Skip to main content

ဝိသုဒ္ဓိမဂ်အရသာ

ဝိသုဒ္ဓိမဂ်အရသာ

▬ஜ۩۞۩ஜ▬

ညောင်လေးပင်တောရဆရာတော်

ညောင်လေးပင်မြို့၊ တောရကျောင်းတိုက်

မဟာနာယက ဆရာတော်ဘုရားကြီး၏

ညောင်လေးပင် သင်္ခေပထေရာပဒါန်

၁၂၄၈-ခု၊ ပြာသိုလဆန်း ၂-ရက်၊ တနင်္ဂနွေနေ့ (26-12-1886) တွင် ဖွားမြင် တော်မူသည်။

၁၂၆၇-ခု၊ တပို့တွဲလဆုတ် ၂.ရက်နေ့တွင် ရဟန်းဖြစ်တော်မူသည်။

၁၃၁၄-ခု၊ ဝါခေါင်လဆန်း ၁၄-ရက် (4-8-1952) ည (၇) နာရီ မိနစ် ၄၀- အချိန်တွင် ဘဝ နတ်ထံ ပျံလွန်တော်မူသည်။

သာသနာနှင့် ဆရာတော်

ဤ “ဝိသုဒ္ဓိမဂ်အရသာ” ကျမ်းကြီးကို အပြီးတိုင် မြောက်အောင် ရေးသား အားထုတ် ပြုစုတော်မူသွားသော ကျေးဇူးရှင် ညောင်လေးပင်မြို့- တောရ ဆရာတော်ဘုရား ကြီးသည် သက်တော်အားဖြင့် (၆၇) နှစ်၊ ဝါတော်အားဖြင့် (၄၇)ဝါ တို့ပတ်လုံး သာသနာတော်မြတ်ကြီး၏ အကျိုးကို သူမတူအောင် သည်ပိုး ရွက်ဆောင်တော် မူခဲ့ရာ ပရိယတ္တိသာသနာ ဘက်မှာလည်း တပည့် တပန်း ရဟန်း သာမဏေ ပရိသတ်များမှာ များစွာပင် ပေါ်ထွန်းဖြစ်မြောက်ကြလျက် တဆင့် သာသနာပြု၍ နေကြလေပြီ၊ ပဋိပတ္တိ သာသနာဘက်တွင် လည်း အကျင့်စခန်းတွင် အထက်တန်းဝင်ကြသော တပည့်ဒကာ ဒကာမ များနှင့် ရဟန်းသံဃာ ပရိသတ် များမှာ မရေမတွက်နိုင်အောင်ပင် ရှိချေပြီ။

မွေးဖွားရာနှင့် မွေးဖွားချိန်

ဤသို့လျှင် ပရိယတ္တိ သာသနာမျှမက ပဋိပတ္တိသာသနာတော်ကိုပါ ပြုစုပျိုးထောင် အားပေး ဆောင်ရွက်တော် မူခဲ့သော ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏မွေးဖွားရာ အရပ်ဒေသမှာ ညောင်လေးပင်မြို့နှင့် လေးမိုင်မျှ ဝေးကွာသော ပုဇွန်မြောင်း ခေါ် အရပ်ဒေသပင်ဖြစ်လေသည်၊

၎င်းအရပ်တွင် လူအပေါင်းတို့၏ လေးစား ခင်မင်ခြင်း, ရိုသေခန့်ညားခြင်းကို ခံယူ ရရှိသော ကျောင်းဆရာကြီး ဆရာခေါင် ဆရာကတော် ဒေါ်ဒေါ်ခက် တို့၏ ရင်သွေး ရတနာ ဖြစ်သော ကျေးဇူးရှင် ဆရာတော် အလောင်းအလျာကလေးကို ၁၂၄၈-ခု ပြာသိုလဆန်း ၂-ရက်၊ တနင်္ဂနွေနေ့တွင် ကောင်းမွန်မြင့်မြတ်သော နက္ခတ်နှင့် ယှဉ်လျက် ဖွားမြင်ခဲ့လေသည်။

အကျင့်စာရိတ္တ

ထိုဆရာတော်လောင်း အလျာကလေးနှင့်အတူ မွေးဖွားသည့် ညီအစ်ကို မောင်နှမ ခြောက်ယောက်ရှိသည်၊ ၎င်းတို့အနက် အကြီးဆုံးသော သားဦးရတနာ ဖြစ်သည့် အလျောက် ငယ်စဉ်ကပင် မကောင်းမှုကိုပြုရန် အလွန် ကြောက်တတ်သည်သာမက သူ့စိတ်တွင် မှန်သည်ဟု ဆုံးဖြတ်ပြီးသော အရာဟူသမျှကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်သဖြင့် အမေမိဘ လူကြီးများပင် အံ့ဩစိတ်, ချီးမွမ်းစိတ် ကြောက်ရွံ့ စိတ်များ ဖြစ်ကြရလေသည်၊

ထို့ပြင် သူ၏ ကောင်းမွန်မြင့်မြတ်သော ညာဉ်တခုမှာ သူတပါး၏ အသက်ကို ပရွက်ဆိတ်, ကြမ်းပိုးစသော သတ္တဝါ ကလေးများက အစ မသတ်မဖြတ်တတ်၊ သူများ၏ ဥစ္စာကို အပ်ကလေး တချောင်းက အစ မခိုးမဝှက်တတ်၊ မလိမ် မကောက်တတ်၊ မှန်ရာကို ရဲရဲဝံ့ဝံ့ကြီး ပြောတတ်သဖြင့် လူကြီးလူကောင်း အပေါင်း များပင် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်လေသည်။

ရှင်ပြုချိန်ရောက် လူလားမြောက်

ကျောင်းဆရာကြီး ဆရာခေါင် ဆရာကတော် ဒေါ်ဒေါ်ခက် တို့ကား ခေတ်ပညာတတ် လူဇော်လူမော်များ ဖြစ်ကြ၍ ပညာဉာဏ်မျက်စိ အသင့်အတင့် ရှိသူများ ဖြစ်ရာ မိမိတို့၏ သားမြတ်ကလေး တယောက် သာသနာတော်တွင် ထွန်းတောက် ဖြစ်စေလိုကြသဖြင့် “ပရိယတ္တိ သာသနာတော်ကို လေးစား အားထုတ်တော် မူကြသော သံဃာတော်များရှိရာ ညောင်လေးပင်မြို့- တောရ ကျောင်းတိုက်သို့ ပို့၍ အပ်နှံရမူ ကောင်းလေစွ” ဟု တောရ ကျောင်းတိုက် ပဌမ ဆရာတော်ဘုရားကြီးထံ အပ်နှံခဲ့ရာ (၁၂) နှစ်အရွယ်သာ ရှိသေးသော ကျေးဇူးရှင် ဆရာတော်လောင်းအလျာ ကလေးကို တောရဆရာတော်ဘုရား ကိုယ်တိုင် ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ ဘဝသို့ ရောက်အောင် ပို့ဆောင်တော်မူလေသည်၊

ဆရာတော်ဘုရားကြီးသည် ဆရာတော်လောင်းကလေး၏ အကျင့် စာရိတ္တ ကောင်းမွန် မြင့်မြတ်ကြောင်းကို ရှေးယခင်ကပင် ကြားဘူးသည်သာမက သူ၏ ခြေလက်အင်္ဂါ အသွင်အပြင် အမူအရာကို မြင်ရုံနှင့်ပင် ဥပဓိ၏ ကောင်းမွန် မြင့်မြတ်ခြင်းကို သိနှင့်ပြီး ဖြစ်၍ အရိယာတို့ စွန့်ပစ်ထွေးအန် အပ်သော မကောင်းမှု ဒုစရိုက်တို့ကို မပြုလုပ် တတ်သူဖြစ်၍ အရိယာနှင့် တူသောကြောင့် သူကို “အရိယ” ဟူ၍ ခေါ်ရမည်-ဟု မိန့်တော်မူလေသည်။

တောက်မည့်မီးခဲ ရဲရဲကလေး

ကျေးဇူးရှင် ဆရာတော်လောင်းကလေးဖြစ်သော ရှင်အရိယသည် ပင်ကိုယ်ကပင် သဒ္ဓါတရားရှိသူ တယောက် ဖြစ်ရာ ယခုကဲ့သို့ သူတော်ကောင်းများ၏ ပြောဆိုဆုံးမ သံများကို နေ့စဉ်နေ့တိုင်း ကြားသိ တွေ့မြင်နေရသဖြင့် သူ၏ မီးခဲပြာဖုံး ဖြစ်၍ နေသော သဒ္ဓါတရားဓာတ်ခံ မီးခဲကလေးသည် တနေ့ထက် တနေ့ တလထက်တလ ဆိုသလို ထွန်းတောက် ပြောင်လက်၍ လာသည်ဖြစ်ရာ သာသနာ့ဘောင်တွင် လွန်စွာ ပျော်မွေ့သည်သာမက ပရိယတ္တိ သာသနာ, ပဋိပတ္တိသာသနာတို့ကို စွမ်းစွမ်းတမန် အားထုတ်လိုသော စိတ်ဆန္ဒ လုံ့လ ဝီရိယများ ထင်ရှားစွာ ပေါ်ပေါက်၍ လာလေ တော့သည်၊

ထိုသို့ အားထုတ်လိုသော လုံ့လ ဝီရိယများစွာ ပေါ်ပေါက် လာသည့်အတိုင်း ပဌမ တောရဆရာတော်ထံ ပါဠိ, အဋ္ဌကထာ, ဋီကာ, သုတ်, ဝိနည်း, အဘိဓမ္မာ ဂန္ထန္တရ ကျမ်းဂန်အဝဝကို သင်ယူလေ့ကျက် ဆောင်ရွက် ပေါက်ရောက် တတ်မြောက် ပြီးသား ဖြစ်၍ နေလေပြီ။

ဦးသီလနှင့် ရှင်အရိယ

ကျေးဇူးရှင် ဆရာတော်လောင်းသည် ရဟန်း ရှင်အရိယသည် ပဉ္စင်း ပြုရန်အတွက် အသက်လည်း စေ့ရောက် ကျမ်းဂန် ပိဋကတ်လည်း နှံ့စပ် ပေါက်ရောက် တတ်မြောက် တော်မူပြီး ဖြစ်ရာ ရဟန်းဖြစ်လိုသော သဒ္ဓါတရားတို့မှာ တဖွားဖွား ပေါ်ပေါက်လျက် ရှိချေပြီ၊ မယ်တော် ခမည်းတော်ဖြစ်ကြသော ဆရာခေါင်နှင့် ဒေါ်ဒေါ်ခက် တို့သည် လည်း မိမိတို့၏ သားကလေး တယောက် အထွဋ်အထိပ်သို့ ရောက်ရန်အတွက် တိတ်တိတ်ပုန်း ဝမ်းမြောက်ကြလျက် အထူးပင် ကြိုးစားနေကြ သည်သာမက -

နိဗ္ဗုတာ နုန သာ မာတာ၊
နိဗ္ဗုတော နုန သော ပိတာ။
နိဗ္ဗုတော နုန သွာစေရော၊
သိဿတော ယဿ ဤဒိသော။

ဟု စိတ်နှလုံးအေးချမ်း၍ ရွှင်လန်း ဝမ်းမြောက်ကြမည်မှာ ယုံမှားဘွယ် မရှိပေ၊ ဤသို့လျှင် သာသနာတော်တွင် သီလ, သမာဓိ, ပညာ အရာမှာ သူမတူအောင် ထူးချွန်မွန်မြတ်မည့် သာမဏေကလေး တပါး ဖြစ်ကြောင်းကို ကြိုတင် သိရှိထားပြီး ဖြစ်သော တောရ ဆရာတော် ဘုရားကြီးသည် လက်ရုံးတဆူ အားကိုး အားထား ပြုရမည့် တပည့်ကလေး ရှင်အရိယအတွက် နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်လျက် မြန်မာနိုင်ငံတော် အောက်အထက်တွင် ရဟန္တာတဆူဟု ပျံ့နှံ့ကျော်ကြားတော် မူသော ဘုန်းတော်ကြီး “ဦးသီလ”ထေရ်ကို ပင့်ဖိတ်လျက် ဥပဇ္ဈာယ် ပြုလုပ်တော်မူရန် လျှောက်ထားရာ သီလ, သမာဓိ ပညာအရာတွင် လွန်ကဲ ထူးချွန်တော်မူသော ဘုန်းတော်ကြီး ဦးသီလသည်ပင် ရှင်အရိယကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပဉ္စင်းအဖြစ်သို့ ရောက်အောင် ပို့ဆောင်တော်မူရာ ရှင်အရိယ အဖြစ်မှ ဦးအရိယ အဖြစ်သို့ ရောက်တော်မူလေသည်။

ကျော်ကြားမည့် အတိတ်နိမိတ်

ရှင်အရိယ ရဟန်းအဖြစ်သို့ ရောက်တော်မူသော ထိုစဉ်အခါကား ၁၂၆၇-ခု၊ တပို့တွဲ လဆုတ် ၂-ရက်နေ့ဖြစ်၏၊ ရဟန်းဖြစ်ရာနေရာဌာနကား ညောင်လေးပင်မြို့ တောရ ကျောင်းတိုက် သီလဝိသောဓနီ မည်သော သိမ်တော်ကြီး ဖြစ်လေသည်၊ ဥပဇ္ဈာယ် ဆရာတော်ကား ဘုန်းတော်ကြီး ဦးသီလ ထေရ်အရှင်မြတ်ဖြစ်ရာ သိမ်အမည်, ဥပဇ္ဈာယ်ဆရာအမည်နှင့် ရဟန်းလောင်း အမည်များမှာ လွန်စွာပင် လိုက်လျောလှ သဖြင့် ကျေးဇူးရှင် ဆရာတော်လောင်း ပဉ္စင်းသစ်ကလေး ဦးအရိယ၏ သာသနာ တော်တွင် နေ-အထောင် လ-အသောင်းကဲ့သို့ ထင်ရှား ကျော်ကြားမည့် အတိတ် နိမိတ်များပင် ဖြစ်ပေသည်။

ဝိသုဒ္ဓါရုံဆရာတော်ထံ နည်းနာခံ

ဤသို့လျှင် ကျေးဇူးရှင် ဆရာတော်လောင်း ရှင်အရိယသည် ဦးအရိယ ဟူသော အမည်သို့ ရောက်ပြီးနောက် တောရဆရာတော်ဘုရားနှင့် ဘုန်းတော်ကြီး ဦးသီလ တို့၏ခြေတော်ရင်းတွင် ပရိယတ်နှင့်ဆိုင်ရာ နည်းကောင်း နာကောင်း နိသျကောင်း အကျင့်ပဋိပတ်နှင့်ဆိုင်ရာ နည်းကောင်း, နာကောင်း, နိသျကောင်းများကို အာစရိယ လက်ကိုင် ရရှိအောင် ယူတော်မူပြီးလျှင် မိမိ၏ ဆရာရင်းများ ဖြစ်တော်မူကြသော တောရဆရာတော်ဘုရားနှင့် ဘုန်းတော်ကြီး ဦးသီလထေရ်တို့၏ တိုက်တွန်းမှုကြောင့် အပ်နှံတော်မူချက် အရ၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက် ရွှေကျင်ဂိုဏ်းကြီး၏ ဦးစီး ဥက္ကဋ္ဌ ဖြစ်တော်မူသော ကျေးဇူးရှင် ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး၏ ခြေတော်ရင်း တွင် သာသနာတော်နှင့်ဆိုင်ရာ နည်းကောင်း, နာကောင်း နိသျကောင်း များကို ရှာမှီး လေ့လာတော်မူခဲ့လေသည်။

ကျေးဇူးရှင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး၏ ခြေတော်ရင်းမှ နေနည်း, ထိုင်နည်း, ကျင့်ကြံ အားထုတ်နည်း, စာပေ ပို့ချ သင်ပြနည်း တပည့်ပရိသတ် အုပ်ချုပ်မွေးမြူနည်း စသော နည်းပေါင်း မြောက်မြားစွာတို့ကို ရရှိတော်မူခဲ့သဖြင့် သာသနာတော်တွင် သာသနာ့ဗဟုသုတ ပြည့်ဝ ပေါများသော ရဟန်းတော် ဦးအရိယ အဖြစ်သို့ ရောက်တော်မူလေသည်။

ဦးစီးဥက္ကဋ္ဌ ပဓာနနာယက

ကျေးဇူးရှင် ဆရာတော်လောင်း ရဟန်းတော် ဦးအရိယသည် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးထံတွင် ပညာရင်နို့ သောက်စို့၍ မိမိ၏ ဆရာရင်းဖြစ်သော မညာင်လေးပင်မြို့ တောရ ဆရာတော်ဘုရားကြီးများထံ ပြန်ရောက်လာပြီး ဆရာတော်ဘုရားကြီးများ၏ အစိုးရ ပဌမပြန်စာမေးပွဲ ဝင်ခွင့်ပြုချက်အရ ပဌမပြန် စာမေးပွဲတွင် ပဌမငယ်, ပဌမလတ်, ပဌမကြီး အတန်းတို့ကို ဆင်မြန်းပြီးနောက် စာပေပို့ချနေဆဲအခါ၌ပင် ပဌမ ဆရာတော်ဘုရားကြီးနှင့် ဒုတီယ ဆရာတော် ဘုရားကြီးများ ပျံလွန်တော်မူပြီးနောက် (၁၄) ဝါမြောက်တွင် ညောင်လေးပင်တောရ တိုက်ကြီး၌ ဦးစီးနာယက ဆရာတော် အဖြစ်ဖြင့် တာဝန်ယူကာ ဆောင်ရွက်တော် မူလျက် သံဃာတော် ၁၀၀-ကျော်နှင့် လူဒါယကာ, ဒါယိကာမတို့၏ တာဝန်ကို လုံးဝ ခံယူပြီးလျှင် ဆုံးမဩဝါဒ ပေး၍ သာသနာတော်၏ အကျိုးကို သည်ပိုးရွက်ဆောင် ခဲ့လေသည်။

လုံ့လဝီရိယနှင့် ကောင်းသောစံနစ်

ထိုစဉ်အခါက တောရတိုက်ကြီးတွင် သံဃာ ၁၀၀-၁၅၀-မျှ တို့ကို မငြိုမငြင် မပင်မပန်းစေဘဲ ဆွမ်း သင်္ကန်း, ကျောင်း, ဆေး-ပစ္စည်းလေးပါးတို့ဖြင့် ရှာဖွေ ပံ့ထောက် ချီးမြှောက်တော်မူလျက် ပရိယတ္တိ သာသနာတော်မြတ်ကြီးကို မြန်မာပြည် တွင် အထက်တန်း ထိပ်ဆုံးဖြစ်အောင် ဆောင်ရွက် အားထုတ်တော် မူခဲ့လေသည်၊ ထိုအခါက အစိုးရ ပဌမပြန် စာမေးပွဲ၌ အောက်နယ် တခွင်တွင် ညောင်လေးပင် တောရတိုက်ကြီးလောက် ငယ်, လတ်, ကြီး အသီးသီးဝယ် အအောင်များသောတိုက် မရှိသလောက်ပင် ဖြစ်၍ အောက်မြန်မာပြည်အတွက် စာမေးပွဲလောကတွင် နာမည် အကြီးဆုံးသော တိုက်ကြီး တတိုက် ဖြစ်ခဲ့လေသည်၊ ထိုသို့ အအောင်များခြင်း သည်လည်း ထိုဆရာတော်၏ လုံ့လ ဝီရိယနှင့် သင်ပြပို့ချပုံ နည်းစံနစ်တို့ ကောင်းမွန် လှသောကြောင့် ဖြစ်ပေသည်။

အားရ တင်းတိမ်တော်မူခြင်း မရှိ

ရဟန်းတော် ဦးအရိယ အဖြစ်မှ ပဓာနဥက္ကဋ္ဌ ဆရာတော် ဦးအရိယ အဖြစ်သို့ ရောက်တော်မူငသာ ကျေးဇူးရှင် ဆရာတော် ဘုရားကြီးသည် ကျောင်းတိုက်ကြီးကို အုပ်ချုပ်သည်မှ စ၍ ဘဝနတ်ထံ ပျံလွန်တော်မူသည် တိုင်အောင် နေ့ဝါ ညဝါ ပို့ချကာဖြင့်၎င်း, တရားအားထုတ် ပဓာန အလုပ်စခန်း ဖြင့်၎င်း သံဃာတော်များနှင့် တပည့် ဒကာဒကာမများအား တရားဓမ္မ ဟောပြောပြသ ဆိုဆုံးမသော အားဖြင့်၎င်း သာသနာတော် အကျိုးကို သည်ပိုးရွက်ဆောင်တော် မူခဲ့ရသော်လည်း အားရ တင်းတိမ်တော်မူခြင်းမရှိပေ။

ဝိနည်းပြန်ဌာနတိုင်းမှ ချီးမွမ်းသံ

ဤမျှသာမကသေး ညောင်လေးပင်မြို့နယ် ရွှေကျင်စာပြန်ပွဲဌာနတွင် ရွှေကျင် နိကာယ ဥက္ကဋ္ဌ မဟာနာယက အဖြစ်ဖြင့် ဆောင်ရွက်တော်မူသဖြင့် ညောင်လေးပင် နယ် ရွှေကျင်ဂိုဏ်းကြီးမှာ အထူးပင်တိုးတက်ဖွံ့ဖြိုး ထွန်းလင်း တောက်ပလှသဖြင့် နယ်အတွင်းရှိ ဒကာ ဒကာမများမှာ လွန်မင်းစွာ ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြရသည် သာမက ရွှေကျင်ဂိုဏ်းကြီးနှင့် ဆရာတော် ဦးသီလ၏ တောဂိုဏ်းကြီးနှစ်ခုကို ဂင်္ဂါရေနှင့် ယမုနာရေ ရောနှောသကဲ့သို့ ရောနှောပြီးလျှင် တောရရွှေကျင် ဂိုဏ်းကြီးကို တိုးတက် ကြီးပွားအောင် စောင့်ရှောက် ထိန်းသိမ်းတော်မူခဲ့သဖြင့် မန္တလေးမြို့ ဗဟိုဝန်ဆောင် ဆရာတော်များနှင့် နယ်အသီးသီးရှိ ရွှေကျင်ဂိုဏ်း ဝိနည်းစာပြန်ဌာန အပေါင်းတို့မှ မဟာနာယက ဂဏုက္ကဋ္ဌဆရာတော် သံဃာတော်များ၏ ချီးကျူး ထောမနာခြင်းကို ခံယူရပေသည်။

ဂဏုက္ကဋ္ဌော ဟိ ထေရော သော၊
ရွှေကျင်ဝံသာနုပါလကော။
တောရဝံသာနုပါလေသိ၊
တောရထေရသမုဗ္ဘဝံ။

ရွှေကျင်ဂိုဏ်း ဆရာတော် ဘုရားကြီးနှင့် တောရဂိုဏ်း ဆရာတော်များ၏ တပည့်ကြီး တဆူ ဖြစ်သည့်အလျောက် တောရ ရွှေကျင်ဂိုဏ်းကြီးကို မြင့်သည်ထက်မြင့် တင့်သည် ထက် တင့်အောင် ဆောင်ရွက်တော်မူသော ဆရာတော် ဘုရားကြီး၏ ကောင်းမွန်သော အကျင့် - မြင့်မြတ်သော နှလုံးဓာတ်တို့၏ အကြားမှ ထွက်ပြူ ပေါ်ပေါက်လာသော အကြံကောင်း, အစည်ကောင်း ဉာဏ်ကောင်း, လုံ့လ ဝီရိယကောင်းတို့မှာ ဆရာတော်ဘုရား၏ ဘုန်းကံ ကြီးမား၍ ထွန်းကားတိုးတက်ခြင်းကို အဘယ်မှာလျှင် မကူညီဘဲ နေနိုင်ကြတော့အံ့နည်း။

ကျမ်းဂန်ပြုစု ရေးသားမှု

ဆရာတော်ဘုရားသည် စာပေပို့ချ တရားမ္မေ ဟောပြောပြသ ဆိုဆုံးမတော်မူ ရခြင်းဖြင့် ရောင့်ရဲ တင်းတိမ်တော် မမူနိုင်ဘဲ နောင်လာ နောက်သား ရဟန်း သံဃာများနှင့် ဒကာဒကာမများ အတွက် ရေးသား ပြုစုတော်မူသောကျမ်းဂန်များမှာ-သုတ္တန်ဘက်ဆိုင်ရာ ကျမ်းစာများ၊ ဝိနည်းဘက်ဆိုင်ရာ အဘိဓမ္မာဘက်ဆိုင်ရာ သဒ္ဒါ သင်္ဂြိုဟ်ဘက်ဆိုင်ရာ ဆန်း အလင်္ကာနှင့်ဆိုင်ရာ ကျမ်းစာများတွင် ပြီးဆုံးခြင်းသို့ ရောက်သော ကျမ်းစာများမှာ (၁၆) ကျမ်းမျှ ဖြစ်၍ တစိတ်တဒေသ အားဖြင့် ရေးသား၍ အပြီးအဆုံးသို့ မရောက်သေးသော ကျမ်းစာများမှာ ၁၀-ကျမ်းမျှလောက် ရှိပေသည်၊ ဤရေးပြီး ကျမ်းစာများတွင်လည်း ပုံနှိပ်ပြီးသော ကျမ်းစာများကား- ဤ ဝိသုဒ္ဓိမဂ် အရသာနှင့်တကွ ၁၄-ကျမ်းမျှလောက် ဖြစ်ပေသည်။

အဂ္ဂမဟာပဏ္ဍိတနှင့် သကျသီဟဓမ္မာစရိယ

ဤသို့လျှင် ကျမ်းပြုဆရာတော်ဘုရားကြီး၏ ပစ္စုပ္ပန် ကံဟု ဆိုအပ်သော အကြံကောင်း ဉာဏ်ကောင်း လုံ့လဝီရိယကောင်းတို့၏ အားပေး ပံ့ထောက် ချီးမြှောက်ခြင်းကို ခံရသော အတိတ် ကုသိုလ်ကံသည် ဆရာတော်ဘုရားကြီးအား ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ကပ်လှူပူဇော်ရန် အတွက် ဖန်တီးလိုက်ရုံသာမက မန္တလေးမြို့ ပရိယတ္တိ သာသနဟိတ သကျသီဟ အသင်းကြီးကလည်း သကျသီဟ မူလဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ကပ်လှူပူဇော်ရန် အတွက် ဖန်တီး ပေးလိုက်သဖြင့် ဆရာတော် ဘုရားကြီးသည် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်နှင့် သကျသီဟ မူလ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်များကို အလှူခံတော် မူလိုက်ရလေသည်၊ ၎င်းပြင် နိုင်ငံတော် အစိုးရ၏ ဆဋ္ဌသင်္ဂါယနာတင် ကိစ္စအတွက် ဩဝါဒါစရိယ ဆရာတော်အဖြစ်ဖြင့် ဆောင်ရွက်တော်မူရလေသည်။

လေငန်းရောဂါ စွဲကပ်လာ

ဤသို့လျှင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် တောရ ရွှေကျင်ဂိုဏ်း သာသနာ နှင့်ဆိုင်ရာ သာသနာ့ကိစ္စ အဝဝကို အာသွန်ကြိုးပမ်း ဆောင်ရွက်တော်မူနေဆဲ အချိန်အခါတွင် လေငန်းရောဂါ စွဲကပ်သဖြင့် တပည့်ဒါယကာ, ဒါယိကာမ များ၏ လျှောက်ထား တောင်းပန်ချက်ဖြင့် ရန်ကုန်မြို့ ပြည့်သူ့ ဆေးရုံကြီးသို့ တက်ရောက်၍ အထူးခန်း၌ သီတင်းသုံးတော်မူလျက် ကုသရာ ပဌမနှင့် ဒုတီယအကြိမ်တွင် ပျောက်ကင်း ချမ်းသာသော်လည်း တတီယ အကြိမ်မြောက်တွင်မူ အထက်တန်း ဆရာဝန်ကြီးများနှင့် တပည့်သံဃာ ဒကာဒကာမများ ဝိုင်းဝန်းကုသ ကြပ်မတ် စောင့်ရှောက် ယုယပြုစုကြသော်လည်း လေငန်း ရောဂါမှာ ဆုတ်ယုတ်ခြင်းမရှိဘဲ တိုးမြဲတိုင်း တိုးလာရာ နောက်ဆုံးတွင် လက်ခြေမျှလှုပ်နိုင်သော်လည်း ပါးစပ်ကမူ မပြောမဟောနိုင်သောအခြေသို့ ရောက်ရှိလျက် နေချေပြီ။

ဝမ်းနည်းကြည်ကွဲ ငိုပွဲဆင်ကြလျက်

ထိုအခါ ဤစာရေးသူနှင့်တကွ တပည့် သံဃာ ဒကာဒကာမများပါ ဝမ်းနည်းကြည်ကွဲ ငိုပွဲဆင်ကြလျက် ဆရာတော်ဘုရားကြီး၏ ဂုဏ်တော် ကျေးဇူးတော်များကို အောက်မေ့ပြီးလျှင် သနားစဘွယ် ဖြစ်၍နေသော ဆရာတော်ဘုရားကိုသာ ကြည့်ရှု ဖူးမျှော်၍ နေကြရပေတော့သည်၊ ဆရာဝန်ကြီးများနှင့် အစောင့်အရှောက် ဆရာမကြီး များကား သနားခြင်းကရုဏာ, ကြည်ညိုခြင်း သဒ္ဓါနှင့် ရောနှောသော မေတ္တာစိတ်ဖြင့် ဆရာတော်ဘုရားကြီး၏ ရောဂါမှ ထမြောက်နိုင်ရန်အတွက် အထူး ဂရုစိုက်ကြသည် ဖြစ်၍ ညနေစောင်း အခါတွင် အစာမရှိသဖြင့် အင်အားလျော့ပါး ကုန်ခန်း၍နေသော ဆရာတော်ဘုရားအား လဘက်ရည်သောက်ရန် ကာဖီ သောက်ရန် ဆန်ပြုတ် သောက်ရန် လျှောက်ထားကြသဖြင့် အောက်ပါ မှတ်သားစရာ စကားပိုဒ်ကလေးကို စာရွက်တရွက်တွင် မနိုင့်တနိုင် ရေး၍ တပည့်သံဃာ ဒကာ ဒကာမများအား ဆုံးမတော်မူနိုင်ခဲ့ပေသေးသည်

မှတ်သားစရာ ဆုံးမချက်

(နိုင်ငံတော်အစိုးရ၏ အမူထမ်းများသည် အစိုးရ၏ ဥပဒေကို တသဝေမတိမ်း လိုက်နာကျင့်ကြံ ကြရသည်။ ထို့အတူ မြတ်စွာဘုရား၏ တပည့်သား ဖြစ်ကြသော သာသနာတော်ထမ်း ရဟန်း သာမဏေ များသည်လည်း ဘုရားရှင်၏ ဥပဒေဝိနည်း ဒေသနာတော်ကို လိုက်နာရပေသည်။)

အထက်ပါ ဆရာတော်၏ ဆုံးမတော်မူသော စကားကား- အလွန် လေးနက်သော စကား ဖြစ်ပေသည်၊ ဆရာတော်၏ဆိုလိုရင်းမှာ - တပည့်တို့ကား အစိုးရ၏ အမှုထမ်း များဖြစ်သည် အားလျော်စွာ အစိုးရ၏ ဥပဒေ စည်းကမ်းကို လိုက်နာကြလျက် ကျွေးကြမွေး ကြသော်လည်း ဆရာတို့ကား ဘုရားရှင်၏ ဝိနည်းဥပဒေကို လိုက်နာ ရသူများဖြစ်၍ နေမွန်းလွဲသောအခါ မစားနိုင်သဖြင့် ဝမ်းနည်းဘွယ် ဖြစ်ကြောင်း ပြောဆိုလိုသောစကား ဖြစ်ပေသည်။

ထို့ပြင်လည်း အနီးရှိ လူဒကာ ဒကာမများနှင့် သံဃာတော်များအား အစိုးရအမှုထမ်း များသည် အစိုးရဥပဒေကို လိုက်နာရသကဲ့သို့ ငါတို့ မင်းတို့ သာသနာတော်ထမ်း ရဟန်း သာမဏေများသည်လည်း ဘုရားရှင်၏ ဆုံးမဩဝါဒ နည်းဥပဒေသအတိုင်း လိုက်နာကျင့်ကြံရမည်ဟု ဆုံးမဩဝါဒပေးသော စကားဖြစ်သည်။

တပည့်များမျက်ရည် စီရရီကျဆင်းလျက်

ဆရာတော်ဘုရားသည် ဘင်္ဂါဘိမုခဖြစ်၍ မရဏာသန္နနှင့် အတော်နီးကပ်လျက် ရှိချေပြီ၊ အင်အားလည်း အတော်ပင် လျော့နည်း ဆုတ်ယုတ်လျက် ရှိချေပြီ၊ တပည့် ဒကာ ဒကာမများလည်း မျက်ရည်တွေစီရရီ အလီလီကျဆင်းလျက် ဝမ်းနည်း ပက်လက်ဖြစ်၍ နေချေပြီ၊ ထိုအခါမှာပင် သတိကောင်းလျက် ရှိနေသေးသော ဆရာတော်ဘုရားကြီးသည်-

ဤကိုယ်၌ မာ-ပထဝီ, ရင့်-တေဇော, ဖွဲ့-အာပေါ ထောက်-ဝါယော ဟူသော ဓာတ်ကြီးလေးပါး၏ မညီညွတ်မှုကြောင့် ဆရာ၏ ဤကိုယ်ခန္ဓာကြီးသည် ဤကဲ့သို့ ဖြစ်နေသည်ကို တရားယူကြပေတော့ -

ဟု နောက်ဆုံး ရေးသား ဟောကြားတော် မူနိုင်ခဲ့ပေသေးသည်၊ တပည့်သံဃာ ဒကာ ဒကာမများ၏ အကျိုးကို ဤမျှပင် ရွက်ဆောင်သွားတော်မူသော ကျေးဇူးရှင် ဆရာတော်ဘုရားကြီးပါ တကား။

ဘဝနတ်ထံ ပျံလွန်ပြီ

ဤသို့ ရေးသား ဟောကြားတော် မူပြီးနောက် မကြာမီမှာပင် ၁၃၁၄-ခု၊ ဝါခေါင် လဆန်း ၁၄-ရက်၊ ည ၇-နာရီ မိနစ် ၄၀-အချိန်တွင် တပည့်သံဃာ ဒကာ ဒကာမ များ၏ အကျိုးနှင့် သာသနာရေးကိစ္စ အဝဝတို့ကို မျက်နှာလွှဲတော်မူလျက် အနား ယူရန် တုသိတာနတ်နန်းသို့ ကြွလှမ်းစံနေတော်မူလေသည်။

ကျန်ရစ်သူများ တရားပွား

ဤသို့ ဂုဏ်တော် ကျေးဇူးတော်ကြီးမား၍ သီလ သမာဓိ ပညာတို့နှင့် ပြည့်စုံ လုံလောက်တော်မူသော ကျေးဇူးရှင် ဆရာတော် ဘုရားကြီးပင်သော်လည်း သေမင်း ယုတ်၏ နောက်သို့ ကောက်ကောက် ပါအောင် လိုက်ရချေသေး၏၊ ဉာဏ်ပညာ သေးမွှား သမာဓိ ပါးရှားသော သူတို့မှာကား သေမင်း၏ နောက်သို့ ကောက်ကောက် ပါအောင် အဘယ်မှာ မလိုက်ရဘဲ ရှိချေအံ့နည်း၊ လိုက်ပါရမည် အမှန်ပင်-

ကိတ္တိသေသော ထေရောဒါနိ၊
အဟော ယာသိ ဒိဝင်္ဂတံ။
သီလာဒျာဂုဏဘူတေသု၊
မာဒိသေသု ကထာဝ ကာ။

ဝိသုဒ္ဓိမဂ် အရသာ

ဤသို့လျှင် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် အနည်းနည်း အဖုံဖုံ လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးတို့ကို မယုတ်စေမူ၍ ဗုဒ္ဓ သာသနာ တော်ကြီး၏ အကျိုးကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်တော်မူဆဲ (အထက် ဖော်ပြပါ ဘဝနတ်ထံ ပျံလွန်တော်မမူမီ) စီရင်တော်မူခဲ့သော အရသာ ကျမ်းပေါင်း မြောက်မြားစွာတို့အနက် အရသာ တကာတို့ထက် ထူးကဲလွန်မြတ် မည်သည့် အရသာတို့နှင့်မျှ နှိုင်းဆ၍ တူတော်မမူထသော၊ ဝါ-နှိုင်းတုစံပြုစရာ ရှိတော် မမူထသော ဝိမုတ္တိရသ အမည်တော် ရသည့် သီလ, သမာဓိ, ပညာ နက်နဲစွာသော ဂမ္ဘီရ ဓမ္မရသတို့၏ အဖွင့်ဒေသနာ ဖြစ်သော ကိလေသာ ညစ်ကြေး ပြစ်အလှေးတို့မှ မြူမှေးမတင် ကင်းစင်လွင့်ပ မဟာနိဗ္ဗာန သန္တိသုခကြီးကို ရရှိနိုင်ကြောင်း လမ်းကောင်း လမ်းမ ဖြစ်ကြီး ဖြစ်တော်မူသောကြောင့် ဝိသုဒ္ဓိမဂ် မည်တွင် ဂန္ထဝင်ကျမ်းမြတ်ကို သုံးသပ် ဆင်ခြင် လိုကြသူ အပေါင်းတို့သည် စမ်းတဝါးဝါး မဖြစ်ကြစေမူ၍ ဆစ်ပိုင်းကျန, ဂနသေချာ ယူဆ သုံးသပ်နိုင်ကြစေခြင်းငှါ ရသာ ဆီနှစ် စွမ်းကုန်ညှစ်၍ အားသစ်ကြိုးပမ်းကာဖြင့် ဝိသုဒ္ဓိမဂ်အရသာ ဟု ကိုယ်တော်တိုင် အမည်တပ်လျက် ပြီးပြတ်အောင် စီရင်တော်မူခဲ့ပေရာ-

ပုံနှိပ်ထုတ်ဝေ

အဆိုပါ ကျမ်းမဟာ စာတော်မူ မြတ်ဓမ္မာကို ဆရာတော်ဘုရားကြီး နတ်ထီးခိုလှုံ ကြွမြန်းတော်မူပါ တုံသော်လည်း ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိနေဘိ အလား စွင့်စွင့် ငွါးငွါး ဝင့်ဝင့်လွှားလွှား ဖြစ်ပေါ်စေလျက် “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ဟူသော ရှင်တော်မြတ်ဘုရား ဟောကြားချက် အရကဲ့သို့ တကယ်တမ်း ဆရာတော်ဘုရားကြီးအား ကြည်ညိုညွတ်နူးကြသူ ဟူသမျှတို့သည် ဆရာတော် ဘုရားကြီး ဆုံးမဩဝါဒ ပေးခဲ့သော တရား ဒေသနာကို မမေ့မလျော့ ကောင်းစွာ သတိပြုလျက်လိုက်နာကျင့်သုံးခြင်းဖြင့် ကျေးဇူးဆပ်ရာ ကျစေခြင်းငှါ အထူး လေးစား သတိရသည့် အနေနှင့် ဆရာတော်ဘုရားကြီး၏ ဖြောင့်မှန်သော အာဘောဂ နှလုံးသွင်းအရ ဝေနေယျသတ္တဝါတို့ လွယ်လင့်တကူ ကြည့်ရှုသုံးသပ် နိုင်၍ မိမိတို့ တောင့်တလျက်ရှိကြသော အမတနိဗ္ဗာန် ရသာစစ် ရသာမှန်ကို ခံစံသုံးစားနိုင်ကြ စေကြောင်း ဇောစိတ်ကောင်း သန်သန်ဖြင့် ဆရာကြီး ဦးထွန်းသိန်း, ဦးဝင်းဖေ [ဓမ္မာစရိယ] ပါဠိဆရာများအဖွဲ့က ကောင်းစွာ အတန်တန် အထပ်ထပ်ကြပ်မတ်ကာ ပြင်ဆင်လျက် ပုံနှိပ်ထုတ်ဝေအပ်သည် ဖြစ်ပါကြောင်း။

ဣစ္ဆာသယ

အဂ္ဂမဟာပဏ္ဍိတ ညောင်လေးပင် တောရ ဆရာတော်ဘုရားကြီး စီရင်တော်မူအပ်သော ကျမ်းစာများ

  1. ဒွေမာတိကာ အရသာနှင့် ဝိနယကောသလ္လကျမ်း
  2. အလင်္ကာအရသာ
  3. ဂုဏ်တော်အရသာ
  4. ဘာဝနာအရသာ
  5. ပဋိစ္စသမုပ္ပါဒ်အခြေပြု
  6. ဥပါသကာလက်သုံး
  7. ဝိသုဒ္ဓိမဂ်အရသာ
  8. ကမ္မဝါကံဆောင်အခဏ်း (၂၀)
  9. သင်္ဂြိုဟ်အရသာ
  10. သတိပဋ္ဌာန်အရသာ
  11. မဟာဓမ္မစကြာအရသာ
  12. ကထိန်အရသာ
  13. ပဋိစ္စသမုပ္ပါဒ်အရသာ
  14. ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ
  15. ဝိနည်းငါးကျမ်းအရသာ
  16. ဆန်းအရသာ

မာတိကာ

  • နိဒါန်း
  • ကွန်ယက်ရှင်း သုံးပါး
  • ဝိသုဒ္ဓိမဂ်များ
  • တိက်ကိုးခုပြခြင်း
  • သီလအရသာ
    • သီလအမေး အဖြေ ၇-ပုဒ်
      1. သီလမည်သောတရား
      2. သီလအနက်
      3. လက္ခဏာစသည် ၄-ပါး
      4. သီလအကျိုး
      5. သီလအပြား
      6. ညစ်နွမ်းကြောင်း
      7. ဖြူစင်ကြောင်း
    • သီလအပြား အကျယ်
      • ဧကကသီလ ၁-မျိုး
      • ဒုကသီလ ၇-မျိုး
      • တိကသီလ ၅-မျိုး
      • စတုက္ကသီလ ၄-မျိုး
      • ပဉ္စကသီလ ၂-မျိုး
    • ပါတိမောက္ခသံဝရ သီလ အကျယ်
      • ပါတိမောက္ခသံဝရသံဝုတ
      • အာစာရဂေါစရသမ္ပန္န
      • ဝဇ္ဇဘယဒဿာဝီ၊ သမာဒါယသိက္ခတိ
    • ဣန္ဒြိယ သံဝရ သီလ အကျယ်
      • နိမိတ္တ၊ အနုဗျဉ္ဇန
      • သွားရိုးအသုဘရှုခြင်း၊ စက္ခုန္ဒြေစောင့်ပုံ
    • အာဇီဝပါရိသုဒ္ဓိ သီလအကျယ်
      • သိက္ခာပုဒ်ခြောက်ပါး
      • ကုဟနာ ၃-ပါး
      • လပနာ ၁၃-ပါး
      • တေလကန္ဒရိကာဝတ္ထု၊ နေမိတ္တကတာ ၆-ပါး
      • ကုလူပကဝတ္ထု၊ နိပ္ပေသိကတာ ၁၁-ပါး
      • လာဘနိဇိသနတာ၊ အမြတ်ရှာသောဝတ္ထု
      • တိရစ္ဆာနဝိဇ္ဇာ
    • ပစ္စယသန္နိဿိတ သီလအကျယ်
      • သင်္ကန်း၌ဆင်ခြင်ရန် ၅-ပါး
      • ဆွမ်း၌ဆင်ခြင်ရန် ၁၃-ပါး
      • ကျောင်း၌ဆင်ခြင်ရန် ၄-ပါး
      • ဆေး၌ဆင်ခြင်ရန် ၂-ပါး
    • ပါတိမောက္ခကို သဒ္ဓါဖြင့် ဖြည့်ရခြင်း
      • ပညပ်တော်ကိုမဖျက်
      • သိက္ခာအတွက် အသက်စွန့်
      • သမသီသီပုဂ္ဂိုလ်
    • ဣန္ဒြိယကို သတိဖြင့် ဖြည့်ရခြင်း
      • အတိဥက္ကဋ္ဌဒေသနာ၊ ဝင်္ဂီသမထေရ်ဝတ္ထု
      • စိတ္တဂုတ္တမထေရ်ဝတ္ထု
      • မဟာမိတ္တမထေရ်ဝတ္ထု
    • အာဇီဝပါရိသုဒ္ဓိကို ဝီရိယဖြင့် ဖြည့်ရခြင်း
      • စင်ကြယ်သောပစ္စည်း
      • နိမိတ်စသည် ၄-ပါး
      • ရှင်သာရိပုတြာဝတ္ထု
      • ကျောက်ကုန်းထက် ရဟန္တာဖြစ်ခြင်း
    • ပစ္စယသန္နိဿိတကို ပညာဖြင့် ဖြည့်ရခြင်း
      • ပစ္စဝေက္ခဏာ ၂-မျိုး၊ ပရိဘောဂ ၄-ပါး
      • ဆင်ခြင်ရန်အချိန်
      • ပုထုဇဉ်သခင်ဖြစ်နည်း
      • သုဒ္ဓိ ၄-ပါး၊ ထမင်းချမ်းပူဝတ္ထု
    • သီလငါးပါး အပြား အကျယ်
      • ပဌမပဉ္စက
      • အရဟတ္တဖိုလ်နီးပုံဝတ္ထု
      • ပေါင်ချိုးသောမထေရ်၊
      • ဘဝသစ်ယူသူသီလပျက်ခြင်း
      • ဒုတီယပဉ္စက၊
      • ပဉ္စက ၄၇-ပါး၊
      • ကမ္မပထသီလ ၁၀
      • ပုဗ္ဗဘာဂသီလ ၅၊
      • သဥပါယ အဋ္ဌသမာပတ္တိ သီလ ၁၀
      • မဟာဝိပဿနာ ၁၈-ပါး၊
      • မဂ်လေးပါး
      • နိဗ္ဗာန်တွင် အကျိုးဆုံးခြင်း၊ သီလအနက်
    • သံကိလေသအကျယ်
      • ကျိုးပေါက်ကျားပျောက်
      • မေထုန်ငယ် ၇-ပါး
    • ဝေါဒါနအကျယ်
      • မကျိုးမပေါက် စသည်
      • ဝေါဒါနအကြောင်းနှစ်ပါး
      • သီလပျက်အပြစ် ၅-ပါး, ၁၆-ပါး
      • အဂ္ဂိက္ခန္ဓောပမသုတ်
      • ဒုဿီလအပြစ်သုတ္တန်များ
      • နှလုံးသွင်းဘွယ်
      • သီလအကျိုးရှုဘွယ်၊ အာဏတ္တိ
  • ဓုတင်အရသာ
    • ဓုတင်ခွင့်ပြုခြင်းအကြောင်း
    • အဆုံးအဖြတ် ၁၁-ပါး
      1. ဓုတင်အနက်
      2. ဓုတ+အင်္ဂ၊ ၂-လက္ခဏစသည် ၄-ပါး
      3. ဓုတင်ဆောက်တည်ရာဌာန၊
      4. ကိုယ့်ဘာသာဆောက်တည်ပုံ
      5. ပံသုကူဆောင်ဝတ္ထု၊
      6. ၈-ကုသလတိက်
      7. ၉-ဓုတ စသော ဝေဘန်ခြင်း ၅-ပါး
      8. ၁၀-အကျဉ်းသမာသ၊
      9. ၁၁-အကျယ်-ဗျာသ
    • တစ်ပြိုင်တည်း ၁၃-ပါး၊
    • ဘိက္ခုနီ ၅-ပါးပယ်၊
    • တိစိဝရိက်၊လူဓုတင်
      1. ပံသုကူဓုတင်
        • ဆောက်တည်ပုံ၊ အစီအရင်၊ အပြား၊ ပျက်ခြင်း၊ အာနိသင်
      2. တိစီဝရိက်ဓုတင်
        • ဆောက်တည်ပုံ စသော ငါးမျိုး၊ အံသကိုသ်
      3. ပိဏ္ဍပါတ်ဓုတင်
        • ဆောက်တည်ပုံ စသည်၊ သေရိဝိဟာရသုခ
      4. သပဒါနစာရိဓုတင် (ဆောက်တည်ပုံစသည်)
      5. ဧကာသနိက်ဓုတင် (ဆောက်တည်ပုံစသည်)
      6. ပတ္တပိုဏ်ဓုတင် (ဆောက်တည်ပုံစသည်)
      7. ခလုပစ္ဆာဘတ္တိဓုတင် (ဆောက်တည်ပုံစသည်)
      8. အာရညကင်ဓုတင် (ဆောက်တည်ပုံစသည်)
      9. ရုက္ခမူဓုတင် (ရုက္ခမူလကာလ) (ဆောက်တည်ပုံစသည်)။
      10. အမ္ဘောကာသိကဓုတင် (ဆောက်တည်ပုံစသည်)
      11. သုသာန်ဓုတင် (ဆောက်တည်ပုံစသည်)
      12. ယထာသန္တတိဓုတင် (ဆောက်တည်ပုံစသည်)
      13. နေသဇ္ဇိဓုတင်(အရှင်မိဠာဘယ) (ဆောက်တည်ပုံစသည်)
  • သမာဓိအရသာ အကျဉ်း
    • မေးခွန်း ရှစ်ရပ်၊
      1. သမာဓိ၊
      2. သမာဓိအနက်
      3. လက္ခဏာစသည် ၄-ပါး
      4. သမာဓိအပြား
      5. ညစ်နွမ်းကြောင်း
      6. ဖြူစင်ကြောင်း
      7. သမာဓိပွားနည်း
      8. သမာဓိအကျိုး
  • ပညာအရသာ အကျဉ်း
    • မေးခွန်း ၆-ရပ်၊
      1. ပညာ
      2. ပညာအနက်
      3. လက္ခဏ ရသ စသည် ၄-ပါး
      4. ပညာအပြား
      5. ပညာပွားနည်း
      6. ပညာအကျိုး
  • ဘာဝနာရှေ့အဘို့ အစီအရင်များ
    • ပလိဗောဓ စသည်
    • အာဝါသပလိဗောဓ
    • ကုလပလိဗောဓ
    • လာဘပလိဗောဓ၊
    • ဂဏပလိဗောဓ၊
    • ကမ္မပလိဗောဓ
    • အဒ္ဓါနပလိဗောဓ၊
    • ဉာတိပလိဗောဓ
    • အာဗာဓပလိဗောဓ၊
    • ဂန္ထပလိဗောဓ
    • ဣဒ္ဓိပလိဗောဓ၊
    • ကလျာဏမိတ္တအင်္ဂါ
    • ကျောင်းအပြစ် ၁၈-ပါး
    • ကျောင်းအင်္ဂါ ၅-ပါး၊
    • ပဓာနိယအင်္ဂါ ၅-ပါး
    • ကြောင့်ကြငယ်ဖြတ်ခြင်း
  • သမထကမ္မဋ္ဌာန်း (သင်္ဂြိုဟ်စကား)
    • အာရုံကမ္မဋ္ဌာန်းနှစ်မျိုး၊
    • ဘာဝနာကမ္မဋ္ဌာန်း နှစ်မျိုး
    • ဥဒ္ဒေသ
    • ကသိုဏ်းဆယ်ပါး စသည်
    • သပ္ပါယဘေဒ၊
    • ဘာဝနာဘေဒ
    • နိမိတ္တဘေဒ
    • ဥပစာရဈာန်ရပုံ၊
    • အပ္ပနာဈာန်ရပုံ၊
    • ဈာန်တက်ပုံ၊
    • ဝသီဘော် ၅ ပါး
    • အရူပဈာန်၊
    • အပ္ပနာမရ ၁၀
    • အဘိညာ ၅-ပါး
  • သမာဓိအရသာ အကျယ်
    • ကမ္မဋ္ဌာန်းလေးဆယ်ကို အာဝဟစသည်ဖြင့် ခွဲခြင်း
    • အာဝဟ၊
    • ပဘေဒ၊
    • အတိက္ကမ၊
    • ဝဍ္ဎနာ ဝဍ္ဎန
    • အာရုံ၊
    • စလာ စလ၊
    • ဘုံ
    • ဂဟဏ၊
    • အာဒိကမ္မိက၊
    • ပစ္စယ၊
    • စရိယနုကူလ၊
    • သဗ္ဗတ္ထက
    • ပရမတ်၌ အပ္ပနာ ဈာန်တစိတ်ဖြစ်ကြောင်း
    • ကမ္မ+ဿက+တာဉာဏ်၊ စရိုက်မှတ်ဘွယ်
  • သဗ္ဗတ္ထကမ္မဋ္ဌာန်း မေတ္တာပွားပုံ
    • မရဏဿတိပွားပုံ၊
    • အသုဘဘာဝနာပွားပုံ
  • ကသိုဏ်း ဆယ်ပါး
    • ပထဝီကသိုဏ်း
    • ကာမဂုဏ်အပြစ်၊
    • အာသာပြင်းထန်
    • ပီတိပါမောဇ္ဇဖြစ်စေ၊
    • အလေးပြုခြင်း၊
    • စိတ်ဖြစ်စေခြင်း
    • ကြွင်းကသိုဏ်းများ
  • ပကိဏ္ဏက မှတ်ဘွယ်
    • အသုဘ ဆယ်ပါး
      • (ဥဒ္ဓုမာတက၊
      • ဥဒ္ဓုမာတက၌သွားပုံ အစီအရင်၊
      • ဝန်းကျင်မှတ်ခြင်း၊
      • ဥဂ္ဂဟနိမိတ် ထင်ကြောင်း ၁၁၊
      • နိမိတ်မှတ်ကျိုး။)
    • ကြွင်းအသုဘများ
    • အသုဘပကိဏ်း၊
    • ရာဂစရိုက်ဆယ်မျိုး
    • သောမနဿဖြစ်ပုံ၊
    • ရှင်သူအသုဘ ၄-မျိုး
    • သေသူ-ရှင်သူ အတူတူ၊
    • နွားအိုမြက်နုကြိုက်
    • ခွေးငတ်နှင့်ပေါက်ပွင့်
  • အနုဿတိ ဆယ်ပါး
    • ဗုဒ္ဓါနုဿတိ
      • ၂၆-နက်၊
      • မှတ်ဘွယ်စိုးစဉ်း၊
      • ဥပစာရဈာန်ဖြစ်ပုံ၊
      • အာနိသင်ရပုံ၊
      • ဖုဿဒေဝမထေရ်၊
      • သိရိဓမ္မာသောကမင်းကြီး၊
      • သုပညနဂရဆိန္နမင်း၊
      • မိဖုရားစောလုံ၊
      • နရသီဟပတေ့မင်း
      • မဟာကပ္ပိနမင်း၊
      • အနာထပိဏ်။
    • ဓမ္မာနုဿတိ
      • ၁၂-အနက်၊
      • မှတ်ဘွယ် စိုးစဉ်း၊
      • ပရိယတ္တိဓမ္မ မှတ်ဘွယ်၊
      • သင်္ဂါယနာငါးတန်၊
      • စာသင်နည်းသုံးမျိုး၊
      • သတိကောင်းသော မထေရ်သုံးပါး၊
      • အတုလိုက်စရာငါးပါး၊
      • ဓမ္မဒါနဖြစ်အောင် တရားဟောနည်း၊
      • တရားနာကျိုး မောင်းမငယ်ဝတ္ထု၊
      • သန္တတိ အမတ်ဝတ္ထု၊
      • ဘာတိကမင်းဝတ္ထု၊
      • ဘုရားရှင်အလေးပြုပုံ၊
      • ခိုးသူကိုးရာ ရဟန္တာဖြစ်ပုံ၊
      • နတ်တို့သာဓုခေါ်ပုံ၊
      • မြှားတစင်းဖြင့် သမင်နှစ်ကောင်၊
      • မြင်းမိုရ်တောင်ဖြင့်ကြိတ်သော်လည်း မသေပုံ၊
      • ပဉ္စဂ္ဂပုဏ္ဏား၊
      • ပရိယတ်အကြောင်းရင်း။
    • သံဃာနုဿတိ
      • ၁၅-နက်၊
      • မှတ်ဘွယ်စိုးစဉ်း၊
      • သံဃာအာရုံပြုလျှင် သံဃာ့တာဝန်၊
      • အကျင့်ဂုဏ်လေးပါးလုံး တပါးတည်း၊
      • ကျောက်ကုန်းထက် ရဟန္တာဖြစ်ခြင်း၊
      • အမယ်အိုစကား၊
      • သ္မီးရွေးဘို့ ငွေ ၁၂-ကျပ်၊
      • တလားတခု၌ နေရာနှစ်ခု၊
      • ခေါင်းနှစ်ခုနှင့် ညီနောင်နှစ်ပါး၊
      • နှစ်ပေါင်း ၆ဝ-ရဟန္တာဟုထင်ခြင်း၊
      • လှံစူးလျက်၊ အူထွက်၊
      • မီးလောင်၊
      • သမသီသီ၊
      • ကျားခံတွင်း၌ ရဟန္တာဖြစ်သူ၊
      • သောက်ရေ၊
      • ပုန်းသော မုဆိုး၊
      • ပရိညာ သုံးပါး၊
      • အနာကိုးခု အဝတ်ပတ်၍ စောင့်ခြင်း၊
      • မဟေဠ မြို့သားနှစ်ပါး၊
      • မိခင်၏အံ့ဘွယ်ရဟန်း၊
      • လူအရိယာ မတတ်နိုင်သော ပုထုဇဉ်ဂုဏ်ထူးများ။
    • သီလာနုဿတိ (အနက်ရှစ်မျိုး။)
    • စာဂါနုဿတိ (အနက်ခြောက်မျိုး။)
    • ဒေဝတာနုဿတိ (အနက်ငါးမျိုး။)
  • ကာယဂတာသတိ
    • ခြောက်လသရဇ္ဈာယ်နည်း၊
    • သတ္တဝါသညာပျောက်လျှင် ပဌမဈာန်အထိ၊
    • အဆင်းမှတ်လျှင် ကသိုဏ်းပဉ္စမဈာန်အထိ။
  • အာနာပါနဿတိ အခြေခံ
    • ပဌမစတုက္က အားထုတ်နည်း
    • နိမိတ်ထင်ပုံ
    • မဂ်ဖိုလ်တက်ပုံ
    • ဒုတီယစတုက္က၊
    • တတီယစတုက္က
    • စတုတ္ထစတုက္က
    • အာနိသင်
  • မရဏဿတိ
    • ၁။ ဝဓကပစ္စုပဋ္ဌာန-သူသတ်
    • ၂။ သမ္ပတ္တိဝိပတ္တိ-ပြည်ပျက်
    • ၃။ ဥပသံဟရဏ-ဆောင်
    • ၄။ ကာယဗဟုသာဓာရဏ-ဆက်
    • ၅။ အာယုဒုဗ္ဗလ-အားငယ်
    • ၆။ အနိမိတ္တ-မှတ်ဘွယ်နတ္ထိ
    • ယက်ကန်းသည်မကလေးဝတ္ထု
    • ၇။ အဒ္ဓါနပရိစ္ဆေဒ-တန်းရှိ
    • ၈။ ခဏပရိတ္တ-ခဏ
  • ဥပသမာနုဿတိ
  • ဗြဟ္မဝိဟာရလေးပါး
    • မေတ္တာ
      • သီမသမ္ဘေဒ၊
      • ရန်ငြိုးဖျောက်နည်း ၁၁၊
      • ဟောကြား ၁၀-မျိုး၊
      • အာနိသင် ၁၁၊
      • ၅၂၈-ဖြစ်ပုံ၊
      • ပိသာခရဟန်းဝတ္ထု၊
      • နွားမဝတ္ထု။
    • ကရုဏာ (၁၃၂-သွယ်)
    • မုဒိတာ (၁၃၂-သွယ်)
    • ဥပေက္ခာ (၁၃၂-သွယ်)
    • ပကိဏ်း
  • အာဟာရေပဋိကူလသညာ
    • ကဗဠီကာရ,
    • ဖဿ,
    • စေတနာ
    • ဝိညာဏ
    • ဆင်ခြင်ဘွယ် မကျဉ်း မကျယ်
  • စတုဓာတုဝဝတ္ထာန်
    • ဉာဏ်မထက်သူအတွက် အကျယ်နည်း
    • သလက္ခဏနည်း
  • စတုဓာတုဝဝတ္ထာန် တဆဲ့သုံးနည်း
  • အာရုပ္ပလေးပါး
  • မှတ်ဘွယ်ပကိဏ်း
  • အဘိညာ ၅-ပါး
    1. ဣဒ္ဓိဝိဓအဘိညာ၊
      • စုဒ္ဒသာကာရ၊
      • တရာမှာတယောက်
      • ဈာန်စိတ်အင်္ဂါရှစ်ပါး၊
      • ဣဒ္ဓိဆယ်ပါး
      • ဘူမိလေးပါး
      • ပါဒလေးပါး၊
      • ပဒရှစ်ပါး၊
      • မူလ ၁၆-ပါး
      • အဓိဋ္ဌာနိဒ္ဓိ
      • ကာယေန ဝသံ ဝတ္တတိ
      • ဝိကုဗ္ဗနိဒ္ဓိ,
      • မနောမယိဒ္ဓိ,
      • သာမဏေငယ်ဝတ္ထု
    2. ဒိဗ္ဗသောတအဘိညာ
    3. ပရစိတ္တဝိဇာနနအဘိညာ
    4. ပုဗ္ဗေနိဝါသာနုဿတိအဘိညာ
      • အတိတ်သိသူခြောက်ယောက် အမြင်ခြောက်မျိုး၊
      • (အောက်မေ့ခြင်း ခြောက်မျိုး။)
    5. ဒဗ္ဗစက္ခုအဘိညာ
      • ယထာကမ္မုပဂ, အနာဂတံသ နှစ်ပါး
      • အဘိညာအာရုံ ၁၀-မျိုး
      • အာရုံအကျယ်၊ မှတ်ဘွယ်အထူး
  • ပဋိသမ္ဘိဒါဉာဏ် လေးပါး
    • အကြောင်းငါးပါး, ရှစ်ပါး,
    • အတ္ထပဋိသမ္ဘိဒါ,
    • ဓမ္မပဋိသမ္ဘိဒါ,
    • ကြောင်းကျိုးစပ်ပုံ ခွဲပုံ
    • နိရုတ္တိပဋိသမ္ဘိဒါ,
    • ပဋိဘာနသမ္ဘိဒါ,
    • ဘုံ
  • ဝိပဿနာကမ္မဋ္ဌာန်း (သင်္ဂြိုဟ်စကား)
    • ဥဒ္ဒေသ
    • သီလဝိသုဒ္ဓိ
    • စိတ္တဝိသုဒ္ဓိ
    • ဒိဋ္ဌိဝိသုဒ္ဓိ
    • ကင်္ခါဝိသုဒ္ဓိ
    • မဂ္ဂါမဂ္ဂဝိသုဒ္ဓိ
    • ပဋိပဒါဝိသုဒ္ဓိ
    • ဉာဏဒဿနဝိသုဒ္ဓိ
    • ဝိမောက္ခဘေဒ
    • ပုဂ္ဂလဘေဒ
    • သမာပတ္တိဘေဒ
    • တိုက်တွန်းခြင်း
  • ပညာအရသာ အကျယ်
    • ဒိဋ္ဌိဝိသုဒ္ဓိ
    • ကင်္ခါဝိတရဏဝိသုဒ္ဓိ
    • မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
  • သမ္မသနဉာဏ်-ပဌမပိုင်း
    • လက္ခဏာလေးနက်
    • ဆဲ့တချက် ခွဲ၍
    • နယဝိပဿနာ
    • ကလာပသံခိပန
    • အနိစ္စပရိယာယ် ၇-ပါး
    • ခြင်းရာ ၄ဝ
  • သမ္မသနဉာဏ်-ဒုတီယပိုင်း
    • ရူပ သတ္တက၊
    • အာဒါနနိက္ခေပ၊
    • ဝယောဝုဒ္ဓတ္ထင်္ဂမန၊
    • အာဟာရ၊ ဥတု၊
    • ကံ၊ စိတ်၊ ဓမ္မတာရုပ်။
  • သမ္မသနဉာဏ်-တတီယပိုင်း
    • အရူပသတ္တက၊
    • ကလာပ၊
    • ယမက၊
    • ခဏိက၊
    • ပဋိပါဋိ၊
    • ဒိဋ္ဌိခွါ၊
    • မာနခွါ၊
    • နိကန္တိခွါ၊
    • မဟာဝိပဿနာ၊
    • ဥဒယဗ္ဗယ-ကျဉ်း ကျယ်။
  • ဥဒယဗ္ဗယဉာဏ်၌ ဘေးရန်ဆယ်ပါးအပြစ်
  • ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ-ပဌမပိုင်း
    • ဥဒယဗ္ဗယ၊
    • ဘင်္ဂဉာဏ်၊
  • ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ-ဒုတီယပိုင်း
    • အာဒီနဝဉာဏ်၊
    • ပဋိသမ္ဘိဒါနည်းနှင့် နိဗ္ဗိဒါဉာဏ်၊
    • မုဉ္စိတုကမျတာဉာဏ်၊
    • ပဋိသင်္ခါဉာဏ်၊
    • အာ-နိ-ဝိ-ပဋိ-လေးဉာဏ်။
  • ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ-တတီယပိုင်း
    • သင်္ခါရုပေက္ခာဉာဏ်၊
    • ဒ္ဓိ၊ စတု၊ ဆ၊ အဋ္ဌ၊ ဒသ၊ ဒ္ဓါဒသ၊ ဒ္ဓေစတ္တာလီသ-အဘို့ ၇-ပါး၊
    • အနုလောမဉာဏ်၊
    • အမတ်ရှစ်ယောက်။
  • ဉာဏဒဿနဝိသုဒ္ဓိ
    • သင်္ခါရုပေက္ခာ၌ မှတ်ဘွယ်များ
    • ဝိမောက္ခအပြား-မဂ်ထပုံ၊
    • ဥပမာ ၁၂-ခု၊
    • ပဋိလီနစရ၊
    • ဗောဇ္ဈင်၊
    • ပဋိပဒါစသည်ထူးပုံ၊
    • အမည်ထူးရပုံ။
  • ဉာဏဒဿနဝိသုဒ္ဓိ၌ မှတ်ဘွယ်များ
    • မှောင်ပယ်ခြင်း၊
    • နိဗ္ဗာန်အာရုံပြုခြင်း၊
    • အာဝဇ္ဇန်းကင်းလျက် စိတ်ဖြစ်ပုံ၊
    • ပယ်၊ ကြွင်း ကိလေသာကို အချို့သေက္ခသာ မဆင်ခြင်၊
    • အသေက္ခ ဆင်ခြင်သည်။
  • မဂ်အာနုဘော်ငါးပါး
    • ဗောဓိပက္ခိယပြည့်စုံခြင်း၊
    • နိမိတ္တပဝတ္တမှထခြင်း၊
    • ဗလနှစ်ပါး ယှဉ်ခြင်း၊
    • သံယောဇဉ်စသည် ပယ်ခြင်း၊
    • ပရိညာစသော ကိစ္စ ပြီးခြင်း၊
    • သိ-သုံး၊ ပယ်-သုံး၊ မျက်မှောက်ပြု-သုံး၊ ပွားစေ-နှစ်။
  • ပညာဘာဝနာအာနိသင် မွေ့လျော်ဘွယ်
    • ကိလေသာ ဖျက်ဆီးခြင်း၊
    • ဖိုလ်အရသာ ခံစားခြင်း၊
    • နိရောဓသမာပတ် ဝင်စားခြင်း၊
    • ပူဇော်ခံထိုက်ခြင်း၊
    • နိရောဓ ဝင်စားကြောင်း ငါးပါး၊
    • ပကိဏ်း မှတ်ဘွယ်၊
    • အရိယာပုဂ္ဂိုလ် ပြားပုံ။
  • နိဂုံး

မာတိကာ ပြီး၏။

ဝိသုဒ္ဓိမဂ်အရသာ

▬ஜ۩۞۩ஜ▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ကွန်ယက်ရှင်း သုံးပါး

အန္တောဇဋာ ဗဟိဇဋာ၊
ဇဋာယ ဇဋိတာ ပဇာ။
တံ တံ ဂေါတမ ပုစ္ဆာမိ၊
ကော ဣမံ ဝိဇဋယေ ဇဋံ။

ဂေါတမ၊ ဂေါတမအနွယ် ဖြစ်တော်မူသော မြတ်စွာဘုရား။
ယာဇဋာ၊ အကြင် တဏှာကွန်ယက်သည်။
အန္တောဇဋာ၊ အတွင်း၌ ဖွဲ့ယှက်ရှုပ်ထွေး မြှေးရစ်တတ်၏။
ဗဟိဇဋာ၊ အပ၌ ဖွဲ့ယှက်ရှုပ်ထွေး မြှေးရစ်တတ်၏။
(တနည်းကား)
အန္တောဇဋာ ဗဟိဇဋာ၊ တွင်းပနှစ်ချက် ဖွဲ့ယှက်ရှုပ်ထွေး မြေးရစ်တတ်သောကြောင့် အန္တောဇဋာ ဗဟိဇဋာ ဟူ၍အမည်ရ၏။
တာယ ဇဋာယ၊ ထိုတဏှာကွန်ယက်သည်။
ပဇာ၊ သတ္တဝါအပေါင်းကို။
ဇဋိတာ၊ ဖွဲ့ယှက်ရှုပ်ထွေး မြှေးရစ်အပ်၏။
တံ-တသ္မာ၊ ထို့ကြောင့်။
တံ၊ ရှင်တော်ဘုရားကို။
ပုစ္ဆာမိ၊ မေးလျှောက်ပါ၏။
ဣမံဇဋံ၊ ဤတဏှာကွန်ယက်ကို။
ကော၊ အဘယ်သူသည်။
ဝိဇဋယေ၊ ခုတ်ဖြတ်ဖောက်ထွင်း ဖြေရှင်းနိုင်ပါအံ့နည်း။

အဓိပ္ပါယ်ကား --

တဏှာသည် ကွန်ယက်သဖွယ် ဖွဲ့ယှက်တတ်သောကြောင့် ဇဋာမည်၏၊ အာရုံ ခြောက်ပါး၌ အောက်ထက်မချန် ဝန်းကျင်ရံ၍ ဖန်ဖန် ဖြစ်၏၊ ဝါးရုံချုံပတ် ငြိကပ် ယှက်မြှေး ရှုပ်ထွေးဖွဲ့ရစ်၏၊ မိမိပစ္စည်း, မိမိကိုယ် အဇ္ဈတ္တိကာယတန တို့၌ ဖွဲ့ယှက် တတ်သောကြောင့် အန္တောဇဋာ မည်၏၊ သူတပါးပစ္စည်း, သူတပါးကိုယ် ဗာဟိရာယတနတို့၌ ဖွဲ့ယှက်တတ်သောကြောင့် ဗဟိဇဋာ မည်၏၊ ဤသို့ တွင်းပ နှစ်ချက် ဖွဲ့ယှက်ရစ်ပတ်၏၊ သတ္တဝါအပေါင်းသည် ဤတဏှာ ရှုပ်ထွေးပြေးရစ်တိုင်း ခံနေရ၏၊ ဤသို့ ဘုံသုံးပါးလုံး ဝန်းကျင်ဖွဲ့ချုပ်သော တဏှာရှုပ်ကို အဘယ်သူသည် ခုတ်ဖြတ် ဖောက်ထွင်း ဖြေရှင်းနိုင်ပါအံ့နည်း ဟု နတ်သားတဦး သံသယ ဖြစ်၍ သာဝတ္ထိပြည်၌ ဘုရားရှင်ထံချဉ်းကပ်၍ မေးလျှောက်သတတ်။

သီလေ ပတိဋ္ဌာယ နရော သပ္ပညော၊
စိတ္တံ ပညဉ္စ ဘာဝယံ။
အာတာပိ နိပကော ဘိက္ခု၊
သော ဣမံ ဝိဇဋယေ ဇဋံ။

ဒေဝပုတ္တ၊ နတ်သား။
သပ္ပညော၊ တိဟိတ်ပဋိသန္ဓေနှင့်ယှဉ်သော ကမ္မဇ ပညာရှိသော။
ယောနရော၊ အကြင်သူသည်။
သီလေ၊ ကိုယ်နှုတ်စောင့်ထိန်းသော သီလ၌။
ဝါ၊ ကုသိုလ်၏တည်ရာ သီလ၌။
ဝါ၊ စတုပါရိသုဒ္ဓိသီလ၌။
ပတိဋ္ဌာယ၊ မြဲစွာတည်၍။
အာတာပီ၊ ကိလေသာလက်မခံ ပယ်လှန်သော လုံ့လရှိသည်ဖြစ်၍။
နိပေကော၊ ကိစ္စအားလုံး၌ အကျိုးပြီးအောင် နှိုင်းချိန်တတ်သော ပညာရှိသည်ဖြစ်၍။
စိတ္တဉ္စ၊ အဓိစိတ္တသမာဓိကိုလည်း။
ဝါ၊ သမာပတ်ရှစ်ပါးကိုလည်း။
ဘာဝယံ၊ ပွားစေ၏။
ပညဉ္စ၊ ဝိပဿနာပညာကိုလည်း။
ဘာဝယံ၊ ပွားစေ၏။
ဘိက္ခု၊ သံသရာဘေး ရှုလေ့ရှိသော။
သော နရော၊ ထိုသူသည်။
ဣမံဇဋံ၊ ဤ တဏှာကွန်ယက်ကို။
ဝိဇဋယေ၊ ခုတ်ဖြတ်ဖောက်ထွင်း ဖြေရှင်းနိုင်၏၊

ပဋိသန္ဓေစိတ်နှင့် အတူဖြစ်သောပညာသည် ကမ္မဇပညာ မည်၏။ ရှေးကံစီမံသော ဇာတိပညာဖြစ်၏၊ ယခုဘဝပြုလုပ်၍မဖြစ်၊ ထိုပညာမျိုး ရှိသောသူသည် တိဟိတ် ပုဂ္ဂိုလ်မည်၏၊ သတ္တဝါသည် နရမည်၏၊ သီလကိုကောင်းစွာ ဖြည့်ကျင့်သောသူသည် သီလ၌ တည်သည်မည်၏။

ကိလေသာကို လက်မခံ ပယ်လှန်သော လုံ့လသည် အာတာပ မည်၏၊ ထိုလုံ့လ ရှိသော သူသည် အာတာပီ မည်၏၊ ပါရိဟာရိယ ပညာသည် နေပက္ကပညာ မည်၏၊ ဤအချိန် ကား ပါဠိသင်ချိန်, ဤအချိန်ကား အဋ္ဌကထာ မေးမြန်းချိန် စသည်ဖြင့် နှိုင်းချိန် တတ်သော ပညာသည် အခါခပ်သိမ်း နေရာတိုင်း ဆောင်ယူအပ်သောကြောင့် ပါရိဟာရိယ ပညာမည်၏၊ ထိုပညာနှင့် ပြည့်စုံသောသူသည် နိပက မည်၏။

သမာပတ်ရှစ်ပါးသည် ပွားစေအပ်သော စိတ်မည်၏၊ အဓိစိတ္တမည်၏၊ စိတ်ကို အဦး ပြု၍ သမာဓိကို ဟောသည်၊ ပိပဿနာပညာသည် ပွားစေအပ်သော ပညာ မည်၏၊ သံသရာဘေးကို ရှုသောသူသည် ဘိက္ခုမည်၏၊

ဤ၌ ပဋိသန္ဓေပညာ, ပါရိဟာရိယပညာ, ဝိပဿနာပညာဟု ပညာသုံးကြိမ်လာ၏၊ သီလ, သမာဓိ, ပညာသုံးရပ်, ဝီရိယ-ဤတရား ခြောက်ပါးရှိသော သူသည် တဏှာ ရှုပ်ကို ခုတ်ဖြတ်ဖောက်ထွင်း ဖြေရှင်းနိုင်၏။

ဥပမာကား -
သီလသည် မြေနှင့်တူ၏၊
သမာဓိသည် ကျောက်နှင့်တူ၏၊
ဝိပဿနာ ပညာသည် သွေးအပ်သော ထားမနှင့်တူ၏၊
ဝီရိယသည် ခွန်အားနှင့်တူ၏၊
ပါရိဟာရိယပညာသည် လက်နှင့်တူ၏၊
တဏှာရှုပ်သည် ဝါးရုံ ကွန်ယက်နှင့်တူ၏၊

တိဟိတ်ပုဂ္ဂိုလ်သည် သီလမြေ၌ ရပ်တည်၍ သမာဓိ ကျောက်၌ ထက်စွာသွေးအပ် သော ဝိပဿနာပညာထားမကို ဝီရိယခွန်အားသည် ကူညီကာ ချီပင့်အပ်သော ပါရိဟာရိယ ပညာလက်ဖြင့် ကိုင်မြှောက်၍ မိမိသန္တာန်၌ အစဉ်မပြတ်ဖြစ်သော တဏှာရှုပ် ဝါးရုံကွန်ယက်ကို ခုတ်ဖြတ် ဖောက်ထွင်း ဖြေရှင်းနိုင်၏၊ မဂ်ခဏ၌ အကြွင်းမဲ့ ဖြေရှင်းဆဲ ဖြစ်၏၊ ဖိုလ်ခဏ၌ ဖြေရှင်းပြီးဖြစ်၍ တလောကလုံး၏ မြတ်သောအလှူကို ခံထိုက်သော သူဖြစ်၏၊ ဤကား ဂါထာအဓိပ္ပါယ်တည်း။

ဝိသုဒ္ဓိမဂ်များ

ထက်ဝန်းကျင် စင်ကြယ်သော နိဗ္ဗာန်သည် ဝိသုဒ္ဓိ မည်၏၊
နိဗ္ဗာန်ရကြောင်း အကျင့်သည် ဝိသုဒ္ဓိမဂ်မည်၏၊
နိဗ္ဗာန်ရကြောင်း ဝိသုဒ္ဓိမဂ်ကို အနည်းနည်း ဟောသည်၊

သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိ” စသည်ဖြင့် ဟောရာ၌ ငြီးငွေ့အောင် ရှုသော ဝိပဿနာ ပညာမျှသာ ဝိသုဒ္ဓိမဂ်မည်၏ ဟု ဟောသည်၊ သမထကိုမဟော၊

ယမှိ ဈာနဉ္စ ပညာစ၊ သဝေ နိဗ္ဗာန သန္တိကေ” ဟု ဟောရာ၌ အခြေခံဈာန်နှင့် ဝိပဿနာပညာသည် ဝိသုဒ္ဓိမဂ် မည်၏၊

ကမ္မံ ဝိဇ္ဇာစ ဓမ္မောစ” စသည်ဖြင့် ဟောရာ၌ မဂ်စေတနာ, သမ္မာဒိဋ္ဌိ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, ကြွင်းမဂ္ဂင်ဓမ္မလေးပါး ဤမဂ်စေတနာဖြင့် မဂ္ဂင်ရှစ်ပါး သည် ပိသုဒ္ဓိမဂ်မည်၏၊

သဗ္ဗဒါ သီလ သမ္ပန္နော” စသည်ဖြင့် ဟောရာ၌ သီလ, သမာဓိ ပညာ, ပီရိယ ကိုယ် အသက် မငဲ့သောစိတ် ဤငါးပါးသည် ဝိသုဒ္ဓိမဂ် မည်၏၊ အချို့သောနေရာ၌ သတိပဋ္ဌာန် လေးပါးသည်၎င်း, သမ္မပ္ပဓာန်လေးပါးသည်၎င်း, အပ္ပမာဒ၌ မွေ့လျော်ခြင်း သည်၎င်း ဝိသုဒ္ဓိမဂ် မည်၏။

ဤ”သီလေ ပတိဋ္ဌာယ နရော” စသည်ဖြင့် ဟောရာ၌ကား - သီလ, သမာဓိ, ပညာ ကို အဦးပြု၍ ဤသုံးပါးသည် ဝိသုဒ္ဓိမဂ်မည်၏ဟု ဟောသည်။ ဤဝိသုဒ္ဓိမဂ်တို့သည် တဏှာရှုပ်ကို ဖြေရှင်းသော တရားတို့သာ ဖြစ်ကုန်၏။

တိက်ကိုးခုပြခြင်း

ဤနိဗ္ဗာန်ရကြောင်း သီလ, သမာဓိ, ပညာ သုံးပါးတို့တွင် --

သီလဖြင့် အဓိသီလ သိက္ခာသုံးပါးကိုပြ၏၊
ဝါ-သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ-မဂ္ဂင် သုံးပါးကိုပြ၏၊

သမာဓိဖြင့် အဓိစိတ္တသိက္ခာကို ပြ၏၊
ဝါ- သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ-မဂ္ဂင်သုံးပါးကို ပြ၏၊

ပညာဖြင့် အဓိပညာသိက္ခာကို ပြ၏၊
ဝါ-သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ-မဂ္ဂင် နှစ်ပါးကို ပြ၏။

တနည်း --

သီလဖြင့် သာသနာတော်၏ အစကောင်းခြင်းကို ပြ၏၊ သီလသည် ကုသိုလ်တို့၏ အစဖြစ်၏၊ မကောင်းမှု ဟူသမျှ မပြုအပ်ဟု ဟောသည်၊ အောက်မေ့တိုင်း နှလုံးသာယာခြင်းစသော ဂုဏ်ကိုဆောင်သောကြောင့် ကောင်း၏-ဟူလို၊

သမာဓိဖြင့် အလယ်ကောင်းခြင်းကို ပြ၏၊ ကုသိုလ်ဟူသမျှကို ဆည်းပူးအပ်၏ဟု ဟောသည်၊ ဣဒ္ဓိဝိဓ စသော အဘိညာဂုဏ်ကို ဆောင်သောကြောင့် ကောင်း၏-ဟူလို၊

ပညာဖြင့် အဆုံးကောင်းခြင်းကို ပြ၏၊ မိမိစိတ် စင်ကြယ်အောင် ပြုအပ်၏ ဟု ဟောသည်၊ ဣဋ္ဌာရုံ, အနိဋ္ဌာရုံ တို့ကြောင့် မတုန်လှုပ်သော တာဒိဂုဏ်ကို ဆောင်သောကြောင့် ကောင်း၏ ဟူလို။

တနည်း --

သီလဖြင့် ဝိဇ္ဇာသုံးပါး၏ ဥပနိဿယကိုပြ၏၊
သီလပြည့်ခြင်းကို မှီ၍ ဝိဇ္ဇာသုံးပါးရသည်၊

သမာဓိဖြင့် အဘိညာခြောက်ပါး၏ ဥပနိဿယကို ပြ၏၊
သမာဓိပြည့်ခြင်းကိုမှီ၍ အဘိညာခြောက်ပါးရသည်၊

ပညာဖြင့် ပဋိသမ္ဘိဒါလေးပါး၏ ဥပနိဿယကို ပြ၏၊
ပညာပြည့်ခြင်းကိုမှီ၍ ပဋိသမ္ဘိဒါ လေးပါးရသည်။

တနည်း --

သီလဖြင့် ကာမသုခလ္လိကာနုယောဂ အစွန်းပယ်ခြင်းကို ပြ၏၊
သမာဓိဖြင့် အတ္တကိလမထာနုယောဂ အစွန်းပယ်ခြင်းကို ပြ၏၊
ပညာဖြင့် မဇ္ဈိမပဋိပဒါ မှီဝဲခြင်းကိုပြ၏။

တနည်း --

သီလဖြင့် အပါယ်လေးဘုံမှ လွတ်မြောက်ခြင်းကို ပြ၏၊
သမာဓိ ဖြင့် ကာမ ၁၁-ဘုံမှ လွတ်မြောက်ခြင်းကို ပြ၏၊
ပညာဖြင့် ၃၁-ဘုံမှ လွတ်မြောက်ခြင်းကိုပြ၏။

တနည်း --

သီလဖြင့် တဒင်္ဂပဟာန်ဖြင့် ကိလေသာ ပယ်ခြင်းကို ပြ၏၊
သမာဓိဖြင့် ဝိက္ခမ္ဘနပဟာန်ဖြင့် ကိလေသာ ပယ်ခြင်းကို ပြ၏၊
ပညာဖြင့် သမုစ္ဆေဒပဟာန်ဖြင့် ကိလေသာပယ်ခြင်းကို ပြ၏။

တနည်း --

သီလဖြင့် ဝီတိက္ကမကိလေသာ၏ ဆန့်ကျင်ဘက်ကိုပြ၏၊
သမာဓိဖြင့် ပရိယုဋ္ဌာနကိလေသာ၏ ဆန့်ကျင်ဘက်ကိုပြ၏၊
ပညာဖြင့် အနုသယ ကိလေသာ၏ ဆန့်ကျင်ဘက်ကိုပြ၏။

တနည်း --

သီလဖြင့် ဒုစရိုက်ကိလေသာကို သုတ်သင်ခြင်းကိုပြ၏၊
သမာဓိဖြင့် တဏှာကိလေသာကို သုတ်သင်ခြင်းကိုပြ၏၊
ပညာဖြင့် ဒိဋ္ဌိကိလေသာကို သုတ်သင်ခြင်းကို ပြ၏။

တနည်း --

သီလဖြင့် သောတာပန်, သကဒါဂါမ်၏ ဖြစ်ကြောင်းကိုပြ၏၊
သမာဓိဖြင့် အနာဂါမ်၏ ဖြစ်ကြောင်းကိုပြ၏၊
ပညာဖြင့် ရဟန္တာ၏ ဖြစ်ကြောင်းကို ပြ၏၊

သောတာပန်, သကဒါဂါမ်သည် သီလပြည့်အောင် ကျင့်သည်၊
အနာဂါမ်သည် သမာဓိပြည့်အောင် ကျင့်သည်၊
ရဟန္တာသည် ပညာပြည့်အောင် ကျင့်သည်။

ဤသို့ --

၁။ သိက္ခာသုံးပါး
၂။ ကောင်းခြင်းသုံးပါး
၃။ ဥပနိဿယသုံးပါး
၄။ နှစ်ပါးကြဉ်၍ မဇ္ဈိမပဋိပဒါ မှီဝဲခြင်းသုံးပါး၊
၅။ လွတ်မြောက်ခြင်း သုံးပါး၊
၆။ ပယ်ခြင်းသုံးပါး
၇။ ဆန့်ကျင်ဘက်သုံးပါး
၈။ သုတ်သင်ခြင်း သုံးပါး
၉။ ဖြစ်ကြောင်း သုံးပါး -
အားဖြင့် ဂုဏတိက ကိုးပါးကို၎င်း, တပါးသော ဂုဏတိက တို့ကို၎င်း
သီလ, သမာဓိ, ပညာ သုံးပါးဖြင့် ပြတော်မူ၏။

နိဒါန်းပြီး၏။

သီလ အရသာ

သီလ အမေး အဖြေ ၇-ပုဒ်

ဤဂါထာတွင် အစစွာ အကျုံးဝင်သော သီလ၌-

၁။ အဘယ်တရားသည် သီလမည်သနည်း၊
၂။ အဘယ်အနက်ကြောင့် သီလမည်သနည်း၊
၃။ သီလ၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့သည် အဘယ်နည်း၊
၄။ သီလသည် အဘယ်အကျိုး ရှိသနည်း၊
၅။ သီလသည် အဘယ်သို့ အပြားရှိသနည်း၊
၆။ သီလ၏ ညစ်နွမ်းကြောင်းကား အဘယ်နည်း၊
၇။ သီလ၏ ဖြူစင်ကြောင်းကား အဘယ်နည်း-

ဤသို့ မေးအပ်၏။

၁-သီလမည်သော တရား

အဘယ်တရားသည် သီလ မည်သနည်း?

စေတနာသည်၎င်း, စေတသိက်သည်၎င်း, သံဝရသည်၎င်း, အဝီတိက္ကမသည်၎င်း သီလမည်၏။

ချဲ့ဦးအံ့ --

ပါဏာတိပါတ စသည်မှ ရှောင်ကြဉ်သောသူ၏ စေတနာသည်၎င်း, ဝတ်အကျင့် ဖြည့်ကျင့်သောသူ၏ စေတနာသည်၎င်း စေတနာသီလ မည်၏၊ ပါဏာတိပါတ စသည်မှ ရှောင်ကြဉ်သောသူ၏ ဝိရတိစေတသိက် သုံးခုသည် စေတသိကသီလ မည်၏။

တနည်း --

ပါဏာတိပါတ စသော ကာယ ဒုစရိုက်, ဝစီ ဒုစရိုက်တို့ကို ပယ်စွန့်သောသူ၏ ခုနစ်ပါးသော ကမ္မပထစေတနာတို့သည် စေတနာသီလ မည်၏၊ မနောဒုစရိုက် သုံးပါးကို ပယ်စွန့်သောသူ၏ အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိတို့သည် (ဝါ-အလောဘ အဒေါသ, အမောဟတို့သည်) စေတသိက သီလမည်၏။

  • ပါတိ, သတိ၊ ဉာ, ခန္တိ၊ ဝီရိ, သံဝရာ။

ဟူသော သံပေါက်အရ-
၁-ပါတိမောက္ခ သံဝရ
၂-သတိ သံဝရ
၃-ဉာဏသံဝရ
၄-ခန္တိ သံဝရ
၅-ဝီရိယ သံဝရ - ငါးပါးသည် သံဝရသီလ မည်၏၊

မကောင်းမှုကြောက်၍ သမ္မတ္တဝတ္ထုမှ ရှောင်ကြဉ်ခြင်းသည်လည်း သံဝရသီလ မည်၏၊ သီလဆောက်တည်၍ ကိုယ်နှုတ်ဖြင့် မလွန်ကျူးခြင်းသည် အဝီတိက္ကမသီလ မည်၏။

သံဝရ ငါးပါးတို့တွင် --

၁။ ပါတိမောက္ခသံဝရနှင့် ပြည့်စုံခြင်း ဟူသော သီလသည် ပါတိမောက္ခသံဝရ မည်၏။

၂။ စက္ခုန္ဒြေ, သောတိန္ဒြေ - စသည်ကို စောင့်စည်းခြင်းဟူသော သတိသည် သတိ သံဝရ မည်၏။

၃။ တဏှာ, ဒိဋ္ဌိစသော ကိလေသာ အယဉ်တို့ကို ပိတ်ဆို့ခြင်း၊ ဝါ - အကြွင်းမဲ့ ဖြတ်ခြင်းဟူသော ပညာသည် ဉာဏသံဝရ မည်၏၊ ပစ္စည်းလေးပါးကို ဆင်ခြင်၍ သုံးဆောင်ခြင်းသည်လည်း ဉာဏသံဝရ မည်၏။

၄။ အချမ်း, အပူ စသည်ကို သည်းခံခြင်းဟူသော အဒေါသပြဋ္ဌာန်းသော ခန္တီသည် ခန္တိသံဝရ မည်၏။

၅။ ဖြစ်ပေါ်လာလော ကာမဝိတက် စသည်တို့ကို လက်သင့်မခံ အားထုတ်၍ ပယ်လှန်ခြင်း ဟူသော ဝီရိယသည် ဝီရိယသံဝရ မည်၏၊ အာဇီဝပါရိသုဒ္ဓိသီလ သည်လည်း ဝီရိယသံဝရ မည်၏။

၂-သီလအနက်

အဘယ်အနက်ကြောင့် သီလ မည်သနည်း?

သီလနဋ္ဌေန သီလံ” ဟူသော ဝစနတ္ထနှင့်အညီ ကောင်းစွာထားခြင်း ဟူသော သီလန အနက်ကြောင့်၊ ဝါ - ကောင်းစွာ တည်ရာဟူသော သီလနအနက်ကြောင့် သီလ မည်၏၊ ကာယကံ စသည်ကို ဖရိုဖရဲ မဖြစ်အောင် စောင့်စည်း၍ထားခြင်း သမာဓာနသည် သီလနအနက် မည်၏၊ ဝါ- စတုဘူမက ကုသိုလ်တို့၏ အကြောင်းရင်း ဖြစ်၍ တည်ရာဖြစ်ခြင်း ဥပဓာရဏသည် သီလန အနက် မည်၏။

[တပါးသော ဆရာတို့ကား --
ဂုဏ်အပေါင်း၏ ဦးခေါင်းဟူသော သိရအနက်၊
ကိလေသာ အပူငြိမ်းအေးခြင်းဟူသော သီတလအနက်၊
အကုသိုလ် မဝင်နိုင်ကြောင်း သလအနက်၊
ဒုစရိုက် အိပ်ပျော်ကြောင်း သုပအနက်၊
ကုသိုလ် အားလုံး ဝင်စရာ စရပ်ဟူသော သာလာအနက်-
စသည်ကြောင့်လည်း သီလမည်၏ဟု ဖွင့်ကုန်၏]။

၃-လက္ခဏ စသည် ၄-ပါး

သီလ၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့သည် အဘယ်နည်း?

၁။ ကာယကံ စသည်ကို ကောင်းစွာ ထားခြင်းသည်၊ ဝါ- ကုသိုလ်တို့၏ တည်ရာ ဖြစ်ခြင်းသည် သီလ၏လက္ခဏာ မည်၏၊ စေတနာ သီလစသည်ဖြင့် သီလအပြား များသော်လည်း ဤလက္ခဏာချည်းသာတည်း။

၂။ ဒုဿီလဖြစ်ကြောင်း အကုသိုလ်ကို ဖျက်ဆီးခြင်းသည် (ကိစ္စ) ရသ မည်၏၊
အပြစ်ကင်းသော ဂုဏ်ပြည့်စုံခြင်းသည် (သမ္ပတ္တိ) ရသ မည်၏။

၃။ ကိုယ်, နှုတ်, စိတ် - စင်ကြယ်ခြင်းဖြင့် ရှုသူဉာဏ်အား ထင်ခြင်းသည် (ဥပဌာနာကာရ) ပစ္စုပဋ္ဌာန် မည်၏။
နှလုံးသာယာခြင်းစသော အကျိုးသည် (ဖလ) ပစ္စုပဋ္ဌာန် မည်၏။
(သီလအကျိုး ပြရာ၌ ဖလပစ္စုပဋ္ဌာန်ကို များစွာဆိုလတ္တံ့)။

၄။ ဟိရိ သြတ္တပ္ပသည် ပဒဋ္ဌာန် မည်၏၊ နီးသောအကြောင်း မည်၏၊
တရားနာခြင်း စသည်တို့ကား ဝေးသောအကြောင်းဖြစ်၍ ပဒဋ္ဌာန် မမည်၊
အရှက်အကြောက်ရှိလျှင် ဆောက်တည်နိုင်၍ သီလဖြစ်၏ မကျူးလွန်မူ၍ သီလ တည်၏။

၄-သီလအကျိုး

သီလသည် အဘယ်အကျိုးရှိသနည်း?

သီလသည် စိတ်နှလုံးသာယာခြင်း စသော များသော အကျိုးရှိ၏၊ မိမိ၏ စင်ကြယ် သော သီလကို ဆင်ခြင်၍ ငါ၏သီလ ကောင်းလေစွ-ဟု ဝမ်းမြောက်သော ကုသိုလ်သည် စိတ်နှလုံးသာယာခြင်း မည်၏၊ အဓိပ္ပဋိသာရ မည်၏။

တနည်းကား --

၁။ သီလရှိသောသူသည် မေ့မေ့လျော့လျော့ မရှိခြင်းကြောင့် စည်းစိမ်များစွာ ရ၏
၂။ သတင်းကောင်း ကျော်စော၏
၃။ ချဉ်းကပ်ရာ ပရိသတ်၌ မျက်နှာငယ်ခြင်း မရှိ
၄။ သေသောအခါ မတွေမဝေ သေရ၏၊ ကုသိုလ်ကံ စသော ကောင်းသော နိမိတ် ထင်သောကြောင့် တွေဝေခြင်း စိတ်ညစ်ခြင်း မရှိ၊ ကြည်လင်စွာ သေရ၏၊
၅။ သေပြီးသောအခါ သုဂတိဘုံသို့ လားရ၏
ဤသို့ အကျိုးငါးပါး ရှိ၏။

အာကင်္ခေယျသုတ်၌ --

၁။ ချစ်သား ... သီတင်းသုံးဘော် တို့သည် ချစ်ခင်သော မျက်စိဖြင့် ကြည့်ရှုခြင်း မေတ္တာပို့ခြင်း, အလေးပြုခြင်း, ချီးမွမ်းခြင်းကို အလိုရှိလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၂။ ပစ္စည်းလာဘ် ပေါများခြင်းကို အလိုရှိလျှင် သီလကိုကောင်းစွာ ဖြည့်ကျင့်ရမည်။

၃။ မိမိအား ပစ္စည်းလှူသူတို့ကို အကျိုးများစေလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၄။ မိမိကိုအောက်မေ့သော ဆွေမျိုး ပြိတ္တာတို့ကို အကျိုးများစေလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၅။ ကုသိုလ်၌ ပျင်းရိခြင်း, ကာမဂုဏ်၌ မွေ့လျော်ခြင်းတို့ကို ပယ်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၆။ ကြောက်လန့်ခြင်းကို ကြောက်ဘွယ်အာရုံကို ပယ်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၇။ ရူပဈာန်ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၈။ အရူပဈာန် ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၉။ သောတာပန် တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၁၀။ သကဒါဂါမ် တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၁၁။ အနာဂါမ် တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၁၂-၁၆။ ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ, စေတောပရိယ ဣဒ္ဓိဝိဓ - ဟူသော လောကီ အဘိညာငါးပါး ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

၁၇။ အာသဝက္ခယဉာဏ် ရလိုလျှင် သီလကိုတောင်းစွာ ဖြည့်ကျင့်ရမည်။

ဟု ဟော၏၊ ဋီကာ၌- သီလထောမန သုတ်တွင် သီလအကျိုး ၁၇-ပါးဟု ဆို၏။

အမြွက်အားဖြင့်ကား --

သာသနာ၌ အမျိုးကောင်းသားတို့၏ ထောက်တည်ရာကား သီလသာတည်း၊ သီလ အပြင်မရှိ၊ ထို့ကြောင့် သီလအကျိုး ကုန်စင်အောင် အဘယ်သူ ဟောနိုင်အံ့နည်း။

သတ္တဝါတို့ ကိလေသာ ညစ်ကြေးစင်ကြယ်အောင် မြစ်ကြီးငါးစင်းရေ မတတ်နိုင်၊ သီလရေစင် တတ်နိုင်၏။

သတ္တဝါတို့ ကိလေသာအပူငြိမ်းအောင် မိုဃ်းသက်လေညှင်း စန္ဒကူး ရွှေ ပုလဲသွယ် မြ ပတ္တမြား လရောင် မတတ်နိုင်၊ သီလအအေးဓာတ် တတ်နိုင်၏။

သီလနှင့်တူသော နံ့သာမရှိ၊ လေအောက် လေထက် အတူ မွှေး၏။

သီလသည် နတ်ပြည်တက်လိုလျှင် စောင်းတန်း၊ နိဗ္ဗာန်ဝင်လိုလျှင် တံခါး။

သီလတန်ဆာဆင်သော ရဟန်းသည် ပုလဲ ပတ္တမြား တန်ဆာ ဆင်သော ပြည့်ရှင် မင်းထက် တင့်တယ်၏။

သီလသည် အတ္တာနုဝါဒဘေး စသည်ကိုဖျက်ဆီး၍ ကျော်စောခြင်း, ဝမ်းမြောက်ခြင်း တို့ကို ဖြစ်စေနိုင်၏၊

ဤကား-လောကီ, လောကုတ္တရာဂုဏ် အလုံးစုံတို့၏ အမြစ်ရင်း အပြစ်ကင်းသော သီလ၏ အကျိုး အမြွက်တည်း။ (ဝါ- ဖလပစ္စုပဋ္ဌာန် အမြွက်တည်း)။

၅-သီလအပြား

သီလသည် အဘယ်သို့ အပြားရှိသနည်း?

ဤအလုံးစုံသော သီလသည် မိမိ၏ သီလနလက္ခဏာ အားဖြင့် တပါးတည်းအဘို့ ရှိ၏။

၁။ စာရိတ္တ, ဝါရိတ္တ အားဖြင့် နှစ်ပါး၊
၂။ အာဘိသမာစာရိက, အာဒိဗြဟ္မစရိယက အားဖြင့် နှစ်ပါး
၃။ ဝိရတိ, အဝိရတိ အားဖြင့် နှစ်ပါး၊
၄။ နိဿိတ, အနိဿိတ အားဖြင့် နှစ်ပါး၊
၅။ ကာလပရိယန္တ, အာပါဏကောဋိက အားဖြင့် နှစ်ပါး၊
၆။ သပရိယန္တ, အပရိယန္တ အားဖြင့် နှစ်ပါး၊
၇။ လောကိယ, လောကုတ္တရ အားဖြင့် နှစ်ပါးပြား၏။
(နှစ်ပါးစုံတွဲ၍ပြခြင်း ဒုက ၇-မျိုး)။

၁။ ဟီန, မဇ္ဈိမ, ပဏီတ အားဖြင့် သုံးပါး၊
၂။ အတ္တာဓိပတေယျ, လောကာဓိပတေယျ, ဓမ္မာဓိပတေယျ အားဖြင့် သုံးပါး၊
၃။ ပရာမဋ္ဌ, အပရာမဋ္ဌ ပဋိပဿဒ္ဓအားဖြင့် သုံးပါး၊
၄။ ဝိသုဒ္ဓ, အဝိသုဒ္ဓ, ဝေမတိက အားဖြင့် သုံးပါး၊
၅။ သေက္ခ, အသေက္ခ, နေဝသက္ခ နာသေက္ခအားဖြင့် သုံးပါးပြား၏၊
(သုံးပါးစုံတွဲ၍ပြခြင်း တိက ၅-မျိုး)။

၁။ ဟာနဘာဂိယ, ဌိတိဘာဂိယ, ဝိသေသဘာဂိယ, နိဗ္ဗေဓဘာဂိယ အားဖြင့် လေးပါး၊
၂။ ဘိက္ခု, ဘိက္ခုနီ, အနုပသမ္ပန္န, ဂဟဋ္ဌ အားဖြင့် လေးပါး၊
၃။ ပကတိ, အာစာရ, ဓမ္မတာ, ပုဗ္ဗဟေတုက အားဖြင့် လေးပါး၊
၄။ ပါတိမောက္ခသံဝရ, ဣန္ဒြိယသံဝ, အာဇီဝပါရိသုဒ္ဓိ, ပစ္စယသန္နိဿိတ အားဖြင့် လေးပါး ပြား၏။ (လေးပါးစုံတွဲ၍ ပြခြင်း စတုက္က ၄-မျိုး)။

၁။ ပရိယန္တပါရိသုဒ္ဓိ, အပရိယန္တပါရိသုဒ္ဓိ, ပရိပုဏ္ဏပါရိသုဒ္ဓိ, အပရာမဋ္ဌပါရိသုဒ္ဓိ, ပဋိပဿဒ္ဓိပါရိသုဒ္ဓိ အားဖြင့် ငါးပါး၊
၂။ ပဟာန, ဝေရမဏိ, စေတနာ, သံဝရ, အဝီတိက္ကမ အားဖြင့် ငါးပါး ပြား၏။
(ငါးပါးစုံတွဲ၍ပြခြင်း ပဉ္စက ၂-မျိုး)။

၆-ညစ်နွမ်းကြောင်း

သီလ၏ ညစ်နွမ်းကြောင်းကား အဘယ်နည်း?

လာဘ်ရလိုခြင်း ဂုဏ်သတင်း ကျော်စောလိုခြင်း စသော အကြောင်းကြောင့်၎င်း၊ မေထုန်ငယ် ခုနစ်ပါးနှင့် ယှဉ်ခြင်းကြောင့်၎င်း၊ ကျိုးပြတ်ခြင်း, ပေါက်ထွင်းခြင်း ကြောင်ကျားခြင်း, ပြောက်ကွက်ခြင်းသည် သီလ၏ ညစ်နွမ်းကြောင်း မည်၏။

၇-ဖြူစင်ကြောင်း

သီလ၏ ဖြူစင်ကြောင်းကား အဘယ်နည်း?

ကျိုးပြတ်ခြင်း မရှိ၊ ပေါက်ထွင်းခြင်း မရှိ၊ ကြောင်ကျားခြင်း မရှိ၊ ပြောက်ကွက်ခြင်း မရှိခြင်းသည် သီလ၏ ဖြူစင်ကြောင်း မည်၏။

ဤကား အကျဉ်းမျှသာ ဖြစ်သတည်း။

သီလ အပြားအကျယ်

ဧကကသီလ တမျိုး

တပါးတည်းသောအဘို့၌ ဆိုပြီးသော နည်းအတိုင်း သီလနအနက်ဖြင့် သိအပ်၏။

ဒုကသီလ ၇-မျိုး

၁။ နှစ်ပါးသော အဘို့၌ ဤအမှုကို ပြုအပ်၏ဟု ဘုရားရှင် ခွင့်ပြုသော သိက္ခာပုဒ်ကို ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလ မည်၏။ ဤအမှုကို မပြုအပ်ဟု တားမြစ်သော သိက္ခာပုဒ်ကို မလွန်ကျူးခြင်းသည် ဝါရိတ္တသီလ မည်၏၊ စာရိတ္တသီလကို သဒ္ဓါ, ဝီရိယ နှစ်ပါးရှိသူ အားထုတ်နိုင်၏၊ ဝါရိတ္တ သီလကို သဒ္ဓါရှိသူ (ဝါ-ယုံကြည်သူ) အားထုတ် နိုင်၏။

၂။ မဂ်သီလ ဖိုလ်သီလအကျိုးငှါ ပညပ်သော သိက္ခာပုဒ်သည် အာဘိသမာစာရိက သီလမည်၏။ အာဇီဝမဋ္ဌကသီလမှ ကြွင်းသော သီလရ၏၊ မဂ်၏ အစဖြစ်သော ရှေးဦးစွာ သုတ်သင်အပ်သော သီလသည် အာဒိဗြဟ္မစရိယကသီလ မည်၏၊ ကာယကံ သုံးပါး, ဝစီကံလေးပါး, အာဇီဝအားဖြင့် ဖြစ်သော အာဇီဝဋ္ဌမကသီလရ၏၊

(မဂ်၌ သမ္မာဒိဋ္ဌိကို အစစွာ ဟောသော်လည်း အာဇီဝဋ္ဌမကသီလကို အစစွာ ကျင့်ရသည်။)

တနည်း -

ခုဒ္ဒါနုခုဒ္ဒက မည်သော ဒုက္ကဋ်, ဒုဗ္ဘာသီ သိက္ခာပုဒ်ငယ် အပေါင်းသည် အာဘိသမာစာရိက သီလမည်၏၊ ကြွင်းသော သိက္ခာပုဒ်ကြီး အပေါင်းသည် အာဒိဗြဟ္မစရိယကသီလ မည်၏။

တနည်း --

ဥဘတောဝိဘင်း၌ အကျုံးဝင်သောသီလသည် အာဒိဗြဟ္မစရိယက သီလ မည်၏၊
ခန္ဓကဝတ်၌ အကျုံးဝင်သော သီလသည် အာဘိသမာစာရိက သီလမည်၏။
(သုံးနည်း။)

အာဘိသမာစာရိက သီလပြည့်စုံလျှင် အာဒိဗြဟ္မစရိယကသီလ ပြည့်စုံသည်၊
အပြစ်ငယ်ကိုပင် ရှောင်လျှင် အပြစ်ကြီးကို သာ၍ ရှောင်လတ္တံ့၊
သီလငယ်မှ မပြည့်စုံလျှင် သီလကြီးပြည့်စုံကြောင်း မရှိဟု ဟောသည်။

၃။ ပါဏာတိပါတ စသည်တို့မှ ရှောင်ကြဉ်ခြင်းမျှသည် ဝိရတိသီလ မည်၏၊
ကြွင်းသော စေတနာစသည်တို့သည် အဝိရတိသီလ မည်၏။

၄။ နတ် စသည် ဖြစ်လို၏ဟု ဘဝသမ္ပတ္တိကို တောင့်တ၍ တဏှာအားကိုး ကျင့်သော သီလသည် တဏှာနိဿိတမည်၏၊ သီလဖြင့် နိဗ္ဗာန်ရလတ္တံ့ဟု စွဲလမ်း၍ ဒိဋ္ဌိအားကိုး ကျင့်သော သီလသည် ဒိဋ္ဌိနိဿိတမည်၏၊ ဤနိဿိတ နှစ်ပါးသည် နိဿိတသီလ မည်၏၊ လောကုတ္တရာသီလ, လောကုတ္တရာ၏ အဆောက်အဦ ဖြစ်သော လောကီ သီလတို့သည် အနိဿိတသီလမည်၏။

(တဏှာအားကိုး, ဒိဋ္ဌိ အားကိုးသော်လည်း သီလကား အကုသိုလ် မဟုတ်သေး။)

၅။ ကာလပိုင်းခြား၍ ကျင့်သာ သီလသည် ကာလပရိယန္တသီလ မည်၏။ တသက်လုံး ဆောက်တည်၍ တသက်လုံး ကျင့်သော သီလသည် အာပါဏကောဋိကသီလ မည်၏။

(ကာလ မပိုင်းခြားသော်လည်း အကြား၌ ပျက်သောသီလ, မဆောက်တည်ဘဲ သမ္ပတ္တိဝိရတိစွမ်းဖြင့် တသက်လုံးကျင့်သော သီလသည် အာပါဏကောဋိက မမည်။)

၆။ လာဘ်, အခြံအရံ ဆွေမျိုး, အင်္ဂါကြီးငယ်, အသက်တို့ကြောင့် ပျက်သောသီလ သည် သပရိယန္တသီလမည်၏၊ မပျက်သော သီလသည် အပရိယန္တသီလ မည်၏။

၇။ အာသဝေါလေးပါး၏ အာရုံဖြစ်သော တေဘူမကသီလသည် လောကိယသီလ မည်၏၊ အာသဝေါလေးပါး အာရုံမပြုနိုင်သော သီလသည် လောကုတ္တရာသီလ မည်၏၊ လောကီသီလသည် ဘဝထူးသို့ပို့၏၊ ဘဝမှ ထွက်မြောက်ကြောင်းလည်း ဖြစ်၏၊ လောကုတ္ထရာ သီလသည် မဂ်ဖိုလ်နှင့် ယှဉ်သော အာဇီဝဋ္ဌမကသီလဖြစ်၏၊ ထိုတွင် မဂ်သီလသည် နိဗ္ဗာန်သို့ ပို့၏၊ ပစ္စဝေက္ခဏာဉာဏ်၏ အာရုံလည်း ဖြစ်၏၊ ဖိုလ်သီလသည် ဉာဏ်၏အာရုံသာ ဖြစ်၏။

(နှစ်ခုစုံတွဲ၍ ဆိုခြင်း ဒုကခုနစ်ခုပြီး၏။)

တိကသီလ ၅-မျိုး

၁။ သုံးပါးပြားသော အဘို့၌ ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသ ဟူသော အဓိပတိလေးပါး အယုတ်စားဖြင့် ဖြစ်စေသော သီလသည် ဟီနသီလ မည်၏၊ အလတ်စားဖြင့် ဖြစ်စေသော သီလသည် မဇ္ဈိမသီလမည်၏၊ အမြတ်စားဖြင့် ဖြစ်စေသော သီလသည် ပဏီတသီလမည်၏၊

တနည်း -

ကျော်စောလို၍ ကျင့်သော သီလသည် ဟီနသီလမည်၏၊ ကုသိုလ်အကျိုးလိုလား၍ ကျင့်သောသီလသည် မဇ္ဈိမမည်၏၊ ဤသီလကား ငါကျင့်စရာတည်း၊ ငါသို့သော သူသည် ဤမကောင်းမှုမျိုး မပြုထိုက်ဟု အရိယာပုဂ္ဂိုလ်၏ ဂုဏ်ကိုမှီ၍ ကျင့်သော သီလသည် ပဏီတမည်၏၊

တနည်း -

ငါသာသီလရှိသည်၊ တပါးသောသူ သီလမရှိဟု မိမိကိုယ်ကို မြှောက်ပင့်ခြင်း, သူတပါးကို ရှုတ်ချခြင်း စသည်တို့ဖြင့် ညစ်နွမ်းသော သီလသည် ဟီနမည်၏၊ မညစ်နွမ်းသော လောကီသီလသည် မဇ္ဈိမ မည်၏၊ လောကုတ္တရာ သီလသည် ပဏီတမည်၏၊

တနည်း -

တဏှာစွမ်းဖြင့် ဘဝစည်းစိမ်အကျိုး မြှော်ကိုးသော သီလသည် ဟီနမည်၏၊ မိမိ၏ ဝဋ်မှ ထွက်မြောက်ကျိုး မျှော်ကိုးသော သာဝက အလောင်း, ပစ္စေကအလောင်းတို့၏ သီလသည် မဇ္ဈိမမည်၏။ သတ္တဝါ အားလုံး ဝဋ်မှထွက်မြောက်ကျိုး မြှော်ကိုးသော ဘုရားအလောင်းတို့၏ ပါရမီသီလသည် ပဏီတမည်၏။ (လေးနည်း။)

၂။ မိမိအား မလျော်သော အပြစ်ကိုပယ်လို၍ မိမိကိုယ်ကို အလေးပြု၍ ကျင့်သော သီလသည် အတ္တာဓိပတေယျ သီလမည်၏။ လူအပေါင်း၏ အပြစ်တင်ခြင်းကို ပယ်လို၍ လူအပေါင်းကို အလေးပြု၍ ကျင့်သောသီလသည် လောကာဓိပတေယျ သီလမည်၏။ နိယျာနိကဓမ္မ ဖြစ်ပေသည်ဟု ဓမ္မ၏ဂုဏ်ကို အကျင့်ဖြင့် ပူဇော်လို၍ ဓမ္မကို အလေးပြု၍ ကျင့်သောသီလသည် ဓမ္မာဓိပတေယျသီလမည်၏။

၃။ တဏှာ, ဒိဋ္ဌိတို့ဖြင့် သုံးသပ်အပ်သော ပြပြီးသော နိဿိတသီလ နှစ်ပါးသည် ပရာမဋ္ဌသီလ မည်၏။ ကောင်းသော သီလစသည်တို့နှင့် ပြည့်စုံသော ပုထုဇဉ်၏ မဂ်အခြေဖြစ်သော သီလ, သေက္ခပုဂ္ဂိုလ်၏ မဂ်နှင့်ယှဉ်သော သီလတို့သည် အပရာမဋ္ဌ သီလမည်၏၊ ဖိုလ်နှင့်ယှဉ်သော သီလသည် ပဋိပဿဒ္ဓသီလမည်၏။

၄။ အာပတ် မသင့်အောင် ဖြည့်ကျင့်သော သီလ, သင့်သော်လည်း တရားနှင့်အညီ ကုစားပြီးသော သီလသည် ဝိသုဒ္ဓသီလ မည်၏၊

(နောင် ဤကဲ့သို့ မပြုတော့အံ့ဟု ဆောက်တည်ခြင်း သည်လည်း ကုစားသည် မည်၏။)

အာပတ်သင့်၍ မကုစားသေးသော သီလသည် အဝိသုဒ္ဓ သီလ မည်၏၊ ဝက်သား လော, ဝံသားလော၊ ပါစိတ်လော ဒုက္ကဋ်လော၊ လွန်ကျူးမိပြီလော မလွန်ကျူးသေး သလောဟု ဝတ္ထု၌၎င်း အာပတ်၌၎င်း, လွန်ကျူးခြင်း၌၎င်း ယုံမှားသောသူ၏ သီလ သည် ဝေမတိက သီလမည်၏။ ထိုတွင် အဝိသုဒ္ဓသီလကို ကုစားအပ်၏၊ ဝေပတိက သီလရှိလျှင် မလွန်ကျူးမူ၍ စိစစ်၍၎င်း, မေးမြန်း၍၎င်း ယုံမှား ဖျောက်အပ်၏၊ ယုံမှား ပျောက်သောအခါ အပ်လျှင်ပြု, မအပ်လျှင်ရှောင်-မဂ်ဖိုလ်ရအောင် ချမ်းသာလတ္တံ့။

၅။ မဂ်လေးခု အောက်ဖိုလ်သုံးခုတို့နှင့် ယှဉ်သော သီလသည် သေက္ခသီလ မည်၏၊
အရဟတ္တဖိုလ်နှင့် ယှဉ်သော သီလသည် အသေက္ခသီလ မည်၏၊
ကြွင်းသော လောကီသီလအားလုံးသည် နေဝသေက္ခနာသေက္ခသီလ မည်၏။

[သတ္တဝါတို့၏ ပကတိ ပင်ကိုယ်သဘောသည်လည်း သီလမည်၏၊]

သုခ-သီလော၊ ချမ်းသာစ္စာ နေလေ့ရှိသောသူ။
ဒုက္ခသီလော၊ ဆင်းရဲစွာ နေလေ့ရှိသောသူ။
ကလဟသီလော၊ ငြင်းခုံလေ့ ရှိသောသူ”။ စသည်ဖြင့် ဆိုကြ၏၊

ထိုနည်းဖြင့် ပဋိသမ္ဘိဒါမဂ်၌ ကုသလသီလ, အကုသလသီလ, အဗျာကတသီလ-အားဖြင့် သုံးပါးဟုဆိုသေး၏၊ ထိုသုံးပါးတို့တွင် အကုသလသီလသည် ယခု အလိုရှိ အပ်သော သီလနှင့် လက္ခဏ ရသ-စသည် တခုမျှ မတူသောကြောင့် ဤသုံးခုကို မယူအပ်ပြီ။ (သုံးခုစုံတွဲ၍ဆိုခြင်း တိကငါးခုပြီး၏။)]

စတုက္ကသီလ လေးမျိုး

၁။ လေးပါးပြားသောအဘို့၌ ဆုတ်ယုတ်ညံ့သော အဘို့ရှိသော သီလသည် ဟာနဘာဂိယသီလ မည်၏၊ သီလရှိသူကို မမှီဝဲ-ဒုဿီလကိုမှီဝဲ၍ အတုယူလွဲသဖြင့် လွန်ကျူးခြင်း၌လည်း အပြစ်မမြင်သော မိစ္ဆာဝိတက်အားကြီး၍ စက္ခုစသော ဣန္ဒြေ ကိုလည်း မစောင့်သော ရဟန်း၏ သီလတည်း။

ရပ်တည်သော အချို့ရှိသော သီလသည် ဌိတိဘာဂိယသီလ မည်၏၊ သီလ ပြည့်ရုံဖြင့် တင်းတိမ်၍ တရားထူးရခြင်းငှါ ဘာဝနာကမ္မဋ္ဌာန်း မစီးဖြန်းသော ရဟန်း၏ သီလ တည်း။

ထူးသောအဘို့ရှိသော သီလသည် ဝိသေသ ဘာဂီယသီလမည်၏၊ သီလပြည့်စုံ၍ ဈာန်သမာဓိအလို့ငှါ သမထအားထုတ်သော ရဟန်း၏ သီလတည်း။

သစ္စာလေးပါး ထိုးထွင်းနိုင်သော မဂ်အဘို့ရှိသော သီလသည် နိဗ္ဗေဓဘာဂိယသီလ မည်၏၊ သီလပြည့်စုံ၍ ခန္ဓာငါးပါး၌ ငြီးငွေ့ကြောင်း ဝိပဿနာကို အားထုတ်သော ရဟန်း၏ သီလတည်း။

၂။ ဘိက္ခု ပညပ်မှ၎င်း, ဘိက္ခုနီပညပ်မှ၎င်း ရဟန်းတို့ စောင့်အပ်သော သီလသည် ဘိက္ခု သီလမည်၏၊

ဘိက္ခုနီမတို့ စောင့်အပ်သော သီလသည် ဘိက္ခုနီ သီလမည်၏၊

သာမဏေတို့၏ ဆယ်ပါးသီလသည် အနုပသမ္ဗန္ဓ သီလမည်၏။

ဒါယကာတို့၏ အမြဲငါးပါးသီလ, အားထုတ်နိုင်လျှင် ဆယ်ပါးသီလ, ရှစ်ပါးသီလ တို့သည် ဂဟဋ္ဌသီလ မည်၏။

၃။ ပင်ကိုယ်သဘော အတိုင်းဖြစ်သော သီလသည် ပကတိသီလ မည်၏၊ မြောက်ကျွန်းသားတို့သည် ငါးပါးသီလကို မလွန်ကျူးကြ - ပင်ကိုယ်ဖြစ်၏၊

အမျိုး ရပ်ရွာ အယူဝါဒအလိုက် ဖြစ်သော အလေ့သည် အာစာရသီလ မည်၏။ အချို့ လူမျိုးတမျိုးလုံး အရက်မသောက်၊ အချို့ရပ်ရွာတရွာလုံး သူ့အသက်မသတ်၊ ရှေးလူကြီးတို့ ထားခဲ့သော စည်းကိုစောင့်၏။

ကာရဏနိယာမဖြင့်၊ ဝါ-ရှေးရိုးစဉ်လာ မြဲသော အကြောင်းဖြင့်ဖြစ်သော သီလသည် ဓမ္မတာသီလမည်၏၊ ဘုရားလောင်းသန္ဓေ ကိန်းအောင်းသောအခါ ဘုရားလောင်း မယ်တော်အား ယောက်ျားဟူသမျှ၌ ကာမရာဂ စိတ်မျှ မဖြစ်၊ ဤကား-ဓမ္မတာတည်း၊ ဘုရားလောင်း၏ သီလတန်ခိုးကြောင့် မယ်တော်အား အလိုလို ကိလေသာ ခေါင်းပါးသော သီလဖြစ်၏။

ရှေးဘဝဖြင့် ပြီးသော အကြောင်းရှိသော သီလသည် ပုဗ္ဗဟေတုကသီလ မည်၏၊ ရှင်မဟာကဿပ သဒ္ဒါကာပိလာနီ အစရှိသော သူတို့အား ဗြဟ္မာဘဝမှ လာသော ကြောင့် စင်ကြယ်သော သီလရှိ၏၊ ဘုရားလောင်း သီလဝမင်း ဖြစ်သောအခါ, ကျွဲမင်းဖြစ်သောအခါ တို့၌လည်း သီလ စင်ကြယ်ခြင်းသည် ဤအတူတည်း။

ဤသီလလေးခုသည် ဆောက်တည်ခြင်းမှကင်း၍ မလွန်ကျူးခြင်း လက္ခဏာရှိ၏။ သမ္မတ္တဝိရတိဖြင့် ရေတွက်အပ်၏။

၄။ ပါတိမောက် သိက္ခာပုဒ်သီလကို ကိုယ်နှုတ်ဖြင့် မလွန်ကျူးခြင်းသည် ပါတိမောက္ခသံဝရသီလ မည်၏။ ဤသာသနာတော်၌ ရဟန်းသည် ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံ၍နေ၏၊ အာစရဂေါစရနှင့် ပြည့်စုံ၏၊ သေးငယ်သော အပြစ်တို့၌ ဘေးကြီးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ကောင်းစွာ ဆောက်တည်၍ ကျင့်၏ဟု ဟောအပ်သော သီလဖြစ်၏။

စက္ခုစသော ဣန္ဒြေခြောက်ပါး၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းခြင်းသည် ဣန္ဒြိယ သံဝရသီလမည်၏။ ပါတိမောက္ခသံဝရသီလ၌ တည်သော ရဟန်းသည် မျက်စိဖြင့် ရူပါရုံမြင်သောအခါ အမှတ်နိမိတ် (အပေါင်း) ကိုမယူ၊ အဘို့အစု အနုဗျဉ္ဇန (အစိတ်) ကို ဣန္ဒြိယသံဝရ သီလပြည့်စုံသောကြောင့် မယူ။ စက္ခုန္ဒြေမစောင့်လျှင် အဘိဇ္ဈာ ဒေါမနဿ စသော အကုသိုလ်တို့ အစဉ် လိုက်ကုန်ရာ၏၊ ထိုစက္ခုကို ပိတ်ဆို့ခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်၏-စသည်ဖြင့် ဟောအပ်သော သီလဖြစ်၏။

မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် အာဇိဝပါရိသုဒ္ဓိသီလမည်၏- အသက်မွေးခြင်း အကြောင်းကြောင့် ပညပ်သော သိက္ခာပုဒ် ခြောက်ခုတို့ကို လွန်ကျူး၍ အသက်မွေး ခြင်းသည်၎င်း, ကုဟနာ၊ အံ့ဩဘွယ်ပြုခြင်း။ လပနာ၊ မိမိကိုမြှောက် တကာကို မြှောက်၍ ဆိုခြင်း။ နေမိတ္တိကတာ၊ ပစ္စည်းလှူအောင် နိမိတ် ပြုခြင်း။ နိဒ္ဒေသိကတာ၊ လာဘ်ရအောင် ဆဲရေးနှိပ်စက်၍ ဆိုခြင်း။ လာဘေန လာဘနိဇိဂိသနတာ၊ လာဘ်ဖြင့်လာဘ်ကို ရှာခြင်း-ဤသို့စသော ပါပါ ဓမ္မတို့ဖြင့် အသက်မွေးခြင်းသည်၎င်း မိစ္ဆာဇီဝမည်၏၊ ထိုမိစ္ဆာဇိဝမှ ရှောင်ကြဉ်သော သီလသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏ဟူလို၊

ဆင်ခြင်ခြင်းဖြင့် စင်ကြယ်သော ပစ္စည်းလေးပါး သုံးဆောင်ကြောင်း အပြစ် ကင်းသော စေတနာသည် ပစ္စယသန္နိဿိတ သီလမည်၏။ “ပဋိသင်္ခါ ယောနိသော” စသည်ဖြင့် ဟောအပ်သော သီလဖြစ်၏၊

(လေးခုစုံတွဲ၍ဆိုခြင်း စတုက္ကလေးခု ပြီး၏။)

ပဉ္စကသီလ ၂-မျိုး

၁။ ငါးပါးပြားသော အဘို့၌ သာမဏေတို့၏ သီလသည် ပရိယန္တပါရိသုဒ္ဓိသီလ မည်၏၊
ရဟန်းတို့၏ သီလသည် အပရိယန္တပါရိသုဒ္ဓိသီလ မည်၏၊
ပုထုဇဉ် ကလျာဏတို့၏ သီလသည် ပရိပုဏ္ဏပါရိသုဒ္ဓိသီလ မည်၏၊
သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့၏ သီလသည် အပရာမဋ္ဌပါရိသုဒ္ဓိသီလ မည်၏၊
ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါတို့၏ သီလသည် ပဋိပဿဒ္ဓိပါရိသုဒ္ဓိသီလ မည်၏။

၂။ ပါဏာတိပါတ စသည်ကို ပယ်ကြောင်း ကုသိုလ်စိတ္တုပ္ပါဒ် အပေါင်းသည် ပဟာနသီလ မည်၏၊
ပါဏာတိပါတ စသည်မှ ရှောင်ကြဉ်သော ဝိရတိသည် ဝေရမဏိသီလမည်၏၊
ပါဏာတိပါတစသည်၏ ဆန့်ကျင်ဘက် စေတနာသည် စေတနာသီလ မည်၏၊
ပါဏာတိပါတ စသည်ကို ပိတ်ဆို့ခြင်းသည် သံဝရသီလ မည်၏၊
ပါဏာတိပါတ စသည်ကို မလွန်ကျူးခြင်းသည် အဝီတိက္ကမသီလ မည်၏။

(ငါးခုစုံ တွဲ၍ဆိုခြင်း ပဉ္စက နှစ်ခုပြီး၏) ။

ပါတိမောက္ခ သံဝရသီလအကျယ်

ပါတိမောက္ခ သံဝရသံဝုတ

နိယျာနိက သာသနာဟု ယုံကြည်၍ ရဟန်းပြုသော အမျိုးကောင်းသားသည် သံသရာဘေး ရှုတတ်သောကြောင့် ဘိက္ခု မည်၏၊ ပိုင်းပိုင်း ဖြတ်ဆက် ပျက်သော အဝတ်ကို ဆောင်သောကြောင့်လည်း ဘိက္ခု မည်၏၊ ထိုဘိက္ခုသည် သိက္ခာပုဒ် သီလကို စောင့်ထိန်းတတ်သောကြောင့် ပါတိမည်၏၊

သိက္ခာပုဒ်သီလသည် ပါတိံ + မောက္ခတိ အနက်အားဖြင့် စောင့်ထိန်းသူကို အပါယ် ဆင်းရဲ စသည်မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ မည်၏၊ ကိုယ်နှုတ် မလွန်ကျူးခြင်း ဟူသော စောင့်ထိန်းခြင်းသည် သံဝရ မည်၏၊ သိက္ခာပုဒ်သီလ သည်ပင် ပါတိမောက္ခလည်း မည်၏၊ သံဝရလည်း မည်၏၊ ထိုသီလနှင့် ပြည့်စုံသော ရဟန်းသည် ပါတိမောက္ခသံဝရသံဝုတ မည်၏၊ ဣရိယာပုထ် လေးပါးဖြင့် အတ္တဘော ကို ဖြစ်စေခြင်းသည် ဝိဟရတိ မည်၏။

အာစာရ, ဂေါစရသမ္ပန္န

ဈာနဝိဘင်းပါဠိတော်၌ အာစာရ, အနာစာရ, ဂေါစရ, အဂေါစရ ခွဲ၍ ဟော၏။

အာစာရ

ကိုယ်, နှုတ်၌ဖြစ်သော လွန်ကျူးခြင်းသည် အနာစာရ မည်၏။ ဒုဿီလ၏ ဖြစ်ကြောင်း အမှုသည်လည်း အနာစာရမည်၏၊

ဝါးပေးခြင်း၊
သစ်ရွက် သစ်သီး စသည်ပေးခြင်း၊
ချစ်ခင်အောင် နှိမ့်ချ၍ ဆိုခြင်း၊
ပဲနောက်ဟင်း အလား အမှားများသော စကားကို ဆိုခြင်း၊
ကလေးထိန်းခြင်း၊
ခိုင်းစေရာသွားခြင်း၊
ဆေးကုခြင်း၊
ဘဏ္ဍာစိုးပြုခြင်း၊
ဆွမ်းတုံ့ပြန်ခြင်း -
စသော မိစ္ဆာဇီဝဖြင့် အသက်မွေးခြင်းသည်လည်း အနာစာရမည်၏၊

ထိုမှပြန်၍ ကိုယ်, နှုတ် မလွန်ကျူးခြင်း, သီလ စောင့်စည်းခြင်း, မိစ္ဆာဇီဝဖြင့် အသက်မမွေး - မိစ္ဆာဇီဝကြဉ်၍ အသက်မွေးခြင်းသည် အာစာရ မည်၏။

ဂေါစရ

အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်, မုဆိုးမအိမ်, အပျိုကြီးအိမ်, ပဏ္ဍုက်အိမ်, ဘိက္ခုနီမအိမ်ကျောင်း, သေတင်းကုပ် တို့၌ အကျွမ်းတဝင် ဆက်ဆံ၍ ဆွမ်းခံ၏။

“သုရာသောက်ထုတ်၊ သေတင်းကုပ် ၊ ပဏ္ဍုက်, ဘိက္ခူမ။
ပျိုကြီးဂေဟာ၊ ပြည့်တန်ဆာ၊ လင်ကွာမုဆိုးမ။
ဤခြောက်အိမ်တွင်၊ ကျွမ်းတဝင်၊ ဆွမ်းလျှင် မခံရ”။

မင်း, မင်းအမတ်, တိတ္ထိ တိတ္ထိသာဝကတို့နှင့် သိက္ခာ သုံးပါးအား မလျော်သော ရောနှောခြင်းဖြင့် ပေါင်းသင်း၏၊
ရတနာသုံးတန် ကံ-ကံ၏ အကျိုး ယုံကြည်သောသူ၊
ရဟန်းတို့ကို ဥပါသကာတို့ကို ဆဲရေး ခြိမ်းချောက်သောသူ၊
အကျိုးစီးပွား ချမ်းသာ မလိုလားသောသူတို့ထံ ချဉ်းကပ်၏၊
ဤ အိမ်ခြောက်အိမ် မင်း, အမတ် စသောသူ, မသဒ္ဓါသောသူတို့သည် အဂေါစရ မည်၏။

ထိုမှပြန်၍ အိမ်ခြောက်အိမ်၌ အကျွမ်းတဝင် ဆွမ်းခံ မဝင်၊ မင်း အမတ် စသည်တို့နှင့် မပေါင်းသင်း၊ သဒ္ဓါတရားရှိသောသူ စသည်တို့ထံကား ချဉ်းကပ်၏၊ ဤအလုံးစုံသည် ဂေါစရ မည်၏၊ ဤဆိုပြီးသော အာစာရ ဂေါစရနှင့် ပြည့်စုံသော ရဟန်းသည် အာစာရဂေါစရသမ္ပန္န မည်၏။

ကာယိက အနာစာရ

မဟာနိဒ္ဒေသပါဠိတော်၌ ကာယိက အနာစာရ စသည်ဖြင့် တနည်းခွဲ၍ ဟော၏၊

အချို့သော ရဟန်းသည် သံဃာ အစည်းအဝေးသို့ ရောက်သော်လည်း အရိုအသေ မပြု၊ မထေရ်ကြီးတို့ကို ကိုယ်ဖြင့်၎င်း, သင်္ကန်းဖြင့်၎င်း ထိခိုက်၍ ရပ်ခြင်း, ထိုင်ခြင်း ပြု၏၊ ရှေ့၌၎င်း, အမြင့်၌၎င်း, ဦးခေါင်းခြုံ၍၎င်း နေ၏၊ အနီး၌ရပ်၍ ပြောဆို၏ လက်ရုံးဆန့်တန်း၍ ပြောဆို၏၊ မထေရ်ကြီးတို့ ဘိနပ်မစီးဘဲ စင်္ကြံသွားကြစဉ် ဘိနပ်စီး၍ စင်္ကြံသွား၏၊ အနိမ့်၌သွားကြစဉ် အမြင့်၌၊ မြေ၌သွားကြစဉ် စင်္ကြံ၌ စင်္ကြံသွား၏၊ မထေရ်ကြီးတို့ နေရာသို့ တိုးဝှေ့၍ ဝင်နေ၏၊ သီတင်းငယ်တို့ကို နေရာဖြင့်တားမြစ်၏၊ စရုံးအိမ်၌ မထေရ်ကြီးတို့ကို မပန်ကြားဘဲ မီးထည့်၏၊ တံခါး ပိတ်၏၊ ရေဆိပ်၌ မထေရ်ကြီးတို့ကို တိုးဝှေ့၍ သက်ဆင်း၏၊ ရေချိုး၏၊ ပြန်တက်၏၊ ရွာသို့ဝင်သောအခါ မထေရ်ကြီးတို့ကို တိုးဝှေ့၍သွား၏၊ ရှေ့၌သွား၏၊ ဘေးမှ ကျော်တက်၏၊ အမျိုးသမီး ကြီး-ငယ်တို့ နေထိုင်ရာ အခန်းတွင်းသို့ အဆောတလျင် ဝင်၏၊ သတို့သားငယ်၏ ဦးခေါင်းကို ကိုင်၏၊ ဤအလုံးစုံသည် ကာယိက အနာစာရ မည်၏။

ဝါစသိက အနာစာရ

အချို့သောရဟန်းသည် သံဃာ့ အလယ်သို့ ရောက်သော်လည်း အရိုအသေမပြု၊ မထေရ်ကြီးတို့ကို မပန်ကြားဘဲ တရား ဟော၏၊ ပြဿနာဖြေ၏၊ ပါတိမောက် ပြ၏၊ အနီး၌ရပ်၍ ပြောဆို၏၊ လက်ရုံးဆန့်တန်း၍ ပြောဆို၏၊ ရွာတွင်းသို့ ဝင်ရောက်သော အခါ ဤမည်သော ဒါယိကာမ ... ဘာများစားစရာ ရှိသလဲ၊ ယာဂု ထမင်း, ခဲဘွယ် များ ရှိသလား၊ ဘာကို စားရသောက်ရမည်နည်း၊ ဘာလှူဦးမည်နည်းဟု အထွေထွေ ပြော၏၊ ဤအလုံးစုံသည် ဝါစသိက အနာစာရ မည်၏၊

ထိုအနာစာရ နှစ်ပါးမှ ပြန်၍ အာစာရနှစ်ပါးကို သိအပ်၏။

အာစာရ

တနည်း - ရဟန်းအားလုံး၏ အာစာရကိုပြသော အဋ္ဌကထာစကားကို ဆိုဦးအံ့၊

ရဟန်းဟူသည် ဂါရဝတရား ရှိသင့်၏၊ ကျိုးနွံ ပိပြားနှိမ်ချထားသင့်၏၊ အရှက် အကြောက် ကြီးသင့်၏၊ သေခိယကျင့်ဝတ် မချွတ်အောင် ဝတ်သင့်၏၊ ရုံသင့်၏၊ ကြည်ညိုဘွယ်ကို ဆောင်သော ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း, တူရူ ကြည့်ခြင်း, တစောင်း ကြည့်ခြင်း ကွေးခြင်း, ဆန့်ခြင်းဖြင့် မှတ်သားအပ်သောသူ ဖြစ်သင့်၏၊ အောက်သို့ ချသော မျက်လွှာရှိသင့်၏၊ ဣရိယာပုထ် အားလုံး ကြည်ညိုဘွယ် ရှိသင့်၏၊ ဣန္ဒြေခြောက်ပါးလုံး သတိတံခါးရွက် လုံသင့်၏၊ သုံးဆောင်အပ်သမျှသော ဘောဇန မည်သော ပစ္စည်းလေးပါး၌ ရှာခြင်းပမာဏ, ခံယူခြင်းပမာဏ သုံးဆောင်ခြင်းပမာဏ စသည်ကို သိသင့်၏၊ ညဉ့်ဦးယာမ်, မိုဃ်းသောက်ယာမ်ပတ်လုံး ဘာဝနာဖြင့် နိုးကြားခြင်းကို မပြတ် အားထုတ်သင့်၏ ဆိုပြီးသော အာစာရတို့၏ အဆောက်အဦကား - သတိသမ္ပဇည ရှိရမည်၊ မက်မောခြင်း ကင်းရမည်၊ ရသမျှ-ရှိသမျှဖြင့် ရောင့်ရဲရမည်၊ ဝီရိယရှိရမည်၊ အာဘိသမာစာရိက သီလငယ်တို့၌ ရိုသေရမည်၊ အလေးပြု သင့်သော နေရာတိုင်း အလေးပြုခြင်း များရမည်၊ ဤဂါရဝတရားရှိသင့်ခြင်း စသည်တို့သည် အကျိုးစီးပွား လိုလားသူတို့ ကျင့်အပ်သောကြောင့် အာစာရ မည်၏။

ဂေါစရ

ဂေါစရကား - ဥပနိဿယ, အာရက္ခ, ဥပနိဗန္ဓ - ဟု သုံးမျိုး ပြား၏၊ ထိုတို့တွင်...

၁။ ကလျာဏမိတ္တသည် ဥပနိဿယ ဂေါစရ မည်၏။ ဒသကထာဝတ္ထု ဂုဏ်ရှိ၏၊ ဝိဝဋ္ဋံနိဿိတစကား၏ တည်ရာဂုဏ်ဆယ်ပါး ရှိ၏၊

(အပိစ္ဆကထာ သန္တုဋ္ဌိကထာ, ပဝိဝေကကထာ, အသံသဂ္ဂကထာ, ဝီရိယာရမ္ဘကထာ, သီလကထာ, သမာဓိကထာ ပညာကထာ, ဝိမုတ္တိကထာ, ဝိမုတ္တိဉာဏဒဿနကထာ - ဤကား ဝိဝဋ္ဋနိဿိတ ကထာတည်း။)

ဤ ကလျာဏမိတ္တကို မှီ၍ မကြားဘူးသော တရားကြားရ၏၊ ကြားဘူးသောတရား အရှုပ်ကင်း၍ သန့်ရှင်း၏၊ ယုံမှားကင်း၏၊ အယူဖြောင့်၏၊ စိတ်ကြည်လင်၏၊ ဤ ကလျာဏမိတ္တသို့ အတုလိုက်၍ကျင့်လျှင် သဒ္ဓါ, သီလ, သုတ, စာဂ ပညာ တိုး၏၊ ဤ မိတ်ဆွေကောင်းသည် သီလစသော ဂုဏ်တို့၏ အားကြီးသော အကြောင်း ဖြစ်သောကြောင့် ဥပနိဿယဂေါစရ မည်၏။

၂။ သတိသည် အာရက္ခဂေါစရ မည်၏၊ ရဟန်းသည် ရွာသို့ဝင်သောအခါ မျက်လွှာချ၍ လေးတောင်ခန့်မျှကြည့်၍ သတိဖြင့် စောင့်စည်းလျက် သွား၏၊ ဆင်, မြင်း စသည်ကို မကြည့်မူ၍ သွား၏၊ ဤ စောင့်စည်းနိုင်သော သတိသည် စိတ်၏ အစောင့်အရှောက်ဖြစ်သောကြောင့် အာရက္ခ ဂေါစရ မည်၏။

၃။ ကမ္မဋ္ဌာန်းသည် ဥပနိဗန္ဓဂေါစရ မည်၏၊ သတိပဋ္ဌာန် လေးပါးသည် ရဟန်း စားကျက်-ဘ, ဘုရား၏ အမွေဟု ဟောသည်၊ ဤကမ္မဋ္ဌာန်းသည် စိတ်ကို ဖွဲ့ရာဌာန ဖြစ်သောကြောင့် ဥပနိဗန္ဓဂေါစရ မည်၏၊

ဤဆိုပြီးသော အာစာရ ဂေါစရနှင့် ပြည့်စုံသော ရဟန်းသည် အာစရဂေါစရသမ္မန္န မည်၏။

ဝဇ္ဇဘယဒဿာဝိ

လွန်ကျူးလိုသော စေတနာမရှိမူ၍ အမှတ်တမဲ့ ရောက်သော သေခိယ အပြစ်, ခန္ဓကဝတ်အပြစ်၌၎င်း အကုသိုလ်စိတ် ဥပါဒ်ခြင်းစသော သေးငယ်သော အပြစ်တို့ ၌၎င်း ဘေးကြီးတခုဟု အလေ့အားဖြင့် ရှုသောရဟန်းသည် ဘယဒဿာဝီ မည်၏၊ အဏုမြူကို မြင်းမိုရ်အနေ ရှုသကဲ့သို့ ဒုဗ္ဘာသီကို ပါရာဇိကအနေ ရှု၏။

(စေတနာမရှိလျှင် သေခိယအပြစ်မရှိ၊ သို့ရာတွင် ဘယဒဿာဝီ ပုဂ္ဂိုလ်ကား အလေးပြု၏။)

သမာဒါယသိက္ခတိ

သိက္ခာပုဒ်တို့၌ ကျင့်ထိုက်သမျှ မူလပညပ်, အနုပညပ် စသည် လုံးစုံ ကုန်အောင် ယူ၍ ကျင့်သော ရဟန်းသည် သမာဒါယသိက္ခတိ မည်၏၊ ပါတိမောက္ခသံဝရ သံဝုတော-ဟူသော (ပုဂ္ဂလဓိဋ္ဌာန်) ပါဠိဖြင့် ပါတိမောက္ခ သံဝရသီလကို ပြသည်၊ အာစာရဂေါစရသမ္ပန္နော, ဘယဒဿာဝီ, သမာဒါယသိက္ခတိ - ဟူသော သုံးပုဒ်ဖြင့် ပါတိမောက္ခသံဝရသီလ ပြည့်ကြောင်း အကျင့်ကိုပြသည်။

ဣန္ဒြိယသံဝရသီလအကျယ်

နိမိတ္တ

ဣန္ဒြိယသံဝရသီလ ပြည့်စုံလျှင် ပါတိမောက္ခသံဝရသီလ ကောင်းစွာ လုံ၏၊ ဣန္ဒြိယသီလသည် ပါတိမောက္ခသီလ၏ အဆောက်အဦဖြစ်၏၊ ဣန္ဒြိယသီလရှိမှ ပါတိမောက္ခသီလကို အလိုရှိအပ်၏ ဟူလို၊ ဣန္ဒြိယသီလ ပြည့်စုံလှသဖြင့် ပါတိမောက္ခ-သီလ၌တည်သော ရဟန်းသည် စက္ခုဖြင့် ရူပါရုံကိုမြင်လျှင် နိမိတ်ကို ယူလေ့မရှိ၊ ရာဂ, ဒေါသဖြစ်ခွင့်မပေး။

စက္ခု သက်သက်, စက္ခုဝိညာဏ်စိတ် သက်သက်ဖြင့် မမြင်၊ စက္ခုကိုမှီ၍ စက္ခုဝိညာဏ်စိတ်ဖြင့် ရူပါရုံမြင်သည်ကို စက္ခုမြင်သည်ဟုဆို၏၊ လေးကိုမှီ၍ မြှားဖြင့် ငှက်ပစ်သည်ကို လေးဖြင့်ပစ်သည်ဟု ဆိုသကဲ့သို့တည်း၊ အကြောင်း သမ္ဘာရနှင့် တကွ ဆိုသောကြောင့် သသမ္ဘာရကထာ မည်၏။

ဣတ္ထိ၏ ခန္ဓာကိုယ်၌ရှိသော အဆင်း (ရူပါရုံ) ကို အကြောင်းပြု၍တဖန် ယူအပ်သော ပုံသဏ္ဌာန်, သားမြတ်, ဆံထုံး, အဝတ်, မုတ်ဆိတ် မပေါက်ခြင်း, မသန့်ရှင်းသော သွားခြင်း စသည်တို့သည် နိမိတ်မည်၏၊ ဝါ-ဣတ္ထိ ဟုသိခြင်း၏ အကြောင်း ဖြစ်သောကြောင့် ဣတ္ထိနိမိတ် မည်၏၊

ပုရိသ၏ ကိုယ်၌ရှိသော အဆင်းကို အကြောင်းပြု၍ တဖန်ယူအပ်သော ပုံသဏ္ဌာန် မုတ်ဆိတ် စသည်တို့သည် နိမိတ်မည်၏၊ ဝါ-ပုရိသဟု သိကြောင်း ဖြစ်သောကြောင့် ပုရိသနိမိတ်မည်၏၊

ဣဋ္ဌာရုံသည် ရာဂဖြစ်ကြောင်း သုဘနိမိတ်
အနိဋ္ဌာရုံသည် ဒေါသဖြစ်ကြောင်း ပဋိဃနိမိတ်
မဇ္ဈတ္တာရုံသည် မောဟဖြစ်ကြောင်း ဥပေက္ခာနိမိတ်မည်၏၊

ဤသို့သော ဣတ္ထိ-ပုရိသဟု သိကြောင်း, ရာဂစသော ကိလေသာ ဖြစ်ကြောင်း နိမိတ်အမှတ်အသားကို မယူအပ်၊ ရူပါရုံမြင်လျှင်ဤကား အဆင်းရုပ်သာ ဖြစ်လတ္တံ့ -အဆင်းရုပ်သာ ဖြစ်လတ္တံ့ - ဟု စိတ်တည်အောင် ထားအပ်၏။ နှစ်သက်စရာ ဟူ၍၎င်း, စက်ဆုပ်စရာဟူ၍၎င်း သုဘစသော အခြင်းအရာကို မကြံစည်အပ်။

ရေကြီးခဲ့ဘူးသောနေရာ၌ ရေအရေးအသားကိုသာ မြင်နိုင်သည်၊ ရေကို မမြင်နိုင်၊ စိတ်ကူးကောင်းသူကား ဤအရေးအသားသည် ရေ၏အမှတ် ဖြစ်၏၊ ဤနေရာအထိ ရေကြီးခဲ့သည်ဟု အတွေးဖြင့်သိသည်၊

ဤအတူ စက္ခုဒွါရဝီထိစိတ်ဖြင့်၊ ဝါ-မျက်စိဖြင့် အဆင်းရူပါရုံကိုသာ မြင်နိုင်သည်၊ ဣတ္ထိ ပုရိသကို မမြင်နိုင်၊ စိတ်ကူးကောင်းသူကား ဤအဆင်းသည်ဤသို့ ပုံဟန် သဏ္ဌာန်ရှိ၏၊ ထို့ကြောင့် ဣတ္ထိဖြစ်၏၊ ပုရိသဖြစ်၏-ဟု မနောဒွါရ ဝီထိ စိတ် အတွေးဖြင့် သိ၏၊ နိမိတ်ကိုယူလေ့မရှိသူအား မြင်သော ဝီထိအစဉ်သာ ဖြစ်သည်၊ တွေးဆသော ဝီထိစိတ်စဉ် မဖြစ်။

အနုဗျဉ္ဇန

လက်, ခြေ ပြုံးရယ်ခြင်း, စကားဆိုခြင်း, ကြည့်ရှုခြင်း စသော အခြင်းအရာ အစိတ်အပိုင်းသည် အနုဗျဉ္ဇန မည်၏၊ ဝါ-ကိလေသာတို့ကို အဖန်ဖန် ထင်ရှားစွာ ဖြစ်အောင် ပြုတတ်သောကြောင့် အနုဗျဉ္စန မည်၏၊ ဤသူ လက်ခြေသည် တင့်တယ်စွ၊ ပြုံးခြင်း, ကြည့်ခြင်းသည် ယဉ်လေစွ-စသည် ဖြင့် အစိတ်အပိုင်း တို့၌ ကြံစည် စိတ်ကူးလျှင် ကိလေသာ အဖန်ဖန် ထင်ရှား၏၊ ဤသို့သော အခြင်းအရာ အစိတ်အပိုင်း အနုဗျဉ္ဇနကို မယူအပ်၊ ထိုကိုယ်၌ရှိသော အစိတ်အပိုင်း ဖြစ်သော ဆံပင်-မွေးညှင်း စသည်ကို၎င်း ဘူတရုပ်-ဥပါဒါရုပ်ကို၎င်း ဟုတ်တိုင်းမှန်စွာသာ ယူအပ်၏။

သွားရိုး အသုဘရှုခြင်း

အခါတပါး စေတိယတောင်၌ သီတင်းသုံးသော မဟာတိဿ မထေရ်သည် အနုရာဓမြို့သို့ ဆွမ်းခံဝင်စဉ် ခရီးအကြား၌ တခိခိရယ်သော အသံကို ကြားရသဖြင့် အဘယ်အရာနည်းဟု ကြည့်လတ်သော် တစိတ်တဒေသ သွားရိုးတို့ကိုမြင်၏၊ ငါယခုမြင်ရသော အာရုံကား-သွားရိုး, အရိုးစု စက်ဆုပ်ဘွယ်ဟု လက်ကိုင်နှလုံးသွင်း အတိုင်း ဟုတ်တိုင်းမှန်စွာယူမိ၏၊

(ဤရယ်သောအသံသည် သာယာလှလေစွဟု အနုဗျဉ္ဇနကို မယူ၊ ဤအာရုံ၌ မုတ်ဆိတ်ကျင်စွယ် မရှိဟု နိမိတ်ကိုလည်း မယူ။)

ဟုတ်တိုင်းမှန်စွာ ယူသောကြောင့် တကိုယ်လုံး အရိုးစု ပဋိဘာဂနိမိတ် ထင်လာ၍ ပဌမဈာန်ရ၏။ ထို ဈာန်သမာဓိကို အခြေခံ၍ ဝိပဿနာ ပွားလတ်သော် မဂ် အဆင့်ဆင့်ဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊

ထိုနောက် ယောက်ျားတယောက်သည် ထိုလမ်းခရီးတွင် မထေရ်ကို မြင်လတ်သော် အရှင်ဘုရား ... မိန်းမတယောက် သွားသည်ကိုမြင်မိပါသလောဟု မေးသောအခါ ဤသို့ဖြေဆို၏။

နာဘိဇာနာပိ ဣတ္ထိ ဝါ ပုရိသော ဝါ ဣတောဂတော၊
အပိစ အဋ္ဌိသင်္ဃာတော ဂစ္ဆတေသမဟာပထေ။

အာဝုသော၊ ဒါယကာ။
ဣတောဂတော၊ ဤအရပ်သို့ သွားသောသူသည်။
ပုရိသောဝါ၊ ယောက်ျားဖြစ်သည်ဟူ၍၎င်း၊
ဣတ္ထိဝါ၊ မိန်းမဖြစ်သည်ဟူ၍၎င်း၊
နာဘိဇာနာမိ၊ ငါမသိ။
အပိစ၊ စင်စစ်သိရသည်ကား။
မဟာ ပထေ၊ လမ်းမကြီး၌။
ဂစ္ဆတိ၊သွားသော။
ဧသ၊ ဤသူသည်။
အဋ္ဌိသင်္ဃာတော၊ အရိုးစုတခုဖြစ်ပေ၏။

ဤ၌ တခိခိရယ်သံပြုသူကား လင်ယောက်ျားနှင့် ရန်ဖြစ်၍ မိဘရပ်ထံ ပြန်မည်ဟု လှပတင့်တယ်စွာ ဆင်မြန်းပြီးလျှင် အနုရာဓမြို့မှ ထွက်လာသော အပျိုးချွေးမ တယောက်ဖြစ်၏၊ မထေရ်ကိုမြင်လျှင် ရာဂမချုပ်တည်းသော စိတ်ဖြင့် အသံပေး၍ ရယ်သတတ်၊ ဘာဝနာ အလေ့အလာ များသောကြောင့် သွားရိုးမြင်သဖြင့် တကိုယ်လုံး အရိုးစု ထင်လေသည်၊ ဤကား-အနုဗျဉ္ဇနကို မယူ၊ ဟုတ်တိုင်းမှန်စွာ အသုဘ အရိုးစုဟု ယူပုံ ဣန္ဒြေစောင့်စည်း ပုံတည်း။

စက္ခုန္ဒြေစောင့်ပုံ

စက္ခုန္ဒြေကို မစောင့်လျှင် အဘိဇ္ဈာ, ဒေါမနဿ စသော တရားဆိုးတို့သည် အစဉ် မပြတ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုစက္ခုကို စောင့်ခြင်းငှါ သတိ တံခါးရွက်ဖြင့် မျက်စိတံခါးကို ပိတ်သောသူသည် စက္ခုစောင့်သည် မည်၏၊ မုချ အားဖြင့်ကား စက္ခု၌ သံဝရငါးပါး အသံဝရငါးပါး မရှိ၊ ဇော၌သာရှိသည်၊ ဇောစောင့်လျှင် ဣန္ဒြေစောင့်သည် မည်၏။

ချဲ့ဦးအံ့ -- စက္ခုပသာဒ, ရူပါရုံရှေးရှု ဆုံသောအခါ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆန်း, သန္တီရဏ, ဝုဋ္ဌော ဇောခုနစ်ကြိမ်, တဒါရုံ နှစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏၊ ထိုစိတ်အစဉ်၌ ဘဝင်္ဂစလနမှ ဝုဋ္ဌောအထိ သံဝရ အသံဝရမရှိ၊ ဇောခဏ၌ ရှိသည်။

ဇောခဏ၌ သီလပျက်ခြင်း, သတိလွတ်ခြင်း, ဉာဏ်ကင်းခြင်း, သည်းမခံခြင်း, ပျင်းရိခြင်း ဟူသော အသံဝရငါးပါး ဖြစ်လျှင် စက္ခုမစောင့်သည် မည်၏၊ မြို့တံခါး ကြီးလေးပေါက် မပိတ်လျှင် မြို့တွင်း အိမ်တံခါး ပိတ်သော်လည်း မြို့တွင်းလုံသည် မမည်၊ မြို့တံခါးကြီးဖြင့်ဝင်၍ ခိုးသူတို့ အလိုရှိတိုင်းပြုနိုင်ကုန်၏၊

ဤအတူ ဇောခဏ၌ သီလပျက်ခြင်း စသည်တို့ကြောင့် ဇောမလုံလျှင် စက္ခုဒွါရလည်း မလုံ၊ ဘဝင်လဲမလုံ၊ ကြွင်းသော ဝီထိစိတ်လည်း မလုံ။ ဤ၌ပဉ္စဒွါရိကဇောသည် ကာယဝိညပ်, ဝစီဝိညပ်ကို မဖြစ်စေနိုင်သောကြောင့် ပဉ္စဒွါရ၌ သီလပျက်ခြင်း မရှိ၊ မနောဒွါရိကဇောကား ဝိညပ်ကို ဖြစ်စေနိုင်သောကြောင့် မနောဒွါရ၌သာ သီလ ပျက်သည်၊ ထို့ကြောင့် သီလအသံဝရ တခုကိုမနောဒွါရ၌ သိအပ်၏။ ကြွင်းသော (သတိလွတ်ခြင်း စသော) အသံဝရလေးခုကို ခြောက်ဒွါရလုံး၌ သိအပ်၏၊

ဇောခဏ၌ သီလ, သတိ, ဉာဏ်, ခန္တီ, ဝီရိယ ဟူသော သံဝရငါးပါး ဖြစ်လျှင် စက္ခုစောင့်သည် မည်၏၊ မြို့တံခါးကြီး လေးပေါက် ပိတ်လျှင် မြို့တွင်းအိမ်တံခါး မပိတ်သော်လည်း မြို့တွင်းလုံသည် မည်၏၊ မြို့တံခါး ပိတ်ထားသောကြောင့် သူခိုးတို့ မဝင်နိုင်၊ ဤအတူ ဇောခဏ၌ သီလရှိခြင်း စသည်တို့ကြောင့် ဇောလုံလျှင် စက္ခုဒါရလည်း လုံ၏၊ သံဝရဖြစ်သော်လည်း စက္ခုန္ဒြေ၌ သံဝရဖြစ်သည် မည်၏။

သောတဖြင့် သဒ္ဒါရုံကြားသောအခါ စသည်တို့၌လည်း ဤနည်းမှီ၍ သိအပ်၏။ ဤသို့လျှင် ရူပါရုံစသော အာရုံ ခြောက်ပါး၌ ကိလေသာ အစဉ်လိုက်တတ်သော အမှတ်နိမိတ် ယူခြင်းမှ၎င်း, အခြင်းအရာ အနုဗျဉ္ဇန ယူခြင်းမှ၎င်း ကြဉ်ခြင်းလက္ခဏာ ရှိသော သီလသည် ဣန္ဒြိယသံဝရသီလ မည်၏။

အာဇီဝ ပါရိသုဒ္ဓိ သီလ အကျယ်

သိက္ခာပုဒ် ၆-ပါး

အသက်မွေးခြင်း ဟူသော အကြောင်းကြောင့်၊ ဝါ-အသက်မွေး ချောင်ချိအောင် ယုတ်မာသော အလိုဆိုးဖြင့် ထင်ရှားမရှိသော ဥတ္တရိမနုဿဓမ္မကို ဝါကြွား၍ ပြောဆိုအံ့၊ ဝါ-အသက်ထွက်အောင် ပြောဆိုအံ့။ ပါရာဇိက။ (သီလသည် ရဟန်း၏ အသက်မည်၏။)

ထို့အတူ --
အောင်တမန် သွားလာအံ့ - သံဃာဒိသိသ်၊
သင်၏ကျောင်း၌နေသော ရဟန်းသည်ရဟန္တာဖြစ်သည် စသည်ဖြင့် သွယ်ဝိုက်၍ ဆိုအံ့။ သိလျှင် ထုလ္လစဉ်း၊
ပဏီတ ဘောဇဉ်ကို မနားမဖျားဘဲ မိမိအလို့ငှါ တောင်းစားအံ့-ပါစိတ်၊
ဘိက္ခုနီသည် ပဏီတကို တောင်းစားအံ့ - ပါဋိဒေသနီ၊
ဟင်းကို၎င်း, ထမင်းကို၎င်း မနာမဖျားဘဲ မိမိအလို့ငှါ တောင်းစားအံ့-ဒုက္ကဋ်၊

ဤသို့ အသက်မွေးခြင်း ဟူသော အကြောင်းကြောင့် သိက္ခာပုဒ်ခြောက်ခုကို ပညပ်သည်၊ (ဘိက္ခု၌ ငါးခု)။ ဤသိက္ခာပုဒ်ခြောက်ခုကို လွန်ကျူး၍ အသက် မွေးခြင်းသည် မိစ္ဆာဇီဝ မည်၏။ (ကုဟနာ စသည်ဖြင့်လည်း မိစ္ဆာဇီဝ မည်၏)။

ကုဟနာ ၃-ပါး

၁။ ပစ္စည်းလာဘ်ရလို၍ အံ့ဩဘွယ်ပြုခြင်းသည် ကုဟနာ မည်၏၊ ပစ္စယပဋိသေဝန ကုဟနာ, သာမန္တဇပ္ပန ကုဟန, ဣရိယာပထသန္နိဿိတ ကုဟနာ-ဟူ၍ သုံးပါး ပြား၏၊

ထိုသုံးပါးတို့တွင် ဒါယကာတို့က ပစ္စည်း လာဘ်ဖြင့် လာလှူသောအခါ အလိုနည်းပါး လေဟန် ပယ်လှန်ခြင်းဖြင့်၎င်း၊ အလိုနည်းသော အရှင်ကောင်းဟု လွန်စွာကြည်ညို၍ မွန်မြတ်သောလာဘ် တို့ဖြင့် လာလှူသောအခါ ဤသို့သော ဒါယကာတို့ကို ချီးမြှောက်ရဦးတော့ မည်ဟုဆို၍ အလှူခံခြင်းဖြင့်၎င်း လာဘ်များများရအောင် အံ့ဩဘွယ် ပြုခြင်းသည် ပစ္စယပဋိသေဝန ကုဟနာ မည်၏၊

မဟာနိဒ္ဒေသ၌ ဟောပုံကား -- ရဟန်းတို့ … ပစ္စည်းလေးပါးဖြင့် အလှူခံတော်မူပါဟု လျှောက်သောအခါ ဒါယကာတို့ ... ရဟန်းတို့အား အဘိုးတန် ပစ္စည်းလေးပါးဖြင့် အကျိုး မရှိ၊ ထိုထိုအရပ်၌ကျသော အဝတ်စုတ်ကို ပံသုကူသင်္ကန်းပြု၍ ဆောင်ခြင်း သည် လျောက်ပတ်၏၊ ဆွမ်းခံ၍ရသမျှဖြင့် မျှတခြင်းသည် လျောက်ပတ်၏၊ သစ်ပင်ရင်း, လွင်တီးခေါင်သည် လျောက်ပတ်၏၊ နွားကျင်ပုပ် ရှိရှားပိုင်းဆေးသည် လျောက်ပတ်၏-ဟု ပစ်ပယ်သောစကားကိုဆို၏၊ ခေါင်းပါး ညံ့ဖျင်းသော ပစ္စည်း လေးပါးကိုလည်း မှီဝဲ၏၊

ထိုရဟန်းကို လူတို့သည် လောဘနည်းသည်, အကျင့်ကောင်းသည် ဟု မွန်မြတ်သော ပစ္စည်းတို့ဖြင့် အနည်းငယ်မျှဖြစ်ဖြစ် အလှူခံတော်မူပါ” ဟု အလွန့် အလွန် လှူကြကုန်၏၊ ထိုအခါ ဤသို့ဆို၏၊ ဒါယကာတို့ ... သင်တို့အား ပစ္စည်း, သဒ္ဓါ အလှူခံ အားဖြင့် အကြောင်းသုံးပါးညီမှ ကုသိုလ်ဖြစ်သည်၊ သင်တို့အား သဒ္ဓါလည်း ရှိပြီ၊ လှူဘွယ်ပစ္စည်းလည်း ရှိပြီ၊ ငါဆရာလည်း အလှူခံဖြစ်ခဲ့၏၊ ငါ အလှူမခံလျှင် သင်တို့သည် ကုသိုလ်မှ အပ လွင့်စင်ကုန်လတ္တံ့၊ သင်တို့၏ ပစ္စည်းဖြင့် အလို မရှိသော်လည်း သင်တို့အား သနားသောအားဖြင့် အလှူ ခံရဦးတော့မည်ဆို၍ များစွာသောပစ္စည်းတို့ကို ခံယူ၏၊ ထိုရဟန်း၏ ထိုသို့ သဘောရှိသော မျက်မှောင် တရှုံ့ရှုံ့ ပြုခြင်း, အံ့ဩဘွယ်ပြုခြင်းသည် ပစ္စယပဋိသေဝနကုဟနာ မည်၏။

၂။ ယုတ်မာသော အလိုဆိုးရှိ၍ ဈာန်ရ ပုဂ္ဂိုလ်, အရိယာ ပုဂ္ဂိုလ်ဟု မှတ်ထင်စရာ စကားဖြင့် အံ့ဩဘွယ် ပြုခြင်းသည်၊ ဝါ-သူတပါးကို ပြောသကဲ့သို့ မိမိနှင့်နီးအောင် ပြောခြင်းသည် သာမန္တဇပ္ပန ကုဟနာ မည်၏၊

နိဒ္ဒေသ၌ ဟောပုံကား -- အချို့သောရဟန်းသည် ယုတ်မာသော အလိုဆိုး ရှိ၍ လူအပေါင်း ချီးမွမ်းလတ္တံ့ ဟု ဈာန်မဂ်ဖိုလ်နှင့် စပ်သော စကားကို ပြောဆို၏၊ ဤသို့သော သပိတ် သင်္ကန်း ပရိက္ခရာကိုဆောင်သော ရဟန်းသည် အလွန် တန်ခိုးကြီး၏၊ ဤမည်သော ဆရာ၏ တပည့်သည်, ဤမည်သော ကျောင်း၌ နေသော ရဟန်းသည် အလွန်တန်ခိုးကြီး၏ - စသည်ဖြင့် ပြောဆို၏၊

တနည်းကား -- စက်ဆုပ်ဘွယ် မြူနှင့်တူသော အလိုဆိုးဖြင့် ကိုယ် နှုတ်ကို လွန်စွာစောင့်စည်း၍ အလွန် မျက်မှောင်ကြုတ်ခြင်း, အံ့ဩစေခြင်း အပြောကြီးခြင်း တို့ဖြင့် မိမိစကားအရ သူတကာ ချီးမွမ်းနိုင်အောင် ဤ ရဟန်းသည် ဤမျှ သမာပတ် ရ၏ စသည်ဖြင့် နက်နဲဖုံးကွယ်သော စကားတို့ကို ပြောဆို၏၊ ထိုရဟန်း၏ ထိုသို့ သဘောရှိသော မျက်မှောင်ရှုံ့ခြင်း အံ့ဩဘွယ်ပြုခြင်းသည် သာမန္တဇပ္ပနကုဟနာ မည်၏။

၃။ ယုတ်မာသော အလိုဆိုးရှိ၍ ချီးမွှမ်းအောင်ပြုအပ်သော ဣရိယာပုထ်ဖြင့် အံ့ဩဘွယ် ပြုခြင်းသည် ဣရိယာပထ သန္နိဿိတကုဟနာ မည်၏၊

နိဒ္ဒေသ၌ ဟောပုံကား -- အချို့သောရဟန်းသည် ဤသို့ပြုလျှင် လူအများ ချီးမွမ်းလတ္တံ့ဟု သွားခြင်း, အိပ်ခြင်း စသော ဣရိယာပုထ်ကို ကောင်းစွာ ပြုပြင်၍ ထား၏၊ ပုဂ္ဂိုလ်ထူး ဟူ၍ သိကြပါစေဟု တောင့်တလျက် ဖြည်းညှင်းစွာသွားခြင်း စသည်ကို ပြု၏၊ သမာပတ်ဖြင့် တည်ကြည်ဟန် သွားခြင်း စသည်ကိုပြု၏၊ အထင်အရှား အများ မြင်လောက်ရာ၌ ဈာန်ဝင်စားနေ သကဲ့သို့ မှိန်မှိန်ကုပ်ကုပ် ရှုခြင်းကိုပြု၏၊ ထိုရဟန်း၏ ထိုသို့သဘောရှိသော ဣရိယာပုထ်ကို ထားခြင်း, မျက်မှောင် ရှုံ့ခြင်း အံ့ဩဘွယ် ပြုခြင်းသည် ဣရိယာပထသန္နိဿိတကုဟနာ မည်၏။

လပနာ ၁၃-ပါး

၁။ ပစ္စည်းလာဘ်ရလို၍ မြောက်ပင့်၍ပြောခြင်း စသည်တို့သည် လပနာ မည်၏၊ များသော အပြားရှိ၏။

၂။ တင်ကြို၍ ဆိုခြင်းသည် အာလပနာ မည်၏၊ ကျောင်းသို့ရောက်လာသော ဒါယကာကို ဘာကိစ္စလာသလဲ၊ ပင့်ဘိတ်ရန် လာသလား၊ သွားနှင့်ကြ၊ ငါကြွလာ ခဲ့မည်ဟု တင်ကြို၍ ဆို၏၊

တနည်း -- မိမိ ကိုယ်ကို မြှောက်၍ ဆိုခြင်းသည် အာလပနာ မည်၏၊ ငါသည် ဤ မည်သော ပုဂ္ဂိုလ်ဖြစ်၏၊ ဤမည်သော မင်း, အမတ် စသည် တို့သည် ငါ့ကို အလွန် ကြည်ညို၏ စသည်ဖြင့် မိမိကိုယ်ကိုမြှောက်၍ ဆို၏၊ (မေးလျှောက်မှ ဤသို့သော စကားကို ဆိုခြင်းသည့် လပနာ မည်၏) ။

၃။ ဒါယကာတို့နှင့် ဆန့်ကျင်မည်ကို ကြောက်၍ အလိုက်သင့် အခွင့် ပေးကာပေးကာ ကောင်းစွာဆိုခြင်းသည် သလ္လပနာ မည့်၏။

၄။ သူကြွယ်ကြီး အလှူ့ရှင်ကြီး, မင်းကတော်ကြီး - စသည်ဖြင့် မြှောက်ပင့်၍ ဆိုခြင်းသည် ဥလ္လပနာ မည့်၏။

၅။ ခပ်သိမ်းသော အဘို့အားဖြင့် လွန်စွာမြှောက်ပင့်၍ ဆိုခြင်းသည် သမုလ္လပနာ မည်၏။

၆။ ဆင့်ကာ ဆင့်ကာရစ်၍ ဆိုခြင်းသည့် ဥန္နဟနာမည်၏၊ ဒါယကာတို့ ... ရှေးအခါ ဤသို့သောအချိန်၌ ကောက်ဦး, ပဲဦး လှူကြသည်၊ ယခု မလှူကြပြီလော-စသည်ဖြင့် လှူပါမည်ဟု ဝန်မခံမချင်း၊ ဆင့်ကာ ဆင့်ကာ ရစ်သည်၊

တနည်း -- ဖြေပြောသူကို ရစ်ပတ်၍ ဆိုခြင်းသည် ဥန္နဟနာ မည်၏၊ ကြံချောင်း ကိုင်လာသူကို ဤကြံချောင်း အဘယ်က ယူခဲ့သနည်း-ဟု ရစ်၏၊ ကြံခင်းက ယူခဲ့သည်ဟု ဖြေလတ်သော် ချိုရဲ့လား-ဟု ရစ်ပြန်၏။ စုတ်ကြည့်မှ သိမည်ဟု ဖြေပြန်သော် “ကြံ လှူစမ်းပါ” ဟူ၍တော့ ရဟန်းများ မပြောကောင်းဟု ရစ်ပြန်၏၊ ဤသို့ ဖြေပြောသူကို ရစ်ပတ်၍ ပြောဆိုလေသည်။

၇။ ခပ်သိမ်းသော အဘို့အားဖြင့် လွန်စွာရစ်ပတ်၍ ဆိုခြင်းသည် သမုန္နဟနာ မည်၏။

၈။ ချီးကျူး၍ ပြခြင်းသည် ဥက္ကာစနာ မည်၏၊ ဤဒါယကာသည် ငါ့ကို ဘယ်အခါမှ မမေ့၊ လှူစရာရှိလျှင် ငါ့အားသာလှူသည် စသဖြင့် ပြောဆို၏။

တေလကန္ဒရိကာဝတ္ထု

ရဟန်းနှစ်ပါးသည် ရွာငယ်တခု ဆွမ်းစားကျောင်း၌ ထိုင်၍ သတို့သ္မီး တယောက်ကို ခေါ်လိုက်၏၊ ရောက်လာသောအခါ အဘယ်သူ၏ သမီးနည်းဟု တပါးက မေး၏၊ တေလကန္ဒရိကာ မည်သော ဒါယိကာမကြီး၏ သမီးဖြစ်သည်၊ ထိုဒါယိကာမကြီး သည် အကျွန်ုပ်အပေါ်၌ အလွန်သဒ္ဓါတရား ကောင်းသည်၊ ထောပတ် လှူလျှင် တအိုးလုံး လှူလေ့ရှိသည်၊ ဤသတို့သမီးလည်း သူ့မိခင်ကဲ့သို့ တဖြတ်တည်းပါဘဲဟု ချီးကျူ းသတတ်။

၉။ ခပ်သိမ်းသော အဘို့အားဖြင့် အဖန်ဖန် ချီးကျူး၍ ပြခြင်းသည် သမုက္ကာစနာ မည်၏။

၁၀။ မှန်သောအတိုင်း တရားအတိုင်းကို မငဲ့မူ၍ ချစ်ခင်အောင် အဖန်ဖန် များစွာ ဆိုခြင်းသည် အနုပ္ပိယဘာဏိတာ မည်၏။

၁၁။ မိမိကိုယ်ကို များစွာနှိမ့်ချ၍ ခင်ဗျား,ကျုပ်, ဟုတ်ကဲ့-စသည်ဖြင့် အောက်ကျစွာ ဆိုခြင်းသည် စာတုကမျတာ မည်၏။

၁၂။ ပဲနောက်ဟင်းအလား အမှားများစွာ ဆိုခြင်းသည် မုဂ္ဂသူပျတာ မည်၏၊ ပဲနောက်ချက်လျှင် မဖောက်ပြန်သော၊ ဝါ-မကျက်သော ပကတိ ပဲနောက်နည်း၏၊ ဖောက်ပြန်၍ ကျက်သော ဝိကတိပဲနောက် များ၏၊ ထို့အတူ တကာ တကာမ ကျေနပ်အောင် ပကတိအမှန် နည်း၍ ဝိကတိ အမှားများစွာ ဆိုသော စကားသည် ပဲနောက်ဟင်းနှင့် တူသော စကားမည်၏။

၁၃။ သတို့သားငယ်တို့ကို အထိန်းကဲ့သို့ ရင်ခွင်ဖြင့်၎င်း၊ ပခုံးဖြင့်၎င်း ချီပိုးခြင်းသည် ပါရိဘဋျတာ မည်၏။

နေမိတ္တကတာ ၆-ပါး

၁။ နိမိတ်ပြု၍ အသက်မွေးသူသည် နိမိတ္တက မည်၏၊ ထိုသူ၏ ဖြစ်ကြောင်း အမူအရာသည် နေမိတ္တကတာ မည်၏၊ ပစ္စည်းလာဘ် ရလို၍ နိမိတ်ပြုခြင်း, အလို ပြခြင်း စသည်ဖြင့် များသော အပြား ရှိ၏။

အမှတ်သညာကို ဖြစ်စေသော ကာယကံ, ဝစီကံသည် နိမိတ္တမည်၏၊ ပစ္စည်းလှူရန် အမှတ် ရနေအောင် ပြုမှု, ပြောမှု ဖြစ်သည်။

၂။ စားသောက်ဘွယ် ယူသွားသည်ကို မြင်၍ “စားသောက်ဘွယ် ရခဲ့ကြသလား” စသည်ဖြင့် နိမိတ်ကိုပြုခြင်းသည် နိမိတ္တကမ္မ မည်၏။

၃။ မိမိအလိုကို ပြခြင်းသည် ဩဘာသ မည်၏၊ ရဟန်းတို့အား ရှားပါးလှသည် စသည်ဖြင့် ပစ္စည်းနှင့်စပ်သော စကားဖြစ်သည်။

၄။ အလိုပြခြင်းကို ပြုခြင်းသည် ဩဘာသကမ္မ မည်၏၊ နွားငယ် သက်သက် ကျောင်းသော သူငယ်တို့ကို ဤနွားငယ်တို့သည် နို့စို့သလော, ရက်တက် သောက်သလော ဟုမေး၏၊ နို့စို့ဆိုလတ်သော် နို့စို့သည်မဟုတ်၊ အကယ်၍ နို့စို့လျှင် ရဟန်းလည်း နွားနို့ ရကုန်ရာ၏၊ ဤသို့ စသောနည်းဖြင့် ထိုသူငယ်တို့ကို မိဘတို့ထံ ပြောစေခြင်းဖြင့် လာလှူအောင်ပြုခြင်း ဖြစ်၏။

၅။ လိုအပ်သောပစ္စည်းသို့ နီးကပ်အောင် ဆိုခြင်းသည် သာမန္တဇပ္ပန မည်၏။

ကုလူပကဝတ္ထု

ကုလူပက ရဟန်းကြီး တပါးသည် ဆွမ်းစားလို၍ အိမ်တအိမ်သို့ ဝင်ထိုင်၏၊ ထို ရဟန်းကိုမြင်လျှင် မလှူချင်သော အိမ်ရှင်မသည် ဆန်မရှိဟု ဆို၍ ဆန်ရှာဟန်ဖြင့် အနီးအနား အိမ်တအိမ်သို့ ဆင်းသွား၏၊ ရဟန်းကလည်း အခန်းတွင်းဝင်၍ ကြည့်ရှုလတ်သော် ကြံချောင်း, ထန်းလျက် ငါးခြောက်ပြားအဖက်နှင့် ဆန်ခွက်, ထောပတ်အိုးတို့ကို မြင်ပြီးလျှင် အသာထွက်၍ ထိုင်နေ၏၊

အိမ်ရှင်မသည် ဆန်တို့ကိုမရခဲ့ ဟုဆို၍ ပြန်လာသောအခါ ဒါယိကာမကြီး ယနေ့ ငါ့အား ဆွမ်းမပြည့်စုံလတ္တံ့ဟု စောစောကပင် နိမိတ်မြင်ခဲ့ပေသည်ဟု ဆို၏၊ အဘယ် သို့သော နိမိတ်ပါနည်းဟု မေးလတ်သော် အခန်းတံခါးထောင့်အနီး ကြံချောင်းကြီး အနေ မြွေကြီး တကောင်ကို မြင်ခဲ့၏၊

မြွေကိုပစ်ခတ်စရာ ရှာသောအခါ ခွက်ထဲက ထန်းလျက်ခဲလောက် ကျောက်ခဲကိုရ၏၊ ကျောက်ခဲဖြင့် ပစ်သောအခါ ခြင်းတောင်းထဲက ငါးခြောက်ပြားမျှ ပါးပြင်းကြီး ထောင်ပြ၏၊ မြွေသည် ကျောက်ခဲကို ကိုက်လိုသဖြင့် အိုးထဲက ဆန်စေ့အလား ဖြူဖွေးသော သွားတို့ကို မြင်ရအောင် ပေါ်လွင်စေ၏၊ အမျက်တရှူးရှူး ထွက်သည့် အတွက် အိုးထဲက ထောပတ်အသွေး, အဆိပ်နှင့်ရောသော တံထွေးတွေ သူ့ခံတွင်းမှ ထွက်လာသည်ကို မြင်ခဲ့ရသည်ဟု ဆို၏၊

အိမ်ရှင်မသည် ဦးပြည်းရဟန်းကို ငါလှည့်စား၍ မရလေတကားဟု ကြံချောင်းလှူ၍ ထောပတ် ထန်းလျက် ငါးခြောက်ပြား အံဖက်နှင့် ဆွမ်းချက်၍ အားလုံးကပ်လှူ ရလေ၏၊ ဤသို့ ပစ္စည်းထံနီးကပ်အောင်ပြု၍ ပြောခြင်းသည် သာမန္တဇပ္ပန မည်၏။

၆။ လိုအပ်သော လာဘ်ရအောင် သွယ်ဝိုက်၍ သိုင်းဝိုင်း၍ လှည့်ပတ်၍ ပြောခြင်းသည် ပရိကထာ မည်၏။

နိပ္ပေသိကတာ ၁၁-ပါး

ပစ္စည်း လာဘ် ရလို၍ ဆဲရေးခြင်း စသည်ကို ပြုခြင်းသည် နိပွေသိကတာ မည်၏၊ “နိပ္ပေသေတီတိ နိပ္ပေသိကော” ကိုယ်နယ်ဆီကို ဝါးခြမ်းစိတ်ဖြင့် ခြစ်ပစ်သကဲ့သို့ သူတပါးဂုဏ်ကို ခြစ်ပစ်သောသူသည် နိပ္ပေသိက မည်၏၊ ဝါ - နံ့သာကို ကြိတ်ချေ၍ အနံ့ရှာသကဲ့သို့ သူတပါး၏ ဂုဏ်ကိုကြိတ်ချေ၍ လာဘ်ရှာသော သူသည် နိပ္ပေသိက မည်၏၊ ထိုသူ၏ ဖြစ်ကြောင်းစကားသည်နိပ္ပသိကတာ မည်၏၊ များသာ အပြားရှိ၏။

၁။ ကြောက်၍လှူအောင် ဆဲရေးခြင်း ဆယ်ပါးဖြင့် ဆဲခြင်းသည် အက္ကောသနာ မည်၏။

၂။ ထို့အတူနှိပ်စက်၍ ဆိုခြင်းသည် ဂမ္ဘနာ မည်၏။

၃။ သဒ္ဓါတရားနည်းသူ စသည်ဖြင့် အပြစ်တင်ခြင်းသည် ဂရဟနာ မည်၏။

၄။ ဤအလှူ၌ ဤသူကို မပြောကြနှင့်ဟု ပယ်ထုတ်သော စကားကို ဆိုခြင်းသည် ဥက္ခေပနာ မည်၏၊ တနည်း - မလှူသောသူကို ဩော် … အလှူရှင်ပေတကားဟု ချီ၍မြှောက်၍ ဆောင့်ချကာ ဆိုခြင်းသည် ဥက္ခေပနာ မည်၏။

၅။ ခပ်သိမ်းသော အဘို့အားဖြင့် ကျိုးကြောင်းပြ၍ ပယ်ထုတ်သော စကားကိုဆိုခြင်း သည် သမုက္ခေပနာ မည်၏၊ တနည်း - မလှူသော သူကို အို … အလှူရှင် သဒ္ဓါတုံးကြီး စသည်ဖြင့် လွန်စွာချီမြှောက် ဆောင့်ချကာ ပြောဆိုခြင်းသည် သမုက္ခေပနာ မည်၏။

၆။ ဤသူ လူဖြစ်ကျိုးမနပ်၊ အဟောင်းစားသည်ဟု ပြက်ရယ် ပြောဆိုခြင်းသည် ခိပနာ မည်၏။

၇။ ဤသူကို မလှူသူဟု အဘယ့်ကြောင့် ဆိုကြသနည်း၊ အလှူခံ လာတိုင်း လစ်လပ်သည် မရှိ၊ နတ္ထိကိုလှူ၏ဟု လွန်စွာပြက်ရယ်ဆိုခြင်းသည် သံခိပနာ မည်၏။

၈။ မလှူသော သူ၏အဖြစ်, ကျေးဇူးမရှိသော သူ၏အဖြစ်သို့ ရောက်အောင် စေးနဲသည်၊ လူဖြစ်ကျိုးမနပ်-စသည်ဖြင့် ဆိုခြင်းသည် ပါပနာ မည်၏။

၉။ ခပ်သိမ်းသော အဘို့အားဖြင့် ရောက်အောင် ဆိုခြင်းသည် သမ္မာပနာ မည်၏။

၁ဝ။ ဤသို့ပြောဆိုလျှင် ကြောက်၍ရှက်၍ ငါ့အားလှူလတ္တံ့ဟု တအိမ်မှ တအိမ်, တရွာမှတရွာ, ကျေးဇူးမဲ့ဆောင်၍ ပြောဆိုခြင်းသည် အဝဏ္ဏဟာရိတာ မည်၏။

၁၁။ မျက်မှောက်ချိုသာ ကွယ်ရာအပြစ်ပြောခြင်းသည် ပရပိဋ္ဌိကမံသိကတာ မည်၏၊ မျက်နှာချင်း မဆိုင်ဝံ့၍ နောက်မှကျောက်ကုန်းသားကို ဖဲ့စားသည်နှင့် တူသော စကား-ဟူလို။

လာဘနိဇိဂိသနတာ

ပစ္စည်းလာဘ်ရလို၍ တအိမ်မှရသော အာမိသ အနည်းငယ်ကို တအိမ်သို့ ဆောင်ပို့လျက် အမြတ်ရအောင် လာဘ်ရှာခြင်းသည် လာဘေနလာဘနိဇိဂိသနတာ မည်၏။

အမြတ်ရှာသော ဝတ္ထု

ရဟန်းတဦးသည် ဆွမ်းခံသွားရာတွင် ရှေးဦးစွာ တအိမ်၌ အာမိသ အနည်းငယ် ရခဲ့၏၊ ထိုအာမိသကို နောက်တအိမ်၌ သတို့သားတို့အား ပေး၏၊ နောက်အိမ်၌ ရပြန်သော အာမိသအနည်းငယ်ကို နောက်တအိမ်ပေးပြန်၏၊ ဤနည်းဖြင့် ရတိုင်း နောက်နောက် အိမ်ပေး၍ နောက်တအိမ်၌ နို့ယာဂုဆွမ်း အဘိုးတန်ကို ရသောအခါ ကျောင်းသို့ ပြန်ကြွသွားသတတ်၊ ဤသို့ လာဘ်မျှော၍ လာဘ်ရှာပုံကို ဤနေရာ၌ သိအပ်၏။

တိရစ္ဆာန ဝိဇ္ဇာ

ဤ အာဇီဝပါရိသုဒ္ဓိသီလ ပြသရာ၌ အာဒိသဒ္ဒါဖြင့်ယူအပ်သော ပါပဓမ္မတို့ကား-ဗြဟ္မဇာလသုတ်၌ ဟောသော မဂ်ဖိုလ်၏ ဖီလာအတတ်ဖြစ်သော တိရစ္ဆာန ဝိဇ္ဇာတို့ ဖြစ်ကုန်၏၊

အင်္ဂံ၊ လက်ခြေအင်္ဂါ အကျိုးအပြစ် ဟောသောအတတ်။
နိမိတ္တံ၊ နိမိတ်ဖတ်သောကျမ်း။
ဥပ္ပါတံ၊ ဥက္ကာပျံခြင်း, မြေလှုပ်ခြင်း စသည်နှင့်စပ်သော အတတ်။
သုပိနံ၊ အိပ်မက်တိတ္ထုံကျမ်း။
လက္ခဏံ၊ မိန်းမ ယောက်ျားတို့၏ လက္ခဏာ ဟောသောကျမ်း။
မူသိကစ္ဆိန္နံ၊ အဝတ်ကြွက်ခဲခြင်း အကျိုးအပြစ် ဟောသောကျမ်း။
အဂ္ဂိဟောမံ၊ ဤမည်သော မီးဖြင့်ပူဇော်လျှင် ဤမည်သော အကျိုးဖြစ်သည်ဟု ယဇ်ပူဇော်ခြင်း အတတ်။
ဒဗ္ဗိဟောမံ၊ ဤမည်သော ယောက်မဖြင့် ပူဇော်လျှင် ဤမည်သော အကျိုးဖြစ်သည် ဟု ယောက်မယဇ်ပူဇော်ခြင်း အတတ်”။

ဤသို့ စသည်ဖြင့် တိရစ္ဆာနဝိဇ္ဇာ တို့သည်လည်း များပြားကုန်၏။

ဤသို့လျှင် သိက္ခာပုဒ်ခြောက်ခု လွန်ကျူးခြင်းဖြင့်၎င်း၊ ကုဟနာ, လပနာ, နေမိတ္တကတာ, နိပ္မသိကတာ လာဘနိဇိဂိသနတာ တို့ဖြင့်၎င်း၊ တိရစ္ဆာနဝိဇ္ဇာ တို့ဖြင့်၎င်း အသက်မွေးခြင်းသည် မိစ္ဆာဇီဝမည်၏၊ မိစ္ဆာဇီဝ အားလုံးမှ ရှောင်ကြဉ်ခြင်း သည်၊ ဝါ-အသက်မွေးကြောင်း ပစ္စည်းရှာသော လုံ့လ၏ စင်ကြယ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။

ပစ္စယသန္နိဿိတသီလအကျယ်

သင်္ကန်း၌ ဆင်ခြင်ရန် ၅-ပါး

၁။ သင့်သောအကြောင်းအားဖြင့် ပညာဖြင့် ဆင်ခြင်၍ သင်္ကန်းကို မှီဝဲပါ၏။

၂။ အအေးကို ပယ်ဖျောက်ရုံငှါသာလျှင် သင်္ကန်းကို မှီဝဲပါ၏။

၃။ မီးပူကို ပယ်ဖျောက်ရုံငှါသာလျှင် သင်္ကန်းကို မှီဝဲပါ၏။

၄။ မှက်, ခြင်, ယင်, လေ, နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို ပယ်ဖျောက်ရုံငှါသာလျှင် သင်္ကန်းကို မှီဝဲပါ၏။

၅။ ဟိရိဂုဏ်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းခြင်း အကျိုးငှါ သာလျှင် သင်္ကန်းကိုမှီပဲပါ၏၊ဤသို့ဆင်ခြင်၍သင်္ကန်းကို သုံးဆောင်အပ်၏။

ဤ၌ အအေးကို ပယ်ဖျောက်ရုံငှါ စသည်ဖြင့် ဆိုအပ်သော ဆင်ခြင်ခြင်းသည် ယောနိသော ပဋိသင်္ခါ မည်၏၊ သင့်သော အကြောင်းအားဖြင့် ပညာဖြင့် ဆင်ခြင်သည် မည်၏၊ ဤ၌ ဆင်ခြင်ခြင်းကို ပစ္စည်း သုံးဆောင်သော ကာလဖြင့် ဆိုသော်လည်း ဓာတုအစွမ်းဖြင့်၎င်း ပဋိကူလ အစွမ်းဖြင့်၎င်း, ဆင်ခြင်ခြင်းဖြင့် ပစ္စယသန္နိဿိတသီလ စင်ကြယ်၏-ဟု အပရေဆရာ, ဧကေဆရာတို့ ဆိုကုန်၏၊ ကေစိတို့ကား ပျက်၏ဟု ဆိုကုန်၏၊ စူးစမ်းအပ်၏၊ သင်းပိုင်စသော သင်္ကန်းတို့ကို ဝတ်ခြင်း, ရုံခြင်းတို့သည် သင်္ကန်းကို မှီဝဲသည် မည်၏၊ ခင်းအိပ်ခြင်း, ထိုင်ခြင်း, စီဝရကုဋိ ပြုခြင်း စသော သုံးဆောင်ခြင်းတို့လည်း သင်္ကန်းကို မှီဝဲခြင်းပင်တည်း။

ယာဝဒေဝသဒ္ဒါဖြင့် အကျိုးကို ပိုင်းခြား၍ပြ၏၊ သင်္ကန်းကို မှီဝဲခြင်းသည် အအေး ပယ်ဖျောက်ရုံ စသော အကျိုးသာ ရှိသည်၊ တင့်တယ်ခြင်း တန်ဆာဆင်ခြင်းစသော အကျိုးမရှိဟု ပိုင်းခြား၏၊ အရွယ်ရှိသော မြို့သားတို့သာ တင့်တယ်ခြင်းငှါ၎င်း, ပြည့်တန်ဆာမတို့သာ တန်ဆာဆင်ခြင်းငှါ၎င်း အဝတ် ဝတ်လေ့ရှိကုန်၏၊ ရဟန်းကား ထိုအကျိုးအတွက် ဝတ်သည် မဟုတ်။

အဇ္ဈတ္တဓာတ် ဖောက်ပြန်ခြင်း, ဗဟိဒ္ဓဥတု ဖောက်ပြန်ခြင်း ဆောင်းတွင်း ဆီးနှင်း ကျခြင်း စသည်တို့ကြောင့်ဖြစ်သော အအေးဟူသမျှသည် သီတမည်၏၊ အအေး နှိပ်စက်လျှင် ကိုယ်တွင်း၌ ရောဂါဖြစ်တတ်သည်၊ စိတ်ပြန့်လွင့်တတ်သည်၊ ရဟန်း တရား အားမထုတ်နိုင်၊ ထို့ကြောင့် ထိုအခါမျိုး၌ အအေးကို ပယ်ဖျောက်ရုံငှါ သာလျှင် သင်္ကန်းကို မှီဝဲပါ၏၊ တင့်တယ်ခြင်း, တန်ဆာဆင်ခြင်းငှါ မဟုတ်ပါဟု ဆင်ခြင်အပ်၏။

တောမီးလောင်ခြင်း စသည် တို့ကြောင့်ဖြစ်သော မီးပူသည် ဥဏှမည်၏၊ အပူ နှိပ်စက်လျှင်လည်း ရှေးအတူ ရဟန်းတရား အားမထုတ်နိုင်၊ ထို့ကြောင့် မီးပူကို ပယ်ဖျောက်ရုံငှါသာလျှင် သင်္ကန်းကိုမှီဝဲပါ၏၊ တင့်တယ်ခြင်း, တန်ဆာ ဆင်ခြင်းငှါ မဟုတ်ပါဟု ဆင်ခြင်၏။

ကိုက်ခဲတတ်သော မှက်သည် ဍံသ မည်၏၊
ခြင်သည် မကသ မည်၏၊
မြူရှိ မရှိ အလုံးစုံသော လေသည် ဝါတ မည်၏၊
နေပူသည် အာတပ မည်၏၊
(မီးကို ဥဏှဖြင့်ယူပြီးပြီ)။
မြွေ ကင်း သန်း-စသော ကျောက်ရှည်မျိုးသည် သရိသပ မည်၏၊
ထို မှက် စသည်တို့၏ ကိုက်သော အတွေ့ ထိသောအတွေ့ နှစ်ပါးသည် သမ္ဖဿ မည်၏၊
မြွေကား ဒဋ္ဌဝိသ-ကိုက်မှ အဆိပ်တက်သော မြွေ၊
ဖုဋ္ဌဝိသ-ထိရုံဖြင့် အဆိပ်တက်သော မြွေ၊
ဒိဋ္ဌဝိသ-မြင်ရုံဖြင့် အဆိပ်တက်သော မြွေ-
ဟု သုံးမျိုးရှိသော်လည်း ဤ၌ ရှေးနှစ်မျိုးကိုသာယူသည်၊

သမ္ဖဿနှစ်ပါး နှိပ်စက်လျှင်လည်း တရား အားထုတ်နိုင်၊ သင်္ကန်းဝတ်ရုံ ထားလျှင် သမ္ဖဿနှစ်ပါးမနှိပ်စက်။ ထို့ကြောင့် ထိုနေရာမျိုး၌ မှက်ခြင် ယင်, လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့ကို ပယ်ဖျောက်ရုံငှါသာလျှင် သင်္ကန်းကို မှီဝဲပါ၏၊ တင့်တယ်ခြင်း, တန်ဆာ ဆင်ခြင်းငှါ မဟုတ်ပါဟု ဆင်ခြင်အပ်၏။

ယာဝဒေဝ တဖန်ဆိုခြင်းကား -- မြဲသော အကျိုးပြခြင်း ဖြစ်၏။ တပါးသော အကျိုး တို့ကား ရံခါသာ-ဧကန်မဟုတ်၊ ဤဆိုလတ္တံ့သော အကျိုးကား အခါခပ်သိမ်း အမြဲဧကန် စင်စစ်ဟူလို၊ ရှက်ခြင်းဂုဏ်သည် ဟိရီ မည်၏၊ ဟိရီဂုဏ်ကို ဖျက်ဆီး တတ်သော အင်္ဂါ ကြီးငယ်သည် ကောပိန မည်၏၊ ထိုအင်္ဂါကြီးငယ် ပေါ်နေလျှင် အရှက်မရှိသောသူ ဖြစ်၏၊ ထို့ကြောင့် အခါမရွေး, နေရာမရွေး ဟိရီဂုဏ်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းခြင်း အကျိုးငှါသာလျှင် သင်္ကန်းကို မှီဝဲပါ၏၊ တင့်တယ်ခြင်း, တန်ဆာ ဆင်ခြင်းငှါ မဟုတ်ပါဟု ဆင်ခြင်အပ်၏။

ဆွမ်း၌ဆင်ခြင်ရန် ၁၃-ပါး

သင့်သော အကြောင်းအားဖြင့် ပညာဖြင့် ဆင်ခြင်၍ ဆွမ်းအစ ရှိသော အာဟာရကို မှီဝဲပါ၏။

၁။ ရွာသူ သားငယ်တို့ ကဲ့သို့ မြူးတူးပျော်ပါး ကစားခြင်းငှါ မမှီဝဲပါ။

၂။ လက်ဝှေ့ လက်ပမ်းသည် စသည်တို့ကဲ့သို့ အားဟူသော မာန်ယစ်ခြင်းငှါ မမှီဝဲပါ။

၃။ နန်းတွင်းသူ ပြည့်တန်ဆာမတို့ကဲ့သို့ အင်္ဂါ ကြီးငယ် ပြည့်ဖြိုးခြင်းငှါ မမှီဝဲပါ။

၄။ ကျွမ်းသမား ကချေသည်တို့ကဲ့သို့ အရေ အဆင်း လှပတင့်တယ်ခြင်းငှါ မမှီဝဲပါ။

၅။ ဤရူပကာယ၏ တည်ရုံငှါသာလျှင် ဆွမ်းအစရှိသော အာဟာရကို မှီဝဲပါ၏။

၆။ မျှတရုံငှါသာလျှင် ဆွမ်းအစရှိသော အာဟာရကို မှီဝဲပါ၏။

၇။ ပင်ပန်းခြင်း ငြိမ်းရုံငှါသာလျှင် ဆွမ်းအစရှိသော အာဟာရကို မှီဝဲပါ၏။

၈။ သာသန ဗြဟ္မစရိယ, မဂ္ဂ ဗြဟ္မစရိယနှစ်ပါး ချီးမြှောက်ရုံငှါသာလျှင် ဆွမ်း အစရှိသော အာဟာရကို မှီဝဲပါ၏။

၉။ ဤသို့ ဆွမ်းကိုမှီဝဲသဖြင့် အဟောင်းဖြစ်သော ဆင်းရဲ ဝေဒနာကိုလည်း ပယ်ဖျောက်အံ့။

၁၀။ အသစ်ဖြစ်သော ဆင်းရဲဝေဒနာကိုလည်း မဖြစ်စေအံ့။

၁၁။ ငါ့အား မျှတခြင်းသည်၎င်း

၁၂။ အပြစ်မရှိခြင်းသည်၎င်း၊

၁၃။ ချမ်းသာစွာနေခြင်းသည်၎င်း ဖြစ်လတ္တံ့၊

ဤသို့ နှလုံးပြု၍ ဆွမ်း အစရှိသော အာဟာရကို မှီဝဲပါ၏၊
ဤသို့ ဆင်ခြင်၍ ဆွမ်းကို သုံးဆောင်အပ်၏။

ဤ၌ မျိုအပ်သော အာဟာရ ဟူသမျှသည် ပိဏ္ဍပါတ မည်၏၊ ထိုပိဏ္ဍပါတကို ရွာသူ သားငယ်စသည်တို့သည် (ဒဝါယ) မြူးတူးလို၍ မှီဝဲကုန်၏၊ (အခြား၌ လျင်စွာပြုခြင်း- ဒဝါ၊ ဤ၌မြူးတူးခြင်း-ဒဝါ)၊ လက်ဝှေ့ လက်ပမ်းသည်တို့သည် (မဒါယ) မာန်ယစ် လို၍, နန်းတွင်းသူ ပြည့်တန်ဆာမ စသည်တို့သည် (မတ္တနာယ) တန်ဆာဆင်လို၍၊ ဝါ-အင်္ဂါကြီးငယ် ပြည့်ဖြိုးစေလို၍, ကျွမ်းသမား ကချေသည် စသည်တို့သည် (ဝိဘူသနာယ) တင့်တယ်လို၍၊ ဝါ-ကြည်လင်သော အရေအဆင်း ဖြစ်စေလို၍ မှီဝဲကုန်၏၊

မာန်ယစ်ခြင်း၌၊ ခွန်အားကို မှီ၍ဖြစ်သော မာန်ယစ်ခြင်းသည် ဗလမဒ မည်၏။ ခွန်အားကြီးလို၍ မှီဝဲကုန်၏ဟူလို၊ ငါယောက်ျားဟု ဖြစ်သော မာနသည် ပေါရိသမဒ မည်၏၊ ကေစိတို့ကား - မသူတော်တရား မှီဝဲခြင်းကို မှီ၍ဖြစ်သော မာနသည်၎င်း, ရာဂသည်၎င်း ပေါရိသမဒ မည်၏ဟု ဆိုကုန်၏။ ပုရိသမာန် တိုးပွားအောင် မှီဝဲကုန်၏ ဟူလို။

ဤလေးခုတို့တွင် --
ဒဝသည် မောဟ၏အကြောင်း၊
မဒသည် ဒေါသ၏ အကြောင်း၊
မဏ္ဍန, ဝိဘူသနသည် ရာဂ၏ အကြောင်းဖြစ်၏၊

တနည်း -
ဒဝ, မဒ-နှစ်ခုသည် မိမိ၏ သံယောဇဉ်ဖြစ်ကြောင်း၊
မဏ္ဍန ဝိဘူသန နှစ်ခုသည် ခုလုံနိ၏၎င်း, သူတပါး၏၎င်း သံယောဇဉ်ဖြစ်ကြောင်း ဖြစ်၏။

တနည်း -
လေးခုလုံးသည် မိစ္ဆာပဋိပတ်၏ အကြောင်း ကာမဂုဏ်၌ တဏှာကပ်ငြိခြင်း၏ အကြောင်း ဖြစ်၏၊ ထို့ကြောင့် ထိုတရားတို့ကို ပယ်ခြင်းငှါ နေဝဒဝါယ စသည်ဖြင့် ဟောသည်။

ယာဝဒေဝ - အကျိုးပြရာ၌ မဟာဘုတ် လေးခုကိုမှီသော ဤရူပကာယ၏ မပြတ် ဖွဲ့၍တည်ခြင်းသည်၊ ဝါ-ရုပ်ပြိုပျက်၍ မကျခြင်းသည် ကာယဋ္ဌိတိ မည်၏၊ ထို အကျိုးငှါ အာဟာရကို မှီဝဲအပ်၏၊ ကာယဋ္ဌိတိ အကျိုးငှါ ဆွမ်းစားခြင်းသည် အိမ်အိုကို ပြိုမကျအောင် ကျားကန်သည်နှင့်တူ၏။

ဇီဝတိန္ဒြေ မပြတ်စေဘဲ သက်တမ်းကုန် မျှတစွာ တည်ခြင်းသည်၊ ဝါ အသက် ကောင်းစွာ ဖြစ်ခြင်းသည် ယာပနာမည်၏၊ ထိုအကျိုးငှါ မှိဝဲအပ်၏။ ဇီဝိတယာပနာ အကျိုးငှါ ဆွမ်းစားခြင်းလည် ဝင်ရိုးကို အလည်သွက်အောင် ဆီးထိုးသည်နှင့်တူ၏၊ ဤအကျိုးတို့အလို့ငှါ မှီဝဲပါ၏၊ မြူးတူးလို၍ မဟုတ်ပါဟု ပိုင်းခြားအပ်၏။

(တနည်း - အသက်သည် ဌိတိမည်၏၊
ဣမဿကာယဿ၊ ဤရူပကာယ၏။
ဌိတိယာ၊ အသက်ကို။
ယာပနာ၊ မျှတစွာ ဖြစ်စေခြင်းငှါ-
ဤသို့လည်း တဝါကျတည်း ယူအပ်၏။)

ဆာလောင်ခြင်းသည် အနာသဘော ဖြစ်၏၊ ပင်ပန်း၏၊ ဝိဟိံသာ မည်၏၊ ထို ဆာလောင်နာ ဝိဟိံသာကို (ဥပရတိယာ) ငြိမ်းအေးခြင်းငှါ မှီဝဲအပ်၏၊ ဝိဟိံသာဥပရတိ အကျိုးငှါ မှီဝဲခြင်းသည် အနာကို ဆေးလိမ်းသည်နှင့် တူ၏၊ ပူသော အခါ အအေးဖြင့် အေးသောအခါ အပူဖြင့် ဆေးကုသည်နှင့် လည်းတူ၏။

သိက္ခာသုံးပါးဖြင့် ရေတွက်အပ်သော အဆုံးအမ အားလုံးသည် သာသန ဗြဟ္မစရိယ မည်၏၊ မဂ်လေးပါးသည် မဂ္ဂဗြဟ္မစရိယ မည်၏၊ ဆွမ်းစား၍ အားရှိ၍ သိက္ခာသုံးပါး ကို အားထုတ်ခြင်းသည် သာသနဗြဟ္မစရိယကို ချီးမြှောက်သည် မည်၏၊ ဆွမ်းစား၍ အားရှိ၍ ဘဝခရီးခဲမှ လွတ်အောင် ကျင့်ခြင်းသည် မဂ္ဂဗြဟ္မစရိယကို ချီးမြှောက်သည် မည်၏၊ (အနုဂ္ဂဟာယ) ထိုချီးမြှောက်ခြင်းအကျိုးငှါ မှီဝဲအပ်၏၊

ဗြဟ္မစရိယ အနုဂ္ဂဟအကျိုးငှါ မှီဝဲခြင်းသည် ခရီးခဲမှထွက်လို၍ သားငယ်အသား စားသူ၊ မြစ်မှထွက်လို၍ ဖေါင်စီးသူ၊ သမုဒြာမှ ထွက်လို၍ လှေသင်္ဘောစီးသူ တို့နှင့် တူ၏၊ မက်မောခြင်း, တွေဝေခြင်းမရှိ၊ အကျိုးပြီးရုံမျှကိုသာ မြှော်ကိုး၍ မှီဝဲခြင်း ဖြစ်သည်။

(ဤနည်းဖြင့် စားသူအား ဆွမ်းလုပ်တိုင်း ပါရမီကုသိုလ် တိုးပွားလေ၏၊ ဝမ်းမြောက်ဘွယ် အရသာတည်း။)

ဤဆွမ်း မှီဝဲခြင်းဖြင့် မစားမီ ဆာလောင်သော (ပုရာဏ) ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ အတိုင်းမသိ စားခြင်းကြောင့် ဖြစ်လတ္တံ့သော (နဝ) ဝေဒနာသစ် ကိုလည်း ပုဏ္ဏားငါးဦးကဲ့သို့ မဖြစ်စေအံ့-ဟု မှီဝဲအပ်၏။

အာဟာရဟတ္ထက - လက်ဆွဲပါဦးဟု ဆိုရအောင် စားသော ပုဏ္ဏား၊
အလံသာဋက-ခါးဝတ် ပြန်မဝတ်နိုင်အောင် စားသောပုဏ္ဏား၊
တတြဝဋ္ဋက-စားရာ၌ လူးလှိမ့် နေရအောင် စားသော ပုဏ္ဏား၊
ကာကမာသက- ခံတွင်းဝဆိုက်၍ ကျီးနှိုက်မှီအောင် စားသော ပုဏ္ဏား၊
ဘုတ္တဝမိတက - အန်ထွက်အောင် စားသော ပုဏ္ဏား -
ပုဏ္ဏား ငါးဦးကဲ့သို့ မဖြစ်စေရ၊
လူနာ ဆေးစားသကဲ့သို့ မှီဝဲရသည်။

တနည်း -
အလွန်စားခြင်းသည် ပယောဂဝိပတ္တိမည်၏၊ သင့်ရုံစားခြင်းသည် ပယောဂသမ္ပတ္တိ မည်၏၊ ယခုအလွန်စားခြင်း ပယောဂဝိပတ္တိကို မှီ၍ ရှေးကံဟောင်းကြောင့် ဖြစ်နိုင်သော ဝေဒနာသည် ဝေဒနာဟောင်း မည်၏၊ ထိုဝေဒနာဟောင်းကို သင့်ရုံ စားခြင်း ပယောဂသမ္ပတ္တိဖြင့် ပယ်ဖျောက်အံ့ ဟူ၍၎င်း, ယခု မဆင်ခြင်ဘဲ သုံးဆောင် သော ကံအပေါင်းကို မှီ၍ နောင်ဖြစ်နိုင်သော ဝေဒနာသည် ဝေဒနာသစ်မည်၏၊ ထိုဝေဒနာသစ်ကို ဆင်ခြင်၍ သုံးဆောင်ခြင်းဖြင့် မဖြစ်စေအံ့ - ဟူ၍၎င်း မှီဝဲရသည်။ ဤပုဒ်တို့ဖြင့်-

၁။ ဆင်ခြင်၍ သုံးဆောင်သည်ကို ချီမြှောက်ခြင်းကိုပြ၏။

၂။ အတ္တကိလမထအကျင့်ကို ပယ်ခြင်းကိုပြ၏။

၃။ ဈာန်စသည်ကိုရစေနိုင်သော ကာယသုခကို မစွန့်ခြင်းကိုပြ၏။

ကြောင်းနှင့်စပ်သော ဤကိုယ်၏ အသက်ရှည်စွာတည်ခြင်း, ဣရိယာပုထ် မပြတ် ဖြစ်ခြင်းတို့သည် (မျှတခြင်း) ယတြာမည်၏၊ နှိုင်းချိန်၍ သုံးဆောင်လျှင် အသက်, ဣရိယာပုထ် အန္တရာယ်မရှိ-မျှတ၏၊ ဤမျှတခြင်းသည်လည်း ငါ့အား ဖြစ်လတ္တံ့ဟု မှီဝဲအပ်၏၊ ဤမှီဝဲခြင်းသည် မတ်တတ်နာသမား ဆေးအမြဲစားသည်နှင့် တူ၏။

မအပ်မရာရှာခြင်း, အတိုင်းမသိ ခိုးယူခြင်း မဆင်မခြင် သုံးဆောင်ခြင်တို့မှ ရှောင်ကြဉ် လျှင် ငါ့အား အပြစ်မရှိခြင်း (အနဝဇ္ဇတာ) ဖြစ်လတ္တံ့၊ နှိုင်းချိန်၍ သုံးဆောင်လျှင် ချမ်းသာစွာ နေရခြင်း (ဖာသုဝိဟာရ) ဖြစ်လတ္တံ့ ၊

တနည်း -
ဝမ်းအပြည့် မစားလျှင် ပျင်းရိခြင်း, ထိုင်းမှိုင်းခြင်း, ဝမ်းရောင်ခြင်း စသည် ဖြစ်တတ်၏၊ ထိုပျင်းရိခြင်း စသည်တို့မှ လွတ်ကင်းလျှင် အပြစ်မရှိခြင်း ဖြစ်လတ္တံ့၊ အသင့်နှိုင်းချိန်၍ စားလျှင် ကာယဗလဖြစ်တတ်၏။ ကာယဗလဖြစ်လျှင် ချမ်းသာစွာ နေရခြင်းဖြစ်လတ္တံ့၊

တနည်း --
ဝမ်းအပြည့် မစားလျှင် အိပ်ခြင်း, လူးလှိမ့်ခြင်း, မှိန်းခြင်း- ချမ်းသာတို့ကို ပယ်နိုင်၍ အပြစ်မရှိခြင်း ဖြစ်လတ္တံ့၊ လေးငါးလုပ် လျှော့စားလျှင် ဣရိယာပုထ်အား လျောက်ပတ်၍ ချမ်းသာစ္စာ နေရခြင်း ဖြစ်လတ္တံ့ ၊ ဤသို့ဆင်ခြင်၍ မှီဝဲအပ်၏။

စတ္တာရော ပဉ္စံ အာလောပေ၊
အဘုတွာ ဥဒကံ ပိဝေ။
အလံ ဖာသုဝိဟာရာယ၊
ပဟိတတ္တဿ ဘိက္ခုနော။

စတ္တာရော ပဉ္စံ အာလောပေ၊ လေးငါးလုပ်တို့ကို။
အဘုတွာ၊ မစားမူ၍။
ဝါ၊ လျှော့စား၍။
ဥဒကံ၊ ရေကို။
ပိဝေ၊ သောက်ရာ၏။
ဝါ၊ သောက်ငြားအံ့။
ပဟိတတ္တဿ၊ နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိသော။
ဘိက္ခုနော၊ ရဟန်းအား။
ဖာသုဝိဟာရာယ၊ ချမ်းသာစွာနေရခြင်းငှါ။
အလံ၊ လျောက်ပတ်၏။

ယတြာစသော သုံးပုဒ်ဖြင့် အကျိုးကို သိမ်းဆည်းခြင်းကို၎င်း, မဇ္ဈိမပဋိဒါ ဖြစ်သည် ကို၎င်းပြ၏၊ ဤအာဟာရ၌ အင်္ဂါရှစ်ပါးရှိ၏၊ ပယ်အင်္ဂါလေးပါး ဌိတိ-ယာပနာတပါး ဝိဟိံ-ဗြဟ္မတပါး, ဝေဒနာ ဟောင်းသစ်တပါး ယတြာတပါး - ဤရှစ်ပါးတည်း၊ အနဝဇ္ဇနှင့် ဖာသုကား ဘောဇဉ်၏ အာနိသင်မည်၏၊ မဟာသိဝမထေရ်ကား ပယ်အင်္ဂါလေးပါးကိုမယူ၊ အနဝဇ္ဇ တိုင်အောင် တပါးစီယူ၍ ရှစ်ပါး၊ ဖာသုကား အာနိသင် ဟုဆို၏၊ ဤသို့ အင်္ဂါရှစ်ပါးပြည့်စုံအောင် အင်္ဂါရှစ်ပါးရှိသော အာဟာရကို သုံးဆောင်သော သူသည် ပညာဖြင့်ဆင်ခြင်၍ ဆွမ်းကိုမှီဝဲသည် မည်၏။

ကျောင်း၌ ဆင်ခြင်ရန် ၄-ပါး

သင့်သော အကြောင်းအားဖြင့် ပညာဖြင့် ဆင်ခြင်၍ အိပ်ရာနေရာ ကျောင်းကို မှီဝဲပါ၏။

၁။ အအေးကို ပယ်ဖျောက်ရုံငှါ သာလျှင် အိပ်ရာနေရာ ကျောင်းကို မှီဝဲပါ၏။

၂။ မီးပူကို ပယ်ဖျောက်ရုံငှါသာလျှင် အိပ်ရာနေရာ ကျောင်းကို မှီဝဲပါ၏။

၃။ မှက်, ခြင်, ယင်, လေ, နေပူ, မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို ပယ်ဖျောက်ရုံငှါသာလျှင် အိပ်ရာနေရာ ကျောင်းကို မှီဝဲပါ၏၊

ဤသို့ဆင်ခြင်၍ ကျောင်းကိုသုံးဆောင်အပ်၏။

ဤ၌ ကျောင်းပြာသာဒ်စသည်, ညောင်စောင်း အင်းပျဉ်အခင်း စသည်တို့သည် အိပ်စရာ ဖြစ်သောကြောင့် သေန၊ ထိုင်စရာ ဖြစ်သောကြောင့် အာသန - ထိုနှစ်ပါး ပေါင်း၍ သေနာသန မည်၏။

အအေးအပူဟူသော ဥတုသည်သာလျှင် နှိပ်စက်တတ်သော အနက်ကြောင့် ပရိဿယ ဘေးရန်မည်၏၊ ထိုဥတုဘေးရန်ကို မဖြစ်သေးလျှင် မဖြစ်ရအောင်၊ ဖြစ်ပြီးလျှင် ငြိမ်းပျောက်အောင် ပြုခြင်းသည် ဥတုပရိဿယ ဝိနောဒန မည်၏၊ ပယ်သည် မည်၏၊ ထို ဥတုဘေးရန်ကို ပယ်ဖျောက်ခြင်း အကျိုးငှါ ကျောင်းကို မှီဝဲရသည်၊ မသင့်သော ဥတုကြမ်းသည် ကိုယ်နာ စိတ်ပန်း ပြုစွမ်းနိုင်၏၊ ထို ဥတုကြမ်းကို ကျောင်းကို မှီဝဲခြင်းဖြင့် ပယ်ဖျောက်ရပေသည်။

အာရုံတခု၌ စိတ်ငြိမ်သက်စွာ ကိန်းခြင်း သမာဓိသည့် ပဋိသလ္လာန မည်၏၊ ထို စိတ်ကိန်းခြင်းသည် သမာဓိ၌ မွေ့လျော်ခြင်းသည် ပဋိသလ္လာန + အာရာမ မည်၏၊ ထိုစိတ် ကိန်းအောင်းခြင်း သမာဓိ၌မွေ့လျော်ခြင်း အကျိုးငှါ (ဝါ-စိတ်သမာဓိ၌ မွေ့လျော်ခြင်းငှါ) ကျောင်းကို မှီဝဲရသည်၊ ဤမှီဝဲခြင်းသည် ကိလေသာ အဖော် ကင်း၍ တကိုယ်တည်းနေခြင်းကြောင့် ဝိဝေကသုခရခြင်း အကျိုးရှိ၏။

အအေးကို ပယ်ဖျောက်ခြင်း စသည်ဖြင့် ဥတုဘေးရန်ကို ပယ်ဖျောက်ပြီး ဖြစ်သော်လည်း သင်္ကန်းမှီဝဲခြင်းကဲ့သို့ ရံခါဖြစ်သော သီတဥဏှကို ရံခါ ဖျောက်သည်၊ အမြဲဖြစ်သော ဥတုပရိဿယကို အမြဲဖျောက်သည်-ဟု ရံခါ အကျိုး, အမြဲအကျိုး ကိုပြခြင်းငှါ ထပ်၍ ဟောသည်ဟု သိအပ်၏။

တနည်း --
မသင့်သော အအေးအပူသည်သာလျှင် ဥတုမည်၏၊ ထင်ရှား မထင်ရှား ဘေးရန် နှစ်ပါးသည် ပရိဿယ မည်၏၊ ခြင်္သေ့ ကျား စသည်တို့ကား ထင်ရှားသော ဘေးရန်, ရာဂ, ဒေါသ စသည်တို့ကား မထင်ရှားသော ဘေးရန်မည်၏၊ လုံခြုံရာကျောင်းတွင်း၌ မနေဘဲ ပြင်ပ၌ နေသော သူကို ထင်ရှားသော ဘေးရန်သည် ကိုယ်နာအောင် နှိပ်စက်၏၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့ကို မြင်ရသောအခါ မထင်ရှားသော ဘေးရန်သည် စိတ်နာအောင် နှိပ်စက်၏၊ ဤသို့ ဘေးရန်နှစ်ပါး လွတ်ကင်းအောင်ဟု ကျောင်း မှီဝဲသောသူသည် ပရိဿယဝိနောဒန အကျိုးငှါ မှီဝဲသည်မည်၏။

ဆေး၌ဆင်ခြင်ရန် ၂-ပါး

သင့်သော အကြောင်းအားဖြင့် ပညာဖြင့် ဆင်ခြင်၍ အနာ၏ ဆန့်ကျင်ဘက်, အသက်၏ အရံအကာ, တန်ဆာ, အဆောက်အဦ ဖြစ်သော ဆေးကို မှီဝဲပါ၏။

၁။ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော ဓာတ်ချောက်ချားခြင်းကြောင့် ဖြစ်ကုန်သော ဆင်းရဲ ဝေဒနာတို့ကို ပယ်ဖျောက်ရုံငှါသာလျှင် ဆေးကိုမှီဝဲပါ၏။

၂။ အနာကြောင့်ဖြစ်သော ဆင်းရဲခြင်း၏ မရှိခြင်း အကျိုးငှါသာလျှင် အနာ၏ ဆန့်ကျင်ဘက်, အသက်၏ အရံအကာ, တန်ဆာ, အဆောက်အဦဖြစ်သော ဆေးကို မှီဝဲပါ၏၊

ဤသို့ ဆင်ခြင်၍ ဆေးကို သုံးဆောင်အပ်၏။

ဤ၌ ဆီ ပျား, တင်လဲစသော ဆေးသည် ဓာတ်ချောက်ချားသော အနာ, ဓာတ်ချောက်ချားခြင်းကြောင့် ဖြစ်သော အနာတို့၏ ဆန့်ကျင်ဘက် ဖြစ်သော ကြောင့်၊ ဝါ-ထိုအနာနှစ်ပါး ငြိမ်းကြောင်း ဖြစ်သောကြောင့် ဂိလာနပစ္စယ မည်၏၊ ဘုရားရှင် တည်းဟူသော ဆေးသမား ခွင့်ပြုစီမံထား သောကြောင့် ဘေသဇ္ဇလည်း မည်၏၊ (ဘိသက္ကဿ ကမ္မံ ဘေသဇ္ဇံ)၊ အသက်ရန်ရှာသော အနာကို ဖြစ်ခွင့်မပေးဘဲ သက်တော်စောင့်ပမာ အသက်၏ အရံအကာ အဖြစ်ဖြင့် စောင့်ရှောက်တတ် သောကြောင့် ပရိက္ခာရလည်း မည်၏၊ (ဆေးအမည်သုံးခု)။

အသက် တန်ဆာသဘွယ် ဖြစ်သောကြောင့်လည်း ပရိက္ခာရ မည်၏၊

(ဤတန်ဆာအနက်ကို အဋ္ဌကထာ၌ မယူ၊ မဆန့်ကျင်ဟု ဆရာမြတ်တို့ ယူကုန်၏၊)

အဆောက်အဦ အဖြစ်ဖြင့် အသက်ရှည်စွာ တည်စေနိုင်သောကြောင့်လည်း ပရိက္ခာရ မည်၏၊ ဋီကာ၌ ရသာယန ဆေးသည်* အသက်ကို ရှည်စေနိုင်သည်ဟု ဆို၏။

(* ဇနကကံသတ္တိမကုန်ခင် အန္တရာယ်ရောက်သော အသက်ကိုသာ ရှည်စေနိုင် ကောင်းသည်၊ သတ္တိကုန်လျှင် အသက်ကိုရှည်စေ နိုင်သော ဆေးမရှိ၊ တန်ခိုးလည်း မရှိ၊ ဘာမျှမတတ်နိုင်ဟု ယူအပ်၏။)

ကိုယ်၌ဖြစ်ဘူး, ရောက်ဘူး ထင်ရှားဘူးသော အတိတ် အနာတို့သည် ဥပ္ပန္န မည်၏၊ အတိတ်အနာသည် ယခုရှိဆဲ မဟုတ်သဖြင့် ဆေးကုရန်မလို၊ ယခုရှိဆဲ ဖြစ်ဘဲ အနာတို့လည်း အတိတ်အနာနှင့် တူသောကြောင့် ဥပ္ပန္နသာ မည်၏၊ ယခုဖြစ်ဆဲ အနာကိုကား ဆေးဖြင့် ပယ်ဖျောက်ရမည်သာတည်း၊ သလိပ်, သည်းခြေ သွေးလေ မညီ ပထဝီစသော ဓာတ်တို့၏ ချောက်ချားခြင်းသည် ဗျာဗာဓမည်၏၊ (ဝိ+အာဗာဓ-ဟု ပုဒ်ဖြတ်)၊ ဓာတ်ချောက်ချားခြင်းကြောင့် ဖြစ်သော နူနာ, အိုင်းနာ, ထွတ်နာ စသည်တို့လည်း ဗျာဗာဓ မည်၏၊

ထိုဗျာဗာဓ နှစ်ပါးကြောင့် ဖြစ်သော အကုသလဝိပါက် ကာယိက ဒုက္ခဝေဒနာသည် ဝေယျာဗာဓိက မည်၏၊ (ဝေယျာဗျာဓိကာနံ ဟု ပါဌ်ပျက် အချို့နှုတ်တက်ကုန်၏၊) ဖြစ်ဘဲ လက်ရှိအနာကြောင့် ဖြစ်သော ကိုယ်ဆင်းရဲကို ပယ်ဖျောက်ခြင်းငှါ ဆေးကို မှီဝဲရသည်။

အနာဂတ် အနာ မပေါ်လာစိမ့်သောငှါ ဆေးစားသင့်ခြင်းကို အချို့ကြံစည်ကြ၏၊ အနာဂတ် ကိလေသာ မပေါ်လာစိမ့်သောငှါ တရားအမြိုက်ဆေးကိုကား အချိန်မရွေး မှီဝဲအပ်သည်သာတည်း။

အနာကြောင့်ဖြစ်သော ဆင်းရဲခြင်းသည် နှိပ်စက်တတ်သောကြောင့် ဗျာဗာဓ မည်၏၊
ဗျာဗာဓသည်သာလျှင် ဗျာဗဇ္ဈ မည်၏၊
ထိုဆင်းရဲ၏ မရှိခြင်းသည် အဗျာဗဇ္ဈ မည်၏၊
အနာကြောင့်ဖြစ်သော ကိုယ်ဆင်းရဲအလုံးစုံ၏ ကင်းခြင်းတိုင်အောင် ကာလသည် အဗျာဗဇ္ဈပရမ မည်၏၊
ထိုကာလ၏ ဖြစ်ခြင်းသည် အဗျာဗဇ္ဈပရမတာ မည်၏၊
ထိုဆင်းရဲ ကင်းသည့်အခါ ကာလဖြစ်ခြင်းအကျိုးငှါ ဆေးကိုမှီဝဲရသည်။

ဤသို့ ပညာဖြင့် ဆင်ခြင်၍ ပစ္စည်းလေးပါး သုံးဆောင်ခြင်း လက္ခဏာ ရှိသော သီလသည် ပစ္စည်းကိုမှီသောကြောင့် ပစ္စယသန္နိဿိတသီလ မည်၏။

ပါတိမောက္ခကို သဒ္ဓါဖြင့် ဖြည့်ရခြင်း

ပညပ်တော်ကို မဖျက်

ဤသီလ လေးပါးတို့တွင် ပါတိမောက္ခသံဝရသီလကို သဒ္ဓါဖြင့်ပြည့်စုံ စေအပ်၏၊ သတိ ဝီရိယ, ပညာတို့ မကင်းသော်လည်း သဒ္ဓါသည် ထူးသော အကြောင်းရှိ၏၊ သိက္ခာပုဒ် ပညပ်ခြင်းသည် သာဝကတို့ အရာမဟုတ်၊ ပညပ်ရန် အချိန်ကာလသော် မှလည်း သာဝကတို့ အရာမဟုတ်သော ကြောင့် ချစ်သား သာရိပုတြာ ... ဆိုင်းငံ့ဦး-ဟု မိန့်တော်မူသည်၊

ထို့ကြောင့် ဘုရားရှင် ပညပ်သမျှ ပါတိမောက္ခကို ယုံကြည်သော သဒ္ဓါဖြင့် အကုန် ယူ၍ အသက်၌ပင် မငဲ့ဘဲ ကောင်းစွာ ဖြည့်ကျင့်ရသည်၊ သာဝကတို့အရာကား ဘုရား မပညပ်သည်ကို ငါတို့မပညပ်ပါအံ့၊ ပညပ်သည်ကို မဖျက်ပါအံ့၊ ပညပ်တော်မူသော အတိုင်း အကုန်ယူ၍ ကျင့်ပါအံ့-ဤသို့ စသည်တို့တည်း။

ယစ်မသည် မိမိဥကို အသေခံ၍ စောင့်သည်၊ စာမရိမည်သော သားသည်၊ ဝါ-အောင်းသည် မိမိအမြီး ချုံငြိသည်ကို အသေခံ၍ စောင့်သည်၊ သားတယောက်သာ ရှိသော သူကြွယ်သည် မိမိသားချစ်ကို အထူးစောင့်သည်၊ မျက်စိတလုံးသာ ရှိသော သူသည် မိမိမျက်စိကို အထူးစောင့်သည်၊

ထို့အတူ သီလကို လွန်စွာ စောင့်ရှောက်ကြရမည်။ အစဉ်မပြတ် သနားကြရမည်၊ အလွန်အကဲ ချစ်ခင်ကြရမည်၊ ထေရ, နဝ, မဇ္ဈိမ ဖြစ်သောအခါ ကာလသုံးပါးလုံး၌ ရိုသေခြင်း ရှိရမည် ဟုဟောသည်၊

ထိုမှတပါးလည်း ငါ့၏တပည့် သာဝကတို့သည် သမုဒြာရေ - ကမ်းမလွန်သကဲ့သို့ ငါပညပ်သော သိက္ခာပုဒ်ကို အသက်ကြောင့်သော်လည်း မလွန်ကျူးကြကုန်*ဟု-ဟောသည်၊ မလွန်ကျူးပုံကို ဤသို့သိအပ်၏။

(* ဤစကားဖြင့် မြတ်စွာဘုရားသည် သာဝကတို့ အပေါ်၌ သစ္စာတော်ခံသော အနုဇာတသားအနေ အားထားတော်မူလေသည်။ ငါတို့ သစ္စာတော် တည်သမျှ ဘ, ဘုရား အာဏာတန်ခိုး ညှိုးနွမ်းဘွယ် မရှိဟု အလေးပြုရာ၏။)

သိက္ခာအတွက် အသက်စွန့်

မဟာဝတ္တနိမည်သော (ဝိန်ဈာဋဝီ) ဝိဉ္ဈာဋဝီ တောအုပ်ကြီး၌ ခိုးသူတို့သည် မထေရ် တပါးကို နွယ်ငန်းဖြင့် တုပ်နှောင်၍ တုံးလုံးလှဲထားကုန်၏၊ မထေရ်သည် နွယ်မဖြတ်ဘဲ လျောင်းလျက်သာလျှင် ခုနစ်ရက်ပတ်လုံး ဝိပဿနာ ပွားသဖြင့် အနာဂါမ် တည်၍ ပျံလွန်၍ ဗြဟ္မာ့ပြည်၌ဖြစ်၏။

သိဟိုဠ်ကျွန်း၌လည်း မထေရ်တပါးကို ဆင်သမနွယ်ဖြင့် တုပ်လှဲထားကုန်၏၊ မထေရ်သည် တောမီး လောင်လာသော်လည်း နွယ်ကိုမဖြတ်၊ ဝိပဿနာကိုသာ အထပ်ထပ် ပွားသဖြင့် သမသိသီ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် စံ၏၊ ဒီဃနိကာယ်ဆောင် အဘယမထေရ်သည် ရဟန်းငါးရာတို့နှင့်ကြွ၍ မီးသင်္ဂြိုဟ်၍ စေတီတည်စေ၏။

ပါတိမောက္ခံ ဝိသောဓေန္တော
အပ္ပေဝ ဇိဝိတံ ဇဟေ
ပညတ္တံ လောကနာထေန
နဘိန္ဒေ သီလသံဝရံ

ပါတိမောက္ခ၊ ပါတိမောက္ခ သံဝရသီလကို။
ဝိသောဓေန္တော၊ ဖြူစင်စေလိုသော အမျိုးကောင်းသားသည်။
ဇီဝိတံ၊ အသက်ကို။
အပွေဝဇဟေ၊ စွန့်ရမည် စင်စစ်တည်း။
လောကနာထေန၊ မြတ်စွာဘုရားသည်။
ပညတ္တံ၊ ပညပ်တော်မူအပ်သော။
သီလ-သံဝရံ၊ ပါတိမောက္ခသံဝရသီလ စောင့်ထိန်းခြင်းကို။
နဘိန္ဒေ၊ မဖျက်ဆီးရာ။

သမသိသီပုဂ္ဂိုလ်

ဦးခေါင်းနှစ်ခု အတူချုပ်သောသူသည် သမသိသီ မည်၏၊ ဝိတသမသိသီ ပုဂ္ဂိုလ်ကို ဆိုလိုသည်၊

ချဲ့ဦးအံ့-

ကိလေသာ၏ ဦးခေါင်းသည် အဝိဇ္ဇာ ဖြစ်၏၊ ဤ ဦးခေါင်းကို အရဟတ္တမဂ်သည် ချုပ်စေ၏၊ ခန္ဓာ၏ ဦးခေါင်းသည် ဇီဝိတိန္ဒြိယဖြစ်၏၊ ဤဦးခေါင်းကို ပရိနိဗ္ဗာန စုတိသည် ချုပ်စေ၏၊ အရဟတ္တမဂ်နှင့် စုတိသည် တခြားစီဖြစ်လျက် အဘယ်သို့ အတူချုပ်စေသနည်း?

အကြိမ် ဝါရတူခြင်း အားဖြင့်တည်း၊ မဂ်စိတ်ဖြစ်သော ဝါရ၌ သောတာပတ္တိမဂ္ဂဝီထိ နောင် ပစ္စဝေက္ခဏာ ငါးဝီထိတဝါရတည်း၊ တကြိမ်ထည်း (တရှိန်ထည်း) ဖြစ်သည်၊ သကဒါဂါမိမဂ္ဂဝီထိနောင် ငါးဝီထိ၊ အနာဂါမိမဂ္ဂဝီထိနောင် ငါးဝီထိ အရဟတ္တမဂ္ဂဝီထိ နောင်ကား လေးဝီထိ တဝါရထည်း ဖြစ်သည်၊ ဤသို့ ၁၉-ခုမြောက် ပစ္စဝေက္ခဏာ ဉာဏ်၌တည်၍ ဘဝင်ကျ၍ ပရိနိဗ္ဗာန်စံ၏၊ ဤဝါရ အကြိမ်တူခြင်းအားဖြင့် ဦးခေါင်း နှစ်ခု အတူချုပ်သည် မည်၏။

ဤ၌ မဂ္ဂဝီထိတွင် ကိလေသာ ပယ်သော်လည်း ပစ္စဝေက္ခဏာဇော ဝီထိဆုံးမှ ပယ်ခြင်းကိစ္စပြီးသည်ဟု မှတ်အပ်၏၊ ဘဝင်ကျ၍ ပရိနိဗ္ဗာန်စံ၏-ဟု ဆိုရာ၌ ပရိနိဗ္ဗာန စုတိကိုပင် ဘဝင်ကျခြင်းဖြင့် ဆိုသည်၊ စုတိမှတပါးသော ဘဝင်မဟုတ် ဟု မှတ်အပ်၏။

ယူဆပုံကား -

ပစ္စဝေက္ခဏာဇောနောင် ပရိနိဗ္ဗာနစုတိ ဖြစ်သည်၊ မရဏာသန္နဝီထိ သီးခြားမဖြစ်ဟု အချို့ယူဆကုန်၏၊ လုံးတော် ဆရာတော်ကား ဝိဘင်းမူလဋီကာ၌-

သမသီသီတိ ဝါရသမသီသိ ဟုတွာ ပစ္စဝေက္ခဏာဝါရဿ အနန္တရဝါရေ ပရိနိဗ္ဗာယတိ

ဟု ဝါရနှစ်ခု ခွဲဆိုသောကြောင့် ပစ္စဝေက္ခဏာဇောဝါရ၏ အခြားမဲ့၌ မရဏာသန္နဝီထိ ဇောဝါရ သီးခြားဖြစ်၍ ပရိနိဗ္ဗာနစုတိဖြစ်သည်၊ တပါးသော ဇောဝါရ မဖြစ်ခြင်းသည် ဝါရဟူသည်မည်၏-ဟု ဆုံးဖြတ်တော်မူလေပြီ။

ဣန္ဒြိယကို သတိဖြင့် ဖြည့်ရခြင်း

အတိဥက္ကဋ္ဌဒေသနာ

ဣန္ဒြိယသံဝရသီလကို သတိဖြင့် ပြည့်စုံစေအပ်၏၊ သတိဖြင့် စောင့်လျှင် အဘိဇ္ဈာ စသည်တို့ မနှိပ်စက်နိုင်ကုန်၊

ချစ်သားတို့ .. မီးလျှံတောက်လောင်သော လောလောပူ သံချောင်းဖြင့် မျက်လုံးကို မွှေခြင်းသည် မြတ်၏၊ ရူပါရုံ၌ ကိလေသာ ဖြစ်ကြောင်း သုဘနိမိတ်ကိုယူခြင်းသည် မမြတ်၊ ဤသို့စသည်ဖြင့် ဟောသော အာဒိတ္တဒေသနာကို အစဉ်အောက်မေ့၍ စက္ခုနှင့်ရူပါရုံ ဆုံသောအခါ အဘိဇ္ဈာ စသည်တို့ မကပ်နိုင်အောင် မမေ့မလျော့သော သတိဖြင့် တားမြစ်လျက် ဣန္ဒြိယသံဝရသီလကို ပြည့်စုံစေအပ်၏။

ဣန္ဒြိယသံဝရသီလ မပြည့်စုံလျှင် ပါတိမောက္ခသံဝရသီလသည် စောင်းရန်းအကာ မရှိသော ကောက်ခင်းကဲ့သို့ အရှည်မခံ့၊ စက္ခုစသော ဣန္ဒြေ ခြောက်ပါး တံခါး မပိတ်သော ရဟန်းကို တံခါးမပိတ်သော ရွာကိုကဲ့သို့ ကိလေသာ ခိုးသူတို့ ဝင်၍ ညှဉ်းဆဲကုန်၏၊ ဣန္ဒြေ မလုံသော ရဟန်း၏စိတ်ကို အမိုးမလုံသော အိမ်ကိုကဲ့သို့ ရာဂမိုး ဝင်၍ စွတ်၏၊

ဣန္ဒြိယသံဝရသီလ ပြည့်စုံလျှင် ပါတိမောက္ခသံဝရ သီလသည် စောင်းရန်း အကာ ရှိသော ကောက်ခင်းကဲ့သို့ အရှည်ခံ့၏၊ ထိုရဟန်းကို ကိလေသာ ခိုးသူတို့ ဝင်၍ မညှဉ်းဆဲနိုင်ကုန်၊ စိတ်ကို ရာဂမိုးဝင်၍ မစွတ်နိုင်၊

ဤကား အခါခပ်သိမ်း ကိလေသာ ကင်းသော ဣန္ဒြိယသံဝရကိုပြသော အတိဥက္ကဋ္ဌ ဒေသနာ ဖြစ်၏။

ဝိင်္ဂီသမငထရ်ဝတ္ထု

စိတ်ဟူသည် လျင်မြန်စွာ ဖောက်ပြန်တတ်၏၊ ဖောက်ပြန်လျှင် ဣန္ဒြိယ သံဝရ ပျက်၏၊ ထိုအခါ ဖောက်ပြန်သောစိတ်ကို နှလုံးသွင်းကောင်းဖြင့် ပယ်ဖျောက်၍ ဣန္ဒြိယသံဝရ ကို ပြန်၍ ပြည့်စုံစေအပ်၏၊ ဝိင်္ဂီသမထေရ်သည် ရာဂဖြင့် ဖောက်ပြန်သော စိတ်ကို အသုဘ ဘာဝနာဖြင့် ပယ်ဖျောက်ဘူးပြီ။

ဝိင်္ဂီသမထေရ်သည် ရဟန်းပြုကာစ ဆွမ်းခံအကြွတွင် မာတုဂါမ တယောက်ကိုမြင်၍ ရာဂဖြင့် စိတ်ဖောက်ပြန်သတတ်၊ ထိုအခါ ရှင်အာနန္ဒာကို အရှင်ဘုရား ... ရာဂမီးသည် အကျွန်ုပ်၏စိတ်ထဲသို့ ရောက်အောင် လောင်စွဲနေပါပြီ၊ သနားသော အားဖြင့် ရာဂမီးငြိမ်းကြောင်း ဟောပြတော်မူပါဟု လျှောက်၏၊

ငါ့ရှင် ဝိင်္ဂီသ ... အသုဘ၌ သုဘဟု အမှတ်သညာ ဖောက်ပြန်ခြင်းကြောင့် စိတ်ထဲသို့ ရာဂမီး ဝင်စွဲသည်၊ သုဘနိမိတ်ကို စွန့်ခွါလော့၊ အသုဘဘာဝနာဖြင့် စိတ်တည်အောင်ပွား၍ ခွါလော့၊ တေဘူမကသင်္ခါရ တို့ကို ငါ၏ဩဇာ မခံသော သူစိမ်းပြင်ပဟု လမ်းပြတ်အောင် ရှုလော့၊ ဖြစ်ခြင်း ပျက်ခြင်းတို့၏ နှိပ်စက်တိုင်း ခံရသောကြောင့် အနိစ္စ အတွင်းဝင်သော ဒုက္ခဟု ရှုလော့၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်ဟု ရှုလော့၊ ဤနည်းဖြင့် ရာဂမီးအလျှံစဲအောင်, နောင်မလောင်အောင်, ငြိမ်းခြင်းကြီးငြိမ်းအောင် အားထုတ်လေလော့ဟု ဟောပြ၏၊ ထိုအခါမှ ရာဂကို ပယ်ဖျောက် နိုင်၍ ဆွမ်းခံကြွတော်မူလေ၏။

စိတ္တဂုတ္တမထေရ်ဝတ္ထု

ဣန္ဒြိယသံဝရသီလ ဖြည့်ကျင့်သော ရဟန်းသည် စိတ္တဂုတ္တမထေရ် မဟာမိတ္တမထေရ် တို့ကဲ့သို့ ကျင့်အပ်၏။

ကုရဏ္ဍကလိုဏ်သည် ဘုရားခုနစ်ဆူ တောထွက်ပုံ ဆေးရေး ရုပ်တို့ဖြင့် ဆန်းကြယ်၏၊ မွေ့လျော်ဘွယ်ရှိ၏၊ တနေ့သ၌ ရဟန်းများစွာ ရောက်လာ ကြည့်ရှုပြီးလျှင် အရှင်ဘုရား ... ဆေးရေးရုပ်တို့သည် လှပတင့်တယ်ကုန်၏ ဟု ဆိုကြ၏၊ ငါ့ရှင်တို့ ... ဤလိုဏ်၌ ငါသည် နှစ်ပေါင်း ၆၀-ကျော်ပြီ၊ အရုပ်ရှိကြောင်း မသိ၊ အမြင်သန်သော သင်တို့ကိုမှီ၍ ယခုမှသိရသည်ဟု ဆိုသတတ်၊ မထေရ်မြတ်သည် ဤမျှကြာအောင် နေသော်လည်း မော်၍ မကြည့်စဘူး၊ စိတ္တဂုတ္တ မထေရ် ဟူသည်နှင့်ညီစွာ စိတ်ကိုလုံအောင် စောင့်စည်းတော်မူ၏၊ လိုဏ်တံခါးအနီး ကံ့ကော်ပင်ကြီးကိုလည်း မော်၍မကြည့်စဘူး၊ ပွင့်သော အခါ၌ကား မြေ၌ ဝတ်ဆံ မြင်ခြင်းဖြင့် ကံကော်ပင်ကြီး ပွင့်ပြီဟု သိသတတ်။

မင်းကြီးသည် ဂုဏ်သတင်းဖြင့် ဖူးမျှော်လို၍ သုံးကြိမ်တိုင် ပင့်၏၊ ကြွတော်မမူ၊ ထိုအခါ ထိုရွာနေ မိန်းမတို့ကို ရင်လွှမ်း၍ မထေရ် မကြွမချင်း သူငယ်တို့ နို့မစိုရဟု မင်းတံဆိပ်ခတ်စေ၏၊ မထေရ်သည် သူငယ်တို့ကို သနားသဖြင့် မင်းကြီးနေရာ မဟာဂါမသို့ကြွ၏၊

မင်းကြီးသည် နန်းတော်တွင်းသို့ ပင့်၍ ရှိခိုး၍ ဆွမ်းကျွေးပြီးလျှင် အရှင်ဘုရား ... ယနေ့ အခွင့်မရပါ၊ နက်ဖြန်မှ သီလဆောက်တည်ပါရစေဟု ရက်ရှည်ဆွဲ၍ သပိတ် လိုက်ပို့ပြီးမှ မိဖုယားနှင့်တကွ ရှိခိုး၍ပြန်၏။ မထေရ်သည် ရှိခိုးတိုင်း “သုခိ ဟောတု မဟာရာဇ၊ မင်းကြီးချမ်းသာစေ” ဟူ၍သာ ဆုပေး၏၊

ခုနစ်ရက် ကြာသောအခါ ... ရဟန်းတို့က အရှင်ဘုရား ... မင်းကြီး ရှိခိုးသော်၎င်း မိဖုယားကြီး ရှိခိုးသော်၎င်း “သုခီ ဟောတု မဟာရာဇ” ဟု တမျိုးတည်း ဆုပေးခြင်းသည် အကြောင်း ဘယ်သို့ပါနည်းဟု လျှောက်ကုန်၏၊ ငါ့ရှင်တို့ … မင်းဟူ၍၎င်း, မိဖုယားဟူ၍၎င်း ခွဲခြား၍ ငါမသိဟု ဆို၏၊

(ရှိခိုးသောအခါ လက်အခြင်းအရာမျှကိုယူသည်၊ ယောက်ျား မိန်းမဟုမခွဲ)။

ခုနစ်ရက် လွန်သောအခါ မထေရ်မြတ် စိတ်ဆင်းရဲတော့မည်ဟု ပြန်လွှတ်၏။

ကုရဏ္ဍကလိုဏ်သို့ ပြန်ရောက်သောအခါ ညဉ့်အဘို့၌ စင်္ကြံသို့ တက်လတ်သော် ကံကော်ပင်စောင့်နတ်သည် မီးရှူးကိုင်ကာ ရပ်လျက် သီလစင်ကြယ်လေစွဟု ပူဇော်၏၊ ထိုနေ့၌ ကမ္မဋ္ဌာန်း အလွန်စင်ကြယ်စွာ ထင်၏၊ သန်းခေါင်ယာမ် လွန်သောအခါ မြေလှုပ်၍ တတောင်လုံး ပဲ့တင်သံ ဖြစ်စေလျက် ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ထို့ကြောင့် မိမိအကျိုး လိုလားသော အမျိုးသားသည် တောမျောက်အသွင်, တောသမင်သဘွယ် ကြောက်လန့်သော သူငယ်ကဲ့သို့ လော်လည်သော မျက်စိ မရှိစေရာ၊ မျက်လွှာချကာ ထမ်းပိုးတပြန်မျှ ကြည့်ရှုရာ၏၊ တောင်မြောက်ပမာ စိတ်လော်လည်တိုင်း အလိုမလိုက်ရာ။

မဟာမိတ္တမထေရ် ဝတ္ထု

မဟာမိတ္တမထေရ်၏ မိခင်အား ဆိပ်အိုင်းနာ ပေါက်၏၊ သ္မီး ဘိက္ခုနီမကို မောင်တော်ထံ သွား၍ ဆေးရှာပါဟု စေလွှတ်၏။ မထေရ်သည် ငါကား သစ်မြစ် စသည်ဖြင့် ဆေးဖော်ခြင်းငှါ မသိ၊ ရဟန်းပြုသည်မှ စ၍ ဣန္ဒြိယသံဝရကို ဖျက်လျက် မာတုဂါမကို မကြည့်စဘူး၊ ထိုသစ္စာကြောင့် မိခင်အား ချမ်းသာစေသတည်း၊ သင်သွား၍ ဤသစ္စာဆို၍ ဆုပ်နယ်လော့ဟု ဆို၏၊

ဘိက္ခုနီမသည် မထေရ်ပြောသော အတိုင်းပြု၏၊ ထိုခဏ၌ အနာသည် ရေမြှုပ်ဆိုင် ကဲ့သို့ ကြေပျောက်လေ၏၊ ဒါယိကာမကြီးသည် ထိုင်ရာမှထ၍ ယခုအခါ ဘုရားရှင် ရှိလျှင် ငါ့သား ရဟန်း၏ ဦးခေါင်းကို လေသာတံခါး၌စီသော ရွှေပွတ်လုံး ရှိသော ရှေ့ကွန်ယက်သဖွယ် ဆန်းကြယ်သော လက်တော်ဖြင့် အဘယ်မှာ မသုံးသပ်ဘဲ ရှိအံ့နည်းဟု ဝမ်းမြောက်စွာ ပြောဆိုလေ၏၊

ထို့ကြောင့် အမျိုးကောင်းသား ရဟန်းသည် မဟာမိတ္တ မထေရ်ကဲ့သို့ ဣန္ဒြိယသံဝရ-သီလ၌ တည်ရာ၏။

အာဇီဝပါရိသုဒ္ဓိကို ဝီရိယဖြင့် ဖြည့်ရခြင်း

စင်ကြယ်သောပစ္စည်း

အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် ပြည့်စုံစေအပ်၏၊ ကောင်းသောလုံ့လရှိလျှင် မိစ္ဆာဇီဝကို ပယ်နိုင်သည်၊ ထို့ကြောင့် မအပ်မရာမရှာ၊ * ဆွမ်းခံ သွားခြင်း (ပိဏ္ဍိယာ လောပ ဘောဇနံ နိဿာယ - စသော နည်းဖြင့် ဆွမ်းခံသွားခြင်းကို ရည်ဆိုသည်။) စသော ဝီရိယဖြင့်သာ ရှာ၍ရသော စင်ကြယ်သော ပစ္စည်းကို သုံးဆောင်ခြင်းဖြင့်၎င်း မစင်ကြယ်သောပစ္စည်းကို မြွေဆိုးအသွင် ရှောင်ကြဉ်ခြင်းဖြင့်၎င်း အာဇီဝကို ပြည့်စုံစေအပ်၏။

သံဃာမှ ဂိုဏ်းမှရသောပစ္စည်း, တရားဟောခြင်း (အာမိသ မငဲ့ဘဲ ထွက်မြောက် ကြောင်း ဖြစ်အောင်, ဓမ္မဒေသနာကုသိုလ် ဖြစ်အောင် လဇ္ဇီသီလဝန္တ၏ တရား ဟောခြင်းကို ရည်ဆိုသည်။) စသောဂုဏ်ကြောင့် ကြည်ညိုသူတို့ ထံမှရသော ပစ္စည်းတို့သည် စင်ကြယ်ကုန်၏၊ ဆွမ်းခံသွားခြင်း စသည်တို့ဖြင့်ရသော ပစ္စည်းကား သာ၍ စင်ကြယ်၏၊ ဓုတင်ဆောင် ရဟန်းအား စင်ကြယ်သော ပစ္စည်းကား- ဆွမ်းခံ၍ရသော ပစ္စည်း, ဓုတင်ဂုဏ် ကြည်ညိုသူတို့ထံမှ ဓုတင်နှင့်အညီ ရသော ပစ္စည်းတို့ ဖြစ်ကုန်၏။

ရောဂါတခုသည် စတုမဓူဖြင့်လည်း ပျောက်နိုင်အံ့၊ နွားကျင်စိမ် ဖန်ခါးသီးဖြင့်လည်း ပျောက်နိုင်အံ့၊ ထိုနှစ်မျိုးလုံးကို ရလျှင် စတုမဓူကို တပါးသော သီတင်းသုံးဘော်တို့ စားကုန်လတ္တံ့ ဟုကြံ၍ ဖန်ခါးသီးပုပ်သာစား၍ ဓုတင် ဆောက်တည်ခြင်းသည် သင့်လျော်၏၊ အပိစ္ဆတာဂုဏ်နှင့် လွန်စွာ ပြည့်စုံ၏၊ ဤရဟန်းသည် မြတ်သော အရိယာအနွယ် ရှိသော ရဟန်း မည်၏။

နိမိတ် စသည် ၄-ပါး

အာဇီဝသုတ်သင်သော ရဟန်းအား ပစ္စည်းလေးပါးတို့တွင် - သင်္ကန်း ဆွမ်းတို့၌ နိမိတ်, ဩဘာ ပရိကထာ, ဝိညပ်-လေးမျိုးမအပ်၊ ကျောင်း၌ ဝိညပ်တမျိုး မအပ်၊ နိမိတ် ဩဘာ ပရိကထာ- သုံးမျိုးကား ဓုတင် မဆောင်သူအား အပ်၏၊ ဆေး၌ လေးမျိုးလုံး အပ်၏။

၁။ ပစ္စည်းကိုရည်၍ အလိုသိအောင် ရိပ်ဝဲကာ ဆိုခြင်းသည် နိမိတ် မည်၏၊ ကျောင်းအလို့ငှါ မြေသုတ်သင်ခြင်း, ပန်နက်ရိုက်ခြင်း စသည်တို့ကို ပြုသော ရဟန်းကို လူတို့က အဘယ်ကိုပြုပါသနည်းဟု မေးသောအခါ ကျောင်းဆောက်ရန် ပန်နက် ရိုက်သည်ဟု ဖြေဆို၍ အဘယ်ဒါယကာ ပြုစေပါသနည်းဟု မေးလတ်သော် ယခုတော့ ပြုစေသော ဒါယကာ မရှိသေး-ဟု ဆိုခြင်းမျိုးတည်း။

၂။ အဖြောင့်မဆို အလိုသိအောင် ရိပ်ဝဲဆိုခြင်းသည် ဩဘာသမည်၏၊ တကာတို့ ... အဘယ်၌နေကြသနည်း၊ ပြာသာဒ်၌ နေကြပါသည်၊ ရဟန်းတို့အား ပြာသာဒ် မအပ်လေသလော-ဟု ဆိုခြင်းမျိုးတည်း။

၃။ ပရိယာယ်အားဖြင့် ဆိုခြင်းသည် ပရိကထာ မည်၏၊ ရဟန်းသံဃာအား ကျောင်း ကျဉ်းမြောင်း၏-ဟု ဆိုခြင်းမျိုးတည်း။

၄။ ကျောင်းလှူလော့ဟု တိုက်ရိုက်ဆိုခြင်းမျိုးသည်-ဝိညပ်မည်၏။

နိမိတ်, ဩဘာ စသည်တို့ဖြင့် ရသောဆေးကား ရောဂါ ကင်းသောအခါ သုံးဆောင် အပ်မည်လောဟူမူ -

ဝိနည်းဆောင်တို့ကား ဘုရားရှင်သည် ရောဂါကို အဦးပြုခြင်းဖြင့် သုံးဆောင်ခွင့် ပေးပြီး ဖြစ်သောကြောင့် ရောဂါ ကင်းသော အခါလည်း သုံးဆောင်အပ်၏၊ အာပတ် မသင့်ဟု ဆိုကုန်၏၊

သုတ္တန်ဆောင်တို့ကား အာပတ် မသင့်သော်လည်း သလ္လေခ ပျက်သည်၊ အာဇီဝ ပျက်သည်၊ မအပ်ဟုဆိုကုန်၏၊

ဘုရားရှင် ခွင့်ပြုစေကာမူ နိမိတ် စသည်ကိုမပြုဘဲ အပိစ္ဆတာစသော ဂုဏ်တို့ကိုသာ အမှီပြုသော ရဟန်းမျိုး၊ သေဘေးကြုံသော်လည်း နိမိတ် ဩဘာ စသည်မှ ကင်းသော ပစ္စည်းကိုသာ မှီဝဲပြုသော ရဟန်းမျိုးသည် ပရမသလ္လေခဝုတ္တိ မည်၏၊ အလွန်ခေါင်းပါး သော အသက်မွေးခြင်းရှိသည် မည်၏၊ ရှင်သာရိပုတြာနှင့် တူ၏။

ရှင်သာရိပုတြာ ဝတ္ထု

ရှင်သာရိပုတြာ တောကျောင်း၌ နေသောအခါ လေနာရောဂါ ပြင်းစွာ နှိပ်စက်၏၊ ရှင်မောဂ္ဂလာန်က အဘယ် အစာဖြင့် ပျောက်ဘူးသနည်းဟု မေး၏၊ လူဖြစ်စဉ်က ထောပတ်, ပျားသကာ စသည်နှင့်ရောသော ရေမပါသော နို့ဃနာဖြင့် ပျောက်ဘူး၏ ဟု ဆိုလတ်သော် သင်တို့ငါတို့ ဘုန်းကံကြောင့် နက်ဖြန်ရမည်လား မသိဟု ဆို၏၊

ထိုစကားကို စင်္ကြံဦး သစ်ပင် စောင့်နတ်သည် ကြား၍ မထေရ်တို့၏ တကာအိမ် သို့သွား၍ ထိုတကာ၏ သားကြီးကို ပူးဝင်နှိပ်စက်ပြီးလျှင် ဤသို့သော နို့ဃနာကို နက်ဖြန်မထေရ် အလို့ငှါ စီရင်လျှင် လွှတ်မည်ဟု ဆို၏။ သင်မဆိုသော်လည်း မထေရ်တို့အား ငါတို့မပြတ် ဆွမ်းလှူကြသည်ဟု ဆို၍ နံနက်၌ နို့ဃနာကို စီရင် ကုန်၏၊

ရှင်မောဂ္ဂလာန် ဆွမ်းခံကြွလာသောအခါ ဘုဉ်းပေးစေ၍ နောက်ထပ် သပိတ် အပြည့် လှူလိုက်ကြ၏၊ ရှင်သာရိပုတြာ နို့ဃနာမြင်သောအခါ “ကောင်းလှ၏၊ အဘယ် နည်းဖြင့် ဖြစ်သနည်း” ဟု ဆင်ခြင်လတ်သော် လူဖြစ်စဉ်က နို့ဃနာဖြင့် ပျောက်ဘူး၏ ဟူသော မိမိ စကားကြောင့် နတ်တိုက်တွန်း၍ ဤနို့ဃနာ ဖြစ်သည်ကို မြင်၍ ငါ့ရှင် မောဂ္ဂလာန် ... ဤအစာသည် သုံးဆောင်ခြင်းငှါ မထိုက်ဟု ပယ်လိုက်၏ ။

[မထေရ်အား ဩဘာသနာစသော စိတ်ဖြစ်ခြင်းရှိသည်ဟု အချို့ မှတ်ထင်ကြမည် ဖြစ်သောကြောင့်၎င်း, ဤသို့ပယ်လိုက်လျှင် နောင်အခါ သီတင်းသုံးဘော်တို့သည် ကောင်းသောအတုရကုန်ရာ၏။ ဟူ၍၎င်း ပယ်သည်၊

မထေရ်သည် ပင်ကိုယ်အားဖြင့် အလွန့်အလွန် ခေါင်းပါးသော အကျင့်ရှိ၏၊ အဘယ် သူအား အကောင်းမကြိုက်ဘဲ ရှိအံ့နည်းဟု ရဟန်းငယ်တပါး ဆိုသော စကားသည် တသက်လုံး နားထဲမှမထွက်၊ နိဗ္ဗာန်ဝင်သော နေ့တိုင်အောင် မုံ့မှုန့်ခဲဘွယ်ကို မစား]

ရှင်မောဂ္ဂလာန်လည်း ငါယူလာသည်ကို ဤသို့ဆိုသလောဟု မကြံမူ၍ တခွန်း တည်းဖြင့် မှောက်သွန်လိုက်၏၊ နို့ဃနာလည်း မြေရောက် လေနာလည်းပျောက်၏၊ ထိုနေ့မှစ၍ ၄၅-နှစ်ပတ်လုံး လေနာရောဂါငြိမ်း၏၊

(ဘုရားရှင် တဝါရမှ ရဟန်းပြုသည်၊ ဘုရားရှင်ထက် ရှေး ၆-လစော၍ နိဗ္ဗာန် ဝင်သည်၊ ၄၄-နှစ်ကို အဆိုလွယ်အောင် ၄၅-နှစ်ဟုဆိုလိုဟန် ရှိသည်)၊

ငါ့ရှင်မောဂ္ဂလာန် ... ဝိညပ်မကင်းသော အစာကိုစားလျှင် အသက်မွေး ကဲ့ရဲ့စရာ ဖြစ်တော့မည်၊ အူအခွေလိုက် ထွက်၍ အစာရှာစေတော့၊ မစားလိုပြီဟု ဝမ်းမြောက်စွာ ပြောကြား၏။

ကျောက်ကုန်းထက် ရဟန္တာဖြစ်ခြင်း

ဤ အာဇီဝပါရိသုဒ္ဓိသီလ သုတ်သင်ရာ၌ အမ္ဗခါဒကမဟာတိဿ ဝတ္ထုလည်း ဆိုသင့်၏၊ ထိုမထေရ်သည် ဒုဗ္ဘိက္ခကပ်ကြီး ထိုက်သောအခါ ခရီးသွားစဉ် ဆွမ်းပြတ်ခြင်း, ခရီးပန်းခြင်းကြောင့် သရက်ပင်အောက်၌ လျောင်းစက်ကာ နေ၏၊ သရက်သီးများစွာ ကြွေကျသော်လည်း သိက္ခာပုဒ် အပျက်မခံ၊ ကောက်စားခြင်း မပြု၊ ဥပါသကာ တယောက် ရောက်လာ၍ ပင်ပန်း အားနည်းသည်ကို သိသဖြင့် သရက်သီး အဖျော်ပြု၍ ဆက်ကပ်၏၊ ထိုနောက် မထေရ်ကို ကျောက်ကုန်းထက်သို့ ပင့်တင်ပြီးလျှင် နေရာကျောင်း အရောက် လိုက်ပို့၏။ ထိုအခါ မထေရ်သည်-

န ပိတာ နာပိ တေ မာတာ
န ဉာတိ နာပိ ဗန္ဓဝါ
ကရောတေ တာဒိသံ ကိစ္စံ
သီလဝန္တဿ ကာရဏာ

တိဿ၊ တိဿ။
အယံ၊ ဤဥပါသကာသည်။
တေ၊ သင်၏။
န ပိတာ၊ ဘခင်မဟုတ်။
နာမာတာ၊ မိခင်လည်းမဟုတ်။
နဉာတိ၊ ဆွေမျိုးလည်း မဟုတ်။
နာပိဗန္ဓဝါ၊ ချစ်ကျွမ်းဝင်သော မိတ်ဆွေလည်း မဟုတ်။
ဧတာ ဒိသံကိစ္စံ၊ ဤသို့ထမ်းပိုးသော ကိစ္စကို။
သီလဝန္တဿ၊ သီလရှိသူ၏။
ကာရဏာ၊ အကြောင်းသီလကြောင့်။
ကရောတိ၊ ပြု၏။

ဤသို့ မိမိကိုယ်ကို ဆုံးမ၍ လက္ခဏာရေးသုံးပါး သုံးသပ်လတ်သော် ကျောက်ကုန်း ထက်၌ပင် မဂ်အစဉ်ဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

အနေသနာယ စိတ္တံပိ
အဇနေတွာ ဝိစက္ခဏော
အာဇီဝံ ပရိသောဓေယျ
သဒ္ဓါပဗ္ဗဇိတော ယတိ

သဒ္ဓါပဗ္ဗဇိတော၊ သဒ္ဓါ၍ရဟန်းပြုသော။
ဝိစက္ခဏော၊ မြှော်မြင်တတ်သော။
ယတိ၊ ရဟန်းသည်။
အနေသနာယ၊ မအပ်မရာ ရှာမှီးခြင်းငှါ။
စိတ္တံပိ၊ စိတ်ကိုသော်လည်း။
အဇနေတွာ၊ မဖြစ်စေမူ၍။
အာဇီဝံ၊ အသက်မွေးခြင်းကို။
ပရိသောဓေယျ၊ သုတ်သင်ရာ၏။

ပစ္စယသန္နိဿိတကို ပညာဖြင့် ဖြည့်ရခြင်း

ပစ္စဝေက္ခဏာ ၂-မျိုး

ပစ္စယသန္နိဿိတသီလကို ပညာဖြင့် ပြည့်စုံစေအပ်၏၊ ပညာရှိသောသူသည် ပစ္စည်း လေးပါး၌ အပြစ်အကျိုးမြင်၏၊ မဆင်ခြင်မူ ဤသုံးဆောင်ရာ၌ ဣဏပရိဘောဂ အပြစ်, အာပတ်အပြစ်ကိုမြင်၏၊ ဆင်ခြင်၍ သုံးဆောင်ရာ၌ ထွက်မြောက်ခြင်းအကျိုး အာပတ်မသင့်ခြင်း အကျိုးကိုမြင်၏၊ ထို့ကြောင့် ပစ္စည်း၌ မက်မောခြင်း, တွေဝေခြင်း ကိုပယ်၍ ဓမ္မိယလဒ္ဓပစ္စည်းကို ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်သော အားဖြင့် ပြည့်စုံစေအပ်၏။ ဆင်ခြင်ခြင်းသည် -

၁။ ပစ္စည်းရသောအခါ ဆင်ခြင်ခြင်း၊
၂။ သုံးဆောင်သောအခါ ဆင်ခြင်ခြင်း အားဖြင့် နှစ်ပျိုးရှိ၏။

ရသောအခါ “ဤပစ္စည်းသည် ဓာတ်လေးပါး အစုသာဖြစ်၏၊ သုံးဆောင်သူလည်း ဓာတ်လေးပါး အစုသာဖြစ်၏” ဟု ဓာတုမနသိကာရဖြင့်လည်း ဆင်ခြင်ရသည်၊ ဆွမ်းသည် အာဟာရေပဋိကူလသညာ စွမ်းဖြင့် စက်ဆုပ်ဘွယ် ဖြစ်၏၊ သင်္ကန်း စသည်တို့သည် ယခု စက်ဆုပ်ဘွယ် မဟုတ်သော်လည်း ဤကိုယ်ကောင်ပုပ်သို့ ရောက်သောအခါ လွန်စွာစက်ဆုပ်စရာ ဖြစ်ကုန်၏-ဟု ပဋိကူလစွမ်းဖြင့်လည်း ဆင်ခြင်ရသည်၊

ဤသို့ဆင်ခြင်ထားသော ပစ္စည်းတို့ကို နောင် သုံးဆောင်လျှင် အပြစ်ကင်းသော သုံးဆောင်ခြင်းသာ ဖြစ်၏၊ ပညာဖြင့် သုတ်သင်အပ်ပြီးသော ပစ္စည်းဖြစ်သောကြောင့် တည်း၊ အဓိဋ္ဌာန် တင်ထားသော သပိတ်, သင်္ကန်းတို့ကို သုံးဆောင်သည်နှင့် တူ၏၊ သုံးဆောင်သော အခါ၌လည်း ဆင်ခြင်လျှင် အပြစ်ကင်းသည်သာတည်း။

ပရိဘာဂ လေးပါး

သုံးဆောင်သောအခါ ဆင်ခြင်ရာ၌ အဆုံးအဖြတ်ကား - သုံးဆောင်ခြင်းသည် ထေယျ, ဣဏ, ဒါယဇ္ဇနှင့် သာမိ-ဟု ပရိဘောဂ လေးပါးရှိ၏၊ ထိုတွင်-

၁။ ဒုဿီလ၏ သုံးဆောင်ခြင်းသည် ထေယျပရိဘောဂ မည်၏၊ ဘုရားရှင်သည် သီလဝန္တအား ပစ္စည်းခွင့်ပြုသည်၊ ဒုဿီလအား ခွင့်မပြု၊ ဒါယကာ သည်လည်း အကျိုးဖွံ့ဖြိုးစေလို၍ သီလဝန္တအား လှူသည်၊ ဒုဿီလအား လှူသည်မဟုတ်၊ ထို့ကြောင့် ဒုဿီလသည် သီလဝန္တ၏ ပစ္စည်းကို ခိုးစားသူ နှင့်တူ၏။

၂။ သီလဝန္တဖြစ်လျက် မဆင်ခြင်ဘဲ သုံးဆောင်ခြင်းသည် ဣဏ ပရိဘောဂ မည်၏၊ အလှူခံပုဂ္ဂိုလ်မစင်ကြယ်လျှင် ဒက္ခိဏာဝိသုဒ္ဓိမဖြစ်၊ အလှူအကျိုး ဖွံ့ဖြိုးခြင်းမရှိ၊ ထို့ကြောင့် ကြွေးမြီယူစားသူနှင့် တူ၏။ ဣဏပရိဘောဂအပြစ် လွတ်လိုလျှင် ဆင်ခြင်၍ သုံးဆောင်ရသည်။

၃။ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက် တို့၏ သုံးဆောင်ခြင်းသည် ဒါယဇ္ဇ ပရိဘောဂ မည်၏၊ သေက္ခပုဂ္ဂိုလ်တို့သည် သားတော်စစ်ဖြစ်၍ ဘ,ဘုရား၏ ပစ္စည်းတို့ကို အမွေခံယူ၍ သုံးဆောင်ကြသည်၊ လူတို့လှူသော ပစ္စည်းမဟုတ်လော၊ ဘုရားပစ္စည်း အဘယ်သို့ ဖြစ်သနည်း? ဟု မေးဘွယ်ရှိ၏၊

လူတို့လှူသော်လည်း တရားခွင့်ပြုမှ သုံးဆောင်အပ်သောကြောင့် ဘုရားပစ္စည်းသာ ဖြစ်ချေ၏၊ ချစ်သားတို့ ... ငါ၏ဓမ္မအမွေကို ခံယူကြ၊ ငါ၏ အာမိသအမွေကို မခံယူ ချင်ကြနှင့်-ဟု ဓမ္မဒါယာဒသုတ်၌ ဘုရားပစ္စည်းဖြစ်ခြင်းကို ဟောပြီ။

(လူတို့သည် ဘုရားဟော နိဗ္ဗာန်စသော အကျိုးနှင့် လဲလှယ်ကြသဖြင့် ဘုရား မျက်နှာကြောင့်ရသော ဘုရားပစ္စည်း ဟူ၍လည်း သိအပ်ပေ၏)။

၄။ ရဟန္တာတို့၏ သုံးဆောင် ခြင်းသည် သာမိပရိဘောဂ မည်၏၊ ရဟန္တာတို့သည် တဏှာ၏ ကျေးကျွန်အဖြစ်မှ လွတ်လာကြသဖြင့် သခင် ဖြစ်ကြကုန်ပြီ၊ ပစ္စည်း သုံးဆောင်ရာ၌ တဏှာ၏အမိန့်ကို နားမထောင်၊ ပဋိကူလကို အပ္ပဋိကူလ အားဖြင့်၎င်း, အပဋိကူလကို ပဋိကူလ အားဖြင့်၎င်း ထိုနှစ်ပါးကို လျစ်လျူရှုခြင်း အားဖြင့်၎င်း မိမိအလိုအတိုင်း သုံးဆောင်နိုင်ကုန်၏၊ ဒါယကာတို့၏ နှလုံးအလို ကိုလည်း ပြည့်စေနိုင်ကုန်၏၊ ထို့ကြောင့် သခင်သုံး- သုံးဆောင်နိုင်ကြသည်။

* ထေယျ, ဣဏ (၂)၊ ဒါယဇ္ဇနှင့် (၁)၊ ပိုင်လှသာမိ (၁)၊ လေးခုရှိ၊ ပရိဘောဂတည်း။

ဆင်ခြင်ရန် အချိန်

ဣဏပရိဘောဂလွတ်ခြင်း, ဒက္ခိဏာဝိသုဒ္ဓိဖြစ်ခြင်းကို အလိုရှိသော သီလဝန္တပုဂ္ဂိုလ် သည် သင်္ကန်းကို ကိုယ်မှလွတ်၍ သုံးဆောင်တိုင်း ဆင်ခြင်အပ်၏၊ ဆွမ်းကို လုပ်တိုင်း လုပ်တိုင်း ဆင်ခြင်အပ်၏၊ မတတ်နိုင်လျှင် နံနက်ခင်း, ညချမ်း, ညဉ့် သုံးယာမ် တို့၌ လေးကြိမ် ဖြစ်စေ, သုံးကြိမ် နှစ်ကြိမ် တကြိမ်မျှဖြစ်စေ ဆင်ခြင်အပ်၏၊ မဆင်ခြင်မီ အရုဏ်တက်လျှင် ဣဏ ပရိဘောဂဖြစ်၏၊

အချို့ကား - ယမန်နေ့က ငါ့သုံးဆောင်သော ဆွမ်း သင်္ကန်း စသည်တို့ကို အအေး ပယ်ဖျောက်ရုံငှါသာလျှင် စသည်ဖြင့် အတိတ် မဆင်ခြင်လျှင် ဣဏပရိဘောဂဖြစ်၏ ဟု ဆိုကုန်၏၊ စူးစမ်းအပ်၏၊

အိပ်ရာနေရာ ကျောင်းကိုဝင်တိုင်း သုံးဆောင်တိုင်း ဆင်ခြင်အပ်၏၊ ဆေးကို ခံယူသော အခါ၌၎င်း, သုံးဆောင်သောအခါ၌၎င်း သတိ၏အကြောင်း၏ အဖြစ်သာ အပ်သည်။ ဝါ-ဆင်ခြင်ခြင်း သတိဟူသော အကြောင်းရှိမှအပ်သည်၊

(ဆင်ခြင်၍သာ ခံယူခြင်း, သုံးဆောင်ခြင်း ပြုရမည်ဟူလို)၊

ဤသန္နိဿိတ သီလသည် နာခြင်း, ဆာခြင်း အကြောင်းရှိရုံမျှဖြင့် မစင်ကြယ်၊ ဉာဏ်ဖြင့် ဆင်ခြင်မှ စင်ကြယ်သည်။ ခံယူစဉ် ဆင်ခြင်သော်လည်း သုံးဆောင်စဉ် မဆင်ခြင်လျှင် သန္နိဓိဒုက္ကဋ်, ဝိကာလဒုက္ကဋ်- အာပတ်သင့်၏၊ ခံယူမဆင်ခြင် သုံးဆောင် ဆင်ခြင်လျှင် အာပတ်မသင့်၊ သုဒ္ဓိလေးပါးတို့တွင် ပစ္စဝေက္ခဏာသုဒ္ဓိ ဖြစ်သောကြောင့်တည်း၊ (သုဒ္ဓိလေးပါး နောက်ဆိုအံ့)။

နာခြင်း, ဆာခြင်း အကြောင်းရှိလျှင် ဆေးကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ အကပ်ခံအံ့၊ သုံးဆောင်အံ့၊ နံနက်အခါ ပဝါရဏာ, သန္နိဓိတို့ဖြင့် အာပတ် မသင့် နေလွဲသောအခါ ဝိကာလသန္နိဓိ တို့ဖြင့် အာပတ်မသင့်၊ မဆင်ခြင်လျှင် ထိုသိက္ခာပုဒ်တို့ဖြင့် ဒုက္ကဋ် သင့်၍ ပါတိမောက္ခ သံဝရသီလ ပျက်သည်။ ။(ဝိဘင်းပါဠိတော်)။

ပုထုဇဉ် သခင်ဖြစ်နည်း

ဤပရိဘောဂ လေးပါးတို့တွင် သာမိ, ဒါယဇ္ဇံ နှစ်ပါးသည် ရဟန်း အားလုံးတို့အား အပ်၏၊ ဣဏမအပ်၊ ထေယျ၌ဆိုဘွယ် မရှိ၊ သီလဝန္တ ဆင်ခြင်၍ သုံးဆောင်ခြင်း ကား ကြွေးမြီမတင်သောကြောင့် အာနဏျပရိဘောဂ ဖြစ်၏၊ ဒါယဇ္ဇ၌သာလည်း ရေတွက်အပ်၏၊ သီလဝန္တသည်လည်း သီလသိက္ခာရှိသောကြောင့် သေက္ခသာ မည်၏။

ဤ၌ ပုထုဇဉ်သာမိ, ဒါယဖြစ်ပုံကား - ပုထုဇဉ်သော်လည်း ခေါင်းပါးသော အကျင့်၌တည်၍ မက်မောခြင်းမရှိ, ကပ်ငြိခြင်းမရှိ သုံးဆောင်အံ့ - သာမိနှင့်တူ၏၊ သီလဝန္တ ဆင်ခြင်၍ သုံးဆောင်ခြင်းကား ဒါယဇ္ဇဖြစ်၏၊ ဒါယကာတို့၏ နှလုံးအလို မချွတ်ယွင်းသောကြောင့်တည်း၊ ထို့ကြောင့် ဒါယဇ္ဇ၌သာတည်း ရေတွက်ဟု ဆိုအပ်ပြီ၊ ကလျာဏပုထုဇဉ်၏ သုံးဆောင်ခြင်း၌ကား ဆိုဘွယ်မရှိ၊ ဒါယဇ္ဇသာဖြစ်၏၊ သေက္ခပုဂ္ဂိုလ်၌ ရေတွက်သော ကြောင့်တည်း၊ ကြွေးမြီရှိသူ လိုရာသွားခွင့် မရ သကဲ့သို့ ဣဏပရိဘောဂ ရဟန်းလောကမှ ထွက်ခွင့်မရ၊ ဆင်ခြင်သူ၏ အာနဏျသည် မုချအားဖြင့် ပရိဘောဂလေးပါးမှ လွတ်သော ပရိဘောဂ သီးခြားသာဖြစ်သည်။

ဤလေးပါးတို့တွင် သာမိပရိဘောဂသည် အမြတ်ဆုံးဖြစ်၏၊ အမြတ်ဆုံးကို အလိုရှိသော ရဟန်းသည် ဆိုပြီးသော နည်းအတိုင်း ပစ္စဝေက္ခဏာ ဆင်ခြင်ကာ သုံးဆောင်ခြင်းဖြင့် ပစ္စယသန္နိဿိတသီလကို ဖြည့်ကျင့်အပ်၏၊ ဤသို့ပြုလျှင် ကိစ္စကာရီ မည်၏၊ ရဟန်းဖြစ်စ မှီရာပစ္စည်းလေးပါး ပြောပြစဉ်က ဝန်ခံသော ပဋိညာဉ်အတိုင်း ကျင့်သောကြောင့်တည်း။

ဘုရားစကား နား၌ရှိသော ရဟန်းသည် ရေနှင့်တကွ ပစ္စည်းလေးပါးကို ဆင်ခြင်၍ သုံးစား၏၊ ပစ္စည်းလေးပါး၌ ရေပေါက် ကြာချပ် မငြိကပ်၊ လာဘ်များသော်လည်း အနာဆေးလိမ်းသကဲ့သို့ သင့်ရုံသတိပြု၏၊ သားငယ် အသားမျိုး, ဝင်ရိုးနယ်ဆီသဘော မက်မောမရှိ၊ ခန္ဓာမျှရုံ သုံး၏။

ဤ၌ ရေသည်နာခြင်း, ပွတ်သိပ်ခြင်း ငြိမ်းကြောင်း ဆေးမည်၏၊ သောက်ချိုး ဆေးကြော ဖွပ်လျှော်တိုင်း ဆင်ခြင်ရာ၏။

အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ လက်ဖျစ်တချက် တီးရုံလောက်ကြာအောင် မေတ္တာပွားသော ရဟန်းသည် သာမိက, အနဏ, ဒါယာဒပုဂ္ဂိုလ် ဖြစ်၏၊ အမွေခံ ကြွေးမတင် သခင်ဖြစ်၏၊ တိုင်းသူပြည်သားတို့၏ဆွမ်းကို သုံးဆောင်ထိုက်၏-ဟု ဆိုပြီ။

သုဒ္ဓိလေးပါး

သုဒ္ဓိလေးပါးကို ဤသို့ သိအပ်၏။

၁။ ပါတိမောက္ခသံဝရသီလသည် ဒေသနာကြားခြင်းဖြင့် စင်ကြယ်သောကြောင့် ဒေသနာသုဒ္ဓိမည်၏၊ ဒေသနာကြားခြင်း, ဝတ်စောင့်ခြင်း, ပါရာဇိကကို ဝန်ခံခြင်း တို့သည်ပင် ဒေသနာလည်း မည်၏၊ စင်ကြယ်ကြောင်း ဖြစ်သောကြောင့် သုဒ္ဓိလည်း မည်၏၊ ထိုနှစ်ပါးကြောင့် ဒေသနာသုဒ္ဓိ မည်၏၊ ပုဂ္ဂိုလ်သည်ကား ထို ဒေသနာသုဒ္ဓိ ရှိသောကြောင့် ဒေသနာသုဒ္ဓိပင် မည်၏။

၂။ ဣန္ဒြိယသံဝရသီလသည် နောင်ဤသို့ မပြုပါအံ့၊ “န ပုနေဝံ ကရိဿာမိ”ဟု စိတ်ဆောက်တည်၍ စောင့်စည်းခြင်းဖြင့် စင်ကြယ်သောကြောင့် သံဝရသုဒ္ဓိ မည်၏။

၃။ အာဇီဝပါရိသုဒ္ဓိသီလသည် မအပ်မရာပယ်စွန့်၍ တရားနှင့်အညီ ပစ္စည်းရှာမှီးခြင်း ဖြင့် စင်ကြယ်သောကြောင့် ပရိယေဋ္ဌိသုဒ္ဓိ မည်၏။

၄။ ပစ္စယသန္နိဿိတသီလသည် ပစ္စဝေက္ခဏာ ဆင်ခြင်ခြင်းဖြင့် စင်ကြယ်သော ကြောင့် ပစ္စဝေက္ခဏာသုဒ္ဓိ မည်၏။

ထမင်းချမ်းပူ ဝတ္ထု

မဟာသံဃရက္ခိတမထေရ်အား တူဖြစ်သူ သာမဏေတပါးရှိ၏၊ သံဃရက္ခိတပင် မည်၏၊ တနေ့သ၌ ထိုသာမဏေသည် သလေးထမင်းချမ်း အေးအေးစက်စက်ကို ဘုဉ်းပေးနေ၏၊ မထေရ်သည် ငါ့ရှင် သာမဏေ ... သင်၏လျှာကို ဆွမ်းအပူ မလောင်အောင် စောင့်စည်းလော့-ဟု သတိပေးစကား မိန့်ဆို၏၊ သာမဏေသည် ထိုစကားကို ကြားလတ်သော် အေးစက်သော ထမင်းချမ်းသော်လည်း မဆင်ခြင်သူ၏ လျှာကို လောင်စေနိုင်ပေသည် တကား-ဟု ဩတ္တပ္ပနှင့်တကွ ဖြစ်သောဉာဏ်ကို၊ ဝါ-ကြောက်လန့်သောဉာဏ် (သံဝေဂ) ကို ရ၍ ဆင်ခြင်ကာ သုံးဆောင်၏၊ ထိုနေရာ၌ပင် ရဟန္တာဖြစ်၍ ငါ့အကြံ ပြည့်စုံပြီ၊ နောက်ဘဝ ပဋိသန္ဓေ လွတ်ပြီ-ဟု ဥဒါန်းကျူးသတတ်၊ ထို့ကြောင့် ဒုက္ခဝဋ်ကျွတ်လိုလျှင် ပစ္စည်းလေးပါး သုံးဆောင်တိုင်း ဆင်ခြင်ရာ၏။

* သီလလေးဖြာ၊ ပါ ဏ္ဍံ အာ၊ ပစ္စယာသန္နိဿိ။
အပြစ်ကားလေး၊ ပတ် ကိလေး၊ သက်မွေးကြွေးတင်ဘိ။
သုဒ္ဓိလေးဝ၊ ဒေ သံ ပ၊ ပစ္စဝေက္ခဏာ။
ပြဓာန်းလေးရှိ၊ ဒွါ သတိ'၊ ဝီရိ ပညာသာ။

သီလငါးပါး အပြားအကျယ်

ပဌမ ပဉ္စက

၁။ သာမဏေသီလသည် ပရိယန္တပါရိသုဒ္ဓိသီလ မည်၏၊ အရေအတွက်အားဖြင့် အပိုင်းအခြား ရှိသောကြောင့်တည်း။

၂။ ရဟန်းသီလသည် အပရိယန္တပါရိသုဒ္ဓိသီလ မည်၏။ (ကလျာဏ ပုထုဇဉ်, သေက္ခ, အသေက္ခတို့မှ တပါး ရဟန်းသာမညကို ဆိုသည်)။ ထို ရဟန်းသာမည၏ သီလသည် ကုဋေ (၉၁၈ဝ), ငါးသန်း, သုံးသောင်း ခြောက်ထောင် ဖြစ်သည်ဟု ပိုင်းခြားအပ် သော်လည်း (တခုခုကိုပင်) အကြွင်းမထင်အောင် ဆောက်တည်ရခြင်း ကိုရည်၍ အပရိယန္တဟုဆိုသည် ဉာတိ အင်္ဂ ဇီဝိတ လာဘ ယသစွမ်းဖြင့် မပျက်စီး ခြင်းကိုလည်း ရည်ဆိုသည်၊

အမ္မခါဒက မဟာတိဿမထေရ်သည် သပ္ပုရိသာနုဿတိကို မစွန့်၊ ငတ်၍ သေလု နီးသော်လည်း သရက်သီး ကောက်မစား၊ သိက္ခာပုဒ်ကို မလွန်ကျူး၊ ထို အပရိယန္တပါရိသုဒ္ဓိသီလကိုသာ အမှီပြု၍ ဒါယကာ၏ ကျောက်ကုန်း ထက်၌ ရဟန္တာ ဖြစ်ပြီ၊

ဤ၌ သပ္ပုရိသာနုဿတိ ဟူသည်ကား -
ဥစ္စာနှင့် အင်္ဂါ တခုခု ခိုးသူဘေးမျိုးကြုံလျှင် အင်္ဂါအထိမခံနှင့်၊ ဥစ္စာစွန့်ရမည်၊
အင်္ဂါနှင့်အသက် တခုခု မြွေဘေးမျိုး ကြုံလျှင် အသက်အထိ မခံနှင့်၊ အင်္ဂါစွန့်ရမည်၊
တရားသိသူကား ဘယ်အခါမဆို တရားအထိမခံနှင့်၊ ဥစ္စာ, အင်္ဂါ, အသက်အားလုံး စွန့်ရမည်၊ ဤသို့သော နှလုံးသွင်းမျိုးတည်း။

၃။ ပုထုဇဉ်ကလျာဏသီလသည် ပရိပုဏ္ဏပါရိသုဒ္ဓိသီလ မည်၏၊ ပုထုဇဉ် ကလျာဏ သည် ဝိပဿနာ လွန်စွာအားထုတ်၏၊ သေက္ခပရိယန္တ၌ ဖြည့်ကျင့်၏၊ ကိုယ်အသက် မငဲ့၊ အသက်စွန့်၍ သီလစောင့်၏၊

(ဤသေက္ခဓမ္မလျှင် အပိုင်းအခြား ရှိသော ကုသိုလ်သည်၊ ဝါ-နာမ်ရုပ်ပိုင်းခြားသည်မှ ဂေါတြဘူ အထိဖြစ်သော ကုသိုလ်သည်၊ ဝါ-သေက္ခဓမ္မတို့၏အောက် လောကီ သိက္ခာ သုံးပါးသည် သေက္ခပရိယန္တ မည်၏။)

ထိုပုဂ္ဂိုလ်၏သီလသည် ပတ္တမြားစစ်ကဲ့သို့ ရွှေစင်ကဲ့သို့ အလွန်စင်ကြယ်၏၊ စိတ္တုပ္ပါဒ် အပြစ်မျှမရှိ၊ အရဟတ္တဖိုလ်၏ နီးသော အကြောင်းဖြစ်၏၊ ထို့ကြောင့် ပရိပုဏ္ဏပါရိသုဒ္ဓိ မည်၏။

အရဟတ္တဖိုလ် နီးပုံ ဝတ္ထု

မဟာသံဃရက္ခိတ မထေရ်သည် ဝါတော် ၆၀-ကျော်တွင် သေရာညောင်စောင်း လျောင်းတော်မူ၏၊ အဘယ်တရားထူး ရပါသနည်းဟု ရဟန်းများ မေးလတ်သော် ငါ့ရှင်တို့ ... ငါ့အား တရားထူးမရှိဟု ဆို၏၊ အရှင်ဘုရား ... ပရိနိဗ္ဗာန်စံတော့မည်ဟု ဝန်းကျင် ၁၂-ယူဇနာ တိုင်အောင် လူတို့ စည်းဝေးကြကုန်ပြီ၊ ပုထုဇဉ်အဖြစ်ဖြင့် ကွယ်လွန်လျှင် လူပေါင်းများစွာ နှလုံး မသာမယာ ဖြစ်ပါလိမ့်မည်-ဟု လျှောက်လတ်သော် ငါ့ရှင်တို့ ... ငါသည် မေတ္တေယျဘုရားကို ဖူးလို၍ ဝိပဿနာ အားထုတ်ခြင်းမပြု၊ ထိုသို့ဖြစ်မူ ငါ့ကိုထူပေးကြလော့ဟု ဆို၏၊ မထေရ်ကိုထူပေးပြီး အပသို့ ထွက်ကြသည်နှင့် တပြိုင်နက် အရဟတ္တဖိုလ်သို့ရောက်၍ လက်ဖျစ်သံဖြင့် ပြန်ခေါ်၏၊ သံဃာများလည်း စည်းဝေး၍ အရှင်ဘုရား ... ဤမျှသေလုနီးအခါ တရားထူး ရအောင် အလွန် ခဲယဉ်းစွာ ပြုရပေလိမ့်မည်-ဟု လျှောက်လတ်သော် ငါ့ရှင်တို့ ... လောကုတ္တရာတရားထူး မခဲယဉ်း၊ ငါ့အား ရဟန်းပြုသည်မှစ၍ သတိမေ့ခြင်း မသိခြင်းဖြင့် ချွတ်ယွင်းသော အမှု တစုံတခုရှိသည်ကို မမြင်ရ၊ ဤ အရာသာ ခဲယဉ်းသည်ဟု မိန့်ဆိုတော်မူ၏၊ ထိုမထေရ်၏ တူဖြစ်သော မထေရ်တပါး လည်း ဝါ ၅၀-ကျော်တွင် ထိုနည်းတူစွာ နိဗ္ဗာန်စံ၏။

စာမတတ်, သီလမရှိသူကို ကဲ့ရဲ့အပ်၏၊
စာမတတ် သီလရှိသူကို ချီးမွမ်းအပ်၏၊
စာတတ်, သီလမရှိသူကို ကဲ့ရဲ့အပ်၏၊ (ဗဟုဿုတ ဒုဿီလထံ သိက္ခာလိုလား သူတို့ မချဉ်းကပ်ကုန်။)
စာတတ်, သီလရှိသူကို ချီးမွှမ်းအပ် ၏၊
ဤစတုတ္ထပုဂ္ဂိုလ်ကို ဇမ္ဗူရာဇ်ရွှေစင်တုံးအတူ ကဲ့ရဲ့သူမရှိ၊ ဗြဟ္မာတို့ပင် ချီးမွမ်းကုန်၏။

၄။ သေက္ခသီလသည် အပရာမဋ္ဌ ပါရိသုဒ္ဓိသီလ မည်၏။ ဒိဋ္ဌိစွမ်းဖြင့် မသုံးသပ် အပ်သောကြောင့်တည်း၊ သူကြွယ်သား တိဿမထေရ်၏ သီလကဲ့သို့ ရာဂစွမ်းဖြင့် မသုံးသပ်အပ်သော ပုထုဇဉ် သီလသည်လည်း အပရာမဋ္ဌပါရိသုဒ္ဓိ မည်၏။

ပေါင်ချိုးသော မထေရ်

သူကြွယ်သား တိဿမထေရ်၏ မရီးသည် ပစ္စည်းအမွေ လောဘဖြင့် မတ်ဖြစ်သူ တိဿမထေရ်ကိုသတ်ရန် လူဆိုးတို့ကို ပစ္စည်းပေး၍ စေလွှတ်၏၊ မထေရ်သည် မိမိ၏ အပရာမဋ္ဌသီလ ရာဂမစွန်းငြိသည်ကို မှီ၍ ရဟန္တာဖြစ်လိုသောကြောင့် “ခေတ္တ ဆိုင်းကြဦး၊ ရာဂနှင့်သေရခြင်းသည် ရှက်ဘွယ်ဖြစ်သည်” ဟု သတ်လိုသူတို့ကို ဆိုပြီးလျှင် ဆိုင်းခွင့်ပေးစိမ့်သောငှါ ပေါင်တို့ကို ကျောက်ခဲဖြင့်ရိုက်ချိုး၏၊ တညဉ့်လုံး ဝိပဿနာပွား၏၊ အရုဏ်တက်သောအခါ ရဟန္တာအဖြစ်သို့ ရောက်လေသတတ်။

ဘဝသစ်ယူသူ သီလပျက်ခြင်း

မထေရ် တပါးလည်း သည်းထန်သော ရောဂါနှိပ်စက်၍ မိမိလက်ဖြင့် အစာမယူနိုင်၊ မိမိ၏ ကျင်ကြီးကျင်ငယ်၌ ကျွံနစ်လိမ်းပေ လူးလှိမ့်ကာ နေသည်ကို ရဟန်းငယ် တပါးက --

အဟော ဒုက္ခာ ဇိဝိတသင်္ခါရာ
ဇီဝိတ သင်္ခါရာ၊ အသက်နှင့်စပ်သော သင်္ခါရတို့သည်။
(ဝါ-သက်ရှိခန္ဓာငါးပါး တို့သည်)။
အဟော ဒုက္ခာ၊ သြော် -လွန်စွာ ဆင်းရဲကုန်စွ တကား” ဟုဆို၏၊

ငါ့ရှင် ... ငါယခုသေလျှင် နတ်ပြည်အတွက် စိတ်ချရ၏၊ သီလပျက်မှရသော နတ်စည်းစိမ်သည် သိက္ခာချ၍ လူဖြစ်သည်နှင့် တူ၏ဟု ဆို၍ သီလမပျက်ဘဲ သီလနှင့်တကွ သေမည်၊ သီလမစွန့်လိုဟု လျောင်းစက်လျက် ထိုရောဂါကို ဝေဒနာမှစ၍ နာမ်ရုပ် သုံးသပ်လတ်သော် ရဟန္တာအဖြစ်သို့ ရောက်လေ၏၊

(ဘဝသစ်ယူလျှင် သီလခါးဝတ် ကင်းလွတ်သည်၊ သီလမလွတ်စေဘဲ နိဗ္ဗာန်ယူမည် ဟူလို)။

ငါ့ရှင်တို့ ... ရောဂါနှိပ်စက်သော ငါ၏ကိုယ်သည် နေပူ၌ ပန်းကဲ့သို့ ညှိုးနွမ်း လွယ်လှ၏၊ စင်ကြယ်သည်မရှိ၊ အပုပ်ပြည့်သည်ကို မသိ၍သာ နှစ်သက်စွာ ချီးမွမ်းရှာကြ၏၊ ကိုယ်ကောင်အတွက် တွေဝေချက်ဖြင့် နတ်ပြည်ရောက်ကြောင်း သီလပျက်ကြသည်၊ ဤကိုယ်ကောင်သည် စက်ဆုပ်ဘွယ် ကောင်းလေစွ-ဟု သံဃာအား မိန့်ကြား လေသတတ်။

အဇညံ ဇညသင်္ခါတံ
အသုစီ သုစိသမ္မတံ
နာနာကုဏပပရိပူရံ
ဇညရူပံ အပဿတော

ဣဒံကဠေဝရံ၊ ဤကိုယ်ကောင်သည်။
အဇညံ၊ မနှစ်သက်ဘွယ် စက်ဆုပ်ဘွယ်ဖြစ်လျက်။
ဇညသင်္ခါတံ၊ နှစ်သက်ဘွယ်ဟု လူမိုက်တို့ဆို၏။
အသုစီ၊ မစင်ကြယ်ဘဲလျက်။
သုစိသမ္မတံ၊ စင်ကြယ်၏ဟု သမုတ်အပ်၏။
နာနာကုဏပပရိပူရံ၊ အပုပ်မျိုးစုံပြည့်၏။
အပဿတော၊ ယထာဘူတ မသိသော သူ၏။
(မသိသူအား, မသိသူအတွက်)။
ဇညရူပံ၊ နှစ်သက်ဘွယ် ချီးမွမ်းအပ်သော ကိုယ်ကောင်ဖြစ်၏။

၅။ ရဟန္တာ စသည်တို့၏ သီလသည် ပဋိပဿဒ္ဓိ ပါရိသုဒ္ဓိသီလ မည်၏၊ ပူပန်ခြင်း အားလုံးမှ ငြိမ်းသောကြောင့် ပဋိပဿဒ္ဓိ၊ ထက်ဝန်းကျင် စင်ကြယ်သောကြောင့် ပါရိသုဒ္ဓိ မည်၏။

ဒုတီယ ပဉ္စက

ဒုတီယပဉ္စက၌ ပါဏာတိပါတ ကိလေသာအစ အရဟတ္တမဂ်သတ်သော ကိုလေသာ အဆုံးရှိသော ဤကိလေသာတို့ကို ပယ်ခြင်း, ရှောင်ကြဉ်ခြင်း စသည် အစွမ်းဖြင့် သိအပ်၏။

၁။ ပါဏာတိပါတကို ပယ်ကြောင်း စိတ္တုပ္ပါဒ်သည် ပဟာနသီလမည်၏၊
ဟိရီ, ဩတ္တပ္ပ, ကရုဏာ, အလောဘ စသည် အမှူးရှိသော စိတ္တုပ္ပါဒ် ရ၏။

၂။ ပါဏာတိပါတမှ ရှောင်ကြဉ်ကြောင်း ဝိရတိသည် ဝေရမဏိသီလ မည်၏။

၃။ ပါဏာတိပါတ၏ ဆန့်ကျင်ဘက် စေတနာသည် စေတနာသီလ မည်၏။

၄။ ပါဏာတိပါတ၏ ဝင်ပေါက်ကိုပိတ်ဆို့သော တရားသည် သံဝရသီလ မည်၏။

၅။ ပါဏာတိပါတကို မလွန်ကျူးကြောင်း တရားသည် အဝီတိက္ကမသီလ မည်၏။

ဤသို့ ငါးပါးဖြစ်ကုန်၏၊ အဒိန္နာဒါန စသည်ကို့၌လည်း ဤအတူ ငါးပါးစီတည်း။

ပဉ္စက ၄၇-ပါး

ကမ္မပထသီလ-၁၀

၁-ပါဏာတိပါတ, ၂-အဒိန္နာဒါန, ၃-ကာမေသုံ, ၄-မုသာ, ၅-ပိသုဏ, ၆-ဖရုသ, ၇-သမ္ဖပ္ပလာ, ၈-အဘိဇ္ဈာ, ၉-ဗျာပါဒ, ၁၀-မိစ္ဆာဒိဋ္ဌိကို ပယ်, ကြဉ်, ဆန်, ပိတ်, မလွန်ကျူးအားဖြင့် ငါးပါးစီ၊ ဤကား-ကမ္မပထဆယ်ပါးဖြင့် သီလပြခြင်းတည်း။

အဘိဇ္ဈာ စသည်တို့၌ ပဟာနကို အဘိဇ္ဈာ စသည်တို့ဖြင့် သိအပ်၏၊ ဝေရမဏိဖြင့် စေတနာကို (ယှဉ်ဘက်) တံ သမ္ပယုတ်ဟု သိအပ်၏၊ သံဝရဖြင့် အဝီတိက္ကမကို (ပြဓာန်းခြင်း) တပ္ပမုခဓမ္မဟု သိအပ်၏။

ပုဗ္ဗဘာဂသီလ-၅

၁ - အလောဘပြဓာန်းသော ကုသိုလ်နေက္ခမ္မဖြင့် ကာမစ္ဆန္ဒကို၊
၂ - မေတ္တာဖြင့် ဗျာပါဒကို၊
၃ - အာလောကသညာဖြင့် (ဝါ-နှလုံးသွင်း၍ ထင်လာစေသော အလင်းကို သိခြင်းဖြင့်) ထိနမိဒ္ဓကို၊
၄ - သမာဓိဖြင့် ဥဒ္ဓစ္စကို၊
၅ - ကုသိုလ်စသည့်ကို အမှန်ဆုံးဖြတ်သော ဉာဏ်ဖြင့် ဝိစိကိစ္ဆာကို ပယ်, ကြဉ် ဆန်, ပိတ်, မလွန်ကျူး ငါးပါးစီ၊ ဤကား ဈာန်ရကြောင်း ပုဗ္ဗဘာဂပဋိပဒါ ငါးပါးဖြင့် ပြခြင်းတည်း။

သဥပါယ အဋ္ဌသမာပတ္တိ သီလ-၁၀

၁ - မဂ်ရကြောင်း ဉာဏ်ဖြင့် အဝိဇ္ဇာကို
၂ - ဈာန်ရကြောင်း ပါမောဇ္ဇဖြင့် အရတိကို
၃ - ပဌမဈာန်ဖြင့် နီဝရဏတို့ကို
၄ - ဒုတီယဈာန်ဖြင့် ဝိတက် ဝိစာရကို
၅ - တတီယဈာန်ဖြင့် ပီတိကို
၆ - စတုတ္ထဈာန်ဖြင့် သုခ ဒုက္ခတို့ကို
၇ - အာကာသာနဉ္စာယတန သမာပတ်ဖြင့် ရူပသညာ ၁၅-ပါး၊ ပဋိဃသညာ ၁၀-ပါး၊ နာနတ္တသညာ ၄၄-ပါးကို, (ဝါ-ရူပစိတ် ၁၅၊ ဒွေပဉ္စဝိညာဏ် ၁၀၊ ကြွင်း ကာမစိတ် ၄၄-ကို)၊
၈ - ဝိညာဏ်ဖြင့် အာကာသညာကို
၉ - အာကိံဖြင့် ဝိညာသညာကို၊
၁၀ - နေဝသညာဖြင့် အာကိံသညာကို ပယ်, ကြဉ် စသည် ငါးပါးစီ၊

ဤကား- ဥပါယ ၂-ပါး၊ သမာပတ် ၈-ပါး၊ ပေါင်း ၁၀- ပါးဖြင့် ပြခြင်းတည်း၊

မဟဂ္ဂုတ်၌ --
မုချအားဖြင့် သီလန အနက်မရှိ၊ ဝိရတိ မရှိ၊
ဆန့်ကျင်ဘက်တို့ကို ပယ်ခြင်းရှိ၏၊
ဆန့်ကျင်ဘက်တို့မှ ရှောင်ကြဉ်ခြင်းရှိ၏၊
ဆန့်ကျင်ဘက်တို့ မဝင်နိုင်အောင် လုံခြုံခြင်းရှိ၏၊
ပရိယုဋ္ဌာနဟူသော မနောဝီတိက္ကမ မရှိ၊
ထို့ကြောင့် ပရိယာယ်အားဖြင့် ပယ် ကြဉ် ဆန် ပိတ် မလွန်ကျူးဟု ဆို၏၊
စေတနာကား တံသမ္ပယုတ္တဖြစ်၏၊
သီလသည် ကုသိုလ်ကို မပယ်၊
အောက်ဈာန်ဝိတက် စသည်ကို ပယ်သော ပဟာန သီလလည်း ပရိယာယ်တည်း။

မဟာဝိဿနာ ၁၈-ပါး

၁ - အနိစ္စာနုပဿနာဖြင့် နိစ္စသညာကို (ဝါ-နိစ္စဟု ဖြစ်သော မိစ္ဆာသညာကို ဒိဋ္ဌိကို စိတ်ကို၊)
၂ - ဒုက္ခာနုပဿနာဖြင့် သုခသညာကို
၃ - အနတ္တာနုပဿနာဖြင့် အတ္တသညာကို
၄ - သင်္ခါရတို့၌ ငြီးငွေ့ဘွယ်ဟု ရှုခြင်းဖြင့် ပီတိရှိသော တဏှာကို
၅ - တပ်ခြင်းကင်းသော ရှုခြင်းဖြင့် ရာဂကို
၆ - သင်္ခါရပြန် မဖြစ်အောင်ရှုခြင်းဖြင့် သမုဒယကို
၇ - သင်္ခါရစွန့်သော ရှုခြင်းဖြင့် နိစ္စစသည် စွဲလမ်းခြင်းကို၊
၈ - ကုန်ခြင်းကို ရှုခြင်းဖြင့် တခဲနက်သညာကို
(ဝါ-သန္တတိ, သမူဟ, ကိစ္စ, အာရုံစွမ်းဖြင့် တခုတည်း တလုံးတခဲတည်းဟု မှတ်ယူသော ဃနသညာကို၊)
၉ - ပျက်ခြင်းကို ရှုခြင်းဖြင့် ပြုပြင်စုရုံးခြင်းကို
၁၀ - ဖောက်ပြန်ခြင်းကို ရှုခြင်းဖြင့် ခိုင်ခံ့၏ဟု မှတ်သားခြင်းကို
၁၁ - အကောင်အထည်ဟူသော နိမိတ်မရှိဟု ရှုခြင်းဖြင့် နိမိတ်ကို
၁၂ - တောင့်တစရာ သင်္ခါရမရှိဟု ရှုခြင်းဖြင့် ရာဂတောင့်တခြင်းကို
၁၃ - အတ္တမှဆိတ်၏ဟု ရှုခြင်းဖြင့်အတ္တဟု နှလုံးသွင်းမှားကို၊
၁၄ - တေဘူမကကို လွန်သော အဓိပညာ ဓမ္မဝိပဿနာဖြင့် အနှစ်သာရဟုယူခြင်း နှလုံးသွင်းခြင်းကို
၁၅ - ယထာဘူတဉာဏ်ဖြင့် (ဝါ - ခိုင်သော အနုပဿနာဖြင့်) လောကကို ဗြဟ္မာ ဖန်ဆင်းသည် စသည်ဖြင့် တွေဝေစွာ နှလုံးသွင်းခြင်းကို
၁၆ - အပြစ်ကိုရှုခြင်းဖြင့် တွယ်တာဘွယ်ဟု နှလုံးသွင်းခြင်းကို
၁၇ - ပညာဖြင့် ဆင်ခြင်၍ အဖန်ဖန်ရှုခြင်းဖြင့် မောဟဦးစီးသော အကုသိုလ်ကို
၁၈ - နိဗ္ဗာန်သို့ညွတ်သော ရှုခြင်းဖြင့် (ဝါ-သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်)ဖြင့် ယှဉ်တွဲဘွယ်ဟု သင်္ခါရတို့၌ နှလုံးသွင်းခြင်းကို ပယ်, ကြဉ် စသည် ငါးပါးစီ၊

ဤကားမဟာဝိပဿနာ ၁ဂ-ပါးဖြင့် ပြခြင်းတည်း။

မဂ်လေးပါး

၁ - သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိမကင်းသော ကိလေသာ တသင်းကို
၂ - သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်းသော ကိလေသာကို
၃ - အနာဂါမိမဂ်ဖြင့် သိမ်မွေ့သော ကိလေသာကို
၄ - အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာ ကြွင်းကို - ပယ်, ကြဉ် စသည် ငါးပါးစီ၊

ဤကား မဂ်လေးပါးဖြင့် သီလပြခြင်းတည်း။

[ကမ္မပထသီလ ၁၀၊
ပုဗ္ဗဘာဂသီလ ၅၊
သဥပါယအဋ္ဌသမာပတ္တိသီလ ၁၀၊
မဟာဝိပဿနာသီလ ၁၈၊
မဂ်သီလ ၄-
အားဖြင့် ၄၇-ဖြစ်၏၊ ဝါ-ပဉ္စကသီလ ၄၇-မျိုးဖြစ်၏။

နိဗ္ဗာန်တွင် အကျိုးဆုံးခြင်း

ဤသို့သဘောရှိသော သီလတို့သည် -

၁။ စိတ်သာယာခြင်းငှါ၊
၂။ နုသောပီတိဖြစ်ခြင်းငှါ၊
၃။ ရင့်သောပီတိဖြစ်ခြင်းငှါ၊
၄။ ကိုယ်စိတ်ငြိမ်းအေးခြင်းငှါ၊
၅။ သုခဖြစ်ခြင်းငှါ၊
၆။ သမာဓိကိုမှီဝဲခြင်းငှါ၊
၇။ သမာဓိပ္ပားခြင်းငှါ၊
၈။ ကြိမ်ဖန်များစွာပြုခြင်းငှါ၊
၉။ သမာဓိတန်ဆာ ဖြစ်ခြင်းငှါ၊
၁၀။ သမာဓိအဆောက်ဦဖြစ်ခြင်းငှါ၊
၁၁။ သမာဓိအခြံအရံဖြစ်ခြင်းငှါ၊
၁၂။ သမာဓိပြည့်ခြင်းငှါ၊
၁၃။ စင်စစ်ငြီးငွေ့ခြင်းငှါ၊
၁၄။ ရာဂကင်းခြင်းငှါ၊
၁၅။ ချုပ်ခြင်းငှါ၊
၁၆။ ငြိမ်းခြင်းငှါ၊
၁၇။ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ၊
၁၈။ သစ္စာလေးပါးကို သိခြင်းငှါ၊
၁၉။ အမတမဟာနိဗ္ဗာန် အကျိုးငှါ ဖြစ်ကုန်၏။

သီလအနက်

ဤနေရာ၌ ပယ်ခြင်းဟူသည် ဘာဝသာဓနဖြစ်၍ ဓမ္မသဘာဝ တစုံတခု မဟုတ်၊ ပါဏာတိပါတ စသည်တို့ကို မဖြစ်စေခြင်းမျှ (ဝေါဟာရမတ္တ) သာတည်း၊ ထို မဖြစ်စေခြင်းမျှသည်ပင် ထိုထိုမေတ္တာစသော ကုသိုလ်ဓမ္မ စာဂ စသော ကုသိုလ်ဓမ္မ တို့၏ တည်ရာ ဥပဓာရဏ သီလနအနက်, ဖရိုဖရဲ မဖြစ်အောင် စောင့်စည်းခြင်း ထားခြင်း သမာဓာန သီလအနက်ဖြစ်၍ သီလမည်၏၊ ဝေရမဏိသီလ, စေတနာ သီလ, သံဝရသီလ, အဝီတိက္ကမသီလ လေးပါးကား ထို ပါဏာတိပါတ စသည်တို့မှ ကြဉ်ရှောင်စွမ်း, ဆို့ပိတ်စွမ်း, တံသမ္ပယုတ္တ စေတနာစွမ်း, မလွန်ကျူးစွမ်းဖြင့် စိတ်ဖြစ်ခြင်း ဖြစ်၏၊ တပြိုင်တည်းလည်း ဖြစ်ကုန်၏၊ နှစ်ပါးသော သီလနအနက်ဖြစ်၍ သီလမည်ကုန်၏။

သံကိလေသ အကျယ်

ကျိုး ပေါက် ကျား ပြောက်

သီလကျိုးပေါက် ကျားပျောက်ခြင်းတို့သည် ညစ်နွမ်းကြောင်း ဖြစ်၏၊ လာဘ, ယသ စသော အကြောင်းဖြင့်၎င်း, မေထုန်ငယ်ခုနစ်ပါးနှင့် ယှဉ်ခြင်းဖြင့်၎င်း, ကျိုးပေါက်ခြင်း စသည်ကို သိအပ်၏။

၁။ လာဘ်စသည်ငဲ့၍ သီလပျက်သောအခါ အာပတ်အစု ခုနစ်ခု၌ ထိုထိုအစု၏ ဥဒ္ဒေသစွမ်းဖြင့် အစသိက္ခာပုဒ်၎င်း, အဆုံးသိက္ခာပုဒ်၎င်း ပျက်လျှင် အနံစွန်း အမြိတ်စွန်း စုတ်သော ပြတ်သော အဝတ်နှင့်တူ၏၊ (ခဏ္ဍ) ကျိုးပြတ်သော သီလ မည်၏။

၂။ အလယ်သိက္ခာပုဒ် ပျက်လျှင် အလယ်ပေါက်သော အဝတ်နှင့်တူ၏၊ (ဆိဒ္ဒ) ပေါက်ထွင်းသော သီလမည်၏။

၃။ အစဉ်အတိုင်း နှစ်ခု သုံးခုပျက်လျှင် အမည်း အနီ စသည်ဖြင့် ကျောက်ကုန်း ဝမ်းပိုက် ကြောင်ကျားသော နွားနှင့်တူ၏၊ (သဗလ) ကြောင်ကျားသော သီလမည်၏။

၄။ အကြားအကြား ပျက်လျှင် အပြောက်အကွက် အကြိုအကြား ဆန်းကြယ်သော နွားနှင့်တူ၏၊ (ကမ္မာသ) ပြောက်ကွက်သော သီလမည်၏။

ဤသို့ လာဘ်စသည် ငဲ့၍ ကျိုးပေါက် ကျားပြောက်လျှင် သီလ ညစ်နွမ်း၏။

စ ဆုံးနှစ်ရပ်၊ ပျက်စီးလတ်၊ ကျိုးပြတ်ခေါ် ခဏ္ဍ
အလယ်အတွင်း၊ ပျက်စီးခြင်း၊ ပေါက်ထွင်းမည် ဆိဒ္ဒ
စဉ်တိုင်းအများ၊ ပျက်စီးငြား၊ ကြောင်ကျား သဗလ
အကြားအကြားကွက်၊ ပျက်စီးလျက်၊ ပြောက်ကွက် သမ္မာသ

မေထုန်ငယ် ၇-ပါး

၁။ ဤသာသနာ၌ အချို့သော ရဟန်းသည် မြတ်သော အကျင့်ရှိ၏ ဟု ဝန်ခံ၏၊ မာတုဂါမနှင့် ရှဉ်းစုံမကပ်သော အကျင့်ရှိ၏၊ ယင်းသို့ ရှဉ်းစုံမကပ်သော်လည်း မာတုဂါမ၏ လိင်ကျံပွပ်သပ်ခြင်း, ဆုတ်နယ်ပေးခြင်း, ရေချိုးပေးခြင်း စသည်ကို သာယာ၏၊ လိုလားနှစ်သက်၏၊ ဤအမူအရာသည် မြတ်သော သီလ၏ ကျိုးခြင်း, ပေါက်ခြင်း, ကျားခြင်းပြောက်ခြင်း ဖြစ်၏၊ မစင်ကြယ်သော အကျင့်ဖြစ်၏၊ မေထုန်နှင့် ယှဉ်၍ ကျင့်သည်မည်၏၊ ထိုရဟန်းသည် ဇာတိဇရာမရဏမှ မလွတ်၊ သံသရာဝဋ် ဆင်းရဲမှ မလွတ်။

၂။ ရှဉ်းစုံမကပ်, ပွပ်သပ် မကျူးသော်လည်း မာတုဂါမနှင့် တခိခိ ရယ်၏၊ ကိုယ်လက် ထိပါး ကစား၏၊ ပျက်ရယ်ရွှင်မြူး၏၊ ထို အပြောအဆိုကို သာယာ နှစ်သက်၏၊ ဤအမူအရာလည်း ကျိုးပေါက် ကျားပြောက်၍ ဝဋ်မှမလွတ်။

၃။ ရှဉ်းစုံမကပ်, ပွပ်သတ်မကျူး, ရယ်မြူးမရှိသော်လည်း မျက်စိချင်း ဆုံ၍ ကြည့်၏၊ စိန်းစိန်း စူးစိုက်၍ ကြည့်၏၊ တစောင်းကြည့်၏၊ ထိုကြည့်ခြင်းကို နှစ်သက်၏၊ ဤ အမူအရာလည်း ကျိုးပေါက် ကျားပြောက်၍ ဝဋ်မှမလွတ်။

၄။ ရှဉ်းစုံမကပ်, ပွပ်သပ်မကျူး, ရယ်မြူးမရှိ မျက်စိမဆုံသော်လည်း မာတုဂါမ၏ အသံကို နားထောင်၏၊ နံရံတဘက် တံတိုင်းတဘက်၌ မာတုဂါမ၏ ရှယ်ပြော တေးဆို ငိုယိုခြင်းစသော မိန်းမသံမျိုးစုံကို နားထောင်၏၊ သာယာ၏၊ နှစ်သက်၏၊ ဤ အမူအရာလည်း ကျိုးပေါက်ကျားပြောက်၍ ဝဋ်မှမလွတ်၊ (မြေနံရံ ကုဋ္ဋ၊ အုတ် တံတိုင်း-ပါကာရ၊ ဝါ-တသူအထက် တထောင့်ထွာ တက်လျှင် ကုဋ္ဋု၊ ထိုထက် လွန်လျှင် ပါကာရ။)

၅။ ရှဉ်းစုံမကပ်, ပွပ်သတ်မကျူး, ရယ်မြူးမရှိ, မျက်စိမဆုံ သံမျိုးစုံ နားမထောင် စွန့်ပစ်သော်လည်း ရှေး၌ မာတုဂါမနှင့် ရယ်ဘူး ပြောဘူး ကစားဘူးသည်ကို စိတ်ကူး၍ သာယာ၏၊ ဤအမူအရာလည်း ကျိုးပေါက်ကျားပြောက်၍ ဝဋ်မှမလွတ်။

၆။ ရှဉ်းစုံမကပ်, ပွပ်သတ်မကျူး, ရှယ်မြူးမရှိ, မျက်စိမဆုံ သံမျိုးစုံ ပစ်, ရှေးဖြစ် မကြံသော်လည်း ကာမဂုဏ် ငါးပါးနှင့် ပြည့်စုံသော သတို့သား သတို့သမီး မောင်နှံစုံကို ကြည့်၍ သာယာ၏၊ အားကျ၏၊ ဤအမူအရာလည်း ကျိုးပေါက် ကျားပြောက်၍ ဝဋ်မှမလွှတ်။

၇။ ရှဉ်းစုံမကပ်, ပွပ်သတ်မကျူး, ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံပစ် ရှေးဖြစ်မကြံ မောင်နှံမကြည့်ဘဲ ငုံ့ရှောင်သော်လည်း ဤသီလ အကျင့်ဖြင့် နတ်ဗြဟ္မာဖြစ်လို၏ဟု တောင့်တ၏၊ သာယာ၏၊ နှစ်သက်၏၊ ဤအမူအရာလည်း ကျိုးပေါက် ကျားပျောက်၍ ဝဋ်မှမလွတ်၊

ဤသို့ ပွပ်သပ်သာယာခြင်း စသော မေထုန်ငယ် ခုနစ်ပါးနှင့် ယှဉ်၍ ကျိုးပေါက် ကျားပြောက်လျှင်လည်း ညစ်နွမ်း၏။

*ရှဉ်းစုံမကပ်၊ ပွပ်သပ်မကျူး၊ ရယ်မြူးမရှိ၊ မျက်စိမဆုံ၊
သံမျိုးစုံပစ်၊ ရှေးဖြစ်မကြံ၊ မောင်နှံငုံ့ရှောင်၊ နတ်ဘောင်မရွယ်၊
ဤရှစ်သွယ်၊ လွတ်ဘွယ် မေထုန်တည်း။

*ဤ မေထုန်ငယ် ခုနစ်ပါးကြောင့် သီလသိက္ခာပုဒ်ကြီးများ ပျက်စီးခြင်းမရှိ၊ ညစ်နွမ်း ရုံသာတည်း၊ ဤအနေဖြင့် ထွက်မြောက်ကြောင်း နိယျာနိကကို အန္တရာယ် ပြုနိုင်ကြပေသည်။ အမျက်ထွက်ခြင်း, ရန်ငြိုးဖွဲ့ခြင်း စသည်တို့ကိုလည်း ထို့အတူ သိ၍ လွတ်ကင်းစေသင့်လှ၏။

ဝေါဒါန အကျယ်

မကျိုးမပေါက် စသည်

သီလမကျိုး, မပေါက်, မကျား, မပြောက်ခြင်း တို့သည် ဖြူစင်ကြောင်း ဖြစ်၏၊

သိက္ခာပုဒ်တခုမျှ မပျက်ခြင်းဖြင့်၎င်း,
ပျက်လျှင် ကုစားခြင်းဖြင့်၎င်း,
မေထုန်ငယ် ခုနစ်ပါးနှင့် မယှဉ်ခြင်းဖြင့်၎င်း,
ကောဓစသော ပါပဓမ္မ မဖြစ်ခြင်းဖြင့်၎င်း,
အပ္ပိစ္ဆ သန္တုဋ္ဌိ သလ္လေခ စသော ဂုဏ်ကျေးဇူး ဖြစ်ခြင်းဖြင့်၎င်း,
မကျိုး မပေါက်ခြင်း စသည်ကို သိအပ်၏။

ကျိုးပေါက်ကျားပြောက်ကြောင်း ကောဓစသော ပါပဓမ္မတို့ကား --

၁။ ကောဓ အမျက်ထွက်ခြင်း, ဥပနာဟ-ရန်ငြိုးဖွဲ့ခြင်း (တစုံ)
၂။ မက္ခ-သူတပါးဂုဏ်ကို ခြေဖျက်ခြင်း, ပဠာသ-အင်တူပြုခြင်း (တစုံ)
၃။ ဣဿာ-သူ့စည်းစိမ် ငြူစူခြင်း, မစ္ဆရိယ-မိမိစည်းစိမ် လျှို့ဝှက်ခြင်း (တစုံ)
၄။ မာယာ-ရှိသောအပြစ်ကို ဖုံးလွှမ်းခြင်း, သာဌေယျ-မရှိသောဂုဏ်ဖြင့် ပလွှားခြင်း (တစုံ)
၅။ ထမ္ဘ-စိတ်ခက်ထန်ခြင်း, သာရမ္ဘ-သူ့ထက်လွန်ကဲအောင် ပြုခြင်း ( တစုံ )
၆။ မာန-ထောင်လွှားခြင်း, အတိမာန လွန်စွာ ထောင်လွှားခြင်း (တစုံ)
၇။ မဒ-ယစ်ခြင်း, ပမာဒ- တောမျောက်အလား စိတ်လွှတ်ထားခြင်း (တစုံ)

ဤသို့စသော ယုတ်မာသော တရားတို့မဖြစ်လျှင် ကျိုးပေါက်ခြင်းစသည် မဖြစ်နိုင်။

လာဘ် စသည်ကြောင့် မပျက်သော သီလ, ပျက်လျှင်လည်း ကုစားပြီးသော သီလ, မေထုန်ငယ်ခုနစ်ပါး၊ ကောဓစသော ယုတ်မာသောတရားတို့ မနှိပ်စက်အပ်သော သီလတို့သည် မကျိုး မပေါက် မကျား မပြောက်သော သီလတို့မည်ကုန်၏၊

တဏှာ၏ ကျွန်အဖြစ်မှ လွတ်စေ၍ တော်လှန် ကောင်းမြတ်သော သူ၏အဖြစ်ကို ပြုတတ်သောကြောင့် ဘုဇိဿတို့လည်း မည်ကုန်၏၊

ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ဝိညူပသတ္ထ တို့လည်း မည်ကုန်၏၊

တဏှာ, ဒိဋ္ဌိတို့ မဖျက်ဆီးနိုင်သောကြောင့် အပရာမဋ္ဌ တို့လည်း မည်ကုန်၏၊

ဥပစာရသမာဓိ, အပ္ပနာသမာဓိတို့ကို ဖြစ်စေတတ်သောကြောင့် သမာဓိသံဝတ္တနိက တို့လည်း မည်ကုန်၏၊

ထို့ကြောင့် မကျိုးခြင်း စသည်သည် ဖြူစင်ကြောင်း ဖြစ်၏။

ဝေါဒါနအကြောင်း ၂-ပါး

ဖြူစင်ကြောင်း ဝေါဒါနသည် --

၁။ သီလပျက်ခြင်း၌ အပြစ်မြင်ခြင်း,
၂။ သီလပြည့်စုံခြင်း၌ အကျိုးမြင်ခြင်း
ဟူသော အကြောင်းနှစ်ပါးနှင့် ပြည့်စုံ၏။

သီလပျက်အပြစ် ၅-ပါး ၁၆-ပါး

သီလပျက်ခြင်း၌ အပြစ်ကို ဤသို့သိအပ်၏။

၁။ သီလပျက်သူသည် မေ့လျော့ခြင်းကြောင့် စည်းစိမ်ပျက်၏။
၂။ သတင်းဆိုး ကျော်စော၏။
၃။ ချဉ်းကပ်ရာပရိသတ်၌ မျက်နှာငယ်၏။
၄။ သေသောအခါ အကုသိုလ်ကံ စသော မကောင်းသော နိမိတ်ထင်သောကြောင့် တွေဝေ၍ စိတ်ညစ်၍ မကြည် မလင် သေရ၏။ (ဝါ-အသေမလှ)။
၅။ သေပြီး အပါယ်လား၏၊
ဤသို့ အပြစ်ငါးပါးရှိ၏။

တနည်း --

၁။ သီလပျက်သူကို သီလမရှိခြင်းကြောင့် နတ်လူတို့ မမြတ်နိုး။
၂။ စက်ဆုပ်ဘွယ် ဖြစ်သောကြောင့် သီတင်းသုံးဖော်တို့ မဆုံးမလို၊ (ဝါ-မဆက်ဆံလို)။
၃။ ဒုဿီလအပြစ်ကို ကဲ့ရဲ့သံကြားလျှင် သီလပျက်သူ စိတ်ဆင်းရဲ၏။
၄။ သီလအကျင့် ချီးမွမ်းသံကြားလျှင် ကောင်းမှု မပြုမိလေဟု စိတ်ပူပန်၏၊
 (အချို့ မနာလို အပြစ်ရှာ၍ ဆိုချင်၏) ။
၅။ သီလမရှိသောကြောင့် ပိုက်ဆံလျှော် ပုဆိုးကဲ့သို့ အရုပ်ဆိုး၏၊ ဂုဏ်သတင်း ကိုယ်အဆင်း မလှ။
၆။ အတုလိုက်၍ ချဉ်းကပ်သူကို အပါယ် ဒုက္ခ ကြာရှည်စွာ ရစေခြင်းကြောင့် အတွေ့ဆိုး ရှိ၏။
၇။ ပစ္စည်းလှူသူကို အကျိုးနည်းစေရကား အဘိုးမတန်။
၈။ နှစ်ရှည်လှောင်သွင်း မစင်တွင်းသဏ္ဌာန် သုတ်သင်ရန် မလွယ်ကူ။
၉။ မသာထင်းတုံး တောနှင့်ရွာ နှစ်ဌာန မသုံး၊
 သီလပျက်သူ လူ့စည်းစိမ်, ရဟန်း စည်းစိမ် နှစ်ပါးမှ ဆုံးရှုံး၏။
၁၀။ နွားအုပ်နောက် လိုက်သော်လည်း မြည်းသည် နွားမဟုတ်၊
 ရဟန်းဟု ဝန်ခံသော်လည်း သီလပျက်သူသည် ရဟန်းမဟုတ်။
၁၁။ လူမြင်တိုင်းကို ရန်သူထင်၍ အမြဲထိတ်၏။
၁၂။ အဖော်မပြုထိုက်သော လူသေကောင်နှင့် တူ၏။
၁၃။ သုသာန်မီးခဲ ရဲသော်လည်း ပုဏ္ဏား မပူဇော်၊
 သီလပျက်သူ စာတတ်သော် လည်း သီတင်းသုံးဖော်တို့ မပူဇော်။
၁၄။ ဝမ်းတွင်းကန်းသူ-အဆင်းမမြင်၊
 သီလပျက်လျှင် တရားထူးမရ။
၁၅။ ဒွန်းစဏ္ဍားသား မင်းစည်းစိမ် စိတ်ကူး-ကူးမည်သာ၊
 သီလပျက်သူ သူတော်ကောင်းတရား စိတ်မကူး။
၁၆။ ငါချမ်းသာသူဟု ထင်သော်လည်း အဂ္ဂိက္ခန္ဓောပမ ဒုက္ခဖြင့် ဒုက္ခရောက် လျက်သာ ရှိချေ၏။ (ဝါ-ငါးမျှားချိပ်မျိုသော ငါးအနေ ဒုက္ခကိန်းသေ၏) ။

အဂ္ဂိက္ခန္ဓောပမသုတ်

ဒုဿီလဟူသော ကာမဂုဏ်ချမ်းသာ ခံစားကာ နေသော်၎င်း, ပူဇော်မြတ်နိုး ရှိခိုးခြင်း စသည်ကို သာယာ မက်မောကာနေသော်၎င်း ထိုအကြောင်း အောက်မေ့ရုံဖြင့် နှလုံး ပူပန်ခြင်းကို ဖြစ်စေနိုင်သည်၊ ပူနွေးသော သွေးစိမ်း အန်ထွက်ခြင်းငှါ စွမ်းနိုင်သည်၊ အလွန် သည်းခံနိုင်ခဲသော ဆင်းရဲရှိသည်ဟု ပြခြင်းငှါ မျက်မှောက် ထင်ထင် ကံအကျိုး မြင်တော်မူပြီးသော ဘုရားရှင်သည် အဂ္ဂိက္ခန္ဓောပမသုတ်ကို ဤသို့ ဟောတော်မူ လေသည်။

၁။ ချစ်သားတို့ ... သင်တို့သည် မီးတောက် ပြင်းထန် မီးလျှံထိန်ညီး စွဲလောင်သော ဤမီးပုံကြီးကို မြင်ကြ၏လော? မြင်ကြပါသည်ဘုရား။

၂။ ချစ်သားတို့ ... ငါဆိုလတ္တံ့သော စကားကို အဘယ်သို့ မှတ်ထင် ကြသနည်း၊ ဤမီးပုံကြီးကို ပွေ့ဖက်၍ ထိုင်ခြင်း အိပ်ခြင်းကို၎င်း, နူးညံ့ ပျော့ပြောင်း လက် ဖယောင်းနှစ်သွယ် ရှုဘွယ်မညီး မင်းသ္မီး ပုဏ္ဏားသ္မီး သူကြွယ်သ္မီးပျိုကညာကို ပွေ့ဖက်၍ ထိုင်ခြင်း အိပ်ခြင်းကို၎င်း၊ ဤနှစ်ခုတို့တွင် အဘယ်ကို တောင့်တအပ် သနည်း? မြတ်စွာဘုရား ... ပျိုကညာကို ပွေ့ဖက်၍ နေရခြင်းကိုသာ တောင့်တ အပ်ပါသည်၊ မီးပုံကြီးကို ပွေ့ဖက်၍ နေရခြင်းကား ဆင်းရဲကြောင်းသာ ဖြစ်ပါသည်ဘုရား။

၃။ ချစ်သားတို့ ... ထင်ရှားစွာ သိစေဦးအံ့၊
ဒုဿီလ ပုဂ္ဂိုလ်သည် ယုတ်သော သဘောရှိ၏၊
မစင်ကြယ်သူဖြစ်၍ တွေးတောစရာ အကျင့်ရှိ၏၊
(ဝါ-မသင့်မလျော် တစုံတခုမြင်လျှင် ဒုဿီလသာ တွေးထင်ခံရသူ ဖြစ်၏၊ လူစုစုတွေ့လျှင် ငါ့အကြောင်း တိုင်ပင်ကြသလောဟု တွေးပူစရာ အကျင့်ရှိ၏)၊
ဖုံးလွှမ်းသော ရှက်ဘွယ်ပြစ်မှုရှိ၏၊
ရဟန်း မဟုတ်ဘဲ ရဟန်းဟု ဝန်ခံ၏၊
မြတ်သောအကျင့်မရှိဘဲ ရှိ၏ဟုဝန်ခံ၏၊
အတွင်းပုပ်၏၊ ကိလေသာ မပြတ် ယိုစီး၏၊
ယောက်သွားပုပ်နှင့်တူ၏၊
ဝါ-သာသနာ၌ အမှိုက်ဖြစ်၏၊

ထို့ကြောင့် “ဒုဿီလအား မီးပုံကြီးပွေ့ဖက်၍ နေရခြင်းကို မြတ်သည်” ဟု တောင့်တအပ်၏၊ မီးပုံကြီး ပွေ့ဖက်ရခြင်းကြောင့် သေခြင်းသည်၎င်း သေလုနီးပါး ဒုက္ခသည်၎င်း ဖြစ်ရာ၏၊ သေသည်၏ အခြားမဲ့၌ အပါယ်ငရဲ မဖြစ်၊

ဒုဿီလ ဖြစ်ကြောင်း ပျိုကညာ ပွေ့ဖက်ရခြင်းကြောင့်ကား သေသည့် အခြားမဲ့၌ အပါယ်ငရဲ၌ စင်စစ်ဖြစ်၏၊

ဤသို့လျှင် မီးပုံကြီးပမာဖြင့် မိန်းမနှင့်စပ်သော ကာမဂုဏ်ညစ် ခံစားပြစ်ကို ပြတော်မူ၏၊ ဤ၌ လျှော့သော ဥပမာကိုသာပြသည်။ ငရဲနှင့် တမ်းတူညီမျှသော ဥပမာပြစရာ လောက၌ မရှိသောကြောင့်တည်း။

ဒုဿီလအပြစ် သုတ္တန်များ

ဤနည်းဖြင့် တပါးသော သုတ္တန်တို့ကိုလည်း ဟောတော်မူ၏။

၁။ ချစ်သား ... အဘယ်သို့မှတ်ထင်ကြသနည်း၊ အားကောင်းသော ယောက်ျားသည် ခိုင်ကြမ်းသော သားမြီးကြိုးဖြင့် မြင်းခေါင်းနှစ်ဘက်ကို ရစ်၍ ပွတ်ဆွဲ-ဆွဲရာ၏၊ ထို သားမြီးကြိုးသည် အရေပါးကိုဖြတ်၍ အရေထူ, အသား, အကြော, အရိုးကို အစဉ်အတိုင်း ဖြတ်ရာ၏၊ အရိုးကိုဖြတ်၍ ခြင်ဆီကိုထိခိုက်၍ တည်ရာ၏၊ ဤသို့ အရေ, အသား, အကြော, အရိုး ပြတ်အောင် ပွတ်ဆွဲခံရခြင်းကို တောင့်တသင့် သလော၊ ဒါယကာ ဒါယိကာမတို့၏ ရှိခိုးခံရခြင်းကို တောင့်တသင့်သလော့?

၂။ ချစ်သားတို့ ... အားကောင်းသော ယောက်ျားသည် ဆီဖြင့်သွေးသော ထက်လှသော လှံမဖြင့် ရင်ဝတည့်တည့် ထိုးရာ၏၊ ဤသို့ ရင်ဝလှံထိုး ခံရခြင်းကို တောင့်တသင့် သလော၊ ဒါယကာ, ဒါယိကာမတို့၏ လက်အုပ်ချီ ခံရခြင်းကို တောင့်တသင့်သလော?

၃။ ချစ်သားတို့ ... အားကောင်းသော ယောက်ျားသည် မီးလျှံတောက်ပသော သံပြားဖြင့် ကိုယ်ကိုပတ်ရာ၏၊ ဤသို့သော သံပြားပတ်ခြင်းကို တောင့်တသင့် သလော၊သဒ္ဓါ၍ လှူသောသင်္ကန်းပတ်ခြင်းကို တောင့်တသင့်သလော?

၄။ ချစ်သားတို့ ... အားကောင်းသော ယောက်ျားသည် မီးလျှံထသော သံညှပ်ကြီးဖြင့် ခံတွင်းကိုဖွင့်၍ လောလောပူ သံတွေခဲကို ထည့်ရာ၏၊ ထို သံတွေခဲသည် ခံတွင်း, လျှာ, လည်ချောင်း, ဝမ်းခေါင်းတို့ကို လောင်၍ အူမအူသိမ်ယူ၍ ထွက်သွားရာ၏၊ ဤသို့သော သံတွေခဲမျိုရခြင်းကို တောင့်တသင့်သလော၊ သဒ္ဓါ၍လှူသော ဆွမ်း မျိုရခြင်းကို တောင့်တသင့်သလော?

၅။ ချစ်သားတို့ ... အားကောင်းသော ယောက်ျားသည် မီးလျှံထသော သံညောင်စောင်း သံအင်းပျဉ်၌ ဦးခေါင်း, ပခုံးကိုနှိပ်၍ ထိုင်ခိုင်း အိပ်ခိုင်းရာ၏၊ ဤသို့သော သံပူ ညောင်စောင်း အင်းပျဉ်၌ ထိုင်ရခြင်း အိပ်ရခြင်းကို တောင့်တသင့် သလော၊ သဒ္ဓါ၍ လှူသော ညောင်စောင်း အင်းပျဉ်၌ ထိုင်ရခြင်း အိပ်ရခြင်းကို တောင့်တသင့်သလော?

၆။ ချစ်သားတို့ ... အားကောင်းသော ယောက်ျားသည် မီးလျှံထသော သံဒယ်အိုး ကြီး၌ ခြေကိုကိုင်၍ ဦးစောက် ပစ်ချရာ၏၊ ထိုသံဒယ်အိုးကြီး၌ မြုပ်ချည်ပေါ်ချည် ကန့်လန့်ဖြစ်ချည်ဖြင့် အကြိမ်ကြိမ် အမြှုပ်ထစေလျက် ကျက်ရာ၏၊ ဤသို့ သံဒယ်အိုး ကြီး၌ မြုပ်ပေါ်ကန့်လန့် အကြိမ်ကြိမ် ကျက်ရခြင်းကို တောင့်တသင့်သလော၊ သဒ္ဓါ၍လှူသော ကျောင်း၌ ဆင်းတက် လျောင်းစက်ခြင်းဖြင့် အကြိမ်ကြိမ် သုံးဆောင် ရခြင်းကို တောင့်တသင့်သလော?

ဤသို့လျှင် သားမြီးကြိုး, လှံ, သံပြား, သံတွေခဲ, သံညောင်စောင်း အင်းပျဉ်, သံဒယ်အိုးကြီး ဥပမာ ၆-ခုတို့ဖြင့် ရှိခိုး, လက်အုပ်ချီခံ, သင်္ကန်းပတ်, ဆွမ်းမျို, ညောင်စောင်း အင်းပျဉ်ထိုင်, ကျောင်း၌ ဆင်းတက် လျောင်းစက်သော သုံးဆောင် ခြင်းကြောင့် ဖြစ်ငသာ သီလပျက်သူ၏ ခံစားပြစ် တို့ကို ပြတော်မူ၏။

နှလုံးသွင်းဘွယ်

ထို့ကြောင့် ဤသို့ဆင်ခြင်၍ သီလပျက်ခြင်း၌ အပြစ်ကိုရှုရာ၏။

၁။ မာတုဂါမ၏ အဆင်းအသံ စသော ကာမဂုဏ် ချမ်းသာသည် မီးပုံကြီး ဖက်ရ သည်ထက် ပူပြင်းသော ငရဲမီးပုံကြီးရှိ၏၊ ထို ကာမဂုဏ်ချမ်းသာ လက်မလွှတ်သော ရဟန်းအား ရှုနာမွှေးဆိမ့် အိမ့်သော ချမ်းသာ အဘယ်မှာနည်း။

၂။ သီလမရှိဘဲ ရှိခိုးခံခြင်းသည် သားမြီး ကြိုးပွတ် ဆွဲခံရသည်ထက် နာကျည်းသော ငရဲပွတ်ဆွဲရှိ၏၊ ထိုရှိခိုးခံသောရဟန်းအား နှလုံးတွေ့စရာ ချမ်းသာ အဘယ်မှာနည်း။

၃။ သီလမရှိဘဲ လက်အုပ်ချီ ခံခြင်းသည် ရင်ဝ လှံထိုးခံရသည်ထက် စူးဝင်သောငရဲ လှံမရှိ၏၊ ထိုလက်အုပ်ချီ ခံရသော ရဟန်းအား မှိန်းခံဝံ့စရာ ချမ်းသာ အဘယ်မှာနည်း။

၄။ သီလမရှိဘဲ သင်္ကန်းဝတ်ခြင်းသည် သံပူပြား ပတ်ရသည်ထက် အလျှံ ကောင်းသော ငရဲ သင်္ကန်း ရှိ၏၊ ထိုသင်္ကန်း ဆင်မြန်းသော ရဟန်း အား ပိတ်ချော ပိုးလျှော် ခန်းရာကျော်ဖြင့် မော်ဘို့ရည်မှန်း သင်္ကန်းချမ်းသာ အဘယ်မှာနည်း။

၅။ သီလမရှိဘဲ ဆွမ်းဘောဇဉ် စားသောက်ခြင်းသည် သံတွေခဲ မျိုရသည်ထက် ဝမ်းလောင်အူကျွမ်း ငရဲဆွမ်း ရှိ၏၊ ဝါ-လတ်တလော သေစေသော အဆိပ်ကဲ့သို့ ကုသိုလ် သီလတို့ကို သေလွယ်စေ၏၊ ထိုဆွမ်းအာဟာရ မှီဝဲသော ရဟန်းအား အစားချမ်းသာ အဘယ်မှာနည်း။

၆။ သီလမရှိဘဲ ညောင်စောင်း အင်းပျဉ် သုံးဆောင်ခြင်းသည် သံပူ ညောင်စောင်း အင်းပျဉ် ထိုင်ရအိပ်ရသည်ထက် ပူနွေးသော ငရဲ ညောင်စောင်း အင်းပျဉ်ရှိ၏၊ ထိုညောင်စောင်း အင်းပျဉ်မှီဝဲသော ရဟန်းအား စည်းစိမ်တိုးစရာ အိပ်ရာ နေရာ ချမ်းသာ အဘယ်မှာနည်း။

၇။ သီလမရှိဘဲ ကျောင်းကြီး ကျောင်းငယ်၌ ဆင်းတက် လျောင်းစက်ခြင်းသည် သံဒယ်ကြီး-ငယ်၌ နစ်ချည်, ပေါ်ချည်, ကန့်လန့်ဖြစ်ချည်ထက် ကိုယ်မချိအောင် တက်ရ ဆင်းရသော ငရဲဒယ်အိုး ကျောင်းကြီးရှိ၏၊ ထိုကျောင်းနေရဟန်းအား ကျောင်းကြီးချမ်းသာ အဘယ်မှာနည်း။

၈။ သီလ မရှိသော ရဟန်းသည် တွေးတောဘွယ် အကျင့်ရှိ၏၊ ယောက်သွားပုပ်နှင့် တူ၏၊ ကိလေသာစွတ်၏၊ ယုတ်မာ၏၊ အတွင်းပုပ်၏-ဟု ဘုရားရှင် ကဲ့ရဲ့၏။

၉။ ရဟန်းမဟုတ်ဘဲ ရဟန်းအသွင် ယူသူသည် မိမိကိုယ်ကို တူးဖြို၏၊ ထိုသူအား အသက်ရှည်ခြင်းသည် ထွီထွီ တကယ် စက်ဆုပ်ဖွယ်သာတည်း။

၁၀။ မစင် ခွေးကောင်ပုပ်ကို တန်ဆာဆင်လိုသူ ဝေးစွာရှောင်သည်၊ ဒုဿီလနှင့် မိစ္ဆာဇီဝကို သီလဝန် အရှင် ဝေးစွာရှောင်သည်၊ ထိုဒုဿီလနှင့် မိစ္ဆာဇီဝသည် စိန်ရွှေဖိတ်လျှံ ခြယ်စီမံလည်း အဘယ်မှာ အဘိုးတန်တော့အံ့နည်း။

၁၁။ ဒုဿီလသည် ဘေးအပေါင်းမှု မလွတ်မူ၍ ချမ်းသာအပေါင်းမှ လွတ်၏၊
နတ်ပြည်တံခါးပိတ်၍ အပါယ်တံခါးပွင့်၏၊
သနားစရာ ဧကန်ဖြစ်၏၊
ဒုဿီလနှင့် တူသော သနားစရာ ကောင်းသောသူမရှိ။

ဤသို့ သီလပျက်ခြင်း၌ အပြစ်များစွာ ဆင်ခြင်ကာရှုလျှင် ဖြူစင်ကြောင်း ဝေါဒါန ပြည့်စုံ၏၊ သီလပြည့်စုံခြင်း၌ အကျိုးကို ထိုမှပြန်၍ ရှုအပ်၏။

သီလအကျိုး ရှုဘွယ်

၁။ သီလအကျိုး တမျိုးဆိုဦးအံ့၊ သီလစင်ကြယ်သော ရဟန်း၏ သပိတ်ဆောင်ခြင်း, သင်္ကန်းဆောင်ခြင်းသည်ပင် ကြည်ညိုဘွယ် ရှိ၍ ရဟန်းဖြစ်ကျိုး အတုခိုးဘွယ် များလေစွ။

၂။ အမိုက်မှောင်သည် နေရောင်အတွင်းသို့ မဝင်နိုင်သကဲ့သို့ စွပ်စွဲခြင်း စသော ဘေးသည် သီလဝန်၏ စိတ်တွင်းသို့ မဝင်နိုင်။

၃။ လ,မင်းသည် အရောင်ပြည့်မှ ကောင်းကင်၌ တင့်တယ်သည်၊
ရဟန်းသည် သီလပြည့်မှ ခြိုးခြံစွာကျင့်ရာ သာသနာ တောအုပ်၌ တင့်တယ်သည်။

၄။ သီလရှိသော ရဟန်း၏ ကိုယ်နံ့ ညစ်ကြေးနံ့ သည်ပင် နတ်ဗြဟ္မာတို့ကို ဝမ်းမြောက်စွာ မွှေးကြိုင်စေသည်၊ သီလနံ့ကား အဘယ်မှာ ဆိုဘွယ်ရှိအံ့နည်း။

၅။ သီလအနံ့သည် နံ့သာအားလုံးတို့ကို လွှမ်းမိုး၏၊
ပိတ်ပင်တားဆီး၍ မရ၊ အရပ် ဆယ်မျက်နှာလုံး အညီအမျှလှိုင်၏။

၆။ သီလရှိသူအား လှူသောပစ္စည်းနည်းသော်လည်း ကြီးကျယ်သော အကျိုးရှိ၏၊ ထို့ကြောင့် သီလရှိသူသည် ပူဇော်ခြင်း၏ တည်ရာ အရိုအသေပြုခြင်း၏ တည်ရာ ဖြစ်၏။

၇။ သီလရှိသူကို မျက်မှောက်ဘဝ ဘေးရန်မနှိပ်စက်၊
သီလရှိသူသည် နောက်ဘဝဒုက္ခ၏ အမြင်ကို (ဒုဿီလသဘောကို) တူးပစ်၏။

၈။ သီလရှီသူအား အလိုရှိလျှင် လူ့စည်းစိမ်, နတ်စည်းစိမ် မခဲယဉ်း၊
သီလရှိသူ၏ စိတ်သည် အေးချမ်းသော နိဗ္ဗာန်သို့ပင် ပြေးဝင်နေ၏။

ဤသို့စသည်ဖြင့် စည်းစိမ်အားလုံးတို့၏ အကြောင်းရင်းဖြစ်သော သီလ၌ အခြင်း အရာ များစွာပြွမ်းသော အကျိုးအာနိသင်ကို ထင်မြင်အောင် ပြရာ၏၊ ထင်မြင်အောင် ရှုရာ၏၊ သီလပြည့်စုံခြင်း၌ အကျိုးများစွာရှုလျှင် စင်ကြောင်း ဝေါဒါန ပြည့်စုံ၏။

အာဏတ္တိ

ဤသို့ သီလအာနိသင် ထင်မြင်အောင် ပြနိုင်ရှုနိုင်သော ရဟန်းသည် သီလပျက်အံ့ သည်မှ ထိတ်လန့်၏၊ ဩတ္တပ္ပယှဉ်သောဉာဏ် သံဝေဂရ၏။ သီလပြည့်စုံခြင်းသို့ ညွတ်ကိုင်းရှိုင်းကာ သက်ဝင်လာ၏။

ထို့ကြောင့် သီလပျက် အပြစ်ကို၎င်း, သီလပြည့် အကျိုးကို၎င်း ထေရ န၀ မဇ္ဈိမ ဟူသော အခါသုံးပါး၌ ရိုသေစွာ အဖန်ဖန်ရှုလျက် သီလလေးဆူကို အရေးယူကာ ဖွေးစေရာ၏။

သီလ အရသာ ပြီး၏။

ဓုတင်အရသာ

ဓုတင်ခွင့်ပြုခြင်း အကြောင်း

အပ္ပိစ္ဆ, သန္တုဋ္ဌိ, သလ္လေခ စသော ဂုဏ်တို့ဖြင့် သီလ၏ စင်ကြယ်ခြင်းသည် ဖြစ်၏၊ ထိုဂုဏ်တို့ကို ပြည့်စုံစိမ့်သောငှါ စတုပါရိသုဒ္ဓိ သီလကြီး လေးပါး၌ တည်သော ယောဂီသည် ဓုတင်ကို ဆောက်တည်အပ်၏၊

အကျိုးကား - အလိုနည်းခြင်း, ရောင့်ရဲခြင်း, ကိလေသာကို ခါတွက်ခြင်း, ဆိတ်ငြိမ်ရာ တောကျောင်း၌ နေခြင်း, ကိလေသာကို ဖျက်ဆီးခြင်း, သမ္မပ္ပဓာန်ဝီရိယ မပြတ် အားထုတ်ခြင်း, ဒါယကာတို့ လုပ်ကျွေးလွယ်ခြင်း, ပြင်ပကိစ္စနည်းခြင်း, ပေါ့ပါးစွာ အသက်မွေးခြင်း စသော ဂုဏ်တို့ဖြင့် အညစ်အကြေးဆေးကာ ဖွပ်လျှော်အပ်သည် ဖြစ်၍ ဓုတင်ဆောက်တည်သူ၏ သီလသည် လွန်စွာစင်ကြယ်လတ္တံ့၊ ကိလေသာ ခါတွက်သော အကျင့်တို့သည်လည်း ပြည့်စုံကုန်လတ္တံ့၊

ဤသို့ သီလအကျင့် စင်ကြယ်လျှင် သင်္ကန်း, ဆွမ်း, ကျောင်း-ခေါင်းပါးသော အကျင့်ရှိခြင်း ဟူသော အရိယဝံသတရား သုံးပါး၌ တည်၏၊ ဘာဝနာ၌ မွေ့လျော်ခြင်း ဟူသော စတုတ္ထအရိယဝံသ တရားကိုလည်း ရခြင်းငှါ ထိုက်တန်၏၊ ထို့ကြောင့် ဓုတင်အကြောင်းကို ဆိုအပ်၏။

ဘုရားရှင်သည် လောကအာမိသကို စွန့်၍ ကိုယ်အသက် မငဲ့ကွက်ဘဲ နိဗ္ဗာန်နှင့် လျော်သော အကျင့်ကိုသာ အားထုတ်လိုသော ဓမ္မအမွေခံ အမျိုးသားတို့အား ဓုတင် တို့ကို ခွင့်ပြုတော်မူ၏၊ ထိုဓုတင်တို့သည်-

၁။ ပံသုကူဓုတင်,
၂။ တိစီဝရိတ်ဓုတင်,
၃။ ပိဏ္ဍပါတ်ဓုတင်
၄။ သ-ပ-ဒါနစာရိဓုတင်
၅။ ဧကာသနိက်ဓုတင်
၆။ ပတ္တပိုဏ်ဓုတင်
၇။ ခလုပစ္ဆာဘတ္တိဓုတင်
၈။ အာရညကင်ဓုတင်
၉။ ရုက္ခမူဓုတင်,
၁၀။ အဗ္ဘောကာသိဓုတင်
၁၁။ သုသာန်ဓုတင်
၁၂။ ယထာသန္တတိဓုတင်
၁၃။ နေသဇ်ဓုတင်

အားဖြင့် ၁၃-ပါး ဖြစ်ကုန်၏။

ပံ, တေ, ပိဏ္ဍသပဒ, ဧကသနိသာ
ပတ္တ, ခလုအာရညု, ရုက္ခမူလိကာ
အဗ္ဘော, သုသာန်ယထာသန်, နေသံ ဆဲ့သုံးဖြာ။

အဆုံးအဖြတ် ၁၁-ပါး

ထို ဓုတင် ၁၃-ပါး၌ အနက်, လက္ခဏာ စသည် ဆောက်တည်ပုံ အစီအရင် အပြား ပျက်ခြင်း အာနိသင် ကုသလတိက် ဓုတ စသော ဝေဘန်ခြင်း အကျဉ်း အကျယ်-ဤ ၁၁-ပါးဖြင့် အဆုံးအဖြတ် သိအပ်၏၊

၁-ဓုတင် အနက်

ဤ ၁၁-ပါးတို့တွင် အနက်အားဖြင့် ဤသို့သိအပ်၏။

၁။ လမ်းမ, သုသာန်, အမှိုက်ပုံ စသည်တို့၌ ရှိသော သင်္ကန်းသည် ပံသုကူလ မည်၏၊
(ပံသု-မြေမှုန့်ထက်၌၊
ကူလ-လွှားသည်နှင့် တူသော သင်္ကန်း၊
တနည်း -
ပံသု- မြေမှုန့်ကဲ့သို့ ကု-စက်ဆုပ်ဘွယ် + ဥလ-ဖြစ်သောသင်္ကန်း ဟူလို)။
ထိုသင်္ကန်းကို ဆောင်ခြင်းသည်လည်း ပံသုကူလ မည်၏၊
ထိုသင်္ကန်းကို ဆောင်ခြင်း အလေ့ ရှိသော သူသည် ပံသုကူလိက မည်၏၊
ထိုသူ၏ ဖြစ်ကြောင်း (သမာဒါနစေတနာ) အင်္ဂါသည် ပံသုကူလိကင်္ဂ မည်၏၊
ဝါ- ပံသုကူဓုတင် မည်၏။

၂။ ဒုကုဋ်, ကိုယ်ရုံ, သင်းပိုင်အားဖြင့် သင်္ကန်း သုံးထည်သည် တိစီဝရ မည်၏၊
တိစီဝရကို ဆောင်ခြင်းလည်း တိစီဝရ
ဆောင်လေ့ရှိသူသည် တေစီဝရိက
ဆောင်လေ့ရှိသူ၏ ဖြစ်ကြောင်း သမာဒါန စေတနာသည် တေစီဝရိကင်္ဂ
ဝါ-တိစီဝရိက်ဓုတင် မည်၏။

၃။ ဆွမ်းစသော အာမိသ အပေါင်းသည် သပိတ်၌ကျသောကြောင့် ပိဏ္ဍပါတ
ပိဏ္ဍပါတကို ဆွမ်းခံသွား၍ ရှာသောသူသည် ပိဏ္ဍပါတိက
တနည်း-ဆွမ်း စသောအာမိသသည်ပိဏ္ဍ
ပိဏ္ဍအလို့ငှါ သွားလေ့ရှိသူသည် ပိဏ္ဍပါတီ, ပိဏ္ဍပါတိက-နှစ်မည်ရ၊
ဖြစ်ကြောင်း သမာဒါန စေတနာသည် ပိဏ္ဍပါတ် ဓုတင်မည်၏။

၄။ အိမ်စဉ်ဖြတ်ခြင်းသည် ဒါန
မဖြတ်ခြင်းသည် အပဒါန
မဖြတ်ခြင်းနှင့် တကွဖြစ်သော အိမ်စဉ်သည် သပဒါန
အိမ်စဉ်မပြတ် ဆွမ်းခံကြွလေ့ ရှိသောသူသည် သပဒါနစာရီ သပဒါနစာရိက- နှစ်မည်ရ၊
ဖြစ်ကြောင်း စေတနာသည် သပဒါနစာရိ ဓုတင် မည်၏။

၅။ ဣရိယာပုထ်တပါး အကြားမရှိ၊ တထိုင်တည်း စားခြင်းသည် ဧကာသန
တထိုင်တည်း စားလေ့ရှိသော သူသည် ဧကာသနိက
စေတနာသည် ဧကာသနိက် ဓုတင် မည်၏။

၆။ တခွက်တည်း၌ ရှိသော ဆွမ်းသည် ပတ္တပိဏ္ဍ
တခွက်တည်း၌သာ ဆွမ်းကို ယူ (စား) လေ့ရှိသော သူသည် ပတ္တပိဏ္ဍိက
စေတနာသည် ပတ္တပိုဏ် ဓုတင် မည်၏။

၇။ စားစဉ်တန်ပြီဟု မြစ်ပြီးမှ ရသော ဆွမ်းသည် ပစ္ဆာဘတ္တ
ထိုဆွမ်းကို စားလေ့ရှိသော သူသည် ပစ္ဆာဘတ္တိက
မစားလေ့ရှိသော သူသည် ခလုပစ္ဆာဘတ္တိက မည်၏၊
(ခလုသည် ပဋိသေဓနိပါတ် ပုဒ်။)
တနည်း -
ခလု ဟူသော ငှက်တမျိုးရှိ၏၊ နှုတ်သီးဖြင့် သစ်သီးကို ယူ၍ ထိုသစ်သီး ကျသွား ခဲ့သော် နောက်ထပ်ဘာကိုမျှ မစား၊ ဤရဟန်းသည်လည်း ဆွမ်းစားစဉ် တန်ပြီဟု မြစ်မိခဲ့သော် နောက်ထပ် ဘာကိုမျှ မစားသဖြင့် ခလုငှက်နှင့် တူသောကြောင့် ခလုပစ္ဆာဘတ္တိက မည်၏၊
စေတနာသည် ခလုပစ္ဆာဘတ္တိက ဓုတင် မည်၏။

၈ ၊၉၊ ၁၀၊ ၁၁။ တော၌, သစ်ပင်အောက်၌, လွင်တီးခေါင်၌, သုသာန်၌ နေလေ့ရှိသော ရဟန်းသည် အာရညိက, ရုက္ခမူလိက, အဗ္ဘောကာသိက သေသာနိက မည်၏၊
စေတနာသည် အာရညကင်ဓုတင်, ရုက္ခမူဓုတင်, အဗ္ဘောကာသိဓုတင်, သုသာန်ဓုတင် မည်၏။

၁၂။ သင့်အား ဤနေရာရောက်၏ ဟု ရှေးဦးစွာ ညွှန်းအပ်သော ကျောင်းသည် ယထာသန္ထတ
ညွှန်းအပ်သော ကျောင်းထိုထို၌ (ကြမ်းပိုး များသည်, အနံ့ဆိုးသည် စသည်ဖြင့် မပယ်မူ၍) နေလေ့ရှိသော သူသည် ယထာသန္ထတိက
စေတနာသည် ယထာသန္ထတိ ဓုတင် မည်၏။

၁၃။ အိပ်ခြင်းကိုပယ်၍ ထိုင်ခြင်းဖြင့် နေလေ့ရှိသော သူသည် နေသဇ္ဇိက
စေတနာသည် နေသဇ္ဇိကင်္ဂ မည်၏၊
ဝါ- နိသဇ်ဓုတင် မည်၏။
(ရပ်ခြင်း, သွားခြင်းဖြင့်လည်း ဤဓုတင်မပျက်)။

ဓုတ + အင်္ဂ

ကိလေသာကို ခါတွက်သော ရဟန်းသည် ဓုတင်မည်၏၊ တဏှာ, ဥပါဒါန်စသော ပါပဓမ္မတို့ကို သမာဒါနစေတနာ တဒင်္ဂတို့ဖြင့် ခါတွက်သည်၊ ထိုစေတနာတို့သည် ဓုတပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါဖြစ်၍ ဓုတင်္ဂတို့ မည်ကုန်၏။

တနည်း --

ကိလေသာကို ခါတွက်တတ်သော ဉာဏ်သည် ဓုတင်မည်၏၊ အကြောင်းအင်္ဂါလည်း မည်၏၊ ဉာဏ်အင်္ဂါ ရှေ့သွားရှိသော စေတနာတို့သည် ဓုတင်္ဂတို့ မည်ကုန်၏။

တနည်း --

သမာဒါန စေတနာတို့သည်သာလျှင် ကိလေသာ ဖျက်ဆီးတတ်သောကြောင့် ဓုတ
သီလစသော သမ္မာပဋိပတ်၏ အကြောင်းဖြစ်သောကြောင့် အင်္ဂ
ထိုနှစ်ပါးကြောင့် ဓုတင်္ဂတို့ မည်ကုန်၏။

၂-လက္ခဏ စသည် ၄-ပါး

၁။ ဆောက်တည်ငသာသူသည် ပုဂ္ဂိုလ်
ဆောက်တည်ကြောင်း စိတ် စေတသိက်တို့သည် ဓမ္မ
သမာဒါန စေတနာသည် ဓုတင်္ဂ
ပယ်အပ်သောဝတ္ထုသည် ဝတ္ထု
ဤသို့ ဟောသောကြောင့် ဓုတင် ဟူသမျှသည် သမာဒါနစေတနာ သာလျှင် မှတ်ကြောင်း လက္ခဏာ ရှိ၏။

၂။ လောလုပ္ပတဏှာကို ဖျက်ဆီးခြင်းကိစ္စ ရှိ၏။

၃။ လော်လည်ခြင်း မရှိသည် အဖြစ်ဖြင့် ဉာဏ်အား ရှေးရှုထင်၏၊
ဝါ - လော်လည်ခြင်း မရှိသည်အဖြစ်ကို ဉာဏ်အား ရှေးရှု ထင်စေ၏။
(လော်လည်ခြင်း မရှိသော တရားဟု ဉာဏ်၌ ထင်ရှား၏ဟူလို)။

၄။ အလိုနည်းခြင်း, သီလစင်ကြယ်ခြင်း စသော သူတော်ကောင်း တရားလျှင် နည်းစွာသော အကြောင်းရှိ၏။

[ဋီကာ၌ သမာဒါနစေတနာ အရင်းခံရှိသော ပရိဟရဏစေတနာ သည်လည်း ဓုတင်္ဂ မည်၏-ဟု ဆိုသည်၊ အဋ္ဌကထာအလို ဆောက်တည်သော စေတနာသည် ဓုတင်၊ ဋီကာအလို - ဆောက်တည်သော စေတနာ အရင်းခံသော ဆောင်သော စေတနာ သည် ဓုတင် - ဟူလို]။

ဓုတင် ဆောက်တည်ရာဌာန

ဤ ဓုတင်တို့ကို ဘုရားရှင် ထင်ရှားရှိလျှင် ဘုရားရှင်ထံ၌သာ ဆောက်တည် အပ်ကုန်၏၊ မရှိလျှင် မဟာသာဝကထံ၊ မရှိလျှင် အသီတိသာဝက, ရဟန္တာ, အနာဂါမ်, သကဒါဂါမ်, သောတာပန်, ပိဋကတ် သုံးပုံဆောင်, နှစ်ပုံဆောင်, တပုံဆောင်, တနိကာယ်ဆောင်, အဋ္ဌကထာဆောင်ထံ၊ မရှိလျှင် ဓုတင်ဆောင်ထံ၊ မရှိလျှင် စေတီ၌ တံမြက်လှည်း၍ ဆောင့်ကြောင့်ထိုင်၍ သက်တော်ထင်ရှား ဘုရား မျက်မှောက်၌ကဲ့သို့ ကောင်းစွာ ဆောက်တည် အပ်ကုန်၏၊

(အလေးပြုလောက်သူတို့ထံ ဆောက်တည်လျှင် ဖျက်ခြင်းငှါ ခဲယဉ်း၏)။

မိမိ သဘောအလျောက် ဘယ်သူမျှ မသိအောင် ဆောက်တည်ခြင်းငှါလည်း အပ်သည်သာတည်း။

ကိုယ့်ဘာသာ ဆောက်တည်ပုံ

စေတိယတောင်၌ မထေရ်ညီနောင်နှစ်ပါး နေကြ၏၊ မထေရ်ကြီး ဓုတင် ဆောက်တည်သည်ကို သိသူမရှိ၊ တနေ့သ၌ ညဉ့်အခါ အင်းပျဉ်၌ ထိုင်နေသည်ကို လျှပ်စစ်ရောင်ဖြင့် မထေရ်ငယ်မြင်၍ အရှင်ဘုရား ... နိသဇ်ဓုတင်ကို ဆောက်တည်ပါ သလား-ဟု မေး၏။ မထေရ်ကြီးသည် ဓုဘင်ဆောင်ဟု မသိစေ လိုသော ဓုတင်္ဂအပိစ္ဆတာ ဂုဏ်ဖြင့် မေးသော ခဏ၌ လှဲအိပ်၏၊ နောက်မှတဖန် ပြန်ဆောက်တည်သတတ်။

မူလပဏ္ဏာသ ရထဝိနီတသုတ် အဋ္ဌကထာ၌-

ပစ္စည်းလေးပါး၌ အလိုနည်းခြင်းသည် ပစ္စယအပ္ပိစ္ဆမည်၏၊
ဓုတင်ဆောင်၍ မိမိ၌ ဓုတင်ရှိသည်ကို မသိစေလိုခြင်းသည် ဓုတင်္ဂအပ္ပိစ္ဆ မည်၏၊
မိမိ၌ ဗဟုဿုတ ရှိသည်ကို မသိစေလိုခြင်းသည် ပရိယတ္တိအပ္ပိစ္ဆ မည်၏၊
အရိယာပုဂ္ဂိုလ်ဖြစ်၍ မိမိ၌ မဂ်ဖိုလ် ရသည်ကို မသိစေလိုခြင်းသည် အဓိဂမအပ္ပိစ္ဆ မည်၏၊
ဓုတင်္ဂအပ္ပိစ္စ၌ ဤ ဝတ္ထုတို့ကို သိအပ်ကုန်၏၊

မဟာသုမမထရ်သည် သုသာန်ဓုတင် ဆောင်၏၊ အနှစ် ၆၀-အထိ သုသာန်၌ နေသော်လည်း သိသူမရှိ၊ (အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ကား မဟာကုမာရမထေရ် ဟု ဆို၏)။ ထိုမထေရ်သည် တနေ့၌ ဤသို့သောဂါထာကို ရွတ်ဆို၏။

သုသာနေ သဋ္ဌိဝဿာနိ
အဗ္ဗောကိဏ္ဏော သောမဟံ
ဒုတိယော ပံ န ဇာနေယျ
အဟော သောသာနိကုတ္တမော

အဟံ၊ ငါသည်။
သုသာနေ၊ သုသာန်၌။
သဋ္ဌိဝဿာနိ၊ အနှစ်ခြောက်ဆယ်တို့ ပတ်လုံး။
အဗ္ဗောကိဏ္ဏော၊ မရောမပြွမ်း။
ဝသာမိ၊ နေ၏။
ဒုတီယော၊ နှစ်ယောက်မြောက်သော သူသည်။
မံ၊ ငါ့ကို။
နဇာနေယျ၊ မသိ။
မေ၊ ငါ၏။
သောသာနိကော၊ သုသာန်၌နေခြင်းသည်။
အဟော ဥတ္တမော၊ အလွန်မြတ်လေစွ။

စေတိယတောင်၌လည်း ညီနောင်နှစ်ပါး နေကြ၏၊ မထေရ်ငယ်သည် ဒါယကာအိမ်မှ ပို့လိုက်သော ကြံပိုင်းကို မထေရ်ကြီးအား သုံးဆောင်တော်မူပါ-ဟု သွားပေး၏၊ မထေရ်ကြီးသည် ဆွမ်းကိစ္စပြီး၍ ခံတွင်းဆေးပြီး သာကြောင့် အလိုမရှိဟု ဆို၏၊ ဧကာသနိက် ဓုတင် ဆောက်တည်ပါ သလား-ဟု မေးလတ်သော် ငါ့ရှင် ... ကြံပိုင်း ယူခဲ့ဟုဆို၍ နှစ်ပေါင်း ငါးဆယ်ပတ်လုံး ဆောင်ခဲ့သော ဓုဘင်ကို လျှို့ဝှက် လိုသောကြောင့် ဘုဉ်းပေးတော်မူ၏၊ ထိုနောက်မှ ခံတွင်းဆေး၍ ဓုတင်ကို ဆောက်တည်ပြန်သည် ဟု ဆို၏။

အင်္ဂုတ္တိုရ်ဧကနိပါတ် ဝိရိယာရမ္ဘာဒိဝဂ် အဋ္ဌကထာ၌လည်း ဤအတူ ဆို၏။

ပံသုကူဆောင် ဝတ္ထု

အင်္ဂုတ္တိုရ်၊ စတုက္က၊ ပဌမပဏ္ဏာသက၊ ၃-ဥရုဝေလဝဂ်၊ အဋ္ဌမသုတ် အဋ္ဌကထာဝိတက္ကသန္တောသ ဝတ္ထုတခုဆို၏၊ ပါစီနခဏ္ဍရာဇိ အရပ်၌ နေသော ပံသုကူဆောင် မထေရ်သည် စေတိယတောင်သို့ သွား၍ ဘုရားဖူးပြီးသောအခါ ငါ၏ သင်္ကန်း ဆွေးပြီ၊ အများနေရာ၌ ရနိုင်လတ္တံ့-ဟု ကြံ၍ မဟာဝိဟာရ ကျောင်းသို့ သွား၏၊

နောက်တနေ့၌ မထေရ်ကြီးနှင့် ရွာတံခါးသို့ သွားစဉ် မဟာဗောဓိ တံခါးမုဒ်သို့ ရောက်သောအခါ ဤ အရပ်၌ နှစ်သက်ဘွယ် သင်္ကန်းရပေလတ္တံ့ -ဟု ကြံမိသဖြင့် ငါ့အကြံ မစင်ကြယ် ဟု ထိုနေရာမှ ပြန်ခဲ့၏၊ နောက်နေ့၌ အဗ္ဗင်္ဂဏအနီးသို့ ရောက်၍ ပြန်ခဲ့၏၊ နောက်နေ့၌လည်း မဟာစေတီ မြောက်တံခါးမှ ပြန်ခဲ့၏၊ စတုတ္ထနေ့၌ကား ဤရဟန်းအား မစင်ကြယ်သော အကြံဖြစ်လတ္တံ့ဟု မထေရ်ကြီးသိ၍ ပြဿနာ မေးလျက် ရွာသို့ဝင်၏။

ထိုညဉ့်၌လည်း လူတယောက်သည် ပုဆိုးထဲ၌ ဝမ်းသွားသဖြင့် ထိုပုဆိုးကို အမှိုက်ပုံ၌ စွန့်ထား၏၊ ပံသုကူဆောင် မထေရ်သည် ထိုအဝတ် ယင်ကောင် တရုန်းရုန်းကို မြင်လတ်သော် လက်အုပ်ချီလေ၏၊ အဘယ့်ကြောင့် အမှိုက်ပုံအား လက်အုပ်ချီ သနည်း-ဟု မေးလတ်သော် အမှိုက်ပုံအား လက်အုပ်ချီသည် မဟုတ်၊ ဘ, ဘုရားအား လက်အုပ်ချီပါသည်၊

ဘ, ဘုရားသည် ကျွန်မ အသေကောင်ကိုပတ်၍ ပစ်သော အဝတ်ကို ပံသုကူ ကောက်ယူ၍ ပိုးလောက် တစိတ်သားကို ခါတွက်၍ သုသာန်၌ ပြုနိုင်ခဲသော အမှုကို ပြုတော်မူပါသည် ဟု လျှောက်၏၊ မထေရ်ကြီးသည် ဤပံသုကူဆောင်အား စင်ကြယ်သော အကြံဖြစ်ပြီဟု သိ၏၊ ပံသုကူဆောင် ပထေရ်လည်း ထိုနေရာ၌ ရပ်လျက် ဝိပဿနာ ပွားလတ်သော် အနာဂါမ်တည်၏၊ ထိုနောက် ထိုအဝတ်ကို ယူ၍ သင်္ကန်းပြုလုပ်ပြီး ဝတ်ရုံ၍ ပါစီနဏ္ဍရာဇိ အရပ်သို့ ပြန်ရောက်လတ်သော် ရဟန္တာ အဖြစ်သို့ ရောက်တော်မူသတတ်။

[၃-ဆောက်တည်ပုံ၊
၄-အစီအရင်၊
၅-အပြား၊
၆-ပျက်ခြင်း၊
၇-အာနိသင် အဆုံးအဖြတ်
တို့ကို ထိုထို ဓုတင်တခုစီဖြင့် နောက်၌ ပြပေအံ့။]

၈-ကုသလတိတ်

ဤအလုံးစုံသော ဓုတင်တို့သည် ပဋိပတ်ဖြည့်ကျင့်လိုသော သေက္ခ ပုထုဇဉ်အားဖြင့် ရံခါ ကုသိုလ်ဓုတင်၊ ချမ်းသာစွာနေလိုသော ရဟန္တာအားဖြင့် ရံခါ အဗျာကတဓုတင်တို့ ဖြစ်ကုန်၏၊ အကုသိုလ်ဓုတင် မရှိ။

စောဒနာဘွယ်ကား -

၁။ အာနိသင်မသိ တွေဝေခြင်းကြောင့်၎င်း,
၂။ လာဘ်အတွက် အလိုဆိုး ရှိခြင်းကြောင့်၎င်း,
၃။ စိတ်ပြန့်လွင့်လျက် ရူးသွပ်လျခြင်း ကြောင့်၎င်း,
၄။ ဘုရားချီးမွမ်းသည်ဟု နှစ်သက်ခြင်းကြောင့်၎င်း,
၅။ အလိုနည်းခြင်း စသည်ကို မှီခြင်းကြောင့်၎င်း -
အကြောင်း ငါးပါးကြောင့် တော၌ နေသည်-စသည်ဖြင့် (ဓုတင်ဆောင်သူ ငါးမျိုးကို) ဘုရားဟောသည်။

ထိုအကြောင်း ငါးပါးတို့တွင် ရှေးသုံးပါး၌ အကုသိုလ်လည်း ဓုတင်မည်၏၊ (အကုသိုလ် စိတ်ဖြင့်လည်း ဓုတင်မှီဝဲခြင်းရှိ၏။) ဤသို့ တစုံတယောက် ဆိုရာ၏။

အဖြေကား -

အကုသိုလ်စိတ်ဖြင့် ဓုတင်မကျင့်၊ ဝါ-တော၌ မနေဟု မဆိုနိုင်၊ တော၌နေသူကား အရညိက ပုဂ္ဂိုလ်မည်၏။ အလိုဆိုးရှိသူလည်း နေရာ၏၊ အလိုဆိုး မရှိသူလည်း နေရာ၏၊ အောက်၌ဆိုခဲ့သည်ကား -

၁။ သမာဒါနစေတနာဖြင့် ကိလေသာ ခါသူသည် ဓုတ မည်၏။
၂။ သမာဒါန စေတနာသည် ဓုတမည်သူ၏အကြောင်း ဓုတင်မည်၏။
၃။ ဝါ-ဓုတမည်သော ဉာဏ်အကြောင်းရှိ၍ ဓုတင်မည်၏။
၄။ ဝါ-ကိလေသာလည်းခါ, ပဋိပတ်အကြောင်းလည်း ဖြစ်၍ ဓုတင် မည်၏ ဟုဆိုခဲ့ပြီ။

၁။ အကုသိုလ်ဖြင့် ကိလေသာခါသူ ဓုတမရှိ။
၂။ အကုသိုလ်သည် ဓုတမည်သူ၏ အကြောင်းမဟုတ်။
၃။ အကုသိုလ်သည် ဓုတမည်သော ဉာဏ်အကြောင်းမရှိ။
၄။ အကုသိုလ်သည် လောလုပ္ပတဏှာ ကိလေသာကိုလည်း မခါ သီလစသော ပဋိပတ်၏ အကြောင်းလည်း မဟုတ်။

ထို့ကြောင့် အကုသိုလ်ဓုတင်မရှိဟု ဆိုအပ်၏၊
အကုသိုလ်စိတ်ဖြင့် ဓုတင် မမှီဝဲဟု မဆိုအပ်။

အဘယဂီရိဝါသီဆရာတို့ကား -
ဓုတင်ဟူသည် ကုသလတိက်မှ လွတ်၏ဟု ဆိုကုန်၏၊
လွတ်လျှင် ဓုတင်သည် ပရမတ်မဟုတ်၊ ပညပ်မျှဖြစ်၏၊ ထင်ရှား မရှိ၊
မရှိသော ပညပ်သည် ကိလေသာကို မဖျက်ဆီးနိုင်သဖြင့် ဓုတင်ပင် မမည်နိုင်။

ဓုတဂုဏေဓုတဂုဏ်တို့ကို။
သမာဒါယ၊ ဆောက်တည်၍။
ဝတ္တတိ၊ ကျင့်၏။”

ဟူသော ဘုရားစကားနှင့်လည်း ဆန့်ကျင်၏၊
မရှိသော တရားကို အဘယ်သို့ ဆောက်တည်၍ အဘယ်သို့ ကျင့်နိုင်အံ့နည်း၊
ထို့ကြောင့် ထိုဝါဒ မယူအပ်၊

ကုသလတိက်ဖြင့် ဆုံးဖြတ်ခြင်း ပြီး၏။

၉-ဓုတစသော ဝေဘန်ခြင်း ၅-ပါး

ဓုတ စသည်တို့ကို ဝေဘန်ဆုံးဖြတ်ရာ၌ ဓုတ, ဓုတဝါဒ, ဓုတဓမ္မ, ဓုတင်္ဂ, ဓုတင်္ဂသပ္ပါယပုဂ္ဂိုလ်- ဤငါးမျိုးကို သိအပ်၏၊ ထိုတွင်-

၁။ ဓုတင်စွမ်းဖြင့် ကိလေသာကို ဖျက်ဆီးသော ရဟန္တာသည်၎င်း, ကိလေသာကို ဖျက်ဆိးသော အရိယာမဂ်သည်၎င်း မုချအားဖြင့် ဓုတ မည်၏၊ အထူးအားဖြင့် အရဟတ္တမဂ်သည် ဓုတ၊ ပရိယာယ်အားဖြင့် ဝိပဿနာဉာဏ် စသည်သည် ဓုတ၊ အယုတ်ဆုံးအားဖြင့် ဓုတင်္ဂစေတနာနှင့် ယှဉ်ငသာဉာဏ်သည် ဓုတမည်၏။

၂။ ဓုတဝါဒ၌ - ဓုတင်ဖြင့် မိမိကိလေသာကို ဖျက်ဆီးလျက် သူတပါး ကို ဓုတင်ဖြင့် မဆုံးမသော သူသည် ရှင်ဗာကုလနှင့် တူ၏၊ ဓုတပုဂ္ဂိုလ်သာ မည်၍ ဓုတဝါဒပုဂ္ဂိုလ် မမည်။

ဓုတင်ဖြင့် မိမိ ကိလေသာကို မဖျက်ဆီးဘဲလျက် သူတပါးကိုသာ ဓုတင်ဖြင့် ဆုံးမသောသူသည် ရှင်ဥပနန္ဒနှင့်တူ၏၊ ဓုတ မမည်၊ ဓုတဝါဒသာ မည်၏။

နှစ်ပါးစုံ ချွတ်သောသူသည် ရှင်လာဠုဒါယီနှင့် တူ၏၊
ဓုတလည်း မမည်၊ ဓုဘဝါဒလည်း မမည်။

နှစ်ပါးစုံပြည့်စုံသောသူသည် ရှင်သာရိပုတြာနှင့်တူ၏၊
ဓုတလည်း မည်၏၊ ဓုတဝါဒလည်း မည်၏။

၃။ ဓုတဓမ္မ၌ --
၁။ အပ္ပိစ္ဆတာ - အလိုနည်းခြင်း၊
၂။ သန္တုဋ္ဌိတာ- ရောင့်ရဲလွယ်ခြင်း၊
၃။ သလ္လေခတာ - ကိလေသာကို ခေါင်းပါးစေခြင်း၊
၄။ ပဝိဝေကတာ - ကာယဝိဝေက စိတ္တဝိဝေက, ဥပဓိဝိဝေကဖြစ်ခြင်း၊
၅။ ဣဒမတ္ထိတာ - ဤအကျင့်ကောင်းတို့ကို အလိုရှိသောသူ၏ ဖြစ်ကြောင်း ဉာဏ်ဖြစ်ခြင်း၊
ဝါ - ဤဓုတင် ကျေးဇူးတို့ ရှိကုန်၏-ဟု သိသောဉာဏ်ဖြစ်ခြင်း၊

ဤငါးပါးတို့သည် ဓုတဓမ္မတို့ မည်ကုန်၏၊
ဓုတင်္ဂစေတနာ၏ အခြံအရံတို့ဖြစ်ကုန်၏၊
ဓုတင်္ဂစေတနာအား ကျေးဇူးပြုကုန်၏၊
အလိုနည်းသူကို မှီ၍ ဖြစ်ကုန်၏။

ထိုငါးပါးတို့တွင် အပ္ပိစ္ဆတာ, သန္တုဋ္ဌိတာ နှစ်ပါးသည် အလောဘ သက်သက်ဖြစ်၏၊
သလ္လေခတာ, ပဝိဝေကတာ နှစ်ပါးသည် အလောဘ အမောဟနှစ်ပါး၌ သက်ဝင်၏၊
ဣဒမတ္ထိတာသည် ဉာဏ်အမောဟသက်သက် ဖြစ်၏၊
(ဓုတဓမ္မ ငါးပါးသည် အလောဘ, အမောဟနှစ်ပါးသာ ဖြစ်၏)။

ထိုတွင် ထိုထိုဓုတင်ဖြင့် ပယ်သော တကာလှူ သင်္ကန်း စသော ဝတ္ထုတို့၌ တွယ်တာသော လောဘကို အလောဘဖြင့် ခါတွက်၏၊ ထိုဝတ္တုတို့၌ စောင့်ရခြင်း သူတပါးတို့နှင့်စပ်ခြင်း, ခိုးသူဘေးရှိခြင်း စသောအပြစ်ကို ဖုံးကွယ်သော မောဟကို အမောဟဖြင့် ခါတွက်၏။

တနည်း --

ကာမချမ်းသာ ခံစားခြင်း ဟူသော ကာမသုခလ္လိက အနုယောဂကို အလောဘဖြင့် ခါတွက်၏၊ (ဘုရားရှင်သည် ရာဂကင်းသော သုံးဆောင်ခြင်းဖြင့် အခင်းအရုံစသော ပစ္စည်းသုံးဆောင်ခြင်းကို ခွင့်ပြုသည်၊ ထိုကို အမြွက်ထောင်၍ ကာမချမ်းသာ ကပ်ငြိစွာ ခံစားခြင်းသည် ဖြစ်တတ်သည်၊ ထိုခံစားခြင်းကို အလောဘဖြင့် ခါတွက်သည် ဟူလို)။

ကိုယ်ပင်ပန်းစေခြင်း ဟူသော အတ္တကိလမထ အနုယောဂကို မောဟဖြင့် ခါတွက်၏၊ (ဓုတင်တို့၌ အလွန်ခေါင်းပါးသော အကျင့်ရှိသည်၊ ထိုကိုအမြွက်ထောင်၍ အပ်သည်ကို ပယ်ခြင်းဖြင့် ကိုယ်ပင်ပန်းစေခြင်းသည် ဖြစ်တတ်သည်၊ ထို ပင်ပန်းစေခြင်းကို ခါတွက်သည်ဟူလို)။

ဤသို့လျှင် အလောဘ, အမောဟ နှစ်ပါးဖြင့် မဇ္ဈိမပဋိပဒါလမ်း ဖြောင့်တန်း၏၊
ထို့ကြောင့် အပ္ပိစ္ဆတာ စသော ငါးပါးသည် ဓုတဓမ္မ မည်၏။

၄။ အနက်လက္ခဏာ စသည်တို့ဖြင့် ယခင်ဆိုပြီးသော -

ပံ, တေ, ပိဏ်, သပ်ဧ, ပတ်, ခ, အာ
ရုက်, အဗ်, သာယထာ, နေ ဆဲ့သုံး။

ဟူသော သမာဒါန စေတနာ ၁၃-ပါးတို့သည် ဓုတင်္ဂ တို့ မည်ကုန်၏။

၅။ ဓုတင်္ဂသပ္ပါယပုဂ္ဂိုလ်၌ - ဓုတင်မှီဝဲခြင်းသည် ရာဂစရိုက်ရှိသူ မောဟစရိုက်ရှိသူ နှစ်ယောက်အား သပ္ပါယဖြစ်၏၊ အကြောင်းကား ဓုတင်မှီဝဲခြင်းသည် ဆင်းရဲသော အကျင့် (ဒုက္ခပဋိပဒါ) ဖြစ်၏။ ကိလေသာခေါင်းပါး နေထိုင်ခြင်း (သလ္လေခဝိဟာရ) ဖြစ်၏၊

ထိုကြောင့် ဒုက္ခပဋိပဒါကိုမှီ၍ အနုကြိုက်သူအားလည်း ရာဂငြိမ်း၏၊ သန္ဓေခဝိဟာရ ကိုမှီ၍ မမေ့မလျော့ နေရသောကြောင့် အမှတ်မဲ့နေသူအားလည်း မောဟငြိမ်း၏။

တနည်း -

အာရညကင်, ရုက္ခမူနှစ်ပါးသည် ဒေါသစရိုက် ရှိသူအားလည်း သပ္ပါယ ဖြစ်၏၊ တော၌ သစ်ပင်အောက်၌ နေသူအား ဆက်ဆံသူ ထိခိုက်သူမရှိသဖြင့် ဒေါသလည်း ငြိမ်း၏။

၁၀-အကျဉ်း သမာသ

ဤဓုတင်တို့သည် အကျဉ်းအားဖြင့် သီသင်္ဂ (ခေါင်းဆောင်) သုံးပါး အသမ္ဘိန္နင်္ဂ (သီးသန့်) ငါးပါး ဤသို့ရှစ်ပါးဖြစ်ကုန်၏၊ သပဒါနစာရိ ဧကာသနိက် အဗ္ဘောကာသိ တို့သည် ခေါင်းဆောင်သုံးပါး ဖြစ်ကုန်၏၊

ခေါင်းဆောင်ပုံကား --

သပဒါန ကျင့်လျှင် ပိဏ္ဍပါတ် ကိုလည်း ကျင့်နိုင်လတ္တံ့၊
ဧကာသနိက်ကျင့်လျှင် ပတ္တပိုဏ်, ခလုတို့လည်း လုံခြုံကုန်လတ္တံ့ ၊
အဗ္ဘော ကျင့်လျှင် ရုက္ခမူ ယထာသန္တတိတို့၌ ကျင့်ဘွယ်မရှိ၊
ဤကား - ခေါင်းဆောင် သုံးပါး ဖြစ်ပုံတည်း၊

အာရညကင် ပံသု တိစီ, နိသဇ် သုသာန်တို့ကား သီးသန့်ငါးပါး ဖြစ်ကုန်၏၊
ထို့ကြောင့် ဓုတင် ၁၃-ပါးသည် အကျဉ်း ၈-ပါးဖြစ်၏။

တနည်း -

သင်္ကန်းနှင့်စပ်သော ဓုတင်,
ဆွမ်းနှင့်စပ်သော ဓုတင်,
ကျောင်းနှင့် စပ်သော ဓုတင်,
ဝီရိယနှင့်စပ်သော ဓုတင်ဟူ၍ လေးပါးဖြစ်ကုန်၏၊

ထိုတွင် -

သင်္ကန်းဓုတင်နှစ်ပါး၊
ဆွမ်းဓုတင်နှစ်ပါး၊
ကျောင်းဓုတင်ငါးပါး,
ဝီရိယဓုတင် နိသဇ် တပါးဖြစ်၏၊
ဤသို့လျှင် ဓုတင် အကျဉ်းလေးပါး ဖြစ်၏။

တနည်း -

၁၂-ပါးသည် ပစ္စယနိဿိတ - ပစ္စည်းမှီသော ဓုတင်,
၁-ပါးသည် ဝီရိယနိဿိတ - လုံ့လမှီသော ဓုတင် -
ဖြစ်၍ အကျဉ်းနှစ်ပါး ဖြစ်၏။

တနည်း -

သေဝိတဗ္ဗ ဓုတင်, အသေဝိတဗ္ဗ ဓုတင်ဟူ၍ နှစ်ပါးဖြစ်၏၊

ချဲ့ဦးအံ့ -

ဓုတင်မှီဝဲသဖြင့် ကမ္မဋ္ဌာန်း တိုးပွားသူဖြစ်လျှင် မှီဝဲအပ်၏၊

ဆင်းရဲသော အကျင့်ဟု သည်းမခံနိုင်သဖြင့် ကမ္မဋ္ဌာန်း ဆုတ်ယုတ်သော ပုဂ္ဂိုလ်နု ဖြစ်လျှင် မမှီဝဲအပ်၊

ဓုတင်မှီဝဲသော်၎င်း, မမှီဝဲသော်၎င်း ကမ္မဋ္ဌာန်း မဆုတ်ယုတ်သော ပုဂ္ဂိုလ်ထူး ဖြစ်လျှင် နောင်လာသူတို့ အတုလိုက်ကြပါစေဟု ချီးမြှင့်သောအားဖြင့် မှီဝဲအပ်၏၊

ဓုတင်မှီဝဲသော်၎င်း, မမှီဝဲသော်၎င်း ကမ္မဋ္ဌာန်း မတိုးပွား မထူးခြားသော ပုဂ္ဂိုလ်ဖြစ်လျှင် နောင်အခါ ဝါသနာထုံခြင်းငှါ မှီဝဲအပ်၏၊

ဤသို့လျှင် မှီဝဲအပ်, မမှီဝဲအပ်ဟု အကျဉ်းနှစ်ပါး ဖြစ်၏၊
(ဓုတင်နှင့် တန်သူသုံးယောက်, မတန်သူ တယောက်)။

တနည်း -

ဤ အနည်းနည်းပြားသော ဓုတင်အားလုံးသည် သမာဒါန စေတနာချည်းသာဖြစ်၍ စေတနာစွမ်းဖြင့် ဓုတင်တပါးတည်းသာ ဖြစ်၏၊

ဤကား အကျဉ်းတည်း။

၁၁-အကျယ် ဗျာသ

ဓုတင် အကျယ်အားဖြင့် --

ရဟန်းတို့အား ၁၃-ပါး,
ဘိက္ခုနီမ ၈-ပါး,
သာဏေ ၁၂-ပါး,
သိက္ခမာန်မ သာမဏေမ ၇-ပါး,
ဥပါသကာ, ဥပါသိကာ ၂-ပါး,
ဤသို့ကျင့်သူ ပုဂ္ဂိုလ်စွမ်းဖြင့် ၄၂-ပါး ဖြစ်၏။

တပြိုင်တည်း ၁၃-ပါး

လွင်တီးခေါင်၌ တောကျောင်း အင်္ဂါပြည့်စုံအောင် ဝေးသော သုသာန် ဖြစ်ငြားအံ့၊ ရဟန်းတပါးတည်း သည်လည်း တပြိုင်တည်း ဓုတင် ၁၃- ပါးလုံး သုံးဆောင်ခြင်းငှါ စွမ်းနိုင်၏။

ဘိက္ခုနီ ၅-ပါးပယ်

ဘိက္ခုနီမတို့အား --
အာရညကင်ကို ဂဏဩဟိယန (သံဃာဒိသိသ်-၃) သိက္ခာပုဒ်ဖြင့် ပယ်သည်၊
ခလုကို ပဝါရိတ (ပါစိတ်၊ အာရာမဝဂ်-၄) သိက္ခာပုဒ်ဖြင့် ပယ်သည်၊
အဗ္ဘော, ရုက္ခမူ သုသာန် - တို့ကား ဆောင်နိုင်ခဲကုန်၏၊ ဘိက္ခုနီမတို့သည် အဖော် ကင်း၍ မနေအပ်၊ ဤသို့သော နေရာမျိုး၌ ဆန္ဒတူ အဖော်ရခဲလှ၏၊ ရပြန်ကလည်း ရောနှောသော နေခြင်း ရှိသောကြောင့် အလိုရှိအပ်သော ဝိဝေကအကျိုးမပြည့်စုံနိုင်၊

ထို့ကြာင့် ငါးပါးပယ်၍ ရှစ်ပါးရနိုင်၏။

တိစီဝရိက်

ရဟန်း ဓုတင် ၁၃-ပါး၊ ဘိက္ခုနီမ ဓုတင် ၈-ပါးတို့တွင် တိစီဝရိက် ဓုတင်ကိုပယ်၍ သာမဏေတို့အား ၁၂-ပါး၊ သိက္ခမာန်မ, သာမဏေမတို့အား ၇-ပါး ဖြစ်ကုန်၏၊ ၎င်းတို့အား တိစီဝရိက် အဓိဋ္ဌာန်တင်သော ဝိနည်းကံ မရှိသောကြောင့် ပယ်သည်၊ ဘိက္ခုနီမတို့ အားကား ရေသနုပ် ရင်လှမ်းတဘက်တို့နှင့် တကွ သင်္ကန်း ငါးထည် ဖြစ်သော်လည်း တိစီဝရိက်သာ မည်၏။

လူဓုတင်

ဥပါသကာ, ဥပါသိကာမတို့အား ဧကာသနိက်, ပတ္တပိုဏ်အားဖြင့် ဤ ဓုတင်နှစ်ပါး တို့သည် လျောက်ပတ်ကုန်၏၊ သုံးဆောင်ခြင်းငှါလည်း လွယ်ကူကုန်၏။

ဒသကနိပါတ် ဇာတ်တော်၌ အလောင်းတော် ကဏှရသေ့သည် အာရညကင်, ရုက္ခမူ, အဗ္ဘော, နေသဇ်စသော ဓုတင်တို့ကို ဆောက်တည်၍ ကျင့်သည်ဟု အဆို ရှိ၏၊ ဤအလိုအားဖြင့် စွမ်းနိုင်သမျှတို့လည်း လျောက်ပတ်ကုန်၏ ဟု ဆိုသင့်၏၊ ဓုတင်ဟူသည် ဝိနည်းမဟုတ်၊ သုတ္တန်နည်း ဖြစ်ရကား အပြစ်မရှိခြင်း လက္ခဏာ, ကောင်းသော အကျိုးပေးခြင်း လက္ခဏာရှိသော ဓုတင်အကျင့် ဟူသမျှကို ကျင့်လျှင် အယုတ်ဆုံး ဝါသနာကောင်း ထုံခြင်း အကျိုးရမည် မလွဲတည်း၊ ထို့ကြောင့် တွေဝေခြင်း, အလိုဆိုးရှိခြင်း, ရူးသွပ်ခြင်းတို့ကြောင့် ကျင့်သည်ကို မဖြစ်စေမူ၍ ဘုရား ချီးမွမ်းသည်ဟု နှစ်သက်၍၎င်း, အလိုနည်းခြင်း စသည်ကို အမှီပြု၍၎င်း ကျင့်ခြင်း, အားထုတ်ခြင်းကို ဖြစ်စေရာ၏။

တနည်းကား --

ရဟန်းကိစ္စဟူသမျှကို လိမ္မာကျွမ်းကျင်စေသော တာဝန်သည် ငါသို့သော အမျိုးသား ရဟန်းကောင်းနှင့် စပ်သည်ဟု နှလုံးပြု၍ ကျွမ်းကျင်အောင် လေ့လာရာ၏။

၁ - ပံသုကူဓုတင်

ယခုအခါ ဓုတင်ဆောက်တည်ပုံ အစီအရင်, အပြား, ပျက်ခြင်း, အာနိသင်တို့ကို ပြပေအံ့၊ ပံသုကူဓုတင်ကို ဤသို့ ဆောက်တည်အပ်၏။

ဆောက်တည်ပုံ

ဂဟပတိ ဒါနစီဝရံ ပဋိက္ခိပါမိ၊ ပံသုကူလိကင်္ဂံ သမာဒိယာမိ။

ဂဟပတိဒါနစီဝရံ၊ တကာလက်ရောက် လှူသော သင်္ကန်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ပံသုကူလိကင်္ဂံ၊ ပံသုကူသင်္ကန်း ဆောင်လေ့ရှိသော ပုဂ္ဂိုလ် ဖြစ်ကြောင်း ကုသိုလ်စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

ဤပယ်စကား, ဆောက်တည်စကား နှစ်ခွန်းတို့တွင် တခွန်းခွန်းဖြင့်လည်း ဆောက်တည်အပ်၏။

ရဟန်း လက်ရောက် ပေးသည်ကို မပယ်လျှင် ဥက္ကဌ်မဖြစ်၊ ရဟန်းယူလတ္တံ့ဟု ဒါယကာ ချထားလျှင် ဂဟပတိဒါန မဖြစ်၊ ပံသုကူဖြစ်၏၊ နေ့မစားဟု ဆိုလျှင် ညဉ့်စား၏ ဟု အဓိပ္ပါယ် ရောက်သကဲ့သို့ တကာလှူသင်္ကန်း ပယ်၏ဟု ဆိုလျှင် ပံသုကူသင်္ကန်း ဆောင်၏ဟု အဓိပ္ပါယ် ရောက်သည်၊ ထို့ကြောင့် ပယ်စကား သက်သက်ဖြင့် ဆောက်တည်ခြင်းလည်း သင့်လျော်၏။

အစီအရင်

ဤသို့ ဆောက်တည်ပြီးသော ပံသုကူ ဓုတင်ဆောင် ပုဂ္ဂိုလ်သည်-

  • ၁။ သုသာန်,
  • ၂။ ဈေးတံခါး
  • ၃။ လှည်းလမ်းမ
  • ၄။ အမှိုက်ပုံ၌စွန့်သော အဝတ်
  • ၅။ ကိုယ်ဝန်ညစ်ကြေး သုတ်၍ စွန့်သော အဝတ်
  • ၆။ ဘုတ်ဆရာတို့ လူနာ ရေချိုးစေ၍ရေချိုးရာ၌စွန့်သော အသရေမရှိသော အဝတ်
  • ၇။ ရေဆိပ်၌စွန့်သော ဟောင်းသော အဝတ်
  • ၈။ သုသာန်မှ ပြန်လာ၍ရေချိုးစွန့်သော အမင်္ဂလာ အဝတ်
  • ၉။ မီးလောင်
  • ၁၀။ နွားဝါး
  • ၁၁။ ခြစား
  • ၁၂။ ကြွက်ကိုက် အဝတ်
  • ၁၃။ အစွန်း အနားပြတ်သော အဝတ်
  • ၁၄။ အဆာပြတ်သော အဝတ်
  • ၁၅။ အလံ တံခွန် ထူသော အဝတ်
  • ၁၆။ တောပို့ ပတ်၍ နတ် ပသသောအဝတ်
  • ၁၇။ ရဟန်းပေးသော သင်္ကန်း
  • ၁၈။ အဘိသိက် သွန်းရာ၌ စွန့်သောအဝတ်
  • ၁၉။ ဧဟိဘိက္ခု တန်ခိုးဖြင့် ဖြစ်သောသင်္ကန်း
  • ၂ဝ။ ခြေလမ်းခရီး၌ ကျသောအဝတ်,
  • ၂၁။ လေလွင့်သော အဝတ်
  • ၂၂။ ရှင်အနုရုဒ္ဓါအား နတ်လှူသကဲ့သို့ နတ်လှူသော အဝတ်
  • ၂၃။ သမုဒြာ လှိုင်း ပုတ်တင်သော အဝတ်,

ဤ ၂၃-ထည်တို့တွင် တထည်ထည်ကို ကောက်ယူ၍ အဆွေးကိုပယ်၍ ဖွပ်လျော်၍ သင်္ကန်းပြုပြီးလျှင် တကာလှူ သခင်သင်္ကန်းကိုပယ်၍ သုံးဆောင်အပ်၏။

သုသာန်, ဈေးတန်းလှည်းကြီးလမ်းလူလမ်း မှိုက်ပုံပါ။
ကိုယ်ဝန်ညစ်ပေဘုတ်ချိုးရေစွန့်လေချိုးဆိပ်မှာ
မီးလောင်, နွားဝါးကြွက်ကိုက်ထားခြစား, ပြတ် စွန်း, ဆာ
တောင်ပို့, လေယူရဟန်းလှူနတ်လှူ, တံခွန်လွှာ
သုသာန်ပြန်ထုတ်ဘိသိက်အုပ်သမုဒ်, တန်ခိုးသာ
နှစ်ဆဲ့သုံးဟူ၊ ပံသုကူ၊ ကောက်ယူ သုံးဆောင်ရာ။

တိဿအမတ်၏ မိခင်သည် တသိန်းတန် အဝတ်ဖြင့် ကိုယ်ဝန်ညစ်ကြေး သုတ်၍ ပံသုကူဆောင်တို့ ယူလတ္တံ့ ဟု တာဠဝေဠိ လမ်းမ၌ စွန့်ခိုင်း၏၊ ရဟန်းတို့သည် မိမိသင်္ကန်း အဆွေးနေရာ ဖာလောက်ရုံ ဖြတ်ယူကုန်သတတ်၊ လှေစီးသွားသူတို့ စိုက်ထားသော တံခွန်ကို ထိုသူတို့ မမြင်နိုင်ရာရောက်မှ ယူရသည်၊ စစ်ပွဲ၌စိုက်သော တံခွန်ကို နှစ်ဘက် စစ်သားတို့ သွားကုန်မှ ယူရသည်၊ လမ်းခရီး၌ ကျသော အဝတ်, လေလွင့်သော အဝတ်တို့ကို သခင်တို့ မေ့ကျန်တတ်သောကြောင့် နှစ်ရက် သုံးရက် စောင့်၍ သခင်မမြင်မှ ယူရသည်။

သံဃဿ ဒေမ” ဟု လှူသော သင်္ကန်း ပုဆိုး, ဆွမ်းခံလှည့်၍ ရသော သင်္ကန်း, ဝါစဉ်အားဖြင့် ယူစေအပ်သော ရဟန်းပေးသင်္ကန်း, ဤကျောင်း၌ နေသူတို့ သုံးရန်ဟု ထားသော သေနာသန သင်္ကန်းတို့ကား ၂၃-ဌာန မဝင်သောကြောင့် ပံသုကူ မဟုတ်။

ဝါစဉ်အားဖြင့် မယူစေမူ၍ ရဟန်းပေးသော သင်္ကန်းသည် ပံသုကူ ဖြစ်၏၊ လေးမျိုး ရှိ၏၊

ရှေးဦးစွာ တကာတဦးသည် သင်္ကန်းကို ရဟန်းတပါး၏ ခြေရင်း၌ ချထားအံ့၊ ထိုရဟန်းသည် ထိုသင်္ကန်းကို ပံသုကူ ဆောင်၏၊ လက်၌ပေးအံ့၊ တဖို့စင်ကြယ်သော ပံသုကူဖြစ်၏၊

တကာသည် ရဟန်း၏လက်၌, ရဟန်းသည် ပံသုကူဆောင်၏ ခြေရင်း၌ ချထားအံ့၊ တဖို့စင်ကြယ်၏၊

တကာသည် ရဟန်း၏ ခြေရင်း၌, ရဟန်းသည် ပံသုကူဆောင်၏ ခြေရင်း၌ ချထားအံ့၊ နှစ်ဖို့စင်ကြယ်၏၊

တကာသည် ရဟန်း၏ လက်၌, ရဟန်းသည် ပံသုကူဆောင်၏ လက်၌ ပေးအံ့ - အနုက္ကဋ္ဌသင်္ကန်း ဖြစ်၏၊ ဥက္ကဌ်မဟုတ်၊ အညံ့စား ပံသုကူ ဖြစ်၏၊

ဤသို့ ပံသုကူသင်္ကန်းအပြား ကို သိအပ်၏။

အပြား

ပံသုကူဆောင်သည် ဥက္ကဌ်, မဇ္ဈုံ, မုဒု ဟု သုံးမျိုးပြား၏။

  • ၁။ သုသာန်၌စွန့်သောအဝတ်ကိုသာ ယူသော ရဟန်းသည် ဥက္ကဌ်
  • ၂။ ရဟန်းသာ ယူလတံ့-ဟု ရည်စူး၍ထားသော အဝတ်ကိုယူသော ရဟန်းသည် မဇ္ဈုံ
  • ၃။ ခြေရင်း၌ ချထားသော ရဟန်းပေး သင်္ကန်းကိုယူသော ရဟန်း သည် မုဒု ဖြစ်၏။

[ပြည်ဆရာတော် နိသျ၌ကား သုသာန်စသော ၂၃-ဌာနလုံး၌ စွန့်သော အဝတ်ကို ယူအံ့-ဥက္ကဌ်၊ ၂၃-ဌာနလုံး၌ ရဟန်းကိုသာ ရည်စူးသော အဝတ်ကိုယူအံ့-မဇ္ဈုံ-ဟု ၂၃-ဌာနစီ ဖြစ်သင့်ကြောင်း ဆို၏။

စူဠဋီကာ၌ ခြေရင်း၌ ချထားသော ရဟန်းပေး မုဒုကား မုဒုတို့တွင် ဥက္ကဋ္ဌပရိစ္ဆေဒမုဒု ဖြစ်သည်၊ လက်၌ပေးသော ရဟန်းပေးကို ယူသော်လည်း မုဒုသာ ဖြစ်သောကြောင့် ဟု-ဆို၏။]

ပျက်ခြင်း

မိမိ၏ အလိုဆန္ဒဖြင့် သော်၎င်း ဒါယကာတို့ တောင်းပန်သောကြောင့် သော်၎င်း တကာလှူသော သင်္ကန်းကို သာယာ (လက်ခံ) သော ခဏ၌ ဥက္ကဌ် မဇ္ဈုံ မုဒု-သုံးယောက်လုံးအား ဓုတင်ပျက်၏။

စူဠဋီကာ၌ လှူသူ၏ သဒ္ဓါကို၍ မပယ်ဘဲ သူတပါးအားပေးအံ့-ဟု အလှူခံလျှင် ပံသုကူ ဓုတင် မပျက်ဟု ဆို၏။

အာနိသင်

ပံသုကူလစီဝရံ နိဿာယ-စသည်ဖြင့် --

  • သိမ်မှမထွက်မီ ဆုံးမသော မှီရာပစ္စည်း အားလျော်သော အကျင့်ရှိခြင်း,
  • သင်္ကန်း ခေါင်းပါးခြင်း ဟူသော ပဌမအရိယဝံသ တရား၌ တည်ခြင်း,
  • သင်္ကန်း စောင့်ရှောက်ရသော ဒုက္ခမရှိခြင်း,
  • သူတပါးနှင့် မစပ်မူ၍ အသက်မွေးနိုင်ခြင်း,
  • ခိုးသူဘေး မကြောက်ရခြင်း,
  • ပရိဘောဂ တဏှာမက်မောစွာ မရှိခြင်း,
  • ရဟန်းနှင့်သင့်သော ပရိက္ခရာ ရှိခြင်း,
  • အဘိုးနည်း, ရလွယ်, အပြစ်ကင်းဟု ဘုရားချီးမွမ်းသော ပစ္စည်း ရှိခြင်း,
  • ကြည်ညိုဘွယ်ရှိခြင်း,
  • အပ္ပိစ္ဆ-သန္တုဋ္ဌိစသော အကျိုးပြီးခြင်း,
  • သမ္မာပဋိပတ် တိုးတက်စေခြင်း,
  • နောင်လာသူတို့ အတုလိုက်စရာဖြစ်ခြင်း-

ဤကား အာနိသင်တည်း။

စစ်ထိုးရာ၌ ပြည့်ရှင်မင်းသည် ချပ်မိန်ညိုဝတ်မှ တင့်တယ်သည်၊
ကိလေသာမာရ် စစ်ပွဲ၌ ရဟန်းသည် ပံသုကူသင်္ကန်း ဆင်မြန်းမှ တင့်တယ်သည်၊

ဘုရားရှင်သည် ကာသိတိုင်းဖြစ် ပုဆိုးတို့ကိုပယ်စွန့်၍ ပြည့်ဝသူသေကောင်မှ ပံသုကူ အဝတ်ကို ဆောင်ယူတော်မူသေးသည်၊ ထိုပံသုကူကို အဘယ်သူ မဆောင်နိုင်ဘဲ ရှိအံ့နည်း၊ ထို့ကြောင့် သိမ်မှမထွက်မီ ပံသုကူသင်္ကန်း မှီ၍ အားထုတ်ရန် “အာမ ဘန္တေ” ဟု ဆိုခဲ့သော မိမိ၏ ဘိက္ခုပဋိညာဉ်ကို သတိပြုလျက် ယောဂီအကျင့်နှင့် လျော်သော ပံသုကူ၌ မွေ့လျော်သင့်လှ၏။

၂ - တိစီဝရိတ် ဓုတင်

ဆောက်တည်ပုံ

စတုတ္ထက စီဝရံ ပဋိက္ခိပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမိ။

စတုတ္ထက စီဝရံ၊ ဝတ်လောက် ရုံလောက် လေးထည်မြောက် သင်္ကန်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
တေစီဝရိကင်္ဂံ၊ သင်္ကန်းသုံးထည် ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထိုတိစီဝရိက် ဓုတင်ဆောင်သော ပုဂ္ဂိုလ်သည် သင်္ကန်းလျာပုဆိုး ရလတ်သော် မမာခြင်း, နားမလည်ခြင်း, အပ်ချည်စသည် မပြည့်စုံခြင်းတို့ကြောင့် မပြုမလုပ် နိုင်လျှင် အဓိဋ္ဌာန် ဝိကပ္ပနာပြု၍ ထားအပ်၏၊ ဓုတင်ညစ်နွမ်းကြောင်း အပြစ်မဖြစ်၊ ချုပ်ဆိုးပြီးသော ကာလမှစ၍ အပိုထားလျှင်ကား ဓုတင်္ဂစောရ မည်၏။

(နောက်နေ့ အရုဏ်တက်လျှင် ဓုတင်ပျက်သည်ဟု စူဠဋီကာ ဆို၏)။

အပြား

ဤဓုတင်ဆောင်လည်း သုံးမျိုးပြား၏။

  • ၁။ ဥက္ကဌ်သည် သင်္ကန်းဆိုးလိုသောအခါ သင်းပိုင်ဝတ်၍ ကိုယ်ရုံကို ဆိုးအပ်၏၊ ကိုယ်ရုံဝတ်၍ သင်းပိုင်ကို ဒုကုဋ်ကိုလည်း ဆိုးအပ်၏၊ ဒုကုဋ်ကိုကား ဝတ်ခြင်းငှါ မသင့်၊ ရွာနှင့်ဝေးသော တောကျောင်း၌ ဖြစ်မူ နှစ်ထည်ပြိုင်တူ ဖွပ်ဆိုးခြင်းငှါအပ်၏၊ လူကိုမြင်လျှင် သင်္ကန်း ဆွဲဖုံးနိုင်အောင် အနီး၌ နေအပ်၏။
  • ၂။ မဇ္ဈုံကား သင်္ကန်းဆိုးရာရုံ၌ သင်္ကန်းဆိုးသူတို့ ဝတ်ရန်ထားသော သင်္ကန်းကို ဝတ်ရုံ၍ ဆိုးခြင်းငှါ အပ်၏။
  • ၃။ မုဒုကား သဘောတူရဟန်းတို့၏ သင်္ကန်းကို ဝတ်ရုံ၍ ဆိုးခြင်းငှါ အပ်၏။ ထိုကျောင်း၌ အိပ်ရာခင်း အဖြစ်ဖြင့်ထားသော မိမိဥစ္စာ, သူတပါးဥစ္စာ ဖြစ်သော အိပ်ရာခင်း (သင်္ကန်း) ကိုလည်း ဝတ်ရုံ၍ ဆိုးခြင်းငှါ အပ်၏၊ ဆိုးသောအခါသာ ခွင့်ပြုသောကြောင့် အမြဲသုံး အဖြစ်ဖြင့် သွားရာ ဆောင်ခြင်းငှါကား မအပ်၊ သဘောတူ ရဟန်းတို့၏ သင်္ကန်းကိုလည်း ကြိုးကြားရံခါ ဝတ်စုံခြင်းငှါ မအပ်။

[ဝဋ္ဋတိ၊ အပ်၏-ဟု စာတို့၌ ရှိသည်၊ ပိ-သဒ္ဒါထောက်သော် နဝဋ္ဋတိ၊ မအပ်-ဟု ရှိသင့်သည်ဟူ၍ ပြည်ဆရာတော် ဆုံးဖြတ်၏]။

အံသကိုသ်

တိစီဝရိက် ဓုတင်ဆောင်အား လေးထည်မြောက် ဖြစ်လတ်သော် အံသ ကာသာဝ သာလျှင် အပ်သည်၊ ပခုံတင် ချွေးခံစရာ အံသကိုသ် ဖြစ်သည်၊ အနံတထွာ အလျားသုံးတောင်ပမာဏ ရှိသည်၊

(ပကတိအားဖြင့်ကား - အနံတထွာခွဲ အလျား လေးတောင်ထွာရှိ၍ အဓိဋ္ဌာန် တင်လောက်သော အဝတ်တည်း)။

အိပ်ရာခင်း, အံသကိုသ် ဤနှစ်ထည်သည် တိစီဝရိက်ဓုတင်ကို မပျက်စေနိုင်။

(ဘိက္ခုနီမတို့အား ရေသနုပ်, ရင်လွှမ်းတဘက်နှင့် ငါးထည်သည်လည်း တိစီဝရိက် မည်၏)။

ပျက်ခြင်း

ဝတ်လောက် ရုံလောက်သော လေးထည်မြောက် သင်္ကန်းကို သာယာ (လက်ခံ) သော ခဏ၌ သုံးယောက်လုံး ဓုတင်ပျက်၏။

အာနိသင်

တိစီဝရိက်ဓုတင်ဆောင် ရဟန်းသည် လေနေပူဘေးရန်မှ ကိုယ်ကို စောင့်ရှောက်ရန် ဝတ်ရုံသော သင်္ကန်းမျှဖြင့် ရောင့်ရဲနိုင်၏၊

  • မိမိ၏ ကိုယ်ဝတ် သင်္ကန်းကိုယူ၍ ငှက်၏ အလား လိုရာသွားနိုင်၏၊
  • အားထုတ်စရာကိစ္စ နည်း၏၊
  • အဝတ်သိုမှီးခြင်းကိစ္စ မရှိ၊
  • ပေါ့ပါးစွာ အသက်မွေးနိုင်၏၊
  • ပိုလွန်သော သင်္ကန်း၌ လော်လည်ခြင်းကို ပယ်နိုင်၏၊
  • နိသီဒိုင်, အိပ်ရာခင်း, မျက်နှာသုတ် အမာလွှမ်း, မိုဃ်းရေခံ, ပရိက္ခာရစောဠအားဖြင့် သင်္ကန်းများစွာ ခွင့်ပြုသော်လည်း သုံးထည်မျှဖြင့် ခေါင်းပါးသော အကျင့်ရှိ၏၊
  • အလိုနည်းခြင်း စသော အကျိုးပြီး၏၊

ဤသို့စသော ဂုဏ်တို့သည် ပြည့်စုံကုန်၏။

တိစီဝရိက် ဓုတင်ဆောင် ရဟန်းသည် --
အဝတ်ပို တဏှာပိုကို ပယ်နိုင်၏၊
သိုမှီးခြင်း ကိစ္စပိုမှ လွတ်၏၊
မြဲခိုင်သောပညာရှိ၏၊
သန္တောသသုခ အရသာကို ကောင်းစွာသိ၏၊
ငှက်သည် မိမိ၏ အခြေတောင်ပံမျှဖြင့် လိုရာပျံသွားနိုင်၏၊
တိစီဝရိက် ဓုတင်ဆောင် လည်း မိမိ၏ ကိုယ်ဝတ်သင်္ကန်းမျှဖြင့် လိုရာကြွသွားနိုင်၏၊

ထို့ကြောင့် ချမ်းသာစွာ လိုရာ ကြွသွားလိုသော ယောဂီမြတ်သည် သင်္ကန်းသုံးထည် မျှကို ဆောင်ခြင်း၌ မွေ့လျော်သင့်လှ၏၊

၃-ပိဏ္ဍပါတ်ဓုတင်

ဆောက်တည်ပုံ

အတိရေက လာဘံ ပဋိက္ခိပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။

အတိရေကလာဘံ၊ ပိုလွန်သော လာဘ်ကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ပိဏ္ဍပါတိကင်္ဂံ၊ ဆွမ်းခံသွားလေ့ရှိသောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းကုသိုလ် စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထို ပိဏ္ဍပါတ်ဓုတင်ဆောင် ပုဂ္ဂိုလ်သည် --

  • ၁။ သံဃာကုန် ပင့်လှူသော သံဃဘတ်,
  • ၂။ သံဃာညွှန်း အချို့ပင့်လှူသော ဥဒ္ဒေသဘတ်,
  • ၃။ ယနေ့ နက်ဖြန်အလို့ငှါ ပင့်လှူသော နိမန္တနဘတ်,
  • ၄။ တကာအမည်ရေး၍ စာရေးတံချသော သလာကဘတ်,
  • ၅၊၆။ ၁၅-ရက်တကြိမ်လှူသော ပက္ခိကဘတ်, ဥပေါသထိကဘတ်,
  • ၇၊၁၁။ အထွက် တရက်၌လှူသော ပါဋိပဒိကဘတ်, အာဂန္တုကဘတ်, ဂမိကဘတ်, ဂိလာန- ဘတ်, ဂိလာနုပဋ္ဌာကဘတ်,
  • ၁၂။ ကျောင်းရည်စူး၍လှူသော ဝိဟာရဘတ်,
  • ၁၃။ အကြီးအကဲအိမ်၌ထား၍ နိစ္စဘတ်လှူသော ဓုရဘတ်,
  • ၁၄။ ရပ်သူရွာသား အလှည့်အားဖြင့်လှူသော ဝါရဘတ် -

သံ ဥ နိ သ၊ ပက် ဥ ပါ၊ အာ ဂ ဂိ ဂိ ဝိ ဓု ဝါ

ဤသို့သော တဆယ့်လေးဘတ်တို့ကို လက်မခံအပ်ကုန်၊ သံဃဘတ်ကို ဥဒ္ဒေသဘတ်ကို အလှူခံပါစသည်ဖြင့် မဆိုဘဲ အိမ်၌ ဘိက္ခာကို သံဃာကုန် အလှူခံပါ၊ အရှင်မြတ်တို့ အလှူခံကြပါ စသည်ဖြင့် ဆို၍ လှူလျှင်အပ်၏၊

(ဘတ္တ-ထမင်း၊ ဩဒန-ထမင်း၊ ဤစကားမျိုးမအပ်၊
ဘိက္ခာ-ဆွမ်း၊ ပိဏ္ဍပါတ-ဆွမ်း၊ ဤစကားမျိုးအပ်သည်)။

သံဃာ့ထံမှ ယာဝကာလိက ကင်းသော ဆေးစသော စာရေးတံ အပ်သည်၊
ဆွမ်းကျွေးရန် တကာတို့ကျောင်း၌ ချက်လှူသော ဝိဟာရပက္ကဘတ်လည်း အပ်သည်၊

ဋီကာ၌ ဘိက္ခာဟူသော- ဆွမ်းဟူသော ပရိယာယ်ဖြင့် ဆိုခြင်းကြောင့် ပိဏ္ဍပါတ် ဓုတင်ဆောင်တို့အား အပ်သည်ဟုဆို၏၊ ယခုကာလ ထမင်းဖြင့်မဘိတ်၊ ဆွမ်းဖြင့် သာ ဘိတ်ကြသောကြောင့် ဤဓုတင် ပျက်နိုင်ခဲ၏၊ နေ့စဉ် ဆောက်တည်သင့်သည် ဟု ဆရာမြတ်တို့ ဆိုကုန်၏။

အပြား

  • ၁။ ဤဓုတင်၌ ဥက္ကဌ်သည် ရှေ့မှကြို၍ နောက်မှလိုက်၍ ဆောင်ယူ လှူဒါန်းသော ဆွမ်းကိုလည်း အလှူခံ၏၊ အိမ်တံခါး၌ရပ်၍ လာယူသူတို့အားလည်း သပိတ်ပေး၏၊ ဆွမ်းစားကျောင်း၌ ထိုင်နေရာသို့ လာပို့သော ဆွမ်းကိုလည်း ခံယူ၏၊ ထိုင်၍ သော်ကား ထိုတနေ့မျှ အလှူမခံ၊

(ဝါ-ယနေ့ဆွမ်းခံမကြွပါနှင့်၊ လာပို့ပါမည်။ တနေ့မျှ ကျောင်းတွင်နေ၍ အလှူခံပါဟု ဘိတ်သည်ကို လက်မခံ။)

  • ၂။ မဇ္ဈုံကား ထိုတနေ့မျှနေ၍ အလှူခံ၏၊ နက်ဖြန်အလို့ငှါ လက်မခံ။
  • ၃။ မုဒုကား နက်ဖြန်, သံဘက်အလို့ငှါ လက်ခံ၏။

သေရိဝိဟာရသုခ

သူတပါးနှင့်မစပ် လွတ်လပ်စွာ နေနိုင်ခြင်းသည် သေရိဝိဟာရသုခမည်၏၊ ဤသုခကို ဥက္ကဌ်သာ ရနိုင်သည်၊

တခုသောရွာ၌ သူတော်ကောင်း တရားပွဲကြီး ရှိခဲ့အံ့၊ ငါ့ရှင်တို့ ... လာကြ၊ တရားနာ သွားမည်ဟု ဥက္ကဌ်က ခေါ်လျှင် “တကာ တယောက်က ထိုင်နေခိုင်းထားလို့၊ ဝါ-ယနေ့အတွက် ပင့်သည်ကို လက်ခံထားမိလို့ မလိုက်နိုင်ပါ” ဟု ရဟန်းတပါးက ဆိုရရှာ၏၊ ရဟန်းတပါးကလည်း နက်ဖြန်အတွက် လက်ခံထားမိလို့ မလိုက်နိုင်ပါ-ဟု ဆိုရရှာ၏၊ နှစ်ပါးလုံးအကျိုးမှ ယုတ်ကုန်၏၊ ဥက္ကဌ်ကား နံနက်စောစော ဆွမ်းခံ ပြီးလျှင် တရားပွဲသို့ လွတ်လပ်စွာ သွားနိုင်သဖြင့် တရားနှင့်စပ်သော ပီတိပါမောဇ္ဇ အရသာကို ခံစားနိုင်လေ၏။

ပျက်ခြင်း

သံဃဘတ်စသော တဆယ့်လေးဘတ် လာဘ်အပိုအလျှံ သာယာ (လက်ခံ) သော ခဏ၌ သုံးယောက်လုံး ဓုတင်ပျက်၏။

(ဆွမ်းခံ မကြွခြင်းဖြင့် မပျက်၊ ထမင်းခံမှ ပျက်သည်။)

အာနိသင်

ပိဏ္ဍိယာလောပ-ဟူသော မှီရာပစ္စည်း အားလျော်သော အကျင့်ရှိခြင်း,

  • ဆွမ်းခေါင်းပါးခြင်း ဟူသော ဒုတီယအရိယဝံသ တရား၌ တည်ခြင်း,
  • သူတပါးနှင့် မစပ် လွတ်လပ်စွာ အသက်မွေးနိုင်ခြင်း,
  • အဘိုးနည်း-ရလွယ် အပြစ်ကင်း-ဟု ချီးမွမ်းအပ်သော ပစ္စည်းရှိခြင်း,
  • သလုံးမြင်းခေါင်းမှီရ၍ အပျင်းပြေခြင်း,
  • အသက်မွေးစင်ကြယ်ခြင်း,
  • နေ့စဉ်ရွာဝင်ရ၍ သေခိယ အကျင့် ပြည့်ခြင်း,
  • လူတို့နှင့် ရောနှောခြင်းကို ပယ်သဖြင့် သူတပါး၏ မွေးစားအပ်သူ မဟုတ်ခြင်း,
  • လူအများအား ချီးမြှောက်နိုင်ခြင်း,
  • ဆွမ်းရှာရခြင်းသည် အသက်မွေးအစွန်ဆုံး အညံ့ဆုံးဖြစ်သည် ဟူသော မိန့်ခွန်းတော် အရ မာန်မာနကို ပယ်နိုင်ခြင်း,
  • ရသတဏှာကို ပယ်နိုင်ခြင်း,
  • ဂဏဘောဇန-ပရမ္ပရ-စာရိတ္တတို့ဖြင့် အာပတ်မသင့်ခြင်း,
  • အပ္ပိစ္ဆတာ စသည် အားလျော်ခြင်း,
  • သမ္မာပဋိပတ်တိုးခြင်း,
  • နောင်လာသူ အပေါင်းကို အတုလိုက်နိုင်အောင် ချီးမြှောက်ခြင်း -

ဤကား အာနိသင်တည်း။

ဆွမ်းခံသွား၍ ရသောဆွမ်းဖြင့် ရောင့်ရဲနိုင်မှ --
အသက်မွေး လွတ်လပ်သည်၊
ရသတဏှာကိုလည်း ပယ်နိုင်သည်၊
အရပ်လေးမျက်နှာ အနှောက်အရှက် မရှိ၊
အပျင်းပျောက်၏၊
အသက်မွေး စင်ကြယ်၏၊
ထို့ကြောင့် ဆွမ်းခံအကျင့်ကို မထီမဲ့မြင် မပြုရာ၊

ဤသို့ သဘောရှိသော လာဘ်မမက်မော, ကျော်စောမလိုလား, မွေးစားမခံလို ကိုယ်ကိုမွေးနိုင်, သတိပညာပိုင်ဖြင့် ကိုယ်ခိုင်စိတ်မတ် ဆွမ်းခံကြွလေ့ရှိသော ရဟန်းမြတ်အား သိကြား နတ်, ဗြဟ္မာတို့ပင် ကြည်ရွှင်မြတ်နိုး တအားကိုးကုန်၏၊ လူတို့ကား အဘယ်မှာ ဆိုဘွယ်ရှိအံ့နည်း။

၄-သပဒါနစာရိဓုတင်

ထောက်တည်ပုံ

လောလုပ္ပစာရံ ပဋိက္ခိပါမိ၊ သပဒါနစာရိကင်္ဂံ သမာဒိယာမိ။

လောလုပ္ပစာရံ၊ လျှပ်ပေါ်လော်လည်သော ဆွမ်းခံသွားခြင်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
သပဒါနစာရိကင်္ဂံ၊ အိမ်စဉ်မပြတ် ဆွမ်းခံ သွားလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထိုသပဒါနစာရိ ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ရွာတံခါး၌ရပ်၍ ဘေးရန် ရှိ-မရှိ မှတ်သားအပ်၏၊ ဘေးရန်ရှိလျှင် ပယ်၍ ဘေးရန်မရှိသောလမ်း ဘေးရန်မရှိသော ရွာ၌ လှည့်လည်အပ်၏၊ တစုံတခုမျှ မရသော အိမ် လမ်း ရွာတို့၌ ရွာမဟုတ်ဟု အမှတ်ပြု၍ သွားအပ်၏၊ တစုံတခုရလျှင် ပယ်၍ သွားခြင်းငှါ မအပ်၊

ဤရဟန်းသည် စောစော ရွာဝင်သင့်၏၊ အကျိုးကား မပြည့်စုံသော အရပ်ဖြစ်လျှင် ပယ်၍ အရပ်တပါးသို့ သွားနိုင်လတ္တံ့၊ ကျောင်း၌ အလှူလှူသူ, ခရီးအကြား၌ လာသူတို့သည် သပိတ်ယူ၍ ဆွမ်း လှူကုန်အံ့-အပ်၏။ ခရီးသွားစဉ်လည်း ဆွမ်းခံချိန် ရောက်သော ရွာကို ကျော်၍ မသွားအပ်၊ ထိုရွာ၌ ဆွမ်းခံ၍ မရသော်၎င်း, အနည်းငယ်ရသော်၎င်း ရွာစဉ်အားဖြင့်သာ သွားအပ်၏။

အပြား

  • ၁။ ဤဓုတင်၌ ဥက္ကဌ်သည် ရှေ့မှကြို၍ နောက်မှလိုက်၍ ဆောင်ယူ လှူဒါန်းသော ဆွမ်း, ဆွမ်းစားကျောင်း၌ ထိုင်နေရာသို့ လာပို့သော ဆွမ်းတို့ကို အလှူမခံ၊ အိမ်တံခါး၌ ရပ်၍ကား သပိတ်ပေး၏၊ ဤ ဓုတင်၌ အတူမရှိသော ရှင်မဟာကဿပ သည်ပင် သိကြားမင်း အဘိုးအို ယောင်ဆောင်သူအား သပိတ်ပေးသည်သာတည်း။
  • ၂။ မဇ္ဈုံသည် ရှေ့မှကြို၍ နောက်မှလိုက်၍ လှူသောဆွမ်း, ဆွမ်းစားကျောင်း ထိုင်နေရာသို့ လာပို့သော ဆွမ်းတို့ကို အလှူခံ၏၊ အိမ်တံခါး၌လည်း သပိတ်ပေး၏၊ ယနေ့ကျောင်းတွင်နေ၍ အလှူခံပါ-ဟု ဘိတ်သော ဆွမ်းကို ငုံ့၍မထိုင်၊ သပဒါနမဇ္ဈုံသည် ပိဏ္ဍပါတ် ဥက္ကဌ်နှင့် ညီမျှ၏၊ ဆွမ်းပို့ တရက်မျှ လက်မခံ။
  • ၃။ မုဒုသည် ထိုတနေ့မျှ လက်ခံ၏၊ ပိဏ္ဍပါတ် မဇ္ဈုံနှင့်ညီ၏

ပျက်ခြင်း

လျှပ်ပေါ်လော်လည်၍ ဆွမ်းခံ ကျော်သွားကာမျှ၌ သုံးယောက်လုံး ဓုတင်ပျက်၏၊

(ဤဓုတင်လည်း ပျက်နိုင်ခဲ၏။)

အာနိသင်

  • တကာတို့၌ အမြဲအသစ်ဖြစ်ခြင်း,
  • ရွှေလမင်းနှင့်တူခြင်း,
  • ကုလမစ္ဆေရကို ပယ်နိုင်ခြင်း,
  • တူမျှစွာ သနားတတ်ခြင်း,
  • ကုလူပက အပြစ် - ကုလဒူသန သံသဋ္ဌအပြစ် ကင်းခြင်း,
  • ခေါ်ကျွေးရာသို့ မလိုက်ခြင်း,
  • ပို့ဆွမ်းအလိုမရှိခြင်း,
  • အပ္ပိစ္ဆတာ စသည်တို့အား လျော်သော အကျင့်ရှိခြင်း -

ဤကား- အာနိသင်တည်း။

အိမ်စဉ်မပြတ် ဆွမ်းခံလေ့ရှိသော ရဟန်းသည် --
ရွှေလမင်းသဘွယ် ငြိတွယ်မရှိ၊
ဖြူစင်သော စိတ်ရှိ၏၊
အိမ်သွားနည်း၍ အမြဲအသစ်ဖြစ်၏၊
ဝန်တိုခြင်း ကင်း၏၊
ဆင်းရဲချမ်းသာ မခြား အတူသနား၏၊
ကုလူပက အပြစ် စသည်မှ ကင်း၏၊

ထို့ကြောင့် မြေတပြင်လုံး လွတ်လပ်စွာ သွားလိုသော ရဟန်းသည် လော်လည် သော သွားခြင်းကိုပယ်၍ ထမ်းပိုးတပြန်မျှ ကြည့်သော မျက်လွှာချခြင်းဖြင့် သပဒါနစာရိ ဓုတင်ကို ဆောက်တည် ကျင့်သုံးသင့်၏။

၅-ဧကာသနိက်ဓုတင်

ဆောက်တည်ပုံ

နာနာသန ဘောဇနံ ပဋိက္ခိပါမိ၊ ဧကာကင်္ဂံ သမာဒိယာမိ။

နာနာသနဘောဇနံ၊ အထူးထူးသော နေရာ၌ စားခြင်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ဧကာသနိကင်္ဂံ၊ တနေရာတည်း၌ စားလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ် စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထိုဧကာသနိက် ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ဆွမ်းစားကျောင်း၌ ထိုင်သောအခါ မိမိအား လျော်သောနေရာကို “ငါ့အား ဤနေရာ ရောက်လတ္တံ့ မှတ်သား၍ ထိုင်အပ်၏၊ ဆွမ်းစား၍ မပြီးသေးမီ ဆရာဥပဇ္ဈာယ် ကြွလာသည်ဖြစ်အံ့ ထ၍ ဝတ်ကြီးဝတ်ငယ် ပြုရမည်သာတည်း၊ ဓုတင်မပျက်အောင် နေရာကလည်း စောင့်ရာ၏၊ စားမပြီးခင် မထရ၊ စားခြင်းကလည်း စောင့်ရာ၏၊ မစားခင်သာထ၊ စား၍မပြီးခင် ထ၍ ဝတ်ပြုသော ဤသူကား စောင့်ခြင်းနှစ်ပါး မရှိသောကြောင့် ပြန်မစားရ၊ ပြန်စားလျှင် ဓုတင် ပျက်၏။

အပြား

  • ၁။ ဤဓုတင်၌ ဥက္ကဌ်သည် နည်းနည်း များများ လက်ချသော ဘောဇဉ် (ဆွမ်းဟင်းပွဲ) မှ တပါးသော ဘောဇဉ်ကို မယူရ၊ မထေရ် ဆွမ်းစားနည်းသည်ဟု ထောပတ်စသည် တို့ကို လူတို့ပို့လျှင် ဆေးအလို့ငှါသာ အပ်သည်၊ အာဟာရအလို့ငှါ မအပ်။
  • ၂။ မဇ္ဈုံကား သပိတ်၌ ဆွမ်းမကုန်မချင်း တပါးသော ဆွမ်းကို ယူနိုင်၏၊ ဘောဇနပရိယန္တိက ပုဂ္ဂိုလ်မည်၏။
  • ၃။ မုဒုသည် ငနရာမှ မထမချင်း ယူစားနိုင်၏၊ အာသနပရိယန္တိက ပုဂ္ဂိုလ် မည်၏၊ သပိတ်ဆေးရေ မယူမချင်း စားနိုင်၏၊ ဥဒကပရိယန္တိက ပုဂ္ဂိုလ်လည်း မည်၏။

ပျက်ခြင်း

အထူးထူးသော နေရာ၌ ဘောဇဉ်စားသော ခဏ၌ သုံးယောက်လုံး ဓုတင်ပျက်၏၊

(ဆရာမြတ်တို့ကား နေရာမှထပြီးနောက် နာခြင်း, ဆာခြင်း အကြောင်းမရှိလျှင် အာဟာရကိစ္စအတွက် ကွမ်းဆေးမျှပင် မအပ်၊ ထောပတ် စသည်၌ကား သာ၍ အာဟာရကိစ္စ ဖြစ်သည်၊ မအပ်-ဟု မိန့်ဆိုကုန်၏)။

အာနိသင်

  • အနာရောဂါနည်းခြင်း,
  • ကိုယ်ဆင်းရဲမရှိခြင်း,
  • အထအကြွ ပေါ့ပါးခြင်း,
  • ကိုယ်အားပြည့်ခြင်း,
  • ချမ်းသာစွာနေရခြင်း,
  • အနတိရိတ္တအာပတ်မသင့်ခြင်း,
  • ရသတဏှာ ကြိမ်များစွာကို ပယ်နိုင်ခြင်း,
  • အပ္ပိစ္ဆတာ စသော ဂုဏ်အားလျော်သော အကျင့်ရှိခြင်း၊

ဤကား အာနိသင်တည်း။

ဧကာသနိက် စားလေ့ရှိသော ရဟန်းကို --
ဘောဇဉ်ကြောင့် ဖြစ်သော အနာမနှိပ်စက်၊
ရသတဏှာ မလော်လည်သောကြောင့် မိမိ၏ ရဟန်းကိစ္စ မဆုတ်ယုတ်၊

စင်ကြယ်သော အကျင့်, ခေါင်းပါးသော အကျင့်၌ မွေ့လျော်သော အရှင်တို့သည် ချမ်းသာစွာ နေရကြောင်းဖြစ်သော ဧကာသနိက်ကို မပြတ် မှီဝဲကုန်၏၊ ထို့ကြောင့် သဘောဖြူ အူစင်း နှလုံးသွင်းမြတ် ရဟန်း နတ်သည် ဧကာသနိက်ဓုတင်၌ မွေ့လျော်သင့်လှပေ၏။

၆-ပတ္တပိုဏ်ဓုတင်

ဆောက်တည်ပုံ

ဒုတီယဘာဇနံ ပဋိက္ခိပါမိ၊ ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ။

ဒုတီယ ဘာဇနံ၊ နှစ်ခုမြောက်သော ခွက်ကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ပတ္တပိဏ္ဍိကင်္ဂံ၊ တခွက်တည်း ယူလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာ ကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထိုပတ္တပိုဏ် ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ယာဂုသောက်သောအခါ ခွက်၌ ထည့်၍ ငါး, အမဲဟင်းလျာရလျှင် ဟင်းလျာကိုသော်လည်း ပဌမစားအပ်၏၊ ယာဂုကိုသော်လည်း ပဌမသောက်အပ်၏၊ (သန့်သန့် ထည့်ရသည်ဟု သိ)။

ယာဂု၌ ရောထည့်အံ့၊ ပုပ်သော ငါးစသော ဟင်းလျာထည့်လျှင် ယာဂုရွံဘွယ် ဖြစ်၏။ ရွံဘွယ်မဖြစ်အောင်သာ ပြု၍ စားခြင်းငှါ အပ်၏၊ (ရွံဘွယ်စားရလျှင် အန်လိမ့်မည်၊ သန့်သန့်ပြုစေလိုကြောင်း ထင်ရှား၏)

ပျားသကာ စသည်ကား (ရောသော်လည်း) ရွံဘွယ်မဟုတ်၊ ထည့်အပ်၏။

ယူသောအခါ ဝမ်းပမာဏချင့်၍ သင့်ရုံယူအပ်၏၊(စားမကုန် မဖြစ်စေလင့်)။

ဟင်းရွက်စိမ်းကို လက်ဖြင့်ကိုင်၍ စားလျှင်အပ်၏၊ (လက်သည် ခွက်မဟုတ်)။ အပ်သော်လည်း သပိတ်၌သာ ထည့်သင့်၏၊ ဒုတီယခွက် ပယ်ခြင်းကြောင့် တပါးသော သစ်ရွက်ကား (ဆားပုံရုံမျှ) ခွက်အလို့ငှါ မအပ်။

အပြား

  • ၁။ ဤဓုတင်၌ ဥက္ကဌ်သည် ကြံစုတ်သောအခါမှ တပါးသောအခါ၌ ငါးရိုး စပါးလုံး စသော စွန့်ဘွယ်ကို စွန့်ခြင်းငှါမအပ်၊ မုံ့, ထမင်းခဲ ငါးအမဲတို့ကိုလည်း ဖဲ့ခွဲ၍ စားခြင်းငှါ မအပ်။
  • ၂။ မဇ္ဈုံကား လက်တဖက်ဖြင့် ဖဲ့ခွဲ၍ စားခြင်းငှါ အပ်၏၊ ဟတ္ထယောဂီပုဂ္ဂိုလ် မည်၏။
  • ၃။ မုဒုကား ပတ္တယောဂီ မည်သောကြောင့် ခွက်၌ထည့်သမျှကို လက်ဖြင့်၎င်း, သွားတို့ဖြင့်၎င်း ဖဲ့ခွဲ၍ စားခြင်းငှါ အပ်၏။

[ဤ၌ ကြံစုတ်သောအခါ ကြံဖတ်ကိုမမျိုနိုင်ရကား လက်ဖြင့် ယူ၍ ခွက်၌စွန့်အပ်၏၊ ငါးရိုး စပါးလုံးတို့ကိုကား ဝါး၍ မျိုသာလျှင်မျို၊ မမျိုသာလျှင် လက်ဖြင့်ယူ၍ ခွက်၌ မစွန့်ရ၊ ပါးစောင်ဖြင့်သာ ခွက်၌၎င်း, မြေ၌၎င်း စွန့်ရသည်-ဟု ဆရာမြတ်တို့ မိန့်ဆို ကုန်၏]။

ပျက်ခြင်း

နှစ်ခုမြောက်သောခွက်ကို သာယာ၍ ယူသော ခဏ၌ သုံးယောက်လုံး ဓုတင်ပျက်၏။

ထိုထို ဝါဒများ

အချို့ကား ခွက်အများ အကပ်ခံလျှင် ပျက်သည်၊ ကိုယ်တိုင် ပြင်ထည့်လျှင် ပျက်သည်ဟု မစားမီကပျက်ခြင်းကို အဆိုဦးကုန်၏၊

အချို့ကား ထိုခွက် တခုတည်းဖြင့်သော်လည်း နှစ်ကြိမ်စားလျှင် နှစ်ခုမြောက် ခွက်ဖြစ်၍ နှစ်ကြိမ်နှင့် နှစ်ခွက် မကွဲမပြား အဆိုဝါးကုန်၏၊

အချို့ကား ခံတွင်းသို့ရောက်သမျှ အရိုးစသည်ကို တဖြည်းဖြည်းဝါး၍ မျိုရမည်၊ မမျိုမူ၍ ထွေးလျှင်ပျက်သည်ဟု အတ္တကိလမထကျင့်နည်းဖြင့် အယူသည်းကုန်၏၊

အချို့ကား ခွက်၌ ရှိသမျှအားလုံး ရောနယ်မွှေမှ မြတ်သည်ဟု ပညာမဲ့ သဒ္ဓါလွန် စကားကျွံကုန်၏။

ဆရာမြတ်တို့ကား ခံသောအခါ ခွက်အများ အပြစ်မရှိ၊ စားသောအခါ တခွက်တည်း သာ စားရသည်၊ ဝမ်းပမာဏ သင့်ရုံ ယူအပ်သောကြောင့် ကိုယ်တိုင် ပြင်ထည့်ခြင်း ကို အပြစ်မဆိုသင့်၊ နေရာရွှေ့ပြောင်း၍ အထပ်ထပ်စားလျှင် အပြစ်မရှိ၊ ခွက်ကား မပြောင်းရ၊ ခွက်၌ရှိသော အရိုး စပါးလုံး စသည်ကို လက်ဖြင့်ယူ၍ ထွေးခံ၌ သော်လည်း မစွန့်အပ်၊ ခံတွင်းသို့ ရောက်သော အရိုးစသည်ကိုကား ပါးစောင် တဘက်ဖြင့် ထွေးစွန့်ကောင်း၏၊ ရောမွှေရသည် ဟူသော စကားလွန် တွင်ကျယ် သောကြောင့် စက်ဆုပ်၍ ဤဓုတင်ကို ကျင့်လိုသူ နည်းပါးချေပြီ၊ ငါတို့ဘုရားရှင် သည် သန့်သန့်ရှင်းရှင်း စားခြင်းကိုသာ နှစ်သက်သော မြို့ကြီးသား ဖြစ်သောကြောင့် သေခိယ၌ ရွံဘွယ်ပြုခြင်းတို့ကို များစွာ ကဲ့ရဲ့တော်မူပြီ-ဟု ဆိုကုန်၏။

အာနိသင်

  • အထူးထူးသော ရသတဏှာကို ပယ်နိုင်ခြင်း,
  • ထိုထိုခွက်အများ၌ ထိုထို ရသတဏှာကို ပယ်နိုင်ခြင်း,
  • အာဟာရ၌ ဝေဒနာ ဟောင်းသစ် မဖြစ်ခြင်း,
  • မျှတခြင်းစသော အကျိုးကိုသာ မြင်နိုင်ခြင်း,
  • ခွက်အများဆောင်ဒုက္ခ မရှိခြင်း,
  • မပြန့်မလွင့် စားနိုင်ခြင်း,
  • အပ္ပိစ္ဆတာ စသည်အားလျော်သော အကျင့်ရှိခြင်း -

ဤကား အာနိသင်တည်း။

ပတ္တပိုဏ်ဓုတင်ဖြင့် ကောင်းသော အကျင့်ရှိသော သူသည် --
ခွက်အမျိုးမျိုး၌ စိတ်ပြန့်လွင့်ခြင်းကို ပယ်နိုင်၏၊
အောက်သို့ချသော မျက်စိရှိသဖြင့် ရသတဏှာ၏ မြစ်သေး မြစ်ကြီးကို တူးဖြို ဖျက်ဆီးသည်နှင့် တူ၏၊
မိမိ၏ အတ္တဘောကဲ့သို့ တခွက်တည်း ရောင့်ရဲခြင်းကို ဆောင်လျက် အာဟာရကို သုံးဆောင်နိုင်၏၊
တပါးသောသူ အဘယ်မှာ ဤသို့ တတ်နိုင်အံ့နည်း။

၇-ခလုပစ္ဆာဘတ္တိဓုတင်

ဆောက်တည်ပုံ

အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ၊
ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ။

အတိရိတ္တဘောဇနံ၊ အတိရိတ်ဝိနည်းကံ ပြုသောဘောဇဉ်ကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ခလုပစ္ဆာဘတ္တိကင်္ဂံ၊ နောက်မှရသောဆွမ်းကို စားလေ့မရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာကို။
ဝါ၊ ခလုမည်သောငှက်သည် နှုတ်သီးမှ အစာကျပြီးနောက် မစားသကဲ့သို့ နောက်၌ရသော ဆွမ်းကို စားလေ့မရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ် စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထို ခလုပစ္ဆာဘတ္တိ ဓုတင်ဆောင်ပုဂ္ဂိုလ်သည် ဘောဇဉ်စားစဉ် ရှေးရှု ဆောင်သော ဘောဇဉ်ကို တန်ပြီ-ဟု တားမြစ်ပြီးနောက် ဣရိယာပုထ် တပါး၌ရသောဘောဇဉ်ကို အပ်သော ဝိနည်းကံပြု၍သော်လည်း မစားအပ်။

အပြား

  • ၁။ ဤဓုတင်၌ ရှေးဦးစ္စာသော ဆွမ်းလုပ်၌ ပဝါရိတ်သင့်သော မည်သည်မရှိ၊ မျိုပြီးနောက် တားမြစ်မှ ပဝါရိတ်သင့်သည်၊ ထို့ကြောင့် ဥက္ကဌ်သည် တားမြစ်သည်မှ နောက် ဆွမ်းလုပ်ကိုမစား၊ ခံတွင်း၌ ရှိသမျှကိုသာ စားသည်။
  • ၂။ မဇ္ဈုံကား - တားမြစ်စဉ် ခွက်၌ရှိသမျှကိုသာ စားသည်၊နောက်ထပ်မယူ။
  • ၃။ မုဒုကား - နေရာမှ မထမချင်း နောက်ထပ် ပေးသည်ကိုလည်း စားသည်။

ပျက်ခြင်း

ပဝါရိတ်သင့်ပြီးလျှင် ဝိနည်းကံဖြင့် အပ်အောင်ပြု၍ စားသောခဏ၌ သုံးယောက်လုံး ပုတင်ပျက်၏၊ ဝိနည်းကံမပြုဘဲ စားလျှင် အာပတ်လည်း သင့်၏၊ ဤဓုတင်လည်း ပျက်ခဲ၏၊ နေ့စဉ် ဆောက်တည်သင့်သည်။

အာနိသင်

  • အတိရိက် ဝိနည်းကံမပြုဘဲ စားသော အာပတ်မှ ကင်းဝေးခြင်း,
  • ဝမ်းအပြည့်အနှက် မရှိခြင်း,
  • အစားအသောက် သိုမှီးသည် မရှိခြင်း,
  • တဖန်ရှာရသည် မရှိခြင်း,
  • အပ္ပိစ္ဆတာ စသည်အား လျော်သော အကျင့်ရှိခြင်း,

ဤကား အာနိသင်တည်း။

ခလုပစ္ဆာဘတ္တိ ဓုတင်ဆောင် ပညာရှိသည် --
ပရိယေသန ဒုက္ခမရောက်၊
သိုမှီးခြင်းမပြု၊
ဝမ်းပြည်ခြင်းကို ပယ်နိုင်၏၊

ဤဓုတင်သည် ရောင့်ရဲနိုင်သော သန္တောသဂုဏ် စသည်တို့၏ တိုးပွားကြောင်းဖြစ်၏၊ ထို့ကြောင့် ကိလေသာအမျက် ခါတွက်လိုသော ယောဂီသည် ဤဓုတင်ကို အားထုတ်၍ မှီဝဲသင့်၊။

၈-အာရညကင် ဓုတင်

ဆောက်တည်ပုံ

ဂါမန္တသေနာသနံ ပဋိက္ခိပါမိ၊
အာရညိကင်္ဂံ သမာဒိယာမိ။

ဂါမန္တသေနာသနံ၊ ရွာနီးကျောင်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
အာရညိကင်္ဂံ၊ တော၌နေလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထိုအာရညကင် ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ရွာနီးကျောင်းကို ပယ်၍ တော၌ အရုဏ် တက်စေအပ်၏။

ဥပစာရနှင့်တကွ ဂါမသည် ရွာနီးကျောင်း မည်၏၊ တအိမ်ရှိသောရွာ, အိမ်များစွာ ရှိသောရွာ, အရံရှိသော ရွာ, အရံ မရှိသော ရွာ, လူနေဆဲရွာ လူမနေဆဲ ရွာတို့သည် ဂါမမည်၏၊ အယုတ်ဆုံး မိုဃ်းလေးလထက် အလွန်တည်းခိုသော ခြေကုန်သည်, လှေကုန်သည် လှည်းကုန်သည် အပေါင်းသည်လည်း ဂါမမည်၏။

ဂါမ၏အရံမှ၊ ဝါ၊ တံခါးနှစ်ခုရှိလျှင် အတွင်းတံခါးခုံမှ ခဲတကျသည် ဂါမူပစာရ မည်၏၊

ဝိနည်းဆောင်တို့ကား အား အလယ်အလတ်ရှိသော ယောက်ျား၏ ခဲအပြေး ပစ်နည်းဖြင့် ခဲတကျ-ဟု ဆိုကုန်၏၊

သုတ္တန်ဆောင်တို့ကား ကျီးမောင်း နည်းဖြင့် ခဲတကျ-ဟု ဆိုကုန်၏၊

အရံမရှိသော ရွာ၌ကား အစွန်ဆုံးအိမ် တံခါး၌ မာတုဂါမရပ်လျက် ခွက်ဖြင့် ရေစွန့်အံ့၊ ထိုရေတကျသည် ဃရူပစာရ မည်၏။
ထိုမှခဲတကျ-ဂါမ
တဖန် ထိုမှ ခဲတကျ-ဂါမူပစာရ မည်၏။

ဂါမ, ဂါမူပစာရမှကြွင်းသော အရပ်အားလုံးသည် ဒုတီယပါရာဇိက ဝိနည်းအလိုဖြင့် အရညမည်၏၊ အဘိဓမ္မာ အလိုအားဖြင့် တံခါးခုံမှပြင်ပ အရပ် အားလုံးသည် အရည မည်၏၊ ဤဓုတင်အရာ သုတ္တန်နည်း၌ကား အယုတ်ဆုံး ကုလလေးတာ ငါးရာ ဝေးသော ကျောင်းသည် အာရညကင် တောရကျောင်း မည်၏၊

ထို တောရကျောင်းကို ညှို့တင်ပြီးသော လေးအတတ်သင် ဆရာ၏ လေးဖြင့် (ဝါ-အရှည်ကိုးထွာကို ညှို့တပ်၍ လေးတောင်ရှိသော အာစရိယဓနုဖြင့်) အရံရှိသော ရွာတံခါးမှ၊ အရံမရှိလျှင် ပဌမခဲတကျမှစ၍ ကျောင်းအရံအထိ တာအပ်၏၊ အရံမရှိသော ကျောင်းဖြစ်လျှင် ရှေးဦးစွာသော ကျောင်း, ဆွမ်းစားဇရပ် အမြဲ စည်းဝေးရာ အရပ်, ဗောဓိပင်, စေတီအထိ ကျောင်းမှဝေးသော်လည်း တာအပ်၏-ဟု ဝိနည်းအဋ္ဌကထာ၌ ဆို၏။

မဇ္ဈိမနိကာယ် အဋ္ဌကထာ၌ကား - ဝိဟာရ၏ ခဲတကျ ဥပစာ၊ ဂါမ၏ ခဲတကျ ဥပစာ-ဤ နှစ်ခုအကြား၌ တာအပ်၏-ဟု ဆို၏၊ ဤမဇ္ဈိမနိကာယ် အဋ္ဌကထာ စကား သာလျှင် ပမာဏ ဖြစ်သည်။

(သင်္ကန်းအရာ မုဋ္ဌိပဉ္စက စသည်၌ သုံးသူအတောင်ဖြင့် ယူရသကဲ့သို့ မြန်မာ ဒေသအများဆုံး ဟင်္သာတောင် သံတောင်ဖြင့် လေးတောင်ကို ကုလလေးတာဟု ယူသင့်ကြောင်း ဆရာမြတ်တို့ မိန့်ဆိုကုန်၏။)

ရွာသူရွာသားတို့၏ အသံကြားလောက်အောင် ကျောင်းနှင့်ရွာ နီးကပ်သော်လည်း တောင်, မြစ်စသည်ခြား၍ ဖြောင့်ဖြောင့် မသွားနိုင်ခဲ့အံ့၊ ပကတိ သွားနေကျဖြစ်သော လမ်းခရီး ရေခရီးတို့ဖြင့် ကုန်းလမ်း ရေလမ်း အတိုင်း တာအပ်၏၊

ရွာနှင့်နီးကပ်သဖြင့် တောကျောင်းအင်္ဂါ ပြည့်စုံစေခြင်းငှါ ထိုထိုလမ်းငယ်တို့သို့ ပိတ်ဆို့အံ့၊ ဓုတင်္ဂစောရ မည်၏၊ ဆရာ ဥပဇ္ဈာယ် ဂိလာနဖြစ်၍ တော၌သင့်သော ဆေးစသည်ကို မရသဖြင့် ရွာနီးကျောင်းသို့ ဆောင်၍ပြုစုအံ့၊ နံနက်စောစောထွက်၍ တောကျောင်းအင်္ဂါ လုံလောက်ရာ၌ အရုဏ်တက်စေအပ်၏၊ အရုဏ်တက်ချိန် ရောဂါတိုးအံ့၊ ဂိလာနကိစ္စကိုသာ ပြုရမည်၊ ဓုတင် မသုတ်သင်အပ်၊ ဓုတင်အပျက်ခံရ သည်သာတည်း။

အပြား

  • ၁။ ဤဓုတင်၌ ဥက္ကဌ်သည် ဥတုသုံးပါးလုံး တော၌ အရုဏ်တက်စေအပ်၏။
  • ၂။ မဇ္ဈုံသည် နှစ်ဥတု တောန၍ မိုဃ်းလေးလ ရွာ၌နေခြင်းငှါ ရ၏။
  • ၃။ မုဒုကား - တဥတုတောနေ၍ မိုဃ်းလေးလ ဆောင်းလေးလ ရွာ၌ နေခြင်းငှါ ရ၏။

ပျက်ခြင်း

ပုဂ္ဂိုလ်အလျောက် ပိုင်းခြားသော သုံးဥတု, နှစ်ဥတု, တဥတုကာလ၌ တောမှလာ၍ ရွာနီးကျောင်း၌ တရားနာစဉ်၎င်း, တရားနာပြီး ခရီးအကြား ပြန်သွားစဉ်၎င်း, အရုဏ်တက်သော်လည်း အားထုတ်ခြင်း ရှိသောကြောင့် ဓုတင်မပျက်၊ ဓမ္မကထိက ထသွားပြီးနောက် တရေးငယ် အိပ်ပြီးမှ သွားမည်ဟု အိပ်နေစဉ် အရုဏ်တက်အံ့၊ စိတ်လျော့သောကြောင့် ဓုတင်ပျက်၏၊ မိမိ၏ အလိုဆန္ဒဖြင့် ရွာနီးကျောင်း၌ အရုဏ် တက်အောင် နေလျှင်လည်း သုံးယောက်လုံး ဓုတင်ပျက်၏။

အာနိသင်

တောနေရဟန်းသည် အရညသညာကို နှလုံးသွင်း၍ မရသေးသော သမာဓိကို ရခြင်းငှါ ပြီးသော သမာဓိကို စောင့်ခြင်းငှါ တတ်နိုင်၏၊

(ငါသည် ဆိတ်သော နေခြင်း ဖြစ်အောင် ပြုမည်ဟု နှလုံးသွင်းခြင်းသည် အရညသညာ ကို နှလုံးသွင်းသည် မည်၏)၊

  • တောနေရဟန်းအား ဘုရားရှင် ဝမ်းမြောက်၏၊ ချစ်သား နာဂိတ ရဟန်း ... တော၌ နေခြင်းဖြင့် ငါဘုရား ဝမ်းမြောက်၏-ဟု ဟောသည်၊ တောနေ ရဟန်းကို စိတ်ပြန့် လွင့်အောင် အာရုံကြမ်းတို့ မစွမ်းနိုင်ကုန်၊ ကာယဝိဝေက အလေ့ကြောင့် အကြောက် ကင်း၏။ အသက်၌ ငဲ့ကွက်ခြင်းကို စွန့်နိုင်၏၊

(ဘေးရန် များသော တောအုပ်၌ သေဘေး မဝေးလှသောကြောင့်တည်း)။

  • လူပြွမ်းခြင်း မရှိသောကြောင့် ဝိဝေကသုခ၏ အရသာကို ခံစားနိုင်၏၊ ပံသုကူ စသော ကြွင်းဓုတင်တို့ကို ဆောင်ခြင်းသည်လည်း တောနေရဟန်းအား သင့်လျော်လှ၏၊

ဤကား အာနိသင်တည်း။

တောနေရဟန်းသည် ကိုယ်စိတ်ဆိတ်ငြိမ်၏၊ ရောနှောသူ ကင်း၍ သန့်ရှင်း၏၊ ဘုရားဝမ်းမြောက်အောင် တတ်နိုင်၏၊ တောနေရဟန်း ခံစားရသော ဝိဝေကသုခကို နတ်, သိကြားတို့ သော်လည်း မခံစားရကုန်၊

ပြည့်ရှင်မင်းသည် ချပ်ဝတ်တန်ဆာ ဆင်၍ ဆင်တပ်, မြင်းတပ်နှင့်တကွ လက်နက် စွဲကိုင်လျက် စစ်မြေပြင်သို့ ရောက်သောအခါ တဘက်ရန်ကို အောင်မြင်ခြင်းငှါ စွမ်းနိုင်၏၊

တောနေယောဂီသည် ပံသုကူ ချပ်ဝတ်တန်ဆာဆင်၍ အာရညကင် ဓုတင် ဆင်တပ်, မြင်းတပ်နှင့် တကွ ကြွင်းဓုတဓမ္မလက်နက် စွဲကိုင်လျက် တောကျောင်း စစ်မြေပြင်သို့ ရောက်သောအခါ အနုသယ ဆင်တပ် မြင်းတပ် ရှိသော ကိလေသာမာရ် တဘက် ရန်ကို မကြာမီ အောင်မြင်ခြင်းငှါ စွမ်းနိုင်၏၊

ထို့ကြောင့် ပညာရှိ ယောဂီသည် တောမှီဓလေ့ မွေ့လျော်ခြင်းကို ပြုသင့်လှ၏။

၉-ရုက္ခမူဓုတင်

ဆောက်တည်ပုံ

ဆန္နံ ပဋိက္ခိပါမိ၊ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ။

ဆန္နံ၊ အမိုးမိုးသော အရပ်ကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ရုက္ခမူလိကင်္ဂံ၊ သစ်ပင်အောက်၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ် စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထို ရုက္ခမူဓုတင်ဆောင် ပုဂ္ဂိုလ်သည် --

  • ၁။ တိုင်းပြည်နှစ်ခုအကြား ပေါက်သော တိုင်းကြပ် သစ်ပင်၊ ဝါ- တိုင်းကြား သစ်ပင်,
  • ၂။ ရုက္ခစိုး နတ်ကြီး ရှိသည်ဟု ပူဇော်အပ်သော သစ်ပင်,
  • ၃။ သစ်စေးစသော အစေးရှိသော သစ်ပင်,
  • ၄။ သရက် ပိန္နဲ-စသော အသီးရှိသော သစ်ပင်,
  • ၅။ လင်းနို့ လင်းဆွဲတို့နေသော သစ်ပင်
  • ၆။ အခေါင်းရှိသော သစ်ပင်,
  • ၇။ ကျောင်းလယ်၌ တည်သော သစ်ပင်၊

ဤသစ်ပင် ခုနစ်ပင်တို့ကို ရှောင်ကြဉ်၍ ကျောင်းအစွန်၌ရှိသော သစ်ပင်ကို ယူအပ်၏ ဤသစ်ပင်တို့ကို ဘေးရန်မကင်း သမာဓိ ပျက်လွယ်ခြင်း, မဆိတ်ငြိမ်ခြင်း တို့ကြောင့် ပယ်သည်၊ ဓုတင်ပျက်သည် မဟုတ်၊

(ကြွင်းသော အစီအရင်ကို အဗ္ဘောဓုတင်၌ ပြလတ္တံ့)။

တိုင်းကြား, နတ်ကြီးအသီး စေးထွက်
ခေါင်းသက်, ကျောင်းလယ်လင်းနို့တွယ်
ရှောင်ဘွယ်-ခုနစ်ပင်

အပြား

  • ၁။ ဤဓုတင်၌ ဥက္ကဌ်သည် နှစ်သက်ရာသစ်ပင်ကိုယူနိုင်၏၊
    သုတ်သင် ခိုင်းခြင်းငှါမရ၊ သစ်ရွက်ကြွေတို့ကို ခြေဖြင့်ဖယ်၍ နေအပ်၏။
  • ၂။ မဇ္ဈုံသည် အနီးသို့ရောက်လာသူတို့ကို သုတ်သင်ခိုင်းခြင်းငှါ ရ၏။
  • ၃။ မုဒုကား- အရံစောင့် သာမဏေတို့ကို ခေါ်၍ ညီညွတ်အောင် သုတ်သင်ခြင်း, သဲဖြူခင်းခြင်း, စောင်ရန်းကာခြင်းတို့ကို ပြုခိုင်း၍ တံခါးတပ်၍ နေအပ်၏။

အထူးကား -

လူအများ စုဝေးသောနေ့တို့၌ ရုက္ခမူဓုတင် ဆောင်သူသည် သပ်ပင်အောက်၌ လူမြင်ခံ မနေမူ၍ ဖုံးကွယ်ရာ အရပ်တပါး၌ နေအပ်၏။

ပျက်ခြင်း

အုဌ်, ကျောက်, သစ်ရွက်, မြက်, အင်္ဂတေ- ငါးထွေသော အမိုးမိုးရာ အရပ်၌ နေလိုသောဆန္ဒဖြင့် ဝင်နေသော ခဏ၌ သုံးယောက်လုံး ဓုတင် ပျက်၏၊

အင်္ဂုတ္တိုရ် နိကာယ်ဆောင်တို့ကား သိလျက် အမိုးရှိသောအရပ် အရုဏ်တက်စေကာ မျှ၌ ဓုတင်ပျက်သည်-ဟု ဆိုကုန်၏။

(အဝတ်မိုး၌ မပျက်၊ ဖျာမိုး ပျဉ်မိုးတို့၌လည်း ပျက်၏)။

အုဌ် ကျောက် သစ်ရွက်င်္ဂတေ မြက်ငါးချက် အမိုးလာ

အာနိသင်

ရုက္ခမူလသေနာသနံ နိဿာယ စသည်ဖြင့် ဟောသော --

  • မှီရာပစ္စည်းအား လျော်သော အကျင့်ရှိခြင်း,
  • ကျောင်း ခေါင်းပါးခြင်း ဟူသော တတီယ အရိယဝံသ တရား၌ တည်ခြင်း,
  • ကိစ္စနည်း- ရလွယ်- အပြစ်ကင်း-ဟု ဘုရား ချီးမွမ်းသော ပစ္စည်းရှိခြင်း,
  • သစ်ရွက်တို့၏ မပြတ် ဖောက်ပြန်သော ဘင်ခဏကိုမြင်၍ အနိစ္စ သညာကို ဖြစ်စေနိုင်ခြင်း,
  • ကျောင်း၌ ဝန်တိုမှု-အမှုကိစ္စ မွေ့လျော်မှု မရှိခြင်း,
  • သစ်ပင်စောင့် နတ်တို့နှင့် အတူနေခြင်း,
  • အပ္ပိစ္ဆတာ စသည်တို့အား လျော်သော အကျင့်ရှိခြင်း၊

ဤကား-အာနိသင်တည်း။

သစ်ပင်ရင်းနှင့် တူသောနေရာ အဘယ်မှာ ရှိအံ့နည်း၊
ကိစ္စနည်း-ရလွယ်- အပြစ်ကင်း-ဟု ဘုရားချီးမွမ်းသည်၊
မှီရာပစ္စည်းဟု ဟောသည်၊
ဆိတ်ငြိမ်သော နေရာဖြစ်သည်၊
အာဝါသမစ္ဆေရ ပယ်သည်၊
နတ်တို့ စောင့်ရှောက်သည်၊

ဤသို့သောဆိတ်ငြိမ်ရာ သစ်ပင်ရင်း၌နေသော ယောဂီသည် နီသော ရွက်နု, စိမ်းညိုသော ရွက်ရင့်, ဖြော့တော့သော ရွက်လျော်, ကြွေကျသော ရွက်ဟောင်း တို့ကို မြင်ရသဖြင့် နိစ္စသညာကို ပယ်နိုင်၏၊ အနိစ္စသညာသာ ကောင်းစွာ တည်၏၊ သစ်ပင်ရင်းသည် ဘုရားရှင်၏ ဖွားရာ, ပွင့်ရာ, ဓမ္မစကြာဟောရာ, နိဗ္ဗာန်စံရာဖြစ်၍ နိဗ္ဗာန်စံသော ဘ, ဘုရား ထားခဲ့သော အမွေဖြစ်၏၊ ထို့ကြောင့် ပညာမျက်စိ ရှိသောသူသည် ဘ, ဘုရား၏ အမွေ သစ်ပင်ရင်း, ဘာဝနာမွေ့သူတို့၏နေရာ သစ်ပင်ရင်းကို မထီမဲ့မြင် နှလုံး မသွင်းရာ။

ရုက္ခမူကာလ

ဝိနည်းပါဠိတော်တို့၌ ဤ ရုက္ခမူဓုတင်ကို ဆောင်း, နွေ ရှစ်လသာ ဆောက်တည် အပ်သည်၊ မိုဃ်းလေးလ မအပ်-ဟု ပယ်သည်၊

ထို ဝိနည်းဋီကာတို့၌ကား ကျောင်းမရှိဘဲ ဝါမကပ်အပ် - ဟူသော ပညပ်ချက်ကို ရည်၍ ပယ်သည်၊ ကျောင်းရှိလျှင် ဤဓုတင်ကို မိုဃ်းလေးလလည်း မပယ် - ဟု ဆုံးဖြတ်၏။

၁၀-အမ္ဘောကာသိကဓုတင်

ဆောက်တည်ပုံ

ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ၊ အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ။

ဆန္နဉ္စ၊ အမိုးငါးပါးကို၎င်း။
ရုက္ခမူလဉ္စ၊ သစ်ပင်ရင်းကို၎င်း။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
အဗ္ဘောကာသိကင်္ဂံ၊ လွင်တီးခေါင်၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ် စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထိုအဗ္ဘောကာသိက ဓုတင်ဆောင် ပုဂ္ဂိုလ်အား တရားနာခြင်းငှါ ဥပုသ်ပြုခြင်းငှါ ဥပုသ်အိမ်သို့ ဝင်လျှင် အပ်၏၊ ဝင်စဉ် မိုဃ်းရွာအံ့၊ မိုဃ်းရွာစဉ် မထွက်မူ၍ မိုဃ်းစဲသော အခါ ထွက်အပ်၏၊

(တရားဟော တောင်းပန်လျှင်လည်း အမိုးကိုဝင်ခြင်းငှါ အပ်၏၊ ဟောပြီးသောအခါ လွင်တီးခေါင်သို့သာ သွားအပ်၏)။

ဆွမ်းစားစရပ်, မီးတင်းကုပ်သို့ ဝင်၍ ဝတ်ကြီး ဝတ်ငယ်ပြုခြင်းငှါ အပ်၏၊ ဆွမ်းစားကျောင်း၌ မထေရ်ကြီးတို့ကို ဆွမ်းဖြင့် ပန်ကြား လှူဒါန်းခြင်းငှါလည်း အပ်၏၊ ပါဠိသင်ပေးလို၍ သင်ယူလို၍ အမိုးတွင်း ဝင်ခြင်းငှါလည်း အပ်၏၊ ပြင်ပ၌ အထား မကောင်းသော ညောင်စောင်း စသည်တို့ကို အတွင်းသို့ သွင်းခြင်းငှါလည်း အပ်၏၊ ခရီးသွားစဉ် မထေရ်ကြီးတို့၏ ပရိက္ခရာကို ယူ၍ သွားသည် ဖြစ်အံ့၊ မိုဃ်းရွာလျှင် လမ်းလယ်စရပ်သို့ ဝင်ခြင်းငှါ အပ်၏၊ မထေရ်ကြီးတို့၏ ပရိက္ခရာကို မယူဘဲသွားစဉ် မိုဃ်းရွာလျှင် စရပ်ဝင်မည်ဟု လျင်စွာ သွားခြင်းငှါ မလျောက်ပတ်၊ ပကတိ သွားခြင်းဖြင့် ဝင်၍ မိုဃ်းစဲသည် တိုင်အောင် နားနေ၍ သွားအပ်၏၊ (ဤအနေဖြင့် ဓုတင်မပျက်)။

ရုက္ခမူ ဓုတင်ဆောင် အားလည်း ဤနည်းသာတည်း။

အပြား

၁။ ဤဓုတင်၌ ဥက္ကဌ်အား သစ်ပင်, တောင်ခေါင်း, ကျောင်းတခုခုကို (သပိတ်, သင်္ကန်းထားရန်ဟု) အမှီပြု၍ နေခြင်းငှါ မအပ်၊ လွင်တီးခေါင်၌သာလျှင် အဝတ်မိုးကျောင်းပြု၍ နေအပ်၏။

၂။ မဇ္ဈုံအား ၎င်းတို့ကို အမှီပြု၍ နေလျှင် အပ်၏၊ သစ်ပင်အောက် တောင်ဝှမ်း, တောင်ခေါင်း, ကျောင်း အတွင်းသို့ကား ဝင်၍ နေခြင်းငှါ မအပ်။

၃။ မုဒုအား အစ္ဆန္ဒမရိယာဒ-တောင်ဝှမ်း, သစ်ခက် ကျဲကျဲမိုးသော မဏ္ဍပ် ဖယောင်း ပုဆိုး, လယ်စောင့်တို့ စွန့်သွားသော တဲဆိုးတို့သည် အပ်ကုန်၏။

[အစ္ဆန္ဒမရိယာဒ ဟူသည်ကား - တောင်ဝှမ်းသက်သက် ဖြစ်၏၊ မိုဃ်းရေ အထဲ မဝင်အောင် အမိုးအသွင်ဖြင့် အထက်၌ အပိုင်းအခြား ပြုထားသည် မဟုတ်၊
တောင်ဝှမ်းအတွင်း မိုဃ်းရေပေါက် တိုက်ရိုက် ဝင်နိုင်ရာ အရပ်၊
ကောင်းကင် မိုဃ်းပေါက် မဝင်အောင် မမိုးရာအရပ်၊
မိုးသော်လည်း မလုံသဖြင့် မထိမခိုက် မိုးပေါက် တိုက်ရိုက်ဝင်နိုင်ရာ အရပ်
ဟူသမျှသည် လွင်တီးခေါင် မည်၏၊
မုဒုအား အပ်၏ဟူလို]။

ပျက်ခြင်း

နေခြင်းငှါ အမိုးငါးရပ်သို့၎င်း သစ်ပင်အောက်သို့၎င်း ဝင်သော ခဏ၌ သုံးယောက်လုံး ဓုတင်ပျက်၏၊

(အင်္ဂုတ္တိုရ် နိကာယ်ဆောင်တို့ကား သိလျက် ထိုနေရာ၌ အရုဏ်တက်စေကာမျှ၌ ဓုတင်ပျက်၏-ဟု ဆိုကုန်၏)။

တရားနာခြင်း စသည်အလို့ငှါ ဝင်နေသော သူသည် ဤအချိန် အရုဏ်တက်၏-ဟု သိလျက် ထိုနေရာ၌ အရုဏ်တက်အောင် နေလျှင် ဓုတင်ပျက်၏ဟူလို၊ ဖျာမိုး, ပျဉ်မိုး ၌လည်း ပျက်၏)။

အာနိသင်

ကျောင်းအတွက် ကြောင့်ကြ မရှိခြင်း, ထိနမိဒ္ဓ ပယ်နိုင်ခြင်း, ရဟန်းတို့သည် သားသမင်တို့ကဲ့သို့ မငြိမတွယ် အိုးအိမ်မရှိ လှည့်လည် နေထိုင်နိုင်ကြပေသည်ဟု ချီးမွမ်းသည် အားလျော်ခြင်း, ကျောင်း အငြိအတွယ် မရှိခြင်း နေစရာအတွက် ကြံဘွယ် မရှိသဖြင့် အရပ်လေးမျက်နှာ လိုရာသွားနိုင်ခြင်း အပ္ပိစ္ဆတာ စသည် အားလျော်သော အကျင့်ရှိခြင်း၊ ဤကား အာနိသင်တည်း။

လွင်တီးခေါင် အရပ်သည် ရဟန်းအဖြစ်အား လျော်၏၊ ရလွယ်၏၊
ကြယ်တာရာ ပတ္တမြား မျက်နှာကြက်ရှိ၏၊
လမင်း ဓာတ်မီး ထွန်းလင်း၏၊
လွင်တီးခေါင်၌ နေသော ရဟန်းသည် သားသမင်သဘွယ် မငြိတွယ်သော စိတ်ရှိ၏၊
ထိနမိဒ္ဓ ဖျောက်နိုင်၏၊
ဘာဝနာ၌ မွေ့လျော်ခြင်းကို မှီရ၏၊
ဝိဝေကကြောင့် ဖြစ်သော ဈာန်မဂ်ဖိုလ် အရသာကို မကြာမီ ရနိုင်၏၊
ထို့ကြောင့် ပညာရှိသည် လွင်တီးခေါင်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သင့်လှ၏။

၁၁-သုသာန်ဓုတင်

ဆောက်တည်ပုံ

န သုသာနံ ပဋိက္ခိပါမိ၊
သောသာနိကင်္ဂံ သမာဒိယာမိ။

နသုသာနံ၊ သုသာန် မဟုတ်သော နေရာကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
သောသာနိကင်္ဂံ၊ သုသာန်၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ် စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထို သုသာန်ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ရွာသစ် တည်သူတို့က ဤနေရာ သုသာန်ပြုမည် နှုတ်မြွက်မှတ်သားကာမျှ ဝါစာကမ္မသုသာန်၌ မနေအပ်၊ သူကောင်မမြှုပ် မဘုတ်သောအရပ်သည် သုသာန် မမည်သေး၊ သူကောင် မြှုပ်မှ သုသာန် လက္ခဏာ ရှိသောကြောင့် မြှုပ်, ဘုတ်သော ကာလမှ စ၍ တဆယ့်နှစ်နှစ် တိုင်အောင် စွန့်ထားသော်လည်း သုသာန်မည်သည်သာတည်း။

ထိုသုသာန်၌ မဏ္ဍပ်, ညောင်စောင်း, သောက်ရေ သုံးရေ စသည်ကို ထားစေ၍ စာပေပို့ချကာ မနေအပ်၊ ဤဓုတင်သည် ဝန်လေး၏၊ သုသာန်သို့ ခိုးသူတို့ လာရောက် ခိုအောင်းတတ်ကုန်၏၊ ထို့ကြောင့် ဖြစ်လတ္တံ့သော ဘေးရန် ကာကွယ်ခြင်းငှါ သံဃံာ့မထေရ်ကြီးကို၎င်း, မင်းနှင့်စပ်သော သူကို၎င်း သိအောင် ပြော၍ မမေ့မလျော့ နေအပ်၏။

စင်္ကြံသွားသောအခါ မျက်စိထက်ဝက်ဖြင့် သူကောင်ဘုတ်ရာကို ငဲ့စောင်း ရှုကြည့်ကာ သွားအပ်၏၊ သုသာန်သို့ သွားသော အခါ၌လည်း လမ်းမကြီးမှ ဖဲ့၍ လမ်းယောင် လမ်းငယ်ဖြင့် မထင်မရှား သွားအပ်၏၊

နေ့အခါကပင် ဤကား - သစ်ငုတ်, သစ်ပင်, တောင်ပို့ ချုံပုတ် စသည်ဖြင့် အာရုံကို မှတ်သားထားအပ်၏၊ ဤသို့ မှတ်သားထားလျှင် ထိုသစ်ငုတ် စသော အာရုံသည် ကြောက်ဘွယ်အာရုံ မဖြစ်နိုင်၊ ဘီလူး, ပြိတ္တာ, ဥပါ စသည်တို့သည် ညဉ့်အခါ ညည်းညူ၍ သော်လည်း လှည့်လည်တတ်ကုန်၏၊ ခဲ လှံကန် စသည်တို့ဖြင့် မပစ်ခတ်အပ်ကုန်၊ သုသာန်သို့ တနေ့မျှမသွားဘဲ မနေအပ်။

အင်္ဂုတ္တိုရ်ဆောင်တို့ကား သုသာန်၌ မဇ္ဈိမယာမ်ကုန်စေ၍ ပစ္ဆိမယာမ်၌ ဖဲသွားခြင်းငှါ အပ်သည်ဟု ဆိုကုန်၏၊ ဘီလူး ပြိတ္တာတို့ နှစ်သက်သော ဆီထွေး နှမ်းလှော် ပဲထမင်း ငါး အမဲ နို့ရည် ဆီတင်လဲ-စသော ဘုတ်လှော်-ကင်သင်းသည့် အစာကိုလည်း မမှီဝဲအပ်၊ သုသာန်မှအပြန် ပြိတ္တာငွေ့ ထုံခြင်း, ဘုတ်ပြိတ္တာ ပါလာတတ်ခြင်း တို့ကြောင့် တကာတို့၏ အိမ်သို့ မဝင်အပ်။

(ဆရာမြတ်တို့ကား ကြောက်တတ်လျှင် နှစ်ပါး သုံးပါး အဖော်နှင့် သွား၊ တားသော ကျမ်းမရှိဟု ဆိုကုန်၏)။

အပြား

၁။ ဤဓုတင်၌ ဥက္ကဌ်သည် နေ့စဉ် မီးဘုတ်, အပုပ်နံ့နံ, ဆွေမျိုးတို့ သွား၍ ငိုကြွေးသံ ရှိသော သုသာန်၌သာ နေအပ်၏။

၂။ မဇ္ဈုံကား - ထိုသုံးမျိုး တမျိုးမျိုးရှိလျှင်လည်း နေအပ်၏။

၃။ မုဒုကား- သုသာန်လက္ခဏာရှိရုံမျှ တဆယ့်နှစ်နှစ် စွန့်ထားသော သုသာန်၌လည်း နေခြင်းငှါ အပ်၏။

ပျက်ခြင်း

သုသာန် မဟုတ်သော အရပ်၌ နေကာမျှဖြင့် သုံးယောက်လုံး ဓုတင် ပျက်၏၊ အင်္ဂုတ္တိုရ်ဆောင်တို့ကား ပစ္ဆိမယာမ် ဖဲသွားခြင်းကို ဆိုသောကြောင့် သုသာန် မသွားသော နေ့၌ ဓုတင်ပျက်သည်ဟု ဆိုကုန်၏။

အာနိသင်

မရဏဿတိ ရခြင်း၊
မမေ့မလျော့ နေလေ့ရှိခြင်း၊
အသုဘ နိမိတ်ရခြင်း၊
ကာမရာဂ ကင်းခြင်း၊
ခန္ဓာကိုယ်၏ အနံ့ဆိုး ရွံဘွယ် မစင်ကြယ်သော သဘောကို မပြတ်မြင်ခြင်း၊
သံဝေဂဉာဏ် များခြင်း၊
ငါအနာကင်းသည် အရွယ်ပျိုသည် အသက်ရှည်သည်ဟု မာန်မယစ်ခြင်း၊
ဘေးကြီးဘေးငယ်တို့ကို နိုင်ခြင်း၊
နတ်ဘီလူးတို့ အလေးပြုအပ် ချီးမွမ်းအပ်သောသူ ဖြစ်ခြင်း၊
အပ္ပိစ္ဆတာ စသည်တို့ အားလျော်သော အကျင့်ရှိခြင်း -
ဤကား အာနိသင်တည်း။

သုသာန်ဓုတင်ဆောင်သော ရဟန်းသည် မရဏဿတိဘာဝနာ အားစွမ်း ကောင်း၏၊ အိပ်ပျော်ခိုက် အိပ်မက်အတွင်း၌ သော်လည်း ပမာဒရန်သူတို့ မနှိပ် စက်နိုင်ကုန်၊ အကောင်ပုပ်များစွာမြင်ရသောကြောင့် ကာမဂုဏ်စုံမက် တဏှာရမ္မက် အလိုသို့ လိုက်ပါသောစိတ် မဖြစ်၊ သံဝေဂဉာဏ်ကြီး၏၊ မာန်ယစ်လေ့ မရှိ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို ရှာလျက်သာ အားထုတ်လေ့ရှိ၏။ ထိုသို့သော ဂုဏ်ကို ဆောင်တတ် သောကြောင့် ဘယ်အခါမှ မသေလိုသော သူသည် သုသာန်ဓုတင်ကို မပြတ် မှီဝဲ သင့်လှ၏။

၁၂-ယထာသန္ထတိဓုတင်

ဆောက်တည်ပုံ

သေနာသနလောလုပ္ပံ ပဋိက္ခိပါမိ၊
ယထာသန္ထတိကင်္ဂံ သမာဒိယာမိ။

သေနာသနလောလုပ္ပံ၊ ကျောင်းခံယူရာ၌ လျှပ်ပေါ် လော်လည်ခြင်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
ယထာသန္ထတိကင်္ဂံ၊ အကြင် အကြင် ညွှန်းအပ်သောကျောင်း၌ ကိန်းအောင်းလေ့ ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ်စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခွန်းခွန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထို ယထာသန္ထတိ ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ဤကျောင်း သင့်အား ရောက်သည် ဟုညွှန်းချလျှင် ထိုကျောင်းဖြင့်သာ နှစ်သက်ရာ၏၊ တပါးသော ရဟန်းကို ထခိုင်း ဖယ်ခိုင်း၍ မနေအပ်။

ဆရာမြတ်တို့ကား အခိုက်အတန့် သူတပါးနေရာကျောင်း၌ နေကောင်း၏။ မိမိ ပုဂ္ဂလိကကျောင်းဖြစ်မူ သံဃာ ညွှန်းချဘွယ်မရှိ၊ ကျမ်းဂန်အထူးမလာဟု ဆိုကုန်၏။

အပြား

၁။ ဤဓုတင်၌ဥက္ကဌ်သည် မိမိအားရောက်သောကျောင်း ဝေးသလော နီးသလော၊ ဘီလူး, မြွေ, ကင်း, သန်း-စသော ဘေးရန်ရှိသလော- မရှိသလော၊ ပူသလော-အေးသလော-စသည်ဖြင့် မေးခြင်းငှါ မရ၊ (မေးလျှင် ဓုတင်ညစ်နွမ်း၏)။

၂။ မဇ္ဈုံကား - မေးခြင်းငှါ ရ၏၊ လောလုပ္ပစွမ်းဖြင့် သွား၍မကြည့်အပ်။

၃။ မုဒုကား - သွား၍ကြည့်ပြီးလျှင် ဝိဝေကသုခ စသည် မရဟု မနှစ်သက်အံ့၊ သူတပါးမနေသော ကျောင်းကို ယူခြင်းငှါ ရ၏။

[မုဒုကား - အနာရောဂါမရှိဘဲ ကျောင်းတပါး ယူခြင်းသည် လောလုပ္ပမည်၏၊
မဇ္ဈုံကား - သွားကြည့်ခြင်းသည် ဥက္ကဌ်အား မေးခြင်းသည် လောလုပ္ပ မည်၏]။

ပျက်ခြင်း

ကျောင်းယူရာ၌ လျှပ်ပေါ် လော်လည်ခြင်း ဖြစ်ကာမျှ၌ သုံးယောက်လုံး ဓုတင် ပျက်၏။

အာနိသင်

ရသမျှဖြင့် ရောင့်ရဲမည် ဟူသော ဩဝါဒကို လိုက်နာခြင်း၊
သီတင်းသုံးဖော်တို့၏ အစီးအပွားရှာခြင်း၊
အယုတ်အမြတ် အထူးကြံသည်ကို စွန့်နိုင်ခြင်း၊
မြတ်နိုးခြင်း အနုရောဓ၊ ဆန့်ကျင်ခြင်း ဝိရောဓတို့ကို ပယ်နိုင်ခြင်း၊
အလိုကြီးသော တဏှာ၏ အကြောင်းကို ပိတ်ခြင်း၊
အပ္ပိစ္ဆတာ စသည် အားလျော်သော အကျင့်ရှိခြင်း -
ဤကား အာနိသင်တည်း။

ယထာသန္ထတိဓုတင်ဆောင်သည် --
ရသမျှဖြင့် ရောင့်ရဲလေ့ရှိ၏၊
ကောင်း မကောင်းဟု အကြံမခွ၊
ချမ်းသာစွာ နေရ၏။
မြက်အခင်းတို့၌သော်လည်း နှစ်ခြိုက်နိုင်၏၊
နေရာကောင်း မမက်၊
နေရာညံ့ အမျက်မထွက်၊
နေရာမှ ထကြဟု ဆိုနိုင်လျက် မဆိုသဖြင့် သီတင်းသုံးဖော်ငယ်တို့၏ အကျိုးကို ဆောင်သည် မည်၏၊

ထို့ကြောင့် ပညာရှိသော ရဟန်းသည် သူတော်စင်တို့ ဓလေ့ဖြင့် သံဃာ ညွှန်းချ တိုင်းသော ကျောင်း၌ မွေ့လျော်သည်၏ အဖြစ်ကို အဖန်ဖန် အားထုတ်သင့်လှ၏။

၁၃ - နေသဇ္ဇိဓုတင်

ဆောက်တည်ပုံ

သေယျံ ပဋိက္ခိပါမိ၊
နေသဇ္ဇိကင်္ဂံ သမာဒိယာမိ။

သေယျံ၊ ကိုယ်ဆန့်လျှောင်းစင်း လှဲအိပ်ခြင်းကို။
ပဋိက္ခိပါမိ၊ ပယ်ပါ၏။
နေသဇ္ဇိကင်္ဂံ၊ ထိုင်နေလေ့ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ်စေတနာကို။
သမာဒိယာမိ၊ ဆောက်တည်ပါ၏။

တခန်းခန်းဖြင့် ဆောက်တည်အပ်၏။

အစီအရင်

ထို နိသဇ်ဓုတင်ဆောင်သော ပုဂ္ဂိုလ်သည် ညဉ့်သုံးယာမ်တို့တွင် တယာမ် ထ၍ စင်္ကြံ သွားအပ်၏၊ အိပ်သော ဣရိယာပုထ် တခုသာ မအပ်၊ အမြဲ မထိုင်ဘဲ ဣရိယာပုထ် ပြောင်းမှ နှလုံးသွင်းခြင်းငှါ ခံ့သည်၊ ရပ်ခြင်း သွားခြင်းတို့ အပ်ကုန်၏၊

(ကိုယ်ကိုဆန့်လျက် ပက်လက်, လျောင်း, စောင်း မှောက်ခြင်းသည် အိပ်သည် မည်၏။)

အပြား

၁။ ဤဓုတင်၌ ဥက္ကဌ်အား -
နောက်မှီ တံကဲပျဉ်၊
ပုဆိုး အာယောဂပတ်၊
အာယောဂပတ်ပြား - ဤသုံးခု မအပ်။

၂။ မဇ္ဈုံကား - ဤသုံးခု တခုခုအပ်သည်။

၃။ မုဒုကား - ဤသုံးမျိုးစလုံး အပ်သည်၊ မှီစရာ ခေါင်းအုံး, ပဉ္စင်္ဂ ညောင်စောင်း, သတ္တင်္ဂညောင်စောင်းတို့လည်း အပ်ကုန်၏။

[ထိုတွင် နောက်မှီတံကဲ ရှိသော အင်းပျဉ်ငယ်သည် အခြေ လေးခု နောက်မှီ-အင်ငါးလီ ရှိသောကြောင့် ပဉ္စဂံညောင်စောင်း မည်၏။]
အပရေတို့ကား အပေါင်းလေးခု နောက်မှီ-အင်ငါးလီ ရှိ၏-ဟု ဆိုကုန်၏၊
အခြေလေးလီ, နောက်မှီတံကဲ, ဝဲယာလက်တင် ရှိသော နေရာသည် အင်္ဂါခုနစ်ပါး ရှိသောကြောင့် သတ္တင်္ဂညောင်စောင်း မည်၏။
(ဖြောင့်စင်းစွာ အိပ်၍မရသော နောက်မှီအမြင့် ရှိသော ပက်လက်ကုလားထိုင်များကို ပဉ္စင်္ဂ သတ္တင်္ဂ ညောင်စောင်းဟု ဆိုကုန်၏။)

အရှင်မိဠာဘယ

ထို သတ္တင်္ဂညောင်စောင်း စသည်၌ မှီ၍နေသော နိသဇ်ဓုတင်ဆောင်အား အကျိုးထူး ရှိအံ့လောဟူမူ - အရှင် မိဠာဘယမထေရ်အား ဤသို့သော သတ္တင်္ဂ ညောင်စောင်းကို လှူကုန်၏၊ ထိုမထေရ်သည် (ထိုသတ္တင်္ဂ ညောင်စောင်း အသုံးပြုလျက်) အနာဂါမ် တည်၏၊ (နောက်၌ နိဗ္ဗာန်ဝင်သတတ်။)

ပျက်ခြင်း

အိပ်ခြင်း ဣရိယာပုထ်ကို ပြုသောခဏ၌ သုံးယောက်လုံး ဓုတင်ပျက်၏။

အာနိသင်

အိပ်ရာ၌ တစင်းစင်းအိပ်ခြင်း စည်းစိမ်၊
လူးလှိမ့်ပြန်ပြောင်း လှည့်စောင်းစည်းစိမ်၊
အိပ်မွေ့ဖိန်းဖိန်း တမှိန်းမှိန်း စည်းစိမ် -
တည်းဟူသော စိတ်အနှောက်အယှက် သုံးပါးကို ပယ်နိုင်ခြင်း၊
ကမ္မဋ္ဌာန်း စီးဖြန်းသူ ဟူသမျှအား သင့်လျော်ခြင်း၊
ကြည်ညိုဘွယ် ဣရိယာပုထ်ရှိခြင်း၊
ဝီရိယနှင့်သမာဓိ မျှအောင် အားထုတ်သည် အားလျော်ခြင်း၊
သီလ စသော သမ္မာပဋိပတ်ကို တိုးတက်စေခြင်း၊
ဤကား အာနိသင်တည်း။

အထက် ကိုယ်ဖြောင့်တန်း တင်ပျဉ်ခွေ ထိုင်သော ရဟန်းသည် မာရ်နတ် စိတ်ကို ချောက်ချားစေ၏၊ ဝါ-မာရ်နတ်ကို အလိုပျက်အောင်ပြု၏၊ တုန်လှုပ်စေ၏၊ အထိုင်မွေ့သော ရဟန်းသည် အိပ်ခြင်း, လှိမ့်ခြင်း မှိန်းခြင်း ဟူသော အာမိသ ချမ်းသာကို စွန့်နိုင်၏၊ လုံ့လဝီရိယ ရှိ၏၊ သာသနာ အင်ကြင်းတောကို တင့်တယ်စေ၏၊ ကာမဂုဏ် အာမိသ ကင်းသော ပီတိသုခကို ရနိုင်၏၊ ထို့ကြောင့် ပညာရှိသည် နိသဇ်ဓုတင်ကို ဖန်ဖန်မယုတ် အားထုတ်သင့်လှ၏။

ဓုတင်အရသာ ပြီး၏။

သမာဓိ အရသာ အကျဉ်း

ဤဓုတင် အပ္ပိစ္ဆတာ စသော ဂုဏ်တို့ဖြင့် သီလစင်ကြယ်ခြင်း၌ တည်သော ရဟန်းသည် သမာဓိကို အားထုတ်အပ်၏။

မေးခွန်း ၈-ရပ်

၁။ သမာဓိဟူသည် အဘယ်နည်း။
၂။ အဘယ်အနက်ကြောင့် သမာဓိ မည်သနည်း။
၃။ သမာဓိ၏ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့သည် အဘယ်နည်း။
၄။ သမာဓိသည် အဘယ်သို့ အပြားရှိသနည်း။
၅။ သမာဓိ ညစ်နွမ်းကြောင်းကား အဘယ်နည်း။
၆။ သမာဓိ၏ ဖြူစင်ကြောင်းကား အဘယ်နည်း။
၇။ သမာဓိကို အဘယ်သို့ ပွားအပ်သနည်း။
၈။ သမာဓိဘာဝနာ၏ အာနိသင်ကား အဘယ်နည်း။
ဤသို့ မေးခွန်းရှစ်ရပ် မေးအပ်၏။

၁-သမာဓိ

သမာဓိ ဟူသည် အဘယ်နည်း?

ကုသိုလ်စိတ်၌ရှိသော ဧကဂ္ဂတာသည် သမာဓိ မည်၏။
(ဤကား ဤ၌ အလိုရှိအပ်သော သမာဓိတည်း။)

၂-သမာဓိအနက်

အဘယ်အနက်ကြောင့် သမာဓိမည်သနည်း?

အာရုံတခု၌ စိတ် စေတသိက် တို့ကို အညီအညွတ် ကောင်းစွာ ထားတတ် သောကြောင့် သမာဓိ မည်၏။

၃-လက္ခဏာ စသည် ၄-ပါး

သမာဓိ၏ လက္ခဏာ, ရသ စသည်တို့သည် အဘယ်နည်း?

၁။ သမာဓိသည် မပြန့်လွင့်ခြင်း လက္ခဏာရှိ၏။
၂။ ပြန့်လွင့်ခြင်းကို ဖျက်ဆီးခြင်းကိစ္စ ရှိ၏။
၃။ မတုန်လှုပ်သောတရားဟု ဉာဏ်အား ရှေးရှုထင်၏။
၄။ သုခသည် နီးစွာသော အကြောင်းဖြစ်၏။

၄-သမာဓိအပြား

သမာဓိသည် အဘယ်သို့ အပြားရှိသနည်း?

မပြန့်လွင့်ခြင်း လက္ခဏာအားဖြင့် တပါးတည်းသာတည်း။

၁။ ဥပစာရသမာမိ, အပ္ပနာသမာဓိအားဖြင့် နှစ်ပါး။
၂။ လောကိယ, လောကုတ္တရအားဖြင့် နှစ်ပါး။
၃။ သပ္ပိတိက, နိပ္ပီတိကအားဖြင့် နှစ်ပါး။
၄။ သုခသဟဂုတ်, ဥပေက္ခာသဟဂုတ် အားဖြင့် နှစ်ပါး ဖြစ်၏။
(ဒုက-၄)။

၁။ ဟီန, မဇ္ဈိမ, ပဏိတအားဖြင့် သုံးပါး။
၂။ သဝိတက္က သဝိစာရ စသော အားဖြင့် သုံးပါး။
၃။ ပိတိသဟဂုတ် စသောအားဖြင့် သုံးပါး။
၄။ ပရိတ္တ, မဟဂ္ဂတ, အပ္ပမာဏအားဖြင့် သုံးပါးဖြစ်၏။
(တိက-၄)။

၁။ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ စသောအားဖြင့် လေးပါး။
၂။ ပရိတ္တ ပရိတ္တာရဏ စသောအားဖြင့် လေးပါး။
၃။ စတုက္ကဈာန်အင်္ဂါစွမ်းဖြင့် လေးပါး။
၄။ ဟာနဘာဂိယ စသော အားဖြင့် လေးပါး။
၅။ ကာမာဝစရ စသော အားဖြင့် လေးပါး။
၆ ။ အဓိပတိစွမ်းဖြင့် လေးပါးဖြစ်၏။
(စတုက္က - ၆)။

ပဉ္စကဈာန် အင်္ဂါစွမ်းဖြင့် ငါးပါးဖြစ်၏။
(ပဉ္စက- ၁)။

၅-ညစ်နွမ်းကြောင်း

သမာမိ၏ ညစ်နွမ်းကြောင်းကား အဘယ်နည်း?

ဟာနဘာဂိယ ဓမ္မသည် ညစ်နွမ်းကြောင်းဖြစ်၏၊
(ပဌမဈာန် ရသူအား ကာမသညာ ဖြစ်ခြင်းသည် ဤနေရာ၌ ဟာနဘာဂိယမည်၏။)

၆-ဖြူစင်ကြောင်း

သမာဓိ၏ ဖြူစင်ကြောင်းကား အဘယ်နည်း?

ဝိသေသဘာဂိယ ဓမ္မသည် စင်ကြယ်ကြောင်း ဖြစ်၏၊ (ပဌမဈာန်ရသူအား အဝိတက္ကသညာ ဖြစ်ခြင်းသည် ဤနေရာ၌ ဝိသေသဘာဂိယ မည်၏။)

၇-သမာဓိပွားနည်း

သမာဓိကို အဘယ်သို့ ပွားအပ်သနည်း?

(လောကုတ္တရာ သမာဓိကို ဤသို့ ပွားရမည်ဟု မဆို)။ လောကီသမာဓိကို--

၁။ စင်ကြယ်သော သီလ၌ တည်၍
၂။ ပလိဗောဓကြီး ဆယ်ပါးဖြတ်၍
၃။ ကမ္မဋ္ဌာန်းပေးတတ်သော ကလျာဏမိတ္တထံ ချဉ်းကပ်၍
၄။ မိမိစရိုက်အား လျော်စွာ ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် တခုခုယူ၍
၅။ မလျောက်ပတ်သော ကျောင်း (၁၈-ရပ်) ကိုပယ်၍
၆ ။ လျောက်ပတ်သော (အင်္ဂါ ၅-ပါးရှိသော) ကျောင်း၌နေ၍
၇။ ငယ်သော ပလိဗောဓတို့ကို ဖြတ်၍
၈။ ဘာဝနာ အစီအရင် အလုံးစုံကို မယုတ်စေမူ၍ ပွားစေအပ်၏။
(ပထဝီ စသော သမထလေးဆယ်ကိုပွား။)

၈-သမာဓိ အကျိုး

သမာဓိ ဘာဝနာ၏ အာနိသင်ကား အဘယ်နည်း?

၁။ ရဟန္တာတို့အား အပ္ပနာသမာဓိသည် မျက်မှောက် ချမ်းသာစွာ နေရခြင်းအကျိုး ရှိ၏။
၂။ သေက္ခပုထုဇဉ်တို့အား အပ္ပနာသမာဓိ, ဥပစာရ သမာဓိသည် ဝိပဿနာအကျိုး ရှိ၏။
၃။ သမာပတ်ရှစ်ပါး ရသူတို့အား အပ္ပနာသမာဓိသည် အကြောင်း လုံလောက်သည် ရှိသော် အဘိညာရခြင်း အကျိုးရှိ၏။
၄။ ဈာန်မယုတ်သူတို့အား အပ္ပနာ သမာဓိသည် ဗြဟ္မာပြည် ဘဝထူးသို့ ဆောင်ခြင်း အကျိုးရှိ၏။
၅။ သမာပတ်ရှစ်ပါးရသော အနာဂါမ်, ရဟန္တာတို့အား အပ္ပနာ သမာဓိသည် နိရောဓ သမာပတ် ဝင်စားနိုင်ခြင်း အကျိုးရှိ၏၊
အာနိသင် ငါးပါးတည်း။

သမာဓိအရသာအကျဉ်း ပြီး၏။

ပညာ အရသာ အကျဉ်း

အဘိညာ အာနိသင်ဖြင့် သမာဓိ ခိုင်မြဲသော ရဟန်းသည် သမာဓိ လုပ်ငန်း၌ ပြီးဆုံးခြင်းသို့ရောက်ပြီ၊ ထိုနောက် ပညာကို ပွားစေအပ်၏။

မေးခွန်း ၆-ရပ်

၁။ ပညာဟူသည် အဘယ်နည်း။
၂။ အဘယ် အနက်ကြောင့် ပညာ မည်သနည်း။
၃။ ပညာ၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့သည် အဘယ်နည်း။
၄။ ပညာသည် အဘယ်သို့ အပြားရှိသနည်း။
၅။ ပညာကို အဘယ်သို့ ပွားအပ်သနည်း။
၆။ ပညာ ဘာဝနာ၏ အာနိသင်ကား အဘယ်နည်း။
ဤသို့ မေးခွန်းခြောက်ရပ် မေးအပ်၏။

၁-ပညာ

ပညာဟူသည် အဘယ်နည်း?

ကုသိုလ်စိတ်နှင့်ယှဉ်သော ဝိပဿနာ ပညာသည် ပညာမည်၏။
(ဤ၌ လိုအပ်သော ပညာတည်း)။

၂-ပညာအနက်

အဘယ်အနက်ကြောင့် ပညာမည်သနည်း?

သညာသိ ဝိညာဏ်သိ တို့ထက်ထူး၍ သိခြင်းဟူသော အနက်ကြောင့် ပညာမည်၏။

ထူးပုံကား --
သညာသိသည် အညို, အရွှေ - စသော အာရုံကို မှတ်၍ သိခြင်းမျှသာ ဖြစ်သည်၊ အနိစ္စ, ဒုက္ခ, အနတ္တ-ဟု လက္ခဏာကို မထိုးထွင်းနိုင်၊ ဝိညာဏ်သိသည် ညို ရွှေ စသော အာရုံကိုလည်း မှတ်၍သိသည်၊ အနိစ္စ စသော လက္ခဏာကိုလည်း ထိုးထွင်းသည်၊ အားထုတ်၍ မဂ်ရခြင်းငှါ မစွမ်းနိုင်၊ ပညာသိသည် အာရုံကိုလည်း မှတ်၍သိသည်၊ လက္ခဏာ ကိုလည်း ထိုးထွင်းသည်၊ အားထုတ်၍ မဂ်ရခြင်းငှါလည်း စွမ်းနိုင်သည်။

၃-လက္ခဏ, ရသစသည် ၄-ပါး

ပညာ၏ လက္ခဏ, ရသ စသည်တို့သည် အဘယ်နည်း?

၁။ ပညာသည် ဓမ္မသဘောကို ထိုးထွင်းခြင်းလက္ခဏာ ရှိ၏။
၂။ ဓမ္မသဘော ဖုံးလွှမ်းသောမောဟကို ဖျက်ဆီးခြင်း ကိစ္စရှိ၏။
၃။ မတွေဝေသော တရားဟု ဉာဏ်အား ရှေးရှုထင်၏။
၄။ သမာဓိသည် နီးစွာသော အကြောင်းဖြစ်၏။

၄-ပညာအပြား

ပညာသည် အဘယ်သို့ အပြားရှိသနည်း?

ဓမ္မသဘောကို ထိုးထွင်းခြင်း လက္ခဏာအားဖြင့် တပါးသာတည်း။

၁။ လောကိယ, လောကုတ္တရအားဖြင့် နှစ်ပါး။
၂။ သာသဝ, အနာသဝအားဖြင့် နှစ်ပါး။
၃။ နာမ်, ရုပ်မှတ်ခြင်းအားဖြင့် နှစ်ပါး။
၄။ သောမနဿ, ဥပေက္ခာအားဖြင့် နှစ်ပါး။
၅။ ဒဿနဘူမိ, ဘာဝနာဘူမိ အားဖြင့် နှစ်ပါး။ (ဒုက-၅)။

၁။ စိန္တာမယ, သုတမယ ဘာဝနာမယအားဖြင့် သုံးပါး။
၂။ ပရိတ္တ, မဟဂ္ဂတ, အပ္ပမာဏအားဖြင့် သုံးပါး။
၃။ အာယ, အပါယ, ဥပါယ-ကောသလ္လ အားဖြင့် သုံးပါး။
၄။ အဇ္ဈတ္တနှလုံးသွင်းခြင်း စသောအားဖြင့် သုံးပါး။ (တိက-၄)။

၁။ သစ္စာလေးပါး ဉာဏ်စွမ်းဖြင့် လေးပါး။
၂။ ပဋိသမ္ဘိဒါစွမ်းဖြင့် လေးပါးဖြစ်သည်။ (စတုက္က-၂) ။

၅-ပညာပွားနည်း

ပညာကို အဘယ်သို့ ပွားအပ်သနည်း?

၁။ ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ, သစ္စာ, ပဋိစ္စသမုပ္ပါဒ် စသော ဓမ္မတို့သည် ဤပညာ၏ ဘူမိမည်၏။

၂။ သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ နှစ်ပါးသည် ဤပညာ၏ မူလမည်၏။

၃။ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏ, မဂ္ဂါမဂ္ဂ, ပဋိပဒါဉာဏ, ဉာဏဒဿန ဝိသုဒ္ဓိ - ဤငါးပါးသည် ဤပညာ၏ သရီရမည်၏။

ထို့ကြောင့် --
၁-ဘူမိမည်သော ဓမ္မတို့၌ သင်ခြင်း, မေးခြင်းဖြင့် ဉာဏ်ဆည်းပူး၍၊
၂-မူလဝိသုဒ္ဓိ နှစ်ပါး ပြည့်စုံစေ၍၊
၃-သရီရဝိသုဒ္ဓိ ငါးပါးတို့ကို ပြည့်စုံစေ၍ ပွားအပ်၏။

(ရုပ်နာမ်ခွဲ၊ အကြောင်းရှာ၊ အနိစ္စ, ဒုက္ခ, အနတ္တပ္ပား)။

၆-ပညာအကျိုး

ပညာဘာဝနာ၏ အာနိသင်ကား အဘယ်နည်း?

ပညာဘာဝနာ၏ အာနိသင်သည် များလှ၏၊ ပြခြင်းငှါမလွယ်၊
အကျဉ်းအားဖြင့်ကား -

၁။ အထူးထူးသော ကိလေသာကို ဖျက်ဆီးနိုင်ခြင်း အကျိုး
၂။ ဖလသမာပတ် အရသာကို ခံစားနိုင်ခြင်း အကျိုး
၃။ နိရောဓသမာပတ် ဝင်စားနိုင်ခြင်း အကျိုး
၄။ အာဟုနေယျဂုဏ်စသည် ပြီးခြင်း အကျိုးရှိ၏။

ဤသို့ အာနိသင်အကျဉ်းကို သိအပ်၏။

ပညာအရသာအကျဉ်း ပြီး၏။

ဘာဝနာ ရှေ့အဘို့ အစီအရင်များ

ပလိဗောဓ စသည်

ပလိဗောဓကြီးဆယ်ပါး ဖြတ်၍ဟု ဆိုရာ၌–

အာဝါသော စ ကုလံ လာဘော၊ ဂဏော ကမ္မဉ္စ ပဉ္စမံ။
အဒ္ဓါနံ ဉာတိ အာဗာဓော၊ ဂန္ထော ဣဒ္ဓီတိ တေ ဒသ။

အာဝါသောစ၊ ကျောင်း၎င်း။
ကုလံ၊ ဒါယကာ၎င်း။
လာဘော၊ လာဘ်၎င်း။
ဂဏော၊ ဂိုဏ်း၎င်း။
ကမ္မဉ္စ၊ အမှုသစ်နဝကမ္မ၎င်း။
(ပဉ္စမံ၊ ငါးခုမြောက် ရှိပြီ)။
အဒ္ဓါနံ၊ ခရီးသွားလိုခြင်း။
ဉာတိ၊ ဆွေမျိုး၎င်း။
အာဗာဓော၊ အနာ၎င်း။
ဂန္ထော၊ ကျမ်းဂန်၎င်း။
ဣဒ္ဓိ၊ ပုထုဇဉ်တန်ခိုး၎င်း။
ဣတိ၊ ဤသို့။
တေ၊ ထိုပလိဗောဓတို့သည်။
ဒသ၊ ဆယ်ပါးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အာဝါသ ပလိဗောဓ

၁။ ဩဝရက-နေရာတိုက်ခန်း၊ ပရိဝဏ-နေရာကျောင်းငယ်၊ အာရာမ-သံဃာ့အရံ၊ ဤအလုံးစုံသည် ကမ္မဋ္ဌာန်း ဘာဝနာ အားထုတ်ခြင်းကို ပိတ်ပင် တားဆီးတတ် သောကြောင့် ပလိဗောဓမည်၏။ ထို၌လည်း ပြုပြင်မှု၌ ကြောင့်ကြစိုက်သူ, ဘဏ္ဍာ စုဆောင်းသူ, ငဲ့ကွက်သူအားသာ ပလိဗောဓ ဖြစ်သည်။

အနုရာဓမြို့သား အဘော်နှစ်ဦးသည် ရဟန်းပြု၍ တဦးသည် ထူပါရုံ၌ နေ၏၊ တဦးကား ပါစီနခဏ္ဍရာဇိ အရပ်သို့ကြွသွား၍ နေ၏၊ မထေရ်ကြီး ဖြစ်သောအခါ တရားအားထုတ်ရန် လျောက်ပတ်သော အရပ်ဟု အဘော်အား ခေါ်ရန် ထူပါရုံသို့ ကြွလာ၏၊

ထိုပါစိနမထေရ်အား ညဉ့်ဦး၌ အကြံ ဖြစ်သည်မှာ ဤထူပါရုံမထေရ်သည် ဤအရပ်၌ နေသည်မှာကြာပြီ၊ ငါ့အား ထောပတ်, ဆီ, ပျား, တင်လဲ စတုမဓူများ ပို့လတ္တံ့ - ဟု ကြံ၍မြှော်လင့်၏၊ ညဉ့်ဦး၌ ဘာမျှမရလတ်သော် နံနက်စောစော၌ ယာဂုခဲဘွယ် ပို့လတ္တံ့ - ဟု ကြံပြန်၏၊ မရပြန်သော် ရွာသို့ ဆွမ်းခံဝင်သောအခါ ဘောဇဉ်ခဲဘွယ် ပြည့်စုံလတ္တံ့ - ဟု ကြံ၍ အတူဆွမ်းခံဝင်၏၊ ရသမျှ ယာဂု အနည်းငယ်ကို သောက်၍ ဆွမ်းချိန်၌လည်း ရသမျှဆွမ်းကို ဘုဉ်းပေး၍--

အရှင်ဘုရား ... အခါခပ်သိမ်း ဤသို့ မျှတစွာ နေရပါသလောဟု လျှောက်၏၊ ငါ့ရှင် ... ဤသို့သာ မျှတ၏ဟု ဆိုလတ်သော် -

အရှင်ဘုရား ... အကျွန်ုပ်၏နေရာ ပါစီနခဏ္ဍရာဇိ အရပ်သည် အလွန် ချမ်းသာစွာ ပြည့်စုံပါသည်၊ ထိုအရပ်သို့သွားကြရအောင်ဟု လျှောက်၏၊ ကောင်းပြီ-ဟုဆို၍ မြို့၏ တောင်ဘက်တံခါးမှ ထွက်လတ်သော် ထူပါရုံ မထေရ်သည် ကျောင်းလမ်းသို့ မပြန်ဘဲ ပါစီနအရပ် လမ်းခရီးသို့ ရှေးရှု ကြွသွား၏။

အရှင်ဘုရား ... အဘယ်သို့ ကြွမည်နည်းဟု လျှောက်လတ်သော် ငါ့ရှင် ... သင်သည် ပါစီနအရပ်၏ ဂုဏ်ကျေးဇူးကို ဆို၍ သွားကြရအောင်ဟု လျှောက်သည် မဟုတ်လောဟု ဆို၏။

အရှင်ဘုရား ... အသို့ပါနည်း၊ အရှင်သည်ဤအရပ်၌ ကြာမြင့်စွာ နေ၏၊ ကျောင်း၌ ယူဆောင်စရာ ပရိက္ခရာများစွာ ရှိသေးသည် မဟုတ်ပါလောဟု လျှောက်သော် ငါ့ရှင် ... ဤကျောင်း၌ ညောင်စောင်း အင်းပျဉ်မျှသာ ရှိသည်၊ သံဃိကဖြစ်၍ သိုမှီးကာ ထားပြီးပြီ၊ ထို့ပြင် ကြောင့်ကြစရာ ဘာမျှမရှိဟု ဆို၏၊

အရှင်မြတ်အား ကြောင့်ကြစရာ မရှိသော်လည်း အကျွန်ုပ်မှာကား တောင်ဝှေး, ဆီကြည်တောက်, ဘိနပ်အိတ်များ ကျန်ခဲ့သေးသည် ဟု လျှောက်၏၊ ငါ့ရှင် ... သင်သည် တမျှနေလျက် ဤမျှ ကြောင့်ကြစရာ များစွာ ကျန်ရစ်လေသလောဟု ဆိုလတ်သော်-

အရှင်ဘုရား ... ဟုတ်ပါပေ၏-ဟု လျှောက်၍ အရှင်မြတ်ကဲ့သို့သော ပုဂ္ဂိုလ်သည် ဤနေရာမရွေး တောကျောင်း၌ နေသူသာ ဖြစ်ပါပေသည်၊ ဤထူပါရုံ၌ ဘုရားဖူးခြင်း, တရားနာခြင်းရသဖြင့် သက်တော်ထင်ရှား ဘုရားရှင်၏ ကာလကဲ့သို့ဖြစ်၍ ဤ ထူပါရုံ၌သာ နေတော်မူပါဟု လျှောက်၍ နောက်နေ့၌ တပါးတည်း ပြန်သွားလေ၏။

ဤထူပါရုံ မထေရ်ကဲ့သို့သော ရဟန်းအား အာဝါသသည် ပလိဗောဓ မဖြစ်ဟု သိအပ်၏၊

(ပေါင်းဘီနှင့် အင်္ကျီရှည် အဝါဝတ်သော တရုပ်ဘုန်းကြီးတပါးက မြန်မာဘုန်းကြီး များသည် အာဝါသ ပလိဗောဓ အားကြီးသည်၊ သေလျှင် တောက်တဲ့ ဖြစ်တတ်သည် ဟု ဆိုဘူး၏။)

ကုလပလိဗောဓ

၂။ ဉာတိ-ဆွေမျိုး၊ ဥဌာက-လုပ်ကျွေးသော ဒါယကာ - ဤအလုံးစုံသည် ကုလပလိဗောဓ မည်၏၊ ထို၌လည်း တကာချမ်းသာလျှင် မိမိလည်း ချမ်းသာ၊ တကာဆင်းရဲလျှင် မိမိလည်း ဆင်းရဲ စသည်ဖြင့် တကာမပါလျှင် အနီးအနား တရားနာမျှ မသွားနိုင်အောင် ရောနှောဆက်ဆံသူအားသာ ပလိဗောဓ ဖြစ်သည်၊ အချို့ကား မိဘသည်ပင် ပလိဗောဓမဖြစ်။

ကောရဏ္ဍကကျောင်းနေ မထေရ်၏တူ ရဟန်းငယ်သည် ရောဟဏသို့ စာသင် ကြွသွား၏၊ မထေရ်၏နှမသည် နှစ်ပေါင်းများစွာ ကြာလတ်သော် သားရဟန်းငယ်၏ အကြောင်းကို မထေရ်မြတ်အား မေးလေ့ရှိသဖြင့် သီတင်းကျွတ်လျှင် သင့်သား ရဟန်းငယ်ကို ခေါ်လာခဲ့မည်ဟု ဆို၍ ရောဟဏသို့ ကြွသွား၏၊

ရဟန်းငယ်သည် “ငါ ဤ၌နေသည်မှာ ကြာပြီ၊ ဒါယကာမကြီးများ အကြောင်း သိလိုသည်” ဟု ရောဟဏမှ ကြွလာ၍ ခရီးအကြား၌ မထေရ်နှင့် ဆုံမိသောအခါ ကျိုးကြောင်းမေး၍ ငါ့ရှင် ... သင့် မိခင်သည် မပြတ်မေးနေ၏၊ သွားချေလော့ဟု စေလွှတ်လိုက်၏၊

ရဟန်းငယ်သည် ဝါဆိုအံ့သောနေ့၌ ရောက်၍ မိဘတို့ ဆောက်သော ကျောင်း၌ နေရာရ၏၊ နောက်နေ့၌ ထိုကျောင်းတကာသည် ရောက်လာ၍ သားရဟန်းဟု မထင်၊ အာဂန္တုရဟန်းငယ်ဟုထင်၍ အရှင်ဘုရား ... အိမ်သို့ နေ့တိုင်း ဆွမ်းစားကြွပါ ဟု လျှောက်ပြီးလျှင် အိမ်၌ ကျောင်းအမကြီးအားလည်း အာဂန္တု ရဟန်းငယ်ကို ကောင်းစွာ လုပ်ကျွေးပါလော့၊ ငါတို့သားနှင့် အရွယ်တူ ရုပ်ချင်းလည်း တူသည်ဟု တိုက်တွန်း၏။

ရဟန်းငယ်သည် ဆွမ်းချိန်၌ အိမ်သို့ကြွသွားသောအခါ မှတ်မိသူမရှိ၊ အာဂန္တုရဟန်း အနေဖြင့် ကိုးကွယ်ကြ၏၊ တဝါတွင်းလုံး အိမ်၌ဆွမ်းစား၍ တရားစကား ဟောကြား၍ ဝါကျွတ်သောအခါ ရောဟဏသို့ ပြန်သွားဦးမည်ဟု ဆိုလတ်သော် မိဘတို့သည် လမ်းစာရိက္ခာနှင့် အဝတ်သင်္ကန်းတို့ကို လှူ၍ နောင် ရောက်သောအခါလည်း တကာရင်း တကာမရင်းကဲ့သို့ ဝင်ပါ ထွက်ပါဟု လျှောက်၍ လိုက်ပို့ကြ၏။

မထေရ်ကြီးသည်လည်း သီတင်းကျွတ်သောအခါ ပြန်ကြွလာသဖြင့် ခရီးအကြား ဆုံမိပြန်သော် မိဘများအိမ်၌ နေ့တိုင်း ဆွမ်းစားခြင်း, တရားစကား ဟောကြားခြင်း ပြုပုံတို့ကို လျှောက်ကြား၍ အဝတ်သင်္ကန်းကို လှူ၍ ရောဟဏသို့ ပြန်ကြွသွား၏။

ကောရဏ္ဍကရွာသို့ မထေရ်တပါးတည်း ရောက်လာသောအခါ မိခင် ဒါယိကာမကြီး သည် သားရဟန်းငယ်ကို မမြင်သဖြင့် အရှင်ဘုရား ... အကျွန်ုပ်၏ သားရဟန်းငယ် သည် ကွယ်လွန်၍ မပါလာလေရော့သလားဟု ခြေရင်း၌ ငိုကြွေး၏၊ ထိုအခါ မထေရ်သည် သင်တို့သား ဦးပဉ္စင်းသည် တဝါတွင်းလုံး အိမ်၌ နေ့တိုင်း ဆွမ်းစားခြင်း တရားဟောခြင်းများ ပြုသွားပုံကို ပြောပြ၍ လှူလိုက်သော အဝတ် သင်္ကန်းကို ထုတ်ပြ၏၊

ထိုအခါမှ အလုံးစုံသိ၍ သားငယ် ဦးပဉ္စင်း၏ ကြွသွားရာ လမ်းခရီး၌ ဝပ်လျက် ရှိခိုးပြီးလျှင် မြတ်စွာဘုရားသည် ဤဦးပဉ္စင်းမျိုးကို သက်သေပြု၍ ရထဝိနီတ သုတ္တန်, နာဠကသုတ္တန်, တုဝဋ္ဋကသုတ္တန်, မဟာအရိယဝံသသုတ္တန် တို့ကို ဟောတော်မူလေ သလော၊ မွေးမိခင်အိမ်၌ တဝါတွင်းလုံး နေ့တိုင်း ဆွမ်းစား တရား ဟောလျက် သားအမိ ဖြစ်ကြောင်းကို မမြွက်မဆို၊ အံ့ဩဘွယ် - တကဲ့ ဦးပဉ္စင်းပါတကားဟု မြွက်ဆိုလေ၏၊

ဤသို့သော ရဟန်းအား မိဘသည်ပင် ပလိဗောဓ မဖြစ်။

လာဘပလိဗောဓ

၃။ ပစ္စည်းလေးပါး လှူဒါန်းခြင်းသည် လာဘပလိဗောဓ မည်၏၊ ဘုန်းကံရှိသော ရဟန်းအား ရောက်ရာအရပ်၌ ပစ္စည်းလေးပါး လှူကြ၍ တရားဟောရခြင်းဖြင့် တရားအားထုတ်ခွင့် မရ၊ ပင့်ဘိတ်ရာသို့ ကြွသွားခြင်းငှါ အမြဲအားထုတ်ရ၏၊ ထိုသို့ ဘုန်းကံကြီးသော ရဟန်းသည် အသိအကျွမ်း မရှိရာသို့ တပါးတည်း ကြွသွား၍ နေလျှင် ထိုလာဘပလိဗောဓ ပြတ်၏။

ဂဏပလိဗောဓ

၄။ သုတ္တန်ဆောင်ဂိုဏ်း, အဘိဓမ္မာဆောင်ဂိုဏ်း စသည့်သည် ဂဏပလိဗောဓ မည်၏၊ ထိုထိုဂိုဏ်းသံဃာအား စာပေပို့ချရခြင်းဖြင့် တရား အားထုတ်ခွင့် မရ၊ ထိုသို့သော ရဟန်းသည် စာအနည်းငယ် ကြွင်းကျန်လျှင် အပြီးတိုင်ပို့ချ၍ တောသို့ဝင်ရသည်၊ များစွာ ကြွင်းကျန်လျှင် စာချ မထေရ်တပါးထံ လွှဲအပ်၍ တောသို့ ဝင်ရသည်၊ လွဲ၍မရလျှင် ငါအား ကိစ္စတခုရှိသည်၊ သင်တို့ ချမ်းသာရာသို့ သွားကြလော့ဟု ဂိုဏ်းသံဃာကိုပယ်၍ မိမိကိစ္စကို ပြုရသည်။

ကမ္မပလိဗောဓ

၅။ နဝကမ္မ-အမှုသစ်သည် ကမ္မပလိဗောဓ မည်၏၊ ထိုသို့သော ရဟန်းသည် လက်သမား စသည်တို့ လက်ခ ရ-မရ သိရအောင် ပြု မပြု သိရအောင် အားထုတ် ရသောကြောင့် အမြဲ ပလိဗောဓ ဖြစ်၏၊ ပြုဘွယ် အနည်းငယ် ကျန်လျှင် အပြီးတိုင် ပြုရသည်၊ များလျှင်, သံဃိက နဝကမ္မ ဖြစ်လျှင် သံဃာအား၎င်း, ဝန်ဆောင် ရဟန်းတို့အား၎င်း အပ်နှင်းရသည်၊ မိမိဥစ္စာဖြစ်လျှင် မိမိ၏ တာဝန်ဆောင်အား လွှဲအပ်ရသည်၊ သံဃာအား စွန့်လှူ၍သော်လည်း သွားရသည်။

အဒ္ဓါန ပလိဗောဓ

၆။ သွားစရာကိစ္စရှိလျက် မသွားရလျှင် သည်းမခံနိုင်၊ တောဝင်၍ တရားအားထုတ် သော်လည်း ခရီးသွားလိုသော စိတ်ကို ဖျောက်နိုင်ခဲ၏၊ ထို့ကြောင့် သွား၍ ကိစ္စပြီးအောင်ပြု၍ တရားအားထုတ်ရသည်။

ဉာတိ ပလိဗောဓ

၇။ ဆရာ, တပည့်, ဆရာတူ, မိ, ဘ, ညီ, အစ်ကို စသည်သည် ဉာတိပလိဗောဓ မည်၏၊ မမာလျှင် ရဟန်း၏ ကြောင့်ကြစရာ ဖြစ်၏၊ ပကတိအတိုင်း ဖြစ်အောင် ကုသ၍ဖြတ်ရသည်၊ ဥပဇ္ဈာယ်ဆရာ, တပည့်, ဆရာ, မိ ဘ- မမာလျှင် တသက်လုံး လုပ်ကျွေးရသည်၊ နိဿယည်း ဆရာ တပည့်, စာသင် ဆရာ တပည့်တို့ မမာလျှင် မှီနေသမျှ စာတက်နေသမျှ လုပ်ကျွေးရသည်၊

မိ, ဘတို့သည် မင်းစည်းစိမ်၌ တည်သော်လည်း တောင့်တလျှင် ပြုစုရသည်သာ တည်း၊ မိဘတို့အား ဆေးမရှိလျှင် မိမိဆေးကို ပေးရသည်၊ မရှိလျှင် ဆွမ်းခံနည်းဖြင့် ရှာ၍ ပေးရသည်၊ ညီအစ်ကို စသည်တို့အား ထိုသူတို့၏ ဆေးကိုသာ ဖော်စပ်၍ ပေးရသည်၊ မရှိလျှင် မိမိဆေးကို ခေတ္တ ပေးရသည်၊ နောင်-ရလျှင် ယူရသည်၊ မရလျှင် မတောင်းအပ်၊ အမျိုးမတော်သူအားကား ဆေးမကုအပ်၊ အမျိုးတော်သူအား ပေး၍ ကုစေလျှင် အပ်၏။

အာဗာဓ ပလိဗောဓ

၈။ အနာရောဂါ ဟူသမျှသည် အာဗာဓပလိဗောဓ မည်၏၊ ဆေးကု၍ ဖြတ်ရသည်၊ မပျောက်နိုင်သော နာတာရှည် ဖြစ်လျှင် ငါသည် သင်၏ ကျေးကျွန်မဟုတ်၊ သင့်ကို လုပ်ကျွေးရခြင်းဖြင့် အနမတဂ္ဂ သံသရာ ဝဋ်ဒုက္ခသို့ ရောက်ရလေပြီဟု မိမိကိုယ်ကို ကဲ့ရဲ့၍ ရဟန်းတရား အားထုတ်ရသည်။

ဂန္ထ ပလိဗောဓ

၉။ ပရိယတ် သင်ကြား၍ သရဇ္ဈာယ်ခြင်း စသည်ဖြင့် အားထုတ်သူအားသာ ဂန္ထပလိဗောဓ ဖြစ်သည်၊ မဇ္ဈိမနိကာယ် သင်သော ရေဝ-မထေရ်သည် မလယဝါသိရေဝ မထေရ်မြတ်ထံ ကမ္မဋ္ဌာန်း ယူ၍ ၁၉-နှစ်ပတ်လုံး ပရိယတ်ကို ဖြတ်ထား၏၊ နှစ် ၂၀-မြောက်တွင် ရဟန္တာဖြစ်၏၊ ထိုအခါ စာသင်ရန် လာသော ရဟန်းတို့အား အစအဆုံး ယုံမှားမရှိ ကောင်းစွာပို့ချနိုင်သတတ်။

ကရုဠိယတောင်နေ နာဂမထေရ်သည်လည်း ၁၈-နှစ်ပတ်လုံး ပရိယတ်ကို လွှတ်ထားပြီးမှ ဓာတုကထာကို မမှားမယွင်း ပြည့်စုံစွာ ရွတ်ဆို နိုင်သတတ်။

တိပိဋကစူဠာဘယ မထေရ်သည်လည်း ဆရာထံ အဋ္ဌကထာ မသင်ယူဘဲ ပိဋကတ် သုံးပုံပြန်မည်ဟု ရွှေစည်ကြီးကို တီး၏၊ ရဟန်းများစွာတို့သည် ဆရာထံ နည်းမခံ သူကို စာပြန်ခွင့် မပေးလို-ဟု ဆိုကုန်၏။

ဥပဇ္ဈာယ် ဆရာမြတ်ကား ငါ့ရှင် အဘယ … ဤပုဒ်ကို ဆရာမြတ်တို့ အဘယ်သို့ ဆိုကုန်သနည်းဟု မေး၍ ဤသို့ ဆိုကြပါသည်ဟု ဟုတ်တိုင်းမှန်စွာ လျှောက်လတ်သော် ဟင်-ဟု ဆို၍တား၏၊

တနည်းပြင်၍ လျှောက်ပြန်လည်း ဟင်-ဟင်-ဟု သုံးကြိမ်တိုင်အောင်တား၍ ငါ့ရှင် ... ပဌမစကားသည် ဆရာစဉ် အယူဖြစ်၏၊ ဆရာထံ သင်နည်းမခံသောကြောင့် တည်တံ့စွာ မထားနိုင်၊ ဂင်္ဂါတဘက်သို့သွား၍ မဟာဓမ္မရက္ခိတထံ စာသင်ချေဦးလော့ ဟု စေလွှတ်၏၊

မဟာဓမ္မရက္ခိတသည် ငါ့ရှင် အဘယ .... ငါ စာမကြည့်သည်မှာ နှစ်ပေါင်း သုံးဆယ် ရှိပြီ၊ ညဉ့်အခါ လာ၍ ရွတ်ဆိုလော့၊ နေ့အခါ အဓိပ္ပာယ်ပြောမည်ဟု ဆို၏၊ အပြီး အဆုံးသို့ရောက်သောအခါ မဟာဓမ္မရက္ခိတမထေရ်သည် အဘယမထေရ် အထံ၌ “အကျွန်ုပ်အား ကမ္မဋ္ဌာန်းတရား ဟောကြားပါလော့၊ ရောက်ဖူးသူ၏ခရီးစဉ်ကား တခြားဖြစ်ပါသည်” ဟု တောင်းပန်၏။

(အဘယမထေရ်ကား ထိုအခါ သောတာပန် တည်ပြီးပြီ)။

အဘယမထေရ်လည်း ကမ္မဋ္ဌာန်းပေး၍ ပြန်လာပြီးသောအခါ မထေရ်မြတ် နိဗ္ဗာန်စံပြီ-ဟုကြား၍ ငါ့ရှင်တို့ ... ငါတို့၏ဆရာမြတ်တို့အား အရဟတ္တမဂ်သည် လျော်၏၊ ဖြောင့်မတ်သော အာဇာနည် ပုဂ္ဂိုလ်ထူးဖြစ်၏၊ မိမိ၏ တပည့်ထံ၌ သော်လည်း ကမ္မဋ္ဌာန်းဟောပါဟု တောင်းပန်တော်မူပေသည်-ဟု ဆိုသတတ်၊

ဤသို့သော မထေရ်တို့အား ဂန္ထပလိဗောဓ ဖြစ်ခြင်း မရှိ။

ဣဒ္ဓိ ပလိဗောဓ

၁၀။ ပုထုဇဉ်တို့ရသော တန်ခိုးသည် ဣဒ္ဓိပလိဗောဓ မည်၏၊ ပက်လက်အိပ်သော သူငယ်သဘွယ် နုသော ကောက်ပင်ငယ်တနဲ စောင့်ရှောက်နိုင်ခဲ၏၊ အနည်းငယ် သော အာရုံမျှဖြင့် ပျက်နိုင်၏၊ သို့ရာတွင် ဝိပဿနာ၏သာ ပလိဗောဓ ဖြစ်သည်၊ သမာဓိ၏ ပလိဗောဓမဖြစ်၊ ထို့ကြောင့် ဝိပဿနာပွားလိုသော ကုလပုတ္တသည် ထို ဣဒ္ဓိပလိဗောဓ ကိုလည်း မငြိမကပ် ပယ်ဖြတ်ရာ၏၊ သမာဓိပွားလိုသူကား ကြွင်းသော ပလိဗောဓ ကိုးပါးကိုသာ ပယ်ဖြတ်ရာ၏။

ကလျာဏ မိတ္တအင်္ဂါ

ကမ္မဋ္ဌာန်းပေးတတ်သော ကလျာဏမိတ္တထံ ချဉ်းကပ်၍ဟု ဆိုရာ၌–

ပိယော ဂရု ဘာဝနိယော၊ ဝတ္တာစ ဝစနက္ခမော။
ဂမ္ဘီရဉ္စ ကထံ ကတ္တာ၊ နော စာ ဌာနေ နိယောဇယေ။

ပိယော၊ ချစ်အပ်သူ-ဝါ၊ သီလရှိသူသည်၎င်း။
ဂရု၊ အလေးပြုအပ်သူ- ဝါ၊ သမာဓိကြီးသူသည်၎င်း။
ဘာဝနီယော၊ ချီးမွမ်းထိုက်သူသည်၎င်း၊
ဝတ္တာစ၊ အပြစ်မြင်လျှင် မဝှက်မသို ပြောဆိုတတ်သူသည်၎င်း။
ဝစနက္ခမော၊ သူတပါး၏အဆိုကို သည်းခံနိုင်သူသည်၎င်း။
ဂမ္ဘီရဉ္စ ကထံ ကတ္တာ၊ နက်နဲသော စကားကို ပြောဆိုတတ်သူသည်၎င်း။
ဟုတွာ၊ ဖြစ်၍။
အဌာနေ၊ အကြောင်းမဖွယ် အပါယ်ကျစေရာ၌။
နောစ နိယောဇယ၊ မယဉ်စေတတ်။

ဤသို့စသော ဂုဏ်အင်္ဂါနှင့် ပြည့်စုံသော ဘုရား, ရဟန္တာ သာဝကထံသို့ အယုတ်ဆုံး ဗဟုဿုတရှိသော ဆရာမြတ်တို့ထံ ချဉ်းကပ်၍ ကမ္မဋ္ဌာန်း ယူအပ်၏၊ ရပြီးသော ဆရာသည် ရပြီးသည်ကို ဟော၏၊ ဗဟုဿုတ ဆရာကား ချုံရှုပ်ရာ၌ နင်းသွားသော ဆင်ပြောင်ကြီးကဲ့သို့ လမ်းမကြီးကို ထင်စွာပြ၍ ဟောလတ္တံ့၊

ကမ္မဋ္ဌာန်း ယူအံ့သောအခါ စူဠပိဏ္ဍပါတိက တိဿမထေရ်၏ တပည့်သုံးဦးကဲ့သို့ ကျင့်အပ်၏၊ ထိုသုံးဦးသည် ဆရာထံ ချဉ်းကပ်၍ အရှင်မြတ်အား အကျိုးရှိမည် ဟုဆိုလျှင် အသူတရာ ချောက်အတွင်း ခုန်ဆင်းပါမည် ဟူ၍၎င်း, ဖနောင့်မှစ၍ တကိုယ်လုံးကုန်အောင် ကျောက်ဖျာ၌ အပွတ်အသွေး ခံပါမည်ဟူ၍၎င်း, ထွက်သက် ဝင်သက်ကို ချုပ်စေ၍ အသေခံပါမည် ဟူ၍၎င်း အသီးသီးတာဝန်ခံ၍ ဤကိုယ်ခန္ဓာ အတ္တဘောကို အရှင်မြတ်တို့အား စွန့်လှူအပ်နှင်းပါ၏-ဟု စွန့်လှူကုန်၏။

အကျိုးကား --
တသိန်းတန် ကာသိတိုင်းဖြစ် ပိုးပုဆိုးကို သင်္ကန်းနွမ်းသော ရဟန်းအား လှူသော အခါ သင်္ကန်းအတွက် အပိုင်းပိုင်းဖြတ်သည်ကို မြင်ရလျှင် လွန်စွာဝမ်းမြောက်စရာ ဖြစ်သကဲ့သို့ ဘေးကြီး ဘေးငယ်ကြုံလျှင် ဆရာမြတ်အား လှူပြီးပြီ-ဟု ကြောက်ခြင်း, လန့်ခြင်းမဖြစ်၊ ဝမ်းမြောက်စရာသာ ဖြစ်၏။

မိမိစရိုက် အားလျော်စွာ ပါရိဟာရိယ ကမ္မဋ္ဌာန်းနှင့် နေရာတိုင်း လိုအပ်သော သဗ္ဗတ္ထကကမ္မဋ္ဌာန်းကို နောက်၌ ဖွင့်ဆိုအံ့။

ကျောင်းအပြစ် -၁၈

မလျောက်ပတ်သောကျောင်း (၁၈-ရပ်) ကို ပယ်၍ဟု ဆိုရာ၌-

၁။ အများဆက်ဆံ ဆူညံသောကျောင်းကြီး
၂။ အမှုသစ်-ပြုဘွယ် ကိစ္စများသော ကျောင်းသစ်
၃။ အပျက်အစီး-ပြုပြင်ဘွယ်များသော ကျောင်းအို
၄။ ဧည့်ပြွမ်းသော လမ်းမအနီးကျောင်း၊
၅။ ရေခပ်သူများသော ရေအိုင်အနီးကျောင်း
၆ ။ ဟင်းရွက်တော နီးသောကျောင်း
၇။ ပန်းတော နီးသောကျောင်း
၈။ သစ်သီးပင်ရှိသောကျောင်း
၉။ လူစုံရောက်တတ် ချီးမွမ်းအပ်သောကျောင်း
၁၀။ မြို့အနီးကျောင်း
၁၁။ ထင်းတောနီးသောကျောင်း
၁၂။ လယ်ခင်းနီးသောကျောင်း
၁၃။ ရန်သူရှိသောကျောင်း
၁၄။ ဆိပ်ကမ်းဟူသမျှ နီးသောကျောင်း
၁၅။ သဒ္ဓါသူနည်းပါး စွန်ဖျားကျသောကျောင်း
၁၆။ မင်းဘေးများသော တိုင်းကြားကျောင်း
၁၇။ မာတုဂါမဘေး-ဘီလူးဘေး ရှိသောကျောင်း
၁၈။ မိတ်ကောင်း ကင်းဝေးသောကျောင်း

ဤကျောင်း ၁၈-ရပ်သည် သမာဓိရခြင်းငှါ မလျောက်ပတ်၊ ရပြီးသော သမာဓိ ပျက်လွယ်ခြင်းတို့ကြောင့် ဝေးစွာ ရှောင်ကြဉ်အပ်၏။

ကြီး သစ်, အို လမ်း၊ အိုင်, ရွက်, ပန်း, သီး။
ချီးမွမ်း မြို့ထင်း၊ လယ်ခင်း ရန်သူ။
ဆိပ်ဟူ စွန်, ကြား၊ ဘေးများ မိတ်ကင်း။
ဆယ့်ရှစ်ခင်း၊ ရှောင်ကွင်း ဝေးဝေးခွါ။

ကျောင်းအင်္ဂါ ၅-ပါး

ဤ ၁၈-ရပ်သော ကျောင်းကို စွန့်ခွါ၍ လျောက်ပတ်သော အင်္ဂါ ငါးပါးနှင့်ပြည့်စုံသော ကျောင်း၌ နေအပ်၏၊ ကျောင်းအင်္ဂါ ငါးပါးကား --

၁။ တဂါဝုတ်ထက်မလွန် တာငါးရာတွင်း မနီးသဖြင့် မဝေးမနီးခြင်း တပါး
၂။ ရှင်လူမပြွမ်းသဖြင့် အသံကင်းဆိတ်ခြင်း တပါး
၃။ မှက်, ခြင် စသည့် နည်းပါးခြင်း တပါး
၄။ ပစ္စည်းလေးပါး ရလွယ်ခြင်း တပါး
၅။ ဗဟုဿုတ ကလျာဏမိတ်ဆွေကောင်းရှိခြင်း တပါး

ဤ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ကျောင်း၌ နေရသည်။

ပဓာနိယအင်္ဂါ ငါးပါး

၁။ ဤသို့သော ကျောင်း၌ နေကာမျှသာ မဟုတ်ဘဲ သဒ္ဓါယုံကြည် ထက်သန်ခြင်း တပါး
၂။ အနာရောဂါကင်းခြင်း တပါး၊
၃။ ကောက်ကျစ်စဉ်းလဲ မရှိခြင်းတပါး
၄။ လုံ့လရှိခြင်းတပါး
၅။ ရုပ်နာမ်တို့၏ ဖြစ်ပျက်ခြင်းကို ရှုနိုင်သော ပညာရှိခြင်း တပါး
ဤသို့သော ကမ္မဋ္ဌာန်း စီးဖြန်းခြင်း အင်္ဂါ ၅ ပါးနှင့် ပြည့်စုံစေရသည်။

ကြောင့်ကြငယ် ဖြတ်ခြင်း

ဤပဓာနိယ အင်္ဂါငါးပါး ပြည့်စုံစေပြီးလျှင် ဆံပင်,မွေးညှင်း ခြေသည်း, လက်သည်း တို့ကို ရိတ်ဖြတ်ရခြင်း, သင်္ကန်းဟောင်း ဖွပ်ဆိုး ချုပ်ဖာခြင်း သပိတ်ဖုတ်ခြင်း, ညောင်စောင်း စသည်တို့ကို သုတ်သင်ရခြင်း အစရှိသော ငယ်သော ပလိဗောဓ တို့ကို ဖြတ်၍ ဆိတ်ငြိမ်ရာ၌ တင်ပျဉ်ခွေ၍ ကိုယ်ကို ဖြောင့်စွာထား၍ မေတ္တာ, မရဏဿတိ, အသုဘဟူသော နေရာမရွေး လိုအပ်သော သဗ္ဗတ္ထက ကမ္မဋ္ဌာန်း တို့ကို ပွား၍ စရိုက်အား လျော်စွာ အမြဲဆောင်အပ်သော ပါရိဟာရိယ ကမ္မဋ္ဌာန်း တို့ကို မပြတ်ကြိုးစား ပွားများ အားထုတ်အပ်ကုန်၏။

ဘာဝနာ ရှေ့အဘို့ အစီအရင်ပြီး၏။

သမထကမ္မဋ္ဌာန်း

သင်္ဂြိုဟ်စကား

ယခုအခါ သမထဘာဝနာ, ဝိပဿနာဘာဝနာတို့၏ (အာရုံ) ကမ္မဋ္ဌာန်း နှစ်မျိုးကို ဆိုပေအံ့။

နီဝရဏတို့ကို ငြိမ်းအောင်ပြုခြင်းသည် သမာဓိ မည်၏၊ သမထလည်း မည်၏၊ အနိစ္စ ဒုက္ခ အနတ္တ ဟူသော အခြင်းအရာဖြင့် ရှုခြင်းသည် ပညာမည်၏၊ ဝိပဿနာလည်း မည်၏၊ တိုးပွားအောင် ပွားများ စေခြင်းသည် ဘာဝနာ မည်၏၊ သမာဓိကို ပွားများ စေလျှင် သမထဘာဝနာ၊ ပညာကိုပွားများစေလျှင် ဝိပဿနာ ဘာဝနာမည်၏။

အာရုံကမ္မဋ္ဌာန်း ၂-မျိုး

ကမ္မဿ-ပြုအပ်သော ကမ္မ၏ + ဌာန-တည်ရာအာရုံ။

ပြုအပ်သော ဘာဝနာကမ္မ၏ + တည်ရာဖြစ်သော ကသိုဏ်းစသော အာရုံသည် ကမ္မ+ဋ္ဌာန မည်၏၊

၁-သမာဓိဘာနာကမ္မ၏ အာရုံသည် သမထကမ္မဋ္ဌာန်း
၂-ပညာဘာဝနာ၏ အာရုံသည် ဝိပဿနာကမ္မဋ္ဌာန်း

ဤအာရုံကမ္မဋ္ဌာန်းနှစ်မျိုးကို ယခု ဆိုပေအံ့-ဟူလို။

ဘာဝနာကမ္မဋ္ဌာန်း ၂-မျိုး

ကမ္မမေဝ-ကမ္မသည်သာလျှင် + ဌာနံ-အကြောင်း။

ဘာဝနာ ကမ္မသည်သာလျှင် + နောက်နောက် အားထုတ်ခြင်း တရားထူးရခြင်း အကြောင်း ဖြစ်သောကြောင့် ကမ္မ+ဋ္ဌာန မည်၏၊

၁-သမာဓိ ဘာဝနာကမ္မသည် သမထ ကမ္မဋ္ဌာန်း
၂-ပညာဘာဝနာ ကမ္မသည် ပိပဿနာကမ္မဋ္ဌာန်း

ဤဘာဝနာကမ္မဋ္ဌာန်း နှစ်မျိုးလည်း ပါဝင်ပေလတံ့-ဟူလို။

ဥဒ္ဒေသ

သမထကမ္မဋ္ဌာန်း၌ --

၁-ကသိုဏ်း ဆယ်ပါး,
၂-အသုဘ ဆယ်ပါး
၃-နုဿတိ ဆယ်ပါး
၄-အပ္ပမညာ လေးပါး,
၅-သညာ တပါး,
၆-ဝဝတ္ထာန် တပါး,
၇-အာရုပ္ပ လေးပါး-
ဤသို့ သမထ ကမ္မဋ္ဌာန သင်္ဂဟ ခုနစ်ခု သိအပ်၏။

၁-ရာဂစရိုက်, ၂-ဒေါသစရိုက်, ၃-မောဟစရိုက်, ၄-သဒ္ဓါစရိုက်, ၅-ဗုဒ္ဓိစရိတ်, ၆-ဝိတက်စရိုက်-ဤသို့ စရိုက်ခြောက်ခု သိအပ်၏။

ရာဂသည် ရာဂစရိုက် မည်၏။
ရာဂပင်ကိုယ်များသူသည် ရာဂစရိတ ပုဂ္ဂိုလ်, မည်၏၊ အကြွင်းလွယ်ပြီ။

၁-ပရိကမ္မဘာဝနာ, ၂-ဥပစာရဘာဝနာ, ၃-အပ္ပနာဘာဝနာ -
ဤသို့ ဘာဝနာ သုံးခုသိအပ်၏။

၁-ပရိကမ္မနိမိတ်, ၂ ဥဂ္ဂဟနိမိတ်, ၃-ပဋိဘာဂနိမိတ်-
ဤသို့ နိမိတ် သုံးခု သိအပ်၏။

ဤကား ဥဒ္ဒေသတည်း။

[အစစွာဖြစ်သော ဘာဝနာသည် ပရိကမ္မဘာဝနာ
နီဝရဏ ခွါနိုင်သည်မှ စ၍ ဂေါတြဘူ အဆုံးတိုင်ဖြစ်သော ဘာဝနာသည် ဥပစာရဘာဝနာ
မဟဂ္ဂုတ်, လောကုတ္တရာ ဘာဝနာသည် အပ္ပနာဘာဝနာ

ပရိကမ္မ ဘာဝနာ၏ အာရုံသည် ပရိကမ္မနိမိတ်
မျက်စိဖြင့် မြင်သကဲ့သို့ စိတ်ဖြင့်ယူအပ်သော အာရုံသည် ဥဂ္ဂဟနိမိတ်
ထိုဥဂ္ဂဟနိမိတ်နှင့်တူသော အပြစ်ကင်းသော အာရုံသည် ပဋိဘာဂနိမိတ်

ပရိကမ္မ ဥဂ္ဂဟနိမိတ် နှစ်ပါးသည် ပရိကမ္မဘာဝနာတခု၏ အာရုံ။
ပဋိဘာဂ နိမိတ်တပါးသည် ဥပစာရ အပ္ပနာဘာဝနာ နှစ်ခု၏ အာရုံ။]

ကသိုဏ်း ဆယ်ပါး

၁။ ပထဝီကသိုဏ်း
၂။ အာပေါကသိုဏ်း
၃။ တေဇောကသိုဏ်
၄။ ဝါယောကသိုဏ်း

ဤသို့ မြေ ရေ, မီး, လေ-အလုံးစုံ နှံ့ထင်သော ဓာတ်ကသိုဏ်း လေးပါး
(ပထဝီ-မြေ + ကသိဏ-အလုံးစုံအရပ်၌ နှံ့ထင်။)

၅။ နီလကသိုဏ်း
၆။ ပီတကသိုဏ်း
၇။ လောဟိတကသိုဏ်း
၈။ ဩဝါဒကသိုဏ်း
ဤသို့ ညို, ရွှေ, နီ, ဖြူ အလုံးစုံ နှံ့ထင်သော ဝဏ္ဏကသိုဏ်းလေးပါး

၉။ အာကာသကသိုဏ်း
၁၀။ အာလောကကသိုဏ်း
ဤသို့ ကြားပေါက် ကောင်းကင်, အလင်းရောင်-အလုံးစုံနှံ့ထင် နှစ်ပါး

ဤကား ကသိုဏ်း ဆယ်ပါးတည်း။

အသုဘ ဆယ်ပါး

၁။ ဥ+ဒ္ဓုမာတကံ - သေသည်မှ အထက်၌+ဖူးဖူးရောင်သော အကောင်ပုပ်
၂။ ဝိ+နီလကံ - ဖြူနီရောလျက်+ညိုမဲသော အကောင်ပုပ်
၃။ ဝိ+ပုဗ္ဗကံ - ယိုသော+ပြည်ရှိသော အကောင်ပုပ်
၄။ ဝိ+စ္ဆိဒ္ဒကံ - ခါးလယ်၌+ပြတ်သော အကောင်ပုပ်
၅။ ဝိ+က္ခာယိတကံ - အထူးထူး + ဆိတ်ဆွဲ ကိုက်ခဲအပ်သော အကောင်ပုပ်,
၆။ ဝိ+က္ခိတ္တကံ - ဖရိုဖရဲ+ပစ်အပ်သော အကောင်ပုပ်,
၇။ ဟတ+ဝိ+က္ခိတ္တကံ - ကြက်ခြေခတ်မွှမ်း၍+ဖရိုဖရဲ + ပစ်အပ်သော အကောင်ပုပ်
၈။ လောဟိတကံ - သွေးထွက်သံယို အကောင်ပုပ်,
၉။ ပုဠုဝကံ - ပိုးလောက် တဖွားဖွား ၊ အကောင်ပုပ်
၁၀။ အဋ္ဌိကံ - အရိုးစု အကောင်ပုပ်

ဤကား-သုဘ ဆယ်ပါးတည်း။(ကျီးခြေသဏ္ဌာန်ကို ကြက်ခြေခတ် ဟူ၏။)

အနုဿတိဆယ်ပါး

၁။ ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်ကို အောက်မေ့ခြင်း

၂။ ဓမ္မာနုဿတိ - တရားဂုဏ်ကို အောက်မေ့ခြင်း

၃။ သံဃာနုဿတိ - သံဃာဂုဏ်ကို အောက်မေ့ခြင်း

၄။ သီလာနုဿတိ - ငါ၏ သီလ စင်ကြယ်လေစွဟု အောက်မေ့ခြင်း

၅။ စာဂါနုဿတိ - စွန့်ကြဲဘူး လှူဒါန်းဘူးသည်ကို အောက်မေ့ခြင်း

၆။ ဒေဝတာနုဿတိ - နတ်တို့သည် သဒ္ဓါစသည်ရှိ၍ နတ်ဖြစ်ကြသည်၊
ငါအားလည်း ထိုသဒ္ဓါ စသည် ရှိ၏-ဟု နတ်တို့ကို စံထား၍ အောက်မေ့ခြင်း

၇။ ဥပသမာနုဿတိ - နိဗ္ဗာန်အား ကိလေသာ အားလုံး ငြိမ်း၏ဟု အောက်မေ့ခြင်း

၈။ မရဏာနုဿတိ - ငါသေရလတ္တံ့ဟု အောက်မေ့ခြင်း

၉။ ကာယ+ဂတာ+သတိ - ၃၂ ကောဋ္ဌာသ ကာယ၌+ဖြစ်သော+ အောက်မေ့ခြင်း

၁၀။ အာနာပါနဿတိ - ထွက်သက် ဝင်သက်ကို အောက်မေ့ခြင်း။

ဤကား- အနုဿတိ ဆယ်ပါးတည်း။

အပ္ပမညာ ၄-ပါး

၁။ မေတ္တာ - သတ္တဝါအားလုံးကို ကိုယ်နှင့်အမျှ ချစ်ခြင်း
၂။ ကရုဏာ - ဆင်းရဲသူကို သနားခြင်း,
၃။ မုဒိတာ - ချမ်းသာသူကို ဝမ်းမြောက်ခြင်း
၄။ ဥပေက္ခာ - ကံအားလျော်စွာ ဖြစ်ရသည်ဟု အသင့်အတင့်+ရှုခြင်း၊
(ဝါ-ကံကို အလေးပြုခြင်း)။

ဤကား အပ္ပမညာ-လေးပါးတည်း၊
(ဗြဟ္မဝိဟာရတရား- ဗြဟ္မစိုရ် တရား ဟူ၍လည်း ခေါ်ကြ၏)။

သညာ ၁-ပါး

အာဟာရေ+ပဋိကူလ + သညာ - အာဟာရ၌ + စက်ဆုပ်ဘွယ်ဟု + အမှတ်ပြုခြင်း။

ဤကား- သညာတပါး မည်၏။

ဝဝတ္ထာန် ၁-ပါး

စတုဓာတု+ဝဝတ္ထာနံ - ဓာတ်လေးပါးတို့ကို+ပိုင်းခြားခြင်း။

ဤကား-ဝဝတ္ထာန် တပါးမည်၏။

ပထဝီ ၂၀၊ အာပေါ ၁၂၊ တေဇော ၄၊ ဝါယော ၆ ဟု ၄၂-ကောဋ္ဌာသဖြင့် ပိုင်းခြား၏၊
မာ ဖွဲ့ ရင့် ထောက် လက္ခဏာဖြင့် ပိုင်းခြား၏။
(မာ-အရ ကြမ်းထမ်း,ခက်မာခြင်း ပထဝီ၊ ဝါ-နူးညံ့ခြင်း ပထဝီ၊
ဖွဲ့-အရ ဖွဲ့စည်းခြင်း အာပေါ၊
ရင့်-အရ ရင့်ကျက်ခြင်း တေဇော၊
ထောက်-အရ ထောက်ကန်ခြင်း၊ ဝါ-လှုပ်ရှားခြင်း ဝါယောကို
မာ ဖွဲ့ ရင့် ထောက်ဟု ဆိုလိုသည်)။

အာရုပ္ပ ၄-ပါး

၁။ အာကာသာနဉ္စာယတနံ - အဆုံးမရှိသော.ကောင်းကင်ပညတ်အာရုံ
၂။ ဝိညာဏဉ္စာယတနံ - အဆုံးမရှိသော အာကာဈာန် မဟဂ္ဂုတ်အာရုံ
၃။ အာကိဉ္စာယတနံ - နတ္ထိဘောပညတ်အာရုံ
၄။ နေဝသညာနာသညာယတနံ - အာကိံဈာန် မဟဂ္ဂုတ်အာရုံ။

ဤကား- အာရုပ္ပလေးပါးတည်း။

ဤသို့လျှင် သမထကမ္မဋ္ဌာန်း (အာရုံ) လေးဆယ် ဖြစ်၏။

သပ္ပါယဘေဒ

၁။ ရာဂစရိုက်ရှိသူအား ဒသအသုဘ, ကာယဂတာသတိ-အားဖြင့် ကမ္မဋ္ဌာန်း ၁၁-ပါး လျောက်ပတ်၏။

၂။ ဒေါသများသူအား အပ္ပမညာ, ဝဏ္ဏကသိုဏ်း-အားဖြင့် ရှစ်ပါး လျောက်ပတ်၏။

၃။ မောဟများသူ, ဝိတက်များသူအား အာနာပါန တပါး လျောက်ပတ်၏။

၄။ သဒ္ဓါများသူအား ဗုဒ္ဓါနုဿတိ-စသော ခြောက်ပါး လျောက်ပတ်၏။

၅။ ပညာများသူအား မရဏ, ဥပသမ, သညာ ဝဝတ္ထာန်- လေးပါး လျောက်ပတ်၏။

၆။ ကြွင်းကသိုဏ်း ၆-ပါး၊ အာရုပ္ပ ၄-ပါးအားဖြင့် ဆယ်ပါးသည် ပုဂ္ဂိုလ်အားလုံး တို့အား လျောက်ပတ်၏။ (ဓာတ် ကသိုဏ်း, အာကာ, အာလော- ၆)။

ဤဆယ်ပါးတို့တွင် ကသိုဏ်းတို့၌ ကောက်နယ်တလင်းခန့်မျှ ကြီးသော ကသိုဏ်းဝန်း သည် မောဟများသူအား လျောက်ပတ်၏၊ ခွက်မျှ ဆန်ကောမျှ ငယ်သော ကသိုဏ်းဝန်းသည် ဝိတက်များသူအား လျောက်ပတ်၏။

ဤကား-သပ္ပါယဘေဒတည်း။

ဤ၌ ဖြောင့်ဖြောင့် ဆန့်ကျင်ခြင်းသည် လျောက်ပတ်သည် မည်၏၊
အနာ၏ ဆန့်ကျင်ဘက် ဆေးကဲ့သို့ လွန်စွာ လျောက်ပတ်သည်ဟူလို၊

ရာဂ စသည်ကို မခွါနိုင်သော-သဒ္ဓါ စသည်ကို ကျေးဇူး မပြုနိုင်သော မလျောက်ပတ် သော ကမ္မဋ္ဌာန်း ဟူ၍ကား မရှိ။

ကသိုဏ်းဝန်းကြီးလျှင် စိတ်မတွေဝေ၊
မောဟများသူနှင့် သင့်၏၊
စိတ် ပြေးသာသောကြောင့် ဝိတက်နှင့်မသင့်၊

ကသိုဏ်းဝန်းငယ်လျှင် စိတ်မပြေးသာ၊
ဝိတက်များသူနှင့် သင့်၏၊
စိတ်တွေဝေစရာဖြစ်သောကြောင့် မောဟနှင့် မသင့်။

[ရာဂ-၁၁+၁၀=၂၁။
ဒေါသ-၈+၁၀=၁၈။
မောဟ, ဝိတက်+၁၀-၁၁။
သဒ္ဓါ-၆+၁၀=၁၆။
ပညာ-၄+၁ဝ=၁၄]။

ဘာဝနာဘေဒ

ကမ္မဋ္ဌာန်းလေးဆယ်လုံး၌ ပရိကမ္မဘာဝနာ ရသည်သာတည်း။
ဗုဒ္ဓါဒိအဋ္ဌ, သညာ, ဝဝတ္ထာန်အားဖြင့် ဆယ်ပါး၌ ဥပစာရဘာဝနာလည်းရသည်၊ အပ္ပနာမရ၊
ကြွင်း ၃၀-၌ အပ္ပနာဘာဝနာလည်း ရ၏။

[ပရိ-၄၀၊ ဥပ-၄၀၊ အပ္ပနာ-၃ဝ။]

ထို ၃၀-တို့တွင် -

၁။ ဒသကသိဏ အာနာပါနသည် ဈာန်ငါးပါးလုံးကို ရစေ၏ (၁၁)။
၂။ ဒသအသုဘ, ကာယဂတာသတိသည် ပဌမဈာန်ကို ရစေ၏ (၁၁)။
၃။ မေတ္တာ, ကရုဏာ, မုဒိတာသည် အောက်ဈာန်လေးပါးကို ရစေ၏ (၃)။
၄။ ဥပေက္ခာသည် ပဉ္စမဈာန်ကို ရစေ၏ (၁)။

ဤသို့ ကမ္မဋ္ဌာန်း ၂၆-ပါးသည် ရူပဈာန်ကိုရစေ၏၊

[ပဌမဈာန် ၂၅၊ ဒုတီယ, တတီယ, စတုတ္ထဈာန် ၁၄၊ ပဉ္စမဈာန် ၁၂။]

အဆုံးမရှိကော ကောင်းကင်ပညပ် စသော အာရုပ္ပအာရုံလေးပါးသည် အရူပဈာန် လေးပါးကို တခုစီအစဉ်အတိုင်း ရစေ၏။

ဤကား-ဘာဝနာ ဘေဒတည်း။

နိမိတ္တ ဘေဒ

ကမ္မဋ္ဌာန်း လေးဆယ်လုံး၌ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ် နှစ်ပါးကို ထိုက်သည်အား လျော်စွာ ရသည်သာတည်း၊ အချို့ကမ္မဋ္ဌာန်း၌ မထင်ရှားသောကြောင့် ပရိယာယ် အားဖြင့် ရ၏ဟူလို။

ပဋိဘာဂနိမိတ်ကိုကား - ဒသကသိဏ, ဒသအသုဘ ကောဋ္ဌာသ, အာနာပါန-အားဖြင့် ၂၂-ပါးတို့၌သာ ရသည်၊ ထင်ရှားစွာ ရသည်၊ ပရိယာယ် မဟုတ်။

ထို ၂၂-ပါး၌ရသော ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့ ဖြစ်ကုန်၏။

ပရိကမ္မနိမိတ်

၁။ အာဒိကမ္မိက ပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း စသည်တို့၌ အာရုံယူ၍ (ကြည့်၍) ပထဝီ ပထဝီ-စသည်ဖြင့် စီးဖြန်းသည်ဖြစ်အံ့၊ ထိုကသိုဏ်းဝန်း-စသော အာရုံသည် ပရိကမ္မနိမိတ် မည်၏၊ စီးဖြန်းသော ဘာဝနာသည် ပရိကမ္မဘာဝနာ မည်၏။

[ပရိကမ္မနိမိတ်သည် ပစ္စုပ္ပန်ရူပါရုံ ဖြစ်၏၊ ထို့ကြောင့် သာမည အားဖြင့် အတီတဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ် သမ္ပဋိစ္ဆိန်း, သန္တီရဏ, ဝုဋ္ဌော, ဇော ၇-ကြိမ်, တဒါရုံ ၂-ကြိမ်ဖြစ်၍ ဘဝင်ကျသင့်၏။

ဥဂ္ဂဟနိမိတ်

၂။ ထို ပရိကမ္မနိမိတ်ကို ဖန်ဖန် စီးဖြန်း၍ စိတ်ဖြင့်ကောင်းစွာ ယူနိုင်သောအခါ မျက်စိဖြင့် မြင်သကဲ့သို့ မနောဒွါရအား ထင်၏၊ ထိုအခါအာရုံသည် ဥဂ္ဂဟနိမိတ် မည်၏၊ ထိုပရိကမ္မဘာဝနာသည်လည်း ခိုင်ခံ့စွာတည်၏။

[ဥဂ္ဂဟနိမိတ်သည် မနောဒွါရဂ္ဂဟိတ ရူပါရုံဖြစ်၏၊ ထို့ကြောင့် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ဇော ၇-ကြိမ် တဒါရုံ ၂-ကြိမ်ဖြစ်၍ ဘဝင်ကျသင့်၏]။

ပဋိဘာဂနိမိတ်

၃။ ထိုနောင် ထိုဥဂ္ဂဟနိမိတ်၌ ပရိကမ္မသမာဓိဖြင့် ပထဝီ ပထဝီ-ဟု လွန်စွာ စီးဖြန်းသော ယောဂီအား သမာဓိလွန်စွာ ခိုင်မြဲသောအခါ ဥဂ္ဂဟနိမိတ်နှင့် တူစွာ အာရုံတခုသည် စိတ်၌ကောင်းစွာတည်၏၊ သက်ဝင်လာ၏၊ ထိုအာရုံသည် ကသိုဏ်း အဖြစ်မှ လွတ်၏၊ ဝါ-ပရမတ်မှလွတ်သော ပညတ် ဖြစ်၏၊ ဘာဝနာစွမ်းကြောင့် ဖြစ်၏၊ ထိုအခါ ပဋိဘာဂနိမိတ် ဖြစ်ပြီဟု သိအပ်၏။ (ကသိုဏ်းအပြစ် ဟူသည် လက်ရာ အရေးအသား အပွန်း အပဲ့ စသည်တည်း)။

[ပဋိဘာဂ နိမိတ်သည် ပညတ် ဓမ္မာရုံဖြစ်၏၊ ထို့ကြောင့်- စ ဒ မ ဇော ခုနှစ်ကြိမ် ဖြစ်၍ ဘဝင်ကျသင့်၏]၊

ဥပစာရဈာန်ရပုံ

ထိုပဋိဘာဂနိမိတ် ထင်သည်မှစ၍ ကာမာဝစရသမာဓိလည်း နီဝရဏ တည်းဟူသော ဘေးရန်ကို ပယ်နိုင် ခွါနိုင်၏၊ ထိုအခါ ဥပစာရဘာဝနာ ဖြစ်သည်မည်၏၊ ဝါ-ဥပစာရ ဈာန်ရသည် မည်၏။

အပ္ပနာဈာန်ရပုံ

ထိုနောင် ပဋိဘာဂနိမိတ်ကို သာလျှင် ဥပစာရ သမာဓိဖြင့် ပထဝီ ပထဝီ-ဟု ဖန်ဖန် စီးဖြန်းသော ယောဂီအား ရူပါဝစရ ပဌမဈာန်စိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်၏၊ ဝါ-အပ္ပနာဘာဝနာ မည်၏၊ ဝါ-အပ္ပနာ ဈာန်ရသည် မည်၏၊ (ဤ၌ ဝိတက်သည် အပ္ပနာ မည်၏)။

[ပဋိဘာဂနိမိတ် ပညတ်ဓမ္မာရုံ၌ ဈာန်အပ္ပနာ ဖြစ်ဟန်ကား- စ, ဒ, မ, ပရိကံ, ဥပစာ, အနုလုံ ဂေါတြဘူ အာဒိကမ္မိက ဖြစ်အံ့၊ ဈာန်စိတ် တကြိမ်ဖြစ်၍ ဘဝင်ကျ၏၊ သမာပဇ္ဇန ဖြစ်အံ့၊ ဈာန် အကြိမ်များစွာဖြစ်၍ ဘဝင်ကျ၏၊ ဤနည်းဖြင့် မဟဂ္ဂုတ် ၇၂- ဝီထိဖြစ်၏]။

ဈာန်တက်ပုံ

ထိုနောင်ထို ပဌမဈာန်ကိုသာလျှင် --

၁။ အာဝဇ္ဇန-မနောဒွါရာဝဇ္ဇန်းစိတ်ဖြင့် ဆင်ခြင်ခြင်း၊
၂။ သမာပဇ္ဇန- ဈာန်ဇော ကြိမ်ကြိမ် ဝင်စားခြင်း၊
၃။ အဓိဋ္ဌာန- အလိုရှိတိုင်းဈာန်ကိုထားခြင်း၊
၄။ ဝုဋ္ဌာန-ဈာန်မှထခြင်း၊
၅။ ပစ္စဝေက္ခဏာ-ဉာဏ်ဇောဖြင့် ဆင်ခြင်ခြင်း၊

ဝသီဘော် ငါးပါးဖြင့် လေ့လာသောအခါ --

“ဝိတက်စသော ဈာန်အင်္ဂါသည် ရုန့်ရင်း၏” ဟူ၍၎င်း၊
“ရုန့်ရှင်းသော အင်္ဂါကို ပယ်လို၏” ဟူ၍၎င်း၊
“ဝိစာရစသော ဈာန်အင်္ဂါသည် သိမ်မွေ့ ၏”ဟူ၍၎င်း၊
“သိမ်မွေ့သော အင်္ဂါတို့ကိုသာ ဖြစ်စေလို၏”ဟူ၍၎င်း၊
တဖန် ပထဝီ, ပထဝီစသည်ဖြင့် အားထုတ်ပြန်သည် ဖြစ်အံ့၊ အစဉ်အတိုင်း ဒုတီယ ဈာန် စသည်တို့သည် အာရုံအားလျော်စွာ အပ္ပနာစွမ်းဖြင့် ဖြစ်ကုန်၏။

[ပဌမဈာန်၌ ဝိတက်ပယ်လို၍ အားထုတ်သောအခါ ဒုတီယ ဈာန်ဖြစ်၏၊
ဒုတီယဈာန်၌ ဝိစာရပယ်လို၍ အားထုတ်သောအခါ တတီယ ဈာန်ဖြစ်၏၊
တတီယဈာန်၌ ပီတိ ပယ်လို၍ အားထုတ်သောအခါ စတုတ္ထဈာန်ဖြစ်၏၊
စတုတ္ထဈာန်၌ သုခပယ်လို၍ အားထုတ်သောအခါ ပဉ္စမဈာန်ဖြစ်၏။]

ဤသို့လျှင် ဒသကသိဏ, ဒသအသုဘ, ကောဋ္ဌာသ, အာနာပါန- ဟူသော ၂၂-ပါး သော ကမ္မဋ္ဌာန်းတို့၌ ပရိဘာဂနိမိတ်ထင်သည်၊ အပ္ပမညာ လေးပါးကား သတ္တဝါ ပညပ်အာရုံ၌ ဈာန်ရစေ၏၊ ပဋိဘာဂနိမိတ်မထင်၊

ဤကား ကမ္မဋ္ဌာန်း ၂၆-ပါး၌ ရူပဈာန်ဖြစ်ပုံတည်း။

ဝသီဘော် ၅-ပါး

ရသောဈာန်, ဝင်စားသောဈာန်တို့၌ ငါးပါးသော လေ့လာခြင်းဖြင့် လေ့လာသော သူသည် ဝသီ မည်၏၊ လေ့လာခြင်းဂုဏ်သည် ဝသီဘော်မည်၏။

၁။ ဝိတက်စသော ဈာန်အင်္ဂါ တခုတခု၌ မနောဒွါရာဝဇ္ဇန်း နောင် ကာမဇော လေးကြိမ်, ငါးကြိမ်၊ ဘဝင် နှစ်ကြိမ် သုံးကြိမ်ထက် မလွန်စေဘဲ ဈာန်အင်္ဂါကို အဆင့်ဆင့် မနောဒွါရာဝဇ္ဇန်းဖြင့် ဆင်ခြင်ခြင်းသည် အာဝဇ္ဇနဝသီဘော် မည်၏။

၂။ ဈာန်ဝင်စားလိုသည့် အခြားမဲ့၌ ဘဝင် နှစ်ကြိမ်, သုံးကြိမ်ထက် မလွန်စေဘဲ မ ပ ဥ နု ဂေါ ဈာန်ဇောအကြိမ်များစွာဖြင့် ဝင်စားနိုင်ခြင်းသည် သမာပဇ္ဇနဝသီဘော် မည်၏။

၃။ ပိုင်းခြားသော ကာလအတိုင်း ဘဝင် မကျစေဘဲ ဈာန်စိတ်ကို ထားနိုင်ခြင်းသည် အဓိဋ္ဌာနဝသီဘော် မည်၏။

၄။ ပိုင်းခြားသော ကာလအတိုင်း ဘဝင်ကျစေ၍ ဈာန်မှ ထနိုင်ခြင်းသည် ဝုဋ္ဌာန-ဝသီဘော် မည်၏။

၅။ အာဝဇ္ဇနဝသီဘော်၌ အာဝဇ္ဇန်း နောင် ကာမဇော လေးကြိမ် ငါးကြိမ်မျှ ထားနိုင်ခြင်းသည် ပစ္စဝေက္ခဏာဝသီဘော် မည်၏။

အရူပဈာန်

၁။ ကသိုဏ်းရုပ်၌ ပဉ္စမဈာန်ရပြီးသော ယောဂီသည် ထိုကသိုဏ်းရုပ်၌ အပြစ်မြင်၍ အရူပဈာန်ကို ဖြစ်စေလိုသည်ရှိသော် အာကာသ ကြဉ်သော ကသိုဏ်းကိုးပါးတို့တွင် တပါးပါးကိုခွါ၍ ရအပ်သော ကောင်းကင်ပညပ်ကို “အနန္တော အာကာသော” ဟု ဖန်ဖန် စီးဖြန်းသည်ဖြစ်အံ့၊ ပဌမအရူပဈာန်သည် အပ္ပနာစွမ်းဖြင့် ဖြစ်၏။

ကသိုဏ်းခွါပုံ

ကသိုဏ်းဈာန် ဝင်စားပြီးမှ ပဋိဘာဂနိမိတ်ကို နှလုံးမသွင်းခြင်းသည် ခွါသည်မည်၏၊ ထိုသို့ခွါ၍ ဖြစ်လာသော ကောင်းကင်သည် ကသိဏုဂ္ဃါဋိမ အာကာသ မည်၏၊ အဇဋာကာသ မမည်၊ ပဋိဘာဂ နိမိတ်မမည်၊ အာကာသ ကသိုဏ်းကိုကား ခွါ၍ မရအပ်။

၂။ ထို ပဌမာရုပ္ပ-အာကာသာနဉ္စာယတန ဈာန်စိတ်ကိုသာလျှင် “အနန္တံ ဝိညာဏံ”ဟု ဖန်ဖန်စီးဖြန်းအံ့၊ ဒုတီယာရုပ္ပ-ဝိညာဏဉ္စာယတနဈာန် ရ၏။

၃။ ထိုပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘော ပညတ်ကိုသာလျှင် “နတ္ထိကိဉ္စိ” ဟု ဖန်ဖန်စီးဖြန်းသည်ဖြစ်အံ့၊ အာကိဉ္စညာယတနဈာန် ရ၏။

၄။ တတီယာရုပ္ပ-အာကိဉ္စညာယတန ဈာန်စိတ်ကို သာလျှင် “သန္တ မေတံ၊ ပဏီတ မေတံ” ဟု ဖန်ဖန်စီးဖြန်းအံ့၊ နေဝသညာနာသညာယတနဈာန် ရ၏၊

ဤကား-အာရုပ္ပကမ္မဋ္ဌာန်းလေးပါး၌ အရူပဈာန်ဖြစ်ပုံတည်း။

အပ္ပနာ မရ-၁ဝ

ဗုဒ္ဓါဒိအဋ္ဌ, သညာ, ဝဝတ္ထာန်အားဖြင့် ကြွင်းသော ကမ္မဋ္ဌာန်းဆယ်ပါး တို့၌ ဘုရားဂုဏ် စသည်ကို အာရုံပြု၍ “အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ”စသည်ဖြင့် ပရိကံပြု၍ အာရုံယူအံ့၊ ဝါ-စီးဖြန်းအံ့၊ ပရိကမ္မဘာဝနာသမာဓိလည်း ရ၏၊ နီဝရဏခွါနိုင်သော ဥပစာရဘာဝနာ သမာဓိလည်း ပြည့်စုံ၏၊ ဝါ-ဥပစာရဈာန်အထိ ရ၏။

အဘိညာ ၅-ပါး

အဘိညာစွမ်းဖြင့်သော်ကား - ပါဒကဖြစ်သော ပဉ္စမဈာန်မှထ၍ အဓိဋ္ဌာန် အပ်သော အာရုံ, ဖန်ဆင်းအပ်သော အာရုံကို ဆင်ခြင်၍ “သတံ ဟောမိ၊ သဟဿံ ဟောမိ” စသည်ဖြင့် ပရိကံပြုအံ့၊ ရူပါရုံစသော အာရုံခြောက်ပါး၌ ထိုက်သည်အားလျော်စွာ အဘိညာ ကိစ္စတပ်သော ရူပပဉ္စမဈာန် ကုသိုလ် ကြိယာသည် အပ္ပနာစွမ်းဖြင့် တကြိမ်သာဖြစ်၏၊ ထိုနောင် ဘဝင်ကျ၏။

အဘိညာသည် -
၁-ဣဒ္ဓိဝိဓ
၂-ဒိဗ္ဗသောတ,
၃-ပရစိတ္တဝိဇာနန,
၄- ပုဗ္ဗေနိဝါသာနုဿတိ,
၅-ဒိဗ္ဗစက္ခု
အားဖြင့် ငါးပါး ပြား၏၊

ဤကား- နိမိတ္တဘေဒတည်း။

သမထကမ္မဋ္ဌာန်း ပြီး၏။

သမာဓိအရသာ အကျယ်

ကမ္မဋ္ဌာန်းလေးဆယ်ကို အာဝဟ စသည် ခွဲခြင်း

အာဝဟ

၁။ ကမ္မဋ္ဌာန်း လေးဆယ်တို့တွင် ဗုဒ္ဓါဒိအဋ္ဌ, သညာ, ဝဝတ္ထာန် ဆယ်ပါးသည် ဥပစာရာဝဟကမ္မဋ္ဌာန်း မည်၏။

၂။ ကြွင်းသုံးဆယ်သည် အပ္ပနာဝဟ ကမ္မဋ္ဌာန်းမည်၏။

[ဥပစာရဈာန်ဆောင် ၁၀၊ အပ္ပနာဈာန်ဆောင် ၃၀၊ ပေါင်း ၄၀။]

ပဘေဒ

၁။ အပ္ပနာဝဟ ၃ဝ-တို့တွင် အသုဘ, ကာယဂတာ, ဥပေက္ခာ, အာရုပ္ပ-ဤ ၁၆-ပါး သည် ဧကဈာနိက ကမ္မဋ္ဌာန်း မည်၏။

၂။ မေတ္တာ, ကရုဏာ, မုဒိတာ ၃-ပါးသည် စတုက္ကဈာနိက ကမ္မဋ္ဌာန်း မည်၏။

ကသိုဏ်း အာနာ ၁၁-ပါးသည် ပဉ္စကဈာနိက ကမ္မဋ္ဌာန်း မည်၏။

[တဈာန် ၁၆၊ လေးဈာန် ၃၊ ငါးဈာန် ၁၁၊ ပေါင်း ၃၀။]

အတိက္ကမ

၁။ ကသိုဏ်း, အာနာ, အပ္ပမညာ-ဤ ၁၅-ပါးသည် ဝိတက်စသော ဈာန်အင်္ဂါကို လွန်သောကြောင့် အင်္ဂါတိက္ကမမည်၏။

၂။ အာရုပ္ပ ၄-ပါးသည် ကသိုဏ်း အာရုံ, ကောင်းကင်အာရုံ စသည်ကို လွန်သောကြောင့် အာရမ္မဏာတိက္ကမ မည်၏။

၃။ ကြွင်း ၂၁-ပါးသည် လွန်ခြင်းမရှိ။

[အင်္ဂါလွန် ၁၅၊ အာရုံလွန် ၄၊ မလွန် ၂၁၊ ပေါင်း ၄၀။]

ဝဍ္ဎနာဝဍ္ဎန

၁။ ကသိုဏ်းဆယ်ပါးသည် ပွားစေအပ် (ချဲ့အပ်) သောကြောင့် ဝဍ္ဎန။ ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ, စေတောပရိယ-ဤအဘိညာတို့အား ချဲ့နိုင်သမျှ ကျေးဇူးပြုသော ဆယ်ပါးတည်း။

၂။ ကြွင်း ၃၀-ကား မချဲ့အပ်သောကြောင့် အဝဍ္ဎန မည်၏။

[ချဲ့အပ် ၁ဝ၊ မချဲ့အပ် ၃၀၊ ပေါင်း ၄ဝ။]

မချဲ့အပ် ၃၀-တို့တွင် --

အသုဘ ကာယဂတ, အာနာ ဤ ၁၂-ပါး သည် အရပ် ပိုင်းခြား၍ ပွားစေနိုင်သော်လည်း အသုဘကောင် စသည်တို့သာ တိုးပွား၍ အကျိုးမရှိ သောကြောင့် မပွားစေအပ်၊

အပ္ပမညာ ၄ ပါးသည် ပဋိဘာဂနိမိတ် မရှိသောကြောင့် မပွားစေအပ်၊

အာကာသည် ကသိုဏ်းကိုခွါ၍ ရအပ်သော အာကာသ ဖြစ်သောကြောင့် မပွားစေအပ်၊

နတ္ထိဘောသည် မရှိသောကြောင့် မပွားစေအပ်၊

ဒုတီယ, စတုတ္ထ အာရုပ္ပ၏ အာရုံဖြစ်သော အာကာ, အာကိံနှင့် အကြွင်းသည်၊ ဝါ-ဗုဒ္ဓါဒိအဋ္ဌ သညာ, ဝဝတ္ထာန်, ဝိညာ, နေဝတို့၏ အာရုံအားဖြင့် ၁၂-သည် ပရမတ် ဖြစ်သောကြောင့် မပွားစေအပ်။

[အကျိုးမရှိ ၁၂၊ ပဋိဘာဂမရှိ ၄၊ ကသိုဏ်းခွါ ၁၊ မရှိ ၁ ပရမတ် ၁၂၊ ငပါင်း ၃ဝ။]

အာရုံ

၁။ ကသိဏ, အသုဘ, ကာယဂတာ, အာနာ-ဤ ၂၂-ပါးသည် ပဋိဘာဂနိမိတ် ထင်သည်။

၁။ ကြွင်း၁၀-ပါး မထင်။

၂။ [ပဋိဘာဂထင် ၂၂၊ မထင် ၁၈၊ ပေါင်း ၄၀။]

ဗုဒ္ဓါဒိအဋ္ဌ, သညာ, ဝဝတ္ထာန်, ဝိညာ, နေဝ-ဤ ၁၂-ပါးသည် သဘာဝဓမ္မ (ပရမတ်) ကို အာရုံပြု၏။

၂။ ၂၂-ပါးသည် ပဋိဘာဂနိမိတ် (ပညပ်) ကို အာရုံပြု၏။

၃။ အပ္ပမညာ, အာကာ, အာကိံ ၆-ပါးသည် သဘာဝလည်းမဟုတ် ပဋိဘာဂလည်း မဟုတ်သော နဝတ္တဗ္ဗ (ပညပ်)ကို အာရုံပြု၏။

[ပရမတ် အာရုံ ၁၂၊ ပဋိဘာဂ အာရုံ ၂၂၊ နဝတ္တဗ္ဗအာရုံ ၆၊ ပေါင်း ၄ဝ။]

စလာစလ

၁။ အာပေါ, တေဇော, ဝါယော, အာလောကကသိုဏ်း ၄၊
ဝိပုဗ္ဗက, လောဟိတက, ပုဠုဝက အသုဘ ၃၊
အာနာ ၁-
ဤ ရှစ်ပါးသည် ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ် အခိုက်၌ လှုပ်သော ခြင်းရာ ထင်သောကြောင့် စလိတကမ္မဋ္ဌာန်း မည်၏။
(ပဋိဘာဂ နိမိတ်၌လှုပ်သော ကမ္မဋ္ဌာန်းမရှိ။)

၂။ ကြွင်း ၃၂-ပါးသည် အစလိတ ကမ္မဋ္ဌာန်း မည်၏။

[လှုပ် ၈၊ မလှုပ် ၃၂၊ ပေါင်း ၄ဝ။]

ဘုံ

၁။ နတ်ပြည်၌ အသုဘ ကာယဂတာ, သညာ ၁၂-ပါး မရ၊
(အသုဘ ၁ဝ-ပါး၊ ကာယဂတာသတိ၊ အာဟာရေ ပဋိကူလသညာ တို့ ဖြစ်၏၊
နတ်ပြည်၌ အာရုံငါးပါးကာမဂုဏ်တရားတို့ လွှမ်းမိုးထားရကား ထိုကမ္မဋ္ဌာန်းများ များကို မရနိုင်ပေ။)

၂။ ဗြဟ္မာပြည်၌ အာနာပါနနှင့် ၁၃-ပါး မရ။

၃။ အရူပ ၄-ဘုံ၌ အာရုပ္ပ ၄-ပါးသာ ရသည်။

၄။ ကာမဘုံ၌ ၄၀-လုံးရသည်။

[ကာမဘုံ၌ ၄၀၊ နတ်ဘုံ ၂၈၊ ဗြဟ္မာ ၂၇၊ အရူပ ၄၊ ပေါင်း - ၄၀။
အရူပ လေးဘုံ၌လည်း အောက်အောက်ကြဉ်၍ အစဉ်အတိုင်း ၄၊ ၃၊ ၂၊ ၁-သာ၊ ပေါင်း ၄။]

ဂဟဏ

၁။ ဝါယောကသိုဏ်းကို ဒိဋ္ဌဝတ္ထု, ဖုဋ္ဌဝတ္ထုဖြင့် (မြင်ရာ, ထိရာဖြင့်) ဥဂ္ဂဟနိမိတ် ယူရသည်။

၂။ ကြွင်း ကသိဏအသုဘ တစပဉ္စက-အားဖြင့် ၂၀-ကို ဒိဋ္ဌိဝတ္ထုဖြင့် ယူရသည်။

၃။ အာနာကို ဖုဋ္ဌဝတ္ထုဖြင့် ယူရသည်။

၄။ ကြွင်း ၁၉-ပါးကို သုတဝတ္ထု (ကြားဘူးရာ) ဖြင့် ယူရသည်။

[ဒိဋ္ဌဖုဋ္ဌ ၁၊ ဒိဋ္ဌ ၂ဝ၊ ဖုဋ္ဌ ၁၊ သုတ ၁၉၊ ပေါင်း ၄၁။
ကာယဂတာ၌ နှစ်ခုခွဲ ယူသည်၊ ၃၂-ကောဋ္ဌာသတို့တွင် ၅-ခု ဒိဋ္ဌ၊ ၂၇-ခု သုတတည်း၊ ထို့ကြောင့် ၄၁။]

အာဒိကမ္မိက

ဥပေက္ခာ, အာရုပ္ပ-ဤငါးပါးကို အာဒိကမ္မိက မပွားအပ်။

[အာဒိကမ္မိကပ္ပား ၃၅၊ မပွား ၅၊ ပေါင်း ၄၀။]

ပစ္စယ

၁။ ကသိုဏ်းဆယ်ပါးသည် အဘိညာ၏ အကြောင်းဖြစ်၏။
၂။ အာကာကြဉ်သော ကသိုဏ်းကိုးပါးသည် အာရုပ္ပ ဈာန်၏ အကြောင်းဖြစ်၏။
၃။ မေတ္တာ, ကရုဏာ, မုဒိတာ-သုံးပါးသည် ဥပေက္ခာ ဈာန်၏ အကြောင်းဖြစ်၏။
၄။ အောက်အောက်အာရုပ္ပသည် အထက်ထက် အာရုပ္ပ၏ အကြောင်းဖြစ်၏။
၅။ နေဝသညာသည် နိရောဓ၏ အကြောင်းဖြစ်၏။
၆။ လေးဆယ်လုံးသည် မျက်မှောက်ဘဝ ချမ်းသာစွာ နေရခြင်း၏ အကြောင်း ဝိပဿနာ၏ အကြောင်း, ဘဝသမ္ပတ္တိ၏အကြောင်း ဖြစ်၏။

[အဘိညာ အကြောင်း ၁၀၊ အာရုပ္ပ ၉၊ ဥပေက္ခာ ၃၊ အထက် အာရုပ္ပ ၃၊ နိရောဓ ၁၊ မျက်မှောက်ချမ်းသာ, ဝိပဿနာ, ဘဝသမ္ပတ္တိ အကြောင်း ၄၀၊ ပေါင်း ၄ဝ။]

စရိယာနုကူလ

၁။ ရာဂစရိုက်ရှိသူအား ၁၁-ပါး လျော်၏၊
၂။ ဒေါသအား ၈-ပါး လျော်၏၊
၃။ မောဟ ဝိတက်အား ၁-ပါး လျော်၏၊
၄။ သဒ္ဓါအား ၆-ပါး လျော်၏၊
၅။ ဗုဒ္ဓိအား ၄-ပါး လျော်၏၊
၆။ စရိုက် အားလုံးအား ၁၀-ပါး လျော်၏၊ ၊
ပေါင်း ၄ဝ။

သဗ္ဗတ္ထက

၁။ မေတ္တာ, မရဏ, အသုဘ-သုံးပါးသည်၊ ဝါ-၁၂-ပါးသည် ရဟန်းကိစ္စ အားလုံး၌ ကမ္မဋ္ဌာန်း အားထုတ်ရာတိုင်း၌ အလိုရှိအပ်သောကြောင့် သဗ္ဗတ္ထက ကမ္မဋ္ဌာန်း မည်၏။

၂။ လေးဆယ်လုံးသည် စရိုက်အား လျော်စွာ အမြဲဆောင်အပ်သောကြောင့် ပါရိဟာရိယ ကမ္မဋ္ဌာန်း မည်၏။

[သဗ္ဗတ္ထက ၁၂၊ ပါရိဟာရှိ ၄၀၊ ပေါင်း ၄၀။]

ပရမတ်၌ အပ္ပနာ

၁။ ဘုရားဂုဏ် စသည်သည် ပရမတ်ဖြစ်၏၊ များသော အပြားရှိ၏၊ ဂုဏ်တခု တခုသည်ပင် လွန်စွာနက်နဲ၏၊ ရေနက်ရာ လှေနစ်သကဲ့သို့ ဆောက်တည်ရာမရ၊ ထို့ကြောင့် ဗုဒ္ဓါဒိအဋ္ဌ, သညာ, ဝဝတ္ထာန် ဆယ်ပါး၌ အပ္ပနာမဖြစ်။

၂။ ဝိညာ, နေဝဈာန်ကား ပရမတ်ကို အာရုံပြုသော်လည်း အာရုံကို လွန်သော ဘာဝနာစွမ်းဖြင့် အပ္ပနာသို့ ရောက်၏။

[ပရမတ်၌ အပ္ပနာမဖြစ် ၁ဝ၊ ဖြစ် ၂၊ ပေါင်း ၁၂။
ဆက်ဦးအံ့-
လောကုတ္တရာ သမာဓိသည်လည်း ဝိသုဒ္ဓိ ဘာဝနာစဉ်စွမ်းဖြင့် ပရမတ်အာရုံ၌ အပ္ပနာသို့ ရောက်၏။
အာရုံလွန်သော ဘာဝနာထူး, ဝိသုဒ္ဓိ ဘာဝနာထူး နှစ်မျိုး။]

ဈာန်တစိတ်ဖြစ်ကြောင်း

၁။ အသုဘ, ကာယဂတာ တို့သည် စက်ဆုပ်ဘွယ် ဖြစ်ကုန်၏၊ ရေယဉ်ကြမ်း၌ ထိုးဝါးစွမ်းဖြင့်သာ လှေတည်သကဲ့သို့ စက်ဆုပ်ဘွယ် အာရုံဆိုး၌ ဝိတက်စွမ်းဖြင့်သာ စိတ်တည်သည်၊ ထို့ကြောင့် ထိုအာရုံ၌ ဝိတက်ရှိသော ပဌမဈာန်သာ ဖြစ်သည်။

၂။ မေတ္တာ, ကရုဏာ, မုဒိတာ တို့သည် ဗျာပါဒ, ဝိဟိံသ, အရတိ ဟူသော ဒေါမနဿ သဟဂုတ်တို့ကို ပယ်သဖြင့် ဆန့်ကျင်ဘက် သောမနဿတို့သာ ဖြစ်ထိုက်ကုန်၏၊ ထို့ကြောင့် ထိုအာရုံ၌ သောမနဿ ရှိသော ဈာန်လေးပါးသာ ဖြစ်သည်။

၃။ ဥပေက္ခာ, အာရုပ္ပ တို့သည် ကမ္မ+ဿက+တာ ဉာဏ်ဖြင့် လျစ်လျူ ရှုကုန်၏၊ တတြမဇ္ဈတ္တတာ စေတသိက်အားရှိကုန်၏၊ ထို့ကြောင့် ထိုအာရုံ၌ ဥပေက္ခာရှိသော ပဉ္စမဈာန်သာ ဖြစ်သည်။

[ပဌမဈာန်သာ ၁၁၊ အောက်ဈာန် လေးပါးသာ ၃၊ ပဌမဈာန်သာ ၅၊ ပေါင်း ၁၉၊ ဈာန်ငါးပါးလုံးဖြစ်သော ကသိဏ, အာနာ ၁၁-နှင့် ပေါင်း ၃၀။ ကမ္မ + ဿက + တာဉာဏ်

ကုသိုလ်, အကုသိုလ်ကံသည် ကမ္မမည်၏၊
မိမိ၏ဥစ္စာသည် သက မည်၏၊
ကမ္မ-ကံ ဟူသော+သက မိမိဥစ္စာရှိသော သတ္တဝါ အားလုံးသည် ကမ္မ+ဿက မည်၏၊
ကမ္မဿက ဖြစ်ကြောင်းကုသိုလ် ကံ, အကုသိုလ်ကံသည် ကမ္မဿကတာ မည်၏၊
(ယခင် ကမ္မပင်တည်း)။
ထိုကံကို မြင်သိသော ဉာဏ်သည် ကမ္မဿကတဉာဏ် မည်၏။ ]

စရိုက်မှတ်ဘွယ်

စရိုက်ခြောက်ပါးတို့တွင် ရာဂသည် အကုသိုလ် အဘို့၌ နူးညံ့၏၊ ဝတ္ထု ကာမဂုဏ်ကို ရှာဖွေ၏၊ သဒ္ဓါသည် ကုသိုလ်အဘို့၌ နူးညံ့၏၊ သီလ စသော ဂုဏ်ကိုရှာဖွေ၏၊ သဘောချင်းတူသည်၊ ထို့ကြောင့် ရာဂများလျှင် သဒ္ဓါများတတ်သည်၊ သဒ္ဓါများလျှင် ရာဂများတတ်သည်။

ဒေါသသည် အာရုံနှင့် မကပ်ငြိ၊ မဟုတ်သော အပြစ်ကို ရှာဖွေ၏၊ ပညာလည်း မကပ်ငြိ၊ ဟုတ်သောအပြစ်ကို ရှာဖွေ၏၊ သဘောချင်းတူသည်၊ ဒေါသများလျှင် ပညာများ၊ ပညာများလျှင် ဒေါသများတတ်သည်။

မောဟသည် အနှောက်အယှက်များ၍ မတည်ကြည်၊ မသက်ဝင်နိုင်ခြင်းဖြင့် တုန်လှုပ်၏၊ ဝိတက်သည် အကြံများ၍ မတည်ကြည်၊ လျင်စွာကြံခြင်းဖြင့် တုန်လှုပ်၏၊ သဘောချင်းတူသည်၊ မောဟများလျှင် ဝိတက်များ၊ ဝိတက်များလျှင် မောဟများတတ်သည်။

ဣဋ္ဌာရုံ၌ လေ့ကျက်သူ, နတ်ပြည်မှ လာသူတို့အား ရာဂများတတ်သည်၊ သတ်ဖြတ်ခြင်း၌ လေ့ကျက်သူ, ငရဲမှလာသူတို့အား ဒေါသများတတ်သည်၊ သေအရက် သောက်စားသူ, အမေးအမြန်းနည်းသူ, တိရစ္ဆာန်ဘဝမှ လာသူတို့အား မောဟများတတ်သည်ဟု-ဆိုကုန်၏။

ယင်းသို့ ဆိုသော်လည်း စင်စစ်အားဖြင့် ကုသိုလ်ပြုစဉ် ရာဂခြံရံအံ့၊ ထိုကံဖြင့် ပဋိသန္ဓေနေသော သူသည် ရာဂစရိုက်ရှိသူ ဖြစ်၏၊ ဒေါသ မောဟ ဝိတက်ရံအံ့၊ ထို့အတူတည်း၊ ပညာခြံရံလျှင် ဗုဒ္ဓိစရိုက်ရှိသူ၊ သဒ္ဓါခြံရံလျှင် သဒ္ဒါစရိုက်ရှိသူ ဖြစ်၏။

စရိုက်ညံ့လျှင် ခွေးမြီးကောက်နှင့် တူ၏၊ ကျည်တောက် စွတ်၍ မဖြောင့်နိုင်၊ စရိုက်သဘောသည် မပြတ်ဖြစ်တတ်၏၊ မိုဃ်းမမြင်, လေမမြင် အဆင်အခြင် မရှိ၊ စုတ်ထိုးမရ နွားငယ်ရေကျ ဖြစ်တတ်၏၊ ပဋိသန္ဓေကံပြုစဉ်ကပင် မျိုးဆက် ပါလာသောကြောင့်တည်း၊ ထို့ကြောင့် ကုသိုလ်ပြုသောအခါ ရာဂစသည် မခြံရံစေဘဲ သဒ္ဓါ, ပညာခြံရံအောင် သတိကြီးစွာ ထားအပ်၏၊ အပျော်နှင့် အကြွား ကလည်း ကုသိုလ်ဟန်ဆောင်၍ ပြိန်းအသော ဗာလကို လှည့်စားလေ့ရှိသည်။

ရာဂစရိုက်ရှိသူသည် ဆေးခြောက်မူးကဲ့သို့ သိမ်မွေ့သော အမူအရာရှိ၏၊ ခြေရာ အလယ် မထင်အောင် ဖြေးဖြေးနင်း၍ သွားတတ်၏၊ အင်္ဂါကြီးငယ် ကောင်းစွာထား၍ အိပ်၏၊ ထသောအခါ ဖြည်းဖြည်းသာသာ စကားတုံ့ ပေး၍ ထ၏၊ ကိစ္စပြုရာ၌ သပ်ယပ်၏၊ အဝတ်အရုံ သေသပ်၏၊ ဆိမ့်ချို ဆိမ့်ချိုမွှေးကြိုင်ကြိုက်၏၊ အရသာခံ၍ အဝန်းညီစွာ စားတတ်၏၊ ဣဋ္ဌာရုံအနည်းငယ် မြင်လျှင် မခွါရက်အောင် ခင်မင်၏။

ဒေါသစရိုက်ရှိသူသည် နွားရူးစူးထိုး-နဖားကြိုးတင်း သကဲ့သို့ ရှူးရှားသော အမူအရာ ရှိ၏၊ ခြေစွန်းဖြင့်တူးသကဲ့သို့ ဒရွတ်တိုက်၍ သွားတတ်၏၊ မျက်မှောင်ရှုံ့၍ အိပ်၏၊ လျင်စွာစကားတုံ့ပေး၍ ထသည်၊ ကိစ္စပြုရာ၌ မသပ်ယပ်၊ အဝတ်အရုံ တင်းကြပ် မညီရှိ၏၊ ချဉ်ငန်စပ်ခါးကြိုက်၏၊ အရသာ မခံ၊ ခံတွင်း အပြည့်အဖောင်း စား၏၊ အနိဋ္ဌာရုံ အနည်းငယ်မြင်လျှင် ကဲ့ရဲ့လွယ်၏။

မောဟစရိုက်ရှိသူသည် ပဒိုင်းသီး စားမိသော ဖွတ်, ပဒတ်ကဲ့သို့ ငေးမှိုင်သော အမူအရာရှိ၏၊ အသွားကြံ့ကြာ၏၊ ကိုယ်လက်တောင့်တင်းသကဲ့သို့ ချွတ်ချော်စွာ နင်း၍ သွားတတ်၏၊ မှောက်ခုံကားယား အိပ်၏၊ တအင်အင် ပြု၍ တဖြည်းဖြည်း ထ၏၊ ကိစ္စပြုရာ၌ သိပ်သည်းခြင်း မရှိ၊ အဝတ်အရုံ ရှုပ်ထွေးမညီ ရှိ၏၊ ကြိုက်သော အစာ အမြဲမရှိ၊ အလုပ်သေးသေး မညီမညွတ် စားတတ်၏၊ လက် နှုတ်ခမ်း ပေကပ်ခြင်း ဖိတ်စင်ခြင်း များ၏၊ ပင်ကိုယ်သဘောဖြင့် ချီးမွမ်းကဲ့ရဲ့ မပြု၊ သံယောင် လိုက်တတ်၏။

သဒ္ဓါစရိုက်ရှိသူ စသည်တို့သည် ရာဂစသည်တို့နှင့် သဘောချင်း တူသောကြောင့် အမူအရာ စသည်တို့သည်လည်း တူကုန်၏။

ရာဂစရိုက်ရှိသူအား ဆွမ်းခံလမ်း, ရွာ, ဒါယကာနှင့် ပစ္စည်းလေးဖြာ ရွံဘွယ်စုတ်ချာ အနိဋ္ဌာဖြစ်လျှင် သင့်၏၊ ရပ်ခြင်း, သွားခြင်း ဣရိယာပုထ် သင့်၏၊ ရာဂမဖြစ်နိုင်။

ဒေါသစရိုက်ရှိသူ, သဒ္ဓါစရိုက်ရှိသူအား သန့်ရှင်းသော ဣဋ္ဌာရုံဖြစ်လျှင် သင့်၏၊ အိပ်ခြင်း ထိုင်ခြင်းသင့်၏။

မောဟစရိုက် ရှိသူအား ကြီးပြန့် ကျယ်ဝန်းသော အာရုံသင့်၏၊ သွားခြင်း ဣရိယာပုထ် သင့်၏။

ဝိတက်စရိုက်ရှိသူအား ကျဉ်းမြောင်း ဖုံးကွယ်သေးငယ်သော အာရုံသင့်၏၊ ရပ်ခြင်း သွားခြင်းသင့်၏။

ဗုဒ္ဓိစရိုက်ရှိသူအား မသင့်သော အာရုံမရှိ။

သဗ္ဗတ္ထကကမ္မဋ္ဌာန်း

အာပတ်မရှိ မည်ရုံဖြင့် ပါတိမောက္ခသံဝရ သီလလုံ၏၊ ဒွါရခြောက်ပါး အကုသိုလ် မဖြစ်စေရုံဖြင့် ဣန္ဒြိယသံဝရ လုံ၏၊ မိစ္ဆာဇီဝကင်းအောင် ဆွမ်းခံ စားရုံဖြင့် အာဇီဝပါရိသုဒ္ဓိသီလလုံ၏၊ ပစ္စည်းလေးပါး ပစ္စဝေက္ခဏာ ဆင်ခြင် သုံးဆောင်ခြင်းဖြင့် ပစ္စယသန္နိဿိတသီလလုံ၏၊ ဤသီလလေးပါးသည် ဓုတင်ဆောင်၍ အလိုနည်းခြင်း, ရောင့်ရဲလွယ်ခြင်း စသည်ကို ဖြစ်စေလျှင် အထူးစင်ကြယ်၏၊ သီလစင်ကြယ်လျှင် လောကီသမာဓိကို ပွားစေအပ်၏၊ လောကုတ္တရာ သမာဓိကား ပွားစရာမဟုတ်၊ လောကီပညာ ပွားခြင်းဖြင့် လောကုတ္တရာမဂ်ပညာ ဖြစ်သောအခါ လောကုတ္တရာ သမာဓိ ပွားပြီး ဖြစ်၏။

နေရာမရွေး ပွားအပ်သော ကမ္မဋ္ဌာန်းသည် သဗ္ဗတ္ထက ကမ္မဋ္ဌာန်း မည်၏၊ မေတ္တာ, မရဏ, အသုဘ-ဟု သုံးမျိုးပြား၏၊ ထိုတွင် -

၁။ မေတ္တာကို ကျောင်းတွင်းရှိ သီတင်းသုံးဘော်တို့အား ရှေးဦးစွာ ပွားရသည်၊ အကျိုးကား- သီတင်းသုံးဘော်တို့ စိတ်နှလုံး နူးညံ့သဖြင့် ချမ်းမြေ့ကြည်သာသော အပေါင်းအဘော်တို့ ဖြစ်ကုန်၏၊ ထိုနောက် ကျောင်းတွင်းရှိ နတ်တို့အား မေတ္တာ ပွားလျှင် နတ်တို့စောင့်ရှောက်ကုန်၏၊ ဆွမ်းခံရာ၌ အစိုးတရ အုပ်ချုပ်သော သူတို့အား ပွားလျှင် ပစ္စည်း ပရိက္ခရာ မပျောက်ပျက်အောင် စောင့်ရှောက်ကုန်၏၊ ဆွမ်းခံရွာနေ လူတို့အားပွားလျှင် လူတို့ကြည်ညို၍ မနှိပ်စက်ကြကုန်၊ အရပ် ဆယ်မျက်နှာ သတ္တဝါ အားလုံးတို့အား ပွားလျှင် အရပ်ရပ် အပိတ်အပင်မရှိ လှည့်လည်နိုင်၏။

မေတ္တာပွားပုံ

၁။ (သိမဋ္ဌသံဃော-) ကျောင်းတွင်းရှိ သီတင်းသုံးဘော် အပေါင်းသည်
ရန်ကင်းကြပါစေ၊
စိုးရိမ်ခြင်း ကင်းကြပါစေ၊
ဆင်းရဲခြင်း ကင်းကြပါစေ၊
မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင် နိုင်ကြပါစေ။

၂။ (သီမဋ္ဌဒေဝတာ) ကျောင်းတွင်းရှိ နတ်တို့သည် --
ရန်ကင်းကြပါစေ၊
စိုးရိမ်ခြင်းကင်းကြပါစေ၊
ဆင်းရဲခြင်း ကင်းကြပါစေ၊
မိမိ ကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။

၃။ (အမှာကံ ဂေါစရဂါမေ ဣဿရဇနာ ဇေဋ္ဌကမနုဿာ) ဆွမ်းခံရွာ၌ အစိုးတရ အုပ်ချုပ်ကြသော သူတို့သည် --
ရန်ကင်းကြပါစေ၊
စိုးရိမ်ခြင်း ကင်းကြပါစေ၊
ဆင်းရဲခြင်း ကင်းကြပါစေ၊
မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင် နိုင်ကြပါစေ။

၄။ (အမှာကံ ဂေါစရဂါမေ မနုဿ ဥပါဒါယ သဗ္ဗသတ္တာ-)ဆွမ်းခံရွာနေ လူတို့သည်
ရန်ကင်းကြပါစေ၊
စိုးရိမ်ခြင်း ကင်းကြပါစေ၊
ဆင်းရဲခြင်း ကင်းကြပါစေ၊
မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင် နိုင်ကြပါစေ။

၅။ အရပ် ဆယ်မျက်နှာ သတ္တဝါ အားလုံးတို့သည် --
ရန်ကင်းကြပါစေ၊
စိုးရိမ်ခြင်း ကင်းကြပါစေ၊
ဆင်းရဲခြင်း ကင်းကြပါစေ၊
မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင် နိုင်ကြပါစေ။

၂။ ထိုနောက် မရဏဿတိ ပွားရသည်၊ အကျိုးကား -
မိစ္ဆာဇီဝ အနေသနကို ပယ်နိုင်၏၊
သံဝေဂဉာဏ် ဆင့်ဆင့်တိုး၏၊
သမ္မာပဋိပတ်၌ မတွန့်မဆုတ် ထက်သန်၏။

မရဏဿတိပွားပုံ

ငါသည် ဧကန်မုချ သေရလတ္တံ့။

၁။ တနေ့နှင့် တညဉ့်မျှလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။

၂။ တနေ့မျှလောက်ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။

၃။ နေ့ထက်ဝက်မျှလောက်ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။

၄။ အစာတထပ် စားချိန်လောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။

၅။ အစာ တထပ်စားချိန်၏ ထက်ဝက်မျှလောက် ကြာအောင် အသက် ရှည်လျှင် တော်ပေစွ။

၆။ အစာလေးငါးလုပ် မျိုသလောက်ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။

၇။ အစာတလုပ် မျိုးသလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။

၈။ ထွက်သက်မှ ဝင်သက်တိုင်ရုံလောက်၊ ဝင်သက်မှ ထွက်သက် တိုင်ရုံလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။

ဧကန်မုချ ငါသေရလတ္တံ့။

၃။ ထိုနောက် အသုဘကောင်, အကောင်ပုပ်, အရိုးစုတို့၏ စက်ဆုပ်ဘွယ်ကို ဆင်ခြင်၍ မိမိကိုယ်, သူတပါးကိုယ်, သက်ရှိ, သက်မဲ့ အားလုံး အသုဘ ဘာဝနာ ဖန်ဖန်ရှုရသည်၊ အကျိုးကား - နတ်ပြည်အာရုံ ကာမဂုဏ်တို့ သော်လည်း မိမိစိတ်ကို လောဘ ဖြစ်အောင် မတတ်နိုင်ကြကုန်။

အသုဘဘာဝနာပွားပုံ

၁။ ဤကိုယ်သည် အခါမရွေး အနံ့ဆိုး မစင်ကြယ် ကဲ့ရဲ့ဘွယ်ဖြစ်သော ကိုယ်ကောင်ပါတကား။

၂။ အရိုးတိုင်သဘော အကြောရစ်ပတ် အသားကပ်မြှုပ် အရေထူ အရေပါး အုပ်ထားသော ကိုယ်ကောင်ပါတကား။

၃။ ရွံဘွယ်ယိုကြောင်း ဟောင်းလောင်းအက်အာ အိုင်းအမာ ကိုးခုရှိသော ကိုယ်ကောင်ပါတကား။

၄။ ပိုးမျိုးယှက်ထွေး သစ်ထဲဆွေးသို့ ညစ်ကြေးပြည့်လျှံ တလံမျှသော ကိုယ်ကောင်ပါ တကား။

၅။ မွေးသည်ကစ၍ မပြုမပြင် ပင်ကိုယ်အတိုင်း မြင်ရလျှင် ဆံပင် ရှုပ်ထွေး စုတ်ဖွား မွေးဖြိုင်ဖြိုင် ညစ်ကြေး လှိုင်လျက် ပြည်ကြီးပိုင်နှင့် သူရူး သူမသာ ငါမကျူး မြွာပူးအလား မထူးခြားသော ကိုယ်ကောင်ပါတကား။

၆။ ပေါက်ပင်မှ မကြွေမီ မကျမီ အဆီတရွှဲရွှဲ အသားတွဲဟု ခွေးငတ် စွဲသော်လည်း ပေါက်ပွင့်-ပေါက်ပွင့်သာတည်း။

၇။ ဤကိုယ်မှ မယိုမီ မကျမိ အဆီတရွှဲရွှဲ အသားတွဲ-ဟု တဏှာငတ် စွဲသော်လည်း အဖတ်ခဲရေညှီ မသတီစရာ ရွံဘွယ်သာတည်း။

၈။ ဤကိုယ်၏ အတွင်းသား ပြင်ပလှန်ထားလျှင် လေးမြှား တုတ် ချောင်း စုကာ ပေါင်း၍ ချောက်မောင်းဘို့သာ ကျီးစာ ခွေးစာ လင်းတစာပါတကား။

၉။ ရေဆေးနိုင်အား တန်ဆာငါးဖြင့် ဖုံးထားရပုံ ကြောင်းစုံမသိ ဉာဏ်မျက်စိကင်း မမြင်ခြင်းကြောင့်သာ ... မြင်တတ်ပါကား အနားကပ်ပင် မခံချင်စရာ ကိုယ်ကောင် ပါတကား။

ဤသို့ မေတ္တာ, မရဏဿတိ အသုဘသည် လွန်စွာကျေးဇူးရှိ၏၊
ရဟန်းကိစ္စအားလုံး၌ အလိုရှိအပ်၏၊
ထို့ကြောင့် သဗ္ဗတ္ထက ကမ္မဋ္ဌာန်း မည်၏။

ကသိုဏ်းဆယ်ပါး

စရိုက် အားလျော်စွာ အမြဲဆောင်အပ်သော ကမ္မဋ္ဌာန်းသည် ပါရိဟာရိယ ကမ္မဋ္ဌာန်း မည်၏၊ လေးဆယ်ရှိ၏၊ စီးဖြန်းလိုသော သူသည် --

ရှေးဦစွာ သီလလေးပါး သုတ်သင်ရသည်၊
ပလိဗောဓဆယ်ပါး ဖြတ်ရသည်၊
ကလျာဏမိတ္တထံ ချဉ်းကပ်၍ စရိုက်နှင့်သင့်သော ကမ္မဋ္ဌာန်းကို သင်ယူရသည်၊
မသင့်သောကျောင်း ၁၈-ရပ် ရှောင်ကြဉ်ရသည်၊
အင်္ဂါငါးပါး ရှိသော သင့်သောကျောင်း၌ နေရသည်၊
ဆံရိတ်ခြင်းစသော ပလိဗောဓငယ် ဖြတ်ခြင်းကို ပြုပြီးစေရသည်။

ပထဝီ ကသိုဏ်း

၁။ ကသိုဏ်း၌ ပထဝီကသိုဏ်း ဟူသည်ကား မြေသည်ပင်လျှင် တစိတ် တဒေသ၌ မတည်မူ၍ အဆုံးမရှိ အလုံးစုံပျံ့နှံ့၍ တည်သောကြောင့် ကသိဏ မည်၏။ ပထဝီ ကသိုဏ်းဝန်းသည်၎င်း, ထို၌ထင်သော ပဋိဘာဂနိမိတ်သည်၎င်း, ထိုနိမိတ်ကို အာရုံပြု၍ ရသော ဈာန်သည်၎င်း ပထဝီကသိဏသာ မည်ကုန်၏၊

အာပေါကသိုဏ်း စသည်လည်း ဤနည်းတည်း။

ပထဝီကသိုဏ်းဝန်း ပြုလုပ်နည်းကား- မြေအရောင် ဖြူ နီ ညို ရွှေ လေးထွေမှ လွတ်သော အရုဏ်ရောင်အသွေး မဝင်းမဝါ မြေနုစေးစေးကို ညက်ညက်ဆင့်၍ ရေကျင်းဖျော်ပြီးလျှင် ပျဉ်ပြား သားရေ အဝတ်စသည်၌ ဝန်းဝန်း ဝိုင်းဝိုင်း တထွာနှင့် လက်လေးသစ်ခန့် လိမ်းသုတ်ရသည်၊ အနားကို မဲနည် ဆေးဒန်းစသော အဆင်း တပါးဖြင့် ဝန်းကျင်ပတ်ဝိုင်း ပိုင်းခြားရသည်၊ စည်မျက်နှာကဲ့သို့ ပြေပြစ် ချောမွေ့ စေရသည်။

စီးဖြန်းလိုသောအခါ တထွာ လေးသစ်ခန့် မြင့်သော ခုံငယ်၌ တင်ပျဉ်ခွေ၍ ကိုယ်ဖြောင့်စွာထိုင်၍ ကသိုဏ်းဝန်းကို နှစ်တောင်ထွာအတွင်း ထားပြီးလျှင် ရှေးဦးစွာ ကာမဂုဏ်အပြစ် ဆင်ခြင်ရသည်၊ ကာမဂုဏ်အပြစ် မြင်သောအခါ ကာမဂုဏ်မှ ထွက်မြောက်ရာ နေက္ခမအမည်ရသော မဂ်ဖိုလ် အခြေခံ ဈာန်၌ ရလိုသော အာသာဆန္ဒ ပြင်းထန်စွာ ရှိရသည်၊ ကာမဂုဏ် အပြစ်မမြင်လျှင် ဈာန်အာသာ မပြင်းထန်၊ ထိုနောက် ရတနာသုံးပါးဂုဏ် အာရုံထား၍ ပီတိပါမောဇ္ဇ လွှမ်းထုံစေရသည်၊ ဤအကျင့်သည် သူတော်ကောင်းအကျင့်ဟု ရိုသေစွာ အလေးပြု ရသည်၊ အိုဘေး နာဘေး သေဘေးမှ လွတ်ရပေတော့မည်-ဟု အားထုတ်လိုသော စိတ်ကို ကြီးစွာဖြစ်စေရသည်။ ဆင်ခြင်ပုံ စသည်ကား -

ကာမဂုဏ်အပြစ်

၁။ ကာမဂုဏ်ဟူသည် သာယာဘွယ်ပါး ခွေးငတ်ဝါး၍ လျက်စားခဲ့လေ မပြေအဆာ ပင်ပန်းသာကဲ ညှီနံ့စွဲသိုး အမဲရိုးနှင့် တူလှ၏။

၂။ ဆက်ဆံသူရှုပ်ထွေး ကျီးခွေးဝိုင်းလု အသားစုနှင့် တူလှ၏။

၃။ လေညာဆောင်လျှင် လက်တွင်လောင်ကူး မြက်မီးရှူးနှင့် တူလှ၏။

၄။ ပူရှိန်ထန်ပြင်း မီးကျီးတွင်းနှင့် တူလှ၏။

၅။ ခဏချင်းကွယ်ပျက် အိပ်မက် မက်သည်နှင့် တူလှ၏။

၆။ ခေတ္တဝါကြွား ပစ္စည်းငှါးနှင့် တူလှ၏။

၇။ အသီးကိုမက် ပင်ရင်းဖျက်မူ ပင်ထက်လူ သေပွဲ ပြွတ်၍ခဲသော သစ်သီးနှင့် တူလှ၏။

၈။ ခုတ်စဉ်းတိုင်း မလွတ်ကင်း အတင်း သိမ်းကျုံး စဉ်းတီတုံးနှင့် တူလှ၏။

၉။ အူအသည်းစူးဝင် တံကျင်လှံမနှင့် တူလှ၏။

၁၀။ တွေးတောဘွယ် အတိ ဘေးအပြည့်စုပေါင်း ဦးခေါင်းနှင့် တူ၏။

၁၁။ အပြစ်ပေါများ စီးပွားတိုး ကိုယ်ကျိုးပျက်ပြုန်း လူညံ့သုဉ်း ဖြစ်၏။

ဤကား- ကာမဂုဏ်အပြစ် ဆင်ခြင်ခြင်းတည်း။

အာသာပြင်းထန်

ဤကာမဂုဏ်မှလွတ်က ဥပစာ, အပ္ပနာ ဈာန်ချမ်းသာ ထိုထိုသည် မဂ်ဖိုလ်ရကြောင်း အခြေခံကောင်း ဖြစ်၏၊ ထိုအခြေခံဈာန်ကို ယခုရမူ ကောင်းလေစွ၊ ယခုရမူ ကောင်းလေစွ။

ဤကား- အာသာပြင်းထန်ခြင်းတည်း။

ပီတိပါမောဇ္ဇ ဖြစ်စေ

၁။ မဖောက်မပြန် ဟောပြသော ဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓ စင်စစ် ဖြစ်ပေစွ၊ သမ္မာသမ္ဗုဒ္ဓစင်စစ် ဖြစ်ပေစွ။

၂။ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း တရားတော်သည် သွာက္ခာတ စင်စစ် ဖြစ်ပေစွ၊ သွာက္ခာတ စင်စစ် ဖြစ်ပေစွ။

၃။ ဆုံးမတိုင်း မချွတ်မယွင်း ဖြောင့်စင်းသော သံဃာသည် သုပ္ပဋိပန္န စင်စစ် ဖြစ်ပေစွ၊ သုပ္ပဋိပန္န စင်စစ် ဖြစ်ပေစွ။

ဤကား- ရတနာသုံးပါးဂုဏ်ဖြင့် ဝမ်းမြောက်ခြင်းတည်း။

အလေးပြုခြင်း

ယခုဤအကျင့်သည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့၏သွားရာ လမ်းကောင်း ထွက်မြောက်ကြောင်းဖြစ်၏၊ သွားရာ လမ်းကောင်း ထွက်မြောက်ကြောင်းဖြစ်၏။

ဤကား-အကျင့်ကို အလေးပြုခြင်းတည်း။

စိတ်ဖြစ်စေခြင်း

ဤအကျင့်ဖြင့် အိုဘေး, နာဘေး, သေဘေးမှ လွတ်ရာ ချမ်းသာသုခ ရပေတော့ လတ္တံ့၊ ချမ်းသာသုခ ရပေတော့လတ္တံ့။

ဤကား-အားထုတ် လိုသောစိတ်ကို ဖြစ်စေခြင်းတည်း။

ဤသို့ အားထုတ်လိုသောစိတ် ကြီးစွာဖြင့် ကသိုဏ်းဝန်းကို မမှိတ်လွန်း မဖွင့်လွန်း မှန်ရိပ်ကိုသာ ကြည့်သကဲ့သို့ ကြည့်ရသည်၊ မှန်ရောင် မှန်လက္ခဏာကို မစဉ်းစားရ၊ ထို့အတူ ကသိုဏ်းဝန်း၏ မြေအဆင်း အရုဏ်ရောင်ကို မဆင်ခြင်ရ၊ ပထဝီ၏ ခက်မာခြင်း လက္ခဏာကို နှလုံးမသွင်းရ၊ အဆင်းနှင့် မှိရာမြေကို တစပ်တည်း အလားတူ ထင်စေ၍ ကသိုဏ်းဝန်းဒြဗ်၌ စိတ်ကိုထား၍ ပထဝီ,ပထဝီ၊ မြေမြေ-ဟု နှုတ်မြွက်၍၎င်း, စိတ်ကြံ၍၎င်း - ထင်လာအောင် ဖန်ဖန် ပွားရသည်၊ ရံခါမှိတ်၍ ရံခါကြည့်၍ နှလုံး၌ဝင်အောင် သွင်းရသည်၊ နေရာနွေးအောင်ထိုင်ခြင်း ထောင်သောင်း မက ဤ နည်းအတိုင်း ပွားများရသည်။

ပွားဖန်များလတ်သော် ကြည့်စဉ်မျက်စိအား ထင်သကဲ့သို့ မှိတ်စဉ်လည်း မနောအား ထင်လာ၏၊ ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်သည်မည်၏။ ထိုနောက် ပဋိဘာဂနိမိတ် ထင်စိမ့်သောငှါ ကသိုဏ်းဝန်းကို တနေရာ ဖယ်ထား၍ ပွားမြဲတိုင်း အလွတ် ပွားရသည်၊ ဥဂ္ဂဟနိမိတ် ပျောက်သွားလျှင် ကသိုဏ်းဝန်းကို ပြန်ကြည့်၍ ပွား၍ ယူရသည်။

ဤသို့ ဖန်ဖန်ပွားလတ်သော် ဘာဝနာစဉ်ဖြင့် နိဝရဏကွာ၏၊ ကိလေသာ မြူ အနည် ကျ၏၊ ဥပစာရသမာဘာဝနာသို့ရောက်၍ စိတ်တည်၏၊ ထိုအခါ ပဋိဘာဂနိမိတ် ဖြစ်သည် မည်၏၊

ယခင် ဥဂ္ဂဟနိမိတ်၌ လက်ရာ အရေးအကြောင်း စသော ကသိဏဒေါသ ထင်တတ်၏၊ ဤပဋိဘာဂနိမိတ်ကား အိတ်မှထုတ်သော မှန်ကြေးမုံဝန်း, ပွတ်သွေး ပြီးသော ခရုသင်းခွက်, တိမ်တိုက်ကြားမှထွက်သော လပြည့်ဝန်း, တိမ်ညို၌ ပျံသော ဗျိုင်းဖြူကဲ့သို့ ဥဂ္ဂဟနိမိတ်ကို ဖောက်ထွင်း၍ ထွက်လာသည်နှယ်- ဥဂ္ဂဟထက် အဆ ရာထောင် စင်ကြယ်စွာဖြစ်လျက် ထင်လာ၏၊

ထိုပဋိဘာဂ နိမိတ်သည် အဆင်းမရှိ၊ သဏ္ဌာန်မရှိ၊ ပရမတ် မဟုတ်၊ သမာဓိရ၍သာ ထင်ခြင်းမှ ဖြစ်၏၊ ဘာဝနာ သညာကြောင့် ဖြစ်၏၊ ထိုအခါမှစ၍ နီဝရဏ အလိုလိုကွာ၊ ကိလေသာ အလိုလို အနည်ထိုင်၊ ဥပစာရ သမာဓိ ပိုင်လေ၏၊ ဝါ-ဥပစာရ ဥပစာရသမာဓိ ဈာန်ရသူဖြစ်၏။

ဥပစာရသမာဓိနှင့် ပဋိဘာဂနိမိတ် ထင်အောင် ပြုခြင်းသည် တရာမှာ တယောက်၊ တထောင်မှာ တယောက် အလွန်ဖြစ်နိုင်ခဲ၏၊

ထို့ကြောင့် ဖြစ်နိုင်ခဲ ဖြစ်လတ်သော် ထိုနေရာ၌ပင် ထိုနိမိတ်ကို ပွားစေ၍၊ ဝါ-ချဲ့၍ ဈာန်အပ္ပနာရအောင် တတ်နိုင်လျှင် အလွန်ကောင်း၏၊ မတတ်နိုင်လျှင် ထိုနိမိတ် မပျက်အောင် စကြာမင်းလောင်း ကိုယ်ဝန်ကိုကဲ့သို့ အထူး စောင့်ရှောက်ရသည်၊ စောင့်ရှောက်လျှင် ရပြီးသော နိမိတ် မပျောက်မပျက်၊ မစောင့်ရှောက်လျှင် ရတိုင်း ပျောက်ပျက်၏။

ကျောင်း, ဆွမ်းခံရွာ, စကား, ပုဂ္ဂိုလ်, ဘောဇဉ်, ဥတု, ဣရိယာပုထ် ဤခုနစ်ပါးကို ဘာဝနာ မတိုးစေသည့် ခုနစ်ပါးကို ရှောင်၍ တိုးစေသည်။

ခုနစ်ပါးကို မှီဝဲ၍၊ ဝါ-အသပ္ပါယ ခုနစ်ပါးရှောင်လွှဲ၊ သပ္ပါယ ခုနစ်ပါးကို မှီဝဲ၍ ပဋိဘာဂ နိမိတ်ကို စောင့်ရှောက်ကာ အားထုတ်လျှင် အချို့မကြာမီ ဈာန်ရ၏၊ ဤနည်းဖြင့် မရသေးလျှင် -

သဇ္ဈတ္တ ဗဟိဒ္ဓဝတ္ထု စင်ကြယ်အောင်ပြုခြင်း
၂။ သဒ္ဓါစသော ဣန္ဒြေငါးပါး ညီမျှစေခြင်း,
၃။ ကသိုဏ်းနိမိတ် သမာဓိနိမိတ်၌ လိမ္မာခြင်း,
၄။ စိတ်ကိုရံခါ ချီးမြှောက်ခြင်း
၅။ ရံခါ နှိပ်ခြင်း
၆။ ရံခါ ရွှင်စေခြင်း
၇။ ရံခါ လျစ်လျူရှုခြင်း
၈။ သမာဓိနည်းသူကို ရှောင်ကြဉ်ခြင်း,
၉။ သမာဓိရှိသူကို မှီဝဲခြင်း
၁၀။ သမာဓိသို့ ညွတ်သော စိတ်ရှိခြင်း

ဤ အပ္ပနာကောသလ္လဉာဏ် ဆယ်ပါးကို ပြည့်စေ၍ အားထုတ်လျှင် ဈာန်ရနိုင်၏။

ဤသို့လည်း မရသေးလျှင် လုံ့လမလျှော့ရ၊ ဝီရိယနှင့်သမာဓိညီမျှအောင် ပြုရသည်၊ စိတ်တွန့်လျှင် အားပေး၍ လွန်လျှင်တား၍ ညီမျှစေရသည်၊ ပန်းဝတ်မှုံယူရန် ပျံသွားသော ပျားသည် နှေးလွန်းလျှင် နောက်ကျ၍ မရ၊ မြန်လွန်းလျှင် လွန်သွား၍ မရ၊ သွေးကြောပြတ် ပညာသင်သော ဆေးသမားသည် ရေပြင်၌ ကြာရွက်ကိုထား၍ ပြတ်လည်းပြတ်၊ ရေလည်းမဝင်အောင် လေ့လာသောအခါ လက်မရဲလျှင် မဖြတ်၊ ရဲလျှင် အပြတ်လွန်၍ ရေဝင်၏၊

မနှေးမမြန် ပျံသောပျား-ဝတ်မှုံရသကဲ့သို့၊
ချိန်ဆကောင်းသူ- ကြာရွက်ဖြတ် ပညာ အောင်မြင်သကဲ့သို့၊
ဇွဲကောင်းသူ- ပင့်ကူလျှင် လေးငါးလံရအောင် ငင်နိုင်သကဲ့သို့၊
စိတ်ကူးရှိသော လှေသူကြီးသည် လေကြမ်းလျှင် ရွက်ခါး လည်စည်း၍ လေညံ့လျှင် ရွက်ကုန်ဖြန့်သကဲ့သို့၊
မဆုတ်နစ်သူ-ဆီဗူးအပေါက် ကျဉ်းကျဉ်း၌ ဆီမပိတ်အောင် လောင်းသကဲ့သို့
မိမိစိတ်ဖြစ်အင် ဆင်ခြင်၍ မလျော့မတင်း အားထုတ်လျှင် ဈာန်ရနိုင်၏။

ဤသမထအရာသည် ပါရမီမငဲ့၊ ဝီရိယသာ လိုရင်းဖြစ်သည်၊

မြင်းမိုရ်တောင် တူးဖြိုးသည့်လုံ့လမျိုး သံတုံးအပ်ဖြစ်အောင်သွေးသည့် လုံ့လမျိုး စကြာမင်း စည်းစိမ် ယူအံ့သောငှါ မင်းသား၏ အာသာဆန္ဒမျိုး - သက်စွန့် ကြိုးစား ရသည်၊

ဤသို့ မနေမနား ပွားများအားထုတ်လတ်သော် ပထဝီကသိုဏ်း ပဋိဘာဂနိမိတ် အာရုံတခုတည်း သက်သက် ယူသော သမာဓိကြောင့် စိတ်အစဉ်ကြည်လင်၍ ရူပါဝစရ ပဌမဈာန်စိတ် ဖြစ်လိုသည်ရှိသော် မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ ဂေါတြဘူ, ပဌမဈာန်စိတ် တကြိမ်ဖြစ်၍ ဘဝင်ကျ၏၊ ထိုအခါ ပဌမဈာန် ရသည်မည်၏၊ အနီးရှေးဘဝ၌ ပထဝီကသိုဏ်းဈာန် ရဘူးသူကား လယ်ထွန်ရာ မြေပြင်, ကောက်နယ် တလင်းစသည်၌ပင် စီးဖြန်း၍ ဈာန်ရနိုင်သည်။

ဤ၌ ရှေးဦးစွာ ပရိကမ္မနိမိတ်၌ ပရိကမ္မဘာဝနာ၊
ဥဂ္ဂဟထင်သောအခါ ဥဂ္ဂဟနိမိတ်၌ ပရိကမ္မဘာဝနာ၊
ပဋိဘာဂထင်သောအခါ ပဋိဘာဂ နိမိတ်၌ ဥပစာရဘာဝနာ၊
ဈာန်ရသောအခါ ပဋိဘာဂနိမိတ်၌ အပ္ပနာဘာဝနာ ဖြစ်၏။

ဈာန်ရသောနေ့၌ မှီဝဲသော ဘောဇဉ်, ပုဂ္ဂိုလ် ကျောင်း, ဣရိယာပုထ်, ဥတု, ဘာဝနာနိမိတ် စသော ခြင်းရာကို မှတ်သားရသည်၊ ဈာန်လျှောလျှင် ထိုခြင်းရာဖြင့် ပြန်၍ရနိုင်သည်။

ထိုဈာန်ခိုင်မြဲအောင် ပဋိဘာဂနိမိတ်ကို တသစ်, နှစ်သစ်၊ တထွာ နှစ်ထွာ၊ တတောင် တလံ စသည်ဖြင့် ချဲ့၍ စကြဝဠာ အနားရေးတိုင်အောင်၊ ထိုထက်လွန်၍သော်၎င်း ပွားစေရသည်၊

ချဲ့ရာအရပ်၌ ကုန်းဟူ၍, ကျင်းဟူ၍ မထင်၊ ကြက်အပ်သော သားရေပြင်ကဲ့သို့ တညီတည်း ထင်၏၊ ထိုဈာန်ကို အစ၌ ဝင်စားစေခြင်း များစေ, ဆင်ခြင်ခြင်းနည်းစေ ရသည်၊ ထိုနောက် ဝသီဘော်ငါးပါးဖြင့် လွန်စွာလေ့လာရသည်။

ဝသီဘော်ငါးဖြာ လေ့လာကျေပြွန်သောအခါ ငါရသော ဤပဌမဈာန်သည် နီဝရဏ ဘေးရန်နီးကပ်၏၊ ဝိတက်အင်္ဂါ ရုန့်ရင်း၏၊ ထို့ကြောင့် ဈာန်အင်္ဂါ ငါးပါးလုံး အားနည်း၏-ဟု အပြစ်ရှု၍ ဒုတီယဈာန်သည် ငြိမ်သက်၏-ဟု နှလုံးသွင်း၍ ပဌမဈာန် ၌ နှစ်သက်ခြင်းကို ကုန်စေ၍၊ ဝါ- နိကန္တိကိုခွါ၍ ရုန့်ရင်းသော အင်္ဂါကိုပယ်ခြင်းငှါ သိမ်မွေ့သော အင်္ဂါကို ရစေခြင်းငှါ ပဋိဘာဂနိမိတ်ကို ပထဝီ, ပထဝီဟု ဖန်ဖန် ပွားသည်ဖြစ်အံ့၊ ဒုတီယဈာန်ရနိုင်၏။

ဒုတီယဈာန်၌လည်း ဝသီဘော်ငါးဖြာ လေ့လာ၍ ဤဈာန်သည် ဝိတက်ဘေးရန်နီး၏၊ ဝိစာရရုန့်ရင်း၏၊ ဈာန်အင်္ဂါ အားနည်း၏-ဟုအပြစ် ရှု၍ တတီယဈာန်သည် ငြိမ်သက်၏ ဟု နှလုံးသွင်း၍ ဒုတီယဈာန်၌ နိကန္တိ ခွါ၍ ရုန့်ရင်းသော အင်္ဂါ ပယ်ခြင်း, သိမ်မွေ့သော အင်္ဂါရစေခြင်းငှါ ပဋိဘာဂနိမိတ်ကို ပထဝီ-ပထဝီ-ဟု ပွားအံ့၊ တတီယဈာန် ရ၏၊

ဤနည်းဖြင့် ဝိစာရဘေးရန်နီး၏၊ ပီတိရုန့်ရင်း၏ဟု တတီယဈာန်၌ နိကန္တိခွါ၍ပွားအံ့၊ စတုတ္ထဈာန်ရ၏၊

ပီတိဘေးရန်နီး၏၊ သုခရုန့်ရင်း၏-ဟု စတုတ္ထဈာန် နိကန္တိခွါ၍ပွားအံ့၊ ပဉ္စမဈာန်အထိ ရ၏၊

အောက်အောက်ဈာန်၌ နိကန္တိ ကွာခြင်းသည် အထက်အထက်ဈာန်၏ ဥပစာရဈာန် ဖြစ်၏။

ကြွင်း ကသိုဏ်းများ

၂။ အာပေါကသိုဏ်း စီးဖြန်းလိုသောသူသည် တထွာလေးသစ် အဝ ကျယ်၍ အစောက်နက်သော အိုး, ခွက်, သပိတ်-စသည်၌ ညို ရွှေ ဖြူ နီ လေးလီကင်းသော ရေသန့်ကိုထည့်၍ ငြိမ်သက်စွာတည်သော ရေကိုကြည့်၍ အာပေါ အာပေါ၊ ရေ ရေ ဟု ပွားရသည်၊ ဥဂ္ဂဟနိမိတ်ကား - မငြိမ်လှုပ်လှုပ် ရေမြှုပ် စသည်နှင့်တကွ ထင်၏၊ ပဋိဘာဂနိမိတ်ကား - မလှုပ်မရှား ပတ္တမြား ယပ်ဝန်းဆွဲထား သကဲ့သို့ ထင်၏၊ အနီးရှေးဘဝ၌ အားထုတ်ဘူးသူကား - ကန်ရေ, သမုဒြာရေ၌ပင် နိမိတ်ထင်၍ ဈာန် ရနိုင်၏။

၃။ တေဇောကား ထင်းအစုမီးတိုက်၍ တဏှာလေးသစ် ဖောက်ထားသော သားရေ ဖျာ-စသည်ကို တခဲနက် မီးလျှံလယ် တည့်တည့်ရှေ့၌ထောင်၍ တခဲနက်မီးလျှံကို ကြည့်၍ တေဇော, တေဇော၊ မီး မီး-ဟု ပွားရသည်၊ ဥဂ္ဂဟ-လှုပ်ရှားသော မီးခိုးမီးလျှံ စသည်နှင့်တကွ ထင်၏၊ ပဋိဘာဂ-မလှုပ်မရှား ကမ္ဗလာနီ, ရွှေယပ်ဝန်း, ရွှေတိုင် ကဲ့သို့ ထင်၏၊ အားထုတ်ဘူးသူကား- ထွန်းမိး ချက်မီး တောမီး၌ပင် ဈာန်ရ၏။

၄။ ဝါယောကား သပ်ရွက် များသော သစ်ပင်ဖျား - လေခတ်ရာကို၎င်း, ဆံပင် လေးသစ်ခန့် ရှိသော ဦးခေါင်း လေခတ်ရာကို၎င်း, မိမိကိုယ်၌ လေခတ်ရာကို၎င်း, ဒိဋ္ဌဝတ္ထု, ဖုဋ္ဌဝတ္ထုဖြင့် နှလုံးထား၍ ဝါတော,ဝါတော၊ လေ,လေ၊ (တနည်း-ဝါယော, ဝါယော၊ လေ,လေ)ဟု ပွားရသည်၊ ဥဂ္ဂဟ - ထမင်းပူမှ အငွေ့ အလိပ်အလိပ် တက်သကဲ့သို့ ထင်၏၊ ပဋိဘာဂ - ငြိမ်ငြိမ် သက်သက် ထင်၏။

၅။ နီလကား ကြာညို အောက်မည်းညို စသော ညိုသော ပန်းသက်သက်ကို အညှာ ဝတ်ဆံမထင်အောင် ပန်းတောင်း၌အပြည့်ထည့်၍၎င်း, တောင်းဝ သပိတ်ဝစသည်ကို အဝတ်ညိုဖွဲ့၍၎င်း, အဝတ်ပျဉ်ပြား နံရံစသည်၌ ညိုသော အဆင်းဓာတ်ဖြင့် ကသိုဏ်းဝန်း ပြု၍ အနားတသစ်ခန့် အဆင်းတပါး ပိုင်းခြား၍၎င်း, ထိုပန်း အဝတ် အဆင်းဓာတ် တခုခုကို နီလံ နီလံ၊ အညို အညို- ဟုပွားရသည်၊ ဥဂ္ဂဟ-ဝတ်ဆံအရိုး ပွင့်ချပ်အကြား စသည်နှင့်တကွ ထင်၏၊ ပဋိဘာဂ - ကသိုဏ်းဝန်းမှ လွတ်၍ ကောင်းကင်၌ ပတ္တမြား ယပ်ဝန်းနှင့် တူစွာထင်၏၊ အားထုတ်ဘူးသူကား - ပန်းချုံညို, ပန်းအဝင်းညို အဝတ်ညို ပတ္တမြားညို၌ပင် ဈာန်ရ၏။

၆၊ ၇၊ ၈။ ပီတ, လောဟိတ, ဩဒါတတို့ကား နီလနည်းဖြင့် သိသာနိုင်ကုန်ပြီ၊ ပီတကံ ပီတကံ၊ အဝါ, အဝါ၊ လောဟိတကံ, လောဟိတကံ၊ အနီ အနီ၊ ဩဒါတံ ဩဒါတံ၊ အဖြူ အဖြူ-ဟု ပွားရသည်၊ အားထုတ်ဘူးသူကား - အဆင်း ဝါရွှေသော ပတ္တင်္ဂပန်း အခင်း၌၎င်း, နီသော မိုဃ်းစွေခေါင်ရန်း ကျောက်နီ၌၎င်း, ဖြူသော မလေးပန်း စပယ်ပန်း အခင်း၊ သလွဲပြား အဝန်း၊ ငွေပြားအဝန်း၊ လပြည့်ဝန်း၌၎င်း ဈာန်ရ၏။

၉။ အာလောကကား - နံရံပေါက်, သံကောက်ပေါက် လေသာတံခါးပေါက်ဖြင့် ဝင်၍ ထင်သော နေရောင်, လရောင် အဝန်းကို၎င်း, သစ်ရွက်များသော သစ်ခက်ကြား, သစ်ခက်များသော မဏ္ဍပ်ကြားဖြင့် မြေ၌ ထင်သော အဝန်းကို၎င်း ကြည့်၍ ဩဘာသော, ဩဘာသောအာလောကော, အာလောကော၊ အရောင်အလင်း, အရောင်အလင်း-ဟု ပွားရသည်၊ အားထုတ်ဘူးသူ - ဤအနေဖြင့် ဈာန်ရ၏။ ဤအဝန်းသည် ကြာရှည် မတည်သဖြင့် အားမထုတ်ဘူးသူအား မတတ်နိုင်လျှင် အိုးပေါက်အတွင်း မီးထွန်း၍ အိုးပေါက်မှထွက်ပြီး နံရံ၌ထင်သော မီးရောင်အဝန်းကို အာလောကော အာလောကော-ဟု ပွားရသည်၊ ဤအဝန်းကား ကြာမြင့်စွာ တည်၏၊ ဥဂ္ဂဟ - ပကတိ အရောင်ဝန်းအတိုင်း ထင်၏၊ ပဋိဘာဂ-တွေခဲ၍ ကြည်လင်သော အရောင်စုကဲ့သို့ ထင်၏။

၁၀။ အာကာသကား - တထွာ လေးသစ်ခန့် ဖောက်အပ်သော ဖျာပေါက်, သားရေပေါက်, နေပြောက်မထိုးသည့် မဏ္ဍပ်ပေါက်, နံရံပေါက် စသည်ကို အာကာသော, အာကာသော၊ ကောင်းကင်, ကောင်းကင်-ဟု ပွားရသည်၊ ဥဂ္ဂဟ - အစွန်းအစနှင့်တကွ အပေါက်နှင့်တူစွာ ထင်၏၊ ပဋိဘာဂ- စွန်းစမပါ ကောင်းကင်ဝန်း သက်သက်သာ ထင်၏၊ အားထုတ်ဘူးသူ - နံရံပေါက် ပြတင်းပေါက် စသည်၌ ဈာန်ရ၏၊ ပကတိကောင်းကင် အဇဋာကာသကို မပွားရ၊ ပြုပြင်ပိုင်းခြားအပ်သော ပရိစ္ဆန္နာကာသကို ပွားရသည်။

ဤကသိုဏ်းဆယ်ပါးကို ကျယ်ပြန့်အောင် ပွားရာဘုံသည် ဥပစာရ,အပ္ပနာ အားဖြင့် နှစ်ပါးဖြစ်၏၊ ပဋိဘာဂနိမိတ်ကိုသာ ကျယ်အောင်ပွားရသည်။

ပကိဏ္ဏက မှတ်ဘွယ်

ပထဝီကသိဏစွမ်းဖြင့် တယောက်တည်း အများ ဖြစ်နိုင်ခြင်း စသည်၎င်း, ကောင်းကင် ရေပြင်၌ မြေဖန်ဆင်း၍ သွား, ရုပ်, ထိုင်, လျောင်းနိုင်ခြင်း၊ ပရိတ္တ အပ္ပမာဏနည်းဖြင့် အဘိဘာယတန ရခြင်းစသော အကျိုးတို့ ပြည့်စုံကုန်၏။

(ဉာဏ်ကြီးသူဖြစ်၍ ပရိတ္တအာရုံ, အပ္ပမာဏအာရုံကို နှိပ်စက်၍ သမာပတ်ဝင်စားခြင်း သည် အဘိဘာယတန မည်၏၊ ပဋိဘာဂ နိမိတ်ထင်သည်နှင့် တပြိုင်နက် ဈာန်ရသည် ဟူလို။)

အာပေါဖြင့် မြေ၌ငုပ်ခြင်း, ပေါ်ခြင်း, မိုဃ်းရွာခြင်း, မြစ် သမုဒြာ ဖန်ဆင်းခြင်း, မြေတောင်ချောက်တို့ကို လှုပ်စေခြင်းတို့ ပြည့်စုံကုန်၏။

တေဇောဖြင့် မီးခိုးမိးလျှံ လွှတ်ခြင်း, မီးကျီးမိုဃ်း ရွာခြင်း, သူတပါး တန်ခိုး နှိမ်နိုင်ခြင်း, လိုရာ ဝတ္ထုသာ မီးလောင်စေခြင်း, ဒိဗ္ဗစက္ခုဖြင့် မြင်ခြင်းငှါ အလင်းပြုခြင်း, နိဗ္ဗာန်စံသောအခါ ကိုယ်ကို တေဇောဓာတ် လောင်စေခြင်းတို့ ပြည့်စုံ ကုန်၏။

ရှင်အာနန္ဒာ နိဗ္ဗာန်စံသောအခါ ကိုယ်သည် ကောင်းကင်၌တည်၍ တေဇောဓာတ် မီးလောင်၍ ဓာတ်တော်ကို ဝေပေးသကဲ့သို့ ကျလာစေ၏။

သန္တတိအမတ် ထန်းခုနစ်ဆင့် ထက်၌ နိဗ္ဗာန်စံ၍ တေဇောဓာတ်မီး အလိုအလျောက် ထ၏။

ဝါယောဖြင့် လေအတူ အသွားလျင်ခြင်း, လေမုန်တိုင်း ထစေခြင်းတို့ ပြည့်စုံကုန်၏။

နီလဖြင့် ညိုမှောင်အဆင်း ဖန်ဆင်းခြင်း, မှောင်ချခြင်း, သုဝဏ္ဏဒုဗ္ဗဏ္ဏ နည်းဖြင့် အဘိဘာယတန ရခြင်း, သုဘဝိမောက္ခ ရခြင်းတို့ ပြည့်စုံကုန်၏။

(အာရုံ၌ လွတ်လွတ် ကျွတ်ကျွတ် သက်ဝင်ခြင်း, ဆန့်ကျင်ဘက်တို့မှ လွတ်ခြင်း သည် ဝိမောက္ခမည်၏၊ ဝိသာခါ၏ အဘော်မိန်းမငါးရာ အရက်မူး၍ ကကြသောအခါ ကြောက်၍ အရက်မူး ပြေအောင် ဘုရားရှင် မှောင်ချသည်။)

ပီတဖြင့် ဝါရွှေအဆင်း, ဖန်ဆင်းခြင်း, ရွှေအတိဖြစ်အောင် ဆောက်တည်ခြင်း, အဘိဘာယတန ရခြင်း, သုဘဝိမောက္ခ ရခြင်းတို့ ပြည့်စုံကုန်၏၊ (ဗိမ္ဗိသာရ နန်းတော်ကြီး ရွှေအတိဖြစ်အောင် ရှင်မိလိန္ဒဝစ္ဆ ဖန်ဆင်းသည်။)

လောဟိတဖြင့် အနီအဆင်း ဖန်ဆင်းခြင်း, အဘိဘာယတနရခြင်း, သုဘဝိမောက္ခ ရခြင်းတို့ ပြည့်စုံကုန်၏။

ဩဒါတဖြင့် ဖြူအဆင်း ဖန်ဆင်းခြင်း, ထိနမိဒ္ဓကင်းစေခြင်း, မိုက်မှောင်ပျောက်ခြင်း, ဒိဗ္ဗစက္ခုအတွက် အလင်းပြုခြင်းတို့ ပြည့်စုံကုန်၏။

အာလောကဖြင့် အရောင်တောက်သော အဆင်းဖန်ဆင်းခြင်း, ထိနမိဒ္ဓ ကင်းစေခြင်း, မိုက်မှောင်ဖျောက်ခြင်း, ဒိဗ္ဗစက္ခုအတွက် အလင်းပြုခြင်းတို့ ပြည့်စုံကုန်၏။

အာကာသဖြင့် ဖုံးသောဝတ္ထု ဖွင့်ခြင်း, မြေအတွင်း တောင်အတွင်း ကောင်းကင် လိုဏ်ဂူ ဖန်ဆင်း၍နေခြင်း, နံရံစသည် မထိမခိုက် ဖောက်ထွင်း သွားလာနိုင်ခြင်းတို့ ပြည့်စုံကုန်၏။

ကသိုဏ်းနိမိတ် ဆယ်ပါးလုံးသည် --

(ဥဒ္ဓံ၊ အဓော၊ တိရိယံ) ထက်အောက် ဖီလာ လိုရာပွား၍ရ၏၊

(အဒွယံ) ရေ၌ငုတ်စဉ် ရေတခုသာ ထင်သကဲ့သို့ ကသိုဏ်းနှစ်ခု ရောယှက်မထင် တခုစီသာ ထင်၏၊

(အပ္ပမာဏံ) စိတ်ဖြင့် ဖြန့်သောအခါ အရပ်အားလုံး တပြိုင်နက် နှံ့ထင်၏၊ အစ, အလယ်, အဆုံး ပမာဏယူ၍ မရ။

ကံ, ကိလေသ, ဝိပါက အန္တရာယ်သင့်သူ၊ ဘုရား စသည်၌ မယုံကြည်သူ သမ္မာဆန္ဒ မရှိသူ၊ လောကီ လောကုတ္တရာ သမ္မာဒိဋ္ဌိကင်းသူ, မဂ်မရထိုက်သူ - ဤသူတို့အား ကမ္မဋ္ဌာန်းအားလုံး၌ ဘာဝနာ ပြည့်စုံခြင်း မရှိ၊ ထို့ကြောင့် ဝိပါကန္တရာယ် ကင်းသော တိဟိတ်ကုလပုတ္တသည် ကံ ကိလေသအန္တရာယ်တို့မှ ဝေးစွာရှောင်၍ တရားနာခြင်း, သူတော်ကောင်း မှီဝဲခြင်း, အသင့်အတင့် နှလုံးသွင်းခြင်း စသည်တို့ဖြင့် သဒ္ဓါကို၊ ဆန္ဒကို၊ ပညာကို တိုးပွားအောင်ပြု၍ ဘာဝနာကမ္မဋ္ဌာန်း ကြိုးပန်းမယုတ် ပွားများ အားထုတ်အပ်၏။

ကသိုဏ်း ၁၀-ပါး ပြီး၏။

အသုဘဆယ်ပါး

ဥဒ္ဓုမာတက စသော အသုဘ ဆယ်ပါးပွား၍ ရသော နိမိတ်တို့သည်၎င်း ထိုနိမိတ်၌ ရသော ဈာန်တို့သည်၎င်း ဥဒ္ဓုမာတက စသည်တို့ မည်ကုန်၏၊ ထိုတွင်-

၁။ ဥဒ္ဓုမာတက ဈာန်ရလိုသော ယောဂီသည် သွားပုံ အစီအရင် ဝန်းကျင်နိမိတ်မှတ်, တဆယ့်တရပ်ဖြင့် ဥဂ္ဂဟနိမိတ်ယူ သွားပြန်လမ်း ဆင်ခြင်, အပ္ပနာဝိဓိ-ဤငါးပါးကို သိရှိနားလည်ရသည်။

၁။ သွားပုံအစီအရင်ကား - ဥဒ္ဓုမာတက အဘယ်မှာ ရပါအံ့နည်း-ဟု မြှော်လင့်ကာ နေရသည်၊ ဤအရပ်၌ ရှိသည်ဟုကြားလျှင် ချက်ချင်း မသွားရ၊ ဘီလူး သားရဲ အန္တရာယ် မရှိပါမှ၊ ဝိသဘာဂအာရုံ မပြွမ်းသော လမ်းဖြစ်ပါမှ၊ ဝိသဘာဂသူကောင် မဟုတ်ပါမှ သွားရသည်၊ စွမ်းနိုင်၍ သွားလိုလျှင် မထေရ်ကြီး တပါးပါး ပန်ကြား၍ သွားရသည်၊ အန္တရာယ်ရောက်ခဲ့လျှင် ထောက်အပံ့ ရနိုင်၏။

သုဘရှု သွားရာ၌ ဘိသိက်သွန်းရာ သွားသောမင်း, ရွှေအိုးရှိရာ သွားသောသူကဲ့သို့ ဝမ်းမြောက်စွာ သွားရသည်၊ ဗုဒ္ဓါနုဿတိ စသော မူလကမ္မဋ္ဌာန်းဖြင့် တယောက် တည်း တောင်ဝှေး စွဲလျက် သွားလမ်း ပြန်လမ်းကို သတိကြီးစွာ ဆင်ခြင်ကာ သွားရသည်၊ သူကောင်ရှိရာ၌ ကျောက်ခဲ, တောင်ပို့, သစ်ပင်စသည်ကို မှတ်သားရသည်၊ လေအောာက်မှ မသွားရ၊ လမ်းမရှိလျှင် နှာခေါင်းပိတ်၍ သွားရသည်။

၂။ ဝန်းကျင်နိမိတ် မှတ်ခြင်းကား - ရောက်သွားသောအခါ လေအောက် လေညာ, ခြေရင်း ခေါင်းရင်း ရှောင်လွှဲ၍ မနီးမဝေး ကိုယ် အလယ်ပိုင်းကို မြင်လောက်ရာ၌ နေပြီးလျှင် ဤကား ကျောက်ခဲ, ဤကား သစ်ပင်, တောင်ပို့ နိမ့်၏၊ မြင့်၏၊ ငယ်၏၊ ကြီး၏၊ နီး၏၊ မည်း၏၊ ရှည်၏၊ ဝန်း၏၊ ဤနေရာ ဤနေရာ၌ အသီးအသီး ရှိကြ၏၊ သူကောင်ကား ဤ နေရာ၌ရှိ၏ - ဝန်းကျင်ပတ်လည် နိမိတ်မှတ်ရသည်။

၃။ တဆယ့်တရပ်ဖြင့် ဥဂ္ဂဟနိမိတ် ယူခြင်းကား ရှေးဦးစွာ ဝဏ္ဏ, လိင်္ဂ, သဏ္ဌာန, ဒိသာ, ဩကာသ, ပရိစ္ဆေဒ-ဤခြောက်ရုပ်ဖြင့် မှတ်ရသည်။

၁။ ဤသူကောင်သည် မည်း၏၊ ဖြူ၏-ဟုမှတ်ခြင်းသည် ဝဏ္ဏအားဖြင့် မှတ်သည် မည်၏။

၂။ ယောက်ျား မိန်းမဟု မမှတ်ဘဲ ပဌမအရွယ်, ဒုတီယအရွယ်-ဟု မှတ်ခြင်းသည် လိင်္ဂအားဖြင့် မှတ်သည်မည်၏။

၃။ ဖူးဖူးရောင်သော သူ၌ ဤကား ဦးခေါင်း သဏ္ဌာန်, လည်ပင်း လက် ခြေ စသော သဏ္ဌာန်-ဟု မှတ်ခြင်းသည် သဏ္ဌာနအားဖြင့် မှတ်သည် မည်၏။

၄။ ဤကား ချက်မှအထက်ကိုယ်, အောက်ကိုယ်ပိုင်း၊ တနည်း- ဤနေရာ၌ ငါ ဤအရပ်၌ သူကောင်ဟု မှတ်ခြင်းသည် ဒိသာအားဖြင့် မှတ်သည် မည်၏။

၅။ ဤနေရာ၌ လက်, ဤနေရာ၌ ခြေ - တနည်း-ဤနေရာ၌ ငါ ဤနေရာ၌ သူကောင်-ဟု မှတ်ခြင်းသည် ဩကာသအားဖြင့် မှတ်သည်မည်၏

၆။ ဤသူကောင်သည် အောက်၌ ဘဝါး, အထက်၌ ဆံဖျား ဖီလာ၌ သားရေဖြင့် ပိုင်းခြား၏၊ ဤတွင် အပုပ်မျိုး ၃၂-ခု ပြည့်၏-ဟု တနည်း-ဤကား သူကောင်၏ လက် ဦးခေါင်း အပိုင်းအခြား၊ အလယ်ကိုယ် အပိုင်းအခြားဟု၊ တနည်း- ယူလိုရာ တစိတ်၌ ဤကား ဤသို့သော အပုပ်ကောင်ဟု မှတ်ခြင်းသည် ပရိစ္ဆေဒ အားဖြင့် မှတ်သည်မည်၏။

ရှေးဘုရားများထံ ရုပ်နာမ်သိမ်းဆည်း၍ သတ္တဝါသညာ ခွါဘူးသူကား အသုဘ ဟူသမျှ ရှုရာတိုင်း၌ ပဋိဘာဂနိမိတ် ထင်သည်၊ မထင်နိုင်သူကား ဤခြောက်ရုပ်ဖြင့် နိမိတ်ယူလျှင် ထင်၏။

ယောက်ျားအား မိန်းမအသေကောင်, မိန်းမအား ယောကျ်ား အသေကောင်သည် နိမိတ်မထင်၊ စိတ်ချောက်ချားကြောင်း ဝိသဘာဂ ဖြစ်၏။

ဤခြောက်ရုပ်ဖြင့် မထင်လျှင် သန္ဓိ ဝိဝရ နိန္န, ထလ, သမန္တ-ငါးရပ်ဖြင့် မှတ်ရသည်။

၁။ လက်ခြေလေးဘက်၌ အစပ်သုံးခုစီ ၁၂-စပ်, လည်ပင်းတစပ်, ခါးတစပ် ဤ ၁၄-စပ်ကို မှတ်ခြင်းသည် သန္ဓိအားဖြင့် မှတ်သည် မည်၏။

၂။ လက်ခြေအကြား, ဝမ်းအကြား, နားအကြား အပေါက်တို့ကို မှတ်ခြင်းသည် ဝိဝရ အားဖြင့် မှတ်သည်မည်၏၊ မျက်စိဖွင့်ပိတ် ခံတွင်းဖွင့်ပိတ်ကိုလည်း မှတ်နိုင်သည်။

၃။ သူကောင်၏ မျက်တွင်း, ခံတွင်း, လည်ပင်း နိမ့်ရာတို့ကို မှတ်ခြင်း၊ ဝါ-အနိမ့်၌ ငါ, အမြင့်၌ သူကောင်-ဟု မှတ်ခြင်းသည် နိန္နအားဖြင့် မှတ်သည် မည်၏။

၄။ ဒူး, ရင်, နဖူး-မြင့်ရာတို့ကို မှတ်ခြင်း၊ ဝါ-အမြင့်၌ ငါ, အနိမ့်၌ သူကောင်-ဟု မှတ်ခြင်းသည် ထလအားဖြင့် မှတ်သည်မည်၏။

၅။ တကိုယ်လုံး ဝန်ကျင်ပတ်လည် မှတ်ခြင်းသည် သမန္တအားဖြင့် မှတ်သည် မည်၏။

ဤငါးရပ်ဖြင့် တကိုယ်လုံး ဉာဏ်စေလွှတ်၍ ထင်ရှားရာ ဌာန၌ ဥဒ္ဓုမာတကံ, ဥဒ္ဓုမာတကံ-ဟု စိတ်ထားလျှင် ထင်နိုင်၏၊ မထင်သေးလျှင် ဝမ်းပိုက် အဆုံးရှိသော ဖူးဖူးအရောင်ဆုံးနေရာ၌ ဥဒ္ဓုမာတကံ, ဥဒ္ဓုမာတကံ-ဟု စိတ်ထားရသည်၊ ထင်လွယ်သည်။

ဤသို့ နိမိတ်မှတ်ခြင်း ဖန်ဖန်, သတိဝင်စားခြင်း အတန်တန်ပြုပြီးလျှင် မနီးမဝေး ရပ်၍၎င်း, ထိုင်၍၎င်း, ဥဒ္ဓုမာတကပဋိကူလံ, ဥဒ္ဓုမာတကပဋိကူလံ, ဖူးဖူးရောင်သော အကောင်ပုပ်, စက်ဆုပ်စရာ-ဟု အကြိမ် ရာ ထောင်ကြည့်၍ ပွားရသည်၊ မျက်စိ မှိတ်၍ နှလုံး၌ သွင်းရသည်၊ အမြင်နှင့် နှလုံးသွင်း အာရုံ တထပ်တည်းတူလျှင် ဥဂ္ဂဟနိမိတ်ထင်သည် မည်၏၊ ထိုနေရာ၌ ဘာဝနာအပြီး မတတ်နိုင်လျှင် ထို ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ကျောင်းသို့ ပြန်လာရသည်၊ ခရီးစဉ်ကို မှတ်သား၍ သူကောင်ရှိရာသို့ စိတ် ရှေးရှုပြု၍ နေထိုင်သွားလာရသည်။

ဝန်းကျင်နိမိတ်မှတ်ခြင်း အကျိုးကား - သူကောင်ထ၍ လိုက်သကဲ့သို့ ထင်အံ့၊ ထိုအခါ သတိကြီးစွာပြု၍ သူကောင်ဟူသည် အနီးရှိ ကျောက်ခဲ တို့ကဲ့သို့ ထနိုင်ခြင်း လိုက်နိုင်ခြင်း မည်သည် မရှိ၊ အမှတ်သညာကြောင့်သာ ဤသို့ ထင်ရသည်၊ မကြောက်လင့်၊ ယခုကမ္မဋ္ဌာန်း ထင်လာပြီ-ဟု ပီတိ ပါမောဇ္ဇဖြင့် ပယ်ဖျောက်၍ ဖန်ဖန် ပွားနိုင်၏၊ ဤသို့ မတွေမဝေ သတိရှိခြင်းသည် ဝန်းကျင်မှတ်ခြင်း အကျိုးတည်း။

တဆယ့်တရပ်ဖြင့် နိမိတ်ယူခြင်း အကျိုးကား - စိတ်ကိုဖွဲ့၍ အရဟတ္တဖိုလ် တိုင်အောင် အကျိုးရှိ၏၊ အဓိပ္ပါယ်ကား - သူကောင်ကိုကြည့်၍ ဥဂ္ဂဟနိမိတ် ထင်သည်၊ ထိုဥဂ္ဂဟ၌ စိတ်ကိုဖြစ်စေ၍ ပဋိဘာဂ ထင်သည်၊ ထိုပဋိဘာဂ၌ စိတ်ကို ဖြစ်စေ၍ ပဌမဈာန်ရသည်၊ ထိုပဌမဈာန်၌ တည်၍ ဝိပဿနာဖြင့် အရဟတ္တဖိုလ်သို့ ရောက်သည်၊ ထို့ကြောင့် စိတ်ကိုဖွဲ့၍ အရဟတ္တဖိုလ်တိုင်အောင် အကျိုးရှိ၏-ဟု ဆိုသည်။

၄။ သွားပြန်လမ်း ဆင်ခြင်ခြင်းကား - သူကောင်ရှိရာမှ ရခဲ့သော နိမိတ်သည် နု၏၊ ထိုထိုဝတ်ကြီးဝတ်ငယ် ကိစ္စကြောင့် ပျောက်မူလည်း ပျောက်တတ်၏၊ ကျောင်းသို့ ပြန်လာစဉ် လူတို့တွေ့၍ နေ့ရက်မေးလျှင် ပြောရသည်၊ ပြဿနာမေးလျှင် ဖြေရသည်၊ အစေ့အစပ် စကားလာပြောလျှင် တရားနှင့်အညီ ပြန်ပြောရသည်၊ အာဂန္တုကဝတ်, စေတိယင်္ဂဏဝတ် စသည်ကို မချွတ်အောင် ပြုရသည်၊ ငါ ကမ္မဋ္ဌာနယောဂီဟု တုဏှီဘာဝဖြင့် မနေရ၊ နုသောနိမိတ် ပျောက်စေကာမူ ဝတ်ကြီးဝတ်ငယ် ဖြည့်ကျင့်ရသည်သာတည်း၊

ထို့ကြောင့် နိမိတ်ပျောက်ခဲ့သော် တဖန်သွား၍ မယူနိုင်၊ အန္တရာယ်များသည်၊ တရက် နှစ်ရက်ကူးလျှင် ဥဒ္ဓုမာတကလွန်၍ ဝိနီလက စသည်သို့ ရောက်သည်၊ ထို့ကြောင့် ကျောင်း၌ ယခုထိုင်နေသည် အထိ သွားလမ်း ပြန်လမ်းတို့ကို အစဉ် အတိုင်း ဆင်ခြင်ရသည်၊ ဤသို့ဆင်ခြင်လျှင် ရှေ့၌ချထားသကဲ့သို့ နိမိတ်ပြန်ထင်၍ ကမ္မဋ္ဌာန်းလမ်းစဉ် ပြန်ဝင်လေ၏။

ဤ အသုဘ ဥဂ္ဂဟနိမိတ်သည် စတုဓာတုဝဝတ္ထာန်, အာနာပါန, ကသိဏ တို့ထက် ခက်ခဲ၏၊ အမြတ်တနိုး အလေးပြု၍ စောင့်ရှောက်ရသည်၊ နေ့နေ့ ညဉ့်ညဉ့် ဥဒ္ဓုမာတကပဋိကူလံ, ဥဒ္ဓုမာတကပဋိကူလံဟု ဖန်ဖန်စိတ်ကို ဖွဲ့ရသည်၊ ဖန်ဖန် နိမိတ်ကို ဆင်ခြင်ရသည်၊ စိတ်ဝင်စားအောင် နှလုံး၌သွင်းရသည်၊

ဤသို့ ပြုဖန်များလျှင် ပဋိဘာဂနိမိတ် ထင်လာ၏၊ ဥဂ္ဂဟနိမိတ်သည် အဆင်းဆိုး ကြောက်ဘွယ် မတင့်မတယ် ထင်၏၊ ပဋိဘာဂနိမိတ်သည် ဆူဖြိုးသော ယောက်ျားကြီး အိပ်နေသကဲ့သို့ တင့်တယ်စွာ ထင်၏၊ ပဋိဘာဂ ထင်သောအခါ ကာမစ္ဆန္ဒ စသော နီဝရဏငါးပါးကွာ၏၊ ဝိတက်စသော ဈာန်အင်္ဂါ ငါးပါးထင်ရှားဖြစ်၏၊ ဤသို့ ပဌမဈာန်နှင့်တူသော ဥပစာရဈာန်လည်း ထိုခဏ၌သာ ဖြစ်လေ၏။

၅။ အပ္ပနာဝိဓိကား-ပဋိဘာဂနိမိတ် ထင်သည်မှစ၍ ပဌမဈာန် ရသည် တိုင်အောင် ပွားများခြင်းတည်း၊ ဈာန်ရပြီးနောက် ဝသီဘော် လေ့လာခြင်းတို့ကို ပြုရ၏၊ ဒုတီယဈာန် စသည်တို့သို့ မတက်နိုင်။

ဥဒ္ဓုမာတက ပြီး၏။

ကြွင်းအသုဘများ

၂။ ဝိနီလက၌ အထူးကား - အသားများရာ၌ နီ၍ ပြည်စုရာ၌ ဖြူ၍ အများအားဖြင့် ညိုမည်းသော သူကောင်ကို ဝိနီလကပဋိကူလံ, ဝိနီလကပဋိကူလံ၊ ညိုမည်းသော အကောင်ပုပ်, စက်ဆုပ်စရာ-ဟု ပွားများရသည်၊ ဥဂ္ဂဟ- အဆင်းပြောက်ကျား ထင်၏၊ ပဋိဘာဂ - နီ, ဖြူ, ညို-များရာတခုခု ထင်၏။

၃။ ဝိပုဗ္ဗက၌ ပြည်ပုပ်ယိုသော သူကောင်ကို ဝိပုဗ္ဗကပဋိကူလံ, ဝိပုဗ္ဗကပဋိကူလံ ပြည်ပုပ်ယိုသော အကောင်ပုပ်- စက်ဆုပ်စရာ-ဟု ပွားရသည်၊ ဥဂ္ဂဟ - ပြည်ယိုစီး နေသကဲ့သို့၊ ပဋိဘာဂ - ငြိမ်သက်စွာ စုဝေးလျက် ထင်၏။

၄။ ဝိစ္ဆိဒ္ဒက၌ ခါးလယ်၌ ဖြတ်၍သတ်ထားသော သူကောင်ကို အပိုင်းချင်းဝေး၍ တပြိုင်တည်း မမြင်သာလျှင် တသစ်ခန့်လောက် နီးနီးပြု၍ ဝိစ္ဆိဒ္ဒကပဋိကူလံ, ဝိစ္ဆိဒ္ဒက ပဋိကူလံ၊ ခါးလယ်ပြတ်သော အကောင်ပုပ် စက်ဆုပ်စရာ-ဟု ပွားရသည်၊ ဥဂ္ဂဟ-အလယ်အပြတ်နှင့်၊ ပဋိဘာဂ - အပြတ်မရှိ ပြည့်စုံစွာ ထင်၏။

နီးနီးပြုရာ၌ တောင်ဝှေးဖြင့် သော်လည်းပြု၊ မိမိလက်ဖြင့် မကိုင်ရ၊ သုဘရာဇာအသွင် အကျွမ်းတဝင် ဖြစ်တတ်သည်။

၅။ ဝိက္ခာယိတက၌ ကျီး ခွေး, လင်းက အထူးထူး ဆိတ်ဆွဲ ကိုက်ခဲ ထားသော သူကောင်ကို ဝိက္ခာယိတကပဋိကူလှံ, ဝိက္ခာယိတကပဋိကူလံ၊ အထူးထူး ဆိတ်ဆွဲ ကိုက်ခဲအပ်သော အကောင်ပုပ် စက်ဆုပ်စရာ-ဟု ပွားရသည်။ ဥဂ္ဂဟ - ဆိတ်ရာ ခဲရာနှင့် ပဋိဘာဂ - ဆိတ်ခဲရာမရှိ၊ ပြည့်စုံစွာထင်၏။

၆။ ဝိက္ခိတ္တက၌ ခြေ, လက်, ကိုယ်, ဦးခေါင်း တကွဲတခြား ပစ်ထားသော သူကောင်ကို ဝေးလျှင် ရှေးအတူ နီးနီးပြု၍ ဝိက္ခိတ္တကပဋိကူလံ, ဝိက္ခိတ္တကပဋိကူလံ၊ တကွဲတခြား ပစ်ထားအပ်သော အကောင်ပုပ်, စက်ဆုပ်စရာ-ဟု ပွားရသည်၊ ဥဂ္ဂဟ- အကြားအပြတ်နှင့် ပဋိဘာဂ - ပြည့်စုံစွာ ထင်၏။

၇။ ဟတဝိက္ခိတ္တက၌ ကြက်ခြေခတ် ခုတ်မွှမ်းသော ဒဏ်ရာတို့ဖြင့် တခြား ပစ်ထားသော သူကောင်ကို အပိုင်းချင်း ဝေးလျှင် နီးနီးပြု၍ ဟတဝိက္ခိတ္တကဋိကူလံ, ဟတဝိက္ခိတ္တကပဋိကူလံ၊ ကြက်ခြေခတ် ခုတ်မွှမ်း၍ တကွဲတခြားပစ်ထားအပ်သော အကောင်ပုပ် စက်ဆုပ်စရာ-ဟု ပွားရသည်၊ ဥဂ္ဂဟ-ဒဏ်ရာနှင့်၊ ပဋိဘာဂ - ပြည်စုံစွာ ထင်၏။

(ကာကပဒါကာရေန - ကျီးခြေသဏ္ဌာန်ကို ကြက်ခြေခတ်ဟု ဤ၌ပေါ်လွင်စေသည်၊)

၈။ လောဟိတက၌ ဒဏ်ရာ အမာဝတို့မှ သွေးယိုသော သူကောင်ကို လောဟိတကပဋိကူလံ လောဟိတကပဋိကူလံ၊ သွေးယိုသော အကောင်ပုပ် စက်ဆုပ်စရာ-ဟု ပွားရသည်၊ ဥဂ္ဂဟ - တံခွန်ကုက္ကားအနီး လေခတ်၍ လှုပ်သကဲ့သို့၊ ပဋိဘာဂ - ငြိမ်သက်စွာ ထင်၏။

၉။ ပုဠုဝက၌ ဒွါရကိုးပေါက် ပိုးလောက်ယိုထွက် ကျိကျိတက်သော သူကောင်ကို၎င်း, တိရစ္ဆာန်ကောင်ကို၎င်း ပိုးလောက်ဝိုင်းသော မစင်ပုံကို၎င်း, ပုဠုဝကပဋိကူလံ ပုဠုဝကပဋိကူလံ၊ ပိုးလောက်ယိုထွက် ကျိကျိ တက်သော အကောင်ပုပ် စက်ဆုပ် စရာ-ဟု ပွားရသည်၊ ဥဂ္ဂဟ - လှုပ်ရှားလျက်၊ ပဋိဘာဂ - သလေးထမင်း အစုအပုံ ကဲ့သို့ ငြိမ်သက်စွာ ထင်၏။

၁၀။အဋ္ဌိက၌ အရိုးကို အများဖြစ်စေ, တချောင်းဖြစ်စေ အဋ္ဌိကပဋိကူလံ အဋ္ဌိက ပဋိကူလံ၊ အရိုးစုဖြစ်သော အကောင်ပုပ်, စက်ဆုပ်စရာ-ဟု ရှုပ္ပားသည်၊ ဥဂ္ဂဟ- အကြားအပေါက်နှင့် ပဋိဘာဂ ပြည့်ဖြိုးစွာထင်၏။ တချောင်းတည်းဖြစ်မူ ဥဂ္ဂဟ- ကြောက်မက်ဘွယ်၊ ပဋိဘာဂ- ချောမော ပြေပြစ်စွာ ထင်၏။

အသုဘပကိဏ်း

ဤအသုဘ ဆယ်ပါးတို့တွင် တပါးပါး၌ ဈာန်ရသော သူသည် ရာဂကို ဖြောင့်စွာ ခွါသောကြောင့် ရဟန္တာနှင့်တူ၏၊ လျှပ်ပေါ် လော်လည်ခြင်း မရှိ။

ရာဂစရိုက် ၁၀-မျိုး

သူကောင်၏ သဘောသည် ဆယ်မျိုးရှိ၏၊ ရာဂစရိုက်လည်း ဆယ်မျိုး ရှိ၏၊ ထို့ကြောင့် စရိုက်အားလျော်စွာ အသုဘဆယ်ပါး ဟောသည်။

၁။ ပုံသဏ္ဌာန် စုံမက်သော စရိုက်ရှိသူအား ဥဒ္ဓုမာတက သင့်၏၊ ရာဂငြိမ်းဆေး ဖြစ်၏။

၂။ အရေအဆင်း, ဝါဝင်းဖွေးဖြူ, ညိုစိမ့်စိမ့်ဟု စုံမက်သော စရိုက်ရှိသူအား ဝိနီလက သင့်၏။

၃။ ပန်းနံ့သာအတွက် ကိုယ်အနံ့ စုံမက်သော စရိုက်ရှိသူအား ဝိပုဗ္ဗက သင့်၏။

၄။ တခဲနက်အဖြစ် လုံးလုံးကျစ်ကျစ် နှစ်သက်သော စရိုက်ရှိသူအား ဝိစ္ဆိဒ္ဒက သင်၏။

၅။ အိအိစက်စက် အသားပုံ စုံမက်သော စရိုက်ရှိသူအား ဝိက္ခာယိတက သင့်၏။

၆။ အင်္ဂါကြီးငယ် တင့်တယ်သည်ဟု တစိမ့်စိမ့်ရှုသော စရိုက်ရှိသူအား ဝိက္ခိတ္တက သင့်၏။

၇။ ရွှေငှက်ပျောသွင် မထင်ရိုးဆစ် ချောမော ပြေပြစ်သည်ဟု စုံမက်သော စရိုက် ရှိသူအား ဟတဝိက္ခိတ္တက သင့်၏။

၈။ ရွှေတန်ဆာရောင်ကြောင့် ပြောင်ပြောင်လက်လက် နှစ်သက်သော စရိုက် ရှိသူအား လောဟိတက သင့်၏။

၉။ ငါတဦးတည်း ပိုင်ဟု နိုင်နိုင်စိုးစိုး မြတ်နိုးသော စရိုက်ရှိသူအား ပုဠုဝက သင့်၏။

၁ဝ။ ဖြူဖွေးသော သွား, ပုလဲကုံးအလားဟု အရိုးကောင်း ဖြစ်အင် ခုံမင်သော စရိုက် ရှိသူအား အဋ္ဌိကသင့်၏၊ ရာဂငြိမ်းဆေး ဖြစ်၏။

သောမနဿဖြစ်ပုံ

အသုဘအာရုံ အားလုံးသည် စက်ဆုပ်ဘွယ်ဖြစ်၍ စိတ်တည်ငြိမ်ခြင်းငှါ အားနည်း၏၊ ဝိတက်စွမ်းဖြင့်သာ စိတ်တည်သည်၊ ရေယဉ်ကြမ်း၌ ထိုးဝါးစွမ်းဖြင့်သာ လှေတည် သကဲ့သို့တည်း၊ ထို့ကြောင့် ဝိတက်ရှိသော ပဌမဈာန်သာဖြစ်သည်၊ ဒုတီယဈာန် စသည် မဖြစ်။

စက်ဆုပ်ဘွယ် အာရုံဖြစ်သော်လည်း အို, နာ, သေဘေး လွတ်လတ္တံ့- ဟု အာနိသင် မြင်သောကြောင့်၎င်း, နီဝရဏ အပူကင်းသောကြောင့်၎င်း ပီတိသောမနဿ ဖြစ်သည်၊ မစင်အစုအပုံ၌ ပန်းမှိုက်သွန်အား အခများစွာရလတ္တံ့-ဟု ဝမ်းမြောက်ခြင်း ဖြစ်သည်နှင့် တူ၏၊ လူမမာအား အော့အန်ခြင်း ဆီးဝမ်းပေါက်ခြင်း ဖြစ်သောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သည်နှင့် တူ၏။

ရှင်အသုဘ ၄-မျိုး

အသုဘသည် ဆယ်မျိုးပြားသော်လည်း မစင်မကြယ် အနံ့ဆိုး ရွံဘွယ် ဖြစ်ခြင်း လက္ခဏာအားဖြင့် တမျိုးတည်းသာ ဖြစ်၏၊ ဤလက္ခဏအားဖြင့် သေသူရှင်သူ၌ အထူးမရှိ၊

စေတိယတောင်၌ သီတင်းသုံးသော ရှင်မဟာတိဿသည် ရယ်သံကြားရာ၌ သွားရိုးမြင်၍ အဋ္ဌိကသညာဖြင့် ဈာန်မဂ်ဖိုလ် ရဘူးပြီ၊ သံဃရက္ခိတမထေရ်၏ တပည့် သာမဏေသည် ဆင်စီးလာသော မင်းကြီးကိုကြည့်၍ အသုဘသညာ ရဘူးပြီ၊ စိတ္တဟဋ္ဌမထေရ်သည် အိပ်ပျော်နေသော မယားကိုမြင်၍ ဥဒ္ဓုမာတကသညာ ရ၍ ကျောင်းသို့သွားစဉ် သောတာပန် တည်ဘူးပြီ၊ ထို့ကြောင့်-

၁။ ရှင်သူကိုယ်တွင် ဖောရောင်ခိုက် - ဥဒ္ဓုမာတက,
၂။ အနာပြည်ယိုခိုက် - ဝိပုဗ္ဗက
၃။ သွေးထွက်ခိုက် - လောဟိတက
၄။ သွားပေါ်ခိုက် - အဋ္ဌိကဘာဝနာ ပွားအပ်သည်သာတည်း။

(လေးမျိုး။)

*ဓု နီ ပုဗ် ဆိဒ်၊ ကွာနှင့် ခိတ်၊ ဟခိတ်, လော, ပု အဌ်။
အသုဘ ဆယ်ခု၊ သေ ဆယ်ခု၊ လေးခု ရှင်သူကပ်။

သေသူ ရှင်သူ အတူတူ

သေသူ, ရှင်သူ အသုဘချင်း တူသော်လည်း ရှင်သူ၌ ပြုပြင်ခြင်းခါခါ တန်ဆာအငှါး ဖုံးအုပ်ကာ ထားသောကြောင့် အသုဘဟု မထင်၊ ပင်ကိုယ်အားဖြင့်သော်ကား အရိုးသုံးရာကျော် စိုက်ထောင်၍ အဆက်အစပ် ၁၀၀- ရှိ၍ အကြော ကိုးရာဖြင့် တုပ်နှောင်၍ အသားတစ် ကိုးရာ ကပ်သွင်း၍ အရေထူစိုစိုဖြင့် ထုပ်ပိုး၍ အရေးပါး လွှမ်းထားသော ကိုယ်ကောင်ဖြစ်၏၊

အပေါက် ကြီး-ငယ်ရှိ၏၊ အဆီအိုးကဲ့သို့ အောက်အထက် ယိုစိမ့်၏၊ ပိုးမျိုး ရှစ်ဆယ်၏ မှီခိုရာ, ဆနဝုတိရောဂါ၏ ပေါ်ပေါက်ရာ, ဒုက္ခမျိုးစုံ၏ ယာခင်းကြီးသဘွယ်သာ ဖြစ်၏၊ ပြည်မှည့်၍ ပေါက်ကွဲယိုထွက်သော အိုင်းအမာကြီး အလား ကိုးပါးဒွါရ အမာဝမှ မပြတ်တစိုစို မျက်ဝတ်, နဖာ, နှပ်, တံထွေး, ချွဲခန်း ကျင်ကြီး, ကျင်ငယ် ယိုကျ၏၊

မွေးတွင်း ကိုးသောင်း, ကိုးထောင်မှ ချွေးအစေးရည်ယို၍ ဆားမြူညစ် အလွှားလွှား ယင်ကောင်တို့ ဝန်းရံခစားလျက် ရှိ၏၊ မျက်နှာသစ်ခြင်း, ရေချိုးခြင်း, ဖြီးခြင်း, လိမ်းခြင်း ဝတ်ရုံခြင်း တို့ဖြင့် မပြုမပြင်ဘဲ မိမွေးတိုင်းသာဖြစ်လျှင် မင်းနှင့် ဒွန်းစဏ္ဍား ထူးခြားဘွယ် မရှိ၊ အမွေးစုတ်ဖွားချင်း အတူတူ၊ ဆံဖားရားချင်း အတူတူ၊ ကိုယ်အနံ့ချင်း အတူတူ၊ ချမ်းသာဆင်းရဲမရွေး တထပ်တည်း အတူတူဖြစ်၍ မစင်ကြယ် အနံ့ဆိုး ရွံဘွယ်ဖြစ်ခြင်း ဟူသော လက္ခဏာအားဖြင့် တမျိုးတည်းသာ ဖြစ်လေ၏။

နွားအို မြက်နုကြိုက်

ဤသို့ မင်းနှင့် ဒွန်းစဏ္ဍား စက်ဆုပ်ဘွယ် မထူးခြားဘဲ ရေချိုးခြင်း, ဖြီးခြင်း, လိမ်းခြင်း, အငှါးတန်ဆာ ဖုံးအုပ်ခြင်းတို့ဖြင့် ငါ့ကိုယ်, ငါ့ဟာ ငါ-ဟု စုံမက်စရာ အထင်ကြီးစရာဖြစ်အောင် ပြုပြင်ကြကုန်၏၊ ထိုအကြောင်း သဘောမှန် မရိပ်မိ၍သာ ဖို-မတို့သည် အချင်းချင်း အမြတ်တနိုး နှစ်ခြိုက် နိုင်ကုန်၏၊ ရွှေမှုန့်လိမ်းထားသည်ကို နောက်ချေးခံဟု မသိ၍သာ၊ နှမ်းဖြူး ထားသည်ကို ထမင်းချမ်းခဲဟု မသိ၍သာ နှစ်ခြိုက်နိုင်ကုန်၏၊ နွားအိုမြက်နု ကြိုက်သည်ကို မျက်မှန်စိမ်း တပ်ပေးလျှင် နုရင့် မသိ မြက်ခြောက်ရေဖျန်း ထားစေကာမူ မြက်နုစင်စစ်ဟု နှစ်ခြိုက်နိုင်၏၊

တတြတတြာဘိနန္ဒီနိ - မျက်မှန် စိမ်းဖြင့်လည်း နှမ်းဖြူးထားလျှင် မြက်နုစင်စစ် ဟုနှစ်ခြိုက်နိုင်ကုန်၏၊ ပရမတ်အားဖြင့် စင်စစ် နှစ်ခြိုက်စရာ အဏုမြူမျှမရှိ၊ ထို့ကြောင့် မဟုတ်လော၊ ကြပ်စည်းထားသော ဤကိုယ်မှ အပသို့ ဆံပင် မွေးညှင်း ခြေသည်း လက်သည်း သွား တံထွေး နှပ် ကျင်ကြီး ကျင်ငယ်စသည် တခုခု ထွက်ကျလျှင် ကျရုံမျှဖြင့် တို့ချင်သူ, ကိုင်ချင်သူမရှိ၊ ငါ့ပစ္စည်းဟု- ပြန်သိမ်းသူမရှိ၊ ရွံရှာသူ, စက်ဆုပ်သူတို့သာ ဖြစ်ကုန်၏။

ခွေးငတ်နှင့် ပေါက်ပွင့်

ကိုယ်မှပြင်ပ ထွက်ကျသမျှနှင့် မကျသေးသမျှသည် ရွံဘွယ် ပဋိကူလချင်း အတူတူ ဟု သိသင့် သိထိုက်သည်ဖြစ်လျက် အဝိဇ္ဇာ မှောင်ပိတ် ကာခြင်း, ကိုယ်ကို စုံမက်သော ရာဂငမ်းငမ်းတက်ခြင်းတို့ကြောင့် “စုံမက်စရာ မြတ်နိုး စရာ နိစ္စ, သုခ, အတ္တ”ဟု စွဲစွဲလမ်းလမ်း ယူဆကုန်၏၊ တောအုပ်၌ ပေါက်ပင်ကိုမြင်၍ မကြွေကျ သေးသော ပေါက်ပွင့်ကို အမဲသား-ဟု စွဲလမ်းသော မြေခွေးကဲ့သို့ မပင်ပန်းတန်-ပင်ပန်းကြရကုန်၏။

တပင်လုံးပွင့်သော ပေါက်ပင်ကို ညဉ့်အခါ ခွေးငတ် မြင်လတ်သော် အမဲသားပင်ဟု မှတ်ထင်၏၊ ကြွေသောအခါ အမဲသားမဟုတ်ဟု သိသော်လည်း မကြွေသေးသည် ကား အမဲသားဟု မှောင်တုန်း ငမ်းတုန်းပင်တည်း။

ကိုယ်မှအပ ထွက်ကျမှသာ မဟုတ်၊ မကျမီလည်း အသုဘ ချည်းသာတည်း၊ ဗာလတို့သည် မကျမီ သုဘ-ဟု မှောင်လျက်ငမ်းလျက် ဝဋ်ဒုက္ခမှ မထွက်နိုင်ကြ၊ ထို့ကြောင့် ပညာဉာဏ် ထက်သောသူသည် သေသူ ရှင်သူ အတူတူ-ဟု အသုဘ အမြဲရှုရာ၏။

၁။ အနံ့မကောင်းသော ကိုယ်
၂။ မစင်ကြယ်သော ကိုယ်
၃။ ခွေးကောင်ပုပ် မြွေကောင်ပုပ်နှင့်တူသော ကိုယ်
၄။ မစင်တွင်းနှင့်တူသော ကိုယ်
၅။ မျက်စိရှိသူတို့ ကဲ့ရဲ့အပ်သော ကိုယ်
၆။ မျက်စိမရှိသူတို့ လွန်စွာမြတ်နိုးအပ်သော ကိုယ်
၇။ အရေထူ အရေပါး ဖုံးထားသော ကိုယ်
၈။ အခေါင်းဟောင်းလောင်း ကိုးခုရှိသော ကိုယ်
၉။ အိုင်းအမာကြီးနှင့် တူသော ကိုယ်
၁၀။ ထက်အောက်ဝန်းကျင် ယိုစိမ့်သော ကိုယ်
၁၁။ တသက်လုံး ဆေးလျက် မစင်နိုင်သော ကိုယ်
၁၂၊ ပုပ်နံ့ထုံလျက် မှောင်၍ ငမ်းသူတို့ မြိန်ရှက်အပ်သော ကိုယ်
၁၃။ ခေါင်းပါး ခွံမြှေး သစ်ထဲဆွေးသို့ ညစ်ကြေး ပြည့်လျှံ တလံမျှသော ကိုယ်
၁၄။ အတွင်းသား ပြင်ပနေလျှင် တုတ်ကိုင်၍ ကျီးမောင်းရမည့် ကိုယ်
၁၅။ ခွေးမောင်းရမည့် ကိုယ်
၁၆။ ကြပ်စည်းထားရသည်ဟုသိလျှင် အနီးကပ်ပင် မခံသင့်သောကိုယ်။

ထို့ကြောင့် မဂ်ဖိုလ် ရည်မှန်းငသာ ရဟန်းသည် ရှင်သူ၏ ကိုယ်၌ဖြစေ၊ သေသူ၏ ကိုယ်၌ဖြစ်စေ - အသုဘခြင်းရာ ထင်ရာ၌ ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် ယူ၍ ဘာဝနာစိတ်ကို အပ္ပနာသို့ ရောက်စေအပ်၏။

အသုဘဆယ်ပါး ပြီး၏။

အနုဿတိဆယ်ပါး

ဗုဒ္ဓါနုဿတိ

အနု-အဖန်ဖန်၊ ဝါ-လျော်သော + သတိ-အောက်မေ့ခြင်း။

အဖန်ဖန် + အောက်မေ့ခြင်းသည် အနုဿတိ မည်၏၊

ဝါ-သင့်သော နေရာ၌သာ ဖြစ်သောကြောင့် ကုလပုတ္တ အားလျော်သော + အောက်မေ့ခြင်းသည် အနု + ဿတိ မည်၏၊

ဘုရားကို အာရုံပြုသော အနုဿတိသည် ဗုဒ္ဓါနုဿတိ မည်၏၊ “သော ဘဂဝါ ဣတိပိ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ” စသည်ဖြင့် ဘုရား၏ ဂုဏ်တော်ကို အာရုံပြုသည် ဟူလို။

၂၆-နက်

ဂုဏ်တော်အာရုံပြု၍ အောက်မေ့ပုံကား --

၁။ မြတ်စွာဘုရားသည် ကိလေသာတို့မှ ဝေးကွာတော်မူ၏၊ ကိလေသာ ရန်သူတို့ကို သတ်တော်မူ၏၊ သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်၏၊ မကောင်းမှုကို ပြုစရာ ဆိတ်ကွယ်ရာမရှိ။ (အရဟံ ၅-နက်။)

၂။ မြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူ၏။

၃။ မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး, ပိဇ္ဇာရှစ်ပါး, စရဏ တဆဲ့ငါးပါး တို့နှင့် ပြည့်စုံတော်မူ၏။

၄။ မြတ်စွာဘုရားသည် အရိယာမဂ် တည်းဟူသော တင့်တယ်သော သွားခြင်း ရှိတော်မူ၏၊ ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော်မူ၏၊ ပယ်ပြီးသော ကိလေသာ ပြန်မလာစေခြင်းဖြင့်၎င်း ဗောဓိမဏ္ဍိုင် တိုင်အောင် ပါရမီပဋိပတ် ဖြည့်ကျင့်စေခြင်း ဖြင့်၎င်း ကောင်းစွာ ကြွသွားတော်မူ၏၊ သင့်သော စကားနှစ်ခွန်းကို ဆိုတော်မူ တတ်၏၊ (သုဂတော ၄-နက်။)

၅။ မြတ်စွာဘုရားသည် သဝိညာဏက ခန္ဓာလောကကို ဒုက္ခသဘော စသည်ဖြင့် သိတော်မူ၏၊ သတ္တလောက သင်္ခါရလောက ဩကာသလောက - ဟုဆိုအပ်သော လောကသုံးပါးကို ခပ်သိမ်းသော အပြားအားဖြင့် သိတော်မူ၏။

(လောကဝိဒူ ၂-နက်။)

၆။ မြတ်စွာဘုရားသည် မိမိထက် လွန်မြတ်သောသူ မရှိ၊ မယဉ်ကျေးသေးသော လူယောက်ျား, နတ်ယောက်ျား ကိရစ္ဆာန်ယောက်ျားတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်၏၊ အတုမရှိ မြတ်တော်မူသည်ဖြစ်၍ မယဉ်ကျေးသေးသော လူယောက်ျား နတ်ယောကျ်ား တိရစ္ဆာန်ယောက်ျား တို့ကိုယဉ်ကျေးအောင် ဆုံးမတော်မူတတ်၏။ (၃-နက်။)

၇။ မြတ်စွာဘုရားသည် နတ်လူတို့၏ ဆရာဖြစ်တော်မူ၏၊ နတ်လူတို့၏ လှည်းမှူးကြီး ဖြစ်တော်မူ၏။ (၂-နက်။)

၈။ မြတ်စွာဘုရားသည် သိထိုက်သော ဉေယျဓမ်တရား ငါးပါးတို့ကို ဝိမောက္ခန္တိက ဉာဏ်စွမ်းဖြင့် သိတော်မူ၏၊ သစ္စာလေးပါးကို ကိုယ်တော်တိုင် သိ၍ သူတပါးတို့ ကိုလည်း သိစေတော်မူ၏။ (၂ နက်။)

၉။ မြတ်စွာဘုရားသည် အထွဋ်အထိပ်သို့ ရောက်သော ဒါနစသော ပါရမီဘုန်းကံ ရှိတော်မူ၏၊ အသိန်းမကသော ကိလေသာ အကျဉ်းအားဖြင့် မာရ်ငါးဖြာကို ချိုးဖဲ့ ဖျက်ဆီးတော်မူ၏၊ ဣဿရိယ ဓမ္မ ယသ သိရီ ကာမ, ပယတ္တ-တည်းဟူသော ဘုန်းတော်တရား ခြောက်ပါး ရှိတော်မူ၏၊ ကုသိုလ်စသော အပြား ခန္ဓာစသော အပြားတို့ဖြင့် တရားတို့ကို ဝေဘန် ဟောကြားတော်မူ၏၊ ဈာန် မဂ်လ် နိဗ္ဗာန်တို့ကို အကြိမ်ကြိမ် ဆည်းကပ်တော်မူ၏၊ ဘဝတို့၌ ပြေးသွားတတ်ငသာ တဏှာကို ထွေးအန်တော်မူ၏။ (ဘဂဝါ ၆-နက်။)

ဤသို့စသည်ဖြင့် အဖန်ဖန် အောက်မေ့ရသည်။

မှတ်ဘွယ်စိုးစဉ်း

ကိလေသာ ဝေးပုံကား --

ကိလေသာဟူက ဝါသနာမျှ မကျန်အောင် မဂ်ဖြင့် ဖျက်ဆီးသောကြောင့် ဤမျှ ဝေးသည်ဟု မဆိုနိုင်အောင် အလွန့်အလွန် ဝေး၏၊ ဝါသနာ ဟူသည်ကား - ကိလေသာ ရှိခိုက်ဖြစ်သော ကိုယ် နှုတ် အမူအရာ၊ ဝါ-ကိလေသာ၏ သတ္တိအလေ့၊ ကိလေသာ ကုန်သော်လည်း အရှိန်မသေ၊ အချို့ ကျန်တတ်သည် ဟူလို။

သံသရာစက် အကန့်ပျက်ပုံကား --

သံသရာစက်သည် အဝိဇ္ဇာ, ဘဝတဏှာဖြင့် အပြီးပြုသော ပုံတောင်းချက် မရှိ၊ ပုညာဘိသင်္ခါရ စသော အကန့် များရှိ၏၊ ဧရာ မရဏ အကွပ်ရှိ၏၊ အာသဝသမုဒယ ဝင်ရိုးတပ်ထား၏၊ ဘဝသုံးပါး ရထားအိမ် တင်ထား၏၊ အစမထင်သော ရှေး ကတည်းက ယခုတိုင် တလည်တည်း လည်၏၊ ထိုသံသရာစက်၏ အကန့်တို့ကို ဗောဓိမဏ္ဍိုင်၌ ဝိရိယဟူသော ခြေဖြင့် သီလဟူသောမြေ၌ ခိုင်မြဲ တင်းကြပ်စွာ ရပ်တည်ပြီးလျှင် ကံကုန်ခြင်းကို ပြုတတ်သော ဉာဏ်ပုဆိန်ကို သဒ္ဓါလက်ဖြင့် စွဲကိုင်လျက် ဖျက်တော်မူ၏၊

တနည်းကား -

သံသရာစက်သည် အဝိဇ္ဇာပုံတောင်း ချက်မ တခုရှိ၏၊ ဇရာမရဏ အကွပ်တခုရှိ၏၊ သင်္ခါရစသော အကန့် ဆယ်ခုရှိ၏၊ အစမထင် လည်သောကြောင့် အနမတဂ္ဂ သံသရာဝဋ် မည်၏၊ ထိုစက်၏ အကန့်တို့ကို ဓမ္မဋ္ဌိတိဉာဏ်ဖြင့်သိ၍ ငြီးငွေ့၍, လွှတ်လို၍ ဖျက်တော်မူ၏၊

ဓမ္မဋ္ဌိတိဉာဏ် ဟူသည်ကား -

အဝိဇ္ဇာသည် အကြောင်းပစ္စည်း၊ သင်္ခါရသည် အကျိုး ပစ္စုပ္ပန်၊ ဤနှစ်ပါးလုံးလည်း အကြောင်းကြောင့် ဖြစ်သော ပစ္စယုပ္ပန်သာတည်း” ဟု အကြောင်းကို သိမ်းဆည်း သော ဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဉာဏ်လည်း မည်၏၊ ပဋိစ္စသမုပ္ပါဒ် သိသောဉာဏ်လည်း မည်၏။

အလုံးစုံသော တရားသိပုံကား --

ထူးသော ဉာဏ်ဖြင့် သိအပ်သော သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် သိအပ်၏ ဟူ၍၎င်း,
ပိုင်းခြား၍ သိအပ်သော ဒုက္ခသစ္စာကို ပိုင်းခြား၍ သိအပ်၏-ဟူ၍၎င်း,
ပယ်အပ်သော သမုဒယ သစ္စာကို ပယ်အပ်၏-ဟူ၍၎င်း,
မျက်မှောက်ပြုအပ်သော နိရောဓသစ္စာကို မျက်မှောက်ပြုအပ်၏-ဟူ၍၎င်း
ပွားစေအပ်သော ပဂ္ဂသစ္စာကို ပွားစေ အပ်၏-ဟူ၍၎င်း
မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊

တနည်း - အာယတန ခြောက်ပါး, ဝိညာဏ်ခြောက်ပါး, ဥဒ္ဓုမာတက စသော သညာ ဆယ်ပါး, ဆံပင်စသော ၃၂-ပါးသော အခြင်းအရာ, ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါး စသည်တို့၌ တခုတခုကိုထုတ်၍ ဤကား ဒုက္ခသစ္စာ-စသည်ဖြင့် သစ္စာလေးပါးခွဲ၍ သိတော်မူ၏။

ဝိဇ္ဇာစရဏ၌ ဝိဇ္ဇာသုံးပါးကား - ပု, ဒိ, အာ-သုံးခုတည်း။

၁။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ,
၂။ ဒိဗ္ဗစက္ခု အဘိညာ,
၃။ အာသဝက္ခယ အဘိညာ-ဟူလို။

ဝိဇ္ဇာရှစ်ပါးကား-ဝိ, မ, ပုဗ္ဗေ ဒိ, ဒိ, စေ, ဣဒ္ဓိ, အာ-ရှစ်ခုတည်း။

၁။ ဝိပဿနာဉာဏ်
၂။ မနောမယိဒ္ဓိနှင့်
၃။ (ပုဗ္ဗေနိဝါသာနုဿတိ
၄။ ဒိဗ္ဗစက္ခု
၅။ ဒိဗ္ဗသောတ
၆။ စေတောပရိယ
၇။ ဣဒ္ဓိဝိဓ
၈။ အာသဝက္ခယ) အဘိညာ ခြောက်ပါး ဟူလို။

စရဏ တဆဲ့ငါးပါးကား -
သီ ဣန် ဘော ဇာ(၄)၊
သဒ္ဓမ္မာသတ္တ (၇)၊
ရူပဈာန် စတုက္က (၄)၊
ဤ ၁၅-ခုတည်း။

၁။ သီလသံဝရ
၂။ ဣန္ဒြိယေသုဂုတ္တဒွါရတာ
၃။ ဘောဇနေမတ္တညုတာ
၄။ ဇာဂရိယာနုယောဂ
၅။ သဒ္ဓါ
၆။ သတိ
၇။ ဟိရီ
၈။ ဩတပ္ပ
၉။ သုတ,
၁၀။ ဝီရိယ,
၁၁။ ပညာ,
၁၂-၁၅။ စတုက္ကနည်း ဈာန်လေးပါး(၄)ဟူလို။

ကောင်းစွာ ကြွသွားပုံကား --

မဂ်ဖြင့် ပယ်ပြီးသော ကိလေသာတို့ကို ပြန်မလာအောင် ပြု၍ ကြွသွား၏၊

တနည်း-

ဒီပင်္ကရာဘုရား၏ ခြေတော်ရင်းမှစ၍ ဗောဓိမဏ္ဍိုင်တိုင်အောင် --
သမ္မာပဋိပတ်ဖြင့် လောကအစီးအပွား ပြုလျက် ကြွသွား၏၊
သဿတ, ဥစ္ဆေဒ နှစ်စွန်းသို့ မကပ်ဘဲ ပဋိစ္စသမုပ္ပါဒ် ဂတိဖြင့် ကြွသွား၏၊
ကာမသုခ, အတ္တကိလမထ နှစ်စွန်းသို့ မကပ်ဘဲ ပဋိစ္စသမုပ္ပါဒ်ဂတိဖြင့် ကြွသွား၏၊
ကာမသုခ, အတ္တကိလမထနှစ်စွန်းသို့ မကပ်ဘဲ မဇ္ဈိမပဋိပဒါဖြင့် ကြွသွား၏။

သင့်သော စကားနှစ်ခွန်း ဆိုပုံကား -

၁။ မှားအကျိုးမဲ့ - မနာလိုမဆို၊ သူမြတ်ကို သူယုတ်ဟု မဆို။

၂။ မှန်အကျိုးမဲ့ - မနာလိုမဆို၊ သူယုတ်ကို သူယုတ်ဟုမဆို။

၃။ မှန်အကျိုးရှိ - မနာလို ကာလသိ၍ ဆိုတော်မူ၏၊
ဒေဝဒတ် ငရဲကျတော့မည်ဟု ကာလသိ၍ ဆိုတော်မူ၏။

၄။ မှားအကျိုးမဲ့ - နာလိုမဆို၊ သူယုတ်ကို သူမြတ်ဟုမဆို။

၅။ မှန်အကျိုးမဲ့ - နာလိုမဆို၊ အမှန်အတိုင်း ဂုံးစကားကိုမဆို။

၆။ မှန်အကျိုးရှိ - နာလို ကာလသိ၍ ဆိုတော်မူ၏၊
သူမြတ်နတ်ပြည် ရောက်မည်ဟု ကာလသိ၍ ဆိုတော်မူ၏။

သဝိညာဏက ခန္ဓာလောက သိပုံကား --

ဤသက်ရှိ ကိုယ်၌သာလျှင် ခန္ဓာ အာယတန စသော လောက၏ ဒုက္ခသဘာဝ, သမုဒယ, နိရောဓ, မဂ္ဂတို့ကို သိတော်မူ၏။

သင်္ခါရလောက သိပုံကား --

သင်္ခါရလောကသည် “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” အားဖြင့်၊ ဝါ-အကြောင်း ကြောင့်ဖြစ်သော သင်္ခါရအားဖြင့် တပါးသာတည်း၊ နာမ်ရုပ်အားဖြင့် နှစ်ပါး, ဝေဒနာအားဖြင့် သုံးပါး အာဟာရအားဖြင့် လေးပါး, ဥပါဒါနက္ခန္ဓာအားဖြင့် ငါးပါး၊ ဤသို့ စသည်ဖြင့်များပြားစွာသော သင်္ခါရလောကကို အကြွင်းမဲ့ သိတော်မူ၏။

သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ-ဟု ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် သင်္ခါရတို့ကို ရည်၍ ဟောသည်။

သတ္တလောက သိပုံကား --

၁။ သတ္တဝါတို့၏ အာသယကို
၂။ အနုသယကို
၃။ စရိုက်ကို
၄။ နှလုံးသွင်းကို
၅။ ကိလေသာ နည်းသူများကို
၆။ သဒ္ဓါစသော ဣန္ဒြေငါးပါး ရင့်သူ နုသူကို
၇။ အခြင်းအရာကောင်းရှိ၍ ဝိဝဋ္ဋမှီသူ၊ ခြင်းရာညံ့ရှိ ဝဋ္ဋမှီသူကို
၈။ မဂ်ရလွယ်သူ မရလွယ်သူကို
၉။ အန္တရာယ်ကင်း မကင်းကြောင့် - မဂ်ရထိုက်သူ၊ မရထိုက်သူကို
အကြွင်းမဲ့ သိတော်မူ၏။

အာသယ နှစ်မျိုးရှိ၏၊ သဿတ, ဥစ္ဆေဒနှစ်ပါးသည် ဝဋ်ကိုမှိသူ-ဝဋ္ဋနိဿိတတို့၏ နေရာ အာသယ တမျိုးဖြစ်၏၊ ဝိပဿနာ ဉာဏ်ဟူသော အနုလောမခန္တီ၊ မဂ်ဟူသော ယထာဘူတဉာဏ် နှစ်ပါးသည် ဝဋ်ကင်းရာကိုမှီသူ ဝိဝဋ္ဋနိဿိတတို့၏ နေရာ အာသယမျိုးဖြစ်၏၊ ဒိဋ္ဌိနှစ်ခု ဉာဏ်နှစ်ခု လေးခု အာသယဖြစ်၏။

ဩကာသလောက သိပုံကား -

၁။ စကြဝဠာ တခုသည် --
လျား နံ ယူဇနာ တသန်းနှစ်သိန်း ၃၄၅၀-ရှိ၏၊ (၁,၂၀၃,၄၅ဝ)၊
အဝန်း သုံးသန်း ခြောက်သိန်း တသောင်း ၃၅၀-ရှိ၏၊ (၃,၆၁၀, ၃၅ဝ)၊
အောက်ခံမြေ နှစ်သိန်း လေးသောင်း၊
အောက်ခံရေ လေးသိန်းရှစ်သောင်း၊
အောက်ခံလေ ကိုးသိန်းခြောက်သောင်း ရှိ၏။

၂။ မြင်းမိုရ်တောင်သည် သမုဒြာ၌ ရှစ်သောင်း လေးထောင်မြုပ်၍ ရှစ်သောင်း လေးထောင် ပေါ်၏၊ ထိုအောက် ထက်ဝက် ထက်ဝက် ပမာဏဖြင့် မြုပ်လျက် ပေါ်လျက် မြင်းမိုရ်ကို ရံပတ်ကာတည်သော ယုဂန္ဓရ ဤသဓရ ကရဝိက သုဒဿန နေမိန္ဓရ ဝိနတက အဿကဏ္ဍ - ဟူသော တောင်စဉ် ခုနစ်ထပ် ရှိ၏၊ ထို တောင်စဉ်တို့၏ အကြား၌ သီဒါသမုဒြာလည်း ခုနစ်ခု ရှိ၏။

၃။ ဟိမဝန္တာတောင်သည် ယူဇနာငါးရာ မြင့်၏၊ လျားနံ သုံးထောင် ကျယ်၏၊ တောင်ထွဋ် ရှစ်သောင်းလေးထောင် ရှိ၏။

၄။ ဇမ္ဗူ့သပြေပင်သည် ပင်စည်လုံးပတ် ၁၅-ယူဇနာ၊ ပင်စည်နှင့် ခက်မငါးဖြာ ငါးဆယ်စီ ရှည်၏၊ လျားနံ တရာကျယ်၏၊ တရာ မြင့်၏၊

တောင်ကျွန်း သပြေပင်,
အသုရာ ပြည်သခွပ်,
ဂဠုန်ပြည် လက်ပံ,
အနောက်ကျွန်း ထိန်,
မြောက်ကျွန်း ပဒေသာ,
အရှေ့ကျွန်း ကုက္ကို,
တာဝတိံသာ ပင်လယ်ကသစ် -
ဤသစ်ကြီး ခုနစ်ပင်သည် ပမာဏအားဖြင့် အတူတူဖြစ်၏။

၅။ စကြဝဠာတောင်သည် သမုဒြာ၌ ရှစ်သောင်းနှစ်ထောင် မြုပ်၍ ထိုမျှပင်ပေါ်၏၊ လောကဓာတ်ကို ရံပတ်ကာတည်၏၊ တံတိုင်း ကြီးဖြစ်၏။

၆။ လောကဓာတ်တခု၌ --
လဝန်းသည် ယူဇနာအားဖြင့် အချင်း ၄၉၊ အဝန်း ၁၄၇၊
နေဝန်း အချင်း ၅ဝ၊ အဝန်း ၁၅၀၊
တာဝတိံသာ အကျယ်တသောင်း၊
အသုရာပြည် တသောင်း၊
အဝီစိ တသောင်း၊
ဇမ္ဗူဒိပ်ကျွန်း တသောင်း၊
အရှေ့ကျွန်း ၇၀၀၀၊
အနောက်ကျွန်း ၇၀၀၀၊
မြောက်ကျွန်း ၈၀၀၀၊
ကျွန်းကြီး တခုတခု၌ ကျွန်းငယ် ၅၀၀-စီ အရံရှိ၏၊
ဤအလုံးစုံသည် လောကဓာတ်တခု၊ စကြဝဠာတိုက်တခု ဖြစ်၏။

၇။ စကြဝဠာတိုက်တို့၏အကြား၌ လောကန္တရိယငရဲတို့ ရှိကုန်၏။

ဤသို့ အနန္တလောကဓာတ်တို့ကို အနန္တဉာဏ်တော်ဖြင့် အကြွင်းမဲ့ သိတော်မူ၏။ ကောင်းကင်အနန္တ, စကြဝဠာအနန္တ, သတ္တဝါအနန္တ, ဗုဒ္ဓဉာဏ်တော်အနန္တ၊ အနန္တ လေးပါးရှိ၏။

မယဉ်ကျေးသေးသော သူတို့ကို ဆုံးမရာ၌ ယဉ်ကျေးပြီးသော သူတို့ကိုလည်း အောက်မဂ်ဖိုလ် ရသူကို အထက်မဂ်ဖိုလ် ရအောင် ဆုံးမသေးသည်၊ ရှင်သာရိပုတြာပင် ဆုံးမ မလွတ်သေး။

ဆင်ဆရာတို့ ဆုံးမအပ်သော ဆင်သည် တကြိမ်ပြေးလျှင် အရပ်တခုသို့သာ ရောက်သည်၊ ဘုရားရှင် ဆုံးမအပ်သော သူတို့ကား ထိုင်နေခြင်းတခုဖြင့် အရပ် ရှစ်မျက်နှာသို့ ရောက်ကုန်၏။

(ဤ၌ ထိုင်ရာမထ သမာပတ်ရှစ်ပါး ရသည်ကို အရပ်ရှစ်မျက်နှာသို့ ရောက်သည်ဟု တင်စားသည်။)

နတ်လူတို့၏ ဆရာဖြစ်ပုံကား -

မျက်မှောက်အကျိုး, တမလွန်အကျိုး ပရမတ္ထနိဗ္ဗာန် အကျိုးရအောင် ဆုံးမသောကြောင့် ဆရာဖြစ်တော်မူ၏။

လှည်းမှူးကြီး ဖြစ်ပုံကား --

လှည်းမှူးကြီးသည် ကုန်သည်တို့ကို စောရ ကန္တာရ - ခိုးသူရှိသော ခရီးခဲစသည်မှ ထုတ်ဆောင်၍ ဘေးကင်းရာသို့ ပို့၏၊ ဘုရားရှင်လည်း သတ္တဝါတို့ကို ဇာတိကန္တာရ စသည်မှ ထုတ်ဆောင်၍ နိဗ္ဗာန်သို့ ပို့တော်မူ၏။

နတ် လူတို့၏ ဆရာ-ဟု ဆိုရာ၌ ဥက္ကဋ္ဌပုဂ္ဂိုလ်၊ ဘဗ္ဗပုဂ္ဂိုလ် အစွမ်းဖြင့်သာ ဆိုသည်၊ တိရစ္ဆာန်တို့၏ ဆရာလည်း ဖြစ်သေး၏၊

ထို့ကြောင့် ဖားစသော တိရစ္ဆာန်သည်ပင် တရားတော်နာရ၍ ဥပနိဿယ ပစ္စည်းရ၍ နှစ်ဘဝ, သုံးဘဝဖြင့် မဂ်ဖိုလ်ရလေသည်။

ဝိမောက္ခန္တိကဉာဏ် ဟူသည်ကား -

အရဟတ္တမဂ်သည် ကိလေသာမှ လွတ်ဆဲဖြစ်သောကြောင့် ဝိမောက္ခ မည်၏၊ ထိုနောက်၌ ဖြစ်သော အရဟတ္တဖိုလ်ဉာဏ်, သဗ္ဗညုတဉာဏ် စသော ဘုရား ဉာဏ်တော် အားလုံးသည် ဝိမောက္ခန္တိက ဉာဏ်မည်၏။

ဘုန်းတော် ၆-ပါးတို့တွင်—

၁။ မိမိစိတ်ကို လွန်စွာအစိုးရခြင်းသည် ဣဿရိယ မည်၏၊ အဏိမာ, လင်္ဃိမာ မဟိမာ, ပတ္တိ, ပါကမ္မ, ဤသိတာ, ဝသိတာ, ယတ္ထကာမ ဝသာယိတာ - ဟူသော လောကီတန်ခိုး ရှစ်ပါးဖြစ်၏။

၂။ လောကုတ္တရာတရားသည် ဓမ္မမည်၏။

၃။ လောကသုံးပါးလုံး ပြန့်နှံ့သော စင်ကြယ်သော ကျော်စောသံသည် ယသ မည်၏၊ အရူပလေးဘုံ၌ အဘယ်သို့ ပြန့်နှံ့သနည်းဟူမူ - ဘုရားဂုဏ် သိရှိပြီး၍ အရူပဘုံ ရောက်သူတို့သည် ဂုဏ်တော် အာရုံပြုနိုင်ကြသည်၊ ထို့ကြောင့် အရူပ၌လည်း ဂုဏ်နှံ့သည်၊

(အရူပဘုံတို့၌ ရူပဈာန် မရှိကောင်းသော်လည်း ရူပဈာန်ကို ပါဒက သမ္မသိတပြုသော မဂ်ဖိုလ်ရပြီးမှ အရူပဘုံသို့ ရောက်သူအား ပဌမဈာန် ဒုတီယဈာန် စသော မဂ်စိတ် ဖိုလ်စိတ်တို့ ဖြစ်ကုန်သေး၏။)

၄။ လက္ခဏာကြီးငယ် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် အင်္ဂါ ကြီးငယ် တင့်တယ်ခြင်းသည် သိရီမည်၏။

၅။ အလိုရှိအပ်, တောင့်တအပ်သော မိမိအကျိုး, သူတပါး အကျိုးကို အလိုရှိတိုင်း တောင့်တတိုင်း ပြီးစေနိုင်ခြင်းသည် ကာမမည်၏။

၆။ သတ္တဝါတို့၏ ဆရာဖြစ်ကြောင်း ဝီရိယပါရမီ သမ္မာဝါယာမ မဂ္ဂင်သည် ပယတ္တ မည်၏။

လောကီတန်ခိုးရှစ်ပါး၌ -

၁။ ကိုယ်တော်ကို အဏုမြူအနေ သေးငယ်အောင် ပြုခြင်းသည် အဏိမာ တန်ခိုး မည်၏။

၂။ ကောင်းကင်၌ခြေဖြင့်သွားနိုင်အောင် ပေါ့ပါးသည်အဖြစ် ပြုခြင်းသည် လင်္ဃိမာ။

၃။ စကြဝဠာကိုကိုယ်ဖြင့် ဖုံးနိုင်အောင် ကြီးမားသည် အဖြစ် ပြုခြင်းသည် မဟိမာ။

၄။ လိုရာဒေသသို့ ရောက်ခြင်းသည် ပတ္တိ။

၅။ အဓိဋ္ဌာန်စွမ်းဖြင့် လိုအပ်သော အမှုပြီးအောင် ပြုနိုင်ခြင်းသည် ပါကမ္မ။

၆။ မိမိအလိုသို့ လိုက်စေနိုင်သော အစိုးရခြင်းသည် ဤသိတာ။

၇။ ရေမီးအစုံ ဖန်ဆင်းရာ၌ လိုတိုင်းရသော လျင်မြန်သော ဝသီဘော်သည် ဝသိတာ။

၈။ အရာရာပြုလိုတိုင်း အလိုစွမ်းဖြင့် ပြီးစေနိုင်ခြင်းသည် ယတ္ထကာမ ဝသာယိတာ တန်ခိုး မည်၏။

ဥပစာရဈာန် ဖြစ်ပုံကား-

ဤသို့ဆိုပြီးသော နည်းဖြင့် ဘုရားရှင်ဂုဏ်တော်၌ သက်ဝင်၍ “အရဟံ, သမ္မာသမ္ဗုဒ္ဓေါ” စသည်ဖြင့် မဆုတ်မနစ် ကြိမ်ဖန်များစွာ အောက်မေ့လတ်သည် ရှိသော် ရာဂ, ဒေါသ, မောဟ နှိပ်စက်သော စိတ်မဖြစ်၊ ဂုဏ်တော်အာရုံပြုလျက် ဖြောင့်မတ်သော စိတ်ဖြစ်လေ၏၊ မဇ္ဈိမသမထ နိမိတ်လမ်းကြောင်း ဖြောင့်တန်း စိုက်စိုက် စိတ်ပြေးဝင်လျက် ရှိလေ၏၊

ထိုအခါ ရာဂစသည် မနှိပ်စက်သဖြင့် နိဝရဏငါးပါး ကင်းကွာ၏၊ ဖြောင့်သောစိတ်ဖြင့် ဂုဏ်တော်၌ ညွတ်သောဈာန် အင်္ဂါငါးပါးတို့ ဖြစ်ကုန်၏၊ ဝိတက်နှင့်ဂုဏ်တော် အာရုံသို့တက်၍ ဝိစာရဖြင့်သုံးသပ်လတ်သော် ပီတိဖြစ်၏၊ ပီတိကြောင့် ပဿဒ္ဓိဖြစ်၍ ကိုယ်စိတ်ပူပန်ခြင်း ငြိမ်းလတ်သော် ကာယစိတ္တ၌ သုခဖြစ်၏၊ သုခရှိလျှင် ဂုဏ်တော် အာရုံပြုသော စိတ်သည် သမာဓိဖြင့် တည်ကြည်၏၊ ဤသို့ ဈာန်အင်္ဂါငါးပါး တပြိုင်နက်ဖြစ်၍ ဥပစာရ ဈာန်ရလေ၏၊

ဤ ဥပစာရဈာန်သည် ဗုဒ္ဓါနုဿတိဈာန်မည်၏၊ ဤ၌ ဂုဏ်တော် တခုသည်ပင် ပရမတ်ဖြစ်၍ နက်နဲလှ၏၊ ရေနက်ရာ လှေနစ်သကဲ့သို့ သမထ ဘာဝနာစိတ် ရပ်တည်မရ၊ ထို့ကြောင့် အပ္ပနာ မဖြစ်၊ များလှသော ဂုဏ်တော်တို့ကို အောက်မေ့ ခြင်းဖြင့် စုတ်စုတ် နစ်နစ် သက်ဝင်ယုံကြည်ရ သောကြောင့်လည်း အပ္ပနာ မဖြစ်။

အာနိသင်ရပုံကား –

၁။ ဤ ဗုဒ္ဓါနုဿတိဘာဝနာ အားထုတ်သူသည် ဘုရားရှင်၌ ရိုသေခြင်း များ၏၊ တုပ်ဝပ်ကျိုးနွံခြင်း များ၏။

၂။ သဒ္ဓါ, သတိ, ပညာ ပြန့်ပြော၏၊ ကုသိုလ်ပုည ပြန့်ပြော၏။

၃။ ပီတိပါမောဇ္ဇ များ၏။

၄။ ဘေးငယ်ဘေးကြီး သည်းခံနိုင်၏၊ ဒုက္ခကို မညည်းတွား။

၅။ ဘုရားနှင့်အတူတကွ ငါယခုနေရသည်ဟု အမှတ်သညာ များစွာ ဖြစ်၏။

၆။ ဗုဒ္ဓါနုဿတိ ဘာဝနာ စွဲနေ ကိန်းအောင်းရာ ဤကိုယ်ခန္ဓာသည် စေတီအိမ်နှင့် တူ၏၊ ပူဇော်ခြင်းငှါ ထိုက်၏။

၇။ ဘုရားအဖြစ်၌ စိတ်ညွတ်ခြင်း များ၏။

၈။ ဒုစရိုက်ဝတ္ထု၊ လွန်ကျူးစရာကြုံလျှင် ဘုရားရှင် မြင်ရသည့်အသွင် ဟိရီ, ဩတ္တပ္ပ ဝင်လာ၏။

၉။ ထို ဗုဒ္ဓါနုဿတိ ဥပစာရဈာန် သမာဓိ၌ တည်၍ ဝိပဿနာပွားလျှင် မဂ်ဖိုလ်ရ၏၊ မရလျှင် သုဂတိဘဝသာ လားရာရှိ၏။

ထိုအာနိသင်တို့ကို တစိတ်တဒေသ ထင်ရှားစေဦးအံ့၊

ဖုဿဒေဝ မထေရ်သည် မာရ်နတ်ကို သင်သည် မြတ်စွာဘုရားကို မြင်ဘူးပြီ၊ တူအောင် ဖန်ဆင်းပြပါ-ဟု ဆို၏၊ မာရ်နတ်ဖန်ဆင်း၍ပြသော ဘုရားရှင် ရုပ်ပုံတော်ကို မြင်လတ်သော် ဤမာရ်နတ်သည် ရာဂဒေါသနှင့်တကွ ဖြစ်လျက် ဤမျှလောက် တင့်တယ်သေးသည်၊ ဘုရားရှင်မှာ ဆိုဘွယ်ရာ မရှိ-ဟု ဂုဏ်တော် အာရုံပြုလျက် ပီတိဖြစ်၍ ဝိပဿနာတိုးပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူ၏၊ ထိုအခါ မာရ်နတ်က “အရှင်သည် အကျွန်ုပ်ကို လှည့်စားသည်” ဟု ဆို၏။

သာသနာတော် ၂၁၈-နှစ်မြောက်တွင် ပါဋလိပုတ်ပြည်၌ မင်းပြုသော သိရိဓမ္မာ-သောကမင်းကြီးသည် ကာဠနဂါးမင်းကို ခေါ်ဆောင်၍ ဉာဏ်တော် အနန္တသခင် ဘုရားရှင်ရုပ်ပုံကို ဤမျက်စိတို့အား ထင်ရှားအောင် ပြုပါလော့ဟု တိုက်တွန်း၏၊ ကာဠနဂါး ဖန်ဆင်းပြသော ဘုရားရှင်ရုပ်ပုံသည် လက္ခဏာတော်ကြီးငယ်ဖြင့် အသရေရှိ၏၊ ပွင့်သော ကြာမျိုးစုံဖြင့် တန်ဆာ ဆင်အပ်သော ရေပြင်နှင့်တူ၏၊ ကြယ်, တာရာတို့ဖြင့် တောက်ထွန်းသော ကောင်းကင်ပြင်နှင့်တူ၏၊ ညို, ရွှေ, နီ, ဖြူ, မောင်း တခဲနက် ပြိုးပြက်သော ရောင်ခြည်တော်အပေါင်းဖြင့် ဝန်းကျင်တင့်တယ်၏၊ သဉ္ဇျာရောင် သက်တင်ရောင်, လျှပ်စစ်ရောင်တို့ဖြင့် ဝန်းကျင်ရံပတ်သော ရွှေတောင်ထွဋ်နှင့်တူ၏၊ ကေတုမာလာရောင်တို့ဖြင့် နှစ်သက်ဘွယ် တင့်တယ်သော မဏိတော်ရှိ၏၊ နတ်လူတို့၏ မျက်စိအရသာ၏ တည်ရာ မျက်စိ၏ ရသာယန ဆေးသဘွယ် ဖြစ်၏။ လွန်စွာ တင့်တယ်လှသဖြင့် မင်းကြီးသည် ဂုဏ်တော်အနန္တ၌ သက်ဝင်စွာ အာရုံပြုလျက် ခုနစ်ရက်တိုင်တိုင် မမှိတ်သော မျက်စိဖြင့် တစိမ့်စိမ့် ပူဇော်ခြင်းကို ပြုလေပြီ။

သာသနာတော် ၆၂၇-နှစ်မြောက်တွင် သရေခေတ္တရာပြည်၌ မင်းပြုသော သုပညနာဂရဆိန္နမင်းသည် ကမ်းယံပြည်ကို အောင်မြင်၏၊ ထိုပြည်၌ ရှစ်ဆဲ့ ရှစ်တောင် ရွှေဆင်းတုဘုရားကို ဖူးမြင်ရ၍ သက်တော်ထင်ရှားကဲ့သို့ သဒ္ဓါ ခြင်းဖြင့် ညဉ့်နံနက်မပြတ် ဝတ်ပြုဆည်းကပ်၏၊ မခွါရက်သဖြင့် နေပြည်တော်မပြန်ဘဲ ကြည်ညိုနေသည်မှာ သုံးနှစ်တိုင်တိုင်ကြာ၏၊ အမတ်ဗိုလ်ပါ တို့ကား သားမယား လွမ်းဆွတ်၍ တိုင်းပြည်ပြန်လိုလှသောကြောင့် ရုပ်ပွား တော်အောက်၌ ဥမင်တူး၍ လဲအောင်ပြုပြီး မီးတိုက်ကုန်၏၊

ဘုရားရှင်နိဗ္ဗာန်စံ၍ နတ်တို့ သင်္ဂြိုဟ်ကြသည်-ဟူ၍လည်း သံတော်ဦးတင်ကုန်၏၊ မင်းကြီး သည် မဟုတ်မလျားဟု နှလုံးမသာလျက် ဆိတ်ဆိတ်သာ နေ၏၊ ထိုရွှေကို အမတ်ဗိုလ်ပါတို့ယူ၍ တိုင်းပြည်တွင် သုံးစွဲကုန်၏၊ ထိုအခါ တပြည်လုံး စနောင့်စနင်း ဖြစ်၏၊ ခိုးသား ထားပြထူထပ်၍ ကွပ်ညှပ်မနိုင်ရှိ၏၊ ထိုနောက် လေပွေကြီးလာ၍ စကောတချပ် လွင့်လာသည်ကို စကောရှင်မိန်းမက ငါ့ စကော, ငါ့စကော-ဟု ဆို၍ လိုက်သည်ကို အကြောင်းပြု၍ “ငစကော စစ်တပ်” တက်လာသည့်-ဟု တပြည်လုံး ထိတ်လန့်ပြီးလျှင် ပြူတစု ကမ်းယံတစု မြန်မာတစု လူသုံးစုကွဲ၍ သရေခေတ္တရာ ပြည်ကြီး ပျက်စီးလေသတတ်။

သာသနာတော် ၁၇၉၉-ခုနှစ်မြောက်တွင် ပုဂံပြည်၌ မင်းပြုသော နရသိဟပတေ့မင်း ၏ မိဖုယားငယ် စောလုံသည် မင်းကြီးစားတော်ဝယ် ဆေးထည့်၏၊ မင်းကြီးသိ၍ မေးစစ်သောအခါ - ဟယ် ပန်းပွတ်သည်မြေး၊ နွေအခါ ရေဖျန်းကစားရာတွင် မောင်းမငယ်ကို နှုတ်ထည့်၍ အများရှေ့တွင် အဝတ်အစား ဦးဆံရွှမ်းရွှမ်းစွတ်အောင် ရေပက်စေရသလော၊ နင့်ကို- ငါ နှလုံးထောင့်၍ ကြံသည်-ဟု ဆို၏၊

မင်းကြီးသည် ပန်းဘဲတထောင် ခေါ်၍ သံကျပ်စင်ပြုလုပ်ပြီးလျှင် ကျပ်တင်ရမည်-ဟု အမိန့်ချ၏၊ စောလုံသည် သံကျပ်စင် မပြီးမီ ခုနစ်ရက်ပတ်လုံး သီလသီတင်း ဆောက်တည်၏၊ အဘိဓမ္မာတရားတော်ကို နာ၏၊ ရတနာသုံးပါးဂုဏ် အာရုံပြု၍ နေ့ညမပြတ် ပုတီးစိပ်၏၊ သံကျပ်စင်ပြီးသောအခါ မိဖုယား စောလုံသည် ဂုဏ်တော်ကို အောက်မေ့ကာ ပုတီးလက်စွဲလျက် သံကျပ်စင်ရဲရဲသို့ တက်လေ၏၊ သုံးကြိမ်တိုင်တိုင် မီးငြိမ်း၏၊ ထိုနောက်မှ ငါသည် တခဏချင်း မီးကျွမ်း၍ ပျောက်စေသော-ဟု ပတ္ထနာပြု၏၊ ထိုအကြိမ်တွင်မှ မီးကျွမ်းသတတ်။

ဤနရသီဟပတေ့မင်းသည် မင်းခွေးချေးလည်း တွင်သည်၊ တရုပ်ပြေးမင်းလည်း တွင်သည်၊ ခမည်းတော် ဥဇ္ဇနမင်းသည် ပန်းပွတ်သည်၏ သမီးကို သိမ်းပိုက် သည်တွင် ပန်းပွတ်သည် သမီးမှမြင်သောကြောင့် (ဝါ-ဖွားသောကြောင့်) ပန်းပွတ်သည်မြေး၊ ခွေးချေး-ဟု သားတော်ကို ပြက်ရယ်ပြုဘူး၏၊ ထိုမင်းသည် မြတ်စွာဘုရား ပုဂံပြည် တန့်ကြည့်တောင်သို့ ကြွလာသောအခါ တောင်စောင့်ဘီလူး ဖြစ်၍ အင်ဖက်သုံးချပ် ထီးပြုပြီးလျှင် ဘုရားရှင်အား နေကာဘူး၏၊

ဘုရားရှင်သည် ဤဘီလူးကား ဤပုဂံပြည်၌ မင်းသုံးကြိမ် ဖြစ်လတ္တံ့-ဟု ဗျာဒိတ် ထားတော်မူ၏၊ စလေငခွေး တကြိမ်၊ ကုလားကျတကြိမ်၊ နရသီဟပတေ့ တကြိမ် ဖြစ်၏၊ ဘုရားရှင်အား နေကာဘူးသောကြောင့် ဘုန်းတန်ခိုး အလွန်ကြီး၏၊ ဆနဝုတိ ရောဂါကင်း၏၊ ချေခြင်း သန်းဝေခြင်းမျှ မဖြစ်စဘူး၊ သူတပါး ချေသည်ကိုပင် အမျက်ထွက်၏၊

ဘီလူးရှိန်ကြောင့် စောင်းမာန်ပြင်း၏၊ စက်တော်ခေါ်ရာမှ နိုးလျှင် ကိုင်မိသမျှဖြင့် ပစ်ခတ်ရမှ စိတ်တော်ပြေသည်၊ အပါး၌ လက်နက်မထား လုမ္ပနီသီးစသည် ထားရသည်၊ တခါသော် စက်ရာထတွင် လုမ္ပနီသီးဖြင့် ပစ်ခတ်ရာ မောင်းမငယ် ခါးမှန်၍ ရောင်ရမ်းသွား၏၊ ထိုမှစ၍ လုမ္ပနီသီးကို ခါးရမ်းသီး-ဟု ခေါ်စမှတ် ပြုကြကုန်သတတ်။

ထိုမှတပါး မဟာကပ္ပိနမင်းကြီးများ ဂုဏ်တော်ဆင်ခြင်လျက် မြစ်သုံးတန် မြင်းစီး ကူးကြ၏၊ အနောဇာဒေဝီတို့ ဂုဏ်တော်ဆင်ခြင်လျက် မြစ်သုံးတန် ရထားစီး ကူးကြ၏၊ အစိရဝတီမြစ်၌ လူတယောက် ဂုဏ်တော် ဆင်ခြင်လျက် ခြေဖြင့် ကုန်းကြောင်း လျှောက်ဘူး၏၊

အနာထပိဏ်သူဌေးကြီး ဂုဏ်တော် ဆင်ခြင်လျက် သန်းခေါင်ကျော် ဘုရားဖူး အသွား ကိုယ်ရောင် ထွန်းလင်း၏၊ သုသာန်ရောက်၍ ဂုဏ်တော် မဆင်ခြင်မိသော အခါ ကိုယ်ရောင်ကွယ်သွား၏၊ ထိတ်လန့်၍ နောက်ဆုတ်သောအခါ နတ်တဦးက ဘုရားဖူးသွားခြင်း အကျိုး ပြောပြ၏၊

သူဌေးကြီး ... ဆင်တသိန်း, မြင်းတသိန်း, ရထားတသိန်း, ပတ္တမြားနားဍောင်း ကိုယ်စီဖြင့် သတို့သ္မီးတသိန်း- ဤသိန်း လေးသိန်း ရခြင်းသည် ဘုရားဖူးသွားသူ၏ ခြေတလှမ်းကို ၁၆.စိတ် ၁၆-ကြိမ်ပြုလျှင် တစိတ်မျှလောက် မထိုက်တန်သေး-ဟု ပြောပြ၏၊ ထိုအခါ သဒ္ဓါဟုန် ရဲရင့်စွာ ရှေ့ဆောင်သော အားဖြင့် ဘုရားထံ အရောက် သွား၏၊ ဤအစစွာ ဘုရားဖူးရသော အကြိမ်၌ပင် သူဌေးကြီး သောတာပန် တည်လေ၏၊ သိန်းလေးသိန်း အဘယ်မှာ ယှဉ်နိုင်တော့အံ့နည်း၊

ထို့ကြောင့် အာနုဘော်ကြီးမားသော ဗုဒ္ဓါနုဿတိကို မတွန့် မဆုတ် ဖန်ဖန် အားထုတ်ရ၏။

ဓမ္မာနုဿတိ

၂။ ဓမ္မာနုဿတိ ပွားလိုသော သူသည် “သွာက္ခာတော ဘဂဝတာ ဓမ္မော” စသည်ဖြင့် ပရိယတ္တိဓမ္မ၏၎င်း, မဂ်ဖိုလ်နိဗ္ဗာန်၏၎င်း ဂုဏ်ကို ဖန်ဖန် အောက်မေ့ ရသည်။

အောက်မေ့ပုံကား -

၁။ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားအပ်သော မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်, ပရိယတ် ဆယ်ပါးသော တရားမြတ် ဖြစ်တော်မူ၏။

၂။ တရားတော်သည် အရိယာပုဂ္ဂိုလ်တို့သည် ကိလေသာ သတ်ခြင်းဖြင့် ကိုယ်တိုင် မြင်အပ်သော မဂ်တရားလေးပါး ဖြစ်တော်မူ၏ အရိယာပုဂ္ဂိုလ်တို့သည် ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် ကိုယ်တိုင်မြင်အပ်သော မဂ် ဖိုလ် နိဗ္ဗာန်တရား ၉-ပါး ဖြစ်တော်မူ၏၊ ချီးမွမ်း အပ်သော ပညာဖြင့် ကိလေသာကို အောင်သော မဂ် ဖိုလ် နိဗ္ဗာန် တရားကိုးပါး ဖြစ်တော်မူ၏၊ မြင်ခြင်းငှါထိုက်သော မဂ်ဖိုလ်နိဗ္ဗာန် တရားကိုးပါး ဖြစ်တော်မူ၏။ (၄-နက်။)

၃။ တရားတော်သည် အခါမလင့် အခြားမဲ့၌ ဖိုလ်အကျိုးကို ဖြစ်စေတတ်သော မဂ်တရားလေးပါး ဖြစ်တော်မူ၏။

၄။ တရားတော်သည် လာလှည့် ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီအရင်ကို ခံထိုက်သော မဂ်ဖိုလ်နိဗ္ဗာန်တရား ကိုးပါး ဖြစ်တော်မူ၏။

၅။ တရားတော်သည် မိမိစိတ်၌ ဖြစ်အောင် ဆောင်ယူထိုက်သော မဂ် ဖိုလ် တရား ရှစ်ပါး ဖြစ်တော်မူ၏၊ မိမိစိတ်ဖြင့် အာရုံပြုနိုင်အောင် ဆောင်ယူထိုက်သော နိဗ္ဗာန်တရားတပါး ဖြစ်တော်မူ၏၊ အရိယာပုဂ္ဂိုလ်ကို နိဗ္ဗာန်သို့ဆောင်ပို့တတ်သော မဂ်တရားလေးပါး ဖြစ်တော်မူ၏၊ မျက်မှောက်ပြုအပ်သည် အဖြစ်သို့ ဆောင်ယူအပ် သော မဂ်ဖိုလ်နိဗ္ဗာန်တရား ငါးပါးဖြစ်တော်မူ၏။ (၄-နက်။)

၆။ တရားတော်သည် ဥဂ္ဃဋိတညူစသော အရိယာ ပုဂ္ဂိုလ်တို့သည် မိမိ မိမိစိတ်၌ သိအပ် ခံစားအပ်သော မဂ်ဖိုလ်နိဗ္ဗာန်တရား ကိုးပါး ဖြစ်တော်မူ၏။

ဤသို့ စသည်ဖြင့် ဖန်ဖန်အောက်မေ့ရသည်။

မှတ်ဘွယ်စိုးစဉ်း

ပရိယတ်ကို အစ, အလယ်, အဆုံး - သုံးပါးလုံးကောင်းအောင် ဟော၏၊ အနက်သဒ္ဒါရှိ ဝန်းကျင်ပြည့်၍ စင်ကြယ်သော ဗြဟ္မစရိယကိုပြလျက် ဟော၏၊ အနက်ချွတ်ယွင်းခြင်း မရှိအောင် ဟော၏။

နိဗ္ဗာန်ကို ပဋိပတ်နှင့်လျော်အောင် ပဋိပတ်ကို နိဗ္ဗာန်နှင့်လျော်အောင် ဟော၏။

မဂ်သက်သက်ကို အန္တဒွယသို့မကပ်သော မဇ္ဈိမပဋိပဒါမဂ်ဟု ဟော၏၊
ဖိုလ်ကို ကိလေသာငြိမ်းသောဖိုလ်ဟု ဟော၏၊
နိဗ္ဗာန်ကို မြဲသော နိဗ္ဗာန် သေခြင်းကင်းသော နိဗ္ဗာန်ဟု ဟော၏၊
ဤသို့ ကောင်းစွာ ဟောကြား၏။

မိမိသန္တာန်၌ ရာဂစသည်ကို မဂ်ပယ်ခြင်းအားဖြင့် အရိယာ ပုဂ္ဂိုလ်တို့သည် ကိုယ်တိုင် မြင်ရသော မဂ်ဖြစ်၏။

မဂ်ဖိုလ် ရပြီးလျှင် ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် ဆင်ခြင်ခြင်း အားဖြင့် မဂ်ကို၎င်း, ဖိုလ်ကို၎င်း, နိဗ္ဗာန်ကို၎င်း ကိုယ်တိုင်မြင်ရ၏၊ ပြောသံကြား အားထားခြင်းမျိုး မဟုတ်။

မဂ်နှင့် ယှဉ်သောပညာသည် ကိလေသာကြွင်းမဲ့ သတ်ခြင်း စသည်ဖြင့် ချီးမွမ်းဘွယ် ကောင်း၏၊ မဂ်သည် ထိုသမ္ပယုတ္တပညာဖြင့်၊ ဝါ- ထိုပညာ ယှဉ်၍သာ ကိလေသာကို အောင်၏၊ ဖိုလ်သည်လည်း ထိုပညာအကြောင်းခံ၍ အောင်၏၊ နိဗ္ဗာန်သည်လည်း ထိုပညာ၏ အာရုံပြုခြင်းဖြင့် အောင်၏။

မဂ်ကို ဘာဝနာဖြင့်မြင်လျှင် ဝဋ်ဘေးပြုတ်၏၊ ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဖြင့် မြင်လျှင် ဝဋ်ဘေးပြုတ်၏၊ ထို့ကြောင့် မြင်သင့်မြင်ထိုက်၏။

လောကီ ကုသိုလ်သည် အချိန်အခါ များစွာလွန်မှ ဒိဋ္ဌဓမ္မ, ဥပပဇ္ဇ- စသော အကျိုးကို ပေး၏၊ စောင့်ဆိုင်းရ၏၊ လောကုတ္တရာ ကုသိုလ်မဂ်သည် မစောင့်ဆိုင်းရ အကြားမရှိ၊ ဖိုလ်အကျိုးကို ချက်ချင်းပေး၏။

မဂ်ဖိုလ် နိဗ္ဗာန်သည် ပရမတ္ထ အားဖြင့် ထင်ရှားရှိ၏၊ စင်ကြယ်၏၊ ထို့ကြောင့် လာ၍ကြည့်ကြ ရှုကြ-ဟု ဆိုထိုက်၏၊ မရှိလျှင် မဆိုထိုက်၊ ရှိသော်လည်း မစင်ကြယ်လျှင် အဘယ်မှာ ဆိုထိုက်အံ့နည်း၊ ဖုံးဝှက်ထားရမည်သာတည်း။

ပုဆိုးမီးလောင် ဦးသျှောင် မီးစွဲသော်လည်း မီးကို လျစ်လျူရှု၍ မဂ်ဖိုလ်ကိုသာ ဘာဝနာစွမ်းဖြင့် မိမိစိတ်၌ ဖြစ်အောင် ဆောင်ယူထိုက်၏၊ နိဗ္ဗာန်ကိုလည်း မိမိ စိတ်ဖြင့် အာရုံပြုနိုင်အောင် ဆောင်ယူထိုက်၏။

မိမိရသော မဂ်ဖိုလ်နိဗ္ဗာန်ကို မိမိသာသိ၍ မိမိသာ ခံစားနိုင်သည်၊ ဆရာ ရသော မဂ်ဖြင့် တပည့်ကိလေသာ မပယ်နိုင်၊ ဆရာရသောဖိုလ်ဖြင့် တပည့် ချမ်းသာစွာ ဖိုလ်မဝင်စားနိုင်၊ ဆရာရသောနိဗ္ဗာန်ကို တပည့်မျက်မှောက် မပြုနိုင်၊ သူတပါး ဦးခေါင်း၌ရှိသော တန်ဆာကို ငေးမျှော်လျက် ခံစားရသလို မဟုတ်၊ မိမိစိတ်၌သာ ကြည့်၍ ပညာရှိတို့ ခံစားအပ်သော အရာဖြစ်သည်၊ ပုထုဇဉ် ဗာလတို့၏ အရာ မဟုတ်။

ဤဓမ္မာနုဿတိ၌ ဥပစာရဈာန်ဖြစ်ပုံ, အာနိသင်ရပုံတို့သည် ဗုဒ္ဓါနုဿတိ၌ ဆိုပြီးနှင့် တူကုန်၏။

၁။ ဓမ္မာနုဿတိပွားလျှင် တရားဂုဏ်မြင်ရသဖြင့် ဆောင်ယူထိုက်သော တရားကို ဟောကြားသော ဘုရားရှင်၌ အတုမရှိဟု အထူးရိုသေခြင်း တုပ်ဝပ်ခြင်းရှိ၏။

၂။ စေတီအိမ်အတူ ပူဇော်ထိုက်ခြင်း စသော အာနိသင်တို့လည်း ဖြစ်ကုန်၏။

ပရိယတ္တိဓမ္မ မှတ်ဘွယ်

ဓမ္မသည် ပရိယတ္တိဓမ္မ ပဋိပတ္တိဓမ္မ ပဋိဝေဓဓမ္မ-ဟု သုံးမျိုးရှိ၏၊

ပိဋကတ် သုံးပုံဘုရား စကားအလုံးစုံသည် ပရိယတ္တိဓမ္မမည့်၏၊

ဓုတင်တေရသ၊ ခန္ဓက ဝတ် ၁၄-ပါး, ဝတ်ကြီး ၈၂-ပါး, သီလ, သမာဓိ, ဝိပဿနာ-ဤအလုံးစုံသည် ပဋိပတ္တိဓမ္မ မည်၏၊

မဂ်, ဖိုလ်, နိဗ္ဗာန်အားဖြင့် လောကုတ္တရာတရား ကိုးပါးသည် ပဋိဝေဓဓမ္မ မည်၏၊ အဓိဂမသဒ္ဓမ္မလည်း မည်၏၊

ထိုတွင် ပရိယတ္တိသည် ဗုဒ္ဓဘာသိတ, သာဝကဘာသိတ ဣသီဘာသိတ ဒေဝတာ ဘာသိတ-ဟု လေးမျိုးရှိ၏၊

ဗုဒ္ဓဘာသိတကား --
ဝိနည်း ငါးကျမ်း,
အဘိဓမ္မာ ခုနစ်ကျမ်း,
ဒီဃနိကာယ် သုတ်သုံးကျမ်း,
မဇ္ဈိမနိကာယ် သုတ်ငါးကျမ်း,
သံယုတ္တနိကာယ် သုတ်ငါးကျမ်း,
အင်္ဂုတ္တရနိကာယ် သုတ်တဆယ့်တကျမ်း
ခုဒ္ဒကနိကာယ် ဓမ္မပဒ, စရိယာပိဋက
စသော သုတ်တဆယ့်ငါးကျမ်း ဖြစ်၏၊

သာဝကဘာသိတကား - ရှင်သာရိပုတြာ, ရှင်မောဂ္ဂလာန်စသော အရှင်မြတ်တို့ ဟောသော အနင်္ဂဏသုတ်, သမ္မာဒိဋ္ဌိသုတ်, အနုမာနသုတ်, စူဠဝေဒလ္လ, မဟာဝေဒလ္လသုတ် စသည်ဖြင့် များစွာရှိ၏၊

ဣသိဘာသိတကား - ဗာဝရိယဆရာရသေ့၏ တပည့် ပရိဗိုဇ် ၁၆-ယောက်, ဘုရားအား မေးသော ပုစ္ဆာ-စသည်ဖြစ်၏၊

ဒေဝတာဘာသိတကား - ဗြဟ္မသံယုတ်, သက္ကသံယုတ် ဒေဝတာသံယုတ် စသည် ဖြစ်၏။

ထိုမ္မတပါးဖြစ်သော ကုဠုမ္ဗသုတ်, ရာဇောဝါဒသုတ် စသည်ဖြင့် အများအပြား ရှိသည်တို့ကား ဗုဒ္ဓဝစန မဟုတ်ကုန်၊ တတီယသင်္ဂါယနာ တင်သောအခါ နှင်ထုတ် ခံရသော တိတ္ထိရဟန်း ခြောက်သောင်းတို့သည် ဓမ္မဝိနယကို ဖျက်ဆီးလို၍ ပြုသော ကျမ်းတို့ ဖြစ်ကုန်၏။

၁။ ဘုရားစကားတို့ကိုကား ဘုရားရှင် ပရိနိဗ္ဗာန်စံ၍ လေးလမြောက် ရောက်သော အခါ ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာငါးရာ တို့သည် သုဘဒ္ဒရဟန်းကြီး၏ စကား- သာသနာ ထိခိုက်သည်ကို ကြားရသဖြင့် သာသနာအရှည် တည်စိမ့်သောငှါ ရာဇဂြိုဟ်ပြည် ဝေဘာရတောင်ဝှမ်း၌ စရည်းပင် ပေါက်သော လိုဏ်ဝ၌ အဇာတသတ်မင်းကိုမှီ၍ ခုနစ်လပတ်လုံး သင်္ဂါယနာတင်ကုန်၏။

၂။ နှစ်တရာမြောက် ရောက်သောအခါ အရှင်မဟာယသ အမှူးရှိသော ရဟန္တာ ခုနစ်ရာတို့သည် ဝဇ္ဇီတိုင်းသား ရဟန်းတို့ အဓမ္မဆယ်ပါး ပြသည်ကို သုတ်သင်၍ ဝေသာလီပြည် ဝါဠုကာရုံကျောင်းတိုက်၌ ကာဠာသောကမင်းကို မှီ၍ ရှစ်လပတ်လုံး ဒုတီယ သင်္ဂါယနာ တင်ကုန်၏။

၃။ နှစ် ၂၃၅-နှစ်မြောက် ရောက်သောအခါ အရှင်မောဂ္ဂလိပုတ္တ တိဿ အမှူးရှိသော ရဟန္တာ တထောင်တို့သည် သာသနာသို့ အတင်းဝင်သော တိတ္ထိ ခြောက်သောင်း တို့ကို နှိမ်နင်း၍ ပါဋလိပုတ်ပြည် အသောကာရုံ ကျောင်းတိုက်၌ သိရိဓမ္မာသောက မင်းကို မှိ၍ ကိုးလပတ်လုံး တတီယသင်္ဂါယနာ တင်ကုန်၏။

[ဤသို့ သင်္ဂါယနာ သုံးတန်တင်အပ်သော ဘုရားစကားတော်သည် ရသအားဖြင့် ကိလေသာမှလွတ်ခြင်း ဝိမုတ္တိအရသာ တပါးတည်းသာ ဖြစ်၏၊ ဓမ္မဝိနယအားဖြင့် နှစ်ပါး၊ ပဌမဝစန မဇ္ဈိမဝစန, ပစ္ဆိမဝစန အားဖြင့် သုံးပါး၊ ပိဋကအားဖြင့် သုံးပါး၊ နိကာယ်အားဖြင့် ငါးပါး၊ အင်္ဂါအားဖြင့် ကိုးပါး၊ ဓမ္မက္ခန္ဓာ အားဖြင့် ၈၄၀၀၀-အပြား ရှိ၏။]

၄။ သင်္ဂါယနာသုံးတန်တင် ဘုရားရှင်စကား အားလုံးကို သာသနာ နှစ် ၄၅၀-မြောက် ရောက်သောအခါ ရဟန္တာ ငါးရာတို့သည် သီဟိုဠ်ကျွန်း မလယအရပ် အာလောက လိုဏ်၌ ဝဋ္ဋဂါမဏိမင်းကို မှီ၍ ပေထက်အက္ခရာရေး၍ မပျောက်ကွယ်နိုင်အောင် စတုတ္ထ သင်္ဂါယနာတင်ကုန်၏။

၅။ သာသနာနှစ် ၂၄၁၅-နှစ်မြောက် ရောက်သောအခါ ပိဋကတ္တယ ပါရဂူ မထေရ်ကြီး များစွာတို့သည် မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့တော်ကြီး၌ မင်းတုန်းဘုရင် မင်းတရားကြီးကို မှီ၍ ကျောက်ထက် အက္ခရာတင်၍ နှစ်ငါးထောင် တည်စိမ့်သောငှါ ဝါ-အသင်္ချေယျကပ်လုံး တည်သည့် ကပ္ပဋ္ဌိတိ လေးပါးထောက်၍ ပဉ္စကပ္ပဋ္ဌိတိ အဖြစ်ဖြင့် ပဉ္စမသင်္ဂါယနာ တင်တော်မူကြကုန်၏။

ဤပရိယတ္တိဓမ္မကို သင်ယူရာ၌ စာသင်နည်း သုံးမျိုးရှိ၏။

၁။ လာဘ်ရလိုခြင်း, ကျော်စောထင်ရှားလိုခြင်း, သူတပါးကို ချုတ်ချယ်လိုခြင်း စသည်ကြောင့် စာသင်ခြင်းသည် အလဂဒ္ဒူပမာ မည်၏၊ မြွေအမြီးကို လိုက်ဆွဲသည်နှင့် တူ၏၊ ပြန်လှည့်ကိုက်လျှင် ဒုက္ခပင်တည်း၊ အလ-ပြည့်သော + ဂဒ-အဆိပ် ရှိသည်၊ ပြည့်သော အဆိပ်ရှိသောကြောင့် မြွေသည် အလဂဒ္ဒမည်၏၊ အလံပရိပုဏ္ဏံ + ဂဒံ ဝိသံ + အဿာတိ အလဂဒ္ဒေါ၊ မြွေကိုက်လျှင် အသက်သာ သေ၏၊

ကဿပဘုရား သာသနာတော်၌ ကပိလရဟန်းသည် စာတတ်ပုဂ္ဂိုလ်ကြီးဖြစ်၍ သူတော်ကောင်းတို့ကို စာဖြင့် ချုတ်ချယ်သောကြောင့် အဝီစိသို့ ရောက်၏၊ ယခု ဘုရားလက်ထက်၌ ပုပ်ဟောင်သော ပါးစပ်ဖြင့် ရွှေငါးကြီးဖြစ်၏၊ ဘုရားရှင်၏ မျက်မှောက်တော်တွင် မိမိဖြစ်အင် ပြန်ပြော၍ သေပြီး အဝီစိသို့ ပြန်သွားကြောင်း ဓမ္မပဒ ၂၄-တဏှာဝဂ်၌ ဆို၏၊ အလဇ္ဇီစာတတ်လျှင် အပါယ်ရိက္ခာ-အပါယ်စရိတ် ပြည့်စုံ၏၊ ဤနည်းမျိုး စာသင်ခြင်းထက် မသင်ဘဲ အိပ်နေလျှင် မြတ်၏။

၂။ သဒ္ဓါပဗ္ဗဇိတကုလပုတ္တတို့ကား သီလနည်းတွေ့လျှင် နည်းယူ၍ ကျင့်ပါအံ့၊ သမာဓိနည်း, ပညာနည်းတွေ့လျှင် နည်းယူ၍ မဂ်ဖိုလ် ရအောင် ကျင့်ပါ-ဟု သင်ယူ ကုန်၏၊ ဤသို့ စာသင်ခြင်းသည် ထွက်မြောက်ခြင်း အကျိုးရှိ၏၊ နိဿရဏတ္ထာ မည်၏။

၃။ ရဟန္တာများ စာသင်ခြင်းသည် ကျင့်နည်းအတွက် မဟုတ်၊ အဆက်အနွယ် မပျက်အောင် သင်သောကြောင့် ဘဏ္ဍာဂါရိကာ မည်၏၊ ဘဏ္ဍာစိုး ဘဏ္ဍာတိုက် စောင့်သည်နှင့် တူ၏။

ရဟန္တာ-ဘဏ္ဍာစိုး ပမာ တနည်းသာ၊
သေက္ခာပုဂ္ဂိုလ် ဝဋ်မှထွက်မြောက်ခြင်းငှါ တနည်းသာ၊
ပုထုဇဉ်-ထွက်မြောက်ခြင်းငှါ, မြွေမြီးဆွဲပမာ-နှစ်နည်းသင်၏၊
ထွက်မြောက်ခြင်းငှါ သင်ရန် သတိပြုရာ၏။

ပရိယတ်၌ အမေးနှင့်အဖြေတွင် သင်ကြား၍ မေးခြင်း ဝန်မလေး၊ ဖြေခြင်းသည် ဝန်လေး၏၊ ကြောင်းကျိုးညီအောင်ကား မေးခြင်းလည်း ဝန်လေး၏၊ ဖြေခြင်းလည်း ဝန်လေး၏၊ သတိကောင်းသူတို့အား နှစ်မျိုးလုံး ဝန်မလေး၊ မဟာဂတိမ္ဗအဘယ မထေရ်သည် ဖွားမြင်၍ ငါးရက်မှစ၍ သတိရှိလာ၏၊ ထို၌ နို့ဃနာခွက်-ကျီးလာ နှိုက်သည်ကို မောင်း၏၊ ထိုအခါမှစ၍ သတိရှိလာသတတ်။

ဒီဃဘာဏကမထေရ်သည် ဖွား၍ ကိုးရက်တွင် သတိရှိလာ၏၊ ထိုနေ့၌ မိခင်သည် သားကို နမ်းရှုပ်မည်ဟု အတွင် ဆံထုံးမှ မုလေးပန်း တပြည်သားခန့် ရင်ဘတ်ပေါ် ကျ၍ နာကျင်၏၊ ထိုအခါမှ စ၍ သတိရှိလာသတတ်။

တိပိဋကစူဠာဘယ မထေရ်သည် အနုရာဓမြို့ တံခါးကြီး သုံးပေါက်ပိတ်၍ တပေါက် ထည်းဖြင့် ထွက်စေ၍ အမည်တို့ကို လူစေ့မေးပြီးလျှင် ညနေချမ်းတွင် ထိုသူတို့၏ အမည်တို့ကို အကုန်ပြန်ပြောနိုင်သတတ်၊ ဤသို့ သတိကောင်းသူတို့အား အမေး အဖြေ နှစ်ခုလုံး ဝန်မလေး။

အမေးတတ်၍ မဖြေတတ်၊
အဖြေတတ်၍ မမေးတတ်၊
နှစ်မျိုးလုံး မတတ် - ဤသုံးမျိုး ပေါ၏၊

ရှင်သာရိပုတြာကဲ့သို့ ပညာကြီးလျှင် မေးဖြေ နှစ်မျိုးလုံး စွမ်းနိုင်၏၊ ရှင်မဟာကစ္စည်း ကဲ့သို့ ပညာကြီးလျှင် ဘုရားဟောကို ချဲ့၍ ဝေဖန်နိုင်၏၊ ပုဏ္ဏက မထေရ်ကဲ့သို့ ပညာကြီးလျှင် ကထာဝတ္ထု ဆယ်ပါးဆောင်၍ ဝိသုဒ္ဓိခုနစ်ပါး ဝေဖန်နိုင်၏၊ ရှင်ကုမာရ ကဿပကဲ့သို့ ပညာကြီးလျှင် ဂါထာတခုကို ဥပမာသွင်း၍ ကြောင်းကျိုးပြ၍ ပိဋကတ် သုံးပုံ အောက်ထက်ပြန်၍ မြင်းမိုရ်တောင်ကြီးကို မီးစာ ထောင်သောင်း တပ်၍ ထွန်းသကဲ့သို့ ဟောနိုင်၏၊ ရှင်အာနန္ဒာကဲ့သို့ ဉာဏ်ကြီးလျှင် တကြိမ်တည်း ဂါထာ ထောင်ကျော်ကို သင်ယူနိုင်၏၊ သင်ယူတိုင်းလည်း ကျောက်ထက်၌ အက္ခရာ၊ ရွှေခွက်၌ ခြင်္သေ့ဆီပမာ မြဲစွာတည်စေနိုင်၏။

ကထာဝတ္ထု ဆယ်ပါးကား-
၁။ အပ္ပိစ္ဆကထာ - အလိုနည်းကြောင်းစကား
၂။ သန္တုဋ္ဌိကထာ - ရောင့်ရဲကြောင်းစကား
၃။ ပဝိဝေကကထာ - ဆိတ်ငြိမ်စွာ နေကြောင်းစကား၊
၄။ အသံသဂ္ဂကထာ - လောကီအာမိသ မရောယှက်ကြောင်းစကား၊
၅။ ဝီရိယာရမ္ဘကထာ - လုံ့လအားထုတ်ကြောင်းစကား
၆။ သီလကထာ - သီလကျင့်ကြောင်းစကား
၇။ သမာဓိကထာ - သမာဓိတည်ကြောင်းစကား
၈။ ပညာကထာ - ဝိပဿနာစကား မဂ်စကား
၉။ ဝိမုတ္တိကထာ - ဖိုလ်စကား
၁၀။ ဝိမုတ္တိဉာဏဒဿနကထာ - မဂ်ဖိုလ်နိဗ္ဗာန် အာရုံပြုကြောင်းစကား။

တရားဟောရာ၌ ဤဆယ်ပါး မလွတ်စေရ၊ ဤကား ကုသိုလ်၊ ဤကား အကုသိုလ် ဟုခွဲ၍ အကုသိုလ်မှ ထိတ်လန့်အောင်၊ ကုသိုလ်၌ အားထားနိုင်အောင် ဟောရသည်၊ လောကီဓမ္မဒါနဖြစ်သည်၊ သစ္စာလေးပါးကို အထွဋ်တပ်၍လည်း ဟောရသည်၊ သမ္ပတ္တိအားလုံး၏ အကြောင်းရင်းဖြစ်၍ ဒါန ဟူသမျှထက် အမြတ်ဆုံး ဖြစ်သော ဓမ္မဒါနဖြစ်သည်။

စာသင်၍ ဗဟုဿုတရှိသူ တရားအားထုတ်၍ ထိုးထွင်းဉာဏ်ဖြင့် ဗဟုဿုတ ရှိသူတို့သာ တရားဟော ကျွမ်းကျင်ကုန်၏။ အစဉ်အတိုင်း ဒါန သီလ သဂ္ဂကထာ ဟော၍၊ ကာမဂုဏ်အပြစ် ရုန့်ရင်းခြင်း၊ ညစ်နွမ်းခြင်းပြ၍၊ ကာမမှ ထွက်မြောက်ခြင်း အာနိသင်ပြ၍ ဟောနိုင်ကြသည်။ နေဝန်း၊ လဝန်း၊ တရား - ဤသုံးပါး ဖုံးထားလျှင် မတင့်တယ်၊ ပေါ်လွင်မှ တင့်တယ်သည်။ တရားပေါ်လွင်အောင် ဗဟုဿုတရှိမှ ဟောနိုင်သည်၊ အဘိဓမ္မာမတတ်လျှင် ဓမ္မကထိက မဟုတ်၊ အဘိဓမ္မာတတ်မှ ကံအထူး ဝိပါက်အထူး မွှေနှောက်ဟောနိုင်သည်၊ တရားတော်ကို ရိုသေစွာ နာကြားသူ ခံတွင်းနံ့ ကောင်း၏၊ ရိုသေစွာ သင်ကြားသူ၊ ရွတ်ဆိုသူ ဟောသူမှာ ဆိုဘွယ်မရှိ။

ပသေနဒီ ကောသလမင်းသည် မောင်းမတို့အား ကြာပန်း ဝေပေး၏၊ မောင်းမငယ် တယောက်သည် ကြာပန်းနံ့ မွှေးရှူ၍ ပြုံးရွှင်စွာ ရယ်ပြီးလျှင် ဝမ်းနည်းစွာ ငို၏၊ အကြောင်းမေးလတ်သော် အကျွန်ုပ်၏ ခင်ပွန်းဟောင်းသည် ယခု ရဟန်းပြုနေ ပါသည်၊ ခံတွင်းနံ့သည် ဤကြာညိုပန်း အနံ့မျိုး ဖြစ်ပါသည်ဟု ဆို၏၊ မင်းကြီးသည် ထိုရဟန်းကိုပင့်၍ ဆွမ်းကပ်ပြီးလျှင် တရားဟောရန် တောင်းပန်၏၊ တရား ဟောလတ်သော် နန်းတော်တခုလုံး ကြာညိုပန်းနံ့ လှိုင်၏၊ ထိုအကြောင်း ဘုရားရှင်အား လျှောက်သောအခါ ရိုသေစွာ သာဓုခေါ်၍ တရားနာဖူးခြင်း၏အကျိုး” ဟု မိန့်တော်မူ၏။

ပသေနဒီ ကောသလမင်း၏ သန္တတိအမတ်ကြီးသည် စစ်ပွဲနိုင်၍ မင်းစည်းစိမ် ခုနစ်ရက် ရ၏၊ ကချေသည်မကို ကပြစေလျက် မူးယစ်ကာနေစဉ် ဘုရားရှင်သည် ဤသို့ မိန့်တော်မူ၏၊ “ဤသန္တတိ အမတ်ကြီးသည် ယနေ့ ညနေ ငါဘုရားထံလာ၍ ရဟန္တာဖြစ်၍ ထန်းခုနစ်ဆင့် ကောင်းကင်ထက်၌ ပရိနိဗ္ဗာန် စံလတ္တံ့၊ ထိုစကားကို မိစ္ဆာဒိဋ္ဌိတို့ ကြားလတ်သော် ရှင်ကြီး ဂေါတမ စကားလွန်ပြီ-ဟု ကဲ့ရဲ့ကုန်၏။

သမ္မာဒိဋ္ဌိတို့ကား- ယနေ့ ဘုရားရှင်၏ တင့်တယ်ခြင်း၊ အမတ်ကြီး၏တင့်တယ်ခြင်းကို အထူးတလည် မြင်ကြရလတ္တံ့ - ဟု ဝမ်းမြောက်ကုန်၏၊ ညနေချမ်းတွင် ဥယျာဉ်၌ ကချေသည်မကို ကစေ၊ သီစေ၍ မူးယစ်နေစဉ် လေဖြတ်၍ လတ်တလော ကချေသည်မ သေသွား၏၊ ထိုအခါ အမတ်ကြီးအား ခုနစ်ရက်လုံး မူးသော အရက်တို့သည် အိုးကင်းပူ၌ ရေပေါက်ကဲ့သို့ ခန်းခြောက်၍ လွန်မင်းစွာသောက ဖြစ်လာ၏၊ ထိုအခါ ချက်ချင်းသတိရ၍ ဘုရားရှင်ထံသွားပြီးလျှင် ဤသို့သော သောကကို ငြိမ်းအေးအောင် ပြုပေးတော်မူပါ-ဟု လျှောက်၏။

သန္တတိအမတ်... သတ္တဝါတို့သည် ခန္ဓာကိုယ်ကောင်၌ ငါ့ကိုယ် ငါ့ဟာ၊ ငါ-ဟု တန်းတန်းစွဲ၍ ဆင်းရဲကြရသည်၊ ဤ ကချေသည်မသည် အခြား နည်းဖြင့် သေသည်ကို ထားဘိဦး၊ ယခုနည်းမျိုးဖြင့် လတ်တလော မျက်မှောက် အသက်ပျောက်၍ အသင်ငိုကြွေးရသော မျက်ရည်သည် သမုဒြာရေထက် များချေပြီ-ဟု မိန့်တော်မူ၍ "ယံ ပုဗ္ဗေ တံ ဝိသောဓေဟိ” စသော လေးပါဒ ဂါထာကို ဟောတော်မူ၏။

လေးပါဒ အဓိပ္ပါယ်ကား - အတိတ်ခန္ဓာဟောင်း အကြောင်းမကင်း ဖြစ်ပျက်ခြင်းကို သုတ်သင်လော၊ အနာဂတ်ခန္ဓာသစ် ရချင်သောစိတ် မဖြစ်နှင့်၊ လက်ရှိခန္ဓာ၌ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ-ဟု စွဲလမ်းမှု မပြုလင့်၊ သောကပူ-ဇာတ်သိမ်း၍ လွတ်ငြိမ်း ရပေလတ္တံ့ ၊ ဤဂါထာအဆုံး၌ အမတ်ကြီး ရဟန္တာဖြစ်လေ၏။

ရဟန္တာဖြစ်ပြီးသောအခါ မိမိ၏အာယုသင်္ခါရကိုမြင်၍ မြတ်စွာဘုရား... ကျွန်ုပ်အား အသက် အနည်းငယ်သာ ရှိပါတော့သည်၊ ယခု နိဗ္ဗာန်စံရပါတော့မည်၊ ခွင့်ပြုတော် မူပါ-ဟု လျှောက်၏၊ ချစ်သား သန္တတိ... အသင် ပြုခဲ့သော ရှေးကောင်းမှုကို ငါ့အား ဟောပြဦးလော့၊ ထန်းခုနစ်ဆင့် ကောင်းကင်၌ တည်၍ ဟောပြလော့-ဟု မိန့်တော်မူ၏၊ အမတ်ကြီးသည် ရှိခိုး၍ ထန်းတဆင့် တက်၏၊ ထိုမှဆင်း၍ နှစ်ကြိမ်မြောက်ရှိခိုး၍ ထန်းနှစ်ဆင့် တက်၏။

ဤနည်းဖြင့် ခုနစ်ကြိမ်မြောက် ရှိခိုး၍ ခုနစ်ဆင့် တက်ပြီးလျှင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေပြီးလျက် မြတ်စွာဘုရား... အကျွန်ုပ်သည် ၉၁-ကမ္ဘာထက်၌ ဝိပဿီဘုရား ပွင့်သောအခါ ဓမ္မဃောသကအမှု ပြုခဲ့ပါသည်၊ လူအပေါင်းအား ဒါနပြုကြလော့၊ သီလကျင့်ကြလော့၊ တရားနာကြလော့၊ ဘုရားရှင်ထံ ဆည်းကပ် ကြလော့-ဟု နှိုးဆော်ခဲ့ပါသည်၊

ဤမျှလောက်သော ကာလပတ်လုံး ကိုယ်မှ စန္ဒကူးနံ့၊ ခံတွင်းမှ ကြာညိုနံ့လှိုင်ခဲ့ပါပြီ-ဟု လျှောက်ပြီးလျှင် ဝိညာဏ်ချုပ်ငြိမ်း၍ ခန္ဓာဇာတ် သိမ်းလေ၏၊ ကောင်းကင်၌ပင် ကသိုဏ်းဈာန်မီးဖြင့် လောင်ကျွမ်း၍ ဓာတ်တော်များ ကျလာကုန်၏၊ ဘုရားရှင်သည် ထိုဓာတ်တော်တို့ကိုယူ၍ စေတီတည်၏။

သီဟိုဠ်ကျွန်း၌ ဘာတိကမင်းကြီးသည် ဗဟုဿုတ များသော အမတ်ကို ရတနာ သုံးပါး မလွတ်သော ဇယမင်္ဂလာတရား အောင်မင်္ဂလာတပုဒ်လောက် ဟောပြပါဟု တိုက်တွန်း၏။

ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။

အာဒိစ္စော၊ နေမင်းသည်။
ဒိဝါ၊ နေ့အခါ၌။
တပတိ၊ တင့်တယ်၏။
စန္ဒိမာ၊ လမင်းသည်။
ရတ္တိံ၊ ညဉ့်အခါ၌။
အာဘာတိ၊ တင့်တယ်၏။
ခတ္တိယော၊ ပြည့်ရှင်မင်းသည်။
သန္နဒ္ဓေါ၊ တန်ဆာဆင်၍ စစ်တပ်ရံအပ်သည် ရှိသော်။
တပတိ၊ တင့်တယ်၏။
ဗြာဟ္မဏော၊ ရဟန္တာသည်။
ဈာယီ၊ ဈာန်သမာပတ် ဝင်စားလတ်သည်ရှိသော်။
တပတိ၊ တင့်တယ်၏။
အထ၊ ထိုထို အားလုံး လွှမ်းအုပ်ဖုံး၍ အတင့်တယ်ဆုံးကား။
သဗ္ဗေ၊ အလုံးစုံသော။
အဟောရတ္တိံ၊ နေ့ညဉ့်ပတ်လုံး။
ဗုဒ္ဓေါ၊ ဘုရားရှင်သည်။
တေဇသာ၊ သီလ စသော တန်ခိုးတော်ဖြင့်။
တပတိ၊ တင့်တယ်၏။

အမတ်သည် လက်အုပ်ချီကာ မြှောက်လျက် ဤဂါထာကို ဟောပြ၏၊ ဘာတိက မင်းကြီးသည် အလွန်တရာ နှစ်သက်လှသောကြောင့် အမတ်၏ လက်အုပ် အောက်ချ၍ ဖြန့်လိုက်သောအခါ ဥစ္စာထောင်ထုပ်* ပါလာသည်ကို တွေ့မြင်ကြ ရကုန်၏၊ ဤဂါထာသည် သဗ္ဗမင်္ဂလာ ဂါထာမည်၏၊ ဤနည်းဖြင့် ဓမ္မဂုဏ်ထူး ကြည်နူးစရာ များလှ၏။

(*မင်းကြီးသည် တရားတော်ကို လွန်စွာ နှစ်သက်၍ ဥစ္စာထောင်ထုပ်ဖြင့် လက်ရောက် ပူဇော်၏။ ထို့ကြောင့် ပါလာသည်။)

ဤတရားတော်ကို ဘုရားရှင်သည် အဘယ်မျှ အလေးပြုသနည်း၊ အာရုံပြုခြင်း, ပွားစေခြင်း, ဟောကြားခြင်း, နာခံခြင်းတို့ဖြင့် လွန်စွာ အလေးပြုလေသည်၊ အခါတပါး ရှင်နန္ဒမထေရ် တရားဟော၏၊ မြတ်စွာဘုရားသည် တညဉ့်လုံး အရုဏ် တက်သည်တိုင်အောင် ရိုသေလေးမြတ်စွာ တရားနာ၏၊ နေထိုင်မကောင်းသော အခါ ရှင်စုန္ဒကို ဗောဇ္ဈင် ခုနစ်ပါး ဟောကြားခိုင်း၏၊ ရိုသေစွာ နာကြား၏၊ ဝမ်းမြောက် ဝမ်းသာဖြစ်၍ နေထိုင်မကောင်း ပျောက်ဘူး၏၊ အဝန္တိတိုင်းမှ ဘုရားဖူးကြွလာသော ကောဋိကဏ္ဏ သောဏ ရဟန်း-တဝါမျှရသော ပုဂ္ဂိုလ်ကို ဂန္ဓကုဋိအတွင်း ညဉ့်နေရာ ပေး၍ တရားဟောခိုင်း၏၊ “သောဠသ အဋ္ဌက ဝဂ္ဂိကသုတ်” ဟောပြသည်ကို ဝမ်းမြောက်စွာ သာဓုခေါ်၏၊ ဘုရားရှင်၏ သာဓုသံကြောင့် နတ် ဗြဟ္မာတို့လည်း သာဓုခေါ်ကုန်၏၊ ထိုရဟန်း၏ မိခင် သူဌေးမအိမ်၌ အိမ်စောင့်နတ်ကလည်း သာဓုခေါ်၍ သင်တို့သားက မြတ်စွာဘုရားကို တရားဟောသည်-ဟု ပြောပြ၏။

သောဏရဟန်း ပြန်ရောက်သော အခါ ... သူဌေးမကြီးလာ၍ ကြောင်းကျိုးပြောပြ၍ တရားစကား နာကြား၏၊ ထိုအခိုက်တွင် အစေခံကျွန်မ ပြေးလာ၍ “အိမ်၌ ခိုးသား ကိုးရာလာ၍ ရွှေတိုက်, ငွေတိုက် ဖောက်ခိုးကုန်ကြပါပြီ” ဟုပြော၏၊ သူဌေးမကြီးက “ ငါတရား နာနေခိုက်တွင် လာမပြောကြနှင့်၊ ယူပါစေ, ယူပါစေ”ဟု ဆိုလိုက်၏၊

ထိုစကားကို ခိုးသူကြီး ကြားလတ်သော် ထိတ်လန့်ပြီးလျှင် ပစ္စည်းအားလုံး ... ပြန်ထား၍ တောင်းပန်ကြ၏၊ ထိုနောက် ရဟန်းပြုကြသဖြင့် ခိုးသားကိုးရာလုံး ရဟန္တာ ဖြစ်ကုန်၏၊ တရားစောင့်သောသူကို တရားကပြန်စောင့်ခြင်း အာနိသင်သည် ဝမ်းမြောက်ဘွယ် ရှိလေစွ။

တောအုပ်တခု၌ ဧကူဒါန မထေရ်သည် ဥပုသ်နေ့တိုင်း တရားနာ ကြွေးကြော်၍ ဂါထာတပုဒ်ကိုရွတ်၏၊ နတ်တို့သည် မြေကြီးတုန်လောက်အောင် သာဓုခေါ်ကြ၏၊ စာတတ်သော ရဟန်းများရောက်လာ၍ ဟောကြသောအခါ နတ်တို့ သာဓုမခေါ်ကုန်၊ ဤကား များစွာသင်၍ များစွာ ဟောတတ်သော်လည်း တရားရှိသည် မမည်သေး၊ အသိဉာဏ်ရှိမှ တရားရှိသည်မည်သော ဂုဏ်ထူးတည်း။

ရှင်နာဂသိန်အား ဆွမ်းအမကြီးက နက်နဲသောတရား ဟောကြားပါဟု တောင်းပန်၏၊ တရားအဆုံးတွင် နာသူ ဟောသူ နှစ်ဦးလုံး မဂ်ဖိုလ်ရကုန်၏၊ မြှားတစင်းဖြင့် သမင်နှစ်ကောင် ရသကဲ့သို့ တချက်ခုတ် နှစ်ချက်ပြတ် အားကျဘွယ်တည်း။

ရှင်ဒဗ္ဗအလောင်း သူငယ်မဖွားမီ မိခင်သေဆုံး၏၊ မီးသင်္ဂြိုဟ်ရာ မီးထဲမှ အန္တရာယ်မရှိ နေစာမြက်အစုပေါ်သို့ သူငယ်ကျလာ၏၊ ရှင်ဗာကုလ အလောင်း သူငယ်ဖွားမြင်စ မြစ်အတွင်းရေချိုးပေးစဉ် ငါးကြီးမျိုသွား၏၊ အန္တရာယ်မရှိ သူဌေးနှစ်ဦး၏ အမွေရ၍ အသက်ရှစ်ဆယ်တွင် ရဟန်းပြု၍ ဝါတော်ရှစ်ဆယ်ရ၏၊ ယခုဘဝ ရလတ္တံ့သော မဂ်ဖိုလ်တန်ခိုးတည်း၊ မဂ် ဖိုလ် မရမီ မြင်းမိုရ်တောင်ဖြင့် ကြိတ်သော်လည်း အန္တရာယ် မဖြစ်စကောင်း၊ ရှင်သာရိပုတြာ သမာပတ်ဝင်စားစဉ် ဘီလူးတင်းပုတ်ဖြင့် ထု၍ မနာကျင်ခြင်းသည် သမာပတ်တန်ခိုးတော်တည်း။


သဗ္ဗသော နာမရူပသ္မိံ၊
ယဿနတ္ထိ မမာဟိတံ။
အသတာ စ န သောစတိ၊
သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

ယဿ၊ အကြင်သူအား။ သဗ္ဗသော၊ အလုံးစုံသော။ နာမရူပသ္မိံ၊ နာမ်ရုပ်၌။ မမာယိတံ၊ ငါ့ကိုယ်, ငါ့ဟာ, ငါဟု-မြတ်နိုးခြင်းသည်။ နတ္ထိ၊ မရှိ။ အသတာစ၊ ပျက်စီးကွေကွင်း မရှိခြင်းဖြင့်လည်း။ န သောစတိ၊ မစိုးရိမ်။ သံ-သော၊ ထိုသူကို။ ဝေ၊ စင်စစ်။ ဘိက္ခူတိ၊ ဘယ+ဣက္ခု၊ ဘေးကို+ရှုသည့် ဘိက္ခုဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဤဂါထာဖြင့် ပဉ္စဂ္ဂပုဏ္ဏား လင်မယားထံ အနာဂါမိမဂ်ဖိုလ် အိမ် အရောက်သွားပို့ ရသည်နှင့် တူလှ၏၊ ရှေးဘဝ၌ နာမ်ရုပ်တရား နာကြားဘူးခြင်း အကျိုးတည်း၊ ပုဏ္ဏေးမကြီးကား ဘုရားရှင်ကို အမြဲဝန်တိုသော်လည်း ဤဂါထာအဆုံး အနာဂါမ် တည်သည်။

အကျဉ်းအားဖြင့် ချုပ်လိုက်လျှင် --

နိဗ္ဗာန်သည် မျက်မှောက်ပြုသူအား ဒုက္ခအကုန် ပြသည်
မဂ်သည် တသံသရာလုံး နှိပ်စက်သော ကိလေသာကို မကျန်အောင် သတ်သည်
ဖိုလ်သည် ကိလေသာကို သက်မျှ မကြွင်း အောင် ရှင်းလင်းသုတ်သင်သည်
ပရိယတ်ကား ဂုဏ်ထူးများလှ၏
သမ္ပတ္တိ အားလုံး၏ အမြစ်အရင်းဖြစ်၏

သာသနာတော်နှစ်ပေါင်း ငါးထောင် တည်ခြင်းသည် ပရိယတ်လျှင် အကြောင်းရင်း ဖြစ်၍ ဘုရားရှင် အထူး အားကိုးတော်မူ၏၊ သာသနာ အားထားသူတိုင်း ပရိယတ်ကို အားထုတ်ကြကုန်၏၊

ထို့ကြောင့် အာနုဘော် ကြီးမားသော ဓမ္မာနုဿတိကို မတွန့်မဆုတ် ဖန်ဖန် အားထုတ်ရာ၏။

သံဃာနုဿတိ

၃။ သံဃာနုဿတိ ပွားလိုသော သူသည် “သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော” စသည်ဖြင့် အရိယာသံဃာ၏ဂုဏ်ကို ဖန်ဖန် အောက်မေ့ရသည်။

အောက်မေ့ပုံကား -

၁။ မြတ်စွာဘုရား၏ တပည့်သံဃာ အပေါင်းသည် မဂ္ဂင်အကျင့်ကို ကောင်းစွာ ကျင့်တော်မူ၏၊ ဆုံးမတိုင်း မချွတ်မယွင်း ကျင့်တော်မူ၏။ (နှစ်နက်။)

၂။ မြတ်စွာဘုရား၏ တပည့်သံဃာ အပေါင်းသည် ဖြောင့်မတ်စွာ ကျင့်တော်မူ၏။

၃။ မြတ်စွာဘုရား၏ တပည့်သံဃာ အပေါင်းသည် နိဗ္ဗာန်အကျိုးငှါ ကျင့်တော်မူ၏။

၄။ မြတ်စွာဘုရား၏ တပည့်သံဃာအပေါင်းသည် ရိုသေသမှု ပြုထိုက်အောင် ကျင့်တော်မူ၏။

၅။ မြတ်စွာဘုရား၏ တပည့်သံဃာ အပေါင်းသည် အဝေးမှဆောင်၍ လှူအပ်သော ပစ္စည်းလေးပါးကို ခံတော်မူထိုက်၏၊ အရပ်ဝေးမှ လာ၍ လှူရာဌာန ဖြစ်တော်မူ၏၊ သိကြားမင်း စသည်တို့၏ အလှူကို ခံတော်မူထိုက်၏။ (သုံးနက်။)

၆။ မြတ်စွာဘုရား၏ တပည့်သံဃာအပေါင်းသည် ဧည့်သည်ကောင်းတို့ အလို့ငှါ အထူးသဖြင့် စီမံအပ်သော အာဂန္တုက ဒါနကို ခံတော်မူထိုက်၏၊ အဦးအဖျား ဆောင်၍ ပူဇော်ရာဌာန ဖြစ်တော်မူ၏၊ ခပ်သိမ်းသော အပြားဖြင့် အရိုအသေ ပူဇော်ခြင်းကို ခံတော်မူထိုက်၏။ (သုံးနက်။)

၇။ မြတ်စွာဘုရား၏ တပည့်သံဃာ အပေါင်းသည် မြတ်သောအလှူကို ခံတော် မူထိုက်၏၊ မြတ်သောအလှူအား လျော်၏။ (နှစ်နက်။)

၈။ မြတ်စွာဘုရား၏ တပည့်သံဃာ အပေါင်းသည် လက်အုပ်ချီခြင်းကို ခံတော် မူထိုက်၏။

၉။ မြတ်စွာဘုရား၏ တပည့်သံဃာ အပေါင်းသည် လူအပေါင်း၏ ကောင်းမှုမျိုးစေ့၏ ပေါက်ရောက်ကြီးပွားရာ အတုမရှိ လယ်တာ မြေကောင်းသဘွယ် ဖြစ်တော်မူ၏။

ဤသို့ စသည်ဖြင့် ဖန်ဖန် အောက်မေ့ရသည်။

မှတ်ဘွယ်စိုးစဉ်း

မဂ္ဂင်အကျင့်သည် --

ဖောက်ပြန်ခြင်း မရှိသော သမ္မာပဋိပတ် မည်၏
ပယ်ပြီးသော ကိလေသာတို့သို့ ပြန်မရောက်သဖြင့် ဆုတ်နစ်ခြင်းမရှိသော အနိဝတ္တိ ပဋိပတ် မည်၏
နိဗ္ဗာန်အားလျော်သော အနုလောမပဋိပတ် မည်၏
နိဗ္ဗာန်နှင့် မဆန့်ကျင်သော အပစ္စနိကပဋိပတ် မည်၏
လောကုတ္တရာအားလျော်သော ဓမ္မာနုဓမ္မပဋိပတ် မည်၏။

ထို သမ္မာပဋိပတ်သည် --

ဝင်္က-နွားကျင်ကောက်၊
ကုဋိလ-လရေးကောက်၊
ဇိမှ-ထွန်ကိုင်းကောက်၊
ဤသို့သော အကောက်မရှိသောကြောင့် ဥဇုလည်း မည်၏၊
မြတ်သောကြောင့် ဉာယလည်း မည်၏၊
လျောက်ပတ်သောကြောင့် သာမီစိလည်း မည်၏၊

ဤသို့သောအကျင့်ကို မဂ်ပုဂ္ဂိုလ် လေးယောက်သည် ကျင့်ဆဲ၊ ဖိုလ်ပုဂ္ဂိုလ် လေးယောက်သည် ကျင့်ပြီးဖြစ်၏၊ ထို့ကြောင့် အရိယာ ပုဂ္ဂိုလ် ရှစ်ယောက် အပေါင်းသည် သုပ္ပဋိပန္န မည်၏၊

တနည်းကား -

ကောင်းစွာ ဟောကြားအပ်သော ဓမ္မဝိနယ၌ ဆုံးမတိုင်း အသက်ခန္ဓာမငဲ့ဘဲ အသေခံ၍ကျင့်ကုန်၏၊ ထို့ကြောင့် သုပ္ပဋိပန္န မည်၏။

မဇ္ဈိမပဋိပဒါဖြင့် အန္တဒွယသို့မကပ်ဘဲ ကျင့်သောကြောင့်၎င်း, ကိုယ် နှုတ် စိတ်၌ ကောက်ကျစ်သော အပြစ်ပယ်ခြင်းငှါ ကျင့်သောကြောင့်၎င်း ဥဇုပ္ပဋိပန္န မည်၏၊ နိဗ္ဗာန်အကျိုးငှါ ကျင့်သောကြောင့်, ဉာယပ္ပဋိပန္န ၊ ရိုသေသမှု ပြုထိုက်အောင် ကျင့်သောကြောင့် သာမီစိပ္ပဋိပန္န မည်၏။

အဝေးမှဆောင်၍ သီလဝန္တတို့အား လှူအပ်သောပစ္စည်းသည် အာဟုန မည်၏၊ ထို အာဟုနကို အကျိုးများအောင် ပြုတတ်သောကြောင့် အလှူခံထိုက်သူ ဖြစ်၏။

အရပ်ရပ်မှရောက်လာသော ပိယမနာပ ဧည့်သည်တို့အလို့ငှါ ဖွယ်ဖွယ်ရာရာ စီမံ အပ်သော ဝတ္ထုသည် အာဂန္တုကဒါန မည်၏၊ ထိုအာဂန္တုက ဒါနကို သံဃာအားသာ သာလွန်၍လှူထိုက်၏၊ သံဃာနှင့်တူသော ဧည့်သည် မရှိ၊ ဘုရားတဆူပွင့်မှ တကြိမ် တခါ ပေါ်ပေါက်လာသော ဧည့်သည် ဖြစ်သည်။ သီလစသောဂုဏ်ကျေးဇူးနှင့် အထူး ပြည့်စုံသူလည်း ဖြစ်သည်၊ ထို့ကြောင့် သံဃာသည် အတူမရှိသော ပိယမနာပ ဧည့်သည်ဖြစ်၏။

တမလွန်လောကကို ယုံကြည်၍ လှူအပ်သော ပစ္စည်းသည် မြတ်သောအလှူ မည်၏၊ ဒက္ခိဏာမည်၏၊ ထိုအလှူသည် အလှူခံသံဃာ သုတ်သင်ပေးမှ အကျိုးကြီးသည်၊ အကျိုးကြီးအောင် သုတ်သင်နိုင်သောကြောင့် သံဃာအားသာ ထိုက်တန်သည်၊ သံဃာကို အာရုံပြု၍လှူလျှင် အလဇ္ဇီဒုဿီလတို့ သုံးဆောင်ကုန်သော်လည်း အကျိုး ကြီးအောင် သုတ်သင်ခြင်းကား အာရုံပြုရာ သံဃာ့တာဝန်ဖြစ်၏၊ အံ့ဩဘွယ် အရသာ ရှိလေစ္စ။

လက်နှစ်ဘက်ဦးထိပ်၌ ရွက်၍ ပြုအပ်သော လက်အုပ်ချီခြင်းကို သံဃာသာ ခံထိုက်သည်၊ သံဃာ၏အသုံးအဆောင် သင်္ကန်းစုက် ညစ်ပေဟောင်းနွမ်းကို သော်လည်း ရှိခိုးထိုက်၏၊ သံဃာ၏ သီလကင်းသူဖြစ်လျှင် လူတို့လက်ချောင်းသည် လှံမထက် ထက်မြက်၏။

မင်းအမတ် စသည်တို့၏ စပါးပင် ပေါက်ရောက်ရာ များများသီးရာ လယ်မြေသည် မင်းအမတ် စသည်တို့၏ လယ်မြေဖြစ်၏၊ လူအပေါင်း၏ ကုသိုလ်မျိုးစေ့ ပေါက်ရောက်ရာ များများ တိုးပွားရာ သံဃာသည် လူအပေါင်း၏ လယ်မြေဖြစ်၏၊ လူတို့ ကုသိုလ်, အကုသိုလ်သိခြင်း, ဗဟုသုတ ရှိခြင်းစသည်သည် သံဃာကို အမှီပြု၍သာ ဖြစ်ကုန်၏၊ ထို့ကြောင့် အတုမရှိ အကောင်းဆုံး လယ်မြေဖြစ်သည်။

ဥပစာရဈာန်ဖြစ်ပုံ, အာနိသင်ရပုံသည် ရှေးနှင့်တူ၏။

၁။ သံဃာဂုဏ် ကိန်းအောင်းတည်နေရာ ကိုယ်ခန္ဓာသည် သံဃာများ စည်းဝေးရာ ဥပုသ်အိမ်နှင့်အတူ ပူဇော်ထိုက်၏။

၂။ စေတီထိုက်၏။

သံဃာဂုဏ် အံ့ဘွယ်များ

သုပ္ပဋိပန္နစသော ဂုဏ်လေးပါးသည် အကြောင်းဂုဏ် အကျင့်ဂုဏ် မည်၏၊ အာဟုနေယျ စသော ဂုဏ်ငါးပါးသည် အကျိုးဂုဏ်မည်၏၊ အကြောင်းဂုဏ် လေးပါးကျင့်ခြင်းဖြင့် အကျိုးဂုဏ်ငါးပါးပြည့်၏၊ တပါးပါး ကျင့်ရုံဖြင့်သော်လည်း လေးပါးလုံး ကျင့်သည်မည်၏၊

ဤ၌ ပုထုဇဉ် မပါဝင်သော်လည်း ပုထုဇဉ်ကလျာဏတို့အား အကြောင်းဂုဏ် ကျင့်ဆဲဖြစ်၍ အကျိုးဂုဏ် အားလုံး ပြည့်စုံ၏၊ တနည်းကား - သိက္ခာသုံးပါး ကျင့်ဆဲဖြစ်၍ သေက္ခပုဂ္ဂိုလ်၌ ရေတွက်ရသည်၊ ထို့ကြောင့် သေက္ခပုဂ္ဂိုလ်ကဲ့သို့ ဂုဏ်ကိုးပါးလုံး ရနိုင်သည်။

အမ္ဗခါဒကတိဿမထေရ်သည် ဒုဗ္ဘိက္ခအခါ လမ်းခရီးတွင် အာဟာရ ပြတ်၍ သရက်ပင်အောက်၌ လဲနေ၏၊ သရက်သီးမှည့်တို့ ကြွေကျသည်ကို ယူမစား။

[ဥစ္စာနှင့်အင်္ဂါ အန္တရာယ်ရောက်လျှင် ဥစ္စာကုန်ပါစေ၊ အင်္ဂါအထိမခံနှင့်
အင်္ဂါနှင့်အသက် အန္တရာယ်ရောက်လျှင် အင်္ဂါကြီးငယ် ပျက်ပါစေ- အသက်အထိ မခံနှင့်
အသက်နှင့်သီလ အန္တရာယ်ရောက်လျှင် အသက်သေပါစေ- သီလ အထိမခံနှင့်။]

ဤသုံးချက်သော နှလုံးသွင်းဖြင့် အသေခံ ကျင့်တော်မူ၏၊ ဥပါသကာ တယောက် မြင်လတ်သော် သရက်သီး အဖျော်ပြု၍ ကပ်ပြီးလျှင် နေရာကျောင်းသို့ အရောက် ကျောပိုး၍ လိုက်ပို့၏။


န ပိတာ နာပိ တေ မာတာ၊
န ဉာတိ နာပိ ဗန္ဓဝါ။
ကရောတေ တာဒိသံ ကိစ္စံ၊
သီလဝန္တဿ ကာရဏာ။

အယံ၊ ဤဥပါသကာသည်။ တေ၊ သင်၏။ နပိတာ၊ ဘခင်လည်း မဟုတ်။ နာပိမာတာ၊ မိခင်လည်း မဟုတ်။ နဉာတိ၊ ဆွေမျိုးလည်း မဟုတ်။ နာပိဗန္ဓဝါ၊ ချစ်ကျွမ်းဝင်သူလည်း မဟုတ်။ သီလဝန္တဿ၊ သီလရှိသော သင်၏။ ကာရဏာ၊ အကြောင်းသီလကြောင့်။ တာဒိသံ ကိစ္စံ၊ ထိုသို့ အဖျော်ကပ်၍ ကျောပိုးခြင်းကိစ္စကို။ ကရောတေ၊ ပြုပေ၏။

ဤသို့ဆင်ခြင်၍ ဝိပဿနာ ပွားလတ်သော် ကျောက်ကုန်းထက်၌ပင် ရဟန္တာ အဖြစ်သို့ ရောက်တော်မူလေ၏။

ကဿကလိုဏ်၌ နေသော မိတ္တမထေရ်သည် သမီးအား မိခင်ပြောသော စကားဖြင့် ရဟန္တာဖြစ်၏၊ မိခင်သည် ထင်းခွေသွားအံ့ဆဲဆဲတွင် ချစ်သမီး ဤ နေရာ၌ ဆန်ရှိသည်၊ ထောပတ်၊ တင်လဲရှိသည်၊ အရှင်မိတ္တ ကြွလာသောအခါ ဆွမ်းချက်၍ ကပ်လိုက်၊ ငါကား မနေ့က ကျန်သော ထမင်းချမ်းကို ပအုံးရည်ဖြင့် စားပြီးပြီ၊ နေ့စာအတွက် ဟင်းရွက်နှင့် ဆန်ကွဲ ကျိုထားလိုက် သမီး-ဟု မှာကြား၏၊

မထေရ်သည် ထိုစကားကို ကြားလတ်သော် ဤဒါယိကာမကြီးသည် ငါ့ကိုအားထား၍ လူနတ်, နိဗ္ဗာန် ချမ်းသာ သုံးပါး တောင့်တ၏၊ ရာဂ ဒေါသကင်းမှ ဤဆွမ်းကို အလှူခံမည်-ဟု မဆုတ်မနစ် ဝိပဿနာပွါးသဖြင့် နံနက်ခင်းတွင် ရဟန္တာဖြစ်၍ ပြုံးရွှင်စွာ နေတော်မူ၏၊ ထိုအခါ လိုဏ်အနီး သစ်ပင်စောင့်နတ်က -


နမော တေ ပုရိသာဇည၊
နမော တေ ပုရိသုတ္တမ။
ယဿ တေ အာသဝါ ဒိဏာ၊
ဒက္ခိဏေယျောတိ မာရိသ။

ပုရိသာဇည၊ ကြောင်းကျိုးသိတတ် အာဇာနည် ယောက်ျားမြတ် ဖြစ်သော အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ နမော၊ ရှိခိုးပါ၏။ ပုရိသုတ္တမ၊ အပိဇ္ဇာပယ်သတ် ယောက်ျားမြတ်ဖြစ်သော အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ နမော၊ ရှိခိုးပါ၏။ မာရိသ-မာရံ+ဣသ၊ မာရ်ငါးပါးကို+အောင်သော အရှင်ဘုရား။ ယဿတေ၊ အကြင် အရှင်ဘုရားအား။ အာသဝါ၊ အာသဝေါလေးပါးတို့သည်။ ခီဏာ၊ ကုန်-ကုန်ပြီ။ သောတုံ၊ ထိုအရှင်ဘုရားသည်။ ဒက္ခိဏေယျော၊ မြတ်သော အလှူခံထိုက်သူသည်။ အသိ၊ ဖြစ်တော်မူ၏။

ဤသို့ ဥဒါန်းကျူး၍ အရှင်မြတ်ကဲ့သို့သော ပုဂ္ဂိုလ်အား ဆွမ်းလှူသော အမယ်အိုသည် ဒုက္ခအမျိုးမျိုးမှ လွတ်တော့မည် မလွဲပါဘုရား-ဟု လျှောက်၏။

မဟာဂါမ၌ တိဿမထေရ်သည် ခရီးသွားစဉ် ဆွမ်းကပ်သူကို ချီးမြှောက်တော်မူ၏၊ ထင်းခုတ်ရောင်းစားသူ တယောက်သည် သံဃာတော်တို့အား ဆွမ်းဟင်းချက်၍ လောင်း၏၊ သာမဏေငယ်တို့သည် ခံယူပြီးလျှင် ညံ့ဖျင်းသည်ဟု သွန်ပစ်ကုန်၏၊ ထိုအခါ အရှင်မြတ်တို့ နှစ်သက်အောင် လှူမည်ဟု သမီးငယ်ကို ငွေ ၁၂-ကျပ်ဖြင့် ပေါင်နှံ၍ နွားမတကောင်ဝံယ်၏၊ နို့ညှစ်၍ နို့ဆွမ်းလှူသော အခါ နှစ်သက်ကြသဖြင့် မယားအား ဤအတိုင်း နိစ္စဘတ် နို့လှူရစ်လော့-ဟု မှာကြားပြီးလျှင် သမီးပြန်ရွေးရန် အရပ်တပါးသို့ ထွက်သွား၏၊

ခြောက်လ အလုပ်လုပ်၍ ငွေ ၁၂-ကျပ် စုမိသောအခါ ပြန်လာစဉ် ခရီးအကြား၌ တိဿမထေရ်ကိုမြင်၏၊ ဝတ်ကြီးဝတ်ငယ် ပြုလျက် အတူ လာကြရာ ဆွမ်းချိန် ရောက်သောအခါ လူတယောက်ထံမှ ထမင်းထုပ်ကို ငွေ ၁-ကျပ်ပေး၍ ဝယ်၏၊ ထမင်းရှင်က မထိုက်မတန် အကြောင်းထူးသည်-ဟု ရိပ်မိ၍ မရောင်းနိုင်-ဟုဆို၏၊ နှစ်ကျပ်သုံးကျပ် စသည်ဖြင့် တိုး၍ ၁၂-ကျပ်ဖြင့် တောင်းပန်ကာ ဝယ်ယူပြီးလျှင် မထေရ်အား ဆွမ်းကပ်၏။

ခရီးဆက်၍ သွားကြသောအခါ ထိုသူ၏ အကြောင်းရင်း အလုံးစုံကို မထေရ်သိရ၍ သံဝေဂဉာဏ်ကြီးစွာဖြင့် ထိတ်လန့်လေ၏၊ ကျောင်းရောက်သောအခါ မဆုတ်မနစ် အားထုတ်သဖြင့် ရဟန္တာဖြစ်ပြီးလျှင် သံဃာတို့အား သံဝေဂဉာဏ်ဖြစ်ကြောင်း အလုံးစုံပြောပြ၏။ ပရိနိဗ္ဗာန်စံအံ့သောအခါ ငါ၏အလောင်းသည် ထိုသူလက်ဖြင့်ထိမှ လှုပ်စေသတည်း-ဟု ဓိဋ္ဌာန်တော်မူ၏၊ မထေရ်အလောင်းကို ကာကဝဏ္ဏမင်းကြီး မီးသင်္ဂြိုဟ်မည်ဟု ပင့်ချီစေရာ မတတ်နိုင်၊ ထိုထင်းသည်ကို လိုက်ရှာ၍ ရောက်လာမှ မင်းကြီး၏ ချီးမြှောက်ခြင်းကိုခံ၍ မီးသင်္ဂြိုဟ်ရလေ၏။

မင်္ဂဏဝါသိ ခုဇ္ဇတိဿ မထေရ်သည် နိဗ္ဗာန်စံပြီးမှ မင်းအပူဇော်ကို ခံသည်၊ သဒ္ဓါတိဿမင်းသည် ထိုမထေရ်၏ ဂုဏ်သတင်းဖြင့် ငါးယူဇနာမျှ သွား၍ ဖူးမျှော်၏၊ မထေရ်မြတ်ကား ငါအိုပြီ၊ မင်းကျွမ်းမဝင်လို-ဟု မြေကြီး ရေးခြစ်ဟန် ပြုနေ၏။ မင်းကြီးသည် ရဟန္တာ မဟုတ်-ဟု ဆို၍ ရှိမခိုးဘဲ ပြန်သွား၏၊ ရဟန်းတို့ကလည်း မင်းကြီး စိတ်ပျက်အောင် ပြုဘိသည်-ဟု ဆိုကုန်၏၊

ငါ့ရှင်တို့ ... မင်း၏ သဒ္ဓါကို စောင့်ခြင်းငှါ ငါ့တာဝန်ဖြစ်စေ-ဟု ဆို၏၊ နိဗ္ဗာန် စံအံ့သောအခါ ငါ့ရှင်တို့ ... တလားတခု၌ နေရာနှစ်ခု ခင်းကြ-ဟု စေခိုင်း၍ နေရာတခုသို့တက်၍ နိဗ္ဗာန်စံတော်မူ၏။

ထိုအခါ တလားသည် ကောင်းကင်သို့ တက်၍ ငါးယူဇနာသို့ ပြန်သွား၏၊ ခရီးအကြား၌ ချုံသစ်ပင်တို့သည် အညွန့်တလူလူဖြင့် ဦးညွတ်က ပူဇော်ကုန်၏၊ ထိုအကြောင်းကို သဒ္ဓါတိဿ မင်းကြီး ကြားသော်လည်း ယုံကြည်ခြင်း မရှိ၊ တလားသည် ထူပါရုံကို လက်ျာရစ်လှည့်၏၊ ကျောက်စေတီသည် ဘိနပ် အကြည်နှင့် တကွ တက်၍ တလား အထက်၌ တည်၏၊

လူတို့ အုတ်အုတ်ကျက်ကျက်ဖြစ်၍ လောဟပါသာဒ၌ နေသော မဟာဗျဂ္ဂမထေရ် သိသောအခါ ငါ့ရှင် ... ဘုန်းကြီးသူကိုမှီ၍ အပူဇော် ခံလိုက်ဦးမည်၊ မမေ့မလျော့ နေရစ်ကြ-ဟုမိန့်တော်မူ၍ တလားအထက် ဒုတီယနေရာ၌ တက်ထိုင်၍ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ ထိုအခါမှ မင်းကြီးသည် ပန်းနံ့သာတို့ဖြင့် ပူဇော်၏၊ တလား ပြာသာဒ်လည်း မြေသို့သက်၏၊ မင်းကြီးသည် ကြီးကျယ်စွာသင်္ဂြိုဟ်၍ ဓာတ်တော် တို့ကို စေတီတည်သတတ်။

သာသနာနှစ် ၂၂၀၀-ကျော်လောက်က အကြောင်းတခုကား စတုဂီရိ ကျမ်းပြု တောင်လေးလုံးဆရာတော်ကြီးသည် တနေ့၌ ဒါယကာတို့ကိုခေါ်၍ ငါ-အရွယ်ကြီးပြီ၊ သေချိန်နီးပြီ၊ ခေါင်း-နှစ်ခု ပြုလုပ်၍ လာလှူကြ-ဟု မိန့်ဆိုတော်မူ၏၊ ဒါယကာ တို့လည်း ပြန်မလျှောက်ဝံ့သဖြင့် အမိန့်အတိုင်း ခေါင်း-နှစ်ခု လာလှူကြ၏၊

ဆရာတော်ကြီးက နင်တို့ခေါင်း ငါနှင့်တော်ရဲ့လား-ဟု ဆို၍ ခေါင်းတခု၌ ဝင်၍ လျောင်းတော်မူလေ၏၊ လျောင်းစဉ် ဝိညာဏ်တော် ချုပ်လေ၏၊ ထိုအကြောင်းကို နောင်တော် မထေရ်ကြီး ကြားသိသောအခါ ကြွလာ၍ သည်ဘက်ကလဲ ခေါင်းတခု ပါလားဟု ဆိုပြီးလျှင် ဒုတီယခေါင်း၌ဝင်၍ လျောင်းတော်မူ၏၊ နောင်တော် မထေရ်လည်း ထိုအတူ ဝိညာဏ်တော် ချုပ်လေသတတ်။

ဥစ္စာဝါလိကဝါသိ မဟာနာဂ မထေရ်သည် နှစ်ပေါင်း ၆၀-ပတ်လုံး မိမိကိုယ်ကို ရဟန္တာဟု မှတ်ထင်၏၊ တပည့်ဖြစ်သော တဠင်္ဂဝါသိ ဓမ္မဒိန္နမထေရ် လာ၍ ပြဿနာ တထောင်မေးရာ မငြိမကပ် ဖြေဆို၏၊ အရှင်မြတ် ဉာဏ်တော်အလွန်ထက်ပါသည်၊ တရားကို အဘယ်အခါက ရပါသနည်း- ဟု လျှောက်လတ်သော် နှစ်ပေါင်း ၆၀-ရှိပြီဟုဆို၏၊ သမာဓိအရာ ဝန်မလေးလျှင် ဆင်ကြီးတစီး ဖန်ဆင်းပြတော်မူပါဟု လျှောက်ပြန်သော် ဖန်ဆင်း၍ ပြလေ၏၊

ဤဆင်ကြီးသည် ကြောက်ဘွယ်အသံဖြင့် ပြေးလာဟန် ဖန်ဆင်းတော်မူပါဦး-ဟု လျှောက်ပြန်၏၊ ဆင်ကြီး ပြေးလာသောအခါ မထေရ်ကြီးသည် ထ၍ ပြေးရန် အားထုတ်၏၊ အရှင်ဘုရား ရဟန္တာအား ကြောက်ခြင်းမရှိကောင်းပါဟု လျှောက်သော အခါမှ ရဟန္တာမဟုတ်သေးဟုသိ၍ စင်္ကြံသို့တက်တော်မူ၏၊ ဖဝါးသုံးလှမ်းတွင် ရဟန္တာ ဖြစ်တော်မူသတတ်။

ပီတိမလ္လမထေရ်သည် ညဉ့်အခါစင်္ကြံသွားစဉ် ခြေမသယ်နိုင်၍ ဒူးဖြင့် သွား၏၊ မုဆိုး တယောက်သည် သမင်ထင်၍ လှံဖြင့်ထိုး၏၊ မထေရ်သည် မုဆိုးကို လှံနုတ်ခိုင်းပြီးလျှင် မြက်တို့ကိုကျစ်၍ အမာဝ၌ အပြည့်ထည့်စေ၏၊ ထိုနောက် ကျောက်ဖျာ၌ထိုင်၍ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်လေ၏

ထိုအကြောင်းကို ရဟန်းတို့အား ပြောပြပြီးလျှင် “ရူပံ ဘိက္ခဝေ န တုမှာကံ၊ တံ ပဇဟထ - (ရုပ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ပယ်စွန့်ကြလော့ ဟူသော) ဒေသနာဖြင့် အကျွန်ုပ် ရဟန်းပြုသည်၊ ဤကိုယ်သည် အနိစ္စ ဒုက္ခဖြစ်၍ ငါ့ကိုယ် မဟုတ်၊ ငါ့ဟာမဟုတ်၊ ငါမဟုတ်ဟု ဝမ်းမြောက်စွာ မြွက်ကြားတော်မူသတတ်။

စိတ္တလတောင်၌ မထေရ်တပါး လေနာ နှိပ်စက်၍ ဇီဝိတ သမသီသီ ဖြစ်တော်မူပြီ၊ လေနာသည် ဝမ်းပိုက်ကိုကွဲစေ၍ အူအခွေလိုက် ထွက်လာသည် တိုင်အောင် ညည်းတွားခြင်း မပြု၊ ဝေဒနာနုပဿနာရှုလျက် ရဟန္တာ လည်းဖြစ်၏၊ နိဗ္ဗာန်လည်း စံတော်မူသတတ်။

ဝေဒနာနုပဿနာရှုပုံကား -

သုခ, ဒုက္ခ, ဥပေက္ခာ တခုခုဖြစ်သောအခါ “ဤဝေဒနာကို ခံစားသူ ပုဂ္ဂိုလ် သတ္တဝါမရှိ၊ ပုဂ္ဂိုလ် သတ္တဝါ၏ ဝေဒနာမဟုတ်၊ ဝတ္ထုအာရုံ ပေါင်းဆုံခြင်းကြောင့် ဖြစ်လာသည်ကိုပင် ငါဝေဒနာခံစားသည်ဟု ပညပ်တင်ကြ၏၊ ဥပါဒ်နှင့် ဘင် အစွန်း နှစ်ခုအကြားတွင် တည်သော ဝေဒနာတည်း-ဟု ရှုရသည်၊ ဤသို့ရှုလျှင် လျစ်လျူရှု၍ သည်းခံနိုင်၏။

သမသီသီကား -

ရောဂါပျောက်ခြင်းနှင့် ရဟန္တာဖြစ်ခြင်းပြိုင်လျှင် ရောဂ သမသီသီမည်၏၊
ဝေဒနာလည်း ငြိမ်း- ရဟန္တာလည်း ဖြစ်လျှင် ဝေဒနာ သမသီသီ
တရားအားထုတ်စဉ် ဣရိယာပုထ်လည်းပျက် ရဟန်းလည်း ဖြစ်လျှင် ဣရိယာပထ သမသီသီ
ဇိဝိတိန္ဒြေလည်းချုပ် ရဟန္တာလည်းဖြစ်လျှင် ဇီဝိတ သမသီသီ
ဤ၌ အရဟတ္တမဂ္ဂ ဝီထိနောင် ပစ္စဝက္ခဏာဝီထိတို့သာ ကျ၍ (ဝီထိတပါးမကျဘဲ) မရဏာသန္နဝီထိ စုတိဖြစ်သည်ကို တပြိုင်တည်းဖြစ်သည် ဟု ဆိုသည်။

သီဟိုဠ်ကျွန်း၌ မုဆိုး နွယ်တုပ်ခံရသောရဟန်းသည် တောမီး လောင်လာသောအခါ နွယ်မဖြတ်ဘဲ ဝိပဿနာပွား၏၊ မီးလောင်သော ဒုက္ခဝေဒနာကို ဖန်ဖန်ရှု၍ ရဟန္တာလည်းဖြစ် နိဗ္ဗာန်လည်းစံ၍ ဇီဝိတသမသီသီ ဖြစ်လေ၏။

တောကျောင်းတခု၌ ရဟန်းသုံးကျိပ်နေကြရာ ကျားလာ၍ ရဟန်းတပါးကို ချီသွား၏၊ ရဟန်းတို့ လိုက်သောအခါ ကမ်းပါးပြတ် တဘက်သို့ ယူပြေး၏၊ ရဟန်းတို့ မလိုက်နိုင်သဖြင့် အရှင်မြတ်-ငါတို့မတတ်နိုင်ပြီ၊ ရဟန်း၏ အထူးမည်သည် ဤသို့သောအခါ ထင်ရှား၏-ဟု သတိပေးကုန်၏၊

ထိုရဟန်းသည် ကျားခံတွင်း၌ ဝေဒနာခွါ၍ ဝိပဿနာပွား၏၊ ဖမျက်ကျားဝါးသော အခါ သောတာပန်, ဒူးဝါးသောအခါ သကဒါဂါမ်, ချက်ဝါးသောအခါ အနာဂါမ်, နှလုံးမဝါးမီ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၍ ငါသည် ကျားဝါးသော်လည်း ကိလေသာ ကုန်စေနိုင်သည်-ဟုဆို၍ နိဗ္ဗာန် ဝင်သတတ်၊ ကျားသည် ကိလေသာကို ဝါးမိဟန် တူလေ၏။

ရောဟဏဇနပုဒ်၌ မိလက္ခမည်သော မုဆိုးကြီးသည် တောကျောင်းတခုသို့ ရေသောက်ရန် ဝင်သွား၏၊ ရေပြည့်အိုးတို့သည် မုဆိုးကြီး ရေခပ်သောအခါ ရေပျောက်ကုန်၏၊ မုဆိုးကြီးသည် မိမိဖြစ်အင် ဆင်ခြင်မိသဖြင့် ရှင်သာမဏေ ပြုလုပ်ကာ ထိုတောကျောင်း၌ နေ၏၊

နောက်၌ လူထွက်လိုသဖြင့် ဆရာမထေရ်ကိုလျှောက်၏၊ ထိုအခါ သစ်တုံး စိုစိုတို့ကို စုပုံစေ၍ မီးတိုက်စေ၏၊ မီးမငြိနိုင် မစွဲနိုင်ဖြစ်လတ်သော် မြေခွဲ၍ငရဲမှ မီးပွားငယ်ယူ၍ ထင်းပုံ၌ချ၏၊ ချက်ချင်းပြာကျသွား၏၊ ငါ့ရှင် .... သင်ခံရလတ္တံ့သော ငရဲမီးကို မြင်ပြီလော၊ ထွက်လိုလျှင် ထွက်ပေတော့ဟု မိန့်တော်မူ၏၊

ထိုအခါမှ စ၍ မထွက်လိုတော့ပါဘူး-ဟု မဆုတ်မနစ် ဝတ်ကြီးဝတ်ငယ်ပြုကာ တရား အားထုတ်၏၊ အိပ်ငိုက်လျှင် မြက်ကရွတ်ရေဆွတ်၍ ဦးခေါင်း၌ ထား၏၊ ခြေတို့ကို ရေ၌စိမ်၍ ထိုင်၏၊ တနေ့၌ သာမဏေငယ်များ စာအံကြရာတွင်- လုံ့လရှိသူ, သတိရှိသူ, မမေ့လျော့သူအား ကုသိုလ်ကောင်းကျိုး မပြတ် တိုး၏-ဟု ကြားရ၍ လုံ့လရှိသူဟူသည် ငါသို့သောသူပင်တည်း၊ သတိရှိသူလည်း ငါသို့သောသူတည်း၊ ပမေ့လျော့သူလည်း ငါသို့သောသူတည်း - ဟု မိမိကိုယ်တွင်း ဆောင်သွင်း၍ ဝမ်းမြောက်ဝမ်းသာ ဝိပဿနာ ပွားလတ်သော် အနာဂါမိဖိုလ်သို့ ရောက်သတတ်။

အရိယာပုဂ္ဂိုလ်တို့သည် ဝိဝေကသုံးပါးကို တိုးပွားစေကုန်၏၊ ပရိညာ သုံးပါးဖြင့် သိကုန်၏၊

ဣရိယာပုထ်အားလုံး၌ တကိုယ်တည်းနေခြင်းသည် ကာယဝိဝေက
သမာပတ်ရှစ်ပါးသည် စိတ္တဝိဝေက
နိဗ္ဗာန်သည် ဥပဓိ ဝိဝေက

ပရိညာ သုံးပါးက --

၃၂-ပါးသော ကောဋ္ဌာသတစု, အသုဘ တစု, အရိုးစု-စသည်ဖြင့် ဤကိုယ်ကို သိခြင်းသည် ဉာတပရိညာ
အနိစ္စ, ဒုက္ခ, အနတ္တ ဟု ဆုံးဖြတ်ခြင်းသည် တီရဏပရိညာ
မဂ်ဖြင့် အနိစ္စ ဒုက္ခ အစု၌ ရာဂပယ်ခြင်းသည် ပဟာနပရိညာ

ဤသို့သိလျှင် မိမိကိုယ်ကို ချမ်းသာအောင် အဘယ်အတွက် ဆောင်ကုန်သနည်းဟု မေးသင့်၏။

မိလိန္ဒမင်းကြီးသည် ရှင်နာဂသိန်အား ဤသို့ မေးဘူး၏၊

အရှင်ဘုရား ... ရဟန်းမြတ် တို့သည် မိမိကိုယ်ကို ချစ်သင့်ပါသလော၊

မင်းကြီး … မချစ်သင့်ပေ၊

မချစ်သင့်လျှင် အဝတ်အစား စသည်ဖြင့် အဘယ့်ကြောင့်ပြုပြင်ကြပါသနည်း၊

မင်းကြီး ... သင့်အား ရံခါထိခိုက်၍ အနာဖြစ်ဘူးသလော၊

ဖြစ်ဘူးပါသည်၊

ဆီစသည် လိမ်း၍ အဝတ်နုနုဖြင့် ပတ်ပေးဘူးသလော၊

ပတ်ပေးဘူးပါသည်၊

အနာကိုချစ်၍ ဤသို့ပြုသလော၊

ချစ်၍မဟုတ်ပါ၊ အနာပျောက်စေလို၍ပါဘုရား၊

မင်းကြီး … ရဟန်းတို့လည်း ဤကိုယ်ကို ချစ်၍မဟုတ်၊ ဒွါရကိုးပါး အနာကြီး ကိုးလုံးရှိသည်၊ ရေဆေးခြင်း, ဆေးထည့်ခြင်း, အဝတ်ပတ်ခြင်းဖြင့် ပြုပြင်ကြရသည်၊ ပြုပြင်ခြင်း အကျိုးကား သီလဝန္တရဟန်းသည် လူတို့ ကိလေသာ ညစ်ကြေး ဆေးကြောရန် ရေသန့်ဖြစ်၏အနာပျောက်ကြောင်း ဆေးကောင်းဖြစ်၏လိုရာ ကောင်းကျိုး ပေးသော ပတ္တမြား ဖြစ်၏ကုသိုလ်ဖြစ်အောင် ဆုံးမသော ဆရာဖြစ်၏၊ ဤသို့ လူတို့အား အကျိုးများသောကြောင့် နေ့စဉ် ဆေးအကျဲအပြစ် အတုံးအတစ် ထည့်ခြင်း, ဖန်ရည်ဆေးခြင်း, အဝတ်ပတ်ခြင်းဖြင့် ဤကိုယ်ကို ပြုပြင်ကြရသည်၊ ဒါယကာမင်းကြီး-ဟု ဖြေတော်မူ၏၊

ဤနည်းဖြင့် နှစ်ပေါင်း ငါးထောင် ပြုပြင်ကာ ဆောင်ရပေလတ္တံ့။

အရိယာပုဂ္ဂိုလ်တို့သည် ဝိဝေက သုံးပါး, ပရိညာသုံးပါးဖြင့် သန့်ရှင်းစွာ ကျင့်ကုန်၏၊ မိမိ သူတပါး. တွယ်တာခြင်း မထားကုန်၊ မဟေဠမြို့သား မဟာနာဂ, စူဠနာဂ-ညီနောင်နှစ်ပါးသည် စိတ္တလတောင်၌ နှစ်သုံးဆယ် နေပြီးမှ မိခင်ရွာသို့ ပြန်လာ၍ ဆွမ်းခံဝင်ကြ၏၊ မိခင်သည် ဆွမ်းလောင်း၍ အရှင်ဘုရားသည် တပည့်တော်မ၏ သားကြီး မဟာနာဂ မဟုတ်ပါလောဟု မေး၏၊ ဒါယိကာမကြီး .. နောက်မှလာသော မထေရ်ကို မေးကြည့်စမ်းပါဦး ဟုဆို၍ လွန်သွား၏၊ နောက်မထေရ်အား ဆွမ်းလောင်း၍ အရှင်ဘုရားသည် တပည့်တော်မ၏ သားငယ် စူဠနာဂ မဟုတ်ပါ လော-ဟု ငမးပြန်၏၊ ဒါယိကာမကြီး … ရှေ့ကကြွသော မထေရ်ကို မမေးလိုက် ဘူးလားဟု ဆို၍ လွန်သွားသတတ်။

ကောရဏ္ဍကကျောင်းနေ မထေရ်၏တူ ရဟန်းသည် ရောဟဏ၌ စာသင်၍ ပြန်လာပြီးလျှင် မိဘတို့ ဆောက်လုပ်သော ကျောင်း၌ ဝါကပ်၏၊ မိဘတို့ကား ငါတို့သား ဝါကျွတ်လျှင် ကြွလာလိမ့်မည်ဟု သတင်းရပြီး ဖြစ်၍ ယခု ကိုယ်တော် ကလေးကား ငါတို့သားနှင့် တရွယ်တည်း- ရုပ်ချင်းလည်း တူသည်ဟု လွန်စွာ ကြည်ညိုကြ၏။

ရဟန်းကလေးသည် အိမ်၌ နေစဉ် ဆွမ်းဘုဉ်းပေး၍ တရားအနည်းငယ် နေ့စဉ် ဟော၏၊ ရိပ်မိသူမရှိ၊ ဝါကျွတ်သောအခါ ရောဟဏသို့ပင် ပြန်ကြွသွား၏၊ ထိုနောက်မှ ဦးရီးမထေရ် ရောက်လာ၍ သူတို့၏သား-ဟုသိကြ၏။

ထိုအခါ မိခင်သည် သားရဟန်းကလေး ကြွသွားသည့် အရပ်သို့ ရှေးရှုကာဝပ်လျက် အကြိမ်ကြိမ်ဦးချပြီးလျှင် သြော် - သက်တော်ထင်ရှား မြတ်စွာဘုရားသည် ရထဝိနီတအကျင့်, နာဠက အကျင့်, အရိယဝံသ အကျင့်တို့ကို ဟောခြင်းသည် ဤ ဦးပဉ္စင်းလို ပုဂ္ဂိုလ်မျိုးကို သက်သေပြု၍ ဟောတော်မူလေသလော၊ တဝါတွင်းလုံး မိဘအိမ်၌ ဆွမ်းစားခြင်း တရားဟောခြင်း နေ့စဉ်ပြုလျက် သားဖြစ်ကြောင်း အရိပ် အရောင်မျှ အသိမခံ၊ အံ့ဩဘွယ်- တကယ့်ဦးပဉ္စင်းပါတကား-ဟု တမ်းတကာ မြွက်ဆိုသတတ်။

ထိုမှတပါး မမာသော မထေရ်တပါးသည် ငါ့ရှင်တို့ - သီလပျက်၍ ရသော စည်းစိမ်သည် စက်ဆုပ်ဘွယ်တည်း၊ သေ၍ နတ်စည်းစိမ်ကိုရခြင်းသည် သိက္ခာစွန့်၍ လူအဖြစ်ရသည်နှင့် တူ၏၊ ရဟန္တာ မဖြစ်ဘဲသေလျှင် သီလပျက်၏၊ (သရဏဂုံ ပျက်၏) ဟု ဆို၍ မိမိရောဂါကို သုံးသပ်ခြင်းဖြင့် ရဟန္တာ ဖြစ်တာ်မူ၏။

သံဃရက္ခိတ သာမဏေသည် ဆွမ်းအေးစက်စက် စားခိုက် ဆရာက သင့်လျှာ မပူမလောင်စေနှင့်-ဟု ဆိုသည်ကို ထိတ်လန့်၍ ဆင်ခြင်ကာ စားစဉ် ရဟန္တာ ဖြစ်သွား၏။

စေတိယ ပဗ္ဗတဝါသိတိဿ မထေရ်သည် ရယ်သံကြားရာ၌ သွားပေါ်သည်ကို မြင်၍ အရိုးစုအခြေခံ ဘာဝနာဖြင့် ရဟန္တာဖြစ်တော်မူသည်၊ ရယ်သူကို ယောက်ျား, မိန်းမဟူ၍ကား မသိ။

ကုရဏ္ဍကလိုဏ်၌ နေသော စိတ္တဂုတ္တမထေရ်သည် ရှင်ဘုရင် ရှိခိုးသောအခါလည်း သုခိ ဟောတု မဟာရာဇ၊ မိဖုယား ရှိခိုးသောအခါလည်း- သုခီ ဟောတု မဟာရာဇ-ဟု တမျိုးတည်း ဆုပေးသည်၊ ရှိခိုးသူကို ယောက်ျား, မိန်းမဟု မသိ၊ သိကြောင်း နိမိတ်ကို မယူ၊ အမူအရာလည်း အကဲခတ်တော်မမူ၊

ဤသို့စသည်ဖြင့် သံဃာတော် အပေါင်း၏ အကျင့်ကောင်း ဂုဏ်ထူးတို့သည် များလှကုန်၏။

ပုထုဇဉ် ကလျာဏ ရဟန်း၏ ဂုဏ်အမြွက်မျှကို ဆိုဦးအံ့၊ အမျိုးသားတဦးကို သရဏဂုံ ပေးခြင်းဖြင့် ရှင်သာမဏေ ဖြစ်အောင် လူအရိယာတို့ မတတ်နိုင် ရဟန်းတို့ တတ်နိုင်သည်၊ ကမ္မဝါစာ ဖတ်ခြင်းဖြင့် ရဟန်းဖြစ်အောင် လူအရိယာတို့ မတတ်နိုင်၊ ရဟန်းတို့ တတ်နိုင်သည်၊ မြေတကွက်ကို ကမ္မဝါစာဖတ်ခြင်းဖြင့် သိမ်ဖြစ်အောင် လူအရိယာတို့ မတတ်နိုင်၊ ရဟန်းတို့ တတ်နိုင်သည်၊ အာဏာ ထူးရသူတို့ ဖြစ်ကုန်၏

ကုဋေကိုးထောင်ကျော် သီလ သိက္ခာတို့ကို လူအရိယာတို့ မထိန်းနိုင်၊ ရဟန်းတို့ ထိန်းနိုင်သည်၊ သီလသူဌေးကြီးတို့ ဖြစ်ကုန်၏၊ ဘုရားရှင် ထားခဲ့သော သာသနာ တော်ကြီးကို ယနေ့အထိ လူတို့သိအောင် လူအရိယာတို့ မတတ်နိုင်၊ ရဟန်းတို့ တတ်နိုင်သည်၊ သည်မျှမကသေး-နှစ်ပေါင်း ငါးထောင် သာသနာတော် တည်နေအောင် လူအရိယာတို့ တာဝန်ကို မထမ်းနိုင်၊ ရဟန်းတို့ထမ်းနိုင်သည်၊ သာသနာစောင့် စစ်သူရဲကြီးတို့ ဖြစ်ကုန်၏

ရဟန်းတို့ကို အမှီပြု၍ လူ, နတ်, နိဗ္ဗာန်ချမ်းသာ သုံးပါးဖြင့် မျက်မှောက် တမလွန် အကျိုးများပုံကို ကုန်စင်အောင် အဘယ်မှာ ဆိုနိုင်အံ့နည်း၊ ထို့ကြောင့် အံ့ဩစွာ ဝမ်းမြောက်ဘွယ် အာနုဘော်ကြီးမားသော သံဃာနုဿတိကို မတွန့်မဆုတ် ဖန်ဖန် အားထုတ်ရာ၏။

သီလာနုဿတိ

၄။ သီလာနုဿတိ ပွားလိုသောသူသည် မိမိ၏သီလကို ငါးပါး ဆယ်ပါး ဖြစ်စေ၊ ရဟန်းသီလ လူသီလဖြစ်စေ၊ ကျိုးပေါက် ကျားပြောက်ကင်းသော ဂုဏ်ဖြင့် အောက်မေ့ရသည်၊ သူတပါး၏သီလကို အောက်မေ့လျှင် သီလာနုဿတိ မဖြစ်၊ မေတ္တာ၏နီးသော အကြောင်းဖြစ်၏။

ဥဒ္ဒေသတခုခု၌ အစ၌၎င်း, အဆုံး၌၎င်း သီလတခုခု ပျက်လျှင် ခဏ္ဍ- ကျိုးသည် ပြတ်သည် မည်၏၊ အစွန်းအနား စုတ်ပြတ်သော အဝတ်နှင့်တူ၏၊ ကျိုးပြတ်ခြင်း မရှိလျှင် အခဏ္ဍ- ကျိုးခြင်းပြတ်ခြင်း မရှိသော သီလမည်၏။

အလယ်၌ တခုခုပျက်လျှင် ဆိဒ္ဒ-ပေါက်သည် ထွင်းသည်မည်၏၊ အလယ် ပေါက်သော အဝတ်နှင့်တူ၏၊ ပေါက်ခြင်း ထွင်းခြင်း မရှိလျှင် အစ္ဆိဒ္ဒ- ပေါက်ထွင်းခြင်း မရှိသော သီလမည်၏။

အစဉ်အတိုင်း နှစ်ခု သုံးခုပျက်လျှင် သဗလ- ကြောင်သည် ကျားသည် မည်၏၊ အဆင်းကွဲဖြင့် ကြောင်ကျားသော နွားကိုယ်နှင့် တူ၏၊ ကြောင်ကျားခြင်း မရှိလျှင် အသဗလ- ကြောင်ခြင်း ကျားခြင်း မရှိသော သီလ မည်၏။

အကြားအကြား၌ ပျက်လျှင် ကမ္မာသ- ပြောက်သည် ကွက်သည် မည်၏၊ အပြောက်အကွက် ရှိသော နွားကိုယ်နှင့်တူ၏၊ ပြောက်ကွက်ခြင်း မရှိလျှင် အကမ္မာသ- ပြောက်ခြင်း ကွက်ခြင်း မရှိသော သီလမည်၏။

တနည်းကား --

ရှဉ်းစုံတွဲစပ် ပူးကပ် မရှိသော်လည်း မာတုဂါမ ပွတ်သပ် သာယာခြင်း, ရယ်မြူး သာယာခြင်း, ကြည့်ရှုသာယာခြင်း, နာကြားသာယာခြင်း (၄)၊ ရှေးဟောင်း အောက်မေ့ခြင်း, ပြည့်စုံသူကို အားကျခြင်း နတ်ပြည် တောင့်တခြင်း (၃)-ဟူသော မေထုန်ငယ် ခုနစ်ပါးနှင့် ရောပြွမ်းငြားအံ့၊ အမျက်ထွက်ခြင်း, ရန်ငြိုးဖွဲ့ခြင်း စသည်နှင့် ရောပြွမ်းငြားအံ့၊ အပျက်ကြီး မပျက်သော်လည်း ကျိုးပေါက် ကျားပြောက်သော သီလ မည်၏၊ ဝဋ်ဒုက္ခမှ မလွတ်စေနိုင်၊ မရောပြွမ်းမူ လွန်စွာသန့်ရှင်းသော သီလမည်၏။

ဝဋ္ဋနိဿိတ သတ္တဝါတို့သည် တဏှာ၏ကျွန်ဖြစ်၍ တဏှာ၏ အမိန့်ဩဇာ အာဏာကို မလွန်နိုင်ကြ၊ တဏှာခိုင်းလျှင် သီလကို ဖျက်ပစ်ကုန်၏၊ ဝါ-ဥပုသ်စောင့်ပြီး ညဉ့်စာ စားကုန်၏၊ သိက္ခာမချဘဲ လွန်ကျူးမှု ပြုကုန်၏၊ သီလ အသက်ထွက်စေကုန်၏၊

ဝိဝဋ္ဋနိဿိတတို့ကား ကျိုးပေါက်ကျားပြောက်ခြင်း ကင်းသော သီလလက်နက်ဖြင့် တဏှာကိုသတ်၍ သခင်အဖြစ်ကို ပြုကုန်၏၊ ထိုသီလမျိုးသည် ဘုဇိဿ-တော်လှန်ကောင်းမြတ်သော သီလမည်၏။

ဤသို့သော သီလမျိုးကိုသာ --

စိတ်ချမ်းသာစေသော သီလ,
စည်းစိမ်တိုးစေသော သီလ,
သတင်းကောင်း ကျော်စောစေသောသီလ,
လူလယ် တင့်တယ်စေသောသီလ,
သေအံ့သောအခါ တွေဝေခြင်း ပင်ပန်းခြင်း ကင်းစေလျက် မတွေမဝေ အသေလှသော သီလ,
သုဂတိ လားစေသော သီလ,
ဆွေမျိုးတော်စပ်ဘူးသော ပြိတ္တာတို့ အောက်မေ့ရုံနှင့် နတ်စည်းစိမ်ရစေသောသီလ,
ဈာန်အဘိညာ ပဋိသမ္ဘိဒါတို့ကို ရစေသော သီလ-

ဤသို့စသည်ဖြင့် မကုန်နိုင်အောင် ဘုရားရှင်တို့ ချီးမွမ်းကုန်၏၊

ထို့ကြောင့် ဝိညူပသတ္ထ- ပညာရှိတို့ ချီးမွမ်းအပ်သော သီလမည်၏။

တဏှာနိဿိတ သတ္တဝါတို့၏ သီလသည် ဤသီလဖြင့် နတ်,ဗြဟ္မာ ဖြစ်ရပါလို၏-ဟု တောင့်တကြသဖြင့် တဏှာ၏ အသုံးသပ် ခံရ၏၊ ဒိဋ္ဌိနိဿိတတို့၏ သီလသည် ဤသီလဖြင့် ဝဋ်မှ စင်ကြယ်၏၊ ဤသီလကျင့်၍ ရောက်ရာဘဝသည် မြဲ၏-ဟု စွဲလမ်းကြသဖြင့် ဒိဋ္ဌိ၏ အသုံးသပ်ခံရ၏၊

တနည်းကား -

ကျိုးပေါက်ခြင်း မကင်းသော သီလသည် ဝိပတ္တိလေးခုဖြင့် အပြစ် မလွတ်ဟု စွပ်စွဲအပ်သော သီလဖြစ်၏၊ ကျိုးပေါက်ခြင် စသည်မှ ကင်းသော သီလကား - အပရာမဋ္ဌ မသုံးသပ်အပ်၊ မစွပ်စွဲအပ်သော သီလမည်၏။

ဤသို့သောသီလသည် သမထအားထုတ်သူအား ဥပစာရဈာန်သမာဓိ အပ္ပနာဈာန် သမာဓိကို ရစေနိုင်၏၊ ဝိပဿနာ အားထုတ်သူအား မဂ္ဂသမာဓိ ဖလသမာဓိကို ရစေနိုင်၏၊ ထို့ကြောင့် သမာဓိ သံဝတ္တနိက သမာဓိတို့ကို ဖြစ်စေသော သီလ မည်၏။

အောက်မေ့ပုံကား –

၁။ (အဟော ဝတ မေ သီလာနိ အခဏ္ဍာနိ) အစ၌၎င်း, အဆုံး၌၎င်း တခုမျှ မပျက်သောကြောင့် ကျိုးခြင်းပြတ်ခြင်း မရှိသော ငါ၏ သီလတို့သည် ကောင်းလေစွ တကား။

၂။ (အစ္ဆိဒ္ဒါနိ) အလယ်၌ တခုမျှ မပျက်သောကြောင့် ပေါက်ခြင်း ထွင်းခြင်း မရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား။

၃။ (အသဗလာနိ) အစဉ်အတိုင်း နှစ်ခု သုံးခု မပျက်သောကြောင့် ကြောင်ခြင်း ကျားခြင်း မရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား။

၄။ (အကမ္မာသာနိ) အကြား အကြား၌ တခုမျှ မပျက်သောကြောင့် ပျောက်ခြင်း ကွက်ခြင်းမရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား။

တနည်း-မေထုန်ငယ် ခုနစ်ပါးတို့သည်၎င်း၊ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းစသော ယုတ်မာသောတရားတို့သည်၎င်း မနှိပ်စက်အပ်သောကြောင့် ကျိုးပြတ်ခြင်းမရှိ ပေါက်ထွင်းခြင်း မရှိ ကြောင်ကျားခြင်းမရှိ ပြောက်ကွက်ခြင်းမရှိသော ငါ၏သီလ တို့သည် ကောင်းလေစွတကား။

၅။ (ဘုဇိဿာနိ) တဏှာ၏ ကျွန်အဖြစ်မှ လွတ်စေ၍ တော်လှန် ကောင်းမြတ်သော သူ၏အဖြစ်ကို ပြုတတ်သော ငါ၏သီလတို့သည် ကောင်းလေစွတကား။

၆။ (ဝိညူပသတ္ထာနိ) ဘုရားအစရှိသော ပညာရှိတို့ ချီးမွမ်းအပ်သော ငါ၏သီလ တို့သည် ကောင်းလေစ္စတကား။

၇။ (အပရာမဋ္ဌာနိ) ဤမည်သော အပြစ်ရှိ၏-ဟူ၍၎င်း, တဏှာ ဒိဋ္ဌိတို့ဖြင့်၎င်း မသုံးသပ်အပ်သော ငါ၏ သီလတို့သည် ကောင်းလေစွတကား။

၈။ (သမာဓိ သံဝတ္တနိကာနိ) ဥပစာရသမာဓိ, အပ္ပနာသမာဓိ မဂ္ဂသမာဓိ, ဖလသမာဓိ တို့ကို ဖြစ်စေတတ်သော ငါ၏ သီလတို့သည် ကောင်းလေစွ တကား။

ဤသို့ ဖန်ဖန်အောက်မေ့လျှင် ဥပစာရဈာန် ရ၏၊ သီလာနုဿတိဈာန် မည်၏၊

အာနိသင်ကား --

၁။ ကိလေသာ မနှိပ်စက်။
၂။ စိတ်ဖြောင့်၏။
၃။ သိက္ခာ၌ ရိုသေ၏။
၄။ သီလဝန္တအရှင်မြတ်တို့နှင့် တူမျှသော သဘောရှိ၏။
၅။ အာမိသ, ဓမ္မ-ပဋိသန္ဓာရ၌ မေ့လျော့ခြင်းမရှိ၊ ပစ္စည်း ပေးတန်ပေးနိုင်၏၊ တရား ဟောတန် ဟောနိုင်၏။
၆။ အတ္တာနုဝါဒဘေး, ပရာနုဝါဒဘေး, ဒဏ္ဍဘေး, ဒုဂ္ဂတိဘေးမှ လွတ်၏။
၇။ အပြစ်ငယ်ကိုသော်လည်း ဘေးကြီးဟု ရှုနိုင်၏။
၈။ သဒ္ဓါ, သတိ, ပညာ, ပုည စသည် ပြန့်ပြော၏။
၉။ ပီတိပါမောဇ္ဇ များ၏။
၁၀။ မဂ်ဖိုလ်မရလျှင် သုဂတိလား၏။

သီလပြည့်စုံသူသည် အပြစ်ဆိုခံရသည်ကို ဝမ်းမြောက်နိုင်၏၊ ဆေးသမား ဘုန်းကြီး-ဟု နတ်တို့စွပ်စွဲကာမှ မိမိစင်ကြယ်ခြင်း ဆင်ခြင်၍ ပီတိပါမောဇ္ဇဖြင့် မဂ်ဖိုလ်ရသူ ရကုန်ပြီ၊ ပတ္တမြားဂူသည် တောဝက်တို့ ပွတ်နိုင်သလောက် အရောင်လက်၏။

ဤသို့လျှင် အာနုဘော် ကြီးမားလှသော သီလာနုဿတိကို မတွန့်မဆုတ် အားထုတ်ရာ၏။

စာဂါနုဿတိ

၅။ စာဂါနုဿတိ ပွားလိုသောသူသည် မပြတ်ဝေဘန် ခွဲခြမ်းပေးကမ်း လှူဒါန်းလေ့ ရှိသူဖြစ်ရသည်၊ သို့မဟုတ် ယနေ့မှစ၍ အလှူခံရှိလျှင် မပေးလှူဘဲ တလုတ်စာမျှ မစားပါအံ့-ဟု ဆောက်တည်ရသည်၊ စီးဖြန်းအံ့သော နေ့၌ ဂုဏ်ထူးရှိ အလှူခံအား စွမ်းအား ရှိသလောက် လှူဒါန်း၍ ထိုအလှူစေတနာ၌ အာရုံယူ၍ “မတွန့်မဆုတ် ငါ လှူနိုင်သည်၊ ငါအား အရတော်လေစွ စသည်ဖြင့် အောက်မေ့ရသည်။

သတ္တဝါအပေါင်းသည် မိမိစည်းစိမ်၌ ကပ်ငြိ၏၊
သူတပါးနှင့် မဆက်ဆံလို၊ ဝန်တိုခြင်း များ၏၊

ဝဋ္ဋနိဿိတ ဒါနသည် --

ဝန်တိုခြင်း မလွတ်လို၊
ဝန်မတိုလျှင်လည်း လွတ်လွတ် ကျွတ်ကျွတ် မရှိ၊
စည်းစိမ်တခုခု ငဲ့လျက်ရှိ၏။
မငဲ့လျှင်လည်း မရိုမသေ ပစ်ခြင်း, ကြဲခြင်း, နောက်ပြန်ပစ်ပေးခြင်း လက်တဘက် တည်းဖြင့် ပေးခြင်း စသည်ကိုပြု၍ ပေးကမ်းတတ်၏၊
ပြန်၍ ဆင်ခြင်လျှင် ကုသိုလ်စိတ်ဖြင့် ဝမ်းမြောက်ဘွယ် မမြင်၊
ကြွားဝါလုံးဖြင့်သာ ရွှင်ရလေသည်၊

ဝိဝဋ္ဋနိဿိတကား --

ဝန်တိုခြင်းကင်း၏၊
တခုခု ငဲ့ခြင်းမပြု၊
အရိုအသေ မိမိလက်ဖြင့် လှူခြင်းငှါ ဆေးကြောသောလက်ဖြင့် လက်သန့်ရှင်း၏၊
တောင်းတိုင်းပေးသဖြင့် တောင်းသင့်သူဖြစ်၏၊
အလှူ၌ မွေ့လျော်၏၊
ပြန်၍ ဆင်ခြင်လျှင် ကုသိုလ်စိတ်ဖြင့် ဝမ်းမြောက်ဘွယ်သာတည်း၊
ဘုရားရှင်ဟောကြားသော အာယုဝဏ္ဏ စသောအကျိုး, ချစ်သူခင်သူများ၏ စသော အကျိုးသည် မချွတ်ငါတို့သာတည်း၊ ငါအား အရတော်လေစွဟူ၍၎င်း၊ သာသနာ တော်နှင့် တွေ့ကြုံရခြင်းသည် ငါအား အရတော်လေစွဟူ၍၎င်း၊ လူ့ဘ၀ ရခြင်းသည် ငါအား အရတော်လေစွ- ဟူ၍၎င်း ကုသိုလ် စိတ်ဖြင့် ဝမ်းမြောက်ဘွယ်သာတည်း။

စာဂါနုဿတိ အောက်မေ့ပုံကား --

၁။ (လာဘာ ဝတ မေ၊ သုလဒ္ဓံ ဝတ မေ၊ ယောဟံဝိဂတမလမစ္ဆေ ရေနဝိဟရာမိ။)
ငါသည် ဝန်တိုခြင်း ကင်းလျက် နေနိုင်၏၊ အရတော်လေစွ။

၂။ (မုတ္တ-စာဂေါ) ငါသည် လွတ်လွတ် စွန့်ကြဲနိုင်၏၊ အရတော်လေစွ။

၃။ (ပယတ-ပါဏိ) ငါသည် စင်ကြယ်သော လက်ရှိ၏၊ အရတော်လေစွ။

၄။ (ဝေါသဂ္ဂ-ရတော) ငါသည် စွန့်ကြဲခြင်း၌ မွေ့လျော်၏၊ အရတော်လေစွ။

၅။ (ယာစ-ယောဂေါ) ငါသည် တောင်းခံခြင်းငှါ သင့်သူဖြစ်၏၊ အရတော်လေစွ။

၆။ (ဒါန သံဝိဘာဂ-ရတော) ငါသည် သီးခြား လှူခြင်း၌၎င်း၊ ကိုယ့်ဖို့မှ ခွဲလှူခြင်း၌၎င်း မွေ့လျော်၏၊ အရတော်လေစွ။

ဤသို့ ဖန်ဖန်အောက်မေ့လျှင် ဥပစာရဈာန် ရ၏၊ စာဂါနုဿတိဈာန် မည်၏၊

အာနိသင်ကား -

၁။ ပေးကမ်းလှူဒါန်းလိုသောစိတ် လွန်စွာများ၏။
၂။ အာရုံတို့၌ မကပ်ငြိသော အဇ္ဈာသယ များ၏။
၃။ မေတ္တာနှင့်လျော်သည်ကို ပြုလေ့ရှိ၏။
၄။ ရဲရင့်ထက်မြက်၏။
၅။ ပီတိပါမောဇ္ဇ များ၏။
၆။ မဂ်ဖိုလ်မရလျှင် သုဂတိလား၏။

ထို့ကြောင့် စာဂါနုဿတိကို မတွန့်မဆုတ် အားထုတ်ရာ၏။

ဒေဝတာနုဿတိ

၆။ ဒေဝတာနုဿတိ ပွားလိုသောသူသည် မဂ်ဖိုလ်ရပြီးသူ ဖြစ်ရသည်၊ သီလစသည် စင်ကြယ်သော ပုထုဇဉ်တို့အားလည်း ပြည့်စုံ၏၊ အရိယာတို့အား ပြည့်စုံလွယ်သည်၊ နတ်တို့ကို သက်သေ အရာထား၍ နတ်တို့၏ ဂုဏ်ကို အောက်မေ့ပြီးမှ မိမိ၏ သဒ္ဓါစသောဂုဏ်ကို အောက်မေ့ရသည်။

ဒေဝတာနုဿတိ အောက်မေ့ပုံကား -

၁။ စာတုမဟာရာဇ်, တာဝတိံသာ, ယာမ, တုသိတာ-စသော နတ် ဗြဟ္မာတို့သည် သဒ္ဓါရှိ၍ နတ် ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုသဒ္ဓါမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။

၂။ သီလရှိ၍ နတ် ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုသီလမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။

၃။ သုတရှိ၍ နတ် ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုသုတမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။

၄။ စာဂရှိ၍ နတ်ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုစာဂမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။

၅။ ပညာရှိ၍ နတ် ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုပညာမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။

ဤသို့ ဖန်ဖန်ပွားလျှင် ဥပစာရဈာန် ရ၏၊ ဒေဝတာနုဿတိဈာန် မည်၏၊

အာနိသင်ကား -

နတ်တို့ချစ်အပ် မြတ်နိုးအပ်၏၊
အတိုင်းထက်အလွန် သဒ္ဓါစသည် ပြန့်ပြော၏။
ပီတိပါမောဇ္ဇ များ၏၊
မဂ်ဖိုလ်မရလျှင် သုဂတိ လား၏၊

ထို့ကြောင့် ဒေဝတာနုဿတိကို မတွန့်မဆုတ် အားထုတ်ရာ၏။

ကာယဂတာသတိ

၇။ မိမိကိုယ်, သူတပါးကိုယ်၌ အထက်၌ ဆံဖျား, အောက်၌ ဖဝါး အရေပါးဝန်းကျင် ဖုံးထားသည့် အတွင်း၌ ရွံဘွယ်မျိုးစုံ ပြည့်သော ကောဋ္ဌာသတို့ကို တခြားစီကွဲအောင် ဉာဏ်ဖြင့် ဆင်ခြင်၍ အောက်မေ့ရသည်။

ဤကိုယ်၌-

ဆံပင်, မွေးညှင်း ခြေသည်း လက်သည်း,သွား အရေ။ (၅)
အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့။ (၅)
နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်။ (၅)
အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်။ (၅)
သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ။ (၆)
မျက်ရည်, ဆီကြည်, တံထွေး, နှပ်, အစေး, ကျင်ငယ်။ (၆)

ကျင်ငယ်, အစေး, နှပ်, တံတွေး, ဆီကြည်, မျက်ရည်။ (၆)
အဆီခဲ, ချွေး, သွေး, ပြည်, သလိပ်, သည်းခြေ။ (၆)
ဦးနှောက်, အစာဟောင်း, အစာသစ်, အူသိမ်, အူမ။ (၅)
အဆုတ်, အဖျဉ်း, အမြှေး, အသည်း, နှလုံး။ (၅)
အညှို့, ရိုးတွင်းခြင်ဆီ, အရိုး, အကြော, အသား။ (၅)
အရေ သွား ခြေသည်း လက်သည်း မွေးညှင်း ဆံပင်။ (၅)

ဤသို့ ၃၂-ခုရှိ၏၊ ၃၂-ခုလုံးသည် --

အဆင်းအားဖြင့်၎င်း,
သဏ္ဌာန် အားဖြင့်၎င်း,
အနံ့အားဖြင့်၎င်း,
တည်ရာ အရပ်အားဖြင့်၎င်း,
မှီရာ အကြောင်းအားဖြင့်၎င်း
စက်ဆုပ်စရာ, ရွံစရာဖြစ်၏။

အထက်၌ ဆံဖျား အောက်၌ ဖဝါး, အရေပါးအဆုံးရှိသော ဤကိုယ်သည် အပုပ်မျိုး မစင်ကြယ် ရွံဘွယ်လိလိ အပြည့်ရှိ၏၊
၃၂-ခုသည် တခြားစီ ဖြစ်၏၊ တကွဲစီဖြစ်၏။

ပန်းပွင့် ၃၂-မျိုးကို ကြိုးတချောင်းတည်းဖြင့် သီကုံးထားသည်နှင့် တူ၏၊
၃၂-ခုသည်တခြားစီဖြစ်၏၊ တကွဲစီဖြစ်၏။

သတ္တဝါအပေါင်းသည် တောသမင် အထင်မှား - မြက်ရုပ်အလား ၃၂-ကောဋ္ဌာသ အဆင့်ဆင့် အလိုက်သင့်ရုံ စုပုံထားခြင်းသာ ဖြစ်၏၊ သမင်တောဖွား ၃၂-ပါး မသိရှာ၊
၃၂-ခုသည် တခြားစီ ဖြစ်၏၊ တကွဲစီ ဖြစ်၏။

အစားအစာ စားမျိုခြင်းကား သစ်ခေါင်းအတွင်း အမှိုက်သွင်းပမာ ၃၂-ခု အကြား သွင်းထားခြင်းသာ ဖြစ်၏၊
၃၂-ခုသည် တခြားစီဖြစ်၏၊ တကွဲစီဖြစ်၏။

တနည်း --

ပဌမ ဆံပင်စသော ငါးခုကို အနုလုံ ငါးရက်၊ ပဋိလုံ ငါးရက်၊ အနုလုံ ပဋိလုံ ငါးရက်၊ ၁၅-ရက် သရဇ္ဈာယ်ရသည်၊

ထိုနောက် ဒုတီယ ငါးခုကို ထို့အတူ ၁၅-ရက်၊ ငါးခု နှစ်ရပ်ကို ပေါင်း၍ ၁၅-ရက်၊

တတီယ ငါးခု ၁၅-ရက်၊ သုံးရပ်ပေါင်း၍ ၁၅-ရက်၊

စတုတ္ထ ငါးခု ၁၅-ရက်၊ လေးရပ်ပေါင်း၍ ၁၅-ရက်၊

ပဉ္စမ ခြောက်ခု ၁၅-ရက်၊ ငါးရပ်ပေါင်း၍ ၁၅-ရက်၊

ဆဋ္ဌ ခြောက်ခု ၁၅-ရက်၊ ခြောက်ရပ်ပေါင်း၍ ၁၅-ရက်၊

ဤသို့ ၁၅-ရက် x ၁၁-လီ ငါးလခွဲ၊ ခြောက်လ သရဇ္ဈာယ်ရသည်။

ဤသို့ စသည်ဖြင့် ၃၂-ကေဋ္ဌာသ အနုလုံ ပဋိလုံ ဖန်ဖန် အောက်မေ့သဖြင့် မိမိ သူတပါး သတ္တဝါအားလုံး ကောဋ္ဌာသအစု ဟူ၍၎င်း, စားသောက်သည်ကို သစ်ခေါင်း၌ အမှိုက်သွင်းသကဲ့သို့ ဟူ၍၎င်း ထင်သောအခါ သတ္တဝါ သညာ ပျောက်၏၊ ဥပစာရဈာန်ရ၏၊ အပ္ပနာ ပဌမဈာန်လည်း ရနိုင်၏။

အာနိသင်ကား -

  1. ကုသိုလ်မမွေ့ + ကာမဂုဏ်မွေ့ခြင်းကို သည်းခံနိုင်၏၊ (ဝါ-ပယ်ဖျောက်နိုင်၏။)
  2. ဘေးကြီး, ဘေးငယ် သည်းခံနိုင်၏။
  3. အအေး, အပူ စသော ဒုက္ခကို သည်းခံနိုင်၏။
  4. ဆံပင်, မွေးညှင်း စသည်တို့၏ ညို ရွှေ, နီ, ဖြူ အဆင်း ၄-ပါးဖြင့် နီလ ပီတ စသော ဝဏ္ဏကသိုဏ်း ဈာန်လေးပါး ပဉ္စမဈာန်အထိ ရနိုင်၏။
  5. အဘိညာခြောက်ပါး ထိုးထွင်းနိုင်၏။

အာနာပါနဿတိ အခြေခံ

အာနာပါနသည် ပင်ကိုယ်ငြိမ်သက်၏၊ နှလုံးသွင်းသည်မှ စ၍ သီးခြားထင်စွာ ငြိမ်သက်၏၊ ဝါ-ပင်ကိုယ်ဩဇာ အရသာရှိ၏၊ ကိုယ်စိတ် ချမ်းသာ၏၊ ကိလေသာ ခဏချင်းငြိမ်း၏။ ။

အာဒိမှိ သသတီတိ အဿာ သော၊ အစစွာ ဖြစ်သော လေသည် အဿာသ မည်၏၊ အာန မည်၏၊ ပစ္ဆာ သသတီတိ ပဿာသော၊ နောက်မှဖြစ်သော လေသည် ပဿာသ မည်၏၊ ပါန မည်၏။

ဘွားမြင်စ သူငယ်အား ရှေးဦးစွာ လေထွက်သည်၊ နောက်မှ ပြင်ပမြူမှုန်နှင့်တကွ လေပြန်ဝင်သည်၊ အာစောက်အထိ ပြန်ဝင်သောကြောင့် ဖွားမြင်စ သူငယ်ချေသည် ဟူ၏။

ဤကား- ဝိနည်း အဋ္ဌကထာ အလိုတည်း၊ အဿာသ-ထွက်သက်၊ ပဿာသ-ဝင်သက်ဖြစ်၏။

သုတ္တန် အဋ္ဌကထာ အလိုအားဖြင့် - ဘာဝနာ သိမ်းဆည်းသောအခါ ရှေးဦးစွာ ဝင်သက် ရှိုက်သွင်း၍ နောက်မှ ထွက်သက် ရှူထုတ်သည်၊ ထို့ကြောင့် အဿာသ-ဝင်သက်၊ ပဿာသ-ထွက်သက်ဖြစ်၏၊

ပါဠိတော်၌ အဿာသနောက် တကောက်ကောက် စိတ်လိုက်လျှင် အဇ္ဈတ္တ၌ စိတ်ပြန့်သည်၊ ပဿာသ နောက်လိုက်လျှင် ဗဟိဒ္ဓ၌ စိတ်ပြန့်သည်ဟု ဟောသည်နှင့် ညီ၏၊ သို့ရာတွင် နှစ်နည်းလုံး အလေးပြုအပ်၏၊ ဤ၌ သုတ္တန်နည်း လိုက်အပ်၏။

ပဌမစတုက္က၌ သတိထားလျက် ဝင်သက် ထွက်သက်ကို ဖြစ်စေရသည်။

  1. ဒီဃံ-ရှည်သော ဝင်သက်, ထွက်သက်ဖြစ်လျှင် ရှည်သည်ဟု သိရသည်။
  2. ရဿံ-တိုသော ဝင်သက်, ထွက်သက် ဖြစ်လျှင် တိုသည်ဟု သိရသည်။
  3. သဗ္ဗ+ကာယ+ပဋိသံဝေဒီ- စ, လယ်, ဆုံး အလုံးစုံသော+ဝင်သက် ထွက်သက် အပေါင်းကို+ဉာဏ်စိတ်ဖြင့် ထင်စွာပြုလျက် ဝင်သက် ထွက်သက်ကို ဖြစ်စေအံ့- ဟု အားထုတ်ရသည်။
  4. ပဿမ္ဘယံ+ကာယသင်္ခါရံ - ရုန့်ရင်းသော ဝင်သက်, ထွက်သက်ကို ငြိမ်သက်အောင် ချုပ်ငြိမ်းစေလျက် ဝင်သက် ထွက်သက်ကို ဖြစ်စေအံ့-ဟု အားထုတ် ရသည်။

ရုန့်ရင်းသောလေကို သိမ်မွေ့၍ ငြိမ်သက်အောင် ချုပ်ငြိမ်းစေရသည်၊ လုံးလုံး လေမရလျှင် ဘာဝနာမပြည့်စုံ။

ဤ၌ အာနာပါနဿတိ ပွားစေသူ၏ စောင့်စည်းခြင်း သံဝရသည် အဓိသီလသိက္ခာ မည်၏၊ သီလ, သတိ, ခန္တီ, ဉာဏ, ဝီရိယ-ဟူသော သံဝရ ငါးပါးတို့တွင် သတိကို၊ ဝါ-ဝီရိယကို ရည်ဆိုသည်၊ ထိုသူ၏ စိတ်ထားခြင်း- သမာဓိသည် အဓိစိတ္တသိက္ခာ မည်၏၊ သိခြင်းပညာသည် အဓိပညာသိက္ခာ မည်၏၊ ဝင်သက်, ထွက်သက်၌ ဤသိက္ခာ သုံးပါးကို သတိမနသိကာရဖြင့် ပွားစေခြင်းသည် ကျင့်သည်မည်၏။

  1. ဂဏနာ-ရေတွက်ခြင်း
  2. အနုဗန္ဓနာ-အစဉ်ဖွဲ့ခြင်း
  3. ဖုသနာ-ထိရာအရပ်
  4. ထပနာ-အပ္ပနာတိုင်အောင် စိတ်ထားခြင်း,
  5. သလ္လက္ခဏာ-ဝိပဿနာဉာဏ်
  6. ဝိဝဋ္ဋနာ-မဂ်ဉာဏ်
  7. ပါရိသုဒ္ဓိ-ဖိုလ်ဉာဏ်
  8. ပဋိပဿနာ-ပစ္စဝေက္ခဏာဉာဏ်၊

ဤကား နှလုံးသွင်းနည်း ရှစ်ပါးတည်း။

ဂဏ, နုဗန် ၊ ဖုသန် ထပ၊ သလ္လက္ခ ဝိ၊ သုဒ္ဓိ ပဿနာ၊ နည်းရှစ်ဖြာ၊ အာနာပါနဿတိ-ရှုနည်းတည်း။

ပဌမစတုက္က အားထုတ်နည်း

၁။ ဂဏနာနည်း ရှုပုံကား -

တင်ပျဉ်ခွေ၍ ကိုယ်ဖြောင့်ဖြောင့် ထိုင်ပြီးလျှင် ဝင်လေ ထွက်လေကို ရှည်သိ၊ တိုသိ၊ စ လယ် ဆုံး - ထင်စေ, ငြိမ်သက်စေလျက် ထင်ရှား သည်ကို အာရုံယူလျက် နှာသီးဖျား, အထက်နှုတ်ခမ်း နေရာ၌သာ ရှည်ဝင်, ရှည်ထွက်၊ တိုဝင်, တိုထွက် လေ လေးချက်၌ စိတ်ထားလျက် လေနောက် တွင်း-ပ စိတ်မလိုက်ဘဲ ဝင်လေ, ထွက်လေ-တစ်၊ ဝင်လေ, ထွက်လေ-နှစ် စသည်ဖြင့် နှေးနှေး ရေတွက်ရသည်၊

အနည်းဆုံး ငါးအထိ၊ အလွန်ဆုံး တဆယ်အထိ ပြန်၍ပြန်၍ ရေတွက်ရသည်၊ တစ် သုံး ငါး-စသည်ဖြင့် အကြားပြတ်ခြင်း မဖြစ်စေရ၊ ငါးမှ တဆယ်အတွင်း လိုရာ အစဉ် ညီစေရသည်၊ တကြိမ်ကား-ငါး၊ တကြိမ်ကား-ခြောက် စသည်ဖြင့် အစဉ်မညီအောင် မရောယှက်စေရ။

ဤသို့နှေးနှေး ရေတွက်ခြင်းဖြင့် ဝင်လေ, ထွက်လေ ထင်ရှားသောအခါ ခပ်မြန်မြန် .. ဝင်လေ ထွက်လေ တစ်၊ ဝင်လေ ထွက်လေ နှစ်- စသည်ဖြင့် ယခင်နည်း မချွတ်စေဘဲ မြန်မြန် ရေတွက်ရသည်။ မြန်မြန်ရေတွက်ခြင်းဖြင့် ဝင်လေ,ထွက်လေ လွန်စွာ ထင်ရှားလျှင် စိတ်တည်ကြည်၏။

ဂဏနာ နည်းသည် ဝိတက်ဖြတ်၍ ဝင်လေ, ထွက်လေ၌ သတိ တည်စေနိုင်ခြင်း အကျိုးရှိ၏။

၂။ အနုဗန္ဓနာနည်း ရှုပုံကား -

အာရုံ၌ စိတ်တည်ကြည်သောအခါ ရေတွက်ခြင်း မပြုဘဲ လေမပြတ်အောင် ဖွဲ့၍ ဝင်တိုင်း, ထွက်တိုင်း ... ဝင်လေ ထွက်လေ၊ ဝင်လေ ထွက်လေ … ဟု နှလုံးသွင်းရသည်၊ ဝင်လေ လမ်းအတိုင်း နှာသီးဖျားမှ ချက်အထိ အဿာသနောက် လိုက်လျှင် အဇ္ဈတ္တ၌ ပြန့်လွင့်၏၊ ထွက်လေလမ်း ချက်မှ နှာသီးဖျားအထိ ပဿာသ နောက်လိုက်လျှင် ဗဟိဒ္ဓ၌ ပြန့်လွင့်၏၊ ထို့ကြောင့် လေနောက် စိတ်မလိုက်ဘဲ နှာသီးဖျား, အထက် နှုတ်ခမ်းဖျား၌သာ စိတ်ကို၍ ဝင်လေ, ထွက်လေ-ဟု နှလုံးသွင်း ရသည်။

၃။ ဖုသနာနည်းကား --

သီးခြားမရှိ၊ လေထိရာ၌ သတိထားခြင်းသည် ဖုသနာ မည်၏၊ ရေတွက်ခြင်းသည် ဂဏနာနည်း, ဖုသနာနည်းဖြင့် နှလုံးသွင်းသည် မည်၏၊ မရေတွက်ဘဲ သတိဖြင့် ဖွဲ့၍ နှလုံးသွင်းသည် အနုဗန္ဓနာနည်း, ဖုသနာနည်းဖြင့် နှလုံးသွင်းသည် မည်၏၊ နှစ်နည်းလုံး ဖုသနာ၌ ဆက်ဆံ၏၊ ဖုသနာချည်းသာတည်း၊

(အချို့ကား အာရုံ မြဲခိုင်စေခြင်းငှါ အပသို့ ဆောင်ထုတ်ခြင်း, အတွင်းသို့ ပြန်သွင်းခြင်း စသည်ဖြင့် အာရုံကစားကာ လေ့လာကုန်၏၊ အပြစ်မြင်ဘွယ် မထင်။)

ဤသို့ ဖန်ဖန် အားထုတ်လျှင် မကြာမီ ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် ထင်၏၊ ထိုအခါ ဥပစာရဈာန်ရ၏၊ ပဌမဈာန်ရသော အပ္ပနာဈာန် မဟုတ်သေး။

၄။ ထပနာနည်းလည်း --

သီးခြားမရှိ၊ ပဋိဘာဂနိမိတ် ထင်သည်မှစ၍ အပ္ပနာ တိုင်အောင် စိတ်ထားခြင်းသည် ထပနာနည်း မည်၏၊ ပဉ္စမဈာန် အထိ အပ္ပနာဈာန် ရနိုင်သည်။

နိမိတ်ထင်ပုံ

ဤကမ္မဋ္ဌာန်းသည် ဉာဏ်ထက်သူအား မကြာမီ နိမိတ်ထင်၏၊ မထက်သူအား ရေတွက်သည်မှ စ၍ ရုန့်ရင်းသောလေ အစဉ်အတိုင်း ချုပ်သဖြင့် ကိုယ် စိတ် ပေါ့ပါး၏၊ ကောင်းကင်သို့ ပျံတက်သကဲ့သို့ ဖြစ်၏၊ လေသိမ်မွေ့လွန်းသဖြင့် မထင်ခြင်းသို့ သော်လည်း ရောက်၏၊

မထင်သောအခါ နှာသီးဖျား အထက်နှုတ်ခမ်း- နေရာ၌သာ စိတ်ထား၍ နှလုံး သွင်းလျှင် ပြန်၍ထင်၏၊ လေရမှဘာဝနာ ပြည့်စုံသည်၊ ထိုအခါ အားစိုက်၍ ဝင်လေ ထွက်လေ-ဟု နှလုံးသွင်းလျှင် မကြာမီ နိမိတ်ထင်၏။

ဥဂ္ဂဟနိမိတ်ကား - လဲစု, ဝါဂွမ်းစု, လေအယဉ်, ကြယ်ရောင်, ပတ္တမြားလုံး, ပုလဲလုံး, ဝါစေ့, သစ်သားနှစ်, တံကျင်, ဆောက်လုံး, ကြိုးရှည်, ပန်းကုံး, မီးခိုးညွှန့်, ပြန့်သော ပင့်ကူမျှင်, တိမ်လွှာ, ကြာပန်း, လှည်းဘီး စက်ဝန်း, လဝန်း, နေဝန်းကဲ့သို့ လှုပ်သော ခြင်းရာဖြင့် သညာအားလျော်စွာ ထင်၏၊

ပဋိဘာဂနိမိတ်ကား - ကြယ်ရောင်, ပတ္တမြားလုံး စသည်ကဲ့သို့ ငြိမ်သက်စွာ ထင်၏။

ဥဂ္ဂဟနိမိတ်၌ စိတ်အစဉ်ဖွဲ့၍ ပဋိဘာဂနိမိတ် ထင်သောအခါ ဥပစာရ ဈာန်ရသည် မည်၏၊ ထိုနောက် ဝင်လေ ထွက်လေနှစ်ပါး တသားတည်းကဲ့သို့ မလှုပ်မရှား တည်သော ပဋိဘာဂနိမိတ်၌ စိတ်ထား၍ ထပနာနည်း တခုတည်းဖြင့်သာ ပွားရသည်၊ ရေတွက်ဘွယ်, အစဉ်ဖွဲ့ဘွယ် လေထိရာ၌ သတိထားဘွယ် မရှိ၊ မကြာမီ အပ္ပနာပဌမဈာန်ရ၏၊ အပ္ပနာအဆင့်ဆင့်ဖြင့် ပဉ္စမဈာန်အထိရ၏။

မဂ်ဖိုလ်တက်ပုံ

ဈာန်ရပြီးနောက် သလ္လက္ခဏာ စသည်ဖြင့် ပွားလိုသောသူသည် ရုပ်နာမ် ခွဲ၍ အကြောင်း သိမ်းဆည်း၍ ဝိပဿနာတင်၍ မဂ်ဖိုလ်ကို ဖြစ်စေအပ်၏၊

ချဲ့ဦးအံ့ --

ထိုအာနာပါနဈာန်ကို ဝသီငါးတန်လေ့လာ၍ ဈာန်မှထ၍ ဈာန်အင်္ဂါတို့ကို ဤကား-နာမ်ဟု မှတ်အပ်၏၊ ဈာန်၏မှီရာ ဟဒယဝတ္ထုကို၎င်း၊ ၎င်း၏မှီရာ မဟာဘုတ်ကို၎င်း, တကိုယ်လုံးကို၎င်း ရုပ်ဟု မှတ်အပ်၏၊

တနည်းကား -

ဈာန်မှထ၍ ဆံပင်, မွေးညှင်း စသည်တို့၌ ပထဝီစသော ဘူတရုပ်, ဥပါဒါရုပ်တို့ကို ရုပ်ဟုမှတ်အပ်၏၊ ထို၌မှီ၍ သိသောစိတ်, စေတသိက် အပေါင်းကို နာမ်ဟု မှတ်အပ်၏။

တနည်းကား -

ဈာန်မှထသော အခါ ဝင်လေ+ထွက်လေ အပေါင်း ကိုယ်, စိတ်- ဤသုံးမျိုးကို မြင်လျှင် ပန်းပဲဖို၌ သားရေအိတ်နှင့် လုံ့လကြောင့် လေဖြစ်သကဲ့သို့ ကိုယ်စိတ် ကြောင့် ဝင်လေထွက်လေ ဖြစ်သည်ဟု မြင်၍ ဝင်လေ ထွက်လေနှင့် ကိုယ်သည် ရုပ်၊ စိတ်သည် နာမ်ဟု မှတ်အပ်၏၊ ဤရုပ် ဤနာမ်သည် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်- စသည်ကြောင့် ဖြစ်၏၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးလုံး ဖြစ်ပြီး, ဖြစ်ဆဲ ဖြစ်လတ္တံ့ ဤနည်းသာတည်း-ဟု ယုံမှားဒ္ဓိဟမရှိ မြင်သိ၍ ဝိပဿနာတင်လျှင် ဥဒယဗ္ဗယဉာဏ်စဉ်ဖြင့် မဂ်ဖိုလ်ရ၏၊ အရဟတ္တဖိုလ်၌တည်သောအခါ ပစ္စဝေက္ခဏာ ဉာဏ် အဆုံး၌ အဂ္ဂဒက္ခိဏေယျ ပုဂ္ဂိုလ်ကြီးဖြစ်၏၊ ဤ၌ --

  1. လက္ခဏာရေးသုံးပါးသည် သလ္လက္ခဏာ မည်၏။
  2. မဂ်သည် ဝိဝဋ္ဋနာ မည်၏။
  3. ဖိုလ်သည် ပါရိသုဒ္ဓိ မည်၏။
  4. ပစ္စဝေက္ခဏာဉာဏ်သည် ပဋိပဿနာ မည်၏။

ဤတွင် နှလုံးသွင်းနည်းရှစ်ပါးဖြင့် အာနာပါနဿတိဘာဝနာ ပြည့်စုံ၏။

  • ရှည်လျှင် ရှည်သည်ဟု သိခြင်း,
  • တိုလျှင် တိုသည်ဟု သိခြင်း,
  • စ-လယ်-ဆုံး ထင်ရှားစေမည်ဟု အားထုတ်ခြင်း,
  • ငြိမ်သက်စေမည်ဟု အားထုတ်ခြင်း-

ဟူသော ရှည် တို ထင် ငြိမ် ဤလေ ၄-ခုအပေါင်းသည် ပဌမစတုက္က မည်၏၊

လေအပေါင်း ဖြစ်သောကြောင့် ကာယာနုပဿနာ စတုက္ကလည်း မည်၏၊

သမထစတုက္ကလည်း မည်၏၊

အာဒိကမ္မိက စတုက္ကလည်း မည်၏၊

သမထဝိပဿနာ ဘာဝနာနှစ်ပါးနှင့် ယှဉ်၏။

ပဌမစတုက္က ပြီး၏။

ဒုတီယစတုက္က

နောက်စတုတ္ထ စတုက္ကအထိ ဘာဝနာနည်း သီးခြားမရှိ၊

ပဌမစတုက္က ဖြင့် ဈာန်ရသူ၏ ဝေဒနာကို, စိတ္တကို ဓမ္မကို ဝိပဿနာရှုပုံ ဟောသည်၊

ဒုတီယစတုက္ကကား --

  1. ပီတိပဋိသံဝေဒီ ... ပီတိကို ထင်စွာပြု၍၊
  2. သုခပဋိသံဝေဒီ ..... သုခကို ထင်စွာပြု၍၊
  3. စိတ္တသင်္ခါရံပဋိသံဝေဒီ ...... ဝေဒနာ သညာဟူသော စိတ္တသင်္ခါရကို ထင်စွာပြု၍၊
  4. ပဿမ္ဘယံ စိတ္တသင်္ခါရံ ... စိတ္တသင်္ခါရကို ချုပ်ငြိမ်းစေလျက် ဝင်သက် ထွက်သက် ကို ဖြစ်စေအံ့-ဟု ကျင့်၏။

ဤ၌ ပီတိကို ထင်စွာပြုပုံကား --

ပီတိရှိသော အောက်ဈာန် သုံးပါးကို ဝင်စားသောအခါ အာရုံအားဖြင့် ပီတိကို ထင်စွာပြု၏၊ ဈာန်မှထ၍ ထို ဈာန်ပီတိကို ခယဝယ-သုံးသပ်သောအခါ အသမ္မောဟ အားဖြင့် (မတွေ မဝေ) ပီတိကိုထင်စွာပြု၏။

သုခကိုထင်စွာပြုပုံကား --

သုခရှိသော အောက်ဈာန်လေးပါးကို ထို့အတူ ဝင်စားခိုက် အာရုံအားဖြင့်, သုံးသပ်ခိုက် ထို အသမ္မောဟအားဖြင့် သုခကိုထင်စွာပြု၏။

ဝေဒနာ သညာ ဟူသော စိတ္တသင်္ခါရကို ထင်စွာပြုပုံကား --

ဝေဒနာ သညာရှိသော ဈာန်ငါးပါးလုံး ဝင်စားခိုက် အာရုံအားဖြင့်, သုံးသပ်ခိုက် အသမ္မောဟ အားဖြင့် စိတ္တ သင်္ခါရကို ထင်စွာပြု၏။

စိတ္တသင်္ခါရကို ချုပ်ငြိမ်းစေပုံကား --

ဈာန်ငါးပါးလုံး၌ ရုန့်ရင်းသော ဝေဒနာ သညာကို ချုပ်စေ၍ သိမ်မွေ့သော ဝေဒနာ သညာကို ဖြစ်စေ၏၊

ဤသို့ (လေးနည်း)ပြု၍ ဝင်လေ ထွက်လေကို ပြု၏။

ဤ စတုက္က၌ ပီတိပုဒ်တွင် ပီတိကို အဦးပြု၍ ဝေဒနာကို ဟောသည်၊

သုခပုဒ်တွင် သရုပ်အားဖြင့် ဝေဒနာကို ဟောသည်၊

နောက် နှစ်ပုဒ်တွင် သညာနှင့်ယှဉ်သော ဝေဒနာကို ဟောသည်၊

ဤ ဝေဒနာလေးခု အပေါင်းသည် ဒုတီယစတုက္က, ဝေဒနာနုပဿနာစတုက္က, သမထစတုက္ကမည်၏။

ဒုတီယစတုက္က ပြီး၏။

တတီယစတုက္က

တတီယစတုက္ကကား -

  1. စိတ္တပဋိသံဝေဒီ ... ဈာန်စိတ်ကို ထင်စွာပြု၍၊
  2. အဘိပ္ပမောဒယံ စိတ္တံ ... ဈာန်စိတ် ဝိပဿနာစိတ်ကို ရွှင်စေလျက်၊
  3. သမာဒဟံစိတ္တံ ... ဈာန်စိတ် ဝိပဿနာစိတ်ကို ညီညွတ်စွာ အာရုံ၌ ထားလျက်၊
  4. ဝိမောစယံစိတ္တံ ... ဈာန်စိတ် ဝိပဿနာစိတ်ကို နီဝရဏ စသည်မှ လွတ်စေလျက်

ဝင်သက်ထွက်သက်ကို ဖြစ်စေအံ့-ဟု ကျင့်၏။

ဤ၌ ဈာန်ငါးပါးလုံးကို ဝင်စားခိုက် အာရုံအားဖြင့် ဈာန်စိတ်ကို ထင်စွာပြုခြင်း သုံးသပ်ခိုက် အသမ္မောဟအားဖြင့် ဈာန်စိတ်ကို ထင်စွာပြုခြင်းသည် စိတ္တပဋိသံဝေဒီ မည်၏၊

ပီတိရှိသော ဈာန်သုံးပါးကို ဝင်စားခိုက် သမ္ပယုတ္တ ပီတိဖြင့် ဈာန်စိတ်ကို ရွှင်စေခြင်း သည် အဘိပ္ပမောဒယံစိတ္တံ မည်၏၊ ဤကား သမာဓိစွမ်းတည်း၊

ဈာန်မှထ၍ ထိုပီတိကို ခယဝယ သုံးသပ်ခိုက် ပီတိကို အာရုံပြုခြင်းဖြင့် ဝိပဿနာ စိတ်ကို ရွှင်စေခြင်းသည်လည်း အဘိပ္ပမောဒယံစိတ္တံ မည်၏၊ ဤကား ဝိပဿနာစွမ်း တည်း။

ပဌမဈာန် စသည်ဖြင့် အာရုံ၌စိတ်ကို ညီညွတ်စွာ ထားခြင်းသည်၎င်း, ဈာန်မှထ၍ ဈာန်စိတ်ကို ခယဝယ သုံးသပ်သောအခါ ထိုခဏဖြစ်သော ဧကဂ္ဂတာဖြင့် အာရုံ၌ ဝိပဿနာစိတ်ကို ညီညွတ်စွာ ထားခြင်းသည်၎င်း- သမာဒဟံစိတ္တံ မည်၏၊ (သမထ, ဝိပဿနာ နှစ်စွမ်းတည်း။)

ပဌမဈာန်ဖြင့် နီဝရဏတို့မှ ဈာန်စိတ်ကို လွတ်စေခြင်း၊

ဒုတီယဈာန် စသည်ဖြင့် ဝိတက်မှ ဝိစာရမှ ပီတိမှ သုခမှ လွတ်စေခြင်းသည်၎င်း, ဈာန်မှထ၍ ဈာန်စိတ်ကို ခယဝယ သုံးသပ်သောအခါ --

  • အနိစ္စာနုပဿနာဖြင့် နိစ္စသညာမှ ဝိပဿနာစိတ်ကို လွတ်စေခြင်း၊
  • ဒုက္ခာနုဖြင့် သုခသညာမှ...၊
  • အနတ္တာနုဖြင့် အတ္တသညာမှ၊
  • နိဗ္ဗိဒါနုဖြင့် နန္ဒီမှ၊
  • ဝိရာဂါနုဖြင့် ရာဂမှ၊
  • နိရောဓာနုဖြင့် သမုဒယမှ၊
  • ပဋိနိဿဂ္ဂါနုပဿနာဖြင့် အာဒါနမှ လွတ်စေခြင်းသည်၎င်း ဝိမောစယံစိတ္တံ မည်၏၊ (နှစ်စွမ်း။)

ဤသို့ (လေးနည်း) ပြု၍ ဝင်လေ ထွက်လေကို ပြု၏၊

ဤ စိတ်လေးခု အပေါင်းသည် တတီယစတုက္က, စိတ္တာနုပဿနာစတုက္က, သမထစတုက္က မည်၏။

တတီယ စတုက္က ပြီး၏။

စတုတ္ထစတုက္က

စတုတ္ထစတုက္ကကား -

  1. အနိစ္စာနုပဿီ - ခန္ဓာငါးပါးကို အနိစ္စဟုရှုလျက်၊
  2. ဝါ-မမြဲသော ခန္ဓာငါးပါးကို ရှုလျက်၊

  3. ဝိရာဂါနုပဿီ - ဝိရာဂနှစ်ပါးကို ရှုလျက်၊
  4. နိရောဓာနုပဿိ - နိရောဓနှစ်ပါးကို ရှုလျက်၊
  5. ပဋိနိဿဂ္ဂါနုပဿီ - ပဋိနိဿဂ္ဂနှစ်ပါးကို ရှုလျက်-

ဝင်သက် ထွက်သက်ကို ဖြစ်စေအံ့-ဟု ကျင့်၏။

ဤခန္ဓာငါးပါးသည် အနိစ္စမည်၏၊ ခန္ဓာငါးပါး၏ ဖြစ်ပြီး မရှိခြင်း ခဏဘင်ဖြင့် ပျက်ခြင်းသည် အနိစ္စတာ မည်၏၊ မရှိခြင်း ပျက်ခြင်းဖြင့် ခန္ဓာငါးပါးကို အနိစ္စရှုသော ဉာဏ်သည် အနိစ္စာနုပဿနာ မည်၏၊ ထိုဉာဏ်ဖြင့် ရှုသူသည် အနိစ္စာနုပဿီ မည်၏၊ ဤသို့ ရှုသူဖြစ်၍ ဝင်လေ ထွက်လေကို ပြု၏၊

ဝိရာဂနှစ်ပါး ရှုပုံကား --

သင်္ခါရတို့၏ ခဏဘင်သည် ခယ ဝိရာဂ မည်၏၊ နိဗ္ဗာန်သည် အစ္စန္တဝိရာဂ မည်၏၊ ထိုနှစ်ပါးကို ရှုခြင်းဖြင့် ဖြစ်သော ဝိပဿနာဉာဏ်, မဂ်ဉာဏ်သည် ဝိရာဂါနုပဿနာ မည်၏၊ ထို အနုပဿနာဉာဏ် နှစ်ပါးဖြင့် ရှုသူသည် ဝိရာဂါနုပဿီ မည်၏၊ နိရောဓနှစ်ပါး ရှုပုံလည်း ဝိရာဂနှစ်ပါး ရှုနည်းပင်တည်း။

ထိုပဋိနိဿဂ္ဂ နှစ်ပါးရှုပုံကား --

ပရိစ္စာဂ-စွန့်ခြင်း၊ ပက္ခန္ဒန-ပြေးဝင်ခြင်း နှစ်မျိုးသည် ပဋိနိဿဂ္ဂ မည်၏၊ ပဋိနိဿဂ္ဂါနုပဿနာလည်း မည်၏၊ ဝိပဿနာဉာဏ်, မဂ်ဉာဏ် နှစ်ပါးရ၏၊ ဝိပဿနာဉာဏ်သည် တဒင်္ဂဖြင့် ခန္ဓ, အဘိသင်္ခါရနှင့် တကွ ကိလေသာကိုလည်း စွန့်၏၊ သင်္ခတ၌ အပြစ်မြင်၍ နိဗ္ဗာန်သို့ ဦးညွတ်လျက်လည်း ပြေးဝင်၏၊ မဂ်ဉာဏ်သည် ... သမုစ္ဆေဒဖြင့် ခန္ဓ အဘိသင်္ခါရနှင့် တကွ ကိလေသာကိုလည်း စွန့်၏၊ အာရုံပြုခြင်းဖြင့် နိဗ္ဗာန် သို့လည်း ပြေးဝင်၏၊ ထိုအနုပဿနာနှစ်ပါးဖြင့် ရှုသူသည် ပဋိနိဿဂ္ဂါနုပဿီ မည်၊၊ ဤသို့ ရှုသူဖြစ်၍ ဝင်လေ ထွက်လေကို ပြု၏၊

အနိစ္စ ဝိရာဂ နိရောဓ ပဋိနိဿဂ္ဂ ဓမ္မလေးခု အပေါင်းသည် စတုတ္ထစတုက္က, ဓမ္မာနုပဿနာ စတုက္ကဝိပဿနာ စတုက္ကမည်၏၊

(ပစ္ဆာ ပဿတီတိ အနုပဿနာ၊ ရှေးရှေး ဉာဏ်တို့၏ နောက်နောက်၌ ရှုသော ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ်သည် အနုပဿနာမည်၏၊ မဂ်ကား-ဂေါတြဘူဉာဏ်၏ နောက်၌ နိဗ္ဗာန်ကိုရှုသည်၊ ဤ စတုက္ကသည် ဝိပဿနာ သက်သက် ဖြစ်၏၊ ရှေးစတုက္က ၃-ခုသည် သမထ ဝိပဿနာ ရော၏)။

စတုတ္ထစတုက္ကပြီး၏။

အာနိသင်

ဤသို့ စတုက္ကလေးခု၊ အာကာရ ၁၆-ခုဖြင့်၊ ဝါ-ဌာန ၁၆-ခု အာကာရ ၃၂-ခုဖြင့် အာနာပါနဿတိ ဘာဝနာကို ပွားအပ်၏၊

အာနိသင်ကား --

  1. ဤဘာဝနာသည် ငြိမ်သက်၏။
  2. မရောင့်ရဲနိုင်အောင် မြတ်၏။
  3. ပင်ကိုယ်ငြိမ်သက်၏။
  4. ဝင်စားတိုင်း ကိုယ်စိတ်ချမ်းသာ၏။
  5. ခဏချင်း မကောင်းမှု ပယ်နိုင်၏။
  6. မိစ္ဆာဝိတက် ပြတ်ကင်း၏။
  7. မဂ်ဖိုလ်ရကြောင်း မူလအခြေခံပါဒက ဖြစ်၏။
  8. စုတိစရိမကဖြစ်သော နောက်ဆုံး ဝင်သက် ထွက်သက် ထင်ရှား၏။

စရိမက-ဟူသည် ဘဝ ဈာန စုတိ-ဟု သုံးမျိုးရှိ၏၊ ဝင်သက် ထွက်သက်သည် ရူပဘုံ, အရူပဘုံ၌ မဖြစ်၊ ကာမဘုံ၌သာ ဖြစ်သည်။ ထို့ကြောင့် ကာမဘုံ ဝင်သက် ထွက်သက်သည် ဘဝစရိမက မည်၏၊ ဟီနဘဝ၌သာ ဖြစ်၏၊ ဈာန်အားဖြင့် ပဉ္စမဈာန်၌ မဖြစ်၊ အောက်ဈာန်၌သာ ဖြစ်၏၊ ထို့ကြောင့် အောက်ဈာန် လေးပါး ဝင်သက်, ထွက်သက်သည် ဈာနစရိမက မည်၏၊

နောက်ဆုံးကား စုတိစိတ်မှ ရှေး သောဠသမ အမည်ရသော သတ္တရသမ စိတ်နှင့် အတူဖြစ်၍ စုတိစိတ်နှင့် အတူချုပ်၏၊ ထို့ကြောင့် ထိုနောက်ဆုံး ဝင်သက်, ထွက်သက်သည် စုတိစရိမက မည်၏၊ တပါးသော ကမ္မဋ္ဌာန်းဖြင့် ရဟန္တာဖြစ်သူ တို့တွင် အချို့အား စုတိစရိမက ထင်ရှား၏၊ အာနာပါန အားထုတ်သူအားကား ဆင်ခြင်လျှင် သောဠသမစိတ်၏ ဥပါဒ်လည်း ထင်ရှား၏၊ ဌီလည်း ထင်ရှား၏၊ ဘင်လည်း ထင်ရှား၏။

ကောဋကျောင်းနေ တိဿမထေရ်, ကရဉ္ဇိယယကျောင်းနေ မဟာတိဿမထေရ်, ဒေဝပုတ္တတိုင်းနေ ပိဏ္ဍပါတိယမထေရ်, စိတ္တလတောင်နေ ဒွေဘာတိကမထေရ် တို့သည် မိမိ အသက်အပိုင်းအခြားကိုသိ၍ ကိုယ်လက် သုတ်သင်ခြင်း, ဝတ်ခြင်း, ရုံခြင်း-စသည်တို့ကိုပြုပြီးမှ စုတိကျ၍ မျက်စိမှိတ်တော် မူကုန်သတတ်။

ဒွေဘာသိက မထေရ်တပါးသည် လပြည့်ဥပုသ်နေ့ ပါတိမောက်ပြ၍ မိမိ ကျောင်းတွင် စင်္ကြံ၌ရပ်လျက် လရောင်ဖြင့် မွေ့လျော်ဘွယ်ကို မြင်သောအခါ ဤကာလ, ဤဒေသသည် ငါ၏ အဇ္ဈာသယနှင့် တူလေစွ၊ ဤခန္ဓာဝန်ကို အဘယ်မျှ ကြာအောင် ဆောင်ရဦးမည်နည်း-ဟု မိမိအာယုသင်္ခါရကို ဆင်ခြင်ပြီးလျှင် ရဟန်း သံဃာကို ဤသို့ မိန့်တော်မူ၏၊

ငါ့ရှင် ... သင်တို့သည်ထိုင်လျက် နိဗ္ဗာန်စံပုံ, ကောင်းကင်၌ တင်ပျဉ်ခွေလျက် နိဗ္ဗာန် စံပုံကို မြင်ဘူးကုန်ပြီ၊ သွားလျက် နိဗ္ဗာန်စံပုံကို သင်တို့အား ငါပြမည်ဟု ဆို၍ စင်္ကြံ၌ ကန့်လန့် အရေးအသား တခုပြု၏၊ ဤအရေးအသားသို့ ပြန်ရောက်သောအခါ နိဗ္ဗာန်စံမည် ဟူ၍လည်းဆို၏၊ ထိုနောက် စင်္ကြံသို့တက်၍ တဘက်အစွန်း စင်္ကြံဦးသို့ ကြွသွားပြီးလျှင် ပြန်ကြွလာသောအခါ ထိုအရေးအသားကို ခြေတဘက် နင်းကာ မျှတွင် နိဗ္ဗာန်စံတော်မူသတတ်။

ထို့ကြောင့် အာနိသင် ကြီးမားလှသည်ဖြစ်၍ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူသော သဗ္ဗညု မြတ်စွာဘုရားတိုင်း ဗောဓိပင် ပလ္လင်ထက်၌ ဓမ္မတာအားဖြင့် အရဟတ္တ မဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်တော်တို့၏ အခြေခံပြု၍ အားထုတ်အပ်သော အာနာပါနဿတိကို မိမိအား ရည်စူး၍ အသီးအခြား ဟောတော်မူသည်ဟူသော ယုံကြည်ခြင်းဖြင့် မတွန့်မဆုတ် ထက်သန်စွာ အားထုတ်ရာ၏။

မရဏဿတိ

မရဏဿတိ ပွားလိုသောသူသည် --

ရဟန္တာ၏ သမုစ္ဆေဒမရဏကို မအောက်မေ့ရ၊ မများသော မရဏဖြစ်သည်၊

သင်္ခါရတို့၏ ဥပါဒ် ဌီ ဘင် ခဏိကမရဏကို မအောက်မေ့ရ၊ မထင်ရှားသော မရဏ ဖြစ်သည်၊

သစ်ပင်သေသည်၊ သံသေသည် ဟူသော သမ္မုတိမရဏကို မအောက်မေ့ရ၊ သံဂေဂဝတ္ထု မဟုတ်။

တဘဝတကြိမ်သေသော ဇီဝိတိန္ဒြေ ပြတ်ခြင်းကိုသာ အောက်မေ့ရသည်၊ ထို မရဏသည် သက်တမ်းကုန်၍သေခြင်း, ကံကုန်၍သေခြင်း, နှစ်ပါးစုံကုန်၍ သေခြင်း, နှစ်ပါးစုံ ရှိလျက် ဥပစ္ဆေဒကကံဖြင့် သေခြင်း-ဟု လေးမျိုးပြား၏၊ ရှေ့သုံးမျိုး-ကာလမရဏ၊ နောက်တမျိုး အကာလမရဏ၊ ထိုလေးမျိုးလုံးကိုလည်း ယောနိသော မနသိကာရ ဖြစ်စေ၍ အောက်မေ့ရသည်။

ယောနိသော မနသိကာရ မဖြစ်လျှင် ချစ်ခင်သူအတွက် သားသေသော မိခင်ကဲ့သို့ သောကဖြစ်တတ်သည်၊ မုန်းသူအတွက် ရန်သူသေ သကဲ့သို့ ဝမ်းမြောက်မိ တတ်သည်၊ လျစ်လျူရှုအပ်သူအတွက် သုဘရာဇာ စဏ္ဍာလကဲ့သို့ သံဝေဂဉာဏ် မဖြစ်တတ်၊ မိမိအတွက် သန်လျက်မိုး ခံရသူကဲ့သို့ ထိတ်လန့်တတ်သည်၊ သတိ သံဝေဂဉာဏ် ကွယ်ပျောက်တတ်သည်၊

ထို့ကြောင့် ထိုထိုနေရာ မြင်ဘူးသော သူသေတို့ကိုကြည့်၍ ဆင်ခြင်၍ သတိနှင့် သံဝေဂနှင့် ဉာဏ်နှင့်တကွ အောက်မေ့ရသည်၊ ရွှေဉာဏ်တော်အရာ သိနိုင်ခဲ သိနိုင်စရာ နက်နဲစွာကို မကြာခဏ သိရပေလတ္တံ့-ဟု ထက်သန်ရသည်၊ မသေလိုလျှင် သုသန်သွား၊ မရဏဿတိ နာနာပွား-ဟု တိုက်တွန်းရသည်၊ သို့မှ ယောနိသော လမ်းမှန် ရောက်သည်၊

အောက်မေ့ပုံကား --

မရဏံ မေ ဘဝိဿတိ၊
ဥစ္ဆိဇ္ဇိဿတိ ဇီဝိတံ။
သောဟံ မရဏဓမ္မောမှိ၊
အနတီတော ဟိ မရဏံ။

မရဏံ၊ သေခြင်းသည်။

မေ၊ ငါအား။

ဝါ- ငါ့ဘို့ ငါ့အတွက် ငါ့ အလို့ငှါ။

ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ဇီဝိတံ၊ အသက်သည်။

ဥစ္ဆိဒ္ဒိဿတိ၊ ပြတ်လတ္တံ့။

သောဟံ၊ ထိုငါသည်။

မရဏဓမ္မော၊ သေခြင်းသဘော ရှိသည်။

အမှိ၊ ဖြစ်၏။

မရဏံ၊ သေခြင်းကို။

အနတီတောဟိ၊ မလွန်နိုင်သည်သာတည်း။

ဤသို့ ဖန်ဖန် အောက်မေ့လျှင် ဉာဏ်ထက်သူအား နီဝရဏကွာ၍ မရဏဿတိ အာရုံမြဲ၍ ဥပစာရဈာန် ရ၏၊ ဥပစာရဈာန် အခြေခံ၍ ဝိပဿနာဖြင့် မဂ်ဖိုလ် တက်နိုင်သည်၊ အပ္ပနာဈာန် မရ။

ဤမျှဖြင့် ဥပစာရဈာန်မရလျှင် ဝဓကပစ္စုပဋ္ဌာန, သမ္ပတ္တိဝိပတ္တိ စသော အခြင်းအရာ ရှစ်ပါးဖြင့် အောက်မေ့ရသည်။

သူသတ် ပြည့်ပျက်၊ ဆောင် ဆက် အားငယ်၊
မှတ်ဘွယ်နတ္ထိ၊ တမ်းရှိ ခဏ၊ ရှစ်နည်းမှလည်း၊
ဥပစာရဈာန် ရသတည်း။

(၁) ဝဓက ပစ္စုပဋ္ဌာန-သူသတ်

ဝဓက-သူသတ်ယောက်ျား + ပစ္စုပဋ္ဌာန- ရှေ့ရှုတည်နေဟန်ဖြင့် အောက်မေ့ရာ၌ ..... မှိုငုံသည် မြေမှုန်ကိုရွက် တက်လာသကဲ့သို့ သတ္တဝါတို့လည်း ဇရာ မရဏကို ယူ၍ ဖြစ်လာကုန်၏။

ဤမရဏသည် အသက်ကို ကိုင်ဆွဲလျက် ဇာတိနှင့်အတူ ဖြစ်လာသည်။ ပဋိသန္ဓေစိတ်သည်ပင် ဥပါဒ်အခြားမဲ့၌ ဇရာဌီ ဖြစ်၍ တောင်ထိပ်မှ လိမ့်ကျသကဲ့သို့ ချက်ချင်းပျက်၏၊ ဤသို့ ခဏိကမရဏသည် ဇာတိနှင့်အတူ ဖြစ်သည်ဟု ထင်ရှား၏၊ မွေးဖွားသူ ဟူသမျှ မသေသူ မရှိခြင်းအားဖြင့်လည်း ယခု အောက်မေ့အပ်သော မရဏသည် ဇာတိနှင့်အတူ ဖြစ်ပုံထင်ရှား၏။

ထို့ကြောင့် ဤသတ္တဝါ အပေါင်းသည် မွေးသည်မှစ၍ အဆုတ်မရှိ၊ အဆိုင်းမရှိ၊ သေခြင်းသို့ ရှေးရှုသွားနေ၏၊ နေသည် ဝင်သည်တိုင်အောင် ဆုတ်သိုင်းမရှိ၊ သွားသည်နှင့် တူ၏၊ တောင်ကျမြစ် ဆုတ်ဆိုင်းမရှိ တသွင်သွင် စီးသည်နှင့် တူ၏။

ဤသို့ မဆုတ်မဆိုင်း သွားခြင်းအားဖြင့် နွေအခါနေပူ၍ ချောင်းငယ် မြောင်းငယ် ခန်းခြောက်သည့်ပမာ နံနက်အခါ အာပေါဓာတ်ပြန့်၍ အညှာ မခိုင်သဖြင့် သစ်သီး ကြွေသည့် ပမာ, တင်းပုတ်ဖြင့်ရိုက်၍ မြေအိုးကွဲသည့် ပမာ, နေရှိန်ကြောက်၍ မျက်ဖျား နှင်းပေါက် ကွယ်ပျောက်သည့်ပမာ မရဏ ဝေးကွာသည် မဟုတ်၊ ကြာလေ နီးလေ နီးကပ်ချေ၏၊ အမေသည် ငါ့ကို အမြဲရှင်အောင် မမွေးနိုင်၊ သေဘို့သာ မွေးထားပေသည်။

ဤသို့ ဇာတိနှင့် အတူ ဖြစ်လာသော ဤမရဏသည် သန်လျှက်မိုးသော သူသတ် ယောက်ျားအလား လည်ပင်း၌ သန်လျက်ဝင့်သော သူသတ် ယောက်ျားအလား- အသက်ကို ဆွဲကိုင်လျက်သာ နောက်မဆုတ်ဘဲ ရှိချေပြီ၊ သေတတ်သော အမေကလည်း ငါ့ကို သေဖို့သာ မွေးထားပြီ၊ ထို့ကြောင့် ဤမရဏကို သူသတ်ယောက်ျား အနီးရောက်နေသည့်ဟန် အဖန်ဖန်အောက် မေ့ရသည်။

အောက်မေ့ပုံကား-

၁။ မရဏံ မေ ပစ္စုပဋ္ဌိတံ
မရဏံ မေ ပစ္စုပဋ္ဌိတံ

မေ၊ ငါ့အား။

မရဏံ၊ သေခြင်းသည်။

ပစ္စုပဋ္ဌိတံ၊ ရှေးရှုတည်၏။

ပစ္စုပဋိဌိတံ၊ အနီးကပ်၍ တည်နေ၏။

ဤသို့ ဖန်ဖန် အောက်မေ့လျှင် ဥပစာရဈာန် ရနိုင်၏။

(၂) သမ္ပတ္တိ ဝိပတ္တိ-ပြည့် ပျက်

သမ္ပတ္တိ-ပြည့်စုံခြင်းသည် + ဝိပတ္တိ-ပျက်စီး၏-ဟု အောက်မေ့ရာ၌ ပြည့်စုံသမျှသည် မပျက်မီ တင့်တယ်၏၊ မပျက်ကောင်းသော သမ္ပတ္တိလည်း မရှိ။

သကလံ မေဒနိံ ဘုတွာ၊
အန္တေ မလကဣဿရော။
မရဏာဘိမုခေါ သောပိ၊
အသောကော သောကမာဂတော။

သောပိ အသောကော၊ ထိုသီရိဓမ္မာသောက (မစိုးရိမ်သော) မင်းမြတ်သော်မှလည်း။

သကလံ-မေဒနိ ံ၊ ဇမ္ဗူသောင်းခွင် မြေတပြင်လုံးကို။

ဘုတွာ၊ မြေနှင့်မိုဃ်း အစိုးတရ ခံစားပြီးမှ။

အန္တေ၊ နောက်ဆုံး၌။

အမလက ဣဿရော၊ ရှိရှားသီး တခြမ်းမျှ အစိုးတရ ဆုပ်ကိုင်လျက်။

မရဏာဘိမုခေါ၊ သေခြင်းသို့ ရှေးရှုရသည်ရှိသော်။

သောကံ၊ စိုးရိမ်ခြင်းသို့။

အာဂတော၊ ရောက်ရလေသတည်း။

မင်းတရားကြီးသည် သေချိန်အနီးတွင် ရေငတ်ပြေ- ရှိရှားသီးတခြမ်း သုံးဆောင်၍ ကျန်တခြမ်းကို လက်၌ ဆုပ်ကိုင်လျက် နတ်ရွာစံသည်၊ မြေတပြင်လုံး အစိုးရခြင်း သည် ရှိရှားသီးတခြမ်း အစိုးရခြင်းလျှင် အဆုံး ရှိချေ၏။

ထိုမှတပါးလည်း -

မာခြင်းသည် နာခြင်းအဆုံးရှိ၏၊

ပျိုခြင်းသည် အိုခြင်း အဆုံးရှိ၏၊

ထိုအတူ --

ရှင်ခြင်းသည် သေခြင်းအဆုံးရှိ၏၊

သတ္တဝါအပေါင်းကို ဇာတိရန်သူ အမြဲလိုက်၏၊ ဇရာအဆိပ် ဝင်နေ၏၊ ဗျာဓိဆင် နင်းထား၏၊ မရဏဘီလူး ပူးသတ်၏။

အရပ်လေးမျက်နှာ မိုဃ်းအထိ တောင်ကြီး လေးလုံးလိမ့်၍ ကြိတ်ချေနေသကဲ့သို့ ဇာတိ, ဇရာ ဗျာဓိ, မရဏ-လေးမျိုးသည် မင်း ပုဏ္ဏား ဆင်းရဲသား မရွေး တယောက်မကျန် ကြိတ်ချေလျက် ရှိ၏၊ ဆင် မြင်း, ရထားဖြင့် ပြေးစရာလည်း မြေမရှိ၊ မန္တရားပယောဂဖြင့်လည်း မတတ်နိုင်၊ ဥစ္စာပေး၍လည်း မအောင်နိုင်၊ ဤသို့ ဇီဝိတသမ္ပတ္တိမရဏဝိပတ္တိလျှင် အဆုံးရှိပုံကို မှတ်၍ အောက်မေ့ရသည်။

အောက်မေ့ပုံကား --

၁။ သဗ္ဗံ အာရောဂျံ ဗျာဓိပရိယောသာနံ။

သဗ္ဗံ အာရောဂျံ၊ အလုံးစုံသော မာခြင်းသည်။

ဗျာဓိပရိယောသာနံ၊ နာခြင်းလျှင် အဆုံးရှိ၏။

၂။ သဗ္ဗံယောဗ္ဗနံ ဇရာပရိယောသာနံ။

သဗ္ဗံ ယောဗ္ဗနံ၊ အလုံးစုံသော ပျိုခြင်းသည်။

ဇရာပရိယောသာနံ၊ အိုခြင်းလျှင် အဆုံးရှိ၏။

၃။ သဗ္ဗံ ဇီဝိတံ မရဏပရိယောသာနံ။

သဗ္ဗံ ဇီဝိတံ၊ အလုံးစုံသော အသက်ရှင်ခြင်းသည်။

မရဏပရိယောသာနံ၊ သေခြင်းလျှင် အဆုံးရှိ၏။

၄။ သဗ္ဗာ သမ္ပတ္တိ ဝိပတ္တိပရိယောသာနာ။

သဗ္ဗာ သမ္ပတ္တိ၊ အလုံးစုံသော ပြည့်စုံခြင်းသည်။

ဝိပတ္တိပရိယောသာနာ၊ ပျက်ခြင်းလျှင် အဆုံးရှိ၏။

ဤသို့ ဖန်ဖန် အောက်မေ့လျှင် ဥပစာရဈာန် ရနိုင်၏။

(၃) ဥပသံဟရဏ-ဆောင်

ဥပသံဟရဏ-သူတပါး သေသည်ကို ကပ်၍ ဆောင်ယူခြင်းဖြင့် အောက်မေ့ရာ၌ ယဿ, ပုည, မဟာထာမ၊ ဣဒ္ဓိ, ပညာ, ပစ္စေက, သမ္မာသမ္ဗုဒ္ဓ - အားဖြင့် ခုနစ်မျိုး အောက်မေ့ရသည်။

အောက်မေ့ပုံကား -

၁။ ယဿ - ဤမရဏသည် ခြွေရံများလှ မဟာသမ္မတမင်း, စကြာမင်းကိုလည်း မကွင်းမရှောင် အသက်ဆောင်သည် … ငါသို့သောသူ ဆိုဘွယ် မရှိ။

၂။ ပုည - ဘုန်းထူးကံရှိ ဇောတိကသော ဇဋိလသော မကျန် ဘုန်းကံ တဝင်းဝင်းနှင့် သေမင်းထံအောက် ရောက်ရသေးသည် ... ငါသို့သောသူ ဆိုဘွယ်မရှိ။

၃။ မဟာထာမ - သတ္တိခွန်အား ကြီးမားဘက်ကင်း ဝါသုဒေဝမင်းကြီး ဘီမသေန စစ်သူကြီးတို့ သော်မှလည်း ဇမ္ဗူအတွင်း အမင်းမင်း၌ အောင်ခြင်းကြီး အောင်ပြီးမှ မရဏထံပါး အရောက် သွားကြရသေးသည် ... ငါသို့သောသူ ဆိုဘွယ်မရှိ။

၄။ ဣဒ္ဓိ - သိကြားမင်းစံရာ ဝေဇယန္တာကို ခြေမဖြင့်သာ လှုပ်ခါနိုင်လှ အဂ္ဂသာဝက တန်ခိုးရှင် သော်မှလည်း ကြောင်ခံတွင်း ကြွက်အသွင် မရဏခံတွင်းသို့ တန်ခိုးပါ ဝင်ရသေးသည် ... ငါသို့သောသူ ဆိုဘွယ်မရှိ။

၅။ ပညာ - လှိုင်းကြီး လှေအောက် တောင်ကြီး ဖဝါးအောက်- (ဘုရားရှင်မှ တပါး) ပညာကြီးလျှင် ရှင်သာရိပုတြာအောက် ဤမျှလောက် ပညာထက်သော်လည်း အသက် ဉာဏ်စောင့်ကာ သေမင်းအလိုသို့ လိုက်ပါရသေးသည် ... ငါသို့သောသူ ဆိုဘွယ် မရှိ။

၆။ ပစ္စေက - သယမ္ဘူဓာတ် ဉာဏ်တော်မြတ်ဖြင့် ထောင့်ငါးရာသတ် ကိုယ်လွတ် ဝိမုတ္တိ မကပ်ငြိထိုထို ကြံ့ချိုပမာ ပစ္စေကဗုဒ္ဓါတို့ သော်မှလည်း သေမင်းချုံနယ် ငြိတွယ်ရသေးသည် .... ငါသို့သောသူ ဆိုဘွယ် မရှိ။

၇။ သမ္မာသမ္ဗုဒ္ဓ - သမ္မာသမ္ဗုဒ္ဓဘုရားသည် လက္ခဏာကြီးငယ် ရောင်ခြည်တော် ခြောက်သွယ်ဖြင့် ဆန်းကြယ်သော ရူပကာယ ရှိ၏၊ သီလ, သမာဓိ, တုမရှိ ဓမ္မကာယ ပြည့်၏။ ယသ, ပုည, ကာမ ဣဒ္ဓိ ကြီးဘိပညာ ငါးဖြာလုံလောက် ထွဋ်ထိပ်ရောက်၏။ အတုမရှိ ဘုရားရှင်ဖြစ်လျက် မိုဃ်းခသည့် မီးတမျှ မရဏမိုဃ်း ကိန်းဖြင့် ခန္ဓာတော် ငြိမ်းရသေးသည် ... ငါသို့သောသူ ဆိုဘွယ်မရှိ။

နိလ္လဇ္ဇံ ဝီတသာရဇ္ဇံ၊
သဗ္ဗသတ္တာဘိမဒ္ဒနံ။
တယိဒံ မာဒိသံ သတ္တံ၊
ကထံ နာဘိဘဝိဿတိ။

မရဏံ၊ သေမင်းဟူသည်။

နိလ္လဇ္ဇံ၊ အရှက်မရှိ။

ဝီတသာရဇ္ဇံ၊ အကြောင်း မရှိ။

သဗ္ဗသတ္တာဘိမဒ္ဒနံ၊ သတ္တဝါ အသက် အလုံးစုံ နှိပ်စက်ခြင်းငှါ အားမနာ။

တယိဒံ၊ ထိုမရှက်မကြောက် အားမနာသော သေမင်းသည်။

မာဒိသံသတ္တံ၊ ငါသို့သောသူကို။

ကထံ နာဘိဘဝိဿတိ၊ အဘယ်မှုာ မနှိပ်စက်ဘဲ ရှိပါအံ့နည်း။

ဤသို့ ပုဂ္ဂိုလ်ထူး ခုနစ်ယောက်နှင့် မိမိ၏ အထူးမရှိသည်ကို ဆောင်၍ ဖန်ဖန် အောက်မေ့လျှင် ဥပစာရဈာန် ရနိုင်၏။

(၄) ကာယဗဟုသာဓာရဏ-ဆက်

ကာယ-ကိုယ်၏ + ဗဟု-အများနှင့် + သာဓာရဏ-ဆက်ဆံခြင်း အားဖြင့် အောက်မေ့ရာ၌ ဤကိုယ်သည် မိမိတယောက်တည်း မဟုတ်၊ ပိုးမျိုးရှစ်ဆယ်နှင့် ဆက်ဆံ၏၊ အရေပါး, အရေထူ အသား, အကြော, အရိုး, ခြင်ဆီ တို့၌ နေ၍ ထိုအရေ, အသားတို့ကို စားကုန်၏၊ ဤကိုယ်သည် ပိုးတို့၏ သားဖွားရုံ ဖြစ်၏၊ သူနာရုံလည်း ဖြစ်၏၊ သင်းချိုင်းလည်း ဆိုနိုင်သည်၊ ကျင်ကြီး ကျင်ငယ်တို့ကို ယိုချရာ အိမ်သာလည်း ဟုတ်၏၊ ထိုပိုးတို့၏ပျက်စီးခြင်းဖြင့်လည်း သေနိုင်သည်။

သည်းခြေနာ, သလိပ်နာ, လေသင်ဓုန်း စသော ကိုယ်တွင်း သေကြောင်းလည်း အထွေ၊ မြွေ ကင်း, သန်း-စသော ကိုယ်ပ သေကြောင်းလည်း အထွေထွေ ဆက်ဆံ၏၊ အစာမကျေခြင်း, ချွတ်ချော်ခြင်းတို့လည်း သေကြောင်းပင်တည်း၊ လမ်းဆုံမှတ်တိုင်၌ အရပ်ရပ်မှ လက်နက်မျိုးစုံကျ၏၊ ထို့အတူ ဤကိုယ်ခန္ဓာ၌ ဘေးဥပါဒ်မျိုးစုံကျ၏၊ ကျလေသမျှ ဘေးဥပါဒ်လည်း သေကြောင်းသာတည်း၊ ထို့ကြောင့် နေ့ကုန်၍ ညဉ့်ရောက်လျှင် ဤသို့ ဆင်ခြင်၍ အောက်မေ့ရသည်။

  1. ငါ့အား သေခြင်း၏ အကြောင်းသည် များလှ၏။
  2. ကိုယ်တွင်း၌လည်း သေကြောင်းအများ ဆက်ဆံ၏။
  3. ကိုယ်ပ၌လည်း သေကြောင်းအများ ဆက်ဆံ၏။
  4. ထိုသေခြင်းသည် သာသနာအကျင့်၏ အန္တရာယ်ဖြစ်၏။

ဤသို့ ဖန်ဖန် အောက်မေ့လျှင် ဥပစာရဈာန် ရနိုင်၏။

(၅) အာယုဒုဗ္ဗလ-အားငယ်

အာယု-အသက်၏၊ ဒုဗ္ဗလ-အားမရှိခြင်း, အားနည်းခြင်း, အားငယ်ခြင်းဖြင့် ဆင်ခြင် ရာ၌ အဘယ်မျှ အားငယ်သနည်း၊

  • ဤအသက်သည် ထွက်ပြီး၍ မဝင်လျှင် သေ၏၊
  • ဝင်ပြီး၍ မထွက်လျှင် သေ၏၊
  • ထွက်သက် ဝင်သက်နှင့် စပ်၏၊
  • ဣရိယာပုထ်လေးပါးနှင့် စပ်၏၊
  • မညီညွတ်၍ ဣရိယာပုထ် တခုခု လွန်ခြင်းဖြင့် သေ၏၊
  • အအေးအပူနှင့်စပ်၏၊
  • တခုခု လွန်ခြင်းဖြင့် သေ၏၊
  • မဟာဘုတ်လေးပါးနှင့် စပ်၏၊
  • တောင့်တင်းခြင်း, ယိုစီးပုပ်ပွခြင်း, ပူပြင်းခြင်း ပေါက်ကွဲခြင်းဖြင့် သေ၏၊
  • အစာနှင့်လည်းစပ်၏၊
  • မစားရရုံဖြင့် သေ၏၊

ထို့ကြောင့် အသက်အားငယ်ပုံကို ဤသို့အောက်မေ့ရသည်။

  1. ဤအသက်သည် ထွက်သက်ဝင်သက် မမျှရုံဖြင့် သေနိုင်၏၊ လွန်စွာအားငယ်၏။
  2. ဤအသက်သည် ဣရိယာပုထ်မမျှရုံဖြင့် သေနိုင်၏၊ လွန်စွာ အားငယ်၏။
  3. ဤအသက်သည် အအေးအပူ မမျှရုံဖြင့် သေနိုင်၏၊ လွန်စွာ အားငယ်၏။
  4. ဤအသက်သည် မဟာဘုတ် မမျှရုံဖြင့် သေနိုင်၏၊ လွန်စွာ အားငယ်၏။
  5. ဤအသက်သည် အစာမရရုံဖြင့် သေနိုင်၏၊ ကမ်းနားသစ်ပင်သဘွယ် လွန်စွာ အားငယ်၏။

ဤသို့ ဖန်ဖန်အောက်မေ့လျှင် ဥပစာရဈာန် ရနိုင်၏။

(၆) အနိမိတ္တ-မှတ်ဘွယ်နတ္ထိ

ဤအသက်သည် --

  1. ကလလရေကြည်မှ စ၍ နှစ်တရာအတွင်း ဤမျှကြာရှည် တည်လိမ့်မည်ဟု ပိုင်းခြား မှတ်သား၍ မရ၊
  2. ဘယ်အနာဖြင့် သေမည် မသိ၊
  3. နေ့လော ညဉ့်လော ဘယ်အချိန် သေမည်မသိ၊
  4. အိမ်၌လော, လမ်း၌လော အဘယ်နေရာ သေမည်မသိ၊
  5. သေပြီးလျှင် အဘယ်ဘဝ ရောက်မည် မသိ၊
  6. ဆုံလည်းနွားပမာ ဂတိငါးဖြာ ချာချာလည်၍ ဖြစ်၏။

ဇီဝိတံ ဗျာဓိကာလော စ၊
ဒေဟနိက္ခေပနံ ဂတိ။
ပေဉ္စတေ ဇီဝလောကသ္မိံ၊
အနိမိတ္တာ န နာယရေ။

ဇိဝိတံ၊ အသက်၎င်း။

ဗျာဓိ၊ အနာ၎င်း။

ကာလောစ၊ သေချိန်အခါ၎င်း။

ဒေဟနိက္ခေပနံ၊ ကိုယ်ပစ်ချရာ-သေရာအရပ်၎င်း။

ဂတိ၊ လားရာဂတိ၎င်း။

ဣတိ-ဧတေပဉ္စ၊ ဤငါးပါးတို့သည်။

ဇီဝလောကသ္မိံ၊ သတ္တလောက၌။

အနိမိတ္တာ၊ ပိုင်းခြားမှတ်သားခြင်း မရှိကုန်သည်ဖြစ်၍။

နနာယရေ၊ မသိအပ်သော ငါးပါးတို့ ဖြစ်ကုန်၏။

ဤငါးပါးဖြင့် အမှတ်အသားမရှိပုံကို အောက်မေ့ရသည်။

  1. ဤအသက်သည် အဘယ်မျှ ကြာမည်မသိ၊
    ယနေ့လော-နက်ဖြန်လော၊ နေ့တိုင်း သေနိုင်၏။
  2. ဤအသက်သည် အဘယ်အနာဖြင့် သေမည် မသိ၊
    ကိုယ်တွင်းနာလော-ကိုယ်ပနာလော၊ အနာတိုင်းဖြင့် သေနိုင်၏။
  3. ဤအသက်သည် အဘယ်အချိန်သေမည်မသိ၊
    နေ့လော-ညဉ့်လော၊ အချိန်မရွေး သေနိုင်၏။
  4. ဤအသက်သည် အဘယ်နေရာ သေမည်မသိ၊
    အိပ်ရာ၌လော-လမ်း၌လော၊ နေရာမရွေး သေနိုင်၏။
  5. ဤအသက်သည် သေပြီးလျှင် အဘယ်ဘဝ ရောက်မည် မသိ၊
    ဒေဝဂတိလော-တိရစ္ဆာနဂတိလော၊

ဆုံလည်နွားပမာ ဂတိငါးဖြာ ချာချာလည်နိုင်၏။

ဤသို့ ဖန်ဖန်အောက်မေ့လျှင် ဥပစာရဈာန် ရနိုင်၏။

ယက်ကန်းသည်မကလေး ဝတ္ထု

အာဠဝီပြည်၌ ဘုရားရှင်သည် မရဏဿတိကို ဟော၏၊ မရဏဿတိ ပွားသူ သေလျှင် ကောင်းသော နိမိတ်ထင်၏၊ မတွေမဝေ သေ၎င်း၏၊ ကောင်းရာ သုဂတိသို့ လား၏။

အ ဓုဝံ မေဇီဝိတံ၊ မေ မရဏံ။
မေ၊ ငါ၏။
ဇီဝိတံ၊ အသက်သည်။
အဓုဝံ၊ အမြဲမရှိ။
မေ၊ ငါ၏။
မရဏံ၊ သေခြင်းသည်။
ဓုဝံ၊ မြဲ၏။

အဝဿံ မယာ မရိတဗ္ဗ မေဝ။
အဝဿံ၊ မချွတ်။
မယာ၊ ငါသည်။
မရိတဗ္ဗမေဝ၊ သေရမည်သာတည်း။

မရဏပရိယောသာနံ မေ ဇီဝိတံ။
မေ၊ ငါ၏။
ဇီဝိတံ၊ အသက်သည်။
မရဏပရိယောသာနံ၊ သေခြင်းအဆုံး ရှိ၏။

ဇီဝိတမေဝ အနိယတံ၊ မရဏံ နိယတံ။
ဇိဝိတမေဝ၊ အသက်ရှင်ခြင်းသာလျှင်။
အနိယတံ၊ မမြဲ။
မရဏံ၊ သေခြင်းကား။
နိယတံ၊ မြဲ၏။

ဤသို့ မရဏဿတိ ပွားရမည်ဟု ဟော၏၊ ထို မရဏဿတိကို ၁၆-နှစ်ရွယ် ယက်ကန်းသည်မကလေးသည် ယုံကြည်လေးစား မပြတ်ပွား၏၊ ထိုနောက် သုံးနှစ် ကြာသောအခါ ဘုရားရှင်ကြွလာ၍ ပရိသတ် အလယ်တွင် စကား လေးခွန်း မေးတော်မူ၏၊ ယက်ကန်းသည်မကလေး ဖြေဆို၏။

သတို့သ္မီး ... အသင် အဘယ်ကလာသနည်း၊ မသိပါဘုရား။

အဘယ်သို့သွားမည်နည်း၊ မသိပါဘုရား။

မသိဘူးလား၊ သိပါသည်ဘုရား။

သိသလား၊ မသိပါဘုရား။

ဤသို့ဖြေဆိုသောအခါ လူအများကပင် ဤသူငယ်မသည် မျက်မှောက်တော်တွင် ဖြေချင်ရာ ဖြေနေသည်-ဟု ကဲ့ရဲ့ကြသဖြင့် တဖန်ထပ်၍ ဖြေပြန်၏။

အဘယ်ဘဝက လာသည်ကို မသိ၍ မသိပါဟု ဖြေပါသည်။

အဘယ်ဘဝသို့ သွားရမည်ကိုမသိ၍ မသိပါဟုဖြေပါသည်။

သေရမည်အဖြစ်ကိုသိ၍ သိပါသည်ဟု ဖြေပါသည်။

နေ့လော-ညဉ့်လော အဘယ်အချိန် သေမည်မသိ၍ မသိပါ-ဟု ဖြေပါသည်ဘုရား။

ဤသို့ ဖြေသောအခါ ဘုရားရှင်သည် ဤသို့မိန့်တော်မူ၏။

ဤလူအပေါင်းသည် မျက်စိမပွင့် မှောင်အတိ သင့်၏၊ မျက်စိပွင့်သူ နည်းပါးသေး၏၊ ထို့ကြောင့် မုဆိုးပိုက်ကွန်မှ လွတ်သောငှက် နည်းပါးသကဲ့သို့ သုဂတိနိဗ္ဗာန်သွားသူ နည်းပါးချေ၏။

ဤဒေသနာ အဆုံး၌ ယက်ကန်းသည်မကလေး သောတာပန် တည်၏၊ ကွယ်လွန် သောအခါ တုဿိတာနတ်ဘုံ၌ ဖြစ်လေ၏။

(၇) အဒ္ဓါနပရိစ္ဆေဒ-တမ်းရှိ

အဒ္ဓါန-အဓွန့်ကာလ + ပရိစ္ဆေဒ-အပိုင်း အခြားဖြင့် အောက်မေ့ရာ၌ ယခုအခါ သတ္တဝါတို့ သက်ဆိုးရှည်လှမှ တရာသာ၊ တမလွန် နီးကပ်လှ၏။ ဦးခေါင်း မီးလောင်သူကဲ့သို့ ကတိုက်ကရိုက် ကုသိုလ်အားတိုက် ပြုသင့်၏၊ ဝါ-ဦးခေါင်း မီးလောင်စဉ်သော်လည်း အားတိုက် ပြုသင့်၏၊

ရေ၌ တုတ် အရေးကဲ့သို့ ရေပွက်ကဲ့သို့ ပျက်လွယ်လှ၏၊ တောင်ကျမြစ်ကဲ့သို့ အသေမြန်လှ၏၊ သားသတ်ရုံသွား-သတ်မည့်နွားသို့ တလှမ်းထက် တလှမ်း နီးလှ၏၊ မြက်ဖျား နှင်းပေါက်ကဲ့သို့ ပျောက်လွယ်လှ၏။

ဤသေခြင်းသည် လေးငါးလုပ်စာ အချိန်မျှပင် ကျွမ်းဝင်မရ တိုတောင်းလှ၏၊ အဋ္ဌနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်၌ သေချိန်ရှစ်မျိုး ခွါ၍ရှုသော ရဟန်း ရှစ်မျိုးတို့တွင် ခြောက်မျိုးကို မေ့လျော့သူတို့ဟု မြတ်စွာဘုရား *ကဲ့ရဲ့၍ နှစ်မျိုးကို ထက်သန်စွာ အားထုတ်သူတို့ဟု ချီးမွမ်းတော်မူသည်၊ သက်တမ်း အရှိပိုင်း၍ အောက်မေ့ရသည်။

(*မြတ်စွာဘုရား၏ ကဲ့ရဲ့ခြင်းကို အားငယ်ဘွယ် မရှိ၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်း တန်သော ကဲ့ရဲ့ခြင်းဟု မြတ်နိုးပူဇော်အပ်ပေ၏။)

အောက်မေ့ပုံကား --

ငါသည် ကန်မုချ သေရလတ္တံ့ ။

  1. တနေ့နှင့် တညဉ့်မျှလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစ္စ။
  2. တနေ့မျှလောက်ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။
  3. နေ့၏ ထက်ဝက်မျှလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစ္စ။
  4. အစာ တထပ်စားချိန်မျှလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။
  5. အစာ တထပ်စားချိန်၏ ထက်ဝက်မျှလောက်ကြာအောင် အသက် ရှည်လျှင် တော်ပေစွ။
  6. အစာလေးငါးလုပ် မျိုသလောက်ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။
  7. အစာတလုပ် မျိုးသလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။
  8. ထွက်သက်မှ ဝင်သက်တိုင်ရုံလောက်၊ ဝင်သက်မှ ထွက်သက် တိုင်ရုံလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစွ၊ ဧကန်မုချ ငါသေရလတ္တံ့ ။

ဤအနေမျှကြာလျှင် ကုသိုလ်တရား အားထုတ်ရပေလတ္တံ့။

ဤသို့ ဖန်ဖန် အောက်မေ့လျှင် ဥပစာရဈာန် ရနိုင်၏။

(၈) ခဏပရိတ္တ-ခဏ

ခဏ-စိတ္တက္ခဏ + ပရိတ္တ အလွန်သေးငယ်ပုံဖြင့် အောက်မေ့ရာ၌ ဤအသက်သည် အစဉ်မပြတ် အဆက်ဆက် ဖွဲ့၍သာ အသက်ရှင်နေသည်၊ မုချ ဆတ်ဆတ် ပရမတ် အားဖြင့် စိတ္တက္ခဏ တချက်မျှသာ သေးငယ်လှစွာတည်း။

လှည်းဘီးသည် လည်၍ သွားနေသော်လည်း မြေ၌ကား တဝါးလေးသစ်မျှသာ ထိလျက် သွား၏၊ ရပ်နေသော အခါလည်း တဝါး လေးသစ်ပင်တည်း၊ ထို့အတူ ၈၄၀၀၀-အသက်ရှည်သော သူသော်လည်း စိတ္တက္ခဏ တချက်မျှ ထက်ပို၍ မကြီးကျယ်၊ သေးငယ်သော ခဏရှိ၏၊ ထိုစိတ် ချုပ်ကာမျှတွင် သေသည်မည်၏။

အသက် ကိုယ်ခန္ဓာ ဝေဒနာ-ဟူသည် စိတ်တချက်မျှသာ လျင်မြန်စွာ ပျက်စီး၏၊ သေသူ ရှင်သူ ချုပ်ပြီးသော ခန္ဓာချင်းတူ၏၊ ချုပ်ပြီးခန္ဓာ ပြန်မလာ၊ အတိတ်စိတ် အနာဂတ်စိတ်ဖြင့် အသက်ရှင်သည် မဟုတ်၊ ဖြစ်ဆဲ ပစ္စုပ္ပန်စိတ်ဖြင့်သာ အသက်ရှင်သည် မည်၏၊

စိတ်ချုပ်တိုင်း ခါခါသေလျက် ရှိ၏၊ ယင်းသို့ တသေတည်း သေနေသော်လည်း စိတ်စဉ်ဖွဲ့၍ ဆက်၍ ဖြစ်သော ပဗန္ဓသန္တာနပညပ်သည် ပရမတ်ကဲ့သို့ ဖြစ်၍ မသေသေး, မအိုသေးဟု မှတ်ထင်ရ၏၊ ဝါ-လူပြိန်း အထင်မှားအောင် ပညပ် လှည့်စား၏၊ ထို့ကြောင့် ခဏပရိတ္တဖြင့် ဤသို့အောက်မေ့ရသည်။

၁။ ဤအသက်သည် ပစ္စုပ္ပန် စိတ္တက္ခဏ တချက်မျှဖြင့်သာ အသက်ရှင်၏၊ ငသးငယ်သော ခဏရှိ၏။

၂။ ဤအသက်သည် လှည်းဘီးသည် တဝါးလေးသစ်သာ မြေ၌ တည်နိုင်သကဲ့သို့ ၈၄၀၀၀- အသက်ရှည်သော သူလည်း စိတ်တချက်ထက်မနှေး၊ သေးငယ်သော ခဏ ရှိ၏။

၃။ ဤအသက်သည် မြဲသည်ဟု အထင်မှားအောင် သန္တာနပညပ် လှည့်စား၏၊ မြဲသောကိုယ် မရှိ၊ မြဲသော အသက် မရှိ။

၄။ ဤအသက်သည် စိတ်ချုပ်တိုင်းသေ၍ တသေတည်းသေလျက် ရှိချေ၏။

ဤသို့ ဖန်ဖန် အောက်မေ့လျှင် ဥပစာရဈာန် ရနိုင်၏။

ဤမရဏသည် သဘာဝဓမ္မ၏ ပျက်ခြင်းဖြစ်၍ သဘာဝဓမ္မ အလား ရှိ၏၊ သံဝေဂဉာဏ်ကို ဖြစ်စေနိုင်၏၊ ထို့ကြောင့် အပ္ပနာမရ၊ ဥပစာရ ဈာန်မျှရသည်၊ မရဏဿတိဖြင့်ရသောကြောင့် မရဏဿတိဈာန်မည်၏။

၁။ မရဏဿတိပွားသူသည် မေ့လျော့ခြင်း ကင်း၏

၂။ ဘုံသုံးပါးမှ ထွက်လိုသောသညာ ရလွယ်၏

၃။ အသက်ခန္ဓာ တွယ်တာခြင်း ကင်း၏

၄။ မကောင်းမှုကို ကဲ့ရဲ့နိုင်၏

၅။ ပစ္စည်းမသို

၆။ ကျောင်းသင်္ကန်းစသော ပရိက္ခရာ၌ ဝန်မတို

၇။ အနိစ္စသညာ အလေ့အလာရ၏

၈။ ဒုက္ခထင်လွယ်၏

၉။ အနတ္တမြင်လွယ်၏

၁၀။ မကြောက်မရွံ့ မတွေမဝေကောင်းသော နိမိတ်ထင်၍ အသေလှ၏

၁၁။ မျက်မှောက်ဘဝတွင် အသေကင်းသော နိဗ္ဗာန်ကို ရနိုင်၏

၁၂။ မရလျှင် သုဂတိသာ လားရာဂတိရှိ၏

အမေက ငါ့ကို သေဖို့မွေးထားသည်၊

မသေလိုလျှင် သုသာန်သွား၊

မရဏဿတိ နာနာပွား-ဟု အားပေးအပ်၏။

ထို့ကြောင့် အာနုဘော် ကြီးမားသော မရဏဿတိကို မမေ့မလျော့ ပွားများ အားထုတ်ရာ၏။

ဥပသမာနုဿတိ

၁၀။ ဥပသမာနုဿတိ ပွားလိုသော သူသည် နိဗ္ဗာန်၏ဒုက္ခ အကုန်ငြိမ်းသော ဂုဏ်ကို အာရုံပြုကာ အောက်မေ့ရသည်၊ ဗုဒ္ဓ ဓမ္မ သံဃ သီလ စာဂ ဒေဝတာနုဿတိ ၆-ပါးကဲ့သို့ ဤ ဥပသမလည်း အရိယာ သာဝကအားသာ ပြည့်စုံသည်၊ ဥပသမ အလေးပြုသော ပုထုဇဉ်လည်း နှလုံးသွင်းရသည်၊ ပြောသံကြား သုတစွမ်းဖြင့်ပင် ဥပသမ၌ စိတ်ကြည်လင်၏။

၁။ ဥပသမနိဗ္ဗာနသည် တဏှာငတ်သေရာ ဒုက္ခမရှိရာ ဖြစ်၏၊ အကြောင်း ဝဋ်ပြတ်ရာ အကျိုးဝဋ်မဖြစ်ရာ ဖြစ်၏၊ အချုပ်အဖွဲ့မှ လွတ်ရာ ဖြစ်၏၊ ဒုက္ခဟူသရွေ့ မျိုးစေ့မျှမကြွင်း မဖြစ်ခြင်းဖြင့်ချုပ်ရာ ဥပသမာဓာတ် နိဗ္ဗာန်မြတ်သည် ချမ်းသာကြီး ချမ်းသာလေစွတကား။

၂။ ခန္ဓာငါးပါးသည် သေခြင်းနှင့် မခွဲနိုင် မခွါရက် အမြဲတွဲလျက် အဆက်ဆက်မတုံး တသံသရာလုံး ဖြစ်၏၊ နိဗ္ဗာန်ကျမှ အဆက်တုံးသည်၊ သေခြင်းတွဲခန္ဓာ အဆက် တုံးရာ နိဗ္ဗာန်သည် အံ့ဩဘွယ် ချမ်းသာလေစွတကား။

၃။ ဤနိဗ္ဗာန်သာလျှင် အို နာ လွတ်ငြိမ်း ပျက်ကိန်း မရှိ၊ ဇာတိ၏ ကမ်းတဘက်, ဉာဏ်ထက်သူအာရုံ ဉာဏ်မှုန်သူမကြံတတ် သူမြတ်တို့ ပျော်စံရာ, သမ္ဘာရှင်တို့ ခိုလှုံရာ, ကိလေသာညစ်ကင်း တဆယ့်တမီး ကွင်းခြင်းကြီး ကွင်းခဲ့၏၊ ငြိမ်းခြင်းကြီး ငြိမ်းလေစွတကား။

ဤသို့ ပန်ဖန်အောက်မေ့လျှင် ဥပစာရဈာန်ရ၏၊ ဥပသမာနုဿတိဈာန် မည်၏၊

အာနိသင်ကား -

၁။ ချမ်းသာစွာအိပ်ရ၏

၂။ ချမ်းသာစွာနိုး၏

၃။ ငြိမ်သက်သော ဣန္ဒြေရှိ၏

၄။ ငြိမ်သက်သော စိတ်ရှိ၏

၅။ ဟိရီဩတ္တပ္ပပြည့်စုံ၏

၆။ ကြည်ညိုဘွယ်ရှိ၏

၇။ မြတ်သောနိဗ္ဗာန်သို့ ညွတ်သောစိတ်ရှိ၏

၈။ သီတင်းသုံးဘော်တို့ အလေးပြုအပ် မြတ်နိုးအပ်၏

၉။ မဂ်ဖိုလ်မရလျှင် သုဂတိလား၏

ထို့ကြောင့် အာနိသင်များလှသော ဥပသမာနုဿတိကို မတွန့်မဆုတ် အားထုတ်ရာ၏။

အနုဿတိဆယ်ပါး ပြီး၏။

ဗြဟ္မဝိဟာရ ၄-ပါး

မေတ္တာ

၁။ ဗြဟ္မဝိဟာရလေးပါးတို့တွင် မေတ္တာပွားလိုသောသူသည် ဆိတ်ငြိမ်ရာကပ်၍ ဒေါသ၏အပြစ်, ခန္တီ၏အာနိသင် ရှေးဦးစွာ ဆင်ခြင်ရသည်။

၁။ ဒေါသသည် ကျိုးကြောင်း မကြည့်၊ ဆိုးကောင်း မသိ၊ မှောင်အတိကျ၏၊ နောင် ဖန်ဖန် ရှက်စရာကို ပြောဝံ့အောင်၊ ပြုဝံ့အောင်၊ ယုတ်မာသူနှင့် ယုတ်မာချင်း ပြိုင်ဝံ့အောင် စေခိုင်း၏၊ အကျိုး ဖယ်၍ အပြစ်ကိုယူ၏၊ ကျက်သရေမင်္ဂလာ မရှိ။

၂။ ခန္တီသည် ကျိုးကြောင်းကြည့်၏၊ ဆိုးကောင်းသိ၏၊ မှောင်အတိ မကျ၊ ရှက်စရာကို မပြောမိ မပြုမိအောင် စောင့်၏၊ ယုတ်မာချင်း မပြိုင်ခိုင်း၊ နောင်ဖန်ဖန် ဝမ်းမြောက် စရာကိုသာ ပြောခိုင်း ပြုခိုင်း၏၊ အပြစ်ကိုဖယ်၍ အကျိုးကိုယူ၏၊ သမ္မာပဋိပတ် အကြောင်းရင်း၌ တည်စေ၏၊ ကျက်သရေမင်္ဂလာ ရှိ၏။

ဤသို့ ဆင်ခြင်ပြီးလျှင် --

အပ္ပိယ-အကျိုးမဆောင်၍ မချစ်အပ်သူ၊

အတိပ္ပိယ-အလွန်ချစ်အပ်သော သားမယား၊

မဇ္ဈတ္တ-လျစ်လျူရှုအပ်သူ၊

ဝေရီ-အကျိုးမဲ့ ပြုသော ရန်သူ၊

ဤလေးယောက် ရှေးဦးစွာ မပွားရ၊

လိင်္ဂဝိသဘာဂ-လိင်မတူသူ၊ ဤသူတယောက် သီးခြားမပွားရ၊

ကာလင်္ကတ-သေသူ၊ ဤသူကား မေတ္တာအာရုံမဟုတ်၊

အပြစ်မကင်းသူ ခြောက်ယောက်။

မိမိကိုယ်၌ မေတ္တာပွားလျှင် အပ္ပနာဈာန်မရ၊ မရသော်လည်း သက်သေပြုခြင်းငှါ ရှေးဦးစွာ ပွားရသည်၊ ကိုယ်ချင်းစာနိုင်သည်။

၁။ ငါသည် ရန်ကင်းလို၏၊ ရန်ကင်းပါစေ။

၂။ စိုးရိမ်ခြင်းကင်းလို၏၊ စိုးရိမ်ခြင်းကင်းပါစေ။

၃။ ဆင်းရဲခြင်းကင်းလို၏၊ ဆင်းရဲခြင်းကင်းပါစေ။

၄။ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်လို၏

ချမ်းသာအောင် ရွက်ဆောင် နိုင်ပါစေ

ဤသို့ပွားပြီးလျှင် ပိယ-ကြည်ညိုဘွယ် ဂုဏ်ထူးရှိသောဆရာ၊ ဆရာအရွယ် ပုဂ္ဂိုလ်မြတ်ကို သီလစသော ဂုဏ်ကို ဆင်ခြင်၍ ဖန်ဖန်ပွားရသည်။

၁။ ငါတို့အား အကျိုးများစေသော ဤမထေရ်သည် ဆရာဖြစ်၏၊ ဆရာအရွယ် ဖြစ်၏၊

သီလစသော ဂုဏ်ကျေးဇူး အထူးရှိ၏၊ ရန်ကင်းပါစေ

၂။ စိုးရိမ်ခြင်း ကင်းပါစေ

၃။ ဆင်းရဲခြင်း ကင်းပါစေ

၄။ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ

ဤသို့ ဖန်ဖန်ပွားလျှင် ဤပုဂ္ဂိုလ် တပါးတည်း၌ပင် စတုတ္ထဈာန်အထိ ရ၏။

သီမသမ္ဘေဒ

သီမသမ္ဘေဒ-ဖြစ်အောင် ပြုလိုသေးမူကား --

ရှေးဦးစွာ ပိယပုဂ္ဂိုလ်၌ မေတ္တာလိုတိုင်း ရအောင်ပွားရသည်၊

ထိုနောက် မဇ္ဈတ္တပုဂ္ဂိုလ်၌၊

ထိုနောက် ဝေရီပုဂ္ဂိုလ်၌ မေတ္တာလိုတိုင်းရအောင် ပွားရသည်။

၁။ ချစ်ခင်အပ်သော ပိယပုဂ္ဂိုလ် တို့သည် -

ရန်ကင်းကြပါစေ

စိုးရိမ်ခြင်း ကင်းကြပါစေ

ဆင်းရဲခြင်း ကင်းကြပါစေ

မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ

၂။ မချစ်လွန်း မမုန်းလွန်း အလယ် အလတ်ဖြစ်သော မဇ္ဈတ္တ ပုဂ္ဂိုလ်တို့သည် -

ရန်ကင်းကြပါစေ

စိုးရိမ်ခြင်း ကင်းကြပါစေ

ဆင်းရဲခြင်း ကင်းကြပါစေ

မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ

၃။ ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်တို့သည် -

ရန်ကင်းကြပါစေ

စိုးရိမ်ခြင်း ကင်းကြပါစေ

ဆင်းရဲခြင်း ကင်းကြပါစေ

မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ

အတ္တ-မိမိကိုယ်ကို၊ ပိယ-ချစ်သူ၊ မဇ္ဈတ္တ-လျစ်လျူရှုသူ၊ ဝေရီ-ရန်သူ၊ ဤ လေးယောက်၌ မေတ္တာစိတ်ညီလျှင် သီမသမ္ဘေဒ ဖြစ်သည်မည်၏၊

သီမ- ငါ့ကိုယ် သူ့ကိုယ်ဟု ပိုင်းခြားခြင်း + သမ္ဘေဒ- ပျက်ခြင်း၊ အပိုင်းအားခြား ပျက်၍ တညီတည်းဖြစ်ပြီ-ဟူလို၊

စမ်းသပ်ရန်နည်းကား -- ဤလေးယောက် အတူနေကြစဉ် ခိုးသူတို့လာ၍ .... ဤလေးယောက်တို့တွင် တယောက်ကို ပေးပါ၊ သတ်၍ ယဇ်နတ်ပူဇော်လိုသည်-ဟု တောင်းအံ့၊ ငါ့ကိုယူစေ၊ သူ့ကို ယူစေ-ဟု စိတ်ဖြစ်လျှင် အပိုင်းအခြား မပျက်သေး၊ မေတ္တာ မညီသေး၊ ပေးစရာ မမြင်မှ မေတ္တာညီသည်။ သီမသမ္ဘေဒ ဖြစ်သည်၊ မေတ္တာလိုတိုင်း ရသူမည်၏၊ သမထနိမိတ်ထင်သည်၊ ဥပစာရဈာန် ရသည်လည်း မည်၏၊ ထိုနိမိတ်၌ ဖန်ဖန်ပွားလျှင် စတုတ္ထဈာန်အထိ ရ၏။

ရန်ငြိုးဖျောက်နည်း- ၁၁

သီမသမ္ဘေဒ ပြုသောအခါ ဝေရီပုဂ္ဂိုလ် အပေါ်တွင် ရန်ငြိုးကြီးလှ မေတ္တာပွားမရ ဖြစ်ခဲ့အံ့၊ သမာပတ်ဝင်စားခြင်း စသော နည်း ၁၁-ပါးဖြင့် ဖျောက်ရသည်။

*ဝင် လွှ ကြံ သနား၊ ဟောကြား ကံ ဇာ၊

မတဂ္ဂါ နိသင်၊ ဓာတ်ယှဉ်ပေးတောင်း၊

ရန်ငြိုးပေါင်း၊ ပျောက်ကြောင်း တဆဲ့တစ်။

ဝင်

ဝင်-ဟူသည်ကား မေတ္တာဈာန် ဖြစ်နေကျ ပုဂ္ဂိုလ်၌ မေတ္တာဈာန် ဝင်စားရသည်၊ တိုဈာန်မှ ထသောအခါ ရန်သူအပေါ်၌သော်လည်း မေတ္တာလွယ်ကူ၏။

လွှ

ဤနည်းဖြင့် မလွယ်ကူလျှင် လွှပမာသုတ္တန်တို့ကို ဆင်ခြင်ရသည်၊

၁-”ခိုးသူတို့လာ၍ လွှဖြင့် အင်္ဂါကြီးငယ်ဖြတ်စေကာမူ ဒေါသဖြင့် စိတ်ပြစ်မှားမိလျှင် ငါဘုရားစကား နားထောင်သူမဟုတ်”ဟူ၍ ဟောသည် မဟုတ်လော၊

၂-လူယုတ်မာကို စိတ်ဆိုးလျှင် သူ့ထက်ကဲ၍ ယုတ်မာ၏၊

၃-စိတ်မဆိုးလျှင် တရာလျှင်တယောက် မနိုင်သော စစ်ပွဲကိုနိုင်၏၊

၄-တဘက်သား စိတ်ဆိုးမှန်းသိလျှင် မိမိကငြိမ်ငြိမ်နေအံ့၊ နှစ်ဦးအကျိုး ကျင့်ရာကျ၏ -ဟူ၍ ဟောသည်မဟုတ်လော၊

ချစ်သားတို့ ... ရန်သူကြိုက် တရားခုနစ်ပါး ရှိ၏။

၁။ ငါ့ရန်သူ-အရုပ်ဆိုးပါစေ

၂။ ဒုက္ခတွေ့ပါစေ

၃။ ကိုယ်ကျိုးနည်းပါစေ

၄။ စည်းစိမ်ချို့ပါစေ

၅။ အခြံအရံနည်းပါစေ

၆။ မိတ်ဆွေကင်းပါစေ

၇။ သေလျှင် အပါယ်ကျပါစေ-ဟု တောင့်တ၏။

၅-ဒေါသထွက်သူထံ ဤခုနစ်ပါးလုံး ရောက်လာသည် ဟူ၍ ဟောသည် မဟုတ်လော။

*အရုပ်ဆိုးစေ၊ တွေ့စေဆင်းရဲ၊ ကိုယ်ကျိုးနဲ၍၊

ပျက်ကွဲစည်းစိမ်၊ ခြွေရံမှိန်လျက်၊ မိတ်ဆက်ပျက်လပ်၊

အပါယ်ဖြစ်၊ ခုနစ်ရန်သူကြိုက်။

၆-မစင်သင့်သော အိုးမဲတုံး, လူကောင်ဖုတ်သည့် ထင်းကုလားတုံး- အသုံးပြုစရာ နေရာမရှိ၊ ဒေါသထွက်သူ ထိုအတူဟူ၍ ဟောသည် မဟုတ်လော၊

(ဖွတ်ငယ်တို့ကို သတ်စား၍ အိပ်နေသော ရသေ့ပျက်ကို ဖွတ်မကြီးသည် ကိုက်ချင်စရာအရပ် မမြင်၊ တကိုယ်လုံး သူယုတ်မာ အတိသာ မြင်သည်။)

ငါ အမျက်မပြေလျှင် ဘုရားစကား နားမထောင်သူ သူ့ထက်ကဲ ယုတ်မာသူ, စစ်ပွဲရှုံးသူ ကျိုးကြောင်းမသိသူ ရန်သူကြိုက် တရားခုနစ်ပါး ရအောင်ပြုမိသူ၊ ထင်းကုလားတုံးနှင့် တူသူ ဖြစ်လတ္တံ့၊ ဤသို့ လွှသုတ္တန် စသည်ကို ဆင်ခြင်လျှင် ရန်ငြိုးပျောက်လွယ်၏။

ကြံ

ဤမျှဖြင့် အမျက်မပြေလျှင် ရန်သူ အပေါ်၌ ကြည်ညိုဘွယ် ဂုဏ်ကို ကြံစည်ရသည်၊ အဆိုးဖယ်၍ အကောင်းရှာရသည်၊ ဤသူသည် ကိုယ် အမူအရာ သိမ်မွေ့ ပါပေသည်၊ နှုတ်ပြော နားဝင် ချိုပါပေသည်၊ အဝတ်အစုံ ညီညွတ်ပါပေသည်၊ ဆွမ်းခံဝတ် ဘုရားဝတ် မှန်ပါပေသည်၊ သေခိယနှင့် အညီ စားသောက်ပုံ အတုခိုး လောက်ပါပေသည်၊ သာသနာစိတ် ထက်သန် ပါပေသည်- စသည်ဖြင့် ဟုတ်တိုင်း မှန်စွာ ကြံစည်လျှင် ရန်ငြိုးပျောက်နိုင်၏။

သနား

ကြည်ညိုဘွယ်ဂုဏ် ကင်းသူဖြစ်အံ့- သနားရသည်၊ ဤပုဂ္ဂိုလ်သည် ယခုအခါ လူ့ဘဝ ရလျက်ရှိသော်လည်း ရက်မကြာခင် ငရဲ၌ ဖြစ်ရရှာတော့မည်၊ ဤသို့ သနားလျှင် သနားခြင်းကိုခွဲ၍ ရန်ငြိုးပျောက်နိုင်၏။

ဟောကြား

ဝင် လွှ ကြံ သနား-လေးချက်ဖြင့် အမျက်မပြေလျှင် မိမိကိုယ်မိမိ ဩဝါဒစကားဖြင့် တရားဟောရသည်။

ဟောကြား ၁၀-မျိုး

၁။ ရန်သူသည် ကိုယ်၌သာ ဒုက္ခပေးသည်၊ စိတ်၌မပေးနိုင်၊ ငါသာ- ကိုယ့်စိတ် ကိုယ်ဖျက်သူ ဖြစ်သည်

၂။ ချစ်ခင်သော ဆွေမျိုးတို့ကိုစွန့်၍ ရဟန်းပြုနိုင်လျက် ဒေါသမစွန့်နိုင်လျှင် ဒေါသမက်သော ငါဖြစ်ရာ၏

၃။ ဒေါသသည် သီလ၏အမြစ်- သီလ၏အမျိုး ဟိရီဩတ္တပ္ပကို ဖျက်ချိုး၏၊ မျိုးပျက်ကို မွေးထားခြင်းဖြင့် ငါအားမသင့်

၄။ ယုတ်မာသောရန်သူကို အမျက်ထွက်လျှင် ယုတ်မာပြိုင်သော ငါ မဖြစ်ပြီလော

၅။ ငါစိတ်ဆိုးအောင် ရန်သူကပြုသည်၊ ငါစိတ်ဆိုးလိုက်လျှင် ရန်သူမှာ အလို ပြည့်မည် စင်စစ်တည်း

၆။ ငါ၏ဒေါသသည် ရန်သူအား ဒုက္ခပေးချင်မှပေးမည်၊ ငါ၏စိတ် ပင်ပန်းခြင်းကား ဧကန္တတည်း

၇။ ရန်သူသည် ဒေါသဖြင့် အပါယ်ခရီးလမ်းမှားနေပြီ၊ အရှည်မြင်သူ လမ်းမှားမလိုက်၊ အမြင်တိုသူ- တကောက်ကောက် လိုက်၏

၈။ ရန်သူသည် ငါ့ကိုယ်၌ရှိသော အပြစ်ကို အားကိုး အားထားပြု၍ စိတ်ဆိုး၏၊ ထိုအပြစ်က စိတ်ဆိုးခိုင်း၍ စိတ်ဆိုးရသူဖြစ်၏၊ အပြစ်၏ ခိုင်းစေရာ နာခံရသူဖြစ်၏၊ ထိုအပြစ်ကို ငါပယ်လိုက်လျှင် ရန်သူ ကျွန်မျိုး အားကိုး ပြုတ်လတ္တံ့၊ ကျွန်အစေခံ၌ ဘက်ပြိုင်ဘွယ် ကြံစည်ဘွယ် မရှိပြီ

၉။ ငါ့အား စော်ကားသော ရုပ်, နာမ် ခန္ဓာတို့သည် လွန်ကုန်ပြီ၊ ချုပ်ကုန်ပြီ၊ ယခုရှိဆဲ ရုပ်, နာမ် ခန္ဓာ တို့ကို ငါအာရုံပြုလျှင် ဆန်ခိုးမမိ-ဖွဲခိုးပိ၊ ခုတ်ရာတပါး ရှရာတခြား မသင့်လွန်းလေစွတကား

၁၀။ မီးခတ်နှင့်ကျောက်-နှစ်ခုပေါင်းမှ မီးတောက်သည်၊ မီးခတ်သက်သက်ကြောင့် မတောက်၊ ကျောက်၌လည်း သတ္တိထူး ရှိပေသည်၊ ထို ဥပမာအတိုင်း ရန်သူ အပေါ်၌သာ ငါအပြစ်ရှုခြင်းသည် သမာသမတ်လော၊ တဘက်သပ် မဖြစ်ပြီလော

*ကိုယ့်စိတ်ကိုယ်ဖျက်၊ ဒေါသမက်၍၊ မျိုးပျက်မွေးကာ၊

ပြိုင်ယုတ်မာနှင့်၊ သူမှာလိုပြည့်၊ မိမိကားပန်း၊

အမှားလမ်းလိုက်၊ ကျွန်၌ကြံရဲ၊ ခုတ်တလွဲပြတ်၊

တဘက်သပ်ငြိုး၊ ပြစ်ဆယ်မျိုး၊ ပွားတိုးငါ၌သာ။

ဤသို့ မိမိကိုယ်မိမိ ဩဝါဒတရား ဟောကြားလျှင် ရန်ငြိုးပျောက်နိုင်၏။

ကံ

ဤမျှဖြင့် မပျောက်လျှင် ကမ္မ+ဿက-ဖြစ်အင် ဆင်ခြင်ရသည်၊ သတ္တဝါဟူသမျှ သူ့ကံအတိုင်း သူဖြစ်သည်၊ ငါ့အကြံအတိုင်းမဖြစ်၊ ငါ စိတ်ဆိုးလျှင် ငါ့အကုသိုလ်ကံ-ငါ့အားသာ ကောင်းကျိုးမပေး၊ မကောင်းကျိုး ပေးလတ္တံ့၊ သူတပါးကို မီးခဲဖြင့်ကိုင်၍ ပစ်သူ, မစင်ဖြင့်ကိုင်၍ပစ်သူ- ဤသူတို့နှင့်တူလတ္တံ့၊ သူ့ကံကိုလည်း ငါမတတ်နိုင်၊ ငါ့ကံကိုလည်း သူမတတ်နိုင်၊ ငါအား သင်း-အမျက်ထွက်လျှင် သင်းမှာသာ အကျိုးမဲ့ ဖြစ်လတ္တံ့ ၊ လေညာသို့ပစ်သော မြူ-ပစ်သူထံသာ ရောက်သည် မဟုတ်လော။ ဤသို့ ဆင်ခြင်လျှင် ရန်ငြိုးပျောက်၏။

ဇာ

ဤမျှဖြင့် မပျောက်လျှင် ဇာတကတို့ကို ဆင်ခြင်ရသည်၊ ငါတို့ဆရာ ဘုရားမြတ်စွာ သည် ပါရမီဖြည့်စဉ် ရန်သူအပေါ်၌ လွန်စွာ သည်းခံတော်မူခဲ့ပြီ။

သီလဝမင်းကြီး ဇာတ်တော်၌ အမတ်ယုတ်မာသည် မိဖုယားကို ပြစ်မှား၏၊ မင်းကြီး၏ တိုင်းပြည်စည်းစိမ်ကို မင်းတပါးလက်သို့ ရောက်အောင်ပြု၏၊ မင်းကြီးသည် အမတ် တထောင်နှင့်တကွ သုသာန်၌ လည်ပင်းအထိ အရှင်လတ်လတ် အမြှုပ်ခံရသည် တိုင်အောင် အမျက်မထွက်၊ တောခွေးတို့ မြေယက်၍ဖော်ခြင်း, ဘီလူးတို့ ပြန်ပို့ခြင်း ဖြင့် စည်းစိမ် ပြန်ရ၏၊ ရန်သူမင်းလည်း မိတ်ဆွေမင်းအရာ၌ တည်၏။

ခန္တီဝါဒီရသေ့ ဇာတ်တော်၌ ကလာဗုမင်းသည် ဆူးရှိသောကြိမ်ဖြင့် ရိုက်ခြင်း, နား, နှာ, လက်, ခြေဖြတ်ခြင်း စသည် ပြုသော်လည်း ဟဒယဝတ္ထု၌တည်သော ခန္တီကို မထိခိုက်အောင် အမျက်ထိန်း၏၊ နှလုံးရည်စွမ်းလှ၏။

စူဠဓမ္မဇာတ်တော်၌ ပက်လက်အရွယ် မင်းသားငယ်ကို ခမည်းတော် မဟာပတာပ မင်းသည် ခြေလက်လေးဘက် မျှစ်ကဲ့သို့ ခုတ်ဖြတ်၍ အာဏာသားတို့ကို ဦးခေါင်း ဖြတ်ခိုင်း၏၊ ဦးခေါင်းဖြတ်သူ အာဏာသား, စေခိုင်းသူ-ခမည်းတော်, ငိုကြွေးသူ-မယ်တော်, ဒုက္ခသည် မိမိ ဤလေးယောက်၌ စိတ်ညီမျှအောင် ခိုင်မြဲစွာ ဆောက်တည်သည်၊ ဒေါသ အခြင်းအရာ မပြု။

ဆဒ္ဒန်ဆင်မင်း ဇာတ်တော်၌ မြှားဖြင့် ချက်မှပစ်ဖောက်သော မုဆိုးကြီးကို သော်လည်း အမျက်မယူ အစွယ်ဖြတ်လှူသေးသည်။

မဟာကပိဇာတ်တော်၌ ချောက်မှလူကို ကယ်ဆယ်၍ ပင်းပန်းစွာ အိပ်နေခိုက် ကျောက်ခဲဖြင့် ထိုသူထုသော်လည်း အမျက်မဖို့ ဘေးကင်းရာ အရောက် ပို့သေး၏။

ဘူရိဒတ်နဂါးမင်း, စမ္ပေယျနဂါးမင်း, သင်္ခပါလနဂါးမင်း, မာတုပေါသထ ဆင်မင်း ဇာတ်တော်တို့၌လည်း အမျက်မထား အများရှိသေး၏။

ဤသို့ သည်းခံ၍ ဘုရားဖြစ်သော ဘုရားရှင်ကို ငါ့ဆရာဟု ညွှန်းသော ငါအား ဒေါသ လက်ခံထားခြင်းငှါ အဘယ်မှာ သင့်နိုင်အံ့နည်း- ဟု ဆင်ခြင်ရသည်။

မတဂ္ဂါ

ဝင် လွှ ကြံ သနား ဟောကြား ကံ ဇာ - ဤ ၇-မျိုး ဆင်ခြင်ပါလျက် ကိလေသာ ကျွန်သက် ရင့်လှပြီဖြစ်၍ အမျက်မပြေ ရှိခဲ့ခြေအံ့၊ အနမတဂ္ဂိယ သုတ်တို့ကို ဆင်ခြင်ရသည်။

သံသရာ၌ အမိ အဘ စသည် မတော်စပ်ဘူးသူ မရှိ၊ ဤသူသည် ငါ၏ မိခင်ဖြစ်စဉ်က ဆယ်လလွယ်ပြီး ညစ်ကြေးမရွံမရှာ ချီပိုးကာ ငါ့ကိုမွေးခဲ့ပြီ၊ ဘခင်ဖြစ်စဉ်က ဒုက္ခ သုခ မရေမတွက် အသက်စွန့်ကာ ပစ္စည်းရှာ၍ ငါ့ကို ကျွေးခဲ့ပြီ၊ ညီအစ်ကို မောင်နှမ ဖြစ်စဉ်ကလည်း ကျေးဇူးအထူး ပြုခဲ့ဘူးပြီ၊ ထို့ကြောင့် ကျေးဇူး အထူးရှိသူအား အမျက်မထားသင့်ပြီ-ဟု ဆင်ခြင်ရသည်။

အာနိသင် ၁၁

ဤသို့လည်း မငြိမ်းသေးလျှင် မေတ္တာအာနိသင် ၁၁-ပါး ဆင်ခြင်ရသည်။

၁။ မေတ္တာပွားသူသည် ချမ်းသာစွာ အိပ်ရ၏

၂။ ချမ်းသာစွာနိုး၏

၃။ မကောင်းသော အိပ်မက်မမြင်

၄။ လူချစ်၏

၅။ နတ်ချစ်၏

၆။ နတ်တို့ အစောင့်အရှောက်ရ၏

၇။ မီးအဆိပ်, လက်နက်မနှိပ်စက်

၈။ စိတ်သမာဓိ တည်ကြည်လွယ်၏

၉။ မျက်နှာကြည်လင်၏

၁၀။ မတွေမဝေ အသေလှပစွာ ချမ်းသာ၏

၁၁။ မဂ်ဖိုလ် မရလျှင် ဗြဟ္မာဖြစ်၏

ဒေါသမဖျောက်နိုင်သူအား ဤအာနိသင် ၁၁-ပါးမှ အပဖြစ်လတ္တံ့ဟု ဆင်ခြင်ရသည်။

*အိပ် နိုး မက် ချစ်၊ ချစ် စောင့် မီး တည်၊

ကြည် သေ ဗြဟ္မာ၊ ဆဲ့တစ်ဖြာ၊ မေတ္တာအာနိသင်။

ဓာတ်ယှဉ်

ဝင် လွှ ကြံ သနား ဟောကြား ကံ ဇာ မတဂ္ဂါ နိသင် - ဤကိုးမျိုးဖြင့် မငြိမ်းလျှင် ဓာတ်ခွဲရသည်

ဤသူ၌ အဘယ်ကို စိတ်ဆိုးမည်နည်း၊

ဆံပင်ကိုလော၊ မွေးညှင်းကိုလော၊ နှပ်, အစေး, ကျင်ငယ်ကိုလော၊

တနည်း-

ဆံပင်, မွေးညှင်းတို့၌ရှိသော ပထဝီကိုလော အာပေါကိုလော၊

တနည်း-

ရူပက္ခန္ဓာကိုလော၊ စက္ခာယတနကိုလော၊ စက္ခုဓာတ်ကိုလော...

ဤသို့ ဓာတ်ခွဲ၍ စိတ်ဆိုးစရာ ရှာလျှင် အပ်ဖျား၌ မုန်ညင်းစေ့ပမာ စိတ်ဆိုးစရာမရှိ ဖြစ်လေ၏။

ပေးတောင်း

ဓာတ်မခွဲတတ်သူ ဖြစ်လျှင် ပေးရသည်၊ တောင်းရသည်၊ မိမိ၏ ဓမ္မိယလဒ္ဓပစ္စည်းကို ထိုသူအား ပေးလှူရသည်၊ ထိုသူ၏ ဓမ္မိယလဒ္ဓပစ္စည်းကို တောင်းယူရသည်၊ ဤသို့ ပြုလျှင် မိမိ၏ဒေါသ ဧကန္တငြိမ်း၏၊ ထိုသူ၏ဒေါသလည်း ရှေးဘဝကပါလာစေကာမူ ခဏချင်း ငြိမ်း၏၊

စိတ္တလတောင်ပိဏ္ဍပါတိက တိဿမထေရ်သည် သုံးကြိမ်အနှင်ခံရ၏၊ နောက်ဆုံး အကြိပ်၌ အရှင်ဘုရား ဤသပိတ်သည် ရှစ်သပြာ ထိုက်ပါသည်၊ မိခင်ဒါယိကာမကြီး လှူပါသည်၊ ဓမ္မိယလဒ္ဓဖြစ်ပါသည်၊ ဒါယိကာမကြီး ကုသိုလ် ဖြစ်အောင် သုံးဆောင် တော်မူပါ-ဟု လှူလိုက်၏။ ထိုအခါမှစ၍ နှင်သော မထေရ် အမျက်ပြေသတတ်။

[ဒါနသည် ရိုင်းသူကိုပင် ယဉ်စေ၏၊ လိုတိုင်း အကျိုးပြီး၏၊ ကြီးငယ်မရွေး ညွတ်လာစေ၏၊ ချစ်ခင်စေ၏၊ ကြည်ညိုစေ၏။

ဤ ၁၁-နည်းဖြင့် ဒေါသဖျောက်၍ သိမသမ္ဘေဒ ဖြစ်စေ၍ ဈာန်ရပြီးသောအခါ အရပ်ဆယ်မျက်နှာကို တခုစီ ဩဓိအားဖြင့်၎င်း, အရပ်အားလုံး၌ သတ္တဝါအားလုံးကို အနောဓိ အားဖြင့်၎င်း ကိုယ်နှင့်ထပ်တူ ပြန့်ပွားနိုင်၏၊ မေတ္တာမြင်း လိုတိုင်းစိုင်းနိုင်၏။

၁။ သဗ္ဗေသတ္တာ၊ ပါဏာ၊ ဘူတာ၊ ပုဂ္ဂလာ၊ အတ္တဘာဝပရိယာပန္နာ - ဤကား မခွဲမခြား အနောဓိအားဖြင့် ပွားအပ်သူ ၅-ယောက်။

၂။ သဗ္ဗာဣတ္ထိယော၊ သဗ္ဗေ ပုရိသာ၊ အရိယာ၊ အနရိယာ၊ ဒေဝါ၊ မနုဿာ၊ ဝိနိပါတိကာ - ဤကား ခွဲခြား၍ ဩဓိအားဖြင့် ပွားအပ်သူ ၇-ယောက်။

ဤ ၁၂-ယောက်၌ အဝေရာဟောန္တု စသော န္တု-လေးခုဖြင့်ပွားလျှင် ပုဂ္ဂလ-ဖရဏာ မေတ္တာ ၄၈ ဖြစ်၏၊ အရပ်ဆယ်မျက်နှာ၌ ၄၈-စီဖြင့် ဒိသာဖရဏာမေတ္တာ ၄၈၀-ဖြစ်၏၊ ဖရဏာ နှစ်ရပ် ပေါင်းလျှင် ၅၂၈-သွယ် မေတ္တာဖြစ်၏။

အာနိသင် ၁၁-ပါး၌ --

၁။ အိပ်-ဟူသည်ကား လူးလှိမ့်ယောင်ယမ်း မြည်တမ်း မရှိ၊ သမာပတ်ဝင်စားသူပမာ ချမ်းသာစွာအိပ်ရ၏၊

၂။ နိုး-ညည်းညူပင်ပန်း မရှိ၊ ကြာပန်းပွင့်သကဲ့သို့ ရွှင်လန်းစွာနိုး၏၊

၃။ မက်-ကြောက်ဘွယ် အိပ်မက်ဆိုး မမက်၊ ဘုရားဖူးခြင်း, တရားနာခြင်း စသည်ဖြင့် ကောင်းသောအိပ်မက် မက်၏၊

၄။ ချစ်-ပုလဲသွယ်အလား လူအများချစ်၏၊

၅။ ချစ်-ဝိသာခမထေရ်အလား နတ်အများ ချစ်၏၊

၆။ စောင့်-နတ်အများ စောင့်ရှောက်၏၊

၇။ မီး-သိရိမာ လောင်းသော ထောပတ်ပူ-ဥတ္တရာ မပူ၊

သံယုတ္တ နိကာယ်ဆောင် စူဠသိဝမထရ် မြွေဆိပ်မတက်၊

သံကိစ္စသာမဏေ- လက်နက် မစူးဝင်၊

ထို့အတူ မီးအဆိပ်လက်နက် မသင့်နိုင်၊

၈။ တည်-သမာဓိတည်လွယ်၏၊

၉။ ကြည်-ထန်းသီးမှည့် ကြွေခါစကဲ့သို့ မျက်နှာကြည်လင်၏၊

၁၀။ သေ-မတွေမဝေ အသေလှပစွာ ချမ်းသာ၏၊

၁၁။ ဗြဟ္မာ-၎င်းဟန္တာမဖြစ်လျှင် ဗြဟ္မာဖြစ်၏။

ပါဋလိပုတ်ပြည်သား ကုန်သည် ဝိသာခသည် ရဟန်းပြုလို၍ သီဟိုဠ်သို့ သွား၏၊ လမ်းတွင် ကုန်သွယ်၍ တလအတွင်း ငွေတထောင်ရ၏၊ ရဟန်း ပြုရာသို့ လာသူတို့အား အချည်းနှီး မပြန်ရစေဟု ထိုငွေတထောင်ကို စွန့်ကြဲ၏၊ ရဟန်းငါးဝါ ဒွေမာတိကာ လေ့လာပြီးလျှင် တနေရာ၌ လေးလထက် လွန်၍မနေ၊ လှည့်လည်စဉ် ငါ့အား ချွတ်ယွင်းမှု မရှိစဘူး၊ အရတော်လေစွ-ဟု ဥဒါန်းကျူး၏၊ တောအုပ်၌ လမ်းနှစ်ခုတွင် နတ်တို့ခရီးညွှန်၍ စိတ္တလတောင်သို့ ရောက်၏၊ လေးလပတ်လုံးနေ၍ သွားအံ့သောအခါ သပြေပင်စောင့်နတ် ငို၍တောင်းပန်၏၊ အရှင်မြတ်ရောက်လာမှ နတ်များအချင်းချင်း မေတ္တာရကြပါသည်၊ ကြွသွားလျှင် ရှေးအတိုင်း ခိုက်ရန် များကြ ပါလိမ့်မည်-ဟု တောင်းပန်သဖြင့် လေးလနေရပြန်၏၊ နောက်လေးလ၌လည်း ထို အတူ နေရပြန်၏၊ ဤနည်းဖြင့် စိတ္တလတောင်၌ပင် ပရိနိဗ္ဗာန်စံရလေသည်။

နွားမတကောင်သည် သားငယ်ကို နို့တိုက်ကာ နေ၏၊ မုဆိုးလှံဖြင့် ထိုးလိုက်ရာ နွားမကိုယ်၌ထိ၍ ထန်းရွက်အလား ပျော့ခွေလျက် ကျသွား၏၊ လှံမစူးနိုင်သော ဤနွားမ၏ မေတ္တာသည် သား၌ ချစ်စိတ်ထက်သန်ခြင်းမျှသာ၊ ဥပစာရ, အပ္ပနာ မဟုတ်သေး။

ကရုဏာ

၂။ ကရုဏာ ပွားလိုသောသူသည် ဝိဟိံသာအပြစ် ကရုဏာ အာနိသင် ရှေးဦးစွာ ဆင်ခြင်ရသည်။

၁။ ညှဉ်းဆဲခြင်း ဝိဟိံသာကား လာဘ်ယုတ်, သတင်းဆိုး အမျိုးယုတ်, အဆင်းပျက်, အသက်တို အနာများ,ပရိသတ်မရဲ အပါယ်သွား အပြစ်များလှ၏။

၂။ သနားခြင်းကရုဏာကား ကောင်းကျိုး များလှ၏။

ဤသို့ဆင်ခြင်ပြီးလျှင် အလွန်ဆင်းရဲသော ဒုက္ခိတကိုအာရုံပြု၍ -

၁။ ဤသူသည် ဆင်းရဲလေစွ၊ ဆင်းရဲမှလွတ်မူ ကောင်းလေစွ၊

ဆင်းရဲမှလွတ်ပါစေဆင်းရဲမှလွတ်ပါစေ

ဤသို့ဖန်ဖန်ပွားရသည်၊ လိင်မတူသူ, သေသူတို့အား မပွားရ။

ဒုက္ခိတ မတွေ့လျှင် ဒုစရိုက်များသော လူချမ်းသာကို အာရုံပြု၍ -

၁။ ဤသူသည် ဒုက္ခရောက်ရှာတော့မည်

၂။ သုသာန်သို့ဆောင်သော ရာဇဝတ်ကောင်အား သနားသူတို့ ပေး၍ အဝတ်အစား များသော်လည်း များကျိုးမနပ်

၃။ တလှမ်းထက် တလှမ်း သေဘက် နီးသကဲ့သို့ လူချမ်းသာ ဖြစ်ကျိုးမနပ်

၄။ တလှမ်းထက်တလှမ်း ငရဲဘက်နီးချေပြီ

၅။ ဒုက္ခရောက်ရှာတော့မည်

၆။ ဆင်းရဲမှလွတ်မူ ကောင်းလေစွဆင်းရဲမှ လွတ်ပါစေ-

ဟု ပွားရသည်၊ ထိုနောက် ပိယ မဇ္ဈတ္တ ဝေရီ တို့ကို အစဉ်အတိုင်း ပွားရသည်၊ သုစရိုက် များသူအားလည်း ဉာတိဗျသန-စသည်ဖြင့် ဒုက္ခဖြစ်သည်ကို မြင်ရ ကြားရလျှင် ကရုဏာပွားရသည်၊ သံသရာဝဋ် မလွတ်သေးသူ အားလုံးတို့လည်း ဒုက္ခိတချည်းသာဖြစ်၍ ကရုဏာ ပွားရသည်သာတည်း။

ထိုနောင် အတ္တ ပိယ မဇ္ဈ ဝေရီ-လေးယောက်၌ သီမသမ္ဘေဒပြု၍ စတုတ္ထဈာန်အထိ ပွားရသည်။

အာနောဓိ-ငါး၊ ဩဓိ-ခုနစ်၊ ပုဂ္ဂိုလ် ၁၂-ယောက်၌ ဒုက္ခာမုစ္စန္တု-ကရုဏာတခုစီဖြင့် ပုဂ္ဂလဖရဏာ ၁၂၊ ဒိသာဖရဏာ ၁၂၀၊ ကရုဏာ ၁၃၂-သွယ်ဖြစ်၏၊ အာနိသင် ၁၁-ပါးဖြစ်၏။

မုဒိတာ

၃။ မုဒိတာ ပွားလိုသောသူသည် ပြုံးပြုံး ရွှင်ရွှင် ပြောဆိုတတ်သော အလွန် ဝမ်းမြောက်လေ့ရှိသော အတိပ္ပိယ ပုဂ္ဂိုလ်ကို၎င်း, သုခိတပိယပုဂ္ဂိုလ်ကို၎င်း-

၁။ ဤသူသည် ဝမ်းမြောက် ဝမ်းသာ ချမ်းသာစွာ နေရ၏ကောင်းလေစွ

၂။ ရအပ်သော စည်းစိမ်မှ မဆုတ်ပါစေလင့်-

ဟု ဖန်ဖန်ပွားရသည်၊ လိင်မတူသူသေသူတို့အား မပွားရ။

ယခု ဆင်းရဲသူအားလည်း ချမ်းသာခဲ့ဘူးသည်ကို၎င်း, ချမ်းသာလတ္တံ့ကို၎င်း ဆင်ခြင်၍ ပွားရသည်၊ ထိုနောင် မဇ္ဈ ဝေရီ အတ္တ - ပွား၍ သီမသမ္ဘေဒပြု၍ စတုတ္ထဈာန်အထိ ပွားရသည်၊ ယထာလဒ္ဓသမ္ပတ္တိတော မာဝိ ဂစ္ဆန္တု-မုဒိတာ တခုစီဖြင့် ဖရဏာပြုလျှင် မုဒိတာ ၁၃၂-သွယ် ဖြစ်၏၊ အာနိသင် ၁၁-ပါး ဖြစ်၏။

ဥပေက္ခာ

၄။ ဥပေက္ခာ ပွားလိုသောသူသည် မေတ္တာ, ကရုဏာ, မုဒိတာ- ဈာန် တပါးပါး ဖန်ဖန် ဝင်စားပြီးသောအခါ-

၁။ ဤမေတ္တာ စသော သုံးပါးသည် သောမနဿရှိ၍ ရုန့်ရင်း၏၊ သတ္တဝါကို မြတ်နိုး၏၊ မုန်းခြင်း, ချစ်ခြင်းနှင့် နီး၏။

၂။ ဥပေက္ခာကား- ငြိမ်သက်၏ကိလေသာမှ ဝေး၏

ဤသို့ အပြစ်, အကျိုးရှု၍ ရှေးဦးစွာ မဇ္ဈတ္တပုဂ္ဂိုလ်၌ ပွားရသည်။

၁။ ဤသူသည် မိမိကံဖြင့် ရှေးဘဝမှလာ၏မိမိကံဖြင့် နောက်ဘဝသို့ သွား၏၊ ငါလည်း ထို့အတူ ဖြစ်၏။

၂။ အဝေရာဟောန္တု - စသော ငါ၏ တောင့်တခြင်းဖြင့် ချမ်းသာ ဆင်းရဲ ထူးသည် မဟုတ်၊ ကံသာလျှင် မိမိဥစ္စာရှိချေ၏

ဤသို့ ဖန်ဖန်ပွားရသည်၊ ထိုနောက် ပိယ, အတိပ္ပိယ ဝေရီ, အတ္တ - ပွား၍ သိမသမ္ဘေဒပြု၍ပွားလျှင် ပဉ္စမဈာန်ရ၏၊ ကမ္မဿကာ-ဟု ဥပေက္ခာတခုစီဖြင့် ဥပေက္ခာ ၁၃၂-သွယ် ဖြစ်၏၊ အာနိသင် ၁၁-ပါး ဖြစ်၏။

ပကိဏ်း

မေတ္တာစသော လေးပါး၏ ဝေးသောရန်သူကား - ဗျာပါဒ ပျက်စီးကြောင်းကြံခြင်း၊ ဝိဟိံသာ-ညှဉ်းဆဲခြင်း၊ အရတိ-ကုသိုလ်မမွေ့ခြင်း၊ ပဋိဃာနုနယ- မုန်းခြင်း, ချစ်ခြင်း၊ ဤလေးမျိုး ငြိမ်းလျှင် သမ္ပတ္တိ ပြည့်စုံ၏၊ နီးသောရန်သူကား သိနေဟ-ချစ်ခြင်း၊ သောက-စိုးရိမ်ခြင်း၊ ပဟာသ-ပျော်ရွှင်ခြင်း၊ အညာဏုပေက္ခာ- ဉာဏ်ကင်းသော လျစ်လျူရှုခြင်း၊ ဤ လေးမျိုးဖြစ်လျှင် ဝိပတ္တိ-ပျက်စီး၏။

ဒေါသမှ လွန်၍ တဏှာမဖြစ်ခင်သာ မေတ္တာ၊

နှိပ်စက်ခြင်းမှ လွန်၍ သောက မဖြစ်ခင်သာ ကရုဏာ၊

ပျင်းရိခြင်း, ငြူစူခြင်းမှလွန်၍ ပျော်ရွှင်ခြင်း မဖြစ်ခင်သာ မုဒိတာ၊

ချစ်ခြင်း, မုန်းခြင်းမှလွန်၍ တွေဝေခြင်း မဖြစ်ခင်သာ ဥပေက္ခာ။

ဤလေးပါး၌ -- ပွားလိုသော ဆန္ဒသည် အစ၊ နီဝရဏ ခွါခြင်းသည် အလယ်၊ အပ္ပနာဈာန်သည် အဆုံး၊ သတ္တဝါပညပ်သည် အာရုံ၊ သိမသမ္ဘေဒ ဖြစ်ရာ ဥပစာ, အပ္ပနာ နှစ်ပါးသည် အာရုံချဲ့ရာဘုံ ဖြစ်၏၊ အာဝါသ တခု နှစ်ခုမှစ၍ စကြဝဠာ တိုင်အောင် ဉာဏ်ဖြင့်ပိုင်း၍ သတ္တဝါအစု တခုစီ ခွဲ၍ ချဲ့ရသည်။

ကသိုဏ်းဈာန် အကျိုးဆက် - အာရုပ္ပ

သမာဓိ အကျိုးဆက်-နေဝသညာ

ဝိပဿနာ အကျိုးဆက်-မဂ်ဖိုလ်

သမထ ဝိပဿနာ အကျိုးဆက် - နိရောဓ ဖြစ်သကဲ့သို့

မေတ္တာ, ကရုဏာ, မုဒိတာ အကျိုးဆက်-ဥပက္ခာ ဖြစ်၏။

ဤလေးပါးသည် မြတ်သော ဝိဟာရ, ဒေါသကင်းသော ဝိဟာရ ဖြစ်သောကြောင့် ဗြဟ္မဝိဟာရ မည်၏၊ သတ္တဝါတယောက်၌ပင် ပမာဏ မရှိ အာရုံပြုသောကြောင့် အပ္ပမညာ မည်၏၊ ဘုရားလောင်းတို့သည် အပ္ပမညာ လေးပါး၏ အာနုဘော်လေးပါး လက်ကိုင်ထား၍ ပါရမီဆယ်ပါး အပြား သုံးဆယ်ကို အလွယ်တကူ ဖြည့်ကျင့်တော် မူကုန်၏၊ ဤသို့လျှင် ပါရမီပြည့်ကြောင်း သိရှိသော သူတော်ကောင်းသည် အာနုဘော် ကြီးမားသော ဗြဟ္မစိုရ်လေးပါးကို မမေ့မလျော့ ပွားများရာ၏။

ဗြဟ္မဝိဟာရ ၄-ပါး ပြီး၏။

အာဟာရေ ပဋိကူလသညာ

အာဟာရသည် ကဗဠီကာရ, ဖဿ, စေတနာ, ဝိညာဏ-ဟု လေးမျိုးရှိ၏၊ ထိုတွင်-

ကဗဠီကာရ

၁။ စားသောက် မျိုသွင်း အပ်သော ကဗဠီကာရ အာဟာရသည် ဩဌမက- အာဟာရဇရုပ်ကို ဖြစ်အောင်ဆောင်၏၊ ဤအစာ၌ တဏှာ နိကန္တိဘေးရန် ရှိ၏၊ ထိုဘေးလွတ်အောင် သားငယ်၏ အသားပမာ ရှုရသည်၊ မြိန်စရာကောင်းသော အစာတည်း။

ဖဿ

၂။ ဖဿစေတသိက် ဟူသော ဖဿာဟာရသည် ဝေဒနာသုံးပါး ဖြစ်အောင် ဆောင်၏၊ ဤဖဿ၌ အာရုံသို့ချဉ်းကပ်ခြင်း ဥပဂမနဘေး ရှိ၏၊ ဝါ- ထိချင်တတ်၏၊ ထိုဘေးလွတ်အောင် သားရေမရှိသော နွားကိုယ်ပမာ ရှုရသည်၊ အာရုံချုံရှုပ်သို့ တိုးလျှင် ဝေဒနာရမည့် ဖဿတည်း၊

(ဝေဒနာကြောင့် တဏှာဆက်လျှင် ဝဋ်မြစ်မပြတ်။)

စေတနာ

၃။ စေတနာ စေတသိက် ဟူသော မနောသေဉ္စတနာဟာရသည် ဘုံသုံးပါး၌ ပဋိသန္ဓေဖြစ်အောင် ဆောင်၏၊ ဤစေတနာ၌ ထိုထိုဘဝ ဖြစ်ရအောင် ပစ်ချခြင်း ဥပပတ္တိဘေး ရှိ၏၊ ထိုဘေးလွတ်အောင် မီးကျီးတွင်းပမာ ရှုရသည်၊ သက်ဆင်းဝံ့စရာ မကောင်းသော စေတနာတည်း၊

(အဝိဇ္ဇာ တဏှာဝဋ်မြစ် ကင်းသူတို့ ဖြစ်ကြမှ မသက်ဆင်းဘဲ နေနိုင်ကုန်၏။)

ဝိညာဏ

၄။ စိတ်ဟူသော ဝိညာဏာဟာရသည် ပဋိသန္ဓေအခါ နာမ်ရုပ် ဖြစ်အောင် ဆောင်၏၊ ဤဝိညာဏ်၌ ပဋိသန္ဓေဘေးရှိ၏၊ ထိုဘေးလွတ်အောင် လှံမတံကျင်ပမာ ရှုရသည်၊ ဖန်ဖန်ကြောက်ဘွယ် ဝိညာဏ်တည်း။ (ပဋိသန္ဓေဝိညာဏ်ကို ချိန်ဆိုသည်။)

ဤလေးပါးတို့တွင် ကဗဠီကာရ အစာအာဟာရကိုသာ အာဟာရေ ပဋိကူလသညာ ပွားရသည်၊ အာဟာရ၌ + ရွံဘွယ်ခြင်းရာဖြင့် + ဖြစ်သော အမှတ်သည် အာဟာရေ + ပဋိကူလ + သညာ မည်၏၊ ထိုသညာကို ပွားလိုသော သူသည် ဆိတ်ငြိမ်ရာ ချဉ်းကပ်၍ သွားခြင်း, ရှာခြင်းစသော ခြင်းရာဆယ်ပါးဖြင့် ဆင်ခြင်ရသည်။

*သွား ရှာသုံး အာ၊ တည်ရာ မကျေ ကျေ၊

ကျိုး ယို ပေ၊ ဆယ်ထွေအစာ ရွံကြောင်းတည်း။

သွား

ရဟန်းဟူသည် ညဉ့်အခါ သရဇ္ဈာယ်ခြင်း, နှလုံးသွင်းခြင်းဖြင့် နံနက်အခါ ဘုရားဝတ်, တံမျက်ဝတ်-စသည်ဖြင့် ကိုယ်လက် သုတ်သင်ဆဲအခါ သုတ်သင်ပြီးသောအခါ သင့်ရာ လက်ကိုင်ဘာဝနာ အကြိမ် လေးဆယ်ဖြင့် ကုသိုလ်အကျင့် တောအုပ်ကြီး၌ ကိုယ်စိတ်မပန်း ငြိမ်းချမ်းစွာ နေထိုင်ရပေသည်၊

အစာချိန် ရောက်လတ်သော်ကား - အကျင့်တောအုပ်မှ ရွာသို့သွားရခြင်းသည် သုသာန်ပြေးသည့် တောခွေးတူစွာ အိပ်ရာတိုက်ခန်း ကျောပေးလျက် ညစ်ကြေး မြူမှုန် ဖုံအဆင့်ဆင့်နင်း၍ ဆင်းလာပြီးလျှင် အနာကို အဝတ်ပတ်သကဲ့သို့ သင်းပိုင် ပြင်ဝတ်၍ အဝတ်ပတ်မပြေအောင် ခါးပန်းဖြင့်စည်း၍ အရိုးစုဖုံးသကဲ့သို့ သင်္ကန်းကို ရုံ၍ သပိတ်ပိုက်လျက် ဆေးခွက်ပိုက်လာသော လူနာအသွင် ဆွမ်းခံဝင်ရသည်၊

ရွာအနီး ညစ်ကြေးစွန့်ရာ၌ ရွံဘွယ်အဆင်းအနံ့တို့ကို အောင့်အည်းကာ သွားရသည်၊ ဘေးကင်းရာလည်း သတိပြုရသည်၊ အိမ်ကြိုအိမ်ကြား နောက်ဖေးလမ်း မကျန် အောင် အစာအတွက် ထွက်ခဲ့ရသည်၊ ရွံ့ဘွယ် နေရာအကြား ကျော်နင်းကာ သွားနိုင်မှ ရသော အာဟာရသည် စက်ဆုပ်ဘွယ်ပါတကား။

ရှာ

အသွားသည်းခံ ရွာဝင်ပြန်သော် မိုဃ်းအခါရွှံ့ပေ-နွေအခါ ဖုံကပ်, ခွက်ပိုက်ကာ အိမ်စဉ်ရပ်ရသည်၊ ကယ်ပါ, ဘုန်းစား, ယာစကာ အလား မခြားတူမျှ ယင်ကောင် တရုန်းရုန်း တကြွကြွ - အိမ်ပေါက်ဝ၌ ထမင်းမုံ့ဟောင်း ကောင်းမကောင်း၊ မလောင်းတချို့ လောင်းတချို့၊ အချို့က မျက်နှာလွှဲ၊ စောစောစီးစီး ဦးပြည်းရဟန်း ဖိုချောင်ခန်းမှာ ကျီးကန်းသဘော အမောဖွေရှာ ဤအစာသည် စက်ဆုပ်စရာ ကောင်းလေစွတကား။

သုံး

အမောဖွေရှာ ထိုအစာကို စားအံ့ဟု လက်ချပြီးလျှင် လက်ချောင်းမှ စီးဆင်းသော ချွေးဖြင့် စိုစိုရွှဲ၍ ခြေခွဲဆုပ်နယ်ကာ အာခံတွင်း သွင်းကာမျှတွင် ဆုံကျည်ပွေ့အလား ထက်အောက် သွားတို့က ကြိတ်ချေ၊ လက်ဝါးပမာ လျှာကမွှေ၊ တံတွေးအကျဲ အပျစ် သွားချေးညစ်တို့ဖြင့် ပေပေ ရေရေ အနေမသန့် ဆင်းနံ့ပျက်ပြယ် အန်ဖတ်သဖွယ် မြိန်ဘွယ်ရာ မထင်မမြင်၍သာ မျို၍ ကျနိုင်စရာ ဤအစာသည် စက်ဆုပ်စရာ ကောင်းလေစွတကား။

အာ

မျိုချသလောက် ဝမ်းတွင်းရောက်သော် သည်းခြေ, သလိပ်, ပြည်, သွေး လေးပါးသော အာသယဓာတ်ဖြင့် ရောထွေးပြန်၏၊ သည်းချေ ရောလျှင် ပျစ်ချွဲသော သစ်မည်စည်ဆီ လိမ်းသကဲ့သို့၊ သလိပ်ရောလျှင် ဝက်ချေးဘနဲရွက်ရည် လိမ်းသကဲ့သို့ ပြည်ရောလျှင် ရက်တက်ပုပ် လိမ်းသကဲ့သို့၊ သွေးရောလျှင် ဆိုးရည် လိမ်းသကဲ့သို့ အာသယဓာတ် လေးပါးကပ်၍ ညစ်ပတ်လှစွာ ဤအစာသည် စက်ဆုပ်စရာ ကောင်းလေစွတကား။

တည်ရာ

အာသယဓာတ်လေးမျိုး လိမ်းကပ်လျက် ဝင်ရောက်၍ တည်နေရာ အစာအိမ်ကား အနှစ်နှစ် အလလ တကြိမ်တခါမျှ မဆေးကြောရသော အစာအိမ်၊ မသုတ်သင်သည့် မစင်တွင်းပမာ အစာအိမ်ဖြစ်၍ တည်ရာ အားဖြင့်လည်း ဤအစာသည် စက်ဆုပ်စရာ ကောင်းလေစွတကား။

မကျေ

အစာအိမ်အတွင်း၌ မကျေမကျက်မီကား ဒွန်းစဏ္ဍား ရွာအထွက် တစိပွက်တွင်း၌ မြက်မှိုက် အဝတ်စုတ် ရေသိုးရွှံ့ပုပ် သားရေပိုင်း အကောင်ပုပ်တို့သည် နေရှိန်ပွက်ဆူ အမြှုပ်တလူလူ ဖြစ်သကဲ့သို့ ချိုးအထပ်ထပ်တွင် သလိပ်ပြင်ဖုံးလွှမ်း ဝမ်းမီးရှိန် အစွမ်းဖြင့် ရောပြွမ်းပွက်ဆူ အမြှုပ် တလူလူ ဖြစ်ချေ၏၊ မကျေမီလည်း ဤ အစာသည် စက်ဆုပ်စရာ ကောင်းလေစွတကား။

ကျေ

ဝမ်းမီးချက်၍ ကျေကျက်သောအခါ အရည်တခြား အဖတ်တခြား ဖြစ်၍ မြေညက် ကြိတ်ပြီး ကျည်တောက်သွတ်သကဲ့သို့ အဖတ်သည် အစာဟောင်းအိမ်အတွင်းသို့ ဝင်၍နေ၏၊ အရည်သည် စည်ပေါင်းအိမ် အတွင်းသို့ ဝင်၍နေ၏၊ ကျေပြီးသော်လည်း ဤအစာသည် စက်ဆုပ်စရာ ကောင်းလေစွကား။

ကျိုး

အကျိုးအာနိသင်ကား အစာကျေလျှင် ဆံပင်, မွေးညှင်း စသည် သန်စွမ်းဝဖြိုးလျက် ၃၂-ကောဋ္ဌာသ အပုပ်မျိုး တိုးပွားစေ၏၊ မကျေလျှင် ဝဲနာ, ယားနာ, ဝမ်းနာ, လေနာ-အနာအမျိုးမျိုး တိုးပွားစေ၏၊ အကျိုးအားဖြင့်လည်း ဤအစာသည် စက်ဆုပ်စရာ ကောင်းလေစွတကား။

ယို

ယိုထွက်ခြင်းအားဖြင့် ဤအစာသည် သွင်းသောအခါ တနေရာ ထွက်သောအခါ ကိုးနေရာ၊ မျက်ဝတ်, နှပ်, နဖာ-စသည်ဖြင့် ကိုးဒွါရမှ ယိုထွက်၏၊ ချွေးဖြစ်၍ ဆံမွေးတွင်းမှလည်း ယိုသေး၏၊ သွင်းသောအခါ လူပုံလယ်အထင်ခံ၊ ထွက်သော အခါ တကိုယ်တည်း ပုံးကွယ်လျက်၊ သွင်းသောအခါပြုံးပြုံးရွှင်ရွှင်၊ ထွက်သောအခါ ရှုံ့ရှုံ့မဲ့မဲ့၊ မျိုပြီးတညဉ့်ကြာ ပြန်ထွက်လာသော ဤအစာသည် စက်ဆုပ်စရာ ကောင်းလေစွတကား။

ပေ

စားစဉ်လက်, နှုတ်ခမ်းပေ လျှာပေ-ဖန်ဖန်ဆေး၍ မစင်နိုင်၊ စားပြီးသော်ကား ထမင်းအိုးဝေ၍ တအိုးလုံး ပေသကဲ့သို့ သလိပ်, တံတွေး, နှပ်, သွားချေး-စသည် ထက်အောက်တခွင် ဝန်းကျင်ဖြန့်ဝေ အနှံ့ပေ၏၊ တသက်လုံး ဆေးသော်လည်း မစင်အောင်ပေသော ဤအစာသည် စက်ဆုပ်စရာ ကောင်းလေစွတကား။

ဆင်ခြင်ဘွယ် မကျဉ်းမကျယ်

*သွား ရှာ သုံး အာ၊ တည်ရာ မကျေ ကျေ၊
ကျိုး ယို ပေ၊ ဆယ်ထွေအစာ ရွံကြောင်းတည်း။

၁။ သွားဟူသည်ကား - အနာတကိုယ်လုံး သင်္ကန်းဖုံးလျက် ဆေးခွက် ပိုက်ကာ ဆေးရှာသလို လမ်းအိုလမ်းကြား ငုံ့သွားပါမှ အစာရသော ဤသဘောသည် ... အဟော ဝတ ဘော ပဋိကူလာ အာဟာရော

၂။ ရှာဟူသည်ကား - ငုံ့လျှိုးမျက်နှာ သွားရပါလည်း မသဒ္ဓါတချို့ တချို့ကားကောင်း သောင်းပြောင်း ထွေးယှက် ကျီးငှက်သဘော ရှာရမောသည် .... အဟော ဝတ ဘော ပဋိကူလော အာဟာရော

၃။ သုံးဟူသည်ကား - သုံးဆောင်ပြန်လည်း ဝါးပြီးချက်ချင်း နံ့ဆင်း ပျက်ပြယ် ရွံဘွယ်လှလှ မမြင်ရ၍ မျိုကျနိုင်သော ဤသဘောသည် … အဟော ဝတ ဘော ပဋိကူလော အာဟာရော

၄။ အာဟူသည်ကား - မျိုပြီးတထွေ သည်းခြေ သလိပ် ဖိတ်ဖိတ်ပြည်သွေး အာသယလေးလီ ညိုရောင်ပုပ်ရောင် မှောင်တောင်ဖြူနီ ဓာတ်ချွဲရည်ဖြင့် ပန်းချီ ဆေးမျိုး ရောင်စုံဆိုးသော ဤသဘောသည် ... အဟော ဝတ ဘော ပဋိကူလော အာဟာရော

၅။ တည်ရာဟူသည်ကား - အစာအိမ်မှတ် တည်ရာရပ်ကား ချိုးထပ်ထပ်ညစ် အနှစ်နှစ်တွင် သုတ်သင်ကင်းဝေး မဆေးတခါ ထိုမှာရွှင်ပြုံး အန်ဖတ်ရှုံးသော ဤသဘောသည်.... အဟော ဝတ ဘော ပဋိကူလော အာဟာရော

၆။ မကျေဟူသည်ကား - အစာအိမ်တည် မကျေမီလည်း စီစီလှုပ်လှုပ် အမြှုပ် ထလျက် ဆူဝေပွက်သော ဤသဘောသည် .... အဟော ဝတ ဘော ပဋိကူလော အာဟာရော

၇။ ကျေဟူသည်ကား - ဝမ်းမီးချက်ချေ ညက်ညက်ကျေသော် အရေအဖတ် မစပ်ခွဲခွါ အစာနွမ်းဟောင်း ဘဝပြောင်းသော ဤသဘောသည် ... အဟော ဝတ ဘော ပဋိကူလော အာဟာရော

၈။ ကျိုးဟူသည်ကား - အစာမကျေ ရောဂါထွေ၏ ကျေလျှင်အကျိုး သွေးသားတိုး၍ ဆီးအိုး ရွှင်အိုင် ကျင်ဆိုင်ထွားကြီး ဖြိုင်ဖြိုင်စီး ချွေးအပုပ်ဌေးသော ဤ သဘောသည် ... အဟော ဝတ ဘော ပဋိကူလော အာဟာရော

၉။ ယိုဟူသည်ကား - တင့်တယ်ဘိခြင်း တခံတွင်း၌ သွင်းခိုက်မြိန်စွာ တညဉ့် ကြာသော် ရှုံ့ကာလှိုက်ဖို ကိုးပေါက်စိုလျက် စိမ့်ယိုထွက်သော ဤသဘောသည် .... အဟော ဝတ ဘော ပဋိကူလော အာဟာရော

၁၀။ ပေ ဟူသည်ကား - စားမည်လက်လှမ်း နှုတ်ခမ်းကပ်ပေ စားပြီးချေသော် သွေးလေ ပင့်မြှောက် ထက်အောက်မရွေး သွားညစ်ကြေးနှင့် သလိပ်ချွေးဆိုး ထမင်းအိုးဝေ ကိုယ်လုံးပေသော ဤ သဘောသည် ... အဟော ဝတ ဘော ပဋိကူလော အာဟာရော

ဤသည့်အစာ ကျိုးရှာ စုပေါင်း စားရကြောင်းကား အိမ်ဟောင်း ကျားကန် ဝင်ရိုးတံ နယ်ဆီထိုး သဘောမျိုးမျှ ဤရူပကာယ တည်ရုံငှါသာ မျှတရုံငှါသာ ဤအစာကို ငါစားပါ၏။

ခရီးရှည်သွား ရိက္ခာပါး၍ သားသေ အသား စားရသည်နှယ် ကမ်းတဘက် ရောက်လွယ်အောင် လှေဖောင်စီးပမာ ဝဋ်ဒုက္ခမှထွက်၍ ဖိုလ်မဂ် ရလို၍သာ ဤ အစာကို ငါစားပါ၏။

အစာနှင့်လည်ချောင်း သစ်ခေါင်းအတွင်း အမှိုက်သွင်းပမာ အချင်းချင်း မသိရှာဘဲ ငါစားသည်ဟု ပညပ်ဟူသည် စားသူငါကား မသိလေစွတကား။

ဤသို့ခြင်းရာ ဆယ်ပါးဖြင့် ဆင်ခြင်လျှင် ရွံဘွယ်စွမ်းဖြင့် အာဟာရ နိမိတ်ထင်၏၊ ဥပစာရဈာန် သမာဓိတည်ကြည်၏၊ ဥဂ္ဂဟနိမိတ်, ပဋိဘာဂ နိမိတ်မထင်၊ အပ္ပနာဈာန် မရ။

အကျိုးကား --

ရသတဏှာစိတ် တွန့်လိပ် ကုပ်ခွေ၏၊ သားငယ် အသားကို ခရီးခဲမှ ထွက်လို၍သာ စားသကဲ့သို့ ဝဋ်ဆင်းရဲမှ ထွက်လို၍သာ စားသည်၊ မက်မောစွာမစား၊ အာဟာရ အကြောင်း ကောင်းကောင်းသိ၍ ကာမဂုဏ် ရာဂကို ပိုင်းခြား၍ သိမြင်၍ လွန်နိုင်၏၊

ကာမဂုဏ်ကိုသိခြင်းဖြင့် ရူပက္ခန္ဓာကို သိလွယ်၏၊ အစာသစ် အစာဟောင်း ရွံဘွယ်ဖြင့် ကာယဂတာသတိ ပြည့်၏၊ အသုဘသညာ အားလျော်သော အကျင့်ရှိ၏၊ ဤဘဝမဂ်ဖိုလ် ရနိုင်၏၊ မရလျှင် သုဂတိလား၏၊ ဤသို့ အာနုဘော်ကြီးမားသော အာဟာရေ ပဋိကူလသညာကို ငါ့အတွက် သက်သက် ဟောကြားလေသလားဟု နှစ်သက်စွာ ပွားများရာ၏။

အာဟာရေ ပဋိကူလသညာ ပြီး၏။

စတုဓာတု ဝဝတ္ထာန်

စတုဓာတုဝဝတ္ထာန် ပွားလိုသော သူသည် ဉာဏ်ထက်သူအကျဉ်း, ဉာဏ်မထက်သူ အကျယ် ပွားရသည်၊ လမ်းလေးခွ၌ နွားသတ်၍ လေးဘက်ခုတ်လှီး အသားစုပုံပြီး သောအခါ ရှေးနွားသညာပျောက် အမဲသားသညာ ရောက်ရာ၏၊ ဣရိယာပုထ် လေးပါး လမ်းလေးခွ၌ ဓာတ်လေးပါးခွဲ၍ လေးဘက် ခုတ်လှီးပြီးသောအခါ ရှေးဗာလ ပုထုဇဉ်အခါဖြစ်သော ပုဂ္ဂိုလ် သတ္တဝါ သညာ ပျောက်၍ ဓာတ်လေးပါး အစုသညာ သာ ရောက်လာရာ၏၊ ထိုအခါ ဥပစာရဈာန်ရသည် မည်၏။ ပရမတ်အာရုံဖြစ်၍ အပ္ပနာ မရ။

ဉာဏ်ထက်သူ အကျဉ်းပွားနည်းကား -

၁။ ဤကိုယ်၌ ခိုင်မာသော လက္ခဏာ၊ ကြမ်းထန်းသော ခြင်းရာသည် ပထဝီဓာတ်၊ ဝါ- မြေဓာတ်မည်၏။

၂။ ဤကိုယ်၌ ယိုတွဲ၊ ဝါ- အိချွဲသော လက္ခဏာ၊ စေးဖွဲ့သော ခြင်းရာသည် အာပေါဓာတ်၊ ဝါ- ရေဓာတ်မည်၏။

၃။ ဤကိုယ်၌ ခိုးရှိန် ပူအေးသော လက္ခဏာ၊ ရင့်ကျက်သော ခြင်းရာသည် တေဇောဓာတ်၊ ဝါ-မီးဓာတ်မည်၏။

၄။ ဤကိုယ်၌ တွန်းငင် ထောက်ပံ့သော လက္ခဏာ၊ လှုပ်ရှားသော ခြင်းရာသည် ဝါယောဓာတ်၊ ဝါ-လေဓာတ်မည်၏။

ဤသို့ ခွဲစိတ်၍ ဖန်ဖန် သိမ်းဆည်းရသည်၊ ဖန်ဖန် သိမ်းဆီးပြီးနောက် ပုဂ္ဂိုလ် သတ္တဝါ သညာပျောက်အောင် ဤသို့ ဆင်ခြင်ရသည်။

၁။ အယံကာယော၊ ဤကိုယ်သည်။
အစေတနော၊ စိတ်မရှိ။
၂- အဗျာကတော၊ ပုဂ္ဂိုလ် သတ္တဝါ-ဟု မဆိုအပ်။
၃-သုညော၊ ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်၏။
၄-နိဿတ္တော၊ သတ္တဝါအသက် မဟုတ်။
၅-ဓာတုယေဝ၊ ဓာတ်အစုသာ ဖြစ်၏။
ဓာတ်အစု၊ ဓာတ်အစု။

ဤသို့ ဆင်ခြင်ဖန် များသဖြင့် ပုဂ္ဂိုလ် သတ္တဝါ-ဟုမထင်၊ ဓာတ်အစုဟူ၍သာ ထင်သောအခါ ဥပစာရဈာန် ရ၏။

ဓမ္မသေနာပတိ-ရှင်သာရိပုတြာ ဟောပြသောနည်းကား -

၁။ တိုင်, နွယ်, မြေညက်, သက်ငယ်- လေးမျိုး အပေါင်းကိုစွဲ၍ ကောင်းကင်သည် အိမ်မည်၏။

၂။ အရိုး, အကြော, အသား, အရေ-လေးထွေစွဲ၍လည်း ကောင်းကင်သည်ပင် ကိုယ်ကောင်မည်၏၊ စင်စစ် ပုဂ္ဂိုလ် သတ္တဝါ မဟုတ်။

၃။ ရိုး, ကြော, သား, ရေ၊ ရေ, သား ကြော, ရိုး-လေးမျိုး အစုသာတည်း။

ဤသို့ အပေါင်း အစုပျက်အောင် ဖန်ဖန် ရှုပြီးလျှင်-

၁။ ဤ အရိုး အကြော အသား အရေ၌ မာကြမ်း ပထဝီ, ယိုစီးအာပေါ, ရင့်ခိုးရှိန် တေဇော, လှုပ်ရှားဝါယော၊ စိတ်မရှိ, အဗျာကတ သုည, နိဿတ္တ, နိဇ္ဇီဝ၊ မြေ ရေ မီး လေ-ဓာတ်လေးပါး သာတည်း၊ ဓာတ်အစု၊ ဓာတ်အစု။

ဤသို့ ဖန်ဖန်ပွားရသည်၊ ပုဂ္ဂိုလ် သတ္တဝါ သညာပျောက်၍ ဓာတ်အစုသာ ထင်လျှင် ဥပစာရဈာန် ရ၏။

အကျဉ်းနည်း ပြီး၏။

ဉာဏ်မထက်သူအတွက် အကျယ်နည်း

သသမ္ဘာရကျဉ်း, ကျယ်၊
သလက္ခဏကျဉ်း, ကျယ်-လေးနည်းရှိ၏၊

လွန်ကဲသောဓာတ်ဖြင့် ၄၂-ကောဋ္ဌာသကို ပိုင်းခြားခြင်းသည် သသမ္ဘာရနည်း မည်၏၊

အကျဉ်းပွားနည်းကား -

၁။ ဤကိုယ်၌ ဆံပင်-ပထဝီ၊ မွေးညှင်း-ပထဝီ၊ ခြေသည်း လက်သည်း-ပထဝီ၊ သွား-ပထဝီ၊ အရေ-ပထဝီ၊ အသား-ပထဝီ၊ အကြော-ပထဝီ၊ အရိုး-ပထဝီ၊ ရိုးတွင်းခြင်ဆီ-ပထဝီ၊ အညှို့-ပထဝီ၊ နှလုံး-ပထဝီ၊ အသည်း-ပထဝီ၊ အမြှေး-ပထဝီ၊ အဖျဉ်း-ပထဝီ၊ အဆုတ်-ပထဝီ၊ အူမ-ပထဝီ၊ အူသိမ်-ပထဝီ၊ အစာသစ်-ပထဝီ၊ အစာဟောင်း-ပထဝီ၊ ဦးနှောက်-ပထဝီ။ (ပထဝီ ၂ဝ။)

၂။ သည်းခြေ-အာပေါ၊ သလိပ်-အာပေါ၊ ပြည်-အာပေါ၊ သွေး-အာပေါ၊ ချွေး-အာပေါ၊ အဆီခဲ-အာပေါ၊ မျက်ရည်-အာပေါ၊ ဆီကြည်-အာပေါ၊ တံတွေး-အာပေါ၊ နှပ်-အာပေါ၊ အစေး-အာပေါ၊ ကျင်ငယ်-အာပေါ။ (အာပေါ ၁၂။)

၃။ သန္တပ္ပနတေဇော-ရက်ချန်ဖျားခြင်း စသည်ဖြင့် နွေးနွေး ပူသော အပူပျက်၊
ဇီရဏတေဇော-အိုမင်းခြင်းကို ဖြစ်စေသော ကိုယ်ငွေ့၊
ဒဟတေဇော-ပြင်းစွာပူလောင်သော အပူပျက်၊
ပါစကတေဇော- အစာကျေစေသော ဝမ်းမီး။ (တေဇော ၄။)

၄။ ဥဒ္ဓင်္ဂမဝါယော-အထက်သို့ ဆန်သောလေ၊
အဓောဂမဝါယော- အောက်သို့ စုန်သောလေ၊
ကုစ္ဆိသယဝါယော-ဝမ်းခေါင်း၌ တညသောလေ၊
ကောဋ္ဌာသယဝါယော-အူခွေ၌ တည်သောလေ၊
အင်္ဂမင်္ဂါနုသာရိဝါယော-အင်္ဂါကြီးငယ်သို့ လျှောက်သောလေ၊
အဿာသ ပဿာသဝါယော-ထွက်သက် ဝင်သက်လေ။ (ဝါယော ၆။)

ဤသို့ ဖန်ဖန်ပွား၍ ဓာတ်လေးပါးစုထင်လျှင် ဥပစာရဈာန်ရ၏။ အကျဉ်းပြီး၏။

သသမ္ဘာရအကျယ် ပွားနည်းကား -

၄၂-ကောဋ္ဌာသ အပြန်အလှန် သရဇ္ဈာယ်ရသည်၊
သရဇ္ဈာယ်ခြင်းအဆုံး၌ ဓာတ်ခွဲရသည်။

၁။ ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့၊
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
သန္တပ္ပနတေဇော-ရက်ချန်ဖျားခြင်း စသည်ဖြင့် နွေးနွေး ပူသော အပူပျက်၊
ဇီရဏတေဇော-အိုမင်းခြင်းကို ဖြစ်စေသော ကိုယ်ငွေ့၊
ဒဟတေဇော-ပြင်းစွာပူလောင်သော အပူပျက်၊
ပါစကတေဇော- အစာကျေစေသော ဝမ်းမီး။
ဥဒ္ဓင်္ဂမဝါယော-အထက်သို့ ဆန်သောလေ၊
အဓောဂမဝါယော- အောက်သို့ စုန်သောလေ၊
ကုစ္ဆိသယဝါယော-ဝမ်းခေါင်း၌ တညသောလေ၊
ကောဋ္ဌာသယဝါယော-အူခွေ၌ တည်သောလေ၊
အင်္ဂမင်္ဂါနုသာရိဝါယော-အင်္ဂါကြီးငယ်သို့ လျှောက်သောလေ၊
အဿာသ ပဿာသဝါယော-ထွက်သက် ဝင်သက်လေ။ (အနုလုံ ၄၂။)

၂။ အဿာသ ပဿာသဝါယော-ထွက်သက် ဝင်သက်လေ။
အင်္ဂမင်္ဂါနုသာရိဝါယော-အင်္ဂါကြီးငယ်သို့ လျှောက်သောလေ၊
ကောဋ္ဌာသယဝါယော-အူခွေ၌ တည်သောလေ၊
ကုစ္ဆိသယဝါယော-ဝမ်းခေါင်း၌ တညသောလေ၊
အဓောဂမဝါယော- အောက်သို့ စုန်သောလေ၊
ဥဒ္ဓင်္ဂမဝါယော-အထက်သို့ ဆန်သောလေ၊
ပါစကတေဇော- အစာကျေစေသော ဝမ်းမီး။
ဒဟတေဇော-ပြင်းစွာပူလောင်သော အပူပျက်၊
ဇီရဏတေဇော-အိုမင်းခြင်းကို ဖြစ်စေသော ကိုယ်ငွေ့၊
သန္တပ္ပနတေဇော-ရက်ချန်ဖျားခြင်း စသည်ဖြင့် နွေးနွေး ပူသော အပူပျက်၊
ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်၊
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ၊
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ၊
အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊
အရေ၊ သွား၊ ခြေသည်း လက်သည်း၊ မွေးညှင်း၊ ဆံပင်၊ (ပဋိလုံ ၄၂။)

၃။ ဣမသ္မိံ သရီရေ ကေသာနာမ ..... ပါဋိယေက္ကော ကောဋ္ဌာသေဝ၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ ထဒ္ဓေါ၊ ပထဝီဓာတု၊ လောမာနာမ .....လ...မတ္ထလုင်္ဂံ နာမ....လ.. ပထဝီဓာတု

၄။ ပိတ္တံနာမ … ပါဋိယေက္ကော ကောဋ္ဌသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ ယူသဘူတော၊ အာဗန္ဓနာ ကာရော၊ အာပေါဓာတု၊ သေမှံနာမ ....လ....မုတ္တံနာမ … လ... အာပေါဓာတု၊ (မေဒေါ၌ ထူးသည်၊ သတိပြု) မေဒါနာမ... ပါဋိယေက္ကော ကောဋ္ဌာသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ ပတ္တိန္နယူသဘူတော၊ အာဗန္ဓနာကာရော၊ အာပေါဓာတု။ (ဤ၌သာ ပတ္ထိန္န-ဟု ထူးသည်။)

၅။ သန္တပ္ပနတေဇောနာမ...ပါဋိယေက္ကော ကောဋ္ဌာသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ ပရိပါစနာကာရော၊ တေဇောဓာတု
ဇီရဏတေဇောနာမ...... ဒဟတေဇောနာမ... ပါစကတေဇောနာမ... ပါဋိယေက္ကော ကောဋ္ဌာသော .......လ … တေဇောဓာတု

၆။ ဥဒ္ဓင်္ဂမဝါယောနာမ ...... ပါဋိယေက္ကော ကောဋ္ဌာသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ ဝိတ္ထမ္ဘနာကာရော၊ ဝါယောဓာတု
အဓောဂမဝါယောနာမ...ကုစ္ဆိသယဝါယောနာမ...ကောဋ္ဌာသယဝါယောနာမ ...... အင်္ဂမင်္ဂါနုသာရိဝါယောနာမ... အဿာသပဿာသ ဝါယောနာမ...... ပါဋိယေက္ကော ကောဋ္ဌာသော.......လ..... ဝါယောဓာတု

တနည်း--

ပထဝီ ၂၀-၌ ငါးခုစီ လေးပုဒ်၊
အာပေါ ၁၂-၌ ၅-ခု၊ ၁-ခု၊ ၆-ခု အားဖြင့် သုံးပုဒ်၊
တေဇော ၄-၌ နှစ်ခုစီ နှစ်ပုဒ်၊
ဝါယော ၆-၌ သုံးခုစီ နှစ်ပုဒ်၊
ဤသို့ ၁၁-ပုဒ်ခွဲ၍သော်လည်း ဆိုအပ်၏။

ဤသို့ ဖန်ဖန်ပွား၍ သတ္တဝါမထင်၊ ဓာတ်အစုထင်လျှင် ဥပစာရဈာန် ရ၏။

သသမ္ဘာရ အကျယ်ပြီး၏။

သလက္ခဏနည်း

ဤမျှဖြင့် မထင်လျှင် သလက္ခဏနည်း ပွားရသည်၊
ဓာတ်လေးပါးလုံးဖြင့် ၄၂-ကောဋ္ဌာသ ပိုင်းခြားခြင်းသည် သလက္ခဏနည်း မည်၏၊

အကျဉ်းအား ဖြင့် ပွားနည်းကား -

၁။ ဤကိုယ်၌ ဆံပင်သည် ပထဝီ, အာပေါ, တေဇော, ဝါယော-ဓာတ်လေးပါး အစုဖြစ်၏။ ။ မွှေးညှင်းသည် .. ခြေသည်း လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ .... ဦးနှောက်သည်...

၂။ သည်းခြေသည့် ပထဝီ, အာပေါ, တေဝဇာ, ဝါယော-ဓာတ်လေး ပါး အစုဖြစ်၏။ ။ သလိပ်သည် ….. သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ .....ကျင်ငယ်သည်…

၃။ သန္တပ္ပနတေဇောသည် ပထဝီ, အာပေါ, တေဇော, ဝါယော-ဓာတ် လေးပါး အစုဖြစ်၏။ ။ ဇီရဏတေဇောသည်... ဒဟတေဇောသည်....ပါစကတေဇောသည်...

၄။ ဥဒ္ဓင်္ဂမဝါယောသည် ပထဝီ, အာပေါ, တေဇော, ဝါယောဓာတ် လေးပါးအစုဖြစ်၏။ ။ အဓောဂမဝါယောသည် ... ကုစ္ဆိသယဝါယောသည် ... ကောဋ္ဌာသယဝါယော သည် .... အင်္ဂမင်္ဂါနုသာရိဝါယောသည် ... အဿာသပဿာသဝါယောသည်….

၅ ။ ဤကိုယ်၌ ဆံပင်စသော ၂၀-၌ မာ-ပထဝီ၊ ဖွဲ့-အာပေါ၊ ရင့်-တေဇော၊ ထောက်-ဝါယော။

သည်းခြေ စသော ၁၂-ပါး၌ ဖွဲ့-အာပေါ၊ ရင့်-တေဇော၊ ထောက်-ဝါယော၊ မာ-ပထဝီ။

သန္တပ္ပနတေဇော စသော ၄-ပါး၌ ရင့်-တေဇော၊ ထောက်-ဝါယော၊ မာ-ပထဝီ၊ ဖွဲ့-အာပေါ။

ဥဒ္ဓင်္ဂမ ဝါယောစသော ၆-ပါး၌ ထောက်-ဝါယော၊ မာ-ပထဝီ၊ ဖွဲ့-အာပေါ၊ ရင့်-တေဇော။

လေးဆဲ့ နှစ်ကောဋ္ဌာသလုံး ဓာတ်လေးပါးစီသာတည်း။

ဤသို့ ဖန်ဖန်ပွား၍ ဓာတ်အစုထင်လျှင် ဥပစာရဈာန် ရ၏။

သလက္ခဏ အကျယ်ပွားနည်းကား -

ဣမသ္မိံ သရီရေ ကေသာနာမ-ပါဋိယေက္ကော ကောဋ္ဌာသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ စတုဓာတုယေဝ
လောမာနာမ ....လ … အဿာသပဿာသောနာမ ….လ... စတုဓာတုယေဝ

တနည်း --

ပထဝီ ၂၀-၌ ငါးခုစီ-လေးပုဒ်၊
အာပေါ ၁၂-၌ ၆-ခု နှစ်ပုဒ်၊
တေဇော ၄-၌ နှစ်ခုစီ နှစ်ပုဒ်၊
ဝါယော ၆-၌ ၃-ခုစီ နှစ်ပုဒ်၊
ဤသို့ဆယ်ပုဒ် ခွဲ၍ သော်လည်း ဆိုအပ်၏။

ဤသို့ ဖန်ဖန်ပွား၍ သတ္တဝါမထင်၊ ဓာတ်အစုထင်လျှင် ဥပစာရဈာန် ရ၏၊

ဤ၌ ၄၂-ကောဋ္ဌာသ x လေးလီ ဓာတ်ပေါင်း ၁၆၈-ပါးကို သိမ်းဆည်း၏။

ဉာဏ်မထက်သူအတွက် သလက္ခဏ အကျယ်ပွားနည်း ပြီး၏။

ဝတုဓာတုဝဝတ္ထာန် တဆဲ့သုံးနည်း

တနည်းကား - ဓာတ်လေးပါးကို

၁-ဝစနတ္ထ
၂-ကလာပ်စည်း
၃- ရုပ်မှုန့်
၄-လက္ခဏာ စသည်၊
၅-သမုဋ္ဌာန်
၆-ထူးတူ
၇-ကွဲ မကွဲ
၈-သဘောတူ မတူ
၉-သက်ရှိ သက်မဲ့
၁၀-သမုဋ္ဌာန်ပေါင်း
၁၁-ပစ္စည်း
၁၂-နှလုံးမသွင်းတတ်
၁၃-ပစ္စည်းဝေဘန်ခြင်း

ဤ ၁၃-နည်းဖြင့်လည်း ခွဲရသည်။

*အနက်, ကလာပ်၊ မှုန့်ဓာတ်, လက္ခဏာ၊
မုဋ္ဌော, ထူးကွဲ၊ သဘောလွဲခဲ့၊
သက်မဲ့တကြောင်း၊ ဋ္ဌာန်ပေါင်း, ပစ္စည်း၊
မသိနည်းနှင့် ၊ ပစ္စည်းဝေဘန်၊
ဆဲ့သုံးတန်၊ ခွဲရန် ဓာတ်လေးခု။

၁-အနက်

ဝစနတ္ထအားဖြင့် နှလုံးသွင်းပုံကား -

၁။ အထူးအားဖြင့် ကြီးပြန့်သောကြောင့် ပထဝီ၊
တည်ရာ ဖြစ်သောကြောင့် ပထဝီ မည်၏။

၂။ ယိုစီးတတ် သောကြောင့် အာပေါ၊
ခန်းခြောက်သောကြောင့် အာပေါ၊
တိုးပွားအောင်ပြုသောကြောင့် အာပေါ၊
သောက်အပ်သောကြောင့် အာပေါ မည်၏။

၃။ ထက်အောင် သန်အောင်ပြုသောကြောင့် တေဇောမည်၏။

၄။ လှုပ်အောင်, ရွေ့အောင်ပြုသောကြောင့် ဝါယောမည်၏။

၅။ အထူးမရှိခြင်းအားဖြင့် ဤလေးပါးသည် မိမိလက္ခဏာကို ဆောင်သောကြောင့် ဓာတ်၊
ဝဋ်ဒုက္ခ ရှာယူတတ်သောကြောင့် ဓာတ်၊
ဝဋ်ဒုက္ခ၏ တည်ရာ ဖြစ်သောကြောင့် ဓာတ်၊
အလိုလိုက်အောင် ပြု၍မရသောကြောင့် ဓာတ်မည်၏၊

ထို့ကြောင့် ပုဂ္ဂိုလ် သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၂-ကလာပ်

ကလာပ်စည်းအားဖြင့် နှလုံးသွင်းပုံကား -

၁။ ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ -
ဤသို့ ရုပ်ရှစ်ပါး “စသည်” ပေါင်းစုခြင်းသည် ကလာပ်မည်၏၊
ရုပ်ရှစ်ပါး ပေါင်းစုခြင်းကြောင့် ဆံပင်, မွေးညှင်း- စသော အမည် ဖြစ်လာ၏။
ဆံပင်ဟူသည် ရုပ်ရှစ်ပါး အပေါင်းသာဖြစ်၏၊
ရုပ်ရှစ်ပါး ခွဲရှာလျှင် ဆံပင်မရှိ။

၂။ မွေးညှင်းဟူသည် ရှပ်ရှစ်ပါးအပေါင်းသာဖြစ်၏၊
ရုပ်ရှစ်ပါးခွဲရှာလျှင် ကျင်ငယ်ဟူသည် ရုပ်ရှစ်ပါးအပေါင်းသာ ဖြစ်၏။

ဤနည်း၌ ပထဝီ အာပေါသာ ပြသည်၊
ရုပ်ဆယ်ပါး ပေါင်းစုသော ကောဋ္ဌာသလည်း ရှိသေးသည်၊
ဆံပင်စသော ၂၀-သည် ပထဝီလွန်၏၊
၁၂-ပါး အာပေါလွန်၊
၄- ပါး တေဇောလွန်၊
၆-ပါး ဝါယောလွန်-ဟု သိရသည်။

အစာသစ်, အစာဟောင်း, ပြည်, ကျင်ငယ်- ဤလေးပါးသည် ဥတုဇ သက်သက်၊
ပါစကတေဇော-ကမ္မဇ သက်သက်၊
အဿာသပဿာသဝါယော- စိတ္တဇ သက်သက်၊
မျက်ရည်, တံထွေး, နှပ်နှင့် ချွေး-လေးပါးသည် စိတ် ဥတု ကြောင့် ဒွိဇ
ကြွင်း ၃၂-ပါးသည် စတုဇ

ကမ္မဇ ၁၊ စိတ္တဇ ၁၊ ဥတုဇ ၄၊ ဒွိဇ ၄၊ စတုဇ ၃၂၊ ပေါင်း ၄၂။

ထို့ကြောင့် ကလာပ်စည်းအကျယ် ဤသို့သိရသည်၊

ဥတုဇလေးပါး၌ ဥတုဇ အဋ္ဌကလာပ် တစည်းစီဖြစ်၍ ၄-စည်း၊
ပါစကတေဇော၌ ဇီဝိတနဝက တစည်း၊
အဿာသပဿာသ၌ စိတ္တဇအဋ္ဌက တစည်း၊
ဒွိဇလေးပါး၌ အဋ္ဌက နှစ်စည်းစီဖြစ်၍ ရှစ်စည်း၊
ပေါင်း ၁၄-စည်း။

ကြွင်းတေဇော သုံးပါး၊ ဝါယောငါးပါး - ဤရှစ်ပါး၌ -
ဥတုဇ, စိတ္တဇ အာဟာရဇအဋ္ဌက သုံးစည်း၊
ကမ္မဇီဝိတနဝက တစည်းအားဖြင့် လေးစည်းစီ ဖြစ်၍ ပေါင်း ၃၂-စည်း။

ကြွင်း ပထဝီ ၁၈-ပါး၊ အာပေါ ၆-ပါး၊ ဤ ၂၄-ပါး၌ -
တိဇအဋ္ဌက သုံးစည်း၊
ကမ္မဇကာယ, ဘာဝ-ဒသကနှစ်စည်းအားဖြင့် ငါးစည်းစီဖြစ်၍ ပေါင်း ၁၂ဝ။

ထိုမှတပါး တစိတ်တဒေသ၌ ပဒေသဝုတ္တိကလာပ်ကား -
ကမ္မဇ စက္ခု သောတ ဃာန ဇိဝှါ ဝတ္ထု-ဒသက ငါးစည်း၊
စိတ္တဇသဒ္ဒနဝက တစည်း၊
ဥတုဇ သဒ္ဒနဝက တစည်း၊
ပေါင်း ၇-စည်း။

ဤသို့လျှင် ဤကိုယ်၌ ဒသက ၅၃၊ နဝက ၁၁၊ အဋ္ဌက ၁၀၉-အားဖြင့် ရုပ်ကလာပ် ၁၇၃-စည်း၊ ရုပ် ၁၅၀၁-ပါးတို့သည် စုရုံးကုန်၏၊ ဤကား နိပ္ပန္နရုပ်ကလာပ်သာတည်း၊ ဝိညပ်စသော နိပ္ဖန္နရုပ်ကလာပ်နှင့်ကား များပြား၏၊

ထို့ကြောင့် ပုဂ္ဂိုလ်သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၃-မှုန့်ဓာတ်

ရုပ်မှုန့်အနေကို ဤသို့ သိရသည်၊

ပေစာရေးရာ၌ ကညစ်စာမျှသည် လိက္ခာမြူ မည်၏၊
လိက္ခာမြူ၏ ၃၆စိတ်တစိတ်သည် ရထရေကု လှည်းလမ်းမြူ၊
ရထရေကု ၃၆-စိတ်တစိတ်သည် တဇ္ဇာရီ-ကောင်းကင်လွင့်သောမြူ၊
တဇ္ဇာရီ ၃၆-စိတ်တစိတ်သည် အဏုမြူ-နံရံပေါက် နေရောင်၌ မြင်ရသောမြူ၊
အဏုမြူ ၃၆-စိတ် တစိတ်သည် ပရမာဏုမြူ မည်၏၊
လူတို့ မျက်စိဖြင့်မမြင်၊ ဒိဗ္ဗစက္ခုဖြင့်မြင်ရသော မြူတည်း၊

ဤမျှ သေးငယ်သော ပရမာဏုမြူ တခုတခု၌ ရှေ့နောက် အစဉ်မပြတ် အထပ်ထပ် ဖြစ်သော ရုပ်ကလာပ်သည် အစည်းပေါင်း ၅၀-ခန့် စုမိ၏၊ (ဝါ ၅၁-စည်း စုမိ၏၊) တစည်းတစည်း၌ ရုပ်ရှစ်ခုအနည်းဆုံးရှိ၍ ရုပ်ပေါင်းလေးရာကျော် အစုအပုံ ဖြစ်၏။

ရုပ်လေးရာကျော် အစုအပုံဖြစ်သော ပရမာဏုမြူမှုန့်သည် မြေကောင်းကင် အရပ်ရပ် ကွက်လပ်မရှိ ပြန့်နှံ့၏၊ ရုပ်ကလာပ် အကြားတို့၌ပင် သွားလာ လည်နေသေး၏၊ အကြမ်းအနုမျှ ထူး၏၊ ရေ၌ ရေဗူးနှစ်၍ ရေသွင်းသောအခါ အာပေါလွန်သောရေ (ဂရုရုပ်မှုန့်) ဝင်သလောက် ဝါယောလွန်သောလေ (လဟုရုပ်မှုန့်) ထွက်၏၊ လေမှုန့် အကုန်ထွက်မှ ရေမှုန့်အပြည့် ဝင်နိုင်သည်။

ဓမ္မကရိုဏ်ရေစစ်ကို အထက်ပေါက်ပိတ်၍ ရေ၌နှစ်လျှင် လေမထွက်၍ ရေမဝင်၊ ဖွင့်ပေးလျှင် လေထွက်သလောက် ရေဝင်၏၊ ရေဝင်သလောက် လေထွက်၏။

ရေပြည့်သော ရေစစ်ကိုမြှောက်၍ အတက်ပေါက် ဖွင့်ပေးလျှင် ရေဆင်းသွား သလောက် လေနင်းလိုက်၏၊ လေနင်းလိုက် သလောက် ရေဆင်းသွား၏။

ရုပ်မှုန့်ဖြင့် နှလုံးသွင်းပုံ-

၁။ ဤကား ပရမာဏုမြူအနေ သိမ်မွေ့သော ပထဝီမှုန့်သည် တစိတ်သားခန့်၊ အာပေါမှုန့်သည် နှစ်ပြည်သားခန့် ရှိ၏၊ (တေဇော, ဝါယောမှုန့်ကား လဟုကဖြစ်၍ ပမာဏ မခန့်နိုင်။)

၂။ ပထဝီမှုန့် တစိတ်သားသည် အာပေါမှုန့် ပေါင်းစုပေးခြင်း တေဇောမှုန့် စောင့်ရှောက်ပေးခြင်း, ဝါယောမှုန့် ထောက်ပံ့ပေးခြင်း အားဖြင့် အကူအညီရ၍ မလွင့်ဘဲ ယောက်ျား, မိန်းမဟု ကြံစည်စရာ နု, ကြမ်း, ရှည်, တို ပုံဟန်ကိုပြ၏။

၃။ ယိုကျတတ်သော အာပေါမှုန့် နှစ်ပြည်သားသည် ပထဝီ၌တည်၍ တေဇော စောင့်ရှောက်ခြင်း, ဝါယော ထောက်ပံ့ခြင်းဖြင့် အကူအညီရ၍ မယိုကျဘဲ ပြည့်ဖြိုးခြင်း ပွားစီးခြင်းကို ပြ၏။

၄။ ခိုးရှိန် ပူအေး တေဇောမှုန့်သည် ဓာတ်သုံးပါး အကူအညီရသဖြင့် ဤကိုယ်ကို ရင့်စေ၏၊ အရွယ်အဆင်းကို ဆောင်၏၊ မပုပ်မသိုးခြင်းကို ပြ၏။

၅။ လှုပ်ရှားသော ဝါယောမှုန့်သည် ဓာတ်သုံးပါး အကူအညီရသဖြင့် ဤကိုယ်ကို တောင့်တင်းစေ၏၊ မပြိုမကျ ဖြောင့်စွာတည်စေ၏၊ ဝါယောမှုန့်သည် အဆက်ဆက် ဣရိယာပုထ်ဝိညပ်ကို ပြ၏။

၆။ ရုပ်ဓာတ်မှုန့် အပေါင်းသည် ရုပ်မှုန့်ချည်းသာ ဖြစ်လျက် ယောက်ျားအသွင် မိန်းမအသွင်ဖြင့် လူပြိန်းကို လှည့်စား၏၊ မျက်လှည့်ရုပ် စက်ကြိုးရုပ်နှင့်တူသော ဓာတ်မှုန့် အရုပ်ဖြစ်၏၊

ထို့ကြောင့် ပုဂ္ဂိုလ် သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၄-လက္ခဏာ

လက္ခဏာစသည်ဖြင့် နှလုံးသွင်းပုံကား --

၁။ ပထဝီသည် ကြမ်းထမ်းခြင်း လက္ခဏာရှိ၏၊
တည်ရာကိစ္စရှိ၏၊ လက်ခံခြင်း အခြင်းအရာ ထင်ရှား၏။

၂။ အာပေါသည် ယိုစီးခြင်း လက္ခဏာ၊ တိုးပွားခြင်း ကိစ္စ၊ ပေါင်းစုခြင်း ခြင်းရာ ထင်ရှား၏။

၃။ တေဇောသည် ပူအေးခြင်း လက္ခဏာ၊ ရင့်ကျက်စေခြင်း ကိစ္စ၊ နူးညံ့အောင် ပြုခြင်း ခြင်းရာ ထင်ရှား၏။

၄။ ဝါယောသည် ထောက်ပံ့ခြင်း လက္ခဏာ၊ ရွေ့စေခြင်း ကိစ္စ၊ ရှေးရှုဆောင်ခြင်း ခြင်းရာထင်ရှား၏၊

ထိုကြောင့် ပုဂ္ဂိုလ် သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၅-မုဋ္ဌာ

သမုဋ္ဌာန်အားဖြင့် နှလုံးသွင်းပုံကား -

၁။ အစာသစ်၊ အစာဟောင်း၊ ပြည်၊ ကျင်ငယ်-ဤလေးခုသည် ဥတုကြောင့် ဖြစ်၏။

၂။ မျက်ရည်၊ တံတွေး၊ နှပ်နှင့်ချွေး-လေးခုသည် စိတ်, ဥတု နှစ်ပါးကြောင့် ဖြစ်၏။

၃။ ပါစကတေဇောသည် ကံကြောင့် ဖြစ်၏။

၄။ ထွက်သက်ဝင်သက်သည် စိတ်ကြောင့်ဖြစ်၏။

၅။ ကြွင်း ၃၂-ပါးသည် ကံ, စိတ်, ဥတု အာဟာရ-လေးပါးကြောင့် ဖြစ်၏၊

ထို့ကြောင့်ပုဂ္ဂိုလ် သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၆-ထူး

ထူးတူခြင်းအားဖြင့် နှလုံးသွင်းပုံကား-

၁။ ဓာတ်လေးပါးသည် --
လက္ခဏ, ရသ စသည်ဖြင့် တမျိုးစီဖြစ်၍ မတူ၊
ကံ, စိတ်, ဥတု, အာဟာရ အကြောင်းအားဖြင့်လည်း မတူ၊ ထူးခြားကုန်၏။

၂။ ရုပ်ဖြစ်ခြင်းဖြင့် တူ၏၊
မဟာဘုတ်ဖြစ်ခြင်းဖြင့် တူ၏၊
ဓာတ်ဖြစ်ခြင်း ဖြင့် ပူ၏၊
ဓမ္မဖြစ်ခြင်းဖြင့် တူ၏၊
အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ခြင်းဖြင့် တူ၏၊
မထူးခြားကုန်၊၊

ထို့ကြောင့် ပုဂ္ဂိုလ် သတ္တဝါ ထင်စရာ မရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

မဟာဘုတ်ဖြစ်ခြင်းဖြင့် တူပုံကား -

၁။ ဓာတ်လေးပါးသည် တောကြီး, တောင်ကြီး, ငါးလိပ်ကြီး စသည်ဖြင့် အကြီးအကျယ် + ဖြစ်သောကြောင့် မဟာ + ဘုတ်မည်၏။

၂။ အဆင်း အနံ့မရှိဘဲ ဥပါဒါရုပ်၏ အဆင်းအနံ့ကို လှည့်စားကာ အံ့ဘွယ်အမှား များစွာပြသဖြင့် မျက်လှည့်သမား မဟာဘူတနှင့် တူသောကြောင့် မဟာဘုတ်၊
ဝါ-ဓာတ်လေးပါး အချင်းချင်း တခုအတွင်း တခုမဝင်၊ အပြင်၌လည်း မတည်၊ မမှီသည်လည်း မဟုတ်သဖြင့် ဘီလူးပူးသကဲ့သို့ ဘီလူး မဟာဘူတနှင့် တူသောကြောင့် မဟာဘုတ်၊
ဝါ-နှစ်သက်စရာ မရှိဘဲ နှစ်သက်အောင် ဖန်ဆင်းကာ ပြသဖြင့် ဘီလူးမ မဟာဘူတနှင့် တူသောကြောင့် မဟာဘုတ် မည်၏။

၃။ နေ့စဉ်ပြုပြင်ကာ စောင့်ရှောက်ရသောကြောင့် မဟာဘုတ် မည်၏။

၄။ ကြီးကျယ်စွာ ပျက်စီးတတ်သောကြောင့် မဟာဘုတ် မည်၏။

၅။ လုံ့လကြီးစွာ ဉာဏ်ကြီးစွာဖြင့် သိမ်းဆည်းမှ သိနိုင်သောကြောင့် မဟာဘုတ် မည်၏။ (မဟာဘုတ်ငါးနက်)

ကြီးကျယ်စွာ ပျက်စီးတတ်ပုံကား --

၁။ ကမ္ဘာကြီး မီးဖျက်သောအခါ စကြဝဠာ ကုဋေတသိန်း ပဌမဈာန် သုံးဘုံအထိ လောင်ကျွမ်း၏။

၂။ ရေဖျက်သောအခါ ဒုတီယဈာန်သုံးဘုံအထိ ကြေမွ၏။

၃။ လေဖျက်သောအခါ တတီယဈာန်သုံးဘုံအထိ လွင့်ပျောက်၏။

သက်ရှိကိုယ်၌ ပျက်စီးတတ်ပုံကား --

၁။ ဤကိုယ်၌ ပထဝီပျက်လျှင် ကဋ္ဌမုခ မြွေကိုက်သကဲ့သို့ တောင့်တင်း၏၊
ပထဝီနှံ့သော ဤကိုယ်သည် ကဋ္ဌမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့်တူ၏။

၂။ အာပေါပျက်လျှင် ပူတိမုခမြွေ ကိုက်သကဲ့သို့ ပုပ်ပွ၏၊
အာပေါနှံ့ သောဤကိုယ်သည် ပူတိမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့်တူ၏။

၃။ တေဇောပျက်လျှင် အဂ္ဂိမုခမြွေကိုက်သကဲ့သို့ ပူလောင်၏၊
တေဇောနှံ့သော ဤကိုယ်သည် အဂ္ဂိမုခမြွေ၏ခံတွင်း၌ နေရသည်နှင့်တူ၏။

၄။ ဝါယောပျက်လျှင် သတ္ထမုခမြွေ ကိုက်သကဲ့သို့ ပေါက်ကွဲကြေလွင့်၏၊
ဝါယောနှံ့သော ဤကိုယ်သည် သတ္ထမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့်တူ၏၊

ထို့ကြောင့် ပုဂ္ဂိုလ်သတ္တဝါ ထင်စရာမရှိ၊ ဓာတ် အစု၊ ဓာတ်အစု။

၇-ကွဲ

ကွဲ မကွဲအားဖြင့် နှလုံးသွင်းပုံကား -

၁။ ဤဓာတ်လေးပါးသည် ကလာပ်တခုတခု၌ အတူဖြစ်၏၊ ပဒေသ မကွဲ။

၂။ အရပ်ဒေသ မကွဲသော်လည်း လက္ခဏာ အားဖြင့် ကွဲပြား၏၊

ထို့ကြောင့် ပုဂ္ဂိုလ်သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၈-သဘောလွဲခဲ့

သဘောတူမတူအားဖြင့် နှလုံးသွင်းပုံကား -

၁။ ပထဝီသည် အာပေါနှင့် ဂရုကရုပ်အဖြစ်ဖြင့် သဘောတူ၏။

၂။ တေဇောသည် ဝါယောနှင့် လဟုကရုပ် အဖြစ်ဖြင့် သဘောတူ၏။

၃။ ပထဝီအာပေါသည် တေဇောဝါယောနှင့် သဘောမတူ၊

ထို့ကြောင့် ပုဂ္ဂိုလ်သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၉-သက်မဲ့တကြောင်း

သက်ရှိ သက်မဲ့အားဖြင့် နှလုံးသွင်းပုံကား -

၁။ သက်ရှိ အဇ္ဈတ္တိက ဓာတ်လေးပါးသည် ဝိညာဏ်၏တည်ရာဖြစ်၏၊ ဝိညပ်ဣန္ဒြေတို့၏ မှီရာဖြစ်၏၊ ဣရိယာပုထ်လေးပါးရှိ၏၊ ကံ စိတ် ဥတု အာဟာရ လေးပါးကြောင့် ဖြစ်၏။

၂။ သက်မဲ့ ဗာဟိရဓာတ်လေးပါးသည် ဝိညာဏ်မတည်၊ ဝိညပ်ဣန္ဒြေ၊ ဣရိယာပုထ် မရှိ၊ ဥတုကြောင့်သာဖြစ်၏၊

ထို့ကြောင့် ပုဂ္ဂိုလ် သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၁၀-ဋ္ဌာန်းပေါင်း

သမုဋ္ဌာန်ပေါင်းဖြင့် နှလုံးသွင်းပုံကား -

၁။ ကမ္မဇပထဝီသည် ကမ္မဇရုပ်တို့နှင့် ဖြစ်ကြောင်းတူ၍ တပေါင်းတည်း ဖြစ်၏။

၂။ ကမ္မဇအာပါသည် တေဇောသည် ဝါယောသည် ကမ္မဇရုပ်တို့နှင့် ဖြစ်ကြောင်းဟူ၍ တပေါင်းတည်း ဖြစ်၏။

၃။ စိတ္တဇ ပထဝီ စသည်သည် စိတ္တဇရုပ် စသည်တို့နှင့် ဖြစ်ကြောင်း တူ၍ တပေါင်းတည်းဖြစ်၏။ ။ ဥဇု ... အာဟာရဇ ပထဝီ စသည့် တူပြီ၊

ထို့ကြောင့် ပုဂ္ဂိုလ် သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၁၁-ပစ္စည်း

ပစ္စည်းကျေးဇူးပြုခြင်းဖြင့် နှလုံးသွင်းပုံကား -

၁။ ပထဝီသည် အာပေါ၏ ပေါင်းစုခြင်းခံ၍ တေဇော၏စောင့်ရှောက်ခြင်းခံ၍ ဝါယော၏ ထောက်ပံခြင်းခံ၍ ထိုဓာတ်သုံးပါးအား တည်ရာအဖြစ်ဖြင့် ကျေးဇူးပြု၏။

၂။ အာပေါသည် ပထဝီ၌တည်၍ တေဇော၏ စောင့်ရှောက်ခြင်းခံ၍ ဝါယော၏ ထောက်ပံ့ခြင်းခံ၍ ထိုဓာတ်သုံးပါးအား တပေါင်း တည်းဖွဲ့ခြင်းဖြင့် ကျေးဇူးပြု၏။

၃။ တေဇောသည် တည်၊ စု၊ ထောက်ခံ၍ ထိုဓာတ်သုံးပါးအား ရင်ကျက်စေခြင်းဖြင့် ကျေးဇူးပြု၏။

၄။ ဝါယောသည် တည်၊ စု၊ စောင့်ခံ၍ ထိုဓာတ်သုံးပါးအား ထောက်ပံ့ခြင်းဖြင့် ငကျးဇူးပြု၏၊

ထို့ကြောင့် ပုဂ္ဂိုလ်သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၁၂-မသိနည်းနှင့်

နှလုံးမသွင်းတတ်ခြင်းဖြင့် နှလုံးသွင်းပုံကား -

၁။ ပထဝီသည် ငါပထဝီဟု မသိ၊
ဓာတ်သုံးပါးအား တည်ရာ အဖြစ်ဖြင့် ငါကျေးဇူးပြုသည်ဟု မသိ၊
ကြွင်းဓာတ်သုံးပါးကလည်း ငါတို့အား ပထဝီ ကျေးဇူးပြုသည်ဟု မသိ။

၂။ အာပေါလည်း ထို့အတူ မသိ၊
တေဇောလည်း မသိ၊
ဝါယော လည်းမသိ၊
ဓာတ်လေးပါးသည် အချင်းချင်းပင် သိတတ်သော သဘောမရှိ၊

ထို့ကြောင့် ပုဂ္ဂိုလ်သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

၁၃-ပစ္စည်းဝေဘန်

ပစ္စည်းဝေဘန်ခြင်းဖြင့် နှလုံးသွင်းပုံကား -

၁။ ကံသည်သာလျှင် ကမ္မဇရုပ်အား ဇနက သတ္တိဖြင့် ကျေးဇူးပြု၏၊
ကြွင်းတိဇရုပ်အား ပရိယာယ်သုတ္တန်နည်း ပကတူပနိဿယဖြင့် ကျေးဇူးပြု၏။
[ပဋ္ဌာန်းပကတူကား နာမ်အားသာ ကျေးဇူးပြုသည်။]

၂။ ကမ္မဇ ဓာတ်လေးပါးသည် အချင်းချင်း သဟဇာတ စသည်ဖြင့် ကျေးဇူးပြု၏၊ တည်ရာအဖြစ် ပေါင်းစုခြင်းအဖြစ် စောင့်ရှောက်ခြင်းအဖြစ်, ထောက်ပံ့ခြင်းအဖြစ် ဖြင့်လည်း အသီးသီး ကျေးဇူး ပြု၏၊ ဇနကမဟုတ်။

ကြွင်းတိဇ ဓာတ်လေးပါးအား နိဿယ စသည်ဖြင့် ကျေးဇူးပြု၏၊
ဇနကမဟုတ်၊ တည်ရာ စသည်လည်း မဟုတ်။

၃။ စိတ်သည်သာလျှင် စိတ္တဇရုပ်အား … ဇနကသတ္တိဖြင့် ကျေးဇူးပြု၏။

၄။ ပူအေး ဥတုသည်သာလျှင် ဥတုဇရုပ်အား ဇနကသတ္တိဖြင့် ကျေးဇူးပြု၏။

၅။ မျိုသော အာဟာရ သည်သာလျှင် အာဟာရဇရုပ်အား ဇနက သတ္တိဖြင့် ကျေးဇူး ပြု၏၊ (ပစ္ဆာဇာတမှ ကြွင်းသော ၂၃-ပစ္စည်း၌ ဇနကသတ္တိရှိ၏။)

၆။ ကလာပ်တူဖြစ်အံ့ ဓာတ်တပါးသည် ဓာတ်သုံးပါးအား၊ သုံးပါးသည် တပါးအား၊ နှစ်ပါးသည် နှစ်ပါးအား သဟဇာတစသည်ဖြင့် ကျေးဇူးပြု၏။

ခြေတလှမ်းတလှမ်း၌ --
ဥဒ္ဓရဏ- ခြေကြွခြင်း၊
အတိဟရဏ- ရှေ့သို့ဆောင်ခြင်း၊
ဝီတိဟရဏ- အန္တရာယ်မြင်လျှင် လွှဲ၍ဆောင်ခြင်း၊
အဝက္ခိပန- အောက်သို့ချခြင်း၊
ပတိဋ္ဌာပန- ခြေကိုထားခြင်း၊
ဥပ္ပီဠန- ဘိ၍နှိပ်ခြင်း-
ဟု အစဉ်အတိုင်း ခြောက်ချက်ခွဲ၍ နှလုံးသွင်းရသည်။

ကြွ ဆောင် လွှဲ ချ ထား နှိပ်- ခြောက်ချက်တို့တွင် -

၁။ ခြေကြွခြင်းအား ဝါယော ကူညီသော တေဇောသည် ကျေးဇူးပြု၏။

၂။ ရှေ့သို့ဆောင်ခြင်း, လွှဲ၍ဆောင်ခြင်းအား တေဇော ကူညီသော ဝါယောသည် ကျေးဇူးပြု၏။

၃။ ခြေချခြင်းအား ပထဝီကူညီသော အာပေါသည် ကျေးဇူးပြု၏။

၄။ ခြေထားခြင်းအား အာပေါကူညီသော ပထဝီသည် ကျေးဇူးပြု၏။

၅။ ခြေတဘက် လှမ်းလို၍ ခြေတဘက် နှိပ်ခြင်းအား ပထဝီသည် ကျေးဇူးပြု၏၊

ထို့ကြောင့် ပုဂ္ဂိုလ် သတ္တဝါ ထင်စရာမရှိ၊ ဓာတ် အစု၊ ဓာတ်အစု။

ဤသို့ ၁၃-နည်း တနည်းနည်းဖြင့် ဓာတ်အစုထင်လျှင် ဥပစာရဈာန်ရ၏။

အာနိသင်ကား -

၁။ စတုဓာတုဝဝတ္ထာန် အားထုတ်သူသည် အတ္တမှဆိတ်ခြင်း, သုဉ်းခြင်းသို့ ဉာဏ်ဝင်၏။

၂။ ပုဂ္ဂိုလ်သတ္တဝါ သညာခွါနိုင်၏၊ ဘီလူး သရဲ စသည်ဖြင့် အထူး ကြံခြင်းမရှိ၊ ဓာတ်လေးပါးခြင်း အတူတူဟု ရှုနိုင်သောကြောင့် ဘေးကြီးဘေးငယ် သည်းခံနိုင်၏။

၃။ ကုသိုလ်မမွေ့ - ကာမဂုဏ်မွေ့ခြင်းကို သည်းခံနိုင်၏။

၄။ ဣဋ္ဌာရုံ အနိဋ္ဌာရုံကြောင့် ဝမ်းသာ ဝမ်းနည်းမရှိ။

၅ ။ ပညာကြီး၏။

၆။ မျက်မှောက်ဘဝ နိဗ္ဗာန်ရ၏၊ မရလျှင် တမလွန်၌ သုဂတိလား၏။

ဤသို့ အာနုဘော် အထပ်ထပ် ယောဂီမြတ်ကို ဉာဏ် ဂေါစရဂါမ် စတုဓာတု ဝဝတ္ထာန်ကို ထက်သန်စွဲမြဲ ဉာဏ်ထက်သူ မှီဝဲရာ၏။

စတုဓာတုဝဝတ္ထာန် ပြီး၏။

အာရုပ္ပ လေးပါး

၁။ အာကာသာနဉ္စာယတနဈာန် ရလိုသော သူသည် အာကာသ ကြဉ်သော ကသိုဏ်းကိုးပါးတို့တွင် တပါးပါး၌ ရူပပဉ္စမဈာန် ရစေ၍ ဝသီဘော် ၅-တန် ဖန်ဖန် လေ့လာရသည်၊ ဤကရဇကာယရုပ် ရှိခြင်းကြောင့် လက်နက်ကိုင်ခြင်း, ခိုက်ရန် ငြင်းခုံခြင်း, အနာပေါက်ခြင်းတို့ ဖြစ်ကုန်၏၊ ရုပ်မရှိလျှင် မဖြစ်ကုန်-ဟု အပြစ် မြင်အောင်ရှုရသည်။

အပြစ်မြင်သောအခါ ကားပြရိုက်ခံရဘူးသူ - ထားပြနှင့် တူသူကိုပင် လန့်ဖျပ်သကဲ့သို့ ကရဇရုပ်နှင့်တူသော ကသိုဏ်းပဋိဘာဂနိမိတ်ကိုလည်း လန့်ဖျပ်၍ ငြီးငွေ့၏၊ “ဤ ငါရပြီးသော ပဉ္စမဈာန်သည် ငါငြီးငွေ့သော ကသိုဏ်းရုပ်ကို အာရုံပြုသည်၊ သောမနဿ ဘေးရန်လည်း နည်းသည်၊ အထက် သမာပတ်လောက် မနူးညံ့၊ ရုန့်ရင်းသည်” ဟု ပဉ္စမဈာန်၌ အပြစ်ရှု၍ တပ်ခြင်း နိကန္တိကို ကုန်စေရသည်၊ အာကာသာနဉ္စာယတန ဈာန်သည် ငြိမ်သက်၏၊ အဆုံးမရှိ-ဟု နှလုံးပြုရသည်။

စကြဝဠာ အဆုံးအထိဖြစ်စေ အလိုရှိသလောက် ဖြန့်အပ်သော ကသိုဏ်း ပဋိဘာဂ နိမိတ်ကို အာရုံမပြုဘဲ ထိုနိမိတ် တွေ့ထိပြန့်နှံ့ရာ ကောင်းကင် အရပ်ကိုသာ အာကာသော, အာကာသော-ဟူ၍၎င်း, အနန္တော အာကာသော-ဟူ၍၎င်း အဖန်ဖန် နှလုံးသွင်းလျက် ကသိုဏ်း ပဋိဘာဂနိမိတ်ကို ခွါရသည်။

ကသိုဏ်းနိမိတ်ကို နှလုံးမသွင်းဘဲ နိမိတ်နှံ့ထိရာကို အာကာသော အာကာသော-ဟု နှလုံးသွင်းခြင်းသည် ခွါသည်မည်၏၊ အိုးဝကို အဝတ်ပိတ်၍ ကြည့်နေစဉ် လေခတ်၍ အဝတ်လွင့်ကွာသကဲ့သို့ ကသိုဏ်းနိမိတ်ကို အာကာသော-ဟု နှလုံးသွင်းစဉ် နိမိတ်လွင့်ကွာ၍ ကောင်းကင်သက်သက် ထင်လာ၏၊ ဤကား-ကသိုဏ်းကို ခွါ၍ရသော ကောင်းကင်၊ ကသိုဏ်းနှံ့ရာ ကောင်းကင်၊ ကသိုဏ်းမှဆိတ်ရာ ကောင်းကင်ဖြစ်၏။
ပကတိကောင်းကင် ကသိုဏ်းအာရုံ ကောင်းကင် မဟုတ်။

ထိုကောင်းကင်နိမိတ်ကို အာကာသော, အာကာသော-ဟု ဖန်ဖန် ပွားလတ်သော် နီဝရဏကွာ၍ ဥပစာရဈာန် ရ၏၊ အာကာသာနဉ္စာယတနဈာန် စိတ်ဖြစ်၍လည်း အပ္ပနာဈာန် ရ၏၊ ဤဈာန်သည် ရူပသညာ လွန်ခြင်းကြောင့် ပဋိဃသညာ ချုပ်ခြင်းကြောင့် နာနတ္တသညာ နှလုံးမသွင်းခြင်းကြောင့် အနန္တော အာကာသော-ဟု စီးဖြန်း၍ရသော ပဌမအရူပဈာန် ဖြစ်၏။

ဤ၌ --
ရူပဈာန် ၁၅-ခုနှင့် ရူပဈာန်၏ အာရုံသည် ရူပသညာ၊
ဒွေပဉ္စ ဝိညာဏ်တဆယ်သည် ပဋိဃသညာ၊
ကြွင်း ကာမစိတ် ၄၄-သည် နာနတ္တသညာမည်၏၊
ဤဈာန်၌ ကာမစိတ်, ရူပစိတ် အားလုံးပယ်သည်။

အာကာသသည်-
၁။ ပရိစ္ဆန္နာကာသ-ပိုင်းခြားအပ်သော ပြတင်းပေါက်စသော ကွက်လပ် ကောင်းကင်,
၂။ အဇဋာကာသ-ငြိတွယ်မရှိသော ပြင်ပကောင်းကင်
၃။ ကသိဏုဂ္ဃာဋိမာကာသ-ကသိုဏ်းခွါ၍ရသော ကောင်းကင်
ဟု သုံးမျိုးရှိ၏၊ ဤ၌ ကသိဏုဂ္ဃာဋိမာကာသသည် အန္တ- ဟူသော ဥပါဒ်မရှိ၊ ဘင်မရှိ၊ အဆုံးမရှိ၊ ကြားဖြတ်မရှိ၊ ထို့ကြောင့် အနန္တမည်၏။

၂။ ဝိညာဏဉ္စာယတနဈာန် ရလိုသောသူသည် အာကာသာနဉ္စာယတနဈာန်ကို ဝသီဘော်လေ့လာ၍ ရူပဈာန် ရန်သူနီး၏၊ ရုန့်ရင်း၏-ဟု အပြစ်ရှု၍ နိကန္တိစွန့်၍ ဝိညာဏဉ္စာယတန ဈာန်သည် ငြိမ်သက်၏-ဟု နှလုံးသွင်း၍ ထိုကောင်းကင်နှံ့ အာရုံပြုသော အာကာသာနဉ္စာယတန ကုသိုလ် ကြိယာကို ဝိညာဏံ ဟူ၍၎င်း, အနန္တံ ဝိညာဏံ-ဟူ၍၎င်း စီးဖြန်းလတ်သော် အာကာသာနဉ္စာယတနဈာန်ကို၎င်း, အာရုံကို၎င်း လွန်၍ ဝိညာဏဉ္စာယတနဈာန် ရ၏။

၃။ အာကိဉ္စညာယတနဈာန် ရလိုသောသူသည် ဝိညာဏဉ္စာယတနဈာန်ကို ဝသီဘော်လေ့လာ၍ အပြစ်ရှု၍ ကောင်းကင်နှံ့ဖြစ်သော အာကာသာနဉ္စာယတန ဈာန်၏ မရှိခြင်း အဘာဝမတ္တ နတ္ထိဘောပညပ်ကို နတ္ထိနတ္ထိသုညံ သုညံဝိဝိတ္တံ ဝိဝိတ္တံ-ဟု စီးဖြန်းလတ်သော် ဝိညာဏဉ္စာယတန ဈာန်ကို၎င်း အာရုံကို၎င်း လွန်၍ အာကိဉ္စညာယတနဈာန်ရ၏။
ဤ နတ္ထိဘောပညပ်သည် သံဃာအများ စည်းဝေးသည်ကို မြင်ပြီးမှ ခဏ ထသွားစဉ် အစည်းအဝေး ရုပ်သိမ်းသဖြင့် တဖန်ပြန်လာသောအခါ သံဃာမရှိသည်ကို မြင်ရ သည်နှင့် တူ၏။

ဤဈာန်၌ သညာတခုသာ မဟုတ်၊ ဝေဒနာလည်း နေဝဝေဒနာ နာဝေဒနာဖြစ်၍ နာမ်ခန္ဓာ လေးပါးလုံး သိမ်မွေ့၏၊ အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ဝိပဿနာရှုနိုင်အောင် ထင်ရှားသော ကိစ္စမရှိ။

မှတ်ဘွယ်ပကိဏ်း

အာရုပ္ပဈာန်လေးခုသည် ကသိုဏ်း, ကောင်းကင်, ဝိညာဏ်, နတ္ထိ- ဤအာရုံ လေးခုကို အစဉ်အတိုင်းလွန်၏၊ ဈာန်အင်္ဂါ လွန်ခြင်းမရှိ၊ ဈာန်အင်္ဂါ တူသော်လည်း အဆင့်ဆင့်မြတ်ကုန်၏၊ ကာမဂုဏ် အဆင့်ဆင့် ထူးသော ပြာသာဒ်လေးဆင့်၊ အဆင့်ဆင့်ချောသော ပုဆိုးလေးထည်နှင့် တူ၏၊

အာရုံပြုခြင်းသည် ခရီးသည် လေးဦးနှင့် တူ၏၊
မစင်တော မဏ္ဍပ်၌ ပဌမလူ တွဲရရွဲ ဆွဲ၍ နား၏၊
ဒုတီယလူ- ထိုသူကိုမှီ၍ နား၏၊
တတီယလူ-လွတ်ရာ ပြင်ပ၌ နား၏၊
စတုတ္ထလူ-ထိုသူကိုမှီ၍ နား၏။

နေဝသညာနာသညာယတန ဈာန်သည် အာကိဉ္စညာယတန ဈာန်ကို အပြစ်မြင် သော်လည်း အာရုံတပါး မရှိသောကြောင့် အာရုံပြုရသည်၊ မင်းဆိုးကို အပြစ် မြင်သော်လည်း ဝမ်းရေးအတွက် ခစားရသည်နှင့် တူ၏၊ လှေခါးရှည်တက်သူ-လှေကားပေါင် ကိုင်၍၊ မြေတောင်ထိပ်တက်သူ ထို တောင်ထိပ်ကို ထောက်၍၊ ကျောက်တောင်တက်သူ- မိမိဒူးဆစ်ထောက်၍ တက်သကဲ့သို့ နေဝသညာ နာသညာယတနဈာန်သည် အာကိဉ္စညာယတန ဈာန်ကို ကိုင်ထောက်ကာ အာရုံပြု၍ ဖြစ်၏။

အာရုပ္ပလေးပါး ပြီး၏။

အဘိညာ ၅-ပါး

၁-ဣဒ္ဓိဝိဓအဘိညာ

သမထလေးဆယ်ပွားခြင်းသည် အာနိသင်ငါးပါးရှိ၏၊
ရဟန္တာအား မျက်မှောက်ဘဝ ချမ်းသာစွာ နေရခြင်းအကျိုး, ပုထုဇဉ်သေက္ခ စသည်တို့ အား ဝိပဿနာအကျိုး, ဘဝထူးအကျိုး, အဘိညာအကျိုး, နိရောဓ-သမာပတ် အကျိုးရှိ၏။

ပဉ္စမဈာန်ရသောသူသည် ထိုဈာန်ခိုင်မြဲခြင်း အာနိသင်ရခြင်း, ဝိပဿနာ ပြည့်စုံ လွယ်ခြင်းငှါ ဣဒ္ဓိဝိဓ စသော လောကီအဘိညာ ငါးပါးကို အားထုတ်အပ်၏။

ဣဒ္ဓိဝိဓအဘိညာ ရလိုသော အာဒိကမ္မိကသည် ရှေ့ကသိုဏ်း ရှစ်ပါး၌ သမာပတ် ရှစ်ပါးစီ ဖြစ်စေပြီးလျှင် စုဒ္ဒသာကာရဖြင့် အကြိမ်ရာထောင်စိတ်ကို ဆုံးမအပ်၏။

စုဒ္ဒသာကာရ

၁။ ကသိုဏ်း အနုလုံအားဖြင့်၎င်း
၂။ ပဋိလုံအားဖြင့်၎င်း
၃။ အနုလုံ ပဋိလုံအားဖြင့်၎င်း
၄။ ဈာန် အနုလုံ
၅။ ပဋိလုံ
၆။ အနုလုံ ပဋိလုံအားဖြင့်၎င်း
၇။ ကသိုဏ်း တခုခြား
၈။ ဈာန် တခုခြား
၉။ ကသိုဏ်း ဈာန်တခုခြား အားဖြင့်၎င်း,
၁၀။ ဈာန် ပြောင်းရွှေ့ခြင်း
၁၁။ ကသိုဏ်း ပြောင်းရွှေ့ခြင်း
၁၂။ ဈာန်ကသိုဏ်း ပြောင်းရွှေ့ခြင်း အားဖြင့်၎င်း
၁၃။ ဈာန်အင်္ဂါ မှတ်သားခြင်း
၁၄။ ကသိုဏ်းအင်္ဂါ မှတ်သားခြင်းအားဖြင့်၎င်း-

ဤ ၁၄-ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကိုဆုံးမအပ်၏။

တရာမှာတယောက်

အာဒိကမ္မိကအား ကသိုဏ်းဝန်း ပရိကံ အစစွာ ပြုခြင်းမျှပင် ဝန်လေး၏၊
တရာမှာ တယောက် တထောင်မှာ တယောက်သာ စွမ်းနိုင်၏၊
ပရိကံ ပြုပြီးလျှင် နိမိတ် ထင်စေခြင်းလည်း ရာထောင်တွင် တယောက်တလေသာ၊
နိမိတ်ထင်ပြီးလျှင် နိမိတ်ချဲ့ပွား၍ ဈာန်ရခြင်းလည်း တယောက်တလေသာ၊
ဈာန်ရပြီးလျှင် စုဒ္ဒသာကာရဖြင့်စိတ်ဆုံးမခြင်းလည်း တယောက်တလေသာ၊
ဆုံးမပြီးလျှင် တန်ခိုး ဖန်ဆင်းနိုင်ခြင်းလည်း တယောက်တလေသာ၊
ဖန်ဆင်းနိုင်လျှင် (ခိပ္ပနိသန္တိ) လျင်စွာ ဝင်စားနိုင်ခြင်းလည်း တယောက်တလေသာ၊
ခိပ္ပနိသန္တိဖြစ်လျှင် သူတပါး၏ ကားကိုးရာ ဖြစ်ခြင်းလည်း တယောက်တလေသာ- စွမ်းနိုင်၏။

မဟာရောဟဏမထေရ် မမာ၍ ပြုစုနေသော နဂါးမင်းကို ဂဠုန်သုတ်သောအခါ ဣဒ္ဓိမန္တ ရဟန်းသုံးသောင်းအလယ်၌ ရှစ်ဝါရ ရှင်ရက္ခိတသည် တောင်ကြီး လျင်စွာ ဖန်ဆင်း၍ ကာကွယ်လိုက်၏၊ မထေရ်ကြီးက ငါ့ရှင်တို့ ... ရက္ခိတရဟန်းသာ မရှိလျှင် ငါတို့အားလုံး ကဲ့ရဲ့ခံကြရကုန်လတ္တံ့၊ ရဟန်း လက်ကိုင် လက်နက်- သံချေး မတက်စေကြနှင့် ဟု မိန့်ဆို၏၊ ထိုမိန့်ဆိုသံဖြင့် ရဟန်း သုံးသောင်းလည်း ခိပ္ပနိသန္တိ ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။

စေတိယ တောင်အစပြု၍ သီဟိုဠ်တကျွန်းလုံး ဆီမီးထွန်းပွဲကြီး ပြုသောအခါ မာရ်နတ်သည် မီးကျီးမိုဃ်းရွာချ၏၊ မထေရ်တပါးသည် ကောင်းကင်၌ မြေဖန်ဆင်း၍ ကာကွယ်လိုက်သဖြင့် အများအားကိုးရာ ဖြစ်၏။

ပုဗ္ဗဟေတု ပြည့်စုံသူတို့ကား ကသိုဏ်း၌ ရူပဈာန်လေးပါး လေ့လာ၍လည်း အဘိညာ ရကုန်၏၊ ဘုရား, ပစ္စေက, အဂ္ဂသာဝက တို့အားကား ဗလဝ ပုဗ္ဗယောဂ ရှိသောကြောင့် စုဒ္ဒသာကာရ ဆုံးမဘွယ်မရှိ၊ အရဟတ္တမဂ်စွမ်းဖြင့် ဂုဏ်ကျေးဇူး အားလုံး ပြည့်စုံ၏။

ဈာန်စိတ်အင်္ဂါ ၈-ပါး

၁။ စုဒ္ဒသာကာရဖြင့် ဆုံးမ၍ ဝသီဘော် ငါးပါးဖြင့် နူးညံ့အောင် လေ့လာလျှင် စိတ်သည် စတုတ္ထဈာန်သမာဓိဖြင့် တည်ကြည်၏။
၂။ စင်ကြယ်၏။
၃။ အရောင်ထွက်၏။
၄။ မြူမရှိ။
၅။ ညစ်ကြေးမရှိ။
၆။ နူးညံ့၏။
၇။ အဘိညာအမှုခံ့၏။
၈။ မတုန်လှုပ်အောင် တည်၏။

ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောအခါ ဣဒ္ဓိဝိဓအဘိညာ ဝင်စားနိုင်၏။

ဣဒ္ဓိ ၁၀-ပါး

ဣဒ္ဓိသည် --
၁။ အဓိဋ္ဌာနဣဒ္ဓိ
၂။ ဝိကုဗ္ဗနာဣဒ္ဓိ
၃။ မနောမယာဣဒ္ဓိ
၄။ ဉာဏဝိပ္ဖာရာဣဒ္ဓိ
၅။ သမာဓိဝိပ္ဖာရာဣဒ္ဓိ
၆။ အရိယာဣဒ္ဓိ
၇။ ကမ္မဝိပါကဇာဣဒ္ဓိ
၈။ ပုညဝတောဣဒ္ဓိ
၉။ ဝိဇ္ဇာမယာဣဒ္ဓိ
၁၀။ တတ္ထတတ္ထ သမ္မာပယောဂ ပစ္စယာဣဒ္ဓိ

ဤသို့ ဆယ်ပါးပြား၏၊ ထိုတွင် အစသုံးပါးသာ ဣဒ္ဓိဝိဓ အဘိညာ မည်၏။

*အ ဝိ မ ဉာဏ်သ ရိ ကမ်ပုညံ ဝိဇ္ဇာ တတ်

၁။ တကိုယ်တည်းကို အများဖြစ်အောင် စသည် ဖန်ဆင်းခြင်းသည် အဓိဋ္ဌာနာဣဒ္ဓိ မည်၏။

၂။ ပကတိ အသွင်စွန့်၍ သူငယ်အသွင် စသည် ဖန်ဆင်းခြင်းသည် ဝိကုဗ္ဗနာဣဒ္ဓိ မည်၏။

၃။ ဤကိုယ်အတွင်း တပါးသောကိုယ်ကို ဖန်ဆင်းခြင်းသည် မနောမယာဣဒ္ဓိ မည်၏။ (အ ဝိ မ။)

၄။ အရဟတ္တမဂ်ဉာဏ်ဖြစ်သည်မှ ရှေး၌၎င်း, နောက်၌၎င်း, ထိုခဏ၌၎င်း ဉာဏ်ကြောင့်ဖြစ်သော တန်ခိုးသည် ဉာဏဝိပ္ဖာရာဣဒ္ဓိ မည်၏၊ (ဉာဏ်)။
ငါးကြီးမျိုသော ရှင်ဗာကုလ, မီးပုံထက်ရောက်မှ ဖွားသော ရှင်သံကိစ္စ ထင်းလှည်း အောက်၌ ဘီလူးဆွဲခံရသော ရှင်ဘူတပါလအား အန္တရာယ် မဖြစ်သော တန်ခိုး တည်း။

၅။ ဈာန်သမာဓိ ဖြစ်သည်မှ ရှေ့-နောက်၊ ထိုခဏတွင် သမာဓိကြောင့် ဖြစ်သော တန်ခိုးသည် သမာဓိဝိပ္ဖာရာဣဒ္ဓိ မည်၏။ ()။
ဘီလူးရိုက်သော ရှင်သာရိပုတြာ, မီးတိုက်ခံရသော ရှင်သဉ္ဇီ၀ မြှားပစ်ခံရသော သာမာဝတီ တို့အား အန္တရာယ်မဖြစ်သော တန်ခိုးတည်း။

၆။ အရိယာတို့၏ ဆဠင်္ဂုပေက္ခာသည် အရိယာဣဒ္ဓိမည်၏၊ (ရှိ)။
အနိဋ္ဌကို မေတ္တာဖြင့်၎င်း, ဓာတ်ဖြင့်၎င်း ဆင်ခြင်၍ ဣဋ္ဌဟု ရှုနိုင်ခြင်း၊ ဣဋ္ဌကို အသုဘ, အနိစ္စဆင်ခြင်၍ အနိဋ္ဌဟု ရှုနိုင်ခြင်း၊ အာရုံခြောက်ပါး တွေ့ကြုံတိုင်း သောမနဿ ဒေါမနဿမဖြစ်သော တန်ခိုးတည်း။

၇။ ပဋိသန္ဓေမှစ၍ဖြစ်သော တန်ခိုးသည် ကမ္မဝိပါကဇာ ဣဒ္ဓိမည်၏၊ (ကမ်)။
ငှက်, နတ်, ကမ္ဘာဦးလူတို့ ကောင်းကင် သွားနိုင်သော တန်ခိုးတည်း။

၈။ ကုသိုလ် အကျိုးပေးခိုက်ဖြစ်သော တန်ခိုးသည် ပုညဝတော ဣဒ္ဓိ မည်၏၊ (ပုညံ)။
စကြာမင်း ပရိသတ်နှင့် ကောင်းကင်သွားခြင်း, ဇောတိက ပြာသာဒ်ပေါက်ခြင်း, ဃောသက ခုနစ်ကြိမ် သေကြောင်းကြုံသော်လည်း အန္တရာယ်မရှိခြင်း စသော တန်ခိုးတည်း။

၉။ ဝိဇ္ဇာဓိုရ် မန္တန်ဖြင့် ကောင်းကင်သွားခြင်း, ဆင်တပ် မြင်းတပ် ပြခြင်းတို့သည် ဝိဇ္ဇာမယာ ဣဒ္ဓိမည်၏၊ (ဝိဇ္ဇာ)။

၁၀။ ထိုထိုအရာ၌ လုံ့လကြောင့်ပြီးသော တန်ခိုးသည် တတ္ထတတ္ထ သမ္မာပယောဂ-ပစ္စယာ ဣဒ္ဓိမည်၏။ (တတ်)။
နေက္ခမ္မဖြင့် ကာမစ္ဆန္ဒ ပယ်ခြင်း, ကိလေသာပယ်ခြင်း, ထိုမှတပါး အတတ်ပညာ ဗေဒင်ပိဋကတ် သင်၍တတ်ခြင်း, အယုတ်ဆုံး လယ်ထွန်၍ ဝမ်းစာအကျိုးရခြင်း စသည်တို့တည်း။

ဘူမိ ၄-ပါး

အဓိဋ္ဌာနာဣဒ္ဓိဖြင့် တရာတထောင်စသည် ဖန်ဆင်းလိုသည်ဖြစ်အံ့၊ ဘူမိလေးပါး ပါဒလေးပါး, ပဒရှစ်ပါး, မူလ ၁၆-ပါးတို့ကို ပြည့်စုံစေ၍ ဉာဏ်ဖြင့် ဆောက်တည် သည်ဖြစ်အံ့၊ တရာတထောင် စသည်ဖြစ်၏၊ ထိုတွင်-

ဘူမိလေးပါးကား -
စတုက္ကနည်း ရှေးဈာန်သုံးပါးသည် သမ္ဘာရဘုံ၊
စတုတ္ထဈာန်သည် ပကတိဘုံ၊
ဤသို့ ဈာန်လေးပါးသည် ဘူမိလေးပါး မည်၏။

ပါဒ ၄-ပါး

၁။ ဆန္ဒ
၂။ ဝီရိယ
၃။ စိတ္တ
၄။ ဝီမံသ - သည် ဣဒ္ဓိ၏ အခြေပါဒမည်၏။

ပဒရှစ်ပါး

၁။ ဣဒ္ဓိသို့ရောက်ကြောင်းဖြစ်သော ဆန္ဒနှင့် သမာဓိ
၂။ ဝီရိယနှင့် သမာဓိ
၃။ စိတ္တနှင့်သမာဓိ
၄။ ဝီမံသနှင့်သမာဓိသည် ပဒရှစ်ပါး မည်၏။

မူလ ၁၆-ပါး

၁။ လုံ့လရှိသောစိတ်သည် ကောသဇ္ဇကြောင့် မတုန်လှုပ်။
၂။ မပျံ့လွင့်သောစိတ်သည် ဥဒ္ဓစ္စကြောင့်,
၃။ မကပ်ငြိသောစိတ်သည် ရာဂကြောင့်,
၄။ အမျက်ကင်းသောစိတ်သည် ဒေါသကြောင့် မတုန်လှုပ်။
၅။ အဟံ၊ မမ-ဟု မစွဲမမှီသောစိတ်သည် ဒိဋ္ဌိကြောင့်
၆။ မဖွဲ့သောစိတ်သည် ဆန္ဒရာဂကြောင့်,
၇။ လွတ်သောစိတ်သည် ကာမရာဂကြောင့်,
၈။ မယှဉ်သောစိတ်သည် ကိလေသာကြောင့် မတုန်လှုပ်။
၉။ ကိလေသာ အပိုင်းအခြားကင်းသောစိတ်သည် ကိလေသာ အပိုင်းအခြားကြောင့်,
၁၀။ တည်ကြည်သောစိတ်သည် ကိလေသာ အထူးထူးကြောင့်,
၁၁။ သဒ္ဓါသိမ်းဆည်းသောစိတ်သည် အသဒ္ဓိယကြောင့်,
၁၂။ ဝီရိယသိမ်းဆည်းသောစိတ်သည် ကောသဇ္ဇကြောင့် မတုန်လှုပ်။
၁၃။ သတိသိမ်းဆည်းသောစိတ်သည် ပမာဒကြောင့်,
၁၄။ သမာဓိ သိမ်းဆည်းသောစိတ်သည် ဥဒ္ဓစ္စကြောင့်,
၁၅။ ပညာသိမ်းဆည်းသောစိတ်သည် အဝိဇ္ဇာကြောင့်,
၁၆။ ဉာဏ်ရောင်လင်းသောစိတ်သည် အဝိဇ္ဇာမှောင်ကြောင့် မတုန်လှုပ်။

ဤကား မူလ ၁၆-ပါးတည်း။

ဤ ဘူမိစသည်သည် စိတ်တည်ကြည်ခြင်း စသော အင်္ဂါရှစ်ပါးဖြင့် ပြီး၏၊ ပြီးသော်လည်း ပဌမဈာန် စသည်တို့သည်လည်း ဣဒ္ဓိ၏ဘူမိ, ပါဒ, ပဒ, မူလတို့ ဖြစ်ကုန်၏ဟု ပြခြင်းငှါ တဖန်ဆိုသည်။

အဓိဋ္ဌာနဣဒ္ဓိ

ဤသို့ ဣဒ္ဓိ၏ ဘူမိ စသည်တို့ကို ပြည့်စုံစေပြီးလျှင် အဘိညာ၏ အခြေခံ ဈာန်ကို ဝင်စားအပ်၏၊ ဤကား- ပါဒကဝီထိတည်း။

ထိုဈာန်မှထ၍ သတံဟောမိ-စသည်ဖြင့် ပရိကံပြုအပ်၏၊
ဤကား- အဓိဋ္ဌာန်ပရိကံဝီထိ

တဖန် အဘိညာ၏ အခြေခံဈာန်ကို ဝင်စားအပ်၏၊ ဤကား- တဖန် ပါဒက ဝီထိ

ထိုမှထ၍ အပြီးသတ် အဘိညာ ဝင်စားအပ်၏၊ ဤကား- အဘိညာ ဝီထိ

ဤစတုတ္ထဝီထိစိတ်နှင့် တပြိုင်နက် နိမ္မိတရုပ်တရာ စသည်ဖြစ်လာ၏၊
မဖြစ်လျှင် ဤလေးဝီထိကိုပင် ပြန်ဝင်စားအပ်၏။

တထောင်ဖန်ဆင်းလိုလျှင် သဟဿံဟောမိ၊ မတူအောင် ဖန်ဆင်းလိုလျှင် ဧတ္တကာ ပဌမဝယာ ဟောန္တုဧတ္တကာ စီဝရကမ္မံ ကရောန္တု - စသည်ဖြင့် အလိုရှိတိုင်း ပရိကံ ဆောက်တည်၍ ဖန်ဆင်းအပ်၏။

အများကို တကိုယ်ထည်း ဖြစ်စေလိုလျှင် အများဖန်ဆင်းပြီးမှ ပိုင်းခြားသော ကာလအတွင်း တန်ခိုးရုပ်သိမ်းခြင်းအားဖြင့် ဧကော ဟောမိ-ဟု ဆောက်တည် အပ်၏၊ မဆောက်တည်လျှင် ပိုင်းခြားသော ကာလစွမ်းဖြင့် အလိုလိုတကိုယ်တည်း ဖြစ်၏။

ဖုံးကွယ်သည်ကို ဝေးသည်ကို ထင်ရှားအောင် နီးအောင် ပြုလိုလျှင်- ဣဒံ အန္ဓကာရဌာနံ အာလောကဇာတံ ဟောတုဣဒံ အနာပါထံ အာပါထံ ဟောတု-ဟု ဆောက်တည်အပ်၏။
စူဠသုဘဒ္ဒါ ပင့်၍ သာဝတ္ထိမှ ခုနစ် ယူဇနာ ဝေးသော သာကေတ ပြည်သို့ ကြွသော အခါ တိုင်းပြည်နှစ်ခု၌ နေသောသူတို့သည် အချင်းချင်း မြင်နိုင်အောင် ဘုရားရှင် ပြုသည်။

သီဟိုဠ်ကျွန်း၌ ဓမ္မဒိန္နမထေရ် အပဏ္ဏကသုတ်ကို ဟောကြားစဉ် ယပ်ကို နှိမ့်လိုက် သောအခါ အဝီစိအထိ တပြင်တည်း တရားနာသူတို့ မြင်ကြသည်၊ ယပ်ကို မြင့်လိုက် သောအခါ ဗြဟ္မာပြည်အထိ မြင်ကြသည်၊ တရားနာသူတို့ များစွာ မဂ်ဖိုလ်ရကုန်၏။

ထင်ရှားသည်ကို နီးသည်ကို ဖုံးကွယ်အောင် ဝေးအောင် ပြုလိုလျှင်- ဣဒံ အာလောကဌာနံ အန္ဓကာရံ ဟောတုဣဒံ အာပါထံ အနာပါထံ ဟောတု
ယသသတို့သားကို အဘသူဌေးကြီး မမြင်အောင်၊ မဟာကပ္ပိန မင်းကြီးနှင့် အမတ် တထောင်ကို အနောဇာဒေဝီမိဖုရားနှင့် အမတ်ကတော်တို့ မမြင်အောင် ဘုရားရှင် ပြုသည်။

တနည်း - ယမကပါဋိဟာရိယကဲ့သို့ တန်ခိုးနှင့် တန်ခိုးရှင်နှစ်ပါးလုံး ထင်ရှားလျှင် အာဝီဘာဝ တန်ခိုးမည်၏၊ ဗကဗြဟ္မာအား ဘဝေဝါဟံ ဘယံ ဒိသွာ-စသော ဂါထာဖြင့် ကိုယ်ခန္ဓာ ကွယ်၍ ဟောသကဲ့သို့ ဣဒ္ဓိသာ ထင်ရှား၍ ဣဒ္ဓိမန္တပုဂ္ဂိုလ် မထင်ရှားလျှင် တိရောဘာဝတန်ခိုး မည်၏။

နံရံ, တံတိုင်း, တောင်-စသည့်ကို ဖောက်၍ မငြိမတွယ် သွားလိုလျှင်- အာကာသ ကသိုဏ်း ပါဒကဈာန်ဝင်စား၍ အာကာသော ဟောတု

မြေ၌ငုပ်လို, ပေါ်လိုလျှင် အာပေါဝင်စား၍ ဧတ္တကေဌာနေ ပထဝီ ဥဒကံ ဟောတု၊ ဤသို့ ဖန်ဆင်းသောအခါ တန်ခိုးရှင်အား ရေ၊ တပါး သောသူတို့အား မြေပင်တည်း၊ တပါးသောသူတို့အား ရေဖြစ်စေလိုလျှင်လည်း ရေဖြစ်၏၊ ထောပတ် ဆီ ပျား စသည်ကို ဖန်ဆင်းလျှင်လည်း ရ၏။

ရေ၌ ဣရိယာပုထ်လေးပါး ပြုလိုလျှင် ပထဝီဝင်စား၍ ဧတ္တကေ ဌာနေ ဥဒကံ ပထဝီ ဟောတု၊ ရွှေ ငွေ တောတောင် သစ်ပင် ဖန်ဆင်းလျှင်လည်း ရ၏။

ကောင်းကင်၌ ဣရိယာပုထ်လေးပါး ပြုလိုလျှင် ပထဝီဝင်စား၍ အာကာသော ပထဝီ ဟောတု၊ အထူးအားဖြင့် ကောင်းကင်သွား ရဟန်းသည် ဒိဗ္ဗစက္ခု ရသင့်သည်၊ မရလျှင် ရေချိုးဆိပ်, ရွာတံခါး စသည်ကို မရှောင်မကွင်း ဆင်းမိက အုတ်အုတ် ကျက်ကျက် အထင်အရှား ပါကဋဖြစ်တတ်၏။

လ နေ တို့ကို သုံးသပ်လို, ဆုပ်နယ်လို, ထိုင်လိုလျှင် အမှတ်မရှိ သိုဏ်း ဝင်စား၍ သွား၍၎င်း လက်ရှည်စေ၍၎င်း, လ နေတို့ကို အနီးရောက်လာအောင် ဆောက်တည် ၍၎င်း သုံးသပ်နိုင်, ဆုပ်နယ်နိုင်, ထိုင်နိုင်၏၊ လ နေတို့ကား ပကတိ အတိုင်းပင်ဖြစ်၍ ရဟန်း ရာထောင် ထိုတန်ခိုးမျိုး ပြုသော်လည်း ပြည့်စုံကြသည်သာတည်း၊ ရေခွက် ရာထောင်၌ လရိပ် နေရိပ် ခွက်တိုင်း ထင်သကဲ့သို့တည်း။
လက်ရှည်စေသောအခါ ဥပါဒိန္နကရုပ်ကို မှီ၍ အနုပါဒိန္နကရုပ်သာ ရှည်သည်၊ စိတ္တဇရုပ်သို့လိုက်၍ ဥတုဇရုပ်သာ ရှည်သည်။

ကာယေန ဝသံ ဝတ္တေတိ

ဗြဟ္မာပြည်တိုင်အောင် ဝေးစေကာမူ ကိုယ်ဖြင့် အလိုရှိတိုင်း ဖြစ်စေရာ၌ အဝေးကို အနီး ပြုလိုလျှင် သန္တိကေ ဟောတု

ဘုရားရှင် တာဝတိံသာမှ ဆင်းသောအခါ သာဝတ္ထိပြည်မှ လူတို့ကို ယူဇနာ ၃၀-ဝေး သော သင်္ကဿနဂရသို့ ခဏချင်းရောက်အောင် ရှင်မောဂ္ဂလာန် ပြုသည်။

သီဟိုဠ်ကျွန်းတွင် စူဠသမုဒ္ဒမထေရ်လည်း ပြုဘူးသည်၊ ဒုဗ္ဘိက္ခ အခါတွင် အာဂန္တု ရဟန်း ၇၀၀-နံနက်စောစော ရောက်လာ၍ ဇမ္ဗူဒီပကျွန်း ပါဋလိပုတ်ပြည်သို့ ခဏချင်း ရောက်အောင် ဆောင်၍ ဆွမ်းခံဝင်တော်မူ၏၊ ရဟန်းတို့ မေးမြန်း လတ်သော် ပါဋလိပုတ်ဝေးသော်လည်း ငါတို့လို မေထရ်အိုများသည် နီးအောင် ပြုတတ်သည်၊ သမုဒြာကြီး ကျယ်သော်လည်း မြောင်းငယ်မျှ ကျဉ်းအောင် ပြုတတ်သည်-ဟု မိန့်ဆို၏။

မထေရ် တပါးထံမှ ကြားရဘူးသည်မှာ - သီဟိုဠ်မှ ဗောဓိပင်သို့ ဘုရားဖူးသွားသော ရဟန်းတို့အား မထေရ်တပါး ရှေ့ဆောင်၍ သွား၏၊ ခဏချင်း ဗောဓိပင်အနီးသို့ ရောက်လတ်သော် --

အရှင်ဘုရား ... အဘယ်သို့ ရောက်ပါပြီနည်း၊
ငါ့ရှင်တို့ ... ဗောဓိပင် အနီးသို့ရောက်ပြီ၊ ဟိုရှေ့နားတွင် ဗောဓိပင်ရှိသည်၊

အရှင်ဘုရား ... ရောက်လွယ်လှပါတကား၊
ငါ့ရှင်... ငါတို့လိုမထေရ်များသည် မြန်မြန်ရောက်လွယ်သော လမ်းခရီးကို မှတ်သား ထားကုန်၏-ဟု မိန့်ဆို၏၊

အရှင်ဘုရား .... သမုဒြာကြီးကို မတွေ့မိပါတကား၊
ငါ့ရှင် ... ထိုမြောင်းငယ်ကို တလှမ်းထည်းဖြင့် ကူးခဲ့သည် မဟုတ်လော၊

အရှင်ဘုရား .... သမုဒြာသည် ကျဉ်းလှပါတကား၊
ငါ့ရှင်တို့ ... ငါတို့လိုမထေရ် များသည် ဘယ်ကကျယ်သည်, ဘယ်ကကျဉ်းသည်ဟု မှတ်သားထားကုန်၏ ဟူ၍ မိန့်ဆိုသည်ဟု ပြုပြင်ကာ ထက်သန်စေ၊ အားကျစေပြီ။

ရဟန်း သုံးကျိပ်တို့သည် မဟာစေတီဖူး၍ တောလမ်းခရီး ကြွသွားစဉ် လူတယောက် ကို မြင်ကုန်၏၊ ထိုလူကား တကိုယ်လုံး အိုးမဲပေ၏၊ အဝတ်ညစ် ခါးတောင်းကျိုက်၏၊ မီးလောင်ထားသော ထင်းစည်းကို ရွက်၏၊ ကျောက်ကုန်း၌ ဆံပင်ဖားလျား ရှုပ်ရှက်ခပ်၏၊ မီးလောင်ပြင်မှ အလုပ်လုပ်ပြီး ပြန်လာသူဖြစ်၍ မီးလောင်ထားသော သစ်ငုတ်ကြီးအသွင် ရှိ၏၊

သာမဏေတို့သည် အချင်းချင်းကြည့်၍ သင်၏အဘ သင့်အဘိုး, သင့်ဦးလေး-ဟု ပြက်ရယ်ပြုကုန်၏၊ ထိုသူသည် ထင်းစည်းချ၍ မထေရ်တို့ကို ရှိခိုးပြီးလျှင် အရှင်တို့သည် အကျွန်ုပ်ကို ရယ်စရာပြုကုန်၏၊ ဤမျှဖြင့် ရဟန်းကိစ္စ တုံးကြ မည်လော၊ အကျွန်ုပ်သည် ဤသာသနာ၌ အလွန်တန်ခိုးကြီးခဲ့ဘူးပါပြီ၊

ကောင်းကင်ကို မြေ၊ မြေကို ကောင်းကင်ပြု၍ အနီးကိုအဝေး, အဝေးကို အနီးပြု၍ စကြဝဠာတထောင်ကို ခဏချင်း သွားဘူးပြီ၊ ဤလက်တို့သည် မျောက်လက်သဘွယ် ဖြစ်ပါသော်လည်း ဤလ ဤနေတို့ကို သုံးသပ်ဆွဲကိုင် နေထိုင်ဘူးပြီ၊ မေ့လျော့ခြင်း ကြောင့် ဤတန်ခိုးအားလုံး ကွယ်ပျောက်ကုန်ပြီ၊ မမေ့မလျော့ နေတော်မူကြပါဟု လျှောက်၏၊ ထိုစကားဖြင့် ထိတ်လန့်၍ ရဟန်းသုံးကျိပ် ရဟန္တာဖြစ်ဘူးကုန်ပြီ၊ ငါတို့သတိရဘွယ် ကောင်းလှ၏။

အနီးကို အဝေးပြုလိုလျှင် ဒူရေ ဟောတု
အင်္ဂုလိမာလနှင့် ဘုရားရှင် အကြား နီးသော်လည်း ဝေးအောင်ပြုသည်။

အများကို အနည်းငယ်ပြုလိုလျှင် ထောကံ ဟောတု
သတို့သမီး ငါးရာ မုံ့ရှက် ငါးရာလှူ၍ သပိတ်တလုံးထည်းဖြင့် ရှင်မဟာကဿပ ခံသောအခါ အများကို အနည်းငယ်ပြုသည်။

အနည်းငယ်ကို အများပြုလိုလျှင် ဗဟုကံ ဟောတု
ဆွမ်းတသပိတ်ကို သံဃာအများ သုံးဆောင်၍ မကုန်။

ချိုသည်ကို မချိုအောင်ပြုလိုလျှင် အမဓုရံ ဟောတု
မချိုသည်ကို ချိုအောင်ပြုလိုလျှင် မဓုရံ ဟောတု
ဂင်္ဂါမြစ်အနီး ဆွမ်းသက်သက် ဘုဉ်းပေးနေသော ရဟန်းတို့ကိုမြင်၍ ဂင်္ဂါရေသည် ထောပတ်ကြည် ဖြစ်စေသတည်းဟု ရှင်အနုဠမထေရ် ဖန်ဆင်းသည်။

ဗြဟ္မာအဆင်းကို မြင်လို အသံကြားလို စိတ်အကြံ သိလိုသော အခါတို့၌ကား-ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ, စေတောပရိယ တို့ကို ဝင်စားအပ်၏။

ဗြဟ္မာပြည်သို့ ကိုယ်ထင်ရှား နှေးနှေးသွားလိုလျှင် ဣဒံစိတ္တံ ကာယော ဝိယ ဒန္ဓဂမနံ ဟောတု
ဤသို့သွားသူသည် ပထဝီကသိုဏ်းဖြင့် ကောင်းကင်၌ လမ်းမပြု၍ ခြေဖြင့် သော်လည်း သွား၏၊ ဝါယောကသိုဏ်းဖြင့် လေဟုန်စီး၍ ဝါဂွမ်းစုကဲ့သို့သော်လည်း သွား၏၊ လေးသမား ပစ်သော မြှားကဲ့သို့ အဓိဋ္ဌာန်ဟုန်ဖြင့်သော်လည်း ထင်ရှားစွာ သွား၏။

ဗြဟ္မာပြည်သို့ မထင်မရှား မြန်မြန်သွားလိုလျှင် အယံကာယော စိတ္တံ ဝိယ သီဃဂမနော ဟောတု
ဤသို့သွားသူသည် အဓိဋ္ဌာန်စိတ်၏ ခဏတ္တယ အတွင်း၌ ကွေးသောလက် ဆန့်သကဲ့သို့ တပြိုင်နက် လိုရာသွား၏။

ဗြဟ္မာရှေ့၌ နိမ္မိတရုပ် ဖန်ဆင်းလိုလျှင် အင်္ဂါကြီးငယ် ပြည့်စုံသော နိမ္မိတရုပ်ကို ဖန်ဆင်းအပ်၏။ ထိုနိမ္မိတရုပ်သည် တန်ခိုးရှင် ပြုလုပ်သကဲ့သို့ ပြုလုပ်၏၊ သွား, ရပ်, ထိုင်, လျောင်း၏၊ အခိုးအလျှံ လွှတ်၏၊ စကားပြော၏၊ မေး ဖြေ၏။
ဤကားဗြဟ္မာပြည်တိုင်အောင် ဝေးစေကာမူ ကိုယ်ဖြင့် အလိုရှိတိုင်း ဖြစ်စေပုံတည်း။

အဓိဋ္ဌာနဣဒ္ဓိပြီး၏။

ဝိကုဗ္ဗနာဣဒ္ဓိ

ဝိကုဗ္ဗနာဣဒ္ဓိ ပြုလိုသောသူသည် ပကတိအဆင်းစွန့်၍ အလိုရှိရာ သူငယ်အသွင်၊ နဂါး, ဂဠုန်အသွင် ဆောက်တည်အပ်၏၊ ပထဝီကသိုဏ်း စသည် တခုခု အခြေပြု၍ သူငယ်အသွင်စသည်ကို ဆင်ခြင်အပ်၏၊ ဧဝရူပေါ ကုမာရော ဟောမိ-ဟု ဆောက်တည်အပ်၏၊ အဘိညာစိတ်နှင့်တကွ သူငယ်အသွင် ဖြစ်၏။
ရှင်ဒေဝဒတ် ပြုဘူးပြီ။

အပ၌ပြလိုလျှင် ဟောမိ-ဟု မဆောက်တည်ရ၊ ဧဝရူပေါ ကုမာရော ဟောတု
ပကတိအဆင်း စွန့်ခြင်းကား အခြင်းခပ်သိမ်း ချုပ်သွားသည် မဟုတ်၊ မမြင်အောင် ပြုခြင်းမျှတည်း။
ဤကား-ဝိကုဗ္ဗနာတည်း။

မနောမယာဣဒ္ဓိ

မနောမယာဣဒ္ဓိ ပြုလိုသောသူသည် ပါဒကဗျာန်မှ ထ၍ ကိုယ်ကိုဆင်ခြင်၍ သုသိရော ဟောတု-ဟု ဆောက်တည်အပ်၏၊ အခေါင်းဖြစ်၏၊ ထိုအခါ ကိုယ်တွင်း၌ ကိုယ်တခုကိုဆင်ခြင်၍ ပရိကံပြု ဆောက်တည်လျှင် ကိုယ်အတွင်း၌ ကိုယ်တခု ဖြစ်၏။

ထိုအခါ တန်ခိုးရှင်သည် ဖြူတံမြက်မှ အညှောက်ထုတ်သကဲ့သို့၊ သန်လျက်အိမ်မှ သန်လျက် ထုတ်သကဲ့သို့ ထိုကိုယ်ကို တန်ခိုးဖြင့်ထုတ်အပ်၏၊ မနောမယရုပ်သည် တန်ခိုးရှင်နှင့် တူသည်သာတည်း။
ဤကား- မနောမယာဣဒ္ဓိ တည်း။

သာမဏေငယ်ဝတ္ထု

မဟာနာဂမထေရ်၏တူ သံဃရက္ခိတ သာမဏေသည် သင်ဓုန်းအဆုံးတွင် ရဟန္တာ ဖြစ်ပြီးလျှင် “ရှင်ပြုသောနေ့ ရဟန္တာဖြစ်၍ ဝေဇယန္တာပြာသာဒ်ကို လှုပ်စေဘူးသူ မရှိသေး”ဟု ရခါစတန်ခိုးကို စုံစမ်းလို၍ အဘိညာစွမ်းဖြင့် ပြာသာဒ်ထက်ရပ်လျက် ခြေဖြင့်ပုတ်ခတ်၏၊ လှုပ်စေခြင်းငှါမတတ်နိုင်သဖြင့် နတ်သ္မီးတို့ ပြက်ရယ်ပြုကုန်၏၊

ထိုအခါ ဆရာမထေရ်ကား သမုဒြာ၌ ရေကို လိုဏ်ခေါင်း ဖန်ဆင်း၍ နေ့အခါနေ၏၊ ထိုအရပ်သို့သွား၍ လျှောက်လတ်သော် သင်သည် နည်းမယူဘဲ စစ်ပွဲဝင်သည်၊ သင်လိုပုဂ္ဂိုလ် မတတ်နိုင်လျှင် အဘယ်သူ တတ်နိုင်အံ့နည်း၊ ရေပြင်၌ နွားချေးချပ် ပေါလောမျော သည်ကို မြင်ဘူး၏လော၊ မုံ့အိုးကင်းဖုတ်သူတို့သည် ဝန်းကျင်စွန်းမှ ပိုင်းဖြတ် ကာထားကုန်၏”ဟု မိန့်ဆို၏၊

သာမဏေသည် ဤမိန့်ခွန်းဖြင့် နည်းရ၍ ပြာသာဒ်တည်ရာ ဝန်းကျင်အရပ်ကို ဥဒကံဟောတု-ဟု ဓိဋ္ဌာန်၍ ပြာသာဒ်သို့ ရှေးရှုသွား၏၊ တကြိမ် အရှက်ကွဲ၍ သွားပြီးမှ ကိုရင်ကလေး ပြန်လာပြန်ပြီ”ဟု ဆိုကြပြန်၏၊ ပြာသာဒ် ထုပိကာကို ခြေမဖြင့် ပုတ်ခတ်လတ်သော် ပြာသာဒ်သည် လေးမျက်နှာမှ ကျွံနစ်၍ နိမ့်ဆင်း သွား၏၊ နတ်တို့တောင်းပန် ကြသဖြင့် ပြာသာဒ်ကို တည်မြဲတိုင်း တည်စေပြီးလျှင် ပြာသာဒ်ဖျား၌ ရပ်လျက် ဥဒါန်းကျူးတော်မူ၏။

အဇ္ဇေဝါဟံ ပုဗ္ဗဇိတော၊ အဇ္ဇပတ္တောသဝက္ခယံ။
အဇ္ဇ ကမ္ပေမိ ပါသာဒံ၊ အဟော ဗုဒ္ဓဿုဠာရတာ။
အဟော ဓမ္မဿုဠာရတာ၊ အဟော သံဃဿုဠာရတာ။

အဟံ၊ ငါသည်။
အဇ္ဇေဝ၊ ယနေ့ပင်လျှင်။
ပဗ္ဗဇိတော၊ ရှင်ပြု၏။
အဇ္ဇ၊ ယနေ့ပင်လျှင်။
အာသဝက္ခယံ၊ အာသဝက္ခယအဘိညာကို။
ပတ္တော၊ ရ၏။
အဇ္ဇ၊ ယနေ့ပင်လျှင်။
ပါသာဒံ၊ သိကြားမင်းစံရာ ပြာသာဒ်ကို။
ကမ္ပေမိ၊ လှုပ်စေနိုင်၏။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဥဠာရတာ၊ ကြီးကျယ်မြင့်မြတ် ပြန့်ပြောခြင်းသည်။
အဟော၊ အံ့ဩဘွယ်ရှိပေစွတကား။
ဓမ္မဿ၊ တရား၏။
ဥဠာရတာ၊ ကြီးကျယ်မြင့်မြတ် ပြန့်ပြောခြင်းသည်။
အဟော၊ အံ့ဩဘွယ် ရှိပေစွတကား။
သံဃဿ၊ သံဃာ၏။
ဥဠာရတာ၊ ကြီးကျယ်မြင့်မြတ် ပြန့်ပြောခြင်းသည်။
အဟော၊ အံ့ဩဘွယ်ရှိပေစွတကား။

၂-ဒိဗ္ဗသောတအဘိညာ

ဒိဗ္ဗသောတ အဘိညာ ရလိုသောသူသည် ရှေးနည်းတူ စုဒ္ဒသာကာရဖြင့် ဆုံးမခြင်း စသည်ကို ပြည့်စုံစေအပ်၏၊ အဘိညာ၏အခြေ ပါဒကဈာန်ဝင်စား၍ ထ၍ သမာဓိစိတ်ဖြင့် ပကတိကြီးကျယ်သော ခြင်္သေ့သံ, မိုဃ်းချုန်းသံ- စသည်တို့ကို ဆင်ခြင်၍ အစဉ်အတိုင်း စာအံသံ စကားပြောသံ ငှက်သံ ရေဆူပွက်သံ ခြ ပရွက်သံ-စသော သိမ်မွေ့သော အသံတိုင်အောင် ဆင်ခြင်အပ်၏။ အရပ်ဆယ်မျက်နှာ၌ ကြမ်းသောအသံ, သိမ်မွေ့သောအသံ - ဟူသမျှကို ဆင်ခြင်အပ်၏။

ဆင်ခြင်ဖန်များလျှင် ပကတိစိတ်အားပင် ထင်ရှား၏၊ ပရိကမ္မသမာဓိ စိတ်အားသာ၍ ထင်ရှား၏၊ ထိုထင်ရှားသော အသံတခုခုကိုအာရုံပြု၍ ဒိဗ္ဗသောတအဘိညာဝီထိ ဖြစ်၏။

ထိုဒိဗ္ဗသောတကို ခိုင်မြဲအောင် ပြုလိုသောသူသည် ဧတ္ထန္တရေ သဒ္ဒံ သုဏာမိ-ဟု တသစ်ခန့် ပိုင်းခြား၍ ပွားအပ်၏၊ ထို့နောင် နှစ်သစ်ခန့် တထွာ, တတောင်မှစ၍ ကျောင်းတွင်း, ကျောင်းပြင်, အရံတွင်း, အရံပြင်, ဆွမ်းခံရွာ, မြို့, နယ်, စကြဝဠာ တိုင်အောင် ပိုင်းခြား၍ ကသိုဏ်းဖြန့်၍ ဧတ္ထန္တရေ သဒ္ဒံ သုဏာမိ-ဟု ပရိကံပြုကာ ပွားအပ်၏။

ပါဒကဈာန် ကသိုဏ်းပျံ့နှံ့သည့် အတွင်းရှိ အသံအားလုံး ကြား၏၊ သီးခြား မှတ်သား လိုလျှင် ဤကား-စည်သံ စောင်းသံဟု မှတ်သားနိုင်၏။

၃-ပရစိတ္တဝိဇာနန အဘိညာ

ပရစိတ္တ ဝိဇာနနမည်သော စေတောပရိယ အဘိညာ ဖြစ်စေလိုသော သူသည် စေတော၏ ပရိကံဖြစ်သော ဒိဗ္ဗစက္ခုကို ရှေးဦးစွာ ဖြစ်စေအပ်၏၊ လောကကိုပွား၍ ဒိဗ္ဗစက္ခုဖြင့် အာလောကအတွင်း ရှိသူတို့၏ နှလုံးသွေး အဆင်းကို ရှုအပ်၏၊ နှလုံးသွေးနီလျှင် သောမနဿ၊ နက်လျှင် ဒေါမနဿ၊ ကြည်လျှင် ဥငပက္ခာ-ဟု ဆင်ခြင်၍ ပါဒကဈာန် ဝင်စား၍ ဣမဿ စိတ္တံ ဇာနာမိ-ဟု ပရိကံပြုအပ်၏၊ ကာလရာထောင် ပြုဖန်များလျှင် စေတော ပရိယ အဘိညာဖြစ်လာ၏။

ထိုအဘိညာ အားရှိအောင် အထပ်ထပ် ဝင်စား၏၊ အားရှိသောအခါ ကာမစိတ်, ရူပစိတ်, အရူပစိတ်ကိုလည်းသိ၏၊ နှလုံးသွေးမကြည်ဘဲ စိတ်တခုမှ တခုပြောင်း၍ သော်လည်း သိ၏၊ ရာဂရှိသောစိတ်, ရာဂမရှိသောစိတ် စသော သောဠသပ္ပဘေဒ စိတ်ကို သိနိုင်၏၊ သောဠသကား -

၁။ ရာဂရှိသောစိတ်
၂။ ရာဂမရှိသောစိတ်
၃။ ဒေါသရှိသောစိတ်
၄။ ဒေါသမရှိသောစိတ်
၅။ မောဟရှိသောစိတ်
၆။ မောဟမရှိသောစိတ်
၇။ တွန့်သောစိတ်
၈။ ပြန့်သောစိတ်,
၉။ အာနုဘော်ကြီးသောစိတ်
၁၀။ အာနုဘော်မကြီးသောစိတ်
၁၁။ မိမိထက်အလွန်ရှိသောစိတ်
၁၂။ မိမိထက်အလွန်မရှိသောစိတ်
၁၃။ တည်ကြည်သောစိတ်
၁၄။ မတည်ကြည်သောစိတ်
၁၅။ လွတ်သောစိတ်,
၁၆။ မလွတ်သောစိတ်,

ဤ ၁၆-ပါးတည်း၊ စိတ္တာနုပဿနာရှုရာ၌လည်း ထို ၁၆-ပါးတည်း။

၄-ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ

ပုဗ္ဗေနိဝါသအဘိညာ ရလိုသောသူသည် ဈာန်လေးပါးကို အစဉ်အတိုင်း ဝင်စား၍ အဘိညာပါဒကဈာန်မှထ၍ ယခု နောက်ဆုံး ထိုင်ခြင်းကို နှလုံးသွင်းအပ်၏၊ ထိုနောက် မထိုင်မီ နေရာခင်းခြင်း, မခင်းမီဝင်လာခြင်း သပိတ် သင်္ကန်း သိမ်းဆည်းခြင်း, ဆွမ်းစားခြင်း, ဆွမ်းခံရွာမှပြန် လာခြင်း, ဆွမ်းခံလှည့်ခြင်း, ရွာသို့ဝင်ခြင်း, ကျောင်းမှထွက်ခြင်း, ဘုရားရှိခိုးခြင်း မျက်နှာသစ်ခြင်း, မိုဃ်းသောက်, သန်းခေါင်, ညဉ့်ဦးစသည်ဖြင့် ပြုပြုသမျှ ပဋိလုံအားဖြင့် နှလုံးသွင်းအပ်၏၊ ပကတိ စိတ်အားပင် ထင်ရှား၏။ သမာဓိစိတ်အား သာ၍ ထင်ရှား၏၊ အချို့မထင်ရှားလျှင် ပါဒကဈာန် တဖန်ဝင်စား၍ ထ၍ ဆင်ခြင် နှလုံးသွင်းအပ်၏။

ဤ ပဋိလုံနည်းဖြင့် တရက် နှစ်ရက်၊ တလ နှစ်လ၊ တနှစ် နှစ်နှစ်၊ ဆယ်နှစ်၊ ဤဘဝ ပြုခဲ့သမျှကိစ္စ၊ ဤဘဝ ပဋိသန္ဓေ၊ ထို့နောင် ရှေ့ဘဝစုတိနာမ် ရုပ်ကို ဆင်ခြင်အပ်၏၊ လေ့လာဘူးသူဖြစ်လျှင် ပဌမအကြိမ်ဖြင့်ပင် စုတိ နာမ်ရုပ်ကိုမြင်၏၊ မမြင်လျှင် ထပ်ကာ ထပ်ကာ ပါဒကဈာန် ဝင်စား၍ ထ၍ ပဋိသန္ဓေကိုသာ ဆင်ခြင်အပ်၏၊ မကြာခင် ပဋိသန္ဓေကို ခွါ၍ စုတိနာမ်ရုပ်ကို မြင်၏၊ ထိုအခါ ပုဗ္ဗေနိဝါသအဘိညာ ကိုရ၏။

နောက်ဆုံး ထိုင်ရာမှ ပဋိသန္ဓေအထိ ပြန်သိခြင်းသည် အဘိညာမဟုတ်၊ ပရိကမ္မသမာဓိဉာဏ်တည်း၊ အဘိညာကား ရှေးဘဝစုတိမှစ၍ ရှေးအတိတ် ကိုသိ၏၊ ထိုစုတိမှလျှောက်၍ တဘဝ နှစ်ဘဝ, တကမ္ဘာ နှစ်ကမ္ဘာ, ကမ္ဘာ များစွာသိ၏၊ ဤမည်သော ကမ္ဘာ၌ ဤသို့သော အမည်အနွယ်, အဆင်း အစာ, ချမ်းသာဆင်းရဲ အသက် အပိုင်းအခြား ရှိ၏၊ ထိုဘဝမှငါသေ၍ ဤမည်သော ဘဝ၌ဖြစ်၏၊ ထိုဘဝ ၌လည်း ဤသို့သော အမည် အနွယ်စသည် ရှိ၏၊ ထိုမှသေ၍ ယခုဘဝ၌ဖြစ်၏ စသည်ဖြင့် ရှေး၌နေဘူးသော ခန္ဓာ အစဉ်ကို အာကာရ, ဥဒ္ဒေသနှင့်တကွ သိ၏၊ အမည်အနွယ်သည် ဥဒ္ဒေသ၊ အဆင်း စသည်သည် အာကာရမည်၏။

ရှေး၌ ဖြစ်ခဲ့ဘူးသော မိမိခန္ဓာ, သူတပါးခန္ဓာ, ထိုခန္ဓာတို့နှင့်စပ်သော ပညပ်, နိဗ္ဗာန် အလုံးစုံသည် ပုဗ္ဗေနိဝါသမည်၏၊ ဤပုဗ္ဗေနိဝါသကို တိတ္ထိ ပကတိသာဝက-စသော ခြောက်ယောက်သောသူတို့ အောက်မေ့နိုင်ကုန်၏။

အတိတ်သိသူ ၆-ယောက်

၁။ သာသနာပ ဈာန်အဘိညာရသော ရသေ့သည် တိတ္ထိမည်၏၊ တိတ္ထိတို့သည် နာမ် ရုပ်ပိုင်းခြားသော ဝိပဿနာဉာဏ် မရှိသဖြင့် ပညာ အားနည်းသောကြောင့် ကမ္ဘာ လေးဆယ်အထိသာ အောက်မေ့နိုင်ကုန်၏၊ တောင်ဝှေးဖြင့် စမ်း၍လျှောက်သော သူကန်းကဲ့သို့ ခန္ဓာစဉ်အတိုင်း လျှောက်၍သာသိကုန်၏။
ဝိပဿနာ အားမထုတ်ခဲ့ခြင်းသည် ပုဗ္ဗေနိဝါသ အဘိညာ၌ ချို့တဲ့သော အကြောင်းထူးတည်း။

၂။ ပကတိသာဝကတို့သည် ဉာဏ်ကြီးသောကြောင့် ကမ္ဘာ ရာထောင် အထိ ခန္ဓာစဉ်လျှောက်၍လည်း သိကုန်၏၊ စုတိ ပဋိသန္ဓေစွမ်းဖြင့် ပြောင်း၍လည်း သိကုန်၏။

၃။ အသီတိ မဟာသာဝကတို့သည် ပါရမီ ဖြည့်သလောက် ကမ္ဘာ တသိန်းထိ ရှေးအတူ လျှောက်၍၎င်း, ပြောင်း၍၎င်း သိကုန်၏။

၄။ အဂ္ဂသာဝကတို့သည် တသင်္ချေနှင့် ကမ္ဘာတသိန်းထိ စုတိပဋိသန္ဓေ စွမ်းဖြင့် ပြောင်း၍သာ သိကုန်၏၊ ခန္ဓာအစဉ် လျှောက်ဘွယ် မရှိကုန်။

၅။ ပစ္စေကဗုဒ္ဓါတို့သည် နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းထိ စုတိ ပဋိသန္ဓေစွမ်းဖြင့် ပြောင်း၍သာ သိကုန်၏။

၆။ ဘုရားရှင်တို့သည် ကမ္ဘာ အပိုင်းအခြားမရှိ လိုရာသိကုန်၏၊ လျှောက်ခြင်း, ပြောင်းခြင်း မပြုဘဲ ပေယျာလထိုး၍ အလိုရှိရာ သိကုန်၏၊ ခြင်္သေ့မင်းကဲ့သို့ လိုရာ၌ ကျနိုင်၏၊ ဝါဠိဝေဓိ လေးသမား၏ မြှားကဲ့သို့ အကြားမငြိ လိုရာသိနိုင်၏။

ဤ ခြောက်ယောက်၏ ဉာဏ်အမြင်တို့သည် အစဉ်အတိုင်း ပိုးစုန်းကြူးရောင် မီးရောင်, မီးရှူးရောင်, သောက်ရှူးကြယ်ရောင်, လရောင် နေရောင် နှင့် တူကုန်၏။

အောက်မေ့ခြင်းတို့သည် --
သူကန်း တောင်ဝှေးစွမ်းဖြင့် သွားခြင်း,
တုံး တံတားလျှေက်ခြင်း,
ခြေကြောင်း တံတားလျှောက်ခြင်း,
လှည်းကြောင်း တံတားလျှောက်ခြင်း,
ခြေကြောင်း လမ်းမလျှောက်ခြင်း,
လှည်းကြောင်း လမ်းမလျှောက်ခြင်းနှင့် အစဉ်အတိုင်း တူကုန်၏။

၅-ဒိဗ္ဗစက္ခု အဘိညာ

ဒိဗ္ဗစက္ခုသည် စုတိပဋိသန္ဓေကို၊ ဝါ-စုတိလုနီးကို၎င်း ပဋိသန္ဓေနေစကို၎င်း သိသောကြောင့် စုတူပပါတဉာဏ်လည်း မည်၏၊

စုတိမျှမြင်လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တတ်သည်၊
ပဋိသန္ဓေမျှမြင်လျှင် သတ္တဝါ အသစ်ဖြစ်သည်-ဟု အယူမှား တတ်သည်၊
နှစ်ပါးစုံမြင်လျှင် စင်ကြယ်၏။

ဒိဗ္ဗစက္ခု အဘိညာ ရလိုသော သူသည် အာလောက, တေဇော, ဩဒါတကသိုဏ်း သုံးပါး တပါးပါးကို ဥပစာရဘာဝနာဖြင့် ကျယ်ပြန့်အောင် ပွား၍ အပ္ပနာဈာန် မဝင်စားဘဲ ထားအပ်၏၊ ဤကား-မူလပရိကံတည်း။
ကျယ်ပြန့်သော ကသိုဏ်းအလင်းရောင် အတွင်း၌ရှိသော အဆင်းကို မြင်ခြင်းငှါ ပါဒကဈာန် ဝင်စား၍ ဧတဿ ရူပံ ပဿာမိ-ဟု ဆောက်တည်၍ ရှုအပ်၏၊

မူလပရိကံ ဟူသော ဥပစာရဘာဝနာသည် အားနည်းသည်ဖြစ်အံ့၊ အဆင်း မြင်သောအခါ အလင်းပျောက်တတ်သည်၊ အလင်းပျောက်လျှင် အဆင်းလည်း မထင်ပြီ၊ ထိုအခါ ပါဒကဈာန် ဖန်ဖန်ဝင်စား၍ အလင်းကို ဖြန့်အပ်၏၊

အလင်းအား ရှိသောအခါ အာလောကော ဧတ္ထ ဟောတု-ဟု ဓိဋ္ဌာန်လျှင် ထားရာ အရပ်၌ တနေ့လုံး အလင်းတည်၍ အဆင်း မြင်နိုင်၏။

ထိုသို့ ဖန်ဖန်အားထုတ်လျှင် ပကတိ မမြင်ကောင်းသော ဝမ်းတွင်း အဆင်း, နှလုံးသွေးအဆင်း, မြေအောက်, နံရံ တံတိုင်း တောင်-တဘက် စကြဝဠာတပါး အဆင်းတို့ကိုလည်း မျက်စိဖြင့် မြင်သကဲ့သို့ မြင်၏၊ ထိုအခါ ဒိဗ္ဗစက္ခုအဘိညာဖြစ်ပြီ-ဟု မှတ်အပ်၏။

ဤဒိဗ္ဗစက္ခု (မှန်ပြောင်း) သည် ပုထုဇဉ်အား ဘေးရန်မလွတ်၊ အလင်းရောင် အတွင်းရှိ ကြောက်ဘွယ် ဘီလူး, နှစ်သက်ဘွယ် နတ်သမီး စသည်ကို မြင်လျှင် ဈာန်လျှောခြင်း, ရူးသွပ်ခြင်းတို့ကို ဖြစ်စေတတ်၏၊ ထို့ကြောင့် မေ့လျော့ခြင်း မရှိအောင် ဓာတုသညာကို၎င်း, ဝိပဿနာကို၎င်း လွန်စွာ ဝင်စားအပ်၏။

ယထာကမ္မုပဂ, အနာဂတံသ-နှစ်ပါး

ယထာကမ္မူပဂဉာဏ်, အနာဂတံသဉာဏ် နှစ်ပါးကား ဒိဗ္ဗစက္ခုဖြင့် ပြီးသော သတ္တဝါ တို့၏ ရှေး၌ပြုဘူးသော ကံကို၎င်း, နောင်ဖြစ်လတ္တံ့သော အနာဂတ်ခန္ဓာနှင့် စပ်သမျှကို၎င်း မြင်သိနိုင်သောကြောင့် ဒိဗ္ဗစက္ခုနှင့် ကင်း၍ ပရိကံသီးခြားမရှိ၊ ဒိဗ္ဗစက္ခုရပြီးလျှင် ပါဒက, အဓိဋ္ဌာန်, တဖန် ပါဒက, အဘိညာ လေးဝီထိ ကျစေ၍ ဝင်စားအပ်၏။

စေတောပရိယကို ဒိဗ္ဗစက္ခုဖြင့် နှလုံးသွေးအဆင်း ကြည့်ရှုရခြင်း စသည်ဖြင့် ပရိကံ များစွာပြုပြီးမှ ဝင်စားနိုင်သည်၊ ယထာကမ္မုပဂနှင့် အနာဂတံသ ကိုကား ဒိဗ္ဗစက္ခု ရပြီးလျှင် ပရိကံမပြုဘဲ ဝင်စားနိုင်သည်။

ဣဒ္ဓိဝိဓ, ဒိဗ္ဗသောတ, စေတောပရိယ, ပုဗ္ဗေနိဝါသ, ဒိဗ္ဗစက္ခု - ငါးပါးသည် ယထာကမ္မူပဂ, အနာဂတံသနှင့် လောကီအဘိညာ ခုနစ်ပါးဖြစ်၏။

အဘိညာအာရုံ ဆယ်မျိုး

အာရမ္မဏတိက်သည် ပရိတ္တာရမ္မဏတိက်, မဂ္ဂါရမ္မဏတိက်, အတီတာရမ္မဏတိက်, အဇ္ဈတ္တာရမ္မဏတိက်-ဤသို့ လေးတိက်ရှိ၏၊ ထို၌ အကျုံးဝင်သော အာရုံသည်-

၁။ ကာမ,
၂။ မဟဂ္ဂုတ်,
၃။ အပ္ပမာဏ,
၄။ မဂ္ဂ,
၅။ အတိတ်,
၆။ အနာဂတ်,
၇။ ပစ္စုပ္ပန်,
၈။ အဇ္ဈတ္တ,
၉။ ဗဟိဒ္ဓ-ဟု ကိုးပါး,
၁၀။ ဗဟိဒ္ဓဝိသေသပညပ်နှင့် ၁၀-ပါး ဖြစ်၏။

၁။ ဣဒ္ဓိဝိဓသည် ကာမ, မဟဂ္ဂုတ်, တိတ်, နာ, စုပ်, အဇ္ဈတ္တ, ဗဟိ- ၇-ပါးကို အာရုံပြုသည်။
အပ္ပမာဏ, မဂ္ဂ ပညပ်-သုံးပါးမပြု။

၂။ ဒိဗ္ဗစက္ခု ဒိဗ္ဗသောတသည် ကာမ, ပစ္စုပ်, အဇ္ဈ, ဗဟိ-၄-ပါးကို အာရုံပြုသည်။
ကြွင်းခြောက်ပါး မပြု။

၃။ စေတောသည် ကာမ, မဟဂ်, အပ္ပမာဏ, မဂ်, တိတ်, နာ, စုပ်, ဗဟိ ၈-ပါး ကိုအာရုံပြုသည်။
အဇ္ဈ ပညပ် ၂-ပါးမပြု။

၄။ ပုဗ္ဗေသည် ကာမ, မဟဂ်, အပ္ပမာဏ, မဂ်, တိတ်, အဇ္ဈ, ဗဟိ, ပညပ် ၈-ပါးကို အာရုံပြုသည်။
နာ, စုပ် ၂-ပါး မပြု။

၅။ အနာဂတံသသည် ကာမ, မဟဂ်, အပ္ပမာဏ, မဂ်, နာ, အဇ္ဈ, ဗဟိ, ပညပ် ၈-ပါး ကိုအာရုံပြုသည်။
တိတ်, စုပ် ၂-ပါး မပြု။

၆။ ယထာကမ္မူပဂသည် ကာမ, မဟဂ်, တိတ်, အဇ္ဈ, ဗဟိ ၅-ပါးကို အာရုံပြုသည် ။
ကြွင်း ၅-ပါးမပြု။

အာရုံအကျယ်

၁။ ဣဒ္ဓိသည် မထင်ရှားသောကိုယ်ဖြင့် သွားသောအခါ ကိုယ်အဆင်း ဟူသော ကာမ, ပစ္စုပ်, အဇ္ဈ ကို အာရုံပြုသည်၊ ထင်ရှားသော ကိုယ်ဖြင့် သွားသောအခါ ပါဒကဈာန်စိတ် ဟူသော မဟဂ်, အတိတ်, အဇ္ဈကို အာရုံ ပြုသည်။
အနာဂတ်နှစ် ၂၁၈-နှစ် ပတ်လုံး ဆီမီးမငြိမ်း နံ့သာမခန်း ပန်းမညှိုးနွမ်း စေသတည်း-ဟု ရှင်မဟာကဿပဓိဋ္ဌာန်ခြင်း၊ ဝတ္တနီယ ကျောင်း သံဃာများ ခေါင်းပါးလှသဖြင့် ဤရေကန်၌ နံနက်တိုင်း နို့ဓမ်း အရသာ ဖြစ်စေသတည်း-ဟု ရှင်အဿဂုတ္တ ဓိဋ္ဌာန်ခြင်းတို့၌ ကာမ, နာဂတ်, ဗဟိဒ္ဓကို အာရုံပြုသည်။ သူငယ်အသွင် ဖန်ဆင်းသောအခါ အဇ္ဈတ္တကို၊ အပ၌ ဆင်, မြင်း စသည် ဖန်ဆင်းသောအခါ ဗဟိဒ္ဓကို အာရုံပြုသည်။

၂-၃။ ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတသည် မိမိ၏ ဝမ်းတွင်း အဆင်း အသံ သူတပါး၏ အဆင်းအသံတို့ကို သိသောအခါ ကာမ, ပစ္စုပ်, အဇ္ဈ, ဗဟိကို အာရုံပြုသည်။

၄။ စေတောသည် သူတပါး၏ ကာမစိတ်ကို၊ မဟဂ္ဂုတ်စိတ်ကို၊ မဂ်ဖိုလ် အပ္ပမာဏစိတ်ကို၊ မဂ်ကို၊ အတိတ်ခုနစ်ရက် အနာဂတ် ခုနစ်ရက် အတွင်း သူတပါးစိတ်ကို၊ ပစ္စုပ္ပန် သူတပါးစိတ်ကို အာရုံပြုသည်။
ဤ၌ စေတောသည် မဂ်နှင့်ယှဉ်သောစိတ်ကို အာရုံပြုလျက် ပရိယာယ်အားဖြင့် မဂ်ကို အာရုံပြုသည်ဟု ဆိုသည်။

၅။ ပုဗ္ဗေသည် ကာမာဝစရက္ခန္ဓာကို၊ မဟဂ္ဂုတ်ခန္ဓာကို၊ မိမိသူတပါး၏ မဂ်ဖိုလ်ကို၊ မဂ်ကို၊ မိမိကိုယ်ကို၊ သူတပါးကိုယ်ကို၊ အတိတ်ဘုရားတို့၏ မယ်တော်, ခမည်းတော်နာမ, ဂေါတ္တ, ပထဝီနိမိတ် စသည်ကိုအာရုံပြုသည်။

၆။ အနာဂတံသသည် ဤသူ နောင်အခါ ကာမဘုံ၌ ဖြစ်လတ္တံ့၊ ရူပ အရူပဘုံ၌ ဖြစ်လတ္တံ့၊ မဂ်ဖိုလ်ရလတ္တံ့၊ မဂ်ပွားလတ္တံ့၊ ငါဤအရပ်၌ ဖြစ်လတ္တံ့၊ ဤသူဤအရပ်၌ ဖြစ်လတ္တံ့ ၊ နောင် မေတ္တေယျဘုရားပွင့်လတ္တံ့ ၊ အမည်အနွယ် ဤသို့ဖြစ်လတ္တံ့ -ဟု အာရုံပြုသည်။

၇။ ယထာကမ္မူပဂသည် အတိတ်ကာမာဝစရကံ မဟဂ္ဂုတ်ကံ မိမိကံ သူတပါးကံကို အာရုံပြုသည်။

မှတ်ဘွယ်အထူး

ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတသည် ပစ္စုပ္ပန်အမြဲ၊ ကာမအမြဲ။

စေတောသည် ဗဟိဒ္ဓအမြဲ၊ အောက်အောက် ပုဂ္ဂိုလ်သည် အထက်အထက် အရိယာ၏ (မဂ်ဖိုလ်) စိတ်ကိုမသိ၊ ရှေ့ခုနစ်ရက်ထိ အတိတ်၊ နောက် ခုနစ်ရက်ထိ အနာဂတ်၊ သန္တတိပစ္စုပ္ပန်၊ အဒ္ဓါပစ္စုပ္ပန် နှစ်ပါးသည် ပစ္စုပ္ပန်မည်၏၊ ခဏပစ္စုပ္ပန်ကို အာရုံမပြုစကောင်း၊ ဤကာလသုံးပါးအတွင်း သူတပါး၏ စိတ်ခန္ဓာကိုသာ သိသည်၊ တပါးသော ခန္ဓာ, ခန္ဓပ္ပဋိဗဒ္ဓတို့ကိုမသိ။
နာမ် ခန္ဓာလေးပါးကို သိသည်ဟူ၍လည်း ဆိုကုန်၏။

ပုဗ္ဗေသည် အတိတ်အမြဲ၊ အတိတ်ခန္ဓာ, ခန္ဓပ္ပဋိဗဒ္ဓအားလုံး သဗ္ဗညုတ ဉာဏ်ကဲ့သို့ သိသည်။

အနာဂတံသသည် အနာဂတ်အမြဲ၊ အနာဂတ်ခန္ဓာ, ခန္ဓပ္ပဋိဗဒ္ဓ အားလုံး သဗ္ဗညုတ ဉာဏ်ကဲ့သို့ သိသည်။

ယထာကမ္မူသည် အတိတ်အမြဲ၊ အတိတ်လောကီ ကုသိုလ် အကုသိုလ်စေတနာ မျှကို သိသည်၊ ဝါ-နာမ်ခန္ဓာလေးပါးကို သိသည်။

ပဋိသမ္ဘိဒါဉာဏ် ၄-ပါး
အကြောင်းငါးပါး ရှစ်ပါး

ပဋိသမ္ဘိဒါ လေးပါးရကြောင်း ကမ္မဋ္ဌာန်းဟူ၍ သီးခြားမရှိ၊

မဂ်ဖိုလ် ရလျှင် အကြောင်းအားလျော်စွာ ပါဝင်၍ ရကုန်၏။

၁။ အရဟတ္တဖိုလ်ရခြင်း
၂။ ဘုရားစကားပါဠိ သင်ကြားခြင်း
၃။ ပါဠိ၏အနက်အဓိပ္ပါယ် သင်ကြားခြင်း
၄။ မေးမြန်းခြင်း
၅။ ဂတပစ္စာဂတဝတ်ကျင့်၍ သင်္ခါရုပေက္ခာဉာဏ် တိုင်အောင် ဝိပဿနာ အားထုတ်ဖူးခြင်း၊

ဤကား-ပဋိသမ္ဘိဒါရကြောင်း ငါးပါးတည်း။

တနည်း-

၁။ ဝိပဿနာ အားထုတ်ဖူးခြင်း,
၂။ အပြစ်မရှိသောကျမ်းဂန် အတတ်ပညာတို့၌ ဗဟုဿုတရှိခြင်း,
၃။ ဘာသာတရာ့တပါး၌ လိမ်မာခြင်း- အထူးအားဖြင့် မဂဓ ဘာသာ၌ လိမ်မာခြင်း
၄။ ဘုရားစကား ပါဠိသင်ကြား ဆောင်ရွက်ခြင်း
၅။ အနက်အဓိပ္ပာယ်ကို မေးမြန်းခြင်း
၆။ ဖိုလ်လေးပါးရခြင်း,
၇။ ဗဟုဿုတဆရာမြတ်ထံ မှီ၍နေခြင်း
၈။ ဗဟုဿုတ အဆွေခင်ပွန်းရှိခြင်း။

ဤကား-ပဋိသမ္ဘိဒါရကြောင်း ရှစ်ပါးတည်း။

အတ္ထပဋိသမ္ဘိဒါ

၁။ အကြောင်းကြောင့် ဖြစ်သမျှ အကျိုး,
၂။ နိဗ္ဗာန်,
၃။ ပါဠိတော်၏ အနက်,
၄။ ဝိပါက်,
၅။ ကြိယာ-
ဤငါးပါးသည် အတ္ထမည်၏၊ ဤအတ္ထငါးပါးကို မဖောက်မပြန် ခွဲခြားသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏။

ဓမ္မပဋိသမ္ဘိဒါ

၁။ အကျိုးကို ဖြစ်စေသမျှအကြောင်း,
၂။ အရိယာမဂ်
၃။ ပါဠိတော်,
၄။ ကုသိုလ်
၅။ အကုသိုလ်,
ဤငါးပါးသည် ဓမ္မမည်၏၊ ဤဓမ္မငါးပါးကို မဖောက်မပြန် ခွဲခြမ်းသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏။

ကြောင်းကျိုး စပ်ပုံခွဲပုံ

ဤ၌ အကြောင်းဟူသမျှကြောင့် အကျိုးဟူသမျှဖြစ်ခြင်းသည် နိဗ္ဗတ္တက အကြောင်း+ နိဗ္ဗတ္တေတဗ္ဗ အကျိုးမည်၏။

အရိယာမဂ်ကြောင့် နိဗ္ဗာန် ရောက်ခြင်းသည် သမ္မာပကအကြောင်း + ပတ္တဗ္ဗအကျိုး ....။

ပါဠိတော်ဖြင့် အနက်ကိုသိခြင်းသည် ဉာပကအကြောင်း + ဉာပေတဗ္ဗအကျိုး...။

ကုသိုလ် အကုသိုလ်ကြောင့် ဝိပါက်ဖြစ်ခြင်းသည် နိဗ္ဗတ္တက အကြောင်း + နိဗ္ဗတ္တေတဗ္ဗ အကျိုး ....။

ကံ၏ အကျိုးနှင့်စပ်၍ ကြိယာ ဖြစ်ခြင်းသည် စပ်သောအကြောင်း + စပ်သောအကျိုး မည်၏။

တနည်း - ဤတရားသည် ဤတရား၏ အကြောင်း၊ ဤတရားကား- အကျိုး၊ ဤသို့ မခွဲမူ၍ ကုသိုလ် အကုသိုလ်သည် အကြောင်း + ဝိပါက် ကြိယာသည် အကျိုး-ဟု ဆင်ခြင်လျှင်လည်း ဓမ္မအတ္ထပဋိသမ္ဘိဒါဖြစ်၏။

နိရုတ္တိပဋိသမ္ဘိဒါ

ထိုထိုဓမ္မ, အတ္ထနှစ်ပါးကိုပြသော ဒုက္ခသစ္စံသမုဒယသစ္စံဖဿာဝေဒနာ-အစရှိသော မာဂဓီဘာသာ ပစ္စုပ္ပန်စကားသံသည် (သဒ္ဒါရုံသည်) နိရုတ္တိမည်၏၊ ဤ နိရုတ္တိကို သဘောမှန်သည်-မမှန်သည်ဟု မနောဖြင့် ဆုံးဖြတ်နိုင်အောင် မဖောက် မပြန် ခွဲခြမ်းသော သောတဒါရဝီထိဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏။

ဤ၌ ဖဿော, ဝေဒနာဟု ဆိုသံကြားလျှင် “ဤကား သဘာဝနိရုတ္တိ ဟုတ်သည်”ဟု သိ၏၊ ဖဿာ, ဝေဒနာဟု ကြားလျှင် “သဘာဝနိရုတ္တိ မဟုတ်”ဟု သိ၏။

ပဋိဘာနပဋိသမ္ဘိဒါ

ထို ပဋိသမ္ဘိဒါဉာဏ်သုံးပါးသည်၊ ဝါ-ဉာဏ်ဟူသမျှသည် ပဋိဘာနမည်၏၊ ဤ ပဋိဘာနဉာဏ်ကို ကိစ္စ, အာရုံ, လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် စသည်တို့နှင့် တကွ မဖောက်မပြန် ခွဲခြမ်းသောဉာဏ်သည် ပဋိဘာန ပဋိသမ္ဘိဒါဉာဏ် မည်၏။

ဘုံ

ပဋိသမ္ဘိဒါလေးပါး၏ ဖြစ်ရာဘုံသည် သေက္ခဘုံ အသေက္ခဘုံ-ဟု နှစ်မျိုးသာရှိ၏၊ ပုထုဇဉ်ဘုံ-ဟု မရှိ၊ ပုထုဇဉ်မရ၊ အဂ္ဂသာဝက, မဟာသာဝကတို့အား အသေက္ခဘုံ၌ ဖြစ်သည်၊ ရှင်အာနန္ဒာ, စိတ္တသူကြွယ်, ခုဇ္ဇုတ္တရာ ဥပါသိကာမတို့အား သေက္ခဘုံ၌ ဖြစ်သည်၊ သေက္ခဘုံ၌ နည်းသောအရာ ရှိ၏၊ အသေက္ခဘုံ၌ များသောအရာရှိ၏၊ အရဟတ္တဖိုလ်သို့ရောက်မှ သန့်ရှင်းစွာရသည်၊ ဘုရားပစ္စေကဗုဒ္ဓါ တို့သည် အရဟတ္တဖိုလ် ရခြင်း, ဝိပဿနာ အားထုတ်ဘူးခြင်း နှစ်ပါးဖြင့် ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ကုန်၏၊ သာဝကတို့သည် အကြောင်းငါးပါး ရှစ်ပါးဖြင့် ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ကုန်၏။

ဤ၌ ခုဇ္ဇုတ္တရာသည် သာမာဝတီ မိဖုရား၏ အစေခံကျွန်မဖြစ်လျက် ပဋိသမ္ဘိဒါဉာဏ် ရ၍ ပိဋကတ်သုံးပုံဆောင်နိုင်ပေသည်၊ ထို့ကြောင့် ဘုရား စကားပါဠိ သင်ကြားခြင်း, အနက်အဓိပ္ပာယ် မေးမြန်းခြင်း, ဂတပစ္စာဂတ ဝတ်ကျင့်၍ ဝိပဿနာအားထုတ်ခြင်း-စသည်တို့ကို သတိမလပ် ကောင်းစွာ အားထုတ်အပ်၏။

သမာဓိအရသာအကျယ် ပြီး၏။

ဝိပဿနာကမ္မဋ္ဌာန်း

(သင်္ဂြိုဟ်စကား)

ဥဒ္ဒေသ

ဝိပဿနာကမ္မဋ္ဌာန်း၌ သီလဝိသုဒ္ဓိ-စသော ဝိသုဒ္ဓိ ခုနစ်ပါးကို သိအပ်၏။

၁။ သီလလေးပါး စင်ကြယ်ခြင်းသည် သီလဝိသုဒ္ဓိ၊

၂။ ဥပစာရဈာန်, အပ္ပနာဈာန်ဖြင့် နီဝရဏကင်း၍ စိတ်စင်ကြယ်ခြင်းသည် စိတ္တဝိသုဒ္ဓိ။

၃။ နာမ်ရုပ်နှစ်ပါးသာ-ဟု သိမ်းဆည်း၍ အတ္တမရှိ-ဟု သိခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ။

၄။ နာမ်ရုပ်တို့၏ အကြောင်းကို သိမ်းဆည်းမိသဖြင့် ယုံမှား ၁၆-ပါး ၈-ပါး ကင်းခြင်းသည် ကင်္ခါဝိတရဏဝိသုဒ္ဓိ။

၅။ သမ္မသနဉာဏ်ပြီး၍ ဥဒယဗ္ဗယဉာဏ် အားထုတ်စဉ် ဘေးရန် ဆယ်ပါး ဖြစ်လတ်သော် ဝိပဿနာ၏ လမ်းမှန် လမ်းမှား - မှတ်သား ဆုံးဖြတ်နိုင်ခြင်းသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ။

၆။ ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ် တိုင်အောင် အဆင့်ဆင့် ဖြစ်သော ဉာဏ် ၉-ပါးသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ။

၇။ မဂ်ဉာဏ်လေးပါးသည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

[သီလ, စိတ္တ, ဒိဋ္ဌိ, ကင်္ခါ, မဂ္ဂါ, ပဋိ, ဉာဏဒဿနဝိသုဒ္ဓိ ခုနစ်ပါး။]

အနိစ္စလက္ခဏာ စသော လက္ခဏာ သုံးပါးကိုလည်း သိအပ်၏။

၁။ ရုပ်နာမ်ခန္ဓာတို့၏ မမြဲခြင်းသည် အနိစ္စလက္ခဏာ။

၂။ ဆင်းရဲခြင်းသည် ဒုက္ခလက္ခဏာ။

၃။ ရုပ်နာမ်ခန္ဓာတို့၌ အတ္တမရှိခြင်းသည် အနတ္တလက္ခဏာ။

အနိစ္စာနုပဿနာ စသော အနုပဿနာသုံးပါးကိုလည်း သိအပ်၏။

၁။ ရုပ်နာမ်ခန္ဓာတို့၏ အနိစ္စလက္ခဏာကို ဖန်ဖန်ရှုသော ဉာဏ်သည် အနိစ္စာနုပဿနာ။

၂။ ဒုက္ခလက္ခဏာကို ဖန်ဖန်ရှုသောဉာဏ်သည် ဒုက္ခာနုပဿနာ၊

၃။ အနတ္တလက္ခဏာကို ဖန်ဖန်ရှုသော ဉာဏ်သည် အနတ္တာနုပဿနာ။

သမ္မသနဉာဏ် စသော ဉာဏ်ဆယ်ပါးကိုလည်း သိအပ်၏။

၁။ ခန္ဓာစသည်ကို အပေါင်းအစုအားဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ-ဟု သုံးသပ်ခြင်းသည် သမ္မသနဉာဏ်။ (ဤဉာဏ်ဖြင့် အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်မဖြစ်သေး။)

၂။ ဖြစ်လျှင်ပျက်ခြင်းကို ရှုခြင်းသည် ဥဒယဗ္ဗယဉာဏ်။

၃။ ပျက်ခြင်းကိုသာ ရှုခြင်းသည် ဘင်္ဂဉာဏ်။

၄။ သင်္ခါရတို့ကို ဘေး-ဟုရှုခြင်းသည် ဘယဉာဏ်။

၅။ ဘေးရှိသော သင်္ခါရတို့ကို အပြစ်ဟု ရှုခြင်းသည် အာဒီနဝဉာဏ်။

၆။ အပြစ်ရှိသောသင်္ခါရတို့၌ ငြီးငွေ့ခြင်းသည် နိဗ္ဗိဒါဉာဏ်။

၇။ ငြီးငွေ့၍ သင်္ခါရတို့မှ လွတ်လိုခြင်းသည် မုဉ္စိတုကမျတာဉာဏ်။

၈။ လွတ်ကြောင်း ပြည့်စုံအောင် တဖန် သင်္ခါရတို့ကိုပင် ပြန်၍ သိမ်းဆည်းခြင်းသည် ပဋိသင်္ခါဉာဏ်။

၉။ ထိုမှတဖန် သိမ်းဆည်းသော သင်္ခါရတို့၌ မချစ် မမုန်း လျစ်လျူ ရှုခြင်းသည် သင်္ခါရုပေက္ခာဉာဏ်။

၁ဝ။ ဥဒယဗ္ဗယ စသော ရှေးဉာဏ် ရှစ်ပါးတို့အား၎င်း, မဂ်ခဏရလတ္တံ့သော ဗောဓိပက္ခိယ တရား ၃၇-ပါးတို့အား၎င်း လျော်သော ဉာဏ်သည်၊ ဝါ-မဂ္ဂဝီထိ၌ ဂေါတြဘူရှေ့ဖြစ်သော သစ္စာနုလောမိကဉာဏ်သည် အနုလောမဉာဏ် မည်၏။

(သမ္မသန, ဥဒယ, ဘင်္ဂ, ဘယ၊
အာဒီနဝ, နိဗ္ဗိဒါ, မုဉ္စိတု၊
ပဋိသင်္ခါ, သင်္ခါရ, အနုလောမ၊ ဉာဏ်ဆယ်ပါး။)

သုညတ ဝိမောက္ခ စသော ဝိမောက္ခသုံးပါးကိုလည်း သိအပ်၏။

၁။ အနတ္တ ရှု၍ရသော မဂ်ဖိုလ်သည် သုညတဝိမောက္ခ။

၂။ အနိစ္စရ၍ရသော မဂ်ဖိုလ်သည် အနိမိတ္တဝိမောက္ခ

၃။ ဒုက္ခရှု၍ရသော မဂ်ဖိုလ်သည် အပ္ပဏိဟိတဝိမောက္ခ။

သုညတနုပဿနာ စသော ဝိမောက္ခသုံးပါးကိုလည်း သိအပ်၏။

၁။ မဂ်ဖိုလ်ရကြောင်း အနတ္တာနုပဿနာ ဉာဏ်သည် သုညတာနုပဿနာ ဝိမောက္ခမုခ။

၂။ အနိစ္စာနုပဿနာဉာဏ်သည် အနိမိတ္တာနုပဿနာ ဝိမောက္ခမုခ။

၃။ ဒုက္ခာနုပဿနာဉာဏ်သည် အပ္ပဏိဟိတာနုပဿနာဝိမောက္ခမုခ။

ဥဒ္ဒေသပြီး၏။

သီလဝိသုဒ္ဓိ

၁။ ဤဥဒ္ဒေသ၌ ရှေးဦးစွာ ဝိနည်းပညပ်ကို လွန်ကျူးမိသည် မရှိခြင်းဖြင့်၎င်း, လွန်ကျူးမိလျှင် ကုစားပြီးခြင်းဖြင့်၎င်း, မကုစားသာသေးလျှင် အပြစ်ကို ထင်စွာ ဖွင့်ပြောထားခြင်းဖြင့်၎င်း ၊ ပါတိမောက္ခသံဝရသီလ စင်ကြယ်သည် မည်၏၊

(အပြီး မစင်ကြယ်သော်လည်း ပါတိမောက် နာနိုင်ပြီ၊ အန္တရာယ်လွတ်ပြီ၊ တရား အားထုတ်နိုင်ပြီ-ဟု ဆိုလိုသည်။) ဒွါရခြောက်ခွင် အကုသိုလ်မဝင်အောင် သတိ ယှဉ်ခြင်းဖြင့်၎င်း, သတိလစ်၍ အကုသိုလ် ဖြစ်လျှင် - နပုနေဝံ ကရိဿာမိ (နောင်မပြုပါတော့အံ့) ဟု စိတ်ဆောက် တည်ခြင်းဖြင့်၎င်း - ဣန္ဒြိယသံဝရသီလ စင်ကြယ်၏၊

မိမိ၏၎င်း, တပါးသော ရဟန်း၏၎င်း မိစ္ဆာဇီဝ ပစ္စည်းလေးပါးကို မသုံးဆောင်ခြင်း ဖြင့်၎င်း, သုံးဆောင်မိလျှင် ဒေသနာကြား ကုစားခြင်းဖြင့်၎င်း အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ်၏၊

ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်ကာ သုံးဆောင်ခြင်းဖြင့် ပစ္စယသန္နိဿိတ သီလ စင်ကြယ်၏။

ထိုအခါ သီလလေးပါး စင်ကြယ်ပြီ၊ တရားအားထုတ်နိုင်ပြီ။

စိတ္တဝိသုဒ္ဓိ

၂။ အပ္ပနာဈာန် ရခြင်းဖြင့်၎င်း, မရလျှင် နီဝရဏကင်း၍ စိတ်ငြိမ်အောင် ဥပစာရဈာန် ရခြင်းဖြင့်၎င်း စိတ္တဝိသုဒ္ဓိဖြစ်၏၊ ထိုအခါ နီဝရဏမှ စိတ်စင်ကြယ်ပြီ၊ တရား အားထုတ်နိုင်ပြီ။

ဒိဋ္ဌိဝိသုဒ္ဓိ

၃။ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်-အားဖြင့် နာမ်ရုပ်ကို သိမ်းဆည်းခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိမည်၏၊ ဖဿသည် ဖုသနလက္ခဏာ ရှိ၏၊ ပထဝီသည် ကက္ခဠ လက္ခဏာ ရှိ၏-စသော အကျယ် သိမ်းဆည်းခြင်းဖြင့်၎င်း နာမ်သည် အာရုံသို့ညွတ်ခြင်း လက္ခဏာ ရှိ၏၊ ရုပ်သည် အအေး,အပူ စသည် ကြောင့် ရှေးနှင့်မတူ ဖောက်ပြန်ခြင်း လက္ခဏာရှိ၏ စသော အကျဉ်း သိမ်းဆည်းခြင်းဖြင့်၎င်း ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်၏၊ နာမ်ရုပ်မှတပါး အတ္တ, ဇီဝမရှိ-ဟု ဉာဏ်အမြင်စင်ကြယ်ပြီ၊ သက္ကာယဒိဋ္ဌိကွာပြီ။

(လက္ခဏာနှစ်မျိုး ရှိ၏၊ အနိစ္စလက္ခဏာ စသည်သည် နာမ်ရုပ် အများနှင့်ဆက်ဆံ၏၊ သာမညလက္ခဏာ မည်၏၊ ဝိဇာနန, ဖုသန ကက္ခဠ, သန္တိ-စသော လက္ခဏာသည် အများနှင့်မဆက်ဆံ၊ စိတ် စေတသိက်, ရုပ်, နိဗ္ဗာန်တို့၏ သီးခြားသော မိမိလက္ခဏာ ဖြစ်၏၊ သဘာဝလက္ခဏာမည်၏။

ရသနှစ်မျိုးပြုလုပ်ခြင်းသည် ကိစ္စရသ၊ ပြည့်စုံခြင်းသည် သမ္ပတ္တိရသ။

ပစ္စုပဋ္ဌာန်နှစ်မျိုးထင်ရှားသော အခြင်းအရာသည် ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်၊ အကျိုးသည် ဖလ ပစ္စုပဋ္ဌာန်။

ပဒဋ္ဌာန်ကား တမျိုး - နီးသော အကြောင်းသည် ပဒဋ္ဌာန် မည်၏။)

ကင်္ခါဝိသုဒ္ဓိ

၄။ ထိုနာမ်ရုပ်တို့၏အကြောင်းကို သိမ်းဆည်းခြင်းသည် ကင်္ခါဝိတရဏ ဝိသုဒ္ဓိမည်၏။

သိမ်းဆည်းပုံကား-

၁။ ပဋိသန္ဓေ နာမ်ရုပ်သည် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ-ဟူသော အကြောင်းကြောင့် ဖြစ်၏။

၂။ ပဝတ္တိရုပ်သည် ကံ, စိတ်, ဥတု, အာဟာရကြောင့် ဖြစ်၏။

၃။ ပဝတ္တိနာမ်သည် ဝတ္ထု, အာရုံ စသည်ကြောင့် ဖြစ်၏။

၄။ အထူးအားဖြင့် ကုသိုလ်သည် ယောနိသော မနသိကာရကြောင့် ဖြစ်၏။

၅။ အကုသိုလ်သည် အယောနိသော မနသိကာရကြောင့် ဖြစ်၏။

၆။ ဝိပါက်သည် ကုသိုလ်, အကုသိုလ်စွမ်းကြောင့် ဖြစ်၏။

၇။ အာဝဇ္ဇန်းသည် ဘဝင်စသည် အစွမ်းကြောင့် ဖြစ်၏။

၈။ ကြိယာဇောသည် ရဟန္တာ သန္တာန်စွမ်းကြောင့် ဖြစ်၏။

၉။ အကြောင်းမကင်းသော အကျိုးတရား အပေါင်းတို့သာတည်း။

ဤသို့ အကြောင်း သိမ်းဆည်းခြင်းဖြင့် ကင်္ခါစင်ကြယ်၏၊ ယုံမှားခြင်း ၁၆-ပါး, ၈-ပါး တို့မှ လွန်၏၊

ထိုအခါ စူဠသောတာပန်ဖြစ်ပြီ၊ ဉာဏ်ဆယ်ပါး အားထုတ်နိုင်ပြီ။

မဂ္ဂါမဂ္ဂဝိသုဒ္ဓိ

၅။ ထိုနောက် ထိုသို့သိမ်းဆည်းပြီးသော အကြောင်း မကင်းသော တေဘူမက သင်္ခါရတို့၌ အတိတ်စသည်ခွဲ၍ လက္ခဏာရေး သုံးပါးတင်၍ ဖန်ဖန် သုံးသပ်အပ်၏၊ ဤသို့သုံးသပ်ခြင်းသည် သမ္မသနဉာဏ်မည်၏၊ ဤ၌ ခန္ဓာဒိနယမာရဗ္ဘဖြင့် သီဟိုဠ်သားတို့ အလို နယဝိပဿနာမည်၏-ဟု ဆိုသည်၊ ကလာပဝသေန သင်္ခိပိတွာ-ဖြင့် ဇမ္ဗူဒိပ်သားတို့ အလို ကလာပသမ္မသန မည်၏ ဟု ဆိုသည်၊ အဓိပ္ပာယ် တူသည်သာတည်း။

နယဝိဿနာ သုံးသပ်ပုံကား -

ခန္ဓာငါးပါး, ဒွါရခြောက်ပါး, အာရုံ ခြောက်ပါး-စသည်ဖြင့်လာသော ပဋိသမ္ဘိဒါဒေသနာ နည်းကိုယူ၍ သုံးသပ်ရသည်။

၁။ ရူပံ-အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန

၂။ ဝေဒနာ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန

၃။ သညာ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
သင်္ခါရာ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
ဝိညာဏံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန

၄။ စက္ခုဒွါရံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
သောတဒွ့ရံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
ဃာနဒွါရံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
ဇိဝှါဒွါရံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
ကာယဒွါရံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
မနောဒွါရံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန

၅။ ရူပါရမ္မဏံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
သဒ္ဒါရမ္မဏံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
ဂန္ဓာရမ္မဏံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
ရသာရမ္မဏံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
ဖောဋ္ဌဗ္ဗာရမ္မဏံ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
ဓမ္မာရမ္မဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခာ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန

ကလာပသမ္ပသနသုံးသပ်ပုံကား -

အတိတ်, အနာဂတ်စသော ၁၁-ပါး သော အပေါင်းအစု ကလာပစွမ်းဖြင့် ပေါင်းချုံး၍ သုံးသပ်ရသည်။

၁။ အတိတ်ရုပ်သည် အတိတ်၌ချုပ်ပြီးပြီ-
အနိစ္စံခယဋ္ဌေန၊ ဒုက္ခံဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန
ဝါ- အနိစ္စ- ဒုက္ခ- အနတ္တ။

၂။ အနာဂတ်ရုပ်သည် အနာဂတ်၌ ချုပ်လတ္တံ့၊ အနိစ္စ- ဒုက္ခ- အနတ္တ။

၃။ ပစ္စုပ္ပန်ရုပ်သည် အနာဂတ် မဖြစ်မီ ချုပ်၏၊ အနိစ္စ- ဒုက္ခ- အနတ္တ။

၄။ အဇ္ဇတ္တရုပ်သည် ဗဟိဒ္ဓ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ- ဒုက္ခ- အနတ္တ၊

၅။ ဗဟိဒ္ဓရုပ်သည် အဇ္ဈတ္တ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ- ဒုက္ခ- အနတ္တ။

၆။ သုခုမရုပ်သည် သြဋ္ဌာရိက မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ- ဒုက္ခ- အနတ္တ။

၇။ သြဠာရိကရုပ်သည် သုခုမ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ- ဒုက္ခ- အနတ္တ။

၈။ ဟီနရုပ်သည် ပဏီတ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ- ဒုက္ခ- အနတ္တ။

၉။ ပဏီတရုပ်သည် ဟီန မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ- ဒုက္ခ- အနတ္တ။

၁၀။ ဒူရရုပ်သည် သန္တိက မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ- ဒုက္ခ- အနတ္တ၊

၁၁။ သန္တိကရုပ်သည် ဒူရ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ- ဒုက္ခ- အနတ္တ။

[အတိတ်ဝေဒနာသည် အတိတ်၌ချုပ်ပြီးပြီ-စသည်ဖြင့် ခွဲအပ်၏။]

အဒ္ဓါ-ဘဝ, သန္တတိ-အစဉ် ခဏ-ဥပါဒ် ဌီ ဘင် ခဏ- ဤသုံးပါးစွမ်းဖြင့်လည်း လက္ခဏာရေးသုံးပါး သုံးသပ်ရသည်။]

၁။ အတိတ်ဘဝရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ၊
အနာဂတ် ဘဝရုပ်သည် အနိစ္စ- ဒုက္ခ- အနတ္တ၊
ပစ္စုပ္ပန်ဘဝရုပ်သည် အနိစ္စ- ဒုက္ခ-အနတ္တ။

၂။ အတိတ်သန္တာန်ရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ၊
အနာဂတ်သန္တာန်ရုပ် သည် အနိစ္စ ဒုက္ခ အနတ္တ၊
ပစ္စုပ္ပန်သန္တာန်ရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ။

၃။ အတိတ်ခဏတ္တယရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ၊
အနာဂတ်ခဏတ္တယ ရုပ်သည့် အနိစ္စ ဒုက္ခ အနတ္တ၊
ပစ္စုပ္ပန်ခဏတ္တယရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ။

ဤသို့ ဖန်ဖန် သုံးသပ်သောသူသည် သမ္မသနဉာဏ်ဖြင့် သုံးသပ်သည် မည်၏၊ ထိုတေဘူမက သင်္ခါရတို့၌သာလျှင် ပစ္စယစွမ်း, ခဏစွမ်းဖြင့် ဖြစ်ခြင်း ပျက်ခြင်းကို ရှုသောဉာဏ်ဖြင့် ဖန်ဖန်ရှုသောသူသည် ဥဒယဗ္ဗယဉာဏ်ဖြင့် ရှုသည်မည်၏၊ ပစ္စယစွမ်းဖြင့် ရှုရာ၌ အကြောင်းလေးပါးဖြင့် ရှုရသည်၊ ခဏစွမ်းဖြင့် ရှုရာ၌ ခဏ တပါးဖြင့် ရှုရသည်။

၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်၊
တဏှာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်၊
ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်၊
အာဟာရဖြစ်ခြင်း ကြောင့် ရုပ်ဖြစ်သည်။

၂။ ဥပါဒ်ခဏ၌သာရုပ်ဖြစ်သည်။

၃။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်၊
တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်၊
ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်၊
အာဟာရ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။

၄။ ဘင်ခဏ၌သာရုပ်ချုပ်သည်။

၅။ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်သည်၊ သညာဖြစ်သည်၊ သင်္ခါရဖြစ်သည်၊ ဥပါဒ်ခဏ၌သာ ဝေဒနာ, သညာ, သင်္ခါရဖြစ်သည်၊ အဝိဇ္ဇာ, ကံ, ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်သည်၊ သညာချုပ်သည်၊ သင်္ခါရချုပ်သည်၊ ဘင်ခဏ၌သာ ဝေဒနာ, သညာ, သင်္ခါရချုပ်သည်။

၆။ အဝိဇ္ဇာ, တဏှာ, ကံ, နာမ်ရုပ်ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်သည်၊ ဥပါဒ်ခဏ၌သာ ဝိညာဏ်ဖြစ်သည်၊ အဝိဇ္ဇာ, တဏှာ, ကံ, နာမ်ရုပ် ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်သည်၊ ဘင်ခဏ၌သာ ဝိညာဏ် ချုပ်သည်။

ဤသို့ ခန္ဓာငါးပါး၌ ဥဒယဗ္ဗယဆယ်ပါးစီ ရှုအပ်၏၊ ဥဒယဗ္ဗယ ငါးဆယ်ပြည့်စုံ၏။

[အစရုပ်၏ဖြစ်, ချုပ်ပုံရပြီးလျှင် ဝေဒနာ, သညာ, သင်္ခါရတို့၌ အာဟာရပယ်၍ ဖဿ။

ဝိညာဏ်၌ အာဟာရပယ်၍ နာမ် ရုပ်၊ ဤမျှသာတူး၏။]

ဥဒယဗ္ဗယ (၅ဝ) ရှုသည်မှစ၍ အာရဒ္ဓဝိပဿက ယောဂီမည်၏၊ ဤသို့သော ယောဂီအား ဩဘာသစသော ဘေးရန်ဆယ်ပါး ဖြစ်လတ်သော် ထို ဘေးရန်တို့ကို သိမ်းဆည်း၍ လမ်းမှန် လမ်းမှား-မှတ်သားခြင်းသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏၊ (ဘေးရန်ဆယ်ပါးကား ထင်မြဲဓမ္မတာ-ဟုဆို၏။)

ဆယ်ပါးကား --

၁။ လွန်ကဲသော ဝိပဿနာစိတ်ကြောင့် ကိုယ်မှအရောင် ထွက်ခြင်း

၂။ ထို့အတူ ဝိပဿနာစိတ်ကြောင့် ပီတိငါးမျိုး ဖြစ်ခြင်း

၃။ ကိုယ်စိတ်အပူငြိမ်း၍ ပဿဒ္ဓိနှစ်ပါး ဖြစ်ခြင်း

၄။ အားကြီးသော သဒ္ဓါဟူသော အဓိမောက္ခဖြစ်ခြင်း

၅။ ဝီရိယသမ္ဗောဇ္ဈင်ဟူသော ပဂ္ဂဟဖြစ်ခြင်း,

၆။ အတိပဏီတသုခ ဖြစ်ခြင်း

၇။ ဝိပဿနာဉာဏ် အမြင်သန်ခြင်း

၈။ ရှေးဟောင်းပြန်သိ သတိထင်ခြင်း,

၉။ ဥပေက္ခာသမ္ဗောဇ္ဈင် ဟူသော တတြမဇ္ဈတ္တုပေက္ခာ၊ မနောဒွါရာဝဇ္ဇန်း ဟူသော အာဝဇ္ဇနုပေက္ခာဖြစ်ခြင်း

၁ဝ။ အရောင် စသည်၌ “ငါ့အား ဤသို့မဖြစ်စဘူး ဖြစ်ကုန်၏” ဟု သိမ်မွေ့သော တဏှာနိကန္တိဖြစ်ခြင်း၊

ဤ ဆယ်ပါးတည်း၊

ထိုအခါ ငါအား မဖြစ်စဘူးဖြစ်သည်၊ ဧကန်မချွတ် မဂ်ဖိုလ်ရပြီ-ဟုမယူမူ၍ ဤ ဆယ်ပါးသည် တဏှာဖြစ်ကြောင်း, မာန ဖြစ်ကြောင်း, ဒိဋ္ဌိဖြစ်ကြောင်း ဖြစ်၍ ဝိပဿနာ ညစ်ညူးကြောင်း ဘေးရန်သာ ဖြစ်သည်၊ လမ်းမှန်မဟုတ်၊ ထိုမှ လွတ်သော ဝိပဿနာဉာဏ် အစဉ်သာ လမ်းမှန်ဖြစ်ချေသည်-ဟု မှတ်သားဆုံးဖြတ် ခြင်းဖြင့် သိမ်းဆည်းအပ်၏။

ပဋိပဒါဝိသုဒ္ဓိ

၆။ ထိုဘေးရန်ဆယ်ပါးမှ လွတ်ပြီးသောအခါ ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမ ဉာဏ်တိုင်အောင် အဆင့်ဆင့် အားထုတ်အပ်သော ဝိပဿနာဉာဏ် ၉-ပါးသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။

ဉာဏ်အဆင့်ဆင့်ဖြစ်ရာ၌ ရှေးဦးစွာ သမ္မသနဉာဏ် သုံးသပ်သောအခါ ဝိပဿနာ အားထုတ်သည် မမည်သေး။

ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သိသောအခါ ဥဒယဗ္ဗယဉာဏ်,
ဖြစ်ခြင်းလွတ်၍ ပျက်ခြင်းမျှ သိသောအခါ ဘင်္ဂဉာဏ်၊
ပျက်ခြင်းမြင်၍ ခြင်္သေ့ သစ်ကျား ပမာ ကြောက်စရာဟုသိသော ဘယဉာဏ်၊
(ဥ ဘင် ဘ-၃။)
ကြောက်လန့်၍ ယူချင်စရာ မထင် မီးလောင်သော အိမ်အသွင် အပြစ်မြင်သောအခါ အာဒီနဝဉာဏ်၊
အပြစ်မြင်၍ ငြီးငွေ့ သောအခါ နိဗ္ဗိဒါဉာဏ်၊
ပိုက်ကွန်မိသောငါးပမာ ဘုံသုံးပါးမှလွှတ်လို သော အခါ မုဉ္စိတုကမျတာဉာဏ်၊
(အာ နိ မု-၃။)
အပြစ်မြင်သော်လည်း တရှိန်တည်း မပြေးဝင်နိုင်သဖြင့် သမုဒြာငှက်ပမာ ဖန်ဖန်ပြန်၍ လွတ်ခြင်းကြီး လွတ်အောင် သုံးသပ်သော ပဋိသင်္ခါဉာဏ်၊
အပြစ်မြင်ပြီးသော သင်္ခါရတို့၌ စွန့်ပြီးသော မယားအတူ လျစ်လျူရှုသောအခါ သင်္ခါရုပေက္ခဉာဏ်၊
မဂ္ဂဝီထိ၌ ပရိကံ ဥပစာ, အနုလုံ ဖြစ်သော အခါ အနုလောမဉာဏ်၊
(ပဋိ ရု နု-၃)

ဤသို့ အဆင့်ဆင့်ဖြစ်၏။

ဤတွင် ဝိသုဒ္ဓိခြောက်ပါး ပြီးပြီ။

ဉာဏဒဿနဝိသုဒ္ဓိ

ဤသို့ ဝိသုဒ္ဓိခြောက်ပါး အစဉ်အားဖြင့် အားထုတ်သော ယောဂီအား ဝိပဿနာ ဉာဏ်၏ ရင့်ခြင်းကို (ဝါ-သင်္ခါရုပေက္ခာဉာဏ်၏ ရင့်ခြင်းကို) စွဲ၍ မဂ်ဖိုလ်အပ္ပနာ ဖြစ်လိုလတ်သည် ရှိသော် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒဖြစ်၍ မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ ဂေါတြဘူ မဂ်တကြိမ် ဖိုလ် နှစ်ကြိမ် သုံးကြိမ်ဖြစ်၍ ဘဝင်ကျ၏။

ဤမဂ္ဂဝီထိစိတ်စဉ်၌ ပရိကံ, ဥပစာ, အနုလုံသည် အထွဋ်အထိပ်သို့ ရောက်သော ဝိပဿနာဖြစ်သောကြောင့် သိခါပတ္တာမည်၏၊
သစ္စာလောမဉာဏ်နှင့် (ဝါ-ဝိပဿနာ ရှုသော မဟာကုသိုလ် ဉာဏ်နှင့်)တကွ ဖြစ်သောကြောင့် သာနုလောမာမည်၏၊
သင်္ခါရတို့ကို လျစ်လျူရှုသောကြောင့် သင်္ခါရုပေက္ခာ မည်၏၊
မဂ်သို့ရောက်ကြောင်း ဝိပဿနာ ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမီနီ ဝိပဿနာမည်၏။
(လေးမည်။)

ဤစိတ်တို့သည် အနိစ္စစသော လက္ခဏာ တခုခုကို အာရုံပြုကုန်၏။
(ဝုဋ္ဌာနသည် မဂ်၏အမည်ဖြစ်၏၊ ကိလေသာမှ ထသောကြောင့်တည်း။)

ဂေါတြဘူသည် နိဗ္ဗာန်ကိုအာရုံပြု၍ ပုထုဇဉ်အနွယ်ကိုဖျက်လျက် အရိယာ အနွယ်သို့ ရောက်စေလျက်ဖြစ်၏၊ နိဗ္ဗာန်ကိုမြင်လျက် ကိလေသာကို မသတ်ဘဲ မဂ်အား အချက်ပေးသောကြောင့် မဂ်၏ အာဝဇ္ဇန်းအရာ၌ တည်သည်။

မဂ်သည် -
ဒုက္ခသစ္စာကို အကုန်အစင်သိလျက်၊
သမုဒယသစ္စာကိုပယ်လျက်၊
နိရောဓသစ္စာကို မျက်မှောက်ပြုလျက်၊
မဂ္ဂသစ္စာကို ပွားစေသောအားဖြင့် အပ္ပနာဝီထိသို့ရောက်၏။

ဤ၌ မဂ်ဉာဏ်သည် လေးကိစ္စကို တပြိုင်နက် ပြီးစေသည်၊ နိဗ္ဗာန်ကို အာရုံပြုခြင်း သည် နိရောဓ မျက်မှောက်ပြုသည် မည်၏၊ မဂ်စိတ်ကို၎င်း, ကြွင်းမဂ္ဂင်ခုနစ်ပါးကို၎င်း အတူတကွ ခဏတ္တယသို့ ရောက်စေခြင်းသည် မဂ္ဂကို ပွားစေသည် မည်၏၊ နောင် ဖြစ်ထိုက်သော ကိလေသာကို မဖြစ်နိုင်သောအနေသို့ ရောက်စေခြင်းသည် သမုဒယ ပယ်သည် မည်၏၊ ဒုက္ခ၏အကြောင်းကို ပယ်ခြင်းဖြင့် ဒုက္ခကို အကုန်အစင် သိသည် မည်၏။

မဂ်ဉာဏ်သည် ကိလေသာ သတ်သည့်ပြင် အနမတဂ္ဂ သံသရာ-ဝဋ်ဒုက္ခ သမုဒြာ ကိုလည်း ခန်းစေ၏၊ အပါယ်တံခါးကိုလည်း ပိတ်စေ၏၊ သူတော်ကောင်းဥစ္စာ ခုနစ်ပါး၏ပိုင်ရှင် တရားသူဌေးကိုလည်း ဖြစ်စေ၏၊ မိစ္ဆာမဂ္ဂင်ရှစ်ပါးကိုလည်း ပယ်၏၊ တွင်း, ပ, နီး, ဝေး, အကြီး အသေး-ဘေးဟူသမျှ လည်း ငြိမ်းစေ၏၊ ဘုရားရှင်၏ သားတော်စစ် အဖြစ်သို့လည်း ရောက်စေ၏ ရတနာသုံးပါး၌ သက်ဝင်သော အဓိဂမသဒ္ဓါ ပဋိသမ္ဘိဒါ အဘိညာ - စသည်ကိုလည်း ရစေ၏။

ဖိုလ်ဇောနှစ်ကြိမ်သုံးကြိမ်သည် နိဗ္ဗာန်ကို အာရုံပြု၏၊ မဂ်ပယ်သော ကိလေသာကို အခိုးအငွေ့မျှမကျန်အောင် ငြိမ်းအေးစေ၏။

ထိုနောင် ဘဝင်ဖြတ်၍ ပစ္စဝေက္ခဏာ ဉာဏ်ဝီထိတို့ ဖြစ်ကုန်၏၊ မဂ်ဖိုလ် ရပြီးသော လောကုတ္တရာပညာရှင်သည် မဂ်, ဖိုလ်, နိဗ္ဗာန် သုံးမျိုးကို တခုစီ အာရုံပြု၍ ဆင်ခြင်၏၊ ပယ်ကိလေသာ, ကြွင်းကိလေသာ နှစ်ခုကို အချို့ သေက္ခဆင်ခြင်၏၊ အချို့သေက္ခ မဆင်ခြင်၊ သာကီဝင်မင်းသား မဟာနာမ်သည် ဘုရားရှင်ထံချဉ်းကပ်၍ တပည့်တော်သန္တာန်၌ ကိလေသာ အဘယ်မျှ မပယ်ရသေးပါသနည်းဘုရား-ဟု လျှောက်၏၊ အသေက္ခကား ကြွင်းကိလေသာကိုသာ မရှိသောကြောင့် မဆင်ခြင်။

ဤသို့ ဝိသုဒ္ဓိခြောက်ပါးအစဉ်ဖြင့် ဖြစ်စေအပ်သော မဂ်ဉာဏ် လေးပါးသည် ဉာဏဒဿန ဝိသုဒ္ဓိမည်၏။

ဝိသုဒ္ဓိဘေဒ ပြီးပြီ။

ဝိမောက္ခဘေဒ

ဝိမောက္ခဘေဒ၌ အနတ္တာနုပဿနာသည် အတ္တဟု နှလုံးသွင်းခြင်းကို စွန့်၏၊
(အတ္တမှဆိတ်သော သုညကို မြင်၏၊)
ထို့ကြောင့် သုညတာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏၊

အနိစ္စာနုပဿနာသည် ဝိပလ္လာသဖြစ်ကြောင်း နိမိတ်ကို စွန့်၏၊
အနိမိတ္တာနုပဿနာ မည်သော ဝိမောက္ခမုခ ဖြစ်၏၊

ဒုက္ခာနုပဿနာသည် တဏှာ တောင့်တခြင်းကို စွန့်၏၊
အပ္ပဏိဟိတာနုပဿနာ မည်သော ဝိမောက္ခမုခ ဖြစ်၏။

ထို့ကြောင့် ဝုဋ္ဌာဂါမိနီ ဝိပဿနာသည် --
အနတ္တဟု ရှုအံ့၊ မဂ်သည် သုညတဝိမောက္ခမဂ် မည်၏၊
အနိစ္စဟုရှုအံ့၊ အနိမိတ္တဝိမောက္ခမဂ်၊
ဒုက္ခရှုအံ့ အပ္ပဏိဟိတဝိမောက္ခမဂ် မည်၏၊
ဝိပဿနာအာရုံစွမ်းဖြင့် မဂ်-အမည် သုံးခု ရသည်။

မဂ္ဂဝီထိ၌ မဂ်နောင်ဖိုလ်သည် မဂ်အာရုံစွမ်းဖြင့် အမည်သုံးခု ရသည်၊ ဖလသမာပတ္တိ ဝီထိ၌ ဖိုလ်သည် ဝိပဿနာရှုခြင်းအား လျော်စွာ ဝိပဿနာ အာရုံစွမ်းဖြင့် အမည်သုံးခုရသည်၊ (မဂ်အာရုံမရှိ)။

မဂ္ဂဝီထိ ဖလသမာ ပတ္တိဝီထိ အားလုံး၌ မဂ်ဖိုလ်တို့သည် နိဗ္ဗာန်အာရုံစွမ်းဖြင့်လည်း သုံးမည် မိမိကိစ္စ ဂုဏ်စွမ်းဖြင့်လည်း သုံးမည်ရ၍ ဟူသည်သာတည်း။

ပုဂ္ဂလဘေဒ

ပုဂ္ဂလဘေဒ၌ သောတာပတ္တိမဂ် ရသောသူသည် ဒိဋ္ဌိ ဝိစိကိစ္ဆာကို၎င်း အပါယ် လားကြောင်း အကုသိုလ်ကို၎င်း ပယ်ပြီးဖြစ်၏၊ သောတာပန် မည်သောသူ ဖြစ်၏၊ ကာမဘုံ၌ လူ နတ်အရော ပဋိသန္ဓေ ခုနစ်ကြိမ်ရှိလျှင် သတ္တက္ခတ္တုပရမ၊ နှစ်ကြိမ်မှခြောက်ကြိမ်ထိရှိလျှင် ကောလံကောလ၊ တကြိမ် ရှိလျှင် ဧကဗီဇိမည်၏၊

(လူ့ဘုံသက်သက်, နတ်ဘုံသက်သက်၌ မရောယှက်ဘဲ ဘဝရာထောင် ထပ်၍ ဖြစ်သော်လည်း တကြိမ်သာ မည်၏၊)

သကဒါဂါမ် အနာဂါမ်ဖြစ်၍ ရူပဘုံသို့ ရောက်လျှင် ဘဝများစွာ ဘုံစဉ်စံ ဖြစ်သေး၏၊ လူ နတ်အရော ကာမဘုံ ပဋိသန္ဓေ ကိုသာရည်၍ သတ္တက္ခတ္တုပရမဟု ဆိုသည်။

သကဒါဂါမိမဂ် ရလျှင် ရာဂ, ဒေါသ, မောဟ ခေါင်းပါးပြီး ဖြစ်၏၊
သကဒါဂါမ် ပုဂ္ဂိုလ်မည်၏၊ ဤလူ့ပြည်သို့ ပဋိသန္ဓေတကြိမ် လာနိုင်၏။

အနာဂါမိမဂ်ရလျှင် ကာမရာဂ, ဗျာပါဒ အကြွင်းမဲ့ပယ်ပြီး ဖြစ်၏၊
အနာဂါမ်ပုဂ္ဂိုလ် မည်၏၊ ကာမဘုံသို့ ပဋိသန္ဓေလားခြင်းမရှိ။

အရဟတ္တမဂ်ရလျှင် ကိလေသာ အားလုံး အကြွင်းမရှိ ပယ်ပြီးဖြစ်၏။
ရဟန္တာပုဂ္ဂိုလ် မည်၏၊ အာသဝေါကုန်၍ အလှူခံပုဂ္ဂိုလ် အမြတ်ဆုံးဖြစ်၏။

လောကုတ္တရာဉာဏ်ဖြစ်ရာ၌ ဝသီဘော် လေ့လာဘွယ်မရှိ၊ ဆန့်ကျင်ဘက်တို့ကို သမုစ္ဆေဒပြုပြီး ဖြစ်သောကြောင့် အလိုလို ဝသီဘော်ပြည့်စုံ၏၊ လောကီ ဈာန်သမာပတ်၌သာ နုန့်နှေးခြင်းကင်းအောင် ဝသီဘော် လေ့လာရသည်။

သမာပတ္တိဘေဒ

သမာပတ္တိဘေဒ၌ မိမိရသော ဖိုလ်ကို မိမိဝင်စားခြင်းဖြင့် ဖလဋ္ဌာန် ပုဂ္ဂိုလ်တိုင်း ဖလသမာပတ်ကို ဝင်စားနိုင်ကုန်၏။

နိရောဓသမာပတ်ကိုကား အနာဂါမ်, ရဟန္တာတို့သာ ဝင်စားနိုင်ကြသည်၊ ဝင်စားပုံကား - ရှေးဦးစွာ ပဌမဈာန်ကိုဝင်စား၏၊ ဤကား သမထ ပြုခြင်းတည်း၊ ထိုနောင် ပဌမဈာန်မှထ၍ ပဌမဈာန်၌ရှိသော သင်္ခါရတရား တို့ကို အနိစ္စ ဒုက္ခ အနတ္တ-ဟုရှု၏၊ ဤကား ဝိပဿနာပြုခြင်းတည်း၊ ဤသို့ သမထ ဝိပဿနာ ပြုခြင်းသည် ယုဂနန္ဓပြုသည် မည်၏။

ဤနည်းဖြင့် ဈာန်အစဉ်အတိုင်း ယုဂနန္ဓပြုကာ အာကိံဈာန်အထိ ဝင်စား၍ အာကိံဈာန်မှ ထသောအခါ ဝိပဿနာမပြုဘဲ အဓိဋ္ဌာန်ခြင်း စသော ပုဗ္ဗကိစ္စလေးပါး ပြု၍ နေဝသညာဈာန်ကို ဝင်စား၏၊ နေဝသညာဈာန်ဇောသည် နှစ်ကြိမ်စော၍ စိတ်အစဉ်ပြတ်၏၊ စိတ်, စေတသိက်, စိတ္တဇ ရုပ်ချုပ်၍ တိဇရုပ်မျှ ကြွင်း၏၊ ထိုအခါ နိရောဓသမာပတ် ဝင်စားသည် မည်၏။

ပုဗ္ဗကိစ္စလေးပါး ပြုခြင်းကား --

၁။ မိမိနှင့်စပ်သော သီးခြားတည်သော ကျောင်း, သပိတ်, သင်္ကန်း- စသည်သည် မီးစသော အန္တရာယ်ကြောင့် မပျက်စီးနိုင်စေသတည်း ဟု ဓိဋ္ဌာန်၏၊
(ကိုယ်၌ ဝတ်ရုံထားသော သင်္ကန်းအတွက် ဓိဋ္ဌာန်ဘွယ် မလို။)

၂။ သံဃာအပေါင်း တောင့်တသောအခါ လာမခေါ်မီ သမာပတ်မှ ထနိုင်စေသတည်း - ဟု ဓိဋ္ဌာန်၏။

၃။ မြတ်စွာဘုရား ခေါ်တော်မူသောအခါ လာပခေါ်မီ ထနိုင်စေသတည်း-ဟု ဓိဋ္ဌာန်၏၊

၄။ ခုနစ်ရက်အတွင်း မိမိအသက်အပိုင်းအခြား တည်နိုင် မတည်နိုင် ကြည့်ရှု၏၊

ဤလေးပါးတည်း။

နိရောဓသမာပတ်ကို ကာမဘုံ ရူပဘုံ၌သာ အနာဂါမ် ရဟန္တာတို့သာ မဟဂ္ဂုတ်ဈာန် ကိုးပါးလုံးရမှသာ ဝင်စားနိုင်ကြသည်၊ အရူပဘုံ၌ ဈာန်ကိုးပါးမရှိ၍ ယုဂနန္ဓပင် မပြည့်စုံ၊ ကာမဘုံ၌ အာဟာရအတွက် အလွန်ဆုံး ခုနစ်ရက်သာ၊ ရူပဘုံ၌ ပိုင်းခြား မရှိ ဝင်စားကြ၏။

နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်အား အနာဂါမိဖိုလ်ဇော တကြိမ်စော၍ ဘဝင်ကျ၏၊ ရဟန္တာအား အရဟတ္တဖိုလ်ဇော တကြိမ်စော၍ ဘဝင်ကျ၏၊ ထိုနောင် ပစ္စဝေက္ခဏာဉာဏ်ဝီထိ ဖြစ်၏၊ (အနာဂါမ်,ရဟန္တာ အားသာ သမာဓိပြည့်သည်။)

ဤ၌ ခုနစ်ရက်ခြားသော်လည်း နေဝသညာ ဒုတီယဇောသည် အနာဂါမိဖိုလ်ဇော, အရဟတ္တဖိုလ်ဇောအား (စိတ်အခြားမရှိ) အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏၊ ဤနည်း မျိုးဖြင့် အသညသတ်ဘုံ အသက် ကမ္ဘာငါးရာခြားလျက် တတီယဘဝ နောက်ဆုံး စုတိသည် ယခုဘဝ ပဋိသန္ဓေစိတ်အားလည်း အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏။

တိုက်တွန်းခြင်း

လူမင်း နတ်မင်း, ဗြဟ္မာမင်းတို့သည် မိမိစည်းစိမ်ကို ခံစား၍ မငြီးငွေ့နိုင်ကြကုန်၊ ဖလဋ္ဌာန်ပုဂ္ဂိုလ်လည်း မိမိဖိုလ်အရသာ ခံစား၍ မငြီးငွေ့နိုင် မင်းစည်းစိမ် ခံစားစဉ် အပူဝင်, အအေးမိ ငန်းဖမ်း, အသက်ထွက် အချို့ ဖြစ်သေး၏၊ ဖိုလ်အရသာ ခံစားစဉ် ထိုအန္တရာယ်မျိုး စိုးစဉ်းမျှ မဖြစ်၊ အမြိုက်ဆေးဖျန်းသော ပျားသည် ဩဇာထက်၍ လွန်စွာ အရသာရှိ၏၊ ဖိုလ်ချမ်းသာ ဆွတ်ဖျန်းသော ဖိုလ်အရသာ သည် သာလွန်ထက်မြက်စွာ ချမ်းသာသော အရသာရှိ၏၊ စိတ်ရှိသူတို့ ခံစားသော ချမ်းသာတို့တွင် ထိပ်ဆုံးချမ်းသာ ဖြစ်၏၊ နိဗ္ဗာန်လက်တွေ့ဖြစ်၏၊ ထို့ကြောင့် ဤသို့တိုက်တွန်းအပ်၏။

ဘာဝေတဗ္ဗံ ပနိစ္စေဝံ
ဘာဝနာ ဒွယမုတ္တမံ
ပဋိပတ္တိရသဿာဒံ
ပတ္ထယန္တေန သာသနေ

သာသနေ၊ ဘုရားရှင်သာသနာတော်၌။
ပဋိပတ္တိရသဿာဒံ၊ ပဋိပတ် အကျင့်ဖြင့် ရအပ်သော သမာပတ်အရသာ သာယာဘွယ်လွန်စွာကို။
ပတ္ထယန္တေန၊ တောင့်တသောသူသည်။
ဣစ္စေဝံ၊ ဤဆိုပြီးသော နည်းဖြင့်။
ဥတ္တမံ၊ မြတ်သော။
ဘာဝနာဒ္ဓယံ၊ သမထ, ဝိပဿနာ ဘာဝနာနှစ်ပါး ရဟန်းတရားကို။
ဘာဝေတဗ္ဗံ၊ ပွားများအပ်၏။
ဝါ-ပွားများနိုင်ကြပါစေ ကုန်သတည်း။

ဝိပဿနာကမ္မဋ္ဌာန်းပြီး၏။

ပညာ အရသာအကျယ်

ဒိဋ္ဌိဝိသုဒ္ဓိ

သမထလေးဆယ်၌ ဈာန်အဘိညာ ရပြီးသောသူသည် သံသရာ အပြီးသတ်၍ နိဗ္ဗူသောင်ကူးခတ်နိုင်ခြင်းငှါ ဈာန်သမာဓိကို အခြေခံ၍ ဝိပဿနာသို့ တက်ရသည်၊ ဥပစာရမှလည်း တက်နိုင်သည်၊ အပ္ပနာရပြီးမှလည်း တက်နိုင်သည်။

ခန္ဓာစသော သင်္ခတတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာဖြင့် ရှုသော မဟာကုသိုလ်ပညာသည် ဝိပဿနာမည်၏၊ ထိုပညာကို တိုးပွားအောင် ပွားများစေခြင်းသည် ဝိပဿနာ ဘာဝနာ မည်၏၊ အနုလောမ ခန္တီလည်း မည်၏၊ သစ္စာလေးပါး သိခြင်းအား လျော်သောကြောင့် သစ္စာနုလောမိကာ ဉာဏ်လည်း မည်၏။

(ခြင်းရာ လေးဆယ်ဖြင့် အနုလောမ ခန္တီကို ရသည်၊ အနုလောမခန္တီ ပြည့်စုံမှ သမ္မတ္တနိယာမသို့သက်၍ မဂ်ဖိုလ် ရသည်။)

ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ, သစ္စာ, ပဋိစ္စသမုပ္ပါဒ်-စသော တရားသည် ဝိပဿနာ၏ အာရုံ-ဘူမိမည်၏၊ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ နှစ်ပါးသည် ဝိပဿနာ ပညာ၏ မူလမည်၏၊ ဒိဋ္ဌိဝိသုဒ္ဓိစသော နောက်ငါးပါးသည် သရီရ မည်၏၊ ကိုယ်မည်၏၊ ဘူမိ၌ သင်ယူမေးမြန်းပြီးလျှင် မူလနှစ်ပါးနှင့် ပြည့်စုံစေ၍ သရီရ ငါးပါးကို ပြည့်စုံအောင် ပွားများရသည်။

သီလလေးပါးဟူသော သီလဝိသုဒ္ဓိ ကို၎င်း,
ဥပစာရသမာဓိ- အပ္ပနာ သမာဓိဟူသော စိတ္တဝိသုဒ္ဓိကို၎င်း
ဤ မူလဝိသုဒ္ဓိ နှစ်ပါးကို ပြည့်စုံအောင် ပြုစွမ်းနိုင်၍ ပြည့်စုံသောအခါ ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေရသည်။

နာမ်နှင့် ရုပ်ကို ဟုတ်တိုင်းမှန်စွာ သိမြင်သော ပညာသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏၊ လောကီနာမ်ရုပ်၌ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူ, တပါး ယောက်ျား မိန်းမ-ဟု မှတ်ထင်သော မိစ္ဆာအမြင်မှ စင်ကြယ်ပြီ-ဟု ဆိုခြင်းတည်း။

ဒိဋ္ဌိဝိသုဒ္ဓိပြည့်စုံလိုသောသူသည် ဈာန်ရ-သမထယာနိက ယောဂီဖြစ်အံ့၊ နေဝသညာမှ တပါးသောဈာန်ကို ဝင်စား၍ ဈာန်မှထ၍ ဝိတက်စသော ဈာန်အင်္ဂါ တို့ကို၎င်း, ကြွင်းသော သမ္ပယုတ်တရားတို့ကို၎င်း- ဤတရားစုသည် အာရုံသို့ ညွတ်တတ် သောကြောင့် နာမ်မည်၏ဟု သတ်မှတ်ရသည်၊

ထိုနောင် ထိုနာမ်တို့၏မှီရာကား ဟဒယဝတ္ထု ဖြစ်၏၊ ဟဒယဝတ္ထု၏ မှီရာကား မဟာဘုတ်လေးပါးဖြစ်၏၊ မဟာဘုတ်၌ မှီနေသော ရုပ်အပေါင်းကား ဥပါဒါရုပ်ဖြစ်၏-ဟု မြင်အောင်ရှုပြီးလျှင် ဤတရားစုသည် အအေး, အပူစသည်ဖြင့် မည်းချည် ဖြူချည်, မာချည်ပျော့ချည် ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏-ဟု သတ်မှတ် ရသည်။

(သတ်မှတ်ရာ မပါဝင်သော တရားတို့တွင် နေဝသညာဈာန်- သိမ်မွေ့လွန်းသည်၊ မဂ်, ဖိုလ်, နိဗ္ဗာန်- ဝိပဿနာရှုစရာ အပြစ်ရှိသည်မဟုတ်၊ မိမိ-ရသည်လည်း မဟုတ်သေး၊ ပညပ်- သဘာဝဓမ္မ မျှပင် မဟုတ်။)

ထိုနောင် - ဤကား နာမ်, ဤကား ရုပ်-ဟု နာမ်ရုပ်အပေါင်းကို နှစ်စုခွဲ၍ ဖန်ဖန် ပိုင်းခြား မှတ်သားရသည်။

တနည်း --

သမထယာနိကယောဂီ ဖြစ်စေ, သုဒ္ဓဝိပဿနာယာနိကယောဂီ ဖြစ်စေ ရုပ်မှစ၍ ရှုရသည်၊ ရှေးဦးစွာ အထင်ရှားဆုံး ဓာတ်လေးပါးကို မြင်အောင်သိမ်းဆည်းရသည်၊ ထိုနောင် ရုပ်ကလာပ်အသီးသီးရှိ ဥပါဒါရုပ်တို့ကို သိမ်းဆည်းရသည်၊ ဤဘူတရုပ်, ဥပါဒါရုပ် အားလုံးသည် ဖောက်ပြန် တတ်သော ရုပ်အစု-ဟု ရှုရသည်၊ ရှုဖန် များလတ်သော် လောကီစိတ်, စေတသိက်တို့သည် စက္ခု, သောတ - စသော ဒွါရအားဖြင့် ထင်လာကုန်၏၊ ထိုအခါ ဤ စိတ် စေတသိက်အားလုံးသည် အာရုံသို့ ညွှတ်တတ်သော နာမ် အစုဟု ရှုရသည်၊ နာမ်မထင်လျှင် ရုပ်ကိုသာ ဖန်ဖန်ရှုရသည်။

ဆံပင်၌ ကြမ်းသောလက္ခဏာသည် ပထဝီ၊
ဤသို့စသည်ဖြင့် ရုပ်ကို ရှုဖန် များလျှင် နာမ်အလိုလိုထင်လာလတ္တံ့၊
စိတ်နှင့်အာရုံ ထိခိုက်သကဲ့သို့ဖြစ်သော ဖဿသော်လည်း ထင်၏၊
အာရုံအရသာ ခံစားသော ဝေဒနာသော်လည်း ထင်၏၊
အာရုံကိုသိသော စိတ်သော်လည်း ထင်၏၊
ထိုအခါ သူတို့ချည်း သက်သက်မဟုတ်၊
နာမ်ခန္ဓာ လေးပါးလုံး ဖြစ်သည်-ဟု သိရသည်။

ဤသို့ သိသောအခါ ယခုထင်သည်ကား နာမ်၊ ယခင်ထင်ပြီးသည်ကား ရုပ်-ဟု မှတ်သား၍ ထန်းမြစ်ကို ထက်ခြမ်းခွဲသကဲ့သို့ နာမ်ရုပ်ကို ထက်ခြမ်း ခွဲ၍ ရှုရသည်၊ ထိုအခါ ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ နာမ်ရုပ်နှစ်ခြမ်းကွဲ၏ အစု သာတည်း-ဟု မှတ်သားနိုင်၏။

ထိုနောင် အစိတ်အစိတ် ပေါင်းစု၍ လှည်းခေါ်ပုံ, အိမ်ခေါ်ပုံ ပမာ စသည်ဖြင့် ဖန်ဖန်ရှုရသည်၊ ရှုဖန်များသဖြင့် နာမ်ရုပ်နှစ်ပါးသာ ရှိသည်၊ ပုဂ္ဂိုလ်သတ္တဝါ မရှိ-ဟု မြင်လတ်သော် ထိုမြင်ခြင်းသည် ဟုတ်တိုင်းမွန်ရာ မြင်သောကြောင့် ယထာဘူတ ဒဿနမည်၏၊ အတ္တဒိဋ္ဌိ မကပ်ငြိသောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏၊ နာမရူပ ဝဝတ္ထာနဉာဏ်, သင်္ခါရ ပရိစ္ဆေဒဉာဏ်လည်း မည်၏။

အကျဉ်းအားဖြင့် အသံတခုကြားလျှင် ဤအသံသည် ဥပါဒါရုပ်ဖြစ်သည်၊ မဟာဘုတ် ကို မှီသည်၊ ဤတရားအပေါင်းသည် ရုပ်မည်၏၊ ထိုအသံကို စိတ်,စေတသိက်ဖြင့် ကြားသည်၊ သိသည်၊ ဤတရားအပေါင်းကား နာမ် မည်၏၊ ဤရုပ်, ဤနာမ်မှတပါး ကြားတတ် သိတတ်သော ငါသူတပါး ယောက်ျား, မိန်းမ မရှိ-ဟု ဖန်ဖန် ပိုင်းခြားရသည်။

ဒိဋ္ဌိဝိသုဒ္ဓိဖြစ်အောင် ဖန်ဖန်ပိုင်းခြားပုံကား --

၁။ ဆံပင်၌၎င်း သွား၌၎င်း မာကြမ်းသည် ပထဝီ၊ ယိုစီးသည် အာပေါ၊ ပူအေးခိုး ရှိန်သည် တေဇော၊ လှုပ်ရှားသည် ဝါယော၊ မာကြမ်း ယိုစီး ခိုးရှိန်, လှုပ်ရှား- ဤကား မဟာဘုတ်လေးပါးတည်း၊ မဟာဘုတ်၌မှီနေသော အဆင်း, အနံ့, အရသာ, ဩဇာသည် ဥပါဒါ ရုပ်တည်း၊ ဤမဟာဘုတ်နှင့် ဥပါဒါရုပ်သည် ဖြူမည်း, ပူအေး, ဖြောင့်ကွေး, ပိန်ထွား ချိုခါး, မွှေးနံ- ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏၊ ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏။
အာရုံကိုသိခြင်းသည် စိတ်၊
အာရုံ၏ အရသာကို ခံစားခြင်းသည် ဝေဒနာ၊
မှတ်၍သိခြင်းသည် သညာ၊
ကြံစည်ခြင်း, နှစ်သက်ခြင်း အမျက်ထွက်ခြင်း, ကြည်ညိုခြင်း စသည်သည် သင်္ခါရ၊
ဤလေးမျိုးသည် အာရုံသို့ ညွတ်တတ်သောကြောင့် နာမ်မည်၏၊ ညွတ်တတ် သောကြောင့် နာမ်မည်၏၊
ဤရုပ် ဤနာမ်မှ တပါး ဘာမျှမရှိ၊
ဤရုပ် ဤနာမ်မှတပါး ဘာမျှမရှိ၊
ငါ, သူတပါး, ယောကျ်ား မိန်းမ-မရှိ၊
ငါ, သူတပါး, ယောက်ျား, မိန်းမ-မရှိ။

၂။ အဆင်းမြင်ရသော အခါ- အဆင်းနှင့် မျက်စိသည် ဥပါဒါရုပ် မည်၏၊ မဟာဘုတ်ကို မှီ၏၊ ဤဥပါဒါရုပ်, မဟာဘုတ်နှစ်မျိုးသည် ဖောက်ပြန်တတ်သော ရုပ်အစုဖြစ်၏၊ အဆင်းကိုသိခြင်း, ခံစားခြင်း, မှတ်၍သိခြင်း, ကြံစည်နှစ်သက် မနှစ်သက်ခြင်း - စသည်သည် အာရုံသို့ ညွတ်တတ်သော နာမ်အစုဖြစ်၏၊ ဤရုပ်အစု ဤနာမ်အစု မှတပါး ဘာမျှမရှိ၊ မြင်သူမျှပင် မရှိ၊ ရုပ်အစု နာမ်အစု။

၃။ အသံကြားရသောအခါ အသံနှင့်နားသည် ဥပါဒါရုပ် မည်၏၊ မဟာဘုတ်ကို မှီ၏၊ ဤဥပါဒါရုပ် မဟာဘုတ် နှစ်မျိုးသည် ဖောက်ပြန်တတ်သောရုပ်အစု ဖြစ်၏၊ အသံကို သိခြင်း, ခံစားခြင်း, မှတ်၍သိခြင်း, ကြံစည်နှစ်သက် မနှစ်သက်ခြင်း စသည်သည် အာရုံသို့ ညွှတ်တတ်သော နာမ်အစုဖြစ်၏၊ ဤရုပ်အစု, ဤနာမ်အစုမှ တပါး ဘာမျှမရှိ၊ ကြားသူမျှပင်မရှိ၊ ရုပ်အစု၊ နာမ်အစု။

၄။ အနံ့ထိသော အခါ အနံ့နှင့်နှာခေါင်းသည် ဥပါဒါရုပ် မည်၏၊ မဟာဘုတ်ကို မှီ၏၊ ဤဥပါဒါရုပ်, မဟာဘုတ်နှစ်မျိုးသည် ဖောက်ပြန်တတ်သော ရုပ်အစုဖြစ်၏၊ အနံ့ကို သိခြင်း, ခံစားခြင်း, မှတ်၍ သိခြင်း, ကြံစည်နှစ်သက် မနှစ်သက်ခြင်း စသည်သည် အာရုံသို့ ညွှတ်တတ်သော နာမ်အစုဖြစ်၏၊ ဤရုပ်အစု ဤနာမ်အစုမှ တပါး ဘာမျှမရှိ၊ အနံ့ရသူမျှပင် မရှိ၊ ရုပ်အစု၊ နာမ်အစု။

၅။ အရသာထိသောအခါ အရသာနှင့်လျာသည် ဥပါဒါရုပ်မည်၏၊ မဟာဘုတ်ကို မှီ၏၊ ဤဥပါဒါရုပ် မဟာဘုတ် နှစ်မျိုးသည် ဖောက်ပြန်တတ်သော ရုပ်အစုဖြစ်၏၊ အရသာကို သိခြင်း, ခံစားခြင်း, မှတ်၍သိခြင်း, ကြံစည်နှစ်သက် မနှစ်သက်ခြင်း-စသည်သည် အာရုံ သို့ ညွှတ်တတ်သော နာမ်အစုဖြစ်၏၊ ဤရုပ်အစု, ဤနာမ်အစုမှ တပါး ဘာမျှမရှိ၊ စားသူမျှပင် မရှိ၊ ရုပ်အစု၊ နာမ်အစု။

၆။ အတွေ့ထိသောအခါ အတွေ့နှင့်ကိုယ်သည် မာပျော့, ပူအေး, လှုပ်ရှားသော မဟာဘုတ်သုံးခု ဖြစ်၏၊ အဆင်း အနံ့ စသော ဥပါဒါရုပ်တို့လည်း မှီ၍ နေကုန်၏၊ ဤမဟာဘုတ်, ဥပါဒါရုပ် နှစ်မျိုးသည် ဖောက်ပြန်တတ်သော ရုပ်အစုဖြစ်၏၊ အတွေ့ကိုသိခြင်း, ခံစားခြင်း မှတ်၍သိခြင်း, ကြံစည်နှစ်သက် မနှစ်သက်ခြင်း စသည်သည် အာရုံသို့ ညွတ်တတ်သော နာမ်အစုဖြစ်၏၊ ဤရုပ်အစု, ဤနာမ်အစုမှ တပါး ဘာမျှမရှိ၊ ထိသူမျှပင် မရှိ၊ ရုပ်အစု၊ နာမ်အစု။

၇။ ဒေါသအမျက်ထွက်သောအခါ -
မနှစ်သက်အပ်သော အာရုံကို မထွေးနိုင်၊ မစွန့်နိုင်၊ မသာမယာခံစားခြင်းသည် ဝေဒနာ၊
စိတ်ဆိုးစရာဟု ထင်ခြင်းသည် သညာ၊
စိတ်ဆိုးခြင်းသည် သင်္ခါရ၊
သိခြင်းသည် ဝိညာဏ်၊
ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်- ဤ လေးပါးသည် အာရုံသို့ ညွတ်တတ်သော နာမ်အစုဖြစ်၏၊
ဤနာမ် အစုသည် ဟဒယဝတ္ထုကိုမှီ၏၊ ဟဒယဝတ္ထုသည် မဟာဘုတ်ကို မှီ၏၊ မဟာဘုတ်၌ တပါးသော ဥပါဒါရုပ်တို့လည်း မှီ၍နေကုန်၏၊ ဟဒယဝတ္ထု, မဟာဘုတ်, ဥပါဒါရုပ်-ဤသုံးပါးသည် ဖောက်ပြန်တတ်သော ရုပ်အစုဖြစ်၏၊ ဝေဒနာစသော နာမ်အစု, ဟဒယ ဝတ္ထုစသော ရုပ်အစုမှတပါး စိတ်ဆိုးတတ်သော အကောင် သတ္တဝါ, အတ္တ, ဇီဝ-မရှိ၊ စိတ်ဆိုးသူမျှပင် မရှိ၊ ရုပ်အစု၊ နာမ်အစု။

၈။ တဏှာ လောဘ စုံမက်သော အခါ-
နှစ်သက်စရာ အာရုံကို မထွေးနိုင်၊ မစွန့်နိုင်၊ သာယာစွာ ခံစားခြင်းသည် ဝေဒနာ၊
စုံမက်စရာဟု ထင်ခြင်းသည် သညာ၊
စုံမက်ခြင်းသည် သင်္ခါရ၊ သိခြင်းသည် ဝိညာဏ်၊
ဤလေးပါးသည် အာရုံသို့ ညွတ်တတ်သော နာမ်အစု ဖြစ်၏၊
ဤနာမ်အစုသည် ဟဒယဝတ္ထုကို မှီ၏၊ ဟဒယ ဝတ္ထုသည် မဟာဘုတ်ကို မှီ၏၊ မဟာဘုတ်၌ တပါးသော ဥပါဒါရုပ်တို့လည်း မှီ၍နေကုန်၏၊ ဤသုံးပါးသည် ဖောက်ပြန်တတ်သော ရုပ်အစု ဖြစ်၏၊ နာမ်အစု ရုပ်အစုမှတပါး ဘာမျှမရှိ၊ စုံမက်သူ မျှပင် မရှိ၊ ရုပ်အစု၊ နာမ်အစု။

၉။ ကုသိုလ်ပီတိ ဖြစ်သောအခါ -
အာရုံကောင်းကို ခံစားခြင်းသည် ဝေဒနာ၊
နှစ်သက်စရာ-ဟု ထင်ခြင်းသည် သညာ၊
နှစ်သက်ခြင်း ပီတိသည် သင်္ခါရ၊
သိခြင်းသည် ဝိညာဏ်၊ ဤလေးပါးသည် နာမ်အစု ဖြစ်၏၊
ဤနာမ်အစုသည် ဟဒယဝတ္ထုကို မှီ၏၊ ဟဒယ ဝတ္ထုသည် မဟာဘုတ်ကို မှီ၏၊ မဟာဘုတ်၌ တပါးသော ဥပါဒါ ရုပ်တို့လည်း မှီ၍နေကုန်၏၊ ဤသုံးပါးသည် ရုပ်အစုဖြစ်၏၊ နာမ်အစု ရုပ်အစုမှတပါး ဘာမျှမရှိ၊ ပီတိဖြစ်သူမျှပင် မရှိ၊ ရုပ်အစု၊ နာမ်အစု။

၁၀။ ဒုက္ခိတကို သနားသောအခါ-
ဒုက္ခိတအာရုံကို ခံစားခြင်းသည် ဝေဒနာ၊
သနားစရာဟု ထင်ခြင်းသည် သညာ၊
သနားခြင်း ကရုဏာသည် သင်္ခါရ၊
သိခြင်းသည် ဝိညာဏ်၊
ဤလေးပါးသည် နာမ်အစုဖြစ်၏၊
ဤနာမ်အစုသည် ဟဒယဝတ္ထုကို မှီ၏၊ ဝတ္ထုသည် မဟာဘုတ်ကို မှီ၏၊ မဟာဘုတ်၌ တပါးသော ဥပါဒါ ရုပ်တို့လည်း မှီ၍နေကုန်၏၊ ဤသုံးပါးသည် ရုပ်အစုဖြစ်၏၊ နာမ်အစု ရုပ်အစုမှတပါး ဘာမျှမရှိ၊ သနားတတ်သူမျှပင် မရှိ၊ ရုပ်အစု၊ နာမ်အစု။

လှည်းပမာ စသည် ရှုပုံကား -

၁။ လှည်းအိမ်, ဝင်ရိုး, လှည်းဘီး-စသော အပေါင်းကို လှည်းဟုသာ ခေါ်သည်၊ လှည်းမရှိ၊ရုပ်နာမ်ခန္ဓာငါးပါးအပေါင်းကို ယောကျ်ား သတ္တဝါ, မိန်းမသတ္တဝါ ဟူ၍သာ ခေါ်သည်၊ ယောက်ျားမရှိ၊ မိန်းမ မရှိ။

၂။ တိုင်သစ်သား, ကြိမ်နွယ်,သက်ငယ်, မြေညက်- အစိတ်အစိတ်ကို စွဲ၍ အိမ်-ဟု ခေါ်သည်၊ အိမ်မရှိ၊ အရိုး, အကြော, အရေ, အသား- အစိတ်စိတ်ကို စွဲ၍ ကိုယ်ကောင်-ဟု ခေါ်သည်၊ ကိုယ်မရှိ။

၃။ အကြောင်းအားလျော်စွာ ဒုက္ခသာ ဖြစ်သည်၊ ဒုက္ခသာတည်၍ နေသည်၊ ဒုက္ခသာချုပ်သည်၊ ဒုက္ခမှတပါး ပုဂ္ဂိုလ်, သတ္တဝါ ငါ သူတပါးမရှိ။

၄။ ခန္ဓာငါးပါးသည် အတ္တဖြစ်လျှင် နာရန် ကျင်ရန် မသင့်၊ အတ္တ မဟုတ်သောကြောင့် နာကျင်ဘို့ ဖြစ်လာသည်၊ အတ္တမဟုတ်၊ အနတ္တ၊ အနတ္တ။

၅။ သစ်သားရုပ် ကြိုးတပ်ထားသောကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သကဲ့သို့ ရုပ်နှင့်နာမ် ပေါင်းမိသောကြောင့် သွား, ရပ်, ထိုင်, လျောင်းဟန် လှုပ်လှုပ်ရှားရှား ဖြစ်သည်၊ သွားလာသူမရှိ၊ လှုပ်ရှားသူ မရှိ။

၆။ နာမ်ရုပ်အစုသည် အချင်းချင်းမှီ၍ ထောက်ထားသော ကျူဝါးစု ပမာ တည်၏၊ တခုပျက်လျှင် အကုန်ပျက်သည်၊ တခုတိမ်းလျှင် အကုန်ယိမ်းသည်။

၇။ ဝတ္ထုနှင့် အာရုံအကြာမှ နာမ်တရား ထွက်မလာ၊ ဝတ္ထုအာရုံ အကြား၌ နာမ်မတည်၊ အကြောင်းအားလျော်စွာ ဝတ္ထုနှင့်အာရုံ ထိခိုက်မှ နာမ်ဖြစ်လာသည်။

၈။ မျက်စိသန်သော အကျိုးသည် ခြေသန်သော အကန်းနှင့် ပူးပေါင်း၍ အကျိုး စေခိုင်းရာ ခရီးသွားသကဲ့သို့ နာမ်ကျိုးသည် ရုပ်ကန်းနှင့် ပူးပေါင်း၍ သံသရာခရီး သွားလျက် ရှိသည်။

၉။ လူနှင့်လှေသည် အချင်းချင်းမှီ၍ သမုဒြာအတွင်း ရောက်သကဲ့သို့ နာမ်နှင့်ရုပ် လည်း အချင်းချင်းမှီ၍ သံသရာ၌ ဖြစ်လေသည်။

ဤသို့လျှင် ရုပ်နာမ်မှတပါး ဘာမျှမရှိ၊ ရုပ်နှင့်နာမ် နှစ်ပါးသာ-ဟု ထင်ထင်ရှားရှား မြင်အောင် ဖန်ဖန်ရှုလျှင် ထိုအခါ သက္ကာယဒိဋ္ဌိ က္ခာသည် မည်၏၊ အတ္တဒိဋ္ဌိပြုတ်၏၊ ထို့ကြောင့် ဒုလ္လဘသာသနာ တွေ့ကြုံပါလျက် သက္ကာယဒိဋ္ဌိမကွာသူ-အတ္တဒိဋ္ဌိအစွဲ ရှိသော သူ-ဟု မဖြစ်ရအောင် ထန်းမြစ် ထက်ခြမ်းခွဲသကဲ့သို့ နာမ်နှင့်ရုပ်-ရုပ်နှင့်နာမ်ကို နှစ်ခြမ်းကွဲအောင် ကြိမ်ဖန်များစွာ ခွဲရှုနိုင်ကြပါစေသတည်း။

ဒိဋ္ဌိဝိသုဒ္ဓိ ပြီး၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိ

ဒိဋ္ဌိဝိသုဒ္ဓိ ပြည့်စုံ၍ ရုပ်နာမ်သိပြီးသော အခါ ကင်္ခါဝိတရဏဝိသုဒ္ဓိ ပြည့်စုံစေရသည်၊ သိမြင်ပြီးသော ရုပ်နာမ်တို့၏ အကြောင်းကို သိမ်းဆည်း၍ ကာလသုံးပါး၌ ယုံမှားကင်းသော ဉာဏ်သည် ကင်္ခါဝိတရဏဝိသုဒ္ဓိမည်၏။

အနာတွေ့လျှင် အနာ၏ အကြောင်းရှာရသကဲ့သို့၊ လမ်း၌ နို့စို့သူငယ် မြင်လျှင် သူငယ်၏ မိခင်ကိုရှာရသကဲ့သို့ ရုပ်နာမ်နှစ်ပါး မြင်သောအခါ အနာသဘွယ် သူငယ်အလား နှလုံးထား၍ အကြောင်းရှာရသည်၊ အကြောင်း မရှိဟုယူလျှင် အခါမရွေး ပုဂ္ဂိုလ်တိုင်း တူသင့်၏၊ တစုံတယောက် ဖန်ဆင်းသည်-ဟု ယူလျှင် ဖန်ဆင်းသူလည်း ရုပ်နာမ်ပင်ဖြစ်၍ အကြောင်းရှိရမည်သာတည်း။

ရုပ်၏ အကြောင်းကား အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ, အာဟာရ- ငါးပါး ဖြစ်၏၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံသည် ဖြစ်စေသော ဇနက အကြောင်း၊ အာဟာရသည် ထောက်ပံ့သော ဥပထမ္ဘက အကြောင်းဖြစ်၏၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်သည် အမိနှင့်တူ၏၊ ကံသည် အဘနှင့်တူ၏၊ အာဟာရသည် နို့ထိန်းနှင့်တူ၏။

စက္ခုဝိညာဏ် စသော နာမ်၏ အကြောင်းကား - ပသာဒရုပ်, အာဝဇ္ဇန်း စသည်သည် အဇ္ဈတ္တအကြောင်း ရူပါရုံ အရောင်အလင်း စသည်သည် ဗဟိဒ္ဓ အကြောင်း ဖြစ်၏၊ ဤသို့ ပစ္စုပ္ပန်ရုပ်နာမ်၏ အကြောင်းကို မြင်လျှင် ထိုအတူ အတိတ်ရုပ်နာမ်လည်း အဝိဇ္ဇာစသော အကြောင်းကြောင့် ဖြစ်ပြီ၊ အနာဂတ်ရုပ်နာမ်လည်း အဝိဇ္ဇာစသော အကြောင်းကြောင့် ဖြစ်လတ္တံ့ - ဟု မြင်နိုင်၏၊ ဤသို့မြင်လျှင် ကာလသုံးပါး၌ ယုံမှားခြင်း ၁၆-ပါး ကင်း ပျောက်၏။

ယုံမှားခြင်း ၁၆-ပါးကား -
အတိတ်၌ ၅-ပါး၊ အနာဂတ်၌ ၅-ပါး၊ ပစ္စုပ္ပန်၌ ၆-ပါး။

၁။ အတိတ်၌... ငါသည် ဖြစ်ဘူးပြီလော။
၂။ မဖြစ်ဘူးပြီလော။
၃။ (ဇာတိ လိင်္ဂ ဥပပတ္တိ) အားဖြင့် အဘယ်သို့သောသူ ဖြစ်ဘူးပြီနည်း။
၄။ (အရှည်အပုစသော သဏ္ဌာန်အားဖြင့်) အဘယ် အခြင်းအရာဖြင့် ဖြစ်ဘူးပြီနည်း။
၅။ (အဆင့်ဆင့် ဇာတ်အားဖြင့်) အဘယ်သူဖြစ်ပြီး၍ တဖန် အဘယ်သူ ဖြစ်ဘူးပြန် သနည်း။
ဤသို့ ငါးပါးဖြင့် ယုံမှား၏၊
(အဝိဇ္ဇာစသော အကြောင်းအားလျော်စွာ အတိတ်ရုပ်နာမ် ဖြစ်ပြီးပြီ၊ ထို ရုပ်နာမ်မှ တပါး ငါမရှိ-ဟုသီလျှင် ထိုအတိတ်ယုံမှားခြင်း ငါးပါး မဖြစ်ပြီ။)

၁။ အနာဂတ်၌ ... ငါသည် နောင်ဖြစ်လတ္တံ့လော။
၂။ မဖြစ်လတ္တံ့လော။
၃ ။ အဘယ်သို့သောသူ ဖြစ်မည်နည်း။
၄။ အဘယ်အခြင်းအရာဖြင့် ဖြစ်မည်နည်း။
၅။ အဘယ်သူဖြစ်၍ တဖန် အဘယ်သူဖြစ်ဦးမည်နည်း။
ဟု ငါးပါးဖြင့် ယုံမှား၏။
(အကြောင်းအား လျော်စွာ ရုပ်နာမ်ဖြစ် လတ္တံ့၊ ငါမရှိဟုသိလျှင် ထိုယုံမှားမဖြစ်ပြီ။)

၁။ ပစ္စုပ္ပန်၌ ... ငါသည် ယခု ငါဟုတ်၏လော။
၂။ ငါမဟုတ်လေသလော၊
(အတွင်း၌ ငါ့၏အတ္တ၊ ငါ့၏ဇီဝ-ဟုတ်၏ လောဟု ယုံမှားခြင်းတည်း။)
၃။ အဘယ်သို့သောသူ ဖြစ်သနည်း။
၄။ အဘယ်အခြင်းအရာဖြင့် ဖြစ်သနည်း။
၅။ အဘယ်ဘဝမှ ငါလာခဲ့သနည်း။
၆။ အဘယ်ဘဝသို့ ငါသွားဦးမည်နည်း။
ဟု ခြောက်ပါးဖြင့် ယုံမှား၏။
(အကြောင်းအား လျော်စွာ ရုပ်နာမ်ဖြစ်သည်၊ ငါမရှိ-ဟုသိလျှင် ထိုယုံမှား မဖြစ်ပြီ။)

တနည်းကား--

ရုပ်နာမ်သင်္ခါရတို့၏ ရင့်ခြင်းပျက်ခြင်းဟူသော ဇရာမရဏ ကို မြင်အောင်ရှု၍ --
ဤဇရာ မရဏသည် ဇာတိကြောင့်ဖြစ်သည်၊
ဇာတိသည် ဘဝကြောင့် ဖြစ်သည်။
ဘဝသည် ဥပါဒါန်ကြောင့် ဖြစ်သည်။
ဥပါဒါန်သည် တဏှာကြောင့် ဖြစ်သည်။
တဏှာသည် ဝေဒနာကြောင့် ဖြစ်သည်။
ဝေဒနာသည် ဖဿကြောင့် ဖြစ်သည်။
ဖဿသည် သဠာယတနကြောင့် ဖြစ်သည်။
သဠာယတနသည် နာမ်ရုပ်ကြောင့် ဖြစ်သည်။
နာမ်ရုပ်သည် ဝိညာဏ်ကြောင့် ဖြစ်သည်။
ဝိညာဏ်သည် သင်္ခါရကြောင့် ဖြစ်သည်။
သင်္ခါရသည် အဝိဇ္ဇာ ကြောင့်ဖြစ်သည်ဟု ပဋိလုံနည်းဖြင့် သိမ်းဆည်းရသည်၊
ယုံမှား ၁၆-ပါး ကင်းပျောက်သည်သာတည်း။

တနည်း--

အတိတ်အကြောင်း ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုး ငါးပါး ဖြစ်သည်၊
ပစ္စုပ္ပန်အကြောင်း ငါးပါးကြောင့် အနာဂတ်အကျိုး ငါးပါး ဖြစ်သည်၊
ဤနည်းဖြင့် သတ္တလောက အဆင့်ဆင့် ဖြစ်လေသည်ဟု ရှုရသည်၊
၁၆-ပါး ပျောက်၏။

ယုံမှားပျောက်သောအခါ အကြောင်း အကျိုး စပ်လျက်ဖြစ်သော ရုပ် နာမ်မျှသာ ထင်၏၊ အကြောင်းပြုသူ ပုဂ္ဂိုလ် သတ္တဝါ, အကျိုးခံစားသူ ပုဂ္ဂိုလ် သတ္တဝါဟု မမြင်ပြီ၊ အကြောင်းကြောင့် အကျိုး ဖြစ်ခြင်းမျှကိုပင်လျှင် “ဤကား- ပြုသူ၊ ဤကား- ခံစားသူ” ဟု ပညာရှိတို့ အမှတ်သညာ ထားခြင်းကို ကောင်းစွာ သိမြင်လေ၏။

ရှေးဘဝမှ ဤဘဝသို့၎င်း, ဤဘဝမှ နောင်ဘဝသို့၎င်း တစုံတရာ ပြောင်းရွှေ့ခြင်း မရှိ၊ ကြောင်းကျိုး ဆက်စပ်၍ ခန္ဓာ, အာယတန, ဓာတ် တို့သာ ဖြစ်ကုန်၏-ဟူ၍လည်း သိမြင်လေ၏၊ မျက်နှာ တန်ဆာ မပြောင်းရွှေ့သော်လည်း မှန်တွင်း၌ တန်ဆာနှင့် တကွ ဖြစ်နေ၏၊ မီးစာတခုမှ မီးလျှံ မပြောင်းရွှေ့သော်လည်း တပါးသော မီးစာ၌ မီးလျှံဖြစ်နေ၏၊ ဆရာခေါ်သူကို ရေမန်းတိုက်ခြင်းဖြင့် ရေမန်း မပြောင်းရွှေ့ သော်လည်း လူနာသက်သာ၏၊ ဤအတူ တဘဝမှ တဘဝသို့ တစုံတရာ မပြောင်းရွှေ့သော်လည်း ကြောင်းကျိုးဆက်စပ်၍ ခန္ဓာနာမ်ရုပ်တို့သာ ဖြစ်ကုန်၏။

ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း-စသည်ဖြင့် စိတ်အစဉ်ဖြစ်ရာ၌ ရှေးစိတ်မှလာ၍ နောက်စိတ်ဖြစ်သည် မဟုတ်၊ ရှေးစိတ်ချုပ်သည်၏ အခြားမဲ့၌ နောက်စိတ်မဖြစ်သည်လည်း မဟုတ်၊ အကြောင်းအားလျော်စွာ ဖြစ်ပေါ်သည်သာ တည်း၊
စုတိ, ပဋိသန္ဓေ ဖြစ်ရာ၌လည်း ရှေးဘဝစုတိမှ တစုံတရာ ပြောင်းရွှေ့လာ၍ နောက်ဘဝ ပဋိသန္ဓေ ဖြစ်သည်မဟုတ်၊ စုတိ ချုပ်သည်၏ အခြားမဲ့၌ ပဋိသန္ဓေစိတ် မဖြစ်သည်လည်းမဟုတ်၊ အကြောင်း အားလျော်စွာ အကြား မရှိ စုတိနောင် ပဋိသန္ဓေ ဖြစ်ပေါ်သည်သာတည်း၊ ဤသို့ စုတိပဋိသန္ဓေအားဖြင့် ကာလသုံးပါး၌ ဖြစ်သော လောကီ နာမ်ရုပ်တို့သည် ထင်ရှားကုန်၏။

၁။ နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ် -
ဤဉာဏ်နှစ်ပါးသည် ဉာတပရိညာ၏ ဖြစ်ရာဘုံ မည်၏။

၂။ အထက်၌ သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်-
နှစ်ပါးသည် တီရဏပရိညာ၏ ဖြစ်ရာဘုံမည်၏။

၃။ ဘင်္ဂဉာဏ်မှစ၍ အနုလောမဉာဏ် တိုင်အောင် ဝိပဿနာဉာဏ်ရှစ်ပါးသည်
ပဟာနပရိညာ၏ ဖြစ်ရာဘုံ မည်၏။

ထို့ကြောင့် စုတိ, ပဋိသန္ဓေစွမ်းဖြင့် ကာလသုံးပါး နာမ်ရုပ်တို့ ထင်ရှားသောအခါ ဉာတပရိညာ ဖြစ်သည်မည်၏၊ “ဤကား-နာမ်၊ ဤကား- ရုပ်၊ ဤမျှရှိ၏ ဟူ၍၎င်း, ဤကား- နာမ်၏ အကြောင်း၊ ဤကား- ရုပ်၏ အကြောင်း၊ ဤမျှရှိ၏ဟူ၍၎င်း ပိုင်းခြား၍သိသော ဉာဏ်သည် ဉာတပရိညာ မည်၏၊ “ဉာတပရိညာဖြစ်လျှင် ပစ္စယပရိဂ္ဂဟဉာဏ် ထက်သန်ပြီ၊ ယုံမှားခြင်း ၁၆-ပါးကို ကောင်းစွာလွန်နိုင်ပြီ၊ ယုံမှားခြင်း ရှစ်ပါးလည်းပျောက် ၆၂-ပါးသော ဒိဋ္ဌိလည်းကွာ၊ စူဠသောတာပန် အမည်ကိုလည်း ခံယူနိုင်လေပြီ။

နာမ်ရုပ် သိမ်းဆည်းသော ဉာဏ်, အကြောင်း သိမ်းဆည်းသောဉာဏ်- ဤဉာဏ် နှစ်ပါးသည် ဉာတပရိညာ သက်သက်၏ သီးခြားဘုံဖြစ်၏၊ သမ္မသန စသော ဉာဏ်ဆယ်ပါးသည် တီရဏ၏ မဂ်ဉာဏ်သည် ပဟာန၏သီးခြားဘုံ မုချ ဖြစ်သော်လည်း ဤ၌ ပရိယာယ်အားဖြင့် တီရဏ, ပဟာန၏ဘုံကိုပြ သည်။
(အနိစ္စ- ဒုက္ခ- ဆုံးဖြတ်ခြင်းသည် တီရဏ၊ ကိလေသာပယ်ခြင်းသည် ပဟာန။)

ဘုရား၌ယုံမှားခြင်း, တရား၌ယုံမှားခြင်း, သံဃာ၌ယုံမှားခြင်း, သိက္ခာ၌ ယုံမှားခြင်း, ရှေးအစွန်း၌ ယုံမှားခြင်း, နောက်အစွန်း၌ ယုံမှားခြင်း, ရှေးနောက်အစွန်း၌ ယုံမှားခြင်း, ပဋိစ္စသမုပ္ပါဒ်၌ ယုံမှားခြင်းဟူသော ယုံမှားခြင်း ရှစ်ပါးလည်း ပျောက်ကင်း၏။

ဤသို့လျှင် နာမ်ရုပ်အကြောင်း သိမ်းဆည်း၍ ကာလသုံးပါး၌ ယုံမှားခြင်းကိုလွန်၍ တည်သော ဉာဏ်သည် ကင်္ခါဝိတရဏဝိသုဒ္ဓိမည်၏၊ ပစ္စယ ပရိဂ္ဂဟဉာဏ်လည်း မည်၏၊ အကျိုးတရားတို့၏ တည်ရာအကြောင်း၌ဖြစ်သော ဉာဏ်ဖြစ်သောကြောင့် ဓမ္မဋ္ဌိတိ ဉာဏ်လည်း မည်၏၊ ယထာဘူတဉာဏ် ဒဿနဉာဏ်လည်း မည်၏။

နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်- နှစ်ပါးရသော ယောဂီသည် ဘေးရန် ကြီးငယ်ကို သည်းခံနိုင်၏၊ နိဝါတ, နိမာနစသော ဂုဏ်ထူးရှိ၏၊ ထောက်တည်ရာ, သက်သာရာရသကဲ့သို့ ဖြစ်၏၊ ယခုဘဝ မဂ်ဖိုလ်မရလျှင် သုဂတိမြဲ၏၊ သောတာပန် နှင့်တူ၏၊ စူဠသောတာပန် မည်၏။

မဂ်သည် ထောက်တည်ရာ ပတိဋ္ဌာ မည်၏၊ ဖိုလ်သည် သက်သာရာ- အဿာသ မည်၏၊ တနည်း- နာမ်ရုပ် ပိုင်းခြားနိုင်သဖြင့် ဝမ်းမြောက်ခြင်းသည် အဿာသ မည်၏။ အကြောင်းနှင့်တကွမြင်သဖြင့် ဒိဋ္ဌိကင်း၍ သဒ္ဓါမြဲခြင်းသည် ပတိဋ္ဌာမည်၏။

ဤ၌ --
နာမ်ရုပ်ပိုင်းခြားခြင်းဖြင့် ဒုက္ခသစ္စာကို သိ၏၊
ဓမ္မဋ္ဌိတိဉာဏ်ဖြင့် သမုဒယသစ္စာကို သိ၏၊
ထိုဉာဏ်နောက် အနိစ္စ-စသည် နှလုံးသွင်းခြင်းဖြင့် မဂ္ဂသစ္စာကို သိ၏၊
နာမ်ရုပ်တို့၏ ဖြစ်ပုံ ဒုက္ခကို မြင်သဖြင့် ဒုက္ခမဖြစ်ရာ နိရောဓသို့ ညွတ်ကိုင်း၍ နိရောဓသစ္စာကို သိ၏၊
လောကီဉာဏ်ဖြင့် သစ္စာ လေးပါးကိုသိ၍ အပါယ်၌ မဖြစ်၊
မြဲသောကတိရှိ၏၊ ထို့ကြောင့် စူဠသောတာပန် မည်၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်အောင် အကြောင်းသိမ်းဆည်းပုံကား --

၁။ မဟာဘုတ်, ဥပါဒါရုပ်ဟူသော ရုပ်အစု၏ ဖြစ်ကြောင်းကား. အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ကံ, အာဟာရ - ငါးပါးတည်း၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ-သည် ဖြစ်စေသော ဇနက အကြောင်း၊ အာဟာရသည် ထောက်ပံ့သော ဥပထမ္ဘက အကြောင်း၊ ထို့ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်သည် ရုပ်၏အမိနှင့် တူ၏၊ ကံသည် ရုပ်၏ အဘနှင့်တူ၏၊ အာဟာရသည် ရုပ်၏ နို့ထိန်းနှင့် တူ၏၊ အကြောင်းကင်းသော ရုပ်အစုမဟုတ်၊ အကြောင်းမကင်း သော ရုပ်အစုဖြစ်၏၊ အကြောင်း မကင်းသော ရုပ်အစုဖြစ်၏။

၂။ ဝေဒနာစသော နာမ်အစု၏ ဖြစ်ကြောင်းကား- ပသာဒရုပ် အာဝဇ္ဇန်းစသည်၊ အာရုံ, အလင်းရောင် စသည်တည်း၊ စက္ခုပသာဒ, အာဝဇ္ဇန်း စသည်သည် စက္ခုဝိညာဏ် နာမ်အစု၏ကိုယ်တွင်း အကြောင်း ရူပါရုံ အာလောက စသည်သည် ပြင်ပအကြောင်း ဖြစ်၏။

၃။ သောတပသာဒ, အာဝဇ္ဇန်း စသည်သည် သောတဝိညာဏ် နာမ်အစု၏ ကိုယ်တွင်းအကြောင်း၊ သဒ္ဒါရုံ, အာကာသ စသည်သည် ပြင်ပအကြောင်း ဖြစ်၏။

၄။ ဃာနပသာဒ, အာဝဇ္ဇန်းစသည်သည် ဃာနဝိညာဏ် နာမ်အစု၏ ကိုယ်တွင်း အကြောင်း၊ ဂန္ဓာရုံ ဝါယော စသည်သည် ပြင်ပ အကြောင်း ဖြစ်၏။

၅။ ဇိဝှါပသာဒ, အာဝဇ္ဇန်း စသည်သည် ဇိဝှါဝိညာဏ် နာမ်အစု၏ ကိုယ်တွင်း အကြောင်း၊ ရသာရုံ, အာပေါ စသည်သည် ပြင်ပ အကြောင်း ဖြစ်၏။

၆။ ကာယပသာဒ, အာဝဇ္ဇန်း စသည်သည် ကာယဝိညာဏ် နာမ်အစု၏ ကိုယ်တွင်းအကြောင်း၊ ဖောဋ္ဌဗ္ဗာရုံ, ပထဝီ စသည်သည် ပြင်ပ အကြောင်းဖြစ်၏။

၇။ မနောဒွါရဟူသေခံစိတ်, အာဝဇ္ဇန်း စသည်သည် မနောဝိညာဏ် နာမ်အစု၏ ကိုယ်တွင်းအကြောင်း၊ ဓမ္မာရုံသည် ပြင်ပအကြောင်း ဖြစ်၏၊ အကြောင်းကင်းသော နာမ်အစုမဟုတ်၊ အကြောင်းမကင်း သော နာမ်အစုဖြစ်၏၊ အကြောင်းမကင်းသော နာမ်အစုဖြစ်၏။

၈။ ပစ္စုပ္ပန်နာမ်ရုပ်သည် အကြောင်းမကင်း၊ အကြောင်းအားလျော်စွာ ဖြစ်ဆဲ ဖြစ်သကဲ့သို့ အတိတ်နာမ်ရုပ်လည်း အကြောင်းမကင်း၊ အကြောင်း အားလျော်စွာ ဖြစ်ပြီးပြီ၊ အနာဂတ် နာမ်ရုပ်လည်း အကြောင်းမကင်း၊ အကြောင်းအားလျော်စွာ ဖြစ်လတ္တံ့၊ ကာလ သုံးပါးလုံး အကြောင်းကင်းသော နာမ်ရုပ်မရှိ၊ အကြောင်း မကင်းသော နာမ်အစုသာ ဖြစ်၏၊ အကြောင်း မကင်းသော နာမ် အစု ရုပ်အစုသာ ဖြစ်၏။

၉။ တေဘူမကနာမ်ရုပ်သင်္ခါရတို့၏ ရင့်ခြင်း, ပျက်ခြင်းသည် ဇရာမရဏ မည်၏၊ ဇရာမရဏသည် ရင့်သောနာမ်ရုပ်, ပျက်သော နာမ်ရုပ်ပင် တည်း၊ ရင့်သောနာမ်ရုပ်, ပျက်သော နာမ်ရုပ်သည် ဇရာမရဏ မည်၏၊ ရင့်သောနာမ်ရုပ်, ပျက်သော နာမ်ရုပ်သည် ဇရာမရဏ မည်၏၊
ဤဇရာမရဏသည် အကြောင်းမကင်း၊ ဇာတိကြောင့် ဖြစ်၏၊
ဇာတိလည်း အကြောင်းမကင်း၊ ဘဝကြောင့်ဖြစ်၏၊
ဘဝလည်း ဥပါဒါန်ကြောင့်၊
ဥပါဒါန်လည်း တဏှာကြောင့်၊
တဏှာလည်း ဝေဒနာကြောင့်၊
ဝေဒနာလည်း ဖဿကြောင့်၊
ဖဿလည်း သဠာယတနကြောင့်၊
သဠာယတနလည်း နာမ်ရုပ်ကြောင့်၊
နာမ်ရုပ်လည်း ဝိညာဏ်ကြောင့်၊
ဝိညာဏ်လည်း သင်္ခါရကြောင့်၊
သင်္ခါရလည်း အကြောင်းမကင်း၊ အဝိဇ္ဇာကြောင့် ဖြစ်၏၊
ဤသို့ အကြောင်း အဆက်ဆက်အားဖြင့် တေဘူမက နာမ်ရုပ် သင်္ခါရ ဖြစ်၏၊ အကြောင်းကင်းသော နာမ်ရုပ်မဟုတ်၊ အကြောင်းမကင်းသော နာမ်ရုပ် ဖြစ်၏၊ အကြောင်း မကင်းသော နာမ်ရုပ်ဖြစ်၏။

၁၀။ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်,ဘဝသည် အတိတ်အကြောင်း ငါးပါးမည်၏၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ သည် ပစ္စုပ္ပန်အကျိုး ငါးပါးမည်၏၊ တဏှာ, ဥပါဒါန်, အဝိဇ္ဇာ, သင်္ခါရသည် ပစ္စုပ္ပန်အကြောင်း ငါးပါးမည်၏၊ ဇာတိ ဇရာ မရဏ လက္ခဏာဖြင့်သာ သိအပ်သော ဝိညာဏ် နာမ်ရုပ် စသည် သည် အနာဂတ် အကျိုးငါးပါး မည်၏။
အတိတ်အကြောင်း ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုး ငါးပါးဖြစ်၏၊ ပစ္စုပ္ပန်အကြောင်း ငါးပါးကြောင့် အနာဂတ်အကျိုးငါးပါး ဖြစ်၏၊တဘဝမှ နာမ်ရုပ် တဘဝသို့ ပြောင်းရွှေ့လာသည် မဟုတ်၊ အကြောင်း အကျိုးအား ဖြင့် သတ္တဝါ အဆက်ဆက် ဖြစ်လာသော နာမ်ရုပ် သာတည်း၊ အကြောင်းအကျိုးအားဖြင့် သတ္တဝါအဆက်ဆက် ဖြစ်လာသော နာမ်ရုပ်သာတည်း။

ဤသို့လျှင် နာမ်ရုပ်တို့၏ အကြောင်းကို ထင်ထင်ရှားရှား မြင်အောင် ဖန်ဖန် သိမ်းဆည်းလျှင် ထိုအခါ စူဠသောတာပန် ဖြစ်သည် မည်၏၊ ဒုလ္လဘ သာသနာ တွေ့ကြုံပါလျက် စူဠသောတာပန်မျှ မဖြစ်ဘဲသေလျှင် ရှက်ဘွယ် ကောင်းသော သေရခြင်းသာ ဖြစ်ရရှာလတ္တံ့၊ ဘုရားရှင်လက်ထက်တော်၌ ရဟန္တာမဖြစ်ဘဲ သေသူကို အများဝိုင်း၍ ကဲ့ရဲ့ကြသတတ်၊ စူဠသောတာပန် မဖြစ်ဘဲ သေသူ ကိုလည်း အသေခံရဲဝံ့လေစွ၊ ယမမင်း၏တူလော၊ သားလော၊ ဆွေမျိုးလောဟု ဆိုထိုက်၏၊ ထို့ကြောင့် ရှက်တတ် ကြောက်တတ်သော သူသည် မသေမီ စူဠသောတာပန် အယုတ်ဆုံး ဖြစ်အောင် နာမ်ရုပ်တို့၏ အကြောင်းကို သိမ်းဆည်းအပ်၏၊ ကြိမ်ဖန်များစွာ သိမ်းဆည်းနိုင်ကြပါစေသတည်း။

ကင်္ခါဝိတရဏဝိသုဒ္ဓိ ပြီး၏။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

သမ္မသနဉာဏ်-ပဌမပိုင်း

အကြောင်းနှင့်တကွ သိမ်းဆည်းအပ်ပြီးသော တေဘူမက သင်္ခါရတို့၌ သမ္မသနဉာဏ် သုံးသပ်ရသည်၊ ထိုနောက် ဥဒယဗ္ဗယဉာဏ် သုံးသပ်ရသည်၊ ထိုအခါ ဩဘာသစသော ဘေးရန် ဆယ်ပါးဖြစ်လျှင် ဤဆယ်ပါးသည် ဝိပဿနာ၏ ညစ်ညူးကြောင်းဖြစ်၍ မဂ်ရကြောင်း လမ်းမှန်မဟုတ်ဟု သိရသည်၊ ထိုဘေးရန်မှ လွတ်သော ဝိပဿနာဉာဏ်စဉ်သာလျှင် ပုဗ္ဗဘာဂမဂ် ဖြစ်၍ မဂ်ရကြောင်း လမ်းမှန်ဟု သိရသည်၊ ဤသို့ လမ်းမှား လမ်းမှန်- သိသောဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိမည်၏။

ဤဝိသုဒ္ဓိကို ပြီးစေလိုသော ယောဂီသည် ရှေးဦးစ္စာ ဝိပဿနာ၏အစ- သမ္မသန ဉာဏ်ကို အားထုတ်ရသည်၊ ဤဉာဏ်ကို ကလာပသမ္မသနနည်း ဟူ၍၎င်း, နယဝိပဿနာ- ဟူ၍၎င်း ခေါ်ကြသေး၏၊ အမည်ကွဲသော်လည်း အဓိပ္ပာယ်မကွဲ။

ရှေးဦးစွာ လက္ခဏာလေးနက် မှတ်၍ ဆဲ့တချက် ခွဲပြီးလျှင် ခန္ဓာဒိနယ မာရဗ္ဘ-သီဟိုဠ်သားတို့အလို နယဝိပဿနာ-နည်းယူ၍၎င်း, ကလာပသံခိပန- ဇမ္ဗူဒိပ်သား တို့အလို ပေါင်းစုချုံးကာ ကျဉ်း သေး စိတ်၍၎င်း ရှုရသည်၊

အနိစ္စပရိယာယ် မှတ်ရှုလျှင် လက္ခဏာရေးသုံးပါး ထင်ရှား၏၊
ဉာဏ်ခိုင်အောင် ခြင်းရာလေးဆယ် ရှုလျှင် မဂ်ရ၏၊
ဥဒယဗ္ဗယဉာဏ်သော်လည်း ထင်ရှား၏၊
ရူပသတ္တကရှုလျှင် သင်္ခါရ အသက်တိုပုံ ထင်ရှား၏၊
အရူပသတ္တကရှုလျှင် ဝိပလ္လာသကင်း၏၊
မဟာဝိပဿနာ ရှုလျှင် သမ္မသနဉာဏ် ကမ်းတဘက်သို့ ရောက်၏၊
ဥဒယဗ္ဗယဉာဏ် အကျဉ်း အကျယ်ရှုလျှင် သစ္စာလေးပါး သိ၏၊
ဤတွင် အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဖြစ်၏၊

ဘေးရန် ဆယ်ပါးထင်၍ လမ်းမှန် လမ်းမှား - ဆုံးဖြတ်ဆင်ခြင်လျှင် မဂ္ဂါမဂ္ဂဉာဏ- ဒဿန ဝိသုဒ္ဓိအပြီးရောက်၏၊
ဥဒယဗ္ဗယဉာဏ်ကား တဝက်သို့ရောက်ပြီ။

*လက္ခဏာလေးနက်၊ ဆဲ့တချက်မှ၊ နယ သံခိ၊
ပရိယာယ်သွယ်၊ လေးဆယ်ခြင်းရာ၊ သတ္တကာ-ရုပ်၊
အ-ရုပ်လည်းသတ်၊ ဝိပသ်မဟာ၊ ဥဒယာဗ္ဗယ၊
ကျဉ်းကျယ်မှ၊ မဂ္ဂါမဂ္ဂ-ပြီးမည်နည်း။

လက္ခဏာလေးနက် ဟူသည်ကား -

၁။ တေဘူမက နာပ်ရုပ်ဟူသမျှသည် ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် အနိစ္စ။
၂။ ဇရာမရဏဖြင့် ဖောက်ပြန်တတ်သောကြောင့် အနိစ္စ။
၃။ တခဏမျှ တည်တတ်သောကြောင့် အနိစ္စ။
၄။ မြဲသည်ကိုပယ်တတ်သောကြောင့် အနိစ္စ။
[အနိစ္စလေးနက်။]

၁။ တေဘူမက နာမ်ရုပ်ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဋ္ဌီသို့ရောက်၏၊ အိုမင်း ရင့်ရော်၏၊ ပင်ပန်း၏၊ မချွတ်ပျက်စီး၏၊ ထိုသို့မပြတ် နှိပ်စက်တိုင်းခံရငသောကြောင့် ဒုက္ခ။
၂။ သည်းခံနိုင်ခဲသောကြောင့် ဒုက္ခ။
၃။ ဒုက္ခအမျိုးမျိုး၏ တည်ရာဖြစ်သောကြောင့် ဒုက္ခ။
၄။ သုခကိုပယ်တတ်သောကြောင့် ဒုက္ခ။
[ဒုက္ခလေးနက်။]

၁။ တေဘူမက နာမ်ရုပ်ဟူသမျှသည် -
ဥပါဒ်အခြားမဲ့၌ ဌီသို့မရောက်ပါစေလင့်ဟု တောင့်တ၍မရ၊
ဌီသို့ရောက်လျှင် မရင့်ရော်ပါစေလင့် ဟု တောင့်တ၍မရ၊
ရင့်ရော်လျှင် မပျက်ပါစေလင့်ဟု တောင့်တ၍ မရ၊
ပြုသူ ခံစားသူလည်း မရှိ၊
အလိုလိုက်ခြင်းမှလည်း ဆိတ်၏၊
ထိုသို့ပြုသူ ခံစားသူမှဆိတ်ခြင်းကြောင့် အနတ္တ။
၂။ စိုးပိုင်သောသခင်မရှိသောကြောင့် အနတ္တ။
၃။ အလိုလိုက်အောင် ပြု၍မရသောကြောင့် အနတ္တ။
၄။ တိတ္ထိတို့ကြံဆသော အတ္တအဖြစ်ကို ဖယ်တတ်သောကြောင့် အနတ္တ။
[အနတ္တလေးနက်။]

ဆဲ့တချက်ကား-

အတိတ်, အနာဂတ်, ပစ္စုပ္ပန်-သုံးချက်၊
အဇ္ဈတ္တ, ဗဟိဒ္ဓ-နှစ်ချက်၊
သြဠာရိက, သုခုမ-နှစ်ချက်၊
ဟီန, ပဏီတ-နှစ်ချက်၊
ဒူရ, သန္တိက- နှစ်ချက်၊
ဤတဆဲ့တချက်ဖြင့် ယှဉ်တွဲ၍ ရှုရသည်။

နယဝိပဿနာ နည်းယူရှုပုံကား -

ရူပံ-အနိစ္စံ ခယဋ္ဌေနဒုက္ခံ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌေန

ဝေဒနာ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

သညာ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

သင်္ခါရာ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

ဝိညာဏံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

စက္ခုဒွါရံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

သောတဒွ့ရံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

ဃာနဒွါရံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

ဇိဝှါဒွါရံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

ကာယဒွါရံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

မနောဒွါရံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

ရူပါရမ္မဏံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

သဒ္ဒါရမ္မဏံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

ဂန္ဓာရမ္မဏံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

ရသာရမ္မဏံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

ဖောဋ္ဌဗ္ဗာရမ္မဏံ အနိစ္စာ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

ဓမ္မာရမ္မဏံ အနိစ္စံ ခယဋ္ဌေနဒုက္ခာ ဘယဋ္ဌေနအနတ္တာ အသာရကဋ္ဌန

[၁၁-ချက်မခွဲဘဲ နည်းတူ ပေါင်းရှုသည်။]

ကလာပ သံခိပန-ဆဲ့တပါး ခွဲစိတ်ရှုပုံကား --

၁။ အတိတ်ရုပ်သည် အတိတ်၌ ချုပ်ပြီးပြီ၊ ဤဘဝသို့ မရောက်၊
ကုန်တတ်သောကြောင့် အနိစ္စ
ဘေးဖြစ်သောကြောင့် ဒုက္ခ
အနှစ် မရှိသောကြောင့် အနတ္တ

၂။ အနာဂတ်ရုပ်သည် အနာဂတ် အခြားမဲ့ဘဝ၌ ဖြစ်၍ ချုပ်လတ္တံ့၊
ထိုဘဝမှ နောက်ဘဝသို့ မသွားလတ္တံ့၊
ကုန်တတ်သောကြောင့် အနိစ္စ
ဘေးဖြစ်သောကြောင့် ဒုက္ခ
အနှစ်မရှိ သောကြောင့် အနတ္တ

၃။ ပစ္စုပ္ပန်ရုပ်သည် ဤဘဝ၌ချုပ်၏၊ နောက်ဘဝသို့ မသွား၊
ကုန်တတ် သောကြောင့် အနိစ္စ
ဘေးဖြစ်သောကြောင့် ဒုက္ခ
အနှစ်မရှိသော ကြောင့် အနတ္တ

၄။ အဇ္ဈတ္တရုပ်သည် ဗဟိဒ္ဓမဖြစ်မူ၍ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၅။ ဗဟိဒ္ဓရုပ်သည် အတ္တမဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၆။ သြဠာရိကရုပ်သည် သုခုမ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၇။ သုခုမရုပ်သည် သြဠာရိက မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၈။ ဟီနရုပ်သည် ပဏီတ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၉။ ပဏီတရုပ်သည် ဟီန မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၁၀။ ဒူရရုပ်သည် သန္တိကမဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၁၁။ သန္တိကရုပ်သည် ဒူရရုပ်မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၁။ အတိတ်ဝေဒနာသည် အတိတ်၌ ချုပ်ပြီးပြီ၊ အနိစ္စ ဒုက္ခ အနတ္တ

၂။ အနာဂတ်ဝေဒနာသည် အနာဂတ်ဘဝ၌ ဖြစ်၍ချုပ်လတ္တံ့၊ အနိစ္စ ဒုက္ခ အနတ္တ

၃။ ပစ္စုပ္ပန်ဝေဒနာသည် ဤဘဝ၌ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၄။ အဇ္ဈတ္တဝေဒနာသည် ဗဟိဒ္ဓမဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၅။ ဗဟိဒ္ဓဝေဒနာသည် အဇ္ဈတ္တမဖြစ်ယူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၆။ သြဠာရိကဝေဒနာသည် သုခုမ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၇။ သုခုမ ဝေဒနာသည် သြဠာရိကမဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၈။ ဟီနဝေဒနာသည် ပဏီတမဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၉။ ပဏီတဝေဒနာသည် ဟီနမဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၁၀။ ဒူရဝေဒနာသည် သန္တိကဝေဒနာ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၁၁။ သန္တိကဝေဒနာသည် ဒူရဝေဒနာ မဖြစ်မူ၍ ချုပ်၏၊ အနိစ္စ ဒုက္ခ အနတ္တ

ဤနည်းဖြင့် လက္ခဏာရေးပေါင်း ရုပ်၌ ၃၃၊ ဝေဒနာ ၃၃၊ သညာ ၃၃၊ သင်္ခါရ ၃၃၊ ဝိညာဏ် ၃၃၊ ပေါင်း ၁၆၅-ပါး ဖြစ်၏၊

ထို့အတူ စက္ခုဒွါရ စသော ဒွါရခြောက်ပါး၌ ၃၃-စီ၊
စက္ခုဝိညာဏ် စသော ဝိညာဏ်ခြောက်ပါး၌ ၃၃-စီ၊
ဆံပင် မွေးညှင်း စသော ၃၂-ပါးသော ကောဋ္ဌာသ၌ ၃၃-စီ၊
စက္ခာယတနစသော အာယတန ၁၂-ပါး၊
စက္ခု၊ ဓာတ် စသော ဓာတ် ၁၈-ပါး၊
စက္ခုန္ဒြေ စသော လောကီဣန္ဒြေ ၁၉-ပါး၊
အဝိဇ္ဇာ သင်္ခါရစသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး
စသည်တို့၌လည်း ၃၃- စီပွားရသည်။

အနိစ္စပရိယာယ် မှတ်ပုံကား --

အနိစ္စံ-မမြဲသောကြောင့် အနိစ္စ၊
သင်္ခတံ- ပြုပြင်အပ်သောကြောင့် သင်္ခတ၊
ပဋိစ္စသမုပ္ပန္နံ-အကြောင်းကို စွဲ၍ဖြစ်သောကြောင့် ပဋိစ္စသမုပ္ပန္န၊
ခယဓမ္မံ-ကုန်တတ်သောကြောင့် ခယဓမ္မ၊
ဝယဓမ္မံ-ပျက်တတ်သောကြောင့် ဝယဓမ္မ၊
ဝိရာဂဓမ္မံ- ကင်းပျောက်တတ်သော ကြောင့် ဝိရာဂဓမ္မ၊
နိရောဓဓမ္မံ- ချုပ်ငြိမ်းတတ်သောကြောင့် နိရောဓဓမ္မ၊
ဤသို့မှတ်၍ ခန္ဓာစသည်ကို ခွဲ၍ ပွားရသည်၊
ဉာဏ်ထက်သူတို့ကား- ခန္ဓာ ငါးပါးလုံး တပေါင်းတည်း ပွားကုန်၏။

အနိစ္စပရိယာယ်မှတ်၍ ရှုပုံ ပွားပုံကား --

၁။ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ- အနိစ္စံ, သင်္ခတံ, ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ, ဝယဓမ္မံ, ဝိရာဂဓမ္မံ, နိရောဓဓမ္မံ

၂။ ဝေဒနာ အတီတာနာဂတ ပစ္စုပ္ပန္နံ - အနိစ္စံ, သင်္ခတံ, ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ, ဝယဓမ္မံ, ဝိရာဂဓမ္မံ, နိရောဓဓမ္မံ။ (ဣတ္ထိလိင် အာကာရန္တလည်း သင့်၏။)

၃။ သညာ အတီတာနာဂတပစ္စုပ္ပန္နံ- အနိစ္စံ, သင်္ခတံ, ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ, ဝယဓမ္မံ, ဝိရာဂဓမ္မံ, နိရောဓဓမ္မံ

၄။ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နံ- အနိစ္စံ, သင်္ခတံ, ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ, ဝယဓမ္မံ, ဝိရာဂဓမ္မံ, နိရောဓဓမ္မံ

၅။ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ - အနိစ္စံ, သင်္ခတံ, ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ, ဝယဓမ္မံ, ဝိရာဂဓမ္မံ, နိရောဓဓမ္မံ

၆။ ပဉ္စက္ခန္ဓာ အတီတာနာဂတပစ္စုပ္ပန္နံ - အနိစ္စံ, သင်္ခတံ, ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ, ဝယဓမ္မံ, ဝိရာဂဓမ္မံ, နိရောဓဓမ္မံ

ဤသို့ ဖန်ဖန်ပွား၍ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာထင်သောအခါ သမ္မသနဉာဏ် ခိုင်ခံ့သန့်ရှင်းအောင် အခြင်းအရာ လေးဆယ်ဖြင့် ခန္ဓာငါးပါး ပွားရသည်၊ မဂ်လည်းရ၏၊ ဥဒယဗ္ဗယဉာဏ်သော်လည်း ထင်ရှား၏။

အခြင်းအရာလေးဆယ်၊ ဝါ-ဝိပဿနာလေးဆယ် ပွားပုံကား --

၁။ ရူပံ၊ ရုပ်သည်။
အနိစ္စံ၊ အမြဲမရှိ။
ပလောကံ၊ ပရမ်းပတာပျက်၏။
စလံ၊ တုန်လှုပ်၏။
ပဘင်္ဂု၊ အလိုလိုပျက်၏။
အဒ္ဓုဝံ၊ မခိုင်ခံ့။

ဝိပရိဏာမံ၊ ဇရာမရဏဖြင့် ဖောက်ပြန်၏။
အသာရကံ၊ အနှစ် မရှိ။
ဝိဘဝံ၊ အစီးအပွားမရှိ။
သင်္ခတံ၊ အကြောင်းတရားတို့ပြုအပ်၏။
မရဏဓမ္မံ၊ သေခြင်းသဘောရှိ၏။

[ဤဆယ်ခုသည် အနိစ္စာနုပဿနာမည်၏။]

၂။ ဒုက္ခံ၊ ဆင်းရဲ၏။
ရောဂံ၊ မတ်တတ်နာနှင့် တူ၏။
ဂဏ္ဍံ၊ အိုင်းအမာနှင့် တူ၏။
သလ္လံ၊ မြှားငြှောင့်တံကျင်နှင့် တူ၏။
အဃံ၊ မကောင်းမှုဖြစ်၏ (၅)။

အာဗာဓံ၊ တုံးလုံးနာနှင့်တူ၏။
ဤတိ၊ ဘေးရန်ဖြစ်၏။
ဥပဒ္ဒဝံ၊ ဘေးရန်တည်ရာဖြစ်၏။
ဘယံ၊ ကြောက်ဘွယ်ဖြစ်၏။
ဥပသဂ္ဂံ၊ အပြစ်ဒေါသ ကပ်ငြိ၏ (၅)။

အတာဏံ၊ မစောင့်ရှောက်တတ်။
အလေဏံ၊ ပုန်းအောင်းရာမဟုတ်။
အသရဏံ၊ ဇာတိစသော ဘေးကို မညှဉ်းဆဲတတ်။
အာဒီနဝံ၊ အပြစ်အတိ ဖြစ်၏။
အဃမူလံ၊ မကောင်းမှု၏ အကြောင်းရင်းဖြစ်၏ (၅)။

ဝဓကံ၊ မိတ်ဆွေပုံဟန် သေကြောင်းကြံ၏။
သာသဝံ၊ အာသဝေါ ဖြစ်ကြောင်းဖြစ်၏။
မာရအာမိသံ၊ မာရ်ငါးပါး၏ အစာဖြစ်၏။
ဇာတိဓမ္မံ၊ ပဋိသန္ဓေသဘောရှိ၏။
ဇရာဓမ္မံ၊ အိုခြင်း သဘောရှိ၏ (၅)။

ဗျာဓိဓမ္မံ၊ နာခြင်းသဘောရှိ၏။
သောကဓမ္မံ၊ စိုးရိမ်ခြင်း သဘောရှိ၏။
ပရိဒေဝဓမ္မံ၊ ငိုကြွေးခြင်းသဘောရှိ၏။
ဥပါယာသ ဓမ္မံ၊ ပြင်းစွာပင်ပန်းခြင်း သဘောရှိ၏။
သံကိလေသဓမ္မံ၊ ညစ်ညူးခြင်းသဘောရှိ၏ (၅)။

[ဤ ၂၅-ခုသည် ဒုက္ခာနုပဿနာ မည်၏။]

၃။ ပရံ၊ သူစိမ်းပြင်ပဖြစ်၏။
ရိတ္တံ၊ ဓုဝ သုဘ သုခ အတ္တမှ ဆိတ်၏။
တုစ္ဆံ၊ အချည်းနှီး ဖြစ်၏။
သုညံ၊ တပါးသောကိုယ်မှ ဆိတ်၏။
အနတ္တာ၊ ကြံဆအပ်သော ကိုယ်မဟုတ်(၅)။

[ဤ ၅-ခုသည် အနတ္တာနုပဿနာမည်၏။]

ရုပ်၌ အနိစ္စ ၁၀၊ ဒုက္ခ ၂၅၊ အနတ္တ ၅။
ဝေဒနာ၌ထိုအတူ။
သညာစသည်၌ ထိုအတူဖြစ်၍ -
ခန္ဓာငါးပါး၌ အနိစ္စ ၅၀၊ ဒုက္ခ ၁၂၅၊ အနတ္တ ၂၅-ဖြစ်၏။

တပေါင်းတည်း ဤသို့လည်းပွားသင့်၏-

၁။ မမြဲသော ရုပ်နာမ်,
ပရမ်းပတာ ပျက်သော ရုပ်နာမ်,
တုန်လှုပ်သော ရုပ်နာမ် ရုပ်နာမ်,
အလိုလိုပျက်သောရုပ်နာမ်,
မခိုင်သော ရုပ်နာမ် (၅)။

ဖောက်ပြန်သော ရုပ်နာမ်,
အနှစ်မရှိသော ရုပ်နာမ်,
အစီး အပွားမရှိသော ရုပ်နာမ်,
ပြုပြင်အပ်သောရုပ်နာမ်,
အသေသဘော ဖြစ်သော ရုပ်နာမ်(၅)

၂။ ဆင်းရဲသော ရုပ်နာမ်,
မတ်တတ်နာသော ရုပ်နာမ်,
အိုင်းအမာ ဖြစ်သော ရုပ်နာမ်,
တံကျင်နှင့်တူသော ရုပ်နာမ်,
မကောင်းမှုဖြစ်သော ရုပ်နာမ် (၅)။

တုံးလုံးနာသော ရုပ်နာမ်,
ဘေးရန်ဖြစ်သော ရုပ်နာမ်,
ဘေးရန်တည်ရာဖြစ်သော ရုပ်နာမ်,
ကြောက်ဘွယ် ရုပ်နာမ်,
အပြစ်ကပ်သော ရုပ်နာမ် (၅)။

မစောင့်ရှောက်သော ရုပ်နာမ်,
ပုန်းအောင်းစရာ မဟုတ်သော ရုပ်နာမ်,
ဘေးရန်ကို မညှဉ်းဆဲတတ်သော ရုပ်နာမ်,
အပြစ်အတိ ဖြစ်သော ရုပ်နာမ်,
မကောင်းမှု၏ အကြောင်းရင်းဖြစ်သော ရုပ်နာမ်(၅)။

မိတ်ဆွေ ပုံဟန် သေကြောင်းကြံသော ရုပ်နာမ်,
အာသဝေါဖြစ်ကြောင်း ဖြစ်သော ရုပ်နာမ်,
မာရ်ငါးပါး၏ အစာဖြစ်သော ရုပ်နာမ်,
ဇာတိသဘော ရုပ်နာမ်,
ဇရာသဘော ရုပ်နာမ် (၅)။

ဗျာဓိ သဘော ရုပ်နာမ်,
သောကသဘော ရုပ်နာမ်,
ပရိဒေဝ သဘော ရုပ်နာမ်,
ဥပါယာသ သဘော ရုပ်နာမ်,
ညစ်ညူးခြင်း သဘော ရုပ်နာမ် (၅)။

၃။ သူစိမ်းပြင်ပ ရုပ်နာပ်၊
ဓုဝ, သုဘ, သုခ, အတ္တဆိတ်သော ရုပ်နာမ်၊
အချည်းနှီးရုပ်နာမ်၊
တပါးသောကိုယ်မှုဆိတ်သောရုပ်နာမ်၊
ကြံဆအပ်သော ကိုယ်မဟုတ်သော ရုပ်နာမ် (၅)။

ပါဠိသက်သက် ရွတ်ဆိုနှလုံးသွင်းလိုလျှင်ကား-

ရူပံ... အနိစ္စံပလောကံစလံပဘင်္ဂုအဒ္ဓုဝံ။ (၅)
ဝိပရိဏာမံအသာရကံဝိဘဝံသင်္ခတံမရဏဓမ္မံ။ (၅)
ဒုက္ခံရောဂံဂဏ္ဍံသလ္လံအဃံ။ (၅)
အာဗာဓံဤတိဥပဒ္ဒဝံဘယံဥပသဂ္ဂံ။ (၅)
အတာဏံအလေဏံသရဏံအာဒီနဝံအဃမူလံ။ (၅)
ဝဓကံသာသဝံမာရအာမိသံဇာတိဓမ္မံဇရာဓမ္မံ။ (၅)
ဗျာဓိဓမ္မံသောကဓမ္မံပရိဒေဝဓမ္မံဥပါယာသဓမ္မံသံကိလေသဓမ္မံ။ (၅)
ပရံရိတ္တံတုစ္ဆံသုညံအနတ္တာ။ (၅)

ဝေဒနာ... အနိစ္စံပလောကံစလံပဘင်္ဂုအဒ္ဓုဝံ။ (၅)
ဝိပရိဏာမံအသာရကံဝိဘဝံသင်္ခတံမရဏဓမ္မံ။ (၅)
ဒုက္ခံရောဂံဂဏ္ဍံသလ္လံအဃံ။ (၅)
အာဗာဓံဤတိဥပဒ္ဒဝံဘယံဥပသဂ္ဂံ။ (၅)
အတာဏံအလေဏံသရဏံအာဒီနဝံအဃမူလံ။ (၅)
ဝဓကံသာသဝံမာရအာမိသံဇာတိဓမ္မံဇရာဓမ္မံ။ (၅)
ဗျာဓိဓမ္မံသောကဓမ္မံပရိဒေဝဓမ္မံဥပါယာသဓမ္မံသံကိလေသဓမ္မံ။ (၅)
ပရံရိတ္တံတုစ္ဆံသုညံအနတ္တာ။ (၅)

သညာ... အနိစ္စံပလောကံစလံပဘင်္ဂုအဒ္ဓုဝံ။ (၅)
ဝိပရိဏာမံအသာရကံဝိဘဝံသင်္ခတံမရဏဓမ္မံ။ (၅)
ဒုက္ခံရောဂံဂဏ္ဍံသလ္လံအဃံ။ (၅)
အာဗာဓံဤတိဥပဒ္ဒဝံဘယံဥပသဂ္ဂံ။ (၅)
အတာဏံအလေဏံသရဏံအာဒီနဝံအဃမူလံ။ (၅)
ဝဓကံသာသဝံမာရအာမိသံဇာတိဓမ္မံဇရာဓမ္မံ။ (၅)
ဗျာဓိဓမ္မံသောကဓမ္မံပရိဒေဝဓမ္မံဥပါယာသဓမ္မံသံကိလေသဓမ္မံ။ (၅)
ပရံရိတ္တံတုစ္ဆံသုညံအနတ္တာ။ (၅)

သင်္ခါရ... အနိစ္စံပလောကံစလံပဘင်္ဂုအဒ္ဓုဝံ။ (၅)
ဝိပရိဏာမံအသာရကံဝိဘဝံသင်္ခတံမရဏဓမ္မံ။ (၅)
ဒုက္ခံရောဂံဂဏ္ဍံသလ္လံအဃံ။ (၅)
အာဗာဓံဤတိဥပဒ္ဒဝံဘယံဥပသဂ္ဂံ။ (၅)
အတာဏံအလေဏံသရဏံအာဒီနဝံအဃမူလံ။ (၅)
ဝဓကံသာသဝံမာရအာမိသံဇာတိဓမ္မံဇရာဓမ္မံ။ (၅)
ဗျာဓိဓမ္မံသောကဓမ္မံပရိဒေဝဓမ္မံဥပါယာသဓမ္မံသံကိလေသဓမ္မံ။ (၅)
ပရံရိတ္တံတုစ္ဆံသုညံအနတ္တာ။ (၅)

ဝိညာဏံ... အနိစ္စံ၊ ပလောကံ၊ စလံ၊ ပဘင်္ဂု၊ အဒ္ဓုဝံ။ (၅)
ဝိပရိဏာမံ၊ အသာရကံ၊ ဝိဘဝံ၊ သင်္ခတံ၊ မရဏဓမ္မံ။ (၅)
ဒုက္ခံ၊ ရောဂံ၊ ဂဏ္ဍံ၊ သလ္လံ၊ အဃံ။ (၅)
အာဗာဓံ၊ ဤတိ၊ ဥပဒ္ဒဝံ၊ ဘယံ၊ ဥပသဂ္ဂံ။ (၅)
အတာဏံ၊ အလေဏံ၊ သရဏံ၊ အာဒီနဝံ၊ အဃမူလံ။ (၅)
ဝဓကံ၊ သာသဝံ၊ မာရအာမိသံ၊ ဇာတိဓမ္မံ၊ ဇရာဓမ္မံ။ (၅)
ဗျာဓိဓမ္မံ၊ သောကဓမ္မံ၊ ပရိဒေဝဓမ္မံ၊ ဥပါယာသဓမ္မံ၊ သံကိလေသဓမ္မံ။ (၅)
ပရံ၊ ရိတ္တံ၊ တုစ္ဆံ၊ သုညံ၊ အနတ္တာ။ (၅)

ဤသို့ ဖန်ဖန် သုံးသပ်လျှင် မဂ်အားလျော်သော ဝိပဿနာဉာဏ် ရ၏၊ မဂ်သို့ သက်ဝင်၏၊ မဂ်မရလျှင် ဉာဏ်ကြီးသူအား နယဝိပဿနာ ထက်သန်၍ ဥဒယဗ္ဗယဉာဏ် ဖြစ်လာ၏။

ဥဒယဗ္ဗယဉာဏ် မဖြစ်သေးလျှင် ဖြစ်သမျှ သင်္ခါရတို့၏ အပျက်ဘင်ကို ရှုခြင်း၊
အပျက်ရှုခြင်းကို သပ္ပါယခုနစ်ပါးဖြင့် ပြည့်စေခြင်း၊
မပြတ်ပြည့်စေခြင်း (၃) ၊

အရိုအသေပြု၍ ပြည့်စေခြင်း၊
ဝိပဿနာသမာဓိဖြစ်ကြောင်း အခြင်းအရာကိုမှတ်၍ ပြည့်စေခြင်း၊
ဗောဇ္ဈင်တို့ကို လျော်စွာဖြစ်စေ၍ ပြည့်စေခြင်း(၃)။

ကိုယ်အသက် မငဲ့မတွယ်ခြင်း၊
မငဲ့မကွယ် ဝီရိယစိုက်၍ ပြည့်စေခြင်း၊
အကြား၌ မဆုတ်နစ်ခြင်း (၃)။

ဤအခြင်းအရာကိုးပါးဖြင့် သဒ္ဓါစသော ဣန္ဒြေငါးပါးကိုထက်စေ၍ ရံခါရုပ်ကို၊ ရံခါ နာမ်ကို သုံးသပ်ရသည်၊ ဤသို့ သုံးသပ်ပြီးလျှင် လက္ခဏာရေး သုံးပါးတင်၍ ဥဒယဗ္ဗယ စသောအစဉ်ဖြင့် တက်သည်ရှိသော် အချို့ အရဟတ္တဖိုလ် တိုင်အောင် ရ၏။

သမ္မသနဉာဏ်-ဒုတီယပိုင်း

ရူပသတ္တက

ဤအနေဖြင့် ပညာဘာဝနာ မပြည့်စုံသေး၊ မဂ်ဖိုလ်မရသေးလျှင် ရူပသတ္တကဖြင့် သုံးသပ်ရသည်၊

ရူပသတ္တကကား- အာဒါန+နိက္ခေပ- ဘဝသစ်ယူခြင်း+ ဘဝဟောင်းစွန့်ခြင်း၊
(ဘဝနှစ်ခုအကြား ပစ္စုပ္ပန်ဘဝ ရုပ်ဟူလို။)
ဝယောဝုဒ္ဓတ္ထ+င်္ဂပန- အရွယ်ကြီးလာတိုင်း+ချုပ်ခြင်း၊ (နှစ်မျိုးရှိပြီ။)
အာဟာရ ဥတု ကံ စိတ်၊ (လေးမျိုး)
ဓမ္မတာရူပ “ကမ္ဘာတည်သည်မှ စ၍ အလိုလိုဖြစ်သော သံ, ကြေး, ရွှေ တောင်, သစ်ပင်စသော” အဝိညာဏက ရုပ်၊ (တမျိုး။)
ဤခုနစ်မျိုးတည်း။

(၁) အာဒါနနိက္ခေပဖြင့် သုံးသပ်ပုံကား -

၁။ အတိတ်ဘဝ, အနာဂတ်ဘဝ-နှစ်ခုအကြား ပစ္စုပ္ပန်ဘဝ နှစ်တရာ အတွင်း ဖြစ်သမျှ ရုပ်တို့သည် -
ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် အနိစ္စ
ဇရာမရဏဖြင့် ဖောက်ပြန် တတ်သောကြောင့် အနိစ္စ
တခဏမျှ တည်တတ်သောကြောင့် အနိစ္စ
မြဲသည်ကို ပယ်တတ် သောကြောင့် အနိစ္စ။ (လေးနက်)

၂။ နှစ်တရာအတွင်း ဖြစ်သမျှရုပ်တို့သည် ဥပါဒ်အခြားမဲ့၌ ဌီသို့ ရောက်ကုန်၏၊
ဌီ၌ အိုမင်းရင့်ရော်၍ ပင်ပန်းကုန်၏၊
ရင့်ရော်၍ မချွတ် ပျက်ကုန်၏၊
ထိုသို့ မပြတ်နှိပ်စက်တိုင်း ခံရသောကြောင့် ဒုက္ခ
သည်းခံနိုင်ခဲသောကြောင့် ဒုက္ခ
ဒုက္ခအမျိုးမျိုး၏ တည်ရာဖြစ်သောကြောင့် ဒုက္ခ
သုခကို ပယ်တတ်သောကြောင့် ဒုက္ခ။ (လေးနက်။)

၃။ နှစ်တရာအတွင်း ဖြစ်သမျှရုပ်တို့သည် --
ဥပါဒ်အခြားမဲ့၌ ဌီသို့ မရောက်ပါစေလင့်-ဟု တောင့်တ၍ မရ၊
ဌီသို့ရောက်လျှင် မရင့်ရော်ပါစေလင့်-ဟု တောင့်တ၍မရ၊
ရင့်ရော်လျှင် မပျက်ပါစေလင့် ဟု တောင့်တ၍ မရ၊
ပြုသူမနိုင်၊ ခံစားသူမပိုင်၊ ပြုနိုင်သူ ခံစားနိုင်သူပင် မရှိ၊ အလိုလိုက်ခြင်းမှလည်း ဆိတ်၏၊
ထိုသို့ ပြုသူ ခံစားသူမှ ဆိတ်သောကြောင့် အနတ္တ
စိုးပိုင်သော သခင်မရှိသောကြောင့် အနတ္တ
အလိုလိုက်အောင် ပြု၍မရသောကြောင့် အနတ္တ
သူမိုက်တို့ကြံဆအပ်သော အတ္တကိုယ်ကောင်ကို ပယ်သောကြောင့် အနတ္တ
(လေးနက်။)

တနည်း .... ဤဘဝ ဖြစ်သမျှရုပ်တို့သည် မသေမီချုပ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ

မှတ်ချက်

(၁) အာဒါနနိက္ခေပရုပ်သည် တဘဝအတွင်း ချုပ်၏၊
(၂) ဝယောဝုဒ္ဓတ္ထင်္ဂမရုပ်သည် အရွယ်သုံးပါး, အရွယ်ဆယ်ပါး ငါးနှစ်, လေးနှစ်, သုံးနှစ် နှစ်နှစ် တနှစ် ခြောက်လ, လေးလ၊ နှစ်လ တလ လဆန်း, လဆုတ်, တရက်, နံနက်, နေ့ခင်း ညချမ်း ညဉ့်ဦးယာမ်, သန်းခေါင်ယာမ်, မိုးသောက်ယာမ် ရှေ့တက် နောက်ဆုတ်, တူရူကြည့်, တစောင်းကြည့်, ကွေးဆန့်, ကြွဆောင်, လွှဲချ ထား နှိပ် ဤသို့သော အခိုက်၌ ချုပ်၏၊
(၃) အာဟာရဇ ရုပ်သည် ဆာ, မဆာ, အကြား၌ ချုပ်၏၊
(၄) ဥတုဇရုပ်သည် အပူ အအေး အကြား၌ ချုပ်၏၊
(၅) ကမ္မဇရုပ်သည် ဒွါရ အကြား၌ ချုပ်၏၊
(၆) စိတ္တဇရုပ်သည် စိတ်ချမ်းသာ စိတ်ဆင်းရဲ အကြား၌ ချုပ်၏၊
(၇) ဓမ္မတာ ရုပ်သည်၊ ဝါဓမ္မတာရုပ်၌ သစ်ရွက်တရွက်သည် နုနုနီ, ရင့်ရင့်နီ ပြေပြေနီ, ရွက်နု, ရွက်ရင့် ရွက်စိမ်း, ရွက်ညို, ရွက်ရော်, ရွက်ကြွေ- ဤသို့သော အခိုက်၌ ချုပ်၏။

(၂) ဝယောဝုဒ္ဓတ္ထင်္ဂမနဖြင့် သုံးသပ်ပုံကား -

၁။ ပဌမအရွယ်သည် မဇ္ဈိမအရွယ်သို့ မရောက်မီချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ မဇ္ဈိမအရွယ်ရုပ်သည် ပစ္ဆိမအရွယ်သို့ မရောက်မီချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၃။ ပစ္ဆိမအရွယ်ရုပ်သည် မသေမီချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

မန္ဒ, ခိဍ္ဍ, ဝဏ္ဏ, ဗလ, ပညာ (၅)၊
ဟာနိ, ပဗ္ဘာရ, ဝင်္က, မောမူဟ, သယန (၅)
အရွယ်ဆယ်ပါး ပိုင်း၍လည်း ရှုရသည်-

၁။ မန္ဒအရွယ် ဆယ်နှစ်တွင်းရုပ်သည် ခိဍ္ဍ အရွယ်သို့ မရောက်မီချုပ်၏။
အနိစ္စ ဒုက္ခ အနတ္တ

၂။ ခိဍ္ဍ အရွယ် နှစ်ဆယ်အတွင်းရုပ်သည် ဝဏ္ဏအရွယ်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၃။ ဝဏ္ဏအရွယ် သုံးဆယ်တွင်းရုပ်သည် ဗလအရွယ်သို့မရောက်မီချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၄။ ဗလအရွယ် လေးဆယ်တွင်းရုပ်သည် ပညာအရွယ်သို့ မရောက်မီ ချုပ်၏။
အနိစ္စ ဒုက္ခ အနတ္တ

၅။ ပညာအရွယ် ငါးဆယ်တွင်းရုပ်သည် ဟာနိအရွယ်သို့ မရောက်မီ ချုပ်၏။
အနိစ္စ ဒုက္ခ အနတ္တ

၆။ ဟာနိအရွယ် ၆၀-တွင်းရုပ်သည် ပဗ္ဘာရ အရွယ်သို့ မရောက်မီ ချုပ်၏။
အနိစ္စ ဒုက္ခ အနတ္တ

၇။ ပဗ္ဘာရအရွယ် ၇၀-တွင်းရုပ်သည် ဝင်္ကအရွယ်သို့ မရောက်မီချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၈။ ဝင်္ကအရွယ် ၈၀-တွင်း ရုပ်သည် မောမူဟအရွယ်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၉။ မောမူဟအရွယ် ၉၀-တွင်းရုပ်သည် သယနအရွယ်သို့ မရောက်မီ ချုပ်၏။
အနိစ္စ ဒုက္ခ အနတ္တ

၁၀။ သယနအရွယ် တရာတွင်း ရုပ်သည် မသေမီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

ငါးနှစ် လေးနှစ်, စသည်ဖြင့် ပိုင်း၍လည်း သုံးသပ်ရသည် -

၁။ ပဌမ ငါးနှစ်အတွင်း ရုပ်သည် ဒုတီယငါးနှစ်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ ပဌမ လေးနှစ်အတွင်း ရုပ်သည် ဒုတီယ လေးနှစ်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၃။ ပဌမ သုံးနှစ်အတွင်းရုပ်သည် ဒုတီယ သုံးနှစ်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၄။ ပဌမနှစ်နှစ်အတွင်း ရုပ်သည် ဒုတီယနှစ်နှစ်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၅။ ပဌမတနှစ်အတွင်း ရုပ်သည် ဒုတီယတနှစ်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၆။ ပဌမ ခြောက်လအတွင်း ရုပ်သည် ဒုတီယ ခြောက်လသို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၇။ ပဌမလေးလအတွင်း ရုပ်သည် ဒုတီယ လေးလသို့ မရောက်မီချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၈။ ပဌမနှစ်လအတွင်း ရုပ်သည် ဒုတီယနှစ်လသို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၉။ ပဌမတလအတွင်း ရုပ်သည် ဒုတီယ တလသို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၁၀။ လဆန်းပက္ခအတွင်း ရုပ်သည် လဆုတ်ပက္ခသို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၁၁။ လဆုတ်ပက္ခအတွင်း ရုပ်သည် လဆန်းပက္ခသို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၁၂။ ပဌမတရက်အတွင်း ရုပ်သည် ဒုတီယတရက်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

တနေ့ကို ခြောက်ပိုင်းပြု၍လည်း သုံးသပ်ရသည် -

၁။ နံနက်ခင်း ရုပ်သည် နေ့ခင်းသို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ နေ့ခင်းရုပ်သည် ညချမ်းသို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၃။ ညချမ်းရုပ်သည် ညဉ့်ဦးယာမ်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၄။ ညဉ့်ဦးယာမ်ရုပ်သည် သန်းခေါင်ယာမ်သို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၅။ သန်းခေါင်ယာမ်ရုပ်သည် မိုဃ်းသောက်ယာမ်သို့ မရောက်မီချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၆။ မိုဃ်းသောက်ယာမ် ရုပ်သည် နံနက်ခင်းသို့ မရောက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

ဣရိယာပုထ်ကို ခြောက်မျိုးပိုင်း၍လည်း သုံးသပ်ရသည် -

၁။ ရှေ့သို့တက်စဉ် ရုပ်သည် နောက်သို့မဆုတ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ နောက်သို့ဆုတ်စဉ် ရုပ်သည် ရှေ့သို့ မတက်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၃။ တူရူကြည့်စဉ် ရုပ်သည် တစောင်းမကြည့်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၄။ တစောင်းကြည့်စဉ် ရုပ်သည် တူရူမကြည့်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၅။ ကွေးစဉ်ရုပ်သည် မဆန့်မီချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၆။ ဆန့်စဉ်ရုပ်သည် မကွေးမီချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

ခြေတလှမ်းကို ကြွ ဆောင် လွှဲ ချ ထား နှိပ်- ခြောက်ပိုင်းပြု၍လည်း သုံးသပ်ရသည်-

၁။ ခြေကြွစဉ် ရုပ်သည် ရှေ့သို့မဆောင်မိ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ ရှေ့သို့ဆောင်စဉ် ရုပ်သည် မလွှဲဖယ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၃။ လွှဲဖယ်စဉ် ရုပ်သည် အောက်သို့မချမီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၄။ အောက်သို့ချစဉ်ရုပ်သည် မြေ၌မထားမီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၅။ မြေ၌ထားစဉ်ရုပ်သည် မဖိနှိပ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၆။ ဖိနှိပ်စဉ်ရုပ်သည် ခြေမကြွမီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

ကြွ ဆောင် လဲ ချ ထား နှိပ်-ဤခြောက်မျိုးတွင် --
လွှဲကား-ခြေကိုကြွ၍ နင်းချရန် ရှေ့သို့ဆောင်စဉ် ဆူးညှောင့်ခလုတ်မြင်၍ လွှဲဖယ်သည်၊ လွှဲဖယ်ပြီးမှ နင်းချသည်၊
နှိပ်ကား - ခြေတဘက်ကို ရှေ့သို့ ဆောင်ရန် ကြွမည် ကြံလျှင် ယခင်ချထားပြီးသော ခြေတဘက်ကို ဖိနှိပ်လိုက်သည်။

၁။ ဤသို့ရုပ်တို့သည် နောက်အဘို့ တပါးသို့ မရောက်မီ ရှေ့အဘို့တပါး၌ အဆစ်အစပ် အပိုင်းအပြတ်တို့ ဖြစ်ကုန်၏၊ အိုးကင်းပူ၌ နှမ်းတို့၏ တဖျစ်ဖျစ် မည်လျက် တပျက်တည်း ပျက်သကဲ့သို့ တပျက်တည်း ပျက်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ

၂။ အာဒါနနိက္ခေပရုပ်၊ ဝယောဝုဒ္ဓတ္ထင်္ဂမ ရုပ်တို့သည် - တဘဝ၊ အရွယ်သုံးပါး ဆယ်နှစ် ငါးနှစ် လေးနှစ် သုံးနှစ် နှစ်နှစ် တနှစ် ခြောက်လ လေးလ နှစ်လ တလ လဆန်း လဆုတ် တရက် နံနက် မွန်းတည့် ညချမ်း ပဌမယာမ် မဇ္ဈိမယာမ် ပစ္ဆိမယာမ် ရှေ့တက် နောက်ဆုတ် တူရူကြည့် တစောင်းကြည့် ကွေး ဆန့် ကြွ ဆောင် လွှဲ ချ ထား နှိပ် - ဤသို့သော အခိုက်၌ပင် နေရာမရွှေ့ ပျက်ကုန်၏၊ အိုးကင်းပူထက် နှမ်းစေ့ကျက်သို့ တပျက်တည်း ပျက်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ

ဤသို့ လက္ခဏာရေး သုံးပါးတင်လျက် အဆက်ဆက်ပျက်ပုံကို ဖန်ဖန်ရှုလျှင် သမ္မသနဉာဏ် သန်စွမ်း၏၊ သန့်ရှင်း၏။

(၃) အာဟာရဖြင့် သုံးသပ်ပုံကား-

၁။ ဆာလောင်ခိုက် ရုပ်သည် အဆာမပြေမီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ အဆာပြေခိုက် ရုပ်သည် မဆာလောင်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

(၄) ဥတုဖြင့်သုံးသပ်ပုံကား -

၁။ ပူခိုက်ရုပ်သည် မအေးမီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ အေးခိုက်ရုပ်သည် မပူမီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

(၅) ကမ္မဖြင့် သုံးသပ်ရာ၌ -

စက္ခုဒွါရ၌ ရုပ် ၅၄-ခုရှိ၏၊
စက္ခုဒသက ကလာပ်ရုပ် ၁ဝ၊ ကာယရုပ် ၁၀၊ ဘာဝရုပ် ၁၀၊ ဤကမ္မဇရုပ် ၃၀-ကို စိတ်ကြောင့်ဖြစ်သော ရုပ်ရှစ်ခု၊
ဥတုကြောင့်ဖြစ်သော ရုပ်ရှစ်ခု၊
အာဟာရကြောင့်ဖြစ်သော ရုပ်ရှစ်ခု၊
ပေါင်း ၂၄-ခုတို့က ထောက်ပံ့ကုန်၏၊

သောတဒွါရ စသည်၌လည်း ဤအတူ ရုပ် ၅၄-ခုစီတည်း၊
ကာယွါရ၌ကား- ကာယ ဘာ၀ ၂၀-ကို တိဇ ၂၄- ထောက်ပံ့၏၊ ၄၄-ဖြစ်၏။

၁။ စက္ခုဒွါရရုပ် ၅၄-ခုသည် သောတဒွါရသို့ မရောက်မူ၍ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ သောတဒွါရရုပ် ၅၄-ခုသည် ဃာနဒွါရသို့ မရောက်မှု၍ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၃။ ဃာနဒွါရရုပ် ၅၄-ခုသည် ဇိဝှါဒွါရသို့ မရောက်မူ၍ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၄။ ဇိဝှါဒွါရရုပ် ၅၄-ခုသည် မနောဒွါရသို့ မရောက်မူ၍ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၅။ ကာယဒွါရရုပ် ၄၄-ခုသည် မနောဒွါရသို့ မရောက်မူ၍ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

(၆) စိတ္တဖြင့် သုံးသပ်ပုံကား -

၁။ သောမနဿဖြစ်ခိုက် ရုပ်သည် ဒေါမနဿမဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ ဒေါမနဿဖြစ်ခိုက် ရုပ်သည် သောမနဿမဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

ဤသို့ စိတ္တဖြင့် ဖန်ဖန်သုံးသပ်လျှင် သင်္ခါရတရားတို့၏ အသက်တိုပုံ ဤသို့ ထင်ရှား၏၊ အသက်, အတ္တဘော, သုခ, ဒုက္ခ-ဤတရားတို့သည် မြဲသည် ဟူသော အတ္တနှင့် မရောမယှက် တခြားသက်သက် ဖြစ်ကုန်၏၊ စိတ္တက္ခဏ တချက် တချက်နှင့်သာ ယှဉ်စပ်ကုန်၏။

ကမ္ဘာ ၈၄၀၀၀- အသက်ရှည်သော ဗြဟ္မာကြီးသော်မှလည်း စိတ်နှစ်ချက်နှင့် ယှဉ်စပ်၍ တည်သည်မဟုတ်၊ တချက်, တချက်မျှသာတည်း။

သေသူ၏ ချုပ်သော ခန္ဓာငါးပါး၊
ရှင်သူ၏ ချုပ်သော ခန္ဓာငါးပါး- တို့သည် အထူးမရှိ၊
ပြန်မလာခြင်း တူကုန်၏၊
အပြီးတိုင်ချုပ်ခြင်း တူကုန်၏။

အတိတ်ခန္ဓာ ပျက်ပြီးပြီ၊ အနာဂတ်ခန္ဓာ ပျက်လတ္တံ့၊
ပစ္စုပ္ပန်ခန္ဓာ ပျက်ဆဲ၊ အပျက်လက္ခဏာ အထူးမရှိ။

အတိတ်စိတ်, အနာဂတ်စိတ်ဖြင့် အသက်ရှင်ဆဲမဟုတ်၊
ပစ္စုပ္ပန်စိတ်ဖြင့်သာ အသက်ရှင်ဆဲဖြစ်၏၊
ဘင်ခဏသို့ရောက်တိုင်း ခါခါသေ၏၊
ပစ္စုပ္ပန်စိတ် တည်နေဆဲ တည်နေဆဲကို စွဲ၍ အသက်ရှင်သည်ဟူသော ပညပ်သည် ပရမတ်ကဲ့သို့ ခိုင်မြဲ၏။

ချုပ်ပြီးသောခန္ဓာ - စုပုံကာမရှိ၊
ဖြစ်လတ္တံ့သောခန္ဓာ - စုပုံကာမရှိ၊
ဖြစ်ဆဲ ဖြစ်ဆဲခန္ဓာတို့သာ အပ်ပေါ်၌ မုန်ညင်းပမာ တခဏသာ တည်ကုန်၏။

ပြစ်ဆဲခန္ဓာသည် ပျက်ခြင်းကိုသာ ရှေးရှု၏၊
ဖြစ်ပြီးရှိပြီးသော ခန္ဓာဟောင်းနှင့် မရောယှက်၊
ပျက်ဘို့သက်သက် တည်၏။

သင်္ခါရတို့သည် မမြင်ရာ အနာဂတ် အဘာဝအဖြစ်မှ လာ၍ အသစ် အသစ် ဖြစ်ကုန်၏၊ ပျက်သောအခါ မမြင်ရာ အတိတ်အဘာဝ အဖြစ်သို့ ရောက်ကုန်၏၊ လျှပ်စစ် ပြက်သကဲ့သို့ ဖြစ်ကုန် ပျက်ကုန်၏။

ဤကား- သင်္ခါရအသက်တိုပုံတည်း။

(၇) ထိုနောင် ဓမ္မတာရုပ်၌ လက္ခဏာရေး သုံးပါးတင်၍ သုံးသပ်ရသည်၊ ထင်မြင် လွယ်ရာ သစ်ရွက်ညွန့်စသည်၌ ဤသို့သုံးသပ်ရသည်။

၁။ သစ်ရွက်တရွက်၌ နုနုနီစဉ်ဖြစ်သောရုပ်သည် ရင့်ရင့်နီမဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၂။ ရင့်ရင့်နီစဉ်- ဖြစ်သောရုပ်သည် ပြေပြေနီမဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၃။ ပြေပြေနီစဉ်- ဖြစ်သော ရုပ်သည် ရွက်နုမဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၄။ ရွက်နုစဉ်-ဖြစ်သောရုပ်သည် ရွက်ရင့်မဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၅။ ရွက်ရင့်စဉ်- ဖြစ်သောရုပ်သည် ရွက်စိမ်းမဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၆။ ရွက်စိမ်းစဉ်- ဖြစ်သောရုပ်သည် ရွက်ညို မဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၇။ ရွက်ညိုစဉ်- ဖြစ်သောရုပ်သည် ရွက်ရော်မဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

၈။ ရွက်ရော်စဉ်- ဖြစ်သောရုပ်သည် ရွက်ကြွေမဖြစ်မီ ချုပ်၏၊
အနိစ္စ ဒုက္ခ အနတ္တ

(ရူပသတ္တကရှုနည်း ပြီး၏။)

သမ္မသနဉာဏ်-တတီယပိုင်း

အရူပသတ္တက

ရူပသတ္တက ပြီးမြောက်လျှင် အရူပသတ္တက ပွားရသည်၊

၁။ ကလာပ-နာမ် အပေါင်း၊
၂။ ယမက-နာမ်ရုပ်အစုံ၊
၃။ ခဏိက-လေးဆက်၊
၄။ ပဋိပါဋိ-ဆယ်ဆက်၊
၅။ ဒိဋ္ဌိခွါ၊
၆။ မာနခွါ၊
၇။ နိကန္တိခွါ
ဤခုနစ်ပါးဖြင့် နာမ်ကို သုံးသပ်ခြင်းသည် အရူပသတ္တက ပွားသည်မည်၏၊ ဝိပလ္လာသ ကင်း၏။

(၁) ကလာပဖြင့် သုံးသပ်ပုံကား ... နာမ်အပေါင်းကို သုံးသပ်ရသည်။

၁။ ရူပသတ္တက ခုနစ်ဌာန၌ ရုပ်ကို အနိစ္စ ဒုက္ခ အနတ္တ-ဟု သိသော ဝိပဿနာစိတ် အပေါင်းသည်ရှိ၏၊ ထိုစိတ်အပေါင်းလည်း အနိစ္စ ဒုက္ခ အနတ္တ

၂။ ဆံပင်သည် အနိစ္စ ဒုက္ခ အနတ္တ
မွေးညှင်းသည် အနိစ္စ ဒုက္ခ အနတ္တ
လက်သည်း ခြေသည်းသည် အနိစ္စ ဒုက္ခ အနတ္တ
သွားသည် အနိစ္စ ဒုက္ခ အနတ္တ
အရေ သည် အနိစ္စ ဒုက္ခ အနတ္တ
အသား သည် အနိစ္စ ဒုက္ခ အနတ္တ
အကြော သည် အနိစ္စ ဒုက္ခ အနတ္တ
အရိုး သည် အနိစ္စ ဒုက္ခ အနတ္တ
ခြင်ဆီ သည် အနိစ္စ ဒုက္ခ အနတ္တ
အညှို့ သည် အနိစ္စ ဒုက္ခ အနတ္တ
နှလုံး သည် အနိစ္စ ဒုက္ခ အနတ္တ
အသည်း သည် အနိစ္စ ဒုက္ခ အနတ္တ
အမြှေး သည် အနိစ္စ ဒုက္ခ အနတ္တ
အပြင် သည် အနိစ္စ ဒုက္ခ အနတ္တ
အဆုတ် သည် အနိစ္စ ဒုက္ခ အနတ္တ
အူမ သည် အနိစ္စ ဒုက္ခ အနတ္တ
အူသိမ် သည် အနိစ္စ ဒုက္ခ အနတ္တ
အစာသစ် သည် အနိစ္စ ဒုက္ခ အနတ္တ
အစာဟောင်း သည် အနိစ္စ ဒုက္ခ အနတ္တ
ဦးနှောက် သည် အနိစ္စ ဒုက္ခ အနတ္တ
သည်းချေ သည် အနိစ္စ ဒုက္ခ အနတ္တ
သလိပ် သည် အနိစ္စ ဒုက္ခ အနတ္တ
ပြည် သည် အနိစ္စ ဒုက္ခ အနတ္တ
သွေး သည် အနိစ္စ ဒုက္ခ အနတ္တ
ချွေး သည် အနိစ္စ ဒုက္ခ အနတ္တ
အဆီခဲ သည် အနိစ္စ ဒုက္ခ အနတ္တ
မျက်ရည် သည် အနိစ္စ ဒုက္ခ အနတ္တ
ဆီကြည် သည် အနိစ္စ ဒုက္ခ အနတ္တ
တံတွေး သည် အနိစ္စ ဒုက္ခ အနတ္တ
နှပ် သည် အနိစ္စ ဒုက္ခ အနတ္တ
အစေး သည် အနိစ္စ ဒုက္ခ အနတ္တ
ကျင်ငယ်သည် အနိစ္စ ဒုက္ခ အနတ္တ

ကောဋ္ဌာသ တို့ကို သုံးသပ်စဉ် ဖဿ, ဝေဒနာ စသော နာမ်အပေါင်း သည်လည်း အဆစ်အစပ် ပိုင်းပြတ်၍ အိုးကင်းပူထက် နှမ်းစေ့ ကျက်သကဲ့သို့ တပျက်တည်း ပျက်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ

(၂) ယမကဖြင့် သုံးသပ်ပုံကား ... ရုပ်နာမ်အစုံပြု၍ သုံးသပ်ရသည်။

၁။ အာဒါနနိက္ခေပရုပ်တို့သည် နှစ်တရာအတွင်း ချုပ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကို “အနိစ္စ ဒုက္ခ အနတ္တ” ဟု ဝိပဿနာ ရှုသော စိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၂။ ဝယောဝုဒ္ဓတ္ထင်္ဂမရုပ်တို့သည် အရွယ်ရင့်တိုင်း ချုပ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကို ဝိပဿနာရှုသောစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၃။ အာဟာရဇရုပ်တို့သည် ဆာ မဆာ အကြား၌ချုပ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကို ဝိပဿနာရှုသောစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၄။ ဥတုဇရုပ်တို့သည် အအေး, အပူအကြား၌ ချုပ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကို ဝိပဿနာရှုသောစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၅။ ကမ္မဇရုပ်တို့သည် နှစ်ဒွါရအကြား၌ ချုပ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ် ကို ဝိပဿနာရှုသောစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၆။ စိတ္တဇရုပ်တို့သည် စိတ်ချမ်းသာ မချမ်းသာ အကြား၌ ချုပ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ။ ထိုရုပ်ကို ဝိပဿနာရှုသော စိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၇။ ဓမ္မတာရုပ်တို့သည် ထိုထိုအခိုက်အတွင်း ချုပ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကို ဝိပဿနာရှုသော စိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

(၃) ခဏိကဖြင့် သုံးသပ်ပုံကား ... လေးဆက်တိုင် သုံးသပ်ရသည်။

၁။ အာဒါနနိက္ခေပရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုရှုသော ပဌမဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ထိုပဌမစိတ်ကို ရှသော ဒုတီယ ဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကို ရှုသော တတီယဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုရှုသော စတုတ္ထဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၂။ ဝယောဝုဒ္ဓတ္ထင်္ဂမရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုရှုသော ပဌမဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ထိုပဌမစိတ်ကို ရှသော ဒုတီယ ဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကို ရှုသော တတီယဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုရှုသော စတုတ္ထဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၃။ အာဟာရဇရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုရှုသော ပဌမဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ထိုပဌမစိတ်ကို ရှသော ဒုတီယ ဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကို ရှုသော တတီယဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုရှုသော စတုတ္ထဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၄။ ဥတုဇရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုရှုသော ပဌမဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ထိုပဌမစိတ်ကို ရှသော ဒုတီယ ဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကို ရှုသော တတီယဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုရှုသော စတုတ္ထဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၅။ ကမ္မရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုရှုသော ပဌမဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ထိုပဌမစိတ်ကို ရှသော ဒုတီယ ဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကို ရှုသော တတီယဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုရှုသော စတုတ္ထဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၆။ စိတ္တဇရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုရှုသော ပဌမဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ထိုပဌမစိတ်ကို ရှသော ဒုတီယ ဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကို ရှုသော တတီယဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုရှုသော စတုတ္ထဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၇။ ဓမ္မတာရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုရှုသော ပဌမဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ထိုပဌမစိတ်ကို ရှသော ဒုတီယ ဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကို ရှုသော တတီယဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုရှုသော စတုတ္ထဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

(၄) ပဋိပါဋိဖြင့် သုံးသပ်ပုံကား .. ဆယ်ဆက်တိုင် သုံးသပ်ရသည်၊

၁။ အာဒါနနိက္ခေပရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုသိသော ပဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုစိတ်ကို သိသော ဒုတီယ စိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကိုသိသော တတီယစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုသိသော စတုတ္ထစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
စတုတ္ထစိတ်ကိုသိသော ပဉ္စမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ပဉ္စမစိတ်ကိုသိသော ဆဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဆဋ္ဌမစိတ်ကိုသိသော သတ္တနစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
သတ္တမစိတ်ကိုသိသော အဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
အဋ္ဌမစိတ်ကိုသိသော နဝမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
နဝမစိတ်ကိုသိသော ဒသမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ

၂။ ဝယောရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုသိသော ပဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုစိတ်ကို သိသော ဒုတီယ စိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကိုသိသော တတီယစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုသိသော စတုတ္ထစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
စတုတ္ထစိတ်ကိုသိသော ပဉ္စမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ပဉ္စမစိတ်ကိုသိသော ဆဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဆဋ္ဌမစိတ်ကိုသိသော သတ္တနစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
သတ္တမစိတ်ကိုသိသော အဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
အဋ္ဌမစိတ်ကိုသိသော နဝမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
နဝမစိတ်ကိုသိသော ဒသမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ

၃။ အာဟာရဇရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုသိသော ပဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုစိတ်ကို သိသော ဒုတီယ စိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကိုသိသော တတီယစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုသိသော စတုတ္ထစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
စတုတ္ထစိတ်ကိုသိသော ပဉ္စမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ပဉ္စမစိတ်ကိုသိသော ဆဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဆဋ္ဌမစိတ်ကိုသိသော သတ္တနစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
သတ္တမစိတ်ကိုသိသော အဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
အဋ္ဌမစိတ်ကိုသိသော နဝမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
နဝမစိတ်ကိုသိသော ဒသမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ

၄။ ဥတုဇရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုသိသော ပဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုစိတ်ကို သိသော ဒုတီယ စိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကိုသိသော တတီယစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုသိသော စတုတ္ထစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
စတုတ္ထစိတ်ကိုသိသော ပဉ္စမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ပဉ္စမစိတ်ကိုသိသော ဆဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဆဋ္ဌမစိတ်ကိုသိသော သတ္တနစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
သတ္တမစိတ်ကိုသိသော အဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
အဋ္ဌမစိတ်ကိုသိသော နဝမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
နဝမစိတ်ကိုသိသော ဒသမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ

၅။ ကမ္မဇရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုသိသော ပဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုစိတ်ကို သိသော ဒုတီယ စိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကိုသိသော တတီယစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုသိသော စတုတ္ထစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
စတုတ္ထစိတ်ကိုသိသော ပဉ္စမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ပဉ္စမစိတ်ကိုသိသော ဆဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဆဋ္ဌမစိတ်ကိုသိသော သတ္တနစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
သတ္တမစိတ်ကိုသိသော အဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
အဋ္ဌမစိတ်ကိုသိသော နဝမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
နဝမစိတ်ကိုသိသော ဒသမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ

၆။ စိတ္တဇရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုသိသော ပဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုစိတ်ကို သိသော ဒုတီယ စိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကိုသိသော တတီယစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုသိသော စတုတ္ထစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
စတုတ္ထစိတ်ကိုသိသော ပဉ္စမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ပဉ္စမစိတ်ကိုသိသော ဆဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဆဋ္ဌမစိတ်ကိုသိသော သတ္တနစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
သတ္တမစိတ်ကိုသိသော အဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
အဋ္ဌမစိတ်ကိုသိသော နဝမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
နဝမစိတ်ကိုသိသော ဒသမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ

၇။ ဓမ္မတာရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုရုပ်ကိုသိသော ပဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ထိုစိတ်ကို သိသော ဒုတီယ စိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဒုတီယစိတ်ကိုသိသော တတီယစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
တတီယစိတ်ကိုသိသော စတုတ္ထစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
စတုတ္ထစိတ်ကိုသိသော ပဉ္စမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ပဉ္စမစိတ်ကိုသိသော ဆဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
ဆဋ္ဌမစိတ်ကိုသိသော သတ္တနစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
သတ္တမစိတ်ကိုသိသော အဋ္ဌမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
အဋ္ဌမစိတ်ကိုသိသော နဝမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ
နဝမစိတ်ကိုသိသော ဒသမစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ

ဤနည်းဖြင့် စိတ်အစဉ်ကို တနေ့လုံးဆက်၍ ပွားနိုင်သော်လည်း ဒသမ စိတ်တိုင်ရုံ ပွားခြင်းဖြင့် အနိစ္စစသော လက္ခဏာ ထင်နိုင်လောက်ပြီ။

ဒိဋ္ဌိခွါ, မာနခွါ, တဏှာနိကန္တိ ခွါသော နည်းသုံးပါး၌ သုံးသပ်ပုံ နည်းအထူးမရှိ၊ ရူပသတ္တက, အရူပသတ္တက၌ ရုပ်နာမ်မှတပါး သတ္တဝါမမြင်သောကြောင့် သညာ, စိတ္တ ဒိဋ္ဌိ - ဝိပလ္လာသ သုံးပါးပျောက်၏၊ ဒိဋ္ဌိပျောက်လျှင် ဒိဋ္ဌိကို မှီသော မာန ပျောက်၏၊ မာနပျောက်လျှင် တဏှာနိကန္တိလည်း ပျောက်၏။

ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိကပင် ဒိဋ္ဌိပျောက်သော်လည်း မဂ်ဖြင့် မပယ်သေး သောကြောင့် သိမ်မွေ့သော ဒိဋ္ဌိဖြစ်သေး၏၊

“ငါဝိပဿနာပွား၏၊ ငါ၏ဝိပဿနာ” ဟု ယူလျှင် အတ္တဒိဋ္ဌိ ဖြစ်၏၊
“ကောင်းကောင်းကြီး ပွားနိုင်၏” ဟု ထောင်လွှားလျှင် မာန
“တနေ့လုံးပင် ပွားနိုင်၏၊” ဟု နှစ်သက်လျှင် တဏှာနိကန္တိဖြစ်သေး၏။

၁။ သင်္ခါရတို့သာ သင်္ခါရတို့ကို ဝိပဿနာရှုကုန်၏။
၂။ သင်္ခါရတို့သာ သင်္ခါရတို့ကို သုံးသပ်ကုန်၏။
၃။ သင်္ခါရတို့သာ သင်္ခါရတို့ကို သိမ်းဆည်းကုန်၏။
၄။ သင်္ခါရတို့သာ သင်္ခါရတို့ကို ပိုင်းခြားကုန်၏။

ဤသို့ ယူမှသာ ဒိဋ္ဌိ, မာန, တဏှာ ကင်းကွာသည်၊
အထူးအားဖြင့် အနတ္တမြင်လျှင် ဒိဋ္ဌိကွာ၏၊
အနိစ္စမြင်လျှင် မာနကွာ၏၊
ဒုက္ခမြင်လျှင် တဏှာကွာ၏။

(အရူပသတ္တကပြီး၏။)

မဟာဝိပဿနာ ၁၈-ပါးဖြင့် ရှုပုံကား -

၁။ သင်္ခါရာ၊ သင်္ခါရတို့သည်။
အနိစ္စာ၊ အမြဲမရှိကုန်။

၂။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။

၃။ သင်္ခါရာ၊ သင်္ခါရတို့သည်။
အနတ္တာ၊ အတ္တမဟုတ်ကုန်။

၄။ သင်္ခါရာ၊ သင်္ခါရတို့သည်။
နိဗ္ဗိဒါ၊ငြီးငွေ့စရာတို့ ဖြစ်ကုန်၏။

၅။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ဝိရာဂါ၊ စက်ဆုပ်စရာတို့ ဖြစ်ကုန်၏။

၆။ သင်္ခါရာ၊ သင်္ခါရတို့သည်။
နိရောဓာ၊ ပြန်မဖြစ်ဘဲ ချုပ်ကုန်၏။

၇။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ပဋိနိဿဂ္ဂါ၊ စွန့်ပစ်စရာတို့ဖြစ်ကုန်၏။

၈။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ခယာ၊ ကုန်ခန်းတတ်ကုန်၏။

၉။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ဝယာ၊ ပျက်စီးတတ်ကုန်၏။

၁၀။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ဝိပရိဏာမာ၊ ဇရာမရဏဖြင့် ဖောက်ပြန်တတ်ကုန်၏။

၁၁။ သင်္ခါရာ၊ သင်္ခါရတို့သည်။
အနိမိတ္တာ၊ တလုံးတည်း စုပေါင်းခြင်း မရှိကုန်။

၁၂။ သင်္ခါရာ၊ သင်္ခါရတို့သည်။
အပ္ပဏိဟိတာ၊ တောင့်တဘွယ် မရှိကုန်။

၁၃။ သင်္ခါရာ၊ သင်္ခါရတို့သည်။
သုညတာ၊ အတ္တမှဆိတ်ကုန်၏။

၁၄။ သင်္ခါရာ၊ သင်္ခါရတို့သည်။
အဓိပညာဝိပဿနာ၊ ဘင်စွမ်းဖြင့်ဆိတ်ခြင်းတို့သာတည်း-ဟု လွန်ကဲသော ပညာဖြင့် ရှုအပ်ကုန်၏။

၁၅။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ယထာဘူတဉာဏဒဿနာ၊ အကြောင်း မကင်းသော ရုပ်နာမ်တို့ သာတည်း-ဟု ယထာဘူတဉာဏ်ဖြင့် ရှုအပ်ကုန်၏။

၁၆။ သင်္ခါရာ၊ သင်္ခါရတို့သည်။
အာဒီနဝါ၊ အပြင်စုတို့သာ ဖြစ်ကုန်၏။

၁၇။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ပဋိသင်္ခါ၊ မုန်းတီးသော်လည်း လွတ်လွတ် စွန့်နိုင်အောင် တဖန်သိမ်းဆည်း၍ အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ရှုအပ်ကုန်၏။

၁၈။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ဝိဝဋ္ဋာ၊ ဘဝသင်္ခါရ တို့မှ စိတ်တွန့်စရာ ဆုတ်နစ်စရာတို့ ဖြစ်ကုန်၏။

ဤ ၁၈-ပါးဖြင့်ရှုလျှင် အစဉ်အတိုင်း -
နိစ္စသညာ,သုခသည အတ္တသညာ ကွာ၏(၃)၊
တဏှာ, ရာဂ, သမုဒယ ကွာ၏(၃)၊
ဘဝသစ်ယူလိုခြင်း၊
တလုံး တခဲတည်းဟု မှတ်ထင်ခြင်း၊
သင်္ခါရဆည်းပူးလိုခြင်း ကွာ၏(၃)၊
ခိုင်ခံ့သည် ဟုထင်ခြင်း၊
တပေါင်းတည်း ကြာရှည်တည်သည်ဟု ထင်ခြင်း၊
တောင့်တခြင်း တဏှာ ကွာ၏ (၃)၊
ကိုယ်ဟု နှလုံးသွင်း မှားခြင်း၊
အနှစ်ရှိ၏ဟု ယူသော တဏှာဒိဋ္ဌိ
ယုံမှားခြင်း ကွာ၏ (၃)၊
တွယ်တာခြင်း၊
မဆင်ခြင်သောအဝိဇ္ဇာ၊
သံသရာ၌ ယှဉ်တွဲလိုခြင်း ကွာ၏ (၃)။

အနိစ္စ, နိရောဓ, ခယ, ဝယ, ဝိပရိဏာမ, အနိမိတ္တ- ဤခြောက်ခုသည် အနိစ္စမျိုးဖြစ်၏၊
ဒုက္ခ, နိဗ္ဗိဒါ, အပ္ပဏိဟိတ, အာဒီနဝ- ဤ ၄-ခု ဒုက္ခမျိုး၊
အနတ္တ, ဝိရာဂ, ပဋိနိဿဂ္ဂ, သုညတ, ဝိဝဇ္ဇ- ဤငါးခု အနတ္တမျိုး၊
အဓိပညာ, ယထာဘူတ, ပဋိသင်္ခါ- ဤ ၃-ခု အနိစ္စ, ဒုက္ခ, အနတ္တမျိုးဖြစ်၏။

ဤ မဟာဝိပဿနာ ၁၈-ပါးဖြင့် သိလျှင် တီရဏပရိညာ သမ္မသနဉာဏ် အရာ၌ ကိလေသာ စင်ကြယ်၍ သမ္မသနဉာဏ် ကမ်းတဘက်သို့ ရောက်၏၊ အတိတ်စသော ၁၁-ပါးဖြင့် သုံးသပ်သော်၎င်း, ခြင်းရာလေးဆယ် ရုပ်နာမ်ခွဲ၍ သုံးသပ်သော်၎င်း, ကလာပသမ္မသနသာ မည်၏၊ သီဟိုဠ်တို့ကား နယဝိပဿနာ-ဟု ခေါ်ကုန်၏။

သမ္မသနဉာဏ် ပြီး၏။

(မဂ္ဂါမဂ္ဂ ဝိသုဒ္ဓိ မပြီးသေး။)

ဥဒယဗ္ဗယဉာဏ်

သမ္မသနဉာဏ် ကမ်းတဘက် ရောက်သောအခါ ဥဒယဗ္ဗယဉာဏ် ရစိမ့်သောငှါ ရှေးဦးစွာ အကျဉ်းအားထုတ်ရသည်။

ဥဒယဗ္ဗယ အကျဉ်းအားထုတ်ပုံကား ...

၁။ ဖြစ်ဆဲရုပ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
၂။ ဖြစ်ဆဲဝေဒနာ၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
၃။ ဖြစ်ဆဲသညာ၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
၄။ ဖြစ်ဆဲသင်္ခါရ၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
၅။ ဖြစ်ဆဲဝိညာဏ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
၆။ ဖြစ်ဆဲ စက္ခုဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ သောတဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ ဃာနဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ ဇိဝှါဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ ကာယဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ မနောဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ ရူပဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ သဒ္ဒဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ ဂန္ဓဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ ရသဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲ ဖောဋ္ဌဗ္ဗဓာတ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖြစ်ဆဲဓမ္မဓာတ်၏၊ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
အဝိဇ္ဇာ၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
သင်္ခါရ၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဝိညာဏ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
နာမ်ရုပ်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
သဠာယတန၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဖဿ၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဝေဒနာ၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
တဏှာ၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဥပါဒါန်၏ ဖြစ်စဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ
ဘဝ၏ ဖြစ်စ ဥပါဒ်သည် ဥဒယ၊ ပျက်သောဘင်သည် ဝယ

ဤသို့ ဘဝအထိ ရှုရသည်၊ ရှုဖန်များသောအခါ ဤသို့သိမြင်နိုင်၏၊
ဤ ရုပ်နာမ်တို့သည် မဖြစ်မီ စုပုံလျက် မရှိ၊
ဖြစ်ဆဲအခါ စုပုံရာမှ မလာ၊
ချုပ်ဆဲအခါ တနေရာသို့ မသွား၊
ချုပ်ပြီးနောက် စုပုံလျက် မရှိ။

စောင်းသံသည် ရှေးကမမြည် တီးခတ်မှမြည်သည်၊ မြည်ပြီးလည်း ပျက်လေသည်၊ ထိုအတူ ရုပ်နာမ်သည် ရှေးကမရှိ၊ အကြောင်းအား လျော်စွာ အသစ်ဖြစ်ပေါ် လာသည်၊ ဖြစ်ပြီးလည်း ပျက်ရလေသည်။

ဤသို့ အကျဉ်းရှုပြီးသောအခါ အကျယ်ရှုရာ၌ အကြောင်းလေးပါး ခဏတပါး- ဤသို့ ဥဒယ ငါးပါး, ဝယ ငါးပါး- လက္ခဏာဆယ်ပါးဖြင့် ရှုရသည်။

ဥဒယဗ္ဗယ အကျယ်ရှုပုံကား ...

၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်၊
တဏှာဖြစ်ခြင်းကြောင့် ရုပ် ဖြစ်သည်၊
ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်၊
အာဟာရဖြစ်ခြင်း ကြောင့် ရုပ်ဖြစ်သည်၊
ဥပါဒ် လက္ခဏာလည်း ရုပ်ဖြစ်ခြင်းတည်း၊
အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်၊
တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်၊
ကံ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်၊
အာဟာရ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်၊
ဘင် လက္ခဏာလည်း ရုပ်ချုပ်ခြင်းတည်း။

၂။ အဝိဇ္ဇာ တဏှာ ကံ, ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်သည်၊
ဥပါဒ် လက္ခဏာလည်း ဝေဒနာ၏ ဖြစ်ခြင်းတည်း၊
အဝိဇ္ဇာ တဏှာ ကံ ဖဿချုပ်ခြင်းကြောင့် ဝေဒနာရုပ်ချုပ်သည်၊
ဘင်လက္ခဏာလည်း ဝေဒနာ၏ ချုပ်ခြင်းတည်း။

၃။ အဝိဇ္ဇာ တဏှာ ကံ, ဖဿဖြစ်ခြင်းကြောင့် သညာဖြစ်သည်၊
ဥပါဒ် လက္ခဏာလည်း သညာ၏ ဖြစ်ခြင်းတည်း၊
အဝိဇ္ဇာ တဏှာ ကံ ဖဿချုပ်ခြင်းကြောင့် သညာရုပ်ချုပ်သည်၊
ဘင်လက္ခဏာလည်း သညာ၏ ချုပ်ခြင်းတည်း။

၄။ အဝိဇ္ဇာ တဏှာ ကံ, ဖဿဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်သည်၊
ဥပါဒ် လက္ခဏာလည်း သင်္ခါရ၏ ဖြစ်ခြင်းတည်း၊
အဝိဇ္ဇာ တဏှာ ကံ ဖဿချုပ်ခြင်းကြောင့် သင်္ခါရရုပ်ချုပ်သည်၊
ဘင်လက္ခဏာလည်း သင်္ခါရ၏ ချုပ်ခြင်းတည်း။

၅။ အဝိဇ္ဇာ, တဏှာ, ကံ, နာမ်ရုပ်ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်သည်၊
ဥပါဒ်လက္ခဏာလည်း ဝိညာဏ်၏ဖြစ်ခြင်းတည်း၊
အဝိဇ္ဇာ, တဏှာ, ကံ, နာမ်ရုပ် ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်သည်၊
ဘင်လက္ခဏာလည်း ဝိညာဏ်၏ချုပ်ခြင်းတည်း။

၁။ အတိတ်ခန္ဓာလည်း ထိုအတူ ဥဒယငါးပါး, ဝယငါးပါး။
၂။ အနာဂတ်ခန္ဓာလည်း ဥဒယငါးပါး ဝယငါးပါး။

ဤသို့ အကြောင်းလေးပါး, ခဏတပါးဖြင့် ဥဒယဗ္ဗယဉာဏ် ဆယ်ပါးစီ မြင်လျှင် လောကီဉာဏ်ဖြင့် သစ္စာလေးပါး စသည်ကို သိ၏၊
အကြောင်း လေးပါးဖြင့် ဥဒယဗ္ဗယမြင်လျှင် သမုဒယသစ္စာ ထင်ရှား၏၊
ဝယမြင်လျှင် နိရောဓသစ္စာ ထင်ရှား၏၊
ခဏအားဖြင့် ဥဒယဗ္ဗယမြင်လျှင် ဒုက္ခသစ္စာ ထင်ရှား၏၊
ဥဒယဗ္ဗယဉာဏ် ပြဋ္ဌာန်းသော မဂ္ဂင်တရားအစုသည် လောကီမဂ် ဖြစ်၍ မဂ္ဂသစ္စာ ထင်ရှား၏။

အကြောင်းဖြင့် ဥဒယမြင်လျှင် အနုလောမ ပဋိစ္စသမုပ္ပါဒ် ထင်ရှား၏၊
ဝယမြင်လျှင် ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ထင်ရှား၏၊
ခဏအားဖြင့် ဥဒယဗ္ဗယ မြင်လျှင် ပဋိစ္စသမုပ္ပန္န ထင်ရှား၏။

အကြောင်းဖြင့် ဥဒယမြင်လျှင် ဧကတ္တနည်း ထင်ရှား၏၊ ဥစ္ဆေဒဒိဋ္ဌိ စွန့်နိုင်၏၊
ခဏဖြင့် ဥဒယမြင်လျှင် နာနတ္တနည်း ထင်ရှား၏၊ သဿတဒိဋ္ဌိ စွန့်နိုင်၏၊
အကြောင်းဖြင့် ဥဒယဗ္ဗယမြင်လျှင် အဗျာပါရနည်း ထင်ရှား၏၊ အတ္တဒိဋ္ဌိစွန့်နိုင်၏။
အကြောင်းဖြင့် ဥဒယမြင်လျှင် ဧဝံဓမ္မတာနည်း ထင်ရှား၏၊ အကိရိယဒိဋ္ဌိစွန့်နိုင်၏။

အကြောင်းဖြင့် ဥဒယဗ္ဗယမြင်လျှင် အနတ္တလက္ခဏာ ထင်ရှား၏၊
ခဏဖြင့် ဥဒယဗ္ဗယမြင်လျှင် အနိစ္စ ဒုက္ခ ထင်ရှား၏၊ ပထဝီ၏ ကက္ခဠလက္ခဏာ၊ ဖဿ၏ ဖုသနလက္ခဏာ - စသော သဘော လက္ခဏာလည်း ထင်ရှား၏၊ သင်္ခတတရားတို့၏ တာဝကာလိက တိုတောင်းလှပုံလည်း ထင်ရှား၏။

သည်မျှမကသေး - ရုပ်နာမ်သင်္ခါရတို့သည် ရှေး၌မဖြစ်၊
ယခုမှ ယခုမှ အသစ် အသစ် ဖြစ်လာကုန်၏၊
ဖြစ်ပြီးလည်း ချုပ်ကုန်၏၊ အမြဲအသစ်အသစ်ဖြစ်ကုန်၏၊
ဆီမီးလျှံကဲ့သို့ အသစ်အသစ်သာ ဖြစ်ကုန်၏။

ရေပြင်၌ အရေး အသားကဲ့သို့၎င်း
ဥပေါင်းရေပွက် ကဲ့သို့၎င်း
နေရှိန် ကြောက်သော မြက်ဖျား နှင်းပေါက်ကဲ့သို့၎င်း၊
အပ်ဖျားမုန်ညှင်းကဲ့သို့၎င်း၊
လျှပ်စစ်ကဲ့သို့၎င်း တိုသော ခဏရှိကုန်၏။

မျက်လှည့်, တံလှပ်, နတ်တို့ပျော်မြူးရန် ခေတ္တဖန်ဆင်းသော နတ်မြို့ (ဝါ-ကျတ်မြို့၊)
အိပ်မက်တွင်း စည်းစိမ်၊
ရေမြှုပ်စင်, မီးစက်ဝန်း, ငှက်ပျောတုံးကဲ့သို့ ယူစရာ အနှစ်မရှိကုန်။

ဤသို့လည်း ထင်ရှားကုန်၏၊
ထိုအခါမှ နုသော ဥဒယဗ္ဗယဉာဏ်ကို ရ၍ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ် မည်၏။

ဤသို့သော ယောဂီအား ဩဘာသစသော ဘေးရန်ဆွယ်ပါ ဖြစ်သော အခါ ဤသို့ ဆင်ခြင်ရသည်။

၁။ ငါအားဖြစ်သော ဤဩဘာသသည် အနိစ္စ ဒုက္ခ အနတ္တ ဝိပရိဏာမ ဓမ္မဖြစ်၏၊
ဤသို့ အနိစ္စ စသည်ဖြင့် သိသောစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ

၂။ ဤဩဘာသသည် ငါ့ကိုယ်မဟုတ်၊ ငါ့ဟာမဟုတ်၊ ငါမဟုတ်။

၃။ ဤဩဘာသသည် လမ်းမှန်မဟုတ်၊ ဝိပဿနာ ညစ်ညူးကြောင်း ဘေးရန်ဖြစ်၏၊ ဘေးရန်မှလွတ်သော လမ်းစဉ်ကျသော ဝိနာပဿနာသာလျှင် ပုဗ္ဗဘာဂမဂ်ဖြစ်၍ လမ်းမှန်ဖြစ်သည်။

ဤသို့ဆင်ခြင်လျှင် ပြန့်လွင့်တုန်လှုပ်ခြင်းမရှိ၊ မဂ္ဂါမဂ္ဂဉာဏ် စင်ကြယ်လေ၏၊ ဤသို့လျှင် ဋ္ဌိဝိသုဒ္ဓိဖြင့် ဒုက္ခသစ္စာကို၊ ကင်္ခါဝိသုဒ္ဓိဖြင့် သမုဒယကို၊မဂ္ဂါ မဂ္ဂဖြင့် ပဂ္ဂကိုသိ၏၊ လောကီဉာဏ်ဖြင့် သစ္စာသုံးပါး ပိုင်းခြားနိုင်၏၊ ဥဒယဗ္ဗယဉာဏ်၏ ဖြစ်ခါစသည် တီရဏပရိညာ၏အရာဖြစ်၏၊ လေ့လာသောအခါ ပဟာနပရိညာ အဘို့သို့ ဝင်၏။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပြီး၏။

ဥဒယဗ္ဗယဉာဏ်၌ ဘေးရန်ဆယ်ပါးအပြစ်

ဥဒယဗ္ဗယ သုံးသပ်၍ နုသော ဝိပဿနာ ရခါစ အာရုဒ္ဓဝိပဿက ပုဂ္ဂိုလ်အား ဩဘာသ, ပီတိ-စသော ဝိပဿနာ ညစ်ညူးကြောင်း ဘေးရန်ဆယ်ပါး ဖြစ်မြဲဓမ္မတာ ဟုဆို၏။

ဝိပဿနာဉာဏ်ကြောင့် ကိုယ်မှထွက်သော အလင်းရောင်သည် ဩဘာသ မည်၏၊ မိမိသာမြင်သည်၊ ဘုရားလောင်း၏ ဩဘာသသည် စကြဝဠာ တသောင်းလင်း၏၊ အရောင်နှံ့ရာ အတွင်းရှိသော ရူပါရုံတို့သည် မနောဒွါရ အားထင်၍ ထင်၍ စိတ်ဖြင့်, မြင်နိုင်ကုန်၏။

ဝိပဿနာဉာဏ်နှင့် ယှဉ်သော အစဉ်အတိုင်းဖြစ်သော ပီတိငါးပါးသည်၊ ဝါ-အထွဋ် အထိပ်သို့ ရောက်သော ဖရဏာပီတိသည် ပီတိမည်၏။

ဝိပဿနာဉာဏ်နှင့်တကွ ဖြစ်သော ကာယစိတ္တငြိမ်းချမ်းခြင်းသည် ပဿဒ္ဓိ မည်၏။

ဝိပဿနာဉာဏ်နှင့် တကွ ဖြစ်သော အားရှိသော ပသာဒသဒ္ဓါသည် အဓိမောက္ခ မည်၏။

မလျော့မတင်းသော ဝီရိယသည် ပဂ္ဂဟ မည်၏။

ကိုယ်အလုံးယိုစီးသော အလွန်မြတ်သော ချမ်းသာသည် သုခမည်၏။

ထက်မြက်သန့်ရှင်း ဖောက်ထွင်းနိုင်သော ပညာသည် ဉာဏ်မည်၏။

မြင်းမိုရ်အလား လှုပ်ရှား မရှိ အလွန်ထင်သော သတိသည် ဥပဋ္ဌာနမည်၏။

ဥဒယဗ္ဗယတို့၌ လျစ်လျူ ရှုသော ဝိပဿနုပေက္ခာသည်၎င်း, မနောဒွါရာဝဇ္ဇန်း စေတနာ ဟူသော အာဝဇ္ဇနုပေက္ခာသည်၎င်း ဥပေက္ခာမည်၏။

ဝိပဿနာ၌ တွယ်တာနှစ်သက်သော သိမ်မွေ့သော တဏှာသည် နိကန္တိမည်၏။

(ကိလေသာ ဟူ၍မျှ မသိနိုင်အောင် သိမ်မွေ့သည်။)

ဤဆယ်ပါးတို့တွင် ဩဘာသကို ညစ်ညူးကြောင်း ဟု မသိလျှင် ဈာန်အဘိညာ ရသူသည် နိဗ္ဗာန်-ဟု မှတ်ထင်၏၊ ဩဘာသကို အာရုံပြုသော သိမ်မွေ့ငသာ လောဘမူ, မောဟမူကို မဂ်ဖိုလ်-ဟု မှတ်ထင်၏၊ ဝိပဿနာ လွဲတတ်သည်။

ပီတိ-စသော ကိုးပါးကိုလည်း မဂ်ဖိုလ်-ဟု မှတ်ထင်၍ ဝိပဿနာလမ်းလွဲတတ်သည်။

ဤဆယ်ပါးသည် ဒိဋ္ဌိ တဏှာ မာန-ဟူသော ဥပက္ကိလေသ သုံးပါး၏အာရုံ ဖြစ်သောကြောင့် ဥပက္ကိလေသမည်၏၊ နိကန္တိကား ပင်ကိုယ်လည်း ဥပက္ကိလေသ ဖြစ်၏။ “ငါ၏ဩဘာသ, ငါ၏ပီတိ” စသည်ဖြင့် --

စွဲလမ်းကာ အာရုံပြုလျှင် ဒိဋ္ဌိဂါဟ တဆယ်၊
သာယာနှစ်သက်လျှင် တဏှာဂါဟတဆယ်၊
နှစ်သက်ဘွယ် တင့်တယ်၏-ဟု ထောင်လွှားလျှင် မာနဂါဟ တဆယ်။
ဤသို့ ဥပက္ကိလေသ ၃ဝ-ဖြစ်၏။

ဤဘေးရန်ဆယ်ပါး ဖြစ်သောအခါ မလိမ္မာသောယောဂီသည် ငါ့ကိုယ်, ငါ့ဟာ, ငါဟု ဒိဌိဖြင့်, တဏှာဖြင့်, မာနဖြင့်၍ ပြန့်လွင့်တုန်လှုပ်၏။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ပဌမပိုင်း-ဥ ဘင် ဘ-သုံး

ဘေးရန် ဆယ်ပါးမှ လွတ်၍ လမ်းမှန် ရောက်သော ဥဒယဗ္ဗယဉာဏ် ထိုနောက် အစဉ်အတိုင်းဖြစ်သော ဘင်္ဂ, ဘယ, အာဒီနဝ, နိဗ္ဗိန္ဒ, မုဉ္စိတုကမျတာ, ပဋိသင်္ခါ, သင်္ခါရုပေက္ခာ, အနုလောမဉာဏ် - ဤဝိပဿနာဉာဏ် ကိုးပါးသည် ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိ မည်၏၊

စင်စစ်အားဖြင့်ကား - ဝိပဿနာအကျင့် ထိပ်ဆုံးဖြစ်သော သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ် နှစ်ပါးသာ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏၊ ဝုဋ္ဌာနဂါမိနီ ဝိပဿနာလည်း မည်၏။

ဥဒယဗ္ဗယ

ဘေးရန်ဆယ်ပါး နှောင့်ရှက်သောကြောင့် ပျောက်ပျက်သော လက္ခဏာ ရေးသုံးပါး ပြန်၍ ထင်ရှားအောင် ဥဒယဗ္ဗယဉာဏ်ကို ရှေးနည်းအတိုင် ဥဒယငါးပါး, ဝယငါးပါး ဖြင့် အားထုတ်ရသည်။

(အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည် ... စသည်ဖြင့် ပြန်ဖော်ဆိုနိုင်ရမည်။)

ဖြစ်ခြင်း ပျက်ခြင်းကို နှလုံးမသွင်းခြင်းကြောင့်လည်း အနိစ္စ မထင်၊
ပင်ကိုယ်အားဖြင့် သန္တတိအစဉ် ဖုံးလွှမ်းခြင်းကြောင့်လည်း အနိစ္စ မထင်၊
(အနိစ္စမထင်ကြောင်း နှစ်ပါး။)

မပြတ်နှိပ်စက်ခြင်းကို နှလုံးမသွင်းခြင်း၊
ဣရိယာပုထ် ဖုံးလွှမ်းခြင်းကြောင့် ဒုက္ခမထင်၊ (နှစ်ပါး)

ပထဝီ စသော သဘောအကွဲအပြားကို နှလုံးမသွင်းခြင်း၊
ပေါင်းစုလျက် ထင်ရှားသော တခဲနက်ဖုံးလွှမ်းခြင်းကြောင့် အနတ္တမထင်၊ (နှစ်ပါး)။

ထို့ကြောင့် ဥဒယငါးပါး, ဝယငါးပါးကို နှလုံးသွင်း၍ အပိုင်းအပြတ်တို့သာတည်း-ဟု သန္တတိအစဉ်ကို ဖျက်ခွဲရသည်၊ မပြတ်နှိပ်စက်ခြင်းကို နှလုံးသွင်း၍ ဣရိယာပုထ် တခုမှ နာမ်ရုပ်- နောက် ဣရိယာပုတ်သို့ မရောက်-ဟု ဣရိယာပုထ်ကို ဖျက်ခွဲရသည်၊ ပထဝီ, အာပေါ စသော သဘော အကွဲအပြားကို နှလုံးသွင်း၍ သိမ်မွေ့သော ရုပ်အစု နာမ်အစုဟု တခဲနက်ကို ဖျက်ခွဲရသည်။

ဤ၌ ခန္ဓာငါးပါးသည် အနိစ္စ, ဒုက္ခ, အနတ္တ မည်၏၊ လက္ခဏာ မမည်၊ ဖြစ်ပြီး၍မရှိခြင်းသာ အနိစ္စလက္ခဏာ၊ မပြတ်နှိပ်စက်ခြင်းသာ ဒုက္ခလက္ခဏာ၊ အလိုသို့ မလိုက်ခြင်းသာ အနတ္တလက္ခဏာမည်၏၊

ဤအပြစ်ပြ လက္ခဏာသုံးပါးကား- သဘာဝဓမ္မ မဟုတ်၊ ခန္ဓာငါးပါး အတွင်းဝင်လည်း မဟုတ်၊ အလွတ်လည်း မဟုတ်၊ ခန္ဓာငါးပါးကို စွဲ၍ ခေါ်ဝေါ်အပ်သော တဇ္ဇာ ပညပ်ထူး ဖြစ်၏။

အပြစ်ပြလက္ခဏာကို အာရုံပြုသော ဝိပဿနာဉာဏ်ဖြင့် အပြစ်ရှိသော ခန္ဓာငါးပါးကို ကောင်းစွာရှုလျှင် ဥဒယဗ္ဗယဉာဏ် လမ်းမှန်ရောက်၏၊ သန်စွမ်း၍ သန့်ရှင်း၏၊ ထို့ကြောင့် ဥဒယဗ္ဗယဉာဏ်ဖြင့် အပြစ်ပြလက္ခဏာကိုသာ အာရုံပြု၍ ပွားများ ရသည်။

ဥဒယဗ္ဗယဉာဏ် ပြီး၏။

ဘင်္ဂဉာဏ်

ဤသို့ အပြစ်ပြလက္ခဏာကို အာရုံပြုသောဉာဏ်ဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဟု ရုပ်နာမ်တို့ကို ဖန်ဖန်စဉ်းစား နှိုင်းချိန်သော ယောဂီအား ဖြစ်ခြင်းပျက်ခြင်းဖြင့် လျင်မြန်စွာ ထင်ဖန်များလတ်သော် လျှပ်စစ်ပြက်သည်ကို ဖြစ်ခြင်း မမြင်လိုက်၊ ပျက်ခြင်းသာ မြင်လိုက်ရသကဲ့သို့ ဥပါဒ်လည်း မမြင်၊ ဌီလည်း မမြင်၊ ပဝတ္တ-ဟူသော ဥပါဒိန္နကခန္ဓာလည်းမမြင်၊ နိမိတ္တ-ဟူသော သင်္ခါရ နိမိတ်ခန္ဓာလည်း မမြင်၊ ဘင်ခဏ နိရောဓ အပျက်မျှသာ မြင်ရ၏၊ အပျက်၌သာ သတိဉာဏ် တည်၏။

၁။ သင်္ခါရတရားအစုသည် ဤသို့ဖြစ်ပြီး၍ ဤသို့ချုပ်ကွယ်၏တကား၊

၂။ လျှပ်စစ်ပျက်ခြင်းသည်မြန်လှ၏၊ ဖြစ်ခြင်းမထင်ရှား၊ ပျက်ခြင်းသာ ထင်ရှား သကဲ့သို့ သင်္ခါရတရား, အစုလည်းမြန်လှ၏၊ ဖြစ်ခြင်း မထင်ရှား၊ ပျက်ခြင်းသာ ထင်ရှားလှ၏တကား။

၃။ ဖြစ်ဖြစ်သမျှ သင်္ခါရအစုသည် အပျက်ချည်းသာ ဖြစ်လေစွတကား။

ဤသို့ အပျက်၌ ဝိပဿနာဉာဏ်ဘည်၏၊ ထိုအခါ ဘင်္ဂဉာဏ် ဖြစ်သည် မည်၏။

ထိုယောဂီသည် ခန္ဓာငါးပါး၏ ဘင်ကို၎င်း, ခန္ဓာငါးပါးကို အာရုံပြုသော ဝိပဿနာ စိတ်၏ ဘင်ကို၎င်း အာရုံပြု၍ ဘင်္ဂဉာဏ်ဖြင့် --

အနိစ္စ-ဟု ဖန်ဖန် ရှုလျက် နိစ္စသညာကို စွန့်၏၊
ဒုက္ခ-ဟုရှုလျက် သုခသညာကိုစွန့်၏၊
အနတ္တ ဟုရှုလျက် အတ္တသညာကိုစွန့်၏၊
ငြီးငွေ့ဘွယ် နိဗ္ဗိန္ဒ-ဟုရှုလျက် “ နန္ဒီကိုစွန့်၏၊
စက်ဆုပ်ဘွယ် ဝိရာဂ-ဟုရှုလျက် ရာဂကိုစွန့်၏၊
ရာဂကို ဝိက္ခမ္ဘနဖြင့် နိရောဓ ချုပ်ကွယ်စေလျက် သမုဒယကိုစွန့်၏၊
ခန္ဓ, အဘိ, ကိလေသမာရ် သုံးပါးကို ပဋိနိဿဂ္ဂ- စွန့်ပစ် တွန်းလှန်လျက် အာဒါနကို စွန့်၏၊
နိဗ္ဗာန်သို့လည်း ပြေးဝင်၏။

ဤသို့ ရှုဖန်များလတ်သော် ဝိပဿနာစိတ်၏ အခြားမဲ့၌ ထိုဝိပဿနာစိတ်၏ ဘင်ကို ဆင်ခြင်နိုင်၏၊ ထိုအခါ ဘင်္ဂဉာဏ် အတန်ငယ် ထက်သန်၏။

ဤ သင်္ခါရဘင်မှ ဝိပဿနာဘင်သို့ အာရုံပြောင်းရွှေ့ခြင်း, ဖြစ်ခြင်းကို လွှတ်၍ ပျက်ခြင်း၌သာ တည်ခြင်း, သင်္ခါရဘင်ကိုမြင်သော ဝိပဿနာစိတ်၏ ဘင်ကို အခြားမဲ့၌ မြင်နိုင်ခြင်း၊ ဤသည်လျှင် အာရုံကိုဆင်ခြင်သော ဘင်္ဂါနုပဿနာ မည်၏။

မြင်ရသော ပစ္စုပ္ပန်အာရုံကို အစဉ်လိုက်၍ မမြင်ရသော အတိတ်, အနာဂတ် အာရုံနှင့်တကွ ပျက်ခြင်း အတူတူဟု မှတ်သားခြင်း, မြင်, မမြင် သင်္ခါရ နှစ်ခုတို့၏ ချုပ်ခြင်း၌ ညွတ်ခြင်း၊ ဤသည်လျှင် ဝယလက္ခဏာ ဝိပဿနာ မည်၏။

ရှေးအာရုံကိုသိခြင်း, သိ၍ ဘင်ကိုအာရုံပြုသော စိတ်၏ဘင်ကို ဖန်ဖန် ရှုခြင်း, ဘင်ကိုသာ မြင်၍ အတ္တဆိတ်၏-ဟု ထင်လာခြင်း၊ ဤသုံးပါးသည် အဓိပညာ ဝိပဿနာ မည်၏။

အနိစ္စ, ဒုက္ခ, အနတ္တ-ဟူသော အနုပဿနာသုံးပါး၌ လိမ္မာသော ယောဂီသည် နိဗ္ဗိဒါ, ဝိရာဂါ, နိရောဓါ, ပဋိနိဿဂ္ဂါ-ဟူသော အနုပဿနာ လေးပါး၌ လိမ္မာ၏၊ ခယ ဝယ အားဖြင့် ထင်ခြင်း, ဘယအားဖြင့် ထင်ခြင်း, သုညအားဖြင့် ထင်ခြင်း-သုံးပါး၌လည်း လိမ္မာ၏၊ ဒိဋ္ဌိအထူးထူးကြောင့် တုန်လှုပ်ခြင်းမရှိ။

ဤသို့ ဘင်္ဂဉာဏ်အား ရှိသောအခါ --

၁။ ဤသင်္ခါရတို့၏ ပျက်ခြင်းသည် ကွဲဆဲအိုးခွက်တို့ကဲ့သို့ တပျက်ထည်း ပျက်လေစွ တကား။

၂။ အိုးကင်းပူထက် နှမ်းလှော်ကျက်သကဲ့သို့ တပျက်တည်း ပျက်လေစွတကား။

၃။ ပရမ်းပတာကြဲသော မြူနုသဘော အတောမသတ် လွင့်ပျက်သကဲ့သို့ အတော မသတ် ပျက်လေစွတကား။

ဤသို့ အပျက်ကိုသာ ရှုရသည်၊ ရှုဖန်များလတ်သော် မိုဃ်းရွာစဉ် ရေပြင်၌ လျင်စွာပျက်သော ဥပေါင်းရေပွက်တို့ကဲ့သို့ သင်္ခါရတို့ လျင်စွာ ပျက်ပုံကို မြင်ရ၏။

ရေပွက်ပျက်ပုံ တံလှပ်ပျက်ပုံကို ရှုသကဲ့သို့ ခန္ဓာကိုယ် လောကပျက်ပုံကို ဉာဏ်ဝင်၍ ရှုသူကို သေမင်းမမြင်နိုင်-ဟု ဟောသည်၊ ရဟန္တာဖြစ်၍ ဘဝတဖန် မဖြစ်သော ကြောင့်တည်း။

ယထာ ပုဗ္ဗုဠကံ ပဿေ၊
ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊
မစ္စုရာဇာ နပဿတိ။

ပုဗ္ဗုဠကံ၊ ရေပွက်ကို။
ပဿေယထာ၊ တဖျတ်ဖျတ်အသွင် မြင်ရသကဲ့သို့။
မရီစိကံ၊ တံလှပ်ကို။
ပဿေယထာ၊ ယူစရာမထင် မြင်ရသကဲ့သို့။
ဧဝံ၊ ဤအတူ။
လောကံ၊ ခန္ဓာငါးဝ ရုပ်နာမ်လောကကို။
အဝေက္ခန္တံ၊ ဉာဏ်သက်ဝင်၍ မြင်ရသူကို။
မစ္စုရာဇာ၊ သေမင်းသည်။
နပဿတိ၊ မမြင်။

ခန္ဓာငါးပါးကို တွယ်တာစရာဟု မြင်သူကိုသာ သေမင်း မြင်သည်၊ ရေပွက်, တံလှပ် အသွင် တွယ်တာဘွယ်မမြင်သူကား ရဟန္တာဖြစ်၍ သေမင်း မမြင်နိုင်ဟူလို။

၁။ ခန္ဓာကိုယ် သင်္ခါရတို့သည် ရေပွက်ပမာ လျင်စွာပျက်ကုန်၏။
၂။ ခန္ဓာကိုယ် သင်္ခါရတို့သည် တံလှပ်ပမာ လျင်စွာပျက်ကုန်၏။

ဤသို့ မပြတ်ရှုလျှင် အာနိသင်ရှစ်ပါးခြံရံလျက် ဘင်္ဂဉာဏ်ရင့်သန်ခြင်းသို့ ရောက်လေ၏၊ အာနိသင်ရှစ်ပါးကား --

သဿတဒိဋ္ဌိ ပယ်နိုင်၏၊ ဇီဝိတနိကန္တိကို စွန့်နိုင်၏ (၂)၊
မပြတ် အားထုတ်နိုင်၏၊ အသက်မွေး စင်ကြယ်၏ (၂)
ကိစ္စကြီးငယ် ကြောင့်ကြပယ်နိုင်၏၊ ကြောက်လန့်ခြင်း မရှိ (၂)၊
သည်းခံ၍ ကောင်းမှုမွေ့လျော်၏၊ ကုသိုလ်မမွေ့-ကာမဂုဏ်မွေ့ကို ဖြိုဖျက်နိုင်၏ (၂) ။

ဘင်္ဂဉာဏ်၌ အာနိသင် ရှစ်ပါးကိုမြင်သိသော ယောဂီသည် ပုဆိုး, ဦးသျှောင် မီးလောင်သည်ကို ငြိမ်းအောင် အားထုတ်ရာသကဲ့သို့ ကိစ္စတပါး ဖယ်ထား၍ အသေငြိမ်းအောင် အမြဲအားထုတ်ရာ၏။

ဘင်္ဂါနုပဿနာဉာဏ် ပြီး၏။

ဘယဉာဏ်

ဤသို့ ဘင်္ဂဉာဏ်ကို ဖန်ဖန် အားထုတ်သော ယောဂီအား ဘဝ, ယောနိ သင်္ခါရ-အားလုံးသည် ကြောက်ဘွယ်ဘေးကြီးဟု ထင်လာ၏၊ ကြောက်ဘွယ်ဘေးကြီး-ဟု ထင်၍ တွယ်တာခြင်း မရှိ၊ ထိုအခါ ဘယဉာဏ် ဖြစ်သည် မည်၏။

ကြောက်ဘွယ်ဘေးကြီး ထင်လာပုံကား --

၁။ တေဘူမက သင်္ခါရ အားလုံးသည် ခြင်္သေ့ သစ်ကျားပမာ ကြောက်ဘွယ် ကောင်းလေစွ တကား။

၂။ တေဘူမကသင်္ခါရ အားလုံးသည် မြွေဆိုး ဆင်ဆိုးပမာ မိုဃ်းကြိုး စက်ကွင်းပမာ ကြောက်ဘွယ်ကောင်းလေစွ တကား။

၃။ တေဘူမက သင်္ခါရအားလုံးသည် သင်းချိုင်းကုန်းပမာ မနေထိုက်လေစွ တကား၊ ရှားမီးခဲစုပမာ မချဉ်းကပ်ထိုက်လေစွတကား။

၄။ တေဘူမက သင်္ခါရ အားလုံးသည် စစ်တလင်းကြီးပမာ ကြောက်ဘွယ်ကောင်း လေစွ တကား။

၅။ အတိတ်နာမ်ရုပ် အစုပျက်ပြီးပြီ၊ ပစ္စုပ္ပန်နာမ်ရုပ်အစု ပျက်ဆဲ၊ အနာဂတ် နာမ်ရုပ် အစုပျက်လတ္တံ့ ၊ သင်္ခါရအားလုံး ကြောက်ဘွယ်ချည်းပါတကား။

ပင်ကိုအားငယ်သော သူသည် ဘေးရန်တခုခု၌ သေမလောက် ကြောက်သကဲ့သို့ ဘင်္ဂဉာဏ်ဖြင့် သံသရာဘက်၌ အားငယ်သော ယောဂီသည်လည်း သင်္ခါရအားလုံး၌ တွယ်တာစရာ ရှာ၍ မရအောင် ကြောက်လန့်လေ၏။

သားဆိုးသုံးယောက်၏ မိခင်သည် မင်းအမိန့်ဖြင့် --
သားကြီးကို ဦးခေါင်း ဖြတ်ပြီး သည်ကို မြင်ရပြီး၍
သားလတ်ကို ဦးခေါင်းဖြတ်ဆဲကို မြင်ရဆဲအခါ
ဦးခေါင်းဖြတ် လတ္တံ့သော သားငယ်၌ တွယ်တာ ငဲ့ကွက်ခြင်းကို စွန့်လေ၏။

သားသမီး အဖတ်မတင်သော မိန်းမသည် ကိုးယောက်သေပြီး၍ နို့စို့တယောက် သေဆဲကို မြင်ရဆဲအခါ တဆယ့်တယောက်မြောက် ဘွားလတ္တံ့သော ဝမ်း၌ရှိသော သားအပေါ်၌ မြှော်လင့် တွယ်တာခြင်းကို စွန့်လေ၏၊ သုံးပါးပြားသော သင်္ခါရ၌ ဘယဉာဏ်ဖြင့် မြင်သော ယောဂီသည်လည်း တွယ်တာခြင်းကို စွန့်လွှတ်လေ၏။

ဋီကာကြီး၌ အဒ္ဓါပစ္စုပ္ပန် တဘဝလုံးသည် ကြာလွန်းသည်၊
ခဏပစ္စုပ္ပန် ဥပါဒ် ဌီ ဘင် မျှသည် တိုလွန်းသည်၊
သန္တတိပစ္စုပ္ပန်ကား အလယ်အလတ် ဖြစ်၏၊
အစမှစ၍ ယူအပ်၏-ဟု မိန့်ဆိုပြီ။

ကြောက်ဘွယ်ဟုထင်သော ဘယဉာဏ်ဟူသည် သတိသမ္မဇည ကင်းသော ဒေါသမူ ကြောက်မဟုတ်၊ ဩတ္တပ္ပယှဉ်သော ဉာဏ်ကြောက်ဖြစ်၏၊ ကြောက်ဘွယ်ဟု ဆုံးဖြတ်သော တီရဏဉာဏ်ဖြစ်၏။

ပညာရှိတို့သည် မီးကျီးတွင်း - ငယ်, လတ်, ကြီး သုံးခု မြင်သောအခါ၊ ရှားသား တံကျင်, သံတံကျင် ရွှေတံကျင် သုံးခုမြင်သောအခါ “ကြောက်ဘွယ်ကြီးတို့သာ” ဟု ဆုံးဖြတ်နိုင်သကဲ့သို့ ဘုံသုံးပါးကား မီးတွင်းသုံးတွင်း၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန် သင်္ခါရသုံးပါးကား တံကျင်သုံးချောင်း ကြောက်ဘွယ်ကြီးသာ-ဟု ဆုံးဖြတ်သော ဉာဏ်ဖြစ်၏။

အနိစ္စဟု နှလုံးသွင်းသူအား နိမိတ္တသည် ဘေးဟုထင်၏၊
ဒုက္ခဟုနှလုံးသွင်းသော သူအား ပဝတ္တသည် ဘေးဟုထင်၏၊
အနတ္တ-ဟု နှလုံးသွင်းသူ အား ထိုနှစ်ပါးလုံးဘေးဟု ထင်၏-ဟု ဟောသည်။

ကာလသုံးပါး၌ တည်သော သင်္ခါရဟူသမျှသည် နိမိတ္တမည်၏၊
အနိစ္စ ဟု နှလုံးသွင်းလျှင် ထိုနိမိတ္တအစု၏ သေခြင်းကိုသာ မြင်လေ၏။

ရူပဘုံ အရူပဘုံ၌ ဖြစ်ခြင်းသည် ပဝတ္တမည်၏၊ ဒုက္ခ-ဟု နှလုံးသွင်းလျှင် သုခဟု သမုတ်အပ်သော ဗြဟ္မာဘဝဖြစ်ခြင်း၌လည်း မပြတ်နှိပ်စက်ခြင်းကိုသာ မြင်လေ၏။

အနတ္တ ဟု နှလုံးသွင်းလျှင် နိမိတ္တ ပဝတ္တနှစ်ပါးလုံး ဆိတ်သောရွာကဲ့သို့ အချည်းနှီး ကိုသာ မြင်လေ၏၊ ဤကား အဓိပ္ပါယ်တည်း။

ဘယတူပဋ္ဌာနဉာဏ် ပြီး၏။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဒုတီယပိုင်း-အာ နိ မုဉ် ပဋိ-လေးပါး

အာဒီနဝဉာဏ်

ဤသို့ ဘယဉာဏ် ဖန်ဖန်အားထုတ်သော ယောဂီအား --
ဘဝ, ယောနိတို့၌ ပုန်းအောင်းစရာမမြင်၊
သင်္ခါရတစုံတခု၌ တောင့်တခြင်း,သုံးသပ် ခြင်းမရှိ၊
အပြစ်ကိုသာ မြင်လျက်ရှိ၏၊
ထိုအခါ အာဒီနဝဉာဏ် ဖြစ်သည် မည်၏။

အပြစ်မြင်ပုံကား --

၁။ ဘဝသုံးပါးသည် မီးကျီးတွင်းသုံးစုနှင့် တူလေစွ။

၂။ ဓာတ်လေးပါးသည် မြွေဆိုးကြီးလေးကောင်နှင့် တူလေစွ။

၃။ ခန္ဓာ ငါးပါးသည် သန်လျက်မိုးသော သူသတ်ယောက်ျား ငါးယောက်နှင့် တူလေစ္စ။

၄။ စက္ခု သောတ စသော အဇ္ဈတ္တိကာယတန ခြောက်ပါးသည် ရွာပျက် ၆-ခုနှင့် တူလေစွ။

၅။ ရူပါရုံ, သဒ္ဒါရုံစသော ဗာဟိရာယတန ခြောက်ပါးသည် ရွာဖျက် ထားပြ ၆-ယောက်နှင့် တူလေစွ။

၆။ ဝိညာဏဋ္ဌိတိ ၇-ပါး၊ သတ္တဝါသ ၉-ပါးသည် မီး ၁၁-ပါး တောက်လောင်နေသော အိမ်ကြီးနှင့် တူလေစ္စ။

ဤသို့ ပျက်ခြင်းမြင်သော ဘင်္ဂဉာဏ်စွမ်းဖြင့် သင်္ခါရဟူသမျှ၌ အနာရောဂါကြောင့်၊ တံကျင်ပမာ ကြီးစွာအပြစ်မြင်၏၊ သာယာစရာ မမြင်၊ အပြင်စုသာ အမြဲထင်၏။

အသက်ရှည်လိုသော သူသည် သစ်ကျား သားရဲရှိသော တောတောင်ကို၎င်း မိကျောင်းရှိသော မြစ်ကို၎င်း, အဆိပ်ခတ်ထားသော ထမင်းကို၎င်း မီးလျှံတောက် လောင်သောအိမ်ကို၎င်း မပျော်နိုင်, မရွှင်နိုင်-အပြစ်သာ အမြဲ မြင်သကဲ့သို့ သင်္ခါရတရား ဟူသမျှကိုလည်း မပျော်နိုင်, မရွှင်နိုင် အပြစ်အမြဲ မြင်လေ၏။

ပဋိသမ္ဘိဒါမဂ်၌ ဥပ္ပါဒ-စသော ၁၅-မည်၊ အနုပ္ပါဒ စသော ၁၅-မည်ဖြင့် အာရုံကို တည်၍ အာဒီနဝဉာဏ်, သန္တိပဒဉာဏ်, ယမကဉာဏ် ထင်ပုံကို ဘယ ခေမ-သုံးဝါရ၊ ဒုက္ခ-သုခ သုံးဝါရ၊ သာမိသ,နိရာမိသ-သုံးဝါရ၊ သင်္ခါရ, နိဗ္ဗာန-သုံးဝါရ-ဟု ၁၂-ဝါရ ဟော၏။

အာရုံအနက်တို့ကို သဘောမိအောင် လေ့လာလျှင် လွယ်ကူရာ၏။

ဥပ္ပါဒေါ-ရှေးကံကြောင့် ဤဘဝ၌ သင်္ခါရဖြစ်ခြင်း၊
ပဝတ္တိ-ပဝတ္တိအခါ သင်္ခါရဆက်၍ ဖြစ်ခြင်း၊
နိမိတ္တံ- အကောင်အထည်ဟု ယူစရာ သင်္ခါရ နိမိတ်၊
အာယူဟနာ-နောင် ပဋိသန္ဓေ ရကြောင်းကံ (၄)၊
ပဋိသန္ဓေ-နောင် ပဋိသန္ဓေ၊
ဂတိ-လားရာဂတိ ငါးပါး၊
နိဗ္ဗတ္တိ-ခန္ဓာသစ် ဖြစ်ခြင်း၊
ဥပပတ္တိ- ဝိပါက်ဖြစ်ခြင်း (၄)၊
ဇာတိ-ပဋိသန္ဓေ၊
ဇရာ-အိုခြင်း၊
ဗျာဓိ-နာခြင်း၊
မရဏံ-သေခြင်း (၄)၊
သောကော-စိုးရိမ်ခြင်း၊
ပရိဒေဝေါ-ငိုကြွေးခြင်း၊
ဥပါယာသော-ပြင်းစွာပင်ပန်းခြင်း (၄)၊
ဘယံ-ကြောက်ဘွယ် ကောင်း၏၊
ခေမံ-ဘေးမရှိ။

ဒုက္ခံ-ဆင်းရဲ၏၊
သုခံ-ချမ်းသာ၏၊
သာမိသံ- (ဝဋ္ဋာမိသ လောကာမိသ, ကိလေသာမိသ-ဟူသော) အာမိသ သုံးမျိုးရှိ၏၊
နိရာမိသံ- အာမိသသုံးမျိုး မရှိ။

သင်္ခါရံ-အကြောင်းတရားတို့ ပြုပြင်တိုင်းဖြစ်ရ၏၊
နိဗ္ဗာနံ-ဒုက္ခခပ်သိမ်း အကုန်ငြိမ်း၏။

အပြစ်ကိုသိလျှင် အာဒီနဝဉာဏ်
နိဗ္ဗာန်ကိုသိလျှင် သန္တိပဒဉာဏ်
နှစ်ပါးစုံယှဉ်တွဲ၍ သိလျှင် ယမကဉာဏ်

ဤမျှ သဘာဝမိအောင် လေ့လာရာ၏။

ဉာဏ်တို့ ထင်ပုံကား --

၁။ ဥပ္ပါဒေါ-ဘယံ
ပဝတ္တံ-ဘယံ
နိမိတ္တံ-ဘယံ
အာယူဟနာ-ဘယံ (၄)၊
ပဋိသန္ဓိ-ဘယံ
ဂတိ-ဘယံ
နိဗ္ဗတ္တိ-ဘယံ
ဥပပတ္တိ-ဘယံ (၄)
ဇာတိ-ဘယံ
ဇရာ-ဘယံ
ဗျာဓိ-ဘယံ
မရဏံ-ဘယံ (၄)၊
သောကော-ဘယံ
ပရိဒေဝါ-ဘယံ
ဥပါယာသော-ဘယံ (၃)။
ဤကား အာဒီနဝဉာဏ် ၁၅-ခု။ (တဝါရ။)

၂။ အနုပ္ပါဒေါ-ခေမံ
အပဝတ္တံ-ခေမံ
အနိမိတ္တံ-ခေမံ
အနာယူဟနာ-ခေမံ
အပ္ပဋိသန္ဓိ-ခေမံ
အဂတိ-ခေမံ
အနိဗ္ဗတ္တိ-ခေမံ
အနုပ္ပတ္တိ-ခေမံ
အဇာတိ-ခေမံ
အဇရာ-ခေမံ
အဗျာဓိ-ခေမံ
အမတံ-ခေမံ
အသောကော-ခေမံ
အပရိဒေဝေါ-ခေမံ
အနုပါယာသော-ခေမံ
ဤကား သန္တိပဒဉာဏ် ၁၅-ခု။ (တဝါရ။)

၃။ ဥပ္ပါဒေါ-ဘယံအနုပ္ပါဒေါ-ခေမံ
ပဝတ္တံ-ဘယံအပဝတ္တံ-ခေမံ
နိမိတ္တံ-ဘယံအနိမိတ္တံ-ခေမံ
အာယူဟနာ-ဘယံ အနာယူဟနာ-ခေမံ
ပဋိသန္ဓိ-ဘယံအပ္ပဋိသန္ဓိ-ခေမံ
ဂတိ-ဘယံအဂတိ-ခေမံ
နိဗ္ဗတ္တိ-ဘယံအနိဗ္ဗတ္တိ-ခေမံ
ဥပပတ္တိ-ဘယံ အနုပ္ပတ္တိ-ခေမံ
ဇာတိ-ဘယံအဇာတိ-ခေမံ
ဇရာ-ဘယံအဇရာ-ခေမံ
ဗျာဓိ-ဘယံအဗျာဓိ-ခေမံ
မရဏံ-ဘယံ အမတံ-ခေမံ
သောကော-ဘယံအသောကော-ခေမံ
ပရိဒေဝါ-ဘယံအပရိဒေဝေါ-ခေမံ
ဥပါယာသော-ဘယံ အနုပါယာသော-ခေမံ
ဤကား ယမကဉာဏ် ၁၅-ခု၊ (တဝါရ။)

၄။ ဥပ္ပါဒေါ-ဒုက္ခံအနုပ္ပါဒေါ-သုခံ
ပဝတ္တံ-ဒုက္ခံအပဝတ္တံ-သုခံ
နိမိတ္တံ-ဒုက္ခံအနိမိတ္တံ-သုခံ
အာယူဟနာ-ဒုက္ခံ အနာယူဟနာ-သုခံ
ပဋိသန္ဓိ-ဒုက္ခံအပ္ပဋိသန္ဓိ-သုခံ
ဂတိ-ဒုက္ခံအဂတိ-သုခံ
နိဗ္ဗတ္တိ-ဒုက္ခံအနိဗ္ဗတ္တိ-သုခံ
ဥပပတ္တိ-ဒုက္ခံ အနုပ္ပတ္တိ-သုခံ
ဇာတိ-ဒုက္ခံအဇာတိ-သုခံ
ဇရာ-ဒုက္ခံအဇရာ-သုခံ
ဗျာဓိ-ဒုက္ခံအဗျာဓိ-သုခံ
မရဏံ-ဒုက္ခံ အမတံ-သုခံ
သောကော-ဒုက္ခံအသောကော-သုခံ
ပရိဒေဝါ-ဒုက္ခံအပရိဒေဝေါ-သုခံ
ဥပါယာသော-ဒုက္ခံ အနုပါယာသော-သုခံ

၅။ ဥပ္ပါဒေါ-သာမိသံအနုပ္ပါဒေါ-နိရာမိသံ
ပဝတ္တံ-သာမိသံအပဝတ္တံ-နိရာမိသံ
နိမိတ္တံ-သာမိသံအနိမိတ္တံ-နိရာမိသံ
အာယူဟနာ-သာမိသံ အနာယူဟနာ-နိရာမိသံ
ပဋိသန္ဓိ-သာမိသံအပ္ပဋိသန္ဓိ-နိရာမိသံ
ဂတိ-သာမိသံအဂတိ-နိရာမိသံ
နိဗ္ဗတ္တိ-သာမိသံအနိဗ္ဗတ္တိ-နိရာမိသံ
ဥပပတ္တိ-သာမိသံ အနုပ္ပတ္တိ-နိရာမိသံ
ဇာတိ-သာမိသံအဇာတိ-နိရာမိသံ
ဇရာ-သာမိသံအဇရာ-နိရာမိသံ
ဗျာဓိ-သာမိသံအဗျာဓိ-နိရာမိသံ
မရဏံ-သာမိသံ အမတံ-နိရာမိသံ
သောကော-သာမိသံအသောကော-နိရာမိသံ
ပရိဒေဝါ-သာမိသံအပရိဒေဝေါ-နိရာမိသံ
ဥပါယာသော-သာမိသံ အနုပါယာသော-နိရာမိသံ

၆။ ဥပ္ပါဒေါ-သင်္ခါရံအနုပ္ပါဒေါ-နိဗ္ဗာနံ
ပဝတ္တံ-သင်္ခါရံအပဝတ္တံ-နိဗ္ဗာနံ
နိမိတ္တံ-သင်္ခါရံအနိမိတ္တံ-နိဗ္ဗာနံ
အာယူဟနာ-သင်္ခါရံ အနာယူဟနာ-နိဗ္ဗာနံ
ပဋိသန္ဓိ-သင်္ခါရံအပ္ပဋိသန္ဓိ-နိဗ္ဗာနံ
ဂတိ-သင်္ခါရံအဂတိ-နိဗ္ဗာနံ
နိဗ္ဗတ္တိ-သင်္ခါရံအနိဗ္ဗတ္တိ-နိဗ္ဗာနံ
ဥပပတ္တိ-သင်္ခါရံ အနုပ္ပတ္တိ-နိဗ္ဗာနံ
ဇာတိ-သင်္ခါရံအဇာတိ-နိဗ္ဗာနံ
ဇရာ-သင်္ခါရံအဇရာ-နိဗ္ဗာနံ
ဗျာဓိ-သင်္ခါရံအဗျာဓိ-နိဗ္ဗာနံ
မရဏံ-သင်္ခါရံ အမတံ-နိဗ္ဗာနံ
သောကော-သင်္ခါရံအသောကော-နိဗ္ဗာနံ
ပရိဒေဝါ-သင်္ခါရံအပရိဒေဝေါ-နိဗ္ဗာနံ
ဥပါယာသော-သင်္ခါရံ အနုပါယာသော-နိဗ္ဗာနံ

ဤ၌ ယမကဉာဏ်ကို လျင်စွာ ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်စွမ်းဖြင့် ဟောသည်၊ ဤ ၁၅-ပုဒ်တို့တွင် အာဒီနဝဉာဏ် တည်ရာ ဝတ္ထုကား ဥပ္ပါဒ စသော အစငါးခုသာ တည်း၊ နောက်ဆယ်ခုတို့တွင် နိဗ္ဗတ္တိသည် ဥပ္ပါဒပင်တည်း၊ ဇာတိသည် ပဋိသန္ဓိ၊ ဂတိ, ဥပပတ္တိသည် ပဝတ္တ၊ ဇရာစသော ခြောက်ပါးသည် နိမိတ္တ-ပရိယာယ်ဝေဝုစ် ဖြစ်ကုန်၏။

၁။ ဥပ္ပါဒေါ-ဒုက္ခံပဝတ္တံ-ဒုက္ခံနိမိတ္တံ-ဒုက္ခံအာယူဟနာ-ဒုက္ခံပဋိသန္ဓိ-ဒုက္ခံအာဒီနဝဉာဏ် ငါးခု။

၂။ အနုပ္ပါဒေါ-သုခံအပ္ပဝတ္တံ-သုခံအနိမိတ္တံ-သုခံအနာယူဟနာ-သုခံအပ္ပဋိသန္ဓိ-သုခံသန္တိပဒဉာဏ် ငါးခု။

ဤမျှ ဉာဏ်ဆယ်ပါးဖြင့်လည်း စုံလင်၏၊

ဤဉာဏ်ဆယ်ပါးသိလျှင် ဒိဋ္ဌိ အမျိုးမျိုးကြောင့် တုန်လှုပ်ခြင်းမရှိ။

အာဒီနဝဉာဏ်၏ ဆန့်ကျင်ဘက်ကို ပြလို၍ သန္တိပဒဉာဏ်ကို ဟောသည်၊ ဝါ- ဘေးမြင်၍ ကြောက်သူအား သက်သာရာ ရစေခြင်းငှါ ဟောသည်၊ ဝါ. ဘေးဟုမြင်လျှင် ဆန့်ကျင်ဘက် နိဗ္ဗာန်သို့ ညွှတ်၏-ဟု အာနိသင် ပြလို၍ ဟောသည်။

ကိလေသာတို့ဖြင့် သုံးသပ်အပ်သော တရားသည် အာမိသ မည်၏၊

ဥပါဒိန္နက ခန္ဓာငါးပါးသည် ဝဋ္ဋာမိသ
ကာမဂုဏ် ငါးပါးသည် လောကာမိသ
ကိလေသာသည် ကိလေသာမိသ မည်၏။

အာဒီနဝဉာဏ် ပြီး၏။

နိဗ္ဗိဒါဉာဏ်

အာဒီနဝ ဉာဏ်ဖြင့် အပြစ်မြင်သော ယောဂီသည် ဘုံဘဝ, သင်္ခါရ အားလုံးတို့၌ မပျော်မွေ့ ငြီးငွေ့လေ၏၊ သန္တိပဒနိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း ဝင်လေ၏၊ ထိုအခါ နိဗ္ဗိဒါဉာဏ် ဖြစ်သည်မည်၏။

ရွှေဟင်္သာသည် ဒွန်းစဏ္ဍားရွာ တံခါးအနီး ရေအိုင်၌မမွေ့၊
ဟိမဝန္တာ အိုင်ကြီး ခုနစ်အိုင်၌သာ မွေ့သည်၊
ကေသရာဇာခြင်္သေ့မင်းသည် လှောင်အိမ် ရွှေချိုင့်၌ မမွေ့၊
ဟိမဝန္တာတော သုံးထောင်၌သာ မွေ့သည်၊
ကောင်းကင်ပျံ ဆဒ္ဒန်ဆင်ဖြူသည် မြို့တွင်း၌ မမွေ့၊
ဟိမဝန္တာ ဆဒ္ဒန်အိုင်၌သာ မွေ့သည်၊
အာဒီနဝဉာဏ်ရသော ယောဂီသည်လည်း ဘဝ, သင်္ခါရ အားလုံး၌ မမွေ့၊
သန္တိပဒနိဗ္ဗာန်၌သာ မွေ့စရာဟု ညွတ်ကိုင်း၏။

ငြီးငွေ့ပုံ, ညွတ်ကိုင်းပုံကား -

၁။ ဘဝ, သင်္ခါရအားလုံးသည် ဒွန်းစဏ္ဍားရွာ တံခါးအနီး ရေအိုင်နှင့် တူလှ၏၊ အနုပဿနာအိုင်ကြီး ခုနစ်အိုင်ဟူသော “အနိစ္စ, ဒုက္ခ, အနတ္တ, နိဗ္ဗိဒ, ဝိရာဂ, နိရောဓ, ပဋိနိဿဂ္ဂ”သာ မွေ့လျော်ဘွယ် ကောင်းလေစွ။

၂။ ဘဝ, သင်္ခါရအားလုံးသည် လှောင်အိမ်ရှေ့ချိုင့်နှင့်တူ၏၊ အနုပဿနာ တောသုံးတောင် ဟူသော “အနိစ္စ, ဒုက္ခ, အနတ္တ”ဟု ရှုခြင်း သာလျှင် မွေ့လျော်ဘွယ် ကောင်းလေစွ။

၃။ ဘဝ, သင်္ခါရအားလုံးသည် မြို့တွင်းနှင့်တူ၏၊ အနုပ္ပါဒေါ ခေမံ- စသည်ဖြင့် တွေးဆ၍ မြင်ရသောနိဗ္ဗာန် ဆဒ္ဒန်အိုင်သာလျှင် မွေ့လျော်ဘွယ် ကောင်းလေစွ။

နိဗ္ဗိဒါဉာဏ်သည် ရှေးဉာဏ်နှစ်ပါးနှင့် သဒ္ဒါမတူ အနက်တူ၏၊

သင်္ခါရတို့ကို ဘေးဟုမြင်သောကြောင့် ဘယဉာဏ်
အပြစ်မြင်အောင်ပြသောကြောင့် အာဒီနဝဉာဏ်
ငြီးငွေ့သောကြောင့် နိဗ္ဗိဒါဉာဏ်-
ဤသို့ ဘယဉာဏ်တခုတည်း သုံးမည်ရဟု ဆိုကုန်၏၊

အထွဋ်အထိပ်သို့ ရောက်သောအခါ သဘောချင်း တူ၍ တဉာဏ်တည်းဖြစ်၏၊ အစစွာ၌ကား ထိုထိုဘာဝနာ စွမ်းဖြင့် အစဉ်အတိုင်းရောက်၍ သဘောကွဲသည်၊ ထို့ကြောင့် သုံးပါး ဟောပြသည်။

နိဗ္ဗိဒါဉာဏ် ပြီး၏။

မုဉ္စိတုကမျတာဉာဏ်

နိဗ္ဗိဒါဉာဏ်ဖြင့် ငြီးငွေ့သော ယောဂီအား ဘုံဘဝ, သင်္ခါရ တစုံတခု၌သော်လည်း ကပ်ငြိခြင်းမရှိ၊ လွတ်ကင်းခြင်းငှါ ထွက်မြောက်ခြင်းငှါ အလိုရှိ၏၊ ထိုအခါ မုဉ္စိတုကမျတာဉာဏ် ဖြစ်သည်မည်၏။

၁။ ဘုံသုံးပါး၌ အိုဘေး, သေဘေး အကြား ကျင်လည်ရခြင်းသည် ပိုက်ကွန် မိသောငါး, ဂဠုန်လက်တွင်း နဂါး, မြွေခံတွင်းဖားနှင့် တူလှ၏၊ ချိုင့်လှောင်သော တောကြက် ကျော့ကွင်းမိသော တောဝက်၊ ကြောင်ခံတွင်းမှ ကြွက်နှင့် တူလှ၏၊ အလမ္ပာယ်မြွေ အလား, စွန်လက်သည်းကြား စာသူငယ်, ညွှန်အိုင်အလယ် ဆင်ပြောင်နှင့် တူလှ၏၊ လငပုပ်ဖမ်းသော လမင်း၊ ရာဟု ခံတွင်း လဗိမာန်, ရန်သူ ဝိုင်းခံရသော ယောက်ျားနှင့်တူ၏၊ ဘုံဘဝသင်္ခါရ တို့၌ ပျော်ပါးစရာ ကပ်ငြိစရာမရှိ၊ ယခုလွတ်မူ ကောင်းလေစွ ....။ ဤသို့ ထွက်မြောက်ခြင်းငှါ အလိုရှိ၏။

ဤသို့ ထွက်မြောက်လိုခြင်းဖြင့် ပြင်းထန်သောစိတ် ဖြစ်၏။

မုဉ္စိတုက မျတာဉာဏ် ပြီး၏။

ပဋိသင်္ခါညဏ်

မုဉ္စိတုကမျတာဉာဏ် ရပြီးသော ယောဂီသည် သင်္ခါရအားလုံးမှ လွတ်မြောက်ခြင်းငှါ ထိုသင်္ခါရတို့ကို တဖန်ပြန်၍ “အနိစ္စံ ပလောကံ” စသည်ဖြင့် လက္ခဏာရေးသုံးပါး ရှုပြန်၏၊တဖန် သိမ်းဆည်းပြန်၏၊ ထိုအခါ ပဋိသင်္ခါညဏ် ဖြစ်သည် မည်၏။

အဘယ့်ကြောင့် ပြန်၍ သိမ်းဆည်းသနည်း၊ လွတ်ကြောင်း ပြည့်စုံစိမ့်သောငှါတည်း၊ ဝါ- လွတ်ကြောင် းမမြင်သေးသောကြောင့်တည်း၊ သင်္ဘောသားတို့သည် ကျီးငှက် (တီရဒဿီ) ကို ဖမ်းယူပြီးလျှင် သမုဒြာ အလယ်၌ ကမ်းမမြင်သောအခါ လွှတ်လိုက်ကုန်၏၊ ထိုအခါ ကျီးငှက်သည် ကောင်းကင်သို့ပျံတက်၍ ကမ်းခြေကို မြင်လျှင် ကမ်းခြေသို့ တရှိန်တည်း ပျံသွား၏၊ ကမ်းခြေကိုမမြင်လျှင် တရှိန်တည်း ပျံလိုလျက် သင်္ဘောလင်းယဉ် တိုင်၌ပင် ပြန်၍နား၏၊ ဤပဋိသင်္ခါဉာဏ်လည်း သမုဒြာကျီးငှက်နှင့်တူ၏။

တံငါတယောက်သည် ငါးဆောင်းရာတွင် မိသောအကောင်ကို လည်ပင်း၌ ဆုပ်လျက် “ငါးကြီးတကောင် ရပြီ”ဟု ဝမ်းမြောက်၏၊ ရေမှဖော်ထုတ်သောအခါ လည်ရေး သုံးတန့်ကိုမြင်၏၊ ထိုအခါ “မြွေ”ဟု သိ၍ ကြောက်၏၊ အပြစ်မြင်၏၊ ဆုပ်ကိုင်ထားသော်လည်း ငြီးငွေ့၏၊ လွှတ်ပစ်လို၏၊ ဤအခါတွင် လွှတ်ကြောင်း ပြည့်စုံအောင် လက်၌ရစ်သော အမြီးကို ကျကျနနဖြေ၍ လက်မောင်းကို မြှောက်၍ ဦးခေါင်းထက်၌ အကြိမ်ကြိမ် ဝင့်၏။

ဤသို့ အားနည်းအောင် ပြုပြီးမှ “သွားလေတော့” ဟု လွှင့်၍ပစ်၏၊ ထိုနောက် ကမ်းသို့တက်၍ “မြွေဘေးမှ လွတ်ပြီ” ဟု လာလမ်း ပြန်ကြည့်၍ ဘေးကင်းရာ၌ တည်၏။

ဤယောဂီလည်း ဘုံသုံးပါး၌ အစစွာ မိမိ အတ္တဘောကိုရ၍ ဝမ်းမြောက်စွာ လည်ပင်း ဆုပ်ခဲ့ပြီ၊ ထိုအတ္တဘောကို သမ္မသန ဥဒယဗ္ဗယ, ဘင်္ဂဉာဏ်ဖြင့် ခွဲ၍ ဖော်ထုတ်သော အခါ အနိစ္စ, ဒုက္ခ, အနတ္တ ဟူသော လည်ရေးသုံးတန့်ကို မြင်ခဲ့ပြီ၊ ထိုအခါ ဘယဉာဏ်ဖြင့် ကြောက်ခဲ့ပြီ၊ အာဒီနဝဉာဏ်ဖြင့် အပြစ်မြင်ခဲ့ပြီ၊ နိဗ္ဗိဒါဉာဏ်ဖြင့် ငြီးငွေ့ခဲ့ပြီ၊ မုဉ္စိတုဉာဏ် ဖြင့် လွှတ်ပစ်လိုခဲ့ပြီ၊ ဤအခါတွင် လွှတ်ကြောင်း ပြည့်စုံအောင် ကျကျနန ပြန်၍ သိမ်းဆည်း၍ အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ပဋိသင်္ခါ ဉာဏ်ဖြင့် အကြိမ်ကြိမ် ဝင့်ရလေ၏၊ ဤသို့ ပြုခြင်းဖြင့် နိစ္စ, သုခ, သုဘ, အတ္တ အားဖြင့် မထင်နိုင်အောင် သင်္ခါရတို့ အားနည်းသော အခါ သွားလေတော့ဟု ကောင်းကောင်းကြီး လွှတ်ပစ်နိုင်လေ၏၊ ဤသို့ လွှတ်ပစ်နိုင်အောင် လွတ်ကြောင်း ပြည့်စုံစိမ့်သောငှါ ပြန်၍ သိမ်းဆည်းရလေသည်။

မြွေလွတ်ခြင်းကို ဂေါတြဘူဉာဏ်
လာလမ်းပြန်ကြည့်၍ တည်ကြည်ခြင်းကို မဂ်ဉာဏ်
ဘေးကင်းရာ၌ တည်ကြည်ခြင်းကို ဖိုလ်ဉာဏ်-ဟု သိအပ်၏။

ပဋိသင်္ခါဉာဏ်ပြုပုံကား -

၁။ ရူပံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အသုဘံ ပဋိကူလဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန။

၂။ ဝေဒနာ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အသုဘံ ပဋိကူလဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန။

၃။ သညာ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အသုဘံ ပဋိကူလဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန။

၄။ သင်္ခါရာ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အသုဘံ ပဋိကူလဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန။

၅။ ဝိညာဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အသုဘံ ပဋိကူလဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌန။

ရူပံ အနိစ္စံပလောကံစလံပဘင်္ဂုအဒ္ဓုဝံ ... စသော အခြင်းအရာ လေးဆယ်ဖြင့်လည်း ပြန်၍သုံးသပ်ရသည်။

အနိစ္စ-ဟု နှလုံးသွင်းလျှင် --
နိမိတ္တဟူသော သင်္ခါရနိမိတ်ကို သိ၍ ပဋိသင်္ခါဉာဏ်ဖြစ်သည်၊
ဒုက္ခ-ဟု နှလုံးသွင်းလျှင် -
ပဝတ္တ-ဟူသော ဘဝဖြစ်ခြင်းကို သိ၍ ပဋိသင်္ခါဉာဏ်ဖြစ်သည်၊
အနတ္တ-ဟု နှလုံးသွင်းလျှင် -
နိမိတ္တ, ပဝတ္တ- နှစ်ပါးစုံကို သိ၍ ပဋိသင်္ခါဉာဏ် ဖြစ်သည်။

ပဋိသင်္ခါဉာဏ်ပြီး၏။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

တတီယပိုင်း-သင်္ခါရု, အနု-ဉာဏ်နှစ်ပါး

သင်္ခါရုပေက္ခာဉာဏ်

ပဋိသင်္ခါဉာဏ် ရပြီးသော ယောဂီသည် အနိစ္စ, ဒုက္ခ ထင်သော်လည်း အနတ္တမထင်- သုညမမြင်လျှင် သစ္စာလေးပါး မသိနိုင်၊

အနတ္တခိုင်မြဲစွာ ထင်အောင် ဒွိ, စတု, ဆ, အဋ္ဌ ဒသ, ဒွါဒသ, ဒွေစတ္တာလိသ-အဘို့ ၇-ပါး ဖြင့် သိမ်းဆည်းရသည်၊

ပဋိသင်္ခါဉာဏ် ရှုဖန်များလတ်သော် ကြောက်ခြင်း နှစ်သက်ခြင်းကို ပယ်၍ သင်္ခါရတို့၌ လျစ်လျူရှုနိုင်၏၊ ငါဟူ၍၎င်း, ငါ့ဥစ္စာ ဟူ၍၎င်း ယူစရာမမြင်၊ ထိုအခါ သင်္ခါရုပေက္ခာဉာဏ် ဖြစ်သည် မည်၏။

မယားချစ်ကို ပြော၍မရ - လော်မာလှသောကြောင့် စွန့်ပစ်ပြီးသူနှင့် တူ၏၊ စွန့်ပစ်ပြီးနောက် ဘယ်လိုနေနေ အမျက်မထွက်ဘဲ လျစ်လျူရှုနိုင်၏၊ သင်္ခါရုပေက္ခာ ဉာဏ်ရသော ယောဂီလည်း ဘုံဘဝသင်္ခါရအားလုံး၌ စုံမက်ခြင်း မစုံမက်ခြင်းမရှိ၊ လျစ်လျူရှုနိုင်၏၊ စိတ်သည် ကြာရွက် ရေပေါက်ကဲ့သို့ တွန့်လိပ်၏၊ အမဲရွတ် မီးလောင်, ကြက်တောင် မီးဖုတ်သကဲ့သို့ ခွေလိပ်ကာ တွန့်ကုပ်၏၊ သင်္ခါရတို့၌ လျစ်လျူရှုခြင်းဖြင့် သော်၎င်း, စက်ဆုပ်ခြင်းဖြင့် သော်၎င်း တည်လေ၏။

ဤဉာဏ်သည် အားစွမ်းရှိလျှင် နိဗ္ဗာန်ချမ်းသာ မြင်၍ ဖြစ်ခြင်းကို လွတ်၍ အနုလုံ ဂေါတြဘူ, မဂ်, ဖိုလ်တက်၍ နိဗ္ဗာန်သို့ တရှိန်တည်း ပြေးဝင်၏၊ နိဗ္ဗာန်ကိုမမြင်လျှင် သင်္ခါရကိုပင် သုံးသပ်ခြင်းဖြင့် သမုဒြာငှက် လင်းယဉ်တိုင်ပြန်၍ နားပုံနှင့်တူ၏။

ဤဉာဏ်သည် ရှေးဉာဏ်နှစ်ပါးနှင့် အနက်တူ၏၊ ဖြစ်ပုံမျှပြားသည်၊

အစဉ် ငြီးငွေ့၍ လွတ်လိုသောကြောင့် မုဉ္စိတုကမျတာ၊
အလယ်၌ လွတ်ကြောင်း ပြုသောကြောင့် ပဋိသင်္ခါ၊
အဆုံး၌ လျစ်လျူရှုသောကြောင့် သင်္ခါရုပေက္ခာ အမည် သုံးခုရသည်၊

သင်္ခါရုပေက္ခာ ဉာဏ်ရပြီးသော ယောဂီ၏ ဝိပဿနာသည် သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်, ဂေါတြဘူဉာဏ်-ဟု သုံးမျိုး ပြား၏၊ (ဝါ-ဤဉာဏ် သုံးပါးသည် တပါးသော ဉာဏ်ရှိသူနှင့်မစပ်။)

ဤသုံးမျိုးလုံးသည် လောကီဉာဏ် ထိပ်ဆုံးဖြစ်၍ သိခါပတ္တလည်း မည်၏၊
မဂ်သို့ ရောက်အောင် သွားသောကြောင့် ဝုဋ္ဌာနဂါမိနီလည်း မည်၏။

ဤဉာဏ်ဖြစ်အောင် အဘို့ ၇-ပါးဖြင့် သိမ်းဆည်းသော အခါ ရှေးဦးစွာ ယခင် ပဋိသင်္ခါဉာဏ်ဖြင့် မြင်သော သင်္ခါရတို့ကို အတ္တမှ ဆိတ်ကုန်၏၊ နိစ္စ သာရမှ ဆိတ်ကုန်၏-ဟု ဖန်ဖန်သိမ်းဆည်းပြီးမှ နှစ်ခုသော အဘို့ဖြင့် သိမ်းဆည်းရသည်။

နှစ်ဘို့သိမ်းဆည်းပုံကား-

၁။ သုညမိဒံ အတ္တေနဝါအတ္တနိယေနဝါ

ဣဒံ၊ ဤသင်္ခါရ သဘောသည်။
အတ္တေနဝါ၊ ကိုယ်မှ၎င်း။
အတ္တနိယေနဝါ၊ မိမိ ဥစ္စာ သတ္တဝါသင်္ခါရမှ၎င်း။
သုညံ၊ ဆိတ်၏။

တဖန် ခိုင်မြဲအောင် လေးဘို့ သုံးသပ်ရသည်-

(၁) နာဟံ ကွစနိ
ကွစနိ၊ တစုံတခုသော နေရာဌာန, အချိန်ကာလ တွင်းပသဘော တရား၌။
အဟံ၊ ငါဟုဆိုစရာ ကိုယ်သည်။
၊ မရှိ။

(၂) န ကဿစိ ကိဉ္စိနတသ္မိံ
ကဿစိ၊ တပါးသော သူ၏။
ကိဉ္စနတသ္မိံ၊ ကြောင့်ကြဘွယ်အဖြစ်၌။
ဥပနေတဗ္ဗော၊ သိအပ်သော။
ကဿစိ၊ တစုံတယောက်၏ သားမြေး မိဘ စသည်ဆိုစရာ ငါဟူသော ကိုယ်သည်။
ကွစနိ၊ တစုံတခုသော နေရာဌာန, အချိန်ကာလ တွင်းပသဘော တရား၌။
၊ မရှိ။

(၃) န စ ပရော ကွစနိ
ကွစနိ၊ တစုံတခုသော နေရာဌာန, အချိန်ကာလ တွင်းပသဘော တရား၌။
ပရော စ၊ သူတပါး-ဟု ဆိုစရာ ကိုယ်သည်လည်း။
၊ မရှိ။

(၄) န မမ ကိဉ္စနတသ္မိံ
မမ၊ ငါ၏။
ကိဉ္စနတသ္မိံ၊ ကြောင့်ကြဘွယ်အဖြစ်၌။
ဥပနေတဗ္ဗော၊ မမ၊ ငါ၏ သားမြေး မိဘစသည် ဆိုစရာ သူတပါး ဟူသော ကိုယ်သည်။
ကွစနိ၊ တစုံတခုသော နေရာဌာန, အချိန်ကာလ တွင်းပသဘော တရား၌။
၊ မရှိ။

(ဤသို့မြင်လျှင် ခြောက်ဘို့ သုံးသပ်ရသည်။)

၁။ ရူပံ သုညံ-အတ္တေနဝါအတ္တနိယေနဝါနိစ္စေနဝါဓုဝေနဝါသဿတေနဝါအဝိပရိဏာမဓမ္မေနဝါ

(ဝေဒနာ-စသည်ဖြင့် ခန္ဓာငါးပါး၊ ဒွါရခြောက်ပါး၊ အာရုံ- ခြောက်ပါး၊ ဝိညာဏ် ခြောက်ပါး၊ ဖဿ ခြောက်ပါး၊ ပဋိစ္စသမုပ္ပါဒ် ၁၂-ပါးအထိ သုံးသပ်ရသည်။)

ဇရာ မရဏံ သုညံ- အတ္တေနဝါအတ္တနိငယနဝါနိစ္စနဝါဓုဝေနဝါသဿတေနဝါအဝိပရိဏာမဓမ္မေနဝါ

ရူပံ၊ ရုပ်သည်။
အတ္တေနဝါ၊ ကိုယ်မှလည်း။
သုညံ၊ ဆိတ်၏။
အတ္တနိယေနဝါ၊ ကိုယ်၏ ဥစ္စာသတ္တဝါသင်္ခါရမှလည်း။
သုညံ၊ ဆိတ်၏။
နိစ္စေနဝါ၊ မြဲ၏ဟု ကြံဆအပ်သော မိမိကိုယ် သူတပါးကိုယ်မှလည်း။
သုညံ၊ ဆိတ်၏။
ဓုဝေနဝါ၊ ခိုင်ခံ့ခြင်းမှလည်း။
သုညံ၊ ဆိတ်၏။
သဿတေနဝါ၊ အမြဲ ထင်ရှား ရှိခြင်းမှလည်း။
သုညံ၊ ဆိတ်၏။
အဝိပရိဏာမဓမ္မနဝါ၊ မဖောက်ပြန်ခြင်းသဘော မှလည်း။
သုညံ၊ ဆိတ်၏။

ဤသို့မြင်လျှင် ရှစ်ဘို့ သုံးသပ်ရသည်၊ ရေသဖန်း ကြက်ဆူ, ကျူ, ပေါက်, ကသစ်, ရေခတက်ဖြူ-ကြောင်မီးကူ ရေမြှုပ်စိုင်, တံလှပ်, ရေပွက်, မျက်လှည့်ရုပ်, ငှက်ပျောတုံး ကဲ့သို့ အနှစ်မရှိ-ဟု နှလုံးပြု၍ သုံးသပ်ရသည်။

သုံးသပ်ပုံကား-

၁။ ရူပံ-အသာရံ နိဿာရံ သာရာပဂတံ- နိစ္စသာရသာရေနဝါဓုဝသာရသာရေနဝါသုခသာရသာရေနဝါအတ္ထသာရ သာရေနဝါနိစ္စေနဝါဓုဝေနဝါသဿတေနဝါအဝိပရိဏာမ ဓမ္မေနဝါ

ဇရာမရဏအထိ သုံးသပ်ရသည်။

ရူပံ၊ ရုပ်သည်။
နိစ္စသာရသာရေနဝါ၊ နိစ္စသာရဟူသော အနှစ်ဖြင့်၎င်း။
ဓုဝသာရသာရေနဝါ၊ ဓုဝသာရဟူသော အနှစ်ဖြင့်၎င်း။
သုခသာရသာရေန ဝါ၊ သုခသာရ ဟူသော အနှစ်ဖြင့်၎င်း။
အတ္တသာရသာရေနဝါ၊ အတ္တသာရ ဟူသော အနှစ်ဖြင့်၎င်း။
နိစ္စေနဝါ၊ မြဲခြင်းဖြင့်၎င်း။
ဓုဝေနဝါ၊ ခိုင်ခံ့ခြင်းဖြင့်၎င်း။
သဿတေနဝါ၊ အမြဲထင်ရှားရှိခြင်းဖြင့်၎င်း။
အဝိပရိဏာမဓမ္မေနဝါ၊ မဖောက်ပြန်ခြင်း သဘောဖြင့်၎င်း၊
အသာရံ၊ငှက်ပျောတုံးစသည်နှင့်တူစွာ အနှစ်မဟုတ်။
နိဿာရံ၊ ငှက်ပျောတုံး စသည်နှင့်တူစွာ အနှစ်မရှိ။
သာရာပဂတံ၊ ငှက်ပျောတုံးစသည်နှင့်တူစွာ အနှစ်ကင်း၏။

ဤသို့မြင်လျှင် ဆယ်ဘို့ သုံးသပ်ရသည်။

၁။ ရူပံ-ရိတ္တံတုစ္ဆံသုညံအနတ္တာအနိဿရိယံအကာမကာရိယံအလဗ္ဘနီယံအဝသဝတ္တကံပရံဝိဝိတ္တံ

ဝေဒနာ စသည် ထိုအတူ။

ရူပံ၊ ရုပ်သည်။
ရိတ္တံ၊ နိစ္စသာရစသော အနှစ်ကင်း၏။
တုစ္ဆံ၊ အချည်းနှီး ဖြစ်၏။
သုညံ၊ အတ္တသာရမှ ဆိတ်၏။
အနတ္တာ၊ ကိုယ်မဟုတ်။
အနိဿရိယံ၊ အစိုးမရ။
အကာမကာရိယံ၊ အလိုရှိတိုင်းပြု၍မရ။
အလဗ္ဘနီယံ၊ တောင့်တတိုင်းမရ။
အဝသဝတ္တကံ၊ အလိုမလိုက်တတ်။
ဝါ၊ အလိုမတူဘဲ ဖြစ်တတ်၏။
ပရံ၊ သူစိမ်းပြင်ပ ဖြစ်၏။
ဝိဝိတ္တံ၊ အကြောင်းအကျိုးမှ ဆိတ်၏။

ဤသို့မြင်လျှင် တဆဲ့နှစ်ဘို့ သုံးသပ်ရသည်။

၁။ ရူပံ-နသတ္တောနဇီဝေါန နရောန မာဏဝေါန ဣတ္ထိန ပုရိသောန အတ္တာနာဟံန အတ္တနိယံနမမန အညဿန ကဿစိ

ဝေဒနာစသည် ထိုအတူ။

ရူပံ၊ ရုပ်သည်။
နသတ္တော၊ သတ္တဝါ မဟုတ်။
နဇီဝေါ၊ အသက်ဇီဝ အရှင်မဟုတ်။
န နရော၊ ဆောင်တတ်သောလူ မဟုတ်၊
န မာဏဝေါ၊ မာန ဖြစ်ရာ လုလင်မဟုတ်။
နဣတ္ထိ၊ မိန်းမမဟုတ်။
နပုရိသော၊ ယောက်ျား မဟုတ်။
နအတ္တာ၊ ကိုယ်မဟုတ်။
နအဟံ၊ ငါမဟုတ်။
န အတ္တနိယံ၊ ကိုယ်၏ ဥစ္စာမဟုတ်။
န မမ၊ ငါ၏ဥစ္စာမဟုတ်။
နအညဿ၊ သူတပါး၏ မဟုတ်။
နကဿစိ၊ တစုံတယောက်၏ ဥစ္စာမဟုတ်။

(ရှေ့ရှစ်ပုဒ်ဖြင့် အတ္တ ဆိတ်သည်ကို ပြ၏၊
နောက်လေးပုဒ်ဖြင့် ကိဉ္စနတာ-မရှိသည်ကို ပြ၏။)

ဤသို့မြင်လျှင် ၄၂-ပါးသော အခြင်းအရာဖြင့် သုံးသပ်ရသည်။

၁။ ရူပံ-အနိစ္စံဒုက္ခရောဂံဂဏ္ဍံသလ္လံ (၅)
အဃံအာဗာဓံပရံပလောကံဤတိ (၁၀)
ဥပဒ္ဒဝံဘယံဥပသဂ္ဂံစလံပဘဂၤု (၁၅)
အဒ္ဓုဝံအတာဏံအလေဏံအသရဏံအသရဏီဘူတံ (၂၀)
ရိတ္တံတုစ္ဆံသုညံအနတ္တာ၊ (အနုဿာဒံ- ဤပုဒ် ပါဠိတော်၌မရှိဟု ဋီကာဆိုသည်၊) အာဒီနဝံ(၂၅)
ဝိပရိဏာမံအသာရကံဝဓကံအဃမူလံဝိဘဝံ (၃၀)၊
သာသဝံသင်္ခတံမာရာမိသံဇာတိဓမ္မံဇရာဓမ္မံ (၃၅)
ဗျာဓိဓမ္မံမရဏဓမ္မံသောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသဓမ္မံသမုဒယံအတ္ထင်္ဂမံ (၄၀)၊
အာဒီနဝံ၊ (ဤပုဒ်ထပ်ဟောသည်၊) နိဿရဏံ ၄၂။

ဝေဒနာစသည် ထိုအတူ။

၂။ ရုပ်သည် အမြဲမရှိ၊ ဆင်းရဲ၏၊ မတ်တတ်နာ၊ အိုင်းနာ၊ မြှားငြောင့် တံကျင် (၅)၊
မကောင်းမှု၊ တုံးလုံးနာ၊ သူစိမ်း၊ ပရမ်းပတာ ပျက်၏၊ ဘေးရန် (၁၀)
ဘေးရန်တည်ရာ၊ ကြောက်ဘွယ် အပြစ် ကပ်ငြိ၏၊ တုန်လှုပ်၏၊ အလိုလိုပျက်၏ (၁၅)၊
မခိုင်ခံ့၊ မစောင့်ရှောက်၊ ပုန်းအောင်းရာမဟုတ်၊ ဇာတိစသောဘေးကို မညှဉ်းဆဲ၊ ကိုးကွယ်ရာမဟုတ် (၂၀)၊
ဆိတ်၏၊ အချည်းနှီး၊ ကိုယ်မှုဆိတ်၏၊ ကိုယ်မဟုတ် (သာယာဘွယ်မရှိ။) အပြစ်အတိ (၂၅)၊
ဖောက်ပြန်၏၊ အနှစ်မရှိ၊ မကောင်းမှု၏အကြောင်း၊ သေကြောင်းကြံသူ၊ စီးပွားမရှိ (၃၀)၊
အာသဝေါဖြစ်ကြောင်း၊ ပြုပြင်အပ်၏၊ မာရ်ငါးပါး၏အစာ၊ ပဋိသန္ဓေ သဘောရှိ၏၊ အိုခြင်း သဘောရှိ၏ (၃၅)၊
နာခြင်းသဘော ရှိ၏၊ သေခြင်းသဘော ရှိ၏၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသသဘော ရှိ၏၊ ဖြစ်ခြင်း သဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏၊ (၄၀)
သာယာစရာမရှိ၊အပြစ် အတိဖြစ်၏၊ ထွက်မြောက်ကြောင်း လမ်းပေါက်ဖြစ်၏(၄၂)။

ဤသို့ ၄၂-ပါးဖြင့် ရှုလျှင် သုညတအားဖြင့် ခန္ဓလောကကို ရှုသည် မည်၏၊

ချစ်သား မောဃရာဇ ... သုညအားဖြင့် ခန္ဓာငါးပါး ဟူသော လောကကိုရှုလော့၊ အတ္တစွဲ ဒိဋ္ဌိ ၂၀-ကို ပယ်နုတ်လော့၊ ဤသို့လျှင် သေမင်းကို လွန်နိုင်၏၊ ဤသို့သော လောကရှုသူကို သေမင်းမမြင်ဟု ဟောသည်။

သုညတော လောကံ အဝေက္ခဿု
မောဃရာဇ သဒါ သတော
အတ္တာ နုဒိဋ္ဌိံ ဥဟစ္စ
ဧဝံ မစ္စုတရော သိယာ

မောဃရာဇ၊ ချစ်သားမောဃရာဇ။
တွံ၊ သင်သည်။
သဒါ၊ အခါခပ်သိမ်း။
သတော၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍။
အတ္တာနုဒိဋ္ဌိံ၊ ငါ့ကိုယ် ငါ့ဟာ ငါ-ဟု အစဉ်ရှုခြင်းကို။
ဥပဟစ္စ၊ ပယ်စွန့်လော့။
ဥဟစ္စ၊ ပယ်စွန့်၍။
လောကံ၊ ခန္ဓာငါးဝ ရုပ်နာမ်လောကကို။
သုညတော၊ သုညအားဖြင့်။
ဝါ၊ သုညဟူ၍။
အဝေက္ခဿု၊ ဉာဏ်သက်ဝင်၍ မြင်အောင်ရှုလော့။
ဧဝံ၊ ဤသို့ ရှုသည်ရှိသော်။
မစ္စုတရော၊ သေမင်းကိုလွန်မြောက်သည်။
သိယာ၊ ဖြစ်ရာ၏။

ဤသို့ သုညအားဖြင့် မြင်၍ အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ပဋိသင်္ခါဉာဏ်ဖြင့် ရှုဖန် များလတ်သော် ကြောက်ခြင်း နှစ်သက်ခြင်း၊ မုန်းခြင်း, ချစ်ခြင်း ပယ်နိုင်၏၊ သင်္ခါရ တို့၌ လျစ်လျူရှုခြင်းသော်၎င်း, စက်ဆုပ်ခြင်းသော်၎င်း တည်၏၊ ဤသင်္ခါရုပေက္ခာ ဉာဏ်တိုင်အောင် ဝိပဿနာအားထုတ်ခြင်းသည် ပဋိသမ္ဘိဒါဉာဏ် ရကြောင်း ငါးပါး၌ ပါဝင်၏။

သင်္ခါရုပေက္ခာဉာဏ် ပြီး၏။

အနုလောမဉာဏ်

ဤသင်္ခါရုပေက္ခာဉာဏ်ကို ဖန်ဖန်အားထုတ်သော ယောဂီအား သဒ္ဓါ ဝီရိယ, သတိ, စိတ် ထက်သန် တည်ကြည်၍ ထက်သန်လှသော သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပေါ် လာပြီးလျှင် မဂ်စိတ်ဖြစ်လိုသည်ရှိသော် အနိစ္စ အနတ္တ-သုံးသပ်မြဲ သုံးသပ်နေကျ ဖြစ်သော မနောဒွါရာဝဇ္ဇန်း, မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောခုနစ်ကြိမ်ဖြစ်ရာမှ ဘဝင်ကျ၍ ဘဝင်အယဉ်ကို ဖြတ်ပြီးလျှင် သင်္ခါရ၏ အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာ တပါးပါးကို အာရုံပြုလျက် မနောဒွါရာဝဇ္ဇန်း၊ ထိုနောင် ပရိကံ, ဥပစာ, အနုလုံဟု ဝိပဿနာဉာဏ် ဇောသုံးကြိမ် ဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘူ ဝိပဿနာ ဉာဏ်ဇော တကြိမ်, မဂ်တကြိမ်, ဖိုလ်နှစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏၊ ဤ၌ ပရိကံ, ဥပစာ, အနုလုံဉာဏ်သည် အနုလောမဉာဏ်မည်၏၊

ဤဉာဏ်ဇော တို့ကို သာမညအားဖြင့် အာသေဝန ဟူ၍လည်း ခေါ်ဆိုအပ်ကုန်၏၊ ပရိကံ ဟူ၍၎င်း, ဥပစာဟူ၍၎င်း, အနုလုံ ဟူ၍၎င်း ခေါ်ဆိုအပ်ကုန်သည်သာတည်း။

အဘယ်ကြောင့် အနုလောမဉာဏ် မည်သနည်း၊

ရှေးဉာဏ်ရှစ်ပါး ကိစ္စအား၎င်း, နောက်မဂ်၌ဖြစ်သော ဗောဓိပက္ခိယတရား ၃၇-ပါး တို့အား၎င်း လျော်သောကြောင့်တည်း၊

လျော်ပုံကား-

ဤအနုလောမဉာဏ်သည် မိမိလည်း အနိစ္စလက္ခဏာစသည့် အစွမ်းဖြင့် သင်္ခါရတို့၌ အာရုံပြု၍ဖြစ်သည်၊ ထို့ကြောင့် “ရှေးဉာဏ်ရှစ်ပါးသည် အသီးသီး ဥဒယဝယတို့ကို မြင်ပေပြီ၊ ဘင်ကို မြင်ပေပြီ၊ ဘေးဟုထင်ပေပြီ၊ အပြစ်မြင်ပေပြီ၊ ငြီးငွေ့ပေပြီ၊ လွတ် လိုပေပြီ။ တဖန်သိမ်းဆည်းပေပြီ၊ လျစ်လျူရှုပေပြီ” ဟု မြွက်ဆိုသကဲ့သို့ ဖြစ်သည်၊

ရှေးဉာဏ်ရှစ်ပါး၏ မှန်ကန်သော ကိစ္စရှိခြင်းနှင့် လျော်အောင် ဖြစ်သည်၊ ဉာဏ်ရှစ်ပါး၏ ကိစ္စကို ထောက်ခံသလိုဖြစ်သည်၊ ထိုအကျင့်ဖြင့် ၃၇-ပါးသို့ ရောက်အပ်သောကြောင့်လည်း အထက် ဗောဓိပက္ခိယတို့နှင့် လျော်အောင် ဖြစ်သည်။

အမတ်ရှစ်ယောက်၏ တရားဆုံးဖြတ်ခြင်းကို ကြည့်ပြီးလျှင် အဂတိ မလိုက်ဘဲ ဤအတိုင်း တည်စေရမည်-ဟု မင်းတရားကြီး ဆိုသည်နှင့် တူ၏၊ ဤသို့ ဆိုခြင်းသည် အမတ်ရှစ်ယောက်၏ ဆုံးဖြတ်ခြင်းနှင့်လည်း လျော်၏၊ ရှေးရှေး မင်းကောင်းတို့၏ ဓမ္မသတ်ထုံးနှင့်လည်း လျော်၏၊ ဤဥပမာအတူ ရှေ့နောက် လျော်သောကြောင့် ဤအနုလောမဉာဏ်ကို သစ္စာနုလောမဉာဏ် ဟု ဆိုအပ်၏။

ဤအနုလောမဉာဏ်သည် သင်္ခါရ အာရုံပြုသော ဝုဋ္ဌာနဂါမိနီဝိပဿနာ ၏ အဆုံး ဉာဏ်ဖြစ်၏၊ အဆုံးဉာဏ် အစစ်ကား ဂေါတြဘူဉာဏ်ဖြစ်၏၊ ထိုထို သုတ်တို့၌ ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို -

အကမ္မယတာ, နိဗ္ဗိဒါ, ဓမ္မဋ္ဌိတိဉာဏ်, သညဂ္ဂ, ပါရိသုဒ္ဓိ ပဓာနိယင်္ဂ (၅)၊
မုဉ္စိတုကမျတာ, ပဋိသင်္ခါ, သင်္ခါရုပေက္ခာ (၈)
အနုလုံ, ဂေါတြဘူ, ဝေါဒါန်, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ (၁၂)
ဟူ၍၎င်း အမည်များစွာဖြင့် ဟော၏။

သံသရာညွန်မှ ထလိုသော ပညာရှိသည် ထိုဝုဋ္ဌာနဂါမိနီဝိပဿနာ ရအောင် မနေမနား အားထုတ်ရာ၏။

အနုလောမဉာဏ်ပြီး၏။

ဤတွင် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ပြီး၏။

ဘာဝနာအားထုတ်စရာ ဉာဏ်အစဉ်ပြီး၏။

ဉာဏဒဿန ဝိသုဒ္ဓိ

ဤသို့ဆိုပြီးသော ဉာဏ်စဉ်ဖြင့် မဂ်ဖိုလ်ရပြီးလျှင် အောက်အောက်မဂ် ဖိုလ် ရသူသည် အထက်အထက် မဂ်ဖိုလ်အလို့ငှါ ထိုရုပ်နာမ် သင်္ခါရတို့ကို သာလျှင် အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ဉာဏ်ဆယ်ပါးဖြင့် သုံးသပ်ပြန်၏၊

သင်္ခါရုပေက္ခာဉာဏ် အဆုံး၌ အထက်မဂ်စိတ် ဝီထိဖြစ်၏၊
အဆုံး၌ အရဟတ္တမဂ် စိတ် ဝီထိဖြစ်၏၊
ဤဆိုပြီးသော မဂ်လေးပါး၌ရှိသော ဉာဏ်သည် ဉာဏ ဒဿနဝိသုဒ္ဓိ မည်၏။

မြတ်စွာဘုရား၏ သာသနာတော်၌ ဤအနေသို့ရောက်လျှင် ရဟန်းကိစ္စ တုံးသည် မည်၏၊ ဤအနေသို့ မရောက်မီ စာတတ်ပုဂ္ဂိုလ်ဖြစ်ရုံမျှ ဓမ္မကထိက ဖြစ်ရုံမျှ ကျောင်းထိုင် ဘုန်းကြီးဖြစ်ရုံမျှ ဆရာတော်ဘုရားကြီး ဖြစ်ရုံမျှ ဖြင့် ရဟန်းကိစ္စမတုံး၊ တုံးမိလျှင် ရဟန်းပြုကျိုးမနပ်၊ ထို့ကြောင့် ရဟန်း ကိစ္စတုံးသော ပန်းတိုင် အရောက် ထက်သန်စွာ အားထုတ် နိုင်ကြပါစေ သတည်း။

သင်္ခါရုပေက္ခာ၌ မှတ်ဘွယ်များ

နိဗ္ဗာန်ချမ်းသာကို မမြင်သေး၍ သမုဒြာငှက်ပမာ သင်္ခါရတို့ကို ဖန်ဖန် အာရုံပြုခြင်း သည် မုံ့ညက်ကို ထပ်ဆင့်ခြင်း, ဝါဂွမ်းကို ထပ်ဖတ်ခြင်းနှင့် တူ၏၊ အနည်းနည်း သိမ်းဆည်း၍ ကြောက်ခြင်း, နှစ်သက်ခြင်း၊ မုန်းခြင်း ချစ်ခြင်းကို ပယ်၍ ဖန်ဖန် လျစ်လျူရှု၍ အနုပဿနာ သုံးပါးစွမ်းဖြင့်ပင် တည်လျက်ရှိ၏၊ ဤသို့တည်သော အနုပဿနာ သုံးပါးသည် ဝိမောက္ခ (မဂ်) သုံးပါးပြားကြောင်း၊ အရိယာပုဂ္ဂိုလ် ခုနစ်ယောက် ပြားကြောင်း ဖြစ်၏။

ဝိမောက္ခပြားပုံကား -

၁။ ယောဂီသည် သဒ္ဓိန္ဒြေအားကြီးသူ ဖြစ်အံ့၊ အနိစ္စာနုပဿနာ ထက်သန်၏၊ ဥဒယနှင့် ဝယအကြား သေးငယ်သော သင်္ခါရတို့၌ နိစ္စ သုခ, သုဘ, အတ္တ-နိမိတ်ကို ခွါလျက် သင်္ခါရနိမိတ် ကင်းသော နိဗ္ဗာန်သို့ ညွတ်၍ မဂ်ဖိုလ်ရ၏၊ ထိုအခါ -
နိဗ္ဗာန်သည် အနိမိတ္တနိဗ္ဗာန်
မဂ်သည် အနိမိတ္တဝိမောက္ခ
အနိစ္စ-ဟုရှုသော သင်္ခါရုပေက္ခာ ဉာဏ်သည် အနိမိတ္တဝိမောက္ခမုခ မည်၏။

၂။ သမာဓိန္ဒြေ အားကြီးသူဖြစ်အံ့၊ ဒုက္ခာနုပဿနာ ထက်သန်၏၊ ဇာတိ စသည် မကင်းသော သင်္ခါရတို့၌ ထိတ်လန့်၍ တောင့်တတတ်သော တဏှာပဏိဓိကိုခွါလျက် တဏှာပဏိဓိကင်းသော နိဗ္ဗာန်သို့ ညွတ်၍ မဂ်ဖိုလ်ရ၏၊ ထိုအခါ အပ္ပဏိဟိတနိဗ္ဗာန်, အပ္ပံဏိဟိတ ဝိမောက္ခ, အပ္ပံဏိဟိတ ဝိမောက္ခမုခ မည်၏။

၃။ ပညိန္ဒြေ အားကြီးသူဖြစ်အံ့၊ အနတ္တာနုပဿနာထက်သန်၏၊ သူစိမ်း ပြင်ပဟု မြင်သော သင်္ခါရတို့၌ အတ္တသညာ ခွါလျက် အတ္တ ကင်းသော နိဗ္ဗာန်သို့ညွတ်၍ မဂ်ဖိုလ်ရ၏၊ ထိုအခါ သုညတနိဗ္ဗာန်, သုညတဝိမောက္ခ သုညတဝိမောက္ခမုခ မည်၏။

တနည်း-

အနိစ္စသန်သန် ရှုဖန်များလျှင် သဒ္ဓါကြီး၍ အနိမိတ္တဝိမောက္ခ ကိုရသည်၊
ဒုက္ခသန်လျှင် သမာဓိကြီး၍ အပ္ပဏိဟိတ ဝိငမာက္ခကို ရသည်၊
အနတ္တသန်လျှင် ပညာကြီး၍ သုညတဝိမောက္ခကို ရသည်။

ပဋိသမ္ဘိဒါမဂ်၌ အနုပဿနာ သုံးပါးလုံးသည် နိစ္စ, သုခ, အတ္တ ဟူသော နိမိတ် သုံးပါးကို လွှတ်သည်၊ ထို နိစ္စ, သုခ, အတ္တ- သုံးပါးဖြင့် တောင့်တခြင်းကိုလည်း လွှတ်သည်၊ နှလုံးသွင်းခြင်းကိုလည်းလွှတ်သည်၊ ထို့ကြောင့် ဝိမောက္ခသုံးပါးစီ မည်နိုင်ကြသည်သာ-ဟု ပရိယာယ်ဖြင့် ဆို၏၊

မုချအားဖြင့်ကား-

အဘိဓမ္မာပါဠိတော် အတိုင်း မဂ်သည်သာလျှင် ဒုက္ခ အနတ္တ-ဟူသော အာဂမစွမ်းဖြင့် အပ္ပဏိဟိတ, သုညတ-ဟု ဝိမောက္ခ နှစ်မည် ရသည်၊ အနိစ္စသည်- နိစ္စ, သုခ, အတ္တ-နိမိတ်ကို ခွါသော်လည်း မိမိကား သင်္ခါရနိမိတ်အတွင်းဝင် ဖြစ်၏၊ အနိမိတ္တ စင်စစ်မဟုတ်၊ ထို့ကြောင့် မဂ်အား အနိမိတ္တ ဝိမောက္ခ အမည်မပေးနိုင်။

တနည်း-

အနိစ္စဟု နှလုံးပြုသော အနိမိတ္တာနုပဿနာသည် သဒ္ဓါလွန်ကဲ၏၊ သဒ္ဓါသည် မဂ္ဂင်မဟုတ်၊ ထို့ကြောင့် မဂ်အား အနိမိတ္တဝိမောက္ခ အမည်မပေးနိုင်။

အရိယာပုဂ္ဂိုလ်ပြားပုံကား-

အရိယာပုဂ္ဂိုလ်သည် -
၁။ သဒ္ဓါနုသာရီ
၂။ သဒ္ဓါဝိမုတ္တ
၃။ ကာယသက္ခိ
၄။ ဥဘတောဘာဂဝိမုတ္တ
၅။ ဓမ္မာနုသာရီ
၆။ ဒိဋ္ဌပ္ပတ္တ
၇။ ပညာဝိမုတ္တ

ဤသို့ ခုနစ်ယောက်ရှိ၏။

အနိစ္စ ဟု နှလုံးသွင်းလျှင် သဒ္ဓိန္ဒြေရ၍ သောတာပတ္တိမဂ်ခဏ၌ သဒ္ဓါနုသာရီပုဂ္ဂိုလ် မည်၏၊ ကြွင်း ခုနစ်ဌာန၌ သဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ်မည်၏၊ ပုဂ္ဂလပညပ်၌ကား အလယ် ခြောက်ဌာန သဒ္ဓါဝိမုတ္တ, အဆုံး၌ ပညာဝိမုတ္တ-ဟု ဆိုသည်။

ဒုက္ခ-ဟု နှလုံးသွင်းလျှင် သမာဓိန္ဒြေရ၍ ရှစ်ဌာနလုံး ကာယသက္ခီ၊ အရူပဈာန် အခြေခံ၍ အရဟတ္တဖိုလ်ရလျှင် ဥဘတောဘာဂ ဝိမုတ္တမည်၏၊ ပုဂ္ဂလပညတ်နှင့် သီသီ ကွဲလွဲသည်။

အနတ္တ-ဟု နှလုံးသွင်းလျှင် ပညိန္ဒြေရ၍ အစမဂ်၌ ဓမ္မာနုသာရီ၊ အလယ် ခြောက်ဌာန၌ ဒိဋ္ဌပ္ပတ္တ, အဆုံးဖိုလ်၌ ပညာဝိမုတ္တ မည်၏။

သင်္ခါရုပေက္ခာဉာဏ်ရပြီးသော ယောဂီ၏ ဝိပဿနာသည် သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်, ဂေါတြဘူဉာဏ်-ဟု သုံးမျိုးပြား၏၊ ဤသုံးမျိုးသည် သိခါပတ္တ မည်၏၊ ဝုဋ္ဌာနဂါမိနီလည်း မည်၏၊ ဝုဋ္ဌာနမည်သော မဂ်သို့ သွားသော ဉာဏ်ဟု ဆိုလိုသည်။

ဝုဋ္ဌာနမည်ကြောင်းကား- မဂ်သည် “ဝုဋ္ဌာတိ၊ ထတတ်၏” ဟူသော အနက်ကြောင့် ဝုဋ္ဌာနမည်၏၊ ဗဟိဒ္ဓနိမိတ်မှလည်း ထသည်၊ အဇ္ဈတ္တပဝတ္တ မှလည်း ထသည်။

မဂ် ထပုံကား-

အဇ္ဈတ္တသင်္ခါရ၌သာ အစစွာ နှလုံးသွင်း၍ (အခြေပြု၍) အနိစ္စ ဒုက္ခ အနတ္တ မြင်သော်လည်း အဇ္ဈတ္တသက်သက်ဖြင့် မဂ်မထ၊ ဗဟိဒ္ဓ သက်ရှိသက်မဲ့ သင်္ခါရ တို့၌လည်း နှလုံးသွင်း၍ ရှုရသည်၊ အဇ္ဈတ္တရံခါ ဗဟိဒ္ဓရံခါ ရှုသဖြင့် အဇ္ဈတ္တ သုံးသပ်စဉ် ဝိပဿနာဉာဏ်သည် မဂ်နှင့်စပ်အံ့၊ ဝါ-မဂ်ရသည် ဖြစ်အံ့၊ အဇ္ဈတ္တ နှလုံးသွင်း၍ အဇ္ဈတ္တမှ မဂ်ထသည် မည်၏၊ ဗဟိဒ္ဓ သုံးသပ်စဉ် မဂ်ရအံ့၊ အဇ္ဈတ္တနှလုံးသွင်း၍ ဗဟိဒ္ဓမှ မဂ်ထသည် မည်၏၊

အဇ္ဈတ္တ အခြေပြုသူ - အဇ္ဈတ္တမှထ, ဗဟိဒ္ဓမှထ၊
ဗဟိအခြေပြုသူ - ဗဟိဒ္ဓထ အဇ္ဈတ္တမှထ။
လေးနည်း။

ရုပ်အခြေပြု၍ ရုပ်မှထ, နာမ်မှထ၊
နာမ်အခြေပြု၍ နာမ်မှထ, ရုပ်မှထ၊
လေးနည်း။

ဉာဏ်ကြီးသူဖြစ်အံ့၊ “ယံကိဉ္စိ သမုဒယဓမ္မံသဗ္ဗံ တံ နိရောဓ” ဟု နှလုံးသွင်း၍ ခန္ဓာငါးပါးမှ တပြိုင်တည်းထသည်-ဟု တနည်းပြ၏။

အနိစ္စအခြေပြု၍ အနိစ္စမှထ, ဒုက္ခထ, အနတ္တမှထ-သုံးနည်း၊
ထိုအတူ
ဒုက္ခအခြေပြု၍ သုံးနည်း၊
အနတ္တအခြေပြု၍ သုံးနည်း၊
ပေါင်း ၉-နည်း ဖြစ်၏၊

အနိစ္စသက်သက်, ဒုက္ခသက်သက်, အနတ္တသက်သက်ဖြင့် မဂ်ထသည် ဟု မဟော၊ မထဟု ဟောသည်၊ ဤစကားဖြင့် အနတ္တတခုတည်းပေါက်ရုံဖြင့် မဂ်ရသည်ဟူသော ဝါဒကို ပစ်ပယ်အပ်၏။

တခုခုအခြေပြု၍ အနိစ္စမှထသူသည် သဒ္ဓိန္ဒြေကိုရ၏၊ အနိမိတ္တဝိမောက္ခဖြင့် လွတ်၏၊ အစမဂ်ခဏ၌ သဒ္ဓါနုသာရီ၊ကြွင်း ၇-ဌာန၌ သဒ္ဓါဝိမုတ္တမည်၏။

ဒုက္ခမှထလျှင် သမာဓိကိုန္ဒြေရ၊ အပ္ပဏိဟိ ဝိမောက္ခဖြင့်လွတ်၊ ရှစ်ဌာနလုံး ကာယသက္ခိ အရူပဈာန်ပါဒကပြု၍ အရဟတ္တဖိုလ် ရအံ့၊ ဥဘတောဘာဂ ဝိမုတ္တ

အနတ္တမှထလျင် ပညိန္ဒြေကိုရ၊ သုညတဝိမောက္ခဖြင့်လွတ်၊ အစ၌ ဓမ္မာနုသာရီ၊ အလယ်ခြောက်ဌာန ဒိဋ္ဌပတ္တ၊ အဆုံး၌ ပညာဝိမုတ္တ မည်၏။

ရှေ့ဉာဏ် နောက်ဉာဏ်နှင့်တကွ ဝုဋ္ဌာနဂါမိနိဝိပဿနာ ဟူသော မဂ်ဉာဏ် ထင်ရှား စေခြင်းငှာ ...
ငှက်၊ မြွေ၊ အိမ်၊ နွား၊ (၄)
ဘီလူး၊ သားမှတ် (၂)
ဆာ၊ ငတ်၊ ဧ၊ ပူ (၄)
မှောင်ထူ၊ အဆိပ် (၂)
ဤဥပမာ ၁၂-ရပ်ကို သိအပ်၏။

တခုစီ ချဲ့ပေအံ့။

ငှက်

လင်းနို့ငှက်သည် အကိုင်းငါးခု ရှိသော သစ်ပင်၌နား၏။ တကိုင်းစီ အသီးအပွင့် ရှာ၏။ အကိုင်းအားလုံး ယူစရာ သီးပွင့်မမြင်၍ အကျိုးမရှိဟု တွယ်တာခြင်းကို စွန့်၏။ ဖြောင့်သော အထက်ကိုင်းသို့ တက်၍ အထက်သို့ ကြည့်၍ ပျံသွား၏။ အသီးရှိသောသစ်ပင်၌ နား၏။

ယောဂီသည် ဥပါဒါနက္ခန္ဓာငါးပါး၌ ငါ့ကိုယ်ဟု နှလုံးသွင်းကာ နာ၏။ ခန္ဓာတပါးစီ ဝိပဿနာဉာဏ်ဖြင့် သီးပွင့်ရှာ၏။ ခန္ဓာ အားလုံး၌ ယူစရာမတွေ့ ငြီးငွေ့၍ မုဉ္စိတု၊ ပဋိသင်္ခါ၊ သင်္ခါရုပေက္ခာဖြင့် အကျိုးမရှိဟု တွယ်တာခြင်းကို စွန့်၏။ အနုလောမဉာဏ် ဖြင့် ဖြောင့်သော အထက်ကိုင်းသို့တက်၍ ဂေါတြဘူဉာဏ်ဖြင့် အထက်သို့ကြည့်၍ မဂ်ဉာဏ်ဖြင့်ပျံသွား၏။ ဖိုလ်ဉာဏ်ဖြင့် အသီးရှိရာ တပင်၌ နား၏။

(ယောဂိအချို့ စွဲလမ်းတတ်သည်မှာ- ဒါန, သီလ, လို၎င်းမဟုတ်၊ သမထ ဘာဝနာ လိုရင်းမဟုတ်၊ ဝိပဿနာတို့တွင်လည်း အနိစ္စ, ဒုက္ခ လိုရင်းမဟုတ် မဂ်ဖိုလ် မရနိုင်၊ အနတ္တသာ လိုရင်းဖြစ်၏။ မဂ်, ဖိုလ် ရကြောင်း ဖြစ်၏’-ဟု စွဲလမ်းတတ်သည်၊ သဒ္ဓါနှင့်ပညာ မညီမျှသူ ဖြစ်နိုင်သည်။)

မြွေ

တံငါတယောက်သည် ငါးဆောင်းရာ၌ ဝမ်းမြောက်စွာ မြွေကိုမိ၏။ ရေမှ ထုတ်ဖော် လတ်သော် လည်ရေးသုံးတန့် မြင်၍ ကြောက်ခြင်း၊ အပြစ်မြင်ခြင်း၊ ငြီးငွေ့ခြင်း၊ လွှတ်လိုခြင်း ဖြစ်၏။ လွှတ်နိုင်ကြောင်းပြု၍ လွှင့်ပစ်၏။ ကမ်းသို့တက်ကာ လာလမ်း ပြန်ကြည့်၏။ ဘေးကင်းရာ၌ တည်၏။

ယောဂီသည် ဘုံသုံးပါး ကျင်လည်ရာ၌ ဝမ်းမြောက်စွာ ခန္ဓာငါးပါးမြွေကို ရ၏။ ဝိပဿနာဉာဏ်ဖြင့် ထုတ်ဖော်လတ်သော် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လည်ရေးသုံးတန့် မြင်၍ ဘယ၊ အာဒီနဝ၊ နိဗ္ဗိဒါ၊ မုဉ္စိတုဉာဏ် ဖြစ်၏။ ပဋိသင်္ခါ၊ သင်္ခါရုပေက္ခာဖြင့် လွှတ်နိုင်ကြောင်းပြု၍ ဂေါတြဘူဖြင့် လွှင့်ပစ်၏။ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကမ်းတက်ကာ လာလမ်းပြန်ကြည့်၏။ ဖိုလ်ဉာဏ်ဖြင့် ဘေးကင်းရာ၌ တည်၏။

အိမ်

အိမ်ကြီးရှင်သည် ညစာစား၍ အိပ်ပျော်စဉ် အိမ်မီးလောင်၏။ နိုး၍ မီးမြင်သောအခါ ကြောက်၏။ ထွက်လမ်းရှာ၏။ ထွက်လမ်းမြင်၏။ ထွက်၏။ ပြေး၏။ ဘေးကင်းရာ၌တည်၏။

ယောဂီသည် ဗာလပုထုဇဉ်အခါ ခန္ဓာငါးပါးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါဟု အိပ်ပျော်စဉ် လက္ခဏာရေး မီးသုံးပါး လောင်၏။ သမ္မာပဋိပတ်ဖြင့် နိုး၍ မီးသုံးပါး မြင်သောအခါ ဘယဉာဏ်ဖြင့်ကြောက်၏၊ မုဉ္စိတုဉာဏ်ဖြင့် ထွက်လမ်းရှာ၏။ အနုလောမဉာဏ်ဖြင့် ထွက်လမ်းမြင်၏။ ဂေါတြဘူဉာဏ်ဖြင့် ထွက်၏။ မဂ်ဉာဏ်ဖြင့်ပြေး၏။ ဖိုလ်ဉာဏ်ဖြင့် ဘေးကင်းရာ၌တည်၏။

နွား

လယ်ထွန်သမားသည် ညဉ့်အခါ ပြည့်ရှင်မင်း၏နွားကို မိမိနွားထင်၍ ဖမ်းယူလာ၏။ မိုးလင်းသောအခါ မင်းကြီး၏နွားဟုသိ၍ ကြောက်၏။ နွားတို့ကို လွှတ်၍ ပြေးလို၏။ လွှတ်၏။ ပြေး၏။ ဘေးကင်းရာ၌တည်၏။

ယောဂီသည် ဗလပုထုဇဉ်အခါ ခန္ဓာငါးပါးကို ငါ့ကိုယ်ဟု ဖမ်းယူလာ၏။ ဝိပဿနာ ဉာဏ်ဖြင့် မိုးလင်းသောအခါ ငါ့ကိုယ် မဟုတ်ဟုသိ၍ ဘယဖြင့် ကြောက်၏။ မုဉ္စိတုဖြင့် လွှတ်၍ပြေးလို၏၊ ဂေါတြဘူဖြင့်လွှတ်၏။ မဂ်ဉာဏ်ဖြင့်ပြေး၏။ ဖိုလ်ဉာဏ်ဖြင့် ဘေးကင်းရာ၌ဘည်၏။

ဘီလူး

လူတယောက်သည် ဘီလူးမကို ချစ်ခင်စွာ ပေါင်းသင်း၏။ တညဉ့်တွင် ပျောက်သွား၍ လိုက်ရှာရာ သုသာန်တွင် လူသားစားနေသည်ကိုမြင်၏။ ကြောက်၏။ ထွက်ပြေးလို၍ သုသာန်ကိုစွန့်၏။ လျင်စွာထွက်ပြေး၏။ ဘေးကင်းရာ၌တည်၏။

ယောဂီသည် ပုထုဇဉ်အခါ ခန္ဓာငါးပါးကို ငါ့ကိုယ်ငါ့ကိုယ်ဟု ချစ်ခင်စွာ ပေါင်းသင်း၏။ ဝိပဿနာဉာဏ်ဖြင့် ရှာဖွေရာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်နေသည်ကို သုသာန်၌မြင်၏။ ဘယဉာဏ်ဖြစ်၏။ မုဉ္စိတုဖြင့် ထွက်ပြေးလို၍ ဂေါတြဘူဖြင့် စွန့်၏။ မဂ်ဉာဏ်ဖြင့် လျင်စွာထွက်ပြေး၏။ ဖိုလ်ဉာဏ်ဖြင့် ဘေးကင်းရာ၌ တည်၏။

သားမှတ်

မိန်းမတယောက်သည် လမ်း၌ ကလေးငိုသံကြား၍ မိမိသား ဟု သွား၍ပွေ့ချီ၏။ နောက်မှ မိမိသားမဟုတ်ဟုသိ၍ သားခိုး ရိုးမည်ကြောက်၏။ ထိုထိုဤဤ ကြည့်၍ ပြန်ချ၍ ရပ်၏။ ပြန်လာ၏။ အိမ်ပေါ်တက်ထိုင်၏။

ယောဂီသည် ပုထုဇဉ်အခါ ခန္ဓာငါးပါးကို ငါ့ကိုယ်ဟု ချီပွေ့၏။ နောက်မှ ဝိပဿနာ ဉာဏ်ဖြင့် ငါ့ ကိုယ်မဟုတ်ဟုသိ၍ ဘယဉာဏ်ဖြင့်ကြောက်၏။ မုဉ္စိတုဖြင့် ထိုထို ဤဤ ကြည့်၍ အနုလောမဖြင့် ပြန်ချ၍ ဂေါတြဘူဖြင့် ရပ်၏။ မဂ်ဉာဏ်ဖြင့် ပြန်လာ၏။ ဖိုလ်ဉာဏ်ဖြင့် အိမ်ပေါ်တက်ထိုင်၏။

ဤဥပမာ ခြောက်ခုဖြင့် ဘယဉာဏ်မှ ဖိုလ်ဉာဏ်တိုင်အောင် ဆောင်ပြသည်။ နောက်ဥပမာ ခြောက်ခုဖြင့် ဝုဋ္ဌာနဂါမိနိ ဝိပဿနာဉာဏ်၌ တည်သော ယောဂီ၏ လောကုတ္တရာသို့ ညွတ်ပုံကို ဆောင်ပြလတ္တံ့။

ဆာ

အစာဆာခြင်းဖြင့် နှိပ်စက်ခံရသော သူသည် ကောင်းသော ဘောဇဉ်ကို တောင့်တ၏။ သံသရာဝဋ်ဒုက္ခ ဆာခြင်းဖြင့် နှိပ်စက်ခံရသော ယောဂီသည် အကြိုက်အရသာ ကာယဂတာသတိ ဘောဇဉ်ကို တောင့်တ၏။

ငတ်

ရေသိပ်ခြင်း ရေငတ်ခြင်းဖြင့် နှိပ်စက်ခံရသောသူသည် ကောင်းသော သောက်ဘွယ်ကို တောင့်တ၏။ သံသရာဝဋ်ဒုက္ခ ငတ်ခြင်းဖြင့် နှိပ်စက်ခံရသော ယောဂီသည် မဂ္ဂင်ရှစ်ပါး သောက်ဘွယ်ကို တောင့်တ၏။

အေး

အအေးနှိပ်စက်ခံရသော သူသည် အပူကို တောင့်တ၏။ သံသရာဝဋ်တဏှာ အအေး နှိပ်စက်ခံရသော ယောဂီသည်လည်း မဂ်ဟူသော မီးပူကို တောင့်တ၏။

ပူ

အပူနှိပ်စက်ခံရသော သူသည် အအေးကို တောင့်တ၏။ သံသရာဝဋ်မီးဆယ့်တပါး နှိပ်စက်ခံရသော ယောဂီသည်လည်း မီးဆယ့် တပါး အေးရာနိဗ္ဗာန်ကို တောင့်တ၏။

မှောင်ထူ

အမှောင်တွင်း နေရသောသူသည် အလင်းကို တောင့်တ၏။ အဝိဇ္ဇာမှောင်တွင်း နေရသော ယောဂီသည်လည်း မဂ္ဂဘာဝနာ ဉာဏ်ရောင်အလင်းကို တောင့်တ၏။

အဆိပ်

အဆိပ်သင့်သော သူသည် အဆိပ်ဖြေဆေးကို တောင့်တ၏၊ ကိလေသာ အဆိပ် သင့်သော ယောဂီသည်လည်း အမတ-ဖြေဆေးကိုတောင့်တ၏။

ထို့ကြောင့် ဤသို့သော ယောဂီ၏ စိတ်သည် ဘဝယောနိ ဂတိတို့၌ တွန့်ကုပ် ခွေလိပ်၏၊ လျစ်လျူရှုခြင်းသော်၎င်း, စက်ဆုပ်ခြင်းသော်၎င်း ဖြစ်၍ တည်၏၊ ဤသို့သော ယောဂီသည် ပဋိလီနစရ ပုဂ္ဂိုလ်လည်း မည်၏၊ ဘဝတို့၌ တွန့်လိပ်သူ အဖြစ်ဖြင့် ကျင့်၏ဟူလို။

ဘဝတို့၌ တွန့်ကုပ်ခွေလိပ်သူ အဖြစ်ဖြင့် ကျင့်သော ယောဂီသည် ဘဝသုံးပါး သံသရာဇာတ်ခုံ၌ မိမိအတ္တဘောကို ထုတ်၍မပြလိုတော့ပြီ။

ဤသင်္ခါရုပေက္ခာဉာဏ်သည် ယောဂီစိတ် တွန့်လိပ်အောင်ပြု၍ အထက်၌ ဗောဇ္ဈင် မဂ္ဂင်ဈာနင်ထူးအောင် ပဋိပဒါထူးအောင်, ဝိမောက္ခထူးအောင် လည်း ပြုသည်။

သုက္ခဝိပဿကပုဂ္ဂိုလ်, ဈာန်ကိုပါဒက မပြုသော ပုဂ္ဂိုလ်, ပဌမဈာန်ကို ပါဒကပြုသော ပုဂ္ဂိုလ်တို့၏ မဂ်သည် 'ပဌမဈာန်နှင့် အင်္ဂါတူ၏၊ ဗောဇ္ဈင် ၇-ပါး, မဂ္ဂင်ရှစ်ပါး, ဈာနင်ငါးပါးရှိ၏၊ ရှေးအဘို့ ဝိပဿနာသည် သောမနဿ, ဥပေက္ခာ-ဖြစ်လိုရာ ဖြစ်သော်လည်း ဝုဋ္ဌာနဂါမိနီ သင်္ခါရုပေက္ခာအဖြစ်သို့ ရောက်သောအခါ သောမနဿ ဖြစ်၍ မဂ်ရသည်။ (ဝါ- သောမနဿ မဂ်သာရသည်။)

ဒုတီယဈာန်စသည်ကို ပါဒကပြုအံ့၊ ဒုတီယဈာန် စသည်နှင့် အင်္ဂါတူ၏၊ ဗောဇ္ဈင် ၇-ပါး, ၆-ပါး၊ မဂ္ဂင် ၇-ပါး၊ ဈာနင် ၄-ပါး, ၃-ပါး, ၂-ပါး ရှိ၏၊ သင်္ခါရုပေက္ခာ သောမနဿဖြစ်၍ မဂ်ရသည်။ (ဝါ-သောမနဿ မဂ်သာ ဒုတီယဈာန် စသည်နှင့် တူစွာရသည်။)

ပဉ္စမဈာန်, အရူပဈာန်ကို ပါဒကပြုအံ့၊ ပဉ္စမဈာန်နှင့် အင်္ဂါတူ၏၊ ဗောဇ္ဈင် ၆-ပါး, မဂ္ဂင် ၇-ပါး ဈာနင် ၂-ပါး ရှိ၏၊ သင်္ခါရုပေက္ခာကား ဥပေက္ခာဖြစ်၍ မဂ်ရသည်၊ (ဝါ-ပဉ္စမဈာန်နှင့်တူစွာ ဥပေက္ခာမဂ်သာ ရသည်။)

သမ္မသိတဈာန်, ပုဂ္ဂလဇ္ဈာသယနှင့် ဈာန်အင်္ဂါတူခြင်း စသည်၌လည်း နည်းတူဖြစ်၏၊ ဤစကားဖြင့် လောကုတ္တရာစိတ် ရှစ်ခု၊ အကျယ် ၄၀-တို့၌ ဝေဒနာဖြစ်ပုံကို သိအောင်ပြသည်။

ပဋိပဒါ ထူးအောင်ပြုရာ၌-အစမှစ၍ ကိလေသာ ခွါသောအခါ ခဲယဉ်းလျှင် ဒုက္ခာပဋိပဒါ၊ လွယ်ကူလျှင် သုခါပဋိပဒါ၊ ကိလေသာ ခါပြီးနောက် ဝိပဿနာထုံခြင်း, မဂ်ဖြစ်ခြင်း နှေးလျှင် ဒန္ဓာဘိညာ၊ မြန်လျှင် ခိပ္ပါဘိညာ

[အောက်ဉာဏ်အရာ၌ ဝိပဿနာဘေးရန် နိကန္တိခွါသော မဂ္ဂါမဂ္ဂ ဝဝတ္ထာနအထိ ပဋိပဒါကို သိအပ်၏၊ ဤသင်္ခါရ၌ကား မိမိ၏ ဆန့်ကျင်ဘက်ကို ခွါခြင်းသည် ပဋိပဒါ မည်၏၊ အကြိမ်ကြိမ် ခဲယဉ်းစွာ ခွါရလျှင် ဒုက္ခာ၊ တကြိမ်မျှဖြင့် လွယ်ကူလျှင် သုခါ မည်၏၊ မဂ်အနီး ဂေါတြဘူ, ဝေါဒါန်, အနုလုံ တိုင်အောင် အဘိညာကို သိအပ်၏]။

ဤသင်္ခါရုပေက္ခာဉာဏ်သည် မိမိမဂ်အား --
ဒုက္ခာပဋိပဒါ ဒန္ဓာဘိညာမဂ်
ဒုက္ခာပဋိပဒါ ခိပ္ပါဘိညာမဂ်,
သုခါပဋိပဒါဒန္ဓာဘိညာမဂ်,
သုခါပဋိပဒါခိပ္ပါဘိညာမဂ်-ဟု အမည်လေးခုပေး၏။

ဘုရားရှင်နှင့် ရှင်သာရိပုတြာအား မဂ်လေးခုလုံး သုခါပဋိပဒါ + ခိပ္ပါဘိညာ

ရှင်မောဂ္ဂလာန်အား ပဌမမဂ်၌ သုခါပဋိပဒါ၊ ခိပ္ပါဘိညာ ဖြစ်၍ အထက်သုံးမဂ်၌ ဒုက္ခာပဋိပဒါ + ဒန္ဓာဘိညာ ဖြစ်၏။

ဤသို့ မဂ်လေးပါးလုံးတူ, မတူပြား၏၊ အဓိပတိလေးပါးလည်း မဂ်လေးပါး၌ တူ, မတူ ပြား၏။

ဝိမောက္ခထူးအောင် ပြားအောင်ပြုပုံကို ဆိုပြီးပြီ၊ မဂ်သည် အနိမိတ္တ ဝိမောက္ခ-စသော အမည်ကို အကြောင်းငါးပါးဖြင့် ရသည်၊

သရသ-မိမိကိစ္စ သဘော၊
ပစ္စနိက- ဆန့်ကျင်ဘက်၊
သဂုဏ-မိမိဂုဏ်၊
အာရမ္မဏ-အာရုံ၊
အာဂမန-အာဂုံ၊ ဤငါးပါးတည်း။

၁။ သရသဖြင့်ရပုံကား-သင်္ခါရုပေက္ခာ ဝိပဿနာသည် -
အနိစ္စသုံးသပ်၍ မဂ်ရအံ့-အနိမိတ္တဝိမောက္ခ မည်၏၊
ဒုက္ခသုံးသပ်၍ ရအံ့-အပ္ပဏိဟိတ
အနတ္တ သုံးသပ်၍ရအံ့- သုညတဝိမောက္ခမဂ်မည်၏။

၂။ ပစ္စနိကဖြင့် ရပုံကား-
အနိစ္စာဖြင့် တခဲနက်ကိုခွဲ၍ နိစ္စနိမိတ်ကို စွန့်၍ မဂ်ရအံ့-အနိမိတ္တ...၊
ဒုက္ခာနုဖြင့် သုခသညာကို ပယ်၍ တဏှာကို ခန်းစေ၍ ရအံ့-အပ္ပဏိဟိတ...
အနတ္တာနုဖြင့် အတ္တသညာကိုပယ်၍ သုညဖြင့်မြင်၍ ရအံ့-သုညတဝိမောက္ခမဂ် မည်၏။

၃။ သဂုဏဖြင့်ရပုံကား - မဂ်သည်
ရာဂစသည်မှ ဆိတ်သောကြောင့် သုညတ
ရူပနိမိတ်, ရာဂနိမိတ်မရှိသောကြောင့် အနိမိတ္တ
တဏှာမရှိသောကြောင့် အပ္ပဏိဟိတဝိမောက္ခမဂ် မည်၏။

၄။ အာရမ္မဏဖြင့် ရပုံကား-မဂ်သည် သုညတ, အနိမိတ္တ, အပ္ပဏိဟိတ ဖြစ်သော နိဗ္ဗာန်ကို အာရုံပြုသောကြောင့် ဤအမည်သုံးပါး အစဉ်အတိုင်း ရသည်။

၅။ အာဂမနဖြင့် ရပုံကား - အနိစ္စာနုပဿနာသည် အနိမိတ္တာနုပဿနာ မည်၏၊ ထိုဖြင့်ဖြစ်သောမဂ်သည် အနိမိတ္တဝိမောက္ခမဂ်မည်၏၊ ထိုအတူ ဒုက္ခာနု အနတ္တာနုသည် အပ္ပဏိဟိတာနု သုညတာနု မည်၏၊ ထိုဖြင့်ဖြစ်သော မဂ်သည် အပ္ပဏိဟိတ သုညတဝိမောက္ခမဂ်မည်၏၊ ဤကား ဝိပဿနာဂမန မည်၏၊ ထိုမဂ်သုံးပါး၏ ဖိုလ်သုံးပါးသည်လည်း အစဉ်အတိုင်း ထိုအမည်သုံးပါးကို ရ၏။ ဤကား မဂ္ဂါဂမနတည်း။

ဤငါးပါးတို့တွင် ပစ္စနိကကင်းလျက် သရသဖြင့် အမည်မရ၊ အာဂမန ကင်းလျက် သဂုဏ, အာရမ္မဏဖြင့် အမည်မရ၊ ထို့ကြောင့် ပစ္စနိက အာဂမန-နှစ်ပါးသာ ပဓာန ဖြစ်သည်။

သင်္ခါရုပေက္ခာဉာဏ် စုံလင်ပြီ။

ဉာဏဒဿန ဝိသုဒ္ဓိ၌ မှတ်ဘွယ်များ

ဂေါတြဘူဉာဏ်ဇောသည် သင်္ခါရကို အာရုံပြုသော အနုလုံနောင်- နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်၏၊ မဂ်၏အာဝဇ္ဇန်းအရာ၌ တည်၏၊ ရှေ့နောက် ဝိသုဒ္ဓိ နှစ်ပါးသို့ မဝင်ဘဲ အလယ်၌ အဗ္ဗောဟာရိက ဝိပဿနာဖြစ်၏၊ ဋီကာ၌ကား သွင်းလျှင် ရှေးဝိသုဒ္ဓိ၌သာ ဝင်သည်-ဆို၏။

သောတာပတ္တိ မဂ်စိတ်သည် ဂေါတြဘူနောင်ဖြစ်၏၊ အထက်မဂ်စိတ် ဖြစ်ရာ၌ကား အနုလုံနောင် ဝေါဒါန်၊ ဝေါဒါန်နောင် အထက်မဂ်စိတ်တို့ ဖြစ်ကုန်၏၊ ဤမဂ်လေးခု ၌ရှိသော ဉာဏ်လေးခုသည် ဉာဏဒဿန ဝိသုဒ္ဓိ မည်၏။

အနုလောမဉာဏ်ဇော (ပရိကံ, ဥပစာ အနုလုံ) သုံးခုသည် သစ္စာလေးပါး ဖုံးလွှမ်းသော မောဟ အထပ်ထပ်ကို ပယ်အပ်သည်ရှိသော် စိတ်သည် သင်္ခါရတို့၌ မဝင်မကပ် ကြာချပ်ရေပေါက်ကဲ့သို့ တွန့်လိပ်၏၊ နိမိတ္တ ပဝတ္တ- ဟူသော သင်္ခါရတို့ကို ပလိဗောဓဟု မှတ်ထင်၏၊ ထို့ကြောင့် ဂေါတြဘူသည် နိမိတ္တ ပဝတ္တ-သင်္ခါရ ကင်းသော နိဗ္ဗာန်ကိုအာရုံပြု၍ ပုထုဇဉ်အနွယ်ကို လွန်လျက် အရိယာအနွယ်သို့ သက်ဝင်လျက် ဖြစ်၏၊ နိဗ္ဗာန် အာရုံ၌ အာဝဇ္ဇန်းသဘွယ် ရှေးဦးစွာ နှလုံးသွင်း၍ မဂ်အား အခြားမဲ့၌ ကျေးဇူးပြု၏၊ ဝိပဿနာ၏ ထွဋ်ထိပ်ဖြစ်၍ ဆုတ်နစ်ပြန်လည်ခြင်း မရှိ။

အဘယ်ကြောင့် ဂေါတြဘူမည်သနည်း၊ အပသင်္ခါရအာရုံမှ ထပြီးလျှင် ဂေါတ္တတခုကို ဖျက်သောကြောင့်၎င်း, ဂေါတ္တတခုကို ဖြစ်စေသောကြောင့်၎င်း ဂေါတြဘူ မည်၏၊ အထက်မဂ်တို့၌ကား ကိလေသာအချို့ စင်ကြယ်သောကြောင့် ဝေါဒါန မည်၏၊ သဒိသူပစာ အားဖြင့် ဂေါတြဘူလည်း မည်၏။

အာဝဇ္ဇန်းတခုတည်းရှိသော ဝီထိ၌ အနုလုံ ဂေါတြဘူနှစ်ပါး အာရုံ မတူခြင်းကို မြောင်းခုန် ပမာဖြင့် သိအပ်၏၊ မြောင်းတဘက်သို့ ခုန်ကူးလို သောသူသည် အဝေးမှပြေးလာ၍ ဤမှာဘက်ကမ်း သစ်ပင်၌ရှိသောကြိုးကို ကိုင်၍ ထိုကြိုးကို မလွှတ်ဘဲခုန်၍ ကိုယ်ဖြင့်ညွှတ်၍ ကမ်းတဘက် အနီးသို့ ရောက်လတ်သော် ကြိုးကို လွှတ်ပြီးလျှင် ကမ်းတဘက်၌ တုန်လှုပ်စွာကျ၍ ဖြည်းဖြည်းတည်၏။

သံသရာ တဘက်သို့ ကူးလိုသော ယောဂီလည်း ဥဒယဗ္ဗယဉာဏ် စသည်ဖြင့် ပြေးလာ၍ ဘဝယောနိစသော ဤအတ္တဘော၌ ရုပ်နာမ် သင်္ခါရကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟု အာဝဇ္ဇန်းဖြင့် ကိုင်ဆင်ခြင်၍ ထိုအာရုံကိုမလွှတ်ဘဲ ပရိကံဖြင့်ခုန်၍ ဥပစာဖြင့် နိဗ္ဗာန်သို့ညွတ်၍ အနုလုံဖြင့် နိဗ္ဗာန်အနီးသို့ ရောက်လတ်သော် သင်္ခါရအာရုံကို လွှတ်ပြီးလျှင် ဂေါတြဘူဖြင့် နိဗ္ဗာန်တဘက်၌ တုန်လှုပ်စွာကျ၍ မဂ်ဉာဏ်ဖြင့် ဖြည်းဖြည်းတည်၏။

အနုလောမဉာဏ် သုံးခုသည် သစ္စာလေးပါးဖုံးလွှမ်းသော ကိလေသာမှောင်ကို ပယ်တတ်၏၊ နိဗ္ဗာန်ကို အာရုံမပြုတတ်၊ ဂေါတြဘူသည် နိဗ္ဗာန်ကို အာရုံပြုတတ်၏၊ ကိလေသာမှောင် မပယ်တတ်။

လနက္ခတ်ယှဉ်ခြင်းကို ကြည့်သော နက္ခတ်ဆရာသည် တိမ်ဖုံးခိုက် လကိုမမြင်၊ လေသုံးကြိမ်လာ၍ တိမ်မှောင်- ထူ လတ် ပါးတို့ကို တိုက်လွှင့်သောအခါ လမြင်၍ နက္ခတ်ယှဉ်ခြင်းကို သိရ၏၊

ထိုအတူ ပရိကံ, ဥပစာ, အနုလုံ-လေသုံးကြိမ်သည် ကိလေသာမှောင် ထူ လတ် ပါး တို့ကို တိုက်လွှင့်တတ်၏၊ နိဗ္ဗာန်လဝန်းကို မမြင်တတ်၊ ဂေါတြဘူ နက္ခတ်ဆရာသည် နိဗ္ဗာန်လဝန်းကို မြင်တတ်၏၊ ကိလေသာမှောင်ကို မလွှင့်တတ်။

ဤသို့ ဂေါတြဘူသည် နိဗ္ဗာန်ကို မြင်လျက် ကိလေသာ မသတ်တတ်သောကြောင့် မဂ်၏ အာဝဇ္ဇန်းဟု ဆိုသည်၊ အာဝဇ္ဇန်းမဟုတ်ဘဲ အာဝဇ္ဇန်း အရာ၌တည်၍ လေးသမားအား မြှားချက်သညာ ပေးသကဲ့သို့ မဂ်အား ဤသို့ဖြစ်လော့-ဟု သညာ ပေး၍ ချုပ်၏၊ မဂ်သည် ဂေါတြဘူပေးသော သညာဖြင့် ဂေါတြဘူဉာဏ်ကို အစဉ် ဖွဲ့၍ မဖောက်ခွဲ ဘူးသော ကိလေသာကို ဖောက်ခွဲ၍ဖြစ်၏၊

သည်မျှမကသေး --

အနမတဂ္ဂ သံသရာ ဝဋ်ဒုက္ခ သမုဒြာကိုလည်း ခန်းစေ၏၊
အပါယ်တံခါးကိုလည်း ပိတ်စေ၏၊
သူတော် ဥစ္စာခုနစ်ဖြာသို့လည်း ရှေးရှုပြု၏၊
မိစ္ဆာမဂ္ဂင်ရှစ်ပါးကိုလည်းပယ်၏၊
တွင်း နီး ဝေး, ကြီး သေးသော ဘေးရန်ကိုလည်း ငြိမ်းစေ၏၊
ဘုရားရှင်၏ သားတော်စစ်အဖြစ်သို့လည်း ရောက်စေ၏၊
ထိုမှတပါး -
ရတနာသုံးပါး၌ သက်ဝင်သော အဓိဂမသဒ္ဓါ ရခြင်း၊
ပဋိသမ္ဘိဒါဉာဏ် ရခြင်း၊
အဘိညာ ရခြင်း စသော အာနိသင်တို့ကိုလည်း ရစေ၏။

(အာဝဇ္ဇန်းကင်းလျက် စိတ်ဖြစ်နိုင်သလော? ဖြစ်နိုင်သည်၊ နိရောဓသမာပတ်မှ ထသောအခါ အာဝဇ္ဇန်းကင်းလျက် နိဗ္ဗာန်အာရုံ၌ ဖိုလ်စိတ်ဖြစ်သည်၊ ဒေါသဇော နောင် အာဂန္တုက ဘဝင်ကျသောအခါ ဤဘဝလေ့ကျက်ဘူးသော ကာမအာရုံ၌ အာဝဇ္ဇန်းကင်းလျက် အာဂန္တုက ဘဝင်ဖြစ်သည်၊ မဂ်စိတ်ဖြစ်တိုင်း အာဝဇ္ဇန်း ကင်းလျက် နိဗ္ဗာန်အာရုံ၌ မဂ်စိတ်ဖြစ်သည်၊ အာဝဇ္ဇန်းကင်းလျက် စိတ်မဖြစ်ကောင်း-ဟု မမှတ်အပ်၊ အာရုံကင်းလျက် စိတ်မဖြစ်ကောင်း-ဟု အထူး ကိန်းသေ မှတ်အပ်၏။)

သောတာပတ္တိမဂ်နောင် သောတာပတ္တိ ဖိုလ်စိတ်သည် နှစ်ကြိမ်၊ တိက္ခပညာပုဂ္ဂိုလ် အား သုံးကြိမ် ဖြစ်၏။

အနုလုံသည် အာသေဝနပစ္စည်းရပါမှ ဂေါတြဘူဉာဏ်ကို ဖြစ်စေနိုင်သည်၊ တကြိမ်မျှ ဖြစ်လျှင် အာသေဝနပစ္စည်းမရ၊ ထို့ကြောင့် အနည်းဆုံး နှစ်ကြိမ်ဖြစ်သည်။

အာဝဇ္ဇန်း တခုရှိသော ဝီထိ၌ ဇော ခုနစ်ကြိမ်သာ ဖြစ်သည်၊ ထို့ကြောင့် ဖိုလ်ဇော လေးကြိမ် မကျ၊ နှစ်ကြိမ်, သုံးကြိမ်သာ ကျသည်။

အပ္ပနာဇောသည် ခြောက်ကြိမ်မြောက်၌ ဘဝင်နှင့်နီးသောကြောင့် မဖြစ်၊ လေးကြိမ်မြောက် ငါးကြိမ်မြောက်၌သာ ဖြစ်သည်။

ဤသို့ သောတာပတ္တိမဂ်ဖိုလ် ရပြီးသောသူသည် ပြင်းစွာ မေ့လျော့သော်လည်း လူ့ပြည်, နတ်ပြည်ဘဝ ခုနစ်ကြိမ်ဖြစ်၍ နိဗ္ဗာန်စံ၏။

သောတာပတ္တိဖိုလ်စိတ်နောင် ဘဝင်ကျ၏၊ ထိုဘဝင်ကို ဖြတ်၍ ပစ္စဝေက္ခဏာဝီထိ တို့ဖြစ်ကုန်၏၊

ဤမဂ်ဖြင့် ငါလာခဲ့သည်-ဟု မဂ်ကို ဆင်ခြင်၏၊
ဤသို့သော အကျိုး ရ၏-ဟု ဖိုလ်ကို ဆင်ခြင်၏၊
ဤကိလေသာကို ပယ်ပြီးပြီ ဟု ပယ်ကိလေသာကို ဆင်ခြင်၏၊
ဤကိလေသာ ကြွင်းသေးသည်-ဟု ကြွင်း ကိလေသာကို ဆင်ခြင်၏၊
နောက်ဆုံး၌ ဤတရားကို အာရုံပြု၍ သိရပေပြီ- ဟု နိဗ္ဗာန်ကို ဆင်ခြင်၏။
ငါးဝီထိ။

သကဒါဂါအား ဤအတူ ငါးဝီထိ၊
အနာဂါမ်အားလည်း ဤအတူ ငါးဝီထိ၊
ရဟန္တာအား ကြွင်းကိလေသာ ဆင်ခြင်ရန် မရှိ၊ လေးဝီထိ။

ဤသို့ပစ္စဝေက္ခဏာ ဝီထိပေါင်း ၁၉-ဖြစ်၏။

ကိလေသာပယ်, ကြွင်းကို မဆင်ခြင်ဟူ၍လည်း အချို့ရှိသေး၏။
(အချို့ သေက္ခအားသာ ရှိသည်၊ အသေက္ခအား မရှိ။)

သောတာပတ္တိမဂ်ဖိုလ်ရပြီးသော သူသည် ထိုခဏ၌၎င်း, တပါးသော ခဏ၌၎င်း ကာမရာဂ ဗျာပါဒ-ခေါင်းပါးစေခြင်း, ဘုံတဆင့်တက်ခြင်းငှါ ထိုရုပ်နာမ်သင်္ခါရတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ဉာဏ်ဆယ်ပါးဖြင့် သုံးသပ်သည် ဖြစ်အံ့၊ သင်္ခါရုပေက္ခာ ဉာဏ် အဆုံး၌ မနောဒွါရာဝဇ္ဇန်း, ပရိကံ ဥပစာ, အနုလုံ ဝေါဒါန်, မဂ်တကြိမ် ဖိုလ်နှစ်ကြိမ် ဖြစ်၍ ဘဝင်ကျ၏၊ ထိုနောင် ပစ္စဝေက္ခဏာ ငါးဝီထိ ဖြစ်၏၊ သကဒါဂါမ်ပုဂ္ဂိုလ် မည်၏၊ လူ့ပြည် ပဋိသန္ဓေတကြိမ်လာ၍ နိဗ္ဗာန်စံ၏။

သကဒါဂါမိ မဂ်ဖိုလ်ရပြီးသော သူသည် ကာမရာဂ, ဗျာပါဒကို အကြွင်းမဲ့ပယ်ခြင်း ဘုံတဆင့်တက်ခြင်းငှါ ဉာဏ်ဆယ်ပါး သုံးသပ်သည် ဖြစ်အံ့၊ သင်္ခါရုပေက္ခာဉာဏ် အဆုံး၌ မဂ်ဖိုလ်ရ၍ ဘဝင်ကျ၏၊ ပစ္စဝေက္ခဏာ ငါးဝီထိ ဖြစ်၏၊ အနာဂါမ်ပုဂ္ဂိုလ် မည်၏၊ ကာမဘုံသို့ မလာ၊ ဥပပတ်ဖြစ်၍ ဗြဟ္မာဘုံ၌ နိဗ္ဗာန်စံ၏။

အနာဂါမိမဂ်ဖိုလ် ရပြီးသော သူသည် ရူပရာဂ, အရူပရာ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာတို့ကို အကြွင်းမဲ့ပယ်ခြင်း, ဘုံတဆင့်တက်ခြင်းငှါ ဉာဏ်ဆယ်ပါး သုံးသပ်သည် ဖြစ်အံ့၊ သင်္ခါရုပေက္ခာဉာဏ်အသုံး၌ မဂ်ဖိုလ်ရ၍ ဘဝင် ကျ၏၊ ပစ္စဝေက္ခဏာ လေးဝီထိ ဖြစ်၏၊ ရဟန္တာပုဂ္ဂိုလ် မည်၏၊ အာသဝေါ ကုန်၍ ပစ်ချအပ်သော ခန္ဓာဝန်ရှိ၍ ပူဇော်ထူး ခံထိုက်သော အလှူခံပုဂ္ဂိုလ်မြတ် ဖြစ်၏။

ဤသို့ဆိုပြီးသော မဂ်လေးပါး၌ ရှိသော ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

မဂ်အာနုဘော် ငါးပါး

ဉာဏဒဿနဝိသုဒ္ဓိ၏ အာနုဘော်ကို သိခြင်းငှါ ဂုဏ်ငါးပါးကိုမှတ်သားအပ်၏၊

ဗောဓိပက္ခိယ ပြည့်စုံခြင်း၊
နိမိတ္တ-ပဝတ္တမှ ထခြင်း၊
ဗလနှစ်ပါး ယှဉ်ခြင်း၊
သံယောဇဉ်စသည် ပယ်ခြင်း၊
ပရိညာစသော ကိစ္စပြီးခြင်း - ဤ ငါးပါးတည်း။

၁။ ဗောဓိပက္ခိယ ပြည့်စုံခြင်းကား -

ဗောဓိပက္ခိယ တရားတို့သည် သ, သ, ဣဒ်, ဣန်, ဗိုလ်, ဗော, မဂ်-ဟု ကောဋ္ဌာသခုနစ်ပါး၊ တရားကိုယ် ၁၄-ပါး၊ အစိတ်အပြား ၃၇-ပါးတို့ ဖြစ်ကုန်၏၊ ပုဗ္ဗဘာဂ လောကီဝိပဿနာ၌ ကာယကို သိမ်းဆည်းခိုက် ကာယာနုပဿနာ သတိပဋ္ဌာန် စသည်ဖြင့် အသီးသီး ဖြစ်ကုန်၏၊ မဂ်ဉာဏ်လေးပါး ဖြစ်သောအခါ မဂ်စိတ်တခုထည်း၌ ၃၇-လုံး မိမိကိစ္စကိုပြီးစေလျက် ပြိုင်တူ ဖြစ်ကုန်၏၊ ဖိုလ်စိတ်ဖြစ်သောအခါ သမ္မပ္ပဓာန် ပယ်၍ ၃၃-ပါး ပြိုင်တူဖြစ်ကုန်၏။

၂။ နိမိတ္တ, ပဝတ္တမှ ထခြင်းကား -

လောကိဝိပဿနာဉာဏ်သည် သင်္ခါရ နိမိတ်အာရုံ ရှိသောကြောင့် သင်္ခါရနိမိတ်မှမထ၊ သမုဒယ မဖြတ်သောကြောင့် ဥပါဒိန္နကက္ခန္ဓာ ဟူသော ပဝတ္တမှလည်း မထ၊ ဂေါတြဘူဉာဏ်သည် နိဗ္ဗာန် အာရုံရှိသောကြောင့် သင်္ခါရမှ ထသည်၊ သမုဒယ မဖြတ်သောကြောင့် ပဝတ္တမှ မထ၊ မဂ်ဉာဏ်လေးပါး ကား နိဗ္ဗာန်အာရုံလည်း ရှိသည်၊ သမုဒယလည်း ဖြတ်သည်၊ ထို့ကြောင့် နိမိတ္တ၎င်း, ပဝတ္တမှ၎င်း နှစ်ပါးစုံမှ ထသည်။

၃။ ဗလနှစ်ပါးယှဉ်ခြင်းကား -

လောကီသမာပတ် ဘာဝနာ၌ သမာဓိ ဗလ လွန်၏၊ အနိစ္စာနုပဿနာ စသည်၌ ဝိပဿနာဗလ လွန်၏၊ မဂ်ခဏ၌ကား နိမိတ္တ ပဝတ္တမှ ထခြင်းဖြင့် ဗလနှစ်ပါး အညီအမျှဖြစ်၏၊ အချင်းချင်း မလွန်။

၄။ သံယောဇဉ်စသည် ပယ်ခြင်းကား -

မဂ်ခဏ၌ သံယောဇဉ်ဆယ်ပါး၊ ကိလေသာ ဆယ်ပါး၊ မိစ္ဆတ္တရှစ်ပါး, ဆယ်ပါး၊ လောကဓမ်ရှစ်ပါး၊ မစ္ဆရိယငါးပါး၊ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘဖြစ်သော ခန္ဓာငါးပါး၌ သညာ, စိတ္တ, ဒိဋ္ဌိ အားဖြင့် ဝိပလ္လာသ ၃-ပါး ၁၂-ပါး၊ အာသဝ ဩဃ-စသည် မလ ၃-ပါး၊ ကမ္မပထ ဆယ်ပါး၊ အကုသိုလ်စိတ် ၁၂-ပါး တို့ကို ထိုထိုမဂ်အားလျော်စွာ အသီးသီးပယ်သည်။

မဂ်ပယ်ခြင်းသည် အတိတ်, အနာဂတ်တို့ကို လိုက်၍မပယ်၊ ပစ္စုပ္ပန်ကိုလည်း ပယ်ဆဲ မဟုတ်၊ အသီးမရှိခိုက် သစ်ပင်ကို ယခုအမြစ်ဖြတ်ခြင်းသည် သီးပြီး သီးလတ္တံ့တို့သို့ လိုက်၍ပယ်သည် မဟုတ်၊ သီးဆဲကို ပယ်ဆဲလည်း မဟုတ်၊ အမှန်အားဖြင့်ကား-မသီးသေးသော အသီးသာ မသီးနိုင် တော့ပြီဖြစ်၍ ပယ်အပ်သည် မည်၏၊ မဂ်ဉာဏ် အမြစ်ဖြတ်ခြင်း သည်လည်း မဖြစ်သေးသော ကိလေသာတို့သာ မဖြစ်နိုင်တော့ပြီ ဖြစ်၍ ပယ်အပ်သည် မည်၏။

ဝတ္တမာနဥပ္ပန္န, ဘူတာပဂတဥပ္ပန္န, ဩကာသကတဥပ္ပန္န သမုဒါစာရဥပ္ပန္န-ဤဥပ္ပန္န လေးပါးကို မဂ်မပယ်၊ ဘူမိလဒ္ဓဥပ္ပန္နကို ပယ်သည်၊ ကာလတ္တယ ဝိမုတ္တဖြစ်သော အနုသယ ကိလေသာသည် ဝိပဿနာ၏ အာရုံ- ဥပါဒါနက္ခန္ဓာ ဟူသော ဌာနဘုံ ဖြစ်သောကြောင့် ဘူမိလဒ္ဓဥပ္ပန္န မည်၏၊ အာရမ္မဏာ ဓိဂ္ဂဟိတဥပ္ပန္န အဝိက္ခန္တိတဥပ္ပန္န, အသမူဟတဥပ္ပန္နတို့သည် ဘူမိလဒ္ဓဥပ္ပန္န၌ ဝင်ကုန်၏၊ ဥပ္ပန္နလေးခုကို မဂ်ပယ်သည်။

၅။ ပရိညာစသော ကိစ္စပြီးစီးခြင်းကား

မဂ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် သိ, ပယ်, ပွားစေ, မျက်မှောက်ပြု-ဟူသော ကိစ္စလေးပါးကို တပြိုင်နက် ပြီးစေသည်၊ မီးသည် တပြိုင်နက် မီးစာကိုကျွမ်းစေသည်၊ အမှောင်ကို ပယ်သည်၊ အလင်းကိုပြသည်၊ ဆီကိုခန်းစေသည်နှင့် အစဉ်အတိုင်း တူ၏။

မဂ်ဉာဏ်သည် ရှေးဝိပဿနာဟုန်ဖြင့် ကြွင်း မဂ္ဂင်ခုနစ်ပါးကို သဟဇာတဖြစ်စေခြင်း သည် မဂ္ဂသစ္စာကို ပွားစေသည်မည်၏၊ မဂ္ဂင်ရှစ်ပါးလုံးကိုလည်း မတွေမဝေသိသည်၊ ဤသို့ သစ္စာလေးပါး သိသောအခါ ဉာဏ်သည် သစ္စာလေးပါးကို ပိဠနတ္ထ စသော ၁၆-ပါးသော အခြင်းအရာဖြင့် ပြိုင်နက် သိလေသည်။

မဂ်ကိစ္စလေးပါးကိုတွင် သိသုံးပါး ပယ်သုံးပါး မျက်မှောက်ပြုသုံးပါး ပွားစေခြင်း နှစ်ပါး ဖြစ်၏။

၁။ သိသုံးပါးကား-ဉာတ, တီရဏ, ပဟာန- သုံးပါးတည်း၊ ထိုတွင်-

၁။ နာပရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးသည် ပိုင်းခြား၍သိသော ဉာတပညာ၏ ဘုံသီးဖြစ်၏။

၂။ ကလာပ သမ္မသနမှစ၍ အနုလောမတိုင်အောင် ဉာဏ်ဆယ်ပါးသည် အနိစ္စ စသည်ဖြင့် ဆုံးဖြတ်သော တီရဏပရိညာ၏ ဘုံသီး ဖြစ်၏။

၃။ ဘင်္ဂမှ အနုလောမအထိ ဉာဏ်ရှစ်ပါးသည် ပယ်စွန့်သော ပဟာနပရိညာ၏ ပရိယာယ်ဘုံ ဖြစ်၏၊ မဂ်သာလျှင် မုချဘုံသီးဖြစ်၏။

ဤ ဉာဏဒဿနဝိသုဒ္ဓိအရာ၌ ပဟာနပရိညာသာ လိုရင်းမုချ မဂ်ဉာဏ်ကိစ္စ ဖြစ်သည်၊ တနည်း-သိပြီး, ဆုံးဖြတ်ပြီးကိုသာ ပယ်အပ်သောကြောင့် ဉာတနှင့် တီရဏနှစ်ပါးသည် ပဟာနအလို့ငှါတည်း၊ ထို့ကြောင့် ပရိညာ သုံးပါးလုံးသည် ပရိယာယ်အားဖြင့် မဂ်ဉာဏ်ကိစ္စသာတည်း။

၂။ ပယ်သုံးပါးကား - ဝိက္ခမ္ဘန တဒင်္ဂ သမုစ္ဆေဒ သုံးပါးတည်း၊ ထိုတွင်-

၁။ အိုးဖြင့် ရေမှော်ကို ပယ်သကဲ့သို့ လောကီသမာဓိဖြင့် နီဝရဏ စသည်ကို ပယ်ခြင်းသည် ဝိက္ခမ္ဘနပဟာန် မည်၏။

၂။ ဆီမီးဖြင့် မိုက်မှောင် ပယ်သကဲ့သို့ ထိုထို ဝိပဿနာအစိတ် ဉာဏ်အင်္ဂါဖြင့် ထိုထို ဆန့်ကျင်ဘက်ကို ပယ်ခြင်းသည် တဒင်္ဂပဟာန် မည်၏။

၃။ မိုဃ်းကြိုးကျသော သစ်ပင်ကဲ့သို့ သံယောဇဉ် စသည်တို့ကို နောင် မဖြစ်အောင် ပြုလျက် မဂ်ဖြင့်ပယ်ခြင်းသည် သမုစ္ဆေဒ ပဟာန် မည်၏။

ဤ ဉာဏဒဿနဝိသုဒ္ဓိအရာ၌ သမုစ္ဆေဒပဟာန်သာ လိုရင်းမုချ မဂ်ဉာဏ်ကိစ္စ ဖြစ်သည်၊ တနည်း-ရှေးနှစ်ပါးလည်း သမုစ္ဆေဒအလို့ငှါတည်း၊ ထိုကြောင့် ပဟာန် သုံးပါးလုံးသည် ပရိယာယ်အားဖြင့် မဂ်ဉာဏ်ကိစ္စ သာတည်း။

၃။ မျက်မှောက်ပြုသုံးပါးကား - လောကိယ, ဒဿန, ဘာဝနာ သုံးပါးတည်း၊ ထိုတွင်-

၁။ လောကီဈာန်ရ၍ ဆင်ခြင်၍ “ဤဈာန်ကိုငါရ၏” ဟု မျက်မှောက် သိခြင်းသည် လောကိယသစ္ဆိကိရိယာ မည်၏။ မဂ်ဖိုလ်ရပြီးနောက် မျက်မှောက်သိပြီးသော စက္ခု, ရူပ-စသည်ကို ကိုယ်တိုင်သိခြင်း သည်လည်း လောကိယသစ္ဆိကိရိယာ မည်၏။

၂။ သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကိုမြင်ခြင်းသည် ဒဿနသစ္ဆိကိရိယာ မည်၏။

၃။ အထက်မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကိုမြင်ခြင်းသည် ဘာဝနာသစ္ဆိကိရိယာ မည်၏။

ဤဉာဏဒဿနဝိသုဒ္ဓိအရာ၌ နောက်နှစ်ပါးသာ လိုရင်းမုချ မဂ်ဉာဏ် ကိစ္စဖြစ်သည်။

၄။ ပွားစေခြင်း နှစ်ပါးကား - လောကိယ, လောကုတ္တရာ နှစ်ပါးတည်း၊ ထိုတွင်-

၁။ လောကီ သီလ သမာဓိ ပညာကိုဖြစ်စေခြင်း, မိမိသန္တာန်၌ ထုံခြင်းသည် လောကိယဘာဝနာ မည်၏။

၂။ လောကုတ္တရာသီလ သမာဓိပညာကို ဖြစ်စေခြင်း, မိမိသန္တာန်၌ ထုံခြင်းသည် လောကုတ္တရာဘာဝနာ မည်၏။

ဤဉာဏဒဿနဝိသုဒ္ဓိအရာ၌ လောကုတ္တရာ ဘာဝနာသာ လိုရင်းမုချ မဂ်ဉာဏ် ကိစ္စဖြစ်သည်။

ဉာဏဒဿနဝိသုဒ္ဓိစုံလင်ပြီ။

ပညာဘာဝနာ အာနိသင် မွေ့လျော်ဘွယ်

ပညာဘာဝနာ၏ အာနိသင်သည် များပြား၏၊ နှစ်ပေါင်းများစွာ ဆို၍ မကုန်နိုင်၊ အကျဉ်းအားဖြင့်ကား -

ကိလေသာ ဖျက်ဆီးခြင်း,

ဖိုလ်အရသာ ခံစားခြင်း,

နိရောဓသမာပတ် ဝင်စားခြင်း,

ပူဇော်ခံထိုက်ခြင်း - ဤလေးပါးမျှ ဆိုပေအံ့။

၁။ ကိလေသာ ဖျက်ဆီးခြင်းကား - နာမ်ရုပ်ပိုင်းခြားသော ဉာဏ်မှစ၍ သက္ကာယဒိဋ္ဌိ စသော ကိလေသာ အထူးထူးကို ပယ်ခြင်းသည် လောကီပညာ ဘာဝနာ၏ အာနိသင်တည်း၊

(နာမ်ရုပ်ပိုင်းခြားသော ဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိကို ပယ်သည်၊

အကြောင်းသိမ်းဆည်း သောဉာဏ်ဖြင့် ယုံမှားခြင်းတို့ကို ပယ်သည်၊

သံ, ဥ ဘင်, ဘ (၄)၊ အ နိ မု (၃)၊ ပဋိ ရု နု (၃) ဟူသော ဉာဏ်ဆယ်ပါးဖြင့် အနိစ္စ-ဟု မသိသော မောဟ၊ ဖြစ်ခြင်း, ပျက်ခြင်း မသိသော မောဟ၊ ကြောက်ဘွယ်, ငြီးငွေ့ဘွယ်, လွှတ်ပစ်ဘွယ် စသည်ဖြင့် မသိသော မောဟ အထပ်ထပ်ကို၎င်း, တဏှာအထပ်ထပ်, မာနအထပ်ထပ် ဒိဋ္ဌိအထပ်ထပ်, ဝိပလ္လာသ အထပ်ထပ်ကို၎င်း ပယ်သည်၊

ဤဉာဏ် ၁၂-ပါး တို့တွင် အစနှစ်ပါးသည် ဝိပဿနာဉာဏ် ဆယ်ပါး၌ မပါမဝင် သော်လည်း ဝိပဿနာ၏ အခြေမူလ- ဉာတပရိညာ၏ ဘုံသီးဖြစ်၍ ၎င်းတို့နှင့် တကွ ဝိပဿနာဉာဏ် ၁၂-ပါးဟု ဆိုအပ်၏။)

မဂ်ခဏ၌ သံယောဇဉ်ပယ်ခြင်း စသည်သည် လောကုတ္တရာပညာ ဘာဝနာ၏ အာနိသင်တည်း။

ကြောက်ဘွယ် အဟုန်ဖြင့် ကျသော မိုဃ်းကြိုးသည် ကျောက်တောင်ကြီးကို ဖျက်ဆီးသကဲ့သို့ လေပင့်သော တောမီးသည် တောအုပ်ကြီးကို ဖျက်ဆီးသကဲ့သို့, အရောင်ထွန်းသော နေဝန်းသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့ ယောဂီမြတ် သည် တသံသရာလုံး အကျိုးမဲ့ပြုသော ကိလေသာ ကွန်ချာရှုပ်ကို လောကုတ္တရာ ပညာဖြင့် မျိုးပြုတ်အောင် ဖျက်ဆီး၏၊ ဤသို့ ကိလေသာ ဖျက်ဆီးနိုင်ခြင်းသည် ပညာဘာဝနာ၏ မျက်မှောက် အာနိသင်တည်း။

၂။ ဖိုလ်အရသာ ခံစားခြင်းကား - မင်းစည်းစိမ်ကို မင်းသာ ခံစားနိုင်သည်၊ နတ်၏စည်းစိမ်ကို နတ်သာ ခံစားနိုင်သည်၊ ဖိုလ်ချမ်းသာကို ဖလဋ္ဌာန် ပုဂ္ဂိုလ်သာ ခံစားနိုင်သည်၊ (အာသာ မရှိသူ - စိတ်ကူး၌ပင် မထည့်နိုင်။) ဖိုလ်ချမ်းသာ ခံစားလိုသည်ရှိသော် ဥဒယဗ္ဗယမှစ၍ ဉာဏ်ကိုးပါး အစဉ်ဖြင့် သင်္ခါရတို့ကို ရှု၏၊ သင်္ခါရုပေက္ခာဉာဏ် အဆုံး၌ ဘဝင်ဖြတ်၍ သင်္ခါရတို့ကို အာရုံပြုလျက် မနောဒွါရာဝဇ္ဇန်း အနုလုံ သုံးကြိမ်,လေးကြိမ်ဖြစ်၏၊ ထိုနောင် နိဗ္ဗာန်ကိုအာရုံပြုလျက် မိမိဖိုလ်စိတ် အကြိမ်များစွာဖြစ်၏၊ ဝါ-အတိုင်း မသိသော ဖိုလ်စိတ်များစွာဖြင့် အကြိမ်ကြိမ် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ဝါ - ကာမဘုံ၌ ခုနစ်ရက်အထိ နိဗ္ဗာန် လက်တွေ့ခံစားပြီးမှ ဘဝင်ကျ၏၊ ဤဝီထိ၌ နောက်ဆုံး အနုလုံ တချက်ကို ဂေါတြဘူ ဟူ၍၎င်း, ဝေါဒါန်ဟူ၍၎င်း အဋ္ဌကထာ, ဋီကာတို့၌ မိန့်ဆိုကြသေး၏။

မဂ်ရလျှင် သမဏအမည် ကျပ်ပြည့်၏၊ သမဏမည်ကြောင်း မဂ်သာရုံ သာမညမဂ် မည်၏၊ ထိုမဂ်၏အကျိုးသည် သာမညဖိုလ်မည်၏၊ ထိုသာမညဖိုလ် ဟူသည် အချင်းခပ်သိမ်း ကိလေသာအပူငြိမ်း၏၊ နိဗ္ဗာန်လျှင် အညရှိ၏၊ တဏှာဟူသော လောကာမိသကို ထွေးအန်၏၊ ငြိမ်သက်၏၊ အမြိုက်ဆေးနှင့် ရောသောပျားကဲ့သို့ ဩဇာရှိ၏၊ စင်ကြယ်လွန်စွာ သာယာဘွယ် ဖြစ်သော ဖိုလ်ချမ်းသာဖြင့် ဆွတ်ဖျန်း အပ်၏၊ ထိုဖိုလ်အရသာ လွန်ကဲသော ချမ်းသာကို ပညာဘာဝနာ ပွားသူသာ ခံစားနိုင်သည်၊ ဤသို့ဖိုလ်အရသာ ခံစားနိုင်ခြင်းသည် ပညာဘာဝနာ၏ မျက်မှောက် အာနိသင်တည်း။

၃။ နိရောဓသမာပတ် ဝင်စားခြင်းကား - သင်္ခါရသုံးပါး စဉ်တိုင်း ချုပ်ခြင်းဖြင့် စိတ်, စေတသိက် မဖြစ်ခြင်းသည် နိရောဓသမာပတ် မည်၏၊ သမာပတ် ရှစ်ပါးရသော အနာဂါမ်, ရဟန္တာတို့သာ ဝင်စားနိုင်ကြသည်၊ ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, သုက္ခပိပဿက အနာဂါမ်, ရဟန္တာ မဝင်စားနိုင်။

ဝင်စားနိုင်ကြောင်းကား ငါးပါးရှိ၏၊

၁။ အားစွမ်းနှစ်ပါး ပြည့်စုံခြင်း

၂။ သင်္ခါရသုံးပါး ငြိမ်းခြင်း,

၃။ ဉာဏ် ၁၆-ပါး ဖြစ်ခြင်း,

၄။ သမာဓိကိုးပါး ရခြင်း

၅။ ဝသီဘော် ငါးပါး လေ့လာခြင်း

ဤငါးပါးသည် အဋ္ဌသမာပတ္တိလာဘီ အနာဂါမ်, ရဟန္တာ အားသာရှိသည်၊ တပါးသော သူတို့အား မရှိ၊ ထိုတွင်-

၁။ အားစွမ်းနှစ်ပါးကား -

သမထဗလ, ဝိပဿနာဗလဖြစ်၏၊ ဆန့်ကျင်ဘက် နီဝရဏကြောင့် မတုန်လှုပ်သော ဈာန်အားလုံးသည် သမထဗလ၊ နိစ္စသညာ စသည်ကြောင့် မတုန်လှုပ်သော အနုပဿနာ အားလုံးသည် ဝိပဿနာဗလ မည်၏။

၂။ သင်္ခါရသုံးပါး ငြိမ်းခြင်းကား -

ဝိတက္က ဝိစာရဟူသော ဝိသင်္ခါရသည် ဒုတီယဈာန်၌ ချုပ်၏၊ အဿာသ, ပဿာသဟူသော ကာယ သင်္ခါရသည် စတုတ္ထဈာန်၌ ချုပ်၏၊ သညာ, ဝေဒနာ-ဟူသော စိတ္တသင်္ခါရသည် နေဝသညာဇောနောင် နိရောဓ၌ ချုပ်၏။

၃။ ဉာဏ် ၁၆-ပါးကား -

အနိစ္စာနုပဿနာ, ဒုက္ခ, အနတ္တာ, နိဗ္ဗိဒါ, ဝိရာဂါ, နိရောဓာ, ပဋိနိဿဂ္ဂါ, ဝိဝဋ္ဋာနုပဿနာ (၈)၊ လောကုတ္တရာ (၈)အားဖြင့် ဉာဏ် ၁၆-ပါးဖြစ်၏။ (ရဟန္တာအား ၁၆၊ အနာဂါမ်အား ၁၄-ဖြစ်ပြီးပြီ။)

၄။ သမာဓိ ကိုးပါးကား -

သမာပတ်ရှစ်ပါး၊ ထိုသမာပတ်တို့၏ ဥပစာရအားဖြင့် သမာဓိကိုးပါးဖြစ်၏။

၅။ ဝသီဘော် လေ့လာခြင်းကား -

အာဝဇ္ဇန, သမာပဇ္ဇန, အဓိဋ္ဌာန, ဝုဋ္ဌာန, ပစ္စဝေက္ခဏာ ဟူသော ဝသီဘော် ငါးပါးဖြင့် လောကီ သမာပတ်တို့၌ နုန့်နှေးခြင်း ကင်းအောင် လေ့လာခြင်းတည်း။

လောကုတ္တရာဉာဏ် ဖြစ်ရာ၌ ဝသီဘော် လေ့လာဘွယ်မရှိ၊ ဆန့်ကျင်ဘက်ကို သမုစ္ဆေဒပြုပြီး ဖြစ်သောကြောင့် အလိုလို ဝသီဘော် ပြည့်စုံ၏။

နိရောဓသမာပတ် ဝင်စားလိုသော ပုဂ္ဂိုလ်သည် ဆွမ်းကိစ္စပြီး၍ လက် ခြေ -ဆေးကြောပြီးလျှင် ဆိတ်ငြိမ်ရာ ကောင်းစွာခင်းထားသော နေရာ၌ တင်ပျဉ်ဖွဲ့ခွေ ကိုယ်ဖြောင့်စွာနေလျက် ပဌမဈာန်ကို ဝင်စား၏၊ ထိုဈာန်မှ ထ၍ ထိုဈာန်၌ရှိသော သင်္ခါရတို့ကို အနုလောမဉာဏ်တိုင်အောင် အနိစ္စ, ဒုက္ခ, အနတ္ထ-ဟု မညံ့လွန်း, မထက်လွန်း ဝိပဿနာရှု၏။

သင်္ခါရသိမ်းဆည်းရာ၌ ဝိပဿနာသည် ညံ့ ထက် နှစ်ပါးလုံး မဂ်ရကြောင်း ဖြစ်၏၊ ညံ့လျှင် ဒန္ဓာ၊ ထက်လျှင် ခိပ္ပါဘိညာမဂ် ရ၏၊ ဖလသမာပတ်အရာ၌ ထက်မှ သင့်သည်၊ နိရောဓအရာ၌ မညံ့ မထက် သင့်သည်။

ထိုနောက် ဒုတီယဈာန်ကို ဝင်စား, ထ, ဝိပဿနာရှု၊ ဤနည်းဖြင့် အစဉ်အတိုင်း အာကိံဈာန် တိုင်အောင် ဝင်စား၍ အာကိံမှ ထပြီးလျှင် ဝိပဿနာမရှုဘဲ ပုဗ္ဗကိစ္စလေးပါး ပြု၏၊ ထိုနောင် နေဝသညာဈာန်ကို ဝင်စား၏၊ နေဝသညာဇော တကြိမ်, နှစ်ကြိမ်မျှ ဖြစ်ပြီးလျှင် စိတ်ချုပ်၏၊ စေတသိက်, စိတ္တဇရုပ်လည်း ချုပ်၏၊ သင်္ခါရသုံးပါး စဉ်တိုင်းချုပ်၏၊ ထို ချုပ်ခြင်းသည် နိရောဓသမာပတ် မည်၏။

ပိုင်းခြားသော ကာလလွန်သောအခါ အနာဂါမ်အား အနာဂါမိဖိုလ်သည် ရဟန္တာအား အရဟတ္တဖိုလ်သည် နိဗ္ဗာန်သို့ညွတ်လျက် တကြိမ် ဖြစ်၍ ဘဝင်ကျ၏၊ ဤသို့ ဖိုလ်စိတ်ဖြစ်ခြင်းသည် နိရောဓမှ ထသည်မည်၏။

ပုဗ္ဗကိစ္စလေးပါး ပြုရာ၌- ကိုယ်နှင့်မစပ် သီးခြားတည်သော သပိတ်, သင်္ကန်း, နေရာကျောင်း စသော ပရိက္ခရာသည် နာနာဗဒ္ဓမည်၏၊ ၎င်းကို မပျက်အောင် ဆောက်တည်ခြင်းသည် နာနာဗဒ္ဓ အဝိကောပန မည်၏၊ ဤ ပရိက္ခရာတို့သည် ဤခုနစ်ရက် အတွင်း မီးစသည်ကြောင့် မပျက်စေကုန်သတည်း-ဟု စိတ်ဖြင့် ဆောက်တည်ရသည်၊ ဆောက်တည်သော အတိုင်း မပျက်ကုန်၊ ဝတ်ရုံထားသော ကိုယ်နှင့်စပ်သော သင်္ကန်းတို့ကား ဧကာဗဒ္ဓ မည်၏၊ ဆောက်တည်ဘွယ် မရှိ၊ သမာပတ်ဖြင့် စောင့်ခြင်းကိစ္စ ပြီး၏။

သံဃာသည် မိမိမရောက်မချင်း သံဃကံ မပြုဘဲ မြော်လင့် တောင့်တခြင်းသည် သံဃပဋိမာနန မည်၏၊ ၎င်းကို ဆင်ခြင်ခြင်းသည် ပုဗ္ဗကိစ္စဖြစ်၏၊ ငါနိရောဓ ဝင်စားစဉ် သံဃာသည် ဉတ္တိကံစသည်ကိုပြုလိုအံ့၊ လာမခေါ်မီ ထနိုင်စေသတည်း-ဟု ပုဗ္ဗကိစ္စပြုရသည်၊ လာမခေါ်မီ ထနိုင်၏၊ဤသို့ မပြုအံ့၊ သံဃာ့စကားဖြင့် သွားခေါ်ချေ-ဟု သံဃာက စေလွှတ်သောအခါ စေလွှတ် အပ်သောသူသည် ကြားလောက်ရာ၌ နေ၍ သင့်ကို သံဃာတောင့်တ၏ဟု ဆိုအပ်၏၊ ချက်ချင်း ထ၏။

(အချို့ကား- အနည်းငယ်သော ကိစ္စဖြင့်သော်လည်း သံဃာ့အမိန့် မဟုတ်ဘဲ သံဃာ့ အမိန့်ဟု လွယ်ကူစွာ သုံးကုန်၏၊ သံဃာ့အမိန့် ပျက်ပြယ်ကြောင်းဖြစ်၍ မသုံးသင့်။)

ဘုရားရှင် ခေါ်တော်မူခြင်းသည် သတ္ထုပက္ကောသနမည်၏။ ၎င်းကို ဆင်ခြင်ခြင်းသည် ပုဗ္ဗကိစ္စဖြစ်၏၊ ဝါ-နိရောဓဝင်စားစဉ် ဘုရားရှင်သည် သိက္ခာပုဒ် ပညပ်လိုအံ့၊ တရားဟောလိုအံ့၊ လာမခေါ်မီ ထနိုင်စေသတည်း- ဟု ပုဗ္ဗကိစ္စပြုရသည်၊ လာမခေါ်မီ ထနိုင်၏၊ ဤသို့မပြုအံ့၊ ငါ၏စကားဖြင့် သွားခေါ်ချေ-ဟု ဘုရားရှင် စေလွှတ်သော အခါ ကြားလောက်ရာ၌ နေ၍ သင့်ကို ဘုရားရှင်ခေါ်၏-ဟု ဆိုအပ်၏၊ ချက်ချင်းထ၏။

အသက် အပိုင်းအခြားသည် အဒ္ဓါနပရိစ္ဆေဒ မည်၏၊ ငါ၏အသက် ခုနစ်ရက် တည်တံ့လော-ဟု ဆင်ခြင်ရသည်၊ နိရောဓသမာပတ်သည် မရဏကို မတားနိုင်၊ နိရောဓအတွင်းလည်း မရဏမရှိ၊ ထို့ကြောင့် မရဏအတွက် ရက်မစေ့မီ သမာပတ်မှ ထ၏။

ပကိဏ်းမှတ်ဘွယ် ရှိသေး၏။ နိရောဓသမာပတ်ကို ရဟန္တာသည် ဉာဏ် ၁၆-ပါးဖြင့်, အနာဂါမ်သည် ၁၄-ပါးဖြင့် ဝင်စား၏၊ သောတာပန် သကဒါဂါမ်တို့ကား သမာဓိ ဘေးရန် ကာမရာဂကို မပယ်သဖြင့် သမထဗလ မပြည့်စုံ၍ မဝင်စားနိုင်ကြကုန်။

ဘုံအားဖြင့် ပဉ္စဝေါကာရဘုံ၌သာ ဝင်စားနိုင်သည်၊ စတုဝေါ၌ အစဉ်အတိုင်း ဝင်စားစရာ အောက်အောက်ဈာန် မရှိသောကြောင့် မဝင်စားနိုင်၊ ကာမဘုံ၌ အာဟာရအတွက် အလွန်ဆုံး ခုနစ်ရက်၊ ရူပဘုံ၌ အလိုရှိသလောက် ဝင်စားကုန်၏။

ဝင်စားခြင်း အကြောင်းကား ခန္ဓာဝန်ကို ဆောင်ရခြင်း၌ သင်္ခါရတို့၏ ဖြစ်ပျက်ခြင်း ကြောင့် ငြီးငွေ့၏၊ စိတ်ကင်းလျက် ဒိဋ္ဌဓမ္မနိဗ္ဗာန် ချမ်းသာကို ခံစားလို၏၊ ဤအကြောင်း နှစ်ပါးကြောင့် ဝင်စားကုန်၏။

ယုဂနန္ဓအစုံမဖွဲ့မူ၍ သမထသက်သက်ဖြင့် အားထုတ်လျှင် နေဝသညာ သမာပတ် အထိ၊ ဝိပဿနာသက်သက်ဖြင့် အားထုတ်လျှင် ဖလသမာပတ်အထိ ရောက်၍ တည်၏၊ နိရောဓသို့ မရောက်။

ယုဂနန္ဓအစုံဖွဲ့၍ သမာပတ်ရှစ်ပါး တက်ခြင်းသည် အနုပုဗ္ဗ နိရောဓ၏ အလို့ငှါ ဖြစ်၏၊ နေဝသညာ အလို့ငှါ မဟုတ်၊ ထို့ကြောင့် နေဝသညာဇောသည် နှစ်ကြိမ်ထက် အလွန် မဖြစ်ဘဲ ချုပ်၏။

အာကိံမှထ၍ ပုဗ္ဗကိစ္စလေးပါး မပြုဘဲ နေဝသညာဈာန် ဝင်စားလျှင် နိရောဓကား ဖြစ်၏၊ နောက်၌ အလိုရှိတိုင်း မဖြစ်၊ အာကိံ၌ ပြန်တည်၍ ပုဗ္ဗကိစ္စပြုအပ်၏။

သေသူအား ကာယ ဝစိ စိတ္တ-ဟူသော သင်္ခါရသုံးပါး ချုပ်၏၊ အသတ ဣန္ဒြိယ, ကမ္မဇရုပ်လည်း ချုပ်၏၊ နိရောဓဝင်စားသူအား သင်္ခါရသုံးပါးသာ ချုပ်သည်၊ အသက်, ဣန္ဒြိယ, ကမ္မဇရုပ် မချုပ်။

နိရောဓသမာပတ်သံည် ပရမတ္ထ အားဖြင့် မရှိ၊ သင်္ခတ, အသင်္ခတမှ လွတ်၏၊ လောကီ လောကုတ္တရာမှ လွတ်၏၊ ဝင်စားသူ၏ အစွမ်းဖြင့် ဖြစ်သောကြောင့် နိပ္ဖန္နဖြစ်၏၊

(ဝါ- နိရောဓသမာပတ် ဝင်စား၏-ဟု ဝါကြွားလျှင် လောကီ, လောကုတ္တရာ မဟုတ်သောကြောင့် ပါရာဇိက မရှိ။)

နိဗ္ဗာန်ကား ပရမတ္ထအားဖြင့် ရှိ၏၊ အသင်္ခတဖြစ်၏၊ လောကုတ္တရာ ဖြစ်၏၊. နိပ္ဖန္နမဟုတ်၊ အနိပ္ဖန္နဖြစ်၏။

(ငါ-နိဗ္ဗာန်ရ၏-ဟု ဝါကြွားလျှင် လောကုတ္တရာ ဖြစ်သောကြောင့် ပါရာဇိက ရှိ၏။)

ဤသို့ ငြိမ်သက်လှသော ဒိဋ္ဌဓမ္မနိဗ္ဗာန် တည်းဟူသော နိရောဓသမာပတ်ကို ပညာရှိတို့သည် မဂ်ဖိုလ်ကိုပွား၍သာ ခံစားကုန်၏၊ ဤသို့ နိရောဓဝင်စား နိုင်ခြင်းသည် ပညာဘာဝနာ၏ အာနိသင်တည်း။

၄။ ပူဇော်ခံထိုက်ခြင်းကား -

မဂ်ပညာတခုခု ရပြီးသောသူသည် လူဘွယ် ပစ္စည်းကို အဝေးမှ ရှာယူ၍သော်လည်း လှူထိုက်သော အာဟုနေယျဂုဏ် ရှိ၏၊ ဧည့်သည်ကောင်းအသွင် အထူးပြု၍ လှူထိုက်သော ပါဟုနေယျဂုဏ် ရှိ၏၊ တမလွန်ယုံကြည်၍ လှူအပ်သော မြတ်သော အလှူကို ခံထိုက်သော ဒက္ခိဏေယျဂုဏ် ရှိ၏၊ လက်အုပ်ချီမိုး ရှိခိုးအပ်သော အဉ္စလီကရဏီယဂုဏ် ရှိ၏၊ လယ်မြေကောင်း အလား ကုသိုလ်ကျိုးများစေ တတ်သော အနုတ္တရံ ပုညခေတ္တံ လောကဿဂုဏ် ရှိ၏။

အထူးအားဖြင့် ပဌမမဂ်ကို ဝိပဿနာညံ့, လတ်, ထက်- သုံးစားပွားလျှင် ဣန္ဒြေညံ့, လတ်, ထက်- သုံးစားဖြင့် သတ္တက္ခတ္တုပရမ, ကောလံကောလ, ဧကဗီဇိ-ဟု သုံးစားဖြစ်၏၊ မဂ္ဂင်ရှစ်ပါးဟူသော သောတသို့ ရောက်သောကြောင့် သုံးစားလုံး သောတာပန် မည်၏။

၁။ သတ္တက္ခတ္တုသည် ကာမဘုံ၌ လူနတ်အရော ခုနစ်ကြိမ်၊

၂။ ကောလံကောလသည် နှစ်ကြိမ်မှ ခြောက်ကြိမ်၊

၃။ ဧကဗီဇိသည် တကြိမ်၊

ပဋိသန္ဓေနေ၍ နိဗ္ဗာန်စံ၏၊ ဤသုံးမျိုး ပြားခြင်းကို အထက်မဂ်သုံးပါး၏ ဝိပဿနာက ပြုသည်၊ လူ့ဘုံသက်သက်, နတ်ဘုံသက်သက် ထပ်၍ဖြစ်လျှင် ဘဝရာထောင် သော်လည်း တကြိမ်သာမည်၏၊ သကဒါဂါမ် အနာဂါမ် ဖြစ်၍ ရူပဘုံသို့ရောက်လျှင် ဘုံစဉ်စံလျက် ဘဝများစွာလည်း ဖြစ်သေး၏။

ဒုတီယမဂ်ကိုပွားလျှင်လူ့ပြည်သို့တကြိမ့်ပြန်လာသော သကဒါဂါမ် ပုဂ္ဂိုလ် ဖြစ်၏။

၁။ လူ့ပြည်၌မဂ်ရ၍ လူ့ပြည်၌ နိဗ္ဗာန်စံသူတယောက်၊

၂။ လူ့ပြည်ရ-နတ်ပြည်စံတယောက်၊

၃။ နတ်ပြည်ရ-နတ်ပြည်စံတယောက်၊

၄။ နတ်ပြည်ရ-လူ့ပြည်စံတယောက်၊

ဤသို့ ငါးယောက်ရှိ၏၊ ပဉ္စမပုဂ္ဂိုလ်သည် လူ့ပြည်တကြိမ် ပြန်လာသောကြောင့် မုချသကဒါဂါမ်၊ ကြွင်းလေးယောက် ပရိယာယ်။

တတီယမဂ်ကို ပွားလျှင် ကာမဘုံသို့ မလာသော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏။

၁။ သုဒ္ဓါဝါသငါးဘုံ တဘုံဘုံ၌ဖြစ်၍ သက်တမ်း ထက်ဝက် မရောက်မီ ကိလေသာ ပရိနိဗ္ဗာန်စံလျှင် အန္တရာပရိနိဗ္ဗာယီ၊

၂။ သက်တမ်းထက်ဝက်လွန်မှစံလျှင် ဥပဟစ္စပရိနိဗ္ဗာယိ၊

၃။ မပင်ပန်းသော အားထုတ်ခြင်းဖြင့် စံလျှင် အသင်္ခါရပရိနိဗ္ဗာယိ၊

၄။ ပင်ပန်းသော အားထုတ်ခြင်းဖြင့် စံလျှင် သင်္ခါရပရိနိဗ္ဗာယိ၊

၅။ အောက်လေးဘုံ၌ဖြစ်၍ အထက် အကနိဋ္ဌဘုံတိုင်အောင် တက်၍ အကနိဋ္ဌ၌ စံလျှင် ဥဒ္ဓံသောတ အကနိဋ္ဌဂါမီမည်၏၊

ငါးယောက်။

အန္တရာပရိနိဗ္ဗာယီသည် ထိုဘုံ၌ ပဋိသန္ဓေတည်၍ မကြာမီ၎င်း သက်တမ်း ထက်ဝက် မရောက်မီ၎င်း, ထက်ဝက် ရောက်၍၎င်း ကိလေသာ ပရိနိဗ္ဗာန် စံခြင်းအားဖြင့် သုံးယောက် ပြားသေး၏။

စတုတ္ထမဂ်ကိုပွားလျှင်-

၁။ (သဒ္ဓါဝိမုတ္တိ) ပညာဝိမုတ္တ

၂။ ဥဘတောဘာဂဝိမုတ္တ

၃။ တေဝိဇ္ဇ

၄။ ဆဠာဘိည

၅။ ပဋိသမ္ဘိဒါပတ္တ-ဟု ရဟန္တာကြီး ဖြစ်၏။

မဂ်ခဏ၌ တဏှာရှုပ်ကို ဖြေရှင်းဆဲ, ဖိုလ်ခဏ၌ ဖြေရှင်းပြီးဖြစ်၍ နတ်လူတို့၏ မြတ်သော အလှူခံပုဂ္ဂိုလ် ဖြစ်လေ၏၊ ဤသို့ ပူဇော်ခံထိုက်ခြင်းသည် ပညာဘာဝနာ၏ မျက်မှောက်အာနိသင်တည်း။

ဤသို့လျှင် ပညာဘာဝနာ၏ အာနိသင်သည် များပြား၏၊ ထို့ကြောင့် မြော်မြင် ဆင်ခြင်တတ်သော အမျိုးကောင်းသားသည် ပညာဘာဝနာ ပွားများခြင်း၌ မွေ့လျော်ခြင်းကို ပြုရာ၏။

ပညာအရသာအကျယ် ပြီး၏။

နိဂုံး

ဤမျှဖြင့် ညောင်လေးပင်မြို့ - တောရကျောင်းတိုက်၌ နာယကကြီးမှူးသော ပဓာနဆရာတော်အဖြစ်ဖြင့် နေထိုင်ခိုက် ပြုပြင် စီရင်သော သီလ သမာဓိ, ပညာ- အဖွင့်ဖြစ်သော ဝိသုဒ္ဓိမဂ် အရသာသည် အတိတ်သာသနာ ၂၄၈၄-ခု။ ။ ကောဇာ သက္ကရာဇ် ၁၃၀၂-ခု၊ ပြာသိုလအတွင်း ပြီးဆုံးခြင်းသို့ ရောက်လေသတည်း။

အသက်တော် ၃၅-နှစ်တွင် သဗ္ဗညုတဉာဏ်တော်ရ၍ နတ်လူတို့၏ အတုမရှိ တဆူတည်း ဆရာအဖြစ်သို့ ရောက်တော်မူသော မြတ်စွာဘုရား၏ ဓမ္မ အမွေတော်နှစ်သည် ဝေနေယျ ပုဂ္ဂိုလ်တို့၏ ဟဒယဝတ္ထု တည်းဟူသော ဂန္ဓကုဋိ စံကျောင်းတော်၌ ကိန်းအောင်းတင့်တယ် ဇမ္ဘယ်နိုင်ပါစေသတည်း။

နိဂုံးပြီး၏။

ဤတွင် ဝိသုဒ္ဓိမဂ်အရသာ ပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...