါသကဟု ဆုံးဖြတ်၍ သီးခြားပြုကုန်အံ့၊ ဒုက္ကဋ်။ အတူပြုကုန်အံ့။ အနာပတ္တိ (၃)။

[ဤသူတို့သည် သမာနသံဝါသက တည်းဟူသောအယူကို ရကြသဖြင့် ထိုသူတို့၏အယူကို မမေးမူ၍ သာလျှင် ဝတ်အကျင့်ကိုပြု၍ တပေါင်းတည်း ဥပုသ်ပြုကုန်၏။ ထို့ကြောင့် အနာပတ္တိ။ နာဘိဝိတရန္တိဟူသည် နာနာသံဝါသက အဖြစ်ကို နှိပ်ခြင်းငှါ မတတ်နိုင်ကုန်။ ထိုအယူကို မစွန့်စေကုန် ဟူလို။]

ဇီဋီ ... နာဘိဝိတရန္တိ ဟူသည် ထိုသူတို့သည် လဒ္ဓိနာနာသံဝါသတို့ ဖြစ်ကုန်၏။ (ဝါ-ကံပြုခံရသူတို့၏ အယူကိုယူသော နောက်လိုက်တို့ဖြစ်ကုန်၏။) ကမ္မနာနာသံဝါသကကိုကား အယူကိုစွန့်စေ၍ ဩသာရဏ ကံကို ပြုအပ်၏။ ဤသို့ပြုပြီးလျှင် ထိုသူနှင့်အတူ ဥပုသ်ပြုခြင်းငှါ အပ်၏။ လဒ္ဓိ နာနာသံဝါသကနှင့်ကား အယူစွန့်ကာမျှဖြင့် ဥပုသ်ပြုခြင်းငှါ အပ်၏။ ဥက္ခိတ္တကကံ ပြုခံရသူတို့သိလျက် အတူဥပုသ်ပြုအံ့၊ ပါစိတ်။ ထို့ကြောင့် ဤသူတို့ကို ဥက္ခိတ္တကနောက်လိုက်တို့ဟု သိအပ်၏။

သာဋီ ... နာနာသံဝါသက အဖြစ်ကို-ဟူသည် လဒ္ဓိနာနာသံဝါသက အဖြစ်ကိုတည်း။ ထိုအဖြစ်ကို ထိုအယူကို မစွန့်စေကုန်ဟူလို။

ဝိဋီ ... နာနာသံဝါသက အဖြစ်ဟူသည် လဒ္ဓိ နာနာသံဝါသက အဖြစ်တည်း။ ပါဠိ၌ အဘိဝိတရန္တိဟူသည် သမာန သံဝါသကအဖြစ်ကို ဆုံးဖြတ်ကုန်၏။)

ဥပုသ်နေ့ခရီးသွား နဝကသုံးခု

ချစ်သားတို့ .... ဥပုသ်နေ့၌ ရဟန်းရှိသော အာဝါသမှ ရဟန်းမရှိသော အာဝါသသို့ သံဃာကြဉ်၍၊ အန္တရာယ်ကြဉ် မသွားအပ်။ ထိုအတူကြဉ်၍ ရဟန်းမရှိသော အနာဝါသသို့ မသွားအပ်။ ရဟန်းမရှိသောအာဝါသ အနာဝါသသို့ မသွားအပ် (၃)။

ရဟန်းရှိသော အနာဝါသမှ ထိုအတူ (၃)။

ရဟန်းရှိသော အာဝါသ အနာဝါသမှ..( ၃-နဝကတခု)။

ရဟန်းရှိသော အာဝါသစသည်မှ နာနာသံဝါသက ရဟန်းရှိသောအာဝါသ စသည်သို့ သံဃာကြဉ်၍ မသွားအပ် (နဝကတခု)။

ရဟန်းရှိသော အာဝါသစသည်မှ သမာနသံဝါသက ရဟန်း ရှိသော အာဝါသ စသည်သို့ ယနေ့ ရောက်နိုင်သည်ဟုသိလျှင် သွားအပ်၏ (နဝကတခု)။

(ရဟန်းရှိသော အာဝါသမှ-ဟူသည် အကြင်အာဝါသ၌ (သံဃ) ဥပုသ်ပြုအံ့သော ရဟန်းတို့ရှိကုန်၏။ ထိုအာဝါသမှ နေ့ချင်းမပြန်နိုင်သော အာဝါသသို့ ဥပုသ်မပြုပဲမသွားအပ်။

သံဃာကြဉ်၍-ဟူသည် သံဃာလောက်သောရဟန်းတို့ကို ကြဉ်၍တည်း။

အန္တရာယ်ကြဉ်၍-ဟူသည် ရှေး၌ဆိုပြီး သော အန္တရာယ်ဆယ်ပါးကိုကြဉ်၍တည်း။ အယုတ်ဆုံး မိမိနှင့်လေးပါး၊ ငါးပါးသွားလျှင် အပ်၏။ အန္တရာယ်ရှိလျှင်လည်း သွားခြင်းငှါအပ်၏။

အနာဝါသ-ဟူသည် နဝကမ္မအလုပ်ရုံစသော နေရာတခုခုဖြစ်၏။ ကျောင်း၌ ဥပုသ်ကို (ဝါ-သံဃဥပုသ်ကို လည်းကောင်း၊ ဂဏဥပုသ်ကိုလည်းကောင်း) ပြုကုန်အံ့။ အာဝါသစသည်တို့ကို မသွားအပ်ကုန်သကဲ့သို့ အဓိဋ္ဌာန်ဥပုသ် ပြုခြင်းငှါ သိမ်သို့လည်းကောင်း၊ မြစ်သို့လည်းကောင်း မသွားအပ်ကုန်။ မြစ်၌ ရဟန်း တပါးပါးရှိအံ့၊ ထိုရဟန်း (ဂဏဥပုသ်ပြုရာမှ) သွားခြင်းငှါအပ်၏။ ဝိဿဋ္ဌဥပေါသထစွန့်သော ဥပုသ်ရှိသော အာဝါသထမှလည်း သွားခြင်းငှါအပ်၏။ ဤသို့သွားသူသည် အဓိဋ္ဌာန်ဥပုသ်ပြုခြင်းငှါလည်း ရ၏၊ တောနေ (ဧကစာရီ) ရဟန်းသည်လည်း ဥပုသ်နေ့၌ ရွာတွင်း ဆွမ်းခံပြီးလျှင် မိမိကျောင်းသို့သာပြန်လာအပ်၏။ တပါးသောကျောင်း ဝင်အံ့၊ ထို၌ ဥပုသ်ကိုပြု၍သာ ပြန်လာအပ်၏။ မပြုလျှင်မအပ်။

ယနေ့ ရောက်နိုင်သည်ဟုသိလျှင် ဟူသည် ယနေ့သာလျှင် ထိုကျောင်းသို့ရောက်ခြင်းငှါ တတ်နိုင်သည်ဟု သိငြားအံ့၊ ဤသို့သော အာဝါသထသို့ သွားအပ်၏။ ထို၌ ရဟန်းတို့နှင့်အတူ ဥပုသ်ပြုခြင်းဖြင့်လည်း ဤ ရဟန်းသည် (မိမိ၏) ဥပုသ်အန္တရာယ်ကို မပြုလတ္တံ့။)

ဇီဋီ ... သံဃာကြဉ်၍ဟု ဟောသောကြောင့် ရဟန်းတရာနေသော ကျောင်းမှ ဆယ်ပါးစီခွဲ၍ သိမ်အသီးသီး၌ ဥပုသ်ပြုခြင်းငှါ ရကုန်၏။ နဝကမ္မသာလာဒိကာ နာနာသီမကောဋိ။ အဓိဋ္ဌာန် ဥပုသ်ပြုခြင်းငှါ သိမ်သို့ လည်းကောင်း၊ မြစ်သို့လည်းကောင်း မသွားအပ်ကုန်။ ဂရုက ပါတိမောက္ခုဒ္ဒေသကိုစွန့်၍ လဟုကကို မပြုအပ် သောကြောင့်တည်း။ ဥပုသ် ပြုအံ့သော ရဟန်းရှိရာ အာဝါသမှာ ဥပုသ်မပြုပဲ မသွားအပ်ဟု ဆိုသောကြောင့်၊ ဝိဿဋ္ဌဥပေါသထမှ သွားခြင်းငှါအပ်သည်ဟု ထင်ရှား၏။ ထိုမှ ပါရိသုဒ္ဓိဥပုသ်ပြုခြင်းငှါ သွားခြင်းငှါအပ်၏။ ခဏ္ဍသိမ်သို့မဝင်ခြင်းငှါ လည်း အပ်၏ဟု အပရေတို့ ဆိုကုန်၏။ ဥပုသ်အန္တရာယ်ဟူသည် မိမိဥပုသ် အန္တရာယ်တည်း။

သာဋီ ... အဓိဋ္ဌာန်ဥပုသ်ပြုခြင်းငှါ သိမ်သို့ မြစ်သို့ မသွားအပ်ဟူသည်ကို ဂရုကပါတိမောက္ခုဒ္ဒေသကိုစွန့်၍ လဟုကကို မပြုအပ်သောကြောင့်ဆိုသည်။

တောနေဟူသည် ကေစာရိက ဖြစ်၏။ ဝါ-သံဃာ မလောက်သော တောကျောင်း၌နေသူဖြစ်၏။

ထို၌ ဥပုသ်ကိုပြု၍သာ ဟူသည်ကို ထိုရဟန်း၏ နေရာ၌ သံဃာဥပုသ် မဖြစ်သောကြောင့်ဆိုသည်။

ဥပုသ်အန္တရာယ်ဟူသည် မိမိ၏ဥပုသ်အန္တရာယ်တည်း။

(ဝိဋီ ... ဥပုသ်ပြုအံ့သော ရဟန်းတို့-ဟူသည် သံဃဥပုသ်ပြုအံ့သော ရဟန်းတို့တည်း။ ထို့ကြောင့် သံဃာကြဉ်၍ ဟု ဟောသည်။ သံဃဥပုသ် ပြုရာမှသွားလျှင် မိမိနှင့် လေးပါးသာ သွားအပ်၏။ သုံးပါး နေရာမှသွားလျှင် ရဟန်းတပါးနှင့်လည်း သွားခြင်းငှါအပ်၏။

ရဟန်းမရှိသော အာဝါသတို့-ဟူသည် နိဒဿနမျှတည်း။ ဂဏ၊ ပုဂ္ဂလဖြင့် ရဟန်းရှိသော အာဝါသသို့လည်း သံဃဥပုသ် ပြုရာမှ မသွားအပ်။ သံဃာကြဉ်၍ဟု ဟောသောကြောင့်ဟု ဆိုကုန်၏။

ဥပုသ်ကို ပြုကုန်အံ့-ဟူသည် သံဃဥပုသ်ကို လည်းကောင်း၊ ဂဏဥပုသ်ကိုလည်းကောင်း ပြုကုန်အံ့။

ထိုရဟန်းထံ ဟူသည်ကို ဂဏဥပုသ်ပြုရာမှ သွားသူကို ရည်ဆိုသည်။ သံဃဥပုသ်ပြုရာမှ သွားသူဖြစ်လျှင် လေးပါး မပြည့်သောကြောင့် ဆန့်ကျင်၏။

တောနေသည် ဧကစာရီဖြစ်၏။

ဥပုသ်အန္တရာယ်ဟူသည် မိမိ၏ ဥပုသ်အန္တရာယ်တည်း။)

သံဃာရှိလျက် ပါရိသုဒ္ဓိဝါဒ

(ပါဠိတော်၌ သဘိက္ခုကာ အာဝါသာ စသည်ဖြင့်လည်းကောင်း၊ အဋ္ဌကထာ၌ သဘိက္ခုကာ အာဝါ သာတိ ယသ္မိံ အာဝါသေဥပေါသထကာရကဘိက္ခု အတ္ထိ၊ တမှာအာဝါသာ စသည်ဖြင့် လည်းကောင်း။

ယထာစ အာဝါသာဒယော နဂန္တဗ္ဗာ၊ ဧဝံ သစေ ဝိဟာရေဥပေါသထံကရောန္တိ၊ ဥပေါသထာဓိဋ္ဌာနတ္ထံ သီမာပိ နဒီပိ ဂန္တဗ္ဗာ-ဟူ၍လည်းကောင်း။

ဝိဿဋ္ဌဥပေါသထာပိ အာဝါသာဂန္တုံ ဝဋ္ဋတိ ဟူ၍လည်းကောင်း။

တောနေရဟန်း ဆွမ်းခံအပြန်၌လည်း သစေ အညံ ဝိဟာရံ ဩက္ကမတိ၊ တတ္ထဥပေါသထံ ကတွာဝ အာဂန္တဗ္ဗံ ဟူ၍လည်းကောင်း၊

ဗဒ္ဓသိမ်မှ ထူးခြားသော အာဝါသ၊ ဝိဟာရသဒ္ဒါဖြင့်သာ ဆိုသည်။ ယခုကာလကား ဗဒ္ဓသိမ်သို့သွား၍ ဥပုသ်ပြုကြသည်။ မိမိတို့နေရာ ဝိဟာရဟူသော ဂါမသိမ်၌ မပြုကြ။ ထို့ကြောင့် ထိုသို့သော ဥပုသ်မပြုရာ ဝိဟာရ၌ ရဟန်းများ ရှိကြသော်လည်း ဗဒ္ဓသိမ်သို့သွား၍ ပါရိသုဒ္ဓိပြုလျှင် အပြစ်မရှိဟု မထေရ် အချို့ မိန့်ဆိုကုန်၏။

မထေရ်အချို့ကား ထိုဥပုသ်မပြုရာ ဝိဟာရသည် ဝိဿဋ္ဌဥပေါသထ အာဝါသဟုတ်လျှင် သင့်၏။ မဟုတ်လျှင် မသင့်ဟု မိန့်ဆိုကုန်၏။

ဥပုသ်စွန့်သော ရဟန်းတို့ကိုစွဲ၍ အာဝါသကို ဝိဿဋ္ဌဟု ဆိုသည်။ အကြောင်းသင့်ရာသို့ သွား၍ ဥပုသ်ပြုသူတို့နေလျှင် ဝိဿဋ္ဌဥပေါသထ အာဝါသ မဟုတ်။ တောနေရဟန်းသည် ဆွမ်းခံရာ ဂါမမှအပြန်တွင် တပါးသော ဝိဟာရသို့ မဝင်အပ်၊ ဝင်လျှင် ဥပုသ်ပြုပြီးမှ ပြန်လာသည်ဟု ဆိုရာ၌ ဝိဟာရသည် ဗဒ္ဓသိမ်မှသာ ထူးခြားသည် မဟုတ်။ ဂါမသိမ်၌လည်း ထူးခြား၏။ ထို့ကြောင့် ကျောင်း၌ သံဃာရှိလျက် သိမ်သို့ ပါရိသုဒ္ဓိ သွားပြုခြင်းသည် မသင့်ဟု ဆုံးဖြတ်အပ်၏။)

ဝဇ္ဇနီယပုဂ္ဂိုလ်များ

ချစ်သားတို့ ... ဘိက္ခုနီရှိသော ပရိသတ်၌ ပါတိမောက် မပြအပ်၊ ဒုက္ကဋ်။

သိက္ခမာန်၊ သာမဏေ၊ သာမဏေမ၊ သိက္ခာချသူ၊ အန္တိမဝတ္ထု ရောက်သူရှိသော ပရိသတ်၌ ပါတိမောက်မပြအပ်၊ ဒုက္ကဋ်။

မစွန့်၊ မကု၊ ပြစ်မရှုကြောင့် ဥက္ခိတ္တကကံ ပြုခံရသူရှိသော ပရိသတ်၌ ပါတိမောက် မပြအပ်။ ယထာဓမ္မ ပြုစေအပ်၏။ (ဝါ−ပါစိတ်)။

ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်။

ဒူသံ၊ ဥဘောရှိသောပရိသတ်၌ ပါတီမောက် မပြအပ်၊ ဒုက္ကဋ်။

(လူရှိသော ပရိသတ်၌ ဒုက္ကဋ်ကို ရှေး၌ဆိုပြီးပြီ။)

ဘိက္ခူနီရှိသောပရိသတ် စသည်တို့၌ ဟတ္ထပါသ်သို့ ရောက်ခြင်းသာ ပမာဏဖြစ်၏။

ဇီဋီ ... အန္တိမဝတ္ထု ရောက်သူရှိသော ပရိသတ်၌ ကလဟစသည်မှ ကြောက်သူသည် နာဟံ ကရိဿာမိ ဟု စိတ်ကို ဖြစ်စေ၍ နေခြင်းငှါအပ်၏။ တပါးသောကံ၌ ထိုသူရှိသော ပရိသတ်၌ အာပတ်မရှိဟု ဧကေတို့ ဆိုကုန်၏။

သာဋီ ... ဟတ္ထပါသ်သို့ ကပ်ရောက်ခြင်း ပမာဏဟူသည် ဘိက္ခုနီ စသည်တို့ ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ ထိုသူတို့၏ ဟတ္ထပါသူပ ဂမန မေ၀ အာပတ္တိယာ ပမာဏန္တိ အဓိပ္ပါယော။ ထို့ကြောင့် တသိမ်ထဲ၌သော်လည်း ဟတ္ထပါသ်ကို စွန့်စေ၍ ဥပုသ်ကိုပြုခြင်းငှါ အပ်၏။)

မပြအပ် နှစ်ခု

ချစ်သားတို့ … ပါရိဝါသိက ပါရိသုဒ္ဓိဒါနေန သိုးလေပြီးသော ပါရိသုဒ္ဓိ ပေးခြင်းဖြင့် မထသော ပရိသတ်ကို ကြဉ်၍ (ဝါ-ပရိသတ်ထပြီးနောက်) ဥပုသ်မပြုအပ်။ ချစ်သားတို့ .... ဥပုသ်နေ့မှ တပါးသောနေ့၌လည်း သံဃသာမဂ္ဂီကို ကြဉ်၍ ဥပုသ်မပြုအပ်။ (ဤခန္ဓက၌ ဝတ္ထု ၈၆-။)

[မထသောပရိသတ်ကိုကြဉ်၍ ဟူသည်၌ ဤ သိုးလေပြီးသော ပါရိသုဒ္ဓိ ပေးခြင်းမည်သည် ပရိသတ် ထသောအခါမှစ၍ မအပ်။ မထသေးလျှင်ကား အပ်၏။ ထို၏ လက္ခဏာကို ဘိက္ခူနီဝိဘင်း၌ယူအပ်၏။

ဥပုသ်နေ့မှ တပါးသောနေ့ဟူသည် စာတုဒ္ဒသီ၊ ပန္နရသီ နှစ်နေ့မှတပါးသော နေ့တည်း။

သံဃာ့သာမဂ္ဂီကိုကြဉ်၍ ဟူသည် ကောသမ္ဗကရဟန်းတို့ကဲ့သို့ သံဃာကွဲပြီးမှ ပြန်ပြုသော သံဃာ သာမဂ္ဂီကို ဖယ်ထား၍တည်း။ ထိုအခါ၌လည်း သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇုပေါသထော သာမဂ္ဂီ ဟု ဆို၍ ပြုအပ်၏။ အကြောင်းအနည်းငယ်ကြောင့် ဥပုသ်ကို ရပ်ထား၍ တဖန် ညီညွှတ်သူတို့ကား ဥပုသ်နေ့၌သာ ပြုအပ်၏။]

(ဇီဋီ ... သာမဂ္ဂီနေ့သည် ဥပုသ်နေ့မဟုတ်ဟု ဟောရာရောက်သကဲ့ ထင်ရှား၏။ ၁၄-ရက်၊ ၁၅-ရက်နေ့၌ သံဃာညီညွတ်အံ့၊ အဇ္ဇုပေါသထော သာမဂ္ဂီ ဟု မဆိုပဲ ပကတိနည်းအတိုင်း ပြအပ်၏ဟု ပြခြင်းငှါ မိန့်ဆိုသည်။ ဤသို့မယူလျှင် ထို ၁၄-ရက် ၁၅-ရက်၌ ညီညွတ်အံ့၊ ထိုနေ့၌ ဥပုသ်ကို မပြုပဲ၊ အနုပေါသထ နေ့၌သာ သာမဂ္ဂီ ဥပုသ်ကိုပြု အပ်၏ ဟူသောအဓိပ္ပါယ်ရောက်၏။ ရှေး၌ နေ့တိုင်း ပါတိမောက် မပြအပ် ဟူ၍လည်းကောင်း၊ ဥပုသ်နေ့၌ ပါတိမောက်ပြခြင်းငှါ ခွင့်ပြု၏ ဟူ၍ လည်းကောင်း၊ တပက္ခတကြိမ်ဟူ၍ လည်းကောင်း ဥပုသ်နေ့ နှစ်ခုဟူ၍ လည်းကောင်း ဟောခဲ့သော်လည်း သံဃသာမဂ္ဂီဖြစ်သောအခါ အနုပေါသထနေ့လည်း ဥပေါသထနေ့ မည်၏ဟု ပြလို၍ ဟောသည်။)

(ဘိက္ခုနီဝိဘင်း၌ ကံပြုမည်ဟု စည်းဝေးပြီးမှ အခွင့်အခါမသင့်၍ ထသွားကြလျှင် ပရိသတ်သိုးသည်မည်၏။ ဆန္ဒမစွန့်သေးလျှင် ကံပြုကောင်းသေး၏။ တနေ့ အရုဏ်ကူးသွားလျှင် ညဉ့်သိုးသည်မည်၏။ ဆန္ဒကို စွန့်၍ ထသွားလျှင် ဆန္ဒသိုးသည်မည်၏။ အဇ္ဈာသယ သိုးသည်လည်းမည်၏ ဟု ဆိုသည်။)

သိမ်နိမိတ်ရှစ်ပါး ဝိနိစ္ဆယအကျယ်

တောင်နိမိတ်

[တောင်နိမိတ်စသည်တို့၌ အဆုံးအဖြတ်ကား တောင်သည် မြေတောင်၊ ကျောက်တောင် မြေကျောက် ရောသော တောင်ဟု သုံးမျိုးရှိ၏။ သုံးမျိုးလုံး အပ်သည်။ ဝါလိကာရာသိ-သဲပုံကား မအပ်။ အပ်သောတောင် သုံးမျိုးလည်း ဆင်ပမာဏအောက် ငယ်လျှင် မအပ်။ ဆင်ပမာဏမှစ၍ မြင်းမိုရ်တောင်မျှ ကြီးသော်လည်း အပ်၏။

အရပ် လေးမျက်နှာ သုံးမျက်နှာတို့၌ တောင်သည် အသီးသီးလေးခု သုံးခုရှိအံ့၊ တောင်နိမိတ်လေးခုဖြင့် လည်းကောင်း၊ သုံးခုဖြင့်လည်းကောင်း သမုတ်ခြင်းငှါ အပ်၏။ နိမိတ်နှစ်ခုမျှ၊ တခုမျှဖြင့်ကား မသမုတ်အပ်။ ကျောက်နိမိတ် စသည်တို့၌လည်း ဧသေဝနယော။ ထို့ကြောင့် တတောင်နှင့် တတောင် ဆက်သလော ဟုပေးအပ်၏။ ဆက်လျှင် အသီးသီးမပြုအပ်။ တခုထဲကိုသာ ပြု၍ နိမိတ်ကြားအပ်၏။

စက်ဝန်းသဏ္ဌာန်ဖြင့် ကျောင်းကိုဝန်းရံသော တောင်ဖြစ်အံ့၊ တနေရာ၌ကြား၍ တပါးသောနေရာတို့၌ ထိုတောင်ဝိုင်းကို အပပြု၍ အတွင်း၌ တပါးသောနိမိတ်တို့ကို ကြားအပ်ကုန်၏။ တောင်၏ သုံးဖို့ တဖို့ကို လည်းကောင်း၊ ထက်ဝက်ကိုလည်းကောင်း သိမ်တွင်းပြုလိုအံ့၊ ထိုတောင်ကိုမကြားအပ်။ အတွင်းပြုလိုသော နေရာမှ အပ၌ ထိုတောင်၌သာလျှင် ပေါက်သောသစ်ပင်၊ တောင်ပို့ စသည်ကို နိမိတ်ပြု၍ ကြားအပ်၏။ တယူဇနာ၊ နှစ်ယူဇနာရှိသောတောင်ကို အတွင်းပြုလိုအံ့၊ တောင်မှ ပြင်ပမြေပြင်၌ ပေါက်သောသစ်ပင်၊ တောင်ပို့စသည်တို့ကို နိမိတ်ကြားအပ်ကုန်၏။]

ဇီဋီ ... အယုတ်ဆုံး ခုနစ်တောင့်ထွာမြင့်လျှင် ဆင်ပမာဏဖြစ်၏။ ဆက်လျှင် အသီးသီး မပြုအပ်ဟူသည်၌ မြေအောက်ကျောက်ဖျာ၌ တစပ်တည်းဆက်လျက် တည်သော်လည်း မြေမှအထက်၌ မဆက်ပဲ တောင်ထွဋ် လေးခု တခြားစီဖြစ်အံ့၊ မြေအောက်မြုပ်လျက် ဆက်ခြင်းသည် အဗ္ဗောဟာရိက ဖြစ်၏။ လေးခုလုံးကို ကြားခြင်းငှါ အပ်၏။ ကျောက်ဖျာသည် မြေအောက်၌ တောင်မျှကြီးသော်လည်း တောင်မဖြစ်၊ ကျောက်နိမိတ် သာ ဖြစ်သည်။ စီ၍ ဖို့သောမြေပုံ၌ မြက်၊ ချုံ၊ သစ်ပင်တို့ပေါက်လျှင် တောင်ဟု ဓမ္မသိရီမထေရ်ဆို၏။ တောင်မဖြစ်သည်သာတည်းဟု ဥပတိဿ မထေရ်ဆို၏။

သာဋီ ... ဆင်ပမာဏမည်သော တောင်သည် အယုတ်ဆုံး ခုနစ်တောင့်ထွာမြင့်၏။

ဝိဋီ ... မြေတောင်စသော သုံးမျိုးကို တစုံတယောက် မပြုအပ်သော သယံဇာတကိုသာ ဆိုအပ်၏။

ဆင်ပမာဏဟူသည်၌ မြေမှ တက်သောပဒေသဖြင့် ဆင်ပမာဏကိုယူအပ်၏။

လေးခုဖြင့်လည်းကောင်း၊ သုံးခုဖြင့်လည်းကောင်း-ဟူသည် သိမ်မြေ၌လေးခု၊ သုံးခုသော အရပ်တို့၌ တည်သော တောင်တို့ဖြင့်တည်း။

အပပြု၍-ဟူသည်ကို ကြားအပ်သော နိမိတ်သည် သိမ်ဖြစ်ခြင်းကြောင့် သိမ်တွင်းပြုခြင်း မသင့်၍ဆိုသည်။)

ကျောက်နိမိတ်

[ကျောက်နိမိတ်၌ အယဂုဠ-သံတွေခဲလည်း ကျောက်သာမည်၏။ ကျောက်ဟူသမျှအပ်၏။ ဆင်ပမာဏ ရှိလျှင် တောင်မည်၏။ မအပ်။ ကျွဲနွား ပမာဏရှိလျှင်ကား အပ်၏။ အယုတ်ဆုံး ဒွတ္တိံသပလဂုဠပိဏ္ဍ - ၃၂- ပိုလ် တင်လဲခဲအနေရှိလျှင် အပ်၏။ ထိုအောက်ငယ်လျှင် လည်းကောင်း၊ ကြီးသောအုတ်ခဲသည် လည်းကောင်း၊ နိမိတ်မလောက်သော ကျောက်ခဲငယ် အစုသည်လည်းကောင်း မအပ်။ မြေအစု သဲအစုကား သာ၍ မအပ်။ မြေနှင့်ညီသော ကျောက်ဖျာတလင်းသည် လည်းကောင်း၊ မြေမှထွက်သော ကျောက်ငုတ်သည် လည်းကောင်း ပမာဏလောက်လျှင် အပ်၏။

ကျောက်ဖျာသည် အလွန်ကြီးသော်လည်း ကျောက်သာ မည်၏။ ထို့ကြောင့် ကျောက်ဖျာကြီး၏ တစိတ်တဒေသကို သိမ်အတွင်းပြုလိုအံ့၊ ထိုကျောက်ဖျာကြီးကို နိမိတ်မကြားအပ်။ ထိုအထက်၌ တပါးသောကျောက်ကို (ထား၍) ကြားအပ်၏။ ကျောက်ဖျာအထက်၌ သိမ်ကျောင်းကို ပြုအံ့၊ ထိုကျောက်ဖျာ သည်လည်းကောင်း၊ ကျောင်းတွင်းဝင်ရောက်သော ကျောက်ဖျာသည် လည်းကောင်း နိမိတ်မအပ်။ အကယ်၍ ထိုကျောက်တို့ကို နိမိတ်ကြားလျှင် နိမိတ်အထက်၌ ကျောင်းဖြစ်၏။ နိမိတ်သည် သိမ်ပ ဖြစ်၍ ကျောင်းလည်း သိမ်ပသို့ရောက်၏။ ကျောင်းကိုဝန်းရံ၍ တည်သော ကျောက်ဖျာကို တနေရာ၌ကြားလျှင် တပါးသောနေရာ၌ မကြားအပ်။]

ဇီဋီ ... ပါသာဏ-ကျောက်ဟူသည် သုဓာမယပါသာဏ၊ အင်္ဂတေ ကျောက်သည်လည်း အပ်သည်ဟု ဆိုကုန်၏။ အုတ်ကိုပယ်ခြင်းကြောင့် စူးစမ်းအပ်၏။ ၃၂- ပိုလ်တင်လဲခဲအနေကို ထူလတာဖြင့် ယူအပ်၏။ တုလတာဖြင့် မယူအပ်။

သာဋီ ... ထိုထက်မထူး။

ဝိဋီ ... ၃၂ - ပိုလ်တင်လဲခဲ အနေကို သဏ္ဌာန်ဖြင့်ယူအပ်၏။ တုလနချိန်ခြင်းအစွမ်းဖြင့်မယူအပ်။ ပိုလ်ချိန် ကိုလည်း မဂဓချိန်ဖြင့် ယူအပ်၏။ မဂဓချိန်သည် လောကိယချိန်ထက် နှစ်ဆကြီး၏ဟု ဆိုကုန်၏။

အလွန်ကြီးသော်လည်း ဟူသည် မြေမှအထက် ဆင်ပမာဏ မတက်ပဲ မြေအောက်သက်လျက် အထုယူဇနာ များသော်လည်း ပါသာဏ-သာ ဟူလို။ ထိုမှ ဆင်တရပ်အထွဋ်မြင့်လျှင် ပဗ္ဗတမည်၏။)

၃၂-ပိုလ်

(ဇီဋီ၊ သာဋီ ... ၃၂-ပိုလ် တင်လဲခဲအနေကို ထူလဖြင့် ယူအပ်၏။ တုလဖြင့်မယူအပ်။

ဝိဋီ ... သဏ္ဌာနဖြင့်ယူအပ်၏။ တုလနဖြင့် မယူအပ်။ ပိုလ်ချိန်ကို မဂဓချိန်ဖြင့် ယူအပ်၏။ မဂဓချိန်သည် လောကိယ ချိန်ထက် နှစ်ဆကြီး၏။ ကင်္ခါဋီကာသစ်-တပိုလ်သည် ကဠဉ္ဇ တဆယ်ဟူ၏။

“ယုတ္တိကပ္ပတရုကျမ်း၌” ... သုံးရွေး-ရူပကတခု။ ဆယ်ရူပက- ကဠဉ္ဇ တခု ဟုဆို၏။ ရွေးသုံးရာသည် ဆယ်ကဠဉ္ဇ - တပိုလ်ဖြစ်၏ဟူလို။

“သင်္ချာပကာသကျမ်း၌” ... ရွေးငယ် ၃၂-ခုသည် မဂဓချိန် ကဠဉ္ဇ တခုဟုဆို၏။ ရွေးငယ် ၃၂၀-သည် ဆယ်ကဠဉ္ဇ -တပိုလ်ဟူလို။

“သက္ကဋအဘိဓာန်၌”......

  • ငါးဂုဉ္ဇာ အဒျ မာသကတခု။
  • ၁၆- မာသက - အက္ခတခု၊ ဝါ−ကဿတခု။
  • လေးကဿ - ပလတခု။
  • ပလတရာ - တုလာတခု။
  • တုလာနှစ်ဆယ် - ဘာရတခု။
  • ဘာရတဆယ် - အာစိကတခုဟု ဆို၏။

ဝါ-ငါးချင်ရွေး - ရွှေတပဲ။

၁၆-ပဲ - တသစ်ဆိမ့်၊ ဝါ-တကျပ်၊

လေးကျပ် - တပိုလ်၊

ပိုလ်တရာ (လေးပိဿာ) - တချိန်။

ချိန် ၂၀ (ပိဿာ ရှစ်ဆယ်) - တယောက်ထမ်းဝန်။

ဆယ်ဝန်(ပိဿာရှစ်ရာ) - တပုံ၊ ဝါ-တလှည်းတိုက်ဖြစ်၏။

“လိလာဝတီဂဏန်းကျမ်း၌” ....

  • ၅-ရွှေး တပဲ၊
  • ၁၆-ပဲ တကျပ်၊
  • လေးကျပ် တပိုလ်ဟု ဆို၏။

“ဝါစာပ္ပတိအဘိဓာန်၌လည်း” လိလာဝတီ ကဲ့သို့ပင်ဆို၏။

“ကပ္ပသဒ္ဒတ္ထ မုတ္တာဝလိအဘိဓာန်တို့၌” … ဂုဉ္ဇာ ဟူသည် ဦးစွန်းမည်းသောရွေးဖြစ်၏။ နွယ်ပင်အထူးဖြစ်၏ဟု ဆို၏။ ရွေးကြီးဟု တရွေးငယ် ဟူလို။

“ကပ္ပဒုမအဘိဓာန်၌” ....

  • ၃၀ ပရမာဏုမြူ - တတြမြူ တခု (နေပြောက်၌မြင်သောမြူ)
  • ၆ တတြမြူ - မရိစိ တခု။
  • ၆ မရိစိ - ရာဇိကာ (မုန်ညင်းနီနက်) တခု။
  • ၃-ရာဇိကာ - သာသပ (မုန်ညင်းဖြူ) တခု။
  • ၈ သာသပ - ယဝ (မုယောစပါး) တခု။
  • ၄ ယဝ - ဂုဉ္ဇာ (ရွေးငယ်) တခု။
  • ၆ ဂုဉ္ဇာ - မာသက (ပဲ) တခု၊
  • ၄ မာသက-သာဏ (မတ်) တခု။
  • ၂ သာဏ - တကောလ။
  • ၂ ကောလ-တကဿ (ကျပ်)။
  • ၂ ကဿ - အဍ္ဎပလ တခု။
  • ၂ အဍ္ဎပလ - တပလ။
  • ၂ ပလ- တပသတိ (လက်ဖက်)။
  • ၂ ပသတိ - တကုဍဝ (လက်ခုပ်)။
  • ၂ ကုဍဝ - တမာနိကာ (လမယ်)။
  • ၂ မာနိကာ - တပတ္ထ (စလယ်)။
  • ၄ ပတ္ထ-တအဠက (ပြည်)။
  • ၄ အဠက - တဒေါဏိ (စိတ်)။
  • ၂ ဒေါဏိ - တသုပ္ပ။
  • ၂ သုပ္ပ - တဒေါဏ (တင်း)။
  • ၄ ဒေါဏ - တဓါရီ (တို့)။
  • ပလနှစ်ထောင် - တဘာရ။
  • ပလတရာ - တတုလာ။

ဤကား မဂဓချိန် တောင်း တင်း အဆုံးအဖြတ်တည်း။

ပဲ၊ မတ်၊ ကျပ် ပို (လေးခု)

ကုဋေ၊ စလယ်၊ ပြည်၊ စိတ်၊ တင်း၊ တို့ (ခြောက်ခု)

ဤဆယ်ခုသည် လေးပဲ-တမတ်၊ လေးမတ်-တကျပ် စသည်ဖြင့် လေးဆတက်ဖြစ်၏။

“မာဂဓပရိဘာသာ၌”...

  • ခြောက်ရွေး-တပဲ။ ၂၄ ရွေး-တမတ်။ ၉၆ ရွေး-တကျပ် ဟု စရကဆရာဆို၏။

သုသုတ ဆရာကား ....

  • ငါးရွေး-တပဲ။ ရွေး ၂၀-တမတ်။ ရွေးရှစ်ဆယ်-တကျပ်ဟု ဆို၏။

ဤကား မာဂဓချိန်ချင့်တို့တည်း။

“ကလိင်္ဂတိုင်း ချိန်ချင့်ကား”....

  • မုန်ညင်းဖြူ ၁၂-တမုယော။ နှစ်မုယော-တရွေး။ သုံးရွေး-တဝလ္လ။ ရှစ်ရွေး-တပဲ။ (အချို့အရပ်၌ ခုနစ်ရွေး-တပဲ။) လေးပဲ-တမတ်။ ခြောက်ပဲ-ဂဒျာနတခု။ ဆယ်ပဲ၊ ရွေး ရှစ်ဆယ် တကျပ်။ လေးကျပ်-တပိုလ်။ ဤအလုံးစုံသည် ဘာဝပ္ပကာသ ကျမ်း၌ လာသည်ဟု ဆို၏။

“မာဂဓအဘိဓာန်၌”...စတ္တာရော ဟိသယော ဂုဉ္ဇာ စသောဂါထာ၌ သီဟိုဠ်နိသျအလိုဖြင့်

  • လေးစပါး-တချင်ရွေး။ နှစ်ချင်ရွေး-တပဲ။ ငါးပဲ- နှစ်အက္ခ။ နှစ်အက္ခ (ရွေး- ၄ဝ) တပိုလ်။ ပိုလ်တရာ-တတုလာ။ တုလာ နှစ်ဆယ်-တဘာရ။

“အဘိဓာန်ဋီကာအလိုကား”….

  • နှစ်ရွှေး-တပဲ။ ဆယ်ပဲ-တအက္ခ။ ရှစ်အက္ခ (ရွေး-၁၆ဝ) တဓာရဏ။
  • ဆယ်ဓာရဏ (ရွေး-၁၆ဝဝ) - တပိုလ်
[ဤ ဋီကာသာ ထူးသည်။ အကြွင်းတို့ကား များစွာမထူးကုန်။]

“ကပ္ပဒ္ဒူမကျမ်း၌”… ပိုလ်ဟူသည် လေးကျပ်။ ရှေးကျမ်းအလို လေးတောလ။ ဆေးကျမ်း၌ ငါးမူးတောလဖြင့် ရှစ်တောလ။ လောကသုံးဖြင့် သုံးတောလ-နှစ်ပဲ၊ ရှစ်ရွေးဖြစ်၏။ သုသုတဆရာအလို ရွေး ၈ဝ-တကျပ်၊ စရကဆရာအလို ရွေး ၉၆-တကျပ် ဖြစ်ခြင်းသည် ကာလဒေသ မတူခြင်း၊ ရွေးကြီး ရွေးငယ် မတူခြင်း ကြောင့်တည်း။ မာဂဓကဟာပဏကား-ဟူသည် ... ဟု ဆို၏။

“မိုင်းခိုင်ဆရာတော်၏ တိပိဋကဝိနိစ္ဆယ၌”....

  • လေးကျပ် တပိုလ် ဖြစ်၏။ ၃၂ ပိုလ်သည် မာဂဓကျပ် ၁၂၀ ကျပ်။ အင်္ဂလိပ်ဒင်္ဂါး ၁၆ဝိ။ မြန်မာကျပ် တပိဿာ။ ၁၂-ကျပ် ခုနစ်မူး-သုံးရွေး ဖြစ်၏။ ထိုအချိန်ရှိ တင်လဲခဲနှင့် ကြီးငယ်သဏ္ဌာန် ပမာဏတူသော ကျောက်သည် အယုတ်ဆုံး ကျောက်နိမိတ်လောက်သည်ဟု ဆုံးဖြတ်၏။

“အဘယာရာမ ဆရာတော်၏ အဘိဓာန်နိသျ၌”...

  • ပလဟူသည် လေးကျပ် (သို့မဟုတ်) သုံးကျပ်၊ နှစ်ပဲ၊ ရှစ်ရွေး အချိန်စီး၏ ဟူ၍ နိသံသယမှတ်အပ်၏ဟု ဆုံးဖြတ်၏။

တောနိမိတ်

[တောနိမိတ်၌ မြက်တော၊ အခွံလျှင် အနှစ်ရှိသော ထန်းပင်၊ အုန်းပင်စသည်တို့၏ တောသည် မအပ်။ အတွင်း၌ အနှစ်ရှိသော သာက-ကျွန်းပင်၊ သာလ-အင်ကြင်းပင် စသည်တို့၏ တောသည် လည်းကောင်း၊ အနှစ်ပင် ရောသော တောသည် လည်းကောင်း၊ အယုတ်ဆုံး လေးပင် ငါးပင်မျှ ရှိလျှင်အပ်၏။ ထိုအောက် ယုတ်လျှင် မအပ်။ လွန်လျှင် ယူဇနာတရာ ရှိသော်လည်း အပ်၏။ တောအလယ်၌ ကျောင်းဆောက်အံ့၊ တောကိုမကြားအပ်။ တောတစိတ်ကို သိမ်တွင်းပြုလိုလျှင်လည်း တောကိုမကြားပဲ သစ်ပင်၊ ကျောက်ခဲ စသည်ကို ကြားအပ်၏။ ကျောင်းကိုရံ၍ တည်သောတောကို တနေရာ၌ကြား၍ တပါးသောနေရာ တို့၌ မကြားအပ်။]

ဇီဋီ ... လေးပင်ငါးပင်မျှ၌ အနှစ်ရှိ သုံးပင်၊ အနှစ်မဲ့ နှစ်ပင်၊ အနှစ်ပင်များခြင်းကို အလိုရှိအပ်၏။ သုသာန်သည်လည်း တောသာမည်၏။ သယံဇာတဖြစ်သောကြောင့်ဟု ဆိုအပ်၏။ ကေစိတို့ကား လေးပင် တို့တွင် နှစ်ပင်အနှစ်ရှိလျှင်အပ်၏။ အနှစ်ပင်များသော် လည်းကောင်း၊ မများသော် လည်းကောင်း အပ်၏။ ထို့ကြောင့် အများတို့တွင်လည်း နှစ်ပင် အနှစ်ရှိလျှင် အပ်သည်ဟုဆိုကုန်၏။

ဝိဋီ ... အတွင်း၌ အနှစ်ရှိသော-ဟူသည် ထိုခဏ၌ ငယ်သောကြောင့် အနှစ်မရှိသော်လည်း ကြီးသောအခါ ဖြစ်လတ္တံ့သော အနှစ်တို့ကိုလည်းရည်၍ ဆိုအပ်၏။ ကညစ်ရိုးခန့် လုံးပတ်ရှိသော ထိုသို့သော အနှစ်ပင် လေးငါးပင်မျှ ဟောသည်လည်း အပ်၏။

အနှစ်ပင်ရောသော တောဟူသောစကားဖြင့် အနှစ်ပင်ရောသော်လည်း တောနိမိတ်အပ်သည်ဟု ပြသည်။

လေးပင် ငါးပင်မျှ ဟူသည်ကို အနှစ်ပင်တို့ကိုရည်ဆိုသည်။

တောအလယ်၌ ကျောင်းဆောက်အံ့-ဟူသည် သစ်ပင်တို့နှင့်ကျောင်း ရောစပ်လျက် ကျောင်းအတွင်း တောဝင်အောင် ဆောက်၏။ သစ်ပင်အားလုံးကို ခုတ်ရှင်း၍ ဆောက်လျှင် ကျောင်းသည် တော မဟုတ် သောကြောင့် ဝန်းရံလျက် တည်သောတောကို တနေရာ၌ ကြားအပ်ရာ၏။ ဤ၌ကား ကျောင်းတွင်း၌လည်း တောဖြစ်သောကြောင့် တောကိုမကြားအပ်ဟု ဆိုသည်။ အကယ်၍ကြားလျှင် နိမိတ် အထက်၌ ကျောင်းဖြစ်၍ နိမိတ်လည်းသိမ်ပ၊ ကျောင်းလည်းသိမ်ပသို့ ရောက်၏။

တောတစိတ်ကို-ဟူသည် သစ်ပင်ကင်းရာ၌ ဆောက်သောကျောင်း၏ နံပါး တဘက်၌တည်သောတော၏ တစိတ်တဒေသတည်း။)

သစ်ပင်နိမိတ်

[သစ်ပင်နိမိတ်၌ အခွံလျှင်အနှစ်ရှိသော ထန်းပင်၊ အုန်းပင်စသည်သည် မအပ်။ အတွင်း၌အနှစ်ရှိသော စိမ်းရှင်သော အယုတ်ဆုံး ရှစ်သစ်မြင့်၍ လုံးပတ် သူစိဒဏ္ဍပမာဏ ကညစ်ရိုးခန့်သော်လည်း အပ်၏။ ထိုအောက်ငယ်လျှင် မအပ်။ ကြီးလျှင် ၁၂-ယူဇနာရှိ သုပ္ပတိဋ္ဌိတ- ပညောင်ပင်မျှလည်း အပ်၏။ ဝါးခွက်၊ ကျူခွက် စသည်တို့၌စိုက်သော သစ်ပင်သည် ပမာဏလောက်သော်လည်း မအပ်။ ခွက်မှထုတ်၍ကား ထိုခဏတွင်လည်း မြေ၌စိုက်၍ မြေဖို့၍ ရေလောင်း၍ ကြားခြင်းငှါအပ်၏။ အမြစ် အခက် အလက် ထွက်ခြင်းသည် အကြောင်းမဟုတ်။ အကိုင်းကို ဖြတ်၍စိုက်ရာ၌ကား ထိုအမြစ် အခက် အသစ် ထွက်ခြင်းသည် သင့်၏။ (ဝါ-အသစ်ထွက်မှ ကြားအပ်၏။) နိမိတ်ကြားသောအခါ ရုက္ခော-သစ်ပင် ဟူ၍ ဆိုခြင်းငှါလည်း အပ်၏။ သာကရုက္ခော-ကျွန်းပင်၊ သာလရုက္ခော- အင်ကြင်းပင်ဟူ၍လည်း အပ်၏။ တစပ်တည်းဖြစ်သော သုပ္ပတိဋ္ဌိတ- နိဂြောဓ ကဲ့သို့သောသစ်ပင်တို့ကား တနေရာ၌ကြား၍ တပါးသောနေရာ တို့၌ မကြားအပ်။]

(သာဋီ ... သူစိဒဏ္ဍပ္ပမာဏ-ဟူသည် သီဟိုဠ်ကျွန်း၌ စာရေးသော ကညစ်ရိုးတံဟု ဆိုကုန်၏။ ကနိဋ္ဌင်္ဂုလိပရိမာဏ-လက်သန်းအနေဟု မှတ်အပ်၏။

ဝိဋီ ... သူစိဒဏ္ဍပ္ပမာဏ-ဟူသည် ဝံသဒဏ္ဍပ္ပမာဏ-ဝါးရိုးအနေ ဖြစ်၏။ စာရေးသော ကညင်ရိုးတံဟု အချို့ ဆိုကုန်၏။ ဂရုဘဏ်၌ အဋ္ဌင်္ဂုလ သူစိ ဒဏ္ဍကမတ္တောပိ ဝေဠု ဟု ဆိုသောကြောင့် တနုတရဝေဠုဒဏ္ဍ- နုလွန်းသော ဝါးတံဟူ၍လည်းကောင်း၊ သူစိဒဏ္ဍ-ကညစ်ရိုးတံဟူ၍ လည်းကောင်း ယူအပ်၏။

ဝါးခွက်၊ ကျူခွက် စသည်၌-ဟူသည် ဝါးဆစ်၌ ကျူဆစ်၌ အိုးကင်းစသော မြေခွက်၌စသည်တည်း။

ထိုခဏတွင်လည်း-ဟူသည်ကို မညှိုးနွမ်းပဲ စည်ပင်ခြင်း သဘောရှိသော သစ်ပင်ငယ်ကို ရည်ဆိုသည်။ အမြစ်နှင့် တကွစိုက်သော သစ်ပင်ကြီး ဖြစ်သော်လည်း ညှိုးနွမ်း၍ ကြာမြင့်မှ အမြစ် အညွန့် အသစ်ထွက်၍ ရှင်ကုန်အံ့၊ သေမူလည်း သေကုန်အံ့၊ ထိုသစ်ပင်မျိုးကို ကြားခြင်းငှါ မအပ်။)

ခရီးနိမိတ်

[ခရီးနိမိတ်၌ တောသို့၊ လယ်သို့၊ မြစ်သို့၊ ရေကန်သို့ သွားသောခရီးစသည် မအပ်။ နှစ်ရွာ၊ သုံးရွာ ထုတ်ချင်းသွားသော ဇင်္ဃမဂ္ဂ-ခြေလမ်း၊ သကဋမဂ္ဂ-လှည်းလမ်းသည် အပ်၏။ လှည်းလမ်းမှဖဲ၍ လှည်းလမ်းသို့ လာပြန်ဝင်သော ခြေလမ်းသည်လည်းကောင်း၊ အသုံးမပြုသော ခြေလမ်း၊ လှည်းလမ်းသည် လည်းကောင်း မအပ်။ ခြေကုန်သည် လှည်းကုန်သည်တို့သုံးမှ အပ်သည်။ ခရီးနှစ်ခုသည် လှည်းဦးကဲ့သို့ တနေရာ၌ပေါင်း ဆုံအံ့၊ ကွဲရာ၌လည်းကောင်း၊ ဆုံရာ၌လည်းကောင်း၊ တနေရာသာ ကြားအပ်၏၊ စပ်သော နိမိတ်ဖြစ်သည်။

ကျောင်းကိုဝန်းရံ၍ လေးခုသော ခရီးတို့သည် လေးခုသော အရပ်သို့သွားကုန်အံ့၊ အလယ်တခုကိုကြား၍ တပါးသောနေရာကို မကြားအပ်။ နိမိတ်စပ်သည်။ ထောင့်ကိုဖောက်သွားသော ခရီးကိုကား ပရဘာဂ-တဘက်အဖို့၌ ကြားခြင်းငှါအပ်၏။ (နိမိတ် မစပ်ဟူလို။) ကျောင်းအလယ်ဖောက်သွားသော ခရီးကိုကား မကြားအပ်။ ကြားလျှင် နိမိတ်အထက်၌ ကျောင်းဖြစ်သည်။

လှည်းလမ်း၏ အတွင်းလှည်းကြောင်းကို နိမိတ်ပြုအံ့။ လမ်းသည်သိမ်ပဖြစ်၏။ အပလှည်းကြောင်းကို နိမိတ်ပြုအံ့၊ အပလမ်းသာ သိမ်ပဖြစ်၏။ အတွင်းလှည်းကြောင်းသည် သိမ်တွင်းသို့ဝင်၏။ နိမိတ်ကြားသော အခါ မဂ္ဂေါ၊ ပန္ထော၊ ပထော၊ ပဇ္ဇောစသော အမည်ဆယ်ခုတို့တွင် တခုခုဖြင့်ကြားခြင်းငှါ အပ်၏။ ပရိက္ခာ-ကျုံးသဏ္ဌာန်ဖြင့်ကျောင်းကို ပတ်သွားသောခရီးကို တနေရာ၌ ကြား၍ တပါးသောနေရာ၌ မကြားအပ်။]

(သာဋီ .. ပရဘာဂ-တဘက်အဖို့၌ ကြားခြင်းငှါ အပ်၏ဟူသည် ပြင်ပ၌ထွက်လျက် ခရီးရှစ်ကြောင်းတည်လျှင် တနေရာ၌ တဌာနစီဖြင့် လေးဌာန၌ ကြားခြင်းငှါအပ်၏။

ဝိဋီ ... ထောင့်ကိုဟူသည် သိမ်၏ထောင့် လေးခုတို့၌ ခရီးနှစ်ခု နှစ်ခုဆုံရာဌာနကိုတည်း။

တဘက်အဖို့၌ ကြားခြင်းငှါအပ်၏ဟူသည်ကို ထောင့်လေးခုတို့၏အပြင်၌ ထွက်လျက် တည်သော ခရီးတို့၌ အရပ်တခု၌ ခရီးတခုစီဖြင့် လေးခုသောခရီးတို့ကို၊ လေးခုသော အရပ်တို့၌ ကြားခြင်းငှါအပ်၏ ဟူသော အဓိပ္ပါယ်တည်း။

ဤသို့ကြားအပ်ကာမျှဖြင့် တစပ်တည်းအဖြစ် ကင်းသည်ဟု အဘယ်သို့ သိအပ်သနည်းဟူမူ၊ ပြင်ပသို့ သွားရာဌာန၌လည်း ထိုခရီးလေးခုတို့သည်သာလျှင် လေးခုသော အရပ်သို့သွားကုန်၏ဟု ဆိုအပ်၏။ ထို့ကြောင့် ဤအကြောင်းကို စိစစ်အပ်၏။)

တောင်ပို့နိမိတ်

[တောင်ပို့နိမိတ်၌ အယုတ်ဆုံးထိုနေ့ပေါက်၍ ရှစ်သစ်မြင့်၍ နွားဦးချို ပမာဏရှိသော တောင်ပို့သည်လည်း အပ်၏။ ထိုအောက်ငယ်လျှင်မအပ်။ ကြီးလျှင် ဟိမဝန္တာမျှလည်းအပ်၏။ ကျောင်းတိုက်ကိုဝန်းရံ၍ တစပ်တည်းတည်သော တောင်ပို့ကိုကား တနေရာ၌ကြား၍ တပါးသောနေရာ၌ မကြားအပ်။]

မြစ်နိမိတ်

[မြစ်နိမိတ်၌ တရားစောင့်သော မင်းတို့၏ လက်ထက်၌ လခွဲတိုင်း ဆယ်ရက်တိုင်း ငါးရက်တိုင်းကို မလွန်မူ၍ (မိုးလေးလ) မိုးရွာသောအခါ မိုးတိမ်လည်းကင်း၊ ရေအယဉ်လည်း ပြတ်သောမြစ်သည် မြစ်မမည်။ မိုးလေးလလုံး ရေအယဉ်မပြတ်မူ၍ အဝန်းသုံးပါးဖုံးလျက် ကူးသွားသော ဘိက္ခုနီ၏ သင်းပိုင်ရေစွတ်အံ့၊ မြစ်မည်၏။ သိမ်နိမိတ်လောက်၏။

ဤမြစ်မျိုးသာလျှင် ဘိက္ခုနီ၏ မြစ်တဘက်ကူးခြင်း၌ လည်းကောင်း၊ ဥပုသ်စသော သံဃကံပြုခြင်း၌ လည်းကောင်း၊ နဒီပါရသိမ် သမုတ်ခြင်းငှါ လည်းကောင်း သက်ဆိုင်၏။ လမ်းခရီးကဲ့သို့ လှည်းဦးသဏ္ဌာန်၊ ကျုံးသဏ္ဌာန်ဖြင့် ကျောင်းကို ရံပတ်သွားသော မြစ်ကိုလည်းကောင်း၊ အချင်းချင်း ဖောက်ထွင်းသော မြစ်ဆုံကိုလည်းကောင်း တနေရာ၌ကြား၍ တပါးသောနေရာ၌ မကြားအပ်။ မရောယှက်လျှင် မြစ်လေး လုံးကိုပင် ကြားခြင်းငှါအပ်၏။

စောင်ရမ်း ကာသကဲ့သို့ တိုင်စိုက်၍ နွယ်ကောက်ရိုးစသည်တို့ဖြင့် မြစ်ရေအယဉ်ကိုဖြတ်လျက် ဆည်ဖို့အံ့၊ ရေသည် ဆည်ကိုလှမ်းကျော်၍ စီးသည်သာဖြစ်အံ့၊ နိမိတ်ပြုခြင်းငှါ အပ်၏။ ရေမစီးအောင် တံတားပြုအံ့၊ မစီးလျှင်နိမိတ်မအပ်။ စီးရာ၌ နဒီနိမိတ်ကို၊ မစီးရာ၌ ဥဒကနိမိတ်ကိုပြုခြင်းငှါ အပ်၏။

မိုးခေါင်သောအခါ နွေအခါတို့၌ ရေမရှိသောမြစ်လည်း ဖြစ်နိမိတ်အပ်၏။ မြစ်ကြီးမှ သွယ်သော တူးမြောင်းကား မြစ်ငယ်အလား ကောက်သုံးသီး ပြည့်စုံစေလျက် မပြတ်ရေစီး ရှိသော်လည်း နိမိတ်ပြုခြင်းငှါ မအပ်။ ကြာမြင့်သောအခါ တူးမြောင်းဝဖြင့် မြစ်ကိုချိုး၍ မိကျောင်းစသည်ပြွမ်း၍ လှေစသည်တို့ဖြင့် သွားအပ်သော ဖြစ်ဖြစ်အံ့၊ နိမိတ်ပြုခြင် ငှါအပ်၏။]

ဇီဋီ ... သင်းပိုင်ရေစွတ်အံ့ဟု ဆိုသောကြောင့် ထိုမျှပမာဏရှိသော ရေ၌သာ နိမိတ်ပြုခြင်းငှါ အပ်သည်ဟု ကေစိတို့ဆိုကုန်၏။ ရေစွတ်အံ့ဟူသော စကားဖြင့် အယုတ်ဆုံးမြစ် လက္ခဏာကိုဆိုသည်။ ဤသို့သောမြစ်၌ လေးလ ရေစီးရာဌာန၌ ရေအနည်းငယ်ရှိသော်လည်း ပြုခြင်းငှါအပ်သည်ဟု ဧကေတို့ဆိုကုန်၏။ စီးရာ၌ နဒီနိမိတ်ကိုဟု ဆိုသောကြောင့် တံတာမှပြင်ပ၌ ထိုအနေမျှရေစီးလျှင် နဒီသာတည်းဟုဆိုကုန်၏။

သာဋီ ... ဘိက္ခုနီ၏ သင်းပိုင်ရေစွတ်အံ့ဟူသည် သေခိယနှင့်အညီ အဝန်းသုံးပါးဖုံးလျက် သင်းပိုင်ကိုမပင့်ပဲ ဆိပ်ဟုတ်-မဟုတ်ဖြတ်ကူးသွားသော ဘိက္ခုနီ၏သင်းပိုင် တသစ် နှစ်သစ်မျှစွတ်အံ့၊ ဤ၌ ဘိက္ခုနီကိုသာ ဆိုခြင်းကား ဘိက္ခုနီဝိဘင်း ပါဠိတော်၌ ဘိက္ခုနီစွမ်းဖြင့် နဒီလက္ခဏာ လာခြင်းကြောင့် ထိုနည်းဖြင့် ပြခြင်းငှါ ဆိုသည်။

သိမ်နိမိတ် လောက်၏-ဟူသည် ဤလက္ခဏာ ရှိသောမြစ်သည် သမုဒ္ဒရာသို့ လည်းကောင်း၊ တဘက် ဆည်ကန်သို့ လည်းကောင်း စီးဝင်သည် ဖြစ်စေ အမွန်အစမှစ၍ နိမိတ်ဖြစ်၏။

မစီးလျှင်စသည်၌ ဆည်သို့ရောက်လတ်သော် မြစ်၏ရေမစီးပဲ တည်ရာပဒေသ၌ နဒီနိမိတ်ပြုခြင်းငှါ မအပ်။ အထက်၌စီးရာဌာန၌သာ အပ်သည်။ မစီးရာဌာန၌ ဥဒကနိမိတ်ပြုခြင်းငှါ အပ်၏၊ တည်သောရေသာ ရေနိမိတ်အပ်သည်။

စီးသောရေ၊ ရေနိမိတ်မအပ်။ မြစ်ကိုချိုး၍ဟူသည် တူးမြောင်းအဝ၌ မြစ်ကမ်းကိုဖြို၍တည်း။

ဝိဋီ ... ဘိက္ခုနီ၏ ဟူသည်ကို ပါဠိတော်၌ ဘိက္ခုနီတို့၏ မြစ်တဘက်သို့ သွားခြင်း၌ မြစ်လက္ခဏာလာ ခြင်းကြောင့်ဆိုသည်။ ရဟန်းတို့၏ သင်းပိုင်ရေစွတ်လျှင်လည်း အပ်သည်သာတည်း။

မြစ်ကိုချိုး၍ဟူသည် ရေအလိုမရှိသော လယ်သမားတို့သည် ရေကြီးသက်သာအောင် မြစ်ကမ်းကို တူးဖြို၍တည်း။)

ရေနိမိတ်

[ရေနိမိတ်၌ လှေ၊ အိုးခွက်စသည်တို့၌ ရေထည့်၍ ရေနိမိတ်ကြားခြင်းငှါ မအပ်။ ဘူမိဂတ-မြေ၌တည်သော ရေသာလျှင် အပ်သည်။ ထိုရေသည်လည်း မစိးသောရေဖြစ်၍ တွင်း၊ ကန်၊ တဘက်ဆည်၊ အိုင်၊ ဘေးတွင်း၊ သမုဒ္ဒရာစသည်၌တည်မှအပ်သည်။ မြစ်၊ ရေပြွန်၊ ရေမြောင်း စသည်၌ စီးသောရေသည် မအပ်။

အန္ဓကဋ္ဌကထာ၌ နက်သောတွင်း စသည်တို့၌ (ကြိုးရှည်ဖြင့်) ခပ်ယူသောရေကို နိမိတ်မပြုအပ်ဟုဆို၏။ ဒုဝုတ္တဖြစ်၏။ အတ္တနောမတိဖြစ်၏။ တည်သောရေဖြစ်လျှင် ဝက်တူးတွင်း ရွာသူသားငယ်တို့ ကစားသော တွင်း၌ တည်သော်လည်းကောင်း၊ ထိုဏ၌သာ တွင်းပြု၍ အိုးတို့ဖြင့်ဆောင်၍ ပြည့်စေသော ရေသော် လည်းကောင်း ကမ္မဝါစာဆုံးအောင် နည်းသည်ဖြစ်စေ၊ များသည် ဖြစ်စေ အပ်၏။]]

ဇီဋီ ... ဇာတဿရ-ထုံးအိုင်စသည်၌ တည်သောရေကိုလည်း နိမိတ် ပြုခြင်းငှါ အပ်၏။ ထိုနေရာသည် ကာလကြာ၍ ဂါမခေတ်အဖြစ်သို့ ရောက်အံ့၊ ထို၌တပါးသောသိမ်ကို သမုတ်ခြင်းငှါအပ်၏။

ခပ်ယူအပ်သော ရေကိုဟူသည် ထုတ်ဆောင်၍ ယူအပ်သောရေကိုတည်း။)

(အချို့ကား ထိုခဏတူးသောတွင်း၌ မြေကွဲအက်ပေါက်သည်တို့ကို ရေတည်အောင် ဖာထေးလျှင် အိုးခွက်နှင့် အလားတူဖြစ်၍ အပ်မည်မဟုတ်ဟု သံသယစကားဆိုကုန်၏။ မြစ်ရေအစီးရပ်အောင် ဆည်ဖို့ရာ၌ မြစ်နိမိတ် မအပ်၊ ရေနိမိတ်အပ်သည်ဟု ဆိုခြင်းကိုလည်းကောင်း၊ ဝက်တူးသောတွင်း၊ ရွာသူသားငယ်တို့ ကစားသော တွင်းတို့၌ မဖာထေးပဲကစားလျှင်ဟု မဆိုခြင်းကို လည်းကောင်း နှိုင်းချိန်လျှင် သံသယဖြစ်ဖွယ်မရှိ။ အချို့လည်း ထိုခဏတူးသောတွင်း၌ ရေထွက်လာလျှင် ထိုရေနိမိတ်မအပ်ဟု ဆိုကုန်၏။ ထွက်သော ရေစီးနေလျှင် ဆိုထိုက်၏။ မစီးလျှင် တွင်း၊ ကန်၊ အိုင်စသည်၌ ရေကဲ့သို့ အပ်သည်ဟူ၍သာ ဆိုထိုက်၏။)

နိမိတ်တိုင် စိုက်ထားအပ်ခြင်း

[ထိုနိမိတ်ကြားသောနေရာတို့၌ အမှတ်အသားပြုခြင်းငှါ ကျောက်၊ သဲ၊ မြေ စသည်တို့၏ အစုအပုံ၊ ကျောက်တိုင်၊ သစ်သားတိုင်တို့ကို ပြုအပ်ကုန်၏။ ရဟန်းကိုယ်တိုင်ပြုခြင်း၊ ပြုစေခြင်းငှါလည်း အပ်၏။ လာဘသိမ်၌ကား မပြုအပ်။ (မြေသည်အနဂ္ဃ အဖိုးမဖြတ်နိုင်။ သူတပါးမြေ၌ စိုက်မိလျှင်အပြစ်မလွတ်။) သမာနသံဝါသကသိမ်သည် သူတပါးကိုနှိပ်စက်ခြင်းမပြု။ ဝိနည်းကံမျှဖြင့် ပြီးစေခြင်းကြောင့်အပ်၏။]

ဤနိမိတ်ရှစ်ပါးတို့ဖြင့် မရော၍လည်းကောင်း၊ ရော၍ လည်းကောင်း သိမ်ကိုသမုတ်ခြင်းငှါ အပ်သည်သာ တည်း။ နိမိတ်တခု နှစ်ခုမျှဖြင့်ကား မသမုတ်အပ်။ သုံးခုမှစ၍ တရာမျှဖြင့်လည်း သမုတ်အပ်၏။ နိမိတ်သုံးခုဖြင့် သမုတ်လျှင် သိင်္ဃာဋက (လှည်းဦးသဏ္ဌာန်) ခရီးသုံးထောင့် သဏ္ဌာန်ရှိ၏။ လေးခုဖြင့်ကား စတုရဿ-လေးထောင့်၊ သိင်္ဃာဋက-ခရီးလေးထောင့်၊ အဍ္ဎစန္ဒ-လခြမ်း၊ မုဒိင်္ဂ-မရိုးစည်သဏ္ဌာန် စသည်ရှိ၏။ ထိုထက်များသော နိမိတ်တို့ဖြင့် သမုတ်လျှင် သဏ္ဌာန်အမျိုးမျိုးရှိသော သိမ်ဖြစ်၏။

(သာဋီ ... သိင်္ဃာဋကသည်-သုံးထောင့်ခရီး သဏ္ဌာန်ရှိ၏။ မုဒိင်္ဂသည် မုရိုးစည်ကဲ့သို့ အလယ်ကားကား နှစ်ဘက်အဖျား ရှုံ့ရှုံ့သဏ္ဌာန်ရှိ၏။

ဝိဋီ ... မရောက်၍ လည်းကောင်းဟူသည် အရပ်အားလုံး၌တည်သော တောင်သက်သက်ဖြင့်သာ ကျောက်သက်သက်ဖြင့်သာတည်း။

ရော၍လည်းကောင်း-ဟူသည် တနေရာ၌တောင်၊ တနေရာ၌ကျောက်၊ ဤသို့တည်းသော နိမိတ်ရှစ်ခုတို့ ဖြင့်တည်း။

နိမိတ်တရာ-ဟူသောစကားဖြင့် အရပ်မျက်နှာ တခုတည်း၌သာ များစွာသော နိမိတ်တို့ကို ပုရတ္ထိမာယဒိသာယ ကိံ နိမိတ္တံ။ ပဗ္ဗတောဘန္တေ။ ပုနပုရတ္ထိမာယ ဒိသာယ ကိနိံ မိတ္တံ။ ပါသာဏောဘန္တေ … ဤသို့စသည်ဖြင့် ကြားခြင်းငှါအပ်၏ဟု ပြသည်။

သိင်္ဃာဋကသည်-သုံးထောင့်၊ စတုရဿသည် ညီညီလေးထောင့်၊ မုဒိင်္ဂသည်-ရှည်ရှည်လေးထောင့်၊ ဝါ-တဘက်စွန်း ရှုံ့ရှုံ့တဘက်စွန်း ကားကားဖြစ်၏။)

နိမိတ်ဝိနိစ္ဆယအဆုံး၌ ဆက်၍ပြသော သိမ်အမျိုးမျိုး သမုတ်ပုံ အဆုံးအဖြတ်

ဂါမခေတ်တခု၌ သမုတ်ပုံ

ထိုသိမ်ကို သမုတ်လိုသော ရဟန်းတို့သည် အနီးကျောင်းတို့၌ ရဟန်းတို့ကို ထိုထိုဝိဟာရ၏ သိမ်အပိုင်းအခြားကိုမေး၍ သိမ်သမုတ်ပြီးသော ကျောင်းတို့၏ သိမ်၏ သီမန္တရိက်ကိုလည်းကောင်း၊ မသမုတ်သေးသော ကျောင်းတို့၏ (နောင်သမုတ်စရာ) သိမ်၏ ဥပစာကိုလည်းကောင်း ချန်လှပ်၍ ခရီးသွားရဟန်းတို့၏ အသွားအလာ မရှိသောအချိန်၌ သမုတ်အပ်၏။

ဂါမခေတ်တခုတည်း၌ သိမ်ကိုသမုတ် လိုကုန်အံ့၊ ထိုဂါမခေတ်၌ သိမ်သမုတ်ပြီးသော ကျောင်းနေ ရဟန်းတို့ထံ ယနေ့ ငါတို့သိမ်သမုတ်ကုန်အံ့၊ သင်တို့သည်မိမိတို့ သိမ်အပိုင်းအခြားမှ မထွက်ကြပါနှင့်ဟု စေအပ်၏။ သိမ်မသမုတ်သေးသော ကျောင်းနေရဟန်းတို့ကို တပေါင်းတည်း စည်းဝေးစေအပ်ကုန်၏ ဆန္ဒထိုက်သူ၏ဆန္ဒကို ဆောင်ယူစေအပ်၏။

(ဝိသုံဂါမ၌လည်း ဂါမတခုဖြစ်၍ ဤနည်းသာတည်း။)

ဂါမခေတ်တပါးသွင်း သမုတ်ပုံ

တပါးသော ဂါမခေတ် တို့ကိုလည်း သွင်း၍ သမုတ်လိုကုန်အံ့၊ “ထိုဂါမခေတ်တို့၌ ရှိသော ရဟန်း တို့သည်လည်း လာအပ်၏။ မလာလျှင် ဆန္ဒ ဆောင်အပ်၏” မဟာသုမ မထေရ်ဆို၏။ မဟာပဒုမ မထေရ်ကား ဂါမခေတ် အသီးသီးတို့သည် အသီးအခြား ဗဒ္ဓသိမ်နှင့် တူကုန်၏။ ဆန္ဒပါရိသုဒ္ဓိဆောင်၍ မရောက်။

နိမိတ်အတွင်းရှိ ရဟန်းတို့သည် (အလေးပြုခြင်းဖြင့်) လာလိုလျှင် လာအပ်၏ဟု ဆို၍၊ တဖန် သမာနသံဝါသကသိမ် သမုတ်သောအခါ လာသော်လည်းကောင်း မလာသော်လည်းကောင်း အပ်၏။ အဝိပ္ပဝါသသိမ် သမုတ်သောအခါ၌ကား နိမိတ်တွင်းရှိ ရဟန်းတို့ အပ်၏။ မလာလျှင် ဆန္ဒဆောင်အပ်၏ဟု ဆို၏။

ဤသို့ သံဃာစည်းဝေး ပြီး၍ ဆွဲဆောင်ပြီးသောအခါ ထိုထိုလမ်း၊ မြစ်ဆိပ်၊ ရွာတံခါးစသည်တို့၌ အာဂန္တုရဟန်းတို့ကို လျှင်စွာဟတ္ထပါသ်သို့ ဆောင်ခြင်းငှါလည်းကောင်း၊ သိမ်ပသို့ ထုတ်ခြင်းငှါလည်းကောင်း၊ အရံစောင့်၊ သာမဏေတို့ကိုထား၍ စည်ကြီးသံ၊ ခရုသင်းသံ၊ အမှတ်သညာပေး၍ နိမိတ်ကြားပြီး အခြားမဲ့၌ သုဏာတုမေ ဘန္တေ သံဃော စသော ကမ္မဝါစာဖြင့် သိမ်သမုတ်အပ်၏။ ကမ္မဝါစာအဆုံး၌ နိမိတ်တို့ကို အပပြုလျက် အောက်မြေခံသောရေကို အဆုံးပြုလျက် သိမ်သည်သက်၏။

(သာဋီ ... နိမိတ်အတွင်းရှိ ရဟန်းတို့သည် ဟူသည်ကို တပါးသော ဂါမခေတ်၏ ထက်ဝက်ကိုသွင်း၍ သမုတ်လိုသည်ရှိသော် ရဟန်းအားလုံး လာခြင်း၌ အကျိုးမရှိသောကြောင့် ဆိုသည်။

လာအပ်၏-ဟူသည်ကိုလည်း မိမိစွမ်းဖြင့်ဆိုသည်။ အမြဲလာအပ်သည်မဟုတ်။ ထို့ကြောင့် လာသော် လည်းကောင်း မလာသော်လည်းကောင်း အပ်၏ဟု ဆိုသည်။ အကြောင်းကား သိပ်မသမုတ်မီ ဂါမခေတ် အသီးသီးတို့၏ သိမ်အသီးသီးသဘော ရှိခြင်းကြောင့် မလာသော်လည်း ဝဂ္ဂကံ မဖြစ်။ ထို့ကြောင့် မလာသော် လည်းအပ်၏။ သိမ်သမုတ်ပြီးသောအခါ၌ကား တသိမ်တည်းဖြစ်ခြင်းကြောင့် တဖန် ကံတပါးထပ်ပြုလျှင် သိမ်တွင်းရှိ လာအပ်သည်သာတည်း။

ထို့ကြောင့် အဝိပ္ပဝါသ သိမ်သမုတ်သောအခါ၌ကား စသည်ကို ဆိုသည်။ နိမိတ်ကြားသောအခါ သိမ်၌ ရဟန်းမသုတ်သင်သော်လည်း အပြစ်မရှိ၊ ကံလေးပါး တပါးပါး မဟုတ်သောကြောင့်တည်း။

ဝိဋီ ... ပါဋေက္ကန္တိပစ္စေကံ-အသီးအခြား။ ဗဒ္ဓသိမ်နှင့် တူကုန်၏ဟူသော စကားဖြင့် ဗဒ္ဓသိမ်တို့၌ တည်သူတို့သည် အချင်းချင်း ဆန္ဒစသည်ကို မငဲ့ပဲ အသီးအခြား ကံပြုခြင်းငှါ ရကုန်သကဲ့သို့ ဂါမသိမ်တို့၌ တည်သူတို့သည်လည်း ရကုန်၏ဟု ပြသည်။

လာအပ်၏-ဟူသည်ကို သာမိစိမတ္တစွမ်းဖြင့် ဆိုသည်။ ထို့ကြောင့် လာသော်လည်းကောင်း စသည်ကို ဆိုသည်။

ဇီဋီ ... တပါးသော ဂါမခေတ်၌တည်၍ နိမိတ်ကြားသောအခါ၌ လည်းကောင်း၊ သမာနသံဝါသက သိမ်သမုတ်ပြီးသောအခါ၌ လည်းကောင်း လာခြင်းအကျိုးထူး မရှိဟု ဆိုအပ်၏။ စည်ကြီးသံ စသည်ကို သမုတ်ပြီးခြင်း အဆုံးကို ပြုကုန်အံ့ဟုဆို၍ အမှတ်သညာပေးအပ်၏။)

ခဏ္ဍသိမ်

သမာနသံဝါသကသိမ်ကို သမုတ်လိုသူတို့သည် ရှင်ပြု၊ ရဟန်းပြုစသော သံဃကံလွယ်ကူစွာပြုနိုင်ခြင်းငှါ ရှေးဦးစွာ ခဏ္ဍသိမ်ကို သမုတ်အပ်၏။ ခဏ္ဍသိမ်သမုတ်ရာ၌ ကျင့်ဝတ်ကို သိအပ်၏။ ဗောဓိပင်၊ စေတီ၊ ဆွမ်းစားဇရပ် စသည်အားလုံး တည်စေပြီးသော ကျောင်း၌ ကျောင်းအလယ် အများသက်ဝင်ရာ၌ မသမုတ်ပဲ ကျောင်းစွန် ဆိတ်ငြိမ်ရာ၌ သမုတ်အပ်၏။ မတည်စေသေးသော ကျောင်း၌ကား ဗောဓိပင်၊ စေတီစသည် အားလုံး၏ နေရာကို မှတ်သား၍ ကျောင်းစွန် ဆိတ်ငြိမ်ရာ၌ဖြစ်စေသမုတ်အပ်၏။

ခဏ္ဍသိမ်သည်အယုတ်ဆုံး နှစ်ကျိပ်တပါး စည်းဝေးလောက်လျှင် သမုတ်အပ်၏။ ထိုအောက်ငယ်လျှင်မအပ်။ ကြီးလျှင် ရဟန်းတထောင်ခန့်သော်လည်း အပ်၏။ ခဏ္ဍသိမ်ကို သမုတ်သောအခါ သိမ်အပြင်၏ဝန်းကျင် နိမိတ်လောက်သော ကျောက်တို့ကို ထားအပ်ကုန်၏။ ခဏ္ဍသိမ်၌နေ၍ မဟာသိမ်ကို မသမုတ်အပ်။ မဟာသိမ်၌နေ၍ ခဏ္ဍသိမ်ကို မသမုတ်အပ်။

ခဏ္ဍ၌သာနေ၍ ခဏ္ဍကို၊ မဟာ၌သာနေ၍ မဟာကိုသမုတ်အပ်၏။ သမုတ်ပုံကား ဝန်းကျင် ဧသော ပါသာဏောနိမိတ္တံ ဟု ဖတ်ကြား၍ ကမ္မဝါစာဖြင့် သမုတ်အပ်၏။ ထို့နောက် ဒဠှီကမ္မအကျိုးငှါ အဝိပ္ပဝါသ ကမ္မဝါစာကိုဖတ်အပ်၏။ အကျိုးကား သိမ်နုတ်မည်ဟုလာသူတို့ မနုတ်နိုင်။

သမုတ်ပြီးသောအခါ သီမန္တရိက်ကျောက်တို့ကို ထားအပ်ကုန်၏။ သီမန္တရိက်သည် အယုတ်ဆုံး တတောင် ပမာဏရှိလျှင်အပ်၏။ တထွာရှိလျှင်လည်း အပ်သည်ဟု ကုရုန္ဒီ၌ဆိုသည်။ လေးသစ်ရှိလျှင်လည်း အပ်သည်ဟု မဟာပစ္စရိ၌ဆိုသည်။ ကျောင်းတိုက်ကြီးဖြစ်လျှင် ခဏ္ဍသိမ်ကို နှစ်ခု၊ သုံးခု၊ ထိုထက်အလွန်ကို သော်လည်း သမုတ်အပ်၏။

(သာဋီ ... ဘဏ္ဍုကမ္မပုစ္ဆန-ရှင်လောင်း ခေါင်းရိတ်မှု ပန်ကြားခြင်းကိုရည်၍ ရှင်ပြုဟုဆိုသည်။

လွယ်ကူစွာပြုနိုင်ခြင်းငှါ-ဟူသည် အားလုံး စည်းဝေးခြင်းဟူသော ပင်ပန်းမှုကိုပယ်၍ အနည်းငယ်သော ရဟန်းတို့ဖြင့် ပြုလွယ်ခြင်းငှါတည်း။

နှစ်ကျိပ်တပါးဟုဆိုရာ၌ သံဃကံသည် ဝီသတိဝဂ္ဂကံလျှင် အတိုင်းအရှည်ရှိ၏။ ကမ္မာရဟနှင့် နှစ်ကျိပ်တပါး ထိုင်သည် အစွမ်းဖြင့် နေလောက်ရာ အရပ်ကို သမုတ်ခြင်းငှါအပ်၏။

မနုတ်နိုင်ဟူသည် အဝိပ္ပဝါသ သိမ်သမုတ်ထားခြင်းကို မသိ၍ သမာနသံဝါသကကိုသာ နုတ်မည်ဟု အားထုတ်သူတို့သည် မနုတ်နိုင်ကုန်။ အဝိပ္ပဝါသ သမုတ်ထားလျှင် အဓိပ္ပဝါသကိုမနုတ်ပဲ သမာန သံဝါသကကို ကမ္မဝါစာဖြင့် နုတ်၍မရ။ အဝိပ္ပဝါသကိုနုတ်ပြီးမှ သမာနသံဝါသကို နုတ်အပ်၏။

တတောင်ပမာဏကို သိလွယ်သောကြောင့် ဆိုသည်။ တသစ်မျှသီမန္တရိက်လည်း အပ်သည်သာတည်း။ တသစ်မျှဖြင့်လည်း သိမ်ရောယှက်ခြင်း မရှိသည်သာတည်း။

ဝိဋီ ... ဘဏ္ဍကမ္မုပုစ္ဆနကိုရည်၍ ရှင်ပြုဟုဆိုသည်။ နှစ်ကျိပ်တပါးကို ထိုင်ခြင်းကို ရှည်ဆိုသည်။ ထိုစကားကိုလည်း ကမ္မာရဟနှင့်တကွ အဗ္ဘာန်သွင်းလောက်သည်ကို ရည်ဆိုသည်။

နိမိတ်လောက်သော ကျောက်တို့ကို ပို့ထားအပ်ကုန်၏၊ ဟူသည်ကို လိုရာ၌ သစ်ပင်နိမိတ်စသည်ရခဲ၏။ နောင်ကြီးသောအခါ ဗဒ္ဓအိမ်ချင်း ရောယှက်တတ်၏။ ကျောက်နိမိတ်ကား ထိုအပြစ်မျိုး မရှိ။ အမှတ် မရှိ ဆောင်၍ထားခြင်းငှါ လွယ်၏။ ထို့ကြောင့်ဆိုသည်။

သီမန္တရိက် ကျောက်တို့ကို ထားအပ်၏-ဟုဆိုရာ၌လည်း ထို့အတူတည်း။ လေးသစ်လျှင်လည်း တူသည်၊ ခဏ္ဍသိမ်မှပြင်ပနိမိတ် ကျောက်တို့၏ လေးသစ်မျှ ဌာနဝန်းကျင်ဖြစ်အောင် အကြွင်းဌာန ခဏ္ဍသိမ်တွင်း ဖြစ်အောင်သာလျှင် လေးသစ်မျှ သီမန္တရိက်ဖြစ်၏။)

မဟာသိမ်

ဤသို့ ခဏ္ဍသိမ်သမုတ်ပြီး၍ မဟာသိမ်သမုတ်သောအခါ ခဏ္ဍသိမ်မှထွက်၍ မဟာသိမ်၌တည်၍ ဝန်းကျင်လှည့်၍ သီမန္တရိက် ကျောက်တို့ကို ကြားအပ်ကုန်၏။ ထို့နောက် ကြွင်းသောနိမိတ်တို့ကို ကြား၍ ဟတ္ထပါသ်ကို မစွန့်မူ၍ ကမ္မဝါစာဖြင့် သမာနသံဝါသကသိမ်ကို သမုတ်၍ မြဲမြံအောင်အဝိပ္ပဝါသ ကမ္မဝါစာကိုလည်း ဖတ်အပ်၏။ ဤသို့ပြုလျှင် နုတ်သူတို့မနုတ်နိုင်ကုန်။

နိမိတ်ကြားသောအခါ ခဏ္ဍသိမ်၌ ရှေးဦးစွာ ကြား၍၊ ထို့ နောက် သီမန္တရိက်၌ နိမိတ်တို့ကိုကြား၍၊ မဟာသိမ်၌ နိမိတ်တို့ကိုကြားကုန်အံ့၊ ဤသုံးဌာနတို့၌ ကြားပြီးလျှင် အလိုရှိရာ သိမ်ကို ရှေးဦးစွာ သမုတ်ခြင်းငှါအပ်၏။ အပ်သော်လည်း ဆိုပြီးသောနည်းဖြင့် ခဏ္ဍသိမ်မှသာစ၍သမုတ်အပ်၏။

ဤသို့သမုတ်ပြီးသော သိမ်တို့တွင် ခဏ္ဍသိမ်၌ တည်သော ရဟန်းတို့သည် မဟာသိမ်၌ကံပြုသူတို့၏ကံကို မပျက်စေကုန်။ မဟာသိမ်၌ တည်သူတို့လည်း ခဏ္ဍသိမ်၌ ကံပြုသူတို့၏ကံကို မပျက်စေကုန်။ သီမန္တရိက်၌ တည်သူတို့ကား နှစ်ဦးလုံးတို့၏ (ကံကို) မပျက်စေကုန်။ ဂါမခေတ်၌တည်၍ ကံပြုသူတို့၏ကံကိုကား သီမန္တရိက်သည် ဂါမခေတ်သို့ ဝင်၏။

(သာဋီ ... ကြွင်းသောနိမိတ်တို့ကို ဟူသည် မဟာသိမ်၏ ပြင်ပနံပါး နိမိတ်တို့ကိုတည်း။ ခဏ္ဍသိမ်မှစ၍ သမုတ်ခြင်းသည် အလေ့တည်း။ အလေ့ဖြင့်သာပြုလျှင် မတွေဝေနိုင်။ ထို့ကြောင့် ခဏ္ဍသိမ်မှသာစ၍ သမုတ်အပ်၏။

ဝိဋီ ... သီမန္တရိက် ကျောက်တို့ကို ဟူသည် သီမန္တရိက်၌ ထားသောနိမိတ် ကျောက်တို့ကိုတည်း။ ထိုကျောက်တို့ကို လက်ျာရစ်လှည့်၍သာ ကြားအပ်ကုန်၏။

ကြားပုံကား ... သိမ်မှ အနောက်အရပ်၌ အရှေ့ဘက်လှည့်၍ ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ ဟု ထို၌ရှိသောနိမိတ်အားလုံးကို အစဉ်အတိုင်းကြား၍၊ မြောက်အရပ်၌ တောင်ဘက်လှည့်၍ ဒက္ခိဏာယ ဒိသာယ ကိံ နိမိတ္တံ-ဟု အစဉ်အတိုင်းကြား၍၊ အရှေ့အရပ်၌ အနောက်ဘက်လှည့်၍ ပစ္ဆိမာယ ဒိသာယ ကိံ နိမိတ္တံ-ဟု အစဉ်အတိုင်း ရှေးအတူကြား၍၊ တောင်အရပ်၌ မြောက်ဘက်လှည့်၍ ဥတ္တရာယ ဒိသာယ ကိံ နိမိတ္တံ-ဟု အစဉ်အတိုင်းရှိသမျှ အားလုံးတို့ကိုကြား၍ တဖန်အနောက်အရပ်၌ အရှေ့ဘက်လှည့်၍ ရှေးကြားပြီး နိမိတ်ကို ရှေးအတိုင်း တဖန်ကြားအပ်၏။ ထို့အတူ များစွာသော ခဏ္ဍသိမ်တို့၏လည်း သီမန္တရိက်ကျောက်တို့ကို အသီးသီး ကြားအပ်ကုန်၏။

ကြွင်းသော နိမိတ်တို့ကို-ဟူသည် မဟာသိမ်၏ပြင်ပ အကြားတို့၌ ကြွင်းသော နိမိတ်တို့ကိုတည်း။)

ပိဋ္ဌိပါသာဏသိမ်

ဤသိမ်ဟူသည် မြေပြင်၌သာ မဟုတ်သေး၊ ပိဋ္ဌိပါသာဏ-ကျောက်ဖျာအပြင်၊ ကုဋိဂေဟ-မြေကျောင်း၊ လေဏ-လှိုဏ်ဥမင်၊ ပါသာဒ-ပြာသာဒ်၊ ပဗ္ဗတမတ္ထက-တောင်ထိပ်တို့၌ သော်လည်း သမုတ်အပ်သည်သာ တည်း။ ကျောက်ဖျာ၌ သမုတ်လျှင် ကျောက်ဖျာ၌ အရေးအသားထွင်း၍ တွင်းငယ်တူး၍ နိမိတ်မပြုအပ်၊ နိမိတ်လောက်သော ကျောက်တို့ကိုထား၍ နိမိတ်ကြားအပ်၏။

ကမ္မဝါစာအဆုံး၌ မြေခံရသော ရေအထိ သိမ်သက်၏။ နိမိတ်ကျောက်တို့သည်ထားရာ၌ တည်မည်မဟုတ်။ ထို့ကြောင့် ဝန်းကျင်အရေးအသားကို ဖြစ်စေအပ်၏။ ထောင့်လေးခုတို့၌ ကျောက်တို့ကို ထွင်းအပ်ကုန်၏။ “ဤကား သိမ်အပိုင်းအခြားတည်း” ဟု အက္ခရာတို့ကိုသော်လည်း ထုအပ်ကုန်၏။ ငြူစူသူတို့မီးရှို့လျှင် ကျောက်တို့သာ လောင်ကုန်၏။ သိမ်မလောင်နိုင်။

(သာဋီ ... ကုဋိဂေဟသည် ကုဋိဃရဖြစ်၏။ ဘူမိဃရဟူလို။ ဥဒုက္ခ လန္တိခုဒ္ဓကာဝါဋံ -တွင်းငယ်တည်း။ ထိုအရေးအသားကို လည်းကောင်း၊ ထို တွင်းငယ်ကိုလည်းကောင်း နိမိတ်မပြုအပ်။

ဝိဋီ ... ကုဋိဂေဟဟူသည် မြေ၌ ပြုသော သက်ကယ်ကျောက်တည်း။

ဥဒုက္ခလန္တိ ဥဒုက္ခလာဝါဋ သဒိသခုဒ္ဒကာ ဝါဋံ - ဆုံငယ်တွင်းနှင့်တူသော တွင်းငယ်ကိုတည်း။

နိမိတ်မပြုအပ်ဟူသည် ထို အရေးအသား တွင်းငယ်တို့ကို နိမိတ်မပြုအပ်။ ဤစကားကို နိမိတ်ရှစ်ပါး၌ မလာခြင်းဖြင့် မအပ်ဟု ထင်ရှားသော်လည်း မပျက်နိုင်ဟူသောသညာဖြင့် တွေဝေသူ နိမိတ်ပြုမိရာ၏ဟု ဝိပ္ပတ္တိဘေး အဝေးမှရှောင်စိမ့်သောငှါ ဆိုသည်။

ဤအတူ နောက်၌ ဘိတ္တိံ အကိတ္တေတွာ စသည်တို့၌လည်း ထင်ရှားသောအနက်ကို ဖန်ဖန်ဆိုခြင်း၌ အကြောင်းကို သိအပ်၏။ သိမ်ပျက်လျှင် ရဟန်းပြုသောကံအားလုံး ပျက်ကြောင်းတည်း။ ထို့ကြောင့် ပျက်ပေါက်ကို ခိုင်ခိုင်ပိတ်ဆို့အပ်သည်။)

ကုဋိဂေဟသိမ်

ကုဋိဂေဟ မြေကျောင်း၌လည်း သိမ်သမုတ်လျှင် ဘိတ္တိံ အကိတ္တေတွာ-နံရံကို မကြားမူ၍ နှစ်ကျိပ်တပါး နေလောက်ရာကို အတွင်းပြု၍ ကျောက်နိမိတ်တို့ကိုထား၍ သမုတ်အပ်၏။ နံရံ၏အတွင်းသာ သိမ်ဖြစ်သည်။

နံရံအတွင်း နှစ်ကျိပ်တပါးမဆန့်အံ့၊ ပခုခ-ကျောင်းဦး၌ နိမိတ်ကျောက်တို့ကိုထား၍ သမုတ်အပ်၏။ ဤသို့လည်း မဆန့်အံ့၊ ပြင်ပတံစက်ကျရာ၌လည်း နိမိတ်ထား၍ သမုတ်အပ်၏။ ဤသို့ သမုတ်လျှင် ကုဋိဂေဟတခုလုံး သိမ်၌သာတည်၏။

(ဝိဋီ ... ဘိတ္တိံ ဟူသည် အုတ်နံရံ၊ သစ်သားနံရံ၊ မြေနံရံတို့ကို မကြားမူ၍၊ ကျောက်နံရံ၌ကား နိမိတ်လောက်သော ကျောက်တခုခုကို ထိုထို အရပ်၌ ကြားခြင်းငှါ အပ်၏။ ကျောက်အများစီသော နံရံတခုလုံးကို ကြားခြင်းငှါ မအပ်။ ဧသောပါသာဏော နိမိတ္တံ ဟု ဧကဝုစ်ဖြင့် ဆိုအပ်သောကြောင့်တည်း။

နံရံအတွင်းသာ-ဟူသည်၌ နံရံအတွင်း၌လည်း နိမိတ်တည်ရာ အတွင်းသာ သိမ်ဖြစ်သည်ဟု ယူဆအပ်၏။

ကျောင်းဦး၌ နိမိတ် ကျောက်တို့ကိုထား၍-ဟူသည် တိုက်ခန်း၏ ရှေးရှုပြင်ပ ကျောင်းဦး၌လည်း တိုက်ခန်း အကျယ် ပမာဏရှိသောနေရာ၌ ကျောက်တို့ကိုထား၍ သမုတ် အပ်၏။ ဤသို့ သမုတ်လျှင် တိုက်ခန်းဦးတို့၏ အတွင်းရှိနံရံကို အစပြု၍ အတွင်းအပလေးထောင့်သဏ္ဌာန်သာ သိမ်ဖြစ်၏။

ပြင်ပ-ဟူသည် ကုဋိဂေဟ တခုလုံး၏ ဝန်းကျင်ပြင်ပတည်း။)

လေဏသိမ်

နံရံလေးဘက်ရှိသော လိုဏ်ဥမင်၌လည်း သမုတ်လျှင် ဘိတ္တိံ အကိတ္တေတွာ - နံရံကို မကြားမူ၍ ကျောက်တို့ကိုသာ ကြားအပ်ကုန်၏။ အတွင်း၌ နေရာမဆန့်လျှင် အဦး၌လည်း နိမိတ်ထားအပ်၏။ မဆန့် သေးလျှင် ပြင်ပတံစက်ကျရာ၌လည်း နိမိတ်ကျောက်တို့ကိုထား၍ နိမိတ် ကြား၍ သိမ်သမုတ်အပ်၏။ ဤသို့သမုတ်လျှင် လိုဏ်၏အတွင်းသည်လည်းကောင်း၊ အပသည်လည်းကောင်း သိမ်ဖြစ်၏။

(ဝိဋီ ... အတွင်းသည်လည်းကောင်း စသည်သည် အလယ်၌ တည်သောနံရံနှင့်တကွ လေးထောင့်သိမ် ဖြစ်၏။)

ပါသာဒသိမ်

ပြာသာဒ်၏ အထက်၌လည်း နံရံကိုမကြားမူ၍ အတွင်း၌ ကျောက်တို့ကိုထား၍ သမုတ်အပ်၏။ မဆန့်ကျင်လျှင် အဦး၌ ကျောက်တို့ကိုထား၍ သမုတ်အပ်၏။ ဤသို့သမုတ်လျှင် ပြာသာဒ်အထက်၌သာ သိမ်ဖြစ်၏။ အောက်သို့မသက်။ တိုင်များစွာတို့၌ ထုပ်ရက်မတို့၏ အထက်၌ပြုသော ပြာသာဒ်ဖြစ်အံ့၊ အောက်နံရံလည်း နိမိတ်တို့၏ အတွင်း၌ တက်၍ လုပ် ရက်မတို့နှင့် တစပ်တည်းတည်အံ့၊ အောက်သို့လည်း သက်၏။

တိုင်ကြီးတခုတည်းရှိသော ပြာသာဒ်၏ အထက်ထပ်၌ သမုတ်အံ့၊ ထိုတိုင်ကြီး ထိပ်၌ နှစ်ကျိပ်တပါးဆန့်လျှင် အောက်သို့သက်၏။ ပြာသာဒ်၏ (အထက်) နံရံမှထွက်သော နိသျဟက - ထုပ်စွန်းစသည်တို့၌ ကျောက်တို့ကိုထား၍ သမုတ်အံ့၊ ပြာသာဒ်နံရံသည် သိမ်အတွင်းဖြစ်၏။ အောက်သို့သက်ခြင်း၊ မသက်ခြင်းကို သိပြီးသောနည်းဖြင့်သာ သိအပ်၏။

ပြာသာဒ်၏အောက်၌ နိမိတ်ကြားလျှင်လည်း နံရံကိုလည်းကောင်း၊ သစ်သားတိုင်တို့ကို လည်းကောင်း မကြားအပ်ကုန်။ နံရံ၌ဆွဲသော ကပ်သော (ဝါ-မှီသော) ကျောက်တိုင်တို့ကို ကြားခြင်းငှါ အပ်၏၊ ဤသို့ ကြားလျှင် အောက်ထပ် အစွန်းတိုင်တို့၏ အတွင်းသာ သိမ်ဖြစ်၏။ အောက်ထပ်နံရံသည် အထက် ထပ်နှင့်စပ်အံ့၊ အထက်သို့လည်းသိမ်တက်၏။ ပြင်ပတံစက်ကျရာ၌ နိမိတ်တို့ ပြုလျှင် ပြာသာဒ်တခုလုံးသိမ်၌ တည်၏။

(သာဋီ ... အောက်သို့ မသက်ဟူသည် နံရံအတွင်း နိမိတ်ထား၍ ကြားခြင်းကြောင့် အောက်ကောင်းကင် အရပ်သို့ မသက်။

အောက်သို့ လည်းသက်၏-ဟူသည် အောက်နံရံအတွင်း နှစ်ကျိပ်တပါးဆန့်လျှင်သက်၏။ သက်သော်လည်း အထက်သိမ်ပမာဏဖြင့် မသက်။ ဝန်းလျှင်နံရံပမာဏဖြင့် သက်၏။

သက်ခြင်း မသက်ခြင်းကို ဆိုပြီးသောနည်းဖြင့်သာ-ဟူသည် အောက်၌ နှစ်ကျိပ်တပါးဆန့်လျှင်သက်၏။ မဆန့်လျှင် မသက်ဟူသော အဓိပ္ပါယ်တည်း။

ပြာသာဒ်တခုလုံး သိမ်၌တည်၏-ဟူသည် အထက်ထပ်နှင့် နံရံစပ်သော် လည်းကောင်း၊ မစပ်သော် လည်းကောင်း ပြာသာဒ်တခုလုံး သိမ်၌တည်သည်သာတည်း။)

(ဝိဋီ ... ပြာသာဒ်၏ အထက်၌ သိမ်ဖြစ်၏ ဟူသောစကားဖြင့် တိုက်ခန်းနှင့် အဦးတို့၏အကြား တည်သော နံရံ၏ တခုတည်း ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ထိုနံရံအတွင်း၌ နှစ်ကျိပ်တပါး မဆန့်သောကြောင့် လည်းကောင်း အောက်သို့မသက်။ အထက်နံရံကား သိမ်၌တည်၏ဟု ပြသည်။

အောက်နံရံလည်း နိမိတ်တို့၏အတွင်း၌တက်၍-ဟူသည် အောက်၌ လေးမျက်နှာလုံးတက်သော နံရံဖြစ်၏။ နှစ်မျက်နှာ သုံးမျက်နှာသာ နံရံတက် အောက်သို့မသက်။

အောက်သို့လည်းသက်၏- ဟူသည်ကို နံရံလေးခုလုံး၏ အတွင်းသည် နံရံတို့နှင့်တကွနှစ်ကျိပ်တပါး ဆန့်သောကြောင့်ဆိုသည်။ သက်သော်လည်း အထက်သိမ်ပမာဏဖြင့် မသက်။ နံရံလေးခု၏ ပြင်ပစွန်း အောက် မြေ၌ ရေအဆုံးပြု၍ သက်သည်။ နံရံပ၌ တဆံခြည်မျှမသက်။

သက်ခြင်း မသက်ခြင်းကို ဆိုပြီးသောနည်းဖြင့်သာ-ဟူသည်ကို အထက်သိမ်ပမာဏ၏ အတွင်း၌ဝင်သော အောက်လေးဘက်နံရံတို့၏ ထုတ်ရက်မ သစ်သားတို့နှင့် စပ်ခြင်းကိုလည်းကောင်း၊ ထိုအတွင်း၌ အယုတ်ဆုံး သိမ်ပမာဏရှိခြင်း စသည်ကိုလည်းကောင်း ရည်ဆိုသည်။ ဤ၌ နိယျဟက-ထုပ်စွန်း စသည်တို့သည် နိမိတ်တို့၏ တည်ရာဖြစ်၍ သမုတ်သောခဏ၌ သိမ်မဟုတ်သော်လည်း သမုတ်ပြီးသောအခါ၌ သိမ်၌ တည်သည်သာဖြစ်ကုန်၏ဟု မှတ်အပ်၏။

အစွန်တိုင်တို့၏-ဟူသည်ကို နိမိတ်ဖြစ်သော ကျောက်တိုင်တို့ကို ရည်ဆိုသည်။

အထက်ထပ်နှင့်စပ်အံ့-ဟူသည်ကို နံရံတို့၏အတွင်း၌ သိမ်၌တည်သော တိုင်တို့ရှိသောကြောင့် ဆိုသည်။ တိုင်တို့ရှိကြလျှင် နံရံသည် အထက်ထပ်နှင့် မစပ်သော်လည်း သိမ်၌တည်သောတိုင်တို့၏ အထက်၌ တည်သော ပြာသာဒ်သည် သိမ်၌ တည်သည်သာတည်း။ တိုင်များစွာ စီတန်းသည်တို့၏ အထက်၌ ပြာသာဒ် ဆောက်၍ အောက်မြေ၌ အပြင်ဘက်ဆုံးတိုင် အစီအတန်း၏ အတွင်း၌ နိမိတ်ကျောက်တို့ကိုထား၍ သိမ်သမုတ်အံ့၊ ဤ၌အဘယ်သို့ ဖြစ်မည်နည်း။ ဤ၌လည်း သိမ်၌တည်သော တိုင်တို့သာဖြစ်အံ့၊ ထိုတိုင်တို့သာ ထမ်းဆောင်အပ်သော ထုတ်ရက်မတို့၏ အထက်တပြင်လုံးသည် သိမ်၌တည်သည်သာ တည်း။ ။ ဝိဝါဒ ကွဲပြားခြင်းမရှိ။

ဤသို့မဟုတ်ပဲ သိမ်၌တည်သော တိုင်စဉ်နှင့် သိမ်ပ၌တည်သော တိုင်စဉ်တို့ အညီအမျှ ထမ်းဆောင်သော ထုတ်ရက်မတို့၏ အထက်အပြင်သည် ဖြစ်ခဲ့အံ့၊ ထို၌အထက်သည် သိမ်ဖြစ်၏ဟု ကေစိတို့ ဆိုကုန်၏။

တပြင်လုံးသည် ဂါမသိမ်ဟု အပရေတို့ ဆိုကုန်၏။

ဗဒ္ဓသိမ်ဖြစ်သည်သာတည်းဟု အညေတို့ ဆိုကုန်၏။

ထို့ကြောင့် ကံကိုပြုလိုသူတို့သည် ဂရုက-နိရာသင်္က အရာ၌တည်၍ အာသင်္ကဌာနကို သုတ်သင်၍သာ ကံပြုအပ်၏။ သန္နိဋ္ဌာနကာရဏ-ဆုံးဖြတ်နိုင်ကြောင်းကိုသော်လည်း ရှာ၍ လျော်စွာပြုအပ်၏။

ဇီဋီ ... ဘိတ္တိလဂ္ဂေတိ ဘိတ္တိနိဿိတကေဣမေကိရ ဘိတ္တိလဂ္ဂါပိ ဧကဗဒ္ဓါတိ နဝုစ္စန္တိ။ နံရံ၌မှီသော်လည်း တစပ်တည်းမဟုတ်)။

ပဗ္ဗတမတ္ထကသိမ်

တောင်ထိပ်၌ အပြင်သည် နှစ်ကျိပ်တပါး ဆန့်အံ့။ ထို၌ ကျောက်ဖျာ၌ကဲ့သို့ သိမ်သမုတ်အံ့၊ တောင်အောက် ၌လည်း ထိုပမာဏဖြင့် သိမ်သက်၏။

တာလမူလပဗ္ဗတ-ထန်းပင်ရင်းအလား အောက်ထွားသော တောင်၌လည်း အထက်၌သိမ်သမုတ်လျှင် အောက်သို့ သက်သည်သာတည်း။

ဝိတာန-မျက်နှာကြက်သဏ္ဌာန် မှိုပွင့်အလား အထက်ကားအံ့၊ အထက်၌နှစ်ကျိပ်တပါးဆန့်၍ အောက်၌ မဆန့်၊ အထက်၌ သမုတ်လျှင် အောက်သို့မသက်။

မုဒိင်္ဂ-မရိုးစည်သဏ္ဌာန် ခါးကြီးသော တောင်ဖြစ်စေ၊ ပဏာ-ထက်စည်သဏ္ဌာန် ခါးသေးသောတောင်ဖြစ်စေ အောက်၌လည်းကောင်း၊ အလယ်၌လည်းကောင်း၊ (သေးငယ်ရာ၌) သိမ်ပမာဏ မရှိအံ့၊ အထက်၌ သမုတ်လျှင် အောက်သို့မသက်၊ တောင်ထွ၌နှစ်ခု နီးကပ်၍ အထက်၌ သိမ်ပမာဏ မရှိချည်းသာဖြစ်အံ့၊ နှစ်ထွဋ်အကြားစီ၍ ဖွဲ့၍ တစပ်တည်းပြု၍ အထက်၌သိမ်သမုတ်အပ်၏။

သပ္ပဖဏ-မြွေပါးပျဉ်းနှင့်တူသော တောင်၏ အထက်၌ သိမ်ပမာဏရှိ၍ သိမ်သမုတ်အံ့၊ ပါးပျဉ်း၏ အောက်၌ ကောင်းကင် ဝှမ်းဖြစ်လျှင် သိမ်မသက်၊ အလယ်၌ သိပ်ပမာဏ အခေါင်းရှိသော ကျောက်ရှိအံ့၊ သက်၏။ ထိုကျောက်သည်သိမ်၌တည်၏။ ပါးပျဉ်း၏အောက် ကောင်းကင်ဝှမ်း၌ (လိုဏ်ပြုအံ့) ထိုလိုဏ်၏ အထွဋ်သည် အထက်စွန်းကို ထိလျက်တည်အံ့-သိမ်သက်၏။ အောက်၌လည်းကောင်း၊ အထက်၌ လည်းကောင်း သိမ်သာတည်း။ (လိုဏ်ငါးမျိုးသိအပ်၏)

အောက်၌လိုက်သည် အထက်သိမ်အပိုင်းအခြား၏ ပါရတောအန္တော-ဟိုမှာဘက်မှ အတွင်း၌ ဖြစ်အံ့ (ဝါ-ထက်အောက်မတည့်၊ တောင်ခြေရင်းသက် လိုဏ်ရောက်အံ့)၊ အပ၌သိမ်မသက် (၁)။

အထက်သိမ်၏ သြရတောဗဟိ-ဤမှာဘက်မှု ပြင်ပ၌ လိုဏ်ဖြစ်အံ့ (ဝါ-ပြင်ပသို့ရောက်နေအံ့)၊ အတွင်း၌ ဝါ-လိုဏ်နှင့် တောင်ခြေအကြား၌ သိမ်မသက် (၂)။

အထက်သိမ်ငယ်၍ အောက်လိုဏ်ကြီး၍ သိပ်အပိုင်းအခြားကို လွန်၍တည်အံ့၊ (ဝါ-ဝန်းကျင်ကြီးအံ့) အထက်၌သာ သိမ်ဖြစ်သည်။ အောက်သို့မသက် (၃)။

လိုဏ်သည်ငယ်လျက် နှစ်ကျိပ်တပါးဆန့်အံ့၊ အထက်သိမ်သည် ကြီး၍ လွှမ်းမိုး၍တည်အံ့၊ သိမ်သက်၏။ (၄)။

လိုဏ်သည်အလွန်ငယ်၍ နှစ်ကျိပ်တပါး မဆန့်အံ့၊ အထက်၌သာ သိမ်ဖြစ်သည်။ အောက်သို့မသက် (၅)။

ထိုသမုတ်ပြီးသောသိမ်မှ ထက်ဝက် ပဲ့ကျအံ့၊ ပြင်ပကျသွားသော ထက်ဝက်သည် သိမ်ပမာဏရှိသော်လည်း သိမ်မဟုတ်။ ကျန်ထက်ဝက်သည်သိမ်ပမာဏရှိလျှင် သိမ်သာတည်း။

(သာဋီ ... တာလမူလ-ဟူသည်ထန်းပင်ရင်းနှင့်တူသောတောင်ဖြစ်၏။ အောက်၌ကြီး၍ အစဉ်အတိုင်း အထက်သေး၏။

ထက်စည်သဏ္ဌာန်-ဟူသည် အလယ်သေး၍ အောက်အထက် ကျယ်၏။

အောက်၌ လည်းကောင်း၊ အလယ်၌ လည်းကောင်း-ဟူသည် မုရိုးစည်သဏ္ဌာန် တောင်၏အောက်၊ ထက်စည် သဏ္ဌာန် တောင်၏အလယ်ဖြစ်၏။

ကောင်းကင်ဝှမ်း-ဟူသည် နံရံဖြင့် အကာမရှိသော တောင်ဝှမ်းဖြစ်၏။

အတွင်း၌ဖြစ်အံ့-ဟူသည် တောင်၏ အတွင်း၌ လိုဏ်ဖြစ်၏။)

(ဝိဋီ ... တာလက္ခန္ဓမူလသည် - ထန်းပင်ရင်းနှင့်တူ၍ အောက်ကြီး အထက်သေးတက်သော ဓနုံးပင်နှင့်တူ၏။

ဝိတာနသည်- အဟိစ္ဆိတ္တက မှိုသဏ္ဌာန်ရှိ၏။

ပဏဝသည်- အလယ်သေး၍ အောက်အထက်ကား၏။

အောက်၌လည်းကောင်း၊ အလယ်၌လည်းကောင်း-ဟူသည် မုရိုးစည်သဏ္ဌာန် တောင်၏အောက် ထက်စည်သဏ္ဌာန် တောင်၏အလယ်ဖြစ်၏။

သပ္ပဖဏ တောင်သည် မြွေပါးပျဉ်းကဲ့သို့ကုန်း၏။ ခုံး၏။ မူလနေရာမှ တပါးသော နေရာ၌ ညွှတ်သော ဦးခေါင်းရှိ၏ဟူလို။

ကောင်းကင်ဝှမ်းသည်- နံရံဖြင့် အကာမရှိသော တောင်ဝှမ်းဖြစ်၏။

သိမ်ပမာဏ အခေါင်းရှိသောဟူသည် - အတွင်းကောင်းကင်နှင့်တကွ အငယ်ဆုံး သိမ်ပမာဏရှိ၏။

ထိုကျောက်သည် သိမ်၌တည်၏ ဟူသောစကားဖြင့် ဤသို့သော အခေါင်းရှိသောကျောက် လိုဏ်နံရံ စသည်တို့ဖြင့် ပိုင်းခြားရာမြေအဖို့၌သာ သိမ်သည်တည်၏။ မပိုင်းခြားရာ၌မတည်။

သိမ်တည်ခြင်းကြောင့် သိမ်တို့ဖြစ်ကုန်၏။ သရူပအားဖြင့် သိမ်၌တည်သော ညောင်စောင်း စသည်ကဲ့သို့ မဟုတ်ဟုပြသည်။ထိုအခေါင်း ရှိသောကျောက်သည် မြေမထိပဲ ကောင်းကင်၌ဆွဲလျက်တည်တံ့၊ သိမ် မသက်။ အခေါင်းရှိသောကျောက်ကား သိမ်နှင့်စပ်သောကြောင့် သိမ် ဖြစ်၏။

အဘယ်သို့လျှင် အငယ်ဆုံးပမာဏမှ ကင်းသော ထိုအခေါင်း ရှိသော ကျောက်စသည်တို့ဖြင့် သိမ်သက်သနည်း ဟူမူ .. ဤသက်ခြင်းကို အဋ္ဌကထာပမာဏဖြင့် ယုံကြည်အပ်၏။ တနည်း-အခေါင်းရှိသော ကျောက် နံရံသို့ အစဉ်လျှောက်၍ ကြွက်စသည်ကဲ့သို့ သိမ်၏အောက်၌ သက်ဘွယ် ကိစ္စမရှိ။ အောက်၌ကား အငယ်ဆုံး သိမ်ပမာဏရသော ကောင်းကင်သည် နှစ်သစ်မျှထူသော ကျောက်နံရံစသည်ဖြင့် အထက်အပြင်ကိုထိ၍ တည်အံ့၊ အလုံးစုံအားဖြင့်၊ ဝါ-အများအားဖြင့် အပိုင်းအခြားရှိအံ့၊ အထက်၌ သမုတ်သောသိမ်သည် ထိုကျောက် စသည်တို့ဖြင့် ခြားသော ထိုအပိုင်း အခြားရှိသော အောက်မြေ၌လည်း အထက်အပြင်နှင့်အတူတကွ တပြိုင်တည်း တည်၏။ မြစ်ခြားလျက် ကမ်းပါးနှစ်ဘက်တို့၌ နဒီပါရသိမ်တပြိုင် တည်းတည်သကဲ့သို့တည်း။

လိုဏ်စသည်ကိုပယ်သော်လည်း အောက်သို့သက်သောသိမ်သည် သာသနာတည်သရွေ့ တည်၏။ ရှေးဦးစွာ အထက်၌ သိမ်သမုတ်ပြီးမှ နောက်၌လိုဏ် စသည်ပြုသော်လည်း အောက်မြေ၌ သိမ်သက် လျက်သာတည်း။ ကေစိတို့ကား ထိုသိမ်ကိုအလိုမရှိကုန်။ ဤသို့သိမ်သည် နှစ်နေရာ၌တည်သော်လည်း တသိမ်တည်းသာတည်း။

ဂေါတ္တစသောဇာတိသည် ဗျတ္တိပြားသော်လည်း ဇာတိမပြားသကဲ့သို့ ယူအပ်၏။ အပ၌ မသက်ခြင်း အတွင်း၌ မသက်ခြင်းတို့၌ မိမိသက်ထိုက်သောဌာန၌ လိုဏ် ဖြစ်နေသဖြင့် မသက်နိုင်ခြင်းကိုသာ ပြသည်။ မသက်ပဲ အထက်၌သာ ဖြစ်သည်ဟုမှတ်အပ်၏။

ပြင်ပပဲ့ကျသော ထက်ဝက်သည် သိမ်မဖြစ်ခြင်းဖြင့် ပြာသာဒ်အထက် စသော မခိုင်မြဲသောနေရာ၌ တည်သော သိမ်လည်း ထိုနေရာပျက်ကျခြင်းဖြင့် ပျက်ကျသည်ကုသိအပ်၏။ )

မြေဖို့ခြင်းစသည်

နိမ့်သောခဏ္ဍသိမ်ကို မြင့်အောင်မြေဖို့အံ့၊ သိမ်သာတည်း။ သိမ်၌ကျောင်းဆောက်အံ့၊ ကျောင်းသည်သိမ်၌ တည်သည်သာတည်း။ သိမ်၌ရေကန်တူးအံ့၊ သိမ်သာတည်း၊ ရေအယဉ်လွှမ်း၍စီးအံ့၊ သီမာ မာဠက-သိမ်အပေါ်၌ ငြမ်းဆောက်၍ ကံပြုခြင်းငှါအပ်၏။ သိမ်၏အောက်၌ ဥမင်္ဂနဒီရှိ၍ တန်ခိုးရှင်ရဟန်းထိုင်နေအံ့၊ ထိုနဒီသည်ပဌမဖြစ်ပြီးမှ သိမ်သမုတ်အံ့၊ ကံကိုမပျက်စေနိုင်။ သိမ်ကိုပထမသမုတ်ပြီးမှ နဒီဖြစ်အံ့။ ကံကိုပျက်စေ၏။ အောက်မြေပြင်၌ တည်သောရဟန်းသည်ကား ကံကိုပျက်စေသည်သာတည်း။

(ဝိဋီ ... ရေကန်တူးအံ့ ဟူသည်၌ အောက်၌ ဥမင်္ဂနဒီရှိအံ့ သိမ်ပမာဏ အောက်မငယ်ပဲ ရှိနှင့်သော နောက်မှသမုတ်သောသိမ်သည် ဥမင်္ဂနဒီမှအထက်၌သာဖြစ်သည်။ ထိုမြစ်သို့ရောက်အောင် ရေကန်တူးလျှင် သိမ်ပျက်၏ဟု မှတ်အပ်၏။

အောက်မြေပြင်၌-ဟူသည် အခြားမရှိသော ဘူမိဝိဝရ မြေအကြား အပေါက်၌တည်း။)

သိမ်သုတ်သင်၍ကံဆောင်ခြင်း

သီမမာဠကဟူသော ခဏ္ဍသိမ်၌ ပဋရုက္ခ-ပညောင်ပင်သည်ရှိအံ့၊ ထိုပညောင်ပင်၏ သစ်ခက် မြစ်ပါးပျဉ်း သည် မဟာသိမ်၏ မြေပြင်ကိုလည်းကောင်း၊ မဟာသိမ်ကို ပေါက်သော သစ်ပင်စသည်ကို လည်းကောင်း ထိ၍တည်အံ့၊ မဟာသိမ်ကို သုတ်သင်၍ (ခဏ္ဍသိမ်၌) ကံဆောင်အပ်၏။

သစ်ခက်မြစ်ပျဉ်းတို့ကို သော်လည်း ဖြတ်၍ ပြင်ပပြုအပ်ကုန်၏။ မဟာသိမ်ကို မထိပဲတည်သော သစ်ပင် သစ်ခက် စသည်၌ ရဟန်းတက်၍နေအံ့၊ ထိုရဟန်းကို ဟတ္ထပါသ်သို့ဆောင်အပ်၏။

ထို့အတူ မဟာသိမ်၌ပေါက်သော သစ်ပင်၏ သစ်ခက်မြစ်ပျဉ်းသည်လည်း မဏ္ဍသိမ်၌တည်အံ့၊ ခဏ္ဍသိမ်ကိုသုတ်သင်၍ (မဟာသိမ်၌) ကံဆောင်အပ်၏။ သစ်ခက်မြစ်ပျဉ်း တို့ကိုသော်လည်း ဖြတ်၍ ပြင်ပပြုအပ်ကုန်၏။

မဟာသိမ်၌ ကံပြုစဉ် ထိုမဟာသိမ်၏ အတွင်းဘက်ဝင်လျက် အထက်ကောင်းကင်ဟင်းလင်း၌ တည်သော သစ်ခက်၌ ရဟန်းတပါးထိုင်နေအံ့၊ ခြေသော် လည်းကောင်း၊ အဝတ်ရုံသော် လည်းကောင်း၊ မြေကိုလည်း ထိအံ့၊ ကံမပြုအပ်။ ခြေ-အဝတ်အရုံတို့ကို ပင့်မြှောက်စေ၍ ပြုလျှင်အပ်၏။ ဤလက္ခဏာကို ရှေးနည်း၌လည်း သိစေအပ်၏။

မသိအပ်သော အထူးကား - ရှေးနည်း၌ မြေအဝတ်အရုံတို့ကို ပင့်မြှောက်စေ၍ ပြုခြင်းငှါ မအပ်။ ထိုခဏ္ဍသိမ်၌ တည်သော သစ်ပင်ထက်၌တည်သော ရဟန်းဖြစ်သောကြောင့်တည်း။ ဟတ္ထပါသ်သို့သာ ဆောင်အပ်၏။

သိမ်အတွင်းမှတောင်ပေါက်အံ့၊ ဟိုတောင်၌တည်သော ရဟန်းကို ဟတ္ထပါသ်သို့ဆောင်အပ်၏။ တန်ခိုးဖြင့် တောင်အတွင်း ဝင်နေရာ၌လည်း ဧသေဝနယော

သမုတ်စဉ်ကာလ၌ သိမ်သည်ပမာဏကင်းသော အရပ်သို့မသက်။ သမုတ်ပြီးသော်ကား သိမ်၌ ဖြစ်သော သစ်ခက်စသည်တခုခုသည် အမှတ်မရှိနေရာ၌ တစပ်ထည်းဖြစ်အံ့၊ သိမ်မည်သည်သာတည်း။ ထို့ကြောင့် ထိုသိမ်ကို သုတ်သင်အပ်၏။

(သာဋီ … သီမမာဠကေတိ ခဏ္ဍသီမမာဠကေ။ မဟာသိမ်ကို သုတ်သင်၍ဟူသည် မဟာသိမ်၌တည်သော ရဟန်းတို့ကို ဟတ္ထပါသ်သို့သော်လည်း ဆောင်အပ်ကုန်၏။ သိမ်မှသော်လည်း အပပြုအပ်ကုန်၏ ဟူသော အဓိပ္ပါယ်တည်း။

ဂဏ္ဍိတို့၌ကား မဟာသိမ်၌တည်သော ရဟန်းတို့သည် ထိုသစ်ခက် မြစ်ပျဉ်းတို့ကို မသုံးသပ်မူ၍ နေအပ်၏ဟု အဓိပ္ပါယ်ကိုဆို၏။ မယူအပ်။

ရှေးနည်း၌လည်း-ဟူသည် ခဏ္ဍသိမ်မှပေါက်၍ မဟာသိမ်၌ ညွတ်သော သစ်ပင်၌တည်း။

ပင့်မြှောက်စေ၍ ပြုခြင်းငှါမအပ်-ဟူသည် ခဏ္ဍသိမ်၏ အတွင်း၌ သစ်ပင်တည်ခြင်းကြောင့် ထိုသစ်ပင်၌ တည်သူကို ဟတ္ထပါသ် သို့သာဆောင်အပ်၏။ ထို့ကြောင့် ပင့်မြှောက်စေ၍ ပြုခြင်းငှါမအပ်။)

(ဝိဋီ ... သီမမာဠကေတိ ခဏ္ဍသီမင်္ဂကော - ခဏ္ဍသိမ်အပြင်၌၊ ပညောင်ပင်ဟူသည်ကို မြစ်ပျဉ်း ထောက်ခြင်းဖြင့် အရပ်ဝေးသို့လည်း သွားနိုင်သော သစ်ခက်ရှိသောကြောင့် ဆိုသည်။ အလုံးစုံသောသစ်ပင် နွယ်စသည်တို့၏ စပ်ခြင်းသည်လည်း မအပ်သည်သာတည်း။ ထို့ကြောင့် လှေ ကြိုးတံတား စပ်ခြင်းကိုလည်း ပယ်အပ်၏။

မဟာသိမ်၏ မြေပြင်ကို လည်းကောင်း ဟူသည်၌ အနီးဂါမသိမ်ကိုမဆိုပဲ ဗဒ္ဓသိမ်ကိုသာဆိုခြင်းကြောင့် ဂါမသိမ်နှင့် ဗဒ္ဓသိမ် အချင်းချင်း သစ်ပင်စသည်စပ်သော်လည်း သမ္ဘေဒအပြစ် မရှိ။ အချင်းချင်း နိဿယ နိဿိတ ဖြစ်ခြင်းကြောင့်တည်း။

နိဿယ နိဿိတ သမ္ဘေဒအပြစ်ရှိလျှင် ဂါမသိမ်၌ ဗဒ္ဓသိမ်ကို အဘယ်သို့ သမုတ်အပ်မည်နည်း၊ သမ္ဗန္ဓဒေါသ ရှိကုန်ရာ၌ မသမုတ်အပ်သည်သာတည်း။ ဗဒ္ဓသိမ် ဥဒကုက္ခေပ သိမ်တို့၌ ဗဒ္ဓသိမ်ကို မသမုတ်အပ်။ ဂါမသိမ် စသည်တို့၌ ဥဒကုက္ခေပသိမ် မဖွဲ့အပ်သကဲ့သို့တည်း။)

ထို့ကြောင့် သစေပန ရုက္ခဿ သာခါဝါ တတော နိက္ခန္တပါရော ဟောဝါ ဗဟိနဒီတီရေ ဝိဟာရသီမာယဝါ ဂါမသီမာယဝါ ပတိဋ္ဌိယော စသည်ဖြင့် ဥဒကုက္ခေပသိမ်၌ မိမိမှီရာ မဟုတ်သော ဂါမသိမ်စသည်တို့၌သာ သမ္ဗန္ဓ ဒေါသကိုပြသည်။ နဒီသိမ်၌ မပြ။ ထိုအတူ ဤ၌လည်း မပြဟု မှတ်အပ်၏။

မဟာသိမ်ကို သုတ်သင်၍ ဟူသည် မဟာသိမ်၌တည်သော ရဟန်းအားလုံးကို ဟတ္ထပါသ်သို့ ဆောင်ခြင်း “ဆန္ဒဆောင်ခြင်း” စသည်ဖြင့် မဟာသိမ်တခုလုံးကို သုတ်သင်၍တည်း။ ဤစကားဖြင့် ပိပ္ပတ္တိကင်းအောင် သမုတ်ထားသော်လည်း ဗဒ္ဓသိမ်တို့၏နောက် သစ်ပင်စသည်ဖြင့် သမ္ဗန္ဓဖြစ်တတ်သောကြောင့် ပါဠိမုတ္တကသမ္ဘေဒဒေါသ ရှိပုံကို ပြသည်။ ထိုကိုလည်း (.........) ဘုရားရှင်၏ အလိုကိုသိသော သင်္ဂါယနာတင် မထေရ်တို့ ထုတ်ဆောင်အပ်၏။

နောက်မှဖြစ်သော သမ္ဗန္ဓကို ပယ်ပြီးသော အခါကား ပကတိသိမ်တို့ ဖြစ်ကုန်၏။ နောက်သမ္ဗုဒ္ဓ မအပ်သကဲ့သို့ သမုတ်သောအခါ၌လည်း သမ္ဗန္ဓဖြစ်လျှင် မသမုတ်အပ်။ ကေစိတို့ကား မဟာသိမ်ကိုသုတ်သင်ရာ၌ ထို၌ ရောက်သော သစ်ခက်စသည်ကို ကာယပဋိဗဒ္ဓဖြင့် မထိခြင်းသည် သုတ်သင်ခြင်းသာတည်း။ တသိမ်လုံးကို မဟုတ်ဟု ဆိုကုန်၏။ အဋ္ဌကထာနှင့်ဆန့်ကျင်၏။

(.....) ဖြတ်၍ ပြင်ပပြုအပ်ကုန်၏ ဟူသော စကားဖြင့် ထို၌တည်ခြင်းမှကင်းခြင်းကို ဟောသောကြောင့် လည်းကောင်း၊ (နိဿယနိဿိတချင်း မဟုတ်သော) ဝိသဘာဂသိမ်တို့၏ ထိခြင်းဖြင့်သာ တသိမ်လုံး သုတ်သင်ကြောင်း ဖြစ်သောကြောင့်လည်းကောင်း၊ အဋ္ဌကထာ၌ ထင်ရှားသော သမ္ဗန္ဓဒေါသ တခုရှိသည်သာတည်းဟု ယူအပ်၏။

(.........) ဝိသဘာဂတို့စပ်လျှင် သမ္ဗန္ဓဒေါသဖြစ်၏။ ဗဒ္ဓနှင့် ဂါမစသော သဘာဂတို့ စပ်လျှင် သမ္ဗန္ဓဒေါသ မဖြစ်ဟု ယူအပ်၏။

မဟာသိမ် သုတ်သင်နိုင်ခဲသဖြင့် ခဏ္ဍသိမ်၌သာ များသောအားဖြင့် ကံပြုသောကြောင့် သီမမာဠက စသည်ကိုဆိုသည်။ သံဃာများ၍ ခဏ္ဍသိမ် မဆန့်သောကြောင့် မဟာသိမ်၌ ကံပြုလျှင်လည်း ဤနည်းကို သိအပ်၏။

ပင့်မြှောက်စေ၍-ဟူသောစကားဖြင့် ကာယပ္ပဋိဗဒ္ဓဖြင့်သော်လည်း. သိမ်ကိုထိလျှင် သိမ်၌တည်သည်သာ တည်းဟု ပြသည်။

ရှေးနည်း၌လည်း-ဟူသည် ခဏ္ဍသိမ်မှ မဟာသိမ်သို့ဝင်သော သစ်ခက်နည်း၌တည်း။ သီမဋ္ဌရုက္ခသာခါ၌ ထိုင်သူသည် သီမဋ္ဌသာ ဖြစ်၏။ ထို့ကြောင့် ဟတ္ထပါသ်သို့သာ ဆောင်အပ်၏ဟု ဆိုသည်။

ဤ၌ သစ်ခက်စသည်ဖြင့် စပ်သော သိမ်နှစ်ခုတို့တွင် ခဏ္ဍသိမ်၌သုံးပါး၊ မဟာသိမ်၌ နှစ်ပါး ပေါင်း ငါးပါးသည် သီမန္တရိက်ကို မထိစေပဲ ဟတ္ထပါသ် မလွတ်အောင်နေ၍ ဥပသမ္ပဒကံပြုအပ်သည်ဟု ကေစိတို့ဆိုကုန်၏။ နာနာသီမာယ ဋ္ဌိတ စတုတ္ထော ကမ္မံကရေယျ၊ အကမ္မံ နစကရဏီယံ စသည်ဟောသောကြောင့် မသင့်။

ထို့ကြောင့် သုတ်သင်၍ ကံပြုခြင်းကို ဤ၌စီရင်သည်။ မသုတ်သင်လျှင် သိမ်မတူပဲနေခြင်းဖြင့် ဂဏပူရဏ မဖြစ်သောကြောင့် ကံပျက်သည်သာတည်း၊ ယင်းသို့ဖြစ်လျှင် အဘယ်သို့ ဆန္ဒပါရိသုဒ္ဓိ ဆောင်ခြင်းဖြင့် မဟာသိမ်ကို သုတ်သင်သနည်း။ ထိုဆောင်ခြင်းကိုလည်း ဝိနယညူတို့ အလိုမရှိကုန်။ ဟတ္ထပါသ်ဆောင်ခြင်း သိမ်ပပြုခြင်းဖြင့်သာ သုတ်သင်ခြင်းကို အလိုရှိကုန်၏။

ပေးသော်လည်း ဆန္ဒမရောက်သဖြင့် မဟာသိမ်၌ တည်သူသည် ကံကိုပျက်စေ၏။ ဆန္ဒစသည်မရောက်လျှင် အဘယ်သို့ ထိုသူသည် ကံကိုပျက်စေသနည်း၊ ဝိသဘာဂသိမ်နှစ်ခု စပ်ခြင်းကြောင့်တည်း။ ထိုသမ္ဗန္ဓဒေါသ ကိုလည်း အဋ္ဌကထာ ဝစနပ္ပမာဏဖြင့် သိအပ်၏။ ဝိနည်း၌ နေရာတိုင်း ယုတ္တိကိုသိခြင်းငှါ မတတ်နိုင်။ ဗုဒ္ဓဂေါစရဖြစ်သောကြောင့်တည်းဟု သိအပ်၏။

ကေစိတို့သည် သိမ်နှစ်ခုလုံးအပြည့် အကြားမရှိတည်သော ရဟန်းတို့ကံပြုလျှင် တသိမ်၌ ဂဏသည် လည်းကောင်း၊ ရဟန်းလောင်းသည် လည်းကောင်း၊ ကမ္မဝါစာဆရာသည် လည်းကောင်း တပေါင်းတည်း တည်တံ့ ကံမပျက်။ တသိမ်စီတည်လျှင် ကံပျက်သည်ဟုဆိုကုန်၏။

ထိုစကားသည် ဗဒ္ဓနှင့် ဂါမစသော သဘာဂသိမ်တို့၌သာ သင့်၏။ ထိုသဘာဂသိမ်တို့၌ သမ္ဗန္ဓဖြစ်သော်လည်း အပြစ်မရှိ။ သမ္ဗန္ဓဒေါသရှိနိုင်သော ဝိသဘာဂသိမ်၌ သမ္ဗန္ဓဖြစ်လျှင် တသိမ်၌တည်သူသည် တသိမ်၌ တည်သူတို့၏ကံကို ပျက်စေသည်သာတည်း။ အဋ္ဌကထာ၌ သာမညအားဖြင့် သုတ်သင်ခြင်းကိုမိန့်ဆိုသော ကြောင့်ဟု ငါတို့နှစ်သက်သည်။ စူးစမ်း၍ယူအပ်၏။

နဩတရတိ-မသက် ဟူသည် ထက်စည်သဏ္ဌာန် တောင်စသည်၌ အောက်၌ ပမာဏကင်းရာသို့ မသက်။ သမုတ်စဉ် အထက်၌ ပမာဏကင်းရာ တောင်စသည်တို့သို့ကား မတက်သော်လည်း နောက်၌ သိမ်၌ တည်ခြင်းကြောင့် သိမ် ဖြစ်၏။

အောက်၌ ထက်စည်သဏ္ဌာန် စသည်သည်ကား အထက်၌ သမုတ်သော်လည်း သိမ်၌ရေတွက်ခြင်းသို့ မရောက်၊ ထိုအစွမ်းဖြင့် မသက်ဟုဆိုသည်။ တခုခုဟူသည် သမုတ်ပြီးသောသိမ်၏ အထက်၌ဖြစ်၍ ထင်ရှားရှိပြီးသော နောက်မှဖြစ်၍ဝင်လာသော အမှတ်မရှိ သက်မဲ့အားလုံးတည်း။

သိမ်အတွင်း ဆင်ကျောက်ကုန်း၌ ထိုင်သော ရဟန်းသော်လည်း သိမ်၌တည်သည်သာတည်း။ ဥပလက္ခဏဖြင့် ဗဒ္ဓသိမ်၌ဆိုသည်။ အဗဒ္ဓ သိမ်တို့၌လည်း တည်လျှင် သိမ်မည်သည်သာတည်း။

တစပ်တည်းဖြစ်အံ့ ဟူသည် သစ်ပင်နွယ်စသော တတြဇာတ ထိုသိမ်၌ဖြစ်သည်ကိုသာ ရည်ဆိုသည်။ ဣတောဂတ ဤသိမ်မှသွားသည်ဟု ဆိုထိုက်၏။ စောဒနာဦးအံ့၊ ဣတောဂတ-သိမ်မှသွားသည်။ တတောအာဂတ-ပြင်ပမှဝင်လာသည်ဟု မဆိုထိုက်သော သိမ်နှစ်ခု၏အထက်၌ ဖီလာကျရောက်သော ကြိုး တုတ် ချောင်း စသည် ရှိအံ့။ အဘယ်သို့ပြုအပ်သနည်း။ ဗဒ္ဓ၌တည်သောအဖို့သည် ဗဒ္ဓသိမ်ဖြစ်၏။ အဗဒ္ဓဂါမတို့၌တည်သောအဖို့သည် ဂါမသိမ်ဖြစ်၏။ ဗဒ္ဓ ဂါမနှစ်ခု၌တည်သော တောင်စသည်ကဲ့သို့တည်း။ ဗဒ္ဓမှ ပေါက်သော ပညောင်ပင်၏ မြစ်ပျဉ်း ဂါမ၌တည်ခြင်း၌ လည်းကောင်း၊ ဂါမမှ ပေါက်သော ပညောင်ပင်၏ မြစ်ပျဉ်း ဗဒ္ဓ၌တည်ခြင်း၌ လည်းကောင်း ဧသေဝနယော။ မူလ၌ တည်သောအခါမှစ၍ ဣတောဂတ ဟူ၍လည်း ကောင်း၊ တတောအာဂတဟူ၍ လည်းကောင်း မဆိုနိုင်ခြင်းကြောင့် တည်း။

ထိုအဖို့တို့၏ အကြား ကောင်းကင်၌ တည်သောသစ်ခက်သည် တဒုဘယသိမ်ဖြစ်သည်ဟု ကေစိတို့ ဆိုကုန်၏။ ကောင်းကင်၌ တည်သော သစ်ခက်အဖို့သည် ပုရိမသိမ်၌ တည်ခြင်းကိုမစွန့်။ တတောအာဂတ အဖြစ်ကို မစွန့်ခြင်းကြောင့်ဟု ငါတို့နှစ်သက်၏။ ဥဒကုက္ခေပ၊ နဒီ စသည်တို့၌လည်း ဧသေဝနယော။ ထို၌လည်း ဝိသဘာဂသိမ်နှင့် ဤသို့ဝင်လျှင် တသိမ်လုံးသုတ်သင်ခြင်း၊ သဘာဂသိမ်နှင့်ဝင်လျှင် ထိ၍တည်ကာမျှ ဘိက္ခုတို့ကို သုတ်သင်ခြင်းတို့သည် ဆိုပြီးသောနည်း ရှိသည်သာတည်း။)

နဒီပါရသီမာဝိနိစ္ဆယ အကျယ်

နဒီပါရလက္ခဏာ

နဒီပါရန္တိဧတ္ထ-ပါရယတီတိပါရာ။ နဒိယာ ပါရာ နဒိပါရာ။ နဒိံ အဇ္ဈောတ္ထရမာနာတိအတ္ထော - မြစ်ကို လွှမ်းသောသိမ်သည် နဒီပါရ မည်၏။ နဒီလက္ခဏာသည် နဒီနိမိတ်၌ဆိုပြီးသော လက္ခဏာတည်း။ လှေအမြဲ ရှိရာ ဓုဝနာဝါ-ဟူသည် သိမ်သမုတ်ရာ ဌာနရေဆိပ်တို့၌ အငယ်ဆုံး လှော်သူနှင့် သုံးယောက်စီးနိုင်သော အမြဲတမ်းသောလှေရှိရာ ဖြစ်၏။

ကိစ္စတခုခုရှိ၍ အောက်အထက် ခေတ္တသွားသော်လည်းကောင်း၊ ခိုးသူခိုးသွားသော် လည်းကောင်း၊ ကြိုးပြတ်၍ မြစ်လယ်မျောသော် လည်းကောင်း၊ မချွတ်ပြန်ဆောင်အပ်သည်ဖြစ်လျှင် ဓုဝနာဝါပင်မည်၏။ ရေကျခိုက်တုန်း၌ တင်ထားသော်လည်းကောင်း၊ အင်္ဂတေကော်ရည်စသည်ဖြင့် ပြည့်စေသော်လည်းကောင်း ဓုဝနာဝါသာတည်း။ ကွဲပေါက်သောလှေ၊ မပြုပြင်သောပျဉ်ချပ်လှေကား မအပ်။ မဟာပဒုမမထေရ်ကား အခိုက်အတန့် လှေကို ဆောင်၍ သိမ်သမုတ်ရာ၌ထား၍ နိမိတ်တို့ကိုကြားကုန်အံ့၊ ဓုဝနာဝါသာ မည်၏ဟုဆို၏။

မဟာသုမမထေရ်ကား နိမိတ်သည်လည်းကောင်း၊ သိမ်သည်လည်းကောင်း ကမ္မဝါစာဖြင့်ဖြစ်၏။ လှေဖြင့်မဖြစ်။ ဘုရားရှင် ဓုဝနာဝါကို ခွင့်ပြုသည်။ ထို့ကြောင့် နိဗဒ္ဓနာဝါသာလျှင် အပ်သည်ဟု ဆို၏။ (နောက်ဝါဒသာ ပမာဏ။ ဤ၌မဟာသုမဝါဒကို ယူအပ်၏။)

တံတားအမြဲရှိရာ ဓုဝသေတု-ဟူသည် သစ်တုံးတံတား၊ ပျဉ်ခင်းသောတံတား၊ လူသွားတံတား၊ ဆင်မြင်း စသည်သွားသော တံတားကြီးသော်လည်းရှိအံ့၊ အယုတ်ဆုံး ထိုခဏ၌ သစ်ပင်ဖြတ်၍ (ပြုသော) လူတို့ သွားစရာ ဧကပဒိက တဖဝါးဆန့်သော တံတားရှိအံ့၊ ဓုဝသေတုသာ မည်၏။ အထက်၌ဖွဲ့သော ကြိုးနွယ် စသည်ကို ကိုင်၍သော်လည်း သွားခြင်းငှါ မတတ်နိုင်သော တံတား ဖြစ်အံ့၊ မအပ်။

ဤသို့သော နဒီပါရသိမ်ကို-ဟူသည် ဆိုပြီးသော ဓုဝနာဝါ၊ ဓုဝသေတုသည် တူရူရှိသော ရေဆိပ်၌သာရှိအံ့၊ ဤသို့သော နဒီပါရသိမ်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏ ဟူလို။ တူရူဆိပ်၌ မရှိပဲ အနည်းငယ် ဝေးသော အောက်၌ အထက်၌ရှိအံ့-ဤသို့လည်း အပ်၏။ ကရဝီကတိဿမထေရ်ကား (သုံး) ဂါဝုတ်အတွင်း ရှိလျှင်လည်း အပ်သည်ဟုဆို၏။

(သာဋီ ... ပါရာယတီတိ အဇ္ဇောတ္ထရတိပါရာ သည် သီမာပေက္ခဣတ္တိ လိင်တည်း။ ဤ၌လိုအပ်သောလှေ၏ ပမာဏကိုပြလို၍ အငယ်ဆုံး လှော်သူနှင့် သုံးယောက်စီး စသည်၌ဆိုသည်။ ဤစကားဖြင့်လည်း ထိုအောက်ငယ်သော လှေရှိလျှင် မရှိသောအဖို့သို့ ဝင်သည်ဟု ပြသည်။

ဝိဋီ ... ပါရာယတီတိ အဇ္ဈောတ္တရတိ။ မြစ်ကမ်းနှစ်ဖက်တို့၌ တည်သောသိမ်သည် နဒီအဇ္ဈောတ္ထရ မည်၏။ မြစ်အတွင်း၌ သိမ်မသက်။ နဒီလက္ခဏာမရှိလျှင် သက်၏။ ထိုအခါ ထိုသိမ်သည် နဒီပါရသိမ်မဖြစ်။ ထို့ကြောင့် နဒိယာလက္ခဏံ နဒီနိမိတ္တေ ဝုတ္တနယမေဝ-ဟုဆိုသည်။

လှေဖြင့်-ဟူသော စကားဖြင့် လှေကင်းသော်လည်း သိမ်ဖွဲ့ခြင်းသည် သုဗဒ္ဓသာဖြစ်၏။ အာပတ်ကို စောင့်ရှောက်ခြင်း အကျိုး ရှိသော လှေဟုပြသည်။

သစ်တုံးတံတား ဟူသည် များစွာသောသစ်တုံးတို့ကို တပေါင်းတည်းစပ်၍ပြုသော တံတားတည်း။)

နဒီပါရသိမ် သမုတ်ပုံ

ဤနဒီပါရသိမ်ကို သမုတ်လိုသော သူသည် တဘက်သောကမ်း၌တည်၍ ရေညာအထက် မြစ်ကမ်းနိမိတ်ကို ကြား၍ ထိုမှစ၍ လှည့်ပတ်ကာ အလိုရှိသလောက် အပိုင်းအခြားကို ကြားပြီးသည်အဆုံး၌ ရေစုန် အောက်မြစ်ကမ်းနိမိတ်ကို ကြား၍) မြစ်ကူး၍ ထိုမှာဖက်ကမ်း၌ တူရူမြစ်ကမ်းနိမိတ်ကိုကြားအပ်၏။

ထိုမှစ၍လည်း အလိုရှိသလောက် အပိုင်းအခြားကို လှည့်ပတ်ကာကြား၍ ပဌမကြားပြီးသော နိမိတ်နှင့်တူရူ ရေညာအထက် မြစ်ကမ်းနိမိတ်ကိုကြား၍ တဖန်ကူး၍ ပဌမ ကြားပြီးသော နိမိတ်နှင့်တကွ စပ်အောင် ထပ်ကြားအပ်၏။ ထို့နောက် (ကမ်းနှစ်ဖက်) နိမိတ်အားလုံးအတွင်းရှိ ရဟန်းတို့ကို ဟတ္ထပါသ်ဆောင်၍ ကမ္မဝါစာဖြင့်သိမ်သမုတ်အပ်၏။ (နိမိတ်ကြားစဉ် ရဟန်းအချို့ မရှိသော်လည်း ပမာဏမဟုတ်ဟူလို။)

မြစ်၌ရှိသောရဟန်းတို့သည် မလာသော်လည်း ကံကိုမပျက်စေနိုင်ကုန်။ သမုတ်ခြင်းအဆုံး၌ မြစ်ကို ဖယ်ထား၍ နိမိတ်တွင်း ဟိုမှာဘက်ကမ်း၌ လည်းကောင်း၊ ဤမှာဘက်ကမ်း၌ လည်းကောင်း တခုသောသိမ်ဖြစ်၏။ မြစ်သည် ဗဒ္ဓသိမ်မဖြစ်၊ သီးခြားသိမ်သာဖြစ်၏။)

(သာဋီ ... ထိုမှာဘက်ကမ်း၌ တူရူဟူသည် ဤမှာဘက်ကမ်းနောက်ဆုံးနိမိတ်၏ တူရူဌာနဖြစ်၏။

နိမိတ်အားလုံးအတွင်းရှိ ရဟန်းတို့ကို ဟတ္ထပါသ် ဆောင်၍ ဟူသည်၌ အကယ်၍ ဂါမခေတ်တခုတည်းဖြစ်အံ့၊ ကမ်းနှစ်ဘက်လုံးတို့၌ နိမိတ်အားလုံးတို့၏ အတွင်း၌ရှိသော ရဟန်းတို့ကို ဟတ္ထပါသ် ဆောင်၍ သမုတ်အပ်၏။ ဂါမခေတ်အသီးသီးဖြစ်အံ့၊ သမာနသံဝါသက သိမ်သမုတ်သောအခါ မလာခြင်းငှါလည်း အပ်၏။ အဝိပ္ပဝါသ သိမ်သမုတ်ရာ၌ကား လာအပ်သည်သာတည်း။

ဝိဋီ ... နိမိတ်တို့၏အတွင်းရှိ ရဟန်း အားလုံးတို့ကို ဟတ္ထပါသ် ဆောင်၍ ဟူသည်ကို ကမ်းနှစ်ဘက်လုံး၏ ဂါမခေတ်တခုတည်း ဖြစ်ခြင်းကို ရည်ဆိုသည်။ (သဗ္ဗနိမိတ္တာနံ+သဗ္ဗေ နိမိတ္တာနံ မူကွဲ၏။)

ကျွန်းရှိသောနဒီဝါရ

မြစ်အတွင်း၌ ကျွန်းငယ်ရှိအံ့၊ ထိုကျွန်းငယ်ကို သိမ်တွင်းပြုလိုအံ့၊ ရှေးနည်းအတိုင်း မိမိတည်သောကမ်း၌ နိမိတ်တို့ကိုကြား၍ ကျွန်းငယ်၏ ဤမှာဘက်စွန်း ဟိုမှာဘက်စွန်းတို့၌ နိမိတ်ကို ကြားအပ်၏။ ထို့နောက် ဟိုမှာဘက်ကမ်း၌ ဤမှာဘက်ကမ်းနိမိတ်၏ တူရူ၌ နိမိတ်ကိုကြား၍ ထိုမှစ၍ ရှေးနည်းဖြင့်သာ ရေညာ အထက်၌ ပဌမကြားပြီး နိမိတ်၏ တူရူနိမိတ်တိုင်အောင်ကြား၍ ကျွန်းငယ်၏ ဟိုမှာ ဘက်စွန်း ဤမှာဘက် စွန်းတို့၌ နိမိတ်ကိုကြား၍ တဖန်ကူး၍ ပဌမကြားပြီး နိမိတ်နှင့် စပ်အောင် ထပ်ကြားအပ်၏။

ထို့နောက် ကမ်းနှစ်ဘက်၌ လည်းကောင်း၊ ကျွန်းငယ်၌လည်းကောင်း ရှိသော ရဟန်းအားလုံးတို့ကို ဟတ္ထပါသ် ဆောင်၍ ကမ္မဝါစာဖြင့် သိမ်သမုတ်အပ်၏။ မြစ်၌တည်သူတို့ မလာသော်လည်း ကံကိုမပျက် စေနိုင်ကုန်။ သမုတ်ပြီးအဆုံး၌ မြစ်ကိုဖယ်ထား၍ နိမိတ်တို့၏အတွင်း ကမ်းနှစ်ဘက်သည်လည်းကောင်း၊ ကျွန်းငယ်သည် လည်းကောင်း တသိမ်ထည်းဖြစ်၏။ မြစ်ကား နဒီသိမ်သာတည်း။

ကျွန်းငယ်သည် ဝိဟာရသိမ် အပိုင်းအခြားမှ အောက်၌လည်းကောင်း၊ အထက်၌လည်းကောင်း တဘက်ဘက်လွန်အံ့၊ ဝိဟာရသိမ် အပိုင်းအခြား နိမိတ်၏ဖြောင့်ဖြောင့် တူရွ၌ ကျွန်းငယ်၏ ဤမှာဘက်စွန်း နိမိတ်ကိုကြား၍ ထိုမှစ၍ ကျွန်းဦးစွန်းကိုပတ်၍ တဖန်ကျွန်းငယ်၏ ဤမှာဘက်စွန်း နိမိတ်ထူရူဖြစ်သော ဟိုမှာဘက်စွန်း၌ နိမိတ်ကိုကြားအပ်၏။

ထို့နောက် ရှေးနည်းအတိုင်း ဟိုမှာဘက်ကမ်း၌ တူရူနိမိတ်ကို အစပြု၍ ဟိုမှာဘက်ကမ်း နိမိတ်တို့ကို လည်းကောင်း၊ ကျွန်းငယ်၏ ဟိုမှာဘက်စွန်း ဤမှာဘက်စွန်း နိမိတ်တို့ကို လည်းကောင်း ကြား၍ ပဌမကြားပြီးနိမိတ်နှင့် စပ်အောင် ထပ်ကြားအပ်၏။ ဤသို့ကြား၍ သမုတ်သောသိမ်သည် ပဗ္ဗတ သဏ္ဌာန်ရှိ၏။

ကျွန်းငယ်သည် ဝိဟာရသိမ်အပိုင်းအခြားမှ ထက်အောက်နှစ်ဘက်လုံး လွန်အံ့၊ ရှေးနည်းဖြင့် ကျွန်းငယ်၏ သီခရနှစ်ခုလုံးကိုလည်း ပတ်၍ နိမိတ်တို့ကိုကြား၍ နိမိတ်စပ်အောင်ပြုအပ်၏။ ဤသို့ကြား၍ သမုတ်လျှင် မုဒိင်္ဂ-မုရိုးစည်သဏ္ဌာန်ရှိ၏။

ကျွန်ငယ်သည် ဝိဟာရသိမ် အပိုင်းအခြား၏ အတွင်း၌ဖြစ်၍ ငယ်အံ့၊ ရှေးဦးဆုံး နည်းဖြင့် ကျွန်းငယ်၌ နိမိတ်တို့ကို ကြား အပ်ကုန်၏။ ဤသို့ကြား၍ သမုတ်လျှင် ပဏဝ ထက်စည်သဏ္ဌာန် ရှိ၏။]

(သာဋီ ... ကမ်းနှစ်ဘက်တို့၌ နိမိတ်ကိုကြားကာမျှဖြင့် ကျွန်းငယ်ကို ယူအပ်သော မည်သည်မဖြစ်။ ထို့ကြောင့် ကျွန်းငယ်၌လည်း နိမိတ်တို့ကို သီးခြားကြားအပ်သည်သာတည်း။ ထို့ကြောင့် ကျွန်းငယ်၏ ဟိုမှာဘက်စွန်း ဤမှာဘက်စွန်းတို့၌ စသည်ကိုဆိုသည်။
သီခရ ဟူသည် ကျွန်းငယ်၏ မတ္ထက ဦးထိပ်ဖြစ်၏။
ပဗ္ဗတ သဏ္ဌာန်ဟူသည်ကို တဘက်လွန်သောကျွန်း ဖြစ်ခြင်းကြောင့် ဆိုသည်။
ဝိဋီ .. ပဗ္ဗတသဏ္ဌာန်ဟူသည်ကို တဘက်ချွန်ထွက်သောကျွန်း ဦးစွန်းရှိခြင်းကြောင့်ဆိုသည်။)

အဝိပ္ပဝါသသီမာ ဝိနိစ္ဆယအကျယ်

အဝိပ္ပဝါသသိမ်

[သမ္မဟာ သာ သီမာ သံဃေန တိစီဝရေန အဝိပ္ပဝါသာ ထပေက္ခာ ဂါမဉ္စ ဂါမူပစာရဉ္စ ... ဟူသောဤ (ဒုတိယ) ကမ္မဝါစာဖြစ်ပေါ်သော ကာလမှစ၍ ဘိက္ခုတို့အား ရှေးကမ္မဝါစာသည် (ဝါ-ထပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ မပါသော ယခင်ကမ္မဝါစာသည်) မအပ်။ ဤဒုတိယ ကမ္မဝါစာသာ ထာဝရဖြစ်၏။

ဘိက္ခုနီတို့အားကား ဤဒုတိယ ကမ္မဝါစာသည်မအပ်။ ယခင်ကမ္မဝါစာသာ အပ်သည်။ ဘိက္ခုနီ သံဃာသည် ရွာတွင်း၌ နေခြင်းကြောင့်တည်း။ အကယ်၍ ဒုတိယ ကမ္မဝါစာ အပ်သည်ဖြစ်အံ့၊ ဘိက္ခုနီသံဃာသည် တိစီဝရိက် အစောင့် အရှောက်ကို ထိုကမ္မဝါစာဖြင့် မရနိုင်ရာ၊ အစောင့်အရှောက်ရသော ကြောင့်လည်း ယခင် ကမ္မဝါစာသာ အပ်သည်။

ဘိက္ခုနီသံဃာသည်လည်း သိမ်နှစ်မျိုးလုံးကို ရသည်။ ဘိက္ခုတို့၏သိမ်ကိုလွှမ်း၍ လည်းကောင်း၊ အတွင်း ဝင်၍ လည်းကောင်း ဘိက္ခုနီတို့၏ သိမ်ကိုသမုတ်ခြင်းငှါ အပ်၏။ (ဘိက္ခုနီတို့၏ သိမ်ကိုလည်း ဘိက္ခုနီတို့၏ သိမ်၌) ဧသေဝနယော။ အချင်းချင်း ကံ၌ ဂဏပူရလည်းမဖြစ်ကုန်။ ကမ္မဝါစာကို ဝဂ္ဂကိုလည်း မပြုကုန်။

ဤ၌ နိဂမ၊ နဂရတို့ကိုလည်း ဂါမဖြင့်သာ ရေတွက်အပ်ကုန်၏။

ဂါမူပစာရ ဟူသည် အရံရှိသောရွာ၏ အရံသည်လည်းကောင်း၊ အရံမရှိသောရွာ၏ အရံထိုက်ရာသည် လည်းကောင်း ဂါမူပစာရမည်၏။

ထိုဂါမ၊ ဂါမူပစာရ တို့၌ အဓိဋ္ဌာန်တင်သော တိစီဝရိတ်ရှိသော ရဟန်းသည် အစောင့်အရှောက်ကို မရ။ ဘိက္ခုနီတို့၏ အဝိပ္ပဝါသသိမ်သည် ဂါမ၊ ဂါမူပစာရတို့ကို မလွှမ်း။ သမာနသံဝါသကသိမ်သာ လွှမ်းသည်။

သမာနသံဝါသကသိမ် ဖြစ်ရာ၌ မိမိသဘောဖြင့်ဖြစ်၏။ အဝိပ္ပဝါသသိမ်သည်ကား သမာနသံဝါသကသိမ် ဖြစ်ရာ၌သာ ဖြစ်၏။ ထိုသိမ်အား သီးခြားနိမိတ်ကြားခြင်းမရှိ။ အဝိပ္ပဝါသ သမုတ်သောကာလ၌ ဂါမသည်ရှိအံ့၊ ထိုဂါမကို ထိုသိမ်မလွှမ်း။ သမုတ်ပြီးမှနောက်၌ ဂါမသည်ဝင်လာအံ့၊ ထိုဂါမသည်လည်း (အဝိပ္ပဝါသ) သိမ်သာမည်၏။ ထို့အတူ ပဌမဂါမ၏ နောက်တိုး ရပ်ကွက်သည်လည်း အဝိပ္ပဝါသသိမ်သာ မည်၏။

သိမ်သမုတ်သော ကာလ၌ နေမည်ဟု အာလယဖြင့် ဆောက်ပြီးသော်လည်း လူမဝင်သေးသော သိမ်တို့သည် လည်းကောင်း၊ အိမ်နှင့်တကွ လူတို့စွန့်ထားခဲ့သော ရှေးရွာကြီးသည် လည်းကောင်း အဂါမ သာဖြစ်၍ ထိုသိမ်လွှမ်း၏။ တအိမ်မျှဝင်အံ့၊ တအိမ်မျှမထွက်သွားပဲကျန်အံ့၊ ဂါမသာတည်း။ ထိုသိမ်မသက်။]

ဇီဋီ ... ဘိက္ခုတို့အား ရှေးကမ္မဝါစာမအပ်ဟူသည် ဂါမ ဂါမူပစာရကို အတွင်းပြု၍ သမာနသံဝါသက သိမ်ကိုသမုတ်လျှင် ထိုသိမ်အထက်၌ အဝိပ္ပဝါသ သမုတ်ရာ၌ ဆိုသင့်။ တော၌သမုတ်လျှင် ရှေးကမ္မဝါစာ မအပ်သည် မရှိ၊ ဌပေတွာ ဂါမဉ္ဇ ဂါမူပစာရဉ္ဇ ဟူသောစကား အနက် မရှိသည်မဟုတ်လော။ အဖြေကား၊ ဟုတ်မှန်ပေ၏။ စင်စစ်ကား အနုသာဝနဟာနိ အပြစ်ကပ်ငြိခြင်းကြောင့် ထိုစကားကို ဆိုအပ်သည်သာတည်း ဟူသော အဓိပ္ပါယ်ဖြင့်သာ ရှေးကမ္မဝါစာ မအပ်ဟုဆိုသည်ဖြစ်ရာ၏။

ဘိက္ခုနီတို့၏ အဝိပ္ပဝါသသိမ်သည် ဂါမဂါမူပစာရသို့ မသက်ပဲလျက် အဘယ်ကြောင့် ဂါမ၌ သိမ်သမုတ် သောအခါ အဝိပ္ပဝါသကို သမုတ်ကုန်သနည်း။ အာစိဏ္ဏကပ္ပ-အလေ့အကျင့်ပြုခြင်းတည်း။ ထိုမှတပါးသော အနက်တစုံတခုကို မငဲ့မူ၍တည်း ဟု ဆိုအပ်၏။ သမုတ်သော်လည်း သိမ်ဖြစ်သည်သာတည်း။

ဂါမကို အတွင်းပြု၍သမုတ်သောသိမ်၌ အဝိပ္ပဝါသ သမုတ်သောအခါ အရည၌တည်၍ အဝိပ္ပဝါသ ကမ္မဝါစာကို ဖတ်အပ်သလော။ ဂါမ၌တည်၍ ဖတ်အပ်သလော။ ဂါမ၌တည်၍ ဖတ်သော်လည်း ကပ္ပိယဘူမိ၌ နှံ့၏။ ကပ္ပိယဘူမိ၌တည်၍ မဖတ်အပ်။)

(သာဋီ ... သိမ်နှစ်မျိုးလုံးကို-ဟူသည် ယခင် ပဌမဟောသော အဝိပ္ပဝါသ နှင့် သမာနသံဝါသကသိမ်ဖြစ်၏။

ကမ္မဝါစာကို ဝဂ္ဂမပြု-ဟူသည် ကမ္မဝါစာကိုမဖျက်။ ကံကို မပျက်စေဟူလို။

တအိမ်မျှ ဝင်အံ့ စသည်၌ အိမ်သစ်တို့၌ ရှေးဦးစွာ လူဝင်သောအိမ် တအိမ်မျှရှိသော်လည်း ရှေးရွာကြီးမှ တပါးသော အိမ်တို့ထွက်လျက် တအိမ်မျှမထွက်ပဲ ကျန်သော်လည်းကောင်း ဂါမသာတည်း။

ဝိဋီ ... သိမ်နှစ်လုံးဟူသည် သမာနသံဝါသနှင့် အဝိပ္ပဝါသတို့တည်း။ (ဆရာမြတ်တို့ကား ဂါမဂါမူစာရ မလွတ်သော သမာနသံဝါသသိမ်၌ အဝိပ္ပဝါသ ကမ္မဝါစာဖတ်လျှင် ဝတ္ထုဝိပန္နဖြစ်၍ ဒုက္ကဋ်မလွတ်ဟု ဆိုကုန်၏။)

သိမ်နုတ်ဝိနိစ္ဆယအကျယ်

သိမ်နုတ်ပုံ

သိမ်သမုတ်သောအခါ ရှေးဦးစွာ ... သမာနသံဝါသသိမ်ကို သမုတ်အပ်၏။ နောက်၌ အဝိပ္ပဝါသကို သမုတ်အပ်၏။ သိမ်နုတ်သောအခါ ရှေးဦးစွာ အဝိပ္ပဝါသကို နုတ်အပ်၏။ နောက်၌ သမာနသံဝါသ သိမ်ကို နုတ်အပ်၏။

[အဝိပ္ပဝါသကို နုတ်အပ်ရာ၌ နုတ်လိုသော ရဟန်းသည် ဝတ်ကိုသိအပ်၏။ ဝတ်ကား ... ခဏ္ဍသိမ်၌နေ၍ အဝိပ္ပဝါသ သိမ်ကို မနုတ်အပ်။ (မဟာသိမ်ကို အဝိပ္ပဝါသသိမ်ဟု ဆိုသည်။) အဝိပ္ပဝါသ၌ နေ၍ ခဏ္ဍသိမ်ကိုလည်း မနုတ်အပ်။ ခဏ္ဍသိမ်၌နေ၍ ခဏ္ဍသိမ်ကိုသာ၊ ဝိပ္ပဝါသ၌နေ၍ အဝိပ္ပဝါသကိုသာ နုတ်အပ်၏။

သိမ်မည်သည်ကို အကြောင်းနှစ်ပါးဖြင့် နုတ်ကုန်၏။ ပကတိငယ်သောသိမ်ကို တဖန်အာဝါသ တိုးပွားစေ၍ ကြီးသောသိမ်ကို ပြုပြင်ခြင်းငှါ လည်းကောင်း၊ ပကတိကြီးသောသိမ်ကို တဖန်သူတပါးတို့အား ကျောင်းနေရာ ပေး၍ ငယ်သော သိမ်ကို ပြုပြင်ခြင်းငှါ လည်းကောင်း အကြောင်းနှစ်ပါးဖြင့် နုတ်ကုန်၏။

ထိုသို့နုတ်ရာ၌ ခဏ္ဍသိမ်ကိုလည်းကောင်း၊ အဝိပ္ပဝါသသိမ်ကိုလည်းကောင်း သိလျှင် နုတ်ခြင်းငှါ လည်းကောင်း သမုတ်ခြင်းငှါ လည်းကောင်း တတ်နိုင်ကုန်လတ္တံ့။ ခဏ္ဍသိမ်ကိုသိ၍ အဝိပ္ပဝါသသိမ်ကို မသိလျှင်လည်း နုတ်ခြင်း၊ သမုတ်ခြင်းငှါ တတ်နိုင်ကုန်လတ္တံ့၊ ခဏ္ဍသိမ်ကိုမသိပဲ အဝိပ္ပဝါသကို သိလျှင်ကား စေတီယင်္ဂဏ၊ ဗောဓိယင်္ဂဏ၊ ဥပေါသထာဂါရ စသော ယုံမှား ကင်းရာဌာနတို့၌နေ၍ နုတ်ခြင်းငှါ တတ်နိုင်စရာ ရှိကုန်သေး၏။ တဖန် သမုတ်ခြင်းငှါကား မတတ်နိုင်ကုန်လတ္တံ့သာတည်း။

အကယ်၍ သမုတ်လျှင် သီမာသမ္ဘေဒကိုပြု၍ ဝိဟာရကို အဝိဟာရ ပြုကုန်ရာ၏။ ထို့ကြောင့် မနုတ်အပ်။ သိမ်နှစ်ခုလုံး မသိသူတို့ကား နုတ်ခြင်းငှါလည်းကောင်း၊ သမုတ်ခြင်းငှါလည်းကောင်း မတတ်နိုင်ကုန်လတ္တံ့။ ဤသိမ်မည်သည် ကမ္မဝါစာဖြင့်လည်းကောင်း သာသနာကွယ်ခြင်းဖြင့် လည်းကောင်း အသီမာ ဖြစ်၏။ သိမ်ကိုမသိလျှင် ကမ္မဝါစာဖတ်ခြင်းငှါ မတတ်နိုင်။ ထို့ကြောင့် မနုတ်အပ်။ ကောင်းစွာသိမှသာ နုတ်အပ်၏။ သမုတ်အပ်၏။]

(သာဋီ ... အဝိပ္ပဝါသသိမ်ကို မနုတ်အပ်သည်ကို မဟာသိမ်ကို ရည်ဆိုသည်။

ယုံမှားကင်းရာဌာနတို့၌ နေ၍-ဟူသည်ကို စေတီယင်္ဂဏစသည်တို့၌ ခဏ္ဍသိမ်၏နေရာ မဟုတ်သောကြောင့် ဆိုသည်။ ခဏ္ဍသိမ် သမုတ်သူတို့သည် ထိုသို့သောဌာနကို ပယ်၍ ဆိတ်ငြိမ်ရာနေရာ၌ သမုတ်ကြ သောကြောင့်တည်း။

နုတ်ခြင်းငှါ တတ်နိုင်စရာ ရှိကုန်သေး၏-ဟူသည် အဝိပ္ပဝါသသိမ်ကိုသာ နုတ်နိုင်ကုန်လတ္တံ့။ ခဏ္ဍသိမ်ကို မနုတ်နိုင်ကုန်။

တဖန်သမုတ်ခြင်းငှါကား-ဟူသည် ခဏ္ဍသိမ်ကို မသိခြင်းကြောင့် ပြန်သမုတ်ခြင်းငှါ မတတ်နိုင်ကုန်။ ထို့ကြောင့် ခဏ္ဍသိမ်ကိုမသိလျှင် မနုတ်အပ်။

(ဝိဋီ ... အဝိပ္ပဝါသသီမာတိ မဟာသီမံ သန္ဓာယ ဝဒတိ။ မဟာသိမ်၌သာ ယေဘုယျအားဖြင့် အဝိပ္ပဝါသသိမ် ဖြစ်သောကြောင့်တည်း။

အဝိပ္ပဝါသသိမ်ကို မသိလျှင်လည်း-ဟူသည်ကို မဟာသိမ်ရှိခြင်း၊ မရှိခြင်းကို လည်းကောင်း၊ ထိုမဟာသိမ်၏ ပြင်ပ အပိုင်းအခြားကို လည်းကောင်း မသိသူတို့၏ အစွမ်းဖြင့်ဆိုသည်။ ဤသို့မသိသော်လည်း သိမ်တွင်း၌ နေ၍ ကမ္မဝါစာဖတ်လျှင် ထိုသိမ်သည် နုတ်အပ်သည်သာတည်း။ ထို့ကြောင့် နုတ်ခြင်း၊ သမုတ်ခြင်းငှါ တတ်နိုင်ကုန်လတ္တံ့ ဟုဆိုသည်။

ယုံမှားကင်းရာ ဌာန-ဟူသည် ခဏ္ဍသိမ်မှ လွတ်ကင်းသော နေရာတည်း။ ဤစကားကိုလည်း မဟာသိမ် ရှိသော်လည်း ကံပြုလွယ်ခြင်းငှါ ခဏ္ဍသိမ်ကို လိုအပ်သေး၏။ ထိုသိမ်ကို စေတီယင်္ဂဏစသော အများ စုဝေးရာ၌မဖွဲ့၊ ထို့ကြောင့်ဆိုသည်။ ထိုနေရာ၌ ခဏ္ဍသိမ်ကိုဖွဲ့လျှင် မဟာသိမ်ကဲ့သို့ သုဗဒ္ဓသာတည်း။

တဖန် သမုတ်ခြင်းငှါကား-ဟူသည်ကို ခဏ္ဍသိမ်ကို မနုတ်ခြင်းကြောင့် လည်းကောင်း၊ ခဏ္ဍသိမ် မရှိဟု မသိခြင်းကြောင့် လည်းကောင်း မဟာသိမ် ပြန်ဖွဲ့ခြင်းကို ရည်ဆိုသည်။ ခဏ္ဍသိမ်ကိုကား ယုံမှားကင်းရာ ဌာန၌ ဖွဲ့ခြင်းငှါ တတ်နိုင်ကုန်လတ္တံ့သာတည်း။

သီမာသမ္ဘေဒကို ပြု၍-ဟူသည် ခဏ္ဍသိမ်ရှိလျှင် လွှမ်းစပ်ခြင်း သမ္ဘေဒကိုပြု၍ မရှိလျှင် သမ္ဘေဒသင်္ကာဖြင့် သမ္ဘေဒသင်္ကာရကိုပြု၍တည်း။

အဝိဟာရ ပြုကုန်ရာ၏-ဟူသည် သံဃကံကြီးငယ် မပြုထိုက်အောင် ပြုကုန်ရာ၏။ ရှေး၌ စေတီယင်္ဂဏ စသော ယုံမှားကင်းရာဌာန၌ ကံပြုနိုင်သေးသည်၊ ယခုကား ထိုနေရာကိုလည်း ဖျက်ဆီးအပ်ပြီဟူသော အဓိပ္ပါယ်တည်း။ ထို့ကြောင့် ခဏ္ဍသိမ်ကို မသိလျှင် မနုတ်အပ်။ သိမ်နှစ်ခုလုံးမသိလျှင် မနုတ်အပ်။

သိမ်နှစ်ခုလုံး မသိသူတို့-ဟူသည် နှစ်ခုလုံး၏ နေရာကို လည်းကောင်း၊ တခုခု၏ရှိ မရှိကိုလည်းကောင်း၊ မသိမူ၍ ယုံမှားလျှင် ယုံးမှားကင်းရာ၌နေ၍ နုတ်နိုင်သော်လည် မဟာသိမ်ကို ပြန်ဖွဲ့ခြင်းငှါ မတတ်နိုင်ကုန်၊ ထို့ကြောင့် မနုတ်အပ်ဟူလို။

မသိပဲ သိမ်နုတ်နိုင်ခြင်း (ဝိဋီ-ကေစိ)

ကေစိ-အချို့သော မထေရ်တို့သည် ဤသို့ဆိုကုန်၏။ ဤသို့သော ဝိဟာရတို့၌သော်လည်း ရဟန်းငါးပါး ခြောက်ပါးမျှဖြင့် ကျောင်းစွန်မှစ၍ ကျောင်းအရံ၏ တွင်းပဝန်းကျင် ခဲတကျနေရာအားလုံး၌ ညောင်စောင်း ပမာဏ နေရာ (တခုခု)၌ ကွက်လပ်မရှိနေ၍ အဝိပ္ပဝါသသိမ် ပဌမနုတ်၍ ထို့နောက် သမာနသံဝါသကို နုတ်ခဲ့လျှင် ထိုဝိဟာရ၌ သိမ်၊ မဟာသိမ်တည်မှု မချွတ်ဧကန် တညောင်စောင်းနေရာ၌ နေသော ထိုသိမ်တို့၏ အလယ်သို့ ရောက်သော ရဟန်းတို့သည် ထိုသိမ်တို့ကို နုတ်နိုင်ကုန်ရာ၏။ ထို့နောက် ဂါမသိမ်တို့သာ ကျန်ကုန်ရာ၏။ သိမ်ကို အပိုင်းအခြားကို သိခြင်းသည် အင်္ဂါမဟုတ်၊ သိမ်၏ အတွင်း၌ တည်ခြင်း နုတ်အံ့ဟု ကမ္မဝါစာဖတ်ခြင်းသည် သိမ်နုတ်ရာ၌ အင်္ဂါတည်း။

အဋ္ဌကထာ၌ ခဏ္ဍသီမံပန ဇာနန္တာ အဝိပ္ပဝါသံ အဇာနန္တာပိ သမူဟနိတုံစေဝ ဗဒ္ဓိတုံစ သက္ခိဿန္တိ- ဟု ဥပစာသိမ် အပိုင်းအခြားကို မသိသော်လည်း နုတ်ခြင်းကို ဆိုခြင်းကြောင့်တည်း။ ဂါမသိမ်သာ ကျန်သောအခါ အလိုရှိတိုင်း သိမ်နှစ်ခုလုံးကို သမုတ်ခြင်းငှါ လည်းကောင်း၊ ဥပသမ္ပဒကံ စသည်ကို ပြုခြင်းငှါ လည်းကောင်း အပ်သည်ဟု ကေစိမထေရ်တို့ ဆိုကုန်၏။ သင့်သကဲ့သို့ထင်ရှားတည်း။ စူးစမ်း၍ယူအပ်၏။

(ထိုကေစိ မထေရ်တို့၏ ဝါဒကို အမှီရ၍ သိမ်နုတ်သောအခါ ညောင်စောင်းကွက် ပြုကြဟန်ရှိသည်။ သံသယ မကင်းလောက်သော နေရာ၌ သံသယ ကင်းလောက်အောင် ညွှန်ပြသော မထေရ်တို့ ဖဝါးခြေမှုန့်သည် ကိုယ်၌ကပ်လျှင် ကုက္ကုစ္စဘီလူး မဖမ်းနိုင်။)

အဗဒ္ဓသီမာ ဝိနိစ္ဆယ အကျယ်

အဗဒ္ဓသိမ်သုံးခု

ဗဒ္ဓသိမ် မသမုတ်ရာ၌ ဂါမ၊ နိဂမအပိုင်းခြားသည် လည်းကောင်း၊ ရွာမရှိသောတော၌ ထက်ဝန်းကျင် သတ္တဗ္ဘန္တရသည် လည်းကောင်း၊ မြစ်၊ သမုဒ္ဒရာ၊ ဇာတဿရသည် သိမ်မဖြစ်။ မြစ်၌ သမုဒ္ဒရာ၌ ဇာတဿရ၌ မဇ္ဈိမပုရိသ၏ ထက်ဝန်းကျင် ရေတကျသည် လည်းကောင်း၊ သမာနသံဝါသက ဧကူပေါသထ သိမ်ဖြစ်၏။

ဂါမသိမ်

[ဗဒ္ဓသိမ်ဖြင့် သမာန သံဝါသအဖြစ်ကို လည်းကောင်း၊ ဧကူပေါသထ အဖြစ်ကိုလည်းကောင်း ပြပြီး၍၊ အဗဒ္ဓသိမ် နေရာတို့၌လည်း ထိုကိုပြတော်မူသည်။ ဂါမသဒ္ဒါဖြင့် နဂရကိုလည်း ယူအပ်၏။ အကြင်မျှ လောက်သော ပဒေသ၌ ထိုထိုဂါမ၏ ဘောဇက ရွာစားတို့သည် အခွန်ကိုရကုန်၏။ ထိုပဒေသသည် ငယ်သည်၊ ကြီးသည် ဖြစ်စေ ဂါမသိမ်သာမည်၏။

နဂရသိမ်၊ နိဂမသိမ်တို့၌လည်း ဧသေဝနယော။ တခုသော ဂါမခေတ်၌သာလျှင် တခုသောပဒေသကို အယံ ဝိသုံဂါမော ဟောတု-ဤအရပ်သည် သီးခြားရွာဖြစ်စေဟု ပိုင်းခြား၍ မင်းသည် တစုံတယောက်အား ပေးအံ့၊ ထိုအရပ်သည်လည်း အသီးအခြား ဂါမသိမ် ဖြစ်သည်သာတည်း။ ထို့ကြောင့် ထိုဝိသုံဂါမသိမ်သည် လည်းကောင်း၊ ပကတိဂါမ၊ နိဂမ၊ နဂရသိမ်သည်လည်းကောင်း၊ ဗဒ္ဓသိမ်နှင့် တူသည်သာတည်း။ တိစီဝရ ဝိပ္ပဝါသ အစောင့်အရှောက် မရကြခြင်းသာ ထူး၏။

(သာဋီ ... ဥပေါသထကံကို သီးခြားယူခြင်းကြောင့် ကြွင်းသော ကံစွမ်းဖြင့် သမာနသံဝါသအဖြစ်ကိုသိအပ်၏။

ဝိဋီ ... ဗဒ္ဓသိမ် မသမုတ်ရာ၌ စသည်ဖြင့် ဂါမသိမ်သည်သာလျှင် ဗဒ္ဓသိမ်၏ခေတ်ဖြစ်၏။ အရည၊ နဒီ စသည်တို့သည် သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပတို့၏ခေတ်ဖြစ်သကဲ့သို့တည်း။ ထို ဂါမသိမ်သည်လည်း ဗဒ္ဓသိမ်မရှိရာ၌ အလိုလိုသာလျှင် သမာနသံဝါသ ဖြစ်၏ဟု ပြသည်။

ဂါမနိဂမ အပိုင်းအခြား-ဟူသည်၌ ဂါမသိမ်အပိုင်းအခြား၏ အတွင်းအပြင် လယ် ယာ တောင်စသော ဂါမခေတ်တခုလုံးကို ရည်၍ ဂါမဟု ဟောသည်။ အန္တရဃရကိုသာရည်၍ ဟောသည်မဟုတ်။ ထို့ကြောင့် ဂါမခေတ်တခုလုံးနှင့် စပ်သော ဂါမသိမ်ဟု သိအပ်၏။ အန္တရဃရ၊ ခေတ္တစသော များစွာသော မြေအဖို့တို့၌ တခုတည်း (အတူ) အဖြစ်ဖြင့် ဂါမဟုလူအပေါင်းခေါ်သည်။ ထိုဂါမသည်သာလျှင် ဤ၌ ဂါမသိမ်မည်၏ ဟူသော အဓိပ္ပါယ်တည်း။ ဂါမောဧဝ ဂါမသိမာ

ဤနည်းဖြင့်သာလျှင် အထက်၌ အရည၊ နဒီ၊ သမုဒ္ဒ၊ ဇာတဿရတို့ကို အပ်၏။ ထိုမြေအဖို့တို့၌ တခုတည်း အဖြစ်ဖြင့် လူအပေါင်း ခေါ်ဝေါ်သော အရညစသည်တို့၏ အရညသိမ်စသော အဖြစ်ကို သိအပ်၏။ လောက၌ ဂါမသီမာစသော ဝေါဟာရကို ဂါမစသည်တို့၏ အပိုင်းအခြားကိုသာ ဆိုသင့်၏။ ဂါမခေတ်စသည်အားလုံး၌ မဆိုသင့်။

သာသနာ၌ကား ထိုဂါမ စသည်တို့သည် တပါးမှနစ်ခြင်းအနက်ဖြင့် အလိုလိုသာလျှင် မိမိ၏အပိုင်းအခြားတို့ ဖြစ်ကုန်၏။ ထို့ကြောင့် ဂါမသာလျှင် ဂါမသိမ်၊ အရည သာလျှင် အရညသိမ်၊ ....ပ....၊ သမုဒ္ဒရာသာလျှင် သမုဒ္ဒရာသိမ်ဟု သီမဝေါဟာရဖြင့်ဆိုအပ်ကုန်၏။

နိဂမဟူသည်ကို ဂါမသိမ်အပြားအားလုံးကို ဥပလက္ခဏဖြင့် ပြခြင်းငှါဆိုသည်။ ထို့ကြောင့် နဂရကို ဂါမသိမ် ကိုလည်းယူအပ်၏ဟုဆိုသည်။

အခွန်ကို ရကုန်၏-ဟူသည်ကို ယေဘုယျစွမ်းဖြင့် ဆိုသည်။ အယံဂါမော ဧတ္တကော ကရီသဘာဂေါ-ဤ ဂါမသည် ဤမျှ ပယ်ရှိ၏ စသည်ဖြင့် ရာဇပဏ္ဏ-မင်းစာရင်းတို့၌ ထင်ပြီးသောမြေအဖို့တို့၌ တဘက်ဆည်ကန်၊ မြောင်း၊ သုသာန်၊ တောင်စသော ပဒေသ၌ အခွန်ကို မယူကုန်။ ထိုပဒေသသည်လည်း ဂါမသာတည်း။

မင်းစသည်တို့ပိုင်းခြားသော ဘူမိဘာဂ အားလုံးသည် နဒီ၊ လောဏိ၊ ဇာတဿရတို့ကို ချန်၍ ဂါမသီမာဟု သိအပ်၏။ ထို့ကြောင့် ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိဒေတိ ဟုဆိုပြီ။ မင်းသည် တစုံတခုသော ပဒေသကို ဂါမတပါးနှင့်ယှဉ်တွဲအံ့၊ ထိုပဒေသသည် ဝင်ရာ ဂါမသိမ်အဖြစ်သို့သာ ရောက်၏။

နဒီ၊ ဇာတဿရတို့၌ ဖျက်၍လည်းကောင်း၊ တဠာက စသည်အဖြစ်ကို မြေအဖို့၌လည်းကောင်း၊ လယ်စသည် အဖြစ်သို့ရောက်စေအပ်သော ပဒေသတို့၌လည်း ဧသေဝနယော။ လူတို့စွန့်သွားသော ရွာပျက်သည် လူမရှိပဲ ကြာမြင့်စွာလည်း တည်အံ့၊ အနီး၌ ရွာရှိသော်လည်း ထိုရွာပျက်သည် သီးခြားဂါမသိမ်သာဖြစ်၏။ ...စသည်။)

သတ္တဗ္ဘန္တရသိမ်

[ဤသို့ ရွာအနီး နေသူတို့၏ သိမ်အပိုင်းအခြားကိုပြပြီး၍ ယခုအခါ တောနေသူတို့၏ သိမ်အပိုင်းအခြားကို ပြလို၍ ရွာမရှိသော စသည်ကို မိန့်တော်မူပြီ။

ရွာမရှိသော-ဟူသည် ဂါမ၊ နိဂမ၊ နဂရသိမ်တို့ဖြင့် မပိုင်းခြားအပ်သော အဋဝိပ္ပဒေသ-တောနေရာဖြစ်၏။ ဝိဉ္ဈာဋဝီနှင့်တူသော တောအုပ်ဖြစ်၏။ ထိုတော၌ ရဟန်းနေအံ့။ နေရာ အရပ်မှဝန်းကျင် သတ္တဗ္ဘန္တရသည်၊ ဝါ-အဗ္ဘန္တရ ခုနစ်ခုသည် သမာန သံဝါသကသိမ်မည်၏ ဟူလို။ ဤသိမ်သည် တိစီဝရဝိပ္ပဝါသ အစောင့် အရှောက်ကိုလည်း ရ၏။ အဗ္ဘန္တရ တခုသည် ၂၈-တောင် ပမာဏရှိ၏။ အလယ်၌တည်သူ၏ ဝန်းကျင် အဗ္ဘန္တရ ခုနစ်ခုသည် ထုတ်ချင်းအားဖြင့် တဆယ့်လေးခုဖြစ်၏။ ( ၃၉၂-တောင် ဖြစ်၏။ အလံတရာနီးပါး ဖြစ်၏။)

နှစ်ဦးသော သံဃာတို့သည် အသီးသီး ဝိနည်းကံပြုကုန်အံ့။ သတ္တဗ္ဘန္တရ ခုနစ်ခုတို့၏ အကြား၌ တပါးသော သတ္တဗ္ဘန္တရ တခုကို ဥပစာရအလို့ငှါ ထားအပ်၏။ ကြွင်းသော သတ္တဗ္ဘန္တရ သီမာကထာကို မဟာဝိဘင်း ဥဒေါသိတ သိက္ခာပုဒ်အဖွင့်၌ ဆိုပြီးသောနည်းဖြင့် ယူအပ်၏။]

(ဥဒေါသိတ၌ ဆိုပြီးသော နည်းကား-ဝိဉ္ဈာဋဝီတောအုပ် စသည်တို့ လည်းကောင်း၊ တံငါနေ့ချင်း ပြန်ရောက်သော သမုဒ္ဒရာအလယ်ကျွန်းငယ် တို့၌ လည်းကောင်း အဂါမကအရညကို ရအပ်၏။ ဥပုသ်ကံပြုသောအခါ ပရိသတ်စွန်း၌ ထိုင်သောရဟန်းမှစ၍ သတ္တဗ္ဘန္တရသိမ်ကို သုတ်သင်အပ်၏ ရဟန်း တိုးပွားသလောက် သိမ်တိုးပွား၏။)

(ဝိဋီ ... ဝိဉ္ဈာဋဝီနှင့်တူသော တောအုပ်ဟူသည် ဤမည်သော ဂါမ၏ခေတ်ဟု ဂါမဝေါဟာရ မရှိသော နေရာသည်လည်းကောင်း၊ မထွန်ရာ မစိုက်ပျိုးရာ နေရာသည်လည်းကောင်း ထိုသို့သောအရညဖြစ်၏။ တံငါတို့မရောက်ရာ လူမနေရာ သမုဒ္ဒရာကျွန်းငယ်တို့ကိုလည်း ဤ၌သာ ရေတွက်အပ်ကုန်၏။ ဂါမခေတ် မဟုတ်သော နဒီ၊ သမုဒ္ဒ၊ ဇာတဿရ တို့မှလွတ်သော ပဒေသအားလုံးကို အရညသိမ်ဟု သိအပ်၏။ ထိုအရညသိမ်သည်လည်း သတ္တဗ္ဘန္တရသိမ်ကင်းလျက် အလိုလိုသာလျှင် သမာနသံဝါသ ဖြစ်၏။ ဗဒ္ဓသိမ်နှင့်တူ၏။ နဒီသိမ်စသည်တို့၌ကဲ့သို့ သံဃကံအားလုံးကို ပြုခြင်းငှါအပ်၏။ နဒီ၊ သမုဒ္ဓ၊ ဇာတဿရတို့၏ အလိုလို ဗဒ္ဓသိမ်နှင့် တူ၏ စသည်ဖြင့် အဋ္ဌကထာဆိုခြင်းကြောင့် သိမ်အဖြစ်ထင်ရှားပြီ။

အရည၏သိမ်အဖြစ်ကား အဘယ်သို့ ထင်ရှားသနည်း ဟူမူ၊ သတ္တဗ္ဘန္တရ သိမ်ခွင့်ပြုသော ပါဠိစသည်စွမ်းဖြင့် ထင်ရှား၏။ ဂါမသိမ်၌ ဝဂ္ဂကံလွတ်ခြင်းငှါ ဗဒ္ဓသိမ်များစွာကိုခွင့်ပြု၏။ ထိုဗုဒ္ဓသိမ်နှစ်ခုတို့၏အကြား ၌လည်း သမ္ဘေဒမဖြစ်အောင် သီမန္တရိက်ကိုခွင့်ပြု၏။ ဤအတူ အရည၌လည်း သတ္တဗ္ဘန္တရ သိမ်တို့ကို ခွင့်ပြု၏။ အကြား၌ သီမန္တရိက်ကို ပါဠိအဋ္ဌကထာတို့၌ စီရင်ခြင်းအစွမ်းသတ္တိဖြင့် အရညလည်း ပင်ကိုယ်အားဖြင့်သာ နဒီစသည်တို့ကဲ့သို့ သိမ်အဖြစ်ထင်ရှား၏။ အရည၌ ဝဂ္ဂကံလွတ်စေခြင်းငှါသာလျှင် သတ္တဗ္ဘန္တရသိမ်ကို ခွင့်ပြုခြင်းကြောင့်လည်း ထင်ရှား၏ဟု သိအပ်၏။

သိမ်၌တည်သူတို့သာလျှင် သိမ်၌တည်သူတို့၏ ဝဂ္ဂကံကို ပြုကြသည်၊ ဤသို့သော သတ္တိကိုယူ၍ နဒီ၊ သမုဒ္ဒ၊ ဇာတဿရတို့၏ ဗဒ္ဓသိမ် အဖြစ်ကိုပယ်သော်လည်း သဘာဝသိမ်အဖြစ်ကို အဋ္ဌကထာဆိုသည်ဟု ယူအပ်၏။ နေရာအရပ်မှ ဝန်းကျင်ဟူသည်၌ ရဟန်းတထောင်ရှိအံ့၊ ထိုရဟန်းတထောင်တည်ရာ၏ ပြင်ပစွန်းမှစ၍ ဝဂ္ဂကံမှလွတ်စိမ့်သောငှါ သီမာပေက္ခာ- သိမ်ဟု ငဲ့ခြင်းသည်ဖြစ်သည်ရှိသော် ငဲ့ခြင်းနှင့်တကွ အလိုလို ဖြစ်သော သတ္တဗ္ဘန္တရသိမ်သည် သမာနသံဝါသကဖြစ်၏ဟူသော အဓိပ္ပါယ်တည်း။ ငယ်သောအရည၌ ရဟန်း များစွာဖြစ်၍ ဝဂ္ဂကံတွေးတောဖွယ် မရှိသဖြင့် သတ္တဗ္ဘန္တရသီမာပေက္ခာ မရှိအံ့၊ သတ္တဗ္ဘန္တရသိမ်မဖြစ်။ အရည သိမ်သက်သက်သာ ဖြစ်၏။ ထို၌ သံဃာသည် ကံကိုပြုအပ်၏။ နဒီစသည်တို့ ၌လည်း ဧသေဝနယော

အဋ္ဌကထာ၌ ဆိုလတ္တံ့ကား သစေနဒီ နာတိဒီယာ ဟောတိ၊ ပဘဝတော ပဋ္ဌာယ ယာဝမုခဒွါရံ သဗ္ဗတ္ထ သံဃော နိသီဒတိ၊ ဥဒကုက္ခေပ သီမာကမ္မံနတ္ထိ - မြစ်သည် မရှည်လွန်းသည်ဖြစ်အံ့၊ မြစ်ဖျားမှ မြစ်ဝအထိ သံဃာ အပြည့်နေအံ့ - ဥဒကုက္ခေပသိမ် အမှုပြုဘွယ်မရှိ စသည်တည်း။

ဤစကားဖြင့် ဝဂ္ဂကံမှ လွတ်စေခြင်းငှါ သီမာပေက္ခာ ရှိမှသာ ဥဒကုက္ခေပ သတ္တဗ္ဘန္တရသိမ်တို့ ဖြစ်ကုန်၏။ မရှိလျှင် မဖြစ်ကုန်ဟု မှတ်အပ်၏။

ကေစိတို့ကား ထက်ဝန်းကျင် အဗ္ဘန္တရကို တိုင်းထွာ၍ အပိုင်းအခြား ပြုခြင်းဖြင့်သာ သိမ်ဖြစ်သည်၊ အလိုလို မဖြစ်ကုန်ဟုဆို၏။ မယူအပ်။ ပြုမှ ဖြစ်လျှင် အဗဒ္ဓသိမ်မဖြစ်နိုင်ရာ၊ ရဟန်း၏ပြုခြင်း ထင်ရှားသောကြောင့် တည်း။

အပရေတို့ကား .. သီမာပေက္ခာဖြင့် ပြုဘွယ်မရှိ၊ ခရီးသွားခြင်း၊ ရေချိုးဆင်းခြင်း စသည်ဖြင့် အရည၊ နဒီ စသည်တို့သို့ ရဟန်းတပါးဝင်လျှင် ထိုရဟန်းကိုဝန်းရံလျက် သတ္တဗ္ဘန္တရသိမ်၊ ဥဒကုက္ခေပသိမ်သည် မီး၏အရောင်ကဲ့သို့ အလိုလိုဖြစ်၏။ ဂါမခေတ်စသည်တို့သို့ ထိုရဟန်းဝင်ကာမျှ၌ ထိုသိမ်ကွယ်၏။ ထို့ကြောင့် သံဃာနှစ်ဦး သီးခြားကံပြုလျှင် အကြား၌ သီမန္တရိက်ကိုလည်းကောင်း၊ တပါးသော သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပကို လည်းကောင်း ထားခြင်းငှါ ခွင့်ပြုသည်။ သိမ်အစွန်၌ ရဟန်းတပါး ကိစ္စတခုဖြင့် ရောက်လာလျှင် ဝန်းကျင်ဖြစ်သော ထိုသိမ်နှင့် သမ္ဘေဒဖြစ်ရာ၏။ ထိုသမ္ဘေဒ မဖြစ်စေသတည်းဟု ခွင့်ပြုသည်။ သီမာပေက္ခဖြင့် သိမ်ဖြစ်လျှင် တတောင်မျှ လေးသစ်မျှ သီမန္တရိက်ကို ခွင့်ပြုအပ်သောကြောင့်တည်း။

တနည်း

သီမန္တရိက်၌ တည်သောရဟန်းသည် နှစ်သိမ်လုံး၌ ကံပျက်စေသည်ဟု ဟောသောကြောင့်လည်း ထိုစကား ပြည့်စုံ၏ … မာတိကာဋ္ဌကထာ၌-ပရိစ္ဆေဒဗ္ဘန္တရေ ဟတ္ထပါသံ ဝိဇဟိတွာ ဌိတောပိ ပရိစ္ဆေဒတော ဗဟိအညံ တတ္ထကံဧဝ ပရိစ္ဆေဒံ အနတိက္ကမိတွာ ဌိတောပိ ကမ္မံကောပေတိ ဟု မိန့်ဆိုပြီ။

အရည၌ ကမ္မကရဏိစ္ဆာ-ကံပြုလိုခြင်းကင်းလျက် တည်သူအားလည်း သတ္တဗ္ဘန္တရ ပိုင်းခြားသော လွင်တီးခေါင်၌ စီဝရဝိပ္ပဝါသကို ခွင့်ပြုသည်။ ခွင့်ပြုသော်လည်း ထိုအပိုင်းအခြားသည် သိမ်ဖြစ်၏။ သိမ်ဖြစ်၍ စီဝရဝိပ္ပဝါသ အစောင့်အရှောက်ကိုလည်း ရသည်။ ထို့ကြောင့် ကမ္မကရဏိစ္ဆာ ကင်းသော်လည်း ထိုဆိုပြီးသောနည်းဖြင့် ဖြစ်ခြင်းကိုယူအပ်၏ ဟု ဆိုကုန်၏။ ထိုစကားမသင့်၊ မီးရောင်ကဲ့သို့ ပုဂ္ဂိုလ်တိုင်း အသီးသီး သိမ်ဖြစ်လျှင် သိမ်များစွာရောယှက်ရာ၏။

အယံတတ္ထ သမာနသံဝါသ စသည်ဖြင့် တသိမ်တည်းကိုသာ ခွင့်ပြုသည်။ ဘုရားရှင်သည် ဝဂ္ဂကံလွတ်၍ ကံပြုခြင်းငှါ ခွင့်ပြုသည်။ ဘုရားရှင်၏ ခွင့်ပြုခြင်းဖြင့်သာ သိမ်ဖြစ်သည်၊ ရေချိုးဆင်းခြင်းဖြင့် သိမ်များစွာ ဖြစ်ခြင်း၌ အကျိုးမရှိ။ တသိမ်တည်းဖြစ်မှ အကျိုးရှိသည်။ ဧကေသီမာယံ ဟတ္ထပါသံ အဝိဇဟိတွာ ဌိတာ-ဟု မိန့်ဆိုပြီ။

သိမ်နှစ်ခုတို့၏အကြား၌ ထိုမျှလောက် အကြားထားခြင်း၊ တည်သူတို့၏ ကမ္မကောပ ဖြစ်ခြင်းတို့ကို မိန့်ဆိုခြင်းသည် အပိုင်းအခြား သိနိုင်ခဲသဖြင့် ယုံမှားကို အဝေးမှ လျှောက်နိုင်စေခြင်းငှါ မိန့်ဆိုခြင်းဖြစ်သည်။ စီဝရဝိပ္ပဝါသအကျိုးငှါ လွင်တီးခေါင်၌ ခွင့်ပြုသော သတ္တဗ္ဘန္တရ ပရိစ္ဆေဒသည် သိမ်မဟုတ်။ ခေတ္တ၊ တဠာက စသော ပရိစ္ဆေဒကဲ့သို့ ပရိစ္ဆေဒတခုသာဖြစ်သည်။

ထိုပရိစ္ဆေဒ၌ ရဟန်းအများ အတူနေသူတို့သည် အသီးသီး မိမိနေရာမှ ဝန်းကျင် သတ္တဗ္ဘန္တရ အတွင်း၌သာ သင်္ကန်း ထားအပ်၏။ ပရိသတ်စွန်မှစ၍ (သတ္တဗ္ဘန္တရယူ၍) မထားအပ်။ ထားလျှင် မိမိ၏ အဗ္ဘန္တရမှ ပြင်ပဖြစ်၍ အရုဏ်တက်သောအခါ နိဿဂ္ဂိဖြစ်ရာ၏။

သိမ်ကိုကား ပရိသတ်စွန်မှသာ ယူအပ်၏။ စီဝရဝိပ္ပဝါသ ပရိဟာရကိုလည်း အဗ္ဘောကာသပရိစ္ဆေဒ ရှိခြင်းကြောင့် ခွင့်ပြုသည်။ သီမပရိစ္ဆေဒ အထိ ရသောကြောင့်မဟုတ်။ မဟာသိမ်၌ အဝိပ္ပဝါသသိမ်ဟူသော ဝေါဟာရကဲ့သို့တည်း။

မဟာသိမ်၌လည်း ဂါမ ဂါမူပစာရတို့၌ သင်္ကန်းသည် နိဿဂ္ဂိဖြစ်သည်။ ထို့ကြောင့် ဆိုပြီးသော သီမာပေက္ခာ စွမ်းဖြင့်သာ သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပဖြစ်ခြင်း၊ သီမာပေက္ခာမရှိလျှင် ပျက်ခြင်းကို သိအပ်၏။

ဤကား ငါတို့၏ နှစ်သက်ခြင်းတည်း။ စူးစမ်း၍ ယူအပ်၏။ ဤထက်သင့်လျော်သောနည်းကို ရှာအပ်၏။

ဤ၌ပါဠိတော် အဋ္ဌကထာတို့၌ သစ်ပင်စသည် အကြားမရှိသော အရည၌ သတ္တဗ္ဘန္တရသိမ်ကို စီရင်သောကြောင့် မိမိ၏ နိဿာယဖြစ်သော အရညသိမ်နှင့် သမ္ဗန္ဓ ဒေါသမရှိခြင်းသည် ထင်ရှား၏။ သစ်ပင်တို့ကို မှီသော အဂါမကပဒေသ၌သော်လည်း စီဝရဝိပ္ပဝါသ၏ ရုက္ခပရိဟာရ ကင်း၍သာ အဗ္ဘောကာသပရိဟာရကိုသာ ခွင့်ပြုသည်ဟု ထင်ရှား၏။

ဥပစာရအလို့ငှါ-ဟူသည် သီမန္တရိက အကျိုးငှါ သတ္တဗ္ဘန္တရ ထက်လွန်လျှင် အပ်၏။ ယုတ်လျှင် မအပ်သည် သာတည်း။ ...စသည်)

ဥဒကုက္ခေပသိမ်

[သဗ္ဗာ ဘိက္ခဝေ နဒီ အသီမာ - မြစ်တခုလုံး သိမ်မဖြစ်-ဟူသည် နဒီလက္ခဏာရှိသော မြစ်ဟူသမျှကို နိမိတ်ကြား၍ ဗဒ္ဓသိမ်ပြုသော်လည်း (ဗဒ္ဓ) သိမ်မဖြစ်သည်သာတည်း။ ထိုမြစ်သည် မိမိ သဘောအားဖြင့်သာ ဗဒ္ဓသိမ်နှင့်တူ၏။ သံဃကံအားလုံး ပြုခြင်းငှါ အပ်၏။ သမုဒ္ဒ၊ ဇာတဿရတို့၌လည်း ဧသေဝနယော

ထိုတွင် ဇာတဿရ-ဟူသည် တစုံတယောက် တူး၍မပြု (ဝက်စသည်ပင်မတူးပဲ) သယံဇာတထုံးအိုင်ဖြစ်၍ ဝန်းကျင်မှ လာသောရေဖြင့် ပြည့်လျက်တည်၏။ ဤသို့ နဒီ၊ သမုဒ္ဒ၊ ဇာတဿရတို့၏ ဗဒ္ဓသိမ်အဖြစ်ကိုပယ်၍ တဖန်ထိုတို့၌ အဗဒ္ဓသိမ်အပိုင်းအခြားကို နဒိယာဝါ ဘိက္ခဝေ စသည်ဖြင့် ပြတော်မူသည်။

မဇ္ဈိမပုရိသ၏ ထက်ဝန်းကျင် ရေတကျ-ဟူသည် မဇ္ဈိမပုရိသ၏ ဝန်းကျင်ရေကျခြင်းဖြင့် ပိုင်းခြားအပ်သော ဌာနဖြစ်၏။ အက္ခဓုတ္တ-ကြွေအံကျူးသူတို့သည် ဒါရုဂုဠှ-သစ်သားအားလုံးကို ပစ်ကုန်သကဲ့သို့ ရေကို လည်းကောင်း၊ သဲကို လည်းကောင်း လက်ဖြင့်ယူ၍ အားအလယ်အလတ်ရှိသူသည် အားကုန် ပစ်အပ်၏။ ဤသို့ပစ်သောရေ၊ သဲကျရာဌာနသည် ဥဒကုက္ခေပ တခုဖြစ်၏။ ထိုအတွင်း၌ ဟတ္ထပါသ် စွန့်၍တည်သူသည် ကံကိုပျက်စေ၏။ ပရိသတ်တိုးသလောက် သိမ်လည်းတိုး၏။ ပရိသတ်စွန်မှ ဥဒကုက္ခေပသည်သာလျှင် ပမာဏဖြစ်၏။ ဇာတဿရ၊ သမုဒ္ဒ တို့၌လည်း ဧသေဝနယော]

(အဗဒ္ဓသိမ်၌ နှစ်ကျိပ်တပါး မထိုင်လောက်သော အတိခုဒ္ဒကကို မငဲ့ပြီ။)

(သာဋီ ... တစုံတယောက် တူး၍မပြုဟူသည် အယုတ်ဆုံး တိရစ္ဆာန်သော်လည်း တူး၍ပြုသည်မဟုတ်။ ထိုအတွင်း၌ ဟတ္ထပါသ်စွန့်၍ တည်သူသည် ကံကိုပျက်စေ၏-ဟူသောစကားဖြင့် အပိုင်းအခြားပြင်ပ အမှတ်မရှိ နေရာ၌ တည်သူသည် ကံကို မပျက်ဟုပြသည်။

မာတိကာဋ္ဌကထာ၌ ပရိစ္ဆေဒဗ္ဘန္တရေ ဟတ္ထပါသံ ဝိဇဟိတွာ ဌိတောပိ ပရိစ္ဆေဒတော ဗဟိ အညံ တတ္ထကံ ယေဝပရိစ္ဆေဒံ အနတိက္ကမိတွာ ဌိတောပိ ကမ္မံ ကောပေတိ၊ ဣဒံ သဗ္ဗအဋ္ဌကထာသု သန္နိဋ္ဌာနံ-ဟုဆိုသည်။ ထို၌ အညံ တတ္တကံ ယေဝ ပရိစ္ဆေဒံ အနတိက္ကမိတွာ-စသော နောက်စကားကို ပါဋ္ဌိ၊ အဋ္ဌကထာ တို့၌မရအပ်။

သံဃာနှစ်ဦး အသီးသီး ကံပြုရာ၌ ထိုမျှပရိစ္ဆေဒကို မလွန်မူ၍ တည်သူသည် သိမသမ္ဘေဒကြောင့် ကံကိုပျက်စေသည်ဟူသော အဓိပ္ပါယ် ဖြင့်ဆိုလျှင် သင့်ရာ၏။ ထို့ကြောင့် မာတိကာဋ္ဌကထာ၏ ဋီကာ၌ အညံ တတ္တကံယေဝ ပရိစ္ဆေဒံ ဟူသည် ဒုတိယဥဒကုက္ခေပကို မလွန်သူသည်လည်း ကံကိုပျက်စေ၏။ ဥဒကုက္ခေပ ချင်းလွှမ်း၍ သီမသမ္ဘေဒ ဖြစ်သောကြောင့်တည်း။ ဤအဓိပ္ပါယ်ဖြင့် အလုံးစုံသော သီမသမ္ဘေဒကို အလိုမရှိအပ်သောကြောင့် အကြား၌တပါးသော ဥဒကုက္ခေပကို သီမန္တရိက်အလို့ငှါ ထားအပ်သည်ဟုဆို၏။ အညေတို့ကား နည်းတပါးဖြင့်လည်း ချဲ့ကုန်၏။ မယူအပ်။)

(ဝိဋီ ... မိမိသဘောအားဖြင့်သာ-ဟူသော စကားဖြင့် ဂါမသိမ်ကဲ့သို့ အဗဒ္ဓသိမ်ဖြစ်သည်ဟုပြသည်။

သံဃကံ အားလုံးပြုခြင်းငှါအပ်၏-ဟူသော စကားဖြင့် သမာနသံဝါသ ဧကုပေါသထသိမ် ဖြစ်သည်ဟု ပြသည်။

တစုံတယောက်-ဟူသည် အယုတ်ဆုံး ဝက်စသော သတ္တဝါတည်း။

ကြီးစွာသော ရေအယဉ်ဖြင့် နိမ့်ရာသို့ ကျသောကြောင့်ဖြစ်သော အိုင်ကြီးအိုင်ငယ်သည် လက္ခဏာ ပြည်စုံသော ဇာတဿရသာတည်း။ ငယ်လျှင် ဥဒကုက္ခေပကိစ္စ ပြုဘွယ်မရှိ။ သမုဒ္ဒရာ၌ကား သုတ်သင်နိုင်ခဲသောကြောင့် ဥဒကုက္ခေပ သိမ်၌သာ ကံပြုအပ်၏။

တဖန်ထိုတို့၌-ဟူသည် လောကဝေါဟာရ ထင်ရှားသော နဒီစသော အဗဒ္ဓသိမ်တို့၌ တဖန်ဝဂ္ဂကံကို စောင့်ရှောက်ခြင်းငှါ သာသနဝေါဟာရ ထင်ရှားအပ်သော အဗဒ္ဓသိမ်၏ အပိုင်းအခြားကိုပြလိုသော အဓိပ္ပါယ်တည်း။

မဇ္ဈိမဿပုရိသဿစသည်တို့၌ ဥဒကံ ဥက္ခေပိတွာ ခိပိယတိ ဧတ္ထာတိ ဥဒကုက္ခေပေါ။ ရေကိုမြှောက်၍ ပစ်ချရာ ရေ၏ ကျရာသည် ဥဒကုက္ခေပမည်၏။ ပရိသတ်စွန်မှ ဝန်းကျင်ရေကျရာ အပိုင်းအခြားသည် မြစ်စသည်တို့၌ တပါးသော သမာနသံဝါသဥဒကုက္ခေပ သိမ်မည်၏..ဟူလို။

ထိုအတွင်း၌သာ မဟုတ်သေး၊ ပြင်ပ၌ ဥဒကုက္ခေပ တခု၏ အတွင်း၌လည်း မနေအပ်။ ဤစကားကို ဥဒကုက္ခေပ ပရိစ္ဆေဒကို သိနိုင်ခဲသောကြောင့် ကံပျက်ယုံမှားဘွယ် ရှိ၍ဆိုသည်။ ထိုကြောင့် မာတိကာဋ္ဌကထာ၌ ... ပရိစ္ဆေဒဗ္ဘန္တရေ ....လ..... သန္နိဋ္ဌာနံ ဟုဆိုသည်။ ဤ၌ သာဋီသည် မာတိကာဋ္ဌကထာကိုပယ်၍ ပါဠိအဋ္ဌကထာ တို့၌ မရအပ် စသည်ဖြင့် ချဲ့၏။ မကောင်း။ မာတိကာဋ္ဌကထာစကားသည် နည်းပြဖြစ်သောကြောင့်တည်း။

ထို့ကြောင့် ဥဒကုက္ခေပနှစ်ခုတို့၏ အကြား၌ တထွာမျှ၊ လေးသစ်မျှ သိမ်ကြားမထားမူ၍ ဥဒကုက္ခေပ တခုကိုထားအပ်၏။ လွန်လျှင်အပ်၏။ ယုတ်လျှင်မအပ်ဟု ဆိုအပ်သော အဋ္ဌကထာ စကားဖြင့် ငယ်သော သိမ်ကြားကိုထားလျှင် သမ္ဘေဒကြောင့် ကံပျက်ကိုလည်း ဆိုအပ်သည်သာတည်း။

သတ္တဗ္ဘန္တရသိမ်တို့၏ အကြား၌ ထိုမျှ သိမ်ကြားကို စီရင်သောကြောင့်လည်း သိနိုင်ခဲခြင်းသည်လည်းကောင်း၊ ကံပျက်ယုံမှားဘွယ် မရှိခြင်းသည် လည်းကောင်း ထင်ရှား၏။ ကံပျက် ယုံမှားဘွယ်ဌာနကိုလည်း အဝေးမှ ရှောင်စိမ့်သောငှါ ကံပျက်ရာဌာနဟု ဆို၍ထားကြသည်ဟု ဆိုအပ်၏။)

နဒီသိမ်

[မြစ်သည် ရှည်လှသည်မဟုတ်၊ စီးရာအစမှ မြစ်ဝ အဆုံးထိ သံဃာအပြည့် (ဟတ္ထပါသ်စပ်၍) ထိုင်အံ့။ ဥဒကုက္ခေပကိစ္စပြုဖွယ်မရှိ။ မြစ်တခုလုံးသည် ထိုရဟန်းတို့အားသာ ဆန့်အံ့၊ သံဃကံ ပြုခြင်းငှါအပ်၏။ မဟာသုမမထေရ်ကား တယူဇနာတိုင်တိုင် ရေစီးမှမြစ်။ ထို၌လည်း အထက် ထက်ဝက်ဖယ်၍ အောက်ယူဇနာဝက်၌ ကံပြုအပ်၏ဟု ထို၏။ ထိုစကားကို မဟာပဒုမမထေရှိပယ်၏။ ဘိက္ခုနီသင်းပိုင် ရေစွတ်အံ့ဟု မြစ်ပမာဏကို ဟောသည်။ ယူဇနာ ယူဇနာဝက်ကို မဟော။

ထို့ကြောင့် မြစ်လက္ခဏာရှိလျှင် စီးရာအစမှစ၍ သံဃကံ ပြုခြင်းငှါအပ်၏ ဟု ပယ်သည်။ ဤမြစ်၌ ရဟန်းများစွာ အသီးသီးကံပြုအံ့၊ မိမိ သူတပါး ဥဒကုက္ခေပတို့၏အကြား တပါးသော ဥဒကုက္ခေပကို သီမန္တရိက်အလို့ငှါ ထားအပ်၏။ ထိုထက်လွန်လျှင် အပ်၏။ ယုတ်လျှင် မအပ်ဟု ဆိုအပ်၏။ ဇာတဿရ၊ သမုဒ္ဒတို့၌လည်း ဧသေဝနယော

မြစ်သည် ရေပြည့်အံ့၊ ရေသနုပ်ဝတ်၍သော်လည်း မြစ်တွင်း၌သာ ကံပြုအပ်၏။ လှေ၌သော်လည်း တည်၍ပြုအပ်၏။ သွားဆဲဖြစ်သော လှေ၌ကား ကံမပြုအပ်။ ဥဒကုက္ခေပမျှသာ သိမ်ဖြစ်သည်။ ထိုသိမ်ကို လှေသည် လျင်စွာ လွန်သွားနိုင်သည်။ လှေလွန်သွားလျှင် တသိမ်၌ ဉာတ်၊ တသိမ်၌ ကမ္မဝါစာဖြစ်သည်။ ထို့ကြောင့် လှေကိုတွန်းဝါးစိုက်၍ လည်းကောင်း၊ ကျောက်ချ၍လည်းကောင်း၊ မြစ်တွင်းသစ်ပင်၌ ချည်၍ လည်းကောင်း ကံပြုအပ်၏။

မြစ်အတွင်း ဆောက်သောငြမ်း၌ လည်းကောင်း၊ မြစ်တွင်း ပေါက်သောသစ်ပင်၌ လည်းကောင်း၊ (ဝါ-ဥက္ခေပပြင်ပ၌တည်သော်လည်း မြစ်အတွင်းပေါက်သော သစ်ပင်၌လည်းကောင်း) တည်၍လည်း ပြုအပ်၏။ ဥဒကုက္ခေပ အတွင်း၌တည်သော ထိုသစ်ပင်၏ သစ်ခက်မြစ်ပျဉ်းတို့သည် ပြင်ပမြစ်ကမ်း ဝိဟာရသိမ်၊ ဂါမသိမ်၌တည်အံ့၊ သိမ်ကိုသုတ်သင်၍လည်းကောင်း၊ သစ်ခက်မြစ်ပျဉ်းဖြတ်၍လည်းကောင်း ကံပြုအပ်၏။

ပြင်ပမြစ်ကမ်း၌ ပေါက်သောသစ်ပင်၏ သစ်ခက် မြစ်ပျဉ်းသည် မြစ်အတွင်းဝင်သော်တည်း လှေချည်၍ ကံမပြုအပ်။ ကံပြုလိုလျှင် သိမ်ကိုသုတ်သင်အပ်၏။ ဖြတ်၍ပင်၌တည်အောင်သော်လည်း ဖျက်ဆီးအပ်၏။ ကမ်းပါး၌ ငုတ်စိုက်၍ ချည်သောလှေ၌ကား မအပ်သည်သာတည်း။

မြစ်၌တံတားဆောက်အံ့၊ တံတား၊ တံတားအခြေသည် မြစ်အတွင်း၌ သာတည်အံ့၊ တံတား၌နေ၍ ကံပြုလျှင်အပ်၏။ ပြင်ပကမ်းပါး၌တည်အံ့၊ ကံမပြုအပ်။ သိမ်သုတ်သင်၍ပြုအပ်၏။ တံတားအခြေတို့သည် မြစ်တွင်း၌ တည်လျက် တံတားသည် ကမ်းပါးနှစ်ဘက်၏ အထက်ကောင်းကင်၌တည် လျှင်အပ်၏။

မြစ်တွင်း၌ ကျောက်ခဲသည်လည်းကောင်း၊ ကျွန်းငယ်သည် လည်းကောင်းရှိအံ့၊ ပကတိ မိုးလေးလ ရေလွှမ်းရာသည် နဒီမည်၏။ မိုးကောင်းလွန်း၍ ရေလွှမ်းရာကိုကား မယူအပ်။ ဂါမသိမ်ဖြစ်သည်။

မြစ်မှမြောင်းသွယ်လို၍ မြစ်၌ဆည်ဖို့အံ့။ ဆည်ကိုကျော်၍လည်းကောင်း၊ ဖောက်၍ လည်းကောင်း ရေစီးအံ့။ ရေစီးရာ၌ ကံပြုအပ်၏။ ဆည်ဖို့ခြင်း၊ ကျောက်သရိုင် ဖွဲ့ခြင်းဖြင့် ရေစီးပြတ်အံ့၊ ရေမစီးရာ၌ ကံမပြုအပ်။ အာဝရဏမတ္ထက - ဆည်ထက်၌လည်း မပြုအပ်။ ဆည်တနေရာ ရေလွှမ်းအံ့၊ ထိုနေရာ၌အပ်၏။ ထိုနေရာသည် နဒီမည်၏။

မြစ်ကိုဖျက်၍ ရေကန်ပြုအံ့၊ မြစ်အောက်၌ ကံသင်းဖွဲ့အံ့ (ဝါ-တမံတုတ်အံ့) ရေလာ၍ ပြည့်တည်ရာကန်၌ မအပ်။ အထက်ရေစီးရာ၌ အပ်၏။ အောက်၌လည်း လွဲရေမြစ်တွင်း ဝင်စီးရာမှစ၍အပ်၏။ (မြစ်တွင်းမဝင်မီ လွှဲရေစီးရာ၌မအပ်။) မိုးခေါင်သော မိုးဥတု၊ ဆောင်းဥတု၊ နွေဥတုတို့၌ ခန်းခြောက်သောမြစ်၌လည်းအပ်၏။ မြစ်မှသွယ်သောမြောင်း၌ မအပ်။ ကာလကြာ၍ ကမ်းပြု၍ မြစ်ဖြစ်အံ့၊ အပ်၏။ မြစ်သည်တိမ်ကော၍ ဂါမသိမ်၊ နိဂမသိမ်ကို လွှမ်း၍ (မိုးလေးလ) ရေစီးအံ့၊ နဒီသာဖြစ်၍ ကံပြုအပ်၏။ ဗဒ္ဓဖြစ်သော ဝိဟာရသိမ်ကို ရေလွှမ်းအံ့၊ ဝိဟာရသိမ်သာ မည်၏။

(သာဋီ ... သံဃာအပြည့်ထိုင်အံ့-ဟူသည် ဟတ္ထပါသ်မစွန့်ပဲ တမြစ်လုံး၌ ထိုင်အံ့၊ ဥဒကုက္ခေပကိစ္စပြုဖွယ် မရှိ-ဟူသည် မြစ်နေရာအားလုံး ရဟန်း ပြည့်၍ ဝန်းကျင်၌ မြစ်မကျန်သောကြောင့် ဥဒကုက္ခေပပြုခြင်း၌ အကျိုး မရှိခြင်းတည်း။ တပါးသော ဥဒကုက္ခေပကို သီမန္တရိက်အလို့ငှါ ထားအပ်၏ဟူသည်ကို သိမ်အကြား၌ လွန်စွာသိလွယ်၍ သမ္ဘေဒယုံမှားဖွယ်မရှိဟု ကျင့်ဝတ်ကိုပြုခြင်းငှါ ဆိုသည်။ အကြားမျှထားလျှင် သမ္ဘေဒမဖြစ်။

ထိုမျှထားခြင်းအပ်သည်သာတည်း။ ထို့ကြောင် ယတ္တကေန သိမာသင်္ကရော နဟောတိ၊ တတ္တကမ္ပိ ဌပေတုံ ဝဋ္ဋတိ-ဟု ရှေးမထေရ်တို့ ဆိုကုန်ပြီ။

ယုတ်လျှင် မအပ်-ဟူသော စကားကိုလည်း ပရိသတ်တိုးလျှင် သမ္ဘေဒ ယုံမှားဖွယ်ကိုတားလို၍ ဆိုသည်။

သွားဆဲဖြစ်သောလှေ၌ကား စသည်၌ ဥဒကုက္ခေပကို မလွန်မူ၍ လည်နေသောလှေ၌ ကံပြုခြင်းငှါ အပ်၏ဟု သိအပ်၏။

သိမ်ကိုသုတ်သင်ရာ၌ လည်းကောင်း ဟူသည်၌ သီမသောဓန မည်သည် ဂါမသိမ်စသည်တို့၌ တည်သူတို့ကို ဟတ္ထပါသ်သို့ဆောင်ခြင်း စသည်တည်း။

လွှဲရေ-ဟူသည် ကန်ကိုစောင့်ရှောက်ခြင်းငှါ တနေရာမှ စွန့်ပစ်အပ်သော ဆဍ္ဍိတမုဒကဖြစ်၏။

ဥပ္ပတ္တိတွာတိ ဥတ္တရိတွာ-တိမ်ကော၍ လွှမ်း၍ ရေစီးအံ့-ဟူသည် မိုးကာလ လေးလပတ်လုံး မပြတ်ရေစီး၏။

ဝိဟာရ သိမ်ဟူသည် ဗဒ္ဓသိမ်ကို ရည်ဆိုသည်။

(ဝိဋီ ... ထိုသိမ်ကို လှေသည် လျင်စွာ လွန်သွားနိုင်သည်- ဟူသော စကားဖြင့် မလွန်မူ၍ အတွင်း၌သာ လည်နေသောလှေ၌ ကံပြုအပ်သည်ဟု ပြသည်..စသည်ဖြင့် သိမ်ကိုပိုင်းခြားခြင်းသည် ဤအကျိုး ရှိသည်သာတည်း။ မပိုင်းခြားလျှင် ပြင်ပ၌လည်သလော၊ ကံပျက်ပြီလောဟု ယုံမှားဘွယ်ဖြစ်ရာ၏။ တသိမ်၌ ဉာတ်စသည်-ဥဒကုက္ခေပသိမ်၌ ဉာတ်နဒီသိမ်၌ ကမ္မဝါစာ တည်း။

မြစ်အတွင်းပေါက်သော သစ်ပင်၌လည်းကောင်း-ဟူသည် ဥဒကုက္ခေပ အပိုင်းအခြား၏ ပြင်ပ၌ တည်သော သစ်ပင်၌သော် လည်းကောင်းတည်း။ ပြင်ပမြစ်ကမ်းပါးသည်သာလျှင် ဝိဘဘာဂသိမ် ဖြစ်သောကြောင့် လှေမချည်အပ်သော ဌာနဖြစ်သည်။ မြစ်အတွင်းသည် နိဿယအဖြစ်ပြင် သဘာဂ ဖြစ်သောကြောင့် မချည်အပ်သောဌာန မဟုတ်။ ထို့ကြောင့် ဗဟိ နဒီတီရေ ဝိဟာရသီမာယဝါ စသည်ဖြင့် တီရကိုသာ အဗဇ္ဇိတဗ္ဗ ဌာန (လှေမချည်အပ်သောနေရာ) အဖြစ်ဖြင့်ပြသည်။ နဒီကိုမပြု။

သစ်ပင်၌လည်းကောင်း တည်၍-ဟူသည်ကို ဥဒကုက္ခေပတွင်း တည်သောသစ်ပင်ကို ရည်ဆိုသည်။ ဥဒကုက္ခေပ၏ ပြင်ပ၌ ရဟန်းတို့တည်ခြင်းငှါ မအပ်။

သိမ်ကိုသုတ်သင်၍ လည်းကောင်း-ဟူသည် သီမသောဓန မည်သည် ဂါမသိမ်စသည်တို့၌ တည်သူတို့ကို ဟတ္ထပါသ်ဆောင်ခြင်း၊ သိမ်ပ ပြုခြင်းဖြင့်သာ သုတ်သင်၍တည်း။ ထို့အတူ ဗဒ္ဓသိမ်၊ ဂါမသိမ်၌ ကံပြုသူတို့သည်လည်း ဥဒကုက္ခေပသိမ်၌ တည်သူတို့ကို သုတ်သင်၍သာ ပြုအပ်၏။)

သမ္ဘေဒ ဒေါသများ

ဝိဋီ ... ဥဒကုက္ခေပ၌ ကံပြုသူသည် ဗဒ္ဓ၊ ဂါမကိုသုတ်သင်အပ်သကဲ့သို့ ထိုဗဒ္ဓဂါမ၌ကံပြုသူသည်လည်း ဥဒကုက္ခေပကို သုတ်သင်အပ်၏။ မစပ်ကောင်း၊ ဤနည်းဖြင့် သတ္တဗ္ဘန္တရ၊ အရညတို့၏ ဥဒကုက္ခေပနှင့် မစပ်ကောင်း။ ဥဒကုက္ခေပ၏ သတ္တဗ္ဘန္တရ၊ အရညနှင့်မစပ်ကောင်းဟုပြ၏။ ဤနည်းဖြင့်သာလျှင် သတ္တဗ္ဘန္တရ၊ ဗဒ္ဓ၊ ဂါမတို့နှင့် မစပ်ကောင်း။ ဗဒ္ဓ၊ ဂါမတို့၏ သတ္တဗ္ဘန္တရနှင့် မစပ်ကောင်းဟုသိအပ်၏။

အဋ္ဌကထာ၌ ထိုအပြစ်တို့ကို ဆိုပြီးသောနည်းဖြင့် သိနိုင်ကောင်း၏-ဟု အချင်းချင်း နီးသောသိမ်တို့၏ သမ္ဘေဒဒေါသကိုသာပြသည်။ နည်းအမြွက်ကား-ဗဒ္ဓသိမ်၌သမုတ်သော ဗဒ္ဓသိမ်သည် ဝိပ္ပတ္တိဖြစ်၏။ ဗဒ္ဓအချင်းချင်း သစ်ပင်စသော သမ္ဗန္ဓသည် မအပ်သကဲ့သို့ နဒီစသည်တို့၌ သမုတ်သော ဗဒ္ဓသိမ်လည်း ဝိပ္ပတ္တိဖြစ်၏။ နဒီစသည်တို့နှင့်လည်း ဗဒ္ဓသိမ်၏ ရုက္ခာဒိ သမ္ဗန္ဓသည် မအပ်လှဟု ထင်ရှား၏။ ဤနည်းဖြင့် သတ္တဗ္ဘန္တရ၏ ဂါမ၊ နဒီစသည်တို့နှင့် လည်းကောင်း၊ ဥဒကုက္ခေပ၏ အရညစသည်တို့နှင့်လည်းကောင်း သမ္ဗန္ဓ မအပ်ခြင်းကိုသိအပ်၏။

ဤအတူ ခွင့်ပြုသော ဗဒ္ဓ၊ သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပတို့သည် (ဝါ-နိဿိတသုံးခုသည်) အချင်းချင်း လည်းကောင်း၊ မိမိမှီရာမဟုတ်သော မှီရာသိမ်တပါးတို့နှင့် လည်းကောင်း သမ္ဗန္ဓဒေါသကို သိအပ်၏။ (ဝါ-မှီတတ်ချင်းအစပ်ခြောက်မျိုး၊ မှီရာတပါးကျော် စပ်ခြင်း ဆယ်မျိုးမအပ်။) မိမိ မိမိ၏မှီရာ ဂါမစသည်တို့နှင့် ဗဒ္ဓစသော သိမ်သုံးခုတို့၏ ဖြစ်သောကာလ၌ ခွင့်ပြုသောသမ္ဘေဒ၊ အဇ္ဈောတ္ထရဏအား လျော်သောကြောင့် ရုက္ခာဒိသမ္ဗန္ဓကိုလည်း ခွင့်ပြုသည်သာမှတ်အပ်၏။ (ဝါ-မှီရာငါးရပ်၌ မှီတတ် စပ်ခြင်းငါးမျိုးအပ်၏။) ဥဒကုက္ခေပ၊ ဗဒ္ဓ၊ သတ္တဗ္ဘန္တရတို့၏ အကြား၌ကား မှီရာပြား၊ သဘာဝပြား၍ အလိုလို ပြားသောကြောင့် သီမန္တရိက်ကို မစီရင်အပ်ပြီ။

မှီရာတူ၊ သဘာဝတူသော သိမ်တို့ကိုသာလျှင် သီမန္တရိက်ကင်းခြင်းဖြစ်မူ သင်္ကရဖြစ်သည်ဟု ဟောသည်။ ဤစကားဖြင့် နဒီကို နိမိတ်ပြု၍ဖွဲ့သော ဗဒ္ဓသိမ်၌ သံဃကံပြုစဉ် ထိုနဒီ၌လည်း ဂါမခေတ်တိုင်အောင် ထိ၍တည်သော ဥဒကုက္ခေပသိမ်၌ တပါးသောရဟန်းတို့ ကံပြုခြင်းငှါအပ်သည်ဟု ထင်ရှား၏။

လောကဝေါဟာရထင်ရှားသော ဂါမ၊ အရည၊ နဒီ၊ သမုဒ္ဒ၊ ဇာတဿရဟူသော နိဿယသိမ်ငါးခုတို့ကား အချင်းချင်း စပ်သော်လည်း သမ္ဘေဒဒေါသသို့ မရောက်ကုန်။ (ဝါ-မှီရာချင်းချင်းအစပ် ၁၅-မျိုးအပ်၏။) လောက ဝေါဟာရ၌ ဂါမစသည်တို့သည် ဂါမတပါးနှင့် လည်းကောင်း၊ နဒီ စသည်တို့နှင့်လည်းကောင်း၊ သစ်ပင် စသည်စပ်ကာမျှဖြင့် “ရောစပ်ကုန်ပြီဟု” မဆိုကုန်။ အဋ္ဌကထာ၌လည်း ထိုနိဿယသိမ်တို့၏ သမ္ဘေဒနည်းကို တစုံတခုမျှမပြ။ သာသနဝေါဟာရ ထင်ရှားသောနည်းကိုသာ ပြသည်။

သိမ်၏အောက်အဖို့

ဝိဋီ … ဗဒ္ဓသိမ်၏အောက်အဖို့ကို အောက်၌ မြေခံသော ရေအထိသိမ်သက်သည်ဟု အဋ္ဌကထာပြသည်။ ဂါမသိမ်စသည်တို့၏ အောက်အဖို့ကို မပြသော်လည်း ဗဒ္ဓသိမ်ကဲ့သို့ မြေခံရေအထိ ဂါမသိမ် စသည်တို့လည်း သက်ကုန်၏ဟု အချို့ ဆိုကုန်၏။ အချို့ကား ထိုကိုပယ်၍ နဒီ၊ သမုဒ္ဒ၊ ဇာတဿရသိမ်၊ ဥဒကုက္ခေပသိမ်တို့သည် မြေအထက် ရေလွှမ်းရာ၌သာ တည်ကုန်၏။ ထိုအောက်သို့ မသက်ကုန် .... စသည်။ ဂါမသိမ်၌ သက်ဝင်လောက်သော တွင်းလိုဏ် ရှိသလောက်သာ အောက်သို့သက်သည်။ တွင်းလိုဏ်မရှိလျှင် မြေခံသော ရေအထိ အရညဖြစ်သည်။ ဂါမ မဖြစ် ... စသည်။

အရည၌လည်း ထိုသို့သော တွင်းလိုဏ် ရှိသလောက်သာ အထက် အရညတသိမ်တည်းဖြစ်သည်။ ထိုအောက် မြေခံသောရေအထိ အထက် အရညနှင့်တသိမ်တည်း မဖြစ်။ ဂါမ၊ နဒီ၊ သမုဒ္ဒ၊ ဇာတဿရ တို့ကိုဖယ်၍ လူမနေသောနေရာ၊ နတ်ပြည်၊ ဗြဟ္မာပြည်စသည်တို့သည် အရညတို့သာ ဖြစ်ကုန်၏။ ထိုအရညတို့၌ သတ္တဗ္ဘန္တရသိမ်၌ လည်းကောင်း၊ အရညသိမ်၌ လည်းကောင်း ကံပြုအပ်၏ .... စသည်တို့ကိုဆိုကုန်၏။ သင့်သကဲ့သို့ ထင်၏။ စူးစမ်း၍ ယူအပ်၏။

ဤသို့ယူလျှင် ဂါမသိမ်၌ သမုတ်သော ဗဒ္ဓသိမ်သည် အထက်ဂါမသိမ်ကိုလည်းကောင်း၊ အောက်ရေအထိ အရညသိမ်ကိုလည်းကောင်းလွှမ်း၏။ ထို့ကြောင့် အရညသိမ်လည်း ဗဒ္ဓသိမ်၏ခေတ်ဖြစ်သည်ဟု ထင်ရှား၏။ မြတ်စွာဘုရားသည်လည်း သဗ္ဗာ ဘိက္ခဝေ နဒီ အသီမာ စသည်ဖြင့် နဒီ၊ သမုဒ္ဒ၊ ဇာတဿရတို့ကို ဗဒ္ဓသိမ်၏ ခေတ်မဟုတ်ခြင်းဖြင့် ဟောသည်။ အရညကို မဟော။ ထို့ကြောင့် အရညသည်လည်း ဗဒ္ဓသိမ်၏ ခေတ်ဖြစ်၏ ဟု ယူအပ်၏။ … စသည်။

သစ်ခက်မြစ်ပျဉ်းသည် မြစ်အတွင်း ဝင်သော်လည်း-ဟူသည် မြစ်၏ မြေအပြင်ကိုထိ၍ တည်သော်လည်း လှေချည်၍ ကံမပြုအပ်။ မထိပဲတည်လျှင် ဆိုဖွယ်မရှိ။ ဤစကားဖြင့် သဘာဂနဒီသိမ်ကို ထိ၍ တည်သော်လည်း ဝိသဘာဂသိမ်နှင့်စပ်သော သစ်ခက်မြစ်ပျဉ်းနှင့် ဥဒကုက္ခေပသိမ်၏ စပ်ခြင်းသည် မအပ် ဟုပြသည်။ မဟာသိမ်၊ ဂါမသိမ်နှစ်ခုကို ထိ၍တည်သော သစ်ခက်စသည်ဖြင့် မာဠကသိမ်၏ စပ်ခြင်းလည်း မအပ်ဟု သိအပ်၏။

မြစ်အတွင်း၌သာ တည်တံ့-ဟူသောစကားဖြင့် ဥဒကုက္ခေပ အပိုင်းအခြားမှ ပြင်ပမြစ်၌တည်ခြင်း၌လည်း သမ္ဘေဒ မဖြစ်ခြင်းကိုပြသည်။ ထို့ကြောင့် မြစ်ကမ်းပါး၌ တည်တံ့ စသည်ကို ဆိုသည်။ ထို့ကြောင့် သိမ်အားလုံး၌ မိမိ၏နိဿယသိမ်၌ သမ္ဘေဒဒေါသ မရှိသည်သာတည်းဟု ယူအပ်၏။

ဆည်ဖို့ခြင်း စသည်သည် ငုတ်စသည်စိုက်၍ ရေကိုတားခြင်း၊ မြေဖို့၍ တံတားဖွဲ့ခြင်းတို့တည်း။

လွှဲရေဟူသည် ပိုလွန်သောရေ ဖြစ်၏။

မြစ်တွင်းဝင်စီးရာမှ-ဟူသောစကားဖြင့် ကန်နှင့် မြစ်တို့၏အကြား စီးသောနေရာ၌ မအပ်ဟု ပြသည်။

တိမ်ကော၌ဟူသည် ကမ်းပြိုခြင်းစသည်ဖြင့် ပြည့်လာ၍တည်း။

ဝိဟာရသိမ်ဟူသည် ဗဒ္ဓသိမ်ဖြစ်၏။

(သမ္ဘေဒဒေါသ၌ …
ဗဒ္ဓ၊ သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပ-ဟူသော နိဿိတ သိမ်သုံးလုံး။
ဂါမ၊ အရည၊ နဒီ၊ သမုဒ္ဒ၊ ဇာတဿရ ဟူသော နိဿယသိမ်ငါးလုံးအားဖြင့် သိမ်ရှစ်လုံးကိုရောစပ်လျှင်
ရှစ် x ရှစ်လီ ၆၄-မျိုး။
အတူကိုဖယ်လျှင် စပ်ခြင်း ၃၆-မျိုးဖြစ်၏။
ထိုတွင် ၁၆-မျိုး မအပ်။ ၂ဝ-အပ်၏။

“ယခုထင်ရှားသော ဂါမ၊ သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပ၊ ဗဒ္ဓ- လေးလုံး၌အတူဖယ်လျှင် စပ်ခြင်းဆယ်မျိုးဖြစ်၏။
ထိုတွင် ဂါမနှင့် ဂါမ-စပ်ကောင်း၏။
ဂါမ နှင့် ဗဒ္ဓ စပ်ကောင်း၏။
ကြွင်း ရှစ်မျိုး မစပ်အပ်။

ဂါ၊ ဂါ၊ ဂါ-ဗဒ် (၂)။ ဤနှစ်ရပ်။ စပ်အပ်သိမ်သဘော။
မစပ်ကောင်းတွင်။ ရှစ်ခုဝင် (၈)။ ရှာလျှင်တွေ့စေသော။
မှီရာငါးရပ်။ မှီခိုတတ်။ ငါးစပ်အပ်သလို (၅)။
မှီရာချင်းအား။ မှီစပ်ငြား။ ဆယ့်ငါး-ပြစ်မဆို (၁၅)။
မှီတတ်ခြင်းသာ။ စပ်တုံပါ။ ခြောက်ဖြာအပြစ်ဆို (၆)။
မှီရာတပါး။ ကျော်စပ်ငြား။ ဆယ်ပါးအပြစ်ဆို (၁၀)။

(ဤကဗျာ အဓိပ္ပါယ်ပေါ်အောင် ရောစပ်၍ စိစစ်အပ်၏။)

သမုဒ္ဒသိမ်

[သမုဒ္ဒရာ၌လည်း ကံဆောင်လိုသောရဟန်းတို့သည် ရေတက်အဟုန် လှိုင်းအဟုန်ဖြင့် ရေလွှမ်းရာဌာန၌ ကံမဆောင်အပ်။ ပကတိလှိုင်းတံပိုးငြိမ်သက်၍ တည်ရာဌာနသည် ရေစပ်မှစ၍ သမုဒ္ဒရာ အတွင်း မည်၏။ ထို၌ကံဆောင်အပ်၏။

လှိုင်းအဟုန်နှိပ်စက်အံ့၊ မြစ်၌ကဲ့သို့ လှေ၌ ငြမ်း၌ ကံဆောင်အပ်၏။ ရံခါ ရေလွှမ်းသောကျောက်ဖျာ၌ မအပ်။ ဂါမသိမ်မည်၏။ လှိုင်းတံပိုးလာသော်လည်းကောင်း၊ မလာသော် လည်းကောင်း ပကတိရေလွှမ်းလျှင်အပ်၏။

ကျွန်းငယ်သည်လည်းကောင်း၊ တောင်သည်လည်းကောင်း ရှိအံ့။ တံငါမရောက်သော အဂမနပထ၌ တည်တံ့၊ အရညသိမ် မည်၏။ တံငါရောက်သော ခရီးအတွင်းသည် ဂါမသိမ် မည်၏။ ထိုနေရာ၌ ဂါမသိမ်ကိုမသုတ်သင်ပဲ ကံမဆောင်အပ်။

သမုဒ္ဒရာသည် ဂါမသိမ်၊ နိဂမသိမ်ကိုလွှမ်းအံ့၊ သမုဒ္ဒရာသာဖြစ်၏။ ကံဆောင်အပ်၏။ ဝိဟာရသိမ်ကိုလွှမ်းအံ့။ ဝိဟာရသိမ်သာဖြစ်၏။

(သာဋီ ... အဂမနပထ-ဟူသည် ထိုနေ့၌သာလျှင် သွား၍ ပြန်လာခြင်းငှါ မတတ်ကောင်းသော အရပ်ဖြစ်၏။

အရညသိမ်မည်၏ ဟူသည်ကို သတ္တဗ္ဘန္တရသိမ်ကို ရည်ဆိုသည်။

တံငါရောက်သော ခရီးအတွင်း ဟူသည်ကို ထိုခရီးအတွင်း၌ ကျွန်းငယ်ကို လည်းကောင်း၊ တောင်ကို လည်းကောင်း ရည်ဆိုသည်။ သမုဒ္ဒရာပဒေသကို မဟုတ်။

ဝိဋီ ... ဂမနပထ ဟူသည် ထိုနေ့၌သာလျှင် သွား၍ ပြန်လာခြင်းငှါ မတတ်ကောင်းသော အရပ်တည်း။

အရညသိမ်မည်၏-ဟူသည်ကို လောကဝေါဟာရ ထင်ရှားသော အဂါမက အရညသိမ်ကို ရည်ဆိုသည်။

ထိုနေရာ၌-ဟူသည် ပကတိအားဖြင့် တံငါ ရောက်သောခရီးအတွင်း ကျွန်းငယ်တို့၌တည်း။)

ဇာတဿရသိမ်

[ဇာတဿရ၌ ကံဆောင်လိုသူတို့သည်လည်း ဆိုပြီးသောမိုးဥတု၌ မိုးစဲကာမျှတွင် သောက်၊ ချိုး၊ ဆေးကြောခြင်းငှါ ရေမတည်သောအိုင်သည် ဇာတဿရ မဖြစ်။ ဂါမခေတ်ဖြစ်၏။ ကံမဆောင်အပ်။ ရေတည်လျှင် ဇာတဿရဖြစ်၏။ (သင်းပိုင် တသစ် နှစ်သစ်စွတ်ဟု မဆို) မိုးလေးလ ရေတည်ရာပဒေသ၌ ကံဆောင်အပ်၏။

ရေနက်သည် ဖြစ်အံ့၊ ငြမ်းဖွဲ့၍လည်းကောင်း၊ ထိုအိုင်အတွင်း ပေါက်သောသစ်ပင်၌ စင်ငြမ်းဆောက်၍ လည်းကောင်း ကံဆောင်အပ်၏။ ကျောက်ဖျာ၊ ကျွန်းငယ်ရှိအံ့ မြစ်၌ကဲ့သို့ ဝိနိစ္ဆယကိုသိအပ်၏။ မိုးညီမျှသောအခါ ဇာတဿရ လောက်၍ မိုးခေါင်သောအခါ၊ ဆောင်း နွေအခါ ရေခန်းခြောက်အံ့၊ ထို၌ သံဃကံဆောင်ခြင်းငှါအပ်၏။

အန္ဓကဋ္ဌကထာ၌ ဇာတဿရတခုလုံး ရေခန်းခြောက်လျှင် ဂါမခေတ်သို့ဝင်သည်ဟုဆို၏။ မယူအပ်။

ဇာတဿရ၌ ရေအလို့ငှါ ရေတွင်း၊ ရေကန်စသည် တူးအံ့၊ ထိုနေရာသည် ဇာတဿရ မဖြစ်။ ဂါမသိမ် ဖြစ်၏။

ဗူး သခွား စသည် စိုက်ပျိုးရာ၌လည်း ဧသေဝနယော။ ထိုကို မြေဖို့၍ ကုန်းမြေပြုအံ့၊ ကံသင်းဖွဲ့၍ ရေကန်သော်လည်း ပြုအံ့။ ဂါမသိမ် ဖြစ်၏။

လောဏိ-ဆားငန်တွင်းသည်လည်း ဇာတဿရသာ မည်၏။ မိုးလေးလ ရေတည်ရာ၌ ကံပြုအပ်၏။

(ဝိဋီ ... ထိုနေရာ-ဟူသည် ရေတွင်းရေကန်စသည် တူးရာနေရာတည်း။ မတူးရာနေရာ မဟုတ်။

လောဏိဟူသည် သမုဒ္ဒရာရေ၏ဖြစ်သောအဟုန်ဖြင့် နိမ့်သောမြောင်းငယ်အသွင် ရေစီးသောနေရာဖြစ်၏။ (ဝါ စိမ့်စမ်းထွက်ရာတည်း။)

သိမ်စပ်၊ သိမ်ထပ် သမုတ်ခြင်းအကျယ်

လွှမ်းစပ်-သိမ်ပျက်

ဆဗ္ဗဂ္ဂီတို့သည် သိမ်ဖြင့်သိမ်ကိုစပ်ကုန်၏။ နောက်သိမ်ပျက်၏။ သိမ်ဖြင့်သိပ်ကို လွှမ်းကုန်၏။ နောက်သိမ် ပျက်၏။ သီမန္တရိက်ကိုထား၍ သိမ်သမုတ်ခြင်းငှါ ခွင့်ပြု၏။

[သိမ်ဖြင့်သိမ်ကို စပ်ကုန်၏-ဟူသည် မိမိသိမ်ဖြင့် သူတပါးသိမ်ကို စပ်ကုန်၏။ စပ်ပုံကား ... ပဌမကျောင်း၏ အရှေ့ဘက်၌ သရက်နှင့် သပြေ တို့သည် အချင်းချင်း ကိုင်းခက်ရောယှက်လျက် အရှေ့၌သရက်၊ အနောက်၌ သပြေဖြစ်အံ့၊ သိမ်ကိုလည်း သပြေကို အတွင်းသွင်း၍ သရက်ကို နိမိတ်ကြား၍ (အနောက်ဘက်၌) သမုတ်အံ့။ ထို့နောက် အရှေ့ဘက်၌ ဒုတိယကျောင်း တည်၍ သိမ်သမုတ်သောအခါ သရက်ကို အတွင်းသွင်း၍ သပြေကို နိမိတ် ကြား၍ သမုတ်အံ့၊ သိမ်ဖြင့်သိမ်စပ်သည်မည်၏။ ဆဗ္ဗဂ္ဂီတို့သည် ဤအတိုင်း ပြုကုန်၏။

သိမ်ဖြင့်သိမ်ကို လွှမ်းကုန်၏-ဟူသည် မိမိသိမ်ဖြင့် သူတပါးသိမ်ကို လွှမ်းကုန်၏။ လွှမ်းပုံကား ... သူတပါးသိမ်ကို အလုံးစုံကို လည်းကောင်း၊ တစိတ်ကို လည်းကောင်း၊ (ဝါ-သံဃာထိုင်လောက်ရာ တစိတ်ကိုလည်းကောင်း) အတွင်းသွင်း၍ မိမိသိမ်ကို သမုတ်ကုန်၏။

သီမန္တရိက်ကိုထား၍ သိမ်သမုတ်ခြင်းငှါ-ဟူသည် ပဌမကျောင်း၌ သိမ်မသမုတ်သေးလျှင် ဥပစာကိုချန်၍ ထားအပ်၏။ သမုတ်ပြီးလျှင် အယုတ်ဆုံး တတောင်မျှ သိမ်အကြားကို ထားအပ်၏။ ကုရုန္ဒီ၌ တထွာ၊ မဟာပစ္စရိ၌ လေးသစ်မျှလည်း အပ်သည်ဟုဆို၏။ သစ်ပင်တခုသည် သိမ်နှစ်လုံးတို့၏ နိမိတ်ဖြစ်ကောင်း၏။ နောင်ကြီးလာသောအခါ၌ကား ရောယှက်တတ်၏။ ထို့ကြောင့်မပြုအပ်။

(သာဋီ ... ကိုင်းခက်ရောယှက်ခြင်းဖြင့် အချင်းချင်း နီးကပ်ခြင်းကို ပြသည်။

တစိတ်ကို လည်းကောင်း-ဟူသည် ရဟန်းတို့ထိုင်၍ ကံပြုလောက်သော ပဒေသကိုလည်း ကံမပြုလောက်သော ပဒေသကိုသွင်း၍ သမုတ်လျှင် သိမ်စပ်မည်၏။

သိမ်နှစ်လုံးတို့၏ နိမိတ်ဖြစ်ကောင်း၏-ဟူသည် နိမိတ်သည် သိမ်ပ၌ ဖြစ်သောကြောင့် သီမသမ္ဘေဒမဖြစ်။ ထို့ကြောင့်ဆိုသည်။

ရောယှက်တတ်၏-ဟူသည် ကြီးသောအခါ သိမ်နေရာအတွင်းသို့ ဝင်လတ်သော် နှစ်လုံးသောသိမ်တို့၏ ဖြစ်ရာအရပ်ကို သိနိုင်ခဲသောကြောင့် ဆိုသည်။ ကံမပြုအပ်ဟု ပြခြင်းငှါ မဟုတ်။ ထိုမျှဖြင့် သိမ်ပျက်မဖြစ်၊ နှစ်လုံးသောသိမ်တို့သည် နောင်ကြီးသော သစ်ပင်လွှမ်းသဖြင့် တစပ်တည်း ဖြစ်ကုန်၏။ ထို့ကြောင့် တသိမ်၌ ကံဆောင်လျှင် တသိမ်ကိုသုတ်သင်၍ ဆောင်အပ်၏။

(ဝိဋီ ...။ စပ်၏-ဟူသည် လေးပါးမထိုင်လောက်သည်မှစ၍ ဆံဖျားမျှ သိမ်တွင်းပြုလျှင် စပ်၏။

လေးပါးထိုင်လောက်သည်မှစ၍ တသိမ်လုံးကိုသော်လည်း အတွင်းပြုလျှင် လွှမ်း၏ဟု သိအပ်၏။

ကိုင်းခက်ရောလျက်ဟူသည် အချင်းချင်းရောယှက်၍ တည်သော မဟာသာခမူလ ရှိကုန်၏။ ဤစကားဖြင့် အချင်းချင်းနီးကပ်ခြင်းကိုပြသည်။ ဂါမ၌တည်သော နိမိတ်ဖြစ်သောသရက်နှင့် သိမ်တွင်းသပြေတို့ ကိုင်းခက် ရောယှက်သော်လည်း ပဌမသမုတ်စဉ် ဝိပ္ပတ္တိ မဖြစ်။ နောက်၌ ဂါမသိမ်နှင့်သမ္ဘေဒဒေါသမဖြစ်။ ကမ္မဝိပ္ပတ္တိလည်း မဖြစ်။

သီမန္တရိက်ကိုထား၍ စသောစကားဖြင့် စပ်ခြင်း လွှမ်းခြင်းမပြုပဲ ဗဒ္ဓသိမ်ချင်း အကြားမရှိ ထိစေလျက် သမုတ်လျှင် သိမ်မဖြစ်ဟုပြသည်။ ထို့ကြောင့် တသစ်နှစ်သစ်မျှ သိမ်ကြားသည်လည်း အပ်သည်သာတည်း။ တသစ်နှစ်သစ်မျှသည် သိနိုင်ခဲ၏။ ထို့ကြောင့် လေးသစ်ထက်အလွန်ကို အဋ္ဌကထာ၌ ဆိုသည်။

နိမိတ်ဖြစ်ကောင်း၏ဟူသည် နိမိတ်သည် သိမ်မှပြင်ပဖြစ်သောကြောင့် ဗဒ္ဓသိမ်နှစ်ခုလုံး သမုတ်သောအခါ သမ္ဘေဒဒေါသ မရှိဟူသော အဓိပ္ပါယ်တည်း။ နိမိတ်ဖြစ်သော သစ်ပင်သည်သာလျှင် နောင်ရောယှက် ခြင်းကိုပြုတတ်သည်မဟုတ်။ သီမန္တရိက်၌ တည်သော တပါးသောသစ်ပင် သည်လည်း ပြုတတ်သည်သာ တည်း။ ထို့ကြောင့်ငယ်သော သီမန္တရိက်၌ ကြီးပွားနိုင်သော သစ်ပင်စသည်တို့ မအပ်ကုန်သာတည်း။

ဤ၌လည်း မြေအထက်၌ အထင်အရှား သစ်ပင်သစ်ခက် စသည်ဝင်ခြင်း၌သာ သင်္ကရဒေါသကို ပြခြင်းကြောင့် မထင်မရှားအမြစ် စသည်တို့ဝင်သော်လည်း ဘူမိဂတိက-မြေအလား ရှိခြင်းကြောင့် အပြစ်မရှိကြောင်း ထင်ရှား၏။

အမြစ် စသည်တို့သည် အထင်အရှား ဝင်ကုန်အံ့-သင်္ကရသာတည်း။ တောင် ကျောက်တို့ထင်ရှားသော်လည်း ဘူမိဂတိကသာတည်း။ သမုတ်သောအခါ သစ်ပင်ကြီးတပင်သည် သိမ်နှစ်လုံးကို ထိလျက်တည်တံ့၊ နောက် သမုတ်သော သိမ်သည် သိမ်မဖြစ်။

သင်္ကရရောယှက်-ဟူသည် သီမသမ္ဘေဒတည်း။ ပါဠိ၌ နောက်သိမ်ပျက်သည်ဟု စောဒနာသော်လည်း စပ်ခြင်းလွှမ်းခြင်းပြု၍ လည်းကောင်း၊ သီမန္တရိက်ကို မထားမူ၍ လည်းကောင်း၊ သစ်ခက်မြစ်ပျဉ်း သည်ကို မရှင်းစေမူ၍လည်းကောင်း တပြိုင်နက်သမုတ်လျှင် နှစ်သိမ်လုံး သိမ်ဖြစ်ဟုသိအပ်၏။)

ဝိပ္ပတ္တိသိမ် ၁၁-လုံး

နှစ်ကျိပ်တပါး မထိုင်လောက်သော ငယ်လွန်းသောသိမ်
သုံးယူဇနာထက် လွန်သောသိမ်
ပဌမကြားသော နိမိတ်ကို နောက်ထပ် မကြားသဖြင့်၊ ဝါ-နိမိတ် မလောက်သည်ကို ကြားမိသဖြင့် နိမိတ် ပြတ်ကျိုးသောသိမ် (၃)။

တောင်ရိပ်စသောအရိပ်ကို နိမိတ် ပြုသောသိမ်
နိမိတ်တခုမျှမကြားပဲ သမုတ်သောသိမ်
နိမိတ်တို့၏ပြင်ပ၌ နေ၍ သမုတ်သောသိမ် (၃)။

မြစ်၌၊ သမုဒ္ဒရာ၌၊ ဇာတဿရ၌သမုတ်သောသိမ် (၃)။

သိမ်ချင်းစပ်၍ သမုတ်သောသိမ်
လွှမ်းထပ်၍သမုတ်သောသိမ် (၂)။

ဤသို့ သမုတ်သောသိမ်ပျက် ၁၁-လုံးသည် ပရိဝါ၌ ထင်ရှား၏။ ကင်္ခါ၌လည်းပြ၏။

ငယ်၊ ကြီး၊ ပြတ်ကျိုး (၃)။
ရိပ်မျိုး၊ မ၊ ပြင် (၃)။
ပင်လယ်၊ အိုင်၊ မြစ် (၃)။
လွှမ်း၊ စပ်လစ် (၂)။
ဆယ့်တစ်သိမ်ပျက်တည်း။

ဥပေါသထက္ခန္ဓကပြီး၏။

မဟာဝါအရသာ နိဂုံးဆုတောင်း

သတ္ထုကပ္ပံ သုဝိနယံ၊ ဓာရေမိ ဟဒယေန ဟံ။
နမဿာနော ဝိနယံ၊ ဝိဟရိဿာမိ သဗ္ဗဒါ။
ဝိနယော အာသယော မယှံ၊ ဝိနယော ဌာနစင်္ကမံ။
ကပ္ပေမိ ဝိနယေ ဝါသံ၊ ဝိနယော မမ ဂေါစရော။

အဟံ၊ ငါသည်။
သတ္ထုကပ္ပံ၊ သက်တော်ထင်ရှား မြတ်ဘုရားနှင့်အလား ဘူသော။
သုဝိနယံ၊ ကောင်းစွာပုံသေ ဆုံးမပေတတ် ဝိနည်းမြတ်ကို။
ဟဒယေန၊ စိတ်ကောင်းထုံစိမ် နှလုံးအိမ်ဖြင့်။
ဓာရေမိ၊ ဆောင်ရပေ၏။
ဝိနယံ၊ ဝိနည်းပိဋကတ် ဘုရားမြတ်ကို။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
နမဿမာနော၊ ဦးခိုက်မြတ်နိုး ရှိခိုးလျက်။
ဝိဟရိဿာမိ၊ နေရပေတော့အံ့။

ဝိနယော၊ ဝိနည်းသည်။
မယှံ၊ ငါ၏။
အာသယော၊ အိပ်စရာနေစရာ ဖြစ်၏။
ဝိနယော၊ ဝိနည်းသည်။
မယှံ၊ ငါ၏။
ဌာနစင်္ကမံ၊ ရပ်ရာစင်္ကြံသွားရာဖြစ်၏။
ဝိနယော၊ ဝိနည်း၌။
ဝါသံ၊ နေထိုင်ခြင်းကို။
ကပ္ပေမိ၊ ပြုရပေ၏။
ဝိနယော၊ ဝိနည်းသည်။
မမ၊ ငါ၏။
ဂေါစရော၊ အာရုံစားကျက်ဖြစ်ပေ၏။

ဤသို့သော ဥဒါန်းကို ဘုရားရှင် လက်ထက်တော်၌ အရှင်ဥပါလိမထေရ် တပါးသာ ဝမ်းမြောက်စွာ ကျူးရင့်တော်မူသည်။ ဤဥဒါန်းကို ဤသို့ ကျူးရင့်နိုင်အောင် ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့ရလေသည်။ ပဒုမုတ္တရ ဘုရားရှင်ထံ ကောင်းမှုပြု၍ ဆုတောင်းခဲ့လေသည်။

ဝိနည်းအရာ၌ ငါတို့ ဘုရားရှင် မဟောသေးသည်ကို ဘုရားရှင် အာဘော်ကျအောင် ယူဆနိုင်သည်၊ ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့်လည်း ဝိနည်းဆောင် တဒဂ် ရတော်မူလေသည်။ ယခုအခါ သဒ္ဓါပဗ္ဗဇ္ဇိတ ကုလပုတ္တတို့သည်လည်း အရှင်ဥပါလိကဲ့သို့ အတုလိုက်၍ ဤသို့သော ဥဒါန်းမျိုးကို ကျူးရင့်နိုင်ကြပါစေကုန် သတည်း။ ကျူးရင့်နိုင်အောင် အန္တရာယ် ကင်းကြပါစေကုန်သတည်း။

“ဝိနည်းပညတ် ကြောင်းကျိုး ၁၀-ပါး”

၁။ သံဃာတော်၏ ကောင်းပြီဟု ဝန်ခံစေခြင်းငှါ၊
၂။ သံဃာတော်၏ ချမ်းသာစွာ နေရခြင်းငှါ၊
၃။ သီလမဲ့ကုန်သော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါ၊
၄။ သီလချစ်ကုန်သော ပုဂ္ဂိုလ်တို့ကို ချီးမြှောက်ခြင်းငှါ၊
၅။ မျက်မှောက်၌ဖြစ်ကုန်သော ဘေးရန်တို့ကို ဆို့ပိတ်ခြင်းငှါ၊
၆။ တမလွန်၌ ဖြစ်ကုန်သော ဘေးရန်တို့ကို တားမြစ်ခြင်းငှါ၊
၇။ မကြည်ညိုသေးသူတို့အား ကြည်ညိုစေခြင်းငှါ၊
၈။ ကြည်ညိုပြီးသူတို့အား ကြည်ညိုစေခြင်းငှါ၊
၉။ သာသနာတော်၏ အဓွန့်ကြာရှည် တည်နေစေခြင်းငှါ၊

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...