ဓမ္မပဒဝတ္ထုတော်ကြီး (စတုတ္ထတွဲ)
ဓမ္မပဒဝတ္ထုတော်ကြီး (စတုတ္ထတွဲ)
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
အဂ္ဂမဟာ ပဏ္ဍိတ ညောင်လေးပင်မြို့ တောရဆရာတော်
ပါဌ်လျှောက် ပြန်ဆို ရေးသားသည်။
မာတိကာ
၁၉ - ဓမ္မဋ္ဌဝဂ်
၁ - တရားဆုံးဖြတ်သော အမတ်ကြီးတို့ ဝတ္ထု
၁ တံစိုးစား၍ မတရားဆုံးဖြတ်ခြင်း
၂ ဒေသနာတော်
၃ ဒေသနာတော်၏ အကျိုး
၂ - ဆဗ္ဗဂ္ဂီရဟန်းတို့ ဝတ္ထု
၄ ဆွမ်းစားစရပ်၌ နှောက်ယှက်ခြင်း
၅ ဒေသနာတော်
၆ ဒေသနာတော်၏ အကျိုး
၃ - ဧကူဒါနရဟန္တာမထေရ် ဝတ္ထု
၇ နတ်တို့ သာဓုခေါ်သော တရားဂါထာ
၈ တရားတိုင်း နတ်တို့ သာဓုမခေါ်
၉ ဒေသနာတော်
၁ဝ ဒေသနာတော်၏ အကျိုး
၄ - လကုဏ္ဍကဘဒ္ဒိယမထေရ် ဝတ္ထု
၁၁ ခန္ဓာကိုယ်ကြီးတိုင်း မထေရ်ကြီးမဟုတ်
၁၂ ဒေသနာတော်
၁၃ ဒေသနာတော်၏ အကျိုး
၅−များစွာသောရဟန်းတို့ ဝတ္ထု
၁၄ ဘုန်းကြီးအောင် ဘုရားထံကပ်၍ကြံခြင်း
၁၅ ဒေသနာတော်
၁၆ ဒေသနာတော်၏ အကျိုး
၆ - ဟတ္ထကရဟန်း ဝတ္ထု
၁၇ ဦးပြည်းကာမျှဖြင့် ရဟန်းမဟုတ်သေး
၁၈ ဒေသနာတော်
၁၉ ဒေသနာတော်၏ အကျိုး
၇ - မထင်ရှားသောပုဏ္ဏား ဝတ္ထု
၂၀ ဆွမ်းခံသွားကာမျှဖြင့် ဘိက္ခု မဟုတ်သေး
၂၁ ဒေသနာတော်
၂၂ ဒေသနာတော်၏ အကျိုး
၈ - တိတ္ထိတို့ ဝတ္ထု
၂၃ ဆိတ်ဆိတ်နေတိုင်း မြတ်သော အကျင့်မဟုတ်
၂၄ ဒေသနာတော်
၂၅ ဒေသနာတော်၏ အကျိုး
၉ - အရိယာမည်သော တံငါသည် ဝတ္ထု
၂၆ တံငါသည်ကို အမည်မေးတော်မူခြင်း
၂၇ ဒေသနာတော်
၂၈ ဒေသနာတော်၏ အကျိုး
၁၀ - သီလစသည်နှင့် ပြည့်စုံသော များစွာသောရဟန်းတို့ ဝတ္ထု
၂၉ သီလ စသည် ပြည့်စုံကာမျှဖြင့် ရဟန်းကိစ္စ မပြီးသေး
၃ဝ ဒေသနာတော်
၃၁ ဒေသနာတော်၏ အကျိုး
၂၀ - မဂ္ဂဝဂ်
၁ - ရဟန်းငါးရာ ဝတ္ထု
၃၂ စကား၌ တရားပါအောင်ပြုခြင်း
၃၃ ဒေသနာတော်
၃၄ ဒေသနာတော်၏ အကျိုး
၂ - အနိစ္စလက္ခဏာ ဝတ္ထု
၃၅ အနိစ္စဟု အားထုတ်ဖူးခြင်းအကျိုး
၃၆ ဒေသနာတော်
၃၇ ဒေသနာတော်၏ အကျိုး
၃ - ဒုက္ခလက္ခဏာ ဝတ္ထု
၃၈ ဒုက္ခဟု အားထုတ်ဖူးခြင်းအကျိုး
၃၉ ဒေသနာတော်
၄ - အနတ္တလက္ခဏာ ဝတ္ထု
၄ဝ အနတ္တဟု အားထုတ်ဖူးခြင်းအကျိုး
၄၁ ဒေသနာတော်
၅ - ပဓာနကမ္မိကတိဿမထေရ် ဝတ္ထု
၄၂ ရဟန်းပျင်း နောက်မှ အကြံရခြင်း
၄၃ ရဟန်းပျင်း လုံ့လကြောင့် ပေါင်ကျိုးခြင်း
၄၄ ဝရုဏဇာတ် အမြွက်
၄၅ ဒေသနာတော်
၄၆ ဒေသနာတော်၏ အကျိုး
၆ - ဝက်ပြိတ္တာ ဝတ္ထု
၄၇ ခံတွင်း၌ အမြီးပေါက်သော ဝက်အကြောင်း
၄၈ အလွန်ညီညွတ်သော မထေရ်ကြီးနှစ်ပါး
၄၉ ဓမ္မကထိက ဂုံးချောပုံ
၅ဝ မထေရ်ကြီးနှစ်ပါး ကွဲပြားပုံ
၅၁ ဆုံမိကြရာ၌ မျက်ရည် မဆည်နိုင်ကြခြင်း
၅၂ ဓမ္မကထိက ဝက်ပြိတ္တာဖြစ်ခြင်း
၅၃ ဒေသနာတော်
၅၄ ဒေသနာတော်၏ အကျိုး
၇ - ပေါဋ္ဌိလမထေရ် ဝတ္ထု
၅၅ စာတတ်လျက် တုစ္ဆဟု အခေါ်ခံရခြင်း
၅၆ စာတတ်ပုဂ္ဂိုလ်၏ မာနချိုးပုံ
၅၇ ခုနစ်နှစ်သားကိုရင် ဟောပြသော တရားတော်
၅၈ ဒေသနာတော်
၅၉ ဒေသနာတော်၏ အကျိုး
၈ - ငါးပါးသော မထေရ်ကြီးတို့ ဝတ္ထု
၆ဝ ဟင်းချက်ကောင်းသူ သေ၍ ရဟန်းကြီးများ ငိုခြင်း
၆၁ သမုဒြာကျီးဇာတ် အမြွက်
၆၂ ဒေသနာတော်
၆၃ ဒေသနာတော်၏ အကျိုး
၉ - ရွှေပန်းထိမ်သည်သား မထေရ် ဝတ္ထု
၆၄ ကမ္မဋ္ဌာန်းမထင်၍ ဘုရားထံပို့ရခြင်း
၆၅ လောဟိတ ကမ္မဋ္ဌာန်းဖြင့် ဈာန်ရခြင်း
၆၆ ဝိပဿနာဆိုက်အောင်ပြုခြင်း
၆၇ ဒေသနာတော်
၆၈ ဒေသနာတော်၏ အကျိုး
၁၀ - မဟာဓနကုန်သည်ကြီး ဝတ္ထု
၆၉ ငါမသေနိုင်သေးဟု မှတ်ထင်ခြင်း
၇၀ ကုန်သည်ကြီး ထိတ်လန့်၍ကုသိုလ်ပြုခြင်း
၇၁ ဒေသနာတော်
၇၂ ဒေသနာတော်၏ အကျိုး
၇၃ ကုန်သည်ကြီးသေ၍ တုသိတာ၌ ဖြစ်ခြင်း
၁၁ - ကိသာဂေါတမီ ဝတ္ထု
၇၄ အလိုမပြည့်မီ သေရခြင်း
၇၅ ဒေသနာတော်
၇၆ ဒေသနာတော်၏ အကျိုး
၁၂ - ပဋာစာရီ ဝတ္ထု
၇၇ သားသ္မီးစသည် အားကိုးစရာ မဟုတ်ခြင်း
၇၈ ဒေသနာတော်
၇၉ ဒေသနာတော်၏ အကျိုး
၂၁ - ပကိဏ္ဏက ဝဂ်
၁ - ကိုယ်တော်မြတ်၏ရှေးကံ ဝတ္ထု
၈ဝ ဝေသာလီပြည် ဘေးသုံးပါးဖြစ်ခြင်း
၈၁ ဘေးကင်းအောင် ကြံစည်ကြခြင်း
၈၂ မြတ်စွာဘုရားကို ပင့်ဆောင်ခြင်း
၈၃ မြတ်စွာဘုရားကို ဗိမ္မိသာရမင်းကြီးလိုက်ပို့ခြင်း
၈၄ ဝေသာလီပြည်၌ ပေါက္ခရမိုဃ်းရွာခြင်း
၈၅ ရှင်အာနန္ဒာ ရတနသုတ် ပရိတ်တော်ရွတ်ပုံ
၈၆ ရတနသုတ်ရွတ်ခြင်း အကျိုး
၈၇ ဝေသာလီပြည်မှအပြန် ပူဇော်ကြပုံ
၈၈ နတ် ဗြဟ္မာ နဂါးတို့ ပူဇော်ကြပုံ
၈၉ နိမ္မိတဘုရား ဖန်ဆင်းခြင်းနှင့် နဂါးပြည်သို့ ကြွတော်မူခြင်း
၉ဝ ရဟန်းတို့ အစည်းအဝေး၌ ပြောကြားခြင်း
၉၁ သုသီမ ပစ္စေကဗုဒ္ဓါ အကြောင်း အတိတ်
၉၂ သုသီမလုလင် ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန်စံခြင်း
၉၃ ဖခင် သင်္ခပုဏ္ဏား စေတီကို ပူဇော်ခြင်း
၉၄ ကုသိုလ်နှင့် အကျိုးတွဲပြခြင်း
၉၅ ဒေသနာတော်
၉၆ ဒေသနာတော်၏ အကျိုး
၂ - ကြက်ဥစားသော မိန်းမတယောက် ဝတ္ထု
၉၇ လျှာအလိုလိုက်၍ ဘီလူးဖြစ်ခြင်း
၉၈ ဒေသနာတော်
၉၉ ဒေသနာတော်၏ အကျိုး
၃ - ဘဒ္ဒိယရဟန်းတို့ ဝတ္ထု
၁၀၀ ဘဒ္ဒိယမြို့သား ရဟန်းများ ခြေနင်းအမျိုးမျိုး စီးခြင်းကို ကဲ့ရဲ့တော်မူခြင်း
၁ဝ၁ ဒေသနာတော်
၁ဝ၂ ဒေသနာတော်၏ အကျိုး
၄ - လကုဏ္ဍကဘဒ္ဒိယ မထေရ် ဝတ္ထု
၁၀၃ တဏှာ မာနဟူသော မိဘသတ်မှ ချမ်းသာခြင်း
၁ဝ၄ ပဌမဒေသနာတော်
၁ဝ၅ ဒေသနာတော်၏ အကျိုး
၁ဝ၆ ဒုတိယဒေသနာတော်
၅ - ထင်းလှည်းသ္မား၏သား ဝတ္ထု
၁ဝ၇ နမောဗုဒ္ဓဿနှင့် မိစ္ဆာဒိဋ္ဌိသူငယ်
၁၀၈ ဘီလူးလာဆွဲသဖြင့် ရွတ်ဆိုပုံ
၁ဝ၉ နန်းတော်မှ ရွှေခွက်သူခိုးဟု အဖမ်းခံရခြင်း
၁၁ဝ ဒေသနာတော်
၁၁၁ ဒေသနာတော်၏ အကျိုး
၆ - ဝဇ္ဇီတိုင်းသားရဟန်း ဝတ္ထု
၁၁၂ ပျင်းရိသောရဟန်းကို နတ် သတိပေးပုံ
၁၁၃ ဒေသနာတော်
၁၁၄ ဒေသနာတော်၏ အကျိုး
၇ - စိတ္တသူကြွယ် ဝတ္ထု
၁၁၅ သဒ္ဓါသောသူ ရောက်ရာ၌ အပူဇော်ခံရခြင်း
၁၁၆ ဒေသနာတော်
၁၁၇ ဒေသနာတော်၏ အကျိုး
၈ - စူဠသုဘဒ္ဒါ ဝတ္ထု
၁၁၈ စူဠသုဘဒ္ဒါနှင့် မိစ္ဆာဒိဋ္ဌိသူဌေးသား
၁၁၉ စူဠသုဘဒ္ဒါ ဥဂ္ဂမြို့သို့ လိုက်သွားရခြင်း
၁၂ဝ စူဠသုဘဒ္ဒါသည် တိတ္ထိတို့ကို ရှိမခိုးခြင်း
၁၂၁ စူဠသုဘဒ္ဒါ၏ ရဟန်းများ ဂုဏ်ကျေးဇူး
၁၂၂ စူဠသုဘဒ္ဒါ ဘုရားပင့်ခြင်း
၁၂၃ ဒေသနာတော်
၁၂၄ ဒေသနာတော်၏ အကျိုး
၁၂၅ မြတ်စွာဘုရား ဥဂ္ဂမြို့သို့ ကြွတော်မူခြင်း
၉ - ဧကဝိဟာရိမထေရ် ဝတ္ထု
၁၂၆ တပါးတည်းနေထိုင်ခြင်း
၁၂၇ ဒေသနာတော်
၁၂၈ ဒေသနာတော်၏ အကျိုး
၂၂ - နိရယဝဂ်
၁ - သုန္ဒရီပရိဗိုဇ်မ ဝတ္ထု
၁၂၉ သုန္ဒရီပရိဗိုဇ်မ စွပ်စွဲခြင်း
၁၃ဝ သုန္ဒရီပရိဗိုဇ်မအလောင်း ဘုရားကျောင်းအနီး၌ တွေ့ခြင်း
၁၃၁ ဒေသနာတော်
၁၃၂ ဒေသနာတော်၏ အကျိုး
၁၃၃ တိတ္ထိတို့နှင့် သေသောက်ကြူးတို့ အပြစ်ရခြင်း
၂ - ဒုစရိုက်အကျိုး ခံစားရသော သတ္တဝါတို့ ဝတ္ထု
၁၃၄ သင်္ကန်းဝတ်လျက်ရှိသော ပြိတ္တာများ
၁၃၅ ဒေသနာတော်
၁၃၆ ဒေသနာတော်၏ အကျိုး
၃ - ဝဂ္ဂုမုဒါတီရိယရဟန်းတို့ ဝတ္ထု
၁၃၇ ဝမ်းရေးကြောင့် တရားဖြင့် ဝါကြွားခြင်း
၁၃၈ ဒေသနာတော်
၁၃၉ ဒေသနာတော်၏ အကျိုး
၄ - အနာထပိဏ်သူဌေး၏တူ ခေမကသူဌေးသား ဝတ္ထု
၁၄၀ မကြာမကြာ အချုပ်ခံရသော သူဌေးသား
၁၄၁ ဒေသနာတော်
၁၄၂ ဒေသနာတော်၏ အကျိုး
၅ - ဆိုနိုင်ခက်သော ရဟန်း ဝတ္ထု
၁၄၃ ခေမကသူဌေးသား၏ ရှေးဆုတောင်း
၁၄၄ ဝိနည်းတတ်၍ မြက်နုတ်ခြင်း
၁၄၅ ဒေသနာတော်
၁၄၆ ဒေသနာတော်၏ အကျိုး
၆ - ငြူစူခြင်းနှိပ်စက်သောမိန်းမ ဝတ္ထု
၁၄၇ အိမ်ကျွန်မကို နား နှာခေါင်းဖြတ်ခြင်း
၁၄၈ ဒေသနာတော်
၁၄၉ ဒေသနာတော်၏ အကျိုး
၇ - များစွာသောရဟန်းတို့ ဝတ္ထု
၁၅ဝ မိမိကိုယ်ကို လုံခြုံအောင် စောင့်သင့်ခြင်း
၁၅၁ ဒေသနာတော်
၁၅၂ ဒေသနာတော်၏ အကျိုး
၈ - နိဂဏ္ဌတက္ကတွန်း ဝတ္ထု
၁၅၃ အရှက်လမ်းမှားခြင်း
၁၅၄ ဒေသနာတော်
၁၅၅ ဒေသနာတော်၏ အကျိုး
၉ - တိတ္ထိတို့၏ တပည့်သာဝက ဝတ္ထု
၁၅၆ မိစ္ဆာဒိဋ္ဌိသူငယ်တို့ ဘုရားကျောင်း၌ ရေတောင်းသောက်ခြင်း၏ အကျိုး
၁၅၇ ဒေသနာတော်
၁၅၈ ဒေသနာတော်၏ အကျိုး
၂၃ - နာဂဝဂ်
၁ - ကိုယ်တော်မြတ်ကို အကြောင်းပြုသော ဝတ္ထု
၁၅၉ အဓိကရုဏ်းကို ဖြစ်ရာ၌သာ ငြိမ်းသင့်ခြင်း
၁၆ဝ ဒေသနာတော်
၁၆၁ ဒေသနာတော်၏ အကျိုး
၂ - ဆင်ဆရာဖြစ်ဖူးသောရဟန်း ဝတ္ထု
၁၆၂ မရောက်ဖူးသောအရပ် ရောက်အောင် ပြုသင့်ခြင်း
၁၆၃ ဒေသနာတော်
၁၆၄ ဒေသနာတော်၏ အကျိုး
၃ - ပုဏ္ဏားအို၏သားများ ဝတ္ထု
၁၆၅ အမွေ အကုန်ပေးမိသော ပုဏ္ဏားကြီး၏ဒုက္ခ
၁၆၆ ဘုရားထံသို့ ချဉ်းကပ်ခြင်း
၁၆၇ ပုဏ္ဏားကြီးအား ဘုရားသင်ပေးသော ဂါထာများ
၁၆၈ ဂါထာ၏တန်ခိုး ပြန်၍ချမ်းသာခြင်း
၁၆၉ ဘုရားအား ပုဏ္ဏားကြီး ဆွမ်းဝတ်တည်ခြင်း
၁၇ဝ သားများလည်း ဘုရားကို ကြည်ညိုခြင်း
၁၇၁ ဒေသနာတော်
၁၇၂ ဒေသနာတော်၏ အကျိုး
၄ - ပဿေနဒီကောသလမင်း ဝတ္ထု
၁၇၃ အစားကြီးသူ၏ အပြစ်
၁၇၄ ဒေသနာတော်
၁၇၅ အစားပမာဏသိသူ၏ အကျိုး
၅ - သာနုသာမဏေ ဝတ္ထု
၁၇၆ ကိုရင်သာနု တရားဟောပြီး အမျှဝေပုံ
၁၇၇ ဘဝဟောင်းက မိခင်ဘီလူးမ မျက်နှာကြီးပုံ
၁၇၈ ကိုရင်သာနု အိမ်ပြန်၍ ပုဆိုးတောင်းခြင်း
၁၇၉ ကိုရင်သာနု ဘီလူးပူးဝင်ခြင်း
၁၈ဝ ဘီလူးပူးလျက် ပြောသောစကား
၁၈၁ ဘီလူးထွက်ပြီးနောက် မိခင်နှင့် စကားပြောပုံ
၁၈၂ ကိုရင်သာနု လူမထွက်ရန် ဝန်ခံခြင်း
၁၈၃ ဒေသနာတော်
၁၈၄ ဒေသနာတော်၏ အကျိုး
၆ - ပါဝေယျကဆင် ဝတ္ထု
၁၈၅ ပါဝေယျကဆင် ညွန်ကျွံခြင်း
၁၈၆ ဒေသနာတော်
၁၈၇ ဒေသနာတော်၏ အကျိုး
၇ - များစွာကုန်သောရဟန်းတို့ ဝတ္ထု
၁၈၈ ရှင်အာနန္ဒာ ပလလည်း တောသို့ ကြွခြင်း
၁၈၉ ပလလည်း ဆင်မင်းနှင့် ရှင်အာနန္ဒာ
၁၉ဝ အဖော်ကောင်းမရလျှင် တယောက်တည်း နေသင့်ခြင်း
၁၉၁ ဒေသနာတော်
၁၉၂ ဒေသနာတော်၏ အကျိုး
၈ - မာရ်နတ် ဝတ္ထု
၁၉၃ ဘုရားအား မင်းပြုရန် မာရ်နတ်လျှောက်ထားခြင်း
၁၉၄ မာရ်နတ်တရားနှင့် ဘုရားတရား တခြားစီ
၁၉၅ ဒေသနာတော်
၁၉၆ ဒေသနာတော်၏ အကျိုး
၂၄ - တဏှာဝဂ်
၁ - ကပိလငါး ဝတ္ထု
၁၉၇ ကပိလရဟန်း မတရားပြုပုံ
၁၉၈ ကပိလရဟန်း၏ နောင်တော် မယ်တော်နှမများ
၁၉၉ ခိုးသားငါးရာ၏ သီလအကျိုး
၂၀၀ ကပိလငါး ဇေတဝန်ကျောင်းတော်သို့ ရောက်ခြင်း
၂၀၁ ကပိလငါး လူစကားပြောခြင်း
၂ဝ၂ ဒေသနာတော်
၂ဝ၃ ဒေသနာတော်၏ အကျိုး
၂ - ဝက်မငယ် ဝတ္ထု
၂၀၄ ဗြဟ္မာသော်လည်း ဝက်ဖြစ်ရခြင်း
၂ဝ၅ ဒေသနာတော်
၂ဝ၆ ဒေသနာတော်၏ အကျိုး
၂၀၇ ဝက်မကလေး အမတ်ကတော်ဖြစ်ခြင်း
၂ဝ၈ ရဟန်းပြု၍ ရဟန္တာမ ဖြစ်ခြင်း
၂ဝ၉ တဆယ့်သုံးဘဝ ဇာတ်ပေါင်း၍ နိဗ္ဗာန်ဝင်ရခြင်း
၃ - လူထွက်သောရဟန်း ဝတ္ထု
၂၁ဝ မိတ်ကောင်းအကျိုး သူခိုးဈာန်ရခြင်း
၂၁၁ ဒေသနာတော်
၂၁၂ ဒေသနာတော်၏ အကျိုး
၄ - နှောင်အိမ် ဝတ္ထု
၂၁၃ အချုပ်ထောင်နှင့် ကိလေသာနှောင်အိမ်
၂၁၄ နှောင်ကြိုးဖြတ်သော အတိတ်ဝတ္ထု
၂၁၅ ဒေသနာတော်
၂၁၆ ဒေသနာတော်၏ အကျိုး
၅ - ခေမာထေရီ ဝတ္ထု
၂၁၇ အဆင်း၌ မာန်ယစ်သော ခေမာမိဖုယား
၂၁၈ ခေမာမိဖုယား သောတာပန်တည်ခြင်း
၂၁၉ ဒေသနာတော်
၂၂ဝ ဒေသနာတော်၏ အကျိုး
၆ - ဥဂ္ဂသေနသူဌေးသား ဝတ္ထု
၂၂၁ သူဌေးသားနှင့် ကချေသည်မ
၂၂၂ မယားမာနကြောင့် လင်ပညာတတ်ခြင်း
၂၂၃ ပညာပြစဉ် ဘုရားကြွလာခြင်း
၂၂၄ ရှင်မောဂ္ဂလာန်နှင့် ဥဂ္ဂသေန
၂၂၅ ဒေသနာတော်
၂၂၆ ဒေသနာတော်၏ အကျိုး
၂၂၇ ဥဂ္ဂသေန ရဟန်းပြုခြင်း
၂၂၈ ဥဂ္ဂသေန၏ အတိတ်ကို မေးလျှောက်ပုံ
၂၂၉ ရဟန္တာကို နှုတ်ပြစ်မှား၍ ကချေသည်ဖြစ်ရခြင်း
၇ - စူဠဓနုဂ္ဂဟသုခမိန် ဝတ္ထု
၂၃၀ သောက်ရေ တပေါက်ကစ၍ ပျင်းရိငြီးငွေ့ခြင်း
၂၃၁ သူခိုးသို့ ထားရိုးကမ်းသော မိန်းမ အတိတ်
၂၃၂ ဇာတ်တော်၌လာသော ဂါထာများ
၂၃၃ ဤမှာဘက်ကမ်း၌ တည်နေလျက် မိန်းမက တောင်းပန်ပုံ
၂၃၄ ထိုမှာဘက်ကမ်း၌ နေလျက် ခိုးသူက ပြန်ဆိုပုံ
၂၃၅ မိန်းမက မြေခွေးကို ဆိုပုံ
၂၃၆ မြေခွေးက ပြန်ပြောပုံ
၂၃၇ မိန်းမက နောင်တရ၍ ဝန်ခံပုံ
၂၃၈ သိကြားမင်းက အရှက်ကွဲအောင် နောက်ဆုံး ဆိုပုံ
၂၃၉ ဒေသနာတော်
၂၄ဝ ဒေသနာတော်၏ အကျိုး
၈ - မာရ်နတ် ဝတ္ထု
၂၄၁ ဆင်ပြောင်အသွင်ဖြင့် ရာဟုလာကို ချောက်လှန့်ခြင်း
၂၄၂ ဒေသနာတော်
၂၄၃ ဒေသနာတော်၏ အကျိုး
၉ - ဥပကမည်သော တက္ကတွန်း ဝတ္ထု
၂၄၄ ဥပကနှင့် ရှေးဦးစွာ တွေ့ဆုံခြင်း
၂၄၅ ဒေသနာတော်
၂၄၆ ဒေသနာတော်နှင့် ဥပက၏ သဘောထား
၁ဝ - သိကြားမင်းပြဿနာ ဝတ္ထု
၂၄၇ နတ်တို့ ပြဿနာအတွက် နတ်မင်းကြီးတို့ထံ သွားခြင်း
၂၄၈ သိကြားမင်းနှင့်တကွ ဘုရားထံ သွားခြင်း
၂၄၉ ဒေသနာတော်
၂၅ဝ ဒေသနာတော်၌ မှတ်ဖွယ်
၂၅၁ ဒေသနာတော်၏ အကျိုး
၂၅၂ ကုသိုလ်အမျှဝေရန် သိကြားမင်း တောင်းပန်ခြင်း
၁၁ - အပုတ္တကသူဌေး ဝတ္ထု
၂၅၃ အပုတ္တကသူဌေးကြီး အနိစ္စရောက်ခြင်း
၂၅၄ အပုတ္တကသူဌေးကြီး၏ အတိတ်ကံ
၂၅၅ မဟာရောရုဝငရဲသို့ ကျခြင်း
၂၅၆ ဒေသနာတော်
၂၅၇ ဒေသနာတော်၏ အကျိုး
၁၂ - အင်္ကုရနတ်သား ဝတ္ထု
၂၅၈ ရွေးချယ်၍ လှူသင့်ခြင်း
၂၅၉ ဒေသနာတော်
၂၆ဝ ဒေသနာတော်၏ အကျိုး
၂၅ – ဘိက္ခုဝဂ်
၁ - ရဟန်းငါးပါး ဝတ္ထု
၂၆၁ ဒွါရငါးပါး စောင့်ရှောက်သင့်ကြောင်း
၂၆၂ မစောင့်သောကြောင့် ပျက်စီးခြင်း အတိတ်
၂၆၃ ဒေသနာတော်
၂၆၄ ဒေသနာတော်၌ မှတ်ဖွယ်
၂၆၅ ဒေသနာတော်၏ အကျိုး
၂ - ဟင်္သာကိုသတ်သောရဟန်း ဝတ္ထု
၂၆၆ လက်မစောင့်စည်းသော ရဟန်း
၂၆၇ ဂရုဓမ္မတရားကျင့်သူ ဆယ့်တယောက်
၂၆၈ မိုးရွာအောင် ပြုလုပ်ကြခြင်း
၂၆၉ ဆယ့်တယောက် ဇာတ်ပေါင်းပုံ
၂၇ဝ ဒေသနာတော်
၂၇၁ ဒေသနာတော်၏ အကျိုး
၃ - ကောကာလိက ဝတ္ထု
၂၇၂ နှုတ်မစောင့်စည်းခြင်း
၂၇၃ စကားများသောလိပ် အတိတ်ဝတ္ထု
၂၇၄ ဒေသနာတော်
၂၇၅ ဒေသနာတော်၏ အကျိုး
၄ - ဓမ္မာရာမ မထေရ် ဝတ္ထု
၂၇၆ ဘုရားရှင်အလိုကျအောင် ပူဇော်သောရဟန်း
၂၇၇ ဒေသနာတော်
၂၇၈ ဒေသနာတော်၏ အကျိုး
၅ - ဝိပက္ခသေဝကရဟန်း ဝတ္ထု
၂၇၉ စိတ်မခိုင်၍ ကြုံရာလိုက်ပါလွယ်သော ရဟန်း
၂၈ဝ မဟိဠာမုခဇာတ်အမြွက်
၂၈၁ ဒေသနာတော်
၂၈၂ ဒေသနာတော်၏ အကျိုး
၆ - ပဉ္စဂ္ဂဒါယကာပုဏ္ဏား ဝတ္ထု
၂၈၃ မြတ်စွာဘုရားအား မသဒ္ဓါသော ပုဏ္ဏေးမ
၂၈၄ သဒ္ဓါသော ပုဏ္ဏားကြီး
၂၈၅ ပြိတ္တာနှင့်တူပုံဟော၍ ဆွမ်းကျန်အလှူခံခြင်း
၂၈၆ ဒေသနာတော်
၂၈၇ ဒေသနာတော်၏ အကျိုး
၇ - များစွာကုန်သောရဟန်းတို့ ဝတ္ထု
၂၈၈ သောဏရဟန်း ဘုရားအား တရားဟောပြခြင်း
၂၈၉ သောဏရဟန်း၏ မယ်တော်နှင့် အိမ်စောင့်နတ်
၂၉၀ သောဏရဟန်း ဆုငါးပါး တောင်းခြင်း
၂၉၁ သောဏရဟန်း၏မယ်တော် တရားပွဲပြုလုပ်ခြင်း
၂၉၂ တရားပွဲကျင်းပစဉ် အိမ်သူခိုးဝင်ခြင်း
၂၉၃ သူခိုးဝင်ကြောင်း လာပြောသူကို ကြိမ်းမောင်းခြင်း
၂၉၄ သူခိုးတို့က တောင်းပန်ခြင်း
၂၉၅ ခိုးသူကိုးရာ ရဟန်းပြုခြင်း
၂၉၆ ဒေသနာတော်
၂၉၇ ဒေသနာတော်၏ အကျိုး
၈ - ရဟန်းငါးရာတို့ ဝတ္ထု
၂၉၈ ပန်းပွင့်နှင့်ပြိုင်၍ တရားအားထုတ်ခြင်း
၂၉၉ ဒေသနာတော်
၃ဝဝ ဒေသနာတော်၏ အကျိုး
၉ - သန္တကာယမထေရ် ဝတ္ထု
၃ဝ၁ ခြင်္သေ့ဘဝမှ ဝင်စားသောရဟန်း
၃ဝ၂ ဒေသနာတော်
၃ဝ၃ ဒေသနာတော်၏ အကျိုး
၁၀ - နင်္ဂလမထေရ် ဝတ္ထု
၃ဝ၄ ရဟန္တာလောင်းအား အဝတ်စုတ်နှိပ်စက်ခြင်း
၃ဝ၅ အဝတ်စုတ်ဆရာတင်၍ ရဟန္တာဖြစ်ခြင်း
၃ဝ၆ ဒေသနာတော်
၃ဝ၇ ဒေသနာတော်၏ အကျိုး
၁၁ - ဝက္ကလိမထေရ် ဝတ္ထု
၃၀၈ သဒ္ဓါတရားလွန်ကဲသော ဝက္ကလိမထေရ်
၃ဝ၉ ဝက္ကလိမထေရ်ကို နှင်ပစ်ခြင်း
၃၁ဝ ဒေသနာတော်
၃၁၁ ဝက္ကလိမထေရ် ရဟန္တာဖြစ်ခြင်း
၁၂ - သုမနသာမဏေ ဝတ္ထု
၃၁၂ ရှင်အနုရုဒ္ဓါအလောင်း ဆုတောင်းကောင်းမှု
၃၁၃ အန္နဘာရ သူဆင်းရဲ၏ အလှူ
၃၁၄ မရှိစကား မကြားရလိုဟု ဆုတောင်းခြင်း
၃၁၅ ဆင်းရဲသားအလှူ နတ်သာဓုခေါ်ခြင်း
၃၁၆ သုမနသူဌေး တထောင်ပေး၍ သာဓုခေါ်ခြင်း
၃၁၇ အနုရုဒ္ဓါမင်းသား ဖြစ်လာခြင်း
၃၁၈ မရှိဟူသောစကား နားမလည်ခြင်း
၃၁၉ မရှိမုံ့ အမြဲသုံးဆောင်ရခြင်း
၃၂ဝ ထမင်း အဘယ်မှဖြစ်သည်ဟု စကားဖြစ်ခြင်
၃၂၁ အနုရုဒ္ဓါမင်းသား ရဟန်းပြုခြင်း
၃၂၂ သုမနအား ချီးမြှောက်ရန် ကြွသွားခြင်း
၃၂၃ စူဠသုမန ရှင်ပြု၍ ရဟန္တာဖြစ်ခြင်း
၃၂၄ သုမနသာမဏေကို ဟိမဝန္တာသို့ ခေါ်သွားခြင်း
၃၂၅ ရှင်အနုရုဒ္ဓါ လေနာထ၍ အနဝတတ်ရေခပ်ခိုင်းခြင်း
၃၂၆ ပန္နဂ နဂါးမင်းက ရေမပေးလိုခြင်း
၃၂၇ စစ်ပွဲကြည့်ရန် နတ်ဗြဟ္မာတို့ စည်းဝေးကြခြင်း
၃၂၈ သာမဏေနှင့် နဂါးမင်း စစ်ထိုးခြင်း
၃၂၉ နဂါးမင်း အရှက်ရ၍ သတ်မည်ဟု လိုက်ခြင်း
၃၃၀ နဂါးနှင့်သာမဏေ ဆရာတကာဖြစ်သွားခြင်း
၃၃၁ သုမနသာမဏေကို ပြက်ရယ်ကျီဆယ်ကြခြင်း
၃၃၂ သာမဏေငါးရာ ရေခပ်ခြင်းငှါ မတတ်နိုင်ခြင်း
၃၃၃ သုမနသာမဏေ ရေခပ်သွားခြင်း
၃၃၄ ခုနစ်နှစ်သားအရွယ် ရဟန်းအဖြစ် အမွေရခြင်း
၃၃၅ ဒေသနာတော်
၃၃၆ ဒေသနာတော်၏ အကျိုး
၂၆ - ဗြာဟ္မဏဝဂ်
၁ - ကြည်ညိုခြင်းများသောပုဏ္ဏား ဝတ္ထု
၃၃၇ ကြည်ညိုခံရလျှင် အထူးသတိပြုသင့်ကြောင်း
၃၃၈ ဒေသနာတော်
၃၃၉ ဒေသနာတော်၏ အကျိုး
၂ - များစွာကုန်သောရဟန်းတို့ ဝတ္ထု
၃၄၀ နှစ်ပါးသော တရားပြဿနာ
၃၄၁ ဒေသနာတော်
၃၄၂ ဒေသနာတော်၏ အကျိုး
၃ - မာရ်နတ် ဝတ္ထု
၃၄၃ ပါရဟူသော ပြဿနာ
၃၄၄ ဒေသနာတော်
၃၄၅ ဒေသနာတော်၏ အကျိုး
၄ - မထင်ရှားသောပုဏ္ဏား ဝတ္ထု
၃၄၆ ဗြာဟ္မဏပြဿနာ
၃၄၇ ဒေသနာတော်
၃၄၈ ဒေသနာတော်၏ အကျိုး
၅ - အာနန္ဒာမထေရ် ဝတ္ထု
၃၄၉ ဇယမင်္ဂလာ တင့်တယ်ခြင်း ငါးဖြာ
၃၅ဝ ဒေသနာတော်
၃၅၁ ဒေသနာတော်၏ အကျိုး
၆ - မထင်ရှားသောပုဏ္ဏားရဟန်း ဝတ္ထု
၃၅၂ ပဗ္ဗဇိတရဟန်း ပြဿနာ
၃၅၃ ဒေသနာတော်
၃၅၄ ဒေသနာတော်၏ အကျိုး
၇ - သာရိပုတြာမထေရ် ဝတ္ထု
၃၅၅ ရှင်သာရိပုတြာကို ရိုက်နှက်သောပုဏ္ဏား
၃၅၆ တပါးသော လူရဟန်းတို့ မခံနိုင်ကြပုံ
၃၅၇ ဒေသနာတော်
၃၅၈ ဒေသနာတော်၏ အကျိုး
၈ - မဟာပဇာပတိဂေါတမီ ဝတ္ထု
၃၅၉ မိထွေးတော် ဂေါတမီအပေါ်၌ သံသယရှိကြခြင်း
၃၆ဝ ဒေသနာတော်
၃၆၁ ဒေသနာတော်၏ အကျိုး
၉ - သာရိပုတြာမထေရ် ဝတ္ထု
၃၆၂ အရပ်မျက်နှာ ရှိခိုးသည်ဟု စွပ်စွဲခံရခြင်း
၃၆၃ ဒေသနာတော်
၃၆၄ ဒေသနာတော်၏ အကျိုး
၁၀ - ဆံကျစ်ထုံးသောပုဏ္ဏားဝတ္ထု
၃၆၅ ဆံကျစ်ထုံးကာမျှဖြင့် ဗြာဟ္မဏ မဟုတ်သေး
၃၆၆ ဒေသနာတော်
၃၆၇ ဒေသနာတော်၏ အကျိုး
၁၁ - အံ့ဩဖွယ် ကောက်ကျစ်သောပုဏ္ဏား ဝတ္ထု
၃၆၈ လင်းနို့အကျင့်ဖြင့် စဉ်းလဲသောပုဏ္ဏား
၃၆၉ ဖွတ်ကိုသတ်ရန် အားထုတ်သောရသေ့
၃၇ဝ ဖွတ်မင်းက ရသေ့အား ကဲ့ရဲ့ပုံ
၇၃၁ ရသေ့ကချော့၍ ဖွတ်က ပြန်ပြောပုံ
၃၇၂ ဒေသနာတော်
၃၇၃ ဒေသနာတော်၏ အကျိုး
၁၂ - ကိသာဂေါတမီ ဝတ္ထု
၃၇၄ သိကြားမင်းကို မြင်၍ ပြန်သွားခြင်း
၃၇၅ ဒေသနာတော်
၃၇၆ ဒေသနာတော်၏ အကျိုး
၁၃ - ပုဏ္ဏားတယောက် ဝတ္ထု
၃၇၇ ပုဏ္ဏားမျိုး ဖြစ်သော်လည်း ဗြာဟ္မဏ မဟုတ်သေး
၃၇၈ ဒေသနာတော်
၃၇၉ ဒေသနာတော်၏ အကျိုး
၁၄ - ဥဂ္ဂသေနသူဌေးသား ဝတ္ထု
၃၈ဝ သံယောဇဉ်ကင်းလျှင် မကြောက်လန့်ခြင်း
၃၈၁ ဒေသနာတော်
၃၈၂ ဒေသနာတော်၏ အကျိုး
၁၅ - ပုဏ္ဏားနှစ်ယောက်တို့ ဝတ္ထု
၃၈၃ ကိုယ်တွင်း၌ရှိသော လွန်ကြိုးကို ဖြတ်သင့်ခြင်း
၃၈၄ ဒေသနာတော်
၃၈၅ ဒေသနာတော်၏ အကျိုး
၁၆ - ဆဲရေးတတ်သော ဘာရဒွါဇပုဏ္ဏားဝတ္ထု
၃၈၆ မယားကိုမနိုင်၍ ဘုရားရှင်ကို ရန်ရှာခြင်း
၃၈၇ ဘုရားရှင် အဖြေကောင်းသောကြောင့် ရဟန္တာဖြစ်ခြင်း
၃၈၈ နောက်လာသော ပုဏ္ဏားများလည်း ရဟန္တာဖြစ်ခြင်း
၃၈၉ ဒေသနာတော်
၃၉ဝ ဒေသနာတော်၏ အကျိုး
၁၇ - ရှင်သာရိပုတြာမထေရ် ဝတ္ထု
၃၉၁ ရှင်သာရိပုတြာမယ်တော် ဆဲရေးဆိုမြည်ခြင်း
၃၉၂ ဒေသနာတော်
၃၉၃ ဒေသနာတော်၏ အကျိုး
၁၈ - ဥပ္ပလဝဏ်ထေရီမ ဝတ္ထု
၃၉၄ ကြာရွက်ရေပေါက် ဆောက်ဖျား မုန်ညင်းပမာ
၃၉၅ ဒေသနာတော်
၃၉၆ ဒေသနာတော်၏ အကျိုး
၁၉ - မထင်ရှားသောပုဏ္ဏားဝတ္ထု
၃၉၇ ကျွန်ပြေးရဟန်း ဖမ်းဆီးခြင်း
၃၉၈ ဒေသနာတော်
၃၉၉ ဒေသနာတော်၏ အကျိုး
၂၀ - ခေမာဘိက္ခုနီမ ဝတ္ထု
၄ဝဝ သိကြားမင်းကို မြင်၍ ပြန်သွားခြင်း
၄ဝ၁ ဒေသနာတော်
၄ဝ၂ ဒေသနာတော်၏ အကျိုး
၂၁ - ပဗ္ဗာရဝါသီတိဿမထေရ် ဝတ္ထု
၄ဝ၃ ရဟန်းကြောင့် နတ်တို့ဆင်းရဲပုံ
၄ဝ၄ ရဟန်းကို ဆေးသမားဖြစ်အောင် နတ်ကပြုလုပ်ခြင်း
၄ဝ၅ ဆေးသမားကြီးဟု စွပ်စွဲသဖြင့် ရဟန္တာဖြစ်ခြင်း
၄ဝ၆ နတ်ယုတ်မာကို ပြန်၍ နှင်ထုတ်ခြင်း
၄ဝ၇ ဒေသနာတော်
၄၀၈ ဒေသနာတော်၏ အကျိုး
၂၂ - မထင်ရှားသောရဟန်း ဝတ္ထု
၄၀၉ မိန်းမခိုးသွားသည်ဟု အရိုက်ခံရသောရဟန်း
၄၁ဝ ဒေသနာတော်
၄၁၁ ဒေသနာတော်၏ အကျိုး
၂၃ - သာမဏေတို့ ဝတ္ထု
၄၁၂ ပုဂ္ဂိုလ်ငယ်လှသဖြင့် ဆွမ်းကျွေးရန် မသဒ္ဓါခြင်း
၄၁၃ အဂ္ဂသာဝကကြီးများ ပင့်သွားရာ ပြန်ကြွသွားခြင်း
၄၁၄ ပုဏ္ဏားအိုကြီးကိုတွေ့၍ ဝမ်းမြောက်ခြင်း
၄၁၅ ပုဏ္ဏားအိုသိကြားမင်းကို ဆွဲထုတ်ပြန်ခြင်း
၄၁၆ ပုဏ္ဏားကြီးအိမ် အပေါက်ငါးခု ဖြစ်ခြင်း
၄၁၇ ဒေသနာတော်
၄၁၈ ဒေသနာတော်၏ အကျိုး
၂၄ - အရှင်မဟာပန္တကမထေရ် ဝတ္ထု
၄၁၉ ရှင်မဟာပန်အား ဒေါသမရှိခြင်း
၄၂ဝ ဒေသနာတော်
၄၂၁ ဒေသနာတော်၏ အကျိုး
၂၅ - အရှင်ပိလိန္ဒဝစ္ဆမထေရ် ဝတ္ထု
၄၂၂ သူယုတ်မာဟု ဆိုလေ့ရှိသော်လည်း ဒေါသမရှိခြင်း
၄၂၃ ဒေသနာတော်
၄၂၄ ဒေသနာတော်၏ အကျိုး
၂၆ - မထင်ရှားသောပထေရ်တပါး ဝတ္ထု
၄၂၅ ပုဆိုးသူခိုးဟု အဆိုခံရခြင်း
၄၂၆ ဒေသနာတော်
၄၂၇ ဒေသနာတော်၏ အကျိုး
၂၇ - အရှင်သာရိပုတြာမထေရ် ဝတ္ထု
၄၂၈ ရှင်သာရိပုတြာအား ပစ္စည်းတဏှာ ကင်းကြောင်း
၄၂၉ ဒေသနာတော်
၄၃ဝ ဒေသနာတော်၏ အကျိုး
၂၈ - အရှင်မဟာမောဂ္ဂလာန်မထေရ် ဝတ္ထု
၄၃၁ ရှင်မောဂ္ဂလာန်အား တဏှာမရှိကြောင်း
၄၃၂ ဒေသနာတော်
၄၃၃ ဒေသနာတော်၏ အကျိုး
၂၉ - အရှင်ရေဝတပထေရ် ဝတ္ထု
၄၃၄ ရဟန္တာအား ကုသိုလ် အကုသိုလ် မရှိကြောင်း
၄၃၅ ဒေသနာတော်
၄၃၆ ဒေသနာတော်၏ အကျိုး
၃ဝ - အရှင်စန္ဒာဘမထေရ် ဝတ္ထု
၄၃၇ စန္ဒကူးရှာဖွေသော ကုန်သည်ကြီး
၄၃၈ စန္ဒာဘမထေရ်၏ ရှေးကုသိုလ်
၄၃၉ ချက်၌လရောင်တောက်သော စန္ဒာဘပုဏ္ဏားဖြစ်ခြင်း
၄၄ဝ ဘုရားရှင်နှင့် အရောင်ပြိုင်ခြင်း
၄၄၁ ဘုရားရှင်ထံ မန္တန်တောင်းခြင်း
၄၄၂ မန္တန်သင်စဉ် ရဟန္တာဖြစ်ခြင်း
၄၄၃ ဒေသနာတော်
၄၄၄ ဒေသနာတော်၏ အကျိုး
၃၁ - အရှင်သီဝလိမထေရ် ဝတ္ထု
၄၄၅ အရှင်သီဝလိမယ်တော် ဆင်းရဲရပုံ
၄၄၆ ဖွားမြင်သောနေ့ အလုပ်လုပ်နိုင်သော သတို့သား
၄၄၇ ဒေသနာတော်
၄၄၈ ဒေသနာတော်၏ အကျိုး
၃၂ - အရှင်သုန္ဒရသမုဒ္ဒမထေရ် ဝတ္ထု
၄၄၉ သားရဟန်းပြုသဖြင့် မိခင်ငိုကြွေးခြင်း
၄၅ဝ လူထွက်အောင် ပြုပေးမည်ဟု ဝန်ခံသောမိန်းမ
၄၅၁ ရသတဏှာဖြင့် ဖြားယောင်းခြင်း
၄၅၂ မာယာလေးဆယ်
၄၅၃ ရဟန်းနှင့် မာတုဂါမတို့ စစ်ပွဲ
၄၅၄ ဒေသနာတော်
၄၅၅ ဒေသနာတော်၏ အကျိုး
၄၅၆ ရသတဏှာ အယုတ်မာဆုံး (အတိတ်)
၃၃ - အရှင်ဇဋိလမထေရ် ဝတ္ထု
၄၅၇ ပစ္စေကဗုဒ္ဓါအား ကြံရည်လှူသောသူကြွယ်
၄၅၈ ညီငယ်သူကြွယ် ဆုတောင်းပုံ
၄၅၉ နောင်တော်သူကြွယ် ဆုတောင်းပုံ
၄၆ဝ ဝိပဿီဘုရားလက်ထက် သူကြွယ်ညီနောင်ဖြစ်ခြင်း
၄၆၁ နောင်တော် သေနသူကြွယ် ရဟန်းပြုခြင်း
၄၆၂ ညီတော်အပရာဇိတ ဂန္ဓကုဋိဆောက်လုပ်ခြင်း
၄၆၃ ရတနာခုနစ်ပါး ဂန္ဓကုဋိ၌ ကြဲဖြန့်ထားခြင်း
၄၆၄ တရားနာလာသူတို့ လက်ခုပ်ဖြင့် ယူနိုင်ခြင်း
၄၆၅ သခွါးသီးမျှရှိသော ပတ္တမြား မိစ္ဆာပုဏ္ဏား ယူသွားခြင်း
၄၆၆ ဥစ္စာကို ရန်သူတို့မဖျက်ဆီးနိုင်အောင် ဆုတောင်းခြင်း
၄၆၇ သူဌေးသား ဇောတိက ဖြစ်လာခြင်း
၄၆၈ ဇောတိကသူဌေးအား ဗိမာန် မြေမှ ပေါ်ပေါက်ခြင်း
၄၆၉ တံတိုင်းပဒေသာ စသည်တို့ ပေါ်ပေါက်လာခြင်း
၄၇ဝ နတ်ဘီလူးတို့ စောင့်ရှောက်ခြင်း
၄၇၁ သူဌေးကတော်နှင့် မြောက်ကျွန်းမှ ပါသောပစ္စည်းများ
၄၇၂ ဇမ္ဗူဒိပ်ကျွန်းလုံး လာရောက်ကြည့်ရှုကြခြင်း
၄၇၃ ဗိမ္ဗိသာရမင်းကြီး ရှုစားရန် ထွက်တော်မူခြင်း
၄၇၄ ကျွန်မကို သူဌေးကတော်ကြီးလောဟု မှတ်ထင်ခြင်း
၄၇၅ ချောက်သို့ချ၍ ဖမ်းအံ့လောဟု မှတ်ထင်ခြင်း
၄၇၆ အဇာတသတ်၏ နှလုံးသွင်းပုံ
၄၇၇ ဇောတိကအိမ်၌ နံနက်စာ ပွဲတော်တည်ခြင်း
၄၇၈ စားတော်ခေါ် လွန်မည်စိုး၍ သတိပေးရခြင်း
၄၇၉ သူဌေးကတော် ညည်းညူပုံ
၄၈ဝ သူဌေးကတော် မျက်ရည်ယိုစီးကျခြင်း
၄၈၁ သူဌေးသ္မီးနှင့် ဝိဇ္ဇာဓိုရ်
၄၈၂ အိုးတလုံးအတွက် မိန်းမနှစ်ဦး တရားရုံးတက်ခြင်း
၄၈၃ ဇဋိလကို တက္ကသိုလ်ပြည်သို့ ပို့ထားခြင်း
၄၈၅ ဇဋိလ ဈေးရောင်းကောင်းခြင်း
၄၈၆ ရွှေတောင်ပေါက်၍ သူဌေးဖြစ်ခြင်းနှင့် ရဟန်းပြုလိုခြင်း
၄၈၇ မေဏ္ဍကသူဌေး၏အကြောင်း ကြားသိရခြင်း
၄၈၈ တသိန်းတန်ကမ္ဗလာနှင့် ဇောတိကအိမ်ကျွန်မ
၄၈၉ ဇဋိလသူဌေးကြီး ရဟန်းပြုရန် ခွင့်တောင်းခြင်း
၄၉ဝ သားအငယ်အား အမွေပေးခြင်း
၄၉၁ ရေမျောရကြောင်း အတိတ်ကံ
၄၉၂ ရွှေတောင် ပေါက်ရကြောင်း အတိတ်ကံ
၄၉၃ သားငယ် အမွေရကြောင်း အတိတ်ကံ
၄၉၄ ဇဋိလမထေရ် ရဟန္တာဖြစ်ခြင်း
၄၉၅ ဒေသနာတော်
၄၉၆ ဒေသနာတော်၏ အကျိုး
၃၄ - အရှင်ဇောတိကမထေရ် ဝတ္ထု
၄၉၇ ဇောတိကဗိမာန်ကို အဇာတသတ် လုယက်ခြင်း
၄၉၈ ဇောတိက လက်စွပ် အဇာတသတ် ချွတ်မရခြင်း
၄၉၉ ဇောတိကရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း
၅ဝဝ ဒေသနာတော်
၅ဝ၁ ဒေသနာတော်၏ အကျိုး
၃၅ - ကချေသည်မ၏သားမထေရ် ဝတ္ထု
၅ဝ၂ ရဟန္တာအား ယောဂလွန်မြောက်ခြင်း
၅ဝ၃ ဒေသနာတော်
၅ဝ၄ ဒေသနာတော်၏ အကျိုး
၃၆ - ဒုတိယ ကချေသည်မ၏သားမထေရ် ဝတ္ထု
၅၀၅ ရဟန္တာအား မွေ့လျော်ခြင်း မမွေ့လျော်ခြင်း မရှိ
၅ဝ၆ ဒေသနာတော်
၅ဝ၇ ဒေသနာတော်၏ အကျိုး
၃၇ - အရှင်ဝင်္ဂီသမထေရ် ဝတ္ထု
၅၀၈ ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာဘုံကိုသိခြင်း
၅ဝ၉ ရဟန္တာ၏ ဦးခေါင်းခွံကို မသိခြင်း
၅၁ဝ ဘုရားထံ မန္တန်သင်ယူရာ ရဟန္တာဖြစ်ခြင်း
၅၁၁ ဒေသနာတော်
၅၁၂ ဒေသနာတော်၏ အကျိုး
၃၈ - ဓမ္မဒိန္နာထေရီမ ဝတ္ထု
၅၁၃ ဝိသာခ ဒါယကာ မယားအား စည်းစိမ်လွှဲအပ်ခြင်း
၅၁၄ စည်းစိမ်လက်မခံသော မယ်ဓမ္မဒိန္နာ
၅၁၅ လင်အနာဂါမ်၏ ရှိခိုးခံထိုက်သော မိန်းမ
၅၁၆ ဒေသနာတော်
၅၁၇ ဒေသနာတော်၏ အကျိုး
၃၉ - အင်္ဂုလိမာလမထေရ် ဝတ္ထု
၅၁၈ ရဟန္တာ ဆင်ဆိုးကို မကြောက်ခြင်း
၅၁၉ ဒေသနာတော်
၅၂ဝ ဒေသနာတော်၏ အကျိုး
၄၀-ဒေဝဟိတပုဏ္ဏား ဝတ္ထု
၅၂၁ ဘုရားရှင် လေနာ၍ ရေနွေးလှူရခြင်း
၅၂၂ ဒေသနာတော်
၅၂၃ ဒေသနာတော်၏ အကျိုး
၅၂၄ အဋ္ဌကထာ နိဂုံး
၅၂၅ စတုတ္ထတွဲ နိဂုံး
၅၂၆ အပြီးသတ် နိဂုံးကြီး
ဓမ္မပဒဝတ္ထုတော်ကြီး စတုတ္ထတွဲ မာတိကာ ပြီး၏။
ဓမ္မပဒဝတ္ထုတော်ကြီး (စတုတ္ထတွဲ)
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၁၉ - ဓမ္မဋ္ဌဝဂ်
၁ - တရားဆုံးဖြတ်သော အမတ်ကြီးတို့ ဝတ္ထု
န တေန ဟောတိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တရားဆုံးဖြတ်သော အမတ်ကြီးတို့ကို အကြောင်းပြု၍ ဟောတော် မူလေ၏။
တံစိုးစား၍ မတရား ဆုံးဖြတ်ခြင်း
တနေ့သ၌ ရဟန်းတို့သည် သာဝတ္ထိပြည် မြောက်ဘက် တံခါးအနီးဖြစ်သောရွာ၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီးလျှင် ဆွမ်းခံရွာမှ ဖဲကုန်သည်ဖြစ်၍ မြို့တော်၏ အလယ်၌ ကျောင်းသို့ ပြန်လာကြ ကုန်စဉ် ထိုခဏ၌ မိုဃ်းသည် တက်၍ ရွာချလေ၏။
ထိုရဟန်းတို့သည် ရှေးရှုမျက်မှောက်၌ ဖြစ်သော တရားဆုံးဖြတ်ရာရုံးသို့ ဝင်ကြသဖြင့် တရား ဆုံးဖြတ်သော အမတ်တို့ တံစိုးလက်ဆောင်ယူလျက် ဥစ္စာရှင်တို့ကို ဥစ္စာရှင်မဟုတ်ဟု ပြုလုပ် ဆုံးဖြတ်ကြသည်တို့ကို မြင်ရလျှင် ဤအမတ်တို့ကား အလွန်တရာ မတရားကုန်စွတကား၊ ငါတို့ကား ဤသူတို့သည် တရားသဖြင့် ဆုံးဖြတ်ခြင်းကို ပြုလုပ်ကြကုန်၏ဟု (အမှတ်ရှိကြကုန်၏ ဟု) ကြံပြီး၍ မိုဃ်းရွာခြင်း ကင်းလတ်သည်ရှိသော် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တင့်အပ် လျောက်ပတ်သောအရပ်၌ နေကုန်လျက် ထိုအကြောင်းကို လျှောက်ကြားကြ လေကုန်၏။
မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ -
ချစ်ခင်ခြင်းစသည်တို့၏ အလိုသို့လိုက်ခြင်း ရှိကြကုန်သည်ဖြစ်၍ ချွတ်ချွတ်ယွင်းယွင်း ပြောဆို ခြင်းဖြင့် တရားကို ဆုံးဖြတ်သော သူတို့သည် တရား၌ တည်သောသူတို့ မမည်ကုန်၊
အပြစ်ကို ဉာဏ်ဖြင့် သက်ဝင် စိစစ်၍သာလျှင် အပြစ်အားလျော်စွာ ချွတ်ယွင်းသော စကားကို မပြောဆိုသဖြင့် ဆုံးဖြတ်ခြင်းကို ပြုကုန်သောသူတို့ သည်သာလျှင် တရား၌တည်သော သူတို့ မည်ကြကုန်၏
ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၅၅။ န တေန ဟောတိ ဓမ္မဋ္ဌော၊ ယေနတ္ထံ သာဟသာ နယေ။
ယော စ အတ္ထံ အနတ္ထဉ္စ၊ ဥဘော နိစ္ဆိယ ပဏ္ဍိတော။
၂၅၆။ အသာဟသေန ဓမ္မေန၊ သမေန နယတိ ပရေ။
ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ဓမ္မဋ္ဌောတိ ပဝုစ္စတိ။
ယေန၊ အကြင်သို့သော အကြောင်းကြောင့်။
အတ္ထံ၊ ရောက်လာသော ဆုံးဖြတ်အပ်သော အကြောင်းအရာကို။
သာဟသာ၊ ချွတ်ချွတ် ယွင်းယွင်း ပြောဆိုခြင်းဖြင့်။
နယေ၊ ဆုံးဖြတ်ရာ၏။
တေန၊ ထိုသို့သောအကြောင်းကြောင့်။
ဓမ္မဋ္ဌော၊ တရား၌ တည်သောသူမည်သည်။
န ဟောတိ၊ မဖြစ်။
(ချစ်ခင်ခြင်း၌တည်၍ ဆွေမျိုးဟု (မိတ်ဆွေဟု) ချွတ်ယွင်းသော စကားကို ဆိုလျက် ပစ္စည်းရှင် မဟုတ်ဘဲ ပစ္စည်းရှင်ဟုပြုလုပ်၏၊
ဒေါသ၌တည်၍ မိမိ၏ ရန်သူတို့အား ချက်ယွင်းသော စကားကိုဆိုလျက် ပစ္စည်းရှင်ကိုပင် ပစ္စည်း ရှင်မဟုတ်ဟု ပြုလုပ်၏၊
မောဟ၌တည်၍ တံစိုးယူသဖြင့် ဆုံးဖြတ်သောအခါ တခြား နှလုံးသွင်းသကဲ့သို့ ထိုမှ ဤမှ ကြည့်ရှုကာ ချွတ်ယွင်းသောစကားကို ဆိုလျက် ဤသူနိုင်သည် ဤသူရှုံးသည်ဟု တပါးသောသူကို ဖယ်ထုတ်၏၊
ကြောက်ခြင်း၌တည်၍ တစုံတယောက်သော အစိုးရသောသူ ရှုံးသော်လည်း အနိုင်သို့ရောက်စေ၏၊
ဤ တရားသူကြီးသည် ချွတ်ယွင်းသောစကားကို ဆို၍ တရား ဆုံးဖြတ်သည် မည်၏၊ ဆုံးဖြတ်သင့်သော တရား၌ တည်သော်လည်း တရား၌ တည်သောသူ မမည် ဟူလို။)
ယော စ ပဏ္ဍိတော၊ အကြင်ပညာရှိသော သူသည်ကား။
အတ္ထဉ္စ၊ ဟုတ်မှန်သော အကြောင်းကို၎င်း။
အနတ္ထဉ္စ၊ မဟုတ်မမှန်သော အကြောင်းကို၎င်း။
ဥဘော၊ နှစ်ပါးတို့ကို။
နိစ္ဆိယ၊ ဆုံးဖြတ်၍။
ဝဒတိ၊ ဆိုတတ်၏။
အသာဟသေန၊ မချွတ်မယွင်း ပြောဆိုခြင်းဖြင့်။
ဓမ္မေန၊ ဆုံးဖြတ်ကြောင်း တရားဖြင့်။
(ချစ်ခြင်းစသည် အစွမ်းဖြင့် မဟုတ် ဟူလို။)
သမေန၊ အပြစ်အားလျော်သဖြင့်။
ပရေ၊ သူတပါးတို့ကို။
နယတိ၊ နိုင်ခြင်း ရှုံးခြင်းသို့ရောက်စေ၏။
ဓမ္မဿ၊ တရားကို။
ဂုတ္တော၊ စောင့်ရှောက်တတ်သော။
မေဓာဝီ၊ ထက်မြက်သော ဓမ္မောဇပညာဖြင့် ပညာရှိသော။
သော ပဏ္ဍိတော၊ ထိုပညာရှိသောသူကို။
ဓမ္မဋ္ဌောတိ၊ တရား၌ တည်သောသူ ဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
တရားဆုံးဖြတ်သော အမတ်ကြီးတို့ဝတ္ထု ပြီး၏။
၂ - ဆဗ္ဗဂ္ဂီရဟန်းတို့ ဝတ္ထု
န တေန ပဏ္ဍိတော ဟောတိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဆွမ်းစားစရပ်၌ နှောက်ရှက်ခြင်း
ထိုဆဗ္ဗဂ္ဂီရဟန်းတို့သည် ကျောင်း၌၎င်း, ရွာ၌၎င်း ဆွမ်းစားရာစရပ်ကို နှောက်ရှက် ရှုပ်ထွေးခြင်း ပြုကြလျက် သွားလာ လှည့်လည်ကြကုန်သတတ်၊ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် ရွာ၌ ဆွမ်းစားခြင်းကိစ္စကို ပြုပြီး၍ ပြန်လာကြကုန်သော ပဉ္စင်းငယ်တို့ကို၎င်း, သာမဏေတို့ကို၎င်း ငါ့သျှင်တို့ ဆွမ်းစားစရပ်သည် အဘယ်သို့ သဘောရှိသနည်းဟု မေးမြန်းကြလေကုန်၏၊
အရှင်ဘုရား မေးတော် မမူကြပါကုန်လင့်၊ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ငါတို့သည်သာလျှင် လိမ္မာ ထက်မြက်ကြကုန်၏၊ ငါတို့သည်သာလျှင် ဉာဏ်ပညာရှိကုန်၏၊ ဤ ရဟန်းတို့ကို ပုတ်ခတ်၍ ဦးခေါင်း၌ တံမြက်ချေး အမှိုက်ကို လောင်းချ၍ ငင်ထုတ်ကြကုန်အံ့ဟု ဆို၍ တပည့်တော်တို့ကို ကျောက်ကုန်း၌ကိုင်ဆွဲသဖြင့် တံမြက်ချေးအမှိုက်ကို လောင်းချကုန်လျက် ဆွမ်းစားရာ စရပ်ကို နှောက်ရှက် ရှုပ်ထွေးခြင်း ပြုလုပ်ကြပါကုန်၏ဟု ပြောဆိုကြကုန်လတ်သော် ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏၊
မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ - ငါဘုရားသည် များစွာသော စကားကို ပြောဆို၍ သူတပါး တို့ကို ညှဉ်းဆဲတတ်သောသူကို ပညာရှိဟူ၍ ဟောတော်မမူ၊ ဘေးမရှိ ရန်သူမရှိ ဘေးရန် ကင်းအောင် ပြုတတ်သောသူကိုသာလျှင် ပညာရှိဟူ၍ ဟောတော်မူ၏ ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၅၇။ န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟုံ ဘာသတိ။
ခေမိ အဝေရီ အဘယော၊ ပဏ္ဍိတောတိ ပဝုစ္စတိ။
ယော၊ အကြင်သူသည်။
ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့်။
ဗဟုံ၊ များစွာသောစကားကို။
ဘာသတိ၊ သံဃာ့အလယ် စသည်တို့၌ပြောဆို၏။
တေန၊ ထိုမျှလောက်သော စကားများခြင်း အကြောင်းဖြင့်။
သော၊ ထိုသူသည်။
ပဏ္ဍိတော နာမ၊ ပညာရှိမည်သည်။
န ဟောတိ၊ မဖြစ်။
ယော စ၊ အကြင်သူသည်ကား။
ခေမိ၊ ဘေးမရှိ။
အဝေရီ၊ ငါးပါးသော ရန်သူမရှိ။
အဘယော၊ သူတပါးတို့အား ဘေးရှိအောင် မပြုတတ်။
သော၊ ထိုသူကို။
ပဏ္ဍိတောတိ၊ ပညာရှိဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ဆဗ္ဗဂ္ဂီရဟန်းတို့ ဝတ္ထု ပြီး၏။
၃ - ဧကူဒါန ရဟန္တာမထေရ် ဝတ္ထု
န တာဝတာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဧကူဒါနမထေရ် အမည်ရှိသော ရဟန္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။
နတ်တို့ သာဓုခေါ်သော တရားဂါထာ
ထိုရဟန္တာသည် တပါးတည်းသာလျှင် တောအုပ်တခု၌ နေတော်မူသတတ်၊ ထိုရဟန္တာသည် တခုသော ဥဒါန်းဂါထာကိုသာလျှင် လေ့လာတော်မူလေ၏။
ထိုလေ့လာအပ်သော ဥဒါန်းဂါထာကား -
အဓိစေတသော အပ္ပမဇ္ဇတော၊ မုနိနော မောနပထေသု သိက္ခတော။
သောကာ န ဘဝန္တိ တာဒိနော၊ ဥပသန္တဿ သဒါ သတိမတော။
အဓိစေတသော၊ အလွန်မြတ်သော အရဟတ္တဖိုလ်စိတ် ရှိထသော။
အပ္ပမဇ္ဇတော၊ မမေ့မလျော့ အပြစ်ကင်းသော တရားတို့ကို အားထုတ်လေ့ ရှိထသော။
မောနပထေသု၊ အရဟတ္တမဂ်ဉာဏ်၏ အကြောင်း သိက္ခာသုံးပါးတို့၌။
သိက္ခတော၊ ကျင့်ပြီးထသော။
(ရှေး၌ဖြစ်သောအကျင့်ကို ယူ၍ဆိုသည်၊ ထို့ကြောင့် ဤသို့ ရှေးအဖို့၌ ကျင့်သော ဤအကျင့်ဖြင့် ရဟန္တာအဖြစ်သို့ ရောက်သော ရဟန္တာအားဟု ဆိုလိုသည်။)
တာဒိနော၊ တာဒိဂုဏ်နှင့် ပြည့်စုံထသော။
ဥပသန္တဿ၊ ရာဂ စသည်တို့၏ ငြိမ်းခြင်းဖြင့် ငြိမ်းပြီးထသော။
သဒါ၊ အခါခပ်သိမ်း။
သတိမတော၊ သတိနှင့် ပြည့်စုံထသော။
မုနိနော၊ ရဟန္တာအား။
ဝါ၊ ရဟန္တာ၏ ကိုယ်တွင်း၌။
သောကာ၊ ဣဋ္ဌာရုံ ကွေကွင်းခြင်းစသည်ကြောင့် ဖြစ်သော စိုးရိမ်ခြင်းတို့သည်။
န ဘဝန္တိ၊ မဖြစ်ကြကုန်။
ထိုဧကူဒါန မထေရ်သည် ဥပုသ်နေ့တို့၌ မိမိကိုယ်တိုင်သာလျှင် တရားနာခြင်းကို ကြွေးကြော်၍ ဤဂါထာကို ရွတ်ဆိုသတတ်၊ မြေပြိုကွဲအံ့သော အသံကဲ့သို့ နတ်တို့၏ ကောင်းချီးနုမော် သာဓု ခေါ်သော အသံဖြစ်၏၊ ထိုမှ နောက်အဖို့ ဖြစ်သော တခုသော ဥပုသ်နေ့၌ ငါးရာ ငါးရာ အခြံအရံ ရှိကြကုန်သော ပိဋကတ် သုံးပုံဆောင် ရဟန်းနှစ်ပါးတို့သည် ထိုဧကူဒါနမထေရ်၏ နေရာအရပ်သို့ ရောက်သွားကြ လေကုန်၏၊
ထို ဧကူဒါနမထေရ်သည် ထိုရဟန်းတို့ကို မြင်လျှင်မြင်ခြင်း ရွှင်လန်း နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အရှင်ဘုရားတို့သည် ဤအရပ်သို့ ကြွလာတော်မူကြသဖြင့် ကောင်းသောအမှုကို ပြုအပ်လေ၏၊ ယနေ့ တပည့်တော်တို့သည် အရှင်မြတ်ဘုရားများ၏ တရားတော်ကို နာကြားရ ကုန်တော့အံ့ဟု လျှောက်ဆိုလေ၏၊
ငါ့သျှင်- ဤအရပ်၌ တရားတော်ကို နာကြားလိုသူတို့ ရှိပါသလောဟု မေးလတ်သော် အရှင်ဘုရား-တရားနာလို့သူတို့ ရှိကြပါသည်၊ ဤတောအုပ်သည် တရားနာသောနေ့၌ နတ်တို့၏ ကောင်းချီး ပေးသော အသံဖြင့် တခဲနက် ပဲ့တင်ထပ်သော အသံရှိပါသည်ဘုရားဟု လျှောက်ဆိုလေ၏။
တရားတိုင်း နတ်တို့ သာဓုမခေါ်
ထိုနှစ်ဦးသော မထေရ်တို့တွင် တဦးသော ပိဋကတ်သုံးပုံဆောင် မထေရ်သည် တရားတော်ကို လမ်းကြောင်း အစထွင်၍ အပြီးအဆုံး ဟောလေ၏၊ တပါးသော ပိဋကတ်သုံးပုံဆောင် မထေရ် သည် အနက်အဓိပ္ပါယ် ချဲ့ထွင်၍ ဟောပြောလေ၏၊ တယောက်သော နတ်မျှလည်း ကောင်းချီး သံကိုမပေး၊
ထို ရဟန်းတို့သည် ငါ့သျှင်- သင်ကား တရားနာသောနေ့၌ ဤတောအုပ်၌ နတ်တို့သည် သည်းစွာသော အသံဖြင့်ကောင်းချီးသံပေးကြ၏ဟု ဆိုဘိ၏၊ ဤကောင်းချီး ပေးသံသည် အဘယ် မည်သော အသံနည်းဟု ပြောဆိုကြလေကုန်၏၊
အရှင်ဘုရား- တပါးသောနေ့တို့၌ ကောင်းချီးပေးသော အသံဖြင့် တပြိုင်နက် ပဲ့တင်ထပ်သည် သာလျှင်ဖြစ်၏၊ ယနေ့မူကား ဤသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းနည်း ဟူ၍ မသိပါ ဘုရားဟု လျှောက်ဆိုလတ်သော် ငါ့သျှင်- ထိုသို့ဖြစ်မူ သင် တရားဟောပါဦးလော့ဟု ဆိုကြကုန်၏၊
ထို ဧကူဒါနမထေရ်သည် ယပ်ကိုကိုင်စွဲသဖြင့် တရားဟောနေရာ၌နေလျက် ထိုဂါထာကိုသာလျှင် ဟောတော်မူလေ၏၊ နတ်တို့သည် သည်းစွာသော အသံဖြင့် ကောင်းချီးနုမော် သာဓုခေါ်သော အသံကို ပေးကြလေကုန်၏၊ ထိုအခါ ထိုနှစ်ဦးသော မထေရ်တို့၏ အခြံအရံဖြစ်သော ရဟန်း တို့သည် ဤတောအုပ်၌ နေသော နတ်တို့ကား မျက်နှာကြည့်လျက် ဆွမ်းကို လှူကြကုန်၏၊
ပိဋကတ်သုံးပုံကို ဆောင်ကုန်သော ရဟန်းတို့သည်ပင် ဤမျှလောက်သော တရားကို ဟောကြ ပါကုန်သော်လည်း တစုံတခု ချီးမွမ်းသော စကားကိုမျှလည်း မဆိုမူ၍ ဤမျှလောက်သော မထေရ်အိုကြီးသည် တခုသောဂါထာကို ဟောအပ်သည်ရှိသော် သည်းစွာသော အသံဖြင့် ကောင်းချီး ပေးကြကုန်၏ဟု ကဲ့ရဲ့ကြလေကုန်၏၊ ထို ရဟန်းတို့သည်လည်း ကျောင်းတော်သို့ ပြန်သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏၊
ဘုရားရှင်သည် ချစ်သားရဟန်းတို့ - ငါဘုရားသည် အကြင်ရဟန်းကား များစွာ သင်မူလည်းသင်၏၊ ဟောမူလည်းဟော၏၊ ထိုရဟန်းကို တရားဆောင်သော ဓမ္မဓရဟူ၍ ဟောတော်မမူ၊ အကြင် ရဟန်းသည်ကား တခုသော ဂါထာကိုလည်း သင်ယူ၍ သစ္စာတို့ကို ထိုးထွင်း၍ သိ၏၊ ထိုရဟန်း သည် တရားဆောင်သော ဓမ္မဓရမည်၏ ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၅၈။ န တာဝတာ ဓမ္မဓရော၊ ယာဝတာ ဗဟုံ ဘာသတိ။
ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
သ ဝေ ဓမ္မဓရော ဟောတိ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ။
ယာဝတာ၊ အကြင်မျှလောက်သော သင်ကြားခြင်း ဆောင်ထားခြင်းစသော အကြောင်းဖြင့်။
ဗဟုံ၊ များစွာ။
ဘာသတိ၊ ဟောပြောတတ်၏။
တာဝတာ၊ ထိုမျှလောက်သော ဟောပြောတတ်ကာမျှ အကြောင်းဖြင့်။
ဓမ္မဓရော၊ တရားကို ဆောင်သူမည်သည်။
န ဟောတိ၊ မဖြစ်။
(အနွယ် အဆက် မပျက်အောင် စောင့်ရှောက်သောသူသာ မည်၏ ဟူလို။)
ယော စ၊ အကြင်သူသည်ကား။
အပ္ပမ္ပိ၊ အနည်းငယ်မျှသော တရားကိုလည်း။
သုတွာန၊ နာကြားရ၍။
ဓမ္မံ၊ သစ္စာလေးပါးတရားကို။
ကာယေန၊ နာမကာယဖြင့်။
ပဿတိ၊ မြင်သိ၏။
(အနည်းငယ်မျှ နာရသော တရားကို လျော်စွာကျင့်သဖြင့် ဒုက္ခစသည် ကိုသိ၍ သစ္စာလေးပါး သိသောသူ ဟူလို။)
ယော စ၊ အကြင်သူသည်လည်း။
ဓမ္မံ၊ တရားကို။
နပ္ပမဇ္ဇတိ၊ မမေ့မလျော့။
(လုံ့လကြိုးကုတ် အားထုတ်လျက် ယနေ့ ယနေ့ပင်ဟု မဂ်ဖိုလ်နိဗ္ဗာန်ကို အလိုရှိသဖြင့် တရား မမေ့သောသူ ဟူလို။)
သ-သော၊ ထိုသူနှစ်ယောက်သည်။
ဝေ၊ စင်စစ်။
ဓမ္မဓရော၊ ဓမ္မဓရမည်သည်။
ဟောတိ၊ ဖြစ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ဧကူဒါနရဟန္တာမထေရ် ဝတ္ထု ပြီး၏။
---
၄ - လကုဏ္ဍက ဘဒ္ဒိယမထေရ် ဝတ္ထု
န တေန ထေရော ဟောတိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လကုဏ္ဍက ဘဒ္ဒိယမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ခန္ဓာကိုယ်ကြီးတိုင်း မထေရ်ကြီးမဟုတ်
အခါတပါး တနေ့သ၌လည်း ထို လကုဏ္ဍက ဘဒ္ဒိယ မထေရ်သည် မြတ်စွာဘုရားအား ဆည်းကပ်ခြင်းသို့ ကြွသွား၍ ဖဲကာမျှ ဖြစ်လတ်သော် သုံးကျိပ်မျှ အတိုင်းအရှည်ရှိသော တောနေ ရဟန်းတို့သည် ထိုလကုဏ္ဍကဘဒ္ဒိယ မထေရ်ကို မြင်ကုန်၍သာလျှင် ရောက်လာကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် နေလေကုန်၏။
မြတ်စွာဘုရားသည် ထိုသုံးကျိပ်မျှသောရဟန်းတို့၏ အရဟတ္တဖိုလ်နှင့် ပြည့်စုံအံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဤ ငါဘုရား အထံမှ ဖဲကြွသွားသော မထေရ်တဦးကို မြင်ကြရကုန် သလောဟု မေးတော်မူ၏၊။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မမြင်ကြပါကုန်ဘုရားဟု လျှောက်လတ်သော် သင်တို့ အဘယ်သူကို မြင်သနည်းဟု မေးတော်မူပြန်၏။
မြတ်စွာဘုရား သာမဏေတပါးကို မြင်ကြပါသည်ဘုရားဟု လျှောက်လတ်သော် ချစ်သားရဟန်း တို့ ထိုသူသည် သာမဏေမဟုတ်၊ ထိုပုဂ္ဂိုလ်သည် မထေရ်ကြီးသာလျှင် ဖြစ်၏ဟု မိန့်တော်မူ လေ၏၊ မြတ်စွာဘုရား - အလွန်လျှင် ငယ်လှပါသည်ဘုရားဟု လျှောက်ပြန်လတ်သော် ချစ်သား ရဟန်းတို့ - ငါဘုရားသည် ကြီးသောသူ၏ အဖြစ်ဖြင့် မထေရ်ကြီးတို့၏ နေရာ၌ နေကာမျှဖြင့် မထေရ်ကြီး ဟူ၍ ဟောတော်မမူ၊ အကြင် ပုဂ္ဂိုလ်သည်ကား သစ္စာကို ထိုးထွင်း၍ သိသဖြင့် များစွာသော လူအပေါင်းအား ညှဉ်းဆဲခြင်း မရှိသောသူ၏ အဖြစ်၌ တည်၏၊ ဤပုဂ္ဂိုလ်သည် မထေရ်ကြီးမည်၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၅၉။ န တေန ထေရော သော ဟောတိ၊ ယေနဿ ပလိတံ သိရော။
ပရိပက္ကော ဝယော တဿ၊ မောဃဇိဏ္ဏောတိ ဝုစ္စတိ။
၂၆ဝ။ ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
သ ဝေ ဝန္တမလော ဓီရော၊ သော ထေရောတိ ပဝုစ္စတိ။
ယေန၊ အကြင်အရွယ်ကြီးခြင်းကြောင့်။
ယဿ၊ အကြင်ရဟန်း၏။
သိရော၊ ဦးခေါင်းသည်။
ပလိတံ၊ ဖွေးဖွေးဖြူသည်။
အဿ၊ ဖြစ်ရာ၏။
တေန၊ ထိုခေါင်းဖြူအောင် အရွယ်ကြီးကာမျှဖြင့်။
သော၊ ထိုပုဂ္ဂိုလ်သည်။
ထေရော၊ မထေရ်ကြီး မည်သည်။
န ဟောတိ၊ မဖြစ်။
တဿ၊ ထိုရဟန်း၏။
ဝယော၊ အရွယ်သည်။
ပရိပက္ကော၊ ရင့်ရော်၏။
သော၊ ထိုရဟန်းကို။
မောဃဇိဏ္ဏောတိ၊ အချည်းနှီး အို၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
(မထေရ်ကြီးအဖြစ်ကို ပြုတတ်သော တရားတို့၏ မရှိခြင်းကြောင့် အလကား ကြီးခြင်းဟု ဆိုအပ်၏ ဟူလို။)
ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။
သစ္စဉ္စ၊ *တဆယ့်ခြောက်ပါးသော အခြင်းအရာဖြင့် သိသော သစ္စာလေးပါးသည်၎င်း။
ဓမ္မော စ၊ မျက်မှောက် ပြုအပ်သော လောကုတ္တရာတရား ကိုးပါးသည်၎င်း။
ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။
အဟိံသာ စ၊ မနှိပ်စက် မညှဉ်းဆဲခြင်းသည်၎င်း။
(တခု တခုသောမဂ်၌ -
၁-ဒုက္ခသစ္စာကို ပိုင်းခြားသိခြင်း။
၂-သမုဒယသစ္စာကို ပယ်ခြင်း။
၃-နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း။
၄-မဂ္ဂသစ္စာကိုပွားခြင်း ဟူသော ကိစ္စ ၄ ချက်စီဖြစ်၍
မဂ်လေးပါး၌ ၁၆-ချက်သော အခြင်းအရာဖြစ်သည် ဟူလို။)
သံယမော စ၊ သီလစောင့်စည်းခြင်းသည်၎င်း။
ဒမော စ၊ ဣန္ဒြေကိုဆုံးမခြင်းသည်၎င်း။
အတ္ထိ၊ ရှိ၏။
သ-သော၊ ထိုပုဂ္ဂိုလ်သည်။
ဝေ၊ စင်စစ်။
ဝန္တမလော၊ မဂ်ဖြင့်ထွေးအန်ထုတ်ပြီးသော အညစ်အကြေးရှိ၏။
ဓီရော၊ တည်ကြည်ခြင်းရှိ၏။
သော၊ ထိုပုဂ္ဂိုလ်ကို။
ထေရောတိ၊ မြဲမြံခိုင်ခံ့ကြောင်းရှိသောကြောင့် မထေရ်ကြီး ဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုသုံးကျိပ်မျှသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေ ကုန်၏။
လကုဏ္ဍက ဘဒ္ဒိယမထေရ် ဝတ္ထု ပြီး၏။
---
၅ - များစွာသော ရဟန်းတို့ ဝတ္ထု
န ဝါက္ကရဏ မတ္တေန - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဘုန်းကြီးအောင် ဘုရားထံကပ်၍ ကြံခြင်း
အခါတပါး၌ ပဉ္စင်းငယ် တို့သည်၎င်း, သာမဏေတို့သည်၎င်း မိမိ၏ စာချဆရာတို့၏သာလျှင် သင်္ကန်းဆိုးရည်ဆိုးခြင်း အစရှိကုန်သော အမှုကြီးငယ်တို့ကို ပြုလုပ်ကြသည်တို့ကို မြင်ရ၍ အချို့သော မထေရ်တို့သည် ငါတို့လည်း သဒ္ဒါ အရာ၌ လိမ်မာကြကုန်၏၊ ငါတို့အားသာလျှင် တစုံတခုသော အမှုကိစ္စသည် မရှိလေ၊ ငါတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ဘုန်းတော်ကြီး တော်မူသော မြတ်စွာဘုရား - ဘုရားတပည့်တော်တို့သည် သဒ္ဒါအရာ၌ လိမ်မာကြပါကုန်၏၊ တပါးသောသူတို့၏ အထံ၌ တရားကို သင်ယူပြီးကုန်သော်လည်း ဤသူတို့၏ အထံ၌ မသုတ် သင်ဘဲ မသရဇ္ဈာယ်ကြကုန်လင့်ဟု ရဟန်းငယ်, သာမဏေတို့ကို အမိန့်ပေးတော်မူကြပါဘုရားဟု ဤသို့ လျှောက်ထားကြရမူကား ကောင်းလေစွ၊ ဤသို့ ပြုသည်ရှိသော် ငါတို့အား လာဘ်ပူဇော် သက္ကာရသည် ကြီးပွားပေလတ္တံ့ဟု ကြံစည်ကြလေကုန်၏၊
ထိုရဟန်းတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုသို့ ကြံစည်သောအတိုင်း လျှောက်ကြားကြ လေကုန်၏၊ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူရလျှင် ဤငါဘုရား၏ သာသနာတော်၌ အစဉ်အဆက်ကို စောင့်ရှောက်လိုသည်၏ အစွမ်းဖြင့်သာလျှင် ဤသို့ ပြောဆို ခြင်းငှါ ရထိုက်ပေ၏၊
ဤရဟန်းတို့သည်ကား လာဘ်ပူဇော်သက္ကာရ၌ မှီသောစိတ် ရှိကြကုန်၏ဟု သိတော်မူ၍ ငါဘုရားသည် သင်တို့ကို စကားပြောတတ်ကာမျှဖြင့် ကောင်းသော သဘော ရှိသောသူတို့ ဖြစ်ကုန်၏ဟု ဟောတော်မမူ၊ အကြင် ပုဂ္ဂိုလ်သည် ငြူစူခြင်း အစရှိကုန်သော ထို အကုသိုလ် တရားတို့ကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်ဖြတ်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ် သည်သာလျှင် ကောင်းသော သဘောရှိသောသူ ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၆၁။ န ဝါက္ကရဏမတ္တေန၊ ဝဏ္ဏပေါက္ခရတာယ ဝါ။
သာဓုရူပေါ နရော ဟောတိ၊ ဣဿုကီ မစ္ဆရီ သဌော။
၂၆၂။ ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္ဆံ သမူဟတံ။
သ ဝန္တဒေါသော မေဓာဝီ၊ သာဓုရူပေါတိ ဝုစ္စတိ။
ဝါက္ကရဏမတ္တေန ဝါ၊ စကားကို ပြောဆိုတတ်ကာမျှကြောင့်၎င်း၊
(သဒ္ဒါကျမ်းလာ လက္ခဏာနှင့် ပြည့်စုံသော စကားမျှဖြင့် ဟူလို။)
ဝက္ကပေါက္ခရတာယ ဝါ၊ ကိုယ်အဆင်း၏ နှစ်သက်ဖွယ်ရှိသော အဖြစ်ကြောင့်၎င်း။
ဣဿုကီ၊ ငြူစူခြင်းရှိသော။
(သူတပါးလာဘ်ရခြင်းစသည်တို့၌ မနာလို မမြင်လို မဖြစ်စေလိုသောသူ ဟူလို။)
မစ္ဆရီ၊ - ဝန်တိုခြင်း ငါးပါးရှိသော။
သဌော၊ ကောက်ကျစ် စဉ်းလဲသော။
နရော၊ လူသည်။
သာဓုရူပေါ၊ ကောင်းမြတ်သော သဘောရှိသောသူသည်။
န ဟောတိ၊ မဖြစ်။
ယဿ စ၊ အကြင် ပုဂ္ဂိုလ်သည်လည်း။
ဧတံ၊ ဤငြူစူခြင်းစသော အကုသိုလ် တရားအပေါင်းကို။
သမုစ္ဆိန္နံ၊ အရဟတ္တမဂ်ဖြင့် ဖြတ်အပ်ပြီ။
မူလဃစ္ဆံ၊ အမြစ် ပြတ်အောင်ပြု၍။
သမူဟတံ၊ ကောင်းစွာနုတ်အပ်ပြီ။
ဝန္တဒေါသော၊ ထွေးအန် အပ်ပြီးသော အပြစ်ဒေါသရှိသော။
မေဓာဝီ၊ ထက်မြက်သော ဓမ္မောဇပညာဖြင့် ပညာရှိသော။
သ-သော၊ ထိုပုဂ္ဂိုလ်ကို။
သာဓုရူပေါတိ၊ ကောင်းမြတ်သော သဘောရှိသောသူ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
များစွာသောရဟန်းတို့ ဝတ္ထု ပြီး၏။
---
၆ - ဟတ္ထကရဟန်း ဝတ္ထု
န မုဏ္ဍကေန သမဏော အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် *ဟတ္ထက အမည်ရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဦးပြည်းကာမျှဖြင့် ရဟန်းမဟုတ်သေး
ထို ဟတ္ထကမည်သော ရဟန်းသည် အယူဝါဒစကား ပြောကြားအံ့ဟု ထို မိမိ၏ အကြံအစည် ဖြစ်သော အယူဝါဒဖြင့် အယူဝါဒ မတူသော သူတပါးတို့၏ အထံသို့ စေလွှတ်လေ့ ရှိ၏၊
အသင်တို့သည် ဤမည်သော အချိန်အခါ၌ ဤမည်သော အရပ်သို့ လာကြကုန်လော့၊ အယူဝါဒ နှီးနှော ပြောဆိုခြင်းကို ပြုကြကုန်စိုအံ့ဟု ချိန်းချက် ပြောဆို၍ ရှေးဦးမဆူကပင် ထိုအရပ်သို့ သွားနှင့်၍ ကြည့်ကြစမ်းကုန်လော့၊ တိတ္ထိတို့သည် ငါ့ကိုကြောက်သဖြင့် မလာဝံ့ကြကုန်၊ ဤသို့ မလာဝံ့ခြင်းသည်ပင်လျှင် တိတ္ထိတို့၏ ရှုံးခြင်းဖြစ်၏ဟု ဤသို့ အစရှိသော စကားတို့ကို ဆိုလျက် အယူဝါဒကို စေလွှတ်လေ့ရှိ၏၊ တပါးသော စကားဖြင့် တပါးသော စကားကို ဖုံးလွှမ်းလျက် ပြောဆိုလေ့ ရှိ၏၊
မြတ်စွာဘုရားသည် ဟတ္ထကရဟန်းသည် ဤသို့ ပြုလုပ်ဘိ၏ဟု ကြားတော်မူရလျှင် ထိုဟတ္ထက ရဟန်းကို ခေါ်စေတော်မူ၍ ချစ်သား ဟတ္ထက - သင်သည် ဤသို့ ပြုလုပ်သော ဟူသည် မှန်သလော ဟု မေးတော်မူသောကြောင့် မှန်လှပါသည်ဘုရားဟု နားတော် လျှောက်သည်ရှိသော် အဘယ့်ကြောင့် ဤသို့ ပြုလုပ်ဘိသနည်းဟု အပြစ်တင်တော်မူပြီးလျှင် ဤသို့ သဘောရှိသော ချွတ်ယွင်းသော စကားကို ပြောဆိုသောသူသည် ဦးခေါင်းပြည်းခြင်း, ခေါင်းတုံးပြုခြင်း အစရှိသည် မျှဖြင့်သာလျှင် သမဏမည်သော ရဟန်းမည်သည် မဖြစ်နိုင်သေး၊
အကြင် ရဟန်းသည် ငယ်ငယ်၎င်း, ကြီးကြီး၎င်း ဖြစ်ကုန်သော ယုတ်မာသော အကုသိုလ်တို့ကို ငြိမ်းစေလျက် တည်လေ၏၊ ဤရဟန်းသည်သာလျှင် သမဏမည်သော ရဟန်း ဖြစ်ပေသည်ဟု မိန့်တော်မူပြီးလျှင် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
*ဟတ္ထက မည်သော ရဟန်းသည် သာကီဝင်မင်းမျိုးမှ ရဟန်းပြု၏၊ အယူဒါဒပြောရန် တိတ္ထိတို့ နှင့် ချိန်း၍ ချိန်းသည့်အတိုင်း မသွား၊ တွေ့ဆုံပြန်ကလည်း ကပြောင်းကပြန် မုသားပြောဆိုလေ့ ရှိသောကြောင့် ချွတ်ယွင်းသော စကားပြောဆိုလျှင် ပါစိတ်အာပတ် သင့်စေဟု သိက္ခာပုဒ် ပညတ်တော်မူသည်။ (ပါစိတ် ပါဠိတော်)
ဒေသနာတော်
၂၆၃။ န မုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ။
ဣစ္ဆာ လောဘ သမာပန္နော၊ သမဏော ကိံ ဘဝိဿတိ။
၂၆၄။ ယော စ သမေတိ ပါပါနိ၊ အဏုံထူလာနိ သဗ္ဗသော။
သမိတတ္တာ ဟိ ပါပါနံ၊ သမဏောတိ ပဝုစ္စတိ။
မုဏ္ဍကေန၊ ဦးခေါင်းဦးပြည်း ရိတ်ပြီးကာမျှဖြင့်။
သမဏော၊ ရဟန်းမည်သည်။
န၊ မဟုတ်သေး။
အဗ္ဗတော၊ သီလအကျင့် ဓုတင်အကျင့်မှ ကင်းသော။
အလိကံ၊ ချွတ်ယွင်းသော စကားကို။
ဘဏံ-ဘဏန္တော၊ ပြောဆိုတတ်သော။
ဣစ္ဆာလောဘ သမာပန္နော၊ အနည်းငယ်သော အာရုံတို့၌ လိုချင်ခြင်းဟူသော ဣစ္ဆာ, များသော အာရုံတို့၌ မက်မောခြင်းဟူသော လောဘနှင့် ပြည့်စုံသောသူသည်။
သမဏော၊ ရဟန်းမည်သည်။
ကိံ ဘဝိဿတိ၊ အဘယ်မှာ ဖြစ်နိုင်အံ့နည်း။
ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။
သဗ္ဗသော-သဗ္ဗာနိ၊ အလုံးစုံကုန်သော။
အဏုံထူလာနိ၊ အငယ်, အကြီး ဖြစ်ကုန်သော။
ပါပါနိ၊ မကောင်းမှုတို့ကို။
သဗ္ဗသော၊ ခပ်သိမ်းသော အပြားအားဖြင့်။
(သဗ္ဗသော-ကို နှစ်ခါ ယောဇနာ လိုက်သည်)
ဟိ-ယသ္မာ၊ အကြင်ကြောင့်။
သမေတိ၊ ငြိမ်းစေ၏။
ပါပါနိ၊ မကောင်းမှုတို့ကို။
တသ္မာ-သမိတတ္တာ၊ ထိုသို့ ငြိမ်းစေတတ်သည်၏ အဖြစ်ကြောင့်။
သမဏောတိ၊ သမဏဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ဟတ္ထကရဟန်း ဝတ္ထု ပြီး၏။
---
၇-မထင်ရှားသော ပုဏ္ဏားဝတ္ထု
န တေန ဘိက္ခု သော ဟောတိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဆွမ်းခံသွားကာမျှဖြင့် ဘိက္ခု မဟုတ်သေး
ထိုပုဏ္ဏားသည် သာသနာတော်မှ အပဖြစ်သော အယူ၌ ရဟန်းပြု၍ ဆွမ်းခံ လှည့်လည်သွားစဉ် ရဟန်းဂေါတမသည် ဆွမ်းအလို့ငှါ လှည့်လည်ကုန်သော မိမိ၏ တပည့်တို့ကို ဘိက္ခုဟူ၍ဆို၏၊ ငါ့ကိုလည်း ဘိက္ခုဟုဆိုခြင်းငှါသင့်၏ ဟုကြံစည်မိလေ၏၊
ထိုပုဏ္ဏားသည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် အို ရှင်ဂေါတမ- အကျွန်ုပ်သည်လည်း ဆွမ်းခံ လှည့်လည်၍ အသက်မွေးပါသည်။ အကျွန်ုပ်ကိုလည်း ဘိက္ခုဟု ဆိုတော်မူပါလော့ ဟု လျှောက်ဆိုလေ၏၊
ထိုအခါ ပုဏ္ဏားကို မြတ်စွာဘုရားသည် ပုဏ္ဏား - ငါဘုရားသည် ဆွမ်းခံကာမျှဖြင့် ဘိက္ခုဟူ၍ ဟောတော်မမူ၊ မညီမညွတ်သော၊ ဝါ၊ အဆိပ်ရှိသော အကျင့်ကို ဆောက်တည်၍ ကျင့်သော သူသည် ဘိက္ခုမည်သောသူ မဟုတ်သေး၊ အကြင်ပုဂ္ဂိုလ်သည်ကား အလုံးစုံသော သင်္ခါရတရား တို့၌ ဉာဏ်ပညာဖြင့် ဆင်ခြင်၍ ကျင့်၏၊ ထိုပုဂ္ဂိုလ်သည် ဘိက္ခုမည်၏ဟု မိန့်တော်မူ၍ ဤ ဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၆၅။ န တေန ဘိက္ခု သော ဟောတိ၊ ယာဝတာ ဘိက္ခတ ပရေ။
ဝိဿံ ဓမ္မံ သမာဒါယ၊ ဘိက္ခု ဟောတိ န တာဝတာ။
၂၆၆။ ယောဓ ပုညဉ္စ ပါပဉ္စ၊ ဗာဟိတွာ ဗြဟ္မစရိယံ။
သင်္ခါယ လောကေ စရတိ၊ သ ဝေ ဘိက္ခု တိ ဝုစ္စတိ။
ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့်။
ယော၊ အကြင်သူသည်။
ပရေ၊ သူတပါးတို့ကို။
ဘိက္ခတေ၊ တောင်းစားတတ်၏။
တေန၊ ထိုမျှလောက်သော တောင်းစားတတ်ကာမျှ အကြောင်းဖြင့်။
သော၊ ထိုသူသည်။
ဘိက္ခု၊ ဘိက္ခု မည်သည်။
န ဟောတိ၊ မဖြစ်။
ဝိဿံ၊ မညီမညွတ်သော။
ဝါ-အဆိပ်နံ့ မကင်းသော။
ဓမ္မံ၊ ကာယကံ-စသော မကောင်းသောအကျင့်ကို။
သမာဒါယ၊ ဆောက်တည်၍။
စရန္တော၊ ကျင့်သောသူသည်။
တာဝတာ၊ ထိုမျှလောက်ဖြင့်။
ဘိက္ခု၊ ဘိက္ခုမည်သည်။
န ဟောတိ၊ မဖြစ်။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ဣဓ၊ ဤသာသနာတော်၌။
ပုညဉ္စ၊ ကောင်းမှုကို၎င်း။
ပါပဉ္စ၊ မကောင်းမှုကို၎င်း။
ဗာဟိတွာ၊ မဂ်ဉာဏ်ဖြင့် အပပြု၍။
ဗြဟ္မစရိယံ- ဗြဟ္မစရိယဝါသော၊ မြတ်သောအကျင့်ကို ကျင့်သုံးလျက်နေသည်။
ဟောတိ၊ ဖြစ်၏။
လောကေ၊ ခန္ဓာစသော လောက၌။
သင်္ခါယ၊ ပညာဖြင့် ဆင်ခြင်၍။
စရတိ၊ ကျင့်၏။
(ဤတရားတို့ကား အဇ္ဈတ္တိက ခန္ဓာတို့ ဖြစ်ကုန်၏၊ ဤတရားတို့ကား ဗာဟိရခန္ဓာတို့ ဖြစ်ကုန်၏-စသည်ဖြင့် အလုံးစုံသော တရားတို့ကို သိ၍ ကျင့်၏ ဟူလို။)
သော၊ ထိုပုဂ္ဂိုလ်ကို။
ဝေ၊ စင်စစ်။
ဘိက္ခူတိ၊ ဘိက္ခုဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
(ထိုပုဂ္ဂိုလ်ကို ထိုဉာဏ်ဖြင့် ကိလေသာတို့ကို ဖေါက်ခွဲ ဖျက်ဆီးသောကြောင့် ဘိက္ခုမည်၏ဟု ဆိုအပ်၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
မထင်ရှားသော ပုဏ္ဏား ဝတ္ထု ပြီး၏။
---
၈ - တိတ္ထိတို့ ဝတ္ထု
န မောနေန - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တိတ္ထိတို့ကိုအကြောင်းပြု၍ ဟောတော်မူလေ၏။
ဆိတ်ဆိတ်နေတိုင်း မြတ်သောအကျင့်မဟုတ်
ထိုတိတ္ထိတို့သည် စားသောက်ရာဖြစ်သော နေရာအရပ်၌ လူတို့အား --
ဘေးရန် ကင်းခြင်းသည် ဖြစ်ပါစေသတည်း၊
ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း၊
အသက်ရှည်ပါစေသတည်း၊
ဤမည်သောအရပ်၌ ရွှံ့ညွန်သည်ရှိ၏၊
ဤမည်သော အရပ်၌ ဆူးငြောင့်သည်ရှိ၏၊
ဤသို့သဘောရှိသည် မည်သော အရပ်သို့ သွားရောက်ခြင်းငှါမသင့်၊
ဤသို့ အစရှိသောနည်းဖြင့် မင်္ဂလာစကား ပြောကြားမြွက်ဆို၍ ဖဲသွားကြကုန်၏။
ရဟန်းတို့သည်ကား ပဌမဗေဓိ၌ တရားဟော အနုမောဒနာ ပြုခြင်း စသည်တို့ကို ခွင့်ပြုတော် မမူသော ကာလ, ဆွမ်းစားစရပ်၌ လူတို့အား တရားဟော အနုမောဒနာ ပြုခြင်းကို မပြုမူ၍ ဖဲသွားကြကုန်၏။
လူတို့သည် ငါတို့ကား တိတ္ထိတို့၏အထံမှ မင်္ဂလာစကားကို ကြားနာကြရကုန်၏၊ အရှင်ကောင်းတို့ သည်ကား ဆိတ်ဆိတ်နေလျက်သာ ဖဲကြွသွားကြကုန်၏ဟု ကဲ့ရဲ့ကြလေကုန်၏၊ ရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။
မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ - ဤနေ့မှစ၍ ဆွမ်းစားစရပ် စသည်တို့၌ ချမ်းသာသည် အားလျော်စွာ အလိုရှိတိုင်း တရားဟော အနုမောဒနာပြုခြင်းကို ပြုကြကုန်လော့၊ အနီး၌ ချဉ်းကပ် နေထိုင်လာသော သူအား တရားစကား ပြောကြားခြင်းကို ပြုကြကုန်လော့၊ တရားတော်ကို ဟောကြားကြကုန်လော့ဟု ခွင့်ပြုတော်မူ၏၊
ရဟန်းတို့သည် ထိုဘုရားရှင် ခွင့်ပြုတော်မူတိုင်း ဟောကြားကြလေကုန်၏၊ လူတို့သည် အနုမောဒနာ စသော တရားတို့ကို နာကြားကြရ ကုန်သောကြောင့် အားထုတ်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ ရဟန်းတို့ကို ပင့်ဖိတ်ပြီးလျှင် ပူဇော်သက္ကာရကို ပြုကုန်လျက် သွားလာ လှည့်လည်ကြကုန်၏။
တိတ္ထိတို့သည်ကား ငါတို့သည် မုနိမည်သော အကျင့်ကို ကျင့်ကုန်လျက် ဆိတ်ဆိတ်နေခြင်းကို ပြုကြကုန်၏၊ ရဟန်းဂေါတမ၏ တပည့်သာဝကတို့သည်ကား ဆွမ်းစားစရပ် စသည်တို့၌ များစွာသော စကားကို ဆိုကုန်လျက် သွားလာ လှည့်လည်ကြကုန်ဘိ၏ဟု ကဲ့ရဲ့ကြလေကုန်၏၊
ဘုရားရှင်သည် ထိုအကြောင်းကို ကြားသိတော်မူရလျှင် ချစ်သား ရဟန်းတို့ - ငါဘုရားသည် ဆိတ်ဆိတ် နေကာမျှဖြင့် မုနိမည်၏ ဟူ၍ ဟောတော်မမူ၊
အချို့သော သူတို့သည် မသိကြကုန်သောကြောင့် မပြောဆိုတတ်ကြကုန်၊
အချို့သော သူတို့သည် ကြောက်ရွံ့ခြင်း မကင်းသောကြောင့် မပြောဆိုဝံ့ကြကုန်၊
အချို့သော သူတို့သည် ဆိတ်ဆိတ်နေခြင်းဖြင့် လွန်ကဲသောအနက်ရှိသော ဤအကြောင်းအရာကို သူတပါးတို့သည် မသိကြပါစေကုန်သတည်းဟု ဝန်တိုသောကြောင့် မပြောဆိုကြကုန်၊
ထိုကြောင့် ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမည်သောသူ မဟုတ်သေး၊ မကောင်းမှုကို ငြိမ်းစေသည်၏ အဖြစ်ဖြင့်သာ မုနိမည်သောသူ ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၆၇။ န မောနေန မုနိ ဟောတိ၊ မုဠှရူပေါ အဝိဒ္ဒသု။
ယော စ တုလံဝ ပဂ္ဂယှ၊ ဝရ မာဒါယ ပဏ္ဍိတော။
၂၆၈။ ပါပါနိ ပရိဝဇ္ဇေတိ၊ သ မုနိ တေန သော မုနိ။
ယော မုနာတိ ဥဘော လောကေ၊ မုနိ တေန ပဝုစ္စတိ။
မုဠှရူပေါ၊ အချည်းနှီးသော သဘောရှိသော။
အဝိဒ္ဒသု၊ သိကြားလိမ်မာခြင်း ကင်းသောသူသည်။
မောနေန၊ ဆိတ်ဆိတ်နေသဖြင့်။
မုနိ၊ မုနိမည်သည်။
န ဟောတိ၊ မဖြစ်။
(မောနေယျ အကျင့်ဟု ဆိုအပ်သော မဂ်ဉာဏ်ဖြင့် ဆိတ်ဆိတ်နေမှသာ စင်စစ် မုနိ မည်၏၊ အကျင့်ကင်းလျက် ဆိတ်ဆိတ်နေသဖြင့် မုနိ မမည်၊ အချည်းနှီးသော သဘောရှိသောသူ အသိအလိမ်မာ ဉာဏ်ပညာကင်းသောသူသာ ဖြစ်၏ ဟူလို။)
ယော စ ပဏ္ဍိတော၊ အကြင် ပညာရှိသော သူသည်ကား။
တုလံ၊ ချိန်ကို။
ပဂ္ဂယှ၊ ချီမြှောက်၍။
ဌိတော ဝိယ၊ တည်သောသူကဲ့သို့။
ဟုတွာ၊ ဖြစ်၍။
ဝရံ၊ မြတ်သော တရားကို။
အာဒါယ၊ ယူ၍။
ပါပါနိ၊ မကောင်းမှု အကုသိုလ်တို့ကို။
ပရိဝဇ္ဇေတိ၊ ကြဉ်၏။
တေန၊ ထို့ကြောင့်။
သော ပဏ္ဍိတော၊ ထိုပညာရှိသောသူသည်။
မုနိ၊ မုနိ မည်၏။
(ဥပမာကား - ချိန်ခွင်ကို ကိုင်ယူလျက် တည်သော သူသည် အလွန်လျှင် ဆောင်ယူတတ်၏၊ ယုတ်မူ ဖြည့်စွက်တတ်၏၊ ဤအတူ အကြင်ပုဂ္ဂိုလ်သည် လွန်လျှင် ထုတ်ဆောင်သကဲ့သို့ မကောင်းမှုကို ထုတ်ဆောင်တတ်၏၊ ရှောင်ကြဉ်တတ်၏၊ ယုတ်မူ ဖြည့်စွက်သကဲ့သို့ ကုသိုလ်ကို ပြည့်အောင် ဖြည့်ကျင့်တတ်၏၊ ဤသို့ ပြုသည်ရှိသော် သီလ, သမာဓိ, ပညာ, ဝိမုတ္တိ ဉာဏဒဿန - ဟု ဆိုအပ်သော မြတ်သော တရားကိုသာ ယူ၍ မကောင်းမှု အကုသိုလ်ကံတို့ကို ရှောင်ကြဉ် နိုင်၏၊ ထို ဆိုအပ်ပြီးသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ်သည် မုနိမည်၏ ဟူလို။)
ယော မုနိ၊ အကြင်ရဟန်းသည်။
ဥဘောလောကေ၊ အဇ္ဈတ္တိကခန္ဓာ, ဗာဟိရ ခန္ဓာဟု ဆိုအပ်သော နှစ်ပါးသော လောကတို့ကို။
မုနာတိ၊ သိ၏။
တေန၊ ထို့ကြောင့်။
သော မုနိ၊ ထိုရဟန်းကို။
မုနိ၊ မုနိဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။
(အကြင် ပုဂ္ဂိုလ်သည် ဤခန္ဓာငါးပါးစသော လောက၌ ချိန်ခွင်သို့ တင်၍ ချိန်စက်သကဲ့သို့ ဤ သည်တို့ကား အဇ္ဈတ္တိက ခန္ဓာတို့ ဖြစ်ကုန်၏၊ ဤသည်တို့ကား ဗာဟိရခန္ဓာတို့ ဖြစ်ကုန်၏ စသည်ဖြင့် ဤနှစ်ပါးသော အနက်တို့ကို သိတတ်၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်ကို မုနိမည်၏ဟု ဆိုအပ်၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
တိတ္ထိတို့ ဝတ္ထု ပြီး၏။
၉ - အရိယာမည်သော တံငါသည် ဝတ္ထု
န တေန အရိယော ဟောတိ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တယောက်သော အရိယာ အမည်ရှိသော တံငါသည်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
တံငါသည်ကို အမည်ပေးတော်မူခြင်း
တနေ့သ၌ မြတ်စွာဘုရားသည် အရိယာ မည်သော တံငါသည်၏ သောတာပတ္တိမဂ်နှင့် ပြည့်စုံလတ္တံ့သော အကြောင်း ဥပနိဿယည်းကို မြင်တော်မူရ၍ သာဝတ္ထိပြည်၏ မြောက်ဘက် တံခါးအနီး ရွာ၌ ဆွမ်းအလို့ငှါ ကြွသွား လှည့်လည်တော်မူပြီးလျှင် ရဟန်းသံဃာ အပေါင်း ခြံရံတော်မူလျက် ထိုရွာမှ ပြန်ကြွလာတော်မူလေ၏။
ထိုခဏ၌ ထိုတံငါသည်သည် ငါးမြှားဖြင့် ငါးတို့ကို ဖမ်းယူလျက် ဘုရားအမှူးရှိသော ရဟန်း သံဃာတော် အပေါင်းကို မြင်ရလျှင် ငါးမြားတံကို စွန့်ပစ်၍ ရပ်တည်နေလေ၏။ မြတ်စွာဘုရားသည် ထိုတံငါသည်၏ မနီးမဝေးသော အရပ်၌ ဆုတ်နစ်၍ ရပ်တော်မူလျက် သင်သည် အဘယ်အမည် ရှိသနည်းဟု ရှင်သာရိပုတြာမထေရ် စသည်တို့၏ အမည်တို့ကို မေးတော်မူလေ၏။
ထိုရှင်သာရိပုတြာ စသော မထေရ်တို့သည်လည်း တပည့်တော်ကား သာရိပုတြာ အမည် ရှိပါသည် ဘုရား, တပည့်တော်ကား မောဂ္ဂလာန် အမည်ရှိပါသည်ဘုရား ဤသို့ အစရှိသည်ဖြင့် မိမိ၏ အမည်တို့ကို လျှောက်ကြားကြလေကုန်၏။ တံငါသည်သည် မြတ်စွာဘုရားကား အလုံးစုံသောသူတို့၏ အမည်တို့ကို မေးမြန်းတော်မူ၏၊ ငါ့ကိုလည်း အမည်ကို မေးကောင်း မေးလိမ့်မည် လား မသိဟု ကြံမိလေ၏။
မြတ်စွာဘုရားသည် ထိုတံငါသည်၏ အလိုကို သိတော်မူ၍ ဒါယကာ - သင်ကား အဘယ်အမည် ရှိသောသူ ဖြစ်သနည်းဟု မေးတော်မူလျှင် မြတ်စွာဘုရား - တပည့်တော်သည် အရိယာ မည်သောသူ ဖြစ်ပါသည်ဘုရားဟု နားတော် လျှောက်သည်ရှိသော် ဒါယကာ- ထိုသို့သဘော ရှိသော သူကအသက်ကို သတ်လေ့ရှိသော သူတို့သည် အရိယာမည်သောသူတို့ မဖြစ်ကြကုန်၊ အရိယာတို့ မည်သည်ကား များစွာသော သူအပေါင်းအား ညှဉ်းဆဲခြင်း မရှိသော အဖြစ်၌ တည်ကြကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၆၉။ န တေန အရိယော ဟောတိ၊ ယေန ပါဏာနိ ဟိံ သတိ။
အဟိံ သာ သဗ္ဗပါဏာနိ၊ အရိယောတိ ပဝုစ္စတိ။
ယေန၊ အကြင် အကြောင်းကြောင့်။
ပါဏာနိ၊ သတ္တဝါတို့ကို။
ဟိံ သတိ၊ ညှဉ်းဆဲနှိပ်စက်၏။
တေန၊ ထိုညှဉ်းဆဲခြင်း အကြောင်းကြောင့်။
အရိယော၊ အရိယာမည်သည်။
န ဟောတိ၊ မဖြစ်။
သဗ္ဗပါဏာနိ၊ အလုံးစုံသော သတ္တဝါတို့ကို။
အဟိံ သာ၊ မညှဉ်းဆဲ မနှိပ်စက်ခြင်းကြောင့်။
အရိယောတိ၊ အရိယာဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။
(သတ္တဝါအားလုံးတို့ကို လက်စသည်တို့ဖြင့် မညှဉ်းဆဲ မသတ်ဖြတ်မူ၍ မေတ္တာစသော ဘာဝနာ တည်ခြင်းကြောင့် မညှဉ်းဆဲတတ်သော အပြစ်ကင်းသော သူကို အရိယာပုဂ္ဂိုလ်မည်၏ ဟု ဆိုအပ်၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ အရိယာမည်သော တံငါသည်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
အရိယာမည်သော တံငါသည် ဝတ္ထု ပြီး၏။
---
၁၀-သီလစသည်နှင့် ပြည့်စုံသော များစွာသော ရဟန်းတို့ ဝတ္ထု
န သီလဗ္ဗတမတ္တေန - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော သီလစသည် နှင့်ပြည့်စုံကြကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သီလစသည် ပြည့်စုံကာမျှဖြင့် ရဟန်းကိစ္စမပြီးသေး
ထိုရဟန်းတို့တွင် အချို့သော ရဟန်းတို့အား ငါတို့သည် ပြည့်စုံသောသီလ ရှိကြကုန်၏၊ ငါတို့သည် ဓုတင်ဆောင်တို့ ဖြစ်ကြကုန်၏၊ ငါတို့သည် များသော အကြားအမြင် ဗဟုဿုတ ရှိကြကုန်၏၊ ငါတို့သည် ဆိတ်ငြိမ်သော ကျောင်း၌ နေလေ့ ရှိကြကုန်၏၊ ငါတို့သည် ဈာန်ရပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏၊ ငါတို့အား အရဟတ္တဖိုလ်သည် ရနိုင်ခဲမည်မဟုတ်၊ အလိုရှိအပ်သော နေ့၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်နိုင်ကြကုန်လတ္တံ့ ဟု ဤသို့သော အကြံအစည်သည် ဖြစ်လေ၏။
ထို ရဟန်းတို့တွင် အကြင် ရဟန်းတို့သည် အနာဂါမ်ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏၊ ထို အနာဂါမ် ပုဂ္ဂိုလ်ဖြစ်သော ရဟန်းတို့အားလည်း ငါတို့အား ယခုအခါ အရဟတ္တဖိုလ်သည် ရခြင်းငှါ ခဲယဉ်း တော့မည် မဟုတ်ဟု ဤသို့သော အကြံသည် ဖြစ်လေ၏။
ထိုအလုံးစုံသော ရဟန်းတို့သည်လည်း တနေ့သ၌ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးကာ နေကြကုန်သည်ဖြစ်၍ ချစ်သားရဟန်းတို့ - သင်တို့အား ရဟန်းကိစ္စသည် စင်စစ် အပြီးအဆုံးသို့ ရောက်ပြီလောဟု မြတ်စွာဘုရားသည် မေးတော်မူအပ်ကုန်သည် ရှိသော် ရဟန်းတို့သည် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် ဤသို့သဘောရှိသောရဟန်း, ဤသို့သဘောရှိသော ရဟန်းတို့ ဖြစ်ကြပါကုန်၏၊ ထိုကြောင့် အလိုရှိအပ် အလိုရှိအပ်သော ခဏ၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ စွမ်းနိုင်ကြကုန်၏ဟု ကြံစည်လျက် နေကြပါသည် ဘုရားဟု လျှောက်ကြားကြလေကုန်၏။
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူရလျှင် ချစ်သား ရဟန်းတို့ - ရဟန်း မည်သည်ကား ထက်ဝန်းကျင် စင်ကြယ်သော စတုပါရိသုဒ္ဓိ သီလရှိသောသူ စသည် ဖြစ်ကာ မျှဖြင့်၎င်း, အနာဂါမိဖိုလ် တည်းဟူသော ချမ်းသာသို့ ရောက်ကာမျှဖြင့်၎င်း ငါတို့အား ဝဋ်ဘဝ၌ ဖြစ်သော ဆင်းရဲသည် နည်းပါးပြီဟု ပြောဆိုခြင်းငှါ မသင့်၊ အာသဝေါကုန်ခြင်းသို့ မရောက် ရသေးမူ ငါသည် ချမ်းသာခြင်းသို့ ရောက်သောသူ ဖြစ်ပြီဟူ၍ စိတ်ကို မဖြစ်စေအပ်ဟု မိန့်တော် မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၇၀။ သီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေန ဝါ ပန။
အထဝါ သမာဓိလာဘေန၊ ဝိဝိတ္တသယနေန ဝါ။
၂၇၁။ ဖုသာမိ နေက္ခမ္မသုခံ၊ အပုထုဇ္ဇနသေဝိတံ။
ဘိက္ခု ဝိဿာသ မာပါဒိ၊ အပ္ပတ္တော အာသဝက္ခယံ၊
ဘိက္ခု၊ ချစ်သားရဟန်း။ (ထိုရဟန်းအများတို့တွင် တပါးပါးကို ခေါ်လိုသဖြင့် ဧကဝုစ်စကား မိန့်တော်မူသည်။)
သီလဗ္ဗတမတ္တေန ဝါ၊ သီလ လေးပါး ဓုတင်အကျင့် တဆယ့်သုံးပါးမျှဖြင့်၎င်း။
ဗာဟုသစ္စေန ဝါ၊ ပိဋကတ်သုံးပုံကို သင်ယူနိုင်ခြင်းဖြင့်၎င်း။
သမာဓိလာဘေန ဝါ၊ ရှစ်ပါးသော သမာပတ်ကို ရခြင်းဖြင့်၎င်း။
ဝိဝိတ္တသယနေန ဝါ၊ ဆိတ်ငြိမ်ရာ တောကျောင်း၌ နေခြင်းဖြင့်၎င်း။
(ပန-အထဝါ တို့ကို ချန်လိုက်သည်။)
အပုထုဇ္ဇနသေဝိတံ၊ ပုထုဇဉ်တို့သည် မမှီဝဲအပ်သော။ ဝါ - အရိယာတို့သာ မှီဝဲအပ်သော။
နေက္ခမ္မသုခံ၊ အနာဂါမိဖိုလ် ချမ်းသာသို့။
ဖုသာမိ၊ ငါရောက်၏။
ဣတိဧတ္တကမတ္တေန ဝါ၊ ဤသို့အနာဂါမိဖိုလ်ချမ်းသာကို ရခြင်းမျှဖြင့်၎င်း။
ဘိက္ခု၊ ချစ်သားရဟန်း။
အာသဝက္ခယံ၊ အရဟတ္တဖိုလ် ချမ်းသာသို့။
အပ္ပတ္တော၊ မရောက်ရသေးမူ။
ဝိဿာသံ၊ ဘဝ၌ ချစ်ကျွမ်းဝင်ခြင်းသို့။
န အာပါဒိ၊ မရောက်စေလင့်။
(ချစ်သားရဟန်း - ဤပြည့်စုံသော သီလရှိသောသူ စသည်တို့၏ အဖြစ်မျှ ဖြင့်သာလျှင် ငါ့အား ဘဝသည် အနည်းငယ်သာ ရှိတော့သည်ဟု အရဟတ္တဖိုလ်သို့ မရောက်ရသေးသောသူ ဖြစ်ခြင်း ကြောင့် ရဟန်းမည်သောသူသည် ချစ်ကျွမ်းဝင်ခြင်းသို့ မရောက်သင့်ရာ၊ အေးအေးလူလူ နေခြင်းသို့ မရောက်သင့်ရာ။ မစင်ဟူသည် အနည်းငယ်မျှသော်လည်း အနံ့ဆိုးသကဲ့သို့ ဘဝ ဟူသည် အနည်းငယ်မျှသော်လည်း ဆင်းရဲသည်သာလျှင်တည်း ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုများစွာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
သီလစသည်နှင့် ပြည့်စုံသော များစွာသော ရဟန်းတို့ ဝတ္ထု ပြီး၏။
ဤတွင်ရွေ့ကား တဆယ့် ကိုးခုမြောက်သော ဓမ္မဋ္ဌဝဂ်အဖွင့် ပြီး၏။
---
၂၀-မဂ္ဂဝဂ်
၁-ရဟန်းငါးရာ ဝတ္ထု
မဂ္ဂါနဋ္ဌင်္ဂိကော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
စကား၌ တရားပါအောင် ပြုခြင်း
ထိုရဟန်း ငါးရာတို့သည် မြတ်စွာဘုရားသည် ဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူပြီး၍ တဖန် သာဝတ္ထိပြည်သို့ ရောက်လာတော်မူ လတ်သည်ရှိသော် ခစားလုပ်ကျွေး စည်းဝေးရာ စရပ်၌ နေထိုင်ကြကုန်လျက် ဤမည်သောရွာမှ ဤမည်သောရွာသို့ သွားသော လမ်းခရီးသည် ညီညွတ်၏၊ ဤမည်သောရွာသို့ သွားသော လမ်းခရီးသည် မညီညွတ်၊ ကျောက်စရစ် ရှိ၏၊ ကျောက်စရစ် မရှိ၊ ဤသို့ အစရှိသော နည်းဖြင့် မိမိ၏ သွားလာ လှည့်လည်အပ်သော လမ်းခရီးကို အကြောင်းပြု၍ လမ်းခရီးနှင့်စပ်သော စကားကို ပြောကြားကြကုန်သတတ်။
မြတ်စွာဘုရားသည် ထိုငါးရာသော ရဟန်းတို့၏ အရဟတ္တဖိုလ်သို့ ရောက်အံ့သောအကြောင်း ဥပနိဿယည်းကို မြင်တော်မူသဖြင့် ထို ခစား လုပ်ကျွေး စည်းဝေးရာ စရပ်သို့ ကြွလာတော် မူပြီးလျှင် ခင်းထားအပ်သော ဘုရားနေရာ၌ နေတော်မူလျက် ချစ်သားရဟန်းတို့ - ယခု ငါဘုရား ကြွလာတော်မူဆဲသော အခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော် လျှောက်လတ်သည်ရှိသော် ...
ချစ်သားရဟန်းတို့ - ဤခရီးသည် အပဖြစ်သော လမ်းခရီး ဖြစ်၏၊ ရဟန်းမည်သည်ကား အရိယာ ပုဂ္ဂိုလ်တို့၏ သွားရာဖြစ်သော လမ်းခရီး၌ ပြုအပ်သော အမှုကို ပြုခြင်းငှါ သင့်လျော်၏ဟု မိန့်တော်မူပြီးလျှင် ဤသို့ပြုသော ရဟန်းသည် အလုံးစုံသော ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်၏ ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၇၂။ မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။
၂၇၃။ ဧသေဝ မဂ္ဂေါ နတ္ထညော၊ ဒဿနဿ ဝိသုဒ္ဓိယာ။
ဧတဉှိ တုမှေ ပဋိပဇ္ဇထ၊ မာရဿေတံ ပမောဟနံ။
၂၇၄။ ဧတဉှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။
အက္ခာတော မေ မယာ မဂ္ဂေါ၊ အညာယ သလ္လကန္တနံ။
၂၇၅။ တုမှေဟိ ကိစ္စံ အာတပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
မဂ္ဂါနံ၊ မဂ်တို့တွင်။
အဋ္ဌင်္ဂိကော၊ အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသော မဂ်သည်။
သေဋ္ဌော၊ မြတ်၏။
(ခြေကြောင်းခရီးဟူသော ဇင်္ဃမဂ်, လှည်းကြောင်းခရီးဟူသော သကဋမဂ် စသည်တို့မူလည်း ဖြစ်စေ၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါး ဟူသော ဒိဋ္ဌိသဟဂတ မဂ်တို့မူလည်းဖြစ်စေ အလုံးစုံသော မဂ် တို့တွင် အကြင်မဂ်သည် သမ္မာဒိဋ္ဌိ စသော ရှစ်ပါးဖြင့် မိစ္ဆာဒိဋ္ဌိ စသော ရှစ်ပါးတို့ကို နိဗ္ဗာန် အာရုံပြုလျက် ပယ်၏။
သစ္စာလေးပါးတို့တွင်လည်း -
ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းကိစ္စ
သမုဒယသစ္စာကို ပယ်ခြင်းကိစ္စ
နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းကိစ္စ
မဂ္ဂသစ္စာကို ပွားများခြင်း ကိစ္စကို ပြီးစေနိုင်၏၊
အင်္ဂါရှစ်ပါးရှိသော ထိုမဂ်သည် အထူးသဖြင့် မြတ်၏ ဟူလို။)
သစ္စာနံ၊ သစ္စာတို့တွင်။
စတုရော ပဒါ၊ သစ္စာ လေးပိုဒ်တို့သည်။
သေဋ္ဌာ၊ မြတ်ကြကုန်၏။
(သစ္စံ ဘဏေ န ကုဇ္ဈေယျ - မှန်သောစကားကို ဆိုရာ၏။ အမျက်မထွက်ရာ စသည်၌ဖြစ်သော စကား ဟူသော သစ္စာဖြစ်စေ။)
သစ္စော ဗြာဟ္မဏော သစ္စော ခတ္တိယော၊ သစ္စမည်သောပုဏ္ဏား, သစ္စမည်သောမင်း စသည်အပြား ရှိသော အမည်နာမ ပညတ်ဟူသော သစ္စာဖြစ်စေ။
ဣဒမေဝ သစ္စံ မောဃမညံ၊ ဤငါ့အယူသာ မှန်၏၊ သူတပါး၏ အယူသည် အလကား အချည်းနှီး ဖြစ်၏ဟူသော အမှန်မဟုတ်ဘဲ မှန်၏ဟု အထင်မှားသော ဒိဋ္ဌိဟူသော သစ္စာဖြစ်စေ။
ဒုက္ခံ အရိယသစ္စံ၊ ဒုက္ခ ဟူသော အရိယသစ္စာ စသည် အပြားရှိသော မဖောက်ပြန်သော ပရမတ် သစ္စာဖြစ်စေ။
အလုံးစုံသော သစ္စာတို့တွင် ပိုင်းခြား၍ သိအပ်သော အနက်ကြောင့်၎င်း,
မျက်မှောက် ပြုအပ်သော အနက်ကြောင့်၎င်း,
ပယ်အပ်သော အနက်ကြောင့်၎င်း,
ပွားများအပ်သော အနက်ကြောင့်၎င်း,
အမြတ်ကို ထိုးထွင်း၍ သိခြင်းအနက်ကြောင့်၎င်း,
အမှန်ကို ထိုးထွင်း၍ သိခြင်း အနက်ကြောင့်၎င်း
ဒုက္ခံ အရိယသစ္စံ-စသောလေးပုဒ် လေးပိုဒ်တို့သည် အထူးသဖြင့် မြတ်သည် မည်ကုန်၏ ဟူလို။
ဓမ္မာနံ၊ တရားတို့တွင်။
ဝိရာဂေါ၊ ရာဂကင်းရာနိဗ္ဗာန်သည်။
သေဋ္ဌော၊ မြတ်၏။
(ချစ်သားရဟန်းတို့ - အကြင်မျှလောက် ပြုပြင်ခြင်းရှိသော တရားတို့သည်၎င်း, ပြုပြင်ခြင်းမရှိသော တရားတို့သည်၎င်း ရှိကြကုန်၏၊ ထိုရှိလေသမျှ တို့တွင် ရာဂကင်းရာ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍ ဟောကြားအပ်၏ဟု ဘုရားဟောသောကြောင့် တရားတို့တွင် နိဗ္ဗာန်သည် အလွန်မြတ်၏ ဟူလို။)
ဒွိပဒါနဉ္စ အခြေနှစ်ချောင်းရှိကုန်သော သူတို့တွင်လည်း။
စက္ခုမာ၊ စက္ခု ငါးပါးရှိတော်မူသော မြတ်စွာဘုရားသည်။
သေဋ္ဌော၊ မြတ်၏။
(ဒွိပဒါနဉ္စ ဟူသော ပုဒ်၌ ပါရှိသော စ-သဒ္ဒါသည် ပေါင်းစုခြင်းအနက် ရှိ၏၊ နာမ်တရားတို့ကို ပေါင်းစုလေ၏၊ ထို့ကြောင့် အရူပဓမ္မ မည်သော နာမ်တရားတို့တွင်လည်း နာမ်တရားတို့ထက် လည်း ဘုရားရှင်သာ အလွန်မြတ်၏ ဟူလို။)
ဒဿနဿ၊ မဂ်ဖိုလ်တည်းဟူသော ဒဿန၏။
ဝိသုဒ္ဓိယာ၊ စင်ကြယ်စိမ့်သောငှါ။
ဧသောဧဝ၊ ဤအဋ္ဌင်္ဂိကမဂ်သည်သာလျှင်။
မဂ္ဂေါ၊ လမ်းခရီးမည်၏။
အညော၊ အဋ္ဌင်္ဂိကမဂ်မှတပါးသော။
မဂ္ဂေါ၊ လမ်းခရီးသည်။
နတ္ထိ၊ မရှိ။
ဧတံ၊ ဤအဋ္ဌင်္ဂိကမဂ်လမ်းခရီးကိုသာလျှင်။
တုမှေ၊ သင်တို့သည်။
ပဋိပဇ္ဇထ၊ သွားကြ ကျင့်ကြကုန်လော့။
ဧတံ၊ ထိုမဂ္ဂင်လမ်းမကို သွားကြ ကျင့်ကြခြင်းသည်။
မာရဿ၊ မာရ်နတ်ကို။
ပမောဟနံ၊ နှောင်ဖွဲ့ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဟိ၊ ထိုစကား သင့်စွ။
ဧတံ၊ ဤအဋ္ဌင်္ဂိကမဂ်လမ်းမကို။
တုမှေ၊ သင်တို့သည်။
ပဋိပန္နာ၊ သွားကြ ကျင့်ကြကုန်သည်ရှိသော်။
ဒုက္ခဿ၊ အလုံးစုံသော ဝဋ်ဆင်းရဲ၏။
အန္တံ၊ အပိုင်းအခြားကို။
ကရိဿထ၊ ပြုကြရကုန်လတ္တံ့။
သလ္လကန္တနံ၊ ရာဂ အစရှိသော ငြောင့်ကို နုတ်နိုင်ကြောင်း မဂ်ကို။
အညာယ၊ သိ၍။
(သူတပါးထံမှ တဆင့်ကြား စသည်ကို ကြဉ်ဖယ်၍ မိမိမျက်မှောက်အားဖြင့် သိပြီးသားဖြစ်၍ ဟူလို။)
မဂ္ဂေါ၊ ဤ အဋ္ဌင်္ဂိကမဂ်လမ်းကို။
ဝေါ၊ သင်ချစ်သားတို့အား။
မယာ၊ ငါဘုရားသည်။
အက္ခာတော၊ ဟောကြားအပ်၏။
တုမှေဟိ၊ သင်တို့သည်။
အာတပံ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လကို။
ကိစ္စံ၊ ပြုအပ်၏။
(မဖြစ်သေးသော အကုသိုလ်တို့ကို မဖြစ်စိမ့်သောငှါ၎င်း, ဖြစ်ပြီးသော အကုသိုလ်တို့ကို ပယ်ဖျောက်စိမ့်သောငှါ၎င်း အားထုတ်တတ်သော လုံ့လ ဝီရိယကိုပင် ကိလေသာကို လောင်ကျွမ်း အောင် ရှို့မြိုက်တတ်သောကြောင့် အာတပ-ဟု ခေါ်သည်၊ ထို မဂ်ရအောင် ဤ အာတပကို အားထုတ်ရမည် ဟူလို။)
တထာဂတာ၊ မြတ်စွာဘုရားတို့သည်။
အက္ခာတာရော၊ ဟောကြားတတ်ကြကုန်၏။
ပဋိပန္နာ၊ ဘုရားဟောတိုင်း လိုက်နာ၍ ကျင့်ကြကုန်သော။
ဈာယိနော၊ နှစ်ပါးသောဈာန် ရှိကြကုန်သော ပုဂ္ဂိုလ်တို့သည်။
မာရဗန္ဓနာ၊ မာရ်မင်း၏ အနှောင်အဖွဲ့မှ။
ပမောက္ခန္တိ၊ လွတ်နိုင်ကြကုန်၏။
(ဘုရားရှင်တို့သည် သက်သက် ဟောကြားတတ်ကုန်၏၊ (သူတို့အတွက် ပြီးပြီ၊) ထို့ကြောင့် ထိုဘုရားရှင်တို့ ဟောအပ်သော အစွမ်းအားဖြင့်သာလျှင် ကျင့်ကြကုန်သော သမထဈာန်, ဝိပဿနာဈာန် နှစ်ပါးဖြင့် ဈာန်ဝင်စား အားထုတ်ကြကုန်သောသူတို့သည် တေဘုမ္မက ဝဋ်ဆင်းရဲ ဟူသော မာရ်မင်း အနှောင်အဖွဲ့မှ လွတ်နိုင်ကြမည် ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထို ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
ရဟန်းငါးရာ ဝတ္ထု ပြီး၏။
---
၂ - အနိစ္စလက္ခဏာ ဝတ္ထု
သဗ္ဗေ သင်္ခါရာ အနိစ္စာ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အနိစ္စဟု အားထုတ်ဖူးခြင်း အကျိုး
ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ သွားကြပြီးလျှင် တော၌ လုံ့လကြိုးကုတ် အားထုတ်ကြကုန်သော်လည်း အရဟတ္တဖိုလ်သို့ မရောက်နိုင်ခြင်းကြောင့် အထူး ပြု၍ ကမ္မဋ္ဌာန်းကို သင်ယူကြကုန်စို့အံ့ဟု ရောက်လာကြကုန်သတတ်။
မြတ်စွာဘုရားသည် အဘယ်ကမ္မဋ္ဌာန်းသည်လျှင် ဤရဟန်းတို့အား လျောက်ပတ်သနည်း ဟု စူးစမ်းဆင်ခြင်တော်မူလတ်သည် ရှိသော် ဤရဟန်းတို့သည် ကဿပမြတ်စွာဘုရား၏ လက်ထက် တော်အခါ၌ အနှစ် နှစ်သောင်းတို့ ပတ်လုံး အနိစ္စလက္ခဏာ၌ လုံ့လပြုကြဖူးကုန်၏၊ ထို့ကြောင့် အနိစ္စလက္ခဏာဖြင့်သာလျှင် ထိုရဟန်းတို့အား တခုသော ဂါထာကို ဟောခြင်းငှါ သင့်၏ဟု ကြံတော်မူ၍ ချစ်သားရဟန်းတို့ ကာမဘဝ အစရှိသည်တို့၌ အလုံးစုံသော သင်္ခါရတရားသည် ဖြစ်ပြီးလျှင် မရှိခြင်းဟူသော အနက်သဘောကြောင့် အနိစ္စသာလျှင် ဖြစ်ကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၇၆။ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
သင်္ခါရာ၊ သင်္ခါရ တို့သည်။
အနိစ္စာ၊ အမြဲမရှိကြကုန်။
(ကာမ, ရူပ, အရူပ ဟူသော ဘဝသုံးပါးစလုံး၌ ဖြစ်ပေါ်ကုန်သော ခန္ဓာ နာမ်ရုပ်တို့သည် ထို ဖြစ်ရာဘုံ၌ သာလျှင် ချုပ်ပျောက်တတ်သောကြောင့် ဟူလို။)
ဣတိ၊ ဤသို့။
ယဒါ၊ အကြင်အခါ၌။
ပညာယ၊ ဝိပဿနာပညာဖြင့်။
ပဿတိ၊ ရှုမြင်၏။
အထ၊ ထိုသို့ရှုမြင်သည်ရှိသော်။
ဒုက္ခေ၊ သံသရာငဋ်ဆင်းရဲ၌။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
(ခန္ဓာကိုယ်ကို ဆောင်ရခြင်း ဟူသော ဆင်းရဲ၌ ငြီးငွေ့လျက် ဒုက္ခကို ပိုင်းခြား၍သိခြင်း စသည်၏ အစွမ်းဖြင့် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိသည် ဟူလို။)
ဧသ-ဧသော၊ ဤသို့ငြီးငွေ့ခြင်းသည်။
ဝိသုဒ္ဓိယာ၊ စင်ကြယ်သော နိဗ္ဗာန်အကျိုးငှါ။
မဂ္ဂေါ၊ လမ်းကြောင်းသည်။
ဟောတိ၊ ဖြစ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုရဟန်း ငါးရာတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
အနိစ္စလက္ခဏာ ဝတ္ထု ပြီး၏။
---
၃-ဒုက္ခလက္ခဏာ ဝတ္ထု
ဒုတိယ ဂါထာ၌ ဝတ္ထုသည်လည်း ဆိုအပ်ခဲ့ပြီးသော ပဌမဂါထာ ဝတ္ထုနှင့် တူသော သဘောရှိသော ဝတ္ထုသာလျှင် ဖြစ်၏။
ဒုက္ခဟု အားထုတ်ဖူးခြင်း အကျိုး
ထိုအခါ၌ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ဒုက္ခလက္ခဏာ၌ ပြုအပ်ပြီးသော နှလုံးသွင်းခြင်း အားထုတ်ဖူးခြင်းရှိသည့် အဖြစ်ကို သိတော်မူ၍ ချစ်သား ရဟန်းတို့ - အလုံးစုံသော ခန္ဓာတို့သည် လည်း အဖန်တလဲလဲ နှိပ်စက်ခြင်းဟူသော အနက်အားဖြင့် ဒုက္ခတို့ မည်ကြကုန်သည်သာလျှင် တည်းဟု မိန်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၇၇။ သဗ္ဗေသင်္ခါရာ ဒုက္ခာတိ၊ ယဒါ ပညာယ ပဿတိ။
နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
သင်္ခါရာ၊ သင်္ခါရတို့သည်။
ဒုက္ခာ၊ ဆင်းရဲကြကုန်၏။
ဣတိ၊ ဤသို့။
ယဒါ၊ အကြင်အခါ၌။
ပညာယ၊ ဝိပဿနာပညာဖြင့်။
ပဿတိ၊ ရှုမြင်၏။
အထ၊ ထိုသို့ရှုမြင်သည်ရှိသော်။
ဒုက္ခေ၊ သံသရာဝဋ်ဆင်းရဲ၌။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဧသ-ဧသော၊ ထိုသို့ငြီးငွေ့ခြင်းသည်။
ဝိသုဒ္ဓိယာ၊ စင်ကြယ်သော နိဗ္ဗာန်အကျိုးငှါ။
မဂ္ဂေါ၊ လမ်းကြောင်းသည်။
ဟောတိ၊ ဖြစ်၏။
(ဂါထာ၏ အနက် အဓိပ္ပါယ်အဖွင့် ဒေသနာတော်၏အကျိုး ဟူသော အကြွင်းအကျန်သည် ရှေး ဝတ္ထုနှင့် တူသည်သာလျှင်တည်း။)
ဒုက္ခလက္ခဏာ ဝတ္ထု ပြီး၏။
---
၄-အနတ္တလက္ခဏာ ဝတ္ထု
တတိယဂါထာ၌ ဝတ္ထုသည်လည်း ဤနည်း အတူသာလျှင်တည်း။
အနတ္တဟု အားထုတ်ဖူးခြင်း အကျိုး
သက်သက်သော်ကား ဤ တတိယ ဝတ္ထု ဂါထာ၌ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ရှေးအခါ၌ အနတ္တလက္ခဏာ၌ အဖန်တလဲလဲ အားထုတ်ဖူးသော အဖြစ်ကို သိတော်မူ၍ ချစ်သား ရဟန်းတို့ - အလုံးစုံသော ခန္ဓာတို့သည်လည်း မိမိ၏ အလိုသို့ မလိုက်ခြင်းဟူသော အနက်သဘောကြောင့် အနတ္တ မည်ကြကုန် သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၇၈။ သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဓမ္မာ၊ ခန္ဓာငါးပါး တရားတို့သည်။
အနတ္တာ၊ အလိုသို့ မလိုက်ကြကုန်။
(မအိုကြပါစေကုန်လင့်, မသေကြပါစေကုန်လင့်ဟု အလိုသို့ လိုက်ခြင်းငှါ မတတ်နိုင်ကြကုန်၊ အလိုအတိုင်း မလိုက်နိုင်ခြင်းဟူသော အနက်ကြောင့် ကိုယ်မဟုတ်ကုန်၊ သတ္တဇီဝမှ ဆိတ်သုဉ်းကြ ကုန်၏၊ အစိုးရသော သခင်မရှိကြ၊ အစိုးမရကြကုန် ဟူလို။)
ဣတိ၊ ဤသို့။
ယဒါ၊ အကြင်အခါ၌။
ပညာယ၊ ဝိပဿနာ ပညာဖြင့်။
ပဿတိ၊ ရှုမြင်၏။
အထ၊ ထိုသို့ ရှုမြင်သည်ရှိသော်။
ဒုက္ခေ၊ သံသရာဝဋ်ဆင်းရဲ၌။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဧသ-ဧသာ၊ ဤသို့ငြီးငွေ့ခြင်းသည်။
ဝိသုဒ္ဓိယာ၊ စင်ကြယ် နိဗ္ဗာန်အကျိုးငှါ။
မဂ္ဂေါ၊ လမ်းကြောင်းသည်။
ဟောတိ၊ ဖြစ်၏။
(အကြွင်းအကျန်သည် ရှေးဝတ္ထုနှင့် တူသည်သာလျှင်တည်း။)
၅ - ပဓာနကမ္မိကတိဿမထေရ် ဝတ္ထု
ဥဋ္ဌာနကာလမှိ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပဓာနကမ္မိက တိဿ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရဟန်းပျင်း နောက်မှ အကြံရခြင်း
သာဝတ္ထိပြည်၌ နေကြကုန်သော ငါးရာကုန်သော အမျိုးကောင်းသားတို့သည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုကြ၍ ကမ္မဋ္ဌာန်းကို ယူကုန်လျက် တောသို့ကြွသွားကြလေကုန်သတတ်၊ ထိုငါးရာသော ရဟန်းတို့တွင် တပါးသော ရဟန်းသည် ထိုဇေတဝန် ကျောင်းတော်၌သာလျှင် ချန်၍နေခဲ့လေ၏။
ကြွင်းသော ရဟန်းတို့သည် တော၌ ရဟန်းတရားကို အားထုတ်ကြသဖြင့် အရဟတ္တဖိုလ်သို့ ရောက်၍ ရအပ်ပြီးသော အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားကြ ကုန်အံ့ဟု တဖန် သာဝတ္ထိပြည်သို့ သွားကြကုန်၏၊ (ပြန်လာကြလေကုန်၏၊)
ထိုရဟန်းတို့သည် သာဝတ္ထိပြည်မှ တယူဇနာမျှလောက် အတိုင်းအရှည်ရှိသော တခုသောရွာငယ်၌ ဆွမ်းအလို့ငှါ သွားလာလှည့်လည်ကြသည် တို့ကို မြင်ရ၍ ဒါယကာတယောက်သည် ယာဂု ဆွမ်း အစရှိသည်တို့ဖြင့် မြတ်နိုးစေ၍ (လှူဒါန်းဆက်ကပ်၍) အနုမောဒနာပြုခြင်းကို ကြားနာရသဖြင့် တဖန် မိုးသောက်သောနေ့၌ ကောင်းမှုအကျိုးငှါ ပင့်ဖိတ်လေ၏။
ထိုရဟန်းတို့သည် ထိုနေ့၌သာလျှင် သာဝတ္ထိပြည်သို့ ရောက်သွားကြ၍ သပိတ်သင်္ကန်းကို သိုမှီးပြီး လျှင် ညချမ်းသောအခါ မြတ်စွာဘုရားသို့ ချဉ်းကပ်သဖြင့် ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏၊ မြတ်စွာဘုရားသည် ထိုရဟန်းတို့ နှင့် အတူတကွ အလွန်လျှင် နှစ်သက် ဝမ်းမြောက်ခြင်းကို ပြောဟောလျက် ပဋိသန္တာရ အစေ့အစပ် စကား ပြောခြင်းကို ပြုတော်မူ၏။
ထိုအခါ ဇေတဝန် ကျောင်းတော်၌ ချန်နေရစ်ခဲ့သော ထိုရဟန်းတို့၏ အဆွေခင်ပွန်း ရဟန်းသည် ဤရဟန်းတို့နှင့် အတူတကွ အစေ့အစပ် စကား ပြောဟောခြင်းကို ပြုတော်မူသော မြတ်စွာဘုရား ၏ ခံတွင်းတော်သည် မဆန့်လောက်အောင် ဖြစ်တော်မူ၏။
ငါ၏သန္တာန်၌ကား မဂ်ဖိုလ်မရှိသော အဖြစ်ကြောင့် ငါနှင့် အတူတကွ စကား ဆိုတော်မမူ၊ ယခုနေ့ ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်အောင်ပြု၍ မြတ်စွာဘုရားကို ငါနှင့်အတူတကွ စကားပြောဟော စေအံ့ဟု ကြံလေ၏။
ရဟန်းပျင်း လုံ့လကြောင့် ပေါင်ကျိုးခြင်း
ထိုရဟန်းတို့သည်လည်း မြတ်စွာဘုရား- တပည့်တော်တို့ကို လာသောခရီး၌ တယောက်သော ဒါယကာသည် နက်ဖြန်ကောင်းမှု အလို့ငှါ ပင့်ဖိတ်အပ်ပါသည်၊ ထိုပင့်ဖိတ်ရာအရပ်သို့ နံနက် စောစောသာလျှင် သွားလိုကြပါကုန်သည်ဘုရားဟု မြတ်စွာဘုရားကို ပန်ကြားကြလေကုန်၏။
ထိုအခါ ထိုရဟန်းတို့၏ အဆွေခင်ပွန်း ဖြစ်သော ရဟန်းသည် ညဉ့်သုံးယာမ်ပတ်လုံး စင်္ကြံ သွားသည် ဖြစ်ရကား ငိုက်မျဉ်းသောအားဖြင့် စင်္ကြံဦး၌ တခုသော ကျောက်ဖျာအပြင်ပေါ်၌ တိမ်း လဲကာ ကျလေ၍ ပေါင်ရိုး ကျိုးသွားလေ၏၊ ထို ပေါင်ရိုးကျိုးသော ရဟန်းသည် သည်းစွာသော အသံဖြင့် အော်ဟစ် မြည်တမ်းလေ၏။
ထိုပေါင်ရိုးကျိုးသော ရဟန်း၏ အဆွေခင်ပွန်းဖြစ်သော ရဟန်းတို့သည် အသံကို မှတ်မိ သိရှိကြ ကုန်သဖြင့် ထိုမှ ဤမှ ပြေးလွှားကြရလေကုန်၏၊ ထို ရဟန်းတို့အား ဆီမီးကို ညှိထွန်း၍ ထို ပေါင်ရိုးကျိုးသော ရဟန်းအား ပြုအပ်သော အမှုကိစ္စကို ပြုကြကုန်စဉ်သာလျှင် အရုဏ်သည် တက်လာလေ၏၊ ထိုရဟန်းတို့အား ပင့်ဖိတ်သော ရွာသို့ သွားခြင်းငှါ အခွင့်မရကြလေကုန်။
ထိုအခါ ရဟန်းတို့ကို မြတ်စွာဘုရားသည် ချစ်သား ရဟန်းတို့ - အသို့နည်း၊ ဆွမ်းခံရွာသို့ မသွား ကြကုန်သေးသလောဟု မိန့်တော်မူလေ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား- မသွားကြသေး သည်ကား မှန်လှပါသည်ဘုရားဟု လျှောက်၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။
ဝရုဏဇာတ် အမြွက်
မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ - ဤရဟန်းသည် ယခုအခါ၌သာလျှင် သင်တို့၏ လာဘ် လာဘ အန္တရာယ်ကို ပြုလုပ်သည်မဟုတ်သေး၊ ရှေးအခါ၌လည်း ပြုလုပ်ဖူးသည် သာလျှင်တည်းဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့ တောင်းပန်အပ်သောကြောင့် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလျက်...
ယော ပုဗ္ဗေ ကရဏီယာနိ၊ ပစ္ဆာသော ကာတုမိစ္ဆတိ။
ဝရုဏကဋ္ဌဘဉ္ဇောဝ၊ သ ပစ္ဆာ အနုတပ္ပတိ။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ရှေး လက်ဦးမဆွ အခါကာလ၌။
ကရဏီယာနိ၊ ပြုသင့်သော အမှုကိစ္စတို့ကို။
ပစ္ဆာသော၊ နောက်မှ။ (သော ကား ပဉ္စမီဝိဘတ်၏ ကာရိယတည်း။)
ကာတုံ၊ ပြုခြင်းငှါ။
ဣစ္ဆတိ၊ အလိုရှိ၏။
သ-သော၊ ထိုသူသည်။
ဝရုဏကဋ္ဌဘဉ္ဇောဝ၊ ခံတက်ပင်စိုကို ထင်းခြောက်ပင်ဟု မှတ်ထင်၍ ချိုးသော လုလင်ပျင်းကဲ့သို့။
ပစ္ဆာ၊ နောက်ကာလ၌။
အနုကပ္ပတိ၊ အဖန်တလဲလဲ ပူပန်ရ၏။
ဟူ၍ ဇာတ်တော်ကို ချဲ့ကာ ဟောကြားတော်မူလေ၏။
ထိုရဟန်းတို့သည် ငါးရာသော လုလင်ပျိုတို့ ဖြစ်ဖူးကြကုန်၏၊ ပျင်းရိသော လုလင်ပျိုသည် ဤပေါင်ရိုးကျိုးသော ရဟန်းဖြစ်ဖူးလေ၏၊ ဆရာသည်ကား ငါဘုရားသာလျှင် ဖြစ်တော်မူဖူး၏ ဟု မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ချစ်သား ရဟန်းတို့- အကြင်သူသည် ထကြွလုံ့လပြုသင့်သော အခါကာလ၌ ထကြွလုံ့လကို မပြု၊ အကြံအစည် မပြည့်စုံသောသူ ဖြစ်၏၊ ပျင်းရိသောသူဖြစ်၏၊ ထိုသူသည် ဈာန်အစရှိသော တရားထူးကို မရနိုင်ပေ ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၇၉။ ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော၊
ယုဝါ ဗလီ အာလသိယံ ဥပေတော။
အသမ္ပန္နသင်္ကပ္ပမနော ကုသီတော၊
ပညာယ မဂ္ဂံ အလသော န ဝိန္ဒတိ။
ဥဋ္ဌာနကာလမှိ၊ ထကြွလုံ့လပြုသင့်သော ကာလ၌။
အနုဋ္ဌဟာနော၊ ထကြွလုံ့လ မပြုသော။
ယုဝါ၊ ပဌမအရွယ်၌တည်သော။
ဗလီ၊ အားနှင့်ပြည့်စုံသော သူသည်။
အာလသိယံ၊ ပျင်းရိသောသူ၏ အဖြစ်သို့။
ဥပေတော၊ ရောက်၏။ (စားပြီးအိပ်၏ ဟူလို)
အသမ္ပန္နသင်္ကပ္ပမနော၊ ကောင်းသောစိတ် အကြံနှင့် မပြည့်စုံသော။
(မကောင်းသော အကြံမှားကြောင့် ကောင်းသောအကြံမှန် မပြည့်စုံ ဟူလို။)
ကုသီတော အလသော၊ လူပျင်းကြီးသည်။
ပညာယ၊ ပညာဖြင့်။
ဒဋ္ဌဗ္ဗံ၊ ရှုအပ်သော။
မဂ္ဂံ၊ အရိယာမဂ်ကို။
န ဝိန္ဒတိ၊ မရ။
(မမြင်သောကြောင့် မရနိုင်ရှာလေ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ပဓာနကမ္မိက တိဿမထေရ် ဝတ္ထု ပြီး၏။
၆ - ဝက်ပြိတ္တာ ဝတ္ထု
ဝါစာနုရက္ခီ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် ဝက်ပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ခံတွင်း၌ အမြီးပေါက်သော ဝက်အကြောင်း
တနေ့သ၌ ရှင်မောဂ္ဂလာန် မထေရ်သည် ရှင်လက္ခဏမထေရ်နှင့် အတူတကွ ဂိဇ္ဈကုဋ်တောင် ထက်မှ သက်ဆင်းတော် မူလတ်သည်ရှိသော် တခုသောအရပ်၌ ပြုံးခြင်းကို ထင်ရှားစွာပြုတော်မူ လေ၏။ ငါ့သျှင်-ပြုံးခြင်းကို ထင်ရှားစွာ ပြုသဖြင့် အကြောင်းကား အဘယ်ပါနည်းဟု လက္ခဏ မထေရ်က မေးအပ်သည်ရှိသော် ငါ့သျှင် - ဤပြဿနာကား အခါမဟုတ်သေး၊ မြတ်စွာဘုရား၏ အထံတော်၌ ငါ့ကို မေးပါလော့ဟု ဆို၍ လက္ခဏမထေရ်နှင့် အတူတကွသာလျှင် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ သွားလာ လှည့်လည်ပြီးလျှင် ဆွမ်းခံရွာမှ ဖဲလတ်သည်ရှိသော် ဝေဠုဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက်နေလေ၏။
ထိုအခါ ရှင်မောဂ္ဂလာန်ကို ရှင်လက္ခဏမထေရ်သည် ထိုအကြောင်းကို မေးမြန်းလေ၏၊ ရှင်မောဂ္ဂလာန် မထေရ်သည် ငါ့သျှင် - ငါသည် တခုသော ပြိတ္တာကို မြင်ရ၏။
- ထိုပြိတ္တာ၏ ကိုယ်သည် သုံးဂါဝုတ်မျှ အတိုင်းအရှည်ရှိ၏၊
- ထိုကိုယ်သည် လူ၏ကိုယ်နှင့်တူ၏၊
- ဦးခေါင်း သည်ကား ဝက်၏ ဦးခေါင်းကဲ့သို့ ဖြစ်၏။
- ထိုပြိတ္တာ၏ ခံတွင်း၌ အမြီးသည် ဖြစ်၏၊ (အမြီးပေါက်၏၊)
- ခံတွင်းမှ ပိုးလောက်တို့သည် ယိုစီးထွက်ကျကုန်၏၊
ငါသည် ဤသို့သဘောရှိသော သတ္တဝါကို မမြင်အပ်စဖူး၊
ထိုသတ္တဝါကို မြင်ရသောကြောင့် ထိုငါသည် ပြုံးခြင်းအမှုကို ထင်ရှားစွာ ပြု၏ဟု ဆိုလေ၏။
မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ - ငါ့တပည့်သား သာဝကတို့သည် မျက်စိအမြင်ရှိသော သူတို့ ဖြစ်ကြီးဖြစ်၍ နေကြကုန်စွတကားဟု မိန့်တော်မူ၍ ငါဘုရားသည်လည်း ထိုသတ္တဝါကို ဗောဓိမဏ္ဍိုင်၌ပင်လျှင် မြင်တော်မူလေ၏၊ ထိုသို့ပင် မြင်တော်မူသော်လည်း အကြင်သူတို့သည် ငါဘုရား၏ စကားကို မယုံကြည်ကြကုန်ရာ၊ ထိုသူတို့အား အကျိုးစီးပွား မရှိခြင်းငှါ ဖြစ်ရာ၏ဟု နှလုံးပြု၍ သူတပါးတို့အား အစဉ်သနားသဖြင့် ဟောကြားတော်မမူ၊ ယခုအခါ၌ မောဂ္ဂလာန်ကို သက်သေရပြီဖြစ်၍ ဟောကြားတော်မူရပေတော့အံ့၊ ချစ်သားရဟန်းတို့- မောဂ္ဂလာန်သည် မှန်သောစကားကို ပြောဆိုဘိ၏ဟု မိန့်တော်မူလေ၏။
အလွန်ညီညွတ်သော မထေရ်ကြီး နှစ်ပါး
ထိုစကားကို ကြားရလျှင် ရဟန်းတို့သည် မြတ်စွာဘုရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ထို ဝက်ပြိတ္တာ၏ ရှေးမကောင်းမှု ကံကား အဘယ်ပါနည်းဘုရားဟု မေးလျှောက် ကြလေ၏၊ ဘုရားရှင်သည် ချစ်သား ရဟန်းတို့ - ထိုသို့ဖြစ်မူ နာကြကုန်လော့ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူသဖြင့် ထို ဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကို ဟောကြားတော်မူလေ၏။
ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ တခုသော ရွာငယ်တွင် နေကြကုန်သော နှစ်ဦးသော မထေရ်တို့သည် အညီအညွတ် နေကြကုန်သတတ်၊ ထိုနှစ်ဦးသောမထေရ်တို့တွင် တဦးသော မထေရ်သည် ဝါခြောက်ဆယ်ရှိ၏၊ တဦးသော မထေရ်သည် ငါးဆယ့်ကိုးဝါ ရှိ၏၊ ထို ငါးဆယ့်ကိုးဝါရှိသော မထေရ်ငယ်သည် ဝါခြောက်ဆယ်ရှိသော မထေရ်ကြီး၏ သပိတ် သင်္ကန်းကို ယူ၍ သွားလာ လှည့်လည်လေ၏၊ သာမဏေကဲ့သို့ အလုံးစုံသော ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်ဘိ၏။
တမိတည်း၏ ဝမ်းခေါင်း၌ အောင်းသောသူ ညီရင်းအစ်ကိုတို့ကဲ့သို့ အညီအညွတ် နေကြကုန်သော ထိုမထေရ်နှစ်ဦးတို့ နေရာအရပ်သို့ တဦးသော ဓမ္မကထိကသည် ရောက်လာလေ၏၊ ထိုအခါ၌လည်း တရားနာအံ့သောနေ့သည် ဖြစ်လေ၏၊ မထေရ်တို့သည် ထိုဓမ္မကထိကကို အို သူတော်ကောင်း - တပည့်တော်တို့အား ချီးမြှောက်သဖြင့် တရားစကား ဟောကြားတော်မူပါ လော့ဟု လျှောက်ကြား ပြောဆိုကြလေကုန်၏၊ ဓမ္မကထိကသည် တရားစကား ဟောကြားလေ၏။
မထေရ်တို့သည် ငါတို့သည်ဓမ္မကထိကပုဂ္ဂိုလ်ကို ရအပ်ပေပြီဟု နှစ်သက်သော စိတ်ရှိကြကုန်သည် ဖြစ်၍ တဖန် မိုးသောက်သောနေ့၌ ဓမ္မကထိကကိုခေါ်၍ အနီးဖြစ်သော ဆွမ်းခံရွာသို့ ဆွမ်း အလို့ငှါဝင်ပြီးလျှင် ထိုရွာ၌ ဆွမ်းစားခြင်းကိစ္စကို ပြုကြကုန်ပြီးသည် ရှိသော် ငါ့သျှင် - ယမန်နေ့က ဟောသော နေရာမှသာလျှင် အတန်ငယ် ဆက်၍ တရားကို ဟောကြားပါလော့ဟု လူတို့အား တရားကို ဟောကြားစေလေကုန်၏။
လူတို့သည် တရားစကားကို နာကြားရလျှင် တဖန် နောက်တနေ့ အလို့ငှါလည်း ပင့်ဖိတ်ကြ လေကုန်၏၊ ဤသို့လျှင် ထက်ဝန်းကျင်မှ ဆွမ်းခံရွာတို့၌ နှစ်ရက် နှစ်ရက်တို့ပတ်လုံး ဓမ္မကထိကကို ခေါ်၍ ဆွမ်းအလို့ငှါ လှည့်လည် သွားကြလေကုန်၏။
ဓမ္မကထိက ဂုံးချောပုံ
ဓမ္မကထိကပုဂ္ဂိုလ်မူကား ဤနှစ်ဦးသော မထေရ်ကြီးတို့သည်လည်း အလွန် သိမ်မွေ့ နူးညံ့ကြလေ ကုန်၏၊ ငါသည် ထိုနှစ်ဦးသော မထေရ်ကြီးတို့ကို ထွက်ပြေးစေ၍ ထွက်ပြေးအောင် ပြုလုပ်၍ ဤကျောင်း၌ နေခြင်းငှါ သင့်လျော်၏ဟု ကြံစည် စိတ်ကူးလေ၏။
ထိုဓမ္မကထိကသည် ညချမ်းသောအခါ မထေရ်ကြီးအား ခစားခြင်းသို့ သွားပြီးလျှင် ရဟန်းတို့သည် ထ၍ သွားသောကာလ ပြန်နစ်လျက် မထေရ်ကြီးသို့ ကပ်သဖြင့် အရှင်ဘုရား - တစုံတခုသော လျှောက်ထား ပြောကြားစရာ စကားသည် ရှိပါသည်ဘုရားဟု လျှောက်ကြားလေသောကြောင့် ငါ့သျှင်-လျှောက်ကြားပါလော့ဟု ခွင့်ပေးစကား ဆိုလတ်သည်ရှိသော် အတန်ငယ် ကြံစည် စဉ်းစား၍ (ကြံစည်စဉ်းစားဟန်ပြု၍) အရှင်ဘုရား ဤစကားမည်သည်ကား များသောအပြစ် ရှိပါသည် ဘုရားဟု ဆိုကာ မလျှောက်ကြားမူ၍သာလျှင် ဖဲသွားလေ၏။
ဒုတိယမထေရ်မြတ်၏ အထံသို့လည်းသွားတဲ့၍ ထို့အတူသာလျှင် ပြုလုပ်လေ၏၊ ထိုဓမ္မကထိက ပုဂ္ဂိုလ်သည် နှစ်ရက်မြောက်သောနေ့၌ ထို့အတူပင်ပြုလုပ်၍ သုံးရက်မြောက်သောနေ့၌ ထိုမထေရ်ကြီး နှစ်ဦးတို့အား အလွန်လျှင် စိတ်နှလုံး ကြိုးကြိုး ကြွကြွ ဖြစ်လတ်သည်ရှိသော် မထေရ်ကြီးသို့ ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား - တစုံတခုသော လျှောက်ထားစရာ စကား ရှိပါသည် ဘုရား။
ရှိပါသော်လည်း အရှင်ဘုရားတို့၏ အထံတော်၌ လျှောက်ကြားခြင်းငှါ မဝံ့လှပါဘုရားဟု လျှောက်ဆိုလေသောကြောင့် မထေရ်ကြီးသည် ထိုသို့ မဝံ့သည်ဖြစ်စေကာမူ ငါ့သျှင် - ဆိုသာ ဆိုလော့ဟု နှိပ်အပ်သည် ဖြစ်ရကား အရှင်ဘုရား - ဒုတိယ မထေရ်သည် အရှင်ဘုရားတို့နှင့် အတူတကွ တူသော သုံးဆောင်ခြင်းရှိသောပုဂ္ဂိုလ် ဟုတ်ပါ၏လား ဘုရားဟု လျှောက်ဆိုလေ၏။
သူတော်ကောင်း- အဘယ့်ကြောင့် ဤမည်သော စကားကို ဆိုဘိသနည်း၊ ငါတို့သည် တမိတည်း၏ ဝမ်းခေါင်း အောင်းကြသော သားတို့ကဲ့သို့ဖြစ်ကြကုန်၏၊ ငါတို့တွင် တပါးသော ရဟန်းသည် အကြင်ပစ္စည်းကိုရအပ်၏၊ ထိုပစ္စည်းကို ဤမှတပါးသော ရဟန်းသည်လည်း ရအပ်သည်သာလျှင် ဖြစ်၏။
ငါသည် ဤမထေရ်ငယ်၏ ဂုဏ်ကျေးဇူးမဲ့ကို ဤမျှလောက်သော ကာလပတ်လုံး မြင်ရဖူးသည် မရှိဟု မိန့်ဆိုလတ်သော် အရှင်ဘုရား ဤအတိုင်း မှန်ပါသလောဘုရားဟု လျှောက်ပြန်လေ၏၊ ငါ့သျှင် - မှန်ပါသည်ဟု ဆိုလတ်သော် အရှင်ဘုရား - တပည့်တော်ကို ဒုတိယမထေရ်သည် သူတော်ကောင်း သင်သည် အမျိုးကောင်းသား တယောက်ဖြစ်၏။
ဤ မထေရ်ကြီးသည် ရှက်တတ်သော လဇ္ဇီပုဂ္ဂိုလ်, သီလ ချစ်ခင်တတ်သော ပေသလပုဂ္ဂိုလ်ကြီး တပါးဟု အားထား၍ ဤမထေရ်ကြီးနှင့်အတူတကွ တူသော သုံးဆောင်ခြင်းအမှု ပြုသည်ရှိသော် စူးစမ်းဆင်ခြင်၍ပြုပါလော့ဟု ဤသို့သော စကား ဆိုဖူးပါသည်၊
ဤသို့ ဤဒုတိယ မထေရ်သည် တပည့်တော်ကို ရောက်လာသော နေ့မှစ၍ ပြောပြပါသည် ဘုရားဟု လျှောက်ကြားလေ၏၊ မဟာထေရ်ကြီးသည် ထိုဓမ္မကထိက ပုဂ္ဂိုလ်၏ စကားကို ကြားလျှင်ကြားခြင်း အမျက်ဒေါသ ခြောင်းခြောင်းထသော စိတ်ရှိလတ်သည်ဖြစ်၍ လှံတံဖြင့် ခတ်မိသော အိုးထိန်းသည်တို့ ပြုအပ်သော မြေအိုးကဲ့သို့ ကွဲရှာလေ၏။
ဓမ္မကထိကသည်လည်း ထ၍ ဒုတိယမထေရ်၏ အထံသို့ သွားပြီးလျှင် ထို့အတူသာ ဆိုတဲ့ပြန် လေ၏၊ ဒုတိယ မထေရ်သည်လည်း ထို့အတူပင် ကွဲရရှာလေ၏။
မထေရ်ကြီးနှစ်ပါး ကွဲပြားပုံ
ထိုနှစ်ဦးသော မထေရ်တို့တွင် ဤမျှလောက်သော ကာလပတ်လုံး တဦးသော မထေရ်မျှလည်း အသီးအခြား ဆွမ်းအလို့ငှါ ဝင်ဖူးသော မည်သည် အကယ်၍ကားမရှိ၊ ထိုသို့ပင် မရှိဖူးသော်လည်း တဖန်မိုးသောက်သော နောက်နေ့၌ အသီးအခြား ဆွမ်းအလို့ငှါ ဝင်သဖြင့် ဒုတိယမထေရ်သည် ရှေးဦးစွာ ကြွလာ၍ ဆွမ်းစားစရပ်၌ တည်လင့်၏၊ မထေရ်ကြီးသည် နောက်မှ ကြွလာ၏။
မထေရ်ကြီးကို မြင်လျှင် မထေရ်ငယ်သည် အသို့နည်း၊ ဤမထေရ်ကြီး၏ သပိတ် သင်္ကန်းကို လှမ်းယူထိုက်သလော, ထိုသို့မဟုတ် မလှမ်း မယူထိုက် သလောဟု ကြံလေ၏၊ မထေရ်ငယ်သည် ယခုအခါ ငါမလှမ်း မယူတော့အံ့ဟု ကြံပြီး၍သော်လည်း ထိုသို့ပင် ဖြစ်စေကာမူ ငါသည် ဤသို့ သဘောရှိသော အမှုကို ပြုအပ်ဖူးသည်မရှိသေး၊ ငါသည် မိမိ၏ဝတ်ကို ယုတ်စေခြင်းငှါ မသင့်ပါ တကားဟု စိတ်ကို နူးညံ့အောင်ပြု၍ မထေရ်ကြီးသို့ ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား သပိတ်သင်္ကန်း ကို ပေးသနားတော်မူကြပါဘုရားဟု ဆိုလေ၏။
မထေရ်ကြီးသည် ဆုံးမခက်သောရဟန်း - သွားပါလေလော့၊ သင်သည် ငါ၏ သပိတ်သင်္ကန်းကို ယူခြင်းငှါ မလျောက်ပတ်သော သဘောရှိ၏ဟု လက်ဖျစ်ကို တီးလိုက်သောကြောင့် မထေရ်ငယ် သည်လည်း အရှင်ဘုရား - ေဩာ် ကောင်းပါပြီ၊ တပည့်တော်သည်လည်း အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကို မယူတော့အံ့ဟု ကြံပြီးပါပြီဘုရားဟု ဆိုလျှင် ငါ့သျှင် သီတင်းငယ်ရဟန်း-အသို့နည်း၊ ငါ့အား ဤကျောင်း၌ တစုံတခု သော ကပ်ငြိခြင်းသည် ရှိသည်ဟူ၍ သင် မှတ်ထင် အောက်မေ့သလောဟု ဆိုလေ၏။
မထေရ်ငယ်သည်လည်း အရှင်ဘုရား အသို့ပါနည်း၊ အရှင်ဘုရားတို့သည် တပည့်တော်အား ဤကျောင်း၌ တစုံတခုသော ကပ်ငြိခြင်း ရှိနေသည်ဟူ၍ မှတ်ထင် အောက်မေ့တော်မူကြပါ သလောဟု ဆိုပြန်လတ်သော် ဤကျောင်းသည် သင်၏ ကျောင်းတည်းဟုဆို၍ သပိတ်သင်္ကန်းကို ယူလျက် ထွက်သွားလေ၏။ မထေရ်ငယ်သည်လည်း ထွက်သွားလေ၏။
ထိုမထေရ်ကြီး,မထေရ်ငယ် နှစ်ဦးတို့သည် တခုတည်းသော လမ်းခရီးဖြင့်လည်း မသွားကြမူ၍ တဦးက အနောက်တံခါးဖြင့် လမ်းခရီးကို ယူလေ၏၊ တဦးသည်ကား အရှေ့တံခါးဖြင့် လမ်းခရီးကို ယူလေ၏၊ ဓမ္မကထိကပုဂ္ဂိုလ်သည် အရှင်ဘုရားတို့ ဤသို့ ပြုတော်မမူကြပါကုန်လင့်, ဤသို့ ပြုတော်မမူကြပါကုန်လင့်ဟု လျှောက်ဆိုသဖြင့် ငါ့သျှင် ဓမ္မကထိက - ရပ်ဦးလော့, အသာနေဦး လော့ဟု ဆိုလတ်သော်လည်း မဆုတ်မနစ် တောင်းပန်လေ၏။
ဆုံမိကြရာ၌ မျက်ရည် မဆည်နိုင်ကြခြင်း
ထို ဓမ္မကထိက ပုဂ္ဂိုလ်သည် တဖန် မိုးသောက်သောနေ့၌ အနီးဖြစ်သော ဆွမ်းခံရွာသို့ ဝင်လတ်သည်ဖြစ်၍ လူတို့သည် အရှင်ဘုရား - အရှင်ကောင်းနှစ်ပါး တို့သည် အဘယ်မှာနည်းဟု မေးမြန်းအပ်သည်ရှိသော် ဒါယကာတို့- မမေးကြပါကုန်လင့်၊ သင်တို့၏ ဆရာနှစ်ပါးတို့သည် ယမန်နေ့က ခိုက်ရန်ပြု၍ ထွက်သွားကုန်ပြီ၊ ငါ တောင်းပန်ပါသော်လည်း ပြန်နစ်စေခြင်းငှါ မတတ်နိုင်ဟု ဆိုလေ၏၊ ထိုလူတို့တွင် ပညာမရှိသော သူတို့သည် ဆိတ်ဆိတ် နေကြကုန်၏။
ပညာ အဆင်အခြင်နှင့် ပြည့်စုံသော သူတို့သည်ကား ဤမျှလောက်သော ကာလပတ်လုံး အရှင် ကောင်းနှစ်ဦးတို့၏ တစုံတခု ချွတ်ချော်သော မည်သည်ကို ငါတို့ မမြင်အပ်စဖူး၊ ထိုအရှင်ကောင်း နှစ်ဦးတို့အား ဘေးရန် ဖြစ်ပေါ်လတ်သည် ရှိသော် ဤ ဓမ္မကထိကပုဂ္ဂိုလ်ကို အမှီပြု၍ ဖြစ်ပေါ်ရသည် ဖြစ်ပေလတ္တံ့ဟု နှလုံး ပြု၍ စိတ်နှလုံး မချမ်းသာခြင်းသို့ ရောက်ကြလေကုန်၏။
ထိုမထေရ်ကြီး နှစ်ပါးတို့သည် ရောက်ရာအရပ်၌ စိတ်၏ချမ်းသာခြင်း မည်သည်ကို ရတော် မမူကြရှာ လေကုန်၊ မထေရ်ကြီးသည် မထေရ်ငယ်ရဟန်း၏ ပြုအပ်သော အမှုသည် အလွန် တရာ ဝန်လေးလေစွတကား၊ တခဏမျှမြင်ရသည် မည်သော အာဂန္တုက ရဟန်းကို မထေရ်ကြီးနှင့် အတူတကွ သုံးဆောင်ခြင်းကို မပြုလင့်ဟူ၍ ဆိုဘိသည် တကားဟု ကြံလေ၏။ မထေရ်ငယ် သည်လည်း မထေရ်ကြီး၏ ပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးစွတကား၊ တခဏမျှ မြင်ရသည်မည်သော အာဂန္တုက ရဟန်းကို ဤ မထေရ်ငယ်နှင့် အတူတကွ သုံးဆောင်ခြင်းကို မပြုလင့်ဟူ၍ ဆိုဘိသည် တကားဟု ကြံလေ၏။
ထိုမထေရ်ကြီးနှစ်ပါးတို့အား ရွတ်အံသရဇ္ဈာယ်ခြင်း အစရှိသည်တို့သည်၎င်း, ကမ္မဋ္ဌာန်းဘာဝနာ နှလုံးသွင်းခြင်းသည်၎င်း မဖြစ်နိုင်ရှာလေ၊ ထိုမထေရ်ကြီး နှစ်ပါးတို့သည် အနှစ်တရာ လွန်လတ် သောအခါ အနောက်မျက်နှာ အရပ်၌ တခုသော ကျောင်းတိုက်သို့ ရောက်သွားကြလေကုန်၏၊ ထိုမထေရ်ကြီး နှစ်ဦးစလုံးတို့အလို့ငှါ တခုတည်းသာလျှင်ဖြစ်သော အိပ်ရာ နေရာကျောင်းသည် ရောက်လေ၏၊ မထေရ်ကြီးသည် ဝင်၍ ညောင်စောင်း၌ လျောင်းစက်လတ်သည် ရှိသော် မထေရ်ငယ်သည်လည်း ဝင်လေ၏။
မထေရ်ကြီးသည် ထိုမထေရ်ငယ်ကို မြင်လျင် မြင်ခြင်း ကောင်းစွာမှတ်မိ၍ မျက်ရည်တို့ကို တည်တံ့စိမ့်သောငှါ မတတ်နိုင်၊ မထေရ်ငယ်သည်လည်း မထေရ်ကြီးကို ကောင်းစွာမှတ်မိ၍ မျက်ရည်ဖြင့်ပြည့်သော မျက်စိတို့ဖြင့် စကားပြောဆိုရအံ့လော မပြောဆိုဘဲ နေရအံ့လော ဟူ၍ ကြံပြီးလျှင် ထိုအရာသည် ယုံကြည်ခြင်းငှါ သင့်လျော်သော အရာမဟုတ် ဟု အမှတ်ပြု၍ မထေရ်ကြီးကို ရှိခိုးလျက် အရှင်ဘုရား - ဤမျှလောက်သော ကာလပတ်လုံး တပည့်တော်သည် အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကို ယူ၍ သွားလာ လှည့်လည်ခဲ့ပါ၏။
စင်စစ်လျှင် တပည့်တော်၏ ကာယဒွါရ အစရှိသည်တို့၌ အရှင်ဘုရားတို့သည် တစုံတခု မလျောက်ပတ်သည်ကို မြင်ရဖူးပါသလား ဘုရားဟု လျှောက်လတ်သည်ရှိသော် ငါ့သျှင် - ငါ မမြင်ရစဖူးပေဟု မိန့်တော်မူလေ၏။
ဓမ္မကထိက ဝက်ပြိတ္တာ ဖြစ်ခြင်း
ထိုသို့ မမြင်ဖူးသည် ဖြစ်ပါလျက် အဘယ့်ကြောင့် ဓမ္မကထိက ပုဂ္ဂိုလ်ကို ထိုမထေရ်ငယ်နှင့် အတူတကွ သုံးဆောင်ခြင်းကို မပြုလင့်ဟု ဆိုတော်မူကြပါကုန်ဘိသနည်း ဘုရားဟု မေးလျှောက် လတ်သော် ငါ့သျှင်- ငါကား ဤသို့မဆို၊ သင်သည်သာလျှင် ငါ၏အကြား၌ ဤသို့ဆိုသတတ်ဟု မိန့်ဆိုလေ၏။
အရှင်ဘုရား တပည့်တော်သည်လည်း မဆိုမိပါဘုရားဟု ဆိုလတ်သော် ထိုမထေရ်ကြီးနှစ်ပါး တို့သည် ထိုခဏ၌ ထိုဓမ္မကထိက ပုဂ္ဂိုလ်သည် ငါတို့ကို ခွဲခြင်းငှါ အလိုရှိသောကြောင့် ဤသို့ဆိုအပ်သည် ဖြစ်ပေလတ္တံ့ဟု သိကြ၍ အချင်းချင်း အပြစ်ကို ပြောကြားကြလေကုန်၏။
အနှစ်တရာ ကာလပတ်လုံး စိတ်၏သက်သာစရာကို မရရှာကြကုန်သော ထိုမထေရ်ကြီး နှစ်ပါး တို့သည် ထိုနေ့၌ အညီအညွတ် ဖြစ်ကြကုန်သဖြင့် လာ, သွားကြကုန်စို့၊ ထိုဓမ္မကထိက ပုဂ္ဂိုလ်ကို ထိုကျောင်းမှ နှင်ထုတ်ကြကုန်စို့အံ့ဟု တိုင်ပင်ပြီးလျှင် ဖဲသွားလတ်သဖြင့် အစဉ်အတိုင်းအားဖြင့် ထိုကျောင်းသို့ ရောက်သွားကြလေကုန်၏။
ဓမ္မကထိက ပုဂ္ဂိုလ်သည်လည်း မထေရ်ကြီး နှစ်ပါးတို့ကို မြင်တဲ့လျှင် သပိတ်သင်္ကန်းကို လှမ်းယူခြင်းငှါ ချဉ်းကပ်လေ၏၊ မထေရ်ကြီးနှစ်ပါးတို့သည် သင်ကား ဤကျောင်း၌ နေခြင်းငှါ လျောက်ပတ်သော သဘောရှိသော ပုဂ္ဂိုလ်မဟုတ်ဟု လက်ဖျစ်ကို ခတ်ကြလေကုန်၏။
ထိုဓမ္မကထိက ပုဂ္ဂိုလ်သည် တည်တည်တံ့တံ့ နေခြင်းငှါ မတတ်နိုင်ရကား ထိုခဏ၌ပင်လျှင် ထွက်ခွါ၍ ပြေးရှာလေ၏၊ ထိုအခါ ထိုဓမ္မကထိကပုဂ္ဂိုလ်ကို အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး အားထုတ်အပ်သော ရဟန်းတရားသည် ကောင်းစွာဆောင်ခြင်းငှါ ကယ်ဆယ်ခြင်းငှါ မတတ်နိုင်၊ ထိုဘဝမှ စုတေမနေ သေလွန်လေသည် ရှိသော် အဝီစိငရဲ၌ဖြစ်၍ နှစ်ဆူသောဘုရားရှင်တို့၏ တခုသော အကြားကာလပတ်လုံး ကျက်ပြီးလျှင် ယခုအခါ ဂိဇ္ဈကုဋ်တောင်ထက်၌ ဆိုအပ်ပြီးသော အပြားရှိသော ကိုယ်၏ အဖြစ်ဖြင့် ဆင်းရဲကို ခံစားရလေ၏ဟု ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှု ကံကို ဟောကြားတော်မူလေ၏။
မြတ်စွာဘုရားသည် ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကို ဆောင်တော်မူပြီးလျှင် ချစ်သား ရဟန်းတို့ - ရဟန်း မည်သည်ကား ကိုယ်အစရှိသည်တို့ဖြင့် ငြိမ်သက်သော သဘောရှိသောသူ ဖြစ်သင့်ရာ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၈ဝ။ ဝါစာနုရက္ခီ မနသာ သုသံဝုတော၊
ကာယေန စ အကုသလံ န ကယိရာ။
ဧတေ တယော ကမ္မပထေ ဝိသောဓယေ၊
အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ။
ဝါစာနုရက္ခီ၊ ဝစီဒုစရိုက်လေးပါး ကြဉ်ရှောင်သဖြင့် နှုတ်ဖြင့်မပြတ် စောင့်စည်းသည်။ သိယာ၊ ဖြစ်ရာ၏။ မနသာ၊ အဘိဇ္ဈာ စသည်တို့ကို မဖြစ်စေမူ၍ စိတ်ဖြင့်။ သုသံဝုတော၊ ကောင်းစွာ စောင့်ရှောက်သည်။ သိယာ၊ ဖြစ်ရာ၏။ ကာယေန စ၊ ကိုယ်ဖြင့်လည်း။ အကုသလံ၊ အကုသိုလ်ကို။ န ကယိရာ၊ မပြုရာ။
(ပါဏာတိပါတ- သက်သတ်ခြင်း စသည်တို့ကို ပယ်စွန့်ရမည် ဟူလို။)
တယော၊ သုံးပါးကုန်သော။ ဧတေ ကမ္မပထေ၊ ဤ အကုသလကမ္မပထ တရားတို့ကို။ ဝိသောဓယေ၊ သုတ်သင်ရာ၏။ ဧဝံ၊ ဤသို့ သုတ်သင်သည်ရှိသော်။ ဣသိပ္ပဝေဒိတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် အပြားအားဖြင့် ဟောကြားအပ်သော။ မဂ္ဂံ၊ အဋ္ဌင်္ဂိကမဂ်ကို။ အာရာဓယေ၊ ပြီးစီးနိုင် ရနိုင်ရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ဝက်ပြိတ္တာဝတ္ထု ပြီး၏။
၇ - ပေါဋ္ဌိလမထေရ် ဝတ္ထု
ယောဂါ ဝေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပေါဋ္ဌိလ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ လေ၏။
စာတတ်လျက် တုစ္ဆဟု အခေါ်ခံရခြင်း
ထို ပေါဋ္ဌိလ မထေရ်သည် ခုနစ်ဆူလည်း ဖြစ်ကုန်သော ဘုရားရှင်တို့၏ သာသနာတော်၌ ပိဋကတ်သုံးပုံကို ဆောင်သောပုဂ္ဂိုလ်ဖြစ်၍ ငါးရာသော ရဟန်းတို့အား စာပေပို့ချတော်မူသတတ်၊ ငါတို့မြတ်စွာဘုရားသည် ဤ ပေါဋ္ဌိလရဟန်း၏ (မိမိ၏) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းကို ငါပြုဦးအံ့ ဟူသော စိတ်မျှလည်း မရှိ၊ ထိုပေါဋ္ဌိလရဟန်းကို ငါဘုရား ထိတ်လန့်စေဦးအံ့ဟု ကြံတော်မူလေ၏။
ထိုသို့ ကြံတော်မူပြီးသည်မှစ၍ ပေါဋ္ဌိလမထေရ်ကို မိမိအား ဆည်းကပ်ခြင်းသို့ လာရောက်သော အခါ၌ အချည်းနှီးသော (တုစ္ဆ) ပေါဋ္ဌိလ လာလော့၊ အချည်းနှီးသော ပေါဋ္ဌိလ ထိုင်လော့၊ အချည်းနှီးသော ပေါဋ္ဌိလ သွားလော့၊ ဤသို့စသည် ဖြင့် မိန့်ဆိုတော်မူ၏၊ ထ၍သွားသော အခါ၌ လည်း အချည်းနှီးသော (တုစ္ဆ) ပေါဋ္ဌိလသည် ထသွားရှာပြီဟု မိန့်ဆိုတော်မူ၏။
ထို ပေါဋ္ဌိလမထေရ်သည် ငါကား အဋ္ဌကထာနှင့် တကွဖြစ်သော သုံးပုံသော ပိဋကတ်ကို ဆောင်နိုင်၏၊ ငါးရာသော ရဟန်းတို့၏ တဆယ့်ရှစ်ရပ်သော ဂိုဏ်းအပေါင်း၌ စာပေပို့ချနိုင်၏၊ ထိုသို့ဖြစ်ပါလျက် ငါ့ကို မြတ်စွာဘုရားသည် မပြတ်မလပ် အချည်းနှီးသော (တုစ္ဆ) ပေါဋ္ဌိလ ဟု ဆိုတော်မူဘိ၏။
မချွတ်လျှင် ငါ့ကို မြတ်စွာဘုရားသည် ဈာန်အစရှိသည်တို့၏ မရှိခြင်းကြောင့် ဤသို့ဆိုတော်မူဘိ၏ ဟု နှလုံးပြုလျက် ထို ပေါဋ္ဌိလရဟန်းသည် ဖြစ်သော ထိတ်လန့်ခြင်း ရှိရကား ယခုအခါ တောသို့ ဝင်၍ ရဟန်းတရားကို အားထုတ်ပြုလုပ်ဦးအံ့ဟု ကြံစည်လေ၏။
ဤသို့ ကြံစည်ပြီးလျှင် မိမိကိုယ်တိုင်သာလျှင် သပိတ်သင်္ကန်းကို စီရင်၍ နံနက်စောစော မိုးသောက်အခါ အလုံးစုံသော ရဟန်းတို့၏ နောက်မှ စာသင်ယူပြီး၍ ထွက်သောရဟန်းနှင့် အတူ တကွ ထွက်သွားတော်မူလေ၏၊ ပရိဝုဏ် ကျောင်းတွင်း၌နေလျက် ရွတ်အံ သရဇ္ဈာယ်ကြကုန်သော ရဟန်းတို့သည် မိမိတို့၏ဆရာဟူ၍ မမှတ်သားမိကြလေကုန်။
ထို ပေါဋ္ဌိလမထေရ်သည် ယူဇနာ တရာ့နှစ်ဆယ်ရှိသော လမ်းခရီးသို့ ရောက်သွားလတ်သည် ရှိသော် တခုသော တောကျောင်း၌ သုံးကျိပ်သော ရဟန်းတို့သည် နေထိုင်ကြကုန်၏၊ ထို သုံးကျိပ်သော ရဟန်းတို့သို့ ချဉ်းကပ်ပြီးလျှင် သံဃာ့မထေရ်ကြီးကို အရှင်ဘုရား - တပည့်တော်၏ အားကိုးအားထား မှီခိုစရာ ဖြစ်တော်မူကြပါ ဘုရားဟု လျှောက်ကြားလေ၏။
ငါ့သျှင်-သင်ကား ဓမ္မကထိကဖြစ်၏၊ ပိဋကတ် သုံးပုံကို နှုတ်ငုံဆောင်နိုင်၏၊ ငါတို့သော်လည်း သင့်ကိုမှီ၍ စိုးစဉ်း သိသင့်သိထိုက်သည် ဖြစ်ရာ၏၊ အဘယ့်ကြောင့် ဤသို့ ပြောဆိုတော်မူဘိ သနည်းဟု မေးလတ်သော် အရှင်ဘုရားတို့ - ဤသို့ ပြုတော်မမူကြပါကုန်လင့်၊ တပည့်တော်၏ မှီခို အားထားစရာ ဖြစ်တော်မူကြပါ ဘုရားဟု လျှောက်ထားပြန်လေ၏။
(ထိုအလုံးစုံ သုံးကျိပ်သောရဟန်းတို့ကား ရဟန္တာတို့ချည်းသာတည်း။)
စာတတ်ပုဂ္ဂိုလ်၏ မာနချိုးပုံ
ထိုသို့ လျှောက်ထားသောအခါ ပေါဋ္ဌိလရဟန်းကို မထေရ်ကြီးသည် ဤ ပေါဋ္ဌိလ ရဟန်းအား ပိဋကတ် သင်ကြား တတ်မြောက်ခြင်းကိုမှီ၍ မာနရှိတတ်သည် သာလျှင်တည်းဟု ဒုတိယမ ထေရ်၏အထံသို့ စေလွှတ်လိုက်လေ၏။
ထိုဒုတိယ မထေရ်သည်လည်း ပေါဋ္ဌိလရဟန်းကို မထေရ်ကြီးဆိုသော အတူသာလျှင် ဆိုပြန် လေ၏၊ ဤသို့သောနည်းအားဖြင့် အလုံးစုံသောမထေရ်တို့သည်လည်း ထိုပေါဋ္ဌိလ ရဟန်းကို အဆင့်ဆင့် စေလွှတ်ကြကုန်လျက် နေ့သန့်ရာ အရပ်၌ နေသဖြင့် အပ်ချုပ်ခြင်း အမှုကိုပြုနေသော ခုနစ်နှစ်သား အရွယ်သာရှိသော သာမဏေငယ်၏ အထံသို့ စေလွှတ်ကြလေကုန်၏။
ဤသို့စေလွှတ်သဖြင့် ထိုပေါဋ္ဌိလရဟန်း၏ မာနကို ထုတ်ဆောင် ပယ်ဖျောက်ကြလေကုန်၏၊ ထိုပေါဋ္ဌိလ ရဟန်းသည် ပယ်ချအပ်သော မာန်မာနရှိလတ်သဖြင့် သာမဏေငယ်၏ အထံ၌ လက်အုပ်ကိုချီလျက် သူတော်ကောင်း သာမဏေ - အကျွန်ုပ်၏ မှီခိုအားထားစရာ ဖြစ်တော်မူပါ လော့ဟု လျှောက်ဆိုလေ၏။
ဆရာဘုရား - အံ့ဩဖွယ်ရှိလေစွ၊ အဘယ့်ကြောင့် ဤသို့သော စကားကို မိန့်တော်မူကြပါ သနည်း၊ အရှင်ဘုရားတို့သည် အသက်, သိက္ခာ, ဝါအားဖြင့် ကြီးကြပါကုန်၏၊ များသော အကြား အမြင်ရှိကြပါကုန်၏၊ အရှင်ဘုရားတို့၏ အထံတော်၌ တပည့်တော်သည် စိုးစဉ်းသောအကြောင်း အရာကို သိသင့် သိထိုက်သည် ဖြစ်ရပါသည်ဘုရားဟု လျှောက်ဆိုလတ်သော် သူတော်ကောင်း သာမဏေ - ဤသို့ပြုတော်မမူပါလင့်၊ အကျွန်ုပ်၏ မှီခိုအားထားစရာ ဖြစ်သာဖြစ်တော်မူပါလော့ ဟုဆိုလေ၏။
အရှင်ဘုရား - ဆုံးမခြင်း၌ ခံ့ကြသည် အကယ်၍ ဖြစ်ကြပါကုန်ငြားအံ့၊ အရှင်ဘုရားတို့၏ မှီခိုစရာ ဖြစ်နိုင်ပါလိမ့်မည်ဘုရားဟု ဆိုလတ်သော် သူတော်ကောင်း သာမဏေ - ဆုံးမခြင်း၌ ခံ့သောသူ ဖြစ်ပါမည်၊ မီး၌ ဝင်ရမည်ဟု ဆိုသည်ရှိသော် အကျွန်ုပ်သည် မီး၌ဝင်ပါမည် သာလျှင်တည်းဟု ဆိုတော်မူရှာလေ၏။
ထိုသို့ဆိုသောအခါ ပေါဋ္ဌိလ ရဟန်းကို မနီးမဝေးသော အရပ်၌ အိုင်တခု ပြပြီးလျှင် အရှင်ဘုရား-ဝတ်မြဲတိုင်း ရုံမြဲတိုင်းသာလျှင် ဤအိုင်သို့ ဝင်ကြကုန်လော့၊ ဆင်းကြကုန်လော့ဟု ဆိုလိုက်လေ၏။
(ထိုသို့ သာမဏေဆိုခြင်းသည် သင့်မြတ်လှပေ၏၊ ထိုသာမဏေသည် ပေါဋ္ဌိလမထေရ်မြတ်၏ အဖိုးများစွာ ထိုက်ကုန်သော နှစ်ထပ်သင်္ကန်းတို့ကို ဝတ်ရုံတတ်သော အဖြစ်ကို သိလျက်သော် လည်း ဆုံးမခြင်း၌ ခံ့သောသူ ဖြစ်အံ့လောဟု စုံစမ်းလိုသည်ဖြစ်၍ ဤသို့ဆို၏။)
ပါဋ္ဌိလမထေရ်သည်လည်း တခွန်းတည်းသော စကားကို ဆိုကာမျှဖြင့်ပင် ရေသို့ သက်ဆင်းတော် မူလေ၏၊ ထိုသို့ သက်ဆင်းလတ်သောအခါ ပေါဋ္ဌိလမထေရ်ကို သင်္ကန်းစွန်းတို့၏ ရေစွတ်သော ကာလ၌ အရှင်ဘုရား - ကြွလာတော်မူကြပါဘုရားဟု ဆိုလိုက်သဖြင့် တခွန်းတည်းသော စကားဖြင့်ပင်လျှင် လာ၍ ရပ်တည်နေသော ပေါဋ္ဌိလမထေရ်ကို ဤသို့ ဟောကြားလေ၏။
ခုနစ်နှစ်သားကိုရင် ဟောပြသော တရားတော်
အရှင်ဘုရား- တခုသော တောင်ပို့၌ ဂယ်ပေါက်တို့သည် ခြောက်ခု ရှိကုန်၏၊ ထိုခြောက်ခုသော ဂယ်ပေါက်တို့တွင် တခုသော ဂယ်ပေါက်ဖြင့် ဖွတ်တကောင်သည် အတွင်းသို့ ဝင်သွားလေ၏၊ ထိုဖွတ်ကို ဖမ်းယူလိုသောသူသည် ဤမှတပါး ကုန်သော ငါးခုသော ဂယ်ပေါက်တို့ကို ပိတ်၍ ခြောက်ခုမြောက်ဖြစ်သော ဂယ်ပေါက်ကို ဖျက်ဆီးပြီးလျှင် ဝင်ပေါက်ဖြင့်သာလျှင် ဖမ်းယူနိုင်၏။
ဤအတူ အရှင်ဘုရားတို့သည် ခြောက်ဌါရ၌ ဖြစ်ကုန်သော အာရုံတို့တွင် မနောဒွါရမှ ကြွင်း ကုန်သော စက္ခုစသော ငါးပါးသောဒွါရ, ငါးပါးသောဒွါရ၌ဖြစ်သော အာရုံတို့ကိုပိတ်၍ မနောဒွါရ၌ ပြုအပ်သော အမှုကို ဖြစ်စေတော်မူကြပါကုန်လော့ဟု ဟောကြားမိန့်ဆိုလေ၏။
များသော အကြားအမြင်ရှိပြီးသော ပေါဋ္ဌိလရဟန်းအား ဤမျှတည်းသော တရားဖြင့်သာလျှင် ဆီမီးလျှံ ထွန်းလင်း တောက်ပသကဲ့သို့ ဖြစ်လေ၏၊ ထိုပေါဋ္ဌိလရဟန်းသည် သူတော်ကောင်း သာမဏေ - ဤမျှ သာလျှင် ဖြစ်ပါစေတော့ဟု ပြောကြားပြီးလျှင် ကရဇကာယ ဟူသော ခန္ဓာ ကိုယ်၌ ဉာဏ်ကိုချသွင်း၍ ရဟန်းတရားကို အားထုတ်တော်မူလေ၏။
မြတ်စွာဘုရားသည် ယူဇနာတရာ့နှစ်ဆယ်၏ အထက်၌ နေတော်မူလျက်သာလျှင် ထို ပေါဋ္ဌိလ ရဟန်းကို ကြည့်ရှုတော်မူ၍ အကြင်အခြင်းဖြင့်သာလျှင် ဤရဟန်းသည် မြေကြီးအထုနှင့် တူသော ပညာရှိ၏၊ ဤအခြင်းဖြင့်သာလျှင် ဤရဟန်း သည် မိမိကိုယ်ကို တည်တံ့စေခြင်းငှါ သင့်လျော်၏ဟု ကြံဆင်ခြင်တော်မူလျက် ထိုပေါဋ္ဌိလရဟန်းနှင့် အတူတကွ စကားပြောတော်မူ ဘိသကဲ့သို့ ကိုယ်တော်ရောင်ကို ပျံ့နှံ့စေပြီးလျှင် ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၈၁။ ယောဂါ ဝေ ဇာယတိ ဘူရိ၊ အယောဂါ ဘူရိသင်္ခယော။
ဧတံ ဒွေဓာပထံ ဉတွာ၊ ဘဝါယ ဝိဘဝါယ စ။
တထတ္တာနံ နိဝေသေယျ၊ ယထာ ဘူရိ ပဝဍ္ဎတိ။
ယောဂါ၊ သုံးဆယ့်ရှစ်ပါးသော အာရုံတို့၌ အသင့်အတင့် နှလုံးသွင်းခြင်းကြောင့်။ ဘူရိ၊ မြေကြီးနှင့်တူသော ပြန့်ပြောသော ပညာသည်။ ဝေ၊ စင်စစ်။ ဇာယတိ၊ ဖြစ်၏။ အယောဂါ၊ နှလုံးမသွင်းခြင်းကြောင့်။ ဘူရိသင်္ခယော၊ ပညာ၏ ပျက်စီးကုန်ခန်းခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ဘဝါယ စ၊ ပညာပွားခြင်း၏၎င်း။ ဝိဘဝါယ စ၊ ပညာ မပွားခြင်း၏၎င်း။ ဧတံ ဒွေဓာပထံ၊ ထိုနှလုံးသွင်းခြင်း မသွင်းခြင်းဟူသော နှစ်ဖြာသော လမ်းခရီးကို။ ဉတွာ၊ သိပြီး၍။ ယထာ၊ အကြင် အခြင်းဖြင့်။ ဘူရိ၊ ပညာသည်။ ပဝဍ္ဎတိ၊ တိုးပွား၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ နိဝေသေယျ၊ ဘာဝနာ၌ သွင်းထားရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ ပေါဋ္ဌိလမထေရ်သည် အရဟတ္တဖိုလ်၌ တည်လေ၏။
ပေါဋ္ဌိလမထေရ်ငတ္ထု ပြီး၏။
၈ - ငါးပါးသော မထေရ်ကြီးတို့ဝတ္ထု
ဝနံ ဆိန္ဒထ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော အသက်ကြီးရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဟင်းချက်ကောင်းသူ သေ၍ ရဟန်းကြီးများငိုခြင်း
ထိုရဟန်းကြီးတို့သည် လူအဖြစ်ဖြင့် နေစဉ်ကာလ သာဝတ္ထိပြည်ကြီးဝယ် ဥစ္စာများစ္စာရှိသော သူကြွယ်တို့ဖြစ်ကြ၍ အချင်းချင်း အဆွေခင်ပွန်းတို့ ဖြစ်ကုန်သဖြင့် တပေါင်းတည်း ကုသိုလ် ကောင်းမှုတို့ကို ပြုလုပ်ကြကုန်လျက် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသောကြောင့် ငါတို့သည် အသက်ကြီးကြကုန်ပြီ၊ အိမ်ရာထောင်၍နေခြင်းဖြင့် ငါတို့အား အဘယ်အကျိုး ရှိအံ့နည်းဟု နှလုံးပြု၍ မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို တောင်းပန်ပြီးလျှင် ရဟန်းပြုကြ လေကုန်သတတ်။
ရဟန်းပြုကြကုန်သော်လည်း အသက်ကြီးသည့် အဖြစ်ကြောင့် ပါဠိကို သင်ယူခြင်းငှါ မတတ်နိုင် ကုန်ရကား ကျောင်းတိုက်၏ အစွန်၌ သစ်ရွက်မိုးသော ကျောင်းကို ဆောက်လုပ်စေ၍ တပေါင်းတည်း နေကြကုန်၏၊ ဆွမ်းအလို့ငှါ သွားလာကြကုန်သော်လည်း များသောအားဖြင့် သား မယား၏ အိမ်သို့သာလျှင် သွား၍ ဘုဉ်းပေး သုံးဆောင်ကြလေကုန်၏။
ထိုရဟန်းကြီးတို့တွင် တပါးသော ရဟန်းကြီး၏ မယားဟောင်းသည် မဓုရပါစိကာ အမည်ရှိ၏၊ ထို မဓုရပါစိကာ ဒါယိကာမသည် အလုံးစုံသော ထိုရဟန်းကြီးတို့အားလည်း ကျေးဇူးများသော ဒါယိကာမတဦး ဖြစ်လေ၏။
ထိုကြောင့် အလုံးစုံသော ရဟန်းကြီးတို့သည် မိမိကိုယ်တိုင် ရအပ်သော အာဟာရကို ထို မဓုရပါစိကာ ဒါယိကာမ၏ အိမ်၌သာလျှင် နေထိုင်ကာ ဘုဉ်းပေး သုံးဆောင်ကြကုန်၏၊ ထို မဓုရပါစိကာ ဒါယိကာမသည်လည်း ထိုရဟန်းကြီးတို့အား အကြင် အကြင် ကောင်းစွာ စီရင် အပ်သော ဟင်း ဟင်းလျာကို လှူဒါန်း၏။
ထို မဓုရပါစိကာ ဒါယိကာမသည် အမှတ်မရှိ တခုခုသော အနာဖြင့် တွေ့ထိအပ်သည်ဖြစ်၍ သေခြင်းကို ပြုရှာလေ၏။ ထိုသို့သေသောအခါ ထိုရဟန်းကြီးတို့သည် အဆွေခင်ပွန်းဖြစ်သော ရဟန်းကြီး၏ သစ်ရွက်မိုးသောကျောင်း၌ စည်းဝေးကြပြီးလျှင် အချင်းချင်း လည်ပင်းတို့၌ ကိုင်ဖက် ကြကုန်လျက် မြိန်မြက်သော အရသာရအောင် ချက်တတ်သော မဓုရပါစိကာ ဒါယိကာမသည် သေခဲ့လေပြီတကားဟု မြည်တမ်းကာ ငိုကြွေးကြလေကုန်၏။
ရဟန်းတို့သည်လည်း ထက်ဝန်းကျင်သော အရပ်မှ ပြေးလာကြပြီးလျှင် ငါ့သျှင်တို့ - ဤသို့ ငိုကြွေးရခြင်းကား အဘယ် အကြောင်းနည်းဟု မေးအပ်ကုန်သည် ရှိသော် အရှင်ဘုရားတို့ - တပည့်တော်တို့၏ အဆွေခင်ပွန်း မထေရ်၏ မယားဟောင်းသည် အနိစ္စ ရောက်ရှာလေပြီ၊ ထို ဒါယိကာမသည် တပည့်တော်တို့အား ကျေးဇူးများလှသောသူ တယောက် ဖြစ်ပါသည်၊ ယခုအခါ ထိုသို့ သဘောရှိသော ဒါယိကာမကို အဘယ်မှာ ရနိုင်ပါတော့အံ့နည်း ဟူသော ဤသို့သော အကြောင်းကြောင့် ငိုကြွေးကြပါသည် ဘုရားဟု လျှောက်ကြားကြလေကုန်၏။
သမုဒြာကျီးဇာတ် အမြွက်
ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကြလေကုန်၏၊ ဘုရားရှင်သည် ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့ - ယခု ငါလာဆဲ ဖြစ်သောအခါ၌ အဘယ်စကားဖြင့် စည်းဝေးနေကြကုန် သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးနေကြပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့ - ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ထိုရဟန်းကြီးတို့သည် ကျီးအမျိုး၌ဖြစ်၍ သမုဒြာကမ်းနား၌ လှည့်လည်ကျက်စားစဉ် သမုဒြာလှိုင်း ကြောင့် သမုဒြာသို့ဝင်၍ ကျ၍ ကျီးမသည် သေလတ်သည်၏ အဖြစ်ကြောင့် ငိုကြွေး မြည်တမ်း ကြကုန်လျက် ထိုကျီးမကို ထုတ်ဆယ်ကြကုန်အံ့ဟု နှုတ်သီးဖြင့် သမုဒြာရေကို သွန်းလောင်းကြ ကုန်သောကြောင့် ပင်ပန်းကြရရှာကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလျက်-
အပိ နု ဟနုကာ သန္တာ၊ မုခဉ္စ ပရိသုဿတိ။
ဩရမာမ န ပါရေမ၊ ပူရတေဝ မဟောဒဓိ။
အန္တော၊ အို ကျီးတို့။ မယံ၊ ငါတို့သည်။ ဩရမာမ၊ သမုဒြာရေ ခန်းအောင် နှုတ်သီးဖြင့် ထုတ်ဆောင်ကြပါကုန်၏။ န ပါရေမ၊ အပြီးသို့ ရောက်အောင် မတတ်နိုင်ကြပါကုန်။ အပိ၊ စင်စစ်။ နု-နော၊ ငါတို့သည်။ ဟနုကာ၊ မေးတို့သည်။ သန္တာ၊ ညောင်းညာ ပင်ပန်းကြကုန်၏။ မုခဉ္စ၊ ခံတွင်းသည်လည်း။ ပရိသုဿတိ၊ သွေ့ခြောက်၏။ မဟောဒဓိ၊ သမုဒြာရေသည်။ ပူရတေဝ၊ ပြည့်မြဲ ပြည့်သည်သာလျှင်တည်း။
ဟူ၍ ဤဇာတ်ကို ချဲ့တော်မူပြီးလျှင် ထိုရဟန်းတို့ကို ခေါ်တော်မူသဖြင့် ချစ်သား ရဟန်းတို့ - ရာဂ, ဒေါသ, မောဟ ဟူသော တောကိုမှီ၍ သင်တို့သည် ဤသို့သော ဆင်းရဲခြင်းကို ရအပ်၏၊ ထိုတောကို ခုတ်ထွင်ခြင်းငှါ သင့်၏၊ ဤသို့ ခုတ်ထွင်သည်ရှိသော် ဆင်းရဲခြင်း ကင်းကြသည် ဖြစ်ကြကုန်လတ္တံ့ ဟု မိန့်တော် မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၈၂။ ဝနံ ဆိန္ဒထ မာ ရုက္ခံ၊ ဝနတော ဇာယတေ ဘယံ။
ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗာနာ ဟောထ ဘိက္ခဝေါ။
၂၈၃။ ယာဝဉှိ ဝနထော န ဆိန္ဒတိ၊ အဏုမတ္တောပိ နရဿ နာရိသု။
ပဋိဗန္ဓမနောဝ တာဝ၊ သော ဝစ္ဆော ခီရပကောဝ မာတရိ။
ဘိက္ခဝေ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ဝနံ၊ တောကို။ ဆိန္ဒထ၊ ခုတ်ကြကုန်လော့။ ရုက္ခံ၊ သစ်ပင်ကို။ မာ ဆိန္ဒထ၊ မခုတ်ကြ မဖြတ်ကြကုန်လင့်။ ဝနတော၊ တောမှ။ ဘယံ၊ ခြင်္သေ့ စသော ဘေးရန်သည်။ ဇာယတေ၊ ဖြစ်၏။ ဝနဉ္စ၊ ရှေး၌ ပေါက်သော သစ်ပင်ကြီးကို၎င်း။ ဝနထဉ္စ၊ နောက်၌ ပေါက်သော သစ်ပင်ငယ်ကို၎င်း။ ဆေတွာ၊ ခုတ်ဖြတ်ကြ၍။ နိဗ္ဗာနာ၊ ကိလေသာ မရှိကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။
(ဤကား စကားဝှက်သည်ကို မသိ၍ပေးသော အလိုမရှိအပ်သော အနက်။)
ဘိက္ခဝေ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ဝနံ၊ ကိလေသာတည်းဟူသော တောကို။ ဆိန္ဒထ၊ ခုတ်ကြဖြတ်ကြကုန်လော။ ရုက္ခံ၊ ပကတိ သစ်ပင်ကို။ မာ ဆိန္ဒထ၊ မခုတ်ကြ မဖြတ်ကြကုန်လင့်။
(မြတ်စွာဘုရားသည် ဝနံ ဆိန္ဒထ - တောခုတ်ကြဟု မိန့်မြွက်တော်မူလတ်သော် ထိုရဟန်းဖြစ်စ ပုဂ္ဂိုလ်တို့သန္တာန်၌ မြတ်စွာဘုရားသည် ငါတို့ကို ပဲခွပ် စသည်တို့ကို ကိုင်စွဲ၍ ခုတ်ခိုင်း၏ဟု မှတ်ထင်သဖြင့် သစ်ပင်ကို ခုတ်ဖြတ်လိုသောစိတ် ပေါ်ပေါက်လာ၏၊ ထိုအခါ ထိုရဟန်းတို့ကို ငါဘုရားသည် ရာဂစသော ကိလေသာ တောအုပ်ကို ရည်စူး၍ တောခုတ်ကြဟု မိန့်ဆိုခြင်း ဖြစ်သည်၊ ပကတိသစ်ပင်တို့ကို ရည်စူး၍ မိန့်ဆိုသည် မဟုတ်ဟု တားမြစ်လို သဖြင့် မာ ရုက္ခံ-ဟု မိန့်မြွက်တော်မူ၏ ဟူလို။)
ဝနတော၊ ကိလေသာတည်းဟူသော တောမှ။ ဘယံ၊ ဇာတိစသော ဘေးရန်သည်။ ဇာယတေ၊ ဖြစ်၏။
(ပကတိတောမှ ခြင်္သေ့စသော ဘေးရန် ဖြစ်သကဲ့သို့ ထို့အတူ ဇာတိ စသော ဘေးရန်သည်လည်း ကိလေသာ တောအုပ်မှဖြစ်ပေါ်တတ်၏ဟူလို။)
ဝနဉ္စ၊ ပဋိသန္ဓေကျိုးပေးသော ကိလေသာကြီးကို၎င်း။ ဝနထဉ္စ၊ ပဝတ္တိကျိုး ကိလေသာငယ်ကို၎င်း။ ဆေတွာ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် ခုတ်ဖြတ်ကြ၍။
(သစ်ပင်ကြီးတို့သည် ဝနမည်၏၊
သစ်ပင်ငယ်တို့သည် ထိုတော၌ တည်သောကြောင့် ဝနထမည်၏၊
တနည်းကား -
ရှေး၌ ပေါက်သော သစ်ပင်တို့သည် ဝန,
နောက်၌ အဆင့်ဆင့်ပေါက်သော သစ်ပင်တို့သည် ဝနထ မည်ကုန်၏၊
ထို့အတူ အလွန်ကြီးကုန်သော ဘဝပဋိသန္ဓေကို ငင်တတ်သော ကိလေသာ တို့သည် ဝန မည်၏၊
ပဝတ္တိအခါ အကျိုးပေးတတ်ကုန်သော ကိလေသာတို့ သည် ဝနထ မည်ကုန်၏၊
တနည်းကား-
ရှေး၌ဖြစ်သော ကိလေသာတို့သည် ဝန,
နောက်၌ အဆင့်ဆင့်ဖြစ်သော ကိလေသာတို့သည် ဝနထ မည်ကုန်၏၊
ထိုကိလေသာနှစ်ပါးအစုံကို စတုတ္ထမဂ်ဉာဏ်ဖြင့် ခုတ်ဖြတ်ရမည် ဟူလို။)
နိဗ္ဗာနာ၊ ကိလေသာ မရှိကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။
(ဤကား စကားဝှက်သည်ကိုသိ၍ ပေးသော အလိုရှိအပ်သောအနက်။)
ဟိ၊ ထိုစကားသင့်စွ။ ယာဝ၊ အကြင်ရွေ့လောက်။ အဏုမတ္တော၊ အဏုမြူမျှလည်းဖြစ်သော။ ဝနထော၊ ကိလေသာဟူသော နောက်ပေါက်သစ်ပင်ငယ်သည်။ နရဿ၊ ယောက်ျားအား။ နာရီသု၊ မိန်းမတို့၌။ န ဆိန္ဒတိ၊ မပြတ်သေး။ တာဝ၊ ထိုရွေ့လောက်။ သော နရော၊ ထိုယောက်ျားသည်။ ခီရပကော၊ နို့မကွာသေးသော။ ဝစ္ဆော၊ နွားသားငယ်သည်။ မာတရိ၊ အမိနွားမ၌။ ပဋိဗန္ဓမနောဝ၊ ကပ်ငြိသောစိတ်ရှိသကဲ့သို့။ တထာ၊ ထို့အတူ။ နာရီသု၊ မိန်းမတို့၌။ ပဋိဗန္ဓမနောဝ၊ ကပ်ငြိသော စိတ်ရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုငါးပါးလည်း ဖြစ်ကုန်သော အသက်ကြီး မထေရ်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
ငါးပါးသော မထေရ်ကြီးတို့ဝတ္ထု ပြီး၏။
၉ - ရွှေပန်းထိမ်သည်သားမထေရ် ဝတ္ထု
ဥစ္ဆိန္ဒ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတြာမထေရ်၏ ဥပဇ္ဈာယ်ယူ သဒ္ဓိဝိဟာရိက တပည့်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ကမ္မဋ္ဌာန်းမထင်၍ ဘုရားထံ ပို့ရခြင်း
တယောက်သော အလွန် အဆင်းလှသော ရွှေပန်းထိမ်သည် သားသည် ရှင်သာရိပုတြာ မထေရ်၏အထံတော်၌ ရဟန်းပြုသတတ်၊ ရှင်သာရိပုတြာ မထေရ်သည် ပျိုနုသောသူတို့အား ရာဂ ပြန့်ပြောစွာ ဖြစ်တတ်၏ဟုကြံ၍ ထိုရဟန်းအား ရာဂကိုပယ်ဖျောက်ခြင်းငှါ အသုဘ ကမ္မဋ္ဌာန်းကို ပေးတော်မူလေ၏၊
ထိုရဟန်းအားကား အသုဘ ကမ္မဋ္ဌာန်းသည် မလျောက်ပတ်၊ ထို့ကြောင့် တောသို့ဝင်၍ ဝါတွင်း သုံးလပတ်လုံး အားထုတ်အပ်သည်ရှိသော် စိတ်၏ တည်ကြည်ခြင်းမျှ ကိုလည်း မရသောကြောင့် တဖန် ရှင်သာရိပုတြာမထေရ်၏ အထံတော်သို့ လာသဖြင့် ရှင်သာရိပုတြာမထေရ်သည် ငါ့သျှင်- သင့်အား ကမ္မဋ္ဌာန်းသည် ထင်၏ လောဟု မေးတော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားလေ၏၊
ထိုသို့ လျှောက်ကြားသောအခါ ရှင်သာရိပုတြာမထေရ်သည် ထိုတပည့် ရဟန်းငယ်အား ကမ္မဋ္ဌာန်းသည် မပြည့်စုံသေးဟု နှလုံးပြုလျက် သင့်အား ဖြူစင်ခြင်းသို့ ရောက်ခြင်းငှါ မသင့်သေး ဟု မိန့်ဆို၍ တဖန် ထို အသုဘကမ္မဋ္ဌာန်းကိုပင်လျှင် ကောင်းစွာပြု၍ ပေးတော်မူပြန်လေ၏၊ ထိုတပည့်သည် နှစ်ကြိမ်မြောက်၌လည်း တစုံတခုသော တရားအထူးကို ဖြစ်စိမ့်သောငှါ မတတ်နိုင် ရကား ပြန်လာ၍ ရှင်သာရိပုတြာမထေရ်အား လျှောက်ကြားပြန်၏၊
ရှင်သာရိပုတြာ မထေရ်သည်လည်း အကြောင်းနှင့်တကွ ဥပမာနှင့်တကွ ထို အသုဘကမ္မဋ္ဌာန်း ကိုပင်လျှင် ဟောကြားပြန်လေ၏၊ ထိုရဟန်းသည် တဖန်လည်း လာပြန်၍ ကမ္မဋ္ဌာန်း မပြည့်စုံသည့် အဖြစ်ကို လျှောက်ကြားပြန်လေ၏။ ရှင်သာရိပုတြာ မထေရ်သည် ကမ္မဋ္ဌာန်းစီးဖြန်းခြင်းကို ပြုသော ရဟန်းကား မိမိ၌ ထင်ရှားရှိသော ကာမစ္ဆန္ဒ အစရှိသည်တို့ကို ရှိကုန်၏ဟူ၍၎င်း, မရှိကုန်သည် တို့ကို မရှိကုန်ဟူ၍၎င်း သိတတ်ပေ၏၊
ဤရဟန်းကား ကမ္မဋ္ဌာန်းဟူသောအမှုကို ပြုသောသူဖြစ်၏၊ မပြုသောသူ မဟုတ်၊ အကျင့်ကို ကျင့်သောသူဖြစ်၏၊ မကျင့်သောသူ မဟုတ်၊ ငါသည်ကား ထိုရဟန်းငယ်၏ အလို အဇ္ဈာသယကို မသိ၊ ဤရဟန်းငယ်သည် ဘုရားရှင်သာ ချွတ်ထိုက်သောသူ ဖြစ်လတ္တံ့ဟု ကြံလေ၏၊
ထိုသို့ကြံပြီးလျှင် ထိုရဟန်းငယ်ကို ခေါ်တော်မူ၍ ညချမ်းသောအခါ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီး လျှင် မြတ်စွာဘုရား - ဤရဟန်းငယ်သည် တပည့်တော်၏ ဥပဇ္ဈာယ်ယူ သိဒ္ဓိဝိဟာရိက တပည့် ဖြစ်ပါသည်ဘုရား၊ ဤရဟန်းငယ်အား တပည့်တော်သည် ဤသို့သော အကြောင်းဖြင့် ဤ မည်သော ကမ္မဋ္ဌာန်းကို ပေးအပ်ပါသည် အစရှိသည်ဖြင့် အလုံးစုံသော ထိုအကြောင်းအရာ စကားတို့ကို လျှောက်ကြားလေ၏။
လောဟိတ ကမ္မဋ္ဌာန်းဖြင့် ဈာန်ရခြင်း
ထိုသို့ လျှောက်ကြားလတ်သော အခါ၌ ထို ရဟန်းငယ်ကို မြတ်စွာဘုရားသည် ဤ အာသယာ-နုသယဉာဏ် မည်သည်ကား ပါရမီတို့ကို ဖြည့်ကျင့်၍ တသောင်းသော လောကဓာတ်ကို ပဲ့တင် ထပ်စေလျက် သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူကြကုန်သော မြတ်စွာဘုရားတို့၏ အရာ သာလျှင်ဖြစ်၏၊
အသို့နည်း ရဟန်းသည် အဘယ်အမျိုးမှထွက်၍ ရဟန်းပြုဘိလေသနည်းဟု ဆင်ခြင်တော်မူလတ် သည်ရှိသော် ရွှေပန်းထိမ်သည် အမျိုးမှ ထွက်၍ ရဟန်းပြု၏ဟု သိတော်မူသဖြင့် လွန်လေပြီးသော ကိုယ်အဖြစ်တို့ကို ကြည့်ရှုပြန်သည်ရှိသော် ထိုရဟန်းငယ်၏ ရွှေပန်းထိမ် သည်အမျိုး၌သာလျှင် အစဉ်အတိုင်း ဖြစ်ကုန်သော ငါးရာသော ကိုယ်အဖြစ်တို့ကို မြင်တော်မူ၍ ဤရဟန်းငယ်သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး ရွှေပန်းထိမ်သည်၏ အမှုကို ပြုသဖြင့် မဟာလှေကားပန်း ပဒုမာကြာပန်း စသည်တို့ကို ပြုလုပ်အံ့ဟု ရွှေနီကိုသာလျှင် တပြောင်းပြန်ပြန် ခတ်ဖူး၏၊
ထို့ကြောင့် ဤရဟန်းငယ်အား မတင့်တယ် စက်ဆုပ်ရွံရှာဖွယ်သော အသုဘကမ္မဋ္ဌာန်းသည် မသင့် မလျောက်ပတ်၊ နှစ်သက်ဖွယ်ရှိသော ကမ္မဋ္ဌာန်း သည်သာလျှင် သင့်တော်လျောက်ပတ်၏ ဟု ကြံစည်တော်မူပြီးလျှင် ချစ်သား သာရိပုတြာ - သင်သည် ကမ္မဋ္ဌာန်းကို ပေး၍ လေးလတို့ ပတ်လုံး ပင်ပန်းစေအပ်သော ရဟန်းငယ်ကို ယနေ့ ဆွမ်းစားပြီးသော ညနေချမ်းအချိန်အခါ၌ သာလျှင် အရဟတ္တဖိုလ်သို့ ရောက်သည်ကို သင် မြင်ရပေလတ္တံ့၊
သင် သွားချေလော့ဟု ရှင်သာရိပုတြာ မထေရ်ကို လွှတ်လိုက်၍ တန်ခိုးတော်ဖြင့် လှည်းဘီး မျှလောက်သော ရွှေပဒုမာကြာပန်းကို ဖန်ဆင်း၍ ရေပေါက်တို့ ယိုစီးကျသကဲ့သို့ ပြုလုပ်ပြီးလျှင် ချစ်သားရဟန်း - ဤပဒုမာကြာပန်းကို ယူ၍ ကျောင်းအစွန် သဲပုံစု၌ ထားသဖြင့် ရှေးရှု မျက်မှောက် အရပ်၌ ထက်ဝယ်ဖွဲ့ခွေ ခြင်းဖြင့် ထိုင်နေလျက်“လောဟိတကံ ,လောဟိတကံ၊ နီမြန်းသော အဆင်းပါတကား, နီမြန်းသောအဆင်းပါတကား”ဟု ကသိုဏ်း ပရိကံအမှု ပြုချေလောဟု မိန့်တော်မူ၍ ပေးသနားတော်မူလေ၏။
ဖန်ဆင်းအပ်သော ပဒုမာကြာပန်းကို မြတ်စွာဘုရား၏ လက်တော်မှ ယူစဉ်သာလျှင် ထိုရဟန်း၏ စိတ်သည် ကြည်ကြည်လင်လင် ဖြစ်လေ၏၊ ထိုရဟန်းငယ်သည် ကျောင်းအစွန်သို့ သွား၍ သဲကိုစုပုံ၍ ထိုသဲပုံစု၌ ပဒုမာကြာရိုးကို စိုက်သွင်းပြီးလျှင် ရှေးရှု မျက်မှောက် အရပ်၌ ထက်ဝယ် ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလျက် လောဟိတကံ, လောဟိတကံဟု ကသိုဏ်းပရိကံကို အားထုတ် လေ၏၊
ထိုခဏ၌ ရဟန်းငယ်အား ထိုခဏခြင်းဖြင့်သာလျှင် နီဝရဏ တရားတို့သည် ထွက်ခွါ သွားကြ လေကုန်၏၊ ဥပစာရဈာန်သည် ဖြစ်ပေါ်လာလေ၏၊ ထို ဥပစာရဈာန် ဖြစ်သည်၏အခြားမဲ့၌ ပဌမဈာန်ကို ဖြစ်စေလျက် ငါးပါးသော အခြင်းအရာတို့ဖြင့် လေ့လာသည်၏ အဖြစ်သို့ ရောက်စေပြီးလျှင် ထိုင်နေလျက်သာလျှင် ဒုတိယဈာန် အစရှိသည် တို့သို့လည်း ရောက်သဖြင့် လေ့လာခြင်း ရှိသည်ဖြစ်၍ စတုတ္ထဈာန်ဖြင့် ဈာန်ကစားခြင်းကို ကစားလျက် နေလေ၏။
ဝိပဿနာ ဆိုက်အောင် ပြုခြင်း
မြတ်စွာဘုရားသည် ထိုရဟန်းငယ်၏ ဈာန်ရသည့် အဖြစ်သို့ သိတော်မူလျှင် ဤရဟန်းသည် မိမိ၏ သဘောအားဖြင့် အထက်ဖြစ်သော မဂ်ဖိုလ်အထူးကို ဖြစ်စေခြင်းငှါ တတ်နိုင်ကောင်းအံ့လောဟု ကြည့်ရှုတော်မူလတ်သည်ရှိသော် မတတ်နိုင်လတ္တံ့ ဟု သိတော်မူသဖြင့် ထိုပဒုမာကြာပန်းသည် ညှိုးနွမ်းစေသတည်း ဟု ဓိဋ္ဌာန်တော်မူလေ၏၊ ထိုကြာပန်းသည် လက်တို့ဖြင့် ဆုပ်နယ်အပ်သည် ဖြစ်၍ ညှိုးနွမ်းသော ကြာပန်းကဲ့သို့ ညိုမည်းသော အဆင်းရှိသည် ဖြစ်လေ၏၊
ထိုရဟန်းငယ်သည် ဈာန်မှထ၍ ထိုကြာပန်းကို ကြည့်ရှု၍ အသို့နည်း၊ ဤပဒုမာကြာပန်းသည် အိုမင်းညှိုးလျော်ခြင်းဟူသော ဇရာတရားဖြင့် နှိပ်စက်သော အဖြစ်သည် ထင်ရှား၏၊ ဥတုကြောင့် ဖြစ်သော အနုပါဒိဏ္ဏက ရုပ်၌လည်း ဤသို့ ဇရာတရားသည် နှိပ်စက်အပ်သည်ရှိသော် ကံကြောင့် ဖြစ်သော ဥပါဒိဏ္ဏကရုပ်၌ ဆိုဖွယ်ရာ မရှိသည်သာတည်း၊ ဤ ကိုယ်ကိုလည်း အိုခြင်း, သေခြင်း သည် လွှမ်းမိုးနှိပ်စက် ဖျက်ဆီးလတ္တံ့ဟု မမြဲသော အနိစ္စလက္ခဏာကို မြင်ရလေ၏။
(ထို အနိစ္စလက္ခဏာကို မြင်ရသည်ရှိသော် ဒုက္ခလက္ခဏာကို၎င်း, အနတ္တလက္ခဏာကို၎င်း မြင်ရသည်သာလျှင် ဖြစ်၏။)
ထိုရဟန်းငယ်အား သုံးပါးသော ဘဝတို့သည် ပြောင်ပြောင် တောက်လောင် ကုန်သကဲ့သို့၎င်း လည်ပင်း၌ ဆွဲထားအပ်သော အကောင်ပုပ်ကဲ့သို့၎င်း ထင်လာကုန်၏၊ ထိုခဏ၌ ထိုရဟန်းငယ်၏ မနီးမဝေးသော အရပ်၌ သူငယ်တို့သည် တခုသောအိုင်သို့ သက်ဆင်း၍ ကုမုဒြာကြာတို့ကို ချိုး၍ ကြည်းကုန်းထက်၌ အစုပြုကြကုန်၏၊
ထိုရဟန်းငယ်သည် ရေ၌၎င်း, ကြည်းကုန်းထက်၌၎င်း တည်ကုန်သော ကုမုဒြာကြာတို့ကို ကြည့်ရှု လေ၏၊ ထိုအခါ ထိုရဟန်းငယ်အား ရေ၌ တည်သော ထိုကုမုဒြာကြာတို့သည် အလွန်အဆင်း လှကုန်လျက် ရေဖြင့်ယိုစီးကုန် သကဲ့သို့ ထင်ကုန်၏၊ ကြည်းကုန်းထက်၌ တည်သော ကြာတို့ကား အဖျားအဖျားတို့၌ ညှိုးနွမ်းကုန်၏၊
ထိုရဟန်းငယ်သည် အနုပါဒိဏ္ဏက ဥတုဇရုပ်ကို ဇရာတရားသည် ဤသို့နှိပ်စက်ဘိ၏၊ ဥပါဒိဏ္ဏက ကမ္မဇရုပ်ကိုကား အဘယ့်ကြောင့် မနှိပ်စက်ဘဲ ရှိအံ့နည်းဟု အလွန့်အလွန် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတို့ကို မြင်ရလေ၏၊
မြတ်စွာဘုရားသည် ယခုအခါ ဤရဟန်းငယ်အား ကမ္မဋ္ဌာန်းသည် ထင်ရှားစွာဖြစ်ပြီဟု သိတော်မူ၍ ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို လွှတ်တော်မူလေ၏၊ ထိုရောင်ခြည်တော် သည် ရဟန်းငယ်၏ မျက်နှာကို ခတ်မိလေ၏၊ ထိုအခါ ဤ အရောင်သည် အဘယ်သို့သော အရောင် ဖြစ်သနည်းဟု ကြည့်ရှုလတ်စဉ် ဘုရားရှင်သည် ကြွလာတော်မူ၍ မျက်မှောက်၌ ရပ်တော်မူဘိသကဲ့သို့ ဖြစ်လေ၏၊ ထိုရဟန်းငယ်သည် ထ၍ လက်အုပ်ကိုချီလေ၏။ ထိုအခါ ရဟန်းငယ်အား လျောက်ပတ်သည်ကို မှတ်သားတော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၈၄။ ဥစ္ဆိန္ဒ သိနေဟ မတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏိနာ။
သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။
သာရဒိကံ၊ တန်ဆောင်မုန်းလ သာရဒကာလ၌ဖြစ်သော။
ကုမုဒံ၊ ကုမုဒြာ ကြာပန်းကို။
ပါဏိနာ၊ လက်ဖြင့်။
ဆိန္ဒတိ ဣဝ၊ ဖြတ်သကဲ့သို့။
အတ္တနော၊ မိမိ၏။
သိနေဟံ၊ ချစ်ခင်ခြင်းတဏှာကို။
ဥစ္ဆိန္ဒ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြတ်လော့။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သုဂတေန၊ မြတ်စွာဘုရားသည်။
ဒေသိတံ၊ ဟောတော်မူအပ်၏။
သန္တိမဂ္ဂမေဝ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးကိုသာလျှင်။
ဗြူဟယ၊ တိုးပွားစေလော့။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုရှင်သာရိပုတြာ၏ သဒ္ဓိဝိဟာရိက အတူနေ တပည့် ရဟန်းငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ရွှေပန်းထိမ်သည်သား မထေရ်ဝတ္ထု ပြီး၏။
---
၁၀ - မဟာဓနကုန်သည်ကြီး ဝတ္ထု
ဣဓဝဿံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မဟာဓနဝါဏိဇ အမည်ရှိသော ကုန်သည်ကြီးကို အကြောင်းပြု၍ ဟောတော်မူ လေ၏။
ငါ မသေနိုင်သေးဟု မှတ်ထင်ခြင်း
ထိုကုန်သည်ကြီးသည် ဗာရာဏသီပြည်မှ ဝတ်ပန်းပွင့်ဆိုးရည်ဖြင့် ဆိုးအပ်ကုန်သော အဝတ်ပုဆိုး တို့ဖြင့် လှည်းငါးရာတို့ကို ပြည့်စေလျက် ကုန်သွယ်ခြင်း အကျိုးငှါ သာဝတ္ထိပြည်သို့ လာသတတ်။
ထိုကုန်သည်ကြီးသည် မြစ်ကမ်းနားသို့ ရောက်ပြီးလျှင် နက်ဖြန်၌ မြစ်ကိုကူးအံ့ဟု ကြံလျက် ထို မြစ်ကမ်းနား၌သာလျှင် လှည်းတို့ကို ဖြုတ်စေ၍ နေလေ၏၊ ညဉ့်အခါ၌ မိုဃ်းကြီးတက်လတ်၍ ရွာချလေ၏၊ မြစ်သည် ခုနစ်ရက်ပတ်လုံး ရေဖြင့် ပြည့်သည်ဖြစ်၍ တည်လေ၏၊ ပြည်သူ ပြည်သား တို့သည်လည်း ခုနစ်ရက်ပတ်လုံး နက္ခတ်သဘင် ကစားကြကုန်၏၊ ဝတ်ပန်းဆိုးသော ပုဆိုးတို့ဖြင့် လိုအပ်သော ကိစ္စလည်း ပြီးခဲ့လေ၏၊
ကုန်သည်ကြီးသည် ငါကား အဝေးမှ လာခဲ့ရ၏၊ တဖန် အကယ်၍ ပြန်လာရသည် ဖြစ်အံ့၊ ကြာမြင့်ခြင်းသည် ဖြစ်လတ္တံ့၊ ဤအရပ်၌သာလျှင် မိုဃ်းလေးလပတ်လုံး၎င်း, ဆောင်းလေးလ ပတ်လုံး၎င်း, နွေလေးလပတ်လုံး၎င်း ငါ၏ ရောင်းချခြင်း အမှုကို ပြုလုပ်ကာ နေလျက် ဤ အဝတ် ပုဆိုးတို့ကို ရောင်းချရပေတော့အံ့ဟု ကြံစည်လေ၏၊
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ သွားလာ လှည့်လည်တော်မူစဉ် ထိုကုန်သည် ကြီး၏ စိတ်အကြံကို သိတော်မူသောကြောင့် ပြုံးခြင်းကိုထင်ရှားစွာ ပြုတော်မူရကား ရှင်အာနန္ဒာ မထေရ်သည်ပြုံးတော်မူသော အကြောင်းကို မေးလျှောက်အပ်သည်ဖြစ်၍ ချစ်သား အာနန္ဒာ - မဟာဓန ကုန်သည်ကြီးကို သင်သည် မြင်၏လောဟု မိန့်တော်မူလေ၏၊
မြတ်စွာဘုရား မြင်ပါသည်ဘုရားဟု လျှောက်ကြားလတ်သော် ထို ကုန်သည်ကြီးသည် မိမိ၏ အသက်အန္တရာယ်ကို မသိလေသောကြောင့် ဤနှစ် တနှစ်ပတ်လုံး ဤမြစ်ကမ်း နား၌သာလျှင် နေ၍ အဝတ်ပုဆိုး ဘဏ္ဍာကို ရောင်းချအံ့သော စိတ်အကြံကို ပြုဘိ၏ဟု မိန့်တော်မူလေ၏၊
မြတ်စွာဘုရား - အသို့ပါနည်း၊ ထိုကုန်သည်ကြီးအား အန္တရာယ် ဖြစ်လိမ့်မည်လား ဘုရားဟု နားတော်လျှောက်သည် ရှိသော် မြတ်စွာဘုရားသည် ချစ်သား အာနန္ဒာ - အန္တရာယ်ဖြစ်လိမ့်မည် ဟုတ်မှန်ပေ၏၊ ခုနစ်ရက်မျှသာလျှင် အသက်ရှည်၍ ထို ကုန်သည်ကြီးသည် သေမင်းခံတွင်း၌ ကျရောက်ပေလတ္တံ့ ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဘဒ္ဒေကရတ္တသုတ် ဂါထာ
အဇ္ဇေဝ ကိစ္စံ အာတပံ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ကရံ တေန၊ မဟာသေနေန မစ္စနာ။
ဧဝံ ဝိဟာရီ အာတာပီ၊ အဟောရတ္တ မတန္ဒိတံ။
တံ ဝေ ဘဒ္ဒေကရတ္တောတိ၊ သန္တော အာစိက္ခတေ မုနိ။
အဇ္ဇေဝ၊ ယနေ့ပင်လျှင်။
အာတပံ၊ ကိလေသာကို ပူပန်စေတတ်သောလုံ့လ ဝီရိယကို။
ကိစ္စံ-ကာတဗ္ဗံ၊ ပြုအပ်၏။
သုဝေ၊ နက်ဖြန်။
မရဏံ၊ သေခြင်းကို။
ကော၊ အဘယ်သူသည်။
ဇညာ၊ သိနိုင်အံ့နည်း။
(နက်ဖြန် ရှင်မည် သေမည် အဘယ်သူ သိသနည်း၊ ယနေ့ မအားသေး နက်ဖြန်မှ သံဘက်မှဟု စိတ်ကို မဖြစ်စေမူ၍ ယနေ့ပင် ကုသိုလ်ကို အားထုတ်အံ့ဟု လုံ့လပြုရမည် ဟူလို။)
ဟိ၊ ထိုစကားသင့်စွ။
မဟာသေနေန၊ များသော စစ်သည်ရှိသော။
တေန-မစ္စုနာ၊ ထိုသေမင်းနှင့်။
သင်္ကရံ၊ ချိန်းချက်ခြင်းသည်။
ဝါ-အကျွမ်းတဝင် ပြုလုပ်ခြင်း တံစိုးလက်ဆောင် ပေးထားခြင်း ဗိုလ်ပါရဲမက် စုဆောင်း ထားခြင်းသည်။
နော၊ ငါတို့အား။
န ဟိ အတ္ထိ၊ မရှိသည်သာတည်း။
အဟောရတ္တံ၊ နေ့ ညဉ့်ပတ်လုံး။
ဧဝံ ဝိဟာရီ၊ ဤသို့ နေလေ့ရှိသော။
အာတာပီ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော။
ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။
အတ္ထိ၊ ရှိ၏။
အတန္ဒိတံ၊ ပျင်းရိဖယ်ချ လုံ့လရှိသော။
တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ဝေ၊ စင်စစ်။
ဘဒ္ဒေကရတ္တောတိ၊ ကောင်းသော တညဉ့်ရှိသော ပုဂ္ဂိုလ်မြတ် ဟူ၍။
သန္တော၊ ရာဂစသည် ငြိမ်းအေးပြီးသော။
မုနိ၊ မြတ်စွာဘုရားသည်။
အာစိက္ခတေ၊ ဟောကြားတော်မူ၏။
ကုန်သည်ကြီး ထိတ်လန့်၍ ကုသိုလ်ပြုခြင်း
ဘုန်းတော်ကြီးဘော်မူသော မြတ်စွာဘုရား - ထိုကုန်သည်ကြီး အထံသို့ သွားပါရစေ ပြောကြားလို ပါသည် ဘုရားဟု နားတော် လျှောက်လတ်သည်ရှိသော် ချစ်သားအာနန္ဒာ - လွတ်လွတ် ကျွတ်ကျွတ် ရဲရဲဝံ့ဝံ့ သွားချေလော့ဟု မိန့်တော်မူလေ၏။
ရှင်အာနန္ဒာ မထေရ်သည် လှည်းတပ်ချရာအရပ်သို့သွား၍ ဆွမ်းအလို့ငှါ လှည့်လည်တော်မူလေ၏၊ ကုန်သည်ကြီးသည် ရှင်အာနန္ဒာမထေရ်ကို ခဲဖွယ် ဘောဇဉ်အာဟာရတို့ဖြင့် မြတ်နိုး နှစ်သိမ့် စေလေ၏၊ လှူဒါန်းလေ၏၊ ထိုအခါ ကုန်သည်ကြီးကို ရှင်အာနန္ဒာမထေရ်သည် အဘယ်မျှ လောက်သော ကာလပတ်လုံး ဤအရပ်၌ နေလတ္တံ့နည်းဟု မိန့်တော်မူလေ၏၊
အရှင်ဘုရား - တပည့်တော်သည် ဝေးသော အရပ်မှ လာခဲ့ရပါသည်၊ အကယ်၍ တဖန်ပြန်လာရ သည်ဖြစ်အံ့၊ ကြာမြင့်ခြင်းသည် ဖြစ်ပါလတ္တံ့၊ ထို့ကြောင့် ဤနှစ် တနှစ်ပတ်လုံး ဤအရပ်၌ နေလျက် အဝတ်ပုဆိုး ဘဏ္ဍာကို ရောင်းချ၍ သွားပါမည်ဘုရားဟု လျှောက်သည် ရှိသော်- ဒါယကာ အသက်အန္တရာယ်ကို သိနိုင်ခဲ၏၊ မမေ့မလျော့ပြုခြင်းငှါ သင့်၏ဟု မိန့်တော်မူလေ၏၊
အရှင်ဘုရား - အသက်အန္တရာယ်သည် ဖြစ်လိမ့်မည်လောဘုရားဟု လျှောက်လတ်သည်ရှိသော် ဒါယကာ ဖြစ်လတ္တံ့သည် မှန်၏၊ ခုနစ်ရက်မျှသာ သင်၏ အသက်သည် ဖြစ်လတ္တံ့ ရှည်လတ္တံ့ဟု မိန့်ဆိုတော်မူလေ၏၊ ကုန်သည်ကြီးသည် ထိတ်လန့်သောစိတ် ရှိသည်ဖြစ်၍ ဘုရားအမှူး ရှိသော ရဟန်းသံဃာ အပေါင်းကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူကြီးကို ပေးလှူ၍ အနုမောဒနာ တရား ဟောကြားစိမ့်သောငှါ သပိတ်တော်ကို ယူလေ၏၊
ထိုအခါ ကုန်သည်ကြီးအား မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူသဖြင့် ဒါယကာ လာချေဦးလော့၊ ပညာရှိသောသူ မည်သည်ကား ဤအရပ်၌သာလျှင် နေပေတော့အံ့၊ ဤအခါ၌ နေပေတော့အံ့၊ ဤမည် ဤမည်သော အမှုကို ပြုလုပ်တော့အံ့ဟု ကြံစည်ခြင်းငှါ မသင့်၊ မိမိ၏ အသက်အန္တရာယ်ကိုသာလျှင် ကြံစည်ခြင်းငှါ သင့်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော် မူလေ၏။
ဒေသနာတော်
၂၈၅။ ဣဓ ဝဿံ ဝသိဿာမိ၊ ဣဓ ဟေမန္တ ဂိမှေသု။
ဣတိ ဗာလော ဝိစိန္တေသိ၊ အန္တရာယံ န ဗုဇ္ဈတိ။
ဣဓ-ဣမသ္မိံ ဌာနေ၊ ဤအရပ်၌။
ဣဒဉ္စိဒဉ္စ၊ ဤမည် ဤမည်သော အမှုကိုလည်း။
ကရောန္တော၊ ပြုလုပ်လျက်။
ဝဿံ၊ မိုဃ်းလေးလပတ်လုံး။
ဝသိဿာမိ၊ နေပေတော့အံ့။
ဣဓ-ဣမသ္မိံ ဌာနေ၊ ဤအရပ်၌။
ဣဒဉ္စိဒဉ္စ၊ ဤမည် ဤမည်သော အမှုကိုလည်း။
ကရောန္တော၊ ပြုလုပ်လျက်။
ဟေမန္တဂိမှေသု၊ ဆောင်းလေးလ နွေလေးလတို့၌။
ဝသိဿာမိ၊ နေပေတော့အံ့။
ဣတိ၊ ဤသို့။
ဗာလော၊ မျက်မှောက်အကျိုး တမလွန်အကျိုးကို မသိတတ်သော သူမိုက်သည်။
စိန္တေသိ၊ ကြံစည်၏။
အန္တရာယံ၊ ဤအခါ ဤအရပ် ဤနှစ်၌ သေရလတ္တံ့ ဟု မိမိ၏ အသက်အန္တရာယ်ကို။
န ဗုဇ္ဈတိ၊ မသိ။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ကုန်သည်ကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ သည် ဖြစ်တော်မူလေ၏။
ကုန်သည်ကြီး သေ၍ တုသိတာ၌ ဖြစ်ခြင်း
ကုန်သည်ကြီးသည်လည်း မြတ်စွာဘုရားကို လိုက်ပို့၍ ပြန်လာပြီးလျှင် ငါ့အား ဦးခေါင်းနာ ကဲ့သို့သော အနာသည် ဖြစ်၏ ဟူ၍ အိပ်ရာညောင်စောင်း၌ လျောင်းအိပ်စက်လေ၏၊ ထိုသို့ လျောင်းအိပ်စက်လျက်သာလျှင် သေလွန်လေ၍ တုသိတာနတ် ဗိမာန်၌ ဖြစ်လေ၏။
မဟာဓနကုန်သည်ကြီးဝတ္ထု ပြီး၏။
---
၁၁ - ကိသာဂေါတမီဝတ္ထု
တံ ပုတ္တပသုသမ္မတ္တံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။
(ဝတ္ထုကို သဟဿဝဂ်၌—
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။
ဟူသော ဂါထာ၏အဖွင့်၌ အကျယ်ချဲ့၍ ဆိုအပ်လေပြီ။)
အလိုမပြည့်မီ သေရခြင်း
ထိုအခါ မြတ်စွာဘုရားသည် ချစ်သ္မီး ကိသာဂေါတမီ သင်သည် တလက်ဖျစ်မျှသော မုန်ညင်းစေ့ကို ရအပ်ပြီလောဟု မိန့်တော်မူလေ၏၊ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မရပါဘုရားဟု လျှောက်ပြီးလျှင် အလုံးစုံသော ရွာ၌ (တရွာလုံး တရပ်လုံး၌) အသက်ရှည်ကုန်သော သူတို့ထက် သေသော သူတို့သာလျှင် များလှပါကုန်သတတ် ဘုရားဟု လျှောက်ကြားလတ်သော် ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် သင်သည်သာလျှင် သားသေ၏ဟု မှတ်ထင်ဘိ၏၊
ဤသေခြင်း သဘောတရားသည် ခပ်သိမ်းသော သတ္တဝါတို့အား မြဲသောသဘောဖြစ်၏၊ သေမင်း သည် ခပ်သိမ်းသော သတ္တဝါတို့ကို အလိုဆန္ဒ မပြည့်ဝမီသာလျှင် ကြီးစွာသော ရေအယဉ်ကဲ့သို့ ဆွဲငင် ဆောင်ယူလျက် အပါယ်တည်းဟူသော သမုဒြာ၌ ထည့်သွင်းပစ်ချဘိ၏ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၂၈၆။ တံ ပတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမာနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။
ပုတ္တပသုသမ္မတ္တံ၊ သားနှင့်သီး, နွားထီး, နွားမစသည်တို့ဖြင့် လွန်စွာ ယစ်မေ့လေ့ရှိသော။
(ရုပ်အဆင်း စသည်တို့နှင့် ပြည့်စုံသော သားသ္မီးတို့ကို၎င်း, နွားစသော သားကောင်တို့ကို၎င်း ရလတ်သည်ရှိသော် ငါ၏ သားသ္မီးတို့သည် အလွန် လှပကုန်၏၊ အားကောင်းကုန်၏၊ ပညာ ရှိကုန်၏၊ ကိစ္စအားလုံး ပြီးစေနိုင်ကြကုန်၏၊ ငါ၏ နွားတို့သည် အလွန်လှကုန်၏၊ အနာမရှိ၊ များစွာသော ဝန်တို့ကို ရွက်ဆောင်နိုင်ကြကုန်၏၊ ငါ၏ နွားမတို့သည် များစွာနို့ထွက်ကုန်၏၊ ဤသို့ စသည်ဖြင့် သားသ္မီးတို့ဖြင့်၎င်း, နွားထီး နွားမ စသည်တို့ဖြင့်၎င်း လွန်စွာ မူးယစ်မေ့လျော့လေ့ ရှိသော သူကို ဆိုလိုသည်။)
ဗျာသတ္တမာနသံ၊ ရသည်ထက် လွန်၍ တောင့်တသော စိတ်ရှိထသော။
ဝါ၊ ရပြီးသည်၌ လွန်စွာကပ်ငြိသော စိတ်ရှိထသော။
(ရွှေ ငွေ စသည်တို့တွင် တခုခုကို၎င်း, သပိတ် သင်္ကန်း စသည်တို့တွင် တခုခုကို၎င်း ရလတ် သည်ရှိသော် ထိုရသည်ထက် အလွန့်အလွန်ကို တောင့်တသဖြင့် အလွန်ကပ်ငြိသော စိတ်ရှိသော သူကို၎င်း, ထိုမှတပါး မျက်စိဖြင့် သိအပ်သော ရူပါရုံစသော အာရုံခြောက်ပါးတို့တွင် တပါးပါးကို ၎င်း, ဆိုအပ်ပြီးသော အပြားရှိသော ပရိက္ခရာတို့တွင် တခုခုကို၎င်း, အကြင် အကြင် ဝတ္ထုကို ရအပ်၏၊ ထိုထို ဝတ္ထု၌သာလျှင် ကပ်ငြိတတ်သောကြောင့် အထူးလွန်စွာ ကပ်ငြိသောစိတ် ရှိသောသူကို၎င်း ဆိုလိုသည်။)
တံနရံ၊ ထိုလူကို။
သုတ္တံ၊ အိပ်ပျော်ခြင်းသို့ ရောက်သော။
ဂါမံ၊ ရွာသူ ရွာသားအပေါင်းကို။
မဟောဃော၊ ကြီးစွာသော ရေအယဉ်သည်။
အာဒါယ၊ ယူ၍။
ဂစ္ဆတိဣဝ၊ သွားသကဲ့သို့။
မစ္စု၊ သေမင်းသည်။
အာဒါယ၊ ယူ၍။
ဂစ္ဆတိ၊ သွား၏။
(ဤသို့ သဘောရှိသော ရွာသားအပေါင်းကို အနက်စောက် အကျယ်အားဖြင့် ကြီးကျယ်လှ ကုန်သော မြစ်ကြီးတို့၏ ရေအယဉ်သည် အယုတ်ဆုံး ခွေးပါမကျန် အကုန်လုံးယူ၍ သွားသကဲ့သို့ ဆိုအပ်ပြီးသော အပြားရှိသော လူကို သေမင်းငင်၍ သွားတတ်သည်ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ကိသာဂေါတမီသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
ကိသာဂေါတမီဝတ္ထု ပြီး၏။
---
၁၂-ပဋာစာရီ ဝတ္ထု
န သန္တိ ပုတ္တာ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပဋာစာရီကို အကြောင်းပြု၍ ဟောတော်မူလေ၏။
(ဝတ္ထုကို သဟဿဝဂ်၌—
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
ဟူသော ဂါထာ၏အဖွင့်၌ အကျယ်ချဲ့၍ ဆိုအပ်လေပြီ။)
သားသ္မီးစသည်တို့ အားကိုးစရာ မဟုတ်ခြင်း
ထိုအခါ၌ကား မြတ်စွာဘုရားသည် ပဋာစာရီကို ခေါင်းပါးစွာ ဖြစ်သော စိုးရိမ်ခြင်း ရှိသည်ကို သိတော်မူရ၍ ချစ်သ္မီး ပဋာစာရီ - သားသ္မီး အစရှိသော သူတို့မည်သည် တမလွန်လောကသို့ သွားသောသူ၏ အလို့ငှါ စောင့်ရှောက်ရာသည်၎င်း, ကိုးကွယ်ရာသည်၎င်း, ပုန်းအောင်းရာ သည်၎င်း ဖြစ်ခြင်းငှါ မတတ်နိုင် ကြကုန်၊ ထို့ကြောင့် ထင်ရှား ရှိကုန်ငြားသော်လည်း ထို သားသ္မီး အစရှိသော သူတို့သည် မရှိကြကုန်သည်သာ ဖြစ်ကုန်၏၊
ပညာရှိသောသူသည်ကား သီလကို သုတ်သင်၍ မိမိ၏ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လမ်း ခရီးကိုသာလျှင် သုတ်သင်ခြင်းငှါ သင့်လျော်ပေ၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြား တော်မူလေ၏။
ဒေသနာတော်
၂၈၇။ န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။
အန္တကေ နာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
၂၈၈။ ဧတ မတ္ထဝသံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေဝ ဝိသောဓယေ။
တာဏာယ၊ ထောက်တည် မှီခိုရာအကျိုးငှါ။
ပုတ္တာ၊ သားသ္မီးတို့သည်။
န သန္တိ၊ မရှိကြကုန်။
ပိတာ-ပိတရော၊ မိဘတို့သည်။
န သန္တိ၊ မရှိ၊ကြကုန်။
ဗန္ဓဝါပိ၊ နှလုံးအကျွမ်းဝင်သော ဆွေမျိုးတို့သည်လည်း။
(သားသ္မီးတို့ကို ဖယ်ထား၍ ကြွင်းကုန်သော ဆွေမျိုး ချစ်ကျွမ်းဝင်သော သူတို့ ဟူလို။)
န သန္တိ၊ မရှိကုန်။
အန္တကေန၊ သေခြင်းဖြင့်။
အဓိပန္နဿ၊ နှိပ်စက်သောသူအား။
ဉာတီသု၊ အဆွေအမျိုးတို့၌။
တာဏတာ၊ စောင့်ရှောက်နိုင်သောသူ၏ အဖြစ်သည်။
နတ္ထိ၊ မရှိ။
(အစဉ်မပြတ် ဖြစ်နေဆဲ ပဝတ္တိအခါ၌ သား, သ္မီး စသော သူတို့သည် ထမင်း အဖျော် စသည် ပေးသဖြင့်၎င်း, ဖြစ်သောကိစ္စကို ထုတ်ဆောင်ခြင်း ဖြင့်၎င်း အားထားရာတို့ ဖြစ်ကြကုန်သော်လည်း သေအံ့သော ကာလ၌ တစုံတခုသောအကြောင်းဖြင့် သေခြင်းကို တားဆီးပိတ်ပင်ခြင်းငှါ မစွမ်းနိုင် သောကြောင့် ပုန်းအောင်းစရာ အလို့ငှါ မရှိကြကုန်ဟု ဆိုအပ်၏ဟူလို။)
ဧတံ-အတ္ထဝသံ၊ ဤအကြောင်းကို။
ဉတွာ၊ သိ၍။
(ဤသို့လျှင် ထိုသတ္တဝါတို့၏ အချင်းချင်း စောင့်ရှောက်နိုင်ခြင်းငှါ မစွမ်းနိုင်ခြင်း ဟူသော အကြောင်းကို သိရမည် ဟူလို။)
ပဏ္ဍိတော၊ ပညာရှိသောသူသည်။
သီလသံဝုတော၊ စတုပါရိသုဒ္ဓိသီလဖြင့် စောင့်ရှောက်အပ်သည်ဖြစ်၍။
နိဗ္ဗာနဂမနံ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။
မဂ္ဂံ၊ အင်္ဂါရှစ်ပါးရှိသော မဂ်ကို။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
ဝိသောဓယေ၊ သုတ်သင်ရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ ပဋာစာရီသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ တပါးကုန်သော များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ပဋာစာရီဝတ္ထု ပြီး၏။
ဤတွင်ရွေ့ကား နှစ်ဆယ်မြောက်ဖြစ်သော မဂ္ဂဝဂ်အဖွင့် ပြီး၏။
---
၂၁-ပကိဏ္ဏကဝဂ်
၁-ကိုယ်တော်မြတ်၏ ရှေးကံ ဝတ္ထု
မတ္တာ သုခ ပရိစ္စာဂါ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် ကိုယ်တော်မြတ်၏ ရှေး၌ပြုအပ်သော ကံကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဝေသာလီပြည် ဘေးသုံးပါးဖြစ်ခြင်း
တပါးသောအခါ ဝေသာလီပြည်သည် ပြည့်စုံကြွယ်ဝ၏၊ စည်ပင်ပြန့်ပြော၏၊ များသောလူရှိ၏၊ ပြွမ်းသောလူရှိ၏၊ ထိုဝေသာလီပြည်၌ အလှည့်အလှည့်အားဖြင့် မင်းအဖြစ်ကို ပြုကြကုန်သော မင်းတို့၏သာလျှင် ခုနစ်ရာ အလွန်ရှိကုန်သော ခုနစ်ထောင်သော မင်းတို့သည်၎င်း ခုနစ်ယောက် သော မင်းတို့သည်၎င်း ဖြစ်ကုန်၏၊ (ခုနစ်ထောင် ခုနစ်ရာ ခုနစ် ၇၇၀၇-ယောက်ဖြစ်ကြကုန်၏)
ထို ခုနစ်ထောင် ခုနစ်ရာ ခုနစ်ယောက်သော မင်းတို့၏နေရာ အကျိုးငှါ ထိုမျှလောက် ခုနစ်ထောင် ခုနစ်ရာ ခုနစ်ဆောင်ကုန်သော ပြာသာဒ်တို့သည်၎င်း, ထိုမျှလောက် သာလျှင်ဖြစ်ကုန်သော စုလစ် မွန်းချွန်တပ်သော အိမ်တော်တို့သည်၎င်း, ဥယျာဉ်၌ နေစရာ အကျိုးငှါ ထိုမျှလောက်သာလျှင် ဖြစ်ကုန်သော အာရာမ်တို့သည်၎င်း လေးထောင့်ရေကန် တို့သည်၎င်း ရှိသည်ဖြစ်ကုန်၏၊
ထိုဝေသာလီပြည်သည် တပါးသောအခါ၌ ငတ်မွတ် ခေါင်းပါးသည်ဖြစ်၍ မကောင်းသော ပျက်စီးသော ကောက်စပါး ရှိသည်ဖြစ်၏၊ ထိုဝေသာလီပြည်၌ ငတ်မွတ် ဆာလောင်သော ဘေးကြောင့် ရှေးဦးစွာ ဆင်းရဲသော လူတို့သည် သေကြေ ပျက်စီးကြလေကုန်၏၊ ထိုထိုအရပ်၌ စွန့်ပစ် အပ်ကုန်သော ထိုသိုအကောင်ပုပ်တို့၏ အနံ့ကြောင့် ဘီလူးတို့သည် မြို့တွင်းသို့ ဝင်ကြကုန်၏၊
ဘီလူးတို့ နှိပ်စက်သောဘေးကြောင့် များစွာသော လူတို့သည် သေကြေ ပျက်စီးလေကုန်၏၊ ထိုသေသောသူတို့၏ ပုပ်သော အနံ့ဖြင့် စက်ဆုပ်ဖွယ်ရှိသော အဖြစ်ကြောင့် သတ္တဝါတို့အား ယင် အနာရောဂါသည် ဖြစ်လေ၏၊ ဤသို့လျှင် ငတ်မွတ်သောဘေးသည်၎င်း, ဘီလူးဘေးသည်၎င်း, အနာရောဂါဘေးသည်၎င်း သုံးပါးသော ဘေးတို့သည် ဖြစ်လေကုန်၏။
ဘေးကင်းအောင် ကြံစည်ကြခြင်း
မြို့၌နေသော သူတို့သည် စည်းဝေး၍ မင်းကြီးကို မြတ်သောမင်းကြီး ဤမြို့၌ သုံးပါးသော ဘေးတို့သည် ဖြစ်ကုန်၏၊ ဤအခါမှ ရှေး၌ မင်းခုနစ်ဆက်တိုင်အောင် ဤသို့သဘောရှိသော ဘေးမည်သည် မဖြစ်စဖူးပါ၊ တရားမစောင့်သောမင်းတို့၏ လက်ထက်၌သာ ဤသို့သဘောရှိသော ဘေးသည် ဖြစ်ပေါ်ပါသည်ဟုလျှောက်ကြား သံတော်ဦး တင်ကြလေကုန်၏၊
မင်းကြီးသည်လည်း မင်းကွန်း၌ အလုံးစုံသော သူတို့၏ အစည်းအဝေးပြုပြီးလျှင် ငါ့အား တရား မစောင့်သောအဖြစ် အကယ်၍ ရှိသည်ဖြစ်အံ့ ထိုတရားမစောင့်သော အဖြစ်ကို စုံစမ်းကြပါ ကုန်လော့ ဟု မိန့်ဆိုလေ၏၊ ဝေသာလီပြည်၌ နေသောသူတို့သည် အလုံးစုံသော အစဉ် အဆက်ကို စုံစမ်းကြရကုန်သည်ရှိသော် မင်းကြီး၏ တစုံတခုသော အပြစ်ကို မမြင်ရသောကြောင့် မြတ်သောမင်းကြီး သင်မင်းကြီးအား ထိုအပြစ်ဒေါသသည် မရှိပါဟု ဆိုပြီးလျှင် အဘယ်သို့သော အကြောင်းဖြင့် ငါတို့အား ဤသေဘေးသည် ငြိမ်းခြင်းသို့ ရောက်ရာအံ့နည်း ဟု စည်းဝေး တိုင်ပင်ကြလေကုန်၏၊
ထိုသို့ တိုင်ပင်ရာ၌ အချို့သော သူတို့သည် ဗလိနတ်စာပေးခြင်း အမှုဖြင့်တောင်းပန်ခြင်း မင်္ဂလာကို ပြုလုပ်ခြင်းအားဖြင့် ငြိမ်းခြင်းသို့ ရောက်ရာ၏ဟု ဆိုသည်ရှိသော် ထိုအစီအရင် အလုံးစုံ ကိုလည်း ပြုလုပ်သဖြင့် တားမြစ်ခြင်းငှါ မတတ်နိုင်ကြကုန်၊
ထိုအခါ အချို့သောသူတို့သည် ဆရာကြီး ခြောက်ယောက်တို့ကား ကြီးသော အာနုဘော်ရှိ၏၊ ထိုဆရာ ခြောက်ယောက်တို့သည် ဤမြို့သို့ ရောက်လာကာမျှ ဖြစ်လတ်သည်ရှိသော် ဘေးသည် ငြိမ်းအေးရာ၏ဟု ဤသို့သော စကား ဆိုကြလေကုန်၏၊
(၁ - ပူရဏကဿပ။
၂ - မက္ခလိဂေါသာလ။
၃ - အဇိတ ကေသကမ္ဗလ။
၄ - ဗကုဓ ကစ္စာယန။
၅ - သယဉ္စ ဗေလဋ္ဌ ပုတ္တ။
၆ - နိဂဏ္ဌ နာဋပုတ္တ -
ဤဆရာကြီး ခြောက်ယောက် ဟူလို။)
ထိုမှတပါးသော သူတို့သည် မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် ဘုန်းတော် အလွန်ကြီးသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားအလို့ငှါ တရားတော်ကို ဟောကြားတော်မူ၏၊ ကြီးသောတန်ခိုးရှိ၏၊ ကြီးသော အာနုဘော်ရှိ၏၊ ထိုမြတ်စွာဘုရားသည် ကြွရောက်လာသည် ရှိသော် ဤဘေးတို့သည် ငြိမ်းပျောက်ကုန်ရာ၏ဟု ဆိုကြလေကုန်၏။
မြတ်စွာဘုရားကို ပင့်ဆောင်ခြင်း
ထိုသူတို့၏ စကားကို ခပ်သိမ်းသော သူတို့သည်လည်း လွန်မင်းစွာ နှစ်သက်ကြသဖြင့် ထို မြတ်စွာဘုရားသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံး နေထိုင်တော်မူသနည်းဟု ဆိုကြလေ ကုန်၏။ ထိုအခါ၌ကား မြတ်စွာဘုရားသည် ဝါဆိုအံ့သောအခါကာလ နီးကပ်လတ်သည်ရှိသော် ဗိမ္ဗိသာရမင်းကြီးအား ဝန်ခံခြင်းကို ပေးတော်မူ၍ ဂေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေထိုင် တော်မူ၏၊
ထိုအခါ၌လည်း ဗိမ္ဗိသာရမင်းကြီး၏ အစည်းအဝေး၌ ဗိမ္ဗိသာရမင်းကြီးနှင့် အတူတကွ သောတာပတ္တိဖိုလ်သို့ ရောက်သော မဟာလိ အမည်ရှိသော လိစ္ဆဝီမင်းသည် ထိုပရိသတ်၌ နေလျက်ရှိ၏၊ ဝေသာလီပြည်၌ နေသောသူတို့သည် များစွာသော လက်ဆောင် ပဏ္ဏာကာရကို စီရင်၍ ဗိမ္ဗိသာရမင်းကြီးကို သိစေပြီးလျှင် မြတ်စွာဘုရားကို ဤဝေသာလီပြည်သို့ ပင့်ဆောင်ကြပါ ကုန်လော့ဟု မဟာလိ လိစ္ဆဝီမင်းကို၎င်း, ပုရောဟိတ်ပုဏ္ဏား၏သားကို၎င်း စေလွှတ်ကြလေကုန်၏၊
ထိုမဟာလိ မည်သော လိစ္ဆဝီမင်းနှင့် ပုရောဟိတ်ပုဏ္ဏား၏ သားတို့သည် သွား၍ ဗိမ္ဗိသာရ မင်းကြီးအား လက်ဆောင် ပဏ္ဏာကာရကို ဆက်သပြီးလျှင် ထို ဝေသာလီပြည်၌ ဖြစ်သော အကြောင်းကို သိသာအောင် လျှောက်တင် ပြောကြားကြ၍ မြတ်သောမင်းကြီး မြတ်စွာဘုရားကို အကျွနု်ပ်တို့၏ တိုင်းပြည်သို့ ပို့ကြပါကုန်လော့ဟု တောင်းပန်ကြလေကုန်၏။
ဗိမ္ဗိသာရမင်းကြီးသည် သင်တို့သည်သာလျှင် သိရအောင် ပြုကြပါကုန်လော့ဟု ဆို၍ ဝန်ခံတော် မူလေ၏၊ ထိုပင့်လာသော သူတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဘုန်းတော်အလွန် ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဝေသာလီပြည်၌ သုံးပါးသောဘေးတို့သည် ပေါ်ပေါက် နေကြပါသည်ဘုရား၊ ထိုဘေးတို့သည် ရှင်တော်မြတ်ဘုရားတို့ ကြွလာတော်မူကြကုန်သည် ရှိသော် ငြိမ်းပျောက်ကြပါကုန်လတ္တံ့၊ မြတ်စွာဘုရား ကြွတော်မူကြပါ သွားကြပါကုန်အံ့ ဘုရားဟု တောင်းပန်ကြလေကုန်၏၊
မြတ်စွာဘုရားသည် ထိုသူတို့၏စကားကို ကြားတော်မူရ၍ ဆင်ခြင်တော်မူလျက် ဝေသာလီပြည်၌ ရတနသုတ် ပရိတ်ကို ဟောတော်မူရသည်ရှိသော် ထိုရတနသုတ် အစောင့်အရှောက်သည် စကြဝဠာတို့၏ ကုဋေတသိန်းတိုင်အောင် ပျံ့နှံ့လတ္တံ့၊ ရတနသုတ်၏ အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားတော်ကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လတ္တံ့၊ ထိုသုံးပါးသော ဘေးတို့သည်လည်း ငြိမ်းပျောက်ကုန်လတ္တံ့ ဟု သိတော်မူသဖြင့် ထို ပင့်လာသော သူတို့၏ စကားကို ဝန်ခံတော်မူလေ၏။
မြတ်စွာဘုရားကို ဗိမ္ဗိသာရမင်းကြီး လိုက်ပို့ခြင်း
ဗိမ္ဗိသာရမင်းသည် မြတ်စွာဘုရားသည် ဝေသာလီပြည်သို့ ကြွသွားခြင်းကို ဝန်ခံတော် မူသတတ်ဟု ကြားရလျှင် မြို့၌ ကြွေးကြော်ခြင်းကို ပြုစေလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ မြတ်စွာဘုရား -ဝေသာလီပြည်သို့ ကြွသွားခြင်းကို ဝန်ခံတော်မူပါပြီလောဘုရားဟု မေးလျှောက်လေ၏၊
မြတ်သောမင်းကြီး ဝန်ခံအပ်ပေပြီဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ထိုသို့ဖြစ်ပါမူ ရှေးဦးစွာ ဆိုင်းငံ့ တော်မူကြပါဦး၊ လမ်းခရီးကို စီရင်ပါဦးမည်ဘုရားဟု လျှောက်ကြားပြီးလျှင် ရာဇဂြိုဟ်ပြည်၏၎င်း, ဂင်္ဂါမြစ်၏၎င်း အကြား၌ ငါးယူဇနာရှိသောမြေကို ညီညွတ်စွာ ပြုလုပ်စေသဖြင့် ယူဇနာတိုင်း, ယူဇနာတိုင်း၌ ကျောင်းကို တည်ထား ဆောက်လုပ်စေပြီးလျှင် မြတ်စွာဘုရားအား ကြွတော်မူ အံ့သောအခါကိုလျှောက်ကြားလေ၏၊ မြတ်စွာဘုရားသည် ငါးရာသော ရဟန်းတို့နှင့် အတူတကွ လမ်းခရီးကို ကြွသွားတော်မူလေ၏၊
ဗိမ္ဗိသာရမင်းကြီးသည် တယူဇနာအတွင်း၌ ပုဆစ်ဒူးမျှ အတိုင်းအရှည်ရှိသော အပိုင်းအခြားဖြင့် ငါးပါးသော အဆင်းရှိသော ပန်းတို့ကို ကြဲဖြန့်စေလျက် တံခွန် ကုက္ကား ငှက်ပျောပင် စသည်တို့ကို စိုက်စေ၍ ထီးအဆင့်ဆင့် ပြုလုပ်သဖြင့် မြတ်စွာဘုရား အလို့ငှါ ထီးဖြူနှစ်စင်း တို့ကို၎င်း, တပါး တပါးသော ရဟန်းအား တစင်း တစင်းသော ထီးဖြူကို၎င်း အထက်၌ ဆောင်းစေပြီးလျှင် အခြံ အရံနှင့် တကွ ပန်း နံ့သာ အစရှိသည်တို့ဖြင့် ပူဇော်ခြင်းကို ပြုလျက် မြတ်စွာဘုရားကို တခု တခုသော ကျောင်းတော်၌ သီတင်းသုံးစေ၍ ကြီးစွာသော အလှူစသည်တို့ကို ပေးလှူကာ ငါးရက်တို့ဖြင့် ဂင်္ဂါမြစ်ကမ်းနားသို့ ရောက်စေသဖြင့် ထိုဂင်္ဂါမြစ်၌ လှေကို တန်ဆာဆင်လျက် ဝေသာလီပြည်သားတို့၏ အထံသို့ လမ်းခရီးကို စီရင်၍ မြတ်စွာဘုရားအား ခရီးဦးကြိုဆိုခြင်းကို ပြုကြစေကုန်သတည်းဟု သတင်းစကားကို စေလွှတ်လိုက်လေ၏။
ထိုဝေသာလီ ပြည်သားတို့သည် နှစ်ဆတက် ပူဇော်ခြင်းကို ပြုလုပ်ကြကုန်စိုအံ့ ဟု ဝေသာလီပြည် ၏၎င်း, ဂင်္ဂါမြစ်၏၎င်း အကြား၌ သုံးယူဇနာ ရှိသော မြေကို အညီအညွတ် ပြုစေပြီးလျှင် မြတ်စွာဘုရားအား လေးစင်းသော ထီးဖြူတို့ဖြင့် တပါး တပါးသော ရဟန်းအား နှစ်စင်း နှစ်စင်းသော ထီးဖြူတို့ဖြင့် ထီးအဆင့် အဆင့်တို့ကို စီရင်၍ ပူဇော်ခြင်းကို ပြုလျက် လာကြကုန် ပြီးလျှင် ဂင်္ဂါမြစ်ကမ်းနား၌ တည်နေကြလေကုန်၏၊
ဗိမ္ဗိသာရမင်းကြီးသည် လှေနှစ်စင်းတို့ကို ဖွဲ့ချည် ယှဉ်စပ်၍ လှေအထက်၌ မဏ္ဍပ်ကို ပြုစေပြီးလျှင် ပန်းဆိုင်းစသည်တို့ဖြင့် တန်ဆာဆင်စေ၍ ဘုရားရှင်အလို့ငှါ အလုံးစုံသော ရတနာဖြင့်ပြီးသော နေရာကို ခင်းစေလေ၏၊ မြတ်စွာဘုရားသည် ထိုခင်းသော နေရာ၌ နေတော်မူလေ၏၊ ရဟန်း တို့သည်လည်း လှေသို့ တက်ကြပြီးလျှင် မြတ်စွာဘုရားကို ခြံရံလျက် နေကြလေကုန်၏၊
ဗိမ္ဗိသာရမင်းကြီးသည် အပို့လိုက်လိုသည်ဖြစ်၍ လည်ပင်း အတိုင်းအရှည်ရှိသော ရေတိုင်အောင် သက်ဆင်းပြီးလျှင် မြတ်စွာဘုရား - အကြင်မျှလောက် ရှင်တော်ဘုရားသည် ကြွလာတော်မူလတ္တံ့၊ ထိုမျှလောက် တပည့်တော်သည် ဤ ဂင်္ဂါမြစ်ကမ်းနား၌ နေပါဦးမည် ဘုရားဟု လျှောက်ကြား၍ လှေကို လွှတ်လိုက်ပြီးမှ ပြန်နစ်လေ၏။
၁ - ဝေသာလီပြည်၌ ပေါက္ခရမိုဃ်း ရွာခြင်း
မြတ်စွာဘုရားသည် တယူဇနာ မျှလောက်သော ခရီး အဓွန့်တိုင်အောင် ဂင်္ဂါမြစ်ဖြင့် ကြွသွားတော် မူလတ်သည်ရှိသော် ဝေသာလီ ပြည်သားတို့၏ မြေအပိုင်းအခြားသို့ ရောက်လေ၏။ လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားကို ခရီးဦး ကြိုဆိုခြင်းကို ပြုလိုသည် ဖြစ်၍ လည်ပင်း အတိုင်းအရှည် ရှိသော ရေသို့တိုင် အောင် သက်ဆင်းပြီးလျှင် လှေတော်ကို ကမ်းနားသို့ သွင်းသဖြင့် လှေတော်ကို ကမ်းနားသို့ ဆောင်ယူ၍ မြတ်စွာဘုရားကို လှေတော်ထက်မှ ပင့်ဆောင်ကြလေကုန်၏။
မြတ်စွာဘုရားသည် သက်ဆင်းတော်မူ၍ ကမ်းနား၌ ခြေတော်ချကာမျှ၌သာလျှင် မိုဃ်းကြီးသည် တက်လတ်၍ ကြာတော၌ရွာသော မိုဃ်းနှင့် တူသော ပေါက္ခရဝဿ မိုဃ်းသည် ရွာသွန်းချလေ၏။ ခပ်သိမ်းသော အရပ်တို့၌ ပုဆစ်ဒူး အတိုင်းအရှည်၊ ခါးအတိုင်းအရှည် စသည်ရှိကုန်သော ရေတို့သည် စီးကုန်သည် ဖြစ်၍ အလုံးစုံသော အကောင်ပုပ်တို့သည် ဂင်္ဂါမြစ်၌ ဝင်မျောကြ လေကုန်၏။ မြေအဖို့သည် ထက်ဝန်းကျင် သန့်ရှင်း စင်ကြယ်လေ၏။
လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားကို ယူဇနာတိုင်း ယူဇနာတိုင်း၌ သီတင်းသုံး နေစေလျက် ကြီးစွာသော အလှူကြီးကို ပေးလှူပြီးလျှင် နှစ်ဆတက် ပူဇော်ခြင်းကို ပြုကြကုန်သည် ဖြစ်၍ သုံးရက် တို့ဖြင့် ဝေသာလီပြည်သို့ရောက်အောင် ပင့်ဆောင်ကြလေကုန်၏။
ရှင်အာနန္ဒာ ရတနသုတ် ပရိတ်တော် ရွတ်ပုံ
သိကြား နတ်မင်းကြီးသည် နတ်အပေါင်း ခြံရံလျက် ရောက်လာလေ၏။ ကြီးသော တန်ခိုး ရှိကြကုန်သော နတ်တို့၏ စည်းဝေးခြင်းကြောင့် ဘီလူးတို့သည် များသောအားဖြင့် ထွက်ခွါ ရှောင်ရှား ပြေးလွှားကြရလေကုန်၏။ ဘုရားရှင်သည် ညချမ်းအခါ မြို့တံခါး၌ ရပ်တော်မူလျက် ရှင်အာနန္ဒာ မထေရ်ကို “ချစ်သား အာနန္ဒာ - ရတနသုတ် ပရိတ်တော်ကို သင်ယူ၍ လိစ္ဆဝီမင်းသား တို့နှင့် အတူတကွ လှည့်လည်လျက် ဝေသာလီ ပြည်ကြီး၏ တံတိုင်းသုံးခုတို့၏ အကြား၌ ပရိတ် အရံအတားကို ပြုချေလော့၊ (ရတနသုတ် ပရိတ်တော်ကို ရွတ်ချေလော့)” ဟု မိန့်တော်မူလေ၏။
အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရား ပေးအပ်သော ရတနသုတ် ပရိတ်တော်ကို သင်ယူပြီးလျှင် မြတ်စွာဘုရား၏ ကျောက်ညိုဖြင့် ပြီးသော သပိတ်တော်ဖြင့် ရေကိုဆောင်ယူ၍ မြို့တံခါး၌ ရပ်လျက် --
ဘုရားဆုကို တောင်းသောအခါမှ အစပြု၍ -
မြတ်စွာဘုရား၏ ဆယ်ပါးသော ပါရမီ၊
ဆယ်ပါးသော ဥပပါရမီ၊
ဆယ်ပါးသော ပရမတ္ထပါရမီ
ဤသို့အားဖြင့် အမျှသုံးဆယ်သော ပါရမီတော်တို့ကို၎င်း၊
ငါးပါးသော စွန့်ခြင်းကြီးတို့ကို၎င်း
သတ္တလောက၏အကျိုးငှါ ကျင့်တော်မူခြင်း၊
ဆွေတော် မျိုးတော်တို့၏ အကျိုးငှါ ကျင့်တော်မူခြင်း၊
သဗ္ဗညုတဉာဏ်တော်၏ အကျိုးငှါ ကျင့်တော်မူခြင်း၊
ဤသို့ သုံးပါးသော ကျင့်တော်မူခြင်းတို့ကို၎င်း
ဖြည့်ကျင့်ဆည်းပူး အထူး အားထုတ်တော်မူပြီးလျှင်
အဆုံးစွန်သော ဘဝ၌ မယ်တော်၏ ဝမ်းတိုက်သို့ သက်ဝင်တော်မူခြင်းကို၎င်း
ဖွားမြင်တော်မူခြင်းကို၎င်း၊
မြတ်သော တောထွက်တော်မူခြင်းကို၎င်း၊
ဒုက္ကရစရိယာဟူသော ကမ္မဋ္ဌာန်းတရား ကျင့်တာ်မူခြင်းကို၎င်း၊
ဗောဓိပလ္လင်တော်၌ မာရ်နတ်သားကို အောင်တော်မူခြင်းကို၎င်း၊
သဗ္ဗညုတဉာဏ်တော်ဖြင့် အလုံးစုံသော တရားကို ထိုးထွင်း၍ သိတော်မူခြင်းကို၎င်း၊
ဓမ္မစကြာတရားဟောတော်မူ ခြင်းကို၎င်း၊
ကိုးပါးသော လောကုတ္တရာတရားတို့ကို၎င်း၊
ဤသို့အစရှိသော အလုံးစုံလည်း ဖြစ်ကုန်သော ဤဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်တော်မူ၍ ဝေသာလီ မြို့တွင်းသို့ ဝင်တော်မူပြီးလျှင် ညဉ့်သုံးယာမ်ပတ်လုံး တံတိုင်း သုံးထပ်တို့၏ အကြားတို့၌ ရတနသုတ် ပရိတ်တော် အရံအတားကို ပြုလုပ် ရွတ်ဆိုတော်မူလျက် လှည့်လည်တော်မူလေ၏။
ရတနသုတ် ရွတ်ခြင်း အကျိုး
ထိုအရှင်အာနန္ဒာမထေရ်သည် “ယံကိဉ္စိ” ဟူသောပုဒ်ကို ဆိုအပ်ကာမျှ၌ပင်လျှင် အထက်သို့ ပစ်အပ်သောရေသည် ဘီလူးတို့၏အပေါ်၌ ကျရောက်လေ၏။ “ယာနီဓ ဘူတာနိ”ဟူသော ဂါထာကို ရွတ်ဆိုတော်မူသည်မှစ၍ ငွေဖြင့်ပြုအပ်သော ဥသျှောင်ပန်းတို့ကဲ့သို့ ရေပေါက်တို့သည် ကောင်းကင်ဖြင့်သွား၍ နာသော လူတို့၏ ကိုယ်ပေါ်၌ ကျကြလေကုန်၏။ ထိုခဏ၌ သာလျှင် ငြိမ်းချမ်း ပျောက်ကင်းသော အနာရောဂါ ရှိကြကုန်သည်ဖြစ်၍ လူတို့သည် ထ၍ ထ၍ အရှင် အာနန္ဒာမထေရ်မြတ်ကို ပန်းရံကြလေကုန်၏။
“ယံကိဉ္စိ”ဟူ၍ ရွတ်ဆိုအပ်သော ပုဒ်မှစ၍ ရေပေါက်တို့ဖြင့် တွေ့ထိကုန် တွေ့ထိကုန်လျက် မပြေးကြမူ၍ တံမြက် ချေးစု တိုက်နံရံအရပ်တို့ မှီ၍ နေကြကုန်သော အလုံးစုံသော ဘီလူးတို့သည် ထိုထို တံခါးဖြင့် ထွက်ခွါ ပြေးသွားကြရလေကုန်၏။ ထိုတံခါးတို့သည် နေရာမဆန့် နိုင်လောက် အောင် ဖြစ်ကြလေကုန်၏။ ထိုဘီလူးတို့သည် ထွက်ပြေးစရာ တံခါးပေါက်နေရာ မရကြကုန်သည် ရှိသော် တံတိုင်းကိုဖေါက်၍ သော်လည်း ထွက်ပြေးကြရလေကုန်၏။
များစွာသော လူအပေါင်းသည် မြို့အလယ်၌ မင်းကွန်းကို ခပ်သိမ်းသော နံ့သာတို့ဖြင့် လိမ်းကျံ သဖြင့် အထက်၌ ရွှေကြယ် အစရှိသည်တို့ဖြင့် ဆန်းကြယ်သော ဗိတာန်မျက်နှာကြက်ကိုဖွဲ့၍ ဘုရားရှင်အလို့ငှါ နေရာကို ခင်းပြီးလျှင် ဘုရားရှင်ကို ပင့်ဆောင်ကြလေကုန်၏။ ဘုရားရှင်သည် ခင်းထားအပ်သော နေရာ၌ သီတင်းသုံး နေတော်မူလေ၏။ ရဟန်း သံဃာ အပေါင်းသည်၎င်း လိစ္ဆဝီမင်း အပေါင်းသည်၎င်း, မြတ်စွာဘုရားကို ခြံရံလျက် ထိုင်နေလေ၏။
သိကြား နတ်မင်းကြီးသည် နတ်အပေါင်းခြံရံလျက် တင့်အပ်လျောက်ပတ်သော အရပ်တခု၌ တည်နေလေ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း တမြို့လုံးကို အထပ်ထပ် လှည့်ပတ်တော် မူပြီးလျှင် ငြိမ်းချမ်း ပျောက်ကင်းသော အနာရှိသော များစွာသော လူအပေါင်းနှင့် အတူတကွ ကြွလာ၍ ဘုရားရှင်ကို ရှိခိုးလျက် နေတော်မူလေ၏။
မြတ်စွာဘုရားသည် မထေရ်မြတ်ကို၎င်း, ပရိသတ်ကို၎င်း ကြည့်ရှုတော်မူလျက် ထိုရတနသုတ် ပရိတ်တော်ကိုပင်လျှင် ဟောကြားတော်မူလေ၏။ ဒေသနာတော်၏ အဆုံး၌ ရှစ်သောင်း လေးထောင်သော သူတို့အား သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။
ဝေသာလီပြည်မှအပြန် ပူဇော်ကြပုံ
ဤသို့လျှင် တဖန် မိုးသောက်သော နေ့၌လည်း ဟောတော်မူ၍ ခုနစ်ရက်ပတ်လုံး ထိုရတနသုတ် ကိုသာလျှင် ဟောကြားတော်မူပြီးလျှင် ခပ်သိမ်းသော ဘေးတို့၏ ငြိမ်းအေးသည့် အဖြစ်ကို သိတော်မူသဖြင့် လိစ္ဆဝီမင်းအပေါင်းကို ပြန်ကြား သိစေတော်မူ၍ ဝေသာလီပြည်မှ ထွက်ခွါတော်မူ လေ၏။ လိစ္ဆဝီမင်းတို့သည် နှစ်ဆတက်သော ပူဇော်သက္ကာရကို ပြုကြကုန်လျက် တဖန် သုံးရက် တို့ဖြင့် မြတ်စွာဘုရားကို ဂင်္ဂါမြစ်ကမ်းနားသို့ ပင့်ဆောင်ကြလေကုန်၏။
ဂင်္ဂါ၌ ပေါက်ဖွား နေထိုင်ကြကုန်သော နဂါးမင်းတို့သည် “လူတို့ကား မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုကြကုန်၏။ ငါတို့သည် အဘယ့်ကြောင့် မပြုဘဲ နေကြပါကုန်အံ့နည်း”ဟု ကြံကြလေကုန်၏။ ထိုနဂါးမင်းသည် ရွှေ ငွေ ပတ္တမြားဖြင့် ပြီးကုန်သော လှေတို့ကို ဖန်ဆင်း၍ ရွှေ ငွေ ပတ္တမြားဖြင့် ပြီးသော ပလ္လင်တို့ကိုလည်း ခင်းကျင်းစေသဖြင့် ငါးပါးသော အဆင်းရှိသော ပဒုမာကြာပန်းတို့ဖြင့် ဖုံးလွှမ်းခြင်းရှိသော ဂင်္ဂါမြစ်ရေကိုပြုလုပ်ပြီးလျှင် “ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့အားလည်း ချီးမြှောက်ခြင်းကို ပြုတော်မူကြပါဦးဘုရား”ဟု မိမိ မိမိ၏ လှေပေါ်သို့ တက်စိမ့်သော အကျိုးငှါ မြတ်စွာဘုရားကို လျှောက်ထား တောင်းပန်လေကုန်၏။
နတ် ဗြဟ္မာ နဂါးတို့ ပူဇော်ကြပုံ
“လူတို့သည်၎င်း, နဂါးတို့သည်၎င်း မြတ်စွာဘုရားအား ပူဇော်ခြင်းကို ပြုလုပ်ကြကုန်၏။ ငါတို့ သည်ကား အဘယ့်ကြောင့် မပြုဘဲနေကြကုန်အံ့နည်း”ဟု ဘုမ္မစိုး နတ်တို့ကိုလည်း အစပြု၍ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် ခပ်သိမ်းသော နတ်ဗြဟ္မာတို့သည် ပူဇော်ခြင်းကို ပြုလုပ်ကြ လေကုန်၏။
ထိုပူဇော်သော သူတို့တွင် နဂါးတို့သည် တယူဇနာရှိသော ထီးအဆင့်ဆင့်တို့ကို မိုးကြလေကုန်၏။ အောက်၌ နဂါးတို့သည်၎င်း, မြေပြင်၌ သစ်ပင်ကြီး, သစ်ပင်ငယ်,တောင် အစရှိသည်တို့၌ ဘုမ္မစိုး နတ်တို့သည်၎င်း, ကောင်းကင်၌ အာကာသစိုး နတ်တို့သည်၎င်း ဤသို့ နဂါးပြည်ကို အစပြု၍ စကြဝဠာအဆုံး အပိုင်းအခြားအားဖြင့် ဗြဟ္မာ့ပြည်တိုင်အောင် ထီးအဆင့်ဆင့်တို့ကို စိုက်ထူ မိုးကာကြလေကုန်၏။
ထီးတို့၏အကြားတို့၌ တံခွန်တို့သည် ရှိကုန်၏။ တံခွန်တို့၏ အကြားတို့၌ ကုက္ကားတို့သည် ရှိကုန်၏။ ထိုထီး တံခွန် ကုက္ကားတို့၏ အကြား၌ ပန်းဆိုင်းအထုံ အမှုန့် အခိုး စသည်တို့ဖြင့် ပူဇော်ခြင်းသည် ဖြစ်လေ၏။ နတ်သားတို့သည်လည်း ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ကြ ကုန်သည် ဖြစ်၍ သဘင်အသွင်ကို ယူသဖြင့် ကြွေးကြော် ကြကုန်လျက် ကောင်းကင်၌ လှည့်လည် သွားလာ ကြလေကုန်၏။
(ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူရာ၌ ဖြစ်သော အစည်းအဝေး၎င်း, တာဝတိံသာ နတ်ပြည်မှ သင်္ကဿ နဂိုရ်ပြည်သို့ သက်ဆင်းတော်မူသော အခါ၌ ဖြစ်သော အစည်းအဝေး၎င်း, ဤ ဂင်္ဂါ၌ကြွသွားတော် မူသောအခါ၌ ဖြစ်သော အစည်းအဝေး၎င်း ဤသုံးပါးသော အစည်းအဝေး တို့သည်သာလျှင် ကြီးကျယ်ကုန်သတတ်။)
နိမ္မိတဘုရား ဖန်ဆင်းခြင်းနှင့်
နဂါးပြည်သို့ ကြွတော်မူခြင်း
ထိုမှာဘက်ကမ်း၌ ဗိမ္ဗိသာရမင်းကြီးသည်လည်း လိစ္ဆဝီမင်းတို့သည် ပြုအပ်သော ပူဇော်သက္ကာရ ထက် နှစ်ဆတက်သော ပူဇော်သက္ကာရကို စီရင်၍ မြတ်စွာဘုရား၏ ကြွလာတော်မူခြင်းကို မြှော်လင့်လျက် နေလေ၏။
ဘုရားရှင်သည် ဂင်္ဂါ မြစ်၏ နံပါးနှစ်ဘက်တို့၌ မင်းတို့၏ များစွာသော စွန့်ကြဲခြင်းကို ကြည့်ရှုတော် မူ၍ နဂါးစသည်တို့၏ အလိုကိုလည်း သိတော်မူ၍ တစင်းတစင်းသော လှေ၌ ငါးရာငါးရာသော ရဟန်းတို့ဖြင့် ခြံရံအပ်သော တဆူတဆူသော ဘုရားရှင်၏ အသွင်ကို ဖန်ဆင်းတော်မူလေ၏။
ထိုဖန်ဆင်းအပ်သော နိမ္မိတဘုရားသည် တစင်း တစင်းသော ထီးဖြူ၏၎င်း, ပဒေသာပင်၏၎င်း, မျိုးစုံသော ပန်းဆိုင်း၏၎င်း အောက်၌ နဂါးအပေါင်း ခြံရံတော်မူအပ်သည်ဖြစ်၍ သီတင်းသုံး နေထိုင်တော်မူ၏။
ဘုမ္မစိုးနတ် အစရှိသည်တို့ထံ၌လည်း တခုတခုသော အရပ်၌ အခြံအရံနှင့် တကွ တဆူတဆူသော နိမ္မိတဘုရားကို ဖန်ဆင်းတော်မူလေ၏။ ဤသို့ အလုံးစုံ စကြဝဠာတိုက်၌ တခုတည်းသော တန်ဆာ ဆင်ခြင်း, တခုတည်းသော အစည်းအရုံး, တခုတည်းသော ပွဲလမ်းသဘင်သည် သာလျှင် ဖြစ်လတ်သည်ရှိသော် မြတ်စွာဘုရားသည် နဂါးတို့အား ချီးမြှောက်ခြင်းကို ပြုလိုသည်ဖြစ်၍ တခုသော ရတနာဖြင့် ပြီးသောလှေပေါ်သို့ တက်တော်မူလေ၏။
ရဟန်းတို့တွင်လည်း တပါးတပါးသော ရဟန်းသည် တစင်းတစင်းသော လှေပေါ်သို့သာလျှင် တက်တော်မူလေ၏။ နဂါးမင်းတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာ အပေါင်းကို နဂါးပြည်သို့ ဆောင်ယူပင့်သွင်းပြီးလျှင် ညဉ့်သုံးယာမ်ပတ်လုံး မြတ်စွာဘုရား၏အထံတော်၌ တရားစကားကို နာကြား၍ နှစ်ရက်မြောက်သော နေ့၌ နတ်၌ဖြစ်သော ခဲဖွယ်ဖြင့်၎င်း, ဘောဇဉ်ဖြင့်၎င်း ဘုရား အမှူးရှိသော ရဟန်းသံဃာအပေါင်းကို လုပ်ကျွေးသမှု ပြုစုကြလေကုန်၏။
မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုပြီးလျှင် နဂါးပြည်မှ ထွက်ခဲ့သဖြင့် အလုံးစုံသော စကြဝဠာ၌ နေကြကုန်သော နတ်တို့သည် ပူဇော်အပ် သည်ဖြစ်၍ ငါးရာသောလှေတို့ဖြင့် ဂင်္ဂါမြစ်ကို လွန်မြောက်တော် မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ခရီးဦးကြိုဆိုလျက် ဘုရားရှင်ကို လှေတော်မှ ပင့်ချ ဆောင်ယူပြီးလျှင် ကြွလာတော်မူသောအခါ လိစ္ဆဝီမင်းတို့သည် ပြုအပ်သော ပူဇော် သက္ကာရ ထက် နှစ်ဆတက်သော ပူဇော် သက္ကာရကို ပြု၍ ရှေးနည်းအားဖြင့်သာလျှင် ငါးရက်တို့ဖြင့် ရာဇဂြိုဟ် မြို့တော်သို့ ရှေးရှုပင့်ဆောင်လေ၏။
ရဟန်းတို့ အစည်းအဝေး၌ ပြောကြားခြင်း
နှစ်ရက်မြောက်သောနေ့၌ ရဟန်းတို့သည် ဆွမ်းခံရွာမှ ဖဲခဲ့ကြပြီးသည်ဖြစ်၍ ညချမ်းသောအခါ တရားသဘင်၌ စည်းဝေးကုန်လျက် “မြတ်စွာဘုရားတို့၏ အာနုဘော်သည် အံ့ဩဖွယ်ရှိပေစွ၊ မြတ်စွာဘုရား၌ နတ်လူတို့၏ ကြည်ညိုခြင်းသည် အံ့ဩဖွယ်ရှိပေစွ၊ ဂင်္ဂါမြစ်ကြီး၏သော်မှလည်း ဤမှာဘက်မှ၎င်း, ထိုမှာ ဘက်မှ၎င်း ရှစ်ယူဇနာရှိသော လမ်းခရီး၌ ဘုရားရှင်၌ဖြစ်သော ကြည်ညိုခြင်းဖြင့် ပြည့်ရှင်မင်းကြီးတို့သည် ညီညွတ်သော အပြင်ရှိအောင် မြေကိုပြု၍ သဲတို့ကို ကြဲကြကုန်လျက် ပုဆစ်ဒူးမျှလောက်သော အပိုင်းအခြားဖြင့် အထူးထူးသော အဆင်းရှိသော ပန်းတို့ကို ခင်းအပ်ကုန်၏။
ဂင်္ဂါမြစ်၌ ရေသည် နဂါးတို့၏ အာနုဘော်ကြောင့် ငါးပါးသော အဆင်းရှိသော ပဒုမာတို့ဖြင့် ဖုံးလွှမ်းအပ် သည်ဖြစ်၍ အကနိဋ္ဌဘုံ တိုင်အောင် ထီးအဆင့်ဆင့်တို့ကို စိုက်ထူအပ်ကုန်၏။ အလုံးစုံသော စကြဝဠာတိုက်သည် တခုတည်းသော တန်ဆာဆင်ခြင်း ရှိသည် ဖြစ်၍ တခု တည်းသော ပွဲလမ်းသဘင် အစုအရုံးကဲ့သို့ ဖြစ်ရလေ၏” ဟူသော စကားကို ဖြစ်စေကြလေကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သား ရဟန်းတို့ - ယခု ငါလာဆဲဖြစ်သော အခါ၌ အဘယ် မည်သောစကားဖြင့် စည်းဝေး ကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေး ကြပါသည်ဘုရား”ဟု နားတော် လျှောက်လတ်သည်ရှိသော် “ချစ်သား ရဟန်းတို့ - ဤသို့သော ပူဇော်သက္ကာရသည် ငါဘုရား၏ အာနုဘော်အားဖြင့် ဖြစ်သည် မဟုတ်၊ နဂါး နတ် ဗြဟ္မာတို့၏ အာနုဘော်အားဖြင့် ဖြစ်သည်မဟုတ်၊ လွန်လေပြီးသောအခါ အနည်းငယ်မျှကို စွန့်ခြင်း၏ အာနုဘော်အားဖြင့် ဖြစ်၏”ဟု မိန့်တော်မူလတ်သည် ရှိသော် ရဟန်းတို့သည် တောင်းပန် အပ်သည်ဖြစ်၍ ရှေးလွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
သုသီမ ပစ္စေကဗုဒ္ဓါ အတိတ်အကြောင်း
လွန်လေပြီးသောအခါ တက္ကသိုလ်ပြည်၌ သင်္ခ အမည်ရှိသော ပုဏ္ဏား တယောက်သည် ရှိလေ၏။ ထိုပုဏ္ဏား၏ သားဖြစ်သော သုသီမ အမည်ရှိသော လုလင်သည် တဆယ့်ခြောက်နှစ် အရွယ် ရှိသည်ဖြစ်၍ တနေ့သ၌ ဖခင်သို့ ချဉ်းကပ်ပြီးလျှင် “ဖခင်-ကျွန်တော်သည် ဗာရာဏသီပြည်သို့ သွား၍ ဗေဒင်တို့ကို သင်ကြားခြင်းငှါ အလိုရှိပါသည်”ဟု ဆိုလတ်သည်ရှိသော် ထိုအခါ၌ သုသီမ လုလင်ကို ဖခင်ပုဏ္ဏားကြီးသည် “ချစ်သား - ထိုသို့ဖြစ်မူ ဤမည်သော ပုဏ္ဏားသည် ငါ၏ အဆွေခင်ပွန်း ဖြစ်၏၊ ထိုပုဏ္ဏား၏ အထံသို့သွား၍ သင်ကြားချေလော့”ဟု ဆိုလေ၏။
ထိုသုသီမ လုလင်သည် “ကောင်းပါပြီ”ဟု ဝန်ခံပြီးလျှင် အစဉ်အတိုင်း အားဖြင့် ဗာရာဏသီပြည် သို့သွား၍ ထိုပုဏ္ဏားသို့ ချဉ်းကပ်လျက် ဖခင် စေလွှတ်လိုက်သောအဖြစ်ကို ပြောကြားလေ၏။ ထိုသို့ ပြောကြားသောအခါ သုသီမ လုလင်ကို ဗာရာဏသီပုဏ္ဏားသည် “ငါ့အဆွေခင်ပွန်း၏ သားတည်း”ဟု ဝန်ခံ၍ ငြိမ်းအေးသော ပင်ပန်းခြင်း ရှိသောအခါ ကောင်းသော နေ့ရက်အားဖြင့် ဗေဒင်တို့ကို သင်ပေး ပို့ချခြင်းငှါ အားထုတ်လေ၏။
ထိုသုသီမလုလင်သည် ဗေဒင်ကို များစွာသာလျှင် သင်ယူလျက် သင်ယူတိုင်း သင်ယူတိုင်းသော ဗေဒင်ကို ရွှေခွက် ထည့်အပ်သော ခြင်္သေ့ဆီကဲ့သို့ မပျောက် မပျက်အောင် ဆောင်လတ်သည် ရှိသော် မကြာမြင့်မီသာလျှင် ဆရာ၏ မျက်မှောက်မှ သင်ယူအပ်သော အတတ်ကို သင်ယူပြီးလျှင် သရဇ္ဈာယ်ခြင်းကို ပြုလတ်သည်ရှိသော် မိမိသင်ယူအပ်သော ဗေဒင်အတတ်၏ အစအလယ်ကို သာလျှင် မြင်ရ၏၊ အဆုံးကို မမြင်။
ထိုသုသီမ လုလင်သည် ဆရာသို့ ချဉ်းကပ်၍ “ကျွန်တော်သည် ဤဗေဒင် အတတ်၏ အစ အလယ်ကိုသာ မြင်ရပါသည်၊ အဆုံးကို မမြင်ရပါ”ဟု ဆိုလတ်သည်ရှိသော် ဆရာသည် “ချစ်သား- ငါသည်လည်း မမြင်”ဟု ဆိုလျှင် “ဆရာ ထိုသို့ မမြင်သည်ရှိသော် အဘယ်ဆရာသည် အဆုံးကို သိပါသနည်း”ဟု မေးလေသောကြောင့် “ချစ်သား ဤ ရသေ့တို့သည် ဣသိပတနတော၌ နေကြကုန်၏၊ ထိုရသေ့တို့သည် သိကုန်ရာ၏၊ ထိုရသေ့တို့၏ အထံသို့ ချဉ်းကပ်၍ မေးမြန်းချေ လော့”ဟု ဆိုလေ၏။
သုသီမလုလင် ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန်စံခြင်း
ထိုသုသီမလုလင်သည် ဆရာဆိုအပ်သည်ရှိသော် ပစ္စေကဗုဒ္ဓါတဆူသို့ ချဉ်းကပ်၍ “အရှင်ဘုရား တို့သည် အဆုံးကို သိတော်မူကြကုန်၏ဟု ကြားရပါသည်၊ မှန်ပါသလော ဘုရား”ဟု မေးလျှောက် လေ၏။ “သိသည်မှန်၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ တပည့်တော်အား မိန့်ကြားတော် မူကြပါ ဘုရား”ဟု လျှောက်လေ၏။ “ငါတို့သည် ရဟန်းမဟုတ်သောသူအား မပြောကြားကြကုန်၊
အကယ်၍သင့်အား အဆုံးဖြင့် အလိုရှိသည်ဖြစ်အံ့ ရဟန်းပြုလေလော့”ဟု ဆိုလတ်သည်ရှိသော် ထိုသုသီမ လုလင်သည် “ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ ထိုပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌ ရဟန်း ပြုလေ၏။ ထိုအခါ သုသီမရဟန်းအား ပစ္စေကဗုဒ္ဓါတို့သည် “ဤအတတ်ကို ရှေးဦးစွာ သင်ဦး လော့”ဟု မိန့်ဆို၍ “သင်သည် ဤသို့ဝတ်အပ်၏ ဤသို့ ရုံအပ်၏”ဟု ဤသို့ အစရှိသောနည်းဖြင့် အဘိသမာစာရိက အကျင့်ဝတ်ကို မိန့်ကြားကြလေကုန်၏။
ထိုသုသီမ ရဟန်းသည် ထိုအဘိသမာစာရိက အကျင့် ဝတ်၌သာလျှင် ကျင့်လတ်သည်ရှိသော် အကြောင်း ဥပနိဿယနှင့် ပြည့်စုံသည် အဖြစ်ကြောင့် မကြာမြင့်မီသာလျှင် ပစ္စေကသမ္ဗောဓိ ဉာဏ်ကို ထိုးထွင်း၍ သိတော်မူသဖြင့် အလုံးစုံသော ဗာရာဏသီပြည်၌ ကောင်းကင်အပြင်ဝယ် လပြည့်ဝန်းကဲ့သို့ ထင်ရှားသည်ဖြစ်၍ လာဘ်၏ပြန့်ပြောခြင်း အကျော်အစော၏ ပြန့်ပြောခြင်းသို့ ရောက်တော်မူလေ၏။
ထိုသုသီမ ပစ္စေကဗုဒ္ဓါသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော ကံကို ပြုဖူးသည် အဖြစ်ကြောင့် မကြာမြင့်မီ သာလျှင် ပရိနိဗ္ဗာန် ပြုတော်မူလေ၏။ ထိုသို့ ပရိနိဗ္ဗာန်ပြုသောအခါ ထိုသုသီမ ပစ္စေကဗုဒ္ဓါအား ပစ္စေကဗုဒ္ဓါတို့သည်၎င်း, များစွာသော လူအပေါင်းသည်၎င်း အလောင်းတော် သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြု၍ ဓာတ်တော်တို့ကိုလည်းယူ၍ မြို့တံခါး၌ စေတီတည်ထား ပြုလုပ်ကြ လေကုန်၏။
ဖခင်သင်္ခပုဏ္ဏား စေတီတော်ကို ပူဇော်ခြင်း
သင်္ခမည်သော ပုဏ္ဏားကြီးသည်လည်း “ငါ့သား သွားသည်ကား ကြာမြင့်လှပြီ၊ ထိုငါ့သား၏ အကြောင်းအရာကို သိအောင်ပြုအံ့”ဟု နှလုံးပြု၍ ထိုသားကို မြင်လိုသည် ဖြစ်ရကား တက္ကသိုလ်ပြည်မှ ထွက်ခဲ့၍ အစဉ်အတိုင်းအားဖြင့် ဗာရာဏသီပြည်သို့ ရောက်သွားလတ်သည် ရှိသော် စည်းဝေးသော များစွာသော လူအပေါင်းကို မြင်ရလျှင် “မချွတ် ဤသူတို့တွင် တယောက်သော သူသည်လည်း ငါ့သား၏ အကြောင်းအရာကို သိလတ္တံ့”ဟု နှလုံးသွင်း၍ ချဉ်းကပ်ပြီးလျှင် “သုသီမမည်သော လုလင်သည် ဤဗာရာဏသီပြည်သို့ ရောက်လာပါသည်၊ ထို သုသီမ လုလင်၏ အကြောင်းအရာကို သိကြပါကုန်သလော”ဟု မေးမြန်းလေ၏။
“ပုဏ္ဏားကြီး အကျွန်ုပ်တို့ သိကြပါ၏၊ ဤမည်သော ပုဏ္ဏား၏အထံ၌ ဗေဒင်သုံးပုံတို့ကို သင်အံ လေ့လာပြီးလျှင် ရဟန်းပြုသဖြင့် ပစ္စေကဗောဓိဉာဏ်တော်ကို မျက်မှောက်ပြုသည်ဖြစ်၍ ပရိနိဗ္ဗာန် စံယူတော်မူပါပြီ။ တည်ထားအပ်သော ဤစေတီကား ထိုသုသီမ ပစ္စေကဗုဒ္ဓါ၏ စေတီတည်း”ဟု ပြောဆိုလတ်သည် ရှိသော် ထိုသင်္ခပုဏ္ဏားသည် မြေကြီးကို လက်ဖြင့်ပုတ်ခတ်ခါ ငိုကြွေးမြည်တမ်း လျက် ထိုစေတီယင်ပြင်သို့ သွားပြီးလျှင် မြက်တို့ကို နုတ်၍ အပေါ်ရုံပုဆိုးဖြင့် သဲကို ဆောင်ယူ သဖြင့် စေတီယင်ပြင်၌ လောင်းပြီးလျှင် ကရားမှရေဖြင့် ဖျန်းပက်သဖြင့် တောပန်းတို့ဖြင့် ပူဇော်ခြင်းကို ပြု၍ ပုဆိုးဖြင့် ကုက္ကားကို တင်လှူပြီးလျှင် စေတီ၏ အထက်၌ မိမိ၏ထီးကို ဖွဲ့ချည်၍ ဖဲသွားလေ၏။
ကုသိုလ်နှင့် အကျိုးတွဲပြခြင်း
မြတ်စွာဘုရားသည် လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူ၍ “ချစ်သား ရဟန်းတို့ - ထိုအခါ ငါ ဘုရားသည် သင်္ခပုဏ္ဏားကြီး ဖြစ်ဖူး၏။
ငါ သင်္ခပုဏ္ဏားသည် သုသီမပစ္စေကဗုဒ္ဓါ၏ စေတီယင်ပြင်၌ မြက်တို့ကို နုတ်အပ်ဖူးကုန်၏၊ ငါ၏ ထိုကံ အကျိုးဆက်အားဖြင့် ရှစ်ယူဇနာရှိသော လမ်းခရီးကို နုတ်အပ်သော သစ်ငုတ် ဆူးငြောင့်ရှိသည်ကို ပြုလုပ်၍ စင်ကြယ်သော ညီညွတ်သော မြေအပြင်ကို ပြုလုပ်ကြရလေကုန်၏။
ငါ သင်္ခပုဏ္ဏားသည် ထိုသုသီမ ပစ္စေကဗုဒ္ဓါ၏ စေတီတော်၌ သဲတို့ကို ကြဲဖျန်းခဲ့ဖူး၏၊ ငါ၏ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် ရှစ်ယူဇနာ ရှိသော လမ်းခရီးကို သဲဖြန့်ကြဲကြရလေကုန်၏။
ထိုစေတီ၌ တောပန်းတို့ဖြင့် ပူဇော်ခြင်းကို ပြုဖူး၏၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် ရှစ်ယူဇနာ ရှိသော လမ်းခရီး၌ အထူးထူးသော အဆင်းရှိသော ပန်းတို့ကို ဖြန့်ကြဲကြရလေကုန်၏၊ တယူဇနာရှိသောအရပ်၌ ဂင်္ဂါမြစ်ရေကို ငါးပါးသော အဆင်းရှိသော ပဒုမာကြာ တို့ဖြင့် ဖုံးလွှမ်း အပ်လေ၏။
ငါ သင်္ခပုဏ္ဏားသည် ထိုစေတီတော်၌ ရေကရားမှ ရေဖြင့် မြေဖျန်းခဲ့ဖူး၏၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် ဝေသာလီပြည်၌ ကြာတော၌ ရွာသော မိုဃ်းနှင့် တူသော ပေါက္ခရမိုဃ်းသည် ရွာသွန်းလေ၏။
ငါ သင်္ခပုဏ္ဏားသည် ထိုစေတီ၌ ကုက္ကားတို့ကို စိုက်ထူအပ်ဖူးကုန်၏၊ ထီးကိုလည်း ဖွဲ့လှူဖူး၏၊ ငါ၏ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် အကနိဋ္ဌ ဗြဟ္မာ့ဘုံတိုင်အောင် တံခွန်ကုက္ကား အဆင့်ဆင့် သော ထီးစသည်ဖြင့် အလုံးစုံသော စကြဝဠာတိုက်သည် တခုတည်းသော ပွဲလမ်းသဘင် အစုအရုံးကဲ့သို့ ဖြစ်ရလေ၏။
ချစ်သား ရဟန်းတို့ - ဤသို့လျှင် ဤ ပူဇော်သက္ကာရသည် ငါဘုရား၏ အာနုဘော်ကြောင့် ဖြစ်သည်လည်းမဟုတ်၊ နဂါး, နတ်, ဗြဟ္မာတို့၏ အာနုဘော်ကြောင့် ဖြစ်သည် လည်းမဟုတ်၊ လွန်လေပြီးသောဘဝ၌ အနည်းငယ်မျှကို စွန့်ကြဲခြင်း၏ အာနုဘော်ကြောင့် ဖြစ်ရပေ၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
မတ္တာသုခ ပရိစ္စာဂါ၊ ပဿေ စေ ဝိပုလံ သုခံ။
စဇေ မတ္တာ သုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။
မတ္တာသုခ ပရိစ္စာဂါ = အနည်းငယ်သော အတိုင်းအရှည်ရှိသော ချမ်းသာကို စွန့်ခြင်းကြောင့်။
ဝိပုလံ = ကြီးကျယ်ပြန့်ပြောသော။
သုခံ = နိဗ္ဗာန်ချမ်းသာကို။
စေ ပဿေ = အကယ်၍ မြင်ငြားအံ့။
အထ၊ ထိုသို့ မြင်သည်ရှိသော်။
ဝိပုလံ = ကြီးကျယ် ပြန့်ပြောသော။
သုခံ = နိဗ္ဗာန်ချမ်းသာကို။
သမ္ပဿံ-သမ္ပဿန္တော = ကောင်းစွာမြင်သော။
ဓီရော = ပညာရှိသောသူသည်။
မတ္တာသုခံ = အနည်းငယ်သော ချမ်းသာကို။
စဇေ = စွန့်ရာ၏။
(တခုသော ဘောဇဉ်ခွက်၌ စီရင်စေ၍ သုံးဆောင် စားသောက်သော သူအား အနည်းငယ်သော ချမ်းသာ သုခမည်သည် ဖြစ်၏၊ ထိုချမ်းသာကို စွန့်၍ ဥပုသ်သီလ ဆောက်တည်သော သူအား၎င်း, အလှူလှူသော သူအား၎င်း ကြီးကျယ် ပြန့်ပြောသော နိဗ္ဗာန်ချမ်းသာ မည်သည် ဖြစ်၏၊ ဤသို့ ထို အနည်းငယ်သော ချမ်းသာသုခကို စွန့်ခြင်းကြောင့် ကြီးကျယ်ပြန့်ပြောသော ချမ်းသာကို အကယ်၍ မြင်သည်ဖြစ်အံ့၊ ထိုအခါ ထိုကြီးကျယ်ပြန့်ပြောသော ချမ်းသာကို ကောင်းစွာမြင်သော ပညာရှိသည် ထိုအနည်းငယ်သော ချမ်းသာကို စွန့်ရမည် ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေ ကုန်၏။
ကိုယ်တော်မြတ်၏ ရှေးကံဝတ္ထု ပြီး၏။
၂ - ကြက်ဥစားသော မိန်းမတယောက် ဝတ္ထု
ပရဒုက္ခူ ပဋ္ဌာနေန - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကြက်ဥစားသော မိန်းမ တယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
လျှာအလိုလိုက်၍ ဘီလူးဖြစ်ခြင်း
သာဝတ္ထိပြည်၏ မနီးမဝေးသော အရပ်၌ ပဏ္ဍုရမည်သော ရွာတခုသည် ရှိသတတ်၊ ထိုရွာ၌ တံငါသည် တယောက်သည် နေ၏၊ ထိုတံငါသည်သည် သာဝတ္ထိ ပြည်သို့ လာလတ်သည်ရှိသော် အစိရဝတီမြစ်၌ လိပ်ဥတို့ကိုမြင်၍ ထိုလိပ်ဥတို့ကို ယူဆောင်ခဲ့သဖြင့် သာဝတ္ထိပြည်သို့လာ၍ တခုသော အိမ်၌ ချက်ပြုတ်စေပြီးလျှင် စားလတ်သည်ရှိသော် ထိုအိမ်၌ရှိသော သတို့သ္မီးငယ် အားလည်း လိပ်ဥတလုံးကို ပေးလေ၏။
ထို သတို့သ္မီးငယ်သည် ထိုလိပ်ဥကို စားပြီးလျှင် ထိုနေ့မှစ၍ တပါးသော စားသောက်ဖွယ် မည်သည်ကို အလိုမရှိလေ၊ ထိုသို့ အလိုမရှိလတ်သည်ရှိသော် သတို့သ္မီးငယ်၏ မိခင်သည် ကြက်မ ဥရာ မြုံမှ ကြက်ဥတလုံးကို ယူ၍ပေးလေ၏။ ထို သတို့သ္မီးငယ်သည် ကြက်ဥကို စားပြီးလျှင် ရသတဏှာဖြင့် ဖွဲ့အပ်သည် ဖြစ်ရကား ထိုနေ့မှစ၍ မိမိအလိုလိုသာလျှင် ကြက်မ၏ အဥတို့ကို ယူ၍စား၏။
ကြက်မသည် ဥတိုင်း ဥတိုင်းသော အခါ၌ မိမိ၏ အဥတို့ကို ယူ၍ စားသော ထို သတို့သ္မီးငယ်ကို မြင်ရသဖြင့် ထိုသတို့သ္မီးငယ်ကြောင့် ပင်ပန်း တုန်လှုပ်ခြင်းသို့ ရောက်သော ထိုကြက်မသည် ရန်ငြိုးဖွဲ့၍ “ယခုအခါ ဤကိုယ်အဖြစ်မှ စုတေသည် ရှိသော် ဘီလူးမဖြစ်၍ သင် ဖွားတိုင်းသော သားငယ်တို့ကို စားခြင်းငှါ စွမ်းနိုင်သောသူ၏ အဖြစ်ဖြင့် ဖြစ်ရပါစေသော်”ဟု ဆုတောင်းခြင်းကို ဖြစ်စေပြီးလျှင် သေလတ်သည်ရှိသော် ထိုအိမ်၌ပင်လျှင် ကြောင်မတကောင်၏ အဖြစ်ဖြင့် ဖြစ်လာ၏။
သတို့သ္မီးငယ်သည် သေလတ်သည်ရှိသော် ထိုအိမ်၌ပင်လျှင် ကြက်မ၏ အဖြစ်ဖြင့် ဖြစ်ရရှာလေ၏။ ကြက်မသည် အဥတို့ကို ဥ၏၊ ကြောင်မသည် လာလတ်၍ ထိုကြက်ဥတို့ကို စားပြီးလျှင် နှစ်ကြိမ် မြောက်၎င်း, သုံးကြိမ်မြောက်၎င်း စားပြန်သည်သာလျှင်တည်း။ ကြက်မသည် “သုံးကြိမ်တို့ တိုင်အောင် ငါ၏ အဥ တို့ကို စားပြီးလျှင် ယခုအခါ ငါ့ကိုလည်း စားခြင်းငှါ အလိုရှိဘိ၏။
“ဤကိုယ်အဖြစ်မှ စုတေမနေ သေလွန်လေသည်ရှိသော် သားသ္မီးနှင့်တကွ ထို ကြောင်မကို စားခြင်းငှါ ရပါလို၏”ဟု ဆုတောင်းခြင်းကို ပြု၍ ထိုဘဝမှ စုတေသည်ရှိသော် ကျားသစ်မ၏ အဖြစ်ဖြင့် ဖြစ်လေ၏၊ ကြောင်မသည်လည်း သေ၍ သမင်မ၏ အဖြစ်ဖြင့် ဖြစ်လေ၏။ ထိုသမင်မ၏ သားဖွားသောအခါ၌ ကျားသစ်မသည် လာလတ်၍ ထိုသမင်မကို သားတို့နှင့်တကွ စားလေ၏။
ဤသို့ စားကြကုန်လျက် ငါးရာသော ကိုယ်အဖြစ်တို့၌ တယောက်သည် တယောက်၏ ဆင်းရဲကို ဖြစ်စေပြီးလျှင် အဆုံး၌ တယောက်ကား ဘီလူးမ၏ အဖြစ်ဖြင့် ဖြစ်လေ၏၊ တယောက်ကား သာဝတ္ထိပြည်၌ အမျိုးသ္မီး၏ အဖြစ်ဖြင့် ဖြစ်လေ၏။
(ဤမှနောက်၌ ကာဠီ ဘီလူးမ ဝတ္ထုလာ “န ဟိ ဝေရေန ဝေရာနိ” ဟူသော ဂါထာ၌ ဆိုအပ်ပြီး သော နည်းအားဖြင့်သာလျှင် သိအပ်၏။)
ဤဝတ္ထု၌ မြတ်စွာဘုရားသည် “ရန်ဟူသည် ရန်တုံ့မမူသဖြင့် ငြိမ်းအေး၏၊ ရန်တုံ့မူသဖြင့် မငြိမ်းအေးနိုင်”ဟု မိန့်တော်မူပြီးလျှင် နှစ်ယောက်စလုံးဖြစ်သော သူတို့အားလည်း တရားဟောလို ရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ပရဒုက္ခူပဋ္ဌာနေန၊ ယော အတ္တနော သုခမိစ္ဆတိ။
ဝေရသံသဂ္ဂ သံသဋ္ဌော၊ ဝေရာ သော န ပရိမုစ္စတိ။
ယော = အကြင်သူသည်။
ပရဒုက္ခူပဋ္ဌာနေန = သူတပါးအပေါ်၌ ဒုက္ခထင်စေခြင်းဖြင့်။
ဝါ- သူတပါးအား ဆင်းရဲကို ဖြစ်စေသဖြင့်။
အတ္တနော = မိမိ၏။
သုခံ = ချမ်းသာကို။
ဣစ္ဆတိ = အလိုရှိ၏။
သော = ထိုသူသည်။
ဝေရသံသဂ္ဂသံသဋ္ဌော = ရန်ရောယှက်ခြင်းဖြင့် ရောနှောသည်ဖြစ်၍။
ဝေရာ = ရန်မှ။
န ပရိမုစ္စတိ = မလွတ်။
(ဆဲဆိုခြင်း, ရေရွတ်ခြင်း, ပုတ်ခတ်ခြင်း တဖန်ပြန်၍ ပုတ်ခတ်ခြင်း စသည်တို့၏ အစွမ်းဖြင့် အချင်းချင်း ရန်ရောယှက်ခြင်းဖြင့် ရောနှောသောသူသည် အမြဲကာလပတ်လုံး ရန်၏အစွမ်းဖြင့် ဆင်းရဲသို့သာ ရောက်ရ၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ဘီလူးမသည် သရဏဂုံတို့၌ တည်၍ ငါးပါးသော သီလတို့ကို ဆောက်တည်သဖြင့် ရန်မှ လွတ်ကင်းလေ၏၊ အမျိုးသ္မီးသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
ကြက်ဥစားသော မိန်းမဝတ္ထု ပြီး၏။
၃ - ဘဒ္ဒိယရဟန်းတို့ဝတ္ထု
ယံ ဟိ ကိစ္စံ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ကို အမှီပြု၍ မြတ်လေးတော၌ နေတော်မူစဉ် ဘဒ္ဒိယမြို့သား ဖြစ်ကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဘဒ္ဒိယမြို့သား ရဟန်းများ
ခြေနင်းအမျိုးမျိုး စီးခြင်းကို ကဲ့ရဲ့တော်မူခြင်း
ထိုဘဒ္ဒိယမြို့၌ နေကြကုန်သော ရဟန်းတို့သည် ခြေနင်းကို တန်ဆာဆင်ခြင်းဖြင့် အားထုတ်ကြ ကုန်သော ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်သတတ်၊ ပါဠိတော်၌ အဘယ်သို့ ဟောတော်မူသနည်း ဟူမူကား- ထိုအခါ ဘဒ္ဒိယမြို့၌ နေကြကုန်သော ရဟန်းတို့သည် များစွာသော အစီအရင်ရှိသော ခြေနင်းကို တန်ဆာဆင်ခြင်းနှင့် ယှဉ်သည်ကို အားထုတ်လျက် နေကြကုန်၏။
မြက်ဖြင့်ပြီးသော ခြေနင်းကို မိမိတို့လည်း ပြုကြကုန်၏၊ သူတပါးကိုလည်း ပြုစေကြကုန်၏၊ ဖြူဆံမြက်ဖြင့် ပြီးသော ခြေနင်းကို မိမိတို့လည်း ပြုကြကုန်၏၊ သူတပါးကိုလည်း ပြုစေကြကုန်၏၊ ပြိတ်မြက်ဖြင့်ပြီးသောခြေနင်းကို၊ နုန်းဖြင့်၊ ဝါ-မင်းဘောဖြင့်ပြီးသောခြေနင်းကို၊ ကမ္ဗလာဖြင့်ပြီးသော ခြေနင်းကို မိမိတို့လည်း ပြုကြကုန်၏၊ သူတပါးကိုလည်း ပြုကြကုန်၏၊ ပါဠိသင်ခြင်းသည်၎င်း, အဋ္ဌကထာ မေးမြန်းခြင်းသည်၎င်း, အဓိသီလ သိက္ခာသည်၎င်း, အဓိစိတ္တသိက္ခာသည်၎င်း, အဓိပညာသိက္ခာသည်၎င်း ဆိတ်ကုန် ကင်းကုန်၏၊ ဤသို့ ပါဠိတော်၌ ဟောတော်မူ၏။
တပါးသော ရဟန်းတို့သည် ထိုဘဒ္ဒိယမြို့၌ နေကြကုန်သော ရဟန်းတို့၏ ထိုသို့ ပြုလုပ်သည့် အဖြစ်ကို ကဲ့ရဲ့ပြီးလျှင် မြတ်စွာဘုရားအား လျှောက်ကြားကြလေ၏၊ မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့၌ နေကြကုန်သော ရဟန်းတို့ကို ကဲ့ရဲ့တော်မူပြီးလျှင် “ချစ်သားရဟန်းတို့ - သင်တို့သည် တပါးသော အရဟတ္တဖိုလ် ကိစ္စဖြင့် ရောက်လာကြကုန်လျက် တပါးသော ခြေနင်းကိစ္စ၌ သာလျှင် အားထုတ်ကြကုန်ဘိ၏”ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။
ဒေသနာတော်
ယံ ဟိ ကိစ္စံ အပဝိဒ္ဓံ၊ အကိစ္စံ ပန ကယိရတိ။
ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ဝဍ္ဎန္တိ အာသဝါ။
ယေသဉ္စ သုသမာရဒ္ဓါ၊ နိစ္စံ ကာယဂတာသတိ။
အကိစ္စံ တေ န သေဝန္တိ၊ ကိစ္စေ သာတစ္စကာရိနော။
သတာနံ သမ္ပဇာနာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။
ယံ ကိစ္စံ = အကြင်ရဟန်း၏ ကိစ္စသည်။
အတ္ထိ = ရှိ၏။
တံ ကိစ္စံ = ထိုရဟန်း၏ ကိစ္စကို။
အပဝိဒ္ဓံ = စွန့်ပစ်အပ်၏။
(ရဟန်းပြုသောကာလမှ စ၍ အပိုင်းအခြား မရှိသော သီလကို စောင့်ရှောက်ခြင်း, တောကျောင်း နေခြင်း, ဓုတင်ဆောင်ခြင်း, ဘာဝနာ၌ မွေ့လျော်ခြင်း စသည်တို့သည် ရဟန်း၏ ကိစ္စမည်၏၊ ဤ ဘဒ္ဒိယမြို့နေ ရဟန်းတို့ကား မိမိ၏ကိစ္စကို စွန့်ပစ်ဘိ၏ ဟူလို။)
အကိစ္စံ ပန = ရဟန်းကိစ္စ မဟုတ်သည်ကိုကား။
ကယိရတိ = ပြုလုပ်ဘိ၏။
(ထီးတန်ဆာဆင်ခြင်း, ဘိနပ်တန်ဆာဆင်ခြင်း, ခြေနင်း သပိတ် ခွက် ဓမ္မကရိုဏ် ခါးပန်းကြိုး ပခုံးလွယ်ကြိုး တန်ဆာဆင်ခြင်း အစရှိသည်သည် ရဟန်း၏ ကိစ္စမဟုတ်သည် မည်၏၊ ထိုရဟန်း ကိစ္စ မဟုတ်သည်ကို ပြုလုပ်ဘိ၏ ဟူလို။)
ဥန္နဠာနံ = ထောင်လွှားသော မာန်မာန ရှိကြကုန်သော။
(ကျူ ဝါး အဖျားထောင်သကဲ့သို့ မာနမြင့်အောင် ထောင်သည်ဟူလို။)
ပမတ္တာနံ = သတိလွတ်ကင်းသဖြင့် မေ့လျော့ခြင်း ရှိကုန်သော။
တေသံ = ထိုရဟန်းတို့အား။
အာသဝါ = အာသဝေါတရား လေးပါးတို့သည်။
ဝဍ္ဎန္တိ = တိုးပွားကုန်၏။
ယေသဉ္စ = အကြင်ရဟန်းတို့သည်ကား။
နိစ္စံ = အခါခပ်သိမ်း။
ကာယဂတာသတိ = ဒွတ္တိံသာကာရ၌ အဖန်ဖန်ရှုသည့် အစွမ်းဖြင့်ဖြစ်သော ဘာဝနာသတိကို။
သုသမာရဒ္ဓါ = ကောင်းစွာအားထုတ်အပ်၏။
တေ = ထိုရဟန်းတို့သည်။
အကိစ္စံ = ရဟန်းကိစ္စ မဟုတ်သော တန်ဆာဆင်ခြင်းစသော ကိစ္စကို။
န သေဝန္တိ န ကရောန္တိ = မပြုကြကုန်။
ကိစ္စေ = ရဟန်းတို့ပြုအပ်သော သီလက္ခန် အစရှိသော ကိစ္စ၌။
သာတစ္စကာရိနော = မပြတ် အရိုအသေ ပြုလေ့ရှိကြကုန်၏။
သတာနံ = သတိရှိကြကုန်သော။
သမ္ပဇာနာနံ = လေးပါးသော သမ္ပဇဉ် ရှိကြကုန်သော။
တေသံ = ထိုရဟန်းတို့အား။
အာသဝါ = အာသဝေါတရား လေးပါးတို့သည်။
အတ္ထံ = ချုပ်ခြင်း ကုန်ခြင်းသို့။
ဂစ္ဆန္တိ = ရောက်ကြကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုဘဒ္ဒိယမြို့၌ နေကြကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူ လေ၏။
ဘဒ္ဒိယရဟန်းတို့ဝတ္ထု ပြီး၏။
၄ - လကုဏ္ဍကဘဒ္ဒိယမထေရ် ဝတ္ထု
မာတရံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် လကုဏ္ဍက ဘဒ္ဒိယ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
တဏှာ မာနဟူသော မိဘသတ်မှ ချမ်းသာခြင်း
တနေ့သ၌ များစွာကုန်သော ဧည့်သည် အာဂန္တုက ရဟန်းတို့သည် နေ့သန့်ရာအရပ်၌ သီတင်း သုံးနေတော်မူသော မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏၊ ထိုခဏ၌ လကုဏ္ဍက ဘဒ္ဒိယမထေရ်သည် မြတ်စွာဘုရား၏ မနီးမဝေးသော အရပ်မှ လွန်၍ ကြွသွားတော်မူလေ၏။
မြတ်စွာဘုရားသည် ထို အာဂန္တုက ရဟန်းတို့၏ စိတ်၏ဖြစ်ပုံကို သိတော်မူသဖြင့် ကြည့်ရှုတော် မူလျက် “ချစ်သား ရဟန်းတို့ - ရှုကြကုန်လော့၊ ဤရဟန်းသည် အမိအဖတို့ကို သတ်ပြီးလျှင် ဆင်းရဲခြင်း မရှိသည်ဖြစ်၍ သွားဘိ၏”ဟု မိန့်တော်မူလတ်သည်ရှိသော် ထိုအာဂန္တုက ရဟန်း တို့သည် “အဘယ်ကို မြတ်စွာဘုရားသည် မိန့်ဆိုတော်မူပါဘိသနည်း”ဟု အချင်းချင်း မျက်နှာတို့ကို ကြည့်ရှုလျက် သံသယသို့ ပြေးဝင်ကြကုန်သည်ဖြစ်ရကား - “ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား - အဘယ့်ကြောင့် ဤစကားကို မိန့်တော်မူကြပါသနည်း ဘုရား”ဟု နားတော် လျှောက်သောကြောင့် ထိုရဟန်းတို့အား တရားဟောတော်မူလိုသော မြတ်စွာဘုရားသည် ဤ ဂါထာကို ဟောကြားတော်မူလေ၏။
ပဌမ ဒေသနာတော်
မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။
မာတရံ = အမိကို၎င်း။
ပိတရံ = အဘကို၎င်း။
ဟန္တွာ = သတ်ဖြတ်၍။
ခတ္တိယေ = ခတ္တိယဇာတ် မင်းမျိုးမြတ် ဖြစ်ကုန်သော။
ဒွေ စ ရာဇာနော = ပြည့်ရှင်မင်းကြီး နှစ်ဦးတို့ကိုလည်း။
ဟန္တွာ = သတ်ဖြတ်၍။
သာနုစရံ = သူလျှို ယောက်ျားနှင့်တကွ ဖြစ်သော။
ဝါ- အခွန်သိမ်းတတ်သော အမတ်ကြီးနှင့်တကွ ဖြစ်သော။
ရဋ္ဌဉ္စ = တိုင်းပြည်ကြီးကိုလည်း။
ဟန္တွာ = ဖျက်ဆီး၍။
ဗြာဟ္မဏော = ပုဏ္ဏားသည်။
အနီဃော = ဆင်းရဲခြင်းမရှိသည်ဖြစ်၍။
ယာတိ = သွား၏။
(ဤကား ဖွင့်၍ဆိုအပ်သော အလိုမရှိအပ်သော အနက်။)
မာတရံ = တဏှာဟူသော အမိကို၎င်း။
ပိတရံ = မာနဟူသော အဘကို၎င်း။
ဟန္တွာ = သတ်ဖြတ်၍။
(တဏှာ ဇနေတိ ပုရိသံ-ဟု ဟောတော်မူသည်ဖြစ်၍ ဘဝသုံးပါးတို့၌ သတ္တဝါတို့ကို ဖြစ်စေတတ် သောကြောင့် တဏှာသည် အမိမည်၏၊ ငါကား ဤမည်သော မင်းကြီး၏သား ဖြစ်သည်၊ ဤ မည်သောမင်းအမတ်ကြီး၏သား ဖြစ်သည်ဟု အဘကိုအားကိုး၍ မာန်မာနဖြစ်တတ်သောကြောင့် မာနသည် အဘမည်၏၊ ထိုတဏှာနှင့် မာနကို ပယ်သည် ဟူလို။)
ခတ္တိယေ = မင်းမျိုးဟု ဆိုအပ်ကုန်သော။
ဒ္ဓေ စ ရာဇာနော = သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ ဟူသော ပြည့်ရှင်မင်းကြီး နှစ်ဦးတို့ကိုလည်း။
ဟန္တွာ = သတ်ဖြတ်၍။
(လူအပေါင်းသည် ပြည့်ရှင်မင်းကြီးထံသို့ ဆည်းကပ် သက်ဝင်ရသကဲ့သို့ အလုံးစုံသော ဒိဋ္ဌိတရား တို့သည်လည်း သဿတ, ဥစ္ဆေဒဟူသော ဒိဋ္ဌိကြီး နှစ်ပါးတို့ထံသို့သာ ဆည်းကပ် သက်ဝင်ကြ ရကုန်၏၊ ထို့ကြောင့် သဿတ, ဥစ္ဆေဒ ဒိဋ္ဌိကြီး နှစ်ပါးတို့သည် ပြည့်ရှင်မင်းကြီး နှစ်ဦးတို့ မည်ကုန်၏၊ ထိုဒိဋ္ဌိ ကြီး နှစ်ပါးကိုလည်း ပယ်သည် ဟူလို။)
သာနုစရံ = နန္ဒီရာဂဟူသော အခွန်သိမ်း အမတ်နှင့်တကွ ဖြစ်သော။
ရဋ္ဌဉ္စ = အာယတန တဆယ့်နှစ်ပါး တည်းဟူသော တိုင်းပြည်ကြီးကိုလည်း။
ဟန္တွာ = ဖျက်ဆီး၍။
(တဆယ့်နှစ်ပါးသော အာယတနတို့သည် ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောကြောင့် တိုင်းပြည် ကြီးနှင့် တူ၏၊ ထိုအာယတနလျှင် မှီရာရှိသော နှစ်သက်စုံမက်တတ်သော နန္ဒီရာဂ တဏှာသည် အခွန်သိမ်း အမတ်ကြီး မည်၏၊ ထို နန္ဒီရာဂနှင့် တကွသော အာယတန တဆယ့်နှစ်ပါးကိုလည်း ပယ်သည် ဟူလို။)
ဗြာဟ္မဏော = မကောင်းမှုမှ အပပြုပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။
အနီဃော = ဆင်းရဲခြင်း မရှိသည်ဖြစ်၍။
ယာတိ = ဖြစ်၏။
ဝါ၊ နိဗ္ဗာန်သို့သွား၏။
ထို တဏှာ, မာန, ဒိဋ္ဌိ, အာယတန, နန္ဒီရာဂတို့ကို အရဟတ္တမဂ်ဉာဏ် သန်လျက်ဖြင့် ဖျက်ဆီးပြီးသည် အဖြစ်ကြောင့် ကုန်ပြီးသော အာသဝေါ ရှိသော ရဟန္တာပုဂ္ဂိုလ်မြတ်သည် ဝဋ် ဆင်းရဲ မရှိသည်ဖြစ်၍ သွား၏ဟူလို။
(ဤကား စိတ်တော်၌ထားသော အလိုရှိအပ်သော အနက်။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထို အာဂန္တုက ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။
(ဒုတိယ ဂါထာ၌လည်း ရှေ့နှင့် တူသည်သာလျှင်တည်း။)
ထိုအခါ၌လည်း မြတ်စွာဘုရားသည် လကုဏ္ဍက ဘဒ္ဒိယ မထေရ်ကိုသာလျှင် ဟောကြားတော် မူလေ၏၊ အာဂန္တုကရဟန်းတို့အား တရားတော်ကို ဟောကြားတော်မူလိုသော မြတ်စွာဘုရားသည် ဤဂါထာကို မိန့်ကြားတော်မူလေ၏။
ဒုတိယ ဒေသနာတော်
မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ သောတ္ထိယေ။
ဝေယျဂ္ဃပဉ္စမံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။
မာတရံ = အမိကို၎င်း။
ပိတရံ = အဘကို၎င်း။
ဟန္တွာ = သတ်ဖြတ်၍။
ရာဇာနော = မင်းဖြစ်ကုန်သော။
ဒွေ စ သောတ္ထိယေ = နှစ်ယောက်သော ပုဏ္ဏားတို့ကိုလည်း။
ဟန္တွာ = သတ်ဖြတ်၍။
ဝေယျဂ္ဃဉ္စမံ = ကျားရဲသွားရာ လမ်းခရီးလျှင် ငါးခုမြောက်ရှိသောလမ်းခရီးကို။
ဟန္တွာ = ဖျက်ဆီး၍။
ဗြာဟ္မဏော = ပုဏ္ဏားသည်။
ယာတိ = သွား၏။
(ဤကား ဖွင့်၍ ဆိုအပ်သော အလိုမရှိအပ်သော အနက်။)
မာတရံ = တဏှာဟူသော အမိကို၎င်း။
ပိတရံ = မာနဟူသော အဘကို၎င်း။
ဟန္တွာ = သတ်ဖြတ်၍။
ရာဇာနော = မင်းဖြစ်ကုန်သော။
ဒွေ စ သောတ္ထိယေ = သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ဟူသော ပုဏ္ဏားနှစ်ယောက်တို့ကိုလည်း။
ဟန္တွာ = သတ်ဖြတ်၍။
(ဤဂါထာ၌ မြတ်စွာဘုရားသည် တရားအားဖြင့် အစိုးရတော်မူသော ဓမ္မိဿရ ဖြစ်သော ကြောင့်၎င်း, ဒေသနာ အစီအရင်၌ ကျွမ်းကျင်လိမ်မာတော် မူသောကြောင့်၎င်း သဿတ, ဥစ္ဆေဒ ဒိဋ္ဌိကြီးတို့ကို နှစ်ဦးသော ပုဏ္ဏား မင်းတို့ဟု ပြု၍ ဟောတော်မူသည် ဟူလို။)
ဝေယျဂ္ဃပဉ္စမံ = ကျားရဲသွားရာ လမ်းခရီးနှင့်တူသော ဝိစိကိစ္ဆာလျှင် ငါးခုမြောက်ရှိသော နီဝရဏ ငါးပါး အပေါင်းကို။
ဟန္တွာ = အကြွင်းမဲ့ ဖျက်ဆီး၍။
(ကျားရဲ လှည့်လည်ရာဖြစ်၍ ဘေးရန် ရှိသဖြင့် သွားရန် ခဲယဉ်းသော လမ်းခရီးသည်“ဝေယျဂ္ဃ” ပင်မည်၏။ ထိုဝိစိကိစ္ဆာနီဝရဏသည်လည်း ၎င်းနှင့် တူသောကြောင့် “ဝေယျဂ္ဃ” ပင် မည်၏၊ ထိုဝိစိကိစ္ဆာလျှင် ငါးခုမြောက်ရှိသော နီဝရဏ တရားအပေါင်းသည် “ဝေယျဂ္ဃ ပဉ္စမ” မည်၏၊ နီဝရဏ တရားငါးပါးဟူလို၊ ထို ဝေယျဂ္ဃ ပဉ္စမ မည်သော နီဝရဏတရားငါးပါး အပေါင်းကို အရဟတ္တမဂ် ဉာဏ် သန်လျက်ဖြင့် အကြွင်းမဲ့ပြုသည် ဟူလို။)
ဗြာဟ္မဏော = မကောင်းမှုမှ အပပြုပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။
အနီဃော = ဆင်းရဲခြင်း မရှိသည်ဖြစ်၍။
ယာတိ = ဖြစ်၏။
ဝါ- နိဗ္ဗာန်သို့သွား၏။
(အကြွင်းကား ရှေးနှင့် တူသည်သာလျှင်တည်း။)
(ဤကား- စိတ်တော်၌ထားသော အလိုရှိအပ်သော အနက်။)
လကုဏ္ဍကဘဒ္ဒိယမထေရ်ဝတ္ထု ပြီး၏။
၅ - ထင်းလှည်းသမား၏ သားဝတ္ထု
သုပ္ပဗုဒ္ဓံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ထင်းလှည်းသမား၏ သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
နမော ဗုဒ္ဓဿ နှင့် မိစ္ဆာဒိဋ္ဌိသူငယ်
ရာဇဂြိုဟ်ပြည်၌ သမ္မာဒိဋ္ဌိ အယူရှိသော သူ၏သားသည်၎င်း, မိစ္ဆာဒိဋ္ဌိ အယူရှိသော သူ၏သား သည်၎င်း ဤသူငယ် နှစ်ယောက်တို့သည် မပြတ် ဂုံညင်း ကစားခြင်းကို ကစားကြကုန်သတတ်။
ထိုသူနှစ်ယောက်တို့တွင် သမ္မာအယူရှိသော သူ၏သားသည် ဂုံညင်းကို ပစ်လတ်သည်ရှိသော် မြတ်စွာဘုရား၏ဂုဏ်ကို အဖန်ဖန် အောက်မေ့သော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ဆင်ခြင်နှလုံးသွင်း၍ “နမောဗုဒ္ဓဿ” ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏ဘုရားဟု ဆိုလျက် ဂုံညင်းကိုပစ်၏။
မိစ္ဆာအယူရှိသောသူ၏ သားသည် တိတ္ထိတို့၏ဂုဏ်ကျေးဇူးတို့ကို ရည်စူး၍ “နမော အရဟန္တာနံ” အရဟန္တာနံ၊ ရဟန္တာကြီးတို့အား။ နမော၊ ရှိခိုးပါ၏ဘုရားဟုဆို၍ ပစ်၏။
ထိုသူငယ်နှစ်ယောက်တို့တွင် သမ္မာအယူရှိသော သူ၏သားသည် အောင်၏၊ နိုင်၏၊ မိစ္ဆာအယူ ရှိသော သူ၏သားသည်ကား ရှုံး၏၊ ထိုမိစ္ဆာအယူရှိသောသူ၏ သားသည် ထိုသမ္မာအယူရှိသော သူ၏သား ပြုလုပ်ပုံအမူအရာကိုမြင်ရလျှင် ဤသူသည် ဤသို့အောက်မေ့၍ ဤသို့ဆို၍ ဂုံညင်းကို ပစ်သည်ရှိသော် ငါ့ကိုနိုင်၏၊ ငါသည်လည်း ဤသူကဲ့သို့ သဘောရှိသည်ကို ပြုလုပ်ဦးအံ့ဟု နှလုံးပြု၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၌ လေ့လာခြင်းကိုပြုလေ၏။
ထိုမှနောက် တနေ့သ၌ ထိုသူငယ်၏ ဖခင်သည် လှည်းကို က၍ ထင်းတို့၏အကျိုးငှါ သွားလတ် သော်လည်း ထိုသူငယ်ကို ခေါ်သွားသဖြင့်တောအုပ်၌ ထင်းတို့ဖြင့် လှည်းကိုပြည့်စေ၍ ပြန်လာ သည်ရှိသော် မြို့၏အပ သုသာန်၏အနီး ရေဖြင့် ချမ်းသာရာ အရပ်တခု၌ နွားတို့ကို ဖြေလွှတ်ပြီးလျှင် ထမင်းစားခြင်းကို ပြုလေ၏။
ထိုအခါ၌ ထိုထင်းလှည်းသမား၏ ထိုနွားတို့သည် ညချမ်းသောအခါ မြို့တွင်းသို့ဝင်သော နွား အပေါင်းနှင့်အတူ တကွ မြို့တွင်းသို့သာလျှင် ဝင်ကြလေကုန်၏၊ ထင်းလှည်းသမားသည်လည်း နွားတို့ကို အစဉ်အတိုင်း လိုက်သဖြင့် မြို့တွင်းသို့ဝင်ပြီးလျှင် ညချမ်းသောအခါ နွားတို့ကို မြင်ရလျှင် ယူ၍ ထွက်လတ်သည်ရှိသော် မြို့တံခါးကို ကောင်းစွာမမှီခဲ့လေ၊ ထိုထင်းလှည်းသမား မရောက်မီ ကပင်လျှင် မြို့တံခါးကို ပိတ်လေ၏။
ထိုသို့ တံခါးပိတ်ထားသောအခါ ထိုထင်းလှည်းသမား၏ သားငယ်သည် တယောက် အထီးတည်း သာလျှင် ညဉ့်အတို့၌ လှည်း၏အောက်တွင် တုံးလုံးလှဲကာ အိပ်ပျော်ခြင်းသို့ ရောက်ရရှာလေ၏။
ဘီလူးလာဆွဲသဖြင့် ရွတ်ဆိုပုံ
ရာဇဂြိုဟ်ပြည်သည်ကား ပြကတေ့ အားဖြင့်လည်း ဘီလူးတို့သည် များပြားကုန်၏၊ ဤသူငယ် သည်လည်း သုသာန်၏ အနီး၌ အိပ်ပျော်ရှာလေ၏၊ ထိုအရပ်၌ သူငယ်ကို ဘီလူး နှစ်ယောက်တို့သည် မြင်ကြလေကုန်၏၊ ဘီလူးတယောက်သည် သာသနာတော်၏ ဆူးငြောင့် သဖွယ်ဖြစ်သော မှားသော မိစ္ဆာအယူရှိ၏၊ ဘီလူး တယောက်ကား မှန်သော သမ္မာအယူရှိ၏။
ထိုဘီလူး နှစ်ယောက်တို့တွင် မိစ္ဆာအယူရှိသော ဘီလူးသည် ဤသူငယ်ကား ငါတို့၏ အစာတည်း၊ ဤသူငယ်ကို စားကြကုန်အံ့ဟု ဆိုလေ၏၊ သမ္မာအယူရှိသော ဘီလူးသည် မသင့်လျော်ပေ၊ မနှစ်သက်ပါလေလင့်ဟု တားမြစ်လေ၏။
ထိုမိစ္ဆာအယူရှိသော ဘီလူးသည် ထို သမ္မာအယူရှိသော ဘီလူး တားမြစ်သော်လည်း ထိုဘီလူး၏ စကားကို မနာယူမူ၍ သူငယ်ကို ခြေတို့၌ကိုင်၍ ဆွဲငင်လေ၏၊ ထိုသူငယ်သည် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၌ လေ့ကျက်ခြင်း ရှိသည့် အဖြစ်ကြောင့် ဆွဲငင်သောခဏ၌ “နမော ဗုဒ္ဓဿ” ဟူ၍ ရွတ်ဆိုလိုက်လေ၏၊ ဘီလူးသည် ကြီးစွာသော ဘေးဖြင့် ကြောက်လန့်သည်ဖြစ်၍ နောက်သို့ ဆုတ်ဖဲကာ ရပ်တည်လေ၏။
နန်းတော်မှ ရွှေခွက်သူခိုးဟု အဖမ်းခံရခြင်း
ထိုအခါ ထိုမိစ္ဆာအယူရှိသော ဘီလူးကို သမ္မာအယူရှိသော ဘီလူးသည် ငါတို့နှင့် အတူတကွ မပြုအပ်သော အမှုကို ပြုမိချေပြီ၊ ထိုသူငယ်၏ အလို့ငှါ ဒဏ်အမှုကို ပြုလုပ်ကြကုန်စို့အံ့ဟု ဆို၍ ထိုသူငယ်ကို စောင့်ရှောက်လျက် ရပ်တည်နေလေ၏၊ မိစ္ဆာအယူရှိသော ဘီလူးသည် မြို့တွင်းသို့ ဝင်၍ ဗိမ္ဗိသာရ မင်းကြီး၏ ပွဲတော်အုပ်ကို ပြည့်စေလျက် ဘောဇဉ် အာဟာရကို ဆောင်ယူလာ၏။
ထိုအခါ သူငယ်ကို ဘီလူးနှစ်ယောက်တို့သည်လည်း အမိအဖတို့ကဲ့သို့ဖြစ်၍ သူငယ်ကို အနီး၌ ထားသဖြင့် စားစေပြီးလျှင် ဤ အက္ခရာတို့ကို မင်းကြီးသည်သာလျှင် မြင်ပါစေသတည်း၊ တပါးသောသူသည် မမြင်ပါစေသတည်းဟု နှလုံးပြု၍ ထိုအကြောင်းအရာကို ထင်ရှားစွာပြလျက် ဘီလူးတို့၏ အာနုဘော်အား ဖြင့် ပွဲတော်အုပ်၌ အက္ခရာတို့ကို ရေးသားထားကြလေကုန်၏။
(ပွဲတော်အုပ် ထမင်းခွက်ကို ထင်းလှည်းထက်၌ တင်ထား၍ ညဉ့်သုံးယာမ်ပတ်လုံး အစောင့် အရှောက်ကို ပြု၍ ဖဲသွားကြလေကုန်၏။)
တဖန် မိုးသောက်သော နောက်နေ့၌ မင်းကြီး၏ နန်းတော်မှ ခိုးသူတို့သည် ပွဲတော်အုပ်ခွက် ဘဏ္ဍာကို ခိုးယူ၏ ဟု အုတ်အုတ်ကျက်ကျက် ပြုကြကုန်လျက် တံခါးတို့ကို ပိတ်ပြီးလျှင် ကြည့်ရှု လတ်သည်ရှိသော် ထိုမြို့တွင်း၌ မမြင်ကုန်ရကား မြို့မှထွက်၍ ထိုမှ ဤမှ ကြည့်ရှုလတ်သည် ရှိသော် ထင်းတို့၏အကြား၌ ရွှေခွက်ကို မြင်ရလျှင် ဤသူငယ်သည် ခိုးသူတည်းဟု သူငယ်ကို ဖမ်း၍ မင်းကြီးအား ပြသကြလေကုန်၏။
ဗိမ္ဗိသာရမင်းကြီးသည်လည်း အက္ခရာတို့ကို မြင်ရလျှင် ချစ်သား - ဤသို့ ဖြစ်ပုံကား အဘယ်သို့ ဖြစ်ပုံနည်းဟု မေးလတ်သည်ရှိသော် အရှင်မင်းကြီး - ကျွန်တော်မျိုး မသိပါ၊ ကျွန်တော်မျိုး၏ မိခင် ဖခင်တို့သည် လာလတ်၍ ညဉ့်အခါ ကျွေးမွေးပြီးလျှင် စောင့်ရှောက်လျက် တည်နေကြပါသည်၊ ကျွန်တော်မျိုးသည်လည်း မိခင် ဖခင်တို့သည် ငါ့ကို စောင့်ရှောက်ကြကုန်၏ဟု မှတ်ထင်သဖြင့် ကြောက်ခြင်း လန့်ခြင်း မရှိသည်ဖြစ်၍ အိပ်ပျော်ခြင်းသို့ ရောက်ပါသည်၊ ဤမျှကိုသာ ကျွန်တော်မျိုး သိပါသည်ဘုရားဟု လျှောက်တင်လေ၏။
ထိုအခါ၌ သူငယ်၏ မိခင် ဖခင်တို့သည်လည်း ထိုအရပ်သို့ ရောက်သွားကြလေကုန်၏၊ မင်းကြီးသည် ထိုအကြောင်းအရာကို သိပြီးဖြစ်သဖြင့် ထိုသုံးယောက်သော သူတို့ကို ခေါ်ဆောင် လျက် မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ အလုံးစုံသော အကြောင်းအရာကို လျှောက်ကြား ပြီးလျှင် မြတ်စွာဘုရား- အသို့ပါနည်း၊ ဘုရားရှင်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ တတ်သော သတိသည်သာလျှင် စောင့်ရှောက်တတ်သော တရား ဖြစ်ပါသလော၊ ထိုသို့မဟုတ် တရားဆယ်ပါး၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့တတ်သော သတိ အစရှိသည်တို့သည် မူလည်း စောင့်ရှောက်တတ်သော တရားတို့ ဖြစ်ကြပါသလော ဘုရားဟု မေးလျှောက်လေ၏။
ထိုအခါ မင်းကြီးအား မြတ်စွာဘုရားသည် မြတ်သောမင်းကြီး - ဗုဒ္ဓါနုဿတိသည်သာလျှင် စောင့်ရှောက်တတ်သည် မဟုတ်သေး၊ အကြင် သူတို့အားကား ခြောက်ပါးသော အပြားအားဖြင့် ကောင်းစွာ ပွားစေအပ်သော စိတ်သည် ရှိ၏၊ ထိုသူတို့အား တပါးသော စောင့်ရှောက်ခြင်း ပိတ်ပင် တားဆီးခြင်းဖြင့်၎င်း, မန္တန်ဆေးတို့ဖြင့်၎င်း ပြုဖွယ်ကိစ္စသည် မရှိပြီဟု မိန့်တော်မူ၍ ခြောက်ပါး သော အရာတို့ကို ပြတော်မူလိုသော မြတ်စွာဘုရားသည် ဤဂါထာတို့ကို ဟောကြားတော်မူ လေ၏။
ဒေသနာတော်
၂၉၅။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာသတိ။
၂၉၆။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာသတိ။
၂၉၇။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ သံဃဂတာသတိ။
၂၉၈။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ကာယဂတာသတိ။
၂၉၉။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ အဟိံသာယ ရတော မနော။
၃ဝဝ။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ ဘာဝနာယ ရတော မနောတိ။
ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌၎င်း။ ရတ္တော စ၊ ညဉ့်၌၎င်း။ နိစ္စံ၊ အမြဲမပြတ်။ ဗုဒ္ဓဂတာ၊ ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော။ သတိ၊ အောက်မေ့ ခြင်းသည်။ အတ္ထိ၊ ရှိ၏။
(ဣတိပိ သော ဘဂဝါ အရဟံ - ဤသို့စသော အပြားရှိကုန်သော ဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြု၍ဖြစ်သော သတိသည် အမြဲမပြတ် ရှိသည် ဖြစ်အံ့၊ ထိုသူတို့သည် အခါခပ်သိမ်းပင် ကောင်းစွာနိုးခြင်း နိုးကြကုန်၏၊ ထိုသို့ မတတ်နိုင်ကြမူ တနေ့လျှင် သုံးချိန်သော အခါ၌ဖြစ်စေ၊ နှစ်ချိန်သော အခါ၌ဖြစ်စေ၊ တချိန်သောအခါ၌ ဖြစ်စေ ဗုဒ္ဓါနုဿတိကို စိတ်၌အောက်မေ့ကြ ကုန်သော သူတို့သည် ကောင်းစွာနိုးခြင်း နိုးကြသည်သာ မည်ကုန်၏ ဟူလို။)
ဂေါတမသာဝကာ၊ ဂေါတမနွယ်ဘွား မြတ်စွာဘုရား၏ တရားနာရ တပည့် သာဝကဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။
(ဂေါတမအနွယ်၌ ဖြစ်သော မြတ်စွာဘုရား၏ တရားစကားကို နာကြားရသည် အဆုံး၌ တပည့်ဖြစ်သောကြောင့်၎င်း၊ ထိုဘုရားရှင်၏သာလျှင် အဆုံးအမ အနုသာသနီကို နားထောင်တတ် သောကြောင့်၎င်း ဂေါတမဘုရား၏ တပည့်သာဝကတို့ ဖြစ်ကြကုန်၏ ဟူလို။)
သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။
(ဘုရားရှင်ကို အာရုံပြုသော သတိကိုပြု၍ အိပ်ကြကုန်သော သူတို့သည် ကောင်းသောနိုးခြင်း နိုးကြသည် မည်ကုန်၏ ဟူလို။)
ယေသံ၊ အကြင်သူတို့အား။ ဒိဝါစ၊ နေ့၌၎င်း။ ရတ္တော စ၊ ညဉ့်၌၎င်း။ နိစ္စံ၊ အမြဲမပြတ်။ ဓမ္မဂတာ၊ တရားတော်ဂုဏ်ကို အာရုံပြု၍ ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။
(သွာက္ခာတော ဘဂဝတာ ဓမ္မော - စသည် အပြားရှိသော တရားဂုဏ်တော်တို့ကို အာရုံပြု၍ ဖြစ်သော ဓမ္မာနုဿတိ ဟူလို။)
ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သားဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။
ယေသံ၊ အကြင်သူတို့အား။ ဒိဝါစ၊ နေ့၌၎င်း။ ရတ္တော စ၊ ညဉ့်၌၎င်း။ နိစ္စံ၊ အမြဲမပြတ်။ သံဃဂတာ၊ သံဃာတော်ဂုဏ်ကို အာရုံပြု၍ ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။
(သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - စသည် အပြားရှိသော သံဃာဂုဏ်တော်တို့ကို အာရုံပြု၍ ဖြစ်သော သံဃာနုဿတိ ဟူလို။)
ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သား ဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။
ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌၎င်း။ ရတ္တော စ၊ ညဉ့်၌၎င်း။ နိစ္စံ၊ အမြဲမပြတ်။ ကာယဂတာ၊ ဒွတ္တိံသာကာရ အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။
ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သား ဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။
ယေသံ၊ အကြင်သူတို့အား။ ဒိဝါစ၊ နေ့၌၎င်း။ ရတ္တော စ၊ ညဉ့်၌၎င်း။ နိစ္စံ၊ အမြဲမပြတ်။ အဟိံသာယ၊ မညှဉ်းဆဲခြင်း ကရုဏာ ဘာဝနာဖြင့်။ ရတော၊ မွေ့လျော်သော။ မနော၊ စိတ်သည်။ အတ္ထိ၊ ရှိ၏။
(“ကရုဏာ သဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ” ဟူ၍ ဟောတော်မူအပ်သော ကရုဏာ ဘာဝနာ ပွားများခြင်းဖြင့် မွေ့လျော်၏ ဟူလို။)
ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သား ဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။
ယေသံ၊ အကြင်သူတို့အား။ ဒိဝါစ၊ နေ့၌၎င်း။ ရတ္တော စ၊ ညဉ့်၌၎င်း။ နိစ္စံ၊ အမြဲမပြတ်။ ဘာဝနာယ၊ မေတ္တာဘာဝနာဖြင့်။ ရတော၊ မွေ့လျော်သော။ မနော၊ စိတ်သည်။ အတ္ထိ ရှိ၏။
(ဘာဝနာဟူသည် မေတ္တာ ဘာဝနာတည်း၊ အောက်ဂါထာ၌ ကရုဏာ ဟောပြီးရကား ဤဂါထာ၌ ကရုဏာမှကြွင်းသော ဘာဝနာ အားလုံးတို့သည် ဘာဝနာ မည်၏ဟု ယူသင့်သော်လည်း ဤ ဂါထာ၌ မေတ္တာဘာဝနာ တခုကိုသာ အလိုရှိအပ်၏၊ အကြွင်းကို ပဌမဂါထာ၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏ ဟူလို။)
ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သား ဖြစ်ကုန်မသာ။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ သူငယ်သည် မိခင် ဖခင်တို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏၊ နောက်ကာလ၌ကား ရဟန်းပြုကြ၍ အလုံးစုံ သုံးယောက်သော သူတို့သည်လည်း အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏၊ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
ထင်းလှည်းသမား၏သား ဝတ္ထု ပြီး၏။
၆-ဝဇ္ဇီတိုင်းသား ရဟန်း ဝတ္ထု
ဒုပ္ပဗ္ဗဇ္ဇံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်ကို အမှီပြု၍ မဟာဝုန်တော၌ နေတော်မူစဉ် အမှတ်မရှိသော ဝဇ္ဇီတိုင်းသား ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ပျင်းရိသော ရဟန်းကို နတ် သတိပေးပုံ
(ထိုရဟန်းကို ရည်မှန်း၍ ဤဆိုလတ္တံ့သော စကားကို ဆိုအပ်၏၊ အမှတ်မရှိ တပါးသော ဝဇ္ဇီတိုင်းသား ရဟန်းသည် ဝေသာလီပြည် အမှတ်မရှိ တခုသော တောအုပ်၌ နေ၏၊ ထိုအခါ ဝေသာလီပြည်၌ ညဉ့်သုံးယာမ် ပတ်လုံး ပွဲလမ်းသဘင် ကျင်းပ၏၊ ထိုအခါ ဝေသာလီပြည်၌ တူရိယာတို့၏ တီးသံ မှုတ်သံ ကြွေးကြော် အော်ဟစ်သံကို ကြားရသဖြင့် ငိုကြွေးမြည်တမ်းလျက် ထိုအခါ၌ ဤဂါထာကို ရွတ်ဆိုတော်မူရှာလေ၏။
ဧကကောဝ မယံ အရညေ ဝိဟရာမ၊ အပဝိဒ္ဓံ ပဝနသ္မိံ ဒါရုကံ။
ဧတာဒိသိကာယ ကောသု၊ ဒါနိ အမှေဟိ ပါပိယော။
ပဝနသ္မိံ၊ တောအုပ်၌။ အပဝိဒ္ဓံ၊ စွန့်ပစ်အပ်သော။ ဒါရုကံဣဝ၊ ထင်းတုံးကဲ့သို့။ ဧကကောဝ၊ တယောက် အထီးတည်းသာလျှင်။ မယံ၊ ငါတို့သည်။ အရညေ၊ တော၌။ ဝိဟရာမ၊ နေကြရကုန်၏။ ဒါနိ၊ ယခုအခါ၌။ ဧတာဒိသိကာယ၊ ဤသို့သဘောရှိသော။ ရတ္တိယာ၊ ညဉ့်၌။ အမှေဟိ၊ ငါတို့အောက်။ ပါပိယော၊ လွန်စွာယုတ်ညံ့သောသူ မည်သည်။ ကောသု၊ အဘယ်သူ ဖြစ်ရာအံ့နည်း။)
ထိုရဟန်းသည် ဝဇ္ဇီတိုင်း၌ မင်းသားဖြစ်၍ အလှည့်အားဖြင့် ရအပ်သော မင်းစည်းစိမ်ကို စွန့်ပြီးလျှင် ရဟန်းပြုတော်မူသတတ်၊ ဝေသာလီပြည်၌ စတုမဟာရာဇ်နတ်တို့နှင့် အတူတကွ တစပ်တည်း ကဲ့သို့ပြုလုပ်၍ မြို့တမြို့လုံး၌ တံခွန်ကုက္ကား စသည်တို့ဖြင့် တန်ဆာဆင်ခြင်း ရှိသော ကြာ ခေါင်းလောင်း ပွင့်တုန်းဖြစ်သော တန်ဆောင်မုန်းလ၏ လပြည့်နေ့၌ ညဉ့်သုံးယာမ်ပတ်လုံး ကျင်းပသော ပွဲလမ်း သဘင်သည် ဖြစ်လတ်သည်ရှိသော် စည်ကြီးအစရှိကုန်သော တီးအပ် ကုန်သော တူရိယာတို့၏ မပြတ်မြည်သော အသံကို၎င်း, တီးအပ်ကုန်သော စောင်းငြင်း အစ ရှိသည်တို့၏ အသံကို၎င်း ကြားတော်မူရ၍ ဝေသာလီပြည်၌ အကြင် ခုနစ်ထောင်သော မင်းတို့သည်၎င်း အကြင်ခုနစ်ရာသော မင်းတို့သည်၎င်း, အကြင် ခုနစ်ယောက်သော မင်းတို့ သည်၎င်း, ထိုခုနစ်ထောင် ခုနစ်ရာ ခုနစ်ယောက်သော မင်းတို့၏ ထိုမျှလောက် အတိုင်းအရှည် ရှိသော အိမ်ရှေ့မင်း စစ်သူကြီး အကြင်သူတို့သည်၎င်း ရှိကြကုန်၏။
တန်ဆာဆင်ခြင်းနှင့် စပ်သော ထိုမင်း အစရှိသောသူတို့သည် နက္ခတ်ကစားခြင်း အကျိုးငှါ လမ်းမသို့ သက်လတ်ကြကုန်သည် ရှိသော် အတောင် ခြောက်ဆယ်ရှိသော စင်္ကြံမ၌ စင်္ကြံကြွ တော်မူလျက် ကောင်းကင် အလယ်၌ တည်သော လပြည့်ဝန်းကို မြင်ရသဖြင့် စင်္ကြံ၏ အစွန်း၌ တံကဲပျဉ်ကို မှီ၍ တည်နေလျက် ဦးချစ်ခေါင်းပေါင်း တန်ဆာမှ ကင်းလေသောကြောင့် တော၌ စွန့်အပ်သော ထင်းတုံးကဲ့သို့ မိမိကိုယ်ကို ကြည့်ရှုပြီးလျှင် ငါတို့ အောက် အထူးသဖြင့် ယုတ်ညံ့သော တပါးသောသူသည် ရှိလေသေးသလောဟု ကြံတော်မူမိရကား ပြကတေ့အားဖြင့် အရညကင် ဓုတင်စသော ကျေးဇူးနှင့် ယှဉ်သော ပုဂ္ဂိုလ်ဖြစ်သော်လည်း ထိုခဏ၌ မမွေ့လျော် ခြင်းဖြင့် နှိပ်စက်အပ်သည် ဖြစ်၍ ဤသို့ ဆိုလေသတည်း၊ ထိုတောအုပ်၌ စောင့်နေသော နတ်က ဤရဟန်း ကို ထိတ်လန့်စေဦးအံ့ ဟူသော အလိုအားဖြင့်-
ဧကကော တွံ အရညေ ဝိဟရသိ၊ အပဝိဒ္ဓံ ပဝနသ္မိံ ဒါရုကံဝ။
တဿ တေ ဗဟုကာ ပိဟယန္တိ၊ နေရယိကာ ဝိယ သဂ္ဂဂါမိန
ဘော ဘိက္ခု၊ အို - ရဟန်း။ ပဝနသ္မိံ၊ တောအုပ်၌။ အပဝိဒ္ဓံ၊ စွန့်ပစ်အပ်သော။ ဒါရုကံဝ၊ ထင်းတုံးကဲ့သို့။ ဧကကော၊ တယောက်အထီးတည်း။ တွံ၊ သင်ရဟန်းသည်။ အရညေ၊ တော၌။ ဝိဟရသိ၊ နေတော်မူဘိ၏။ နေရယိကာ၊ ငရဲသားတို့သည်။ သဂ္ဂဂါမိနံ၊ နတ်ပြည်သို့ လားသောသူတို့အား။ ပိဟယန္တိဝိယ၊ မြတ်နိုးအားရ တောင့်တကြသကဲ့သို့။ ဗဟုကာ၊ များစွာသော သူတို့သည်။ တဿ တေ၊ ထိုအသင် ရဟန်းမြတ်အား။ ပိဟယန္တိ၊ မြတ်နိုးအားရ တောင့်တကြပါကုန်၏ ဘုရား။
ဟူ၍ ရွတ်ဆိုအပ်သော ဤဂါထာကို ကြားလတ်သည်ရှိသော် ထိုရဟန်းသည် တဖန် မိုးသောက် သောနေ့၌ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ နေလေ၏၊ မြတ်စွာဘုရားသည် ထိုအကြောင်း အရာကို သိတော်မူပြီး ဖြစ်၍ အိမ်ရာထောင်သူ လူ့ဘောင်၌နေသောသူ၏ ဆင်းရဲသော အဖြစ်ကို ပြတော်မူလိုသည် ဖြစ်ရကား ငါးပါးသော ဆင်းရဲတို့ကို ပေါင်းစုတော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃ဝ၁။ ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ၊ ဒုရာဝါသာ ဃရာ ဒုခါ။
ဒုက္ခော သမာနသံဝါသော၊ ဒုက္ခာနုပတိတဒ္ဓဂူ။
တသ္မာ နစဒ္ဓဂူ သိယာ၊ န စ ဒုက္ခာနုပတိတော သိယာ။
ဒုပ္ပဗ္ဗဇ္ဇံ၊ သာသနာတော်၌ ရဟန်းပြုနိုင်ခဲလှ၏။
(အနည်းအများ စည်းစိမ်ဥစ္စာ အစုကို၎င်း, ဆွေမျိုးအပေါင်းကို၎င်း စွန့်၍ ဤသာသနာတော်၌ ရင်ပေး၍ ရဟန်းပြုခြင်း မည်သည် ဆင်းရဲလှပေ၏ ဟူလို။)
ဒုရဘိရမံ၊ ရဟန်းတရား ကျင့်ခြင်းဖြင့် မွေ့လျော်နိုင်ခဲလှ၏။
(ဤသို့ ရဟန်းပြုနိုင်ပါသော်လည်း ဆွမ်းခံလှည့်လည်ခြင်းဖြင့် အသက်မွေးခြင်းကို အားထုတ်ရ သဖြင့်၎င်း, အတိုင်းအရှည်မရှိ များလှသော သီလအစုကို လုံခြုံအောင် စောင့်ရှောက်ခြင်း လောကုတ္တရာတရား အားလျော်စွာ တရားကို ဖြည့်ကျင့်ရခြင်း၏ အစွမ်းဖြင့်၎င်း အလွန်မွေ့လျော် ခြင်းငှါ ဆင်းရဲလှပေ၏ ဟူလို။)
ဒုရာဝါသာ၊ ဆင်းရဲသဖြင့် နေရခြင်းရှိသော။ ဃရာ-ဃရာဝါသာ၊ အိမ်၌ နေရခြင်းသည်။ ဒုခါ၊ ဆင်းရဲငြိုငြင်လှပေ၏။
(အိမ်၌ အုပ်စိုးကာ နေရသောသူသည် မင်းကိစ္စ အစိုးရကိစ္စကို ရွက်ဆောင်အပ်၏။ မိမိ အခြံအရံ ပရိသတ်တို့ကို၎င်း, တရားစောင့်သော ရဟန်း ပုဏ္ဏား တို့ကို၎င်း ချီးမြှောက်အပ်၏၊ ဤသို့ပင် ဖြစ်သော်လည်း အိမ်၌ အုပ်စိုးကာ နေရခြင်း ဟူသည် ပေါက်သော အိုးကဲ့သို့၎င်း, သမုဒြာကဲ့သို့၎င်း ပြည့်နိုင်ခဲလှ၏။ ထို့ကြောင့် ဤအိမ်၌ နေရခြင်းမည်သည် ဆင်းရဲသော နေရခြင်း ဖြစ်၏၊ နေနိုင်ရန် ခဲယဉ်းလှပေ၏၊ ထိုအကြောင်းကြောင့် ဆင်းရဲပေ၏ ဟူလို။)
အသမာနသံဝါသော၊ သဘောမတူသော သူတို့နှင့် အတူနေရခြင်းသည်။ ဒုက္ခော၊ ဆင်းရဲလှပေ၏။
(လူတို့သည်လည်း ဇာတ် အနွယ် အမျိုး စည်းစိမ်တို့ဖြင့် တူမျှသော်၎င်း, ရဟန်းတို့သည်လည်း သီလအကျင့် အကြားအမြင် များခြင်း စသည်တို့ဖြင့် တူမျှသော်၎င်း သင်ကား အဘယ်သူနည်း၊ ငါဘဲ စသော စကားတို့ကို ဆို၍ အဓိကရုဏ်းပြုခြင်း၌ လေ့လာကြကုန်သည် ဖြစ်အံ့၊ ထိုရဟန်း ရှင် လူတို့သည် မတူသောသူတို့ မည်ကုန်၏၊ ထို မတူသော သူတို့နှင့် အတူနေရခြင်းသည် ဆင်းရဲလှပေ၏ ဟူလို။)
အဒ္ဓဂူ၊ သံသရာခရီးအဓွန့်သို့ သွားရခြင်းသည်။ ဒုက္ခာနုပတိတော၊ ဆင်းရဲခြင်းဖြင့် အဖန်ဖန် ကျရောက်တတ်၏။
(ဝဋ်ဆင်းရဲဟု ဆိုအပ်သော အဓွန့်သို့ သွားရသောသူ ဖြစ်သောကြောင့် အဒ္ဓဂူမည်၏။ ထိုအန္ဓဂူ မည်သောသူသည် ဆင်းရဲခြင်းဖြင့် အဖန်ဖန်ကျရောက် တတ်၏ ဟူလို။)
တသ္မာ၊ ထို့ကြောင့်။ အဒ္ဓဂူ၊ သံသရာဆင်းရဲဟု ဆိုအပ်သော ခရီးအဓွန့်သို့ သွားသောသူသည်။ န စ သိယာ၊ မဖြစ်ရာ။ ဒုက္ခာနုပတိတော စ၊ ဆင်းရဲသဖြင့် အဖန်ဖန် ကျရောက်တတ်သော သူသည်လည်း။ န သိယာ၊ မဖြစ်ရာ။
(ထိုသို့ ဆင်းရဲသဖြင့် အဖန်ဖန် ကျရောက်တတ်သော သူ၏ အဖြစ်သည်၎င်း, သံသရာခရီးအဓွန့်သို့ သွားရသောသူ၏ အဖြစ်သည်၎င်း ဆင်းရဲလှလေသောကြောင့် ဝဋ်ဆင်းရဲ ခရီး အဓွန့် သွားသော သူသည်လည်း မဖြစ်သင့်ရာ၊ ဆိုအပ်ပြီးသော အပြားရှိသော ဆင်းရဲခြင်းဖြင့် အဖန်ဖန် ကျရောက် တတ်သော သူသည်လည်း မဖြစ်သင့်ရာ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုရဟန်းသည် ငါးပါးသော ဆင်းရဲခြင်း အကြောင်းတို့ကို မြင်ရသည် ရှိသော် ဆင်းရဲခြင်း၌ ငြီးငွေ့သည်ဖြစ်၍ ငါးပါးသော အောက်အဖို့ရှိသော သံယောဇဉ်ကို၎င်း၊ ငါးပါးသော အထက်အဖို့ ရှိသော သံယောဇဉ်ကို၎င်း ဖောက်ခွဲ၍ အရဟတ္တဖိုလ်၌ တည်လေ၏။
ဝဇ္ဇီတိုင်းသား ရဟန်းဝတ္ထု ပြီး၏။
၇-စိတ္တသူကြွယ် ဝတ္ထု
သဒ္ဓေါ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စိတ္တသူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သဒ္ဓါသောသူ ရောက်ရာ၌ အပူဇော်ခံရခြင်း
(ဝတ္ထုကား ဗာလဝဂ် အသတံ ဘာဝန မိစ္ဆေယျ - ဟူသော ဂါထာ၏ အဖွင့်၌ အကျယ်ချဲ့အပ်ပြီ၊ ဂါထာကိုလည်း ထိုဗာလဝဂ်၌သာလျှင် ဟောအပ်၏၊ ထိုစကားမှန်၏၊ ထိုဝတ္ထု၌ ဤဆိုလတ္တံ့သော စကားကို ဆိုအပ်ပြီ။)
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - အသို့ပါနည်း၊ ထိုစိတ္တသူကြွယ်အား ရှင်တော်မြတ် ဘုရားတို့၏ ထံမှောက်တော်သို့ လာရောက် ချဉ်းကပ်သော် သာလျှင် ဤသို့သော လာဘ် ပူဇော် သက္ကာရသည် ဖြစ်ရပါသလော၊ သို့တည်းမဟုတ် တပါးသော အရပ်သို့ သွားရောက်သော်လည်း ဖြစ်ပါသလောဘုရားဟု နားတော်လျှောက်လေ၏။
ချစ်သားအာနန္ဒာ - ငါဘုရား၏အထံသို့ လာသည် မူလည်းဖြစ်စေ, တပါးသောအရပ်သို့ သွားသည် မူလည်း ဖြစ်စေ ထိုစိတ္တသူကြွယ်အား ဖြစ်သည်သာလျှင်တည်း၊ ဤ ဥပါသကာ ဒါယကာသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ ရတနာသုံးပါး၌ ကြည်ညို၏၊ ပြည့်စုံသော သီလရှိ၏၊ ဤသို့သဘော ရှိသော ပုဂ္ဂိုလ်သည် အကြင်အကြင်အရပ်သို့ ချဉ်းကပ်သွားလာ၏၊ ထိုထိုအရပ်၌သာလျှင် ထို ပုဂ္ဂိုလ်အား လာဘ်ပူဇော် သက္ကာရသည် ဖြစ်ပေါ်လာရ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြား တော်မူလေ၏။
ဒေသနာတော်
၃၀၂။ သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထတတ္ထေဝ ပူဇိဘော။
သဒ္ဓေါ၊ လောကုတ် လောကီ နှစ်လီသော သဒ္ဓါတရားနှင့် ပြည့်စုံသော။ သီလေန၊ သီလနှင့်။ သမ္ပန္နော၊ ပြည့်စုံသောသူသည်။
(လူ့သီလ, ရဟန်းသီလ နှစ်ပါးတို့တွင် ဤနေရာ၌ လူ့သီလနှင့်ပြည့်စုံ၏ ဟူလို။)
ယသော၊ အခြံအရံရှိသည်ဖြစ်၍။
(အနာထပိဏ်သူဌေး စသည်တို့၏ ဥပါသကာငါးရာ အခြံအရံဟူသော လူ့အခြံအရံသည် ရှိ၏၊ ထိုအခြံအရံမျိုးနှင့် ပြည့်စုံ၏ ဟူလို။)
ဘောဂသမပ္ပိတော၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသည်ဖြစ်၍။
(ဥစ္စာစပါး စသော စည်းစိမ်, သူတော်ကောင်းဥစ္စာ ခုနစ်ပါး ဟူသော စည်းစိမ်နှင့် ပြည့်စုံ၏ ဟူလို။)
ယံ ယံ ပဒေသံ၊ အကြင်အကြင် အရပ်သို့။ ဘာတိ၊ ချဉ်းကပ်သွားလာ၏။ တတ္ထတတ္ထေဝ၊ ထိုထိုအရပ်၌သာလျှင်။ ပူဇိတော၊ ပူဇော်အပ်သည်။ ဟောတိ၊ ဖြစ်၏။
(အရှေ့အရပ်စသော အကြင်အကြင် အရပ်တို့သို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ချဉ်းကပ် သက်ဝင်၏၊ ထိုထိုအရပ်၌ ဤသို့ သဘောရှိသော လာဘ်ပူဇော် သက္ကာရဖြင့် ပူဇော်အပ်ပေ၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
စိတ္တသူကြွယ်ဝတ္ထု ပြီး၏။
၈ - စူဠသုဘဒ္ဒါ ဝတ္ထု
ဒူရေ သန္တော - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ စူဠသုဘဒ္ဒါ အမည်ရှိသော သ္မီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
စူဠသုဘဒ္ဒါနှင့် မိစ္ဆာဒိဋ္ဌိသူဌေးသား
အနာထပိဏ်သူဌေးကြီး၏ ငယ်စဉ်ကစ၍ ဥဂ္ဂမြို့၌ နေလေ့ရှိသော ဥဂ္ဂမည် သော သူဌေးသားသည် အဆွေခင်ပွန်းဖြစ်သတတ်။
ထို အနာထပိဏ်သူဌေးကြီးနှင့် ဥဂ္ဂသူဌေးသားတို့သည် တဦးတည်းသော ဆရာ့အိမ်၌ အတတ် ပညာကို သင်ကြကုန်သည်ရှိသော် အချင်းချင်း ငါတို့အား အရွယ်သို့ ရောက်လတ်သောအခါ သားသ္မီးတို့ ဖွားမြင်ကြကုန်သည်ရှိသော် အကြင်သူသည် သားအလို့ငှါ သ္မီးကို ဖိတ်ကြား တောင်းရမ်းငြားအံ့၊ ထိုတဦးသောသူသည် ထိုတဦးသောသူအား သ္မီးကို ပေးရမည်ဟု ကတိ ကဝတ်ကို ပြုလုပ်ထားကြလေကုန်၏။
ထို နှစ်ယောက်သော သူတို့သည်လည်း အရွယ်သို့ ရောက်လတ်ကုန်သည် ရှိသော် မိမိ မိမိ၏ မြို့၌ သူဌေးကြီးအရာ၌ တည်ကြလေကုန်၏၊ ထို့နောက် တပါးသောအခါ၌ ဥဂ္ဂသူဌေးသည် ကုန်သွယ်ခြင်း အမှုတို့ကို ပြုလုပ် အားထုတ်လျက် လှည်းငါးရာတို့ဖြင့် သာဝတ္ထိပြည်သို့ ရောက်သွားလေ၏။
အနာထပိဏ် သူဌေးကြီးသည် မိမိ၏ သ္မီးဖြစ်သော စူဠသုဘဒ္ဒါကိုခေါ်၍ ချစ်သ္မီး - ချစ်သ္မီ.၏ ဖခင်ဖြစ်သော ဥဂ္ဂသူဌေး မည်သော သူဌေးကြီးသည် ရောက်လာ၏၊ ထို သူဌေးကြီးအား အလုံးစုံသော ပြုဖွယ်ကိစ္စသည် သင်၏တာဝန်တည်းဟု ဆို၍ စေခိုင်းလေ၏၊ စူဠသုဘဒ္ဒါသည် ကောင်းလှပါပြီဟု ဝန်ခံလျက် ထိုဥဂ္ဂသူဌေးကြီး၏ ရောက်လာသောနေ့မှ စ၍ မိမိလက်ဖြင့်သာလျှင် လက်သုပ် ဟင်းလျာ စသည်တို့ကို ကောင်းစွာပြည့်စုံစေ၍ ပန်း, နံ့သာ, နံ့သာပျောင်း စသည်တို့ကို ပြုပြင်စီရင်၏။
ထမင်းစားသောအခါ ထိုဥဂ္ဂသူဌေးကြီးအလို့ငှါ ချိုးရေကို စီရင်စေ၍ ရေချိုးသော အခါမှစ၍ အလုံးစုံသော ကိစ္စတို့ကို ကောင်းမွန်စွာပြုစု၏၊ ဥဂ္ဂသူဌေးကြီးသည် ထိုစူဠသုဘဒ္ဒါ၏ အကျင့်နှင့် ပြည့်စုံသည့် အဖြစ်ကို မြင်ရလျှင် ကြည်လင် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တနေ့သ၌ အနာထပိဏ်သူဌေးကြီးနှင့် အတူတကွ နားချမ်းသာသော စကားဖြင့် ပြောဆိုနေထိုင်လျက် ငါတို့သည် ငယ်သောအခါ၌ ဤသို့ ကတိကဝတ်ကို ပြုလုပ်ထားကြဖူးသတတ်ဟု ပြောကြားကာ အောက်မေ့စေပြီးလျှင် စူဠသုဘဒ္ဒါကို မိမိသား၏ အကျိုးငှါ ဖိတ်ကြား တောင်းရမ်းလေ၏။
စူဠသုဘဒ္ဒါ ဥဂ္ဂမြို့သို့ လိုက်သွားရခြင်း
ထိုဥဂ္ဂသူဌေးကြီးသည်ကား ပြကတေ့အားဖြင့် မိစ္ဆာအယူရှိ၏၊ ထို့ကြောင့် မြတ်စွာဘုရားအား ဥဂ္ဂသူဌေးကြီး၏ အကြောင်းအရာကို လျှောက်ကြားလတ် သည်ရှိသော် မြတ်စွာဘုရားသည် ဥဂ္ဂသူဌေးကြီး၏ အကြောင်း ဥပနိဿယကို မြင်တော်မူသဖြင့် ခွင့်ပြုတော်မူအပ်သည်ဖြစ်၍ မယားနှင့်တကွ တိုင်ပင်ပြီးလျှင် ထိုဥဂ္ဂသူဌေးကြီး၏ စကားကို ဝန်ခံကာ နေ့ရက်ကို မှတ်သား ပြီးလျှင် သ္မီးဖြစ်သော ဝိသာခါကို ပေး၍ လွှတ်လိုက်သော (ထည့်လိုက်သော) ဓနဉ္စယသူဌေးကြီး ကဲ့သို့ များစွာသော ပူဇော်သက္ကာရကို ပြု၍ စူဠသုဘဒ္ဒါကို ခေါ်ပြီးလျှင်“ချစ်သ္မီး- ယောက္ခမအိမ်၌ နေထိုင်ရသော ချွေးမမည်သည်ကား အတွင်းမီးကို အပသို့ မထုတ်အပ် စသည်ဖြင့် ဓနဉ္စယ သူဌေးကြီး၏ ဝိသာခါအား ပေးအပ်သော နည်းအားဖြင့်သာလျှင် ဆယ်ပါးသော အဆုံးအမတို့ကို ပေး၍ ရောက်ရာ အရပ်၌ ငါ့သ္မီးအား အပြစ် အကယ်၍ ဖြစ်ငြားအံ့၊ သင်တို့သည် သုတ်သင် စောကြော အပ်ကုန်၏ဟု သူကြွယ် ရှစ်ယောက်တို့ကို တာဝန်ခံခြင်းကို ယူစေလျက် စူဠသုဘဒ္ဒါ အား လွှတ်လိုက်သောနေ့၌ မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာ တော်အပေါင်းအား အလှူကြီးကို ပေးလှူ၍ ရှေးဘဝ၌ သ္မီးသည် ပြုအပ်ကုန်သော ကောင်းသော အကျင့်တို့၏ အကျိုး၏ တင့်တယ်ခြင်းကို လူအပေါင်းအား ထင်ရှားသည်ကို ပြု၍ ပြဘိသကဲ့သို့ များစွာသော ချီးမြှောက်ဖွယ် သက္ကာရဖြင့် သ္မီးကို လွှတ်လိုက်လေ၏။
ထိုစူဠသုဘဒ္ဒါအား အစဉ်အတိုင်းအားဖြင့် ဥဂ္ဂမြို့သို့ ရောက်လတ်သောအခါ စူဠသုဘဒ္ဒါ၏ ယောက္ခမနှင့် တကွ များစွာသော လူအပေါင်းသည် ခရီးဦးကြိုဆိုခြင်းကို ပြုလုပ်လေ၏၊ ထို စူဠသုဘဒ္ဒါသည်လည်း မိမိ၏ အသရေ၏ တင့်တယ်ခြင်းကို ထင်ရှားပြုခြင်းငှါ ဝိသာခါကဲ့သို့ အလုံးစုံသော ပြည်၌နေသူ လူအပေါင်းအား မိမိကိုယ်ကိုပြလျက် ရထားထက်၌ ရပ်တည်၍ မြို့သို့ ဝင်ပြီလျှင် ပြည်သူတို့သည် ပို့အပ်သော လက်ဆောင်တို့ကို ယူ၍ လျောက်ပတ်သည့်အစွမ်းဖြင့် ထိုထို ပြည်သူတို့အား ပို့စေသဖြင့် မြို့အလုံးကို မိမိ၏ ဂုဏ်ကျေးဇူးတို့ဖြင့် တစပ်တည်း ပြုလုပ်လေ၏။
စူဠသုဘဒ္ဒါသည် တိတ္ထိတို့ကို ရှိမခိုးခြင်း
မင်္ဂလာနေ့ အစရှိသည်တို့၌ကား ထိုစူဠသုဘဒ္ဒါ၏ ယောက္ခမသည် အဝတ် မကပ်သော တိတ္ထိ တို့အား ပူဇော်သက္ကာရကို ပြုလျက် ချစ်သ္မီး လာ၍ ငါတို့၏ ရဟန်းတို့ကို ရှိခိုးလော့ဟု စေလွှတ်လိုက်လေ၏၊ ထိုစူဠသုဘဒ္ဒါသည် ရှက်သဖြင့် အဝတ်မကပ်သောတိတ္ထိတို့ကို ဖူးမြင်ခြင်းငှါ မတတ်နိုင်ရကား သွားခြင်းငှါ အလိုမရှိဘဲ နေ၏။
ထိုယောက္ခမသည် အဖန်တလဲလဲ စေလွှတ်ပါသော်လည်း ထိုစူဠသုဘဒ္ဒါက ပယ်အပ်သည်ရှိသော် အမျက်ထွက်၍ ထိုစူဠသုဘဒ္ဒါကို နှင်ထုတ်ကြကုန်လော့ဟု ဆိုလေ၏၊ ထိုစူဠသုဘဒ္ဒါသည် ငါ့အား အကြောင်းမဟုတ်သဖြင့် အပြစ်သို့ တင်ခြင်းငှါ မတတ်ကောင်းဟု နှလုံးပြု၍ သူကြွယ် ရှစ်ယောက်တို့ကို ခေါ်စေပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။
သူကြွယ် ရှစ်ယောက်တို့သည် ထိုစူဠသုဘဒ္ဒါ၏ အပြစ်မရှိသည့်အဖြစ်ကို သိရလျှင် ဥဂ္ဂသူဌေးကြီး ကို သိစေကြလေကုန်၏၊ ဥဂ္ဂသူဌေးကြီးသည် ဤစူဠသုဘဒ္ဒါကား ငါ၏ရဟန်းတို့ကို အရှက် မရှိသော သူတို့ဟူ၍ ရှိမခိုးဘဲ နေဘိ၏ဟု သူဌေးကတော်ကြီးအား ပြောကြားလေ၏၊ သူဌေးကတော်ကြီး သည် ဤစူဠသုဒ္ဒါ၏ ရဟန်းတို့ကား အဘယ်သို့ သဘောရှိကုန်သနည်း၊ ထိုရဟန်း တို့ကို အလွန်လျှင် ချီးမွမ်းဘိ၏ဟု စူဠသုဘဒ္ဒါကို ခေါ်စေပြီးလျှင် ဤဂါထာကို ဆိုလေ၏။
ကီဒိသာ သမဏာ တုယှံ၊ ဗာဠှံ ခေါ တေ ပသံသတိ။
ကိံ သီလာ ကိံ သမာစာရာ၊ တံ မေ အက္ခာဟိ ပုစ္ဆိတာ။
တုယှံ၊ သင် ချွေးမ စူဠသုဘဒ္ဒါ၏။ သမဏာ၊ ရဟန်းတို့ကား။ ကီဒိသာ၊ အဘယ်သို့ သဘောရှိကြကုန်သနည်း။ တေ၊ ထိုရဟန်းတို့ကို။ ဗာဠှံ ခေါ၊ လွန်စွာသာလျှင်။ ပသံသတိ၊ ချီးမွမ်းဘိ၏။ ကိံ သီလာ၊ အဘယ်သို့ အလေ့ရှိကြကုန်သနည်း။ ကိံ သမာစာရာ၊ အဘယ်သို့ အကျင့် ရှိကြကုန်သနည်း။ တံ၊ ထိုအကြောင်းကို။ ပုစ္ဆိတာ၊ မေးအပ်သော သင်ချစ်သ္မီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ဖြေကြားစမ်းပါလော့။
စူဠသုဘဒ္ဒါ၏ ရဟန်းများ ဂုဏ်ကျေးဇူး
ထိုသို့မေးသောအခါ ယောက္ခမအား စူဠသုဘဒ္ဒါသည် ဘုရားရှင်တို့၏၎င်း, ဘုရားတပည့်သား ရဟန်းတို့၏၎င်း ဂုဏ်ကျေးဇူးတို့ကို အထူးပြလိုသည်ဖြစ်၍
(က) သန္တိန္ဒြိယာ သန္တမာနသာ၊ သန္တံ တေသံ ဂတံ ဌိတံ။
ဩက္ခိတ္တစက္ခူ မိတဘာဏီ၊ တာဒိသာ သမဏာ မမ။
(က) ယာဒိသာ၊ အကြင်သို့ သဘောရှိကုန်သော ရဟန်းတို့သည်။
သန္တိန္ဒြိယာ၊ ငြိမ်သက်သော စက္ခုစသော ဣန္ဒြေ ရှိကြကုန်၏။
သန္တမာနသာ၊ ငြိမ်သက်သော စိတ်နှလုံး ရှိကြကုန်၏။
တေသံ၊ ထိုရဟန်းတို့၏။
ဂတံ၊ သွားခြင်းသည်။
သန္တံ၊ ငြိမ်သက်၏။
ဌိတံ၊ ရပ်ခြင်းသည်။
သန္တံ၊ ငြိမ်သက်၏။
ဩက္ခိတ္တစက္ခူ၊ ချသော မျက်လွှာ ရှိကြကုန်၏။
မိတဘာဏီ၊ နှိုင်းယှဉ်၍ ဆိုလေ့ ရှိကြကုန်၏။
တာဒိသာ၊ ထိုသို့သဘောရှိသော ရဟန်းတို့သည်။
မမ၊ ကျွန်တော်မ၏။
သမဏာ၊ ရဟန်းတော်တို့ပါတည်း။
(ခ) ကာယကမ္မံ သုစိ တေသံ၊ ဝါစာကမ္မံ အနာဝိလံ။
မနောကမ္မံ သုဝိသုဒ္ဓံ၊ တာဒိသာ သမဏာ မမ။
(ခ) တေသံ၊ ထိုရဟန်းတို့၏။
ကာယကမ္မံ၊ ကိုယ်ဖြင့် ပြုအပ်သော အမှုသည်။
သုစိ၊ စင်ကြယ်၏။
ဝါစာကမ္မံ၊ နှုတ်ဖြင့် ပြောအပ်သော စကားသည်။
အနာဝိလံ၊ နောက်ကျုခြင်းမရှိ။
မနောကမ္မံ၊ စိတ်ဖြင့်ကြံအပ်သောအကြံသည်။
သုဝိသုဒ္ဓံ၊ အလွန်စင်ကြယ်၏။
တာဒိသာ၊ ထိုသို့သဘောရှိသော ရဟန်းတို့သည်။
မမ၊ ကျွန်တော်မ၏။
သမဏာ၊ ရဟန်းတော်တို့ပါတည်း။
(ဂ) ဝိမလာ သင်္ခမုတ္တာဘာ၊ သုဒ္ဓါ အန္တရဗာဟိရာ။
ပုဏ္ဏာ သုဒ္ဓေဟိ ဓမ္မေဟိ၊ တာဒိသာ သမဏာ မမ။
(ဂ) ယာဒိသာ၊ အကြင်သို့ သဘောရှိသော ရဟန်းတို့သည်။
ဝိမလာ၊ အညစ်အကြေး ကင်းကြကုန်၏။
သင်္ခမုတ္တာဘာ၊ ပွတ်သစ်စ ခရုသင်းနှင့် တူကြကုန်၏။
အန္တရဗာဟိရာ၊ အတွင်းအပ၌ဖြစ်သော သဘောတရားတို့သည်။
သုဒ္ဓါ၊ စင်ကြယ်ကြကုန်၏။
သုဒ္ဓေဟိ၊ စင်ကြယ်ကုန်သော။
ဓမ္မေဟိ၊ တရားတို့နှင့်။
ပုဏ္ဏာ၊ ပြည့်စုံကြကုန်၏။
တာဒိသာ၊ ထိုသို့သဘောရှိသော ရဟန်းတို့သည်။
မမ၊ ကျွန်တော်မ၏။
သမဏာ၊ ရဟန်းတော်တို့ပါတည်း။
(ဃ) လာဘေန ဥဏ္ဏတော လောကော၊ အလာဘေန စ ဩဏတော။
လာဘာလာဘေန ဧကဋ္ဌာ၊ တာဒိသာ သမဏာ မမ။
(ဃ) လောကော၊ လူအပေါင်းသည်။
လာဘေန၊ လာဘ်ရသဖြင့်။
ဥဏ္ဏတော၊ ထောင်လွှားတက်ကြွတတ်၏။
အလာဘေန စ၊ လာဘ်မရခြင်းဖြင့်ကား။
ဩဏတော၊ အောက်သို့ညွတ်ကျတတ်၏။
ယာဒိယာ၊ အကြင်သို့သဘော ရှိသော ရဟန်းတို့သည်။
လာဘာလာဘေန၊ လာဘ်ရခြင်း လာဘ်မရခြင်းဖြင့်။
ဧကဋ္ဌာ၊ တူမျှသောသဘော၌ တည်တံ့ကြကုန်၏။
တာဒိသာ၊ ထိုသို့သဘောရှိကုန်သော ရဟန်းတို့သည်။
မမ၊ ကျွန်တော်မ၏။
သမဏာ၊ ရဟန်းတော်တို့ပါတည်း။
(င) ယသေန ဥဏ္ဏတော လောကော၊ အယသေန စ ဩဏတော။
ယသာယသေန ဧကဋ္ဌာ၊ တာဒိသာ သမဏာ မမ။
(င) လောကော၊ လူအပေါင်းသည်။
ယသေန၊ အခြံအရံဖြင့်။
ဥဏ္ဏတော၊ ထောင်လွှား တက်ကြွတတ်၏။
အယသေန စ၊ အခြံအရံ မရှိသဖြင့်ကား။
ဩဏတော၊ အောက်သို့ ညွတ်ကျတတ်၏။
ယာဒိသာ၊ အကြင်သို့ သဘော ရှိကုန်သော ရဟန်းတို့သည်။
ယသာယသေန၊ အခြံအရံရှိခြင်း မရှိခြင်းဖြင့်။
ဧကဋ္ဌာ၊ တူမျှသော သဘော၌ တည်တံ့ကြကုန်၏။
တာဒိသာ၊ ထိုသို့သဘောရှိကုန်သော ရဟန်းတို့သည်။
မမ၊ ကျွန်တော်မ၏။
သမဏာ၊ သမဏာ၊ ရဟန်းတော်တို့ပါတည်း။
(စ) ပသံသာယုဏ္ဏတော လောကော၊ နိန္ဒာယ စာပိ ဩဏတော။
သမာ နိန္ဒာ ပသံသာသု၊ တာဒိသာ သမဏာ မမ။
(စ) လောကော၊ လူအပေါင်းသည်။
ပသံသာယ၊ ချီးမွမ်းခြင်းဖြင့်။
ဥဏ္ဏတော၊ ထောင်လွှားတက်ကြွတတ်၏။
နိန္ဒာယ စာပိ၊ ကဲ့ရဲ့ခြင်းဖြင့်ကား။
ဩဏတော၊ အောက်သို့ညွတ်ကျတတ်၏။
ယာဒိသာ၊ အကြင်သို့သဘောရှိသော ရဟန်းတို့သည်။
နိန္ဒာပသံသာသု၊ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့၌။
သမာ၊ တူမျှသော စိတ်ရှိကြကုန်၏။
တာဒိသာ၊ ထိုသို့သဘောရှိကုန်သော ရဟန်းတို့သည်။
မမ၊ ကျွန်တော်မ၏။
သမဏာ၊ ရဟန်းတော်တို့ပါတည်း။
(ဆ) သုခေန ဥဏ္ဏတော လောကော၊ ဒုက္ခေန စာပိ ဩဏတော။
အကမ္ပာ သုခဒုက္ခေန၊ တာဒိသာ သမဏာ မမ။
(ဆ) လောကော၊ လူအပေါင်းသည်။
သုခေန၊ ချမ်းသာသဖြင့်။
ဥဏ္ဏတော၊ ထောင်လွှားတက်ကြွတတ်၏။
ဒုက္ခေန စာပိ၊ ဆင်းရဲခြင်းဖြင့်ကား။
ဩဏတော၊ အောက်သို့ ညွတ်ကျတတ်၏။
ယာဒိသာ၊ အကြင်သို့ သဘောရှိသော ရဟန်းတို့သည်။
သုခဒုက္ခေန၊ ချမ်းသာခြင်း ဆင်းရဲခြင်းဖြင့်။
အကမ္ပာ၊ တုန်လှုပ်ခြင်း မရှိကြကုန်။
တာဒိသာ၊ ထိုသို့ သဘောရှိသော ရဟန်းတို့သည်။
မမ၊ ကျွန်တော်မ၏။
သမဏာ၊ ရဟန်းတော်တို့ပါတည်း။
(ဤသို့ အစရှိသော စကားတို့ဖြင့် ယောက္ခမကို နှစ်သက်စေလေ၏။)
စူဠသုဘဒ္ဒါ ဘုရားပင့်ခြင်း
ထိုအခါ စူဠသုဘဒ္ဒါကို သင်၏ရဟန်းတို့ကို ငါတို့အားလည်း ပြခြင်းငှါ တတ်နိုင်ကောင်းအံ့လောဟု ဆိုသောကြောင့် တတ်နိုင်ပါ၏ဟု ပြောသည်ရှိသော် ထိုသို့ဖြစ်မူ အကြင်အခြင်းဖြင့် ပြုသည်ရှိသော် ငါတို့သည် ထိုရဟန်းတို့ကို ဖူးမြင်ကြရကုန်၏၊
ထိုအခြင်းဖြင့် ပြုပါလော့ဟုဆိုလျှင် ထိုစူဠသုဘဒ္ဒါသည် ကောင်းလှပါပြီဟုဝန်ခံ၍ မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော် အပေါင်းအလို့ငှါ ကြီးစွာသော အလှူကို စီရင်သဖြင့် ပြာသာဒ် အထက်အပြင်၌ တည်နေလျက် ဇေတဝန် ကျောင်းတော်သို့ ရှေးရှု ရိုသေစွာ ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကို ဆင်ခြင်၍ ပန်း နံ့သာ အထုံ အခိုးတို့ဖြင့် ပူဇော်ခြင်းကိုပြုသဖြင့် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - နက်ဖြန် ကောင်းမှု အလို့ငှါ ဘုရားအမှူးရှိသော ရဟန်းသံဃာတော် အပေါင်းကို တပည့် တော်မ ပင့်ဖိတ်ပါသည်ဘုရား၊
တပည့်တော်မ၏ ဤအမှတ်သညာဖြင့် ပင့်ဖိတ်သောအဖြစ်ကို မြတ်စွာဘုရားသည် သိတော်မူပါစေ သတည်းဟု ဓိဋ္ဌာန်၍ မြတ်လေးပန်းတို့၏ ရှစ်ဆုပ်တို့ကို ကောင်းကင်၌ ပစ်မြှောက် ဖြန့်ကြဲလိုက် လေ၏၊ ပန်းတို့သည် သွား၍ ပရိသတ်လေးပါး အလယ်၌ တရားတော်ကို ဟောကြားတော်မူကာ နေသော မြတ်စွာဘုရား၏ အထက်၌ ပန်းဗိတာန် မျက်နှာကြက် ဖြစ်၍ တည်ကုန်၏၊
ထိုခဏ၌ အနာထပိဏ်သူဌေးကြီးသည် တရားစကားတော်ကို နာကြားပြီး၍ နက်ဖြန် ကောင်းမှု အလို့ငှါ မြတ်စွာဘုရားကို ပင့်ဖိတ်လေ၏၊ မြတ်စွာဘုရားသည် သူဌေးကြီး- ငါဘုရားသည် နက်ဖြန် ကောင်းမှုအလို့ငှါ ဆွမ်းကို သည်းခံအပ်ပြီဟု မိန့်တော်မူသောကြောင့် မြတ်စွာဘုရား တပည့်တော် ထက် ရှေးဦးစွာ လာသောသူသည် မရှိပါ၊
အဘယ်သူအား ရှင်တော်ဘုရားတို့ သည်းခံတော်မူပါသနည်း ဘုရားဟု နားတော်လျှောက်သည် ရှိသော် သူဌေးကြီး - စူဠသုဘဒ္ဒါသည် ပင့်ဖိတ်အပ်လေပြီဟု မိန့်တော်မူသောကြောင့် မြတ်စွာဘုရား - စူဠသုဘဒ္ဒါသည် ဤသာဝတ္ထိပြည်မှ ယူဇနာ တရာ့နှစ်ဆယ်၏ အထက် ဝေးကွာလှ သော ဥဂ္ဂမြို့၌ နေပါသည်ဘုရားဟု နားတော် လျှောက်လတ်သည်ရှိသော် သူဌေးကြီး-မှန်ပေ၏၊ ဝေးသောအရပ်၌ နေကြကုန်သော်လည်း သူတော်ကောင်းတို့သည် မျက်မှောက်၌ တည်ဘိ သကဲ့သို့ ထင်ရှား ပြကြကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃ဝ၃။ ဒူရေ သန္တော ပကာသေန္တိ၊ ဟိမဝန္တောဝ ပဗ္ဗတော။
အသန္တေတ္ထ န ဒိဿန္တိ၊ ရတ္တိံ ခိတ္တာ သရာ ယထာ။
ဟိမဝန္တော ပဗ္ဗတော၊ ဟိမဝန္တာ တောင်မင်းသည်။
ပကာသေတိ ဣဝ၊ ထင်ရှားသကဲ့သို့။
ဒူရေ၊ ဝေးသောအရပ်၌။
ဌိတာ၊ တည်နေကြကုန်သော။
သန္တော၊ သူတော်ကောင်းတို့သည်။
ပကာသေန္တိ၊ ထင်ရှားကြကုန်၏။
(ရာဂသည် ငြိမ်းခြင်းကြောင့် ဘုရားအစရှိသည် တို့သည်သာလျှင် သန္တ = သူတော်ကောင်းတို့ မည်ကြကုန်၏၊ ဤနေရာ၌ကား ရှေးဘုရားရှင်တို့ အထံ၌ ပြုအပ်သော ကောင်းမှု ဆုတောင်းခြင်း ရှိသောသူ, များသော ကုသိုလ်မူလ ရှိသောသူ, ပွားများအပ်သော ဘာဝနာရှိသော သူတို့သည် သန္တ = သူတော်ကောင်း မည်ကုန်၏ ဟူ၍ အလိုရှိအပ်ကုန်၏၊
ထိုသူတော်ကောင်းတို့သည် အဝေး၌တည်ကုန်သော်လည်း ဘုရားရှင်တို့၏ ဉာဏ်တော်၏ ခရီး လမ်းမသို့ ရောက်လာကြသဖြင့် ထင်ရှားလှပေကုန်၏၊ အလျားအနံ ယူဇနာသုံးထောင်, အမြင့် ယူဇနာ ငါးရာ, ရှစ်သောင်း လေးထောင်သော တောင်ထွဋ်တို့ဖြင့် တန်ဆာဆင်အပ်သော ဟိမဝန္တာ တောင်မင်းသည် ဝေးသော အရပ်၌ နေသောသူတို့အားသော်လည်း ရှေးရှုမျက်မှောက် တည်သည် အလား ထင်ရှားလှသကဲ့သို့ပင် ဟူလို။)
ရတ္တိံ၊ ညဉ့်အခါ၌။
ခိတ္တာ၊ ပစ်အပ်ကုန်သော။
သရ၊ မြှားတို့သည်။
န ဒိဿန္တိ ယထာ၊ မထင်ရှားကုန်သကဲ့သို့။
ဧတ္ထ၊ ဤငါဘုရားအနီး၌။
ဌိတာ၊ တည်နေကြကုန်သော။
အသန္တော၊ သူတော်မဟုတ် ယုတ်မာသောသူတို့သည်။
န ဒိဿန္တိ၊ မထင်ရှားကြလေကုန်။
(မျက်မှောက် အကျိုးပေးခြင်းကိုသာ အလေးပြုကြသောသူ, တမလွန် လောကကို မလွန်မြောက် နိုင်သေးသောသူ, ပစ္စည်း အာမိသမျှလောက်သာ မြင်တတ်သော မျက်စိ ရှိသောသူ, အသက် မွေးခြင်းအကျိုးငှါ ရှင်ရဟန်း ပြုသောသူ ဖြစ်သော ဗာလပုဂ္ဂိုလ်တို့သည် သူတော်ကောင်း မဟုတ် ကြကုန်၊ ထိုသူတို့သည် ဘုရားရှင်တို့၏ လက်ျာ ဒူးဝန်း၏ အနီး၌ နေကြသော်လည်း မထင်ရှား ကြကုန်၊ အင်္ဂါလေးပါးနှင့် ပြည့်စုံသော အမိုက်မှောင် ရှိသော ညဉ့်အခါ၌ ပစ်အပ်သော မြှားတို့ အလား ရှေးအကြောင်း နည်းပါးလှသောကြောင့် မထင်ရှားနိုင်ကြရှာလေကုန် ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောဘာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
မြတ်စွာဘုရား ဥဂ္ဂမြို့သို့ ကြွတော်မူခြင်း
သိကြားနတ်မင်းကြီးသည် မြတ်စွာဘုရားကား စူဠသုဘဒ္ဒါ၏ ပင့်ဖိတ်သည်ကို သည်းခံတော်မူ၏ဟု သိရ၍ ဝိသုကြုံနတ်သားကို ငါးရာသော စုလစ် မွန်းချွန်တပ်သော ကျောင်းတို့ကို ဖန်ဆင်းစေ၍ နက်ဖြန် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော် အပေါင်းကို ဥဂ္ဂမြို့သို့ ပို့ဆောင်ချေလော့ ဟု အမိန့် ပေးလေ၏၊
ထိုဝိသုကြုံနတ်သားသည် တဖန် မိုးသောက် နောက်တနေ့၌ ငါးရာသော စုလစ်မွန်းချွန်တပ်သော ကျောင်းတို့ကို ဖန်ဆင်း၍ ဇေတဝန်ကျောင်းတော် နေရာ၌ ရပ်တည်လာလေ၏။ ဘုရားရှင်သည် စီစစ်ရွေးကောက်တော်မူ၍ အထူးသဖြင့် သန့်ရှင်း စင်ကြယ်ကုန်သော အာသဝေါ ကင်းကွာ ရဟန္တာတို့၏ သာလျှင် ငါးရာတို့ကို ခေါ်ဆောင်တော်မူသဖြင့် အခြံအရံနှင့်တကွ စုလစ်မွန်းချွန် တပ်သော ကျောင်းတို့၌ သီတင်းသုံး နေထိုင်တော်မူလျက် ဥဂွမြို့သို့ ကြွသွားတော်မူလေ၏၊
ဥဂ္ဂသူဌေးကြီးသည်လည်း အခြံအရံနှင့် တကွ စူဠသုဘဒ္ဒါ ပေးအပ်သော နည်းအားဖြင့်သာလျှင် မြတ်စွာဘုရား၏ ကြွလာတော်မူရာ လမ်းခရီးကို ကြည့်ရှုလျက် ရပ်တည်နေလေ၏။ များစွာသော အသရေတို့၏ ပြည့်စုံခြင်းဖြင့် ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်ရလျှင် ကြည်ရွှင်သောစိတ် ရှိသည်ဖြစ်၍ ပန်းအစရှိသည်တို့ဖြင့် များစွာသော ပူဇော်သက္ကာရကို ပြုလျက် အခြံအရံနှင့်တကွ ဝန်ခံ၍ (လက်ခံကြိုဆို၍) ရှိခိုးပြီးလျှင် အလှူကြီးကို ပေးလှူပြီးနောက် အဖန်တလဲလဲ ပင့်ဖိတ်သဖြင့် ခုနစ်ရက်ပတ်လုံး အလှူကြီးကို လှူဒါန်းလေ၏၊
မြတ်စွာဘုရားသည်လည်း ထိုဥဂ္ဂသူဌေးအား လျောက်ပတ်သည်ကို မှတ်သားတော်မူ၍ တရားကို ဟောကြားတော်မူလေ၏၊ ထိုသူဌေးကြီးကိုအစပြု၍ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားတို့ကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏၊
မြတ်စွာဘုရားသည် စူဠသုဘဒ္ဒါအား ချီးမြှောက်တော် မူသောအားဖြင့် သင်သည် ဤဥဂွမြို့၌ သာလျှင် နေသောသူ ဖြစ်ချေလော့ဟု အနုရုဒ္ဓါ မထေရ်ကို ပြန်နစ်စေပြီးလျှင် သာဝတ္ထိပြည်သို့ သာလျှင် ကြွတော်မူလေ၏၊ ထိုအခါမှစ၍ ထိုဥဂ္ဂမြို့၌ နေသူ လူအပေါင်းသည် သဒ္ဓါတရားနှင့် ပြည့်စုံလေသတည်း။
စူဠသုဘဒ္ဒါ ဝတ္ထု ပြီး၏။
၉ - ဧကဝိဟာရိမထေရ် ဝတ္ထု
ဧကာသနံ-အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တပါးအထည်းတည်း နေလေ့ရှိသောကြောင့် ဧကဝိဟာရိ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
တပါးတည်း နေထိုင်ခြင်း
ထိုမထေရ်သည် တပါး အထည်းတည်းသာလျှင် အိပ်ခြင်းကို ပြု၏၊ တပါး အထည်းတည်းသာလျှင် နေလေ့ရှိ၏၊ တပါးအထည်းတည်းသာလျှင်စင်္ကြံသွား၏၊ တပါးအထည်းတည်း သာလျှင် ရပ်၏၊ ဤသို့ ပရိသတ် လေးပါးတို့၏ အလယ်၌ ထင်ရှားသောမထေရ် ဖြစ်လေသတတ်၊
ထိုအခါ ထိုရဟန်းကို တပါးသော ရဟန်းတို့သည် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား - ဤမထေရ်သည် ဤသို့ သဘောရှိသော မထေရ်မည်ပါသည် ဘုရားဟု မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏၊
မြတ်စွာဘုရားသည် ကောင်းပေစွ ကောင်းပေစွ-ဟု ထိုမထေရ်အား ကောင်းချီးစကား ပေးတော် မူပြီးလျှင် ရဟန်းမည်သည်ကား ဆိတ်ငြိမ်သော နေခြင်းဖြင့် နေသောသူ ဖြစ်သင့်၏ဟု ဆိတ်ငြိမ်စွာ နေခြင်း၌ အကျိုးအာနိသင်ကိုမိန့်ကြားတော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၀၄။ ဧကာသနံ ဧကသေယျံ၊ ဧကော စရ မတန္ဒိတော။
ဧကော ဒမယမတ္တာနံ၊ ဝနန္တေ ရမိတော သိယာ။
ဧကာသနံ၊ တပါးအထည်းတည်း နေခြင်းသို့၎င်း။
ဧကသေယျံ၊ တပါး အထည်းတည်း အိပ်ခြင်းသို့၎င်း။
ဘဇေထ၊ ဆည်းကပ်ရာ၏။
(ရဟန်းတထောင်၏ အလယ်၌ သော်လည်း နှလုံးသွင်းနေကျ မူလကမ္မဋ္ဌာန်းကို မစွန့်မူ၍ ထို ကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းဖြင့်သာ နေထိုင်ခြင်းသည် တပါးအထည်းတည်း နေခြင်း မည်၏၊ လောဟပါသာဒ ပြာသာဒ်နှင့် တူသော ပြာသာဒ်၌သော်၎င်း, ရဟန်းတထောင်တို့၏ အလယ်၌ ခင်းထားအပ်သော ဆန်းကြယ်သော အခင်း, ခေါင်းအုံး, ခြေအုံး, မှီအုံး ရှိသော မြတ်သော ပုဂ္ဂိုလ်တို့အား ထိုက်တန်သော နေရာ၌သော်၎င်း သတိကို ဖြစ်စေလျက် ရဟန်း တထောင်၏ အလယ်၌ပင် မူလကမ္မဋ္ဌာန်းကို နှလုံးသွင်းသဖြင့် နေသော ရဟန်း၏ အိပ်ခြင်းသည် တပါး အထည်းတည်း အိပ်ခြင်း မည်၏၊ ဤသို့ သဘောရှိသော တပ ါးတည်း နေခြင်းသို့၎င်း တပါးတည်း အိပ်ခြင်း သို့၎င်း ဆည်းကပ်ရမည် ဟူလို။)
အတန္ဒိတော၊ မပျင်းရိသည်ဖြစ်၍။
ဧကော၊ တပါးအထည်းတည်း။
စရံ-စရန္တော၊ ကျင့်ကြံကြိုးကုတ် အားထုတ်လျက်။
(သလုံး မြင်းခေါင်းသားကို မှီ၍ အသက်မွေးခြင်းဖြင့် ပျင်းရိခြင်းကင်းလျက် ဣရိယာပုထ် အားလုံး တို့၌ တပါးတည်းသာ ကျင့်ရမည် ဟူလို။)
ဧကော၊ တယောက်အထည်းတည်း။
အတ္တာနံ၊ မိမိကိုယ်ကို။
ဒမယံ-ဒမယန္တော၊ ဆုံးမလျက်။
[ညဉ့်သန့်ရာအရပ် စသည်တို့၌ ကမ္မဋ္ဌာန်းအားထုတ်လျက် မဂ်ဖိုလ်ရခြင်း၏ အစွမ်းဖြင့် တပါးတည်း သာဖြစ်၍ မိမိကိုယ်ကို ဆုံးမရမည် ဟူလို။]
ဝနန္တေ၊ ဆိတ်ငြိမ်သော တောအုပ်၌။
ရမိတော၊ မွေ့လျော်သော သူသည်။
သိယာ၊ ဖြစ်ရာ၏။
(ဤသို့ မိမိကိုယ်ကို ဆုံးမလျက် မိန်းမသံ, ယောက်ျားသံ စသည်တို့မှ ကင်းဆိတ်သော တောအုပ်၌သာ လွန်စွာ မွေ့လျော်ရမည်၊ ရောပြွမ်းကာ နေသောသူအား ဤသို့ မိမိကိုယ်ကို ဆုံးမ ခြင်းငှါ မတတ်ကောင်း ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏၊ ထိုအခါမှစ၍ များစွာသော လူအပေါင်းသည် တယောက်တည်း နေခြင်းကိုသာလျှင် တောင့်တလေ၏။
ဧကဝိဟာရိမထေရ် ဝတ္ထု ပြီး၏။
ဤတွင်ရွေ့ကား နှစ်ဆယ့်တခု မြောက်သော ပကိဏ္ဏကဝဂ် အဖွင့် ပြီး၏။
၂၂ - နိရယဝဂ်
၁-သုန္ဒရီပရိဗိုဇ်မ ဝတ္ထု
အဘူတဝါဒီ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သုန္ဒရီ အမည်ရှိသော ပရိဗိုဇ်မကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သုန္ဒရီပရိဗိုဇ်မ စွပ်စွဲခြင်း
(ထိုအခါ၌ မြတ်စွာဘုရားသည် အရိုအသေပြုအပ်သည် အလေးအမြတ် ပြုအပ်သည် မြတ်နိုး အပ်သည် ပူဇော်အပ်သည် ဖြစ်၏၊ ဤသို့အစရှိသော ဝတ္ထုသည် ဥဒါန်းပါဠိတော်၌ အကျယ် အားဖြင့် လာသည်သာလျှင်တည်း၊ ဤ ဓမ္မပဒ အဋ္ဌကထာ၌ ဤဆိုလတ္တံ့သော စကားအစဉ်ကား အကျဉ်း ဤမျှသာ ဖြစ်၏။)
မြတ်စွာဘုရားအား၎င်း, ရဟန်းသံဃာအား၎င်း ငါးစင်းသောမြစ်ကြီးတို့၏ ကြီးစွာသော ရေအယဉ် နှင့်တူသော လာဘ် ပူဇော်သက္ကာရသည် ဖြစ်လတ်သည် ရှိသော် ပြတ်ကင်းသောလာဘ် ပူဇော် သက္ကာရရှိကုန်သော တပါးသော တိတ္ထိတို့သည် နေထွက်သောအခါ၌ ပိုးစုန်းကြူးတို့ကဲ့သို့ အရောင် မရှိကုန်သည်ဖြစ်၍ တပေါင်းတည်း စည်းဝေးကြပြီးလျှင် ငါတို့သည် ရဟန်းဂေါတမ၏ ပွင့်ထွန်းပေါ် ပေါက်လာသော အခါမှစ၍ ပြတ်ကင်းသော လာဘ် ပူဇော်သက္ကာရ ရှိကြရကုန်၏၊
တစုံတယောက်သောသူသည် ငါတို့၏ ရှိသော အဖြစ်မျှကိုလည်း မသိ၊ အဘယ်သူနှင့် အတူတကွ တပေါင်းတည်းဖြစ်၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို ဖြစ်စေလျက် ထိုရဟန်း ဂေါတမအား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့ဖွယ်ကို ဖြစ်စေပြီးလျှင် လာဘ်ပူဇော် သက္ကာရကို ကွယ်ပျောက်စေရပါကုန် အံ့နည်းဟု တိုင်ပင်ကြလေကုန်၏၊
ထိုသို့ တိုင်ပင်လတ်သောအခါ ထိုတိတ္ထိတို့အား ဤသို့သောအကြံသည် ဖြစ်လေ၏၊ သုန္ဒရီ ပရိဗိုဇ်မနှင့် အတူတကွ တပေါင်းတည်းဖြစ်၍ တတ်နိုင်ကြကုန်လတ္တံ့ဟု ပြောဆိုကြပြီးလျှင် ထိုတိတ္ထိတို့သည် တနေ့သ၌ တိတ္ထိတို့၏ ကျောင်းအာရာမ်သို့ ဝင်လာ၍ ရှိခိုးလျက်နေသော သုန္ဒရီပရိဗိုဇ်မကို စကား မပြောမဆိုဘဲ နေကြလေကုန်၏၊
ထိုသုန္ဒရီပရိဗိုဇ်မသည် အဖန်တလဲလဲ စကားဆိုသော်လည်း စကား တုံ့ပြန်ပြောဆိုခြင်းကို မရ သောကြောင့် အရှင်ကောင်းတို့ကို တစုံတယောက်သော သူသည် စင်စစ် ညှဉ်းဆဲ အပ်ကုန် သလောဟု မေးမြန်းလေ၏၊ နှမ ငါတို့ကို ညှဉ်းဆဲ၍ ပြတ်ကင်းသော လာဘ်ပူဇော်သက္ကာရ ရှိသည်တို့ကိုပြုလျက် သွားလာ လှည့်လည်နေသော ရဟန်းဂေါတမကို သင် မမြင်သလောဟု ဆိုကုန်သည်ရှိသော် တပည့်တော်မသည် ဤ အရာ၌ အဘယ်အမှုကို ပြုလုပ်ခြင်းငှါ သင့်ပါသနည်းဟု မေးလေ၏၊
နှမ-သင်သည် အလွန် အဆင်းလှ၏၊ တင့်တယ်ခြင်းအစုသို့ ရောက်၏၊ ရဟန်းဂေါတမသို့ အကျော်အစောမဲ့ကို တင်၍ များစွာသော လူအပေါင်းကို သင်၏ စကားကို ယူစေသဖြင့် ပြတ်ကင်းသော လာဘ် ပူဇော်သက္ကာရ ရှိအောင် ပြုလော့ဟု ဆိုလတ်ကုန်သည်ရှိသော် ထို သုန္ဒရီပရိဗိုဇ်မသည် တိတ္ထိတို့စကားကို ကြားရလျှင် ကောင်းပါပြီဟု ဝန်ခံ၍ ဖဲသွားပြီးလျှင် ထိုအခါမှစ၍ ပန်း နံ့သာ နံ့သာပျောင်း ပရုတ် ဆောင်းမေးခါးသီး အစရှိသည်တို့ကို ယူလျက် ညချမ်း အခါလူများအပေါင်း၏ မြတ်စွာဘုရား တရားတော်ကို နာကြား၍ မြို့သို့ဝင်လာသော အခါ၌ ဇေတဝန် ကျောင်းတော်သို့ ရှေးရှုသွားသဖြင့် အဘယ်အရပ်သို့ သင်သွားမည်နည်းဟု မေးအပ်သည်ရှိသော် ရဟန်းဂေါတမ၏အထံသို့သွားပါအံ့။
ငါကား ထိုရဟန်းဂေါတမနှင့် အတူတကွ တခုတည်းသော ဂန္ဓကုဋိ၌ နေ၏ဟု ဆိုပြီးလျှင် အမှတ်မရှိ တခုသောတိတ္ထိတို့၏ ကျောင်းအာရာမ်၌ နေသဖြင့် နံနက် စောစောသာလျှင် ဇေတဝန် ကျောင်းတော် လမ်းခရီးသို့ သက်၍ သာဝတ္ထိ မြို့သို့ ရှေးရှုသွား၏၊ သုန္ဒရီပရိဗိုဇ်မ အဘယ်အရပ်သို့ သင်သွားသနည်းဟု မေးအပ်သည်ရှိသော် ရဟန်းဂေါတမနှင့် အတူတကွ တခုတည်းသော ဂန္ဓကုဋိ၌ နေသဖြင့် ထိုရဟန်းဂေါတမကို ကိလေသာကာမ မွေ့လျော်ခြင်းဖြင့် မွေ့လျော်ပြီးလျှင် ထွက်လာခဲ့ရသည်ဟု ပြောဆို၏။
သုန္ဒရီပရိဗိုဇ်မအလောင်း ဘုရားကျောင်းအနီး၌ တွေ့ခြင်း
ထိုအခါ တိတ္ထိတို့သည် သုန္ဒရီပရိဗိုဇ်မကို နှစ်ရက် သုံးရက် လွန်သောအခါ သေသောက်ကြူး တို့အား အသပြာတို့ကိုပေး၍ သွားကြကုန်လော့၊ သုန္ဒရီပရိဗိုဇ်မ ကို သတ်ပြီးလျှင် ရဟန်းဂေါတမ၏ ဂန္ဓကုဋိအနီး ပန်းမှိုက်အကြား၌ ပစ်ထား၍ လာကြကုန်လော့ဟု ဆိုကြလေကုန်၏၊ ထို သေသောက်ကြူးတို့သည် တိတ္ထိတို့ ဆိုတိုင်း ပြုလုပ်ကြလေကုန်၏၊
ထိုသို့သတ်ပြီးနောက် တိတ္ထိတို့သည် သုန္ဒရီပရိဗိုဇ်မကို မမြင်ကြရကုန်ဟု အုတ်အုတ်ကျက်ကျက် ပြု၍ ပဿေနဒီ ကောသလမင်းကြီးအား ပြောကြားကြလေသောကြောင့် အဘယ်အရပ်၌ အသင်တို့ ယုံမှားရှိကြ ကုန်သနည်းဟု မေးလေ၏၊ ဤနေ့၌ ဇေတဝန်ကျောင်းတော်၌နေ၏၊ ထိုဇေတဝန် ကျောင်းတော်၌ သန္ဒရီပရိဗိုဇ်မ၏ အကြောင်းကို ငါတို့ မသိကြကုန်ဟု တိတ္ထိတို့ ဆိုကြကုန် သောကြောင့် ထိုသို့ဖြစ်မူ သွားကြလေကုန်၊
သုန္ဒရီ ရိဗိုဇ်မကို စူးစမ်း ရှာဖွေကြကုန်လော့ဟု မင်းကြီး ခွင့်ပြုအပ်သည်ရှိသော် မိမိ၏ အလုပ် အကျွေးတို့ကို ခေါ်၍ ဇေတဝန်ကျောင်းတော်သို့ သွားပြီးလျှင် စူးစမ်း ရှာဖွေကြကုန် သည်ရှိသော် ပန်းမှိုက်အကြား၌ မြင်ရ၍ ညောင်စောင်းသို့ တင်သဖြင့် မြို့သို့ ဝင်ပြီးလျှင် ရဟန်းဂေါတမ၏ တပည့်တို့သည် ဆရာပြုအပ်သော မကောင်းမှုကို ဖုံးလွှမ်းကြကုန်အံ့ဟု သုန္ဒရီ ပရိဗိုဇ်မကို သတ်၍ ပန်းမှိုက်အကြား၌ ပစ်ထားကြကုန်၏ဟု မင်းကြီးအား ပြောကြားကြလေကုန်၏၊
ပဿေနဒီ ကောသလ မင်းကြီးသည် ထိုသို့ဖြစ်မူ သွားကြလေကုန်၊ မြို့ကို လှည့်လည်ကြကုန် လော့ဟု မိန့်ဆိုလေ၏၊ တိတ္ထိတို့သည် မြို့လမ်းခရီးမတို့၌ သာကီဝင်မင်းသား ဖြစ်သော ရဟန်းတို့၏ အမှုကို ကြည့်ရှုကြကုန်လော့ဟု ဤသို့ အစရှိသော စကားတို့ကို ဆိုပြီးလျှင် တဖန် မင်းကြီး၏ နန်းတော်တံခါးသို့ လာကြလေကုန်၏၊
မင်းကြီးသည် သုန္ဒရီပရိဗိုဇ်မ၏ အလောင်းကောင်ကို သူကောင်ပစ်ရာ သုသာန် တစပြင်၌ ငြမ်းစင်ထက်သို့ တင်ထားပြီးလျှင် စောင့်ရှောက်စေ၏၊ သာဝတ္ထိပြည်၌ နေသော သူတို့သည် အရိယာသာဝကတို့ကို ဖယ်ထား၍ များသောအားဖြင့် သာကီဝင် မင်းသားတို့၏ အမှုကို ကြည့်ရှုကြ ကုန်လော့၊ ဤသို့ အစရှိသော စကားတို့ကိုဆို၍ မြို့တွင်း၌၎င်း, မြို့ပ၌၎င်း, တောအုပ်တို့၌၎င်း ဆဲရေးကုန်လျက် လှည့်လည် သွားလာကြကုန်၏၊
ရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် ထိုသို့ဖြစ်မူ သင် ချစ်သားတို့သည် လူတို့ကို ဤသို့ ဆိုကြကုန်လော့ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃ဝ၅။ အဘူတဝါဒီ နိရယံ ဥပေတိ၊ ယော စာပိ ကတွာ န ကရောမိစ္ဆာဟ။
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊ နိဟီနကမ္မာ မနုဇာ ပရတ္ထ။
အဘူတဝါဒီ၊ မဟုတ်မမှန် ပြောဆို စွပ်စွဲလေ့ရှိသော သူသည်၎င်း။
ယော၊ အကြင်သူသည်။
ကတွာ၊ မကောင်းမှုပြုလျက်။
န ကရောမီတိ၊ ငါမပြုဟု။
အာဟ၊ ဆို၏။
သောစာပိ၊ ထိုသူသည်၎င်း။
နိရယံ၊ ငရဲသို့။
ဥပေတိ၊ ရောက်၏။
ဥဘောပိ၊ နှစ်ယောက်လည်း ဖြစ်ကုန်သော။
နိဟီနကမ္မာ၊ ယုတ်မာသော မကောင်းမှုကံ ရှိကြကုန်သော။
တေ မနုဇာ၊ ထိုလူတို့သည်။
ပေစ္စ-ပရတ္ထ၊ နောက်ဖြစ်သော တမလွန်ဘဝ၌။
သမာ၊ ငရဲ ဒုဂ္ဂတိအားဖြင့် တူမျှကြကုန်သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
(သူတပါး၏အပြစ်ကို မမြင်ရမူ၍သာလျှင် မဟုတ်မမှန်သော စကားကို ဆိုလျက် အချည်းနှီးအားဖြင့် သူတပါးကို စွပ်စွဲတတ်သော သူသည်၎င်း, မကောင်းမှုကို ပြုလုပ်ပါလျက် ငါမပြုလုပ်ဟု ပြောဆိုသော သူသည်၎င်း ထိုနှစ်ယောက်သော သူတို့သည်လည်း တမလွန်ဘဝသို့ ရောက်လတ် သည်ရှိသော် ငရဲသို့ ကပ်ရောက်ရသဖြင့် မကောင်းသောအလား ဒုဂ္ဂတိအားဖြင့် တူမျှကြကုန်၏၊
ဒုဂ္ဂတိသာလျှင် ထိုသူတို့၏အပိုင်းအခြားဖြစ်၏၊ အသက်သည် ထိုသူတို့၏ အပိုင်းအခြားမဟုတ်၊ မကောင်းမှုကို များစွာပြုလျှင် ကြာမြင့်စွာ ငရဲခံရကုန်၏၊ အနည်းငယ်ပြုလျှင် အနည်းငယ်မျှသော ကာလသာ ခံရကုန်၏၊ ယုတ်မာသော မကောင်းမှုကံကို ပြုသောကြောင့် “နိဟီနကမ္မ”ဟု ဆိုအပ် သော ထိုလူတို့သည် ဤဘဝမှ စုတေမနေ သွားရရှာလေသည် ရှိသော် တမလွန်ဘဝ၌ အတူအမျှ ဖြစ်ကြရကုန်၏၊ ခံကြရကုန်၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
တိတ္ထိတို့နှင့် သေသောက်ကြူးတို့ အပြစ်ရခြင်း
ပဿေနဒီ ကောသလမင်းကြီးသည် သုန္ဒရီမအား တပါးသောသူတို့ သတ်အပ်သည်အဖြစ်ကို သိအောင် စုံစမ်းကြရမည်ဟု မင်းချင်း ယောက်ျားတို့ကို စေလွှတ်လေ၏၊ ထိုအခါ ထို သေသောက် ကြူးတို့သည် ထိုတိတ္ထိတို့ ပေးသော အသပြာတို့ဖြင့် သေအရက်ကို သောက်ကုန်လျက် အချင်းချင်း ခိုက်ရန် ငြင်းခုံခြင်းကို ပြုကြလေကုန်၏၊
တယောက်သောသူသည် တယောက်သောသူကို သင်သည် သုန္ဒရီပရိဗိုဇ်မကို တချက်တည်းဖြင့် သာလျှင် သတ်၍ ပန်းမှိုက်အကြား၌ ထားသဖြင့် ထိုသို့ သတ်ခြင်းကြောင့် ရသော အသပြာတို့ဖြင့် သေအရက်ကို သောက်ဘိ၏၊ သောက်နိုင်သည် ဖြစ်ပါစေ, ဖြစ်ပါစေဟု ဆိုလေ၏၊ မင်းချင်း ယောက်ျားတို့သည် ထိုသေသောက်ကြူးတို့ကို ဖမ်းပြီးလျှင် မင်းကြီးအား ပြကြလေကုန်၏၊
ထိုအခါ ထိုသေသောက်ကြူးတို့ကို မင်းကြီးသည် သင်တို့ သတ်လေသလောဟု မေးစစ်လေ၏၊ အရှင်မင်းကြီး - မှန်လှပါသည်ဘုရားဟု လျှောက်တင်လတ်သော် အဘယ်သူတို့က သတ်ခိုင်းဘိ သနည်းဟု မေးစစ်ပြန်လေ၏၊ အရှင်မင်းကြီး - သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့က သတ်ခိုင်းအပ်ပါသည် ဘုရားဟု လျှောက်တင်လတ်သော် မင်းကြီးသည် တိတ္ထိတို့ကို ခေါ်၍ မေးစစ်လေ၏၊ တိတ္ထိတို့သည် ထိုသေသောက်ကြူးတို့ အတူသာလျှင် လျှောက်ဆိုကြလေကုန်၏၊
ထိုသို့ဖြစ်မူ သွားကြကုန်၊ သင်တို့သည် ဤသို့ဆိုကုန်လျက် မြို့ကို လှည့်လည်ကြ ကုန်လော့၊ ဤ သုန္ဒရီပရိဗိုဇ်မကို ရဟန်းဂေါတမအား ကျေးဇူးမဲ့ ကဲ့ရဲ့ဖွယ် အပြစ်ကို တင်လိုသဖြင့် ငါတို့သည် သတ်အပ်ပါသည်၊ ရဟန်းဂေါတမ၏ တပည့်သားတို့အား အပြစ်မရှိပါ၊ ငါတို့အားသာလျှင် အပြစ် ရှိပါသည်ဟု ဆို၍ လှည့်လည်ကြရမည်ဟု အမိန့်ချလေ၏၊
ထိုတိတ္ထိတို့သည် မင်းကြီးဆိုတိုင်း ပြုကြရလေကုန်၏၊ မလိမ်မာသော များစွာသော လူအပေါင်း သည် ထိုအခါမှ ယုံကြည်၏၊ တိတ္ထိတို့သည်၎င်း, သေသောက်ကြူးတို့သည်၎င်း သူသတ်ယောက်ျား တို့ သတ်သော အပြစ်ဒဏ်သို့ ရောက်ကြရှာလေကုန်၏၊ ထိုအခါမှစ၍ မြတ်စွာဘုရားတို့အား များစွာသော ပူဇော်သက္ကာရသည် ဖြစ်လေ၏။
သုန္ဒရီပရိဗိုဇ်မဝတ္ထု ပြီး၏။
၂ - ဒုစရိုက်အကျိုးခံစားရသော သတ္တဝါတို့ ဝတ္ထု
ကာသာဝကဏ္ဌာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် ဒုစရိုက်အကျိုး ခံစားရခြင်းဖြင့် နှိပ်စက်အပ်သော သတ္တဝါတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သင်္ကန်းဝတ်လျက်ရှိသော ပြိတ္တာများ
ရှင်မောဂ္ဂလာန် မထေရ်သည် အရှင်လက္ခဏမထေရ်နှင့် အတူတက္ခ ဂိဇ္ဈကုဋ် တောင်ထက်မှ သက်ဆင်းတော် မူလတ်သည်ရှိသော် အရိုးစုပြိတ္တာ အစရှိသည်တို့၏ အတ္တဘောတို့ကို တွေ့မြင်ရ၍ ပြုံးခြင်းကို ပြုတော်မူသဖြင့် လက္ခဏမထေရ်သည် ပြုံးခြင်းအကြောင်းကို မေးအပ် ရကား ငါ့သျှင် လက္ခဏ - ဤပြဿနာကို ဖြေအံ့သောငှါ အခါမဟုတ်သေး၊ မြတ်စွာဘုရား၏ အထံတော်၌ ငါ့ကိုမေးလော့ ဟု ဆိုသောကြောင့် မြတ်စွာဘုရား၏ အထံတော်၌ လက္ခဏမထေရ် မေးအပ် သည်ရှိသော် ရှင်မောဂ္ဂလာန်သည် အရိုးစုပြိတ္တာ အစရှိသည်တို့ကို မြင်ရသည့် အဖြစ်ကို ပြောကြား ပြီးလျှင် ငါ့သျှင် လက္ခဏ - ဤအရပ်၌ ငါသည် ဂိဇ္ဈကုဋ်တောင်မှ သက်ဆင်းလတ် သည်ရှိသော် ကောင်းကင်သို့ သွားသော ရဟန်းကို မြင်ရ၏၊
ထိုရဟန်း၏ ကိုယ်သည်လည်း ရဲရဲငြိအောင် တောက်လောင်၏၊ ဤသို့အစရှိသော နည်းအားဖြင့် သပိတ်, သင်္ကန်း, ခါးပန်း အစရှိသည်တို့နှင့်တကွ မီးလောင်ခံရကုန်သော သီဟင်းသုံးဖော် ငါးယောက်တို့ကို ပြောကြားလေ၏၊
မြတ်စွာဘုရားသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၍ ရဟန်း၏ အဖြစ်အား လျောက်ပတ်သော အကျင့်ကို ပြုကျင့်ခြင်းငှါ မတတ်နိုင်ကြကုန်သော ထိုရဟန်းတို့၏ ယုတ်မာသော အဖြစ်ကို ပြောကြားပြီးလျှင် ထိုခဏ၌ ဂိဇ္ဈကုဋ်တောင်၌ နေကုန်သော ယုတ်မာသော ရဟန်းတို့၏ ဒုစရိုက်အကျိုးကို ပြတော်မူလိုသည်ဖြစ်၍ ဤဂါထာကို ဟောကြား တော်မူလေ၏။
ဒေသနာတော်
၃ဝ၆။ ကာသာဝကဏ္ဌာ ဗဟဝေါ၊ ပါပဓမ္မာ အသညတာ။
ပါပါ ပါပေဟိ ကမ္မေဟိ၊ နိရယံ တေ ဥပပဇ္ဇရေ။
ကာသာဝကဏ္ဌာ၊ သင်္ကန်းဖြင့် ဖွဲ့ရစ်အပ်သောလည်ပင်း ရှိကုန်သော။
ဗဟဝေါ၊ များစွာကုန်သော။
ပါပဓမ္မာ၊ ယုတ်မာသောသဘောရှိကုန်သော။
အသညတာ၊ ကိုယ်အစရှိသည်တို့၏ စောင့်စည်းခြင်းမှ ကင်းကြကုန်သော။
ပါပါ၊ ယုတ်မာကုန်သော။
တေ၊ ထိုရဟန်းတို့သည်။
ပါပေဟိ၊ ယုတ်မာကုန်သော။
ကမ္မေဟိ၊ ကိုယ်တိုင် ပြုလုပ်သော အကုသိုလ်ကံတို့ကြောင့်။
နိရယံ၊ ငရဲ၌။
ဥပပဇ္ဇရေ၊ ဖြစ်ကြကုန်၏။
(ထိုရဟန်းယုတ်တို့သည် ထိုငရဲ၌ ကျက်ပြီး၍ စုတေသောအခါ ဝိပါက် အကြွင်းအားဖြင့် ပြိတ္တာဘုံ တို့၌လည်း ဤသို့ ခံကြရကုန်သေး၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ဒုစရိုက်အကျိုးခံစားရသော သတ္တဝါတို့ ဝတ္ထု ပြီး၏။
၃ - ဝဂ္ဂုမုဒါတီရိယ ရဟန်းတို့ ဝတ္ထု
သေယျော အယောဂုဠော - အစရှိသော ဤ တရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်ကို အမှီပြု၍ မဟာဝုန်တော၌ နေတော်မူစဉ် ဝဂ္ဂုမုဒါ မြစ်ကမ်းနား၌ နေကြကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
[ဝတ္ထုသည် ဥတ္တရိမနုဿဓမ္မ ပါရာဇိက၌ လာသည်သာတည်း။)
ဝမ်းရေးကြောင့် တရားဖြင့် ဝါကြွားခြင်း
ထိုအခါ၌ မြတ်စွာဘုရားသည် ထိုဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကြကုန်သော ရဟန်းတို့ကို ချစ်သား ရဟန်းတို့ - သင်တို့သည် အဘယ့်ကြောင့် ဝမ်း၏အကျိုးငှါ လူတို့အား အချင်းချင်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော၊ ဝါ- မြတ်သော အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌ဖြစ်သော ဈာန်မဂ်ဖိုလ် တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏ ဟူသည် မှန်သလော ဟု မေးတော် မူသောကြောင့် ထိုရဟန်းတို့သည် မြတ်စွာဘုရား - မှန်လှပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ထိုရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃ဝ၇။ သေယျော အယောဂုဠော ဘုတ္တော၊ တတ္တော အဂ္ဂိသိခူပမော။
ယေဉ္စ ဘုဉ္ဇေယျ ဒုဿီလော၊ ရဋ္ဌပိဏ္ဍံ အသညတော။
ဒုဿီလော၊ သီလမရှိသော ရဟန်းသည်။
အသညတော၊ ကိုယ်အစရှိသည်တို့ဖြင့် စောင့်စည်းခြင်း မရှိဘဲလျက်။
ရဋ္ဌပိဏ္ဍံ၊ ပြည်သူတို့ သဒ္ဓါ၍ လှူသော ဆွမ်းကို။
ယေဉ္စ ဘုဉ္ဇေယျ၊ အကြင်စားငြားအံ့။
(ငါ ရဟန်းဖြစ်၏ဟု ဝန်ခံလျက် ယူ၍ စား၏ ဟူလို။)
တတော၊ ထိုဆွမ်းကို စားသောထက်။
တတ္တော၊ ရဲရဲငြိ ပူလောင်သော။
အဂ္ဂေသိခူပမော၊ မီးလျှံအဆင်းနှင့်တူသော။
အယောဂုဠော၊ သံတွေခဲကိုသာလျှင်။
ဘုတ္တော၊ စားရခြင်းသည်။
သေယျော၊ အလွန်မြတ်သေး၏။
(အဘယ့်ကြောင့်နည်း ဟူမူကား ထိုသံတွေခဲရဲရဲ စားခြင်းကြောင့် တခုသော အတ္တဘောသည် သာလျှင် လောင်ကျွမ်းရာ၏၊ သီလ မရှိဘဲလျက် သဒ္ဓါ၍ လှူအပ်သောဆွမ်းကို စားမိသည်ရှိသော် များစွာသော ဘဝအရာတို့ပတ်လုံး ငရဲဘုံ၌ ဖြစ်ရာ၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ဝဂ္ဂုမုဒါတီရိယ ရဟန်းတို့ ဝတ္ထု ပြီး၏။
၄။ အနာထပိဏ် သူဌေး၏တူ ခေမကသူဌေးသားဝတ္ထု
စတ္တာရိ ဌာနာနိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ တူဖြစ်သော ခေမက အမည်ရှိသော သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မကြာမကြာ အချုပ်ခံရသော သူဌေးသား
ထို ခေမက အမည်ရှိသော သူဌေးသားသည် အလွန် အဆင်းလှသည် ဖြစ်တည်း၊ များသောအားဖြင့် မိန်းမတို့သည် ထိုသူဌေးသားကို မြင်ရလျှင် ရာဂဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ မိမိ၏ ပင်ကိုယ်သဘောဖြင့် ကောင်းစွာ တည်တံ့ခြင်းငှါ မတတ်နိုင်ရှာကြလေကုန်၊ ထိုခေမက မည်သော သူဌေးသားသည်လည်း သူတပါး မယားကို ပြစ်မှားလိုသော မကောင်းမှုကံဖြင့် နှိပ်စက် အပ်သည်သာလျှင် ဖြစ်လေ၏။
ထိုအခါ သူဌေးသားကို ညဉ့်အခါ၌ မင်းချင်း ယောက်ျားတို့သည် ဖမ်းဆီး၍ မင်းကြီးအား ပြသ ကြလေကုန်၏၊ ပဿေနဒီ ကောသလမင်းကြီးသည် အနာထပိဏ် သူဌေးကြီးကို ရှက်သည်ဟု ထို ခေမက သူဌေးသားကို တခွန်းသော စကားကိုမျှ မဆိုမူ၍ လွှတ်စေလေ၏၊ ထို ခေမက သူဌေးသားသည်ကား ရှောင်ကြဉ်ခြင်း မရှိသည်သာလျှင်တည်း။
ထို့နောင်မှ သူဌေးသားကို နှစ်ကြိမ်မြောက်၎င်း၊ သုံးကြိမ်မြောက်၎င်း မင်းချင်းယောက်ျား တို့သည် ဖမ်းဆီး၍ မင်းကြီးအား ပြသကြပြန်ကုန်၏၊ မင်းကြီးသည် လွှတ်စေသည် သာလျှင်တည်း၊ အနာထပိဏ် သူဌေးကြီးသည် ထို အကြောင်းအရာကို ကြားရသဖြင့် ခေမကသူဌေးသားကို ခေါ်၍ မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ ထိုအကြောင်းအရာကို လျှောက်ကြားပြီးလျှင် မြတ်စွာဘုရား - ဤခေမက သူဌေးသားအား တရားတော်ကို ဟောတော်မူကြပါ ဘုရားဟု လျှောက်လေ၏။
ဘုရားရှင်သည် ထိုခေမက သူဌေးသားအား ထိတ်လန့်စေတတ်သော တရားစကားကို ဟောကြား တော်မူပြီးလျှင် သူတပါး မယားကို ပြစ်မှားမှီဝဲခြင်း၏ အပြစ်ကို ပြတော်မူလျက် ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၀၈။ စတ္တာရိ ဌာနာနိ နရော ပမတ္တော၊
အာပဇ္ဇတီ ပရဒါရူပသေဝီ။
အပုညလာဘံ န နိကာမသေယျံ၊
နိန္ဒိတံ တတိယံ နိရယံ စတုတ္ထံ။
၃၀၉။ အပုညလာဘော စ ဂတီ စ ပါပိကာ၊
ဘီတဿ ဘီတာယ ရတီ စ ထောကိကာ။
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ၊
တသ္မာ နရော ပရဒါရံ န သေဝေ။
ပရဒါရူပသေဝီ၊ သူတပါး မယားကို မှီဝဲပြစ်မှား လမ်းလွဲလိုက်စားလေ့ ရှိသော။ ပမတ္တော၊ သတိလွတ်ကင်း မေ့လျော့ခြင်းရှိသော။ နရော၊ လူသည်။ အပုညလာဘံ၊ မကောင်းမှု အကုသိုလ်ကို ရခြင်းသို့၎င်း။ န နိကာမသေယျံ၊ အလိုရှိတိုင်း မအိပ်ရခြင်းသို့၎င်း။ (အချိန်အနည်းငယ်သာ အိပ်ရ၏ ဟူလို) တတီယံ၊ သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော။ နိန္ဒိတံ၊ ကဲ့ရဲ့ခြင်းကို ရခြင်းသို့၎င်း ။ စတုတ္ထံ၊ လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော။ နိရယံ၊ ငရဲသို့ လားရခြင်းသို့၎င်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ ဌာနာနိ၊ ဆင်းရဲခြင်း၏ အကြောင်း တို့သို့။ အာပဇ္ဇတိ၊ ရောက်၏။
ဧဝံ၊ ဤသို့။ တဿ၊ ထိုသူအား။ အပုညလာဘော စ၊ မကောင်းမှုကို ရခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုမကောင်းမှုကြောင့်။ ပါပိကာ၊ ယုတ်မာသော။ ဂတီ စ၊ အပါယ်သို့ လားခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဘီတဿ၊ ကြောက်ကြောက် လန့်လန့်ရှိသော ယောက်ျား၏။ ဘီတာယ၊ ကြောက်ကြောက် လန့်လန့် ရှိသော မိန်းမနှင့်။ ရတီ စ၊ မွေ့လျော်ရခြင်း သည်လည်း။ ထောကိကာ၊ အနည်းငယ်ကလေးမျှ ဖြစ်၏။ ရာဇာ စ၊ မင်းသည်လည်း။ ဂရုကံ၊ လေးလံသော။ ဒဏ္ဍံ၊ လက်ခြေဖြတ်ခြင်း စသော မင်းဒဏ်ကို။ ပဏေတိ၊ ဖြစ်စေ၏။ တသ္မာ၊ ထိုသို့ အပြစ်များလှသောကြောင့်။ နရော၊ လူသည်။ ပရဒါရံ၊ သူတပါး၏ မယားကို။ န သေဝေ၊ မမှီဝဲရာ။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ခေမက အမည်ရှိသော သူဌေးသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ထိုနေ့မှစ၍ လူများအပေါင်းသည် ချမ်းသာစွာ အချိန်လွန်စေရလေ၏။
ခေမကသူဌေးသား၏ ရှေးဆုတောင်း
ထိုခေမကမည်သော သူဌေးသား၏ ရှေး၌ပြုသော ကုသိုလ်ကံသည် အဘယ်နည်းဟူမူကား ထို ခေမကမည်သော သူဌေးသားသည် ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်၌ လွန်ကဲသော လက်ဝှေ့သမားတယောက် ဖြစ်၍ နှစ်ခုသော ရွှေကုက္ကားတို့ကို မြတ်စွာဘုရား၏ ရွှေစေတီ၌ တင်လှူ ပူဇော်ပြီးလျှင် ဆွေမျိုးသားချင်း တော်စပ်သော မိန်းမတို့ကို ဖယ်ထား၍ ကြွင်းကျန်သော မိန်းမ ဟူသမျှတို့သည် ငါ့ကို မြင်ရလျှင် နှစ်သက် စုံမက်ကြပါစေကုန်သတည်းဟု ဆုတောင်းခြင်းကို ဖြစ်စေဖူးလေ၏၊ ဤသည်ကား ထိုခေမက သူဌေးသား၏ ရှေး၌ ပြုဖူးသော ကောင်းမှုကံတည်း။
ထို့ကြောင့် ဖြစ်လေရာအရပ်၌ မြင်ရလျှင် တပါးသောသူတို့၏ မိန်းမတို့သည် မိမိ၏ ပင်ကိုယ် သဘောအားဖြင့် ကောင်းစွာ တည်တံ့ခြင်းငှါ မတတ်နိုင်ရှာကြလေကုန်။
အနာထပိဏ်သူဌေး၏တူ ခေမကသူဌေးသား ဝတ္ထု ပြီး၏။
၅။ ဆိုနိုင်ခက်သော ရဟန်း ဝတ္ထု
ကုသော ယထာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ဆိုနိုင်ခက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဝိနည်းတတ်၍ မြက်နုတ်ခြင်း
ရဟန်းတပါးသည် စေတနာမရှိဘဲ မြက်တပင်ကို ဖြတ်မိသဖြင့် အလိုလို ကုက္ကုစ္စ ဖြစ်လတ်သည် ရှိသော် ရဟန်းတပါးသို့ ချဉ်းကပ်ပြီးလျှင် ငါ့သျှင်-အကြင် ရဟန်းသည် မြက်ပင်ကို ဖြတ်မိ၏၊ ထိုရဟန်းအား အဘယ်အပြစ် ဖြစ်ပါသနည်း ဟု မိမိပြုမိသော အပြစ်ကို ပြောကြား၍ မေးမြန်းလေသတတ်။
ထိုသို့ မေးမြန်းသောအခါ ထိုရဟန်းကို တပါးသောရဟန်းက သင်သည် မြက်ပင်ကို ဖြတ်ခြင်း ဟူသောအကြောင်းကြောင့် တစုံတခုသောအပြစ် ဖြစ်တတ်သည်ဟု အမှတ်ကို ပြုဘိ၏၊ ဤသို့ မြက်ကို ဖြတ်ခြင်း၌ တစုံတခုသောအပြစ်သည် မဖြစ်၊ ဒေသနာ ကြားလတ်သည် ရှိသော်ကား လွှတ်ကင်း၏ဟု ဆိုခဲ့ပြီးလျှင် ကိုယ်တိုင်ပင် လက်နှစ်ဘက်တို့ဖြင့် မြက်ကို ဆွဲနုတ်ကာ ယူငင် လေ၏။
ရဟန်းတို့သည် ထို အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏၊ မြတ်စွာဘုရား သည် ထိုရဟန်းကို များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် တရား ဟောတော်မူလို ရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၁၀။ ကုသော ယထာ ဒုဂ္ဂဟိတော၊ ဟတ္ထမေဝါနုကန္တတိ။
သာမညံ ဒုပ္ပရာမဋ္ဌံ၊ နိရယာယူပကဍ္ဎတိ။
၃၁၁။ ယံကိဉ္စိ သိထိလံ ကမ္မံ၊ သံကိလိဋ္ဌိဉ္စ ယံ ဝတံ။
သင်္ကဿရံ ဗြဟ္မစရိယံ၊ န တံ ဟောတိ မဟပ္ဖလံ။
၃၁၂။ ကယိရာ စေ ကယိရာ နံ၊ ဒဠှမေနံ ပရက္ကမေ။
သိထိလော ဟိ ပရိဗ္ဗဇော၊ ဘိယျော အာကိရတေ ရဇံ။
ဒုဂ္ဂဟိတော၊ မကောင်းသဖြင့် ယူအပ်သော။ ကုသော၊ သမန်းမြက်သည်။ ဟတ္ထမေဝ၊ လက်ကိုသာလျှင်။ အနုကန္တတိ ယထာ၊ ခွဲရှသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဒုပ္ပရာမဋ္ဌံ၊ မကောင်းသဖြင့် သုံးသပ်အပ်သော။ သာမညံ၊ ရဟန်းကျင့်ဝတ်သည်။ ဒုပ္ပရာမဋ္ဌံ၊ မကောင်းသဖြင့် သုံးသပ်တတ်သော ရဟန်းကို။ နိရယာယ၊ ငရဲသို့။ ဥပကဍ္ဎတိ၊ ငင်၏။
(သမန်းမြက်ဟု ဆိုသော်လည်း ထက်သော အသွားရှိသော မြက်အားလုံး အယုတ်ဆုံး ထန်းရွက်ပင်ဖြစ်စေ မကောင်းသဖြင့် ကိုင်ယူသူ၏လက်ကို ခွဲရှတတ်သကဲ့သို့ ရဟန်းတရားသည်လည်း ကျိုး ပေါက် ကျား ပြောက် ခြင်းအားဖြင့် အသုံးသပ်မတတ်သူကို ငရဲ၌ ဖြစ်စေတတ်၏ ဟူလို။)
သိထိလံ၊ လျော့လျော့ ပြုအပ်သော။ ယံကိဉ္စိ၊ အမှတ်မရှိ အလုံးစုံသော။ ကမ္မဉ္စ၊ အမှုသည်၎င်း။ သံကိလိဋ္ဌံ၊ ညစ်နွမ်းသော။ ယံ ဝတဉ္စ၊ အကြင် အကျင့်သည်၎င်း ။
(ဆွမ်းမခံသင့်သော အရပ်တို့၌ လှည့်လည်သဖြင့် ညစ်နွမ်း၏ ဟူလို။)
သင်္ကဿရံ၊ ရွံရှာခြင်းအားဖြင့် တွေးတော အောက်မေ့အပ်သော။ ယံ ဗြဟ္မစရိယဉ္စ၊ အကြင်မြတ်သော အကျင့်သည်၎င်း။
(ဥပုသ်ပြုခြင်းစသော တစုံတခုသောကိစ္စကြောင့် စည်းဝေးသော သံဃာကိုမြင်လျှင် ဤရဟန်းတို့သည် ငါ၏ကျင့်ပုံကို သိသဖြင့် ငါ့ကိုနှင်ထုတ်ခြင်းငှါ စည်းဝေးကြကုန်၏ဟု မိမိ၏ ရွံရှာခြင်းအားဖြင့် အောက်မေ့အပ်၏ ဟူလို။)
အတ္ထိ၊ ရှိ၏။ တံ၊ ထိုအကျင့်သည်။ တဿ၊ ထိုပုဂ္ဂိုလ်အား။ မဟပ္ဖလံ၊ အကျိုးများသည်။ န ဟောတိ၊ မဖြစ်။
(ထိုရဟန်းအား အကျိုးမများသောကြောင့် သာလျှင် ထိုရဟန်းကို ဆွမ်းလှူသော ဒါယကာတို့အား လည်း အကျိုးမများ ဟူလို။)
ယံ ကမ္မံ၊ အကြင်အမှုကို။ စေ ကယိရာ၊ အကယ်၍ ပြုငြားအံ့။ နံ ကမ္မံ၊ ထိုအမှုကို။ ကယိရာဝ၊ ပြုရာသည်သာလျှင်တည်း။ နံ၊ ထိုအမှုကို။ ဒဠှံ၊ မြဲစွာ။ ပရက္ကမေ၊ လုံ့လပြုရာ၏။
(မြဲမြံစွာ ပြုခြင်းကိုသာ ပြုသဖြင့် ဝတ်ဆောက်တည်သူ မဟုတ်ဘဲ၊ ဝတ်ကျေရုံ မဟုတ်ဘဲ ပြုကျင့်ရမည် ဟူလို။)
ဟိ၊ ထိုစကားသင့်စ္စ။ သိထိလော၊ လျော့လျော့ပြုအပ်သော။ ပရိဗ္ဗဇော၊ ရဟန်းတရားသည်။ ဘိယျော၊ လွန်စွာ။ ရဇံ၊ ရာဂစသောမြူကို။ အာကိရတေ၊ လောင်းထည့်တတ်၏။
(လျော့လျော့ပြုသဖြင့် ကျိုး ပေါက် ကျား ပြောက်ခြင်းသို့ ရောက်သော ရဟန်းတရားသည် ကိုယ်တွင်း၌ ထင်ရှားရှိသော ရာဂမြူ စသည်ကို ပယ်ဖျောက်ခြင်းငှါ မတတ်နိုင်၊ စင်စစ်သော်ကား ထိုရာဂမြူဟောင်း စသည်၏ အထက်၌ တပါးသော ရာဂမြူ စသည်ကို လောင်းထည့်တတ်၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏၊ ထို ဒုဗ္ဗစရဟန်းသည်လည်း စောင့်စည်းခြင်း၌ တည်၍ နောက်အခါ၌ ဝိပဿနာကို ပွားသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။
ဆိုနိုင်ခက်သော ရဟန်း ဝတ္ထု ပြီး၏။
၆။ ငြူစူခြင်းဖြင့် နှိပ်စက်သော မိန်းမ ဝတ္ထု
အကတံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ငြူစူခြင်းဖြင့် နှိပ်စက်သော မိန်းမကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အိမ်ကျွန်မကို နား နှာခေါင်း ဖြတ်ခြင်း
ထိုမိန်းမ၏ လင်ယောက်ျားသည် တယောက်သော အိမ်ကျွန်မနှင့် အတူတကွ ပေါင်းသင်း ယဉ်ပါးခြင်းကို ပြုလေသတတ်၊ ထိုမိန်းမသည် ငြူစူခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် ထိုကျွန်မကို လက်ခြေတို့၌ နှောင်ဖွဲ့လျက် နား နှာခေါင်းကို လှီးဖြတ်ပြီးလျှင် တခုသော လုံခြုံလှစွာသော တိုက်ခန်း၌ ထည့်ထားသဖြင့် တံခါးကို ပိတ်၍ ထိုအမှု၏ မိမိပြုသောအဖြစ်ကို ဖုံးလွှမ်းခြင်းငှါ အရှင်- လာလှည့်ပါလော့၊ ကျောင်းတော်သို့ သွား၍ တရားနာကြကုန်စိုအံ့ ဟု လင်ယောက်ျားကို ခေါ်သဖြင့် ကျောင်းသို့ သွားပြီးလျှင် တရားတော်ကို နာ၍ နေလေ၏။
ထိုအခါ ထိုမိန်းမ၏ ဧည့်သည်ဖြစ်ကုန်သော ဆွေမျိုးတို့သည် ရောက်လာကြ၍ တံခါးကိုဖွင့်သဖြင့် ထို ဖောက်ပြန်သော အခြင်းအရာကို မြင်ရလျှင် အိမ်ကျွန်မကို ဖြေလွှတ်ကြလေကုန်၏၊ ထို အိမ်ကျွန်မသည် ကျောင်းတော်သို့ လိုက်သွားပြီးလျှင် ပရိသတ်လေးပါး အလယ်၌ ရပ်လျက် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။
မြတ်စွာဘုရားသည် ထိုအိမ်ကျွန်မ၏ စကားကို ကြားတော်မူရလျှင် ဒုစရိုက် မည်သည်ကိုကား ငါ၏ ဤအမှုကို တပါးသော သူတို့သည် မသိကြကုန်ဟု အနည်းငယ်မျှသော ဒုစရိုက်ကိုလည်း မပြုအပ်၊ တပါးသော သူသည် မသိသော်လည်း သုစရိုက်ကိုသာလျှင် ပြုအပ်၏၊ ဖုံးလွှမ်း၍ ပြုအပ်သော်လည်း ဒုစရိုက်မည်သည် နောင်အခါ နောင်တ ပူပန်ခြင်းကို ပြုတတ်၏၊ သုစရိုက် တရားသည် ဝမ်းမြောက်ခြင်းကိုသာလျှင် ဖြစ်စေတတ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော် မူလေ၏။
ဒေသနာတော်
၃၁၃။ အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။
ယံ ဒုက္ကဋံ၊ အကြင်အပြစ်ရှိသော အမှုကို။ ကတွာ၊ ပြုသောကြောင့်။ ပစ္ဆာ၊ နောက်၌။ တပ္ပတိ၊ ပူပန်ရ၏။ တံ ဒုက္ကဋံ၊ ထိုအပြစ်ရှိသော အမှုကို။ အကတံ၊ မပြုခြင်းသည်။ သေယျော၊ မြတ်၏။
(အပြစ်ရှိ၍ အပါယ်လားကြောင်း မကောင်းမှုကို မပြုမိခြင်းသည်သာလျှင် ကောင်းမြတ်၏၊ ထိုမကောင်းမှုကို အောက်မေ့တိုင်း အောက်မေ့တိုင်း ကာလ၌ ပူပန်ရသည်သာ ဟူလို။)
ယံ သုကတံ၊ အကြင် အပြစ်မရှိသော အမှုကို။ ကတွာ၊ ပြုသောကြောင့်။ ပစ္ဆာ၊ နောက်၌။ နာနုတပ္ပတိ၊ မပူပန်ရ။ တံသုကတံ၊ ထိုအပြစ်မရှိသော အမှုကို။ ကတဉ္စ၊ ပြုခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။
(အပြစ်မရှိမူ၍ ချမ်းသာတိုးပွားသော သုဂတိလားကြောင်း ကောင်းမှုကိုသာ ပြုခြင်းသည် ကောင်း၏၊ ထိုကောင်းမှု ပြုပြီးလျှင် နောင် အောက်မေ့သော ကာလ၌ မပူပန်ရ ဝမ်းမြောက်ခြင်း သာလျှင် ဖြစ်၏၊ ထိုကောင်းမှုကံသည် ကောင်းမြတ်၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ဒါယကာသည်၎င်း၊ ထိုမိန်းမသည်၎င်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏၊ ထိုအိမ်ကျွန်မကိုလည်း ထိုအရပ်၌ပင် တော်လှန်သည်ကိုပြု၍ တရားကျင့်သုံးသောသူ ပြုကြလေကုန်၏။
ငြူစူခြင်းဖြင့် နှိပ်စက်တတ်သောမိန်းမ ဝတ္ထု ပြီး၏။
၇။ များစွာသော ရဟန်းတို့ ဝတ္ထု
နဂရံ ယထာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များစွာသော အာဂန္တုက ဖြစ်ကြကုန်သော ရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။
မိမိကိုယ်ကို လုံခြုံအောင် စောင့်သင့်ခြင်း
ထိုရဟန်းတို့သည် တခုသော ပစ္စန္တရစ်၌ ဝါကပ်ပြီးလျှင် ရှေးဦးစွာသော ကာလ၌ ချမ်းသာစွာ နေကြကုန်သတတ်၊ အလယ်ဖြစ်သော လ၌ ခိုးသူတို့သည် လာကြ၍ ထိုရဟန်းတို့၏ ဆွမ်းခံရွာ တို့ကို တိုက်ခိုက် ဖျက်ဆီးပြီးလျှင် သုံ့ရလူတို့ကို ဖမ်းယူ၍ သွားကြလေကုန်၏။
ထိုအခါမှစ၍ လူတို့သည် ခိုးသူတို့ကို တားမြစ်ခြင်းအကျိုးငှါ ထိုပစ္စန္တရစ်မြို့ကို ပြုပြင်ကြရ ကုန်သဖြင့် ထိုရဟန်းတို့ကို ရိုသေစွာ လုပ်ကျွေး ဆည်းကပ်ခြင်းငှါ အခွင့်ကို မရနိုင်ကြကုန်၊ ထို ရဟန်းတို့သည် မချမ်းမသာ ဆင်းရဲလှစွာ ဝါတွင်းပတ်လုံး နေပြီးလျှင် ဝါကျွတ်လတ် ကုန်သည် ရှိသော် မြတ်စွာဘုရားအား ဖူးမြင်ခြင်းငှါ သာဝတ္ထိပြည်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏။
မြတ်စွာဘုရားသည် ထိုအာဂန္တုကရဟန်းတို့နှင့် အတူတကွ အစေ့အစပ် စကားပြောကြားလတ်ပြီး သည်ရှိသော် ချစ်သား ရဟန်းတို့ - အသို့နည်း၊ ချမ်းသာစွာ နေကြရကုန်၏လောဟု မေးတော်မူ သောကြောင့် မြတ်စွာဘုရား - တပည့်တော်တို့သည် ရှေးဦးစွာသော ကာလ၌ ချမ်းသာစွာ နေကြရပါကုန်၏၊ အလယ်ဖြစ်သော လ၌ ခိုးသူတို့သည် ရွာကို တိုက်ခိုက် ဖျက်ဆီးကြပါသည်၊ ထိုအခါမှစ၍ လူတို့သည် မြို့ကို ပြုပြင်ကြရကုန်သောကြောင့် ရိုသေစွာလုပ်ကျွေး ဆည်းကပ်ခြင်းငှါ အခွင့်ကို မရကြပါ။
ထို့ကြောင့် ချမ်းသာစ္စာ ဝါတွင်းပတ်လုံး မနေကြရပါဘုရားဟု နားတော် လျှောက်လတ်သော် ချစ်သားရဟန်းတို့ - သင်တို့သည် ထွေရာလေးပါး မကြံကြကုန်လင့်၊ ချမ်းသာစွာ နေရခြင်း မည်သည်ကို အခါခပ်သိမ်း ရနိုင်ခဲ၏၊ ရဟန်းမည်သည်ကား ထိုလူတို့သည် မြို့ကို လုံခြုံအောင် စောင့်ရှောက်ကြကုန်သကဲ့သို့ ဤအတူ အတ္တဘောကိုသာလျှင် လုံခြုံအောင် စောင့်ရှောက်ခြင်းငှါ သင့်လျော်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၁၄။ နဂရံ ယထာ ပစ္စန္တံ၊ ဂုတ္တံ သန္တရဗာဟိရံ။
ဧဝံ ဂေါပေထ အတ္တာနံ၊ ခဏော ဝေ မာ ဥပစ္စဂါ။
ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။
ပစ္စန္တံ၊ အစွန်ဖြစ်သော။ နဂရံ၊ မြို့ကို။ သန္တရဗာဟိရံ၊ အတွင်းအပနှင့်တကွ။ ဂုတ္တံ ယထာ၊ လုံခြုံအောင်ပြုသကဲ့သို့။ ဧဝံ၊ ဤအတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ ဂေါပေထ၊ လုံခြုံစေကုန်လော။
(ချစ်သားရဟန်းတို့ ထိုလူတို့သည် ထိုအစွန်ဖြစ်သော မြို့ကို တံခါး တံတိုင်း စသည်ပြုကုန်လျက် အတွင်းနှင့်တကွ၎င်း၊ ပြအိုး ကျုံးစသည်တို့ကို ခိုင်ခံ့အောင် ပြုကုန်လျက် အပနှင့် တကွ၎င်း ဤသို့ အတွင်းအပနှင့်တကွ ကောင်းစွာ လုံခြုံအောင် ပြုဘိသကဲ့သို့ ထို့အတူ သင်ချစ်သားတို့သည်လည်း သတိကိုဖြစ်စေလျက် အဇ္ဈတ္တိက ခြောက်ဒွါရတို့ကို ပိတ်သဖြင့် တံခါးစောင့် သတိကို မလွှတ်မူ ၍၎င်း၊ ထိုအဇ္ဈတ္တိက ဒွါရတို့သည် ထိုထိုအာရုံအဖြစ်ဖြင့် ယူအပ်ကုန်သော ခြောက်ပါးသော ဗာဟိရ အာယတနတို့ကိုလည်း ခိုင်ခံ့အောင်ပြုလျက် ထိုဗာဟိရ အာယတနတို့ မဝင်လာစိမ့်သောငှါ တံခါးစောင့် သတိကို မပယ်မူ၍၎င်း လှည့်လည်ကာ မိမိကိုယ်ကို လုံခြုံအောင် စောင့်ကြရမည် ဟူလို။)
ဝေ၊ စင်စစ်။ ခဏော၊ ဘုရားရှင်ပွင့်တော်မူရာဖြစ်သော အချိန်ကာလသည်။ မာ ဥပစ္စဂါ၊ မလွန်စေလင့်။
(ဤသို့ မိမိကိုယ်ကို မစောင့်ရှောက်သော ပုဂ္ဂိုလ်ကို - ဤဘုရားပွင့်တော်မူရာ ဗုဒ္ဓုပ္ပါဒ ခဏသည်၎င်း၊ မဇ္ဈိမဒေသ၌ဖြစ်သော ခဏသည်၎င်း၊ သမ္မာဒိဋ္ဌိကိုရသော ခဏသည်၎င်း၊ အာယတန ခြောက်ပါးတို့၏ မချို့တဲ့သော ခဏသည်၎င်း၊ ဤအလုံးစုံသော ခဏသည် လွန်သွားတတ်၏၊ ထိုခဏသည် သင်တို့ကို မလွန်ပါစေလင့် ဟူလို။)
ဟိ၊ ထိုစကား သင့်စွ။ ခဏာတီတာ၊ ဗုဒ္ဓုပ္ပါဒ ခဏကို လွန်ကြကုန်သော ပုဂ္ဂိုလ်တို့သည်။ နိရယမှိ၊ ငရဲ၌။ သမပ္ပိတာ၊ ကျရောက်ကုန်သည် ဖြစ်၍။ သောစန္တိ၊ စိုးရိမ်ကြရကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထို အာဂန္တုက ရဟန်းတို့သည် ထိတ်လန့်ခြင်းရှိကုန်သည်ဖြစ်၍ အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။
များစွာသောရဟန်းတို့ဝတ္ထု ပြီး၏။
၈။ နိဂဏ္ဌတက္ကတွန်း ဝတ္ထု
အလဇ္ဇိတာယေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တက္ကတွန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အရှက်လမ်းမှားခြင်း
တခုသောနေ့၌ ရဟန်းတို့သည် တက္ကတွန်းတို့ကို မြင်ကြလျှင် ငါ့သျှင်တို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဖုံးအလွှမ်းမရှိသော တက္ကတွန်းတို့ထက် ဤနိဂဏ္ဌ တက္ကတွန်းတို့သည် ကောင်းမြတ်ကြကုန်၏၊ အကြင် တက္ကတွန်းတို့သည် ရှေ့နံပါးတဖက်ကိုပင် ဖုံးလွှမ်းကြကုန်သေး၏၊ ထိုတက္ကတွန်းတို့သည် အရှက်ရှိကြယောင်တကားဟု စကားကို ဖြစ်စေကြလေ၏။
ထိုစကားကို ကြားရလျှင် တက္ကတွန်းတို့သည် ငါတို့ကား ထိုအရှက်ရှိခြင်းဟူသော အကြောင်းကြောင့် ဖုံးလွှမ်းကြသည် မဟုတ်ကုန်၊ စင်စစ်သော်ကား မြေမှုန့် မြူ အစရှိသည်တို့သည်လည်း ပုဂ္ဂိုလ်တို့သာ ဖြစ်ကြကုန်၏၊ ဇီဝိတိန္ဒြေနှင့် စပ်ကုန်သည်သာတည်း၊ ထိုမြေမှုန့်၊ မြူ အစရှိသည်တို့သည် ငါတို့ ဆွမ်းခွက်တို့၌ မကျကြပါစေကုန်သတည်း ဟူသော ဤအကြောင်းကြောင့် ဖုံးလွှမ်းကြပါကုန်၏ဟု ဆို၍ ထိုရဟန်းတို့နှင့် အတူတကွ အယူဝါဒ ဟုတ်မှန်သည်၊ မဟုတ်မှန် သည် အစွမ်းဖြင့် များစွာသော စကားကို ပြုကြ ပြောဆိုကြလေကုန်၏။
ရဟန်းတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ထိုင်နေသောအခါ ထို အကြောင်းအရာကို လျှောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် ချစ်သား ရဟန်းတို့ - မရှက်အပ်သော ဆွမ်းခွက်ဖြင့် ရှက်၍ ရှက်အပ်သော အင်္ဂါကြီးငယ်ဖြင့် မရှက်တတ်သောသူ မည်သည်ကား မကောင်းသော အလားလျှင် လည်းလျောင်းရာ ရှိကြကုန်သည်သာလျှင် ဖြစ်ကုန်၏ဟု မိန့်တော်မူ၍ တရား ဟောတော်မူလိုရကား ဤဂါထာတို့ကို ဟောကြားတော် မူလေ၏။
ဒေသနာတော်
၃၁၅။ အလဇ္ဇိတာယေ လဇ္ဇန္တိ၊ လဇ္ဇိတာယေ န လဇ္ဇရေ။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၃၁၆။ အဘယေ ဘယဒဿိနော၊ ဘယေ စာဘယဒဿိနော။
မိစ္ဆာဒိဋ္ဌိ သမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ အလဇ္ဇိတာယေ၊ မရှက်အပ်သော ဆွမ်းခွက်ဖြင့်။ လဇ္ဇန္တိ၊ ရှက်ကြကုန်၏။
(ရှက်ဖွယ်မဟုတ်သော ဆွမ်းခွက်ကို ဖုံးလွှမ်းကာ လှည့်လည်သောကြောင့် ရှက်ဖွယ် မဟုတ် သည်ကို ရှက်ကြသည်မည်၏ ဟူလို။)
လဇ္ဇိကာယေ၊ ရှက်အပ်သောအင်္ဂါကြီးငယ်ဖြင့်။ န လဇ္ဇရေ၊ မရှက်ကြကုန်။
(ရှက်ဖွယ် ကောင်းသော အင်္ဂါကြီးငယ်ကို မဖုံးလွှမ်းဘဲ လှည့်လည်သောကြောင့် ရှက်ဖွယ်ကို မရှက်ကြသည် မည်၏ ဟူလို။)
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ မိစ္ဆာအယူကို ဆောက်တည်ကြကုန်သော။ တေ သတ္တာ၊ ထို သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ဂစ္ဆန္တိ၊ သွားကြရကုန်၏။
(မရှက်သင့်သည်ကို ရှက်ခြင်း၊ ရှက်သင့်သည်ကို မရှက်ခြင်းသည် အချည်းနှီး ယူခြင်းအားဖြင့်၎င်း၊ တပါးသောအခြင်း အရာဖြင့် ယူခြင်းအားဖြင့်၎င်း မှားသောအယူဖြစ်၏၊ ထိုမှားသော အယူကို ဆောက်တည်၍ လှည့်လည်ကြကုန်သော ထိုမိစ္ဆာဒိဋ္ဌိ သတ္တဝါတို့သည် ငရဲစသော ဒုဂ္ဂတိသို့ ရောက်ကြရကုန်၏ ဟူလို။)
ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ အဘယေ၊ ကြောက်ဖွယ်မဟုတ်သော ထမင်းခွက်၌။ ဘယဒဿိနော၊ ကြောက်ဖွယ်ဟု ရှုလေ့ ရှိကြကုန်၏။
(ဆွမ်းခွက်ကိုမှီ၍ ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ ကိလေသာ ဒုစရိုက် ဘေးတို့၏ မဖြစ်နိုင်သောကြောင့် ဆွမ်းခွက်သည် ကြောက်ဖွယ် ဘေးမရှိသည် မည်၏၊ ကြောက်သဖြင့် ထိုဆွမ်းခွက်ကို ဖုံးလွှမ်းသောသူသည် မကြောက်သင့်သည်၌ ကြောက်ဖွယ်ဟု ရှုသောသူ မည်၏ ဟူလို။)
ဘယေ စ၊ ကြောက်ဖွယ်ရှိသော အင်္ဂါကြီးငယ်၌လည်း။ အဘယဒဿိနော၊ ကြောက်ဖွယ်မရှိဟု ရှုလေ့ ရှိကြကုန်၏။
(အရှက်အသရေကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကိုကား အမှီပြု၍ ရာဂစသည် ဖြစ်တတ်သောကြောင့် ထိုအင်္ဂါ ကြီးငယ်သည် ကြောက်ဖွယ် ဘေးရန် မည်၏၊ ထို အင်္ဂါကြီးငယ်ကို မဖုံးလွှမ်းသဖြင့် ကြောက်ဖွယ်၌ ကြောက်ဖွယ် မဟုတ်ဟု ရှုသောသူ မည်၏ ဟူလို။)
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ မိစ္ဆာအယူကို ဆောက်တည်ကြကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ဂစ္ဆန္တိ၊ သွားကြရကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာကုန်သော တက္ကတွန်းတို့သည် ထိတ်လန့် စိတ်နှလုံး ရှိကြကုန်သည်ဖြစ်၍ ရဟန်းပြုကြလေကုန်၏၊ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
နိဂဏ္ဌတက္ကတွန်းဝတ္ထု ပြီး၏။
၉။ တိတ္ထိတို့၏ တပည့်သာဝက ဝတ္ထု
အဝဇ္ဇေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိတ္ထိတို့၏ တပည့်သား သာဝကတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မိစ္ဆာဒိဋ္ဌိသူငယ်တို့ ဘုရားကျောင်း၌ ရေတောင်း သောက်ခြင်း၏ အကျိုး
အခါတပါး၌ သာသနာမှအပဖြစ်သော တိတ္ထိတပည့် ဒါယကာတို့သည် မိမိ၏ သားတို့ကို သမ္မာ အယူရှိကုန်သော ဒါယကာတို့၏ သားတို့နှင့် အတူတကွ အခြံအရံ ရှိကုန်လျက် ကစားကြသည် တို့ကို မြင်ရသဖြင့် အိမ်သို့ပြန်လာသောအခါ သင်တို့သည် သာကီဝင်မင်းသားဖြစ်သော ရဟန်းတို့ကို ရှိမခိုးအပ်ကုန်၊ ထိုသာကီဝင် မင်းသား ရဟန်းတို့၏ ကျောင်းသို့လည်း မဝင်အပ်ဟု ဆို၍ ကျိန်စာဆိုခြင်းကို ပြုလုပ်စေကြလေကုန်၏။
ထိုသူငယ်တို့သည် တနေ့သ၌ ဇေတဝန်ကျောင်းတော်ကြီး၏ တံခါးမုတ် အပအနီး၌ ကစားကြ ကုန်စဉ် ရေငတ်ကြလေကုန်၏၊ ထိုအခါ တယောက်သော ဥပါသကာ၏သားကို သင်သည် ဤကျောင်းသို့ သွား၍ ရေကို သောက်ပြီးလျှင် ငါတို့ အလို့ငှါလည်း ဆောင်ခဲ့ပါလော့ဟု စေလွှတ်ကြလေကုန်၏။
ထိုဥပါသကာ၏ သားဖြစ်သော သူငယ်သည် ကျောင်းသို့ သွားလေ၏၊ ဘုရားရှင်ကို ရှိခိုး၍ ရေသောက်ပြီးလျှင် ထိုသို့မှာလိုက်သော အကြောင်းအရာကို လျှောက်ကြားလေ၏၊ ထိုအခါ ထို သူငယ်ကို မြတ်စွာဘုရားသည် သင်သည်သာလျှင် ရေကိုသောက်၍ ပြန်သွားပြီးလျှင် မှာလိုက်သော သူငယ်တို့ကိုလည်း ရေသောက်ခြင်း အကျိုးငှါ ဤကျောင်းသို့သာလျှင် စေလွှတ် လိုက်လော့ဟု မိန့်တော်မူလေ၏။
ထိုသူငယ်တို့သည် လာ၍ ရေကိုသောက်ကြလေကုန်၏၊ မြတ်စွာဘုရားသည် ထိုသူငယ်တို့ကို ခေါ်စေတော်မူသဖြင့် ထိုသူငယ်တို့အား လျောက်ပတ်သော တရားစကားကို ဟောကြားတော်မူ၍ သူငယ်တို့ကို မတုန်မလှုပ် ကြည်ညိုခြင်း ရှိကြအောင် ပြုလုပ်ပြီးလျှင် သရဏဂုံတို့၌၎င်း၊ သီလ တို့၌၎င်း တည်စေတော်မူလေ၏။
သူငယ်တို့သည် မိမိအိမ်တို့သို့ ရောက်သွားကြလျှင် ထို အကြောင်းအရာကို မိဘတို့အား ပြောကြား ကြလေကုန်၏၊ ထိုအခါ သူငယ်တို့၏ အမိအဖတို့သည် ငါတို့၏သားကား ဖောက်ပြန်ပျက်စီးသော အယူရှိသူတို့ ဖြစ်ကြကုန်ပြီဟု နှလုံးမသာခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ ငိုကြွေး မြည်တမ်း ကြလေကုန်၏။
ထိုအခါ ထိုမိဘတို့အား လိမ်မာသော များစွာသော အိမ်နီးချင်း ဖြစ်သော လူတို့သည် လာလတ်၍ နှလုံးမသာယာခြင်းကို ငြိမ်းပျောက်စေခြင်းငှါ တရားဟောပြောကြလေကုန်၏၊ ထို မိဘတို့သည် အိမ်နီးချင်းဖြစ်သော လူတို့၏ စကားကို ကြားရသဖြင့် ဤသူငယ်တို့ကို ရဟန်းဂေါတမအား သာလျှင် ဆောင်နှင်းအပ်နှံကြကုန်တော့အံ့ဟု များစွာသော ဆွေမျိုးအပေါင်းနှင့် အတူတကွ ကျောင်းတော်သို့ ဆောင်ကြလေကုန်၏။
ဘုရားရှင်သည် ထိုသူတို့၏ အလို အဇ္ဈာသယကို ကြည့်ရှုတော်မူ၍ တရားဟောလိုရကား ဤ ဂါထာတို့ကို ဟောကြား တော် မူလေ၏။
ဒေသနာတော်
၃၁၇။ အဝဇ္ဇေ ဝဇ္ဇမတိနော၊ ဝဇ္ဇေစာဝဇ္ဇဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၃၁၈။ ဝဇ္ဇဉ္စ ဝဇ္ဇတော ဉတွာ၊ အဝဇ္ဇဉ္စ အဝဇ္ဇတော။
သမ္မာဒိဋ္ဌိ သမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ အဝဇ္ဇေ၊ အပြစ်မရှိသော မှန်သောတရား၌။ ဝဇ္ဇမတိနော၊ အပြစ်ရှိ၏ဟု အယူရှိကြကုန်၏။ ဝဇ္ဇေ စ၊ အပြစ်ရှိသော မှားသောတရား၌လည်း။ အဝဇ္ဇဒဿိနော၊ အပြစ်မရှိဟု ယူလေ့ရှိကြကုန်၏။ မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ မိစ္ဆာအယူကို ဆောက်တည်ကြကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ဂစ္ဆန္တိ၊ သွားကြရကုန်၏။
ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ ဝဇ္ဇဉ္စ၊ အပြစ်ရှိသော မှားသောတရားကိုလည်း။ ဝဇ္ဇတော၊ အပြစ်ရှိသောအားဖြင့်။ ဉတွာ၊ သိ၍။ အဝဇ္ဇဉ္စ၊ အပြစ်မရှိသော မှန်ကန်သော တရားကိုလည်း။ အဝဇ္ဇတော၊ အပြစ်မရှိသောအားဖြင့်။ ဉတွာ၊ သိ၍။ သမ္မာဒိဋ္ဌိ သမာဒါနာ၊ ကောင်းသောအယူကို ဆောက်တည်ကြကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ သုဂ္ဂတိံ၊ သုဂတိဘဝသို့။ ဂစ္ဆန္တိ၊ သွားကြရကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုအလုံးစုံသောသူတို့သည်လည်း သရဏဂုံသုံးပါးတို့၌ တည်ကြကုန်၍ အဆင့်ဆင့် တရားကို နာကြားကြရကုန်သည်ရှိသော် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏၊
တိတ္ထိတို့၏ တပည့်သာဝကဝတ္ထု ပြီး၏။
ဤတွင်ရွေ့ကား နှစ်ဆယ့်နှစ်ခုမြောက်သော နိရယဝဂ်အဖွင့် ပြီး၏။
၂၃ - နာဂဝဂ်
၁ - ကိုယ်တော်မြတ်ကို အကြောင်းပြု၍ ဟောတော်မူသော ဝတ္ထု
အဟံ နာဂေါဝ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကိုယ်တော်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
(ဝတ္ထုကို အပ္ပမာဒဝဂ်၏ အစ ဂါထာအဖွင့်၌ ချဲ့အပ်ပြီးသည် သာလျှင်တည်း၊ ထိုစကား မှန်၏၊ ထိုဂါထာအဖွင့်၌ ဤဆိုလတ္တံ့သော စကားရပ်ကို ဆိုအပ်ပြီ။)
အဓိကရုဏ်းကို ဖြစ်ရာ၌သာ ငြိမ်းသင့်ခြင်း
မာဂဏ္ဍီ မိဖုယားသည် ထိုသာမာဝတီ အမှူးရှိသော နန်းတွင်သူ မောင်းမ ငါးရာတို့အား တစုံ တခုသော အမှုကို ပြုခြင်းငှါ မစွမ်းနိုင်ရကား ရဟန်းဂေါတမ အားသာလျှင် ပြုသင့်ပြုထိုက်သော အမှုကိုပြုပေတော့အံ့ဟု မြို့သူမြို့သားတို့အား တံစိုးလက်ဆောင်ပေးပြီးလျှင် မြို့တွင်းသို့ ကြွဝင်၍ လှည့်လည်သော ရဟန်း ဂေါတမကို ကျွန်အမှုလုပ် ယောကျ်ားတို့နှင့်တကွ ဆဲရေး၍ ရေရွတ်၍ ထွက်ပြေးစေကြကုန်လော့ဟု စေခိုင်းလေ၏။
ရတနာသုံးပါးတို့၌ မကြည်ညိုကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် မြို့တွင်းသို့ ကြွဝင်တော်မူလာသော မြတ်စွာဘုရားကို နောက်မှ အစဉ်လိုက်၍ -
ခိုးသူဖြစ်၏ဟူ၍၎င်း,
မိုက်မဲသောသူ ဖြစ်၏ ဟူ၍၎င်း,
တွေဝေသူ ဖြစ်၏ ဟူ၍၎င်း,
ဝှက်တတ်သူ ဖြစ်၏ ဟူ၍၎င်း,
ကုလားအုပ်ဖြစ်၏ ဟူ၍၎င်း,
နွားဖြစ်၏ ဟူ၍၎င်း, မြည်းဖြစ်၏ ဟူ၍၎င်း,
ငရဲသားဖြစ်၏ ဟူ၍၎င်း,
တိရစ္ဆာန် ဖြစ်၏ဟူ၍၎င်း
အသင့်အား ကောင်းသော လားရာသုဂတိ မရှိ ဟူ၍၎င်း,
အသင့် အလို့ငှါ မကောင်းသောလားရာ ဒုဂ္ဂတိကိုသာ အလိုရှိအပ်၏ ဟူ၍၎င်း
ဤသို့ ဆယ်ပါးသော ဆဲရေးခြင်းတို့ဖြင့် ဆဲရေးကြ ရေရွတ်ကြကုန်၏၊
ထိုဆဲရေးသော စကားကို ကြား၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ဤသို့သော စကားကို လျှောက်ကြားလေ၏၊ ဘုန်းတော်ကြီးတော်မူသော မြက်စွာဘုရား ဤကောသမ္ဗီ မြို့သူမြို့သား တို့သည် တပည့်တော်တို့ကို ဆဲရေးကြ ရေရွတ်ကြပါကုန်၏၊ ဤမြို့မှ တပါးသောမြို့သို့ ဖဲသွားကြ ပါကုန်အံ့ ဘုရားဟု လျှောက်ကြားလေ၏၊
ချစ်သား အာနန္ဒာ - အဘယ်အရပ်သို့ သွားကြရကုန်အံ့နည်းဟု မေးတော်မူလျှင် မြတ်စွာဘုရား-တပါးသောမြို့သို့ သွားကြပါကုန်အံ့ ဘုရားဟု လျှောက်ကြားလေ၏၊ ချစ်သား အာနန္ဒာ - ထိုမြို့၌ လူတို့သည် ဆဲရေးကြ ရေရွတ်ကြပြန်သည်ရှိသော် အဘယ်အရပ်သို့ သွားကြရကုန်အံ့နည်းဟု မေးတော်မူပြန်လျှင် မြတ်စွာဘုရား - ထိုအရပ်မှလည်း တပါးသော မြို့သို့ သွားကြပါကုန်အံ့ ဘုရားဟု လျှောက်ကြားပြန်လေ၏။
ချစ်သား အာနန္ဒာ- ထိုအရပ်၌ လူတို့သည် ဆဲရေးကြ ရေရွတ်ကြပြန်သည် ရှိသော် အဘယ် အရပ်သို့ သွားကြရကုန်အံ့နည်း ဟု မေးတော်မူပြန်လျှင် မြတ်စွာဘုရား - ထိုအရပ်မှလည်း တပါးသော မြို့သို့ သွားကြပါကုန်အံ့ဘုရားဟု လျှောက်ကြားပြန်လေ၏၊
ချစ်သား အာနန္ဒာ - ဤသို့ပြုခြင်းငှါ မသင့်လျော်ချေ၊ အကြင်အရပ်၌ အဓိကရုဏ်းဖြစ်၏၊ ထို အရပ်၌သာလျှင် ထိုအဓိကရုဏ်း ငြိမ်းအေးမှ တပါးသော အရပ်သို့သွားခြင်းငှါ သင့်လျော်ပေသည် ဟု မိန့်တော်မူပြီးလျှင် ချစ်သားအာနန္ဒာ - ဆဲရေးကုန် ရေရွတ်ကုန်သော ထိုသူတို့သည် အဘယ် သူတို့ ဖြစ်ကုန်သနည်းဟု မေးတော်မူလျှင် မြတ်စွာဘုရား - ကျွန်အမှုလုပ် တို့ကို အစပြု၍ ခပ်သိမ်းကုန်သော သူတို့သည် ဆဲရေးကြ ရေရွတ်ကြပါကုန်သည် ဘုရားဟု လျှောက်ကြားလေ၏၊
ချစ်သား အာနန္ဒာ- ငါဘုရားသည် စစ်မြေပြင်အရပ်သို့ သက်ဝင်သော ဆင်ပြောင်ကြီးနှင့် တူ၏၊ စစ်မြေပြင် အရပ်သို့ သက်ဝင်သော ဆင်ပြောင်ကြီးအား အရပ်လေးမျက်နှာတို့မှ လာကုန်သော မြှားတို့ကို သည်းခံခြင်းငှါ တာဝန်ရှိသကဲ့သို့ ထို့အတူ များစွာသော ဒုဿီလပုဂ္ဂိုလ်တို့ပြောဆိုအပ် သော စကားတို့ကို သည်းခံခြင်း မည်သည် ငါဘုရား၏ တာဝန်ပေတည်းဟု မိန့်တော်မူပြီးလျှင် ကိုယ်တော်မြတ်ကို အကြောင်းပြု၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော် မူလေ၏။
ဒေသနာတော်
၃၁၉။ အဟံ နာဂေါဝ သံဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။
၃၂၀။ ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုဿသု၊ ယော တိဝါကျံ တိတိက္ခတိ။
၃၂၁။ ဝရ မဿတရာ ဒန္တာ၊ အာဇာနီယာ စ သိန္ဓဝါ။
ကုဉ္ဇရာ စ မဟာနာဂါ၊ အတ္တဒန္တော တတော ဝရံ။
နာဂေါ၊ စစ်တိုက်ဆင်သည်။ သံဂါမေ၊ စစ်မြေပြင်၌။ စာပတော၊ လေးမှ။ ပတိတံ၊ လွတ်၍ကျလာသော။ သရံ၊ မြှားကြီး, မြှားငယ် အသွယ်သွယ်ကို။ တိတိက္ခတိ ဣဝ၊ သည်းခံသကဲ့သို့။ ဧဝံ၊ ဤအတူ။ အဟံ၊ ငါဘုရားသည်။ အတိ-ဝါကျံ၊ လွန်ကျူးဖြစ်ပွား ဆိုစကားကို။ တိတိက္ခိဿံ၊ သည်းခံတော်မူပေအံ့။
(စစ်ပွဲသို့ဝင် ယဉ်ကျေးပြီးသော စစ်တိုက် ဆင်ကြီးသည် လှံမဖြင့် ထိုးခြင်းစသည်တို့ကို သည်းခံ သကဲ့သို့ လေးမှလွတ်၍ ကိုယ်ပေါ်၌ကျသော မြှားတို့ကို ပင်ပန်းခြင်းမရှိ၊ သည်းခံဘိသကဲ့သို့ ထို့အတူ ဤသို့သဘောရှိသော စကားလွန် စကားကျူးကို သည်းခံတော်မူပေအံ့ ဟူလို။)
ဟိ သစ္စံ၊ သည်းခံသင့်စွ။ ဇနော၊ လောကီနယ်သား လူအများသည်။ ဗဟုဒုဿီလော၊ သီလမရှိသူ လွန်စွာများ၏။
(ဤလောကီဘုံသား များစွာသော လူအပေါင်းသည် သီလပျက်စီးသူ အလွန်တရာ များသဖြင့် မိမိစိတ်ထင်တိုင်း အလို၏ အစွမ်းဖြင့် စကားကို မြွက်ဆိုလျက် ထိခိုက်ချုတ်ချယ်ကာ လှည့်လည် တတ်၏၊ ထိုသို့ ချုတ်ချယ်ရာ၌ သည်းခံခြင်း လျစ်လျူရှုခြင်းသည်သာ ငါဘုရား၏ တာဝန်ဖြစ်၏ ဟူလို။)
သမိတိံ၊ လူများအပေါင်း၏ အလယ်သို့။ ဂစ္ဆန္တာ၊ သွားကြသော သူတို့သည်။ ဒန္တံ၊ ယဉ်ကျေးပြီးသောနွား ယဉ်ကျေးပြီးသောမြင်းကို။ နယန္တိ၊ လှည်းယာဉ်ယှဉ်က ဆောင်ကုန်ကြ၏။
(ဥယျာဉ် ကစားဝန်း စသည်တို့၌ လူများအလယ်သို့ သွားသော သူတို့သည် ယဉ်ကျေးပြီးသော နွားအပေါင်း မြင်းအပေါင်းကို ယာဉ်၌ ယှဉ်က၍ ဆောင်ကြရသည် ဟူလို။)
ရာဇာ၊ ပြည့်ရှင်မင်းသည်။ ဒန္တံ၊ ယဉ်ကျေးသော ဆင်ယာဉ် မြင်းယာဉ်ကို။ အဘိရူဟတိ၊ စီးနင်း၏။
(ထိုသို့သဘောရှိသော ဆင်ယာဉ် မြင်းယာဉ်တို့ဖြင့် လှည့်လည်သော ပြည့်ရှင်မင်းသည်လည်း ယဉ်ကျေးပြီးသော ဆင်မြင်းကိုသာ စီးနင်း၏ဟူလို။)
မနုဿသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ အတိဝါကျံ၊ လွန်ကျူး ပြစ်မှား ရမ်းကား ပြောဆိုသောစကားကို။ တိတိက္ခတိ၊ သည်းခံနိုင်၏။ သော၊ ထိုသို့သဘောရှိသောသူသည်။ ဒန္တော၊ ယဉ်ကျေးသောသူ ဖြစ်၍။ သေဋ္ဌော၊ အထူးသဖြင့် မြတ်၏။ ဝါ၊ အထူးသဖြင့် ချီးမွမ်းအပ်၏။
(လူတို့တွင်လည်း မဂ်လေးပါးတို့ဖြင့် ဆုံးမ၍ ယဉ်ကျေးပြီးသော မြတ်သောသူသည် ဤသို့ စကားလွန် စကားကျူး အဖန်ဖန် ဆိုသည်ကိုလည်း သည်းခံနိုင်၏၊ ပျံ့လွင့်ခြင်းမရှိ၊ ပင်ပန်းခြင်းမရှိ၊ ဤသို့သော သူသည် ယဉ်ကျေး၍ မြတ်၏ ဟူလို။)
အဿတရာ၊ မြည်းဖိုနှင့် မြင်းမစပ်၍ ကျသော အဿတိုရ်မြင်းတို့သည်၎င်း။ အာဇာနီယာ၊ အကြောင်းဟုတ်, မဟုတ် လျင်စွာ သိနိုင်သော အာဇာနည်မြင်း တို့သည်၎င်း။ သိန္ဓဝါ စ၊ သိန္နဝတိုင်း၌ ဖြစ်သော မြင်းတို့သည်၎င်း။ ကုဉ္ဇရာ၊ ကုဉ္ဇရ ဟုဆိုအပ်ကုန်သော။ မဟာနာဂါ စ၊ ဆင်ပြောင်ကြီးတို့သည်၎င်း။ ဒန္တာ၊ ဆုံးမအပ်သဖြင့် ယဉ်ကျေးကုန်မှသာလျှင်။ ဝရာ၊ မြတ်ကြကုန်၏။
(မဆုံးမဘဲ မယဉ်ကျေးဘဲ မြတ်သည်မဟုတ် ဟူလို။)
အတ္တဒန္တော၊ လေးပါးသော မဂ်ဉာဏ်ဖြင့် ဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးပြီးသောသူသည်။ တတော၊ ထိုဆိုအပ်ပြီးသော သူတို့ထက်။ ဝရံ-ဝရတရံ၊ အလွန်မြတ်လှပေ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ တံစိုးလက်ဆောင်ကို ယူသဖြင့် ခရီး, ခရီးဆုံ စသည်တို့၌ တည်၍ ဆဲရေးကြ ရေရွတ်ကြကုန်သော ထိုအလုံးစုံလည်း ဖြစ်ကုန်သော လူများ အပေါင်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ကိုယ်တော်မြတ်ကို အကြောင်းပြု၍ ဟောတော်မူသောဝတ္ထု ပြီး၏။
၂ - ဆင်ဆရာဖြစ်ဖူးသော ရဟန်းဝတ္ထု
န ဟိ ဧတေသံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တယောက်သော ဆင်ဆရာ ဖြစ်ဖူးသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မရောက်ဖူးသောအရပ် ရောက်အောင်ပြုသင့်ခြင်း
ထိုရဟန်းသည် တနေ့သ၌ အစိရဝတီ မြစ်ကမ်းနား၌ တစီးသောဆင်ကို ဆုံးမအံ့ဟု မိမိ အလိုရှိအပ်သော အကြောင်းကို သင်ယူစိမ့်သောငှါ မတတ်နိုင်သော ဆင်ဆုံးမတတ်သော ဆင်ဆရာကို မြင်ရလျှင် အနီး၌ တည်နေကြ ကုန်သော ရဟန်းတို့ကိုခေါ်၍ ငါ့သျှင်တို့ - ဤ ဆင်ဆရာသည် ဤဆင်ကို ဤမည်သောနေရာ၌ အကယ်၍ ထိုးငြားအံ့ လျင်မြန်စွာသာလျှင် ဤအကြောင်းကို သင်ယူစေနိုင်ရာ၏ဟု ဆိုလေသတတ်။
ထို ဆင်ဆရာသည် ထိုရဟန်း၏ စကားကို ကြားရသဖြင့် ရဟန်းဆိုတိုင်း ပြုလတ်သည်ရှိသော် ထိုဆင်ကို ကောင်းကောင်း ယဉ်ကျေးအောင် ဆုံးမနိုင်၏၊ ထိုရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏၊
ဘုရားရှင်သည် ထိုရဟန်းကို ခေါ်စေတော်မူ၍ သင်သည် ဤသို့ ဆိုသောဟူသည် မှန်သလောဟု မေးတော်မူသောကြောင့် မြတ်စွာဘုရား - မှန်လှပါသည်ဘုရားဟု လျှောက်သည်ရှိသော် ကဲ့ရဲ့တော်မူပြီးလျှင် မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား - သင့်အား ဆင်ယာဉ်ဖြင့်၎င်း, တပါးသောယာဉ်ဖြင့်၎င်း ယဉ်ကျေးခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊
ဤယာဉ်တို့ဖြင့် မရောက်စဖူးသော အရပ်သို့ သွားခြင်းငှါ စွမ်းနိုင်သော သူမည်သည် မရှိ၊ ကောင်းစွာ ယဉ်ကျေးအောင် ဆုံးမအပ်သော မိမိကိုယ်ဖြင့် မရောက်စဖူးသော အရပ်သို့သွားခြင်းငှါ တတ်ကောင်း၏၊ ထို့ကြောင့် မိမိကိုယ်ကိုသာလျှင် ဆုံးမလော့၊ ထိုဆင်တို့ကို ဆုံးမသဖြင့် သင့်အား အဘယ် အကျိုးရှိအံ့နည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၂၂။ န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ။
ယထာတ္တနာ သုဒန္တေန၊ ဒန္တော ဒန္တေန ဂစ္ဆတိ။
ဧတေဟိ ယာနေဟိ၊ ဤဆင်ယာဉ်စသော ယာဉ်တို့ဖြင့်။ အဂတံ၊ မရောက်အပ်စဖူးသောကြောင့် အဂတ-ဟု ဆိုအပ်သော။ ဒိသံ၊ နိဗ္ဗာန်ဟူသောအရပ်သို့။ န ဟိ ဂစ္ဆေယျ၊ မရောက်နိုင်ရာ။
(တစုံတယောက်သောသူသည် အိပ်မက်ဖြင့်သော်လည်း မရောက်စဖူးသောကြောင့် “အဂတ”ဟု ဆိုအပ်သော နိဗ္ဗာန်အရပ်သို့ ဤဆင်ယာဉ် စသည်တို့ဖြင့် မရောက်စကောင်း ဟူလို။)
ယထာ၊ ရောက်နိုင်ရာသော အကြောင်းကား။ သုဒန္တေန၊ ကောင်းစွာ ဆုံးမအပ်သော။ အတ္တနာ၊ မိမိကိုယ်ဖြင့်၎င်း။ ဒန္တေန၊ ဘာဝနာမဂ် ဆုံးမချက်ဖြင့်၎င်း။ ဒန္တော၊ ယဉ်ကျေးပြီးသောသူသည်။ ဂစ္ဆတိ၊ ရောက်နိုင်၏။
(ရှေးအဖို့၌ စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်းဖြင့်၎င်း, နောက်အဖို့၌ အရိယာမဂ်တရား ပွားများ ခြင်းဖြင့်၎င်း ကောင်းစွာ ယဉ်ကျေးခြင်းဖြင့် ယဉ်ကျေးပြီးသော ပညာရှိပုဂ္ဂိုလ်သည် ထိုမရောက် စဖူးသော အရပ်သို့ ရောက်၏၊ ထို့ကြောင့် မိမိကိုယ်ကို ဆုံးမခြင်းသည် ထိုဆင်ကို ဆုံးမရသည် ထက် မြတ်၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ဆင်ဆရာဖြစ်ဖူးသော ရဟန်းဝတ္ထု ပြီး၏။
၃ - ပုဏ္ဏားအို၏ သားများဝတ္ထု
ဓနပါလော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အမှတ်မရှိ တယောက်သော ပုဏ္ဏားအို၏သား တို့ကိုအကြောင်းပြု၍ ဟောတော် မူလေ၏။
အမွေအကုန်ပေးမိသော ပုဏ္ဏားကြီး၏ဒုက္ခ
သာဝတ္ထိပြည်၌ ပုဏ္ဏားတယောက်သည် ရှစ်သိန်းသော ဥစ္စာစည်းစိမ်ရှိသည် ဖြစ်၍ အရွယ်သို့ ရောက်ကုန်သော သားလေးယောက်တို့အား ထိမ်းမြားခြင်း မင်္ဂလာကို ပြုလုပ်ပြီးလျှင် လေးသိန်း သောဥစ္စာတို့ကို ပေးပေသတတ်။
ထို့နောက် ပုဏ္ဏားကြီးအား ပုဏ္ဏေးမကြီး သေလွန်လတ်သည်ရှိသော် သားတို့သည် ဤငါတို့ အဘ ပုဏ္ဏားကြီးသည် တပါးသော ပုဏ္ဏေးမကို အကယ်၍ ဆောင်ယူသည် ဖြစ်အံ့၊ ထိုပုဏ္ဏေးမ၏ ဝမ်း၌ဖြစ်သော သားတို့၏ အစွမ်းအားဖြင့် အမျိုးဥစ္စာသည် ပျက်စီးလတ္တံ့၊ ယခုအခါ ငါတို့သည် ကောင်းစွာချီးမြှောက် ထောက်ပံ့ကြကုန်စိုအံ့ဟု ကောင်းစွာ တိုင်ပင်ကြလေကုန်၏၊
ထိုသားလေးယောက်တို့သည် မွန်မြတ်သော အစား, အဝတ် အစရှိသည်တို့ဖြင့် လုပ်ကျွေး ကုန်လျက် လက်ခြေဆုပ်နယ် ခြင်းစသည်ကို ပြုလုပ်ကြကုန်၏၊ လုပ်ကျွေးသမှု ပြုလုပ်ကြသဖြင့် တနေ့သ၌ ဖခင်ပုဏ္ဏားကြီး နေ့အခါအိပ်၍ နိုးလတ်သည်ရှိသော် လက်ခြေတို့ကို ဆုပ်နယ် ကြကုန်လျက် အသီးအသီး အိမ်ရာထောင်ခြင်း၌ အပြစ်ကို ပြောဆို၍ ကျွန်တော် တို့သည် သင် ဖခင်တို့ကို ဤသို့သော နည်းဖြင့် အသက်ထက်ဆုံး လုပ်ကျွေးကြ ပါကုန်အံ့၊ ကြွင်းသောဥစ္စာ လေးသိန်းကိုလည်း ကျွန်တော်တို့အား ပေးသနား ကြပါလော့ဟု တောင်းပန်ကြလေကုန်၏။
ဖခင် ပုဏ္ဏားကြီးသည် တဖန် တယောက် တယောက်သော သားအား တသိန်း, တသိန် စီပေး၍ မိမိအလို့ငှါ အဝတ်အရုံ မျှလောက်ကိုသာ ထားသဖြင့် အသုံးအဆောင် ခံစားဖွယ်ဟူသမျှကို လေးခုသော အစုတို့ကိုပြု၍ အပ်နှင်းလေ၏၊ ထိုဖခင်ပုဏ္ဏားကြီးကို သားကြီးသည် နှစ်ရက် သုံးရက် ပတ်လုံး လုပ်ကျွေး ပြုစုလေ၏။
ထို့နောက် တနေ့သ၌ ရေချိုး၍ ပြန်လာသော ထို ပုဏ္ဏားအိုကြီးကို မြင်တဲ့လျှင် တံခါးမုတ်၌ ရပ်လျက် ချွေးမက ဆိုလိုက်သည်မှာ သင် ဖခင်သည် သားကြီးအား တရာကို၎င်း တထောင်ကို၎င်း၊ အပိုအလွန်ပေးခြင်းသည် ရှိပါသလော၊ ခပ်သိမ်းသော သားတို့အား နှစ်သိန်း, နှစ်သိန်းစီ ပေးသည် မဟုတ်ပါလော၊ ကြွင်းသော သားတို့၏ အိမ်သို့ သွားရာလမ်းကို မသိလေသလောဟု ဤသို့သော စကားကို ဆိုဘိလေ၏။
ဘုရားထံသို့ ချဉ်းကပ်ခြင်း
ထိုပုဏ္ဏားအိုကြီးသည်လည်း သူယုတ်မ ပျက်စီးလေလော့ဟု ဆိုကာ အမျက်ထွက်သဖြင့် ထိုမှ တပါးသော သား၏အိမ်သို့ သွားလေ၏၊ ထိုသားအိမ်မှလည်း နှစ်ရက် သုံးရက် လွန်သောအခါ ဤသို့သော နည်းဖြင့်သာလျှင် ပြေးစေအပ်သည်သာဖြစ်၍ ထိုမှတပါးသော သား၏အိမ်သို့ သွားပြန် လေ၏။
ဤသို့သော နည်းဖြင့် တခုသော အိမ်ကိုလည်း ဝင်ခြင်းကို မရလတ်သည်ဖြစ်ရကား အဝတ်ဖြူ ဝတ်သော ပရိဗိုဇ် ရဟန်း၏ အဖြစ်ဖြင့် ရဟန်းပြုလုပ်ပြီးလျှင် ဆွမ်းအလို့ငှါ သွားလာလှည့်လည် သဖြင့် အခါကာလတို့၏ လွန်လတ်သောအခါ အိုမင်း ရင့်ရော်သည်ဖြစ်၍ မကောင်းသော စားသောက်ရခြင်း, မကောင်းသော အိပ်စက်ရခြင်းဖြင့် ညှိုးနွမ်းသောကိုယ် ရှိသည်ဖြစ်၍ ဆွမ်း အလို့ငှါ သွားလာလှည့်လည်လျက် ပြန်လာပြီးလျှင် ကျောက်ကုန်းဖြင့် လျောင်းစက်ကာ အိပ်ပျော်ခြင်းသို့ ရောက်၍ အိပ်ရာမှ ထသဖြင့် ထိုင်လျက် မိမိကိုယ်ကို ကြည့်ပြီးလျှင် သားတို့၌ မိမိ၏ ကိုးကွယ်ရာ အားထားရာ မမြင်လတ်သည်ရှိသော် -
“ရဟန်းဂေါတမသည် မျက်မှောင်ကြုတ်ခြင်း မရှိသတတ်၊ ပေါ်လွင် ရွှင်ပျသော မျက်နှာရှိသတတ်၊ ချမ်းသာစွာ ဆိုတတ်သောစကား ရှိသတတ်၊ အစေ့အစပ် ပြုခြင်း၌ လိမ္မာတော်မူသတတ်၊ ရဟန်း ဂေါတမသို့ ချဉ်းကပ်ရလျှင် အစေ့အစပ် ပြုခြင်းကို ရခြင်းငှါ တတ်ကောင်း၏”ဟု ကြံစည်မိလေ၏၊
ထို ပုဏ္ဏားကြီးသည် အဝတ်အရုံကို ကောင်းစွာပြုပြင်၍ ဆွမ်းခွက်ကိုကိုင်ကာ တောင်ဝှေးစွဲလျက် မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။
(ထိုစကား မှန်၏၊ ဤဆိုလတ္တံ့သော စကားကို ပါဠိတော်၌ မိန့်ဆိုအပ်သည်သာတည်း၊ ထိုအခါ များသော ဥစ္စာရှိဖူးသော တယောက်သော ပုဏ္ဏားသည် ခေါင်းပါးသော ကိုယ်ရှိသည်ဖြစ်၍ ညစ်နွမ်းသော အဝတ်အရုံ ရှိသည်ဖြစ်၍ မြတ်စွာဘုရား ရှိတော်မူရာအရပ်သို့ ချဉ်းကပ်ပြီးလျှင် တင့်အပ် လျောက်ပတ်သောအရပ်၌ နေလေ၏၊ ဤကား ပါဠိတော်၌ ဆိုအပ်သော စကားတည်း။)
မြတ်စွာဘုရားသည် တင့်အပ် လျောက်ပတ်သောအရပ်၌ နေသော ထိုပုဏ္ဏားကြီးနှင့် ပဋိသန္တာရ = စေ့စပ်ခြင်းကို ပြုပြီးလျှင် ပုဏ္ဏားကြီး အသို့နည်း၊ သင်သည် ခေါင်းပါးသော ကိုယ်လက်ရှိဘိ၏၊ ညစ်နွမ်းသော အဝတ်အရုံ ရှိဘိ၏ဟု ဤသို့သော စကားကို မိန့်ကြားတော်မူလေ၏။
အို ရှင်ဂေါတမ - ဤလောက၌ တပည့်တော်အား သားလေးယောက်တို့သည် ရှိကြပါကုန်၏၊ ထိုသားလေးယောက်တို့သည် တပည့်တော်ကို မယားတို့နှင့် တိုင်ပင်၍ အိမ်မှ ထွက်ခွါစေကြ ပါသည် ဘုရားဟု လျှောက်လတ်သော် ထိုသို့ဖြစ်မူ ပုဏ္ဏားကြီး သင်သည် ဤဂါထာတို့ကို သင်ယူ၍ သဘင်၌ များစွာသော လူအပေါင်း စည်းဝေးလတ်သည်ရှိသော် သားတို့သည်လည်း စည်းဝေး လတ်ကုန်သည်ရှိသော် ရွတ်ဆိုချေလော့။
ပုဏ္ဏားကြီးအား ဘုရားသင်ပေးသော ဂါထာများ
ယေဟိ ဇာတေဟိ နန္ဒိဿံ၊ ယေသဉ္စ ဘဝမိစ္ဆိသံ။
တေ ဒါရေဟိ သံပုစ္ဆာ၊ သာဝ ဝါရေန္တိ သူကရံ။
အသန္တာ ကိရ မံ ဇမ္မာ၊ တာတ တာတာတိ ဘာသရေ။
ရက္ခသာ ပုတ္တရူပေန၊ တေ ဇဟန္တိ ဝယောဂတံ။
အဿောဝ ဇိဏ္ဏော နိဗ္ဘောဂေါ၊ ခါဒနာ အပနီယတိ။
ဗာလာနံ စ ပိတာ ထေရော၊ ပရာဂါရေသု ဘိက္ခတိ။
ဒဏ္ဍောဝ ကိရ မေ သေယျော၊ ယံ စေ ပုတ္တာ အနဿဝါ။
စဏ္ဍံပိ ဂေါဏံ ဝါရေတိ၊ အထောပိ စဏ္ဍကုက္ကုရံ။
အန္ဓကာရေ ပုရေ ဟောတိ၊ ဂမ္ဘီရေ ဂါဓမေဓတိ။
ဒဏ္ဍဿ အာနုဘာဝေန၊ ခလိတွာ ပတံ တိဋ္ဌတိ။
ယေဟိ၊ အကြင်သားတို့သည်။ ဇာတေဟိ၊ ဖွားမြင်လတ်ကုန်သည်ရှိသော်။ အဟံ၊ အကျွန်ုပ်သည်။ နန္ဒိဿံ၊ နှစ်သက် ရွှင်လန်း ဝမ်းမြောက်ရဖူးပြီ။ ယေသဉ္စ၊ အကြင်သားတို့၏လည်း။ ဘဝံ၊ စည်းစိမ်ချမ်းသာဖြင့် ကြီးပွားခြင်းကို။ ဣစ္ဆိဿံ၊ အလိုရှိရဖူးလေပြီ။ တေ၊ ထိုသားတို့သည်။ မံ၊ ငါ့ကို။ ဒါရေဟိ၊ မယားတို့နှင့်။ သံပုစ္ဆာ၊ တိုင်ပင်၍။ သူကရံ၊ ဝက်ကို။ သာ၊ ခွေးတို့သည်။ ဝါရေန္တိဣဝ၊ တားမြစ်ကုန်သကဲ့သို့။ ဝါရေန္တိ၊ တားမြစ်ကြကုန်၏။
အသန္တာ၊ သူတော်ကောင်း မဟုတ်ကုန်သော။ ဇမ္မာ၊ ယုတ်မာလှသော သားမိုက်ဖြစ်ကုန်သော။ ရုက္ခသာ၊ ဘီလူးတို့သည်။ ပုတ္တရူပေန၊ သား၏အသွင်ဖြင့်။ မံ၊ ငါ့ကို။ တာတတာတာတိ၊ ဖခင် ဖခင်ဟူ၍။ ဘာသရေကိရ၊ ဆိုကြကုန်သတတ်။ တေ၊ ထိုသားမိုက် လေးယောက်တို့သည်။ ဝယောဂတံ၊ ကြီးရင့်သော အရွယ်သို့ ရောက်သောငါ့ကို။ ဇဟန္တိ၊ စွန့်ပစ်ကြကုန်၏။
ဇိဏ္ဏော၊ အိုမင်းသော။ နိဗ္ဘောဂေါ၊ သုံးဆောင်ခြင်းငှါ မထိုက်သော။ အဿော၊ မြင်းကို။ ခါဒနာ၊ အစာမှ။ အပနီယတိ ဣဝ၊ ပယ်အပ်သကဲ့သို့။ အဟံ၊ ငါ့ကို။ အပနီယာမိ၊ ပယ်အပ်၏။ စ၊ ထိုသို့ပယ်လေသောကြောင့်။ ဗာလာနံ၊ သားမိုက်တို့၏။ ပိတာ၊ ဖခင်ဖြစ်သော။ ထေရော၊ အဘိုးအိုကြီးသည်။ ပရာဂါရေသု၊ သူတပါးတို့၏ အိမ်တို့၌။ ဘိက္ခတိ၊ တောင်းစားရ၏။
မေ၊ ငါ၏။ ဒဏ္ဍောဝ၊ တောင်ဝှေးသည်သာလျှင်။ သေယျော ကိရ၊ မြတ်ပေသတတ်။ အနဿဝါ၊ အားကိုးရာမရကြကုန်သော။ ဝါ-မိဘစကား နားမထောင် ကြကုန်သော။ ပုတ္တာ၊ သားတို့သည်။ ယံ စေ၊ မမြတ်ကြကုန်။ မေ၊ ငါ၏။ ဒဏ္ဍော၊ တောင်ဝှေးသည်။ စဏ္ဍံ၊ ကြမ်းကြုတ်သော။ ဂေါဏံပိ၊ နွားကိုလည်း။ ဝါရေတိ၊ တားမြစ်နိုင်၏။ အထော၊ ထိုမှတပါး။ စဏ္ဍကုက္ကုရံပိ၊ ကြမ်းကြုတ်သော ခွေးကိုလည်း။ ဝါရေတိ၊ တားမြစ်နိုင်၏။
အန္ဓကာရေ၊ အမိုက်တိုက်၌။ ပုရေ၊ ရှေ့သွား အဖော်သည်။ ဟောတိ၊ ဖြစ်၏။ ဂမ္ဘီရေ၊ အစောက်နက်သော ချောက်၌။ ဂါဓံ၊ ထောက်ရာတည်ရာကို။ ဧဓတိ၊ ရနိုင်၏။ ဒဏ္ဍဿ၊ တောင်ဝှေး၏။ အာနုဘာဝေန၊ အာနုဘော်ကြောင့်။ ခလိတွာ၊ ချွတ်ချော်သည် ဖြစ်၍။ ပတံ-ပတန္တော၊ တိမ်းလဲသည် ရှိသော်။ တိဋ္ဌတိ၊ တည်တံ့နိုင်ပေ၏။
ဂါထာ၏တန်ခိုး ပြန်၍ချမ်းသာခြင်း
ဤသို့လျှင် ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံတော်၌ ထိုဂါထာတို့ကို သင်ယူပြီးလျှင် ပုဏ္ဏား တို့၏ ထိုသို့သဘောရှိသော အညီအညွတ် စည်းဝေးရာ နေ့ရက်၌ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာ ဆင်အပ်သော သားတို့သည် ထိုသဘင်သို့ သက်ဝင်၍ ပုဏ္ဏားတို့၏ အလယ် မြတ်သော သူတို့သာ နေခြင်းငှါ ထိုက်သောနေရာ၌ ထိုင်နေကြကုန်သည်ရှိသော် ဤအခါသည် ငါဝင်ချိန်အခါ တန်ပြီဟု သဘင်၏အလယ်သို့ဝင်၍ လက်ကိုမြှောက်ချီလျက် ငါသည် သင်တို့အား ဂါထာတို့ကို ဆိုခြင်းငှါ အလိုရှိပါသည်၊ နားထောင်ကြပါ ကုန်လော့ဟု ဆို၍ ပုဏ္ဏားကြီး ဆိုပါလော့၊ နားထောင်ကြပါကုန်အံ့ဟု ပြန်ဆိုသည် ရှိသော် ရပ်လျက်သာလျှင် ရွတ်ဆိုလေ၏။
(ထိုအခါ၌ကား လူတို့အား ဤသို့သောကျင့်ဝတ် ရှိသည်ဖြစ်၏၊ အကြင် သားသမီးသည် အမိအဖ တို့၏ ဥစ္စာကိုစား၍ အမိအဖတို့ကို မလုပ်ကျွေး၊ ထိုသားသမီးကို သတ်အပ်၏ဟု ကျင့်ဝတ်ရှိသည် ဖြစ်၏။)
ထို့ကြောင့် ထိုပုဏ္ဏားသား လေးယောက်တို့သည် ဖခင် ပုဏ္ဏားကြီး၏ ခြေရင်းတို့၌ ဝပ်လျက် ဖခင်- ကျွန်တော်တို့အား အသက်ကို ပေးတော်မူကြပါ ကုန်လော့ဟု တောင်းပန်ကြလေကုန်၏၊ ထို ပုဏ္ဏားကြီးသည်လည်း စိတ်နှလုံး နူးညံ့သည်၏ အဖြစ်ကြောင့် အချင်းတို့ - ငါ၏သားတို့ကို မဖျက်ဆီးကြပါကုန် လင့်၊ ငါ့ကို ကျွေးမွေးကြပါလိမ့်မည်ဟု ဆိုလေ၏၊
ထို့နောင်မှ ပုဏ္ဏားကြီး၏ သားတို့ကို လူတို့သည် အချင်းတို့ ယနေ့ကို အစပြု၍ ဖခင်ကို အကယ်၍ ကောင်းစွာ မလုပ်ကျွေးကြကုန်သည် ဖြစ်အံ့၊ သင်တို့ကို သတ်ပစ်ကြရလိမ့်မည်ဟု ပြောဆိုကြလေ ကုန်၏။
ထို သားလေးယောက်တို့သည် ကြောက်လန့်ကြကုန်သည် ဖြစ်ရကား ဖခင်ပုဏ္ဏားကြီးကို အင်းပျဉ်၌ နေစေပြီးမှ ကိုယ်တိုင်ထမ်းလျက် အိမ်သို့ဆောင်သဖြင့် ကိုယ်ကို ဆီဖြင့်နယ်၍ ပွတ်သပ်၍ နံ့သာမှုန့် စသည်တို့ဖြင့် ရေချိုးပေးပြီးလျှင် ပုဏ္ဏေးမတို့ကို ခေါ်စေသဖြင့် ယနေ့ကို အစပြု၍ ငါတို့၏ဖခင်ကို ကောင်းစွာ လုပ်ကျွေးကြကုန်လော့၊ မေ့လျော့ခြင်းသို့ အကယ်၍ ရောက်ကုန်သည် ဖြစ်အံ့၊ သင်တို့ကို နှိပ်စက်ကြရကုန်လတ္တံ့ ဟုဆို၍ မွန်မြတ်သောဘောဇဉ်ကို ကျွေးမွေးကြလေကုန်၏။
ပုဏ္ဏားကြီးသည် ကောင်းစွာ စားရခြင်းကို၎င်း, ကောင်းစွာ အိပ်ရခြင်းကို၎င်း အစွဲပြု၍ နှစ်ရက် သုံးရက် လွန်သောအခါ ဖြစ်သော အားရှိသည် ဖြစ်၍ ပြည့်ဖြိုးသော ဣန္ဒြေရှိသည်ဖြစ်၍ အတ္တဘောကို ကြည့်ရှုလျက် ငါသည် ဤ စည်းစိမ်ချမ်းသာကို ရဟန်းဂေါတမကို မှီ၍ ရအပ်ပေ၏ ဟု လက်ဆောင် အလို့ငှါ တစုံသောအဝတ်ပုဆိုးကို ယူ၍ မြတ်စွာဘုရား၏ အထံတော်သို့ သွားပြီး လျှင် ပြုအပ်သော ပဋိသန္တာရ = စေ့စပ်ခြင်းရှိသည် ဖြစ်၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေလျက် ထိုပုဆိုးအစုံကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ထား၍ အိုရှင်ဂေါတမ-တပည့်တော်တို့ ပုဏ္ဏားတို့ မည်သည်ကား ဆရာ့အလို့ငှါ ဆရာတွက် ဥစ္စာကို ရှာလေ့ရှိကြပါကုန်၏၊ ရှင်ဂေါတမ သည် တပည့်တော်၏ဆရာဖြစ်ပါသည်၊ ဆရာ၏အဖို့ ဥစ္စာကို ခံယူတော်မူပါဘုရား ဟု လျှောက်ကြား လေ၏။
ဘုရားအား ပုဏ္ဏားကြီး ဆွမ်းဝတ်တည်ခြင်း
မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီးအား အစဉ်သနားသဖြင့် ပုဆိုးအစုံကို ခံယူတော်မူပြီး၍ တရားဟောတော်မူ၏၊ ဒေသနာတော်၏ အဆုံး၌ ပုဏ္ဏားသည် သရဏဂုံသုံးပါးတို့၌ တည်သဖြင့် အို ရှင်ဂေါတမ - တပည့်တော်အား သားတို့သည် အမြဲမပြတ် လေးလုံးသော ထမင်းအိုးတို့ကို ပေးအပ်ကုန်၏၊ ထိုလေးလုံးသော ထမင်းအိုးတို့မှ တပည့်တော်သည် မြတ်စွာဘုရားအား နှစ်လုံးသော ထမင်းအိုးတို့ကို လှူပါ၏ဘုရားဟု လျှောက်ကြားလေ၏၊
ထိုအခါ ပုဏ္ဏားကြီးကို မြတ်စွာဘုရားသည် ပုဏ္ဏားကြီး - ကောင်းသော သဘောရှိ၏၊ ငါတို့သည် ကား နှစ်သက်ရာ အရပ်သို့သာ သွားကြကုန်အံ့ဟု ဆို၍ လွှတ်လိုက်လေ၏၊ ပုဏ္ဏားကြီးသည် အိမ်သို့သွားပြီးလျှင် သားတို့ကို အို ချစ်သားတို့ - ရဟန်းဂေါတမသည် ငါ၏ အဆွေခင်ပွန်း ဖြစ်၏၊ ငါသည် ထို ရဟန်းဂေါတမအား အမြဲ နှစ်လုံးသော ထမင်းအိုးတို့ကို လှူအပ်ကုန်၏၊ သင်တို့သည် ရဟန်းဂေါတမ ရောက်လာသည် ရှိသော် မမေ့မလျော့ကြကုန်လင့်ဟု ဆိုလေ၏။
ထိုသားတို့သည် ကောင်းပါပြီဟု ဝန်ခံကြလေကုန်၏။ မြတ်စွာဘုရားသည် တဖန် မိုးသောက်သော နေ့၌ ဆွမ်းအလို့ငှါ လှည့်လည်တော် မူလတ်သည်ရှိသော် သားကြီး၏ အိမ်တံခါးသို့ ရောက်သွား တော်မူလေ၏၊ သားကြီးသည် မြတ်စွာဘုရားကိုမြင်ရလျှင် သပိတ်တော်ကိုယူ၍ အိမ်သို့ပင့်သွင်း၍ မြတ်သောသူတို့အား နေခြင်းငှါ ထိုက်သော ပလ္လင်၌ နေစေပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို လှူဒါန်းလေ၏၊
ဘုရားရှင်သည် တဖန် မိုးသောက်သောနေ့၌ ထိုမှတပါးသော သားတယောက်အိမ်သို့၎င်း အစဉ် အတိုင်းအားဖြင့် ခပ်သိမ်းသော သားတို့၏အိမ်သို့ ကြွသွားတော်မူလေ၏၊ ခပ်သိမ်းသော သားတို့ သည် ထို့အတူသာလျှင် ပူဇော်သက္ကာရကို ပြုကြလေကုန်၏။
သားများလည်း ဘုရားကို ကြည်ညိုခြင်း
တနေ့သ၌ သားကြီးသည် မင်္ဂလာကို ဖြစ်စေအပ်သည်ရှိသော် ဖခင်ပုဏ္ဏားကြီးကို ဖခင် -အဘယ် သူအား မင်္ဂလာကိုပေးလှူကြရပါကုန်အံ့နည်းဟု ဆိုလေ၏၊ ငါသည် တပါးသော ပုဂ္ဂိုလ်တို့ကို မသိ၊ ရဟန်းဂေါတမသည် ငါ၏အဆွေခင်ပွန်း ဖြစ်၏ဟု ဆိုလတ်သော် ထိုသို့ဖြစ်မူ ဖခင်သည် နက်ဖြန် ကောင်းမှုအလို့ငှါ ငါးရာသော ရဟန်းတို့နှင့် အတူတကွ ပင့်ဖိတ်ကြပါကုန်လော့ဟု ဆိုသဖြင့် ပုဏ္ဏားကြီးသည် ထိုသားကြီး ဆိုသောအတိုင်း ပြုလေ၏၊
မြတ်စွာဘုရားသည် တဖန် မိုးသောက်နေ့၌ အခြံအရံနှင့်တကွ ထိုသားကြီးအိမ်သို့ ကြွသွားတော် မူလေ၏၊ ထိုသားကြီးသည် စိုစွတ်သော နွားချေးဖြင့် လိမ်းကျံအပ်သော ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော အိမ်၌ ဘုရားရှင် အမှူးရှိသော ရဟန်း သံဃာကို နေစေ ပြီးလျှင် ရေမရောသော ကောင်းသောအရသာရှိသော နို့ဃနာဖြင့်၎င်း မွန်မြတ်သော ခဲဖွယ်ဖြင့်၎င်း လုပ်ကျွေးသမှု ပြုစုလေ၏၊
ဆွမ်းဘုဉ်းပေးခြင်း၏ အတွင်း၌သာလျှင် ပုဏ္ဏားကြီး၏ သားလေးယောက်တို့သည် မြတ်စွာဘုရား ၏ အထံတော်၌နေ၍ အို ရှင်ဂေါတမ - တပည့်တော်တို့သည် တပည့်တော်တို့၏ ဖခင်ကို လုပ်ကျွေးကြပါသည် မမေ့မလျော့ကြပါ၊ ထိုဖခင် ပုဏ္ဏားကြီး၏ အတ္တဘောကို ကြည့်ရှုတော်မူကြပါ ဘုရားဟု လျှောက်ထားကြလေကုန်၏။
မြတ်စွာဘုရားသည် သင်တို့သည် ကောင်းသော အမှုကို ပြုအပ်ပေ၏၊ အမိအဖတို့ကို လုပ်ကျွေးခြင်း မည်သည်ကား ရှေးပညာရှိတို့၏ အလေ့အကျက် သာလျှင်တည်းဟု မိန့်တော်မူပြီးလျှင် “တဿ နာဂဿ ဝိပ္ပဝါသေန၊ ဝိရူဠှာ သလ္လကီ စ ကုဋဇာ စ” အစရှိသည်ဖြင့် ဧကာဒသက နိပါတ်၌လာသော အမိကိုလုပ်ကျွေး ဤ ဆင်မင်းဇာတ်ကို အကျယ်အားဖြင့် ဟောတော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၂၃။ ဓနပါလောနာမ ကုဉ္ဇရော၊ ကဋုကဘေဒနော ဒုန္နိဝါရယော။
ဗန္ဓော ကဗဠံ န ဘုဉ္ဇတိ၊ သုသရတိ နာဂဝနဿ ကုဉ္ဇရော။
ဓနပါလောနာမ၊ ဓနပါလ အမည်ရှိသော။ ကုဉ္ဇရော၊ ဆင်ပြောင်သည်။
(ထိုအခါ ကာသိကရာဇ်မင်းကြီးသည် ဆင်ဆရာကိုစေလွှတ်၍ မွေ့လျော်ဖွယ်ကောင်းသော ကံ့ကော်တော၌ ဖမ်းယူစေအပ်သော ဆင်ပြောင်၏ အမည်သည် “ဓနပါလ” မည်၏ ဟူလို။)
ကဋုကဘေဒနော၊ ထက်သော မုန်ယစ်ခြင်း ရှိသည်ဖြစ်၍။ ဒုန္နိဝါရယော၊ တားမြစ်နိုင်ခဲ၏။
(ဆင်တို့အား မုန်ယစ်လတ်သောအခါ နားပန်စွန်းမှ ကွဲထွက်၏၊ ပကတိ အားဖြင့်လည်း ဆင်တို့သည် ထိုအခါ ချွန်းတောင်းဖြင့်၎င်း, လှံမ-ခက်ရင်း ဖြင့်၎င်း နှိပ်စက်ရလောက်အောင် ကြမ်းကြုတ်ကြ ကုန်၏၊ ဓနပါလဆင်ကား အလွန်ကြမ် ကြုတ်လှသည်ဖြစ်၍ တားမြစ်နိုင်ခဲ၏ ဟူလို။)
ဗန္ဓော၊ ဖမ်းထားအပ်သည်ဖြစ်၍။ ကဗဠံ၊ အစာအာဟာရကို။ န ဘုဉ္ဇတိ၊ မစားနိုင်။
(ထိုဆင်ပြောင်ကို ဖွဲ့ချည်ထားသည် မဟုတ်သော်လည်း ဆင်တင်းကုပ်သို့ ဆောင်၍ ဆန်းကြယ် သော ကန့်လန့်ကာတို့ကို ကာရံစေလျက် အပြေအပြစ် ပြုအပ်သော နေရာ၏ အထက်၌ ဖွဲ့အပ်သော ဆန်းကြယ်သော မျက်နှာကြက်ရှိသော မြေအဖို့၌ ထားအပ်၏။
မင်းကြီးသည် မင်းအားထိုက်တန်သော အထူးထူး ကောင်းမြတ်သော အရသာရှိသော ဘောဇဉ်ဖြင့် ကျွေးမွေးစေ အပ်သော်လည်း တစုံတခုသော အစာအာဟာရကို စားသောက်ခြင်းငှါ အလိုမရှိ၊ ဆင်တင်းကုပ်သို့ သွင်းထားခြင်းမျှကိုပင် ရည်စူးသောအားဖြင့် ဖမ်းထားအပ်သည်ဖြစ်၍ အစာ အာဟာရကို မစားနိုင်ဟု ဆိုခြင်းဖြစ်၏ ဟူလို။)
ကုဉ္ဇရော၊ ဆင်ပြောင်သည်။ နာဂဝနဿ၊ အမိနေရာ ကံ့ကော်တော အရပ်ကို။ သုသရတိ၊ အလွန်အောက်မေ့၏။
(ထိုဆင်ပြောင်ကြီးသည် မွေ့လျော်ဖွယ် ကောင်းသော အရပ်ဟု ကံ့ကော်တောကို အောက်မေ့သည် မဟုတ်၊ သူ၏မိခင် မျက်မမြင် ဆင်မအိုကြီးသည် သားနှင့် ကွေကွင်းသဖြင့် ဆင်းရဲခြင်းသို့ ရောက်ရရှာ၏၊ ထိုဆင်ပြောင်သည် မိဘကိုလုပ်ကျွေးသော တရား ငါ့အားမပြည့်၊ ဤဘောဇဉ်ဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်းဟု တရားနှင့်အညီ မိဘလုပ်ကျွေးသော တရားကို သာလျှင် လွမ်းဆွတ်အောက်မေ့လေ၏၊ ထိုတရားကိုကား ထိုကံ့ကော်တော၌ သာနေသဖြင့် ဖြည့်ကျင့်ခြင်းငှါ တတ်ကောင်းလေသောကြောင့် ဆင်ပြောင်သည် ကံ့ကော်တောကို အလွန် အောက်မေ့၏ဟု ဆိုသည် ဟူလို။)
ဒေသနာတော်၏ အကျိုး
မြတ်စွာဘုရားသည် ကိုယ်တော်၏ ဤ ရှေးအကျင့်ကို ဆောင်တော်မူ၍ ဟောကြားတော်မူစဉ် ပင်လျှင် အလုံးစုံသော ထိုပုဏ္ဏားတို့သည် မျက်ရည်အယဉ် တို့ကို ဖြစ်စေလျက် နူးညံ့သော စိတ်နှလုံး ရှိကြကုန်သဖြင့် နားထောင်ကြလေကုန်၏၊ ထို့နောင်မှ မြတ်စွာဘုရားသည် ထိုသူတို့အား လျောက်ပတ်သည်ကို သိတော်မူသဖြင့် သစ္စာလေးပါးတရားတို့ကို ပြတော်မူလျက် တရားဟောတော်မူလေ၏၊
ဒေသနာတော်၏ အဆုံး၌ သားလေးယောက်တို့နှင့်၎င်း, ချွေးမ လေးယောက်တို့နှင့်၎င်း အတူတကွ ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ပုဏ္ဏားအို၏ သားများဝတ္ထု ပြီး၏။
၄−ပဿေနဒီကောသလမင်း ဝတ္ထု
မိဒ္ဓီ ယဒါဟောတိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပဿေနဒီ ကောသလမင်းကြီးကို အကြောင်းပြု၍ ဟောတော် မူလေ၏။
အစားကြီးသူ၏အပြစ်
အခါတပါး ပဿေနဒီ ကောသလမင်းကြီးသည် ဆန်တစရွတ် = တစိတ်ဖြင့် ချက်သော ထမင်းကို ထိုထမင်းအား လျော်သော လက်သုပ်ဟင်းလျာနှင့် စားလေ့ရှိ၏၊ ထို ပဿေနဒီ ကောသလ မင်းကြီးသည် တနေ့သ၌ နံနက်စာ စားပြီးလတ်သော် ထမင်းကြောင့်ဖြစ်သော ယစ်ခြင်းကို မဖျောက်မူ၍သာလျှင် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ပင်ပန်းလှသော သဘောရှိသဖြင့် ထိုမှ ဤမှ တပြောင်းပြန်ပြန် လူးလဲကာနေလေ၏၊ ငိုက်မျဉ်းခြင်းဖြင့် အလွန်နှိပ်စက်အပ် သော်လည်း ဖြောင့်ဖြောင့်တန်းတန်း အိပ်စက်ခြင်းငှါ မတတ်နိုင်ရှာရကား တင့်အပ် လျောက်ပတ် သော အရပ်၌ ထိုင်နေလေ၏၊
ထိုအခါ ပဿေနဒီကောသလ မင်းကြီးကို မြတ်စွာဘုရားသည် မြတ်သောမင်းကြီး - အသို့နည်း၊ ပင်ပန်းခြင်းကို မဖြေဖျောက်မူ၍ သာလျှင် လာခဲ့လေသလောဟု မိန့်တော်မူလေ၏၊ မြတ်စွာဘုရား-ဟုတ်မှန်လှပါသည် ပွဲတော်ထမင်း သုံးဆောင်ပြီးသော အခါမှစ၍ တပည့်တော်အား ကြီးစွာသော ဆင်းရဲခြင်းသည် ဖြစ်ရပါသည်ဘုရားဟု လျှောက်လတ်သော် ထိုအခါ ပဿေနဒီကောသလ မင်းကြီးကို မြတ်စွာဘုရားသည် မြတ်သောမင်းကြီး - အလွန်အကြူး များစွာ စားသောက်သော သူအား ဤသို့သော ဆင်းရဲခြင်းသည် ဖြစ်တတ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြား တော်မူလေ၏။
ဒေသနာတော်
၃၂၄။ မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသော စ၊
နိဒ္ဒါယိတာ သံပရိဝတ္တသာယီ။
မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊
ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။
ယဒါ၊ အကြင်အခါ၌။ ပုရိသော၊ ယောက်ျားသည်။ မိဒ္ဓိ စ၊ ထိနမိဒ္ဓ နှိပ်စက်အပ်သည်လည်း။ ဟောတိ၊ ဖြစ်ငြားအံ့။ မဟဂ္ဃသော စ၊ အစားကြီး ငါးယောက်တို့တွင် တယောက်ယောက်ကဲ့သို့ များစွာ စားသည်လည်း။ ဟောတိ၊ ဖြစ်ငြားအံ့။ နိဝါပပုဋ္ဌော၊ အစားကျွေး၍ မွေးထားအပ်သော။ မဟာဝရာဟောဝ၊ အိမ်ဝက်ကြီးကဲ့သို့။ နိဒ္ဒါယီ၊ အိပ်လေ့ရှိ၏။ သံပရိဝတ္တသာယီ၊ တပြောင်းပြန်ပြန် လူးလဲကာ အိပ်လေ့ရှိ၏။
*(အစားကြီးငါးယောက် ဟူသည်ကား --
၁ - အာဟာရဟတ္ထက = မထနိုင်တော့သဖြင့် လက်ကို ဆွဲပါဦးဟု ပြောရလောက်အောင် စားသော သူတယောက်။
၂ - အလံသာဋက = ပုဆိုးအဝတ် ကျွတ်သွားပြီးလျှင် ပြန်၍ပင် မဝတ်ချင်လောက်အောင် စားသော သူတယောက်။
၃ - တတ္ထ ဝဋ္ဋက = ထိုနေရာ၌ပင် တပြောင်းပြန်ပြန် လူးလှိမ့်နေရလောက်အောင် စားသောသူ တယောက်။
၄ - ကာကမာသက = ခံတွင်း၌ကို နှိုက်စား၍ ရလောက်အောင် စားသောသူ တယောက်။
၅ - ဘုတ္တဝမိတက = စားသမျှ အန်ထွက်လောက်အောင် စားသောသူ တယောက်။
ဤကား အစားကြီးငါးယောက် ဟူလို။)
(ဆန်ကွဲစသော ဝက်စာထမင်းဖြင့် ငယ်စဉ်ကစ၍ ကျွေးမွေးအပ်သော အိမ်ဝက်သည် ဆူဖြိုးသော ကိုယ် ရှိသောအခါ အိမ်မှ အပသို့ ထွက်ခြင်းငှါ အခွင့်မရသဖြင့် ညောင်စောင်းအောက် စသည်တို့၌ လူးလဲကာ အသက် ပြင်းရှူလျက် အိပ်သည်သာတည်း၊ ထို့အတူ တပါးသော ဣရိယာပုထ်ဖြင့် မျှတခြင်းငှါ မတတ်နိုင်ရကား လူးလဲကာ အိပ်စက်လေ့ရှိ၏ ဟူလို။)
တဒါ၊ ထိုအခါ၌။ အမနသိကာရာ၊ နှလုံးသွင်းခြင်းမရှိသောကြောင့်။ မန္ဒော၊ ပညာနည်းသောသူသည်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဂဗ္ဘံ၊ အမိဝမ်းတိုက်သို့။ ဥပေတိ၊ ကပ်ရ၏။
(ထိုအခါ ထိုယောက်ျားသည် အနိစ္စ ဒုက္ခ အနတ္တဟု နှလုံးသွင်းခြင်းငှါ မတတ်နိုင်ရှာလေ၊ ထိုအနိစ္စ, ဒုက္ခ, အနတ္တတို့ကို နှလုံးမသွင်းရှာ နိုင်လေသောကြောင့် အမိဝမ်းတိုက်၌ ကိန်းအောင်းရခြင်းမှ မလွတ်နိုင်သေး ဟူလို။)
အစား ပမာဏသိသူ အကျိုး
ဒေသနာတော်၏ အဆုံး၌ မြတ်စွာဘုရားသည် ပဿေနဒီ ကောသလမင်းကြီးအား ကျေးဇူး များသည်၏ အစွမ်းအားဖြင့် -
မနုဇဿ သဒါ သတီမတော၊ မတ္တံ ဇာနတော လဒ္ဓဘောဇနံ။
တနုကဿ ဘဝန္တိ ဝေဒနာ၊ သနိကံ ဇီရတိ အာယုပါလယံ။
သဒါ၊ အခါခပ်သိမ်း။ သတီမတော၊ သတိရှိသော။ လဒ္ဓဘောဇနံ-လဒ္ဓဘောဇနဿ၊ ရသောဘောဇဉ်၏။ မတ္တံ၊ အတိုင်းအရှည်ကို။ ဇာနတော၊ သိသော။ အဿမနုဇဿ၊ ထိုပုဂ္ဂိုလ်အား။ ဝေဒနာ၊ ဝေဒနာတို့သည်။ တနုကာ၊ ပါးရှားကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏၊ သနိကံ၊ ဖြေးဖြေး။ ဇီရတိ၊ အို၏။ အာယုပါလယံ၊ အသက်ကို စောင့်ခြင်းသည်။ အတ္ထိ၊ ရှိ၏။
ဟူသော ဤဂါထာကို မိန့်တော်မူပြီးလျှင် ဥတ္တရလုလင်ကို သင်ယူစေ၍ ဤဂါထာကို မင်းကြီး၏ ထမင်းပွဲတော် တည်သောအခါ၌ သိသာအောင် ရွတ်ဆိုလော့၊ ဤသို့သော အကြောင်းအားဖြင့် ဘောဇဉ်ကို ယုတ်လျော့စေရာ၏ဟု အကြောင်းကို မိန့်ကြားတော်မူလေ၏၊ ဥတ္တရလုလင်သည် မြတ်စွာဘုရား မိန့်တော်မူသောအတိုင်း ပြုလေ၏၊
ပဿေနဒီကောသလမင်းကြီးသည် တပါးသောအခါ တကွမ်းစား (တစလယ်) ချက်ထမင်း အတိုင်း အရှည်ရှိသဖြင့် ကောင်းစွာ တည်တံ့နိုင်သည် ဖြစ်၍၎င်း, ပေါ့သောကိုယ်ရှိသဖြင့် ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍၎င်း မြတ်စွာဘုရား၌ ဖြစ်သော အကျွမ်းဝင်ခြင်းရှိသည် ဖြစ်၍ ခုနစ်ရက်ပတ်လုံး အသဒိသအလှူကို ဖြစ်စေလေ၏၊ အလှူဒါန အနုမောဒနာ ပြုရာ၌ များစွာသော လူအပေါင်းသည် ကြီးစွာသော ဈာန်မဂ်ဖိုလ် အထူးသို့ ရောက်လေ၏။
ပဿေနဒီကောသလမင်းဝတ္ထု ပြီး၏။
၅ - သာနုသာမေဏ ဝတ္ထု
ဣဒံ ပုရေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သာနုအမည်ရှိသော သာမဏေကို အကြောင်းပြု၍ ဟောတော်မူ လေ၏။
ကိုရင်သာနု တရားဟောပြီး အမျှဝေပုံ
ထိုသာနုသာမဏေသည် တယောက်သော ဒါယိကာမကြီး၏ တယောက်တည်းသော သား ဖြစ်သတတ်၊ ထိုအခါ ထိုသားကို ငယ်သောအခါ၌သာလျှင် ရှင်ပြုထားလေ၏၊ ထိုသာမဏေသည် ရှင်ပြုသောအခါမှစ၍ သီလရှိသောသူ, ဝတ်အကျင့်နှင့် ပြည့်စုံသောသူ ဖြစ်၏၊ ဆရာ ဥပဇ္ဈာယ် အာဂန္တုက ရဟန်းတို့၏ ဝတ်ကို ပြုသည်သာလျှင် ဖြစ်၏။
လဆန်းရှစ်ရက် မြောက်သောနေ့၌ နံနက်စော စောကသာလျှင် ထပြီးလျှင် ရေအိုးစင်၌ ရေကို လောင်းထည့်တည်ထား၍ တရားနာရာအရပ်ကို တံမြက်လှည်း၍ နေရာတို့ကို ခင်း၍ ဆီမီးကို ညှိထွန်း၍ လှစွာသော အသံဖြင့် တရားနာခြင်းအကျိုးငှါ ကြွေးကြော်လေ၏၊ ရဟန်းတို့သည် ထို သာမဏေ၏ အစွမ်းသတ္တိ အရည်အချင်းကို သိရှိကြ၍ သာမဏေ - အသံ ဖောင်ဖောင် ရွတ်ဆို အပ်သော ပါဠိကို ရွတ်ဆိုလော့ဟု တိုက်တွန်းကြကုန်၏၊
သာမဏေသည် တပည့်တော်၏နှလုံးသည် နာကျင်ပါသည် ဟူ၍၎င်း,ကိုယ်လက်သည် မအီမသာ ရှိပါသည်ဟူ၍၎င်း ဤသို့ တစုံတခု ပယ်လှန် ပြန်ပြောခြင်းကို မပြုမူ၍ တရားဟောပလ္လင်သို့ တက်ပြီးလျှင် ကောင်းကင်မြစ် ရေတံခွန်မှကျဆင်း ဘိသကဲ့သို့ အသံဖောင်ဖောင် ရွတ်ဆိုအပ်သော ပါဠိကို ရွတ်ဆို၍ သက်ဆင်း လတ်သည်ရှိသော် ငါ၏ မိခင်, ဖခင်တို့အား ဤ ပါဠိရွတ်ဆိုရာ၌ ရအပ်သော ကုသိုလ်အဖို့ကို ပေးဝေအပ်၏ဟု ဆို၏။
ဘဝဟောင်းက မိခင်ဘီလူးမ မျက်နှာကြီးပုံ
ထိုသာမဏေ၏ မိခင်ဖခင်တို့သည် ကုသိုလ်အဖို့ ပေးဝေသည့်အဖြစ်ကို မသိကြကုန်၊ ထို သာမဏေ၏ အခြားမဲ့သော ဘဝ၌ မိခင်သည်ကား ဘီလူးမ၏ အဖြစ်ဖြင့် ဖြစ်ရှာလေ၏၊
ထိုဘီလူးမသည် နတ်တို့နှင့် အတူတကွလာ၍ တရားတော်ကို နာပြီးလျှင် သာမဏေ ပေးဝေ အပ်သော ကုသိုလ်အဖို့ကို ချစ်သား - ဝမ်းမြောက်ပါ၏။ သာဓုခေါ်ပါ၏ ဟု ဆို၏၊ သီလနှင့် ပြည့်စုံသော ရဟန်း မည်သည်ကား နတ်နှင့်တကွသော လူအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သောသူ ဖြစ်၏၊
ထို့ကြောင့် သာမဏေ၌ နတ်တို့သည် ရှက်ခြင်းရှိကုန်သည် ဖြစ်၍ ရိုသေခြင်း ရှိကုန်သည် ဖြစ်၍ မဟာဗြဟ္မာကြီးကဲ့သို့၎င်း, မီးပုံကြီးကဲ့သို့၎င်း အောက်မေ့ မှတ်ထင်ကြကုန်၏၊ သာမဏေ၌ ရိုသေခြင်းဖြင့် ဘီလူးမကိုလည်း အလေးအမြတ်ပြု၍ ချီးမွမ်းစကား ပြောကြားကြကုန်၏၊ ထိုနတ် တို့သည် တရားနာခြင်းငှါ ဘီလူးအပေါင်းတို့၏ အညီအညွတ် စည်းဝေးခြင်း စသည်တို့၌ သာနု သာမဏေ၏ မယ်တော်ဟူ၍ ဘီလူးမအား မြတ်သော နေရာဦးကို၎င်း, မြတ်သော ရေဦးကို၎င်း, မြတ်သော ထမင်းဦးကို၎င်း ပေးကြကုန်၏၊ ကြီးသော တန်ခိုးရှိသော ဘီလူးတို့သည်လည်း ထို ဘီလူးမကို မြင်လျှင် လမ်းခရီးမှ ဖဲ၍ သွားကြကုန်၏၊ နေရာမှ ထကြကုန်၏။
ကိုရင်သာနု အိမ်ပြန်၍ ပုဆိုးတောင်းခြင်း
ထိုအခါမှ သာနုသာမဏေသည် ကြီးခြင်းကိုစွဲ၍ ရင့်ကျက်သော ဣန္ဒြေ ရှိလတ်သော် မမွေ့လျော် ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ထိုမမွေ့လျော်ခြင်းကို ပယ်ဖျောက်ခြင်းငှါ မတတ်နိုင်ရကား ရှည်သောဆံပင်, ရှည်သော ခြေသည်း လက်သည်း ရှိသဖြင့် ညစ်နွမ်းသော ခါးဝတ်ကိုယ်ရုံကို ဝတ်ရုံလျက် တစုံတယောက်သောသူအား မပြောကြားမူ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် တယောက် အထည်းတည်း မိခင်၏အိမ်သို့ သွားလေ၏။
မိခင် ဒါယိကာမကြီးသည် သားကိုမြင်ရလျှင် ရှိခိုး၍ ချစ်သားကိုရင် - အသို့နည်း၊ ကိုရင်သည် ရှေးအခါ၌ ဆရာဥပဇ္ဈာယ်တို့နှင့်၎င်း, ရဟန်းငယ် သာမဏေတို့နှင့်၎င်း အတူတကွ ဤအိမ်သို့ ကြွလာပါသည်၊ အဘယ့်ကြောင့် တယောက်အထည်း တည်းသာလျှင် ယနေ့ ကြွလာပါသနည်းဟု မေးလတ်သော် သာမဏေသည် သာသနာတော်၌ ငြီးငွေ့သည့်အဖြစ်ကို ပြောကြားလေ၏၊
မိခင်ဒါယိကာမကြီးသည် အထူးထူး အပြားပြားသော အခြင်းအရာဖြင့် အိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်း၌ အပြစ်ကိုပြ၍ သားကို ဆုံးမပါသော်လည်း ကောင်းစွာသိစေခြင်းငှါ မတတ်နိုင်ရကား မိမိ၏သဘောအားဖြင့်လည်း မှတ်သား နိုင်ငြားအံ့လည်း မသိဟု ကြံပြီးလျှင် မလွှတ်လိုက်မူ၍ ချစ်သား ကိုရင် - အကြင်ရွေ့လောက် ကိုရင်အလို့ငှါ ယာဂုဆွမ်းကို ပြည့်စုံ စေဦးအံ့ ထိုရွေ့လောက် ဆိုင်းငံ့ ရပ်တည်ပါဦးလော့၊ ယာဂုကို သောက်၍ ဆွမ်းစားခြင်းကိစ္စ ပြီးသည်ရှိသော် ကိုရင်အား နှလုံးကို ပွားစေတတ်ကုန်သော အဝတ်ပုဆိုးတို့ကို ထုတ်၍ပေးပါမည် ဟု ဆိုသဖြင့် နေရာကို ခင်း၍ ပေးလေ၏၊
သာမဏေသည် ထိုင်နေလေ၏၊ ဒါယိကာမကြီးသည် တခဏချင်းဖြင့်သာလျှင် ယာဂုခဲဖွယ်ကို ဆက်ကပ်လေ၏၊ ထို့နောင်မှ ဆွမ်းကို ပြည့်စုံစေအံ့ဟု မနီးမဝေးသော အရပ်၌ နေလျက် ဆန်ကို ရေဆေးကာ နေလေ၏။
ကိုရင်သာနု ဘီလူး ပူးဝင်ခြင်း
ထိုအခါ ထိုဘီလူးမသည် သာမဏေကား အဘယ်မှာနည်းဟုကြံ၍ တစုံတခုသော ဆွမ်း အာဟာရကို ရသလော, မရသလောဟု ဆင်ခြင်လတ်သည်ရှိသော် ထိုသာမဏေ၏ လူထွက် လိုသော အဖြစ်ဖြင့် ထိုင်နေသည့် အဖြစ်ကို မြင်ရလျှင် သာမဏေသည် ငါ့အား တန်ခိုးကြီး ကုန်သော နတ်တို့၏ အလယ်၌ ရှက်ခြင်းကို ဖြစ်စေရာ၏၊
သွားချေဦးအံ့၊ သာမဏေကို လူထွက်ခြင်း၏ အန္တရာယ်ကို ပြုလုပ်ပေအံ့ဟု နှလုံးပြုလျက် သာမဏေထံသို့ လာတဲ့ပြီးလျှင် ထိုသာမဏေ၏ ကိုယ်၌ ပူးဝင်၍ လည်ပင်းကို နောက်ပြန်လှည့် ထားလျက် ယိုစီးသော တံတွေးရှိသဖြင့် မြေပေါ်၌ လည်းကျကာ နေရှာလေ၏၊
ဒါယိကာမကြီးသည် သား၏ ထိုဖောက်ပြန်သော အခြင်းအရာကိုမြင်ရလျှင် လျင်မြန်စွာသွား၍ သားကို ပိုက်ဖက်လျက် ရင်၌ အိပ်စေလေ၏၊ အလုံးစုံ ရွာ၌နေသော သူတို့သည် လာလတ်၍ ဗလိနတ်စာ ပေးခြင်းစသော အမှုတို့ကို ပြုကြလေကုန်၏၊ ဒါယိကာမကြီးသည်ကား ငိုကြွေး မြည်တမ်းလျက် ဤဂါထာတို့ကို ရွတ်ဆိုလေ၏။
စာတုဒ္ဒသိံပဉ္စဒသိံ၊ ယာ စ ပက္ခဿ အဋ္ဌမီ။
ပါဋိဟာရိယပက္ခဉ္စ၊ အဋ္ဌင်္ဂ သုသမာဟိတံ။
ဥပေါသထံ ဥပဝသန္တိ၊ ဗြဟ္မစရိယံ စရန္တိ ယေ။
တေဟိ ယက္ခာ ကီဠန္တိ၊ ဣတိ မေ အရဟတံ သုတံ။
သာ ဒါနိ အဇ္ဇ ပဿာမိ၊ ယက္ခာ ကီဠန္တိ သာနုနာ။
ယေ၊ အကြင်သူတို့သည်။
စာတုဒ္ဒသိံ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့် လေးရက်မြောက်သောနေ့၌၎င်း။
ပဉ္စဒသိံ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့် ငါးရက်မြောက်သောနေ့၌၎င်း။
ပက္ခဿ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏။
ယာစ အဋ္ဌမီ၊ အကြင် ရှစ်ရက်မြောက်သောနေ့သည်။
အတ္ထိ၊ ရှိ၏။
တဉ္စ အဋ္ဌမိံ၊ ထို ရှစ်ရက်မြောက်သောနေ့၌၎င်း။
ပါဋိဟာရိယပက္ခဉ္စ၊ အသီးအခြား ဆောင်ယူအပ်သော အကြိုနေ့ အထွက်နေ့၌၎င်း။
အဋ္ဌင်္ဂသုသမာဟိတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ကောင်းစွာစောင့်အပ်သော။
ဥပေါသထံ၊ ဥပုသ်ကို။
ဥပဝသန္တိ၊ သုံး၍ နေကြကုန်၏။
ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။
စရန္တိ၊ ကျင့်ကြကုန်၏။
တေဟိ၊ ထိုသူတို့နှင့်။
ယက္ခာ၊ ဘီလူးတို့သည်။
န ကီဠန္တိ၊ မကစားကြကုန်။
ဣတိ၊ ဤသို့။
မေ၊ ငါသည်။
အရဟတံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏။
ဝစနံ၊ စကားကို။
သုတံ၊ ကြားအပ်ဖူး၏။
သာ အဟံ၊ ထို အကျွန်ုပ်သည်။
ဒါနိ၊ ယခု။
အဇ္ဇ၊ ယနေ့။
သာနုနာ၊ သာနုသာမဏေနှင့်။
ယက္ခာ၊ ဘီလူးတို့သည်။
ကီဠန္တိ၊ ကစားကုန်၏။
ဣတိ ဣဒံ၊ ဤအကြောင်းကို။
ပဿာမိ၊ မြင်ရ၏။
ဘီလူးပူးလျက် ပြောသောစကား
ထိုသာနု အမည်ရှိသော သာမဏေ၏ မိခင်ဖြစ်သော ဒါယိကာမကြီး၏ စကားကို ကြားရလျှင် ဘီလူးမသည်–
စာတုဒ္ဒသိံ ပဉ္စဒသိံ၊ ယာ စ ပက္ခဿ အဋ္ဌမီ။
ပါဋိဟာရိယပက္ခဉ္စ၊ အဋ္ဌင်္ဂ သုသမာဟိတံ။
ဥပေါသထံ ဥပဝသန္တိ၊ ဗြဟ္မစရိယံ စရန္တိ ယေ။
န တေဟိ ယက္ခာ ကီဠန္တိ၊ သာဟု တေ အရဟတံ သုတံ။
ယေ၊ အကြင်သူတို့သည်။
စာတုဒ္ဒသိံ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့် လေးရက်မြောက်သောနေ့၌၎င်း။
ပဉ္စဒသိံ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့် ငါးရက်မြောက်သောနေ့၌၎င်း။
ပက္ခဿ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏။
ယာစ အဋ္ဌမီ၊ အကြင် ရှစ်ရက်မြောက်သောနေ့သည်။
အတ္ထိ၊ ရှိ၏။
တဉ္စ အဋ္ဌမိံ၊ ထို ရှစ်ရက်မြောက်သောနေ့၌၎င်း။
ပါဋိဟာရိယပက္ခဉ္စ၊ အသီးအခြား ဆောင်ယူအပ်သော အကြိုနေ့ အထွက်နေ့၌၎င်း။
အဋ္ဌင်္ဂသုသမာဟိတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ကောင်းစွာစောင့်အပ်သော။
ဥပေါသထံ၊ ဥပုသ်ကို။
ဥပဝသန္တိ၊ သုံး၍ နေကြကုန်၏။
ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။
စရန္တိ၊ ကျင့်ကြကုန်၏။
တေဟိ၊ ထိုသူတို့နှင့်။
ယက္ခာ၊ ဘီလူးတို့သည်။
န ကီဠန္တိ၊ မကစားကြကုန်။
ဣတိ၊ ဤသို့။
တေ၊ သင်သည်။
အရဟတံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏။
ဝစနံ၊ စကားကို။
သုတံ၊ ကြားခြင်းသည်။
သာဟု၊ ကောင်း၏။
ဤစကားကို မြွက်ဆိုပြီးလျှင် ဤဂါထာတို့ကို ဆိုပြန်လေ၏။
သာနုံ ပဗုဒ္ဓံ ဝဇ္ဇာသိ၊ ယက္ခာနံ ဝစနံ ဣဒံ။
မာကာသိ ပါပကံ ကမ္မံ၊ အာဝိ ဝါ ယဒိ ဝါ ရဟော။
သစေဝ ပါပကံ ကမ္မံ၊ ကရိဿတိ ကရောတိ ဝါ။
န တေ ဒုက္ခာ ပမောက္ခန္တိ၊ ဥပ္ပတိတွာ ပလာယတော။
အာဝိ ဝါ၊ မျက်မှောက်၌၎င်း။
ယဒိ၊ ထိုမှတပါး။
ရဟော ဝါ၊ မျက်ကွယ်၌၎င်း။
ပါပကံ၊ ယုတ်မာသော။
ကမ္မံ၊ လူထွက်လိုကြောင်း မကောင်းမှုကံကို။
မာကာသိ၊ မပြုပါလင့်။
ဣတိ၊ ဤသို့။
ယက္ခာနံ၊ ဘီလူးတို့၏။
ဣဒံ ဝစနံ၊ ဤစကားကို။
ပဗုဒ္ဓံ၊ နိုးကြားသိရှိ သတိရလာသော။
သာနုံ၊ သာနုသာမဏေကို။
ဝဇ္ဇာသိ၊ ပြောဆိုပါလော့။
ပါပကံ၊ ယုတ်မာသော။
ကမ္မံ၊ လူထွက်လိုကြောင်း မကောင်းမှုကံကို။
သစေ ကရိဿတိ၊ အကယ်၍ ပြုလတ္တံ့သည်မူလည်းဖြစ်အံ့။
သစေ ကရောတိ ဝါ၊ အကယ် ၍ ပြုဆဲမူလည်းဖြစ်အံ့။
ဥပ္ပတိတွာ၊ ပျံတက်၍။
ပလာယတော-ပလာယန္တဿ၊ ထွက်ပြေးသော်လည်း။
တေ၊ သင့်အား။
ဒုက္ခာ၊ ဆင်းရဲတို့သည်။
န ပမောက္ခန္တိ၊ မလွတ်ကုန်လတ္တံ့ ။
ဤသို့လျှင် လူထွက်လိုကြောင်း မကောင်းမှုကံကို ပြု၍ ငှက်၏ ပျံတက်၍ ပြေးသကဲ့သို့ ထွက်ပြေး သော်လည်း သင့်အား လွတ်ခြင်းသည် မရှိဟုဆိုပြီးလျှင် ထိုဘီလူးမသည် သာမဏေကို လွှတ်လေ၏။
ဘီလူးထွက်ပြီးနောက် မိခင်နှင့် စကားပြောပုံ
သာမဏေသည် မျက်စိတို့ကို ဖွင့်၍ ဆံပင်တို့ကို ဖရိုဖရဲကြဲလျက် ထွက်သက် ပြင်းပြင်းရှိလျက် ဝင်သက်ပြင်းပြင်းရှိလျက် ရှိုက်ကြီးငင်ကြီး ငိုနေသော မိခင်ကို၎င်း, စည်းဝေးနေကြကုန်သော အလုံးစုံ ရွာ၌ နေသောသူတို့ကို၎င်း မြင်ရလျှင် မိမိအား ဘီလူးဖမ်းသည့် အဖြစ်ကို မသိသော ကြောင့် ငါသည် ရှေး၌အင်းပျဉ်၌ ထိုင်နေပါသည်၊ ငါ့မိခင် ဒါယိကာမကြီးသည် မနီးမဝေးသော အရပ်၌နေလျက် ဆန်ကို ရေဆေးနေသည်၊ ယခုအခါ၌ကား မြေ၌ အိပ်နေသည် ဖြစ်ဘိ၏၊ ဤအကြောင်းကား အဘယ်နည်းဟု လျောင်းစက်လျက်သာလျှင် မိခင် ဒါယိကာမကြီးကို ဤသို့ ဆိုလေ၏။
မတံ ဝါ အမ္မ ရောဒန္တိ၊ ယော ဝါ ဇီဝံ န ဒိဿတိ။
ဇီဝန္တံ အမ္မ ပဿန္တီ၊ ကသ္မာ မံ အမ္မ ရောဒသိ။
အမ္မ၊ မိခင်ဒါယိကာမကြီး။
မတံ ဝါ၊ သေသောသူကိုမူလည်း။
ရောဒန္တိ၊ ငိုကြွေးကြရကုန်၏။
ယော၊ အကြင်သူသည်။
ဇီဝံ၊ အသက်ရှင်လျက်။
န ဒိဿတိ၊ မထင်။
တံ ဝါ၊ ထိုသူကိုမူလည်း။
ရောဒန္တိ၊ ငိုကြွေးကြရကုန်၏။
အမ္မ၊ မိခင် ဒါယိကာမကြီး။
ဇီဝန္တံ၊ အသက်ရှင်လျက်ရှိသော ကိုရင်ကို။
ပဿန္တိ၊ မြင်လှပါလျက်။
အမ္မ၊ မိခင်ဒါယိကာမကြီး။
ကသ္မာ၊ အဘယ့်ကြောင့်။
မံ၊ ငါ့ကို။
ရောဒသိ၊ ငိုကြွေးဘိသနည်း။
ထိုအခါ သာနုသာမဏေ၏ မိခင်သည် ဝတ္ထုကာမ, ကိလေသာကာမတို့ကို ပယ်စွန့်၍ ရဟန်း ပြုသောသူ၏ တဖန် လူထွက်ခြင်းငှါ လာရာ၌ အပြစ်ကို ပြလိုရကား ဤဂါထာကို ဆိုလေ၏။
မတံ ဝါ ပုတ္တ ရောဒန္တိ၊ ယော ဝါ ဇီဝံ န ဒိဿတိ။
ယော စ ကာမေ စဇိတွာန၊ ပုနရာ ဝတ္တတေ ဣဓ။
တံ ဝါပိ ပုတ္တ ရောဒန္တိ၊ ပုန ဇီဝံ မတော ဟိ သော။
ပုတ္တ၊ ချစ်သား သာမဏေ။
မတံ ဝါ၊ သေသောသူကိုမူလည်း။
ရောဒန္တိ၊ ငိုကြွေးကြရကုန်၏။
ယော၊ အကြင်သူသည်။
ဇီဝံ၊ အသက်ရှင်လျက်။
န ဒိဿတိ၊ မထင်။
တံ ဝါ၊ ထိုသူကိုမူလည်း။
ရောဒန္တိ၊ ငိုကြွေးကြရကုန်၏။
ပုတ္တ၊ ချစ်သား။
ယော စ၊ အကြင်သူသည်ကား။
ကာမေ၊ ကာမဂုဏ်တို့ကို။
စဇိတွာန၊ စွန့်၍။
ပုန၊ တဖန်။
ဣဓ၊ ဤလူ့ဘောင်သို့။
အာဝတ္တတေ၊ လည်၍လာဘိ၏။
ပုတ္တ၊ ချစ်သား။
တံ ပိ၊ ထိုသူကိုမူလည်း။
ရောဒန္တိ၊ ငိုကြွေးကြရကုန်၏။
ဟိ၊ ထိုစကား သင့်စွ။
သော၊ ထိုသူသည်။
ပုန၊ တဖန်။
ဇီဝံ၊ အသက်ရှည်လျက်။
မတော၊ သေသောသူမည်၏။
ဤသို့လျှင် အိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းကို ပြာပူနှင့်တူသည်ကို၎င်း, ငရဲပြည်ကြီးနှင့် တူသည်ကို၎င်း ပြုလျက် အိမ်ရာထောင်၍ နေရခြင်း၌ အပြစ်ကို ပြလိုရကား တဖန် ဤဂါထာကို ဆိုပြန်လေ၏။
ကုက္ကုဠာ ဥဗ္ဘတော တာတ၊ ကုက္ကုဠံ ပတိတု မိစ္ဆသိ။
နရကာ ဥဗ္ဘတော တာတ၊ နရကံ ပတိတု မိစ္ဆသိ။
တာတ၊ ချစ်သား သာမဏေ။
တွံ၊ သင် ချစ်သားသည်။
ကုက္ကုဠာ၊ပြာပူမှ။
ဥဗ္ဘတော၊ ထုတ်ဆောင်အပ်ပြီးသည် ဖြစ်လျက်။
ကုက္ကုဠံ၊ ပြာပူသို့။
ပတိတုံ၊ ကျခြင်းငှါ။
ဣစ္ဆသိ၊ အလိုရှိပြန်ဘိ၏။
တာတ၊ ချစ်သား သာမဏေ။
တွံ၊ သင် ချစ်သားသည်။
နရကာ၊ ငရဲပြည်မှ။
ဥဗ္ဘတော၊ ထုတ်ဆောင်အပ်ပြီးသည် ဖြစ်လျက်။
နရကံ၊ ငရဲပြည်သို့။
ပတိတုံ၊ ကျခြင်းငှါ။
ဣစ္ဆသိ၊ အလိုရှိပြန်၏။
ထို့နောင်မှ သာနုသာမဏေကို ချစ်သား - သင့်အား ကောင်းခြင်း ဖြစ်ပါစေ၊ တပည့်တော်မတို့ သည်ကား ငါတို့၏ ဤသားငယ်ဖြစ်သော အသင် ကိုရင်သည် မီးလောင်သောအိမ်မှ ဥစ္စာကို ထုတ်ဆောင်ရသကဲ့သို့ ထုတ်ဆောင်၍ မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုပြီး နေပါလျက် အိမ်ရာတည်ထောင်၍ လူ့ဘောင်၌ တဖန် မီးလောင်ကျွမ်းခြင်းငှါ သင် အလိုရှိပြန်ဘိ၏၊
ရှေ့သို့သာ ပြေးသွားကြပါကုန်လော့၊ တပည့်တော်မတို့ အလို့ငှါ အကာအရံ အစောင့်အရှောက် ဖြစ်တော်မူကြပါကုန်လော့၊ ဤ အကြောင်းကို အဘယ်သူအား သိသာအောင် တိုင်ကြားရပါကုန် အံ့နည်း၊ အဘယ်သူကို အမြဲကြည့်ရှုအောင် တိုင်ကြားရပါကုန်အံ့နည်းဟူ၍ ပြခြင်းငှါ ဤ ဂါထာကို ဆိုလေ၏။
အဘိဓာဝထ ဘဒ္ဒန္တေ၊ ကဿ ဥဇ္ဈာပယာမသေ။
အာဒိတ္တာ နီဟတံ ဘဏ္ဍံ၊ ပုန ဍယှိတု မိစ္ဆသိ။
အဘိဓာဝထ၊ ရှေ့သို့သာ ပြေးသွားကြပါကုန်လော့။
တေ၊ သင်ချစ်သားအား။
ဘဒ္ဒံ၊ ကောင်းခြင်းသည်။
ဟောတု၊ ဖြစ်ပါစေ။
ကဿ၊ အဘယ်သူအား။
ဥဇ္ဈာပယာမသေ၊ သိစေကြရပါကုန်အံ့နည်း၊
အာဒိတ္တာ၊ ရဲရဲဝင်းဝါ ပကတိ မီးလောင်ရာမှ။
နီဟတံ၊ ထုတ်ဆောင်အပ်ပြီးသော။
ဘဏ္ဍံ၊ ဥစ္စာထုပ်ဖြစ်လျက်။
ပုန၊ တဖန်။
ဍယှိတုံ၊ လောင်ကျွမ်းခြင်းငှါ။
ဣစ္ဆသိ၊ သင် အလိုရှိဘိ၏။
ကိုရင်သာနု လူမထွက်ရန် ဝန်ခံခြင်း
ထို သာနုသာမဏေသည် မိခင်ဒါယိကာမကြီး ပြောဆိုစဉ် ထိုအကြောင်းအရာကို မှတ်သားမိ၍ ငါ့အား လူ၏အဖြစ်ဖြင့် အလိုမရှိတော့ပြီဟု ဆိုလေ၏၊ ထိုအခါ သာနုသာမဏေ၏ မိခင်သည် ချစ်သား - ကောင်းလှပါပြီဟု နှစ်သက်စိတ်ရှိသည်ဖြစ်၍ မွန်မြတ်သော ဘောဇဉ်ကို ကျွေးမွေး ပြီးလျှင် ချစ်သား သာမဏေ - အသင်သာမဏေသည် အသက် အဘယ်မျှ ရှိပြီနည်းဟု မေးသဖြင့် အနှစ် နှစ်ဆယ်ပြည့်သည့် အဖြစ်ကိုသိရလျှင် တိစီဝရိက် သင်္ကန်းသုံးထည်ကို စီရင်စေလေ၏၊ သာနုသာမဏေသည် ပြည့်စုံသော သပိတ်သင်္ကန်း ရှိသည်ဖြစ်၍ ပဉ္စင်းအဖြစ်ကို ရလေ၏။
ထို့နောင်မှ မြတ်စွာဘုရားသည် ရဟန်းပြု၍ မကြာမြင့်သေးသော ထိုသာနုရဟန်း၏ စိတ်ကို နှိပ်ကွပ်၍ အားထုတ်ခြင်းကို ဖြစ်စေတော်မူလိုသဖြင့် အထူးထူးသော အာရုံတို့၌ ရှည်ကြာစွာသော ကာလပတ်လုံး ကျက်စားလှည့်လည် တတ်သော ဤစိတ်မည်သည်ကို မနှိပ်ကွပ်သောပုဂ္ဂိုလ်အား ချမ်းသာခြင်းမည်သည်မရှိ၊ ထို့ကြောင့် ချွန်းဖြင့် အမုန်ယစ်သော ဆင်ပြောင်ကို နှိပ်ကွပ်သကဲ့သို့ စိတ်ကို နှိပ်ကွပ်ခြင်း၌ အားထုတ်ခြင်း လုံ့လကို ပြုအပ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၂၅။ ဣဒံ ပုရေ စိတ္တမစရိ စာရိကံ၊
ယေနိစ္ဆကံ ယတ္ထ ကာမံ ယထာသုခံ။
တဒဇ္ဇဟံ နိဂ္ဂဏှိဿာမိ ယောနိသော။
ဟတ္ထိပဘိန္နံ ဝိယ အင်္ကုသဂ္ဂဟော။
ဣဒံ စိတ္တံ၊ ဤစိတ်သည်။
ပုရေ၊ ရှေးအခါ၌။
ယေနိစ္ဆကံ၊ အလိုရှိတိုင်းသော အကြောင်းဖြင့်။
ယတ္ထကာမံ၊ အလိုရှိတိုင်းသော အာရုံ၌။
ယထာသုခံ၊ ချမ်းသာသည်အားလျော်စွာ။
စာရိကံ၊ ကျက်စားလှည့်လည်ခြင်းကို။
အစရိ၊ ကျင်လည် ကျက်စားဖူးလှပြီ။
(ရူပါရုံစသော အာရုံတို့၌ ရာဂစသော အကြောင်းတို့ဖြင့် အလိုရှိတိုင်း ကြာမြင့်စွာသော ကာလ ပတ်လုံး ကျင်လည်ဖူးလေပြီ ဟူလို။)
အဇ္ဇ၊ ယနေ့။
အင်္ကုသဂ္ဂဟော၊ ချွန်းကိုင်လိမ်မာ ဆင်ဆရာသည်။
ဟတ္ထိပဘိန္နံ၊ အမုန်ယစ်သောဆင်ကို။
အင်္ကုသေန၊ ချွန်းဖြင့်။
နိဂ္ဂဏှာတိဝိယ၊ နှိပ်ကွပ်သကဲ့သို့။
အဟံ၊ ငါသည်။
တံ စိတ္တံ၊ ထိုစိတ်ကို။
ယောနိသော၊ အသင့်အတင့် နှလုံးသွင်းခြင်းဖြင့်။
နိဂ္ဂဏှိဿာမိ၊ နှိပ်ကွပ်တော့အံ့။
ဣတိ၊ ဤသို့။
ယောဂေါ၊ အားထုတ်ခြင်းကို။
ကရဏီယော၊ ပြုအပ်၏။
(ငါသည် စိတ်ကို လွန်ကျူးခြင်းငှါ အခွင့်မပေးတော့အံ့ဟု အားထုတ်ရမည် ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ သာနု ရဟန်းနှင့် အတူတကွ တရားနာခြင်းငှါ ဆည်းကပ်ရောက်လာ ကြကုန်သော များစွာသော နတ်တို့အား သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။
ထို အရှင်သာနုမထေရ်သည်လည်း ပိဋကတ်သုံးပုံဟု ဆိုအပ်သော ဘုရား စကားတော်ကို သင်ယူ ပြီးလျှင် မြတ်သော တရားဟောပုဂ္ဂိုလ် ဖြစ်တော်မူသဖြင့် အနှစ် တရာ့နှစ်ဆယ်ပတ်လုံး တည်နေ တော်မူ၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ ချောက်ချားစေတော်မူလျက် ပရိနိဗ္ဗာန် ပြုတော်မူလေ၏။
သာနုသာမဏေဝတ္ထု ပြီး၏။
၆ - ပါဝေယျကဆင် ဝတ္ထု
အပ္ပမာဒရတာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကောသလမင်းကြီး၏ ပါဝေယျက အမည်ရှိသော ဆင်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ပါဝေယျကဆင် ညွန်ကျွံခြင်း
ထိုပါဝေယျက မည်သောဆင်သည် ပျိုနုသောအခါ၌ များသော ခွန်အားဗလ ရှိသည်ဖြစ်၍ တပါးသော နောက်အခါ၌ အိုခြင်းဟူသော ဇရာလေအဟုန်ဖြင့် နှိပ်စက်သည် ဖြစ်ရကား တခုသော အိုင်ကြီးသို့ သက်ဆင်းသဖြင့် ညွှန်ပျောင်း၌ ကျွံနစ်ပြီးလျှင် ပြန်တက်ခြင်းငှါ မတတ်နိုင်ရှာသတတ်၊
များစွာသောလူအပေါင်းသည် ထိုဆင်ပြောင်ကို မြင်ရလျှင် ဤသို့ သဘောရှိသည် မည်သော ဆင်သော်မှလည်း အားနည်းသည့် အဖြစ်သို့ ရောက်ရှာလေ၏ဟု စကားကို ဖြစ်စေလေ၏၊ ပဿေနဒီ ကောသလ မင်းကြီးသည် ထိုအကြောင်းကို ကြားသိတော်မူလျှင် ဆင်ထိန်းဆရာကို ဆရာ-သွားချေလော့၊ ထိုဆင်ကို ညွှန်ပျောင်းမှ ထုတ်ဆောင်ချေလော့ဟု အမိန့်ပေးလေ၏။
ဆင်ထိန်းဆရာသည် သွားတဲ့၍ ထိုအရပ်၌ စစ်ပွဲဦးကို ပြပြီးလျှင် စစ်မြေပြင်အရပ်၌ တီးအပ်သော စည်ကြီးကို တီးခတ်စေ၏၊ ထိုအခါမှ မာန်မာနတက်ကြွခြင်း သဘောရှိသော ပါဝေယျကဆင်သည် အဟုန်ဖြင့် ထလတ်သည်ရှိသော် ကြည်းကုန်းထက်၌ တည်လေ၏၊ ရဟန်းတို့သည် ထိုအကြောင်း ကို မြင်တော်မူသဖြင့် မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။
မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ထိုဆင်ပြောင်သည် ရှေးဦးစွာ ပြကတေ့သော ညွှန်ပျောင်း၌ နစ်မြုပ်နေသည်မှ မိမိကိုယ်ကို ထုတ်ဆောင်ဘိသေး၏၊ သင်ချစ်သား တို့သည်ကား ကိလေသာ ဟူသော ညွှန်ပျောင်း၌ သက်ဝင် နစ်မြုပ်နေကြကုန်၏၊ ထို့ကြောင့် အသင့်အားဖြင့် လုံ့လပြု၍ သင်တို့သည်လည်း ထိုကိလေသာ ဟူသော ညွှန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်ကြကုန်လော့ ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၂၆။ အပ္ပမာဒရတာ ဟောထ၊ သစိတ္တ မနုရက္ခထ။
ဒုဂ္ဂါ ဥဒ္ဓရထတ္တာနံ၊ ပင်္ကေ သန္နောဝ ကုဉ္ဇရော။
အပ္ပမာဒရတာ၊ သတိ မကင်းခြင်း၌ လွန်စွာ မွေ့လျော်ကြကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော့။
သစိတ္တံ၊ မိမိစိတ်ကို။
အနုရက္ခထ၊ စောင့်ကြကုန်လော့။
(ရူပါရုံ စသည်တို့၌ မိမိစိတ် မလွန်ကျူးမိအောင် စောင့်ရှောက်ကြရမည် ဟူလို။)
ပင်္ကေ၊ ညွှန်ပျောင်း၌။
သန္နော၊ နစ်၍နေသော။
ကုဉ္ဇရောဝ၊ ဆင်ပြောင်ကဲ့သို့။
အတ္တာနံ၊ မိမိကိုယ်ကို။
ဒုဂ္ဂါ၊ ကိလေသာဟူသော ညွှန်ပျောင်းမှ။
ဥဒ္ဓရထ၊ ထုတ်ဆောင်ကြကုန်လော့။
(ညွှန်ပျောင်း၌ ကျွံနစ်နေသော ပါဝေယျက ဆင်ပြောင်သည် လက်တို့ဖြင့်၎င်း ခြေတို့ဖြင့်၎င်း လုံ့လပြု၍ ညွှန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်သဖြင့် ကြည်းကုန်း၌ တည်ဘိသကဲ့သို့ ထို့အတူ သင်ချစ်သားတို့သည်လည်း ကိလေသာဟူသော ညွှန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်ကြ၊ နိဗ္ဗာန် တည်းဟူသော ကြည်းကုန်းထက်၌ တည်စေကြရမည် ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။
ပါဝေယျကဆင် ဝတ္ထု ပြီး၏။
၇ - များစွာကုန်သောရဟန်းတို့ ဝတ္ထု
သစေ လဘေထ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပါလိလေယျက ဆင်ကို အမှီပြုလျက် ပါလိလေယျက ဆင်မင်းသည် စောင့်ရှောက်အပ်သော တောအုပ်၌ နေတော်မူစဉ် များစွာကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရှင်အာနန္ဒာ ပလလည်းတောသို့ ကြွခြင်း
(ဤဝတ္ထုကား ယမကဝဂ်၌ ပရေ စ န ဝိဇာနန္တိ - ဟူသော ဂါထာဖွင့်၌ လာသည်သာလျှင်တည်း၊ ထိုစကားအလုံးစုံကို ဆိုအပ်ပြီးသည်သာတည်း။)
မြတ်စွာဘုရား၏ ပါလိလေယျက ဆင်မင်း လုပ်ကျွေးအပ်သည် ဖြစ်၍ သီတင်းသုံးနေတော်မူသည့် အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ ကျော်စော ထင်ရှားလေ၏၊ သာဝတ္ထိပြည်မှ အနာထပိဏ် သူဌေးကြီးသည်၎င်း, ဝိသာခါ ဒါယိကာမကြီးသည်၎င်း ဤသို့ အစရှိကုန်သော အမျိုးကြီး အနွယ်ကြီးတို့သည် ရှင်အာနန္ဒာမထေရ်၏ အထံတော်သို့ တပည့်တော်တို့အား မြတ်စွာဘုရားကို ပြတော်မူကြပါဘုရားဟု သတင်းစကားကို စေလွှတ်ကြလေကုန်၏၊
ထိုထိုအရပ် မျက်နှာ၌ နေကြကုန်သော ငါးရာသော ရဟန်းတို့သည်လည်း ဝါကျွတ်ပြီးလတ် ကုန်သည်ရှိသော် ရှင်အာနန္ဒာ မထေရ်သို့ ချဉ်းကပ်၍ အရှင်အာနန္ဒာ - တပည့်တော်တို့အား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားစကား မနာကြားရခြင်းသည် ကြာမြင့်လှလေပြီ၊ အရှင်အာနန္ဒာ - တောင်းပန်ပါ၏၊ တပည့်တော်တို့သည် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားစကားကို နာကြားခြင်းငှါ ရလိုကြပါကုန်၏ဟု တောင်းပန်ကြလေကုန်၏၊
အရှင်အာနန္ဒာ မထေရ်သည် ထိုငါးရာသော ရဟန်းတို့ကို ခေါ်ဆောင်သဖြင့် ပလလည်းတောသို့ ကြွသွားပြီးလျှင် ဝါတွင်းသုံးလပတ်လုံး တပါးတည်း နေတော်မူသော မြတ်စွာဘုရား၏ အထံ တော်သို့ ဤမျှ အတိုင်းအရှည်ရှိသော ရဟန်းတို့နှင့် အတူတကွ ချဉ်းကပ်ခြင်းသည် မသင့်ခဲ့ တကားဟု ကြံ၍ တယောက်အထည်း တည်းသာလျှင် ဘုရားရှင်သို့ ချဉ်းကပ်လေ၏။
ပလလည်းဆင်မင်းနှင့် ရှင်အာနန္ဒာ
ပါလိလေယျက ဆင်မင်းသည် ရှင်အာနန္ဒာ မထေရ်ကိုမြင်လျှင် တုတ်, လှံတံကိုယူ၍ ပြေးသွား လေ၏၊ မြတ်စွာဘုရားသည် ကြည့်ရှုတော်မူ၍ ပါလိလေယျကဆင် ဖဲလော့၊ မတားမြစ်လင့်၊ ဤ ရဟန်းသည်ကား ငါဘုရား၏ အလုပ်အကျွေး ဖြစ်သည်ဟု မိန့်တော်မူလေ၏၊ ဆင်မင်းသည် ထိုအရပ်၌ပင် တုတ်, လှံတံကို စွန့်ပစ်၍ သပိတ်သင်္ကန်း လှမ်းယူခြင်းကို ပန်ကြားလေ၏၊
အရှင်အာနန္ဒာ မထေရ်သည် မပေးဘဲနေလေ၏၊ ပါလိလေယျက ဆင်မင်းသည်ကား ဤ ရဟန်းသည် သင်ကြားအပ်ပြီးသော ကျင့်ဝတ်ရှိသည် အကယ်၍ဖြစ်အံ့၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်း သုံးတော်မူရာဖြစ်သော ကျောက်ဖျာ အပြင်ထက်၌ မိမိပရိက္ခရာကို မထားပေလတ္တံ့ ဟု ကြံစည်လေ၏၊ အရှင်အာနန္ဒာ မထေရ်သည် သပိတ်သင်္ကန်းကို မြေ၌ ထားလေ၏။
(ထိုစကားသင့်၏၊ ကျင့်ဝတ်နှင့် ပြည့်စုံ လိမ်မာကုန်သော သူတို့သည် အလေးအမြတ်ပြုအပ်သော ဆရာသမားတို့၏ နေရာ၌၎င်း, အိပ်ရာ၌၎င်း မိမိ၏ ပရိက္ခရာကို မထားကြကုန်။)
အဖော်ကောင်းမရလျှင်
တယောက်ထည်း နေသင့်ခြင်း
ရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ နေလေ၏၊ မြတ်စွာဘုရားသည် သင် တယောက်အထည်း တည်းသာလျှင် လာသလောဟု မေးတော်မူလတ်သည်ရှိသော် ငါးရာသော ရဟန်းတို့နှင့် လာသည့်အဖြစ်ကို ကြားရလျှင် ထိုရဟန်း တို့သည် အဘယ်မှာ နည်းဟု မေးတော်မူလတ်သည်ရှိသော် ရှင်တော်ဘုရားတို့၏ စိတ်ကို မသိရပါ သောကြောင့် အပြင်အပ၌ ထားခဲ့၍ လာပါသည်ဘုရားဟု နားတော် လျှောက်သည်ရှိသော် ထို ရဟန်းတို့ကို ခေါ်ချေလော့ဟု မိန့်တော်မူလေ၏။
ရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်း ပြုလေ၏၊ မြတ်စွာဘုရားသည် ထိုရဟန်းငါးရာတို့နှင့် အတူတကွ ပဋိသန္တာရ အစေ့အစပ် ပြုတော်မူပြီးလျှင် ထိုရဟန်းတို့က မြတ်စွာဘုရား - မြတ်စွာဘုရားသည် ဘုရားဖြစ်၍လည်း သိမ်မွေ့နူးညံ့ခြင်း ရှိတော်မူပါသည်၊ မင်းဖြစ်၍လည်း သိမ်မွေ့နူးညံ့ခြင်း ရှိတော်မူပါသည်၊ ရှင်တော်ဘုရားတို့သည် ဝါတွင်းသုံးလ ပတ်လုံး ကိုယ်တော်တပါး အထည်းတည်း ရပ်သည်တို့ဖြင့်၎င်း, ထိုင်သည်တို့ဖြင့်၎င်း ခဲယဉ်းသော အမှုကို ပြုတော်မူအပ်၏၊
ဝတ်ကြီးဝတ်ငယ် ပြုစုတတ်သော သူသည်၎င်း, မျက်နှာသစ်ရေ စသည်ကို ဆက်ကပ်တတ်သော သူသည်၎င်း မရှိယောင်တကားဟု နားတော်လျှောက်သည် ရှိသော် ချစ်သား ရဟန်းတို့- ပါလိလေယျက အမည်ရှိသော ဆင်သည် ငါဘုရား အလို့ငှါ အလုံးစုံသော အမှုကိစ္စတို့ကို ပြုအပ်ကုန်၏၊
ဤသို့ သဘောရှိသော အဖော်ကောင်းကို ရသောသူသည် အတူတကွ နေခြင်းငှါ သင့်လျော်၏၊ မရသောသူအား တယောက် အထည်းတည်း နေရသော အဖြစ်သည်သာလျှင် မြတ်၏ဟု မိန့်တော်မူ၍ နာဂဝဂ်၌ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၂၇။ သစေ လဘေထ နိပကံ သဟာယံ၊ သဒ္ဓိံ စရံ သာဓုဝိဟာရိ မီရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊ စရေယျ တေနတ္တမနော သတိမာ။
၃၂၈။ နော စေ လဘေထ နိပကံ သဟာယံ၊ သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊ ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။
၃၂၉။ ဧကဿ စရိတံ သေယျော၊ နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န စ ပါပါနိ ကယိရာ၊ အပ္ပေါသုက္ကော မာတင်္ဂရညေဝ နာဂေါ။
နိပကံ၊ ရင့်ပြီးသော ပညာလည်းရှိထသော။
သဒ္ဓိံ စရံ၊ အတူတကွ ကျင့်ဖော်လည်း ဖြစ်ထသော။
သာဓုဝိဟာရိံ၊ ကောင်းသောနေခြင်းလည်း ရှိထသော။
ဓီရံ၊ မြဲမြံသော ပညာလည်း ရှိထသော။
သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။
သစေ လဘေထ၊ အကယ်၍ ရကုန်သည်ဖြစ်အံ့။
ဧဝံ လဘန္တော၊ ဤသို့ရသည်ရှိသော်။
သဗ္ဗာနိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
ပရိဿယာနိ၊ ထင်ရှား မထင်ရှားသော ဘေးရန်တို့ကို။
အဘိဘုယျ၊ နှိပ်နင်းဖျက်ဆီး၍။
(ခြင်္သေ့ သစ် ကျား စသည်တို့သည် ထင်ရှားသော ဘေးရန်မည်ကန်၏၊ ရာဂ, ဒေါသ, မောဟ စသည်တို့သည် မထင်ရှားသော ဘေးရန်မည်ကုန်၏။ )
တေန၊ ထိုအဆွေခင်ပွန်းကောင်းနှင့်။
သဒ္ဓိံ၊ တကွ။
အတ္တမနော၊ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။
သတိမာ၊ ထင်ရှားသော သတိရှိသည်ဖြစ်၍။
စရေယျ၊ ကျင့်ရာ၏။
ဝါ၊ နေရာ၏။
နိပကံ၊ ရင့်ပြီးသော ပညာလည်းရှိထသော။
သဒ္ဓိံ စရံ၊ အတူတကွ ကျင့်ဖော်လည်း ဖြစ်ထသော။
သာဓုဝိဟာရိံ၊ ကောင်းသောနေခြင်းလည်း ရှိထသော။
ဓီရံ၊ မြဲမြံသော ပညာလည်း ရှိထသော။
သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။
နောစေ လဘေထ၊ အကယ်၍ မရသည်ဖြစ်အံ့။
ဧဝံ အလဘန္တော၊ ဤသို့မရသည်ရှိသော်။
ဧကော၊ တယောက်အထည်းတည်း။
စရေ-စရေယျ၊ ကျင့်ရာနေရာ၏။
ကောဝိယ၊ အဘယ်သူကဲ့သို့နည်း ဟူမူကား။
ရာဇာ၊ မင်းသည်။
ဝိဇိတံ၊ အောင်ရာမြေဖြစ်သော။
ရဋ္ဌံ၊ တိုင်းပြည်ကို။
ပဟာယ၊ ပယ်စွန့်၍၊
ဧကောဝ၊ တယောက်ထည်းသာလျှင်။
စရတိ ဣဝ၊ ကျင့်သကဲ့သို့၎င်း။
မာတင်္ဂေါ၊ မာတင်္ဂ အမည်ရှိသော။
နာဂေါ၊ ဤဆင်ပြောင်ကြီးသည်။
အရညေ၊ ဤတောအုပ်၌။
ဧကောဝ၊ တစီးချင်းသာလျှင်။
စရတိ ဣဝ၊ ကျင့်သကဲ့သို့၎င်း။
ဧဝံ၊ ဤအတူ။
ဧကော၊ တယောက်အထည်းတည်း။
စရေ၊ ကျင့်ရာ၏။
(အောင်အပ်သော မြေအဖို့ရှိသော မင်းသည် ဤမင်းအဖြစ် မည်သည်ကား လွန်စွာ မေ့လျော့ခြင်း ၏ အကြောင်းဖြစ်၏၊ ဤမင်းစည်းစိမ်ဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်းဟု အောင်အပ်သော တိုင်းပြည်ကို စွန့်ပြီးလျှင် တောအုပ်ကြီးသို့ သက်ဝင်၍ ရသေ့ ရဟန်းပြုလျက် ဣရိယာပုထ် လေးပါးတို့၌ တယောက်ထည်းသာ ကျင့်ကြံ နေသကဲ့သို့ တယောက်ထည်း ကျင့်ကြံ နေသင့်သည်၊
ဥပမာတခုကား ဤပလလည်း ဆင်ပြောင်ကြီးသည် ဆင်အပေါင်း ရောပြွမ်းလျက်နေရာမှ တစီးတည်း နေရမူ ကောင်းလေစွဟု ဆင်ခြင်ပြီးလျှင် မလျင်မြန်သောအားဖြင့် သွားတတ်သော ကြောင့် မာတင်္ဂ ဟု အမည်ရသဖြင့် ဤတောအုပ်ကြီး၌ ဆင်အုပ်ကို စွန့်လျက် ဣရိယာပုထ် တိုင်း တစီးတည်း နေသကဲ့သို့ တပါးတည်းသာ နေသင့်သည် ဟူလို။)
ဧကဿ၊ တယောက် အထည်းတည်းသောသူ၏။
ဝါ- ရဟန်း၏။
စရိတံ၊ ကျင့်ခြင်းသည်။
သေယျော၊ မြတ်၏။
(ရဟန်းပြုသော အခါမှစ၍ တယောက်ထည်းအဖြစ်ဖြင့် မွေ့လျော်ရသော ရဟန်းအား တယောက် ထည်း နေခြင်းသည်သာ မြတ်၏ ဟူလို။)
ဗာလေ၊ မလိမ်မာသူ လူမိုက်၌။
သဟာယတာ၊ အပေါင်းအဖော်ဖြစ်ကြောင်း သူတော်ကောင်းတရားသည်။
နတ္ထိ၊ မရှိ။
(စူဠသီလ, မဇ္ဈိမသီလ, မဟာသီလ, `ဆယ်ပါးသော ကထာဝတ္ထုတို့ တဆယ့်သုံးပါးသော ဓုတင် ဂုဏ်ကျေးဇူးတို့, ဝိပဿနာဉာဏ်, မဂ်လေးပါး ဖိုလ်လေးပါး, ဝိဇ္ဇာသုံးပါး, အဘိညာဉ်ခြောက်ပါး, အမတမဟာနိဗ္ဗာန် ဤတရားအပေါင်းသည် “သဟာယတာ” မည်သော အပေါင်းအဖော် ဖြစ်ကြောင်း သူတော်ကောင်းတရား မည်၏၊ လူမိုက်ကို မှီ၍ ထိုတရားကို ရခြင်းငှါ မတတ်ကောင်း၊ ထို့ကြောင့် အလုံးစုံသော ဣရိယာပုထ်တို့၌ တယောက်ထည်းသာ ကျင့်ကြံ နေထိုင်သင့်သည် ဟူလို။)
အရညေ၊ တော၌။
အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့။
မာတင်္ဂေါ၊ မာတင်္ဂ အမည်ရှိသော။
နာဂေါ၊ ဆင်ပြောင်ကြီးသည်။
စရတိ ဣဝ၊ လှည့်လည်နေထိုင်သကဲ့သို့။
ဧဝံ၊ ဤအတူ။
ဧကော၊ တယောက်ထည်းတည်း။
ဟုတွာ၊ ဖြစ်၍။
စရေ၊ လှည့်လည်နေထိုင်ရာ၏။
ပါပါနိ စ၊ အနည်းငယ်မျှသော မကောင်းမှုတို့ ကိုလည်း။
န ကယိရာ၊ မပြုရာ။
(ကြောင့်ကြမဲ့ ရွံ့ရှာခြင်းမရှိ တွယ်တာခြင်းမရှိဘဲ ဤ တောအုပ်၌ မာတင်္ဂမည်သော ဆင်ပြောင်ကြီး သည် လိုရာလိုရာ အရပ်၌ ချမ်းသာစွာ လှည့်လည်သကဲ့သို့ တယောက်ထည်းသာဖြစ်၍ လှည့်လည်ရာ၏၊ အနည်းငယ်မျှပင် ဖြစ်စေကာမူ မကောင်းမှုတို့ကို မပြုသင့်ပေရာ ဟူလို။)
ထို့ကြောင့် သင် ချစ်သားတို့သည် လျောက်ပတ်သောအဖော်ကို မရသည် ရှိသော် တယောက် ထည်းသာ ဖြစ်ရမည်ဟူသော ဤအနက်ကို ပြလိုသော မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ဤဒေသနာကို ဟောတော်မူလေ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။
များစွာကုန်သော ရဟန်းတို့ဝတ္ထု ပြီး၏။
၈ - မာရ်နတ် ဝတ္ထု
အတ္ထမှိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဟိမဝန္တာအရပ် တောကျောင်းကုဋိ ကျောင်းငယ်၌ နေတော်မူစဉ် မာရ်နတ်သားကို အကြောင်းပြု၍ ဟောတော်မူ လေ၏။
ဘုရားအား မင်းပြုရန် မာရ်နတ် လျှောက်ထားခြင်း
ထိုအခါ မင်းတို့သည် လူတို့ကို နှိပ်စက်ညှဉ်းပန်း၍ မင်းအဖြစ်ကို ပြုကြကုန်သတတ်။ ထိုအခါ မြတ်စွာဘုရားသည် တရား မစောင့်သောမင်းတို့၏ မင်းပြုသောကြောင့် ဒဏ်ထားခြင်းဖြင့် နှိပ်စက်ခြင်းခံရသော လူတို့ကို မြင်တော်မူရလျှင် ထိုလူတို့ကို သနားသောအားဖြင့် မသတ် မညှဉ်းဆဲအပ်သော သူကို မသတ်စေ မညှဉ်းဆဲစေမူ၍ မအောင်အပ်သောသူကို မအောင်စေမူ၍ မစိုးရိမ် မကြောင့်ကြအပ်သော သူကို မစိုးရိမ် မကြောင့်ကြစေမူ၍ တရားသဖြင့် မင်းအဖြစ်ကို ပြုစေခြင်းငှါ တတ်နိုင်ကောင်းအံ့လောဟု ကြံဆင်ခြင်တော်မူလေ၏။ ယုတ်မာလှစွာသော မာရ်နတ်သည် မြတ်စွာဘုရား၏ ထိုအကြံကို သိရ၍ ရဟန်းဂေါတမသည် မင်းအဖြစ်ကို ပြုခြင်းငှါ တတ်နိုင်ကောင်းအံ့လောဟု ကြံစည်၏။ ယခုအခါ၌ မင်းအဖြစ်ကို ပြုလိုသည်ဖြစ်လတ္တံ့၊ ဤမင်းအဖြစ်မည်သည်ကား မေ့လျော့ခြင်း၏ အကြောင်းဖြစ်၏။ ထိုမင်းအဖြစ်ကို ပြုသည်ရှိသော် အခွင့်ရခြင်းငှါတတ်ကောင်း၏။ ဘုရားအထံသို့ သွားဦးအံ့။ ထိုမြတ်စွာဘုရားအား အားထုတ်ခြင်းကို ဖြစ်စေဦးအံ့ဟု - ကြံ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - မြတ်စွာဘုရားသည် မင်းအဖြစ်ကို ပြုစေသတည်း။ မြတ်စွာဘုရားသည် မသတ် မညှဉ်းဆဲအပ်သောသူကို မသတ်စေ မညှဉ်းဆဲစေမူ၍ မအောင်အပ်သောသူကို မအောင်စေမူ၍ မစိုးရိမ်အပ်သောသူကို မစိုးရိမ်စေမူ၍ တရားသဖြင့် မင်းအဖြစ်ကို ပြုစေသတည်းဟု လျှောက်ကြားလေ၏။
မာရ်နတ်တရားနှင့် ဘုရားတရား တခြားစီ
ထိုအခါ၌ မာရ်နတ်ကို မြတ်စွာဘုရားသည် မာရ်ယုတ် - သင်သည် အကြင်အကြောင်းကြောင့် ငါ့ကို ဤသို့လျှောက်ဘိ၏၊ ငါ၏သန္တာန်၌ အဘယ်သို့သော ထိုအကြောင်းကို မြင်ဘိသနည်းဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား - မြတ်စွာဘုရားသည် စင်စစ် လေးပါးကုန်သော ဣဒ္ဓိပါဒ်တို့ကို ကောင်းစွာ ပွားများစေအပ်ကုန်ပြီ၊ မြတ်စွာဘုရားသည် အလိုတော်ရှိသည်ရှိသော် ဟိမဝန္တာတောင်မင်းကို ရွှေဟု နှလုံးသွင်းငြားအံ့၊ ထိုဟိမဝန္တာတောင်မင်းသည်လည်း ရွှေသာလျှင် ဖြစ်ရာ၏၊ အကျွန်ုပ်သည်လည်း ထိုရွှေအစရှိသော ဥစ္စာဖြင့် ပြုအပ်သော အမှုကို ပြုလုပ်ပါမည်၊ ထို့ကြောင့် ရှင်တော်ဘုရားတို့သည် တရားသဖြင့် မင်း၏အဖြစ်ကို ပြုတော်မူကြပါကုန်လတ္တံ့ဟု လျှောက်ကြားလေ၏။ ထို့ကြောင့် ဤဂါထာနှစ်ခုကို မိန့်ဆိုအပ်၏။
ပဗ္ဗတဿ သုဝဏ္ဏဿ၊ ဇာတရူပဿ ကေဝလော။
ဒတွာ စ နာလမေကဿ၊ ဣတိ ဝိဒွါ သမံ စရေ။
ယော ဒုက္ခမဒက္ခိ ယတော နိဒါနံ၊
ကာမေသု သော ဇန္တု ကထံ နမေယျ။
ဥပဓိံ ဝိဒိတွာ သင်္ဂေါတိ လောကေ၊
တဿေဝ ဇန္တု ဝိနယာယ သိက္ခေ။
သုဝဏ္ဏဿ၊ ရွှေဖြင့်ပြီးသည်လည်း ဖြစ်သော။
ပဗ္ဗတဿ၊ တောင်ကို၎င်း။
ကေဝလော-ကေဝလဿ၊ သက်သက်သော။
ဝါ- အလုံးစုံသော။
ဇာတရူပဿ၊ ရွှေကို၎င်း။
ဒတွာ စ၊ ပေး၍သော်လည်း။
ဧကဿ၊ တယောက်သောသူအား။
နာလံ၊ မလောက်။
ဣတိ၊ ဤသို့။
ဝိဒွါ၊ သိသော ပညာရှိသည်။
သမံ၊ ကောင်းစွာ။
စရေ၊ ကျင့်ရာ၏။
ယတောနိဒါနံ၊ အကြင်အကြောင်းကြောင့်။
ယော ဇန္တု၊ အကြင်သတ္တဝါသည်။
ဒုက္ခံ၊ တေဘူမကဝဋ်ဒုက္ခကို။
အဒက္ခိ၊ မြင်ပြီ။
တတောနိဒါနံ၊ ထိုအကြောင်းကြောင့်။
သော ဇန္တု၊ ထိုသတ္တဝါသည်။
ကာမေသု၊ ငါးပါးအာရုံ ကာမဂုဏ်တို့၌။
ကထံ၊ အဘယ်သို့လျှင်။
နမေယျ၊ ညွှတ်နိုင်ရာတော့အံ့နည်း။
လောကေ၊ လောက၌။
ဇန္တု၊ သတ္တဝါသည်။
ဥပဓိံ၊ ကာမအစရှိသော ဥပဓိတရားကို။
သင်္ဂေါတိ၊ ကပ်ငြိတတ်သောတရားဟူ၍။
ဝိဇိတွာ၊ သိ၍။
တဿေဝ၊ ထိုကပ်ငြိတတ်သော တရားကိုသာလျှင်။
ဝိနယာယ၊ ပယ်ဖျောက်ခြင်းငှါ။
သိက္ခေ၊ ကျင့်ရာ၏။
ဤဂါထာတို့ဖြင့် ထိတ်လန့်စေပြီးလျှင် ယုတ်မာလှစွာသော မာရ်နတ် - သင်၏ အဆုံးအမကား တပါးသာလျှင်တည်း၊ ငါဘုရား၏ အဆုံးအမကား တပါးတည်း၊ သင်နှင့်အတူတကွ ဓမ္မအားဖြင့် တိုင်ပင်နှီးနှောခြင်း မည်သည် မရှိ၊ ငါဘုရားသည်လည်း ဤသို့ ဆုံးမတော်မူ၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၃ဝ။ အတ္တမှိ ဇာတမှိ သုခါ သဟာယာ၊ တုဋ္ဌိ သုခါ ယာ ဣတရိတရေန။
ပုညံ သုခံ ဇီဝိတသင်္ခယမှိ၊ သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။
၃၃၁။ သုခါ မေတ္တေယျတာ လောကေ၊ အထော ပေတ္တေယျတာ သုခါ။
သုခါ သာမညတာ လောကေ၊ အထော ဗြာဟ္မညတာ သုခါ။
၃၃၂။ သုခံ ယာဝဇရာ သီလံ၊ သုခါ သဒ္ဓါ ပတိဋ္ဌိတာ။
သုခေါ ပညာယ ပဋိလာဘော၊ ပါပါနံ အကရဏံ သုခံ။
အတ္တမှိ၊ မိမိအမှုကိစ္စသည်။
ဇာတမှိ၊ ဖြစ်လတ်သည်ရှိသော်။
သဟာယာ၊ အဆွေခင်ပွန်းကောင်းတို့သည်။
သုခါ၊ ချမ်းသာကြောင်း ဖြစ်ကုန်၏။
(ရဟန်းအား သင်္ကန်းချုပ်ခြင်းကိစ္စ၊ အဓိကရုဏ်းငြိမ်းစေခြင်း စသော ကိစ္စ၊ လူအားလည်း လယ်ထွန်ခြင်း စသောကိစ္စ၊ အားရှိသော အပင်းအသင်း အမှီရသောသူတို့က နှိပ်စက်ခြင်းစသော ကိစ္စသည် ဖြစ်ပေါ်လာသည်ရှိသော် ထိုကိစ္စကို ပြီးစေခြင်း ငြိမ်းစေခြင်းငှါ စွမ်းနိုင်သော အဆွေခင်ပွန်းကောင်းသည် ချမ်းသာကြောင်းဖြစ်၏ ဟူလို။)
ဣတရိတရေန၊ မရသေးသောပစ္စည်းမှ တပါးသော ရသောပစ္စည်းဖြင့်။
ယာ တုဋ္ဌိ၊ အကြင်ရောင့်ရဲလွယ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
သာ တုဋ္ဌိ၊ ထိုရောင့်ရဲလွယ်ခြင်းသည်။
သုခါ၊ ချမ်းသာ၏။
(မိမိဥစ္စာဖြင့် မရောင့်ရဲနိုင်ကြကုန်သော လူတို့သည် တိုက်၊ နံရံစပ် ဖောက်ထွင်း ခိုးယူခြင်း စသည်တို့ကို အားထုတ်ကြကုန်၏။ ရဟန်းတို့သည်လည်း အထူးထူးအပြားပြား မအပ်သော ရှာမှီးခြင်းကို အားထုတ်ပြုလုပ်ကြကုန်၏။ ထိုလူရှင်ရဟန်းတို့သည် ချမ်းသာခြင်းကို မရနိုင်ကြကုန်။ ထို့ကြောင့် မရသေးသော ပစ္စည်းမှ တပါးဖြစ်သော ရသမျှသော နည်းနည်း၊ များများ ပစ္စည်းဖြင့် ရောင့်ရဲနိုင်ခြင်းသည် ချမ်းသာ၏ ဟူလို။)
ဇီဝိတသင်္ခယမှိ၊ စုတေမနေ သေရအံ့သော ကာလ၌။
ပုညံ၊ အလိုရှိတိုင်း တောင့်တ ပြုအပ်သော ကောင်းမှုသည်။
သုခံ၊ ချမ်းသာ၏။
သဗ္ဗဿ၊ အလုံးစုံသော။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲကို။
ပဟာနံ၊ ပယ်ခြင်းသည်။
သုခံ၊ ချမ်းသာလှ၏။
(ဝဋ်ဆင်းရဲ အားလုံးကို ပယ်ခြင်းဟူသော အရဟတ္တမဂ်၊ အရဟတ္တဖိုလ်သာလျှင် ဤလောက၌ ချမ်းသာသည် မည်၏ ဟူလို။)
လောကေ၊ လောက၌။
မေတ္တေယျတာ၊ အမိ၌ကောင်းစွာ ကျင့်ခြင်းသည်။
သုခါ၊ ချမ်းသာ၏။
အထော၊ ထိုမှတပါး။
ပေတ္တေယျတာ၊ အဖ၌ကောင်းစွာ ကျင့်ခြင်းသည်။
သုခါ၊ ချမ်းသာ၏။
(ဤနှစ်ပုဒ်ဖြင့် မိဘတို့အား လုပ်ကျွေးခြင်းကိုသာ ဟောကြားအပ်၏။ မိဘတို့မည်သည်ကား သားသ္မီးတို့၏ မလုပ်ကျွေးလိုသည့် အဖြစ်ကို သိရလျှင် မိမိဥစ္စာကို မြေ၌သော်လည်း မြှုပ်နှံကြရကုန်၏။ သူတပါးတို့အား သော်လည်း ပေးကမ်း စွန့်ကြဲကြကုန်၏။ မိဘတို့ကို မလုပ်ကျွေးသော သူတို့ဟု ထိုသားသ္မီးတို့အားလည်း ကွဲရဲ့စရာ တိုးပွား၏။ သေသောအခါ ဘင်ပုပ်ငရဲ၌ ဖြစ်တတ်ကုန်၏။ မိဘတို့ကို ရိုသေစွာ လုပ်ကျွေးသော သားသ္မီးတို့သည်ကား မိမိတို့၏ ဥစ္စာ အမွေအနှစ်ကို ရနိုင်ကြကုန်၏။ ချီးမွမ်းခြင်းကိုလည်း ရကြကုန်၏။ သေသောအခါ နတ်ပြည်၌ ဖြစ်ကြရကုန်၏။ ထို့ကြောင့် မိဘတို့၌ ကောင်းစွာကျင့်ခြင်း၊ လုပ်ကျွေးခြင်းကို ချမ်းသာ၏ဟု ဟောအပ်သည် ဟူလို။)
လောကေ၊ လောက၌။
သာမညတာ၊ ရဟန်းတို့၌ ကောင်းစွာကျင့်ခြင်းသည်။
သုခါ၊ ချမ်းသာ၏။
အထော၊ ထိုမှတပါး။
ဗြာဟ္မညတာ၊ အပပြုအပ်ပြီးသော မကောင်းမှုရှိကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ သာဝကတို့၌ ကောင်းစွာကျင့်ခြင်းသည်။
သုခါ၊ ချမ်းသာ၏။
(ဤနှစ်ပါးဖြင့် ထိုရဟန်း၊ ရဟန္တာပုဂ္ဂိုလ်တို့အား လေးပါးသော ပစ္စည်းတို့ဖြင့် ကောင်းစွာ လုပ်ကျွေးခြင်းကို ဟောကြားအပ်၏။ ဤသို့ လုပ်ကျွေးခြင်းသည်လည်း လောက၌ ချမ်းသာမည်၏ ဟု ဟောအပ်သည် ဟူလို။)
ယာဝ ဇရာ၊ အိုသည်တိုင်အောင်။
သီလံ၊ သီလသည်။
သုခံ၊ ချမ်းသာ၏။
(ပတ္တမြားနားဍောင်း နီမြန်းသော အဝတ်စသော တန်ဆာတို့သည် ထိုထိုအရွယ်၌ တည်သောသူတို့အားသာ တင့်တယ်ကုန်၏။ လူငယ်တို့၏ တန်ဆာသည် ကြီးသောကာလ၌ မတင့်တယ်၊ လူကြီးတို့၏ တန်ဆာသည်လည်း ငယ်သောကာလ၌ မတင့်တယ်၊ ဤသူ အရူးလောဟု ကဲ့ရဲ့ဖွယ်ဖြစ်စေသဖြင့် အမျက်ဒေါသကိုသာ ဖြစ်စေနိုင်သည်၊
ငါးပါး၊ ဆယ်ပါး စသော သီလသည်ကား လူငယ်အား၎င်း၊ လူကြီးအား၎င်း တင့်တယ်သည်သာ တည်း။ ဤသူသည် သီလအလွန်ရှိပေစွတကားဟု ချီးမွမ်းဖွယ်ကို ဖြစ်စေသဖြင့် ဝမ်းမြောက်ရခြင်းကိုသာ ဆောင်တတ်၏ ဟူလို။)
သဒ္ဓါပတိဋ္ဌိတာ၊ လောကီ လောကုတ္တရာ သဒ္ဓါနှစ်ပါး၏ မတုန်မလှုပ် တည်ခြင်းသည်။
သုခါ၊ ချမ်းသာ၏။
ပညာယပဋိလာဘော၊ လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရခြင်းသည်။
သုခေါ၊ ချမ်းသာ၏။
ပါပါနံ၊ မကောင်းမှုတို့ကို။
အကရဏံ၊ မပြုခြင်းသည်။
သုခံ၊ ချမ်းသာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောနတ်တို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိမြင်သည်ဖြစ်၏။
မာရ်နတ်ဝတ္ထု ပြီး၏။
ဤတွင်ရွေ့ကား နှစ်ဆယ့်သုံးခုမြောက်သော နာဂဝဂ်အဖွင့် ပြီး၏။
၂၄ - တဏှာဝဂ်
၁ - ကပိလငါး ဝတ္ထု
မနုဇဿ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကပိလမည်သော ငါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ကပိလရဟန်း မတရားပြုပုံ
လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသောကာလ၌ အမျိုးသားညီနောင်နှစ်ယောက်တို့သည် လူ့ဘောင်မှထွက်၍ ဘုရားတပည့်သာဝကတို့၏ အထံတော်၌ ရဟန်းပြုကြကုန်သတတ်။
ထိုရဟန်းနှစ်ပါးတို့တွင် အစ်ကိုကြီးဖြစ်သော ရဟန်းသည် သာဂတ အမည်ရှိ၏။
ညီငယ်ဖြစ်သော ရဟန်းသည် ကပိလ အမည်ရှိ၏။
ထိုရဟန်းနှစ်ပါးတို့၏ မယ်တော်သည် သာဓိနီ အမည်ရှိ၏။
နှမငယ်သည် တာပနာ အမည်ရှိ၏။
ထိုမယ်တော်နှင့် နှမငယ်တို့သည်လည်း ရဟန်းမိန်းမတို့၏ အထံ၌ ရဟန်းပြုကြကုန်သတတ်။ ဤသို့လျှင် ထိုမိသားစုလေးယောက်တို့သည် ရဟန်းပြုကြကုန်ပြီးသည်ရှိသော် ညီနောင်နှစ်ပါးတို့သည် ဆရာဥပဇ္ဈာယ်တို့အား ဝတ်ကြီးဝတ်ငယ်ကိုပြု၍ နေကုန်လျက် တနေ့သ၌ အရှင်ဘုရား- ဤသာသနာတော်၌ ဓုရတို့သည် အဘယ်မျှတို့ပါနည်း ဘုရားဟု မေးလျှောက်ပြီးလျှင် ဂန္ထဓုရ၎င်း၊ ဝိပဿနာဓုရ၎င်း၊ ဤသို့လျှင် ဓုရတို့သည် နှစ်ပါးတို့ဖြစ်ကုန်၏ဟု မိန့်မြွက်သောစကားကို ကြားရ၍ အစ်ကိုကြီးရဟန်းသည် ဝိပဿနာဓုရကို ဖြည့်ကျင့်အံ့ဟူ၍ ငါးဝါတို့ပတ်လုံး ဆရာဥပဇ္ဈာယ်တို့၏ အထံ၌ နေလျက် အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လုံ့လပြုသည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။
ညီရဟန်းသည်ကား ငါသည် ပျိုနုသေး၏၊ အိုမင်းသောကာလ၌ ဝိပဿနာဓုရကို ဖြည့်ကျင့်အံ့ဟူ၍ ဝိပဿနာဓုရကို ဖယ်ထားသဖြင့် ပိဋကတ်သုံးပုံတို့ကို သင်ယူလေ၏။ ထိုကပိလရဟန်းအား ပရိယတ်ကိုမှီ၍ များစွာသော အခြံအရံရှိ၏။ အခြံအရံကိုမှီ၍ လာဘ်များခြင်းသည် ထင်ရှားဖြစ်၏။
ထိုကပိလရဟန်းသည် များသောအကြားအမြင်ဟူသော မာန်ယစ်ခြင်းဖြင့် မာန်ယစ်၏။ လာဘ်လာဘကိုမှီသော တဏှာဖြင့် နှိပ်စက်ခြင်းရှိ၏။ အလွန်ပညာကြီးသည်ဟု မိမိကိုယ်ကို မှတ်ထင်သဖြင့် သူတပါးတို့ ပြောဆိုအပ်သော အပ်သောအမှုကိုလည်း မအပ်ဟူ၍ ဆို၏။ မအပ်သောအမှုကိုလည်း အပ်၏ဟု ဆိုလေ့ရှိ၏။ အပြစ်ရှိသည်ကိုလည်း အပြစ်မရှိဟု၊ အပြစ်မရှိသည်ကိုလည်း အပြစ်ရှိ၏ဟု ဆိုလေ့ရှိ၏။
ထိုကပိလရဟန်းသည် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့က“ငါ့သျှင်ကပိလ - ဤသို့ မဆိုလင့်”ဟု ဆို၍ သုတ်၊ အဘိဓမ္မာကို၎င်း၊ ဝိနည်းကို၎င်း ပြသဖြင့် ဆိုဆုံးမပါသော်လည်း အရှင်တို့သည် အဘယ်ကို သိကုန်သနည်း၊ အချည်းနှီးသော လက်ဆုပ်နှင့် တူကုန်၏၊ ဤသို့ အစရှိသော စကားကို ဆို၍ ငြင်းခုံလျက် ရှုံ့ချလျက် လှည့်လည်၏။
ကပိလ ရဟန်း၏ နောင်တော် မယ်တော် နှမများ
ထိုအခါ ထိုကပိလရဟန်း၏ အစ်ကိုဖြစ်သော သာဂတမထေရ်အားလည်း ရဟန်းတို့သည် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ထိုအစ်ကိုမထေရ်ကြီးသည်လည်း ကပိလရဟန်းသို့ ချဉ်းကပ်၍ ငါ့သျှင်ကပိလရဟန်း - သင်တို့ကဲ့သို့ သဘောရှိကုန်သော သူတို့၏ ကောင်းသောအကျင့်ပဋိပတ်သည် သာသနာတော်၏ အသက်မည်၏။ အဘယ့်ကြောင့် ကောင်းသောအကျင့်ကို ပယ်၍ အပ်ခြင်းစသည်တို့ကို တားမြစ်ဘိသနည်း၊ ဤသို့ မဆိုပါလင့်ဟု ပြောဆိုဆုံးမလေ၏။
ကပိလရဟန်းသည် နောင်တော်မထေရ်၏ စကားကိုလည်း မနာယူ။ ဤသို့ မနာယူသည်ပင် ဖြစ်သော်လည်း နောင်တော်မထေရ်ကြီးသည် နှစ်ကြိမ်၊ သုံးကြိမ် ဆုံးမ၍ အဆုံးအမကို မယူလတ်သည်ရှိသော် ဤကပိလရဟန်းကား ငါ့စကားကို မနာယူချေဟု သိသည်ဖြစ်၍ ငါ့သျှင်- ထိုမိမိအမှုဖြင့် ထင်ရှားပေလတ္တံ့ဟုဆို၍ ဖဲသွားရလေ၏။
ထိုနေ့မှစ၍ ကပိလရဟန်းကို သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် စွန့်ပစ်ကြလေကုန်၏။ ထိုကပိလရဟန်းသည် မကောင်းသောအကျင့်ရှိသည်ဖြစ်၍ မကောင်းသောအကျင့်ရှိသော ရဟန်းတို့ဖြင့် ခြံရံလျက်နေစဉ် တနေ့သ၌ ဥပုသ်အိမ်၌ ပါတိမောက်ကို ပြအံ့ဟု ယပ်ကိုယူ၍ တရားဟောပလ္လင်၌ နေပြီးလျှင် ဥပုသ်အိမ်၌ စည်းဝေးကြကုန်သော ရဟန်းတို့အား ပါတိမောက်ရသည်ဖြစ်သလောဟု မေးသည်ရှိသော် ဤရဟန်းအား စကားတုံ့ပေးသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ဆိတ်ဆိတ်နေကြကုန်သော ရဟန်းတို့ကို မြင်ရလျှင် ငါ့သျှင်တို့ - သုတ်၊ အဘိဓမ္မာသည်၎င်း၊ ဝိနည်းသည်၎င်း မရှိ၊ ပါတိမောက်ကို နာကြားရသဖြင့်၎င်း၊ မနာကြားရသဖြင့်၎င်း၊ အဘယ်အကျိုးရှိအံ့နည်းဟု ဆို၍ နေရာမှ ထလေ၏။
ဤသို့လျှင် ထိုကပိလရဟန်းသည် ကဿပမြတ်စွာဘုရား၏ ပရိယတ္တိသာသနာတော်ကို ယုတ်စေဘိ၏။ နောင်တော် သာဂတမထေရ်သည်လည်း ထိုနေ့၌သာလျှင် ပရိနိဗ္ဗာန်စံယူတော်မူလေ၏။ ကပိလရဟန်းသည် အသက်ကုန်ဆုံးသောနေ့၌ အဝီစိငရဲကြီး၌ ဖြစ်ရှာလေ၏။ ထိုကပိယရဟန်း၏ အမိသည်၎င်း၊ နှမသည်၎င်း ထိုကပိလရဟန်း၏ အယူကို အတုလိုက်ခြင်းသို့ ရောက်သည်ဖြစ်၍ သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ကို ဆဲရေး၍ ရေရွတ်၍ ထိုအဝီစိငရဲ၌သာလျှင် ဖြစ်ရှာကြလေကုန်၏။
ခိုးသားငါးရာ၏ သီလအကျိုး
ထိုအခါ ငါးရာသောယောကျ်ားတို့သည် ရွာကိုဖျက်ဆီးခြင်း စသည်တို့ကို ပြု၍ ခိုးမှုအားဖြင့် အသက်မွေးကြကုန်သဖြင့် ဇနပုဒ်၌ နေကုန်သော လူတို့သည် အစဉ်လိုက်ကုန်သောကြောင့် ထွက်ပြေးကုန်လျက် တောသို့ဝင်ပြီးလျှင် ထိုတော၌ တစုံတခုသော ကိုးကွယ်ရာကို မမြင်ရသောကြောင့် တော၌နေသော အမှတ်မရှိ တပါးသော ရဟန်းကိုမြင်ရလျှင် ရှိခိုး၍ အရှင်ဘုရား - တပည့်တော်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူကြပါဘုရားဟု ဆိုကြလေကုန်၏။
မထေရ်သည် သင်တို့ သီလနှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ၊ အလုံးစုံသော သင်တို့သည်လည်း ငါးပါးသောသီလတို့ကို ဆောက်တည်ကြကုန်လော့ဟု မိန့်ဆိုတော်မူလေ၏။ ထိုငါးရာသော ခိုးသူတို့သည် ကောင်းပါပြီဘုရားဟု ဝန်ခံ၍ သီလတို့ကို ဆောက်တည်ကြလေကုန်၏။
ထိုအခါ ငါးရာသော ခိုးသူတို့ကို မထေရ်သည် ယခုအခါ သင်တို့ကား သီလရှိကြကုန်ပြီ၊ အသက်ဟူသော အကြောင်းကြောင့်လည်း သင်တို့သည် သီလကို မလွန်ကျူးအပ်၊ နှလုံး၏ ပြစ်မှားခြင်း ဒေါသကို မပြုအပ်ဟု ဆုံးမတော်မူလေ၏။ ခိုးသူတို့သည် ကောင်းပါပြီဘုရားဟု ဝန်ခံကြလေကုန်၏။
ထို့နောင်မှ ခိုးသူတို့ကို ဇနပုဒ်သားလူတို့သည် ထိုအရပ်သို့ ရောက်၍ ထိုမှဤမှ ရှာဖွေကြကုန်သည်ရှိသော် ထိုခိုးသူတို့ကို မြင်ရလျှင် အလုံးစုံသော ထိုခိုးသူတို့ကို အသက်မှ ချကြလေကုန်၏။
ထိုခိုးသူတို့သည် သေ၍ နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ခိုးသူကြီးသည် နတ်သားအကြီးဖြစ်လေ၏။ ထိုခိုးသူတို့သည် နတ်ပြည်လူ့ပြည်အစုံန်အဆန် ကျင်လည်သည်၏ အစွမ်းအားဖြင့် နှစ်ဆူသော ဘုရားရှင်တို့၏ တခုသော အကြားကာလပတ်လုံး နတ်ပြည်၌ ကျင်လည်ပြီးလျှင် ဤငါတို့ဘုရား ထင်ရှားပွင့်လင်းတော်မူသောအခါ သာဝတ္ထိပြည်တံခါးနှင့် နီးသောရွာ၌ အမျိုးငါးရာရှိသော တံငါရွာကြီးတွင် ဖြစ်ကြလေကုန်၏။
နတ်သားအကြီးသည် တံငါအကြီးအိမ်၌ သန္ဓေယူလေ၏။ ဤမှတပါးကုန်သော ခိုးသူနတ်သားတို့သည် တပါးသောအိမ်တို့၌ ပဋိသန္ဓေယူကြလေကုန်၏။ ဤသို့လျှင် ထိုငါးရာသော နတ်သားတို့၏ တနေ့ချင်း တပြိုင်နက် ပဋိသန္ဓေယူခြင်းသည်၎င်း၊ အမိဝမ်းမှ ဖွားမြင်ခြင်းသည်၎င်း ဖြစ်ကြလေ၏။
တံငါအကြီးသည် ဤရွာ၌ ယနေ့ဖွားမြင်ကုန်သော တပါးသော သူငယ်တို့သည်လည်း ရှိကုန်သလောဟု ရှာဖွေစေသည်ရှိသော် ထိုသူငယ်တို့၏ ဖွားမြင်သည့်အဖြစ်ကို သိရလျှင် ဤသူငယ်တို့ကား ငါ့သား၏ သူငယ်ဖော်တို့ ဖြစ်ကုန်လတ္တံ့ဟု အလုံးစုံသော သူငယ်တို့အား ကျွေးမွေးရန် မျိုးရိက္ခာကို ပေးစေလေ၏။
ထိုအလုံးစုံသော သူငယ်တို့သည်လည်း အတူတကွ မြေမှုန့်ကစားဖော်သူငယ်တို့ဖြစ်၍ အစဉ်သဖြင့် အရွယ်သို့ ရောက်ကြလေကုန်၏။ ထိုသူငယ်တို့တွင် တံငါအကြီး၏သားသည် ကျော်စောခြင်းလည်းရှိသော ဘုန်းတန်ခိုးနှင့်လည်း ပြည့်စုံသော မြတ်သောယောက်ျားဖြစ်လေ၏။
ကပိလရဟန်းသည်လည်း နှစ်ဆူသော ဘုရားရှင်တို့ တခုသော အကြားကာလပတ်လုံး ငရဲ၌ ကျက်ပြီးလျှင် အကျိုးကြွင်းအားဖြင့် ထိုအခါ အစိရဝတီမြစ်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မကောင်းသော ခံတွင်းအနံ့ရှိသော ငါးကြီးဖြစ်ရှာလေ၏။
ကပိလငါး ဇေတဝန် ကျောင်းတော်သို့ ရောက်ခြင်း
ထိုအခါ တနေ့သ၌ ထိုတံငါသား အဆွေခင်ပွန်းတို့သည် ငါးတို့ကို ဖမ်းကြကုန်အံ့ဟု ပိုက်ကွန်စသည်တို့ကို ယူ၍ မြစ်၌ချလေကုန်၏။ ထိုအခါ ထိုတံငါတို့၏ကွန်ယက်အတွင်း၌ ထိုကပိလမည်သော ငါးသည် ဝင်မိလေ၏။ ထိုငါးကိုရလျှင် အလုံးစုံ တံငါရွာ၌ နေသောသူတို့သည် ကျယ်စွာသော ကြွေးကြော်သံကို ပြုကြလေကုန်၏။ တံငါတို့၏ သားတို့သည် ရှေးဦးစွာ ငါးတို့ကို ဖမ်းကြသည်ရှိသော် ရွှေအဆင်းရှိသောငါးကို ဖမ်းမိကြလေကုန်၏။ ယခုအခါ ငါတို့အား မင်းကြီးသည် များစွာသောဥစ္စာကို ပေးလတ္တံ့ဟု ကြွေးကြော်ကြလေကုန်၏။
ထိုအဆွေခင်ပွန်းတို့သည်လည်း ငါးကို လှေ၌တင်၍ လှေကို ထမ်းယူပြီးလျှင် မင်းကြီး၏ အထံသို့ သွားကြလေကုန်၏။ ပဿေနဒီကောသလမင်းကြီးသည်လည်း ထိုငါးလှေထမ်းလာသည်ကို မြင်တဲ့လျှင် ဤအရာကား အဘယ်နည်းဟု မိန့်ဆိုသည်ရှိသော် အရှင်မင်းကြီး - ငါးဖြစ်ပါသည်ဟု လျှောက်တင်ကြလေကုန်၏။
မင်းကြီးသည် ရွှေအဆင်းရှိသော ငါးကိုမြင်လျှင် ဘုရားရှင်သည် ထိုငါး၏ ရွှေအဆင်းရှိခြင်း၏ အကြောင်းကို သိရှိတော်မူပေလတ္တံ့ဟု ငါးကိုယူစေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။ ငါးသည် ခံတွင်းကို ဖွင့်ကာမျှဖြစ်လတ်သော်သာလျှင် အလုံးစုံသော ဇေတဝန်ကျောင်းတော်သည် အလွန်လျှင် မကောင်းသော အနံ့ရှိသည်ဖြစ်လေ၏။
မင်းကြီးသည် ဘုရားရှင်ကို မြတ်စွာဘုရား- အဘယ့်ကြောင့် ငါးသည် ရွှေအဆင်းနှင့် တူသော အဆင်းရှိသည်ဖြစ်ပါသနည်း၊ အဘယ့်ကြောင့် ထိုငါး၏ ခံတွင်းမှ မကောင်းသောအနံ့ လှိုင်ပါသနည်း ဘုရားဟု မေးလျှောက်လေ၏။
မြတ်သောမင်းကြီး - ဤငါးသည် ကဿပဘုရားရှင်၏ သာသနာတော်၌ ကပိလ အမည်ရှိသော ရဟန်းဖြစ်ဖူး၏။ များသော အကြားအမြင်ရှိ၏။ များသော အခြံအရံရှိ၏။ လာဘ်လာဘ၌ ကပ်ငြိသော လောဘတဏှာဖြင့် နှိပ်စက်ခြင်းရှိ၏။ မိမိ၏စကားကို မယူကုန်သောသူတို့အား ဆဲရေးတတ်၏၊ ရေရွတ်တတ်၏။ ကဿပမြတ်စွာဘုရား၏ သာသနာကို ဆုတ်ယုတ်စေ၏။
ထိုကပိလရဟန်းသည် ထိုမကောင်းမှုကံကြောင့် အဝီစိငရဲ၌ ဖြစ်ပြီးလျှင် အကျိုးကြွင်းအားဖြင့် ယခုအခါ ငါးအဖြစ်ဖြင့် ဖြစ်ရှာလေ၏။ ထိုကပိလရဟန်းသည် ရှည်ကြာစွာသော ကာလပတ်လုံး မြတ်စွာဘုရား၏ စကားတော်ကို ချပို့၏။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဟော၏။ ထိုကောင်းမှု၏ အကျိုးဆက်အားဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းကို ရလေဘိ၏။ ရဟန်းတို့အား ဆဲရေး၊ ရေရွတ်ခြင်းကို ပြုသောသူဖြစ်၏။ ထိုမကောင်းမှုကံကြောင့် ဤငါး၏ ခံတွင်းမှ မကောင်းသောအနံ့သည် လှိုင်ရလေ၏။
ကပိလငါး လူစကား ပြောခြင်း
မြတ်သောမင်းကြီး- ထိုငါးကို စကားပြောခိုင်းဦးမည်ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား- ပြောခိုင်းတော်မူကြပါဘုရားဟု လျှောက်ကြားတောင်းပန်လေ၏။ ထိုနောက်မှ မြတ်စွာဘုရားသည် ငါးကို သင်ကား ကပိလရဟန်း ဖြစ်ဖူးသူ ဟုတ်၏လောဟု မေးတော်မူလေ၏။ မြတ်စွာဘုရား - တပည့်တော်သည် ကပိလရဟန်းဖြစ်ဖူးသူ မှန်ပါသည်ဘုရားဟု လျှောက်လတ်သော် အဘယ်မှ လာခဲ့သနည်းဟု မေးတော်မူလေ၏။
မြတ်စွာဘုရား - အဝီစိငရဲကြီးမှ လာခဲ့ရပါသည်ဘုရားဟု လျှောက်လတ်သော် သင်၏ နောင်တော်ကြီးဖြစ်သော သာဂတအမည်ရှိသော မထေရ်သည် အဘယ်အရပ်သို့ သွားသနည်းဟု မေးတော်မူလေ၏။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပါပြီဘုရားဟု လျှောက်လတ်သော် သင်၏ သာဓိနီ အမည်ရှိသော မယ်တော်သည် အဘယ်မှာနည်းဟု မေးတော်မူလေ၏။ မြတ်စွာဘုရား - ငရဲကြီး၌ ဖြစ်နေပါသည်ဘုရားဟု လျှောက်လတ်သော် သင်၏ တာပနာ အမည်ရှိသောနှမငယ်သည် အဘယ်မှာနည်းဟု မေးတော်မူလေ၏။ မြတ်စွာဘုရား - ငရဲကြီး၌ ဖြစ်နေပါသည်ဘုရားဟု လျှောက်လတ်သော် ယခုအခါ သင်သည် အဘယ်သို့ သွားရအံ့နည်းဟု မေးတော်မူပြန်လေ၏။
မြတ်စွာဘုရား အဝီစိငရဲကြီးသို့သာလျှင် သွားရပါဦးမည်ဘုရားဟုဆို၍ နှလုံးမသာယာခြင်းဖြင့် နှိပ်စက်ခြင်းရှိသောကြောင့် လှေကို ဦးခေါင်းဖြင့် ပုတ်ခတ်ပြီးလျှင် ထိုခဏ၌သေ၍ ငရဲ၌ဖြစ်ပြန်ရှာလေ၏။ များစွာသော လူအပေါင်းသည် ထိတ်လန့်ခြင်းရှိသဖြင့် ကြက်သီးမွေးညှင်းထခြင်းရှိသည်ဖြစ်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် ထိုခဏ၌ စည်းဝေးသော ပရိသတ်၏ စိတ်အကြံကို ကြည့်ရှုတော်မူလျက် ထိုခဏနှင့် လျော်သော တရားကို ဟောခြင်းငှါ တရားကို ကျင့်ခြင်းသည်၎င်း၊ မြတ်သော သီတင်းသုံး၍ နေခြင်းသည်၎င်း တပေါင်းတည်းဖြစ်၍ အလွန်မြတ်၏ဟု သုတ္တနိပါတ်ပါဠိတော် ကပိလသုတ်ကို ဟောတော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၃၃။ မနုဿ ပမတ္တစာရိနော၊ တဏှာ ဝုဍ္ဎတိ မာလုဝါ ဝိယ။
သောပ္လဝတီ ဟုရာဟုရံ၊ ဖလမိစ္ဆံ ဝနသ္မိံ ဝါနရော။
၃၃၄။ ယံ ဧသာ သဟတေ ဇမ္မီ၊ တဏှာ လောကေ ဝိသတ္တိကာ။
သောကာ တဿ ပဝုဍ္ဎန္တိ၊ အဘိရုဠှံ၀ ဗီရဏံ၊
၃၃၅။ ယော စေတံ သဟတေ ဇမ္မိံ၊ တဏံှ လောကေ ဒုရစ္စယံ။
သောကာ တမှာ ပပတန္တိ၊ ဥဒဗိန္ဒူဝ ပေါက္ခရာ။
၃၃၆။ တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊ ယာဝတေတ္ထ သမာဂတာ။
တဏှာယ မူလံ ခဏထ၊ ဥသီရတ္ထောဝ ဗီရဏံ။
မာ ဝေါ နဠံဝ သောတောဝ၊ မာရော ဘဉ္ဇိ ပုနပ္ပုနံ။
ပမတ္တစာရိနော၊ မေ့လျော့သော အကျင့်ရှိသော။
မနုဇဿ၊ သတ္တဝါအား။
တဏှာ၊ အာရုံတို့၌ ကပ်ငြိခြင်းတဏှာသည်။
မာလုဝါ ဝိယ၊ မာလောနွယ်ကဲ့သို့။
ဝဍ္ဎတိ၊ ပွား၏။
(သတိလွတ်ခြင်း လက္ခဏာရှိသော မေ့လျော့ခြင်းဖြင့် မေ့မေ့လျော့လျော့ ကျင့်သောပုဂ္ဂိုလ်အား ဈာန်၊ ဝိပဿနာ၊ မဂ်တို့သည် မတိုးပွားနိုင်၊ သစ်ပင်ကို ရစ်ပတ်ဖွဲ့ယှက်လျက် ထိုသစ်ပင် ပျက်စီးစိမ့်သောငှါ မာလောနွယ် ကြီးပွားသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်အား ခြောက်ဒွါရတို့ကို မှီ၍ အဖန်ဖန် ဖြစ်တတ်သောကြောင့် တဏှာသာ တိုးပွားရပေ၏ ဟူလို။)
ဖလံ၊ သစ်သီးကို။
ဣစ္ဆံ-ဣစ္ဆန္တော၊ အလိုရှိသော။
ဝါနရော၊ မျောက်သည်။
ဝနသ္မိံ၊ တော၌။
ဓာဝတိ ဣပ၊ တပင်မှတပင်သို့ ပြေးသွားသကဲ့သို့။
သော၊ ထိုသတ္တဝါသည်။
ဟုရာဟုရံ၊ ထိုထိုသော ဘဝ၌။
ဝါ-တဘဝမှ တဘဝသို့။
ပ္လဝတိ၊ ပြေးသွား၏။
(တဏှာအလိုလိုက်သော ထိုပုဂ္ဂိုလ်သည် ထိုထိုဘဝသို့ ပြေးသွားရ၏။ ဥပမာကား သစ်သီးအလိုရှိသော မျောက်သည် တော၌ ပြေးသွားရ၏။ ထိုထိုသစ်ပင်၏ သစ်ခက်ကို လှမ်းယူ၏။ ထိုသစ်ခက်ကိုလွှတ်၍ အခြားသစ်ခက်ကို လှမ်းယူ၏။ သစ်ခက်ကို မရသည်ရှိသော် ငြိမ်သက်စွာ နေ၏ဟု ဆိုအပ်သည့် အဖြစ်သို့ မရောက်နိုင်သကဲ့သို့ ထို့အတူ တဏှာအလိုလိုက်သော ပုဂ္ဂိုလ်သည် ဘဝထိုထိုသို့ ပြေးသွားလျက် အာရုံကို မရသည်ရှိသော် တဏှာ၏ မဖြစ်နိုင်ခြင်းသို့ ရောက်ပြီဟု ဆိုအပ်သော အဖြစ်သို့ မရောက်ပေ ဟူလို။)
လောကေ၊ လောက၌။
ဇမ္မီ၊ ယုတ်မာထသော။
ဝိသတ္တိကာ၊ ဝိသတ္တိကာဟု ဆိုအပ်သော။
ဧသော တဏှာ၊ ဤဆဒွါရိက တဏှာသည်။
ယံ၊ အကြင်ပုဂ္ဂိုလ်ကို။
သဟတေ၊ ညှဉ်းဆဲ၏။
(အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်တိုးပွား၏ ဟူလို။)
တဿ၊ ထိုပုဂ္ဂိုလ်အား။
အဘိရုဠှံ၊ မိုဃ်းရေကြောင့် ပေါက်ရောက်သော။
ဗီရဏံဝ၊ ပြိန်းမြက်ကဲ့သို့။
သောကာ၊ စိုးရိမ်ခြင်းတို့သည်။
ပဝဍ္ဎန္တိ၊ တိုးပွားကြကုန်၏။
(မိုဃ်းဥတုအခါ အဖန်ဖန် ရွာသော မိုဃ်းကြောင့် ပေါက်ရောက်သော ပြိန်းမြက်သည် သန်စွမ်း တိုးပွားသကဲ့သို့ ထိုပုဂ္ဂိုလ်၏ ကိုယ်တွင်း၌ ဝဋ်ဆင်းရဲလျှင် အကြောင်းရှိသော တဏှာ လွန်စွာ တိုးပွားကုန်၏ ဟူလို။)
ယော စ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။
ဇမ္မိံ၊ ယုတ်မာလှစွာသော။
လောကေ၊ လောက၌။
ဒုရစ္စယံ၊ အလွန်စွန့်နိုင်ခဲထသော။
ဧကံ တဏှံ၊ ထိုတဏှာကို။
သဟတေ၊ နှိပ်စက်နိုင်၏။
ပေါက္ခရာ၊ ကြာရွက်မှ။
ဥဒဗိန္ဒူဝ၊ ရေပေါက်တို့ကဲ့သို့။
တမှာ၊ ထိုပုဂ္ဂိုလ်မှ။
သောကာ၊ စိုးရိမ်ခြင်းတို့သည်။
ပပတန္တိ၊ လျှောကျကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
တံ-တေနကာရဏေန၊ ထိုအကြောင်းကြောင့်။
ဝေါ၊ သင်ချစ်သားတို့အား။
ဝဒါမိ၊ ဟောကြားမိန့်ဆိုပေအံ့။
ဧတ္ထ၊ ဤအရပ်၌။
ယာဝတာ၊ အကြင်မျှလောက်။
သမာဂတာ၊ အညီအညွတ် စည်းဝေးလာရောက် ကြကုန်၏။
တတ္တကာနံ၊ ထိုမျှလောက်ကုန်သော။
ဝေါ၊ သင်ချစ်သားတို့အား။
ဘဒ္ဒံ၊ ကောင်းခြင်းသည်။
ဟောတု၊ ဖြစ်စေသတည်း။
(ဤငရဲကျ ငါးဖြစ်သော ကပိလရဟန်းကဲ့သို့ ပျက်စီးခြင်းသို့ မရောက်ကြစေကုန်လင့် ဟူလို။)
ဥသီရတ္ထော၊ ပန်းရင်းမြက်ဖြင့် အလိုရှိသောသူသည်။
ဗီရဏံ၊ ပြိန်းမြက်ကို။
ခဏတိဣဝ၊ တူးသကဲ့သို့။
တဏှာယ၊ ဆဒွါရိကတဏှာ၏။
မူလံ၊ အမြစ်ကို။
ခဏထ၊ တူးကြကုန်လော့။
(ပေါက်တူးကြီးဖြင့် ပြိန်းမြက်ပင်ကို တူးသကဲ့သို့ အရဟတ္တမဂ်ဉာဏ်ဖြင့် တဏှာ၏ အမြစ်အရင်းကို တူးပစ်ရမည် ဟူလို။)
သောတော၊ ပြင်းစွာသော အဟုန်ဖြင့်လာသော မြစ်ရေအယဉ်သည်။
နဠံ၊ ကျူပင်ကို။
ဘဉ္ဇတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။
မာရော၊ မာရ်မင်းသည်။
ဝေါ-တုမှေ၊ သင်တို့ကို။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
မာ ဘဉ္ဇိ၊ မဖျက်ဆီးစေလင့်။
(မြစ်ရေအယဉ်၌ ပေါက်သော ကျူပင်ကို ကြီးသောအရှိန်ဖြင့်လာသော မြစ်ရေအယဉ်သည် ဖျက်ဆီးသကဲ့သို့ ကိလေသမာရ်၊ မရဏမာရ်၊ ဒေဝပုတ္တမာရ်သည် သင်ချစ်သားတို့ကို ခဏခဏ မဖျက်ဆီးနိုင်အောင် ပြုကြရမည်ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ ငါးရာလည်း ဖြစ်ကုန်သော တံငါသားတို့သည် ထိတ်လန့်ခြင်းသို့ ရောက်၍ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ တောင့်တကုန်လျက် ဘုရားရှင်၏ အထံတော်၌ ရဟန်းပြုပြီးလျှင် မကြာမြင့်မီသာလျှင် ဆင်းရဲ၏ ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ မြတ်စွာဘုရားနှင့် အတူတကွ မတုန်မလှုပ်နေခြင်းရှိသော အာနေဉ္ဇဝိဟာရသမာပတ်ဟူသော သုံးဆောင်ခြင်းအားဖြင့် တူသော သုံးဆောင်ခြင်း ရှိကြသည် ဖြစ်ကြလေကုန်၏။
ကပိလငါး ဝတ္ထု ပြီး၏။
၂ - ဝက်မငယ် ဝတ္ထု
ယထာပိ မူလေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် မစင်စားဝက်မငယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဗြဟ္မာသော်လည်း ဝက်ဖြစ်ရခြင်း
အခါတပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူသည်ရှိသော် ဝက်မငယ်တကောင်ကို မြင်တော်မူ၍ ပြုံးခြင်းကို ထင်စွာပြုတော်မူသတတ်။
ပြုံးခြင်းကို ပြုတော်မူသော ထိုမြတ်စွာဘုရား၏ ဖွင့်တော်မူသော ခံတွင်းတော်မှ ထွက်သော သွားတော်ရောင်ခြည်အဝန်းကိုမြင်ရလျှင် ရှင်အာနန္ဒာမထေရ်သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပြုံးခြင်းကို ထင်စွာပြုတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်းဘုရားဟု ပြုံးတော်မူခြင်း၏ အကြောင်းကို မေးလျှောက်လေ၏။
ထိုအခါ ရှင်အာနန္ဒာကို မြတ်စွာဘုရားသည် ချစ်သားအာနန္ဒာ - ထိုဝက်မငယ်ကို မြင်၏လောဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား - မြင်ပါသည်ဘုရားဟု လျှောက်လတ်သည်ရှိသော် ထိုဝက်မငယ်သည် ကကုသန်မြတ်စွာဘုရား၏ သာသနာတော်ဝယ် တဆောင်သော ဆွမ်းစားဇရပ်၏အနီး၌ ကြက်မဖြစ်ဖူးလေ၏။
ထိုကြက်မသည် တဦးသော ကမ္မဋ္ဌာန်းစီးဖြန်းသော ရဟန်း၏ ဝိပဿနာကမ္မဋ္ဌန်းကို သရဇ္ဈာယ်စဉ် တရားသံကို ကြားနာရ၍ ထိုကြက်မအဖြစ်မှ စုတေမနေ သေလွန်သည်ရှိသော် မင်းမျိုး၌ ဖြစ်သဖြင့် ဥပရိအမည်ရှိသော မင်းသ္မီးဖြစ်လေ၏။ ထိုမင်းသ္မီးသည် နောက်အဖို့၌ ကိုယ်လက်သုတ်သင်ရာဌာနသို့ ဝင်လတ်သည်ရှိသော် ပိုးလောက်အစုကို မြင်ရသဖြင့် ထိုနေရာ၌ ပိုးလောက်အစုဟူသော ပုဠုဝကသညာကို ဖြစ်စေလျက် ပဌမဈာန်ကို ကောင်းစွာရရှိလေ၏။
ထိုဥပရိမင်းသ္မီးသည် မင်းမျိုး၌ အသက်ရှည်သမျှကာလပတ်လုံး တည်နေပြီးလျှင် ထိုကိုယ်၏ အဖြစ်မှ စုတေပြန်သည်ရှိသော် ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။ ထိုဗြဟ္မာ့ပြည်မှ စုတေပြန်သည်ရှိသော် တဖန် လားရာဂတိအစွမ်းဖြင့် မွှေနှောက်ချောက်ချားလျက် ဤကိုယ်ဖြင့် ယခုအခါ ဝက်အမျိုး၌ ဖြစ်ရရှာလေ၏။
ဤအကြောင်းကို မြင်တော်မူ၍ ငါဘုရား ပြုံးခြင်းကို ထင်စွာပြုတော်မူ၏ဟု မိန့်တော်မူလေ၏။ ထိုစကားကို ကြားရလျှင် အရှင်အာနန္ဒာ အမှူးရှိကုန်သော ရဟန်းတို့သည် ကြီးစွာသော ထိတ်လန့်ခြင်းကို ရကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ထိတ်လန့်ခြင်းကို ဖြစ်စေ၍ ဘဝတဏှာ၏ အပြစ်ကို ထင်ရှားပြတော်မူလျက် ခရီးလမ်းမ၌ ရပ်လျက်သာလျှင် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၃၇။ ယထာပိ မူလေ အနုပ္ပဒ္ဒဝေ ဒဠှေ၊
ဆိန္နောပိ ရုက္ခော ပုနဒေဝ ရူဟတိ။
ဧဝံပိ တဏှာနုသယေ အနုဟတေ၊
နိဝတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။
၃၃၈။ ယဿ ဆတ္တိံသတိ သောတာ၊ မနာပ သဝနာ ဘုသာ။
ယသ မဟာ ဝဟန္တိ ဒုဒ္ဒိဋ္ဌိံ၊ သင်္ကပ္ပ ရာဂနိဿိတာ။
၃၃၉။ သဝန္တိ သဗ္ဗဓိ သောတာ၊ လတာ ဥပ္ပဇ္ဇ တိဋ္ဌတိ။
တဉ္စ ဒိသွာ လတံ ဇာတံ၊ မူလံ ပညာယ ဆိန္ဒထ။
၃၄၀။ သရိတာနိ သိနေဟိတာနိ စ၊
သောမနဿာနိ ဟောန္တိ ဇန္တုနော။
တေ သာ တသိတာ သုခေသိနော၊
တေ ဝေ ဇာတိဇရူပဂါ နရာ။
၃၄၁။ တသိနာယ ပုရက္ခတာ ပဇာ၊
ပရိသပ္ပန္တိ သသောဝ ဗာဓိတော။
သံယောဇန သင်္ဂသတ္တတာ၊
ဒုက္ခမုပေန္တိ ပုနပ္ပုနံ စိရာယ။
၃၄၂။ တသိနာယ ပုရက္ခတာ ပဇာ၊
ပရိသပ္ပန္တိ သသောဝ ဗာဓိတော။
တသ္မာ တသိနံ ဝိနောဒုယေ၊
အာကင်္ခန္တေဝ ဝိရာဂမတ္တနော။
မူလေ၊ အမြစ်သည်။
အနုပဒ္ဒဝေ၊ ဘေးရန်ဥပဒ် မဖြစ်လတ်မူ၍။
ဒဠှေ၊ မြဲမြံ ခိုင်ခံ့သည်ရှိသော်။
ဆိန္နောပိ၊ အထက်၌ ဖြတ်အပ်သော်လည်း။
သော ရုက္ခော၊ ထိုသစ်ပင်သည်။
ပုနဒေဝ၊ တဖန်သာလျှင်။
ရူဟတိ ယထာ၊ ပေါက်ရောက် ကြီးပွား စည်ကားပြန်သကဲ့သို့။
ဧဝံပိ၊ ထို့အတူလည်း။
တဏှာနုသယေ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာအနုသယကို။
အနုဟတေ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် မဖြတ်အပ်သေးသည်ရှိသော်။
ဣဒံ ဒုက္ခံ၊ ဤပဋိသန္ဓေနေခြင်းအစရှိသော ဒုက္ခအပေါင်းသည်။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
နိဗ္ဗတ္တတိ၊ ဖြစ်၏။
(အကြင်သစ်ပင်၏ အရပ်လေးမျက်နှာသို့ သွားသောအမြစ်၊ အောက်သို့သွားသောအမြစ်အားဖြင့် ငါးခုသောအမြစ်သည် ဖြတ်ခွဲ၊ မီးရှို့၊ ထိုးဖောက်ခြင်း စသော ဘေးရန်ဖြင့် ဘေးရန်ဥပဒ်မဖြစ်လတ်မူ၍ ခိုင်ခံ့ခြင်းသို့ ရောက်နေသည်ရှိသော် ထိုသစ်ပင်သည် အထက်၌ဖြတ်သော်လည်း အကိုင်းအခက်တို့၏အစွမ်းဖြင့် တဖန်ပေါက်ရောက်ပြန်သကဲ့သို့ ထို့အတူ ဒွါရခြောက်ပါး၌ ကိန်းသော အနုသယကိလေသာကို အရဟတ္တမဂ်ဉာဏ်ဖြင့် မဖြတ်အပ်သေးသည်ရှိသော် ထိုထိုဘဝ၌ ဇာတိစသည်အပြားရှိသော ဤဆင်းရဲသည် အဖန်ဖန် ဖြစ်တတ်သည်သာ ဟူလို။)
ယဿ၊ အကြင်ပုဂ္ဂိုလ်အား။
ဆတ္တိံသတိသောတာ၊ သုံးဆယ့်ခြောက်ပါးသော အယဉ်နှင့်ပြည့်စုံသော။
မနာပသဝနာ၊ နှစ်သက်ဖွယ်သော အာရုံတို့၌ဖြစ်တတ်သော။
တဏှာ၊ တဏှာသည်။
ဘုသာ၊ အားကြီးသည်။
ဟောတိ၊ ဖြစ်အံ့။
(အဇ္ဈတ္တိကာယတနခြောက်ပါးကိုစွဲ၍ ကာမဘဝ၊ ဝိဘဝအားဖြင့် တဆယ့်ရှစ်ပါး၊ ဗာဟိရာယတနခြောက်ပါးကိုစွဲ၍ ကာမဘဝ၊ ဝိဘဝအားဖြင့် တဆယ့်ရှစ်ပါး၊ ပေါင်း သုံးဆယ့်ခြောက်ပါးသော တဏှာ ဖြစ်၏။)
ဒုဒ္ဒိဋ္ဌိံ၊ ပျက်သော ဉာဏ်အမြင်ရှိသော။
တံ၊ ထိုပုဂ္ဂိုလ်ကို။
မဟာ၊ ကြီးစွာကုန်သော။
ရာဂနိဿိတာ၊ ရာဂကိုမှီကုန်သော။
သင်္ကပ္ပါ၊ သုံးပါးသော မိစ္ဆာဝိတက် တည်းဟူသော အကြံတို့သည်။
ဝဟန္တိ၊ ဆောင်ယူကြကုန်၏။
(အဖန်တလဲလဲ ဖြစ်တတ်သောကြောင့် ကြီးသောအဖြစ်ဖြင့် ဖမ်းစားတတ်သော“ဂါဟ” တရားဖြစ်၍ ဈာန်ကို၎င်း၊ ဝိပဿနာကို၎င်း မမှီဘဲ ရာဂကိုသာ မှီသော အကြံဆိုးတို့ကို ဆောင်ယူသွားကြကုန်၏ ဟူလို။)
သောတာ၊ တဏှာတည်းဟူသော အယဉ်တို့သည်။
သဗ္ဗဓိ၊ အလုံးစုံသော အာရုံတို့၌။
သဝန္တိ၊ စီးဝင်ကြကုန်၏။
(အလုံးစုံသော ဘဝတို့မှလည်း ယိုစီးကြကုန်၏ ဟူလို။)
လတာ၊ ရစ်ပတ်တတ်သော သဘောကြောင့် နွယ်နှင့်တူသည်ဖြစ်၍။
ဥပ္ပဇ္ဇ၊ ဒွါရခြောက်ပါးတို့မှဖြစ်၍။
တိဋ္ဌတိ၊ အာရုံခြောက်ပါးတို့၌ တည်တတ်၏။
ဇာတံ၊ ဖြစ်ပွားလာသော။
တဉ္စလတံ၊ ထိုတဏှာဟူသော နွယ်ကို။
ဒိသွာ၊ မြင်၍။
ပညာယ၊ အရဟတ္တမဂ်ဉာဏ်ဖြင့်။
မူလံ၊ အမြစ်ကို။
ဆိန္ဒထ၊ ဖြတ်ကြကုန်လော့။
(တဏှာဖြစ်လတ်သည်ရှိသော် ဤနေရာ၌ ဖြစ်၏ဟု ဖြစ်ရာအရပ်၏ အစွမ်းဖြင့် မြင်၍ ဓားဖြင့် တော၌ ပေါက်သော နွယ်ကို ဖြတ်သကဲ့သို့ မဂ်ပညာဖြင့် အမြစ်ကို ဖြတ်ကြရမည် ဟူလို။)
သရိတာနိ၊ အစဉ်မပြတ် စီးဝင်တတ် ကိန်းအောင်းတတ်ကုန်သော။
သိနေဟိ-တာနိ စ၊ တဏှာဟူသော အစေးဖြင့် လိမ်းကျံအပ်ကုန်သော။
သောမနဿာနိ၊ ဝမ်းမြောက်ခြင်းတို့သည်။
ဗန္တနော၊ တဏှာ၏အလိုသို့ လိုက်သော ပုဂ္ဂိုလ်အား။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေ၊ ထိုတဏှာ၏ အလိုသို့ လိုက်ကုန်သော ပုဂ္ဂိုလ်တို့ကို။
သာတသိတာ၊ ချမ်းသာသုခ အမှီရကုန်သည်ဖြစ်၍။
သုခေသိနော၊ လောကီသုခ ရှာမှီးကြကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေနရာ၊ ထိုသတ္တဝါတို့သည်။
ဝေ၊ စင်စစ်။
ဇာတိဇရူပဂါ၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတို့သို့ ကပ်ရောက်ကြရကုန်သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
ပဇာ၊ ဤသတ္တဝါတို့သည်။
တသိနာယ၊ ထိတ်လန့်ခြင်းကို ပြုတတ်သော တဏှာဖြင့်။
ပုရက္ခတာ၊ ခြံရံအပ်ကုန်သည်ဖြစ်၍။
ဗမိတော၊ မုဆိုးတော၌ ဖမ်းဆီးအပ်သော။
သသောဝ၊ ယုန်ကဲ့သို့။
ပရိသပ္ပန္တိ၊ ကြောက်လန့်ကြကုန်၏။
သံယောဇနသင်္ဂသတ္တိကာ၊ သံယောဇဉ်အစေး၊ ရာဂစသော အစေးတို့ဖြင့် ကပ်ငြိကုန်သည်ဖြစ်၍။
စိရာယ၊ မြင့်ရှည်စွာသော ကာလပတ်လုံး။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
ဒုက္ခံ၊ ဆင်းရဲသို့။
ဥပေန္တိ၊ ကပ်ရောက်ကြရကုန်၏။
ပဇာ၊ ဤသတ္တဝါတို့သည်။
တသိနာယ၊ ထိတ်လန့်ခြင်းကို ပြုတတ်သော တဏှာဖြင့်။
ပုရက္ခတာ၊ ခြံရံအပ်ကုန်သည်ဖြစ်၍။
ဗာဓိတာ၊ မုဆိုးတော၌ ဖမ်းဆီးအပ်သော။
သသောဝ၊ ယုန်ကဲ့သို့။
ယသ္မာ၊ အကြင့်ကြောင့်။
ပရိသပ္ပန္တိ၊ ကြောက်လန့်ကြကုန်၏။
တသ္မာ၊ ထို့ကြောင့်။
အတ္တနော၊ မိမိ၏။
ဝိရာဂံ၊ ရာဂ၏ ကင်းရာနိဗ္ဗာန်ကို။
အာကင်္ခန္တော၊ အလိုရှိသော ရဟန်းသည်။
တသိနံ၊ ထိတ်လန့်ခြင်းကို ပြုတတ်သော တဏှာကို။
ဝိနောဒယေ၊ ပယ်ဖျောက်ရာ၏။
ဝါ-နုတ်၍ ထုတ်ဆောင်၍ စွန့်ပစ်ရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။
ဝက်မကလေး အမတ်ကတော်ဖြစ်ခြင်း
ထိုဝက်မငယ်သည်လည်း ထိုဝက်အဖြစ်မှ စုတေသည်ရှိသော် သုဝဏ္ဏဘူမိအရပ်ဝယ် မင်းမျိုး၌ ဖြစ်လေ၏။
ထိုဘဝမှ စုတေပြန်သည်ရှိသော် ဗာရာဏသီပြည်၌ ဖြစ်၏။
ထိုဗာရာဏသီပြည်မှ စုတေပြန်သည်ရှိသော် သုပ္ပါဒကအမည်ရှိသော သင်္ဘောဆိပ်ဝယ် မြင်းကုန်သည်အိမ်၌ ဖြစ်လေ၏။
ထိုဘဝမှ စုတေပြန်သည်ရှိသော် ကာဝိရအမည်ရှိသော သင်္ဘောဆိပ်ဝယ် သင်္ဘောသူကြီးအိမ်၌ ဖြစ်လေ၏။
ထိုဘဝမှ စုတေပြန်သည်ရှိသော် အနုရာဓပြည်ဝယ် ချမ်းသာကြွယ်ဝသော အစိုးရသော အမျိုးအိမ်၌ ဖြစ်လေ၏။
ထိုဘဝမှ စုတေပြန်သည်ရှိသော် အနုရာဓပြည်ကြီး၏သာလျှင် တောင်မျက်နှာအရပ် ဘောက္ကန္တရွာတွင် သုမနအမည်ရှိသော သူကြွယ်၏ သ္မီးဖြစ်၍ အမည်အားဖြင့် သုမနာအမည်တွင်သည်သာလျှင် ဖြစ်လေ၏။
ထိုအခါထိုသုမနာ၏ ဖခင်ဖြစ်သော သူကြွယ်သည် ထိုရွာကို စွန့်ပစ်ရသည်ရှိသော် ဒီဃဝါပီအမည်ရှိသော တိုင်းသို့သွား၍ မဟာမုနိမည်သော ရွာ၌ နေ၏။ ထိုမဟာမုနိရာ၌ သူကြွယ်သ္မီးသုမနာကို ဒုဋ္ဌဂါမဏိမင်းကြီး၏ အမတ်ဖြစ်သော လကုဏ္ဍကအတိမ္ဗရအမည်ရှိသောသူသည် တစုံတခုသော ပြုဖွယ်ကိစ္စဖြင့် သွားလတ်သည်ဖြစ်၍ မြင်ရလျှင် ကြီးကျယ်ခမ်းနားသော မင်္ဂလာကို ပြု၍ ဆောင်ယူသဖြင့် မဟာပုဏ္ဏရွာသို့ ရောက်သွားလေ၏။
ရဟန်းပြု၍ ရဟန္တာမ ဖြစ်ခြင်း
ထိုအခါ၌ သူကြွယ်သ္မီး အမတ်ကြီးကတော်သုမနာကို ကောဋိပဗ္ဗတအမည်ရှိသော ကျောင်းကြီး၌ သီတင်းသုံးနေတော်မူလေ့ရှိသော မဟာအနုရုဒ္ဓါအမည်ရှိသော မထေရ်မြတ်သည် ထိုမဟာပုဏ္ဏရွာ၌ ဆွမ်းအလို့ငှါ လှည့်လည်တော်မူသဖြင့် ထိုသုမနာ၏ အိမ်တံခါး၌ ရပ်တော်မူလျက် မြင်ရသည်ရှိသော် ရဟန်းတို့နှင့် အတူတကွ ငါ့သျှင်တို့ - ဝက်မကလေးမည်သည်ဖြစ်လျက် လကုဏ္ဍကအတိမ္ဗရအမည်ရှိသော အမတ်ကြီး၏ အမတ်ကတော်အဖြစ်သို့ ရောက်ရလေဘိ၏၊ အလွန်အံ့ဩဖွယ်ရှိပေစ္စတကားဟု ပြောဟော၏။
ထိုသူကြွယ်သ္မီး အမတ်ကြီးကတော်သုမနာသည် မထေရ်မိန့်ဆိုသော ထိုစကားကိုကြားရလျှင် လွန်လေပြီးသော ဘဝတို့ကို စပ်စေလျက် ဇာတိသရဉာဏ်ကို ရလေ၏။ ထိုခဏ၌ပင်လျှင် ဖြစ်သော ထိတ်လန့်ခြင်းရှိသည်ဖြစ်ရကား လင်ယောက်ျားဖြစ်သော အမတ်ကြီးကို တောင်းပန်ပြီးလျှင် ကြီးစွာသော အစိုးရခြင်းဖြင့် ပဉ္စဗလကအမည်ရှိသော ထေရီမတို့၏ အထံ၌ ရဟန်းပြု၍ တိဿအမည်ရှိသော ကျောင်းကြီး၌ မဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော်ကို ကြားနာရသဖြင့် သောတာပတ္တိဖိုလ်၌ တည်လေ၏။
နောက်အဖို့၌ ဒမိဠလူရိုင်းမျိုးကို နှိပ်နင်းခြင်းကိုပြုသည်ရှိသော် ဆွေမျိုးတို့နေရာအရပ်ဖြစ်သော ဘောက္ကန္တရွာသို့သာလျှင် သွား၍ ထိုဘောက္ကန္တရွာ၌ နေလျက် ကလ္လကအမည်ရှိသော ကျောင်းကြီး၌ အာသိဝိသောပမသုတ္တန်ဒေသနာတော်ကို ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။
တဆယ့်သုံးဘဝ ဇာတ်ပေါင်း၍ နိဗ္ဗာန်ဝင်ရခြင်း
ထိုသုမနာရဟန္တာမသည် ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့သည် မေးအပ်သည်ဖြစ်၍ ရဟန်းမိန်းမသံဃာအား အလုံးစုံသော ဖြစ်ပုံအကြောင်းအရာကို ကြားဖြတ်မရှိ ပြောပြပြီးလျှင် စည်းဝေးရောက်လာသော ရဟန်းယောက်ျားသံဃာ၏အလယ်၌ မဏ္ဍလာရာမကျောင်း၌ နေလေ့ရှိသော ဓမ္မပဒကိုဆောင်သော မဟာတိဿမထေရ်နှင့်တကွ တိုင်ပင်နှီးနှောလျက် တပည့်တော်မသည် ရှေးအခါ -
၁။ လူ၏အမျိုး၌ ဖြစ်ပြီးလျှင်
၂။ ထိုဘဝမှ စုတေသည်ရှိသော် ကြက်မဖြစ်၍
၃။ ထိုကြက်မဘဝ၌ စွန်အထံမှ ဦးခေါင်းပြတ်ခြင်းသို့ ရောက်၍
၄။ ရာဇဂြိုဟ်ပြည်၌ ဖြစ်ရပါသည်၊ ပရိဗိုဇ်မတို့အထံ၌ ရဟန်းပြု၍
၅။ ပဌမဈာန်ဘုံ၌ ဖြစ်သဖြင့်
၆။ ထိုပဌမဈာန်ဘုံမှ စုတေသည်ရှိသော် သူဌေးမျိုး၌ ဖြစ်ပြန်၍ မကြာမြင့်မီသာလျှင် စုတေပြန်သဖြင့်
၇။ ဝက်အမျိုးသို့ ရောက်ပြီးလျှင်
၈။ ထိုဝက်မျိုးမှ စုတေပြန်သည်ရှိသော် သုဝဏ္ဏဘူမိအရပ်၌၊
၉။ ထိုမှ စုတေပြန်သည်ရှိသော် ဗာရာဏသီပြည်၌
၁၀။ ထိုမှ စုတေပြန်သည်ရှိသော် သုပ္ပါဒကသင်္ဘောဆိပ်၌
၁၁။ ထိုမှ စုတေပြန်သည်ရှိသော် ကာဝိရသင်္ဘောဆိပ်၌၊
၁၂။ ထိုမှ စုတေပြန်သည်ရှိသော် အနုရာဓပြည်၌၊
၁၃။ ထိုမှ စုတေပြန်သည်ရှိသော် ဘောက္ကန္တရွာ၌ ဖြစ်လေ၏။
ဤသို့လျှင် ညီညွတ်မညီမညွတ်ဖြစ်ကုန်သော တဆယ့်သုံးဘဝရှိသော အတ္တဘောတို့သို့ ရောက်ခဲ့ပြီး၍ ယခုအခါ ငြီးငွေ့သဖြင့် ရဟန်းပြုသည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်ရ၏။ အလုံးစုံသော အရှင်ကောင်းတို့သည်လည်း မမေ့မလျော့ခြင်းဖြင့် ပြည့်စုံစေတော်မူကြပါဘုရားဟု တိုက်တွန်းမြွက်ဆိုပြီးလျှင် ပရိသတ်လေးပါးတို့ကိုလည်း ထိတ်လန့်ခြင်းဉာဏ်ကို ဖြစ်စေ၍ ပရိနိဗ္ဗာန်စံဝင်တော်မူလေ၏။
ဝက်မငယ်ဝတ္ထု ပြီး၏။
၃ - လူထွက်သောရဟန်း ဝတ္ထု
ယော နိဗ္ဗနထော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် ရဟန်းလူထွက် တယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မိတ်ကောင်း အကျိုး သူခိုးဈာန်ရခြင်း
ထိုရဟန်းလူထွက်သည် ရှင်မဟာကဿပ မထေရ်၏ ဥပဇ္ဈာယ်ယူ အတူနေ တပည့်ဖြစ်၍ ဈာန်လေးပါးတို့ကို ဖြစ်စေပြီးလျက်လည်း မိမိဦးရီးဖြစ်သော ရွှေပန်းထိမ်သည်၏ အိမ်၌ သဘောမတူသော ဝိသဘာဂအာရုံကို မြင်ရသဖြင့် ထိုအာရုံ၌ တပ်နှစ်သက်သော စိတ်ရှိသည် ဖြစ်ရကား လူထွက်လေသတတ်၊ ထို့နောက်မှ လူတို့သည် ပျင်းသည်၏အဖြစ်အားဖြင့် အမှုပြုလုပ်ခြင်းငှါ အလိုမရှိသော ထိုလူထွက်ကို အိမ်မှ နှင်ထုတ်ကြလေကုန်၏။
ထိုလူထွက်သည် ယုတ်မာသော အဆွေခင်ပွန်းတို့နှင့် ပေါင်းသင်း ဆက်ဆံခြင်းကြောင့် ခိုးသူ အမှုဖြင့် အသက်မွေးလျက် သွားလာလှည့်ပတ်လေ၏။ ထိုအခါ ထိုသူကို တနေ့၌ ဖမ်း၍ လက်ပြန်ကြိုးဖြင့် မြဲမြံစွာချည်နှောင်ပြီးလျှင် လေးမြွာလေးမြွှာရှိသော ခရီးလမ်းဆုံတိုင်း၌ ကြိမ်လုံးတို့ဖြင့် ရိုက်နှက်လျက် သင်းချိုင်းသို့ ဆောင်ကြလေကုန်၏။
ရှင်မဟာကဿပ မထေရ်သည် ဆွမ်းအတွက် လှည့်လည်ခြင်းငှါ ကြွဝင်လတ်သည်ရှိသော် ထိုခိုးသူကို တောင်တံခါးဖြင့် ထုတ်ဆောင်လာသည်ကို မြင်ရလျှင် ဖွဲ့ချည်ခြင်းကို လျှော့လျှော့ ပြုလုပ်စေ၍ ရှေး၌ သင်လေ့ကျက်ဖူးသော ကမ္မဋ္ဌာန်းကို တဖန် ဆင်ခြင်နှလုံးသွင်းလော့ဟု မိန့်ဆိုတော်မူလေ၏။ ထိုခိုးသူသည် ရှင်မဟာကဿပမထေရ်၏ အဆုံးအမပေးခြင်းဖြင့် သတိဖြစ်ပေါ်ခြင်းကို ရလတ်၍ တဖန် စတုတ္ထဈာန်ကို ဖြစ်စေလေ၏။
ထို့နောင်မှ ထိုခိုးသူကို သင်းချိုင်းသို့ဆောင်၍ သတ်ကုန်အံ့ဟု တံကျင်တို့ကို မီးမြိုက် ကင်ခြင်းငှါ အားထုတ်ကြလေကုန်၏။ ထိုခိုးသူကား ကြောက်ခြင်းလည်း မရှိ၊ လန့်ခြင်းလည်း မရှိ၊ ထိုအခါ ထိုထိုအရပ်အဖို့၌ တည်ကြကုန်သော လူတို့သည် သန်လျက်, လှံ, ခက်ရင်း အစရှိသော လက်နက်တို့ကို ချိန်ရွယ်မြှောက်ချီ၍ သော်လည်း ထိုသူ၏ ထိုသို့ မကြောက်မလန့် နေခြင်းကိုသာ မြင်ရလျှင် "အချင်းတို့ - ဤယောက်ျားကို ကြည့်ရှုကြပါကုန်လော့၊ လက်နက်လက်စွဲကုန်သော ယောကျ်ားတို့၏ အလယ်၌ ကြောက်လန့်ခြင်းလည်း မရှိ တုန်လှုပ်ခြင်းလည်း မရှိ အလွန် အံ့ဩဖွယ် ရှိပေစွတကား" ဟု အံ့ဩခြင်း ဖြစ်ကြကုန်သည်ဖြစ်၍ သည်းစွာသော အသံကို ကြွေးကြော်၍ လူတို့သည် ထိုအခြင်းအရာကို မြင်ရသောကြောင့် ဗိမ္ဗိသာရမင်းကြီးအား ထိုအကြောင်းကို လျှောက်ကြားသံတော်ဦး တင်ကြလေကုန်၏။
မင်းကြီးသည် ထိုအကြောင်းကို ကြားရလျှင် ခိုးသူကို လွှတ်ကြကုန်လော့ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား၏ အထံတော်သို့လည်း သွား၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ရောင်ခြည်တော်ကို နှံ့စေလျက် ထိုသူအား တရားဟောတော်မူလိုသောကြောင့် ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၄၃။ ယော နိဗ္ဗနထော ဝနာဓိမုတ္တော၊ ဝနမုတ္တော ဝနမေဝ ဓာဝတိ။ တံ ပုဂ္ဂလ မေထ ပဿထ၊ မုတ္တော ဗန္ဓနမေဝ ဓာဝတိ။
ယော၊ အကြင်သူသည်။ နိဗ္ဗနထော၊ တော၌ တည်သော သစ်ပင်ငယ်မရှိ။ ဝနာဓိမုတ္တော၊ တော၌ နှလုံးသွင်းခြင်း သက်ဝင်ခြင်း ရှိ၏။ ဝနမုတ္တော၊ တောမှ လွတ်လျက်။ ဝနမေဝ၊ တောသို့သာလျှင်။ ဓာဝတိ၊ ပြေးသွား၏။ ဧထ၊ လာကြကုန်လော့။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ပဿထ၊ ကြည့်ရှုကြကုန်လော့။ ဧသော၊ ဤသူသည်။ မုတ္တော၊ လွတ်ပြီးလျက်။ ဗန္ဓနမေဝ၊ အနှောင်အဖွဲ့သို့သာလျှင်။ ဓာဝတိ၊ ပြေးသွားဘိ၏။
(ဤကား တင်စား၍ ဆိုအပ်သော လိုရင်းမဟုတ်သော အနက်။)
ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ နိဗ္ဗနထော၊ သစ်ပင်ငယ်ဟူသော တွယ်တာငဲ့ကွက်ခြင်း မရှိ။
(လူအဖြစ်၌ တွယ်တာခြင်းဟု ဆိုအပ်သော သစ်ပင်ငယ် ချုံငယ်ကို စွန့်ပစ်ကာ ရဟန်းပြုသောကြောင့် ဟူလို။)
ဝနာဓိမုတ္တော၊ အကျင့်တော၌ နှလုံးသွင်းနိုင်၏။
(ဈာန် သမာပတ် ဒိဗ္ဗဝိဟာရဟု ဆိုအပ်သော အကျင့်တည်းဟူသော တောအုပ်၌ နှလုံးသွင်း၏ ဟူလို။)
ဝနမုတ္တော၊ တဏှာတောမှ လွတ်ပြီးသောသူ ဖြစ်လျက်။ ဝနမေဝ၊ တဏှာတောသို့သာလျှင်။ ဓာဝတိ၊ ပြေးဝင်ပြန်၏။
(ဃရာဝါသ အနှောင်အဖွဲ့ဟု ဆိုအပ်သော တဏှာတောအုပ်မှ လွတ်ထွက်လာသည်ဖြစ်ပါလျက် တဖန် ဃရာဝါသ အနှောင်အဖွဲ့ဟူသော တဏှာတောအုပ်သို့သာ ပြေးဝင်ဘိ၏ ဟူလို။)
ဧထ၊ လာကြကုန်လော့။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ပဿထ၊ ကြည့်ရှုကြကုန်လော့။ ဧသော၊ ဤပုဂ္ဂိုလ်သည်။ မုတ္တော၊ ဃရာဝါသ အနှောင်အဖွဲ့မှ လွတ်ပြီးလျက်။ ဗန္ဓနမေဝ၊ ဃရာဝါသ အနှောင်အဖွဲ့သို့သာလျှင်။ ဓာဝတိ၊ ပြေးဝင်ဘိ၏။
(ဤကား တိုက်ရိုက်ဆိုအပ်သော လိုရင်းဖြစ်သော အနက်။)
ဒေသနာတော်၏ အကျိုး
ဤဒေသနာတော်ကို ကြားနာရလျှင် ထိုယောက်ျားသည် မင်းချင်းယောက်ျားတို့၏အလယ် တံကျင်ဖျား၌ နေလျက်သာလျှင် ဥဒယဗ္ဗယကမ္မဋ္ဌာန်းကို ဖြစ်စေလျက်၊ ဝါ-စီးဖြန်းလျက် လက္ခဏာရေးသုံးပါးသို့ တင်ပြီးလျှင် သင်္ခါရတရားတို့ကို သုံးသပ်ဆင်ခြင်လတ်သည်ရှိသော် သောတာပတ္တိဖိုလ်သို့ ရောက်သဖြင့် သမာပတ်ချမ်းသာခြင်းကို ခံစားလျက် ကောင်းကင်သို့ ပျံတက်၍ ကောင်းကင်ခရီးဖြင့်သာလျှင် ဘုရားအထံသို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ရဟန်းပြု၍ မင်းနှင့်တကွဖြစ်သော ပရိသတ်၏အလယ်၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။
လူထွက်သောရဟန်းဝတ္ထု ပြီး၏။
၄ - နှောင်အိမ်ဝတ္ထု
န တံ ဒဠှံ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် နှောင်အိမ် (အချုပ်ထောင်) ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အချုပ်ထောင်နှင့် ကိလေသာနှောင်အိမ်
တခုသောအခါကာလ၌ များစွာကုန်သော တိုက်နံရံ ခြံစပ်ဖောက်ဖျက်တတ်သော ခိုးသူ, လမ်းခရီး၌ လုယက်ဖျက်ဆီးတတ်သော ခိုးသူ, လူကိုသတ်တတ်သော ခိုးသူတို့ကို ဆောင်၍ ကောသလမင်းကြီးအား ပြသကြလေကုန်သတတ်။ ထိုခိုးသူတို့ကို မင်းကြီးသည် ထိတ်နှောင်ဖြင့် နှောင်ဖွဲ့ခြင်း, ကြိုးဖြင့် နှောင်ဖွဲ့ခြင်း, သံခြေကျဉ်းဖြင့် နှောင်ဖွဲ့ခြင်းတို့ဖြင့် နှောင်ဖွဲ့စေလေ၏။
သုံးကျိပ်မျှလောက်ကုန်သော ဇနပုဒ်နေ ရဟန်းတို့သည်လည်း မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ အလိုရှိကြကုန်သောကြောင့် ကြွရောက်လာကြသဖြင့် တွေ့မြင်၍ ရှိခိုးကြပြီးလျှင် တဖန် မိုးသောက်သောနေ့၌ သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ လှည့်လည်ကြကုန်သည်ရှိသော် နှောင်အိမ်သို့ ရောက်သွားသဖြင့် ထိုခိုးသူတို့ကို မြင်ခဲ့ရ၍ ဆွမ်းခံရာအရပ်မှ ဖဲထွက်ကြပြီးလျှင် ညချမ်းသောအခါ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ "ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ယနေ့ ဆွမ်းအလို့ငှါ လှည့်လည်ကုန်သော တပည့်တော်တို့သည် နှောင်အိမ်၌ များစွာသော ခိုးသူတို့ကို ထိတ်နှောင်ဖြင့် နှောင်ဖွဲ့ခြင်းစသည်တို့ဖြင့် ဖွဲ့အပ်ကုန်သည်ဖြစ်၍ ကြီးစွာသော ဆင်းရဲကို ခံစားကြရသည်တို့ကို မြင်အပ်ပါကုန်၏။ ထိုခိုးသူတို့သည် ထိုအနှောင်အဖွဲ့တို့ကို ဖြတ်၍ ပြေးခြင်းငှါ မတတ်နိုင်ရှာကြကုန်။ မြတ်စွာဘုရား - ထိုနှောင်ဖွဲ့ခြင်းတို့ထက် မြဲမြံလှစွာသော တပါးသော နှောင်ဖွဲ့ခြင်း မည်သည် ရှိပါဦးမည်လော ဘုရား"ဟု မေးလျှောက်ကြလေကုန်၏။
မြတ်စွာဘုရားသည် "ချစ်သားရဟန်းတို့ - ဤ အနှောင်အဖွဲ့ မည်သည်ကား အဘယ်မှာ အနှောင်အဖွဲ့မည်နိုင်ကုန်အံ့နည်း၊ စင်စစ်သော်ကား ဥစ္စာစပါး သား မယားစသည်တို့၌ တဏှာဟုဆိုအပ်သော အကြင်ကိလေသာ အနှောင်အဖွဲ့သည် ရှိ၏၊ ဤကိလေသာ အနှောင်အဖွဲ့သည် ထိုထိတ်နှောင်စသည်တို့ထက် အဆအရာအားဖြင့်၎င်း, အဆအထောင်အားဖြင့်၎င်း, အဆ အသိန်းအားဖြင့်၎င်း အလွန် မြဲမြံခိုင်ခံ့လှပေ၏။ ဤသို့ ကြီးကျယ်ခိုင်ခံ့သည် ဖြစ်သော်လည်း ဖြတ်နိုင်ခဲသော ထိုအနှောင်အဖွဲ့ကို ရှေးပညာရှိတို့သည် ဖြတ်၍ ဟိမဝန္တာသို့ ဝင်ပြီးလျှင် ရဟန်းပြုကြလေကုန်၏"ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
နှောင်ကြိုးဖြတ်သော အတိတ်ဝတ္ထု
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တယောက်သော သူဆင်းရဲအိမ်၌ ဖြစ်လေ၏။ ထိုဘုရားလောင်း အရွယ်သို့ ရောက်လတ်သည်ရှိသော် ဖခင်သည် စုတေမနေ သေလွန်ခြင်းကို ပြုလေ၏။ ဘုရားလောင်းသည် အခစား ပြုလုပ်၍ မိခင်ကို လုပ်ကျွေး မွေးမြူရလေ၏။
ထိုအခါ ဘုရားလောင်း၏ မိခင်သည် သားကို အလိုမရှိဘဲလျက်သာလျှင် အမျိုးသ္မီးတယောက်ကို ဆောင်ယူ၍ နောက်အဖို့၌ စုတေမနေ သေလွန်ခြင်းကို ပြုလေ၏။ ဘုရားလောင်း၏ မယား၏ ဝမ်း၌လည်း ကိုယ်ဝန် တည်လေ၏။
ထိုဘုရားလောင်းသည် ကိုယ်ဝန်တည်ကြောင်းကို မသိခြင်းကြောင့် "ချစ်နှမ-သင်သည် အခစား ပြုလုပ်၍ အသက်မွေးရစ်လော့၊ ငါကား ရဟန်းပြုတော့အံ့"ဟု ဆိုလေ၏။ "သခင်-ကျွန်မအား ကိုယ်ဝန်တည်နေပြီ မဟုတ်ပါလော၊ ကျွန်မ ဖွားမြင်ပြီးသည်ရှိသော် သားငယ်ကိုကြည့်၍ ရဟန်းပြုရပါလတ္တံ့" ဟု ဆိုလေ၏။
ဘုရားလောင်းလည်း "ကောင်းပြီ"ဟု ဝန်ခံပြီးလျှင် ထိုမယား ဖွားမြင်ပြီးသောအခါ "ချစ်နှမ-သင်သည် ချမ်းသာစွာ ဖွားမြင်ရလေပြီ၊ ယခုအခါ ငါသည် ရဟန်းပြုတော့အံ့"ဟု ပန်ကြားပြန်လေ၏။ ထိုအခါ ဘုရားလောင်းကို မယားသည် သားငယ်၏ နို့စို့ခြင်းမှ နို့ကွာသည်တိုင်အောင် ဆိုင်းငံ့ပါဦးလော့ဟု ဆို၍ တဖန်ကိုယ်ဝန်ကို ယူပြန်လေ၏။
ဘုရားလောင်းသည် "ဤမိန်းမကို ဝန်ခံစေ၍ သွားခြင်းငှါ မတတ်ကောင်း၊ ဤမယားကို မပန်ကြားမူ၍သာလျှင် ထွက်ပြေး၍ ရဟန်းပြုအံ့"ဟု ကြံလေ၏။ ဘုရားလောင်းသည် မယားအား မပန်ကြားမူ၍သာလျှင် ညဉ့်အဖို့၌ ထ၍ ပြေးလေ၏။ ထိုအခါ ဘုရားလောင်းကို မြို့စောင့်တို့သည် ဖမ်းကြကုန်၏။
ဘုရားလောင်းသည် "အရှင်-အကျွန်ုပ်ကား မိခင်ကို လုပ်ကျွေးသောသူ မည်ပါသည်၊ အကျွန်ုပ်ကို လွှတ်ကြပါလော့"ဟု မိမိကိုယ်ကို လွှတ်စေပြီးလျှင် တခုသော အရပ်၌နေ၍ ရသေ့ရဟန်းအဖြစ်ကို ပြုသဖြင့် အဘိညာဉ် သမာပတ်တို့ကို ရသည်ရှိသော် ဈာန်ကစားခြင်းဖြင့် ကစားလျက် နေလေ၏။
ထိုရသေ့သည် ထိုအရပ်၌ နေလျက်သာလျှင် "ငါသည် ဤသို့သဘောရှိသည်လည်း ဖြစ်သော ဖြတ်နိုင်ခဲသော သားမယား အနှောင်အဖွဲ့ဟုဆိုအပ်သော ကိလေသာ အနှောင်အဖွဲ့ မည်သည်ကို တ်ဖြတ်ရလေပြီ"ဟု နှစ်သက်စွာ မြွက်ဆိုအပ်သော ဥဒါန်းကို ကျူးရင့်လေ၏။
မြတ်စွာဘုရားသည် ဤအတိတ်ဖြစ်သော အကြောင်းကို ဆောင်တော်မူ၍ ထိုဘုရားလောင်းသည် ဝမ်းမြောက်စွာ ကျူးရင့်အပ်သော ဥဒါန်းကို ထင်ရှားပြတော်မူလိုသည်ဖြစ်၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၄၄။ န တံ ဒဠှံ ဗန္ဓန မာဟု ဓီရာ၊ ယဒါ ယသံ ဒါရုဇံ ပဗ္ဗဇဉ္စ။ သာရတ္တရတ္တာ မဏိကုဏ္ဍလေသု၊ ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။
၃၄၅။ ဧတံ ဒဠှံ ဗန္ဓန မာဟု ဓီရာ၊ ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ။ ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊ အနုပေက္ခိနော ကာမသုခံ ပဟာယ။
အယသံ၊ သံဖြင့်ပြီးသော။ ယံ ဗန္ဓနံ စ၊ အကြင် သံခြေကျဉ်းအဖွဲ့သည်၎င်း။ ဒါရုဇံ၊ သစ်သားဖြင့်ပြီးသော။ ယံ ဗန္ဓနံ စ၊ အကြင်ထိတ်တုံးအဖွဲ့သည်၎င်း။ ပဗ္ဗ၊ ပြိန်းမြက်ဖြစ်သော။ ယံ ဗန္ဓနံ စ၊ အကြင်နှောင်ကြိုးအဖွဲ့သည်၎င်း။ အတ္ထိ၊ ရှိ၏။ တံ သဗ္ဗံ၊ ထိုအလုံးစုံသောအဖွဲ့ကို။ ဒဠှံ၊ မြဲသောအဖွဲ့ဟူ၍။ ဓီရာ၊ ဘုရား အစရှိသော ပညာရှိတို့သည်။ န အာဟု၊ မဆိုကြကုန်။
(ဓား, သန်လျက်စသည်တို့ဖြင့် ဖြတ်ခြင်းငှါ တတ်ကောင်းသောကြောင့် ထိုအနှောင်အဖွဲ့မျိုးကို ခိုင်လှပြီဟု မမိန့်ဆိုကြ ဟူလို။)
မဏိကုဏ္ဍလေသု၊ ပတ္တမြား နားဍောင်းတို့၌။ ယေ၊ အကြင်သူတို့သည်။ သာရတ္တရတ္တာ၊ လွန်စွာတပ်နှစ်သက်ကြကုန်၏။ တေသံ၊ ထိုသူတို့၏။ သောရာဂေါ စ၊ ထိုရာဂသည်လည်း။ အတ္ထိ ရှိ၏။ ပုတ္တေသု စ၊ သားသ္မီးတို့၌၎င်း။ ဒါရေသု စ၊ မယားတို့၌၎င်း။ ယာ အပေက္ခာ စ၊ အကြင်ငဲ့ကွက်ခြင်းတဏှာသည်လည်း။ အတ္ထိ၊ ရှိ၏၊ ဧတံ၊ ထိုကိလေသာဖြင့်ပြီးသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ မြဲမြံခိုင်ခံ့သော။ ဗန္ဓနံ၊ အနှောင်အဖွဲ့ဟူ၍။ ဓီရာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။
ဩဟာရိနံ၊ အောက်အပါယ်သို့ ဆွဲငင်ဆောင်ယူတတ်သော။ သိထိလံ၊ လျော့သော။
(ဖွဲ့သောနေရာ၌ အရေထူ အရေပါး အသားတို့ကို မဖြတ်၊ သွေးထွက်အောင်မဆောင်၊ ဖွဲ့သည့်အဖြစ်ကိုမျှလည်း မသိစေရဘဲ ကုန်းလမ်းရေလမ်းစသည်တို့၌ အမှုကြီးငယ် ပြုခွင့်ပေးထားသောကြောင့် လျှော့သည်မည်၏ ဟူလို။)
ဒုပ္ပမုဉ္စံ၊ လွတ်စေနိုင်ခဲသော။
(လောဘအစွမ်းဖြင့် တကြိမ်မျှလည်းဖြစ်သော ကိလေသာအဖွဲ့ကို ကိုက်ရာဌာနမှ မလွှတ်မသာ လိပ်ကဲ့သို့ ဖြေလွှတ်နိုင်ခဲ၏ ဟူလို။)
ဧတံပိ၊ ဤကိလေသာဟူသော အဖွဲ့ကိုလည်း။ ဆေတွာန၊ ဉာဏ်သန်လျက်ဖြင့်ဖြတ်၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်း မရှိကြသည်ဖြစ်၍။ ကာမသုခံ၊ ကာမဂုဏ်ချမ်းသာကို။ ပဟာယ၊ ပယ်စွန့်၍။ ပရိဗ္ဗဇန္တိ၊ ဖဲထွက်၍ ရဟန်းပြုကြကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။
နှောင်အိမ်ဝတ္ထု ပြီး၏။
၅ - ခေမာထေရီ ဝတ္ထု
ယေ ရာဂရတ္တာ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ခေမာအမည်ရှိသော ဗိမ္ဗိသာရမင်းကြီး၏ မြတ်သော အဂ္ဂမဟေသီ မိဖုယားကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အဆင်း၌ မာန်ယစ်သော ခေမာမိဖုယား
ထိုခေမာမိဖုယားသည် ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေရင်းတော်၌ တောင့်တအပ်သော ဆုတောင်းခြင်းရှိသည်ဖြစ်၍ အလွန်လျှင် အဆင်းလှသည်။ ကြည်လင် နှစ်သက်ဖွယ် ရှိသည်ဖြစ်သတတ်။ မြတ်စွာဘုရားသည် အဆင်း၏အပြစ်ကို ဟောပြောသတတ်ဟူသော စကားကို ကြားရဖူးသောကြောင့် ဘုရားရှင်အထံတော်သို့ သွားခြင်းငှါ အလိုမရှိ။
ဗိမ္ဗိသာရမင်းကြီးသည် ထိုခေမာမိဖုယား၏ အဆင်းကို မှီ၍မာန်ယစ်မေ့လျော့သည့် အဖြစ်ကို သိရလျှင် ဝေဠုဝန်ဥယျာဉ်၏ တင့်တယ်ခြင်းဂုဏ်ကျေးဇူးနှင့်စပ်သော သီချင်းရတုတို့ကို သီကုံးစေပြီးလျှင် ကချေသည်မိန်းမစသည်တို့အား ပေးစေလေ၏။ ထိုသီချင်းရတုတို့ကို သီဆိုကြကုန်သော ကချေသည်မတို့၏ အသံကို ကြားရလျှင် ထိုခေမာမိဖုယားကြီးအား ဝေဠုဂန်ဥယျာဉ်ကို မမြင်ဖူးသကဲ့သို့ပင် ဖြစ်လေ၏။
ခေမာမိဖုယားကြီးက "အဘယ်ဥယျာဉ်ကို ရည်မှန်း၍ သီကုံးကြကုန်သနည်း"ဟု မေးသဖြင့် "အရှင်မိဖုယား - အရှင်မိဖုယားကြီးတို့၏ ဝေဠုဝန်ဥယျာဉ်ကြီးကိုသာလျှင် ရည်မှန်း၍ သီကုံးကြပါသည်"ဟု တင်လျှောက်သည်ရှိသော် ဥယျာဉ်သို့ သွားခြင်းငှါ အလိုရှိသည်ဖြစ်လေ၏။
မြတ်စွာဘုရားသည် ထိုခေမာမိဖုယား၏ လာခြင်းကို သိတော်မူ၍ ပရိသတ်၏ အလယ်၌ နေထိုင်သီတင်းသုံးတော်မူလျက် တရားဟောတော်မူစဉ်သာလျှင် ထန်းရွက်ယပ်ဝန်းကို ကိုင်ယူ၍ ကိုယ်တော်မြတ်၏ နံပါး၌ထားပြီးလျှင် ယပ်လေခပ်နေသော အလွန်အဆင်းလှသော မိန်းမကို ဖန်ဆင်းထားတော်ကြောင့် ခေမာမိဖုယားသည်လည်း ဝင်လျှင်ဝင်ခြင်းသာလျှင် ထိုမိန်းမကို မြင်ရလျှင် "မြတ်စွာဘုရားသည် အဆင်း၏အပြစ်ကို ဟောပြောတော်မူလေ၏"ဟု ပြောကြကုန်၏။ ဤမိန်းမသည်လည်း ထိုမြတ်စွာဘုရားအထံတော်၌ ယပ်လေခပ်လျက် တည်ဘိ၏။ "ငါသည် ဤမိန်းမ၏ အဆင်းကို တဆယ့်ခြောက်စိတ်စိတ်၍ တစိတ်မျှသို့လည်း မရောက်၊ ငါသည် ဤသို့သဘောရှိသော မိန်းမ၏ အဆင်းကို မမြင်ရစဖူးပါတကား၊ မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့် စွပ်စွဲကြကုန်သည် ထင်၏"ဟု ကြံ၍ မြတ်စွာဘုရား၏ ဟောတော်မူသော ဒေသနာဂါထာသံကိုမျှလည်း နှလုံးမသွင်းနိုင်ဘဲ ထိုမိန်းမကိုသာလျှင် ကြည့်ရှုကာ ရပ်နေလေ၏။
ခေမာမိဖုယား သောတာပန်တည်ခြင်း
မြတ်စွာဘုရားသည် ထိုမိန်းမ၏ အဆင်း၌ဖြစ်သော လွန်စွာမြတ်နိုးသည့်အဖြစ်ကို သိတော်မူ၍ ထိုအဆင်းကို ပဌမအရွယ်စသည်တို့၏ အစွမ်းဖြင့်ပြလျက် အောက်၌ ဆိုအပ်ပြီးသော နည်းအားဖြင့်သာလျှင် အဆုံး၌ အရိုးမျှသာ အကြွင်းရှိသည်ကိုပြု၍ ပြတော်မူလေ၏။ ခေမာမိဖုယားသည် ထိုဖောက်ပြန်သော အခြင်းအရာကို မြင်ရလျှင် "ဤသို့သဘောရှိသည်မည်သော ထိုအဆင်းသော်မှလည်း တခဏချင်းဖြင့်သာလျှင် ကုန်ခြင်းပျက်ခြင်းသို့ ရောက်ဘိ၏၊ ဤအဆင်း၌ အနှစ်သာရ မရှိခဲ့လေစွတကား"ဟု ကြံစည်လေ၏။
ဘုရားရှင်သည် ထိုခေမာမိဖုယား၏ စိတ်အကြံကို ကြည့်ရှုတော်မူ၍ "ခေမာမိဖုယား-သင်သည် ဤအဆင်း၌ အနှစ်သာရရှိ၏ဟု ကြံဘိ၏၊ ယခု ထိုမိန်းမ၏ အဆင်း၌အနှစ်သာရမရှိသည့်အဖြစ်ကို ကြည့်ရှုလေလော့"ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
အာတုရံ အသုစိံ ပူတိံ၊ ပဿ ခေမေ သမုဿယံ။ ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္ထိတံ။
ခေမေ၊ ခေမာမိဖုယား။ အာတုရံ၊ အမြဲအစဉ် နာကျင်ခြင်းသဘော ရှိထသော။ အသုစိံ၊ မစင်ကြယ်သောသဘောရှိထသော။ ပူတိံ၊ အပုပ်အတိသဘော ရှိထသော။ ဥဂ္ဃရန္တံ၊ အထက်သို့လျှံတက် အန်ထွက်ခြင်း သဘောလည်းရှိထသော။ ပဂ္ဃရန္တံ၊ ကိုးပါးသော ဒွါရမှ တတွေတွေယိုစီးခြင်း သဘောလည်းရှိထသော။ ဗာလာနံ၊ မလိမ်မာသောသူတို့၏။ အဘိပတ္ထိတံ၊ အလွန်တောင့်တနှစ်သက်အပ်ထသော။ သမုဿယံ၊ ရုပ်နာမ်စုဆောင်း ခန္ဓာငါးပါးအပေါင်းကို။ ပဿ၊ ကြည့်ရှုလေလော့။
ထိုခေမာမိဖုယားသည် ဂါထာဒေသနာကို ဟောတော်မူပြီးသည့် အဆုံးဝယ် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထို့နောင်မှ ခေမာမိဖုယားကို မြတ်စွာဘုရားသည် "ခေမာမိဖုယား - ဤသတ္တဝါတို့သည် ရာဂဖြင့် တပ်ခြင်းရှိကြကုန်၏၊ ဒေါသဖြင့် ပြစ်မှားခြင်းရှိကြကုန်၏၊ မောဟဖြင့် တွေဝေမိန်းမောခြင်း ရှိကြကုန်၏၊ မိမိ၏ တဏှာဟူသော အယဉ်ကို ကောင်းစွာလွန်မြောက်ခြင်းငှါ မတတ်နိုင်ရှာကြကုန်၊ ထိုတဏှာဟူသော အယဉ်၌ သာလျှင် ကပ်ငြိကြကုန်၏"ဟု မိန့်တော်မူ၍ တရားဟောတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၄၆။ ယေ ရာဂရတ္တာ နုပတန္တိ သောတံ၊ သယံကတံ မက္ကဋကောဝ ဇာလံ။ ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊ အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။
ယေ၊ အကြင်သတ္တဝါတို့သည်။ ရာဂရတ္တာ၊ ရာဂဖြင့် တပ်နှစ်သက်ကြကုန်၏။ တေ၊ ထိုသတ္တဝါတို့သည်။ မက္ကဋကော၊ ပင့်ကူသည်။ သယံကတံ၊ မိမိပြုအပ်သော။ ဇာလံ၊ ပင့်ကူမြှင်ကွန်ယက်ကို။ အနုပတတိ ဣဝ၊ အစဉ်ကျ၍နေသကဲ့သို့။ သယံကတံ၊ မိမိပြုအပ်သော။ သောတံ၊ တဏှာဟူသောအယဉ်ကို။ အနုပတန္တိ၊ အဖန်တလဲလဲ ကျကုန်၏။
(ပင့်ကူသည် ချည်မြှင်ကွန်ယက်ကို ပြု၍ အလယ်နေရာ ချက်ဝန်း၌ နေလျက် အစွန်း၌ ကျရောက်လာသော ပိုးနှံကောင်ကို၎င်း, ယင်ကောင်ကို၎င်း လျင်မြန်စွာ သွား၍ ထိုးဖောက်ပြီးလျှင် ထိုပိုးကောင်၏ အဆီ အရသာကို စုတ်ယူသောက်မျိုသဖြင့် တဖန်ပြန်သွား၍ ထိုနေရာ၌သာ နေဘိသကဲ့သို့ ထို့အတူ အကြင်သတ္တဝါတို့သည် ရာဂဖြင့် နှစ်သက်ကြကုန်လျက် ဒေါသဖြင့် ပြစ်မှားကြကုန်လျက်, မောဟဖြင့် တွေဝေကြကုန်လျက် ကိုယ်တိုင်ပြုအပ်သော တဏှာရေယဉ်ကြောသို့ အဖန်ဖန် ကျရောက်ကြကုန်၏၊ ထိုသတ္တဝါတို့သည် ဖဲသွားခြင်းငှါ မတတ်နိုင်ကြကုန်၊ ဤသို့လျှင် လွန်မြောက်ခဲ၏ ဟူလို။)
ဓီရာ၊ ပညာရှိတို့သည်။ ဧတံပိ၊ ဤတဏှာဟူသော အဖွဲ့ကိုလည်း။ ဆေတွာန၊ ဖြတ်တောက်၍။ အနပေက္ခိနော၊ ငဲ့ကွက်တွယ်တာခြင်း မရှိကြကုန်သည်ဖြစ်၍။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ငဋ်ဆင်းရဲကို။ ပဟာယ၊ မဂ်ဉာဏ်ဖြင့် ပယ်စွန့်၍။ ဝဇန္တိ၊ သွားကြကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ခေမာမိဖုယားသည် အရဟတ္တဖိုလ်၌ တည်လေ၏၊ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းကြီးကို "မြတ်သောမင်းကြီး - ခေမာမိဖုယားကြီးအား “ရဟန်းပြုခြင်းငှါ၎င်း, ပရိနိဗ္ဗာန်ပြုခြင်းငှါ၎င်း သင့်၏"ဟု မိန့်တော်မူလေ၏။ "ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ထို ခေမာမိဖုယားကြီးကို ရဟန်းပြုပေးတော်မူကြပါဘုရား, ပရိနိဗ္ဗာန်ပြုခြင်းငှါ မသင့်လျော်ပါဘုရား"ဟု လျှောက်လေသောကြောင့် ထို ခေမာမိဖုယားသည် ရဟန်းပြု၍ မြတ်သော တပည့်မ ဖြစ်လေ၏။
ခေမာထေရီဝတ္ထု ပြီး၏။
၆ - ဥဂ္ဂသေနသူဌေးသားဝတ္ထု
မုဉ္စပုရေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥဂ္ဂသေန သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သူဌေးသား နှင့် ကချေသည်မ
ငါးရာကုန်သော ကချေသည်တို့သည် တနှစ်သည်၎င်း, ခြောက်လသည်၎င်း ရောက်လတ်သည်ရှိသော် ရာဇဂြိုဟ်ပြည်သို့သွား၍ ဗိမ္ဗိသာရမင်းကြီး၏ရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ပွဲလမ်းသဘင် ကျင်းပခြင်းကိုပြု၍ များစွာသော ရွှေငွေဥစ္စာကို ရကြလေကုန်သတတ်။ အကြားအကြား၌ ပေးကမ်းအပ်သော ဆုလာဘ်တို့၏ကား အပိုင်းအခြားမရှိ။
များစွာသော လူအပေါင်းသည် ညောင်စောင်းအဆင့်ဆင့် စသည်တို့၌ တည်နေ၍ ပွဲသဘင်ကို ကြည့်ရှုလေ၏။ ထိုအခါ တယောက်သော ခုန်၍ကခြင်းငှါ စွမ်းနိုင်သော ဂျွမ်းသမား၏သ္မီး ကချေသည်မသည် ဝါးလုံးပေါ်သို့တက်၍ ထိုဝါးလုံး၏အထက်၌ လည်လျက် ဝါးလုံး၏အစွန်ဖြစ်သော ကောင်းကင်၌ စင်္ကြံသွားလျက် ကလည်း က၏၊ သီလည်း သီဆို၏။
ထိုအခါ ဥဂ္ဂသေနအမည်ရှိသော သူဌေးသားသည် အဆွေခင်ပွန်းနှင့် အတူတကွ ညောင်စောင်းအဆင့်ဆင့်၌ တည်နေလျက် ထိုကချေသည်မကို ကြည့်ရှု၍ ထိုကချေသည်မ၏ လက်ခြေပစ်ခြင်းစသည်တို့၌ ဖြစ်သော စုံမက်ခြင်းရှိသည် ဖြစ်ရကား အိမ်သို့ပြန်သွားပြီးလျှင် "ထိုကချေသည်မကို ရသည်ရှိသော် အသက်ရှင်အံ့၊ မရသည်ရှိသော် ဤနေရာ၌သာလျှင် ငါ့အား သေခြင်းသည် ဖြစ်စေသတည်း"ဟု အစာအာဟာရဖြတ်ခြင်းကိုပြု၍ ညောင်စောင်း၌ အိပ်လေ၏။
မိခင်ဖခင်တို့သည် "ချစ်သား - သင့်အား အဘယ်ဝေဒနာ နှိပ်စက်နာကျင်ဘိသနည်း"ဟု မေးအပ်သော်လည်း "ကျွန်တော်သည် ထိုကချေသည်မသ္မီးကို ရသည်ရှိသော် အသက်ရှိသေး၏၊ မရသည်ရှိသော် ဤနေရာ၌လျှင် ကျွန်တော်အား သေရခြင်းသည် ဖြစ်ပါလိမ့်မည်"ဟု ဆိုသောကြောင့် "ချစ်သား-ဤသို့မပြုပါလင့်၊ သင့်အလို့ငှါ ငါတို့၏ အမျိုးနှင့်၎င်း, စည်းစိမ်နှင့်၎င်း လျောက်ပတ်သော တပါးသော သတို့သ္မီးကို ဆောင်ကြကုန်အံ့"ဟု ဆိုသော်လည်း ထိုရှေးအတူသာလျှင် ဆို၍ အိပ်လေ၏။
ထိုအခါ၌ ထိုဥဂ္ဂသေနသတို့သား၏ ဖခင်သူဌေးကြီးသည် များစွာတောင်းပန်၍သော်လည်း ထိုသားကို ကောင်းစွာသိစိမ့်သောငှါ မတတ်နိုင်ရကား ဥဂ္ဂသေန သတို့သား၏ အဆွေခင်ပွန်းကို ခေါ်စေ၍ အသပြာတထောင်ကို ပေးပြီးလျှင် "ဤအသပြာတို့ကို ယူ၍ မိမိ၏သ္မီးကို ငါ့သားအားသာတည်း"ဟု ပြောဆိုရန် စေလွှတ်လေ၏။
ထိုကချေသည်မ၏ ဖခင်သည် "ငါကား အသပြာတို့ကို ယူ၍ မပေးနိုင်၊ ထိုဥဂ္ဂသေနသတို့သားသည် ဤသ္မီးကို မရသည်ရှိသော် အသက်ရှင်ခြင်းငှါ အကယ်၍ မတတ်နိုင်သည်ဖြစ်အံ့၊ ထိုသို့မတတ်နိုင်မူ ငါတို့နှင့် အတူတကွသာလျှင် လှည့်လည်ခြင်းငှါ တတ်နိုင်သည်ဖြစ်အံ့၊ ထိုဥဂ္ဂသေနသတို့သားအား သ္မီးကို ပေးပါအံ့"ဟု စကားတုံ့ပြန်လိုက်သည်ရှိသော် မိခင်ဖခင်တို့သည် သားအား ထိုအကြောင်းကို ပြောကြားကြလေကုန်၏။
ဥဂ္ဂသေနသတို့သားသည် "ကျွန်တော်သည် ထိုကချေသည်တို့နှင့် အတူတကွ လှည့်လည်ပါမည်"ဟု ဆိုပြီးလျှင် တောင်းပန်ကြကုန်သော်လည်း မိဘတို့၏စကားကို မနာမယူဘဲ အိမ်မှ ထွက်ခွါ၍ ကချေသည်၏ အထံသို့သွားလေ၏။ ထိုကချေသည်မ၏ ဖခင်သည် သူဌေးသားဥဂ္ဂသေနအား သ္မီးကိုပေး၍ သူဌေးသားနှင့် အတူတကွသာလျှင် ရွာနိဂုမ်း, မင်းနေပြည်တို့၌ အတတ်ပညာကို ပြသကာ လှည့်လည်သွားလာလေ၏။
မယားမာနကြောင့် လင်ပညာတတ်ခြင်း
ကချေသည်မသည်လည်း သူဌေးသားဥဂ္ဂသေနနှင့် အတူတကွ ပေါင်းသင်းခြင်းကို အစွဲပြု၍ မကြာမြင့်မီသာလျှင် သားကိုရသဖြင့် ကစားရွှင်မြူးစေလျက် "လှည်းစောင့်သမား၏သား, ဥစ္စာဝန်ထုပ်ထမ်းဆောင်သမား၏သား, ဘာမျှမတတ်မသိသောသူ၏သား"ဟု ဆို၏။
(ထိုသူဌေးသား ဥဂ္ဂသေနသည်လည်း ထိုသူတို့၏ လှည်းချွတ်ခြင်းကိုပြု၍ တည်ရာအရပ်၌ နွားစားကျက်သို့ လှည့်လည်ရ၏။ အတတ်ပညာကို ပြသရာ၌ ရအပ်သော ဥစ္စာထုပ်ကို ထမ်းပိုးကာ ဆောင်ရွက်သယ်ပိုးရ၏။ ထိုအခြင်းအရာကိုသာလျှင် ရည်မှန်း၍ ထိုကချေသည်မသည် သားငယ်ကို ကစားရွှင်မြူးစေလျက် ထိုအခြင်းအရာဖြင့် ဆိုသတတ်။)
သူဌေးသား ဥဂ္ဂသေနသည် မိမိကို အကြောင်းပြု၍ ထိုကချေသည်မ၏ သီချင်းဆိုသည့်အဖြစ်ကိုသိရလျှင် ထိုကချေသည်မကို "သင်သည် ငါ့ကို ရည်မှန်း၍ ဆိုသလော"ဟု မေးလေ၏။ "သင့်ကို ရည်မှန်း၍ ဆိုသည်မှာ အမှန်ဖြစ်၏"ဟု ပြန်ဆိုလတ်သော် "ဤသို့ဖြစ်လျှင် ငါသည် ထွက်ပြေးတော့အံ့"ဟု ဆိုလေ၏။ ထိုကချေသည်မသည် "သင်ထွက်ပြေးသဖြင့်၎င်း, ပြန်လာသဖြင့်၎င်း ငါ့အား အဘယ်အကျိုးရှိအံ့နည်း"ဟု ဆို၍ အဖန်တလဲလဲ ထိုသီချင်းကိုသာလျှင် သီဆို၏။
(ထိုကချေသည်မကား မိမိ၏ အဆင်းလှပပြည့်စုံခြင်းကို၎င်း, ဥစ္စာရခြင်းကို၎င်း အမှီပြု၍ ထိုသူဌေးသားဥဂ္ဂသေနကို တစုံတခုသော အကြောင်းအရာ၌ အောက်မေ့မှတ်ထင်ခြင်း မပြုသတတ်။)
ဥဂ္ဂသေနသည် "အဘယ်ကို အမှီပြု၍ ဤကချေသည်မအား ဤမာန်တက်ခြင်း ဖြစ်ဘိသနည်း"ဟု ကြံလတ်သည်ရှိသော် "အတတ်ပညာကို အမှီပြု၍ မာန်တက်ဘိ၏"ဟု သိရလျှင် "ထိုသို့ မာန်တက်သည် ဖြစ်စေတော့၊ အတတ်ပညာကို သင်ယူဦးအံ့"ဟု ယောက္ခမသို့ ချဉ်းကပ်၍ ထိုယောက္ခမကချေသည် တတ်သိသော အတတ်ပညာကို သင်ယူပြီးလျှင် ရွာ, နိဂုမ်းစသည်တို့၌ အတတ်ပညာကို ပြသလျက် အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ ရောက်လာ၍ "ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ သူဌေးသားဥဂ္ဂသေနသည် မြို့နေသူ လူတို့အား အတတ်ပညာကို ပြသပေလတ္တံ့"ဟု ပြောကြားစေလေ၏။
ပညာပြစဉ် ဘုရားကြွလာခြင်း
မြို့နေသူလူတို့သည် ညောင်စောင်းအဆင့်ဆင့်စသည်တို့ကို ဖွဲ့စေဖြင့် ခုနစ်ရက်မြောက်သောနေ့၌ စည်းဝေးကြလေ၏။ ထိုဥဂ္ဂသေနသည်လည်း အတောင်ခြောက်ဆယ်ရှိသော ဝါးသို့တက်၍ ထိုဝါးလုံး၏ထိပ်ထက်၌ ရပ်တည်လေ၏။
ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကလူအပေါင်းကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ထိုဥဂ္ဂသေနကို ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ကွန်ယက်အတွင်း၌ ဝင်ရောက်လာသည်ကို မြင်တော်မူ၍ "အဘယ်သို့ ဖြစ်လတ္တံ့နည်း"ဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် "နက်ဖြန် သူဌေးသားသည် အတတ်ပညာကို ပြပေအံ့"ဟု ဝါးလုံးထိပ်ဖျားထက်၌ ရပ်တည်လတ္တံ့၊ ထိုဥဂ္ဂသေနကို ကြည့်ရှုခြင်းငှါ များစွာသော လူအပေါင်းသည် စည်းဝေးလတ္တံ့၊ ထိုအစည်းအဝေး၌ ငါဘုရားသည် လေးပါဒရှိသော ဂါထာကို ဟောအံ့၊ ထိုဂါထာကို ကြားရ၍ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေလတ္တံ့၊ ဥဂ္ဂသေနသည်လည်း အရဟတ္တဖိုလ်၌ တည်လတ္တံ့"ဟု သိတော်မူလေ၏။
ထိုမြတ်စွာဘုရားသည် တဖန် မိုးသောက်သောနေ့၌ အခါကာလကို မှတ်သား၍ ရဟန်းသံဃာအပေါင်းခြံရံလျက် ရာဇဂြိုဟ်မြို့သို့ ဆွမ်းအလို့ငှါ ကြွဝင်တော်မူလေ၏။ ဥဂ္ဂသေနသည်လည်း မြတ်စွာဘုရား မြို့တွင်းသို့ ကြွဝင်တော်မူလတ်သည်ရှိသော်သာလျှင် အုတ်အုတ်ကျက်ကျက် ကြွေးကြော်စိမ့်သော အကျိုးငှါ များစွာသော လူအပေါင်းအား လက်ချောင်းအမှတ်သညာကို ပေးပြီးလျှင် ဝါးလုံးထိပ်ဖျား၌ ရပ်တည်လျက် ကောင်းကင်၌သာလျှင် ခုနစ်ကြိမ် လှည့်လည်ကာ သက်ဆင်း၍ ဝါးလုံးထိပ်ဖျား၌ ရပ်တည်လေ၏။
ထိုခဏ၌ မြတ်စွာဘုရားသည် မြို့တွင်းသို့ ကြွဝင်တော်မူလျက် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ထိုဥဂ္ဂသေနကို ပရိသတ်တို့မကြည့်၊ ထိုအခြင်းအရာဖြင့်ပြု၍ ကိုယ်တော်ကိုသာလျှင် ကြည့်ရှုစေလေ၏။ ဥဂ္ဂသေနသည် ပရိသတ်ကိုကြည့်ရှုပြီးလျှင် "ငါ့ကို ပရိသတ်သည် မကြည့်ပါတကား"ဟု နှလုံးမသာယာခြင်းသို့ရောက်သည်ဖြစ်၍ "ငါသည် တနှစ်တို့ကာလ ပတ်လုံး ဤအတတ်ပညာကို ပြုအပ်၏။ မြတ်စွာဘုရားသည် မြို့တွင်းသို့ ကြွဝင်လာသည်ရှိသော် ပရိသတ်သည် ငါ့ကို မကြည့်မူ၍ မြတ်စွာဘုရားကိုသာလျှင် ကြည့်ရှုဘိ၏၊ ငါ၏အတတ်ပညာကို ပြသရခြင်းသည် အချည်းနှီး ဖြစ်ခဲ့လေစွတကား"ဟု ကြံစည်လေ၏။
ရှင်မောဂ္ဂလာန် နှင့် ဥဂ္ဂသေန
မြတ်စွာဘုရားသည် ထိုဥဂ္ဂသေန၏ စိတ်အကြံကို သိတော်မူ၍ ရှင်မောဂ္ဂလာန်ကို ခေါ်တော်မူပြီးလျှင် "ချစ်သား မောဂ္ဂလာန် - သွားချေလော့၊ သူဌေးသား ဥဂ္ဂသေနကို အတတ်ပညာကို ပြသာပြစေသတည်း"ဟူ၍ ဆိုချေလော့ဟု မိန့်တော်မူလေ၏။ ရှင်မောဂ္ဂလာန်သည် ကြွသွားတဲ့၍ ဝါးလုံး၏အောက်၌ရပ်လျက် သူဌေးသားကို ခေါ်တော်မူပြီးလျှင် ဤဂါထာကို ဆိုလေ၏။
ဣင်္ဃ ပဿ နဋပုတ္တ၊ ဥဂ္ဂသေန မဟဗ္ဗလ။ ကရောဟိ ရင်္ဂံ ပရိသာယ၊ ဟာသယဿု မဟာဇနံ။
မဟဗ္ဗလ၊ ခွန်အားကြီးလှပေသော။ ဥဂ္ဂသေန၊ ဥဂ္ဂသေနအမည်ရှိသော။ နဋပုတ္တ၊ ကချေသည်သား။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ ပဿ၊ ကြည့်ရှုစမ်းလော့။ ပရိသာယ၊ ပရိသတ်အပေါင်း၌။ ရင်္ဂံ၊ ပွဲသဘင်ကို။ ကရောဟိ၊ ပြုလော့။ မဟာဇနံ၊ များစွာသော လူအပေါင်းကို။ ဟာသယ၊ ရွှင်လန်းစေလော့။
ထိုဥဂ္ဂသေနသည် ရှင်မဟာမောဂ္ဂလာန်မထေရ်၏ စကားကို ကြားရလျှင် နှစ်သက်ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ "မြက်စွာဘုရားသည် ငါ၏အတတ်ပညာကို ကြည့်ရှုတော်မူခြင်းငှါ အလိုရှိယောင်တကား"ဟု အမှတ်ပြု၍ ဝါးလုံး၏ထိပ်ထက်ဖျား၌ ရပ်တည်လျက်သာလျှင် ဤဂါထာကို ဆိုလေ၏။
ဣင်္ဃ ပဿ မဟာပုည၊ မောဂ္ဂလာန မဟိဒ္ဓိက။ ကရောမိ ရင်္ဂံ ပရိသာယ၊ ဟာသယာမိ မဟာ နံ။
မဟိဒ္ဓိက၊ ကြီးသောတန်ခိုးရှိသော။ မဟာပုည၊ မြတ်သောဘုန်းရှိတော်မူသော။ မောဂ္ဂလာန၊ အရှင်မောဂ္ဂလာန်။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ ပဿ၊ ကြည့်ရှုတော်မူပါလော့။ ပရိသာယ၊ ပရိသတ်အပေါင်း၌။ ရင်္ဂံ၊ ပွဲသဘင်ကို။ ကရောမိ၊ ပြုပါအံ့။ မဟာဇနံ၊ လူအပေါင်းကို။ ဟာသယာမိ၊ ရွှင်လန်းစေပါအံ့။
ဤသို့လျှင် မြွက်ဆိုသဖြင့် ဝါးလုံးထိပ်ဖျားမှ ကောင်းကင်သို့ ခုန်တက်ပြီးလျှင် ကောင်းကင်၌သာလျှင် တဆယ့်လေးကြိမ် လှည့်လည်ကာ သက်ဆင်းပြီးမှ ဝါးလုံးထိပ်ဖျား၌သာလျှင် ရပ်တည်ပြန်လေ၏။ ထိုအခါ ဥဂ္ဂသေနကို မြတ်စွာဘုရားသည် "ဥဂ္ဂသေန - ပညာရှိသောသူ မည်သည်ကား အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ခန္ဓာတို့၌ တွယ်တာခြင်းတဏှာကို ပယ်စွန့်ပြီးလျှင် ပဋိသန္ဓေနေခြင်းစသည်တို့မှ လွတ်မြောက်ခြင်းငှါသင့်ပေ၏"ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၄၇။ မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော၊ မဇ္ဈေ မုဉ္စ ဘဝဿ ပါရဂူ။ သဗ္ဗတ္ထ ဝိမုတ္တမာနသော၊ န ပုန ဇာတိဇရံ ဥပေဟိသိ။
ပုရေ၊ အတိတ်ခန္ဓာ၌။ အာလယံ၊ တွယ်တာခြင်းကို။ မုဉ္စ၊ လွှတ်လော့။
(လွန်လေပြီးသော ခန္ဓာတို့၌ -- တွယ်တာတတ်သော အာလယ, နှစ်သက်တတ်သော နိကန္တိ, သက်ဝင်တတ်သော အဇ္ဈာသာန, တောင့်တတတ်သော ပတ္ထနာ, ထိုးကျင်တတ်သော ပရိယုဋ္ဌာန, ဖမ်းယူတတ်သော ဂါဟ, အမှားအားဖြင့် သုံးသပ်တတ်သော ပရာမာသ, တပ်နှစ်သက်တတ်သော တဏှာကို လွှတ်ရမည်ဟူလို။)
ပစ္ဆာတော၊ နောက် အနာဂတ်ခန္ဓာ၌။ မုဉ္စ၊ လွှတ်လော့။ မဇ္ဈေ၊ အလယ် ပစ္စုပ္ပန်ခန္ဓာ၌။ မုဉ္စ၊ လွှတ်လော့။ ဘဝဿ၊ သုံးပါးသောဘဝ၏။ ပါရဂူ၊ ကမ်းတဘက်သို့ ရောက်သောသူသည်။ ဟုတွာ၊ ဖြစ်၍။
(ဤသို့ လွှတ်နိုင်သည်ရှိသော် ဘဝသုံးပါးလုံး ပိုင်းခြား၍ သိခြင်း, ပယ်ခြင်း, ပွားများခြင်း, မျက်မှောက်ပြုနိုင်ခြင်းဟူသော ပါရဂူ၏အစွမ်းဖြင့် ကမ်းတဘက်သို့ ရောက်၏ဟူလို။)
သဗ္ဗတ္ထ၊ အလုံးစုံသော သင်္ခတတရား၌။ ဝိမုတ္တမာနသော၊ လွတ်ကင်းသော စိတ်ရှိသည်ဖြစ်၍။ ပုန၊ တဖန်။ ဇာတိဇရံ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့။ န ဥပေဟိသိ၊ မကပ်ရောက်ရတော့လတ္တံ့။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ သူဌေးသားဥဂ္ဂသေနသည်လည်း ဝါးလုံးထိပ်ဖျား၌ ရပ်တည်လျက်သာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့် တကူ အရဟတ္တဖိုလ်သို့ရောက်၍ ဝါးလုံးမှ သက်ဆင်းပြီးလျှင် ဘုရားရှင်၏အထံတော်သို့လာ၍ ငါးပါးသော တည်ခြင်းဖြင့် မြတ်စွာဘုရားကို ရှိခိုးလျက် ရဟန်းအဖြစ်ကို တောင်းပန်လေ၏။
ဥဂ္ဂသေန ရဟန်းပြုခြင်း
ထိုအခါ ဥဂ္ဂသေနကို မြတ်စွာဘုရားသည် လက်ျာလက်တော်ကို ဆန့်တန်းတော်မူ၍ ဧဟိ ဘိက္ခု အစရှိသည်ကို မိန့်ဆိုတော်မူလေ၏။ ထိုဥဂ္ဂသေနသည် ထိုခဏ၌သာလျှင် ပရိက္ခရာရှစ်ပါးကို ဆောင်ယူလျက် အဝါခြောက်ဆယ် ပြည့် ကြွယ်လေပြီး မထေရ်ကြီးကဲ့သို့ ဖြစ်လေ၏။
ထိုအခါ ရဟန်းတို့သည် ငါ့သျှင် ဥဂ္ဂသေန- အတောင်ခြောက်ဆယ် ရှိသော ဝါးလုံး၏ ထိပ်ဖျားမှ သက်ဆင်းသော သင့်အား ကြောက်ခြင်း မည်သည် မဖြစ်လေသလောဟု မေးကြသောကြောင့် ငါ့သျှင်တို့- အကျွန်ုပ်အား ကြောက်ခြင်းမရှိဟု ဆိုလတ်သော် ဘုရားရှင်အား မြတ်စွာဘုရား- ဥဂ္ဂသေနရဟန်းသည် မကြောက်ဟူ၍ ဆိုပါသည်၊ မဟုတ်သည်ကို မြွက်ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည် ဘုရားဟု လျှောက်ကြားလေကုန်၏။
ချစ်သား ရဟန်းတို့ - ငါ့သား ဥဂ္ဂသေနနှင့် တူကြကုန်သော ဖြတ်အပ်ပြီးသော သံယောဇဉ် ရှိကုန်သော ရဟန်းတို့သည် မကြောက်ကြကုန်, မလန့်ကြကုန်ဟု မိန့်တော်မူ၍ ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောကြားတော်မူလေ၏။
သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ န ပရိတဿတိ။
သင်္ဂါတိဂံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော၊ အကြင်သူသည်။
သဗ္ဗ သံယောဇနံ၊ အလုံးစုံသော သံယောဇဉ် ဆယ်ပါးကို။
ဆေတွာ၊ ဖြတ်ပြီးသည်ဖြစ်၍။
ဝေ၊ စင်စစ်။
န ပရိတဿတိ၊ တဏှာကြောင့် ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိ။
သင်္ဂါတိဂံ၊ ရာဂစသည်တို့၏ ကပ်ငြိခြင်းကို လွန်ပြီးသော။
ဝိသံယုတ္တံ၊ ယောဂလေးဖြာနှင့် မယှဉ်သော။
တံ၊ ထိုပုဂ္ဂိုလ်ကို။
အဟံ၊ ငါသည်။
ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူ ဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အဆုံး၌ များစွာကုန်သော သူတို့အား သစ္စာလေးပါး တရားတို့ကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။
ဥဂ္ဂသေန၏ အတိတ်ကို မေးလျှောက်ပုံ
တဖန် တနေ့သ၌ တရားသဘင်ဝယ် ငါ့သျှင်တို့- ဤသို့ အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယနှင့် ပြည့်စုံသော ရဟန်းအား ကချေသည်၏ သ္မီးကိုမှီ၍ ကချေသည်တို့နှင့် အတူတကွ သွားလာ လှည့်လည်ရခြင်း အကြောင်းသည် အဘယ်နည်း, အရဟတ္တဖိုလ်၏ ဥပနိဿယ ဖြစ်သော အကြောင်းသည် အဘယ်နည်းဟု စကားကို ဖြစ်စေကြလေကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့-ယခု ငါဘုရား ကြွလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်ဘိ သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်ဝေးကြပါသည် ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့ ဤ နှစ်ပါး စုံသောအကြောင်းကို ဤ ဥဂ္ဂသေန ရဟန်းသည်သာလျှင် ပြုအပ်၏ဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်စွာပြုခြင်းငှါ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူလေ၏။
ရှေးလွန်လေပြီးသောအခါ ကဿပ မြတ်စွာဘုရား၏ ရွှေစေတီကို တည်အပ်သည်ရှိသော် ဗာရာဏသီပြည်၌ နေကြကုန်သော အမျိုးကောင်းသားတို့သည် များစွာသော ခဲဖွယ်တို့ကို လှည်းတို့၌ တင်၍ လက်အမှုကို ပြုလုပ်ကြကုန်အံ့ဟု စေတီတည်ရာအရပ်သို့ သွားကြကုန်သည် ရှိသော် လမ်းခရီးအကြား၌ ဆွမ်းအလို့ငှါ ကြွဝင်တော်မူသော မထေရ်တပါးကို မြင်ကြကုန်သတတ်။
ထိုအခါ အမျိုးသ္မီးတယောက်သည် မထေရ်မြတ်ကို ကြည့်ရှု ဖူးမြင်ပြီးလျှင် လင်ယောက်ျားကို အရှင့်သား - အရှင်မြတ်ဘုရား တပါးသည် ဆွမ်းအလို့ငှါ ကြွဝင်တော်မူ၏၊ ကျွန်တော်မတို့၏ လှည်း၌လည်း ခဲဖွယ်ဘောဇဉ်များ၏၊ ထိုမထေရ်၏ သပိတ်တော်ကို ဆောင်ယူပါလော့၊ ဆွမ်းလှူကြကုန်စို့အံ့ဟုဆိုလေ၏။
ထိုလင်ယောက်ျား သည် သပိတ်ကို ဆောင်ယူလေ၏၊ ထိုသပိတ်ကို ခဲဖွယ် ဘောဇဉ်ဖြင့် ပြည့်စေ ပြီးလျှင် မထေရ်မြတ်၏ လက်တော်၌ ဆက်ကပ်၍ ဇနီးခင်ပွန်း နှစ်ဦးလုံးပင် အရှင်ဘုရား - အရှင်ဘုရားတို့ သိမြင်အပ်သော နိဗ္ဗာန်တရား၏ သာလျှင် အဖို့ရှိသောသူတို့ ဖြစ်ကြရပါလို၏ ဘုရားဟု ဆုတောင်းခြင်းကို ပြုကြလေကုန်၏။
ရဟန္တာကို နှုတ်ဖြင့်ပြစ်မှား၍ ကချေသည် ဖြစ်ရခြင်း
ထိုမထေရ်သည်လည်း ကုန်ပြီးသော အာသဝေါရှိသော ရဟန္တာ ပုဂ္ဂိုလ်ဖြစ်တော်မူ၏၊ ထို့ကြောင့် ကြည့်ရှုဆင်ခြင်လတ်သည်ရှိသော် ထိုဇနီး, ခင်ပွန်းနှစ်ဦး တို့၏ ဆုတောင်းခြင်း ပြည့်စုံလတ္တံ့သော အဖြစ်ကို သိတော်မူ၍ ပြုံးခြင်းကို ပြုတော်မူလေ၏၊ ထို ပြုံးတော်မူခြင်းကို မြင်ရလျှင် မိန်းမက လင်ယောက်ျားကို ငါတို့၏ အရှင်မြတ်ဘုရားသည် ပြုံးခြင်းကို ပြုတော်မူဘိ၏၊ တဦးသော ကချေ သည် ဖြစ်လတ္တံ့ဟု ဆိုလေ၏၊ လင်ယောက်ျားသည်လည်း မိန်းမအား ချစ်နှမ- ဤအတိုင်း ဖြစ်ပေလတ္တံ့ ဟုဆို၍ ဖဲသွားလေ၏။
ဤသည်လျှင် ထိုဇနီး, ခင်ပွန်း နှစ်ဦးတို့၏ ရှေးကံဖြစ်သတည်း၊ ထို ဇနီး, ခင်ပွန်းတို့သည် ထို ဗာရာဏသီပြည်၌ အသက်ရှည်သမျှ ကာလပတ်လုံး တည်နေပြီးလျှင် နတ်ပြည်၌ဖြစ်၍ ယခုအခါ နတ်ပြည်မှ စုတေသဖြင့် ထိုမိန်းမသည် ကချေသည်အိမ်၌ ဖြစ်လေ၏၊ ယောက်ျားသည် သူဌေးအိမ်၌ ဖြစ်လေ၏။
ထိုယောက်ျားသည် ချစ်နှမ- ဤအတိုင်း ဖြစ်ပေ လတ္တံ့ဟူ၍ မယားအား စကားတုံကို ပေးဖူးသည့် အဖြစ်ကြောင့် ကချေသည်တို့နှင့် အတူတကွ သွားလာ လှည့်လည်ရလေ၏၊ ရဟန္တာမထေရ်မြတ် အား ပေးလှူအပ်သောဆွမ်းကို မှီ၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။
ထိုကချေသည် သ္မီးသည်လည်း အကြင်သွားရာ လမ်းကြောင်းသည် ငါ့ခင်ပွန်းသည်၏ သွားရာ လမ်းကြောင်းဖြစ်၏၊ ငါ၏ သွားရာ လမ်းကြောင်းလည်း ထို လမ်းကြောင်းသာလျှင် ဖြစ်၏ဟု နှလုံးပြု၍ ရဟန်းပြုပြီးလျှင် အရဟတ္တဖိုလ်၌ တည်လေ၏။
ဥဂ္ဂသေနသူဌေးသားဝတ္ထု ပြီး၏။
၇ - စူဠဓနုဂ္ဂဟ သုခမိန်ဝတ္ထု
ဝိတက္က မထိတဿ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် စူဠဓနုဂ္ဂဟမည်သော ပညာရှိ သုခမိန်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သောက်ရေတပေါက်ကစ၍ ပျင်းရိ ငြီးငွေ့ခြင်း
ပဉ္စင်းငယ်တပါးသည် စာရေးတံ ကောက်ယူရာဖြစ်သော ဇရပ်၌ မိမိအား ရောက်သော စာရေးတံကို ယူပြီးလျှင် စာရေးတံ ယာဂုကို ယူဆောင်သဖြင့် ဆွမ်းစားဇရပ်သို့ သွား၍ သောက်လေ၏၊ ထိုဆွမ်းစားဇရပ်၌ ရေကို မရသောကြောင့် ရေအလို့ငှါ တခုသောအိမ်သို့ ကြွသွားလေ၏။
ထိုအိမ်၌ ထိုပဉ္စင်းငယ်ကို သတို့သ္မီး တယောက်သည် မြင်လျှင်မြင်ခြင်း ဖြစ်သော ချစ်ခင်ခြင်း ရှိသောကြောင့် အရှင်ဘုရား- တဖန် သောက်ရေဖြင့် အလိုရှိသည်ရှိသော် ဤအိမ်သို့သာ ကြွလာတော်မူကြပါဘုရားဟု လျှောက်ကြားလေ၏၊ ပဉ္စင်းငယ်သည် ထိုအခါမှ စ၍ အကြင်အခါ၌ ရေကို မရ၊ ထိုအခါ၌ ထိုအိမ်သို့သာလျှင် ကြွသွား၏၊ သတို့သ္မီးသည်လည်း ပဉ္စင်းငယ်၏ သပိတ်ကိုယူ၍ သောက်ရေကို လှူဒါန်း၏။
ဤသို့ ကာလ လွန်လတ်သည်ရှိသော် ယာဂုကိုလည်း လှူဒါန်း၍ တဖန် တနေ့သ၌ ထိုအိမ်ပင်လျှင် ထိုင်စေသဖြင့် ဆွမ်းကို လှူဒါန်းလေ၏၊ ပဉ္စင်းငယ်၏ အနီး၌သာလျှင် နေထိုင်လျက် အရှင်ဘုရား - ဤအိမ်၌ တစုံတခု မရှိသော အရာမည်သည် မရှိပါ၊ သက်သက် တပည့်တော်မတို့မှာ စီမံတတ်သော လူကိုသာလျှင် မရကြပါဘုရားဟု စကားကိုဖြစ်စေလေ၏။
ပဉ္စင်းငယ်သည် နှစ်ရက်သုံးရက်ဖြင့်သာလျှင် ထိုသတို့သ္မီး ငယ်၏ စကားကို ကြားရသောကြောင့် ပျင်းရိသောစိတ် ရှိလာလေ၏၊ ထိုအခါ ပဉ္စင်းငယ်ကို တနေ့သ၌ ဧည့်သည် အာဂန္တုက ရဟန်း တို့သည် မြင်ကြ၍ ငါ့သျှင်- သင်သည် အဘယ့်ကြောင့် ကြုံလှီဘိသနည်း၊ ဖက်ရွက်လျော်ကဲ့သို့ ဖျော့တော့ သော အဆင်းရှိလေသနည်းဟု မေးသောကြောင့် ငါ့သျှင်တို့- ပျင်းရိငြီးငွေ့လှပါ ၏ဟု ပြောဆိုသည်ရှိသော် ဆရာဥပဇ္ဈာယ်တို့၏ အထံသို့ ပို့ဆောင်ကြလေကုန်၏။
ဆရာဥပဇ္ဈာယ်တို့သည်လည်း ပဉ္စင်းငယ်ကို မြတ်စွာဘုရား၏ အထံတော်သို့ ဆောင်ယူ၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏ မြတ်စွာဘုရားသည် ချစ်သားရဟန်း-သင်သည် ပျင်းရိငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူသောကြောင့် မှန်လှပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် သင် အဘယ့်ကြောင့် ငါကဲ့သို့ သဘောရှိသော အားထုတ် အပ်သော လုံ့လရှိသော မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလျက် ငါ သောတာပန် ဟူ၍၎င်း, ငါ သကဒါဂါမ်ဟူ၍၎င်း မိမိကိုယ်ကို မပြောဆိုစေမူ၍ ငါ ပျင်းရိငြီးငွေ့သောသူ ဟု ပြောဆိုစေဘိ သနည်း၊ သင်ပြု အပ်သောအမှုသည် ဝန်လေးလေစွဟု မိန့်တော်မူပြီးလျှင် အဘယ်အကြောင်း ကြောင့် ပျင်းရိ ငြီးငွေ့ရဘိသနည်းဟု မေးတော်မူလေ၏။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - မိန်းမတယောက်သည် တပည့်တော်ကို ဤသို့ ပြောဆိုဖူးပါသည် ဘုရားဟု လျှောက်လတ်သော် ချစ်သားရဟန်း - ဤသို့ ထိုမိန်းမ၏ ပြောဆို ပြုလုပ်ခြင်းသည် အံ့ဩဖွယ်မဟုတ်၊ ထိုမိန်းမသည် ရှေးအခါ၌ ဇမ္ဗူဒီပါ တကျွန်းလုံး၌ အမြတ်ဆုံးဖြစ်သော ပညာရှိကို ပယ်စွန့်၍ ထိုခဏချင်း တွေ့မြင်ခြင်းရှိသော ယောက်ျား တယောက်၌ ချစ်ခင်ခြင်းကို ဖြစ်စေပြီးလျှင် ထိုအမြတ်ဆုံးဖြစ်သော ပညာရှိကို အသက်ကုန်ခြင်းသို့ ရောက်စေဖူးလေပြီဟု မိန့်တော်မူ၍ ထို အကြောင်းအရာကို ထင်ရှားပြစိမ့်သောငှါ ရဟန်းတို့ တောင်းပန်အပ်သောကြောင့် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူလေ၏။
သူခိုးသို့ ဓားရိုးကမ်းသော မိန်းမအတိတ်
ရှေးလွန်လေပြီးသောအခါ စူဠဓနုဂ္ဂဟ ပညာရှိ သုခမိန်ဖြစ်သောအခါ တက္ကသိုလ်ပြည်၌ အရပ် လေးမျက်နှာမှ လာသောသူတို့၏ အကြီးအမှူးဖြစ်သော ဒိသာပါမောက္ခဆရာ၏ အထံ၌ အတတ် ပညာကို သင်ယူပြီးလျှင် ထိုဒိသာ ပါမောက္ခဆရာသည် နှစ်သက်သဖြင့် ပေးလိုက်သောသ္မီးကို ခေါ်ဆောင်ခဲ့၍ ဗာရာဏသီပြည်သို့သွားစဉ် တခုသောတောအုပ် အဝင်ဝ၌ ငါးဆယ်သောမြှားဖြင့် ငါးကျိပ်သောခိုးသူတို့ကိုသေစေပြီးလျှင် မြှားတို့ကုန်လတ်သည်ရှိသော် ခိုးသူကြီးကို ဖမ်း၍ မြေ၌ လဲစေလျက် ချစ်နှမ- သန်လျက်ကို ဆောင်ခဲ့လော့ဟုဆိုသည် ရှိသော် ထိုခဏချင်း တွေ့မြင် အပ်သော ခိုးသူ၌ ချစ်ခင်ခြင်းကို ပြုသဖြင့် ခိုးသူ၏ လက်၌ သန်လျက်ရိုးကို ထားခြင်းကြောင့် ခိုးသူသည် ဓနုဂ္ဂဟ ပညာရှိကို သတ်အပ်သည့်အဖြစ်ကို ထင်စွာပြုပြီးလျှင် ထိုမိန်းမကို ခေါ်ဆောင်လျက် သွားသော ခိုးသူကြီးလည်း ငါ့ကိုလည်း ဤမိန်းမသည် အခြားသော ယောက်ျားကို မြင်ပြန်လျှင် မိမိ၏ လင်ယောက်ျားကိုကဲ့သို့ သတ်စေလတ္တံ့၊
ငါ့အား ဤမိန်းမဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု အောက်မေ့လျက် မြစ်တခုကိုမြင်လျှင် ဤမှာဘက် ကမ်းနား၌ မိန်းမကိုထားခဲ့၍ ထိုမိန်းမ၏ ဥစ္စာထုပ်ကို ယူဆောင်လျက် ငါသည် ဥစ္စာထုပ်ကို ဟိုမှာဘက်ကမ်းသို့ ကူးပို့နေသေးသမျှ ကာလပတ်လုံး ဤမှာဘက်ကမ်း၌သာလျှင် နေဦးလော့ဟု ဆိုပြီးလျှင် ထိုမှာဘက်ကမ်း၌သာလျှင် ထိုမိန်းမကို ပစ်ထားခဲ့၍ သွားသော အဖြစ်ကို၎င်း ထင်စွာပြုတော်မူလျက် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဇာတ်တော်၌ လာသော ဂါထာများ
သဗ္ဗံ ဘဏ္ဍံ သမာဒါယ၊ ပါရံ တိဏ္ဏောသိ ဗြာဟ္မဏ။
ပစ္စာဂစ္ဆ လဟုံ ခိပ္ပံ၊ မံပိ တာရေဟိ ဒါနိတော။
အသန္တတံ မံ စိရသန္တတေန၊ နိမိနိ ဘောတီ အဓုဝံ ဓုဝေန။
မယာပိ ဘောတီ နိမိနေယျ အညံ၊ ဣတော အဟံ ဒူရတရံ ဂမိဿံ။
ကာယံ ဧဠဂဏ ဂုမ္ဗေ၊ ကရောတိ အဟု ဟာသိယံ။
နယီဓ နစ္စံဂီတံ ဝါ၊ တာလံ ဝါ သုသမာဟိတံ။
အနမှိကာလေ သုသောဏီ၊ ကိံ နု ဇဂ္ဃသိ သောဘဏေ။
သိင်္ဂါလ ဗာလ ဒုမ္မေဓ၊ အပ္ပပညောသိ ဇမ္ဗုက။
ဇီနော မစ္ဆဉ္စ ပေသိံ စ၊ ကပ္ပနောဝိယ ဈာယသိ။
သုဒဿံ ဝဇ္ဇ မညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ဇီနာ ပတိဉ္စ ဇာရဉ္စ၊ မညေ တွညေ၀ ဈာယသိ။
ဧဝမေဝ မိဂရာဇ၊ ယထာ ဘာသသိ ဇမ္ဗုက။
ယန္နူနာဟံ ဣတော ဂန္တွာ၊ ဘတ္တု ဟေဿံ ဝသာနုဂါ။
ယော ဟရေ မတ္တိကံ ထာလံ၊ ကံသထာလံပိ သော ဟရေ။
ကတံစေဝ တယာ ပါပံ၊ ပုန ပေဝံ ကရိဿသိ။
ဤမှာဘက်ကမ်း၌ တည်နေလျက် မိန်းမက တောင်းပန်ပုံ
ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝါ-အရှင်သခင်။
တွံ၊ သင်သည်။
သဗ္ဗံ၊ အလုံးစုံသော။
ဘဏ္ဍံ၊ ဘဏ္ဍာကို။
သမာဒါယ၊ ယူ၍။
ပါရံ၊ ကမ်းတဖက်သို့။
တိဏ္ဏော၊ ကူးသွားသည်။
အသိ၊ ဖြစ်၏။
လဟုံ၊ လျင်စွာ။
ပစ္စာဂစ္ဆ၊ တဖန် ပြန်လာခဲ့ပါလော့။
ဣဒါနိ၊ ယခုအခါ၌။
ဣတော၊ ဤမှာဘက်မှ။
ခိပ္ပံ၊ လျင်စွာ။
မံပိ၊ ကျွန်တော်မကိုလည်း။
တာရေဟိ၊ ကူးမြောက်စေပါဦးလော့။
ထိုမှာဘက်ကမ်း၌ တည်နေလျက် ခိုးသူက ပြန်ဆိုပုံ
ဘောတီ၊ အိုရှင်မ။
အသန္တတံ၊ ကြာမြင့်စွာပေါင်းသင်းခြင်း မရှိသေးသော။
အဓုဝံ၊ အမြဲမဟုတ်သော။
မံ၊ ငါ့ကို။
စိရသန္တတေန၊ ကာလရှည်စွာ ပေါင်းသင်းဖူးသော။
ဓုဝေန၊ အမြဲဖြစ်သော လင်ရင်းနှင့်။
နိမိနိ၊ လဲလှယ်ဘိ၏။
ဘောတီ၊ အိုရှင်မ။
တွံ၊ သင်သည်။
မယာပိ၊ ငါနှင့်လည်း။
အညံ၊ တပါးသောယောက်ျားကို။
နိမိနေယျ၊ လဲလှယ်ရာ၏။
ဣတော၊ ဤ အရပ်မှ။
အဟံ၊ ငါသည်။
ဒူရတရံ၊ အလွန်ဝေးစွာသော အရပ်သို့။
ဂမိဿံ၊ သွားတော့အံ့။
(ဥစ္စာယူ၍ခိုးသူ ထွက်ပြေးသောအခါ ထိုမိန်းမသည် ချုံထဲဝင်၍ငိုနေ၏၊ ထိုအခါ သိကြားမင်း မြေခွေးယောင်ဆောင်၍ အမဲသားတုံး ကိုက်ချီလျက် ရေစပ်သို့သွားရာ ထို မိန်းမရှေ့ ရောက်သော အခါ မာတလိနတ်သား ငါးယောင်ဆောင်၍ ရေထဲမှ မြေခွေးရှေ့သို့ ခုန်တက် သောကြောင့် အမဲသားတုံးကို စွန့်၍ ငါးကို လိုက်ဖမ်းစဉ် ပဉ္စသီခနတ်သား စွန်ငှက်ယောင်ဆောင်၍ အမဲသားတုံးယူချီ၍ သွားလေ၏၊ ငါးလည်းရေထဲသို့ ခုန်ချလိုက်လေ၏၊ မြေခွေးသည် အမဲ, ငါး နှစ်ခုလုံး ဆုံးရှုံးသဖြင့် မြက်ချုံကို ကြည့်လျက် မှိုင်နေသည်ကို ချုံထဲကမိန်းမက သည်းစွ ရယ်သောကြောင့် မြေးခွေးကဆိုပုံ။)
ဧဠဂဏဂုမ္ဗေ၊ မြက်ချုံထဲ၌။
အဟုဟာသိယံ၊ သွားပေါ် လောက်အောင် သည်းစွာသော ရယ်ရွှင်ခြင်းကို။
ကရောတီ၊ ပြုသော။
အယံ၊ ဤမိန်းမသည်။
ကာ၊ အဘယ်သူနည်း။
ဣဓ၊ ဤအရပ်၌။
နစ္စ ဂီတံ ဝါ၊ ကခြင်းသီခြင်းသည်၎င်း။
သုသမာဟိတံ၊ လက်တို့ကို ကောင်းစွာထား၍ တီးအပ်သော။
တာလံ ဝါ၊ လက်ခုပ်တီးခြင်းသည်၎င်း။
နတ္ထိ၊ မရှိ။
(အဘယ်အရာကို တွေ့၍ ရယ်သလဲဟု မေးလိုရင်းကို ပြသည်။)
သုသောဏီ၊ လှသော ခါးရှိသော။
သောဘဏေ၊ တင့်တယ် လှပ အရှင်မ။
တွံ၊ သင်သည်။
အနမှိကာလေ၊ ငိုသင့်သောအခါ၌။
ကိံ နုဇဂ္ဃသိ၊ အဘယ့်ကြောင့် သည်းစွာရယ်ဘိသနည်း။
မိန်းမက မြေခွေးကို ဆိုပုံ
ဗာလ၊ မိုက်သော။
ဒုမ္မေဓ၊ ပညာမဲ့သော။
ဇမ္ဗုက၊ ဇမ္ဗုကဟု ဆိုအပ်သော။
သိင်္ဂါလ၊ မြေခွေး။
တွံ၊ သင်သည်။
အပ္ပပညော၊ ပညာနည်းသည်။
အသိ၊ ဖြစ်၏။
မစ္ဆဉ္စ၊ ငါးကို၎င်း။
ပေသိဉ္စ၊ အမဲတုံးကို၎င်း။
ဇီနော၊ ဆုံးရှုံးခြင်းသို့ ရောက်သည်ဖြစ်၍။
ကပဏော ဝိယ၊ ဥစ္စာတထောင်ရှုံး၍ အထီးကျန်သော သူကဲ့သို့။
ဈာယသိ၊ စိုးရိမ် ကြံမှိုင်ရ၏။
မြေခွေးက ပြန်ပြောပုံ
အညေသံ၊ သူတပါးတို့၏။
ဝဇ္ဇံ၊ အပြစ်ကို။
သုဒဿံ၊ လွယ်ကူစွာမြင်ရ၏။
အတ္တနော၊ မိမိ၏။
ဝဇ္ဇံ ပန၊ အပြစ်ကိုမူကား။
ဒုဒ္ဒသံ၊ ခဲယဉ်းစွာမြင်ရ၏၊
တွညေဝ၊ သင်သည်သာလျှင်။
ပတိဉ္စ၊ မိဘပေးစား လင်ယောက်ျားကို၎င်း။
ဇာရဉ္ဇ၊ လမ်း၌ တွေ့မြင် တယောက်လင်ကို၎င်း။
ဇီနာ၊ ဆုံးရှုံးသည်ဖြစ်၍။
ဈာယသိ မညေ၊ ငါ့ထက် အဆအရာ စိုးရိမ်ကြံမှိုင်ရ၏ဟု ငါ အောက်မေ့၏။
မိန်းမက နောင်တရ၍ ဝန်ခံပုံ
မိဂရာဇ၊ သားများသေဌ်နင်း မင်းဖြစ်ပေသော။
ဇမ္ဗုက၊ မြေခွေး။
တွံ၊ သင်သည်။
ယထာ၊ အကြင်အခြင်းဖြင့်။
ဘာသသိ၊ ပြောဆို၏။
ဧဝမေဝ၊ ဤသင်ဆိုသော အခြင်းအရာဖြင့်သာလျှင်။
ဟောမိ၊ ဖြစ်ရချေ၏။
အဟံ၊ ငါသည်။
ဣတော၊ ဤအရပ်မှ။
ဂန္တွာ၊ သွား၍။
ပုန၊ တဖန်။
ဘတ္တာရံ၊ လင်ကို။
လဘိတွာ၊ ရသည်ရှိသော်။
နူန၊ စင်စစ်။
ဘတ္တု၊ လင်၏။
ငသာနုဂါ၊ အလိုသို့လိုက်၍ ကျင့်သည်။
ဟေဿံ၊ ဖြစ်ပေအံ့။
သိကြားမင်းက အရှက်ကွဲလောက်အောင် နောက်ဆုံး ဆိုပုံ
ယော၊ အကြင်သူသည်။
မတ္တိကံ ထာလံ၊ မြေခွက်ကို။
ဟရေ၊ ခိုး၏။
သော၊ ထိုမြေခွက်ကိုမျှ ခိုးတတ်သောသူသည်။
ကံသထာလံပိ၊ ရွှေခွက် ငွေခွက် စသောခွက်ကိုလည်း။
ဟရေ၊ ခိုးအံ့ စင်းစင်းတည်း။
တယာ၊ သင်သည်။
ပါပံ၊ ယုတ်မာသောအမှုကို။
ကတေဉ္စဝ၊ ပြုပြီးသည်သာတည်း။
ပုနပိ၊ တဖန်လည်း။
ဧဝံ၊ ဤသို့ယုတ်မာသောအမှုကို။
ကရိဿသိ၊ ပြုပြန်လတ္တံ့ စင်းစင်းတည်း။
ဤသို့လျှင် ပဉ္စကနိပါတ်၌ စူဠဓနုဂ္ဂဟဇာတ်ကို ချဲ့၍ ဟောတော်မူပြီးလျှင် ထိုအခါ -
စူဠဓနုဂ္ဂဟ သုခမိန်သည် သင်ရဟန်း ဖြစ်လေ၏၊
ထိုမိန်းမသည် ယခုအခါ ဤသတို့သ္မီးငယ်ဖြစ်လေ၏၊
မြေခွေးအသွင်ဖြင့်လာ၍ ထိုမိန်းမအား နှိပ်ကွပ်ပြော ဆိုခြင်းကိုပြုတတ်သော သိကြားနတ်မင်းကား ငါဘုရားသာလျှင် ဖြစ်လေ၏
ဟု မိန့်တော်မူပြီးလျှင် ဤသို့လျှင် ထိုမိန်းမသည် ထိုခဏ၌တွေ့မြင်ရသောထိုခိုးသူ၌ ချစ်ခင်သဖြင့် ဇမ္ဗူဒီပါတကျွန်းလုံး၌ အမြတ်ဆုံးဖြစ်သော ပညာရှိယောက်ျားကို အသက်မှ ချဖူးလေပြီ၊ ချစ်သားရဟန်း - ထိုမိန်းမကို အကြောင်းပြု၍ ဖြစ်သော ဘဝတဏှာကို ဖြတ်၍ နေချေလော့ဟု ထိုရဟန်းကို ဆုံးမပြီးလျှင် ထို့ထက်အလွန်လည်းဖြစ်သော တရားကို ဟောလိုသည်ဖြစ်၍ ဤ ဂါထာတို့ကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၄၈။ ဝိတက္ကမထိတဿ ဇန္တုနော၊ တိဗ္ဗရာဂဿ သုဘာနုပဿိနော။
ဘိယျော တဏှာ ပဝဍ္ဎတိ၊ ဧသ ဂါဠှံ ကရောတိ ဗန္ဓနံ။
၃၄၉။ ဝိတက္ကုပသမေဝ ယောရတော၊ အသုဘံဘာဝယတိ သဒါသတော။
ဧသေ ခေါ ဗျန္တိံ ကာဟတိ၊ ဧသ ဆိန္ဒတိ မာရဗန္ဓနံ။
ဝိတက္ကမထိတဿ၊ ကာမဝိတက် စသည်တို့သည် အမြဲလုံးထွေး နှိပ်စက်အပ်သော။
တိဗ္ဗရာဂဿ၊ ထက်သောရာဂရှိထသော။
ဝါ၊ ထူပြောများပြားသော ရာဂရှိထသော။
သုဘာနုပဿိနော၊ တင့်တယ်၏ဟု ရှုလေ့ရှိထသော။
(ကောင်းသောအာရုံ၌ တင့်တယ်သောအာရုံကို ယူခြင်းစသည် အစွမ်းဖြင့် လွှတ်ထားအပ်သော စိတ်ရှိခြင်းကြောင့် ဟူလို။)
ဇန္တုနော၊ သတ္တဝါအား။
တဏှာ၊ ဆဒွါရိကတဏှာသည်။
ဘိယျော၊ လွန်စွာ။
ပဝဍ္ဎတိ၊ တိုးပွား၏။
ဧသ-ဧသော ဇန္တု၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည်။
ဗန္ဓနံ၊ တဏှာဟူသောအဖွဲ့ကို။
ဂါဠှံ၊ မြဲစွာ။
ကရောတိ၊ ပြု၏။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ဝိတက္ကုပသမေဝ၊ မိစ္ဆာဝိတက်စသည်တို့ကိုငြိမ်း စေတတ်သော အသုဘဈာန်၌သာလျှင်။
ရတော၊ မွေ့လျော်ခြင်းရှိသည်ဖြစ်၍။
သဒါ၊ အခါခပ်သိမ်း။
သတော၊ သတိရှိသည်ဖြစ်၍။
အသုဘ၊ ဆယ်ပါးသော အသုဘကို။
ဘာဝယတိ၊ ပွားစေ၏။
ဧသ-ဧသောပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။
ခေါ၊ စင်စစ်။
ဗျန္တိံ၊ ဘဝတဏှာ လွတ်ကင်းပျောက်ပျက်ခြင်းကို။
ကာဟတိ၊ ပြုလတ္တံ့ ။
ဧသ-ဧသောပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။
မာရဗန္ဓနံ၊ တေဘူမကဝဋ် ဟူသော မာရ်၏ အနှောင်အဖွဲ့ကို။
ဆိန္ဒတိ၊ ဖြတ်နိုင်၏။
ဝါ-ဖြတ်နိုင်လတ္တံ့။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုရဟန်းငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
စူဠဓနုဂ္ဂဟသုခမိန် ဝတ္ထု ပြီး၏။
၈ - မာရ်နတ် ဝတ္ထု
နိဋ္ဌင်္ဂတော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မာရ်နတ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဆင်ပြောင်အသွင်ဖြင့် ရာဟုလာကို ချောက်လှန့်ခြင်း
တနေ့သ၌ အချိန်မဲ့ ညဉ့်အခါ များစွာသော မထေရ်တို့သည် ဇေတဝန် ကျောင်းတော်သို့ ဝင်၍ ရာဟုလာမထေရ်၏ နေရာအရပ်သို့ သွားပြီးလျှင် ထို ရာဟုလာကို နေရာမှ ထသွားစေကြလေ ကုန်၏၊ ထိုရာဟုလာသည် တပါးသော အရပ်၌ နေရာအရပ်ကို မမြင်သောကြောင့် မြတ်စွာဘုရား၏ ဂန္ဓကုဋိတိုက်အဝ မုတ်ဦး၌ ကျိန်းစက်လေ၏၊ ထိုအခါ၌ ထိုအရှင်ရာဟုလာသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသည်ဖြစ်၍ အသက်ရှစ်နှစ် ရှိသည်သာလျှင် ဖြစ်၏။
မာရ်နတ်သည် ဝသဝတ္တီ နတ်ပြည်၌ တည်လျက်သာလျှင် ထိုအရှင်ရာဟုလာ ဂန္ဓကုဋိတိုက် မုတ်ဦး၌ ကျိန်းစက်နေသည်ကိုမြင်ရလျှင် ရဟန်းဂေါတမ၏ နာကျင်စဖွယ် ဖြစ်သော လက်ချောင်း (ရာဟုလာ) သည် ဂန္ဓကုဋိပြင်ပ၌ အိပ်စက်၏၊ ကိုယ်တော် မြတ်သည်ကား ဂန္ဓကုဋိတိုက်အတွင်း၌ ကျိန်းစက်တော်မူ၏၊ လက်ချောင်းကို နှိပ်စက်အပ်သည်ရှိသော် ကိုယ်တိုင်တော်ကို နှိပ်စက် အပ်သည် ဖြစ်လတ္တံ့ဟု ကြံစည်လေ၏။
မာရ်နတ်သည် ကြီးစွာသော ဆင်မင်းရုပ်သဏ္ဌာန် အဆင်းကို ဖန်ဆင်းကာ လာပြီးလျှင် နှာမောင်းဖြင့် ရာဟုလာမထေရ်၏ ဦးထိပ်ကို ရစ်ပတ်လျက် သည်းစွာသော အသံဖြင့် ကြိုးကြာ သံကိုမြည်လေ၏၊ မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ထိုသူ၏ မာရ်နတ် အဖြစ်ကို သိတော်မူရ၍ ဟယ်မာရ်နတ်-သင်သို့သဘောရှိသော သူတို့၏ အထောင်သည်လည်း ငါဘုရား၏ သားတော်အား ကြောက်လန့်ခြင်းကို ဖြစ်စေခြင်းငှါ မတတ်ကောင်း၊ ငါဘုရား၏ သားတော်သည် ထိတ်လန့်ခြင်း မရှိ၊ ကင်းပြီးသော တဏှာလည်း ရှိ၏၊ ကြီးသောလုံ့ လလည်း ရှိ၏၊ ကြီးမြတ်သော ပညာလည်း ရှိ၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၅ဝ။ နိဋ္ဌင်္ဂတော အသန္တာသီ၊ ဝီတတဏှော အနင်္ဂဏော။
အစ္ဆိန္ဒိ ဘဝသလ္လာနိ၊ အန္တိမော ယံ သမုဿယော။
၃၅၁။ ဝီတတဏှော အနာဒါနော၊ နိရုတ္တိပဒ ကောဝိဒေါ။
အက္ခရာနံ သန္နိပါတံ၊ ဇညာ ပုဗ္ဗာပရာနိ စ။
သ ဝေ အန္တိမ သရီရော၊ မဟာပညော မဟာပုရိသောတိ ဝုစ္စတိ။
ယော၊ အကြင်သူသည်။
နိဋ္ဌင်္ဂတော၊ အရဟတ္တဖိုလ်တည်းဟူသော အပြီးသို့ ရောက်ပြီ။
(ဤသာသနာတော်၌ ရဟန်းတို့၏ အရဟတ္တဖိုလ်သည် နိဋ္ဌမည်၏၊ ထို နိဋ္ဌသို့ ရောက်ပြီ ဟူလို။)
အသန္တာသီ၊ ရာဂစသည် မရှိခြင်းကြောင့် ထိတ်လန့်ခြင်း သဘောမရှိ။
ဝီတတဏှော၊ ကင်းသော တဏှာရှိ၏။
အနင်္ဂဏော၊ ကိလေသာမရှိ။
ဘဝသလ္လာနိ၊ ဘဝသုံးပါးသို့ လားစေတတ်ကုန်သော မြှားကြောင့်တို့ကို။
အစ္ဆိန္ဒိ၊ ဖြတ်လေပြီ။
ဧတဿ၊ ဤသူ၏။
အယံသမုဿယော၊ ဤခန္ဓာကိုယ်သည်။
အန္တိမော၊ အဆုံး ဖြစ်သော ဘဝနှင့်ယှဉ်၏။
ယော၊ အကြင်သူသည်။
ဂီတတဏှော၊ ကင်းသောတဏှာရှိ၏။
အနာဒါနော၊ ခန္ဓာစသည်တို့၌ စွဲလမ်း၍ ယူခြင်းမရှိ။
နိရုတ္တိ ဒကောဝိဒေါ၊ သဒ္ဒါ၌ ၎င်း, ပုဒ်တို့၌၎င်း လိမ်မာ၏။
(ပဋိသမ္ဘိဒါ လေးပါးတို့၌ လိမ်မာကျွမ်းကျင်၏ ဟူလို။)
အက္ခရာနံ၊ အက္ခရာတို့၏။
သန္နိပါတဉ္စ၊ စုဝေးသော အပေါင်းကို၎င်း။
ပုဗ္ဗာပရာနိ စ၊ ရှေ့အက္ခရာဖြင့် နောက်အက္ခရာ, နောက်အက္ခရာဖြင့် ရှေ့အက္ခရာ တို့ကို၎င်း။
ဇညာ၊ သိ၏၊
(ရှေ့အက္ခရာဖြင့် နောက်အက္ခရာကို သိခြင်းဟူသည်ကား အစထင်ရှား သည်ရှိသော် အလယ် အဆုံးတို့ မထင်ရှားသော်လည်း ဤ အစအက္ခရာတို့၏ အလယ်ကား ဤအက္ခရာ, အဆုံးကား ဤအက္ခရာဟု သိခြင်းပင်တည်း၊
နောက်အက္ခရာဖြင့် ရှေ့အက္ခရာကို သိခြင်းဟူသည်ကား အဆုံးထင်ရှားသည် ရှိသော် အစ, အလယ်တို့ မထင်ရှားသော်လည်း ဤအဆုံး အက္ခရာတို့၏ အလယ်ကား ဤအက္ခရာ, အစကား ဤအက္ခရာဟု သိခြင်း ပင်တည်း၊
အလယ်ထင်ရှားသော်လည်း ဤအလယ်အက္ခရာတို့၏ အစကား ဤအက္ခရာ, အဆုံးကား ဤအက္ခရာဟု သိခြင်းပင်တည်း။)
အန္တိမသရီရော၊ အဆုံးစွန်၌ တည်သော ကိုယ်ရှိသော ထိုသူကို။
မဟာ ပညောတိ၊ မြတ်သောပညာရှိ ဟူ၍၎င်း။
(အတ္ထ, ဓမ္မ နိရုတ္တိ, ပဋိဘာန်တို့ကို၎င်း၊ သီလအစု စသည်တို့ကို၎င်း သိမ်းယူနိုင်သောပညာနှင့် ပြည့်စုံသောကြောင့် ဟူလို။)
မဟာပုရိသောတိ၊ ကိလေသာတို့မှ လွတ်ပြီးသော စိတ်ရှိသည်၏ အဖြစ်ကြောင့် မဟာပုရိသ ဟူ၍၎င်း။
ဝုစ္စတိ၊ ဆိုအပ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏၊ ယုတ်မာလှစွာသော မာရ်နတ်သည်လည်း ငါ့ကို ရဟန်းဂေါတမသည် သိချေပြီ တကားဟု ထိုအရပ်၌ပင်လျှင် ကွယ်ပျောက် သွားလေ၏။
မာရ်နတ် ဝတ္ထု ပြီး၏။
၉ - ဥပကမည်သော တက္ကတွန်းဝတ္ထု
သဗ္ဗာဘိဘူ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် လမ်းခရီးအကြား၌ ဥပကအမည်ရှိသော အာဇီဝက တက္ကတွန်းကို အကြောင်း ပြု၍ ဟောတော်မူလေ၏။
ဥပကနှင့် ရှေးဦးစ္စာ တွေ့ဆုံခြင်း
တပါးသောအခါ၌ မြတ်စွာဘုရားသည် ရအပ်သော သဗ္ဗညုတဉာဏ် ရှိတော်မူပြီးသည်ဖြစ်၍ ဗောဓိမဏ္ဍိုင်၌ ခုနစ်ရှက် ခုနစ်လီဖြစ်သော သတ္တသတ္တာဟကို လွန်စေပြီးလျှင် ကိုယ်တော်မြတ်၏ သပိတ်သင်္ကန်းကို ယူတော်မူလျက် တရား တည်းဟူသောစက်ကို လည်စိမ့်သောငှါ ဓမ္မစကြာ တရားကို ဟောကြားခြင်းငှါ ဗာရာဏသီပြည်ကို ရည်မှန်း၍ တဆယ့်ရှစ်ယူဇနာရှိသော လမ်းခရီးကို ကြွသွားတော်မူစဉ် လမ်းခရီးအကြား၌ ဥပကမည်သော အာဇီဝက တက္ကတွန်းကို မြင်တော်မူလေ၏။
ထိုတက္ကတွန်းသည်လည်း မြတ်စွာဘုရားကို ဖူးမြင်ရပြီးလျှင် ငါ့သျှင်-သင်၏ စက္ခုစသော ဣန္ဒြေ တို့သည် ကြည်လင်လှကုန်၏၊ အရေအဆင်းသည် သန့်ရှင်းဖြူစင်လှဘိ၏၊ ပြိုးပြိုးပြက်သော အရောင်ရှိဘိ၏၊ ငါ့သျှင် - သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုလေသနည်း၊ အဘယ် သူသည် သင်၏ ဆရာဖြစ်သနည်း အဘယ်သူ၏တရားကို အသင် နှစ်သက်ဘိသနည်းဟု မေးမြန်း လေ၏၊ ထိုအခါ ဥပကအား မြတ်စွာဘုရားသည် ငါ၏ ဥပဇ္ဈာယ်သည်၎င်း, ဆရာသည်၎င်း မရှိဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၅၂။ သဗ္ဗာဘိဘူ သဗ္ဗဝိဒူ ဟမသ္မိ၊ သဗ္ဗေသု ဓမ္မေသု အနုပလိတ္တော။
သဗ္ဗံဇဟော တဏှာက္ခယေ ဝိမုတ္တော၊ သယံ အဘိညာယ ကမုဒ္ဒိသေယျ။
ဥပက၊ ဥပက။
အဟံ၊ ငါဘုရားသည်။
သဗ္ဗာဘိဘူ၊ အလုံးစုံသော တေဘူမက ဓမ္မတရားတို့ကို နှိပ်နင်းဖျက်ဆီးသည်။
အသ္မိ၊ ဖြစ်ပြီ။
သဗ္ဗေသု၊ သိအပ်သော ဘုံလေးပါး၌ရှိသော တရားတို့ကိုသိသည်။
အသ္မိ၊ ဖြစ်ပြီ။
သဗ္ဗေသု၊ အလုံးစုံ ကုန်သော။
ဓမ္မေသု၊ တေဘူမကတရားတို့၌။
အနုပလိတ္တော၊ တဏှာဒိဋ္ဌိတို့ဖြင့် မလိမ်းကျံသည်။
အသ္မိ၊ ဖြစ်ပြီ။
သဗ္ဗံဇဟော၊ အလုံးစုံကုန်သော တေဘူမကတရားကို စွန့်၍ တည်သည်။
အသ္မိ၊ ဖြစ်ပြီ။
တဏှာက္ခယေ၊ တဏှာ၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်၌။
ဝိမုတ္တော၊ ကင်းလွတ်သော စိတ်ရှိသည်။
အသ္မိ၊ ဖြစ်ပြီ။
သယံ၊ ကိုယ်တိုင်။
အဘိညာယ၊ သစ္စာလေးပါး တရားကိုသိပြီး ဖြစ်၍။
ကံ၊ အဘယ်သူကို။
ဥဒ္ဒိသေယျံ၊ ဤသူ ငါ့ဆရာဟူ၍ ညွှန်ရအံ့နည်း။
ဒေသနာတော်နှင့် ဥပက၏ သဘောထား
ဒေသနာတော်၏ အဆုံး၌ ဥပက အမည်ရှိသော အာဇီဝက တက္ကတွန်းသည် မြတ်စွာဘုရား၏ စကားတော်ကို နှစ်သက်သည်လည်း မဟုတ် ပစ်ပယ်သည်လည်း မဟုတ် ဦးခေါင်းကိုသာလှုပ်၍ လျှာကို လှုပ်ရှားပြီးလျှင် တဖဝါး လှမ်းသွားလောက်သော လမ်းခရီးကို ယူသဖြင့် အမှတ်မရှိသော မုဆိုးတို့နေရာ အရပ်သို့ သွားလေ၏။
ဥပကမည်သော တက္ကတွန်းဝတ္ထု ပြီး၏။
၁၀-သိကြားမင်း ပြဿနာ ဝတ္ထု
သဗ္ဗဒါနံ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သိကြား နတ်မင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
နတ်တို့ပြဿနာ အတွက် နတ်မင်းကြီးတို့ထံ သွားခြင်း
တပါးသောအခါ၌ တာဝတိံသာ နတ်သားတို့သည် စည်းဝေးကြကုန်လျက် -
အလှူတို့တွင် အဘယ် အလှူသည် အကြီးဆုံးဖြစ်သနည်း၊
အရသာတို့တွင် အဘယ် အရသာသည် အကြီးဆုံးဖြစ်သနည်း၊
မွေ့လျော်ခြင်းတို့တွင် အဘယ် မွေ့လျော် ခြင်းသည် အကြီးဆုံးဖြစ်သနည်း၊
တဏှာ၏ကုန်ခြင်းကိုသာလျှင် အဘယ့်ကြောင့် အကြီးဆုံး အမြတ်ဆုံးဟူ၍ ဆိုအပ်သနည်း၊
ဤသို့ လေးပါးသော ပြဿနာတို့ကို ဖြစ်စေကြလေကုန်၏။
ထို လေးပါးသော ပြဿနာတို့ကို တယောက်သော နတ်မျှလည်း ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်လေ၊ နတ်သားတယောက်သည်ကား နတ်သားတယောက်ကို, ထို နတ်သားသည်လည်း အခြားနတ်သား တယောက်ကို ဤသို့ အချင်းချင်း မေးမြန်းကြကုန်လျက် တသောင်းသော စကြဝဠာတိုက်တို့၌ တဆယ့် နှစ်နှစ်တို့ ပတ်လုံး သွားလာ လှည့်လည်ကြလေကုန်၏။
ဤမျှ အတိုင်း အရှည်ရှိသော ကာလဖြင့်လည်း မေးမြန်းအပ်သော ပြဿနာတို့၏ အနက်ကို မမြင်နိုင်ကြ ကုန်သောကြောင့် တသောင်းသော စကြဝဠာတိုက်၌ နေကုန်သော နတ်တို့သည် စည်းဝေးကုန်၍ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့၏ အထံသို့သွားကြသဖြင့် ချစ်သားတို့ - အဘယ့်ကြောင့် များစွာသော နတ်တို့သည် စည်းဝေးကြကုန်ဘိသနည်းဟု မေးမြန်းသည်ရှိသော် ပြဿနာ လေးပါးတို့ကို ဖြစ်စေပြီးလျှင် ဆုံးဖြတ်ခြင်းငှါ မတတ်နိုင် သောကြောင့် အရှင်နတ်မင်းတို့၏ အထံသို့ လာကြရပါကုန်၏ဟု လျှောက်ကြားကြလေကုန်၏။
ချစ်သားတို့- ဤ ပြဿနာမည်သည်ကား အဘယ်နည်းဟု မေးလတ်သည်ရှိသော် အလှူ, အရသာ, မွေ့လျော်ခြင်းတို့တွင် အဘယ်မည်သော အလှူ, အရသာ, မွေ့လျော်ခြင်းသည် မြက်သနည်း၊ တဏှာ၏ ကုန်ခြင်းသည်လည်း အဘယ့်ကြောင့် မြတ်သနည်း၊ ဤသို့ ဤပြဿနာတို့ကို ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်သောကြောင့် လာကြရ ပါကုန်၏ဟု လျှောက်ကြားကြလေ၏။
သိကြားမင်းနှင့်တကွ ဘုရားထံ သွားခြင်း
ချစ်သားတို့ - ငါတို့သည်လည်း ဤ ပြဿနာတို့၏ အနက်ကို မသိကြကုန်၊ ငါတို့၏ အရှင် သိကြားမင်းကား မျက်စိတထောင်ဖြင့် ကြံစည်အပ်သော အကြောင်းအရာတို့ကို ကြံစည်၍ ထိုခဏချင်းဖြင့်သာလျှင် သိနိုင်၏၊ ထိုသိကြားမင်းသည် ငါတို့ထက် ပညာအားဖြင့်၎င်း, ဘုန်းကံ အားဖြင့်၎င်း ထူးမြတ်၏၊ လာကြကုန်လော့၊
ထိုသိကြားမင်း၏အထံသို့ သွားကြကုန်စိုအံ့ဟု ဆို၍ ထိုနတ် အပေါင်းကိုသာလျှင် ခေါ်ဆောင်ပြီး လျှင် သိကြားနတ်မင်း၏အထံသို့ သွားကြသဖြင့် ထို သိကြားမင်းသည်လည်း ချစ်သားတို့-အဘယ့်ကြောင့် များစွာသောနတ်တို့ စည်းဝေးကြကုန်ဘိသနည်းဟု မိန့်ဆိုလတ်သည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။
ချစ်သားတို့-ဤပြဿနာတို့၏ အနက်ကို တပါးသောသူသည်လည်း သိခြင်းငှါ မတတ်နိုင်ရာ၊ ဤပြဿနာတို့ကား ဘုရားရှင်တို့၏ အရာသာဖြစ်၏၊ မြတ်စွာဘုရားသည် ယခုအခါ အဘယ် အရပ်၌ နေတော်မူသနည်းဟု မေးလတ်သော် ဇေတဝန်ကျောင်းတော်၌ နေတော်မူ၏ဟူသော စကားကိုကြား ရသောကြောင့် လာကြကုန်လော့၊ မြတ်စွာဘုရား၏ အထံတော်သို့ သွားကြကုန် စိုအံ့ဟု နတ်အပေါင်းတို့နှင့် အတူတကွ ညဉ့်အဖို့၌ အလုံးစုံသော ဇေတဝန် ကျောင်းတော်ကြီးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ ရပ်နေလျက် မြတ်သော သိကြားမင်း- အဘယ့်ကြောင့် များစွာသော နတ်အပေါင်းနှင့်တကွ လာဘိသနည်းဟု မိန့်ဆိုတော်မူလတ်သည်ရှိသော် ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား - နတ်အပေါင်းသည် ဤမည်သော ပြဿနာတို့ကို ဖြစ်စေအပ်ပါကုန်၏၊ ဤပြဿနာတို့၏ အနက်ကို သိခြင်းငှါစွမ်းနိုင်သော တပါးသောသူ မည်သည်မရှိပါ၊ တပည့်တော်တို့အား ဤပြဿနာတို့၏အနက်ကို ထင်ရှားစွာပြတော် မူကြပါဘုရားဟု နားတော်လျှောက်လတ်သော် မြတ်စွာဘုရားသည် မြတ်သော သိကြားမင်း- ကောင်းပေစွ၊ ငါဘုရားသည် ပါရမီတို့ကို ဖြည့်ကျင့်တော်မူ၍ စွန့်ခြင်းကြီးတို့ကို စွန့်တော်မူ၍ သင်တို့ကဲ့သို့ သဘောရှိသောသူတို့၏ ယုံမှားခြင်းကို ပယ်ဖျောက်နိုင်ခြင်း အကျိုးငှါ သာလျှင် သဗ္ဗညုတ ဉာဏ်တော်ကို ထိုးထွင်း၍ သိရပေပြီ၊
သင်မေးအပ်သော ပြဿနာ၏အဖြေကား --
အလုံးစုံသောအလှူတို့တွင် တရားအလှူသည် မြတ်၏။
အလုံးစုံသော အရသာတို့တွင် တရား အရသာသည် မြတ်၏,
အလုံးစုံသောမွေ့လျော်ခြင်းတို့တွင် တရား၌မွေ့လျော်ခြင်းသည် မြတ်၏၊
တဏှာ၏ကုန်ခြင်းသည် အရဟတ္တဖိုလ်သို့ ရောက်စေတတ်သောကြောင့် မြတ်သည်သာလျှင် တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၅၃။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတီ ဇိနာတိ၊ တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
သဗ္ဗဒါနံ၊ အလုံးစုံသော အလှူကို။
ဓမ္မဒါနံ၊ တရားဟောခြင်းစသော ဓမ္မဒါနသည်။
ဇိနာတိ၊ အောင်၏။
သဗ္ဗရသံ၊ အလုံးစုံသော အရသာကို။
ဓမ္မရသော၊ တရားတည်းဟူသောအရသာသည်။
ဇိနာတိ၊ အောင်၏။
သဗ္ဗရတိံ၊ အလုံးစုံသော မွေ့လျော်ခြင်းကို။
ဓမ္မရတီ၊ တရားဖြင့်မွေ့လျော်ခြင်းသည်။
ဇိနာတိ၊ အောင်၏။
တဏှာက္ခယော၊ တဏှာ၏ ကုန်ခြင်းသည်။
ဝါ- တဏှာ၏ကုန်ရာ အရဟတ္တဖိုလ်သည်။
သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဆင်းရဲကို။
ဇိနာတိ၊ အောင်၏။
ဒေသနာတော်၌ မှတ်ဖွယ်
(စကြဝဠာတိုက်၌ ဗြဟ္မာ့ပြည်တိုင်အောင် အကြားကွက်လပ်မရှိ နေထိုင်ကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့အား ငှက်ပျောရွက်ဖူးလိပ်နှင့် တူသော သင်္ကန်းတို့ကိုလှူငြားအံ့၊ ထိုအလှူပွဲ၌ လေးပါဒရှိသော ဂါထာဖြင့် ပြုအပ်သော တရားအနုမောဒနာကသာလျှင် သာလွန်၍ မြတ်၏။
ထို အလှူသည် ထိုဂါထာ၏ တဆယ့်ခြောက်စိတ် စိတ်၍တစိတ်လောက်မျှ အဘိုး မထိုက်၊ ဤသို့တရားတော်ကို ဟောခြင်းသည်၎င်း, ချပို့ခြင်းသည်၎င်း, နာကြားခြင်းသည်၎င်း မြတ်၏၊ များစွာသောလူတို့ကို တရားနာရလေအောင် ပြုသော ထိုသူအား အကျိုးအာနိသင် များလှပေ၏။
ထိုသို့သဘောရှိသော -
ပရိသတ်၌ မွန်မြတ်သော ဆွမ်းဖြင့် သပိတ်ပြည့်စေ၍ လှူအပ်သော အလှူထက်၎င်း,
ထောပတ် ဆီ စသည်တို့ဖြင့် သပိတ်ပြည့်စေ၍ လှူအပ်သော ဆေး အလှူထက်၎င်း,
မဟာဝိဟာရ ကျောင်းတိုက်ကြီးမျိုး လောဟပါသာဒ ပြာသာဒ်ကြီးမျိုးတို့ကို အသိန်းမက များစွာ ဆောက်လုပ်၍ လှူအပ်သော ကျောင်းအလှူထက်၎င်း,
အနာထပိဏ် သူဌေးကြီး စသည်တို့သည် ကျောင်းတို့ကို အကြောင်းပြု၍ ပြုအပ်သော စွန့်ကြဲခြင်း ထက်၎င်း,
အယုတ်အားဖြင့် လေးပါဒရှိသော ဂါထာဖြင့် အနုမောဒနာ အစွမ်းဖြင့်သော်လည်း ဖြစ်စေ အပ်သော တရားအလှူသည်သာလျှင် မြတ်ပေ၏။
အဘယ့်ကြောင့်နည်းဟူမူ ကား ဤသို့သော ကောင်းမှုတို့ကို ပြုကြသော သူတို့သည် တရားတော် နာကြားရမှသာလျှင် ပြုနိုင်ကြကုန်၏၊ မနာကြားရသော် မပြုနိုင်ကြကုန်။
ဤသတ္တဝါတို့သည် အကယ်၍ တရားမနာရကုန်သည်ဖြစ်အံ့ တယောက်ချိုမှသော ယာဂုကို၎င်း, တယောက်မမျှသော ဆွမ်းကို၎င်း မလှူဒါန်းနိုင်ကြကုန်၊ ဤအကြောင်းကြောင့် အလုံးစုံသော အလှူတို့ထက် တရားအလှူသာလျှင် အထူး မြတ်ပေ၏။
တနည်းလည်း ဘုရား ပစ္စေကဗုဒ္ဓါတို့ကို ဖယ်ထား၍ တကမ္ဘာပတ်လုံး ရွာသွန်းသောမိုဃ်း၌ ရေပေါက်တို့ကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော ပညာသခင် အရှင်သာရိပုတြာ စသည်တို့သော် မှလည်း မိမိသဘောအားဖြင့် သောတာပတ္တိဖိုလ်စသည်တို့ကို ရခြင်းငှါ မစွမ်းနိုင်ကြကုန်၊ အဿဇိမထေရ် စသည်တို့သည် ဟောအပ်သော တရားကို နာကြားရမှ သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုနိုင်ကြလေကုန်၏၊ မြတ်စွာဘုရား၏ တရား ဒေသနာဖြင့် သာဝကပါရမီ ဉာဏ်တော်ကို မျက်မှောက်ပြုနိုင်ကြလေ ကုန်၏။
မြတ်သော သိကြားမင်း-ဤအကြောင်းကြောင့်လည်း ဓမ္မဒါနသည် သာလျှင် အမြတ်ဆုံး ဖြစ်ပေ၏၊ ထို့ကြောင့်“သဗ္ဗဒါနံ ဓမ္မဒါနံဇိနာတိ”ဟု ဟောတော်မူအပ်၏။
အနံ့အရသာ အစရှိသော အလုံးစုံသော အရသာတို့သည်၎င်း, အလွန်အားဖြင့် နတ်သုဓာဘုတ် ဘောဇဉ်အရသာသည်၎င်း သံသရာဝဋ်၌ ကျစေ၍ ဆင်းရဲခံရခြင်း၏ အကြောင်းသာဖြစ်၏၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးဟူသော တရားအရသာ လောကုတ္တရာတရား ကိုးပါးဟူသော တရား အရသာကိုသာလျှင် အလုံးစုံသော အရသာတို့တွင် အမြတ်ဆုံး အကောင်း ဆုံးဖြစ်၏၊ ထို့ကြောင့် “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ”ဟု ဟောတော် မူအပ်၏။
သားဖြင့် မွေ့လျော်ခြင်း, သ္မီးဖြင့် မွေ့လျော်ခြင်း, ပစ္စည်းဥစ္စာဖြင့် မွေ့လျော်ခြင်း, မိန်းမဖြင့် မွေ့လျော်ခြင်း, ကခြင်း သီခြင်း တီးမှုတ်ခြင်း စသည်တို့ဖြင့် မွေ့လျော်ခြင်းစသော များသော အပြားရှိသော မွေ့လျော်ခြင်း ဟူသမျှသည် လောက၌ ရှိ၏၊ ထိုမွေ့လျော်ခြင်း ဟူသမျှ သည်လည်း သံသရာဝဋ်၌ ကျစေ၍ ဆင်းရဲခံရခြင်း၏ အကြောင်းသာဖြစ်လေ၏။
အကြင် မွေ့လျော်ခြင်းသည်ကား တရားဟောကြားသော သူ၏၎င်း, တရားနာသော သူ၏၎င်း, ပို့ချသင်ပေးသော သူ၏၎င်း ကိုယ်တွင်း၌ ဖြစ်သော်လည်း ဝမ်းမြောက်သောသူ၏ အဖြစ်ကို ဖြစ်စေနိုင်၏၊ မျက်ရည်တို့ကို ယိုကျစေ နိုင်၏၊ ကြက်သီး မွေးညှင်း ထခြင်းကို ဖြစ်စေနိုင်၏၊ သံသရာဝဋ်၏ အဆုံးကို ပြု၍ အရဟတ္တဖိုလ် အဆုံးရှိ၏။
ထို့ကြောင့် အလုံးစုံသော မွေ့လျော်ခြင်း တို့တွင် ဤသို့သဘောရှိသော တရားဖြင့် မွေ့လျော်ခြင်း သည်သာလျှင် အမြတ်ဆုံး ဖြစ်ပေ၏၊ ထို့ကြောင့် “သဗ္ဗရတိံ ဓမ္မရတီ ဇိနာတိ”ဟု ဟောတော်မူအပ်၏။
တဏှာ၏ကုန်ခြင်းဟူသော တဏှာ၏ကုန်ရာ အဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သည် အလုံးစုံ လည်းဖြစ်သော ဝဋ်ဆင်းရဲကို နှိပ်စက် ဖျက်ဆီးနိုင်သောကြောင့် အလုံးစုံတို့ထက် အမြတ်ဆုံးသာ ဖြစ်၏၊ထို့ကြောင့်“တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ”ဟု ဟောတော်မူအပ်၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဤသို့လျှင် မြတ်စွာဘုရားသည် ဤဂါထာဖြင့် အနက်ကို ဟောကြားစဉ်ပင်လျှင် ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။
ကုသိုလ်အမျှဝေရန် သိကြားမင်း တောင်းပန်ခြင်း
သိကြားမင်းသည်လည်း မြတ်စွာဘုရား၏ တရားစကားတော်ကို ကြားနာရ၍ မြတ်စွာဘုရားကို ရှိခိုးလျက် မြတ်စွာဘုရား ဤသို့ အကြီးဆုံး အမြတ်ဆုံးဖြစ်သည်မည်သော တရားဟူသောအလှူကို ပေးလှူရာ၌ အဘယ်အကြောင်းကြောင့် တပည့်တော်တို့အား ကုသိုလ်အဖို့ကို မပေးဝေစေဘဲ နေကြပါသနည်း မြတ်စွာ ဘုရား၊ ဤနေ့မှစ၍ ရဟန်း သံဃာတော်အပေါင်းအား တရားဟောကြား ပြီးလျှင် တပည့်တော်တို့ အလို့ငှါ ကုသိုလ်အဖို့ကို ပေးဝေစေတော် မူကြပါ ဘုရားဟု လျှောက်ကြားလေ၏။
မြတ်စွာဘုရားသည် ထိုသိကြားမင်း စကားကို ကြားရလျှင် ရဟန်း သံဃာတော်အပေါင်းကို စည်းဝေးစေလျက် ချစ်သား ရဟန်းတို့-ယနေ့ကို အစပြု၍ ကြီးစွာသော တရားနာပွဲကို၎င်း, ပကတိ တရားနာပွဲကို၎င်း, အနီး၌ ချဉ်းကပ်သောသူအား ဟောပြောခြင်းကို၎င်း, အယုတ်သဖြင့် အနုမောဒနာ တရားကိုလည်း ဟောပြောပြီးလျှင် ခပ်သိမ်းသော သတ္တဝါ တို့အား ကုသိုလ်အဖို့ကို ပေးဝေကြကုန်လော့ဟု မိန့်ကြားတော်မူလေ၏။
သိကြားမင်းပြဿနာဝတ္ထု ပြီး၏။
၁၁ - အပုတ္တကသူဌေး ဝတ္ထု
ဟနန္တိဘောဂါ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သားသ္မီး တယောက်မျှ မရှိသော အပုတ္တကသူဌေးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အပုတ္တကသူဌေးကြီး အနိစ္စရောက်ခြင်း
ထိုသူဌေးကြီး၏ ကွယ်လွန်ပျက်စီးခြင်းကို ကြားသိတော်မူရသဖြင့် ပဿေနဒီ ကောသလ မင်းကြီးသည် “သားသ္မီး အမွှေခံ မရှိသော ဥစ္စာနှစ်သည် အဘယ်သူအား ရောက်သနည်း”ဟု မေးမြန်း စိစစ်သဖြင့် မင်းအားရောက်၏ ဟူသော စကားကို ကြားရလျှင် ထိုအပုတ္တက သူဌေးကြီးအိမ်မှ ဥစ္စာကို မင်းအိမ်တော်သို့ ခုနစ်ရက်တို့ဖြင့် ဆောင်ယူစေပြီးလျှင် မင်းကြီးသည် မြတ်စွာဘုရား၏ အထံတော်သို့ ချဉ်းကပ်သဖြင့် မြတ်သောမင်းကြီး သင် မင်းကြီးသည် ယခုအခါ၌ နေ့လည်ကြောင်တောင် အဘယ်မှလာခဲ့သနည်းဟု မိန့်တော်မူလတ်သည်ရှိသော် မြတ်စွာဘုရား - ဤသာဝတ္ထိပြည်၌ အပုတ္တကသူဌေးကြီး ကွယ်လွန်ခဲ့ပါသည်၊ တပည့်တော်သည် သားသ္မီးမရှိသော ထိုဥစ္စာနှစ်ကို နန်းတော်တွင်းသို့ဆောင်ပြီးလျှင် လာခဲ့ပါသည်ဘုရားဟု လျှောက်ထားလေသတတ်။
(အလုံးစုံကို သုတ်၌လာသော နည်းအားဖြင့်သာလျှင် သိအပ်၏။)
ထိုအပုတ္တက သူဌေးကြီးသည် ရွှေခွက်ဖြင့် အထူးထူး မွန်မြတ်သော အရသာ ရှိသော ဘောဇဉ်ကို ဆောင်ပို့အပ်သည်ရှိသော် ဤသို့ သဘောရှိသော ခဲဖွယ် ဘောဇဉ် မည်သည်ကို လူတို့သည် စားကြကုန်သတဲ့လော၊ သင်တို့သည် ငါနှင့် တကွ ဤအိမ်၌ ပြက်ရယ်မှုပြုကြ ကုန်ဘိသလောဟု ဆို၍ ဘောဇဉ် အာဟာရ အနီး၌ တည်လတ်သည်ရှိသော် အုတ်ခဲ, တုတ်, လှံတံ စသည်တို့ဖြင့် ပုတ်ခတ်ကာ ထွက်ပြေးစေပြီးလျှင် ဤဘောဇဉ်သည် လူတို့၏ဘောဇဉ်ဟုဆိုလျက် ပအုန်းရည် ဟင်းလျှင် နှစ်ခုမြောက်ရှိသော ဆန်ကွဲထမင်းကို စားသတတ်။
နှစ်သက်ဖွယ် ရှိကုန်သော အဝတ်ပုဆိုး, ယာဉ်, ထီးတို့ကိုလည်း ဆောင်၍ ထားအပ်ကုန်သည် ရှိသော် အုတ်ခဲ, လှံတံ စသည်တို့ဖြင့် ပုတ်ခတ်လျက် ထွက်ပြေးစေ၍ ပိုက်ဆံ လျှော်အဝတ်တို့ကို ဝတ်ဆင်၏၊ ဆွေးမြေ့သော ရထားဖြင့် ဆောင်အပ်သော သစ်ရွက်ထီးဖြင့် သွား၏။
ဤသို့ ပဿေနဒီ ကောသလမင်းကြီးသည် လျှောက် ကြားအပ်သည်ရှိသော် မြတ်စွာဘုရားသည် ထို အပုတ္တကသူဌေးကြီး၏ ရှေး၌ ပြုအပ်သောကံကို ဟောကြားတော်မူလေ၏။
အပုတ္တက သူဌေးကြီး၏ အတိတ်ကံ
မြတ်သောမင်းကြီး ထိုအပုတ္တက သူဌေးကြီးသည် ရှေး၌ သူဌေးသူကြွယ်ဖြစ် ဖူး၍ တဂရသိခီ အမည်ရှိသော ပစ္စေကဗုဒ္ဓါကို ဆွမ်းဖြင့် လူဒါန်းဖူး၏၊ အရှင် ပစ္စေကဗုဒ္ဓါအား ဆွမ်းကို လှူဒါန်းကြကုန်လော့ဟု ဆိုပြီးလျှင် ထိုသူဌေးသည် နေရာမှထ၍ ဖဲသွားလေ၏၊ သဒ္ဓါတရား မရှိသဖြင့် မလိမ်မာသော ထိုသူဌေးသည် ဤသို့ လှူဒါန်းကြကုန်လော့ဟု ဆို၍ ဖဲသွားသည်ရှိသော် ထိုသူဌေး၏သဒ္ဓါတရား နှင့် ပြည့်စုံ၍ ကြည်ညိုတတ်သော သူဌေးကတော်သည် ဤသူဌေး၏ ခံတွင်းမှ ပေးလော့ဟု ဆိုသောစကားကို ငါကြားရခြင်းသည် ငါ့အား - ကြာမြင့်လှလေပြီတကား၊ ယနေ့ငါ၏ နှလုံးအလိုကို ပြည့်စေလျက် ဆွမ်းကို လှူဒါန်းရပေတော့အံ့ဟု အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို ယူပြီးလျှင် မွန်မြတ်သော ဘောဇဉ်ဖြင့် ပြည့်စေလျက် လှူဒါန်းလေ၏။
ထိုသူဌေးသည်လည်း ပြန်လည် လာခဲ့သည်ရှိသော် ထိုပစ္စေကဗုဒ္ဓါကိုမြင်ရလျှင် ရှင်ရဟန်း-အသို့နည်း၊ အရှင်ဘုရားသည် တစုံတခုကို ရပါ၏လောဟု ဆိုသဖြင့် သပိတ်ကို ယူ၍ မွန်မြတ်သောဆွမ်းကို မြင်တဲ့လျှင် နှလုံးမသာယာခြင်း ရှိသည်ဖြစ်၍ ဤမွန်မြတ်လှသောဆွမ်းကို ကျွန်တို့သည်၎င်း, အမှုလုပ်သောသူတို့သည်၎င်း အကယ်၍ စားကြကုန်သည်ဖြစ်အံ့ မြတ်သေး၏၊ ထိုကျွန်အမှုလုပ်သော သူတို့သည် ဤဆွမ်းကို စား၍ ငါ၏အမှုကို ပြုလုပ်ကြကုန်လတ္တံ့၊ ဤ ရဟန်းသည်ကား သွား၍ စားပြီးလျှင် အိပ်လတ္တံ့၊ ငါ၏ ထိုဆွမ်းကား ပျက်စီးခဲ့လေပြီတကားဟု ကြံစည် အောက်မေ့မိရှာလေ၏။
ထိုသူဌေးသည် အစ်ကိုမှ ပေါက်ဖွားသော တယောက်သော သားငယ်ကို ဥစ္စာနှစ် ဟူသော အကြောင်းကြောင့် အသက်မှ ချဖူး၏၊ ထို သူငယ်သည် ထိုသူဌေး၏ လက်ချောင်းကို ဆွဲကိုင်လျက် လှည့်လည်စဉ် ဤလှည်းကား ကျွန်တော့ဖခင်၏ ဥစ္စာဖြစ်သောလှည်းတည်း၊ ဤနွားသည် ထိုဖခင်၏ နွားဖြစ်သည်၊ ဤသို့စသော စကားတို့ကို ပြောဆိုဘိသတတ်။
ထိုအခါ သူငယ်ကို ထိုသူဌေးသည် ယခုအခါ၌ပင် ဤသူငယ်သည် ဤသို့ဆိုသေး၏၊ ဤသူငယ် အရွယ်ကြီးခြင်းသို့ ရောက်လတ်သောအခါ ဤအိမ်၌ဥစ္စာတို့ကို အဘယ်သူ စောင့်နိုင်လတ္တံ့နည်းဟု ကြံ၍ ထိုသူငယ်ကို တောသို့ ဆောင်သဖြင့် တခုသောချုံအနီးတွင် လည်ပင်း၌ ဆွဲကိုင်လျက် သစ်မြစ် သစ်ဖုကဲ့သို့ လည်ကုပ်ချိုး၍ သတ်ပြီးလျှင် ထိုချုံ၌ သာလျှင် စွန့်ပစ်ခဲ့လေ၏။
ဤကား ထိုသူဌေး၏ ရှေးကံတည်း။
(ထို့ကြောင့် “ယံ ခေါ သော” အစရှိသောစကားရပ်ကို သံယုတ်ပါဠိတော်၌ ဟောတော်မူလေ၏။)
မဟာရောရုဝ ငရဲသို့ကျခြင်း
မြတ်သောမင်းကြီး ထိုသူဌေး သူကြွယ်သည် တဂရသိခီ ပစ္စေကဗုဒ္ဓါကို ဆွမ်းဖြင့် အကြင် လှူဒါန်းလေ၏၊ ထိုကောင်းမှုကံ၏အကျိုးအားဖြင့် ခုနစ်ကြိမ်တိုင်တိုင် သုဂတိဘဝဟု ဆိုအပ်သော နတ်ပြည်၌ဖြစ်၏။ ထိုကုသိုလ်ကံ၏ သာလျှင် အကျိုး ကြွင်းအားဖြင့် ဤသာဝတ္ထိပြည်၌သာ ခုနစ်ကြိမ်သူဌေးအဖြစ်ကို ပြုစေလေဖူးပြီ။
မြတ်သောမင်းကြီး ထိုသူဌေးသူကြွယ်သည် လှူဒါန်းပြီးမှ နောက်ကာလ၌ ဤမွန်မြတ်လှသော ဆွမ်းကို ကျွန်တို့သည်၎င်း, အမှုလုပ်တို့သည်၎င်း အကယ်၍ စားကြ ကုန်သည်ဖြစ်အံ့ မြတ်သေး၏ဟု အကြင် နှလုံးမသာယာခြင်းရှိသည်ဖြစ်၏၊ ထို နှလုံး မသာယာခြင်း၏ အကျိုး အားဖြင့် ထိုသူဌေးကြီးအား မွန်မွန်မြတ်မြတ် ထမင်းကို စားသောက် သုံးဆောင်ခြင်းငှါ စိတ်မညွတ်၊ ထိုသူဌေးကြီးအား မွန်မွန် မြတ်မြတ် အဝတ်လှည်းယာဉ်တို့ကို သုံးဆောင်ခြင်းငှါ စိတ်မညွတ်၊ ထိုသူဌေးကြီးအား အထူးထူ•မွန်မြတ်သော ကာမဂုဏ် ငါးပါးတို့ကို သုံးဆောင်ခံစားခြင်းငှါ စိတ်မညွတ်။
မြတ်သောမင်းကြီး ထိုသူဌေးသူကြွယ်သည် အစ်ကို၏ တယောက်သော သားငယ်ကို ဥစ္စာနှစ်၏ အကြောင်းကြောင့် အသက်မှ အကြင် ချသတ်၏၊ ထိုအကုသိုလ်ကံ၏ အကျိုးအားဖြင့် များစွာသော နှစ်အရာတို့ပတ်လုံး များစွာသော နှစ် အထောင်တို့ပတ်လုံး များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ကျက် ပြီးလျှင် ထိုအကုသိုလ်ကံ၏သာ အကျိုးကြွင်းအားဖြင့်ခုနစ်ကြိမ်မြောက်သားသ္မီး အမွေခံ မရှိသော ဤ ဥစ္စာနှစ်ကို မင်း၏ ရွှေတိုက်တော်သို့ သွင်းကြရကုန်၏။
မြတ်သောမင်းကြီး ထို အပုတ္တကသူဌေးကြီးအား ရှေးကောင်းမှုကံသည်လည်း ကုန်ခဲ့လေပြီ။ အသစ်ဖြစ်သော ကောင်းမှုကံကိုလည်း ဆည်းပူးခြင်းမရှိ၊ မြတ်သော မင်းကြီး ယခုအခါ ထို သူဌေးသူကြွယ်ကြီးသည် မဟာရောရုဝငရဲ၌ ခံရလေပြီဟု မိန့်တော်မူအပ်၏။
မင်းကြီးသည် မြတ်စွာဘုရား၏ စကားတော်ကို ကြားနာရပြီးလျှင် မြတ်စွာဘုရား အလွန် ဝန်လေးသောကံ ဖြစ်ပေစွတကား၊ ဤမျှလောက် ထင်ရှား ရှိသည်မည်သော စည်းစိမ်ဥစ္စာဖြင့် မိမိလည်း မသုံးဆောင်၊ ရှင်တော်ဘုရားတို့ ကဲ့သို့သော မြတ်စွာဘုရားသည် အနီးဖြစ်သော ကျောင်း၌ သီတင်းသုံး နေပါလျက် ကောင်းမှုကံကိုလည်း မပြုစုပါဘုရားဟု လျှောက်လေ၏။
မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ဤ သင်လျှောက်သော စကားသည် သင်လျှောက်သည် အတိုင်း မှန်ပေ၏၊ ပညာ မရှိသော ပုဂ္ဂိုလ်တို့ မည်သည်ကား ဥစ္စာတို့ကို ရသော်လည်း နိဗ္ဗာန်ကို မရှာနိုင်ကြကုန်၊ ဥစ္စာတို့ကိုမှီ၍ ဖြစ်သော တဏှာသည်ကား ဤပညာ မရှိသောပုဂ္ဂိုလ်တို့ကို ရှည်ကြာစွာသော ညဉ့် နေ့ကာလပတ်လုံး သတ်တတ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၅၄။ ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော။
ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညော အတ္တာနံ။
ဘောဂါ၊ စည်းစိမ်တို့သည်။ ဒုမ္မေဓံ၊ ပညာမရှိသောသူကို။ ဟနန္တိ၊ သတ်တတ်ကုန်၏။ ပါရဂဝေသိနော၊ နိဗ္ဗာန်ကို ရှာကြကုန်သော ပုဂ္ဂိုလ်တို့ကို။ ဘောဂါ၊ စည်းစိမ်တို့သည်။ နော ဟနန္တိ၊ မသတ်နိုင်ကြကုန်။ ဘောဂတဏှာယ၊ စည်းစိမ်ကို မှီသော တဏှာဖြင့်။ ဒုမ္မေဓော၊ ပညာမရှိသောသူသည်။ အညေ၊ တပါးသော သူတို့ကို။ ဟနတိဣဝ၊ သတ်သကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ ဟန္တိ-ဟနတိ၊ သတ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
အပုတ္တကသူဌေးဝတ္ထု ပြီး၏။
၁၂ - အင်္ကုရနတ်သား ဝတ္ထု
တိဏဒေါသာနိ-အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ နေတော်မူစဉ် အင်္ကုရနတ်သားကို အကြောင်း ပြု၍ ဟောတော်မူလေ၏။
ရွေးချယ်၍ လှူသင့်ခြင်း
(ဝတ္ထုကို ယေ ဈာနပ္ပသုတာဓီရာ-ဟူသော ဂါထာ၌ အကျယ် ချဲ့အပ် ပြီးသည်သာလျှင်တည်း ထိုစကားမှန်၏၊ ထိုဝတ္ထုကို ဆိုအပ်လေပြီ၊ ထိုဝတ္ထု၌ ဣန္ဒကနတ်သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။)
ဣန္ဒကနတ်သားသည် အနုရုဒ္ဓါမထေရ်အား ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်သည်ရှိသော် မိမိအလို့ငှါ ဆောင်ခဲ့သော တယောက်မ မျှသောဆွမ်းကို လှူစေဖူး၏၊ ထိုဣန္ဒကနတ်သား၏ကောင်းမှုသည် အင်္ကုရနတ်သား အနှစ်တသောင်းတို့ ပတ်လုံး တဆယ့်နှစ်ယူဇနာရှိသော ခုံလောက် အစဉ်ကိုပြု၍ ပေးလှူအပ်သော အလှူထက် အလွန်အကျိုးကြီးစွာ ဖြစ်၏။
ထို့ကြောင့် ဤသို့ဆိုလေ၏၊ ထိုသို့ဆိုလတ်သော် မြတ်စွာဘုရားသည် အင်္ကုရနတ်သား အလှူမည်သည်ကို ရွေးချယ် စိစစ်၍ ပေးလှူခြင်းငှါ သင့်၏၊ ဤသို့ ရွေးချယ်စိစစ်၍ ပေးလှူအပ်သော ထိုအလှူသည် ကောင်းသော မြေဩဇာရှိသော လယ်တို့၌ စိုက်ပျိုးအပ်သော မျိုးစေ့ကဲ့သို့ များမြတ်သော အကျိုးရှိသည်သာဖြစ်၏၊ သင်သည်ကား ထိုအခြင်းအရာ ဖြင့် မပြုလေဘိ၊ ထို့ကြောင့် သင်၏ အလှူသည် များမြတ်သော အကျိုးရှိ သည် မဖြစ်ဟု ဤသို့သော အကြောင်းကို ထင်စွာပြတော်မူလိုသော မြတ်စွာ ဘုရားသည်—
ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
ဝိစေယျ ဒါနံ သုဂတပ္ပသဋ္ဌံ၊ ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ၊ ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေ။
ယတ္ထ၊ အကြင်ပုဂ္ဂိုလ်၌။
ဝါ- အကြင်ပုဂ္ဂိုလ်အား။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ ယသ္မာ၊ အကြင်ကြောင့်။ မဟပ္ဖလံ၊ များသောအကျိုးရှိ၏။ တသ္မာ၊ ထို့ကြောင့်။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ တတ္ထ၊ ထိုပုဂ္ဂိုလ်၌။
ဝါ- ထိုပုဂ္ဂိုလ်အား။ ဒါနံ၊ အလှူကို။ ဒါတဗ္ဗံ၊ ပေးလှူအပ်၏။ ဝိစေယျ၊ ရွေးချယ် စိစစ်၍။ ဒါနံ၊ လှူခြင်းကို။ သုဂတပ္ပသဋ္ဌံ၊ မြတ်စွာဘုရားတို့သည် ချီးမွမ်းအပ်၏။ ဣဓဇီဝလောကေ၊ ဤသတ္တလောက၌။ ယေဒက္ခိဏေယျာ၊ အကြင်မြတ်သော အလှူခံပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကြကုန်၏။ ဧတေသု၊ ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့သည်။
ဝါ၊ တို့အား။ ဒိန္နာနိ၊ ပေးလှူအပ်သော အလှူတို့သည်။ သုခေတ္တေ၊ လယ်တာမြေကောင်း၌။ ဝုတ္တာနိ၊ စိုက်ပျိုးအပ်ကုန်သော။ ဗီဇာနိယထာ၊ မျိုးစေ့တို့ကဲ့သို့။ မဟပ္ဖလာနိ၊ များသောအကျိုးရှိကုန်၏။
ဤသို့ မိန့်ဆိုတော်မူပြီးလျှင် ထို့ထက် အလွန်လည်း တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၅၅။ တိဏဒေါသာနိ ခေတ္တာနိ၊ ရာဂဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတရာဂေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
၃၅၆။ တိဏဒေါသာနိ ခေတ္တာနိ၊ ဒေါသဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတဒေါသေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
၃၅၇။ တိဏဒေါသာနိ ခေတ္တာနိ၊ မောဟဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဟိ ဝီတမောဟေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
၃၅၈။ တိဏဒေါသာနိ ခေတ္တာနိ၊ ဣစ္ဆာဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝိဂတိစ္ဆေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ရာဂဒေါသာ၊ ရာဂကြောင့် အပြစ်ရှိ၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျင်။ ဝီတရာဂေသု၊ ရာဂ ကင်းကုန်ပြီးသော ရဟန္တာတို့၌။
ဝါ-တို့အား။ ဒိန္နံ၊ ပေးအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။
(သမန်းစသော မြက်တို့သည် ပေါက်ရောက်၍ ကောက်ပဲလယ်ယာတို့ကို ဖျက်ဆီးကြ၏၊ ထို့ကြောင့် အသီးများစွာ မသီးနိုင်ကြ၊ ထို့အတူ သတ္တဝ ါတို့၏ ကိုယ်တွင်း၌ ရာဂဖြစ်၍ သတ္တဝါတို့ကို ဖျက်ဆီး၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်တို့၌ လှူသော အလှူ အကျိုးမကြီး၊ ရဟန္တာတို့၌ လှူသော အလှူ ကား အကျိုးကြီး၏ ဟူလို။)
ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤ သတ္တဝါအပေါင်းသည်။ ဒေါသဒေါသာ၊ ဒေါသကြောင့် အပြစ်ရှိ၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတဒေါသေသု၊ ဒေါသ ကင်းကုန်ပြီးသော ရဟန္တာတို့၌။ ဒိန္နံ၊ ပေးအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။
ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါ အပေါင်းသည်။ မောဟဒေါသာ၊ မောဟကြောင့် အပြစ်ရှိ၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတမောဟေသု၊ မောဟကင်းကုန်ပြီးသော ရဟန္တာတို့၌။ ဒိန္နံ၊ ပေးအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။
ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ဣစ္ဆာဒေါသာ၊ မကောင်းသော အလိုရမ္မက်ကြောင့် အပြစ်ရှိ၏။ တသ္မာဟိ၊ ထို့ကြောင့် သာလျှင်။ ဝိဂတိစ္ဆေသု၊ အလိုရမ္မက် ကင်းကုန်ပြီးသော ရဟန္တာတို့၌။ ဒိန္နံ၊ ပေးအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သောအကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ အင်္ကုရနတ်သားသည်၎င်း, ဣန္ဒကနတ်သားသည်၎င်း သောတာပတ္တိဖိုလ် ၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူ လေ၏။
အင်္ကုရနတ်သား ဝတ္ထု ပြီး၏။
ဤတွင်ရွေ့ကား နှစ်ဆယ့်လေးခု မြောက်သော တဏှာဝဂ်အဖွင့် ပြီး၏။
၂၅-ဘိက္ခုဝဂ်
၁-ရဟန်းငါးပါး ဝတ္ထု
စက္ခုနာ သံဝရော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ငါးပါးသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဒွါရငါးပါး စောင့်ရှောက်သင့်ခြင်း
ထိုငါးပါးသော ရဟန်းတို့တွင် တပါးတပါးသော ရဟန်းသည် စက္ခုဒွါရ အစရှိသော ငါးပါးသော ဒွါရတို့တွင် တခုတခုသော ဒွါရကိုသာလျှင် စောင့်ရှောက်လေသတတ်၊ ထိုအခါ တနေ့သ၌ စည်းဝေး၍ တပည့်တော်သည် စောင့်နိုင်ခဲသောဒွါရကို စောင့်ရှောက်၏၊ တပည့်တော်သည် စောင့်နိုင်ခဲသော ဒွါရကို စောင့်ရှောက်၏ဟု ငြင်းခုံကြသဖြင့် မြတ်စွာဘုရားကို မေးလျှောက်ပြီးမှ ဤအကြောင်းကို သိကြရကုန်လတ္တံ့ ဟု နှလုံးသွင်း၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့သည် စက္ခု ဒွါရစသည်တို့ကို စောင့်ရှောက်ကြကုန်သည်ဖြစ်၍ မိမိ မိမိ၏ စောင့်အပ်သော ဒွါရကိုသာလျှင် စောင့်ရှောက်နိုင် ခဲသော ဒွါရဟု အောက်မေ့ မှတ်ထင်ကြပါသည်၊ တပည့်တော်တို့တွင် အဘယ်သူသည်သာလျှင် စောင့်နိုင်ခဲသော ဒွါရကို စောင့်ရှောက်ပါသနည်း ဘုရားဟု မေးလျှောက်ကြကုန်၏။
မြတ်စွာဘုရားသည် တယောက်သော ရဟန်းကိုမျှလည်း မလျော့စေ မသာစေမူ၍ ချစ်သား ရဟန်းတို့ - အလုံးစုံလည်းဖြစ်သော ထိုစက္ခုဒွါရ စသည်တို့သည် စောင့်ရှောက်နိုင်ခဲသော ဒွါရတို့သာ ဖြစ်ကုန်၏။ စင်စစ်အားဖြင့်ကား သင်တို့သည် ယခုအခါ၌ သာလျှင် ငါးပါးသော အရာတို့၌ မစောင့်ရှောက်ကြကုန်သည် မဟုတ်သေး၊ ရှေး၌လည်း မစောင့်ရှောက်ကြကုန်၊ မစောင့်ရှောက်ကြ ကုန်သည့်အဖြစ်ကြောင့် သာလျှင် ပညာရှိတို့၏ အဆုံးအမတို့ကို မကျင့်ကြ သည်ဖြစ်၍ အသက် ကုန်ဆုံးခြင်းသို့ ရောက်ရဖူးလေကုန်ပြီဟု မိန့်တော်မူလျှင် မြတ်စွာဘုရား အဘယ်အခါ၌ ဖြစ်ပါသနည်းဘုရားဟု ထိုရဟန်းတို့သည် တောင်းပန်အပ်သောကြောင့် မြတ်စွာဘုရားသည် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
မစောင့်သောကြောင့် ပျက်စီးခြင်းအတိတ်
လွန်လေပြီးသောအခါ၌ ဖြစ်သော - တက္ကသီလ ဇာတ်၏ ဝတ္ထုကို အကျယ်ချဲ့၍ ဘီလူးတို့၏ အစွမ်းဖြင့် မင်းမျိုးသည် အသက်ကုန်ခြင်းသို့ရောက်လတ်သည် ရှိသော် အဘိသိက်သွန်းခြင်းသို့ ရောက်သော ဘုရားလောင်းသည် ထီးဖြူ၏ အောက် မင်းနေရာ ရာဇပလ္လင်၌နေလျက် မိမိ၏ အသရေ၏ ပြည့်စုံခြင်းကိုကြည့်ရှု၍ ဤလုံ့လမည်သည်ကို သတ္တဝါတို့သည် ပြုအပ်သည်သာလျှင် တည်းဟု ဝမ်းမြောက် ဝမ်းသာဥဒါန်း၏အစွမ်းဖြင့် ဤဂါထာကို ထုတ်ဆောင်အပ်၏။
ကုသလူပဒေသ ဓိတိယာ ဒဠှာယ စ၊
အနိဝတ္တိတတ္တာ ဘယဘီရုတာယ စ။
န ရက္ခသီနံ ဝသ မာဂမိမှသေ၊
သ သောတ္ထိဘာဝေါ မဟတာ ဘယေန မေ။
ကုသလူပဒေသေ၊ လိမ်မာကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အဆုံးအမ၌။ ဒဠှာယ၊ မြဲသောအားဖြင့်။ ဓိဘိယာစ၊ လုံ့လပြုခြင်းကြောင့်၎င်း။ ဘယဘီရုတာယ၊ စိတ်၏ထိတ်လန့်ခြင်း ကိုယ်၏ တုန်လှုပ်ခြင်းဖြင့်။ အနိဝတ္တိတတ္တာ စ၊ မဆုတ်မနစ်သည်၏ အဖြစ်ကြောင့်၎င်း။ ရက္ခသီနံ၊ ဘီလူးမတို့၏။ ဝသံ၊ အလိုနိုင်ငံသို့။ န အာဂမိမှသေ၊ မလိုက်ကြကုန်။ မေ၊ ငါအား။ မဟတာ၊ ကြီးသော။ ဘယေန၊ ဘေးရန်မှ။ သ-သော သောတ္ထိဘာဝေါ၊ ထိုချမ်းသာခြင်းသည်။ ဇာတော၊ ဖြစ်ခဲ့လေပြီ။
ဤဂါထာကို ထုတ်ဆောင်၍ ပြတော်မူပြီးလျှင် ထိုအခါ၌လည်း ငါးယောက်သော သင်တို့သည် သာလျှင် တက္ကသိုလ်ပြည် မင်းစည်းစိမ်ကို ယူခြင်းငှါ ထွက်သွားသော ဘုရားလောင်းကို လက်နက် စွဲကုန်လျက် ခြံရံကာ ခရီးသွားကြကုန် သည်ရှိသော် လမ်းခရီးအကြား၌ ဘီလူးမတို့သည် စက္ခုဒွါရ စသည်တို့၏ အစွမ်းဖြင့် ဆောင်အပ်ကုန်သော ရူပါရုံစသည်တို့၌ မစောင့်ရှောက်ကြ ကုန်သဖြင့် ပညာရှိသောသူ၏ အဆုံးအမ၌ မကျင့်ဘဲ တွန့်တိုဆုတ်နစ်ကာ နေရစ်ကြကုန် သောကြောင့် ဘီလူးမတို့သည် ကိုက်သတ် စားအပ်ကုန်သည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်ကြဖူးကုန်ပြီ။
ထိုအာရုံတို့၌ ကောင်းစွာ စောင့်စည်းသည်ဖြစ်၍ နောက်မှ နောက်မှ အစဉ်လိုက်သော နတ်၏ အဆင်းနှင့် တူသော အဆင်းရှိသော ဘီလူးမစကားကို နားမထောင်မူ၍ ချမ်းသာစ္စာ တက္ကသိုလ် ပြည်သို့ရောက်သဖြင့် ပြည်စည်းစိမ်ကို ရသောမင်းကား ငါဘုရားသာလျှင် ဖြစ်တော်မူ၏။
ဤသို့ ဇာတ်ကို ပေါင်းတော်မူပြီးလျှင် ချစ်သားရဟန်းတို့ - ရဟန်းမည်သည်ကား အလုံးစုံသော ဒွါရတို့ကို စောင့်ရှောက်အပ်ကုန်၏၊ ထိုဒါရတို့ကို စောင့်ရှောက်ကုန်သော သူတို့သည်သာလျှင် အလုံးစုံသော ဝဋ်ဆင်းရဲမှ လွတ်ကြကုန်၏ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၅၉။ စက္ခုနာ သံဝရော သာဓု၊ သာဓု သောတေန သံဝရော။
ဃာနေန သံဝရော သာဓု၊ သာဓု ဇိဝှါယ သံဝရော။
၃၆ဝ။ ကာယေန သံဝရော သာဓု၊ သာဓု ဝါစာယ သံဝရော။
မနသာ သံဝရော သာဓု၊ သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
စက္ခုနာ၊ စက္ခုဒွါရဖြင့်။ သံဝရော၊ ရာဂ ဒေါသ မောဟတို့ကို မဖြစ်စေမူ၍ စောင့်ရှောက်ခြင်း ပိတ်ပင်ခြင်းသည်။ သာဓု၊ ကောင်း၏၊ သောတေန၊ သောတ ဒွါရဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ ဃာနေနေ၊ ဃာနဒွါရဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ ဇိဝှါယ၊ ဇိဝှါဒွါရဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။
ကာယေန၊ ကာယဒွါရဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ ဝါစာယ၊ နှုတ်ဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ မနသာ၊ စိတ်ဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ သဗ္ဗတ္ထ၊ အလုံးစုံသော ခြောက်ဒွါရတို့၌။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ သဗ္ဗတ္ထ၊ အလုံးစုံသော ဒွါရခြောက်ပါးတို့၌။ သံဝုတာ၊ စောင့်ရှောက်သော။ ဘိက္ခု၊ ရဟန်းသည်။ သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဝဋ်ဆင်းရဲမှ။ ပမုစ္စတိ၊ ကင်းလွတ်၏။
ဒေသနာတော်၌ မှတ်ဖွယ်
(အကြင်အခါ စက္ခုဒွါရ၌ ရူပါရုံသည် ထင်ခြင်းသို့ ရောက်၏၊ ထိုအခါ ကောင်းသော အာရုံ၌ မတပ်နှစ်သက်သောသူ မကောင်းသော အာရုံ၌ မပြစ်မှားသောသူ အညီအမျှ မရှုသဖြင့် တွေဝေခြင်းကို မဖြစ်စေသော သူအား ထိုဒါရ၌ စောင့်ရှောက်သည် ပိတ်သည် ဆို့သည် လုံခြုံအောင် ပြုသည် မည်၏၊ ထိုသူ၏ ဤသို့သဘောရှိသော စက္ခုဖြင့် စောင့်ရှောက်ခြင်းသည် ကောင်း၏၊ သောတဒွါရ စသည်တို့၌လည်း ဤနည်းကို သိအပ်၏။
မုချအားဖြင့်ကား စက္ခု စသော ဒွါရတို့၌ စောင့်ရှောက်ခြင်းသည်၎င်း မစောင့်ရှောက်ခြင်းသည်၎င်း မဖြစ်နိုင်၊ နောက် ဇောဝီထိ၌သာ ဤစောင့်ခြင်း, မစောင့်ခြင်းကို ရအပ်၏၊ ထိုနောက် ဇောဝီထိ၌ မစောင့်လျှင် မသဒ္ဓါခြင်း, သည်းမခံခြင်း, ပျင်းရိခြင်း, သတိလွတ်ခြင်း, ဉာဏ်ကင်းခြင်းဟူသော ငါးပါးသော ဤတရားကို အကုသိုလ်စိတ်အစဉ်၌ ရအပ်၏၊ စောင့်လျှင် သဒ္ဓါခြင်း, သည်းခံခြင်း, လုံ့လ,သတိ,ဉာဏ်ဟူသော ငါးပါးသော ဤတရား ကို ကုသိုလ်စိတ်အစဉ်၌ ရအပ်၏။
ကာယဒ္ဓါရဖြင့် စောင့်စည်းရာ၌ ပသာဒကာယကို၎င်း, လှုပ်ရှားသော စောပန ကာယကို၎င်း ရအပ်၏၊ ထိုကာယနှစ်ပါးလုံးပင် ကာယဒွါရ မည်၏၊ လှုပ်ရှားခြင်းဟူသော စောပနကာယဒွါရ၌ကား လှုပ်ရှားခြင်းကြောင့် ဖြစ်ကုန်သော ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရတို့နှင့် အတူ ဖြစ်သော အကုသိုလ်တို့ဖြင့် ထိုစောပနကာယဒ္ဒါရသည် မစောင့်သည်မည်၏၊ ကုသိုလ်စိတ် ဖြစ်ကုန်သော ပါဏာတိပါတာ ဝေရမဏိ စသည်တို့ဖြင့် စောင့်သည်မည်၏။
လှုပ်ရှားခြင်း စောပနဝါစ-နှင့် တကွဖြစ်သော မုသာဝါဒ စသည်တို့ဖြင့် ဝစီဒွါရမစောင့်သည်မည်၏ မုသာဝါဒါဝေရမဏိ စသည်တို့ဖြင့် စောင့်သည်မည်၏၊ မနသာ သံဝရော၌ ဇောစိတ်မှ တပါးသော စိတ်နှင့် တကွ အဘိဇ္ဈာ စသည်တို့မရှိ၊ မနောဒွါရ ဇောခဏ၌ဖြစ်သော အဘိဇ္ဈာ စသည်တို့ဖြင့် မစောင့်သည်မည်၏၊ အနဘိဇ္ဈာစသည်တို့ဖြင့် စောင့်သည် မည်၏၊ စက္ခုဒွါရစသော ရှစ်ပါးစလုံး၌ မစောင့်စည်းလျှင် အလုံးစုံသောဝဋ်ဆင်းရဲ မှ မလွတ်၊ စောင့်လျှင် လွတ်၏ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုရဟန်းငါးပါးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
ရဟန်းငါးပါး ဝတ္ထု ပြီး၏။
၂ - ဟင်္သာကိုသတ်သောရဟန်း ဝတ္ထု
ဟတ္ထသံယတော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေဘဝန် ကျောင်းတော်၌ နေတော်မူစဉ် ဟင်္သာကို သတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
လက် မစောင့်စည်းသော ရဟန်း
သာဝတ္ထိပြည်၌ နေကြကုန်သော အဆွေခင်ပွန်း နှစ်ယောက်တို့သည် ရဟန်းတို့ဘောင်၌ ရှင်ရဟန်းပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးကုန်သည်ရှိသော် များသောအားဖြင့် အတူတကွ သွားလာ လှည့်လည်ကြကုန်သတတ်၊ ထိုရဟန်းနှစ်ပါးတို့သည် တနေ့သ၌ အစိရဝတီမြစ်သို့သွား၍ ရေချိုးပြီးလျှင် နေပူဆာ၌ နေဆာလှုံလျက် တသက်ပတ်လုံး နှစ်သက်အောက်မေ့အပ်သော စကားကို ပြောဆိုကာ နေကြလေကုန်၏ ထိုခဏ၌ ဟင်္သာနှစ်ကောင်တို့သည် ကောင်းကင် ခရီးဖြင့် ပျံသန်းလာကြကုန်၏။
ထိုအခါ ပဉ္စင်းငယ်တပါးသည် ကျောက်စရစ်ကို ယူ၍ ဟင်္သာငယ်တကောင်၏ မျက်စိကို ပစ်ခတ်လိုက်အံ့ဟု ဆိုလေ၏၊ သီတင်းကြီး ရဟန်းက တတ်နိုင်လိမ့်မည် မဟုတ်ဟု ဆိုလေ၏၊ ဤမှာဘက်၌ မျက်စိသည် တည်စေဦး၊ ထိုမှာဘက်၌ မျက်စိကို ပစ်ခတ်အံ့ဟု ဆိုပြန်သော် ဤအမှုကိုလည်း သင် မတတ်နိုင်လတ္တံ့ သည်သာတည်းဟု ဆိုလေ၏။
ထိုသို့ဖြစ်မူ စူးစမ်းဦးလော့ဟု ဆို၍ ထက်သော ကျောက်စရစ်ကို ကောက်ယူပြီးလျှင် ဟင်္သာ၏ နောက်အဖို့ကို ပစ်လိုက်လေ၏၊ ဟင်္သာသည်ကျောက်စရစ်သံကိုကြားသဖြင့်လှည့်၍ကြည့်လေ၏။
ထိုအခါ ဟင်္သာကို ရဟန်းငယ်သည် လုံးသော ကျောက်စရစ်ကို ကောက်ယူသဖြင့် ထိုမှာဘက် မျက်စိ၌ ပစ်ခတ်၍ ဤမှာဘက် မျက်စိဖြင့် ထွက်စေလေ၏၊ ဟင်္သာသည် မြည်တမ်းကာလည်လျက် ထိုရဟန်းတို့၏ ခြေရင်း၌သာလျှင် ကျရှာလေ၏။
ထိုထိုအရပ်၌ တည်နေကြကုန်သော ရဟန်းတို့ မြင်ကြလျှင် ငါ့သျှင်တို့ မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုသည် ဖြစ်ပါလျက် သူ့အသက် သတ်ခြင်းကို ပြုကြကုန်သော သင်တို့သည် မလျောက်ပတ်သော အမှုကို ပြုဘိ၏တကားဟုဆို၍ ထိုရဟန်းတို့ကို ခေါ်သွားပြီးလျှင် မြတ်စွာဘုရားအား ပြကြလေ ကုန်၏။
မြတ်စွာဘုရားသည် ရဟန်း - သင်သည် သူ့အသက်ကို သတ်၏ဟု ကြားတော်မူရသည် မှန်သလောဟု မေးတော်မူသောကြောင့် မြတ်စွာဘုရား- မှန်ပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ရဟန်း - အဘယ့်ကြောင့် ဤသို့ သဘောရှိသော ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်သော သာသနာတော်၌ ရဟန်းပြုသည် ဖြစ်ပါလျက် ဤသို့ ပြုရလေဘိသနည်း။
ရှေးပညာရှိတို့သည် မြတ်စွာဘုရား မပွင့်မီ အိမ်ရာထောင်သူ လူ၏ဘောင် အလယ်၌ နေလျက် အနည်းငယ်မျှသော အရာတို့၌သော်လည်း အလို့လို့ ပူပန်ခြင်းကို ပြုကြကုန်သေး၏၊ သင်သည်ကား ဤသို့သဘောရှိသော ဘုရားရှင်၏ သာသနာတော်၌ ရဟန်း ပြုလျက် အလို့လို့မျှ ကိုလည်း မပြုလေဘိဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့ တောင်းပန်အပ်သော မြတ်စွာဘုရားသည် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
ဂရုဓမ္မ တရားကျင့်သူ ဆယ့်တယောက်
လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်ပြည်၌ ဓနဉ္စယမည်သော မင်းသည် မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ထိုမင်းကြီး၏ မိဖုယားကြီး ဝမ်း၌ ပဋိသန္ဓေယူလတ်၍ အစဉ်သဖြင့် သိကြားလိမ်မာသည့် အဖြစ်သို့ ရောက်လတ်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်တို့ကို သင်ယူပြီးလျှင် ဖ,ခမည်းတော်သည် အိမ်ရှေ့မင်းအရာ၌ ထားတော်မူအပ်၏၊ နောက်အဖို့၌ ဖ,ခမည်း တော် နတ်ရွာလားသဖြင့် မင်းအဖြစ်သို့ရောက်၍ ဆယ်ပါးသော မင်းကျင့်တရား တို့ကို မပျက်စေဘဲ ဂရုဓမ်တရားတို့ကို ကျင့်လေ၏။
(ဂရုဓမ္မတရားမည်သည်ကား ငါးပါးသော သီလတို့တည်း။)
ဘုရားလောင်းသည် ထိုငါးပါးသောသီလ ဂရုဓမ်တရားတို့ကို ဖြူစင်သန့်ရှင်း သည်တို့ကိုပြု၍ စောင့်ရှောက်လေ၏၊ ဘုရားလောင်း စောင့်သုံးသကဲ့သို့လည်း ဤအတူ ထိုဘုရားလောင်း၏
မယ်တော်ကြီးသည်၎င်း,
ဘုရားလောင်း၏ မိဖုယားကြီးသည်၎င်း,
ညီတော် အိမ်ရှေ့မင်းသည်၎င်း,
ပုရောဟိတ်ပုဏ္ဏားသည်၎င်း,
ရထားကြိုးဆွဲ အမတ်သည်၎င်း,
ရထားထိန်းသည်၎င်း,
သူဌေးကြီး သည်၎င်း,
တင်းခြင်ခေါင်း အမတ်ကြီးသည်၎င်း,
တံခါးစောင့်သည်၎င်း,
ပြည့်ကံ ကျွေးမသည်၎င်း
ဤသို့လျှင် တကျိပ်တယောက်သော သူတို့သည် ပဉ္စသီငါးပါး ဂရုဓမ္မတရားကို စောင့်ရှောက်ကြ ကုန်သည်ရှိသော် ကာလိင်္ဂတိုင်း ဒန္တပူရမည်သောမြို့၌ ကာလိင်္ဂအမည်ရှိသော မင်းသည် မင်းပြုစဉ် ထိုကာလိင်္ဂတိုင်း၌ မိုဃ်းမရွာ၊ ထိုအခါ ဘုရားလောင်း၏ အဉ္စနသန္နိတ အမည်ရှိသော မင်္ဂလာ ဆင်တော်သည် ကြီးသော ဘုန်းကံရှိ၏၊ တိုင်းသူပြည်သားတို့သည် ထိုဆင်တော်ကို ဆောင်ရသည်ရှိသော် မိုဃ်းရွာလတ္တံ့ဟူသော အမှတ်ဖြင့် မင်းအား လျှောက်ကြား သံတော်ဦး တင်ကြလေကုန်၏။
မိုဃ်းရွာအောင် ပြုလုပ်ကြခြင်း
ကာလိင်္ဂမင်းသည် ထိုဆင်ကို ဆောင်ယူခြင်းအကျိုးငှါ ပုဏ္ဏားတို့ကို စေလွှတ်တော်မူလေ၏၊ ထို ပုဏ္ဏားတို့သည် သွားတဲ့၍ ဘုရားလောင်းထံ ဆင်တော်ကို တောင်းကြလေကုန်၏၊ မြတ်စွာဘုရား သည် ထိုပုဏ္ဏားတို့၏ တောင်းခြင်း အကြောင်းကို ပြတော်မူခြင်းငှါ ဤဂါထာကို မိန့်တော်မူလေ၏။
တဝ သဒ္ဓဉ္စ သီလဉ္စ၊ ဝိဒိတွာန ဇနာဓိပ။
ဝဏ္ဏံ အဉ္ဇနဝဏ္ဏေန၊ ကလိင်္ဂသ္မိံ ဝနိမှသေ။
ဇနာဓိပ၊ လူတို့ကို အစိုးရသောမင်းကြီး။ တဝ၊ အရှင်မင်းကြီး၏။ သဒ္ဓဉ္စ၊ သဒ္ဓါတရားကို၎င်း။ သီလဉ္စ၊ သီလကို၎င်း။ ဝိဒိတွာန၊ သိပြီး၍။ အဉ္ဇနဝဏ္ဏေန၊ မျက်စဉ်းညို အဆင်းရှိသော မင်္ဂလာဆင်တော်ကို ရလိုသောကြောင့်။ ဝဏ္ဏံ၊ ရွှေ ငွေ စသော ဥစ္စာကို။ ကလိင်္ဂသ္မိံ၊ ကာလိင်္ဂမင်းအထံ၌။ ဝနိမှသေ၊ ယူခဲ့ကြရပါကုန်၏။
(ဤသို့လျှင် တိကနိပါတ်၌ ဤဇာတ်ကို ဟောတော်မူလေ၏။)
မင်္ဂလာဆင်တော်ကို ဆောင်အပ်သော်လည်း မိုဃ်း မရွာလေသောကြောင့် ထိုမင်းသည် ဂရုဓမ် တရားကိုစောင့်၏၊ ထို့ကြောင့် ထိုမင်း၏တိုင်းနိုင်ငံ၌ မိုဃ်းရွာ ၏ဟူသော အမှတ်ဖြင့် ထိုမင်းသည် အကြင်ဂရုခမ်တရားကို စောင့်၏၊ ထိုဂရုဓမ် တရားကို ရွှေပြား၌ရေး၍ ဆောင်ယူကြကုန်ဦးလော့ဟု တဖန် ကာလိင်္ဂမင်းသည် ပုဏ္ဏားတို့ကို၎င်း, အမတ်တို့ကို၎င်း စေလွှတ်ပြန်လေ၏။
ထိုအမတ်ပုဏ္ဏားတို့သည် သွား၍ တောင်းကြကုန်သည်ရှိသော် မင်းကြီးကိုအစပြု၍ အလုံးစုံသော ထိုသူတို့ သည် မိမိ၏သီလတို့၌ တစုံတခုအလို့လို့မျှကိုပြု၍ ငါတို့၏သီလသည် မစင်ကြယ်ဟု ပယ်ကြကုန်သော်လည်း ဤမျှဖြင့် သီလ၏ပျက်စီးခြင်းသည် မဖြစ်ပါဟု ထိုပုဏ္ဏားနှင့် အမတ် တို့သည် အဖန်တလဲလဲ တောင်းပန်အပ်ကုန်သောကြောင့် မိမိ မိမိ၏ သီလတို့ကို ဟောကြား ပြောဆိုကြလေကုန်၏။
ကာလိင်္ဂမင်းကြီးသည် ရွှေပြား၌ ရေး၍ ဆောင်ယူခဲ့သော ဂရုဓမ်တရားကို မြင်လျှင် မြင်ခြင်း ကောင်းစွာ ဆောက်တည်၍ ကောင်းစွာဖြည့်ကျင့်လေ၏၊ ထိုမင်း၏တိုင်းနိုင်ငံ၌ မိုဃ်းရွာလေ၏၊ တိုင်းပြည်သည် ဘေးရန်မရှိ ဝပြော သာယာလေ၏။
ဆယ့်တယောက် ဇာတ်ပေါင်းပုံ
မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍-
ဂဏိကာ ဥပ္ပလဝဏ္ဏာ စ၊ ပုဏ္ဏော ဒေါဝါရိကော တဒါ။
ရဇ္ဇုဂါဟော စ ကစ္စာနော၊ ဒေါဏမာပကော စ ကောလိတော။
သာရိပုတ္တော တဒါ သေဋ္ဌိ၊ အနုရုဒ္ဓေါ စ သာရထိ။
ဗြာဟ္မဏော ကဿပေါထေရော၊ ဥပရာဇာ နန္ဒပဏ္ဍိတော။
မဟေသီ ရာဟုလမာတာ၊ မာယာဒေဝီ ဇနေတ္တိကာ။
ကုရုရာဇာ ဗောဓိသတ္တော၊ ဧဝံ ဓာရေထ ဇာတကံ။
တဒါ၊ ထိုအခါ၌။
ဂဏိကာ၊ ပြည့်ကံကျွေးမသည်။
ဥပ္ပလဝဏ္ဏာ၊ ဥပ္ပလဝဏ် ဖြစ်၏။
ဒေါဝါရိကာ၊ တံခါးစောင့်သည်။
ပုဏ္ဏော၊ ပုဏ္ဏမထေရ် ဖြစ်၏။
ရဇ္ဇုဂါဟော၊ ကြိုးဆွဲအမတ်သည်။
ကစ္စာနော၊ ကစ္စည်းမထေရ်ဖြစ်၏။
ဒေါဏမာပကော၊ တင်းခြင်ခေါင်းအမတ်သည်။
ကောလိတော၊ ရှင်မဟာမောဂ္ဂလာန်ဖြစ်၏။
တဒါ၊ ထိုအခါ၌။
သေဋ္ဌိ၊ သူဌေးသည်။
သာရိပုတ္တော၊ သာရိပုတြာဖြစ်၏။
သာရထိ၊ ရထားထိန်းသည်။
အနုရုဒ္ဓေါ၊ အနုရုဒ္ဓါဖြစ်၏။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
ကဿပေါထေရော၊ ကဿပမထေရ်ဖြစ်၏။
ဥပရာဇာ၊ အိမ်ရှေ့မင်းသည်။
အာနန္ဒပဏ္ဍိတော၊ အာနန္ဒာ ပညာရှိ ဖြစ်၏။
မဟေသီ၊ မိဖုယားကြီးသည်။
ရာဟုလမာတာ၊ ရာဟုလာမယ်တော် ယသောဓရာဖြစ်၏။
ဇနေတ္တိကာ၊ မယ်တော်သည်။
မာယာဒေဝီ၊ မာယာမည်သော မိဖုယားကြီး ဖြစ်၏။
ကုရုရာဇာ၊ ကုရုသေဌ်နင်း ပြည့်ရှင်မင်းသည်။
ဗောဓိသတ္တော၊ ငါဘုရားလောင်းဖြစ်၏။
ဣတိ၊ ဤသို့။
ဇာတကံ၊ ဇာတ်ကို။
ဓာရေထ၊ ဆောင်ထား မှတ်သားရာ၏။
ဟူ၍ ဇာတ်ကိုပေါင်းတော်မူပြီးလျှင် ရဟန်း - ဤသို့ ရှေး၌လည်း ပညာရှိတို့သည် အနည်းငယ် မျှသော အလို့လို့ ဖြစ်လတ်သည် ရှိသော် မိမိ၏ သီလပျက်ခြင်း၌ ရွံရှာခြင်းကို ပြုကြကုန်သေး၏၊ သင်သည်ကား ငါကဲ့သို့သော မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလျက် သူ့အသက် သတ်ခြင်းကို ပြုခြင်းကြောင့် အလွန်ဝန်လေးသော အကုသိုလ်ကံကို ပြုဘိ၏၊ ရဟန်း မည်သည်ကား လက်တို့ဖြင့်၎င်း၊ ခြေတို့ဖြင့်၎င်း၊ နှုတ်ဖြင့်၎င်း စောင့်စည်းခြင်းရှိသည်ဖြစ်ရာ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၆၁။ ဟတ္ထသံယတော ပါဒသံယတော၊
ဝါစာသံယတော သံယတုတ္တမော။
အဇ္ဈတ္တရတော သမာဟိတော၊
ဧကော သန္တုဿိတော တမာဟု ဘိက္ခု ။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ဟတ္ထသံယတော၊ ကစားခြင်း ပုတ်ခတ်ခြင်း စသည် မပြုသဖြင့် လက်ကိုစောင့်စည်း၏။
ပါဒသံယတော၊ ခြေကိုစောင့်စည်း၏။
ဝါစာသံယတော၊ မုသာဝါဒစသည်မဆို နှုတ်ကိုစောင့်စည်း၏။
သံယတုတ္တမော၊ စောင့်စည်းသော ကိုယ်ရှိ၏။
အဇ္ဈတ္တရတော၊ ဂေါစရဇ္ဈတ္တဟုဆိုအပ်သော ကမ္မဋ္ဌာန်း၌ မွေ့လျော်၏။
သမာဟိတော၊ တည်ကြည်သော စိတ်ရှိသည်။
ဧကော၊ တယောက်ထည်းတည်း နေလေ့ရှိသည်ဖြစ်၍။
သန္တုဿိတော၊ မိမိ ရအပ်သော တရားဖြင့် လွန်စွာနှစ်သက်သော စိတ်ရှိ၏။
တံ၊ ထိုပုဂ္ဂိုလ်ကို။
ဘိက္ခူတိ၊ ဘိက္ခုဟူ၍။
အာဟု၊ ဆိုကြကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ဟင်္သာကိုသတ်သောရဟန်းဝတ္ထု ပြီး၏။
၃ - ကောကာလိက ဝတ္ထု
ယော မုခသံယတော - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူလေ၏။
နှုတ် မစောင့်စည်းခြင်း
(ဝတ္ထုသည် အထခေါ ကောကာလိကော ဘိက္ခု ယေန ဘဂဝါ တေနုပ သင်္ကမိ-ဟူ၍ ပါဠိတော်၌ လာသည်သာလျှင်တည်း၊ ထိုပါဠိတော်၏ အနက်ကိုလည်း အဋ္ဌကထာ၌ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့်သာလျှင် သိအပ်၏။)
ကောကာလိက ရဟန်းသည်ကား ပဒုမငရဲ၌ ဖြစ်လတ်သည်ရှိသော် တရားသဘင်၌ ကောကာလိက ရဟန်းသည် မိမိ၏ ခံတွင်းကို အမှီပြု၍ ပျက်စီးခြင်းသို့ ရောက်ရရှာလေ၏တကား၊ နှစ်ပါးသော အဂ္ဂသာဝကတို့ကို ဆဲရေးသည်သာလျှင် ဖြစ်သော ထိုကောကာလိကအား မြေကြီးသည် ဟင်းလင်းပွင့်ခြင်းကို ပေးလေ၏ ဟူသော စကားကို ဖြစ်စေကြလေကုန်၏၊
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့- ယခု ငါဘုရားသည် ကြွလာဆဲ အခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ - ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ကောကာလိက ရဟန်းသည် မိမိ၏ ခံတွင်းကိုသာလျှင် အမှီပြု၍ ပျက်စီးရဖူးလေပြီဟု မိန့်တော်မူသဖြင့် ထို အကြောင်းကို နာကြားလိုကြကုန်သော ရဟန်းတို့သည် တောင်းပန်အပ်သော ကြောင့် ထို အကြောင်းကို ထင်စွာပြတော်မူခြင်း အကျိုးငှါ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မလေ၏။
စကားများသောလိပ် အတိတ်ဝတ္ထု
လွန်လေပြီးသောအခါ ဟိမဝန္တာအရပ် တခုသော အိုင်၌ လိပ်တကောင်သည် နေလေ၏၊ ဟင်္သာပျို နှစ်ကောင်တို့သည် ကျက်စားခြင်းငှါ လှည့်လည်ကြ ကုန်သည်ရှိသော် ထိုလိပ်နှင့် အတူတကွ အကျွမ်းဝင်သည်ကို ပြုသဖြင့် မြဲမြံစွာ အကျွမ်းဝင်ကြကုန်သည်ဖြစ်၍ တနေ့သ၌ လိပ်ကို အဆွေလိပ်-ဟိမဝန္တာ စိတ္တကုဋ် တောင်ခြေရင်း ရွှေဂူလိုဏ်ခေါင်း၌ ငါတို့၏နေရာ အရပ်သည် မွေ့လျော်ဖွယ် ရှိသော အရပ် ဖြစ်၏၊ ငါတို့နှင့်အတူတကွ သွားလိုသလောဟု မေးလေ၏၊
သခင့်သား ဟင်္သာမင်းတို့ - အကျွန်ုပ်ကား အဘယ်သို့ သွားနိုင်ပါအံ့နည်းဟု ဆိုလတ်သော် နှုတ်ကို စောင့်ရှောက်ခြင်းငှါ သင် အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ ငါတို့သည် သင့်ကို ဆောင်ကြပါ ကုန်အံ့ဟု ဆိုလေ၏၊ နှုတ်ကို စောင့်ရှောက်ပါမည်၊ အကျွန်ုပ်ကို ဆောင်ယူ၍သွားကြပါလော့ဟု ဆိုလတ်သော် ထိုဟင်္သာပျိုတို့သည် ကောင်းပြီဟု ဝန်ခံ၍ တခုသော လှံတံကို လိပ်ကို ကိုက်စေလျက် မိမိတို့ကိုယ်တိုင် ထိုလှံတံ၏ နှစ်ခုသော အစွန်းတို့ကို ကိုက်ပြီးလျှင် ကောင်းကင်သို့ ပျံတက်ကြလေကုန်၏၊
ထိုသို့သောအခြင်းအရာဖြင့် ဟင်္သာတို့ ဆောင်ယူအပ်သော ထိုလိပ်ကို ရွာသူ သားငယ်တို့ မြင်ကြလျှင် ဟင်္သာနှစ်ကောင်တို့သည် လိပ်ကို လှံတံဖြင့် ဆောင်ယူကြကုန်၏ဟု ဆိုကြလေ ကုန်၏၊ လိပ်သည် ယုတ်မာသော သူငယ်တို့- ငါ့ကို အဆွေခင်ပွန်းတို့က အကယ်၍ ဆောင်ကြကုန်၏၊ ထိုသို့ဆောင်ရာ၌ သင်တို့ အား အဘယ်သို့ ဖြစ်သနည်းဟု ဆိုလိုသဖြင့် ဟင်္သာတို့၏ လျင်စွာသော အဟုန်ရှိသည့် အဖြစ်ကြောင့် ဗာရာဏသီပြည် မင်း၏နန်းတော် အထက်အဖို့သို့ ရောက်လတ်သော ကာလ ကိုက်ရာအရပ်မှ လှံတံကို လွှတ်လိုက်မိ၍ ကောင်းကင်ပြင်၌ ကျပြီးလျှင် နှစ်ဖြာ ထက်ခြမ်းကွဲလေ၏။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ -
အဝဓီ ဝတ အတ္တာနံ၊ ကစ္ဆပေါ ဗျာဟရံ ဂိရံ။
သုဂ္ဂဟီတသ္မိံ ကဋ္ဌသ္မိံ၊ ဝါစာယ သကိယာ ဝဓီ။
ကစ္ဆပေါ၊ လိပ်သည်။
ဂိရံ၊ စကားကို။
ဗျာဟရံ-ဗျာဟရန္တော၊ ဆိုလျက်။
အတ္တာနံ၊ မိမိကိုယ်ကို။
အဝဓီ ဝတ၊ သတ်လေစွတကား။
ကဋ္ဌသ္မိံ၊ လှံတံကို။
သုဂ္ဂဟီတသ္မိံ၊ ကောင်းစွာကိုက်ခဲလျက်။
သကိယာ ဝါစာယ၊ မိမိ၏စကားဖြင့်။
အတ္တာနံ၊ မိမိကိုယ်ကို။
အဝဓီ၊ သတ်မိလေ၏။
ဧတမ္ပိ ဒိသွာ နရဝီရိယသေဋ္ဌ၊ ဝါစံ ပမုဉ္ဇေ ကုသလံ နာတိဝေလံ။
ပဿသိ ဗဟုဘာဏေန၊ ကစ္ဆပံ ဗျသနံ ဂတံ။
နရဝီရိယသေဋ္ဌ၊ လူတို့ထက် လုံ့လကြောင့် မြတ်သော မင်းမြတ်။
ဧတံပိ၊ ဤအကြောင်းကိုလည်း။
ဒိသွာန၊ မြင်ရ၍။
နာတိဝေလံ၊ ပညာရှိတို့ဆိုရာစကား ဟူသော ကမ်းကို မလွန်သော။
ကုသလံ၊ အပြစ်ကင်းသော။
ဝါစံ၊ စကားကို။
ပမုဉ္စေ၊ ပြောဆိုရာ၏။
ဗဟုဘာဏေန၊ များစွာဆိုခြင်းကြောင့်။
ဗျသနံ၊ ပျက်စီးခြင်းသို့။
ဂတံ၊ ရောက်သော။
ကစ္ဆပံ၊ လိပ်ကို။
ပဿသိ၊ ရှုပါလော့။
ဤသို့ ဒုကနိပါတ်၌ ဤဗဟုဘာဏိက ဇာတ်ကိုချဲ့၍ ချစ်သားရဟန်းတို့ ရဟန်းမည်သည်ကား နှုတ်ကို စောင့်စည်းခြင်းရှိသည်၎င်း၊ ကောင်းသောအကျင့် ရှိသည်၎င်း၊ မပြန့်လွင့်သော စိတ်ရှိသည်၎င်း၊ ငြိမ်သက်သော စိတ်ရှိသည်၎င်း ဖြစ်ရာ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၆၂။ ယော မုခသံယတော ဘိက္ခု၊ မန္တဘာဏီ အနုဒ္ဓတော။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။
ယော ဘိက္ခု - အကြင် ရဟန်းသည်။
မုခသံယတော၊ နှုတ်ကိုစောင့်စည်းခြင်းရှိ၏။
(ကျွန် ဒွန်းစဏ္ဍား စသည်တို့ကိုပင် နင်အမျိုးယုတ် ဒုဿီလဟု မဆိုဟူလို။)
မန္တဘာဏီ၊ ပညာဖြင့် ဆင်ခြင်၍ ဆိုလေ့ရှိ၏။
အနုဒ္ဓတော၊ ပြန့်လွင့်ခြင်းမရှိ သဖြင့် ငြိမ်သက်သောစိတ်ရှိ၏။
အတ္ထဉ္စ၊ အနက်ကို၎င်း။
ဓမ္မဉ္စ၊ ပါဠိကို၎င်း။
ဒီပေတိ၊ ပြတတ်၏။
တဿ ဘိက္ခုနော၊ ထိုရဟန်း၏။
ဘာသိတံ၊ ဆိုအပ်သော စကားသည်။
မဓုရံ၊ ချိုမြိန်သော အရသာရှိ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ကောကာလိက ဝတ္ထု ပြီး၏။
၄-ဓမ္မာရာမမထေရ် ဝတ္ထု
ဓမ္မာရာမော - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဓမ္မာရာမ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဘုရားရှင် အလိုကျအောင် ပူဇော်သော ရဟန်း
မြတ်စွာဘုရားသည် ဤနေ့မှ လေးလလွန်သောအခါ ငါဘုရား၏ ပရိနိဗ္ဗာန် စံလွန်ခြင်းသည် ဖြစ်လတ္တံ့ဟူသော စကားကို မိန့်ကြားအပ်သည်ရှိသော် အထောင်မက များစွာသော ရဟန်း တို့သည် မြတ်စွာဘုရားကို ခြံရံလျက်သာ လှည့်လည်ကြကုန်သတတ်၊
ထိုရဟန်းတို့တွင် ပုထုဇဉ် ရဟန်းတို့သည် မျက်ရည်တို့ကို တးဆီးစိမ့်သောငှါ မတတ်နိုင်ကြကုန်၊ ရဟန္တာပုဂ္ဂိုလ်တို့အား ဓမ္မသံဝေဂသည် ဖြစ်လေ၏၊ အလုံးစုံသော ရဟန်းတို့သည်လည်း အဘယ် သို့ပြုကြရပါကုန်အံ့နည်းဟု အစုဖွဲ့သဖြင့် သွားလာကြကုန်၏၊
ဓမ္မာရာမမည်သော ရဟန်းတပါးသည်ကား ရဟန်းတို့၏ အထံသို့ မချဉ်းကပ် ရဟန်းတို့သည် ငါ့သျှင် - အဘယ့်ကြောင့် ငါတို့ထံသို့ မချဉ်းကပ်ဘဲ နေသနည်းဟု ဆိုအပ်သည်ရှိသော် စကားတုံ့ကိုမျှလည်း မပေးမူ၍ မြတ်စွာဘုရားသည် လေးလလွန်သောအခါ ပရိနိဗ္ဗာန်ပြုတော် မူလတ္တံ့၊ ငါသည်လည်း ရာဂမကင်းသေး၊ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်သာလျှင် လုံ့လပြု၍ အရဟတ္တဖိုလ်သို့ ရောက်စေအံ့ဟု နှလုံးပြုလျက် တပါးထည်းတည်းသာလျှင် နေသည်ဖြစ်၍ မြတ်စွာဘုရား ဟောကြားတော် မူအပ်သော တရားကို ဆင်ခြင်၏၊ ကြံစည်၏၊ အောက်မေ့၏၊
ရဟန်းတို့သည် ဘုရားရှင်အား မြတ်စွာဘုရား-ဓမ္မာရာမ မည်သော ရဟန်းအား ရှင်တော်ဘုရားတို့၌ ချစ်မြတ်နိုးခြင်းမျှလည်းမရှိ၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူလိမ့်သတတ်၊ အဘယ်သို့ ပြုကြရပါကုန်အံ့နည်းဟု တပည့်တော်တို့နှင့် အတူတကွ တိုင်ပင် နှီးနှောခြင်းမျှကိုလည်း မပြုလုပ်ပါ ဘုရားဟု လျှောက်ကြားလေ၏၊
မြတ်စွာဘုရားသည် ထိုဓမ္မာရာမရဟန်းကို ခေါ်စေတော်မူ၍ သင်သည် ဤသို့ ပြု၏ဟူသည် မှန်သလောဟု မေးတော်မူလေ၏၊ မြတ်စွာဘုရား - မှန်လှပါသည် ဘုရားဟု နားတော်လျှောက် သည်ရှိသော် အကြောင်းကား အဘယ်နည်းဟု မေးတော်မူလေ၏၊ ရှင်တော်ဘုရားတို့သည် လေးလလွန်သောအခါ ပရိနိဗ္ဗာန် ပြုတော်မူကြကုန်လိမ့်သတတ်၊ တပည့်တော်သည်လည်း မကင်းသော ရာဂရှိ၏၊
ရှင်တော်ဘုရားတို့ သက်တော်ထင်ရှား ရှိစဉ်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်စေအံ့ဟု ရှင်တော်ဘုရားတို့ ဟောကြားဆုံးမအပ်သောတရားကို ဆင်ခြင်ပါသည်၊ ကြံစည် ပါသည်၊ အောက်မေ့လျက် နေပါသည် ဘုရားဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် သာဓု, သာဓု-ဟု ဓမ္မာရာမ ရဟန်းအား ကောင်းချီးပေး၍ ချစ်သားရဟန်းတို့ - ငါဘုရား၌ ချစ်ခင် မြတ်နိုးခြင်း ရှိသည်မည်သော တပါးသော ရဟန်းသည်လည်း ဓမ္မာရာမရဟန်းနှင့် တူသည် သာလျှင် ဖြစ်ရာ၏၊
ငါဘုရားအား ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်ခြင်းကို ပြုသောသူတို့သည် ငါဘုရားအား ပူဇော်ခြင်းကို ပြုကြသည် မမည်ကုန်၊ လောကုတ္တရာတရား ကိုးပါးအား လျော်သော အကျင့်ကို ကျင့်သောသူတို့သာလျှင် ငါဘုရားကို ပူဇော်ကြသည် မည်ကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၆၃။ ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တယံ။
ဓမ္မံ အနုဿရံ ဘိက္ခုံ၊ သဒ္ဓမ္မာ န ပရိဟာယတိ။
ဓမ္မာရာမော၊ သမထ ဝိပဿနာ တရားသာလျှင် မွေ့လျော်ရာရှိသော။
ဓမ္မရတော၊ သမထ ဝိပဿနာဓမ္မ၌ မွေ့လျော်တတ်သော။
ဓမ္မံ၊ သမထ ဝိပဿနာ တရားကို။
အနုဝိစိန္တယံ၊ အဖန်တလဲလဲ ကြံခြင်း ဆင်ခြင်ခြင်း နှလုံးသွင်းခြင်းရှိသော။
ဓမ္မံ၊ တရားကို။
အနုဿရံ၊ အဖန်တလဲလဲ အောက်မေ့ခြင်း ရှိသော။
ဘိက္ခု၊ ရဟန်းသည်။
သဒ္ဓမ္မာ၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး လောကုတ္တရာ တရားကိုးပါးမှ။
န ပရိဟာယတိ၊ မဆုတ်ယုတ်။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုဓမ္မာရာမ ရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
ဓမ္မာရာမ မထေရ်ဝတ္ထု ပြီး၏။
၅ - ဝိပက္ခသေဝကရဟန်း ဝတ္ထု
သလာဘံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အထူးထူးသော အပင်းအသင်းသို့ မှီဝဲ ကပ်ရောက်တတ်သော မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
စိတ်မခိုင်၍ ကြုံရာလိုက်ပါလွယ်သော ရဟန်း
ဒေဝဒတ်၏ အပင်းအသင်းဖြစ်သော တပါးသော ရဟန်းသည် ထိုအထူးထူးသော အသင်းဝင် ရဟန်း၏ အဆွေခင်ပွန်း ဖြစ်သတတ်၊ ထို ဒေဝဒတ်အသင်းဝင် ရဟန်းသည် ရဟန်းတို့နှင့် အတူတကွ ဆွမ်းအလို့ငှါ လှည့်လည်၍ ပြုအပ်ပြီးသော ဆွမ်းကိစ္စရှိသဖြင့် ပြန်လာသော ထို အဆွေခင်ပွန်း ရဟန်းကိုမြင်ရလျှင် အဘယ်အရပ်သို့ သွားဘိသနည်းဟု မေးမြန်းလေ၏၊
ဤမည်သောအရပ်သို့ ဆွမ်းအတွက် လှည့်လည်ခြင်းငှါ သွားရ၏ဟု ပြောဆိုလတ်သည်ရှိသော် သင်သည် ဆွမ်းကို ရအပ်၏လောဟု မေးပြန်လေ၏၊ ရပါ၏ဟုဆိုလတ်သော် ဤအရပ်၌ ငါတို့အား များစွာသော လာဘ်ပူဇော်သက္ကာရ ရှိ၏၊ နှစ်ရက် သုံးရက် ပတ်လုံး ဤအရပ်၌သာ နေပါလော့ဟု ဆိုလေ၏၊ ထိုအထူးထူးကြုံရာ အပင်းအသင်းသို့ သက်ဝင် မှီဝဲတတ်သော ရဟန်းသည် ထို ဒေဝဒတ်အသင်းဝင် ရဟန်း၏ စကားဖြင့် နှစ်ရက် သုံးရက်ပတ်လုံး ထိုဒေဝဒတ်၏ နေရာအရပ်၌ နေပြီးမှ မိမိ၏နေရာ ကျောင်းသို့ သာလျှင် ရောက်လာလေ၏၊
ထိုအခါ ထိုရဟန်းကို ရဟန်းတို့သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းသည် ဒေဝဒတ်အားဖြစ်သော လာဘ် ပူဇော်သက္ကာရကို သုံးဆောင် စားသောက်ပါသည်၊ ဤရဟန်းသည် ဒေဝဒတ်၏ အပင်းအသင်းသား ဖြစ်ပါသည်ဘုရားဟု မြတ်စွာဘုရားအား လျှောက်ကြား ကြလေကုန်၏၊
မြဘ်စွာဘုရားသည် ထိုရဟန်းကို ခေါ်စေတော်မူပြီးလျှင် ဤသို့ သင်ပြု၏ဟူသည် မှန်သလောဟု မေးတော်မူသောကြောင့် မြတ်စွာဘုရား- မှန်ပါသည်ဘုရား၊ တပည့်တော်သည် ထိုဒေဝဒတ်၏ နေရာအရပ်၌ ပဉ္စင်းငယ် တပါးကို မှီ၍ နှစ်ရက် သုံးရက် နေမိပါသည်၊ ထိုသို့ နေသော်လည်း ဒေဝဒတ်၏ အယူကို ကြည်ဖြူ နှစ်သက်ခြင်း မရှိပါဘုရားဟု နားတော်လျှောက်လေ၏။
မဟိဠာမုခဇာတ် အမြွက်
ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် သင်သည် အယူကို အကယ်၍ကား မနှစ်သက်၊ ထိုသို့ပင် မနှစ်သက်သော်လည်း မြင်အပ် မြင်အပ်ကုန်သော သူတို့၏ သာလျှင် အယူကို နှစ်သက် ဘိသကဲ့သို့ လှည့်ပတ်သွားလာလေ့ရှိ၏၊ သင်သည် ယခုသာလျှင် ဤသို့ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ဤသို့သောသဘောရှိသည် သာလျှင်တည်းဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား- ယခုအခါ၌ ရှေးဦးစွာ တပည့်တော်တို့သည် ကိုယ်တိုင်မြင်ရပါပြီ၊ ရှေး၌ကား ဤရဟန်းသည် ထိုထိုသို့သော သူတို့၏အယူကို နှစ်သက်ဘိသကဲ့သို့ လှည့်ပတ်သွားလာ ဖူးသည်ကို တပည့်တော်တို့အား ဟောကြားတော်မူကြပါဘုရားဟု ရဟန်းတို့ တောင်းပန်အပ်သောကြောင့် လွန်လေ ပြီးသော အကြောင်းကို ဆောင်တော်မူ၍ -
ပုရာဏ စောရာန ဝစော နိသမ္မ၊ မဟိဠာမုခေါ ပေါထယ မနွစာရီ။
သုသညတာနံ ဟိ ဝစော နိသမ္မ၊ ဂဇုတ္တမော သဗ္ဗဂုဏေသု အဋ္ဌာ။
မဟာရာဇ၊ မြတ်သောမင်းကြီး။
မဟိဠာမုခေါ၊ ဆင်မ၏ မျက်နှာနှင့် တူသော မျက်နှာရှိသော မင်္ဂလာဆင်တော်သည်။
ပုရာဏံ၊ ရှေးဦးစွာ။
စောရာနံ၊ ခိုးသူတို့၏။
ဝစော၊ စကားကို။
နိသမ္မ၊ ကြားရ၍။
ပေါထယံ-ပေါထယန္တော၊ ပုတ်ခတ်သတ်ဖြတ်လျက်။
အနွစာရီ - အနုစာရီ၊ အတုလိုက်၍ ကျင့်၏။
ဂဇုတ္တမော၊ မဟိဠာမုခ ဆင်မြတ်သည်။
သုသညတာနံ ဟိ၊ ကိုယ် နှုတ် နှလုံး စောင့်သုံးကုန်သော ရဟန်းပုဏ္ဏားတို့၏သာလျှင်။
ဝစော၊ စကားကို။
နိသမ္မ၊ ကြားရ ပြန်၍။
သဗ္ဗဂုဏေသု၊ ခပ်သိမ်းသော ဂုဏ်ကျေးဇူးတို့၌။
အဋ္ဌာ-အဋ္ဌာသိ၊ တည်ပြန်လေ၏။
ဤသို့ ဤ`မဟိဠာမုခဇာတ်ကို အကျယ်ချဲ့ပြီးလျှင် ချစ်သား ရဟန်းတို့ ရဟန်းမည်သည်ကား မိမိ၏လာဘ်ဖြင့်သာလျှင် ရောင့်ရဲလွယ်သောသူ ဖြစ်ရာ၏၊ သူတပါး၏ လာဘ်ကို တောင့်တခြင်းငှါ မသင့်၊ သူတပါး၏ လာဘ်ကို တောင့်တသော ရဟန်းအား ဈာန်,ဝိပဿနာ,မဂ်, ဖိုလ်တို့တွင် တခုသော တရားသည်လည်း မဖြစ်နိုင်၊ မိမိလာဘ်ဖြင့် ရောင့်ရဲလွယ်သော ရဟန်းအားသာလျှင် ဈာန် အစရှိသည်တို့သည် ဖြစ်နိုင်ကြကုန်၏ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၆၄။ သလာဘံ နာတိမညေယျ၊ နာညေသံ ပိဟယံ စရေ။
အညေသံ ပိဟယံ ဘိက္ခု၊ သမာဓိံ နာဓိဂစ္ဆတိ။
၃၆၅။ အပ္ပလာဘောပိ စေ ဘိက္ခု၊ သလာဘံ နာတိမညတိ။
တံ ဝေ ဒေဝါ ပသံသန္တိ၊ သုဒ္ဓါဇီဝိမတန္ဒိတံ။
ဘိက္ခုနာမ၊ ရဟန်းမည်သည်ကား။
သလာဘံ၊ မိမိအလို့ငှါ ဖြစ်သော မိမိ၏ လာဘ်ကို။
နာတိမညေယျ၊ မထီမဲ့မြင် မအောက်မေ့ရာ။
(အိမ်စဉ်မပြတ် ဆွမ်းရပ်သော အကျင့်ကို ပယ်စွန့်လျက် မအပ်မရာ ရှာမှီးခြင်းဖြင့် အသက် မွေးသော ရဟန်းသည် မိမိလာဘ်ကို မထီမဲ့မြင် ပြုသည် မည်၏၊ ရှုံရှာစက်ဆုပ်သည် မည်၏ ဟူလို။)
အညေသံ၊ သူတပါးတို့၏။
လာဘံ၊ လာဘ်ကို။
ပိဟယံ-ပိဟယန္တော၊ တောင့်တလျက်။
န စရေ၊ မကျင့်ရာ။
အညေသံ၊ သူတပါးတို့၏။
လာဘံ၊ လာဘ် ကို။
ပိဟယံ-ပိဟယန္တော၊ တောင့်တသော။
ဘိက္ခု၊ ရဟန်းသည်။
သမာဓိံ၊ သမာဓိကို။
နာဓိဂစ္ဆတိ၊ မရနိုင်။
ဘိက္ခု၊ ရဟန်းသည်။
အပ္ပလာဘောပိ၊ နည်းသော လာဘ်ရှိသော်လည်း။
သလာဘံ၊ မိမိလာဘ်ကို။
နာတိမညတိ၊ အကယ်၍ မထီမဲ့မြင် မအောက်မေ့သည် ဖြစ်အံ့။
(ယုတ်ယုတ်မြတ်မြတ် အစဉ်အတိုင်း ဆွမ်းခံသွားလျက် ရသောလာဘ်ကို နှစ်သက်၏ ဟူလို။)
သုဒ္ဓါဇီဝိံ်၊ စင်ကြယ်ကောင်းမြတ်သော အသက်မွေးခြင်းရှိသော။
အတန္ဒိတံ၊ ပျင်းရိခြင်းမရှိသော။
တံ ဘိက္ခု၊ ထိုရဟန်းကို။
ဒေဝါ၊ နတ်တို့သည်။
ဝေ၊ စင်စစ်။
ပသံသန္တိ၊ ချီးမွမ်းထောမနာကြကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ဝိပက္ခသေဝက ရဟန်းဝတ္ထု ပြီး၏။
၆ - ပဉ္စဂ္ဂဒါယကာပုဏ္ဏား ဝတ္ထု
သဗ္ဗသော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပဉ္စဂ္ဂဒါယကာ အမည်ရှိသော ပုဏ္ဏားကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မြတ်စွာဘုရားအား မသဒ္ဓါသော ပုဏ္ဏေးမ
ထိုပုဏ္ဏားကြီးသည် -
ကောက်ခင်း လယ်၌သုတ်သင် ရိတ်သိမ်းသော ကာလပင်လျှင် လယ်ဦး မည်သည်ကို လှူ၏၊
တလင်းဝယ် နယ်သောကာလ တလင်းဦး မည်သည်ကို လှူ၏၊
တလင်းတွင် အရင်းအနှီး ဘဏ္ဍာပြုသောကာလ တလင်း ဘဏ္ဍာဦးမည်သည်ကို လှူ၏၊
ထမင်းအိုးတွင် ချက်သောကာလ ထမင်းအိုးဦး မည်သည်ကို လှူ၏၊
ခွက်၌ ထမင်းခူးထည့်သောကာလ ခွက်ဦးမည်သည်ကို လှူ၏၊
ဤသို့ ဤငါးပါးသော အဦးအဖျား အလှူဒါနတို့ကို ပေးလှူလေ့ရှိ၏၊
ရောက်လာသောသူအား မပေးမကမ်းမူ၍ စားသောမည်သည်မရှိ၊ ထိုကြောင့် ထိုပုဏ္ဏားကြီးအား ပဉ္စဂ္ဂဒါယကာဟူ၍ သာလျှင် အမည်တွင်လေ၏၊ မြတ်စွာဘုရားသည် ထို ပဉ္စဂ္ဂဒါယကာကြီး၏၎င်း၊ ထိုဒါယကာ၏ ပုဏ္ဏေးမကြီး၏၎င်း သုံးပါးသော ဖိုလ်တို့၏အကြောင်း ဥပနိဿယကို မြင်တော်မူ သဖြင့် ပုဏ္ဏားကြီး ထမင်းစားသော အခါ၌ ကြွသွားတော်မူပြီးလျှင် တံခါး၌ ရပ်တော်မူလေ၏၊
ပုဏ္ဏားကြီးသည်လည်း တံခါးအဦး၌ အိမ်တွင်းသို့ ရှေးရှုကာနေလျက် စားနေ၏၊ တံခါး၌ ရပ်တော်မူသော မြတ်စွာဘုရားကို မမြင်၊ ပုဏ္ဏေးမသည်ကား ပုဏ္ဏားကြီးကို ထမင်း ကျွေးစဉ် မြတ်စွာဘုရားကိုမြင်ရလျှင် ဤပုဏ္ဏားကြီးကား ငါးပါးသောအရာတို့၌ အဦးကိုလှူပြီးမှ စား၏၊ ယခုအခါလည်း ရဟန်းဂေါတမသည် ကြွလာ၍ တံခါး၌ ရပ်လျက်ရှိ၏၊
ပုဏ္ဏားကြီးသည် ထိုရဟန်းဂေါတမကို မြင်လျှင် မိမိ၏ ထမင်းကို ဆောင်လျက် အကယ်၍ လှူသည်ဖြစ်အံ့၊ တဖန်လည်း ငါသည်ချက်ခြင်းငှါ မတတ်နိုင်တော့လတ္တံ့ဟု ကြံစည်လေ၏၊ ထိုပုဏ္ဏေးမသည် ဤသို့ပြုသည်ရှိသော် ဤ ပုဏ္ဏားကြီးသည် ရဟန်းဂေါတမကို မမြင်လတ္တံ့ဟု ကြံ၍ မြတ်စွာဘုရားအား ကျောပေး၍ ထိုပုဏ္ဏားကြီး၏နောက်၌ မြတ်စွာဘုရားကိုဖုံးကွယ်ကာ ကုံးညွတ်ပြီးလျှင် လပြည့်ဝန်းကို လက်ဝါးဖြင့် ဖုံးအုပ်ဘိသကဲ့သို့ ရပ်တည်လေ၏။
ထိုသို့ တည်နေလျက်ပင်လျှင် ကြွသွားပြီလော, မကြွဘဲ ရှိသေးသလောဟု မြတ်စွာဘုရားကို ထက်ဝက်သောမျက်စိဖြင့် ငဲ့စောင်းကာကြည့်လေ၏၊ မြတ်စွာဘုရားသည် ထိုအရပ်၌သာလျှင် ရပ်နေတော်မူလေ၏၊ ပုဏ္ဏားကြီး ကြားအံ့သည်မှ ကြောက်သောကြောင့် လွန်၍ အလိုရှိတော် မူကြပါဦး၊ ဝါ-ကန်တော့ပါသေး၏ ဟု မဆိုနောက်သို့ ဆုတ်ပြီး၍သော်ကား တိုးတိုးသာသာလျှင် ကန်တော့ပါသေး၏ဟု လျှောက်ဆိုရရှာလေ၏။
သဒ္ဓါသော ပုဏ္ဏားကြီး
ဘုရားရှင်သည် ငါမကြွသွားလတ္တံ့ ဟု ဦးခေါင်းတော်ကို လှုပ်တော်မူလေ၏၊ တလောကလုံး အလေးအမြတ် ပြုအပ်သော ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ငါကား မသွားလတ္တံ့ဟု ဦးခေါင်းတော် လှူတော်မူသည် ရှိသော် တည်တံ့ခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ပြင်းစွာသော ရယ်ခြင်းကို ရယ်လေ၏၊
ထိုခဏ၌ မြက်စွာဘုရားသည် အိမ်တွင်းသို့ ရှေ့ရှုရောင်ခြည်တော်ကို လွှက်လေ၏၊ ပုဏ္ဏားကြီး သည်လည်း ကျောပေးလျက် နေစဉ်သာလျှင် ပုဏ္ဏေးမ၏ ရယ်သံ ကြားရ၍၎င်း၊ ခြောက်သွယ် သော အရောင်အဆင်းရှိသော ရောင်ခြည်တော်တို့၏ ထွန်းလင်း တောက်ပသော အလင်းကို ကြည့်ရှု၍၎င်း ဘုရားရှင်ကို ဖူးမြင်ရလေ၏။
(ဘုရားရှင်တို့ မည်သည်ကား ရွာ၌၎င်း၊ တော၌၎င်း အကြောင်း ဥပနိဿယနှင့် ပြည့်စုံသော သူတို့အား ကိုယ်တော်ကို မပြမူ၍ ဖဲသွားတော် မမူကြကုန်။)
ပုဏ္ဏားကြီးသည်လည်း မြတ်စွာဘုရားကို ဖူးမြင်ရလျှင် အို ရှင်မ- ငါ့ကို ဖျက်ဆီးဘိ၏၊ သင်သည် သုဒ္ဓေါဒနမင်းကြီး၏ သားတော် မြတ်စွာဘုရား ကြွလာ၍ အိမ်တံခါး၌ရပ်တည်နေသည်ကို ငါ့အားမပြောကြားသဖြင့် ဝန်လေးလှစွာသော အမှုကို သင်ပြုဘိ၏ ဟုဆိုပြီးလျှင် ထက်ဝက် စားပြီးသော ထမင်းခွက်ကို ကိုင်ယူလျက် ဘုရားရှင်၏ အထံတော်သို့ သွား၍ အိုရှင်ဂေါတမ• တပည့်တော်သည် ငါးပါးသော အရာဌာနတို့၌ အဦးကို ပေးလှူပြီးမှသာ စားပါသည်၊ ဤထမင်း မှာလည်း တပည့်တော်သည် အလယ်၌ခွဲ၍ တခုသော ထမင်းအဖို့ကိုသာ စားရပါသေးသည်၊ တခုသောအဖို့လည်း ကြွင်းကျန်ပါသေးသည်၊ တပည့်တော်၏ ဤဆွမ်းကို အလှူခံတော်မူနိုင်ပါအံ့လောဘုရားဟု လျှောက်လေ၏။
ပြိတ္တာနှင့်တူပုံဟော၍ ဆွမ်းကျန် အလှူခံခြင်း
မြတ်စွာဘုရားသည် ငါဘုရားအား သင်၏စားကြွင်းထမင်းဖြင့် အလိုမရှိပြီဟု မိန့်တော်မမူဘဲ ပုဏ္ဏားကြီး အဦးသည်မူလည်း ငါဘုရားအားသာလျှင် လျောက်ပတ်၏၊ အလယ်၌ခွဲ၍ ထက်ဝက် စားအပ်ပြီးသော ထမင်း စားကြွင်းသည်၎င်း၊ အဆုံးစွန်သော ထမင်းဆုပ်သည်၎င်း ငါဘုရားအား သာလျှင် လျောက်ပတ်၏၊
ပုဏ္ဏားကြီး- ငါဘုရားတို့ သည် သူတပါးပေးကမ်းသည်ကို မှီ၍ အသက်မွေးခြင်းရှိသော ပြိတ္တာနှင့် တူကြကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ယဒဂ္ဂတော မဇ္ဈတော သေသတော ဝါ၊
ပိဏ္ဍံ လဘေထ ပရဒတ္တူပဇီဝီ။
နာလံ ထုဘီနာပိ နိပစ္စဝါဒိံ၊
တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။
ယံ ပိဏ္ဍံ၊ အကြင်ဆွမ်းကို။
အဂ္ဂတော၊ အဦးအဖျားဟူ၍၎င်း။
မဇ္ဈတော၊ ထက်ဝက်အကျန် ဟူ၍၎င်း။
သေသတော ဝါ၊ နောက်ဆုံး အကြွင်းဟူ၍၎င်း။
လဘေထ၊ ရရာ၏။
ပရဒတ္တူပဇီဝီ၊ သူတပါး ပေးကမ်းသည်ကို မှီ၍ အသက်မွေး သောပုဂ္ဂိုလ်သည်။
တံ ပိဏ္ဍံ၊ ထိုဆွမ်းကို။
ဘုဉ္ဇေယျ၊ သုံးစားရာ၏။
ထုတီနာပိ၊ ချီးမွမ်းခြင်းဖြင့်လည်း။
နာလံ၊ အကျိုးမရှိ။
နိပစ္စဝါဒိံ၊ နှိမ့်ချ၍ ပြောဆိုသော အကျင့်ရှိသော။
တံဝါပိ၊ ထိုပုဂ္ဂိုလ်ကိုလည်း။
ဓီရာ၊ ဘုရားစသော ပညာရှိတို့သည်။
မုနိ၊ မုနီမည်၏ဟူ၍။
ဝေဒယန္တိ၊ သိစေကြကုန်၏။
ဝါ၊ မိန့်ဆိုကြကုန်၏။
ပုဏ္ဏားကြီးသည် ထိုစကားကိုကြားလျှင် ကြားချင်းသာလျှင် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဩော် - အံ့ဖွယ် ရှိပေစွတကား၊ ကျွန်းလုံးအရှင်ဖြစ်သော မင်းသားသည် ဖြစ်ပါလျက် ငါ့အား သင်၏စားကြွင်း ထမင်းဖြင့် အလိုမရှိဟု မိန့်တော်မမူဘဲ ဤသို့မိန့်မြွက်တော်မူပေ၏ဟု တံခါး၌ ရပ်လျက်သာလျှင် မြတ်စွာဘုရားကို အို ရှင်ဂေါတမ - ရှင်တော်မြတ်ဘုရားတို့သည် ကိုယ်တော်မြတ်၏ တပည့်တို့ကို ဘိက္ခုဟူ၍ မိန့်ဆိုတော်မူကြပါကုန်၏၊ အဘယ်မျှဖြင့် ဘိက္ခု မည်သောသူ ဖြစ်ပါသနည်းဘုရားဟု ပြဿနာ မေးလျှောက်လေ၏၊
မြက်စွာဘုရားသည် မေးလျှောက်သော စကားအားလျော်စွာ ဤပုဏ္ဏားကြီးအား တရား ဟောခြင်းသည် လျောက်ပတ်အံ့လောဟု စူးစမ်းဆင်ခြင်တော်မူလတ်သည်ရှိသော် ဤပုဏ္ဏားကြီး ဇနီးခင်ပွန်း နှစ်ယောက်တို့သည်လည်း ကဿပမြတ်စွာဘုရား၏ လက်ထက်တော်၌ နာမ်ရုပ်ဟု ဆိုသော ရဟန်းတို့၏ စကားကို ကြားနာရဖူးကြလေကုန်၏၊ နာမ်ရုပ်ကို မစွန့်လွှတ်မူ၍သာလျှင် ထိုသူတို့အား တရားဟောခြင်းငှါ သင့်လျော်၏ဟု ဆင်ခြင်တော်မူ၍ ပုဏ္ဏားကြီး နာမ်၌၎င်း ရုပ်၌၎င်း မတပ်သော မကပ်ငြိသောသူသည် ဘိက္ခုမည်သောသူ ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၆၆။ သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္တိ မမာယိတံ။
အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။
ယဿ၊ အကြင်သူအား။
သဗ္ဗသော-သဗ္ဗသ္မိံ၊ အလုံးစုံသော။
နာမရူပသ္မိံ၊ နာမ်ရုပ်၌။
မမာယိတံ၊ ငါ, ငါ၏ဥစ္စာဟု မြတ်နိုးစွဲလမ်းခြင်းသည်။
နတ္ထိ၊ မရှိ။
အသတာ စ၊ ကုန်ခြင်း ပျက်ခြင်းသို့ရောက်၍ ထင်ရှား ရှိငြားသော်လည်း။
န သောစတိ၊ မစိုးရိမ်။
(ထိုနာမ်ရုပ်သည် ကုန်ခြင်းပျက်ခြင်းသို့ရောက်လတ်သော် ငါ၏ရုပ်သည် ကုန်ပြီ၊ ငါ၏ဝိညာဏ်သည် ကုန်ပြီဟု မစိုးရိမ် မပင်ပန်း၊ ငါ၏ကုန်တတ်ပျက်တတ်သော သဘောတရားသာ ကုန်ခန်း ပျက်စီးဘိ၏ဟုဉာဏ်ဖြင့် ရှု၏ဟူလို။)
သော၊ ထိုသို့သဘောရှိသောသူကို။
ဝေ၊ စင်စစ်။
ဘိက္ခူတိ၊ ဘိက္ခုဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ နှစ်ဦးစလုံးလည်း ဖြစ်ကုန်သော ဇနီး ခင်ပွန်းတို့သည် အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
ပဉ္စဂ္ဂဒါယကာပုဏ္ဏားဝတ္ထု ပြီး၏။
၇ - များစွာကုန်သောရဟန်းတို့ဝတ္ထု
မေတ္တာဝိဟာရီ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
.
သောဏရဟန်း ဘုရားအား တရားဟောပြခြင်း
တပါးသောအခါ အရှင်မဟာကစ္စည်းမထေရ်သည် အဝန္တိဇနပုဒ်တို့၌ ကုလဃရမည်သော မြို့ကိုမှီ၍ ပဝတ္တတောင်၌ နေတော်မူသည်ရှိသော် တကုဋေထိုက်သော နားတန်ဆာဆင်မြန်းလေ့ရှိသော သောဏအမည်ရှိသော ဥပါသကာသည် ရှင်မဟာကစ္စည်းမထေရ်၏ တရားဟောကြားခြင်း၌ ကြည်ညိုလှသောကြောင့် မထေရ်မြတ်၏ အထံတော်၌ ရဟန်းပြုခြင်းငှါ အလိုရှိလတ်သဖြင့် ရှင်မဟာ ကစ္စည်းမထေရ်သည် သောဏဒါယကာ အသက်ထက်ဆုံး တထပ်သာစားရခြင်း ရှိသော တယောက်တည်းသော အိပ်ရခြင်းရှိသော မြတ်သောအကျင့်ကို ပြုခြင်းငှါ ခဲယဉ်းလှပေ၏ဟု မိန့်တော်မူ၍ နှစ်ကြိမ်တိုင်တိုင် ပယ်မြစ် အပ်သော်လည်း ရဟန်းအဖြစ်၌ အလွန်လျှင်ဖြစ်သော အားထုတ်ခြင်း ရှိလေ၏၊
သုံးကြိမ်မြောက်သောအခါ ရှင်မဟာကစ္စည်းမထေရ်ကို တောင်းပန်၍ ရှင်သာမဏေ ပြုပြီးလျှင် ဒက္ခိဏပထ တိုင်းအရပ်၌ နည်းသောရဟန်းရှိသည် အဖြစ်ကြောင့် သုံးနှစ်တို့၏ လွန်သောအခါမှ ရအပ်သော ပဉ္စင်းအဖြစ် ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို မျက်မှောက်ထင်ထင် ဖူးမြင်လိုသည် ဖြစ်ရကား ဥပဇ္ဈာယ်ဆရာကို ပန်ကြားသဖြင့် ထို ဥပဇ္ဈာယ်ဆရာသည် ပေးအပ်သော (မှာထား အပ်သော) သတင်းစကားကိုယူ၍ အစဉ်သဖြင့် ဇေတဝန်ကျောင်းတော်သို့ ရောက်သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် ပြုအပ်သော အစေ့အစပ်ရှိသဖြင့် မြတ်စွာဘုရားသည် တခုတည်း သော ဂန္ဓကုဋိ၌သာလျှင် ခွင့်ပြုအပ်သော အိပ်ရာနေရာ ရှိသည်ဖြစ်၍ များစွာ သာလျှင်ဖြစ်သော ညဉ့်အချိန်ကို လွင်တီးခေါင်၌ လွန်စေပြီးလျှင် ညဉ့်အဖို့၌ ဂန္ဓကုဋိသို့ဝင်၍ မိမိအားရောက်သော အိပ်ရာနေရာ၌ ထိုညဉ့်အဖို့ကို လွန်စေသဖြင့် နံနက်စောစောအချိန်၌ မြတ်စွာဘုရားသည် တိုက်တွန်းတော်မူအပ်သည် ရှိသော် အလုံးစုံသာလျှင် ဖြစ်ကုန်သော အဋ္ဌကဝဂ် တဆယ့်ခြောက် သုတ်တို့ကို အသံဖြင့် ပါဠိရွတ်သောနည်းဖြင့် ရွတ်လေ၏၊
ထိုအခါ သောဏမထေရ်အား မြက်စွာဘုရားသည် အသံဖြင့် ပါဠိရွတ်ပြီးသောအဆုံး၌ လွန်စွာ ဝမ်းမြောက်စေတော်မူလျက် ချစ်သားရဟန်း - ကောင်းစွ ကောင်းစွဟု ကောင်းချီးပေးလေ၏၊ မြတ်စွာဘုရား ပေးအပ်သော ကောင်းချီးသံကိုကြားရ၍ မြေ၌ တည်သောနတ်, နဂါး, ဂဠုန်တို့သည် ကောင်းချီး ပေးကြလေကုန်၏၊ ဤသို့လျှင် ဗြာဟ္မာပြည် တိုင်အောင် တပြိုင်နက် တချက်တည်း ကောင်းချီး ပေးခြင်းသည် သာလျှင် ဖြစ်လေ၏။
.
သောဏရဟန်း၏ မယ်တော်နှင့် အိမ်စောင့်နတ်
ထိုခဏ၌ ဇေတဝန်ကျောင်းတော်မှ ယူဇနာ တရာ့နှစ်ဆယ်အထက် ကုလဃရမြို့၌ သောဏ မထေရ်၏ မယ်တော်ဖြစ်သော ဒါယိကာမကြီး၏အိမ်၌ အိမ်စောင့် နတ်သည်လည်း သည်းစွာသော အသံဖြင့် ကောင်းချီးပေးလေ၏၊ ထိုအခါ အိမ်စောင့်နတ်ကို ဒါယိကာမကြီးသည် ကောင်းချီး ပေးသော ဤသူကား အဘယ်သူနည်းဟု ဆိုလေ၏၊ နှမ ငါတည်းဟု ဆိုလက်သော် သင်သည် အဘယ်သူဖြစ် သနည်းဟုဆိုပြန်လေ၏၊
သင်၏အိမ်၌စောင့်သော နတ်ဖြစ်ပါသည်ဟု ဆိုပြန်လတ်သော် သင်သည် ဤနေ့မှ ရှေး၌ ငါ့အား ကောင်းချီးကို မပေးစဖူးပါဘဲလျက် ယနေ့အဘယ့်ကြောင့် ပေးဘိသနည်းဟု ဆိုလေ၏၊ ငါသည် သင့်အား ကောင်းချီး ကိုပေးသည် မဟုတ်ရပါဟု ဆိုလတ်သော် ထိုသို့မဟုတ်လျှင် အဘယ်သူအား သင်ကောင်းချီး ပေးဘိသနည်းဟု ဆိုလေ၏၊
သင်၏ သားတော် ဖြစ်သော ကောဋိကဏ္ဏ သောဏမထေရ်အား ကောင်းချီး ပေးပါသည်ဟု ဆိုလတ်သော် ငါ၏သားတော်သည် အဘယ်ကို ပြုဘိသနည်းဟု မေးလေ၏၊ သင်၏သားတော် သည် ယနေ့မြတ်စွာဘုရားနှင့် အတူတကွ တခုတည်းသော ဂန္ဓကုဋိတိုက်၌ နေလျက် တရားကို ဟောပါသည်၊ မြတ်စွာဘုရားသည် သင့်သားတော်၏ တရားကို ကြားနာ၍ ကြည်ညိုစွာ ကောင်းချီး ပေးပါသည်၊
မြတ်စွာဘုရား၏ ကောင်းချီး ပေးခြင်းကို ဝန်ခံလျက် မြေ၌တည်သောနတ်တို့ကို အစပြု၍ ဗြဟ္မာ့ပြည် တိုင်အောင် တပြိုင်နက်- တချက်တည်း ကောင်းချီး ပေးခြင်းသည်သာလျှင် အကြင်ကြောင့် ဖြစ်၏၊ ထို့ကြောင့် ထိုသောဏမထေရ်အား ငါသည်လည်း ကောင်းချီး ပေးရပေ၏ဟု ပြောဆိုလတ်သည်ရှိသော် အရှင်နတ်- အသို့နည်း၊ ငါ့သားသည် မြတ်စွာဘုရားအား တရားဟော သလော မြတ်စွာဘုရားသည် ငါ့သားအား တရားဟောသလောဟု မေးပြန်လေ၏၊
သင့်သားတော်သည် မြတ်စွာဘုရားအား ဟော၏ဟု ပြောဆိုလတ်သည်ရှိသော် ဤသို့ နတ်ပြောစဉ်ပင်လျှင် ဒါယိကာမကြီးအား ငါးပါးအပြားရှိသော ပီတိသည်ဖြစ်၍ ကိုယ်အလုံးကို ပျံ့နှံ့လေ၏၊ ထိုအခါ ဒါယိကာမကြီးအား အကြံဖြစ်သည်မှာ ငါ့သားသည် မြတ်စွာဘုရားနှင့် တတူတကွ တခုတည်းသော ဂန္ဓကုဋိတိုက်၌နေလျက် မြတ်စွာဘုရားအား တရားဟောခြင်းငှါ တတ်စွမ်းနိုင်ဘိ၏၊ ငါ့အားလည်း ဟောခြင်းငှါ တတ်စွမ်းနိုင်အံ့သည်သာလျှင်တည်း၊ ငါ့သား ရောက်လာသောအခါ တရားနာခြင်းကို (တရားနာပွဲကို)ပြုစေ၍ တရားနာဦးအံ့ဟု အကြံဖြစ်လေ၏။
.
သောဏရဟန်း၏ ဆုငါးပါး တောင်းခြင်း
သောဏမထေရ် သည်လည်း မြတ်စွာဘုရားသည် ကောင်းချီးပေးလတ်သည် ရှိသော် ဤ အခါသည် ငါ၏ ဥပဇ္ဈာယ်ဆရာ ပေးလိုက်သော သတင်းစကားကို လျှောက်ကြားအံ့သောငှါ အခါတည်းဟု မြတ်စွာဘုရားကို ပစ္စန္တရစ် ဇနပုဒ်တို့၌ ဝိနည်းဓိုရ်လျှင် ငါးယောက်မြောက်ရှိသော ရဟန်းအပေါင်းဖြင့် ပဉ္စင်းခံခြင်းကို အစပြု၍ ငါးပါးသောဆုတို့ကို တောင်းပန်၍ နှစ်ရက် သုံးရက်ပတ်လုံး မြတ်စွာဘုရား၏ အထံတော်၌သာလျှင် နေပြီး၍ ဥပဇ္ဈာယ်ကို ဖူးမြင်ပါဦးမည် ဘုရားဟု မြတ်စွာဘုရားကို ပန်ကြားသဖြင့် ဇေတဝန် ကျောင်းတော်မှ ထွက်ခဲ့သည်ရှိသော် အစဉ်သဖြင့် ဥပဇ္ဈာယ်ဆရာ၏ အထံတော်သို့ ရောက်သွားလေ၏။
*(တောင်းသောဆု ငါးပါးစလုံး ရသည်၊ ငါးပါးကား၊
၁ - ပစ္စန္တရစ်တို့၌ ရဟန်း ရှားပါးသောကြောင့် ဝိနည်းမိုရ် ပုဂ္ဂိုလ်လျှင် ငါးပါးရှိသော ရဟန်း အပေါင်းဖြင့် ရဟန်းပြု ကံဆောင်နိုင်ခြင်း၊ (မဇ္ဈိမ ဒေသ၌ ဆယ်ပါးရှိမှ ပြုရသည်။)
၂ - ပစ္စန္တရစ်တို့၌ မြေကြမ်းတန်းသောကြောင့် အထပ်ထပ်သော ဘိနပ်ကို စီးနင်နိုင်ခြင်း၊ (မဇ္ဈိမ၌ လွှ ခြင်သာ စီးနင်းအပ်သည်။)
၃ - ပစ္စန္တရစ်တို့၌ လူတို့သည် အလေးပြု၍ ရေချိုးလေ့ရှိသောကြောင့် အမြဲရေချိုးနိုင်ခြင်း၊ (မဇ္ဈိမ၌ တဆယ့်ငါးရက်မှ တကြိမ်သာ ရေချိုးအပ်သည် )
၄ - ပစ္စရစ်တို့၌ ဖျာအလား သားရေခင်းလေ့ ရှိကြသောကြောင့် ဆိတ်သားရေ သမင်သားရေတို့ကို ခင်းသုံးနိုင်ခြင်း၊ (မဇ္ဈိမ၌ သားရေအားလုံးပင် မအပ်။)
၅ - အရပ်တပါးသွားဆဲ ရဟန်းအား လှူသောသင်္ကန်းကို လက်သို့ရောက်မှ ရက်ရေတွက်၍ ဆယ်ရက်အတွင်း ဝိနည်းကံ ပြုရခြင်း ဤငါးပါးတည်း။)
.
သောဏရဟန်း၏ မယ်တော် တရားပွဲပြုလုပ်ခြင်း
ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်း မထေရ်သည် တဖန် မိုးသောက်သောနေ့၌ ထိုသောဏ မထေရ်ကို ခေါ်၍ဆွမ်းခံသွားသည်ရှိသော် မယ်တော် ဒါယိကာမကြီး၏ အိမ်တံခါးသို့ ရောက်သွား လေ၏၊ ဒါယိကာမကြီးသည်လည်း သားကို မြင်တဲ့လျှင် ရွှင်လန်းနှစ် သက်သောစိတ်ရှိသဖြင့် ရှိခိုး၍ ရိုသေစွာ ဆွမ်းလုပ်ကျွေး ပြီးလျှင် ချစ်သား မောင်ပဉ္စင်း - အရှင်ဘုရားသည် မြတ်စွာဘုရားနှင့် အတူတကွ ကုဋိတော် ဂန္ဓကုဋိတိုက်၌ နေလျက် မြတ်စွာဘုရားအား တရားစကားကို ဟော၏ဟူသည် မှန်ပါသလော ဘုရားဟု မေးလျှောက်လေ၏၊
ဒါယိကာမကြီး သင့်အား အဘယ်သူသည် ဤအကြောင်းကို ပြောသနည်းဟု မေးလတ်သော် ချစ်သား - ဤအိမ်၌ အိမ်စောင့်နတ်သည် သည်းစွာသော အသံဖြင့် ကောင်းချီး ပေးခြင်းကြောင့် ဒါယိကာမကြီးက ဤသူကား အဘယ်သူနည်းဟု မေးသည် ရှိသော် ငါဟူ၍ ဆိုပြီးလျှင် ဤသို့၎င်း, ဤသို့၎င်း ပြောဆိုပါသည်၊
ထိုစကားကို ကြားရ၍ ဒါယိကာမကြီးအား အကြံ ဖြစ်သည်မှာ ငါ့သား သောဏမထေရ်သည် မြတ်စွာဘုရားအား တရားစကားကို အကယ်၍ ဟောသည်ဖြစ်အံ့၊ ငါမိခင် ဒါယိကာမကြီး အားလည်း ဟောခြင်းငှါ တတ်စွမ်းနိုင်လတ္တံ့ ဟု အကြံအစည် ဖြစ်ပါသည်ဘုရားဟု လျှောက်ဆို လေ၏၊
ထို့နောက် သောဏ မထေရ်ကို ချစ်သား အကြင်ကြောင့် သင်မောင်ပဉ္စင်းသည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ တရားကို ဟောနိုင်ဘိ၏၊ ထို့ကြောင့် မိခင်ဒါယိကာမကြီး အားလည်း ဟောခြင်းငှါ တတ်နိုင်လတ္တံ့ သည်သာလျှင်တည်း၊ ချစ်သား-ဤမည် သောနေ့၌ တရားနာခြင်းကို ပြုလုပ်စေ၍ ချစ်သား၏ တရားကို နာအံ့ဟု လျှောက်ဆိုလတ်သော် ထိုသောဏမထေရ်သည် သည်းခံတော်မူလေ၏၊
မယ်တော်ဒါယိကာမကြီးသည် ရဟန်းသံဃာအား အလှူကိုလှူဒါန်းပူဇော်ခြင်းကို ပြု၍ ငါ့သား၏ တရားစကားကို နကြားအံ့ဟု တယောက်တည်းသာလျှင် ဖြစ်သော ကျွန်မကို အိမ်စောင့် ထားပြီးလျှင် အလုံးစုံသော အခြွေအရံ ပရိသတ်ကို ခေါ်လျက် မြို့တွင်း၌ တရားနာခြင်း အကျိုးငှါ ဆောက်လုပ်စေအပ်သော မဏ္ဍပ် ကြီးဝယ် အသွယ်သွယ် တန်ဆာဆင်ခြင်းရှိသော တရားဟော ပလ္လင်သို့ တက်၍ တရားတော်ကို ဟောကြားသော သားမထေရ်၏ တရားတော်ကို နာကြားအံ့ သော အကျိုးငှါ သွားလေ၏။
.
တရားပွဲ ကျင်းပစဉ် အိမ်သူခိုးဝင်ခြင်း
ထိုအခါ ကိုးရာသော ခိုးသူတို့သည် ထိုဒါယိကာမကြီး၏ အိမ်၌ အခွင့်ကို ကြည့်ရှု သွားလာ လှည့်ပတ်ကြကုန်၏၊ ထိုဒါယိကာမကြီး၏ အိမ်သည်ကား တံတိုင်း ခုနစ်ထပ်တို့ဖြင့် ခြံရံအပ် သည်ဖြစ်၍ တံခါးမုတ် ခုနစ်ခုနှင့် ယှဉ်ခြင်းရှိ၏၊ ထိုထိုတံခါးမုတ် ထိုထိုအရပ်တို့၌ ကြမ်းတန်းသော ခွေးတို့ကို ဖွဲ့ချည်ကာ ထားကြလေကုန်၏၊ အိမ်တွင်း၌ အမိုး၏ ရေတံစက်ကျရာအရပ်၌ကား ကျုံးတူး၍ သလွဲဖြင့် ပြည့်စေကြကုန်၏၊ ထိုသလွဲသည် နေ့အခါ၌ နေပူသဖြင့် ကြေ၍ ကျိုက် ကျိုက်ဆူသကဲ့သို့ တည်၏၊ ညဉ့်အခါ၌ကား ခက်မာ ကြမ်းတန်းသည် ဖြစ်၍ တည်၏၊ ထိုသလွဲ၏ အခြားမဲ့၌ များစွာကုန်သော သံချွန် သံငြောင့်တို့ကို အကြားမရှိ မြေ၌ စိုက်ထားကြကုန်၏၊
ဤသို့လျှင် အစောင့်အရှောက်ကို၎င်း ဒါယိကာမကြီး၏ အိမ်တွင်း၌ တည်သည့်အဖြစ်ကို၎င်း စွဲ၍ ခိုးသူတို့သည် အခွင့်ကို မရနိုင်ကုန်၊ ထိုနေ့၌ ဒါယိကာမကြီး၏ တရားနာသွားသည့် အဖြစ်ကို သိရသဖြင့် ဥမင်ကို ဖောက်ထွင်း၍ တဖန် သလွဲကျုံး၏၎င်း, သံချွန် သံငြောင့်တို့၏၎င်း အောက် အဖို့ဖြင့် သာလျှင် အိမ်သို့ဝင်ရောက်ပြီးလျှင် ခိုးသူကြီးကို အကယ်၍ ထိုဒါယိကာမကြီးသည် ငါတို့ ဤအိမ်သို့ဝင်သည့်အဖြစ်ကို ကြားသိရလျှင် ပြန်နစ်၍ အိမ်သို့ ရှေးရှုပြန်လာသည်ဖြစ်အံ့၊ ထိုဒါယိကာမကြီးကို သန်လျက်ဖြင့် ခုတ်ဖြတ်၍ သတ်ကြကုန်လော့ဟု သောဏမထေရ်၏ မယ်တော်အထံသို့ စေလွှတ်ကြကုန်၏၊
ထိုခိုးသူကြီးသည် သွားတဲ့၍ ဒါယိကာမကြီးအထံ၌ ရပ်တည်နေလေ၏၊ ခိုးသူတို့သည်လည်း အိမ်တွင်း၌ ဆီမီးညှိထွန်း၍ ဥစ္စာ အသပြာထားရာ တိုက်တံခါးကို ဖွင့်ကြလေကုန်၏။
.
သူခိုးဝင်ကြောင်း လာပြောသူကို ကြိမ်းမောင်းခြင်း
ထိုအိမ်စောင့်ကျွန်မသည် ခိုးသူတို့ကို မြင်ရလျှင် အိမ်ရှင် ဒါယိကာမကြီး၏ အထံသို့သွား၍ သခင်မ များစွာသော ခိုးသူတို့သည် အိမ်တွင်းသို့ဝင်၍ ဥစ္စာ အသပြာထားရာ တိုက်တံခါးကို ဖွင့်ကြပါကုန်ပြီဟု ပြောကြားလေ၏၊
ထိုအခါ ကျွန်မကို ဒါယိကာမကြီးသည် ခေါ်၍ ခိုးသူတို့သည်လည်း မိမိတို့မြင်သမျှ သပြာတို့ကို ဆောင်ယူကြပါစေကုန်၊ ငါသည် ငါ့သားတော်၏ တရားစကား ကိ နာကြားဦးအံ့၊ ငါ့အား တရား၏ အန္တရာယ် အနှောက်အရှက်ကို မပြုလာလင့်၊ အိမ်သို့ပြန်သွားချေဟု ပြန်လွှတ်လိုက်လေ၏ ခိုးသူတို့သည်လည်း အသပြာတိုက် ကို အချည်းနှီးပြုပြီးလျှင် ငွေတိုက်ကို ဖွင့်ကြပြန်ကုန်၏၊ ထိုကျွန်မသည် တဖန် လည်းလာပြန်၍ ထိုအကြောင်းကို ပြောကြားပြန်လေ၏၊
ထိုအခါ ကျွန်မကို ဒါယိကာမကြီးသည် ခေါ်၍ ခိုးသူတို့သည် အလိုရှိသမျှကို ဆောင်ယူကြပါစေ ကုန်၊ ငါ့အား အနှောက်အရှက်ကို မပြုပါလင့်ဟု ဆို၍ တဖန် ကျွန်မကို စေလွှတ် လိုက်ပြန်လေ၏၊ ထိုခိုးသူတို့သည်လည်း ငွေတိုက်ကိုလည်း အချည်းနှီး ပြုပြီးလျှင် ရွှေတိုက်ကို ဖွင့်ကြပြန်ကုန်၏၊ ထိုကျွန်မသည် တဖန်လည်း သွားတဲ့၍ ဒါယိကာမ ကြီးအား ထို အကြောင်းကို ပြောကြားပြန် လေ၏၊
ထိုအခါ ကျွန်မကို ဒါယိကာမ ကြီးသည် ခေါ်၍ ဟယ်-ကျွန်မ သင်သည် အကြိမ်များစွာ ငါ့အထံသို့ လာဘိ၏၊ ခိုးသူတို့သည် အလိုရှိတိုင်း ဆောင်ယူကြပါစေကုန်၊ ငါသည် ငါ့သားတော်၏ တရားတော်ကို နာကြားဦးအံ့၊ ငါ့အား အနှောက်အရှက်ကို မပြုပါလင့်ဟု ငါဆိုသော်လည်း ငါ့စကားကို မနာမယူဘဲ အဖန်တလဲလဲ လာသည်သာတည်း၊ ယခုအခါ သင် အကယ်၍ လာပြန်သည်ဖြစ်အံ့၊ သင့်အား ပြုအပ်သည်ကို သိရပေတော့အံ့၊ အိမ်သို့သာ ပြန်သွားလော့ဟု စေလွှတ်လိုက်ပြန်လေ၏၊
.
ခိုးသူတို့က တောင်းပန်ခြင်း
ခိုးသူကြီးသည် ထိုဒါယိကာမကြီး၏ စကားကို ကြားရလျှင် ဤသို့သဘော ရှိသော မိန်းမ၏ဥစ္စာကို ခိုးယူကြကုန်သော သူတို့အား မိုဃ်းကြိုးကျ၍ ဦးထိပ်ကို ခွဲရာ၏ဟု အောက်မေ့လျက် ခိုးသူတို့၏ အထံသို့ သွားပြီးလျှင် လျင်မြန်စွာ ထိုဒါယိကာမကြီး၏ဥစ္စာကို ပကတိထားမြဲတိုင်း ထားကြ ကုန်လော့ဟု ဆိုလေ၏၊ ထိုခိုးသူတို့သည် အသပြာတို့ဖြင့် အသပြာတိုက်ကို ငွေ ရွှေတို့ဖြင့် ငွေတိုက် ရွှေတိုက်တို့ကို တဖန် ပြည့်စေပြန်လေကုန်၏။
(ဤသည်ကား ဓမ္မတာသဘော ဖြစ်သတတ်၊ ဤသူတော်ကောင်းတရားသည် တရားကို ကျင့်သောသူကို စောင့်ရှောက်ပေ၏၊ ထို့ကြောင့်သာလျှင် ဤဂါထာကို မိန့်ဆိုကော်မူလေ၏။)
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊
ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။
ဧသောနိသံသော ဓမ္မေ သုစိဏ္ဏေ၊
န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။
ဓမ္မော၊ တရားသည်။ ဓမ္မစာရိံ၊ တရားကို ကျင့်သောသူကို။ ဟဝေ၊ စင်စစ်။ ရက္ခတိ၊ စောင့်၏။ သုစိဏ္ဏော၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မော၊ တရားသည်။ သုခံ၊ ချမ်းသာသုံးပါးကို။ အာဝဟတိ၊ ရွက်ဆောင်၏။ ဧသော၊ ဤသည်ကား။ သုစိဏ္ဏေ၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မေ၊ တရား၌။ ဝါ-တရား၏။ အာနိသံသော၊ အကျိုးတည်း။ ဓမ္မစာရီ၊ တရားကို ကျင့်လေ့ရှိသော ပုဂ္ဂိုလ်သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ န ဂစ္ဆတိ၊ မလားမရောက်နိုင်။
ခိုးသူတို့သည်လည်း သွား၍ တရားနာရာအရပ်၌ တည်နေကြလေကုန်၏၊ သောဏမထေရ် သည်လည်း တရားတော်ကို ဟောကြားပြီးလျှင် ညဉ့်အဖို့ မိုးလင်းလတ်သည်ရှိသော် တရားဟောနေရာ ပလ္လင်မှ သက်ဆင်းလေ၏၊
ထိုခဏ၌ ခိုးသူကြီးသည် ဒါယိကာမကြီး၏ ခြေရင်း၌ဝင်လျက် သခင်မ - ကျွန်တော်အား သည်းခံ ပါလော့ဟု ဆိုလေ၏၊ အမောင်- ဤသို့ တောင်းပန်ရခြင်းကား အကြောင်း အဘယ်နည်းဟု မေးလတ်သော် ကျွန်.တာ်သည် သခင်မတို့၌ ရန်ငြိုးဖွဲ့ခြင်းကိုပြု၍ သခင်မတို့ကို သတ်လို သောကြောင့် ရပ်တည်နေပါသည်ဟု ဆိုလေ၏၊
ထိုသို့ဖြစ်မူ အမောင် - သင့်အား ငါ သည်းခံပါ၏ဟု ဆိုလတ်သော် ကြွင်းသော ခိုးသူတို့သည်လည်း ထိုခိုးသူကြီးအတူသာလျှင် ပြောဆို တောင်းပန်ကြသောကြောင့် အမောင်တို့-ငါ သည်းခံပါ၏ဟု ဆိုလတ်သော် ထိုခိုးသူတို့သည် သခင်မ - ကျွန်တော်တို့အား အကယ်၍ သည်းခံကြသည် ဖြစ်ပါအံ့၊ သခင်မ၏ သားတော်အထံ၌ ရဟန်းအဖြစ်ကို ပေးစေချင်ပါ၏ဟု ပြောဆိုကြလေကုန်၏။
.
ခိုးသူကိုးရာ ရဟန်းပြုခြင်း
ထိုမထေရ်၏ မယ်တော် ဒါယိကာမကြီးသည် သားကို ရှိခိုးလျက် ချစ်သား ဤခိုးသူတို့သည် မိခင်၏ဂုဏ်ကျေးဇူး၌၎င်း, အရှင်ဘုရားတို့၏ တရားစကား၌၎င်း ကြည်ညိုခြင်းရှိကုန်သည်ဖြစ်၍ ရဟန်းအဖြစ်ကို တောင်းပန်ကြပါကုန်၏၊ ထိုသူတို့ကို ရဟန်းပြုပေးကြပါကုန်လော့ဟု လျှောက်လေ၏၊
မထေရ်သည် ကောင်းပြီ ဟုဆို၍ ထိုခိုးသူတို့ ဝတ်အပ်သော အဝတ်ပုဆိုးတို့၏ အမြိတ်အဆာတို့ကို ဖြတ်စေ၍ မြေနီဖြင့် ဆိုးစေပြီးလျှင် ထိုခိုးသူတို့ကို ရှင်သာမဏေ ပြုပေး၍ သီလတို့၌ တည်စေ တော်မူလေ၏၊ ပဉ္စင်းဖြစ်ပြီးသော အခါ၌လည်း ထိုကိုးရာသော အတိုင်းအရှည်ရှိကုန်သော ရဟန်းတို့အား တပါးစီ တပါးစီ အသီးအသီးသော ကမ္မဋ္ဌာန်းကို ပေးလေ၏၊
ထိုကိုးရာသော ရဟန်းတို့သည် အသီးအသီး ကိုးရာသောကမ္မဋ္ဌာန်းတို့ကို ယူသဖြင့် တောင် တခုသို့တက်၍ ထိုထိုသစ်ပင်၏ အရိပ်၌ နေထိုင်လျက် ရဟန်းတရားကို အားထုတ်ကြလေကုန်၏၊ ဘုရားရှင်သည် ယူဇနာ တရာ့နှစ်ဆယ်ထက်၌ တည်သော ဇေတဝန်ကျောင်းတော်ကြီး၌ သီတင်း သုံးလျက်သာလျှင် ထိုရဟန်းတို့ကို ကြည့်ရှုတော်မူ၍ ထိုရဟန်းတို့၏ စရိုက်အစွမ်းဖြင့် တရား ဒေသနာတော်ကို ပိုင်းခြား မှတ်သားတော်မူပြီးလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူလျက် မျက်မှောက်၌ နေထိုင်၍ ဟောတော်မူဘိသကဲ့သို့ ဤါထာတို့ကို ဟောကြားတော်မူလေ၏။
.
ဒေသနာတော်
၃၆၇။ မေတ္တာဝိဟာရီ ယော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။
၃၆၈။ သိဉ္စ ဘိက္ခု ဣမံ နာဝံ၊ သိတ္တာ တေ လဟုမေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊ တတော နိဗ္ဗာနမေဟိသိ။
၃၆၉။ ပဉ္စ ဆိန္နေ ပဉ္စ ဇဟေ၊ ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စသင်္ဂါတိဂေါ ဘိက္ခု၊ ဩဃတိဏ္ဏောတိ ဝုစ္စတိ။
၃၇ဝ။ ဈာယဘိက္ခု မာ ပမာဒေါ၊
မာ တေ ကာမဂုဏေ ရမဿု စိတ္တံ။
မာ လောဟဂုဠံ ဂိလိ ဂ္ဂလိ ပမတ္တော၊
မာ ကန္ဒိ ဒုက္ခမိဒန္တိ ဍယှမာနော။
၃၇၁။ နတ္ထိ ဈာနံ အပညဿ၊ ပညာ နတ္ထိ အဈာယိနော။
ယမှိ ဈာနဉ္စ ပညာ စ၊ သ ဝေ နိဗ္ဗာန သန္တိကေ။
၃၇၂။ သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
အမာနုသီ ရတီ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။
၃၇၃။ ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ၊
လဗ္ဘတီ ပီတိပါမောဇ္ဇံ၊ အမတန္တံ ဝိဇာနတံ။
၃၇၄။ တတြာယမာဒိ ဘဝတိ၊ ဣဓ ပညဿ ဘိက္ခုနော။
ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌီ၊ ပါတိမောက္ခေ စ သံဝရော။
၃၇၅။ မိတ္တေ ဘဇဿု ကလျာဏေ၊ သုဒ္ဓါဇီဝေ အတန္ဒိတေ။
ပဋိသန္ထာရဝုတျဿ၊ အာစာရကုသလော သိယာ။
တတော ပါမောဇ္ဇဗဟုလော၊ ဒုက္ခဿန္တံ ကရိဿတိ။
ယောဘိက္ခု၊ အကြင် ရဟန်းသည်။ မေတ္တာဝိဟာရီ၊ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်း၍ နေလေ့ရှိ၏။
(မေတ္တာကမ္မဋ္ဌာန်း၌ စီးဖြန်းခြင်းအမှု ပြုသောသူသည်၎င်း, မေတ္တာ၏ အစွမ်းဖြင့် ဈာန်သုံးပါး အပေါင်း, လေးပါး အပေါင်းတို့ကို ဖြစ်စေ၍ နေသောသူသည်၎င်း မေတ္တာဝိဟာရီ ပုဂ္ဂိုလ်မည်၏ ဟူလို။)
ဗုဒ္ဓသာသနေ၊ ဘုရားမြတ်စွာ သာသနာ၌။ ပသန္နော၊ ကြည်ညို၏။ ဘိက္ခု၊ ထိုရဟန်းသည်။ သင်္ခါရူပသမံ၊ သင်္ခါရတို့၏ ငြိမ်းရာဖြစ်၍ ငြိမ်သက်စွာထသော။ သုခံ၊ လွန်စွာချမ်းသာသော။ သန္တံပဒံ၊ နိဗ္ဗာန်ကို။ အဓိဂစ္ဆေ၊ ရနိုင်၏။
ဘိက္ခု၊ ချစ်သားရဟန်း။ ဣမံနာဝံ၊ ဤအတ္တဘော တည်းဟူသော လှေကို။ သိဉ္စ၊ မိစ္ဆာဝိတက် တည်းဟူသော ရေကို စွန့်ပက်၍ သွန်းလောင်းလော့။ တေ၊ သင်၏။ သိတ္တာ၊ မိစ္ဆာဝိတက် တည်းဟူသော ရေသွန်းလောင်း အပ်ပြီးသော အတ္တဘော လှေသည်။ လဟုံ၊ လျင်မြန်စွာ။ ဧဿတိ၊ နိဗ္ဗာန်သို့ ရောက်လတ္တံ့။ ရာဂဉ္စ၊ ရာဂဟူသော အဖွဲ့ကို၎င်း။ ဒေါသဉ္စ၊ ဒေါသဟူသော အဖွဲ့ကို၎င်း။ ဆိန္ဒ၊ ဖြတ်လော့။ တတော၊ ထိုသို့ဖြတ်၍ အရဟတ္တဖိုလ်သို့ ရောက်ပြီးသောနောက် ကာလ၌။ နိဗ္ဗာနံ၊ အနုပါဒိသေသ နိဗ္ဗာန်သို့။ ဧဟိသိ၊ ရောက်ရလိမ့်သတည်း။
(မဟာသမုဒြာ၌ ရေပြည့်သော လှေဖြစ်ရကား ရေပေါက်တို့ကို ပိတ်၍ ရေကို သွန်ပစ်အပ်သည် ရှိသော် ပေါ့ပေါ့ပါးပါးဖြစ်သဖြင့် သမုဒြာ၌ မနစ်ဘဲ လျင်မြန်စွာ လိုရာ ဆိပ်ကမ်းသို့ ရောက်နိုင် သကဲ့သို့ ထို့အတူ ဤခန္ဓာကိုယ် လှေသည်လည်း မိစ္ဆာဝိတက် ရေပြည့်ဖြစ်ရကား စက္ခုဒွါရစသော အပေါက်တို့ကို ဖာထေး၍ မိစ္ဆာဝိတက် ရေကို သွန်ပစ်အပ်သည်ရှိသော် ပေါ့ပေါ့ပါးပါး ဖြစ်၍ သံသရာဝဋ်၌ မနစ်မြုပ်ဘဲ လျင်မြန်စွာ နိဗ္ဗာန် ဆိပ်ကမ်းသို့ ရောက်ရပေလတ္တံ့ ဟူလို။)
ပဉ္စ၊ အပါယ်သို့ ရောက်စေတတ်သော အောက်သံယောဇဉ် ငါးပါးတို့ကို။ ဆိန္ဓေ၊ အောက်မဂ်သုံးပါး အပေါင်းဖြင့် ဖြတ်ရာ၏။
(ခြေ၌ ရစ်ပတ်သောကြိုးကို ယောက်ျားသည် ဓားဖြင့် ဖြတ်သကဲ့သို့ ဖြတ်ရမည် ဟူလို။)
ပဉ္စ၊ ဗြဟ္မာ့ပြည်သို့ ရောက်စေတတ်သော အထက်သံယောဇဉ် ငါးပါးတို့ကို။ ဇဟေ၊ အရဟတ္တမဂ်ဖြင့် ပယ်စွန့် ဖြတ်တောက်ရာ၏။
(လည်ပင်း၌ ရစ်ပတ်သောကြိုးကို ယောက်ျားသည် ဖြတ်သကဲ့သို့ ဖြတ်ရမည် ဟူလို။)
ပဉ္စ စ၊ သဒ္ဓါအစရှိသော ငါးပါးသော ဣန္ဒြေတို့ကိုလည်း။ ဥတ္တရိ၊ လွန်စွာ။ ဘာဝယေ၊ ပွားစေရာ၏။
(အထက်သံယောဇဉ် ဖြတ်ခြင်း အကျိုးငှါ ဟူလို။)
ပဉ္စသင်္ဂါတိဂေါ၊ ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိဟု ဆိုအပ်သော ငါးပါးသော ငြိတွယ်ခြင်းတို့ကို လွန်ပြီးသော။ ဘိက္ခု၊ ရဟန်းကို။ ဩဃတိဏ္ဏောတိ၊ လေးပါးသော ဩဃကို ကူးမြောက်ပြီးသောသူ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဘိက္ခု၊ ချစ်သားရဟန်း။ ဈာယ၊ နှစ်ပါးသော ဈာန်အစွမ်းဖြင့် ရှုလည်း ရှုလော့။ မာ ပမာဒေါ၊ ကာယကံစသည်တို့၌ မေ့လျော့ခြင်းရှိသည်ဖြစ်၍ မနေလင့်။ ကာမဂုဏေ၊ ငါးပါးသော ကာမဂုဏ်၌။ တေ၊ သင်၏။ စိတ္တံ၊ စိတ်ကို။ မာ ရမဿု၊ မမွေ့လျော်စေလင့်။ ပမတ္တော၊ မေ့လျော့သည်ဖြစ်၍။ လောဟဂုဠံ၊ သံတွေ ခဲကို။ မာ ဂိလိ၊ မမျိုမိပါစေလင့်။
(သတိလွတ်ကင်း မေ့လျော့ခြင်းဖြင့် မေ့လျော့သော သူတို့သည် ငရဲ၌ ပူလောင်လှသော သံတွေ ခဲကို မျိုကြရရှာ၏၊ ထို့ကြောင့် မေ့လျော့ကာ သံတွေခဲကို မမျိုမိစေလင့် ဟူလို။)
ဍယှမာနော၊ ငရဲ၌ ပူလောင်သည်ဖြစ်၍။ ဣဒံ၊ ဤ ပူလောင်ခြင်းကား။ ဒုက္ခံ၊ ဆင်းရဲခဲလေစွ။ ဣတိ၊ ဤသို့။ မာ ကန္ဒိ၊ မငိုကြွေးပါလင့်။
အပညဿ၊ ဈာန်ကို ဖြစ်စေတတ်သော လုံ့လနှင့်ယှဉ်သော ပညာမရှိသော သူအား။ ဈာနံ၊ ဈာန်သည်။ နတ္ထိ၊ မရှိ။ အဈာယိနော၊ ဈာန်မရှိသော သူအား။ ပညာ၊ ပညာသည်။ နတ္ထိ၊ မရှိ။
(သမာဓိဖြင့် တည်ကြည်သော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိနိုင် မြင်နိုင်၏ဟု ဟောအပ်သော ပညာမျိုးမရှိ ဟူလို။)
ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ ဈာနဉ္စ၊ ဈာန်သည်၎င်း။ ပညာ စ၊ ပညာသည်၎င်း။ အတ္ထိ၊ ရှိ၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ နိဗ္ဗာနသန္တိကေ၊ နိဗ္ဗာန်၏ အနီး၌။ ဌိတာယေဝ၊ တည်သည်သာလျှင်ကတည်း။
သုညာဂါရံ၊ ဆိတ်ငြိမ်ရာ အရပ်သို့။ ပဝိဋ္ဌဿ၊ ဝင်၍ ကမ္မဋ္ဌာန်းကို နှလုံးပြုသဖြင့် နေထသော။ သန္တစိတ္တဿ၊ ငြိမ်သက်သော စိတ်ရှိထသော။ သမ္မာ၊ သင့်သော အကြောင်းအားဖြင့်။ ဓမ္မံ၊ တရားကို။ ဝိပဿတော၊ ရှုသော ပုဂ္ဂိုလ်အား။ အမာနုသီ၊ အိမ်ရာထောင်သူ လူတို့နှင့် မထိုက်တန်သော။ ရတီ၊ ဝိပဿနာ သမာပတ်ဟူသော မွေ့လျော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ယတော ယတော၊ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။ တနည်းကား- ယတော ယတော၊ အကြင်အကြင် အလိုရှိအပ်သော အခါ၌။ ခန္ဓာနံ။ ခန္ဓာ ငါးပါးတို့၏။ ဥဒယဗ္ဗယံ၊ ဖြစ်ခြင်းပျက်ခြင်းကို။ သမ္မသတိ၊ သုံးသပ်၏။ တတော တတော၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ ဝါ- ထိုထိုအခါ၌။ ပီတိပါမောဇ္ဇံ၊ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းကို။ လဘတိ၊ ရ၏။ တံ၊ ထိုပီတိပါမောဇ္ဇသည်။ ဝိဇာနတံ၊ ပညာရှိတို့၏။ အမတံ၊ အမြိုက်နိဗ္ဗာန်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။
(အကြောင်းနှင့်တကွ နာမ်ရုပ်သည် ထင်ထင်ရှားရှားဖြစ်၍ ထင်လတ်သည်ရှိသော် ထိုဖြစ်သော နှစ်သက်ဝမ်းမြောက်ရခြင်းသည် အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်သောကြောင့် ပညာရှိတို့၏ နိဗ္ဗာန်သာ မည်၏ ဟူလို။) ဣဓ သာသနေ။ ဤသာသနာတော်၌။ ပညဿ၊ ပညာရှိသော။ ဘိက္ခုနော၊ ရဟန်းအား။ ဣန္ဒြိယဂုတ္တိ စ၊ စက္ခုစသောဣန္ဒြေကို စောင့်စည်းခြင်းသည်၎င်း။ သန္တုဋ္ဌီ စ၊ ပစ္စည်းလေးပါးတို့၌ ရောင့်ရဲခြင်းသည်၎င်း။
(ဤ စကားရပ်ဖြင့် အာဇီဝပါရိသုဒ္ဓိသီလ ပစ္စယသန္နိဿိတ သီလနှစ်ပါး ကို ဟောကြားအပ်၏။)
ပါတိမောက္ခေ၊ ကြီးမြတ်သော သီလဟု ဆိုအပ်သော ပါတိမောက္ခ၌။ သံဝရော စ၊ စောင့်စည်း ဖြည့်ကျင့်ခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသီလ လေးပါး စင်ကြယ်ခြင်းသည်။ တတြ၊ ထိုနိဗ္ဗာန်ကိုရရာ၌။ ဝါ- ပီတိပါမောဇ္ဇကို ရရာ၌။ အာဒိ၊ အစရှေးဦး နေရာထူးသည်။ ဘဝတိ၊ ဖြစ်၏။
သုဒ္ဓါဇီဝေ၊ စင်ကြယ်သော အသက်မွေးခြင်း ရှိကုန်ထသော။ အတန္ဒိတေ၊ ပျင်းရိခြင်း ကင်းကုန်ထသော။ ကလျာဏေ၊ သီလအစရှိသော ကျေးဇူးတို့ကြောင့် လွန်စွာကောင်းကုန်ထသော။ မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။ ဘဇဿု၊ ဆည်းကပ်လေလော့။
(ကမ္မဋ္ဌာန်းအမှုကို စွန့်ပယ်ထားသဖြင့် မလျောက်ပတ်သော အဆွေ ခင်ပွန်းတို့ကို ရှောင်ကြဉ်၍ ကောင်းသော အသက်မွေးခြင်းဖြင့် အသက်မွေး စင်ကြယ်ကြကုန်သော သလုံးမြင်းခေါင်း အား အစွမ်းကိုမှီ၍ အသက်မွေးသော သူတော်ကောင်းတို့ကို မှီဝဲ ဆည်းကပ်ရမည် ဟူလို။) ပဋိသန္တာရဝုတ္တိ၊ အာမိသပဋိသန္တာရ ဓမ္မပဋိသန္တာရနှင့် ပြည့်စုံသောဖြစ်ခြင်းရှိသော သူသည်။ အဿ၊ ဖြစ်ရာ၏။ အာစာရကုသလော၊ သီလကျင့်ဝတ်၌ လိမ်မာသောသူသည်။ သိယာ၊ ဖြစ်ရာ၏။ တတော၊ ထိုသို့သော အကြောင်းကြောင့်။ ပါမောဇ္ဇဗဟုလော၊ တရားသဖြင့်ဖြစ်သော ဝမ်းမြောက်ခြင်းများသော သူသည်။ ဟုတွာ၊ ဖြစ်၍။ ဒုက္ခဿ၊ အလုံးစုံသော ဝဋ်ဒုက္ခ၏။ အန္တိ၊ အဆုံးကို။ ကရိဿတိ၊ ပြုရပေလတ္တံ့။
.
ဒေသနာတော်၏ အကျိုး
ဤသို့လျှင် မြတ်စွာဘုရားသည် ဟောကြားအပ်ကုန်သော ဤဂါထာတို့တွင် တခုတခုသော ဂါထာ၏ အဆုံး၌ ရဟန်းတရာ တရာသည် နေထိုင်ရာ နေထိုင်ရာ အရပ်၌သာလျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကူ အရဟတ္တဖိုလ်သို့ရောက်ပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ အလုံးစုံလည်း ဖြစ်ကုန်သော ထိုရဟန်းတို့သည် ကောင်းကင်ဖြင့်သာလျှင် ယူဇနာ တရာ့နှစ်ဆယ်ရှိသော ခရီးခဲကို လွန်မြောက် သဖြင့် မြတ်စွာဘုရား၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်တော်ကို ချီးမွမ်း ထောမနာကြကုန်လျက် ခြေတော်တို့ကို ရှိခိုးကြလေကုန်၏။
များစွာကုန်သော ရဟန်းတို့ဝတ္ထု ပြီး၏။
.
၈ - ရဟန်းငါးရာတို့ ဝတ္ထု
ဝဿိကာဝိယ ပုပ္ဖါနိ-အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
.
ပန်းပွင့်နှင့်ပြိုင်၍ တရားအားထုတ်ခြင်း
ထိုငါးရာသော ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကို ယူပြီးလျှင် တော၌ ရဟန်းတရားကို အားထုတ်ကြကုန်သည် ရှိသော် နံနက် စောစောကသာလျှင် ပွင့်ကုန်သော မုလေးပန်းတို့သည် ညချမ်းသောအခါ အညှာမှ ကြွေကျသည်တို့ကို မြင်ရ၍ သင်တို့၏ အညှာတို့မှ ကြွေကျသည်မှ ရှေးဦးစွာ မကြွေကျမီ ငါတို့သည် ရာဂ အစရှိသည်တို့မှ လွတ်အောင်ပြုကြကန် အံ့ဟု လုံ့လပြုကြလေကုန်၏၊
မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ကြည့်ရှုတော်မူလျက် ချစ်သားရဟန်းတို့-ရဟန်း မည်သည်ကား အညှာမှ လွတ်ထွက် ကြွေကျ သောပန်းနှင့်တူစွာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းငှါ လုံ့လပြုအပ်သည်သာလျှင် တည်းဟု မိန့်တော်မူ၍ ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော် အလင်းကို ပျံ့နှံ့ စတော်မူလျက် ဤဂါထာကို ဟောကြားတော်မူလေ၏။
.
ဒေသနာတော်
၃၇၆။ ဝဿိကာ ဝိယ ပုပ္ဖါနိ၊ ပစ္စဝါနိ ပမုစ္စတိ။
ဧဝံ ရာဂဉ္စ ဒေါသဉ္စ၊ ဝိပ္ပမေုစ္စထ ဘိက္ခဝေါ။
ဝဿိကာ၊ မုလေးပန်းပင်သည်။ ပစ္စဝါနိ၊ ညှိုးနွမ်းကုန်သော။ ပုပ္ဖါနိ၊ အပွင့်ဟောင်းတို့ကို။ ပမုစ္စတိ ဝိယ၊ အညှာမှ လွတ်စေသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဘိက္ခဝေါ၊ ချစ်သားရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ရာဂဉ္စ၊ ရာဂကို၎င်း။ ဒေါသဉ္စ၊ ဒေါသကို၎င်း။ ဝိပ္ပမုစ္စထ၊ လွတ်စေကြကုန်လော့။
.
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ အလုံးစုံသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။
ရဟန်းငါးရာဝတ္ထု ပြီး၏။
.
၉ - သန္တကာယမထေရ် ဝတ္ထု
သန္တကာယော-အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သန္တကာယ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
.
ခြင်္သေ့ဘဝမှ ဝင်စားသောရဟန်း
ထိုသန္တကာယ မထေရ်အား လက်, ခြေ လှုပ်ရှားခြင်းသည် မဖြစ်သတတ်၊ ကိုယ်၏ကွန့်မြူးခြင်းမှ ကင်းသော ငြိမ်သက်သော အတ္တဘောသည်သာလျှင် ရှိသည် ဖြစ်လေ၏။
(ထိုမထေရ်သည်ကား ခြင်္သေ့ ဘဝမှ လာသော မထေရ် ဖြစ်လေသတတ်။)
ခြင်္သေ့တို့သည် တနေ့မျှ စားကျက်ကို ယူပြီးလျှင် (အစာရှာပြီးလျှင်) ငွေဂူ, ရွှေဂူ သန္တာဂူတို့တွင် တခုခုသောဂူသို့ဝင်၍ ဆေးဒန်းမြင်းသီလာအပြင် ဆေးဒန်းမှုန့်တို့၌ ခုနစ်ရက်ပတ်လုံး အိပ်၍ ခုနစ်ရက်မြောက်သော နေ့၌ ထသဖြင့် အိပ်ရာ အရပ်ကို ကြည့်ရှုလတ်သော် အမြီး၏၎င်း, နားရွက်တို့၏၎င်း, လက်ခြေတို့၏၎င်း တုန်လှုပ်သောကြောင့် ဆေးဒန်းမြင်းသီလာ အမှုန့်တို့ ဖရိုဖရဲပြွမ်းသည့်အဖြစ်ကို အကယ်၍မြင်ရကုန်သည်ဖြစ်အံ့၊ သင့်အား ဤတုန်လှုပ်ခြင်းအမှုသည် ဇာတ်အား ဖြင့်၎င်း, အနွယ်အားဖြင့်၎င်း မလျောက်ပတ်လေစွဟု တဖန် ခုနစ်ရက်ပတ်လုံး အစာမစားဘဲ အိပ်ကြကုန်၏၊
ဆေးဒန်းမြင်းသီလ မှုန့်တို့၏ ဖရိုဖရဲ ပြွမ်းသောအဖြစ် မရှိမူကား သင့်အား ဤသို့ တုန်လှုပ်ခြင်း ကင်းသာဖြစ်ခြင်းသည် အမျိုးအနွယ်တို့အား လျောက်ပတ်ပေ၏ဟု နေရာဂူမှ ထွက်တဲ့၍ တင့်တယ်စမ္ပယ်ပြီး လျှင် တူရူအရပ်, အထောင့်အရပ်တို့ကို အစဉ်အတိုင်း ကြည့်ရှုသဖြင့် သုံးကြိမ် တိုင်အောင် ခြင်္သေ့အသံကို ဟောက်၍ ကျက်စားခြင်းအလို့ငှါ ဖဲသွားကြကုန်သတတ်၊
ဤရဟန်းသည် ဤသို့သဘော ရှိသော ခြင်္သေ့ဘဝမှ လာသော ရဟန်း ဖြစ်ပေ၏၊ ထိုရဟန်း၏ ကိုယ်ငြိမ်သက်သော အကျင့်ကို မြင်ကြ၍ ရဟန်းတို့သည် မြတ်စွာဘုရားအား ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား - တပည့်တော်တို့သည် သန္တကာယ မထေရ်နှင့်တူသော ရဟန်းကို မမြင်ရစဖူးပါ၊ ဤသန္တကာယ မထေရ်၏ နေထိုင်ရာအရပ်၌ လက်၏ လှုပ်ခြင်းသည်၎င်း, ခြေ၏လှုပ်ခြင်းသည် ၎င်း, ကိုယ်၏ ကွန့်မြူးခြင်းသည်၎င်း မရှိပါဘုရားဟု နားတော်လျှောက်ကြလေ ကုန်၏၊
ထိုရဟန်းတို့ လျှောက်သောစကားကို ကြားတော်မူရလျှင် မြတ်စွာ ဘုရားသည် ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား သန္တကာယ မထေရ်ကဲ့သို့ ကိုယ်စသည်တို့ဖြင့် ငြိမ်သက်ခြင်း ရှိသည် သာလျှင် ဖြစ်ရာ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
.
ဒေသနာတော်
၃၇၇။ သန္တကာယော သန္တဝါစော၊ သန္တဝါ သုသမာဟိတော။
ဝန္တလောကာမိသော ဘိက္ခု၊ ဥပသန္တောတိ ဝုစ္စတိ။
သန္တကာယော၊ ပါဏာတိပါတ စသည်တို့၏ မရှိခြင်းဖြင့် ငြိမ်သက်သောကိုယ် ရှိသော။ သန္တဝါစော၊ မုသားဆိုခြင်းစသည်တို့၏ မရှိခြင်းဖြင့် ငြိမ်သက်သောနှုတ်ရှိသော။ သန္တဝါ၊ အဘိဇ္ဈာ စသည်တို့၏ မရှိခြင်းဖြင့် ငြိမ်သက်သောစိတ် ရှိသော။ သုသမာဟိတော၊ ကောင်းစွာထားအပ်သော ကိုယ်, နှုတ်, နှလုံး စိတ်ရှိသော။ ဝန္တလောကာမိသော၊ မဂ်လေးတန်ဖြင့် ထွေးအန်ပြီးသော လောကာမိသ ရှိသော။ ဘိက္ခု၊ ရဟန်းကို။ ဥပသန္တောတိ၊ ကိုယ်တွင်း၌ ရာဂစသည် ငြိမ်းအေးပြီးသော ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
.
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုသန္တကာယ မထေရ်သည် အရဟတ္တဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
သန္တကာယမထေရ်ဝတ္ထု ပြီး၏။
.
၁ဝ - နင်္ဂလမထေရ် ဝတ္ထု
အတ္တနာ စောဒယတ္တာနံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် နင်္ဂလမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
.
ရဟန္တာလောင်းအား အဝတ်စုတ် နှိပ်စက်ခြင်း
သူဆင်းရဲတယောက်သည် သူတပါးတို့၏အထံ၌ အခစားအမှုကိုပြု၍ အသက် မွေးရသတတ်၊ ထိုသူဆင်းရဲကို ရဟန်းတပါးသည် ပုဆိုးနွမ်းပိုင်းကို ဝတ်လျက် ထွန်တုံးကိုထမ်း၍ သွားသည် ကိုမြင်ရလျှင် သင့်အား ဤသို့ အသက်မွေးမြူခြင်းထက် ရဟန်းပြုခြင်းငှါ သင့်သည်မဟုတ်လောဟု မိန့်မြွက်တော်မူလေ၏၊
အရှင်ဘုရား- ဤသို့ ဆင်းရဲငြိုငြင်စွာ အသက်မွေးခြင်းရှိသော တပည့်တော်ကို အဘယ်သူ ရဟန်းပြုပေးလိုပါအံ့နည်း ဘုရားဟု လျှောက်လတ်သော် သင် အကယ်၍ ရဟန်းပြုလိုသည်ဖြစ်အံ့၊ သင့်ကို ငါရဟန်းပြုပေးပေအံ့ဟု ဆိုလေ၏၊ အရှင်ဘုရား- ကောင်းပါပြီ၊တပည့်တော်ကို ရဟန်း ပြုပေးကြသည် ဖြစ်ပါမူ ရဟန်းပြုပါတော့မည် ဘုရားဟု လျှောက်ကြားလတ်သော် ထိုအခါ သူဆင်းရဲကို ထိုမထေရ်သည် ဇေတဝန် ကျောင်းတော်သို့ ခေါ်ဆောင်သွား၍ မိမိလက်ဖြင့် ရေချိုးပေးသဖြင့် သိမ်အပြင်၌ ဝါ- တန်ဆောင်း၌ ထား၍ ရှင်ပြုစေပြီးလျှင် ဝတ်လာသော ပုဆိုး နွမ်းအပိုင်းနှင့်တကွ ထွန်တုံးကို တန်ဆောင်းအပြင်၌ သာလျှင် သစ်ခက်ပေါ်၌ တင်ထား စေလေ၏၊
ထိုသူဆင်းရဲသည် ပဉ္စင်းဖြစ်ပြီးသေ ာကာလ၌လည်း နင်္ဂလ မထေရ်ဟူ၍သာလျှင် ထင်ရှားလေ၏၊ ထိုနင်္ဂလမထေရ်သည် မြတ်စွာဘုရားအား ဖြစ်သော လာဘ်ပူဇော်သက္ကာရကိုမှီ၍ အသက်မွေး ရသည်ရှိသော် ငြီးငွေ့ ဆန့်ကျင် ပျင်းရိစိတ်ဝင်ပြီးလျှင် ငြီးငွေ့ပျင်းရိခြင်းကို ပယ်ဖျောက်ခြင်းငှါ မတတ်နိုင်ရကား ယခုအခါ၌ သဒ္ဓါ၍ လှူအပ်ကုန်သောသင်္ကန်းတို့ကို ဝတ်ဆင်လျက်မသွား ပေတော့အံ့ (လူထွက်တော့အံ့ဟု ထိုသစ်ပင်ရင်းသို့ သွားပြီးလျှင် မိမိသည် ပင်လျှင် မိမိကိုယ်ကို အရှက်မရှိသောသူ, အရှက်ကင်းသောသူ,ဤပုထိုးနွမ်းအပိုင်းကို ဝတ်ဆင်၍ လူထွက်ပြီးလျှင် အခစားအမှုပြုလုပ်ကာ အသက် မွေးလိုသောသူ ဖြစ်ဘိ၏ဟု ဆုံးမလေ၏၊ ထိုနင်္ဂလရဟန်းသည် ဤသို့ မိမိကိုယ်ကို ဆုံးမစဉ် သာလျှင် စိတ်သည် ခေါင်းပါးသည့်အဖြစ်သို့ ရောက်လေ၏၊ ထိုနင်္ဂလ ရဟန်းသည် ပြန်လည်လာ၍ တဖန် နှစ်ရက် သုံးရက် လွန်ပြန်သောအခါ ငြီးငွေ့ ပျင်းရိလာသဖြင့် ရှေးအတူသာလျှင် မိမိကိုယ်ကို ဆုံးမ၏။ တဖန် ထိုရဟန်း၏ စိတ်သည် ပြန်လည်ဆုတ်နစ်လေ၏၊ ဤသို့သောနည်းဖြင့်သာလျှင် ထိုရဟန်းသည် ငြီးငွေ့ ဆန့်ကျင် ပျင်းရိစိတ် ဝင်တိုင်း ဝင်တိုင်းသော အခါ၌ ထိုပုဆိုးနွမ်းပိုင်းနှင့် ထွန်တုံးကို တင်ထားရာသစ်ပင်သို့ သွား၍ မိမိကိုယ်ကို ဆုံးမလေ၏။
.
အဝတ်စုတ် ဆရာတင်၍ ရဟန္တာဖြစ်ခြင်း
ထိုအခါ နင်္ဂလမထေရ်ကို ရဟန်းတို့သည် ထိုအရပ်သို့ မပြတ်သွားသည်ကိုမြင်လတ်၍ ငါ့သျှင် နင်္ဂလမထေရ်- အဘယ့်ကြောင့် ဤအရပ်သို့ သွားဘိသနည်းဟု မေးကြလေကုန်၏၊ နင်္ဂလမထေရ်သည် အရှင်ဘုရားတို့ ဆရာ၏အထံသို့ သွားရပါ သည်ဘုရားဟု လျှောက်ဆိုသဖြင့် နှစ်ရက်သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊
ရဟန်းတို့သည် ထိုနင်္ဂလမထေရ်နှင့် အတူတကွ ပြက်ရယ် ကျီစယ်မှု ပြုကြကုန်လျက် ငါ့သျှင် နင်္ဂလမထေရ်- သင်၏သွားရာ လှည့်လည်ရာ ဖြစ်သော လမ်းခရီးသည် မသုံးဆောင်တော့သကဲ့သို့ ဖြစ်ဘိ၏၊ ဆရာ၏ အထံသို့ မသွားယောင် တကားဟု ဆိုလေကုန်၏၊
အရှင်ဘုရား မသွားသည်ကား မှန်ပါသည်၊ တပည့်တော်တို့သည် ဆက်ဆံခြင်းရှိစဉ်က သွားမိကြပါကုန်၏၊ ယခုမူကား တပည့်တော်တို့အား ဆက်ဆံခြင်းသည် ပြတ်ကင်းပါပြီ၊ ထို့ကြောင့် မသွားတော့ပါဘုရားဟု လျှောက်ဆိုလတ်သော် ထိုစကားကိုကြားရလျှင် ရဟန်း တို့သည် ဤနင်္ဂလ ရဟန်းသည် မဟုတ်မမှန်သော စကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားဘိ၏ဟု မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြား ကြလေကုန်၏၊
ဘုရားရှင်သည် ချစ်သားရဟန်းတို့ - ဟုတ်မှန်ပေ၏၊ ငါ့သားတော် နင်္ဂလသည် မိမိကိုယ်တိုင် သာလျှင် မိမိကိုယ်ကို အပြစ်တင်ခြင်းကြောင့် ရဟန်း ကိစ္စ၏ အပြီးအဆုံးသို့ ရောက်လေပြီဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
.
ဒေသနာတော်
၃၇၈။ အတ္တနာ စောဒယတ္တာနံ၊ ပဋိမံသေထ အတ္တနာ။
သော အတ္တဂုတ္တော သတိမာ၊ သုခံ ဘိက္ခု ဝိဟာဟိသိ။
၃၇၉။ အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တာ ဟိ အတ္တနော ဂတိ၊ တသ္မာ သံယမ မတ္တာနံ။
အဿံ ဘဒြံဝ ဝါဏိဇော။
အတ္တနာ၊ မိမိသည်ပင်။ အတ္တာနံ၊ မိမိကိုယ်ကို။ စောဒယ၊ ပြစ်တင်စောကြော အောက်မေ့စေလော့။ အတ္တနာ၊ မိမိသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဋိမံသေထ၊ စုံစမ်းရာ၏။ ဘိက္ခု၊ ချစ်သားရဟန်း။ ဧဝံ၊ ဤသို့ပြုသည်ရှိသော်။ သော တွံ၊ ထိုသင်သည်။ အတ္တဂုတ္တော၊ မိမိကိုယ်တိုင် လုံခြုံစေအပ်သည်ဖြစ်၍။ သတိမာ၊ ထင်သော သတိ ရှိသည်ဖြစ်၍။ သုခံ၊ ချမ်းသာစ္စာ။ ဝိဟာဟိသိ၊ နေရလတ္တံ့။
(အလုံးစုံသော ဣရိယာပုထ်တို့၌ ချမ်းသာစွာ နေထိုင်ရလတ္တံ့ ဟူလို။) အတ္တာဟိ၊ မိမိသည်သာလျှင်။ အတ္တနော၊ မိမိ၏။ နာထော၊ မှီရာ တည်ရာ ကိုးကွယ်ရာသည်။ ဟောတိ ဖြစ်၏။ ကော ဟိ၊ အဘယ်မည်သော။ ပရော၊ သူတပါးသည်။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာသည်။ သိယာ၊ ဖြစ်နိုင်ရာအံ့နည်း။ အတ္တာဟိ၊ မိမိသည်လျှင်။ အတ္တနော၊ မိမိ၏။ ဂတိ၊ လားရာတည်ရာ အားကိုးရာဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝါဏိဇော၊ မြင်းကုန်သည်သည်။ ဘခြံ၊ ကောင်းသော။ အဿံ၊ အာဇာနည်မြင်းကို။ သံယမတိ ဣဝ၊ ကောင်းစွာ စောင့်ရှောက်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ သံယမ၊ အကုသိုလ်၏ ဖြစ်ခွင့်ကို မပေးမူ၍ ကောင်းစွာ စောင့်ရှောက်လော့။
(အာဇာနည်မြင်းကောင်းကိုမှီ၍ ပစ္စည်းရှာဖွေ တောင့်တသောကုန်သည်သည် မညီညွတ်သော နေရာ၌ သွားလာလှည့်လည်ခြင်းကိုပယ်ဖြတ်၍ တနေ့ သုံးကြိမ် ရေချိုးပေးကာ ကျွေးမွေးကာ စောင့်ရှောက်သကဲ့သို့ ထို့အတူ သင် ချစ်သားသည်လည်း မဖြစ်သေးသော အကုသိုလ်၏ ဖြစ်ခြင်းကို တားမြစ်၍ သတိမေ့သဖြင့် ဖြစ်သော အကုသိုလ်ကိုပယ်၍ မိမိကိုယ်ကို စောင့်ရှောက် ရမည်၊ ဤသို့ စောင့်ရှောက်သည် ရှိသော် ဈာန် မဂ် ဖိုလ် လောကီ လောကုတ္တရာ အကျိုးထူးကို ရပေလတ္တံ့ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
နင်္ဂလမထေရ်ဝတ္ထု ပြီး၏။
၁၁ - ဝက္ကလိမထေရ်ဝတ္ထု
ပါမောဇ္ဇဗဟုလော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဝက္ကလိမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
သဒ္ဓါတရား လွန်ကဲသော ဝက္ကလိမထေရ်
ထိုအရှင်ဝက္ကလိမထေရ်သည် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သည် ရှိသော် ဆွမ်းအလို့ငှါ ကြွဝင်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်၏ တင့်တယ်စွာ ပြည့်စုံခြင်းကို ကြည့်ရှုပြီးလျှင် ကိုယ်တော်၏ပြည့်စုံခြင်းကို ဖူးမြင်ရခြင်းဖြင့် မရောင့်ရဲနိုင်ရကား ဤသို့ပြုသည်ရှိသော် ငါသည် အခါခပ်သိမ်း အမြဲမပြတ် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ရပေလတ္တံ့ ဟု နှလုံးပြု၍ မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုပြီးလျှင် အကြင်အရပ်၌ တည်သောသူသည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ တတ်ကောင်း၏၊ ထိုအရပ်၌တည်လျက် သရဇ္ဈာယ်ခြင်း, ကမ္မဋ္ဌာန်းစီးဖြန်းခြင်း, နှလုံးသွင်းခြင်း စသည်တို့ကို ပယ်စွန့်ကာ မြတ်စွာဘုရားကို ကြည့်ရှုဖူးမျှော်လျက်သာ လှည့်လည်နေသတတ်၊
မြတ်စွာဘုရားသည် ထိုဝက္ကလိရဟန်း၏ ဉာဏ်ရင့်ခြင်းကို ဆိုင်းငံ့တော်မူလျက် တစုံတခုသော စကားကို မိန့်တော်မမူဘဲ ယခု တမူကား ထိုဝက္ကလိရဟန်း၏ ဉာဏ်ရင့်သန်ခြင်းသို့ ရောက်လတ်ပြီ ဟု သိတော်မူလတ်သည် ရှိသော် ချစ်သားဝက္ကလိ - ဤပုပ်သောကိုယ်ကို ဖူးမြင်ခြင်းဖြင့် ဝါ- သင်ဖူးမြင် အပ်သော ဤပုပ်သောကိုယ်ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊
ချစ်သား ဝက္ကလိ - အကြင်သူသည် စင်စစ် တရားကိုမြင်၏၊ ထိုသူသည် ငါဘုရားကိုဖူးမြင်သည် မည်၏၊ အကြင်သူသည် တရားကို မမြင်၊ ထိုသူသည် ငါဘုရားကို ဖူးမြင်ရသည် မမည်ဟု မိန့်ဆိုတော်မူလျက် ဆုံးမတော်မူလေ၏၊ ထိုဝက္ကလိရဟန်းသည် ဤသို့ ပင်ဆုံးမသော်လည်း မြတ်စွာဘုရားအား ဖူးမြင်ခြင်းကိုပယ်စွန့်၍ အရပ်တပါးသို့ ဖဲသွားခြင်းငှါ မတတ်နိုင်သည်သာ တည်း။
---
ဝက္ကလိ မထေရ်ကို နှင်ပစ်ခြင်း
ထိုအခါ ဝက္ကလိရဟန်းကို မြတ်စွာဘုရားသည် ဤရဟန်းကား ထိတ်လန့်ခြင်းကို မရမူ၍ မကျွတ်လတ္တံ့ ဟု ဝါဆိုအံ့သောအခါ နီးကပ်လတ်သည်ရှိသော် ရာဇဂြိုဟ်ပြည်သို့ ကြွသွား တော်မူပြီးလျှင် ဝါကပ်အံ့သောနေ့၌ ဝက္ကလိ ဖဲချေလော့, ဝက္ကလိ ဖဲချေလော့ဟု မြွက်ဆို၍ နှင်ထုတ်တော်မူလေ၏၊
ထို ဝက္ကလိ ရဟန်းသည် ငါ့ကို မြတ်စွာဘုရားသည် စကားမြွက်ဆိုတော်မူခြင်းကို ပြုတော်မမူ၊ ထို့ကြောင့် သုံးလပတ်လုံး မြတ်စွာဘုရား၏ မျက်မှောက်တော်၌ နေခြင်းငှါ မတတ်ကောင်း၊ ငါ့အား အသက်ရှင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တောင်ထက်မှ ကိုယ်ကို ပစ်ချပေတော့အံ့ဟု ဂိဇ္ဈကုဋ်တောင်ပေါ်သို့ တက်သွားလေ၏၊
မြတ်စွာဘုရားသည် ထိုဝက္ကလိမထေရ်၏ စိတ်ပင်ပန်းသောအဖြစ်ကို သိတော်မူ၍ ဤရဟန်းသည် ငါဘုရား၏အထံ၌ သက်သာရာကို မရသည်ရှိသော် မဂ်ဖိုလ်တို့၏ အကြောင်း ဥပနိဿယကို ဖျက်ဆီးပစ်ရာ၏ဟု ကိုယ်တော်ကို ပြခြင်းငှါ ရောင်ခြည်တော်ကို လွှတ်တော်မူလေ၏၊ ထိုအခါ၌ ဝက္ကလိမထေရ်သည် မြတ်စွာဘုရား ဖူးမြင်ရသောအခါမှစ၍ ထိုရွှေ့လောက် ကြီးကျယ်သော စိုးရိမ်ခြင်းကိုသော်လည်း ပယ်ဖျောက်အပ်လေ၏၊
ဘုရားရှင်သည် သွေ့ခြောက်လေပြီးသော တဘက်ဆည်ကန်ကို ရေအယဉ်ဖြင့် ပြည့်စေဘိ သကဲ့သို့ ဝက္ကလိမထေရ်အား အားကြီးစွာဖြစ်သော နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စိမ့်သော အကျိုးငှါ ဤဂါထာကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၃၈ဝ။ ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။
ပါမောဇ္ဇဗဟုလော၊ များသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်း ရှိသော။ ဗုဒ္ဓသာသနေ၊ ဘုရားမြတ်စွာ သာသနာတော်၌။ ပသန္နော၊ ကြည်ညိုနှစ်သက်သော။ ဘိက္ခု၊ ရဟန်းသည်။ သင်္ခါရူပသမံ၊ သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော။ သုခံ၊ ချမ်းသာခြင်းတို့၏ အထွတ်ဖြစ်သော။ သန္တိ၊ ငြိမ်သက်သော။ ပဒံ၊ နိဗ္ဗာန်ကို။ အဓိဂစ္ဆေ၊ ရရာ၏။
---
ဝက္ကလိမထေရ် ရဟန္တာဖြစ်ခြင်း
ဤဂါထာကို ဟောကြားတော် မူပြီးလျှင် မြတ်စွာဘုရားသည် ဝက္ကလိ မထေရ်အား လက်တော်ကို ဆန့်တန်းတော်မူလျက်—
ဧဟိ ဝက္ကလိ မာဘာယိ၊ ဩလောကေဟိ တထာဂတံ။
အဟံ တံ ဥဒ္ဓရိဿာမိ၊ ပင်္ကေ သန္နံဝ ကုဉ္ဇရံ။
ဧဟိ ဝက္ကလိ မာဘာယိ၊ ဩလောကေဟိ တထာဂတံ။
အဟံ တံ မောစယိဿာမိ၊ ရာဟုဂ္ဂဟံဝ သူရိယံ။
ဧဟိ ဝက္ကလိ မာဘာယိ၊ ဩလောကေဟိ တထာဂတံ။
အဟံ တံ မောစယိဿာမိ၊ ရာဟုဂ္ဂဟံဝ စန္ဒိမံ။
ဝက္ကလိ၊ ချစ်သားဝက္ကလိ။ ဧဟိ၊ လာလှည့်ချေလော့။ မာ ဘာယိ၊ မကြောက်လင့်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရား ကို။ ဩလောကေဟိ၊ ဖူးမြင်လေလော့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ပင်္ကေ၊ ညွှန်ပျောင်း၌။ သန္ဓံ၊ ကျွံနစ်သော။ ကုဉ္ဇရံ ဣဝ၊ ဆင်ပြောင်ကြီးကိုကဲ့သို့။ ဥဒ္ဓရိဿာမိ၊ ကိလေသာ ညွှန်ပျောင်းမှ ထုတ်ဆယ် ကယ်တင်တော်မူပေအံ့။
ဝက္ကလိ၊ ချစ်သားဝက္ကလိ။ ဧဟိ၊ လာလှည့်ချေလော့။ မာ ဘာယိ၊ မကြောက်လင့်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရား ကို။ ဩလောကေဟိ၊ ဖူးမြင်လေလော့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ရာဟုဂ္ဂဟံ၊ ရာဟုအသူရိန်ဖမ်းသော။ သူရိယံ ဣဝ၊ နေမင်းကိုကဲ့သို့။ မောစယိဿာမိ၊ ကိလေသာ ဖမ်းခြင်းမှ လွတ်မြောက်စေတော့အံ့။
ဝက္ကလိ၊ ချစ်သားဝက္ကလိ။ ဧဟိ၊ လာလှည့်ချေလော့။ မာ ဘာယိ၊ မကြောက်လင့်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်း ကောင်းတော်မူသော ငါဘုရားကို။ ဩလောကေဟိ၊ ဖူးမြင်လေလော့။ အဟံ၊ ငါဘုရားသည်။ တံ၊ သင့်ကို။ ရာဟုဂ္ဂဟံ၊ ရာဟုအသူရိန်ဖမ်းသော။ စန္ဒိမံ ဣဝ၊ လမင်းကိုကဲ့သို့။ မောစယိဿာမိ၊ ကိလေသာ ဖမ်းခြင်းမှ လွတ်မြောက်စေတော့အံ့။
ဟူသော ဤဂါထာတို့ကိုလည်း ဟောကြားတော်မူလေ၏၊
ထိုဝက္ကလိမထေရ်သည် မြတ်စွာဘုရားကို ငါဖူးမြင်ရချေပြီ၊ လာလှည့်ချေလော့ဟူ၍ ခေါ်ခြင်းကို လည်း ရအပ်ပေပြီဟု အားကြီးသော နှစ်သက်ခြင်းကို ဖြစ်စေပြီးလျှင် အဘယ် ခရီးဖြင့် သွားရပါ အံ့နည်းဟု သွားစရာ လမ်းခရီကို မမြင်သောကြောင့် မြတ်စွာဘုရား၏ ရှေးရှုမျက်မှောက် ကောင်းကင်၌ ပျံတက် ခုန်ချသဖြင့် ရှေးဦးစွာဖြစ်သော ခြေသည် တောင်ထိပ်၌တည်စဉ်သာလျှင် မြတ်စွာဘုရားသည် ဟောကြား တော်မူသောဂါထာကို ဆင်ခြင်လျက် ကောင်းကင်ဖြင့်သာလျှင် ပီတိကို ခွါ၍ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက်သာလျှင် သက်ဆင်းကျလာ၍ မြတ်စွာဘုရား၏ အထံတော်၌ တည်လေ၏။
ထို့နောက် ဝက္ကလိမထေရ်ကို မြတ်စွာဘုရားသည် နောက်အဖို့၌ သဒ္ဓါလွန် ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဟူသော အရာ၌ ထားတော်မူလေ၏။
ဝက္ကလိမထေရ် ဝတ္ထု ပြီး၏။
---
၁၂-သုမနသာမဏေ ဝတ္ထု
ယော ဟဝေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် သုမနသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
ရှင်အနုရုဒ္ဓါအလောင်း ဆုတောင်း ကောင်းမှု
(ထိုဝတ္ထု၌ ဤဆိုလတ္တံ့သည်ကား အစဉ်အတိုင်းဖြစ်သော စကားတည်း။)
ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ အမျိုးကောင်းသား တယောက်သည် မြတ်စွာဘုရားက ပရိသတ်လေးပါး အလယ်၌ တဦးသော ရဟန်းကို ဒိဗ္ဗစက္ခု အဘိညာဉ် ရသော ရဟန်းတို့တွင် အမြတ်ဆုံးဟူသော အရာ၌ ထားတော်မူသည်ကို မြင်ရ၍ ထိုပြည့်စုံခြင်းကို တောင့်တလျက် မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်း သံဃာတော် အပေါင်းအား ကြီးစွာသော အလှူကို ပေးလှူ၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည်လည်း နောင်သောကာလ တဆူသော ဘုရားရှင်၏ သာသနာ တော်မြတ်၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရသော ရဟန်းတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်ရပါလို၏ဘုရားဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏၊
ပဒုမုတ္တရ မြတ်စွာဘုရားသည် ကမ္ဘာတသိန်းကို ကြည့်ရှုတော်မူသဖြင့် ထိုအမျိုးကောင်းသားအား ပတ္ထနာအမှု ဆုတောင်းခြင်း၏ ပြည့်စုံလတ္တံ့သော အဖြစ်ကို သိတော်မူလျှင် ဤဘဝမှ ကမ္ဘာ တသိန်း၏ အထက်၌ ဂေါတမ မြတ်စွာဘုရား၏ သာသနာတော်၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရသော ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သော အနုရုဒ္ဓါမည်သော မထေရ်ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြား တော်မူလေ၏၊
ထိုအမျိုးကောင်းသားသည် ထိုဗျာဒိတ်စကားကို ကြားသိရလျှင် နက်ဖြန်ပင် ရောက်အံ့သကဲ့သို့ ထိုပြည့်စုံခြင်းကို အောက်မေ့ မှတ်ထင်လျက် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံလွန်တော်မူသည် ရှိသော် ရဟန်းတို့အား ဒိဗ္ဗစက္ခုအဘိညာဉ်၏ အကြောင်း ပရိကံကို မေးမြန်း၍ ခုနစ်ယူဇနာ ရှိသော ရွှေစေတီကို ဝန်းရံလျက် များစွာကုန်သော ဆီမီးတိုင် အထောင်တို့ကို ပြုစေပြီးလျှင် ဆီမီး ပူဇော်ခြင်းကို ပြုလေ၏။
---
အန္နဘာရ သူဆင်းရဲ၏ အလှူ
ဆီမီးပူဇော်ခြင်းကို ပြုသဖြင့် ထိုဘဝမှ စုတေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည် လူ့ပြည်တို့၌ ကမ္ဘာတသိန်းတို့ကာလပတ်လုံး ကျင်လည်ပြီးလျှင် ဤ ဘဒ္ဒကပ်ကမ္ဘာ၌ ဗာရာဏသီပြည်ဝယ် သူဆင်းရဲအမျိုး၌ ဖြစ်သောကြောင့် သုမနသူဌေးကြီးကို မှီလျက် မြက်ရိတ်သမားအဖြစ်ဖြင့် အသက်မွေးခြင်းကို ပြုရရှာလေ၏၊
ထိုသူဆင်းရဲအား အန္နဘာရဟူသော အမည်သည် ဖြစ်၏၊ သုမန သူဌေးကြီးသည်လည်း ထို ဗာရာဏသီပြည်၌ အခါခပ်သိမ်း အလှူကြီးကိုပေးလှူ၏၊ တနေ့သ၌ ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါသည် ဂန္ဓမာဒနတောင်၌ နိရောဓ သမာပတ်မှထ၍ အဘယ်သူအား ယနေ့ ချီးမြှောက်ခြင်းကို ပြုရပါအံ့နည်းဟု ကြံစည်တော်မူလတ်သော် ယနေ့ ငါသည် အန္နဘာရ သူဆင်းရဲအား ချီးမြှောက် ခြင်းကို ပြုခြင်းငှါ သင့်၏၊
ယခုအခါ၌လည်း ထိုအန္နဘာရ သူဆင်းရဲသည် တောအုပ်မှမြက်ကို ယူဆောင်လျက် အိမ်သို့ လာလတ္တံ့ ဟု သိတော်မူရလျှင် သပိတ် သင်္ကန်းကို ယူ၍ တန်ခိုးတော်ဖြင့် ကြွသွားတော်မူလျက် အန္နဘာရ၏ မျက်မှောက်၌ ရှေးရှု ရပ်တည်တော်မူလေ၏၊ အန္နဘာရသည် ဆွမ်းမရှိ အချည်း နှီးသော သပိတ်ကို လက်စွဲလျက် ရပ်သော ထိုပစ္စေကဗုဒ္ဓါကို မြင်ရလျှင် အရှင်ဘုရား- ဆွမ်း ရပါ၏လောဘုရားဟု မေးမြန်းတဲ့၍ မြတ်သော ဘုန်းကံရှိသော ယောက်ျား. ငါတို့ ရကြပေလတ္တံ့ဟု မိန့်ဆိုလတ်သည်ရှိသော် အရှင်ဘုရား- ထိုသို့ဖြစ်မူ အတန်ငယ် ဆိုင်းငံ့တော်မူကြပါဦး ဘုရားဟု လျှောက်ကြားသဖြင့် မြက်ထမ်း ထမ်းပိုးကို စွန့်ပစ်ထားခဲ့၍ လျင်မြန်စွာ အိမ်သို့သွားပြီးလျှင် ချစ်နှမ ငါ့အလို့ငှါ ထားသောအဖို့ ထမင်းသည် ရှိသလော, မရှိသလောဟု မယားကို မေးမြန်း၍ အရှင်- ရှိပါသည်ဟု ဆိုလတ်သည်ရှိသော် လျင်စွာတဖန် ပြန်လာ၍ ရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို ယူပြီးလျှင် ငါ့အား လှူခြင်းငှါ အလိုရှိသော်လည်း လှူဖွယ်ဝတ္ထုသည် မရှိခဲ့၊ လှူဖွယ်ဝတ္ထု ရှိသော်လည်း အလှူခံပုဂ္ဂိုလ်ကို မရ၊ ယနေ့မူကား ငါ့အား အလှူခံပုဂ္ဂိုလ်ကို မြင်ရ၏၊ လှူဖွယ်ဝတ္ထု သည်လည်း ရှိ၏၊ ငါ့အား အရတော်လေစွတကားဟု ကြံစည်မိလေ၏။
---
မရှိစကား မကြားရလိုဟု ဆုတောင်းခြင်း
ဤသို့ကြံစည်ကာ အိမ်သို့ သွားရောက်ပြီးလျှင် ဆွမ်းကို သပိတ်၌ ထည့်စေသဖြင့် တဖန် ပြန်ဆောင်၍ ပစ္စေကဗုဒ္ဓါ၏ လက်တော်၌ ဆက်ကပ်တည်စေလျက်-
ဣမိနာ ပန ဒါနေန၊ မာ မေ ဒလိန္ဒိယံ အဟု။
နတ္တီတိ ဝစနံ နာမ၊ မာ အဟောသိ ဘဝါဘဝေ။
ဘန္တေ၊ အရှင်ဘုရား။ ဣမိနာ ပန ဒါနေန၊ ဤသို့ဆက်ကပ် လှူဒါန်းရသော ဒါနကုသိုလ်စေတနာကြောင့်။ ဘဝါဘဝေ၊ ဘဝကြီးဘဝငယ်၌။ မေ-မမ၊ တပည့်တော်အား။ ဝါ- တပည့်တော်၏။ ဒလိဒ္ဒိယံ၊ သူဆင်းရဲအမျိုး၌ ဖြစ်ရခြင်းသည်။ မာ အဟု၊ မဖြစ်ပါစေသတည်း။ နတ္တီတိ ဝစနံနာမ၊ မရှိဟူသော စကား မည်သည်။ မာ အဟောသိ၊ မဖြစ်ပါစေသတည်း။
အရှင်ဘုရား- ဤသို့သဘောရှိသော ငြိုငြင် ဆင်းရဲစွာ အသက်မွေးရခြင်းမှ လွတ်ကင်းရပါလို၏ ဘုရား၊ မရှိဟူသော စကားသာလျှင် မကြားရသည့်ကိုယ် ဖြစ်ရပါလို၏ဘုရားဟု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။
---
ဆင်းရဲသားအလှူ နတ်သာဓုခေါ်ခြင်း
ပစ္စေကဗုဒ္ဓါသည် မြတ်သော ဘုန်းကံရှိသော ယောက်ျား- ဤသို့ သင်ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်းဟု မိန့်တော်မူ၍ ဝမ်းမြောက် ဝမ်းသာ အနုမောဒနာပြုပြီးလျှင် ဖဲကြွသွား တော်မူလေ၏၊ သုမနသူဌေးကြီး၏လည်း ထီးချက်စောင့်နတ်သည် -
အဟောဒါနံ ပရမဒါနံ၊ ဥပရိဋ္ဌေသု ပတိဋ္ဌိတံ။
ဒါနံ၊ လှူဒါန်းရခြင်းသည်။ ပရမဒါနံ၊ မြတ်သော အလှူဒါနဖြစ်လေစွတကား။ ဥပရိဋ္ဌေသု၊ ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့၌။ ပတိဋ္ဌိတံ၊ ကောင်းစွာ တည်လတ်ပြီးသည်ဖြစ်၍။ အဟော၊ ေဩာ်-လက်ဖျစ်တီး၍ အံ့ချီး ဖွယ်ကောင်းလှသော အလှူဒါန ဖြစ်ခဲ့လေစွတကား။
ဟုဆို၍ သုံးကြိမ်တိုင်တိုင် ကောင်းချီးပေးလေ၏၊ ထိုအခါ ထိုထီးချက်စောင့် နတ်ကို သူဌေးကြီးသည် အဘယ့်ကြောင့်ငါ့ကို ဤမျှလောက်သော ကာလပတ်လုံး အလှူကို ပေးလှူလျက် နေသည်ကို မမြင်ဘိသလောဟု ဆိုလေ၏။ အကျွန်ုပ်သည် သင်သူဌေးကြီး၏ အလှူကိုအာရုံပြု၍ ကောင်းချီးပေးသည် မဟုတ်ပါ၊
အန္နဘာရ သူဆင်းရဲသည်ကား ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ပေးလှူအပ်သော ဆွမ်း၌ ကြည်ညိုလှသောကြောင့် အကျွန်ုပ်သည် ဤသို့သော ကောင်းချီးပေးခြင်းကို ဖြစ်စေအပ်၏ဟု ဆိုလတ်သော် ထို သုမန သူဌေးကြီးသည် အချင်းတို့- ေဩာ်-အံ့ဖွယ်ရှိပေစွတကား၊ ငါသည် ဤမျှလောက်သော ကာလပတ်လုံး အလှူကို ပေးလှူပါလျက် နတ်တို့၏ ကောင်းချီးပေးခြင်းငှါ မတတ်နိုင်၊ အန္နဘာရ သူဆင်းရဲသည် ငါ့ကိုမှီ၍ အသက်မွေးရသည်ဖြစ်ပါလျက် တကြိမ်လှူသော ဆွမ်းဖြင့်ပင်လျှင် ကောင်းချီးကို ပေးစေနိုင်ဘိ၏၊
ထို အန္နဘာရ၏ အလှူ၌ လျောက်ပတ်သည်ကိုပြု၍ လှူသော ဆွမ်းကို ငါ့ဥစ္စာဖြစ်အောင် ပြုလုပ်ပေအံ့ဟု ကြံတဲ့ပြီးလျှင် အန္နဘာရကိုခေါ်စေ၍ ယနေ့ သင်သည် တစုံတယောက်သော ပုဂ္ဂိုလ်အား တစုံတခုသော ဝတ္ထုပစ္စည်းကို ပေးလှူလေသလောဟု မေးမြန်းလေ၏၊ အရှင် သူဌေးကြီး - ပေးလှူသည် မှန်ပါ၏၊ ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ကျွန်တော်သည် ယနေ့ အဖို့ဖြစ်သော ဆွမ်းကို ပေးလှူရပါသည်ဟု ဆိုလတ်သော် အချင်းအန္နဘာရ ယခု အသပြာကိုယူ၍ ငါ့အား ဤဆွမ်းကို ပေးလောဟု ဆိုလေ၏၊
အရှင်သူဌေးကြီး မပေးနိုင်ပါဟု ဆိုလတ်သော် သုမန သူဌေးကြီးသည် အသပြာတထောင် တိုင်အောင် တိုးတက်စေ၏၊ အန္နဘာရ သူဆင်းရဲသည် အသပြာ တထောင်ဖြင့်သော်လည်း မပေးနိုင်ပါဟု ဆိုလတ်သော် ထိုအခါ ထိုအန္နဘာရကို အချင်း- ထိုသို့မပေးနိုင်သည် ဖြစ်စေတော့၊ ဆွမ်းကို အကယ်၍ သင်မပေးနိုင်သည်ဖြစ်အံ့၊ အသပြာတထောင်ကိုယူ၍ အလှူ၏အဖို့ကို ငါ့အား ပေးပါလော့ဟု ဆိုပြန်လေ၏၊
ထိုအန္နဘာရသည် အရှင်ပစ္စေကဗုဒ္ဓါနှင့် အတူတကွ တိုင်ပင်ပြီးမှ သိရပါအံ့ဟုဆို၍ လျင်မြန်စွာ ပစ္စေကဗုဒ္ဓါသို့ အမှီလိုက် သွားပြီးလျှင် အရှင်ဘုရား- သုမနသူဌေးကြီးသည် အသပြာတထောင်ကို ပေး၍ အရှင်ဘုရားတို့အား လှူသောဆွမ်း၌ ကုသိုလ်အဖို့ကို တောင်းပါသည်၊ အဘယ်သို့ ပြုရပါမည်နည်း ဘုရားဟု မေးလျှောက်လေ၏။
---
သုမနသူဌေး တထောင်ပေး၍ သာဓုခေါ်ခြင်း
ထိုအခါ အန္နဘာရ သူဆင်းရဲအား ပစ္စေကဗုဒ္ဓါသည် ဥပမာ ဆောင်ပြတော်မူလေ၏၊ ပညာရှိသော ယောကျ်ား- ဥပမာမည်သည်ကား အမျိုးသားအိမ်တရာ ရှိသောရွာတွင် တခုသောအိမ်၌ ဆီမီးသည် ထွန်းလင်းတောက်ပငြားအံ့၊ ကြွင်းသော သူတို့သည် မိမိ၏ဆီဖြင့် ဆီမီးစာကိုဆွတ်၍ သွားပြီးလျှင် တောက်ပစေ၍ (မီးညှိ၍) ယူကုန်ငြားအံ့၊ ရှေးဖြစ်သောဆီမီး၏ အရောင်သည်ရှိသေး၏ဟု ဆိုအပ် သလော မရှိပြီဟု ဆိုအပ်သလောဟု မေးတော်မူလျှင် အရှင်ဘုရား-အတိုင်းထက် အလွန် အရောင် တောက်ပပါသည် ဘုရားဟု လျှောက်လေ၏၊
ပညာရှိသော ယောက်ျား ဤအတူသာလျှင် တယောက်ချို့သော ယာဂုသည်မူလည်း ဖြစ်စေ, တယောက်မမျှသော ဆွမ်းသည်မူလည်း ဖြစ်စေ, မိမိ၏ဆွမ်း၌ သူတပါးတို့အား အလှူအဖို့ကို ပေးရသောသူအား အကြင်မျှလောက်ကုန်သော သူတို့အားပေးရ၏။ ထိုမျှလောက် ကောင်းမှုသည် တိုးပွား၏၊ သင်သည်လည်း တခုသောဆွမ်းကိုသာ လှူဘိ၏၊ သူဌေးကြီးအား အလှူအဖို့ကို ပေးအပ်သည်ရှိသော် နှစ်ခုသော ဆွမ်းတို့သည် ဖြစ်ကုန်၏၊ တဖို့သည် သင့်အတွက် တဖို့သည် သူဌေးကြီးအတွက် ဖြစ်စေသတည်းဟု မိန့်တော်မူလတ်သော် အန္နဘာရသည် အရှင်ဘုရား- ကောင်းပါပြီဘုရားဟု ဝန်ခံ၍ ပစ္စေကဗုဒ္ဓါကို ရှိခိုးပြီးလျှင် သူဌေးကြီး၏အထံသို့ သွား၍ အရှင်သူဌေးကြီး- အလှူအဖို့ကို ယူတော်မူပါလော့ဟု ဆိုလေ၏၊
ထိုသို့ ဖြစ်မူ ဤ အသပြာတို့ကို ယူလော့ဟု ဆိုလတ်သည်ရှိသော် ကျွန်တော်သည် ဆွမ်းကို မရောင်းပါ၊ သဒ္ဓါကြည်ညိုသဖြင့် ရှင်သူဌေးကြီးအား အလှူအဖို့ကို ပေးဝေပါ၏ဟု ဆိုသဖြင့် သင်သည် သဒ္ဓါကြည်ညို၍ ပေးပေ၏၊ ငါသည်လည်း သင်၏ဂုဏ်ကျေးဇူး တို့ကို ပူဇော်ပေ၏၊ အမောင်-ယူလော့၊ ဤနေ့မှစ၍လည်း မိမိ၏လက်ဖြင့် အမှုကို မပြုလေလင့်ဟုဆို၍ လမ်းခရီး၌ အိမ်ကိုဆောက်လုပ်စေ၍ နေချေလော့၊ အကြင် ဝတ္ထုဖြင့် သင့်အား အလိုရှိ၏၊ ထိုဝတ္ထု အလုံးစုံကို ငါ့အထံမှယူလော့ဟု ဆိုလေ၏၊
နိရောဓသမာပတ်မှ ထသော ပစ္စေကဗုဒ္ဓါအား လှူအပ်သော ဆွမ်းသည် ထိုနေ့၌သာလျှင် အကျိုးပေး၏၊ ထို့ကြောင့် ပြည့်ရှင်မင်းသည်လည်း ထိုအကြောင်းကို ကြားလတ်သော် အန္နဘာရကို ခေါ်စေပြီးလျှင် အလှူအဖို့ကို ယူသဖြင့် များစွာသော စည်းစိမ်ဥစ္စာ အသုံးအဆောင်ကို ပေး၍ အန္နဘာရအား သူဌေးကြီးအရာကို ပေးစေတော်မူလေ၏။
---
အနုရုဒ္ဓါမင်းသား ဖြစ်လာခြင်း
ထို အန္နဘာရ သူဌေးသည် သုမနသူဌေး၏ အဆွေခင်ပွန်း ဖြစ်၍ အသက်ထက်ဆုံး ကောင်းမှုတို့ကို ပြုသဖြင့် ထိုကိုယ်အဖြစ်မှ စုံတေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်လျက် ဤ ငါတို့ဘုရားရှင် ပွင့်ထွန်းတော်မူသောအခါ ကပိလဝတ်ပြည်၌ အမိတောဒန သာကီဝင် မင်းကြီး၏အိမ်တော်၌ ပဋိသန္ဓေ ယူလေ၏၊ မယ်တော်သည် ဆယ်လလွန်သောအခါ သားကို ဖွားမြင်လေ၏၊ ထို သတို့သားအား အနုရုဒ္ဓါဟူသော အမည်ကို မှည့်ကြလေကုန်၏၊
ထိုအနုရုဒ္ဓါမင်းသားသည် မဟာနာမ်အမည်ရှိသော သာကီဝင်မင်းသား၏ ညီတော် မြတ်စွာဘုရား ၏ ဘထွေးတော်၏ သားတော် အလွန်နူးညံ့ သိမ်မွေ့သော ကြီးသော ဘုန်းကံရှိသော သတို့သား ဖြစ်လေ၏၊ တနေ့သ၌ ခြောက်ယောက်သော - မင်းသားတို့သည် မုံ့တို့ဖြင့်လောင်းကြေးပြု၍ ရွဲလုံးတို့ဖြင့်ကစား ကြကုန်သည်ရှီသော် အနုရုဒ္ဓါ မင်းသားသည် ရှုံးသည်ဖြစ်၍ မုံ့တို့၏ အလို့ငှါ မယ်တော်ထံသို့ လွှတ်လေသတတ်၊ မယ်တော်သည် ရွှေခွက်ကြီးကို ပြည့်စေလျက် မုံ့တို့ကို ပို့စေလေ၏၊ မုံ့တို့ကိုစား၍ တဖန် ကစားပြန်သည်ရှိသော် ရှုံးပြန်သောကြောင့် ထို့အတူပင် စေလွှတ်ပြန်လေ၏၊ ဤသို့လျှင် သုံးကြိမ်တိုင်တိုင် မုံ့တို့ကို ဆောင်ယူအပ်ကုန်သည်ရှိသော် လေးခုမြောက်သော အကြိမ်၌ မယ်တော်က ယခုအခါ မုံ့တို့သည် မရှိကုန်ပြီဟု စေလွှတ်လေ၏။
---
မရှိဟူသောစကား နားမလည်ခြင်း
ထိုမယ်တော်၏စကားကို ကြားရလျှင် မရှိဟူသောစကားကို မကြားအပ် စဖူးသည့်အဖြစ်ကြောင့် မရှိမုံ့တို့မည်သည် ယခုအခါ၌ ဖြစ်ပေါ်လာကုန်လတ္တံ့ ဟူသော အမှတ်သညာကိုပြု၍ သွားချေ မရှိမှုတို့ကို ဆောင်ခဲ့ချေလောဟု စေလွှတ်လိုက်လေ၏၊
ထိုအခါ အနုရုဒ္ဓါမင်းသား၏ မယ်တော်သည်ကား အရှင်မ မရှိပုံတို့ကို ပေးလိုက်ကြပါကုန်လော တဲ့ဟု ဆိုအပ်သည်ရှိသော် ငါ၏သားတော်သည် မရှိဟူသောစကားကို မကြားအပ်စဖူးခဲ့ပေ၊ အဘယ်သို့လျှင် မရှိ၏အဖြစ်ကို သိစေရအံ့နည်းဟု နှလုံးပြုလျက် ရွှေခွက်ကိုဆေးပြီးလျှင် ရွှေခွက် တခုဖြင့် မှောက်၍ အမောင်-ယခုအခါ ဤရွှေခွက်ကို ငါ၏သားတော်အားပေးချေလော့ ဟု စေလွှတ်လိုက်လေ၏၊
ထိုခဏ၌ မြို့ကို စောင့်ရှောက်ကုန်သော နတ်တို့သည် ငါတို့အရှင်မင်းသားသည် အန္နဘာရ သူဆင်းရဲ ဖြစ်သောအခါ ဥပရိဋ္ဌအမည်ရှိသော ရှင်ပစ္စေကဗုဒ္ဓါအား မိမိ အဖို့ဖြစ်သော ထမင်းကို လှူ၍ မရှိဟူသောစကား ကိုသာလျှင် မကြားရသည့်ကိုယ် ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်း မည်သည်ကို ဖြစ်စေအပ်၏၊ (ဆုတောင်းထားဖူး၏၊)
ငါတို့သည် ထိုအကြောင်းကို သိကြကုန်လျက် အကယ်၍ လျစ်လျူရှုကုန်ငြားအံ့၊ ငါတို့ ဦးခေါင်း သည်လည်း ခုနစ်စိတ် ကွဲရာ၏ဟု ကြံစည်အောက်မေ့ပြီးလျှင် နတ်ပြည်၌ဖြစ်သော မုံ့တို့ဖြင့် ရွှေခွက်ကို ပြည့်စေကြရလေကုန်၏၊ ထိုမင်းသားအခိုင်းအစေခံ ယောက်ျားသည် ရွှေခွက်ကို ဆောင်ယူသွားပြီးလျှင် မင်းသား၏အထံ၌ ထား၍ ဖွင့်လေ၏၊ ထိုမုံ့တို့၏အနံ့သည် မြို့အလုံးကို ပျံ့နှံ့လေ၏၊ မုံ့ကိုကား ခံတွင်း၌ ထားအပ်ကာမျှပင် အရသာကို ဆောင်တတ်သော အကြောပေါင်း ခုနစ်ထောင်တို့ကို ပျံ့နှံ့၍ တည်လေ၏။
---
မရှိမုံ့ အမြဲ သုံးဆောင်ရခြင်း
အနုရုဒ္ဓါမင်းသားသည်လည်း ငါ့ကို မယ်တော်သည် ဤနေ့မှရှေး၌ မချစ်ခင် ဟန်ရှိ၏၊ တပါးသော အခါ၌ ငါ့အလို့ငှါ မယ်တော်သည် မရှိမုံ့ မည်သည်ကို မကြော်မချက်အပ်စဖူးဟု ကြံပြီးလျှင် ထိုအနုရုဒ္ဓါမင်းသားသည် မယ်တော်၏ အထံသို့သွားတဲ့၍ မယ်တော်ကို မယ်တော်- မယ်တော်သည် သားတော်ကို မချစ်ခင်အပ်လေသလောဟု ဆိုလေ၏၊
ချစ်သား - အသို့ဆိုဘိသနည်း၊ မယ်တော်၏ မျက်စိထက်၎င်း, နှလုံးသားထက်၎င်း သင် ချစ်သားကို လွန်စွာချစ်ခင် မြတ်နိုးလှပေ၏ဟု ဆိုလတ်သော် မယ်တော်- မယ်တော်သည် သားတော်ကို အကယ်၍ ချစ်ခင်သည်ဖြစ်အံ့၊ အဘယ့်ကြောင့် သားတော်အား ရှေးအခါ၌ ဤသို့ သဘော ရှိသော မရှိမုံ့မည်သည်တို့ကို မပေးပါဘိသနည်းဟု ဆိုလေ၏၊
မယ်တော်သည် ထိုမင်းသား အခိုင်းအစေခံ ယောက်ျားကို အမောင်- ရွှေခွက်၌ တစုံတခုသော ဝတ္ထုပါရှိလေသလောဟု မေးလေ၏။ အရှင်မ- ပါရှိသည်မှန်ပါ၏ ရွှေခွက်၌မုံ့တို့ဖြင့် အပြည့်ဖြစ်ပါသည်၊ ဤသို့သဘောရှိသော မုံ့တို့ကို အရှင့်ကျွန်တော်မျိုးသည် မမြင်အပ်စဖူးပါဟု လျှောက်တင်လေ၏။
အနုရုဒ္ဓါမင်းသား၏ မယ်တော်သည် ငါ၏သားတော်ကား ပြုအပ်သော ဆုတောင်း ကောင်းမှု ရှိသောသူဖြစ်၍ ငါ့သားတော် အနုရုဒ္ဓါအား နတ်တို့သည် နတ်၌ဖြစ်သော မုံ့တို့ကို ပို့သွင်းဆက်သ ကြရသည် ဖြစ်ကုန်လတ္တံ့ ဟု ကြံဆင်ခြင်မိလေ၏၊ ထို အနုရုဒ္ဓါ မင်းသားသည်လည်း မယ်တော်ကို မယ်တော်-သားတော်သည် ဤသို့သဘောရှိသော မုံ့တို့ကို မစားရ စဖူးပါ၊ ဤနေ့မှစ၍ သားတော် အလို့ငှါ မရှိမကိုသာလျှင် အပို့ခိုင်းပါ မယ်တော်ဟု ဆိုလေ၏၊
မယ်တော်သည်လည်း ထိုနေ့မှစ၍ အနုရုဒ္ဓါမင်းသားက မုံ့စားလိုပါ သည်ဟု ပြောဆိုသောကာလ၌ ရွှေခွက်တခုကို ဆေးကြောပြီးလျှင် တပါးသော ရွှေခွက်ဖြင့် မှောက်၍ ပို့လိုက်လေ၏၊ နတ်တို့သည် ထိုရွှေခွက်ကို ပြည့်စေကြရ လေကုန်၏၊ ဤသို့ လျှင် အနုရုဒ္ဓါ မင်းသားသည် အိမ်ရာထောင်သူ လူ့ဘောင် အလယ်၌ နေလျက် မရှိဟူသော စကား၏အနက်ကို မသိ၍ နတ်၌ဖြစ်သော မုံ့တို့ကိုသာ သုံးဆောင်ရလေ၏။
---
ထမင်း အဘယ်မှ ဖြစ်သည်ဟု စကားဖြစ်ခြင်း
မြတ်စွာဘုရား၏ အခြံအရံအလို့ငှါ ဆွေတော် မျိုးတော် အစဉ်အဆက် အားဖြင့် သာကီဝင် မင်းသားတို့ ရဟန်းပြုကြကုန်သည်ရှိသော် မဟာနာမ်အမည် ရှိသော သာကီဝင်မင်းသည် ညီငယ်- ငါတို့၏အမျိုး၌ တစုံတယောက် ရဟန်း ပြုသောသူမရှိ၊ သင်သည်မူလည်း ရဟန်းပြုအပ်၏၊ ငါသည်မူလည်း ရဟန်းပြုအပ်၏ ဟု ဆိုလတ်သည်ရှိသော် အနုရုဒ္ဓါမင်းသားက ကျွန်တော်သည် အလွန်နူးညံ့ သိမ်မွေ့လှပါသည်၊ ရဟန်းပြုခြင်းငှါ မတတ်နိုင်ပါလတ္တံ့ ဟု ဆိုလေ၏၊
ထိုသို့ဖြစ်မူ အမှုကြီးငယ် လုပ်ငန်းကို သင်ယူလော့၊ ငါသည် ရဟန်းပြုအံ့ဟုဆိုလျှင် ဤအမှု ကြီးငယ်, လုပ်ငန်းမည်သည် အဘယ်ပါနည်းဟု မြွက်ဆိုလေ၏၊ ထို အနုရုဒ္ဓါ မင်းသားသည် ထမင်း၏ဖြစ်ရာ အရပ်ကိုသော်လည်း မသိ၊ အမှုကြီး,ငယ်လုပ်ငန်းကို အဘယ်မှာလျှင် သိနိုင်ရှာအံ့နည်း၊ ထို့ကြောင့် ဤသို့ မြွက်ဆိုဘိ၏၊
တနေ့သ၌ အနုရုဒ္ဓါ, ဘဒ္ဒိယ, ကိမိလ ဟူသော သုံးယောက်သော မင်းသားတို့သည် ထမင်း မည်သည် အဘယ်အရပ်၌ ဖြစ်ပေါ်လာသနည်းဟု တိုင်ပင် ဆွေးနွေးကြလေကုန်၏၊ ထို သုံးယောက်သော မင်းသားတို့တွင် ကိမိလ မင်းသားသည် ကျီတို့၌ ဖြစ်ပေါ်၏ဟု ဆိုလေ၏။
(ထိုကိမိလ မင်းသားသည် တနေ့သောအခါ ကျီ၌ စပါးထည့်သွင်းကြသည်တို့ကို မြင်ဖူး၏၊ ထို့ကြောင့် ကျီ၌ ထမင်းဖြစ်၏ဟူသော အမှတ်သညာ ဖြင့် ဤသို့ ပြောဆိုလေသတတ်။)
ထိုအခါ ကိမိလမင်းသားကို ဘဒ္ဒိယမင်းသားသည် သင်မသိဟု ဆို၍ ထမင်း မည်သည်ကား ထမင်းအိုး၌ ဖြစ်ပေါ်၏ဟု ဆိုလေ၏။
(ထိုဘဒ္ဒိယမင်းသားသည် တနေ့သ၌ ထမင်းအိုးမှ ထမင်းခူးသည်တို့ကို မြင်ရဖူးသဖြင့် ဤ ထမင်းအိုး၌သာ ထမင်းဖြစ်ပေါ်၏ဟူ၍ အမှတ်သညာကို ပြုလေ၏၊ ထို့ကြောင့် ဤသို့ ပြောဆို လေသတတ်။)
အနုရုဒ္ဓါမင်းသားသည် နှစ်ယောက်စလုံးလည်းဖြစ်ကုန်သော ထိုသင်တို့သည် မသိကြကုန်ဟု ဆို၍ ထမင်းမည်သည်ကား တတောင်ခန့်အမြင့်ရှိသော ပွဲတော်အုပ်၏ အတွင်း၌ရှိသော ရွှေခွက်ကြီး၌ ဖြစ်ပေါ်၏ဟု ဆိုလေ၏။
(ထိုအနုရုဒ္ဓါမင်းသားသည် စပါးထောင်းသည်တို့ကိုလည်း မမြင်အပ် စဖူးကုန်၊ ထမင်းချက်သည် တို့ကိုလည်း မမြင်အပ်စဖူးကုန်၊ ရွှေခွက်၌ ခူးထည့်ပြီးလျှင် ရှေ့၌ထားသော ထမင်းကိုသာလျှင် မြင်ရ၏၊ ထို့ကြောင့် ရွှေခွက်၌သာလျှင် ထမင်း ဖြစ်ပေါ်၏ဟု အမှတ်သညာကို ပြုလေ၏၊ ထို့ကြောင့် ဤသို့ ပြောဆိုလေသတတ်။)
---
အနုရုဒ္ဓါမင်းသား ရဟန်းပြုခြင်း
ဤသို့ ထမင်းဖြစ်ပေါ်ရာအရပ်ကို မသိရှာသော ကြီးသော ဘုန်းကံရှိသော အမျိုးကောင်းသားသည် အမှုကြီးငယ် လုပ်ငန်းတို့ကို အဘယ်မှာ သိနိုင်ရှာအံ့နည်း၊ ထို့ကြောင့် မဟာနာမ် မင်းသားသည် ညီတော် အနုရုဒ္ဓါမင်းသား- လာလော့၊ သင့်အား အိမ်ရာထောင်သူ လူ့ဘောင်၌ နေဘို့အလို့ငှါ ဆုံးမပေအံ့၊ ရှေးဦးစွာ လယ်ကို ထွန်စေအပ်၏၊
ဤသို့အစရှိသောနည်းဖြင့် နောင်တော်သည် သွန်သင်ဆုံးမ ပြောပြအပ်သော အမှုကိစ္စလုပ်ငန်း တို့၏ အဆုံးမရှိသည့် အဖြစ်ကို ကြားရလျှင် ငါ့အား အိမ်ရာထောင်သူ လူ့ဘောင်၌ နေခြင်းဖြင့် အလိုမရှိဟု နှလုံးပြုလျက် မယ်တော်ကို ပန်ကြားပြီးလျှင် ဘဒ္ဒိယအမှူးရှိသော ငါးယောက်သော သာကီဝင် မင်းသားတို့နှင့် အတူတကွ ထွက်၍ အနုပိယ အမည်ရှိသော သရက်ဥယျာဉ်၌ မြတ်စွာဘုရားသို့ ချဉ်းကပ်ကာ ရဟန်းပြုလေ၏၊
ရဟန်းပြုပြီး၍ကား ကောင်းသောအကျင့်ကို ကျင့်သဖြင့် အစဉ်အတိုင်းအားဖြင့် သုံးပါးသော ဝိဇ္ဇာတို့ကို မျက်မှောက်ပြုပြီးလျှင် ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် တခုတည်း သောနေရာ၌ နေလျက်သာ လက်ဝါးပြင်၌ ထားအပ်သော ရှိရှားသီးတို့ကိုကဲ့သို့ အထောင်သော လောကဓာတ်တို့ကို ကြည့်ရှုခြင်းငှါ စွမ်းနိုင်သည်ဖြစ်၍ ဤဂါထာကို ဆိုလေ၏။
ပုဗ္ဗေနိဝါသံ ဇာနာမိ၊ ဒိဗ္ဗစက္ခု ဝိသောဓိတံ။
တေဝိဇ္ဇာ ဣဒ္ဓိပတ္တောမှိ၊ ကတံ ဗုဒ္ဓဿ သာသနံ။
အဟံ၊ ငါအနုရုဒ္ဓါသည်။ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို။ ဇာနာမိ၊ သိနိုင်၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခု အဘိညာဉ်ကို။ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။ တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသော။ ဣဒ္ဓိပတ္တော၊ တန်ခိုးအထူးသို့ ရောက်သောသူသည်။ အမှိ၊ ဖြစ်၏။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမကို။ ကတံ၊ လိုက်နာပြုကျင့်ရပေပြီ။
ဤသို့ ဥဒါန်းကို နှစ်သက်ဝမ်းမြောက်စွာ ကျူးရင့်တော်မူပြီးလျှင် အဘယ် ကောင်းမှုကို ပြုခဲ့ဖူး သောကြောင့် ဤသို့သော ပြည့်စုံခြင်းကို ငါရဘိသနည်းဟု ကြည့်ရှု ဆင်ခြင်တော်မူလတ်သည် ရှိသော် ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဆုတောင်းခြင်းကို ဖြစ်စေဖူးပြီဟု သိတော်မူ၍ တဖန်သံသရာ၌တပြောင်း ပြန်ပြန် ကျင်လည်စဉ် ဤအမည်ရှိသောအခါ ဗာရာဏသီပြည်၌ သုမန သူဌေး ကြီးကိုမှီလျက် အသက်မွေးရသော အန္နဘာရအမည်ရှိသော မြက်ရိတ်သမား ဖြစ်ရဖူးပြီ ဟူ၍လည်း သိတော်မူ၍ ဤဂါထာကို ရွတ်ဆိုလေ၏။
အန္နဘာရော ပုရေ အာသိံ၊ ဒလိဒ္ဒေါ တိဏဟာရကော။
ပိဏ္ဍပါတော မယာ ဒိန္နော၊ ဥပရိဋ္ဌဿ တာဒိနော။
အဟံ၊ ငါအနုရုဒ္ဓါသည်။ ပုရေ၊ ရှေးအခါ၌။ အန္နဘာရော၊ အန္နဘာရအမည် ရှိသော။ ဒလိဒ္ဒေါ။ ဆင်းရဲလှသော။ တိဏဟာရကော၊ မြက်ရိတ်သမားသည်။ အာသိ၊ ဖြစ်ဖူးပြီ။ ယာ၊ ငါသည်။ တာဒိနော၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော။ ဥပရိဋ္ဌဿ၊ ဥပရိဋ္ဌ အမည်တော်ရှိသော အရှင်ပစ္စေက ဗုဒ္ဓါအား။ ပိဏ္ဍပါတော၊ ဆွမ်းကို။ ဒိန္နော၊ ပေးလှူအပ်ဖူးပြီ။
---
သုမနအား ချီးမြှောက်ရန် ကြွသွားခြင်း
ထိုအခါ အနုရုဒ္ဓါမထေရ်မြတ်အား ဤသို့သော အကြံသည် ဖြစ်လေ၏၊ ထိုအခါ ငါသည် ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါအား လှူဒါန်းအပ်သောဆွမ်းမှ အသပြာတို့ကိုပေး၍ အလှူအဖို့ကို ယူလေဖူးသော ငါ၏အဆွေခင်ပွန်း အကြင် သုမန သူဌေးကြီးသည် ရှိ၏၊ ထိုသုမနသူဌေးကြီးသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်လေဘိသနည်းဟု အကြံဖြစ်လေ၏၊
ထိုအခါ သုမနသူဌေးကို ဝိဇ္ဈာဋဝီ တောအုပ်တွင်တောင်ခြေရင်း၌ မုဏ္ဍအမည်ရှိသော နိဂုမ်းသည် ရှိ၏၊ ထိုနိဂုမ်း၌ မဟာမုဏ္ဍ အမည်ရှိသော ဒါယကာအား မဟာသုမန, စူဠသုမန ဟူသော သားနှစ်ယောက် တို့သည် ရှိကုန်၏၊ ထိုနှစ်ယောက်တို့တွင် စူဠသုမနဖြစ်နေသည်ဟု မြင်တော်မူ လေ၏၊ မြင်တော်မူပြီးလတ်သော်ကား ထိုအရပ်သို့ ငါသွားသည်ရှိသော် ကျေးဇူးရှိအံ့လော, မရှိအံ့လောဟု ကြံစည်လေ၏၊
အနုရုဒ္ဓါမထေရ်သည် စူးစမ်းဆင်ခြင်လတ်သည်ရှိသော် စူဠသုမနကား ထိုအရပ်သို့ ငါသွားသည် ရှိသော် ခုနစ်နှစ် အရွယ်ရှိသည်ဖြစ်လျက် သာလျှင် လူ့ဘောင်မှထွက်၍ ရှင်သာမဏေပြုပေလတ္တံ့၊ သင်ဓုန်းအဆုံး၌ သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လတ္တံ့ဟု ဤသို့သော အကြောင်းကို မြင်တော်မူလေ၏၊ မြင်တော်မူပြီး၍ကား ဝါတွင်းအခါ နီးလတ်သည်ရှိသော် ကောင်းကင်ခရီးဖြင့် ကြွသွား၍ ရွာတံခါး၌ သက်ဆင်းလေ၏၊
မဟာမုဏ္ဍအမည်ရှိသော ဒါယကာသည်ကား မထေရ်မြတ်၏ ရှေးအခါကပင် အကျွမ်းဝင်ဖူးသော ဒါယကာဖြစ်သည်သာတည်း၊ ထိုမဟာမုဏ္ဍ ဒါယကာသည် အနုရုဒ္ဓါမထေရ်ကို ဆွမ်းခံကြွချိန်အခါ သင်္ကန်းရုံနေသည်ကို မြင်ရသဖြင့် ဖြစ်သော မဟာသုမနကို ချစ်သား- ငါ၏အရှင်ဖြစ်သော အနုရုဒ္ဓါမထေရ်သည် ကြွလာတော်မူ၏၊ အကြင်ရွေ့လောက် ထိုအနုရုဒ္ဓါမထေရ်၏ သပိတ်တော်ကို တစုံတယောက်သော သူသည် မယူသေး၊ ထိုရွေ့လောက်သွား၍ မထေရ်မြတ်၏ သပိတ်တော်ကို ယူချေလော့၊ ငါသည် နေရာကို ခင်းနှင့်အံ့ ဟု ဆိုလေ၏၊ ထိုမဟာ သုမနသည် ဖခင်ဆိုတိုင်း ပြုလေ၏။
---
စူဠသုမန ရှင်ပြု၍ ရဟန္တာဖြစ်ခြင်း
မုဏ္ဍအမည်ရှိသော ဒါယကာသည် အနုရုဒ္ဓါမထေရ်ကို အိမ်တွင်း၌ ရိုသေစွာ ဆွမ်းလုပ်ကျွေးပြီးလျှင် ဝါတွင်းသုံးလပတ်လုံး ဝါဆို၍ နေစိမ့်သောငှါ ပဋိညာဉ် ဝန်ခံခြင်းကို ယူလေ၏၊ အနုရုဒ္ဓါ မထေရ်သည်လည်း သည်းခံတော်မူ၏၊ ထိုအခါ အနုရုဒ္ဓါမထေရ်ကို တနေ့တည်း၌ လုပ်ကျွေး စောင့်ရှောက်ဘိသကဲ့သို့ ဝါတွင်း သုံးလပတ်လုံး လုပ်ကျွေး စောင့်ရှောက်၍ သီတင်းကျွတ်လပြည့် မဟာပဝါရဏာ နေ့၌ သင်္ကန်းသုံးထည်ကို၎င်း, တင်လဲ, ဆီ, ဆန် စသည် တို့ကို၎င်း ယူဆောင်၍ မထေရ်မြတ်၏ခြေတော်ရင်း၌ ထားပြီးလျှင် အရှင်ဘုရား- အလှူခံယူတော်မူကြ ပါဘုရားဟု လျှောက်လေ၏၊
ဒါယကာ- မသင့်၊ ငါ့အား ဤဆန် စသည်ဖြင့် အလိုမရှိဟု မိန့်တော်မူလျှင် အရှင်ဘုရား-ထိုသို့ဖြစ်မူ ဤ ပစ္စည်းသည် ဝါဆိုလာဘ် မည်ပါသည်၊ ထိုဝါဆိုလာဘ်ကို အလှူခံတော်မူကြပါဘုရားဟု လျှောက်ပြန်လေ၏၊ ဒါယကာ- ငါအလှူမခံယူလိုဟု မိန့်တော်မူပြီးလျှင် အရှင်ဘုရား- အဘယ့်ကြောင့် အလှူခံတော်မမူကြပါသနည်းဘုရားဟု လျှောက်ပြန်လေ၏၊
ငါ့အထံ၌ ကပ္ပိယကာရကသည်၎င်း, သာမဏေသည်၎င်း မရှိဟု မိန့်တော်မူလျှင် အရှင်ဘုရား- ထိုသို့ဖြစ်မူ တပည့်တော်၏ သားဖြစ်သော မဟာသုမန အမည်ရှိသော သူသည် သာမဏေ ဖြစ်ပါလိမ့်မည်ဘုရားဟု လျှောက်လေ၏၊ ဒါယကာ- ငါ့အား မဟာသုမနဖြင့် အလိုမရှိဟု မိန့်မတာ်မူလျှင် အရှင်ဘုရား- ထိုသို့ဖြစ်မူ စူဠသုမန အမည်ရှိသော သူငယ်ကို သာမဏေ ပြုပေးတော်မူကြပါဘုရားဟု လျှောက်လေ၏၊
အနုရုဒ္ဓါ မထေရ်သည် ကောင်းပြီဟု ဝန်ခံ၍ စူဠသုမနကို ရှင်ပြုပေးလေ၏၊ ထိုစူဠသုမနသည် သင်ဓုန်းတင်၍ ဆံရိတ်သည် အဆုံး၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။
---
သုမနသာမဏေကို ဟိမဝန္တာသို့ ခေါ်သွားခြင်း
အနုရုဒ္ဓါမထေရ်သည် ထိုသုမနသာမဏေနှင့် အတူတကွ လခွဲမျှလောက် မုဏ္ဍ အမည်ရှိသော နိဂုမ်း၌နေပြီးလျင် မြတ်စွာဘုရားကို ဖူးမြင်ဦးအံ့ဟု ထိုသုမန သာမဏေ၏ အဆွေအမျိုးတို့ကို ပန်ကြားသဖြင့် ကောင်းကင် ခရီးဖြင့်သာလျှင် သွား၍ ဟိမဝန္တာအရပ် တောကျောင်း၌ သက်ဆင်း လေ၏၊
အနုရုဒ္ဓါ မထေရ်သည်ကား ပင်ကိုယ် သဘောအားဖြင့်လည်း အားထုတ်အပ်သော လုံ့လရှိ၏၊ ထိုတောကျောင်း၌ ညဉ့်၏ ရှေ့အဖို့ ပုရိမယာမ်၊ ညဉ့်၏ နောက်အဖို့ ပစ္ဆိမယာမ် ပတ်လုံး စင်္ကြံသွားလေ့ရှိသော ထိုအနုရုဒ္ဓါ မထေရ်မြတ်အား ဝမ်း၌ တည်သော လေသည် ထကြွလေ၏၊
ထိုအခါ ပင်ပန်းသော သဘောရှိသော ထို အနုရုဒ္ဓါ မထေရ်ကို မြင်ရလျှင် သုမနသာမဏေသည် အရှင်ဘုရားအား အဘယ်သို့သော နာကျင်ခြင်း ဖြစ်ပါသနည်းဘုရားဟု မေးလျှောက်လေ၏၊ ငါ့အား ဝမ်း၌ တည်သောလေသည် ထကြွ၏ဟု မိန့်တော်မူလျှင် အရှင်ဘုရား-တပါးသော အခါ ၌လည်း ထကြွဖူးပါသလော ဘုရားဟု မေးလျှောက်လေ၏၊
ငါ့သျှင်သာမဏေ- ထကြွဖူးသည် မှန်၏ဟု မိန့်တော်မူလျှင် အရှင်ဘုရား-အဘယ်ဆေးဖြင့် ချမ်းသာ ခြင်းသည် ဖြစ်ပါသနည်းဟု လျှောက်လေ၏၊ ငါ့သျှင်သာမဏေ အနောတတ္တ အိုင်မှ သောက်ရေကို ရသည်ရှိသော် ချမ်းသာခြင်းသည် ဖြစ်၏ဟု မိန့်ဆိုတော်မူလျှင် အရှင်ဘုရား- ထိုအနောတတ္တအိုင် ရေဖြင့် ချမ်းသာခြင်းသည် ဖြစ်ပါမူကား တပည့်တော် ဆောင်ယူပါအံ့ ဘုရားဟု လျှောက်လေ၏၊ သာမဏေ- သင် ဆောင်ယူခြင်းငှါ တတ်နိုင်အံ့လောဟု မိန့်တော်မူလျှင် အရှင်ဘုရား- တတ်နိုင် ပါသည်ဘုရားဟု လျှောက်ဆိုလေ၏။
---
ရှင်အနုရုဒ္ဓါ လေနာ၍ အနဝတတ်ရေခပ်ခိုင်းခြင်း
ထိုသို့ဖြစ်မူ အနောတတ္တအိုင်၌ ပန္နဂ အမည်ရှိသော နဂါးမင်းကြီးသည် ငါ့ကို သိ၏၊ ထို နဂါးမင်းကြီးအား အကြောင်းကြား၍ ဆေးအလို့ငှါ သောက်ရေတအိုးကို ဆောင်ချေလော့ဟု မိန့်တော်မူလျှင် သုမနသာမဏေသည် ကောင်းပါပြီ ဘုရားဟု ဝန်ခံလျက် ဥပဇ္ဈာယ်ဆရာကို ရှိခိုးပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ယူဇနာ ငါးရာရှိသော အရပ်သို့ ကြွသွားတော်မူလေ၏၊
ထိုနေ့၌ကား နဂါးမင်း ကြီးသည် နဂါးကချေသည်မ အပေါင်း သောင်းသောင်းဖြဖြ ဝန်းရံခလျက် ရေကစားခြင်းကို ကစားခြင်းငှါ အလိုရှိလေ၏၊ ထိုနဂါးမင်းကြီးသည် ကြွလာသော သာမဏေကို မြင်လျှင်မြင်ချင်း အမျက်ထွက်လေ၏၊ ဤ ဦးပြည်းဖြစ်သော သာမဏေသည် မိမိ၏ ခြေတွင် ကပ်၍ပါသော မြေမှုန့်တို့ကို ငါ၏ ဦးထိပ်ထက်၌ ကြဲချကာ လှည့်လည်ဘိ၏၊ အနောတတ္တအိုင်၌ သောက်ရေအလို့ငှါ လာသည် ဖြစ်လတ္တံ့၊
ယခုအခါ သာမဏေအား သောက်ရေကို မပေးအံ့ဟု ယူဇနာငါးဆယ် ရှိသော အနောတတ္တ အိုင်ကြီးကို ကြီးစွာသောခွက်ဖြင့် ထမင်းအိုးကို ဖုံးအုပ်ဘိသကဲ့သို့ ပါးပျဉ်းဖြင့် ဖုံးအုပ်လျက် အိပ်လေ၏၊ သာမဏေသည် နဂါးမင်းကြီး၏ အမူအရာကို ကြည့်ရှု၍သာလျှင် ဤ နဂါးမင်းကြီးသည် အမျက်ထွက်ဘိ ၏ဟု သိတော်မူသဖြင့် ဤ ဂါထာကို မိန့်ဆိုလေ၏။
သုဏောဟိ မေ နာဂရာဇ၊ ဥဂ္ဂတေဇ မဟဗ္ဗလ။
ဒေဟိ မေ ပါနီယဃဋံ၊ ဘေသဇ္ဇတ္ထမှိ အာဂတော။
ဥဂ္ဂတေဇ၊ ထင်ရှားထက်မြက် တန်ခိုးထက်လှသော။ မဟဗ္ဗလ၊ ကြီးသော ခွန်အားရှိထသော။ နာဂရာဇ၊ နဂါးမင်းကြီး။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာယူလေလော့။ ဘေသဇ္ဇတ္တံ၊ ဆေးအလို့ငှါ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်ချေ၏။ မေ၊ ငါ့အား။ ပါနီယယဋံ၊ သောက်ရေတအိုးကို။ ဒေဟိ၊ ပေးလှူပါလော့။
---
ပန္နဂ နဂါးမင်းက ရေမပေးလိုခြင်း
ထိုစကားကိုကြားရ၍ နဂါးမင်းကြီးသည် ဤ ဂါထာကို ဆိုလေ၏။
ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ ဂင်္ဂါနာမ မဟာနဒီ။
မဟာသမုဒ္ဒ မပ္ပေတိ၊ တတော တွံ ပါနီယံ ဟရ။
ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ အရှေ့မျက်နှာအရပ်အဖို့၌။ ဂင်္ဂါနာမ၊ ဂင်္ဂါမည်သော။ မဟာနဒီ၊ မြစ်ကြီးသည်။ မဟာသမုဒ္ဒ၊ မဟာသမုဒြာသို့။ အပ္ပေတိ၊ စီးဝင်၏။ တတော၊ ထို ဂင်္ဂါမြစ်မှ။ တွံ၊ သည်။ ပါနီယံ၊ သောက်ရေကို။ ဟရ၊ ဆောင်ယူချေလော့။
ထိုစကားကို ကြားရလျှင် သာမဏေသည် ဤနဂါးမင်းကြီးကား မိမိ၏ အလိုအားဖြင့် မပေးပေလတ္တံ့၊ ငါသည် အနိုင်အထက်ပြုခြင်းကို ပြု၍ အာနုဘော်ကို သိစေပြီးမှ ဤနဂါးမင်းကို နှိပ်စက်၍သာလျှင် သောက်ရေကို ယူပေတော့အံ့ဟု ကြံ၍ မြတ်သော နဂါးမင်းကြီး-ဥပဇ္ဈာယ်ဆရာ အရှင်အနုရုဒ္ဓါသည် ငါ့ကို အနောတတ္တအိုင်မှသာ သောက်ရေကို ယူဆောင်စေ၏၊ ထို့ကြောင့် ငါသည် ဤအနောတတ္တ အိုင်ရေကိုသာလျှင် ယူဆောင်ရပေအံ့၊ ဖဲလော့၊ငါ့ကို မတားမြစ်လင့်ဟု ဆို၍ သာမဏေသည် ဤဂါထာကို ဆိုလေ၏။
ဣတော ပါနီယံ ဟရိဿံ၊ ဣမိနာ ဝမှိ အတ္ထိကော။
ယဒိ တေ ထာမဗလံ အတ္ထိ၊ နာဂရာဇ နိဝါရယ။
ဣတောဝ၊ ဤအနောတတ္တအိုင်မှသာလျှင်။ ပါနီယံ၊ သောက်ရေကို။ ဟရိဿံ၊ ဆောင်ယူပေအံ့။ ဣမိနာဝ၊ ဤအနောတတ္တအိုင်ရေဖြင့်သာလျှင်။ အတ္ထိကော၊ အလိုရှိသည်။ အမှိ၊ ဖြစ်၏။ နာဂရာဇ၊ နဂါးမင်းကြီး။ တေ၊ သင့်အား။ ထာမဗလံ၊ အားအစွမ်းသည်။ ယဒိ အတ္ထိ၊ အကယ်၍ ရှိသည်ဖြစ်အံ့။ တွံ၊ သင် နဂါးမင်းကြီးသည်။ နိဝါရယ၊ တားမြစ်လေလော့။
ထိုအခါ သုမနသာမဏေကို နဂါးမင်းသည် ဤသို့ ဆိုလေ၏။
သာမဏေရ သစေ အတ္ထိ၊ တဝ တဝ ဝိက္ကမပေါရိသံ။
အဘိနန္ဒာမိ တေ ဝါစံ၊ ဟရ ပါနီယံ မမ။
သာမဏေရ၊ မောင်ရှင်သာမဏေ။ တဝ၊ သင့်အား။ ဝိက္ကမပေါရိသံ၊ ယောက်ျားမြတ်တို့ ပြုအပ်သော လုံ့လသည်။ သစေအတ္ထိ၊ အကယ်၍ရှိသည်ဖြစ်အံ့။ တေ၊ သင်သာမဏေ၏။ ဝါစံ၊ စကားကို။ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏။ မမ၊ အကျွန်ုပ်၏။ ပါနီယံ၊ သောက်ရေကို။ ဟရဿု၊ ဆောင်ယူချေလော့။
စစ်ပွဲကြည့်ရန် နတ်ဗြဟ္မာတို့ စည်းဝေးကြခြင်း
ထိုအခါ နဂါးမင်းကြီးကို သာမဏေသည် မြတ်သောနဂါးမင်းကြီး-ကောင်းပြီ ဆောင်ယူပေအံ့ဟု မိန့်ဆိုသဖြင့် အကယ်၍ တတ်စွမ်းနိုင်သည်ဖြစ်အံ့၊ ဆောင်စွမ်းတော့လောဟု ဆိုလတ်သည်ရှိသော် ထိုသို့ဖြစ်မူ ကောင်းစွာ သိဦးလော့ဟု သုံးကြိမ်ဝန်ခံခြင်းကို ယူပြီးလျှင် ဘုရားမြတ်စွာ သာသနာတော်၏ အစွမ်း အာနုဘော်ကို ပြလျက် ငါသည် သောက်ရေကို ဆောင်ယူခြင်းငှါ သင့်၏ဟု ကြံ၍ ကောင်းကင်၌ တည်ကုန်သော နတ်တို့၏ အထံသို့ ကြွသွားတော်မူလေ၏၊
ကောင်းကင်၌ တည်ကုန်သော နတ်တို့သည် လာ၍ ရှိခိုးလျက် အရှင်ဘုရား- အကြောင်း အဘယ်သို့ ရှိပါသနည်း ဘုရားဟု လျှောက်၍ ရပ်တည်ကြလေကုန်၏၊ ထိုအနောတတ္တအိုင် ရေအပြင်၌ ပန္နာအမည်ရှိသော နဂါးမင်းကြီးနှင့် အတူ တကွ ငါ၏ စစ်ထိုးခြင်းသည် ဖြစ်လတ္တံ့၊ ထိုအနောတတ္တအိုင်သို့သွား၍ အနိုင်အရှုံးကို ကြည့်ရှုကြကုန်လော့ဟု ဆိုလေ၏၊
ထိုသုမနသာမဏေသည် ဤသို့သာ နည်းဖြင့်သာလျှင် လေးယောက်သော လောကပါလ နတ်သားတို့သို့၎င်း, သိကြားမင်း, သုယာမနတ်, သန္တုဿိတနတ်, နိမ္မာနရတိနတ်, ပရနိမ္မိ ဘဝသဝတ္တီ နတ်တို့သို့၎င်း ချဉ်းကပ်၍ ထိုအကြောင်းကို ပြောကြားလေ၏၊
ထိုနောက်မှ အစဉ်အတိုင်း ဗြဟ္မာ့ပြည်တိုင်အောင် သွားပြီးလျှင် ထိုထိုအရပ်၌ ဗြဟ္မာမင်းတို့သည် လာ၍ ရှိခိုးကာ တည်ကုန်လျက် အရှင်ဘုရား- အကြောင်းအဘယ်သို့ ရှိပါသနည်း ဘုရားဟု မေးအပ်သည်ဖြစ်၍ ထိုအကြောင်းကို ပြောကြား သိစေလေ၏၊
ဤသို့လျှင် ထိုသုမနသာမဏေသည် အသညသတ်ဗြဟ္မာတို့ကို၎င်း, အရူပ ဗြဟ္မာတို့ကို၎င်း ချန်ထား၍ အလုံးစုံသော အရပ်တို့၌ တခဏချင်းဖြင့်သာလျှင် လှည့်လည်ကာ ပြောကြားလေ၏၊ ထိုသုမနသာမဏေ၏ စကားကို ကြားလျှင် အလုံးစုံသော နတ်တို့ သည်လည်း အနောတတ္တအိုင် အပြင်၌ ကျည်တောက်၌ ထည့်သွင်းအပ်သော နှမ်းစေ့မုံ့ညက်တို့ကဲ့သို့ ကောင်းကင်ကို အကြားကွက်လပ် မရှိ ပြည့်စေလျက် စည်းဝေးကြလေကုန်၏။
---
သာမဏေနှင့် နဂါးမင်း စစ်ထိုးခြင်း
နတ် ဗြဟ္မာ အပေါင်းသည် စည်းဝေးပြီးသည် ရှိသော် သာမဏေသည် ကောင်းကင်၌ ရပ်တည်လျက် နဂါးမင်းကို ဤသို့ ဆိုလေ၏။
သုဏောဟိ မေ နာဂရာဇ၊ ဥဂ္ဂတေဇ မဟဗ္ဗလ။
ဒေဟိ မေ ပါနီယဃဋံ၊ ဘေသဇ္ဇတ္ထမှိ အာဂတော။
ဥဂ္ဂတေဇ၊ ကျော်စောထက်မြက် တန်ခိုးထွက်လှသော။
မဟဗ္ဗလ၊ ကြီးသော ခွန်အားရှိထသော။
နာဂရာဇ၊ နဂါးမင်းကြီး။
မေ၊ ငါ၏။
ဝစနံ၊ စကားကို။
သုဏောဟိ၊ နာယူလေလော့။
ဘေသဇ္ဇတ္ထံ၊ ဆေးအလို့ငှါ။
အာဂတော၊ လာသည်။
အမှိ၊ ဖြစ်ချေ၏။
မေ၊ ငါ့အား။
ပါနီယဃဋံ၊ သောက်ရေတအိုးကို။
ဒေဟိ၊ ပေးလှူပါလော့။
ထိုအခါ သုမနသာမဏေကို နဂါးမင်းကြီးသည် ဤသို့ ဆိုလေ၏။
သာမဏေရ သစေ အတ္ထိ၊ တဝ ဝိက္ကမပေါရိယံ။
အဘိနန္ဒာမိ တေ ဝါစံ၊ ဟရဿု ပါနီယံ မမ။
သာမဏေရ၊ မောင်ရှင်သာမဏေ။
တဝ၊ သင့်အား။
ဝိက္ကမပေါရိသံ၊ ယောက်ျားမြတ်တို့ပြုအပ်သော လုံ့လသည်။
သစေ အတ္ထိ၊ အကယ်၍ရှိအံ့။
တေ၊ သင်သာမဏေ၏။
ဝါစံ၊ အမိန့်ရှိချက် စကားမြွက်ကို။
အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏။
မမ၊ အကျွန်ုပ်၏။
ပါနီယံ၊ သောက်ရေကို။
ဟရဿု၊ ဆောင်ယူချေလော့။
ထို သုမနသာမဏေသည် သုံးကြိမ်တိုင်တိုင် နါးမင်းကြီး၏ ဝန်ခံခြင်း ပဋိညာဉ်ကို ယူပြီးလျှင် ကောင်းကင်၌ ရပ်လျက်သာလျှင် တဆယ့်နှစ်ယူဇနာရှိ ဗြဟ္မာမင်း၏ကိုယ်ကို ဖန်ဆင်းသဖြင့် ကောင်းကင်မှ သက်ဆင်း၍ နဂါးမင်း ကြီး၏ ပါးပျဉ်း၌ နင်းချလျက် အောက်သို့ မျက်နှာမူအောင် = ငုံ့သွားအောင် နှိပ်ချလေ၏၊
ထိုခဏ၌သာလျှင် အားကြီးလှစွာသော ယောက်ျားသည် နင်းအပ်သော စိုစွတ်သော သားရေကဲ့သို့ နဂါးမင်းကြီး၏ ပါးပျဉ်း၌ နင်းချကာမျှဖြင့် လျှောသက်၍ ယောက်မမျှ အတိုင်းအရှည်ရှိသော ပါးပျဉ်းအဖုတို့သည် ဖြစ်လေကုန်၏။
---
နဂါးမင်း အရှက်ရ၍ သတ်မည်ဟု လိုက်ခြင်း
နဂါးမင်းကြီးတို့၏ ပါးပျဉ်းတို့မှ လွတ်လပ်သော နေရာအရပ်၌ ထန်းပင်လုံး အတိုင်းအရှည် ရှိကုန်သော ရေယဉ်အလုံးတို့သည် တက်လေကုန်၏၊ သုမန သာမဏေသည် ကောင်းကင်၌ သာလျင် ရေအိုးကို ပြည့်စေတော်မူလေ၏၊ နတ် ဗြဟ္မာအပေါင်းတို့သည် ကောင်းချီးပေးခြင်းကို ပြုလေ၏၊
ထိုအခါ နဂါးမင်း ကြီးသည် ရှက်နိုးလှသည်ဖြစ်၍ သာမဏေအား အမျက် ထွက်လေသောကြောင့် နဂါးမင်းကြီး၏ မျက်စိတို့သည် လယ်ခေါင်ရမ်းပန်း အဆင်းကဲ့သို့ နီမြန်းသော အဆင်း ရှိကြလေကုန်၏၊ ထိုပန္နဂအမည်ရှိသော နဂါးမင်းကြီးသည် ဤသာမဏေကား နတ်ဗြဟ္မာ အပေါင်းကို စည်းဝေးစေပြီးလျှင် သောက်ရေကို ယူသဖြင့် ငါ့ကို ရှက်နိုးစေဘိ၏, အရှက်ခွဲဘိ၏၊
ထိုသာမဏေကို ဖမ်း၍ ခံတွင်း၌ လက်ကို ထည့်သွင်းပြီးလျှင် ထိုသာမဏေ၏နှလုံးသားကိုလည်း ဆုပ်နယ်ချေပစ်အံ့၊ထိုသာမဏေကို ခြေ၌ ဆွဲငင်၍ ဂင်္ဂါမြစ်တဖက်သို့မူလည်း လွှင့်ပစ်အံ့ဟု လျင်မြန်စွာသော အဟုန်ဖြင့် အစဉ်လိုက်လေ၏၊ အစဉ်အတိုင်း လိုက်သော်လည်း ထိုသာမဏေကို မှီခြင်းငှါ မတတ်နိုင်သည်သာတည်း၊
သာမဏေသည် သွား၍ ဆရာဥပဇ္ဈာယ်၏ လက်တော်၌ သောက်ရေကို ထားပြီးလျှင် အရှင်ဘုရား. သောက်တော်မူပါ ဘုရားဟု လျှောက်လေ၏၊ နဂါးမင်းကြီးသည်လည်း နောက်မှ နောက်မှ လိုက်လာပြီးလျှင် အရှင်အနုရုဒ္ဓါဘုရား သာမဏေသည် တပည့်တော် မပေးမလှူဘဲသာလျှင် သောက်ရေကို ယူ၍လာပါသည်၊ သောက်တော်မမူပါလင့် ဘုရားဟု လျှောက်လေ၏၊
သာမဏေ - ဤနဂါး လျှောက်ချက်အတိုင်း မှန်သလောဟု မိန့်တော်မူလျှင် အရှင်ဘုရား- သောက်တော်မူပါ၊ ဤနဂါးမင်းကြီးသည် တပည့်တော်အား ပေးလှူအပ်သော သောက်ရေကို တပည့်တော် ဆောင်အပ်ပါသည် ဘုရားဟု လျှောက်လေ၏။
---
နဂါးနှင့် နှင့် သာမဏေ ဆရာတကာ ဖြစ်သွားခြင်း
အနုရုဒ္ဓါမထေရ်သည် ရဟန္တာဖြစ်သော သာမဏေအား မုသားဆိုခြင်းမည်သည် မရှိဟု သိတော်မူ၍ သောက်ရေကို သောက်တော်မူလေ၏၊ ထိုသောက်သော ခဏချင်းသာလျှင် အရှင်အနုရုဒ္ဓါ မထေရ်အား အနာရောဂါသည် ငြိမ်းပျောက်လေ၏၊
တဖန် နဂါးမင်းကြီးသည် မထေရ်မြတ်ကို အရှင်ဘုရား. သာမဏေသည် အလုံးစုံသော နတ် ဗြဟ္မာအပေါင်းကို စည်းဝေးစေပြီးလျှင် တပည့်တော်ကို ရှက်နိုးစေအပ်ပါသည်၊ တပည့်တော်သည် ထိုသာမဏေ၏ နှလုံးသားကိုမူလည်း ခွဲပစ်လိုပါသည်၊ သာမဏေကို ခြေ၌ ဆွဲငင်၍ ဂင်္ဂါမြစ် တဖက်သို့မူလည်း လွှင့်ပစ် လိုပါသည် ဘုရားဟု လျှောက်ကြားလေ၏၊
မြတ်သော နဂါးမင်းကြီး - သာမဏေသည် ကြီးမြတ်သော အာနုဘော်ရှိ၏၊ သင်တို့သည် သာမဏေနှင့် အတူတကွ စစ်ထိုးခြင်းငှါ တတ်နိုင်လိမ့်မည် မဟုတ်ကုန်၊ ထိုသာမဏေကို ကန်တော့ တောင်းပန်၍ သွားကုန်လော့ဟု မိန့်တော်မူလေ၏။
(နဂါးမင်းကြီးသည် ကိုယ်တိုင်ပင်လည်း သာမဏေ၏ တန်ခိုးအာနုဘော်ကို သိသည်သာလျှင် တည်း၊ ထိုသို့ သိလျက်သော်လည်း ရှက်နိုးလှ၍သာ အစဉ်လိုက်လာပေ၏။)
ထိုအခါ ရှင်အနုရုဒ္ဓါ မထေရ်မြတ်၏ စကားတော်ဖြင့် သာမဏေကို ကန်တော့ တောင်းပန်ပြီးလျှင် ထိုသာမဏေနှင့် အတူတကွ အဆွေခင်ပွန်းဖွဲ့ခြင်းကို ပြု၍ ဤနေ့မှစ၍ အနောတတ္တအိုင်ရေဖြင့် အလိုရှိခဲ့သော် အရှင်ဘုရားတို့၏ ကိုယ်တော်တိုင် ကြွလာဖွယ်ကိစ္စ မရှိပါ၊ တပည့်တော်အား စေခိုင်းတော်မူကြ ပါဘုရား၊ တပည့်တော်ကိုယ်တိုင်သာလျှင် ယူဆောင်ကာ လှူဒါန်းပါမည်ဘုရား ဟု လျှောက်ဆို၍ ဖဲသွားလေ၏။
---
သုမနသာမဏေကို ပြက်ရယ် ကျီစယ်ကြခြင်း
ရှင်အနုရုဒ္ဓါမထေရ်သည်လည်း သာမဏေကို ခေါ်ဆောင်၍ ကြွသွားတော်မူလေ၏၊ ဘုရားရှင်သည် အနုရုဒ္ဓါမထေရ်၏ လာလတ္တံ့သော အဖြစ်ကို သိတော်မူနှင့်၍ မိဂါရသူဌေး၏မိခင် ဝိသာခါ၏ ပြာသာဒ်၌ အနုရုဒ္ဓါမထေရ်၏ လာခြင်းကို မြှော်စောင့်တော်မူလျက် နေတော်မူလေ၏၊
ရဟန်းတို့သည်လည်း ကြွလာသော ရှင်အနုရုဒ္ဓါမထေရ်ကို မြင်ရလျှင် ခရီးဦး ကြိုဆိုကြ၍ သပိတ်သင်္ကန်းကို လှမ်းယူကြလေ၏၊ ထိုအခါ အချို့သော ရဟန်းငယ်တို့သည်၎င်း, သာမဏေ တို့သည်၎င်း, သာမဏေကို ဦးခေါင်း၌၎င်း, နားရွက်တို့၌၎င်း, လက်မောင်း၌၎င်း ကိုင်ဆွဲကာ လှုပ်ကုန်လျက် ငါတို့ ညီထွေး သာမဏေကလေး . အသို့နည်း၊ ပျင်းရိငြီးငွေ့ သလောဟု ပြက်ရယ် ကျီစယ်ကာ ပြောဆိုကြလေကုန်၏၊
မြတ်စွာဘုရားသည် ထိုရဟန်းငယ်နှင့် သာမဏေတို့ အမူအရာကို မြင်တော်မူရလျှင် ဤရဟန်း တို့၏ အမှုသည် ဝန်လေးလေစွတကား၊ လျင်သော အဆိပ်ရှိသော မြွေကို လည်ပင်း၌ ကိုင်ဆွဲဘိ သကဲ့သို့ သာမဏေကို ကိုင်ဆွဲကြကုန်၏၊ ထိုသာမဏေ၏ အာနုဘော်ကို မသိရှာကြကုန်၊ ယနေ့ ငါဘုရားသည် သုမနသာမဏေ၏ ဂုဏ်ကျေးဇူးကို ထင်ရှားစွာ ပြုခြင်းငှါ သင့်၏ဟု ကြံတော်မူ လေ၏၊
ရှင်အနုရုဒ္ဓါ မထေရ်သည်လည်း လာ၍ မြတ်စွာဘုရားကို ရှိခိုးလျက် နေလေ၏၊ မြတ်စွာဘုရား သည် ရှင်အနုရုဒ္ဓါနှင့် အတူကူ အစေ့စပ် ပြောဆိုခြင်း အမှုကို ပြုပြီး လျှင် ရှင်အာနန္ဒာမထေရ်ကို သိစေတာ်မူလေ၏၊ သိစေပုံကား ချစ်သား အာနန္ဒာ - အနောတတ္တရေတို့ဖြင့် ခြေတို့ကို ဆေးခြင်းငှါ အလိုရှိ၏၊ သာမဏေ တို့အား အိုးကိုပေး၍ ရေကို ဆောင်ခိုင်းချေလော့ဟု မိန့်တော်မူလေ၏။
---
သာမဏေငါးရာ ရေခပ်ခြင်းငှါ မတတ်နိုင်ခြင်း
ရှင်အာနန္ဒာမထေရ်သည် ပုဗ္ဗာရုံကျောင်းတော်ကြီး၌ရှိသော ငါးရာမျှသော သာမဏေတို့ကို စည်းဝေးစေလေ၏၊
(ထိုငါးရာသော သာမဏေတို့တွင် သုမနသာမဏေသည် အလုံးစုံသော သာမဏေတို့အောက် အငယ်ဆုံး ဖြစ်လေ၏။)
ရှင်အာနန္ဒာ မထေရ်သည် အလုံးစုံသော သာမဏေတို့ထက် အကြီးဆုံးဖြစ်သော သာမဏေကို မောင်ရှင်သာမဏေ - မြတ်စွာဘုရားသည် အနောတတ္တအိုင်ရေဖြင့် ခြေတော်တို့ကို ဆေးခြင်းငှါ အလိုရှိတော်မူ၏၊ အိုးကိုယူတဲ့၍ သွားပြီးလျှင် ရေကို ဆောင်ချေလော့ဟု ခိုင်းစေတော်မူလေ၏၊
အကြီးဆုံး သာမဏေသည် အရှင်ဘုရား တပည့်တော် မတတ်နိုင်ပါဘုရားဟု လျှောက်ဆို၍ အလိုမရှိ၊ ရှင်အာနန္ဒာမထေရ်သည် ကြွင်းသော သာမဏေတို့ကိုလည်း အစဉ်အတိုင်း မေးလေ၏၊ ထိုသာမဏေ တို့သည်လည်း ထို့အတူသာလျှင် ပယ်ကြလေကုန်၏။
(ဤသာမဏေ ငါးရာမျှတို့တွင် ရဟန္တာဖြစ်သော သာမဏေတို့သည် မရှိလေကုန်သလောဟု ဆိုငြားအံ့ ရှိ၏၊ ထိုသို့ပင်ရှိသော်လည်း ထိုရဟန္တာ သာမဏေတို့သည် ဤပန်းအစည်းကို ငါတို့၏ အကျိုးငှါ ဖွဲ့တော်မူအပ်သည် မဟုတ်၊ သုမနသာမဏေ၏ အကျိုးငှါသာလျှင် ဖွဲ့တော်မူအပ်၏ဟု သိသဖြင့် အလိုမရှိကြလေကုန်၊ ပုထုဇဉ်သာမဏေတို့ကား မိမိတို့၏ မစွမ်းနိုင်သည့် အဖြစ်ကြောင့် သာလျှင် အလိုမရှိကြလေကုန်။)
အဆုံး၌ သုမနသာမဏေ၏ အလှည့်သို့ ရောက်လတ်သည်ရှိသော် မြတ်စွာဘုရားသည် အနောတတ္တအိုင်ရေဖြင့် ခြေတော်တို့ကို ဆေးခြင်းငှါ အလိုရှိတော်မူ၏၊ အိုးကိုယူ၍ ရေကို ဆောင်ယူ ချေရမည်ဟု မိန့်တော်မူလေ၏။
---
သုမနသာမဏေ ရေခပ်သွားခြင်း
ထိုသုမနသာမဏေသည် မြတ်စွာဘုရားက ဆောင်ယူစေတော်မူသည်ရှိသော် ဆောင်ယူပါမည် ဘုရားဟု မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် မြတ်စွာဘုရား- အနော တတ္တအိုင်၌ တပည့်တော်ကို ရေကို ဆောင်ယူခိုင်းကြပါသလော ဘုရားဟု လျှောက်လေ၏၊
ချစ်သား သုမနသာမဏေ - ဆောင်ယူခိုင်းသည် မှန်ပေ၏ဟု မိန့်တော်မူလတ်သော် ထိုသုမန သာမဏေသည် ဝိသာခါ ဒါယိကာမကြီးသည် ပြုလုပ်လှူဒါန်းအပ်ကုန်သော တခဲနက် ရွှေဖြင့် ခပ်လုပ်အပ်ကုန်သောကျောင်း အသုံးအဆောင်ဖြစ်သော အိုးတို့တွင် ရေအိုး အလုံးခြောက်ဆယ်၏ ရေကိုယူနိုင်သော (ဝင်သော ဆန့်သော)ရေအိုးကြီးကို လက်တဘက်ဖြင့် ယူပြီးလျှင် ဤအိုး ကြီးကို မြှောက်ပင့်၍ ပခုံးစွန်း၌ ထားအပ်သဖြင့် ငါ့အား အလိုမရှိဟု နှလုံးပြု လျက် တွဲလွဲဆွဲကိုင်ခြင်းကို ပြု၍သာလျှင် ကောင်းကင်သို့ ပျံတက်၍ ဟိမဝန္တာသို့ ရှေးရှု ကြွမြန်း ပျံသန်းတော်မူလေ၏၊
နဂါးမင်းကြီးသည် သုမနသာမဏေကို အဝေးမှသာလျှင် ကြွလာသည်ကို မြင်ရလျှင် ခရီးဦးကြိုဆို၍ အိုးကို ပခုံးစွန်းဖြင့် ထမ်းပြီးလျှင် အရှင်ဘုရား. အရှင်ဘုရားတို့သည် တပည့်တော်ကဲ့သို့သော ကျေးကျွန်ရှိပါလျက် အဘယ့်ကြောင့် ကိုယ်တော်တိုင် ကြွလာတော်မူဘိသနည်း၊ ရေဖြင့် အလိုရှိလတ်သော် အဘယ့်ကြောင့် သတင်းစကားကိုမျှလည်း စေလွှတ် တော်မမူကြပါဘိသနည်း ဘုရားဟု လျှောက်ဆိုလျက်အိုးဖြင့် ရေကိုဆောင်ယူ၍ နဂါးမင်းကြီး ကိုယ်တိုင် ထမ်းပြီးလျှင် အရှင်ဘုရား- ရှေ့မှ ကြွတော်မူကြပါ၊ တပည့်တော်သည်သာလျှင် ဆောင်ပို့ပါမည်ဘုရားဟု လျှောက်လေ၏၊
မြတ်သော နဂါးမင်းကြီး သင်နဂါးမင်းကြီးတို့သည် သည်းခံကြကုန်ဦးလော၊ ကိုရင့်ကိုသာလျှင် မြတ်စွာဘုရားသည် စေခိုင်းတော်မူအပ်၏ဟု ဆို၍ နဂါးမင်းကြီးကို ပြန်လည်စေပြီးလျှင် အိုးကို အနားရေး၌ လက်ဖြင့်ဆွဲယူလျက် ကောင်းကင်ခရီး ဖြင့် လာလေ၏၊
ထိုအခါ မြတ်စွာဘုရားသည် ထိုသုမနသာမဏေ လာသည်ကို ကြည့်ရှုတော်မူလျက် ရဟန်းတို့ကို သိစေတော်မူလေ၏၊ သိစေပုံကား ချစ်သားရဟန်းတို့ - သာမဏေ၏ တင့်တယ်စံပယ်ခြင်းကို ကြည့်ရှုကြကုန်လော့၊ ကောင်းကင်၌ ဟင်္သာမင်းကဲ့သို့ တင့်တယ်လှပေ၏ဟု မိန့်တော်မူလေ၏။
---
ခုနစ်နှစ်သားအရွယ် ရဟန်းအဖြစ် အမွေရခြင်း
ထိုသုမနသာမဏေသည်လည်း ရေအိုးကို ချထားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် နေလေ၏၊ ထိုအခါ သုမနသာမဏေကို မြတ်စွာဘုရားသည် ချစ်သား သုမန-သင်သည် အသက် အဘယ်မျှ ရှိပြီနည်းဟု မိန့်တော်မူလေ၏၊ မြတ်စွာဘုရား ခုနစ်နှစ်ရှိပါပြီဘုရားဟု လျှောက်ကြားလတ်သော် ချစ်သား သုမနသာမဏေ- ထိုသို့ဖြစ်မူ ယနေ့မှစ၍ ရဟန်းဖြစ်လေလော့ဟု မိန့်တော်မူလျက် `အမွေဖြစ် သော ပဉ္စင်းအဖြစ်ကို ပေးသနားတော်မူလေ၏။
(ဤသုမန သာမဏေ၎င်း, သောပါက သာမဏေ၎င်း နှစ်ပါးသော သာမဏေတို့သည်လျှင် ခုနစ်နှစ် အရွယ် ရှိကုန်လျက် ပဉ္စင်းအဖြစ်ကို ရကြလေကုန်သတတ်။)
ဤသို့ထိုသုမနသာမဏေပဉ္စင်းဖြစ်လတ်သည်ရှိသော် တရားသဘင်၌ ငါ့သျှင်တို့-ငယ်ရွယ်လှသော သာမဏေအား ဤသို့ သဘောရှိသည်မည်သော တန်ခိုး အာနုဘော်သည် ဖြစ်ပေ၏၊ အံ့ဖွယ်ရှိပေစွတကား၊ ဤနေ့မှ ရှေးအခါ၌ ဤသို့ သဘောရှိသော တန်ခိုးအာနုဘော်ကို ငါတို့သည် မမြင်ရစဖူးချေဟု စကားကို ဖြစ်စေကြလေကုန်၏၊
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါဘုရားကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေး ကြပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့- ငါးဘုရား၏ သာသနာတော်၌ ငယ်သောသူ ဖြစ်သော်လည်း ကောင်းစွာကျင့် သော ပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော ပြည့်စုံခြင်းကို ရနိုင်သည်သာလျှင် တည်းဟု မိန့်တော်မူ၍ တရား ဟောလိုရကား ဤဂါထာကို ဟောကြားတော် မူလေ၏။
---
ဒေသနာတော်
၃၈၁။ ယော ဟဝေ ဒဟရော ဘိက္ခု၊ ယုဉ္ဇတိ ဗုဒ္ဓသာသနေ။
သော မံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။
ဒဟရောပိ၊ ငယ်ရွယ်နုပျိုသော်လည်း။
ယော ဘိက္ခု၊ အကြင်ရဟန်းသည်။
ဗုဒ္ဓသာသနေ၊ ငါဘုရား၏ သာသနာတော်၌။
ဟဝေ၊ စင်စစ်အားဖြင့်။
ယုဉ္ဇတိ၊ လုံ့လကြိုးကုတ် အားထုတ်၏။
သော ဘိက္ခု၊ ထိုရဟန်းသည်။
အဗ္ဘာ၊ တိမ်တိုက်မှ။
မုတ္တော၊ ကင်းလွတ်သော။
စန္ဒိမာဝ၊ လမင်းကဲ့သို့။
ဣမံ လောကံ၊ ဤခန္ဓာစသော လောကကို။
ပဘာသေတိ၊ ထွန်းလင်းစေနိုင်၏။
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
သုမနသာမဏေ ပတ္ထု ပြီး၏။
ဤတွင်ရွေ့ကား နှစ်ဆယ့်ငါးခုမြောက်သော ဘိက္ခုဝဂ်အဖွင့် ပြီး၏။
---
၂၆ – ဗြဟ္မဏဝဂ်
၁ - ကြည်ညိုခြင်းများသော ပုဏ္ဏားဝတ္ထု
ဆိန္ဒ သောတံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကြည်ညိုခြင်း များသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
ကြည်ညိုခံရလျှင် အထူး သတိပြုသင့်ကြောင်း
ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားရ၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်ရကား မိမိ၏အိမ်၌ တကျိပ်ခြောက်ပါး အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့ အား အမြဲ ဆွမ်းလုပ်ကျွေးခြင်းကို ဖြစ်စေလေ၏၊
ရဟန်းတော်တို့၏ ကြွလာတော်မူသောအခါ သပိတ်ကို လှမ်းယူပြီးလျှင် အရှင်ကောင်း ဖြစ်သော ရဟန္တာတို့သည် ကြွလာတော်မူကြပါဘုရား၊ အရှင်ကောင်း ဖြစ်ကုန်သော ရဟန္တာတို့သည် ထိုင်တော်မူကြပါဘုရားဟု အမှတ်မရှိ တစုံတခုကိုဆိုသည် ရှိသော် ရဟန္တာဟု ခေါ်ဝေါ်ခြင်းနှင့် စပ်သော စကးကိုသာလျှင် ပြောဆိုလေ့ရှိ၏၊
ထိုရဟန်းတို့တွင် ပုထုဇဉ်ရဟန်းတို့သည် ဤပုဏ္ဏားကား ငါတို့၌ ရဟန္တာဟူ၍ မှတ်ခဲ့ပြီဟု ကြံကြလေကုန်၏၊ ရဟန္တာတို့သည် ဤပုဏ္ဏားကား ငါတို့၏ ရဟန္တာအဖြစ်ကို သိပေ၏ဟု ကြံကြလေကုန်၏၊ ဤသို့လျှင် အလုံးစုံသော ထိုရဟန်းတို့သည်လည်း အလို့လို့ ရှိကြ ကုန်သည်ဖြစ်၍ ထိုပုဏ္ဏား၏ အိမ်သို့ မကြွသွားဘဲ နေကြလေကုန်၏၊
ပုဏ္ဏားသည် ကိုယ်၏ ဆင်းရဲခြင်း စိတ်နှလုံး၏ ဆင်းရဲခြင်း ရှိသည်ဖြစ်၍ အဘယ့်ကြောင့် အရှင် ကောင်းတို့သည် မကြွလာဘဲ နေကြ ကုန်ဘိသနည်းဟု ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ထိုအကြောင်းကို လျှောက်ကြားလေ၏။
မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ချန်သားရဟန်းတို့ - ဤသို့ မသွားဘဲနေခြင်း အကြောင်းသည် အဘယ်နည်းဟု မေးတော်မူသောကြောင့် ရဟန်းတို့သည် ထိုအကြောင်းကို လျှောက်ကြားအပ်သည်ရှိသော် ချစ်သားရဟန်းတို့ သင်တို့သည် ရဟန္တာဟူ၍ ခေါ်ဝေါ်ခြင်းကို သာယာကြကုန်သလော ဟု မေးတော်မူလျှင် မြတ်စွာဘုရား - တပည့်တော်တို့သည် မသာယာ ကြပါဘုရား ဟု လျှောက်ကြကုန်၏၊
ဤသို့ ဖြစ်သည်ရှိသော် လူတို့၏ ဤသို့ ခေါ်ဝေါ်ခြင်းသည် ကြည်ညို၍ ဆိုခြင်းဖြစ်၏၊ ချစ်သားရဟန်းတို့- ကြည်ညို၍ ဆိုခြင်း၌ အာပတ်မသင့်၊ စင်စစ်အားဖြင့်ကား ရဟန္တာပုဂ္ဂိုလ်တို့၌ ပုဏ္ဏား၏ ချစ်ခင် ကြည်ညိုခြင်းသည် အတိုင်းအရှည် လွန်၏၊ ထို့ကြောင့် သင် ချစ်သားတို့သည် လည်း တဏှာဟူသော အယဉ်ကိုဖြတ်၍ အရဟတ္တဖိုလ်သို့သာလျှင် ရောက်ခြင်းငှါ သင့်၏ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို ကြားတော်မူလေ၏။
---
ဒေသနာတော်
၃၈၂။ ဆိန္ဒ သောတံ ပရက္ကမ၊ ကာမေ ပနုဒ ဗြာဟ္မဏ။
သင်္ခါရာနံ ခယံ ဉတွာ၊ အကတညူသိ ဗြာဟ္မဏ။
ဗြာဟ္မဏ၊ အပပြုအပ်ပြီးသော မကောင်းမှု ရှိသောသူ။
တွံ၊ သင်သည်။
ပရက္ကမ၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယဖြင့် လုံ့လပြု၍။
သောတံ၊ တဏှာဟူသော အယဉ်ကို။
ဆိန္ဒ၊ ဖြတ်လော့။
(တဏှာအယဉ်ကို လုံ့လအနည်းငယ်ဖြင့် မဖြတ်နိုင်၊ ထို့ကြောင့် ဉာဏ်နှင့်ယှဉ်သော လုံ့လကြီးစွာဖြင့် လုံ့လပြု၍ ဖြတ်ရမည် ဟူလို။)
ကာမေ၊ ဝတ္ထု, ကိလေ နှစ်ထွေသော ကာမတို့ကို။
ပနုဒ၊ ပယ်ဖျောက်လော့။
ဗြာဟ္မဏ၊ အပပြုအပ်ပြီးသော မကောင်းမှု ရှိသောသူ။
တွံ၊ သင်သည်။
သင်္ခါရာနံ၊ သင်္ခါရတရား ခန္ဓာငါးပါးတို့၏။
ခယံ၊ ကုန်ရာကို။
ဉတွာ၊ သိ၍။
အကတညူ၊ နိဗ္ဗာန်ကို သိသောသူသည်။
အသိ၊ ဖြစ်ပြီ။
(ရွှေငွေ စသော တစုံတခုဖြင့် မပြုအပ်သောကြောင့် နိဗ္ဗာန်သည် “အကတ”မည်၏၊ ထို အကတမည်သော နိဗ္ဗာန်ကိုသိသောသူ ဖြစ်၏ ဟူလို။)
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ကြည်ညိုခြင်းများသော ပုဏ္ဏားဝတ္ထု ပြီး၏။
---
၂ - များစွာကုန်သော ရဟန်းတို့ဝတ္ထု
ယဒါ ဒ္ဓယေသု - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
နှစ်ပါးသော တရား ပြဿနာ
တနေ့သ၌ သုံးကျိပ်မျှ အတိုင်းအရှည်ရှိကုန်သော အရပ်လေးမျက်နှာ၌ နေကုန်သော ရဟန်းတို့သည် လာကြ၍ မြတ်စွာဘုရားကို ရှိခိုးလျက် နေထိုင်ကြလေကုန်၏၊ ရှင်သာရိပုတြာ မထေရ်သည် ထိုရဟန်းတို့၏ အရဟတ္တဖိုလ် ရကြောင်း ဥပနိဿယကို မြင်တော်မူ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ကာ ရပ်လျက်သာလျှင် ဤပြဿနာကို မေးမြန်းတော်မူလေ၏၊
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-နှစ်ပါးသော တရားတို့ဟူ၍ ဆိုအပ်ကုန်၏၊ နှစ်ပါးသော တရား တို့သည် အဘယ်ပါနည်း ဘုရားဟု မေးလျှောက်လေ၏၊ ထိုအခါ ရှင်သာရိပုတြာကို မြတ်စွာဘုရားသည် ချစ်သား သာရိပုတြာ-သမထနှင့် ဝိပဿနာတို့ကို နှစ်ပါး သောတရားတို့ဟူ၍ ဆိုအပ်ကုန်၏ဟု မိန့်တော်မူပြီးလျှင် ဤဂါထာကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၃၈၃။ ယဒါ ဒွယေသု ဓမ္မေသု၊ ပါရဂူ ဟောတိ ဗြာဟ္မဏော။
အထဿ သဗ္ဗ သံယောဂါ၊ အတ္ထံ ဂစ္ဆန္တိ ဇာနတော။
ယဒါ၊ အကြင်အခါ၌။
ဗြာဟ္မဏော၊ အပပြုအပ်ပြီးသော မကောင်းမှုရှိသော ရဟန္တာသည်။
ဒွဓယေသု၊ နှစ်ပါးအပြားရှိကုန်သော။
ဓမ္မေသု၊ သမထ ဝိပဿနာတရားတို့၌။
ပါရဂူ၊ အသိဉာဏ် အပြီးအဆုံးသို့ ရောက်သည်။
ဟောတိ၊ ဖြစ်၏။
အထ၊ ထိုအခါ၌။
ဇာနတော၊ သိသော။
အဿ၊ ထို ရဟန္တာအား။
သဗ္ဗသံယောဂါ၊ အလုံးစုံကုန်သော သံယောဇဉ်တို့သည်။
အတ္ထံ၊ ချုပ်ခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ အလုံးစုံ သုံးကျိပ်မျှ အတိုင်းအရှည် ရှိကုန်သော ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။
များစွာကုန်သော ရဟန်းတို့ဝတ္ထု ပြီး၏။
---
၃-မာရ်နတ်ဝတ္ထု
ယဿ ပါရံ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မာရ်နတ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
ပါရ ဟူသော ပြဿနာ
ထိုမာရ်နတ်သည် တနေ့သ၌ မထင်မရှား အမှတ်မရှိသော ယောက်ျားကဲ့သို့ ဖြစ်လျက် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဘုန်းတော် ကြီးတော်မူသော င် မြတ်စွာဘုရား- “ပါရံပါရံ”ဟူ၍ ဆိုအပ်၏၊ ဤပါရမည်သောတရားသည် အဘယ်ပါနည်း ဘုရားဟု မေးလျှောက်သတတ်၊
မြတ်စွာဘုရားသည် ဤသူကား မာရ်နတ်ဖြစ်၏ဟု သိတော်မူ၍ မာရ်နတ်ယုတ်- သင့်အား ပါရဖြင့်၎င်း, အပါရ ဖြင့်၎င်း အဘယ်အကျိုး ရှိအံ့နည်း၊ ထိုပါရမည်သော တရားသို့ ရာဂကင်းပြီး သော ပုဂ္ဂိုလ်တို့သည်သာလျှင် ရောက်အပ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော် မူလေ၏။
---
ဒေသနာတော်
၃၈၄။ ယဿ ပါရံ အပါရံ ဝါ၊ ပါရာပါရံ န ဝိဇ္ဇတိ။
ဝီတဒ္ဒရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယဿ၊ အကြင်ပုဂ္ဂိုလ်အား။
ပါရံ ဝါ၊ အဇ္ဈတ္တိကာယတန ခြောက်ပါးသည်၎င်း။
အပါရံ ဝါ၊ ဗာဟိရာယတန ခြောက်ပါးသည်၎င်း။
ပါရာပါရံ ဝါ၊ အဇ္ဈတ္တိကာယတန ဗာဟိရာယတန နှစ်ပါးစုံသည်၎င်း။
န ဝိဇ္ဇတိ၊ မရှိ။
(ထို အာယတန အလုံးစုံကို ငါဟူ၍၎င်း, ငါ၏ဥစ္စာဟူ၍၎င်း ယူဆခြင်း မရှိသဖြင့် မရှိဟုဆိုသည် ဟူလို။)
ဝီတဒ္ဒရံ၊ ကိလေသာဟူသော ပူပန်ခြင်းကင်းသော။
ဝိသံယုတ္တံ၊ ကိလေသာ တို့နှင့် မယှဉ်သော။
တံ၊ ထို ပုဂ္ဂိုလ်ကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူ ဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
မာရ်နတ်ဝတ္ထု ပြီး၏။
---
၄-မထင်ရှားသော ပုဏ္ဏားဝတ္ထု
ဈာယိံ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားကို အကြောင်း ပြု၍ ဟောတော်မူလေ၏။
---
ဗြာဟ္မဏ ပြဿနာ
ထိုပုဏ္ဏားကား မြတ်စွာဘုရားသည် မိမိ၏ တပည့်သာဝကတို့ကို ဗြာဟ္မဏ ဟူ၍ မိန့်ဆိုတော်မူ၏၊ ငါသည်လည်း ဇာတ်အနွယ်အားဖြင့် ပုဏ္ဏား ဗြာဟ္မဏ ဖြစ်ခဲ့၏၊ ငါ့ကိုလည်း စင်စစ် ဤသို့ဆိုခြင်းငှါ သင့်လေသလောဟု ကြံသတတ်၊ ထို ပုဏ္ဏားသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုအကြောင်းကို မေးလျှောက်လေ၏၊
ဘုရားရှင်သည် ငါဘုရားကား ဇာတ်အနွယ်မျှဖြင့် ဗြာဟ္မဏဟူ၍ မဆို၊ မြတ်သောသဘောရှိသော အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်ကို သာလျှင် ထိုဗြာဟ္မဏဟူသော စကားကို ငါ မိန့်ဆိုတော်မူ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၃၈၅။ ဈာယိံ ဝိရဇ မာသီနံ၊ ကတကိစ္စ မနာသဝံ။
ဥတ္တမတ္တ အနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဈာယိံ၊ နှစ်ပါးသော ဈာန်ဖြင့် ရှုလေ့ရှိထသော။
ဝိရဇံ၊ ကာမဟူသော မြူမရှိထသော။
အာသီနံ၊ တော၌ တယောက်တည်း နေလေ့ရှိထသော။
ကတကိစ္စံ၊ ပြုအပ်ပြီးသော တဆယ့်ခြောက်ပါးသော မဂ်ကိစ္စရှိထသော။
အနာသဝံ၊ ကင်းသော အာသဝေါရှိထသော။
ဥတ္တမတ္တံ၊ မြတ်သော အရဟတ္တဖိုလ်သို့။
အနုပ္ပတ္တံ၊ အစဉ်ရောက်သော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
မထင်ရှားသော ပုဏ္ဏားဝတ္ထု ပြီး၏။
---
၅ - အာနန္ဒာမထေရ် ဝတ္ထု
ဒိဝါ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် မိဂါရ သူဌေး၏ မယ်တော် ဖြစ်သော ဝိသာခါ၏ ပြာသာဒ်၌ နေတော်မူစဉ် ရှင်အာနန္ဒာ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
ဇယမင်္ဂလာ တင့်တယ်ခြင်း ငါးဖြာ
ပဿေနဒီ ကောသလမင်းကြီးသည် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်လျက် နံ့သာ ပန်း စသည်တို့ကို ယူဆောင်၍ ကျောင်းတော်သို့ သွားသတတ်၊ ထိုခဏ၌ ကာဠုဒါယီမထေရ်သည် ဈာန်ကိုဝင်စား၍ ပရိသတ်အစွန်၌ နေတော်မူလျက် ရှိ၏၊ ကာဠုဒါယီ မထေရ်၏ ကိုယ်တော်သည် နှစ်လိုဖွယ် ရှိသည်သာလျှင် ဖြစ်၍ ရွှေအဆင်းနှင့် တူသော အဆင်းရှိ၏၊ ထိုခဏ၌ကား လ,မင်းသည် ထွက်၏၊ နေမင်းသည် ဝင်ခြင်းသို့ ရောက်၏၊
ရှင်အာနန္ဒာမထေရ်သည် --
ဝင်သောနေ၏ အရောင်ကို၎င်း,
ထွက်လာသော လမင်း၏ အရောင်ကို၎င်း ကြည့်ရှုလျက်
ကောသလမင်းကြီး၏ကိုယ်ရောင်ကို၎င်း,
ကာဠုဒါယီမထေရ်မြတ်၏ ကိုယ်တော်ရောင်ကို၎င်း,
မြတ်စွာဘုရား၏ ကိုယ်တော်ရောင်ကို၎င်း ကြည့်ရှုလေ၏၊
ထိုအရောင်တို့တွင် အလုံးစုံသော အရောင်တို့ကိုလွန်၍ မြတ်စွာဘုရားသည် သာလျှင် တင့်တယ် တော်မူ၏၊ ရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် မြတ်စွာဘုရား- ယနေ့ တပည့်တော်သည် ဤအရောင်တို့ကို ကြည့်ရှုလတ်သည်ရှိသော် ရှင်တော်မြတ်ဘုရားတို့၏ အရောင်တော်ကိုသာလျှင် နှစ်သက်အပ်ပါသည်၊ ရှင်တော်မြတ်ဘုရားတို့၏ ကိုယ်တော်သည် အလုံးစုံသော အရောင်တို့ကို သာလွန်၍ တင့်တယ် တော်မူလှပါသည် ဘုရားဟု လျှောက်ကြား လေ၏၊
ထိုအခါ ရှင်အာနန္ဒာကို မြတ်စွာဘုရားသည် ချစ်သား အာနန္ဒာ -
နေမင်းမည်သည်ကား နေ့အခါ၌သာ တင့်တယ်၏၊
လမင်းသည် ညဉ့်အခါ၌သာတင့်တယ်၏၊
ပြည့်ရှင်မင်းသည် တန်ဆာ ဆင်မြန်းသော ကာလ၌သာ တင့်တယ်၏၊
အာသဝေါ ကင်းပြီးသော ရဟန္တာ သည် အာရုံအပေါင်း၌ ကျရောက်သော စိတ်အပေါင်း၊ ဝါ - အဖော်အပေါင်းကို ပယ်စွန့်၍ ဈာန်သမာပတ် ဝင်စားသည့် အတွင်း၌သာ တင့်တယ်၏၊
ဘုရားတို့သည်ကား ညဉ့်အခါ၌၎င်း, နေ့အခါ၌၎င်း ငါးပါးအပြားရှိသော တန်ခိုးတော်အားဖြင့် တင့်တယ်တော်မူကြကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၃၈၆။ ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိ မာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
အာဒိစ္စော၊ နေမင်းသည်။
ဒိဝါ၊ နေ့အခါ၌။
တပတိ၊ တင့်တယ်၏။
(ညဉ့်၌ကား ထိုနေမင်း၏ သွားရာ လမ်းကြောင်းပင် မထင်နိုင်။)
စန္ဒိမာ၊ လမင်းသည်။
ရတ္တိံ၊ ညဉ့်အခါ၌။
အာဘာတိ၊ တင့်တယ်၏။
(တိမ်တိုက် စသည်တို့မှ ကင်းလွတ်သော လ,မင်းသော်လည်း ညဉ့်၌ တင့်တယ်သည်၊ နေ့လည်၌ မတင့်တယ်။)
ခတ္တိယော၊ ရေမြေ့သနင်း ပြည့်ရှင်မင်းသည်။
သန္နဒ္ဓေါ၊ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်သည် ရှိသော်။
တပတိ၊ တင့်တယ်၏။
(ရွှေ ပတ္တမြားတို့ဖြင့် ဆန်းကြယ်သော တန်ဆာအားလုံး ဆင်မြန်းလျက် စစ်အင်္ဂါလေးပါးနှံမှသာ ပြည့်ရှင်မင်း တင့်တယ်သည်၊ မထင်ရှားသောအသွင်ဖြင့်နေလျှင် မတင့်တယ်။)
ဗြာဟ္မဏော၊ ရဟန္တာသည်။
ဈာယီ၊ အပေါင်းအဖော်စွန့်၍ ဈာန်ဝင်စားသည်ရှိသော်။
တပတိ၊ တင့်တယ်၏။
အထ၊ ထိုမှတပါး။
ဗုဒ္ဓေါ၊ ဘုရားရှင်သည်။
သဗ္ဗ၊ အလုံးစုံသော။
အဟောရတ္တိံ၊ နေ့ညဉ့်ပတ်လုံး။
တေဇသာ၊ ငါးပါးသော တန်ခိုးတော်အားဖြင့်။
တပတိ၊ တင့်တယ်တော်မူ၏။
(မြတ်စွာဘုရားသည် -
သီလတန်ခိုးဖြင့် သီလမရှိသောသူ၏ တန်ခိုးကို၊
ဂုဏ်တန်ခိုးဖြင့် ဂုဏ်ကင်းသောသူ၏ တန်ခိုးကို၊
ပညာတန်ခိုးဖြင့် ပညာ မရှိသောသူ၏ တန်ခိုးကို၊
ကောင်းမှုတန်ခိုးဖြင့် ကောင်းမှုမရှိသောသူ၏ တန်ခိုးကို၊
တရားတန်ခိုးဖြင့် တရားမရှိသောသူ၏ တန်ခိုးကို
ထက်ဝန်းကျင် သိမ်းကျုံး၍ ယူပြီးလျှင်
ဤငါးပါးအပြားရှိသော တန်ခိုးတော်အားဖြင့် မြဲမပြတ်သာလျှင် တင့်တယ်တော်မူ၏ ဟူလို။)
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
အာနန္ဒာမထေရ်ဝတ္ထု ပြီး၏။
---
၆ - မထင်ရှားသော ပုဏ္ဏားရဟန်းဝတ္ထု
ဗဟိတပါပေါ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
ပဗ္ဗဇိတရဟန်း ပြဿနာ
ပုဏ္ဏားတယောက်သည် သာသနာတော်မှ အပဖြစ်သော ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ ရဟန်းဂေါတမသည် မိမိ၏ တပည့်သာဝကတို့ကို ပဗ္ဗဇိတ ရဟန်းဟု ခေါ်ဆိုလေ့ရှိ၏၊ ငါသည်လည်း ရဟန်းပြုသောသူ ဖြစ်၏၊ ငါ့ကိုလည်း စင်စစ် ဤသို့ခေါ်ဆိုခြင်းငှါ သင့်၏ဟု ကြံပြီးလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားလေသတတ်၊
မြတ်စွာဘုရားသည် ငါဘုရားသည် ဤမျှဖြင့် ပဗ္ဗဇိတ ရဟန်းဟူ၍ ခေါ်ဆိုတော်မမူ၊ ကိလေသာ ဟူသော အညစ်အကြေးတို့ကို ပယ်ဖျက် သုတ်သင်တတ်သောကြောင့် ပဗ္ဗဇိတ မည်သောသူ ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၃၈၇။ ဗာဟိတပါပေါတိ ဗြာဟ္မဏော၊ သမစရိယာ သမဏောတိ ဝုစ္စတိ။
ပဗ္ဗာဇယမတ္တနော မလံ၊ တသ္မာ ပဗ္ဗဇိတောတိ ဝုစ္စတိ။
ဗာဟိဟပါပေါ၊ အပပြုအပ်ပြီးသော မကောင်းမှု ရှိ၏။
ဣတိ-တသ္မာ၊ ထို့ကြောင့်။
ဗြာဟ္မဏောတိ၊ ဗြာဟ္မဏဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
သမစရိယာ၊ အကုသိုလ်တို့ကို ငြိမ်းစေသဖြင့် ကျင့်သောကြောင့်။
သမဏောတိ၊ သမဏဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ယော၊ အကြင်သူသည်။
အတ္တနော၊ မိမိ၏။
မလံ၊ ရာဂအစ ရှိသော အညစ်အကြေးကို။
ပဗ္ဗာဇယံ- ပဗ္ဗာဇယန္တော၊ ပယ်ဖျက် သုတ်သင် ထုတ်နှင်တတ်၏။
တသ္မာ၊ ထို့ကြောင့်။
သော၊ ထိုသူကို။
ပဗ္ဗဇိတောတိ၊ ပဗ္ဗဇိတဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုပုဏ္ဏား ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
မထင်ရှားသော ပုဏ္ဏားရဟန်းဝတ္ထု ပြီး၏။
၇-သာရိပုတြာ မထေရ် ဝတ္ထု
န ဗြာဟ္မဏဿ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတြာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရှင်သာရိပုတြာကို ရိုက်နှက်သော ပုဏ္ဏား
တခုသောအရပ်၌ များစွာသော လူတို့သည် ငါတို့အရှင်မြတ်သည် သည်းခံခြင်းတည်းဟူသော အားနှင့် အလွန်တရာပြည့်စုံ၏၊ တပါးသောသူတို့သည် ဆဲရေးကြကုန်သော်၎င်း, ပုတ်ခတ်ကြကုန် သော်၎င်း အမျက်ဒေါသ အနည်းငယ်မျှလည်းမရှိဟု ရှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုကြ လေကုန်သတတ်။
ထိုအခါ မိစ္ဆာအယူရှိသော ပုဏ္ဏားတယောက်သည် အမျက်မထွက်တတ်သော ဤသူကား အဘယ်သူနည်းဟု မေးလေ၏၊ ငါတို့၏ မထေရ်မြတ်တည်းဟု ဆိုလတ်သော် ထိုမထေရ်ကို အမျက်ထွက်အောင် ပြုသောသူသည် မရှိသေးသည် ဖြစ်လတ္တံ့ ဟု ဆိုလေ၏၊ ပုဏ္ဏား ထိုသို့သောသူကား မရှိသေးဟု ဆိုလတ်သော် ထိုသို့ဖြစ်မူ ငါသည် ထိုရှင်သာရိပုတြာကို အမျက် ထွက်အောင် ပြုလုပ်ပေအံ့ဟု ဆိုလေ၏။
အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ အမျက်ထွက်အောင် ပြုပါချေလော့ဟု ဆိုလတ်သော် ထို ပုဏ္ဏားသည် ထိုသို့ဖြစ်ပါစေ၊ ထိုရှင်သာရိပုတြာအား ပြုအပ်သည့်အမှုကို သိရပေတော့အံ့ဟု ဆိုပြီးလျှင် ဆွမ်းအလို့ငှါ ကြွဝင်တော်မူလာသော ရှင်သာရိပုတြာ မထေရ်ကို မြင်ရလျှင် နောက်အဖို့ဖြင့် သွားတဲ့၍ ကျောက်ကုန်း လယ်၌ သည်းထန် ပြင်းပြစွာ လက်ဖြင့် ပုတ်ခတ်ခြင်းကို ပေးလေ၏။
ရှင်သာရိပုတြာမထေရ်သည် ဤသို့ ပြုခြင်းကား အဘယ်နည်းဟု မကြည့်ရှုမူ၍သာလျှင် ကြွသွား တော်မူလေ၏၊ ပုဏ္ဏား၏ ကိုယ်အလုံး၌ ပူလောင်ခြင်းသည် ဖြစ်လေ၏၊ ထိုပုဏ္ဏားသည် အရှင်မြတ်ကား အလွန်တရာ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော် မူပါပေစွတကားဟုဆို၍ ရှင်သာရိပုတြာ မထေရ်မြတ်၏ ခြေတော်ရင်း၌ ဝပ်ပြီးလျှင် အရှင်ဘုရား- တပည့်တော်အား သည်းခံတော် မူကြပါဘုရားဟု လျှောက်ကြားသဖြင့် ဤသို့ တောင်းပန်ခြင်း အကြောင်းကား အဘယ်နည်းဟု မိန့်တော်မူသည် ရှိသော် တပည့်တော်သည် စူးစမ်းခြင်းငှါ အရှင်ဘုရားတို့ကို ပုတ်ခတ်မိပါပြီ ဘုရားဟု လျှောက်လေ၏။
ထိုသို့ ပုတ်ခတ်မိသည်ပင် ဖြစ်စေ၊ သင့်အား ငါ သည်းခံပါ၏ဟု မိန့်တော်မူလျှင် အရှင်ဘုရား- တပည့်တော်အား အကယ်၍ သည်းခံတော်မူကြသည် ဖြစ်ပါအံ့၊ တပည့်တော်၏ နေအိမ်၌သာလျှင် ထိုင်၍ ဆွမ်းကို ခံတော်မူကြပါဦးဘုရားဟု လျှောက်ဆို၍ ရှင်သာရိပုတြာမထေရ်မြတ်၏ သပိတ်တော်ကို ယူလေ၏၊ ရှင်သာရိပုတြာ မထေရ်သည်လည်း သပိတ်ကို ပေးတော်မူ၏၊ ပုဏ္ဏားသည် ရှင်သာရိပုတြာ မထေရ်ကို အိမ်သို့ ပင့်ဆောင် ပြီးလျှင် ဆွမ်းလုပ်ကျွေးလေ၏။
တပါးသောလူ ရဟန်းတို့ မခံနိုင်ကြပုံ
လူတို့သည် အမျက်ထွက်လှသဖြင့် ဤ ပုဏ္ဏားကား အပြစ်မရှိသော ငါတို့၏ ဆရာအရှင်မြတ် သာရိပုတြာကို ပုတ်ခတ်ဘိ၏၊ ထိုပုဏ္ဏားအား ဒဏ်အမှုဖြင့်လည်း လွှတ်ခြင်းသည် မရှိသင့်၊ ဤ အရပ်၌ပင်လျှင် ထိုပုဏ္ဏားကို သတ်ကြကုန်စို့အံ့ဟု အုတ်ခဲ လှံတံ စသည်တို့ကို လက်စွဲကုန်လျက် ပုဏ္ဏား၏ အိမ်တံခါး၌ ရပ်တည်ကြ လေကုန်၏။
ရှင်သာရိပုတြာသည် နေရာမှထ၍ ကြွသွားတော်မူသည်ရှိသော် ပုဏ္ဏား၏လက်၌ သပိတ်ကို ပေးလေ၏၊ လူတို့သည် ထို ပုဏ္ဏားကို ရှင်သာရိပုတြာ မထေရ်နှင့်အတူတကွ သွားသည်ကို မြင်ရလျှင် အရှင်ဘုရား - အရှင်ဘုရားတို့၏ သပိတ်တော်ကို ယူတော်မူ၍ ပုဏ္ဏားကို ပြန်လည် စေတော်မူကြပါ ဘုရားဟု လျှောက်ကြလေကုန်၏။
ဒါယကာတို့ ဤအကြောင်းကား အဘယ်နည်းဟု မိန့်တော်မူလတ်သော် ပုဏ္ဏားသည် အရှင်ဘုရား တို့ကို ပုတ်ခတ်ဘိ၏ တပည့်တော်တို့သည် ထိုပုဏ္ဏားအား ပြုအပ်သောအမှုကို သိလိုကြပါကုန်၏ ဘုရားဟု လျှောက်ကြလေကုန်၏၊ ဒါယကာတို့ အသို့နည်း၊ ဤပုဏ္ဏားသည် သင်တို့ကို ပုတ်ခတ်ဘိ သလော, ငါ့ကိုပုတ်ခတ်သလောဟု မိန့်တော်မူလတ်သော် အရှင်ဘုရား - အရှင်ဘုရားကို ပုတ်ခတ်ပါသည်ဘုရားဟု လျှောက်ဆိုကြကုန်၏။
ဤပုဏ္ဏားသည် ငါ့ကို ပုတ်ခတ်မိခြင်းကြောင့် တောင်းပန် ကန်တော့လေပြီ၊ သင်တို့သည် သွားကြလေကုန်ဟု လူတို့ကို လွှတ်လိုက်ပြီးမှ ပုဏ္ဏားကို ပြန်လည်စေပြီးလျှင် ရှင်သာရိပုတြာ မထေရ်သည် ကျောင်းတော်သို့သာလျှင် ကြွသွားတော်မူလေ၏။
ရဟန်းတို့သည် အရှင်သာရိပုတြာ အကြင်ရဟန်းကို အကြင် ပုဏ္ဏားသည် ပုတ်ခတ်အပ်၏၊ ထိုရဟန်းသည် ထိုပုဏ္ဏား၏အိမ်၌သာလျှင် ထိုင်၍ ဆွမ်းကို ခံယူပြီးလျှင် ကြွလာခဲ့၏၊ ဤသို့ပြုလုပ်ခြင်းကား အဘယ်မည်သော ပြုလုပ်ခြင်း ဖြစ်ပါသနည်း၊ ရှင်သာရိပုတြာ မထေရ်အား ပုတ်ခတ်သောအခါမှစ၍ ယခု အခါ ထိုပုဏ္ဏားသည် အဘယ်သူအား ရှက်လတ္တံ့ နည်း၊ ကြွင်းသော ရဟန်းတို့ကို ပုတ်ခတ်လျက် လှည့်လည် သွားလာပေတော့လတ္တံ့ဟု ကဲ့ရဲ့ကြလေကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့-ယခု ငါဘုရား ကြွလာ ဆဲဖြစ်သောအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်လတ်သည်ရှိသော် ချစ်သားရဟန်းတို့-ဗြာဟ္မဏစစ်မည်သော သူသည် ဗြာဟ္မဏစစ် မည်သောသူကို ပုတ်ခတ်ခြင်းမည်သည် မရှိ၊
လူဖြစ်သော ပုဏ္ဏားဗြာဟ္မဏ သည်ကား ရဟန်းဖြစ်သော ရဟန္တာဗြာဟ္မဏစစ်ကို ပုတ်ခတ်သည် ဖြစ်လတ္တံ့ ၊ ဤအမျက်ဒေါသမည်သည်ကား အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ သတ်အပ်သည့်အဖြစ်သို့ ရောက်၏ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤ ဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၈၈။ န ဗြာဟ္မဏဿ ပဟရေယျ၊ နဿ မုဉ္စေထ ဗြာဟ္မဏော။
ဓီ ဗြာဟ္မဏဿ ဟန္တာရံ၊ တတော ဓီ ယဿ မုဉ္စတိ။
၃၈၉။ န ဗြာဟ္မဏဿ တဒကိဉ္စိ သေယျော၊
ယဒါ နိသေဓော မနသောပိယေဟိ။
ယတော ယတော ဟိံသမနော နိဝတ္တတိ၊
တတော တတော သမ္မတိမေဝ ဒုက္ခံ။
ဗြာဟ္မဏော = ရဟန္တာဖြစ်သော ဗြာဟ္မဏသည်။
ဗြာဟ္မဏဿ = ရဟန္တာ ဗြာဟ္မဏ,တပါးသော လူပုဏ္ဏားဗြာဟ္မဏအား။
န ပဟရေယျ = မပုတ်ခတ်ရာ။
ဗြဟ္မဏော = ပုတ်ခတ်ခံရသော ရဟန္တာဗြာဟ္မဏသည်။
အဿ = ထိုပုတ်ခတ်သော သူအား။
ဝါ၊ သူ၏အပေါ်၌။
န မုဉ္စေထ = အမျက်မထွက်ရာ။
ဗြာဟ္မဏဿ = ရဟန္တာ ဗြာဟ္မဏအား။
ဟန္တာရံ = ပုတ်ခတ်တတ်သောသူကို။
ဓီ = စက်ဆုပ်ရွံရှာဖွယ်ဟု ငါဘုရားကဲ့ရဲ့တော်မူ၏။
ယော = အကြင်သူသည်။
အဿ = ထိုမိမိကို ပုတ်ခတ်သောသူအား။
ဝါ၊ သူ၏အပေါ်၌။
မုဉ္စတိ = အမျက်ထွက်၏။
တံ = ထိုပုတ်ခတ်ခံရ၍ အမျက်ထွက်သောသူကို။
တတော = ထိုပုတ်ခတ်တတ်သောသူထက်။
ဓီ = လွန်စွာ စက်ဆုပ်ရွံရှာဖွယ်ဟု ငါဘုရား ကဲ့ရဲ့တော်မူသည်သာတည်း ။
ဗြာဟ္မဏဿ = ခီဏာသဝဗြာဟ္မဏ၏။
ဧတံ = ဤသို့ ဆဲရေးသောသူကို အတုံ့ မဆဲရေးခြင်း, ပုတ်ခတ်သောသူကို အတုံ့ မပုတ်ခတ်ခြင်းသည်။
ကိဉ္စိသေယျော = အနည်းငယ်သာမြတ်သည်။
န = မဟုတ်။
(အလွန်တရာ မြတ်၏ ဟူလို။)
မနသောပိယေဟိ = ဒေါသစိတ်၏ အကြိုက် အမျက်ထွက်ခြင်းတို့မှ။
ယဒါ နိသေဓော-ယောအနိသေဓော = အကြင်မတားမြစ်ခြင်းသည်။
အတ္ထိ = ရှိ၏။
ဧတံ = ဤသို့ဒေါသအကြိုက် အမျက်ထွက်ခြင်းသည်။
န ကိဉ္စိသေယျော = အနည်းငယ်မျှ မြတ်သည်မဟုတ်။
(အမျက်ဒေါသ ကြီးသောသူအား အမျက်ထွက်ခြင်းသည် သာလျှင် စိတ်အကြိုက်မည်၏၊ အမျက်ဒေါသ ထွက်သောသူသည် မိခင် ဖခင်တို့၌၎င်း ဘုရားရှင် စသည်တို့၌၎င်း ပြစ်မှားနိုင်၏၊ ထို့ကြောင့် မချွတ်မယွင်း ထိုစိတ် ကြိုက်ဒေါသတို့မှ မတားမြစ် မနှိပ်ကွပ်ခြင်းသည် အနည်းငယ်မျှ မြတ်သည် မဟုတ် ဟူလို။)
ဟိံ သမနော = အမျက်ထွက်သော စိတ်သည်။
ယတော ယတော = အကြင် အကြင်သို့သော ဝတ္ထုမှ။
နိဝတ္တတိ = အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ နှုတ်ဖြတ်သဖြင့် နစ်မြုပ်၏။
တတော တတော = ထိုထိုသို့သာ ဝတ္ထုမှ။
ဒုက္ခံ = သံသရာ ဝဋ်ဆင်းရဲ သည်။
သမ္မတိမေဝ = ငြိမ်းသည်သာလျှင်တည်း။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
သာရိပုတြာမထေရ်ဝတ္ထု ပြီး၏။
၈ - မဟာပဇာပတိဂေါတမီဝတ္ထု
ယဿ ကာယေန ဝါစာယ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မဟာပဇာပတိ ဂေါတမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။
(မြတ်စွာဘုရားသည် လွန်ကြူးသော ဝတ္ထုမဖြစ်မီ ပညတ်တော်မူအပ်သော ရှစ်ပါးသော ဂရုဓမ္မတရားတို့ကို တန်ဆာဆင်လေ့ရှိသော ယောက်ျားသည် အလွန် အဆင်းအနံ့ရှိသော ပန်းဆိုင်းကို ဦးခေါင်းဖြင့် ပန်ဆင်ဘိ သကဲ့သို့ ဦးခေါင်းဖြင့် ဝန်ခံခြင်းကြောင့် အခြံအရံနှင့်တကွ မဟာပဇာပတိ ဂေါတမီသည် ပဉ္စင်းအဖြစ်ကို ရလေ၏။
ထိုမဟာပဇာပတိဂေါတမီ ဘိက္ခုနီမအား ဘုရားရှင်မှ တပါးသော ဥပဇ္ဈာယ်ဆရာသည်၎င်း, ကမ္မဝါစာဆရာသည်၎င်း မရှိ၊ ဤသို့ ရအပ်သော ပဉ္စင်းဖြစ်ခြင်းရှိသော မဟာပဇာပတိ ဂေါတမီ ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။)
မိထွေးတော် ဂေါတမီအပေါ်၌ သံသယရှိကြခြင်း
တပါးသောအခါ၌ ပဟာပဇာပတိ ဂေါတမီအား ဆရာဥပဇ္ဈာယ်တို့သည် မထင်မရှားကြကုန်၊ မိမိ၏လက်ဖြင့် သာလျှင် သင်္ကန်းတို့ကို ယူဘိ၏ (ဝတ်ဆင်ဘိ၏)ဟု စကားကို ဖြစ်စေကြ လေကုန်၏၊ ဤသို့သော စကားကို ပြောဆိုကြပြီးလျှင် အလို့လို့ဖြစ်ကြကုန်သော ရဟန်းမိန်းမ တို့သည် ထိုမဟာပဇာပတိ ဂေါတမီထေရီမနှင့် အတူတကွ ဥပုသ်လည်း မပြုကြကုန်၊ ပဝါရဏာ လည်း မပြုကြကုန်။
ထိုရဟန်းမိန်းမတို့သည်သွား၍ မြတ်စွာဘုရားအားလည်း ထိုအကြောင်းကို လျှောက်ကြားကြ လေကုန်၏၊ မြတ်စွာဘုရားသည် ထိုရဟန်းမိန်းမတို့၏ လျှောက်ချက်စကားကို ကြားတော်မူရလျှင် မဟာပဇာပတိ ဂေါတမီအား ရှစ်ပါးသော ဂရုဓမ္မတရားတို့ကို ပေးအပ်ကုန်၏။
ငါဘုရားသည်သာလျှင် ထိုဂေါတမီ၏ ဥပဇ္ဈာယ်ဆရာ ဖြစ်၏၊ ကာယဒုစရိုက် စသည်တို့မှ ကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ အပ်လေသလော, မအပ်လေသလော ဟူသော အလို့လို့မည် သည်ကို မပြုအပ်ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကိုဟောကြား တော်မူလေ၏။
ဒေသနာတော်
၃၉ဝ။ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။
သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယဿ = အကြင်ပုဂ္ဂိုလ်အား။
ကာယေန ဝါ = ကိုယ်ဖြင့်၎င်း။
ဝါစာယဝါ = နှုတ်ဖြင့် ၎င်း။
မနသာ ဝါ = စိတ်ဖြင့်၎င်း။
ဒုက္ကဋံ = အပြစ်ရှိ ဆင်းရဲပွားအပါယ်လားကြောင်း မကောင်းမှုသည်။
နတ္ထိ = မရှိ။
တီဟိ ဌာနေဟိ = သုံးပါးသောအကြောင်းတို့ဖြင့်။
သံဝုတံ = ဒုစရိုက်ဝင်လာကြောင်းတံခါးကို ဆီးတားပိတ်ပင်အပ်ပြီ။
တံ = ထိုပုဂ္ဂိုလ် ကို။
အဟံ = ငါဘုရားသည်။
ဗြာဟ္မဏံ = ဗြာဟ္မဏဟူ၍ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
မဟာပဇာပတိဂေါတမီ ဝတ္ထု ပြီး၏။
၉ - သာရိပုတြာမထေရ် ဝတ္ထု
ယမှာ-အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတြာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အရပ်မျက်နှာ ရှိခိုးသည်ဟု စွပ်စွဲခံရခြင်း
ထိုအရှင်သာရိပုတြာ မထေရ်သည် အဿဇိမထေရ်၏ အထံတော်မှ တရားတော်ကို ကြားနာ ရသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်သောအခါမှစ၍ အကြင် အရပ်၌ အဿဇိမထေရ် နေတော်မူသည်ဟု ကြားရသည်ဖြစ်အံ့၊ ထိုအရပ်ကို လက်အုပ်ချီ၍ ထိုအရပ်သို့သာလျှင် ဦးခေါင်းပြု၍ ကျိန်းစက်တော် မူသတတ်။
ရဟန်းတို့သည် မှားသော မိစ္ဆာဒိဋ္ဌိအယူရှိသော ရှင်သာရိပုတြာ မထေရ်ကား ယနေ့တိုင်အောင် လည်း အရပ်မျက်နှာတို့ကို ရှိခိုးလျက် လှည့်လည်ဘိ၏ဟု ဆို၍ ထိုအကြောင်းကို မြတ်စွာဘုရာအား လျှောက်ကြားကြလေကုန်၏။
မြတ်စွာဘုရားသည် ရှင်သာရိပုတြာ မထေရ်ကို ခေါ်စေတော်မူပြီးလျှင် ချစ်သား သာရိပုတြာ - သင်သည် အရပ်မျက်နှာတို့ကို ရှိခိုးလျက် လှည့်လည်ဘိ၏ ဟူသည် မှန်သလောဟု မေးတော်မူသဖြင့် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ အရပ်မျက်နှာတို့ကို ရှိခိုးသည့် အဖြစ်ကို၎င်း, ရှိမခိုးသည့် အဖြစ်ကို၎င်း ရှင်တော်မြတ်ဘုရားတို့ သည်သာလျှင် သိတော်မူကြပါ ကုန်၏ ဘုရားဟု လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့- သာရိပုတြာသည် အရပ်မျက်နှာတို့ကို ရှိခိုးသည်မဟုတ်။
စင်စစ်ကား အဿဇိမထေရ်၏ အထံမှ တရားကြားနာရသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်သည် အဖြစ်ကြောင့် မိမိဆရာကို ရှိခိုး၏၊ ရဟန်း ဖြစ်သော သူသည် အကြင်ဆရာကို မှီ၍ တရားတော်ကို သိ၏၊ ထိုရဟန်းသည် ထိုဆရာကို ပုဏ္ဏားသည် မီးကို ရိုသေစွာ ရှိခိုးဘိသကဲ့သို့ ရိုသေစွာ ရှိခိုးအပ်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြား တော်မူလေ၏။
ဒေသနာတော်
၃၉၁။ ယမှာ ဓမ္မံ ဝိဇာနေယျ၊ သမ္မာသမ္ဗုဒ္ဓဒေသိတံ။
သက္ကစ္စံ တံ နမဿေယျ၊ အဂ္ဂိဟုတ္တံဝ ဗြာဟ္မဏော။
ယမှာ = အကြင်ဆရာမှ။
သမ္မာသမ္ဗုဒ္ဓဒေသိတံ = မြတ်စွာဘုရား ဟောကြားတော်မူအပ်သော။
ဓမ္မံ = တရားကို။
ဝိဇာနေယျ = သိငြားအံ့။
တံ = ထိုဆရာကို။
ဗြာဟ္မဏော = ပုဏ္ဏားသည်။
အဂ္ဂိဟုတ္တံ = ပူဇော်အပ်သော မီးကို။
သက္ကစ္စံ = ရိုသေစွာ။
နမဿတိ ဣဝ = ရှိခိုးသကဲ့သို့။
ဧဝံ = ဤအတူ။
သက္ကစ္စံ = ရိုသေစွာ။
နမဿေယျ = ရှိခိုးရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
သာရိပုတြာမထေရ် ဝတ္ထု ပြီး၏။
၁ဝ - ဆံကျစ်ထုံးသော ပုဏ္ဏားဝတ္ထု
န ဇဋာဟိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆံကျစ်ထုံးသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဆံကျစ်ထုံးကာမျှဖြင့် ဗြာဟ္မဏ မဟုတ်သေး
ထိုပုဏ္ဏားသည် ငါကား အမိမှ၎င်း, အဘမှ၎င်း ကောင်းစွာ ဖွားမြင်သောသူ ဖြစ်၍ ပုဏ္ဏားမျိုး၌ ဖြစ်၏၊ ရဟန်းဂေါတမသည် မိမိ၏ တပည့် သာဝကတို့ကို ဗြာဟ္မဏဟူ၍ အကယ်၍ဆိုသည်ဖြစ်အံ့၊ ငါ့ကိုလည်း ထိုသို့ဗြာဟ္မဏဟူ၍ဆိုခြင်းငှါ သင့်ပေသည်ဟု နှလုံးပြုလျက် မြတ်စွာဘုရား၏ အထံတော်သို့ သွားပြီးလျှင် ထိုအကြောင်းကို မေးလျှောက်လေသတတ်။
ထိုအခါ ထိုဆံကျစ်ထုံး ပုဏ္ဏားကို မြတ်စွာဘုရားသည် ပုဏ္ဏား ဆံကျစ်ထုံးကာမျှဖြင့်, အမျိုး အနွယ်မျှဖြင့် ဗြာဟ္မဏ ဟူ၍ ငါဘုရားမဟော၊ ထိုးထွင်း၍ သိပြီးသော သစ္စာလေးပါး ရှိသောသူကို သာလျှင် ဗြာဟ္မဏဟူ၍ ငါဘုရားဟောတော်မူ၏ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၉၂။ န ဇဋာဟိ န ဂေါတ္တေန၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။
ယမှိ သစ္စဉ္စ ဓမ္မော စ၊ သော သုစီ သော စ ဗြာဟ္မဏော။
ဇဋာဟိ = ဆံကျစ်ထုံးခြင်းတို့ဖြင့်။
ဗြာဟ္မဏော = ဗြာဟ္မဏ မည်သည်။
ဟောတိ = မဖြစ်။
ဂေါတ္တေန = အနွယ်အားဖြင့်။
ဗြာဟ္မဏော = ဗြာဟ္မဏမည်သည်။
န ဟောတိ = မဖြစ်။
ဇစ္စာ = အမျိုးအားဖြင့်။
ဗြာဟ္မဏော = ဗြာဟ္မဏ မည်သည်။
န ဟောတိ = မဖြစ်။
ယမှိ = အကြင်ပုဂ္ဂိုလ်၌။
သစ္စဉ္စ = ထိုးထွင်း၍ သိပြီးသော သစ္စာဉာဏ်သည်၎င်း။
ဓမ္မော စ = ကိုးပါးသော လောကုတ္တရာ တရားသည်၎င်း။
အတ္ထိ = ရှိ၏။
သော = ထိုပုဂ္ဂိုလ်သည်။
သုစီ = စင်ကြယ်သောသူဖြစ်၏။
သော စ = ထိုပုဂ္ဂိုလ်သည်သာလျှင်။
ဗြာဟ္မဏော = ဗြာဟ္မဏမည်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏ ။
ဆံကျစ်ထုံးသော ပုဏ္ဏားဝတ္ထု ပြီး၏။
၁၁ - အံ့ဩဖွယ် ကောက်ကျစ်သော ပုဏ္ဏား ဝတ္ထု
ကိံ တေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် စုလစ်မွန်းချွန်တပ်၍ ဆောက်လုပ်သောကျောင်း၌ နေတော်မူစဉ် လင်းနို့၏အကျင့်ကို ကျင့်တတ်သော ကောက်ကျစ် စဉ်းလဲသော ပုဏ္ဏားတယောက်ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။
လင်းနို့ အကျင့်ဖြင့် စဉ်းလဲသော ပုဏ္ဏား
ထိုပုဏ္ဏားသည် ဝေသာလီပြည် မြို့တံခါးအနီး၌ တခုသော ရေခံတက်ပင်သို့ တက်၍ ခြေနှစ်ဘက်တို့ဖြင့် သစ်ကိုင်းကို ချိတ်ဆွဲပြီးလျှင် ဦးခေါင်း စောက်ထိုး တွဲလျားဆွဲလျက် ငါ့အား ပြောက်ကျားသော အဆင်းရှိသော နွားတို့၏တရာကို ပေးကြကုန်လော့, အသပြာတို့ကို ပေးကြ ကုန်လော့, ခြေရင်းအလုပ်အကျွေးကို ပေးကြကုန်လော့ အကယ်၍ မပေးကြကုန်သည်ဖြစ်အံ့၊ ဤရေခံတက်ပင်မှ ကျ၍ သေသည်ရှိသော် မြို့ကို မြို့မဟုတ်သည်ကို ပြုလုပ်အံ့ဟု ဆိုသတတ်။
မြတ်စွာဘုရား သည် ရဟန်းသံဃာတော်အပေါင်း ခြံရံလျက် မြို့တွင်းသို့ ကြွဝင်တော်မူသောအခါ ရဟန်းတို့သည် ထိုပုဏ္ဏားကိုမြင်၍ ထွက်လာသောအခါ၌လည်း ထို့အတူလျှင် တွဲလျားဆွဲလျက် နေသော ထိုပုဏ္ဏားကိုမြင်ကြလေကုန်၏၊ ပြည်သူပြည်သား တို့သည်လည်း ဤသို့ကြံကြ လေကုန်၏၊ ဤပုဏ္ဏားကား နံနက်အခါမှစ၍သာလျှင် ဤသို့ တွဲလျားဆွဲလျက် နေဘိ၏၊ ကျ၍သေသည်ရှိသော် မြို့ကို မြို့မဟုတ်အောင် ပြုလုပ်ချေရာ၏ဟု ကြံပြီးလျှင် မြို့ပျက်စီးအံ့ သည်မှ ကြောက်သောကြောင့် အကြင်ဥစ္စာကို ထိုပုဏ္ဏားသည် တောင်း၏၊ ထိုအလုံးစုံသော ဥစ္စာကို ပေးကြ ပါကုန်အံ့ဟု ဝန်ခံ၍ ပေးကြလေကုန်၏။
ထိုအံ့ဖွယ်သရဲ ကောက်ကျစ်စဉ်းလဲသော ပုဏ္ဏားသည် ရေခံတက်ပင်မှ သက်ဆင်းပြီးလျှင် အလုံးစုံသော ဥစ္စာကို ယူ၍သွားလေ၏၊ ရဟန်းတို့သည် ကျောင်း၏ ဥပစာ၌ နွားကဲ့သို့ အော်မြည် လျက် သွားသော ပုဏ္ဏားကို မြင်ကြလျှင် မှတ်မိကြကုန်သည်ဖြစ်၍ ပုဏ္ဏား သင် တောင့်တတိုင်း ရလေ၏လောဟု မေးကြသောကြောင့် တပည့်တော် ရခဲ့သည် မှန်ပါ၏ဟု ဆိုသောစကားကို ကြားကြရသဖြင့် ကျောင်းတွင်း၌ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားကြ လေကုန်၏။
မြတ်စွာဘုရားသည် ချစ်သား ရဟန်းတို့- ယခု၌သာလျှင် ထိုပုဏ္ဏားသည် ကောက်ကျစ်စဉ်းလဲသော ခိုးသူဖြစ်သည် မဟုတ်သေး၊ ရှေး၌လည်း ကောက်ကျစ် စဉ်းလဲသော ခိုးသူ ဖြစ်ဖူးသည်သာလျှင် တည်း၊ ယခုအခါ၌ကား ဤပုဏ္ဏားသည် မလိမ်မာသော လူအပေါင်းကို လှည့်စား၏၊ ထိုအခါ၌ကား ပညာရှိသောသူတို့ကို လှည့်စားခြင်းငှါ မတတ်နိုင်ဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့သည် တောင်းပန်အပ်သောကြောင့် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
ဖွတ်ကိုသတ်ရန် အားထုတ်သောရသေ့
လွန်လေပြီးသောအခါ ရွာတရွာကိုမှီ၍ ရသေ့စဉ်းလဲတယောက်သည် နေခြင်းကို ပြုလေ၏။ ထိုရသေ့ကို အမျိုးသားတယောက်သည် လုပ်ကျွေးလေ၏၊ နေ့အခါ၌ဖြစ်သော ခဲဖွယ်ဘောဇဉ်မှ မိမိ၏ သားသ္မီးတို့ကဲ့သို့ ထိုရသေ့အားလည်း တခုသော အဖို့ကို ပေးလှူ၏၊ ညချမ်းအခါ၌ဖြစ်သော အဖို့ကို ထား၍ နှစ်ရက်မြောက်သောနေ့၌ ပေးလှူ၏။
ထို့နောက် တနေ့သ၌ ညချမ်းအခါ ဖွတ်သားကို ရ၍ ကောင်းစွာချက်ပြီးလျှင် ထိုဖွတ်သားဟင်းမှ တခုသောအဖို့ကို ထား၍ နှစ်ရက်မြောက်သောနေ့၌ ထိုရသေ့အား ပေးလှူကြလေကုန်၏၊ ထိုရသေ့ သည် အသားကိုစားပြီးလျှင် အရသာ၌ တပ်နှစ်သက်သော တဏှာဖြင့် ဖွဲ့အပ်သောကြောင့် ဤအသားသည် အဘယ်အသား မည်သနည်းဟု မေးသည်ရှိ သော် ဖွတ်သားဖြစ်ပါသည်ဘုရားဟု လျှောက်သော စကားကို ကြားရလျှင် ဆွမ်းအလို့ငှါသွားပြီးလျှင် ထောပတ် နို့ဓမ်း ငြုတ် ဘဏ္ဍာ စသည်တို့ကို ယူသဖြင့် သစ်ရွက်မိုးသော စရပ်သို့သွား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ ထားလေ၏။
သစ်ရွက်မိုးသော စရပ်၏ မနီးမဝေးသော အရပ်၌ကား တောင်ပို့တခု အတွင်း ဖွတ်မင်းသည် နေ၏၊ ထိုဖွတ်မင်းသည် ရံခါ ရံခါ ရသေ့ကို ရှိခိုးခြင်းငှါ လာတတ်၏၊ ထိုနေ့၌ကား ဖွတ်မင်းကို သတ်အံ့ဟု တုတ်လှံတံကို ဖုံးလွှမ်းပြီးလျှင် ထိုတောင်ပို့၏ မနီးမဝေးသော အရပ်၌ အိပ်ပျော်ဟန်ဆောင်လျက် နေလေ၏၊ ထိုဖွတ်မင်းသည်လည်း တောင်ပို့မှထွက်ခဲ့၍ ရသေ့အထံသို့ လာစဉ်သာလျှင် အမူ အရာကို မှတ်သား၍ ယနေ့ ငါ့ဆရာ ရသေ့၏ အမူအရာကို ငါမနှစ်သက်ဟု နှလုံး ပြုလျက် ထိုရသေ့ကိုမြင်ရာ အရပ်မှပင်လျှင် ဆုတ်နစ်ပြန်လည်ခဲ့လေ၏၊ ရသေ့သည် ထိုဖွတ်မင်း၏ ဆုတ်နစ်ပြန်လည်သည့် အဖြစ်ကိုသိတဲ့၍ ထိုဖွတ်မင်းကို သတ်ခြင်းငှါ တုတ်လှံတံကို ပစ်လိုက် လေ၏၊ တုတ်လှံတံသည် ချွတ်ချော်၍သွားခဲ့လေ၏။
ဖွတ်မင်းက ရသေ့အား ကဲ့ရဲ့ပုံ
ဖွတ်မင်းသည်လည်း တောင်ပို့သို့ ဝင်ပြီးလျှင် ထိုတောင်ပို့မှ ဦးခေါင်းကို ထုတ်၍ လာခဲ့သော လမ်းခရီးကို ကြည့်ရှုလျက် ရသေ့ကို ဤသို့ ဆိုလေ၏။
သမဏံ တံ မညမာနော၊ ဥပါဂဉ္ဆိ မသညတံ။
သော မံ ဒဏ္ဍေန ပဟာသိ၊ ယထာ အသမဏော တထာ။
ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ဒုမ္မေဓ၊ ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။
ဘော တာပသ = အို ရသေ့။
အသညတံ = ကိုယ်နှုတ်နှလုံး မစောင့်ထိန်းသော။
တံ = သင့်ကို။
သမဏံ = မကောင်းမှုငြိမ်းချမ်း မြတ်သော ရသေ့ ရဟန်းဟူ၍ ။
မညမာနော = အောက်မေ့မှတ်ထင်လျက်။
ဥပဂဉ္ဆိံ = ဆည်းကပ်မိလေ၏။
အသမဏော = မကောင်းမှု မငြိမ်းသော သူယုတ်သည်။
ပဟရတိ ယထာ = ပုတ်ခတ်ဘိသကဲ့သို့။
တထာ = ထို့အတူ။
သောတွံ = ထိုသင်ရသေ့သည်။
မံ = ငါ့ကို။
ဒဏ္ဍေန = တုတ်လှံတံဖြင့်။
ပဟာသိ-ပဟရိ = ပုတ်ခတ်ဘိ၏။
ဒုမ္မေဓ = ပညာနည်းသောရသေ့။
တေ = သင်ရသေ့အား။
ဇဋာဟိ = ဆံကျစ်ထုံ ခြင်းတို့ဖြင့်။
ကိံ = အဘယ်အကျိုးရှိအံ့နည်း။
တေ = သင်ရသေ့အား။
အဇိနသာဋိယာ = ပခုံးတဘက် လွှမ်းခြုံယှက်သော သစ်နက်ရေဖြင့်။
ကိံ = အဘယ်အကျိုး ရှိအံ့နည်း။
တေ = သင်၏။
အဗ္ဘန္တရံ = ကိုယ်အတွင်းသည်။
ဂဟနံ = ကိလေသာ တင်းကြမ်း ရှုပ်ပြွမ်းလျက်ရှိ၏။
(အဆိပ်ပြည့်သော ဗူးတောင်း မစင်ပြည့်သောတွင်း, မြွေဆိုးပြည့်သော တောင်ပို့ကဲ့သို့ ဖြစ်၏ ဟူလို။)
ဗာဟိရံ = အပဖြစ်သော ကိုယ်သည်။
ပရိမဇ္ဇသိ = သန့်ရှင်း ဖြူစင်၏။
(အတွင်း၌ ကြမ်းလျက် အပ၌ ပြေပြစ်လှသောကြောင့် ဆင်၏ မစင်တုံး မြင်း၏ မစင်တုံးနှင့် တူသည် ဟူလို။)
ရသေ့ကချော့၍ ဖွတ်က ပြန်ပြောပုံ
ထိုအခါ ဖွတ်မင်းကို ရသေ့သည် မိမိ၏ ဥစ္စာ အစာ အာဟာရဖြင့် ဖြားယောင်းခြင်း အကျိုးငှါ ဤသို့ ဆိုလေ၏။
ဧဟိ ဂေါဓ နိဝတ္တဿု၊ ဘုဉ္ဇ သာလီနမောဒနံ။
တေလံ လောဏဉ္စ မေ အတ္ထိ၊ ပဟူတံ မယှ ပိပ္ဖလိ။
ဂေါဓ = ဖွတ်မင်း။
ဧဟိ = လာလှည့်ပါလော့။
နိဝတ္တ = ပြန်နစ်ခဲ့ပါလော့။
သာလီနမောဒနံ = သလေးထမင်းကို။
ဘုဉ္ဇ = စားပါလော့။
မေ = ငါ့အား။
တေလဉ္စ = ဆီသည်၎င်း။
လောဏဉ္စ = ဆားသည်၎င်း၊
အတ္ထိ = ရှိပါ၏။
မယှံ = ငါ့အား။
ပိပ္ဖလိ = ပိတ်ချင်းသည်။
ပဟူတံ = များစွာရှိ၏။
(ရှိန်းခို ဇီယာ,ချင်းစိမ်း, ကြက်သွန်, ငြုတ်, ပိတ်ချင်းအားဖြင့် အမျိုးမျိုး ပြားသော စပ်သောအရသာ ဘဏ္ဍာသည် ငါ့အား များစွာရှိ၏၊ ထိုအစပ်မျိုးဖြင့် စီရင်အပ်သော သလေးထမင်းကို လာစားပါ ဟူလို။)
ထို ရသေ့စကားကို ကြားရလျှင် ဖွတ်မင်းသည် အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် သင်သည် ဆိုဘိ၏၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ထွက်ပြေးခြင်းငှါ အလိုရှိခြင်းသာလျှင် ဖြစ်၏ဟု ဆို၍ ဤဂါထာကို ဆိုလေ၏။
ဧသ ဘိယျော ပဝေက္ခာမိ၊ ဝမ္မိကံ သတပေါရိသံ။
တေလံ လောဏဉ္စ ကိတ္တေသိ၊ အဟိတံ မယှ ပိပ္ဖလိ။
တာပသ = အို ရသေ့။
တွံ = သင်ရသေ့သည်။
တေလဉ္စ = ဆီကို၎င်း။
လောဏဉ္စ = ဆားကို၎င်း။
ကိတ္တေသိ = ပြောကြားဘိ၏။
ပိပ္ဖလိ = စပ်သော ဘဏ္ဍာဖြစ်သော သင်၏ ပိတ်ချင်းသီးသည်။
မယှံ = အကျွန်ုပ်အား။
အဟိတံ = အစီးအပွားမရှိ။
ဝါ၊ မလျောက်ပတ်။
ဧသ- ဧသော အဟံ = ထို အကျွန်ုပ်သည်။
သတပေါရိသံ = အသူတရာနက်သော။
ဝမ္မိကံ = တောင်ပို့တွင်းသို့။
ဘိယျော = လွန်စွာ။
ပဝေက္ခာမိ = ဝင်သွားပေတော့အံ့။
ဤသို့လျှင် ဆိုတဲ့၍ အကျွန်ုပ်သည် ဤမျှလောက်သော ကာလပတ်လုံး သင်၌ မကောင်းမှုငြိမ်းချမ်း ရသေ့ရဟန်းဟူသော အမှတ်သညာကိုပြု၏၊ ယခုအခါ သင်သည် အကျွန်ုပ်ကို ပုတ်ခတ်ခြင်းငှါ အလိုရှိသောသူ၏အဖြစ်ဖြင့် တုတ်လှံတံကို ပစ်ခတ်ဘိ၏၊ ထို ပစ်ခတ်သော ကာလ၌သာလျှင် ရသေ့ရဟန်း မဟုတ်ခဲ့လေပြီ။
သင်ကဲ့သို့ သဘောရှိသော ပညာမရှိသောသူအား ဆံကျစ်တို့ဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ ခွါနှင့်တကွဖြစ်သော သစ်နက်ရေဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ သင်၏ ကိုယ်အတွင်းသည် ကိလေသာဟူသော တောအုပ် ရှုပ်ထွေးလျက် ရှိ၏၊ သက်သက် အပြင် အပသည်သာလျှင် သန့်ရှင်းဖြူစင်၏ဟု ဆိုပြန်လေ၏။
မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူပြီးလျှင် ထိုအခါ ဤ အံ့ဖွယ်သရဲ ကောက်ကျစ်စဉ်းလဲသော ပုဏ္ဏားသည် ရသေ့ဖြစ်ဖူးပြီ၊ ဖွတ်မင်းသည်ကား ငါ ဘုရားသာလျှင် ဖြစ်၏ဟု မိန့်တော်မူသဖြင့် ဇာတ်ကို ပေါင်းတော်မူ၍ ထိုအခါ ပညာရှိသော ဖွတ်မင်းသည် ရသေ့စဉ်းလဲအား နှိပ်နင်း ခြင်း အကြောင်းကို ပြလိုတော်မူလိုရကား ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၉၃။ ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇတိ။
ဒုမ္မေဓ = ပညာမရှိသောရသေ့။
တေ = သင် ရသေ့အား။
ဇဋာဟိ = ဖွဲ့ထုံးအပ်သော ဆံကျစ်တို့ဖြင့်။
ကိံ = အဘယ်အကျိုး ရှိအံ့နည်း။
တေ = သင်ရသေ့အား။
အဇိနသာဋိယာ = ခွါနှင့်တကွ။
ဝါ- ခြေသည်းလက်သည်း အမြွှာနှင့်တကွ ဆင်မြန်းအပ်သော ဤ သစ်နက်ရေဖြင့်။
ကိံ = အဘယ်အကျိုး ရှိအံ့နည်း။
တေ = သင်၏။
အဗ္ဘန္တရံ = ကိုယ်အတွင်းသည်။
ဂဟနံ = ရာဂစသော ကိလေသာ တောအုပ် ထွေးရှုပ်လျက်ရှိ၏။
ဗာဟိရံ = အပဖြစ်သော ကိုယ်သည်။
ပရိမဇ္ဇတိ = သန့်ရှင်း ဖြူစင်ဘိ၏။
(သင်၏ ကိုယ်အတွင်း၌ကား ရာဂစသော ကိလေသာတောအုပ် ထွေးရှုပ်လှသဖြင့် သက်သက် ဆင်၏ မစင်တုံး မြင်း၏ မစင်တုံးပမာ အပြင်ပသာ ပြေပြစ် ချောမှုတ် သန့်ရှင်းလေတော့၏ ဟူလို။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
အံ့ဩဖွယ် ကောက်ကျစ်သောပုဏ္ဏား ဝတ္ထု ပြီး၏။
၁၂ - ကိသာဂေါတမီ ဝတ္ထု
ပံသုကူလဓရံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သိကြားမင်းကို မြင်၍ ပြန်သွားခြင်း
ထိုအခါ သိကြားမင်းသည် ပဌမယာမ်အဆုံး၌ နတ်ပရိသတ်နှင့် အတူတကွ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ အသက်ထက်ဆုံး အောက်မေ့ အပ်သော တရားစကားကို နာကြားလျက် နေသတတ်။
ထိုခဏ၌ ကိသာဂေါတမီသည် မြတ်စွာဘုရားကို ဖူးမြင်အံ့ဟု ကောင်းကင်ခရီးဖြင့် ကြွလာပြီးလျှင် သိကြားမင်းကို မြင်သောကြောင့် ပြန်လည် ဆုတ်နစ်သွားလေ၏၊ သိကြားမင်းသည် ပြန်လည် သွားသော ထိုကိသာဂေါတမီကို မြင်ရလျှင် ဘုရားရှင်ကို မြတ်သော သိကြားမင်း- ဤဘိက္ခုနီမကား ကိသာဂေါတမီ အမည်ရှိသော ငါဘုရား၏ သ္မီးတော်ဖြစ်ပေ၏၊ ပံသုကူသင်္ကန်းကို ဆောင်ကြကုန်သော ရဟန်းမိန်းမတို့တွင် အမြတ်ဆုံးဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၉၄။ ပံသုကူလဓရံ ဇန္တံု၊ ကိသံ ဓမ္မနိ သန္ထတံ။
ဧကံ ဝနသ္မိံ ဈာယန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ပံသုကူလဓရံ = ပံသုကူသင်္ကန်းကို ဝတ်ဆင်လေ့ရှိသော။
ကိသံ = ကြုံလှီသော ကိုယ်ရှိထသော။
ဓမ္မနိသန္တိတံ = အကြောဖြင့် ခင်းအပ်သော ကိုယ်ရှိထသော။
(ပံသုကူသင်္ကန်း ဝတ်ရုံကြသော ပုဂ္ဂိုလ်တို့သည် မိမိအား လျောက်ပတ်သော အကျင့်ကို ဖြည့်ကျင့်လေ့ ရှိကြသောကြောင့် အသားအသွေး နည်းပါး၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကြကုန်၏ ဟူလို။)
ဧကံ = တယောက်အထီးတည်း။
ဝနသ္မိံ = ဆိတ်ငြိမ်ရာ တောအုပ်တခု၌။
ဈာယန္တံ = ဈာန်ဝင်စားလေ့ရှိထသော။
တံ ဇန္တုံ = ထိုပုဂ္ဂိုလ်ကို။
အဟံ = ငါဘုရားသည်။
ဗြာဟ္မဏံ = မကောင်းမှုကို အပပြုပြီးသော သူဟူ၍။
ဗြူမိ = ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ကိသာဂေါတမီ ဝတ္ထု ပြီး၏။
၁၃ - ပုဏ္ဏားတယောက် ဝတ္ထု
န စာဟံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ပုဏ္ဏားမျိုးဖြစ်သော်လည်း ဗြာဟ္မဏ မဟုတ်သေး
ထိုပုဏ္ဏားသည် ရဟန်းဂေါတမကား မိမိ၏ တပည့်သာဝကတို့ကို ဗြာဟ္မဏ ဟူ၍ ဆိုတော်မူ၏၊ ငါသည်လည်း ပုဏ္ဏားမျိုး၌ဖြစ်၏၊ စင်စစ် ငါ့ကိုလည်း ဤသို့ ဆိုခြင်းငှါ သင့်ပေ၏ဟုကြံ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ထိုအကြောင်း ကို မေးလျှောက်လေသတတ်။
ထိုအခါ ပုဏ္ဏားကို မြတ်စွာဘုရားသည် ပုဏ္ဏား- ငါဘုရားကား ပုဏ္ဏားမျိုး၌ ဖြစ်ကာမျှဖြင့်သာလျှင် ဗြာဟ္မဏဟူ၍ မဆို၊ အကြင်သူသည် ရာဂစသော ကြောင့်ကြခြင်းဖြင့် ကြောင့်ကြခြင်းမရှိ၊ ဥပါဒါန်တို့ဖြင့် မြဲစွာ စွဲလမ်းခြင်းမရှိ၊ ထိုသူကို ငါဘုရားသည် ဗြာဟ္မဏဟု ဆိုတော်မူ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
၃၉၅။ န စာဟံ ဗြာဟ္မဏံ ဗြူမိ၊ ယောနိဇံ မတ္တိသမ္ဘဝံ။
ဘောဝါဒိနာမ သော ဟောတိ၊ သစေ ဟောတိ သကိဉ္စနော။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယောနိဇံ၊ ပုဏ္ဏားအမျိုး၌ဖြစ်သော။
မတ္တိသမ္ဘဝံ၊ ပုဏ္ဏေးမ မိခင်၏ဝမ်း၌ ပဋိသန္ဓေနေသော ပုဏ္ဏားကို။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
အဟံ၊ ငါဘုရားသည်။
န ဗြူမိ၊ ဟောတော်မမူ။
သော၊ ထိုအမျိုးအားဖြင့် ဖြစ်သော ပုဏ္ဏားသည်။
သကိဉ္စနော၊ ရာဂစသော ကြောင့်ကြခြင်းရှိသည်။
သစေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။
ဘောဝါဒိနာမ၊ ဘောဝါဒီအမည်ရှိသည်။
ဟောတိ၊ ဖြစ်၏။
အကိဉ္စနံ၊ ရာဂစသည်တို့ဖြင့် ကြောင့်ကြခြင်းမရှိထသော။
အနာဒါနံ၊ ဥပါဒါန်လေးပါးဖြင့် စွဲလမ်းခြင်း မရှိထသော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော် မူလေ၏။
ပုဏ္ဏားတယောက်ဝတ္ထု ပြီး၏။
၁၄ - ဥဂ္ဂသေနသူဌေးသားဝတ္ထု
သဗ္ဗသံယောဇနံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဥဂ္ဂသေနအမည်ရှိသော သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သံယောဇဉ်ကင်းလျှင် မကြောက်လန့်ခြင်း
(ဝတ္ထုကို မုဉ္စပုရေ မုဉ္စပစ္ဆာ ဟူသော ဂါထာ၏အဖွင့်၌ ချဲ့အပ်ပြီးသည် သာလျှင်တည်း။)
ထိုအခါ မြတ်စွာဘုရားသည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဥဂ္ဂသေနရဟန်းသည် မကြောက်ဟူ၍ ဆိုပါသည်၊ မဟုတ်မမှန်သဖြင့် အရဟတ္တဖိုလ်ကို ပြောကြားသည်ဟု ထင်ပါသည် ဘုရားဟု ရဟန်းတို့ လျှောက်ကြားအပ် သည်ရှိသော် ချစ်သားရဟန်းတို့- ငါဘုရား၏ သားတော်နှင့် တူကြကုန်သော ဖြတ်အပ်ပြီးသော သံယောဇဉ် ရှိကြကုန်သော သူတို့သည် မကြောက်ကြကုန် သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၉၆။ သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ န ပရိတဿတိ။
သင်္ဂါတိဂံဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော၊ အကြင်သူသည်။
သဗ္ဗသံယောဇနံ၊ အလုံးစုံသော သံယောဇဉ်ဆယ်ပါးကို။
ဆေတွာ၊ ဖြတ်ပြီးသောကြောင့်။
ဝေ၊ စင်စစ်။
န ပရိတဿတိ၊ မကြောက်လန့်။
သင်္ဂါတိဂံ၊ ရာဂအစရှိသော ကပ်ငြိခြင်းကို လွန်ပြီးထသော။
ဝိသံယုတ္တံ၊ လေးပါးသော ယောဂကင်းပြီးထသော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏ၊ ဗြာဟ္မဏဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ဥဂ္ဂသေန သူဌေးသားဝတ္ထု ပြီး၏။
၁၅ - ပုဏ္ဏားနှစ်ယောက်တို့ ဝတ္ထု
ဆေတွာ နဒ္ဓိံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပုဏ္ဏားနှစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ကိုယ်တွင်း၌ရှိသော လွန်ကြိုးကို ဖြတ်သင့်ခြင်း
ထိုပုဏ္ဏားနှစ်ယောက်တို့တွင် ပုဏ္ဏားတယောက်အား စူဠရောဟိတ မည်သော နွားရှိ၏၊ ပုဏ္ဏား တယောက်အား မဟာရောဟိတ မည်သောနွားရှိ၏၊ ထိုပုဏ္ဏား နှစ်ယောက်တို့သည် တနေ့သ၌ သင့်နွား အားကြီးသည်, ငါ့နွား အားကြီးသည်ဟု အငြင်းအခုံပြုကြ၍ ငါတို့အား အငြင်းအခုံ ပြုခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ မောင်းနှင်ပြီးမှ သိကြကုန်အံ့ဟု တိုင်ပင်၍ အစိရဝတီ မြစ်ကမ်းနား၌ လှည်းကို သဲဖြင့်ပြည့်စေလျက် နွားတို့ကိုတပ်ယှဉ် မောင်းနှင်ကြလေကုန်၏။
ထိုခဏ၌ ရဟန်း တို့သည်လည်း ရေချိုးခြင်းငှါ အစိရဝတီမြစ်သို့ ရောက်သွားကြကုန်၏၊ ပုဏ္ဏားတို့ သည် နွားတို့ကို မောင်းနှင်ကြလေကုန်၏၊ လှည်းသည် မတုန်မလှုပ် ရပ်တည်မြဲရပ် တည်လေ၏၊ ဖွဲ့ချည်သော လွန်ကြိုးတို့သည်ကား ပြတ်လေကုန်၏။
ရဟန်းတို့သည် မြင်ခဲ့ရသဖြင့်ကျောင်းတော်သို့သွား၍ ထိုအကြောင်းအရာကိုမြတ်စွာဘုရားအား လျှောက်ကြားကြ လေကုန်၏၊ မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ - ထို့ဖွဲ့ချည်အပ်သော လွန်ကြိုးတို့သည် အပ၌ ဖြစ်ကြကုန်၏၊ ထိုလွန်ကြိုးတို့ကို အမှတ်မရှိသောသူသည် ဖြတ်နိုင်သည် သာလျှင်တည်း၊ ရဟန်းမည်သည်ကား မိမိကိုယ်တွင်း၌ ရှိသော အမျက်ဒေါသတည်း ဟူသော အဖွဲ့ကို၎င်း, တဏှာဟူသောလွန်ကြိုးကို၎င်း ဖြတ်ခြင်းငှါ သင့်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၉၇။ ဆေတွာ နဒ္ဓိံ ဝရတ္တဉ္စ၊ သဒ္ဒနံ သဟနုက္ကမံ။
ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
နန္ဒိံ စ၊ ဖွဲ့ချည်သော လျှော်ကြိုးကို၎င်း။
ဝရတ္တဉ္စ၊ ခိုင်ခံ့သော သားရေ လွန်ကြိုးကို၎င်း။
သဟနုက္ကမံ၊ အစဉ်မပြတ် လည်၍ သွားခြင်းရှိသော။
သန္ဒနဉ္စ၊ လှည်းကို၎င်း။
ဆေတွာ၊ ဖြတ်တောက် ဖျက်ဆီးနိုင်သောကြောင့်။
ဥက္ခိတ္တပလိဃံ၊ ခြံပွင့်အောင် တံခါးကျည် မင်းတုတ်ကို ဖွင့်နိုင်သော။
ဗုဒ္ဓံ၊ အကြီးဖြစ်သော။
တံ၊ ထိုနွားကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ နွားကောင်း နွားမြတ် ဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
(ဤကား ထုတ်ဖော်၍ ဆိုအပ်သော လိုရင်း မဟုတ်သော နွားနှင့်ဆိုင်သော အနက်။)
နဒ္ဓိဉ္စ၊ ရန်ငြိုးဖွဲ့သောအားဖြင့်ဖြစ်သော အမျက်ဒေါသကြိုးကို၎င်း။
ဝရတ္တဉ္စ၊ ချည်နှောင်တတ်သောအားဖြင့် ဖြစ်သော တဏှာဟူသော လွန်ကြိုးကို၎င်း။
သဟနုက္ကမံ၊ အနုသယ အစဉ်ကျခြင်းနှင့်တကွ ဖြစ်သော။
သန္ဒနဉ္စ၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးဟူသော လှည်းကို၎င်း။
ဆေတွာ၊ ဖြတ်တောက် ဖျက်ဆီး၍။
ဌိတံ၊ တည်သော။
ဥက္ခိတ္တပလိဃံ၊ လှစ်ခါအပ်ပြီးသော အဝိဇ္ဇာဟူသော တံခါး ကျည်ရှိထသော။
ဗုဒ္ဓံ၊ သစ္စာလေးပါးကို သိပြီးသော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ မကောင်းမှုကင်း သန့်ရှင်းသော ဗြာဟ္မဏဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
(ဤကား စိတ်တော်၌ ထားအပ်သော လိုရင်းဖြစ်သော ရဟန်းနှင့် ဆိုင်သော အနက်။)
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
ပုဏ္ဏားနှစ်ယောက်တို့ ဝတ္ထု ပြီး၏။
၁၆ - ဆဲရေးတတ်သော ဘာရဒွါဇပုဏ္ဏား ဝတ္ထု
အက္ကောသ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌နေတော်မူစဉ် ဆဲရေးတတ်သောကြောင့် အက္ကောသက ဘာရဒ္ဓါဇမည်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မယားကိုမနိုင်၍ ဘုရားရှင်ကို ရန်ရှာခြင်း
အက္ကောသက ဘာရဒ္ဓါဇပုဏ္ဏား၏ အစ်ကို၏ မယားဖြစ်သော ဓနဉ္စာနီ အမည်ရှိသော ပုဏ္ဏေးမသည် သောတာပန်ပုဂ္ဂိုလ်ဖြစ်၏၊ ထိုသောတာပန်ပုဏ္ဏေးမသည် ချေဆတ် လတ်သော်၎င်း, ချွတ်ချော် လတ်သော်၎င်း “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟူသော ဤဥဒါန်းကို မြွက်ဆိုကျူးရင့်လေ့ရှိ၏။
ထိုပုဏ္ဏေးမသည် တနေ့သ၌ ပုဏ္ဏားအပေါင်းကို ထမင်းကျွေးမွေးခြင်း ဖြစ်လတ်သည်ရှိသော် ချော်ချွတ်သည်ဖြစ်၍ ထိုရှေးအတူသာလျှင် ကျယ်စွာသောအသံဖြင့် ထိုဥဒါန်းကို မြွက်ဆို ကျူးရင့်လေ၏၊ ပုဏ္ဏားကြီးသည် အမျက် ထွက်လှသည်ဖြစ်၍ ဤသူယုတ်မသည် ဟုတ်ဟုတ် ငြားငြား အမှတ်မထင် ထိုအရာဌာန၌ ဦးပြည်းဖြစ်သော ထိုရဟန်း၏ ဂုဏ်ကျေးဇူးကို ဤသို့ သာလျှင် ရွတ်ဆိုလေ့ရှိဘိ၏ဟု ဆိုပြီးလျှင် သူယုတ်မာမ - ယခုအခါ ငါသွားတဲ့၍ ထိုသင်၏ ဆရာ ဘုရားမြတ်စွာအပေါ်၌ အယူဝါဒကိုတင်ပြအံ့ဟု ဆိုလေ၏။
ထိုအခါ ပုဏ္ဏားကြီးကို ပုဏ္ဏေးမသည် အရှင်ပုဏ္ဏားကြီး- သွားချေပါလော့၊ အကြင်သူသည် ထိုမြတ်စွာဘုရား၏ အပေါ်၌ အယူဝါဒကို တင်နိုင်ရာအံ့၊ ထိုသူကို ကျွန်မ မမြင်ရသေးပါ၊ စင်စစ်သော်ကား သွားတဲ့၍ ထိုမြတ်စွာဘုရားကို ပြဿနာ မေးပါချေလော့ဟု ဆိုလေ၏၊ ထို ပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ ရှိမခိုးမူ၍သာလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌ ရပ်လျက် ပြဿနာမေးလိုရကား ဤဂါထာကို ဆိုလေ၏။
ကိံ သု ဆေတွာ သုခံ သေတိ၊ ကိံ သု ဆေတွာ န သောစတိ။
ကိဿဿု ဧကဓမ္မဿ၊ ဝဓံ ရောစေသိ ဂေါတမ။
ဘောဂေါတမ၊ အို ရှင်ဂေါတမ။
ကိံ သု၊ အဘယ်ကို။
ဆေတွာ၊ သတ်ဖြတ်သောကြောင့်။
သုခံ၊ ချမ်းသာစ္စာ။
သေတိ၊ နေရသနည်း။
ကိံ သု၊ အဘယ်ကို။
ဆေတွာ၊ သတ်ဖြတ်သောကြောင့်။
န သောစတိ၊ မစိုးရိမ်ရသနည်း။
ကိဿ၊ အဘယ်သို့သော။
ဧက ဓမ္မဿ၊ တခုသော တရားကို။
ဝဓံ၊ သတ်ခြင်းကို။
ရောစေသိ၊ နှစ်သက်ဘိသနည်း။
ဘုရားရှင် အဖြေကောင်းသောကြောင့် ရဟန္တာဖြစ်ခြင်း
ထိုအခါ ပုဏ္ဏားကြီးအား ပြဿနာကို ဖြေကြားတော်မူလိုသော မြတ်စွာ ဘုရားသည် ဤဂါထာကို မိန့်တော်မူလေ၏။
ကောဓံ ဆေတွာ သုခံ သေတိ၊ ကောဓံ ဆေတွာ န သောစတိ။
ကောဓဿ ဝိသမူလဿ၊ မဓုရဂ္ဂဿ ဗြာဟ္မဏ။
ဝဓံ အရိယာ ပသံသန္တိ၊ တဉှိ ဆေတွာ န သောစတိ။
ဗြာဟ္မဏ၊ ပုဏ္ဏားကြီး။
ကောဓံ၊ အမျက်ဒေါသကို။
ဆေတွာ၊ သတ်ဖြတ်သောကြောင့်။
သုခံ၊ ချမ်းသာစ္စာ။
သေတိ၊ နေရ၏။
ကောဓံ၊ အမျက်ဒေါသကို။
ဆေတွာ၊ သတ်ဖြတ်သောကြောင့်။
န သောစတိ၊ မစိုးရိမ်ရ။
ဝိသမူလဿ၊ ဆင်းရဲသော အကျိုးဝိပါက်ရှိသော။
မဓုရဂ္ဂဿ၊ လက်စားပြန်ချေရမှ ကျေနပ် သာယာ ချမ်းသာခြင်း အဆုံးရှိသော အမျက်ဒေါသကို။
ဝဓံ၊ သတ်ခြင်းကို။
အရိယာ၊ ဘုရား ရဟန္တာ အရိယာသူတော်ကောင်းတို့သည်။
ပသံသန္တိ၊ ချီးမွမ်း တော်မူကြကုန်၏။
ဟိ၊ ထိုစကားသင့်စွ။
တံ၊ ထိုအမျက်ဒေါသကို။
ဆေတွာ၊ သတ်ဖြတ်သောကြောင့်။
န သောစတိ၊ မစိုးရိမ်ရ။
ထိုပုဏ္ဏားကြီးသည် ဤသို့ဖြေဆိုသည်ကို ကြားနာရလျှင် မြတ်စွာဘုရား၌ ကြည်ညိုလှ သောကြောင့် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။
နောက်လာသော ပုဏ္ဏားများလည်း ရဟန္တာဖြစ်ကြခြင်း
ထိုအခါ ပုဏ္ဏားကြီး၏ ညီငယ်ဖြစ်သော အက္ကောသကဘာရဒွါဇ မည်သော ပုဏ္ဏားသည် ငါ၏ နောင်တော်ကား ရဟန်းပြုသတတ်ဟု ကြားရလျှင် အမျက် ဒေါသထွက်သဖြင့် လာပြီးလျှင် မြတ်စွာဘုရားကို သူတော်ကောင်းစကားမဟုတ် ယုတ်မာကြမ်းကြုတ်သော စကားတို့ဖြင့် ဆဲရေးလေ၏။
ထိုပုဏ္ဏားကိုလည်း မြတ်စွာဘုရားသည် ဧည့်သည်တို့အား ခဲဖွယ်စသည်ကို ပေးကမ်းသော ဥပမာဖြင့်သိစေ အပ်သည်ရှိသော် မြတ်စွာဘုရား၌ ကြည်ညိုလှသည် ဖြစ်၍ ရဟန်းပြုပြီးလျှင် အရဟတ္တဖိုလ်သို့ရောက်လေ၏။
ထိုမှတပါးလည်းဖြစ်ကုန်သော အသုန္ဒရိက ဘာရဒွါဇ၎င်း, ဗိလင်္ဂက ဘာရဒ္ဓါဇ၎င်း ဤသို့ ထိုပုဏ္ဏားကြီး၏ ညီငယ် နှစ်ယောက်တို့ သည်လည်း မြတ်စွာဘုရားကို ဆဲရေးကြကုန်သည် ဖြစ်၍သာလျှင် မြတ်စွာဘုရားသည် ဆုံးမအပ်ကုန်သည်ရှိသော် အားလုံး ရဟန်းပြုကြသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။
ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ငါ့သျှင်တို့- ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့သည် အံ့ဩဖွယ် ရှိကြကုန်စွတကား၊ လေးယောက်ကုန်သော ပုဏ္ဏားညီနောင်တို့သည် ဆဲရေးကြကုန် သည်ရှိသော် မြတ်စွာဘုရားသည် တစုံတခွန်းသော စကားကို မိန့်ဆိုတော်မမူဘဲ ထိုသူ လေးယောက်တို့၏ တည်ရာ မှီခိုရာသာလျှင် ဖြစ်တော်မူလေ၏ဟု စကားကို ဖြစ်စေကြလေကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ် စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့- ငါဘုရားသည် ငါဘုရား၏ သည်းခံခြင်းအားနှင့် ပြည့်စုံသောကြောင့် ပြစ်မှားကြကုန်သော သူတို့၌ မပြစ်မှားမူ၍ များစွာသော လူအပေါင်း၏ တည်ရာ မှီခိုရာ အားထားရာဖြစ်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၉၈။ အက္ကောသံ ဝဓဗန္ဓဉ္စ၊ အဒုဋ္ဌော ယော တိတိက္ခတိ။
ခန္တီဗလံ ဗလာဏီကံ၊ တမဟံ ဗြူ မိ ဗြာဟ္မဏံ။
ယော၊ အကြင်သူသည်။
အက္ကောသဉ္စ၊ ဆယ်ပါးသော အက္ကောသ ဝတ္ထုတို့ဖြင့် ဆဲရေးသောသူကို၎င်း။
ဝဓဗန္ဓဉ္စ၊ လက်စသည်ဖြင့် သတ်ပုတ်သောသူ ထိတ်ခတ်ကြိုးစသည်ဖြင့် နှောင်ဖွဲ့သောသူကို၎င်း။
အဒုဋ္ဌော၊ အမျက်မထွက်မူ၍။
တိတိက္ခတိ၊ သည်းခံ၏။
ခန္တီဗလံ၊ သည်းခံခြင်း ခွန်အားရှိထသော။
ဗလာဏီကံ၊ သည်းခံခြင်း ခွန်အားဟူသော စစ်သည်တပ်သားအပေါင်း ရှိထသော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူ ဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ဆဲရေးတတ်သော ဘာရဒွါဇပုဏ္ဏားဝတ္ထု ပြီး၏။
၁၇ - ရှင်သာရိပုတြာမထေရ်ဝတ္ထု
အက္ကောဓနံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတြာမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။
ရှင်သာရိပုတြာမယ်တော် ဆဲရေးဆိုမြည်ခြင်း
ထိုအခါ ရှင်သာရိပုတြာမထေရ်သည် ငါးရာသော ရဟန်းတို့နှင့် အတူတကွ ဆွမ်းခံကြွသွားတော်မူ သည်ရှိသော် နာလကရွာ၌ မယ်တော်၏ အိမ်တံခါးသို့ ရောက်သွားလေသတတ်၊ ထိုအခါ ရှင်သာရိပုတြာကို မယ်တော် ဒါယိကာမကြီး သည် နေထိုင်စေပြီးလျှင် ဆွမ်းလုပ်ကျွေးလျက် အို စားကြွင်း စားကျန်ကို စားသမား - စားကြွင်းထမင်းကျန် ပအုံးရည်ဟင်းကို မရသည်ရှိသော် သူတပါး၏ အိမ်တို့၌ ရေမှုတ်ခွက် အပြင်ဖြင့် မွှေနှောက်အပ်သော ပအုံးရည်ဟင်းကို စားဘိ၏၊ ကုဋေရှစ်ဆယ်သော ဥစ္စာကို ပယ်စွန့်၍ ရဟန်းပြုလျက် သင်သည် ငါတို့ကို ဖျက်ဆီးအပ်ကုန်၏၊ ယခုအခါ စားလော့ဟု ဆိုမြည်ဆဲရေးလေ၏။
ရဟန်းတို့အားလည်း ဆွမ်းကို ပေးလှူသည်ရှိသော် သင်တို့လည်း ငါ့သားကို မိမိ၏ အလုပ် အကျွေးငယ်ဟု ပြုလုပ်ဘိ၏၊ ယခုအခါ စားကြကုန်လော့ဟု ဆိုလေ၏၊ ရှင်သာရိပုတြာသည် ဆွမ်းကိုယူ၍ ကျောင်းသို့သာလျှင် ကြွသွားတော်မူလေ၏၊ ထိုအခါ ရှင်ရာဟုလာသည် မြတ်စွာဘုရားကို ဆွမ်းဖြင့် ပန်ကြားလေသောကြောင့် ရှင်ရာဟုလာကို မြတ်စွာဘုရားသည် ချစ်သားရာဟုလာ- အဘယ်အရပ် သို့ သွားခဲ့လေသနည်းဟု မိန့်တော်မူလေ၏။
မြတ်စွာဘုရား - အဘွားမ၏ရွာသို့ သွားခဲ့ပါသည် ဘုရားဟု လျှောက်ကြားလတ်သော် သင်၏ အဘွားမသည် သင့် ဥပဇ္ဈာယ်ဆရာကို အဘယ့်ကြောင့် အဖန်တလဲလဲ ဆိုပြည်သနည်းဟု မေးတော် မူလေ၏၊ မြတ်စွာဘုရား-တပည့်တော်၏ အဘွားမသည် အမျက်ထွက်လျက် ရှိပါ သည် ဘုရားဟု လျှောက်ကြားလတ်သော် ဘယ်သို့သောစကားကို ဆိုမြည်၍ အမျက်ထွက်ဘိသနည်းဟု မေးတော်မူလေ၏။
မြတ်စွာဘုရား - ဤမည်သော စကားကို ဆိုမြည်ပါသည်ဘုရားဟု လျှောက်ကြားလတ်သော် သင်၏ ဥပဇ္ဈာယ် ဆရာကား အဘယ်စကားကို ပြန်ဆိုသနည်းဟု မေးတော်မူပြန်လေ၏၊ မြတ်စွာ ဘုရား - တစုံတခုသောစကားကိုမျှ မဆိုပါဘုရားဟု လျှောက်ကြားလတ်သော် ထိုရာဟုလာ လျှောက်သော စကားကိုကြားရလျှင် ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့- ရှင်သာရိပုတြာ မထေရ်၏ ကျေးဇူးတို့သည် အံ့ဩဖွယ်ရှိလှကုန်၏တကား၊ ထိုမယ်တော်သည် ဤမည်သော စကားဖြင့် ဆိုမြည် ဆဲရေးလတ်သည် ရှိသော် ထိုရှင်သာရိပုတြာအား အမျက်ဒေါသ အနည်းငယ် မျှသည်လည်း မဖြစ်ဟု စကားကို ဖြစ်စေကြလေကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့ - ယခု ငါလာတော်မူဆဲဖြစ်သောအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့- ရဟန္တာတို့မည်သည်ကား အမျက်ထွက်ခြင်း မရှိကြကုန်သည်သာ ဖြစ်ကုန်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၃၉၉။ အက္ကောဓနံ ဝတဝန္တံ၊ သီလဝန္တံ အနုဿဒံ။
ဒန္တံ အန္တိမ သာရီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
အက္ကောဓနံ၊ အမျက်ထွက်ခြင်း မရှိထသော။
ဝတဝန္တံ၊ ကိလေသာ ခါတွက်သော အကျင့်ရှိထသော။
သီလဝန္တံ၊ စတုပါရိသုဒ္ဓိသီလ ရှိထသော။
အနုဿဒံ၊ တဏှာ၏ပြောခြင်း (များပြားခြင်း) မရှိထသော။
ဒန္တံ၊ ဣန္ဒြေခြောက်ပါးဆုံးမ ထားသဖြင့် ယဉ်ကျေးပြီးထသော။
အန္တိမသာရီရံ၊ အဆုံးစွန်ဘဝ၌ တည်သော ကိုယ်ရှိထသော။
တံ၊ ထိုပုဂ္ဂိုလ်ကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ရှင်သာရိပုတြာမထေရ် ဝတ္ထု ပြီး၏။
၁၈ - ဥပ္ပလဝဏ်ထေရီမ ဝတ္ထု
ဝါရိ ပေါက္ခရပတ္တေ၀ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဥပ္ပလဝဏ်အမည်ရှိသော ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ကြာရွက် ရေပေါက် ဆောက်ဖျား မုန်ညင်းပမာ
(ဝတ္ထုကို မဓုဝါ မညတိ ဗာလော-ဟူသော ဂါထာ၏ အဖွင့်၌ အကျယ် ချဲ့အပ်ပြီးသည် သာလျှင်တည်း၊ ထိုစကားမှန်၏၊ ထိုဂါထာ၏ အဖွင့်၌ တပါးသောအခါ စသောစကားကို ဆိုအပ်ပြီ။)
တပါးသောအခါ များစါာသော လူအပေါင်းသည် တရားသဘင်၌ ရဟန္တာတို့သည်လည်း ကာမဂုဏ်တို့ကို မှီဝဲကြယောင်တကား၊ မမှီဝဲဘဲ ရှိကြကုန်အံ့နည်း၊ ရဟန္တာတို့သည် ခြောက်သွေ့သော သစ်သားမဟုတ်ကြကုန်၊ တောင်ပို့လည်းမဟုတ်ကြကုန်၊ စိုသောအသားရှိသော ကိုယ်ခန္ဓာတို့သာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ထိုရဟန္တာတို့သည်လည်း ကာမဂုဏ်ချမ်းသာကို သာယာကြကုန်၏ ဟူသောစကားကို ဖြစ်စေကြလေကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာတော်မူဆဲအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်ဘိသနည်းဟု မေးတော်မူသောကြောင့် ဤ မည်သော စကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု နားတော်လျှောက် သည်ရှိသော် ချစ်သား ရဟန်းတို့ - ရဟန္တာတို့သည် ကာမဂုဏ် ချမ်းသာကို မသာယာကြကုန်၊ ကာမဂုဏ်ကို မမှီဝဲကြကုန်၊ ပဒုမာကြာရွက်၌ ကျသော ရေပေါက်သည် မလိမ်းကျံသကဲ့သို့ မတည်တံ့သကဲ့သို့ ဆုတ်နစ်၍ ကျသွားသည်သာလျှင် ဖြစ်သကဲ့သို့၎င်း,ပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့သည် မကပ်ငြိသကဲ့သို့ မတည်တံ့ သကဲ့သို့ ဆုတ်နစ်၍ ကျသွားသည်သာလျှင် ဖြစ်သကဲ့သို့၎င်း ထို့အတူ ရဟန္တာ ပုဂ္ဂိုလ်၏စိတ်၌ နှစ်ပါးအပြားရှိသော ကာမသည်လည်း လိမ်းကျံကပ်ငြိခြင်းမရှိ၊ မတည်တံ့နိုင်ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေစပ်၍ တရားစကား ဟောကြားလိုရကား ဤဂါထာကို ဟောကြား တော်မူလေ၏။
ဒေသနာတော်
၄၀၀။ ဝါရိ ပေါက္ခရပတ္တေဝ၊ အာရဂ္ဂေရိဝ သာသပေါ။
ယော န လိမ္မတိ ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ပေါက္ခရပတ္တေ၊ ကြာရွက်၌။
ဝါရိ၊ ရေပေါက်သည်။
န လိမ္ပတိ ဣဝ၊ မလိမ်းကျံသကဲ့သို့။
အာရဂ္ဂေ၊ ပွတ်ဆောက်ဖျား၌။
သာသပေါ၊ မုန်းညင်းစေ့သည်။
န သဏ္ဌတိ ဣဝ၊ မတည်တံ့သကဲ့သို့။
ဧဝ၊ံ ထို့အတူ။
ယော၊ အကြင်သူသည်။
ကာမေသု၊ ကာမဂုဏ်တို့၌။
န လိမ္ပတိ၊ မလိမ်းကျံ။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
ဗြူ မိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ဥပ္ပလဝဏ်ထေရီမ ဝတ္ထု ပြီး၏။
၁၉ - မထင်ရှားသောပုဏ္ဏားဝတ္ထု
ယော ဒုက္ခဿ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ကျွန်ပြေးရဟန်း ဖမ်းဆီးခြင်း
ထိုပုဏ္ဏား၏ ကျွန်တယောက်သည် သိက္ခာပုဒ်ကို မပညတ်ရသေးမီ ထွက်ပြေး၍ ရဟန်းပြုသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ပုဏ္ဏားသည် ထိုကျွန်ကို ကြည့်ရှုရှာဖွေလတ်သည်ရှိသော် မမြင်ရမူ၍ တနေ့သ၌ မြတဲစွာဘုရားနှင့် အတူတကွ ဆွမ်းအလို့ငှါ ဝင်ကြွလာသည်ကို တံခါးကြား၌ တွေ့မြင်ရလျှင် သင်္ကန်းကို မြဲစွာ ဆွဲကိုင်လေ၏၊ မြတ်စွာဘုရားသည် ပြန်လည် ဆုတ်နစ်တော်မူ၍ ပုဏ္ဏား ဤသို့ ဆွဲကိုင်ခြင်း အကြောင်းကား အဘယ်နည်းဟု မေးတော်မူသောကြောင့် အို ရှင်ဂေါတမ - တပည့်တော်၏ ကျွန်ဖြစ်ပါသည်ဘုရားဟု နားတော်လျှောက်လေ၏။
ပုဏ္ဏား- ဤရဟန်းသည် ချအပ်ပြီးသော ဝန်ရှိ၏ဟု မိန့်တော်မူ၏၊ ချအပ်ပြီးသော ဝန်ရှိ၏ဟု မိန့်တော်မူလတ်သည်ရှိသော် ပုဏ္ဏားသည် ရဟန္တာဟူ၍ မှတ်သားမိလေ၏၊ ထို့ကြောင့် တဖန်လည်း ထိုပုဏ္ဏားသည် အို ရှင်ဂေါတမ - ချအပ်ပြီးသော ဝန်ရှိသည်ဟူသောအတိုင်း မှန်ပါသလောဟု လျှောက်ပြန်လတ်သည်ရှိသော် ပုဏ္ဏား- ချအပ်ပြီးသော ဝန်ရှိသည် မှန်ပေ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄၀၁။ ယော ဒုက္ခဿ ပဇာနာတိ၊ ဣဓေဝ ခယမတ္တနော။
ပန္နဘာရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော၊ အကြင်သူသည်။
ဣဓေဝ၊ ဤဘဝ၌သာလျှင်။
အတ္တနော၊ မိမိ၏။
ဒုက္ခဿ၊ ခန္ဓာဝန်ဒုက္ခ၏။
ခယံ၊ ကုန်ခန်းရာနိဗ္ဗာန်ကို။
ပဇာနာတိ၊ အပြား အားဖြင့် သိ၏။
ပန္နဘာရံ၊ ချအပ်ပြီးသော ခန္ဓာဝန်ရှိသော။
ဝိသံယုတ္တံ၊ ယောဂလေးဖြာ ကိလေသာတို့မှ ကင်းကွာပြီးသော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရား သည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ ထိုကျွန်ပျောက်ရှာသော ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။
မထင်ရှားသော ပုဏ္ဏားဝတ္ထု ပြီး၏။
၂၀ - ခေမာဘိက္ခုနီဝတ္ထု
ဂမ္ဘီရပညံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ခေမာအမည်ရှိသော ရဟန်းမိန်းမကို အကြောင်း ပြု၍ ဟောတော်မူလေ၏။
သိကြားမင်းကိုမြင်၍ ပြန်သွားခြင်း
တနေ့သောအခါ ပဌမယာမ်၏ အခြားမဲ့၌ သိကြားနတ်မင်းသည် မိမိနတ် ပရိသတ် အပေါင်းနှင့် အတူတကွလာ၍ မြတ်စွာဘုရား၏ အထံတော်၌ အသက်ထက်ဆုံး အောက်မေ့အပ်သော နှစ်သက်ဖွယ်သော တရားစကားကို နာကြား လျက်နေလေ၏။
ထိုခဏ၌ ခေမာအမည်ရှိသော ရဟန်းမိန်းမသည် မြတ်စွာဘုရားကို ဖူးမြင်အံ့ဟု လာလတ်သည် ရှိသော် သိကြားနတ်မင်းကို မြင်ရသဖြင့် ကောင်းကင်၌ တည်လျက်သာလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ပြန်သွားလေ၏၊ သိကြား မင်းသည် ထိုခေမာမည်သော ရဟန်းမိန်းမ ပြန်သွားသည်ကို မြင်ရလျှင် မြတ်စွာဘုရား- လာပြီးလျှင် ကောင်းကင်မှ ရပ်လျက်သာလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ပြန်သွားသော ဤရဟန်းမိန်းမကား အဘယ်သူ ဖြစ်ပါသနည်းဘုရားဟု မေးလျှောက်လေ၏။
ဘုရားရှင်သည် မြတ်သော သိကြားမင်းကြီး - ဤရဟန်း မိန်းမကား ငါဘုရား၏ သ္မီးတော် ခေမာ အမည်ရှိသော ရဟန်းမိန်းမ ဖြစ်၏၊ ကြီးသောပညာရှိ၏၊ လမ်းကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ်မာလှပေ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄၀၂။ ဂမ္ဘီရပညံ မေဓာဝိံ၊ မဂ္ဂါမဂ္ဂဿ ကောဝိဒံ။
ဥတ္တမတ္တံ အနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဂမ္ဘီရပညံ၊ နက်နဲသော ခန္ဓာအစရှိသည်တို့၌ (ဖြစ်သော) သိသောပညာနှင့် ပြည့်စုံထသော။
မေဓာဝိံ၊ ထက်မြက်သော ပညာနှင့် ပြည့်စုံထသော။
မဂ္ဂါ မဂ္ဂဿ၊ လမ်းကြောင်း ဟုတ်သည် မဟုတ်သည်၌။
ကောဝိဒံ၊ လိမ္မာစွာထသော။
(ဤကား အပါယ်ဒုဂ္ဂတိသို့ ရောက်ကြောင်း လမ်းခရီးဖြစ်၏၊
ဤကား နတ်ပြည် သုဂတိသို့ ရောက်ကြောင်း လမ်းခရီး ဖြစ်၏၊
ဤကား နိဗ္ဗာန်သို့ ရောက်ကြောင်း လမ်းခရီး ဖြစ်၏၊
ဤကား လမ်းခရီးမဟုတ်၊
ဤသို့လမ်းကြောင်း ဟုတ်သည်၌၎င်း မဟုတ်သည်၌၎င်း ကျွမ်းကျင်လိမ်မာ၏ ဟူလို။)
ဥတ္တမတ္တံ၊ အရဟတ္တဖိုလ်ဟု ဆိုအပ်သော မြတ်သောအကျိုးသို့။
အနုပ္ပတ္တံ၊ အစဉ်ရောက်သော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏ ဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ခေမာဘိက္ခုနီဝတ္ထု ပြီး၏။
၂၁ - ပစ္တာရဝါသီ တိဿမထေရ် ဝတ္ထု
အသံသဋ္ဌံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပဗ္ဘာရဝါသီ တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရဟန်းကြောင့် နတ်တို့ဆင်းရဲပုံ
ထိုတိဿမထေရ်သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လျောက်ပတ်သော အိပ်ရာနေရာကျောင်းကို ကြည့်ရှုရှာဖွေလျက် လိုဏ်တခုရှိသော တောင်ဝှမ်းသို့ ရောက်သွားလေ၏၊ ရောက်သော ခဏ၌ပင်လျှင် ထိုတိဿမထေရ်၏စိတ်သည် တည်ကြည်ခြင်းကို ရ၏၊ ထို တိဿမထေရ်သည် ငါကား ဤလိုဏ်၌နေသည်ရှိသော် ရဟန်းကိစ္စကို ပြီးစေခြင်းငှါတတ်နိုင်ပေလတ္တံ့ ဟု အကြံဖြစ်လေ၏။
လိုဏ်၌ အမြဲနေသောနတ်သည် သီလရှိသော ရဟန်းတော်သည် ကြွလာတော်မူ၏၊ ဤ ရဟန်းနှင့် အတူတကွ တခုတည်းသောအရပ်၌ နေခြင်းငှါ ဆင်းရဲလှ၏၊ ဤရဟန်းသည်ကား ဤလိုဏ်၌ တညဉ့်မျှသာနေ၍ ဖဲကြွသွားတော် မူလတ္တံ့ဟု ကြံပြီးလျှင် သားငယ် သ္မီးငယ်တို့ကို ခေါ်ဆောင်ကာ ထွက်သွား လေ၏။
တိဿမထေရ်သည် တဖန် မိုးသောက်သောနေ့၌ နံနက်စောစောက သာလျှင် ဆွမ်းခံရွာသို့ ဆွမ်းအလို့ငှါ ကြွဝင်တော်မူလေ၏၊ ထိုအခါ ထို တိဿမထေရ် ကို ဒါယိကာမကြီးတယောက်သည် မြင်လျှင်မြင်ခြင်း သားဟူသော ချစ်ခင်ခြင်း ကိုရ၍ အိမ်၌နေစေပြီးလျှင် ဆွမ်းလုပ်ကျွေးသဖြင့် မိမိကိုမှီလျက် ဝါတွင်း သုံးလပတ်လုံး နေထိုင်သီတင်းသုံးစိမ့်သောငှါ တောင်းပန်လေ၏။
ထိုတိဿမထေရ်သည်လည်း ငါကား ဤဒါယိကာမကြီးကို မှီလျက် ဘဝမှ ထွက်မြောက်ခြင်းကို ပြုခြင်းငှါ တတ်ကောင်း၏ဟု သည်းခံပြီးလျှင် ထိုလိုဏ်သို့သာလျှင် ကြွသွားတော်မူလေ၏၊ နတ်သည် ထိုတိဿမထေရ် ပြန်ကြွလာသည်ကို မြင်ရလျှင် မချွတ် တစုံတယောက်သော သူသည် ပင့်ဖိတ်အပ်သည် ဖြစ်ပေလတ္တံ့၊ နက်ဖြန်၌၎င်း သံဘက်၌၎င်း ကြွသွားတော်မူပေလတ္တံ့ဟု ကြံစည်ပြန်လေ၏၊ ဤသို့လျှင် လခွဲမျှ လွန်လတ်သည်ရှိသော် ဤ ရဟန်းကား ဤလိုဏ်၌သာလျှင် ဝါတွင်း သုံးလ ပတ်လုံး သီတင်းသုံး နေထိုင်တော်မူယောင် တကားဟု ကြံစည်လေ၏။
ရဟန်းကို ဆေးသမားဖြစ်အောင် နတ်ကပြုလုပ်ခြင်း
သီလရှိသောရဟန်းနှင့် အတူတကွ တခုတည်းသောနေရာ၌ သားငယ်သ္မီးငယ်တို့နှင့် အတူ နေခြင်းငှါလည်း ဆင်းရဲလှ၏၊ ဤ ရဟန်းကို ထွက်သွားပါလော့ဟု ပြောဆိုခြင်းငှါလည်း မတတ်ကောင်း၊ ဤ ရဟန်း၏သီလ၌ ချွတ်ချော်ခြင်းသည် ရှိလေသလောဟု နတ်မျက်စိဖြင့် ကြည့်ရှုလတ်သည်ရှိသော် ပဉ္စင်းခံရာ သိမ်အပြင်မှစ၍ ထို ရဟန်း၏သီလ၌ ချွတ်ချော်ခြင်းကို မမြင်ရသောကြောင့် ထို ရဟန်း၏ သီလသည် ဖြူစင်လှ၏။
ထိုရဟန်းအား တစုံတခွန်းသော စကားကိုဆို၍ အကျော် အစောမဲ့ကို ဖြစ်စေအံ့ဟု အကြံပြုပြီးလျှင် ထိုတိဿမထေရ်၏ အလုပ်အကျွေး အိမ်၌ ဒါယိကာမကြီး၏ သားကြီးကိုယ်တွင် ပူးဝင်သဖြင့် လည်ပင်းကို လည်စေလေ၏၊ (လှည့်၍ ထားလေ၏၊) ထိုသားကြီး၏ မျက်စိတို့သည် ထွက်လေ ကုန်၏၊ ခံတွင်းမှ တံတွေးသည် ယိုစီးကျလာ၏၊ ဒါယိကာမကြီးသည် ထိုသားကြီးဖြစ်ပုံကို မြင်ရလျှင် ဤသို့ ဖြစ်ရခြင်းကား အဘယ်နည်းဟု မြည်တမ်းလေ၏၊ ထိုအခါ ါယိကာမကြီးကို ထိုနတ်သည် မထင်ရှားသော အဆင်းရှိလျက် ကိုယ်ထင်စွာ မပြဘဲ ဤသို့ ဆိုလေ၏။
ငါသည် သင့်သားကို ဖမ်းစားထား၏၊ ဗလိနတ်စာပေးခြင်းအမှု ပြုခြင်းဖြင့်လည်း ငါ့အား အလိုမရှိ၊ သင်တို့၏ဆရာဖြစ်သော မထေရ်ကို နွယ်ချိုကို တောင်းပြီးလျှင် နွယ်ချိုဖြင့် ဆီကိုချက်၍ ဤသူအား နှာနှတ်သောအမှုကို ပေးကြကုန်လော့၊(နှာနှတ်ကြကုန်လော့၊) ဤသို့ပြုသည်ရှိသော် ငါသည် ဤသူကိုလွှတ်အံ့ဟု ဤသို့သော စကားကို ဆိုလတ်သော် ဤငါ့သားသည် ပျက်စီးသည်မူလည်း ဖြစ်စေ သေသည်မူလည်း ဖြစ်စေ၊ ငါသည် အရှင်မြတ်ကို နွယ်ချိုတောင်းခြင်းငှါ မတတ်နိုင်ပါဟု ဆိုလေ၏။
နွယ်ချိုကိုတောင်းခြင်းငှါ အကယ်၍ မတတ်နိုင်ကြကုန် သည်ဖြစ်အံ့၊ သင့်သားနှာခေါင်း၌ ထို မထေရ်၏ ရှိန်းခိုမှုန့်ကို ထည့်ခြင်းငှါ ပြောဆို ကြကုန်လော့ဟု ဆိုပြန်လတ်သော် ဤစကား ကိုလည်းလျှောက်ဆိုခြင်းငှါ မတတ်နိုင်ကြပါဟု ဆိုလေ၏၊ ထိုသို့ဖြစ်မူ မထေရ်မြတ်၏ ခြေဆေးရေကိုယူ၍ ဦးခေါင်းထက်၌ သွန်းလောင်းကြကုန်လော့ ဟုဆိုလတ်သော် ဒါယိကာမကြီး သည် ဤအမှုကို ပြုခြင်းငှါ တတ်နိုင်ပါ၏ဟု ဆိုလေ၏။
ဆွမ်းအချိန်၌ ကြွရောက်လာသော မထေရ်ကို နေထိုင်စေပြီးလျှင် ယာဂုခဲဖွယ်ကို လှူဒါန်း၍ ဆွမ်းမဘုဉ်းပေးသေးမီ အကြား၌ ထိုင်နေသော မထေရ်မြတ်၏ ခြေတို့ကို ဆေးကြောသဖြင့် ရေကိုယူပြီးလျှင် အရှင်ဘုရား- ဤ ခြေဆေးရေကို သူငယ်၏ ဦးခေါင်း၌ သွန်းလောင်းလိုကြ ပါသည်ဘုရားဟု လျှောက်ထားပန်ကြားလေ၏။
ထိုသို့ဖြစ်မူ သွန်းလောင်းကြ ကုန်လော့ဟုဆိုလျှင် မထေရ်ဆိုတိုင်း ပြုကြလေကုန်၏၊ ထိုနတ်သည် ထိုခဏချင်း သာလျှင် သူငယ်ကိုလွှတ်၍ သွားပြီးလျှင် လိုဏ်တံခါးဝ၌ ရပ်တည်နေလေ၏။
ဆေးသမားကြီးဟု စွပ်စွဲသဖြင့် ရဟန္တာဖြစ်ခြင်း
မထေရ်သည်လည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စ အပြီးအဆုံး၌ နေရာမှ ထ၍ မစွန့် မလွှတ်သော ကမ္မဋ္ဌာန်းရှိသည့် အဖြစ်ကြောင့် ဆံပင် မွေးညှင်း အစရှိသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို သရဇ္ဈာယ်တော်မူလျက် သာလျှင် ဖဲကြွသွားတော်မူလေ၏။
ထိုအခါ ထိုမထေရ်မြတ်ကို လိုဏ်တံခါးသို့ ရောက်သောအခါ ထိုနတ်သည် ဆေးသမားကြီး- ဤလိုဏ်သို့ ဝင်ကြွတော်မမူပါလင့်ဟု ဆိုလေ၏၊ မထေရ်သည် ထိုအရပ်၌သာလျှင် ရပ်တော် မူလျက် သင်အဘယ်သူနည်းဟု မိန့်ဆိုလေ၏၊ တပည့်တော်ကား ဤလိုဏ်၌ အမြဲနေသော နတ်ဖြစ်ပါသည်ဟု ဆိုလျှင် မထေရ်မြတ်သည် ဆေးသမားကြီး၏ အမှုကို ပြုသော အရာဌာနသည် ငါ့အား ရှိလေသလောဟု ပဉ္စင်းဖြစ်ရာ သိမ်အပြင်မှစ၍ ကြည့်ရှုလတ်သည်ရှိသော် မိမိ၏ သီလ၌ နှမ်းစေ့ခန့်မျှလည်းဖြစ်သော မည်းနက်ခြင်းကို မမြင်ရလေသောကြောင့် ငါသည် ဆေးသမားကြီး၏ အမှု ပြုသောအရာဌာနကို မမြင်၊ အဘယ့်ကြောင့် ဤသို့ သင်ဆိုဘိသနည်းဟု မိန့်တော်မူလေ၏။
အရှင်သည် မမြင်လေသလောဟု မေးပြန်သဖြင့် ငါမမြင်သည်မှန်၏ဟု မိန့်ဆိုလတ်သော် သင်ရဟန်းအား ပြောကြားပေအံ့ဟု ဆိုလေ၏၊ ကောင်းပြီ ငါ့အား ပြောကြားစမ်းလော့ဟု မိန့်ဆိုတော်မူလတ်သော် ဝေးသောအခါ၌ ပြုလုပ်ဖူးသည်ကား တည်ရှိပါစေဦး၊ ယနေ့ပင်လျှင် သင်ရဟန်းသည် ဘီလူးဖမ်းသော အလုပ်အကျွေး ဒါယိကာမကြီး၏သားဦးခေါင်း၌ ခြေဆေးရေကို သွန်းလောင်းသလော မသွန်းလောင်းသလောဟု ဆိုလေ၏။
သွန်းလောင်းသည် မှန်၏ဟု ဆိုတော်မူလတ်သော် အသို့နည်း၊ ဤအမှုကို သင်ရဟန်း မမြင်လေ သလောဟု ပြောဆိုလေ၏၊ ဤခြေဆေးရေ သွန်းလောင်းခြင်းကို ရည်မှန်းလျက် သင်ဆိုသလော ဟု မေးတော်မူလတ်သော် ဤအမှုကိုရည်မှန်းလျက် ဆိုသည်မှန်ပေ၏ဟု ပြောဆိုလေ၏၊ မထေရ်မြတ်သည် ငါ၏ကောင်းစွာ ဆောက်တည်ကျင့်သုံးလာခဲ့ခြင်းသည် အလွန်တရာ ကောင်းမြတ်လေစွတကား၊ ငါ၏ အကျင့်သည် မြတ်စွာဘုရား၏အဆုံးအမ သာသနာတော်အား လျောက်ပတ်လေစ္စတကား၊ နတ်သော်မှလည်း ငါ၏ လေးပါးသော ပါရိသုဒ္ဓိသီလ၌ အမည်း အနက်ကို နှမ်းစေ့ခန့်မျှပင် မမြင်သောကြောင့် သူငယ်၏ဦးခေါင်း၌ သွန်းလောင်းအပ်သော ခြေဆေးရေမျှကိုသာလျှင် မြင်ရရှာ၏ဟု ထိုတိဿမထေရ်အား သီလကို အကြောင်းပြု၍ အားကြီးစွာသော နှစ်သက်ခြင်း ဖြစ်ပေါ်လာလေ၏။
ထိုတိဿမထေရ်သည် ထိုနှစ်သက်ခြင်း ပီတိကို ခါ၍ ခြေကြွခြင်းကိုမျှလည်း ပြုတော်မမူဘဲ ထိုနေရာ၌ သာလျှင် အရဟတ္တဖိုလ်သို့ ရောက်တော်မူသဖြင့် ငါကဲ့သို့ ဖြူစင်သော သီလရှိ သော ရဟန်းကို ဖျက်ဆီးလျက် ဤတောအုပ်၌ မနေလင့်၊ သင်နတ်သည်သာလျှင် ထွက်သွားချေလော့ဟု မိန့်တော်မူ၍ နတ်ကို ဆုံးမတော်မူလိုရကား ဤဥဒါန်းကို ကျူးရင့်တော်မူလေ၏။
နတ်ယုတ်မာကို ပြန်၍ နှင်ထုတ်ခြင်း
ဝိသုဒ္ဓေါ တဝ မေ ဝါသော၊ နိမ္မလံ မံ န ပဿတိ။
မာ တွံ ဝိသုဒ္ဓံ ဒူသေသိ၊ နိက္ခမ ပဝနာ တုဝံ။
ဒေဝတေ၊ အို နတ်။
မေ၊ ငါ၏။
ဝါသော၊ နေခြင်းသည်။
ဝိသုဒ္ဓေါ ဝတ၊ စင်ကြယ်သန့်ရှင်းလေစွတကား။
နိမ္မလံ၊ အညစ်အကြေးမရှိသော။
မံ၊ ငါ့ကို။
ပဿသိ၊ သင် မမြင်။
တွံ၊ သင်သည်။
ဝိသုဒ္ဓံ၊ သီလဖြူစင်သော ငါ့ကို။
မာ ဒူသေသိ၊ မဖျက်ဆီးလင့်။
တုဝံ၊ သင်သည်။
ပဝနာ၊ မွေ့လျော်ဖွယ်ရှိသော တောအုပ်မှ။
နိက္ခမ၊ ထွက်သွားချေလော့။
ထိုတိဿမထေရ်သည် ထိုအရပ်၌သာလျှင် ဝါတွင်းသုံးလပတ်လုံး နေပြီးလျှင် ဝါကျွတ်လတ်သည် ရှိသော် မြတ်စွာဘုရား၏ အထံတော်သို့ ကြွသွားတော်မူ၍ ရဟန်းတို့သည် ငါ့သျှင်- အဘယ် သို့နည်း၊ သင့်အား ရဟန်းကိစ္စကိုအပြီးအဆုံးသို့ ရောက်စေအပ်ပြီလောဟု မေးအပ်သည်ဖြစ်၍ ထိုလိုဏ်၌ ဝါကပ်ဆိုသည့်နေ့မှ စ၍ အလုံးစုံသော ထိုအကြောင်းကို ရဟန်းတို့အား ပြောကြား လေသောကြောင့် ငါ့သျှင်- ဤသို့ နတ်၏ အပြောအဆို ခံရသော သင်သည် အမျက်မထွက်လေ သလောဟု ဆိုလတ်သော် အမျက်မထွက်ပါဟု ဆိုလေ၏။
ရဟန်းတို့သည် မြတ်စွာဘုရားအား ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းသည် အရဟတ္တဖိုလ်ကို ပြောကြားပါသည်၊ နတ်သည် ဤမည်သော စကားကို ဆိုအပ်ပါလျက်လည်း အမျက်မထွက်ဟု ဆိုပါသည် ဘုရားဟု လျှောက်ကြားကြလေကုန်၏။
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူလျှင် ချစ်သား ရဟန်းတို့- ငါဘုရား၏ သားတော်သည် အမျက်မထွက်သည်သာတည်း၊ ထိုတိဿရဟန်းအား လူတို့နှင့်၎င်း, ရဟန်း တို့နှင့်၎င်း ရောနှောခြင်းမည်သည် မရှိ မနှီးနှော၊ ဤရဟန်းသည် နည်းသော အလိုရှိ၏၊ ရောင့်ရဲလွယ်၏ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄ဝ၃။ အသံသဋ္ဌံ ဂဟဋ္ဌေဟိ၊ အနာဂါရေဟိ စူဘယံ။
အနောကသာယိ မပ္ပိစ္ဆံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဂဟဋ္ဌေဟိ စ၊ လူတို့နှင့်၎င်း။
အနာဂါရေဟိ စ၊ ရဟန်းတို့နှင့်၎င်း။
ဥဘယံ- ဥဘယေဟိ၊ နှစ်ပါးစုံသော သူတို့နှင့်။
အသံသဋ္ဌံ၊ နှီးနှောဆက်ဆံခြင်း မရှိထသော။
ဝါ- တွယ်တာသော အကျင့်မရှိထသော။
အနောကသာယိ၊ ကာမဂုဏ် တည်ရာသို့ သက်ဆင်းခြင်းမရှိထသော။
အပ္ပိစ္ဆံ၊ အလိုနည်းပါးသော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
ပဗ္ဘာရဝါသီ တိဿမထေရ်ဝတ္ထု ပြီး၏။
၂၂ - မထင်ရှားသောရဟန်း ဝတ္ထု
နိဓာယ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မိန်းမခိုးသွားသည်ဟု အရိုက်ခံရသော ရဟန်း
ထိုရဟန်းသည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကို ယူ၍ တော၌ လုံ့လပြုသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ရအပ်သော ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားအံ့ ဟူ၍ ထိုတောမှသာလျှင် ထွက်လာခဲ့လေ၏။
ထိုအခါ မထေရ်ကို တခုသောရွာ၌ မိန်းမတယောက်သည် လင်ယောက်ျားနှင့် အတူတကွ ခိုက်ရန်ငြင်းခုံခြင်းကို ပြုပြီးလျှင် ထိုလင်ယောက်ျား အပသို့ ထွက်သွားစဉ် မိဘအိမ်သို့ ပြန်သွားတော့အံ့ဟု လမ်းခရီးမသို့ သွားလတ်သည်ရှိသော် လမ်းခရီးအကြား၌ မထေရ်ကိုမြင်ရသဖြင့် ဤမထေရ်ကို အမှီပြု၍ သွားပေအံ့ဟု နောက်မှ နောက်မှ အစဉ်လိုက်သွားရှာလေ၏။
မထေရ်သည်ကား ထိုမိန်းမ လိုက်လာသည်ကို မြင်တော်မမူ၊ ထို့နောက် မိန်းမ၏ လင်ယောက်ျားသည် အိမ်သို့ပြန်လာသည်ဖြစ်၍ ထိုမိန်းမကို မမြင်သောကြောင့် မိဘရွာသို့ သွားသည်ဖြစ်ပေလတ္တံ့ဟု အစဉ်လိုက်သည်ရှိသော် ထိုမိန်းမကိုမြင်ရ၍ ဤမိန်းမကား တယောက်တည်း တောအုပ်သို့ သွားခြင်းငှါ မတတ်ကောင်းတန်ရာ၊ အဘယ်သူကို အမှီပြု၍ သွားဘိသနည်းဟု ကြည့်ရှုသည်ရှိသော် မထေရ်ကို မြင်တဲ့လျှင် ဤရဟန်းသည် ဤမိန်းမကို ခေါ်ယူ၍ ထွက်သွားသည် ဖြစ်လတ္တံ့ဟု ကြံ၍ မထေရ်ကို ခြိမ်းချောက် မောင်းမဲလေ၏။
ထိုအခါ၌ လင်ယောက်ျားကို မိန်းမသည် ဤအရှင်ကောင်းကား ကျွန်မကို မြင်တော်မမူ၊ ခေါ်လည်းမခေါ်၊ ပြောလည်းမပြော၊ ထိုရဟန်းကိုတစုံတခုသောစကားကို မဆိုပါလင့်ဟု ဆိုလေ၏၊ ထိုလင်ယောက်ျားသည် အသို့နည်း၊ သင်သည် မိမိကိုခေါ်ယူ၍ သွားသည်ကို ငါ့အား ပြောကြားနိုင်အံ့နည်း၊ ထို့ကြောင့် သင့်အားသာလျှင် လျော်သော ပြုထိုက်သောအမှုကို ဤရဟန်းအား ပြုလုပ်ပေအံ့သတည်းဟု ဆို၍ ဖြစ်သော အမျက်ဒေါသ ရှိရကား မိန်းမ၌ဖြစ်သော ရန်ငြိုးဖြင့် မထေရ်ကို ထောင်းသတ် ပုတ်ခတ်ပြီးလျှင် မိန်းမကို ခေါ်ဆောင်လျက် ပြန်ခဲ့လေ၏၊ မထေရ်မြတ်၏ ကိုယ်တော်တခုလုံးသည် ဖြစ်သော ဖူးဖူးရောင်ခြင်း ရှိလေ၏။
ထို့နောက် ကျောင်းသို့ ရောက်လာသောအခါ ရဟန်းတို့သည် ကိုယ်ကို ဆုပ်နယ်ကြကုန်သည်ရှိသော် ဖူးဖူးရောင်သော အဖုတို့ကို မြင်ကြရသဖြင့် ဤအဖုတို့ကား အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း ဘုရားဟု မေးလျှောက်ကြလေကုန်၏၊ မထေရ်သည် ထိုရဟန်းတို့အား ထိုအကြောင်းကို ပြောကြားလေ၏။
ထိုအခါ ထိုမထေရ်ကို ရဟန်းတို့သည် ငါ့သျှင်-ထိုယောက်ျားသည် ဤသို့ပုတ်ခတ်သည်ရှိသော် အရှင်ဘုရားက အဘယ်သို့သော စကားကိုဆိုပါသနည်း၊ အသို့နည်း၊ အရှင်ဘုရားအား အမျက်ဒေါသ ဖြစ်ပါသလော ဘုရားဟု မေးမြန်းကြကုန်၏၊ ငါ့သျှင်တို့- ငါ့အား အမျက်ဒေါသ မဖြစ်ပါဟု ဆိုလတ်သော် ထိုရဟန်းတို့သည် ဘုရားရှင်၏ အထံတော်သို့ သွားတဲ့၍ ထိုအကြောင်းကို လျှောက်ကြားပြီးလျှင် မြတ်စွာဘုရား - ဤရဟန်းသည် အရှင်ဘုရားအား အမျက်ဒေါသ ဖြစ်ပါသလောဟု မေးအပ်သည်ရှိသော် ငါ့သျှင်တို့-ငါ့အားအမျက်ဒေါသမဖြစ်ဟုဆိုပါသည်၊ မဟုတ်မမှန်သော စကားကို ပြောဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရားဟု လျှောက်ကြားကြကုန်၏။
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတဲ့လျှင် ချစ်သားရဟန်းတို့-ရဟန္တာတို့ မည်သည်ကား ချအပ်သော ဒဏ်ရှိကုန်၏၊ ထိုရဟန္တာတို့သည် ပုတ်ခတ်ကြကုန်သော်လည်း အမျက်ဒေါသ ထွက်ခြင်းကို မပြုကြကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။
ဒေသနာတော်
၄၀၄။ နိဓာယ ဒဏ္ဍံ ဘူတေသု၊ တသေသု ထာဝရေသု စ၊
ယော န ဟန္တိ န ဃာတေတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော၊ အကြင်သူသည်။ တသေသု စ၊ တဏှာဟူသော ထိတ်လန့်ခြင်းဖြင့် ထိတ်လန့်ခြင်း ရှိကုန်သော။
ဘူတေသု စ၊ ပုထုဇဉ်သေက္ခတို့၌၎င်း။ ထာဝရေသု၊ တဏှာကင်းသဖြင့် မြဲမြံခိုင်ခံ့ တည်တံ့ကြကုန်သော။
ဘူတေသု စ၊ ရဟန္တာတို့၌ ၎င်း။ ဒဏ္ဍံ၊ ဒဏ်ကို။ နိဓာယ၊ ပယ်ချ၍။
ကိဉ္စိ၊ တစုံတယောက်သောသူကိုမျှ။ န ဟန္တိ၊ မိမိလည်း မသတ် မညှဉ်းဆဲ မနှိပ်စက်။
န ဃာတေတိ၊ သူတပါးကိုလည်း မသတ် မညှဉ်းဆဲ မနှိပ်စက်စေ။ တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
မထင်ရှားသော ရဟန်းဝတ္ထု ပြီး၏။
---
၂၃ - သာမဏေလေးပါးတို့ ဝတ္ထု
အဝိရုဒ္ဓံ- အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာမဏေ လေးပါးတို့ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။
ပုဂ္ဂိုလ်ငယ်လှသဖြင့် ဆွမ်းကျွေးရန် မသဒ္ဓါခြင်း
ပုဏ္ဏေးမတယောက်သည် လေးပါးသော ရဟန်းတို့အား ရည်ညွှန်း၍လှူအပ် သောဆွမ်းကို စီရင်ပြီးလျှင် ပုဏ္ဏားကြီးကို ကျောင်းသို့သွား၍ ဗြာဟ္မဏဖြစ်သော ပုဂ္ဂိုလ်ကြီးလေးဦးတို့ကို ညွှန်းစေ၍ ပင့်ဆောင်ခဲ့ချေလော့ဟု ဆိုလေ၏၊ ထိုပုဏ္ဏားကြီးသည် ကျောင်းသို့သွား၍ ဗြာဟ္မဏ ဖြစ်သော ပုဂ္ဂိုလ်လေးဦးတို့ကို ညွှန်း၍ တပည့်တော်အားပေးတော်မူကြပါဘုရားဟုလျှောက်လေ၏၊ ထိုပုဏ္ဏားကြီးအား သံကိစ္စသာမဏေ, ပဏ္ဍိတသာမဏေ, သောပါကသာမဏေ, ရေဝတသာမဏေ ဟူသော ခုနစ်နှစ်သား ရဟန္တာ သာမဏေ လေးပါးတို့သည် ရောက်လေကုန်၏။
ပုဏ္ဏေးမသည် မြတ်သောသူတို့အားသာလျှင် ထိုက်တန်ကုန်သော နေရာတို့ကို ခင်း၍နေစဉ် သာမဏေတို့ကို မြင်ရလျှင် အမျက်ထွက်လှသဖြင့် ခုံလောက်၌ ထည့်အပ်သော ဆားကဲ့သို့ တဖျစ်တောက်တောက်မြည်လျက် ကျောင်းသို့သွားပြီးလျှင် မိမိ၏ မြေးမျှလောက်မက ငယ်လှသော သူငယ်ကလေး လေးဦးတို့ကို ခေါ်၍ လာဘိ၏ဟု ဆို၍ ထိုသာမဏေငယ်တို့အား ထိုနေရာတို့၌ နေစေခြင်းငှါ မပေးဘဲ နိမ့်သော အင်းပျဉ်တို့ကို ခင်းသဖြင့် ဤနေရာတို့၌ နေကြကုန်လော့ဟု ဆိုပြီးလျှင် ပုဏ္ဏားကြီး - သွားတဲ့ချေဦး၊ ဗြာဟ္မဏပုဂ္ဂိုလ်ကြီးတို့ကို ကြည့်ရှု၍ ပင့်ဆောင်ခဲ့ချေလော့ ဟု ဆိုပြန်၏။
အဂ္ဂသာဝကကြီးများ ပင့်သွားရာ ပြန်ကြွခြင်း
ပုဏ္ဏားကြီးသည် ကျောင်းသို့သွား၍ ရှင်သာရိပုတြာမထေရ်ကို မြင်ရလျှင် ကြွတော်မူကြပါဘုရား, တပည့်တော်တို့၏ နေအိမ်သို့ သွားကြကုန်အံ့ဟု ပင့်ဆောင်လေ၏၊ ရှင်သာရိပုတြာမထေရ်သည် ကြွလာ၍ သာမဏေတို့ကို မြင်လျှင် ဤ ဗြာဟ္မဏကြီးတို့သည် ဆွမ်းကိုရအပ်ပြီလောဟု မေးလတ်သဖြင့် မရသေးပါဘုရား ဟု နားတော်လျှောက်လျှင် လေးယောက်သောသူတို့ အလို့ငှါသာလျှင် ဆွမ်းစီရင်သည့်အဖြစ်ကို သိတော်မူသဖြင့် ငါ၏သပိတ်ကို ဆောင်ခဲ့လော့ဟု ဆို၍ သပိတ်ကို လွယ်ယူလျက် ဖဲကြွသွားတော်မူလေ၏။
ပုဏ္ဏေးမသည်လည်း ဤပုဂ္ဂိုလ်သည် အဘယ်စကားကို ဆိုသနည်းဟု မေးလတ်သော် နေထိုင်နှင့်ကုန်သော ဤဗြာဟ္မဏကြီးတို့အား ရခြင်းငှါ သင့်၏ဟု ဆို၍ ငါ၏သပိတ်ကို ဆောင်ခဲ့လောဟု ဆိုပြီးလျှင် မိမိ၏သပိတ်ကို ယူ၍သွား၏ဟု ပြန်ကြားပြောဆို လတ်သည်ရှိသော် ဘုဉ်းပေးခြင်းငှါ အလိုမရှိသည် ဖြစ်လတ္တံ့ဟု လျင်မြန်စွာ သွားပြီးလျှင် တပါးသောပုဂ္ဂိုလ်ကို ကြည့်ရှု၍ ပင့်ဆောင်ခဲ့ချေဦးဟု စေလွှတ်ပြန်သဖြင့် ပုဏ္ဏားကြီးသည်သွား၍ ရှင်မောဂ္ဂလာန်မထေရ်ကိုမြင်လျှင် ထို့အတူသာလျှင် လျှောက်ကြား၍ ပင့်ဆောင်ပြန်လေ၏၊ ထိုရှင်မောဂ္ဂလာန် မထေရ်သည်လည်း သာမဏေတို့ကို မြင်လျှင် ထို့အတူသာလျှင် ဆို၍ သပိတ်ကိုယူလျက် ဖဲကြွသွားပြန်လေ၏၊ ထိုအခါပုဏ္ဏားကြီးကို ပုဏ္ဏေးမသည် ပုဏ္ဏားကြီး-ဤပုဂ္ဂိုလ်တို့ကား ဘုဉ်းပေးခြင်းငှါ အလိုမရှိကြကုန်၊ ကျောင်းသို့သွား၍ ဗြာဟ္မဏ ပုဂ္ဂိုလ်ကြီး တပါးကို ပင့်ဆောင်ချေဦးလော့ဟု စေလွှတ်ပြန်လေ၏။
သာမဏေတို့သည်လည်း နံနက်စောစောအခါမှစ၍ တစုံတခုကို မရကြကုန်သဖြင့် မွတ်သိပ် ဆာလောင်ခြင်းဖြင့် နှိပ်စက်အပ်ကုန်လျက် နေတော်မူကြရကုန်၏။
ပုဏ္ဏားအိုကြီးကိုတွေ့၍ ဝမ်းမြောက်ခြင်း
ထိုအခါ လေးဦးသော သာမဏေတို့၏ ဂုဏ်ကျေးဇူး အာနုဘော်တော်ကြောင့် သိကြားမင်း၏နေရာ ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် ပူပြင်းသော အခြင်းအရာကို ပြလေ၏၊ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် ထိုသာမဏေ လေးပါးတို့၏ နံနက်စောစောအခါမှစ၍ နေထိုင်ကြသဖြင့် ပင်ပန်းသည့်အဖြစ်ကို သိရလျှင် ငါသည် ထိုအရပ်သို့ သွားခြင်းငှါ သင့်၏ဟု အလွန် အိုမင်းလှသော အရွယ်ကြီးသော ပုဏ္ဏားအိုကြီးအသွင်ကို ဖန်ဆင်းလျက် ထိုပုဏ္ဏားတို့ ရွတ်ဖတ်ရာ အရပ်၌ ပုဏ္ဏားတို့အလို့ငှါ ခင်းထားအပ်သော မြတ်သော နေရာ၌ ထိုင်လျက် နေလေ၏။
ပုဏ္ဏားကြီးသည် ထိုပုဏ္ဏားအိုကြီးကို မြင်တဲ့လျှင် ယခုအခါ ငါ၏ ပုဏ္ဏေးမကား ဝမ်းမြောက်ဝမ်းသာ ရှိသည် ဖြစ်ပေတော့လတ္တံ့ ဟု အောက်မေ့သဖြင့် လာလှည့်ပါလော့ အိမ်သို့သွားကြကုန်အံ့ဟု သိကြားမင်း ပုဏ္ဏားအိုကြီးကို ပင့်ဆောင်ပြီးလျှင် အိမ်သို့ သွားလေ၏၊ ပုဏ္ဏေးမသည် ထို ပုဏ္ဏားအိုကြီးကို မြင်လျှင်မြင်ခြင်း ကြည်ရွှင်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ နှစ်ခုသော နေရာ တို့၌ ခင်းသော ခင်းနှီးကို တခုတည်းသောနေရာ အရပ်၌သာလျှင် ခင်းပြီးလျှင် အရှင်သည် ဤနေရာ၌ နေတော်မူပါလော့ဟု လျှောက်ဆိုလေ၏။
ပုဏ္ဏားအို သိကြားမင်းကို ဆွဲထုတ်ပြန်ခြင်း
သိကြားမင်းသည်လည်း အိမ်တွင်းသို့ဝင်၍ လေးပါးသော သာမဏေငယ် တို့ကို ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် ထိုသာမဏေငယ်တို့၏ နေရာအစွန် ဖြစ်သော မြေ၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် နေလေ၏၊ ထိုအခါ ထိုသို့နေသော ပုဏ္ဏားအိုကြီးကို မြင်ရလျှင် ပုဏ္ဏေးမသည် ပုဏ္ဏားကြီးကို သင် ပင့်ဆောင်ခဲ့သော ပုဏ္ဏားအိုကြီးကား အံ့ဖွယ်ရှိစွ၊ အဘအရွယ်မျှလောက်သော ဤပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်၍ လာသည် ဖြစ်ဘိ၏၊ ဤသို့ဖြစ်လျက် မိမိ၏ မြေးအရွယ်မျှလောက် ရှိသော သူငယ်တို့ကို ရှိခိုး၍ လှည့်လည်နေဘိ၏၊ ဤပုဏ္ဏားအိုကြီးဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုပုဏ္ဏားအိုကြီးကို နှင်ထုတ်ကြကုန်လော့ဟု ဆိုလေ၏၊ ထိုသိကြားမင်း ပုဏ္ဏားအိုကြီးသည် ပခုံး၌၎င်း,လက်၌၎င်း, လက်မောင်းအကြား ၌၎င်း ကိုင်ဆွဲ၍ နှင်ထုတ်သော်လည်း ထခြင်းငှါမျှလည်း အလိုမရှိ၊ ထိုအခါ ပုဏ္ဏားကြီးကို ပုဏ္ဏေးမသည် ပုဏ္ဏားကြီး လာလော့၊ သင်ကား လက်တဘက်၌ ဆွဲကိုင်,ငါကား လက်တဘက်၌ ဆွဲကိုင်အံ့ဟု ဆို၍ နှစ်ယောက်စလုံးတို့သည်လည်း လက်နှစ်ဘက်တို့၌ ဆွဲကိုင်၍ ကျောက်ကုန်း၌ ရိုက်ပုတ် ထောင်းထုလျက် အိမ် တံခါးမှ အပသို့ ငင်ထုတ်ခြင်းကို ပြုကြလေကုန်၏။
သိကြားမင်းသည်လည်း နေမြဲတိုင်းသော အရပ်၌သာလျှင် နေလျက် လက်ကို ဖြေစေလေ၏၊ ပုဏ္ဏားလင်မယားတို့သည် ပြန်နစ်၍ ထိုပုဏ္ဏားအိုကြီး ထိုင်နေသည်ကိုသာ မြင်ရလျှင် ကြောက်လန့်တကြား မြည်တမ်းသော အသံကို မြည်တမ်းကုန်လျက် လွှတ်လိုက်ကြရလေကုန်၏၊ ထိုခဏ၌ သိကြားမင်းသည် မိမိ၏ သိကြားအဖြစ်ကို သိစေလေ၏၊ ထိုအခါမှ ထိုသူတို့အား အစာအာဟာရကို ပေးလှူကြလေကုန်၏။
ပုဏ္ဏားကြီးအိမ် အပေါက်ငါးခု ဖြစ်ခြင်း
ငါးယောက်သော သူတို့သည်လည်း အစာအာဟာရကိုယူ၍ တဦးက အမွှန်း အချက်အဝန်းကို ထုတ်ချင်းဖောက်၍, တဦးက အမိုး၏ ရှေ့အဖို့ကို တဦးက နောက်အဖို့ကို, တဦးက မြေ၌ ငုပ်လျှိုး၍, သိကြားမင်းသည်လည်း တခုသော အရပ်ဖြင့်ထွက်၍ ဤသို့ငါးဦးသောသူတို့သည် ငါးပါးသောအရပ်တို့သို့ သွားကြလေကုန်၏၊ ထိုအခါမှ စ၍ကား ထိုအိမ်သည် ငါးခုသော အပေါက် ရှိသောအိမ် မည်သည် ဖြစ်ရသတတ်၊
သာမဏေတို့သည်လည်း ကျောင်းသို့ ရောက်သောအခါ ရဟန်းတို့သည် ငါ့သျှင်တို့- အဘယ်သို့သဘောရှိသနည်းဟု မေးကြလေကုန်၏၊ တပည့်တော်တို့အား မေးတော်မမူကြပါကုန်လင့်ဘုရား၊ တပည့်တော်တို့ကို မြင်ရသောအခါမှစ၍ ပုဏ္ဏေးမသည် အမျက်ဒေါသ ထွက်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ခင်းထားအပ်သော နေရာတို့၌ တပည့်တော်တို့အား နေစေခြင်းငှါလည်း မပေးဘဲ လျင်မြန်စွာ ဗြာဟ္မဏပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်ရမည်ဟု ပြောဆိုပါသည်ဘုရား၊ တပည့်တော်တို့၏ ဥပဇ္ဈာယ်ဖြစ်သော ရှင်သာရိပုတြာသည် ကြွလာ၍ တပည့်တော်တို့ကိုမြင်လျှင် နေထိုင်နှင့်ကြကုန်သော ဤဗြာဟ္မဏကြီးတို့အား ဆွမ်းရခြင်းငှါ သင့်၏ဟုဆို၍ သပိတ်ကို ဆောင်ယူစေပြီးလျှင် ထွက်ကြွသွားပါသည်ဘုရား၊ တပါးသော ဗြာဟ္မဏပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်ချေဦးဟု ဆိုပြန်သည်ရှိသော် ပုဏ္ဏားကြီးသည် ရှင်မောဂ္ဂလာန်မထေရ်ကိုပင့်ဆောင်လာပါသည်၊ ထိုရှင် မောဂ္ဂလာန်မထေရ်သည်လည်း တပည့်တော်တို့ကိုမြင်လျှင် ရှင်သာရိပုတြာအတူ သာလျှင် ဆို၍ ဖဲကြသွားပါသည်ဘုရား၊
ထိုအခါ ပုဏ္ဏေးမသည် ဤပုဂ္ဂိုလ်တို့ကား ဘုဉ်းပေးခြင်းငှါ အလိုမရှိကြကုန်၊ ပုဏ္ဏားကြီး-သွားချေဦး၊ ပုဏ္ဏားတို့ရွတ်ဖတ်ရာ အရပ်မှ အိုမင်းလှသော အရွယ်ကြီးသော ပုဏ္ဏားကြီးတဦးကို ပင့်ဆောင်ချေဦးဟု ပုဏ္ဏားကြီးကို စေခိုင်းပါသည်၊ ထိုပုဏ္ဏားကြီးသည် ထိုအရပ်သို့သွား၍ ပုဏ္ဏားအသွင်ဖြင့် လာသော သိကြားမင်းကို ပင့်ဆောင်လာခဲ့ပါသည်ဘုရား၊ ထိုသိကြားမင်း လာသောအခါမှ တပည့်တော်တို့အား အစာအာဟာရကို လှူဒါန်းကြပါသည်ဘုရားဟု လျှောက်ထားကြလေကုန်၏၊ ဤသို့ ပြုကြကုန်သော ထိုပုဏ္ဏားလင်မယားတို့အား သင်တို့ အမျက်ဒေါသမထွက်ကြကုန်ပြီလော ဟု မေးကြပြန်သဖြင့် အမျက်ဒေါသ မထွက်ကြပါဘုရားဟု လျှောက်ကြကုန်လျှင် ရဟန်းတို့သည် ထိုစကားကိုကြား၍ မြတ်စွာဘုရားအား မြတ်စွာဘုရား- ဤသာမဏေငယ်တို့သည် အမျက်ဒေါသ မထွက်ကြပါဟု မဟုတ်မမှန်သော စကားကို ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားကြပါသည် ဘုရားဟု နားတော် လျှောက်ကြားကြလေကုန်၏၊
မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့- ရဟန္တာတို့မည်သည်ကား ဆန့်ကျင်သော သူတို့နှင့် သော်လည်း ဆန့်ကျင်ခြင်း မရှိကြကုန်သည်သာတည်း ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄၀၅။ အဝိရုဒ္ဓံ ဝိရုဒ္ဓေသု၊ အတ္တဒဏ္ဍေသု နိဗ္ဗုတံ။
သာဒါနေသု အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဝိရုဒ္ဓေသု၊ ရန်ငြိုးဖွဲ့သောအားဖြင့် ဆန့်ကျင်ကြကုန်သော လောကီဘုံသား လူအများတို့၌။
အဝိရုဒ္ဓံ၊ ရန်ငြိုးထားသောအားဖြင့် မဆန့်ကျင်ကြကုန်သော။
အတ္တဒဏ္ဍေသု၊ မိမိ၌ လှံတံလက်နက်ဒဏ် ရှိကြကုန်သော သူတို့၌။ (လက်၌ရှိသော လှံတံ လက်နက် မရှိစေကာမူ သူတပါးတို့အား ပုတ်ခတ် ညှဉ်းဆဲခြင်း ပေးတတ်သည်မှ မကင်းသေးသော သူတို့ ဟူလို။)
နိဗ္ဗုတံ၊ ချအပ်ပြီးသော ဒဏ်ရှိသည်ဖြစ်၍ ငြိမ်းအေးပြီးကုန်ထသော။
သာဒါနေသု၊ ခန္ဓာ ငါးပါးတို့ကို ငါ, ငါ့ဥစ္စာဟု စွဲယူခြင်း ရှိကြကုန်သော သူတို့၌။
အနာဒါနံ၊ စွဲယူခြင်း မရှိထသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
သာမဏေလေးပါးတို့ဝတ္ထု ပြီး၏။
---
၂၄ - အရှင်မဟာပန္ထကမထေရ် ဝတ္ထု
ယဿ ရာဂေါ စ - အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာပန္ထကကို အကြောင်း ပြု၍ ဟောတော်မူလေ၏။
ရှင်မဟာပန်အား ဒေါသမရှိခြင်း
ထိုရှည်သောသက်တော်ရှိသော မဟာပန္ထကသည် လေးလတို့ဖြင့် တခုသော ဂါထာကို လေ့လာခြင်းကို ပြုခြင်းငှါ မတတ်နိုင်သော ရှင်စူဠပန္ထကကို သင်သည် သာသနာတော်၌လည်း မထိုက်တန်၊ လူ၏စည်းစိမ်ချမ်းသာမှလည်း ဆုတ်ယုတ်၏၊ သင့်အား ဤသာသနာတော်၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤသာသနာတော်မှ ထွက်သွားချေတော့လော့ဟု ကျောင်းမှ နှင်ထုတ်၍ တံခါးကို ပိတ်ထားလေ၏။
ရဟန်းတို့သည် ငါ့သျှင်တို့ - မဟာပန္ထက မထေရ်သည် ဤမည်သော အမှုကို ပြုလုပ်ဘိ၏၊ ရဟန္တာတို့အား အမျက်ဒေါသ ထွက်ခြင်းသည် ဖြစ်ဘိယောင်တကားဟု စကားကို ဖြစ်စေကြလေကုန်၏၊ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့- ရဟန္တာတို့အား ရာဂအစရှိသော ကိလေသာတို့သည် မရှိကြကုန်၊ ငါဘုရား၏ သားတော်ဖြစ်သော မဟာပန္တကသည် အကျိုးစီးပွားကို ရှေးရှုခြင်းဖြင့်၎င်း, အကြောင်းကို ရှေးရှုခြင်းဖြင့်၎င်း ပြုလုပ်ဘိ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄၀၆။ ယဿ ရာဂေါ စ ဒေါသော စ၊ မာနော မက္ခော စ ပါတိတော။
သာသပေါရိဝ အာရဂွေ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
အာရဂွေ၊ ပွတ်ဆောက်ဖျား၌။ သာသပေါရိဝ၊ မုန်ညင်းစေ့ကဲ့သို့။ ယဿ၊ အကြင်ပုဂ္ဂိုလ်အား။
ရာဂေါ စ၊ ရာဂကို၎င်း။ ဒေါသော စ၊ ဒေါသကို၎င်း။ မာနော စ၊ ငါဟူသော ထောင်လွှားခြင်းကို၎င်း။
မက္ခော စ၊ သူ၏ကျေးဇူးကို ချေဖျက်ခြင်းကို၎င်း။ ပါတိတော၊ ကျစေအပ်ပြီ။ ဝါ-ချအပ်ပြီ။
တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
အရှင်မဟာပန္ထကမထေရ် ဝတ္ထု ပြီး၏။
---
၂၅ - အရှင်ပိလိန္ဒဝစ္ဆ မထေရ် ဝတ္ထု
အကက္ကသံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ပိလိန္ဒဝစ္ဆ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သူယုတ်မာဟု ဆိုလေ့ရှိသော်လည်း ဒေါသမရှိခြင်း
ထိုရှည်သော သက်တော်ရှိသော ပိလိန္ဒဝစ္ဆမထေရ်သည် သူယုတ်မာ- လာဦးလော့, သူယုတ်မာ-သွားချေဦးလော့၊ ဤသို့စသော စကားတို့ကို ဆိုလျက် လူတို့ကို၎င်း, ရဟန်းတို့ကို၎င်း သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့်သာလျှင် ခေါ်ဝေါ်ပြောဆိုလေ့ ရှိသသတ်။
ထိုအခါ တနေ့သ၌ များစွာသော ရဟန်းတို့သည် ဘုရားရှင်အား မြတ်စွာဘုရား- အရှင်ပိလိန္ဒဝစ္ဆ မထေရ်သည် ရဟန်းတို့ကို သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုလေ့ ရှိပါသည် ဘုရားဟု လျှောက်ကြားကြလေကုန်၏။
ဘုရားရှင်သည် ထိုပိလိန္ဒဝစ္ဆမထေရ်ကို ခေါ်တော်မူပြီးလျှင် ချစ်သား ပိလိန္ဒဝစ္ဆ - သင်သည် ရဟန်းတို့ကို သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုလေ့ရှိသည် ဟူသည် မှန်သလောဟု မေးတော်မူသောကြောင့် မြတ်စွာဘုရား - ဟုတ်မှန်ပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ရှည်သော သက်တော်ရှိသော ထိုပိလိန္ဒဝစ္ဆမထေရ်၏ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို နှလုံးသွင်းတော်မူ၍ ချစ်သားရဟန်းတို့ - သင်တို့သည် ပိလိန္ဒဝစ္ဆရဟန်းအား မကဲ့ရဲ့ကြကုန်လင့်၊ ချစ်သားရဟန်းတို့ - ပိလိန္ဒဝစ္ဆရဟန်းသည် ဒေါသစိတ် ရှိသည်ဖြစ်၍ ရဟန်းတို့ကို သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုသည်မဟုတ်ပေ၊ ချစ်သားရဟန်းတို့- ဝစ္ဆရဟန်းအား ဘဝ ငါးရာတို့သည် မရောပြွမ်းဘဲ ရှိကုန်၏၊ ထိုအလုံးစုံသော ဘဝငါးရာတို့သည် ပုဏ္ဏားမျိုး၌ ဖြစ်ခြင်းရှိကုန်၏၊ ထိုဝစ္ဆရဟန်းသည် ရှည်ကြာစွာသော ကာလပတ်လုံး သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် လေ့ကျက်ခြင်းရှိ၏၊ ရဟန္တာ မည်သည်ကား သူတပါးတို့ကို ထိခိုက်သည့် အစွမ်းဖြင့် ကြမ်းကြုတ်ခက်ထန်ခြင်းသည် မရှိ၊ လေ့ကျက်ဖူးသည့် အစွမ်းဖြင့်သာလျှင် ငါ့သားတော် ပိလိန္ဒဝစ္ဆသည် ဤသို့ပြောဆိုလေ့ရှိ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄ဝ၇။ အကက္ကသံ ဝိညာပိနိံ၊ ဂိရံ သစ္စံ ဥဒီရယေ။
ယာယ နာဘိသဇေ ကိဉ္စိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယာယ ဂိရာယ၊ အကြင်စကားဖြင့်။ ကိဉ္စိ၊ တစုံတယောက်သောသူကို။
နာဘိသဇေ၊ အမျက်ထွက်စေသဖြင့် မကပ်ငြိစေရာ။ အကက္ကသံ၊ မကြမ်းကြုတ်သော။
ဝိညာပိနိံ၊ အနက်ကိုသိစေတတ်သော။ သစ္စံ၊ မှန်သောသဘောရှိသော။
တံ ဂိရံ၊ ထိုစကားကို။ ဥဒီရယေ၊ မြွက်ဆိုရာ၏။ တသ္မာ၊ ထို့ကြောင့်။
တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
အရှင်ပိလိန္ဒဝစ္ဆမထေရ် ဝတ္ထု ပြီး၏။
---
၂၆−မထင်ရှားသော မထေရ်တပါး ဝတ္ထု
ယောဓ ဒီဃံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော မထေရ်တပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ပုဆိုးသူခိုးဟု အဆိုခံရခြင်း
သာဝတ္ထိပြည်၌ မိစ္ဆာအယူရှိသော ပုဏ္ဏားတယောက်သည် ကိုယ်၌ အနံ့ကို ယူအံ့သည်မှ ကြောက်သောကြောင့် အပေါ်ရုံ စုလျားပုဆိုးကို ပယ်၍ တင့်အပ် လျောက်ပတ်သော အရပ်၌ ထားပြီးလျှင် အိမ်တံခါး၌ အပသို့ ရှေးရှုပြု၍နေလေ၏။
ထိုအခါ ရဟန္တာတပါးသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီးသဖြင့် ကျောင်းသို့ ကြွသွားလတ်သည်ရှိသော် ထိုပုဆိုးကိုမြင်ရလျှင် ထိုမှဤမှ ကြည့်ရှူလတ်သော်လည်း တစုံတယောက်ကိုမျှ မမြင်ရသောကြောင့် ဤပုဆိုးသည် အရှင်မရှိ ပံသုကူဖြစ်၏ဟု ဓိဋ္ဌာန်ဆောက်တည်၍ ကောက်ယူလေ၏။
ထိုအခါ ထိုမထေရ် ကောက်ယူနေသည်ကို ပုဏ္ဏားမြင်တဲ့လျှင် ဆဲရေးကာ ချဉ်းကပ်၍ ဦးပြည်းရဟန်း သင်သည် ငါ့ပုဆိုးကို ခိုးယူဘိသည်ဟု ဆိုလေ၏၊ ပုဏ္ဏား- ဤပုဆိုးကား သင့်ပုဆိုးလောဟု မေးလတ်သော် ရဟန်း - ငါ့ပုဆိုး ဟုတ်မှန်၏ဟု ဆိုလေ၏၊ ငါသည် တစုံ တယောက်သောသူကို မမြင်ရသောကြောင့် ပံသုကူဟူသော အမှတ်သညာဖြင့် ယူမိ၏၊ သင့်ပုဆိုး သင်ယူလော့ဟု ဆို၍ ပုဏ္ဏားအား ပေးပြီးလျှင် ကျောင်းသို့သွား၍ ရဟန်းတို့အား ထိုအကြောင်းကို ပြောကြားလေ၏။
ထိုအခါ မထေရ်၏ စကားကို ကြားကြလျှင် ရဟန်းတို့သည် ထိုမထေရ်နှင့် အတူတကွ ပြက်ရယ်ကျီစယ်မှုကို ပြုကြကုန်လျက် ငါ့သျှင် - အသို့နည်း၊ ပုဆိုးသည် ရှည်သလော တိုသလော, ကြမ်းတန်းထူထဲသလော, သိမ်မွေ့နူးညံ့သလောဟု ပြောဆိုကြသဖြင့် ငါ့သျှင်တို့ - ရှည်သည်မူလည်းဖြစ်စေ, တိုသည်မူလည်းဖြစ်စေ, ကြမ်းတန်းသည်မူလည်းဖြစ်စေ, သိမ်မွေ့နူးညံ့သည်မူလည်းဖြစ်စေ ငါ့အား ထိုပုဆိုး၌ နှစ်သက်တွယ်တာခြင်း မရှိပါ၊ ပံသုကူဟူသော အမှတ်သညာဖြင့် ထိုပုဆိုးကို ကောက်ယူမိပါသည်ဟု ပြန်ဆို၏။
ထိုစကားကို ကြားကြလျှင် ရဟန်းတို့သည် ဘုရားရှင်အား မြတ်စွာဘုရား - ဤရဟန်းသည် မဟုတ်မမှန်သော စကားကို ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည် ဘုရားဟု လျှောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် ချစ်သားရဟန်းတို့ - ဤရဟန်းသည် အဟုတ်အမှန်ကို ဆိုပေ၏၊ ရဟန္တာတို့မည်သည်ကား သူတပါးတို့၏ ဥစ္စာကို မယူကြကုန်ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄၀၈။ ယောဓ ဒီယံ ဝါ ရဿံ ဝါ၊ အဏုံ ထူလံ သုဘာသုဘံ။
လောကေ အဒိန္နာဒီယိ၊ အဒိန္နာဒီယိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဒီဃံ ဝါ၊ ရှည်သည်မူလည်းဖြစ်သော။ ရဿံဝါ၊ တိုသည်မူလည်း ဖြစ်သော။ (အဝတ် ပုဆိုး တန်ဆာ စသည်တို့၌ ယူလေ။)
အဏုံ ဝါ၊ ငယ်သည်မူလည်းဖြစ်သော။ ထူလံ ဝါ၊ ကြီးသည်မူလည်းဖြစ်သော။ (ပုလဲ ပတ္တမြား စသည်တို့၌ ယူလေ။)
သုဘံ ဝါ၊ ထိုက်တန်ကောင်းမြတ်သည်လည်းဖြစ်သော။ အသုဘံ ဝါ၊ မထိုက်တန် မကောင်းမြတ်သည်လည်း ဖြစ်သော။
အဒိန္နံ၊ အရှင်မပေးအပ်သောသူ့ ဥစ္စာကို။ ဣဓ၊ ဤလောက၌။ အနာဒီယိ၊ ယူငင်လေ့မရှိ။
တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
မထင်ရှားသောမထေရ်တပါး ဝတ္ထု ပြီး၏။
---
၂၇ - အရှင်သာရိပုတြာမထေရ် ဝတ္ထု
အာသာ ယဿ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရှင်သာရိပုတြာအား ပစ္စည်းတဏှာကင်းကြောင်း
အရှင်သာရိပုတြာ မထေရ်သည် ငါးရာသော ရဟန်းအပေါင်း ခြံရံလျက် ဇနပုဒ်၌ တခုသော ကျောင်းသို့ သွားပြီးလျှင် ဝါကပ်တော်မူလေ၏၊ လူတို့သည် ရှင်သာရိပုတြာကို မြင်ကြလျှင် များစွာသော ဝါဆိုသင်္ကန်းကို ဝန်ခံကြလေကုန်၏၊ ရှင်သာရိပုတြာမထေရ်သည် ပဝါရဏာပြုပြီး၍ အလုံးစုံသော ဝါဆိုသင်္ကန်း မရောက်မီသာလျှင် မြတ်စွာဘုရား၏ အထံတော်သို့ ကြွသွားတော်မူလတ်သည်ရှိသော် ရဟန်းတို့ကို ပဉ္စင်းငယ်တို့အလို့ငှါ၎င်း, သာမဏေတို့အလို့ငှါ၎င်း လူတို့သည် ဝါဆိုသင်္ကန်းကို ဆောင်ယူလာသည်ရှိသော် ယူ၍ ပို့လိုက်ကြပါကုန်လော၊ သို့တည်းမဟုတ် သိမ်းထား၍ သတင်းစကားကိုမူလည်း ပိုလိုက်ကြပါကုန်လော့ ဟူ၍ မှာထားမြွက်ကြား၍ သာလျှင် မြတ်စွာဘုရား၏ အထံတော်သို့ ကြွသွားတော်မူလေ၏။
ထိုအခါ ရဟန်းတို့သည် ယခု၌ပင် ရှင်သာရိပုတြာ မထေရ်အား တပ်ခြင်းတဏှာသည် ရှိသေးယောင်တကား၊ ထို့ကြောင့်သာလျှင် လူတို့အား ဝါဆိုသင်္ကန်း လှူလာသည်ရှိသော် မိမိ၏ သဒ္ဓိဝိဟာရိက တပည့်တို့အလို့ငှါ ဝါဆိုသင်္ကန်းကို ပိုလိုက်ကြပါကုန်လော့၊ သို့တည်းမဟုတ် သိမ်းထား၍ သတင်းစကားကိုမူလည်း ပိုလိုက်ကြပါကုန်လော့ဟူ၍ ရဟန်းတို့အား မှားထားမြွက်ကြားပြီးမှ မြတ်စွာဘုရား၏ အထံတော်သို့ ကြွလေဘိ၏တကား ဟူသောစကားကို ဖြစ်စေကြလေကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ - ငါဘုရား ကြွလာဆဲ ဖြစ်သောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့-ငါ့သား သာရိပုတြာအား တပ်ခြင်းတဏှာသည် မရှိပြီ၊ လူတို့အားလည်း ကောင်းမှုမှ မဆုတ်ယုတ်ပါစေလင့်၊ ပဉ္စင်းငယ် သာမဏေတို့အားလည်း တရားနှင့်လျော်သော လာဘ်မှ ဆုတ်ယုတ်ခြင်း မဖြစ်စေလင့်ဟု နှလုံးသွင်း၍သာလျှင် ထိုသာရှိပုတြာသည် ဆိုအပ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄၀၉။ အာသာ ယဿ န ဝိဇ္ဇန္တိ၊ အသ္မိံ လောကေ ပရမှိ စ။
နိရာသာသံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာသာ၊ တဏှာတို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကြကုန်။
အသ္မိံ လောကေ၊ ဤပစ္စုပ္ပန်လောက၌၎င်း။ ပရမှီ စ၊ တမလွန်လောက၌၎င်း။
နိရာသာသံ၊ တဏှာကင်းခြင်း ရှိထသော။ ဝိသံယုတ္တံ၊ ကိလေသာတို့နှင့် မယှဉ်ထသော။
တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
အရှင်သာရိပုတြာမထေရ် ဝတ္ထု ပြီး၏။
---
၂၈ - အရှင်မဟာမောဂ္ဂလာန်မထေရ် ဝတ္ထု
ယဿာလယာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာမောဂ္ဂလာန် မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရှင်မောဂ္ဂလာန်အား တဏှာမရှိကြောင်း
ဝတ္ထုကား ရှေး အရှင်သာရိပုတြာ ဝတ္ထုနှင့် တူသည်သာလျှင်တည်း။
ဤဝတ္ထု၌ကား မြတ်စွာဘုရားသည် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်၏ တဏှာကင်းသည့် အဖြစ်ကို မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄၁ဝ။ ယဿာလယာ န ဝိဇ္ဇန္တိ၊ အညာယ အကထံကထီ။
အမတောဂဓ မနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာလယာ၊ တဏှာတို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကြကုန်။
အညာယ၊ မဂ်ဉာဏ်ဖြင့် လွန်စွာသိ၍။ အကထံကထီ၊ ရှစ်ပါးသော ဝတ္ထုလျှင် တည်ရာရှိသော ယုံမှားခြင်းဖြင့် သို့လော သို့လောဟု တွေးတောယုံမှားခြင်းမရှိ။
အမတောဂဓံ၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သည်ဖြစ်၍။ အနုပ္ပတ္တံ၊ အစဉ်အားဖြင့် ရောက်သော။
တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
အရှင်မဟာမောဂ္ဂလာန်မထေရ် ဝတ္ထု ပြီး၏။
---
၂၉ - အရှင်ရေဝတမထေရ် ဝတ္ထု
ယောဓ ပုညဉ္စ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် ရေဝတမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရဟန္တာအား ကုသိုလ် အကုသိုလ် မရှိခြင်း
(ဝတ္ထုကို ဂါမေ ဝါ ယဒိ ဝါ ရညေ ဟူသော ဂါထာ၏ အဖွင့်၌ အကျယ် ချဲ့အပ်ပြီးသည်သာလျှင်တည်း၊ ထိုစကားမှန်၏၊ ထိုဝတ္ထု၌ တဖန် တနေ့သ၌ အစရှိသော စကားရပ်ကို ဆိုအပ်ပြီ။)
တဖန် တနေ့သ၌ ရဟန်းတို့သည် ရေဝတသာမဏေအား လာဘ် လာဘတို့သည် အံ့ဩဖွယ် ပေါများလှပေစ္စ၊ ကောင်းမှုဘုန်းကံ အံ့ဩဖွယ် ကြီးလှပေစွ၊ ထိုသာမဏေသည် တပါးတည်းဖြစ်လျက် ငါးရာသောရဟန်းတို့၏ အလို့ငှါ စုလစ်မွန်းချွန် အထွဋ်တပ်သော ငါးရာသော ကျောင်းတို့ကို ပြုလုပ်အပ်ကုန်၏ဟု စကားကို ဖြစ်စေကြလေကုန်၏။
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့ - ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သော စကား စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ - ငါ့သားတော် ရေဝတအား ကောင်းမှုကုသိုလ်သည်လည်း မရှိ၊ မကောင်းမှု အကုသိုလ်သည်လည်း မရှိ၊ ငါ့သားတော် ရေဝတသည်လည်း ကုသိုလ်, အကုသိုလ် နှစ်ပါးစုံကို ပယ်ရှားအပ်ပြီဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄၁၁။ ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂံ ဥပစ္စဂါ။
အသောကံ ဝိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဣဓ၊ ဤသာသနာတော်၌။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုညဉ္စ၊ ကောင်းမှုကို၎င်း။
ပါပဉ္စ၊ မကောင်းမူကို၎င်း။ ဥဘော၊ နှစ်ပါးစုံသော ကံတို့ကို။ ဆဍ္ဋေတွာ၊ ပယ်စွန့်၍။
သင်္ဂံ၊ ရာဂစသည် အပြားရှိသော ငြိကပ်ခြင်းကို။ ဥပစ္စဂါ၊ လွန်မြောက်လေပြီ။
အသောကံ၊ စိုးရိမ်ခြင်းလည်း မရှိထသော။ ဝိရဇံ၊ ရာဂဟူသည့် မြူလည်းမရှိထသော။
သုဒ္ဓံ၊ ကိလေသာမှ သန့်ရှင်းစင်ကြယ်ပြီးထသော။ တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
အရှင်ရေဝတမထေရ် ဝတ္ထု ပြီး၏။
၃ဝ - အရှင်စန္ဒာဘမထေရ် ဝတ္ထု
စန္ဒံဝ-အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်စန္ဒာဘမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
စန္ဒကူးရှာဖွေသော ကုန်သည်ကြီး
(ထိုသို့ ဟောတော်မူရာ၌ ဤ ဆိုလတ္တံ့သည်ကား အစဉ်ဖြစ်သော စကားတည်း။)
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကုန်သည်တဦးသည် ပစ္စန္တရစ် အရပ်သို့ သွား၍ စန္ဒကူးကို ဆောင်ယူအံ့ဟု များစွာကုန်သော အဝတ်တန်ဆာ စသည်တို့ကို ယူပြီးလျှင် လှည်းငါးရာတို့ဖြင့် ပစ္စန္တရစ်အရပ်သို့ သွားသည်ရှိသော် ရွာတံခါး၌ နေရာကို ယူသဖြင့် တောအုပ်၌ နွားကျောင်းသား သူငယ်တို့ကို ဤရွာ၌ တောင်ခြေရင်းတွင် အလုပ်အကိုင် လုပ်ကိုင်လျက်ရှိသော တစုံ တယောက်သော လူသည် ရှိသလောဟု မေးလေ၏၊
ရှိပါသည်ဟု ဆိုလျှင် ဤသူ သည် အဘယ်အမည် ရှိသနည်းဟု မေးပြန်လေ၏၊ ဤအမည်ရှိ၏ဟု ဆိုလျှင် ထိုသူ၏ မယား၏၎င်း, သားသ္မီးတို့၏၎င်း အမည်ကား အဘယ်နည်းဟု မေးပြန်၏၊ ဤအမည်သည်၎င်း, ဤအမည်သည်၎င်း ဖြစ်ပါသည်ဟု ဆိုလျှင် ထိုသူ၏ နေရာအိမ်သည် အဘယ်နေရာအရပ်၌ ရှိသနည်းဟု မေးပြန်၏၊
ဤအမည်ရှိသော နေရာအရပ်၌ ရှိပါသည်ဟု ဆိုလျှင် ထိုကုန်သည်သည် နွားကျောင်းသားသူငယ် တို့ ပေးအပ်သော အမှတ်သညာဖြင့် ကောင်းမွန်လှသော ယာဉ်ငယ်ထက်၌ နေလျက် = စီးလျက် ထိုသူ၏ အိမ်တံခါးသို့ ရောက်ပြီးလျှင် ယာဉ်ငယ်ထက်မှ သက်ဆင်းသဖြင့် အိမ်သို့ဝင်၍ ဤ အမည်ရှိသော အမိဟု ထိုမိန်းမကို ခေါ်လေ၏၊ ထိုမိန်းမသည် ငါတို့၏ဆွေမျိုးတယောက် ဖြစ်ပေလတ္တံ့ ဟု လျင်စွာလာ၍ နေရာ ခင်းပေးလေ၏၊
ထိုကုန်သည်သည် ခင်းအပ်သော နေရာ၌ နေထိုင်လျက် အမည်ကို ဆို၍ ငါ၏အဆွေခင်ပွန်းကား အဘယ်မှာနည်းဟု မေးလေ၏၊ အရှင် တောအုပ်သို့ သွားပါသည်ဟု ဆိုလျှင် ဤအမည်ရှိသော ငါ၏သားသည်၎င်း, ဤအမည်ရှိသော ငါ၏သ္မီးသည်၎င်း အဘယ်မှာနည်းဟု အလုံးစုံသော သူတို့၏ အမည်ကို ပြောကြားလျက် သာလျှင် မေးမြန်းပြီးလျှင် ဤအဝတ်တန်ဆာ စသည်တို့သည် ထိုသားသ္မီးတို့အလို့ငှါ ဖြစ်၏ဟု ပေးကမ်းလေ၏၊ ငါ၏ အဆွေ ခင်ပွန်းအားလည်း တောအုပ်မှ ပြန်ရောက်လာသောအခါ ဤအဝတ်တန်ဆာကို ပေးပါလော့ဟု ဆို၍ ပေးလေ၏။
ထိုမိန်းမသည် ကုန်သည်အား ကောင်းမွန် လေးမြတ်စွာ အရိုအသေပြု၍ လင်ယောက်ျား ပြန်ရောက်လာသောအခါ အရှင်- ဤကုန်သည်သည် အခါမှစ၍ အလုံးစုံသောသူတို့၏ အမည်ကို ဆိုလျက် ဤမည် ဤမည်သော အဝတ်တန်ဆာ စသည်ကို ပေးကမ်းပါသည်ဟု ဆိုလေ၏၊ ထိုသူသည်လည်း လှည်းကုန်သည်အား ပြုသင့် ပြုထိုက်သည်နှင့် ယှဉ်သောအမှုကို ပြုလေ၏၊
ထို့နောက် တောင်ခြေရင်း၌ အမှုလုပ်သောသူကို လှည်းကုန်သည်သည် ညချမ်းသောအခါ အိပ်ရာ၌နေလျက် အဆွေ- တောင်ခြေရင်း၌ သွားလာ လှည့်လည်သဖြင့် သင်သည် အဘယ် သစ်ပင်ကို များစွာ မြင်ရဖူးသနည်းဟု မေးလေ၏၊ တပါးသော သစ်ပင်ကို မမြင်ပါ၊ နီသော အကိုင်းအခက်ရှိသော များစွာသော သစ်ပင်တို့ကို အကျွန်ုပ် မြင်ရပါ၏ဟု ဆိုလျှင် အပင်သည် များပါ၏ လောဟု မေးလေ၏၊ ေဩာ်- များလှပါ၏ဟု ဆိုလျှင် ထိုသို့ဖြစ်မူ ထိုသစ်ပင်တို့ကို အကျွန်ုပ်အား ပြစမ်းပါလော့ဟု ဆိုလေ၏၊
ထိုသူနှင့် အတူတကွ သွား၍ စန္ဒကူးနီပင်တို့ကို ခုတ်ဖြတ်၍ လှည်းငါးရာတို့ကို ပြည့်စေသဖြင့် လာလတ်သည် ရှိသော် ထိုတောင်ခြေ အမှုလုပ်သောသူကို အချင်း. ဗာရာဏသီပြည် ဤ မည်သောအရပ်၌ အကျွန်ုပ်၏ အိမ်ရှိပါသည် အခါကာလအားလျော်စွာ အကျွန်ုပ်၏ အထံသို့ လာခဲ့ပါလော့၊ အကျွန်ုပ်အား တပါးသော လက်ဆောင်ဖြင့်လည်း အလိုမရှိပါ၊ နီသော အကိုင်း အခက်ရှိသော သစ်ပင်ကိုသာ ဆောင်ယူခဲ့ပါ လော့ဟု ဆိုလေ၏။
စန္ဒာဘ မထေရ်၏ ရှေးကုသိုလ်
ထိုတောင်ခြေအမှုလုပ်သူသည် ကောင်းပါပြီဟုဆို၍ ရံခါရံခါ ထိုကုန်သည်၏ အထံသို့ လာလတ် သည်ရှိသော် စန္ဒကူးနီကိုသာလျှင် ယူဆောင်လာ၏၊ ကုန်သည် သည်လည်း ထိုတောင်ခြေ အမှုလုပ်အား များစွာသော ဥစ္စာကို ပေး၏။ ထို့နောင်မှ တပါးသောအခါ ကဿပ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည်ဖြစ်၍ ရွှေစေတီကို တည်လတ်သည်ရှိသော် ထိုတောင်ခြေ အမှု လုပ်သမားသည် များစွာသော စန္ဒကူးကိုယူ၍ ဗာရာဏသီပြည်သို့ ရောက်သွား လေ၏၊
ထိုအခါ ထိုသူ၏ အဆွေခင်ပွန်းဖြစ်သော ကုန်သည်လည်း များစွာသော စန္ဒကူးကို ကြိတ်သွေး စေသဖြင့် ခွက်ကို ပြည့်စေပြီးလျှင် အဆွေ- လာလှည့် အကြင်မျှလောက် ထမင်းချက်နေသေး၏၊ ထိုမျှလောက် စေတီတည်ရာ အရပ်သို့ သွား၍ ပြန်လာအံ့ဟု ထိုတောင်ခြေ အမှုလုပ်သူကို ခေါ်ဆောင်ကာ စေတီ တည်ရာ အရပ်သို့သွား၍ စန္ဒကူးဖြင့် ပူဇော်ခြင်းအမှုကို ပြုလေ၏၊
ထိုကုန်သည်ကြီး၏ ပစ္စန္တရစ်ဇနပုဒ်နေ အဆွေခင်ပွန်း သည်လည်း စေတီဝမ်း၌ စန္ဒကူးဖြင့် လဝန်း သဏ္ဌာန်ကို ပြုလုပ်လေ၏၊ ထို ပစ္စန္တရစ်ရွာသား၏ ရှေး၌ဖြစ်သော ကောင်းမှုကံကား ဤမျှ သာလျှင်တည်း။
ချက်၌ လရောင်တောက်သော စန္ဒာဘ ပုဏ္ဏားဖြစ်ခြင်း
ထို ပစ္စန္တရစ်ရွာသားသည် ထိုကိုယ်အဖြစ်မှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်၌ဖြစ်၍ ကဿပ, ဂေါတမ ဟူသော ဘုရားရှင် နှစ်ဆူတို့၏ တခုသော အကြား ကာလပတ်လုံး ထိုနတ်ပြည်၌ ကုန်လွန်စေပြီးလျှင် ဤ ငါတို့ ဂေါတမဘုရား ပွင့်လင်း ထွန်းပသောအခါ ရာဇဂြိုဟ်ပြည်၌ များစွာပစ္စည်းဥစ္စာ ကြွယ်ဝ သော ပုဏ္ဏားမျိုး၌ ဖြစ်လေ၏၊
ထိုသူ၏ ချက်အဝန်းမှ လဝန်းသဏ္ဌာန်နှင့် တူသော ထွန်းလင်းသော အရောင်သည် ထွက်ပေါ် လေ၏၊ ထို့ကြောင့် ထိုသူအား စန္ဒာဘ ဟူသော အမည်ကိုသာလျှင် မှည့်ကြလေကုန်၏။
(ထိုသူ၏ ချက်မှ လဝန်းသဏ္ဌာန် အရောင်ထွက်ခြင်းသည် မြတ်စွာဘုရား စေတီ၌ စန္ဒကူးဖြင့် လဝန်းသဏ္ဌာန်ကိုပြု၍ ပူဇော်ခဲ့ဖူးသော ကောင်းမှု၏ အကျိုး အာနိသင် ဖြစ်သတတ်။)
ပုဏ္ဏားတို့သည် ငါတို့ကား ဤသူကို ခေါ်ဆောင်၍ လူအပေါင်းကို လှည့်ပတ် ဖြားယောင်းခြင်းငှါ တတ်ကောင်း၏ဟု ကြံကြလေကုန်၏၊ ထိုပုဏ္ဏားကို ယာဉ် ထက်၌ နေစေပြီးလျှင် အကြင်သူသည် ဤပုဏ္ဏား၏ကိုယ်ကို လက်ဖြင့်သုံးသပ်၏၊ ထိုသူသည် ဤသို့ သဘောရှိသော အစိုးတရ စည်းစိမ် ချမ်းသာကို ရပေလတ္တံ့ဟု ဆို၍ လှည့်ပတ်သွားလာကြလေကုန်၏၊
တရာသော ဥစ္စာကို၎င်း,တထောင်သော ဥစ္စာကို၎င်း ပေးကြကုန်သော သူတို့သည် ဤသို့ ပုဏ္ဏား၏ကိုယ်ကို လက်ဖြင့် တွေ့ထိခြင်းငှါ ရကြကုန်၏၊ ဤသို့လျှင် ပုဏ္ဏားတို့သည် အစဉ်အတိုင်း လှည့်လည် ကြကုန်သည်ရှိသော် သာဝတ္ထိပြည်သို့ ရောက်၍ သာဝတ္ထိပြည်၏၎င်း, ဇေတဝန် ကျောင်းတော်၏၎င်း အကြား၌ နေရာကို ယူကြလေကုန်၏။
ဘုရားရှင်နှင့် အရောင်ပြိုင်ခြင်း
သာဝတ္ထိပြည်၌လည်း ငါးကုဋေမျှ အတိုင်းအရှည် ရှိကုန်သော အရိယာ သာဝကဖြစ်သူ လူတို့သည် နံနက်အခါ အလှူကိုပေး၍ နေလွဲသောအခါ နံ့သာပန်း သင်္ကန်းလျာပုဆိုး ဆေးစသည်တို့ကို လက်စွဲကုန်လျက် တရားနာခြင်းငှါ သွားကြကုန်၏၊
ပုဏ္ဏားတို့သည် ထိုလူတို့ကို မြင်လျှင် အဘယ်အရပ်သို့ သွားကြကုန် သနည်းဟု မေးကြကုန်၏၊ မြတ်စွာဘုရား၏ အထံတော်သို့ တရားနာခြင်းငှါ သွားကြပါကုန်၏ဟု ဆိုသည်ရှိသော် လာကြပါ ကုန်လော့၊ ထိုဘုရား အထံသို့ သွား၍ အဘယ်အမှုကို ပြုလုပ်ကြကုန်အံ့နည်း၊ ငါတို့၏ စန္ဒာဘ အမည်ရှိသော ပုဏ္ဏား၏ အာနုဘော်နှင့်တူသော အာနုဘော်သည် မရှိ၊ ထို စန္ဒာဘ ပုဏ္ဏား၏ ကိုယ်ကို တွေ့ထိကြရကုန်သော သူတို့သည် ဤမည်သော စည်းစိမ်ချမ်းသာကို ရကြကုန်၏၊ လာကြပါ ကုန်လော့, ထို စန္ဒာဘပုဏ္ဏားကို ကြည့်ရှုကြပါကုန်လော့ ဟု ဆိုသဖြင့် သင်တို့၏ စန္ဒာဘပုဏ္ဏား၏ အာနုဘော်မည်သည် အဘယ်နည်း၊
ငါတို့၏ မြတ်စွာဘုရားသည်သာလျှင် ကြီးသောအာနုဘော်ရှိ၏ဟု ဆိုကြပြီးလျှင် ထိုသူတို့သည် အချင်းချင်း သိစိမ့်သောငှါ မတတ်နိုင်ကြကုန်သည် ဖြစ်ရကား ကျောင်းသို့သွား၍ စန္ဒာဘ ပုဏ္ဏား၏၎င်း, ငါတို့ဘုရားရှင်၏၎င်း အာနုဘော်ကို သိကြကုန်စိုအံ့ဟု ဆို၍ စန္ဒာဘပုဏ္ဏားကို ခေါ်ဆောင်လျက် ကျောင်းတော်သို့ သွားကြလေကုန်၏၊
မြတ်စွာဘုရားကား ထို စန္ဒာဘပုဏ္ဏားသည် ကိုယ်တော်မြတ်၏ အထံတော်သို့ ချဉ်းကပ်လတ်သော် သာလျှင် လရောင်၏ ကွယ်ပျောက်ခြင်းကို ပြုတော်မူလေ၏၊ ထိုစန္ဒာဘပုဏ္ဏားသည်ဘုရားရှင်၏ အထံတော်၌မီးသွေးတောင်း၌ ကျီးအ,ပမာ မည်းမှောင်စွာ ဖြစ်ရှာလေ၏၊
ထိုအခါ စန္ဒာဘပုဏ္ဏား ကို တခုသော အရပ်သို့ ဆောင်ကြလေကုန်၏၊ အရောင်သည် ပြကတေ့ သော အတိုင်းဖြစ်ပြန်လေ၏၊ တဖန် မြတ်စွာဘုရား၏ အထံတော်သို့ ဆောင်ယူလာကြ ပြန်ကုန်၏၊ အရောင်သည် ထိုရှေးအတူသာလျှင် ကွယ်ပျောက်ပြန်လေ၏။
ဘုရားရှင်ထံ မန္တန်တောင်းခြင်း
ဤသို့လျှင် သုံးကြိမ်သွား၍ ကွယ်ပျောက်ခြင်းရှိသောအရောင်ကို မြင်ရလျှင် စန္ဒာဘပုဏ္ဏားသည် ဤဘုရားရှင်ကား အရောင်ကို ကွယ်ပျောက်စေတတ်သော မန္တန်ကို တတ်သိယောင်တကားဟု ကြံလေ၏၊ စန္ဒာဘ ပုဏ္ဏားသည် မြတ်စွာဘုရားကို အသို့ပါနည်း၊ အကျွန်ုပ်၏ အရောင်ကို ကွယ်ပျောက် စေတတ်သော မန္တန်ကို တတ်သိတော်မူကြပါသလောဟု မေးလေ၏၊
ငါသိသည် မှန်၏ဟု မိန့်ဆိုလျှင် ထိုသို့သိမူ အကျွန်ုပ်အား ပေးသနားတော်မူကြပါလော့ဟု ဆိုလေ၏၊ ရဟန်း မဟုတ်သောသူအား ပေးခြင်းငှါ မတတ်ကောင်းဟု မိန့်တော်မူလျှင် စန္ဒာဘ ပုဏ္ဏားသည် ပုဏ္ဏားတို့ကို မန္တန်ကိုယူအပ်ပြီးသည်ရှိသော် ငါသည် အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ အကြီးအမြတ်ဆုံး ဖြစ်ပေလတ္တံ့၊ သင်တို့သည် ဤအရပ်၌သာ နေကြပါကုန်လော့၊ ငါရဟန်း ပြုပြီးလျှင် နှစ်ရက်သုံးရက်ဖြင့်သာ မန္တန်ကို သင်ယူအံ့ဟု ပြောကြားလေ၏။
မန္တန်သင်စဉ် ရဟန္တာဖြစ်ခြင်း
စန္ဒာဘ ပုဏ္ဏားသည် မြတ်စွာဘုရားကို ရှင်သာမဏေအဖြစ်ကို တောင်းပန်၍ ရဟန်းပြုလေ၏၊ ထိုအခါ စန္ဒာဘရဟန်းသစ်အား ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကို မိန့်ကြားတော်မူလေ၏၊ ထိုစန္ဒာဘ ရဟန်းသည် ဤကား အဘယ်ပါနည်းဘုရားဟု မေးလျှောက်၏၊ ဤကား မန္တန်၏ ပရိကံအခြေပြု ဖြစ်သည်၊ သရဇ္ဈာယ်ခြင်းငှါ သင့်၏ဟု မိန့်တော်မူလေ၏၊
ပုဏ္ဏားတို့သည်လည်း အကြား အကြား၌ လာပြီးလျှင် အသင်သည် မန္တန်ကို သင်ကြား အပ်ပြီလောဟု မေးကြကုန်၏၊ ရှေးဦးစွာ မသင်ယူရသေးပါဟု ဆို၏၊ ထိုစန္ဒာဘ ရဟန်းသည် နှစ်ရက် သုံးရက်ဖြင့် သာလျှင် အရဟတ္တဖိုလ်သို့ ရောက်၍ ပုဏ္ဏားတို့ လာ၍ မေးမြန်းသောအခါ သင်တို့ သွားကြကုန် လော့၊ ယခုအခါ ငါသည် မသွားစကောင်းသော သဘောရှိသည် ဖြစ်ပြီဟု ဆိုလေ၏၊
ရဟန်းတို့သည် ဘုရားရှင်အား မြတ်စွာဘုရား ဤစန္ဒာဘ ရဟန်းသည် မဟုတ်မမှန်သော စကားကို ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည် ဘုရားဟု လျှောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် ချစ်သား ရဟန်းတို့- ယခုအခါ ငါဘုရား၏သားတော် စန္ဒာဘ ရဟန်းသည် ကုန်ပြီးသော အာသဝေါရှိလေပြီ၊ အဟုတ်အမှန်ကိုသာ ပြောဆို၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော် မူလေ၏။
ဒေသနာတော်
၄၁၂။ စန္ဒံဝ ဝိမလံ သုဒ္ဓံ၊ ဝိပ္ပသန္န မနာဝိလံ။
နန္ဒီဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဝိမလံ၊ တိမ်တိုက် ဆီးနှင်းစသော အညစ်အကြေးမှ ကင်းထသော။
စနံဝ၊ လပြည့်ဝန်းကဲ့သို့။
သုဒ္ဓံ၊ စင်ကြယ်သော။
ဝိပ္ပသန္နံ၊ အထူးသဖြင့် ကြည်လင်သော စိတ် ရှိထသော။
အနာဝိလံ၊ ကိလေသာ ကင်းသည်ဖြစ်၍ နောက်ကျူခြင်း မရှိထသော။
နန္ဒီဘဝပရိက္ခိဏံ၊ ဘဝသုံးပါးတို့၌ ကုန်ပြီးသောတဏှာရှိထသော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
အရှင်စန္ဒာဘမထေရ် ဝတ္ထု ပြီး၏။
---
၃၁ - အရှင်သီဝလိမထေရ် ဝတ္ထု
ယော ဣမံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ကုဏ္ဍကောလိယ ပြည်ကိုမှီ၍ ကုဏ္ဍဓာနမည်သော တော၌ နေတော်မူစဉ် အရှင် သီဝလိမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရှင်သီဝလိမယ်တော် ဆင်းရဲရပုံ
တပါးသောအခါ သုပ္ပဝါသာ အမည်ရှိသော ကောလိယ မင်းသ္မီးသည် ခုနစ်နှစ်တို့ပတ်လုံး ကိုယ်ဝန်ကို ဆောင်ယူပြီးလျှင် ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့်ဖြစ်သော တွေဝေခြင်းရှိသည် ဖြစ်၍ ဆင်းရဲလှကုန်သော ထက်မြက်ကုန်သော စပ်ခါး ကြမ်းတန်းလှကုန်သော ဝေဒနာတို့ဖြင့် တွေ့ကြုံအပ်သဖြင့် အကြင် မြတ်စွာဘုရားသည် ဤသို့သဘောရှိသော ဤဆင်းရဲဒုက္ခကို ပယ်ခြင်းငှါ တရားကို ဟောတော်မူ၏၊
ထိုမြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူပေစွ တကား၊ ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော် အပေါင်းသည် ဤသို့သဘောရှိသော ဤဆင်းရဲ ဒုက္ခကို ပယ်ခြင်းငှါ ကျင့်ဆောင်တော်မူ၏၊ ထိုတပည့်သား သံဃာတော်အပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိတော်မူပေစွတကား၊ အကြင်နိဗ္ဗာန်၌ တည်သည်ရှိသော် ဤသို့ သဘောရှိသော ဆင်းရဲဒုက္ခ အပေါင်းသည် မရှိ၊ ထိုနိဗ္ဗာန်သည် ချမ်းသာလေစွ။
ဤသို့လျှင် ဤသုံးပါးသော အကြံတို့ဖြင့် ထိုဆင်းရဲ ဒုက္ခတို့ကို သည်းခံလျက် ခင်ပွန်းသည် ယောက်ျားကို မြတ်စွာဘုရား၏ အထံတော်သို့ စေလွှတ်သဖြင့် ထိုယောက်ျားသည် သုပ္ပဝါသာ မင်းသ္မီး၏ စကားဖြင့် မြတ်စွာဘုရားအား ရှိခိုးခြင်းကို လျှောက်ထားအပ်သည်ရှိသော် ကောလိယ မင်းသ္မီးဖြစ်သော သုပ္ပဝါသာသည် စင်စစ် ချမ်းသာခြင်းရှိသည် ဖြစ်စေသတည်း၊ ချမ်းသာခြင်း ရှိလျက် အနာရောဂါမရှိဘဲ အနာရောဂါကင်းသော သားကောင်း ရတနာကို ဖွားမြင်စေသတည်းဟု မြတ်စွာဘုရား မိန့်တော်မူသော ခဏ၌သာလျှင် ချမ်းသာခြင်းရှိလျက် အနာရောဂါ မရှိဘဲ အနာ ရောဂါ ကင်းသော သားကောင်း ရတနာကို ဖွားမြင်ပြီးလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်၍ ခုနစ်ရက် ပတ်လုံး ကြီးစွာသော အလှူကို ပေးလှူလေ၏။
ဖွားမြင်သောနေ့ အလုပ်လုပ်သော သတို့သား
ထိုသုပ္ပဝါသာ မင်းသ္မီး၏ သားသည်လည်း ဖွားမြင်သောနေ့မှစ၍ ဓမကရိုဏ် ရေစစ်ကို ယူလျက် သံဃာတော်အလို့ငှါ ရေကို စစ်လေ၏၊ ထိုသတို့သားငယ်သည် နောက်အဖို့၌ လူ့ဘောင်မှထွက်၍ ရဟန်းပြုလတ်သည်ရှိသော် အရဟတ္တ ဖိုလ်သို့ ရောက်လေ၏၊
ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့- ကြည့်ရှုကြပါကုန်လော့၊ ဤသို့ သဘောရှိသော အရဟတ္တဖိုလ်၏အကြောင်း ဥပနိဿယနှင့် ပြည့်စုံသော ရဟန်းသည် ဤမျှ လောက်သော ကာလပတ်လုံး မယ်တော်၏ဝမ်းခေါင်း၌ ဆင်းရဲဒုက္ခကို ခံစားရဘိ၏၊ တပါးသော သူတို့အားကား အဘယ်မှာလျှင် ဆိုဖွယ်ရာ အကြောင်းရှိတော့အံ့နည်း၊ စင်စစ်သော ဆင်းရဲ အပေါင်းကို ဤရဟန်းသည် ကူးမြောက်အပ်ပေပြီဟု စကားကို ဖြစ်စေကြလေကုန်၏၊
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့ ယခု ငါဘုရားကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသောကြောင့် ဤ မည်သောစကားဖြင့် စည်းဝေး ကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့- ဟုတ်မှန်ပေ၏၊ငါဘုရား၏ သားတော် သီဝလိသည် ဤမျှလောက်သော ဆင်းရဲ ဒုက္ခမှ လွှတ်၍ ယခုအခါ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ နေ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော် မူလေ၏။
ဒေသနာတော်
၄၁၃။ ယော မံ ပလိပထံ ဒုက္ခံ၊ သံသာရံ မောဟမစ္စဂါ။
တိဏ္ဏော ပါရင်္ဂတော ဈာယီ၊ အနေဇော အကထံကထီ။
အနုပါဒါယ နိဗ္ဗုတော၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
ဣမံ၊ ဤသို့ သဘောရှိသော။
ပလိပထံ၊ ရာဂတည်းဟူသော အနှောက်အယှက်ကို၎င်း။
ဒုဂ္ဂဉ္စ၊ ကိလေသာ တည်းဟူသော ညွှန်ပျောင်းကို၎င်း။
သံသာရဉ္စ၊ သံသရာဝဋ်ဆင်းရဲကို၎င်း။
မောဟဉ္စ၊ သစ္စာ လေးပါး ထိုးထွင်း၍ မသိနိုင်သော မောဟကို၎င်း။
အစ္စဂါ၊ လွန်မြောက်ပြီ။
တိဏ္ဏော၊ လေးပါးသော ဩဃကို ကူးမြောက်ပြီးသည် ဖြစ်၍။
ပါရင်္ဂတော၊ နိဗ္ဗာန်ဟူသော ကမ်းတဘက်သို့ ရောက်ပြီ။
ဈာယီ၊ နှစ်ပါးသောဈာန်ဖြင့် ရှုလေ့ရှိပြီ။
အနေဇော၊ တဏှာကင်းပြီ။
အကယံကထီ၊ သို့လော သို့လောဟု တွေးတော ယုံမှားခြင်းမရှိပြီ။
အနုပါဒါယ၊ တဏှာဒိဋ္ဌိအားဖြင့်စွဲလမ်းခြင်း မရှိမူ၍။
နိဗ္ဗူတော၊ ကိလေသာငြိမ်းခြင်းဖြင့် ငြိမ်းအေးလေပြီ။
တံဘိက္ခု၊ ထိုရဟန်းကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ မကောင်းမူမှ အပပြုပြီးသောသူဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။
အရှင်သီဝလိမထေရ်ဝတ္ထု ပြီး၏။
---
၃၂ - အရှင်သုန္ဒရ သမုဒ္ဒမထေရ် ဝတ္ထု
ယောဓ ကာမေ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သုန္ဒရသမုဒ္ဒမည်သော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သားရဟန်းပြုသဖြင့် မိခင် ငိုကြွေးခြင်း
သာဝတ္ထိပြည်၌ သုန္ဒရသမုဒ္ဒသတို့သား ဟူသော အမည်ရှိသော အမျိုးသား တယောက်သည် ကုဋေလေးဆယ် ဥစ္စာကြွယ်သော ကြီးမြတ်သောအမျိုး၌ ဖြစ်လေသတတ်၊
ထိုသတို့သားသည် တနေ့သ၌ နေလွဲသောအခါ နံ့သာပန်းစသည်ကို လက်စွဲလျက် တရားနာခြင်း အကျိုးငှါ ဇေတဝန်ကျောင်းတော်သို့ သွားသော များစွာသော လူအပေါင်းကို မြင်ရလျှင် အဘယ်အရပ်သို့ သွားကြပါသနည်းဟု မေးသဖြင့် မြတ်စွာဘုရား၏ အထံတော်သို့ တရားနာခြင်း အကျိုးငှါ သွားကြ ပါအံ့ဟု ဆိုလတ်သည်ရှိသော် ငါသည်လည်း သွားဦးအံ့ဟု ဆို၍ ထိုများစွာသော လူအပေါင်းနှင့် အတူတကွ သွားပြီးလျှင် ပရိသတ်တို့၏အစွန်၌နေလေ၏၊ မြတ်စွာဘုရားသည် သုန္ဒရသမုဒ္ဒ သတို့သား၏ အလိုကို သိတော်မူ၍ အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏၊
ထိုသတို့သားသည် အိမ်ရာ ထောင်သော လူ့ဘောင်၌ နေသဖြင့် ခရုသင်း ပွတ်သစ်စအလား သန့်ရှင်း စင်ကြယ်သော မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မတတ်ကောင်းဟု ကြံပြီးလျှင် မြတ်စွာဘုရား၏ တရားစကားကို မှီသဖြင့် ရဟန်းအဖြစ်၌ ဖြစ်သောအားထုတ် ခြင်းရှိသည်ဖြစ်၍ ပရိသတ်အများ ဖဲသွားလတ်သည်ရှိသော် မြတ်စွာဘုရားကို ရဟန်းအဖြစ် တောင်းပန်လေ သောကြောင့် မိခင် ဖခင်တို့သည် အနူးအညွတ် ခွင့်မလွှတ်အပ်သော သားကို ရှင်တော်ဘုရား တို့သည် ရဟန်း ပြုမပေးကြဟု ကြားသိရသဖြင့် အိမ်သို့သွား၍ ရဋ္ဌပါလ သတို့သား စသော သူတို့ကဲ့သို့ ကြီးစွာသော လုံ့လဖြင့် မိခင် ဖခင်တို့ကို ခွင့်လွှတ်စေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်၌ ရှင်သာမဏေပြုပြီးနောက် ပဉ္စင်းအဖြစ်ကို ရလတ်သည် ရှိသော် ငါ့အား ဤအရပ်၌ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ထိုသာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်မှ ထွက်ခွါခဲ့၍ ရာဇဂြိုဟ်ပြည် သို့ ကြွရောက်ပြီးလျှင် ဆွမ်းခံလှည့်လည်တော်မူလျက် ကာလကို လွန်စေလေ၏၊
ထိုအခါ တနေ့သ၌ သာဝတ္ထိပြည်တွင် ထိုသုန္ဒရ သမုဒ္ဒမထေရ်၏ မယ်တော် ခမည်းတော်တို့သည် တခုသော ပွဲသဘင်နေ့၌ ကြီးစွာသော အသရေ၏ တင့်တယ်ခြင်းအစုဖြင့် ထိုသုန္ဒရ သမုဒ္ဒ မထေရ်၏ အဆွေခင်ပွန်း သတို့သားတို့ ကစားကြသည်ကို မြင်ရလျှင် ငါတို့၏သားအား ဤ အသရေ၏ တင့်တယ်ခြင်း အစုကို ရနိုင်ခဲသည် ဖြစ်ရှာဘိ၏ဟု ငိုကြွေးကြလေကုန်၏။
လူထွက်အောင် ပြုပေးမည်ဟု ဝန်ခံသော မိန်းမ
ထိုခဏ၌ တယောက်သော ပြည့်ကံကျွေးမသည် ထိုအမျိုးအိမ်သို့သွားသဖြင့် သုန္ဒရသမုဒ္ဒ မထေရ်၏ မယ်တော် ငိုကြွေးလျက် နေသည်ကို မြင်ရလျှင် အမိ အဘယ်အကြောင်းကြောင့် ငိုကြွေးဘိသနည်းဟု မေးလေ၏၊ သားကိုလွမ်းဆွတ် အောက်မေ့လှ၍ ငိုကြွေးပါသည်ဟု ပြောဆိုလတ်သော် အမိ - ထိုသားသည် အဘယ်အရပ်၌ နေပါသနည်းဟု မေးလေ၏၊
ရဟန်းတို့ဘောင်၌ ရဟန်းပြု၍ နေ၏ဟု ပြောဆိုလျှင် လူထွက်စိမ့်သောငှါ မသင့်ပါသလောဟု မေးပြန်လေ၏၊ အလိုလည်း ရှိတော်မမူ၊ ဤသာဝတ္ထိပြည်မှ ထွက်ခွါ၍ ရာဇဂြိုဟ်ပြည်သို့ ကြွသွား တော်မူ၏ဟု ဆိုလတ်သော် ကျွန်မသည် ထိုရဟန်းကို အကယ်၍ လူထွက်စေနိုင် သည်ဖြစ်ပါအံ့၊ ကျွန်မအားအဘယ်သို့ ပြုစုကြကုန်အံ့နည်းဟုဆိုလေ၏၊
သင့်အား ဤအမျိုး၏ ဥစ္စာစည်းစိမ်အရှင် ပြုကြကုန်အံ့ဟု ဆိုလတ်သော် ထိုသို့ဖြစ်မူ ကျွန်မအား မျိုးရိက္ခာကို ပေးကြပါကုန်လော့ဟု မျိုးရိက္ခာကို ယူပြီးလျှင် များစွာသော အခြံအရံဖြင့် ရာဇဂြိုဟ်ပြည်သို့ သွား၍ မထေရ်မြတ်၏ ဆွမ်းခံလှည့် လည်သော လမ်းခရီးကို မှတ်သားသဖြင့် ထိုလမ်းခရီး၌ နေရာအိမ်တခုကို ယူပြီးနောက် နံနက်စောစောကပင်လျှင် မွန်မြတ်သော အာဟာရကို စီမံ၍ မထေရ် မြတ်၏ ဆွမ်းအလို့ငှါ ကြွဝင်လာသောအခါ ဆွမ်းကိုလှူသဖြင့် နှစ်ရက် သုံးရက် လွန်သောအခါ အရှင်ဘုရား ဤအိမ်၌သာ နေထိုင်လျက် ဆွမ်းဘုဉ်းပေးခြင်း ကိစ္စကို ပြုတော်မူကြပါဘုရားဟု လျှောက်၍ သပိတ်ကို ယူလေ၏၊ မထေရ်မြတ် သည် သပိတ်ကို ပေးလေ၏။
ရသတဏှာဖြင့် ဖြားယောင်းခြင်း
ထိုအခါ မထေရ်ကို မွန်မြတ်သော အာဟာရဖြင့် လုပ်ကျွေးပြီးလျှင် အရှင်ဘုရား - ဤအိမ်၌ပင်လျှင် ဆွမ်းခံအတွက် လှည့်လည်ခြင်းငှါ ချမ်းသာပါသည် ဘုရားဟု လျှောက်ကြား၍ နှစ်ရက် သုံးရက်ပတ်လုံး အိမ်ဦး၌ နေစေလျက် ဆွမ်း ကျွေးပြီးလျှင် သူငယ်တို့ကို မုံ့တို့ဖြင့် ပေးကမ်း ချီးမြှောက်ထောက်ပံ့၍ လာကြကုန်ဦးလော့၊ သင်တို့သည် မထေရ်မြတ် ကြွလာသောအခါ ငါတားမြစ်သော် လည်း ဤနေရာသို့ လာကြပြီးလျှင် မြူမှုန့်တို့ကို ထအောင် ပြုကြကုန်လောဟုဆို လေ၏၊
ထိုသူတို့သည် တဖန်မိုးသောက်သောနေ့၌ မထေရ်မြတ်၏ ဆွမ်းဘုဉ်းပေး သောအခါထိုမိန်းမသည် တားမြစ်အပ်ကုန်သော်လည်း မြူမှုန့်တို့ကို ထစေကြလေကုန်၏၊ ထိုမိန်းမသည် တဖန်မိုးသောက် သော နေ့၌ အရှင်ဘုရား- သူငယ်တို့သည် တားမြစ်အပ်ကုန်သော်လည်း တပည့်တော်မ၏ စကားကို မနာမယူကြမူ၍ ဤနေရာ၌ မြူမှုန့်တို့ကို ထစေကြပါသည်၊ အိမ်အတွင်း၌ နေထိုင်တော်မူကြပါ ဘုရားဟုဆို၍ အိမ်တွင်း၌ နေစေပြီးလျှင် နှစ်ရက် သုံးရက်ပတ်လုံး ဆွမ်း လုပ်ကျွေးလေ၏၊
တဖန် သူငယ်တို့ကို ထောက်ပံ့ပြန်သဖြင့် သင်တို့သည် တားမြစ်သော်လည်း မထေရ်မြတ်၏ ဆွမ်းဘုဉ်းပေးသောအခါ သည်းစွာသော အသံကို ပြုကြကုန်လော့ဟု ဆိုလေ၏၊ သူငယ်တို့သည် ထိုမိန်းမဆိုတိုင်း ပြုကြလေကုန်၏၊
ထိုမိန်းမသည် တဖန်မိုးသောက်သောနေ့၌ အရှင်ဘုရား- ဤနေရာ၌ အလွန်လျှင် သည်းစွာသော အသံဖြစ်ပါသည်၊ သူငယ်တို့သည် တပည့်တော်မ တားမြစ်အပ်ကုန်သော်လည်း စကားကို မနာမယူကြပါ၊ ပြာသာဒ် အထက်၌သာလျှင် နေတော်မူကြပါ ဘုရားဟု လျှောက်ထားသဖြင့် မထေရ် ဝန်ခံလတ်သည်ရှိသော် မထေရ်မြတ်ကို ရှေ့မှပြု၍ ပြာသာဒ်သို့ တက်သွားစဉ် တံခါးတို့ကို ပိတ်၍သာ လျှင် ပြာသာဒ်သို့ တက်သွားလေ၏၊
သုန္ဒရသမုဒ္ဒ မထေရ်မြတ်သည် မြတ်သော အိမ်စဉ်မပြတ် ဆွမ်းခံလေ့ရှိသော သပဒါနစာရီ ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ် တပါး ဖြစ်ပါငြားလည်း ရသ တဏှာဖြင့် ဖွဲ့အပ်သည် ဖြစ်ရကား ထိုမိန်းမ၏ စကားဖြင့် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်သို့ တက်ကြွတော် မူရရှာလေ၏၊ ထိုမိန်းမသည် မထေရ်မြတ်ကို ထိုင်နေစေပြီးလျှင် -
မာယာလေးဆယ်
(အဆွေ ပုဏ္ဏမုခ အမည်ရှိသော ဥဩ- စင်စစ်မုချ လေးဆယ်သော အကြောင်းအရာတို့ဖြင့် မိန်းမသည် ယောက်ျားကို လွန်ကျူး လွှမ်းမိုးကာ ပြုကျင့်တတ်၏။
၁။ ဝိဇမ္ဘတိ၊ ကိုယ်လက်ကို ဆန့်တန်း၏။
၂။ ဝိလာသတိ၊ တင့်တယ် စံပယ်၏။
၃။ ဝိနမတိ၊ ညွတ်၏,ငုံ့၏, ကုန်း၏။
၄။ ဝိလဇ္ဇတိ၊ ရှက်နိုးဟန် ပြု၏။
၅။ နခေန၊ လက်သည်းခြေသည်းဖြင့်။ နခါ၊ လက်သည်း ခြေသည်းကို။ သန္ဓေတိ၊ ထိခိုက် ချုတ်ချယ်၏။
၆။ ပါဒေန၊ ခြေတဘက်ဖြင့်။ ပါဒံ၊ ခြေတဘက်ကို။ အက္ကမတိ၊ နင်း၏။
၇။ ကဋ္ဌေန၊ သစ်သားလှံတံဖြင့်။ ပထဝိံ၊ မြေကို။ ဝိလိခတိ၊ ရေးခြစ်၏။
၈။ ဒါရကံ၊ သူငယ်ကို။ ဥလ္လင်္ဃတိ၊ မြှောက်ပင့်၏။
၉။ ဥလ္လင်္ဃာပေတိ၊ မြှောက်ပင့်စေ၏။
၁ဝ။ ဥက္ခိပတိ၊ ချီ၏။
၁၁။ ကီဠတိ၊ ကစား၏။
၁၂။ ကီဠာပေတိ၊ ကစားစေ၏။
၁၃။ စုမ္ဗတိ၊ နမ်းရှုပ် စုပ်၏။
၁၄။ စုမ္ဗာပေတိ၊ သူငယ်ကို နမ်းရှုပ် စုပ်စေ၏။
၁၅။ ဘုဉ္ဇတိ၊ စား၏။
၁၆။ ဘုဉ္ဇာပေတိ၊ စားစေ၏။
၁၇။ ဒဒါတိ၊ ပေး၏။
၁၈။ ယာစတိ၊ တောင်း၏။
၁၉။ ကတံ၊ သူငယ်ပြုသည်ကို။ အနုကရောတိ၊ အတုလိုက်၍ ပြု၏။
၂၀။ ဥစ္စံ ဘာသတိ၊ မြှင့်၍ ဆို၏။
၂၁။ နီစံ ဘာသတိ၊ နှိမ့်ချ၍ ဆို၏။
၂၂။ အဝိစ္စံ ဘာသတိ၊ ထင်ရှား သိသာစွာ ဆို၏။
၂၃။ ဝိဝိစ္စံ ဘာသတိ၊ မသိမသာ ဖုံးကွယ်ကာ ဆို၏။
၂၄။ နစ္စေန၊ ကခြင်းဖြင့်။
ဂီတေန၊ သီခြင်းဖြင့်။
ဝါဒိတေန၊ တီးမှုတ် ခြင်းဖြင့်။
ရောဒိတေန၊ ငိုကြွေးခြင်းဖြင့်။
ဝိလာသိတေန၊ တင့်တယ် စံပယ်ခြင်းဖြင့်။
ဝိဘူသိတေန၊ တန်ဆာဆင်ခြင်းဖြင့်။
ဇဂ္ဃတိ၊ တခစ်ခစ် ရယ်၏။
၂၅။ ပေက္ခတိ၊ တစိမ့်တစောင်း ကြည့်ရှု၏။
၂၆။ ကဋိံ၊ ခါးကို။ စာလေတိ၊ လှုပ်၏။
၂၇။ ဂုယှဘဏ္ဍကံ၊ လျှို့ဝှက်အပ်သော အင်္ဂါကြီးငယ်ကို။ စာလေတိ၊ လှုပ်၏။
၂၈။ ဦရုံ၊ ပေါင်ကို။ ဝိဝရတိ၊ လှစ်၏။
၂၉။ ဦရုံ၊ ပေါင်ကို။ ပိဒဟတိ၊ ပိတ်၏ ထိ၏။
၃ဝ။ ထနံ၊ သားမြတ်ကို။ ဒဿေတိ၊ ပြ၏။
၃၁။ ကစ္ဆံ၊ လက်ကတီးကြားကို။ ဒဿေတိ၊ ပြ၏။
၃၂။ နာဘိံ၊ ချက်ကို။ ဒဿေတိ၊ ပြ၏။
၃၃။ အက္ခိံ၊ မျက်စိကို။ နိခဏတိ၊ မှိတ်၏။
၃၄။ ဘမုကံ၊ မျက်မှောင်ကို။ ဥက္ခိပတိ၊ ချီ၏ ပင့်၏။
၃၅။ ဩဋ္ဌံ၊ နှုတ်ခမ်းကို။ ပလိခတိ၊ ကိုက်၏ စူ၏ လျက်၏ ပြင်၏။
၃၆။ ဇိဝှံ၊ လျှာကို။ နိလ္လောလေတိ၊ မွှေနှောက်၏။
၃၇။ ဒုဿံ၊ အဝတ်ထမီကို။ မုဉ္စတိ၊ ကျွတ်စေ၏ ဖြည်၏။
၃၈။ ဒုဿံ၊ အဝတ်ထမီကို။ ဗန္ဓတိ၊ ခိုင်အောင်ဖွဲ့၏။
၃၉။ သိရသံ၊ ဆံထုံးကို။ မုဉ္စတိ၊ ဖြည်၏။
၄ဝ။ သိရသံ၊ ဆံထုံးကို။ ဗန္ဓတိ၊ ဖွဲ့၏ ခိုင်ခိုင်ပြင်ထုံး၏။)
ရဟန်းနှင့် မာတုဂါမတို့ စစ်ပွဲ
ဤသို့လာသော မိန်းမတို့၏ အပြုအမူကို၎င်း, မိန်းမတို့၏ တင့်တယ်စံပယ်ခြင်းကို၎င်း ပြသဖြင့် ထိုမထေရ်မြတ်၏ရှေ့၌ ရပ်ထဲ့၍ ဤဂါထာကို ဆိုလေ၏။
အလတ္တက ကတာပါဒါ၊ ပါဒုကာရုယှ ဝေသိယာ။
တွံပိ ဒဟရောဝ မမ၊ အဟံပိ ဒဟရာ တဝ။
ဥဘောပိ ပဗ္ဗဇိဿာမ၊ ပစ္ဆာ ဇိဏ္ဏာ ဒဏ္ဍပရာယနာ။
အလတ္တက ကတာပါဒါ၊ ချိတ်ရည်ဖြင့် နီတွေးအောင် တပ်ဆိုးအပ်သော ခြေအစုံရှိသော။
ဝေသိယာ၊ ပြည့်ကံကျွေးမသည်။
ပါဒုကာ၊ ရွှေခြေနင်းတို့ကို။
အာရုယှ၊ စီးနင်းလျက်။
အဘာသထ၊ ချစ်ကြည်စိမ့်သောအား ဤစကားကို နှုတ်ဖျားသံချို သဘောယိုအောင် ပြောဆို လေ၏။
ဘန္တေ၊ အရှင်ဘုရား။
တွံပိ၊ အရှင်ဘုရားသည်လည်း။
မမ၊ အကျွန်ုပ်၏။
ဒဟရောဝ၊ ချစ်ကြည်စိတ်ထွား ပျိုနုသောလင်ယောက်ျားသည်သာလျှင်။
ဘဝ၊ ဖြစ်ပါလော့။
အဟံပိ၊ အကျွန်ုပ်သည်လည်း။
တဝ၊ အရှင်ဘုရား၏။
ဒဟရာ၊ ကြင်ယာသက်ထား ပျိုနုသော ချစ်မယားသည်။
ဘဝါမိ၊ ဖြစ်ပါအံ့။
ပစ္ဆာ၊ စည်းစိမ်ပြည့်ဝ နောက်ကာလ၌။
ဇိဏ္ဏာ၊ အသက်ကြီးပြင်း အရွယ်ယွင်း၍ အိုမင်းကြကုန်သည်ရှိသော်။
ဒဏ္ဍပရာယနာ၊ တောင်ဝှေး တုတ်ချောင်း လည်းလျောင်းအားခဲ လက်၌ စွဲကြရကုန် သည်ရှိသော်။
ဥဘောပိ၊ ပါရမီအထက် ဖြည့်ဘက်ချစ်ဆုံး နှစ်ယောက်စလုံးပင်။
ပဗ္ဗဇိဿာမ၊ မောင်ကရှေ့သွား မယ်ကား နောက်လိုက် တစိုက်စိုက်ဖြင့် အမြိုက်စခန်း နိဗ္ဗာန် လှမ်းအောင် ရဟန်းပြုကြပါစို့ဘုရား။
သုန္ဒရသမုဒ္ဒ မထေရ်မြတ်အား မစူးစမ်း မဆင်ခြင်မူ၍ ငါပြုအပ်သောအမူသည် အလွန်တရာ ဝန်လေးလေစွတကားဟု ကြီးစွာသော ထိတ်လန့်ခြင်းသည် ထင်ရှားစွာဖြစ်လေ၏၊
ထိုခဏ၌ မြတ်စွာဘုရားသည် လေးဆယ့်ငါးယူဇနာထက်၌ တည်သော ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက်သာလျှင် ထိုအကြောင်းကို မြင်တော်မူရလျှင် ပြုံးခြင်းကို ထင်စွာပြုတော်မူလေ၏၊ ထိုအခါ မြတ်စွာဘုရားကို ရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား- ပြုံးခြင်းကို ထင်စွာပြုတော် မူခြင်း၏အကြောင်းကား အဘယ်ပါနည်း, အထောက်အပံ့ကား အဘယ်ပါနည်း ဘုရားဟု မေးလျှောက်လေ၏၊
ချစ်သားအာနန္ဒာ - ရာဇဂြိုဟ်ပြည်၌ ဘုံခုနစ်ဆင့် ရှိသော ပြာသာဒ်အပြင်ဝယ် သုန္ဒရသမုဒ္ဒ ရဟန်း ၏၎င်း, ပြည့်ကံကျွေးမ၏၎င်း စစ်ထိုးခြင်းသည် ဖြစ်၏ဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား အဘယ်သူအား နိုင်ခြင်းသည် ဖြစ်ပါလတံ့နည်း, အဘယ်သူအား ရှုံးခြင်းသည် ဖြစ်ပါလတံ့နည်း ဘုရားဟု မေးလျှောက်ပြန်လေ၏၊
မြတ်စွာဘုရားသည် ချစ်သားအာနန္ဒာ - သုန္ဒရ သမုဒ္ဒရဟန်းအား နိုင်ခြင်းသည် ဖြစ်လတံ့၊ ပြည့်ကံကျွေးမအား ရှုံးခြင်းသည် ဖြစ်လတံ့ဟု မိန့်တော်မူ၍ မထေရ်မြတ်၏ အောင်ခြင်းကို ပြတော်မူပြီးလျှင် ထို ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် ချစ်သားရဟန်း - နှစ်ပါးလည်း ဖြစ်ကုန်သော ဝတ္ထုကာမ ကိလေသာ ကာမတို့ကို ငဲ့ကွက်ခြင်း ကင်းသည်ဖြစ်၍ ပယ်စွန့်လေလော့ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
၄၁၄။ ယောဓ ကာမေ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ ။
ကာမဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။
ဣဓ၊ ဤလောက၌။
ကာမေ၊ နှစ်ပါးသော ကာမဂုဏ်တို့ကို။
ပဟာန္တွာန၊ ပယ်ဖျောက်ဦး၍။
အနာဂါရော၊ အိမ်ရာထောင်ခြင်း မရှိသည်ဖြစ်၍။
ပရိဗ္ဗဇေ၊ ကျင့်၏။
ကာမဘဝပရိက္ခီဏံ၊ ကုန်ပြီးသော ကာမဂုဏ်,ကုန်ပြီးသော ဘဝရှိထသော။
တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ သုန္ဒရသမုဒ္ဒ မထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်၍ တန်ခိုး အာနုဘော်အားဖြင့် ကောင်းကင်သို့ ပျံတက်လျက် ထုပိကာ အဝန်းကို ထုတ်ချင်းဖောက်ထွင်း ပြီးလျှင် မြတ်စွာဘုရား၏ကိုယ်တော်ကို ချီးမွှမ်း ထောမနာလျက်သာ ကြွလာ၍ မြတ်စွာဘုရားကို ရှိခိုးကာ နေလေ၏။
ရသတဏှာ အယုတ်မာဆုံး (အတိတ်)
တရားသဘင်၌လည်း ငါ့သျှင်တို့ - ဇိဝှါဝိညာဉ်ဖြင့် သိအပ်သော အရသာကို သုန္ဒရသမုဒ္ဒ မထေရ်သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့လေ၏၊ မြတ်စွာဘုရားသည်ကား ထိုမထေရ်၏ မှီခိုရာ ဖြစ်တော်မူပေ၏ဟု စကားကို ဖြစ်စေကြလေကုန်၏၊
မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူရလျှင် ချစ်သား ရဟန်းတို့ - ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် အရသာ၌ တပ်နှစ်သက် ခြင်း တဏှာဖြင့် ဖွဲ့အပ်သော သဘောရှိသော ထိုရဟန်း၏ မှီခိုရာ ဖြစ်ဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုရဟန်း တို့သည် တောင်းပန်အပ်သည်ရှိသော် ထိုအကြောင်းကို ထင်ရှားစွာ ပြခြင်းအကျိုးငှါ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူလို၍ -
န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိ ဝါ သန္တဝေဟိ ဝါ။
ဝါတမိဂံ ဂဟနနိဿိတံ၊ ဝသမာနေသိ ရသေဟိ သဉ္ဇယော။
ရသေဟိ၊ ချို, ချဉ်, စပ်, ငန်, အဖန်, အခါး ခြောက်ပါးသော အရသာတို့၌ တပ်စွန်းကုန်သော ရသတဏှာတို့အောက်။
ပါပိယော၊ အထူးသဖြင့် ယုတ်မာသော တရားသည်။
နအတ္ထိ ကိရ၊ မရှိသတတ်။
အယံ၊ ဤရသတဏှာသည်။
အာဝါသေဟိ ဝါ၊ အရိပ်အာဝါသ နေရာတို့၌ တပ်စွန်းသော တဏှာတို့ အောက်၎င်း။
သန္တဝေဟိ ဝါ၊ အပေါင်းအဖော်၌ တပ်စွန်းသော တဏှာတို့အောက်၎င်း။
ပါပတရာ ကိရ၊ အဆအရာမက သာလွန်၍ ယုတ်မာလှသတတ်။
ဂဟန နိဿိတံ၊ တောချုံကိုမှီထသော။
ဝါတမိဂံ၊ ဝါတမိဂ ခေါ်ရမည်တွင် တောသမင်ကို။
သဉ္ဇယော၊ သဉ္ဇယမည်သော ဥယျာဉ်စောင့်သည်။
ရသေဟိ၊ ပျားလူးမြက် အရသာတို့ဖြင့်။
ဝသံ၊ မိမိအလိုသို့။
အာနေသိ၊ ဆောင်ယူလေပြီ။
ဟူသော ဤ ဝါတမိဂ သမင်ပျံဇာတ်ကို အကျယ် ချဲ့တော်မူပြီးလျှင် ထိုအခါ သုန္ဒရသမုဒ္ဒ ရဟန်းသည် သမင်ပျံ ဖြစ်ဖူး၏၊ ဤဂါထာကို ဟောပြော၍ ထိုသမင်ပျံကို လွှတ်စေသော မင်း၏ အမတ်ကြီးသည် ငါဘုရားသာလျှင်ဖြစ်တော် မူလေ၏ဟု ဇာတ်ကို ပေါင်းတော်မူလေ၏။
အရှင်သုန္ဒရသမုဒ္ဒမထေရ် ဝတ္ထု ပြီး၏။
---
၃၃ - အရှင်ဇဋိလမထေရ် ဝတ္ထု
ယောဓ တဏှံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် ဇဋိလမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။
ပစ္စေကဗုဒ္ဓါအား ကြံရည်လှူသော သူကြွယ်
(ဤဆိုလတ္တံ့သည်ကား ဇဋိလမထေရ်၏ အတ္ထုပ္ပတ္တိကို ဆိုရာဆိုကြောင်း ဖြစ်သော စကားအစဉ် တည်း။)
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သူကြွယ်ညီနောင် နှစ်ယောက် တို့သည် ကြီးစွာသော ကြံခင်းကို ပြုလုပ်ကြကုန်သတတ်၊ ထိုအခါ တနေ့သ၌ ညီငယ်သည် ကြံခင်းသို့သွား၍ ကြံတချောင်းကို နောင်တော်ကြီးအား ပေးပေအံ့၊ ကြံတချောင်းသည် ငါ့အဖို့ ဖြစ်လတ္တံ့ဟု နှလုံးပြုသဖြင့် ကြံ နှစ်ချောင်းတို့ကို အရည်မထွက်စေခြင်းအကျိုးငှါ ဖြတ်ရာအရပ်၌ ဖက်စသည်ဖြင့် ဖွဲ့စည်းကာ ယူဆောင်ခဲ့လေ၏။
(ထိုအခါ၌ ကြံတို့ကို ကြံညှစ်ယန္တရားစက်ဖြင့် ညှစ်ဖွယ်ကိစ္စမရှိ၊ အဖျား၌၎င်း, အရင်း၌၎င်း ခုတ်ဖြတ် ပင့်မြှောက်သောအခါ ဓမကရိုဏ် ရေစစ်မှ ရေယိုထွက်သကဲ့သို့ အလိုလိုသာလျှင် ကြံရည်သည် ယိုထွက် ကျစီးလေသတတ်။)
ကြံခင်းမှ ကြံချောင်းတို့ကို ယူဆောင်၍ ထိုညီငယ် သူကြွယ် လာလတ်သောအခါ ဂန္ဓမာဒန တောင်၌ အရှင်ပစ္စေကဗုဒ္ဓါသည် သမာပတ်မှ ထတော်မူ၍ အဘယ်သူအား ယနေ့ ချီးမြှောက်ခြင်း အမှုကို ပြုရအံ့နည်းဟု စူးစမ်းဆင်ခြင် တော်မူလတ်သည်ရှိသော် ထို ကြံချောင်းယူလာသော သူကြွယ်ကို ကိုယ်တော်၏ ဉာဏ်တော် တည်းဟူသော ကွန်ယက်၌ ဝင်လာသည်ကို မြင်တော်မူရလျှင် ထိုသူကြွယ်အား ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုခြင်းငှါ စွမ်းနိုင်သည့်အဖြစ်ကို သိတော်မူသဖြင့် သပိတ် သင်္ကန်းကိုယူလျက် တန်ခိုးတော်ဖြင့် ကြွလာတော်မူ၍ ထို သူကြွယ်၏ ရှေ့၌ ရပ်တော်မူလေ၏။
သူကြွယ်သည် ထို ပစ္စေကဗုဒ္ဓါကို မြင်လျှင်မြင်ခြင်း ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အပေါ်ရုံ ပုဆိုးကို မြင့်မောက်သော မြေအရပ်၌ ခင်းပြီးလျှင် အရှင်ဘုရား- ဤ နေရာ၌ သီတင်းသုံး နေတော်မူကြပါဘုရားဟု ရှင်ပစ္စေကဗုဒ္ဓါကို သီတင်းသုံးနေစေ၍ သပိတ်တော်ကို ညွှတ်တော် မူကြပါ = ပေးသနားပါ ဘုရားဟု လျှောက်ကြားသဖြင့် ကြံချောင်း၏ ဖွဲ့စည်းခဲ့ရာအရပ်ကို ဖြေပြီးလျှင် သပိတ်တော်၏ အထက်၌ စိုက်ထောင်ခြင်းကို ပြုလေ၏၊ ကြံရည်သည် ဟိုသက် ကျဆင်း၍ သပိတ်ကို ပြည့်စေလေ၏။
ရှင်ပစ္စေကဗုဒ္ဓါသည် ထိုကြံရည်ကို သောက်သုံးတော်မူလတ်သည်ရှိသော် အရှင်မြတ်သည် ငါ၏ကြံရည်ကို သုံးဆောင်တော်မူပေ၏၊ ကောင်းလေစွတကား၊ ငါ၏ နောင်တော်ကြီးသည် အဘိုးကို အကယ်၍ ဆောင်စေသည်ဖြစ်အံ့၊ အဘိုးကို ပေးပေအံ့၊ အလှူအဖို့ကို အကယ်၍ ဆောင်စေသည် ဖြစ်အံ့၊ အလှူအဖို့ကို ပေးပေအံ့ဟု ကြံပြီးလျှင် အရှင်ဘုရား- သပိတ်တော်ကို တပည့်တော်အား ပေးသနားတော် မူကြပါဦးဘုရားဟု လျှောက်ပြန်သဖြင့် နှစ်ခုမြောက်သော ကြံချောင်းကိုလည်း ဖြေပြီးလျှင် ကြံရည်ကို လှူပြန်လေ၏။
(ထိုညီငယ် သူကြွယ်သည် ငါ၏ နောင်တော်သည်လည်း ကြံခင်းမှ တပါးသော ကြံကို ဆောင်ယူ၍ စားသုံးလတံ့ဟု ဤမျှလောက်သော လှည့်စားလိုသော စိတ်မျှလည်း ထိုညီငယ်အား မဖြစ်လေ သတတ်။)
အရှင်ပစ္စေကဗုဒ္ဓါသည်ကား ရှေးဦးစွာသော ကြံရည်ကို သောက်သုံးပြီး ဖြစ်သောကြောင့် နောက် တကြိမ်လှူသော ထိုကြံရည်ကို တပါးသော ပစ္စေကဗုဒ္ဓါ တို့နှင့်လည်း အတူတကွ ဝေဘန်လိုသော စိတ်ရှိသည်ဖြစ်၍ အလှူခံယူ၍ သာလျှင် နေတော်မူလေ၏။
ညီငယ်သူကြွယ် ဆုတောင်းပုံ
ထိုသူကြွယ်သည် ပစ္စေကဗုဒ္ဓါ၏ အမူအရာကို သိသဖြင့် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် အရှင်ဘုရား-တပည့်တော်သည် အကြင် အဦးအဖျား ဖြစ်သော ကြံရည်ကို လှူဒါန်းပါ၏၊ ဤကောင်းမှု၏ အကျိုးဆက်ကြောင့် နတ်ပြည်လူ့ပြည်တို့၌ စည်းစိမ်ချမ်းသာကို အစဉ်အတိုင်း ခံစားစံစားပြီးမှ အဆုံး၌ အရှင်ဘုရားတို့ ရောက်အပ်ရအပ်သော တရားတော်မြတ်သို့သာလျှင် ရောက်ရပါလို၏ ဘုရားဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏၊
ရှင်ပစ္စေကဗုဒ္ဓါသည်လည်း ထိုသူကြွယ်အား ဤသို့ ဒါယကာ တောင်းသည့် ဆုအတိုင်း ပြည့်စုံစေသတည်းဟု မိန့်မြွက်တော်မူ၍ ဣစ္ဆိတံ ပတ္ထိတံ- အစရှိသော နှစ်ဂါထာတို့ဖြင့် ဝမ်းမြောက် ဝမ်းသာ အနုမောဒနာကို ပြုပြီးလျှင် အကြင်အခြင်းဖြင့် ထိုသူကြွယ်သည် မြင်နိုင်၏၊ ထိုအခြင်းဖြင့် ဓိဋ္ဌာန်တော်မူ၍ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူ၍ ငါးရာသော ပစ္စေကဗုဒ္ဓါ တို့အား ထိုကြံရည်ကို လှူပြန်လေ၏။
နောင်တော်သူကြွယ် ဆုတောင်းပုံ
သူကြွယ်သည် ထိုတန်ခိုးပြာဋိဟာကို ဖူးမြင်ရလျှင် နောင်တော်အထံသို့ သွားသဖြင့် အဘယ် အရပ်သို့ သွားသနည်းဟု မေးလတ်သည်ရှိသော် ကြံခင်းကို ကြည့်ရှုခြင်းငှါ သွားပါသည်ဟုဆိုလျှင် အသို့နည်း၊ ကြံခင်းသို့သွားသော သင်သို့ သောသူသည် တချောင်းနှစ်ချောင်းသော ကြံချောင်းတို့ကို ယူ၍ လာသင့်သည် မဟုတ်လောဟု နောင်တော် ဆိုလတ်သည်ရှိသော် နောင်တော်. ဟုတ်မှန်ပါ၏၊ ကျွန်တော်သည် ကြံနှစ်ချောင်းတို့ကို ယူလာပါသည်၊
ပစ္စေကဗုဒ္ဓါ အရှင်မြတ် တပါးကို ဖူးမြင်ရ၍ ကျွန်တော်၏ ကြံချောင်းမှ ကြံရည်ကို လှူပြီးလျှင် အဘိုးကို၎င်း အလှူ၏အဖို့ကို၎င်း ပေးအံ့ဟုနောင်တော်တို့၏ ကြံချောင်းမှလည်း ကြံရည်ကို ကျွန်တော်လှူဒါန်းခဲ့ပါသည်၊ အသို့နည်း၊ကြံချောင်း၏ အဖို့ကိုတည်း ယူကုန် အံ့လော၊ ထိုသို့မဟုတ် အလှူအဖို့ကိုတည်း ယူကုန်အံ့လောဟု မေးလေ၏၊
ရှင်ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အဘယ်သို့ ပြုသနည်းဟု မေးသည်ရှိသော် ကျွန်တော်၏ ကြံချောင်းမှ ကြံရည်ကို ဘုဉ်းပေးပြီးလျှင် နောင်တော်တို့၏ ကြံချောင်းမှ ကြံရည်ကို ယူဆောင် လျက် ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင် သို့ ကြွသွားတော်မူ၍ ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား လှူဒါန်းပါသည်ဟု ပြောဆိုပြီးလျှင် ထိုနောင်တော်သူကြွယ်သည် ညီသူကြွယ် ပြောစဉ်ဆိုစဉ်ပင် လျှင် အကြားကွက်လပ် အပြတ်မရှိ ပီတိဖြင့်တွေ့ထိသော ကိုယ်ရှိသည် ဖြစ်၍ ငါ့အား ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် သိမြင်တော်မူအပ်သော တရားကိုသာလျှင် သိရခြင်းသည် ဖြစ်စေသောဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။
ဝိပဿီ ဘုရားလက်ထက် သူကြွယ်ညီနောင်ဖြစ်ခြင်း
ဤသို့လျှင် ညီသူကြွယ်သည် သုံးပါးသောလူ ချမ်းသာ, နတ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာနှင့် ပြည့်စုံခြင်းတို့ကို တောင့်တအပ်ကုန်၏၊ နောင်တော်ကြီးသည်ကား တပုဒ်ဖြင့်သာလျှင် အရဟတ္တဖိုလ်ချမ်းသာကို သာလျှင် တောင့်တအပ်၏။
(ဤသည်ကား ထိုသူကြွယ်နှစ်ယောက်တို့၏ ရှေး၌ဖြစ်သော ကောင်းမှုကံပေတည်း။)
ထိုသူကြွယ်နှစ်ယောက်တို့သည် အသက်အတိုင်းတည်၍ ထိုဘဝမှ စုတေမနေ ကွယ်လွန်ကြလေ သည်ရှိသော် နတ်ပြည်၌ ဖြစ်၍ နှစ်ဆူသော ဘုရားရှင်တို့၏ တခုသောအကြားကာလကို ကုန်လွန်စေကြလေကုန်၏၊ ထိုသူကြွယ်တို့ နတ်ပြည်၌ တည်စဉ်အခါ၌ သာလျှင် ဝိပဿီ မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလေ၏၊
ထိုသူကြွယ် နှစ်ယောက်တို့သည်လည်း နတ်ပြည်မှ စုတေ၍ ဗန္ဓုမတီ မည်သော နေပြည်တော်တွင် တခုသောအမျိုးအိမ်၌ နောင်တော်သည် အကြီးသာဖြစ်၍ ညီငယ်သည် အငယ်သာဖြစ်၍ ပဋိသန္ဓေကို ယူကြလေကုန်၏၊ ထိုညီနောင်နှစ်ယောက်တို့တွင် အစ်ကိုကြီးအား သေနဟူသော အမည်ကို, ညီငယ်အား အပရာဇိတဟူသော အမည်ကို မှည့်ကြလေကုန်၏၊
ထိုညီအစ်ကိုနှစ်ယောက်တို့သည် အရွယ်သို့ ရောက်သောအခါ ဥစ္စာနှစ်ကို ကောင်းစွာ ဖြစ်စေလျက် နေကြကုန်သည်ရှိသော် ဘုရားရှင်ရတနာသည် လောက၌ ပွင့်ထွန်းပေါ်ပေါက် တော်မူ၏၊ တရားတော်ရတနာ,သံဃာတော်ရတနာသည် ထင်ရှားဖြစ်တော်မူ၏၊
ထို့ကြောင့် အလှူဒါနတို့ကို ပေးလှူကြပါကုန်လော့၊ ကုသိုလ်ကောင်းမှု တို့ကို ပြုလုပ်ကြ ပါကုန်လော့၊ ယနေ့ ရှစ်ရက်မြောက်သောနေ့ ဖြစ်၏၊ ယနေ့ တဆယ့်လေးရက်မြောက်သောနေ့ ဖြစ်၏၊ယနေ့ တဆယ့်ငါးရက်မြောက်သောနေ့ ဖြစ်၏၊ ဥပုသ်ဆောက်တည်ကြပါကုန်လော့၊ တရားတော် နာကြားကြပါကုန် လော့ဟု ဗန္ဓုမတီပြည်၌ တရားနာ ကြွေးကြော်တတ်သောသူ၏ ကြွေးကြော်သံကို ကြားရသောကြောင့် များစွာသောလူအပေါင်းသည် နံနက်အခါ အလှူကို ပေးလှူ၍ နေလွဲသောအခါ တရားနာခြင်းငှါ သွားလတ်သည်ကို မြင်ရလျှင် သေနအမည်ရှိသော သူကြွယ်သည် အဘယ်အရပ်သို့ သွားကြပါကုန်အံ့နည်းဟု မေးမြန်းသဖြင့် ဘုရားရှင်၏ အထံတော်သို့ တရားနာခြင်းငှါ သွားကြပါကုန်၏ဟု ဆိုသည်ရှိသော် ငါသည်လည်း သွားဦးအံ့ဟု ကြံ၍ ထိုသူတို့နှင့် အတူတကွ သာလျှင် သွားသဖြင့် ပရိသတ် အစွန်၌ နေလေ၏။
---
နောင်တော် သေနသူကြွယ် ရဟန်းပြုခြင်း
မြတ်စွာဘုရားသည် ထိုသေနသူကြွယ်၏ အလိုကို သိတော်မူသဖြင့် အစဉ် အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော် မူလေ၏၊ ထိုသေနသူကြွယ်သည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ရဟန်းပြုခြင်းငှါ ဖြစ်သော အားထုတ်ခြင်းရှိရကား မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်းပန်လေ၏၊ ထိုအခါ သူကြွယ်ကို မြတ်စွာဘုရားသည် သင့်အား ပန်ကြားသင့်သော အဆွေအမျိုးတို့သည် ရှိကုန်သလောဟု မေးတော်မူလေ၏၊
ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ရှိပါသည်ဘုရားဟု လျှောက်ကြားလတ်သော် ထိုသို့ဖြစ်မူ ပန်ကြားပြီးမှ လာခဲ့လော့ဟု မိန့်တော်မူလေ၏၊ ထိုသေနသူကြွယ်သည် ညီငယ်၏ အထံသို့သွား၍ ဤအိမ်၌ အကြင်ဥစ္စာနှစ်သည် ရှိ၏၊ ထိုအလုံးစုံသော ဥစ္စာနှစ်သည် ငါ့ညီအလို့ငှါ ဖြစ်စေလော့ဟု ဆိုလေ၏၊ နောင်တော် အရှင်နောင်တော် တို့ကား အဘယ်သို့ပါနည်းဟုမေးလျှင် ငါကား မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုတော့အံ့ဟု ပြောဆိုလေ၏၊
အသို့ဆိုကြကုန်ဘိသနည်း၊ ကျွန်တော်သည် မိခင်ကွယ်လွန်လတ်သည်ရှိသော် မိခင်ကဲ့သို့, ဖခင်ကွယ်လွန်ခဲ့သော်လည်း ဖခင်ကဲ့သို့ နောင်တော်တို့ကို ရအပ်ပါသည်၊ ဤအမျိုးအိမ်သည် များသော ဥစ္စာစည်းစိမ်ရှိပါသည်၊ အိမ်၌ နေလျက်သာလျှင် ကောင်းမှုကုသိုလ်တို့ကို ပြုခြင်းငှါ တတ်ကောင်းပါသည်၊ ဤသို့ ပြုတော်မမူကြပါလင့်ဟု တောင်းပန်စကား ပြောကြားလတ်သော် ငါကား မြတ်စွာဘုရား၏ အထံတော်၌ တရားတော်ကို ကြားနာအပ်ပြီ၊ထိုတရားတော်ကို အိမ်ရာထောင်သော လူတို့အလယ်၌ နေသဖြင့် ဖြည့်ကျင့်ခြင်းငှါ မတတ်နိုင်၊ ငါကား ရဟန်းပြုအံ့ သည်သာလျှင်တည်း၊နေရစ်ခဲ့ လော့ဟု ဆိုလေ၏၊
ဤသို့ ထိုသေနသူကြွယ်သည် ညီငယ်ကို နေရစ်ခဲ့စေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်၌ ရှင်ပြု၍ ရဟန်းအဖြစ်ကို ရလတ်သည်ရှိသော် မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ညီငယ်သည်လည်း နောင်တော်၏ ရဟန်းပြုရာ၌ ပူဇော်သက္ကာရကိုပြုအံ့ဟု ခုနစ်ရက်ပတ်လုံး ဘုရားအမှူး ရှိသော ရဟန်းသံဃာအား အလှူကိုပေးလှူ၍ နောင်တော်မထေရ်ကို ရှိခိုးပြီးလျှင် အရှင်ဘုရား- အရှင်ဘုရားတို့သည် မိမိ၏ဘဝမှ ထွက်မြောက်ကြောင်းကို ပြုတော် မူအပ်ပြီ၊ တပည့်တော်သည်ကား ငါးပါးသော ကာမဂုဏ်တို့ဖြင့် နှောင်ဖွဲ့အပ်သည် ဖြစ်ရကား တောထွက်၍ ရဟန်းပြုခြင်းငှါ မတတ်နိုင်ပါ၊ အိမ်၌နေသည်သာလျှင် ဖြစ်သော တပည့်တော်အား လည်း လျောက်ပတ်သော မြတ်သောကောင်းမှုကံကို ညွှန်ကြားတော်မူကြပါဟု လျှောက်ကြား လေ၏။
---
ညီတော် အပရာဇိတ ဂန္ဓကုဋိ ဆောက်လုပ်ခြင်း
ထိုအခါ ညီသူကြွယ်ကို မထေရ်သည် ပညာရှိသော ငါ့ညီ ကောင်းပေစွ ကောင်းပေစွ၊ မြတ်စွာဘုရားအလို့ငှါ ဂန္ဓကုဋိကို ဆောက်လုပ်လေလော့ဟု မိန့်တော်မူလေ၏၊ ထိုသူကြွယ်သည် ကောင်းပါပြီဘုရားဟု ဝန်ခံသဖြင့် အထူးထူးသော သစ်သားတို့ကို ဆောင်ယူစေပြီးလျှင် သည်တိုင် စသည်တို့၏ အကျိုးငှါ ရွှေစေ၍ သည်တိုင်တလုံးကို ရွှေဖြင့် ခြယ်စီအပ်သည်ကိုပြု၍ တလုံးကို ငွေဖြင့် ခြယ်စီအပ်သည်ကို ပြု၍ တလုံးကို ပတ္တမြားဖြင့် ခြယ်စီအပ်သည်ကို ပြု၍ ဤသို့ သည်တိုင်အလုံးစုံတို့ကို ရတနာခုနစ်ပါးတို့ဖြင့် ခြယ်စီအပ်သည်ကို ပြုစေ၍ ထို သည်တိုင်တို့ဖြင့် ဂန္ဓကုဋိကို ဆောက်လုပ်စေပြီးလျှင် ရတနာခုနစ်ပါးတို့ဖြင့်ခြယ်စီ အပ်သည်သာလျှင် ဖြစ်ကုန်သော အမိုးအုတ်တို့ဖြင့် မိုးစေလေ၏၊
ဂန္ဓကုဋိကို ဆောက်လုပ်သော အခါ၌သာလျှင် ထိုအပရာဇိတ သူကြွယ်ကို မိမိနှင့်တူသော `အပရာဇိတသာလျှင် အမည်ရှိသောတူသည် ချဉ်းကပ်၍ ဦးရီး-ကျွန်တော်လည်း ပြုလုပ်လို ပါသည်၊ ကျွန်တော်အားလည်း အဖို့ကို ကယ်မပေးသနားကြပါဟု ဆိုလေ၏၊ ငါ့တူ- ငါမပေးနိုင်၊ တပါးသောသူတို့နှင့် မဆက်ဆံသော ကျောင်းကို ပြုလုပ်လိုသည်ဟု ဆိုလတ်သည်ရှိသော် ထိုတူ အပရာဇိကသည် များစွာပင် တောင်းပန်၍မျှလည်း အဖို့ကိုမရသောကြောင့် ဂန္ဓကုဋိ၏ရှေ့၌ ကုဉ္စရမည်သော စရပ်ကိုရခြင်းငှါသင့်၏ဟု အကြံပြု၍ ရတနာခုနစ်ပါးတို့ဖြင့် ပြီးသော ကုဉ္စရမည် သော စရပ်ကို ဆောက်လုပ်စေလေ၏၊
ထိုအပရာဇိတ မည်သောတူသည် ဤငါတို့ ဘုရား ပွင့်တော်မူသောအခါ မေဏ္ဍကသူဌေးကြီး ဖြစ်လာလေ၏၊ ဂန္ဓကုဋိတိုက်၌ကား ရတနာခုနစ်ပါးတို့ဖြင့်ပြီးကုန်သော သုံးခုသော လေသာ ပြူတင်းကြီးတို့သည် ဖြစ်ကုန်၏၊ ထိုလေသာပြုတင်းကြီးတို့၏ ရှေးရှရာဖြစ်သော အရပ်တွင် အောက်၌ အင်္ဂတေဖြင့် အပြေအပြစ်ပြုအပ်ကုန်သော သုံးခုသော ရေကန်တို့ကိုပြုစေ၍ နံ့သာ မျိုးလေးပါးဖြင့် ထုံအပ်သောရေကို ပြည့်စေလျက် အပရာဇိတမည်သောသူကြွယ် သည် ငါးပါးသော အဆင်းရှိကုန်သော ပန်းပင်တို့ကို စိုက်စေလေ၏၊
မြတ်စွာဘုရား အတွင်း၌ သီတင်းသုံး နေတော်မူသောအခါ လေအဟုန်ဖြင့် ဖြစ်ကုန်သော ဝတ်ဆံဝတ်မှုန်တို့ဖြင့် ကိုယ်တော်ကို ကြဲဖြန့်စိမ့်သောငှါ ဂန္ဓကုဋိတိုက် ထုပိကာ အထွဋ်ဖြစ်သော ခွက်သည် ရွှေနီဖလံဖြင့် ပြီး၏၊ အထွဋ်ဦးစွန်းတို့သည် သန္တာဖြင့် ပြီးကုန်၏၊ အောက်၌ မိုးသော အုတ်တို့သည် ပတ္တမြားဖြင့် ပြီးကုန်၏၊ ဤသို့လျှင် ထိုဂန္ဓကုဋိတိုက်သည် ကနေသော ဥဒေါင်းကဲ့သို့ တင့်တယ်လျက် တည်လေ၏။
---
ရတနာခုနစ်ပါး ဂန္ဓကုဋိ၌ ကြဲဖြန့်ထားခြင်း
ရတနာခုနစ်ပါးတို့တွင် ဖြတ်တောက်၍ ရစကောင်းသော ရတနာကို ဖြတ်တောက်စေ၍ ဖြတ်တောက်၍ မရစကောင်းသောရတနာကို တခုလုံးကိုသာ ယူစေ၍ ပုဆစ်ဒူးမျှ အတိုင်း အရှည်ရှိသော အပိုင်းအခြားအားဖြင့် ဂန္ဓကုဋိကို ခြံရံစေလျက် ပရိဝုဏ်ကျောင်းကို ပြည့်စေလေ၏၊
ဤသို့လျှင် ဂန္ဓကုဋိကို ပြီးဆုံးစေပြီးလျှင် အပရာဇိတသူကြွယ်သည် နောင်တော် မထေရ်သို့ ချဉ်းကပ်၍ အရှင် ဘုရား - ဂန္ဓကုဋိပြီးပါပြီ၊ ထိုဂန္ဓကုဋိကို သုံးဆောင်တော်မူခြင်းကိုသာ တောင့်တ ပါသည်ဘုရား၊ သုံးဆောင်တော်မူသဖြင့် ကြီးမြတ်သော ကောင်းမှု ကုသိုလ်ဖြစ်ပါသတတ် ဘုရားဟု လျှောက်ကြားလေ၏၊
ထိုနောင်တော်မထေရ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား သူကြွယ်သည် ရှင်တော်မြတ်ဘုရားတို့၏ အလို့ငှါ ဂန္ဓကုဋိကို ဆောက်လုပ်စေအပ် ပါသတတ်၊ ယခုအခါ သုံးဆောင်တော်မူခြင်းကို တောင့်တပါသည် ဘုရားဟု လျှောက်ကြားလေ၏၊ ဘုရားရှင်သည် နေရာမှ ထတော်မူ၍ ဂန္ဓကုဋိသို့ရှေးရှု ကြွသွားတော်မူပြီးလျှင် ဂန္ဓကုဋိကိုခြံရံ၍ တည်ထားအပ်သော ရတနာအစုကို ကြည့်ရှုတော်မူလျက် တံခါးမုတ်၌ ရပ်တော်မူလေ၏၊ ထိုအခါ သူကြွယ်သည် မြတ်စွာဘုရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-ဝင်ကြွတော် မူကြပါဘုရားဟု လျှောက်လေ၏။
ဘုရားရှင်သည် ထိုတံခါးမုတ်၌သာလျှင် ရပ်တော်မူ၍ သုံးကြိမ်မြောက် လျှောက်သောအကြိမ်၌ ထိုအပရာဇိတသူကြွယ်၏ နောင်တော်ဖြစ်သော သေန မထေရ်ကို ကြည့်ရှုတော်မူလေ၏၊ မထေရ်မြတ်သည် ကြည့်ရှုတော်မူသော အခြင်းအရာအားဖြင့်သာလျှင် သိသဖြင့် ညီသူကြွယ်ကို ညီချစ် - လာဦးလော့၊ ဘုရားတပည့်တော်၏ သာလျှင် စောင့်ရှောက်ခြင်းသည် ဖြစ်ပါလိမ့်မည် ဘုရား၊ ရှင်တော်မြတ်ဘုရားတို့သည် ချမ်းသာသည်အားလျော်စွာ အလိုတော် ရှိတိုင်း သီတင်း သုံးနေတော်မူကြပါဘုရား ဟူ၍ မြတ်စွာဘုရားကို လျှောက်ထား ချေ လော့ဟု မိန့်ဆိုတော်မူလေ၏၊
သူကြွယ်သည် မထေရ်မြတ်၏စကားကို ကြားရလျှင် မြတ်စွာဘုရားကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုး၍ မြတ်စွာဘုရား - လူတို့သည် သစ်ပင်ရင်း၌ ဝင်ပြီးလျှင် ငဲ့ကွက်ခြင်းမရှိကုန်ဘဲ ဖဲသွားကြ သကဲ့သို့၎င်း မြစ်ကိုကူးပြီးလျှင် ဖောင်ကို ငဲ့ကွက်ခြင်း မရှိဘဲ ဖဲသွားကြသကဲ့သို့၎င်း ထို့အတူ ငဲ့ကွက်ခြင်း မရှိကြသည်ဖြစ်၍ ရှင်တော်မြတ်ဘုရားတို့သည် သီတင်းသုံးနေတော် မူကြပါဘုရားဟု လျှောက်ကြားလေ၏။
[မြတ်စွာဘုရားသည် အဘယ်အကျိုးငှါရပ်တော်မူလေသနည်းဟူမူကား မြတ်စွာဘုရားအား ဤသို့ အကြံတော် ဖြစ်သတတ်၊ ဘုရားရှင်တို့၏ အထံတော်သို့ နံနက်အခါ၌၎င်း, ညချမ်းအခါ၌၎င်း များစွာသော လူတို့သည် လာကြကုန်၏၊ ထိုလူတို့သည် ရတနာတို့ကိုယူ၍ ဖဲသွားကြကုန်သည် ရှိသော် ငါဘုရားတို့သည် တားမြစ်ခြင်းငှါ မတတ်ကောင်း၊ ပရိဝုဏ်၌ ဤမျှလောက်သော ရတနာ ပြွမ်းသည်ရှိသော် မိမိ၏ အလုပ်အကျွေး ဒါယကာတို့ ဆောင်ယူကြကုန်သော်လည်း မတားမြစ်ဘိ ဟု သူကြွယ်သည် ငါဘုရား၌ အမျက်ဒေါသ အာဃာတပြုမိလျှင် အပါယ်လားသည် ဖြစ်ရာ၏ဟု နှလုံး ပြု၍ ဤသို့သော အကြောင်းကြောင့် ရပ်နေတော်မူလေသတည်း။)
---
တရားနာလာသူတို့ လက်ခုပ်ဖြင့် ယူနိုင်ခြင်း
ထိုသူကြွယ်သည် မြတ်စွာဘုရား - ဘုရားတပည့်တော်၏သာလျှင် စောင့်ရှောက်ခြင်းသည် ဖြစ်ပါလိမ့်မည်ဘုရား၊ ရှင်တော်မြတ်ဘုရားတို့သည် ဝင်ကြွတော်မူကြပါ ဘုရားဟု လျှောက်လတ် သည်ရှိသော် ဝင်ကြွတော်မူလေ၏၊ သူကြွယ်သည် ထက်ဝန်းကျင်မှ အစောင့် အရှောက်ကို ထား၍ ထိုလူတို့ကို အမောင်တို့ - ခါးပိုက်ဖြင့်၎င်း, ခြင်းတောင်း အိတ်ထောင်တို့ဖြင့်၎င်း ယူ၍ သွားသော သူတို့ကို တားမြစ်ကြကုန်လော့၊ လက်ဖြင့်ယူ၍သွားသော လူတို့ကိုကား မတားမမြစ်ကြပါကုန် လင့်ဟု ပြောဆိုထားလေ၏၊
မြို့တွင်း၌လည်း ငါသည် ဂန္ဓကုဋိပရိဝုဏ်၌ ရတနာ ခုနစ်ပါးတို့ကို ဖြန့်ကြဲအပ်ကုန်၏၊ မြတ်စွာဘုရား၏ အထံတော်၌ တရားကို နာကြားပြီးလျှင် ပြန်သွားကုန်သော ဆင်းရဲသောလူ တို့သည် လက်နှစ်ဖက်တို့ကို ပြည့်စေ၍ ယူကြပါစေကုန်သတည်း၊ ချမ်းသာပြည့်စုံ ကြွယ်ဝ ကုန်သော လူတို့သည်လည်း လက်တဖက်ဖြင့် ယူကြပါစေကုန်သတည်းဟု ပြောကြားစေလေ၏။
(ထိုသူကြွယ်အား ဤသို့ အကြံဖြစ်သတတ်၊ ရတနာသုံးပါး၌ ကြည်ညို ခြင်းရှိသော သူတို့သည် တရားတော်ကို နာလိုကြကုန်သည်ဖြစ်၍ သွားကြကုန်လတ္တံ့ သာလျှင်တည်း၊ သဒ္ဓါကြည်ညိုခြင်း မရှိသော သူတို့ကား ဥစ္စာကို လိုချင်သဖြင့် လာ၍ တရားတော်ကို နာရသည်ရှိသော် ဝဋ်ဆင်းရဲ အပေါင်းမှ လွတ်ကြရကုန်လတ္တံ့ဟု အကြံဖြစ်၏၊ထို့ကြောင့် လူတို့ကို သင်္ဂြိုဟ်ထောက်ပံ့ ချီးမြှောက်ခြင်းငှါ ဤသို့ ပြောကြားစေသတတ်။)
များစွာသော လူအပေါင်းတို့လည်း ထိုအပရာဇိတ သူကြွယ် ဆိုအပ်သော နည်းအားဖြင့်သာလျှင် ရတနာတို့ကို ယူလေ၏၊တကြိမ်ဖြန့်ကြဲအပ်သော ရတနာတို့သည် ကုန်ပြီးသည်ရှိသော် သုံးကြိမ်မြောက် တိုင်အောင် ပုဆစ်ဒူးမျှ ကျွံနစ်လောက်သော အပိုင်းအခြားအားဖြင့် ဖြန့်ကြဲစေ သည်သာလျှင်တည်း။
---
သခွါးသီးမျှရှိသော ပတ္တမြား မိစ္ဆာပုဏ္ဏား ယူသွားခြင်း
အထူးအားဖြင့်ကား မြတ်စွာဘုရား၏ ခြေရင်းတော်၌ သခွါးသီးမျှ အတိုင်းအရှည်ရှိသော အဘိုး အတိုင်းမသိ ထိုက်တန်သော ပတ္တမြားရတနာ တခုကို ထားပေ၏။
(ထိုသူကြွယ်အား ဤသို့ အကြံဖြစ်သတတ်၊ ဘုရားရှင်၏ ကိုယ်တော်မှ ထွက်သော ရွှေအဆင်းနှင့် တူသော အဆင်းရှိသော ရောင်ခြည်တော်နှင့် တကွ ပတ္တမြားရောင်ကို ကြည့်ရှုကြရကုန်သော လူတို့အား ရောင့်ရဲခြင်း မည်သည် မဖြစ်နိုင်လတ္တံ့ဟု အကြံဖြစ်၏၊ ထို့ကြောင့် ဤသို့ထားခြင်းကို ပြုလေ၏။ များစွာသော လူအပေါင်းသည်လည်း မရောင့်ရဲနိုင်သည်ဖြစ်၍ သာလျှင် ကြည့်ရှုလေ သတတ်။)
ထိုအခါ တနေ့သ၌ မိစ္ဆာအယူရှိသော ပုဏ္ဏားတယောက်သည် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ အဘိုးများစွာထိုက်သော ပတ္တမြားရတနာကို ထားသတတ်၊ ထိုပတ္တမြားရတနာကို ဆောင်ယူ ပေအံ့ဟု နှလုံးသွင်းလျက် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုးခြင်းငှါ များစွာသော လူအပေါင်းတို့၏အကြားဖြင့် ဝင်သွားလေ၏၊
သူကြွယ်သည် ထိုပုဏ္ဏား၏ ဝင်သော အခြင်းအရာဖြင့်သာလျှင် ပတ္တမြားကိုယူခြင်းငှါ အလိုရှိ၏ဟု မှတ်သားမိသဖြင့် မယူပါဘိမူကား ကောင်းလေစွတကားဟု ကြံလေ၏၊ ထိုမိစ္ဆာဒိဋ္ဌိ ပုဏ္ဏား သည်လည်း မြတ်စွာဘုရားကို ရှိခိုးလေဘိသကဲ့သို့ ခြေတော်ရင်း၌ လက်ကို ရှေးရှုညွတ်လျက် ပတ္တမြားကို ယူပြီးလျှင် ခါးတောင်းကျိုက်၌ထားသည်ကိုပြု၍ ဖဲသွားလေ၏၊
ထိုသူကြွယ်သည် ထိုမိစ္ဆာဒိဋ္ဌိပုဏ္ဏား ပတ္တမြားယူသွားရာ၌ စိတ်ထားကြည်လင်စိမ့်သောငှါ မတတ် နိုင်ရှာလေ၊ ထိုသူကြွယ်သည် တရားစကားတော်၏ အဆုံး၌ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ မြတ်စွာဘုရား - တပည့်တော်သည် သုံးကြိမ်တိုင်အောင် ဂန္ဓကုဋိကို ခြံရံ၍ ပုဆစ်ဒူးမျှလောက် သော အပိုင်းအခြားဖြင့် ရတနာခုနစ်ပါးတို့ကို ဖြန့်ကြဲ အပ်ပါကုန်၏၊
ထိုရတနာ ခုနစ်ပါးတို့ကို ယူကြကုန်သော ထိုသူတို့အပေါ်၌ တပည့်တော်အား အမျက်ဒေါသ မည်သည် မဖြစ်စဖူးပါ၊ စိတ်သည် လွန်စွာ ကြည်လင်သည်သာ ဖြစ်ပါသည်ဘုရား၊ ယနေ့မူကား ဤပုဏ္ဏားသည် ပတ္တမြားကို မယူပါဘိမူကား ကောင်းလေစွတကားဟု ကြံစည်မိသဖြင့် ထိုပုဏ္ဏားသည် ပတ္တမြားကို ယူ၍ သွားသည်ရှိသော် စိတ်ထားကြည်လင်စိမ့်သောငှါ မတတ်နိုင်ပါ ဘုရားဟု နားတော်လျှောက်လေ၏။
---
ဥစ္စာကို ရန်သူတို့မဖျက်ဆီးနိုင်အောင် ဆုတောင်းခြင်း
မြတ်စွာဘုရားသည် ထိုအပရာဇိတ သူကြွယ်၏ စကားကို ကြားတော်မူလျှင် ဒါယကာ- မိမိ၏ ဥစ္စာကို တပါးသောသူတို့သည် မဆောင်ယူနိုင်အောင် ပြုခြင်းငှါ မတတ်နိုင်ကောင်းလေသလောဟု နည်းကို ပေးတော်မူလေ၏၊ သူကြွယ်သည် မြတ်စွာဘုရား ပေးတော်မူအပ်သောနည်း၌ တည်၍ မြတ်စွာဘုရားကို ရှိခိုးလျက် ယနေ့ကို အစပြု၍ တပည့်တော်၏ ဥစ္စာကို မိစ္ဆာချည်မျှင်ကိုမျှလည်း တပည့်တော်ကို နှိပ်စက်ဖိစီး၍ အရာမက များစွာလည်းဖြစ်ကုန်သော မင်းတို့သည်၎င်း, ခိုးသူတို့သည်၎င်း ယူခြင်းငှါ စွမ်းနိုင်ကြသောမည်သည် မဖြစ်ကြပါစေကုန် သတည်း၊ မီးသည်လည်း တပည့်တော်၏ ဥစ္စာကို မလောင်ကျွမ်းနိုင်ပါစေ သတည်း၊ ရေသည်လည်း မမျှောပါစေသတည်းဟု ပတ္ထနာအမှု ဆုတောင်းခြင်း ပြုလေ၏၊
မြတ်စွာဘုရားသည်လည်း ထိုသူကြွယ်အား ဒါယကာ- တောင်းသည့် ဆုအတိုင်း ပြည့်စုံစေ သတည်းဟု အနုမောဒနာ ပြုတော်မူလေ၏၊ ထိုသူကြွယ်သည် ဂန္ဓကုဋိသာဓုခေါ်ပူဇော်ပွဲ ပြုလတ်သည်ရှိသော် ခြောက်သန်း ရှစ်သိန်းသော ရဟန်းတော်တို့ကို ကျောင်းတော် အတွင်း၌ သာလျှင် ကိုးလတို့ ပတ်လုံး အလှူကြီးကို ပေးလှူ၍ အလှူအဆုံး၌ အလုံးစုံသော ရဟန်းတို့အား သင်္ကန်းသုံးထည်ကို လှူဒါန်းလေ၏၊ အငယ်ဆုံးသော ရဟန်းအား ရအပ်သော သင်္ကန်းလျာ ပုဆိုးတို့သည် အဘိုးတထောင် ထိုက်တန်လေ၏။
---
သူဌေးသား ဇောတိက ဖြစ်လာခြင်း
ဤသို့လျင် ထိုအပရာဇိတ သူကြွယ်သည် အသက်ရှည်သမျှ ကာလပတ်လုံး ကောင်းမှုတို့ကို ပြုလုပ်၍ ထိုကိုယ်အဖြစ်မှ စုတေလတ်သည်ရှိသော် နတ်ပြည်၌ ဖြစ်သဖြင့် ဤမျှလောက်သော ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ပြီးလျှင် ဤငါတို့ဘုရား ပွင့်လင်းထွန်းပ သောအခါ ရာဇဂြိုဟ်ပြည်၌ တဦးသော သူဌေး၏ အိမ်၌ ပဋိသန္ဓေကိုယူ၍ လခွဲအလွန်ရှိသော ကိုးလတို့ဖြင့် မိခင်၏ဝမ်း တိုက်၌ ကိန်းအောင်းလေ၏၊
ထိုသတို့သား၏ ဖွားမြင်သောနေ့၌ကား ပြည်အလုံး၌ အလုံးစုံသော လက်နက်တို့သည် တောက်ပလေကုန်၏၊ အလုံးစုံသော သူတို့၏ ကိုယ်၌ ဆင်အပ်ကုန်သော တန်ဆာတို့သည်လည်း တောက်ပကုန်သကဲ့သို့ အရောင်ကို လွှတ်ကြကုန်၏၊ ပြည်အလုံးသည် တပြိုင်နက် အရောင် အလင်း တောက်ပခြင်း ဖြစ်လေ၏၊
သူဌေးကြီးသည်ကား နံနက် စောစောကပင်လျှင် မင်းအား ခစားခြင်းသို့ သွားလေ၏၊ ထိုအခါ သူဌေးကြီးကို မင်းကြီးသည် ယနေ့ အလုံးစုံသော လက်နက်တို့သည် တောက်ပကုန်၏၊ ပြည်အလုံးသည် တပြိုင်နက် အရောင်အလင်းဖြစ်၏၊ ဤသို့ဖြစ်ခြင်း၌ အကြောင်းကို သင်သူဌေး သိသလောဟု မေးလေ၏၊ အရှင်မင်းကြီး- သိပါ၏ဟု လျှောက်တင်လတ်သော် သူဌေးကြီး- အသို့သိသနည်းဟု မေးပြန်လေ၏၊
အကျွနု်ပ်၏အိမ်၌ အရှင်မင်းမြတ် တို့၏ကျွန် သူငယ်သည် ဖွားမြင်ပါသည်၊ ထိုသူငယ်၏ ကောင်းမှု အာနုဘော် ကြောင့် သာလျှင် ဖြစ်ပါသည်ဟု လျှောက်တင်လတ်သော် အသို့နည်း၊ ခိုးသူ ဖြစ်လတ္တံ့ လောဟု မေးပြန်လေ၏၊ အရှင်မင်းကြီး- ခိုးသူဖြစ်ခြင်း၏ အကြောင်း မရှိပါ၊ ကောင်းမှု ဘုန်းကံနှင့် ပြည့်စုံသည်ဖြစ်၍ ပြုအပ်ဖူးသော ဆုတောင်း ရှိသောသတ္တဝါ ဖြစ်ပါသည်ဟု လျှောက်တင် လတ်သော် ထိုသို့ဖြစ်မူ ထိုသူငယ်ကို ကောင်းစွာ မွေးခြင်းငှါ သင့်၏၊ ဤအသပြာသည် ထို သူငယ်၏နို့ဘိုး ဖြစ်ပါစေလော့ဟု နေ့တိုင်း တထောင်သော ဥစ္စာကို ဖြစ်စေလေ၏။
(ထောက်ပံ့လေ၏။)
---
ဇောတိကသူဌေးအား ဗိမာန် မြေမှပေါ်ပေါက်ခြင်း
ထိုအခါ သူငယ်ကို အမည်မှည့်အံ့သောနေ့၌ ပြည်အလုံး၏တပြိုင်နက် အလင်းရောင် တောက်ပြောင် ထွန်းလင်းသည်၏ အဖြစ်ကြောင့် ဇောတိကဟူသော အမည်ကိုသာလျှင် မှည့်ကြ လေကုန်၏၊ ထိုအခါ ဇောတိကသူငယ် အရွယ်သို့ ရောက်သောအခါ အိမ်ဆောက်ခြင်းငှါ မြေအပြင်ကို သုတ်သင်အပ်သည်ရှိသော် သိကြားမင်း၏ နေရာသည် ပူလောင်သော အခြင်း အရာကို ပြလေ၏၊
သိကြား မင်းသည် ဤပဏ္ဍုကမ္ဗလာ ကျောက်ဖျာ ပူလောင်ခြင်း အကြောင်းကား အသို့နည်းဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် ဇောတိကသတို့သား၏ အိမ်နေရာ အရပ်ကို ယူကြကုန်၏ဟု သိသဖြင့် ဤဇောတိက သူဌေးသားကား ဤလူတို့ ဆောက်လုပ်အပ်သော အိမ်၌ မနေလတ္တံ့၊ ငါ သိကြားမင်းသည်လည်း ထိုအရပ်သို့သွားခြင်းငှါ သင့်၏ဟု လက်သမားအသွင်ဖြင့် ထိုအရပ်သို့ သွားပြီးလျှင် အဘယ်အမှုကို ပြုလုပ်ကြကုန်သနည်းဟု မေးလေ၏၊
ဇောတိကသူဌေးသား၏ အိမ်နေရာအရပ်ကို ယူကြပါကုန်၏ဟု ဆိုလတ်သော် သင်တို့ ဖဲကြ ပါကုန်လော့၊ ဤဇောတိက သူဌေးသားသည် သင်တို့ ဆောက်လုပ်အပ်သော အိမ်၌ မနေလတ္တံ့ဟု ဆို၍ တဆယ့်ခြောက်မင်းပယ်စာ မျှလောက်သော မြေ အရပ်ကို ကြည့်ရှုလေ၏။ ထိုမြေအရပ်သည် သိကြားမင်း ကြည့်ကာမျှ၌ ပင်လျှင် ကသိုဏ်းဝန်းကဲ့သို့ ညီညွတ်သော မြေအပြင် ဖြစ်လေ၏၊ တဖန် ဤ အရပ်၌ မြေကိုဖောက်ခွဲ၍ ရတနာခုနစ်ပါးဖြင့် ပြီးသော ဘုံခုနစ်ဆင့် ရှိသော ပြာသာဒ် သည် ပေါ်ပေါက်စေသတည်းဟု ကြံ၍ ကြည့်ရှုပြန်လေ၏၊ ထိုခဏ၌ ပင်လျှင် ပြာသာဒ်သည် ပေါ်ပေါက်လာပြန်လေ၏။
---
တံတိုင်း ပဒေသာပင် စသည်တို့ ပေါ်ပေါက်လာခြင်း
တဖန် ဤပြာသာဒ်ကို ခြံရံလျက် တံတိုင်း ခုနစ်ထပ်တို့သည် ပေါ်ပေါက်စေ ကုန်သတည်းဟုကြံ၍ ကြည့်ရှုပြန်လေ၏၊ ထိုသို့ သဘောရှိသော တံတိုင်းတို့သည် ပေါ်ပေါက်ကုန်၏၊ ထို့နောင်မှ ထိုတံတိုင်း ခုနစ်ထပ်တို့၏ အစွန်အနား၌ကား ပဒေသာပင်တို့သည် ပေါ်ပေါက်စေကုန်သတည်းဟု ကြံ၍ ကြည့်ရှုပြန်လေ၏၊ ထိုသို့ သဘောရှိသော ပဒေသာပင်တို့သည် ပေါ်ပေါက်ပြန်လေကုန်၏၊
ပြာသာဒ်၏ လေးခုသော အထောင့်တို့၌ လေးလုံးသော ရွှေအိုးတို့သည် ပေါ်ပေါက်စေကုန် သတည်းဟုကြံ၍ ကြည့်ရှုပြန်၏၊ အောက်၌အလုံးစုံသည် ထို့အတူသာလျှင် ဖြစ်လေ၏၊ ရွှေအိုးတို့တွင် တလုံးသည် တယူဇနာအတိုင်း အရှည်ရှိ၏၊ တလုံးသည် သုံးဂါဝုတ် အတိုင်း အရှည်ရှိ၏၊ တလုံးသည် ယူဇနာခဲါ အတိုင်းအရှည်ရှိ၏၊ တလုံး သည် တဂါဝုတ်အတိုင်းအရှည်ရှိ၏၊
ဘုရားလောင်းအလို့ငှါ ဖြစ်သော ရွှေအိုးတို့၏ကား တခုတည်းသော မျက်နှာဝ ပမာဏရှိလေ၏၊ အိုး၏အောက်၌ မြေကြီး အဆုံးရှိကြသည်သာလျှင် ဖြစ်ကုန်၏၊ ဇောတိက အလို့ငှါဖြစ်သော ရွှေအိုးတို့၏ ကား မျက်နှာဝပမာဏကို မဆိုအပ်၊ အလုံးစုံသော မျက်နှာတို့သည် ဖြတ်အပ်သော ထန်းသီးကဲ့သို့ ပြည့်ကုန်သည်ဖြစ်၍သာလျှင် ပေါ်ပေါက် လာကြကုန်၏၊
ပြာသာဒ်၏ လေးခုသော အထောင့်တို့၌ ထန်းပင်ပျို ပင်စည်လုံးပတ် ပမာဏရှိ ကုန်သော ရွှေဖြင့်ပြီးကုန်သော လေးခုသော ကြံချောင်းတို့သည် ဖြစ်လေကုန်၏၊ ထိုကြံပင်တို့၏ အရွက် တို့သည် ပတ္တမြားဖြင့် ပြီးကုန်၏၊ ပင်စည်တို့သည် ရွှေဖြင့် ပြီးကုန်၏။
(ရှေး၌ဖြစ်သော ကောင်းမှုကံကို ဖော်ပြခြင်း အကျိုးငှါ ထို ကြံပင်တို့သည် ဖြစ်ကုန်သတတ်။)
---
နတ်ဘီလူးတို့ စောင့်ရှောက်ခြင်း
ခုနစ်ခုသော တံခါးမုတ်တို့၌ ခုနစ်ယောက်သော နတ်ဘီလူးတို့သည် အစောင့် အရှောက်ကို ယူကြလေကုန်၏၊
ရှေးဦးစွာဖြစ်သော တံခါးမုတ်၌ ယမကောဠီ အမည်ရှိသော ဘီလူးသည် မိမိ၏ အခြံအရံဖြစ်သော ဘီလူးတထောင်နှင့် အတူတကွ အစောင့်အရှောက်ကိုယူ၏၊
နှစ်ခုမြောက်ဖြစ်သော တံခါးမုတ်၌ ဥပ္ပလမည်သော ဘီလူးသည် မိမိ၏ အခြံအရံဖြစ်သော ဘီလူးတို့၏ နှစ်ထောင်တို့နှင့် အတူ တကွ အစောင့်အရှောက်ကိုယူ၏၊
သုံးခုမြောက် ဖြစ်သော တံခါးမုတ်၌ ဝဇိရ မည်သော ဘီလူးသည် ဘီလူးသုံးထောင်တို့နှင့် အတူတကွ၊
လေးခုမြောက် ဖြစ်သောတံခါးမုတ်၌ ဝဇိရဗာဟုအမည်ရှိသော ဘီလူးသည် ဘီလူး လေးထောင်တို့နှင့် အတူတကွ၊
ငါးခုမြောက်ဖြစ်သော တံခါးမုတ်၌ ကသကန္ဒ အမည်ရှိသော ဘီးလူးသည် ဘီလူးငါးထောင် တို့နှင့်အတူတကွ၊
ခြောက်ခုမြောက်ဖြစ်သော တံခါးမုတ်၌ ကဋတ္တမည်သော ဘီလူးသည် ဘီလူး ခြောက်ထောင်တို့နှင့် အတူတကွ၊
ခုနစ်ခု မြောက်ဖြစ်သော တံခါးမုတ်၌ ဒိသာပါမုခ အမည်ရှိသော ဘီလူးသည် ဘီလူး ခုနစ်ထောင် တို့နှင့် အတူတကွ အစောင့်အရှောက်ကိုယူ၏၊
ဤသို့လျှင် ပြာသာဒ် ၏အတွင်း၌၎င်း,အပ၌၎င်း မြဲစွာခိုင်ခံ့သော အစောင့်အရှောက်သည် ရှိလေ၏၊
ဇောတိက သတို့သားအလို့ငှါ ရတနာခုနစ်ပါးဖြင့် ပြီးသော ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်သည် ပေါ်ပေါက်သတတ်၊ တံတိုင်း ခုနစ်ထပ်တို့သည်၎င်း, တံခါးမုတ် ခုနစ်ခုတို့သည်၎င်း, လေးလုံးသော ရွှေအိုးတို့သည်၎င်း ပေါ်လာကုန်သတတ်ဟု သတင်းစကား ကြားရသည် ရှိသော် ဗိမ္ဗိသာရ မင်းကြီးသည် သူဌေးတို့ ဆောင်း ထိုက်သောထီးကို စေလွှတ် ပို့စေလေ၏၊ ထိုသူဌေးသည် ဇောတိက သူဌေးမည် သည် ဖြစ်လေ၏။
---
သူဌေးကတော်နှင့် မြောက်ကျွန်းမှပါသော ပစ္စည်းများ
ထိုဇောတိက သူဌေးနှင့် အတူတကွ ကောင်းမှုပြုဘက်ဖြစ်သော မိန်းမသည် မြောက်ကျွန်းတို့၌ ဖြစ်လေ၏၊ ထိုအခါ ထိုမြောက်ကျွန်းသူကို နတ်တို့သည် မြောက်ကျွန်းမှ ဆောင်ယူပြီးလျှင် အသရေရှိသော တိုက်ခန်း၌ နေစေကြလေကုန်၏၊ ထိုမြောက်ကျွန်းသူ သူဌေးကတော်သည် မြောက်ကျွန်းမှ လာလတ် သည်ရှိသော် တကွမ်းစား = တစလယ်သော ဆန်ကို၎င်း, ဇောတိပါသာဏ မည်သော ပတ္တမြားခုံလောက် သုံးလုံးကို၎င်း ယူခဲ့လေ၏၊ ထိုဇောတိက သူဌေးမောင်နှံတို့အား အသက်ထက်ဆုံး ထိုတကွမ်းစားသော ဆန်ဖြင့်သာလျှင် ချက်အပ်သော စားတော်ထမင်းသည် ဖြစ်လေ၏၊
ထိုဇောတိက သူဌေးတို့အား အကယ်၍ လှည်းအစီး တရာကိုသော်လည်း ဆန်တို့ဖြင့် ပြည့်စေခြင်းငှါ အလိုရှိကြကုန်သည် ဖြစ်ကုန်ငြားအံ့၊ ထိုဆန် တကွမ်းစားသည်ပင်လျှင် လှည်း အစီးတရာဖြစ်၍ တည်လေ၏၊
ထမင်းချက်သော အခါ၌ ဆန်ကို ထမင်းအိုး၌ ထည့်ပြီးလျှင် ထိုဇောတိပါသာဏ ပတ္တမြား ကျောက်တို့၏ အထက်၌ ထားကြကုန်၏၊ ပတ္တမြား ကျောက်တို့သည် ထိုခဏ၌သာလျှင် မီးလျှံထွက်၍ ထမင်းသည် ကျက်ကာမျှ ဖြစ်လတ်သည်ရှိသော် ငြိမ်းအေးကုန်၏၊ ထိုမီးလျှံ ငြိမ်းအေးသော အမှတ်ဖြင့်သာလျှင် ထမင်း၏ ကျက်သည့်အဖြစ်ကို သိကြရကုန်၏၊ ဟင်းလျာ စသည် ချက်သောအခါလည်း ဤနည်းအတူသာလျှင်တည်း၊
ဤသို့လျှင် ထိုဇောတိက သူဌေးကြီးတို့၏ အလို့ငှါ ဇောတိပါသာဏမည်သော ပတ္တမြားကျောက်တို့ ဖြင့် အစာအာဟာရသည် ကျက်၏၊ ပတ္တမြားကျောက် အရောင်ဖြင့်လည်း နေကြ ကုန်၏၊မီး၏၎င်း, ဆီမီး၏၎င်း အရောင်အလင်းကိုပင် မသိကြလေကုန်၊ ဇောတိက သူဌေးကြီးအား ဤသို့သဘော ရှိသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းသည် ဖြစ်သတတ်ဟု ဇမ္ဗူဒီပါ တကျွန်းလုံး၌ ထင်ရှား ပြန့်နှံ့ခြင်း ဖြစ်လေ၏။
---
ဇမ္ဗူဒိပ်တကျွန်းလုံး လာရောက်ကြည့်ရှုကြခြင်း
များစွာသော လူအပေါင်းသည် လှည်းယာဉ် စသည်တို့ကို က စေလျက် ကြည့်ရှုခြင်း အကျိုးငှါ လာ၏၊ ဇောတိက သူဌေးကြီးသည် လာတိုင်းလာတိုင်း ကုန်သော လူတို့အား မြောက်ကျွန်း ဆန်တို့၏ ထမင်းကိုချက်စေ၍ ပေးစေ၏၊ ပဒေသာပင်တို့မှ အဝတ်ပုဆိုးတို့ကို ယူကြကုန်လော့၊ တန်ဆာတို့ကို ယူကြကုန် လော့ဟု စေခိုင်းလေ၏၊ တဂါဝုတ် အတိုင်းအရှည်ရှိသော ရွှေအိုးတို့ကို မျက်နှာဝ ကို ဖွင့်စေပြီးလျှင် အသက်မွေး မျှတလောက်အောင်သော ဥစ္စာကို ယူကြကုန် လော့ဟု စေခိုင်းလေ၏၊ အလုံးစုံသော ဇမ္ဗူဒိပ် ကျွန်းသူ ကျွန်းသားတို့သည် ဥစ္စာကိုယူ၍ သွားကြကုန် သော်လည်း ရွှေအိုး၌ လက်တသစ်မျှလည်း ယုတ်လျော့ ခြင်းသည် မဖြစ်။
(ထိုဇောတိက သူဌေး၏ ဤသို့ ပြည့်စုံရခြင်းကား ဂန္ဓကုဋိ ပရိဝုဏ်၌ သဲပြု၍ ဖြန့်ကြဲအပ်ကုန်သော ရတနာတို့၏ အကျိုးဖြစ်သတတ်။)
ဤသို့လျှင် များစွာသော လူအပေါင်းသည် အဝတ်တန်ဆာတို့ကို၎င်း ဥစ္စာတို့ကို၎င်း အလိုရှိတိုင်း ယူ၍ သွားသည်ရှိသော် ဗိမ္ဗိသာရမင်းကြီးသည် ထိုဇောတိက သူဌေးကြီး၏ ပြာသာဒ်ကို ကြည့်ရှုလိုလျက်ပင် များစွာသော လူအပေါင်းသည်လည်း လာခြင်းကြောင့် အခွင့်ကို မရနိုင်ခဲ့လေ သတည်း။
---
ဗိမ္ဗိသာရမင်းကြီး ရှုစားရန် ထွက်တော်မူခြင်း
နောက်အဖို့၌ အလိုရှိတိုင်းသော ဥစ္စာကိုယူ၍ သွားပြီးသည်အဖြစ်ကြောင့် လူတို့နည်းပါးကုန်သည် ရှိသော် ဗိမ္ဗိသာရမင်းကြီးသည် ဇောတိကသူဌေးကြီး၏ ဖခင်ကို သင့်သား ဇောတိက၏ ပြာသာဒ်ကို ကြည့်ရှုခြင်းငှါ အလိုရှိသည်ဟု မိန့်ဆိုလေ၏၊ ထိုဖခင်သူဌေးကြီးသည် အရှင်မင်းကြီး- ကောင်းပါပြီ ဟု လျှောက်ဆို၍ သွားပြီးလျှင် သားအား သားအား ချစ်သား - ဗိမ္ဗိသာရမင်းကြီးသည် သင် ချစ်သား ၏ ပြာသာဒ်ကို ကြည့်ရှုခြင်းငှါ အလိုရှိ၏ဟု ပြောကြားလေ၏၊
ဇောတိကသူဌေး သည် ဖခင် - ကောင်းပါပြီ၊ ကြွလာတော် မူပါစေသတည်းဟု ဆိုလတ်သော် ဗိမ္ဗိသာရ မင်းကြီးသည် များစွာသော အခြံအရံနှင့်တကွ ထိုဇောတိကသူဌေး၏ နေရာ ပြာသာဒ်သို့ ရွှေစက် ဖြန့်တော်မူလေ၏၊ ရှေးဦးစွာသော တံခါးမုတ်၌ တံမြက်လှည်း၍ တံမြက်ချေးကို စွန့်ပစ်ရသော ကျွန်မသည် မင်းကြီးအား လက်ကို ပေးလေ၏။
---
ကျွန်မကို သူဌေးကတော်ကြီးလောဟု မှတ်ထင်ခြင်း
ဗိမ္ဗိသာရမင်းကြီးသည် သူဌေးကတော်ကြီးဟု မှတ်ထင်သဖြင့် ရှက်နိုးသည် ဖြစ်၍ ထိုကျွန်မ၏ လက်မောင်း၌ လက်တော်ကို မထားဝံ့၊ ဤအတူ ကြွင်းသော တံခါးမုတ်တို့၌လည်း ကျွန်မတို့ကို သူဌေးကတော်ကြီးတို့တည်းဟု အောက်မေ့ မှတ်ထင်သဖြင့် ထိုကျွန်မတို့၏ လက်မောင်း၌ လက်တော်ကို မထားဝံ့၊ ဇောတိက သူဌေးသည် လာလတ်၍ မင်းကြီးကို ခရီးဦးကြိုဆိုပြီးလျှင် နောက်တော်မှ လိုက်၍ အရှင်မင်းကြီး-ရှေ့သို့ကြွတော်မူပါဟု လျှောက်တင်လေ၏၊ မင်းကြီးအား ပတ္တမြားမြေသည် အသူတရာနက်သော ချောက်ကဲ့သို့ဖြစ်၍ ထင်လေ၏။
---
ချောက်သို့ချ၍ ဖမ်းအံ့လောဟု မှတ်ထင်ခြင်း
ဗိမ္ဗိသာရမင်းကြီးသည် ဤဇောတိက သူဌေးကား ငါ့ကို ဖမ်းယူခြင်းငှါ တွင်းကို တူးထားဘိ၏ဟု အောက်မေ့မှတ်ထင်သဖြင့် ခြေတော်ကိုလည်း ချတော် မူခြင်းငှါ မဝံ့လေ၊ ဇောတိကသူဌေးသည် အရှင်မင်းကြီး-ဤကား တွင်းမဟုတ်ပါ၊ ကျွန်တော်မျိုး၏နောက်မှ ရွှေစက်ဖြန့်ကာ ကြွလာတော် မူကြပါဟု လျှောက်တင်၍ ရှေ့တော်မှ သွားရလေ၏၊ မင်းကြီးသည် ထိုဇောတိက သူဌေး ခြေချနင်း သွားသော အခါမှ မြေကိုနင်းလျက် အောက်အပြင်မှစ၍ ပြာသာဒ်ကို ကြည့်ရှု လှည့်လည် တော်မူလေ၏။
---
အဇာတသတ်၏ နှလုံးသွင်းပုံ
ထိုအခါ အဇာတသတ် မင်းသားသည်လည်း ခမည်းတော်၏ လက်ချောင်းကို ဆွဲကိုင်လျက် လှည့်လည်သွားလာစဉ် ငါ့ခမည်းတော် မင်းကြီးကား လွန်စွာ မိုက်မဲ တွေဝေလှဘိ၏တကား၊ သူဌေးမည်သောသူသည် ရတနာ ခုနစ်ပါးဖြင့် ပြီးသောပြာသာဒ်၌ နေသည်ဖြစ်ပါလျက် ငါ့ခမည်းတော်ကား မင်းကြီးဖြစ်လျက် သစ်သားဖြင့်ပြီးသောအိမ်၌ နေဘိ၏၊ ငါသည် ယခုအခါ မင်းဖြစ်ပါမူကား ဤဇောတိကသူဌေးအား ဤပြာသာဒ်၌ နေစိမ့်သောငှါ မပေးအံ့ဟု ကြံစည် လေ၏။
---
ဇောတိကအိမ်၌ နံနက်စာ ပွဲတော်တည်ခြင်း
ဗိမ္ဗိသာရမင်းကြီးအားလည်း အထက်အပြင် အထပ်ထပ်တို့သို့ တက်စဉ် ပင်လျှင် နံနက်စာပွဲတော် တည်ချိန်ကာလသည် ဖြစ်လာလေ၏၊ ဗိမ္ဗိသာရ မင်းကြီးသည် သူဌေးကို ခေါ်၍ သူဌေးကြီး - ဤအိမ်၌သာလျှင် နံနက်စာ ပွဲတော်ကို စားတော်ခေါ်ကြပါစိုအံ့ဟု မိန့်တော်မူသည်ရှိသော် အရှင်မင်းကြီး - သိပါ၏၊ အရှင်မင်းမြတ် အလို့ငှါ စားတော်အာဟာရကို စီရင်အပ်ပါပြီဟု လျှောက်တင်သဖြင့် ဗိမ္ဗိသာရမင်းကြီးသည် တဆယ့်ခြောက်လုံးသော နံ့သာရေ အိုးတို့ဖြင့် ရေချိုးပြီးလျှင် သူဌေး၏ရတနာဖြင့်ပြီးသော နေရာမဏ္ဍပ်၌ ခင်းထား အပ်သော သူဌေး၏နေရာ ပလ္လင်၌သာလျှင် နေထိုင်တော်မူလေ၏၊
ထို့နောင်မှ မင်းကြီးအား လက်ဆေးရေကို ပေး၍ အဘိုးတသိန်း ထိုက်တန်သော ရွှေခွက်၌ ပြော့ပျောင်းသော ဃနာကို ခူးထည့်ပြီးလျှင် ရှေ့၌ ထားကြလေကုန်၏၊ မင်းကြီးသည် စားတော်ထမင်း ဘောဇဉ် ဟူသော အမှတ်ဖြင့် စားသုံးခြင်းငှါ အားထုတ်လေ၏၊ သူဌေးသည် အရှင်မင်းကြီး- ဤသည်ကား စားတော်ထမင်း ဘောဇဉ် မဟုတ်ပါ၊ ဤသည်ကား ပြော့ပျောင်းသော နို့ဃနာဖြစ်ပါသည်ဟု လျှောက်တင်လေ၏၊ ထိုနောက်မှ တပါးသော ရွှေခွက်၌ စားတော်ထမင်း ဘောဇဉ်ကို ခူးထည့်၍ ရှေးဦးစွာဖြစ်သော ရွှေခွက်၌ တင်ထားကြလေကုန်၏။
(ထိုခွက်မှတက်သော အငွေ့အားဖြင့် ထိုစားတော်ထမင်း ဘောဇဉ်ကို စားသုံးခြင်းငှါ ချမ်းသာသည် ဖြစ်သတတ်။)
---
စားတော်ခေါ် လွန်မည်စိုး၍ သတိပေးရခြင်း
မင်းကြီးသည် မြိန်မြတ်သော အရသာရှိသော ဘောဇဉ်ကို ပွဲတော်တည် ရသည်ဖြစ်၍ အတိုင်း အရှည်ကို မသိနိုင်ဖြစ်ခဲ့လေ၏၊ ထိုအခါ မင်းကြီးကို သူဌေးသည် ရှိခိုး၍ လက်အုပ်ချီလျက် အရှင်မင်းကြီး- သင့်တော်လောက်ပါပြီ၊ ဤမျှ သုံးဆောင်ခြင်းသာလျှင် ဖြစ်ပါစေ၊ ဤအနေထက် လွန်သည်ရှိသော် အစာကြေ စေခြင်းငှါ မတတ်နိုင်ပါဟု လျှောက်လေ၏၊
ထိုအခါ၌ သူဌေးကို မင်းကြီးသည် သူဌေးကြီး - အသို့နည်း၊ မိမိ၏ထမင်းကို အလေးပြု၍ ဆိုဘိ၏ တကားဟု မိန့်ဆိုလေ၏၊ အရှင်မင်းကြီး - ဤထမင်း၌ အလေးပြုဖွယ် မရှိပါ၊ အရှင်မင်းကြီးတို့၏ အလုံးစုံသော ဗိုလ်ပါအပေါင်းအားလည်း ဤထမင်းကိုသာလျှင် ဤဟင်းကို သာလျှင် ပေးကျွေးပါမည်၊ စင်စစ်သော်ကား ကျွန်တော်မျိုးသည် အကျော်အစောမဲ့အံ့သည်ကို ကြောက်လှ ပါသည်ဟု လျှောက်တင်လတ်သော် အဘယ် အကြောင်းကြောင့်နည်းဟု မေးလေ၏၊
အရှင်မင်းကြီး- အရှင်မင်းကြီးအား ကိုယ်၌ဖြစ်သော ပျင်းရိခြင်း ထိုင်းမှိုင်းခြင်းသည် အကယ်၍ ဖြစ်ငြားအံ့၊ ယမန်နေ့က မင်းကြီးသည် သူဌေး၏အိမ်၌ ထမင်းပွဲတော် တည်လေပြီ၊ သူဌေးသည် တစုံတခုကို ပြုသည်ဖြစ်လတ္တံ့ဟု ဆိုအံ့သောစကားမှ ကြောက်လှပါသည်အရှင် မင်းကြီးဟု လျှောက်တင်လတ်သော် ယင်းသို့ဖြစ်မူ ထမင်းကို ယူဆောင်သွားလော့၊ ရေကိုယူခဲ့ပါလော့ဟု မြွက်ဆိုလေ၏၊ မင်းကြီး၏ စားတော်ခေါ်ခြင်း ကိစ္စအဆုံး၌ အလုံးစုံသော မင်းအခြံအရံ လူအပေါင်းသည် ထိုထမင်းကိုသာလျှင် သုံးဆောင် စားသောက်လေ၏။
---
သူဌေးကတော် ညည်းငြူပုံ
မင်းကြီးသည် ချမ်းသာစွာနေပြီးလျှင် ဇောတိကသူဌေးကို ခေါ်တော်မူ၍ သူဌေးကြီး - အသို့နည်း၊ ဤအိမ်၌ သင့်အား သူဌေးကတော် မရှိလေသလောဟု မိန့်ဆိုလေ၏၊ အရှင်မင်းကြီး - ရှိပါ၏ဟု လျှောက်တင်လျှင် သူဌေးကတော်သည် အဘယ်မှာနည်းဟု မေးပြန်သဖြင့် အသရေရှိသော တိုက်ခန်း၌ နေပါသည်၊ အရှင်မင်းကြီး၏ ရွှေစက်ဖြန့် ကြွလာတော်မူသည့် အဖြစ်ကို မသိရှာပါဟု လျှောက်တင်လေ၏။
(ထိုစကားမှန်၏၊ နံနက်စောစောကပင်လျှင် ဗိမ္ဗိသာရမင်းကြီးသည် အခြံအရံနှင့် တကွ အကယ်၍ကား ကြွလာခဲ့ပေ၏၊ ထိုသို့ပင် ကြွလာခဲ့သော်လည်း ထိုသူဌေးကတော်သည် မင်းကြီး ကြွလာသည့် အဖြစ်ကို မသိရှာသည် စင်စစ်တည်း။)
ထို့နောင်မှ ဇောတိက သူဌေးသည် မင်းကြီးကား ငါ၏ သူဌေးကတော်ကြီးကို ရှုမြင်ခြင်းငှါ အလိုရှိတော်မူ၏ဟု ထိုသူဌေးကတော်၏ အထံသို့ သွားပြီးလျှင် မင်းကြီးကြွလာပါသည်၊ သင်သည် မင်းကြီးကို ဖူးမြင်ခြင်းငှါ သင့်၏ဟု ဆိုလေ၏၊
သူဌေးကတော်သည် လျောင်းစက်လျက်သာလျှင် အရှင်. မင်းကြီး မည်သော ဤသူသည် အဘယ်သို့သောသူ ဖြစ်ပါသနည်းဟု ဆိုလေသောကြောင့် မင်းကြီးမည်သည်ကား ငါတို့ကို အစိုးရသောသူဖြစ်၏ဟု ဆိုသည် ရှိသော် နှလုံးမသာယာသည့် အဖြစ်ကို ပြောကြားလျက် အကြင် ငါတို့ကို အစိုးရ သောသူသည်လည်း ရှိဘိသေး၏၊ ထိုငါတို့သည် ကောင်းမှု ကုသိုလ်ကံတို့ကို မကောင်းသောအားဖြင့် မရိုမသေ ပြုကြဖူးလေကုန်စွတကား၊
သဒ္ဓါယုံကြည် ခြင်းမရှိဘဲ ကောင်းမှုကံတို့ကို ပြုမိခဲ့၍ ငါတို့သည် စည်းစိမ်ချမ်းသာကိုရပါလျက် တပါးသောသူ၏ အစိုးတရ ပိုင်ဆိုင်ရာဌာန၌ ဖြစ်ကြရကုန်၏၊ မချွတ်ဧကန် ငါတို့သည် မသဒ္ဓါ မယုံကြည်ဘဲ အလှူကို ပေးလှူခဲ့သည်ဖြစ်လတ္တံ့ ၊ ဤသို့ဖြစ်ရခြင်းကား ထိုမယုံကြည်ဘဲပြုသော ကောင်းမှုကံ၏ အကျိုးပေတည်းဟု ဆို၍ အရှင်သူဌေး - ယခုအခါ အဘယ်အမှုကို ပြုရပါအံ့နည်း ဟု ဆိုလေ၏။
---
သူဌေးကတော် မျက်ရည် ယိုစီးကျခြင်း
ထန်းရွက် ယပ်ဝန်းကို ယူလာ၍ မင်းကြီးကို ယပ်ခပ်ချေလောဟု ဆိုသည်ရှိသော် ထိုသူဌေး ကတော်သည် ထန်းရွက် ယပ်ဝန်းကို ယူသွား၍ မင်းကြီးကို ယပ်ခပ်စဉ် မင်းကြီး၏ ဦးရစ်ဗောင်းတော်၏ အနံ့လေသည် သူဌေးကတော် ကြီး၏မျက်စိတို့ကို ခပ်မိလေ၏၊ ထိုအခါ၌ သူဌေးကတော်၏မျက်စိတို့မှ မျက်ရည် အယဉ်တို့သည် ယိုစီးဖြစ်ပေါ်ကြလေကုန်၏၊
ထိုမျက်ရည် ယိုစီးသည်ကိုမြင်လျှင် မင်းကြီးသည် သူဌေးကို သူဌေးကြီး-မိန်းမမည်သည်ကား နည်းသော ပညာရှိ၏၊ မင်းကြီးသည် ငါ့အရှင်သူဌေးကြီး၏ စည်းစိမ်ချမ်းသာကို ယူရာ၏ဟု ကြောက်သဖြင့် ငိုကြွေးလေယောင် တကား၊ ထိုသူဌေးမကို နှစ်သိမ့်စေပါဦးလော့၊ ငါ့ဘုရင် မင်းကြီးသည် သင်၏ စည်းစိမ်ချမ်းသာဖြင့် အလိုမရှိပါဟု ဆိုလေ၏၊
အရှင်မင်းကြီး- ဤသူဌေးကတော်သည် ငိုကြွေးသည် မဟုတ်ရပါဟု လျှောက်လတ်သော် ထိုသို့မဟုတ်လျှင် ဤအကြောင်းကား အဘယ်နည်းဟု မေးပြန်လေ၏၊ အရှင်မင်းကြီးတို့၏ ဦးရစ်ဗောင်းတော်နံ့ကြောင့် သူဌေးကတော်အား မျက်ရည်တို့ဖြင့် ဖြစ်ပေါ် ယိုစီးကျပါသည်။
(ထိုစကား မှန်၏၊ ဤသူဌေးကတော်သည် ဆီမီး အရောင်ကို၎င်း, မီး အရောင်ကို၎င်း မမြင်ရ မရှုရမူ၍ ပတ္တမြားအရောင်ဖြင့်သာ စားလည်း စား၏, နေလည်း နေ၏, အိပ်လည်း အိပ်၏။)
အရှင်မင်းကြီးသည်ကား ဆီမီး အရောင်အလင်းဖြင့် နေတော်မူသည် ဖြစ်လတ္တံ့ဟု လျှောက်တင် လတ်သော် ရှင်သူဌေး - ဆီမီးရောင်ဖြင့် နေတော်မူသည် မှန်ပေ၏ဟု မိန့်တော်မူလေ၏၊ ထိုသို့ဖြစ်မူ အရှင်မင်းကြီး ယနေ့ကို အစပြု၍ ပတ္တမြား အရောင်အလင်းဖြင့်သာ နေတော်မူကြပါဟု ကြီးသော သခွါးသီးမှ ပမာဏရှိသော အဘိုး အတိုင်းမသိ ထိုက်တန်သော ပတ္တမြား ရတနာကို ဆက်သလေ၏၊
ဗိမ္ဗိသာရမင်းကြီးသည် ဇောတိကသူဌေးအိမ်ကို ကြည့်ရှုပြီးလျှင် ဇောတိကသူဌေး၏ စည်းစိမ် ချမ်းသာသည် ကြီးကျယ် ခမ်းနား လေစွတကားဟု ဆို၍ ပြန်ကြွတော်မူလေ၏။
(ဤသည်ကား ရှေးဦးစွာ ဇောတိကသူဌေး၏ အတ္ထုပ္ပတ္တိတည်း။)
---
သူဌေးသ္မီးနှင့် ဝိဇ္ဇာဓိုရ်
ယခုအခါ ဇဋိလသူဌေး၏ ဖြစ်ရာအတ္ထုပ္ပတ္တိကို ဤဆိုလတ္တံ့သော နည်းဖြင့် သိအပ်၏၊
ဗာရာဏသီပြည်၌ တယောက်သော သူဌေးသ္မီးသည် အလွန် အဆင်းလှ၏၊ ထိုသူဌေးသ္မီးကို တဆယ့် ငါးနှစ် တဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ စောင့်ရှောက်ခြင်းအကျိုးငှါ အိမ်ကျွန်မ တယောက်ကို ပေး၍ ဘုံခုနစ်ဆင့် ရှိသော ပြာသာဒ်၏ အထက် အပြင် အသရေရှိသော တိုက်ခန်း၌ နေစေကြလေကုန်၏၊
တနေ့သ၌ လေသာပြူတင်းကို ဖွင့်လှစ်၍ အပကိုကြည့်နေသော ထိုသူဌေးသ္မီးကို ကောင်းကင် ခရီးဖြင့်သွားသော တယောက်သော ဝိဇ္ဇဓိုရ်ယောက်ျားသည် မြင်ရလျှင် ဖြစ်သော ချစ်ခင်စုံမက်ခြင်း ရှိသည်ဖြစ်၍ လေသာပြုတင်းဖြင့် ဝင်၍ ထိုသူဌေးသ္မီးနှင့် အတူတကွ ပေါင်းဖော် ယဉ်ပါးခြင်းအမှုကို ပြုလေ၏၊ ထိုသူဌေးသ္မီးသည် ဝိဇ္ဇာဓိုရ်ယောက်ျားနှင့် အတူတကွ ပေါင်းဖော်ခြင်းကိုစွဲ၍ မကြာမြင့်မီသာလျှင် ကိုယ်ဝန်ကို ရလေ၏၊
ထိုအခါ သူဌေးသ္မီးဖြစ်ပုံကို အိမ်ကျွန်မ မြင်ရ၍ ချစ်သ္မီး ဤသို့ဖြစ်ရသော အကြောင်းကား အဘယ်နည်းဟု မေးလေသောကြောင့် ထိုသို့ဖြစ်မူလည်း ဖြစ်ပါစေ၊ တစုံတယောက်သောသူအား မပြော ကြားပါလင့်ဟု သူဌေးသ္မီးက ဆိုလတ်သည်ရှိသော် အိမ်ကျွန်မသည် ကြောက်သဖြင့် ဆိတ်ဆိတ်နေရရှာလေ၏၊
သူဌေးသ္မီးသည်လည်း ဆယ်လလွန်သောအခါ သားယောက်ျားကို ဖွားမြင်သဖြင့် အိုးသစ်ကို ဆောင်ယူစေ၍ ထိုအိုး၌ သူငယ်ကို အိပ်စေပြီးလျှင် ထိုအိုးကိုပိတ်၍ အထက်၌ ပန်းခိုင် ပန်းကုံး တို့ကို ထားလျက် ဤအိုးကို ဦးခေါင်းဖြင့်ရွှက်ယူကာ သွား၍ ဂင်္ဂါမြစ်၌ မျှောချေလော့၊ ဤသည် ကား အဘယ်နည်းဟု မေးအပ်သည်ရှိသော် အကျွနု်ပ်သခင်မ၏ ဗလိနတ်စာ ပေးသောအမှု ဖြစ်ပါသည်ဟူ၍ ဆိုလေလော့ဟု မှာထား၍ ကျွန်မကို စေခိုင်းလေ၏၊ ထိုကျွန်မသည် သူဌေးသ္မီး စေခိုင်းလိုက်သည့်အတိုင်း ပြုရလေ၏။
---
အိုးတလုံးအတွက် မိန်းမနှစ်ဦး တရားရုံးတက်ခြင်း
ဂင်္ဂါမြစ်အောက်ဆိပ်၌လည်း မိန်းမနှစ်ယောက်တို့သည် ရေချိုးကြကုန်သည် ရှိသော် ထိုအိုး ရေ၌မျောလာသည်ကို မြင်တဲ့လျှင် တယောက်သော မိန်းမသည် ဤအိုးကား ငါ့အိုးတည်း ဟုဆိုလေ၏၊ တယောက်သော မိန်းမသည်ကား အကြင် ဝတ္ထုသည် အိုးအတွင်း၌ရှိ၏၊ ထိုဝတ္ထုသည် ငါ၏ဥစ္စာတည်းဟု ဆိုသဖြင့် အိုး ရောက်လာသည်ရှိသော် ထိုအိုးကိုယူ၍ ကြည်းကုန်း၌ထား၍ ဖွင့်ကြသည်ရှိသော် သူငယ်ကိုမြင်ရလျှင် မိန်းမတယောက်က ငါ့အိုးဟူ၍ ဆိုအပ်သည်အဖြစ်ကြောင့် သူငယ်သည် ငါ့ဥစ္စာသာလျှင်ဖြစ်၏ဟု ဆိုလေ၏၊
မိန်းမတယောက်က အကြင် ဝတ္ထုသည် အိုး၏အတွင်း၌ရှိ၏၊ထိုဝတ္ထုသည် ငါ၏ဥစ္စာသာလျှင် ဖြစ်စေသတည်း ဟု ဆိုအပ်သည်အဖြစ်ကြောင့် သူငယ်သည် ငါ့ဥစ္စာဖြစ်၏ဟု ဆိုလေ၏၊ ထိုမိန်းမ နှစ်ယောက်တို့သည် အငြင်းအခုံ ဖြစ်ကြကုန်သဖြင့် တရားဆုံးဖြတ်ရာသို့သွား၍ ထိုအကြောင်းကို ပြောကြားကြကုန်သောကြောင့် အမတ်ကြီးတို့သည် ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်ကြကုန်သည်ရှိသော် မင်းကြီး၏အထံသို့ သွားကြရလေကုန်၏၊ မင်းကြီးသည် ထိုမိန်းမတို့၏စကားကို ကြားရလျှင် သင်သည် သူငယ်ကိုယူလော့ သင်သည် အိုးကိုယူလော့ဟု အမိန့်ချမှတ် ဆုံးဖြတ် စီရင်တော်မူ လေ၏။
---
ဇဋိလအမည်ရ၍ အရှင်ကစ္စည်းထံ ရောက်ခြင်း
အကြင်မိန်းမသည် သူငယ်ကို ရ၏၊ ထိုမိန်းမသည် ရှင်မဟာကစ္စည်းမထေရ် ၏ အလုပ်အကျွေး ဒါယိကာမဖြစ်၏၊ ထိုကြောင့် ဤသူငယ်ကို ကစ္စည်းမထေရ်မြတ်၏ အထံတော်၌ ရှင်ပြု ရပေတော့အံ့ဟု နှလုံးပြု၍ ထိုသူငယ်ကို မွေးကျွေး သုတ်သင်၏၊ ထိုသူငယ်၏ ဖွားမြင်သောနေ့၌ ကိုယ်ဝန်အညစ်အကြေးကို ကြောလျက် ရေမချိုးအပ်သည် အဖြစ်ကြောင့် ဆံပင်တို့သည် တွန့်လိမ်ရှုပ်ထွေး သည်ဖြစ်၍ တည်ကြကုန်၏၊ ထို့ကြောင့် ထိုသတို့သားငယ်အား ဇဋိလဟူသော အမည်ကိုသာလျှင် မှည့်ကြလေကုန်၏၊
ထိုသူငယ်၏ ခြေဖြင့် သွားလာနိုင်သော အခါ ကစ္စည်းမထေရ်သည် ထိုအိမ်သို့ ဆွမ်းအလို့ငှါ ကြွဝင်လာလေ၏၊ ဒါယိကာမ သည် မထေရ်ကို နေစေပြီးလျှင် ဆွမ်းအာဟာရကို လှူဒါန်းလေ၏၊ မထေရ်သည် သူငယ်ကို မြင်ရလျှင် ဒါယိကာမကြီး အသို့နည်း၊ သူငယ်ကို ရအပ်လေသလောဟု မေးလေ၏၊ အရှင်ဘုရား ရအပ်သည်မှန်၏၊ တပည့်တော်မသည် ဤသူငယ်ကို - အရှင်ဘုရားတို့၏ အထံတော်၌ ရှင်ပြုပါအံ့ဟု မွေးကျွေးသုတ်သင်ပါသည်၊ ထိုသူငယ်ကို ရှင်ပြုပေးတော်မူကြပါ ဘုရားဟု လျှောက်၍ အပ်နှံလေ၏။
ဇဋိလကို တက္ကသိုလ်ပြည်သို့ ပို့ထားခြင်း
မထေရ်သည် ကောင်းပြီဟု ဆို၍ ခေါ်ဆောင်ကာ ကြွသွားတော်မူစဉ် ဤသူငယ်အား လူ၏ စည်းစိမ်ချမ်းသာကို ခံစားအံ့သောငှါ ကောင်းမှုဘုန်းကံသည် ရှိသလောဟု ကြည့်ရှုလတ်သည် ရှိသော် ကြီးသောဘုန်းကံရှိသော သတ္တဝါ ဖြစ်၏၊ ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားရပေလတံ့ဟု မြင်တော်မူ၍ ဤသူငယ်သည် ငယ်ရွယ်သေး၏၊ ဤသူငယ်ဉာဏ်သည်လည်း ရင့်ကျက်ခြင်းသို့ မရောက်သေးဟု ကြံပြီးလျှင် ထိုသူငယ်ကို ခေါ်ဆောင်လျက် တက္ကသိုလ်ပြည်၌ အလုပ်အကျွေးဒါယကာ တဦး၏ အိမ်သို့ ကြွသွားတော်မူလေ၏၊
ထိုအလုပ်အကျွေး ဒါယကာသည် မထေရ်ကို ရှိခိုးပြီးလျှင် ရပ်လျက် ထိုသူငယ်ကိုမြင်ရလျှင် အရှင်ဘုရား - အရှင်ဘုရားတို့သည် သူငယ်ကို ရအပ်လေသလောဘုရားဟု မေးလျှောက်လေ၏၊ ဒါယကာ - ရအပ်သည်မှန်ချေ၏၊ ရှင်သာမဏေပြုလတ္တံ့ ယခုငယ်သေး၏၊ သင်ဒါယကာ၏ အထံ၌ သာလျှင် နေသည်ဖြစ်စေဦးဟု မိန့်တော်မူလျှင် ထိုဒါယကာသည် အရှင်ဘုရား-ကောင်းပါပြီဘုရားဟု ဝန်ခံ၍ သူငယ်ကို သားအရာ၌ ထားကာ လုပ်ကျွေးပြုစုလေ၏။
---
ဇဋိလ ဈေးရောင်းကောင်းခြင်း
ထိုဒါယကာ၏ အိမ်၌ကား တဆယ့်နှစ်နှစ်တို့ပတ်လုံး စုဆောင်းအပ်သော ရောင်းချစရာ ကုန်စည်ဘဏ္ဍာသည် လွန်စွာများပြားသည်ဖြစ်၍ ထိုဒါယကာသည် ရွာတပါးသို့သွားလတ်သည်ရှိသော် အလုံးစုံသော ထိုကုန်စည်ဘဏ္ဍာကို အိမ်ဈေးဆိုင်သို့ ဆောင်ယူ၍ သူငယ်ကို ဆိုင်၌နေစေပြီးလျှင် ထိုထိုကုန်စည်ဘဏ္ဍာ၏အဘိုးကို ပြောကြားသဖြင့် ဤမည်ဤမည်သော ဘဏ္ဍာကို ဤမျှလောက်သော အဘိုးကို ယူ၍ ပေးလော့ဟု ပြောပြီးလျှင် ဖဲသွားလေ၏၊
ထိုနေ့၌ မြို့စောင့်နတ်တို့သည် အယူတ်သဖြင့် ငြုတ် ဇီယာမျှဖြင့်လည်း အလိုရှိကုန်သော သူတို့ကို ထိုဇဋိလသူငယ်၏သာလျှင် ဆိုင်တည်ရာသို့ ရှေးရှုကြလေအောင် စောင်မ ပြုလုပ်ကြလေကုန်၏၊ ဇဋိလသူငယ်သည် တဆယ့်နှစ်နှစ်တို့ပတ်လုံး စုဆောင်းအပ်သော များစွာသော ကုန်စည်ဘဏ္ဍာကို တနေ့ချင်း၌သာလျှင် ရောင်းချလေ၏၊
သူကြွယ်သည် ပြန်လာ၍ ဈေးဆိုင်၌ တစုံတခုကိုမျှ မမြင်ရသောကြောင့် ချစ်သား - သင်သည် အလုံးစုံသော ဘဏ္ဍာကို ဖျက်ဆီးဘိသလောဟု ဆိုလေ၏၊ ကျွန်တော် မဖျက်ဆီးပါ၊ အလုံးစုံကို ဖခင်တို့ မှာခဲ့သော နည်းဖြင့် သာလျှင် ရောင်းချပါသည်၊ ဤရွှေငွေသည် ဤမည်သော ဘဏ္ဍာ၏ တန်ဘိုးဖြစ်ပါသည်၊ ဤရွှေငွေသည် ဤမည်သော ဘဏ္ဍာ၏ အဘိုးဖြစ်ပါသည်ဟု ပြောဆိုသည်ရှိသော် သူကြွယ်သည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အဘိုးအတိုင်းမသိ ထိုက်တန်သော ယောက်ျားတယောက် ဖြစ်ပေ၏၊
အမှတ်မရှိသော အရပ်၌ အသက်မွေးခြင်းငှါ စွမ်းနိုင်သောသူဖြစ်၏ဟု မိမိ၏အိမ်၌ အရွယ်သို့ ရောက်သော သတို့သ္မီးကို ထိုဇဋိလအား ပေးပြီးလျှင် ဇဋိလ သတို့သား အလို့ငှါ အိမ်ကို ဆောက်လုပ်လော့ဟု ယောက်ျားတို့ကို စေခိုင်းသဖြင့် အိမ်ပြီးသည်ရှိသော် သင်တို့ သွားကြလေကုန်၊ မိမိ၏အိမ်၌ နေကြကုန်လော့ဟု ဆိုလေ၏။
---
ရွှေတောင်ပေါက်၍ သူဌေးဖြစ်ခြင်းနှင့် ရဟန်းပြုလိုခြင်း
ထိုအခါ ဇဋိလသတို့သား၏အိမ်သို့ ဝင်သောအခါ ခြေတဖက်ဖြင့် တံခါးခုံ၌ နင်းကာမျှ၌ပင် အိမ်၏နောက်အဖို့တွင် မြေကို ဖောက်ခွဲ၍ အတောင်ရှစ်ဆယ် ရှိသော ရွှေတောင်သည် ပေါ်ပေါက်လာလေ၏၊ ပြည့်ရှင်မင်းကြီးသည် ဇဋိလသတို့သား၏ အိမ်၌ မြေကို ဖောက်ခွဲ၍ ရွှေတောင် ပေါ်ပေါက်သတတ်ဟူသော စကားကို ကြားလျှင် ကြားခြင်း ဇဋိလ သတို့သားအား သူဌေးတို့ဆောင်းအပ်သော ထီးကို စေလွှတ် ပို့သလေ၏၊
ထိုသူဌေးသည် ဇဋိလသူဌေးမည်သောသူ ဖြစ်လေ၏၊ ထိုဇဋိလသူဌေးအား သားသုံးယောက်ရှိကုန်၏၊ ထိုဇဋိလသူဌေးကြီးသည် ထိုသုံးယောက်သော သားတို့၏ အရွယ်သို့ ရောက်လတ်သောအခါ ရဟန်းပြုခြင်းငှါ စိတ်ကိုဖြစ်စေလျက် ငါတို့နှင့်တူမျှသော စည်းစိမ်ချမ်းသာရှိသော သူဌေးမျိုးသည် အကယ်၍ ရှိသေးသည်ဖြစ်အံ့၊ ရဟန်းပြုခြင်းငှါ ပေးကြကုန်လတ္တံ့ ၊ အကယ်၍ မရှိသည်ဖြစ်အံ့၊ မပေးကြကုန်လတ္တံ့၊ ဇမ္ဗူဒီပါကျွန်း၌ ငါတို့နှင့် တူမျှသော စည်းစိမ်ဥစ္စာ ရတနာ ရွှေငွေရှိသော အမျိုးသည် ရှိလေသလောဟု စုံစမ်းခြင်းအကျိုးငှါ ရွှေဖြင့်ပြီးသောအုပ်ကို၎င်း, ရွှေဖြင့်ပြီးသော နှင်တံကို၎င်း, ရွှေဖြင့်ပြီးသော ခြေနင်းကို၎င်း ပြုစေပြီးလျှင် အချင်းယောက်ျားတို့၏ လက်၌ ပေး၍သွားကြချေလော့၊ ဤရွှေအုပ် စသည်တို့ကိုယူ၍ တစုံတခုကို ကြည့်ရှူဘိသကဲ့သို့ ဇမ္ဗူဒိပ်မြေအပြင်၌ လှည့်လည်သွားလာသဖြင့် ငါတို့နှင့် တူမျှသော ဥစ္စာစည်းစိမ်ရှိသော သူဌေးမျိုး၏ ရှိသည်အဖြစ်ကို၎င်း, မရှိသည်အဖြစ်ကို၎င်း သိအောင်ပြု၍ ပြန်လာကြကုန်လော့ဟု စေလွှတ်လေ၏။
---
မေဏ္ဍကသူဌေး၏အကြောင်း ကြားသိရခြင်း
ထိုအချင်း ယောက်ျားတို့သည် ခရီးလှည့်လည်သွားလာကြကုန်သည်ရှိသော် ဘဒ္ဒိယမြို့သို့ ရောက်ကြလေကုန်၏၊ ထိုအခါ ထိုအချင်းယောက်ျားတို့ကို မေဏ္ဍက သူဌေးကြီးမြင်လျှင် အမောင်တို့ အဘယ်အမှုကို ပြုကြကုန်လျက် လှည့်လည်ကြကုန်ဘိသနည်းဟု မေးလေသောကြောင့် တစုံတခုကိုကြည့်ရှုကာ လှည့်လည်ကြပါကုန်၏ဟု ဆိုလတ်သည်ရှိသော် ဤအချင်းယောက်ျားတို့အား ဤရွှေအုပ်စသည်တို့ကို ယူ၍ တစုံတခုကို ကြည့်ရှုခြင်းငှါ သွားလာ လှည့်လည်ခြင်းကိစ္စသည်မရှိ၊ တိုင်းပြည်နိုင်ငံကို စုံစမ်းကြကုန်လျက် လှည့်လည်ကြပေသည်ဟု သိသဖြင့် ငါတို့၏အိမ် နောက်အဖို့သို့ဝင်၍ ကြည့်ရှုကြကုန်ဦးလော့ဟု ဆိုလေ၏၊
ထိုအချင်းယောက်ျားတို့သည် ထိုအိမ်၏နောက်အဖို့၌ ရှစ်မင်းပယ်စာမျှလောက်သော အရပ်တွင် ဆင်,မြင်းနွားလား ဥသဘ ပမာဏရှိကုန်သော ကျောက်ကုန်းတခုဖြင့် ကျောက်ကုန်းတခုကို ထိခိုက်လျက် မြေကိုဖောက်ခွဲ၍ ပေါ်ပေါက်လာကြကုန်သော အောက်၌ ဆိုအပ်ခဲ့ပြီးသော အပြားရှိကြကုန်သော ရွှေဆိတ်ရုပ်တို့ကို မြင်ရလျှင် ထိုရွှေဆိတ်ရုပ်တို့၏ အကြားအကြား၌ သွားလာလှည့်ပတ်ပြီးမှ ထွက်ခဲ့ကြလေကုန်၏၊ ထို့နောက်မှ ထိုအချင်းယောက်ျားတို့ကို မေဏ္ဍက သူဌေးကြီးသည် အမောင်တို့ အကြင်ဝတ္ထုကို ကြည့်ရှုကြကုန်လျက် လှည့်လည်ကြကုန်၏၊
အသင်တို့သည် ထိုဝတ္ထုကို မြင်အပ်ပြီလောဟု မေးလေသောကြောင့် အရှင်သူဌေးကြီး - မြင်ရပါကုန်ပြီဟု ဆိုလတ်သော် ထိုသို့ဖြစ်မူ သွားကြကုန်လောဟု လွှတ်လိုက်လေ၏၊ ထိုအချင်း ယောက်ျားတို့သည် ဘဒ္ဒိယမြို့မှသာလျှင် ပြန်သွားတဲ့၍ မိမိတို့၏ ဇဋိလသူဌေးကြီးက အမောင်တို့ အသို့နည်း သင်တို့သည် ငါတို့နှင့် တူမျှသော စည်းစိမ်ချမ်းသာရှိသော သူဌေးမျိုးကို မြင်ခဲ့၏လောဟု ဆိုအပ်သည် ရှိသော် အရှင်သူဌေးမင်း - သူဌေးမင်း၏ ဥစ္စာစည်းစိမ်ကား အဘယ်မျှလောက် ရှိအံ့နည်း ဘဒ္ဒိယမြို့၌ မေဏ္ဍကသူဌေးကြီး၏ ဥစ္စာစည်းစိမ်ကား ဤသို့ သဘော ရှိသည်မည်၏ဟု အလုံးစုံသော ထိုအကြောင်းကို ပြောကြားကြလေကုန်၏။
---
တသိန်းတန် ကမ္ဗလာနှင့် ဇောတိကအိမ်ကျွန်မ
ထိုစကားကိုကြားရလျှင် ဇဋိလသူဌေးကြီးသည် ဝမ်းမြောက်လှသည် ဖြစ်၍ ရှေးဦးစွာ တဦးသော သူဌေးမျိုးကို ရအပ်ပေပြီ ဤမှတပါးသော သူဌေးသည်လည်းရှိသေးသလောဟု ကြံဆလျက် အဘိုးတသိန်းထိုက်သော ကမ္ဗလာကို ပေး၍ အမောင်တို့သွားကြချေဦးလော့၊ တပါးသော သူဌေးမျိုးကိုလည်း စူးစမ်းကြလေကုန်ဦးလော့ဟု စေလွှတ်ပြန်လေ၏၊
ထိုအချင်းယောက်ျားတို့သည် ရာဇဂြိုဟ်ပြည်သို့ သွားကြသဖြင့် ဇောတိကသူဌေးကြီး၏အိမ်မှ မနီးမဝေးသော အရပ်၌ ထင်းအစုကိုပြုလျက် မီးထည့်ကာ နေကြလေကုန်၏၊ ဤသို့ မီးထည့်ခြင်းကား အဘယ်အကြောင်းနည်းဟု မေးလတ်သော အခါ၌လည်း အကျွန်ုပ်တို့အား တထည်သော အဘိုးတန် ကမ္ဗလာကို ရောင်းချလိုကြကုန်သော်လည်း ဝယ်နိုင်သောသူမရှိ၊ ယူ၍လှည့်လည်သွားလာကြရကုန်သော အကျွန်ုပ်တို့သည်လည်း ခိုးသူတို့မှ ကြောက်လန့်ကြရကုန်၏၊ ထို့ကြောင့် ထိုအဘိုးတန် ကမ္ဗလာကို မီးရှို့ပြီးမှ သွားကြကုန်တော့အံ့ဟု ဆိုကြလေကုန်၏။
ထိုအခါ ထိုအချင်းယောက်ျားတို့ကို ဇောတိကသူဌေးကြီး မြင်လျှင် ဤသူတို့ကား အဘယ်အမှုကို ပြုလုပ်ကြကုန်ဘိသနည်းဟု မေးသောကြောင့် ထိုအကြောင်းကိုကြားသိရသဖြင့် ခေါ်စေပြီးလျှင် ကမ္ဗလာသည် အဘယ်မျှအဘိုးထိုက်တန်သနည်းဟု မေးမြန်းလေ၏၊ အဘိုးတသိန်း ထိုက်တန်ပါသည်ဟုဆိုလျှင် တသိန်းသောဥစ္စာကိုပေးစေ၍ တံခါးမုတ်ကို တံမြက်လှည်းပြီးလျှင် တံမြက်ချေးကို စွန့်ပစ်ရသော အိမ်ကျွန်မကို ပေးကြကုန်လော့ဟု ထိုကုန်သည်တို့၏ လက်၌သာလျှင် စေလွှတ်လေ၏၊
ထိုအိမ်ကျွန်မသည် ကမ္ဗလာကိုယူပြီးလျှင် ငိုကြွေးလျက် သခင်ဖြစ်သော သူဌေးကြီး၏အထံသို့ သွား၍ အရှင်သူဌေးမင်း. အပြစ်ရှိသည်ရှိသော် ကျွန်မကို ရိုက်နှက်ခြင်းငှါ မသင့်ပါသလော၊ အဘယ့်ကြောင့် ကျွန်မအား ဤသို့သဘောရှိသော ရုန့်ရှင်းကြမ်းတန်းသော ကမ္ဗလာကို ပို့ခိုင်းပါသနည်း၊ ကျွန်မသည် အဘယ်သို့သော အကြောင်းဖြင့် ဤကမ္ဗလာကို ဝတ်မူလည်း ဝတ်နိုင်ပါအံ့နည်း, ရုံမူလည်း ရုံနိုင်ပါအံ့နည်းဟု ပြောကြားလေ၏၊
ငါသည် သင့်အား ထိုဝတ်ခြင်း ရုံခြင်းငှါ ပို့လိုက်သည်မဟုတ်၊ ဤကမ္ဗလာကို ရစ်ပတ်၍ သင်၏အိပ်ရာအနီး၌ထားလျှင် အိပ်သောအခါ နံ့သာရေဖြင့် ဆေးအပ်ကုန်ပြီးသော ခြေတို့ကို သုတ်စရာအကျိုးငှါ သင့်အထံသို့ ပို့ခိုင်းလိုက်၏၊ အသို့နည်း၊ ဤသို့ ခြေသုတ်စရာကိုသော်လည်း ပြုခြင်းငှါ မတတ်နိုင်ဘိသလောဟု ဆိုလတ်သည်ရှိသော် ထိုအိမ်ကျွန်မသည် ဤသို့ ခြေသုတ်စရာကို ပြုခြင်းငှါ တတ်နိုင်ပါသည်ဟု ဆို၍ ယူသွားလေ၏။
---
ဇဋိလသူဌေးကြီး ရဟန်းပြုရန် ခွင့်တောင်းခြင်း
ထိုဇဋိလသူဌေး စေလွှတ်သော အချင်းယောကျ်ားတို့သည်လည်း ထိုအမူအရာကိုမြင်ရလျှင် မိမိတို့၏သူဌေး ဇဋိလအထံသို့ သွားရောက်သဖြင့် အမောင်တို့ အသို့နည်း၊ သင်တို့သည် သူဌေးမျိုးကို မြင်ခဲ့၏လောဟု မေးသည်ရှိသော် အရှင်သူဌေးမင်း- အရှင်သူဌေးမင်းတို့အား စည်းစိမ်ချမ်းသာသည် အဘယ်မျှ ရှိအံ့နည်း၊ ရာဇဂြိုဟ်ပြည်၌ ဇောတိကသူဌေးကြီးအား ဤသို့ သဘောရှိသော စည်းစိမ်ချမ်းသာမည်သည် ရှိပါသည်ဟု အလုံးစုံသော အိမ်၌ ပြည့်စုံသော စည်းစိမ်ချမ်းသာကို ပြောကြား၍ ထိုကမ္ဗလာ အကြောင်းအရာကို ပြောကြားကြလေကုန်၏၊
ဇဋိလသူဌေးကြီးသည် ထိုအချင်းယောက်ျားတို့၏ စကားကို ကြားရလျှင် ကြည်လင် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ယခုအခါ ရဟန်းပြုခြင်းငှါ ရပေတော့လတံ့ဟု ပြည့်ရှင်မင်းကြီး၏ အထံသို့သွား၍ အရှင်မင်းကြီး ရဟန်းပြုခြင်းငှါ အလိုရှိပါသည်ဟု လျှောက်တင်လေ၏၊
မင်းကြီးသည် သူဌေးကြီး- ကောင်းလှပေ၏၊ ရဟန်းပြုလေလော့ဟု ခွင့်ပြုအပ်သည်ရှိသော် ဇဋိလသူဌေးကြီးသည် အိမ်သို့သွားပြီးလျှင် သားတို့ကို ခေါ်စေ၍ ရွှေအရိုးရှိသော ဝဇိရစိန်အသွားရှိသော (စိန်သွားတပ်သော) ပေါက်တူးကို သားအကြီး၏ လက်၌ထား၍ ချစ်သား- အိမ်နောက်အဖို့၌ ရှိသော ရွှေတောင်မှ ရွှေအစိုင်အခဲကို ထုတ်ဆောင်ချေလောဟု ဆိုလေ၏။
---
သားအငယ်အား အမွေပေးခြင်း
ထိုသားကြီးသည် ပေါက်တူးကို ယူ၍သွားပြီးလျှင် ရွှေတောင်ကို ပေါက်ခွဲ ဖဲ့ယူလေ၏၊ ကျောက်အပြင်၌ ပေါက်ခဲ့ရသော အခါကဲ့သို့ ဖြစ်လေ၏၊ ထိုသားကြီး လက်မှ ပေါက်တူးကိုယူ၍ သားအလတ်၏ လက်၌ ပေးပြီးလျှင် စေလွှတ်ပြန်လေ၏၊ ထိုသားအလတ်အားလည်း ရွှေတောင်ကို ပေါက်ခွဲလတ်သည်ရှိသော် ကျောက်အပြင်၌ ပေါက်ခဲ့ရသောအခါကဲ့သို့ ဖြစ်ပြန်လေ၏၊
ထိုအခါ ပေါက်တူးကို အငယ်ဆုံး ဖြစ်သော သား၏လက်၌ ပေး၍ စေလွှတ်ပြန်လေ၏၊ ထိုသားငယ်အား ပေါက်တူးကိုယူ၍ ပေါက်ခဲ့ဖဲ့ယူပြီးလျှင် အစုအပုံ ပြုအပ်သည်ရှိသော် မြေညက်ကို ပေါက်ခဲ့ရသော အခါကဲ့သို့ ဖြစ်လေ၏၊ ထိုအခါ သားငယ်ကို ဇဋိလသူဌေးကြီးသည် ချစ်သား- လာလှည့်၊ ဤမျှအတိုင်းအရှည်ဖြင့် ငါ့သားအား ထိုက်တန်ပေ၏ဟု ဆိုပြီးလျှင် ထိုမှတပါး နောင်တော် နှစ်ယောက်တို့ကို ခေါ်စေ၍ ဤရွှေတောင်သည် သင်တို့အကျိုးငှါ ပေါ်သည်မဟုတ်၊ ငါ၏၎င်း, သားငယ်၏၎င်း အကျိုးငှါ ဖြစ်ပေါ်၏၊ ဤသားငယ်နှင့် အတူတကွ တပေါင်းတည်း ဖြစ်ကြ၍ သုံးဆောင် ခံစားရစ်ကြကုန်လော့ဟုမှာကြား မြွက်ဆိုလေ၏။
---
ရေမျောခံရကြောင်း အတိတ်ကံ
အဘယ့်ကြောင့် ထိုရွှေတောင်သည် ထိုသူနှစ်ဦးတို့၏ အကျိုးငှါသာလျှင် ဖြစ်လေဘိသနည်း, အဘယ့်ကြောင့်လျှင် ဇဋိလသူဌေးသည် ဖွားမြင်စဖြစ်သော ကာလ ရေ၌ချအပ်လေဘိသနည်းဟု ဆိုငြားအံ့၊ မိမိ၏ ပြုအပ်သော ကံကြောင့်သာလျှင်ဖြစ်ကုန်၏၊
ထိုအကြောင်းကို ချဲ့ဦးအံ့၊ ကဿပမြတ်စွာဘုရား၏ စေတီတော်ကြီးတည်အပ်သည်ရှိသော် ရဟန္တာတပါးသည် စေတီတည်ရာအရပ်သို့ သွားရောက်၍ ကြည့်ရှုတော်မူပြီးလျှင် ဒါယကာတို့-အဘယ့်ကြောင့် စေတီတော်ကြီး၏ မြောက်ဘက်မျက်နှာမုတ်ဝ၌ (နံရံအုတ်စီ) မတက်သေးသနည်းဟု မေးတော်မူလေ၏၊ အရှင်ဘုရား - ရွှေမလောက်ငှပါ ဘုရားဟု လျှောက်ကြားကြလေကုန်၏၊
ငါသည် ရွာတွင်းသို့ ဝင်၍ တိုက်တွန်းနှိုးဆော်ပေအံ့၊ သင်ဒါယကာတို့သည် ရိုသေ ကောင်းမွန်စွာ လက်အမှုကို ပြုလုပ်ကြကုန်လော့ဟု မိန့်မြွက်တော်မူလေ၏၊ ထိုရဟန္တာအရှင်မြတ်သည် ဤသို့ မိန့်မြွက်တော်မူပြီးလျှင် မြို့တွင်းသို့ ကြွဝင်တော်မူသဖြင့် ဒါယကာ ဒါယိကာမတို့-သင်တို့၏ စေတီတော်ကြီး၏ တခုသော မျက်နှာမုတ်ဝ၌ ရွှေမလောက်ငှ၊ ရွှေကို သိကြကုန်လောဟု များစွာသော လူအပေါင်းကို ကောင်းစွာ တိုက်တွန်းနှိုးဆော်တော်မူလျက် ရွှေပန်းထိမ်သည်၏အိမ်သို့ ကြွသွားတော်မူလေ၏၊
ရွှေပန်းထိမ်သည်သည်လည်း ထိုခဏ၌သာလျှင် မယားနှင့်တကွ ခိုက်ရန်ဒေါသပြု၍ နေခိုက်ဖြစ်၏၊ ထိုအခါ ပန်းထိမ်သည်ယောက်ျားကို ရဟန္တာမထေရ်သည် စေတီတော်၌ သင်တကာတို့သည် ယူအပ်သော မျက်နှာမုတ်ဝအား ရွှေမလောက်ငှသော အခြင်းအရာကိုသိခြင်းငှါ သင့်၏ဟု မိန့်မြွက်တိုက်တွန်းတော်မူလေ၏၊
ရွှေပန်းထိမ်သည်သည် မယားအပေါ်၌ အမျက်ဒေါသထွက်သည်၏အစွမ်းဖြင့် အရှင်ဘုရား၏ ဘုရားကို ရေ၌ ပစ်၍ ကြွတော်မူလောဟု ဆိုလေ၏၊ ထိုအခါ ထိုရွှေပန်းထိမ်သည်ကို မယားက သင်ကား အလွန်ကြမ်းကြုတ်သော မကောင်းမှုကံကို ပြုဘိ၏၊ ငါ့အား အမျက်ထွက်သော သင်သည် ငါ့ကိုသာလျှင် ဆဲမူလည်း ဆဲရေးအပ်၏၊ ပုတ်ခတ်မူလည်း ပုတ်ခတ်အပ်၏၊ အဘယ့်ကြောင့် အတိတ်အနာဂတ် ပစ္စုပ္ပန်ဖြစ်တော်မူကုန်သော သဗ္ဗညုမြတ်စွာဘုရားတို့၌ ရန်ပြုဘိသနည်းဟု ဆိုလေ၏။
---
ရွှေတောင် ပေါက်ရကြောင်း အတိတ်ကံ
ရွှေပန်းထိမ်သည်သည် ထိုခဏ၌သာလျှင် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ အရှင်ဘုရား- တပည့်တော်အား သည်းခံတော်မူကြပါဘုရားဟု ဆို၍ မထေရ်မြတ်၏ခြေတော်ရင်း၌ ဝပ်လေ၏၊ ဒါယကာ- ငါ့ကို သင်သည် တစုံတခွန်းသောစကားကို ပြောဆိုသည်မဟုတ်၊ ငါတို့ဆရာ ဘုရားမြတ်စွာကို တောင်းပန်ကန်တော့ချေလော့ ဟုမိန့်ဆိုတော်မူလျှင် အရှင်ဘုရား-အဘယ်သို့ပြု၍တောင်းပန်ကန်တော့ရမည်နည်း ဘုရားဟု လျှောက်လေ၏၊
ဒါယကာ- ရွှေဖြင့်ပြီးသော ပန်းပွင့်တို့ဖြင့် ပြည့်သော သုံးခုသော ပန်းအိုးတို့ကို ပြုလုပ်ပြီးလျှင် ဓာတ်တော်ကိန်းဝပ်ရာ ဌာပနာတိုက်၏ အတွင်း၌ထည့်သွင်း၍ စိုစွတ်သော အဝတ်ကို ဝတ်သည်, စိုစွတ်သောဆံပင်ရှိသည်ဖြစ်၍ တောင်းပန်ကန်တော့ချေ ဒါယကာဟု မိန့်ဆိုလေ၏၊ ထိုရွှေပန်းထိမ်သည်သည် အရှင်ဘုရား- ကောင်းလှပါပြီဘုရားဟု လျှောက်ဆိုပြီးလျှင် ရွှေပန်းပွင့်တို့ကိုပြုလုပ်သည်ရှိသော် သုံးယောက်သော သားတို့တွင် သားအကြီးကို ခေါ်စေသဖြင့် ချစ်သား လာဦးလော့၊ ငါသည် မြတ်စွာဘုရားကို ရန်မူသောစကားဖြင့် ပြစ်မှားပြောဆိုမိချေပြီ၊ ထို့ကြောင့် ဤရွှေတို့ကို ပန်းပွင့်ပြုလုပ်၍ ဓာတ်တော်ကိန်းဝပ်ရာ ဌာပနာတိုက်၌ ထည့်သွင်းကာ တောင်းပန်ကန်တော့ပေအံ့ သင်သည်လည်း ငါ၏အဖော်ဖြစ်ချေလော့ဟု ဆိုလေ၏၊
ထိုသားအကြီးက မြတ်စွာဘုရားကို ကျွန်တော်သည် ရန်မူသောစကားကို မဆိုမိပါ၊ သင် ဖခင်တယောက်တည်းသာလျှင် ပြုလုပ်ပါလော့ဟု ဆိုသဖြင့် ကူညီပြုလုပ်ခြင်းငှါ အလိုမရှိ၊ သားအလတ်ကိုခေါ်၍ ထို့အတူသာလျှင် ပြောဆိုပြန်လေ၏၊ သားအလတ်သည်လည်း ထိုသားကြီးအတူသာလျှင် ဆိုတဲ့၍ ကူညီပြုလုပ်ခြင်းငှါ အလိုမရှိခဲ့လေသတည်း။
---
သားငယ် အမွေရကြောင်း အတိတ်ကံ
သားအငယ်ကိုခေါ်၍ ပြောဆိုပြန်၏၊ ထိုသားအငယ်သည် မိခင်ဖခင်အား ဖြစ်ပေါ်လာသော ကိစ္စမည်သည် သားသ္မီး၏ တာဝန်ဖြစ်ပေသည်ဟု ဆိုသဖြင့် ဖခင်၏ကူညီဖော်ဖြစ်၍ ရွှေပန်းပွင့် ပန်းခိုင်တို့ကို ပြုလုပ်လေ၏၊ ရွှေပန်းထိမ်သည်သည် တသ္မာအတိုင်းအရှည်ရှိသော ပန်းပွင့်ပန်းခိုင်တို့ဖြင့် ပြည့်သော သုံးခုသော ပန်းအိုးတို့ကိုပြီးစေပြီးလျှင် ဓာတ်တော်ကိန်းဝပ်ရာ ဌာပနာတိုက်၌ ထည့်သွင်း၍ စိုစွတ်သော အဝတ်ကို ဝတ်သည်, စိုစွတ်သောဆံရှိသည်ဖြစ်၍ မြတ်စွာဘုရားကို တောင်းပန်ကန်တော့လေ၏၊
ဤသို့သော ရှေးကံ အကြောင်းကြောင့် ထိုဇဋိလသူဌေးသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်စဖြစ်သောကာလ ရေချခြင်း(မျှောခြင်း)ကို ခံရရှာလေ၏၊ ဇဋိလသူဌေး၏ ဤခန္ဓာအတ္တဘောသည် အဆုံးစွန်သောဘဝ၌ တည်သော ခန္ဓာအတ္တဘောဖြစ်၏၊ ဤနောက်ဆုံးဘဝအတ္တဘော၌လည်း ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့်သာလျှင် ရေ၌ မျှောချအပ်ပေ၏၊
ထိုဇဋိလသူဌေးကြီး၏ နှစ်ယောက်ကုန်သော အစ်ကိုဖြစ်ကုန်သော အကြင်သားတို့သည် ရွှေပန်းကုံးပန်းပွင့်တို့ကို ပြုလုပ်သောအခါ ကူညီဖော်ဖြစ်ခြင်းငှါ အလိုမရှိကြလေကုန်၊ ထိုအကြောင်းကြောင့် ရွှေတောင်သည် ထိုသားကြီးနှစ်ယောက်တို့အလို့ငှါ ဖြစ်ပေါ်လာသည်မဟုတ်၊ သားအငယ်အလို့ငှါကား တကွနက် ပြုအပ်သော ကောင်းမှုကံ ရှိသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာလေ၏။
---
ဇဋိလမထေရ် ရဟန္တာဖြစ်ခြင်း
ဤသို့ ဇဋိလသူဌေးကြီးသည် သားတို့ကို သားငယ်နှင့်အတူနေ၍ သုံးဆောင်ကြဟု ဆုံးမပဲ့ပြင် သွန်သင်ပြီးလျှင် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုသဖြင့် နှစ်ရက် သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊
မြတ်စွာဘုရားသည် တပါးသောအခါ၌ ရဟန်းငါးရာတို့နှင့် အတူတကွ ဆွမ်းအလို့ငှါ လှည့်လည်တော်မူလတ်သည်ရှိသော် ထိုဇဋိလမထေရ်၏ သားတို့၏ အိမ်တံခါးသို့ ရောက်သွားတော်မူလေ၏၊ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား လခွဲပတ်လုံး ဆွမ်းဟူသောအာဟာရကို လှူဒါန်း ဆက်ကပ်ကြလေကုန်၏၊
ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်ဇဋိလ - သင့်အား ယနေ့တိုင်အောင်လည်း အတောင်ရှစ်ဆယ် အတိုင်းအရှည်ရှိသော ရွှေတောင်၌၎င်း, သားတို့၌၎င်း တပ်ခြင်းတဏှာသည် ရှိသလော ဟု စကားကို ဖြစ်စေကြလေကုန်၏၊ ငါ့သျှင်တို့ အကျွန်ုပ်အား ထိုရွှေတောင်နှင့် သားတို့၌ တပ်ခြင်းတဏှာသည်၎င်း, မာန်မာန ထောင်လွှားခြင်းသည်၎င်း မရှိပါဟု ပြောဆိုလတ်သည်ရှိသော် ထိုရဟန်းတို့သည် ဤဇဋိလမထေရ်ကား မဟုတ်မမှန်သောစကားကို ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားဘိ၏ဟု ပြောဆိုကြလေကုန်၏၊
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူရလျှင် ချစ်သား ရဟန်းတို့- ငါ့သားတော် ဇဋိလမထေရ်အား ထိုရွှေတောင်နှင့် သားတို့၌ တပ်ခြင်းတဏှာသည်၎င်း, ထောင်လွှားခြင်း မာန်မာနသည်၎င်း မရှိဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၄၁၅။ ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာ ဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော ပုဂ္ဂလော=အကြင်ပုဂ္ဂိုလ်သည်။
ဣဓ=ဤလောက၌။
တဏံှ=တပ်ခြင်းတဏှာကို။
ပဟာန=ပယ်စွန့်၍။
(ခြောက်ဒွါရ၌ ဖြစ်သော တဏှာကို၎င်း, မာနကို၎င်း ပယ်သည်ဟူလို။)
အနာဂါရော=အိမ်ရာမထောင်လူ့ဘောင် စွန့်ခွါသည်ဖြစ်၍။
ပရိဗ္ဗဇေ=ရဟန်းတရားပြုကျင့်၏။
တဏှာဘဝပရိက္ခီဏံ=တဏှာနှင့် ဘဝကုန်ခန်းပြီးသော။
တံပုဂ္ဂလံ=ထိုပုဂ္ဂိုလ်ကို။
အဟံ=ငါဘုရားသည်။
ဗြာဟ္မဏံ=မကောင်းမှုကိုအပပြုပြီးသောသူဟူ၍။
ဗြူမိ=ဟောတော်မူ၏။
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖို စသည်တို့သို့ ရောက်ကြလေကုန်၏။
ဇဋိလမထေရ်ဝတ္ထု ပြီး၏။
---
၃၄ - အရှင်ဇောတိကမထေရ် ဝတ္ထု
ယောဓ တဏှံ - အစရှိသော ဤတရားဒေသနာတော်ကို တဖန် မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် ဇောတိကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
ဇောတိက ဗိမာန်ကို အဇာတသတ် လုယက်ခြင်း
အဇာတသတ်မင်းသားသည် ဒေဝဒတ်နှင့် အတူတကွ တပေါင်းတည်းဖြစ်၍ ခမည်းတော် ဗိမ္မိသာရမင်းကြီးကို သတ်ပြီးလျှင် မင်းအဖြစ်၌ တည်သည်ရှိသော် ဇောတိကသူဌေးကြီး၏ ပြာသာဒ် ဗိမာန်ကြီးကို လုယူအံ့ ဟူ၍ စစ်ထိုးအံ့သော အခြင်းအရာကို စီရင်လျက် နန်းတော်မှ ထွက်သွား၍ ပတ္တမြားတံတိုင်း၌ အခြံအရံနှင့်တကွဖြစ်သော မိမိ၏ အရိပ်ကို မြင်ရလျှင် ဇောတိကသူဌေးကြီးသည် စစ်ထိုးညံ့သော အခြင်းအရာကို စီရင်သည်ဖြစ်၍ ရဲမက်ဗိုလ်ပါအပေါင်းကို ယူသဖြင့် ထွက်ခွါလာခဲ့၏ဟု မှတ်ထင်လျက် အနီးသို့ ချဉ်းကပ်ခြင်းငှါ မဝံ့၊
ထိုဇောတိကသူဌေးကြီးသည်ကား ထိုနေ့၌ ဥပုသ်စောင့်သုံးကာ နေသည်ဖြစ်၍ နံနက်စောစောကပင်လျှင် နံနက်စာထမင်း စားသောက်ပြီးသည်ရှိသော် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရား၏ အထံတော်၌ တရားကိုနာကြားလျက် နေသည်ဖြစ်၏၊
ရှေးဦးစွာသော တံခါးမုတ်၌ အစောင့်အရှောက်ကိုယူ၍ တည်နေသော ယမကောဠိ အမည်ရှိသော နတ်ဘီလူးသည် ထိုစစ်ထိုးအံ့သောငှါ လာသော အဇာတသတ်မင်းကို မြင်တဲ့လျှင် အဘယ်အရပ်သို့ သွားဘိသနည်းဟု ဆိုလျက် အခြံအရံနှင့်တကွ အဇာတသတ်မင်းကို တိုက်လွှင့် ဖျက်ဆီး၍ ထိုထိုအရပ်လေးမျက်နှာတို့သို့ အစဉ်လိုက်လေ၏၊
အဇာတသတ်မင်းသည် ကျောင်းတော်သို့သာလျှင်သွားလေ၏၊ ထိုအခါ အဇာတသတ်မင်းကို သူဌေးကြီး မြင်ရလျှင် အရှင်မင်းကြီးအကြောင်းအသို့နည်းဟုဆို၍ နေရာမှထလျက် တည်လေ၏၊ သူဌေးကြီး- အသို့နည်း၊ သင်သည် အချင်းယောက်ျားတို့ကို အကျွန်ုပ်နှင့်တကွ စစ်ထိုးကြကုန်လော့ဟု စေခိုင်းပြီးလျှင် ဤဝေဠုဝန်ကျောင်းတော်၌ အဘယ့်ကြောင့် တရားနာလေဟန်ကဲ့သို့ နေသနည်းဟု မေးလေ၏။
---
ဇောတိကလက်စွပ် အဇာတသတ် ချွတ်မရခြင်း
အရှင်မင်းကြီး- အကျွန်ုပ်၏ အိမ်ကို လုယူခြင်းငှါ ကြွသွားတော်မူလေသလောဟု တင်လျှောက်သည်ရှိသော် သွားခဲ့သည် မှန်ပေ၏ဟု ဆိုလေ၏၊ အရှင်မင်းကြီး-အကျွန်ုပ် အလိုမတူဘဲ အကျွန်ုပ်၏အိမ်ကို လုယူခြင်းငှါ မင်းတထောင်သော်လည်း မတတ်နိုင်ပါဟု လျှောက်တင်လတ်သော် ထိုအဇာတသတ်မင်းသည် သင်ကား မင်းဖြစ်လတ္တံ့လောဟု အမျက်ဒေါသ ထွက်လေ၏၊
အကျွန်ုပ်ကား မင်းမဟုတ် သို့သော်လည်း အကျွန်ုပ်၏ ဥစ္စာကို မိစ္ဆာချည်တမျှင်မျှကိုသော်လည်း အကျွန်ုပ်အလိုမတူဘဲ မင်းတို့သည်၎င်း, ခိုးသူတို့သည်၎င်း လုယူခြင်းငှါ မတတ်နိုင်ဟု လျှောက်တင်လတ်သော် အသို့နည်း အကျွန်ုပ်သည် သင်သူဌေးကြီး၏ အလိုအားဖြင့် ယူရအံ့လောဟု မေးလေ၏၊
အရှင်မင်းကြီး ထိုသို့ဖြစ်မူ အကျွန်ုပ်၏ လက်ဆယ်ချောင်းတို့၌ ဤနှစ်ဆယ်သော လက်စွပ်တို့သည် ရှိကုန်၏၊ အကျွန်ုပ်သည် ဤလက်စွပ်တို့ကို အရှင်မင်းကြီးတို့အား မပေးလိုပါ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ ယူတော်မူပါလော့ဟု တင်လျှောက်လတ်သော် ထိုအဇာတသတ်မင်းသည်ကား မြေ၌ ဆောင့်ကြောင့်ထိုင်၍ ခုန်သည်ရှိသော် တဆယ့်ရှစ်တောင်ရှိသောအရပ်သို့ တက်နိုင်၏၊ ရပ်၍ ခုန်သည်ရှိသော် အတောင်ရှစ်ဆယ် ရှိသော အရပ်သို့တက်နိုင်၏၊
ဤသို့လျှင် ကြီးသောအားရှိသည် ဖြစ်ပါသော်လည်း ထိုမှဤမှ တပြောင်းပြန်ပြန် ပြုလုပ်လျက် တကွင်းသော လက်စွပ်ကိုမျှလည်း ဆွဲငင်ချွတ်ယူခြင်းငှါ မတတ်နိုင်ရှာလေ၊ ထိုအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးကြီးသည် အရှင်မင်းကြီး- ဝတ်လဲတော်ပုဆိုးကို ဖြန့်တော်မူပါလော့ဟု ဆို၍ လက်ချောင်းတို့ကို ဖြောင့်ဖြောင့်တန်းတန်း စိုက်ထားလေ၏၊ နှစ်ဆယ်သော လက်စွပ်တို့သည်လည်း အလိုလို ကျွတ်၍ ကျလာကြကုန်၏၊
ထိုအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးကြီးသည် အရှင်မင်းကြီး- ဤသို့လျှင် အကျွန်ုပ်၏ ဥစ္စာကို အကျွန်ုပ် အလိုမရှိဘဲယူခြင်းငှါ မတတ်နိုင်ပါဟု လျှောက်တင်ပြီးလျှင် အဇာတသတ်မင်း၏ အမူအရာအားဖြင့် ဖြစ်သော ထိတ်လန့်ခြင်း သံဝေဂရှိသည်ဖြစ်၍ အရှင်မင်းကြီး- ရဟန်းပြုခြင်းငှါ အကျွနု်ပ်အား ခွင့်ပြုတော်မူပါဟု လျှောက်တင်လေ၏။
---
ဇောတိက ရဟန်းပြု၍ ရဟန္တာ ဖြစ်ခြင်း
အဇာတသတ်မင်းသည် ဤဇောတိကသူဌေးကြီး ရဟန်းပြုသည်ရှိသော် ချမ်းသာစွာပြာသာဒ်ကို ယူရပေတော့အံ့ဟု ကြံစည်စိတ်ကူးလျက် တကြိမ်တောင်းပန်သော စကားမျှဖြင့်ပင်လျှင် ဇောတိကသူဌေးကြီးကို ရဟန်းပြုလော့ဟု ခွင့်ပေးမိန့်ကြားတော်မူလေ၏၊
ထိုဇောတိကသူဌေးကြီးသည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြု၍ မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ဇောတိကမထေရ်ဟူသော အမည်ရှိသည် ဖြစ်လေ၏၊ ထိုဇောတိကသူဌေး၏ အရဟတ္တဖိုလ်သို့ ရောက်သောခဏ၌သာလျှင် အလုံးစုံသော ထိုစည်းစိမ်ချမ်းသာသည် ကွယ်ပျောက်လေ၏၊
ထိုဇောတိကသူဌေးကြီး၏ သတုလကာယီမည်သော ထိုသူဌေးကတော်ကြီးကိုလည်း နတ်တို့သည် မြောက်ကျွန်းသို့သာလျှင် ဆောင်ပို့ကြလေကုန်၏၊ ထို့နောက် တနေ့သ၌ ရဟန်းတို့သည် ထိုဇောတိကမထေရ်ကို ခေါ်ပြီးလျှင် ငါ့သျှင်ဇောတိက- သင့်အား ထိုပြာသာဒ်၌၎င်း မိန်းမ၌၎င်း တပ်ခြင်းတဏှာရှိသလောဟု မေးမြန်းကြသဖြင့် ငါ့သျှင်တို့- တပ်ခြင်းတဏှာမရှိပါဟု ဆိုလတ်သည်ရှိသော် ဘုရားရှင်အား မြတ်စွာဘုရား ဤဇောတိကမထေရ်ကား မဟုတ်မမှန်သော စကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရားဟု လျှောက်ကြားကြလေကုန်၏၊ မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ - ငါ့သားတော်ဖြစ်သော ဇောတိကအား ပြာသာဒ်၌၎င်း မိန်းမ၌၎င်း တပ်ခြင်းတဏှာ မရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၄၁၆။ ယောဓ တဏံှ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာ ဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယောပုဂ္ဂလော=အကြင်ပုဂ္ဂိုလ်သည်။
ဣဓ=ဤလောက၌။
တဏံှ=တပ်ခြင်းတဏှာကို။
ပဟန္တွာန=ပယ်စွန့်၍။
အနာဂါရော=အိမ်ရာမထောင်လူ့ဘောင် စွန့်ခွါသည်ဖြစ်၍။
ပရိဗ္ဗဇေ=ရဟန်းတရား ပြုကျင့်၏။
တဏှာဘဝပရိက္ခီဏံ=တဏှာနှင့် ဘဝကုန်ခန်းပြီးသော။
တံပုဂ္ဂလံ=ထိုပုဂ္ဂိုလ်ကို။
အဟံ=ငါဘုရားသည်။
ဗြာဟ္မဏံ=မကောင်းမှုကို အပပြုပြီးသောသူဟူ၍။
ဗြူမိ=ဟောတော်မူ၏။
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
အရှင်ဇောတိက မထေရ်ဝတ္ထု ပြီး၏။
---
၃၅ - ကချေသည်မ၏သား မထေရ် ဝတ္ထု
ဟိတွာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝန်ကျောင်းတော်၌ နေတော်မူစဉ် ကချေသည်မ၏ သား တယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
ရဟန္တာအား ယောဂလွန်မြောက်ခြင်း
ထိုကချေသည်မ၏သားသည် တခုသော ကချေသည်တို့၏ ကပြကစားခြင်းကို ကစားလျက် လှည့်လည်သွားလာသည်ရှိသော် မြတ်စွာဘုရား၏ တရားစကားတော်ကို ကြားနာရသဖြင့် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်လေသတတ်၊
ထိုရဟန်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော် အပေါင်းနှင့် အတူတကွ ဆွမ်းအလို့ငှါ ဝင်လတ်သည်ရှိသော် ရဟန်းတို့သည် က,ချေသည်မသားတယောက် ကစားနေသည်ကို မြင်ရလျှင် ထိုက,ချေသည်ဖြစ်ဖူးသော ရဟန်းကို ငါ့သျှင် ဤကချေသည်သည် သင် ကပြကစားဖူးသော ကစားခြင်းကို ကစားဘိ၏၊
ဤကစားခြင်း၌ စုံမက်နှစ်သက်ခြင်းသည် ရှိသေးသလောဟု မေးမြန်းကြသဖြင့် မရှိပါဘုရားဟု လျှောက်ဆိုလတ်သော် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းကား မဟုတ်မမှန်သည်ကို ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည် ဘုရားဟု လျှောက်ကြားကြလေကုန်၏၊
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားရလျှင် ချစ်သားရဟန်းတို့ - ငါဘုရား၏ သားတော်သည် အလုံးစုံသော ယောဂတို့ကို လွန်မြောက်လေပြီဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၄၁၇။ ဟိတွာ မာနုသကံ ယောဂံ၊ ဒိဗ္ဗယောဂံ ဥပစ္စဂါ။
သဗ္ဗယောဂဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယောပုဂ္ဂလော=အကြင်ပုဂ္ဂိုလ်သည်။
မာနုသကံ=လူ၌ဖြစ်သော။
ယောဂံ=အသက်ကို။
ဝါ- ကာမဂုဏ်ငါးပါးကို။
ဟိတွာ=ပယ်စွန့်၍။
ဒိဗ္ဗယောဂံ=နတ်၌ဖြစ်သော (အထက် နတ်၌ဖြစ်သော) ကာမဂုဏ်ကို။
ဥပစ္စဂါ=လွန်မြောက်လေပြီ။
သဗ္ဗယောဂဝိသံယုတ္တံ=အလုံးစုံသော ယောဂလေးပါးတို့နှင့်မယှဉ်သော။
တံပုဂ္ဂလံ=ထိုပုဂ္ဂိုလ်ကို။
ဗြာဟ္မဏံ=မကောင်းမှုမှ အပပြုပြီးသော ပုဂ္ဂိုလ်ဟူ၍။
အဟံ=ငါဘုရားသည်။
ဗြူမိ=ဟောတော်မူ၏။
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ကချေသည်မ၏သား မထေရ်ဝတ္ထု ပြီး၏။
---
၃၆ - ဒုတိယ ကချေသည်မ၏သား မထေရ် ဝတ္ထု
ဟိတွာ ရတိစ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် တယောက်သော က,ချေသည်မသားကို သာလျှင် အကြောင်းပြု၍ ဟောတော်မူလေ၏။
(ဝတ္ထုကား ရှေးဝတ္ထုနှင့် တူသည်သာလျှင်တည်း။)
---
ရဟန္တာအား မွေ့လျော်ခြင်း မမွေ့လျော်ခြင်း မရှိ
ဤဝတ္ထု၌ကား မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ - ငါဘုရား၏ သားတော်သည် မွေ့လျော်ခြင်းကို၎င်း, မမွေ့လျော်ခြင်းကို၎င်း ပယ်စွန့်၍ တည်လေပြီဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၄၁၈။ ဟိတွာ ရတိံ စ အရတိံ၊ သီတိဘူတံ နိရူပဓိံ။
သဗ္ဗလောကာဘိဘုံ ဝီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ရတိံ စ=ကာမဂုဏ်ငါးပါး၌ မွေ့လျော်ခြင်းကို၎င်း။
အရတိံ စ=တောကျောင်းနေခြင်း၌ ပျင်းရိဆန့်ကျင်သည်ဖြစ်၍ မမွေ့လျော်ခြင်းကို၎င်း။
ဟိတွာ=ပယ်စွန့်၍။
သီတိဘူတံ=ငြိမ်းချမ်းအေးမြပြီးသော။
နိရူပဓိံ=လေးပါးသောဥပဓိ မရှိသည်ဖြစ်၍ ညစ်ညူးခြင်း ကင်းပြီးသော။
သဗ္ဗလောကာဘိဘုံ=အလုံးစုံသော ခန္ဓာဟူသော လောကကို နှိပ်နင်း၍ တည်သော။
ဝီရံ=လုံ့လရှိသော။
တံ ပုဂ္ဂလံ=ထိုပုဂ္ဂိုလ်ကို။
အဟံ=ငါဘုရားသည်။
ဗြာဟ္မဏံ=ဗြာဟ္မဏဟူ၍။
ဗြူမိ=ဟောတော်မူ၏။
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ဒုတိယ ကချေသည်မ၏သား မထေရ်ဝတ္ထု ပြီး၏။
---
၃၇ - အရှင်ဝင်္ဂီသ မထေရ်ဝတ္ထု
စုတိံ ယော ဝေဒိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဝင်္ဂီသ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
---
ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာဘုံကိုသိခြင်း
ရာဇဂြိုဟ်ပြည်၌ ဝင်္ဂီသအမည်ရှိသော တယောက်သော ပုဏ္ဏားသည် သေသောလူတို့၏ ဦးခေါင်းခွံကို တီးခေါက်၍ -
ဤဦးခေါင်းခွံသည် ငရဲ၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏၊
ဤဦးခေါင်းခွံကား တိရစ္ဆာန်မျိုး၌ ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏၊
ဤဦးခေါင်းခွံကား ပြိတ္တာဘုံ၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခံဖြစ်၏၊
ဤဦးခေါင်းခွံကား လူ့ပြည်၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏၊
ဤဦးခေါင်းခွံကား နတ်ပြည်၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏ဟု သိသတတ်၊
ပုဏ္ဏားတို့သည် ဤဝင်္ဂီသပုဏ္ဏားကို မှီ၍ လောကကို စားခြင်းငှါ တတ်ကောင်း၏ဟု ကြံပြီးလျှင် ထိုပုဏ္ဏားကို နှစ်ထည်သော ပုဆိုးတို့ကို ဝတ်ဆင်စေပြီးလျှင် ခေါ်ဆောင်၍ ဇနပုဒ်သို့ သွားလာ လှည့်လည်လျက် လူတို့ကို ဝင်္ဂီသအမည်ရှိသော ဤပုဏ္ဏားသည် သေလွန်ကုန်သော လူတို့၏ ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာအရပ်ကို သိနိုင်၏၊ မိမိ၏ အဆွေအမျိုးတို့ ဖြစ်ရာအရပ်ကို မေးမြန်းကြပါကုန်လော့ဟု ဆိုကြကုန်၏။
လူတို့သည် အားအစွမ်း ရှိသည်အလျောက် ဆယ်သပြာတို့ကို၎င်း, အသပြာနှစ်ဆယ်တို့ကို၎င်း, အသပြာတရာတို့ကို၎င်း ပေး၍ ဆွေမျိုးတို့ဖြစ်ရာအရပ်ကို မေးမြန်းကြကုန်၏၊ ထိုပုဏ္ဏားတို့သည် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်လတ်သော် ဇေတဝန်ကျောင်းတော်ကြီး၏ မနီးမဝေးသော အရပ်၌ နေရာယူကြလေကုန်၏၊
ထိုပုဏ္ဏားတို့သည် နံနက်စာထမင်း စားကြကုန်ပြီးသည်ရှိသော် နံ့သာပန်းစသည်ကို လက်စွဲကုန်လျက် တရားနာခြင်းငှါ သွားသော များစွာသော လူအပေါင်းကို မြင်ရလျှင် အဘယ်အရပ်သို့ သွားကြပါကုန်အံ့နည်းဟု မေးသဖြင့် ကျောင်းတော်သို့ တရားနာခြင်းငှါ သွားကြပါကုန်အံ့ဟု ပြောဆိုလတ်သည်ရှိသော် ထိုအရပ်သို့ သွား၍ အဘယ်အမှုကို ပြုလုပ်နိုင်ကြကုန်လတ္တံ့နည်း ၊ငါတို့၏ ဝင်္ဂီသပုဏ္ဏားနှင့် တူသောသူမည်သည် မရှိ၊ သေလွန်သော လူတို့၏ ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာအရပ်ကို သိနိုင်၏၊ ဆွေမျိုးတို့၏ ဖြစ်ရာအရပ်ကို မေးမြန်းကြပါကုန်လော့ဟု ဆိုကြလေကုန်၏။
---
ရဟန္တာ၏ ဦးခေါင်းခွံကို မသိခြင်း
ထိုလူတို့သည် ဝင်္ဂီသပုဏ္ဏားကား အဘယ်ကို သိနိုင်ဘိသနည်း၊ ငါတို့၏ မြတ်စွာဘုရားနှင့် တူသောသူမည်သည် မရှိဟု ဆိုခြင်းကြောင့် ဤမှတပါးသော ပုဏ္ဏားတို့သည် ဝင်္ဂီသပုဏ္ဏားနှင့် တူသောသူ မရှိဟု ဆိုပြန်သော် စကားကို အကျယ်အပွား ပြောကြားကြပြီးလျှင် လာကြကုန်လော့၊ ယခုအခါ ထိုငါတို့သည် ဝင်္ဂီသပုဏ္ဏား၏၎င်း, ငါတို့ မြတ်စွာဘုရား၏၎င်း သိသည့်အဖြစ်ကို သိကြကုန်အံ့ဟု ဆို၍ ပုဏ္ဏားတို့ကို ခေါ်ဆောင်လျက် ကျောင်းတော်သို့ သွားကြလေကုန်၏၊
မြတ်စွာဘုရားသည် ထိုသူတို့၏ လာလတ္တံ့သော အဖြစ်ကို သိတော်မူ၍ ငရဲ၌၎င်း, တိရစ္ဆာန်အမျိုး၌၎င်း, လူ့ပြည်၌၎င်း, နတ်ပြည်၌၎င်း ဤလေးပါးသော အရပ်တို့၌ ဖြစ်ကြကုန်သော သူတို့၏ လေးခုသော ဦးခေါင်းခွံတို့ကို၎င်း ရဟန္တာပုဂ္ဂိုလ်၏ ဦးခေါင်းခွံကို၎င်း ဤသို့ ငါးခုသော ဦးခေါင်းခွံတို့ကို ဆောင်ယူစေပြီးလျှင် အစဉ်အတိုင်း ထားတော်မူသဖြင့် ရောက်လာသောအခါ ဝင်္ဂီသပုဏ္ဏားကို သင်သည် ဦးခေါင်းခွံကို တီးခေါက်၍ သေလွန်ကုန်သော သူတို့၏ ဖြစ်ရာအရပ်ကို သိနိုင်၏ ဟူသည် ဟုတ်မှန်လေသလောဟု မေးတော်မူလေ၏၊
သိနိုင်သည် မှန်ပါ၏ဘုရားဟု လျှောက်သည်ရှိသော် ဤဦးခေါင်းခွံကား အဘယ်သူ၏ ဦးခေါင်းခွံ ဖြစ်သနည်းဟု မေးတော်မူလေ၏၊ ထိုဝဂီသပုဏ္ဏားသည် ထိုဦးခေါင်းခွံကို တီးခေါက်၍ ငရဲ၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံ ဖြစ်ပါသည်ဘုရားဟု လျှောက်ကြားလေ၏၊
ထိုအခါ ဝင်္ဂီသပုဏ္ဏားအား သာဓု သာဓုဟု ကောင်းချီးပေးတော်မူ၍ ဤမှတပါးလည်းဖြစ်ကုန်သော သုံးခုသော ဦးခေါင်းခွံတို့ကို မေးတော်မူပြန်သဖြင့် ထိုဝင်္ဂီသပုဏ္ဏားသည် မချွတ်စေမူ၍ ဆိုတိုင်းဆိုတိုင်းသောခဏ၌ ထိုရှေးအတူသာလျှင် ဝင်္ဂီသပုဏ္ဏားအား ကောင်းချီးပေးတော်မူပြန်၍ ငါးခုမြောက်ဖြစ်သော ရဟန္တာဦးခေါင်းခွံကိုလည်း ပြတော်မူလျှင် ဤဦးခေါင်းခွံသည် အဘယ်သူ၏ ဦးခေါင်းခွံ ဖြစ်သနည်းဟု မေးတော်မူလေ၏၊
ထိုဝင်္ဂီသပုဏ္ဏားသည် ထိုဦးခေါင်းခွံကိုလည်း တီးခေါက်သည်ရှိသော် ဖြစ်ရာအရပ်ကို မသိနိုင်ရှာ၊ ထိုအခါ ဝင်္ဂီသပုဏ္ဏားကို မြတ်စွာဘုရားသည် ဝင်္ဂီသပုဏ္ဏား အသို့နည်း၊ မသိလေသလောဟု မိန့်တော်မူသဖြင့် မသိနိုင်သည် မှန်လှပါ၏ဘုရားဟု လျှောက်သည်ရှိသော် ငါဘုရားကား သိတော်မူ၏ဟု မိန့်တော်မူလေ၏။
---
ဘုရားထံ မန္တန်သင်ယူရာ ရဟန္တာဖြစ်ခြင်း
ထိုအခါ မြတ်စွာဘုရားကို ဝင်္ဂီသပုဏ္ဏားသည် ဤမန္တန်ကို တပည့်တော်အား ပေးသနားတော်မူကြပါဘုရားဟု လျှောက်တောင်းလေ၏၊ ရဟန်းမဟုတ်သော သူအား ပေးခြင်းငှါ မတတ်ကောင်းဟု မိန့်တော်မူပြီးလျှင် ဝင်္ဂီသပုဏ္ဏားသည် ဤမန္တန်အတတ်ကို သင်ယူပြီးသည်ရှိသော် အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ ငါသည် အကြီးဆုံးအမြတ်ဆုံး ဖြစ်ပေတော့အံ့ဟု ကြံပြီးလျှင် ထိုပုဏ္ဏားတို့ကို သင်တို့သည် ထိုအရပ်၌သာလျှင် နှစ်ရက် သုံးရက် နေကြကုန်ဦးလော့၊
ငါသည် ရဟန်းပြုဦးအံ့ဟု ပြောဆိုလွှတ်လိုက်သဖြင့် မြတ်စွာဘုရား၏ အထံတော်၌ ရှင်ပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ဝင်္ဂီသမထေရ် ဟူသော အမည်ရှိသည်ဖြစ်လေ၏၊ ထိုအခါ ဝင်္ဂီသမထေရ်အား သုံးဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ကမ္မဋ္ဌာန်းကို ပေးသနားတော်မူ၍ မန္တန်၏ ထိုပရိကံအခြေကို ရွတ်အံသရဇ္ဈာယ်လော့ဟု မိန့်တော်မူ၏၊
ထိုဝင်္ဂီသမထေရ်သည် ထိုမန္တန်ဟူသော ကမ္မဋ္ဌာန်းကို ရွတ်အံသရဇ္ဈာယ်စဉ် အကြားအကြား၌ အဖော်ပုဏ္ဏားတို့သည် သင်သည် မန္တန်ကို သင်ယူအပ်ပြီလောဟု မေးအပ်သည်ရှိသော် ဆိုင်းငံ့လင့်ကြကုန်ဦးလော့၊ ထိုရွှေ့လောက် သင်ယူဆဲဖြစ်၏ဟု ဆို၍ နှစ်ရက် သုံးရက် အတွင်း၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်သဖြင့် တဖန် အဖော်ပုဏ္ဏားတို့သည် မေးအပ်ပြန်သည်ရှိသော် ဒါယကာတို့ - ယခုအခါ ငါသည် သွားခြင်းငှါ မထိုက်ပြီဟု ဆိုလိုက်လေ၏၊
ထိုစကားကို ကြားရလျှင် ရဟန်းတို့သည် မြတ်စွာဘုရား - ဤဝင်္ဂီသမထေရ်ကား မဟုတ်မမှန်သော အားဖြင့် အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရားဟု မြတ်စွာဘုရားအား ကြားလျှောက်ကြလေကုန်၏၊ မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့- ဤသို့ မဆိုကြကုန်လင့်၊ ချစ်သားရဟန်းတို့- ယခုအခါ ငါဘုရား၏ သားတော်ဝင်္ဂီသသည် စုတိပဋိသန္ဓေ၌ လိမ်မာသောသူ ဖြစ်လေပြီဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
---
ဒေသနာတော်
၄၁၉။ စုတိံ ယော ဝေဒိ သတ္တာနံ၊ ဥပပတ္တိံ စ သဗ္ဗသော။
အသတ္တံ သုဂတံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော ပုဂ္ဂလော=အကြင်ပုဂ္ဂိုလ်သည်။
သတ္တာနံ=သတ္တဝါတို့၏။
သဗ္ဗသော=အလုံးစုံသော အခြင်းအရာအားဖြင့်။
စုတိဉ္စ=စုတိကို၎င်း။
ဥပပတ္တိဉ္စ=ပဋိသန္ဓေကို၎င်း။
ဝေဒိ=သိ၏။
အသတ္တံ=ကပ်ငြိခြင်းမရှိထသော။
သုဂတံ=ပဋိပတ်ဖြင့် ကောင်းစွာ ရောက်ပြီးထသော။
ဗုဒ္ဓံ=သစ္စာလေးပါးကို သိပြီးထသော။
တံ=ထိုပုဂ္ဂိုလ်ကို။
အဟံ=ငါဘုရားသည်။
ဗြာဟ္မဏံ=မကောင်းမှုကို အပပြုပြီးသော သူဟူ၍။
ဗြူမိ=ဟောတော်မူ၏။
၄၂ဝ။ ယဿ ဂတိံ န ဇာနန္တိ၊ ဒေဝါ ဂန္ဓဗ္ဗမာနုသာ။
ခီဏာသဝံ အရဟန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယဿ=အကြင်ရဟန္တာပုဂ္ဂိုလ်၏။
ဂတိံ=လားရာဂတိကို။
ဒေဝါ=နတ်တို့သည်၎င်း။
ဂန္ဓဗ္ဗာ=ဂန္ဓဗ္ဗနတ်တို့သည်၎င်း။
မာနုသာ=လူတို့သည်၎င်း။
န ဇာနန္တိ=မသိကြကုန်။
ခီဏာသဝံ=ကုန်ပြီးသော အာသဝေါရှိထသော။
အရဟန္တံ=ကိလေသာတို့မှ အလွန်ဝေးတော်မူထသော။
တံ=ထိုရဟန္တာပုဂ္ဂိုလ်ကို။
အဟံ=ငါဘုရားသည်။
ဗြာဟ္မဏံ=မကောင်းမှုမှ အပပြုပြီးသော သူဟူ၍။
ဗြူမိ=ဟောတော်မူ၏၊
---
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ဝင်္ဂီသမထေရ်ဝတ္ထု ပြီး၏။
တစ်နေ့သ၌ ထိုဓမ္မဒိန္နာ ဘိက္ခုနီမ၏ လူဖြစ်စဉ် ကာလ၌ ခင်ပွန်းသည် ယောက်ျားဖြစ်ခဲ့ဖူးသော ဝိသာခမည်သော ဒါယကာ သီတင်းသည်သည် မြတ်စွာဘုရား၏ အထံတော်၌ တရားကို ကြားနာရသဖြင့် အနာဂါမိဖိုလ်သို့ ရောက်၍ ငါကား အလုံးစုံသော ဥစ္စာနှစ်ကို ဓမ္မဒိန္နာကို လက်ခံသိမ်းပိုက်စေခြင်းငှါ သင့်၏ဟု ကြံစည်လေ၏။
ထိုဝိသာခဒါယကာသည် ထိုအနာဂါမိဖိုလ် ရသည်မှ ရှေးအခါ၌ လာလတ်သည်ရှိသော် ဓမ္မဒိန္နာကို လေသာပြူတင်းဖြင့် ကြည့်ရှုလျက် နေသည်ကို မြင်ရလျှင် ပြုံးခြင်းကို ပြုလေ့ရှိ၏၊ ထိုနေ့၌ကား လေသာပြုတင်းဖြင့် ကြည့်ရှုလျက် ရပ်တည်နေသော ဓမ္မဒိန္နာကို မကြည့်တဲ့မူ၍ သာလျှင် သွားလေ၏။
ဓမ္မဒိန္နာသည် ဤသို့ဖြစ်သော အမူအရာကား အသို့ဖြစ်လေဘိသနည်းဟု ကြံ၍ ထိုသို့မူလည်း ဖြစ်စေဦး၊ ထမင်းစားသောအခါ သိရပေလတံ့ဟု နှလုံးပြုလျက် ထမင်းစားအံ့သော အချိန်၌ ထမင်းကို အနီးသို့ ပို့လေ၏၊ ဝိသာခဒါယကာသည် တပါးသောနေ့တို့၌ လာလှည့်အတူတကွစားကြ ကုန်စိုအံ့ဟု ဆိုလေ့ရှိ၏၊ ထိုနေ့၌ကား ဆိတ်ဆိတ်နေ၍သာလျှင် စားသောက်လေ၏။
ထိုဓမ္မဒိန္နာသည် တစ်စုံတစ်ခုသော အကြောင်းကြောင့်သာလျှင် အမျက်ထွက်သည် ဖြစ်လတ္တံ့ဟု ကြံစည်လေ၏၊ ထိုအခါ ဝိသာခသည် ချမ်းသာစွာ နေထိုင်သော အချိန်အခါ၌ ဓမ္မဒိန္နာကိုခေါ်၍ ဓမ္မဒိန္နာ-ဤအိမ်၌ရှိသော အလုံးစုံသော စည်းစိမ်ဥစ္စာနှစ်ကို လက်ခံသိမ်းပိုက်ပါလော့ဟု ဆိုလေ၏။
ဓမ္မဒိန္နာသည် အမျက်ထွက်သော သူတို့ မည်သည်ကား စည်းစိမ်ဥစ္စာနှစ်ကို မပေးကြ၊ မအပ်ကြကုန်၊ ဤသို့ ပေးအပ်ခြင်းကား အကြောင်းအဘယ်သို့ ရှိလေအံ့နည်းဟု ကြံပြီးလျှင် အရှင့်သား- အရှင်တို့သည် ရှိကြကုန်သည် မဟုတ်ပါလောဟု ဆိုလေ၏။
ငါကား ဤယခုနေ့မှ အစပြု၍ တစ်စုံတစ်ခုသော အမှုကို မစီရင်တော့အံ့ဟု ဆိုလတ်သည်ရှိသော် အရှင်တို့ စွန့်ပစ်အပ်သော တံတွေးပေါက်ကို အဘယ်သူ လက်ခံသိမ်းပိုက်ပါလတံ့နည်း၊ ဤသို့လျှင် ကျွန်မအား ရဟန်းအဖြစ်ကို ခွင့်လွှတ်တော်မူကြပါကုန်လော့ဟု တောင်းပန်လေ၏၊ ထိုဝိသာခသည် ချစ်နှမ- ကောင်းပြီဟု ဝန်ခံပြီးလျှင် များစွာသော ပူဇော်ဖွယ်ဖြင့် ထိုဓမ္မဒိန္နာကို ရဟန်းမိန်းမတို့၏ ကျောင်းသို့ဆောင်ပို့ကာ ရဟန်းပြုစေလေ၏။
ဝိသာခ ဥပါသကာကြီးသည် ဓမ္မဒိန္နာဘိက္ခုနီမ၏ ပြန်ရောက်လာသည့် အဖြစ်ကို သိရလျှင် အဘယ်အကြောင်းကြောင့် လာဘိသနည်းဟု ရဟန်းမိန်းမတို့၏ ကျောင်းသို့သွား၍ ဓမ္မဒိန္နာထေရီမကို မြင်ရလျှင် ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် အရှင်ထေရီမ-ငြီးငွေ့ ပျင်းရိ လေသလောဟု ပြောဆိုခြင်းငှါ မလျောက်ပတ်၊ ဤဓမ္မဒိန္နာရဟန်းမိန်းမကို ပြဿနာမေးမြန်းပေအံ့ဟု ကြံစည်လျက် သောတာပတ္တိမဂ်၌ ပြဿနာကို မေးမြန်းလေ၏။
ဓမ္မဒိန္နာထေရီမသည် ပြဿနာကို ဖြေဆိုလေ၏၊ ဝိသာခဒါယကာသည် ထိုသို့သောနည်းအားဖြင့် သာလျှင် ကြွင်းသောမဂ်တို့၌လည်း ပြဿနာကို မေးမြန်းပြီးလျှင် လွန်၍ ပြဿနာကို မေးလတ်သောအခါ ဓမ္မဒိန္နာထေရီမက ဒါယကာဝိသာခ ပြဿနာသည် လွန်၍ သွားခဲ့လေပြီဟု ဆို၍ အလိုရှိလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ဤပြဿနာကို မေးချေဦးလော့ဟု ဆိုလတ်သည်ရှိသော် ထေရီမကို ရှိခိုးပြီးလျှင် နေရာမှထ၍ မြတ်စွာဘုရား၏ အထံတော်သို့ သွားသဖြင့် အလုံးစုံသော ထိုစကားပြောဆိုခြင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။
မြတ်စွာဘုရားသည် ငါဘုရား၏ သ္မီးတော်ဖြစ်သော ဓမ္မဒိန္နာသည် ကောင်းစွာ ဟောကြားအပ်ပေ၏၊ ငါဘုရားသည်လည်း ဤပြဿနာကို ဖြေကြားသည်ရှိသော် ဤအတူသာလျှင် ဖြေဆိုရာ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ဓမ္မဒိန္နာထေရီမ ဝတ္ထု ပြီး၏။
---
ရဟန်းတို့သည် အင်္ဂုလိမာလမထေရ်ကို ငါ့သျှင် အင်္ဂုလိမာလ - အသို့နည်း၊ ထီးကို ဆောင်းမိုးပေးလျက် တည်နေသော ကြမ်းကြုတ်သော ဆင်ဆိုးကို မြင်ရသဖြင့် ကြောက်လေသလောဟု မေးကြလေကုန်၏၊ ငါ့သျှင်တို့- မကြောက်ပါဟု ဆိုလတ်သော် ထိုရဟန်းတို့သည် ဘုရားရှင်ကို မြတ်စွာဘုရား - အင်္ဂုလိမာလမထေရ်သည် အရဟတ္တဖိုလ်ကိုပြောကြားပါသည်ဘုရားဟု လျှောက်ကြားကြလေကုန်၏။
မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့- ငါဘုရား၏ သားတော်ဖြစ်သော အင်္ဂုလိမာလကား မကြောက်ပေ၊ ရဟန္တာတည်းဟူသော ဥသဘတို့အတွင်း၌ အကြီးဆုံး အမြတ်ဆုံး ဥသဘ ဖြစ်ကြကုန်သော ငါ့သားတော်နှင့်တူသော ရဟန်းတို့သည် မကြောက်ကြကုန်ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
အင်္ဂုလိမာလမထေရ်ဝတ္ထု ပြီး၏။
---
တပါးသောအခါ မြတ်စွာဘုရားသည် လေနာရောဂါဖြင့် ပြင်းစွာနှိပ်စက်အပ်သည်ဖြစ်၍ ဥပဝါဏမထေရ်ကို ရေနွေးရစိမ့်သော အကျိုးငှါ ဒေဝဟိတ အမည်ရှိသော ပုဏ္ဏား၏အထံသို့ စေလွှတ်တော်မူလေ၏၊ ထိုဥပဝါဏမထေရ်သည် သွား၍ မြတ်စွာဘုရားအား လေနာ ပြင်းစွာ နှိပ်စက်အပ်သည့်အဖြစ်ကို ပြောကြားလျက် ရေနွေးကို တောင်းလေ၏။
ထိုစကားကိုကြားရလျှင် ပုဏ္ဏားကြီးသည် ကြည်လင် နှစ်သက်သောစိတ် ရှိလှသည်ဖြစ်၍ ငါ့အား အရတော်ပေစွတကား၊ ငါ၏အထံသို့ မြတ်စွာဘုရားသည် ရေနွေးအလို့ငှါ စေလွှတ်တော်မူပေ၏ဟု ရေနွေးတစ်ထမ်းကို ယောက်ျားတစ်ယောက်ကို ထမ်းယူစေပြီးလျှင် တင်လဲအထုပ်ကို ဥပဝါဏမထေရ်အား ဆက်ကပ်လှူဒါန်းလေ၏။
မထေရ်သည် တင်လဲကို ယူစေပြီးလျှင် မြတ်စွာဘုရားကို ရေနွေးဖြင့် ရေချိုးပေးသဖြင့် ရေနွေးဖြင့် တင်လဲကို မွှေနှောက်၍ မြတ်စွာဘုရားအား ဆက်ကပ်လေ၏၊ မြတ်စွာဘုရားအား ထိုခဏချင်း၌သာလျှင် လေနာသည် ငြိမ်းလေ၏။
ဒေဝဟိတ ပုဏ္ဏားကြီးသည် အဘယ်ပုဂ္ဂိုလ်အား လှူအပ်သော ဝတ္ထုကို လှူရခြင်းသည် အကျိုးကြီးမြတ်သနည်းဟု မြတ်စွာဘုရားအား မေးလျှောက်အံ့ဟု ကြံစည်လေ၏၊ ထိုပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ထိုအကြောင်းကို မေးမြန်းလိုရကား ဤဂါထာကို လျှောက်ဆိုလေ၏။
ထိုအခါ ပုဏ္ဏားကြီးအား မြတ်စွာဘုရားသည် ဤသို့သဘောရှိသော မကောင်းမှုကို အပပြုပြီးသော ပုဂ္ဂိုလ်အား ပေးလှူအပ်သော အလှူသည် အကျိုးကြီးမြတ်သည် ဖြစ်၏ဟု မိန့်တော်မူ၍ ပုဏ္ဏားကြီးကို ထင်ရှားစွာ ပြတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏၊ ဒေဝဟိတ ပုဏ္ဏားကြီးသည်လည်း ကြည်ညိုလှသော စိတ်ရှိသည်ဖြစ်၍ သရဏဂုံ သုံးပါးတို့၌ တည်လျက် သီတင်းသည် ဥပါသကာ၏ အဖြစ်ကို လျှောက်ကြားလေ၏။
ဤသို့လျှင် တစ်ခုယုတ် သုံးရာသော (၂၉၉) ဝတ္ထုတို့ကို ပြတော်မူလျက် မကျဉ်းလွန်း မကျယ်လွန်းသည့် အစွမ်းဖြင့် ကောင်းစွာ စီရင်အပ်သော ခုနစ်ဆယ့်နှစ်ခုသော ဘာဏဝါရ အတိုင်းအရှည်ရှိသော ဓမ္မပဒ၏ အဋ္ဌကထာသည် ပြီးဆုံးခြင်းသို့ ရောက်ချေပြီ၊ ထို့ကြောင့် ဤစကားကို ဆိုအပ်၏။
၁။ အကြင် တရားမင်းဘုရားသည် အတုမရှိ မြတ်လှစွာသော မဂ်ဖိုလ်နိဗ္ဗာန် ပရိယတ်တရားဆယ်ပါး အပါအဝင်ဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကို ရောက်အပ် ရအပ်တော်မူပြီ၊ သီလက္ခန္ဓစသော မြတ်သော ဂုဏ်ကျေးဇူးကို ရှာမှီးတော်မူလေ့ရှိသော ထိုတရားမင်းဘုရားသည် ဤဂါထာအပေါင်းကို ဓမ္မပဒပါဠိတော်၌ ဟောကြားတော်မူအပ်၏။
၂။ လေးပါးသစ္စာ ထင်စွာပြတတ် ဘုရားမြတ်သည် နှစ်ဆယ့်သုံးဂါထာနှင့် တကွ လေးရာသော (၄၂၃) ဂါထာတို့ကို၎င်း, တစ်ခုဖြင့် ယုတ်လျော့သော ဝတ္ထုတို့၏ သုံးရာသော (၂၉၉) ဝတ္ထုအပေါင်းကို၎င်း ကောင်းစွာ ဖြစ်စေတော်မူအပ်၏။
၃။ ပြုအပ်ဖူးသော သူ့ကျေးဇူးကို သိလေ့ရှိသော အဓိရာဇမည်သော မင်းသည် တည်ထောင်ဆောက်လုပ်အပ်သော ကျောင်းတိုက်ကြီး၌ သိရိကုဋ္ဋမည်သော မင်း၏ ပြာသာဒ်ကျောင်း၌ သီတင်းသုံးနေထိုင်ဆဲဖြစ်သော ငါ ဗုဒ္ဓဃောသမထေရ်သည် –
၄-၅။ လူအပေါင်းတို့၏ အကျိုးဖြစ်ထွန်းခြင်းငှါ၎င်း, အစီးအပွားများပြားခြင်းငှါ၎င်း လူသုံးပါးတို့၏ ကိုးစားအားထားရာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ သူတော်ကောင်းတရား မြင့်ရှည်စွာ တည်တံ့ခြင်းကို ပြုခြင်းငှါ အလိုရှိသဖြင့် ထိုလေးရာကျော် ဂါထာတို့၏ အနက်သဒ္ဒါနှင့် ပြည့်စုံလှစွာသော အညစ်အကြေးကင်းသော အဋ္ဌကထာကျမ်းကြီးကို ခုနစ်ဆယ့်နှစ် ဘာဏဝါရမျှ အတိုင်းအရှည်ရှိသော ပါဠိဖြင့် ပြုလုပ်စီရင် တည်ထွင်ရေးသားသဖြင့်—
၆။ အကြင် ကောင်းမှုကုသိုလ်အစုကို ရအပ်ပေပြီ၊ ထိုကောင်းမှု ကုသိုလ်အစုကြောင့် အလုံးစုံသော သတ္တဝါတို့အား အပြစ်ကင်းလတ် ကောင်းမြတ်ကုန်သော အလုံးစုံသော အကြံအစည်တို့သည် ပြည့်စုံနိုင်ကြပါစေကုန်သတည်း၊ ကောင်းမြတ်သော မဂ်ဖိုလ်နိဗ္ဗာန် အကျိုးကို ရနိုင်ကြပါစေကုန်သတည်း၊
သီလ အကျင့်တို့ဖြင့် ဖြောင့်မတ်ခြင်း နူးညံ့ခြင်းစသော ဂုဏ်အပေါင်း၏ စုဝေးတည်ရာ ဖြစ်ထသော
မိမိ၏ အယူဝါဒ တည်းဟူသော တောအုပ်, သူတစ်ပါးတို့၏ အယူဝါဒတည်းဟူသော တောအုပ်သို့ ဉာဏ်ဖြင့် သက်ဝင်ခြင်းငှါ စွမ်းနိုင်ထသော ပညာ၏ထက်မြက်ခြင်းနှင့် ပြည့်စုံထသော
အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပါး ပရိယတ်အပြားရှိသော မြတ်စွာဘုရား၏ သာသနာတော်မြတ်၌ ပိတ်ပင်ဆီးတားခြင်းကင်းသော ဉာဏ်စွမ်းသတ္တိရှိထသော,
အကြောင်း၏ပြည့်စုံခြင်းသည် ဖြစ်စေအပ်သော လွယ်ကူစွာထွက်သော ချိုမြိန်သန့်ရှင်းသော စကား၏ အညစ်အကြေးကင်းသော ဂုဏ်နှင့်, ဝါ- တင့်တယ်ခြင်းနှင့်, ဝါ- ဆားကဲ့သို့ လေးလေးနက်နက် မြက်ခြင်းနှင့် ယှဉ်ထသော
ပြားသောပဋိသမ္ဘိဒါဉာဏ် အခြံအရံရှိသော အဘိညာဏ်ခြောက်ပါး ပဋိသမ္ဘိဒါစသော ဂုဏ်တို့ဖြင့် တန်ဆာဆင်အပ်သော ဈာန်မဂ်ဖိုလ်တရား၌ ပိတ်ပင်ချုပ်တည်း ဖျက်ဆီးမရ ဉာဏ်ပညာရှိကြကုန်သော
မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်တော်မူလေ့ရှိကြကုန်သော မထေရ်မြတ်တို့၏ အနွယ်၌ တန်ဆာသဖွယ် ဖြစ်၍ ဖြစ်ထသော
အကြင်မျှလောက်သော ကာလပတ်လုံး စင်ကြယ်သော စိတ်နှလုံး ရှိတော်မူသော သည်းခံခြင်း ဂုဏ်ကျေးဇူးရှိတော်မူသော လူအပေါင်းတို့၏ အကြီးဆုံး အမြတ်ဆုံး ဖြစ်တော်မူသော သီလစသော ဂုဏ်ကျေးဇူးရှာမှီးတော်မူလေ့ရှိသော မြတ်စွာဘုရား၏ ဗုဒ္ဓဟူသော အမည်တော်မျှသည်လည်း လောကကြီး၌ ဖြစ်တော်မူသေး၏။
ထိုမျှလောက်သောကာလပတ်လုံး လောကကြီး၌ လောကမှထွက်မြောက်ရာ ရှာမှီးကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသ္မီးတို့အား သဒ္ဓါစသည် တိုးပွားစိမ့်သောငှါ နည်းကောင်း ပြသလျက် တည်နိုင်ပါစေသတည်း။
ဤသို့လျှင် လေးရာ့နှစ်ဆယ့်သုံး ဂါထာရှိသော နှစ်ရာ့ကိုးဆယ့်ကိုး ဝတ္ထုတို့ဖြင့် တန်ဆာဆင်အပ်သော နှစ်ဆယ့်ခြောက်ခုသော ဝဂ်တို့နှင့် ပြည့်စုံသော ဓမ္မပဒအဖွင့်အဋ္ဌကထာသည် ပြည့်စုံသိမ်းကြုံး ပြီးဆုံးလေသတည်း။
ဝဂ်စဉ် ဥဒါန်းနှင့် ဂါထာအရေအတွက် ဖော်ပြသော ဆယ်ဂါထာတို့လည်း ပါရှိတတ်၏၊ မူလမဟုတ်ကြကုန်။)
---
[ဒေသနာဂါထာ အဆုံးအဆုံး၌ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ရအောင် ဓမ္မပဒပါဠိတော်ကို ဟောကြားနိုင်သော ဘုရားရှင်စင်စစ်ဖြစ်ပါက ပဋိသမ္ဘိဒါဉာဏ် ရှည်သန်တောင့်တသောသူအား မြန်မာဘာသာ ဓမ္မပဒဝတ္ထုတော်ကြီး အပြီးအဆုံး ပြုလုပ်ရန် ခွင့်ပေးသနားတော်မူပါဟု ခွင့်တောင်းသည့်အလျောက် တစ်နှစ်နှင့် လေးလအတွင်း ပြီးဆုံးခြင်းသို့ ရောက်အောင် ချီးမြှောက် ခွင့်ပေးတော်မူရကား မယ်တော်မာယာ မိဖုယားကြီး၏ တစ်ယောက်တည်းသောသား ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားတစ်ဆူတည်းသာလျှင် လောကဓာတ်တစ်ခွင်၌ ဓမ္မပဒပါဠိတော်ကြီးကို အစထွင်၍ ဟောကြားနိုင်သော ဘုရားရှင်အစစ် ဖြစ်ကြီးဖြစ်ကြောင်း ကောင်းကောင်းကြီး ယုံကြည်အားထားပါပြီ ဟူလို။)
[သတ္တဝါဝေနေယျတို့အား အမြိုက်တရား ပေးသနားနိုင်သောဘုရားရှင် အကယ်စင်စစ် ဖြစ်ပါက ဒုက္ခသည်ဝဋ် ကျွတ်လွှတ်လိုသဖြင့် ဓမ္မပဒဝတ္ထုတော်ကြီးကို ဖတ်ရှုသုံးသပ်လေ့ရှိသော သူတော်ကောင်းအား မသေနိုင်သော အမြိုက်တရားကြီးကို ရာဟုလာအလား သနားသဖြင့် ပေးဝေငှတော်မူပါဟု တောင်းပန် လျှောက်ကြားသည့်အလျောက် ရှေးဘုရားရှင်လက်ထက်တော်က ရုပ်နာမ်မျှ ကြားဖူးရုံရှိသော ပဉ္စဂ္ဂပုဏ္ဏား လင်မယားတို့အား အနာဂါမ်တည်စေခြင်းစသည်ကို မြင်ရခြင်းအားဖြင့် ရာဟုလာ၏ ခမည်းတော်ချစ် ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားတစ်ဆူတည်းသာလျှင် လောကဓာတ်တစ်ခွင်၌ မသေနိုင်သော အမြိုက်တရားကို ပိုင်ပိုင်ကြီး ပေးနိုင်သော ဘုရားရှင်အစစ် ဖြစ်ကြီးဖြစ်ကြောင်း ကောင်းကောင်းကြီး ယုံကြည်အားထားပါပြီ ဟူလို။
ထို ပဉ္စဂ္ဂပုဏ္ဏားဝတ္ထု၌ ကြွရောက်လာသော ဘုရားရှင်ကိုပင် ပုဏ္ဏေးမ မကြည်ညို၍ နှင်ပစ်သော်လည်း ဖဲမသွား၊ ကဿပဘုရားလက်ထက်တော်က ရုပ်နာမ်ကြားနာဖူးရုံမျှသော ကောင်းမှုကြောင့် အမြိုက်နိဗ္ဗာန်ပေးပြီးမှ ဖဲကြွသွားတော်မူသည်၊ ယခုအခါ၌ ဤဓမ္မပဒဝတ္ထုတော်ကြီးကို ကြည့်ရှုလေ့လာသူတို့မှာ ရုပ်နာမ်နှင့်စပ်သော တရားတို့ကို များစွာ တွေ့ရလိမ့်မည် ဖြစ်ရကား နောင်ဘုရားရှင်တို့ လက်ထက်တော်၌ တံခါးပိတ်၍ ရှောင်ပုန်းနေစေကာမူ ဘုရားရှင်ကိုယ်တော်တိုင် အမြိုက်တရားကြီး လာပေးရတော့မည် စင်စစ်တည်း။]
သုဒ္ဓေါဒန မင်းတရားကြီး၏ သားတော် ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားတစ်ဆူတည်းသာလျှင် လောကဓာတ်တစ်ခွင်၌ အတုမရှိ နိဗ္ဗာန်တရားတော်ကြီး ကိုယ်ပိုင် လက်ရှိဖြစ်၍ ပေးနိုင်ကြောင်း ကောင်းကောင်းကြီး ယုံကြည်အားထားမိရကား ဓမ္မပဒဝတ္ထု၊ အစက အဆုံးကျအောင် ပြုစုသော သူအားလည်း ပေးသနားပါစေဟု ဦးခေါင်းခွံရိုးအမှုန့်ဖြစ်၍ ဖဝါးတော်မြတ် ကပ်သည်တိုင်အောင် ဦးခိုက်ရှိခိုးပါ၏ ဟူလို။]
ဝါ-ဓမ္မပဒမူလပိုင်စစ် ဖြစ်ကြီးဖြစ်သဖြင့် အသစ်သေချာ မြန်မာဝတ္ထုကြီး အပြီးတစေ ပြုလုပ်ချေမင်း ခွင့်ပေးသနားတော်မူခြင်းသည်။
Comments
Post a Comment