ပရမတ္ထစက္ခုကျမ်း
▬▬▬▬▬▬
တတိယရွှေကျင်သာသနာပိုင် ဒီပဲယင်းဆရာတော်
မာတိကာ
- ၁။ ဗုဒ္ဓထောမနာ ဗုဒ္ဓဝန္ဒနာ ပဏာမ
- ၂။ ဗုဒ္ဓအရ, ဓမ္မအရ, သံဃအရကို ပြခြင်း
- ၃။ ပုထုဇဉ်တို့ အပြစ်ကိုမြင်မှ ရတနာသုံးပါးတို့ ဂုဏ်ပေါ်ထင် သိသာသည်ကို ပြခြင်း
- ၄။ ရတနတ္တယ ထောမနာ စန္ဒနာ ပဏာမကိုပြခြင်း
- ၅။ ပဏာမအရကို ပြခြင်း
- ၆။ လမ်းခရီး စသည်၌ လက်အုပ်ချီရုံဖြင့် သင့်လျော်သည်ကို ပြဆိုခြင်း
- ၇။ သရဏဂုံဖြစ်ကြောင်းကို ပြခြင်း
- ၈။ ရတနာသုံးပါး၌ အကျိုးများအောင် ကြည်ညိုတတ်ရန် နည်းကို ပြဆိုခြင်း
- ၉။ ဘုရားနှင့် တရား ဖက်စပ်၍မေးရာ၌ ထုတ်ဖော်၍ပြဆိုခြင်း
- ၁၀။ အဘိယာစကနှင့် ပဋိညာဏ်ကိုပြခြင်း
- ၁၁။ ပရမတ်, ပညတ်ကို အကျဉ်းပြခြင်း
- ၁၂။ ဒေသနာအမျိုးမျိုး ရှိသည်ကို ပြခြင်း
- ၁၃။ ပရမတ် မျက်စိရှိမှ ရတနာသုံးပါးကို မြင်နိုင်သည်ကို ပြခြင်း
- ၁၄။ ပရိညာဏ်သုံးပါးကို ပြခြင်း
- ၁၅။ မသိခြင်း၌ အပြစ်၊ သိခြင်း၌ အကျိုး၊ အသိဉာဏ်ဖြစ်ခြင်း၏ အကြောင်းကို ပြဆိုခြင်း
- ၁၆။ တိုက်တွန်းခြင်း
- ၁၇။ အရပ်ပြစ်ရှစ်ပါး စက်လေးပါး သမ္ပတ္တိ လေးပါကို ပြဆိုခြင်း
- ၁၈။ ပရမတ်မျက်စိအရကို ပြခြင်းနှင့် စာတတ်သူကို ဂါဟကိုက်တတ်သည်ကို ပြခြင်း
- ၁၉။ ကိုယ်ထဲ၌ တတ်မှ ဂါဟကင်းပြတ်သည်ကို ပြခြင်း
- ၂၀။ သတိထားရန် ဂါထာသီကုံးပြဆိုခြင်း
- ၂၁။ နှလုံးသွင်း ကောင်း၍ အသိ အလိမ္မာရှိပါမှ တတ်သမျှအတတ်, အကျိုးနပ် သည်ကိုပြခြင်း
- ၂၂။ ရုပ်တရား, နာမ်တရားကို ခွဲခြားပြခြင်း
- ၂၃။ အတ္တဒိဋ္ဌိကို ပြဆိုခြင်း
- ၂၄။ အတ္တဒိဋ္ဌိ၏ အပြစ်ကို ပြခြင်း
- ၂၅။ အတ္တဒိဋ္ဌိကင်းသည်၏ အကျိုးကိုပြခြင်း
- ၂၆။ အတ္တဒိဋ္ဌိဖျက်ဆီးရန် ဉာဏ်အစဉ်ကိုပြခြင်း
- ၂၇။ မဂ်ဉာဏ်ကို ပြခြင်း
- ၂၈။ ဝိပဿနာဉာဏ် နှစ်ပါးဖြင့် အတ္တဒိဋ္ဌိကို ဖျက်ဆီးနိုင်သော ဝတ္ထုကိုပြခြင်း
- ၂၉။ ဝိပဿနာ စီးဖြန်းရန် အကျဉ်းပြခြင်း
- ၃၀။ အရွယ်သုံးပါ, အရွယ်ဆယ်ပါးကိုပြခြင်း
- ၃၁။ ခန္ဓာငါးပါးကိုပြ၍ ရူပက္ခန္ဓာအရ ရုပ်အရေအတွက်ကို ပြခြင်း
- ၃၂။ ဓာတ်လေးပါးတို့၏ သဘောလက္ခဏာနှင့် တကွ အဝိနိဗ္ဘောဂရုပ်ကို ပြခြင်း
- ၃၃။ အထည်ကိုယ်ရုပ် တစ်ဆယ့်နှစ်ခုတို့၏ တစ်ကိုယ်လုံး၌ ရပုံကို ဥပမာဖြင့် ထင်စွာ ပြဆိုခြင်း
- ၃၄။ အထည်ကိုယ်ရုပ် တစ်ဆယ့်နှစ်ခုတို့၏ တစ်ကိုယ်လုံး၌ရပုံကို တစ်နည်းပြဆိုခြင်း
- ၃၅။ အချယ်ရုပ် ၆-ပါးတို့၏ သဘောကိုပြခြင်း
- ၃၆။ အမူရုပ်ငါးပါး ရန်သူရုပ်လေးပါးဟု ဆိုအပ်သော ရုပ်တွေကိုပြခြင်း
- ၃၇။ အခြားရုပ်ကိုပြခြင်း
- ၃၈။ ကလာပ်စည်းပမာဏ နှိုင်းဆရန်ကိုပြခြင်း
- ၃၉။ ရုပ်သက်ကိုပြခြင်း
- ၄၀။ ရုပ်တို့၏ ဖြစ်ကြောင်း သမုဋ္ဌာန်ကို ပြဆိုခြင်း
- ၄၁။ သမုဋ္ဌာန်၌ အထူးမှတ်ဖွယ်ကို ပြဆိုခြင်း
- ၄၂။ ဘုံ၌ ရုပ်ရကိုပြခြင်း
- ၄၃။ ရုပ်ကို နှစ်မျိုးခွဲ၍ပြခြင်း
- ၄၄။ တေဇောရုပ်၏ထူးပုံ အရာကျယ်ပုံကိုပြခြင်း ပြခြင်း၌ အကျိုးကိုပြခြင်း
- ၄၅။ တေဇောရုပ်၏ ထူးပုံ အရာကျယ်ပုံကို
- ၄၆။ လောက၏အရကိုပြခြင်း
- ၄၇။ အသေစုတိကို ပြခြင်း
- ၄၈။ ပဋိသန္ဓေအကြောင်းနှင့် ပဋိသန္ဓေလေးပါးကိုပြခြင်း
- ၄၉။ ဂဗ္ဘသေယျ ပဋိသန္ဓေစွဲနေပုံကို ပြခြင်း
- ၅၀။ စိတ်ဖြစ်ပုံ အစဉ်ကိုပြခြင်း
- ၅၁။ သုတ္တန်နည်းအားဖြင့် သတ္တာဟအစဉ်ကို ပြခြင်း
- ၅၂။ အဘိဓမ္မာနည်းအားဖြင့် ရုပ်တို့၏ တိုးပွားပုံကိုပြခြင်း
- ၅၃။ ရူပက္ခန္ဓာ၏ ဝိဂြိုဟ် ရေမြှုပ်စိုင်နှင့် တူသည်ကိုပြခြင်း
- ၅၄။ ရူပက္ခန္ဓာ၌ တစ်မျိုးမှတ်ရန် ပြခြင်း
- ၅၅။ ဝေဒနာက္ခန္ဓာနှင့်တကွ ယင်းဝေဒနာ၏ဖြစ်ပုံကို ပြဆိုခြင်း
- ၅၆။ သညာက္ခန္ဓာကို ပြခြင်း
- ၅၇။ သင်္ခါရက္ခန္ဓာကို ပြခြင်း
- ၅၈။ ဝိညာဏက္ခန္ဓာကို ပြခြင်း
- ၅၉။ အသိသုံးပါနှင့်တကွ အထူးမှတ်ရန်ကိုပြခြင်း
- ၆၀။ နာမ်ခန္ဓာ လေးပါးတို့ ကိစ္စအားဖြင့် အမျိုးမျိုးပြားပုံ တန်းစဉ်၍ ဖြစ်ပုံကိုပြခြင်း
- ၆၁။ နိယာမကိုပြခြင်း
- ၆၂။ မနေဒွါရိကဇော လိုရင်းဖြစ်သည်ကို ပြခြင်း
- ၆၃။ ဇော၏ သဘောသရုပ်ကို ပြဆိုခြင်း
- ၆၄။ လောဘ၏ သဘောနှင့်တကွ လောဘမူဇောကို ပြဆိုခြင်း
- ၆၅။ ဒေါသ၏ သဘောနှင့်တကွ ဒေါသမူဇောကို ပြဆိုခြင်း
- ၆၆။ မောဟ၏ သဘော မောဟများ၍ ယုံလွယ်သော ဝတ္ထုကို ပြဆိုခြင်း
- ၆၇။ အကုသိုလ်ဇော၌ပါသော ကိလေသာဆယ်ပါး တစ်ဆယ့်လေးပါး တို့ကို ပြဆိုခြင်း
- ၆၈။ ကိလေသာကို တစ်မျိုးပြခြင်း
- ၆၉။ ကုသိုလ်ဇောအရကို ပြခြင်း
- ၇၀။ သဒ္ဓါ၏သဘောကိုပြခြင်း
- ၇၁။ သတိစသော သင်္ခါရက္ခန္ဓာကို ပြဆိုခြင်း
- ၇၂။ ဇော၌ရထိုက်သော ကံအပြားကိုပြခြင်း
- ၇၃။ ဝိသေသကထာကို ပြဆိုခြင်း
- ၇၄။ ပါဏာတိပါတစသည်တို့၏ အင်္ဂါကို ပြဆိုခြင်း
- ၇၅။ ဒုစရိုက်ကို ပြဆိုခြင်း
- ၇၆။ ကထာနှစ်ပါး၌ အထူးမှတ်ရန်ကို ပြဆိုခြင်း
- ၇၇။ ကမ္မပထ မမြောက်ရာ၌ အပြစ်ကို ပြဆိုခြင်း
- ၇၈။ ကိုယ်ဖြင့် ပြုသော်လည်း ဖရုသဝါစာ ဗျာပါဒဖြစ်သည်ကို ပြဆိုခြင်း
- ၇၉။ ကုသလ ကမ္မပထ ဆယ်ပါးကိုပြခြင်း
- ၈၀။ ပုညကိရိယဝတ္ထုအပြား ဒါနအပြား မိစ္ဆာဒါနကြီးငါးပါးကို ပြဆိုခြင်း
- ၈၁။ ပုဂ္ဂလိကဒါန, သံဃိကဒါန အပြားကိုပြခြင်း
- ၈၂။ သီလကိုပြဆိုခြင်း
- ၈၃။ ဝိသေသ သီလကို ပြဆိုခြင်း
- ၈၄။ သာမည ဥပေါသထ အဋ္ဌင်္ဂ ဥပေါသထတို့ကို ပြဆိုခြင်း
- ၈၅။ ဘာဝနာ စသည်ကို ပြဆိုခြင်း
- ၈၆။ အကျိုးပေးကာလကို ပြဆိုခြင်း
- ၈၇။ သတ္တိကိစ္စအားဖြင့် လေးပါးပြားပုံကို ပြဆိုခြင်း
- ၈၈။ ကံ၌ အထူးမှတ်ရန်ကို ပြဆိုခြင်း
- ၈၉။ တစ်မျိုးအထူး မှတ်ရန်ကို ဝတ္ထုနှင့်တကွ ပြဆိုခြင်း
- ၉၀။ အကျိုးပေးသော အစဉ်ကိုစွဲ၍ ကံအပြားကို ပြဆိုခြင်း
- ၉၁။ ကိရိယာဇောနှင့်တကွ ပြုံးခြင်းကို ဖြစ်စေတတ်သော ဇောကို ပြဆိုခြင်း
- ၉၂။ ပဋိသန္ဓေ ဘဝင်စသည်တို့၏ အရကို ပြဆိုခြင်း
- ၉၃။ ဈာန်၏အရ ဈာန်၏သဘောကို ပြဆိုခြင်း
- ၉၄။ ရူပဈာန်တစ်ဆယ့်နှစ်ပါး, တစ်ဆယ့်ငါးပါးကိုပြဆိုခြင်း
- ၉၅။ အရူပဈာန် တစ်ဆယ့်နှစ်ပါးကို ပြဆိုခြင်း
- ၉၆။ အထူးမှတ်ရန်ကို ပြဆိုခြင်း
- ၉၇။ လောကုတ္တရာဇောကို ပြဆိုခြင်း
- ၉၈။ စိတ်ကို ပေါင်းစုရေတွက်၍ ပြဆိုခြင်း
- ၉၉။ ဘုံပုဂ္ဂိုလ်၌ စိတ်ရကို ပြဆိုခြင်း
- ၁၀၀။ သတိထားရန်ကို ပြဆိုခြင်း
- ၁၀၁။ ပရမတ္ထတရားကို အမျိုးမျိုးခွဲပြဆိုခြင်း
- ၁၀၂။ နာမ်, ရုပ်တို့ကို ပြဆိုခြင်း
- ၁၀၃။ နာမ်, ရုပ်တို့အကြောင်းကို တစ်နည်းပြဆိုခြင်း
- ၁၀၄။ ပဋိစ္စသမုပ္ပါဒ်၌ အကျဉ်းသိလွယ် အဓိပ္ပာယ်ကိုပြဆိုခြင်း
- ၁၀၅။ ပညတ္တိဉာဏ် ပရမတ္ထဉာဏ်နှစ်မျိုးကို ပြဆိုခြင်း
- ၁၀၆။ နာမ်ရုပ် သိမ်းဆည်းပုံကို ပြဆိုခြင်း
- ၁၀၇။ တစ်မျိုး နှစ်လုံးသွင်းပုံကို ပြဆိုခြင်း
- ၁၀၈။ လက္ခဏာရေး ထင်လွယ်ရန် ဘုရားဟောပုံနှင့် တကွ ဘုရားဂုဏ်တို့ကို ပြဆိုခြင်း
- ၁၀၉။ လက္ခဏာရေးတင်၍ ဝိပဿနာ စီးဖြန်းပုံကိုပြခြင်း
- ၁၁၀။ ပိဋကတ်သုံးပုံ၏ အနှစ်သာရဖြစ်သော ခြောက်ခွန်းသောစကားကို ပြဆိုခြင်း
- ၁၁၁။ လက္ခဏာ တစ်ပါးကိုသိလျှင် ငါးပါးလုံး သိသည်ကို ပြဆိုခြင်း
- ၁၁၂။ နိဗ္ဗာန်သည် မိမိအနီးမှာပင် ရှိပါလျက် ပုထုဇဉ်တို့ မမြင်နိုင်သည်ကို ပြဆိုခြင်း
- ၁၁၃။ ပညတ်ဘုံစဉ်ကို ပြဆိုခြင်း
- ၁၁၄။ နိဂုံးကို ပြဆိုခြင်း
ပရမတ္ထစက္ခုကျမ်း မာတိကာ ပြီး၏
ရွှေကျင်နိကာယ - ဥပဥက္ကဋ္ဌ တွဲဘက် ရွှေကျင်သာသနာပိုင်
နိုင်ငံတော် ဩဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု
ရွှေဟင်္သာ သိရီမန္တစံကျောင်း ပဓာန နာယက ဆရာတော်
ဘဒ္ဒန္တ ရာဇိန္ဒာဘိဝံသ-၏
သာရဏီယကထာ
ကျေးဇူးတော်ရှင် ဒုတိယဝိသုဒ္ဓါရုံ တတိယရွှေကျင်သာသနာပိုင် ဒီပဲယင်း ဆရာတော် ဘုရားကြီး၏ ကျမ်းစာများတွင် ဤ“ပရမတ္ထစက္ခုကျမ်း” သည် အလေးနက်ဆုံး အကောင်းဆုံး ကျမ်းစာ တစ်ဆူဖြစ်၏။
ခက်ခဲနက်နဲသော ပရမတ္ထတရားတော်များကိုပင် လူတိုင်း နားလည်လွယ်အောင် ရှင်းလင်းရေးသား ထားသော ကျမ်းစာဖြစ်၏။ သို့ဖြစ်၍ ယခုခေတ် အဘိဓမ္မာ သင်တန်းများတက်၍ အဘိဓမ္မာ သင်ယူနေကြသော သင်တန်းသူ၊ သင်တန်းသား များသည် အဘိဓမ္မာသင်တန်း တက်ရောက်သင်ကြားပြီးနောက် ပို၍ အဘိဓမ္မာဉာဏ် အမြင်သန်စေရန် ဤ “ပရမတ္ထစက္ခုကျမ်း”ကို လေ့လာဖတ်ရှု သင့်လှပေသည်။
ထို့ပြင် ဆရာတော်ဘုရားကြီးသည် အဓိပ္ပါယ်မှတ်သား လွယ်အောင် လင်္ကာ ဆောင်ပုဒ် ရေးသား စီကုံးရာ၌လည်း သူမတူအောင် ထူးချွန်တော်မူလှ၏။ ဥပမာ ပြရသော်-
စာတတ်, ပေတတ်, ကျမ်းဂန်တတ် ပုဂ္ဂိုလ်များသည် စာမှာသာတတ်၍ ကိုယ်ထဲ၌ အသိအလိမ္မာ ဉာဏ်ပညာ မကပ်လျှင် တဏှာ, မာန, ဒိဋ္ဌိဟူသော ဂါဟ ကိုက်တတ်သည်။ တဏှာ, မာန, ဒိဋ္ဌိတို့ကို ဖြစ်ပွားစေတတ်သည်၊ ကိုယ်ထဲ စိတ်ထဲမှာ အသိဉာဏ်ဝင်မှ တဏှာ, မာန, ဒိဋ္ဌိဟူသော ဂါဟကင်းပြတ်သည် ဟူသော အဓိပ္ပါယ်ကို မှတ်သားလွယ်စေရန်-
ကိုယ်မှာမတတ်၊ စာမှာတတ်၊ ဂါဟ ကိုက်တတ်သည်။
စာမှာမတတ်၊ ကိုယ်မှာတတ်၊ ဂါဟ ကင်းပြတ်သည်-ဟု
လင်္ကာစပ်ဆိုပြထားပါသည်။
ဤသို့လျှင် အလွန်တန်ဖိုးရှိလှသော ကျမ်းစာတစ်ဆူကို ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ကျိုက္ကစံအနောက်ရပ်ကွက်၊ ဒီပဲယင်းကျောင်းဆရာတော် အရှင်တိက္ခမတိက ရဟန်း, ရှင်, လူပြည်သူအားလုံး ဖတ်ရှု၍ အဘိဓမ္မာဉာဏ် အမြင်သန်စေရန် ထုတ်ဝေလိုက်ခြင်းသည်-
အန္နဒေါ ဗလဒေါ ဟောတိ၊ ဝဏ္ဏဒေါ ဟောတိ ဝဏ္ဏဒေါ။
ယာနဒေါ သုခဒေါ ဟောတိ၊ ဒီပဒေါ ဟောတိ စက္ခုဒေါ။
သော စ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ။
အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မ မနုသာသတိ။
ဆွမ်းလှူဒါန်းသူသည် ခွန်အားကို ပေးလှူသူမည်၏။
အဝတ် သင်္ဃန်းပေး လှူဒါန်းသူသည် အဆင်းကို ပေးလှူသူမည်၏။
ယာဉ်လှူဒါန်းသောသူသည် ချမ်းသာကို လှူသူမည်၏၊
ဆီမီးလှူဒါန်းသူသည် မျက်စိကို ပေးလှူသူမည်၏။
ကျောင်းအလှူရှင်သည်ကား အလုံးစုံကို ပေးလှူသူမည်၏။
တရားဓမ္မ ဟောပြညွှန်ကြားသူသည် အမြိုက်နိဗ္ဗာန်ကို ပေးလှူသူမည်၏
ဟူသော ဒေသနာတော်အရ ဆရာတော်ကလေး အရှင်တိက္ခမတိသည် နိဗ္ဗာန် လမ်းကို လှူဒါန်းညွှန်ပြသူ မည်ပါပေသည်။ ထို့ပြင် တိမ်မြုတ်ကွယ်ပျောက်နေသော အဖိုးတန် ရတနာကြုတ်ကို ဖော်ထုတ်သူဟုလည်း ခေါ်ဆိုထိုက်ပါပေသည်။
ထို့ကြောင့် ဤ “ပရမတ္ထစက္ခုကျမ်းစာ” ပြန်လည် ပုံနှိပ်ရေးအတွက် အားကြိုး မာန်တက် ဆောင်ရွက်တော်မူသော ဒီပဲယင်းစာပေ ထိန်းသိမ်းရေးအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော်ကလေး အရှင်တိက္ခမတိအား ရွှေကျင်ဂိုဏ်ကြီး ကိုယ်စား အထူး ကျေးဇူးဥပကာရ တင်ရှိပါကြောင်း, လွန်စွာဝမ်းမြောက် ဂုဏ်ယူမိ ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဘဒ္ဒန္တ ရာဇိန္ဒာဘိဝံသ
ရွှေကျင်နိကာယ-ဥပဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင်သာသနာပိုင်
နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု
ရွှေဟင်္သာ သိရီမန္တစံကျောင်း
ရေတာရှည်လမ်းသစ်၊ ဗဟန်း ရန်ကုန်မြို့။
ပရမတ္ထစက္ခုကျမ်း
▬▬▬▬▬▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁ - ဗုဒ္ဓထောမနာ ဗုဒ္ဓဝန္ဒနာ ပဏာမ
နမော အနန္တ ဗုဒ္ဓိနော
သာရသေဋ္ဌံ အဟော ဉာဏံ၊ လောကက္ခန္ဓဿ ဘေဒကံ။
သေဋ္ဌတ္တံ ယေန ပဂ္ဂေါတိ၊ အဟော ဗုဒ္ဓဿ ထာမတာ။
လောကက္ခန္ဓဿ၊ မညနာပူးဝင် ပုထုဇဉ်တို့ အမြင်မှောက်မှား ငါ, သူတစ်ပါး၊ ယောက်ျား, မိန်းမ၊ နိစ္စ, သုခ၊ အတ္တ, သုဘစသည် ထင်မှတ် စွဲလမ်းအပ်သော လောက အတုံး အခဲတွေကို။
ဝါ၊ သမူဟဃန ပညတ်၊ သန္တတိဃန ပညတ်၊ သဏ္ဌာန ပညတ်၊ သုဘပညတ်၊ အတ္တ, ဇီဝ ပညတ်စသော လောကပညတ်အတုံး၊ အခဲတွေကို။
ဘေဒကံ၊ ယူစရာမရ၊ မကျအသုံး တုံး,ခဲမထင် ကုန်စင်နှောက်မွှေ, ကြိတ်ချေ ဖျက်ဆီးတော် မူနိုင်ထသော။
သာရသေဋ္ဌံ၊ လောကဓာတ် အလုံး၏အနှစ် အမြတ်ဆုံး အစစ်လည်း ဖြစ်တော် မူထသော။
ဉာဏံ၊ ဘုရားသခင် ကိုယ်တော်မြတ်၏ ဉာဏ်တော်ကြီးသည်။
အဟော၊ ဪ... အံ့၍မပြီးနိုင်အောင်ပင် ရှိတော်မူပါပေသည်တကား။
ယေန၊ အကြင်ဉာဏ်တော်ကြီးကြောင့်။
သောဘဂဝါ၊ ထိုဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်။
သေဋ္ဌတ္တံ၊ လောကဓာတ်အလုံးတွင် အမြတ်ဆုံး၏အဖြစ်သို့။
ပပ္ပေါတိ၊ ရောက်တော်မူရလေ၏။
ဗုဒ္ဓဿ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏။
ထာမတာ၊ နတ်နှင့် လူတွင် ဘယ်သူတစ်ယောက်မှ မဖဲ့နိုင်၊ မရွေ့နိုင်၊ မခြမ်းနိုင်၊ မစိတ်နိုင်၊ မဖြာနိုင်၊ မာခိုင်လှစွာသော လောကအတုံး အခဲတွေကို ကြိတ်ချေဖျက်ဆီး တော်မူနိုင်သော အစွမ်းတော် ရှိသည်၏ အဖြစ်သည်။
ဝါ၊ သုမေဓာဘဝ စသည် တန်တန် ကြံကြံသမျှ ကိစ္စဆုံးရောက် အလိုတော် ပြီးမြောက်၍ လောကကို ထွင်းဖောက် ဖျက်ဆီးတော်မူနိုင်သော အစွမ်းတော် ရှိသည်၏ အဖြစ်သည်။
အဟော၊ ဪ... အံ့၍ မပြီးနိုင်အောင် ရှိတော်မူပါပေသည်တကား။
(ထောမနာ ပဏာမ)
အနုဒ္ဓဂ္ဂံ ဂတံ အန္တံ၊ ဝိသိဋ္ဌံ တံ အဟံ နမေ။
အနုဒ္ဓဂ္ဂံ၊ အထက်မရှိ အလွန်မရှိ၊ အသာမရှိ လောကအလုံးတွင် အထွတ်ဆုံး၊ အလွန်ဆုံး၊ အသာဆုံး၊ အမြတ်ဆုံးကြီးဖြစ်တော်မူထသော။
အန္တံ၊ အလုံးစုံသော ကိစ္စဟူသမျှတို့၏ အဆုံးသို့။
ဂတံ၊ ရောက်တော်မူပြီး ထသော။
ဝိသိဋ္ဌံ၊ လောက၏ အညွန့်အဖူး ပုဂ္ဂိုလ်လွန် ပုဂ္ဂိုလ်ထူးကြီးလည်း ဖြစ်တော်မူ ထသော။
တံ၊ ထိုဉာဏ်တော်ကြီးအရှင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို။
အဟံ၊ မသိမိုက်မဲ ဉာဏ်နဲလှစွာသော အကျွန်ုပ်သည်။
နမေ၊ ဉာဏ်ကြီးလိုသောအား ဝပ်တွားရိုကျိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏ အရှင် ဘုရား။
(ဝန္ဒနာ ပဏာမ)
၂- ဗုဒ္ဓအရ၊ ဓမ္မအရ၊ သံဃအရကို ပြဆိုခြင်း
ကြိတ်ချေဖျက်ဆီးဆိုသည်မှာ အသိ,ကို ဆိုသည်။ အသိ ဆိုသည်မှာလည်း သိစရာ ရှိသမျှကို အကျန်မရှိ ဟုတ်တိုင်း၊ မှန်တိုင်း၊ ကမ်းကုန်၊လမ်းကုန် အသိဆုံး ကမ်းရောက် ဟာလာဟင်း ထိုးထွင်းကြိတ်ချေ နှောက်မွှေကုန်စင် ကိစ္စပြီး အသိကြီးသိသော အသိကိုဆိုသည်။
ထိုအသိ၏ အစွမ်းဖြင့် တသိထဲသိ တမင်ထဲ မြင်တော်မူသောကြောင့် တလင်း ထဲလင်း၊ တရှင်းထဲရှင်း၊ တစင်ထဲစင် တကြည်ထဲကြည် တအေးထဲကိစ္စပြီး အေးကြီး အေးတော်မူရသော ပုဂ္ဂိုလ်လွန် ပုဂ္ဂိုလ်ထူးကြီးကိုပင် မာဂဓဘာသာဖြင့် ဗုဒ္ဓေါ မြန်မာဘာသာဖြင့် ဘုရားဟူ၍ ဆိုရလေသည်။
ဗုဇ္ဈ တီတိ ဗုဒ္ဓေါ။ ။ (ဝိဂြိုဟ်)
ဗုဇ္ဈတိ၊ အသိ, အဆုံးရောက် ကိစ္စပြီးအသိကြီး သိတော်မူတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏။ ။ အနက်။
အသိအဆုံးရောက် ကိစ္စပြီးအသိကြီး သိဆိုသည်မှာလည်း လောကီ၌ သိစရာကုန်၍ လောကီကိုထွင်းဖောက် နိဗ္ဗာန်သို့ ဆိုက်ရောက်သော အသိကို ဆိုသည်။ နိဗ္ဗာန်သို့ ဆိုက်ရောက်သော အသိဆိုသည်မှာလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုပင်ဆိုသည်။
ယင်း မဂ်ဉာဏ် ဖိုလ်ဉာဏ်နိဗ္ဗာန်တို့နှင့် တွေ့ထိရသောပုဂ္ဂိုလ်တို့၏ သန္တာန်မှာ -
အမိုက်ကင်း၍ တလင်းထဲ လင်းတော့သည်သာ၊
အရှုပ်ကင်း၍ တရှင်းထဲ ရှင်းတော့သည်သာ၊
အညစ်ကင်း၍ တစင်ထဲစင်တော့သည်သာ၊
အနောက်ကင်း၍ တကြည်ထဲ ကြည်တော့သည်သာ၊
အပူကင်း၍ တအေးထဲ ကိစ္စပြီး အေးကြီး အေးရတော့သည်သာ။
ယင်းသို့သော သတ္တိအာနုဘော်ရှိသော မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန် ဤ ကိုးတန်ကိုပင် မာဂဓဘာသာဖြင့် ဓမ္မော၊ မြန်မာဘာသာဖြင့် တရား ဟူ၍ ဆိုရလေသည်။
ဓာရေတီတိ ဓမ္မော။ ။ (ဝိဂြိုဟ်)
ဓာရေတိ၊ အမိုက်မှအလင်းသို့၊ အရှုပ်မှအရှင်းသို့၊ အညစ်မှအစင်သို့၊ အနောက်မှ အကြည်သို့၊ အပူမှအအေးသို့ တစ်ဖန်မပြန်စေဘဲ ဆောင်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဓမ္မော၊ ဓမ္မမည်၏။
ဝါ၊ တစ်နည်းကား။
ဓာရေတိ၊ အပါယ်မင်းတို့ပိုင်နက် လောကီဘက်မှ လောကုတ္တရာ ဘက်သို့ ဆောင်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဓမ္မော၊ ဓမ္မမည်၏။ ။ အနက်။
ဘုရားကိုမှီပြ၍ ယင်းကိုးပါးသော လောကုတ္တရာတရားကို စိတ်အစဉ်နှင့် သိမြင်တွေ့ထိ လက်ရှိ ရမိတော်မူကြသောကြောင့် တလင်းထဲလင်း၊ တရှင်းထဲရှင်း၊ တစင်ထဲစင်၊ တကြည်ထဲကြည်၊ တအေးထဲကိစ္စပြီး အေးကြီးအေး ရသော ပုဂ္ဂိုလ် တွေကိုပင် မာဂဓဘာသာဖြင့် သံဃော၊ မြန်မာဘာသာဖြင့် သံဃာ-ဟူ၍ ဆိုရ လေသည်။
သံဟနတီတိ သံဃော။ ။ (ဝိဂြိုဟ်)
သံဟနတိ၊ မိုက်၊ ရှုပ်၊ ညစ်၊ နောက်၊ အပူ၊ မကောင်းဟူသမျှကို သတ်ဖြတ် ဖျက်ဆီးတော် မူတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သံဃော၊ သံဃာမည်၏။ အနက်။
တစ်နည်းကား။
သံဟနတိ၊ အမိုက်မှအလင်းသို့၊ အရှုပ်မှအရှင်းသို့၊ အညစ်မှအစင်သို့၊ အနောက်မှ အကြည်သို့၊ အပူမှ အအေးသို့ တစ်ဖန်မပြန်မူ၍ တရောက်ထဲရောက်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သံဃော၊ သံဃာမည်၏။ ။ အနက်။
သေဋ္ဌဘာဝေန သမောဓာနံ ဂစ္ဆတီတိ ဝါ သံဃော။ ။ (တစ်နည်း ဝိဂြိုဟ်)
ဝါ၊ တစ်နည်းကား။
သေဋ္ဌဘာဝေန၊ မြတ်သည်၏ အဖြစ်ကြောင့်။
သမောဓာနံ၊ အမည်တူတစ်မျိုးတည်းပေါင်းခြင်းသို့။
ဂစ္ဆတိ၊ ရောက်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သံဃော၊ သံဃာမည်၏။ ။ အနက်။
၃-ပုထုဇဉ်တို့ အပြစ်ကိုမြင်မှ ရတနာသုံးပါးတို့ ဂုဏ် ပေါ်ထင်သိသာသည်ကို ပြခြင်း
မောဟ အမိုက်၊ တဏှာ အရှုပ်၊ ကိလေသာ အညစ်၊ နီဝရဏ အနောက်၊ တစ်ဆယ့်တစ်ပါးသော မီးအပူ၊ ဤငါးခုမူ ရောဂါဆိုး၊ တရား ကိုးပါးဆေးအလား၊ ဘုရားကား ဆေးစား၍ ရောဂါကင်းပြီး ဆေးဆရာ၊ သံဃာမှာ ဆေးကု၍ ရောဂါစင်း ပုထုဇဉ်မှာ မိုက်ရှုပ်ညစ်နောက် အပူရောက်၍ ပူလားပင်လား ရောဂါသမား၊ ဉာဏ်အမြင်သန်လေလေ ပုထုဇဉ်တို့၏ အပြစ် ကိုမြင်လေလေ၊ ပုထုဇဉ်တို့ အပြစ်တွေကို မြင်လေလေ၊ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတွေကို မြင်လေလေ ဖြစ်တတ်သည်။ ရတနာသုံးပါးဆိုသည်မှာ ဘယ်လိုဟာဟု ရိပ်မိခဲသည်၊ ဘယ်လိုဟာ ဟု ရိပ်မိရမည်။
၄-ရတနတ္တယ ထောမနာ ဝန္ဒနာ ပဏာမကိုပြခြင်း
အဟော ဗုဒ္ဓေါ အဟော ဓမ္မော၊ အဟော သံဃောတိ ဒုလ္လဘံ။
တံ ဝန္ဒေ ဉာဏဒိဋ္ဌဂ္ဂံ၊ သဏှံ လက္ခဏပါဒကံ၊
ဗုဒ္ဓေါ၊ သိစရာရှိသမျှကို အကျန်မရှိဟုတ်တိုင်း မှန်တိုင်း ကမ်းကုန် လမ်းကုန် အသိဆုံးကမ်းရောက် ဟာလာဟင်း ထိုးထွင်း ကြိတ်ချေ နှောက်မွှေ ကုန်စင် ကိစ္စပြီးအသိကြီး တသိထဲသိ တမြင်ထဲမြင်တော်မူနိုင် သောကြောင့် တလင်းထဲလင်း၊ တရှင်းထဲရှင်း၊ တစင်ထဲစင်၊ တကြည်ထဲကြည်၊ တအေးထဲ ကိစ္စပြီး၊ အေးကြီး အေးတော်မူရသော ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်။
အဟော၊ ဪ ... အံ့၍မဆုံး လောကအလုံးတွင် အထွတ်ဆုံး၊ အလွန်ဆုံး၊ အသာဆုံး၊ အမြတ်ဆုံး ပုဂ္ဂိုလ်ထူးကြီးပါပေတကား။
ဓမ္မော၊ တမိုက်ထဲမိုက်၊ တရှုပ်ထဲရှုပ် တညစ်ထဲညစ် တနောက်ထဲနောက် တပူထဲပူကြသော သတ္တဝါ တွေကို တလင်းထဲလင်း၊ တရှင်းထဲရှင်း၊ တစင်ထဲစင်၊ တကြည်ထဲကြည်၊ တအေးထဲကိစ္စပြီး အေးကြီးအေးစေနိုင်သော သတ္တိအာနုဘော် ရှိသော ကိုးပါးသော လောကုတ္တရာ တရားတော်မြတ်သည်။
အဟော၊ ဪ ... အံ့၍မဆုံး လောကအလုံးတွင် အထွတ်ဆုံး၊ အလွန်ဆုံး၊ အသာဆုံး၊ အမြတ်ဆုံး၊ တရားတော်ပါပေတကား။
သံဃော၊ ဘုရားကိုယ်တော်မြတ်ကြီး နည်းလမ်း ပြတော်မူသည့်အတိုင်း လွတ်လွတ်ချွန်ချွန် ကျင့်ကြံ အားထုတ်တော်မူကြ၍ ကိုးပါးသော လောကုတ္တရာ တရားကို စိတ်အစဉ်နှင့် သိမြင်တွေ့ထိ လက်ရှိ ရမိတော်မူကြသောကြောင့် တလင်း ထဲလင်း၊ တရှင်းထဲရှင်း၊ တစင်ထဲစင်၊ တကြည်ထဲကြည်၊ တအေးထဲ ကိစ္စပြီး၊ အေးကြီး အေးတော်မူကြသော အရိယာသံဃာတော် အပေါင်းသည်။
အဟော၊ ဪ... အံ့၍မဆုံး လောကအလုံးတွင် အထွတ်ဆုံး၊ အလွန်ဆုံး၊ အသာဆုံး၊ အမြတ်ဆုံး ပုဂ္ဂိုလ်တွေပါပေတကား။
ဣတိအယံ၊ ဤအမြတ် ရတနာသုံးပါးအပေါင်းသည်။
လောကေ၊ တစ်သိန်းနှစ်သောင်း အထုရှိသော ပံသုပထဝီ ဤမြေကြီး၌ မြေမှုန့်မက ဘဝဖန်များ လွန်ရှည်လျားသော သံသရာဟူသော လောကကြီးထဲ၌။
အဟော ဒုလ္လဘံ၊ ဪ .... တွေ့ခဲ၊ ကြုံခဲ၊ ရခဲလှစွာသော ရတနာမြတ်ပါ ပေတကား။
(ထောမနာ ပဏာမ)။
ဉာဏဒိဋ္ဌိ၊ ပကတိမျက်စိဖြင့် မမြင် ဉာဏ်မျက်စိဖြင့်သာ မြင်အပ်ထသော။
အဂ္ဂံ၊ အထက်မရှိ၊ အလွန်မရှိ၊ အသာမရှိ၊ ထွတ်မြတ်လှစွာသော။
သဏှံ၊ အလွန်သိမ်မွေ့လှစွာထသော။
လက္ခဏပါဒကံ၊ လက္ခဏာရေး သုံးပါးလျှင် အခြေစိုက်ထသော။
တံ၊ ထို ကံကောင်းထောက်မ ယခုဘဝ တွေ့ကြုံပေသော ရတနာတော်မြတ် သုံးပါးအပေါင်းကို။
အဟံ၊ နောက်၊ ပူ၊ ညစ်၊ ရှုပ်၊ သေရလတ္တံ့ဖြစ်ပါသော အကျွန်ုပ်သည်။
ဝန္ဒေ၊ လင်းလို၊ ရှင်းလို ကိစ္စပြီး အေးကြီး အေးလိုသောအား ဝပ်တွားရိုကျိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။
(ဝန္ဒနာ ပဏာမ)
လက္ခဏာရေးသုံးပါး အစွမ်းကုန်ထင်မြင်မှ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်နိုင်သည်။
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြစ်ပေါ်မှလည်း နိဗ္ဗာန်ကိုမြင်နိုင်သည်။
နိဗ္ဗာန်ကိုမြင်မှလည်း မိုက်၊ ရှုပ်၊ ညစ်၊ နောက်၊ အပူ မကောင်းဟူသမျှ ကုန်ငြိမ်း ခန်းခြောက်၍ ဘုရားအဖြစ်၊ အရိယာသံဃာ အဖြစ်သို့ ရောက်နိုင်ကြ လေကုန်သည်။
ထို့ကြောင့် ရတနာသုံးပါးကို လက္ခဏာရေး သုံးပါးလျှင် အခြေစိုက်သည်ဟူ၍ ဆိုထိုက်သည်။
၅-ပဏာမအရကိုပြခြင်း
ပဏာမဆိုသည်မှာ ရိုသေမြတ်နိုး အားကိုးအားထား ညွတ်တွား ကိုင်းရှိုင်းခြင်းကို ဆိုသည်။
ပ-နမနံ၊ ပဏာမော။ ။ (ဝိဂြိုဟ်)
ပ-နမနံ၊ ညွတ်တွား ကိုင်းရှိုင်းခြင်း။
ပဏာမော၊ ညွတ်တွားကိုင်းရှိုင်းခြင်း။ ။ အနက်။
ကိုယ်ဖြင့် ညွတ်တွား ကိုင်းရှိုင်းလျှင် ကာယပဏာမ၊
နှုတ်ဖြင့် ညွတ်တွား ကိုင်းရှိုင်းလျှင် ဝစီပဏာမ၊
စိတ်ဖြင့် ညွတ်တွား ကိုင်းရှိုင်းလျှင် မနောပဏာမ
ဟူ၍ ပဏာမသုံးမျိုးမှတ်။
တစ်နည်း။ ။
ဝန္ဒနာပဏာမ၊ ထောမနာပဏာမ၊ အဉ္စလီပဏာမဟူ၍ ပဏာမသုံးမျိုးမှတ်။
ဦးချသည်ကို ဝန္ဒနာပဏာမဆိုသည်။ ဦးချသည်မှာ ဒူးနှစ်ဖက် လက်နှစ်ဖက်ကို မြေ၌တည်စေ၍ ဦးထိပ်ကိုမြေ၌ချခြင်းတည်း။ ဤသို့ဦးချသည်ကို ပဉ္စပ္ပတိဋ္ဌိတ-ရှိခိုးခြင်း ဟူ၍လည်းဆိုသည်။
ဝန္ဒနန္တိ ပဉ္စပ္ပတိဋ္ဌိတေန ဝန္ဒနံ။
အဋ္ဌသာလိနီ။ (အဘိ၊ဋ္ဌ၊၁၊၄၀၄။)
ဝန္ဒနန္တိ ၊ ရှိခိုးဆိုသည်ကား။
ပဉ္စပ္ပတိဋ္ဌိတေန၊ မြေ၌ငါးပါးသော တည်ခြင်းဖြင့်။
ဝါ၊ အင်္ဂါငါးပါးတို့ကို မြေ၌တည်စေသောအားဖြင့်။
ဝါ၊ ငါးပါးသော အင်္ဂါတို့ဖြင့် ကိုယ်ကိုမြေ၌တည်သည်ကို ပြုသောအားဖြင့်။
ဝန္ဒနံ၊ ဦးချ၍ ရှိခိုးခြင်းတည်း။ ။ အနက်။
တတိယ ဝိသေသနကို သရုပ်ပြဟူ၍မှတ်။
အဘိဝါဒေတွာတိ ပဉ္စပ္ပတိဋ္ဌိတေန ဝန္ဒိတွာ။
ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ။ (ပဋိသံ၊ဋ္ဌ၊၂၊၂၃၈)။
ပဉ္စပ္ပတိဋ္ဌိတေနာတိ ဒွိဇာဏု ဒွိဟတ္ထ နလာဋတလေဟိ ပဉ္စပ္ပတိဋ္ဌိတံ ကတွာ။
၎င်းဂဏ္ဌိပုဒ် (၃၄၈)။
ပဉ္စအင်္ဂါနိ ပထဝိယံ ပတိဋ္ဌာပေတွာ ပါစီနဒိသာဘိမုခေါ ဝန္ဒိတွာ။
အဋ္ဌနိပါတ်ဇာတ်အဋ္ဌကထာ (ဇာ၊ဋ္ဌ၊၃၊၄၄၆)
ဘူမိယံ ပဉ္စပ္ပတိဋ္ဌိတေန ဝန္ဒိတွာ။
သီလက္ခန်အဋ္ဌကထာ(ဒီ၊ဋ္ဌ၊၁၊၂၁၂)
ဤသို့ စသည်ဖြင့်လာသော ကျမ်းဂန်တို့ကိုထောက်ဆ၍ ဦးချရှိ ခိုးပုံကိုသိလေ။
ရိုသေညွတ်ကျိုး မြတ်နိုးသော စိတ်ဖြင့် ဂုဏ်ကျေးဇူးကို ချီးမွမ်း အံ့ဩသည်ကို ထောမနာပဏာမ ဆိုသည်။
ရိုသေညွတ်ကျိုး မြတ်နိုးသောစိတ်ဖြင့် ကိုယ်ကိုအနည်းငယ် ညွတ်ကိုင်း၍ လက်အုပ်ချီ သည်ကို အဉ္စလီပဏာမ ဆိုသည်။
၆-လမ်းခရီး စသည်၌ လက်အုပ်ချီရုံဖြင့် သင့်လျော်သည်ကိုပြခြင်း
ရတနာသုံးပါးကို အလေးပြုကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် လမ်းခရီး၌ဖြစ်သော် လည်းကောင်း၊ မသင့်တင့် မလျောက်ပတ်သော အရပ်ဖြစ်၍ သော်လည်းကောင်း၊ မအားသာလှ၍သော် လည်းကောင်း, ဦးချ၍ ရှိမခိုးသာလျှင် စေတီရုပ်ပွား အုတ်ရိုးဘုရား ဖြစ်အံ့၊ သက်တော်ထင်ရှား ဘုရားဂုဏ်ကို အာရုံပြု၍, ပုထုဇဉ်သံဃာဖြစ်အံ့ အရိယာ သံဃာတော်၏ အမြတ်ဂုဏ်ကို အာရုံပြု၍ လက်အုပ်ချီခြင်း အဉ္စလီပဏာမကို ပြုမိအောင် ပြုရမည်။
ပဉ္စအင်္ဂါနိ ဘူမိယံ ပတိဋ္ဌာပေတွာ ဝန္ဒိတုံ န သက္ကာ ဟောတိ၊
အဉ္ဇလိံ ပဂ္ဂယှ ဂန္တုမ္ပိ ဝဋ္ဋတိ။
တေရသကဏ်ဋီကာ။ (သာရတ္ထ၊၂၊၃၀၀)
ပဉ္စအင်္ဂါနိ၊ ငါးပါးသောအင်္ဂါတို့ကို။
ဘူမိယံ၊ မြေ၌။
ပတိဋ္ဌာပေတွာ၊ ရှေ့ရှုတည်စေ၍။
ဝန္ဒိတုံ၊ ဦးချ၍ရှိခိုးခြင်းငှာ။
န သက္ကာဟောတိ၊ အရာမဟုတ်သောကြောင့် မတတ်နိုင်သည်ဖြစ်အံ့။
အဉ္ဇလိံ၊ လက်အုပ်ကို။
ပဂ္ဂယှ၊ ချီ၍။
ဂန္တုမ္ပိ၊ သွားခြင်းငှာလည်း။
ဝဋ္ဋတိ၊ သင့်၏။ ။ အနက်။
၇ - သရဏဂုံ ဖြစ်ကြောင်းကိုပြခြင်း
ယော ပန အယံ လောကေ အဂ္ဂဒက္ခိဏေယျောတိ ဝန္ဒတိ၊
တေနေဝ ဂဟိတံ ဟောတိ သရဏံ။
သီလက္ခန်အဋ္ဌကထာ။ (ဒီ၊ဋ္ဌ၊၁၊၂၀၇။)
ယောပန၊ အကြင်သူသည်ကား။
အယံ၊ ဤပုဂ္ဂိုလ်ထူးကြီးသည်။
လောကေ၊ လောက၌။
အဂ္ဂဒက္ခိဏေယျော၊ မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်ထူးပေတည်း။
ဣတိ၊ ဤသို့ နှလုံးသွင်းသဖြင့်။
ဝန္ဒတိ၊ ဘုရားကို ရှိခိုး၏။
တဿ၊ ထိုသူအား။
တေနေဝ၊ ထိုရှိခိုးခြင်းဖြင့်သာလျှင်။
သရဏံ၊ သရဏဂုံကို။
ဂဟိတံ၊ ယူအပ်သည်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
ဤအဋ္ဌကထာနှင့်အညီ တစ်လောကလုံးမှာ ရတနာသုံးပါးမှ တစ်ပါး ယူစရာ၊ ရစရာ အနှစ်သာရကိုမမြင်၊ ရတနာသုံးပါးသာလျှင် အထွတ်အမြတ် အားကိုးရာ အားထားရာ ယူစရာ၊ ရစရာ အနှစ်သာရပေ ဟု သိမြင်ထင်မှတ်၍ လက်အုပ်ချီမိ၊ ရှိခိုးမိလျှင် သရဏဂုံလည်း ဖြစ်တော့သည်သာ မှတ်လေ။
၈ - ရတနာသုံးပါး၌ အကျိုးများအောင် ကြည်ညိုတတ်ရန် နည်းကို ပြဆိုခြင်း
တီသု ဟိ ရတနေသု ယတ္ထကတ္ထစိ စိတ္တီကာရေ ကတေ သဗ္ဗတ္ထ ကတောယေဝ ဟောတိ။
မ၊ဋ္ဌ၊၃၊၂၄၅။
ဟိ၊ မှန်၏။
တီသုရတနေသု၊ သုံးပါးသော ရတနာတို့တွင်။
ယတ္ထကတ္ထစိ၊ အမှတ်မရှိ တစ်ပါးပါး၌။
စိတ္တီကာရေ၊ အရိုအသေအလေး အမြတ်ကို။
ကတေ၊ ပြုသည်ရှိသော်။
သဗ္ဗတ္ထ၊ သုံးပါးလုံး၌။
ကတောယေဝ၊ ပြုသည်မည်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
ဤအဋ္ဌကထာ နှင့်အညီ တစ်ပါးပါးကို ကြည်ညိုလျှင် ကြွင်း ၂-ပါး ပါအောင် ကြည်ညို တတ်ရမည်။
အဂ္ဂေ ခေါပန ပသန္နာနံ အဂ္ဂေါ ဝိပါကော ဟောတိ။
ထိုထိုပါဠိတော်၌လာသောပါဠိ။ (အံ။၁၊၃၄၃။)
ခေါပန၊ စင်စစ်သဖြင့်။
အဂ္ဂေ၊ နောက်ပူရှုတ်ထွေး ညစ်ထေး မိုက်မဲလှစွာသော လောကကြီးထဲ၌ ရှင်းလင်းဖြူစင် ကြည်လင် အေးမြသော အနှစ်သာရတွေ ဖြစ်သောကြောင့် လောကအလုံးတွင် အထွတ်ဆုံး၊ အလွန်ဆုံး၊ အသာဆုံး၊ အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌။
ပသန္နာနံ၊ သိတတ်ကြည်ညိုတတ်၍ ကြည်ညိုကြကုန်သော အမျိုးသားတို့အား။
အဂ္ဂေါ၊ မြတ်သော။
ဝိပါကော၊ အကျိုးသည်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
ဤပါဠိတော်၏ အဓိပ္ပာယ်မှာ အမျိုး, အရိုး, အစစ်, အမှန် သုံးတန်သော ရတနာ ဟူသည် လင်းရှင်းဖြူစင် ကြည်လင် အေးမြသော အနှစ်သာရတွေ လောက အလုံးမှာ အထွတ်ဆုံး၊ အလွန်ဆုံး၊ အသာဆုံး၊ အမြတ်ဆုံးပေဟု သိမြင်ထင်မှတ်၍ ကြည်ညိုတတ်မှ အကျိုးမြတ်သည် ဆိုလိုသည်။
ရတနာ သုံးပါးအစစ်မှာ ဆိုဖွယ်ပြစ်ကင်း အလင်းတုံး၊ အရှင်းတုံး၊ အစင်တုံး၊ အကြည် တုံး၊ အအေးတုံး၊ အမြတ်ဆုံးအမှန် ဖြစ်ပေသည်။ ယခုခေတ် သံဃာကို အစစ်နှင့် ဆက်နွယ်၍ ကြည်ညိုတတ်ရသည်။ သီလ၊ သမာဓိ၊ ပညာ၊ အကျင့်ဂုဏ်တို့ အာရုံပြု၍ ပုဂ္ဂိုလ်ကို ကြည်ညိုတတ်ရသည်။ ဒါနသာ ပုဂ္ဂလိက သံဃိက ရှိသည် မဟုတ်၊ အကြည်အညိုလည်း ပုဂ္ဂလိက သံဃိက နှစ်မျိုး ရှိသည်မှတ်။
ယခုခေတ်အခါ များသောအားဖြင့် ငါတို့လည်း ရတနာသုံးပါးအတွင်းဟု မှတ်ထင် တတ်ကြ၏။ ရတနာသုံးပါးကို ငါတို့ ကိုးကွယ်ကြသည်ဟု ဆိုတတ်ကြ၏။ ရဟန်းရော၊ လူရော ရတနာသုံးပါးကို အမှန်ကျသိတတ်ခဲလှ ကြည်ညိုတတ်ခဲလှ၏။ ဉာဏ်အမြင် တိုကြလှ၏။
ဘုရားဆိုလျှင် စေတီရုပ်ပွား အုတ်ရိုး ဘုရားတွင် ဆုံး၍နေ၏။
တရားဆိုလျှင် ယပ်လှဲတရား၊ ယပ်ထောင်တရား၊ ပိဋကတ်စာပေတွင် ဆုံး၍နေ၏။
သံဃာတော်ဆိုလျှင် ယခုဘုန်းကြီးတွေတွင် ဆုံး၍နေ၏။
အထက်ကို ကျော်ဖောက်၍ ရတနာသုံးပါး အစစ်သို့ မရောက်နိုင်ကြကုန်။ ရတနာ သုံးပါးကို မဆိုထားဘိ ပုဂ္ဂိုလ်ကိုသော်လည်း ကြည်ညိုတတ်ခဲလှ၏။
သဒ္ဓါအသွင် တဏှာဝင် ခင်မင်သည်ကို အကြည်ညို
မသိကိုအသိ မောဟဖိ၊ မဟုတ်သိများ အဟုတ်သိကား ရှားလှချေ၏။
၉ - ဘုရားနှင့်တရား ဖက်စပ်၍
မေးရာ၌ ထုတ်ဖော်၍ ပြဆိုခြင်း
ဘုရားနှင့်သံဃာကား ပညတ်၊ တရားကား ပရမတ်၊ ပရမတ်နှင့် ပညတ်ကို ဖက်စပ်၍ ဘယ်ဟာက မြတ်သနည်း၊ ဘယ်ဟာက အဦးအစဖြစ် သနည်းဟူ၍ မမေးအပ် မမေးထိုက်၊ မသိသူကမေးခဲ့သော် မဖြေအပ်၊ မဖြေထိုက်၊ ထပနီယပဉှာဟူ၍ ဆိုရမည်။
၁။ ဧကံသ ဗျာကရဏီယ ပဉှာ,
၂။ ဝိဘဇ္ဇ ဗျာကရဏီယ ပဉှာ,
၃။ ပဋိပုစ္ဆာ ဗျာကရဏီယ ပဉှာ,
၄။ ထပနီယ ပဉှာ
ဟူ၍ ကျမ်းဂန်တို့၌ အမေးလေးပါး လာသည်။
၁။ စက္ခုသည် အနိစ္စလော၊ ကုသိုလ်သည် ကောင်းကျိုးကို ပေးသလော၊ ဤသို့ စသည် မေးခဲ့သော် ဧကံသဗျာကရဏီယပဉှာ၊ ဧကန် တိုက်ရိုက် ဖြေအပ်သော အမေး။
၂။ အနိစ္စဆိုတာ စက္ခုသာလော၊ သောမနဿသဟဂုတ်သည် ကောင်းကျိုးကိုသာ ပေးသလော၊ ဤသို့ စသည်မေးခဲ့သော် ဝိဘဇ္ဇဗျာက ရဏီယပဉှာ အကျယ် ဝေဖန်၍ ဖြေအပ်သော အမေး။
၃။ စက္ခုနှင့်သောတသည် အတူတူလော၊ သောမနဿသဟဂုတ်နှင့် ဥပေက္ခာ သဟဂုတ်သည် အတူတူလော ဤသို့စသည်မေးခဲ့သော် ပဋိပုစ္ဆာဗျာကဏီယပဉှာ-တစ်ဖန်မေး၍ ဖြေအပ်သောအမေး။
၄။ အသက်သည် ကိုယ်လော၊ ကိုယ်သည် အသက်လော၊
သီလနှင့် ပုဂ္ဂိုလ် ဘယ်ဟာက မြတ်သနည်း။
မိန်းမမြုံမ သားအမိကို သတ်ခဲ့သော် ကံထိုက်ပါမည်လော၊
ဆိတ်ချိုလေးနှင့် ယုန်ချိုလေး ဘယ်ဟာက ကောင်းသနည်း၊
ရဟန္တာပုဂ္ဂိုလ် သေပြီးနောက် ဖြစ်သေးသလော၊ မဖြစ်ဘူးလော၊
ဤသို့စသည် မေးခဲ့သော် ထပနီယပဉှာ-မဖြေဘဲ ထားအပ်သော အမေး။
အရူပဓမ္မာနံပိ တထာဂတောဝ သေဋ္ဌော ဥတ္တမော - ဟူ၍ ဓမ္မပဒအဋ္ဌကထာ ဆိုသည်မှာ တထာဂတအရကို သဗ္ဗညုတဉာဏ်၊ ဒေသနာဉာဏ်ကို အရကောက်၍ ဥပကာရတ္ထအားဖြင့်ဆိုသည်။ လောကီအပ္ပမာဒ ဟူသော ကုသိုလ်တရားသည် လောကုတ္တရာကုသိုလ်ထက်ပင် မြတ်သည်ဟူ၍ ပဋိလာဘကတ္ထ အားဖြင့် အင်္ဂုတ္တိုရ်အဋ္ဌကထာ ဆိုသကဲ့သို့မှတ်။
သမ္မုတိသစ္စာ, ပရမတ္ထသစ္စာဟူ၍ သစ္စာ ၂-ပါးရှိသည်တွင် သမ္မုတိသစ္စာသည် ပရမတ္ထသစ္စာနှင့် ဖက်စပ်ယှဉ်ပြိုင်လျှင် မဟုတ်မမှန် အမှားပင် ဖြစ်၏။ သို့သော်လည်း မုသားဖြစ်သည်မဆိုရ၊ သူ့နေရာနှင့်သူကား အမှန်ပင်ဖြစ်၏။
သင်္ကေတဝစနံ သစ္စံ၊ လောကသမ္မုတိ ကာရဏံ။
ပရမတ္ထဝစနံ သစ္စံ၊ ဓမ္မာနံ တထလက္ခဏံ။
သုတ္တန်အဋ္ဌကထာ, အဘိဓမ္မာအဋ္ဌကထာတို့၌ လာသောပါဠိ။
(ဒီ၊ဋ္ဌ၊၁၊၃၁၆။) (အဘိ၊ဋ္ဌ၊၃၊၁၄၀။) (ဣတိဝုတ်၊ဋ္ဌ၊၇၉။)
လောက သမ္မုတိ ကာရဏံ၊ လောကီသူတို့ တညီတညွတ်တည်း မှည့်ခေါ်သမုတ်ခြင်း အကြောင်းရင်းခံသော။
သင်္ကေတ ဝစနံ၊ ပညတ်စကားသည်။
သစ္စံ၊ အမှန်ပင်။
ဓမ္မာနံ၊ အဟုတ်ရှိသော ပရမတ္ထတရားတို့၏။
တထလက္ခဏံ၊ ဟုတ်မှန်သော သဘောလက္ခဏာဟူသော။
ပရမတ္ထ ဝစနံ၊ ပရမတ်စကားသည်။
သစ္စံ၊ အမှန်ပင်။ ။ အနက်။
ပဏာမ စသည်ပြီး၏။
၁၀ - အဘိယာစကနှင့် ပဋိညာဏ်ကိုပြခြင်း
ပရမတ္ထ သဘာဝကိုအမှန်ကျ သိရမည့် အခွင့်အခါကို အလွန်ရခဲသည်။ ရပြန်ပါ သော်လည်း အလွန်သိမ်မွေ့ အလွန်အသိခက်သည်။ အမှန်တကျ အဟုတ်သိ သိရပြန်ကလည်း နောင်ချမ်းသာဖို့ ဆင်းရဲကင်းဖို့ အားထုတ်ဖွယ်မရှိ၊ အလုံးစုံကိစ္စပြီး၍ အေးကြီး အေးရသည်။ ရိပ်မိရုံ ရိပ်မိသော်လည်း အလွန်အကျိုး ကြီးရသည်။ ဤလိုဟောပြောသည်များကို ကြားနာရဖူးပါသည်။
ဘုရားတပည့်တော်တို့လည်း အဟုတ်သိကြီးပင် မသိနိုင်သော်လည်း ရိပ်မိရုံမျှ သော်လည်း ရိပ်မိ၍ သာသနာတွင်းအခါ လူဖြစ်ကျိုးနပ်ပါရအောင် ပေါ်ထင် သိသာစွာ ကြံဖန်၍ ဟောပြတော်မူပါမည့်အကြောင်းနှင့် ဒီပဲရင်း တောင်လက် မင်းတည်းကုန်း, ကန်ဖျားရွာ ဒကာငဘိုးခန့်၊ ဒကာ-ငဘိုးဆိုင်၊ ဒကာ-ငဘိုးသန့်တို့ လျှောက်ထားကြ သည်ကို အရင်းပြုသဖြင့် သိမ်မွေ့ မွန်မြတ်လှသော ပရမတ္ထ သဘာဝကို သိလို၊ ရိပ်မိလိုသော သမ္မာဆန္ဒရှိ ကြကုန်သော အမျိုးသား အမျိုးသမီး တို့သိချင်သော ဆန္ဒ၊ ဝီရိယရှိက မသိ- မရှိစေရ သင်္ဂြိုဟ်ကို မသင်ဖူးသော်လည်း လွယ်လွယ်နှင့် သိနိုင်အောင် ဝေါဟာရပရိယာယ် ကြံဖန်၍ ပေါ်ထင်ထိမိ, သိသိ သာသာ ရေးသား၍ ဟောပြပေအံ့။
သာဓုကသဝနမနသိကာရာယတ္တာ ဟိ သာသနသမ္ပတ္တိ။
(မ၊ဋ္ဌ၊၁၊၁၅။) (ပဋိသံ၊ဋ္ဌ၊၂၊၁၃၀။)
သာသနသမ္ပတ္တိ၊ သာသနာအတွင်း၌ ရသင့်ရထိုက်သော အကျိုး၏ ပြည့်စုံခြင်းသည်။
သာဓုက သဝဏ မနသိကာရာယတ္တာဟိ၊ ကောင်းစွာနာခြင်း၊ နှလုံးသွင်းနှင့် စပ်သလျှင်ကတည်း။
ဤ အဋ္ဌကထာနှင့်ညီစွာ ကောင်းသော နှလုံးသွင်းခြင်းဖြင့် ကြည့်ရှုမှတ်သား နိုင်ကြစေ ကုန်သတည်း။
ပဋိညာဏ် ပြီး၏။
၁၁ - ပရမတ်၊ ပညတ်ကို အကျဉ်းပြခြင်း
ရှေးဦးစွာ ပရမတ်၊ ပညတ်ကို အကျဉ်းပြဦးအံ့။
သိစရာရှိသမျှကို အကျန်မရှိဟူ၍ ဆိုခဲ့သောစကား၌ သိစရာဆိုသည်မှာ -
သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဟူ၍ ကျမ်းဂန်တို့၌ ငါးပါး လာ၏။
အကျဉ်းအားဖြင့် ဆိုသော်ကား-ပရမတ်, ပညတ်ဟူ၍ သိစရာ နှစ်ပါးသာရှိသည်။
ယင်းနှစ်ပါးတို့တွင် --
ပရမတ် ဆိုသည်မှာ-အဟုတ်ရှိသော တရား၊
ပညတ် ဆိုသည်မှာ အဟုတ်မရှိသောတရား။
မြေနေပုံဟန် သဏ္ဌာန်ကိုစွဲ၍ အိုးခွက်ဟူ၍ဆို၏။ မြေကိုလွှတ်၍ အိုးခွက် မရှိ မြေသာအမှန်ရှိသကဲ့သို့လည်းကောင်း, သံနေပုံဟန်သဏ္ဌာန်ကိုစွဲ၍ ပေါက်ဆိန်၊ ဓားမ စသည်ကိုဆို၏။ သံကိုလွှတ်၍ ပေါက်ဆိန်၊ ဓားမစသည်မရှိ၊ သံ-သာအမှန် ရှိသကဲ့သို့လည်းကောင်း, ဤအတူ -
ပရမတ်ဆိုသည်မှာ အဟုတ်ရှိ တကယ်ရှိအမှန်ရှိသော တရားကိုဆိုသည်။
ပညတ်ဆိုသည်မှာ အဟုတ်မရှိ၊ တကယ်မရှိ၊ အမှန်မရှိသော တရားကိုဆိုသည်။
ဝိဇ္ဇမာနေန ပရမော အတ္ထော ပရမတ္ထော။ ။ (ဝိဂြိုဟ်)
ဝိဇ္ဇမာနေန၊ အဟုတ်ရှိ၊ တကယ်ရှိ၊ အမှန်ရှိသောအားဖြင့်။
ဝါ၊ အဟုတ်ရှိ၊ တကယ်ရှိ၊ အမှန်ရှိခြင်းကြောင့်။
ပရမော၊ မြတ်သော။
ဝါ၊ မြတ်သည်ဟူ၍ ဆိုရသော။
အတ္ထော၊ သဘောတည်း။
ပရမတ္ထော၊ အဟုတ်ရှိ၊ တကယ်ရှိ၊ အမှန်ရှိခြင်းကြောင့် အမြတ်ဟူ၍ ဆိုရသော သဘော။ ။ အနက်။
တစ်နည်းကား -
ပရမာနံ အတ္ထော ပရမတ္ထော။ ။ (ဝိဂြိုဟ်)။
ပရမာနံ၊ မြတ်ကုန်သော လောကုတ္တရာဘုံသားတို့၏။
အတ္ထော၊ အာရုံတည်း။
ပရမတ္ထော၊ မြတ်ကုန်သော လောကုတ္တရာ ဘုံသားတို့၏အာရုံ။ ။ အနက်။
လောကသင်္ကေတသိဒ္ဓတ္တာ အဝိဇ္ဇမာနာပိ ဝိဇ္ဇမာနာဝိယ ပညပီ ယတိ ဝေါဟရီယတီတိ ပညတ္ထိ။ ။ (ဝိဂြိုဟ်)။
လောကသင်္ကေတသိဒ္ဓတ္တာ၊ ကမ္ဘာဦးသားတို့၏ အမှတ်အသားဖြင့် ပြီးသည်၏ အဖြစ်ကြောင့်။
အဝိဇ္ဇမာနာပိ၊ အဟုတ်မရှိသော်လည်း။
ဝိဇ္ဇမာနာဝိယ၊ အဟုတ် ရှိသကဲ့သို့။
ပညပီယတိ ဝေါဟရီယတိ၊ ခေါ်အပ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ပညတ္တိ၊ ပညတ်မည်၏။ ။ အနက်။
တစ်နည်းကား
ပညပနံ ဝေါဟရဏံ ပညတ္တိ။ ။ (ဝိဂြိုဟ်)။
ပညပနံ ဝေါဟရဏံ၊ ခေါ်ဝေါ်ခြင်း။
ပညတ္တိ၊ ခေါ်ဝေါ်ခြင်း။ ။ အနက်။
အခေါ် အဝေါ်မျှသာ၊ မဟုတ်မရှိ ဆိုလိုသည်။ ရှိ ဆိုသောစကား၌ ခဏရှိ၊ ပဗန္ဓရှိ၊ ရှိ ၂-မျိုးမှတ်။ အတ္ထပညတ်ဖြစ်စေ၊ နာမပညတ်ဖြစ်စေ ပညတ်ဟူသမျှ ဘယ်အရှိမှ မရှိမှတ်။ ပညတ်သည် ပရမတ်နှင့်မကင်း၊ မီးတောက်ကိုအစွဲ ပြု၍ မီးရောင် ဖြစ်သကဲ့သို့ ပရမတ်ကိုစွဲမှီ၍ ပညတ်ဖြစ်၏။
မီးခိုးသည် မီးတောက်ကို ဖုံးထား ကွယ်ကာသကဲ့သို့ ပရမတ်ကို ပညတ်ဖုံးထား ကွယ်ကာသည်။ ပညတ်ဖုံးထား ကွယ်ကာသည့်အတွက် ပရမတ် အသိခက်သည်။ ဖုံးထား ကွယ်ကာသော ပညတ်ဆိုသည်မှာလည်း တခြားမဟုတ်။
၁။ ဃနပညတ်ကြီး တစ်ပါး,
၂။ ဇီဝပညတ်ကြီး တစ်ပါး
ဤ နှစ်ပါးပင်တည်း။
ဃနပညတ်ကြီး ဆိုသည်မှာ အတောင့်၊ အတုံး၊ အလုံး၊ အပြား၊တစ် သားတည်း တစ်ခဲထဲ၊ တစ်ခုထဲ၊ တရှိထဲ၊ ထင်ကြရ၊ မြင်ကြရ၊ ခေါ်ဝေါ် ကြရသော သဘောကို ဆိုသည်။
ဇီဝပညတ်ကြီး ဆိုသည်မှာ အသက်ဟူ၍၊ အရှင်ဟူ၍၊ အကောင်ဟူ၍ ထင်ကြရ၊ မြင်ကြရ၊ ခေါ်ဝေါ်ကြရသော သဘောကိုဆိုသည်။
ယင်းနှစ်ပါးတွင် ဃနပညတ်ကြီးမှ -
၁။ သမူဟဃနပညတ်,
၂။ သန္တတိဃနပညတ်,
၃။ သဏ္ဌာနပညတ်,
၄။ သုဘပညတ် ဟူ၍ လေးမျိုးထွက်၏။
သမူဟဃနပညတ် ဆိုသည်မှာ အိမ်၊ လှည်း၊ ရထား၊ အဝတ်၊ ပုဆိုး၊ ကြိုး လွန် စသည်တို့ကဲ့သို့ အထူးထင်ရှား အများပေါင်းစုလုံးထွေး ရှိနေသည်ကို တစ်သားထဲ၊ တစ်ခဲထဲ၊ တစ်ခုထဲ၊ ထင်ကြရ၊ မြင်ကြရ ခေါ် ဝေါ်ကြရသော သဘောကိုဆိုသည်။
သန္တတိဃနပညတ် ဆိုသည်မှာ သုမေဓာရှင်ရသေ့သည် ဂေါတမဘုရား ဖြစ်လာသည်။ သိဒ္ဓတ္ထမင်းသား အသက်တော် ၂၉-နှစ်တွင် တောထွက်၍ အသက်တော် ၃၅-နှစ်တွင် ဘုရားဖြစ်တော်မူသည်။ ဝိသာခါ အသက် ၁၂၀-ရှည်သည်။ ဗာကုလမထေရ် အသက် ၁၆၀-ရှည်သည်။ ဟိုနေ့ငါသည်၊ သည်နေ့ငါပင် ဤသို့စသည်ဖြင့် အသီးအသီး တခြားစီ တစ်ဌာနစီ၊ တမျိုးစီဖြစ် ပြီး၊ ဖြစ်ဆဲရှေ့တရား နောက်တရားတွေကို တစ်သားထဲ၊ တစ်ခဲထဲ၊ တစ်ခုထဲ၊ တစ်ယောက်ထဲ၊ ထင်ကြရ၊ မြင်ကြရ၊ ခေါ်ဝေါ်ကြရသောသဘောကို ဆိုသည်။
သဏ္ဌာနပညတ် ဆိုသည်မှာ အတို၊ အရှည်၊ အပြား၊ အလုံး၊ အဝန်း၊ လေးထောင့်၊ အဆူ၊ အကြုံ၊ အနိမ့် အမြင့်၊ အသေး၊ အတုတ်၊ ဤသို့စသော အနေပုံဟန် သဏ္ဌာန်ကို ဆိုသည်။
သုဘပညတ် ဆိုသည်မှာ အလှအယဉ်၊ အတင့်အတယ်၊ ချစ်ခင်ဖွယ်၊ နှစ်သက်ဖွယ် ထင်မြင်ကြရသော သဘောကိုဆိုသည်။
ဤပညတ်စု ဖုံးထား ကွယ်ကာသည့် အတွက် ပရမတ် အသိခက်သည်။ ဤ ပညတ်စုကို ခွာလှန်နိုင်မှ ပရမတ်ပေါ်မည်။ ပညတ်ကို ခွာလှန်၍ ပရမတ်ကို မြင်အောင် ကြည့်နိုင်မှလည်း မဂ်ပေါက်၊ ဖိုလ်ပေါက် နိဗ္ဗာန်သို့ ရောက်နိုင်ကြမည်။
တစ်ခုထဲထင်မှတ်၊ မျှင်မပြတ်လျှင်၊ ပညတ်ပင်။
အများထင်မှတ်၊ အမျှင်ပြတ်မှ၊ ပရမတ်၊
ပညတ်ကား အတုံး-အတုံး၊ အချောင်း-အချောင်း၊ အဟောင်း- အဟောင်း။
ပရမတ်ကား အပြတ်-အပြတ်၊ အတစ်-အတစ်၊ အသစ်- အသစ်။ (သင်္ခတ ပရမတ်ကို ရည်သည်)။
ပညတ်ကား လောကီဘုံသားတို့ အားရပျော်ပိုက် အကြိုက်အာရုံ။
ပရမတ်ကား -လောကုတ္တရာဘုံသားတို့၏ အားရပျော်ပိုက် အကြိုက်အာရုံ။
ပညတ်ကား လောကီဘက်ကို အားပေးသည်။
လောကုတ္တရာဘက်ကို ယှက်မြှေးသည်။
ပရမတ်ကား-လောကီဘက်ကို ဖျက်သည်။
လောကုတ္တရာဘက်သို့ တက်စေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာလူမျိုးတို့မှာ လောကုတ္တရာရေးတုတ်၊ လောကီ ရေးနုတ်သည်။ ဘာသာတစ်ပါး လူမျိုးတို့မှာ လောကီရေးတုတ်၊ လောကုတ္တရာ ရေးယုတ်သည်။ လောကီကိုဖျက်မှလည်း လောကုတ္တရာသို့ တက်နိုင်သည်။ ကပိလပြည်ကြီး စသည် ပျက်စီးသည်ကိုထောက်။
၁၂ - ဒေသနာ အမျိုးမျိုးရှိသည်ကို ပြခြင်း
ဒေသနာ အမျိုးမျိုးရှိသည်ကို ပြဦးအံ့။
ဘုရားမြတ်စွာကား သတ္တဝါ အနု၊ အရင့် ချင့်ချိန်၍ --
ပညတ် အားဖြင့်လည်း ဟောတော်မူရသည်။
ပရမတ်အားဖြင့်လည်း ဟောတော်မူရသည်။
ဒေသနာ နှစ်မျိုးရှိသည်။
ဗုဒ္ဓဿ ဘဂဝတော ဒေသနာ ဒုဝိဓာ ဟောတိ သမ္မုတိ ဒေသနာ ပရမတ္ထ ဒေသနာတိ။
အဋ္ဌကထာကြီးတို့၌လာသောပါဠိ။
(မ၊ဋ္ဌ၊၁၊၁၄၂။) (အံ၊ဋ္ဌ၊၁၊၇၃။) (ဣတိဝုတ်၊ဋ္ဌ၊၇၈။)
ဘဂဝတော၊ ဘုန်းတော်ခြောက်ပါး ရှိတော်မူသော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဒေသနာ၊ ဒေသနာတော်သည်။
သမ္မုတိဒေသနာ၊ သမ္မုတိဒေသနာလည်းကောင်း။
ပရမတ္ထဒေသနာ၊ ပရမတ္ထဒေသနာ လည်းကောင်း။
ဣတိ၊ ဤသို့။
ဒုဝိဓာ၊ နှစ်မျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
ပုဂ္ဂလာ၊ ပုဂ္ဂိုလ်တို့သည်။
အန္ဓော၊ မျက်စိနှစ်ဘက် ကန်းသောသူနှင့်တူသော ပုဂ္ဂိုလ်တစ်ယောက်။
ဧကစက္ခု၊ တစ်ဘက်ကန်းသော သူနှင့်တူသော ပုဂ္ဂိုလ်တစ်ယောက်။
စက္ခု၊ မျက်စိနှစ်ဘက် အမြင်ရှိသောသူနှင့် တူသော ပုဂ္ဂိုလ်တစ်ယောက်။
ဣတိ၊ ဤသို့။
တယော၊ သုံးယောက်တို့တည်း။ ။ တစ်ရပ်။
ပုဂ္ဂလာ၊ ပုဂ္ဂိုလ်တို့သည်။
အဝကုဇ္ဈပညော၊ မှောက်ထားအပ်သော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ် တစ်ယောက်။
ဥစ္ဆင်္ဂပညော၊ ထိုင်သောအခါ ဥစ္စာထုပ် တင်ထားအပ်သော ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်တစ်ယောက်။
ပုထုပညော၊ အစ, အလယ်, အဆုံး သုံးပါးလုံး မမေ့နိုင်ဘဲ စွဲမြဲထူထဲသော ပညာရှိသော ပုဂ္ဂိုလ်တစ်ယောက်။
ဣတိ၊ ဤသို့။
တယော၊ သုံးယောက် တို့တည်း။ ။ တစ်ရပ်။
ပုဂ္ဂလာ၊ ပုဂ္ဂိုလ်တို့သည်။
တမောတမပရာယဏော၊ အမိုက်မှလာ၍ အမိုက်သို့ သွားလတ္တံ့သော ပုဂ္ဂိုလ် တစ်ယောက်။
တမောဇောတိပရာယဏော၊ အမိုက်မှလာ၍ အလင်းသို့ သွားလတ္တံ့သော ပုဂ္ဂိုလ် တစ်ယောက်။
ဇောတိတမပရာယဏော၊ အလင်းမှလာ၍ အမိုက်သို့ သွားလတ္တံ့သော ပုဂ္ဂိုလ် တစ်ယောက်။
ဇောတိ ဇောတိပရာယဏော၊ အလင်းမှလာ၍ အလင်းသို့ သွားလတ္တံ့သော ပုဂ္ဂိုလ်တစ်ယောက်။
ဣတိ၊ ဤသို့။
စတ္တာရော၊ လေးယောက်တို့တည်း။ ။ တစ်ရပ်။
ပုဂ္ဂလာ၊ ပုဂ္ဂိုလ်တို့သည်။
ဥဂ္ဃါဋိတညူ၊ အကျဉ်း နာကြားရုံမျှဖြင့် အသိဆုံးကမ်းရောက်သော ပုဂ္ဂိုလ် တစ်ယောက်။
ဝိပဉ္စိတညူ၊ အကျယ်ဝေဖန်၍ ဟောသည်ကို ကြားနာရမှ အသိဆုံးကမ်း ရောက်သော ပုဂ္ဂိုလ်တစ်ယောက်။
နေယျော၊ ကြားရုံမျှဖြင့် အသိဆုံး ကမ်းမရောက် ကျင့်ကြံ အားထုတ်နိုင်မှ အသိဆုံး ကမ်းရောက်သော ပုဂ္ဂိုလ်တစ်ယောက်။
ပဒပရမော၊ ကျင့်ကြံအားထုတ်သော်လည်း ဤဘဝ မဂ်ကိုမရ ပါရမီမျိုးမျှသာ ဖြစ်သော ပုဂ္ဂိုလ်တစ်ယောက်။
ဣတိ၊ ဤသို့။
စတ္တာရော၊ လေးယောက်တို့တည်း။ ။ တစ်ရပ်။
ဤသို့စသည်ဖြင့် ပညတ်ကိုလည်း ဟောတော်မူရသည်။
ခန္ဓာ၊ ခန္ဓာတို့သည်။
ပဉ္စ၊ ငါးပါးတို့တည်း။
အာယတနာနိ၊ အာယတန တို့သည်။
ဒွါဒသ၊ တစ်ဆယ့်နှစ်ပါးတို့တည်း။
ဓာတုယော၊ ဓာတ်တို့သည်။
အဋ္ဌာရသ၊ တစ်ဆယ့်ရှစ်ပါးတို့တည်း။
ဆ၊ ခြောက်ပါးတို့တည်း။
စတ္တာရော၊ လေးပါးတို့တည်း။
သစ္စာနိ၊ သစ္စာတို့သည်။
စတ္တာရိ၊ လေးပါးတို့တည်း။
ဤသို့ စသည်ဖြင့် ပရမတ်ကိုလည်း ဟောတော်မူရသည်။
တစ်မျိုးလည်း -
၁။ အဿာဒ ဒေသနာ,
၂၊ အာဒီနဝ ဒေသနာ,
၃။ နိဿရဏ ဒေသနာ,
ဟူ၍ ဒေသနာ သုံးမျိုးရှိသည်။
၁ - အဿာဒ ဒေသနာ ဆိုသည်မှာ လောကီဘက်၌ ခင်ဖွယ်၊ မင်ဖွယ်၊ သာယာ နှစ်သက်ဖွယ် ချမ်းသာသုခကို ဟောတော်မူရသော ဒေသနာ ကိုဆိုသည်။
၂ - အာဒီနဝ ဒေသနာ ဆိုသည်မှာ အဿာဒအတွက် လောကီဘက်၌ ထိတ်ဖွယ်၊ လန့်ဖွယ်၊ ကြောက်ဖွယ်ဒုက္ခ ဘေးဘယ အပြစ်တွေကို ဟောတော်မူရသော ဒေသနာ ကိုဆိုသည်။
၃ - နိဿရဏဒေသနာ ဆိုသည်မှာ လောကီဘက်မှ ထွက်မြောက်ရာနှင့် တကွ ထွက်မြောက်ကြောင်းနည်းလမ်းကို ဟောတော်မူရသော ဒေသနာကို ဆိုသည်။
တစ်မျိုးလည်း . . .
၁။ ဒါနကထာ,
၂။ သီလကထာ,
၃။ သမာဓိကထာ,
၄။ ပညာကထာ
ဟူ၍ ဒေသနာ လေးမျိုးရှိသည်။
၁ - ဒါနကထာ ဆိုသည်မှာ ရွှံ့ညွှန်ရည် အပုပ်အိုင်တို့၌ စားခွက်၊ သောက်ခွက် ဆေးရေကို ပိုးမွှားတို့ စားသောက်ပါစေဟု နှလုံးထား၍ စွန့်ပက်သော သူတို့အား သော်လည်း ဒါနကုသိုလ်ဖြစ်သည်။ ဤသို့စသည် အယုတ်၊ အလတ်၊ အမြတ် အားလျော်စွာ ဒါနကုသိုလ် ဖြစ်ကြောင်းကို ဟောတော်မူရသော ဒေသနာကို ဆိုသည်။
၂ - သီလကထာ ဆိုသည်မှာ ဓိဋ္ဌာန်၍ဖြစ်စေ၊ ခံယူဆောက်တည်၍ ဖြစ်စေ၊ အဓိဋ္ဌာန်ခြင်းမပြုဘဲ မခံယူဘဲ တွေ့ကြုံမှသော်လည်းဖြစ်စေ၊ မကောင်းသော ကိုယ်အမှု နှုတ်အမှုတို့မှ ရှောင်ကြဉ်လျှင် သီလကုသိုလ် ဖြစ်ကြောင်းကို ဟောတော်မူသော ဒေသနာကို ဆိုသည်။
၃ - သမာဓိကထာ ဆိုသည်မှာ ကိလေသာအာရုံ ကာမဂုဏ်တို့မှ စိတ်ကိုကင်းလွတ် ဖဲကွာစေ၍ တစ်ခုသောကမ္မဋ္ဌာန်းအာရုံ၌ အေးမြချမ်းသာ တည်ကြည်စွာနေနိုင်လျှင် သမထကုသိုလ်ဖြစ်ကြောင်းကို ဟောတော်မူသော ဒေသနာကို ဆိုသည်။
၄ - ပညာကထာ ဆိုသည်မှာ ပရမတ္ထ အမှန်၊ အဟုတ်ရှိ ရုပ်နာမ်ကို သူအကောင်၊ ငါအကောင်မထင် လက္ခဏရေးတင်၍ ဝိပဿနာ ရှုရမည်ကို ဟောတော်မူသော ဒေသနာကိုဆိုသည်။
တစ်မျိုးလည်း...
၁။ ဒါနကထာ,
၂။ သီလကထာ,
၃။ သဂ္ဂကထာ,
၄။ ကာမာနံ အာဒီနဝကထာ,
၅။ နေက္ခမ္မေ အာနိသံသကထာ,
၆။ မဂ္ဂကထာ,
ဟူ၍ ဒေသနာခြောက်မျိုးရှိသည်။ ။ ရှေ့နှစ်ပါး နည်းတူ။
၃ - သဂ္ဂကထာ ဆိုသည်မှာ ဒါန၊ သီလတို့၏ အကျိုး၊ လူ့စည်းစိမ် နတ်စည်းစိမ်တို့၏ ကောင်းမြတ်ချမ်းသာကြောင်း ခံစားဖွယ်၊ စံစားဖွယ်၊ ကြီးကျယ်ကြောင်းကို ဟောတော်မူသော ဒေသနာကိုဆိုသည်။
၄ - ကာမာနံ အာဒီနဝကထာ ဆိုသည်မှာ လူ့စည်းစိမ် နတ်စည်းစိမ်ဟူသော ကာမဂုဏ်တို့၏ များပြားကြီးကျယ် ထိတ်ဖွယ်၊ လန့်ဖွယ်၊ ကြောက်ဖွယ်၊ အပြစ်ဒုက္ခ ဘေးဘယတွေကို ဟောတော်မူသော ဒေသနာကိုဆိုသည်။
၅ - နေက္ခမ္မေ အာနိသံသကထာ ဆိုသည်မှာ ကိလေသာအာရုံ၊ ကာမဂုဏ်ကို လူးလဲငြိတွယ်ခြင်းမရှိ။ ကျွတ်ကျွတ် လွတ်လွတ် စွန့်ခွာနိုင်လျှင် လူ့ချမ်းသာမမီ နတ်ချမ်းသာမမီ ပူညှီဝေးကွာ အလွန်ခံသာသော ချမ်းသာ၊ သုခတွေ ဖြစ်ကြောင်းကို ဟောတော်မူသော ဒေသနာကိုဆိုသည်။
၆ - မဂ္ဂကထာ ဆိုသည်မှာ အိုနာသေမင်း၊ အပါယ်မင်း ပူမင်း ပင်မင်း တို့၏ ပိုင်နက်လောကီဘက်မှ လွတ်ထွက်၍ တအေးထဲ အေးရာသို့ ရောက်ကြောင်း နည်းလမ်းကို ဟောတော်မူသော ဒေသနာကိုဆိုသည်။
တစ်မျိုးလည်း ယခုပစ္စက္ခဘဝ၌ ချမ်းသာကြောင်းလေးပါး ဟောတော်မူသည်။ လေးပါးဟူသည်ကား...
၁။ ဥဋ္ဌာနသမ္ပဒါ - တရားနှင့်ညီစွာ မရသေးသော ဥစ္စာကိုရအောင် ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံရခြင်းတစ်ပါး၊
၂။ အာရက္ခသမ္ပဒါ - ရပြီးသော ဥစ္စာကို စောင့်ရှောက်တတ်ခြင်းနှင့် ပြည့်စုံခြင်း တစ်ပါး၊
၃။ ကလျာဏမိတ္တတာ - မိတ်ကောင်း၊ ဆွေကောင်း ရှိသည်၏အဖြစ် တစ်ပါး။
၄။ သမဇီဝိတာ - အဝင်များ အထွက်နည်းအောင် အဝင်အထွက် မျှအောင် သုံးစား တတ်ရခြင်းတစ်ပါး။
ဤလေးပါးတည်း။
ဥစ္စာ စည်းစိမ် ပျက်စီးကြောင်း ကိုလည်း လေးပါး ဟောတော်မူသည်။
လေးပါး ဟူသည်ကား...
၁။ ဣတ္ထိဓုတ္တော - မိန်းမကြူးခြင်းတစ်ပါး,
၂။ သုရာဓုတ္တော - သေရည်သေစာကြူးခြင်းတစ်ပါး,
၃။ အက္ခဓုတ္တော - အကစားကြူးခြင်းတစ်ပါး,
၄။ ပါပမိတ္တော - မကောင်းသော မိတ်ရှိခြင်းတစ်ပါး၊
ဤလေးပါးတည်း။
လူတို့၌ ဝီရိယအစွမ်းဖြင့်ရအပ်သော သုခကို လေးပါးဟောတော်မူသည်။
လေးပါးဟူသည်ကား...
၁။ အတ္ထိသုခံ - ငါ့အားရှိသည်ဟု မကြောင့်မကြ ဝမ်းမြောက်ချမ်းသာ ရသော အတ္ထိသုခလည်း တစ်ပါး၊
၂။ ဘောဂသုခံ - ရှိသည့်အတွက် ပေးရကမ်းရ လှူဒါန်းရ အလိုရှိတိုင်း စားရ သုံးရပေသည်ဟု ဝမ်းမြောက် ချမ်းသာရသော ဘောဂသုခလည်း တစ်ပါး၊
၃။ အာနဏျသုခံ - မရှိတွက်နှင့် သူတစ်ပါးထံမှာ ပေးကမ်းချေးငှားနှင့်ပါ မဆိုရ၊ ကြွေးမြီမရှိရပေဟု ဝမ်းမြောက်ချမ်းသာရသော အာနယျသုခလည်း တစ်ပါး၊
၄။ အနဝဇ္ဇသုခံ - အသက်မွေးရန် ဥစ္စာအတွက်နှင့် ကိုယ်ဖြင့်နှုတ်ဖြင့် မကောင်းမှုကို မပြုရပေဟု ဝမ်းမြောက် ချမ်းသာရသော အနဝဇ္ဇသုခလည်း တစ်ပါး၊
ဤလေးပါးတည်း။
ဥဋ္ဌာနသမ္ပဒါ၊ အာရက္ခသမ္ပဒါ၊ ကလျာဏမိတ္တတာ၊ သမဇီဝိတာ၊ ယခုဘဝ ချမ်းသာကြောင်းလေးပါး။
ဣတ္ထိဓုတ္တော၊ သုရာဓုတ္တော၊ အက္ခဓုတ္တော၊ ပါပမိတ္တော - စည်းစိမ်ဥစ္စာ ပျက်စီးကြောင်းလေးပါး။
အတ္ထိသုခ၊ ဘောဂသုခ၊ အာနဏျသုခ၊ အနဝဇ္ဇသုခ - ဝီရိယအစွမ်းအားဖြင့် ရအပ်သော သုခလေးမျိုး အင်္ဂုတ္ထိုရ်ပါဠိတော် (အံ၊၁၊၃၈၀။) ၌ ဟောတော်မူသည်။
ဤသို့ စသည်ဖြင့် ဒေသနာတော်အမျိုးမျိုးရှိသည်။
ယခုဘဝတွင် လတ်တလောကျွတ် မည့်သတ္တဝါ၊ ဖြည်းဖြည်းမှ ကျွတ်မည့်သတ္တဝါ၊ ယခုဘဝမကျွတ် အထုံဝသီပါရမီ မျိုးမျှဖြစ်သည့်သတ္တဝါ၊ ဤသို့ စသည် လောကီသမား လောကုတ္တရာသမား များပြားလှစွာ သတ္တဝါအမျိုးမျိုး၊ ယင်း အမျိုးမျိုးသော သတ္တဝါတို့၏ အလိုဆန္ဒတွေလည်းအမျိုးမျိုး ရှိသည့်အတွက်ကြောင့် လည်းကောင်း၊ သတ္တဝါတို့ကို ဆုံးမသောအရာ၌ အတုမရှိ လိမ္မာတော်မူလှ သောကြောင့် လည်းကောင်း၊ သတ္တဝါနှင့် တန်ရုံ တန်ရုံ လောကီသမားကို လောကီ သမားအလိုက်, လောကုတ္တရာသမားကို လောကုတ္တရာသမားအလိုက်, အရာရာသို့ လိုက်၍ ဟောတော်မူသဖြင့် ဒေသနာတော်အမျိုးမျိုး ရှိလေသည်။ အမျိုးမျိုး ဒေသနာတော်ကို ထောက်ချင့်၍ မဆန့်ကျင်ရအောင် အရာရာနှင့်လျော်စွာ ပြောတတ်ရ ဟောတတ် ရသည်။
ဆန့်ကျင်မဖွယ်၊ မခက်,လွယ်။
သူငယ်သော်လည်း၊ တတ်နိုင်သည်။
မဆန့်ကျင်ဖွယ်၊ ခက်, မလွယ်။
ပညာကျယ်မှ၊ တတ်နိုင်သည်။
လက္ခဏဝိနိမုတ္တာ ဒေသနာ နာမ နတ္ထိ။
လက္ခဏဝိနိမုတ္တာ၊ လက္ခဏာရေးသုံးပါးမှလွတ်သော။
ဒေသနာ နာမ၊ ဒေသနာမည်သည်။
နတ္ထိ၊ မရှိ။
ဟူ၍ လည်းကောင်း၊
စတုသစ္စဝိနိမုတ္တာ ဒေသနာ နာမ နတ္ထိ။
စတုသစ္စဝိနိမုတ္တာ၊ သစ္စာလေးပါးမှ လွတ်သော။
ဒေသနာနာမ၊ ဒေသနာမည်သည်။
နတ္ထိ၊ မရှိ။
ဟူ၍လည်းကောင်း၊
ရသဝသေန (ပန) ဧကဝိဓံ။
ပန၊ အမျိုးမျိုးများသော်လည်း။
ရသဝသေန၊ အလုံးစုံသော ကိလေသာတို့မှ ကွာကင်း ကျွတ်လွတ်စေသော သတ္တိ ကိစ္စ၏ အစွမ်းအားဖြင့်။
ဧကဝိဓံ၊ ဘုရားစကား ဟူသည် တစ်မျိုးတည်းသာတည်း။
ဟူ၍ လည်းကောင်း ထိုထို အဋ္ဌကထာ, ဋီကာတို့၌လာ၏။
(ဝိ၊ဋ္ဌ၊၁၊၂၃။) (ဒီ၊ဋ္ဌ၊၁၊၂၅။) (သာရတ္ထ၊၁၊၁၀၇။) တို့၌လာ၏။
---၁၃- ပရမတ်မျက်စိရှိမှ ရတနာသုံးပါးကို မြင်နိုင်သည်ကို ပြဆိုခြင်း
အမြှေး၊ အကာ ပညတ်လွှာကို ဖယ်ထား ခွာလှန်၍ အဟုတ်ရှိ တကယ်ရှိ ပရမတ်အစစ် အသားနှစ်ကို ထုတ်နုတ်ယူငင် သိမြင်နိုင်သော ပရမတ်မျက်စိ အလင်းရှိသော ပုထုဇဉ်ကို ကလျာဏပုထုဇ္ဇနော - ကလျာဏပုထုဇဉ် - ပုထုဇဉ်ကောင်း ဟူ၍, မသိမမြင်သော ပုထုဇဉ်ကို သိမြင်နိုင်သော ပညာမျက်စိ အလင်းမရှိသည့်အတွက် အန္ဓပုထုဇ္ဇနော - အန္ဓပုထုဇဉ် ပုထုဇဉ်ကန်းဟူ၍ ထိုထို ပါဠိတော်ကြီး, အဋ္ဌကထာကြီး (ဒီ၊ဋ္ဌ၊၁၊၅၈၊ ၅၉။) (အံ၊ဋ္ဌ၊၁၊၄၆၊ ၄၇။) တို့၌ဆိုသည်။
မံသစက္ခုနာ ဝါ ဒိဗ္ဗစက္ခုနာ ဝါ အရိယာ ဒိဋ္ဌာပိ အဒိဋ္ဌာဝ ဟောန္တိ။
မူလပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၂၂-၂၃။)
မံသစက္ခုနာ ဝါ၊ မံသစက္ခုခေါ်ရသော ပကတိမျက်စိဖြင့် လည်းကောင်း။
ဒိဗ္ဗစက္ခုနာ ဝါ၊ ဒိဗ္ဗစက္ခုခေါ်ရသော ဈာန်ရပုဂ္ဂိုလ်တို့၏ အဘိဉာဏ် မျက်စိဖြင့် လည်းကောင်း။
အရိယာ၊ အရိယာပုဂ္ဂိုလ်တို့ကို။
ဒိဋ္ဌာပိ၊ မြင်ရပါသော်လည်း။
အဒိဋ္ဌာဝ၊ မြင်သည် မမည်ကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။ ။ အနက်။
ဤအဋ္ဌကထာ၏ အဓိပ္ပာယ်မှာလည်း ပရမတ်မျက်စိ အလင်းမရှိက အရိယာပုဂ္ဂိုလ် ဆိုသည် ဘယ်လိုဟာဟု မသိသည့်အတွက် မံသစက္ခု၊ ဒိဗ္ဗစက္ခု တို့ဖြင့် အရိယာ ပုဂ္ဂိုလ်တို့ကို မြင်သော်လည်း မြင်သည်မမည်။ အကန်းပင် ဆိုလိုသည်။
အနိစ္စ အစရှိသော လက္ခဏာရေး သုံးပါးကို အမှန်ကျ မသိ၊ မမြင်သော သူသည် အရိယာပုဂ္ဂိုလ်တို့ကို မြင်သော်လည်း မြင်သည်မမည် ဟူ၍လည်း အဋ္ဌသာလိနီ အဋ္ဌကထာ၊ မူလဋီကာတို့၌ဆို၏။ ။ အတူတူပင်။
ဓမ္မံ အပဿန္တော န မံ ပဿတိ။
ဣတိဝုတ်၊၂၅၆။
ဓမ္မံ၊ ပညတ်ကို ခွာလှစ် အသားအနှစ် ပရမတ်အစစ်ကို။
အပဿန္တော၊ မသိမမြင်သော ရဟန်း၊ ရှင်၊ လူ ခပ်သိမ်းသူသည်။
မံ၊ ငါဘုရားကို။
နပဿတိ၊ မမြင်။ ။ အနက်။
ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။
(ဓမ္မ၊ဋ္ဌ၊၂၊၃၈၁။)
ဝက္ကလိ၊ ဝက္ကလိ။
ယော ခေါ၊ အကြင်သူသည်။
ဓမ္မံ၊ ပညတ်ခွာလှစ် အသားအနှစ် ပရမတ်အစစ်ကို။
ပဿတိ၊ သိမြင်၏။
သော၊ ထိုသူသည်။
မံ၊ ငါဘုရားကို။
ပဿတိ၊ မြင်၏။ ။ အနက်။
ဤပါဠိနှစ်ရပ်၏ အဓိပ္ပာယ်မှာလည်း အသားအနှစ် ပရမတ် အစစ်ကို သိသော ဉာဏ်မျက်စိရှိမှသာ ဘုရားမှန်း၊ သံဃာမှန်းသိမြင်နိုင်သည်။ ဉာဏ်မျက်စိ မရှိက ဘုရားမှန်း၊ သံဃာမှန်း မသိနိုင်သည့်အတွက် ပကတိမျက်စိဖြင့် ဘုရားကို မြင်သော်လည်း မြင်သည်မမည်၊ အကန်းပင် တိရစ္ဆာန်တို့လိုပင် ဆိုလိုသည်။
ပရမတ်အစစ်ကို သိဆိုရာ၌ ဘုရားတို့မှသာ ပရမတ်တွေ ရှိသမျှကို အကုန်သိ နိုင်သည်။ အနည်းငယ် သိသင့်သိထိုက်သမျှ အမှန်ကျသိလျှင်လည်း အသိဆိုရ သည်။ ပရမတ်အစစ်ဆိုသည်မှာ ရုပ်တရား၊ နာမ်တရား ဤနှစ်ပါးကိုဆိုသည်။ သဘာဝနှင့်တကွ လက္ခဏာရေးသုံးပါးပါအောင်သိမှ ပရမတ်စစ်သည်။ မပါလျှင် မစစ်။
ဘုရားမြတ်စွာ ပဉ္စဝဂ္ဂီငါးဦးတို့ကို စွန့်ပစ်ဖဲခွာပြီးနောက် တစ်ယောက်တည်း ခြောက်နှစ်ကြာ၍ ဘုရားဖြစ်ပြီးမှ တစ်ဖန်ပြန်လာရာ ပဉ္စဝဂ္ဂီတို့ ပကတိ မျက်စိဖြင့် မြင်ကြသော်လည်း ဘုရားကို မသိမမြင်။ ရှေးအခါကဲ့သို့ထင်၍ ငါ့အရှင် ယခုမှ လာတော့သည် ဆိုကြလေလျှင် ငါ့ကိုငါ့အရှင် မဆိုကြနှင့်၊ ငါ ဘုရားဖြစ်ပြီ ပြောသော်လည်းမယုံ။ ဘုရားကိုမမြင် ဘုရားမှန်းမသိကြ။ တစ်စ တစ်စ ပြသ၊ ပြောဟောမှ ပရမတ်အစစ်ကိုသိ ဉာဏ်မျက်စိဖြင့် ဘုရားကို မြင်မှ ဘုရားမှန်း သိကြလေသည်။
ထိုအခါ အရှင်ဝပ္ပမထေရ်သည် သိသူ၊ မသိသူနှစ်ပါး ခြားနားကွာလှမ်း ကြသည်ကို အာရုံပြု၍ သိမှ သိ၊ မသိကို သိသည်။ မသိက သိ၊ မသိကို မသိ၊ ဘာမှန်းမှ မသိပါပြီတကားဟု ဥဒါန်း၏အစွမ်းဖြင့် မိန့်တောမူလို၍-
ပဿတိ ပသော ပဿန္တံ၊ အပဿန္တဉ္စ ပဿတိ။
အပဿန္တော အပဿန္တံ၊ ပဿန္တဉ္စ န ပဿတိ။
(ထေရ၊၂၃၃။)
ပသော၊ မြင်သောသူသည်။
ပဿန္တဉ္စ မြင်သောသူကိုလည်း။
ပဿတိ၊ မြင်၏။
အပဿန္တဉ္စ မမြင်သောသူကိုလည်း။
ပဿတိ၊ မြင်၏။
အပဿန္တော၊ မမြင်သော သူကန်းသည်။
အပဿန္တဉ္စ မမြင်သောသူကို လည်းကောင်း။
ပဿန္တဉ္စ မြင်သောသူကို လည်းကောင်း။
နပဿတိ၊ မမြင်။ ။ အနက်။
ပရမတ်အစစ် အသားနှစ်ကိုသိနိုင်မြင်နိုင်သော ပရမတ်မျက်စိကား ဘုရားရှင်တို့၏ မျက်စိပေတည်း။
လောက၌ဘုရားရှင်တို့၏ ပွင့်တော်မူလာရခြင်း သည်လည်း သတ္တဝါတို့အား ပရမတ် မျက်စိအလင်းကို ပေးသနားတော်မူလိုသည့် အတွက်နှင့် ပွင့်တော်မူလာရလေသည်။ ပရမတ်မျက်စိဆိုသည်မှာလည်း ဘုရားရှင်တို့မှသာ ပေးနိုင်၍ သာသနာတွင်းမှသာ ရယူနိုင်သောမျက်စိပေတည်း။
ဘုရားရှင်တို့ အဆုံးအမနှင့်ကင်း၍ သာသနာပအခါ လူပညာရှိကြီး၊ နတ်ပညာရှိကြီး၊ ဗြဟ္မာပညာရှိကြီးတို့သော်လည်း မရ မယူနိုင်ကြလေကုန်။
ဗုဒ္ဓစန္ဒေ အနုပ္ပန္နေ၊ ဗုဒ္ဓါဒိစ္စေ အနုဂ္ဂတေ။
တေသံ သဘာဝဓမ္မာနံ၊ နာမမတ္တံ န နာယတိ။
ပရိဝါ ဝိနည်းပါဠိတော်၌လာသောပါဠိ (ဝိ၊၅၊၁၅။)
ဗုဒ္ဓါဒိစ္စေ၊ ဘုရားတည်းဟူသော နေမင်းသည်။
အနုဂ္ဂတေ၊ မပေါ်မထွက်သည်ရှိသော်။
ဗုဒ္ဓစန္ဒေ၊ ဘုရားတည်ဟူသော လမင်းသည်။
အနုပ္ပန္နေ၊ မဖြစ်မပေါ်လာသည်ရှိသော်။
တေသံ သဘာဝဓမ္မာနံ၊ ထိုအဟုတ်ရှိ အမှန်ရှိ ပရမတ္ထ သဘောတရားတို့၏။
နာမမတ္တံ၊ အမည်မျှကိုသော်လည်း။
န နာယတိ၊ သိရမည်မဟုတ်။ ။ အနက်။
ဘုရားတို့ ပွင့်တော်မူမှသာ ရုပ်မှန်း၊ နာမ်မှန်း၊ နိဗ္ဗာန်မှန်းကို သိရသည်။ ရုပ်သံ၊ နာမ်သံ၊ နိဗ္ဗာန်သံကြားရသည်။ ဘုရားတို့မပွင့်သော သာသနာပအခါ၌ ရုပ်သံ၊ နာမ်သံ၊ နိဗ္ဗာန်သံကိုမျှ မကြားရဘဲ၊ မဟုတ် ပညတ်တွေကိုသာ နေ့ရော၊ ညပါ၊ အခါမစဲ တကြားထဲ ကြားကြရ အဟုတ်ကြီးထင်ကြရ မြင်ကြရ သိမှတ်ကြ ရလေသည်။
မဟုတ် ပညတ်တွေကို အဟုတ်ကြီး ထင်သမျှ မြင်သမျှ သိမှတ်သမျှ အပါယ်နှင့် အမွေမကင်းမပြတ် အပါယ်မင်းတို့ ပိုင်နက် အိုမင်း၊နာမင်း၊ သေမင်းတို့ ပိုင်နက်က မလွတ်ထွက်နိုင်ကြ။
---၁၄ - ပရိညာဏ်သုံးပါးကို ပြခြင်း
အက္ခေယျသညိနော သတ္တာ၊ အက္ခေယျသ္မိံ ပတိဋ္ဌိတာ။
အက္ခေယျံ အပရိညာယ၊ ယောဂမာယန္တိ မနော။
သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။ (သံ၊၁၊၁၁။)
အက္ခေယျသညိနော၊ အကောင် မဟုတ် နာမ်နှင့် ရုပ်ကို အဟုတ် အကောင်ကြီးဟု မှတ်ထင်ကြကုန်သော။
အက္ခေယျသ္မိံ၊ အကောင်ပင် မဟုတ်သော်လည်း အကောင်ဟူ၍ ခေါ်ဝေါ်ရုံသာ ခေါ်ဝေါ်ရသော နာမ်, ရုပ်နှစ်ပါး၌။
ပတိဋ္ဌိတာ၊ အဟုတ်အကောင်ကြီးဟု စွဲလမ်း၍ တည်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
အက္ခေယျံ၊ အမှန်အဟုတ် နာမ်နှင့်ရုပ်ကို။
အပရိညာယ၊ အပိုင်အနိုင် အဟုတ်သိ တကယ်သိ မသိ ကြခြင်းကြောင့်။
မစ္စုနော၊ သေမင်း အိုမင်း, နာမင်း, အပါယ်မင်း၏။
ယောဂံ၊ ပိုင်နက်သို့။
အာယန္တိ၊ ရောက်၍ နေကြကုန်၏။ ။ အနက်။
နာမ်၊ ရုပ်ကို အပိုင်အနိုင် အဟုတ်သိ၊ တကယ်သိ၊ သိနိုင်မှ ပညတ် ကွယ်ပျောက်မည်။ ပညတ် ကွယ်ပျောက်မှလည်း တဏှာ၊ မာန၊ ဒိဋ္ဌိကင်းပြတ်မည်။ တဏှာ၊ မာန၊ ဒိဋ္ဌိ ကင်းပြတ်မှလည်း အပါယ်နှင့် အမွေကင်းပြတ် အိုလက်စ, နာလက်စ, သေလက်စ သိမ်း၍ ငြိမ်းကြီး ငြိမ်းကြရ အေးကြီး အေးကြရမည် ဆိုလိုသည်။ နာမ်,ရုပ်ကို အပိုင်အနိုင် အဟုတ်သိတကယ်သိ၊ သိဆိုသည်မှာလည်း ပရိညာဏ်သုံးပါးဖြင့် သိသည်ကိုဆိုသည်။
ပရိညာဏ် သုံးပါးဆိုသည်ကား-
၁။ ဉာတပရိညာဏ်,
၂။ တီရဏ ပရိညာဏ်,
၃။ ပဟာန ပရိညာဏ်၊ ဤသုံးပါးတည်း။
၁။ ဉာတပရိညာဏ် ဆိုသည်မှာ သဘာဝနှင့်တကွ နာမ်တွေ, ရုပ်တွေ တခြားစီ နေအောင် သိနိုင်၊ မြင်နိုင်သော ဉာဏ်ကို ဆိုသည်။
၂။ တီရဏပရိဉာဏ် ဆိုသည်မှာ နာမ်၊ ရုပ်တို့၏ --
ဖြစ်ပျက်မစဲ အမြဲမတည်သော အနိစ္စသဘောကိုလည်းကောင်း၊
ကြောက်စရာ ဒုက္ခသဘော ကိုလည်းကောင်း၊
ယူစရာ ရစရာ အနှစ်အသား မရှိသော အနတ္တသဘောကို လည်းကောင်း
သိမြင်ဆုံးဖြတ်နိုင်သော ဉာဏ်ကိုဆိုသည်။
၃။ ပဟာနပရိညာဏ် ဆိုသည်မှာ သိမြင် ဆုံးဖြတ်ပြီးနောက် တဏှာ၊ မာန ဒိဋ္ဌိ စင်ကင်း၍ အလင်းသို့ အရှင်းသို့ ရောက်သော ဉာဏ်ကိုဆိုသည်။
လောကီပရိညာဏ်၊ လောကုတ္တရာပရိညာဏ် နှစ်မျိုး ရှိသည်တွင် --
လောကီ ပရိညာဏ်မှာ ကိစ္စမပြီး အသိဆုံးကမ်း မရောက်။ ခဲရောင်၊ သံရောင်၊ ကြေးရောင် နှင့်တူသည်။ တစ်ဖန် ဆုတ်လယ် ပျက်ပြယ်တတ်သေးသည်။
လောကုတ္တရာပရိညာဏ်မှာ ကိစ္စပြီး၍ အသိဆုံး ကမ်းရောက်သည်။ ရွှေရောင်၊ ငွေရောင်နှင့် တူသည်။ တစ်ဖန် ဆုတ်လယ် ပျက်ပြယ်ခြင်း မရှိ။ တသိထဲသိ၊ တလင်းထဲလင်း၊ တရှင်းထဲရှင်း၊ တစင်ထဲစင်၊ တကြည်ထဲကြည်၊ တအေးထဲ ကိစ္စပြီး၊ အေးကြီးအေးရသည်။
အသိအဆုံးရောက် ကိစ္စပြီး တသိထဲသိကြသော ပုဂ္ဂိုလ်တို့၏ အသိမှာမူကား အသိကြီး၊ အသိလတ်၊ အသိငယ်၊ အသိသေး စသည် ထူးခြား ကွဲလွဲကြသေး၏။ အအေးကား ထူးခြား ကွဲလွဲခြင်းမရှိ။ အအေးကြီး ချည်းသာမှတ်လေ။
---၁၅ - မသိခြင်း၌အပြစ်၊ သိခြင်း၌အကျိုး၊
အသိဉာဏ် ဖြစ်ခြင်း၏ အကြောင်းကိုပြဆိုခြင်း
မသိလျှင် တွယ်၊ သိလျှင် ပြယ်သည်။
တွယ်လျှင်လည်း ဘေး၊ ပြယ်လျှင် အေးသည်။
မသိက တပတ်ပတ်၊ သိမှ အပြီးသတ်သည်။
မသိအစ၊ သိကအဆုံး၊ ကိစ္စတုံးသည်။
ကိစ္စဆိုသည်မှာ ဆင်းရဲကင်းဖို့ ချမ်းသာဖို့ အားထုတ်ရသော ကိစ္စ စသည်ကို ဆိုသည်။ ဆင်းရဲဖို့ဟူ၍ အားထုတ်ကြသည် မရှိ။ ငရဲကြီးရှစ်ထပ်သို့ ကျရောက်သော သတ္တဝါတို့လည်း ဆင်းရဲကင်းဖို့ ချမ်းသာဖို့ အားထုတ်ရသော ကိစ္စအတွက်နှင့် ကျရောက်ကြရလေသည်။
မသိ-ကား အဝိဇ္ဇာ။
အသိ-ကား ပညာ။
ပညာဉာဏ်ဖြင့် အမှန်အဟုတ်ကို အဟုတ်သိ-သိက တလောကလုံးမှာ ရတနာ သုံးပါးမှ တစ်ပါး ယူချင်စရာ ရချင်စရာ အနှစ်သာရကိုမမြင်၊ ရတနာသုံးပါးကိုသာ ယူချင်စရာ ရချင်စရာ အနှစ်သာရ ထင်တော့သည်။
ထိုစကား မှန်၏။ အဟုတ်အမှန်ကိုမသိ၍ တဏှာမျက်စိ ကျယ်ကြသည့်အတွက် လောကီဘက်မှာ စားနိုင်ဖွယ် မျိုနိုင်ဖွယ် ယူချင်စရာ ရချင်စရာ အနှစ်သာရတွေ ခင်ဖွယ် မင်ဖွယ် နှစ်သက်ဖွယ် အတုံးအခဲတွေ မွေ့လျော်ဖွယ်တွေ ထင်ကြ မြင်ကြရလေသည်။
အဟုတ်အမှန်ကို အဟုတ်သိ-သိ၍ ပညာမျက်စိကျယ်က တစ်လောကလုံးတွင် ယူချင်စရာ ရချင်စရာ အနှစ်သာရကိုမမြင်။ အန်ချင်ဖွယ် အော့ချင်ဖွယ် ကြောက်ဖွယ် ထိတ်ဖွယ်၊ လန့်ဖွယ်တွေကိုသာ မြင်တော့သည်သာ အမှန်။
မြင်ကလည်း အတွယ်တွေ ပြယ်တော့သည်သာ အမှန်။ လောကီ အသိဖြင့် ဉာတပရိဉာဏ် ခေါ်လောက်ရုံ သိလျှင်ပင် အယူစင်၍ စူဠသောတာပန် ဆိုရသဖြင့် သေသည်၏ အခြားမဲ့၌ ဂတိမြဲခြင်း၊ တိဟိတ်ပဋိသန္ဓေ နေရခြင်း၊ ပညာကြီးခြင်း၊ နောင်အသိအဆုံး ရောက်လွယ်ခြင်း၊ အကျိုးတို့ကို ရနိုင်သည်။
သုတသိလည်း ရှိ၊ ယောနိသော မနသိကာရလည်း ရှိမှ လောကီပရိညာဏ်သိ၊ လောကုတ္တရာပရိညာဏ်သိကို ရနိုင်သည်။ ။ သုတအသိဆိုသည်မှာ အသင်အကြား အမှတ်အသား အရအမိရှိ၍သိသော အသိကိုဆိုသည်။ ယောနိသော မနသိကာရ ဆိုသည်မှာ မှတ်သား ရမိသည့်အတိုင်း စိတ်ကို ကောင်းသော အာရုံ၌၊ ကောင်းသော အာရုံကို စိတ်၌ထားနိုင်ခြင်းကို ဆိုသည်။
ဒုဝေ ပစ္စယာ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ ပရတောစ ဃောသော ယောနိသော စ မနသိကာရော။
ပေဋကောပဒေသ ပါဠိတော်။ (ပေဋကော၊၁၆၇။)
ပရတော ဃောသောစ၊ သူတစ်ပါးထံ သင်အံမှတ်သား အကြား အမြင် လည်းကောင်း။
ယောနိသော စ မနသိကာရော၊ သင့်လျော်အောင် စိတ်ကောင်း နှလုံးကောင်း သွင်းနိုင်ခြင်း လည်းကောင်း။
ဒုဝေပစ္စယာ၊ အကြောင်း နှစ်ပါးတို့သည်။
သမ္မာဒိဋ္ဌိယာ၊ သမ္မာဒိဋ္ဌိခေါ်သော လောကီပရိညာဏ် လောကုတ္တရာ ပရိညာဏ် နှစ်ပါး၏။
ဥပ္ပါဒါယ၊ ဖြစ်ပေါ်ခြင်းငှာ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ။ အနက်။
သုတအသိဖြင့် အဟုတ်အမှန် ရုပ်နှင့်နာမ်ကို သိနိုင်မြင်နိုင်လျှင် ဘုရားကိုမှုန်မှုန်မွဲမွဲ တရားကိုမှုန်မှုန်မွဲမွဲ သံဃာကိုမှုန်မှုန်မွဲမွဲ သိနိုင် မြင်နိုင်တော့သည်သာ၊ ရတနာ သုံးပါးကို မှုန်မှုန်မွဲမွဲ သိနိုင်မြင်နိုင်မှလည်း ပြုသမျှ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တို့ တုတ်ခိုင်သန်မြန်၍ နောင်မဂ်အခြေ ဖိုလ်အခြေကောင်းကောင်းကြီး ဖြစ်နိုင်မည်။
အသိဉာဏ်ကား လောကအလုံးတွင် အမြတ်ဆုံးတရား၊ အရာရာမှာ ကျေးဇူး များလှ၏။ မသိခြင်းကား ယုတ်မာ ဆိုးဝါး အရာရာမှာ အပြစ်များလှ၏။
ဓီရတ္ထု၊ ဝတ ရေ အညာဏံ။
(ဝိ၊ဋ္ဌ၊၁၊၁၃၉။)
ရေ၊ အချင်းတို့။
အညာဏံ၊ မသိခြင်းသည်။
ဝတ၊ စင်စစ်။
ဓီ၊ စက်ဆုပ်ဖွယ်သည်။
အတ္ထု၊ ဖြစ်၏။
အသိဉာဏ်ဟူသမျှ သုတအသိက စရသည်။
၁၆-တိုက်တွန်းခြင်း
ယခုအခါ အရပ်ပြစ်ရှစ်ပါး ကင်းလွတ်၍ နဝမခေတ်အတွင်း စက်လေးပါးစုံ သမ္ပတ္တိကြုံ၍ လူဘုံ၌လူ့အဖြစ်ကို ရကြကုန်သော အမျိုးကောင်းသား တို့သည် ဤ ဘဝတွင်သော်လည်း မဂ်ပေါက် ဖိုလ်ပေါက် အသိအဆုံးရောက်ဖို့ ရန်သော် လည်းကောင်း၊ အန္တပုထုဇဉ်အဖြစ်မှလွတ်၍ ကလျာဏပုထုဇဉ် အတွင်းသို့ ဝင်နိုင်ရန်သော်လည်းကောင်း၊ ရတနာသုံးပါးကို မှုန်မှုန်မွဲမွဲသိနိုင် မြင်နိုင်၍ ပြုသမျှဒါန၊ သီလ၊ ဘာဝနာတို့ တုတ်ခိုင်သန်မြန်၍ နောင်မဂ်အခြေ၊ ဖိုလ်အခြေ နိုင်ဖို့ရန်သော် လည်းကောင်း၊ ဝသီဆန္ဒ အသိပညာ ပါရမီမျိုးဖြစ်စေရန်သော် လည်းကောင်း၊ တချက်ချက်ကိုရည်သန်၍ အဟုတ်ရှိ၊ တကယ်ရှိ၊ ပရမတ် သဘောကို သိနိုင်မြင် နိုင်သော ပရမတ်မျက်စိ အလင်းကို အခွင့်သာခိုက် ရမိအောင် ဆည်းပူးမှတ်သား သင်ကြား လေ့လာကြရမည်။ မှတ်ချင်ကြားချင် နာချင်သော ဆန္ဒအလေ့အလာ ရှိကြကုန်ရာသည်။
စိတ္တုပ္ပါဒမ္ပိ ခေါ အဟံ စုန္ဒ ကုသလေသု ဓမ္မေသု ဗဟုပကာရံ ဝဒါမိ။
(မ၊၁၊၅၂။)
စုန္ဒ၊ ချစ်သား စုန္ဒ။
ကုသလေသု ဓမ္မေသု။ ကုသိုလ်တရားတို့၌။
စိတ္တုပ္ပါဒမ္ပိခေါ၊ စိတ်ဖြစ်ရုံမျှကိုသော်လည်း။
ဗဟုပကာရံ၊ ကျေးဇူးများသည်ကို။
အဟံ၊ ငါဘုရားသည်။
ဝဒါမိ၊ ဟောတော်မူ၏။ ။ အနက်။
တိုက်တွန်းခန်း ပြီး၏။
၁၇ - အရပ်ပြစ်ရှစ်ပါး စက်လေးပါး သမ္ပတ္တိလေးပါးကို ပြဆိုခြင်း
အရပ်ပြစ်ရှစ်ပါးကို ပြဆိုဦးအံ့။
အရပ်ပြစ်ရှစ်ပါး ဆိုသည်မှာ အဖြစ်ရှစ်ပါးကို ဆိုသည်။ အဖြစ်ရှစ်ပါး ဆိုသည်မှာ --
၁။ သာသနာပအခါ ဖြစ်ရခြင်းအဖြစ် တစ်ပါး၊
၂။ သာသနာတွင်း ဖြစ်သော်လည်း ငရဲဘုံ၌ဖြစ်ရခြင်း၊
၃။ ပြိတ္တာဘုံ၌ ဖြစ်ရခြင်း၊
၄။ တိရစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း၊
၅။ ရုပ်သာရှိ၊ နာမ်သာရှိသော ဘုံဘဝ၌ ဖြစ်ရခြင်း၊
၆။ နိယတမိစ္ဆာဒိဋ္ဌိမျိုး၌ ဖြစ်ရခြင်း၊
၇။ ပစ္စန္တရစ်အရပ်၌ ဖြစ်ရခြင်း၊
၈။ အထိုင်းအမှိုင်း ဖြစ်ရခြင်း
ဟူသော သာသနာတွင်းအဖြစ် ခုနစ်ပါး၊ ပေါင်းရှစ်ပါးကို ဆိုသည်။
ယင်းအဖြစ်ရှစ်ပါးကိုပင် ဌာနအရပ်နှင့်တွဲဖက်၍ အရပ်ပြစ်ရှစ်ပါးဟူ၍ ခေါ်ရိုးအစဉ် ပြကြသည်။ ကျမ်းဂန်တို့၌ကား ရှစ်ပါးသောအရပ်တို့၌ ဖြစ်ခိုက် ခဏကာလ ရှစ်ပါးကို နာမ်၊ ရုပ်ကိုမသိနိုင်သောအခါဖြစ်၍ အဋ္ဌက္ခဏဟူ၍ ဆိုကုန်၏။ မဂ်မရထိုက်သော ခဏရှစ်ပါးဆိုလိုသည်။ ယင်းခဏရှစ်ပါးမှလွတ် သော နာမ်၊ ရုပ်ကိုသိနိုင် မဂ်ကို ရနိုင်သော ခဏကာလကို နဝမခဏဆိုသည်။
ပ, ရဲ ပိတ်,ဆန်၊ ကင်းရုပ်, နာမ်၊ မိတ်, စန်, ထိုင်း-ရှစ် အရပ်ဖြစ်။ (ဖြစ်–၌ ဖဦးထုပ်နှင့်ရွတ်)။
ဤကား ကျမ်းဂန်ကြီးတို့၌လာသော အရပ်ပြစ် ရှစ်ပါးတည်း။
ဇိနာလင်္ကာရ သဒ္ဓမ္မောပါယ မည်သော ကျမ်းငယ် (နှာ-၁၈) တို့၌ကား
၁။ သာသနာတွင်းအခါ အရူပဘုံ၌ဖြစ်ရခြင်း၊
၂။ အသညသတ်ဘုံ၌ဖြစ်ရခြင်း၊
၃။ ငရဲဘုံ၌၊
၄။ ပြိတ္တာဘုံ၌၊
၅။ တိရစ္ဆာန်ဘုံ၌၊
၆။ နိယတမိစ္ဆာဒိဋ္ဌိမျိုး၌၊
၇။ ပစ္စန္တရစ်အရပ်၌ဖြစ်ရခြင်း၊
၈။ ဣန္ဒြေ ချို့တဲ့သောသူ၏ အဖြစ်
ဟူ၍ ရုပ်မှန်း၊ နာမ်မှန်းမသိနိုင် မဂ်မရနိုင်သော အရပ်ရှစ်ပါးတို့၌ အဖြစ်ရှစ်ပါးလာ၏။ သာသနာတွင်းကိုသာ ဆိုသည်။ ယခု ဆုတောင်းကြ သည်နှင့်လည်း သင့်လျော်သည်။
ရှု, သင်, ရဲ ဆန်၊ ပိတ်, မိစ်၊, စန်၊ ချို့ပြန်လက်သစ် အရပ်ဖြစ်။
ဣန္ဒြေချို့သည်မှာ ထိုင်းမှိုင်း, ကန်း, ပင်း, ဆွံ့, အ-သည်ကို ဆိုသည်။
စက်လေးပါး ဆိုသည်မှာ-
၁။ ရှေး၌ပြုဖူးသော ကောင်းမှုရှိသော သူ၏အဖြစ်ဟူသော ပုဗ္ဗေစကတပုညတာ တစ်ပါး။
၂။ သင့်တင့်လျောက်ပတ်သော အရပ်၌နေရခြင်းဟူသော ပဋိရူပဒေသဝါသ တစ်ပါး။
၃။ ပညာရှိ သူတော်ကောင်းတို့ကို မှီဝဲခြင်းဟူသော သပ္ပုရိသူပနိဿယ တစ်ပါး။
၄။ မကောင်းသော အမှုကို ပယ်စွန့်၍ ကောင်းသော အမှုကို ပြုခြင်း၌စိတ်ကို ထားနိုင်ခြင်း ဟူသော အတ္တသမ္မာပဏီဓိ တစ်ပါး။
ဤလေးပါး တည်း။
ယင်း စက်လေးပါးနှင့် ပြည့်စုံက မင်္ဂလာဖြစ်ရမည်ဧကန်၊ မင်္ဂလာဆိုသည်မှာ အကောင်းအမြတ်ကို ဆိုသည်။ အကောင်းအမြတ် ဆိုသည်မှာလည်း အပြစ် ကင်းသော အချမ်းသာကိုဆိုသည်။ ယင်းအချမ်းသာသည် လောကီ အချမ်းသာ လောကုတ္တရာ အချမ်းသာဟူ၍ နှစ်မျိုးရှိသည်။ စက်လေးပါးနှင့် ပြည့်စုံလျှင် လောကီချမ်းသာအမျိုးမျိုး၊ လောကုတ္တရာချမ်းသာ အမျိုးမျိုး ပြည့်စုံရမည် ဧကန် အမှန်ပင်ဖြစ်သည် ဆိုလိုသည်။
သမ္ပတ္တိ ဆိုသည်မှာ -
၁။ ဂတိသမ္ပတ္တိ - လူ့ဘဝ၊ နတ်ဘဝဟူသော ဂတိကောင်းနှင့် ပြည့်စုံခြင်း တစ်ပါး။
၂။ ကာလသမ္ပတ္တိ - မင်းနှင့်တကွ လူတို့တရားစောင့်ကြ၍ ညီညွတ်ကြသဖြင့် ကာလကောင်းနှင့် ပြည်စုံခြင်း တစ်ပါး။
၃။ ပယောဂသမ္ပတ္တိ -ကောင်းသော လုံ့လ၊ ကောင်းသော ဝီရိယနှင့် ပြည့်စုံခြင်း တစ်ပါး။
၄။ ဥပဓိသမ္ပတ္တိ - ရုပ်ဆင်းသဏ္ဌာန် ပုံဟန်နှင့်တကွ လှပချောမောသော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်းတစ်ပါး။
ဤလေးပါးတည်း။
ကုသိုလ်ကံပင်ရှိသော်လည်း သမ္ပတ္တိပြည့်စုံမှ ကုသိုလ်ကံအကျိုးပေး အခွင့်ရ၍ အချမ်းသာများမည်။ သမ္ပတ္တိမပြည့်စုံ ဝိပတ္တိကြုံက ကုသိုလ်ကံအခွင့် မရ၊ အကုသိုလ်ကံ အခွင့်ရ၍ အဆင်းရဲများမည် ဆိုလိုသည်။
ယခုကာလ စက်လေးပါးစုံ သမ္ပတ္တိကြုံသော လူ့ဘုံလူ့ဘဝ၌ ကုသိုလ်ကံရှိ၍ လူ့အဖြစ်ကို ရကြပါကုန်လျက် အတ္တသမ္မာပဏီဓိ ပယောဂသမ္ပတ္တိ လို၍ နေသည့် အတွက် မဂ်မရကြ၊ မချမ်းသာသူ၊ ဆင်းရဲသူ၊ အနာရောဂါများသူ၊ အသက်တိုသူ ပေါများကြသည်။
အတ္တသမ္မာပဏီဓိ ဆိုသည်မှာလည်း ကောင်းသောအမှု၊ မကောင်းသော အမှုကို အမှန်ကျသိ၍ မကောင်းသောအမှုကို ဖယ်ထား၊ ကောင်းသောအမှုကို လိုလားသော ဆန္ဒနှင့်တကွ ကောင်းသောအမှုကို ပြီးစေနိုင်သော ဉာဏ်နှင့်ယှဉ်သော ဝီရိယ ကိုပင်ဆိုသည်။
ပယောဂသမ္ပတ္တိ ဆိုသည်မှာလည်း အပေါ့၊ အဖျင်း၊ အပျင်း၊ အရိကင်း၍ မပြုသင့်၊ မပြုထိုက်သည်ကို မပြုဘဲ၊ ပြုသင့်ပြုထိုက်သော အပြစ်မရှိသော အမှုကိစ္စတို့ကို ပြီးစေနိုင်သော ဉာဏ်နှင့်ယှဉ်သော ဝီရိယကိုပင်ဆိုသည်။ လိုရင်းမှာ အတ္တသမ္မာပဏီဓိ ပယောဂသမ္ပတ္တိ - ဆိုသည် အလိမ္မာကိုပင် ဆိုသည်။
အလိမ္မာ ဆိုသည်မှာလည်း ကောင်းသောဆန္ဒ၊ ကောင်းသောဝီရိယ၊ ကောင်းသော အသိဉာဏ် ဤတရားသုံးပါးတို့နှင့် ပြည်စုံသည်ကိုပင်ဆိုသည်။
ယင်း ဆန္ဒ ဝီရိယ ပညာ သုံးပါးတို့ကို လိုအပ်သော အကျိုးကို ပြီးစေတတ် ပြည့်စုံစေ တတ်သောကြောင့် ဣဒ္ဓိပါဒ် ဟူ၍ ထိုထိုကျမ်းဂန်တို့၌ ဆိုအပ်ကုန်၏။
ဣဒ္ဓိယာ ပါဒေါ ဣဒ္ဓိပါဒေါ။ ။ (ဝိဂြိုဟ်)။
ဣဒ္ဓိယာ၊ လိုအပ်သော အကျိုးပြီးခြင်း၏။
ပါဒေါ၊ အကြောင်းတည်း။
ဣဒ္ဓိပါဒေါ၊ လိုအပ်သောအကျိုးပြီးစီးခြင်း အကြောင်း။ ။ အနက်။
ပု-ပ-သပ်-အတ်၊ စုံလတ်မူကား၊ ချမ်းသာများ၏။
ဂ-ကာ-ပ-ဥ၊ လေးခုရှိမှ၊ ကုသိုလ်အခွင့်ရ။
ဝိပတ္တိ ဆိုသည်မှာ -
၁။ ဂတိဝိပတ္တိ - မကောင်းသောဂတိ၌ ဖြစ်ခိုက်,
၂။ ကာလဝိပတ္တိ - ကာလ၏ မကောင်းခြင်း,
၃။ ပယောဂဝိပတ္တိ - မကောင်းသော လုံ့လ ပယောဂ။
၄။ ဥပဓိဝိပတ္တိ – ရုပ်ဆင်းသဏ္ဌာန်မကောင်းခြင်း၊
ဤလေးပါးကိုဆိုသည်။
အရပ်ပြစ်ရှစ်ပါး၊ စက်လေးပါး ပြီး၏။
၁၈ - ပရမတ် မျက်စိအရကို ပြခြင်းနှင့် စာတတ်သူကို ဂါဟကိုက်တတ်သည်ကို ပြခြင်း
ပရမတ်မျက်စိ ဆိုသည်မှာ ဘုတ်အုပ်စာ၊ ပေစာ ကျမ်းဂန်တို့၌သာ ကျေပွန်ရမိ တတ်သိလိမ္မာ၍၊ ခန္ဓာကိုယ်ထဲ၌ မတတ်မသိသော သုတသညာ မျက်စိကို မဆို။ အဘယ်ကြောင့်နည်းဆိုသော် ထိုသုတသညာ မျက်စိသည် ကိုယ်မှာမတတ် စာမှာသာ တတ်သဖြင့် သင်ပုန်းကြီး၌ ကျေပွန်ရမိ တတ်သိ လိမ္မာခြင်းကဲ့သို့ ပညတ်တတ်၊ ပညတ်သိ၊ ပညတ်လိမ္မာသာဖြစ်၍ များသောအားဖြင့် တဏှာ-မာန-ဒိဋ္ဌိတို့ကို ပွားစေတတ်သောကြောင့်တည်း။
စာပေတတ်သည် ကျမ်းဂန်တတ်သည် ဖြစ်ပါလျက် လောဘကြီးကြ၊ မာနကြီးကြ၊ ဣဿာမစ္ဆရိယ ကြီးကြသော လူဆရာ၊ ရဟန်းဆရာတို့သည် ကိုယ်ထဲမှာမတတ်၊ စာထဲမှာသာတတ်၍ တဏှာ-မာန-ဒိဋ္ဌိပွားများသည့် အတွက် ကြီးနိုင်ကြလေသည်။
ကိုယ်မှာမတတ်၊ စာမှာတတ်၊ ဂါဟ ကိုက်တတ်သည်။
သတိထားရမည်။
၁၉-ကိုယ်ထဲ၌တတ်မှ ဂါဟ ကင်းပြတ်သည်ကိုပြခြင်း
တဏှာဂါဟ, မာနဂါဟ, ဒိဋ္ဌိဂါဟ, ဂါဟတရား သုံးပါးမှတ်။
ဂဏှာတိ ဥပါဒိယတီတိ ဂါဟော။ ။ (ဝိဂြိုဟ်)
ဂဏှာတိ၊ ဖမ်းယူ ကိုက်ဟတ်တတ်၏။
ဥပါဒိယတိ၊ စွဲလမ်းတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဂါဟော၊ ဂါဟမည်၏။ ။ အနက်။
မိမိကိုယ်ကို အားရနှစ်သက်သည်ကား တဏှာ၊
မိမိကိုယ်ကို ဟုတ် တုတ်တုတ် ဟန်တန်တန် ထင်မှတ်သည်ကား မာန၊
ဖဲ့မရ ခွဲမရ၊ တရှိထဲ၊ အကောင်အခဲ၊ သူအကောင်အခဲ ထင်မြင်သည်ကား ဒိဋ္ဌိ။
စာပေကျမ်းဂန် တတ်၍ပင်ဖြစ်စေ မတတ်ဘဲကြားရ၊ နာရသည်ကို မှတ်သား၍ဖြစ်စေ အဖန်ဖန် လေ့လာမပြတ် သုံးသပ်ဆင်ခြင်၍ ပညတ်ကို ဖယ်ထားခွာလှန် ကိုယ်တွင်းရှိ ရုပ်၊ နာမ်ခန္ဓာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏာများကို ခွဲခြမ်းစိတ်ဖြာနိုင် အမိဖမ်းနိုင်၍ ကိုယ်ထဲ၌တတ်သိသော ပညာကို ပရမတ်မျက်စိဆိုသည်။
ကိုယ်ထဲ၌ တတ်သိသော ပညာမှသာ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ကို ပါးရှားစေနိုင် ဖျက်စီး ပယ်နုတ်နိုင် ကင်းရှင်းစေနိုင်သည်။
စာမှာ တတ် မတတ်၊ ကိုယ်မှာ တတ်၊ ဂါဟ ကင်းပြတ်မည်။
၂၀-သတိထားရန် ဂါထာသီကုံး ပြဆိုခြင်း
ဂန္ထေ ဉာတေပိ နော ကာယေ၊
ဂါဟော ဂါဟတိ ပုဂ္ဂလံ။
ဂန္ထေ ဉာတေ အဉာတေ ဝါ၊
ကာယေ ဉာတေ ဝိဂစ္ဆတိ။
သတိထားရန် ဂါထာကို သီကုံးလိုက်သည်။
ဂန္ထေ၊ စာပေကျမ်းဂန်ကို။
ဉာတေပိ၊ တတ်သော်လည်း။
ကာယေ၊ ကိုယ်ထဲ၌။
နောဉာတေ၊ မတတ်သည်ရှိသော်။
ဂါဟော၊ ဂါဟတရားသည်။
ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို။
ဂါဟတိ၊ ဖမ်းယူကိုက်စားတတ်၏။
ဂန္ထေ၊ ကျမ်းဂန်ကို။
ဉာတေဝါ၊ တတ်သော်လည်းကောင်း။
အဉာတေ ဝါ၊ မတတ်သော်လည်းကောင်း။
ကာယေ၊ ကိုယ်ထဲ၌။
ဉာတေ၊ တတ်သည်ရှိသော်။
ဂါဟော၊ ဂါဟ တရားသည်။
ဝိဂစ္ဆတိ၊ ကင်းပြတ်၏။ ။ အနက်။
စာမှာလည်း မတတ်၊ ကိုယ်မှာလည်း မတတ်သူတို့မှာ ကွာကင်းသည် မရှိ။ အခါခပ်သိမ်း တစွဲထဲ တမြဲထဲ ဂါဟတုံး ဂါဟခဲဖြစ်၍ မဆိုသာပြီ။
၂၁ - နှလုံးသွင်းကောင်း၍ အသိ အလိမ္မာရှိပါမှ တတ်သမျှ အတတ် အကျိုးနပ်သည်ကိုပြခြင်း
ကိုယ်ထဲမှာ မတတ်မသိက ပိဋကတ်သုံးပုံကို ကုန်အောင်ပင် တတ်သော်လည်း ပညာရှိ မဆိုထိုက်။ သညာရှိ, ဝိညာဏ်ရှိသာ ဆိုထိုက်သည်ဟူ၍ မဟာဝေဒလ္လသုတ် အဋ္ဌကထာ (မ၊ဋ္ဌ၊၂၊၂၃၉။)၌ ဆို၏။
သညာတတ် သညာသိဖြစ်စေ၊ ပညာတတ် ပညာသိဖြစ်စေ၊ ယောနိသော မနသိကာရ ယှဉ် စိတ်ကောင်းဝင်မှ ကုသိုလ်ဖြစ်သည်။ ယောနိသောမနသိကာရ မယှဉ် စိတ်ကောင်းမဝင်က ကုသိုလ်မဖြစ်၊ အကုသိုလ်သာဖြစ်သည်။
ယေကေစိ ကုသလာ ဓမ္မာ၊
သဗ္ဗေ တေ ယောနိသော မနသိကာရမူလကာ။
ယေကေစိ အကုသလာ ဓမ္မာ၊
သဗ္ဗေ တေ အယောနိသော မနသိကာရမူလကာ။
အဘိဓမ္မာဝိဘင်းအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၁၄၀။) (သံ၊၃၊၈၁။)
ယေကေစိ၊ ခပ်သိမ်းကုန်သော။
ကုသလာ ဓမ္မာ၊ ကုသိုလ်တရားတို့သည်။
သန္တိ၊ ရှိကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တေ၊ ထိုကုသိုလ်တရားတို့သည်။
ယောနိယော မနသိကာရ မူလကာ၊ အသင့်အတင့် နှလုံးသွင်းခြင်းလျှင် အရင်း ရှိကုန်၏။
ယေကေစိ၊ ခပ်သိမ်းကုန်သော။
အကုသလာ ဓမ္မာ၊ အကုသိုလ်တရား တို့သည်။
သန္တိ၊ ရှိကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တေ၊ ထိုအကုသိုလ် တရားတို့သည်။
အယောနိသော မနသိကာရမူလကာ၊ မသင့်မတင့် နှလုံးသွင်း ခြင်းလျှင် အရင်း ရှိကုန်၏။ ။ အနက်။
အိပ်ပျော်သော ကာလမှတစ်ပါး မြင်သမျှ၊ ကြားသမျှ၊ တွေ့သမျှ၊ လှုပ်လှက်သမျှ၊ ပြောဆိုသမျှ ကာလစသည်တို့၌ ပုဂ္ဂိုလ်က မသိသော်လည်း ကုသိုလ်၊ အကုသိုလ် တစ်ခုခုဖြစ်မြဲ။
ထိုသို့ဖြစ်ရာဝယ် ယောနိသောမနသိကာရ အရင်းရှိလျှင် ကုသိုလ်ဟုဆုံးဖြတ်။ အယောနိသော မနသိကာရ အရင်းရှိလျှင် အကုသိုလ်ဟု ဆုံးဖြတ်။
ယောနိသောမနသိကာရရှိမှ ကုသိုလ် ဖြစ်သည်။ ကုသိုလ်ဖြစ်မှ စိတ်ကောင်းဝင်သူ ဆိုရသည်။ အယောနိသော မနသိကာရရှိက အကုသိုလ်ဖြစ်သည်။ အကုသိုလ် ဖြစ်က စိတ်ကောင်းဝင်သူ မဆိုရ။ သိမှလည်း နှလုံးသွင်းတတ်သည်။ မသိက နှလုံးကောင်း မသွင်းတတ်။
သိ-ဆိုသော စကား၌လူမိုက်တို့ အသိကို အသိမဆိုရ။ မသိမောဟ, ဟူ၍ ဆိုရ၏။
အဘယ်ကြောင့်နည်းဆိုသော် လူမိုက်တို့သည် သိသည်ကိုလည်း မသိ၊ မသိသည် ကိုလည်း မသိ။ မသိသည်ကိုပင် အသိဟု မောဟဖိ၍ မဟုတ်ကို အဟုတ်၊ အဟုတ်ကို မဟုတ်။ အကောင်းကို မကောင်း၊ မကောင်းကို အကောင်း ဟူ၍ သိတတ်သောကြောင့်တည်း။
ဤသို့ အလွဲလွဲသိမြင်ခြင်းသည် မောဟသတ္တိပင်။
ငါက အကောင်း၊ သူသာမကောင်း၊ ငါကအဟုတ်၊ သူသာမဟုတ်။ မဟုတ်လျှင် မခံချင်ဘူး၊ ဆိုတတ်ကြ၏။ ဟုတ် မဟုတ်ကို မသိတတ်ကြ။
ကိုယ်မသိသည်ကို မသိက ဗာလအမိုက်၊
ကိုယ်မသိသည်ကို သိက ပဏ္ဍိတ ဆိုထိုက်လှ၏။
အိတ်ထောင်၌ ကပ်ကျေးကိုက် သူခိုးနှစ်ယောက် တရားနာပွဲတွင် တစ်ယောက်သူ တရားသံကြားနာရလျှင် ခိုးပြစ်ကိုမြင်၍ နောင်မခိုးလိုသော စိတ်ထားဖြင့် တရားကို နာလေလျှင် ဉာဏ်အစဉ်တက်၍ ဘုရားအိတ်ထဲတွင် အဖိုးထိုက်တန်လှသော သောတာပတ္တိ မဂ်ဥစ္စာကို နှိုက်မိလေ၏။
တစ်ယောက် သူမှာ ဘုရားတကာတစ်ဦး၏ အိတ်ထောင်တွင် ၅ပဲသော ဥစ္စာကို ကပ်ကျေး ကိုက်၍ ရလေ၏။ အိမ်ပြန်ကာလ ကပ်ကျေးကိုက်ကငါ့မှာ ၅-ပဲရသည်။ မင်းမှာ ဘယ်လောက်ရသနည်း မေး၍ အိတ်ထောင်နှိုက်က ငါ့မှာ တစ်ပဲမျှမရဟု ပြောသောအခါ ကတ်ကျေးကိုက်က သို့ကလောက် ပရိသတ်ကြီးထဲမှာ တစ်ပဲ မျှ မရရှိရလေ၊ မင်းလောက် ဖျင်းသောသူ မင်းလောက်မိုက်သောသူ မရှိဟု ဆိုလေလျှင် အိတ်ထောင်နှိုက်က မဟုတ်-သိ, သဘာဝ-မသိ၊ မောဟ၏အလို ဆိုသင့် ဆိုထိုက် လှပေ၏။ ဆိုတော့ဟု ခွင့်ပေး၍ ကိုယ်မသိသည်ကိုလည်းမသိ၊ ငါသိသည်ကိုလည်း မသိ၊ သူ့ကိုယ်ကို အသိ၊ ငါ့ကို မသိထင်၊ အမိုက်တွင် မောဟ၊ အဟုတ်သိ သဘာဝ၊ ခက်လှချေ၏တကား’ဟူသော နှလုံးထားဖြင့် အခါတစ်ပါး ဘုရားကို လျှောက်လေလျှင် ဘုရားသခင်က ...
ယော ဗာလော မညတိ ဗာလျံ၊
ပဏ္ဍိတော ဝါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊
သဝေ ဗာလောတိ ဝုစ္စတိ။
ဤဂါထာကို ဟောတော်မူ၏။ ဓမ္မပဒဂါထာ နံပါတ် ၆၃။
ယော ဗာလော၊ အကြင် မသိတတ် မလိမ္မာသူ လူမိုက်သည်။
ဗာလျံ၊ မိမိမသိ၊ မတတ် မလိမ္မာ မိုက်သည်၏ အဖြစ်ကို။
မညတိ ဇာနာတိ၊ သိတတ်၏။
တေန၊ ထိုသို့ မိမိမိုက်သည်၏အဖြစ်ကို သိတတ်သောကြောင့်။
သော ဗာလော၊ ထိုမသိတတ် မလိမ္မာသူလူမိုက်သည်။
ပဏ္ဍိတောဝါပိ၊ ပညာရှိ မည်သေးသလျှင်ကတည်း။
ယော ဗာလောစ၊ အကြင်မသိတတ် မလိမ္မာသူ လူမိုက်သည် ကား။
ပဏ္ဍိတမာနီ၊ ငါ လူတတ်၊ လူလိမ္မာ၊ လူသိ၊ ပညာရှိဟု မှတ်ထင်လေ့ ရှိသောသူကို။
ဝေ၊ အဟုတ်မလွဲ။
ဗာလောတိ၊ အမိုက် အစစ်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။ ။ အနက်။
သိမှ သိ, မသိကို သိသည်။
မသိက သိ, မသိကို မသိ။
ဘာမှန်းမှ မသိ။
ဟိုထိ သည်ခိုက် အဝီစိသို့ ဆိုက်တတ်သည်။
သို့ဖြစ်ဘိ၍ သိချင်သော အာသာဖြင့် သုတကိုရှာရသည်။ သုတရှိမှ အသိကို ရရှိသည်။
သုတံ ပညာယ ဝဍ္ဎနံ။
။ (ထေရ၊၂၅၀။)
သုတံ၊ အမှတ်အသား အကြားအမြင်သုတသည်။
ပညာယ၊ အကျိုးရှိ အဟုတ်သိ အမှန်သိ ပညာကို။
ဝဍ္ဎနံ၊ ပွားစေတတ်၏။ ။ အနက်။
သုတကား ကောင်း၊ မကောင်း ဆက်ဆံသည်။ ပညာကား အကောင်း သက်သက် အကျိုးရှိကို ဆုံးဖြတ်ပြီးစီး စေတတ်သည်။
ပညာ သုတဝိနိစ္ဆိနီ။
ပညာ၊ အမှန်ကျကို အဟုတ်သိ-သိတတ်သော ပညာသည်။
သုတဝိနိစ္ဆိနီ၊ သုတ၏ ကောင်းကိစ္စ၊ မကောင်းကိစ္စကို ခွဲခြမ်း ခြားနား၍ ကောင်းကိစ္စကို ဆုံးဖြတ်ပြီးစီး စေတတ်၏။ ။ အနက်။
မဟုတ် သိ, အလွဲ-သိ, အမှားသိများ ခုခေတ်သား။
အဟုတ်သိ, အမှန်သိ, ကား ရှားလှချေ၏။
မဟုတ်-သိ, ကား မောဟ၊
အလွဲသိ, ကား တဏှာ၊
အမှား-သိကား ဒိဋ္ဌိ။
ကံရှိ၍ လူ့ဘဝကို ရကြသော်လည်း အသိပညာ အလိမ္မာကို အစွဲပြု၍ အဆင်းရဲ၊ အချမ်းသာ ဖြစ်ကြရတတ်သည်။
ထမင်း၊ မီး၊ ရေ၊ မလိမ္မာချေမူ၊ ဘေးရန်သူ၊ လိမ္မာမူကား မိတ်။
ထို့အတူ စည်းစိမ်အရပ်ရပ် တတ်သမျှအတတ် မသိတတ်မူ၊ ဘေးရန်သူ၊ သိတတ်မူကား မိတ်။
ယာဝဒေဝ အနတ္ထာယ၊ ဉတ္တံ ဗာလဿ ဇာယတိ။ (ဓမ္မ၊၂၃။)
ဉတ္တံ၊ စည်းစိမ်အရပ်ရပ် လက်အတတ်၊ နှုတ်အတတ်၊ စာပေအတတ်၊ အဟော အတတ်၊ အပြောအတတ်စသော တတ်သမျှအတတ်မျိုးသည်။
ဗာလဿ၊ အသိပညာ အလိမ္မာမရှိသူ လူမိုက်အား။
ယာဝဒေဝ အနတ္ထာယ၊ အကျိုးမဲ့ ပျက်စီးရုံသာ။
ဇာယတိ။ ဖြစ်၏။ ။ အနက်။
မသိတတ်လျှင် စည်းစိမ်အရပ်ရပ် တတ်သမျှအတတ် ကိုယ့်ကို သတ်သည်။ အရှင်လည်းတတ် အသေလည်းတတ် အရာရာမှာ သိတတ်မှစည်းစိမ် အရပ်ရပ် တတ်သမျှအတတ် ဘဝနှစ်ရပ်မှာ အကျိုးနပ်သည်။ သိသူ မသိသူ နှစ်ဦးသားတို့ သတိထားရမည်။
သတိပေးသော အခန်းပြီး၏။
၂၂-ရုပ်တရား နာမ်တရားကို ခွဲပြခြင်း
ရူပိနော ဓမ္မာ အရူပိနော ဓမ္မာ။
ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊ဓ၊၅။)
ရူပိနော၊ ရုပ်မည်ကုန်သော။
ဓမ္မာ၊ သတ္တဝါ အကောင် မဟုတ်ကုန် သော သဘာဝတရားတို့သည်။
သန္တိ၊ အဟုတ်ရှိ, တကယ်ရှိ ရှိကုန်၏။
အရူပိနော၊ နာမ်မည်ကုန်သော။
ဓမ္မာ၊ သတ္တဝါအကောင် မဟုတ်ကုန်သော သဘာဝတရား တို့သည်။
သန္တိ၊ အဟုတ်ရှိ တကယ်ရှိ ရှိကုန်၏။ ။ အနက်။
ဤ ပါဠိတော်နှင့်အညီ လေ၊ ရေ၊ မြေ၊ စကြဝဠာ၊ ဆားငန် သမုဒ္ဒရာ ကျွန်းကြီး လေးကျွန်း ကျွန်းငယ်နှစ်ထောင် တောင်စဉ်ခုနစ်ပတ် သမုဒ္ဒရာအလယ်မှာ နှစ်သောင်းလေးထောင် မြင်းမိုရ်တောင်နှင့်တကွ အပါယ်လေးဘုံ လူ့ပြည် နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာနှစ်ဆယ် ဤသို့စသည် ဩကာသ လောကကြီးသည် ထူးထွေဆန်းပြား အလွန်များ၏။
အပါယ်သတ္တဝါ၊ လူသတ္တဝါ၊ နတ်သတ္တဝါ၊ ဗြဟ္မာသတ္တဝါ ဤသို့စသည် သတ္တ လောကကြီးသည်လည်း ထူးထွေဆန်းပြား အလွန်များ၏။ ထိုသို့ပင်များသော်လည်း ပညတ်အားဖြင့်သာ များလေသည်။
ဥပမာဆိုသော် သဲ၊ ထုံး၊ ကော်ရည် သုံးပါးရောစပ်၍ ပြုအပ်သော အင်္ဂတေရုပ် တွေသည် အကောင် အရေအတွက်သာ များ၍ အဟုတ်ရှိ၊ တကယ် ရှိကို ရေတွက်သော် သဲ၊ ထုံး၊ ကော်ရည် သုံးပါးသာအမှန် ရှိသကဲ့သို့လည်းကောင်း၊ သစ်စေး၊ သားရိုး၊ နှစ်ပါးရောစပ်၍ ပြုအပ်သော သားရိုးရုပ်တွေသည် အကောင် အရေအတွက် သာများ၍ အဟုတ်ရှိ၊ အမှန်ရှိကို ရေတွက်သော် သစ်စေး၊ သားရိုးနှစ်ပါးသာ အမှန်ရှိသကဲ့သို့လည်းကောင်း၊
ထို့အတူ ပညတ်ကို ဖယ်ထားခွာလှန်၍ အဖြောင့်အမှန် ဧကန်ရှိ၊ အဟုတ်ရှိကို ရေတွက်သော် ရုပ်တရား နာမ်တရား နှစ်ပါးသာရှိသည်။ ယင်းနှစ်ပါးကို နုတ်လိုက်သော် တစ်လောကလုံးမှာ ဘာမှမရှိမှတ်လေ။ ဤအရာ၌ နိဗ္ဗာန်ကိုလည်း နာမ်ခေါ်သည်။
နာမဉ္စ ရူပဉ္စ ဣဓတ္ထိ သစ္စတော။
ဝိသုဒ္ဓိ၊၂၊၂၃၀၊
ဣဓ၊ ဤအဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တာန် မကျန်သိမ်းကျုံး လောကဓာတ်အလုံး၌။
သစ္စတော၊ အဟုတ် အမှန် သဘောအားဖြင့်။
နာမဉ္စ၊ နာမ်လည်း တစ်ပါး။
ရူပဉ္စ၊ ရုပ်လည်းတစ်ပါး။
ဒွေယေဝ၊ နှစ်ပါးတို့သည်သာလျှင်။
အတ္ထိသန္တိ၊ ရှိကုန်၏။
အညော၊ နာမ်၊ ရုပ်မှတစ်ပါး အဟုတ်ရှိ၊ တကယ်ရှိ ရှိသော တရားသည်။
နတ္ထိ၊ မရှိ။ ။ အနက်။
ဤအဋ္ဌကထာ၏ အဓိပ္ပာယ်မှာလည်း ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်၊ သုဂတိ အဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်၊ တိဟိတ်ပုဂ္ဂိုလ်ဟူ၍ လည်းကောင်း၊ ရုပ်သာရှိသော သတ္တဝါ၊ နာမ်သာရှိသော သတ္တဝါ၊ ရုပ်-နာမ် နှစ်ပါးစုံရှိသော သတ္တဝါ ဟူ၍လည်းကောင်း၊ စိတ်ရှိသော သတ္တဝါ၊ စိတ်မရှိသော သတ္တဝါ၊ စိတ်ရှိသည် လည်းမဟုတ်၊ မရှိသည် လည်းမဟုတ်သော သတ္တဝါဟူ၍လည်းကောင်း၊ ဤသို့ စသည် ပုဂ္ဂိုလ်ဟူ၍ သတ္တဝါ ဟူ၍ အကောင်ဟူ၍ ခေါ်ဝေါ်ရုံသာ ခေါ်ဝေါ်ရသော နာမ်-ရုပ်အလုံးအထွေးကို အဇ္ဈတ္တသန္တာန်ခေါ်သည်။
ပုဂ္ဂိုလ် သတ္တဝါ အကောင် မခေါ်ရသော လေ၊ ရေ၊ မြေ၊ တော၊ တောင်စသော ဥတုဇ ရုပ်အလုံးအထွေးကို ဗဟိဒ္ဓသန္တာန်ခေါ်သည်။
ယင်း အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန် ဟူသော တစ်လောကလုံးမှာ နာမ်၊ ရုပ်၊ နှစ်ပါးသာအဟုတ်ရှိ၊ တကယ်ရှိ ရှိသည်။ နာမ်၊ ရုပ်နှစ်ပါးကို နုတ်လိုက်သော် သတ္တဝါအကောင်၊ တော၊ တောင် စသည်မရှိ။ ခေါ်ဝေါ်ရုံသာ ခေါ်ဝေါ်ကြရလေသည် ဆိုလိုသည်။
ရုပ်ဆိုသည်မှာ-
ကတမံသဗ္ဗံ ရူပံ၊ စတ္တာရော စ မဟာဘူတာ။
စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ၊ ဣဒံ ဝုစ္စတိ သဗ္ဗံရူပံ။
အဘိဓမ္မာပါဠိတော်။ (အဘိ၊ဓ၊၁၄၅။)
သဗ္ဗေ၊ အလုံးစုံသော။
ရူပံ၊ ရုပ်ဟူသည်။
ကတမံ၊ အဘယ်နည်း။
စတ္တာရော၊ လေးပါးကုန်သော။
မဟာဘူတာစ၊ မဟာဘုတ်တို့သည် လည်းကောင်း။
စတုန္နံ၊ လေးပါးကုန်သော။
မဟာဘူတာနံ၊ မဟာဘုတ်တို့ကို။
ဥပါဒါယရူပဉ္စ၊ စွဲမှီ၍ဖြစ်သော ဥပါဒါယရုပ် လည်းကောင်း။
ဣဒံ၊ ဤနှစ်ပါး အပေါင်းကို။
သဗ္ဗံ၊ အလုံးစုံသော။
ရူပံ၊ ရုပ်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။ ။ အနက်။
ဤ ပါဠိတော်နှင့်အညီ -
၁။ မဟာဘုတ်။
၂။ ဥပါဒါယရုပ် ဟူ၍နှစ်မျိုးရှိသည်။
ယင်း နှစ်မျိုးတို့တွင် ဓာတ်ကြီးလေးပါးကို မဟာဘုတ်ဆိုသည်။
ကြွင်း နှစ်ဆယ့်လေးပါးသော ရုပ်ကို ဥပါဒါယရုပ်ဆိုသည်။
ထင်ရှားအောင် ပြဦးအံ့။
လူရှင်အကောင်ကို ကြိတ်ညှပ် ညှစ်ထုတ်သော် သွေးတို့သည် တစ်မြူခန့်ထွက်ရာ ရရာ၏။ ကြိတ်ညှစ်ပြီး အဖတ်ကိုနေလှန်း၍ အမှုန့်ကြိတ်သော် ငါးပြည်ခန့် ရှိရာ၏။ ယင်း ငါးပြည်ခန့်အမှုန့်ကို ယင်းတစ်မြူခန့်သွေးနှင့် သမအောင်နယ်၍ လူ့သဏ္ဌာန် လူနှင့်တူအောင် လူမှုန့်ရုပ်ကြီးလုပ်ပြီးလျှင် လူရှင်ရုပ်ကောင်နှင့် ယှဉ်ပြိုင်သော် လူရှင်ရုပ်ကောင်မှာ ကံ၊ စိတ်၊ အာဟာရ တို့ကြောင့်ဖြစ်သော အပူ၊ အအေး၊ အနွေး၊ အငွေ့တို့သည် ပူနွေးရင့်ကျက် စေသောကြောင့် နုနုဖတ်ဖတ် လတ်ဆတ် ပျောင်းပျော့သည်။ လေဓာတ်ဖောင်းပွ တိုးဝှေ့တွန်းကန် တောင့်ခိုင် စေသောကြောင့် သံတုံး၊ ကျောက်ခဲတို့ကဲ့သို့ ကျစ်ကျစ်လျစ်လျစ် မမာ မလေး ပွပျော့ ပေါ့ပါး လှုပ်ရှားနိုင်သည်။
ဤကား နှိုင်းဆရန်စကား။
ငါ့ကိုယ်၊ သူ့ကိုယ် လူတို့ခန္ဓာကိုယ်၌ လူခြောက်မှုန့်တွေနှင့်တူသော တွေ့အိတ်၊ ထိအိတ်၊ အမှုန့်၊ အဖတ်၊ အမာဓာတ် သဘောတွေကိုပင် ပထဝီဓာတ် ဆိုရသည်။
သွေးနှင့်တူသော အစို၊ အစွတ်အဖွဲ့အစည်း အရည် အပျော် သဘောတွေကိုပင် အာပေါဓာတ် ဆိုရသည်။
နုဖတ်လတ်ဆတ် ပျောင်း ပျော့အောင် ပူနွေးရင့်ကျက်စေတတ်သော အပူ၊ အအေး၊ အနွေးငွေ့တွေကိုပင် တေဇောဓာတ် ဆိုရသည်။
ဖောင်းပွ၊ တိုးဝှေ့တွန်းကန် တောင့်ခိုင် စေတတ်သော လေဓာတ်တွေကိုပင် ဝါယောဓာတ် ဆိုရသည်။
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဟူသော ယင်းဓာတ် လေးပါးတို့သည် အချင်းချင်းကျေးဇူးပြု၍ ဘယ်ဓာတ်ကိုအတွင်း, ဘယ်ဓာတ်က အပြင် ဟူ၍ မဆိုရဘဲ ပေါင်းစုလုံးထွေး၍ သတ္တဝါ အကောင်မဟုတ်ဘဲလျက် ငါ အကောင်၊ သူအကောင်း ခွေးကောင်း လူကောင်၊ သတ္တဝါအကောင် ထင်မှတ် ရအောင် လှည့်ပတ် ဖန်ဆင်းတတ်သည်။
မို့မို့မည်းမည်း တောတွေ၊ တောင် တွေ ထင်ရအောင် လှည့်ပတ် ဖန်ဆင်းတတ်သည်။ လောက၌ မဟုတ်ဘဲလျက် အဟုတ်ထင်ရအောင် အထူးထူးအထွေထွေ လှည့်စား ဖန်ဆင်းတတ်သော မျက်လှည့်သမား၊ ဘီးလူး၊ အစိမ်း၊ သရဲ၊ သဘက်၊ ဖုတ်၊ ပြိတ်၊ တစ္ဆေတို့ကို မဟာဘုတ်ဟု ခေါ်ဆိုရင်းဖြစ်သည်။
ဓာတ်လေးပါးတို့ကိုကား ယင်း မဟာဘူတ တို့နှင့်တူသောကြောင့် မဟာဘူတဟု တကို သတ်၍ မဟာဘုတ်ဟု ခေါ်ဆိုရပြန်သည်။ ကုလားနှင့် တူသောကြောင့် မြန်မာဖြစ်သူကို ကုလားဟု ခေါ်ဆိုသကဲ့သို့မှတ်။
မဟာဘူတသာမညတော မဟာဘူတာ။
အဘိဓမ္မာအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၁၊၃၃၆၊ ၃၃၈။)
မဟာဘူတသာမညတော၊ မျက်လှည့်သမား၊ ဘီလူး၊ အစိမ်း၊ သရဲ၊ သဘက်၊ ဖုတ်၊ ပြိတ်၊ တစ္ဆေတို့နှင့် တူသည်၏ အဖြစ်ကြောင့်။
တာ၊ ထိုဓာတ်လေးပါးတို့သည်။
မဟာဘူတာ၊ မဟာဘုတ်မည်ကုန်၏။ ။ အနက်။
ဤကား မဟာဘုတ်လေးပါး။
ဥပါဒါယရုပ်
၁။ ဝဏ္ဏ-အဆင်းရုပ်။
၂။ ဂန္ဓ-အနံ့ရုပ်။
၃။ ရသ-ရသာရုပ်။
၄။ ဩဇ-အဆီ, အစေး ဩဇာ-အာဟာရရုပ်။
၅။ ဇီဝိတ-ကိုယ်စောင့်ရုပ်။
၆။ ဣတ္ထိဘာဝ-မိန်းမရုပ်။
၇။ ပုမ္ဘာဝ-ယောက်ျားရုပ်။
၈။ ကာယပသာဒ -ကိုယ်အလုံး၌ အကြည်ရုပ်။
ဤရုပ်ရှစ်ခုတို့ကား တစ်ကိုယ်လုံး၌၊
၁။ စက္ခု-မျက်စိ၌အကြည်ရုပ်။
၂။ သောတ-နား၌ အကြည်ရုပ်။
၃။ ဃာန-နှာခေါင်း၌ အကြည်ရုပ်။
၄။ ဇိဝှာ-လျှာ၌အကြည်ရုပ်။
၅။ ဟဒယဝတ္ထု-ရင်လယ်၌ ဟဒယဝတ္ထုရုပ်။
၆။ သဒ္ဒ-အသံရုပ်
ဤရုပ် ခြောက်ခုတို့ကား တစ်ဌာန၌၊
ပေါင်း တစ်ဆယ့်လေးပါးသော ရုပ်တို့သည် မဟာဘုတ်ကို မှီတွယ်စွဲကပ်၍ တည်သောကြောင့် ဥပါဒါယရုပ် ခေါ်ဆိုသည်။
ဥပါဒါယ ပဝတ္တံ ရူပံ ဥပါဒါယရူပံ။ ။ (ဝိဂြိုဟ်)။
ဥပါဒါယ၊ မဟာဘုတ်လေးပါးတို့ကို မှီတွယ်စွဲကပ်၍။
ပဝတ္တံ၊ ဖြစ်သော။
ရူပံ၊ ရုပ်။
ဥပါဒါယရူပံ၊ မဟာဘုတ်လေးပါးတို့ကို မှီတွယ်စွဲကပ်၍ တည်သောရုပ်။ ။ အနက်။
ဤကား ဥပါဒါယရုပ်။
မဟာဘုတ်၊ ဥပါဒါယရုပ်တို့၏ ပေါင်းစုလုံးထွေး အစုအဝေးကိုပင် သူအကောင်၊ ငါအကောင်၊ သတ္တဝါအကောင် ထင်ကြရ မြင်ကြရ ခေါ်ဆိုကြရ လေသည်။
မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးသား မပျက်သေးသော လူသေရုပ် ကောင်သည် ဘယ်အာရုံတစ်ခုကိုမျှ အာရုံမပြုတတ် ဘာမှန်းမှမသိတတ်။ လူရှင်ရုပ်ကောင်လည်း ထိုအတူ ဘယ်အာရုံ တစ်ခုကိုမှ အာရုံမပြုတတ် ဘာမှန်းမှ မသိတတ်။
အသိကား နာမ်တရား တစ်မျိုးတခြားမှတ်။ ဆန့်ကျင်ဘက် သီတ၊ ဥဏှတို့နှင့် တွေ့ကြုံလျှင် ဖောက်ပြန်တတ်သောကြောင့် ယင်းမဟာဘုတ် ဥပါဒါယရုပ်တို့ကို ရုပ်ဟူ၍ဆိုရသည်။
ရုပ္ပတီတိ ရူပံ။ ။ (ဝိဂြိုဟ်)။
ရုပ္ပတိ၊ ဖောက်ပြန်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ရူပံ၊ ရုပ်မည်၏။ ။ အနက်။
ကေန ရုပ္ပတိ၊ သီတေနာပိ ရုပ္ပတိ၊ ဥဏှေနာပိ ရုပ္ပတိ။
အဘိဓမ္မာအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၂၊၃။) (သံ၊၂၊၇၁။)
ကေန၊ အဘယ်တရားကြောင့်။
ရုပ္ပတိ၊ ဖောက်ပြန်သနည်း။
သီတေ နာပိ၊ အအေး တေဇော ဆွသောကြောင့်လည်း။
ရုပ္ပတိ၊ ဖောက်ပြန်တတ်၏။
ဥဏေနာပိ၊ အပူတေဇော ဆွသောကြောင့်လည်း။
ရုပ္ပတိ၊ ဖောက်ပြန်တတ်၏။ ။ အနက်။
နေပူ၊ လေပူ၊ မိုးအေး၊ လေအေး၊ မှက်ဆိပ်၊ ခြင်ဆိပ်၊ မြွေဆိပ်၊ ကင်းဆိပ် စသည်တို့သည်လည်း တေဇောပင်။ မွတ်သိပ် ဆာလောင်ခြင်းတို့လည်း တေဇော သတ္တိပင် ဟူ၍မှတ်။
ဖောက်ပြန်ဆိုသည်မှာ အဟောင်းအသစ် ပျက်ဖြစ် စပ်ဆက် တွယ်ယှက် လုံးထွေးရှိနေကြသော ရုပ်ကလာပ်တွေကို သီတ၊ ဥဏှနှင့် တွေ့ဆုံသောအခါ ရှေ့ဖြစ်ပုံအစဉ်မတူ အမူကွဲလွဲ တစ်ပုံတစ်နဲ ဖြစ်သည်ကို ဆိုသည်မှတ်။
ရုပ်တို့၏ အစဉ်မှာထပ်ဆက်ဖြစ်၍ ဤသို့သော ဖောက်ပြန်ခြင်းကို ရအပ်သည်။ နာမ်တရားတို့၏အစဉ်မှာ တေ့ဆက်ဖြစ်၍ ထင်ရှားသော ဤအဖောက်အပြန် မျိုးတို့ကို မရအပ်။ ရုပ်ကလာပ် တစ်ခုတည်း၌လည်း မရအပ်မှတ်လေ။
ဝိကာရာပတ္တိစ သီတာဒိသန္နိပါတေ ဝိသဒိသရူပုပ္ပတ္တိယေဝ။
မူလဋီကာ။ (မူလဋီ၊၂၊၅။)
ဝိကာရာပတ္တိစ၊ ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းသည်လည်း။
သီတာဒိ သန္နိပါတေ၊ သီတစသည်တို့နှင့် ပေါင်းဆုံမိသောအခါ၌။
ဝိသဒိသရူပုပ္ပတ္တိယေဝ၊ ရှေ့ရုပ်နှင့်မတူသော နောက်ရုပ်တို့၏ ဖြစ်ခြင်းသာလျှင် တည်း။ ။ အနက်။
နာမ်ဆိုသည်မှာ မျက်စိအိမ်၊ နားအိမ်၊ နှာခေါင်းအိမ်၊ လျှာအိမ်၊ ကိုယ်ဟူသောအိမ်၊ နှလုံး ဟူသောအအိမ် ခြောက်ခုတို့၌ အာရုံတိုက်ခိုက်တိုင်း တစ်ခုပြီးတစ်ခု တဖြုတ်ဖြုတ်တဖွားဖွား အမြဲဖြစ်ပေါ်၍နေသော အဖော်သဟဲနှင့် တကွသော အသိတွေကိုဆိုသည်မှတ်။ ယင်းအသိကိုပင် စိတ်ဟူ၍လည်း ဆိုသည်။ ဝိညာဏ် ဟူ၍လည်းဆိုသည်၊ အဖော်သဟဲနှင့်တကွသော ယင်း ဝိညာဏ်ဟူသောအသိကို အာရုံကိုသိတတ် အာရုံသို့ ညွှတ်တတ်သော ကြောင့် နာမ်ဆိုရပြန်သည်။
နမတီတိ နာမံ။ ။ (ဝိဂြိုဟ်)
နမတိ၊ အာရုံသို့ ညွတ်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
နာမံ၊ နာမ်မည်၏။ ။ အနက်။
ညွတ်ဆိုသည်မှာလည်း မစွမ်းမသန်သောသူသည် ကြိုးတန်ကြိမ်တန်း ကို ဆွဲကိုင်ရမှ ထနိုင်သကဲ့သို့ မဆွဲမကိုင်ရသော် မထနိုင်သကဲ့သို့ထို့အတူ စိတ်ဝိညာဏ်ဟူသော အသိသည်လည်း အာရုံရှိမှ အာရုံနှင့် ဖက်စပ်ရမှ အာရုံကို ဆွဲကိုင်ရမှ ဖြစ်နိုင် ပေါ်နိုင်သည်။ အာရုံနှင့်ကင်း၍ မဖြစ်နိုင် မပေါ်နိုင်။ ထို့ကြောင့် အာရုံသို့ ချဉ်းကပ်ရ သကဲ့သို့ အာရုံသို့ ရှေးရှုသည်ကို ဆိုသည်။
နမနံ အဝိနာဘာဝတော အာရမ္မဏာဘိမုခတာ။
မူလဋီကာ။ (မူလဋီ၊၁၊၅၆။)
အဝိနာဘာဝတော၊ အာရုံနှင့်ကင်း၍ မဖြစ်နိုင်သောကြောင့်။
အာရမ္မဏာဘိမုခတာ၊ အာရုံသို့ ရှေးရှုသည်၏ အဖြစ်သည်။
နမနံ၊ ညွတ်ခြင်းမည်၏။ ။ အနက်။
အအိမ် ခြောက်ခုတို့၌ ပြိုင်၍မဖြစ်ကောင်း၊ တစ်အိမ်ဖြစ်ပြီးမှ တစ်အိမ်၌ ဖြစ်သည်။
ရှောက်သီးကိုစား၊ ကိုယ်ယား၊ ညှော်နံ၊ အသံကို နားထောင်လျက် ကြည့်ရှု နှစ်သက်သော ပွဲကြည့်သမား ဆိုရသော ရုပ်ကောင်၏ အအိမ်ခြောက်ခုတို့၌ သော်လည်း စားစိတ်၊ ယားစိတ်၊ နံစိတ်၊ ကြားစိတ်၊ မြင်စိတ်၊ နှစ်သက်သောစိတ်၊ စိတ်ခြောက်မျိုးပြိုင်၍ မဖြစ်။ တစ်အိမ်၌ဖြစ်ပြီးမှ တစ်အိမ်၌ဖြစ်သည်။
ပုရိမံ ဘိဇ္ဇတေ စိတ္တံ၊ ပစ္ဆိမံ ဇာယတေ တတော။
ဝိသုဒ္ဓိ၊၂၊၂၃၉။
ပုရိမံ၊ ရှေ့ဖြစ်သော။
စိတ္တံ၊ စိတ်သည်။
ဘိဇ္ဇတေ၊ ပျက်လေ ပျောက်လေ၏။
တတော၊ ထိုရှေ့စိတ်ပျက်ပြီး ပျောက်ပြီးမှ။
ဝါ၊ ထိုရှေ့စိတ်ပျက်လေ ပျောက်လေခြင်းကြောင့်။
ပစ္ဆိမံ၊ မဖြစ်ဘူးသေးသော နောက်စိတ်သည်။
ဇာယတေ၊ အသစ်ဖြစ်ပေါ်လေ၏။ ။ အနက်။
အဖြစ်၊ အပျက်တွေ မြန်လှသောကြောင့် တစ်ပြိုင်တည်းဖြစ်သကဲ့သို့ ထင်ရသည်။ မျက်စိတစ်မှိတ်ခန့် ကာလအတွင်း ကုဋေတစ်သိန်းမက တန်းစဉ်၍ ဖြစ်ပျက် ကြောင်းကို ကျမ်းဂန်တို့၌ဆိုသည်။
ထို့ကြောင့် တစ်ယောက်သော ပုဂ္ဂိုလ်သန္တာန်မှာ စိတ်နှစ်ခု သုံးခု စသည် တစ်ပြူး တည်း တစ်ပြွတ်တည်း အတူပြိုင်၍ မရကောင်း။ အခါခပ်သိမ်း တစ်ခုသော စိတ်သာ ရကောင်းသည်။
ရုပ်လည်း တစ်မျိုးတစ်ခြား၊ နာမ်လည်းတစ်မျိုးတစ်ခြား၊ ရုပ်၊ နာမ်နှစ်ပါးပေါင်း စပ်ရမှ လှုပ်တတ် လှက်တတ် အရှင်သတ္တဝါ အကောင်ကဲ့သို့ ထင်ရသည်။ သို့ကြောင့် ကြိုးဆွဲရုပ် က,သကဲ့သို့ ဖုတ်ကောင်ကြောင့် လူသေကောင် ထ, သကဲ့သို့မှတ်။
တစ်ခုတည်းထင်မှတ်၊ မျှင်မပြတ်လျှင်၊ ပညတ်ပင်။
အများထင်မှတ်၊ အမျှင်ပြတ်မှ၊ ပရမတ်။
ပညတ်ကား အတုံး, အလုံး၊ အချောင်း, အချောင်း။
အဟောင်း, အဟောင်း။
ပရမတ်ကား၊ အပြတ်, အပြတ်။
အတစ်, အတစ်၊ အသစ်, အသစ်။
ရုပ်၊ နာမ် နှစ်ပါးတို့၏ အကျယ်ကို နောက်မှပြအံ့။
ပရမတ် အစစ်အသားနှစ်က အကျဉ်းထုတ်နုတ်သည် ပြီး၏။
၂၃-အတ္တဒိဋ္ဌိကို ပြဆိုခြင်း
အတ္တဒိဋ္ဌိကိုပြဦးအံ့။
အဝိဇ္ဇာ ဖုံးအုပ်၍ နာမ်နှင့်ရုပ်ကို အဟုတ်ပိုင်ပိုင် မခွဲခြမ်းနိုင်၊ မပိုင်းခြားနိုင် နာမ်, ရုပ်၏အဖြစ် သနစ်ကို အဟုတ်သိ၊ တကယ်သိ မသိမမြင်နိုင်ကြသည့်အတွက် ပညတ်ကို မခွာမလှန်နိုင်ကြကုန်။ ပညတ်ကို မခွာမလှန်နိုင်ကြသည့်အတွက် ပညတ်ကိုအစွဲပြု၍ ပုထုဇဉ်တို့သည် တဏှာ၊ မာန၊ ဒိဋ္ဌိတရားသုံးပါးတို့ဖြင့် အလွဲလွဲ ထင်မှား၊ မြင်မှားစွဲလမ်းကြကုန်၏။ ယင်း တရားသုံးပါးတို့ကို ထင်မှား၊ မြင်မှား၊ ယူမှား စွဲလမ်းတတ်သောကြောင့် မညနာတရားဟူ၍လည်း ဆိုအပ်ကုန်၏။
မညန္တီတိ မညနာ။ ။ (ဝိဂြိုဟ်)။
မညန္တိ၊ ထင်မှား၊ မြင်မှား ယူမှား စွဲလမ်းတတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
မညနာ၊ မညနာ မည်ကုန်၏။ ။ အနက်။
အဘယ်သို့ ထင်မှား၊ မြင်မှား၊ ယူမှား စွဲလမ်းကြသနည်း ဆိုသော် --
ရုပ်ကို အတ္တ ဟူ၍လည်းကောင်း၊
နာမ်ကို အတ္တဟူ၍လည်းကောင်း၊
ရုပ်နာမ်နှစ်ပါးလုံးကို အတ္တဟူ၍လည်းကောင်း၊
ထင်မှား၊ မြင်မှား ယူမှား စွဲလမ်းကြကုန်၏။
ထင်ရှားစေဦးအံ့။
အချို့ ပုထုဇဉ်တို့သည် နာမ်ဟူ၍တခြားမရှိ။ ရုပ်သာရှိသည်။ ထိုထိုအာရုံကို သိတတ် ချမ်းသာဆင်းရဲကို ခံစားတတ် ထိုထိုကိစ္စကို ပြီးစေတတ် ဆိုသမျှ ရုပ်သတ္တိ ရုပ်အာနုဘော်, ရုပ်သည်ပင် အတ္တ, ရုပ်သည်ပင်ကိုယ်, ရုပ်သည်ပင်အကောင်, ထိုအတ္တ ထိုကိုယ် ထိုအကောင်သည် တစ်ခုတည်း တစ်ရှိတည်း ခိုင်မြဲသည်ကို ထင်မှား မြင်မှား ယူမှား စွဲလမ်းကြကုန်၏။ ဤလို ရုပ်ကို အတ္တ, ဟူ၍ယူမှား စွဲလမ်းကြကုန်သည်။
အချို့သော ပုထုဇဉ်တို့သည် ရုပ်ကိုယ်ကြီးထဲ၌ နာမ်ရှိသည်။ ထိုနာမ်သည်ပင် အတ္တ၊ ထိုနာမ်သည်ပင်ကိုယ်၊ ထိုနာမ်သည်ပင် အကောင်၊ ထိုအတ္တ ထိုကိုယ် ထို အကောင်သည် တစ်ခုတည်း တရှိတည်း၊ ခိုင်မြဲသည်ဖြစ်၍ ထိုထိုအာရုံကို သိတတ်၊ ချမ်းသာ ဆင်းရဲကို ခံစားတတ်၊ ထိုထိုကိစ္စကိုပြီးစေတတ်သည်။ ထိုအတ္တ ထိုကိုယ် ထိုအကောင်သည် ရုပ်ပျက်သော်လည်း သူမပျက်၊ ဘဝတစ်ပါး၊ ထွက်သွား ကူးပြောင်းသည်ဟု ထင်မှား မြင်မှား၊ ယူမှား စွဲလမ်းကြကုန်၏။ ဤလို နာမ်ကို အတ္တဟူ၍ စွဲလမ်းကြကုန်၏။
အချို့သော ပုထုဇဉ်တို့သည် ရုပ် နာမ်နှစ်ပါးလုံးကိုပင် တစ်ခုတည်း၊ တရှိတည်း ခိုင်မြဲသော အတ္တ,ခိုင်မြဲသော ကိုယ်, ခိုင်မြဲသော အကောင်၊ ထိုအတ္တ-ထိုကိုယ်-ထိုအကောင်သည် ထိုထိုအာရုံကို သိတတ် ချမ်းသာဆင်းရဲကို ခံစားတတ် ထိုထိုကိစ္စကို ပြီးစေတတ်သည်ဟု နာမ်၊ ရုပ် နှစ်ပါးလုံးကိုပင် အတ္တဟူ၍ ယူမှား စွဲလမ်းကြကုန်၏။
ယင်းအယူ သုံးပါးလုံး ကိုပင် အတ္တဒိဋ္ဌိဆိုသည်။
အတ္တာတိ ပဿတီတိ အတ္တဒိဋ္ဌိ။ ။ (ဝိဂြိုဟ်)။
အတ္တာတိ၊ အတ္တဟူ၍။
ဝါ၊ ကိုယ်ဟူ၍။
ဝါ၊ အကောင်ဟူ၍။
ပဿတိ၊ မဟုတ်ဘဲ အလွဲသိမြင်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
အတ္တဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ မည်၏။ ။ အနက်။
ယင်း အတ္တဒိဋ္ဌိကို သက္ကာယဒိဋ္ဌိဟူ၍လည်းဆိုသည်။
သက္ကာယေ ပဝတ္တာ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ။ ။ (ဝိဂြိုဟ်)။
သက္ကာယေ၊ အဟုတ်ရှိသော နာမ်၊ ရုပ်နှစ်ပါးအပေါင်း၌။
ပဝတ္တာ၊ ဖြစ်သော။
ဒိဋ္ဌိ၊ အတ္တဟူ၍မှားသော အယူတည်း။
သက္ကာယဒိဋ္ဌိ၊ အဟုတ်ရှိသော နာမ်၊ ရုပ်နှစ်ပါး၌ အတ္တဟူ၍ မှားသောအယူ။ ။ အနက်။
မြန်မာလူမျိုးတို့ကား များသောအားဖြင့် ရုပ် ကိုယ်ထဲ၌ တရှိတည်းမြဲသော ဝိညာဏ် ရှိသည်။ အသက်ရှိသည်။ ဝိညာဏ်ကား သိတတ် ထိုထိုကိစ္စကို ပြီးစေတတ်သည်။ အသက်ကား အစောင့်အရှောက်၊ သေသောအခါ ဝိညာဏ်ကား ချုပ်ငြိမ်း ပျောက်ပျက် လေ၏။ ရုပ်လည်း ရိပုတ်ဆွေးမြေ့လေ၏။ အသက်ကား ဘဝတစ်ပါး ထွက်သွား ကူးပြောင်းသည်ဟု ယူမှားကြကုန်၏။
အချို့ကား အသက်ဟူ၍မရှိ။ ဝိညာဏ်သာရှိသည်။ ယင်း ဝိညာဏ်သည် တစ်ခုတည်း တရှိတည်း အမြဲတည်သည်။ ရုပ်ပျက်သော်လည်း သူမပျက်။ ဘဝတစ်ပါး ထွက်သွား ကူးပြောင်းသည်ဟု ယူမှားကြကုန်၏။
ဤအယူနှစ်ပါးတို့လည်း နာမ်ကို အတ္တဟု ယူသောအယူပင်တည်း။
နာမ်၌လည်း --
အချို့သူ ဝေဒနာကိုပင် အတ္တ၊
အချို့သူ သညာကိုပင် အတ္တ၊
အချို့သူ သင်္ခါရကိုပင် အတ္တ၊
ဝိညာဏ်ကိုပင် အတ္တ၊
အချို့သူ ခန္ဓာငါးပါးမှ အလွတ် အတ္တရှိသည်ဟု ယူမှား စွဲလမ်းကြကုန်၏။
သိသာလွယ်အောင်သာ ရေးလိုက်သည်။
အတ္တဒိဋ္ဌိကား များ၏။
အဘယ်ကြောင့်နည်း ဆိုသော်....
ဥမ္မတ္တကော ဝိယ ဟိ ပုထုဇ္ဇနော။
ထိုထိုအဋ္ဌကထာတို့၌လာသောပါဠိ။ (မ၊ဋ္ဌ၊၁၊၂၇။) (အဘိ၊ဋ္ဌ၊၂၊၁၇၆။)
ဟိ ယသ္မာ၊ အကြင်ကြောင့်။
ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။
ဥမ္မတ္တကောဝိယ၊ အရူးနှင့်တူ၏။
တသ္မာ၊ ထို့ကြောင့်တည်း။ ။ အနက်။
အကျယ်ပွား၍ အတ္တဒိဋ္ဌိ နှစ်ဆယ်ကို ကျမ်းဂန်တို့၌ ပြ၏။
ဉာဏ်မနိုင်လျှင် ရှုပ်ရုံသာ ရှိမည်ကြောင့် မပြလိုက်သည်။
အတ္တဆိုသော စကားလုံးကို ထင်ရှားစေဦးအံ့။
အကြင်ဝတ္ထုသည် နိစ္စ-မြဲလည်းမြဲ၏။ သုခ-ချမ်းသာလည်း ချမ်းသာ၏။ မကောင်းသောအာရုံ နှင့်တွေ့ကြုံလျှင်သာ ဒုက္ခဖြစ်၏။ အရှင်ဟူ၍ အကောင် ဟူ၍လည်း ဆိုရ၏။ ထိုဝတ္ထုကို အတ္တဟူ၍ဆိုလေသည်။
ထင်ရှားစေဦးအံ့။
ပရမတ်မျက်စိ အလင်း မရှိသော အန္ဓပုထုဇဉ်တို့ သတ္တဝါတို့ ကိုယ်မှာ လိုရင်း အထည်ကိုယ်ရှိသည်။ ယင်း အထည်ကိုယ်သည်။ နိစ္စ-မြဲသည်ဖြစ်၍ နေ့ဆက် ရက်ဆက် ဘဝဆက် မပျက်မစီးဘဲ တရှိထဲရှိသည် သုခဖြစ်၍ ချမ်းလည်း ချမ်းသာသည်။ အရှင်ဟူ၍ လည်းဆိုရသည်။ အကောင်ဟူ၍လည်းဆိုရသည်။ ယင်းအထည်ကိုယ် အကောင်သည် သိလည်းသိတတ် ချမ်းသာဆင်းရဲကိုလည်း ခံစားတတ်သည်။ အလိုသို့လိုက်တတ် လိုက်စေတတ်သည်။ ဖြစ်ချင်သလို ဖြစ်နိုင်သည်။ သူလိုရင်း သူမရှိက အသေဖြစ်သည်ဟု မဟုတ်၊ မရှိဘဲထင်မှား၊ မြင်မှား ယူမှား- စွဲလမ်းကြကုန်သည်။
ယင်းသို့ အန္ဓပုထုဇဉ်တို့ ထင်မှား၊ မြင်မှား၊ ယူမှားစွဲလမ်းကြသော မဟုတ်၊ မရှိသော အထည်ကိုယ်ကိုပင် အန္ဓပုထုဇဉ်တို့အလို မာဂဓဘာသာဖြင့် အတ္တ-ဟူ၍ ခေါ်ဆို လေသည်။ မြန်မာဘာသာဖြင့် အထည်ဟူသော ရှေ့အသံ ကို ဖျောက်၍ကိုယ်ဟူ၍ ခေါ်ဆိုလေသည်။ အကောင်ဟူ၍လည်း ခေါ်ဆိုလေသည်။
မြန်မာခေါ် အကောင်ဆိုသော အသံနှင့်
မာဂဓ-ခေါ် အတ္တဆိုသော အသံ၊
ပုဂ္ဂလ-ဆိုသောအသံ၊
သတ္တ-ဆိုသောအသံ၊
ဇီဝ-ဆိုသော အသံ တို့ကား အသံတူ အသံကွဲမှတ်။
အတ္တ၊ သတ္တ၊ ပုဂ္ဂလ၊ ဇီဝ-သဒ္ဒါတို့ အကောင်ဟူသော အနက်ကိုဟောသည် ဆိုလိုသည်။
“ပုဂ္ဂလောတိ အတ္တာ သတ္တော ဇီဝေါ”။
ဟူ၍ ကထာဝတ္ထု အဋ္ဌကထာ-၁၁၂ ၌ အနက်တူဖွင့်ပြ၏။
ပုဂ္ဂလောတိ၊ ပုဂ္ဂိုလ်ဆိုသည်ကား။
အတ္တာ၊ သွားလာတတ်သော အကောင်။
သတ္တော၊ အာရုံ၌ ငြိကပ်တတ်သော အကောင်။
ဇီဝေါ၊ ရှင်သော အကောင်။
ဝါ၊ အသက်ရှိသောအကောင်။
ဤသို့ အနက်ပေး မဟုတ်၊ မရှိဘဲ၊ ထင်မှား မြင်မှား စွဲလမ်းကြသော အတ္တဒိဋ္ဌိကို ဖျက်ဆီးရန် နည်းလမ်းကိုပင် သာသနာ ဆိုရသည်။
အတ္တဒိဋ္ဌိကိုပြသည်ပြီး၏။
၂၄-အတ္တဒိဋ္ဌိ အပြစ်ကိုပြခြင်း
အတ္တဒိဋ္ဌိ၏ အပြစ်ကိုပြဦးအံ့...
အတ္တဒိဋ္ဌိမူလကာ သဿတုစ္ဆေဒါဒယော။
ပဏ္ဏာသပါဠိတော်။
သဿတုစ္ဆေဒါဒယော၊ သဿတဒိဋ္ဌိ-ဥစ္ဆေဒဒိဋ္ဌိ အစရှိကုန်သော ဒိဋ္ဌိအမျိုးမျိုး တို့သည်။
အတ္တဒိဋ္ဌိမူလကာ၊ အတ္တဒိဋ္ဌိလျှင် ဖြစ်ရာ အမြစ်ရှိကုန်၏။
ဝါ၊ အတ္တဒိဋ္ဌိကြောင့် ဖြစ်ပေါ်ကြရကုန်၏။ ။ အနက်။
အဓိပ္ပာယ်မှာ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ-အစရှိကုန်သော အမှောက် အမှား များစွာ ကုန်သော ဒိဋ္ဌိအမျိုးမျိုးတို့သည် အတ္တဒိဋ္ဌိမှ ပေါက်ပွားကုန်သည် ဆိုလိုသည်။
သဿတဒိဋ္ဌိ ဆိုသည်မှာ အတ္တဟု ဆိုအပ်သောကိုယ်သည်၊ အသက်သည်၊ အကောင်သည်၊ သေသော်လည်း မပျက်။ ဘဝတစ်ပါး ထွက်သွားကူပြောင်းသည်ဟု ယူသောအယူကိုဆိုလိုသည်။
ဥစ္ဆေဒဒိဋ္ဌိ ဆိုသည်မှာ သေသည်ရှိသော် ပြတ်၏ ပျောက်၏ဟု ယူသော အယူကို ဆိုသည်။
ဒိဋ္ဌိအမျိုးမျိုးတို့သာ မဟုတ်သေး၊ အပါယ်ဘုံသို့ ဆွဲငင် ပစ်ချတတ်ကုန်သော အကုသိုလ် ဒုစရိုက်တွေတို့လည်း အတ္တဒိဋ္ဌိမှ ပေါက်ပွားကြကုန်၏။
အတ္တဒိဋ္ဌိ မကင်းက အမိကိုသော်လည်း သတ်နိုင်လတ္တံ့။ အဖကိုသော်လည်း သတ်နိုင်လတ္တံ့။
သာဝဇ္ဇော ပုထုဇ္ဇနဘာဝေါ။ ယတြ ဟိ နာမ ပုထုဇ္ဇနော မာတုဃာတာဒီနိပိ အာနန္တရိယာနိ ကရိဿတိ။
အင်္ဂုတ္ထိုရ်စသော အဋ္ဌကထာ။ (အံ၊ဋ္ဌ၊၁၊၃၅၃။) (မ၊ဋ္ဌ၊၄၊၇၅။)
ပုထုဇ္ဇနဘာဝေါ၊ ပုထုဇဉ်၏အဖြစ်သည်။
သာဝဇ္ဇော၊ အပြစ်နှင့်တကွ ဖြစ်၏။
ယတြဟိနာမ၊ အကြင့်ကြောင့်သာလျှင်။
ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။
မာတုဃာတာဒီနိ၊ အမိကိုသတ်ခြင်း အစရှိကုန်သော။
အာနန္တရိယာနိပိ၊ အာနန္တရိယ ကံကြီးငါးပါးတို့ကိုလည်း။
ကရိဿတိ၊ ပြနိုင်လတ္တံ့။ ။ အနက်။
အတ္တဒိဋ္ဌိမကင်းသောသူကို ပုထုဇဉ်ဆိုရသည်။ ပုထုဇဉ်ဟူက၊ လူမင်းကြီး၊ နတ်မင်းကြီး၊ ဗြဟ္မာမင်းကြီး ဖြစ်သော်လည်း မှုပြစ်မလွတ်၊ ရာဇဝတ်ကောင်သာ မှတ်ရသည်။ အတ္တဒိဋ္ဌိကင်းသောသူကို မှုပြစ်မရှိ ဘေးမငြိသော အရိယာဟူ၍ ဆိုရသည်။
အတ္တဒိဋ္ဌိ မကင်းက အပါယ်ဘုံနှင့် အမွေမကင်းပြတ်။ အတ္တဒိဋ္ဌိ မကင်းက အပါယ် မင်းတို့ပိုင်နက် လောကီဘက်သား၊ အတ္တဒိဋ္ဌိကင်းက အပါယ်မင်းတို့ မပိုင်မဆိုင်သော လောကုတ္တရာဘက်သား။
ထိုစကားမှန်၏။ ပုထုဇဉ်အဖြစ်မှ ထွက်မြောက်၍ အရိယာ၏အဖြစ်သို့ မရောက် နိုင်ကြသည်ကား အတ္တဒိဋ္ဌိ ခုခံသည့်အတွက်ပင်။ အပါယ်နှင့် အမွေမကင်းပြတ် နိုင်ကြသည့်လည်း အတ္တဒိဋ္ဌိ အနွယ် မပြတ်နိုင်ကြသည့်အတွက်ပင်။ လောကီဘက်မှ လောကုတ္တရာဘက်သို့ မကူးထွက်နိုင်ကြသည်လည်း အတ္တဒိဋ္ဌိတည်းဟူသော တုံး ပိတ်ကာ ခြားဆီးသည့် အတွက်ပင်။ အတ္တဒိဋ္ဌိကား အပြစ်များလှ၏။ ကြောက်ဖွယ် ကောင်းလှ၏။
၂၅ - အတ္တဒိဋ္ဌိ ကင်းသည်၏ အကျိုးကိုပြခြင်း
အတ္တဒိဋ္ဌိကင်းခြင်း၏ အကျိုးကိုပြဦးအံ့။
အတ္တဒိဋ္ဌိကင်းလျှင် ဝိစိကိစ္ဆာ လည်းကင်းလေ၏။
ဝိစိကိစ္ဆာ ဆိုသည်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဆိုသည် ဟုတ်မှဟုတ်ပါလေ၏လော။ ဘုရားဆိုသည်၊ တရားဆိုသည်၊ သံဃာဆိုသည် ဟုတ်မှ ဟုတ်ပါလေ၏လော၊ ငါတို့ ဗုဒ္ဓဘာသာအယူ မှန်မှ မှန်ပါ၏လော၊ တစ်ပါး လူမျိုးတို့အယူကပင် မှန်လေသလော၊ ဤသို့စသည်ဖြင့် ယုံမှားခြင်းကို ဆိုသည်။
ယုံမှား ဆိုသည်မှာလည်း လမ်းနှစ်ခွ၌မသိသော ခရီးသွား စိတ်နှစ်ခွ ဖြစ်သည်နှင့် တူ၏။ ဘုရားမြတ်စွာသည် သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်တော်မူသောအခါ သုရမ္ဘဋ္ဌ မည်သော ဒါယကာအိမ်သို့ ရောက်၍ နာမ်၊ ရုပ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ ဒုက္ခာသစ္စာကို ဟောပြသဖြင့် သုရမ္ဘဋ္ဌ ဒါယကာအား အဆိုပါဒိဋ္ဌိ ကင်းရှင်းစေ၍ ကြွသွားတော်မူပြီးနောက် --
တစ်ဖန် ပြန်လာ၍ သုရမ္ဘဋ္ဌကို ခေါ်ပြီးလျှင် သုရမ္ဘဋ္ဌ ငါဘုရားသည် သတိလွတ်၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ဟောမိသည်။ နိစ္စ၊ သုခ၊ အတ္တ-ဟူ၍ မှတ်လော့ ဟု ဆိုလေလျှင် သုရမ္မဋ္ဌ ဒါယကာသည် ဘုရားတို့အား သတိလွတ်ကင်းသည် ဟူ၍မရှိ။ ရုပ်၊ နာမ်၊ သင်္ခါရဟူသမျှ နိစ္စ၊ သုခ၊ အတ္တဟူ၍ မရှိဟု ဉာဏ်ဖြင့် ဆုံးဖြတ်၍ ရောင်ခြည်လျှံညီး အံ့မပြီးနိုင်သည့် ဘုရားကိုယ်တော်ကြီးကို မော်ကြည့်ပြီးလျှင် ကိုယ်တော် ဘယ်သူတုန်းဟူ၍ မေးလေလျှင် ငါ မာရ်နတ်ဟု ဆို၍ ကွယ်ပျောက်လေ၏။ (အံ၊ဋ္ဌ၊၁၊၃၀၅)
ဤသို့ အတ္တဒိဋ္ဌိကင်းသော သူတို့ ဉာဏ်မျက်စိဖြင့် ဘုရားကိုသိမြင် တရားကို သံဃာကိုသိမြင် တေဘုမ္မိကဟူသမျှ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-တို့ ချည်းသာဟု ဆုံးဖြတ်သိမြင်၍ တလင်းထဲလင်း၊ တရှင်းထဲရှင်း၊ ဝိစိကိစ္ဆာ ကင်းလေသည်။
အတ္တဒိဋ္ဌိ၊ ဝိစိကိစ္ဆာကင်းလျှင် အပါယ်မြစ် ပြုတ်လေ၏။ အပါယ်နှင့် အမွေ ကင်းပြတ်၏။ အပါယ်မင်းတို့ ပိုင်နက်လောကီဘက်မှ ထွက်မြောက်၍ လောကုတ္တရာ ဘက်သို့ ရောက်ရလေ၏။
လောကုတ္တရာဘက်၌ ဘုံလေးဆင့်ရှိသည်တွင် သောတာပတ္တိ ဘုံသို့ရောက်၍ သောတာပတ္တိဘုံသား သောတာပန်ပုဂ္ဂိုလ် ဖြစ်ရလေ၏။ ယင်း သောတာပန် ပုဂ္ဂိုလ်သည် အပါယ်သံသရာမှ ကျွတ်လွတ်၍ သုဂတိ သံသရာမှ မကျွတ် မလွတ်သေး။
မကျွတ်မလွတ်သေး ဆိုသော်လည်း အချို့သောတာပန် တစ်ကြိမ် ပဋိသန္ဓေနေပြီး နောက် ကျွတ်လွတ်၏။ ယင်းသောတာပန်ကို ဧကဗီဇီဆိုသည်။ အချို့နှစ်ကြိမ်၊ အချို့သုံးကြိမ်၊ အချို့လေးကြိမ်၊ အချို့ငါးကြိမ်၊ အချို့ခြောက်ကြိမ် ပဋိသန္ဓေနေ၍ ကျွတ်လွတ်၏၊ ယင်း ငါးယောက်ကို ကောလံကောလ သောတာပန် ဆိုသည်။ အချို့ခုနစ်ကြိမ် ပဋိသန္ဓေနေ၍ ကျွတ်လွတ်၏။ ယင်းသောတာပန်ကို သတ္တက္ခတ္တု ပရမ သောတာပန်ဆိုသည်။ ရှစ်ကြိမ်ပဋိသန္ဓေ နေသည်ဟူ၍ မရှိ။
န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ။ ။ (ခုဒ္ဒက။ ၆။)
တေ၊ ထိုသောတာပန် ပုဂ္ဂိုလ်တို့သည်။
အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သော။
ဘဝံ၊ ဘဝကို။
နအာဒိယန္တိ၊ မယူကုန်။ ။ အနက်။
သကဒါဂါမိဘုံသို့ ရောက်ကြသော သကဒါဂါမ်ဘုံသား သကဒါဂါမ် ပုဂ္ဂိုလ်တို့ကား သောတာပတ္တိ ဘုံသားတို့ထက် အသိဉာဏ်သာသည်၊ ကိလေသာပါးသည်။ ဤမျှသာ ထူးသည်။
ယင်းသကဒါဂါမ် ပုဂ္ဂိုလ်သည် လူ့ဘုံ၌ သကဒါဂါမိမဂ်ကိုရ၍ နောက်တစ်ဘဝ နတ်ဘုံ၌, လူ့ဘုံ၌ ဘဝဆုံးနှစ်ယောက်၊ နတ်ပြည်၌ သကဒါဂါမိမဂ်ကိုရ၍ နောက်ဘဝ လူဘုံ၌, နတ်ဘုံ၌, ဘဝဆုံးနှစ်ယောက်။ လူ့ဘုံ၌ သကဒါဂါမိမဂ်ကိုရ၍ နတ်ဘုံ၌ ဖြစ်ပြီးမှလူ့ဘုံ၌ ဘဝဆုံးတစ်ယောက်။ နတ်ပြည်၌ ယင်းမဂ်ကိုရ၍ လူ့ပြည်၌ဖြစ်ပြီးမှ နောက်တစ်ဘဝနတ်ပြည်၌ ဘဝဆုံး တစ်ယောက်။ ပေါင်းခြောက်ယောက် ရှိသည်။ ဆဋ္ဌပုဂ္ဂိုလ် သုတ်မဟာဝါ အဋ္ဌကထာ (၁၃၄)၌ လာ၏။ (ဒီ၊ဋ္ဌ၊၂၊၁၃၄။)
အကျဉ်းချုပ် ရေတွက်သော်ကား တစ်ကြိမ် ပဋိသန္ဓေနေ၍ ဘဝဆုံးသော သကဒါဂါမ်, နှစ်ကြိမ်ပဋိသန္ဓေနေ၍ ဘဝဆုံးသော သကဒါဂါမ် ဟူ၍ နှစ်မျိုးသာရှိသည်။
သောတာပန်သုံးယောက်, သကဒါဂါမ် ငါးယောက်, ခြောက်ယောက်တို့ကို ကာမဘုံတွင် ဘဝဆုံးသော ပုဂ္ဂိုလ်ကိုသာရည်၍ ဟောတော်မူသည်မှတ်။ ဗြဟ္မာဘုံသို့ တက်လတ္တံ့ ဘုံစဉ်စံသောတာပန်၊ သကဒါဂါမ်တို့မပါ။
သတ္တက္ခတ္တုပရမဿ, ကောလံကောလဿ၊ ဧကဗီဇိဿ, သကဒါဂါ မိဿ၊ ယော စ ဒိဋ္ဌေဝ ဓမ္မေ အရဟာ။ ဣမေသံ ပဉ္စန္နံ ဣဓ နိဋ္ဌာ။
ပုဂ္ဂလပညတ်ပါဠိတော်။ (အဘိ၊ပု၊၁၈၅။)
သတ္တက္ခတ္တုပရမဿ၊ သတ္တက္ခတ္တုပရမ သောတာပန်အား လည်းကောင်း။
ကောလံကောလဿ၊ အားလည်းကောင်း။
ဧကဗီဇိဿ၊ အားလည်းကောင်း။
သကဒါဂါမိဿ၊ အားလည်းကောင်း။
ယောစ၊ အကြင် ပုဂ္ဂိုလ်သည်လည်း။
ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်ဘဝ၌။
အရဟာ၊ ရဟန္တာ ဖြစ်၏။
ဣမေသံ ပဉ္စန္နံ၊ ဤငါးယောက်သော ပုဂ္ဂိုလ်တို့အား။
ဣဓ၊ ဤကာမဘုံ၌။
နိဋ္ဌာ၊ ဘဝဆုံးကြကုန်၏။ ။ အနက်။
ဣဓာတိ ကာမာဝစရ ဘူမိယံ။
အဘိ၊ဋ္ဌ၊၃၊၁၀၃။
ဝိသာခါ၊ အနာထပိဏ်၊ သိကြားမင်း၊ အနေကဝဏ္ဏနတ်သား စသော ပုဂ္ဂိုလ်တို့ ဘုံစဉ်စံ သောတာပန်။ ။ ထို့ကြောင့် လိုရင်းအချုပ်-
၁။ သတ္တက္ခတ္တုပရမ-သောတာပန်
၂။ ကောလံကောလ-သောတာပန်
၃။ ဧကဗီဇိ−သောတာပန်
၄။ ဘုံစဉ်စံ-သောတာပန်
ဟူ၍ သောတာပန်, လေးမျိုးမှတ်။
၁။ ဧကဗီဇိ-သကဒါဂါမ်
၂။ ဒွိဗီဇိ-သကဒါဂါမ်
၃။ ဘုံစဉ်စံ-သကဒါဂါမ်
ဟူ၍ သကဒါဂါမ် သုံးမျိုးမှတ်။
အနာဂါမိဘုံသို့ ရောက်ကြရသော အနာဂါမိဘုံသား အနာဂါမ်ပုဂ္ဂိုလ် တို့ကား ကာမရာဂနှင့်တကွ ဒေါသအကြွင်းမဲ့ ကင်းစင်၍ ကာမဘုံသံသရာမှ ကျွတ်လွတ်၍ ဗြဟ္မာဘုံသံသရာ၌သာ ကျင်လည်ရတော့၏။
အရဟတ္တဘုံ သို့ရောက်ကြရသော အရဟတ္တဘုံသား ရဟန္တာတို့ကား ကုသိုလ်၊ အကုသိုလ် ကုန်ခန်းကင်းစင်၍ သုံးဆယ့်တစ်ဘုံ သံသရာမှ ကျွတ်လွတ်လေ၏။ ချမ်းသာဖို့ ဆင်းရဲကင်းဖို့ ဒါန၊ သီလ၊ ဘာဝနာ အားထုတ်ဖွယ် ကိစ္စမရှိ၊ အလုံးစုံ ကိစ္စပြီး၍ စိတ်ချလက်ချ အေးကြီး အေးရလေ၏။ အလုံးစုံကိစ္စပြီး အေးကြီးအေး ရသော အရဟတ္တဘုံသို့ အနာဂါမိဘုံက ကူးရသည်။
အနာဂါမိဘုံသို့ သကဒါ ဂါမိဘုံက ကူးရသည်။
သကဒါဂါမိဘုံသို့ သောတာပတ္တိဘုံက ကူးရသည်။
သောတာပတ္တိဘုံသို့ အတ္တဒိဋ္ဌိကင်းမှ ရောက်နိုင်သည်။
အတ္တဒိဋ္ဌိ ကင်းခြင်း၏ အကျိုးကိုပြသည် ပြီး၏။
၂၆-အတ္တဒိဋ္ဌိ ဖျက်ဆီးရန် ဉာဏ်အစဉ်ကိုပြခြင်း
အတ္တဒိဋ္ဌိ ဖျက်ဆီးရန် ဉာဏ်အစဉ်ကို ပြဦးအံ့။
အတ္တဒိဋ္ဌိသည် အပေါ်ယံ ပညတ်အမြှေးကို အစွဲပြု၍ ဖြစ်၏။ ပညတ်အမြှေးကို ခွာလှန်နိုင်မှ အတ္တဒိဋ္ဌိ ကင်းသည်။ ခွာလှန်ဆိုသည်မှာလည်း အသိဉာဏ်ဖြင့် ခွာလှန်ရသည်။
ယင်းအသိဉာဏ်ကိုးပါး ဆိုသည်မှာ -
၁။ နာမရူပပရိစ္ဆေဒဉာဏ်၊
၂။ ပစ္စယပရိဂ္ဂဟဉာဏ်၊
၃။ အနိစ္စဉာဏ်၊
၄။ ဒုက္ခဉာဏ်၊
၅။ အနတ္တဉာဏ်၊
၆။ နိဗ္ဗိန္ဒဉာဏ် ဟူ၍ လောကီဘက်က ခြောက်ပါး၊
၁။ မဂ်ဉာဏ်၊
၂။ ဖိုလ်ဉာဏ်၊
၃။ ပစ္စဝေက္ခဏာဉာဏ် ဟူ၍ လောကုတ္တရာဘက်က သုံးပါး၊
ပေါင်း ဤကိုးပါးကို ဆိုသည်။
နာမရူပပရိစ္ဆေဒဉာဏ် ဆိုသည်မှာ နာမ်တွေ၊ ရုပ်တွေ အသွယ်အသွယ် အမျှင်အမျှင် အသီးအသီး တခြားစီနေအောင် ထင်နိုင်မြင်နိုင် ပိုင်းခြားနိုင်သော ဉာဏ်ကိုဆိုသည်။
ပစ္စယပရိဂ္ဂဟဉာဏ် ဆိုသည်မှာ ဘယ်ဟာကြောင့် နာမ်၊ ရုပ်ဖြစ်သည်ဟု နာမ်၊ ရုပ်၏အကြောင်းကို အမှန်ကျ သိနိုင်၊ မြင်နိုင် သိမ်းဆည်း နိုင်သော ဉာဏ်ကို ဆိုသည်။
အနိစ္စဉာဏ် ဆိုသည်မှာ ယင်းနာမ်၊ ရုပ်တို့၏ အပြတ်၊ အပြတ်၊ အတစ်၊ အတစ်၊ အသစ်၊ အသစ်၊ ရေပွက်လျှပ်စစ်ကဲ့သို့ ဖြစ်-ပျက်မစဲ အမြဲမတည်သည်ကို သိနိုင်မြင်နိုင်သော ဉာဏ်ကိုဆိုသည်။
ဒုက္ခဉာဏ် ဆိုသည်မှာ ဖြစ်၍ ဖြစ်၍ ပျက်ကြသော နာမ်၊ ရုပ်တွေကို ထိတ်ဖွယ် လန့်ဖွယ် ကြောက်ဖွယ်ကြီး ဒုက္ခတွေဟု သိနိုင် မြင်နိုင်သော ဉာဏ်ကိုဆိုသည်။
အနတ္တဉာဏ် ဆိုသည်မှာ ဖြစ်ပျက်မစဲ ကြောက်ဖွယ် . ထိတ်ဖွယ်၊ လန့်ဖွယ် နာမ်၊ ရုပ်တွေ၏ အကောင်မဟုတ် အရှင်မဟုတ် ပိုင်သူမရှိ နိုင်သူမရှိ အစိုးရသူ မရှိ။ သူဖြစ်ချင်သလိုဖြစ်၊ သူပျက်ချင်သလိုပျက်၊ ရေပွက် လျှပ်စစ်ကဲ့သို့ အယူ မခံ အကိုင်မခံ ယူစရာ ရစရာ အနှစ်အသား မရှိသည်အဖြစ်ကို သိနိုင်မြင်နိုင်သော ဉာဏ်ကို ဆိုသည်။
ဆိုအပ်ပြီး ယင်းဉာဏ်ငါးပါးတို့တွင် နာမရူပ ပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးဖြင့် သမူဟဃန ပညတ်ကို ခွာလှန်ရသည်။
အနိစ္စဉာဏ်ဖြင့် သန္တတိဃနပညတ်ကို ခွာလှန်ရသည်။
ဒုက္ခဉာဏ်ဖြင့် သုဘပညတ်ကို ခွာလှန်ရသည်။
အနတ္တဉာဏ်ဖြင့် ဇီဝပညတ်ကို ခွာလှန်ရသည်။
ခွာလှန်ဆို သော်လည်း အထူး ခွာလှန်ရတော့သည် မဟုတ်၊ အဟုတ်ရှိ အမှန်ရှိ၊ အဟုတ် သဘော အမှန်သဘောကို အဟုတ်သိ၊ တကယ်သိ-သိက ပညတ်အလိုလို ကွာ ကင်းတော့သည်သာ။
နာမရူပပရိစ္ဆေဒသဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, အနိစ္စဉာဏ်, ဒုက္ခဉာဏ်, အနတ္တဉာဏ်, ယင်းဉာဏ်ငါးပါးကို အဟုတ်ရှိသော နာမ်နှင့်ရုပ်၊ အဟုတ်သဘော ဖြစ်သော လက္ခဏာသုံးပါးကို ဟုတ်တိုင်း မှန်တိုင်း၊ သိနိုင်လေသောကြောင့် ယထာဘူတဉာဏ် ဟူ၍ ဆိုရသည်။
ယထာဘူတံ ဇာနာတီတိ ယထာဘူတဉာဏံ။ ။ (ဝိဂြိုဟ်)။
ယထာဘူတံ၊ ဟုတ်တိုင်းမှန်တိုင်း။
ဇာနာတိ၊ သိတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ယထာဘူတဉာဏံ၊ ယထာဘူတဉာဏ်မည်၏။ ။ အနက်။
နှာ၊ ပစ်၊ နိစ်၊ ဒုက်၊ နတ်၊ ငါး။ မှတ်သား ယထာဘူ။
နိဗ္ဗိန္ဒဉာဏ်ဆိုသည်မှာ ငြီးငွေ့သော ဉာဏ်ကိုဆိုသည်။ ထင်ရှားအောင် ပြဦးအံ့။
ယထာဘူတဉာဏ် ငါးပါးဖြင့် ပညတ်ကိုခွာလှန်၍ အဟုတ်အမှန်ကို တကယ်သိ သိက၊ တစ်လောကီလုံးမှာ ကောင်းကွက်ကိုမမြင်၊ ဘယ်ဘုံ ဘယ် ဘဝမှာမှ မဖြစ်ချင် ကြောက်ဖွယ်ကြီးဘေး အပြစ်ကိုသာမြင်၍ ဘဝသံသရာ ခန္ဓာအစဉ်၌ ကြောက်ရွံ့ ငြီးငွေ့တော့သည်သာ အမှန်၊ ယင်းသို့ ကြောက်ရွံ့ငြီးငွေ့ သည်ကိုပင် နိဗ္ဗိန္ဒဉာဏ် ဆိုသည်။
ကြောက်ရွံ့ငြီးငွေ့ဆို သော်လည်း ဒေါမနဿ အစွမ်းဖြင့် ဆင်းရဲ ပင်ပန်း ရလောက်အောင် ကြောက်ရွံ့ငြီးငွေ့မျိုးမဟုတ်၊ စင်စစ်မှာ ယထာဘူတဉာဏ်ဖြင့် အမှန်ကို မသိကြ၍သာ လူလောက၊ နတ်လောက၊ လူစည်းစိမ်၊ နတ်စည်းစိမ်၊ လူကောင်၊ နတ်ကောင်၊ အထီး၊ အမစသည်ဖြင့် အတောင့်, အတုံး၊ အလုံး, အခဲ၊ တရှိထဲ ခင်ဖွယ်, မင်ဖွယ် နှစ်သက်ဖွယ်တွေ ထင်ကြရ မြင်ကြရ လေကုန်သည်။
ယထာဘူတဉာဏ်ဖြင့် အမှန်ကို သိလိုက်သော် လောကီဘက်တွင် ကောင်းကွက်ကို မမြင် ပြုပြင်မစဲ အမြဲဖြစ် ပျက်ကြသော နာမ်၊ ရုပ်တို့၏ အလုံးအထွေး အစုအခဲ၊ သူတို့ကို ပိုင်သူမရှိ၊ နိုင်သူမရှိ၊ အစိုးရသူမရှိ၊ ဖြစ်ချင်သလိုဖြစ် ပျက်ချင်သလိုပျက်၊ အပျက်သေးပျက်၊ အပျက် ကြီးပျက်၊ တပျက်တည်းပျက်သည်ကိုသာ မြင်သော ကြောင့် လူလောက နတ်လောကသဏ္ဌာန် နာမ်ရုပ်အလုံးအထွေးတွေကို ဘေးတွေ ရန်တွေကဲ့သို့ ကြောက်ရွံ့လန့်ဖွယ် မတွယ် မနှစ်သက် လွတ်ထွက် ကင်းရှင်းချင် မရွှင်ငြီးငွေ့ မပျော်မွေ့သော အခြင်းအရာဖြင့် အသိဉာဏ် ညက်ညောသိမ်မွေ့စွာ ဖြစ်သည် ကိုပင် ကြောက်ရွံ့ ငြီးငွေ့သည် ဟူ၍ဆိုရသည်။
ယထာဘူတဉာဏ်ကို “တရုဏဝိပဿနာ”
နိဗ္ဗိန္ဒဉာဏ်ကို “ဗလဝိပဿနာ”
ဟူ၍ နိဒါနသံယုတ် အစရှိသော အဋ္ဌကထာတို့၌ဆို၏
(သံ၊ဋ္ဌ၊၂၊၅၀။) (ဝိ၊ဋ္ဌ၊၄၊၂၀၈။)
ဤ အလိုတော် ဝိပဿနာ ဉာဏ်သည်-
၁-ယထာဘူတဉာဏ်,
၂-နိဗ္ဗိန္ဒဉာဏ်
ဟူ၍ အကျဉ်းနှစ်ပါး။
တစ်နည်း။
၁။ နာမရူပပရိစ္ဆေဒဉာဏ်,
၂။ ပစ္စယပရိဂ္ဂဟဉာဏ်,
၃။ အနိစ္စဉာဏ်,
၄။ ဒုက္ခဉာဏ်,
၅။ အနတ္တဉာဏ်,
၆။ နိဗ္ဗိန္ဒဉာဏ်,
ဟူ၍ အလတ်ခြောက်ပါး။
၂၇ - မဂ်ဉာဏ်ကို ပြခြင်း
မဂ်ဉာဏ်ကို ပြဦးအံ့။
မဂ်ဉာဏ်ဆိုသည်မှာ လောကီဘက်၌ သိစရာ ကုန်၍ အသိကိစ္စ အပြီးသတ် လောကီကို စွန့်လွှတ်ကျော်ဖောက် နိဗ္ဗာန်သို့ဆိုက် ရောက်သော အသိဉာဏ်ကို ဆိုသည်။
နိဗ္ဗာန်သို့ဆိုက်ရောက်ဆိုသည်မှာလည်း မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်သိ နိဗ္ဗာန်နှင့် တွေ့ထိသည်ကိုဆိုသည်။ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်သိ နိဗ္ဗာန်နှင့် တွေ့ထိသည်နှင့် တစ်ပြိုင်နက် ထိုပုဂ္ဂိုလ်သန္တာန် မှာ အမိုက်၊ အရှုပ်၊ အညစ်၊ အနောက်၊ အပူ ကိလေသာဟူသမျှ အကုသိုလ် ကံ ဟူသမျှ အဝိဇ္ဇာ တဏှာအမြစ်နှင့်တကွ အစပြတ် ကုန်ငြိမ်း ခန်းခြောက် လေ၏။
ယင်းပုဂ္ဂိုလ်သန္တာန်မှာ အဝိဇ္ဇာအမြှေး တဏှာအစေး ခန်းခြောက်သည်ရှိသော် ကုသိုလ်ကံ ဟူသမျှတို့လည်း ဖုတ်ပြီး ပြုတ်ပြီး မျိုးစေ့တို့ကဲ့သို့ မအောင်၊ မျိုး မရောက်သော လေသီးတို့ကဲ့သို့ ဖြစ်လေကုန်၏။
ကုသိုလ်၊ အကုသိုလ်အကြောင်း သမုဒယကုန်ငြိမ်း ခန်းခြောက်က ဇာတိ-စသော အဆက် ဆက်ဖြစ်လတ္တံ့ အကျိုး ခန္ဓာတို့လည်း ခန်းခြောက် ကုန်ငြိမ်းကုန်၏။ အကြောင်း၏ ကုန်ငြိမ်းခြင်း၊ အကျိုးခန္ဓာတို့၏ ကုန်ငြိမ်းခြင်း နှစ်ပါးအပေါင်းသည် မဂ်ခဏ၌ တစ်ပြိုင်တည်းဖြစ်၏။
နိဗ္ဗာန်သို့ရောက်သည် နိဗ္ဗာကိုရသည် ဆိုရာမှာလည်း မဂ်ခဏ၌ရသည်၊ ရောက်သည် မှတ်လေ။ စုတိကမ္မဇရုပ် ချုပ်ပြီးမှ ရစရာ၊ ရောက်စရာ နိဗ္ဗာန်တခြားမရှိ၊ နိဗ္ဗာန်ဟူသည် တစ်ပါးသာရှိသည်၊
ယင်းတစ်ခုသော နိဗ္ဗာန်ကိုပင် မဂ်ပြီးနောက် စုတိမဖြစ်မီ ရောက်သောသူမှာ ခန္ဓာကြွင်းရှိသေးသော ကြောင့် သဥပါဒိသေသနိဗ္ဗာန်ဟူ၍၊ စုတိဖြစ်ပြီးနောက် ခန္ဓာကြွင်းမရှိသောကြောင့် အနုပါဒိသေသ နိဗ္ဗာန်ဟူ၍ ရောက်သူ၏ ခန္ဓာကို အစွဲပြု၍ အမည်နှစ် ပါးဖြင့် ခေါ်ဝေါ်ရသည်။
နိဗ္ဗာန်နှစ်ပါးရှိ၍ ခေါ်သည်မဟုတ်။ ထို့ကြောင့် နိဗ္ဗာန်၌ကား အကွဲ အပြားမရှိ။ အမည်သာ ကွဲပြားသည်မှတ်လေ။
ဖိုလ်ဉာဏ်ဆိုသည်မှာ မဂ်၏အကျိုး, မဂ်၏နောက်ထပ် မဂ်၏ကိစ္စကို အပြီး သတ်စေသော ဉာဏ်ရပြီးသောနိဗ္ဗာန်၏ အရသာကို ခံစားတတ်သော ဉာဏ်ကိုဆို သည်။
ပစ္စဝေက္ခဏာဉာဏ်ဆိုသည်မှာ သိမြင်ဖွယ်၊ ပယ်ရှင်းဖွယ်၊ ကျင့်ကြံ အားထုတ်ဖွယ် ကိစ္စဟူသမျှ ပြီးဆုံး ကျွတ်လွတ်ပေပြီဟု ဆင်ခြင်စိတ်ချ ဗျာပါရ မရှိ ကြောင့်ကြမဲ့ ကိစ္စပြီး အေးကြီးအေးရသော ဉာဏ်ကိုဆိုသည်။
သမ္မာပဿံ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္နံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမှီတိ ဉာဏံ ဟောတိ။
ခန္ဓသံယုတ် (၄၁-၄၂) စသော ထိုထိုပါဠိတော်။
သမ္မာပဿံ၊ ယထာဘူတဉာဏ်ဖြင့် အဟုတ်အမှန်ကို အဟုတ်သိ၊ တကယ်သိ သိမြင်သော ပုဂ္ဂိုလ်သည်။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
နိဗ္ဗိန္ဒံ၊ ငြီးငွေ့သော သူသည်။
ဝိရဇ္ဇတိ၊ တပ်ခြင်းကင်း၏
ဝိရာဂါ၊ တပ်ခြင်းကင်းခြင်းကြောင့်။
ဝိမုစ္စတိ၊ ကျွတ်လေလွတ်လေ၏။
ဝိမုတ္တသ္မိံ၊ ကျွတ်ပြီးလွတ်ပြီးသည်၌။
အဟံ၊ ငါသည်။
ဝိမုတ္တံ၊ ကျွတ်လွတ်ရသည်။
အမှိ၊ ဖြစ်ပေပြီ။
ဣတိ၊ ဤသို့။
ဉာဏံ၊ ဆင်ခြင်စိတ်ချ အအေးကြီးအေးရသော ပစ္စဝေက္ခဏာဉာဏ်သည်။
ဟောတိ ဖြစ်၏။ ။ အနက်။
သမ္မာပဿံ-ကား ယထာဘူတဉာဏ်။
နိဗ္ဗိန္ဒတိ-ကား နိဗ္ဗိန္ဒဉာဏ်။
ဝိရဇ္ဇတိ-ကား မဂ်ဉာဏ်။
ဝိမုစ္စတိ-ကား ဖိုလ်ဉာဏ်။
ဉာဏံ ဟောတိ-ကား ပစ္စဝေက္ခဏာဉာဏ်။
ဉာဏ်ငါးပါးမှတ်။
ဘီလူးတို့ ဖန်ဆင်းပြုလုပ် ထားသော ရွာတွင်၊ ခင်တွယ်ပျော်ပိုက်၍နေသော သူသည် ဝိဇ္ဇာဓိုရ်လုလင် ပြော၍ အမှန်ကိုသိသည်နှင့် တစ်ပြိုင်နက် ကြောက်လန့်ပြေးထွက် ဘီလူးတို့ပိုင် နက်မှ လွတ်သောအခါ ရပ်နား၍ လွတ်ပေပြီဟု ပြန်ကြည့်သကဲ့သို့ ဉာဏ်အစဉ် ဖြစ်ပုံကိုသိလေ။
ဘီလူးတို့ရွာမှန်း သိသည်နှင့်’ယထာဘူတ။
ကြောက်လန့်သည်နှင့် နိဗ္ဗိန္ဒ။
ထွက်ပြေးသည်နှင့် မဂ်။
ဘီလူးတို့ ပိုင်နက်က လွတ်ထွက်သည်နှင့် ဖိုလ်။
ရပ်နား၍ ပြန်ကြည့်သည်နှင့် ပစ္စဝေက္ခဏာဉာဏ်တူသည်။ သိလေ။
ယထာဘူတဉာဏ်က ငါးပါး၊
နိဗ္ဗိန္ဒဉာဏ်ပါ ဝိပဿနာဉာဏ်ခြောက်ပါး။
လောကုတ္တရာဘက်က ဉာဏ်သုံးပါး၊
ပေါင်းကိုးပါးဖြစ်၏။
တစ်နည်းလည်း ဝိပဿနာဉာဏ် အကျယ်ဆယ်ပါးမှတ်။
ဆယ်ပါးဆိုသည်ကား...
၁။ သမ္မသနဉာဏ်
၂။ ဥဒယဗ္ဗယဉာဏ်
၃။ ဘင်္ဂဉာဏ်
၄။ ဘယဉာဏ်
၅။ အာဒီနဝဉာဏ်
၆။ နိဗ္ဗိန္ဒဉာဏ်
ရ။ မုစ္စိတုကမျတာဉာဏ်
၈။ ပဋိသင်္ခါဉာဏ်
၉။ သင်္ခါရုပေက္ခာဉာဏ်
၁၀။ အနုလောမဉာဏ်
ဤ ဆယ်ပါးတည်း။
၁။ သမ္မသနဉာဏ် ဆိုသည်မှာ လက္ခဏာရေးသုံးပါး မထင် ထင်အောင် သုံးသပ် ဆင်ခြင်သောဉာဏ်ကို ဆိုသည်။
၂။ ဥဒယဗ္ဗယဉာဏ် ဆိုသည်မှာ လက္ခဏာရေးထင်၍ အဖြစ်အပျက် တွေကို မြင်သောဉာဏ်ကို ဆိုသည်။
၃။ ဘင်္ဂဉာဏ် ဆိုသည်မှာ လက္ခဏာရေး အလွန်ထင်မြင်၍ အပျက်ကိုသာ မြင်သော ဉာဏ်ကို ဆိုသည်။
၄။ ဘယဉာဏ် ဆိုသည်မှာ .အပျက်တွေကိုသာ မြင်သောကြောင့် ကြောက်သော အခြင်းအရာအားဖြင့် ဖြစ်သော ဉာဏ်ကိုဆိုသည်။
၅။ အာဒီနဝဉာဏ် ဆိုသည်မှာ အကောင်းကိုမမြင်၊ ဘေးတွေရန်တွေ ဟု အပြစ် ကိုသာ မြင်သောဉာဏ်ကို ဆိုသည်။
၆။ နိဗ္ဗိန္ဒဉာဏ် ဆိုသည်မှာ ငြီးငွေ့သော ဉာဏ်ကို ဆိုသည်။
ရ။ မုစ္စိတုကမျတာဉာဏ် ဆိုသည်မှာ ကျွတ်လို၊ လွတ်လိုသောဉာဏ်ကို ဆိုသည်။
၈။ ပဋိသင်္ခါဉာဏ် ဆိုသည်မှာ ကျွတ်လွတ်ရန် လက္ခဏာရေးသုံး တန်ကို တစ်ဖန် ထပ်မံ၍ ဆင်ခြင်ပြန်သော ဉာဏ်ကို ဆိုသည်။
၉။ သင်္ခါရုပေက္ခာဉာဏ် ဆိုသည်မှာ လက္ခဏာရေး အစွမ်းကုန်ထင် မြင်သည့် အတွက် ရှုဆင်ခြင်ခြင်း၌ ဗျာပါရမစွက် သင်္ခါရတို့၌ ကြောက်ခြင်း၊ နှစ်သက်ခြင်းကို စွန့်လွှတ်၍ လျစ်လျူသာ ဖြစ်သောဉာဏ်ကို ဆိုသည်။
၁၀။ အနုလောမဉာဏ် ဆိုသည်မှာ လောကုတ္တရာဘက်သို့ ရောက်ခါနီး မဂ်နှင့် လျော်ကန် နှစ်တန် သုံးတန်သော ဉာဏ်ကိုဆိုသည်။
ထို့နောက် ဂေါတြဘူဉာဏ်ဖြင့် နိဗ္ဗာန်သို့ချဉ်းလောကီကို ထွင်းဖောက် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်တို့ဖြင့် လောကုတ္တရာဘက်သို့ ရောက်လေ၏။
ဝိပဿနာဉာဏ်ကား လက္ခဏာရေးသုံးပါးကို အာရုံပြုသည်။ ဂေါတြဘူကား လောကီဖြစ်လျက် နိဗ္ဗာန်ကို အာရုံပြုသည့်အတွက် ဝိပဿနာတွင်းသို့ မသွင်းရ။ မဂ်၏ အာဝဇ္ဇန်းအရာ၌ တည်၏။
ဤဝိပဿနာဉာဏ်ဆယ်ပါး လာသောနည်းကား ကျွတ်ထိုက်သော ပါရမီအခံရှိ သော်လည်း ဉာဏ်အမြင် မထက်သန်သည့်အတွက် တစ်လ၊ တစ်နှစ်၊ ဆယ်နှစ် အနှစ်-နှစ်ဆယ် စသည် အပြင်းအပြ အားထုတ်နိုင်မှ ရလတ္တံ့ပုဂ္ဂိုလ်တို့ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ-တို့ဖြစ်ပြီးမှ အားထုတ်အပ်သော နည်းတည်း။
၂၈-ဝိပဿနာဉာဏ် နှစ်ပါးဖြင့် အတ္တဒိဋ္ဌိကို ဖျက်ဆီးနိုင်သော ဝတ္ထုကိုပြခြင်း
သာဝတ္ထိပြည်တွင် ဥစ္စာပေါများ ပုဏ္ဏားသူကြွယ် လင်မယား ထမင်းစား ၍နေရာ ဘုရားမြတ်စွာ ဆွမ်းရပ်လာသည်ကို မယားကသိ၍ လင်မသိလေအောင် မျက်စောင်းကိုညိတ် မျက်ရိပ်ပြ၍ ကန်တော့လေသော် ဆွမ်းမရလျှင် ငါမသွားဟု ဘုရားက ခေါင်းခါသည်ကို ရယ်မိ၍ လင်သိလေလျှင် စားဆဲ ထမင်းပွဲကိုချီ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား စား၍ ထက်ဝက်ကျ ချေပြီ၊ အလှူခံကောင်းလျှင် အလှူခံတော်မူပါဘုရားဟု လျှောက်ထားသောအခါ -
ဒကာပုဏ္ဏား ငါတို့ဘုရား မည်သည်မှာ သူတောင်းစားနှင့် အလားတူသည်။ အဦးကိုလှူလျှင်လည်း အလှူခံ ကောင်း၏။ စား၍ထက်ဝက်ကို လှူလျှင်လည်း အလှူခံကောင်း၏၊ စား၍ အကြွင်းအကျန်ကို လှူလျှင်လည်း အလှူခံကောင်း၏ဟု မိန့်တော်မူလျှင် ဝမ်းမြောက်ဝမ်းသာ လှူပြီးမှ အရှင်ဘုရား အရှင်ဘုရား၏ တပည့်သား ရဟန်းတော်တို့ကို အဘယ်ကြောင့် ဘိက္ခုခေါ်ပါသလဲဘုရား ဟု လျှောက်ထားလေ၏။ ထိုအခါ ...
သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္တိ မမာယိတံ၊ အသတာစ န သောစတိ၊ သဝေ ဘိက္ခူတိ ဝုစ္စတိ။
ဗြာဟ္မဏ၊ သူကြွယ်ပုဏ္ဏား။
ယဿ၊ အကြင်မိန်းမ၊ အကြင်ယောက်ျားအား။
သဗ္ဗသော၊ အလုံးစုံအားဖြင့်။
နာမရူပသ္မိံ၊ နာမ်၊ ရုပ်၌။
မမာသိတံ၊ ငါ, ငါ့ဟာဟူ၍ တွယ်တာ မြတ်နိုးခြင်းသည်။
နတ္ထိ၊ အခါခပ်သိမ်းမရှိ။
အသတာ စ၊ ပျောက်ခဲ့, ပျက်ခဲ့သော်လည်း။
နသောစတိ၊ မပင်မပန်း မစိုးရိမ်။
သ-သော၊ ထိုကဲ့သို့သော မိန်းမ, ယောက်ျားကို။
တေန၊ ထိုအတွယ်အတာ အစိုးအရိမ် မရှိခြင်းကြောင့်။
ဝေ၊ စင်စစ်။
ဘိက္ခူတိ၊ ဘိက္ခုဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဤလို ဤဂါထာကို ဘုရားဟောလိုက်လျှင် လင်မယားနှစ်ယောက်လုံး ဂါထာအဆုံး၌ သောတာပန်၊ သကဒါဂါမ် အစဉ်အလျောက် အနာဂါမိဘုံသို့ ဆိုက်ရောက်ကြ ကြောင်းကို ဓမ္မပဒအဋ္ဌကထာ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၉။) ၌ ဆိုသည်။
ဤဝတ္ထု၌ လင်မယားနှစ်ယောက်တို့ ဉာဏ်အမြင် ထက်သန်သည့်အတွက် ရုပ် ဟူသောအသံ၊ နာမ်-ဟူသောအသံကို ကြား၍ စဉ်းစားဆင်ခြင်သော် အကြောင်း၊ အကျိုးဖြစ်သော နာမ်၊ရုပ်အစစ်ကို အမှန်ကျ တစ်ရှိန်တည်း သိနိုင်သော ယထာဘူတဉာဏ်၊ ငြီးငွေ့ခြင်း နိဗ္ဗိန္ဒဉာဏ် ဤနှစ်တန်သော ဝိပဿနာဖြင့် လောကီကို ကျော်ဖောက်၍ လောကုတ္တရာဘက်သို့ ရောက်နိုင်ကြသည်ဟူ၍ မှတ်ရမည်။
ဘိန္ဒတီတိ ဘိက္ခု။ ။ (ဝိဂြိုဟ်)။
ဘိန္ဒတိ၊ ငါ, ငါ့ဟာဟူ၍ ထင်မှတ်စွဲလမ်းတတ်သော တဏှာ၊ မာန၊ ဒိဋ္ဌိကို ဖျက်ဆီးတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဘိက္ခု၊ ဘိက္ခုမည်၏။ ။ အနက်။
နာမ်,ရုပ်အစစ် ဆိုသောစကား၌ နာမ်, ရုပ်အစစ်ဆိုသည်မှာ ဝိသေသ လက္ခဏာ၊ သာမည လက္ခဏာနှစ်ပါးကိုပင် ဆိုသည်မှတ်။
ဝိသေသလက္ခဏာ ဆိုသည်မှာ တွေ့အပ်၊ ထိအပ်၊ အမာ၊ အဖတ်၊ ပထဝီအထည် ကိုယ်ကို ဆိုသည်။
အဖတ်ဆိုသော်လည်း မြင်အပ်သော အဖတ်မျိုးမဟုတ်၊ ဌီခဏ၌ ထင်ရှားရှိ၍ တွေ့ထိအပ်သော အကြမ်းအနု အခုအခံ သဘောကို အဖတ်ဆိုသည်။
သာမညလက္ခဏာ ဆိုသည်မှာ ယင်းပထဝီအထည်ကိုယ်၏ အတည် မမြဲဖြစ်၍၊ ဖြစ်၍ပျက်သောအနိစ္စသဘော၊ ကြောက်ဖွယ်-ဒုက္ခသဘော၊ ခိုင်မြဲသော အနှစ်အခဲ မဟုတ် အကောင်မဟုတ်သော-အနတ္တသဘော၊ ဤသဘော သုံးခုကိုဆိုသည်။
သဘောဆိုသည်နှင့် လက္ခဏာဆိုသည် အတူတူမှတ်။
ကြွင်း နာမ်, ရုပ်တို့ကိုလည်း နည်းတူသိလေ။
လက္ခဏာနှစ်ပါးကိုလွတ်၍ နာမ်,ရုပ်ဟူ၍ ခေါ်ဆိုစရာမရှိ။ ထို့ကြောင့် လက္ခဏာနှစ်ပါးကို နာမ်၊ ရုပ်အစစ်ဆိုရသည်။
သမာပတ္တိယာတိ သမာပဇ္ဇနာယ သဘာဝပဋိလာဘာယ ဥပ္ပတ္တိယာတိ အတ္ထော။
မဟာဝဂ္ဂသံယုတ် အဋ္ဌကထာ (သံ၊ဋ္ဌ၊၃၊၁၅၃)။
သမာပတ္တိယာတိ၊ ဟူသည်ကား။
သမာပဇ္ဇနာယ၊ အကုသိုလ်တရားတို့ ခဏတ္တယသို့ ရောက်ခြင်းငှာ။
သဘာဝပဋိလာဘာယ၊ ဝိသေသ သာမည သဘောကို ရခြင်းငှာ။
ဥပ္ပတ္တိယာ၊ ဖြစ်ခြင်းငှာ။
ဣတိ၊ ဤကား။
အတ္ထော၊ အနက်။
ဤသို့စသည် လာသော အဋ္ဌကထာကိုထောက်။
ဤပုဏ္ဏား လင်မယားတို့ကဲ့သို့ ဉာဏ်အမြင် သန်သောသူတို့မှာ ဝိပဿနာဉာဏ် နှစ်ပါးနှင့် လောကုတ္တရာဘုံသို့ တက်နိုင်ကြသည်။
ဉာဏ်အလယ်၊ အလတ်ရှိသော သူတို့မှာ ငါးကြိမ်၊ ငါးခါ ပယောဂစိုက်မှ နာမ်၊ ရုပ်အစစ်ကို သိနိုင်သည်။ ထို့ကြောင့် ဝိပဿနာဉာဏ်ခြောက်ပါးဖြစ်သည်။
ဉာဏ်တုံးသော သူတို့မှာ ဆယ်ပါး။
ဤပုဂ္ဂိုလ် သုံးမျိုးသို့လိုက်၍ ဝိပဿနာ သုံးမျိုးပြားသည်ကို သိလေ။
ပုဏ္ဏားလင်မယား နှစ်ယောက်တို့မှာ ကဿပဘုရား သာသနာတော်၌ လူဖြစ်ကြ၍ နာမ်တရား၊ ရုပ်တရား နှစ်ပါးတို့ကို မှတ်သား လေ့လာဖူးကြသည့်အတွက် ဉာဏ်အမြင် ထက်သန်ကြလေသည်။
(ဓမ္မ၊ဋ္ဌ၊၂၊၃၆၉။)၌ကား...
ဣမေ ဒွေပိ ဇနာ ကဿပဗုဒ္ဓကာလေ နာမရူပန္တိ ဝဒန္တာနံ ကထံ သုဏိံသု။
ဣမေ ဒွေပိ ဇနာ၊ ဤလင်မယား နှစ်ယောက်တို့သည်။
ကဿပဗုဒ္ဓကာလေ၊ ကဿပဘုရား လက်ထက်တော်၌။
နာမရူပန္တိ၊ နာမ်-ဟူ၍ ရုပ်- ဟူ၍။
ဝဒန္တာနံ၊ ဆိုကြကုန်သော သူတို့၏။
ကထံ၊ စကားကို။
သုဏိံသု၊ ကြားနာဖူးကြကုန်၏။ ။ အနက်။
ဤဆိုအပ်ပြီးသော ဝိပဿနာဉာဏ်နှစ်ပါး၊ တစ်နည်း - ဝိပဿနာဉာဏ် ခြောက်ပါး၊ တစ်နည်း - ဝိပဿနာဉာဏ်ဆယ်ပါး၊ လောကုတ္တရာဘက်၌ ဉာဏ်သုံးပါး၊ ဤအသိဉာဏ်တို့ဖြင့် ပညတ်ကို ခွာလှန်ရသည်။
ပညတ်ကွာရှင်း မှ အတ္တဒိဋ္ဌိကင်းသည်။ အတ္တဒိဋ္ဌိကင်းမှ လောကီကိုကျော်နင်း၍ လောကုတ္တရာ သို့ ချဉ်းနိုင်ကြမည်။
သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဤဉာဏ်သုံးပါးကို ယထာဘူတဉာဏ် သို့သွင်း။
အထက်ဉာဏ်ခြောက်ပါးကို နိဗ္ဗိန္ဒဉာဏ်သို့သွင်း။
အကျဉ်းဝိပဿနာ ဉာဏ်နှစ်ပါးဖြစ်၏။
အတ္တဒိဋ္ဌိကိုဖျက်ရန် ဉာဏ်အစဉ်ကိုပြသည် ပြီး၏။
၂၉ - ဝိပဿနာစီးဖြန်းရန် အကျဉ်းပြခြင်း
အခွင့်ကောင်း၊ အခါကောင်း၌ လူ၏အဖြစ်ကို ရခိုက် မဂ်ပေါက်ရန် လည်းကောင်း၊ ပုဏ္ဏားလင်မယားတို့ကဲ့သို့ ပါရမီအထုံဖြစ်၍ နောင်လွယ်စေရန် လည်းကောင်း၊ ဝိပဿနာစီးဖြန်းလိုကြသော အမျိုးသား အမျိုးသမီးတို့ စီးဖြန်းရန် အကျဉ်းမျှပြဦးအံ့။
ဣဒံ ရူပံ, ဣဒံ နာမံ၊ ရူပနာမံ အသံမိဿံ၊ ရူပံ အညံ, နာမံ အညံ။
(ဝိသုဒ္ဓိ၊၂၊၂၃၀။)
ဣဒံ၊ ဤငါးပြည်ခန့်၊ လူခြောက်မှုန့်တွေကို တစ်မြူခန့်သွေးတို့ဖြင့် သမအောင်နယ်၍ ပြုလုပ်အပ်သော လူမှုန့်ရုပ်ကြီး၌ လူမှုန့်တွေနှင့်တူသော ဤငါကိုယ်၌ တွေ့အပ်၊ ထိအပ်၊ အမှုန့်အဖတ်အမာခံ ဓာတ်သဘောတွေကား ပထဝီဓာတ်။
သွေးနှင့်တူသော အစိုအစွတ် အဖွဲ့အစည်း အရည် အပျော်တွေ ကား အာပေါဓာတ်။
လတ်ဆတ်နုဖတ်ပျောင်းပျော့အောင် ပူနွေးရင့်ကျက် စေတတ်သော အပူ၊ အအေး၊ အနွေး၊ အငွေ့တွေကား တေဇောဓာတ်။
ဖောင်းပွ တိုးဝှေ့ တွန်းကန် တောင့်ခိုင် လှုပ်ရှားစေတတ်သော လေတွေကား ဝါယောဓာတ်။
ဤဓာတ်လေးပါးတို့ကား အမာခံအထည်ခံမဟာဘုတ်။
ယင်းမဟာဘုတ် လေးပါး တို့ကို မှီဘွယ်စွဲကပ်၍ တစ်ကိုယ်လုံး၌ တည်ရှိကြသော -
၁။ ဝဏ္ဏ အဆင်းရုပ်၊
၂။ ဂန္ဓ-အနံ့ရုပ်၊
၃။ ရသ-အရသာရုပ်၊
၄။ ဩဇာ-အဆီအစေး ဩဇာ အာဟာရရုပ်၊
၅။ ဇီဝိတ-ကိုယ်စောင့်ရုပ်၊
၆။ ဣတ္ထိဘာဝ-မိန်းမရုပ်၊
၇။ ပုမ္ဘာဝယောက်ျား ရုပ်၊
၈။ ကာယပသာဒ-ကိုယ်အလုံး၌ အကြည်ရုပ်၊
ပေါင်းတစ်ကိုယ်လုံးရ အထည်ကိုယ်ရုပ် - တစ်ဆယ့်နှစ်ပါး။
၁။ စက္ခု-မျက်စိ၌အကြည်ရုပ်။
၂။ သောတ-နား၌ အကြည်ရုပ်။
၃။ ဃာန-နှာခေါင်း၌ အကြည်ရုပ်။
၄။ ဇိဝှာ-လျှာ၌အကြည်ရုပ်။
၅။ ဟဒယဝတ္ထု-ရင်လယ်၌ ဟဒယဝတ္ထုရုပ်။
၆။ သဒ္ဒ-ဝမ်း, လည်, အာ, လျှာ,နှုတ်ခမ်းစသော အရပ်တို့၌ ရံခါဖြစ်သော အသံရုပ်၊
ပေါင်းတစ်ဌာနရ အခြယ်ရုပ် ခြောက်ပါး။
အထည်ကိုယ်ရုပ်, အခြယ်ရုပ်ဟူသော ဤရုပ်စစ် တစ်ဆယ့်ရှစ်ခုတို့၏ ပေါင်းစု လုံးထွေး အစုအဝေးဖြစ်သော လူသေ ကောင်ကြီးနှင့်တူသော မျက်စိအိမ်၊ နားအိမ်၊ နှာခေါင်းအိမ်၊ လျှာအိမ်၊ ကိုယ်အိမ်၊ နှလုံးသားအိမ်ဟူသော အအိမ်ခြောက်ခု ရှိသော ဤကိုယ်အကောင်ကြီးသည်။
ရူပံ၊ မလှုပ်တတ် မလှက်တတ် တစ်စုံတစ်ရာ ဘယ်ဟာတစ်ခုကိုမှ မသိတတ် ဆန့်ကျင်ဘက်အကြောင်းနှင့် တွေ့ကြုံလျှင်ဖောက်ပြန်တတ်သော ရုပ်စု၊ ရုပ်စိုင်၊ ရုပ်ခဲ၊ ရုပ်တရားပင်တည်း။
ဣဒံ၊ ဤမျက်စိ-သိ၊ နား-သိ၊ နှာ-သိ၊ လျှာ-သိ၊ ကိုယ်--သိ၊ နှလုံး-သိ၊ ကောင်း--သိ၊ မကောင်းသိ၊ တောင်-သိ၊ မြောက်-သိ၊ အအိမ် ခြောက်ခုတို့မှဖြစ်သော အသိ အမျိုးမျိုးကား။
နာမံ၊ အာရုံသို့ညွတ်တတ်သော နာမ်တရားပင်တည်း။
ရူပ နာမံ၊ ရုပ်နှင့်နာမ်သည်။
အသံမိဿံ၊ မရောနှောကြ။
ရူပံ၊ ရုပ်တရားသည်။
အညံ၊ တစ်မျိုးတစ်ခြား။
နာမံ၊ နာမ် တရားသည်။
အညံ၊ တစ်မျိုးတစ်ခြား။
ဤလို ကြေကြေမွမွ ရအောင်ကျက်၍ အဖန်များစွာ ရွတ်အံ အဖန်များစွာ ရွတ်အံ သရဇ္ဈာယ်ရသည်။ သရဇ္ဈာယ်ပြီးလျှင် အိပ်ပျော်သောအခါ တောင်သိ၊ မြောက်သိ-မသိ၊ နိုးသောအခါ တောင်သိ, မြောက်သိ သိသည်။ ဤတောင်သိ, မြောက်သိ သိသော ငါ့အသိသည် ဘယ်လိုနေရာက ဘယ်လိုသိသည်။ ဘယ်လို နေသည်။ ဘယ်လိုဟာပါတကားဟု၊ အသိကို စဉ်းစားဆင်ခြင်၍ ဤအသိသည် နာမ်တရားပင်တည်းဟု မှတ်သားရသည်။
ကိုယ်သိ၍နေသောအသိကို သူတစ်ပါးကို မေးဖွယ်မရှိ။ အသိဝိညာဏ်၏ဖြစ်ရာ အအိမ်ခြောက်ခုရှိသော ကိုယ်ကောင် အစိုင်အခဲကြီးသည် ဘယ်လိုနေသည် ဘယ်လိုဟာကြီးပါတကားဟု စဉ်းစား ဆင်ခြင်၍ ရုပ်ကို မှတ်သားရသည်။
မှန်ထဲ၌ပေါ်သော မျက်နှာရိပ်သည် မှန်မဟုတ် မှန်မှအသီးအခြားဖြစ်သကဲ့သို့ အအိမ်ခြောက်ခု၌ပေါ်သော အသိနာမ်သည် အအိမ်မဟုတ်၊ အအိမ်မှ အသီး အခြားတည်းဟု စဉ်းစားဆင်ခြင်၍ နာမ်တခြား ရုပ်တခြားနေအောင် ဉာဏ်ဖြင့် ပိုင်းခြားရသည်။ ရုပ်တစ်မျိုးတခြား, နာမ်တစ်မျိုး တခြား၊ ရုပ်တစ်မျိုးတစ်ခြား၊ နာမ်တစ်မျိုးတစ်ခြား အဖန်ဖန်ရွတ်။
တစ်ပုံလည်း ဒါယကာတစ်ယောက် အိမ်သူမယား ရက်၍ပေးသော စိတ်တိုင်းကျ နှစ်သက်သော ပုဆိုးမနွမ်းခင် သေအံ့သော ရောဂါရောက်၍ ငါသည် ပုဆိုးမနွမ်းခင် သေရချေတော့မည်ဟု ပုဆိုး၌ တွယ်တာလျက်သေ၍ ဖုတ်ပြိတ္တာဖြစ်လေ၏။
အိမ်သူမယားလည်း သူ့နောက်သို့ ပါပါစေတော့ဟု သူနှစ်သက်သော ပုဆိုးဖြင့် အလောင်းကို ထုပ်ပတ်၍ သင်္ချိုင်း၌ပစ်ချလေ၏။ ပြိတ္တာလည်း ပုဆိုးကို တွယ်တာသည့်အတွက် ဆင်းရဲယုတ်ညစ် ပြိတ္တာဖြစ်ရပါလျက် တွယ်တာဝံ့စရာမရှိ။ မသိမောဟ မိုက်မှောင်ကျ၍ ပိုးဖလံသည်မီးကို တစ်ဖန်ပြန်၍ တိုးသကဲ့သို့ ပုဆိုးကို တွယ်တာလျက် ပုဆိုးနားကမခွာရက် ရှိနေပြန်သည်။
တဏှာမောဟ၊ ကြောက်အပ်စွ၊ များလှအပြစ်တွေ။
ပံ့သကူဆောင် ရဟန်တော်တစ်ပါး အဝတ်ကို ခွာသွားသော် ဖုတ်ကောင် ဝင်ကြွ အသေကောင်ထပြီးလျှင် ပေးပါပေးပါဆို၍ လိုက်သွား ကျောင်းနားသို့ ရောက်၍ တံခါးပိတ်မှ ဖုတ်ကောင်ထွက်သွား လူသေကောင် လည်း ဘုန်းဘုန်းလဲလေ၏။ ။ ပါရာဇိက၊ ပိုဒ်၊ ၁၃၇။ (ဝိ၊၁၊၇၂။) (ဝိ၊ဋ္ဌ၊၁၊၃၂၉။)၌ လာသောဝတ္ထု။
ဤဝတ္ထု၊ စကား၌ လူသေကောင်သည် ဖုတ်ကောင်မဟုတ်၊ ဖုတ်ကောင်သည် လူသေကောင်မဟုတ် တခြားစီဖြစ်သကဲ့သို့ ထို့အတူရုပ်သည် နာမ်မဟုတ်။ နာမ်သည် ရုပ်မဟုတ် တစ်မျိုးတစ်ခြားစီ ဟု ဆင်ခြင်စဉ်းစား ကွဲပြားစေအပ်၏။
မှန်ထဲအရုပ်၊ သေကောင်ဖုတ်၊ နာမ်, ရုပ်တူစေလော။
နာမ်၊ ရုပ်နှစ်ခု တစ်ခုတစ်ခု ကျေးဇူးပြု၍ လုံးထွေးပေါင်းစပ်ကြမှ လူကောင်၊ ခွေးကောင်၊ ဝက်ကောင်ကဲ့သို့ဖြစ်၍ သွားခြင်းစသော ထိုထိုကိစ္စ ကို ပြီးစေနိုင်သည်။
ဆွံ့, ကန်း နှစ်ထွေ၊ လှေစီးလေ၊ နှိုင်းလေ နာမ်နှင့်ရုပ်။
ဤကား နာမရူပပရိစ္ဆေဒဉာဏ်။
ဤနာမ်၊ ရုပ်နှစ်ပါးသည် တစ်စုံတစ်ယောက်သောသူ ပြုလုပ်ဖန်ဆင်း၍ ဖြစ်သည် လည်းမဟုတ်၊ ပြုလုပ်ဖန်ဆင်းနိုင်စရာ သတ္တဝါအကောင်ဟူ၍ပင်မရှိ။ စင်စစ်မှာ မျိုးစေ့ကြောင့် သစ်ပင်ပေါက်၊ သစ်ပင်ကိုစွဲမှီ၍ မျိုးစေ့ဖြစ်ပြန်သကဲ့သို့ ကံစသော အကြောင်းရုပ်၊ နာမ်ကြောင့် အကျိုးနာမ်၊ ရုပ်ဖြစ်သည်။ အကျိုးရုပ် နာမ်ကြောင့် ကံစသောအကြောင်း ရုပ်၊ နာမ်ဖြစ်ပြန်သည်။
ဝိပါကော ကမ္မဇော ကာယေ၊ ကမ္မံ ပုန ဝိပါကဇံ။
ကာယေ၊ နာမ်၊ ရုပ်နှစ်ပါး အပေါင်းကိုယ်၌။
ဝိပါကော၊ အကျိုး ရုပ် နာမ်သည်။
ကမ္မဇော၊ ကံကြောင့်ဖြစ်၏။
ပုန၊ တစ်ဖန်။
ကမ္မံ၊ အကြောင်းကံသည်။
ဝိပါကဇံ၊ အကျိုးရုပ်နာမ်ကြောင့် ဖြစ်ပြန်လေ၏။
ဤကဲ့သို့ အကြောင်း၊ အကျိုးဆက်လက်၍ နာမ်၊ ရုပ်တို့၏ ဖြစ်ပုံကိုလည်း စဉ်းစား ဆင်ခြင်သည်။ မထင်ထင်အောင် မမြင်မြင်အောင် ဆင်ခြင်စဉ်းစားရသည်ကို “ဘာဝနာပွား သည်”ဟူ၍ ဆိုရသည်။ ရွတ်ရုံ၊ အံရုံ မျှကိုမဆို။
ဤကား ပစ္စယပရိဂ္ဂဟဉာဏ်။
တစ်ဖန် ရွတ်ဖတ်သရဇ္ဈာယ်ရသည်မှာ...
ရူပံ အနိစ္စံ။
ရူပံ၊ အကောင်မဟုတ်ဘဲ အကောင်ကဲ့သို့ ထင်ရသော မဟာဘုတ် ဥပါဒါယရုပ်တို့၏ အပေါင်းအစု အလုံးအသွေး အစုအဝေး ရုပ်တရား တွေသည်။
အနိစ္စံ၊ ရှိတဲ့၍ မရှိ၊ ပေါ်တဲ့၍ပျောက်၊ ဖြစ်တဲ့၍ ပျက်၊ ရေပွက် လျှပ်စစ်ကဲ့သို့ အပြတ် အပြတ်၊ အတစ် အတစ်၊ အသစ် အသစ် ဖြစ်ပျက်မစဲ အမြဲမရှိသော တရားတွေပါတကား။
ရူပံ ဒုက္ခံ။
ရူပံ၊ အကောင်မဟုတ်ဘဲ အကောင်ကဲ့သို့ထင်ရသော မဟာဘုတ်၊ ဥပါဒါယရုပ်တို့၏ အပေါင်းအစု အလုံးအထွေး အစုအဝေး ရုပ်တရားတွေသည်။
ဒုက္ခံ၊ မကောင်းသောတရား၊ တစ်စုံတစ်ရာ အသုံးမကျ အချည်းနှီး သောတရား၊ အန်ချင်ဖွယ်၊ အော့ချင်ဖွယ်၊ စက်ဆုပ်ရွံရှာဖွယ်တွေ၊ ဖြစ်ပျက် ဖန်ဖန် မခံမသာ ရောဂါဝေဒနာအမျိုးမျိုး ဘေးရန်အမျိုးမျိုးတို့၏ မှီခိုစွဲကပ်ရာဖြစ်၍ ထိတ်ဖွယ်၊ လန့်ဖွယ်၊ ကြောက်ဖွယ် ဒုက္ခမျိုးတွေပါတကား။
ဒုဋ္ဌု၊ တုစ္ဆ၊ ကုစ္ဆိတ၊ ဒုက္ခမန၊ ဘယတ္ထတို့ကို ရည်၍ပေးသောအနက်။
ရူပံ အနတ္တာ။
ရူပံ အကောင်မဟုတ်ဘဲ အကောင်ကဲ့သို့ ထင်ရသော မဟာဘုတ်၊ ဥပါဒါယရုပ်တို့၏ အပေါင်းအစု အလုံးအထွေး အစုအဝေး ရုပ်တရားတွေသည်။
အနတ္တာ၊ ငါမဟုတ်၊ ငါ့ဟာ မဟုတ်၊ အကောင်မဟုတ်၊ အရှင် မဟုတ်၊ သူဖြစ်ချင်သလိုဖြစ်၊ သူပျက်ချင်သလိုပျက်၊ ပိုင်သူမရှိ၊ နိုင်သူမရှိ၊ အစိုးရသူမရှိသော တရားတွေပါတကား။
အထပ်ထပ်ရွတ်။
နာမံ အနိစ္စံ။
နာမံ၊ အကောင် အခဲမဟုတ်သော အသိနာမ်သည်။
အနိစ္စံ၊ ရှိတဲ့၍မရှိ၊ ပေါ်တဲ့၍ပျောက်၊ ဖြစ်တဲ့၍ ပျက်၊ ရေပွက်လျှပ်စစ်ကဲ့သို့ အပြတ်အပြတ်၊ အတစ်အတစ်၊ အသစ်အသစ်၊ ဖြစ်ပျက်မစဲ အမြဲမရှိသော တရားပါတကား။
နာမံ ဒုက္ခံ။
နာမံ၊ အကောင် အခဲမဟုတ်သော အသိနာမ်သည်။
ဒုက္ခံ၊ ဖြစ်ပျက်ဖန်ဖန်၊ မခံမသာ ရောဂါဝေဒနာအမျိုးမျိုး ဘေးရန်အမျိုးမျိုးတို့ ၏ ခိုမှီစွဲကပ်ရာဖြစ်၍ ထိတ်ဖွယ်၊ လန့်ဖွယ်၊ ကြောက်ဖွယ်ဒုက္ခမျိုးပါ တကား။
နာမံ အနတ္တာ။
နာမံ၊ အကောင်၊ အခဲမဟုတ်သော အသိနာမ်သည်။
အနတ္တာ၊ ငါမဟုတ်၊ ငါ့ဟာမဟုတ်၊ အကောင်မဟုတ်၊ အရှင်မဟုတ်၊ ပိုင်သူ မရှိ၊ နိုင်သူမရှိ၊ အစိုးရသူမရှိ၊ သူဖြစ်ချင်သလိုဖြစ်၊ သူပျက်ချင်သလို-ပျက်၍ နေသော တရားပါတကား။
အထပ်ထပ်ရွတ်။
ရွတ်အံပြီးသည်နောက် ဆိတ်ငြိမ်ရာ၌ မနောနှင့် ဆင်ခြင်ရသည်။
အတစ် အတစ်ဆိုသောစကား၌ တစ်ရမည်မှာဘဝ, အရွယ်,နှစ်, လ, ည, ကာလ, အအိမ်, ခဏတို့ဖြင့် တစ်ရမည်။ နာမ်,ရုပ် မိမိရရ အမှန်ကျထင်မြင်မှ အနိစ္စ-ထင်မြင်လွယ်သည်သာ။ အနိစ္စ အမှန်ကျ ထင်မြင် လျှင် အထက်ဉာဏ်တို့ လွယ်တော့သည်သာ။
နာမ်၊ ရုပ် အထင်အမြင်နှင့် အနိစ္စ အထင်အမြင် လိုရင်းကြီးမှတ်လေ။
ကျမ်းဂန်တို့ဝယ် အချို့အရာ၌ အနတ္တထင်ခဲသည်။ အနိစ္စနှင့် ဒုက္ခကား ထင်လွယ် သည်ဟုဆိုသော စကားမှာ သတ္တဝါ၏ အနိစ္စ၊ ဒုက္ခကိုသာဆိုသည်။ နာမ်၊ ရုပ်၏ အနိစ္စ၊ ဒုက္ခကိုမဆို။ နာမ်၊ ရုပ်၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကား ထင်ခဲ၊ မြင်ခဲသည်ချည်းပင်။ တစ်ပါးထင်လျှင် ကြွင်းနှစ်ပါးလည်း ထင်တော့သည်သာ။ ဤအရာ၌...
“အနိစ္စ၊ အနိစ္စလက္ခဏာ၊ အနိစ္စဉာဏ် သုံးပါး”
“ဒုက္ခ၊ ဒုက္ခလက္ခဏာ၊ ဒုက္ခဉာဏ် သုံးပါး”
“အနတ္တ၊ အနတ္တလက္ခဏာ၊ အနတ္တဉာဏ် သုံးပါး”
ပေါင်းကိုးပါးကို မှတ်သားနားလည်ရမည်။
ဤဆိုပြီးသည့်အတိုင်း အနိစ္စဉာဏ်၊ ဒုက္ခဉာဏ်၊ အနတ္တဉာဏ် မထင်-ထင်အောင် စဉ်းစား ရှုဆင်ခြင်သည်ကို သမ္မသနဉာဏ်ဆိုသည်။
သမ္မသနဉာဏ် အားကြီးလျှင် အထက်ဉာဏ်တို့ အလိုလိုပေါ်၍ ပေါ်၍လာလိမ့်မည်။ မပေါ်သော်လည်း သံသရာမှာ ဖြစ်နိုင်ခဲသော ပါရမီကုသိုလ်ထူးတွေ ဖြစ်သည်။
၃၀ - အရွယ်သုံးပါး၊ အရွယ်ဆယ်ပါးကိုပြခြင်း
အရွယ်ဆိုသောစကား၌။
၃၃-နှစ် ပထမအရွယ်၊
ထို့နောက် ၆၆-နှစ်ထိ ၃၃-နှစ်ဒုတိယအရွယ်။
ထို့နောက် ၉၉-နှစ်ထိ ၃၃-နှစ် တတိယ အရွယ်
ဟူ၍ အရွယ်သုံးပါးမှတ်။
တစ်နည်း အရွယ်ဆယ်ပါး
- မန္ဒသက-ဆယ်နှစ်တွင်း၊ အသိ၊ အလိမ္မာနည်းသောအရွယ်
- ခိဍာဒသက-နှစ်ဆယ်တွင်း၊ အပျော်အမြူးများသော အရွယ်
- ဝဏ္ဏဒသက-သုံးဆယ်အတွင်း၊ အဆင်းကောင်းသော အရွယ်
- ဗလဒသက-လေးဆယ်တွင်း၊ ခွန်အားကောင်းသော အရွယ်
- ပညာဒသက-ငါးဆယ်တွင်း၊ ပညာဉာဏ်အားသန်သော အရွယ်
- ဟာနိဒသက-ခြောက်ဆယ်တွင်း၊ အလုံးစုံ ဆုတ်ယုတ်သောအရွယ်
- ပဗ္ဘာရဒသက-ခုနစ်ဆယ်တွင်း၊ ကိုင်းသောအရွယ်
- ဝင်္ကဒသက-ရှစ်ဆယ်တွင်း၊ ကုန်းသောအရွယ်
- မောမူဟဒသက-ကိုးဆယ်တွင်း၊ တွေဝေခြင်း များသော အရွယ်
- သယနဒသက-ကိုးဆယ်ကျော်အိပ်ရာ၌ လျောင်းစက်ခြင်း များသောအရွယ်
ဝိပဿနာ ကမ္မဋ္ဌာန်း လေ့လာပွားများရန်ကို အကျဉ်းပြသည် ပြီး၏။
၃၁ - ခန္ဓာငါးပါးကိုပြ၍ ရူပက္ခန္ဓာအရ ရုပ်အရေအတွက်ကိုပြခြင်း
ခန္ဓာနည်းကို ပြဦးအံ့...
ပဉ္စက္ခန္ဓာ၊ ရူပက္ခန္ဓော၊ ဝေဒနာက္ခန္ဓော၊ သညာက္ခန္ဓော၊ သင်္ခါရက္ခန္ဓော၊ ဝိညာဏက္ခန္ဓော၊
အဘိဓမ္မာဝိဘင်းပါဠိတော်။ အဘိ၊ဝိ၊၁။
ခန္ဓာ၊ အစုအပုံအမျိုးတို့သည်။
ရူပက္ခန္ဓော၊ ရုပ်တွေကတစ်စုတစ်ပုံ တစ်မျိုးတခြား။
ဝေဒနာက္ခန္ဓော၊ ဝေဒနာတွေက တစ်စုတစ်ပုံတစ်မျိုးတခြား။
သညာက္ခန္ဓော၊ သညာတွေက တစ်စုတစ်ပုံ တစ်မျိုးတစ်ခြား။
သင်္ခါရက္ခန္ဓော၊ သင်္ခါရတွေက တစ်စုတစ်ပုံ တစ်မျိုးတစ်ခြား။
ဝိညာဏက္ခန္ဓော၊ ဝိညာဏတွေက တစ်စုတစ်ပုံ တစ်မျိုးတခြား။
ဣတိ။ ဤသို့။
ပဉ္စ၊ ငါးစု၊ ငါးပုံ၊ ငါးမျိုးတို့တည်း။ ။ အနက်။
၁-ရူပက္ခန္ဓာ။ ၂-ဝေဒနာက္ခန္ဓာ။ ၃-သညာက္ခန္ဓာ။ ၄-သင်္ခါရက္ခန္ဓာ။ ၅-ဝိညာဏက္ခန္ဓာ ဟူ၍ ခန္ဓာငါးပါးမှတ်။
နာမ်ကို လေးမျိုးခွဲ၍ ဟောတော်မူသည်။
ခန္ဓာဆိုသည်မှာ မြန်မာခေါ်အားဖြင့် နှမ်းစု, နှမ်းပုံ၊ သဲစု, သဲပုံ၊ နှမ်းတစ်မျိုးတစ်ခြား၊ သဲတစ်မျိုးတစ်ခြား ဆိုသကဲ့သို့ အစုအပုံ တစ်မျိုးတစ်ခြား ကို ဆိုသည်။
ရူပက္ခန္ဓောတိ ရူပရာသိ ရူပကောဋ္ဌာသော။
သမ္ဗောအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၂၊၂။)
ရူပက္ခန္ဓောတိ၊ ရူပက္ခန္ဓာဆိုသည်ကား။
ရူပရာသိ၊ ရုပ်စု ရုပ်ပုံတည်း။
ရူပကောဋ္ဌာသော၊ ရုပ်တစ်မျိုးတခြားတည်း။ ။ အနက်။
ခန္ဓာကို ဟောတော်မူသည့် အဓိပ္ပာယ်မှာ သတ္တဝါတို့၏ ကိုယ်ကို --
- ရုပ်တစ် စု တစ်ပုံ တစ်မျိုး၊
- ဝေဒနာတစ်စုတစ်ပုံ တစ်မျိုး၊
- သညာတစ်စုတစ်ပုံ တစ်မျိုး၊
- သင်္ခါရ တစ်စုတစ်ပုံ တစ်မျိုး၊
- ဝိညာဏ်တစ်စုတစ်ပုံ တစ်မျိုး
ဟူ၍ ငါးစု, ငါးပုံ, ငါးမျိုး စုပုံခွဲထား၍ အကောင်၊ အထင်အမှတ် အတ္တဒိဋ္ဌိကို ဖျက်ဆီး ရမည် ဆိုလိုသည်။
ရူပက္ခန္ဓာကို အကျယ်ပြရန် ရုပ်အရေအတွက်ကိုပြဦးအံ့။
တစ်ကိုယ်လုံးဖြစ်၊ ဆယ့်နှစ်အလယ်၊
အချယ်ခြောက်ဆူ၊ အမူရုပ်ငါး၊
ရန်လေးပါးနှင့်၊ အခြားရုပ်တစ်။
နှစ်ဆယ့်ရှစ်သည်။
မှတ်လစ်ရုပ်ပေါင်း အရေအတွက်တည်း။
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ ရှစ်ဖြာ အဝိနိဗ္ဘောဂ။
ကာယပသာဒ၊ ဇီဝိတ၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ-ပေါင်းက တစ်ဆယ့်နှစ်သည် တစ်ကိုယ်လုံးဖြစ်သည့် အထည်ကိုယ်ရုပ်မည်၏။
စက္ခုပသာဒ၊ သောတ ပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ဟဒယဝတ္ထု၊ သဒ္ဒမှတ်ဖွယ်၊ ဤခြောက် သွယ်သည်။ အချယ်ရုပ် ခြောက်ခုမည်၏။
ကာယဝိညတ်၊ ဝစီဝိညတ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ဤငါးဖြာကား အမူရုပ်ငါးပါးမည်၏။
ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ ဤလေးဖြာမူ၊ ရန်သူရုပ်လေးပါးမည်၏။
ပရိစ္ဆေဒ၊ အာကာသကား၊ အခြားရုပ်တစ်မည်၏။
ရုပ် ၂၈-ကို ကျစ်လစ်ကြေညက်၊ နှုတ်ဝယ်တက်၊ ရေတွက်တတ်စေရမည်။
ထယ်၊ ချယ်၊ တစ်ဆယ့်ရှစ်ကို ရုပ်စစ်ဆို၊ မူ၊ ရန်၊ အခြား ဆယ်ပါးရုပ်တုဆို။
၁။ အဋ္ဌကလာပ်
၂။ ဇီဝိတနဝက၊ ကလာပ်
၃။ ကာယဒသကကလာပ်
၄။ ဘာဝဒသက၊ ကလာပ်
ဤလေးရပ်ကို အထည်ကိုယ်ကလာပ်စည်းဟူ၍မှတ်။
၁။ စက္ခုဒသက ကလာပ်
၂။ သောတဒသက ကလာပ်
၃။ ဃာနဒသက ကလာပ်
၄။ ဇိဝှါဒသက ကလာပ်
၅။ ဝတ္ထုဒသက ကလာပ်
၆။ သဒ္ဒနဝက ကလာပ်
ဤခြောက်သွယ်ကို အချယ်ကလာပ်စည်းဟူ၍မှတ်။
၁။ ကာယဝိညတ္တိနဝက ကလာပ်
၂။ ဝစီဝိညတ္တိသဒ္ဒဒသက ကလာပ်
၃။ လဟုတာဒိ ကလာပ်
၄။ ကာယဝိညတ္တိလဟုတာဒိ ကလာပ်
၅။ သဒ္ဒလတုတာဒိ ကလာပ်
၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ ကလာပ်
ဤခြောက်ရပ်ကို အမူအရာကလာပ်ဟူ၍မှတ်။
ပေါင်း ကလာပ်ဆယ့်ခြောက်စည်း။
လေးစည်းအထယ်၊ အချယ်ကား-ခြောက်။
အမူခြောက်၊ ဆယ့်ခြောက်ကလာပ်ပေါင်း။
ရုပ်အရေအတွက် ကလာပ်စည်းအရေအတွက်ပြီး၏။
၃၂ - ဓာတ်လေးပါးတို့၏ သဘောလက္ခဏာနှင့်တကွ အဝိနိဗ္ဘောဂရုပ်ကိုပြခြင်း
ဓာတ်လေးပါးတို့၏ သဘောနှင့်တကွ အဝိနိဗ္ဘောဂရုပ်စသည်ကို ပြဦးအံ့။
ပထဝီဓာတ် ဆိုသည်ကား စမ်းသပ်တို့ထိ၊ နှိပ်ဖိ၊ ဆုတ်ကိုင်လိုက်သောအခါ တွေ့ထိအပ်သော အကြမ်း အနု၊ အခုအခံ ခက်ထန်မာထပ်သော သဘော၊ ယင်းသဘောကိုပင် ပထဝီဓာတ်ဆိုရသည်။ ပထဝီတခြား သဘောတခြား မဟုတ်။
ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ ပထဝီဓာတု။
ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၄၆။
ထဒ္ဓဘာဝေါ ဝါ၊ ခုခံ နုဖတ် မာထပ်သော သဘောသည် လည်းကောင်း။
ခရဘာဝေါဝါ၊ ကြမ်းခက်ခုခံ မာထန်ခြင်းသဘောသည် လည်းကောင်း။
ပထဝီဓာတု၊ ပထဝီဓာတ်မည်၏။
ဝါ၊ အဖတ်ဓာတ်မည်၏။ ။ အနက်။
ပထဝီဓာတ် ဟူသည် ကြမ်း, နု, ခုခံ, ခက်ထန်၊ မာထပ်သော သဘောလျှင် မှတ်စရာ ရှိသည်။ ယင်းသဘောမှတစ်ပါး ပထဝီဟူ၍ မှတ်စရာ တခြားမရှိ။
ထဒ္ဓလက္ခဏာ ပထဝီဓာတု၊ ကက္ခဠလက္ခဏာ ပထဝီဓာတု။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။ အဋ္ဌသာလိနီ။
(ဝိသုဒ္ဓိ၊၁၊၃၄၆၊ ၃၆၂။)(အဘိ၊ဋ္ဌ၊၁၊၃၆၈။)
ပထဝီဓာတု၊ ပထဝီဓာတ်သည်။
ထဒ္ဓလက္ခဏာ၊ ခုခံနုဖတ် မာထပ်သော သဘောလျှင် မှတ်စရာရှိ၏။
ကက္ခဠလက္ခဏာ၊ ကြမ်းခက်ခုခံ မာထန်သော သဘောလျှင် မှတ်စရာရှိ၏။ ။ အနက်။
ပထဝီဓာတ်လွန်လျှင် အတုံး, အဖတ်၊ အစိုင်, အခဲကဲ့သို့ ဖြစ်ရ၏။ ယင်းအတုံး, အဖတ်၊ အစိုင်, အခဲတွေကိုလည်း လွန်ဓာတ်ကိုစွဲ၍ ပထဝီဓာတ် ဟူ၍ပင် ဆိုရ၏။ အစစ် မဟုတ်။ အစစ်ပထဝီကို မျက်စိနှင့်ကြည့်၍ မမြင်ကောင်း။ ဉာဏ်မျက်စိ နှင့်ကြည့်မှ မြင်သည်။ တို့ထိဆုပ်ကိုင်၍လည်း သိကောင်း၏။
ယင်းပထဝီဓာတ်သည် တစ်ပါးရုပ်တို့၏ မှီရာတည်ရာအခံဓာတ်မည်၏။ အဖတ်ဓာတ်ဟူ၍လည်း ဆိုရ၏။
ပထဝီဓာတ်အဖတ်ဓာတ်ပြီး၏။
အာပေါဓာတ် ဆိုသည်ကား ရုပ်အများကို ဖရိုဖရဲမရှိစေရ။ ပေါင်းစုစည်း ကပ်တွယ် စပ်ဖွဲ့စည်းခြင်းသဘော ရိုပျော်စီးယိုစွတ်စိုခြင်း အရည်အစေးသဘော။ ယင်း သဘောကိုပင် အာပေါဓာတ်ဆိုရသည်။ အာပေါတခြား, သဘောတခြား မဟုတ်။
အာဗန္ဓနဘာဝေါ ဝါ ဒြဝဘာဝေါ ဝါ အာပေါဓာတု။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)
အာဗန္ဓနဘာဝေါ ဝါ၊ ပေါင်းစု စည်းကပ် တွယ်စပ် ဖွဲ့စည်းခြင်းသဘောသည် လည်းကောင်း။
ဒြဝဘာဝေါ ဝါ၊ ရိပျော်စီးယို စွတ်စိုခြင်းအရည်၊ အစေး သဘောသည်လည်းကောင်း။
အာပေါဓာတု၊ အာပေါဓာတ်မည်၏။
ဝါ၊ အရည် အစေးဓာတ်မည်၏။ ။ အနက်။
အာပေါဓာတ်ဟူသည် ပေါင်းစုစည်းကပ် တွယ်စပ်ဖွဲ့စည်းခြင်း ရိပျော် စီးယိုစွတ်စိုခြင်း အရည်အစေးသဘောလျှင် မှတ်စရာရှိသည်။ ယင်း သဘောမှ တစ်ပါး အာပေါဟူ၍ မှတ်စရာမရှိ။
အာဗန္ဓနလက္ခဏာ အာပေါဓာတု၊ ပုဂ္ဃရဏလက္ခဏာ အာပေါဓာတု။
အဋ္ဌသာလိနီအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။) (ဝိသုဒ္ဓိ၊၁၊၃၄၆။ ၃၆၂။)
အာပေါဓာတု၊ အာပေါဓာတ်သည်။
အာဗန္ဓနလက္ခဏာ၊ ပေါင်းစုစည်း ကပ်တွယ်စပ်ဖွဲ့စည်းခြင်း သဘောသာလျှင် မှတ်စရာရှိ၏။
အာပေါဓာတု၊ အာပေါဓာတ်သည်။
ပုဂ္ဃရဏလက္ခဏာ၊ ရိပျော်စီးယို စွတ်စိုခြင်း အရည်၊ အစေး သဘောလျှင် မှတ်စရာရှိ၏။ ။ အနက်။
အာပေါဓာတ်လွန်လျှင် အရည်အစေးဖြစ်ရ၏။ ယင်းအရည် အစေးကိုလည်း ဓာတ်လွန်ကိုစွဲ၍ အာပေါဓာတ်ဟူ၍ပင်ဆိုရ၏။ အစစ်မဟုတ်။ အစစ် အာပေါကို မျက်စိနှင့် ကြည့်၍မမြင်။ ဉာဏ်နှင့်ကြည့်မှမြင်သည်။ ဆုတ်ကိုင်တို့ ထိ၍လည်း မတွေ့မထိ။
အာပေါဓာတ်ဟူသော အရည်အစေးဓာတ်ပြီး၏။
တေဇောဓာတ် ဆိုသည်ကား ရင့်စေကျက်စေ ဆွေးမြေ့လောင်ကျွမ်း စေခြင်း အပူအအေး၊ အနွေး အငွေ့၊ အရှိန်သဘော။ ယင်းသဘောကို တေဇောဓာတ် ဆိုရသည်။ တေဇောတခြား သဘောတခြားမဟုတ်။
ပရိပါစနဘာဝေါ ဝါ ဥဏှဘာဝေါ ဝါ တေဇောဓာတု။
ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၄၇။
ပရိပါစနဘာဝေါ ဝါ၊ ရင့်စေ ကျက်စေ ဆွေးမြေ့လောင်ကျွမ်းစေခြင်း သဘောသည် လည်းကောင်း။
ဥဏှဘာဝေါဝါ၊ အပူအအေး၊ အနွေးအငွေ့၊ အရှိန်သဘောသည်လည်းကောင်း။
တေဇောဓာတု၊ တေဇောဓာတ်မည်၏။
ဝါ၊ အရှိန်ဓာတ်မည်၏။ ။ အနက်။
တေဇောဓာတ်ဆိုသည် ရင့်စေကျက်စေ ဆွေးမြေ့လောင်ကျွမ်းစေခြင်း သဘော၊ အပူအအေး အနွေးအငွေ့ အရှိန်သဘောလျှင် မှတ်စရာရှိသည်။ ယင်းသဘောမှ တစ်ပါး တေဇောဓာတ်ဟူ၍ မှတ်စရာမရှိ။
ပရိပါစနလက္ခဏာ တေဇောဓာတု၊ ဥဏှတ္တလက္ခဏာ တေဇောဓာတု။
အဋ္ဌသာလိနီအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။) (ဝိသုဒ္ဓိ၊၁၊၃၄၆၊ ၃၆၂။)
တေဇောဓာတု၊ တေဇောဓာတ်သည်။
ပရိပါန လက္ခဏာ၊ ရင့်စေကျက်စေ ဆွေးမြေ့လောင်ကျွမ်းစေခြင်း သဘောလျှင် မှတ်စရာရှိ၏။
တေဇောဓာတု၊ တေဇောဓာတ်သည်။
ဥဏှတ္တလက္ခဏာ၊ အပူအအေး၊ အနွေးအငွေ့အရှိန်သဘောလျှင် မှတ်စရာရှိ၏။ ။ အနက်။
တေဇောဓာတ်လွန်လျှင် မီးတောက်မီးလျှံစွဲငြိ မီးဖြစ်ရ၏။ ယင်း မီးတောက် မီးလျှံ စွဲမီးကိုလည်း ဓာတ်လွန်ကိုစွဲ၍ တေဇောဓာတ်ဟူ၍ပင် ဆိုရ၏။ အစစ်မဟုတ် အစစ်တေဇောကိုမျက်စိနှင့်ကြည့်၍ မမြင်ကောင်း။ ဉာဏ်နှင့်ကြည့် မှမြင်သည်။ တို့ထိ၍သိကောင်း၏။
တေဇောဓာတ်ဟူသော အငွေ့အရှိန်ဓာတ် ပြီး၏။
ဝါယောဓာတ် ဆိုသည်ကား ဖောင်းပွခြင်းသဘော ခုခံခြင်းသဘော၊ တွန်းကန်ခြင်း သဘော တောင့်ခိုင်ခြင်းသဘော ဖိညှပ်နှိပ်ပင့်ခြင်းသဘော၊ မှုတ်လွှင့်တိုးဝှေ့ခြင်း သဘော၊ လှုပ်ရွေ့ခြင်း၊ လှုပ်ရွေ့စေခြင်း အဟုန်သဘော၊ ယင်းသဘောကိုပင် ဝါယောဓာတ် ဆိုရသည်။ ဝါယောတခြား သဘောတခြား မဟုတ်။
ဝိတ္ထမ္ဘနဘာဝေါ ဝါ သမုဒီရဏဘာဝေါ ဝါ ဝါယောဓာတု။
ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၄၇။
ဝိတ္ထမ္ဘနဘာဝေါ ဝါ၊ ဖောင်းပွခုခံ တွန်းကန်တောင့်ခိုင်ခြင်း ဖိညှပ်နှိပ် ပင့်ခြင်း သဘောသည်လည်းကောင်း။
သမုဒီရဏဘာဝေါ ဝါ၊ မှုတ်လွှင့်တိုးဝှေ့ လှုပ်ရွေ့ခြင်း၊ လှုပ်ရွေ့စေခြင်း အဟုန် သဘောသည်လည်းကောင်း။
ဝါယောဓာတု၊ ဝါယောဓာတ်မည်၏။
ဝါ-အဟုန်ဓာတ်မည်၏။ ။ အနက်။
ဝါယောဓာတ်ဟူသည် ဖောင်းပွ ခုခံတွန်းကန် တောင့်ခိုင်ခြင်း ဖိညှပ် နှိပ်ပင့် မှုတ်လွှင့် တိုးဝှေ့လှုပ်ရွေ့ခြင်း၊ လှုပ်ရွေ့စေခြင်း အဟုန်သဘောလျှင် မှတ်စရာ ရှိသည်။ ယင်းသဘောမှတစ်ပါး ဝါယောဓာတ်ဟူ၍ မှတ်စရာမရှိ။
ဝိတ္ထမ္ဘနလက္ခဏာ ဝါယောဓာတု၊ သမုဒီရဏလက္ခဏာ ဝါယောဓာတု။
အဋ္ဌသာလီနိအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။) (ဝိသုဒ္ဓိ၊၁၊၃၄၆။၃၆၂။)
ဝါယောဓာတု၊ ဝါယောဓာတ်သည်။
ဝိတ္ထမ္ဘနလက္ခဏာ၊ ဖောင်းပွခုခံ တွန်းကန်တောင့်ခိုင် ဖိညှပ်နှိပ်ပင့်ခြင်းသဘောလျှင် မှတ်စရာရှိ၏။
ဝါယောဓာတု၊ ဝါယောဓာတ်သည်။
သမုဒီရဏလက္ခဏာ၊ မှုတ်လွှင့်တိုးဝှေ့ လှုပ်ရွေ့ခြင်း၊ လှုပ်ရွေ့စေခြင်း အဟုန် သဘောလျှင် မှတ်စရာရှိ၏။ ။ အနက်။
ဝါယောဓာတ်လွန်လျှင် လေညင်း၊ လေပြင်းဖြစ်ရ၏။ ယင်းလေညင်း၊ လေပြင်းကို လည်း ဓာတ်လွန်ကိုစွဲ၍ ဝါယောဓာတ်ဟူ၍ပင်, ဆိုရ၏။ အစစ်မဟုတ်၊ အစစ် ဝါယောကိုမျက်စိဖြင့် မမြင်ကောင်း၊ ဉာဏ်နှင့်ကြည့်မှမြင်သည်။ တွေ့ထိ၍ သိကောင်း၏။
ဝါယောဟူသော အဟုန်ဓာတ်ပြီး၏။
ဝဏ္ဏ-ဆိုသည်မှာ ဓာတ်ကြီးလေးပါးတို့ကိုစွဲမှီ၍ဖြစ်သော အဆင်းရုပ်။
ဂန္ဓ-ဆိုသည်မှာ ဓာတ်ကြီးလေးပါးတို့ကို စွဲမှီ၍ဖြစ်သော အနံ့ရုပ်။
ရသ-ဆို သည်မှာ ဓာတ်ကြီးလေးပါးတို့ကို စွဲမှီ၍ဖြစ်သော အချို၊ အချဉ်၊ အစပ်၊ အငန်၊ အဖန်၊ အခါးဟူသော အရသာရုပ်။
ဩဇာ-ဆိုသည်မှာ ဓာတ်ကြီး လေးပါးတို့ကို စွဲမှီ၍ဖြစ်သော အဆီ၊ အစေး၊ ဩဇာ၊ အာဟာရရုပ်။ ဆိုအပ်ပြီး ယင်းရုပ်ရှစ်ခုတို့သည် တစ်လောကလုံးဘယ်နေရာမဆို ထိုထိုဝတ္ထု၌ အတူတူရမြဲ၊ ဖြစ်မြဲတခြားစီခွဲ၍ မရသောကြောင့် အပိနိမ္ဘောဂရုပ် မည်ကုန်၏။
ငှက်ပျောသီး ရှောက်သီး၌ တွေ့အပ်၊ ထိအပ်၊ အမှုန့်အဖတ် အခုအခံ အမာဓာတ် သဘောတို့ကို ပထဝီဓာတ်ဆိုသည်။
အမှုန့်အဖတ်တွေကို ဖရိုဖရဲမရှိစေရ၊ အဖွဲ့အစည်း အစို၊ အစွတ်၊ အရည်အစေး သဘောကို အာပေါဓာတ်ဆိုသည်။
ရင့်ကျက်စေတတ်သော အပူ၊ အအေး၊ အမွှေး၊ အငွေ့၊ အရှိန်သဘောကိုသာ တေဇောဓာတ်ဆိုသည်။
ဖောင်းကြွ ပွရွစေသော သဘောကို ဝါယောဓာတ်ဆိုသည်။
အထည်ခံ ယင်းဓာတ်လေးပါးကိုစွဲမှီ၍ တည်ကြသော ဝဏ္ဏ-အဆင်းရုပ်၊ ဂန္ဓ၊ အနံ့ရုပ်၊ ရသ-အချိုရုပ်၊ အချဉ်ရုပ်၊ ဩဇာ-အဆီ၊ အစေး၊ အာဟာရရုပ်၊ ဤရုပ်တို့သည် တစ်မျိုးစီ တခြားစီ။ ပေါင်း ရုပ်ရှစ်ပါးကို တခြားစီမမြင်ဘဲ တစ်သားတည်း၊ တစ်ခဲတည်း၊ တစ်ခုတည်း၊ ငှက်ပျောသီး၊ ရှောက်သီးဟူ၍ထင်ရ၊ မြင်ရ၊ ခေါ်ဝေါ် ရသော သဘောကိုပင် သမူဟဃနပညတ် ဆိုသည်။
ကလာပ်စည်းထင်မြင် လွယ်စေခြင်းငှာ အမှုန့်ဟူ၍ ပညတ်သံနှင့်ဆိုလိုက်သည်။ ဖောဋ္ဌဗ္ဗသဘော ထင်မြင်လွယ်စေခြင်းငှာ အဖတ်ဟူ၍ ပညတ်သံနှင့် ဆိုလိုက်သည်။ ဆိုသော်လည်း ပရမတ်ကို သိရ၏။
ခဲ, သံ, ကြေး, ကျောက်, အရိုး, အနှစ်စသော ဝတ္ထုတို့၌ အမှုန့်၊ အဖတ်၊ အမာ ပထဝီဓာတ်လွန်သည်။ အာပေါဓာတ်၏ အာဗန္ဓနသဘော အဖွဲ့အစည်း နာသည့် အတွက် ပထဝီဓာတ်အမှုန့်တွေ အလွန်စေ့စပ် ကျပ်တည်းသည် ဖြစ်၍ အာကာသ နှင့်တကွ ဝါယောငုပ်သည်။ ပထဝီများသည်၊ ထို့ကြောင့် လေးသည် မာသည်။
ရေ၌ ပထဝီအမှုန့်အဖတ် အမာဓာတ်တွေကို အရည် အပျော် အာပေါဓာတ် အဖွဲ့အစည်း စေ့စပ်သည့်အတွက် အာကာသဓာတ် ဝါယောငုပ်သည်။ ပထဝီ များသည်၊ ထို့ကြောင့် ရေလေးသည်၊ ပဂ္ဃရဏ သဘောဟူသော အာပေါဓာတ် လွန်သောကြောင့် အရည် အပျော်ဖြစ်ရသည်။ ပထဝီ အာပေါအားကြီးလျှင် ဝါယောငုပ်မြဲ။ ဝါယော အားကြီးလျှင် ပထဝီအာပေါ ငုပ်မြဲ မှတ်လေ။
ခြေနှစ်ချောင်းကို ကိုင်၍ လူကို ရေ၌ ရိုက်သောအခါ အထိ အခိုက် ကြမ်း၍ အသံ ထွက်သည်။ လူလည်း နာသည်။ ထို့ကြောင့် ရေ၌ ပထဝီများကြောင်းကို သိရသည်။
အာပေါ၌ ဖောဋ္ဌဗ္ဗသဘောမရှိ။ ဂရု၊ လဟုသဘောမရှိ။ အဋ္ဌကထာတို့ (မ၊ဋ္ဌ၊၁၊၃၁။)၌ အာပေါကို ဂရုကသဘော ဆိုသည်မှာ သသမ္ဘာရ အာပေါကို ဆိုသည်မှတ်။
အဇ္ဈတ္တ ဗဟိဒ္ဓ၊ ကြီးကြီး၊ ငယ်ငယ်၊ မို့မို့၊ မည်းမည်း၊ အတုံး၊ အခဲ မြင်မြင်သမျှ၌ ရေဖြင့် ပေါင်းစု လုံးထွေးအပ်သော မုန့်မှုန့်စိုင် ဖုံမှုန့်စိုင်၊ ပိုးမှုန့်ခဲတို့၌ အမှုန့်တွေကဲ့သို့ သဘာဝဒြပ်အများကို သတ်မှတ်ခွဲခြား၍ သိမြင်မှ သမူဟဃနပညတ်ကင်းသည်။
သဘာဝဒြပ်တွေ အမျှင်တန်းလျှင် သန္တတိ ဃာန ပညတ်မှတ်။ အနိစ္စကို မြင်မှ သန္တတိဃနပညတ်ကင်းသည်။
သဘာဝဒြပ်ဟူ၍ ဆိုလိုက်သောစကား၌ သဘာဝဆိုသည် ဝိသေသလက္ခဏကို ဆိုသည်။ ဝိသေသလက္ခဏာ ဆိုသည်မှာ ဥပါဒ်သဘောဖြင့် ဖြစ်ပေါ်လာသော တရားကိုယ်ကိုဆိုသည်။ ယင်းတရားကိုယ်ကိုပင် ဒြပ် ဟူ၍ဆိုသည်။
အတ္ထော ဝိဇ္ဇမာနာဝိဇ္ဇမာနဒဗ္ဗတ္ထော။
ဝိဇ္ဇမာနာဝိဇ္ဇမာနဒဗ္ဗတ္ထာ၊ ပရမတ္ထ သဘောအားဖြင့် ထင်ရှား ရှိ-မရှိသော ဒြပ် အနက်သည်။
အတ္ထော၊ အတ္ထမည်၏။
ဤသို့ ဇာလိနီ သဒ္ဒါငယ်၌ ဆိုအပ်သော ဝိဇ္ဇမာနတ္ထကိုပင် ဒြပ်ဟူ၍ဆိုသည်။ ဝိကာရရုပ် ငါးခုကိုကား ဒြပ်အထည်မရှိ ကိရိယာအမူအရာ ဝိကာရမျှဟူ၍မှတ်။ ကြွင်းသော ပရမတ္ထ သဘောတရားတို့ကို ကြည့်သမျှ အမူအရာ ဝိကာရမျှ ဟူ၍မမှတ်လင့်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာသုံးပါး၏ တည်ရာဒြပ် အထည်တရား ကိုယ်ရှိသည်ဟူ၍မှတ်။
ယထာပစ္စယံ ဟိ ပဝတ္တိမတ္တမေဝ ယဒိဒံ သဘာဝဓမ္မောနာမ။
(ဝိဘာဝနီ၊ ရ၄။)
ဟိ၊ မှန်၏။
ယဒိဒံ သဘာဝဓမ္မောနာမ၊ အကြင်ပရမတ္ထ သဘောတ ရားမည်သည်။
ယထာပစ္စယံ၊ အကြောင်းအားလျော်စွာ။
ပဝတ္တိမတ္တမေ၊ ဖြစ်ခြင်းမျှသာတည်း။
ဤဋီကာကျော်စကားမှာ ခဏတ္တယနှင့်ပြည့်စုံသော သဘာဝဒြပ် မရှိသည်ကို ပြသည်မဟုတ်။ နိဗျာပါရ၊ နိသတ္တ၊ နိဇီဝကိုသာ ပြသည်မှတ်။
မြင်ကောင်း၊ မမြင်ကောင်း၊ ကိုယ်၌တွေ့ကောင်း မတွေ့ကောင်းသော သဘာဝ ဒြပ်တွေ များစွာပေါင်းစုဖြစ်နေသော အဏုမြူ တစ်လုံး၌ သဘာဝဒြပ် များကို မသိမမြင်ဘဲ တစ်ခဲတည်း၊ တစ်ခုတည်း အဏုမြူဒြပ်ကို သိမြင်လျှင် သမူဟဃန ပညတ်မှတ်။ ယင်း သဘာဝဒြပ်တွေကို ဟိုနေ့သည်နေ့စသည် အမျှင်တန်းဆက်၍ တစ်ခုတည်း သိမြင် ထင်မှတ်လျှင် သန္တ တိယန ပညတ်မှတ်။ သဘာဝဒြပ်နှင့်တကွ အနိစ္စလက္ခဏာကို သိမြင်မှ ပရမတ်စစ် သည်မှတ်။
အဝိနိဗ္ဘောဂရုပ် ရှစ်ခုပြီး၏။
၃၃ - အထည်ကိုယ်ရုပ် ဆယ့်နှစ်တို့၏ တစ်ကိုယ်လုံး၌ ရပုံကို ဥပမာဖြင့် ထင်စွာပြဆိုခြင်း
ယင်းအထည်ကိုယ်ရုပ် ဆယ့်နှစ်ခုတို့၏ တစ်ကိုယ်လုံး၌ရပုံကို ဥပမာ ဆောင်၍ ထင်အောင်ပြဦးအံ့။
ဆန့်မှုန့်တွေကို ရေဆွတ် နနွင်း၊ နံ့သာ၊ သကြား၊ နွားနို့၊ ဆီ၊ ဆား၊ ထောပတ်-ခုနစ်ပါး ထည့်စွက်၍ သမအောင် နယ်ပြီးလျှင် လူသဏ္ဌာန် ပြုလုပ် ပေါင်းနွေးအပ်သော မုန့်ညက်ရုပ်ကြီး၌ အနွေး အငွေ့ကိုတစ်ပါး၊ အပွ-အရွကို တစ်ပါးယူ၍ ပေါင်း တစ်ဆယ့်တစ်မျိုးတို့ တခြားစီနေအောင် ခွဲခြမ်း၍ မရနိုင်သော်လည်း သဘာဝ အားဖြင့် တစ်မျိုးစီ တခြားစီ အမှန် ဖြစ်ကြကုန်၏။
ဆန်မှုန့်တွေသည် အထည်ခံ အမာအဖတ် အခံဓာတ်ဖြစ်၏။ ရေသည် ဆန်မှုန့် တွေကို ပေါင်းရုံးဖွဲ့စပ် အစိုအစွတ်ဖြစ်၏။ ဆန်မှုန့်မှကြွင်းသော ဆယ်မျိုးတို့မှာ ဆန်မှုန့်တိုင်း ကိုစွဲမှီ၍ တည်ကြည်ရလေ သောကြောင့် ဆန်မှုန့်များတိုင်း များကုန်၏။ တစ်မှုန့် တစ်မှုန့်၌ တစ်ဆယ့်တစ်မျိုးစီ ရှိကြ၏။
ယင်းတစ်ဆယ့်တစ်မျိုးစီ ရှိကြသော ဆန်မှုန့်တွေ တို့၏ အစုအပေါင်း မုန့်ညက် ရုပ်ကြီးကို အသေအချာစဉ်းစား။ ဤကား ဥပမာန စကား။ လူတို့ကိုယ်ကို ပရမာဏုမြူ ပမာဏ အမှုန့်ပြုသည်ရှိသော် ငါးပြည် ခြောက်ပြည် ခန့် ပမာဏရှိရာ၏။ ယင်း အမှုန့်တို့တွင် အချို့ အချို့အမှုန့် အဝိနိဗ္ဘောဂရုပ် ရှစ်ခုတို့၏ အစုအစည်း။
ယင်းကဲ့သို့ ရှစ်ခုရှစ်ခုသော အဝိနိဗ္ဘောဂရုပ်တို့၏ အစုအစည်းတွေကို အဋ္ဌက-ကလာပ်စည်းခေါ်သည်။
အချို့အချို့အမှုန့် ဇီဝိတပါ ရုပ်ကိုးခုတို့၏ အစုအစည်း။ ယင်းကဲ့သို့ ရုပ်ကိုးခု ကိုးခုရှိသော အစုအစည်းတွေကို ဇီဝိတနဝက ကလာပ်စည်းခေါ်သည်။ အချို့ အချို့အမှုန့် ဇီဝိတ ကာယပသာဒပါ ရုပ်ဆယ်ခုတို့၏ အစုအစည်း။ ယင်းကဲ့သို့ ဆယ်ခုဆယ်ခုရှိသော အစုအစည်းတွေကို ကာယဒသက ကလာပ်စည်းခေါ်သည်။ ။ အချို့ အချို့ အမှုန့် ဇီဝိတ၊ ဘာဝရုပ်ပါ ရုပ်ဆယ်ခုတို့၏ အစုအစည်း။ ယင်းကဲ့သို့ ဆယ်ခု ဆယ်ခုရှိသော အစုအစည်းတွေကို ဘာဝဒသက ကလာပ်စည်းခေါ်သည်။ ။ ဤကာလပ်စည်းတို့၌ ပထဝီဓာတ်သည် အထည်ခံ အခံဓာတ်ဖြစ်၏။ ကြွင်းရုပ်တို့ ပထဝီကိုစွဲ၍ တည်ကြရကုန်၏။
ဤသို့လျှင် လူတို့ကိုယ်၌ ကလာပ်မှုန့်ငါးပြည် ခြောက်ပြည်ခန့် မရေတွက်နိုင် အောင်များ၏။
အမျိုးတူပေါင်း၍ ရေတွက်သော်ကား အဋ္ဌကကလာပ် တစ်စည်း။ ဇီဝိတနဝက ကလာပ်တစ်စည်း။ ကာယဒသကကလာပ် တစ်စည်း။ ဘာဝဒသကကလာပ် တစ်စည်း။ ပေါင်း လေးစည်းသာရှိ၏။ အမျိုးတူရုပ် အရေအတွက်ကား အထည် ကိုယ်ရုပ် တစ်ဆယ့်နှစ်ပါးပင်။
အာပေါဓာတ်ပေါင်းစု ဖွဲ့စည်းသောကြောင့် ဖရိုဖရဲမရှိသည်။ ရုပ်ကလာပ်တို့ကို မရောမယှက် ရအောင် အာကာသဓာတ် ကန့်ခြားသည်။
ယင်း တစ်ဆယ့်နှစ်ပါးသော အထည်ကိုယ် ရုပ်ကလာပ်လေးစည်းဖြင့် မုန့်ညက် ရုပ်ကြီးနှင့်အတူ လူကောင် သဏ္ဌာန် ဖြစ်လေ၏။ ဤကား ဥပမေယျ စကား။
ဥပမာန၊ ဥပမေယျစကား နှစ်ရပ်ကို ဥပမာစပ်ဟပ်သော်ကား --
- ဆန်မှုန့် နှင့် ပထဝီတူသည်။
- ရေနှင့်အာပေါ၊
- အငွေ့အနွေးနှင့် တေဇော၊
- အပွအရွနှင့် ဝါယော၊
- နနွင်းနှင့် ဝဏ္ဏ၊
- နံ့သာနှင့် ဂန္ဓ၊
- သကြားနှင့် ရသ၊
- နွားနို့နှင့် ဩဇာ၊
- ဆားနှင့် ဇီဝိတ၊
- ဆီနှင့်ကာယပသာဒ၊
- ထောပတ်နှင့် ဘာဝရုပ်တူသည်။
ဤဆိုအပ်ပြီးသော စကားကို အထည်ကိုယ်ရုပ် တစ်ဆယ့်နှစ်ခုတို့၏ တစ်ကိုယ်လုံး၌ ရပုံကိုသိလေ။
ကမ္မံ ပန ယောနိ ဥပနေတိ၊ ယောနိမူလကော တေသံ စိတ္တ ဘာဝေါ။
ခန္ဓသံယုတ်အဋ္ဌကထာ။ (သံ၊ဋ္ဌ၊၂၊၂၉၉။)
ကမ္မံပန၊ ကံသည်ကား။
ယောနိ၊ ယောနိဂတိသို့။
ဥပနေတိ၊ ဆောင်ပို့ ပစ်ချ၏။
တေသံ၊ ထိုသတ္တဝါတို့၏။
စိတ္တဘာဝေါ၊ ပုံဟန်သဏ္ဌာန်မတူကြဘဲ တစ်ပုံတစ်နဲ ကွဲလွဲဆန်းကြယ်သည်၏ အဖြစ်သည်။
ယောနိမူလကော၊ ယောနိ ဂတိလျှင် အရင်းရှိ၏။ ။ အနက်။
ဇာတ်ပဋိသန္ဓေဟူသော ယောနိ ဂတိသို့လိုက်၍ ခွေးသဏ္ဌာန်၊ ဝက်သဏ္ဌာန်၊ လူသဏ္ဌာန် . စသည်ထူးခြား ကွဲလွဲကြရလေသည်။
ဇာတ် ပဋိသန္ဓေဟူသော ယောနိဂတိတို့ကား အဝိဇ္ဇာတဏှာ သဟဲရှိသော ကံပစ်ချ သည်ကို ဆိုလိုသည်။
၃၄ - အထည်ကိုယ်ရုပ် ဆယ့်နှစ်ခုတို့၏
တစ်ကိုယ်လုံး၌ ရပုံကို တစ်နည်းပြဆိုခြင်း
အထည်ကိုယ်ရုပ် တစ်ဆယ့်နှစ်ခုတို့ တစ်ကိုယ်လုံးဖြစ်ပုံကို တစ်နည်း ပြဦးအံ့။
လူတို့ကိုယ်ကို လေးဆယ်နှစ်ပုံ စုပုံခွဲထား၍ ကျမ်းဂန်တို့၌ပြသည်။
လေးဆယ့်နှစ်ပုံ ဟူသည်ကား --
အမာအဖတ် ပထဝီဓာတ် နှစ်ဆယ်၊
အရည် အပျော် အာပေါဓာတ် တစ်ဆယ်နှစ်ပါး၊
အငွေ့ အရှိန် တေဇောဓာတ် လေးပါး၊
ဝါယောလေဓာတ် ခြောက်ပါး၊
ပေါင်း ဤ လေးဆယ့်နှစ်ပါးတည်း။
အမာအဖတ် ပထဝီဓာတ်နှစ်ဆယ် ဆိုသည်မှာ ဆံ, အမွှေး ခြေသည်း, လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ၊ အညှို့၊ နှလုံး, အသည်း, အမြှေး, အပြင်, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်-ဤ နှစ်ဆယ် တည်း။
အရည်အပျော်အာပေါဓာတ် တစ်ဆယ့်နှစ်ပါး ဆိုသည်မှာ သည်းခြေ သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံထွေး, နှပ်, အစေး, ကျင်ငယ်-ဤ တစ်ဆယ့်နှစ်ပါးတည်း။
အငွေ့အရှိန်တေဇော လေးပါးဆိုသည်မှာ --
၁။ ပြောင်ထင်းထင်းပူသော တေဇောပျက် ဟူသော သန္တပ္ပနတေဇော၊
၂။ မခံသာအောင် ပူသော တေဇောပျက် ဟူသော ဒဟနတေဇော၊
၃။ ညီမျှပူနွေး၍ ကြီးပွားရင့်ကျက် စေတတ်သော ဇီရဏ တေဇော၊
၄။ မျိုသွင်းအပ်သော အရည်အဖတ် အစာအာဟာရတို့ကို ကြေကျက်စေတတ်သော ပါစကတေဇော-
ဤလေးမျိုးတည်း။
ဇီရေတိ ဗြူဟေတီတိ ဇီရဏံ။ ။ (ဝိဂြိုဟ်)။
ဇီရေတိ ဗြူဟေတိ၊ ညီမျှပူနွေး၍ ရင့်ကျက်ကြီးပွားစေတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဇီရဏံ၊ ဇီရဏ မည်၏။ ။ အနက်။
ဇီရ-ဗြူဟနေ၊ ဓာတ်နက်။
ဝါယော ခြောက်ပါးဆိုသည်မှာ -
၁။ အထက်သို့ ဆန်တက်သော ဥဒ္ဓင်္ဂမလေ,
၂။ အောက်သို့စုန်သော အဓောဂမလေ,
၃။ ဝမ်းတွင်း၌တည်သော ကုစ္ဆိသယလေ,
၄။ အအူ၏အတွင်း၌ တည်သော ကောဋ္ဌာသယလေ,
၅။ အင်္ဂါကြီးငယ်သို့ လျှောက်သွားသော အင်္ဂါမင်္ဂါနုသာရီလေ,
၆။ ထွက်သက် ဝင်သက်ဟူသော အဿာသ ပဿာသလေ
ဤခြောက်ပါးတည်း။
သစ်၊ ဟောင်း၊ ပြည့်၊ ကျင် ဤလေးခုတို့မှာ ဥတုဇ အဋ္ဌလာပ်မှုန့်တို့၏ အစု အပေါင်းမှတ်။ ချွေး၊ မျက်၊ တွေး၊ နှပ် ဤလေးရပ်တို့မှာ စိတ္တဇ ဥတုဇ အဋ္ဌကကလာပ်မှုန့် နှစ်မျိုးတို့၏ အစုအပေါင်းမှတ်။
ကြွင်းသော ပထဝီ၊ အာပေါနှစ်ဆယ့်လေးမျိုးတို့မှာ ကာယဒသက၊ ဘာဝဒသက၊ ကမ္မဇကလာပ်နှစ်မျိုး။ စိတ္တဇ, ဥတုဇ အာဟာရဇ- အဋ္ဌကကလာပ် သုံးမျိုး။ ပေါင်းငါးမျိုးသော ကလာပ်မှုန့်တို့၏ အစုအပေါင်းမှတ်။
ပါစကတေဇောမှာ ဇီဝိတနဝက ကလာပ်မှုန့်တို့၏ အစုအပေါင်း။
အဿာသ- ပဿာသ ဝါယောမှာ စိတ္တဇအဋ္ဌက ကလာပ်မှုန့်တို့၏ အစုအပေါင်း။
ကြွင်းသော တေဇော သုံးမျိုး၊ ဝါယော ငါးမျိုးတို့မှာ စိတ္တဇ-ဥတုဇ-အာဟာရဇအဋ္ဌက ကလာပ်သုံးမျိုး။ ဇီဝိတနက ကလာပ်မှုန့်တစ်မျိုး ပေါင်းကလာပ်မှုန့်လေးမျိုးတို့၏ အစုအပေါင်း။
ဤအရာ၌ လွန်ဓာတ်ကိုစွဲ၍ ပထဝီ--အာပေါ-တေဇော- ဝါယောဆိုသည်၊ အစစ် မဟုတ်မှတ်။
အမှုန့်ဆိုသော စကား၌အပြတ် အပြတ်၊ အတစ် အတစ်ကဲ့သို့ အသစ် အသစ် ဖြစ်ပျက်သော ကလာပ်စည်း တရားကိုယ်ကို ဆိုသည်မှတ်။
ဤသို့လည်း အထည်ကိုယ်ရုပ် တစ်ဆယ့်နှစ်ခုတို့၏ တစ်ကိုယ်လုံး၌ ရပုံကိုသိလေ။ မျက်စိ၊ နား၊ နှာစသည် မဖော်မချယ်ရသေးသော မုန့်ညက်ရုပ်ကဲ့သို့ လူကောင် သဏ္ဌာန် လုံးထွေး ပူးကပ် တွယ်စပ်ပေါင်းစု၍ တည်ကြသော တစ်ကိုယ်လုံးရ အထည်ကိုယ်ရုပ် တစ်ဆယ့်နှစ်ခု။
အထည်ကိုယ် ကလာပ်လေးစည်းတို့ကို ပြသောအခန်းပြီး၏။
---၃၅ - အချယ်ရုပ် ၆-ပါးတို့၏ သဘောကိုပြခြင်း
တစ်ကိုယ်လုံး၌မဖြစ်၊ တစ်ဌာန၌သာဖြစ်သော အချယ်ရုပ်-၆ပါးတို့၏ သဘောကို ပြဦးအံ့။
စက္ခုပသာဒ ဆိုသည်မှာ မိမိမှီရာမဟာဘုတ်ကို ကြည်စေတတ်သော သဘော။ တစ်နည်း-မဟာဘုတ်ကိုမှီ၍ဖြစ်သော အကြည် သဘော။ ယင်း စက္ခုပသာဒ အကြည်ရုပ်သည် မျက်လုံး၏အတွင်း မျက်နက် ဝန်း၏အလယ် သန်းဦးခေါင်း ပမာဏရှိသောအရပ်၌ ရုပ်မှုန့်တို့ကို တွယ်ကပ် စွဲမှီ၍ တည်၏။ စက္ခုမှီသော ရုပ်မှုန့်ကို အဝိနိဗ္ဘောဂ, ဇီဝိတ ၉-ခုအခံ၊ စက္ကူပါ ဆယ်ခုရှိသောကြောင့် စက္ခုဒသက ကလာပ်စည်းခေါ်သည်။
စက္ခုနာ သဟ ဒသကံ စက္ခုဒသကံ။ ။ (ဝိဂြိုဟ်)။
စက္ခုနာ၊ စက္ခုပသာဒရုပ်နှင့်။
သဟ၊ တကွ။
ဒသကံ၊ ဆယ်ခုအပေါင်းတည်း။
စက္ခုဒသကံ၊ စက္ခုနှင့်တကွ ဆယ်ခုအပေါင်း။ ။ အနက်။
ပမာဏတော ဦကာသိရမတ္တံ။
အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၄၅။) (ဝိသုဒ္ဓိ၊၂၊၇၆။)
တံ၊ ထိုစက္ခု ဒသက ကလာပ်စည်းသည်။
ပမာဏတော၊ ပမာဏ အားဖြင့်။
ဦကာသိရမတ္တံ၊ သန်းဦးခေါင်း ပမာဏရှိ၏။ ။ အနက်။
လူတို့ စက္ခုဒသက ကလာပ်စည်းသည် သန်းဦးခေါင်းပမာဏရှိသည် ဆိုလိုသည်။
ဤစကားကို ဇာတ်တူပေါင်း၍ဆိုသည်ဟု မှတ်ရမည်။ အဘယ် ကြောင့်နည်းဆိုသော် သန်းဦးခေါင်းပမာဏ ရှိသောအရပ်၌ စက္ခုဒသက ကလာပ် အများပင် ရကောင်း သောကြောင့်တည်း။ ထို့ကြောင့် ကမြင်းမနီတို့၏ စက္ခုသည် ကလာပ်စည်း နည်းသည်။ ဆင်တို့၏ စက္ခုသည် ကလာပ်စည်းများသည်ဟူ၍ မှတ်ရမည်။
စက္ခုပသာဒ ရုပ်ရှိသည့်အတွက် အဆင်းကိုမြင်ရသည်။ ပသာဒရုပ် ပျက်ခဲ့သော် မမြင်။ ဆေးကု၍လည်း မရတော့ပြီ။
သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒတို့သည်လည်း မိမိတို့မှီရာ မဟာဘုတ်ကို ကြည်စေတတ်သော သဘော။ တစ်နည်း။ မဟာဘုတ်တို့ကို မှီ၍ဖြစ်သော အကြည် သဘော။
ထိုတွင် သောတပသာဒရုပ်သည် နားအိမ်၏အတွင်း၌ နုထွတ် နီမြန်းသော အမွေးပေါက်ရောက်သော ကြေးနီလက်စွပ်ကွင်း သဏ္ဌာန်ရှိသော အရပ်၌ ရုပ်မှုန့်တို့ကို မှီတွယ်စွဲကပ်၍တည်၏။ ယင်းရုပ်မှုန့်ကို ယခင်နည်း သောတပါ ဆယ်ခုရှိသောကြောင့် သောတဒသက ကလာပ်စည်း ခေါ်သည်။ သောတပသာဒ ရှိသည့်အတွက် အသံကိုကြားရသည်။ သောတပသာဒရုပ် ပျက်ခဲ့သော် အသံကို မကြားရ။ ဆေးကု၍လည်း မရတော့ပြီ။
ဃာနပသာဒရုပ်သည် နှာခေါင်းအိမ်၏အတွင်း ဆိတ်ခွာသဏ္ဌာန် ရှိသော အသားနု၌ ရုပ်မှုန့်တို့ကို မှီတွယ်စွဲကပ်၍တည်၏။ ယင်းအမှုန့်ကို ဃာနပသာဒရုပ် ဆယ်ခု ရှိသောကြောင့် ဃာနဒသကကလာပ်စည်းခေါ်သည်။
ဃာနပသာဒရုပ်ရှိသည့်အတွက် အနံ့ကိုနံနိုင်သည်။ ပသာဒပျက်သော် မနံပြီ။
ဇိဝှာပသာဒရုပ်သည် လျှာအလယ် ကြာဖက်ဖျား သဏ္ဌာန်ရှိသော အရပ်၌ ရုပ်မှုန့်တို့ကို မှီတွယ်စွဲကပ်၍တည်၏။ ယင်းအမှုန့်ကို ဇိဝှာပါ ဆယ်ခုရှိသောကြောင့် ဇိဝှာဒသက ကလာပ်စည်းခေါ်သည်။ ဇိဝှာပသာဒရှိသည့် အတွက် အရသာကို သိနိုင်သည်။ ပသာဒမရှိသော် မသိနိုင်ပြီ။
ဟဒယဝတ္ထုရုပ် ဆိုသည်မှာ မနောဝိညာဏ်ခေါ်သော နာမ်တရား၏ ဖြစ်ရာဖြစ်သော ရုပ်တည်း။ ယင်း ဟဒယဝတ္ထုရုပ်သည် ရင်လယ်နှလုံးသား၌ တည်၏။
ထင်ရှားစေဦးအံ့။
သားမြတ်နှစ်ခုတို့၏အကြား ရင်ခေါင်း၏ အတွင်း၌ အပေါ်အဖတ်ကိုခွာ၍ စောက်ထိုး ထားအပ်သော ပဒုမ္မာကြာငုံနှင့်တူ သပွတ်အူကဲ့သို့ အတွင်းရှုပ်၊ အပ-ချောပညာ ရှိသူအား စဉ်းငယ်ပွင့် ပညာနည်းသူအား ငုံသောနှလုံးသားသည်ရှိ၏။ ယင်း နှလုံးသား၏အလယ် ပုန်းညက်စေ့ခန့် ပမာဏရှိသောတွင်း၌ -
ရာဂကြီးသူအား-နီ။
ဒေါသကြီးသူအား-နက်။
မောဟကြီးသူအား-သားဆေးရည်နှင့်တူ၊
ပညာကြီးသူအား-အလွန် ကြည်သော
တစ်လက်ဘက်မျှလောက်သော သွေးသည် ရှိ၏၊ အာပေါလွန်၍ အရည်ပျော်သဖြင့် သွေးဟူ၍ ခေါ်ဝေါ်ရသော ယင်းရုပ်မှုန့်တို့ကို မှီတွယ်စွဲကပ် ၍ ဟဒယဝတ္ထုရုပ် တည်၏။ ယင်းရုပ်မှုန့်ကို ဟဒယဝတ္ထုပါ ဆယ်ခုရှိသောကြောင့် ဝတ္ထုဒသက ကလာပ်စည်း ခေါ်သည်။
ရာ-နီ, နက်-ဒေါ၊ သားဆေး-မော၊ ပညာ-ကြည်ပွင့်၊ နည်းသူ-ငုံ။
သဒ္ဒရုပ် ဆိုသည်မှာ ဘယ်နေရာမဆို ဖြစ်ခွင့်သာလျှင် အဝိနိဗ္ဘောဂရုပ် ရှစ်ခုနှင့် ပူးတွဲ၍ဖြစ်ပေါ်သော အသံရုပ်တည်း။ အသံရုပ်ပါ ယင်းကိုးခုအစု အစည်းကို သဒ္ဒနဝက ကလာပ်စည်းခေါ်၏။
ဤကား အချယ်ခြောက်ဆူ၊ အချယ် ကလာပ်ခြောက်စည်းတို့တည်း။ အထည် ကိုယ်ရုပ် ဆယ့်နှစ်ခုတို့ သတ္တဝါကောင် သဏ္ဌာန်လုံးထွေး ပေါင်းစု၍ တည်သော ရုပ်မှုန့် အရုပ်ကြီး၌ ဤရုပ်ခြောက်ခုဖြစ်ပေါ် ချယ်လယ်လိုက်သော် အရှင်နှင့် တူစွာဆိုသတည်း။ ထို့ကြောင့် ယင်းခြောက်ပါးသော ရုပ်တို့ကို အချယ်ရုပ်ဖြစ်လေ၏။
အချယ် ခြောက်ဆူပြီး၏။
အထည်ကိုယ်ရုပ် ဆယ့်နှစ်၊
အချယ်ရုပ် ခြောက်ပါး၊
ပေါင်း တစ်ဆယ့်ရှစ်ပါးကို ရုပ်စစ်ဆိုသည်။
ရုပ်စစ်ဆိုသည်ကား အဟုတ်ရုပ် ဆိုလိုသည်။ အဟုတ်ရုပ် ဆိုသည်ကား ခဏတ္တယနှင့် ပြည့်စုံ၍ တရားကိုယ် ရ ကောင်းသောရုပ်ကို ဆိုသည်။
သင်္ဂြိုဟ်၌ နိပ္ဖန္နရုပ်ဆို၏။
ရုပ်စစ်တစ်ဆယ့်ရှစ် ပြီး၏။
---၃၆ - အမူရုပ်ငါးပါး, ရန်သူရုပ်လေးပါးဟု
ဆိုအပ်သော ရုပ်တုကို ပြခြင်း
ရုပ်တုကိုပြဦးအံ့။
အမူအရာ ရုပ်ငါးပါး, ရန်သူရုပ်လေးပါး, အခြား ရုပ် တစ်ပါး-ဤဆယ်ပါးကို ရုပ်တုဆိုသည်။
အမူအရာရုပ်ငါးပါးတွင် ကာယ ဝိညတ်ရုပ်ဆိုသည်မှာ အလိုကိုသိစေတတ်သော ကိုယ်အမူအရာရုပ်တည်း။ ထင်ရှားစေဦးအံ့။
ထိုထိုကိစ္စကို ပြုလိုသောစိတ်ဖြစ်သောအခါ ယင်းစိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏။ ယင်း စိတ္တဇဝါယောဓာတ်သည် အတူဖြစ်ဘက် ရုပ်ကလာပ်မှုန့်တွေ ဟူသော ကိုယ်ကို တောင့်ခိုင်လှုပ်ရှားစေ၏။ လှုပ်ရှားခြင်း၏အကြောင်း ဖြစ်သော ဝါယောဓာတ်၏ အမူအရာ သတ္တိအထူးကို ကာယဝိညတ်ရုပ် ဆိုသည်။ အခံရှစ်ခု မိမိပါ ကိုးခုအစုအစည်းကို ကာယဝိညတ္တိ နဝကကလာပ်စည်းဆိုသည်။
ဝစီဝိညတ်ရုပ် ဆိုသည်မှာ အလိုကိုသိစေတတ်သော နှုတ်အမူအရာရုပ်တည်း။ ထင်ရှားစေဦးအံ့။
ပြောလို ဆိုလိုသောစိတ် ဖြစ်သောအခါ ယင်းစိတ်သည် ပထဝီဓာတ်ကိုဖြစ်စေ၏။ ယင်းအသစ် စိတ္တဇ ပထဝီဓာတ်က ရှိရင်းကမ္မဇ ပထဝီဓာတ်ကို တိုက်ခိုက်သည့် အတွက် အသံရုပ် ဖြစ်၏။ ယင်းအသံရုပ်ကို လည်ချောင်း, အာစောက်, လျှာထိပ်, သွားခြေ နှုတ်ခမ်း ငါးဌာနရှိ ဓာတ်တို့ ဖိညှပ်ပြုပြင်ကြသည့် အတွက် အက္ခရာစကားလုံး ပီသလေသည်။ တစ်ခုတစ်ခုသော အသံကိုအက္ခရာခေါ်သည်။ အက္ခရာ, အသံအပေါင်းကို စကားတစ်လုံးခေါ်သည်။
အသံစကားလုံးကို ဖြစ်စေတတ် သော စိတ္တဇပထဝီဓာတ်၏ ကမ္မဇပထဝီဓာတ်ကို ထိခိုက်ခြင်း အကြောင်းဖြစ်သော အသံနှင့်တကွသော အမူအရာ သတ္တိအထူးကို ဝစီဝိညတ်ဆိုသည်။ အခံရှစ်ခု အသံနှင့်တကွ မိမိပါဆယ်ခု အစုအစည်းကို ဝစီဝိညတ္တိဒသက ကလာပ်စည်းခေါ်သည်။
ဓာတ်လေးပါး ညီညွတ် စားသောက် မြိန်ရှက် နေကောင်း ထိုင်သာရှိ သောအခါ စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့၏ ပေါ့သောအမူအရာကို လဟုတာ ခေါ်သည်။
နူးညံ့သော အမူအရာကို မုဒုတာခေါ်သည်။
ခံ့ကျန်းသော အမူအရာကို ကမ္မညတာ ခေါ်သည်။
ယင်းရုပ် သုံးခုပါ အခံရုပ် ရှစ်ခုနှင့်တကွ တစ်ဆယ့်တစ်ခုကို လဟုတာဒီ ကလာပ်စည်းခေါ်သည်။ ကာယဝိညတ်ပါ တစ်ဆယ့် နှစ်ခု အစုအစည်းကို ကာယဝိညတ္တိလဟုတာဒိကလာပ် ခေါ်သည်။
သဒ္ဒပါ တစ်ဆယ့်နှစ်ခု အစုအစည်းကို သဒ္ဒလဟုတာဒိကလာပ် ခေါ်သည်။ ဝစီဝိညတ် သဒ္ဒပါ တစ်ဆယ့်သုံးခု အစုအစည်းကို ဝစီဝိညတ္တိသဒ္ဒလဟုတာ ဒိကလာပ်ခေါ်သည်။
အမူရုပ်ငါးခု အမူအရာ ကလာပ်ခြောက်ပါးပြီး၏။ သင်္ဂြိုဟ်၌ ဝိကာရရုပ်ဆိုသည်။
ရန်သူရုပ်လေးပါးကို ပြဦးအံ့။
ဥပစယဆိုသည်မှာ တစ်ခုသော ဘဝ၏ ရှေးဦးစွာဖြစ်သော ရုပ်တို့၏ဖြစ်စ, ပေါ်စ အခြင်းအရာကို ဆိုသည်။
သန္တတိ ဆိုသည်မှာ နောက်ထပ်ရုပ်တို့၏ ဖြစ်စ, ပေါ်စအခြင်းအရာကို ဆိုသည်။ နှစ်ပါးလုံး ရုပ်ကလာပ်တို့၏ဖြစ်စ, ပေါ်စချည်းဖြစ်၍ ဇာတိရုပ်မည်၏။ ဝေနေယျတို့ အလိုသို့ လိုက်၍ နှစ်ပါးဟောတော်မူသည်။
ဇရတာ ဆိုသည်မှာ ဖြစ်ပြီး ပေါ်ပြီး ရုပ်ကလာပ်တို့၏ ရင့်ရော်အားနည်းသော အခြင်းအရာကိုဆို သည်။
အနိစ္စတာ ဆိုသည်မှာ ရင့်ရော်အားနည်းပြီးသော ရုပ်ကလာပ်တို့၏ ချုပ်ပျက် ကွယ်ပျောက်သော အခြင်းအရာကိုဆိုသည်။
ယင်းရုပ်လေးခုတို့ သည် သင်္ခတတရား မှန်သမျှကို တနှိပ်စက်တည်း အမြဲ နှိပ်စက်ကြကုန်၏။ အဘယ်သို့ နှိပ်စက်ကြသနည်းဆိုသော် ဇာတိရုပ် နှစ်ပါးတို့သည် သင်္ခတ တရားတို့ကို မဖြစ်ပေါ်ချင်သော်လည်း မနေသာသကဲ့သို့ အသစ် အသစ်ဖြစ် ပေါ်စေသော အခြင်းအရာဖြင့် နှိပ်စက်ကုန်၏။ ဇရတာသည် ဖြစ်ပေါ်လာသမျှ သင်္ခါရတရားတို့ကို ရင့်ရော်အားနည်းစေသောအားဖြင့် နှိပ်စက်၏။ အနိစ္စတာ သည် ရင့်ရော်အားနည်းပြီးသော သင်္ခတတရားတွေကို ချုပ်ပျက် ကွယ်ပျောက် စေသော အားဖြင့် နှိပ်စက်၏။
ဥပမာအားဖြင့် ထင်ရှားစေဦးအံ့။
ရန်သူလေးယောက်တို့ အငြိုးရှိသူကို သတ်လိုသော် ရွာတွင်း၌ သတ်ခွင့်မရ၍ နှစ်ယောက်သူက ရွာပြင်သို့ ရောက်အောင် ခေါ်ထုတ်သွေးဆောင်၊ ရွာပြင်သို့ ရောက်ကာလ တစ်ယောက်သူက ရိုက်နှက်တိမ်းလဲ အားနည်းစေပြီး နောက် တစ်ယောက်သူက ဦးခေါင်းကိုဖြတ်၍ အသေသတ်သကဲ့သို့ -
ထို့အတူ ဇာတိရုပ်နှစ်ပါးတို့လည်း သင်္ခတတရားကို ဖော်ထုတ်သမား၊ ဇရတာသည် ပေါ်လာသမျှသင်္ခတတရားတို့ကို ရင့်ရော်အား နည်းအောင် နှိပ်စက်သမား၊ အနိစ္စတာသည် ရင့်ရော် အားနည်းပြီးသမျှကို ဖျောက်ဖျက်သတ်ဖြတ်၍ နှိပ်စက် သမား ဤသို့ ရုပ်၊ နာမ်၊ သင်္ခတ ဟူသမျှကို တနှိပ်စက်တည်း အမြဲနှိပ်စက် လေသောကြောင့် ယင်းရုပ်လေးခုတို့ကို ရန်သူရုပ်ဟူ၍ ဆိုလေသည်။ သင်္ဂြိုဟ်၌ လက္ခဏရုပ် လေးခုဟူ၍ဆို၏။
ရန်သူရုပ် လေးခုပြီး၏။
---၃၇ - အခြားရုပ်ကို ပြခြင်း
အခြားရုပ် တစ်ကိုပြဦးအံ့။
များစွာသော ရုပ်ကလာပ်မှုန့်တွေကို အာပေါဓာတ် ပေါင်းစု ဖွဲ့စည်းရာ ရုပ်ကလာပ် မှုန့်ချင်း မရောနှောစေရအောင် ရုပ်ကလာပ်မှုန့်တို့၏ အကြားကန့် ခြားတတ်သော အာကာသဓာတ်ကို ပရိစ္ဆေဒရုပ် ဆိုသည်။ ယင်းပရိစ္ဆေဒရုပ်ကိုပင် မြန်မာခေါ်အားဖြင့် အခြားရုပ်ဆိုသည်မှတ်။
သံတုံး ကျောက်ခဲ, အရိုး အနှစ်စသော အလွန်မာသော ဝတ္ထုတို့၌ အာပေါဓာတ် အာဗန္ဓနသဘောဖြင့် အဖွဲ့အစည်း နာသည့်အတွက် ရုပ်ကလာပ်မှုန့်တွေ အလွန်စေ့စပ် ကြပ်တည်းသည်ဖြစ်၍ အာကာသဓာတ်အခြား အလွန်သိမ်မွေ့သည်။ ပထဝီ များသည်၊ ထို့ကြောင့် မာသည်, လေးသည်မှတ်။
ပွရွသော ဝတ္ထုတို့၌ အဖွဲ့အစည်း လျော့သည့်အတွက် ရုပ်ကလာပ်မှုန့် တွေ ချောင်သည် ကြဲသည်ဖြစ်၍ အာကာသဓာတ်များသည်၊ ပထဝီနည်းသည်။ ထို့ကြောင့် ပွသည် ရွသည် ပေါ့သည်။
ရေ၌ ရုပ်ကလာပ်မှုန့်တွေကို အာပေါ ဓာတ်သည် အရည်၊ အပျော် ပုဂ္ဃရဏဖြစ်၍ အဖွဲ့အစည်း စေ့စပ်သောကြောင့် အာကာသဓာတ် နည်းသည်၊ ပထဝီများသည်။ ထို့ကြောင့် ရေလေးသည်မှတ်။
ကြမ်းသည်, နုသည်, မာသည်, လေးသည်, ပေါ့သည်ဆိုသမျှ ပထဝီ၌သာ ရကောင်းသည်။ တစ်ပါးရုပ်တို့အတွက် အလေး, အပေါ့ အထူးမဖြစ်မှတ်လေ။ အလေး, အပေါ့ အရာ၌ ပထဝီသာ ပမာဏဖြစ်သည်။
အကြီး, အငယ်, အတို, အရှည်စသော သဏ္ဌာန ပညတ်မျိုးကား ပထဝီဓာတ် ဝဏ္ဏာယတန နှစ်ပါးတို့၌သာ ရကောင်း၏။ တစ်ပါးရုပ်တို့အတွက် အကြီး၊, အငယ်၊ အထူးမဖြစ် မှတ်လေ။
ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကန္တိ ပဒေဟိ ပထဝီ ဓာတုဧဝ ဘာဇိတာ။
ဓမ္မသင်္ဂဏီအဋ္ဌကထာ။ ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။) ။
ကက္ခဠံ၊ အမာအထပ်။
မုဒုကံ၊ အနူး-အညံ့၊ အပျောင်း အပျော့။
သဏှံ၊ အချောအမော။
ဖရုသံ၊ အကြမ်း။
ဂရုကံ၊ အလေး။
လဟုကံ၊ အပေါ့။
ဣတိ ဣမေဟိ ပဒေဟိ၊ ဤပုဒ်တို့ဖြင့်။
ပထဝီဓာတု ဧဝ၊ ပထဝီဓာတ် ကိုသာလျှင်။
ဘာဇိတာ၊ ဝေဖန်အပ်၏။ ။ အနက်။
ဒီဃာဒီနိ ဖုသိတွာပိ သက္ကာ ဇာနိတုံ။
၎င်းအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၁၊၃၅၄။)
ဒီဃာဒီနိ၊ အရှည် အတိုစသော သဏ္ဌာန်အပြားတို့ကို။
ဖုသိတွာပိ၊ တွေ့ထိ၍လည်း။
ဇာနိတုံ၊ သိခြင်းငှာ။
သက္ကာ၊ တတ်ကောင်း၏။ ။ အနက်။
“ဒီဃံ ရဿ”န္တိ တေန တေန ဝေါဟာရေန ရူပါယတန မေဝေတ္ထ ဘာသိတံ။
၎င်းအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၅၄။)
ဒီဃံ၊ အရှည်။
ရဿံ၊ အတို။
ဣတိ၊ ဤသို့။
တေန တေန ဝေါဟာရေန၊ ထိုထိုသို့သော အခေါ်အဝေါ်ဖြင့်။
ရူပါယတနမေဝ၊ အဆင်း ရုပ်ကိုသာလျှင်။
ဧတ္ထ၊ ဤအရာ၌။
ဘာသိတံ၊ ဟောတော်မူအပ်၏။ ။ အနက်။
ပထဝီ, အာပေါများရာ၌ အာကာသဓာတ် သိမ်မွေ့ အားသေးမြဲ။ အာကာသ ဓာတ်များရာ၌ ပထဝီ၊ အာပေါ သိမ်မွေ့အားသေးမြဲ။ ထို့ကြောင့် အာကာသဓာတ်ကို ပထဝီအာပေါတို့၏ ဆန့်ကျင်ဘက်မှတ်။ ဝါယောကိုကား အာကာသဓာတ်နှင့် မိတ်ဘက်မှတ်။
အာကာသနှင့် ဆန့်ကျင်ဘက်ဖြစ်သော ပထဝီ, အာပေါတို့လည်း ဝါယောနှင့် ဆန့်ကျင်ဘက်ဖြစ်တော့သည်သာ။ ပြလိုရင်းမှာ အလွန်မာသော ဝတ္ထု, ပွ-ရွေသော ဝတ္ထု၊ အရည်၊ အစေးတို့၌ ကလာပ်မှုန့်တို့၏ အကြား အာကာသဓာတ် ခြားသည်ကို ပြလိုရင်းတည်း။
အခြား ရုပ်ပြီး၏။
ရုပ်တုပြီး၏။
ရုပ်စစ်တစ်ဆယ့်ရှစ်, ရုပ်တု တစ်ဆယ် ပေါင်းရုပ်နှစ်ဆယ့်ရှစ်ပါး ဖြစ်၏။ သဒ္ဒနဝက ကလာပ်, အမူအရာ ကလာပ် ခြောက်စည်းတို့မှာ ရံခါသာ ဖြစ်သည်။ ရံခါ ခုနစ်စည်း၊ မြဲကိုးစည်း၊ ရေနည်း တစ်ဆယ့်ခြောက်။
ရှစ်ခု တစ်စည်း၊
ကိုးခု သုံးစည်း။
တစ်ဆယ်ရှိ ရှစ်စည်း။
ဆယ့်တစ်ရှိ တစ်စည်း၊
ဆယ့်နှစ်ရှိ နှစ်စည်း၊
ဆယ့်သုံးရှိ တစ်စည်း။
တစ်နည်း ဆယ့်ခြောက်။
ရုပ်တို့၏ သရုပ်သဘောကို ပြသောအခန်းပြီး၏။
---၃၈ - ကလာပ်စည်း ပမာဏနှိုင်းဆရန်ကို ပြခြင်း
ကလာပ်စည်း ပမာဏနှိုင်းဆရန်ကိုပြဦးအံ့။
ရုပ်တရားတို့ ဖြစ်ကြ ပျက်ကြသောအခါ တစ်ခုတည်း ဖြစ်သည်, ပျက်သည်မဟုတ်။ အစုအစု အစည်း အစည်း ဖြစ်ကြ၊ ပျက်ကြကုန်သည်။ ထိုသို့ ဖြစ်ကြပျက်ကြသော ရုပ်တရားတို့၏ အစုအစည်းကို ရူပကလာပ-ရုပ်ကလာပ်ဟူ၍ ဆိုလေသည်။
ယင်းရုပ်ကလာပ်စည်း ပမာဏ နှိုင်းဆရန်မှာ နံရံပေါက်မှ ဝင်သောနေရောင်၌ မြင်ကောင်း သော အဏုမြူတစ်လုံးကို သုံးဆယ့်ခြောက်စိတ် ခွဲစိတ်၍ တစ်စိတ်ကို ပရမာဏု မြူခေါ်သည်။ လူတို့ မျက်စိဖြင့်မမြင်ကောင်း၊ နတ်တို့ မျက်စိဖြင့်သာ မြင်ကောင်း၏။ ယင်း ပရမာဏုမြူကို ပွတ်ချေ ခွဲစိတ်သော် မှီရာ တည်ရာမရှိ။ ကုန်ဆုံး ပျောက်ပျက်ခြင်းသို့ ရောက်ရာ၏။ ပရမာဏုမြူအောက် သိမ်နုပ် သေးငယ်သော ဝတ္ထုဟူ၍ မရှိကောင်းပြီ။ အသေးအငယ် သဏ္ဌာန်ပမာဏကိုလည်း ပထဝီဝဏ္ဏ လွန်ကဲသော အရာ၌ ပညတ်အားဖြင့်သာ ရကောင်းသည်။ တေဇော-ဝါယော လွန်ကဲသော အရှိန်အငွေ့ နေရောင် လရောင်စသည်တို့၌ အသေးစိတ် ပမာဏ မရကောင်းပြီ။
တေ ပန ကလာပါ ပရမာဏုပမာဏာ ဟောန္တိ။
ဝိသုဒ္ဓိမဂ်ဋီကာ။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၄၄၃။)
တေ ပန ကလာပါ၊ ထိုရုပ်ကလာပ်တို့သည်။
ပရမာဏုပမာဏာ၊ ပရမာဏုမြူ ပမာဏရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။ ။ အနက်။
ဤဋီကာစကားကိုလည်း ပရမာဏုမြူအောက် သေးနုပ်၍ မဖြစ်ကောင်းသော ပထဝီ ကဲလွန်သောအရာကိုသာ ရည်၍ တစ်ခုသော ကလာပ်စည်းသည် ပရမာဏုမြူ ပမာဏရှိသည်ဟု မှတ်သားပြောသာ ရုံသာဆိုသည်။ ဆိုသည့် အတိုင်းလည်း တစ်ခုသော ကလာပ်စည်းသည် ပရမာဏုမြူ ပမာဏရှိသည် ဟူ၍ မှတ်အပ် ပြောအပ်၏။
ပရမာဏုမြူ တစ်ခု၌သော်လည်း ကလာပ်စည်း ငါးဆယ့်တစ်စည်း ရသင့် သောကြောင့် အစိန္တေယျ အရာဟူ၍သော်လည်း ဆိုအပ်၏။ အဋ္ဌကလာပ် စည်းမျှသာ ဖြစ်သော ပရမာဏုမြူ သုံးဆယ့်ခြောက်လုံး ပေါင်းစုလုံးထွေး ရှိနေပြန်လျှင် အနုဏုမြူ တစ်လုံး ခေါ်ပြန်သည်။
အဏုမြူသုံးဆယ့်ခြောက်လုံး ပေါင်းစု လုံးထွေးရှိနေပြန်လျှင် တဇ္ဇာရီမြူတစ်လုံး ခေါ်ပြန်သည်။
တဇ္ဇာရီပြု သုံးဆယ်ခြောက်လုံး ပေါင်းစုလုံးထွေး ရှိနေပြန်လျှင် ရထရေဏုမြူတစ်လုံး ခေါ်ပြန်သည်။
ရထရေဏုမြူ သုံးဆယ့်ခြောက်လုံးပေါင်းစု လုံးထွေး ရှိနေပြန်လျှင် လိက္ခာမြူတစ်လုံး ခေါ်ပြန်သည်။
လိက္ခာမြူ သုံးဆယ့်ခြောက်လုံး ပေါင်းစု လုံးထွေးရှိနေပြန်လျှင် သန်းဦးခေါင်း တစ်လုံးခန့်။
သန်းဦးခေါင်း ခုနစ်လုံးခန့် ကို စပါးတစ်လုံးခန့်။
စပါးခုနစ်လုံးခန့်ကို တစ်သစ်။
ဆယ့်နှစ်သစ်ကို တစ်ထွာ။
နှစ်ထွာကို တစ်တောင်။
ခုနစ်တောင်ကို တစ်တာ။
တာတစ်ထောင်လျှင် တစ်တိုင်၊
ခြောက်တိုင်နှင့် တာလေးရာကို တစ်ယူဇနာ။
ဤသို့လျှင် မြေ, ရေ, မီး, လေ, သစ်, သံ, ကျောက်တို့ကို စ၍ အဇ္ဈတ္တ၊ ဗဟိဒ္ဓ တစ်လောကလုံး အဟုတ်သဘော၊ အမှန်သဘောအားဖြင့် ရုပ်ကလာပ် မှုန့်တို့၏ ပေါင်းစုလုံးထွေး အစုအဝေးမျှပင်။ ဤကဲ့သို့ မထင် မမြင်ဘဲ တစ်သားတည်း, တစ်ခဲတည်း, တစ်ခုတည်း၊ ထင်ကြရ, မြင်ကြရသော သဘောကိုပင် သမူဟဃန ပညတ်ဆိုသည်မှတ်လေ။
ယင်း သမူဟဃန ပညတ်ကို နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ဖျက်ဆီးရသည်။
ကလာပ်စည်းပမာဏ နှိုင်းဆရန် ပြီး၏။
---၃၉-ရုပ်သက်ကိုပြခြင်း
ရုပ်သက်ကို ပြဦးအံ့။
လူတို့ မျက်တောင်တစ်ခတ်ကာလကို ကုဋေ သုံးသိန်းစိတ်၍ တစ်စိတ်ခန့် ကာလကို ခဏငယ်တစ်ချက်မှတ်။ ရုပ်တို့ဖြစ်ဆဲ ပေါ်ဆဲကို ဥပါဒ်ခေါ်သည်။ ပျက်ဆဲ ပျောက်ဆဲကို ဘင်ခေါ်သည်။ ယင်း ဥပါဒ်ခဏ, ဘင်ခဏတို့သည် ခဏငယ် တစ်ချက်ခန့်သာရှိသည်။ အပျက်သို့ ရှေ့ရှုလျက် တည်ဆဲရှိဆဲကို ဌီ ခေါ်သည်။ ယင်း ဌီကာလသည်ကား ခဏငယ် လေးဆယ့်ကိုးချက်ခန့်ရှိသည်။
ဝိညတ်ရုပ် နှစ်ခု၊ ရန်သူရုပ်လေးခုတို့ကို ချန်ထား၊ ကျန်ပထဝီစသော နှစ်ဆယ့်နှစ်ပါး သော ရုပ်တို့၏ အသက်သည် ဥပါဒ်တစ်ချက်ခန့် ဌီ လေးဆယ့်ကိုးချက်ခန့် ဘင်တစ်ချက်ခန့်အားဖြင့် ခဏငယ် ငါးဆယ့်တစ်ချက်ခန့်ရှိသည်။
ဝိညတ်ဒွေးကား ခဏငယ်သုံးချက်ခန့်သာ အသက် ရှည်သည်။ ဥပစယ, သန္တတိ, အနိစ္စတာ ရုပ်သုံးခုကား ခဏငယ် တစ်ချက်ခန့်သာ အသက်ရှည်သည်။ ဇရတာရုပ်ကား ခဏငယ် လေးဆယ့်ကိုးချက်ခန့် အသက်ရှည်သည်။
နာမ်တရားတို့၏ အသက်ကား ခဏငယ် သုံးချက်ခန့်သာ ရှည်သည်။
ရုပ်တစ်ခုပျက်လျှင် နာမ်ဆယ့်ခုနစ်ချက်ပျက်၏။
ထို့ကြောင့် ရုပ်သက်ကို နာမ်သက်နှင့်ရေတွက်သော် နာမ်တစ်ဆယ့်ခုနစ်ချက်ခန့်သာ ရုပ် သက်ရှည်၏။
ဖီလာကန့်လန့် ဆံပင်ချင်းထိအေင် တစ်ဆယ့်ခုနစ်ပင်စီ ခင်း၍ ထားပြီးလျှင် သေနတ်ဖြင့် ကျည်ဆံကို ကျော်၍ ပစ်သည်ရှိသော် ဆံပင် တစ်ဆယ့်ခုနစ်ပင်ပေါ်ကို ကျည်ဆံကျော်ဆဲ ခဏလောက်ရုပ်သက် ရှည်သည်ဟူ၍ ဉာဏ်နိုင်ရုံ အကြမ်းမှတ်။
သင်္ခတတရား မှန်သမျှ ဘဝဆက်၊ နှစ်ဆက်, လဆက်, နေ့ဆက်, ရက်ဆက်-မပျက်ဘဲ တစ်ခုတည်း, တစ်ခဲတည်း, တစ်ရှိတည်း ရှိနိုင် အမြဲ တည်နိုင်သော တရားဟူ၍မရှိ။ သို့သော်လည်း အဟောင်းတွေ အပျက်အပျက်, အသစ် အသစ်တွေ, အစားစိုက်၍ အဖြစ် အဖြစ်တွေ မြန်လှသောကြောင့် မသိနိုင်သည့်အတွက် အဟောင်း အသစ် ဖြစ်ပြီးနှင့်ဖြစ်ဆဲ ရှေ့နောက်တရားတွေကို တစ်သားတည်း, တစ်ခုတည်း, တစ်ရှိတည်း၊ ထင်ကြရ မြင်ကြရလေသည်။
ထိုသို့ထင်သမျှ သန္တတိဃနပညတ် မှတ်လေ။ အနိစ္စလက္ခဏာ လှလှထင်မြင်မှ သန္တတိဃနပညတ် ကွာကင်းသည်။
နာမရူပပရိစ္ဆေဒဉာဏ်ကား နှီးသမားနှင့် အလားတူ၏။
အနိစ္စဉာဏ်ကား ဆေးမြစ်တွေကို တောက်တောက် စင်း၍ အမှုန့်ပြုသော ဆေးသမားနှင့် အလားတူ၏။
ဝိပဿနာ အရာမှာ ဤဉာဏ်နှစ်ပါး နေရာကျလျှင် အထက်ဉာဏ်ကို လွယ်တော့ သည်သာ မှတ်လေ။
ရုပ်သက်ကို ပြသည်ပြီး၏။
---၄၀-ရုပ်တို့၏ ဖြစ်ကြောင်း သမုဋ္ဌာန်ကိုပြခြင်း
ရုပ်တို့၏ဖြစ်ကြောင်း သမုဋ္ဌာန်ကိုပြဦးအံ့။
“ကံ, စိတ်, ဥတု, အာဟာရ လေးဝသမုဋ္ဌာန်”။
ကံဆိုသည်မှာ အတိတ်ဖြစ်သော ကုသိုလ်, အကုသိုလ် စေတနာကို ဆိုသည်။
စိတ်ဆိုသည်မှာ ဟဒယဝတ္ထုကို မှီ၍ဖြစ်သော စိတ်ကို ဆိုသည်။
ဥတု ဆိုသည်မှာ သီတဥတု, ဥဏှဥတု နှစ်ပါးကိုဆိုသည်။
အာဟာရဆိုသည်မှာ မျိုသွင်းအပ်သော အရည်, အဖတ်၊ အစာ၊ အာဟာရ၌ပါသော ဩဇာရုပ်ကိုဆိုသည်။
ထိုတွင် ကံသည် အဇ္ဈတ္တသန္တာန်၌ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ ခဏငယ်တိုင်း ခဏငယ်တိုင်း ထိုက်သည်အားလျော်စွာ ကမ္မဇရုပ် နှစ်ဆယ်ကိုဖြစ်စေ၏။
စိတ်သည် အဇ္ဈတ္တ သန္တာန်၌ ပဋိသန္ဓေစိတ်၏ နောက် ပထမဘဝင် ဥပါဒ်မှစ၍ မိမိတို့၏ ဥပါဒ်ခဏ၌ စိတ္တဇရုပ် တစ်ဆယ့်ခုနစ်ပါးကို ထိုက်သည်အားလျော်စွာ ဖြစ်စေ၏။
ဥတုသည် အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်နှစ်ပါးလုံး၌ မိမိ ဌီသို့ ရောက်ဆဲခဏ၌ ဥတုဇရုပ် တစ်ဆယ့်ငါးပါးကို ထိုက်သည်အားလျော်စွာဖြစ်စေ၏။
အာဟာရသည် အဇ္ဈတ္တသန္တာန်ဝယ် မိမိ ဌီသို့ ရောက်ဆဲခဏ၌ အာဟာရဇရုပ် တစ်ဆယ့် လေးခုတို့ကို ထိုက်သည်အားလျော်စွာ ဖြစ်စေ၏။
ဥပစယ, သန္တတိ, အဝိနိ, အခြား၊ တစ်ဆယ့်တစ်ပါး၊ လေးပါးလုံး ကြောင့်ဖြစ်။
စ, သော, ယာ, ဝှာ, ကာ, ဇီ, ဟ, ဣ, ပုံ၊ ကိုးစုံ ကံကြောင့်ဖြစ်။
ဝိညတ်နှစ်, စိတ်ကြောင့်ဖြစ်။
သဒ္ဒရုပ်တစ်၊ စိတ်, ဥတု, ကြောင့်ဖြစ်။
လဟု, မုဒု၊ ကမ္မည၊ စိတ်,ဥတု, အာဟာရကြောင့်ဖြစ်။
ဇရတာ၊ အနိစ္စတာ၊ လေးပါးသော အကြောင်းကြောင့် မဖြစ်။
ကမ္မဇာနိ၊ ကံကြောင့်ဖြစ်ကုန်သော ရုပ်တို့သည်။
ဝီသတိ၊ နှစ်ဆယ်တို့ တည်း။
စိတ္တဇာနိ၊ စိတ်ကြောင့်ဖြစ်ကုန်သော ရုပ်တို့သည်။
သတ္တရသ၊ တစ်ဆယ့် ခုနစ်တို့တည်း။
ဥတုဇာနိ၊ ဥတုကြောင့် ဖြစ်ကုန်သော ရုပ်တို့သည်။
ပန္နရသ၊ တစ်ဆယ့်ငါးပါးတို့တည်း။
အာဟာရဇာနိ၊ အာဟာရကြောင့် ဖြစ်ကုန်သော ရုပ်တို့သည်။
စုဒ္ဒသ၊ တစ်ဆယ့်လေးပါးတို့တည်း။
လေးပါးလုံးကြောင့်ဖြစ် တစ်ဆယ့်တစ်။
သုံးပါးကြောင့်ဖြစ် သုံး။
နှစ်ပါးကြောင့်ဖြစ် တစ်။
တစ်ပါးကြောင့်ဖြစ် တစ်ဆယ့်တစ်။
လေးပါးလုံးကြောင့် မဖြစ် နှစ်။
စိစစ်မလွဲ ရအောင်ခွဲ။
သမုဋ္ဌာန်ကိုပြသည်ပြီး၏။
၄၁-သမုဋ္ဌာန်၌ အထူးမှတ်ဖွယ်ကို ပြဆိုခြင်း
သမုဋ္ဌာန်၌ အထူးမှတ်ဖွယ်ကို ပြဦးအံ့။
ဥတုဆိုသော စကား၌ ဥတုဆိုသည်မှာ တေဇောကိုပင်ဆိုသည်။ တေဇောဆိုသည်မှာလည်း ကမ္မဇကလာပ်၊ စိတ္တဇကလာပ်၊ ဥတုဇကလာပ်၊ အာဟာရဇကလာပ်၊ လေးမျိုးတို့၌ သီတတေဇော၊ ဥဏှတေဇော နှစ်မျိုးစီဖြစ်၍ အဇ္ဈတ္တတေဇော ရှစ်မျိုး၊ ဗဟိဒ္ဓတေဇော နှစ်မျိုးပေါင်း ဆယ်မျိုးသော တေဇောကိုပင်ဆိုသည်။
ယင်း တေဇောဆယ်ပါးလုံးပင် ရုပ်ကိုဖြစ်စေနိုင်သည်။ ယင်းတေဇောသည် အဇ္ဈတ္တ၊ ဗဟိဒ္ဓတစ်လောကလုံးကို လွှမ်းမိုးအုပ်ခြုံ စီရင်သည်။ စီရင်ဆိုသည်လည်း ဖြစ်ပွားစေသည်ကို ဆိုသည်။ ဖြစ်ပွားစေတတ်သောကြောင့် တေဇောကို ဥတုဆိုသည်။
ဥဒယတိ ဇနေတီတိ ဥတု။ ။ (ဝိဂြိုဟ်)။
ဥဒယတိ၊ ပွားစေတတ်၏။
ဇနေတိ၊ ဖြစ်စေတတ်၏။
ဣတိတသ္မာ ထို့ကြောင့်။
ဥတု၊ ဥတုမည်၏။ ။ အနက်။
ဖြစ်စေပွားစေသည်သာ မဟုတ်သေး၊ ယုတ်လျော့ပျက်စီးခြင်းတို့လည်း တေဇောကြောင့်ပင်မှတ်လေ။
ဥတု စတုသမုဋ္ဌာနိကရူပါနံ ပဝတ္တိယာ စ ဝိနာသဿ စ ပစ္စယော ဟောတိ။
ဝိသုဒ္ဓိ၊၂၊၂၅၂။
ဥတု၊ တေဇောဥတုသည်။
စတု သမုဋ္ဌာနိကရူပါနံ၊ လေးပါးသော အကြောင်းကြောင့် ဖြစ်ကုန်သော ရုပ်တို့၏။
ပဝတ္တိယာစ၊ ဖြစ်ပွားခြင်း၏ လည်းကောင်း။
ဝိနာသဿ စ၊ ပျက်စီးဆုတ်ယုတ်ခြင်း၏လည်းကောင်း။
ပစ္စယော၊ အကြောင်းသည်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
သတ္တဝါတို့ သန္တာန်၌ အနာရောဂါဖြစ်ခြင်း၊ အနာရောဂါကင်းခြင်း၊ အသက်တိုခြင်း၊ အသက်ရှည်ခြင်းတို့လည်း တေဇောကြောင့်ပင်မှတ်လေ။ ဂဗ္ဘသေယျ ပုဂ္ဂိုလ်တို့မှာ ဥတုဇတွေ အားကြီးသောကြောင့် ဥတုကိုအခံ၊ ကံကို အပေါ်တင်ထား၍ ဆိုလိုက်သည်။
ဆေးဝါး၊ ဓာတ်စာတို့၏ အနာရောဂါကို ပယ်ဖျောက်နိုင်သော သတ္တိဆိုသည်လည်း တေဇောကိုပင်ဆိုသည်။ အာဟာရဆိုသောစကား၌ အဇ္ဈာတ္တာဟာရ၊ ဗဟိဒ္ဓါဟာရ နှစ်မျိုးရှိသည်တွင် ကိုယ်တွင်းရှိ ကမ္မဇကလာပ်တို့၌ပါရှိသော ဩဇာရုပ် (တစ်နည်း) စတုဇကလာပ်တို့၌ပါသော ဩဇာရုပ်ကိုပင် အဇ္ဈတ္တာဟာရဆိုသည်။ စားသောက် မျိုသွင်းအပ်သော အရည် အဖတ်၌ပါရှိသော ဩဇာကို ဗဟိဒ္ဓါဟာရဆိုသည်။
ယင်းအာဟာရ နှစ်မျိုးတို့တွင် ဗဟိဒ္ဓါဟာရသည် ရုပ်ကိုဖြစ်စေနိုင်သည်။ ဖြစ်စေနိုင်သည်ဆိုသော်လည်း အဇ္ဈတ္တအာဟာရကို မှီရမှ အဇ္ဈတ္တာဟာရ ထောက်ပံ့ အားပေးမှ ဖြစ်စေနိုင်သည်။ မိမိချည်း သက်သက်မဖြစ်စေနိုင်။
ထင်ရှားစေဦးအံ့။
စားသောက်မျိုသွင်းလိုက်သော အရည် အဖတ် အစာအိမ်အတွင်းသို့ရောက်ကာလ ပါစကဓာတ်မီး ကျိုချက် ညှစ်ထုတ်အပ်သော အဆီ အစေး ဩဇာသည် အရသာကိုဆောင်သော အကြောတို့ကို လျှောက်၍ တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် အဇ္ဈတ္တာဟာရ အထောက်အပံ့ရသဖြင့် ဆယ်ဆက်၊ ဆယ့်နှစ်ဆက်၊ ခုနစ်ရက်ပတ်လုံး အာဟာရဇရုပ်တို့ကို ဖြစ်ပွားစေ၏။ တိဇကလာပ် ရုပ်တွေကိုလည်း စောင့်ရှောက်ထောက်ပံ့ ခိုင်ခံ့စေ၏။ အဆီ၊ အစေး၊ ဩဇာ ညှစ်ထုတ်ကြေကျက်ပြီး အဖတ်ကြမ်းတွေကို ကမ္မဇဝါယောဓာတ် အောက်သို့ တွန်းထုတ်လေ၏။
ပါစကဓာတ်မီး ကြေကြေကျက်ကျက် ကျိုချက်နိုင်သောအခါ အဆီ အစေး ဩဇာ အထွက်ကောင်းသဖြင့် အာဟာရဇရုပ်ကလာပ်တွေကို ဖြိုင်ဖြိုင် ဖြစ်ပွားစေနိုင်သည့်အတွက် ရူပကာယ-ခန္ဓာကိုယ် ဝဖြိုးကြည်လင်လေသည်။ တစ်စုံတစ်ခုသော အကြောင်းကြောင့် ပါစကဓာတ်မီးပျော့ညံ့ ဟန်ပျက်၍ ကြေကြေကျက်ကျက် မကျိုမချက်နိုင်သောအခါ စားသောက်မျိုသွင်းအပ်သော အရည်အဖတ်တို့ ခံနေ ပုပ်သိုး၍ အဆီ အစေး ဩဇာ အထွက်နည်းသဖြင့် အာဟာရဇရုပ်အဖြစ် အပွားအားသေးသည့်အတွက် ရူပကာယခန္ဓာကိုယ် နွမ်းလျ ပိန်ညိုးရလေသည်။
ပါစကဓာတ်မီး ပျော့ညံ့ဆိုသည်မှာ ကံအကျိုးပေး ညံ့သည့်အတွက်လည်းကောင်း၊ ဥတုဖောက်ပြန်သည့်အတွက်လည်းကောင်း၊ ဉာဏ်မရှိသည့်အတွက်လည်းကောင်း ဤသို့စသည် တစ်ချက်ချက်ကြောင့် ပျော့ညံ့တတ်သည်။ ဓာတ်မီးလွန်သည်ကိုလည်း ဤအရာ၌အပျော့အညံ့ပင် ဆိုရမည်။
ဉာဏ်မရှိဆိုသည်မှာ မဆင်ခြင်တတ် သပ္ပါယကို မသိတတ်သည်ကို ဆိုသည်။
ယင်းဓာတ်မီး ပျော့ညံ့သည့်အတွက် မကြေမကျက်ခံနေ ပုပ်သိုးသော အစာပုပ်၊ လေပုပ်၊ ဓာတ်ပုပ်တို့ကို အစွဲပြု၍လည်း ရောဂါဥပါဒ် ဖြစ်တတ်သည်။ ယင်းသို့သော ရောဂါဥပါဒ်မှ ဉာဏ်၊ လုံ့လကောင်းလျှင် လွတ်ကင်းနိုင်သည်။
ကံအကျိုးပေးကောင်းသောသူတို့ ပါစကဓာတ်မီးကောင်းတတ်သည်။ ပါစကဓာတ်မီး ကောင်းသောသူတို့ ရောဂါဥပါဒ် ကင်းတတ် အသက်ရှည်တတ်သည်။
ထိုစကား မှန်၏။
ပါစကဓာတ်မီးကောင်းလျှင် ဥသ္မာခေါ်သော ကိုယ်ငွေ့ကောင်းသည်၊ ကိုယ်ငွေ့ကောင်းမှ ဓာတ်လေးပါး ညီညွတ်သည်။ မျိုသွင်းအပ်သော အဋ္ဌကလာပ်အရည် အဖတ်တို့ကား ရုပ်ကိုမဖြစ်စေနိုင်၊ မွတ်သိပ်ဆာလောင်ခြင်းကိုသာ ပယ်ဖျောက်နိုင်သည်။ အရည်အဖတ်၌ပါသော ဩဇာရုပ်ကား မွတ်သိပ်ဆာလောင်ခြင်းကို မပယ်နိုင်၊ ရုပ်ကိုသာ ဖြစ်စေနိုင်သည်မှတ်။ မွတ်သိပ်ဆာလောင်သည်ဆိုသည်မှာလည်း တေဇော၏သတ္တိပင်။
ထိုစကား မှန်၏။
အစာအိမ်အတွင်းရှိ ပါစကဓာတ်မီးသည် အစာအိမ်၌ အစာမရှိသောအခါ အစာအိမ် ဝမ်းရေကို ပူးကပ်လောင်စေ၏။ ထိုအခါ ဝမ်းဟာခြင်း၊ ဝမ်းပူခြင်းဖြစ်၏။ ယင်းဝမ်းဟာ၊ ဝမ်းပူခြင်းကိုပင် မွတ်သိပ်ဆာလောင်သည်ဟူ၍ ဆိုရလေသည်။ အကြင်အခါ အရည်အဖတ်ကို စားသောက်မျိုသွင်း ဝမ်းတွင်းသို့ ရောက်လာ၏။ ထိုအခါ ပါစကဓာတ်မီးသည် ဝမ်းရေကိုလွှတ်၍ အစာကို ပူးကပ်ပူလောင် ကြေကျက်စေသဖြင့် ဝမ်းပူ ဝမ်းဟာ မွတ်သိပ်ဆာလောင်ခြင်းဝေဒနာငြိမ်း၍ စိတ်၏ ရွှင်ပျချမ်းသာခြင်း ဖြစ်လေ၏။
ဥပမာဖြင့် ထင်ရှားစေဦးအံ့။
သစ်ပင်ရိပ်စောင့် ဘီလူး အရိပ်သို့ ဝင်သူ လူတို့ကို အမြဲဖမ်းစားရန် လူတစ်ယောက်ကိုဖမ်းယူ၊ နတ်သံခြေကျင်းဖြင့် ဖွဲ့ခတ် ဝှက်ထား၊ စားလိုသောအခါ ထက်လှစွာသောအစွယ်ဖြင့် ဦးခေါင်းကိုကိုက်၊ နာကျင်လှ၍ အော်ဟစ်၊ အနီးအပါးကြားသူတို့ ကယ်ယူဖို့ပြေးလာရာ အရိပ်သို့ ဝင်လာသူလူကို ဖမ်းစား၍ ဝခါမှ ချမ်းသာရသော --
ဘီလူးနှင့်ပါစကဓာတ်မီးတူသည်။
အမြဲတမ်း ဆာသောသူနှင့် ဝမ်းရေတူသည်။
အရိပ်သို့ပြေးဝင်လာသူနှင့် မျိုသွင်းလိုက်သော အရည်အဖတ်တူသည်။
အဋ္ဌကထာ၌လာသော ဥပမာ။ အဋ္ဌသာလိနီ-နှာ၊ ၃၆၆-၇။
အဇ္ဈတ္တာဟာရသည် ရုပ်ကိုဖြစ်စေနိုင်သည်ဟူ၍ ကျမ်းဂန်တို့၌ဆိုသေး၏။ ထို့ကြောင့် အဇ္ဈတ္တာဟာရ၊ ဗဟိဒ္ဓါဟာရ နှစ်ပါးလုံးပင်ရုပ်ကို ဖြစ်စေနိုင်သည်ဟူ၍ ပြသင့်၏။ သို့သော်လည်း ဗဟိဒ္ဓါဟာရသာရုပ်ကို ဖြစ်စေရာ၌ ထင်ရှား သိသာသောကြောင့် မှတ်လွယ်၊ သိလွယ်စေခြင်းငှာ ဗဟိဒ္ဓါဟာရကိုသာ ပြလိုက်သည်။
ကမ္မဇနိတော ပိ ဟိ အယံ ကာယော ကဗဋီကာရာဟာရေန ဥပတ္ထမ္ဘိတောယေဝ တိဋ္ဌတိ။
သံယုတ်အဋ္ဌကထာ။ (သံ၊ဋ္ဌ၊၂၊၂၅။)
ဟိ၊ မှန်၏။
အယံ ကာယော၊ ဤကိုယ်သည်။
ကမ္မဇနိတောပိ၊ ကံကြောင့်ဖြစ်သော်လည်း။
ကဗဋီကာရာဟာရေန၊ အစာအာဟာရဩဇာသည်။
ဥပတ္ထမ္ဘိတောယေဝ၊ စောင့်ရှောက်ထောက်ပံ့သော်သာလျှင်။
တိဋ္ဌတိ၊ တည်နိုင်၏။ ။ အနက်။
ထို့ကြောင့် ကံရှိ၍လူ၏အဖြစ်ကို ရကြသော်လည်း အာဟာရအတွက်နှင့် အပင်ကြီး အပန်းကြီး ဝီရိယစိုက်ထုတ်ကြလေသည်။
ထိုစကားမှန်၏။
မွတ်သိပ်ဆာလောင်သည်ဆိုသည်မှာလည်း အစာအိမ်တွင်းရှိ ပါစကဓာတ်မီးတေဇော၏ သတ္တိပင်။ အစာအာဟာရကို ကိုယ်၌သုတ်လိမ်းခါမျှ၊ ခံတွင်းသွတ်သွင်းရုံမျှ၊ ဝါးရုံ၊ မျိုရုံမျှဖြင့် ရုပ်ကိုဖြစ်စေနိုင်ကြောင်း။ လူတို့ ဩဇာအာဟာရသည် ခုနစ်ရက်ပတ်လုံး၊ နတ်တို့ဩဇာအာဟာရသည် တစ်လ နှစ်လပတ်လုံး ရုပ်ကိုဖြစ်ပွားစေနိုင်၏။ စောင့်ရှောက်ထောက်ပံ့နိုင်ကြောင်းများကို ကျမ်းဂန်တို့၌ဆိုသေး၏။
သမုဋ္ဌာန်၌ အထူးမှတ်ရန်ပြသည် ပြီး၏။
---၄၂-ဘုံ၌ ရုပ်ရကို ပြခြင်း
ဘုံ၌ ရုပ်ရကိုပြဦးအံ့။
ရုပ်တရား၊ နာမ်တရားတို့၌ အဿာဒ၊ အာဒီနဝ နှစ်မျိုးရှိသည်တွင် အဿာဒဆိုသည်မှာ အနည်းငယ်သာယာဖွယ် နှစ်သက်ဖွယ် အကောင်းကိုဆိုသည်။
အာဒီနဝဆိုသည်မှာ အိမ်လုံး၊ တောင်လုံးမက ကြီးကျယ် များပြားလှသော ထိတ်ဖွယ်၊ လန့်ဖွယ်၊ ကြောက်ဖွယ်၊ ဆင်းရဲဒုက္ခ ဘေးဘယတွေကို ဆိုသည်။
သူငယ်မိုက် သန်လျက်သွား၌ ပျားရေစက်ကို လျက်သောအခါ အချိုနှင့်အဿာဒတူ၏။ လျှာ၌ သန်လျက်သွား ရှု၍ခံရသော ဒုက္ခဝေဒနာနှင့် အာဒီနဝတူ၏။
လူနာ မသင့်သော အစာကိုစားသောအခါ ကောင်းသည်နှင့် အဿာဒတူ၏။ လှန်၍ဖြစ်သောအခါ သေလောက်အောင် ခံရ၊ သေလုပါးနီး ခံရသော ဆင်းရဲနှင့် အာဒီနဝတူ၏။
ယင်းနှစ်မျိုးတို့တွင် တဏှာမျက်စိဖြင့် အဿာဒကိုသာ မြင်သည်၊ အာဒီနဝကို မမြင်၊
ယထာဘူတဝိပဿနာဉာဏ်မျက်စိဖြင့် အာဒီနဝတွေကိုသာ မြင်သည်။ အဿာဒကို မမြင်။
ကာမဘုံသားတို့ ဓမ္မတာ ယထာဘူတဉာဏ်မျက်စိ နှစ်လုံးကန်းသည်အတွက် ရုပ်တို့၏ အာဒီနဝကိုမမြင်။ တဏှာမျက်စိအားသန်သည့်အတွက် အဿာဒကိုသာ အကွက်အကွင်း ထင်းထင်းကြီး မြင်လေသည်။
ငါးမျှားချိတ်ကို မမြင်၊ တီကိုသာ မြင်သော ငါးနှင့်လည်း အလားတူ၏။
ရန်သူကို မမြင်၊ အစာကိုသာမြင်သော ကျီးနှင့်လည်း တူ၏။
မြွေပွေးကို မမြင်၊ မှိုကိုသာမြင်သော မှိုနုတ်သမားနှင့်လည်း အလားတူ၏။
ထို့ကြောင့် ကာမဘုံသားတို့မှာ ရုပ်နှစ်ဆယ့်ရှစ်ပါးလုံးကိုပင် ငါဟူ၍ ငါ့ဟာဟူ၍ အမြတ်တနိုး အားကိုးအားထား ခင်မင်စွဲလမ်းကြကုန်၏။ ဘယ်ရုပ်ကို ပယ်လိုသည်ဟူ၍ စိတ်မျှမဖြစ်ကြကုန်။
ထို့ကြောင့် ကာမဘုံ၌ ရုပ်နှစ်ဆယ့်ရှစ်ပါးလုံးကို ရလေကုန်၏။
အသညသတ်ကြသော ရူပဆယ့်ငါးဘုံသားတို့မှာ ရုပ်ငါးခုကို မရကုန်။
ငါးခုဆိုသည်ကား ဃာနပသာဒရုပ်၊ ဇိဝှာပသာဒရုပ်၊ ကာယပသာဒရုပ်၊ ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်၊ ဤရုပ်ငါးခုတည်း။
ထင်ရှားအောင်ပြဦးအံ့။
အကြင်ပုဂ္ဂိုလ်တို့သည် ပသာဒရုပ်ငါးခုရှိသည့်အတွက် ယင်းပသာဒရုပ်ငါးခုတို့မှ အမြဲ တဆာလောင်တည်း ဆာလောင်သည်။ စက္ခုမှ ရူပါရုံကို ဆာလောင်သည်။ သောတမှ သဒ္ဒါရုံကို ဃာနမှ ဂန္ဓာရုံကို၊ ဇိဝှါမှ ရသာရုံကို၊ ကာယမှ ဖောဋ္ဌဗ္ဗာရုံကို ဆာလောင်သည်။
ဆာဆိုသည်မှာ အားမရနိုင် မဝနိုင် မြင်ချင်၊ ကြားချင်၊ နံချင်၊ စားချင်၊ တွေ့ထိချင်၊ မပြတ်နိုင် မပြေနိုင်သော တဏှာအငတ်အာသာဓာတ်တွေကို ဆိုသည်။
လောင်ဆိုသည်မှာ အလိုအာသာ တဏှာအငတ် အားကြီးလှ၍ မနေတတ် မထိုင်တတ်အောင် နှလုံးပူလောင်သည်ကို ဆိုသည်။
ထိုသို့ ဆာလောင်သည့်အတွက် လုံ့လကြီးတွေနှင့် အာရုံတွေကို ရှာဖွေသိုမှီးရပြီးကိုလည်း ဝန်တိုစောင့်ရှောက်ခြင်း၊ တုတ်ကိုင်ခြင်း၊ ဓားကိုင်ခြင်း၊ အချင်းချင်း သတ်ဖြတ်နှိပ်စက်ခြင်း၊ အစာတွေ့သော ခွေးငတ်တွေ အလား ခိုက်ရန်ဖြစ်ပွား မုသားဆိုခြင်း၊ နင်နင်ဆိုခြင်း စသည်တို့ကို ပြု၍ အလူးလူး အလဲလဲ အာရုံငါးပါးတို့ကို ခံစားကြပါသော်လည်း အားမရနိုင်ဘဲ အလိုအာသာ မပြည့်ဝနိုင်ဘဲ ပစ္စက္ခဆင်းရဲ၊ အပါယ်ဆင်းရဲတွေနှင့်သာ တွေ့ကြုံ၍ နေကြရခြင်းသည် ပသာဒရုပ်ငါးခုရှိသည့်အတွက်ပင်ဟု ပသာဒရုပ်ငါးခုတို့၌ အဝီစိဆိုက် အပြစ်အာဒီနဝတွေကို မြင်ကြကုန်၏။
ဘုရားကို ဖူးမြင်ရရုံ၊ တရားတော်ကို ကြားနာရရုံ၊ စက္ခု၊ သောတ နှစ်ပါးတို့ကို အလိုရှိကြကုန်သေး၏။ ဃာန၊ ဇိဝှါ၊ ကာယ၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ ဤရုပ်ငါးခုတို့ကို လုံးလုံးပင် အလိုမရှိကြကုန်။ ထိုပုဂ္ဂိုလ်တို့၏ ထိုသို့သော ဘာဝနာအဟုန်ကြောင့် ယင်းရုပ်ငါးခုကို ရူပဆယ့်ငါးဘုံ၌မရ။ ကြွင်းနှစ်ဆယ့်သုံးခုကိုသာ ရကုန်သည်။
စက္ခု ဘိက္ခဝေ သမုဒ္ဓေါ၊
သောတံ ဘိက္ခဝေ သမုဒ္ဓေါ။
ဃာနံ ဘိက္ခဝေ သမုဒ္ဓေါ၊
ဇိဝှာ ဘိက္ခဝေ သမုဒ္ဓေါ၊
ကာယော ဘိက္ခဝေ သမုဒ္ဓေါ။
ဤလို သတ္တဝါတို့၏ အလျားတစ်လံ၊ အနံတစ်ထွာသာရှိသော ခန္ဓာကိုယ်၌ သမုဒ္ဒရာငါးစင်းရှိကြောင်းကို သံယုတ်ပါဠိတော်၊ နေတ္တိပါဠိတော်။ (သံ၊၂၊၃၆၇။) (နေတ္တိ၊၁၃၃။) ၌ ဟောတော်မူသည်။
ဘိက္ခဝေ၊ ရဟန်းတို့။
စက္ခု၊ မျက်စိသည်။
သမုဒ္ဓေါ၊ သမုဒ္ဒရာတစ်စင်း။
ဘိက္ခဝေ၊ ရဟန်းတို့။
သောတံ၊ နားသည်။
သမုဒ္ဓေါ၊ သမုဒ္ဒရာတစ်စင်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဃာနံ၊ နှာခေါင်းသည်။
သမုဒ္ဓေါ၊ သမုဒ္ဒရာတစ်စင်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဇိဝှါ၊ လျှာသည်။
သမုဒ္ဓေါ၊ သမုဒ္ဒရာတစ်စင်း။
ဘိက္ခဝေ ရဟန်းတို့။
ကာယော၊ ကိုယ်သည်။
သမုဒ္ဓေါ၊ သမုဒ္ဒရာတစ်စင်း။ ။ အနက်။
အသညသတ်ဘုံမှာ နာမ်၌ အပြစ်အာဒီနဝကို မြင်၍ နာမ်ကို အလိုမရှိဘဲ စီးဖြန်းအပ်သော ဘာဝနာအဟုန်ကြောင့် နာမ်မပါဘဲ ဇီဝိတနဝကကလာပ်တစ်စည်း၊ ဥတုဇအဋ္ဌကကလာပ်တစ်စည်းဟူ၍ ကလာပ်နှစ်စည်း၊ ရုပ်ကိုးခုသာရ၏။ ရန်သူရုပ်လေးခု၊ အခြားရုပ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာတို့နှင့်တကွ တစ်နည်း တစ်ဆယ့်ခုနစ်ရ၏။
အရူပဘုံမှာ ရုပ်ကို အလိုမရှိဘဲ စီးဖြန်းအပ်သော ဘာဝနာအဟုန်ကြောင့် ရုပ်မရှိဘဲ နာမ်သာရှိသည်။
နှစ်ဆယ့်ရှစ်ပါး၊ ရုပ်တရား၊ ရငြားအကုန်၊ ကာမဘုံ။
ရူပဆယ့်ငါးဘုံမှာ ၊ ယာန၊ ဇိဝှာ၊ ကာယ၊ ဘာဝ-နှစ်ရုပ်၊ ငါးခုဖြုတ်ချ၊ နှစ်ဆယ့်သုံးခု ရ၏။
အသညသတ်မှာ၊ အဝိနိဗ္ဘောဂ၊ ဇီဝိတနှင့် ကိုးခုရ၏။ တစ်နည်းဆယ့်ခုနစ်ရ၏။
အရူပလေးခွင်၊ ရုပ်မယှဉ်၊ နာမ်ပင်သူတို့ကိုယ်၊ မမြင်ပန်းနံ့လို။
အသညသတ်တွင်၊ နာမ်မယှဉ်၊ ရုပ်ပင်သူတို့ကိုယ်၊ ရွှေစဉ်သွန်းရုပ်လို။
တစ်ဆယ့်ငါးစုံ၊ ရူပဘုံ၊ ရုပ်နာမ်အစုံ၊ နတ်တို့အလား။
ဘောလည်းမစုံ၊ ယောက်ျားပုံ၊ အညှီအာရုံ၊ ကင်းသည့် ဗြဟ္မာအများ။
အစားမလေ့၊ ပီတိမွေ့၊ အနံ့အတွေ့၊ ကင်းသည့် ဗြဟ္မာအများ။
ဒေါသလည်းစင်၊ ဈာန်ကိုဝင်၊ သက်မသေခင်၊ အေးသည့် ဗြဟ္မာအများ။
ကာမဆယ့်တစ်ဘုံ၊ ရုပ်အပေါင်းစုံ၊ အညှီအာရုံ၊ ကြိုက်သည့်ဘုံသား။
မဝနိုင်ဘဲ၊ တဏှာစွဲ၊ ဆင်းရဲပြိတ္တာလို၊ ကာမဘုံတစ်ခို။
ဘုံ၌ရုပ်ရကို ပြသည်ပြီး၏။
---၄၃-ရုပ်ကို နှစ်မျိုးခွဲပြခြင်း
ရုပ်ကို နှစ်မျိုးခွဲ၍ပြဦးအံ့။
လိုရင်းပဓာန အခံရုပ်ကြီးလေးပါး၊ အပေါ်တင် ရုပ်နှစ်ဆယ့်လေးပါး၊ ဤလို နှစ်မျိုးမှတ်။
အခံရုပ်ကြီးလေးပါးဆိုသည်မှာ ဓာတ်ကြီးလေးပါးကိုပင် ဆိုသည်။ ယင်းဓာတ်ကြီးလေးပါးတို့ လိုရင်းပဓာန အချုပ်အခြာ တစ်ပါးရုပ်တို့မှီရာ တည်ရာ အခံဖြစ်ကုန်၏။
အပေါ်တင်ရုပ် နှစ်ဆယ့်လေးပါးဆိုသည်မှာ ကြွင်းရုပ်တို့ကိုပင် ဆိုသည်။
ယင်းနှစ်ဆယ့်လေးပါးသော ကြွင်းရုပ်တို့သည် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ကြကုန်၏။ ရေပေါ်၌အမှိုက်ကဲ့သို့ ဓာတ်ကြီးလေးပါးတို့ အလိုသို့လိုက်ကြရကုန်၏။ ဓာတ်ကြီးလေးပါးတို့ကို မလွန်ဆန်နိုင်ကြကုန်။ ထို့ကြောင့် ဓာတ်ကြီးလေးပါးကို လိုရင်း အချုပ်အခြာ အခံရုပ်ဟူ၍၊ ကြွင်းနှစ်ဆယ့်လေးကို အပေါ်တင်ရုပ်ဟူ၍ ဆိုသည်။
သင်္ဂြိုဟ်၌ ဓာတ်ကြီးလေးပါးကို ဘူတရုပ်ဟူ၍ ကြွင်းနှစ်ဆယ့်လေးပါးကို ဥပါဒါယရုပ်ဟူ၍ ဆို၏။
ထင်ရှားအောင် ပြဦးအံ့။
ပထဝီဓာတ်သည် အမာ၊ အထပ်၊ အဖတ်ဘက်သို့ ဆွဲ၏။
အာပေါဓာတ်သည် အစေး၊ အရိ၊ အရည်၊ အပျော်၊ ဘက်သို့ ဆွဲ၏။
တေဇောဓာတ်သည် အပူပြင်းထန် အတောက်အလျှံစွဲမီးဘက်သို့ဆွဲ၏။
ဝါယောဓာတ်သည် လေညင်း လေပြင်းဘက်သို့ဆွဲ၏။
ဗဟိဒ္ဓသန္တာန်၌ --
သိလာမြေ၊ ပံသုမြေ၊ တစ်ထွေ သိန်းနှစ်သောင်း။
နှစ်ထပ်ပေါင်း၊ နှစ်သိန်းလေးသောင်းမြေ။
လေးသိန်းရှစ်သောင်း၊ ရေထုပေါင်း။
ကိုးသိန်း ခြောက်သောင်းလေ။
ဆိုသည့်အတိုင်း အထုကား အပိုင်းအခြားမရှိ၊ အလျား၊ အနံ၊ အပိုင်းအခြားမရှိသောမြေ၊ မြေကိုခံသောရေ၊ ရေကိုခံသောလေတို့၌လည်းကောင်း၊ ကမ္ဘာဖျက်-မီး၊ ကမ္ဘာဖျက်-ရေ၊ ကမ္ဘာဖျက်-လေတို့၌လည်းကောင်း၊ ကမ္ဘာပြုရေတို့၌လည်းကောင်း ဓာတ်ကြီးလေးပါးတို့ အစွမ်းကုန် သတ္တိပြ၍ အဓိကဖြစ်ကြရာ ကြွင်းရုပ်တို့ မဖီဆန်နိုင်ဘဲ ဓာတ်ကြီးလေးပါးတို့ အလိုသို့လိုက်ကြရသည်ကိုသိလေ။
အဇ္ဈတ္တသန္တာန်ခေါ်သော သတ္တဝါတို့ကိုယ်၌ --
ပထဝီဓာတ်လွန်လျှင် တစ်ကိုယ်လုံး ထင်းချောင်းကဲ့သို့ တောင့်တင်းခိုင်မာ၍ သေရ၏။
အာပေါဓာတ်လွန်လျှင် တစ်ကိုယ်လုံး ပုပ်ရိနံစော် အရည်ပျော်၍ သေရ၏။
တေဇောဓာတ်လွန်လျှင် တစ်ကိုယ်လုံး ပူလောင်ပြင်းပြ မီးကဲ့သို့ဖြစ်၍ သေရ၏။
ဝါယောဓာတ်လွန်လျှင် ကိုယ်အလုံး အပိုင်းအပိုင်းပြတ်၍ သေရ၏။
ကြွင်းရုပ်တို့ မခု မခံနိုင်။ ဓာတ်ကြီးလေးပါးတို့ အလိုသို့လိုက်ကြရကုန်၏။
ထို့ကြောင့် ပထဝီဓာတ်ကို တောင့်တင်းခိုင်မာ၍ သေစေတတ်သော အဆိပ်ရှိသောမြွေဟူ၍၊
အာပေါဓာတ်ကို ပုပ်ရိနံစော် အရည်ပျော်၍ သေစေတတ်သော အဆိပ်ရှိသောမြွေဟူ၍၊
တေဇောဓာတ်ကို ပူလောင်ပြင်းပြ မီးကဲ့သို့ဖြစ်၍ သေစေတတ်သော အဆိပ်ရှိသောမြွေဟူ၍၊
ဝါယောဓာတ်ကို အပိုင်းအပိုင်းပြတ်၍ သေစေတတ်သော အဆိပ်ရှိသောမြွေဟူ၍၊
ကိုယ်တွင်းရှိ မြွေကြီးလေးစင်းကို နှလုံးသွင်းအပ်ကုန်၏။
စတ္တာရော အာသိဝိသာတိခေါ ဘိက္ခဝေ စတုန္နံ မဟာဘူတာနံ အဓိဝစနံ၊
ဟူ၍လည်း ဘုရားဟောတော်မူသည်။ သံယုတ်ပါဠိတော်။ (သံ၊၂၊၃၈၂။)
ဘိက္ခဝေ၊ ရဟန်းတို့။
စတ္တာရော အာသိဝိသာတိခေါ၊ လျင်မြန်ပြင်းထန်သော အဆိပ်ရှိသော မြွေကြီးလေးစင်းတို့ဟူသည်။
စတုန္နံ မဟာဘူတာနံ၊ မဟာဘုတ်လေးပါးတို့၏။
အဓိဝစနံ၊ အမည်တည်း။ ။ အနက်။
ဤလို ဓာတ်ကြီးလေးပါးတို့ အလိုသို့လိုက်ကြရသည်ကို သိလေ။ အလိုသို့လိုက်ကြရသည်ဆိုသော စကားမှာ သဘောဖောက်ပြန်၍လိုက်သည်ကို မဆို။ သူတို့ဖြစ်ပျက်ဖောက်ပြန်တိုင်း ဖြစ်ပျက်ဖောက်ပြန်ရသည်ကို ဆိုသည်မှတ်။
ထန်းရေကို ကျိုချက်ရာ တေဇောရုပ်သာ ပူသည်။ ကြွင်းရုပ်ခုနစ်ခုတို့ မပူ ရုပ်ရှစ်ခုလုံးပူသည်ဟူ၍ ထင်မှတ်တတ်သည်။ တေဇောရုပ်ဟူသော အပူသည် ဝါယောကိုထကြွစေ၍ ဝါယောနှင့်ပေါင်းသင်းပြီးလျှင် ရုပ်ရှစ်ခုလုံးကို ပွက်ပွက်ဆူ လှုပ်ရှား ဖောက်ပြန်စေလျက် ပဂ္ဃရဏသဘောရှိသော အာပေါကို ယုတ်လျော့အားသေးစေ၍ ထဒ္ဓသဘော ကဠသဘောရှိသော ပထဝီကို အားကြီးလွန်ကဲစေ၏။ ပထဝီလွန်ကဲသည့်အတွက် အစိုင်အခဲဖြစ်ရ၏။ ကြွင်းရုပ်ခုနစ်ခုတို့လည်း ပထဝီ၏အလိုသို့လိုက်ကြရကုန်၏။ အာပေါအစိုင်အခဲဖြစ်သည် မမှတ်လင့်။
ထန်းလျက်စသော အစိုင်အခဲ သီတ၊ ဥဏှ-တေဇောကြောင့် အရည်ပျော်ရာ ပထဝီယုတ်လျော့၍ အာပေါပွားစီး အားကြီး၍လာသဖြင့် ကြွင်းရုပ်ခုနစ်ခုတို့လည်း အာပေါအလိုသို့လိုက်၍ အရည်အပျော်ကဲ့သို့ဖြစ်ကြရကုန်၏။ ပထဝီအရည်ပျော်သည် မမှတ်လင့်။
ဤသို့စသည် ဓာတ်ကြီးလေးပါးတို့ လိုရင်းပဓာနအခံ။
ကြွင်းရုပ်တို့ ရေပေါ်၌အမှိုက်ကဲ့သို့ အပေါ်တင်ဖြစ်ကြောင်းကို သိလေ။
အမရုပ် နှစ်ခု၊
အဖိုရုပ် နှစ်ဆယ့်ခြောက်ခု၊
မြင်ကောင်းသောရုပ် တစ်ခု၊
မမြင်ကောင်းသောရုပ် နှစ်ဆယ့်ခုနစ်ခု။
ကိုင်၍ တွေ့ထိကောင်းသောရုပ် သုံးခု၊
မတွေ့မထိကောင်းသောရုပ် နှစ်ဆယ့်ငါးခု။
အလေး၊ အပေါ့ ရကောင်းသောရုပ် တစ်ခု။
မရကောင်းသောရုပ် နှစ်ဆယ့်ခုနစ်ခု၊
အကြီး၊ အငယ်၊ သဏ္ဌာနပညတ် ရကောင်းသောရုပ် နှစ်ခု၊
မရကောင်းသောရုပ် နှစ်ဆယ့်ခြောက်ခု၊
ဤသို့စသည် နှစ်မျိုးခွဲခြမ်း၍ မှတ်လေဦး။
ရုပ်ကို နှစ်မျိုးခွဲ၍ ပြသည်ပြီး၏။
၄၄-တေဇောရုပ်၏ ထူးပုံ၊ အရာကျယ်ပုံကို ပြဆိုခြင်း
တေဇောရုပ်၏ ထူးပုံ, အရာကျယ်ပုံကို ပြဦးအံ့။
တေဇောရုပ်သည် သူတစ်ပါးကို ဆွသည် ဆွတတ်သည် ဆိုသည်ကား တစ်ပါးရုပ်တို့ကို မသင့် မတင့် မညီမညွတ်အောင် ပြုတတ်သည်ကို ဆိုသည်။
မညီမညွတ်ဆိုသည်မှာလည်း လွန်, ငုပ်, နုပ်, သန်− ဖောက်ပြန်ကြသည်ကို ဆိုသည်။ ဤစကား၌ ပထဝီနှင့် ဝါယော တစ်ပါးလွန်၊ တစ်ပါးငုပ်၊ တစ်ပါးသန်၊ အာပေါနှင့်တေဇော တစ်ပါးလွန်၊ တစ်ပါးငုပ်၊ တစ်ပါးသန် ဖြစ်တတ်သည်ကို သိလေ။
ဗဟိဒ္ဓ သန္တာန်၌ အပင်မျိုး အသီးမျိုး စသည်တို့၌ ဖြစ်သမျှ အနာမျိုး, သတ္တဝါတို့ သန္တာန်၌ ဖြစ်သမျှ အနာမျိုး, ရောဂါမျိုးတို့လည်း တေဇောဆွ၍ပင် ဖြစ်ရသည်။
ထိုစကားမှန်၏။ တေဇောဆွ၍ မညီမညွတ် လွန်၊ ငုပ်၊ နုပ်၊ သန်၊ ဖောက်ပြန်ကြသော ဓာတ်ပျက်တွေကိုပင် အနာမျိုး၊ ရောဂါမျိုး ဆိုရသည်။ အနာမျိုး, ရောဂါမျိုးဟူ၍ တခြားရှိတော့သည်မဟုတ်။ ကမ္မဇနာ, စိတ္တဇနာ, အာဟာရဇနာ၊ ဆိုရာတို့၌လည်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့က တေဇောကို ဆွသည်။ တေဇောက တစ်ပါးရုပ်တို့ကို ဆွသည့်အတွက် ဖြစ်ရသည်မှတ်လေ။
မိုးကြိုးကျ၍ သေနတ်မှန်၍, ဓားခုတ်ခံရ. လှံထိုးခံရ၍ တစ်စုံတစ်ရာ ဒဏ်ထိ၍ သေလောက်သော အနာ၊ မသေလောက်သော ဒဏ်ရာ၊ အနာမျိုးတို့လည်း တေဇောပျက်၍ ဖြစ်ရသည်။
ထိုစကားမှန်၏။ တေဇောပျက်က တစ်ပါးဓာတ်တို့လည်း ပျက်ကြတော့သည်သာ မှတ်။ သီတ၊ ဥဏှ၊ ညီညွတ်မျှတ၍ တေဇောစောင့်ရှောက်မှ သာလျှင် ဓာတ်လေးပါး ညီညွတ်ခိုင်ခံ့နိုင်သည်။ ဓာတ်လေးပါးတို့ ညီညွတ်ခိုင်ခံ့သမျှ အနာမျိုး ရောဂါမျိုး မဖြစ်နိုင်။ မိုးကြိုးကျသော်လည်း မသေ။ နိရောဓသမာပတ်ဝင်စားသော ပုဂ္ဂိုလ်တို့၌ ကြံဆလေ။ အဖျားအနာတို့၌ ငန်း၊ မန်းဆိုသည်လည်း တေဇောဓာတ် ပျက်တွေကိုပင်ဆိုသည် မှတ်လေ။
အထူးသဖြင့် အစာ ကြေကျက်စေတတ်သော ပါစကတေဇော-ဓာတ်မီး၊ ဥသ္မာ-ခေါ်သော ကမ္မဇ တေဇော-ကိုယ်ငွေ့ကောင်းသော သူတို့၌ ဓာတ်လေးပါးတို့ မညီမညွတ် မဖြစ်နိုင်။ ဓာတ်လေးပါး ညီညွတ်သမျှလည်း အနာမျိုး ရောဂါမျိုး မဖြစ်နိုင်။ ထို့ကြောင့် ပါစက တေဇောဓာတ်မီး၊ ဥသ္မာခေါ်သော ကမ္မဇတေဇော ကိုယ်ငွေ့ နှစ်ပါးတို့ကို ဉာဏ်လုံ့လဖြင့် စောင့်ရှောက်နိုင်သော သူတို့သည် အနာရောဂါ ကင်းတတ် အသက်ရှည်တတ်သည်။
ထိုစကား ဆိုသင့်၏။
စက္ခာဒိပဉ္စိန္ဒြိယာနိ အာယုံ ပဋိစ္စ တိဋ္ဌဋ္ဌိ၊ အာယု ဥသ္မံ ပဋိစ္စ တိဋ္ဌတိ။
ပဏ္ဏာသပါဠိတော်။ (မ၊၁၊၃၆၉။)
စက္စာဒိပဉ္စိန္ဒြိယာနိ၊ စက္ခုစသော ဣန္ဒြေငါးပါးတို့သည်။
ဝါ၊ စက္ခု၊ သောတ, ဃာန, ဇိဝှါ, ကာယတို့သည်။
အာယုံ၊ ဇီဝိတရုပ်ကို။
ပဋိစ္စ၊ စွဲ၍။
တိဋ္ဌန္တိ၊ တည်ကုန်၏။
အာယု၊ ဇီဝိတရုပ်သည်။
ဥသ္မံ၊ ကမ္မဇ တေဇော ကိုယ်ငွေ့ကို။
ပဋိစ္စ၊ စွဲမှီ၍။
တိဋ္ဌတိ၊ တည်၏။ ။ အနက်။
ဤပါဠိတော်၌ ဥသ္မာ, ဆိုသည်လည်း ပါစကဓာတ်မီး၏ အပွားအစီးပင်။ ထို့ကြောင့် ပါစကဓာတ်မီး ပျက်လျှင် ဥသ္မာလည်း ပျက်တော့သည်သာ။ ဥသ္မာ, ပျက်က ဇီဝိတရုပ်လည်း ပျက်တော့သည်သာ။ ဇီဝိတရုပ် ပျက်က, ပသာဒရုပ် ငါးခုနှင့်တကွ ကမ္မဇရုပ်တွေလည်း ပျက်တော့သည်သာ။ ကမ္မဇရုပ်တွေပျက်က ဝိညာဏ်လည်း မဖြစ်နိုင်တော့ပြီ။ ထိုအခါ ဥတုဇရုပ် အသေကောင်ပုပ်ဖြစ်လေ၏။
ခန္ဓသံယုတ်ပါဠိတော်၌လည်း (သံ၊၂၊၁၁၇။)
အာယု ဥသ္မာ စ ဝိညာဏံ၊ ယဒါ ကာယံ ဇဟန္တိမံ။
အပဝိဒ္ဓေါ တဒါ သေတိ၊ ပရဘတ္တံ အစေတနံ။
အာယု စ၊ ဇီဝိတရုပ်လည်းကောင်း။
ဥသ္မာ စ၊ ကမ္မဇတေဇော ကိုယ်ငွေ့လည်းကောင်း။
ဝိညာဏဉ္စ၊ ဝိညာဏ်လည်းကောင်း။
တယော၊ သုံးပါးသော တရားတို့သည်။
ယဒါ၊ အကြင်အခါ၌။
ဣမံ ကာယံ၊ ဤကိုယ်ကို။
ဇဟန္တိ၊ စွန့်ကုန်၏။
တဒါ၊ ထိုအခါ၌။
အပဝိဒ္ဓေါ၊ ဆွေမျိုးတို့ကို စွန့်အပ်သည်ဖြစ်၍။
အစေတနံ၊ စိတ်မရှိဘဲ။
ပရဘတ္တံ၊ ပိုး, လောက်, ယင်မ, ကျီး, ဠင်းတတို့ အစာဖြစ်၍သာလျှင်။
သေတိ၊ စင်းစင်းအိပ်ရလေ၏။ ။ အနက်။
တေဇော-နှစ်ပါးကို စောင့်ရှောက်ဆိုသည်မှာလည်း အစား၊ အသောက်၊ အသွား၊ အလာ၊ အနေ၊ အထိုင် စသည်တို့ကို ဆင်ခြင်၍ အသပ္ပါယကို ရှောင်ခြင်း၊ သပ္ပါယကို မှီဝဲခြင်းပင်တည်း။
ကုသိုလ်ကံထူး၍ ပါစကဓာတ်မီး ကောင်းသောသူတို့မှာ ဆင်ခြင်စောင့်ရှောက်ဖွယ် မရှိ။
အနာရောဂါကို ပယ်ဖျောက်စေနိုင် ဆိုရာ၌လည်း တေဇောဓာတ်မှသာ ပယ်ဖျောက်စေနိုင်သည်။ ထိုစကားမှန်၏။ ဆေးဝါး ဓာတ်စာတို့၏ အနာရောဂါကို ပယ်ဖျောက်စေနိုင်သော သတ္တိဆိုသည်မှာလည်း တေဇောကိုပင် ဆိုသည်။
လောကီ ဆေးဆရာတို့လည်း လွန်ဓာတ်ကို နိမ်အောင်၊ ငုပ်ဓာတ်ကို ပေါ်အောင်၊ နုပ်ဓာတ်ကို ထက်သန်အောင်၊ သန်သောဓာတ်ကို နုပ်အောင်၊ ကုသနိုင်မှ အနာရောဂါ ငြိမ်းသည်။ နှိမ်အောင်၊ ပေါ်အောင်၊ သန်အောင်၊ နုပ်အောင်လည်း တေဇောမှသာ တတ်နိုင်သည်။ ထို့ကြောင့် လောကီဆေးဆရာ ပြုသူတို့သည် အတွင်းတေဇော ဆယ်မျိုး အပြင်တေဇော အမျိုးမျိုးတို့ကို နားလည်ကျွမ်းကျင် ကြရသည်။ “တေဇောမပိုင်၊ ဆေးမကိုင်နှင့်” ဆိုသင့်၏။
အတွင်းတေဇော ဆယ်မျိုးဆိုသည်မှာ ကမ္မဇ၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇကလာပ် လေးမျိုးတို့၌ သီတ၊ ဥဏှနှစ်ပါး ဖြစ်၍ ရှစ်မျိုး၊ မသင့်မတင့်သော အကြောင်းကြောင့် ယင်းရှစ်မျိုးတို့မှ အဆင့်ဆင့် ဖောက်ပြန်ပွားစီး၍ ရန်ပြုလိုသဖြင့် စွဲမြဲခုခံ၍နေသော ဓာတ်ပျက်၊ သီတ၊ ဥဏှနှစ်မျိုး၊ ပေါင်းဆယ်မျိုး ကိုဆိုသည်။
ခုခံစွဲမြဲနေသော ယင်းဓာတ်နှစ်မျိုးကိုပင် ရောဂါခံဆိုသည် အထောက်အပံ့ကိုရလျှင် ထကြွတတ်သည်။
အပြင်တေဇော အမျိုးမျိုးဆိုသည်မှာ အမြစ်၊ အဥ၊ အခွံ၊ အပွေး၊ အသီး၊ အရွက်စသည် တစ်ခုခု၌ဖြစ်သော သီတ၊ ဥဏှ-နှစ်ခု သုံးခုစသည်ရောစပ်၍ ဖြစ်ပေါ်သော ဆေးဝါးတို့၌ သီတ၊ ဥဏှ၊ အရပ်ဒေသအလျောက်ဖြစ်သော သီတ၊ ဥဏှ၊ ဥတု၊ ရာသီအလျောက် ဖြစ်သော သီတ၊ ဥဏှ ဤသို့ စသည်ကိုဆိုသည်။
ဤသို့ စသည် ဆိုအပ်ပြီးသော သီတ၊ ဥဏှ-တေဇော နှစ်မျိုးဆွသဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓနှစ်ပါးလုံး၌ ရုပ်တို့၏ ဆန်းပြား ထူးထွေ ဖောက်ပြန်ခြင်း ဖြစ်ရလေသည်။ ထို့ကြောင့် ထိုထိုပါဠိတော်တို့၌လည်း (သံ၊၂၊၇၁။)
သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ-ဟူ၍ ဟောတော်မူသည်။
ရူပံ၊ ရုပ်တရားသည်။
သီတေနပိ၊ သီတတေဇော ဆွသောကြောင့်လည်း။
ရုပ္ပတိ၊ ဖောက်ပြန်တတ်၏။
ဥဏှေနပိ၊ ဥဏှတေဇော ဆွသောကြောင့်လည်း။
ရုပ္ပတိ။ ဖောက်ပြန်တတ်၏။ ။ အနက်။
ဗဟိဒ္ဓသန္တာန်၌ တေဇောဆွပုံကို ပြဦးအံ့။
ဗဟိဒ္ဓသန္တာန်ခေါ်သော ဩကာသ လောကကြီးအတွင်း တေဇောဆွသည့်အတွက် မြေမိုးကောင်းကင် တစ်ပြင်လုံး တစ်ခွင်လုံး အငွေ့တွေ အရှိန်တွေ အခိုးတွေ မို့မို့မည်းမည်းဖြစ်ခြင်း၊ လျှပ်စစ် လျှပ်ပန်းထခြင်း၊ မိုးခြိမ်းခြင်း၊ ဟိန်းခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုးကျခြင်း၊ မိုးရေ. မိုးပေါက်ကျခြင်း၊ လေညင်း-လေပြင်း ထခြင်း၊ ဗီဇဂါမ် ဘူတဂါမ်တို့၏ ပေါက်ရောက် စည်ကား ပွားစီး စိမ်းရွှင်ခြင်း၊ ညှိုးနွမ်း ခြောက်သွေ့ဆွေးမြေ့ ကုန်ခန်းခြင်းစသည် အထူးထူး အထွေထွေ ဖြစ်ကြရလေကုန်သည်။
အငွေ့အရှိန်ဆိုသည်မှာ တေဇောရုပ် ထကြွသောအခါ ဝါယောကိုဖြစ်စေ၍ ဝါယောကို အားပြု၍ ဝါယောနှင့်တကွထ၏။ ဤသို့ထသော ဝါယောနှင့် တကွသော တေဇောကိုပင် အငွေ့အရှိန်ဆိုသည်။ တေဇောသတ္တိကြောင့် အငွေ့အရှိန်၌ ဖြူဖြူ၊ ညိုညို၊ပြာပြာ အဆင်းရုပ် ပေါ်ထင် သိသာခဲ့လျှင် အခိုးဆို ပြန်သည်။
မြေခိုး၌နေရှိန် တေဇောသတ္တိကြောင့် စိမ်းစိမ်း၊ ဝါဝါ၊ ပြာပြာ၊ နီနီ အဆင်းရုပ် ပေါ်ထင်သည်ကို စို့ သက်တံဆိုသည်။ လျှပ်စစ် လျှပ်ပန်း ဆိုသည်မှာ ရန်ဘက် ဓာတ်ချင်း၊ ပထဝီချင်းချင်း၊ ဝါယောချင်းချင်း၊ တိုးဝှေ့တိုက်ခိုက်ကြသော် အသံရုပ်၊ မီးရုပ်ဖြစ်တတ်သည်။ ယင်း မီးရုပ်သည် ဩဇာပြည့်သော ပထဝီကို အမှီမရလျှင် ခဏချင်းချုပ်ပျက် ကွယ်ပျောက်၏။ ယင်း မီးရုပ်ကိုပင် လျှပ်စစ်၊ လျှပ်ပန်း ဆိုလေသည်။ ရန်ဘက်ဓာတ်ဆိုသော စကား၌..
ပနှင့်ဝါ၊ အာနှင့်တေ၊ ဥဏှေ, သီတ၊ ရန်ဘက်ကြ၏။
တစ်ခုယုတ်ငြား၊ တစ်ခုများ၊ မှတ်သားကြံဆလေ။
ဆိုသည့်အတိုင်း ရန်ဘက်၊ ဓာတ်ဘက်ကို မှတ်လေ။
မိုးရည် မိုးပေါက်ကျသည်မှာ ဥတုနိယာမအားဖြင့် မိုးဥတုအခါ ကောင်းကင် တစ်ပြင်လုံး တစ်ခွင်လုံး အာပေါအုပ်ခြုံသည်။ အောက်မှ မြေခိုး၊ ရေခိုး၊ တောခိုး၊ တောင်ခိုးစသည် အငွေ့အရှိန်တွေ ထကြွ ပျံတက် ကြသဖြင့် အထက်ကောင်းကင်ရှိ အာပေါနှင့် တွေ့ဆုံတိုက်ခိုက်ကြသောအခါ ချွေးပြန်သကဲ့သို့ အာဗန္ဓနသဘော ရှိသော အာပေါတို့သည် ပဂ္ဃရဏသဘော၊ ဒြဝ- သဘောဖြစ်၍ ယိုစီးကျရောက် လာသည်ကို မိုးရေ မိုးပေါက်ကျသည်ဟူ၍ ဆိုလေသည်။
ဒေဝေါနာမေသ အဋ္ဌဟိ ကာရဏေဟိ ဝဿတိ။
သံယုတ်အဋ္ဌကထာ။ (သံ၊ဋ္ဌ၊၂၊၃၂၂။)
ဧသ ဒေဝေါနာမ၊ ဤမိုးမည်သည်။
အဋ္ဌဟိ ကာရဏေဟိ၊ ရှစ်ပါးသော အကြောင်းတို့ကြောင့်။
ဝဿတိ၊ ရွာ၏။ ။ အနက်။
နဂါး၊ ဂဠုန်၊ နတ်၊ မာရ်၊ တန်ခိုးရှိသော လူတို့၏ အာနုဘော်ကြောင့်၊ သစ္စာ၏ အာနုဘော်ကြောင့် ရွာခြင်းခြောက်ပါး၊ ကမ္ဘာပျက်လို၍ ရွာခြင်း၊ ဥတုကြောင့် ရွာခြင်းပေါင်း ကျမ်းဂန်လာ ရှစ်ပါးတို့တွင် မိုးအခါ ရွာသည်ကား ဆိုပြီးသည့်အတိုင်း ဥတုကြောင့် ရွာသည်မှတ်လေ။
ဥတုဆိုသည်လည်း တေဇောပင်မှတ်လေ။
ဝါယောကား တေဇော၏သား တေဇော၏အား ဟူ၍ မှတ်လေ။
တေဇောထလျှင် ဝါယော-ပါတော့သည်သာ။
ခြိမ်းသည်၊ ဟိန်းသည် ဆိုသည်မှာ အောက်မှတက်သော အငွေ့ အရှိန်၊ တေဇော၊ ဝါယောအဟုန်တို့ကို အထက်ကောင်းကင်ရှိ အာပေါတို့သည် ပထဝီကို သဟဲပြု၍ အာဗန္ဓန သဘောဖြင့် ဖွဲ့စည်းဖမ်းချုပ် ဆီးအုပ်ဖိညှပ် ကြသည်ရှိသော် အငွေ့အရှိန် တေဇော၊ ဝါယောတို့ တိုက်ခိုက်တိုးဝှေ့ ပြေးသွားကြသည့်အတွက် အသံရုပ် ဖြစ်သည်ကို ခြိမ်းသည်၊ ဟိန်းသည်ဟူ၍ ဆိုလေသည်။
မိုးမရွာခြင်း၏အကြောင်းကား ငါးပါးဟူ၍ အင်္ဂုတ္တိုရ်ပါဠိတော်၌ (အံ၊၂၊၂၁၂။) ဟောတော်မူ၏။
၁။ အထက်ကောင်းကင်၌ တေဇောပျက်၍ မရွာခြင်းတစ်ပါး၊
၂။ ဝါယောဓာတ်ပျက်၍ မရွာခြင်းတစ်ပါး၊
၃။ ရာဟုအသူရိန်ကြီးက လက်ခုပ်ဖြင့်ခံ၍ သမုဒ္ဒရာသို့ သွန်ပစ်ခြင်းကြောင့် မရွာခြင်းတပါး၊
၄။ မိုးတိမ်ကိုဆောင်သော နတ်တို့ မေ့လျော့ခြင်းကြောင့် မရွာခြင်းတစ်ပါး၊
၅။ မင်းစသောလူတို့ တရားမစောင့်ခြင်းကြောင့် မရွာခြင်းတစ်ပါး၊
ဤငါးပါးတည်း။
အသူရိန်နတ်ကြီး၏ လက်ဖဝါး ခြေဖဝါးတို့ကား ယူဇနာသုံးရာရှိသည် ဟူ၍ ကျမ်းဂန်တို့၌ ဆို၏။
မိုးကြိုးကျဆိုသည်မှာ ထက်ဝန်းကျင် ပြန့်တက် ပြေးသွားသော အငွေ့ အရှိန် တေဇော၊ ဝါယောတွေကို အထက်ကောင်းကင်ရှိ ပထဝီနှင့် သီတသဟဲရှိသော အာပေါတို့သည် ဖွဲ့စည်းဖမ်းချုပ် ဆီးအုပ်ကြသော် လှလှဖွဲ့နှောင် ချုပ်အုပ်မိသော အခါ ပထဝီကဖိညှပ် သီတက ရန်ပြုသည့်အတွက် တေဇော ဝါယောတို့ အစွမ်းကုန် တစ်ဟုန်ထဲ တိုက်ခိုက် ထိုးဖောက် အသံရုပ်နှင့်တကွ အပြင်းအထန် ထွက်ပြေး ကျရောက်လာသည်ကို မိုးကြိုးကျသည်ဟူ၍ ဆိုလေသည်။
တေဇောဝါယော အဟုန်သည် ဆန့်ကျင်ဘက် မဟာပထဝီနှင့် တွေ့ဆုံသည့်အခါ ယုတ်လျော့အားသေး၍ ချုပ်ငြိမ်း ကွယ်ပျောက် ရလေ၏။ မဟာပထဝီ မြေတွင်းသို့ ဖောက်ထွင်းစူးဝင်၍ သွားတော့သည်မဟုတ်။ သံတုံး၊ သံခဲ၊ ကြေးတုံး၊ ကြေးခဲ၊ ကျောက်တုံး၊ ကျောက်ခဲဟူ၍ အဆံမပါ မီးဓာတ်၊ လေဓာတ်မျှသာမှတ်လေ။
သုတ်မဟာဝါ အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၁၆၀။)၌ ကျပုံ အခြင်းအရာကို အစွဲပြု၍ မိုးကြိုး ကိုးပါးလာ၏။ နတ်တို့ လက်နက် မဟုတ်။
လေညှင်း၊ လေပြင်းဆိုသည်မှာ သီတဥဏှ၊ တွေ့ဆုံ တိုက်ခိုက်သည့် အတွက် လည်းကောင်း၊ တေဇောဆွ၍ ပထဝီ-အာပေါကို ဖိညှပ်တိုက်ခိုက်သည့် အတွက် လည်းကောင်း လေရုပ်ဖြစ်သည်။
ယင်းလေရုပ်သည်မြောက်မှ ပထဝီ၊ အာပေါ အားကြီးလျှင် တောင်သို့၊ တောင်မှ ပထဝီ အာပေါ အားကြီးလျှင် မြောက်သို့ ဤသို့စသည် ပြေးလွှားသော လေရုပ်ကို လေညင်း လေပြင်းဟူ၍ ဆိုလေသည်။
ပထဝီ၊ အာပေါနှစ်ပါးသည် ဝါယောနှင့် မလိုက်လျောကြ၊ ဆန့်ကျင်ကြ၏။ ဝါယောသည် အာကာသနှင့် လိုက်လျောစွာ မိတ်ဖြစ်ကြ၏။
မြေပွက်သည်၊ ရေပွက်သည်ဆိုရာတို့၌ မြေ၊ ရေအတွင်း တေဇော ဆွ၍ လေရုပ်ဖြစ်ရာ ပထဝီ၊ အာပေါတို့နှင့် မလိုက်လျော ဆန့်ကျင်သည့်အတွက် မိတ်ဖြစ်သော အာကာသရှိရာသို့ ထွက်ပြေးလာသည်ကို ပွက်သည်ဟူ၍ ဆိုလေသည်။
ထမင်းအိုး၊ ဟင်းအိုး စသည်တို့၏ အပွက်၌လည်း နည်းတူပင်မှတ်။
ထွက်ပြေးသော ဝါယောကို အာပေါလိုက်၍ ဖွဲ့နှောင်ဖမ်းချုပ်ရာ ဖမ်းမိ၊ ချုပ်မိ၊ အုပ်မိသည်ကို ဥဖောင်း အမြုပ် ခေါ်လေသည်။ တိုးဖောက် ထွက်ပြေးလျှင် အသံရုပ်ဖြစ်သည်။ ဗျောက်သံ၊ သေနတ်သံ၊ အမြောက်သံ၊ မိုးကြိုးသံ စသည် တို့ကိုလည်း ဤနည်းတူသိလေ။
ဗီဇဂါဗ်၊ ဘူတဂါမ်တို့၏ ပေါက်ရောက်စည်ကား ပွားစီးခြင်းစသည် ဆိုသောစကား၌ ဗီဇဂါမ်ဆိုသည်မှာ မျိုးရောက်သော ဝတ္ထုကိုဆိုသည်။ ယင်းမျိုးသည် အမြစ်မျိုး၊ ပင်စည်မျိုး၊ အညွန့်မျိုး၊ အဆစ်မျိုး၊ အစေ့မျိုးဟူ၍ ငါးပါးရှိသည်။ ဘူတဂါမ်ဆိုသည်မှာ ပေါက်ရောက်ပြီး ပွားစီး စိမ်ရွင် အရှင်ဆိုရသော မြက်သစ်ပင်အပေါင်းကိုဆိုသည်။
ယင်း ဘူတဂါမ်၊ ဗီဇဂါမ်တို့သည် ဗီဇရုပ် ရရှိသည့်အတွက် ပေါက်ရောက် စည်ကား၊ ပွားစီး၊ စိမ်းရွှင်ကြကုန်သည်။ တစ်စုံတစ်ခုသော အကြောင်း ကြောင့် ဗီဇရုပ် ကင်းပြတ်ချုပ်ငြိမ်းခဲ့သည်ရှိသော် မပွားမစီး ညှိုးပိန် သွေ့ခြောက်အသေဟူသော ခေါ်ဝေါ်ခြင်းသို့ ရောက်ကြရကုန်သည်။
ထိုစကားမှန်၏။ ဗီဇရုပ်ကို အစွဲပြု၍ ဗဟိဒ္ဓသန္တာန်၌ အသေ၊ အရှင်၊ ဝေါဟာရ ဖြစ်ရသည်။ အဇ္ဈတ္တသန္တာန် ဇီဝိတရုပ်နှင့် အလားတူ၏။
ဗီဇရုပ်ဆိုသည်မှာလည်း ရုပ်နှစ်ဆယ့်ရှစ်ပါးမှ တခြားမဟုတ်၊ ရုပ်စစ် တစ်ဆယ့်ရှစ်ခု တို့၏ အမူအရာကိုပင် အပူရုပ် ဆိုသကဲ့သို့ ထို့အတူ တေဇော၏ သတ္တိအထူးကိုပင် ဗီဇရုပ်ဆိုရသည်။
တေဇော၏ သတ္တိအထူး ဆိုသည်လည်း အာပေါ၊ ဩဇာရုပ် နှစ်ပါးတို့၏ ကျေးဇူးကို ခံရသော တေဇော၏ သတ္တိပင်တည်း။
ထင်ရှားစေဦးအံ့။
ဗီဇဂါမ်၊ ဘူတဂါမ်တို့၌ ရရှိသော အဋ္ဌကကလာပ် တို့၌ ပါရှိသော တေဇောရုပ်၊ အာပေါရုပ်၊ ဩဇာရုပ်သုံးပါးတို့ လိုက်လျော ညီညွတ်ကြသဖြင့် အာပေါက စိုစွတ်စေ၍ ဩဇာက ထောက်ပံ့ အားပေး၍ ကျေးဇူးပြုကြသည့်အတွက် တေဇော၌ သတ္တိထူးပေါ်ထွက်၏။ တေဇော၏ ယင်း သတ္တိထူးကိုပင် ဗီဇရုပ်ဆိုရသည်။
ဗီဇရုပ်ဆိုရသော ဗီဇဂါမ်၊ ဘူတဂါမ်တို့သည် ရေ မြေ၌ရှိသော အာပေါ-ဩဇာ ထောက်ပံ့အပ်သော ဥတုနှင့် ပေါင်းသင်း ပူးကပ်ရသောအခါ ပေါက်ရောက်စည်ကား ပွားစီးစိမ်းရွှင်ကြလေကုန်၏။
မြေ၊ ရေရှိသော ဥတုက အားပေးသည်။
ဗီဇဂါမ်၊ ဘူတဂါမ်တို့၌ရှိသော ဗီဇရုပ်က စိမ်းရွှင်စေသည် ဆိုလိုသည်။
ကျမ်းဂန်တို့၌ကား တေဇောကိုဆိုလျှင် အတွင်းဝင် ပါပြီးဖြစ်၍ ဗီဇရုပ်ကို အသီးထုတ်ဖော်၍ မဆိုသည်ဟုမှတ်လေ။
မဆိုသော်လည်း လှော်၊ ပြုတ်၊ ဖုတ်သင်းပြီးမျိုးနှင့် မလှော်၊ မပြုတ်၊ မဖုတ်သင်းသော မျိုးရှင်သော မြက်သစ်ပင်နှင့် သေသောမြက် သစ်ခြောက် စသည်တို့ အဝိနိဗ္ဘောဂရုပ် ရှစ်ခုချင်းတူသော်လည်း အမူကွဲလွဲကြရာ ပြောသာ ဆိုသာ သုတပွားရန် ကျမ်းဂန်တို့၌ အလျော်သွင်း၍ ဗီဇရုပ်ကိုထုတ်ဖော်၍ ဆိုလိုက်သည်။
ယင်း ဗီဇရုပ်ကို အဇ္ဈတ္တသန္တာန်၌လည်း ရကောင်း၏။
ထင်ရှားအောင် ပြဦးအံ့။
ဂဗ္ဘသေယျ ပုဂ္ဂိုလ်တို့ ပဋိသန္ဓေစွဲနေရာဖြစ်သော မိဘတို့သုက်သွေးသည် ရှစ်မျိုး ရှိသည်။
ရှစ်မျိုးဆိုသည်ကား အမိသန္တာန်ရှိ စတုဇကလာပ်တို့၌ ပါရှိသော တေဇောဥတု လေးမျိုးတို့ကြောင့် ဖြစ်သော သုက်သွေးလေးမျိုး၊ အဘသန္တာန်ရှိ စတုဇကလာပ် တို့၌ပါရှိသော တေဇောဥတုလေးမျိုးတို့ကြောင့် ဖြစ်သော သုက်သွေးလေးမျိုး၊ ပေါင်း ဤရှစ်မျိုးတည်း။
ယင်း သုက်ရှစ်မျိုး၌ ပါရှိသောတေဇောဥတုရှစ်မျိုးသည် ထိုက်သည်အား လျော်စွာ သူငယ်သန္တာန်သို့ ဆက်လက်ကူးပြောင်း၍ ဥတုဇရုပ်အဆက်ဆက်ကို ဖြစ်ပွားစေနိုင်၏။
မိဘနှစ်ပါးတို့၏ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့သည် ထောက်ပံ့အပ်သော သုက်ရှစ်မျိုးတို့၌ ပါရှိသော ယင်းတေဇောရှစ်မျိုးတို့၏ သတ္တိအထူးကိုပင် ဗီဇရုပ်ဆိုရသည်။
ယင်း ဗီဇရုပ်သည် ကမ္ဘာဦးမှစ၍ သား, မြေး စဉ်လျောက် ကူးပြောင်းဆက်လက်၍ ဥတုဇရုပ်ကို ဖြစ်ပွားစေနိုင်၏။ ယင်း ဗီဇရုပ်ကို အစွဲပြု၍ မိမျိုး, ဘမျိုးနှင့်အသွင် ပုံဟန် တူခြင်း၊ စိတ်သဘောတူခြင်း၊ အနာရောဂါတူခြင်း၊ အစားကြိုက် တူခြင်း စသည် ဖြစ်ရလေသည်။
ထိုစကားမှန်၏။
ကမ္မဇဗီဇရုပ် ဆက်လက် ကူးပြောင်းလျှင် အသွင်ပုံဟန် တူသည်။
စိတ္တဇဗီဇရုပ် ဆက်လက်ကူးပြောင်းလျှင် စိတ်သဘောစသည် တူသည်။
ဥတုဇဗီဇရုပ် ဆက်လက်ကူးပြောင်းလျှင် အနာရောဂါ ဆံဖြူသွားကျိုး စသည် တူသည်။
အာဟာရဇ ဗီဇရုပ် ဆက်လက်ကူးပြောင်းလျှင် အစား ကြိုက်စသည်တူသည်။ ယေဘုယျမှတ်။
တူဆိုသည်မှာလည်း ဗီဇရုပ် ညီမျှအားသန်သည် အားလျော်စွာတူသည်။ ညီမျှလျှင် နှစ်ပါးစုံနှင့်၊ အမိ ဗီဇရုပ် အားသန်လျှင် အမိနှင့်၊ အဘ ဗိဇရုပ်အားသန်လျှင် အဘနှင့်တူသည် ဆိုလိုသည်။
ဂဗ္ဘသေယျ ပုဂ္ဂိုလ်တို့မှာ ဥတုဇရုပ် အားကြီးသည်။ ဥတုဇရုပ်လိုရင်း အထည်ခံဖြစ်သည်။ ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ အာဟာရဇရုပ်တို့မှာ ဥတုဇရုပ်ကို မှီတွယ်၍ အပေါ်တင်မျှသာဖြစ်သည်။ ထို့ကြောင့် သေသောအခါ ဥတုဇရုပ် ကောင် ကျန်ကြွင်းသည်။ ကမ္မဇ၊ စိတ္တဇ၊ အာဟာရဇရုပ်အများ ယုတ်လျော့သော်လည်း ထူး၍ မသေးငယ် ထူး၍ မပေါ့ဖြစ်သည်။
နတ်၊ ဗြဟ္မာတို့မှာ ကမ္မဇရုပ်အားကြီးသောကြောင့် သေသောအခါ ရုပ်ကောင် မကျန်ကြွင်းသည်မှတ်လေ။
အဇ္ဈတ္တ၊ ဗဟိဒ္ဓ တစ်လောကလုံးမှာ တေဇော အကြီးအမှူးဖြစ်သည်။ တေဇော အုပ်စိုးသည်၊ တေဇော ပြုပြင်စီရင်သည်။ တေဇော အလိုသို့လိုက်ကြရသည်။
သုဘိက္ခ၊ ဒုဗ္ဘိက္ခကိုလည်းကောင်း၊ အပ္ပာဗာဓ၊ ဗဟွာဗာဓကို လည်းကောင်း တေဇောသည်ပင် ပြုပြင်စီရင်သည်၊ ဆုတ်ကပ်၊ တက်ကပ်ဖြစ်ရခြင်းသည်လည်း တေဇော၏ အလိုသို့လိုက်၍ ဖြစ်ရသည်။ ဘုရားတို့၏ကံတော်တို့ ကြီးသော်လည်း တေဇော၏ အာဏာကိုမလွန်ဆန်နိုင်ကြကုန်။
ဥတုဘောဇနဝသေန ဟိ အာယု ဟာယတိပိ ဝဍ္ဎတိပိ။
သုတ်မဟာဝါ အဋ္ဌကထာ၊ (ဒီ၊ဋ္ဌ၊၂၊၇။)
ဟိ၊ မှန်၏။
ဝါ-ဟိ၊ အကြောင်းကိုဆိုအံ့။
ဥတုဘောဇနဝသေန၊ ဥတုဘောဇဉ်၏ အစွမ်းဖြင့်။
အာယု၊ အသက်သည်။
ဟာယတိပိ၊ ဆုတ်လည်း ဆုတ်ယုတ်၏။
ဝဍ္ဎတိပိ၊ တိုးလည်းတိုးပွား၏။ ။ အနက်။
ကမ္ဘာကို ပြုသည်လည်း တေဇော၊ ကမ္ဘာကို ဖျက်သည်လည်း တေဇော၊ တေဇောကြောင့် ရိုးရိုးရွရွဖြစ်ကြရ၊ ပွားစီးကြရ၊ တေဇောကြောင့်ပင် ပျက်ကြရ၊ ပျောက်ကြရ၊ ယုတ်လျော့ကုန်ခန်းကြရကုန်သည်။
တေဇောကား အလွန်တရာ ကျယ်လှ၏။
ပျက်ဆိုသောစကား၌ ခဏပျက် ပဗန္ဓပျက်နှစ်မျိုး ရှိသည်တွင် နာမ်၊ ရုပ်တို့၏ ဘင်ဟူသော အပျက်သည် ခဏပျက်မည်၏။ ယင်း ခဏပျက်သည် တေဇောကြောင့် မဟုတ်။ ပုံဟန်သဏ္ဌာန် အစဉ်ကင်း ပြတ်၍ ပျက်ခြင်းသည် ပဗန္ဓပျက်မည်၏။ ယင်း ပဗန္ဓပျက်ကို တေဇောကြောင့်မှတ်။
၁။ ဝါတသမုဋ္ဌာနံ၊ လေကြောင့်ဖြစ်သော အနာ။
၂။ ပိတ္တသမုဋ္ဌာနံ၊ သည်းခြေကြောင့်ဖြစ်သော အနာ။
၃။ သေမှသမုဋ္ဌာနံ၊ သလိပ်ကြောင့်ဖြစ်သော အနာ။
၄။ သန္နိပါတိကံ၊ လေ, သည်းခြေ, သလိပ်သုံးပါးစုဝေး၍ဖြစ်သောအနာ။
၅။ ဥတုဝိပရိဏာမဇံ၊ ဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်သောအနာ။
၆။ ဝိသမပရိဟာရဇံ၊ ဣရိယာပုထ် မမျှသည့်အတွက် ဖြစ်သောအနာ။
၇။ ဩပက္ကမိကံ၊ မိမိလုံ့လ သူတစ်ပါးလို့လကြောင့် ဖြစ်သောအနာ။
၈။ ကမ္မ ဝိပါကဇံ၊ ကံ၏ အကျိုးဖြစ်သော အနာ။
ဤလို အင်္ဂုတ္တိုရ်ပဏ္ဏာသပါဠိတော် (အံ၊၂၊၁၁၅။)တို့၌ လာသော အနာရောဂါ ရှစ်မျိုး တို့လည်း တေဇောဆွ၍ပင် ဖြစ်ရသည်ဟုမှတ်လေ။ တေဇောကား ကမ္ဘာ၏ အမိတည်း။
ကမ္ဘာအစ-တေဇောက၊ သတ္တဝါအစ-မောဟက။
တေဇောရုပ်ထူးပုံ၊ အရာကျယ်ပုံကို ပြသည်ပြီး၏။
၄၅-တေဇောရုပ်ထူးပုံ အရာကျယ်ပုံကို ပြခြင်း၌ အကျိုးကိုပြခြင်း
တေဇောရုပ် ထူးပုံ၊ အရာကျယ်ပုံကိုပြခြင်း၌ အကျိုးကိုပြဦးအံ့။
တေဇော ရုပ်ထူးပုံ၊ အရာကျယ်ပုံကို ပြလိုက်သဖြင့် ဧကကာရဏဒိဋ္ဌိကို ပယ်နိုင်ခြင်း အကျိုးရှိ၏။ ။ ဧကကာရဏဒိဋ္ဌိ ဆိုသည်ကား...
ဣဓ ဧကစ္စော သမဏောဝါ ဗြာဟ္မဏောဝါ ဧဝံဝါဒီ ဟောတိ ဧဝံ ဒိဋ္ဌိ၊ ယံကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံဝါ အဒုက္ခမသုခံဝါ၊ သဗ္ဗံ တံ ပုဗ္ဗေကတဟေတူတိ။
ပဏ္ဏာသပါဠိတော်, အဘိဓမ္မာဝိဘင်း ပါဠိတော် (မ၊၃၊၁။) (အဘိ၊ဝိ၊၃၈၂။) လာသော ပါဠိ။
ဣဓ၊ ဤလောက၌။
ဧကစ္စော၊ အချို့သော။
သမဏောဝါ၊ ရဟန်းသည် လည်းကောင်း။
ဗြာဟ္မဏောဝါ၊ ပုဏ္ဏားသည် လည်းကောင်း။
ဧဝံဝါဒီ၊ ဤသို့ ဆိုလေ့ရှိသည်။
ဧဝံဒိဋ္ဌိ၊ ဤသို့ မှားသောအယူရှိသည်။
ဟောတိ၊ ဖြစ်၏။
ယထာ၊ ယူပုံကား။
ပုရိသပုဂ္ဂလော၊ ပုရိသပုဂ္ဂလဟူ၍ ခေါ်ဆိုရသော။
အယံ၊ ဤသတ္တဝါအကောင်သည်။
သုခံဝါ၊ သုခလည်းဖြစ်သော။
ဒုက္ခံဝါ၊ ဒုက္ခလည်းဖြစ်သော။
အဒုက္ခမသုခံဝါ၊ ဒုက္ခသုခမဟုတ် အလယ်အလတ် ဥပေက္ခာလည်းဖြစ်သော။
ယံကိဉ္စိ၊ အလုံးစုံ အကောင်း၊ အဆိုး ဝေဒနာမျိုးကို။
ပဋိသံဝေဒေတိ၊ ခံစား၏။
သဗ္ဗံ၊ အလုံးစုံသော။
တံ၊ ထိုဝေဒနာမျိုးကို။
ပုဗ္ဗေကတဟေတု၊ ရှေး၌ပြုဖူးသော ကံကြောင့်သာလျှင်။
ပဋိသံဝေဒေတိ၊ ခံစား၏။
ဣတိ၊ ဤသို့။
ဝါဒီ၊ ဆိုလေ့ရှိသည်။
ဒိဋ္ဌိ၊ မှားသောအယူရှိသည်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
ဤသို့ လာသော “သဗ္ဗ ပုဗ္ဗေကတဟေတု ဒိဋ္ဌိ”ကိုပင် ဆိုသည်မှတ်။ အကြောင်းအများကို မြစ်၍ ကံဟူသော အကြောင်း တစ်ခုကိုသာ ယူသောကြောင့် ဤကဲ့သို့သော အယူကို ဧကကာရဏဒိဋ္ဌိ ဆိုသည်။
မိလိန္ဒာပဉှာပါဠိတော်၌လည်း ...
အပ္ပံ ကမ္မဝိပါကဇံ ဗဟုတရံ အဝသေသံ၊ တတ္ထ ဗာလာ သဗ္ဗံ ကမ္မဝိပါကဇံ ယေဝါတိ အတိဓာဝန္တိ။
(မိလိန္ဒ၊၁၃၈)ဟူ၍ လာ၏။
ကမ္မဝိပါကဇံ၊ ကံ၏အကျိုးကြောင့်ဖြစ်သော ဝေဒနာသည်။
အပ္ပံ၊ အနည်းငယ်သာတည်း။
အဝသေသံ၊ ကြွင်းသော ကံမှတစ်ပါးသော မလိမ္မာခြင်း စသောအကြောင်းကြောင့် ဖြစ်သော သုခ၊ ဒုက္ခ အမျိုးကောင်းကျိုး၊ မကောင်းကျိုးသည်။
ဗဟုတရံ၊ အလွန်များ၏။
တတ္ထ၊ ထိုသို့ဖြစ်ရာ၌။
ဗာလာ၊ လူပြိန်းတို့သည်။
သဗ္ဗံ၊ အလုံးစုံ ကောင်းကျိုး မကောင်းကျိုးဝေဒနာမျိုးသည်။
ကမ္မဝိပါကဇံ ယေဝ၊ ကံ၏ အကျိုးကြောင့်ဖြစ်သော ဝေဒနာသည်သာတည်း။
ဣတိ၊ ဤသို့။
အတိဓာဝန္တိ၊ အမှန်သဘော ဘုရားဟောကိုလွန်၍ ပြေးကုန်၏။ ။ အနက်။
အနာရောဂါ ရှစ်မျိုးပြခဲ့ရာ၌ ကံကြောင့်ဖြစ်သော အနာရောဂါတစ်ပါး သာ လာသည်။
ပဋ္ဌာန်းပါဠိတော်၌ အကြောင်းပစ္စည်းတရားကို နှစ်ဆယ့်လေးပါး ဝေဖန်၍ပြရာ ကမ္မပစ္စယောဟု ကံအကြောင်း တစ်ပါးသာလာသည်။ အဟုတ် အမှန်ကြ ပရမတ္ထ သဘောအားဖြင့် တစ်ခုသောအကြောင်း တစ်ခုသော အကျိုးသည်လည်းကောင်း၊ အကျိုးအများသည်လည်းကောင်း မဖြစ်နိုင်။
အနေကေဟိ ပန ကာရဏေဟိ အနေကမေဝ ဟောတိ။
ဝိသုဒ္ဓိ၊၂၊၁၇၄။
ပန၊ စင်စစ်သော်ကား။
အနေကေဟိ၊ များစွာသောအကြောင်းတို့ကြောင့်။
အနေကမေဝ၊ အကျိုးအများသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
ဘုရားမြတ်တို့မှာ အကြောင်းအများ ရှိသော်လည်း ဝေနေယျသတ္တဝါတို့ ဉာဏ်နိုင် လောက်ရုံ --
မကင်းနိုင်သော အကြောင်းကိုသော် လည်းကောင်း
အားကြီးသော အကြောင်းကိုသော် လည်းကောင်း၊
ပေါ်ထင်သိသာသော အကြောင်းကိုသော် လည်းကောင်း၊
ထူးသောအကြောင်းကိုသော် လည်းကောင်း၊
အရာရာသို့လိုက်၍ တစ်ခုသော အကြောင်းကို ဟောသင့်သောအခါ တစ်ခုသော အကြောင်းကို ဟောတော်မူရသည်။
လောကီ လူတို့လည်းကံရှိမှ ချမ်းသာသည်။ ဉာဏ်ရှိမှ အသက်ရှည်သည်။ လုပ်နိုင်ကိုင်နိုင်မှ ကူးသန်းနိုင်မှ စားရသောက်ရသည်။ မိုးကောင်းမှ စပါး၊ ဆန်၊ ပေါများသည်။ ဤသို့ စသည်ဖြင့် တစ်ခုသော အကြောင်းကိုသာ ပြောဆိုကြကုန်၏။ ဤသို့ ပြောဆိုရာ၌ ကံမှာ မကင်းနိုင်သောအကြောင်း, ဉာဏ်မှာထူးသောအကြောင်း, လုပ်ကိုင်ကူးသန်းသော ဝီရိယမှာ အားကြီးသောအကြောင်း၊ မိုဃ်းမှာပေါ်လာ သိသာသော အကြောင်းဖြစ်၍ တစ်ခုသောအကြောင်းကိုသာ ဆိုသည်။ အကြောင်းအများ ရှိသေး၏ဟု ယူမှဒိဋ္ဌိလွတ်သည်။
ဥတု စသော ကံစသော အကြောင်းများကို စွဲ၍အကျိုးအများ ဖြစ်သည်ကို ပြသဖြင့်လည်း လောကကို နတ် ဖန်ဆင်းသည်၊ ဗြဟ္မာဖန်ဆင်းသည်၊ ဘုရား ဖန်ဆင်းသည်ဟု ယူကြသော ဖောက်ပြန်သော အယူတို့ကိုလည်း ပယ်ရခြင်းအကျိုး ရှိသည်။
တေဇောရုပ်၏ ထူးပုံ၊ အရာကျယ်ပုံကိုပြခြင်း၌ အကျိုးကိုပြသည် ပြီး၏။
၄၆-လောက၏ အရကိုပြခြင်း
လောက၏ အရကို ပြဦးအံ့။
လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော။ ။ (ဝိဂြိုဟ်)။
လုဇ္ဇတိ၊ အပျက်သေး ပျက်တတ်၏။
ပလုဇ္ဇတိ၊ အပျက်ကြီး ပျက်တတ်၏။
ဣတိတသ္မာ၊ ထိုသို့အပျက်သေးပျက် အပျက်ကြီးပျက် တပျက်တည်းပျက်တတ် လေသောကြောင့်။
လောကော၊ လောကမည်၏။ ။ အနက်။
အပျက်သေးဆိုသည်မှာ ခဏပျက်, အပျက်ကြီးဆိုသည်မှာ ပဗန္ဓ ပျက်မှတ်။
ယင်းလောကသည် -
၁-ဩကာသလောက,
၂-သတ္တလောက,
၃-သင်္ခါရလောက, ဟူ၍ သုံးပါး။
ယင်း သုံးပါးတွင် ယူဇနာ ရှစ်သောင်းနှစ်ထောင် အမြင့်ဆောင်သော စကြဝဠာတောင်ဖြင့် ပိုင်းခြားပတ်ခွေ, လ, နေ လှည့်ထွန်း လေးကျွန်းတစ်မြင်းမိုရ်ရှိ ဘဝဂ်သုံးဆယ့်တစ်ဘုံကို တစ်ခုသော စကြဝဠာလောကဓာတ် ဟူ၍မှတ်။
သုံးဆယ့်တစ်ဘုံ ဆိုသည်မှာ အပါယ် ဒုဂ္ဂတိလေးဘုံ၊ ကာမသုဂတိ ခုနစ်ဘုံ၊ ရူပတစ်ဆယ့်ခြောက်ဘုံ၊ အရူပ လေးဘုံ၊ ဤဘုံစုကို ဆိုသည်။
သုံးဆယ့်တစ်ဘုံရှိ စကြဝဠာ လောကဓာတ် အနန္တ တွေကိုပင် ဩကာသလောက ဆိုသည်။ ယင်း ဩကာသလောကကို ဇီဝိတိန္ဒြေ နှင့် မဖက်စပ်။ အဋ္ဌက ကလာပ်မှုန့်တို့၏ အစုအဝေးကို အစွဲပြု၍ အခေါ်အဝေါ် ပညတ်မျှသာ ဟူ၍မှတ်။ သုံးဆယ့်တစ်ဘုံ ဩကာသလောကကြီး၏ အတွင်း ကျင်လည်ရသော ဘုံနေ သတ္တဝါတွေကို သတ္တလောကဆိုသည်။
ယင်းသတ္တ လောကကိုလည်း ဇီဝိတိန္ဒြေနှင့် ဖက်စပ်သော နာမ်၊ ရုပ်နှစ်ပါးတို့၏ အစုအဝေး ကို အစွဲပြု၍ အခေါ်အဝေါ် ပညတ်မျှသာ ဟူ၍မှတ်။
ဒုဂ္ဂတိ အဟိတ် ပုဂ္ဂိုလ်,
သုဂတိ အဟိတ် ပုဂ္ဂိုလ်,
ဒွိဟိတ်ပုဂ္ဂိုလ်,
တိဟိတ်ပုဂ္ဂိုလ်ဟူ၍ ပုထုဇဉ်လေးယောက်၊
သောတာပတ္တိမဂ် ပုဂ္ဂိုလ်၊
သောတာ ပတ္တိဖိုလ် ပုဂ္ဂိုလ်ဟူ၍ သောတာပန် ပုဂ္ဂိုလ်တစ်စုံ၊
သကဒါဂါမိမဂ် ပုဂ္ဂိုလ်၊
သကဒါဂါမိဖိုလ် ပုဂ္ဂိုလ်ဟူ၍ သကဒါဂါမ် ပုဂ္ဂိုလ်တစ်စုံ၊
အနာဂါမိမဂ်ပုဂ္ဂိုလ်၊
အနာဂါမိဖိုလ်ပုဂ္ဂိုလ်ဟူ၍ အနာဂါမ်ပုဂ္ဂိုလ်တစ်စုံ၊
အရဟတ္တမဂ်ပုဂ္ဂိုလ်၊
အရဟတ္တ ဖိုလ် ပုဂ္ဂိုလ်ဟူ၍ ရဟန္တာပုဂ္ဂိုလ်တစ်စုံ၊
အစုံလေးစုံ၊ အရိယာပုဂ္ဂိုလ် ရှစ်ယောက်၊ ပေါင်း ပုဂ္ဂိုလ်တစ်ကျိပ် နှစ်ယောက် ဤသို့ စသည် သတ္တလောကသည်လည်း များသော အပြားရှိ၏။
သင်္ခါရလောက ဆိုသည်မှာ ပညတ်ကို ဖယ်ထားခွာလှန် အဟုတ်အမှန်ရှိ ပရမတ် အစစ် အသားအနှစ် ဖြစ်သော ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတွေကို ဆိုသည်။
လောကကို ပြသည်ပြီး၏။
၄၇-အသေ စုတိကို ပြခြင်း
အသေစုတိကို ပြဦးအံ့။
သုံးဆယ့်တစ်ဘုံ ဩကာသလောကကြီး၏ အတွင်းဖြစ်ကုန်သော သတ္တဝါတို့၏ ထိုထိုဘုံဘဝမှ စုတေရွေ့လျောကြရ၊ ပြည့်စုံပြီး စည်းစိမ်ဥစ္စာ ကိုယ်ခန္ဓာတို့၏ ပျက်စီးကြရပြန်သည်ကို သေသည်၊ စုတေ သည်ဟူ၍ ဆိုသည်။
ယင်းသေခြင်းကို --
ကာလမရဏံ- သေချိန်ရောက်၍ သေသင့်၍ သေခြင်းတစ်မျိုး၊
အကာလ မရဏံ- သေချိန်မရောက်ဘဲ မသေသင့်ဘဲ သေခြင်းတစ်မျိုး
ဟူ၍ နှစ်မျိုးရှိသည်မှတ်။
ဉာဏ်၊ လုံ့လ၊ အကု၊အသ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊
၁-သေမည့် လူနာတစ်မျိုး။
၂-ရှင်မည့် လူနာတစ်မျိုး။
၃-ဉာဏ်၊ လုံ့လ အကုအသကောင်းလျှင် ရှင်မည်။ မကောင်းလျှင် သေမည့် လူနာ တစ်မျိုးဟူ၍ အဘိဓမ္မာပုဂ္ဂလပညတ်ပါဠိတော် (အဘိ၊ပု၊၁၃၀။) ၌ ပြအပ်သော လူနာ သုံးမျိုးတို့တွင်
ပထမလူနာ၏ သေခြင်းသည် ကာလမရဏ မည်၏။
တတိယလူနာ၏ သေခြင်းသည် အကာလမရဏမည်၏။
တစ်နည်းလည်း..
၁။ အာယုက္ခယ မရဏံ - အသက်တမ်းစေ့၍ အသက်ကုန်၍ သေခြင်း တစ်မျိုး
၂။ ကမ္မက္ခယ မရဏံ - ကံအဟုန်ကုန်၍ သေခြင်းတစ်မျိုး၊
၃။ ဥဘယက္ခယမရဏံ - အသက်ကံနှစ်ပါးစုံ ကုန်၍ သေခြင်းတစ်မျိုး၊
၄။ ဥပစ္ဆေဒကမရဏံ - အသက်၊ ကံနှစ်ပါးရှိငြားသော်လည်း ဥပစ္ဆေဒက ကံဖြတ်၍ သေခြင်းတစ်မျိုး
ဟူ၍ သေခြင်းလေးမျိုး ရှိသည်ကိုမှတ်။
အာယုက္ခယမရဏ၊ ကမ္မက္ခယမရဏ၊ ဥဘယက္ခယ မရဏသုံးပါးတို့သည် ကာလမရဏ မည်၏။ မသိမလိမ္မာသည့်အတွက်နှင့် မသေတန်ဘဲ မသေသင့်ဘဲ သေရသမျှကို အကာလမရဏ ဥပစ္ဆေဒကမရဏသို့ သွင်းရမည်။ ဤသို့ အကြောင်းကိုစွဲ၍ သေခြင်းနှစ်မျိုး လေးမျိုးရှိသည်ကို မှတ်လေ။
ယင်းသေခြင်း ၂မျိုး၊ ၄မျိုးတို့တွင် တစ်ပါးပါးသော သေခြင်းဖြင့် မချွတ်သေလတ္တံ့ သော ဝင်မြစ်မပြတ်သေးသော သတ္တဝါအား သေခါနီးကာလ၌ ကံသည်လည်း ကောင်း၊ ကမ္မနိမိတ်သည်လည်းကောင်း၊ ဂတိနိမိတ်သည်လည်းကောင်း သုံး ပါးတို့တွင် တစ်ပါးပါးထင်မြဲ။ ဝင်မြစ်ပြတ်ပြီးသော ပုဂ္ဂိုလ်တို့အားမထင်။
ကံ ဆိုသည်မှာ ပြုဖူးသော ကုသိုလ် အကုသိုလ် စေတနာကို ဆိုသည်။ ယင်းကံ ထင်သောအခါ ကံကို ပြုတုန်းကာလ၌ကဲ့သို့ စိတ်အစဉ်ဖြစ်၍ မနော ဒွါရ၌သာ ထင်၏။
ကမ္မနိမိတ် ဆိုသည်မှာ တုတ်-လှင်ကန်-ဓားလှံ-လေးမြှား-ကျောင်း ဘုရား စေတီ၊ ထီး-တံခွန်-ဆွမ်း, သင်္ကန်း, နံ့သာ, ပန်း အစရှိသော ကံ၏အဆောက် အဦးတွေကို ဆိုသည်။ ယင်း ကမ္မနိမိတ်သည် ခြောက်ပါးသော ဒွါရတို့တွင် တစ်ပါးပါးသော ဒွါရ၌ထင်၏။
ဂတိနိမိတ် ဆိုသည်မှာ ငရဲအိုး၊ ငရဲမီးလျှံ၊ ငရဲထိန်း၊ ခွေးနက်ကြီး၊ နတ်သမီး၊ နတ်သား၊ ဥယျာဉ်၊ ဗိမာန်၊ ပဒေသာပင်၊ အမိဝမ်းရေ စသည်တို့ကို ဆိုသည်။ ယင်း ဂတိနိမိတ်သည် မနောဒွါရ၌သာ ထင်၏။ အလွန်သေခြင်း နီးသော သတ္တဝါအား ယင်းသို့ ထင်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်-သုံး ပါးတွင် တစ်ပါးပါးကို အာရုံစွဲ၍ -
၁။ မရဏာသန္နဇောငါးကြိမ် စောပြီးနောက် အသေစုတိ ဖြစ်သည် တစ်မျိုး။
၂။ မရဏာသန္နဇောနောက် အဗျာကတစိတ် တစ်ကြိမ်ဖြစ်ပြီးမှ အသေစုတိဖြစ်သည် တစ်မျိုး။
၃။ နှစ်ကြိမ်ဖြစ်ပြီးမှ အသေစုတိဖြစ်သည် တစ်မျိုး။
၄။ သုံးကြိမ်ဖြစ်ပြီးမှ အသေစုတိဖြစ်သည် တစ်မျိုး။
ဤသို့လည်း စိတ်အစဉ်ကိုစွဲ၍ အသေစုတိ လေးမျိုး ရှိသည်မှတ်လေ။
သေဆိုသော စကား၌သတ္တဝါ အကောင် သေသည်မဟုတ်။ တစ်ခုတည်း သေသည်လည်းမဟုတ်။ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတွေ အများကြီးသေသည်။ တစ်ခါတည်း တစ်ပြိုင်တည်း သေသည်လည်းမဟုတ်၊ တစ်စတစ်စတစ်ခုခြင်း သေကြကုန်သည် မှတ်။
ထင်ရှားစေဦးအံ့။
စတုဇ ခန္ဓာအိမ်၌ တေဇော ဆွသောကြောင့် ဓာတ်လေးပါးတို့ မညီမညွတ် ဖောက်ပြန် သောင်းကျန်းကြသည်အတွက် ရုပ်ကလာပ်တွေ အလွန်ယုတ်လျော့ အားသေးလှ၍ အလွန် သေလုနီးသော သတ္တဝါအား စုတိမဖြစ်မီ ခဏငယ် ငါးဆယ်ချက် ခန့်လောက်ကစ၍ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယဝတ္ထု စသော ကမ္မဇရုပ်တွေ တစ်စတစ်စ သေပျောက် ယုတ်လျော့ကြလေကုန်၏။
မျက်စိ၌ နာမ်တရား၊ နား၌၊ နှာခေါင်း၌၊ လျှာ၌၊ ကိုယ်၌ နာမ်တရားတို့လည်း သေပျောက် ချုပ်ငြိမ်းကြလေကုန်၏။ ထို့နောက် ရင်ခေါင်း၏အတွင်း ဟဒယဝတ္ထု၌ မနောဝိဉာဏ်ခေါ်သော နာမ်တရားတစ်ခုသာ ကျန်တော့၏။
မနောဝိဉာဏ်ခေါ်သော ယင်းနာမ်တရားသည် အသစ်မထပ် အစပြတ် နောက်ပိတ်ဆုံး သေပျောက် ချုပ်ငြိမ်းလေ၏။ အနည်းငယ် ကျန်ကြွင်းသော ကမ္မဇရုပ်တို့လည်း နောက်ပိတ်ဆုံး နာမ်ချုပ်ငြိမ်းသည်နှင့် တစ်ပြိုင်နက် အစပြတ် ကင်းရှင်းချုပ်ငြိမ်း ကြလေကုန်၏။ ထိုအခါ သေသည် စုတေသည်ဟူ၍ ဆိုရလေ၏။
စိတ္တဇရုပ်မှာ သေပြီးနောက် ခဏငယ် လေးဆယ့်ရှစ်ချက်ခန့်၊ အာဟာရ ဇရုပ်မှာ ခဏငယ် ငါးဆယ်ခန့်ကြာမှ ချုပ်ငြိမ်းကြကုန်၏။ တစ်ဘဝသို့ ကူးပြောင်းဖို့ရာ ဘာမှမကျန်။ ထို့နောက် ဥတုဇရုပ်သာ ကျန်ကြွင်းသဖြင့် အသေကောင် ဝေါဟာရ ဖြစ်ရလေ၏။
သတ္တဝါအကောင် သေသည်မဟုတ်၊ သေစရာ သတ္တဝါအကောင်ဟူ၍ပင်မရှိ၊ ထွက်သွားနိုင်သော နာမ်ဝိညာဏ်ဟူ၍ မရှိ၊ အသက်ဟူ၍ မရှိ၊ လိပ်ပြာဟူ၍ မရှိ။
သေပျောက်ပြီးသော မီးတောက် မီးလျှံ မပြန်လာသကဲ့သို့ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ တို့လည်း ချုပ်ငြိမ်းသေပျောက်ပြီး နောက် တစ်ဖန်လာကောင်းသည်မဟုတ် ပြန်လာအောင် တစ်စုံတစ်ယောက် သောသူ တတ်နိုင်သည်လည်းမဟုတ်။
တစ်ခုသောဘဝ၌ အသစ်မထပ် အစပြတ် နောက်ပိတ်ဆုံး ချုပ်ငြိမ်းသောခန္ဓာကို စုတိဟူ၍ဆိုလိုသည်။
အန္တိမဘာဝေန စဝတိ ဘိဇ္ဇတီတိ စုတိ။ ။ (ဝိဂြိုဟ်)။
အန္တိမဘာဝေန၊ နောက်ပိတ်ဆုံး အဖြစ်ဖြင့်။
စဝတိ ဘိဇ္ဇတိ၊ ပျက်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
စုတိ၊ စုတိမည်၏။ ။ အနက်။
ပဉ္စဒွါရိကဝေဒနာ ပစ္ဆာ ဥပ္ပဇ္ဇိတွာ ပထမံ နိရုဇ္ဈတိ။ မနောဒွါရိက ဝေဒနာ ပထမံ ဥပ္ပဇ္ဇိတွာ ပစ္ဆာ နိရုစ္ဆတိ။
နိဒါနသံယုတ်အဋ္ဌကထာ။ (သံ၊ဋ္ဌ၊၂၊၇၃။)
ပဉ္စဒွါရိကဝေဒနာ၊ ငါးဒွါရ၌ဖြစ်သော ဝေဒနာသည်။
ပစ္ဆာ၊ နောက်မှ။
ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။
ပထမံ၊ ရှေ့ဦးစွာ။
နိရုဇ္ဈတိ၊ ချုပ်၏။
မနောဒွါရိက ဝေဒနာ၊ မနောဒွါရ၌ဖြစ်သော ဝေဒနာသည်။
ပထမံ၊ ရှေ့ဦးစွာ။
ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။
ပစ္ဆာ၊ နောက်မှ။
နိရုဇ္ဈတိ၊ ချုပ်၏။ ။ အနက်။
တစ်ခုတည်း သေသည်မဟုတ်၊ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတွေ အများသေ သည် ဆိုခဲ့သော စကား၌များပုံကား ကမ္မဇကလာပ် လေးရာ့ရှစ်စည်း၊ စိတ္တဇ ကလာပ် ဆယ့်ခုနစ်စည်း၊ အာဟာရဇကလာပ် ငါးဆယ့်တစ်စည်းပေါင်း လေးရာ့ ခုနှစ်ဆယ့်ခြောက်စည်းသော ရုပ်ကလာပ်တို့ နာမ်ခန္ဓာလေးပါးတို့နှင့်တကွ လေးရာ့ရှစ်ဆယ် အများ သေကြ ကုန်သည် မှတ်လေ။ တစ်ခါတည်း တစ်ပြိုင်တည်း သေသည်လည်းမဟုတ်၊ ဆိုခဲ့သောစကား၌ အသေ တစ်ရာ့တစ်ခါ သေသည် မှတ်ရမည်။
တစ်ရာ့တစ်ခါ ဆိုသည်ကား -
စုတိဖြစ်၍ အသေကြီး မသေခင် ခဏငယ်ငါးဆယ်ခန့် ကာလတို့၌ အသေငယ် အခါငါးဆယ်၊ အသေကြီး သေပြီးနောက် ခဏငယ် ငါးဆယ်ခန့်ကာလ တို့၌ အသေငယ် အခါငါးဆယ်၊ သုံးရပ်ပေါင်း အသေတစ်ရာ့တစ်ခါ မှတ်လေ။
တစ်ရာ့တစ်ခါ သေပြီးနောက်မှ ဥတုဇရုပ်သာ ကျန်ကြွင်းသည်။
ခဏငယ် တစ်ချက်ခန့်ကို မျက်စိတစ်မှိတ် ခန့်ဟု အကြမ်းမှတ်၍၊ စိတ္တဇရုပ်မှာ အသေကြီး သေပြီးနောက် မျက်စိ လေးဆယ့်ရှစ်မှိတ်ခန့် လောက်ကြာမှ ငြိမ်းသည်။ အာဟာရဇရုပ်မှာ မျက်စိ ငါးဆယ်မှိတ် ခန့်လောက်ကြာမှ ငြိမ်းသည်။
ပရမတ္ထေန ဟိ ခန္ဓာယေဝ ဘိဇ္ဇန္တိ၊ န သတ္တော နာမ ကောစိ မရတိ။
သမ္မောအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၂၊၉၄။)
ပရမတ္ထေန၊ ပရမတ္ထ သဘောအားဖြင့်။
ခန္ဓာယေဝ၊ နာမ်ခန္ဓာ၊ ရုပ်ခန္ဓာ တို့သည်သာလျှင်။
ဘိဇ္ဇန္တိ၊ ပျက်ကုန်၏။
ကောစိ၊ တစ်စုံတစ်ယောက်သော။
သတ္တောနာမ၊ သတ္တဝါအကောင်မည်သည်။
နမရတိ၊ မသေ။ ။ အနက်။
ပညတ်အားဖြင့် သတ္တဝါအကောင် သေသည်ဟု ခေါ်ဝေါ်ရုံသာ ခေါ်ဝေါ် ကြရသည်။ သေစရာ သတ္တဝါ အကောင်ဟူ၍ မရှိ ဆိုလိုသည်။
အသေစုတိကို ပြသည်ပြီး၏။
၄၈-ပဋိသန္ဓေ အကြောင်းနှင့် ပဋိသန္ဓေ လေးပါးကို ပြခြင်း
ပဋိသန္ဓေကိုပြဦးအံ့။ ။
ဘဝဟောင်းက နောက်ပိတ်ဆုံး စုတိခန္ဓာတို့ အစပြတ်ချုပ်ငြိမ်း သေပျောက် ပြီးနောက် ကာလမခြားဘဲ တရှိန်တည်း တစပ်တည်း အဝိဇ္ဇာ တဏှာ သဟဲရှိသော ကံအရှိန်ကြောင့် သုံးဆယ့်တစ်ဘုံ ဩကာသလောကကြီး၏အတွင်း တစ်ခုခုသော ဘုံဘဝ၌ ရုပ်ခန္ဓာ၊ နာမ် ခန္ဓာအသစ် ဖြစ်ပေါ်ပြန်လေ၏။ အဟောင်းမဟုတ်။ ထိုထို ဘုံဘဝ၌ အဦးအစ အသစ်ဖြစ်ပေါ်သော ရုပ်ခန္ဓာ၊ နာမ်ခန္ဓာကိုပင် ပဋိသန္ဓေဆိုသည်။
သန္တာနံ အဝိစ္ဆေဒေတွာ ပဋိသန္ဓာနံ ကရောတီတိ ပဋိသန္ဓေ။ ။ (ဝိဂြိုဟ်)။
သန္တာနံ၊ ရှေးဘဝ ခန္ဓာအစဉ်ကို။
အဝိစ္ဆေဒေတွာ၊ မပြတ်စေမူ၍။
ပဋိသန္ဓာနံ၊ တစ်ဖန်စပ်ဆက်ခြင်းကို။
ကရောတိ၊ ပြုတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ပဋိသန္ဓိ၊ ပဋိသန္ဓေမည်၏။ ။ အနက်။
ယင်းပဋိသန္ဓေကို -
၁-အဏ္ဍဇ ပဋိသန္ဓေ၊
၂-ဇလာဗုဇ ပဋိသန္ဓေ။
၃-သံသေဒဇ ပဋိသန္ဓေ။
၄-ဥပပတ် ပဋိသန္ဓေ ဟူ၍ လေးမျိုးမှတ်။
အဥ၌ အဦးအစဖြစ်ပေါ်လျှင် အဏ္ဍဇပဋိသန္ဓေ ဆိုသည်။
သားအိမ်၌ အဦးအစဖြစ်ပေါ်လျှင် ဇလာဗုဇ ပဋိသန္ဓေဆိုသည်။
အညှိအရိ၌ အဦးအစ ဖြစ်ပေါ်လျှင် သံသေဒဇပဋိသန္ဓေဆိုသည်။
တစ်စုံတစ်ခု စွဲရာ မှီရာမရှိဘဲ အဦးအစ ဖြစ်ပေါ်လျှင် ဥပပတ်ပဋိသန္ဓေ ဆိုသည်။
ဘုမ္မစိုး, လူ၊ အသူရကာယ်၊ ပိတ်၊ တိရစ္ဆာန်မှာ၊ လေးဖြာသန္ဓေ၊ ရှိသင့်လေ၏။
နိဇ္ဈာမတဏှိကာ၊ ငရဲရွာ၊ ဗြဟ္မာနှင့်နတ်မှာ၊ ဥပပတ်သာ ရလေရာ၏။
တစ်နည်းလည်း -
၁-ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေ။
၂-သုဂတိအဟိတ် ပဋိသန္ဓေ။
၃-ဒွိဟိတ်ပဋိသန္ဓေ။
၄-တိဟိတ်ပဋိသန္ဓေ ဟူ၍ လေးမျိုးမှတ်။
အဦးအစ ဖြစ်ပေါ်လာသောအခါ --
ဟိတ်တရားမပါလျှင် အဟိတ်ပဋိသန္ဓေ၊
ဟိတ်တရား နှစ်ပါးပါလျှင် ဒွိဟိတ်ပဋိသန္ဓေ၊
ဟိတ်တရား သုံးပါးပါလျှင် တိဟိတ်ပဋိသန္ဓေဆိုသည်။
ဟိတ်၏သဘောကိုအထက်၌ ပြလတ္တံ့။
သညသတ်, သု၊ ပါယ်မှာ ဒု၊ လူ, စတုရှိ၊ သု, ဒွိ, တိ, ဒွိ, တိနှစ်ပါး၊ ထက် နတ်ငါး၊ အများဗြဟ္မာ၊ တိဟိတ်သာ။
ဘုံ၌ ပဋိသန္ဓေရပုံကိုမှတ်လေ။
၁။ အသညသတ်ဘုံ၌ ရုပ်ခန္ဓာ တစ်ပါးသာ ဖြစ်ပေါ်သောကြောင့် ဧကဝေါ ကာရ ပဋိသန္ဓေ၊
၂။ အရူပလေးဘုံ၌ နာမ်ခန္ဓာ လေးပါးသာ ဖြစ်ပေါ်သောကြောင့် စတုဝေါကာရ ပဋိသန္ဓေ၊
၃။ ကြွင်းနှစ်ဆယ့်ခြောက်ဘုံတို့၌ ခန္ဓာငါးပါး ဖြစ်ပေါ်သော ကြောင့် ပဉ္စဝေါကာရ ပဋိသန္ဓေ၊
ဤသို့လည်း ပဋိသန္ဓေသုံးမျိုးမှတ်။
ခန္ဓာကို ဝေါကာရ ဆိုသည်။
ခန္ဓာယေဝ ဟိ ပရမတ္ထတော ပါတုဘဝန္တိ၊ န သတ္တော။
သံယုတ်အဋ္ဌကထာ။ (သံ၊ဋ္ဌ၊၂၊၁၃။)
ပရမတ္ထတော၊ အဟုတ်အမှန်ကျ ပရမတ္ထသဘောအားဖြင့်။
ခန္ဓာယေဝ၊ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတို့သည်သာလျှင်။
ပါတုဘဝန္တိ၊ ထင်ရှားအသစ် ဖြစ်ပေါ်ကုန်၏။
နသတ္တော၊ သတ္တဝါ အကောင်မဖြစ်ပေါ်။ ။ အနက်။
သတ္တဝါ ပဋိသန္ဓေနေသည်၊ သတ္တဝါ ဖြစ်ပေါ်သည်ဟူ၍ ပညတ်အားဖြင့် ခေါ်ရုံသာ ခေါ်ရသည်၊ အဟုတ် မမှတ်အပ် ဆိုလိုသည်။
နာပိ အတီတဘဝတော ဣဓ သင်္ကန္တိ အတ္ထိ၊
နာပိ တတော ဟေတုံ ဝိနာ ဣဓ ပါတုဘာဝေါ။
ဝိသုဒ္ဓိ၊၂၊၁၈၆။
အတီတဘဝတော၊ လွန်ပြီးဘဝမှ။
ဣဓ၊ ဤဘဝသို့။
သင်္ကန္တိ၊ ကူးပြောင်းသော တစ်စုံတစ်ခုသည်။
နာပိအတ္ထိ၊ ရှိသည်လည်း မဟုတ်။
တတော၊ ထိုလွန်ပြီးသော ဘဝဟောင်းမှ။
ဟေတုံ၊ အကြောင်းကို။
ဝိနာ၊ ကြဉ်၍။
ဣဓ၊ ဤဘဝ၌။
နာပိ ပါတုဘာဝေါ၊ ဖြစ်ပေါ်လာသည်လည်း မဟုတ်။ ။ အနက်။
ဘဝသစ် ပဋိသန္ဓေ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတို့သည် ဘဝဟောင်းက ကံအရှိန်ကြောင့် အသစ်ဖြစ်ပေါ်သည်၊ ဘဝဟောင်းက ကူးပြောင်းခဲ့သော အဟောင်း မဟုတ် ဆိုလိုသည်။
အဟောင်း မဟုတ်သော်လည်း ဘဝဟောင်းက ကံအရှိန်ကြောင့် ဘဝဟောင်း စုတိ ချုပ်ငြိမ်းပြီးနောက် တစ်စပ်တည်း တစ်ဆောင်တည်း ကာလမခြားဘဲ ဆက်လက် ဖြစ်ပေါ်၍ တစ်သန္တာန်တည်း ဖြစ်ရကား သန္တာန်ကိုစွဲ၍ တစ်ခုတည်းပါဘဲ ဆိုသော်လည်း ဆိုရ၏။ ဧကတ္ထနည်း။
စုတိခန္ဓာတို့လည်း သဘာဝအားဖြင့် တမျိုးတခြား၊ ပဋိသန္ဓေ ခန္ဓာတို့လည်း သဘာဝအားဖြင့် တစ်မျိုး တခြားဖြစ်၍ တစ်ခုတည်းမဟုတ်၊ တစ်မျိုးစီ တခြားစီပါပဲ ဆိုသော်လည်း ဆိုရ၏။ နာနတ္တနည်း။
ဤလို နည်းနှစ်ပါးနှင့်သိမှ မဇ္ဈိမပဋိပဒါကျသည်၊ တဖက်သတ်သိလျှင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ မလွတ်။ ပညတ်အားဖြင့်ကား သတ္တဝါအကောင် ဘဝတစ်ပါး ထွက်သွား ကူးပြောင်းသည် ဟူ၍ ခေါ်ရုံသာ ခေါ်ဝေါ်အပ်၏။ အဟုတ်မမှတ်အပ်။
သံသေဒဇ ဥပပတ်နှစ်မျိုးမှာ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထု၊ စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက ကလာပ်ပေါင်း ကလာပ်ခုနစ်စည်း၊ ဝတ္ထုရုပ်ကို စွဲမှီလျက် နာမ်ခန္ဓာလေးပါး ဟူသော ရုပ်၊ နာမ်နှစ်ရပ်တွယ်စပ် လုံးထွေးမရှေးမနှောင်း တစ်ပြိုင်တည်း အသစ်ဖြစ်ပေါ်ကြကုန်၏။
ရူပတစ်ဆယ့်ငါးဘုံသား ဥပပတ်တို့မှာ စက္ခုဒသက၊ သောတဒသက၊ ဝတ္ထုဒသက၊ ဇီဝိတနဝကကလာပ် ပေါင်းလေးစည်း၊ ဝတ္ထုရုပ် ကိုစွဲမှီ၍ နာမ်ခန္ဓာလေးပါးဟူသော ရုပ်၊ နာမ်နှစ်ရပ် တွယ်စပ် လုံးထွေး မရှေးမနှောင်း တစ်ပြိုင်တည်း အသစ် ဖြစ်ပေါ်ကြကုန်၏။
အသညသတ် ဥပပတ်မှာ နာမ်မပါ ဇီဝိတနဝက, ကလာပ်တစ်စည်းသာ အသစ်ဖြစ်ပေါ်၏။
အရူပ ဥပပတ်မှာ ရုပ်မပါ နာမ်ခန္ဓာ လေးပါးတို့သာ အသစ်ဖြစ်ပေါ်ကုန်၏။ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေနှစ်ပါးကို ဂဗ္ဘသေယျ ပဋိသန္ဓေဆိုသည်။ ယင်း ဂဗ္ဘသေယျ ပဋိသန္ဓေမှာ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက၊ ကလာပ် သုံးစည်း ဝတ္ထုရုပ်ကို စွဲမှီလျက်နာမ်ခန္ဓာ လေးပါးဟူသော ရုပ်၊ နာမ်နှစ်ရပ် တွယ်စပ် လုံးထွေ မရှေးမနှောင်း တစ်ပြိုင်တည်းအသစ် ဖြစ်ပေါ်ကုန်၏။
ပဋိသန္ဓေကိုပြသည် ပြီး၏။
၄၉-ဂဗ္ဘသေယျ ပဋိသန္ဓေ စွဲနေပုံကိုပြခြင်း
ဂဗ္ဘသေယျ ပဋိသန္ဓေစွဲနေပုံကို ပြဦးအံ့။
ယင်း ဂဗ္ဘသေယျပဋိသန္ဓေ စွဲနေခြင်း၏ အကြောင်းကား-
အမိ ဥတုလာခြင်း တစ်ပါး၊
မိဘနှစ်ပါး ရောယှက် ခြင်းတစ်ပါး၊
သတ္တဝါ၏ ရှေ့ရှုသေခြင်း တစ်ပါး ဤသုံးပါးတည်း။
မေထုန်၊ ထိ, ကြား၊ နံ, မြင်, စား, သွင်းငြား သန္ဓေခုနစ်။
မိဘနှစ်ပါး ရောယှက်ခြင်း ခုနစ်မျိုးကိုမှတ်။
အကြောင်းသုံးပါး ညီညွတ်၍ ဂဗ္ဘသေယျပဋိသန္ဓေ စွဲနေပုံကား။
မိဘတို့ စတုဇကလာပ်တို့၌ ပါရှိသော ဥတုရှစ်မျိုးတို့၏ အပွားအစီး ဖြစ်သော အမိဝမ်းတွင်း၌ စုဝေးသော သုက် အညစ်အကြေး ရှစ်မျိုးကို စွဲမှီ၍ ကလာပ်သုံးစည်း၊ ပဋိသန္ဓေဝိညာဏ်ဟူသော နာမ်၊ ရုပ်၊ နှစ်ရပ် ပေါင်းစပ် လုံးထွေးဖြစ်ပေါ်လေ၏။ ယင်း အလုံးအထွေးကိုပင် ကလလရေကြည် ခေါ်လေသည်။
ယင်း ကလလရေကြည်၏ အဆင်း၊ အကြီး၊ အငယ်ပမာဏမှာ ဝမ်းကိုခွဲ၍ ယူအပ်သော သိုးကောင်ငယ်၏သော် လည်းကောင်း၊ ဖွားစ သိုးကောင်ငယ်၏သော် လည်းကောင်း၊ ဧဏီမည်သော သားကောင်၏သော်လည်းကောင်း၊ တစ်ချောင်းသော အမွေးကို ကြည်လှစွာသော ဆီ၌နှစ်၍ ထုတ်ဆယ်လိုက်သည်ရှိသော် သိုးမွေးဖျား၌ ပါသော ဆီအဆင်း ဆီပေါက် ပမာဏရှိသည်မှတ်။
ကလလရူပံ ဇာတိဥဏ္ဏာယ ဧကေန အံသုနာ ဥဒ္ဓဋတေလဗိန္ဒုမတ္တံ ဟောတိ။
ဝိနည်းအဋ္ဌကထာ။ (ဝိ၊ဋ္ဌ၊၂၊၃၈။)
ကလလရူပံ၊ ကလလရေကြည် ခေါ်သော ရုပ်စိုင်၊ ရုပ်ခဲသည်။
ဇာတိဥဏ္ဏာယ၊ ဇာတိ ဥဏ္ဏ ခေါ်ဆိုရသော သုံးမျိုးသော သိုးကောင်၏။
ဧကေန၊ တစ်ချောင်းသော။
အံသုနာ၊ အမွေးအမျှင်ဖြင့်။
ဥဒ္ဓဋတေလဗိန္ဒုမတ္တံ၊ ထုတ်ဆယ်အပ်သော ဆီပေါက်ပမာဏရှိသည်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ထောပတ်ကြည်ဟူ၍ဆို၏။
တောင်ကျွန်း သူတို့ ဆံကို ရှစ်စိတ်-စိတ်၊ တစ်စိတ်ခန့်သည် မြောက်ကျွန်းသူတို့ ဆံပမာဏ၊ ထို ဆံပင်ထက်ပင် ထို သိုးမွေးသေးငယ် သိမ်နုပ်သည် ဟူ၍ သမ္မာအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၂၀။)၌ ဆို၏။
ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ တစ်မျှင်ဖျား၌ ဆီပေါက်ပမာဏ၊
ဌီကာလ၌ နှစ်မျှင်ဖျား၌ ဆီပေါက်ပမာဏ၊
ဘင်ကာလ၌ သုံးမျှင်ဖျား၌ ဆီပေါက် ပမာဏ ရှိသည်ဟူ၍ မှတ်ရမည်။
ယင်း ဘင်ကာလကိုရည်၍ သံယုတ်အဋ္ဌကထာ (သံ၊ဋ္ဌ၊၁၊၂၀၄။)၌
တီဟိ ဇာတိဥဏ္ဏံသူဟိ ကတသုတ္တဂ္ဂေ သဏ္ဌိတတေလဗိန္ဒု ပမာဏံ ကလလံ ဟောတိ - ဟူ၍ ဆို၏။
ကလလံ၊ ကလလ ရေကြည်သည်။
တီဟိ ဇာတိဥဏ္ဏံသူဟိ၊ ဇာတိဥဏ္ဏာမည်သော သိုးမွေးသုံးမျှင်တို့ဖြင့်။
ကတသုတ္တဂ္ဂေ၊ ပူး၍ပြုအပ်သော အမျှင် ဖျား၌။
သဏ္ဌိတတေလဗိန္ဒု ပမာဏံ၊ ကောင်းစွာတည်သော ဆီပေါက်ပမာဏ ရှိသည်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
လူတို့ ကလလ ရေကြည်ကိုသာ ရည်၍ဆိုသည်။ ယောနိဂတိသို့လိုက်၍ အကြီး၊ အငယ်ပမာဏ ဖြစ်သင့်၏။ ထို့ကြောင့် ဆင်တို့၏ ကလလရေ ကြည်နှင့် ကမျင်းမနီတို့၏ ကလလရေကြည် မတူဟုမှတ်ရမည်။
ဂဗ္ဘသေယျ၊ ပဋိသန္ဓေစွဲနေပုံကို ပြသည်ကားပြီး၏။
၅၀-စိတ်ဖြစ်ပုံ အစဉ်ကိုပြခြင်း
စိတ်ဖြစ်ပုံ အစဉ်ကို အကျဉ်းမျှပြဦးအံ့။
ပဋိသန္ဓေဝိညာဏ်စိတ် ချုပ်ငြိမ်းပြီးနောက် ဘဝင် တစ်ဆယ့်ငါးကြိမ်၊ တစ်ဆယ့် ခြောက်ကြိမ်၊ ထို့နောက် ဘဝသစ်ကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ထို့နောက် ဘဝသစ်ကို နှစ်သက်တတ်သော လောဘဇော ခုနစ်ကြိမ် ဤအစဉ်ကား သတ္တဝါတိုင်းဖြစ်မြဲ။ ထို့နောက် ဘဝင်စသော အဗျာကတစိတ် တစ်လှည့်၊ တစ်ဘဝလုံး တစ်လှည့်စီ အဗျာကတစိတ်တစ်လှည့်၊ ဇောစိတ်တစ်လှည့်၊ တစ်ဘဝလုံးတစ်လှည့် စီဖြစ်၍ နောက်ပိတ်ဆုံး စုတိစိတ်ဖြစ်၍ ချုပ်ငြိမ်း၏။ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့ကား အခြားမဲ့လွန်ခဲ့သော ဘဝက သေခါနီးကာလ ထင်သောကံ၊ ကမ္မနိတ်၊ ဂတိနိမိတ် သုံးပါးတို့တွင် တစ်ပါးပါး ဟူသော မရဏာသန္နဇော အာရုံပြုသော အာရုံဟောင်းကိုသာ အာရုံပြုကြ ကုန်၏။
သန္ဓေ, ဘဝင်၊ စုတိလျှင်၊ သုံးခွင်စိတ်တူ၊ အာရုံတူ။
အကြွင်း စိတ်တို့မှာ ဘဝသစ်ခြောက် ဒွါရ၌ထင်လာသော အသစ်အာရုံခြောက်ပါး ကိုသာ အာရုံပြုကြကုန်၏။
သွားခြင်း၊ ရပ်ခြင်း၊ထိုင်ခြင်း၊ လျောင်းခြင်း၊ လှုပ်လှက်ခြင်း၊ ကိုယ်အမူ အရာကို လည်းကောင်း၊ ပြောဆိုခြင်း နှုတ်အမူအရာကိုလည်းကောင်း၊ ဇောစိတ်သာ ပြုပြင်နိုင်ဖြစ်စေနိုင်သည်။ ကြွင်းစိတ်တို့ကား မပြုပြင်မဖြစ်စေနိုင်။ ရာဇာ အာဂတော ဆိုသကဲ့သို့ ပဓာနနည်းအားဖြင့် နာမ်ခန္ဓာ လေးပါးလုံးကို စိတ်ဝိညာဏ် ဆိုသည်မှတ်။
တစ်နည်းလည်း ရေယူခဲ့ဆိုရာ၌ အိုးခွက်ကိုလည်း သိရသကဲ့သို့ အဝိနာဘာဝနည်း အားဖြင့် စိတ်ဝိညာဏ် ဆိုလျှင် နာမ်ခန္ဓာ လေးပါးလုံးကို သိရသည်။ ဘယ် သတ္တဝါမဆို သတ္တဝါတိုင်း ဤအစဉ်အတိုင်း ဖြစ်ကြ၏။
စိတ်အစဉ် အကျဉ်းပြီး၏။
၅၁ - သုတ္တန်နည်းအားဖြင့် သတ္တာဟ အစဉ်ကိုပြခြင်း
သုတ္တန်နည်းအားဖြင့် သတ္တာဟ အစဉ်ကိုပြဦးအံ့။
ပထမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ။
အဗ္ဗုဒါ ဇာယတေ ပေသိ၊ ပေသိ နိဗ္ဗတ္တတီ ဃနော။
ဃနာ ပသာခါ ဇာယန္တိ၊ ကေသာလောမာ နခါပိစ။
သံယုတ် ပါဠိတော်။ (သံ၊၁၊၂၀၈။)
ဣန္ဒက-ဘီလူးကို အကြောင်းပြု၍ ဟောတော်မူသည်။
ပထမံ၊ ရှေးဦးစွာ။
ကလလံ၊ ခုနစ်ရက်ပတ်လုံး ကလလရေကြည်သည်။
ဟောတိ၊ ဖြစ်၏။
ကလလာ၊ ကလလရေကြည် ဖြစ်ပြီးမှ။
အဗ္ဗုဒံ၊ ခုနစ်ရက်ပတ်လုံး အမြှုပ်သည်။
ဟောတိ၊ ဖြစ်၏။
အဗ္ဗုဒါ၊ အမြှုပ်ဖြစ်ပြီးမှ။
ပေသိ၊ ခုနစ်ရက်ပတ်လုံး သားတစ်သည်။
ဇာယတေ၊ ဖြစ်၏။
ပေသိ၊ သားတစ်ဖြစ်ပြီးမှ။
ဃနော၊ ခုနစ်ရက်ပတ်လုံး မာမာချောချောသည်။
နိဗ္ဗတ္တတေ၊ ဖြစ်၏။
ဃနာ၊ မာမာချောချောဖြစ်ပြီးမှ။
ပဉ္စပသာခါ၊ ခုနစ်ရက်ပတ်လုံး ခက်မငါးဖြာတို့သည်။
ဇာယန္တိ၊ ဖြစ်ကုန်၏။
ကေသာလောမာ နခါပိစ၊ ဆံ- အမွေး ခြေသည်း, လက်သည်းတို့သည်လည်း။
ဇာယန္တိ၊ဖြစ်ကုန်၏။ ။ အနက်။
ဤပါဠိတော်အရ..
၁။ ကလလ သတ္တာဟ၊
၂။ အဗ္ဗုဒ သတ္တာဟ
၃။ ပေသိ သတ္တာဟ
၄။ ဃန သတ္တာဟ
၅။ ပသာခသတ္တာဟ-ဟူ၍ ငါးသတ္တာဟ။
“ဒွါစတ္တာလီသေ သတ္တာဟေ ဧတာနိ ဇာယန္တိ။”
သံယုတ်အဋ္ဌကထာ။ (သံ၊ဋ္ဌ၊၁၊၂၄၅၊)
တာနိ၊ ဤဆံ-အမွေး ခြေသည်း လက်သည်းတို့သည်။
ဒွါစတ္တာလီသေ သတ္တာဟေ၊ လေးဆယ့်နှစ်ခုဖြစ်သော သတ္တာဟ၌။
ဇာယန္တိ၊ ဖြစ်ပေါ်ကုန်၏။ ။ အနက်။
ဤအဋ္ဌကထာ၏ အဓိပ္ပာယ်မှာ နာခံသောဘီလူး၏ ဉာဏ်ကို ချင့်ချိန်၍ ငါးသတ္တာဟကို ဟောတော်မူပြီးနောက် သုံးဆယ့်ခုနစ် သတ္တာဟခုန်ကျော်၍ ဖွားကာနီးအဆုံး သတ္တာဟကိုရည်၍ ကောသာ လောမာ နခါပိစဟူ၍ ဘုရား ဟောတော်မူသည်။
ထိုစကားမှန်၏။ ဆံ၊ အမွေး၊ ခြေသည်း၊ လက်သည်း တို့ ဖြစ်ပေါ်က ရုပ်အပေါင်းအင်္ဂါ ရင့်မာ ခိုင်ခံ့ပြီသ ပြည့်စုံ၍ ဖွားခြင်းငှာ လျှောက်ပတ်တော့သည်သာ။ ထို့ကြောင့် ဆံ၊ အမွေး၊ ခြေသည်း၊ လက်သည်း တို့ လေးဆယ့်နှစ် သတ္တာဟမြောက်၌ ဖြစ်သည်ဟူ၍ မှတ်ရမည် ဆိုလိုသည်။
ဤ သံယုတ်အဋ္ဌကထာ, အဘိဓမ္မာအဋ္ဌကထာ၊ မူလဋီကာကျမ်း။ (သံ၊ဋ္ဌ၊၁၊၂၄၅။) (အဘိ၊ဋ္ဌ၊၃၊၂၄၀။) (မူလဋီ၊၃၊၁၃၀-၁) တို့နှင့် ညီညွတ်စွာ လေးဆယ့်နှစ် သတ္တာဟကို ရေတွက်၍ပြဦးအံ့။
ကလလရေကြည်သည် သိုးမွေး တစ်ချောင်းဖျား နှစ်ချောင်းဖျား သုံးချောင်းဖျား တောင်ကျွန်းသူတို့ ဆံဖျား သိမ်မွေ့သော အပ်ဖျားတို့၌ ပါရှိသော ဆီပေါက် ပမာဏယင်ငယ် တစ်ကြိမ် သောက်လောက်ရုံ ပမာဏနှမ်းလုံး ပဲနောက်လုံး ဆီးကင်းပမာဏ စသည် တိုးတက်ကြီးပွား၍ ခုနစ်ရက်ပတ်လုံး တည်၏။ ယင်း ခုနစ်ရက်ကို ကလလ သတ္တာဟ ခေါ်သည်။
ထို့နောက် အမြှုပ်ဖြစ်၍ ခုနစ်ရက်ပတ်လုံးတည်၏။ ယင်းခုနစ်ရက်ကို ပေသိ သတ္တာဟ ခေါ်သည်။
ထို့နောက် သားတစ်ဖြစ်၍ ခုနစ်ရက်ပတ်လုံး တည်၏။ ယင်းခုနစ်ရက်ကို အဗ္ဗုဒ သတ္တာဟခေါ်သည်။
ထို့နောက် မာချောကျစ်လစ် အခဲဖြစ်၍ ခုနစ်ရက်ပတ်လုံး တည်၏။ ယင်းခုနစ်ရက်ကို ဃနသတ္တာဟခေါ်သည်။
ထို့နောက် ခြေ၊ လက်၊ ခေါင်းရာ၊ ခက်မငါးဖြာ ဖြစ်ပေါ်၍ ခုနစ်ရက်ပတ်လုံး တည်၏။ ယင်း ခုနစ်ရက်ကို ပသာခသတ္တာဟ ခေါ်သည်။
ထို့နောက် ပသာဒရုပ်မပါဘဲ မျက်စိအိမ်၊နားအိမ်၊ နှာခေါင်းအိမ်၊ လျှာအိမ်စသည် ဖြစ်ပေါ်ပြည့်စုံ၍ သတ္တဝါကောင် ပီသစွာရင့်ကျက် ပွားစီး၍ ခုနစ်ရက် ငါးလီတည်၏။
ယင်း ခုနစ်ရက် ငါးလီကို ပရိပါက ငါးသတ္တာဟ ခေါ်သည်။
ထို့နောက် ခုနစ်ရက်အတွင်း အအိမ်လေးခုတို့၌ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ပသာဒရုပ် လေးခုတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်ကြကုန်၏။ ယင်း ခုနစ်ရက်ကို စက္ခာဒိသတ္တာဟ ခေါ်သည်။
ထို့နောက် ခုနစ်ရက်အလီပေါင်း သုံးဆယ်ရင့်ကျက်၍ တည်၏။ ယင်း ခုနစ်ရက် အလီပေါင်း သုံးဆယ်ကို ပရိပါက သတ္တာဟခေါ်သည်။
ထို့နောက် ခုနစ်ရက်အတွင်း ဆံ၊ အမွေး၊ ခြေသည်း၊ လက်သည်းတို့ ဖြစ်ပေါ်ကြ ကုန်၏။ ယင်း ခုနစ်ရက်ကို ကေသာဒိ သတ္တာဟ-ခေါ်သည်။
၁။ ကလလသတ္တာဟ
၂။ အဗ္ဗုဒသတ္တာဟ
၃။ ပေသိသတ္တာဟ
၄။ ဃနသတ္တာဟ
၅။ ပသာခသတ္တာဟ
၆။ ပရိပါကငါးသတ္တာဟ
ရ။ စက္ခာဒိသတ္တာဟ
၈။ ပရိပါက သတ္တာဟသုံးဆယ်
၉။ ကေသာဒိသတ္တာဟ
ပေါင်း လေးဆယ့်နှစ် သတ္တာဟ။
တစ်နည်း။
ရေကြည်ခုနစ်ရက်၊
အမြှုပ် ခုနစ်ရက်၊
သားတစ်ခုနစ်ရက်၊
မာချောခုနစ်ရက်၊
ခက်မငါးဖြာ ခုနစ်ရက်၊
ရင့်ကျက် ခုနစ်ရက်၊
ခုနစ်ရက် ငါးလီ-သုံးဆယ့်ငါးရက်၊
စက္ခု ခုနစ်ရက်၊
ရင့်ကျက် ခုနစ်ရက်၊
အလီပေါင်း သုံးဆယ်၊
ရက်ပေါင်း နှစ်ရာ့တစ်ဆယ်၊
ဆံ အမွေး ခုနစ်ရက်၊
ခုနစ်ရက် အလီပေါင်း လေးဆယ့်နှစ်
ရက်ပေါင်းနှစ်ရာ့ ကိုးဆယ့်လေးရက်။
လနှင့်တွက်သော် ကိုးလနှင့် နှစ်ဆယ့်လေးရက်။ ဤမျှလောက် အမိဝမ်း၌ ကြာလျှင် သတ္တဝါကောင်ပီသစွာ ရင့်မာခိုင်ခံ့၍ ဖွားခြင်းငှာ လျောက်ပတ်တော့သည်သာ။ ယေဘုယျသို့ လိုက်၍ ဆယ်လဖွားကို ဆိုသည်မှတ်လေ။
က-အဗ်-ပေ-ဃ၊ ပ-နောက် ပ၊ ငါး သတ္တ၊
စက်နောက်ပ၊ သုံးဆယ်ကျ၊ ကေက တစ်၊ လေးဆယ့်နှစ်။
ကြည်, မြှုပ်, သား၊ မာ, ခက်, ရင့်၊ စက်, ရင့်, ဆံ၊ မှတ်ရန် ရှေ့ရင့်ငါး၊
နောက်ကား သုံးဆယ်၊ ယောနယ်ပါ၊ လေးဆယ့်နှစ်သတ္တာ၊
ကိုးလနှင့် နှစ်ဆယ့်လေးရက်မှာ။
၅၂-အဘိဓမ္မာနည်းအားဖြင့် ရုပ်တို့၏ တိုးပွားပုံပြခြင်း
အဘိဓမ္မာနည်းအားဖြင့် ရုပ်တို့၏ တစ်စတစ်စ တိုးပွားပုံကိုပြဦးအံ့။ ရုပ်ဟူသမျှ ခဏငယ် ငါးဆယ့်တစ်ချက်သာ အသက်ရှည်သည်။ ခဏငယ် ငါးဆယ့်တစ်ချက် စေ့က ပျောက်ချုပ်ငြိမ်းမြဲကိုလည်းကောင်း၊ ကမ္မဇကလာပ် ဟူသမျှ ပဋိသန္ဓေ၏ ဥပါဒ်ခဏမှစ၍ စုတိ၏ရှေ့ ငါးဆယ့်တစ်ချက်မြောက် ခဏငယ်တိုင်အောင် ခဏငယ်တိုင်း ခဏငယ်တိုင်း အသစ်အသစ် ဖြစ်ပေါ်မြဲကို လည်းကောင်း သတိထားရမည်။
ပဋိသန္ဓေ ဥပါဒ်ခဏ၌ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက မူလဖြစ်ရင်း သုံးစည်း၊ ဌီခဏ၌ သုံးစည်းတိုး ခြောက်စည်း ဘင်ခဏ၌ သုံးစည်းတိုး ကိုးစည်း။
ပထမဘဝင်၏ ဥပါဒ်ခဏ၌ သုံးစည်းတိုး တစ်ဆယ့်နှစ်စည်း။ ဌီခဏ၌ သုံးစည်းတိုး တစ်ဆယ့်ငါးစည်း။
ဤသို့စသည် ခဏငယ်တိုင်း၊ ခဏငယ်တိုင်း သုံးစည်း သုံးစည်း တိုး၍ ရေတွက်သော် ပဋိသန္ဓေမှစ၍ စိတ္တက္ခဏ တစ်ဆယ့်ခုနစ်ချက်၊ ခဏငယ်ငါးဆယ့် တစ်ချက်ခန့် ကာလသို့ ရောက်သောအခါ တစ်ရာ့ငါးဆယ့်သုံးစည်း ရ၏။
ခဏငယ်ငါးဆယ့် နှစ်ချက်ကစ၍ ရက်ပေါင်းခုနစ်ဆယ်အတွင်း ရေကြည်၊ ရေမြှုပ်၊ သားတစ်၊ မာချော၊ ခက်မငါးဖြာ၊ ပရိပါက ငါးသတ္တာဟ၊ သတ္တာဟပေါင်း တစ်ဆယ်။ ဤအတွင်း၌ ခဏငယ်တိုင်း တစ်ရာ့ငါးဆယ့်သုံးစည်း သင်္ချာတူမျှလေ၏။
မျိုးကောင်းခွေးမ၊ တစ်နေ့သုံးကောင်ကျ၊ မွေးသမျှ ငါးဆယ့်တစ်ရက်၊ ရှည်အသက်၊ တစ်နှစ်အတွက်၊ ခွေးရှိ အဘယ်မျှထွက်၊ နှိုင်းစက်ပမာ၊ ရုပ်လည်း ဤနည်းသာ။
တစ်နည်းမှာ။
ငါးဆယ့် တစ်သစ်တိတိ ဖြတ်ထားသော လျှော်မျှင် အများမှာ ပထမ သုံးမျှင် ယူ၍လွန်း၊ ဒုတိယ တစ်သစ်ခန့်မှစ၍ တစ်သစ်ခန့် တိုင်း တစ်သစ်ခန့်တိုင်း သုံးမျှင်ပေါင်း၍ လွန်းသော ကြိုးလွန်းငါးဆယ့်တစ် သစ် ငါးဆယ့်နှစ်သစ် ငါးဆယ့် သုံးသစ် ရှိသောအခါ လျှော်မျှင်ဘယ်မျှ ရေတွက် ပါ၊ ရုပ်လည်း ဤနည်းသာ။
ဆုံးလယ် စစွန်း၊ ထပ်လျက်ပြွန်း၊ ကြိုးလွန်းပမာ၊ ရုပ်ခန္ဓာ။
အစအဆုံး၊ ထိဆက်ကုံး၊ ရွဲလုံးပမာ၊ နာမ်ခန္ဓာ။
ဆယ်သတ္တာဟကျော်၍ နောက်တစ်သတ္တာဟအတွင်း ရက်နှင့်တွက်သော် ရက်ပေါင်း ခုနစ်ဆယ်ကျော်၍၊ နောက်ခုနစ်ရက်အတွင်း လနှင့်တွက်သော် နှစ်လနှင့် ဆယ်ရက်ကျော်၍ နောက် ခုနစ်ရက် အတွင်း၌ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ပသာဒရုပ် လေးခုတို့ အအိမ်လေးခုတို့၌ တစ်ပြိုင်တည်း ဖြစ်ပေါ်ကြကုန်၏။
ဖြစ်ပေါ်သည်မှ နောက်ခဏငယ် ငါးဆယ့်တစ်ချက်ခန့် ကာလသို့ ရောက်က စက္ခုဒသကကလာပ် ငါးဆယ့်တစ်စည်း ဟုသောတ၊ ဃာန၊ ဇိဝှါ၊ ဒသကကလပ် တို့လည်း ငါးဆယ့်တစ်စည်းစီ စုမိ၍ လေးရပ်ပေါင်း နှစ်ရာ့လေးစည်း၊ ရှေ့တစ်ရာ့ ငါးဆယ့်သုံးစည်းနှင့်ပေါင်းသော် သုံးရာ့ငါးဆယ့် ခုနစ်စည်း။
အဇ္ဈတ္တိကာယတနေသု မနာယတန ကာယာယတနာနေဝ ပဋိသန္ဓိက္ခဏေ ဥပ္ပဇ္ဇန္တိ၊ သေသာနိ စတ္တာရိ သတ္တသတ္တတိ ရတ္တိမှိ။
ကထာဝတ္ထုအဋ္ဌကထာ။ (၂၄၀)။
အဇ္ဈတ္တိကာယတနေသု၊ အဇ္ဈတ္တိကာယတနခြောက်ပါးတို့တွင်။
မနာယတန ကာယာယတနာနေဝ၊ မနာယတန၊ ကာယယတန နှစ်ပါးတို့သည် သာလျှင်။
ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေခဏ၌။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ်ကုန်၏။
သေသာနိ၊ ကြွင်းကုန်သော။
စတ္တာရိ၊ စက္ခာယတန၊ သောတယတန၊ ဃာနယတန၊ ဇိဝှာယတန၊ လေးပါး တို့သည်။
သတ္တသတ္တတိ ရတ္တိမှိ၊ ခုနစ်ဆယ့် ခုနစ်ရက် ရှိသောအခါ၌။
ဝါ၊ ရက်ပေါင်း ခုနစ်ဆယ်ကျော်၍ နောက် ခုနစ်ရက်အတွင်း၌။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ်ကုန်၏။ ။ အနက်။
အဘိဓမ္မာနည်းအားဖြင့် ပဋိသန္ဓေစိတ်ဖြစ်ခိုက်အခါကို ပဋိသန္ဓေအခါ ဆိုသည်။ ပထမ ဘဝင်မှစ၍ နောက်ကို ပဝတ္တိအခါဆိုသည်။ သုတ္တန် နည်းအားဖြင့် အမိဝမ်းတွင်း၌ ကိန်းသမျှကို ပဋိသန္ဓေအခါဆိုသည်။ ပြင်ဘက် သို့ရောက်လျှင် ပဝတ္တိအခါဆိုသည်။
ကထာဝတ္ထုအဋ္ဌကထာ၊ မူလဋီကာ (အဘိ၊ဋ္ဌ၊ ၃။၂၄၀။) (မူလ၊ဋီ၊၃၊၁၀၁။)တို့၌ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာတို့ တစ်ဆယ့်တစ် သတ္တာဟရှိမှ တစ်ပြိုင်တည်း ဖြစ်ပေါ်ကြောင်းကို ဆိုသည်။ မူလဋီကာလည်း အဋ္ဌကထာကဲ့သို့ အလေးပြု အပ်သောကျမ်း၊ အဋ္ဌကထာလည်း ပါဠိတော်ကဲ့သို့ အလေးပြုအပ်သော ကျမ်း ဖြစ်သည်။ ထို့ကြောင့် ကျမ်းကြီး ကျမ်းခိုင်တို့၌လာသည့်အတိုင်း သာသတ္တာအစဉ်ကို မှတ်အပ်၏။ ကျမ်းကြီး ကျမ်းခိုင်တို့နှင့် မညီသော ကျမ်းငယ်တို့၌လာသော ပြောရိုးဆိုစဉ် ပြုကြသော သတ္တာဟ အစဉ်ကိုမမှတ်အပ်။
ဉာဏ်စူးရှသော ရဟန်းပညာရှိ လူပညာရှိတို့လည်း ပြောရိုး၊ ဆိုရိုးသတ္တာဟ အစဉ်ကိုမကြိုက် မနှစ်သက် ပယ်ဖျက်ကြကုန်၏။
လူရော ရှင်ရော ရှေးအစဉ်အလာဆိုလျှင် အမှန်ချည်းသာ ထင်တတ်သည်။ လူတို့လည်း ဘုန်းကြီးများပြောလျှင် ကျမ်းဂန်ထွက် ထင်တတ်သည်။ ကျမ်းဂန် ဆိုလျှင်လည်း ဘုရားဟော ကျမ်းဂန်ကဲ့သို့ အလွန်အလေးပြုကြ၏။ ကျမ်းဂန်တွေ ကလည်းရှုပ်။ အသိဉာဏ်ကလည်း နုပ်ကြလှ၏။ အိမ်ကြား လမ်းမ အက္ခရာစာကို တွေ့က မကျော်ဝံ့၊ မနင်းဝံ့။ ရှိခိုး၍ရှောင်ကွင်းကြ။ စာကိုဖတ်ကြည့်က အပျိုလူပျို ပေးကြသောစာ၊ ဆဲရေးပစ်ချသောစာ၊ အရာရာမှာ အသိဉာဏ်လိုလှ၏။
ရှေးအစဉ်အလာ ဆိုသော်လည်း နဂိုမှန်မှမှန်သည်။ ကျမ်းဂန်ဆိုသော်လည်း ပါဠိတော်၊ အဋ္ဌကထာကို ချန်၊ နဂိုမှန်မှမှန်သည်။
သင့်-မသင့် မှန်မမှန်ကိုလည်း ကျမ်းဂန်နှံ့စပ်မှ သိနိုင်သည်။
ကျမ်းဂန်နှံ့သိ၊ ပညာပင်ရှိသော်လည်း သတိဖြစ်ခဲသော အရာလည်းရှိသည်။
ဉာဏ်ပင်ရှိငြား၊ သဒ္ဓါပါးလျှင်လည်း ဉာဏ်အဖျား ကောက်တတ်သည်။
သုတ၊ ကျမ်းဂန်၊ အသိဉာဏ် ဘယ်လိုပင် သန်သန်၊ ဘယ်လိုပင်နုပ်နုပ်။
လိုရင်း အချုပ်မှာ၊ အယုတ်ဆုံးအား၊ သီလဖြူစင်၊ စိတ်ကောင်းဝင်၍ မဂ်မျိုးသို့သွင်း၊ အသေရှင်း၊ အပါယ်လည်း ကင်းကြမှ၊ ယခုခေတ်မှာ၊ အကောင်းဆိုရမည်။
ဉာဏ်ပင် ထက်သော်လည်း သဒ္ဓါဖက်မှ၊
သဒ္ဓါပင်ထက်သော်လည်း ဉာဏ်ဖက်မှ ကောင်းတတ်သည်။
ဣဿာ၊ မာန၊ အတ္တုက္ကံသန၊ ပရဝမ္ဘန၊ အကုသလဝီထိ မကျစေနှင့် ဆိုလိုသည်။
ဇီဝိတနဝကကလာပ်မှာ ခက်မငါးဖြာ၊ စက္ခုစသော အအိမ်၊ အစာအိမ် တို့ဖြစ်ပေါ်၍ ငါးသတ္တာဟ-သုံးဆယ့်ငါးရက်ရှိပြီး နောက်မှဖြစ်ပေါ်ပြီးနောက် ဖြစ်ပေါ်သည်ဟု မှတ်ရမည်။ ကျမ်းဂန်တို့၌ ဘယ်ကစသည်ဟု မထင်ရှား။ မထင်ရှားသော်လည်း သန္တပ္ပန၊ ဒဟန၊ ဇီရဏ၊ ပါစက-တေဇောလေးမျိုး၊ ဥဒ္ဓင်္ဂမ၊ အဓောဂမ၊ ကုစ္ဆိသယ၊ ကောဋ္ဌာသယ၊ အင်္ဂမင်္ဂါနုသာရီ-ဝါယော ငါးမျိုးကို ငါးသတ္တာဟအတွင်း မှီရာနုနယ် အားသေးလှ၍ ဖြစ်နိုင်ဖွယ်မရှိ၊ မှီရာ ရင့်ကျက်ခိုင်ခံ့၍ ပရိပါက ခေါ်ရသော ခြောက်သတ္တာဟအတွင်းမှ ဖြစ်နိုင်ရာသည်။ တေဇောလေးမျိုး၊ ဝါယောငါးမျိုးတို့ ဖြစ်ကလည်း ဇီဝိတနဝက ကလာပ် ပါတော့သည်သာဖြစ်၍ ပြောသာဆိုသာ မှတ်သားရန် ယုတ္တိကြံ၍ ဆိုလိုက်သည်။
အဟောင်း၊ အသစ် ဇီဝိတနဝက ကလာပ် ငါးဆယ့်တစ်စည်း၊ ရှေ့သုံးရာ့ ငါးဆယ့်ခုနစ်စည်းနှင့် ရောသော် အဟောင်း၊ အသစ်၊ ကမ္မဇ ကလာပ်စည်းပေါင်း လေးရာ့ရှစ်စည်းမှတ်လေ။
ဇာတ်တူပေါင်း၍ ရေတွက်သော်ကား စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက၊ ဇီဝိတနဝက၊ ပေါင်း ကမ္မဇကလာပ် ရှစ်စည်း အခါခပ်သိမ်း အမြဲဖြစ်၏။
စ-သော-ဃာ-ဘာ၊ ဂဗ်-သံမှာချို့။
ပါယ်ဥ စ-သော-ဘာ၊ သု-ဥမှာဘော။
ချို့တဲ့ကောင်းမရကောင်းသည်ကိုလည်း သိလေ။
ဤဆိုအပ်ပြီးသည်ကား ကမ္မဇကလာပ် တိုးပွားပုံ။
စိတ္တဇကလာပ် တိုးပွားပုံမှာ ပထမဘဝင်ဥပါဒ်မှစ၍ စိတ်တို့၏ ဥပါဒ် ခဏတိုင်း အဋ္ဌကကလာပ်တစ်စည်းဖြစ်ပေါ်သောကြောင့် ပထမဘဝင်မှ နောက် စိတ္တက္ခဏ တစ်ဆယ့်ခုနစ်ချက်ခန့် ကာလရောက်က စိတ္တဇအဋ္ဌက ကလာပ် တစ်ဆယ့်ခုနစ် စည်းစုမိ၏။ နောက်နောက် သင်္ချာတူ၏။ ဥတုဇကလာပ်မှာ ပဋိသန္ဓေစိတ်၏ ဌီကာလမှစ၍ အယုတ်ဆုံး သုံးစည်း၊ လေးစည်း စသည် အရာအထောင်မက ဖြစ်ပေါ်တိုးပွား၏၊ အဘယ်ကြောင့်နည်းဆိုသော် တေဇော ဥတုတွေက များသောကြောင့်တည်း။
သို့သော်လည်း ဉာဏ်နိုင်လောက်ရုံ ဇာတ်တူပေါင်း၍ တစ်စည်းဟူ၍ ရေတွက်သော် ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ ခဏတိုင်း တစ်စည်းတိုးသောကြောင့် ခဏငယ် ငါးဆယ့်တစ်ချက်ရှိလျှင် ငါးဆယ့် တစ်စည်း၊ နောက်နောက်၌လည်း သင်္ချာတူ၏။
အာဟာရဇကလာပ်မှာ တစ်သတ္တာဟ၊ နှစ်သတ္တာဟလွန်၍ အမိစားသောက် မျိုသွင်းသော အရည်၊ အဖတ်၌ပါသော ဩဇာရုပ်သည် အမိကိုယ်ကို ပျံနှံ့သောအခါ ချက်ကြိုးမှကူးလျှောက်၍ သူငယ်သန္တာန်ရှိ တိဇဩဇာနှင့် ပေါင်းသင်းမိသောအခါ သုံးစည်းမှစ၍ များစွာဖြစ်ပေါ်တိုးပွား၏။ ဉာဏ်နိုင်လောက်ရုံ တစ်စည်းဟူ၍ ရေတွက်သော် ဖြစ်ပေါ်သည်မှ နောက်ခဏငယ် ငါးဆယ့်တစ်ချက်ရောက်က ငါးဆယ့်တစ်စည်း စုမိ၏။ နောက်နောက် ၌လည်း သင်္ချာတူ၏။
ဂဗ္ဘသေယျပုဂ္ဂိုလ်တို့မှာ စတုဇကလာပ်တွင် ဥတုဇကလပ် အားကြီးသည်။ ဥတုဇကလာပ် အထည်ခံဖြစ်သည်။ ကြွင်းတိဇ ကလာပ်တို့မှာ အပေါ်တင်မျှသာ မှတ်လေ။ ရံခါခုနစ်စည်းကား ဤအရာ၌ရေတွက်ရာမပါ။
ဤဆိုပြီး ကလာပ်စည်းကို အကျဉ်းပေါင်းစုတွက်သော် လူတို့ကိုယ်၌
- ကမ္မဇကလာပ်ရှစ်စည်း၊
- စိတ္တဇအဋ္ဌက ကလာပ်တစ်စည်း၊
- ဥတုဇအဋ္ဌကကလာပ် တစ်စည်း၊
- အာဟာရဇ အဋ္ဌကကလာပ်တစ်စည်း
ပေါင်းမူလကလာပ်ဆယ့် တစ်စည်း။
အကျယ်ပွား၍ ရေတွက်သော်ကား --
- ကမ္မဇကလာပ် လေးရာ့ရှစ်စည်း၊
- စိတ္တဇကလာပ် ဆယ့်ခုနစ်စည်း၊
- ဥတုဇကလာပ် ငါးဆယ့်တစ်စည်း၊
- အာဟာရဇကလာပ် ငါးဆယ့်တစ်စည်း၊
ကလာပ်ပေါင်း ငါးရာ့နှစ်ဆယ့်ခုနစ် စည်း။
ငါးရာနှစ်ဆယ့်ခုနစ်စည်း ရုံးစုဆည်း၊ ပွားနည်းသိသာရုံ။
မုန့်ညက်ပမာ၊ ကိုယ်ခန္ဓာ၊ များစွာစုအပုံ။
ဉာဏ်ရှိတိုင်းပွား၊ အလွန်များ၊ မှတ်သားနိုင်လောက်ရုံ။
ရုပ်တိုးပွားပုံကို ပြသည်ပြီး၏။
၅၃ - ရူပက္ခန္ဓာ၏ ဝိဂြိုဟ်ရေမြှုပ်စိုင်နှင့် တူသည်ကိုပြခြင်း
ဤသို့လျှင် သတ္တဝါတို့၏ ရူပကာယ ခန္ဓာကိုယ်ကိုနှမ်းစု၊ နှမ်းပုံ၊ သဲစု သဲပုံဆိုသကဲ့သို့ ငါးပြည်၊ ခြောက်ပြည်ခန့်၊ မုန့်ညက်ပမာဏ များလှစွာသော ရုပ်ကလာပ်မှုန့်တို့၏ အစုအပုံဖြစ်၍ လည်းကောင်း၊ နှမ်းတစ်မျိုးတခြား သဲတစ်မျိုးတခြား ဆိုသကဲ့သို့ ဝေဒနာစသည်မှ တစ်မျိုးတခြားဖြစ်၍ လည်း ကောင်း ရူပက္ခန္ဓာဆိုရသည်။ ခန္ဓ-သဒ္ဒါ ရာသိအနက်ကောဋ္ဌာသ အနက်ဟော။
ရူပါနံ ခန္ဓော-ရူပက္ခန္ဓော။ ။ (ဝိဂြိုဟ်)။
ရူပါနံ၊ ရုပ်ကလာပ်တွေတို့၏။
ခန္ဓော၊ အစုအပုံတည်း။
ရူပက္ခန္ဓော၊ ရုပ်ကလာပ်တွေတို့၏ အစု အပုံ။ ။ အနက်။
တစ်လုံးတည်း တစ်ခုတည်း သတ္တဝါ အကောင်အခဲမဟုတ် ဆိုလိုသည်။
တစ်နည်းကား။
ရူပါနိဧဝ ခန္ဓော ရူပက္ခန္ဓော။ ။ (ဝိဂြိုဟ်)
ရူပါနိဧဝ၊ ရုပ်ကလာပ်တွေတို့သည်ပင်။
ခန္ဓော၊ တစ်စုတစ်ပုံ တစ်မျိုး တခြားတည်း။
ရူပက္ခန္ဓော၊ ရုပ်ကလာပ်တွေတို့သည်ပင် တစ်စုတစ်ပုံတစ်မျိုး တခြား။ ။ အနက်။
ဝေဒနာ-စသည်တို့နှင့် မရောမဖက်သက်သက် တစ်စုတစ်ပုံ တစ်မျိုး တခြား ဆိုလိုသည်။
ဖေဏပိဏ္ဍူပမံ ရူပံ။
ခန္ဓသံယုတ်ပါဠိတော်။ (သံ၊၂၊၁၁၆။)
ရူပံ၊ ရူပက္ခန္ဓာသည်။
ဖေဏပိဏ္ဍုပမံ။ ရေမြှုပ်စိုင်ကြီးနှင့် အလားတူ၏။ ။ အနက်။
ရူပက္ခန္ဓာသည် အမြင်အားဖြင့် ဟုတ်သလိုလို လိုချင်ဖွယ် ချစ်ခင်ဖွယ် နှစ်သက်ဖွယ်၊ အတုံးကြီး၊ အခဲကြီး၊ အခိုင်ကြီး၊ အခန့်ကြီး၊ အနှစ်သာရကြီး ကဲ့သို့ ထင်မြင်ရ၏။ အသေအချာ ဉာဏ်မျက်စိဖြင့် ကြည့်ရှုဆင်ခြင်သော် မခိုင်မခံ့ဖြစ်လွယ်၊ ပျက်လွယ်၊ လိုချင်ဖွယ် ယူချင်စရာ၊ ရချင်စရာ၊ တစ်စုံ တစ်ရာ အနှစ်အသားမရှိသည့်အတွက် ရေမြှုပ်စိုင်ကြီးနှင့် တူလှ၏ဆိုလိုသည်။
လူသားပုပ်၊ ခွေးသားပုပ်၊ မြွေသားပုပ်၊ တံတွေးပုပ်၊ ချွဲခန်းပုပ်၊ နှပ်ပုပ်၊ သွေးပုပ်၊ ပြည်ပုပ်၊ ကျင်ကြီး၊ကျင်ငယ်ပုပ်တို့ကို ရောနှောနယ်ကြိတ် ၍ အပြည့်သိပ်အပ်သော ဖယောင်းပုဆိုးအိတ်ကြီး၌ လိုချင်ဖွယ်၊ ယူချင်စရာ၊ ရချင်စရာတစ်စုံတစ်ရာ အနှစ် အသားမရှိသကဲ့သို့ ထို့အတူ သတ္တဝါတို့ ငါ့ကိုယ် ဟူ၍၊ ငါ့ဟာဟူ၍ နှစ်သက် မြတ်နိုးကြသော ရူပက္ခန္ဓာကြီး၌ လိုချင်ဖွယ် ယူချင်စရာ၊ ရချင်စရာအနှစ်အသားမရှိ။
စင်စစ်မှာ အန်ချင်ဖွယ်၊ အော့ချင်ဖွယ်၊ စက်ဆုပ်ဖွယ်၊ ကြောက်ဖွယ်ဖြစ်သော မဟာဘုတ်ဥပါဒါယရုပ်တို့၏ အပေါင်း အစု အလုံးအထွေး အစိုင်အခဲကြီးသာ တည်းဟု ဤသို့စသည် ရူပက္ခန္ဓာကို မြင်အောင်ကြည့်ရသည်။ ကြည့်ဆိုသော်လည်း ပကတိမျက်စိဖြင့်ကြည့်ရှု၍ ရူပက္ခနွာကို မမြင်၊ ဉာဏ်မျက်စိနှင့်ကြည့်မှမြင်သည်။
ဉာဏ်မျက်စိနှင့်ကြည့် ဆိုသည်မှာ သင်ကြားမှတ်သားပြီးလျှင် ကိုယ်ထဲ၌ ထင်မြင် အောင် စဉ်းစားဆင် ခြင်သည်ကိုဆိုသည်။
ယင်းသို့ စဉ်းစား ဆင်ခြင်သည်ကိုပင် ကမ္မဋ္ဌာန်း ဘာဝနာပွားသည်ဟူ၍ဆိုရသည်။ ရွတ်ရုံ၊ အံရုံမျှကိုမဆို။ မဆင်ခြင်က ပိဋကတ် သုံးပုံကို ကုန်အောင်ပင် တတ်သော် လည်း ရူပက္ခန္ဓာကို မသိမမြင်မှတ်လေ။
ရူပက္ခန္ဓာ ပြီး၏။
၅၄-ရူပက္ခန္ဓာ၌ တစ်မျိုးမှတ်ရန်ပြခြင်း
တစ်မျိုးမှတ်ရန်ကို ပြဦးအံ့။
လူကောင်သဏ္ဌာန် ထင်ရသော ရူပက္ခန္ဓာကြီး၌ ဝတ္ထုရုပ် အအိမ်ခြောက်ခုကို လည်းကောင်း၊ ဒွါရအပေါက်ခြောက်ပါးကို လည်းကောင်း မှတ်သားရမည်။
ဝတ္ထုရုပ်အအိမ်ခြောက်ခု ဆိုသည်မှာ -
- စက္ခုဝတ္ထု-စက္ခု ပသာဒရုပ်ဟူသော မျက်စိအိမ်၊
- သောတဝတ္ထု-သောတ ပသာဒရုပ်ဟူသော နားအိမ်၊
- ဃာနဝတ္ထု-ဃာနပသာဒရုပ်ဟူသော နှာခေါင်းအိမ်၊
- ဇိဝှါဝတ္ထု-ဇိဝှါ ပသာဒရုပ်ဟူသော လျှာအိမ်၊
- ကာယဝတ္ထု တစ်ကိုယ်လုံးရှိ ကါယပသာဒဟူသော ကိုယ်အိမ်၊
- ဟဒယဝတ္ထု-ဟဒယဝတ္ထုရုပ် ဟူသော နှလုံးအိမ်
ဤခြောက်ခုတို့တည်း။
ဒွါရ-အပေါက် ခြောက်ပါးဆိုသည်မှာ -
- စက္ခုဒွါရ-စက္ခုပသာဒရုပ် ဟူသော စက္ခုဒွါရအပေါက်၊
- သောတဒွါရ-သောတပသာဒရုပ်ဟူသော သောတ ဒွါရ-အပေါက်၊
- ဃာနဒွါရ-ဃာနပသာဒရုပ်ဟူသော ဃာန ဒွါရ-အပေါက်၊
- ဇိဝှာဒွါရ-ဇိဝှာပသာဒရုပ်ဟူသော ဇိဝှာဒွါရ-အပေါက်၊
- ကာယဒွါရ-ကာယပသာ ဒရုပ်ဟူသော ကာယဒွါရအပေါက်၊
- မနောဒွါရ-ရင်လယ်ဟဒယဝတ္ထု၌တည်သော ဘဝင်စိတ်ဟူသော မနောဒွါရအပေါက်
ဤခြောက်ပါးကိုဆိုသည်။
ဝသန္တိ ပဝတ္တန္တိ ဧတ္ထာတိ ဝတ္ထု။ ။ (ဝိဂြိုဟ်)။
ဧတ္ထ၊ ဤရုပ်ခြောက်ပါး၌။
နာမာနိ၊ နာမ်တရားတို့သည်။
ဝသန္တိ ပဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏။
ဣတိတသ္မာ၊ ထိုသို့ နာမ်တရားတို့၏ ဖြစ်ရာ ဖြစ်သော သတ္တိကြောင့်။
ဝတ္ထု၊ ဝတ္ထုမည်၏။ ။ အနက်။
အဓိပ္ပာယ်မှာ နာမ်တရားတို့၏ ဖြစ်ရာဖြစ်၍ ရုပ်ခြောက်ပါးတို့ကို ဝတ္ထုဟူ၍ ခေါ်ရသည်ဆိုလိုသည်။
ဒွေ ဓမ္မာ သမောဓာနံ အရန္တိ ဂစ္ဆန္တိ ဧတ္ထ တေနာတိ ဝါ ဒွါရံ။ ။ (ဝိဂြိုဟ်)
ဧတ္ထ၊ ဤရုပ်ငါးပါး ဘဝင်တရား၌။
ဝါ၊ တစ်နည်းကား။
ဧတေန၊ ဤရုပ်ငါးပါး ဘဝင်တရားကြောင့်။
ဒွေ ဓမ္မာ၊ နာမ်တရား၊ အာရုံတရား နှစ်ပါးတို့သည်။
သမောဓာနံ၊ ပေါင်းဆုံခြင်းသို့။
အရန္တိ ဂစ္ဆန္တိ၊ ရောက်တတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဒွါရံ၊ ဒွါရမည်၏။ ။ အနက်။
အဓိပ္ပာယ်မှာ နာမ်တရား၊ အာရုံတရား နှစ်ပါးတို့၏ ပေါင်းဆုံရာဖြစ်၍ လည်းကောင်း၊ ပေါင်းဆုံခြင်း အကြောင်းဖြစ်၍ လည်းကောင်း ပသာဒရုပ် ငါးပါး ဘဝင်တရားတို့ကို ဒွါရ၊ ဟူ၍ ခေါ်ရသည်ဆိုလိုသည်။
တစ်နည်း။
ဒွါရံဝိယာတိ ဒွါရံ။
ဒွါရံဝိယ၊ မြို့တံခါးပေါက် ရွာတံခါးပေါက်နှင့် အလားတူ၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဒွါရံ၊ ဒွါရမည်၏။
အဓိပ္ပာယ်မှာ လောက၌မြို့ ရွာစသည်တို့၏ ထွက်ပေါက်၊ ဝင်ပေါက်ကို ဒွါရဟူ၍ ခေါ်ဆိုရင်းဖြစ်သည်၊ ပသာဒရုပ်ငါးခု ဘဝင်စိတ်တို့ကား ထိုအပေါက် ဒွါရနှင့် အလားတူသောကြောင့် ဒွါရခေါ်ရပြန်သည် ဆိုလိုသည်။
တူပုံမှာ ပကတိ တံခါးပေါက်သည် အတွင်းလူ၊ အပြင်လူတို့ တွေ့ဆုံရာ ဖြစ်သကဲ့သို့ ထို့အတူ ပသာဒရုပ်ငါးခု ဘဝင်စိတ်တို့သည်လည်း အတွင်းလူနှင့်တူသော နာမ်တရား၊ အပြင်လူနှင့်တူသော အာရုံတရားတို့ ပေါင်းဆုံရာဖြစ်သည်။ ဤလို တူကြသည်။
ဤစကား၌ အတွင်းလူတံခါးကို ကျော်ထွက်မိလျှင် အတွင်းလူ မဆိုရ၊ အပြင်လူ တံခါးခုံကို ကျော်ဝင်မိလျှင် အပြင်လူမဆိုရ။
အာရုံခြောက်ပါး တို့ကိုလည်း မှတ်သားအပ်ကုန်၏။ ခြောက်ပါးဆိုသည်ကား --
- ရူပါရမ္မဏံ-အဆင်းရုပ်ဟူသော ရူပါရုံ၊
- သဒ္ဒါရမ္မဏံ-အသံရုပ်ဟူသော သဒ္ဒါရုံ၊
- ဂန္ဓာရမ္မဏံ-အနံ့ရုပ်ဟူသော ဂန္ဓာရုံ၊
- ရသာရမ္မဏံ-အချို၊ အချဉ် အစပ်၊ အငဲ၊ အဖန်၊ အခါး၊ ရသရုပ်ဟူသော ရသာရုံ။
- ဖောဋ္ဌဗ္ဗာရမ္မဏံ-အတွေ့ဟူသော ဖောဋ္ဌဗ္ဗာရုံ။ (အတွေ့ဆိုသည်မှာ ပထဝီ၊ တေဇော၊ ဝါယော- ဤဘုတ်သုံးပါးကို ဆိုသည်။)
- ဓမ္မာရမ္မဏံ-အလွတ်အာရုံဟူသော ဓမ္မာရုံ။
အလွတ်ဆိုသည်မှာ အာရုံရုပ်ခုနစ်ပါးမှ လွတ်သော နှစ်ဆယ့်တစ်ပါးသော ရုပ်တရား၊ နာမ်၊ နိဗ္ဗာန်၊ ပညတ်၊ ဤတရားစုကို ဆိုသည်။
အာလမ္ဗီယတီတိ အာလမ္ဗဏံ။ ။ (ဝိဂြိုဟ်)။
နာမေန၊ နာမ်တရားသည်။
အာလမ္ဗီယတိ၊ ဆွဲကိုင်အပ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
အာလမ္ဗဏံ၊ အာလုံမည်၏။
(ဤသို့ ဆိုရမည်ကို လ၊ ကို ရ.ပြု၍ အာရုံဟူ၍ ဆိုလေသည်)။
အဓိပ္ပာယ်မှာ မစွမ်းမသန်သော သူသည် ကြိုးတန်း၊ ကြိမ်တန်းကို ဆွဲကိုင်ရမှ ထနိုင် သကဲ့သို့ ထို့အတူ နာမ်တရားသည်လည်း ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မ-ဤခြောက်ပါးသော တရားတို့ကို ဆွဲကိုင်ရမှဖြစ်ပေါ်နိုင်သည်။ မဆွဲမကိုင်ရသော် မဖြစ်ပေါ်နိုင်။ ယင်းသို့ နာမ်တရားသည် ဆွဲကိုင်အပ်သောကြောင့် ယင်း တရား ခြောက်ပါးကို အာရုံဟူ၍ ခေါ်ရသည်ဆိုလိုသည်။
တစ်နည်း။
အာရမတိ ဧတ္ထာတိ အာရမ္မဏံ။ ။ (ဝိဂြိုဟ်။)
ဧတ္ထ၊ ဤခြောက်ပါးသော တရား၌။
နာမံ၊ နာမ်တရားသည်။
အာရမတိ၊ မွေ့လျော်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
အာရမ္မဏံ၊ အာရုံမည်၏။
တစ်မျိုးမှတ်သားရန်ကို ပြသည်ပြီး၏။
၅၅ - ဝေဒနာက္ခန္ဓာနှင့်တကွ ယင်းဝေဒနာ၏ ဖြစ်ပုံကို ပြဆိုခြင်း
ဝေဒနာက္ခန္ဓာကို ပြဦးအံ့။
ဝေဒနာဆိုသည်မှာ အာရုံ၏အရသာကို ခံစားတတ်သောသဘောကိုဆိုသည်။
ဝေဒယတီတိ ဝေဒနာ။ ။ (ဝိဂြိုဟ်)
ဝေဒယတိ၊ အာရုံ၏ အရသာကို ခံစားတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဝေဒနာ၊ ဝေဒနာမည်၏။ ။ အနက်။
ဤစကားကို ခံစားတတ်သော သတ္တိမရှိ နိဗျာပါရဖြစ်သော ဝေဒနာကို ခံစား တတ်သော သတ္တိရှိသော အကောင်ကဲ့သို့ တင်စား၍ဆိုသောကြောင့် စကားဟူ၍ မှတ်။
ရုဠှီ ဆိုသည်ကား မုချမဟုတ်သော စကားကိုဆိုသည်။
ထင်ရှားစေဦးအံ့။
ယင်းရုဠှီသည် အတွင်ရုဠှီ အထငရုဠှီ အတင်ရုဠှီ ဟူ၍ သုံးမျိုးရှိသည်။
ယင်း သုံးမျိုးတို့တွင် ဗိုလ်ဖြစ်ဖူးသောသူကို ဗိုလ်မင်း၊ ဝန်ထောက် ဖြစ်ဖူးသောသူကို ဝန်ထောက်မင်း၊ သူကြီးဖြစ်ဖူးသောသူကို သူကြီးမင်း ဤသို့စသည် ခေါ်ဆိုကြသော စကားကို အတွင်ရုဠှီ ဟူ၍မှတ်။
သားကို ငဘ၊ ငတေ၊ ဆင်းရဲသူကို ငဌေး၊ ငကြွယ်ဝ၊ ငချမ်းသာ။ ဤသို့ စသည် ခေါ်ဆိုကြသောစကားကို အထင်ရုဠှီဟူ၍မှတ်။
ထမင်းချက်သည်၊ ဟင်းချက်သည်၊ လေးနှင့်ပစ်သည် သေနတ်နှင့်ပစ်သည် ဤသို့ စသည် ဆိုကြသော စကားကို အတင်ရုဠှီ ဟူ၍မှတ်။ ဤအရာ၌ အတင်ရုဠှီ ဟူ၍မှတ်။
မုချစကားမှာ ခံစားဆိုသော်လည်း ခံသာ-မခံသာ ဖြစ်ပေါ်ခြင်းမျှပင်၊ ယင်းသို့ ဖြစ်ပေါ်သော ခံသာ-မခံသာသော သဘောကိုပင် ဝေဒနာဟူ၍ မှတ်ရသည်၊ ဝေဒနာဟူ၍ ဆိုရသည်။ ယင်း သဘောမှတစ်ပါး ဝေဒနာ ဟူ၍ မှတ်စရာမရှိ။ ဝေဒနာဟူ၍ ဆိုစရာမရှိ။
ဝေဒယိတလက္ခဏာဝေဒနာ။
ထိုထို အဋ္ဌကထာတို့၌လာသော ပါဠိ။ (မ၊ဋ္ဌ၊၄၊၅၉။) (အဘိ၊ဋ္ဌ၊၁၊၁၈၂။)
ဝေဒနာ၊ ဝေဒနာသည်။
ဝေဒယိတ လက္ခဏာ၊ ခံသာ-မခံသာသော သဘောလျှင် မှတ်စရာရှိ၏။ ။ အနက်။
ယင်း ဝေဒနာကို သုခ ဝေဒနာ၊ ဒုက္ခ ဝေဒနာ၊ ဥပေက္ခာ ဝေဒနာ၊ ဟူ၍ သုံးမျိုးမှတ်။
တစ်နည်း သုခ ဝေဒနာ၊ ဒုက္ခ ဝေဒနာ၊ သောမနဿ ဝေဒနာ၊ ဒေါမနဿ ဝေဒနာ၊ ဥပေက္ခာ ဝေဒနာ-ဟူ၍ ငါးမျိုးမှတ်။
ကိုယ်၌ ခံသာသည်ကား သုခဝေဒနာ။
မခံသာသည်ကား ဒုက္ခဝေဒနာ။
စိတ်၌ခံသာ သည်ကား သောမနဿ ဝေဒနာ။
မခံသာသည်ကား ဒေါမနဿ ဝေဒနာ။
အလယ်အလတ် လျစ်လျူကား ဥပေက္ခာဝေဒနာ။
သုခဝေဒနာနှစ်မျိုး ဒုက္ခ ဝေဒနာနှစ်မျိုး ပွား၍ ဝေဒနာ ငါးမျိုးဖြစ်သည်။
ယင်းဝေဒနာသည် ဒွါရခြောက်ပါးတို့တွင် ကာယဒွါရ၌ အထူးသိသာ၏။
ထင်ရှားအောင်ပြဦးအံ့။
ပူအိုက်၍ ရေချိုးသောအခါ လေညှင်းခံသောအခါ အေးချမ်း၍ မီးလှုံသောအခါ ဥတုကောင်းသောအခါ နူးညံ့သောအိပ်ရာ၌ အိပ်နေသောအခါ စသည်တို့၌ ရေ၊ လေ၊ မီးရှိန်၊ ဥတုငွေ့ အိပ်ရာနေရာတို့၏ အတွေ့ဖောဋ္ဌဗ္ဗာရုံသည် ကာယ ပသာဒရုပ်တွေကို ခိုက်တိုက်၍ မနောကို ခိုက်တိုက်လေ၏။
ထိုအခါ ကာယပသာဒ ရုပ်အိမ်မှ ခံသာသော သဘောတွေ နှလုံးအိမ်မှ ဝမ်းမြောက်ချမ်းသာသည် ဆိုရသော ခံသာသော သဘောတွေ ဖြစ်ပေါ်လေ၏။ ယင်း ခံသာသော သဘောတွေကိုပင် သုခဝေဒနာဟုမှတ်ရသည်။ သုခဝေဒနာဟု ဆိုရသည်။ နှလုံးအိမ်၌ဖြစ်သော သုခဝေဒနာကိုကား သောမနဿ ဝေဒနာ ဆိုပြန်သည်။
အထူးအားဖြင့် သားမယားတို့၏ အတွေ့ ဖောဋ္ဌဗ္ဗာရုံနှင့် တွေ့ထိသောအခါ နှလုံးအိမ်၌ ခံသာသော သောမနဿဝေဒနာတွေ အလွန်အားကြီးစွာ ဖြစ်ပေါ်သည်။ ယင်း သောမနဿဝေဒနာနှင့် အတူဖြစ်သော အလွန်နှစ်သက် အားရသော ဝိညာဏ်စိတ်က ကောင်းသော အတွေ့ရှိသော အာပေါလွန်သော အဋ္ဌကလာပ်ရုပ်-ဟူသော သုက်သွေး တို့ကို ကိုယ်အားလုံး၌ အပျံ့အနှံ့ဖြစ်ပွား လှုပ်ရှား ရွေ့သွားစေ၏။ အသစ်ကိုရည်၍ ဖြစ်ပွားဟုဆိုသည်။ အဟောင်းကို ရည်၍ လှုပ်ရှား၊ အသစ် အဟောင်းကိုရည်၍ ရွေ့သွားဟု ဆိုသည်။
ကိုယ် အားလုံး၌ လှုပ်ရှားရွေ့သွားသော ယင်းသုတ်သွေးတို့၏ အတွေ့ဖောဋ္ဌဗ္ဗာရုံ သည် ကိုယ်လုံးရှိ ကာယပသာဒရုပ်တွေကို ခိုက်တိုက်သည့်အတွက် ကိုယ်လုံးရှိ ကာယပသာဒရုပ် အအိမ်တို့မှ လည်းကောင်း နှလုံးအိမ်မှ လည်းကောင်း အားကြီး သော ခံသာသော သုခဝေဒနာတွေဖြစ်သည်။ ဆိုအပ်ပြီး ယင်း သုခဝေဒနာတွေသည် ခြင်ဆီ အရိုး အကြော အသား အသွေး အရေ- တို့လည်း မဟုတ်ကုန်။ ခိုက်တိုက်သော ဖောဋ္ဌဗ္ဗာရုံလည်း မဟုတ်။ အလွတ်တစ်မျိုးတခြား ကျောက်မီးခတ်ကြားမှ မီးပွားဖြစ်သကဲ့သို့မှတ်။
ယင်း သုခဝေဒနာကို ဘယ်လိုနေရာက ဘယ်လိုဖြစ်သည် ဘယ်လိုနေသည် ဘယ်လိုဟာပါတကား ဟု စဉ်းစားဆင်ခြင်ရသည်။ ငါအကောင် မထင်စေရ။ သုခဝေဒနာ ဖြစ်ပုံ။
ဒုက္ခဝေဒနာ ဖြစ်ပုံမှာ။
မကောင်းသော အတွေ့ရှိသော မီး၊ လေ၊ နေပူ၊ သစ်၊ သံ၊ ကျောက်၊ စသော တစ်စုံတစ်ခုနှင့် ထိမိတိုက်ခိုက်မိသော အခါ ယင်းဝတ္ထုတို့၏အတွေ့ ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒရုပ်တွေကို ခိုက်တိုက်၍ မနောကို ခိုက်တိုက်လေ၏။ ထိုအခါ ကာယပသာဒရုပ်အအိမ်တို့မှ မခံသာ နာကျင်သော သဘောတွေ နှလုံးအိမ်မှ မနေသာ မထိုင်သာ မခံသာ သော သဘောတွေ ဖြစ်ပေါ်လေ၏။
ယင်းမခံသာသော သဘောတွေကိုပင် ဒုက္ခဝေဒနာဟု မှတ်ရသည်။ ဒုက္ခဝေဒနာ ဟုဆိုရသည်။ နှလုံးအိမ်၌ဖြစ်သော ဒုက္ခဝေဒနာကိုကား ဒေါမနဿဝေဒနာ ဆိုပြန်သည်။
ဤကား ဗဟိဒ္ဓဖောဋ္ဌဗ္ဗာ ရုံကြောင့် ဒုက္ခဝေဒနာဖြစ်ပုံ။
အဇ္ဈတ္တဖောဋ္ဌဗ္ဗာရုံကြောင့်ဖြစ်ပုံမှာ။
သစ်၊ သံ၊ ကျောက်၊ မြေ၊ လက်နက်-စသော တစ်စုံတစ်ခု ထိခိုက်သော ဒဏ်ချက်ကြောင့် ကိုယ်တွင်း အဇ္ဈတ္တ တေဇောသည် ပျက်လေ၏။ ယင်းတေဇော ဓာတ်ပျက်သည် ဝါယော ကို ဖြစ်စေ၍ ဝါယောနှင့်တကွ ဓာတ်ပျက် အငွေ့အရှိန် ဖောဋ္ဌဗ္ဗာရုံ ဖြစ်လေ၏။ ယင်း ဓာတ်ပျက် အငွေ့အရှိန် ဖောဋ္ဌဗ္ဗာရုံသည် ကာယ ပသာဒရုပ်တွေနှင့်တကွ မနောကို ခိုက်တိုက်လေ၏။ ထိုအခါ ကာယပသာဒရုပ် အအိမ်တို့မှ အောင့် ကိုက် နာကျင် မခံသာသော ဒုက္ခဝေဒနာတွေ နှလုံးအိမ်မှ ဆင်းရဲပင်ပန်းစွာ မခံသာသော ဒုက္ခဝေဒနာတွေ ဖြစ်ပေါ်လေ၏။ ဓာတ်တစ်ပါး ဟူသော အသား အသွေးကို ပုပ်၊ သိုး၊ ဖောက်ပြန်စေ၏။
ယင်းတေဇော ဓာတ်ပျက်အငွေ့ အရှိန်ကိုပင် မန်း-ဟူ၍ဆိုသည်။ ယင်း တေဇော ဓာတ်ပျက် အငွေ့အရှိန်ကုန် မှဒဏ်ရာအနာပျောက်သည်။
ဥတု မညီညွတ်သည့် အတွက်ကြောင့် လည်းကောင်း ဣရိယာပုထ်မမျှသည့် အတွက်ကြောင့်လည်းကောင်း မသင့်မတင့်သော အစာ အာဟာရကြောင့် လည်းကောင်း၊ ဤသို့ စသည် တစ်ခုခုသော အကြောင်းကြောင့် ကိုယ်တွင်း အဇ္ဈတ္တတေဇောသည် ပျက်လေ၏။ ယင်း တေဇောဓာတ်ပျက်သည် ဝါယောကို ဖြစ်စေ၍ ဝါယောနှင့်တကွ ဓာတ်ပျက် အငွေ့အရှိန် ဖောဋ္ဌဗ္ဗာရုံ ဖြစ်လေ၏။
ယင်း တေဇောဝါယော ဓာတ်ပျက်အငွေ့ အရှိန် ဖောဋ္ဌဗ္ဗာရုံသည် ဓာတ်တစ်ပါး ကိုလည်း ဖောက်ပြန် ပျက်ပြားစေ၏။ ကိုယ်လုံးရှိ ကာယပသာဒရုပ်တွေကို ပျံ့နှံ့ခိုက်တိုက်၍ မနောကိုလည်း ခိုက်တိုက်လေ၏။ ထိုအခါ ကိုယ်လုံးရှိ ကာယ ပသာဒရုပ် အအိမ်တို့မှ ကိုက်ခဲပူလောင်စွာ မခံသာသော သဘောတွေ နှလုံးအိမ်မှ မနေသာမထိုင်သာ မခံသာသော သဘောတွေ ဖြစ်ပေါ်လေ၏။ ယင်း မခံသာသော သဘောတွေကိုပင် ဒုက္ခဝေဒနာမှတ်ရသည်။ ဒုက္ခဝေဒနာ ဆိုရသည်။ နှလုံးအိမ်၌ ဖြစ်ပေါ်သော ဒုက္ခဝေဒနာကိုကား ဒေါမနဿဝေဒနာ ဆိုပြန်သည်။
သလိပ်၊ သည်းခြေ၊ သွေး၊ လေ-တို့လည်း ဖောက်ပြန် ပျက်ပြားလေ၏။ ထိုအခါ ဖျားသည်ဟူ၍ဆိုရ၏။
ယင်း တေဇော ဝါယောဓာတ်ပျက် အငွေ့အရှိန် ဖောဋ္ဌဗ္ဗာအာရုံသည် ဦးခေါင်းကို မျက်စိကို နားကို သွားကို ခါးကို ဝမ်းကို ရင်ကို အကြောအချင်စသည်ကို ခိုက်တိုက် တိုးဝှေ့သည် ဖြစ်အံ့၊ ခေါင်းခဲနာ၊ မျက်စိနာ၊ နားနာ၊ ခါးနာ ဝမ်းနာ၊ ရင်နာ၊ ညောင်းကိုက် သော အနာစသည် အထူးထူး အထွေထွေ ရောဂါမျိုးတွေ ဖြစ်လေ၏။
ယင်း တေဇော ဝါယော ဓာတ်ပျက် အငွေ့ အရှိန်သည် တစ်ခုသော နေရာ၌ ခိုက်တိုက်စုဝေး အသွေး၊ အသားဟူသော ဓာတ်တစ်ပါးကို ပျက်ပြား စေ၍ တည်ခဲ့သည်ရှိသော် အနာပေါက်သည်ဟူ၍ ဆိုရပြန်သည်။ ဒုက္ခဝေဒနာ လည်း ဖြစ်လေ၏။ ယင်းဆိုအပ်ပြီး မခံသာသော ဒုက္ခဝေဒနာတွေကို အရေ အကြော အရိုး၊ အသား၊ အသွေး-ဟူသော အအိမ်လည်းမဟုတ်၊ ခိုက်တိုက် သော ဓာတ်ပျက် အငွေ့အရှိန် ဖောဋ္ဌဗ္ဗာရုံလည်းမဟုတ် မီးခြစ်အိမ်၊ မီးခြစ်တံ နှစ်ရပ် ထိခတ်၍ ဖြစ်ပေါ်သော မီးတောက်ကဲ့သို့ တစ်မျိုး တခြားဟုမှတ်။
ယင်း မခံသာသော ဒုက္ခဝေဒနာတွေကို ဘယ်လိုနေရာက ဘယ်လို ဖြစ်သည် ဘယ်လိုနေသည် ဘယ်လိုဟာပါတကားဟူ၍ စဉ်းစားဆင်ခြင်မှ ဝေဒနာကို အမှန်ကျသိနိုင်သည်။ ဓာတ်ပျက်ဆိုသည်မှာ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖောက်ပြန်သော မူလရှိရင်း စတုဇကလာပ်တို့၌ပါရှိသော ဥတုသည် ဆက်လက် ဖြစ်ပွားစေအပ်သော ဖောက်ပြန်သော အာဂန္တုကဓာတ် သစ်တွေကို ဆိုသည်။
အနာမျိုး၊ ရောဂါမျိုးဖြစ်သမျှ တေဇောဆွ၍ ဖြစ်သော အာဂန္တုကဓာတ်ပျက်တို့ကို အစွဲပြု၍ဖြစ်သည်မှတ်လေ။
ဤသည်ကား ကိုယ် တွင်းရှိ ဖောဋ္ဌဗ္ဗာရုံကြောင့် ဒုက္ခဝေဒနာဖြစ်ပုံ။
မနောဒွါရ၌လည်း ဒုက္ခဝေဒနာသိသာ၏။ ။ ထင်ရှားစေဦးအံ့။ ချစ်ခင် လေးမြတ် နှစ်သက် မြတ်နိုးအပ်သော ဆွေမျိုး စည်းစိမ်စသည့်တို့၏ ပျက်စီးခြင်း၊ ကွေကွင်းခြင်းတို့နှင့် တွေ့ကြုံရသောအခါ တွေ့ကြုံပြီးသည်ကို အောက်မေ့သော အခါ စသည်တို့၌ပျက်စီးခြင်း၊ ကွေကွင်းခြင်း ဟူသော မနှစ်သက်အပ်သော အာကာရပညတ် ဓမ္မာရုံသည်လည်းကောင်း၊ မနှစ်သက်အပ်သော အာကာရ ပညတ်၏မှီရာ ဝတ္ထု၌ရှိသော အာရုံခြောက်ပါးတို့တွင် တစ်ပါးပါးသည် လည်းကောင်း၊ ချမ်းသာသုခမှဆုတ်ယုတ်သော မိမိကိုယ်ဟူသော ပညတ်ဓမ္မာရုံ သည် လည်းကောင်း၊ မနှစ်သက်အပ်သော အာရုံတို့တွင် တစ်ပါးပါးသည် ဘဝင်မနောကို ခိုက်တိုက်လေ၏။ ထိုအခါ စိတ်အစဉ်၌ပြင်းပြပူလောင်စွာ မချမ်းသာမခံသာသော သဘောတွေ ဖြစ်ပေါ်လေ၏။ ယင်း မခံသာသော သဘောတွေကိုပင် ဒေါမနဿဝေဒနာဟု မှတ်ရသည်။ ဒေါမနဿ ဝေဒနာဟု ဆိုရသည်။ ယင်း ဒေါမနဿဝေဒနာ အားကြီးခဲ့လျှင် မစားနိုင်၊ မအိပ်နိုင်၊ မလုပ်နိုင်၊ မကိုင်နိုင်၊ ကြံမှိုင်ပူဆွေး အသား အသွေး ညှိုးမှိန်ခန်းခြောက် ရူးလောက် သေလောက်အောင် ပူလောင် ပင်ပန်း စေနိုင်သည်။
ထိုစကားသည်မှန်၏။
နှလုံးအိမ်၌အားကြီးသာ ဒေါမနဿဝေဒနာ တွေသည် စိတ်ကို ပူလောင်စေ၏။ ယင်း စိတ်ပူသည် ပူပြင်းသော တေဇော၊ ဝါယော အငွေ့အရှိန်တွေကို ဖြစ်စေ၏။ ယင်း ပူးပြင်းသော အငွေ့အရှိန် ဖောဋ္ဌဗ္ဗာရုံသည် နှလုံးသွေး၊ နှလုံးအိမ်နှင့်တကွ အသားအရေတို့ကို ပျံ့နှံ့ခိုက်တိုက် ပူလောင်စေသည်ရှိသော် အသား၊ အသွေးတို့ ညှိုးမှိန် ခန်းခြောက်ရလေ ၏။ ပူပြင်းသော အငွေ့အရှိန်ကြောင့် နှလုံးသွေး ဆူပွက် နှလုံးသွေးပျက်ခဲ့သည် ရှိသော် ပဋာစာရီ သူဌေးသမီးကဲသို့ ရူးသွပ်ခြင်းသို့ ရောက်ရလေ၏။ ယင်း အငွေ့အရှိန် အလွန်ပူပြင်းလှသဖြင့် နှလုံးသွေး၊ နှလုံးသားကို လောင်၍လည်း သေတတ်သည်။ ယင်း အငွေ့အရှိန် နှလုံးအိမ် မဆန့်လောက် အောင် အားကြီးလှ၍ အငွေ့အရှိန် တွန်းကန်သည့်အတွက် ဗြောက်ကွဲသကဲ့သို့ နှလုံးကွဲသဖြင့် လည်း သေတတ်သည်။
တစ်ယောက်သော မြင်းဘီလူးမသည် အရွယ်အဆင်းနှင့် ပြည့်စုံသော လူယောက်ျား တစ်ယောက်ကို ဖမ်းယူကျောက်ဂူတွင် လင်ပြု-သွင်းထား၊ သားတစ်ယောက်ရ၍ အရွယ်ရောက်ကာလ သားအဖနှစ်ယောက် ထွက်ပြေးကြရာ သားနှင့်ကွေကွင်း ရသည်အတွက် ပူပန်ဆင်းရဲနှလုံးကွဲ၍ သေလေ၏။
ပုတ္တသောကေန ဟဒယံ ဖလိ။
ဇာတ်နဝနိပါတ်အဋ္ဌကထာ။ (ဇာ၊ဋ္ဌ၊၃၊၄၈၀။)
ပုတ္တသောကေန၊ သားကိုအာရုံပြု၍ ဖြစ်သော ပူဆွေးခြင်း သောက ဟူသော ဒေါမနဿ ဝေဒနာကြောင့်။
ဟဒယံ၊ နှလုံးအိမ်သည်။
ဖလိ၊ ကွဲ လေ၏။ ။ အနက်။
ဤအဋ္ဌကထာ၌ ဒေါမနဿ ဝေဒနာဟူသော သောကကြောင့် နှလုံး ကွဲသည်ဟု ဆိုခြင်းသည် မုချစကားမဟုတ်။
မျက်စိဖြင့် မြင်သည်၊ လေနာ သည်၊ မိုးကြောင့် ဝပြောချမ်းသာသည်။ ဤသို့စသည် ဆိုကြသော စကားတို့ ကဲ့သို့ တင်စား၍ဆိုသောကြောင့် ရုဠှီစကားဟူ၍မှတ်။
ထိုစကားမှန်၏။ ဒေါမနဿဝေဒနာသည် အသား၊ အသွေးဟူသော ရုပ်ကို မပူလောင်စေတတ်၊ နှလုံးအိမ်ကိုလည်း မခွဲတတ်။ စိတ်ကိုသာ ပူလောင် စေတတ်သည်။
“သောကော ဟိ ဥပ္ပဇ္ဇမာနော အဂ္ဂိဝိယ စိတ္တံ ဈာပေတိ။”
သမ္မောအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၂၊၉၇။)
ဟိ၊ မှန်၏။
သောကော၊ ဒေါမနဿဟူသော သောကသည်။
ဥပ္ပဇ္ဇမာနော၊ ဖြစ်သည်ရှိသော်။
အဂ္ဂိဝိယ၊ မီးကဲ့သို့။
စိတ္တံ၊ စိတ်ကို။
ဈာပေတိ၊ ပူလောင်စေ၏။ ။ အနက်။
ဒေါမနဿ ဝေဒနာက စိတ်ကို ပူလောင်စေသည်။ စိတ်ပူက ပူပြင်းသော တေဇောဝါယောတို့ကို ဖြစ်စေသည်။ ယင်း ပူပြင်းသော တေဇောဝါ ယောတို့က နှလုံးအိမ်နှင့်တကွ တစ်ကိုယ်လုံးကို ပူလောင်စေတတ် နှလုံးအိမ်ကို ကွဲစေတတ်သည် ဆိုလိုသည်။ ဤဆိုပြီးသည့်အတိုင်း မနှစ်သက်အပ်သော အာရုံတို့ မနောကို တိုက်ခိုက်သောအခါ နှလုံးအိမ်ထဲ၌ ဖြစ်ပေါ်သော မချမ်း သာ မခံသာသော ဒေါမနဿ ဒုက္ခဝေဒနာတွေကို နှလုံးအိမ်လည်း မဟုတ်၊ မနှစ်သက်အပ်သော အာရုံလည်းမဟုတ်၊ အအိမ်၊ အာရုံတို့မှာ အသီးအခြား တည်းဟုမှတ်။ ယင်း မခံသာသော ဒေါမနဿ ဒုက္ခဝေဒနာတွေကို ဘယ်လို နေရာက ဘယ်လိုဖြစ်သည်၊ ဘယ်လိုနေသည်၊ ဘယ်လိုဟာပါတကားဟု စဉ်းစားဆင်ခြင်ရသည်။ စဉ်းစား ဆင်ခြင်မှဝေဒနာကို အမှန်ကြသိနိုင်သည်။
ယင်းဆိုအပ်ပြီး အဟောင်းအသစ် ဖြစ်ပြီးဖြစ်ဆဲဝေဒနာတွေကို ဉာဏ်ဖြင့် ပေါင်းစု၍ နှမ်းစု နှမ်းပုံ၊ သဲစု သဲပုံဆိုသကဲ့သို့ ဝေဒနာက္ခန္ဓာ ဆိုရသည်။
ဝေဒနာနံ ခန္ဓော ဝေဒနာက္ခန္ဓော။ ။ (ဝိဂြိုဟ်)
ဝေဒနာနံ၊ ဝေဒနာတို့၏။
ခန္ဓော၊ အစုအပုံတည်း။
ဝေဒနာက္ခန္ဓော၊ ဝေဒနာတို့၏ အစုအပုံ။ ။ အနက်။
တစ်လုံးတည်း တစ်ခုတည်း သတ္တဝါ အကောင်အခဲ မဟုတ်ဆိုလိုသည်။
တစ်နည်း။
“ဝေဒနာ ဧဝ ခန္ဓော ဝေဒနာက္ခန္ဓာ။ ။ (ဝိဂြိုဟ်)
ဝေဒနာ ဧဝ၊ ဝေဒနာတွေသည်ပင်လျှင်။
ခန္ဓာ၊ တစ်စု တစ်ပုံ တစ်မျိုး တခြားတည်း။
ဝေဒနာက္ခန္ဓော၊ ဝေဒနာတွေ တစ်စုတစ်ပုံ တစ်မျိုးတခြား။ ။ အနက်။
နှမ်းတစ်မျိုးတခြား၊ သဲတစ်မျိုးတခြား- ဆိုသကဲ့သို့ တစ်ပါးခန္ဓာနှင့် မရောနှော၊ ဝေဒနာတွေလည်း တစ်သီးတစ်မျိုးတခြား ဆိုလိုသည်။
ဝေဒနာ ပုဗ္ဖုဠူပမာ။
သံယုတ်ပါဠိတော်။ (သံ၊၂၊၁၁၆။)
ဝေဒနာ၊ ဝေဒနာက္ခန္ဓာသည်။
ပုဗ္ဖုဠူပမာ၊ ရေပြွက်နှင့် အလားတူ၏။ ။ အနက်။
ဝေဒနာက္ခန္ဓာသည် ဖြစ်လွယ်ပျက်လွယ် အယူမခံ အကိုင်မခံ ယူစရာ ရစရာ အတုံး၊ အခဲ၊ အနှစ်၊ အသားမရှိသည့်အတွက် ရေပြွက်နှင့်တူသည် ဆိုလိုသည်။
ဝေဒနာက္ခန္ဓာပြီး၏။
၅၆ - သညာက္ခန္ဓာကိုပြခြင်း
သညာဆိုသည်မှာ မှတ်သိတတ်သော သဘောကိုဆိုသည်။
သဉ္ဇာနာတီတိ သညာ။ ။ (ဝိဂြိုဟ်)။
သဉ္ဇာနာတိ၊ အာရုံကိုမှတ်သိတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သညာ၊ သညာမည်၏။ ။ အနက်။
ဤစကားသည် ရုဠှီသာတည်း။
မုချအစစ်ကား မှတ်သိခြင်းမျှကိုပင် သညာဟူ၍ မှတ်ရသည်၊ သညာဟူ၍ ဆိုရသည်၊ တခြားမရှိ။
သဉ္ဇာနနလက္ခဏာ သညာ။
အဋ္ဌကထာတို့၌လာသော ပါဠိ။ (မ၊ဋ္ဌ၊၄၊၅၉။) (အဘိ၊ဋ္ဌ၊၁၊၁၈၂။)
သညာ၊ သညာသည်။
သဉ္ဇာနန လက္ခဏာ၊ အာရုံကို မှတ်သိခြင်းလျှင် မှတ်စရာရှိ၏။ ။ အနက်။
ထမင်းမှန်း၊ ဟင်းမှန်း၊ မိမှန်း ဖမှန်း၊ တောင်မှန်း မြောက်မှန်း သိသည်။ ဤသို့ စသည်သိဆိုသမျှ မှတ်သိပင်။ အခေါ် အဝေါ် အမှတ်အသား နားလည် ကျွမ်းကျင် တတ်သိ လိမ္မာသည် ဆိုသမျှလည်း မှတ်သိသညာပင်၊ စာဖတ်သောအခါ အက္ခရာစာလုံးတွေကို သိခြင်း၊ တစ် နှစ်စသော သင်္ချာကို သိမြင်ခြင်း၊ သစ်ပင်ကို မြင်သောအခါ ပင်စည် အကိုင်းအခက်၊ အရွက်အသီး အပွင့်အရွက်တွင်လည်း အကြမ်း၊ အနု၊ အရင့်၊ အရော်စသည် အသီးသီး၊ တစ်မျိုးစီခွဲခြား၍ သိမြင်ခြင်း စသည်တို့လည်း မှတ်သိသညာပင်။
ဤသို့ စသည် မျက်စိ ဥပစာအတွင်း မြင်သမျှ နားဥပစာအတွင်း ကြားသမျှ အများအာရုံ တွေကို အမည်နှင့်တကွ တစ်မျိုးစီ ခြားနားသိမြင်ခြင်း ဟူသမျှကို မှတ်သိ သညာပင်ဟူ၍ မှတ်လေ။ ယင်းမှတ်သိကို ဘယ်လိုနေရာက ဘယ်လို ဖြစ်သည် ဘယ်လိုနေသည် ဘယ်လိုဟာပါတကားဟု စဉ်းစားဆင်ခြင်ရသည်။ စဉ်းစား ဆင်ခြင်မှ သညာကို အမှန်ကျသိနိုင်သည်။
ယင်းဆိုအပ်ပြီး အဟောင်း၊ အသစ်ဖြစ်ပြီးဖြစ်ဆဲ သညာတွေကို ဉာဏ် ဖြင့် ပေါင်းစု၍ နှမ်းစု၊ နှမ်းပုံ၊ သဲစု၊ သဲပုံဆိုသကဲ့သို့ သညာက္ခန္ဓာ ဆိုရသည်။
သညာနံ ခန္ဓော သညာက္ခန္ဓော။ ။ (ဝိဂြိုလ်)။
သညာနံ၊ သညာတို့၏။
ခန္ဓော၊ အစုအပုံတည်း။
သညာက္ခန္ဓော၊ သညာတို့၏ အစုအပုံ။ ။ အနက်။
တစ်လုံးတည်းတစ်ခုတည်း သတ္တဝါ ၊ အကောင်အခဲ - မဟုတ် ဆိုလိုသည်။
တစ်နည်း။
သညာဧဝ ခန္ဓော သညာက္ခန္ဓော။ ။ (ဝိဂြိုဟ်)။
သညာဧဝ၊ သညာသည်ပင်လျှင်။
ခန္ဓော၊ တစ်စု တစ်ပုံ တစ်မျိုး တခြားတည်း။
သညာက္ခန္ဓော၊ သညာ တစ်စုတစ်ပုံ တစ်မျိုးတခြား။
နှမ်းတစ်မျိုး တခြား သဲတစ်မျိုးတခြား ဆိုသကဲ့သို့ တစ်ပါးခန္ဓာနှင့် မရောမနှော၊ သညာတွေ လည်း တစ်စုတစ်ပုံ တစ်မျိုးတခြားဆိုလိုသည်။
ပရီစိကူပမာ သညာ။
ခန္ဓ သံယုတ်ပါဠိတော်။ (သံ၊၂၊၁၁၆။)
သညာ၊ အမှတ်အသား သညာသည်။
မရီစိကူပမာ၊ တောသမင်တို့ ရေထင်မှတ်ငြား တံလှပ်နှင့်အလားတူ၏။ ။ အနက်။
အကျွမ်းအကျင် အသိ၊ အမှတ်အတတ် အလိမ္မာဟူသော သညာက္ခန္ဓာကို အခိုင် အခံ့ကြီး အားကိုး အားထားကြီးတစ်ခု ထင်မှတ်ကြ၏။ ထင်သော်လည်း ထင်တိုင်း အားကိုးမခံ အားထားမခံ ဖြစ်လွယ် ပျက်လွယ်မခိုင်မခံ့ အနှစ်အသား မရှိသည့် အတွက် တံလှပ်နှင့် အလားတူသည် ဆိုလိုသည်။
၅၇ - သင်္ခါရက္ခန္ဓာကို ပြခြင်း
သင်္ခါရ ဆိုသည်မှာ အပင်း အသင်းနှင့်တကွ စေတနာကိုဆိုသည်။ စေတနာ ဆိုသည်မှာ အတူဖြစ်ဘက် နာမ်တရားတို့ကို အားပေး စေ့ဆော်တတ် ထိုထို ကိစ္စကိုပြီးစေ တတ်သော သဘောကိုဆိုသည်။
စေတေတီတိ စေတနာ။ ။ (ဝိဂြိုဟ်)။
စေတေတိ၊ စေ့ဆော် အားပေးတတ် ထိုထိုကိစ္စကို ပြီးစေတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
စေတနာ၊ စေတနာမည်၏။ ။ အနက်။
ဤစကား လည်း ရုဠှီ သာတည်း။
မုချအစစ်ကား စေ့ဆော်အားပေးခြင်း သဘောမျှကိုပင် စေတနာဟူ၍ မှတ်ရသည်။ စေတနာဟူ၍ ဆိုရသည်တခြားမရှိ။
စေတယိတလက္ခဏာ စေတနာ။
အဋ္ဌကထာတို့၌လာသောပါဠိ။ (မ၊ဋ္ဌ၊၄၊၅၉။) (အဘိ၊ဋ္ဌ၊၁၊၁၅၄။)
စေတနာ၊ စေတနာသည်။
စေတယိတလက္ခဏာ၊ စေ့ဆော်အားပေးခြင်းလျှင် မှတ်စရာရှိ၏။ ။ အနက်။
ဝေဒနာ၊ သညာ၊ ဝိညာဏ်တို့လည်း . စေတနာစေ့ဆော်အားပေးမှ အားရှိသည်။ အကုသိုလ်ကို ပြုသောအရာတို့၌ လည်းကောင်း၊ ဒါန၊ သီလ စသော ကုသိုလ် ကိုပြုသော အရာတို့၌ လည်းကောင်း၊ စေတနာအားပေး စေ့ ဆော်မှ အားသန်သည်။
ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ အလုံးစုံသော ကိစ္စမျိုးတို့၌ စေတနာစေ့ဆော် အားပေးမှပင် အားရှိသည်။ ကိစ္စပြီးစီးလွယ်သည်။ ထို့ကြောင့် စေတနာကို အလုံးစုံသော နာမ်တရားတို့၏ အား, ဟူ၍ ဆိုအပ်၏။ ဝါယောဓာတ်ကိုကား ရုပ်တရားတို့၏ အား၊ ဟူ၍ ဆိုအပ်၏။
ခေတ္တ သာမိကောဝိယ ဟိ စေတနာ။
အဋ္ဌသာလိနီအဋ္ဌကထာ။(၁၅၅)
ဟိ၊ ဥပမာဆောင်ပြဦးအံ့။
စေတနာ၊ စေတနာသည်။
ခေတ္တသာ မိကော ဝိယ၊ ကောက်ရိတ် သောအခါ လယ်ရှင်ယောက်ျားနှင့် အလား တူ၏။ ။ အနက်။
လက်ထောက် တပည့်ကြီး ဗိုလ်မှူး စစ်ကဲကြီးတို့နှင့် တူကြောင်းကိုလည်း ဆိုသေး၏။
မိမိလည်း အားထုတ် သူတစ်ပါးကိုလည်း အားထုတ်စေ သည် ဆိုလိုသည်။
အပါယ်ခန္ဓာ၊ လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ အပါယ်ဘဝ၊ လူ့ဘဝ၊ နတ်ဘဝ အလုံးစုံသော ဘဝခန္ဓာတွေကို ပြုပြင်သည်လည်း စေတနာပင်။ ပစ္စက္ခမျက် မှောက်၌ အလုံးစုံသော ကိစ္စမျိုးတို့ကို ပြုပြင်သည်လည်း စေတနာပင်။ ဤသို့ ပြုပြင်တတ်သောကြောင့် စေတနာကို သင်္ခါရဆိုသည်။
သင်္ခရောန္တီတိ သင်္ခါရာ။ ။ (ဝိဂြိုဟ်)။
သင်္ခရောန္တိ၊ ပြုပြင်တတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သင်္ခါရာ၊ သင်္ခါရ မည်ကုန်၏။ ။ အနက်။
စေတနာကိုဆိုလျှင် ဖဿ၊ စသော အပင်းအသင်း တရားလည်း အတွင်းဝင်ပါပြီး ဖြစ်၍ ဝိပဿနာရှုလွယ်ရုံ၊ ဉာဏ်နိုင်လောက်ရုံ သုတ္တန်နည်း အားဖြင့် စေတနာ ကိုသာ သင်္ခါရက္ခန္ဓာဆိုလိုက်သည်။
သုတ္တန်နည်းဆိုသည်မှာ ဉာဏ်ထက်သော ပုဂ္ဂိုလ်၊ ဉာဏ်အလယ်-အလတ်ရှိသော ပုဂ္ဂိုလ်၊ ဉာဏ်တုံး သော ပုဂ္ဂိုလ်၊ ဉာဏ်နုသော ပုဂ္ဂိုလ်တို့၏ ဉာဏ်နှင့် တန်ရုံ-တန်ရုံ ထိုပုဂ္ဂိုလ်တို့ သိလောက်ရုံ သိလောက်ရုံ ချင့်ချိန်၍ ဟောတော်မူရသော နည်းဖြစ်သည်။
အဘိဓမ္မာနည်း ဆိုသည်မှာပုဂ္ဂိုလ်ကို မငဲ့ဘဲပရမတ္ထ သဘာဝရှိသမျှကို အကြွင်း မရှိ အကုန်ဟောတော်မူရသော နည်းဖြစ်သည်။ ယင်း အဘိဓမ္မာနည်းသည် တစ်ဖက်ဆည် ကန်ကြီးနှင့် အလားတူ၏။
တူပုံကား အများသုံးစွဲကြ ရန် ပြုစုတည်ထောင်၍ ထားသော အသူတစ်ရာနက်သော တစ်ဖက်ဆည်ကန်ကြီး၌ ဆင်တို့လည်း သုံးစွဲကြ၏။ ယုန်သားငယ်တို့လည်း သုံးစွဲကြရ၏၊ ဖွတ်, ပတတ်တို့လည်း သုံးစွဲကြရ၏။ ကျွဲနွားတို့လည်း သုံးစွဲကြ ရလေ၏။ ချေ, သမင်တို့လည်း သုံးစွဲကြရ၏။ ထို့အတူ အဘိဓမ္မာ နည်းသည်လည်း ဉာဏ်ထက်, ဉာဏ်လတ်, ဉာဏ်တုံး, ဉာဏ်နုသော သူတို့ မိမိတို့ ဉာဏ်နှင့် တန်ရုံ တန်ရုံသိကြရ မြင်ကြရကုန်၏။
အဋ္ဌကထာတို့၌ လက္ခဏ, ရသ, ပစ္စုပ္ပာဋ္ဌာန်, ပဒဋ္ဌာန်တွေနှင့်တကွ နာမ်ကုန်၊ ရုပ်ကုန် သိမ်းဆည်းပုံကို ပြသော အရာသည်လည်း တစ်ဘက်ဆည် ကန်နှင့် အလားတူ၏။ မိမိတို့ဉာဏ်နှင့် တန်ရုံတန်ရုံ နာမ်၊ ရုပ်ကို သိမ်းဆည်း ကြရသည်။ ဉာဏ်မနိုင်လျှင် ခက်ရုံ၊ ရှုပ်ရုံ စိတ်ပျံ့လွင့်ရုံသာ ဖြစ်တတ်သည်။ စိတ်လည်း ဖောက်ပြန်တတ်သည်။ စိတ် မဖောက်ပြန်လျှင် သံသရာမှာ ဖြစ်နိုင်ခဲသော ကုသိုလ်ကား အထူးဖြစ်ပွားပါ၏။
ဘုတ်အုပ်စာ, ပေစာ ပိဋကတ် ကျမ်းဂန် တတ်သိကျွမ်းကျင်ဆိုသော ပုဂ္ဂိုလ်တို့လည်း ကိုယ်ထဲမှာမတတ် စာထဲမှာသာ တတ်သောကြောင့် သဒ္ဒပညတ်၊ အတ္ထပညတ်တွေ လွှမ်းဖိ၍ ပရမတ်ကို မထိနိုင်ဘဲ ပညတ်တွေထဲတွင်သာ တလူးလဲလဲ တဏှာ၊ မာန၊ ဒိဋ္ဌိတွေနှင့် နေကြရခြင်းသည် သုတသညာသာ အားကြီး၍ ဉာဏ်တုံးကြ ဉာဏ်နုကြသည့် အတွက်ပင်မှတ်။
ဉာဏ်တုံးသော ပုဂ္ဂိုလ်မှာ သွေးလျှင်ထက် သေးသည်။ သွေးနည်းကား သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိတို့ပင်တည်း။ ဉာဏ်နုသော ပုဂ္ဂိုလ်မှာ ဤဘဝ၌ ဉာဏ်အဆုံးမရောက်နိုင် ဉာဏ်ရင့်သန်စေရန် ကူပံ့ ထပ်မံ ရသည်။ ကူပံ့ ထပ်မံ ဆိုသည်မှာ ဒါနအရာ၊ သီလအရာ၊ ဘာဝနာအရာ အခွင့်သာယာ ဘယ်ဟာမရွေး အလေးဂရု အခြေပြု လိုသော စိတ်ထားဖြင့် ကုသိုလ်တရား ဖြစ်ပွားစေသည်ကို ဆိုသည်။
အခွင့်သာဆိုသည်မှာ ရွှေ, ငွေ, လယ်, ယာ, ကျွဲ, နွား, သား မယားကိုမခွာ တွယ်တာ သိမ်းပိုက်သူတို့မှာ ဒါနအခွင့်သာသည်။ ရွှေ ငွေ ဥစ္စာ, လယ်, ယာ, ကျွဲ, နွား, သား, မယားကိုခွာ အတွယ်အတာ မရှိဘဲ တောကိုကြဉ် လွင်သို့ထွက် ပြီးလျှင် ငဲ့ကွက်မရှိ အားထုတ်သူတို့မှာ ဒါန အခွင့်မသာမှတ်။
သဒ္ဓေါ ဒါနေန န တပ္ပတိ။
ဇာတ်နိပါတ်အဋ္ဌကထာ။ (ဇာ၊ဋ္ဌ၊၃၊၃၂၂။)
သဒ္ဓေါ၊ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည်။
ဒါနေန၊ ဒါနဖြင့်။
ဝါ၊ လှူဒါန်းပေးကမ်း စွန့်ကြဲခြင်းဖြင့်။
န တပ္ပတိ၊ မရောင့်ရဲနိုင် အားမရနိုင်။ ။ အနက်။
သဒ္ဓါစစ်၊ ဒါနကိုချစ်သည်။ ပညာစစ်၊ ရွေးချယ်စိစစ်သည်။
သဒ္ဓါလွန်လျှင် မိုက်မှားတတ်သည်။ ပညာလွန်လျှင် ယူမှားတတ်သည်။
သဒ္ဓါနှင့်ဉာဏ်၊ နှစ်ခုသန်မှ၊ လမ်းမှန်သို့ကျသည်။
အဟောင်း၊ အသစ်ဖြစ်ပြီး၊ ဖြစ်ဆဲ သင်္ခါရတွေကို ဉာဏ်ဖြင့်ပေါင်းစု ၍ နှမ်းစု၊ နှမ်းပုံ၊ သဲစု၊ သဲပုံဆိုသကဲ့သို့ သင်္ခါရက္ခန္ဓာဆိုရသည်။
သင်္ခါရာနံ ခန္ဓော သင်္ခါရက္ခန္ဓော။ ။ (ဝိဂြိုဟ်)။
သင်္ခါရာနံ၊ သင်္ခါရတို့၏။
ခန္ဓော၊ အစုအပုံတည်း။
သင်္ခါရက္ခန္ဓော- သင်္ခါရတို့၏အစုအပုံ။
အကောင် အခဲမဟုတ် ဆိုလိုသည်။
တစ်နည်းကား။
သင်္ခါရာ ဧဝ ခန္ဓာ သင်္ခါရက္ခန္ဓော။
သင်္ခါရာဧဝ၊ သင်္ခါရတို့သည်ပင်လျှင်။
ခန္ဓော၊ တစ်စုတစ်ပုံ တစ်မျိုး တခြားတည်း။
သင်္ခါရက္ခန္ဓော၊ သင်္ခါရတွေ တစ်စုတစ်ပုံ တစ်မျိုးတခြား။
နှမ်းတစ်မျိုး တခြား သဲတမျိုး တခြားဆိုသကဲ့သို့ တစ်ပါးခန္ဓာနှင့် မရောမနှော သင်္ခါရတွေ တစ်မျိုးတခြား ဆိုလိုသည်။
သင်္ခါရာ ကဒလူပမာ။
ခန္ဓသံယုတ် ပါဠိတော်။ (သံ၊၂၊၁၁၆)
သင်္ခါရာ၊ အပင်းအသင်းနှင့်တကွ စေတနာဟူသော သင်္ခါရတို့သည်။
ကဒလူပမာ၊ ငှက်ပြောတုံးနှင့် အလားတူကုန်၏။ ။ အနက်။
သင်္ခါရက္ခန္ဓာသည် အားရှိအင်ရှိ အခိုင်ကြီး အခံ့ကြီးကဲ့သို့ ထင်ရ၏။ ထင်သော်လည်း အားမရှိ၊ အင်မရှိ ဖြစ်လွယ် ပျက်လွယ် မခိုင်မခံ့ အနှစ်အသား မရှိသည့်အတွက် ငှက်ပျောတုံးနှင့် အလားတူသည် ဆိုလိုသည်။
(သင်္ခါရက္ခန္ဓာ ပြီး၏။)
၅၈ - ဝိညာဏက္ခန္ဓာကို ပြခြင်း
ဝိညာဏ်ဆိုသည်မှာ အာရုံကို သိစေတတ်သော သဘောကိုဆိုသည်။
ဝိဇာနာတီတိ ဝိညာဏံ။ ။ (ဝိဂြိုဟ်)။
ဝိဇာနာတိ၊ အာရုံကိုသိတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဝိညာဏံ၊ ဝိညာဏ် မည်၏။ ။ အနက်။ ။ ရုဠှီ တည်း။
မုချအစစ်ကား အာရုံကိုသိသောအခါ အသိမျှကိုပင် ဝိညာဏ်ဟူ၍ မှတ်ရသည်၊ ဝိညာဏ်ဟူ၍ ဆိုရသည်၊ တခြားရှိတော့သည် မဟုတ်။
ဝိဇာနနလက္ခဏံ ဝိညာဏံ။
သမ္မောစသောအဋ္ဌကထာပါဠိ (အဘိ၊ဋ္ဌ၊၂၊၁၂၉။) (မ၊ဋ္ဌ၊၄၊၅၉။)
ဝိညာဏံ၊ ဝိညာဏ်သည်။
ဝိဇာနနလက္ခဏံ၊ အာရုံကို သိသောအခါ အသိမျှလျှင် မှတ်စရာရှိ၏။ ။ အနက်။
ယင်း အသိဝိညာဏ်သည် ခြောက်မျိုးရှိသည်။ ခြောက်မျိုးဆိုသည်မှာ-
- စက္ခုဝိညာဏံ- မျက်စိအိမ်၌ အသိ
- သောတဝိညာဏံ-နားအိမ်၌ အသိ
- ဃာနဝိညာဏံ-နှာခေါင်းအိမ်၌ အသိ
- ဇိဝှာဝိညာဏံ- လျှာအိမ်၌ အသိ
- ကာယဝိညာဏံ- တစ်ကိုယ်လုံး၌ အသိ
- မနောဝိညာဏံ နှလုံးအိမ်၌ မနောအသိ
ဤခြောက်မျိုးတည်း။
ယင်း အသိခြောက်မျိုးကို အအိမ်ခြောက်ခုမှ ဖြစ်ပေါ်သော ယခု ငါသိသော အသိတို့သည် ဘယ်လိုသိသည် ဘယ်လိုနေရာက ဘယ်လိုနေသည် ဘယ်လိုပါ တကားဟု စဉ်းစားဆင်ခြင်ရသည်။ စဉ်းစား ဆင်ခြင်မှ ဝိညာဏ်အမှန် ကျသိနိုင်သည်။ ယင်း ဆိုအပ်ပြီး အဟောင်း၊ အသစ် ဖြစ်ပြီး၊ ဖြစ်ဆဲဝိညာဏ် တွေကို ဉာဏ်ဖြင့်ပေါင်းစု၍ နှမ်းစု၊ နှမ်းပုံ၊ သဲစု၊ သဲပုံ၊ ဆိုသကဲ့သို့ ဝိညာဏက္ခန္ဓာဆိုရသည်။
ဝိညာဏာနံ ခန္ဓော ဝိညာဏက္ခန္ဓာ။ ။ (ဝိဂြိုဟ်)။
ဝိညာဏာနံ၊ အသိဝိညာဏ်တို့၏။
ခန္ဓော၊ အစုအပုံတည်း။
ဝိညာဏက္ခန္ဓော၊ အသိဝိညာဏ်တို့၏ အစုအပုံ။
အတုံး, အခဲ, တစ်ခုတည်း သတ္တဝါ အကောင်မဟုတ် ဆိုလိုသည်။
တစ်နည်းကား။
ဝိညာဏမဝ ခန္ဓော ဝိညာဏက္ခန္ဓော။ ။ (ဝိဂြိုဟ်)။
ဝိညာဏမေဝ၊ အသိဝိညာဏ်သည်ပင်လျှင်။
ခန္ဓော၊ တစ်စုတစ်ပုံ တစ်မျိုး တခြားတည်း။
ဝိညာဏက္ခန္ဓော၊ အသိ ဝိညာဏ်သည်ပင်လျှင် တစ်စု တစ်ပုံ တစ်မျိုး တခြား။ ။ အနက်။
ဝိညာဏ်လည်း တစ်မျိုးတခြား တစ်ပါးခန္ဓာတို့နှင့် မရောနှော ဆိုလိုသည်။
မာယူပမဉ္စ ဝိညာဏံ။
ခန္ဓသံယုတ်ပါဠိတော်(သံ၊၂၊၁၁၆။)
ဝိညာဏံ၊ အသိစိတ် ဝိညာဏ်သည်။
မာယူပမဉ္ဇ၊ မျက်လှည့်သမား တို့ ပြုလုပ်အပ်သော ဝတ္ထုနှင့်လည်း တူ၏။ ။ အနက်။
မျက်လှည့်သမားတို့ ပြုလုပ်အပ်သော ဝတ္ထုသည် မဟုတ်ဘဲနှင့် အဟုတ် ထင်ရ သကဲ့သို့ ထို့အတူ စိတ်ဝိညာဉ်သည်လည်း တောင့်တောင့် တင်းတင်း တစ်ခု တည်း တစ်ရှိတည်းကဲ့သို့ ထင်ရ၏။ ထင်သော်လည်း မတောင့်မတင်း ဖြစ်လွယ်၊ ပျက်လွယ် ယူစရာ ရစရာ အနှစ်အသားမရှိ။ ထင်တိုင်း မမှန်သည့်အတွက် မျက်လှည့်သမားတို့ ပြုလုပ်အပ်သော ဝတ္ထုနှင့်တူသည် ဆိုလိုသည်။
(ဝိညာဏက္ခန္ဓာ ပြီး၏။)
၅၉ - အသိသုံးပါးနှင့်တကွ အထူးမှတ်ရန်ကိုပြခြင်း
ဝိညာဏ်သိကား ဦးတိုက်သိ၊ သညာသိကား မှတ်သိ၊ ပညာသိကား အချက်ကျ ထိုးထွင်း၍သိ။
တစ်နည်းလည်း အမည်မသိဘဲ သိရာ၌ ဝိညာဏ်သိ၊ အမည်ကိုသိ၍ သိရာ၌ သညာသိ၊ သဘာဝနှင့်တကွ အမှန်ကျကို သိရာ၌ ပညာသိ။
အသိသုံးပါးတို့၏ အထူးကိုမှတ်။
သာမညဖြစ်နေကျ သဘာဝကိုသာ ပြလိုက်သည်။ အသိသုံးပါး အစွမ်းပြကြမူကား သညာသိထက် ဝိညာဏ်သိ အားသန်၏။ ဝိညာဏ်သိထက် ပညာသိ အားသန်၏။ ထို့ကြောင့် အဋ္ဌကထာတို့၌ သညာသိ၏ သူငယ်တို့၏ ရွှေ၊ ငွေကိုသိသည်နှင့် တူကြောင်းကို, ဝိညာဏ်သိ၏ ရွာသူကြီးတို့ ရွှေငွေကို သိသည်နှင့် တူကြောင်းကို- ပညာသိ၏ ရွှေပန်းထိမ်သည်တို့ ရွှေ ငွေကို သိသည်နှင့် တူကြောင်းကိုဆို၏။ ပညာကား စေတနာ၏ အပင်းအသင်း သင်္ခါရက္ခန္ဓာ ရံခါသာမှတ်။
ယင်း ခန္ဓာလေးပါးသည် အဖြစ်တူ၊ အပျက်တူ၊ နေရာတူ၊ အာရုံတူ၊ တစ်ပြူးတည်း တပြွတ်တည်း တစ်ပြိုင်တည်းဖြစ် တခြားစီခွဲ၍ မဖြစ်၊ ဉာဏ် အမြင်နှင့်သာ ကွဲစေရသည်။ ရေ, သကြား, ရှောက်ရည်,ဆား, လေးပါးရော စပ်၍ ပြုအပ်သော အဖျော်ရည်စက်နှင့် တူ၏။ ဝေဒနာက္ခန္ဓာကို ရိပ်မိလျှင် အချဉ်များသော အဖျော်ရည် ၌ကဲ့သို့ မကင်းနိုင်သော ကြွင်းခန္ဓာကိုလည်း အနုမာန နှိုင်းဆဆင်ခြင်၍ ရိပ်မိစေရသည်။
သညာက္ခန္ဓာကို ရိပ်မိလျှင် အချိုနိုင်သော အဖျော်ရည်၌ကဲ့သို့, သင်္ခါရက္ခန္ဓာကို ရိပ်မိလျှင် ဆားနိုင်သော အဖျော်ရည်၌ကဲ့သို့, ဝိညာဏက္ခန္ဓာကို ရိပ်မိလျှင် ရေနိုင်သော အဖျော်ရည်၌ ကဲ့သို့ မကင်းနိုင်သော ကြွင်းခန္ဓာကိုလည်း အနုမာန နှိုင်းဆဆင်ခြင်၍ ရိပ်မိ စေရမည်။
ထောပတ်ယူခဲ့, ဆီယူခဲ့, ရေယူခဲ့ဆိုရာ၌ မကင်းနိုင်သော အိုးခွက်ကို သိရာသကဲ့သို့ ထို့အတူ ယင်းခန္ဓာလေးပါးတို့တွင် တစ်ပါးပါးကိုဆိုလျှင် ကြွင်း ခန္ဓာကို သိရမည်။
ချမ်းသာရွှင်ပျသည် နာကျင်ကိုက်ခဲ ဆင်းရဲသည်ဆိုရာ၌ ဝေဒနာအားကြီးသည်။
စာဖတ်တတ်သည် စာရသည် အမှတ်အသားကောင်းသည် ဆိုရာ၌ သညာ အားကြီးသည်။
သဒ္ဓါတရားကောင်းသည် စေတနာ ထက်သန်သည် ဆိုရာ၌ သင်္ခါရက္ခန္ဓာ အားကြီးသည်။
စိတ်ပျံ့လွင့်သည်ဆိုရာ၌ ဝိညာဏက္ခန္ဓာ အားကြီးသည် စသည်ဆိုရာ၌ ကဲ့သို့မှတ်။
နမတီတိ နာမံ။ ။ (ဝိဂြိုဟ်)။
နမတိ၊ အာရုံသို့ ညွတ်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
နာမံ၊ နာမ်မည်၏။ ။ အနက်။
အာရုံသို့ ညွတ်တတ်သောကြောင့် ယင်း ခန္ဓာလေးပါးတို့ကို နာမ် ခေါ်ရပြန်သည် ဆိုလိုသည်။
အထူးမှတ်သားရန် တစ်ခန်းပြီး၏။
၆၀ - နာမ်ခန္ဓာလေးပါးတို့ ကိစ္စအားဖြင့် အမျိုးမျိုးပြားပုံ တန်းစဉ်၍ ဖြစ်ပုံကိုပြခြင်း
နာမ်ခန္ဓာ လေးပါးတို့၏ ကိစ္စအားဖြင့် အမျိုးမျိုးပြားပုံ တန်းစဉ်၍ ဖြစ်ပုံကို ပြဦးအံ့။
နာမ်သည် ဘဝင်နာမ် ဝီထိနာမ်ဟူ၍ နှစ်မျိုးရှိသည်။ ယင်းနှစ်မျိုး တို့တွင် ဘဝင်နာမ်ဆိုသည်မှာ အထူးအထွေ မကြံစည်တတ် မသိတတ်၊ သွား ရပ်၊ ထိုင်၊ လျောင်းခြင်းဟူသော ဣရိယာပုတ်ကိုလည်း မဖြစ်စေတတ် လှုပ်လှက်ခြင်း ကိုယ် အမူအရာဟူသော ကာယဝိညတ်ကိုလည်း မဖြစ်စေတတ်၊ အပြောအဆို နှုတ်အမူအရာ ဟူသော ဝစီဝိညတ်ကိုလည်း မဖြစ်စေတတ်၊ စင်စစ်မှာ ဘဝ ဟောင်းက အာရုံကိုသာ အာရုံပြုသည်ဖြစ်၍ အသေဟူ၍ မဆိုရရုံ စိတ်ရှိသည်ဟူ၍ ဆိုရရုံ နှလုံးအိမ်ထဲ၌ဖြစ်၍ ရုပ်ခန္ဓာအိမ်ကို စောင့်ရှောက်ရုံ ဘဝ၏ အကြောင်း အင်္ဂါမျှသာဖြစ်သော နာမ်ကိုဆိုသည်။
ဘဝဿ အင်္ဂံ ဘဝင်္ဂံ။ ။ (ဝိဂြိုဟ်)။
ဘဝဿ၊ ဘဝ၏။
အင်္ဂံ၊ အကြောင်းတည်း။
ဝါ၊ အစိတ်တည်း။
ဘဝင်္ဂံ၊ ဘဝ၏အကြောင်း။
ဝါ၊ ဘဝ၏ အစိတ်။ ။ အနက်။
အိပ်ပျော်သောအခါ လူမှန်းမသိ မျောနစ်သောအခါ စသည်တို့၌ ကဲ့သို့ မှတ်။ ထိုအခါတို့၌ ဘဝင်ချည်း ဆက်ဆက်ဖြစ်သည်။ ယင်းဘဝင်ကို ဘဝ၏ အဦးအစ ဖြစ်လျှင် ပဋိသန္ဓေဆိုရပြန်သည်။ ဘဝ၏ နောက်ပိတ်ဆုံး ဖြစ်လျှင် စုတိ ဆိုရ ပြန်သည်။
ဘဝင်နာမ် ပြီး၏။
ဝီထိနာမ်ဆိုသည်မှာ အအိမ်ခြောက်ခုကို အာရုံတို့ခိုက်တိုက်လာသော အခါ ယင်း ခိုက်တိုက်လာသော အာရုံကိုအာရုံပြုပြီးလျှင် တန်းစဉ်၍ဖြစ်ကြသော နာမ်တို့ကို ဆိုသည်။ ဝီထိဆိုသည်မှာ မဂဓအခေါ်၊ အတန်း အစဉ်ဆိုသည်မှာ မြန်မာအခေါ် ဟူ၍မှတ်။
ဘဝင်နာမ်မှာ ဘဝဟောင်းက အာရုံကိုအာရုံပြု သည်။ ဝီထိနာမ်မှာ အအိပ်ခြောက်ခု၌ ထင်လာခိုက်တိုက်လာသော အာရုံ သစ်ကို အာရုံပြုသည်။
ဘဝင်နာမ်မှာ မှောင်နှင့်အလားတူသည်။ ဝီထိနာမ်မှာ မီးတောက်နှင့် အလား တူသည်၊
မီးတောက်ရှိ မှောင်ပျက်မြဲ။ မီးတောက်သေ မှောင်ရောက်မြဲ။ ထို့အတူ ဝီထိနာမ်ဖြစ် ဘဝင်ပျောက်မြဲ။ ဝီထိနာမ်မဖြစ် ဘဝင်ရောက်မြဲ။ ဝီထိနာမ်တို့၏ အတန်းအစဉ်သည် ခြောက်မျိုးရှိသည်။ ခြောက်မျိုးဆိုသည်ကား-
- စက္ခုဒွါရဝီထိ -စက္ခုဒွါရ၌ အတန်းအစဉ်
- သောတဒွါရဝီထိ- သောတဒွါရ၌ အတန်းအစဉ်
- ဃာနဒွါရဝီထိ- ဃာနဒွါရ၌ အတန်းအစဉ်,
- ဇိဝှာဒွါရ ဝီထိ− ဇိဝှာဒွါရ၌ အတန်းအစဉ်,
- ကာယဒွါရ ဝီထိ- ကာယဒွါရ၌ အတန်းအစဉ်,
- မနောဒွါရ ဝီထိ−မနောဒွါရ၌ အတန်းအစဉ်
ဤ ခြောက်မျိုးတည်း။
ယင်း ခြောက်မျိုးတို့တွင် စက္ခုဒွါရ၌ အတန်းအစဉ် ဝီထိဖြစ်ပုံကား မှောင်၏အသွင် ဘဝင်ဖြစ်၍နေရာ ကြည့်လိုက်၊ မြင်လိုက်သောအခါ ရူပါရုံ သည် စက္ခုဒွါရအပေါက်မှ ရှေ့ရှုထင်သောအားဖြင့် ခိုက်တိုက် တိုးဝင်၍ ဘဝင် ဟူသော နှလုံးအိမ်ကိုခိုက်တိုက် သည့်အတွက် ဘဝင်တန့် ရပ်လေ၏။ ထိုအခါ ခိုက်တိုက်လာသော ရူပါရုံကို အာရုံပြု၍ ရှေ့ပြေးနာမ် ငါးချက် ဇောခုနစ်ကြိမ် နောက်လိုက် နှစ်ကြိမ်တန်းစဉ်၍ ဖြစ်ကြလေ ကုန်၏။ ထို့နောက် မှောင်၏အသွင် ထိုက်သည်အားလျော်စွာ ဖြစ်၍ မနောဒွါရ ဝီထိဆက်။
သောတဒွါရ၌ အတန်းအစဉ်ပီထိဖြစ်ပုံမှာ အသံကိုကြားသောအခါ၌ သဒ္ဒါရုံသည် သောတဒွါရ အပေါက်မှရှေ့ရှုထင်သောအားဖြင့် ခိုက်တိုက်တိုး ဝင်၍ ဘဝင်နှလုံး အိမ်ကို ခိုက်တိုက်သည့်အတွက် ဘဝင်တန့်ရပ်လေ၏။ ထိုအခါ ခိုက်တိုက်လာသော အသံသဒ္ဒါရုံကို အာရုံပြု၍ရှေ့ပြေးနာမ် ငါးချက်၊ ဇောနာမ် ခုနစ်ကြိမ်၊ နောက်လိုက် နာမ်နှစ်ကြိမ်, တန်းစဉ်၍ ဖြစ်ကြလေကုန်၏။ ထို့နောင် မှောင်၏ အသွင် ဘဝင်ထိုက်သည်အားလျော်စွာဖြစ်၍ မနောဒွါရဝီထိဆက်။
ဃာနဒွါရ၌ အတန်းအစဉ် ဝီထိဖြစ်ပုံမှာ အနံ့ကိုနံသောအခါ၌ ဂန္ဓာရုံအနံ့သည် ဃာနဒွါရအပေါက်မှ ခိုက်တိုက်တိုးဝင်၍ ဘဝင်နှလုံးအိမ်ကို ခိုက်တိုက် သည့်အတွက် ဘဝင်တန့်ရပ်လေ၏။ ထိုအခါ ခိုက်တိုက်လာသော အနံ့ဂန္ဓာရုံကို အာရုံပြု၍ ရှေ့ပြေးနာမ်ငါးချက်၊ ဇောခုနစ်ကြိမ်၊ နောက်လိုက် နာမ်နှစ်ကြိမ်၊ တန်းစဉ်၍ ဖြစ်ကြလေကုန်၏။ ထို့နောက် မှောင်၏အသွင် ဘဝင် ဖြစ်ထိုက်သမျှ ဖြစ်၍ မနောဒွါရ ဝီထိဆက်။
ဇိဝှါဒွါရ၌ အတန်းအစဉ် ဝီထိဖြစ်ပုံမှာ စားသောက် မျိုသွင်းသော အခါ၌ ရသာရုံသည် ဇိဝှာဒွါရ အပေါက်မှ ခိုက်တိုက်တိုးဝင်၏။ ဘဝင် နှလုံးအိမ်ကို ခိုက်တိုက်သည့် အတွက် ဘဝင်တန့်ရပ်လေ၏။ ထိုအခါ ခိုက်တိုက်လာသော ရသာရုံကို အာရုံပြု၍ ရှေ့ပြေး နာမ်ငါးချက်၊ ဇောခုနစ်ကြိမ်၊ နောက်လိုက် နှစ်ကြိမ်၊ တန်းစဉ်၍ ဖြစ်ကြလေကုန်၏။ ထို့နောက် မှောင်၏အသွင် ဘဝင်ဖြစ် ထိုက်သမျှ ဖြစ်၍ မနောဒွါရ ဝီထိဆက်။
ကာယဒွါရ၌ အတန်းအစဉ် ဝီထိဖြစ်ပုံမှာ ထိုထိုဝတ္ထုနှင့် တွေ့မိ ခိုက်တိုက် မိသောအခါ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရအပေါက်မှ ခိုက်တိုက် တိုးဝင်၍ ဘဝင် နှလုံးအိမ်ကို ခိုက်တိုက်သည့်အတွက် ဘဝင်တန့်ရပ်လေ၏။ ထိုအခါ ခိုက်တိုက် လာသော ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ရှေ့ပြေးနာမ် ငါးချက်, ဇောခုနစ်ကြိမ်၊ နောက်လိုက်နာမ် နှစ်ကြိမ်၊ တန်းစဉ်၍ ဖြစ်ကြလေကုန်၏။ ထို့နောင်ဘဝင် ဖြစ်ထိုက်သမျှ ဖြစ်၍ မနောဒွါရဝီထိဆက်မြဲ။
ဧတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။
အဋ္ဌသာလိနီအဋ္ဌကထာ။ ၁၁၄။
ဧတ္ထ၊ ဤပဉ္စဒွါရ ဝီထိ၌။
ဧကေကံ အာရမ္မဏံ၊ တစ်ခုတစ်ခုသော အာရုံသည်။
ဒွီသု ဒွီသု ဒွါရေသု၊ နှစ်ခုနှစ်ခုသော ဒွါရတို့၌။
အာပါထံ၊ ထင်ခြင်းသို့။
အာဂစ္ဆတိ၊ ရောက်၏။
ဤကား ငါးဒွါရ၌ အတန်းအစဉ် ဝီထိဖြစ်ပုံ။
မနောဒွါရ၌ အတန်းအစဉ်ဝီထိဖြစ်ပုံမှာ ကြံမိအောက်မေ့မိ ဆင်ခြင်မိ သောအခါ၌ လည်းကောင်း၊ မကြံမိ မအောက်မေ့ မဆင်ခြင်ဘဲ လည်းကောင်း၊ အာရုံခြောက်ပါး တို့တွင် တစ်ပါးပါးသည် ငါးပါးသော ဒွါရအပေါက်တို့မှ မတိုက် ခိုက် မတိုးဝင်ဘဲ ဘဝင်ဟူသော နှလုံးအိမ်၌ ရှေးဦးစိုက် ထင်လာသောအားဖြင့် ခိုက်တိုက် သည့်အတွက် ဘဝင်တန့်ရပ် လေ၏။
ထိုအခါ ခိုက်တိုက်လာသော အာရုံကို အာရုံပြုပြီးလျှင် အာဝဇ္ဇန်းဟူသော ရှေ့ပြေးတစ်ချက်၊ ဇောခုနစ်ကြိမ်၊ နောက်လိုက်နှစ်ကြိမ်၊ တန်းစဉ်၍ ဖြစ်ကြ လေကုန်၏၊ ထို့နောက် မှောင်၏အသွင် ဘဝင်ဖြစ်လေ၏။ ဤကား နောက်ဆက် မဟုတ်သော သုဒ္ဓမနော ဒွါရဝီထိ တည်း။ ပဉ္စဒွါရဝီထိ၏နောက်၌ အာရုံတူ စပ်ဆက်၍ ဖြစ်သော မနောဒွါရဝီထိ ကိုကား နောက်ဆက် မနောဒွါရဝီထိ ခေါ်ဆိုရမည်။
မနောဒွါရဝီထိ ပြီး၏။
အာရုံတို့ ခိုက်တိုက်ဆိုသော စကားမှာ။
နှာခေါင်းအိမ်၌ ဂန္ဓာရုံ၊ လျှာအိမ်၌ ရသာရုံ၊ ကာယပသာဒရုပ်အအိမ်၌ ဖောဋ္ဌဗ္ဗာရုံ၊ ဤအာရုံသုံးပါးတို့ကား အထိအရောက် လာရောက်ခိုက်တိုက်သည်။
မျက်စိအိမ်၌ ရူပါရုံ၊ နားအိမ်၌ သဒ္ဒါရုံ၊ နှလုံးအိမ်၌ အာရုံခြောက်ပါးတို့ကား မိမိတို့နေရာက မလာ မရောက်ဘဲ အအိမ်ထဲ၌ရှေးရှုထင်လာ တိုက်ဆိုင်လာ သည်ကိုပင် တိုက်ခိုက်သည်ဟူ၍ ဆိုရသည်။
ရှေး အဋ္ဌကထာဟောင်းတို့၌ အသံ, သဒ္ဒါရုံလာရောက် ခိုက်တိုက်သည်ဟူ၍ ဆို၏။ အဋ္ဌကထာသစ်တို့၌ ထိုစကားကိုပယ်၍ အသံ- သဒ္ဒါရုံ မလာမရောက်ဟူ၍ဆို၏။
မလာမရောက် ဆိုသည်ကို ပညာရှိတို့ ကြိုက်နှစ်သက်ကြကုန်၏။
ရှေ့ပြေးငါးချက်ဆိုသည်မှာ အာဝဇ္ဇန်း၊ ဒွါရအရှင်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဤငါးချက်တည်း။
အာဝဇ္ဇေတီတိ အာဝဇ္ဇနံ။ ။ (ဝိဂြိုဟ်)
အာဝဇ္ဇေတိ၊ ဆင်ခြင်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
အာဝဇ္ဇနံ၊ အာဝဇ္ဇန်း မည်၏။ ။ အနက်။
ဘဝင် တန့်ရပ်ပြီးနောက် အဦးအစဖြစ်သော နာမ်သည် ခိုက်တိုက်လာသော အာရုံကို ဆင်ခြင်တတ်သောကြောင့် အာဝဇ္ဇန်းမည်သည် ဆိုလိုသည်။ ဒွါရအရှင်ကား ငါးပါးတည်း။ ငါးပါးဆိုသည်မှာ အာဝဇ္ဇန်းသည် ဆင်ခြင်အပ် ပြီးသော အာရုံကို မြင်တတ်သော စက္ခုဝိညာဏ်၊ ကြားတတ်သော သောတဝိညာဏ်၊ နံတတ်သော ဃာနဝိညာဏ်၊ အရသာကို သိတတ်သော ဇိဝှါ ဝိညာဏ်၊ အတွေ့ကို သိတတ်သော ကာယဝိညာဏ်။ ။ ဤငါးပါးတည်း။
သမ္ပဋိစ္ဆတိ ပဋိဂ္ဂဏှာတီတိ သမ္ပဋိစ္ဆနံ။ ။ (ဝိဂြိုဟ်)။
သမ္ပဋိစ္ဆတိ ပဋိဂ္ဂဏှာတိ၊ ခံယူတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သမ္ပဋိစ္ဆန္နံ၊ သမ္ပဋိစ္ဆန မည်၏။
ဒွါရအရှင်တို့၏ အာရုံကို ခံယူသကဲ့သို့ ဖြစ်တတ်သောကြောင့် သမ္ပဋိစ္ဆိုင်း ဆိုရသည်။ ဆိုလိုသည်။
သမ္မာ တီရေတိ ဝီမံသတီတိ သန္တီရဏံ။ ။ (ဝိဂြိုဟ်)။
သမ္မာ၊ ကောင်းစွာ။
တီရေတိ ဝီမံသတိ၊ စုံစမ်းတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သန္တီရဏံ၊ သန္တီရဏ မည်၏။
သမ္ပဋိစ္ဆိုင်း ခံယူသော အာရုံကို စုံစမ်းတတ်သောကြောင့် သန္တီရဏ ခေါ်ဆိုရသည် ဆိုလိုသည်။
ဝဝတ္ထပေတီတိ ဝေါဋ္ဌဗ္ဗနံ။ ။ (ဝိဂြိုဟ်)။
ဝဝတ္ထပေတိ၊ မှတ်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဝေါဋ္ဌဗ္ဗနံ၊ ဝုဋ္ဌောမည်၏။
သန္တီရဏသည် စုံစမ်းအပ်သော အာရုံကို မှတ်တတ်သောကြောင့် ဝုဋ္ဌော ခေါ်ဆိုရသည် ဆိုလိုသည်။
အာဝဇ္ဇန်းကား ဥပေက္ခာ ကိရိယာ၊ ပဉ္စဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရ၌ မနောဒွါရာဝဇ္ဇန်း ခေါ်ဆိုပြန်၍ နှစ်မျိုးဖြစ်သည်။
ဒွါရရှင်တို့မှာ အကုသိုလ် အကျိုးငါး၊ ကုသိုလ်အကျိုးငါး၊ တစ်ဆယ်။ ကာယ ဝိညာဏ်မှာ ဖောဋ္ဌဗ္ဗာရုံအထိ အခိုက်ကြမ်း၍ အကုသိုလ်အကျိုးမှာ ဒုက္ခသဟဂုတ်၊ ကုသိုလ် အကျိုးမှာ သုခသဟဂုတ်မှတ်။ ကြွင်းဒွါရရှင် ရှစ်ခုမှာ ဥပေက္ခာသဟဂုတ် မှတ်။ သမ္ပဋိစ္ဆိင်းမှာ ဥပေက္ခာမှတ်။ ကုသိုလ်အကျိုး အကုသိုလ်အကျိုး နှစ်ပါးခွဲ၍ နှစ်မျိုး၊ သန္တီရဏမှာ ကုသိုလ်အကျိုး ဥပေက္ခာသန္တီရဏ, သောမနဿသန္တီရဏ၊ အကုသိုလ်အကျိုး ဥပေက္ခာသန္တီရဏဟူ၍ သုံးမျိုးဖြစ်သည်။ မနောဒွါရဝဇ္ဇန်းကို ဝုဋ္ဌောဆိုသည်၊
အာဝဇ္ဇန်းဒွေး၊ ဒွါရရှင် တစ်ဆယ်။ သမ္ပဋိစ္ဆေင်းဒွေး သန္တီရဏသုံးခု၊ ကိရိယာ သောမနဿ ဟသိတုပ္ပါဒ် ဇောကို ထည့်၍ ပေါင်းတစ်ဆယ့်ရှစ်ပါးကို အဟိတ်စိတ် တစ်ဆယ့်ရှစ်ခု ဆိုသည်။ ကုသလဝိပါက် ရှစ်ခု၊ အကုသလဝိပါက် ခုနစ်ခု၊ ကိရိယာ သုံးခု ပေါင်းအဟိတ် စိတ် တစ်ဆယ့်ရှစ်ခု။
သုခသဟဂုတ်တစ်ခု၊ ဒုက္ခသဟဂုတ်တစ်ခု၊ သောမနဿနှစ်ခု၊ ဥပေက္ခာ တစ်ဆယ့်လေးခု ပေါင်းအဟိတ်စိတ် တစ်ဆယ့်ရှစ်ခု။ ဣဋ္ဌာရုံ၌ ကုသလဝိပါက်၊ အနိဋ္ဌာရုံ၌ အကုသလဝိပါက်၊ အတိဣဋ္ဌာရုံ၌ သောမနဿသန္တီရဏဖြစ်၏။
ဇောနာမ် ဆိုသည်မှာ အာရုံ၏ အရသာကို ခံစားတတ်သော အားရှိသော နာမ်ကို ဆိုသည်။ နောက်လိုက်နာမ် ဆိုသည်မှာ ဇော၏အာရုံကို နောက်ယောင်လိုက်၍ အာရုံပြုရုံမျှ ဖြစ်သောနာမ်ကို ဆိုသည်။
အာရုံခိုက်ငြား၊ ရှေ့ပြေးငါး၊ ဇောကားခုနစ်၊
နောက်လိုက်နှစ်၊ ဖြစ်ကြတသင်း၊ ဇောလိုရင်း။
အဓိပ္ပာယ်မှာ ရှေ့ပြေးငါးချက်တို့မှာ မိမိတို့ကိစ္စဖြင့် အာရုံကိုဖမ်းယူ၍ ဇောအား အပ်နှင်းသကဲ့သို့သာ ဖြစ်ကြကုန်၏။ အကောင်းအဆိုး အာရုံ၏ အရသာကို မခံစားတတ်ကြကုန်။ ဇောသာ အာရုံ၏ အရသာကို ခံစားတတ် သည်။ နောက်လိုက် နှစ်ကြိမ်တို့လည်း ဘဝင်မျိုးဖြစ်၍ တစ်စုံတစ်ခု သတ္တိမရှိ။ ဇော၏အာရုံကို ထပ်မံ၍ အာရုံပြုကာမျှသာ ဖြစ်သည်။ ထို့ကြောင့် တဒါရုံဟူ၍ ဆိုရသည်။ ယင်းတဒါရုံကိုပင် နောက်လိုက်နာမ်ဆိုသည်။ ဤသို့ ဖောလိုရင်း ဖြစ်သည်ကိုသိရမည် ဆိုလိုသည်။
ဥပမာဆောင်၍ ပြဦးအံ့။
ဒါယကာ ဆွမ်းလှူလာသည်ကို တံခါးစောင့် ကျောင်းသားသိ၍ အဝေး၌နေသော သော့ကိုင် မောင်ရင်ကိုခေါ် သော့ကိုင်မောင်ရင်လာ၍ တံခါးဖွင့်၊ တစ်ပါး မောင်ရင်က ခွက်နှင့်ခံယူ၊ တစ်ပါး မောင်ရင်က ကောင်းမကောင်း စုံစမ်း၊ တစ်ပါးမောင်ရင်က ကောင်း၏ဟု ဘုန်းကြီးအား ကပ်၊ ဘုန်းကြီးက ဘုဉ်းပေး၊ တစ်ပါးမောင်ရင်က ခွက်ဆေး။ ဤဥပမာဖြင့် ဇောလိုရင်း ဖြစ်ကြောင်းကို သိလေ။
ဆွမ်းလှူလာသည်နှင့် အာရုံခိုက်တိုက်လာခြင်း တူသည်။
တံခါးစောင့် ကျောင်းသားနှင့် အာဝဇ္ဇန်း တူသည်။
အဝေး သော့ကိုင်မောင်ရင်နှင့် ဒွါရအရှင် ဝိညာဏ် တူသည်။
ခံယူသော မောင်ရင်နှင့် သမ္ပဋိစ္ဆိုင်း၊
စုံစမ်းသော မောင်ရင် နှင့် သန္တီရဏ၊
ကပ်သော မောင်ရင်နှင့် ဝုဋ္ဌော၊
ဘုန်းကြီးနှင့်ဇော၊
ခွက်ဆေး မောင်ရင်နှင့် နောက်လိုက်နာမ် တူသည်။
ဒွါရအရှင် ဝိညာဏ် ငါးပါးတို့ကား မိမိတို့ အအိမ်တွင်း၌သာ ဖြစ်ပေါ်ကြကုန်၏။ ကြွင်းသော ဘဝင်ရှေ့ပြေး၊ ဇော၊ နောက်လိုက် နာမ်တို့မှာ နှလုံးအိမ်အတွင်း၌သာ ဖြစ်ပေါ်ကြကုန်၏။ ဖြစ်ရာ မတူသောကြောင့် ဒွါရအရှင် ဝိညာဏ်ကို အဝေးနေ မောင်ရင်နှင့်တူသည် ဟူ၍ ဆိုသည်မှတ်။
အဝိစ္ဆိန္တံ စိတ္တသန္တာနံ ပဝတ္တတိယေဝ။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။ (ဝိသုဒ္ဓိ၊၂၊၉၀။)
စိတ္တသန္တာနံ၊ စိတ်၏အစဉ်သည်။
အဝိစ္ဆိန္နံ၊ အသညသတ်ဘုံ၌ ဖြစ်ခိုက်ကို ချန်လှပ်ဘယ်အခါမှ မပြတ်။
ပဝတ္တတိ ယေဝ၊ တစ်ဖြစ်တည်းဖြစ်၍ နေသည်သာတည်း။
ဝီထိစိတ်တစ်လှည့် ဘဝင်စိတ် တစ်လှည့် ဘယ်ခါမပြတ် တစ်ဖြစ်တည်း ဖြစ်၍ နေသည်။ နိဗ္ဗာန်သို့ရောက်မှ ပြတ်တော့သည် ဆိုလိုသည်။ ဖြစ်စကို ဥပါဒ်၊ တည်ဆဲ ရှိဆဲကို ဌီ၊ ပျက်ဆဲ ပျောက်ဆဲကို ဘင်ဟူ၍ မှတ်၊ အစအလုံးကို ဥပါဒ်၊ အလယ်-အလုံးကို ဌီ၊ အဆုံး-အလုံးကို ဘင်ဟူ၍မှတ်။ ဥပါဒ်။ ဌီ၊ ဘင်-ခဏသုံးချက် စိတ်သက်မှတ်။ (ဝဝဝ)
ဆိုအပ်ပြီးသည်ကား အလွန်ကိုသာဆိုသော နည်းတည်း။ နောက်လိုက် မပါသော အခါ ဇောမဖြစ်သော အခါလည်း ရှိသေး၏။ မနောဒွါရ၌ ဈာန်ဇော၊ မဂ်ဇော၊ ဖိုလ်ဇောဖြစ်သောအခါ အတန်းအစဉ် တစ်မျိုးဖြစ်သေး၏။ ။ ဘဝင် အာဝဇ္ဇန်း ဒွါရရှင်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော နောက်လိုက်ဟူ၍ ဆိုသော်လည်း အဖျော် ရည်စက်နှင့်တူသော နာမ်ခန္ဓာလေးပါးကိုသာ မှတ်လေ။ စိတ်ဟူ၍, ဝိညာဏ်ဟူ၍ ဆိုရာ၌လည်း နည်းတူပင်မှတ်လေ။
အတန်း အစဉ် ဝီထိပြီး၏။
၆၁-နိယာမကို ပြခြင်း
နိယာမကိုပြဦးအံ့။
နိယာမဆိုသည်ကား တစ်စုံတစ်ယောက်သောသူ မပြုပြင် မစီရင်ဘဲ သူ့သဘာဝ အလျောက်၊ သူ့အလိုလို ပရမတ္ထဓမ္မတို့၏ အဖြစ်မြဲသော အမူအရာ အထူးကိုပင် ဆိုသည်။ ယင်း နိယာမကို ဓမ္မတာ ဟူ၍လည်း ဆိုသည်။
အယံ ဓမ္မတာတိ အယံသဘာဝေါ၊ အယံ နိယာမောတိ ဝုတ္တံ ဟောတိ။
သုတ်မဟာဝါအဋ္ဌကထာ။ (ဒီ၊ဋ္ဌ၊၂၊၂၄။)
အယံ ဓမ္မတာတိ၊ အယံ ဓမ္မာတာ ဆိုသည်ကား။
အယံ၊ ဤသို့ ဖြစ်ခြင်းသည်။
သဘာဝေါ၊ သူ့သဘာဝပေတည်း။
အယံ၊ ဤသို့ဖြစ်ခြင်းသည်။
နိယာမော၊ သူ့အလိုလို အဖြစ်မြဲသော သဘောပင်တည်း။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
ရုပ်၊ နာမ်တရားတို့၏ သူ့သဘာဝအလျောက် မလွဲမဖယ်အဖြစ်မြဲသော အမူအရာ အထူးကို ဓမ္မတာဟူ၍ နိယာမဟူ၍ဆိုသည်။ ဓမ္မတာနှင့် နိယာမ အတူတူ ဆိုလိုသည်။
ယင်း နိယာမသည်-
၁။ ဗီဇ နိယာမ,
၂။ ဥတု နိယာမ,
၃။ ကမ္မ နိယာမ,
၄။ ဓမ္မ နိယာမမှ
၅။ စိတ္တ နိယာမ၊ ဟူ၍ ငါးပါး၊
၆။ ယောနိ နိယာမနှင့်တကွ ခြောက်ပါးရှိသည်။
၁။ ယင်း ခြောက်ပါးတို့တွင် ဗီဇနိယာမဆိုသည်မှာ နွယ်ပင်မျိုးတို့၏ စိတ်ရှိသကဲ့သို့ သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်တို့ကို ဆွဲကိုင်၍ တက်ခြင်း ဇင်ရွေးနီစေ့တို့၏ အထက်ပိုင်း၌ ဟင်းသပြဒါး သုတ်လိမ်းသကဲ့သို့ နီခြင်း အောက်ပိုင်းနက်ခြင်း၊ ထိကရုံးပင်တို့၏ တို့ထိလိုက်လျှင် ရုံးစု၍သွားခြင်း၊ မြက်သစ်ပင်တို့၏ မိမိတို့မျိုးနှင့် တူစွာ ဖြစ်ပေါ် ပေါက်ပွား သီးကြ၊ ပွင့်ကြခြင်း၊ သံတို့၏ သံလိုက်ရှိရာ လာခြင်း၊ ဤသို့ စသည်အလုံးစုံကို ဆိုသည်။ တစ်စုံတစ်ယောက် ပြုပြင်သူ မရှိဘဲ ဗီဇရုပ်ကို အစွဲပြု၍ သူ့သဘာဝအလျောက် အဖြစ်မြဲသော အမူအရာ အထူးကိုပင် ဗီဇနိယာမ ဆိုသည်မှတ်။
၂။ ဥတုနိယာမ ဆိုသည်မှာ။ ဥတု ရာသီအားလျော်စွာ အရပ်ရပ်ရှိ စပါးမျိုး မြက်သစ်ပင်မျိုးတို့၏ သူ့အချိန်ကျလျှင် နှိုးဆော်သူရှိသကဲ့သို့ တညီတညွတ် တစ်ပြိုင်တည်း သီးကြ၊ ပွင့်ကြခြင်း၊ သူ့အချိန်သူ့အချိန်၌ မိုးရွာခြင်း၊ လေလာခြင်း, ဆီးနှင်းကျခြင်း, ပင်လယ်သမုဒ္ဒရာ၏ ဒီရေတက်ခြင်း, သူ့အချိန်ကျလျှင် ကမ္ဘာမီးလောင်ခြင်း, ကမ္ဘာပျက်မိုးရွာခြင်း, ကမ္ဘာပြု မိုးရွာခြင်း၊ ဤသို့စသည် အလုံးစုံ ကိုဆိုသည်။
လိုရင်းမှာ တစ်စုံတစ်ယောက် ပြုပြင်သူမရှိဘဲ ဥတုကို အစွဲပြု၍ သူ့သဘာဝ အလျောက် အဖြစ်မြဲသော အမူအရာ အထူးကိုပင် ဥတုနိယာမ ဆိုသည်မှတ်လေ။
၃။ ကမ္မနိယာမ ဆိုသည်မှာ မကောင်းမှုကံကြောင့် ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေ ဖြစ်ပေါ်ခြင်း၊ ပဝတ္တိအခါ ဒုဂ္ဂတိ-သုဂတိဘုံ၌ မကောင်းကျိုးဖြစ်ပေါ် ခြင်း၊ ကောင်းမှုကံကြောင့် သုဂတိဘုံ၌ ပဋိသန္ဓေဖြစ်ပေါ်ခြင်း၊ ပဝတ္တိအခါ သုဂတိ-ဒုဂ္ဂတိဘုံ၌ ကောင်းကျိုး ဖြစ်ပေါ်ခြင်း၊ ဤသို့စသည် အလုံးစုံကို ဆိုသည်။ လိုရင်းမှာ ပြုပြင်သူမရှိဘဲ ကံကိုအစွဲပြု၍ သူ့သဘာဝ အလျောက် အကျိုးတရားတို့ အဖြစ်မြဲသော အမူအရာ အထူးကိုပင် ကမ္မနိယာမ ဆိုသည်မှတ်လေ။
၄။ ဓမ္မနိယာမ ဆိုသည်မှာ ဘုရားလောင်းတို့ ပဋိသန္ဓေ နေတော်မူသော ဖွားတော်မူသောအခါ စသည်တို့၌ မြေတုန်လှုပ်ခြင်း၊ အရောင်အလင်းတို့ ဖြစ်ပေါ်ခြင်းစသော သုံးဆယ့်နှစ်ပါးကုန်သော နိမိတ်ကြီးတို့၏ ဖြစ်ပေါ်ခြင်း၊ အဝိဇ္ဇာရှိသော သူတို့သန္တာန်မှာ သင်္ခါရစသည်တို့၏ ဖြစ်ပေါ်ခြင်း၊ မဂ်ဉာဏ်နှင့် နိဗ္ဗာန်ကို မြင်လိုက်သည်ရှိသော် အဝိဇ္ဇာကုန်ငြိမ်း ခန်းခြောက်ခြင်း အဝိဇ္ဇာကုန်ငြိမ်း ခန်းခြောက်က သင်္ခါရစသည်တို့၏ မဖြစ်ပေါ်ကြခြင်း၊ အရိယာပုဂ္ဂိုလ်တို့၏ ရေနှင့် သေအရက် ရော၍ တိုက်သော် ရေသာဝင်၍ သေအရက် မဝင်ခြင်း၊ ဤသို့ စသည် အလုံးစုံကို ဆိုသည်။ လိုရင်းမှာ နိယာမငါးပါးတို့မှ ကြွင်းသော ပြုပြင်သူ မရှိဘဲ သူ့သဘာဝ အလျောက် အဖြစ်မြဲသော အမူအရာ အထူးဟူသမျှကို ဓမ္မနိယာမ ဆိုသည်မှတ်လေ။
၅။ စိတ္တနိယာမ ဆိုသည်မှာ အာရုံခိုက်တိုက်လာလျှင် ပြုပြင်စီရင်သူ မရှိဘဲ သူ့သဘာဝ အလျောက် ဝီထိစိတ်တို့၏ တန်းစဉ်၍ အဖြစ်မြဲသော အမူအရာ အထူးကိုပင် ဆိုသည်မှတ်လေ။
၆။ ယောနိနိယာမဆိုသည်မှာ တချို့သတ္တဝါအား အခြေ မရှိခြင်း၊ အခြေနှစ်ချောင်း၊ အခြေလေးချောင်း၊ ခြောက်ချောင်း၊ အခြေ များစွာရှိခြင်း၊ အရိုးလျှင် အရေရှိခြင်း၊ အမွေးအတောင် ဦးချိုပေါက်ခြင်း၊ မပေါက်ခြင်း၊ အစွယ်၊ အမြီး၊ အမွေးစသည်၌ အဆိပ်ရှိခြင်း၊ မရှိခြင်း၊ ပိုးစုန်းမြူးတို့အား အရောင်တောက်ပခြင်း၊ ကြိုးကြာငှက်တို့၏ ရေနှင့်နွားနို့ကို ရော၍ တိုက်သော် ရေမဝင်ဘဲ နွားနို့သာ ဝင်ခြင်း၊ ဤသို့စသည် အလုံးစုံကို ဆိုသည်။
လိုရင်းမှာ ယောနိကို အစွဲပြု၍ ဇာတ်အမျိုး အားလျော်စွာ မတူကွဲလွဲ အဖြစ်မြဲသော အမူအရာ အထူးကိုပင် ယောနိ နိယာမဆိုသည်မှတ်လေ။
သုတ်မဟာဝါအဋ္ဌကထာ။(၂၄) ဓမ္မသင်္ဂဏီအဋ္ဌကထာ။(၃၁၂) စသော အဋ္ဌကထာကြီးတို့၌ ယောနိ နိယာမသည်- ကမ္မနိယာမ၏ အတွင်းဝင်ဖြစ်၍ ယောနိနိယာမ-ကို အသီးထုတ်၍ မဆိုဘဲ ငါးပါးဟူ၍ ဆိုလေသည်။
ယောနိမူလကော တေသံ စိတ္တဘာဝေါ။
ခန္ဓသံယုတ်အဋ္ဌကထာ(၂၉၉)
တေသံ၊ ထိုသတ္တဝါတို့၏။
စိတ္တဘာဝေါ၊ တစ်မျိုးနှင့် တစ်မျိုး မတူကွဲလွဲ တစ်ပုံတစ်နဲ့ အထွေထွေ အထူးထူး ဆန်းကြယ်ကြသည်၏ အဖြစ်သည်။
ယောနိ မူလကော၊ ယောနိလျှင် အရင်းရှိ၏။ ။
ကမ္မံ ဟိ ယောနိယံ ခိပတိ၊ ယောနိပဋိသန္ဓိယာ ဣမေ သတ္တာ နာနာဝဏ္ဏာ ဟောန္တိ။
သံ၊ဋ္ဌ၊၂၊၂၉၉။
ဟိ၊ အကယ်မလွဲသဖြင့်။
ကမ္မံ၊ ကံသည်။
ယောနိယံ၊ ပဋိသန္ဓေဟူသော ဇာတ်အမျိုးသို့။
ခိပတိ၊ ပစ်ချ၏။
ယောနိပဋိသန္ဓိယာ၊ ဇာတ်အမျိုးဟူသော ပဋိသန္ဓေကြောင့်။
ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။
နာနာဝဏ္ဏာ၊ အထူး၊ ထူးသော သဏ္ဌာန်ရှိ ကြကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ (၂၉၅)။
ဤအဋ္ဌကထာတို့ကို ထောက်ဆ၍ သုတပွားရန်, ယောနိ နိယာမကို အသီးထုတ်၍ ခြောက်ပါးဆိုလိုက်သည်။ (မ၊ဋ္ဌ၊၃၊၂၉၅။)
ယောနိ-ဆိုသည်မှာ ပဋိသန္ဓေအခါ တစ်မျိုး တစ်သင်း ပေါင်းစု လုံးထွေး၍ ဇာတ်တူဖြစ်ကြသော နာမ်ရုပ်တို့ကိုပင် ဆိုသည်။ တစ်နည်း- ယင်း နာမ်၊ ရုပ်တို့၏ တူစွာဖြစ်သော ဝိကာရကိုပင် ယောနိ-ဆိုသည်။ ဇာတ်ကို ယောနိဆိုသည်ဟု ဆိုလျှင်လည်း သင့်၏။ ဇာတ် ဆိုသည်မှာ အချင်းချင်းတူ ကြသည်၏ အဖြစ်ဟူသော သဒိသဘောဂုဏ်ကို ဆိုသည်။
ယဝန္တိ မိဿိတာ ဘဝန္တိ ဧတ္ထာတိ ယောနိ။
။ (ဝိဂြိုဟ်)။
ဧတ္ထ၊ ဤပဋိသန္ဓေ၌။
ဝါ၊ ပဋိသန္ဓေအခါ နာမ်၊ ရုပ်တို့၏ အမူအရာ ဝိကာရ၌။
သတ္တာ၊ သတ္တဝါတို့သည်။
ယဝန္တိ မိဿိတာ ဘဝန္တိ၊ အမျိုးတူရော နှော၍ ဖြစ်တတ်ကုန်၏။
ဣတိတသ္မာ၊ ထိုသို့ဖြစ်ရာ ဖြစ်သောကြောင့်။
ယောနိ၊ ယောနိမည်၏။ ။ အနက်။
ယောနိယောတိ ကောဋ္ဌာသာ။
သင်္ဂီတိသုတ်အဋ္ဌကထာ။ (ဒီ၊ဋ္ဌ၊၃၊၂၀၆။)
ယောနိယောတိ၊ ယောနိ−ဆိုသည်ကား။
ကောဋ္ဌာသာ၊ နာမ်၊ ရုပ်တို့ ၏ တစ်မျိုးတစ်ခြား တသီးတသန့် အဖို့ အစုတို့တည်း။ ။ အနက်။
ဤအရာ၌ စိတ္တနိယာမ-ကို ပြလိုရင်းတည်း။
စိတ္တနိယာမကို ပြသဖြင့် စိတ်ဟူသည် အကောင်မဟုတ်၊ ယင်းစိတ်ကို တန်းစဉ်၍ ဖြစ်စေရန် ပြုပြင်စီရင်တတ်သော တစ်စုံတစ်ယောက်သော သတ္တဝါအကောင် ဟူ၍ပင် မရှိ။ မရှိသော်လည်း ဓမ္မတာ နိယာမ သူ့သဘာဝအားဖြင့် နာမ်တရားတို့၏ တန်းစဉ်၍ အမြဲဖြစ်ပျက်ခြင်းမျှသာ။ ယူစရာ ရစရာ အခိုင်အခံ့ အနှစ်အသားမရှိ၊ အကောင်မဟုတ် အနတ္တ,သာ ဟူ၍ သိစေသည်။ အလုံးစုံသော နိယာမကို ပြသဖြင့် ဤလောကကြီးကို ပြုပြင် ဖန်ဆင်းတတ်သောသူ မရှိ၊ ပိုင်သူမရှိ၊ နိုင်သူမရှိ၊ အစိုးရသူမရှိ၊ ဓမ္မတာနိယာမ သူ့သဘာဝအလျောက် သူဖြစ်ချင် သလိုဖြစ်၊ သူပျက်ချင်သလို ပျက်၍နေသော အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ ဟု သိစေသည်။
နိယာမကိုပြသည် ပြီး၏။
၆၂ - မနောဒွါရိကဇော လိုရင်းဖြစ်သည်ကိုပြဆိုခြင်း
မနောဒွါရိကဇော လိုရင်းဖြစ်သည်ကို ပြဦးအံ့။
ပဉ္စဒွါရ၊ ဖြစ်ကြဆယ့်လေး၊ လွန်အားသေး၊ အရေးမပိုင်။
မနောဒွါရိက၊ ဇောအစိုးရ၊ ကိစ္စပြီးနိုင်၊ အရေးပိုင်သည်။
ဤစကားအဓိပ္ပာယ်မှာ ပဉ္စဒွါရ ဝီထိတို့သည် အာရုံကိုမြင်ရုံ၊ ကြားရုံ၊ နံရုံ၊ အရသာကိုသိရုံ၊ အတွေ့အထိကို သိရုံမျှသာဖြစ်သည်၊ အကောင်းအဆိုးကို မဆုံးဖြတ်နိုင်၊ အထူးအထွေကို မသိနိုင်။ တစ်စုံတစ်ခု ကိစ္စကို မပြီးစေနိုင်၊ အရေးမပိုင်။
မနောဒွါရိကဇောသာ အကောင်းအဆိုးကို ဆုံးဖြတ်နိုင် အထူးအထွေကို သိနိုင် အလုံးစုံ တစ်စုံတစ်ခုကိစ္စကိုပြီးစေနိုင် အရေးပိုင်သည်။ ဥပမာဖြင့် ပြဦးအံ့။
ခိုးသူ ခိုးယူသည်ကို အိမ်နီးချင်းပြော၍ အိမ်ရှင်သိရာ ဂါတ်ကိုတိုင်၊ ပုလိပ်သားတို့ ဖမ်းယူ၊ စာသင်ကမေးမြန်း စိစစ်၊ ရာဇဝတ်အုပ်က မှတ်သား၊ ရာဇဝတ်ဝန်ထောက်က မှုပြစ် စွဲဆို၍ တရားပိုင် အစိုးရမင်းတို့ထံ ပို့အပ်ရုံသာ မစီရင်နိုင်၊ အရေးမပိုင်၊ တရားပိုင် အစိုးရမင်းသာဆုံးဖြတ်စီရင်နိုင် အရေးပိုင်သကဲ့သို့မှတ်။
ခိုးသူခိုးယူသည်နှင့် အာရုံခိုက်တိုက်သည် တူ၏။
အိမ်နီးချင်းနှင့် အာဝဇ္ဇန်းတူ၏။
အိမ်ရှင်နှင့်ဒွါရအရှင်တူ၏။
ပုလိပ်သားနှင့် သမ္ပဋိစ္ဆိုင်း တူ၏။
စာသင်နှင့် သန္တီရဏတူ၏။
ရာဇဝတ်အုပ်နှင့် ဝုဋ္ဌောတူ၏။
ရာဇဝတ်ဝန်ထောက်နှင့် ပဉ္စဒွါရဇော တူ၏။
တရားပိုင် အစိုးရမင်းနှင့် မနောဒွါရဇောတူ၏။
အလုံးစုံကိစ္စ ဆိုသည်မှာ အိပ်ခြင်းကိစ္စ, အိပ်မက်ခြင်းကိစ္စ, နိုးခြင်းကိစ္စ, ထခြင်းကိစ္စ, သွား, ရပ်, ထိုင်, လျောင်းခြင်းကိစ္စ, ကိုယ်အင်္ဂါကို ချီကြွလှုပ်လှက်ခြင်း ကိစ္စ, ပြောဆိုခြင်းကိစ္စ, ပါဏာတိပါတစသော မကောင်းမှုကို ပြခြင်းကိစ္စ ဒါန, သီလ, စသော ကောင်းမှုကို ပြုခြင်းကိစ္စ၊ ဤသို့ စသည် အလုံးစုံကိုဆိုသည်။ ဤအလုံးစုံသော ကိစ္စကို မနောဒွါရဇော ပြီးစေနိုင်သည်။ ပဉ္စဒွါရဇော မပြီးစေနိုင်။
သဗ္ဗံပိ ဟေတံ, ကိစ္စံ မနောဒွါရိကစိတ္တေနေဝ ဟောတိ၊ န ပဉ္စဒွါရိက စိတ္တေန။
အဘိဓမ္မာဝိဘင်းအဋ္ဌကထာ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)
ဟိ၊ အကယ်မလွဲသဖြင့်။
သဗ္ဗံပိ ဧတံ ကိစ္စံ၊ အလုံးစုံလည်းဖြစ်သော ဤကိစ္စအပေါင်းသည်။
မနောဒွါရိကစိတ္တေနေဝ၊ မနောဒွါရ၌ဖြစ်သော စိတ်ဖြင့် သာလျှင်။
ဟောတိ၊ ဖြစ်၏။
ပဉ္စဒွါရိကစိတ္တေန၊ ပဉ္စဒွါ၌ဖြစ်သောစိတ်ဖြင့်။
နဟောတိ၊ မဖြစ်။ ။ အနက်။
ဘဝင်ချည်းသက်သက်ဖြစ်၍ နေသည်ကို အိပ်ပျော်သည်ဟု ဆိုသည်။
အိပ်မက်မြင်မက် ဆိုသည်မှာ အိပ်ပျော်တုန်းလည်း မမက်၊ နိုးတုန်းလည်းမမက်၊ မပျော်တပျော် မနိုးတနိုး မျောက်အိပ် အိပ်သောအခါ မနောဒွါရဖြင့် မြင်မက်သည်။ ထို့ကြောင့် ကုသိုလ်အရာကို မြင်မက်လျှင် ကုသိုလ်၊ အကုသိုလ်အရာကို မြင်မက်လျှင် အကုသိုလ်ဖြစ်သည်။ ယင်းအိပ်မက်၌ဖြစ်သော ကုသိုလ် အကုသိုလ်သည် ပဋိသန္ဓေအကျိုးကိုမပေးနိုင်။ ပဝတ္တိ အကျိုးကို ပေးနိုင်သည် ဟူ၍ ဉာဏဝိဘင်း အဋ္ဌကထာ။ (၃၈၈) ၌ ဆို၏။ ပဉ္စဒွါရဇောတို့ လည်း ထို့အတူ ပဋိသန္ဓေအကျိုးကို မပေးနိုင်။ ပဝတ္တိ အကျိုးမျှကိုသာပေး နိုင်သည် မှတ်လေ။
သုပိနံ ပဿန္တော စတူဟိ ကာရဏေဟိ ပဿတိ။
ထိုထို အဋ္ဌကထာ။ အဘိ၊ဋ္ဌ၊၂၊၃၈၉။
သုပိနံ၊ အိပ်မက်ကို။
ပဿန္တော၊ မြင်မက်သောသူသည်။
စတူဟိ ကာရဏေဟိ၊ လေးပါးသော အကြောင်းတို့ကြောင့်။
ပဿတိ၊ မြင်မက်၏။ ။ အနက်။
၁။ ဓာတ်ချောက်ချားခြင်းကြောင့်၊
၂။ စွဲမြဲ လေ့ကျက်ခြင်းကြောင့်၊
၃။ နတ်တို့ အာနုဘော်ကြောင့်၊
၄။ ကောင်း, မကောင်း ပုဗ္ဗနိမိတ်ကြောင့်
ဤလေးပါးသော အကြောင်းတို့ကြောင့် မြင်မက်သည် ဆိုလိုသည်။
ဓာတ်, စွဲ, မမှန်၊ မှန်-မမှန် နတ်၊ မှန်လတ် ပုဗ္ဗ ဧကန္တု။
သေက္ခ ပုထုဇဉ်တို့သာ မက်သည်။
ဘုရား, ရဟန္တာတို့ အိပ်မက် မမက်။
နေ့အခါ, ညပထမယံ, မဇ္ဈိမယံ သုံးပါးတို့၌ မမှန်။
ပစ္ဆိမယံ၌ မှန်တတ်သည်ဟူ၍
အင်္ဂုတ္တိုရ်အဋ္ဌကထာ။ (အံ၊ဋ္ဌ၊၃၊၇၁-ရ၂။) ၌ ဆိုသေး၏။
မနောဒွါရဇော လိုရင်း ဖြစ်သည်ကို ပြသည်ပြီး၏။
၆၃ - ဇော၏ သဘောသရုပ်ကိုပြဆိုခြင်း
ဇောအရကို ပြဦးအံ့။
ဇောဆိုသည်ကား အားရှိသော သဘော၊ ထိုထိုကိစ္စကို ပြီးစေတတ်သောသဘော။
ဗလဝဘာဝေန ဇဝတိ ပဝတ္တတီတိ ဇဝနံ။
။ (ဝိဂြိုဟ်)။
ဗလဝဘာဝေန၊ အားရှိသည်၏ အဖြစ်ဖြင့်။
ဇဝတိ ပဝတ္တတိ၊ ဖြစ်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဇဝနံ၊ ဇောမည်၏။ ။ အနက်။
တစ်နည်းကား။
တံတံ ကိစ္စသာဓနဘာဝေန ဇဝတိ ပဝတ္တတီတိ ဇဝနံ။
။ (ဝိဂြိုဟ်)။
တံတံ ကိစ္စသာဓနဘာဝေန၊ ထိုထိုကိစ္စကို ပြီးစေတတ်သည်၏ အဖြစ်ဖြင့်။
ဇဝတိ ပဝတ္တတိ၊ ဖြစ်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဇဝနံ၊ ဇောမည်၏။ ။ အနက်။
ဇုဂတိယံ၊ ဂတိအနက်ရှိသော ဓာတ်တို့၊ ဗုဒ္ဓိ, ပဝတ္တိ, ပါပုဏန, အနက်တို့ကိုလည်း ဟောနိုင်သည်မှတ်။ အားရှိသောကြောင့် ထိုထို ကိစ္စကို ပြီးစေနိုင်သောကြောင့် ဇော ခေါ်ရသည် ဆိုလိုသည်။
ယင်းဇောသည် --
၁-ကုသိုလ်ဇော,
၂-အကုသိုလ်ဇော,
၃-အဗျာကတ ဇော-ဟူ၍ သုံးမျိုးရှိသည်။
ကုသိုလ်ဇောကား ကောင်းသော မျိုးသဘော၊
အကုသိုလ်ဇောကား မကောင်းသော မျိုးသဘော၊
အဗျာကတဇောကား ကိစ္စပြီးပြီးသော ပုဂ္ဂိုလ်တို့ သန္တာန်၌ ဖြစ်၍ မအောင်သော မျိုးသဘော။
ယင်း သုံးမျိုးတို့တွင် အကုသိုလ်ဇောကို ရှေးဦးစွာ ပြအံ့။
အကုသိုလ်ဇောသည် ဒွါဒသ တစ်ဆယ့်နှစ်ပါးတည်း။
တစ်ဆယ့်နှစ်ပါးဆိုသည်မှာ --
လောဘမူဇော ရှစ်၊
ဒေါသမူဇော နှစ်၊
မောဟမူဇော နှစ်၊
ပေါင်း၍ တစ်ဆယ့်နှစ်ပါးတည်း။
၆၄ - လောဘ၏ သဘောနှင့်တကွ လောဘမူဇောကို ပြဆိုခြင်း
ထင်ရှားအောင် ပြဦးအံ့။
လောဘမူဆိုသော စကား၌ လောဘ ဆိုသည်မှာ လိုချင် မက်မောတတ်သော သဘော၊ မျောက်နှဲစေးသည် မျောက်ကို စေးကပ်သကဲ့သို့ အမဲသားတစ်သည် အိုးကင်းပူ၌ ကပ်သကဲ့သို့ အာရုံ၌ စေးကပ်တတ်သော သဘော၊ ကောက်သော အဆူးရှိသော ဆူးခက်သည် ထိုထိုဝတ္ထု၌ ငြိသကဲ့သို့၊ မျှော့သတ္တဝါသည် လူကို တွယ်သကဲ့သို့ အာရုံ၌ ငြိတွယ်တတ်သော သဘော။
လုဗ္တတီတိ လောဘော။
။ (ဝိဂြိုဟ်)။
လုဗ္တတိ၊ လိုချင်စေးကပ် ငြိတွယ်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
လောဘော၊ လောဘမည်၏။ ။ အနက်။
အထည်အဝတ်၌ ဆိုးရည် စွဲသကဲ့သို့ အာရုံ၌ စွဲလမ်းတတ်သောကြောင့် ယင်း လောဘကို ရာဂဟူ၍လည်း ဆိုသည်။
ရဉ္ဇတီတိ ရာဂေါ။
။ (ဝိဂြိုဟ်)။
ရဉ္ဇတိ၊ စွဲလမ်းတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ရာဂေါ၊ ရာဂမည်၏။ ။ အနက်။
အာရုံကို တပ်မက်တတ် တောင့်တတတ် ဆာလောင်တတ်သောကြောင့် ယင်း လောဘကို တဏှာဟူ၍လည်း ဆိုသည်။
တဿတိ ပရိတဿတီတိ တဏှာ။
။ (ဝိဂြိုဟ်)။
တဿတိ၊ တပ်မက်တတ် တောင့်တတတ်၏။
ပရိတဿတိ၊ ခြောက်ပါးသော ဒွါရမှ ဆာလောင်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
တဏှာ၊ တဏှာမည်၏။ ။ အနက်။
ယင်းလောဘမူလ အရင်းခံပါသော ဇောကို လောဘမူဇော ဆိုသည်။
လောဘော မူလံ ဧတဿာတိ လောဘမူလံ။
။ (ဝိဂြိုဟ်)။
ဧတဿ၊ ထိုဇောအား။
လောဘော၊ လောဘဟု ဆိုအပ်သော။
မူလံ၊ အမြစ်အရင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
လောဘမူလံ၊ လောဘမူ မည်၏။ ။ အနက်။
ယင်း လောဘမူဇောသည် အသင်္ခါရိက၊ သသင်္ခါရိက နှစ်မျိုး။ ဒိဋ္ဌိဂတသမ္ပယုတ်၌ နှစ်မျိုး၊ ဒိဋ္ဌိဂတဝိပ္ပယုတ်၌ နှစ်မျိုးဖြစ်၍ လေးမျိုး၊ သောမနဿသဟဂုတ်၌ လေးမျိုး၊ ဥပေက္ခာသဟဂုတ်၌ လေးမျိုး ဖြစ်၍ ပေါင်း ရှစ်မျိုးရှိသည်။
မူလသဒ္ဒါ အမြစ်ဟော။ လ-ကို ဖျောက်၍ မူ-ဟု ဆိုသည်။
သောမနဿသဟဂုတ်လေး၊
ဥပေက္ခာသဟဂုတ်လေး ပေါင်းရှစ်။
ဒိဋ္ဌိဂတသမ္ပယုတ် လေး၊
ဝိပ္ပယုတ်လေး ပေါင်း ရှစ်။
အသင်္ခါရိကလေး၊
သသင်္ခါရိကလေး ပေါင်း ရှစ်။
လောဘမူရှစ် ပြီး၏။
၆၅-ဒေါသ၏ သဘောနှင့်တကွ ဒေါသဇောကို ပြဆိုခြင်း
ဒေါသမူဆိုသော စကား၌ ဒေါသ-ဆိုသည်မှာ တုတ် လှန်ကန်ဖြင့် ထိခတ်အပ်သော မြွေဟောက်ကဲ့သို့ ကြမ်းတမ်း ခက်ထန်ခြင်း သဘော။ မိမိ သူတစ်ပါး နှစ်ပါးစုံတို့၏ စီးပွားချမ်းသာကို ဖျက်စီးတတ်သော သဘော။
ဒုဿတီတိ ဒေါသော။
။ (ဝိဂြိုဟ်)။
ဒုဿတိ၊ မိမိ-သူတစ်ပါး နှစ်ပါးလုံးတို့၏ စီးပွားချမ်းသာကို ဖျက်စီးတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဒေါသော၊ ဒေါသမည်၏။
တစ်နည်း။
ဒေါသဟူသည် စိတ်နှင့် နှလုံးသား နှစ်ပါးသော အဖို့တို့ကို ပူလောင်စေတတ်သော သဘော။
ဒွေဘာဂေ ဥသယတိ ဒဟာပေတီတိ ဒေါသော။
။ (ဝိဂြိုဟ်)
ဒွေဘာဂေ၊ စိတ်နှင့်နှလုံးသား နှစ်ပါးသော အဖို့တို့ကို။
ဥသယတိ ဒဟာပေတိ၊ ပူလောင်စေတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဒေါသော၊ ဒေါသမည်၏။ ။ အနက်။
စိတ်ကို ပူလောင်စေသည့်အတွက် ဒေါသဖြစ်လျှင် စိတ်၏ မချမ်းမသာ ပူပန် ဆင်းရဲခြင်း စေတသိကဒုက္ခ ဝေဒနာတွေ ဖြစ်ရလေသည်။ နှလုံးအိမ်ကို ပူလောင်စေသည့်အတွက် နှလုံးသားမှ ပူလောင်ခြင်း ကာယိက ဒုက္ခဝေဒနာတွေ ဖြစ်ရလေသည်။
ဒေါသ အားကြီးလျှင် နှလုံးသွေး ဆူပွက် အထက်သို့ အလွန်ထွက်ခြင်း နှလုံးကွဲခြင်း စသည်ဖြစ်ရလေသည်။
နှလုံးအိမ်ကို ပူလောင်စေသည်ဆိုသော စကားမှာ မုချမဟုတ်။ ရုဠှီ မှတ်လေ။
ဒေါသက စိတ်ကို ပူလောင်စေသည်။ စိတ်ပူက ပူပြင်းသော တေဇော ဝါယော အငွေ့အရှိန်ကို ဖြစ်စေသည်။ ယင်း အငွေ့အရှိန်က နှလုံးအိမ်ကို ပူလောင်စေသည် ဆိုလိုသည်။ စိတ်ပူသည်၊ စိတ်ပင်ပန်းသည်၊ စိတ်မချမ်းသာသည်၊ စိတ်ညစ်သည်၊ စိတ်ဆင်းရဲသည် ဆိုသမျှ ဒေါသသတ္တိ မှတ်လေ။
ထို့ကြောင့် အလှူပေးရာ၊ ကုသိုလ်ပြုရာစသော အရာရာတို့၌ စိတ်မချမ်းသာ ပူရပင်ရ စိတ်ညစ်ရ စိတ်ဆင်းရဲရ ဆိုသည်ကား ဒေါသဇော မှတ်လေ။
ကုသလံ ပတွာ ဟိ ဒုက္ခဝေဒနာ နာမ နတ္ထိ။
ထိုထိုအဋ္ဌကထာပါဠိ။ (ဒီ၊ဋ္ဌ၊၃၊၂၃၄။)
ဟိ၊ အကယ် မလွဲသဖြင့်။
ကုသလံ၊ ကုသိုလ်အရာသို့။
ပတွာ၊ ရောက်၍။
ဒုက္ခဝေဒနာနာမ၊ ဒုက္ခဝေဒနာ မည်သည်။
နတ္ထိ၊ မရှိ။ ။ အနက်။
စိုးရိမ် ပူပန်ရသည်ကို ကုသိုလ်ထင်မှတ်လျှင် မောဟဇော မှတ်လေ။
ယင်းဒေါသမူလ အရင်းခံပါသော အကုသိုလ်ဇောကို ဒေါသမူဇော ဆိုသည်။
ဒေါသော မူလံ ဧတဿာတိ ဒေါသမူလံ။
။ (ဝိဂြိုဟ်)။
ဧတဿ၊ ထိုဇောအား။
ဒေါသော၊ ဒေါသဟု ဆိုအပ်သော။
မူလံ၊ အမြစ် ၊ အရင်းခံသည်။
အတ္ထိ၊ ရှိ၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဒေါသ မူလံ၊ ဒေါသမူမည်၏။ ။ အနက်။
ယင်း ဒေါသမူသည် ဒေါမနဿသဟဂုတ် အသင်္ခါရိက သသင်္ခါရိက ဟူ၍ နှစ်မျိုးသာ ရှိသည်။
ဒေါသမူ နှစ်ပါးပြီး၏။
၆၆ - မောဟ၏သဘော မောဟများ၍ ယုံလွယ်သော ဝတ္ထုကိုပြခြင်း
မောဟမူဆိုသော စကား၌ မောဟဆိုသည်မှာ အဟုတ်အမှန် သဘောကို မသိရအောင် ဖုံးလွှမ်း ပိတ်ပင်တတ်သော သဘော၊ အကုသိုလ်လမ်းကို ဖွင့်လှစ် တတ်သော သဘော၊ ကုသိုလ်လမ်းကို ပိတ်ဆို့တတ်သော သဘော၊ တွေဝေ မိုက်မဲတတ်သော သဘော။
မုယှတီတိ မောဟော။
။ (ဝိဂြိုဟ်)။
မုယှတိ၊ တွေဝေ မိုက်မဲတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
မောဟော၊ မောဟ မည်၏။ ။ အနက်။
ယင်း မောဟကို မောဟနု၊ မောဟကြမ်း နှစ်မျိုးမှတ်။
မောဟနုဆိုသည်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူ သော သစ္စာလေးတန်၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗာပရန္တ၊ ပဋိစ္စသမုပ္ပါဒ၊ ဤရှစ်ဌာနတို့ကို မသိရအောင် ဖုံးလွှမ်း ပိတ်ပင်တတ်သော မောဟကို ဆိုသည်မှတ်။
မောဟကြမ်း ဆိုသည်မှာ တွေဝေ မိုက်မဲတတ်သော မောဟကိုဆိုသည်။ တွေဝေမိုက်မဲ ဆိုသည်မှာလည်း မသိတတ်သော သဘောကို ဆိုသည်။ မသိတတ် ဆိုသည်မှာလည်း အိပ်ပျော်တုန်းအခါ မသိသကဲ့သို့ မသိသည် မဟုတ်၊ အမည်နာမ-စသည်တို့ကို မသိခြင်း စသည်တို့ကဲ့သို့သော မသိမျိုးလည်း မဟုတ်၊ အမှန်ကြကို မသိဘဲ အလွဲလွဲအချွတ်ချွတ် သိသည်ကို ဆိုသည်။
အလွဲလွဲ အချွတ်ချွတ်သိ ဆိုသည်မှာလည်း မဟုတ်ကို အဟုတ်၊ အဟုတ်ကို မဟုတ်၊ အကျိုးရှိသည်ကို အကျိုးမရှိ၊ အကျိုးမရှိသည်ကို အကျိုးရှိ မသင့်လျော် သည်ကို သင့်လျော်သည်၊ သင့်လျော်သည်ကို မသင့်လျော်၊ မကောင်းသည်ကို အကောင်း၊ အကောင်းကို မကောင်း၊ ဤသို့စသည် မညီညွတ် မဟုတ်သိ တွေကို ဆိုသည်။
မုဠှော ဟိ တစ္ဆံ အတစ္ဆန္တိ၊ အတစ္ဆံစ တစ္ဆန္တိ ဂဏှာတိ။
ဓမ္မသင်္ဂဏီအဋ္ဌကထာ၊ ၁၇၁။
စ၊ ဆက်အံ့။
ဟိ၊ အကယ်မလွဲသဖြင့်။
မုဠှော၊ မောဟဖြင့် မိုက်မဲ တွေဝေသော ပုဂ္ဂိုလ်သည်။
တစ္ဆံ၊ အဟုတ်အမှန်ကို။
အတစ္ဆန္တိ၊ မဟုတ်မမှန်ဟူ၍။
အတစ္ဆံ၊ မဟုတ်မမှန်သည်ကို။
တစ္ဆန္တိ၊ ဟုတ်မှန်သည်ဟူ၍။
ဂဏှာတိ၊ မှတ်ထင် ယူစွဲတတ်၏။ ။ အနက်။
ပါဠိတော်တို့၌ မောဟကို -
အသမ္ဗောဓ ဟူ၍လည်းကောင်း၊
အသမပေက္ခဏာ ဟူ၍လည်းကောင်း၊
မိစ္ဆာဉာဏံ ဟူ၍လည်းကောင်း ဟောတော်မူသည်။
အသမံ ဗုဇ္ဈတီတိ အသမ္ဗောဓော။
။ (ဝိဂြိုဟ်)။
အသမံ၊ မညီမညွတ် အလွဲလွဲ အချွတ်ချွတ်။
ဗုဇ္ဈတိ၊ သိတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
မောဟော၊ မောဟသည်။
အသမ္ဗောဓော၊ အသမ္ဗောဓ မည်၏။
အသမံ ပေက္ခတီတိ အသမပေက္ခဏာ။
အသမံ၊ မညီမညွတ် အလွဲလွဲ အချော်ချော်။
ပေက္ခတိ၊ ရှုမြင်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
မောဟော၊ မောဟသည်။
အသမပေက္ခဏာ၊ အသမပေက္ခဏာ မည်၏။
မိစ္ဆာ ဇာနာတီတိ မိစ္ဆာဉာဏံ။
မိစ္ဆာ၊ အလွဲလွဲ အမှားမှား။
ဇာနာတိ၊ သိတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
မောဟော၊ မောဟသည်။
မိစ္ဆာဉာဏံ၊ မိစ္ဆာဉာဏ် မည်၏။
မကောင်းမှုကို အကြောင်းဥပါယ်ဖြင့် ကြံစည်၍ ပြုပြီးလျှင် မိမိပြုသော အမှုကို အကောင်းဟူ၍ သိမြင်ခြင်းကို မောဟဟူ၍လည်းကောင်း၊ မုဆိုး၊ တံငါတို့၏ ပိုက်ကွန် လေးမြှား ပြုစု စီရင်တတ်ခြင်း၊ ပိုက်ကွန်ပစ်ခြင်း၊ လေးပစ်ခြင်းတို့၌ တတ်သိ လိမ္မာခြင်းတို့ကို မောဟဟူ၍ လည်းကောင်း၊ တိတ္ထိတို့၏ တပည့် ဒါယကာတို့ မိမိတို့ တိတ္ထိဆရာတို့ကို ကြည်ညိုခြင်း၊ ဟောပြောသည်ကို ယုံကြည်ခြင်းတို့ကို သဒ္ဓါတရား မဟုတ်၊ တဏှာနှင့် မောဟသာဟူ၍ လည်းကောင်း၊ အဘိဓမ္မာဝိဘင်းအဋ္ဌကထာ, မူလပဏ္ဏာသအဋ္ဌကထာ၊ မူလဋီကာ (အဘိ၊ဋ္ဌ၊၂၊၄၉၅။) (မ၊ဋ္ဌ၊၁၊၁၉၂။) (မူလဋီ၊၂၊၂၂၉။) (မူလဋီ၊၁၊၁၂၀) တို့၌ဆိုသည်။
မောဟများသော သူတို့သည် အရိပ်မသိ အလိုက်မသိ အရာဌာနကို မသိတတ်၊ ပြုရမည်ကို မပြု၊ မပြုရမည်ကို ပြုတတ်၊ မအံ့ဩလောက်သည်ကို အံ့ဩတတ်၊ အရာမဟုတ်ရာ၌ ကြည်ညိုတတ်၊ သူတကာပြောလျှင် ယုံလွယ်တတ်သည်။ မစားဘဲ နေရုံမျှ ကုသိုလ်ရသည် ထင်မှတ်၍ တစ်ရက်၊ နှစ်ရက်၊ သုံးရက် စသည် မစားဘဲ ကျင့်ခြင်း၊ မခြုံမရုံဘဲ အချမ်းခံ၍ အပူခံ၍ ကျင့်ခြင်း မဝတ်ဘဲ ကျင့်ခြင်း စသည်တို့သည် မောဟသတ္တိပင်။ ထိုကဲ့သို့ ကျင့်သည်ကို အံ့ဩဖွယ် ထင်ခြင်း ကြည်ညိုခြင်းတို့ကိုလည်း မောဟသတ္တိမှတ်လေ။
မြေခွေးတစ်ကောင် ညဉ့်အခါ ရေထုတ်သော ပြွန်ပေါက်မှမြို့တွင်းသို့ ဝင်၍ အစာရှာရာ အချိန်လွန်သဖြင့် မိုးလင်း၍ လူသူတို့ နိုးကြသော် ထွက်ပြေးခွင့်မရ၊ တစ်ခုသောဌာန၌ ပုန်းကွယ်၍နေရာ ပုဏ္ဏားတစ်ယောက်ကိုမြင်၍ အဆွေပုဏ္ဏား ငါ့အား အသပြာ ငါးရာရှိပါသည်။ တစ်ဝက်ကိုပေးပါမည်။ ငါ့ကို အပေါ်ရုံအဝတ်ဖြင့် ထုပ်ပွေ့၍ တောသို့ ဆောင်ပို့ပါဆိုရာ မြေခွေးဆိုတိုင်း ပြုသဖြင့် တောသို့ ရောက်ကာလ အဆွေပုဏ္ဏား အသပြာထုပ်ရန် ကိုယ်ရုံကို ဖြန့်ခင်းပါ၊ ငါ၏ အသပြာ မြှုပ်ထားရာကို သင်မသိစေလို ငါ့ကို မကြည့်လင့်၊ ငါမလာမခြင်း နေကိုသာ မျှော်ကြည့်၍ နေပါဆို၍ ပုဏ္ဏားသည် နေကိုမျှော်၍ ကြည့်နေသောအခါ ခင်းထားသော ကိုယ်ရုံထဲ၌ မစင် ကျင်ငယ်တို့ကို စွန့်၍ တောသို့ ဝင်ပြေးလေ၏။
ဤဝတ္ထု၌ ပုဏ္ဏား၏မြေခွေးစကားကို ယုံကြည်ခြင်းသည် ဉာဏ်အဆင်ခြင် မရှိ။ မောဟ သတ္တိပင်မှတ်။ မြေခွေး၏ လိမ္မာ ပါးနပ်ခြင်းကား ဝဉ္စနာပညာတည်း။ ဝဉ္စနာပညာဆိုသည်ကား မာယာတည်း။ မာယာဆိုသည်ကား တဏှာဟူ၍ ကျမ်းဂန်တို့၌ ဆိုသည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၀။)
မကောင်းမှုကို ပြုသောအရာ၌ တတ်သိ လိမ္မာ ဆိုသမျှ မိုက်ဉာဏ်၊ လိမ်ဉာဏ်၊ ကောက်ကျစ်ဉာဏ် ဆိုသမျှ မောဟတဏှာပင် မှတ်လေ။
ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော-ဟု ဟောတော်မူသောကြောင့် ပညာဉာဏ် အခံရှိသော သူတို့သန္တာန်၌ဖြစ်သော တဏှာ မောဟ သာ၍ ဆန်းကြယ်တတ်သည်။
မောဟနှင့် တဏှာကား အကုသိုလ်တို့၏ ရှေ့သွား အကြီးအမှူးတည်း။
အဝိဇ္ဇာ ဘိက္ခဝေ ပုဗ္ဗင်္ဂမာ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ။
မဟာဝဂ္ဂသံယုတ်ပါဠိတော်။ ၁။
ဘိက္ခဝေ၊ ရဟန်းတို့။
အဝိဇ္ဇာ၊ အဝိဇ္ဇာခေါ်သော မောဟသည်။
အကုသလာနံ ဓမ္မာနံ၊ အကုသိုလ်တရားတို့၏။
သမာပတ္တိယာ၊ ဖြစ်ခြင်း၌။
ဝါ၊ ဖြစ်ခြင်းငှာ။
ပုဗ္ဗင်္ဂမာ၊ ရှေ့သွား အဦးအစတည်း။ ။ အနက်။
အကုသိုလ် ဟူသမျှ မောဟက စသည် မောဟမှ ပေါက်ပွားကြသည် ဆိုလိုသည်။ မောဟကား တဏှာမှ ပေါက်ပွားသည်၊ တဏှာကား မောဟမှ ပေါက်ပွားသည်။
အဝိဇ္ဇာ တဏှာယ မူလံ၊ တဏှာ အဝိဇ္ဇာယ။
သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ။ (သံ၊ဋ္ဌ၊၁၊၇၉။)
အဝိဇ္ဇာ၊ မောဟအဝိဇ္ဇာသည်။
တဏှာယ၊ လောဘ တဏှာ၏။
မူလံ၊ ဖြစ်ပေါ်ကြီးပွားရာ အမြစ်တည်း။
တဏှာ၊ လောဘတဏှာသည်။
အဝိဇ္ဇာယ၊ အဝိဇ္ဇာ မောဟ၏။
မူလံ၊ ဖြစ်ပေါ်ကြီးပွားရာ အမြစ်တည်း။ ။ အနက်။
အဝိဇ္ဇာ၏ အမြစ်ကား တဏှာ။
တဏှာ၏ အမြစ်ကား အဝိဇ္ဇာ။
အလုံးစုံသော ဝဋ်ဒုက္ခတို့၏ အမြစ်ကား အဝိဇ္ဇာ, တဏှာ နှစ်ပါးတည်း။
ဒေါသကား မောဟ၏အခိုးတည်း။
ထို့ကြောင့် ဒေါသဖြစ်လျှင် မောဟ အခိုးထသည် ဟူ၍မှတ်။
အဝိဇ္ဇာ တဏှာ စာတိ ဒွေ ဓမ္မာ မူလံ။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။ (ဝိသုဒ္ဓိ၊၂၊၂၁၃။)
အဝိဇ္ဇာစ၊ အဝိဇ္ဇာလည်းကောင်း။
တဏှာစ၊ တဏှာလည်းကောင်း။
ဣတိ၊ ဤသို့။
ဒွေဓမ္မာ၊ နှစ်ပါးသော တရားတို့သည်။
မူလံ၊ သံသရာဝဋ် ဆင်းရဲ၏ အမြစ်တည်း။ ။ အနက်။
ငရဲမြစ်၊ ပြိတ္တာမြစ်၊ တိရစ္ဆာန်မြစ်၊ အသူရကာယ်မြစ်၊ အိုခါ နာ သေ၊ သန္ဓေမစဲ၊ ဆင်းရဲ အမျိုးမျိုးတို့၏ အမြစ်ဟူသည် အဝိဇ္ဇာနှင့် တဏှာဟု ဆိုလိုသည်။
မူလံ ပညာယ ဆိန္ဒထ။
ဓမ္မပဒပါဠိတော် (ဓမ္မ၊၆၂။)
ဘိက္ခဝေ၊ ရဟန်းတို့။
မူလံ၊ ဝဋ်ဆင်းရဲ၏ အမြစ်ကို။
ပညာယ၊ ပညာဖြင့်။
ဆိန္ဒထ၊ ဖြတ်ကြကုန်လော့။ ။ အနက်။
ဤပါဠိတော်၌ ဝဋ်ဆင်းရဲ၏ အမြစ်ဆိုသည်လည်း အဝိဇ္ဇာနှင့် တဏှာကိုပင် ဆိုသည်။ ယင်း ဆိုအပ်ပြီးသော သဘောလက္ခဏာရှိသော မောဟမူလ အရင်းခံပါသော အကုသိုလ်ဇောကို မောဟမူဆိုသည်။
မောဟော မူလံ တဿာတိ မောဟမူလံ။
။ (ဝိဂြိုဟ်)။
တဿ၊ ထိုဇောနာမ်အား။
မောဟော၊ မောဟဟု ဆိုအပ်သော။
မူလံ၊ အရင်းခံသည်။
အတ္ထိ၊ ရှိ၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
မောဟမူလံ၊ မောဟမူမည်၏။ ။ အနက်။
လကို ဖျောက်၍ မူဟုဆိုသည်။ ယင်းမောဟမူသည် ဥပေက္ခာသဟ-ဂုတ်သာတည်း။ ဝိစိကိစ္ဆာသမ္ပယုတ်၊ ဥဒ္ဓစ္စသမ္ပယုတ်အားဖြင့် နှစ်ပါး ဖြစ်သတည်း။
မောဟမူဒွေးပြီး၏။
လောဘမူရှစ်၊ ဒေါသမူဒွေး၊ မောဟမူဒွေး၊ ပေါင်း အကုသိုလ်ဒွါဒသ တစ်ဆယ့်နှစ်။
သောမနဿသဟဂုတ်လေး၊ ဥပေက္ခာသဟဂုတ်ခြောက်၊ ဒေါမနဿသဟဂုတ် နှစ်၊ ပေါင်း အကုသိုလ်ဒွါဒသ တစ်ဆယ့်နှစ်။
ဒိဋ္ဌိဂတသမ္ပယုတ်လေး, ဒိဋ္ဌိဂတဝိပ္ပယုတ်လေး၊ အလွတ်လေး, ပေါင်း အကုသိုလ် ဒွါဒသတစ်ဆယ့်နှစ်။
အသင်္ခါရိကငါး, သသင်္ခါရိကငါး, အလွတ်နှစ် ပေါင်း အကုသိုလ်ဒွါဒသ တစ်ဆယ့်နှစ်။
အကုသိုလ် ဆိုသော်လည်း အဖျော်ရည်စက်နှင့် တူသော နာမ်ခန္ဓာလေးပါး အပေါင်းပင် မှတ်လေ။
ယင်း အကုသိုလ်ဇော တစ်ဆယ့်နှစ်ခုတို့တွင် ဥဒ္ဓစ္စသမ္ပယုတ်ဇောသည် ပဝတ္တိ အကျိုးကိုသာ ပေးနိုင်သည်။ ပဋိသန္ဓေအကျိုးကို မပေးနိုင်။ ကြွင်းဇော တစ်ဆယ့် တစ်ခုတို့ကား နှစ်ပါးလုံးကို ပေးနိုင်သည်။
အကုသိုလ် ပြီး၏။
၆၇ - အကုသိုလ်ဇော၌ ပါသော ကိလေသာ ဆယ်ပါး၊ ဆယ့်လေးပါးတို့ကို ပြခြင်း
ကိလေသာကို ပြဦးအံ့။
ကိလေသာသည် ဆယ်ပါးရှိသည်။ ဆယ်ပါးဆိုသည်ကား-
၁။ လောဘောစ၊ လိုချင်စေးကပ် ငြိတွယ်တတ်၊ စွဲလမ်းတတ်၊ တပ်မက်တောင့်တ ခြောက်ဒွါရမှ ဆာလောင်တတ်သော လောဘ လည်းကောင်း။
၂။ ဒေါသောစ၊ တုတ်၊ လှင်ကန်ဖြင့် ထိခတ်အပ်သော မြွေဟောက်ကဲ့သို့ ခက်ထန် ကြမ်းကြုတ်တတ် မိမိ၊ သူတစ်ပါး နှစ်ပါးလုံး၏ စီးပွားချမ်းသာကို ဖျက်ဆီးတတ် စိတ်နှင့် နှလုံးသားနှစ်ပါးသော အဖို့ကို ပူလောင်စေတတ်သော ဒေါသလည်းကောင်း။
၃။ မောဟောစ၊ မှောင်ကြီးကျသကဲ့သို့ အမှန်သဘာဝကို ဖုံးလွှမ်း ပိတ်ဆို့တတ် အဟုတ်ကိုမသိ မဟုတ်သည်ကို သိတတ် မညီ မညွတ် ချော်ချွတ် မိုက်မဲတတ်သော မောဟလည်းကောင်း။
၄။ မာနောစ၊ အယုတ်, အလတ်, အမြတ် သုံးယောက်လုံး၌ ငါမြတ်သည်, ငါတူမျှသည်, ငါ ယုတ်သည်, ငါ ဟုတ်တုတ်တုတ်, ငါ ဟန်ရသည်, ငါ တော်သည်ဟု ဒုယင်မှန်ကင်း ငှက်မြတ်နား စိန်ဖူးတို့ကဲ့သို့ မိမိကိုယ်ကို အထက်၌ ထားသော အားဖြင့် ထောင် လွှားတက်ကြွားတတ်သော မာနလည်းကောင်း။ ငါနာသော သူ တကား၊ ငါ့အားညှာသင့်သည်။ ငါ သူတောင်းစားပါတကားငါ့အား ပေးသင့်သည်။ ငါ့ကို ဖက်ရမည်လားဟု သူနာ၊ သူတောင်းစား တို့သော်လည်း မာန တက်ကြွသေးသည်။
၅။ ဒိဋ္ဌိစ၊ သတ္တဝါ အကောင်ဟူ၍ လည်းကောင်း၊ ယင်း သတ္တဝါ အကောင်သည် မြဲသည်၊ ဘဝတစ်ပါး ထွက်သွား ကူးပြောင်းသည် ဟူ၍ လည်းကောင်း၊ မထွက်မသွား သေပြီးနောက် ပျောက်သည် ဟူ၍ လည်းကောင်း၊ ဤသို့စသည် မဟုတ် မတရား အမှားကိုသာ မြင်တတ်သော ဒိဋ္ဌိလည်းကောင်း။
၆။ ဝိစိကိစ္ဆာစ၊ လမ်းနှစ်ခွ၌ နေသောသူကဲ့သို့ အာရုံကို မဆုံးဖြတ်နိုင်ဘဲ သို့လော သို့လော တွေးတော ယုံမှားတတ်သော ဝိစိကိစ္ဆာသည် လည်းကောင်း။
၇။ ထိနဉ္စ၊ ထိုထိုကိစ္စ ထိုထိုဣရိယာပုတ်တို့၌ လေးလံ ထိုင်းမှိုင်းခြင်း၊ အားမထုတ်လို တွန့်တို ဆုတ်နစ်ခြင်း၊ စိတ်၏ မခံ့,မကျန်း ပျင်းရိ ညှိုးနွမ်းခြင်းဟူသော ထိန လည်းကောင်း။
၈။ ဥဒ္ဓစ္စဒ္ဓ၊ အာရုံကို မလွှတ်ဘဲ တစ်အာရုံထဲ၌ တုန်ခါ လွန့်တက်စိတ်၏ မငြိမ်သက်ခြင်းဟူသော ဥဒ္ဓစ္စလည်းကောင်း။
ယင်း ဥဒ္ဓစ္စ သည် လေခတ်သော ကြက်လျှာအလံ ခဲကျသော ပြာနှင့်အလား တူ၏။
၉။ အဟီရိကဉ္စ၊ ရွာသူတို့ ဝက်ကဲ့သို့ မကောင်းမှုကို ပြုခြင်းမှ မရှက်တတ်သော အဟီရိက လည်းကောင်း။
၁၀။ အနောတ္တပ္ပဉ္စ၊ မီးကိုတိုးသော ပိုးဖလံကဲ့သို့ မကောင်းမှုကံကို ပြုခြင်းမှ မကြောက်တတ် မထိတ်လန့်တတ်သော အနောတ္တပ္ပ လည်းကောင်း၊
ဣတိ၊ ဤသို့။
ဒသ၊ ဆယ်ပါးတို့တည်း။
လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ထိနှ, ဥဒ္ဓစ္စ, အဟီရိက, အနောတ္တပ္ပ ဟူ၍ ကိလေသာ ဆယ်ပါးမှတ်။
၁။ ဣဿာစ၊ သူတကာ ချမ်းသာသည်ကို ကိုယ်ထက် သာသည်ကို မမြင်ချင်, မကြားချင်, မြင်ပြန်ကြားပြန်လျှင်လည်း မချမ်းသာ မနှစ်သက်နိုင်၊ မြင်ကပ်, ကြားပြင်း မနာလို ငြူစူတတ်သော ဣဿာလည်းကောင်း။
၂။ မစ္ဆရိယဉ္စ၊ မိမိဥစ္စာကို သူတကာနှင့် မဆက်ဆံလို မပေးလို၊ သူတကာနှင့် ဆက်ဆံပြန်လျှင်လည်း မချမ်းသာ, မခံသာ, မယှငှက်ကဲ့သို့ ဝန်တိုတတ်သော မစ္ဆရိယလည်းကောင်း။
(မယှငှက် ဆိုသည်ကား ဟိမဝန္တာတော အသီးများသော သစ်ပင်ကြီး၌ တစ်ပါး ငှက်တို့ စားကြသောအခါ ငါ့ဟာ ငါ့ဟာ မစားကြနှင့်၊ တောင် အကိုင်းလည်း ငါ့အကိုင်း၊ မြောက် အကိုင်းလည်း ငါ့ အကိုင်း၊ အရှေ့ အကိုင်းလည်း ငါ့အကိုင်း၊ အနောက် အကိုင်း လည်း ငါ့အကိုင်း၊ ငါ့ဟာ ငါ့ဟာ မစားကြနှင့်ဟု တစ်မြည်တမ်းထဲ မြည်တမ်းသော ငှက်တည်း။)
၃။ ကုက္ကုစ္စဉ္စ၊ မကောင်းသောအမှုကို ပြုမိသည့်အတွက် ကောင်းသော အမှုကို မပြုမိသည့်အတွက် နောင်တပူပန်ခြင်း နှလုံးပင်ပန်းခြင်း ဟူသော ကုက္ကုစ္စ လည်းကောင်း။
ယင်း ကုက္ကုစ္စသည် အပါယ်သို့ တွန်းချနိုင်သည်။
ထိုစကားမှန်၏။ ပြေးသွားသော လှေပေါ်ပါရှိသော ရဟန်းငယ်တစ်ပါး မြက်ပင် ကိုင်မိရာ လှေအဟုန်ကြောင့် မြက်ပင်ပြတ်၍ ပါသည်ကို အာပတ်မသင့်ဘဲ အာပတ် သင့်သည်ဟု ထင်မှတ်သည့်အတွက် ဒေသနာကြားခြင်း အမှုကို ပြုရမည်ကို မပြုဘဲ အနှစ်များစွာ ကာလပတ်လုံး ရဟန်းတရားကို အားထုတ်ပါလျက် သေခါ နီးကာလ၌ အမှတ်ရ၍ ငါသည် ဒေသနာကြားခြင်း အမှုကို မပြုမိလေဟု နောင်တပူပန်ခြင်း ကုက္ကုစ္စအတွက် သေပြီးနောက် အပါယ်ဘုံသို့ ရောက်ရ သည်ဟု ဓမ္မပဒအဋ္ဌကထာ၌ လာသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄၉။)
ထို့ကြောင့် တစ်စုံတစ်ခုသော ကုသိုလ်ကိုပြုမည်ကြံလျှင် ဆောလျင်စွာမပြုဘဲ ငင်ဆွဲ နုံ့နှေး ဖြည်းလေး၍ နေလျှင် ရန်သူမျိုးကြောင့် လည်းကောင်း၊ မိုးလေ၊ မဖြောင့် သောကြောင့်လည်းကောင်း၊ တစ်ဖန် စိတ်ပျက် မစ္ဆေရစွက်သောကြောင့် လည်းကောင်း၊ တစ်ခုခုသော အကြောင်းကြောင့် မပြုရသည် ရှိသော် သေခါနီး ကာလ၌ ငါသည်မပြုရ မပြုလိုက်မိဟု နောင်တ ပူပန်ခြင်း ကုက္ကုစ္စဖြစ်၍ အပါယ်သို့ ကျတတ်သည်။ အကြောင်းညီညွတ်၍ ပြုသော်လည်း အကျိုးပေး နုံ့နှေးတတ်သည်။ ကုသိုလ်ကို ပြုမည်ကြံလျှင် ဆောလျင်စွာပြုရသည်။
“အဘိတ္ထရေထ ကလျာဏေ”ဟူ၍ ဘုရားဟောတော်မူသည်။
ကလျာဏေ၊ ကောင်းမှုကို။
ကတေ၊ ပြုသည်ရှိသော်။
အဘိတ္ထရေထ၊ ဆောလျင်စွာ ပြုကြကုန်လော့။ ။ အနက်။
ဒန္ဓံ ကတံ ကုသလံ ဟိ သမ္ပတ္တိံ ဒဒမာနံ ဒန္ဓမေဝ ဒဒါတိ။
ဓမ္မပဒအဋ္ဌကထာ။ (ဓမ္မ၊ဋ္ဌ၊၂၊၃။)
ဒန္ဓံ၊ ဖြည်းနှေးစွာ။
ကတံ၊ ပြုအပ်သော။
ကုသလံ၊ ကုသိုလ်သည်။
ဟိ၊ အကယ်မလွဲသဖြင့်။
သမ္ပတ္တိံ၊ စည်းစိမ် ချမ်းသာကို။
ဒဒမာနံ၊ ပေးသည်ရှိသော်။
ဒန္ဓမေဝ၊ ဖြည်းနှေးစွာသာလျှင်။
ဒဒါတိ၊ ပေးတတ်၏။ ။ အနက်။
၄။ မိဒ္ဓဉ္စ၊ ကြွင်းသောနာမ်ခန္ဓာတို့၏ မခံ့ခြင်း မိဒ္ဓလည်းကောင်း။
ဤသို့လည်း ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, မိဒ္ဓ - ဤလေးပါးကို ထည့်သွင်း၍ ကိလေသာ ဆယ့်လေးပါးမှတ်။
ထိန-ကိုဆိုလျှင် မိဒ္ဓပါပြီးဖြစ်၍ မိဒ္ဓ-ကို ကိလေသာဟု အသီးမဟော သည်မှတ်။ ထိန, မိဒ္ဓနှစ်ပါး အားကြီးသော ပုဂ္ဂိုလ်သည် စအို၌ ကျောက်ခဲဆွဲ သကဲ့သို့ ထိုထိုအမှု ကိစ္စတို့၌ လေးလံတတ်သည်။ မီးထဲ၌ထည့်အပ်သော အမဲသားခြောက်, ကြက်တောင်, ငှက်တောင်တို့ကဲ့သို့ တွန့်တိုဆုတ်နစ် တတ်သည်။ ငှက်ပျောတုံး လက်ပံတုံးကို ထိုးအပ်သော ထန်းရွက်စိုကဲ့သို့ တွန့်ခွေ ရိနွမ်း ဝီရိယအစွမ်း ကုန်ခန်းတတ်သည်။
ထိန-မိဒ္ဓ ကိလေသာ နှစ်ပါးကို အိုးပေါက် တောင်းပေါက်နှင့် တူသည် ဟူ၍ ထိန, မိဒ္ဓရှိသော ပုဂ္ဂိုလ်ကို အပေါက်ရှိသော အိုးနှင့် တောင်းနှင့် တူသည်ဟူ၍ ကျမ်းဂန်တို့၌ဆို၏။
ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ ဤသုံးပါး ကိုကား ဒေါသကိုဆိုလျှင် ပါပြီဖြစ်၍ ကိလေသာဟု အသီးထုတ်၍ မဟောသည် မှတ်။
ဤဆိုအပ်ပြီးသော ဆယ်ပါး, တစ်ဆယ့်လေးပါးသော တရားတို့ကို သတ္တဝါတို့ကို ပူပန်စေတတ် ပင်ပန်းစေတတ် ညစ်နွမ်းစေတတ် ညစ်ညူးစေ တတ်သောကြောင့် ကိလေသာဟု ခေါ်ဆိုရသည်။
ကိလိဿေန္တီတိ ကိလေသာ။ ။ (ဝိဂြိုဟ်)။
ကိလိဿေန္တိ၊ သတ္တဝါတို့ကို ပူပန်စေတတ် ပင်ပန်းစေတတ် ညစ်နွမ်း စေတတ် ညစ်ညူးစေတတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ကိလေသာ၊ ကိလေသာမည်ကုန်၏။ ။ အနက်။
ယင်း ကိလေသာ တစ်ဆယ့်လေးပါးတို့တွင် --
လောဘသည် လောဘမူ ရှစ်ခု၌၊
ဒေါသသည်ဒေါသမူနှစ်ခု၌၊
ဒိဋ္ဌိသည် ဒိဋ္ဌိဂတသမ္ပယုတ်လေးခု၌၊
ဝိစိကိစ္ဆာသည် ဝိစိကိစ္ဆာသမ္ပယုတ်၌၊
မောဟ, အဟိရိက, အနောတ္တပ္ပ ဥဒ္ဓစ္စ, ဤလေးပါးတို့သည် အကုသိုလ် တစ်ဆယ့်နှစ်ခုလုံး၌ စေတနာ၏ အပင်းအသင်း သင်္ခါရက္ခန္ဓာ၏ အဖြစ်ဖြင့် အမြဲ ပါကြ၏။
ဤကား နိယတ ကိလေသာ ရှစ်ပါး။
မာနသည် ဒိဋ္ဌိဂတဝိပ္ပယုတ် လေးခု၌၊
ထိန, မိဒ္ဓသည် အတူတကွ သသင်္ခါရိက ငါးခု၌၊
ဣဿာ, မစ္ဆရိက, ကုက္ကုစ္စ ဤသုံးပါးသည် အသီးသီး ဒေါသမူနှစ်ခု၌
သင်္ခါရက္ခန္ဓာ၏ အဖြစ်ဖြင့် ရံခါသာပါကြ၏။
ဤကား အနိယတ ကိလေသာ ခြောက်ပါး။
ဤကိလေသာ တစ်ဆယ့်လေးပါးကိုကား အကုသိုလ်ဇော၌ သင်္ခါရက္ခန္ဓာ စုတည်း။
ကိလေသာကို ပြသည်ပြီး၏။
---၆၈ - ကိလေသာကို တစ်မျိုးပြခြင်း
ကိလေသာကို တစ်မျိုးပြဦးအံ့။
ကိလေသာဆယ်ပါးကို အကျယ်ပွား၍ အဋ္ဌကထာတို့၌ ၁၅၀၀။ (သံ၊ဋ္ဌ၊၁၊၁၇၂။) (အဘိ၊ဋ္ဌ၊၁၊၁၃။) လာ၏။
ဋီကာတို့၌ ကိလေသာ ၁၅၈၄။ (အနုဋီ၊၁၊၁၉-၂၀။) ပါးလာ၏။
ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော်၌ကား၊ (အဘိ၊ဝိ၊၄၀၆။ ၄၁၄။) ကိလေသာ အပါးရှစ်ရာ လာ၏။ ရှစ်ရာဆိုသည်ကား -
၁။ ကောဓောစ၊ နှလုံး ဆူပွက်၍ အမျက်ထွက်ခြင်း ကောဓ လည်းကောင်း။
၂။ ဥပနာဟောစ၊ မကျေအခဲ နှလုံးထဲ၌ ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ လည်းကောင်း။
၃။ ထမ္ဘောစ၊ သံချောင်းကို မျိုထားသော စပါးကြီးမြွေကဲ့သို့ ရိုသေထိုက်သော သူတို့၌ ရိုသေကိုင်းညွတ်ခြင်းမရှိ တောင့်တင်း ခက်ထန်ခြင်း ထမ္ဘလည်းကောင်း။
၄။ သာရမ္ဘောစ၊ သူတစ်ပါး မခံသာအောင် ပြိုင်၍ပြိုင်၍ သာလွန်၍ ပြုသဖြင့် ချုပ်ချယ်ခြင်း သာရမ္ဘလည်းကောင်း။
သူပြုသည်ကိုလည်း ကြည်သာ ဝမ်းမြောက်နိုင်၍ သူ့ကိုမီလို သူ့ထက်သာလို၍ ပြိုင်၍ ပြိုင်၍ သာလွန်၍ သာလွန်၍ ကုသိုလ်အရာ၌ ပြုလုပ်အားကျခြင်းကား ကုသိုလ်ပင် ဟူ၍ အဋ္ဌကထာ၌ဆို၏။
၅။ မကွောစ၊ ပေးဖူး, ကမ်းဖူး, မှီခိုဆည်းကပ်ဖူးသဖြင့် ကျေးဇူးရှိဘူးသော သူတို့၏ အကျိုးမဲ့ကိုပြုခြင်း ပြောဆိုခြင်းဖြင့် သူ့ကျေးဇူးကို ချေဖျက်ခြင်း မက္ခ လည်းကောင်း။
၆။ ပဠာသောစ၊ ကိုယ့်ထက် ဥစ္စာဓန, သဒ္ဓါ, သီလ, သုတ, ပညာဂုဏ် သာလွန်သောသူကို သာပေသည်ဟု မထင်နိုင် မပြောနိုင်ဘဲ မိမိနှင့် အင်တူထားခြင်း ပဠာသ လည်းကောင်း။
၇။ မာယာစ၊ ကြောင်သည် မိမိမစင်ကို မြေဖြင့် ဖုံးထားသကဲ့သို့ မိမိ၏ မကောင်းသောအမှုကို ဖုံးထား ကွယ်ကာလို၍ ကောင်းသော ကိုယ်အမူအရာ နှုတ်အမူအရာကို ပြ၍ အကောင်း ထင်မှတ်အောင် လှည့်ပတ်ခြင်း မာယာ လည်းကောင်း၊
၈။ သာထေယျစ၊ ဥစ္စာဓန, သဒ္ဓါ, သီလ, သုတ, ပညာဂုဏ် မရှိဘဲလျက် ရှိယောင်ဆောင်၍ ဝါကြွားပလွှား စဉ်းလဲ စဉ်းစားပြုခြင်း သာထေယျ လည်းကောင်း၊
၉။ အတြိစ္ဆာစ၊ အတူတူ ရကြပါလျက် မိမိရသော လာဘ်ဖြင့် မရောင့် ရဲနိုင်ဘဲ မိမိလာဘ်ကို လွန်၍ သူတစ်ပါးရသော လာဘ်ကို တောင့်တ လိုချင်ခြင်း အတိစ္ဆာလည်းကောင်း။
ယင်းအတြိစ္ဆာ, ကိလေသာ အားကြီးသော ပုဂ္ဂိုလ်သည် မိမိက အကောင်းအမွန်ကို ရပါသော်လည်း သူတကာရသော ယုတ်ညံ့သောလာဘ်ကို အကောင်း ထင်တတ်သည်။ အတူတူ တစ်အိုးတည်း ချက်သော မိမိခွက်၌ ထမင်းထက် သူတစ်ပါးခွက်၌ ထမင်းကို ကောင်းနိုးနိုး ထင်တတ်သည်။
၁၀။ မဟိစ္ဆာစ၊ မိမိ အနည်းငယ်သော ဂုဏ်ကိုသော်လည်း သူတစ်ပါး သိစေလိုခြင်း တွေ့ရာမြင်တိုင်း အပိုင်းအခြားမရှိ အလိုကြီးခြင်း မဟိစ္ဆာလည်းကောင်း။
ယင်း မဟိစ္ဆာကိလေသာ အားကြီးသော ပုဂ္ဂိုလ်သည် မိမိ၏ အနည်းငယ်သော သီလ, ပညာ, ဓုတင်, ဂုဏ်ကိုသော်လည်း သူတကာ သိစေလို လာဘ်ကိုလို၍ လူသိ, ရှင်သိ၊ ပေါ်ထင်သိသာ ပြုတတ် ပြောတတ်သည်။ ရပြန်သော်လည်း မရောင့်ရဲနိုင် အားမရနိုင် အလိုကြီးတတ်သည်။
အဂ္ဂိခန္ဓော၊ မီးပုံသည်။
ကဋ္ဌေန၊ ထင်းဖြင့်။
န တပ္ပတိ၊ မရောင့်ရဲနိုင်။
သမုဒ္ဓေါ၊ သမုဒ္ဒရာသည်။
ဥဒကေန၊ ရေဖြင့်။
န တပ္ပတိ၊ မရောင့်ရဲနိုင်။
မဟိစ္ဆော၊ မဟိစ္ဆာ ပုဂ္ဂိုလ်သည်။
လာဘေန၊ ရသောပစ္စည်းဖြင့်၊
န တပ္ပတိ၊ မရောင့်ရဲနိုင် အားမရနိုင်။
၁၁။ ပါပိစ္ဆာစ၊ ယုတ်မာသော အလိုဆိုးဟူသော ပါပိစ္ဆာလည်းကောင်း။ ယုတ်မာသော အလိုဆိုးဆိုသည်မှာ သဒ္ဓါတရားမရှိဘဲ သဒ္ဓါ တရား ရှိသောသူဟု သီလမရှိဘဲ သီလရှိသောသူဟု ဓုတင်မဆောင်ဘဲ ဓုတင်ဆောင်သောသူဟု စာမတတ်ဘဲ စာတတ်သော ပုဂ္ဂိုလ်ဟု ဈာန်မရဘဲ ဈာန်ရသောပုဂ္ဂိုလ်ဟု ထင်မှတ်စေလို အချီးမွမ်းခံလိုသော အလိုဆိုးတွေကိုပင် ဆိုသည်။
ယင်း ပါပိစ္ဆာအားကြီးသော ပုဂ္ဂိုလ်သည် လူသူလာလျှင် ဘုရားရှိခိုးတတ် စာအံတတ် စာကြည့်တတ် ပုတီးကိုင်တတ် ဣန္ဒြေလုပ်တတ်သည်။ စာမကြည့် တတ်ဘဲ ဘုတ်အုပ်စာ ပေစာတွေကို အနီးအပါး ခင်းခင်းကျင်းကျင်း ထားတတ်သည် ဒကာ, ဒကာမတို့ လျှောက်ထား မေးမြန်းလျှင် မသိသည်ကို ငါမသိဟု မပြောနိုင်ဘဲ ဟန်လုပ်လှီးလွှဲ၊ ဟိန်းဟဲပြောဆိုတတ် သည်။ အရာရာမှာ စိတ်ကောင်းရှိလျှင် ပါပိစ္ဆာ မဆိုရ။
ကောဓ ဥပနာဟ, မက္ခ, ပဠာသ, ထမ္ဘ သာရ မာယာ, သာထေယျ, အတြိစ္ဆာ, မဟိစ္ဆာ, ပါပိစ္ဆာ ဤသို့စသည်လာသော ကိလေသာတို့ပင်တည်း။
အကုသိုလ် နာမ်ခန္ဓာတို့ကိုပင် ဖြစ်ပုံအခြင်းအရာကို အစွဲပြု၍ အမည်ထူး တပ်ပြီးလျှင် ကိလေသာရှစ်ရာ-ဟု ဟောတော်မူသည် မှတ်လေ။ အကုသိုလ် နာမ်ခန္ဓာ လေးပါးတို့မှ အလွတ်မဟုတ်။
ကိလေသာ တစ်မျိုးကို ပြသည် ပြီး၏။
---၆၉-ကုသိုလ်ဇောအရကို ပြခြင်း
ကုသိုလ်ဇောအရ ကိုပြဦးအံ့။
ကုသိုလ်သည် လောကီကုသိုလ် လောကုတ္တရာ ကုသိုလ်ဟူ၍ နှစ်မျိုးရှိသည်။ ယင်းနှစ်မျိုးတို့တွင် လောကီကုသိုလ်သည် ကာမကုသိုလ်, ရူပဈာန်ကုသိုလ်, အရူပဈာန် ကုသိုလ်ဟူ၍ သုံးမျိုးပြားပြန်၏။
ယင်း လောကီ ကုသိုလ်သုံးမျိုးတို့တွင် ကာမကုသိုလ်ကို ရှေ့ဦးစွာပြအံ့။
အလောဘ ဟိတ်၊ အဒေါသ ဟိတ်၊ အမောဟ ဟိတ်ဟူ၍ ကုသိုလ်ဟိတ် သုံးပါးကို ရှေ့ဦးစွာမှတ်။
ဟိတ်၏ သဘောကား သစ်ပင်၌ ရေသောက်မြစ်နှင့်တူသော သဘော။ တူပုံကား ရေသောက်မြစ်သည် သစ်ပင်ကို ခိုင်ခံ့စည်ကား ပွားစီးစေသကဲ့သို့ ထို့အတူ ဟိတ်တရားသည်လည်း အတူ ဖြစ်ဘက် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတို့ကို ခိုင်ခံ့စည်ကား စေတတ်သည်။
အလောဘဟိတ်၏ သဘောကား မတွယ်မတာ မငြိမကပ် ကျွတ်လွတ်သော သဘော၊ လောဘနှင့် ဆန့်ကျင်ဘက်သဘော၊ လောဘကား ဆူးလှည်း နှင့်လည်း တူ၏။ မျောက်နှဲစေးနှင့်လည်းတူ၏။ အလောဘကား ကောင်းကင် ၌ လွှတ်အပ်သော မြားနှင့်တူ၏။ ရေထဲ၌ ပဒုမ္မာကြာပန်းနှင့်လည်း တူ၏။
အဒေါသ သဘောကား မကြမ်း၊ မတမ်း အေးမြ ချစ်ကြည်သော သဘော၊ ဒေါသနှင့် ဆန့်ကျင်ဘက် သဘော။
ဒေါသကား မီးနှင့်တူ၏။ အဒေါသကား ရေနှင့်တူ၏။ မေတ္တာဆိုသည်လည်း အဒေါသကိုပင် ဆိုသည်။
အမောဟသဘောကား မတွေမဝေ အမှန်ကျ သိတတ်သော သဘော, မောဟနှင့် ဆန့်ကျင်ဘက် သဘော။
မောဟကား မှောင်နှင့်တူ၏၊ အမောဟ ကား ဆီမီးတောက်နှင့်တူ၏။ ပညာဆိုသည် ဉာဏ်ဆိုသည်လည်း အမောဟကို ပင် ဆိုသည်။
မောဟကား.အဟုတ်ကို မဟုတ်၊ မဟုတ်ကို အဟုတ်၊ အကောင်းကို မကောင်း၊ မကောင်းသည်ကို အကောင်းဟူ၍ မညီမညွတ် အလွဲလွဲ အချွတ်ချွတ် သိတတ်သည်။
အမောဟ ခေါ်သော အသိဉာဏ် ပညာကား အဟုတ်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဟူ၍၊ အကောင်းကို အကောင်း၊ မကောင်းကို မကောင်းဟူ၍ သဘာဝနှင့်တကွ အမှန်ကျ သိတတ်သည်။
ချမ်းသာဖို့ ထမင်းချက်ရန် နံနက်စောစောထ၍ မှောင်မိုက်ထဲ၌ ထင်း ချောင်းထင်၍ မြွေပွေးကိုကိုင်ဆွဲရာ မြွေပွေးကိုက်၍ ဆင်းရဲဒုက္ခ သေဆုံးရသော သူ၏ မြွေပွေး ကိုပင် ထင်းချောင်း ထင်မှတ်ခြင်းသည် မှောင်မိုက်သည့်အတွက်ပင်၊
ဤနည်းအတူ ချမ်းသာချင်၍ ချမ်းသာလိုလှ၍ ချမ်းသာရန် ချမ်းသာရအောင် ဒုစရိုက်တွေကို ပြုကျင့်ကြသော မိန်းမ၊ ယောက်ျားတို့ ငရဲဘုံ၌ ဆင်းရဲဒုက္ခ၊ ပြိတ္တာဘုံ၌ ဆင်းရဲဒုက္ခ၊ အသူရကာယ်ဘုံ၌၊ တိရစ္ဆာန်ဘုံ၌ ဆင်းရဲ ဒုက္ခတွေကို ခံနေကြရ၏။
လူဖြစ်ပါသော်လည်း လူချင်းမတူ လူစဉ် မမီ အလီလီသော ဆင်းရဲ ဒုက္ခတွေနှင့် တွေ့ကြုံ ကြရခြင်းသည် ဒုက္ခ၏ အကြောင်းမှန်သော ဒုစရိုက်ကိုပင် သုခ၏ အကြောင်းဟု ထင်မှတ်သည့် အတွက်ပင်။
ဤသို့ ထင်မှတ်ရခြင်းသည်လည်း မောဟမှောင်မိုက်သည့် အတွက်ပင်။
ထို့ကြောင့် မောဟကို မှောင်နှင့်တူသည်ဟူ၍ ဆိုလိုက်သည်။
မှောင်မိုက်ထဲ၌ မီးထွန်းလိုက်လျှင် အမှန်ကျကို မြင်ရသကဲ့သို့ ထို့အတူ အမောဟ ဟူသော အသိဉာဏ်ရှိမှ အမှန်ကျကို သိရသည်။ ထို့ကြောင့် အမောဟကို ဆီမီးနှင့်တူသည်ဟူ၍ ဆိုရသည်။
ကုသိုလ်ကို ပြုသောအခါ ဇော၌ အလောဘ အဒေါသ ဟိတ်နှစ်ပါးပါလျှင် ဒွိဟိတ်ဇော ဒွိဟိတ် ကုသိုလ်ဆိုရသည်။
ယင်း ဒွိဟိတ်ကုသိုလ်သည် အသင်္ခါရိက သသင်္ခါရိက- ဟူ၍ နှစ်မျိုးရှိသည်။ သောမနဿသဟဂုတ်၌နှစ်မျိုး၊ ဥပေက္ခာသဟဂုတ်၌ နှစ်မျိုးဖြစ်၍ လေးမျိုးဖြစ်သည်။ အလောဘ အဒေါသ အမောဟဟိတ်သုံးပါး ပါလျှင် တိဟိတ်ဇော တိဟိတ်ကုသိုလ် ဆိုရသည်။
ယင်း တိဟိတ်ကုသိုလ်သည် --
အသင်္ခါရိက သသင်္ခါရိကဟူ၍ နှစ်မျိုး။
သောမနဿသဟဂုတ်၌ နှစ်မျိုး၊
ဥပေက္ခာ သဟဂုတ်၌ နှစ်မျိုးဖြစ်၍ လေးမျိုးဖြစ်သည်။
ဒွိဟိတ်ကုသိုလ် လေးမျိုး၊ တိဟိတ်ကုသိုလ် လေးမျိုး၊ ပေါင်း ကာမကုသိုလ် ရှစ်ပါးဖြစ်သတည်း။ သောမနဿ လေး၊ ဥပေက္ခာ လေး၊ ပေါင်း ရှစ်ပါး။
ဒွိဟိတ် ကုသိုလ်သည် ဩမက, ဥက္ကဋ္ဌ-နှစ်မျိုး၊ တိဟိတ် ကုသိုလ် သည်လည်း ဩမက, ဥက္ကဋ္ဌနှစ်မျိုး။ ဩမက-ဆိုသည်မှာ အယုတ်၊ ဥက္ကဌ ဆိုသည်မှာ အမြတ်။
ဒွိဟိတ်ဩမကကုသိုလ်သည် သုဂတိအဟိတ် ပဋိသန္ဓေကို ဖြစ်စေ၏။
သုဂတိအဟိတ် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်ကား...
၁။ ဇစ္စန္ဓ - အမိဝမ်းတွင်းက ကန်းသောသူ
၂။ ဇစ္စဗဓိရ - အမိဝမ်းတွင်းက နားကန်းသောသူ
၃။ ဇစ္စမူဂ- အမိဝမ်းတွင်းက အ-သောသူ
၄။ ဇစ္စဧဠ- အမိဝမ်းတွင်းက တောင်၊ မြောက်မှ မမှတ်နိုင်အောင် ထိုင်းမှိုင်းသောသူ
၅။ ဇစ္စုမ္မတ္တက-အမိဝမ်းကွင်းက ရူးနှမ်းသောသူ
၆။ ပဏ္ဍုက်
၇။ ဥဘတောဗျည်း။ ။ ဤပုဂ္ဂိုလ်တို့တည်း။
ယင်း ပုဂ္ဂိုလ်တို့ကို ပဋိသန္ဓေစိတ် ဘဝင်စိတ်တို့၌ ဟိတ်မပါသောကြောင့် သုဂတိ အဟိတ် ပုဂ္ဂိုလ်ဆိုရသည်။
စက္ခုစသည်တို့ ဖြစ်ပေါ်ချိန်ကာလ၌ မဖြစ်ပေါ်မှ အဟိတ် ဆိုရသည်။ ဖြစ်ပြီးနောက် လေကြောင့်ပိုးကြောင့် တစ်စုံတစ်ခုကြောင့် ပျက်ခဲ့သော် အဟိတ် မဆိုရ။ ယင်း ဒွိဟိတ် ဩမကကုသိုလ်သည် မတတ်သော ပန်းချီသမား လက်သမားနှင့် တူသည် ဟူ၍ သံယုတ် အဋ္ဌကထာ၌ ဆို၏။ (သံ၊ဋ္ဌ၊၂၊၃၀၀)
ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်တိဟိတ် ဩမက ကုသိုလ်နှစ်ပါးတို့သည် ဒွိဟိတ် ပဋိသန္ဓေကိုဖြစ်စေ၏။ ဒွိဟိတ် ပဋိသန္ဓေဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်ကို ပဋိသန္ဓေစိတ် ဘဝင်စိတ်တို့၌ ဟိတ်နှစ်ပါးရှိသောကြောင့် ဒွိဟိတ် ပုဂ္ဂိုလ်ကို ဆိုရသည်။
ယင်းဒွိဟိတ် ပုဂ္ဂိုလ်ကား ပင်ကိုယ်မူလသဘော ဉာဏ်၊ အသိပညာ အခံ သေးတတ်သည်၊ ပညာရှိကို မှီဝဲရ၍ ဆန္ဒ၊ ဝီရိယ အားကြီးလျှင် ပညာရှိ ဖြစ်သေး၏။
တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်သည် တိဟိတ်ပဋိသန္ဓေကို ဖြစ်စေ၏။ တိဟိတ် ပဋိသန္ဓေဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်ကို ပဋိသန္ဓေစိတ် ဘဝင်စိတ်တို့၌ ဟိတ်သုံးပါး ပါသောကြောင့် တိဟိတ်ပုဂ္ဂိုလ် ဆိုရသည်။ ယင်း တိဟိတ်ပုဂ္ဂိုလ်ကား ပင်ကိုယ်မူလ သဘောဉာဏ် အသိပညာ အခံကောင်းတတ်၏။ ပညာရှိကို မမှီဝဲရခြင်း ဆန္ဒ ဝီရိယ တို့၏ ယုတ်လျော့ခြင်း တို့ကြောင့် အမိုက်အမဲ ပညာနည်း ဖြစ်ရသေး၏။
ယင်း ကာမကုသိုလ် ရှစ်ပါးကို ကာမသုဂတိ ခုနစ်ဘုံ၌ အဟိတ်, ဒွိဟိတ်, တိဟိတ် ဟူသော သုံးပါးသော ပဋိသန္ဓေအကျိုး ပဝတ္တိ အကျိုးကို ပေးနိုင် အပါယ်ဘုံ ဗြဟ္မာဘုံတို့၌ ပဝတ္တိအကျိုးကို ပေးနိုင်၍ အကျိုးပေး အရာကျယ်သောကြောင့် မဟာကုသိုလ် ရှစ်ခုဟူ၍ ဆိုပြန်သည်။
ကာမကုသိုလ်ဇောအရကို ပြသည်ပြီး၏။
---၇၀-သဒ္ဓါ၏ သဘောကိုပြခြင်း
သဒ္ဓါ၊ သတိ၊ ဟိရီ၊ ဩတ္တပ္ပ၊ တတြမဇ္ဈတ္တတာ၊ ကရုဏာ၊ မုဒိတာ ဤတရားတို့သည် ကုသိုလ်ဇော ကိရိယာဇောတို့ စောသောအခါ သင်္ခါရက္ခန္ဓာ၏ အဖြစ်ဖြင့်ပါကြကုန်၏။ ယင်းတရားတို့တွင် သဒ္ဓါဆိုသည်မှာဘုရားအစရှိ သော ကောင်းသောအာရုံ၌ စိတ်ကို ကြည်စေတတ်သော သဘော။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူး၌ ယုံကြည် ပြေးဝင်ခြင်း သဘော။ အကုသိုလ် ကံ၊ ကုသိုလ်ကံတို့၏ အကျိုး၌ ယုံကြည် ပြေးဝင်ခြင်း သဘော။
မိမိသည် မြွေပွေးကိုက်၍ မသေဖူးဘဲ မိမိမျက်မှောက်၌ မြွေပွေးကိုက်သည်ကို ကိုက်၍ သေသည်ကို ကိုယ်တွေ့ဒိဋ္ဌ မမြင်ဖူးဘဲ မြွေပွေးကိုက်လျှင် သေတတ်သည်ဟု သူပြော လူပြောကို ယုံကြည်ကြသည့်အတွက် မြွေပွေးကို မကိုင်ဝံ့ကြကုန်၊ ရှောင်ကွင်းကြကုန် သကဲ့သို့ --
ထို့အတူ ပါဏာတိပါတ အစ ရှိကုန်သော ဒုစရိုက် အကုသိုလ်ကံတို့၏ အကျိုးရင်း အကျိုးဖျားတို့ကို ယုံကြည်ပြေးဝင်တတ်သော သဒ္ဓါတရား ရှိကြပါမူကား အကုသိုလ် ပြုဝံ့စရာမရှိ။ သဒ္ဓါတရား မရှိကြသည့် အတွက် မြိန်မြိန်ရှက်ရှက် အားရပါးရ ဝမ်းမြောက်ဝမ်းသာ ပြုနိုင်ကြသည်။
စိန်ကောင်း ကျောက်ကောင်းကို တွေ့မြင်၍ ဤစိန်ကျောက်သည် အဖိုး ထိုက် တန်သော ရခဲသော ရတနာတည်းဟု စိန်ကျောက်၏ သတ္တိကို ယုံကြည်သော သူသည် စိန်ကျောက်ကို ကောက်ယူ၍ ရ၍ မရောင့်ရဲနိုင် အားမရနိုင်သကဲ့သို့ -
ထို့အတူ ကုသိုလ်ကံ၏ အကျိုးကို ယုံကြည်တတ်သော သဒ္ဓါ တရားရှိသော သူသည် ဒါန၊ သီလစသော ကုသိုလ်ကို ပြု၍ အားမရနိုင် ဘုရား ရှိခိုး၍ သီလ သီတင်း ဆောက်တည်၍ မပျင်းနိုင်ကုသိုလ်ပြု၍ မပျင်းနိုင် မရောင့်ရဲနိုင် အားမရနိုင်။ လယ်လုပ် သမား အခစား အလုပ်သမား ကူလီသမားတို့နှင့်လည်း နှိုင်းလေ။
ဉာဏ်အမြင်နည်း၊ သဒ္ဓါကဲ၊ အလွဲလွဲဖြစ်တတ်သည်။
အလွဲလွဲဖြစ်ဆိုသည်မှာ သဒ္ဓါလွန်လျှင် တဏှာဝင်၍ အချစ်အခင် တဏှာဇောတွေ စောတတ်သည်။ မကြည်ညိုသင့်.. မကြည်ညိုထိုက်သော အရာတို့၌ ကြည်ညို၍ ကုသိုလ်လိုလိုနှင့် အမိုက်ဇောတွေ စောတတ်သည်၊ ဤသို့ စသည်ကိုဆိုသည်။
ယင်းသဒ္ဓါတရားသည် ထိုထိုလိုအပ်သော ဝတ္ထုကို ဆွဲငင်ကောက်ယူနိုင်သော လက်နှင့်အလား တူ၏။ လိုသမျှကို ရစေ ပြည့်စုံစေတတ်သော ဥစ္စာရှိသော သူ၏ ဥစ္စာနှင့်လည်း အလားတူ၏။ ပင်စည် အကိုင်းအခက်၊ အရွက် အပွင့်အသီးတို့ကို ပေါက်ရောက် ပွားစီးစေတတ်သော မျိုးစေ့နှင့်လည်း အလားတူ၏။
ထင်ရှားစေဦးအံ့။
တစ်သက်လုံး ချမ်းသာလောက်သော အဖိုးထိုက် အဖိုးတန် ရွှေ၊ ငွေ၊ ပုလဲ၊ ပတ္တမြား၊ စိန်၊ ကျောက်တွေများသော တောကြား တောင်ကြားသို့ ကံတော်ကံငြား ရောက်သွား သူ အများတို့တွင် လက်မရှိသူ မကောက်ယူနိုင်၊ လက်ရှိမှသာ နှစ်သက်ဝမ်းမြောက် ကောက်ယူနိုင်သည်၊
ထို့အတူ တစ်သံသရာလုံး ချမ်းသာစေနိုင်သော အဖိုးထိုက် အဖိုးတန် ကုသိုလ် ရတနာတွေပေါသော သာသနာတော်နှင့် တွေ့ကြုံလူ့ဘုံ တောကြား တောင် ကြားသို့ ကံတော်ကံငြား ရောက်လာသူ အများတို့တွင် သဒ္ဓါတရားမရှိသူတို့ မကောက်ယူနိုင်၊ သဒ္ဓါတရား ရှိသူတို့သာ ဘယ်သူကမှ မတွက် နှစ်သက်ဝမ်း မြောက် အရကောက် ယူနိုင်ကြလေသည်။
အယုတ်ဆုံးအား ဇရပ်ပေါ် သမံတလင်း ဘုရားတွင်း ဘုရားရင်ပြင် ခွေးမစင် အမှိုက်ပုံးထဲ၌ အဆင်းခဲ၊ အလှခဲ၊ ဉာဏ်ပညာခဲ သူဌေးသူကြွယ်တို့၏ စည်းစိမ်ခဲ ပဒေသရာဇ် စကြာမန္ဓာတ်မင်းတို့၏ စည်းစိမ်ခဲ နတ်ပြည်ခြောက်ထပ် လိုအပ်သော နတ်သမီး နတ်သားတို့၏ စည်းစိမ်ခဲတွေ ရှိနေသည်ကို သဒ္ဓါတရား မရှိသူတို့ မကောက်ယူနိုင်။ သဒ္ဓါတရား ရှိသူတို့သာ နှစ်သက်ဝမ်းမြောက် အရ ကောက်နိုင်ကြလေသည်။ ဉာဏ်ရှိလျှင် ခွေးမစင်ပုံထဲ၌ နိဗ္ဗာန်ခဲတောင် ပါသေး၏။
သီဟိုဠ်ကျွန်း၌ လှချင်း လှကြသော် လူနှင့် ဘုန်းကြီး ဘယ်သူက လှသနည်းဟု ဒွိဟဖြစ်ကြရာ အချို့က ဘုန်းကြီး ဘယ်လောက်ပင် လှသော်လည်း လူကို မမီနိုင် လူကလှသည်။ အချို့ကလည်း ဘုန်းကြီးလှသည် ဘုန်း ကြီးလှကို လူလှ မမီနိုင်၊ ဤလို ဘုန်းကြီးလှ၊ လူလှ အငြင်းအခုံသည် အောက် ရာမညတိုင်း၌ ကံ၊ ဒွါရငြင်းခုံကြ သကဲ့သို့ မငြိမ်းမစဲနိုင်ဘဲ ရှိရာ ပြိုင်ဆိုင်စေဟု မင်းအမိန့်ချမှ -
လူလှဘက်က အလွန်အဆင်းလှသော အမတ်သားကို ကောင်းစွာပြုပြင် တန်ဆာ ဆင်၍ ဘုန်းကြီးလှဘက်က အလွန်ကြည် ညိုဖွယ် အဆင်းလှသော အနာဂါမ်၊ ကျမ်းဂန်တတ် အဘယမထေရ်ကို ဆံတော်ပယ်ချ ကောင်းလှသော သင်္ကန်းကို ရုံစေ၍ မဟာစေတီတော် အပြင်၌ ပြိုင်ဆိုင်ကြရာ -
မထေရ်၏ အလှသည် ရွှေကောင်းနှင့် ကွင်းသော ကျောက်ကောင်းကဲ့သို့ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့နှင့် မွမ်းထုံအပ်သောကြောင့် ဖူး၍မငြီး အံ့၍မပြီးနိုင် ရှိကြသဖြင့် မထေရ်၏ အလှကသာ၍ အမတ်သား မျက်နှာမလှရှိရာ အနီးသို့ ကြွသွား၍ ရုပ်ယှဉ်ပြီးလျှင် “ငါလှည်းသောအမှိုက်ပုံ ကလေးကို ကျုံးသူက ငါ့များပြိုင်လို့”ဟု ပရိသတ် အလယ်၌ ဆိုတော်မူကြောင်း ကို ဝိနည်းအဋ္ဌကထာတို့၌လာသည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၅။)
အမတ်သား မထေရ်တို့ အလှကို ရှေးဘဝ အမှိုက်ပုံထဲက ကောက်ယူခဲ့ ကြသည်။
အမတ်သား၏ အလှမှာ အမှိုက်ကျုံးသော အကျိုး၊ မထေရ်၏ အလှမှာ အမှိုက် လှည်းသော အကျိုးဆိုလိုသည်။
မထေရ်ကား ကုသိုလ်၏ အကျိုးကို ဒိဋ္ဌသိမြင်ကြ၍ သဒ္ဓါတရား ဖြစ်ပွားကြပါစေ နှလုံးပိုက်၍ အလှပြိုင်ပွဲသို့ လိုက်တော်မူသည်။
ပညာဉာဏ် ထက်သန် ကြီးမြတ်ကြသော အရှင်နာဂသိန်မထေရ် မိလိန္ဒမင်းကြီး တို့လည်း ပညာဉာဏ်ကို ရှေးဘဝ အမှိုက်ပုံးထဲက ကောက်ယူခဲ့ကြသည်။
မိလိန္ဒမင်းမှာ အမှိုက်ကျုံးသောအကျိုး။
အရှင်နာဂသိန်မှာ အမှိုက် လှည်းသော အကျိုးဆိုလိုသည်။
ဤသို့စသည် သဒ္ဓါတရား၏ လက်နှင့်တူပုံကို သိလေ။
ဥစ္စာကုံလုံသူသည် ဈေးရုံတွင် လိုအပ်သမျှကို ရနိုင်သကဲ့သို့ လောကီ ချမ်းသာ ကုန်အမျိုးမျိုး၊ လောကုတ္တရာချမ်းသာ ကုန်အမျိုးမျိုး ပြည့်စုံသော သာသနာတော် ဈေးရုံကြီး၌ သဒ္ဓါဥစ္စာ ကုံလုံသူတို့မှသာ လိုအပ်သမျှ ချမ်းသာကို ရနိုင်သည်။
ဤသို့ သဒ္ဓါတရား၏ ဥစ္စာနှင့်တူပုံကို သိလေ၊ သဒ္ဓါတရားရှိမှ ကုသိုလ်ဖြစ်လွယ်သည် ကုသိုလ်များသည်။ ကုသိုလ်များမှ ချမ်းသာအမျိုးမျိုး စည်ကားပွားစီးသည်။ ဤသို့ သဒ္ဓါတရား၏ မျိုးစေ့နှင့် တူပုံကိုသိလေ။
သာ ဟတ္ထဝိတ္တဗီဇာနိ ဝိယ ဒဋ္ဌဗ္ဗာ။
အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၁၆၃)
သာ၊ ထိုသဒ္ဓါကို။
ဟတ္ထဝိတ္တဗီဇာနိ ဝိယ၊ လက်၊ ဥစ္စာ၊ မျိုးစေ့တို့ကဲ့သို့။
ဒဋ္ဌဗ္ဗာ၊ မှတ်အပ်၏။
သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။
သံယုတ်ပါဠိတော်။ (သံ၊၁၊၃၉၊၂၁၆။)
ဣဓ၊ ဤလောက၌။
ပုရိသဿ၊ ယောက်ျား၏။
သေဋ္ဌံ၊ မြတ်သော။
ဝိတ္တံ၊ ဥစ္စာကား။
သဒ္ဓါ၊ သဒ္ဓါတရားလျှင်တည်း။
သဒ္ဓါတရား ရှိသောသူ သံသရာမှာ မဆင်းရဲ မနွမ်းပါး ဥစ္စာမရှားနိုင် ဆိုလိုသည်။
၇၁ - သတိ စသော သင်္ခါရက္ခန္ဓာကို ပြခြင်း
သတိ-ဆိုသည်မှာ ကောင်းသောအာရုံကို မလွတ်ရအောင် ဆွဲထား သကဲ့သို့ ကောင်းသောအာရုံ၌ စွဲမြဲခြင်းသဘော။
မိခင်၊ ဖခင်တို့သည် ချစ်လှစွာသော သားကို မလျော်သောအရပ်သို့ မသွားရအောင် မလျော်သော သူနှင့် မပေါင်းဖက်ရအောင် စောင့်ရှောက်သကဲ့သို့ စိတ်ကို မကောင်းသော အာရုံသို့ မသွားရအောင် စောင့်ရှောက်တတ်သော သဘော။ ကုသိုလ်ရေး ကောင်းမှုရေး၌ မမေ့မလျော့သော သဘော။
ဟိရီ-ဆိုသည်မှာ မကောင်းမှုမှရှက်တတ်၊ စက်ဆုပ်တတ်သော သဘော။
ဩတ္တပ္ပ-ဆိုသည်မှာ မကောင်းမှုမှကြောက်ရွံ့ထိတ်လန့်တတ်သော သဘော။
ဟီရီကား မစင်လူးသော သံတွေခဲကို မကိုင်ဝံ့သူနှင့်တူ၏။
ဩတ္တပ္ပကား ရဲရဲညိသော သံတွေခဲကို မကိုင်ဝံ့သောသူနှင့်တူ၏။
တတြမဇ္ဈတ္တတာ ဆိုသည်မှာ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ၌ စိတ်ကိုအညီအမျှ ဖြစ်စေ တတ်သော သဘော။
ကရုဏာ-ဆိုသည်မှာ ဆင်းရဲသော ဒုက္ခိတသတ္တဝါကို အာရုံ ပြု၍ သနားတတ်သော သဘော။
မုဒိတာ ဆိုသည်မှာ ချမ်းသာသော သုခိတ သတ္တဝါကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ သစ္စာ၊ ယင်းတရား လေးပါးတို့ကို လောက မေဒနီ-လောက၏အဆီဟူ၍ ဆိုအပ်ကုန်၏။
အဘယ်ကြောင့်နည်း ဆိုသော် လောကကို စိုရွှမ်းပွားများ တိုးတက် စည်ကား စေတတ်သောကြောင့် တည်း။ ထိုစကားမှန်၏။ သတ္တဝါတို့သန္တာန်၌ အဆီ၊ အသား တရားလေးပါး ပြည့်ဝ စိုရွှမ်းလေလေ လောကကြီး စိုရွှမ်းစည်ကား ပွားများ တိုးတက်လေလေ၊ အဆီ၊ အသား၊ တရားလေးပါး ခြောက်ခန်းလေလေ၊ လောကကြီးလည်း ခြောက်ခန်းသေးနုပ် ဆုတ်ယုတ်လေလေ ဖြစ်သည်။
ယင်း အဆီ၊ အသား တရားလေးပါးကြောင့် စိုရွှမ်းစည်ကားသော လောကကြီးကို ဟိရီတရား ဩတ္တပ္ပတရား နှစ်ပါးတို့ စောင့်ရှောက်သည်။ ယင်း တရားနှစ်ပါး မစောင့်ရှောက်ခဲ့သည်ရှိသော် လောကကြီး ပျက်လေ၏။
လောကကြီး ဆိုသည်ကား သတ္တဝါတွေကိုဆိုသည်။ ပျက်ဆိုသည်ကား တရား ပျက်သည်ကိုဆိုသည်။ တရားပျက်ဆိုသည်ကား အရှက်မရှိ၊ အကြောက်မရှိ၊ ဟိရီ၊ ဩတ္တပ္ပ တရားနှစ်ပါး လုံးလုံးကင်းကြ၍ အဆီခန်းခြောက် ဝမ်းမြောက် ဝမ်းသာ မြိန်မြိန်ရှက်ရှက် အားရပါးရ အကုသိုလ် ဒုစရိုက်တွေကို ပြုနိုင်၊ ကျင့်နိုင်သည်ကို ဆိုသည်။
တရားပျက်က ဥတုလည်း ပျက်လေ၏။ ဥတုပျက်က အာဟာရလည်း ပျက်လေ၏။ ဥတု၊ အာဟာရပျက်က ဥတုဇရုပ် အာဟာရဇရုပ် အထည်ခံရှိသော အဇ္ဈတ္တ ဗဟိဒ္ဓလောကကြီး ကျုံလှီခြောက်ခန်း ညှိုးနွမ်းသေး နုပ် ဆုတ်ယုတ် ပျက်ပြားလေ၏။ ထို့ကြောင့် ဟိရီ ဩတ္တပ္ပ-တရားနှစ်ပါးတို့ကို လောကပါလ တရားဟူ၍ ဆိုအပ်ကုန်၏။
လောကံ ပါလေန္တီတိ လောကပါလာ။
(ဝိဂြိုဟ်)။
လောကံ၊ လောကကို။
ပါလေန္တိ၊ စောင့်တတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
လောကပါလာ၊ လောကပါလ မည်ကုန်၏။ ။ အနက်။
ဖဿ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ၊ ဝိတက်၊ ဝိစာရ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ၊ ဤတရားတို့ကား ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ-သုံးပါး တို့၌ ထိုက်သည် အားလျော်စွာ သင်္ခါရက္ခန္ဓာအဖြစ်ဖြင့် ပါကြကုန်၏။
ဖဿ - ဆိုသည်မှာ အာရုံနှင့် ပေါင်းဆုံတွေ့ထိတတ်သော သဘော။
ဧကဂ္ဂတာ-ဆိုသည်မှာ အာရုံ၌မတုန်မလှုပ် တည်ကြည်ခြင်းသဘော။
ဇီဝိတိန္ဒြေ - ဆိုသည်မှာ နာမ်တရားတို့ကို စောင့်ရှောက်တတ်သောသဘော။
မနသိကာရ - ဆိုသည်မှာ အာရုံ၌ စိတ်ကို သွင်းထားခြင်းသဘော။
ဝိတက် - ဆိုသည်မှာ စိတ်ကို အာရုံ၌ ရှေ့ရှုတင်တတ်သော သဘော။
ဝိစာရ - ဆိုသည်မှာ စိတ်ကို အာရုံသို့ ဖွဲ့ချည်တတ်သော သဘော။
ဝီရိယ - ဆိုသည်မှာ စိတ်ကိုထောက်ပံ့ ခိုင်ခံ့စေတတ်သော သဘော၊ အိမ်အိုကို ထောက်သော ကျားနှင့်တူ၏။
ပီတိ - ဆိုသည်မှာ အာရုံကို နှစ်သက်စေတတ်သော သဘော။
ယင်း ပီတိသည် ခုဒ္ဒကာပီတိ၊ ခဏိကာ ပီတိ၊ ဩက္ကန္တိကာ ပီတိ၊ ဥဗ္ဗေဂါပီတိ၊ ဖရဏာပီတိဟူ၍ ငါးမျိုးရှိ၏။ ယင်း ငါးမျိုးတို့တွင် -
ခုဒ္ဒကာပီတိ - ဆိုသည်မှာ ကြက်သီး မွေးညှင်းထ၍ အနည်းငယ် ဖြစ်သော ပီတိကိုဆိုသည်။
ခဏိကာပီတိ - ဆိုသည်မှာ လျှပ်စစ်ပြက်သကဲ့သို့ တစ်ချက်တစ်ချက် ဖြိုင်းခနဲ ဖြိုင်းခနဲဖြစ်သော ပီတိကိုဆိုသည်။
ဩက္ကန္တိကာပီတိ - ဆိုသည်မှာ သမုဒ္ဒရာလှိုင်းကဲ့သို့ တစ်ချက်တစ်ချက် တစ်ကိုယ် လုံးကို လွှမ်း၍ လွှမ်း၍ဖြစ်သော ပီတိကိုဆိုသည်။
ဥဗ္ဗေဂါ ပီတိ - ဆိုသည်မှာ သီဟိုဠ်ကျွန်း၌ သတို့သမီး တစ်ယောက်သည် တောင်ထိပ်စေတီကို အိမ်ကနေ၍ ကြည်ညိုသောအခါ နှစ်သက်ခြင်းအားကြီး၍ စေတီသို့ အလိုလိုရောက်သွား သကဲ့သို့ ကောင်းကင်သို့ ပျံတက်နိုင်သော ပီတိကို ဆိုသည်။
ဖရဏာပီတိ ဆိုသည်မှာ ဝါဂွမ်း၌ ဆီထိသကဲ့သို့ တစ်ကိုယ်လုံးပျံ့အ၍ တည်သော ပီတိကိုဆိုသည်။ ယင်း ဖရဏာပီတိဖြစ်ခိုက် မီးနှင့်ရှို့သော်လည်း မလောင်မပူ မှတ်လေ။
ဆန္ဒ-ဆိုသည်မှာ ပြုလိုကာမတ္တသာ အလိုရှိခြင်း သဘော။ ထင်းကို ဖြတ်လို ခွဲလို၍ ဓားမပုဆိန်ကို လှမ်းယူသောအခါ ဘုရား ရဟန္တာတို့ ဆွမ်း အလိုရှိ၍ ဆွမ်းခံသော အခါ စသည်တို့၌ သိသာ၏။
ဆန္ဒ ဝီရိယ, ပညာ ဤတရားသုံးပါး အားသန်သော မိန်းမယောက်ျား တို့သည် မဆင်းရဲနိုင်၊ အချမ်းသာ များတတ်၏။
ရဟန်း သာမဏေတို့လည်း စာပေကျမ်းဂန် တတ်လွယ်တတ်၏။ သတ္တဝါတို့သည် များသောအားဖြင့် မိမိတို့ ဆန္ဒအားလျော်စွာ ဖြစ်ကြသည်။ ထိုစကားမှန်၏။ သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်ချင်သော ဆန္ဒ၊ သာဝကတို့လည်း သာဝက ဖြစ်ချင်သော ဆန္ဒ၊ အနာထပိဏ်၊ ဝိသာခါ-တို့လည်း ကျောင်းဒကာ၊ ကျောင်းအစ်မ ဖြစ်ချင်သောဆန္ဒကို အရင်းခံ၍ ဝီရိယ စိုက်စွက်ကြသည့်အတွက် မိမိတို့ဆန္ဒ ရှိသည့်အတိုင်း ဖြစ်ကြကုန်သည်။
ဗာရာဏသီမင်းက ကောင်းကင်နက္ခတ်ဘက်၌ အလွန်လိမ္မာလှသော ပုဏ္ဏားကို ဆုပေးလို၍ မောင်မင်း ဘာကို အလိုရှိသလဲမေးရာ အိမ်မှာ တိုင်ပင် ပါရစေဦးဆို၍ အိမ်သို့ရောက်က --
မယားက နို့ညှစ်နွားမ တစ်ရာ တောင်းပါ။
သားက မြင်းလေးကောင်ကသော ရထားကို တောင်းပါ။
ချွေးမက ပတ္တမြားနားတောင်းကို တောင်းပါ၊
ကျွန်မက ဆန်ကောဆန်ကာ ကောင်းကောင်း တောင်းပါ၊
အသီးသီးပြောဆိုကြရာ ပုဏ္ဏားလည်း စိတ်ကို မဆုံးဖြတ်နိုင်ဘဲ မင်းထံသို့ ရောက်၍ အကြောင်းကို လျှောက်၏။ မောင်မင်းက ဘာကို လိုသလဲမေးရာ ရွာစားကို အလိုရှိပါသည် ဘုရားဟု လျှောက်၏။ ငါးဦးသားတို့အား အသီးသီး လိုအပ်သော ဝတ္ထုကိုပေးစေ၍ မိမိတို့ အလို ဆန္ဒအားလျော်စွာ ရကြလေကုန်၏။
လွန်လေပြီးသောအခါ ငတ်မွတ် ခေါင်းပါးကြ၍ တစ်ဦးသော သူဌေးအိမ် သူ ငါးဦးသားတို့နှင့်တကွ အနည်းငယ် ထမင်းကို ငါးပုံစုပုံ ဝေခွဲ၍ စားကြရာ အရှင် ပစ္စေကဗုဒ္ဓါရပ်လာသဖြင့် ဆာလောင်ခြင်းကို သည်းခံ၍မစားဘဲ တွက်စုရ ထမင်းကို အသီးသီး လှူကြပြီးလျှင် --
သူဌေးကြီးက ကောင်းကင်သို့ မော်ကြည့်လျှင် သလေးစပါးမိုး ရွာသောဆု၊
မယားက ခွက်ဝင်အိုးဖြင့် တစ်ခါချက်၍ကျွေးသော် ဇမ္ဗူဒီပါတစ်ကျွန်း စားသော်လည်း ခူး၍ မကုန်နိုင်သောဆု၊
သားက တစ်ခုသောအိတ်၌ ရတနာရွှေငွေနှိုက်၍ မကုန်နိုင်သောဆု၊
ချွေးမက တစ်ခုသော တောင်း၌ စပါးယူ၍ မကုန်နိုင်သောဆု၊
ကျွန် မောင်ပုဏ္ဏက ထွန်တစ်ရှဉ်းထွန်လျှင် ခုနစ်ရှဉ်းရာ ထင်သောဆု၊
ဤလို အသီးသီး မဂ်ဆု ဖိုလ်ဆုနှင့်တကွ ဆန္ဒရှိရာ တောင်းကြ၍ ပစ္စက္ခဘဝ၌ လည်းကောင်း၊ ယခု ဘုရားလက်ထက်၌ လည်းကောင်း မိမိတို့ ဆန္ဒအလျောက် ပြည့်စုံကြ၍ မဂ်ဖိုလ် ရကြကုန်သည်။
ကျွန် မောင်ပုဏ္ဏမှာမူ အဆုံးဘဝ၌လည်း ကျွန်ပင်ဖြစ်၍ ဆန္ဒရှိသည့်အတိုင်း ပြည့်စုံသဖြင့် လယ်ထွန်သမားတွင် ငါလိုလူမရှိဟု ပီတိ လွှမ်းတက် နှစ်သက်အားရ အလွန်စိတ်တိုင်းကျလေ၏။
ဤသို့ စသည်ဖြစ်ချင် ရောက်ချင် ရချင် လိုချင်၊ တတ်ချင်၊ သိချင်၊ မြင်ချင်၊ သာချင်၊ လွန်ချင် တိုးတက် မြင့်မြတ်ချင်သော အလိုဆန္ဒရှိသည့် အတိုင်း အခါအခွင့်ကို ဉာဏ်နှင့် ချင့်ချိန်၍ ဝီရိယစိုက်စွက်လျှင် ပစ္စက္ခ၌လိုအပ်သော အကျိုး၊ တမလွန် ဘဝ၌ လိုအပ်သောအကျိုး ပြီးစီးတတ်သည်။
ဆန္ဒနုပ်ယုတ်လျှင် ညံ့ယုတ်နုပ်ဖွဲသော အကျိုး၊ ညံ့ယုတ်နုပ်ဖွဲသော လူ့ဘဝ နတ်ဘဝကို ရတတ်သည်။
ဆန္ဒနုပ် ဆန္ဒယုတ် ဆိုသည်မှာ စားရလျှင် ဝတ်ရလျှင်၊ အိပ်ရလျှင်၊ လယ်ရ ပတ်ရလျှင် အားရ တင်းတိမ်သည်။ ခုဘဝ နောက်ဘဝ နှစ်ပါး၌ ဘယ်လိုဖြစ်ချင်ပါဘိ၊ ဘယ်လိုတတ်ချင်၊ သိချင်၊ မြင်ချင် ပါဘိ၊ ဘယ်လိုတိုးတက် မြင့်မြတ်ချင်ပါဘိ ဤလို စသည်စိတ်မျှ မဖြစ်သည်ကို ဆိုသည်။
ကုသိုလ်ကံကြီးရှင် သောတာပန် ဗိမ္ဗိသာရမင်းကြီး ယုတ်ညံ့သော စတုမဟာရာဇ် ဘုံတွင် ဂန္ဓဗ္ဗနတ်မျိုး၌ မိမိဆန္ဒ ရှိသည့်အတိုင်း ဖြစ်သည်ဟု မဟာဝဂ္ဂအဋ္ဌကထာ (၂၃၁) တို့၌ ဆိုသည်။
ယုတ်ညံ့ရာ၌ကား ဝီရိယ မစွက်ရ။ ရတိုင်း လိုချင်တိုင်း လောဘဟု မမှတ်လင့်။
စေတနာ၏ အပင်းအသင်း သင်္ခါရက္ခန္ဓာကို ပြသည် တစ်ရပ်ပြီး၏။
၇၂-ဇော၌ ရထိုက်သော ကံအပြားကို ပြခြင်း
ဇော၌ရထိုက်သောကံအပြားကို ပြဦးအံ့။
ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ ဟူ၍ ဒွါရသုံးပါး။
ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ ကံသုံးပါး။ ရှေးဦးစွာ မှတ်သားရမည်။
ကာယဝိညတ် ရုပ်ကို ကာယဒွါရ၊ ဝစီဝိညတ်ရုပ်ကို ဝစီဒွါရခေါ်သည်။ ဇော၌ ဝိညာဏက္ခန္ဓာကို -မနောဒွါရ ခေါ်သည်။
ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ ဣမေဓမ္မာ ကုသလာ၊ ဣမေဓမ္မာ အကုသလာ။
ဓမ္မသင်္ဂဏီပါဠိတော်။ (၂၀၅။)
ကာယကမ္မံ၊ ကာယကံလည်းကောင်း။
ဝစီကမ္မံ၊ ဝစီကံလည်းကောင်း။
မနောကမ္မံ၊ မနောကံလည်းကောင်း။
ဣမေဓမ္မာ၊ ဤကံသုံးပါး တရားတို့သည်။
ကုသလာ၊ ကုသိုလ်မည်ကုန်၏။
ဣမေဓမ္မာ၊ ဤကံသုံးပါးတို့သည်။
အကုသလာ၊ အကုသိုလ်မည်ကုန်၏။ ။ အနက်။
တိဏ္ဏံ ကမ္မဒွါရာနံ ဝသေန ပရိယာဒိယိတွာ ဒဿေတိ ဓမ္မရာဇာ။
အဋ္ဌသာလိနီအဋ္ဌကထာ(၃၈၀)
တိဏ္ဏံ ကမ္ဗုဒွါရာနံ၊ သုံးပါးသော ကမ္ဗုဒွါရတို့၏။
ဝသေန၊ အစွမ်းဖြင့်။
ပရိယာဒိယိတွာ၊ ကုသိုလ်၊ အကုသိုလ်ဟူသမျှ ကုန်စေ၍။
ဓမ္မရာဇာ၊ တရားမင်းဘုရားသည်။
ဒဿေတိ၊ ပြတော်မူ၏။ ။ အနက်။
ဤသို့ စသည်လာသော ပါဠိတော် အဋ္ဌကထာ တို့နှင့်အညီ ကုသိုလ်၊ အကုသိုလ် ဇောကိုပင် ကံဆိုသည်မှတ်။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ။
ဘိက္ခဝေ၊ ရဟန်းတို့။
စေတနံ၊ စေတနာကို။
အဟံ၊ ငါဘုရားသည်။
ကမ္မံ၊ ကံဟူ၍။
ဝဒါမိ၊ ဟောတော်မူ၏။
ဤ အင်္ဂုတ္ထိုရ်ပါဠိတော် (အံ၊၂၊၃၆၃။) နှင့်အညီ မုချအစစ်မှာ ဇော၌ပါသော သင်္ခါရက္ခန္ဓာခေါ်သော စေတနာကို ကံဆိုသည်မှတ်။ ယင်းကံသည် --
ကာယဒွါရ ၌ဖြစ်အံ့- ကာယကံ။
ဝစီဒွါရ၌ ဖြစ်အံ့၊ ဝစီကံ၊
မနောဒွါရ၌ ဖြစ်အံ့ မနောကံ ဆိုရသည်။
ထင်ရှားအောင် ပြဦးအံ့။
ကုသိုလ်၊ အကုသိုလ်ကို ပြုသောအခါ ကိုယ်ဖြင့် ပြုသည်ဖြစ်အံ့။ လှုပ်ရှားခြင်း ကိုယ်အမူအရာ ကာယဝိညတ်ရုပ်ကို ကာယဒွါရဆိုသည်။ ဒါန စသော ထိုထို ကုသိုလ်ကိစ္စ၊ ပါဏာတိပါတစသော ထိုထိုအကုသိုလ် ကိစ္စတို့ကို ပြီးစေတတ်သော ကုသိုလ်, အကုသိုလ်ဇောကိုပင် ကံဆိုသည်။ အစစ်မှာ ဇော၌ပါသော စေတနာကို ကံဆိုသည်။ ယင်းကံကို ကာယဒွါရ၌ ဖြစ်သောကြောင့် ကာယကံဆိုသည်မှတ်။
နှုတ်ဖြင့် ပြောဆိုသည်ဖြစ်အံ့၊ အသံနှင့်တကွ နှုတ်အမှုအရာ ဝစီဝိညတ်ရုပ်ကို ဝစီဒွါရဆိုသည်။ ဒါနစသော ထိုထိုကုသိုလ်ကိစ္စ၊ မုသာဝါဒစသော ထိုထို အကုသိုလ်ကိစ္စကိုပြီးစေတတ်သော ကုသိုလ်၊ အကုသိုလ်ဇောကိုပင် ကံဆိုသည်။ အစစ်မှာ ဇော၌ပါသော စေတနာကို ကံဆိုသည်။ ယင်းကံကို ဝစီဒွါရ၌ ဖြစ်သောကြောင့် ဝစီကံဆိုသည်မှတ်။
လှုပ်ရှားခြင်း ကိုယ်အမူအရာ၊ နှုတ်မြွက်ခြင်း နှုတ်အမူအရာမဘက် သက်သက် မနောနှင့်သာ ကြံအံ့၊ ကြံသောဇော မနောတွေကို မနောဒွါရဆို သည်။ ဇော၌ပါသော စေတနာကို ကံဆိုသည်။ ယင်း ကံကို မနောဒွါရ၌ ဖြစ်သောကြောင့် မနောကံဆိုသည်မှတ်။
ဇော၏ ဖြစ်ရာ မနောဒွါရမှာ ဘဝင်စိတ်ကို ဆိုသည်မှတ်။ ကံ၏ ဖြစ်ရာ မနောဒွါရမှာ ဇောစိတ်ကို ဆိုသည်မှတ်။ ဤဆိုခဲ့ပြီးသည်ကား သာမညကထာတည်း။ ဤသာမည ကထာ၌ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ပဋိသန္ဓေအကျိုးကို ဧကန္တိ က ပေးနိုင်သည်ဖြစ်စေ၊ အနေကန္တိက ပေးနိုင်သည်ဖြစ်စေ၊ လုံးလုံး မပေးနိုင်သည် ဖြစ်စေ၊ ကိုယ်ဖြင့်ပြုလျှင် ကာယကံ၊ နှုတ်ဖြင့်ပြုလျှင် ဝစီကံ စိတ်ဖြင့်ကြံလျှင် မနောကံ မှတ်လေ။
သာမညကထာ ပြီး၏။
၇၃ - ဝိသေသကထာကို ပြဆိုခြင်း
ဝိသေသကထာကို ပြဦးအံ့။
ဝိသေသကထာ ဆိုသည်မှာ ပဋိသန္ဓေ အကျိုးကို ဧကန္တိက ပေးစွမ်းနိုင်သော အကုသိုလ်ဘက်မှ ဆယ်ပါး၊ ကုသိုလ်ဘက်မှ ဆယ်ပါးကိုသာ အမည်ထူးဖြင့် ကန့်ကွက် သတ်မှတ်၍ ကံဟု အထူးဆိုအပ်သောအရာကို ဆိုသည်မှတ်။
ယင်း ဝိသေသကထာကို -
အကုသလ ကမ္မပထတရား ဆယ်ပါး၊
ကုသလ ကမ္မပထတရား ဆယ်ပါးတို့ဖြင့် ပြအပ်၏။
အကုသလကမ္မပထတရား ဆယ်ပါး ဆိုသည်ကား-
၁။ ပါဏာတိပါတာ- သူ၏အသက်ကိုသတ်ခြင်း
၂။ အဒိန္နာဒါနံ - အရှင်မပေးသော သူ့ဥစ္စာကိုခိုးယူခြင်း
၃။ ကာမေသုမိစ္ဆာစာရာ - မသွားလာအပ်သော မိန်းမတို့၌ သွားလာ လွန်ကျူးခြင်း ဟူသော ကာမဂုဏ်တို့၌ မှားသောအကျင့်
ဤသုံးပါးသော တရားတို့ကို ကိုယ်ဖြင့် ပြုအပ်သောကြောင့် ကာယကံ သုံးပါးဟူ၍ အမြဲမှတ်။
၁။ မုသာဝါဒေါ - မဟုတ်မမှန် မုသားပြောဆိုခြင်း
၂။ ပိသုဏဝါစာ - သူနှစ်ဦး ကွဲပြားအောင် ချောပစ်ကုန်တိုက်သောစကား
၃။ ဖရုသဝါစာ - ကြမ်းကြုတ် ယုတ်မာ ကျိန်ဆဲသောစကား
၄။ သမ္ဖပ္ပလာပေါ - စပါးဖျင်းကဲ့သို့ အနက်ဆန်ကင်းသော ပြိန်ဖျင်းသောစကား
ဤလေးပါးသောတရားတို့ကို နှုတ်ဖြင့် ပြုအပ်သောကြောင့် ဝစီကံလေးပါးဟူ၍ အမြဲမှတ်။
၁။ အဘိဇ္ဈာ - သူ့ဥစ္စာကို ငါ့ဥစ္စာဖြစ်မူကား ကောင်းစွဟုကြံခြင်း
၂။ ဗျာပါဒေါ - သူတစ်ပါးကို သေကြေပျက်စီးပါမူကား ကောင်းစွဟု ကြံခြင်း
၃။ မိစ္ဆာဒိဋ္ဌိ - အယူမှားခြင်း
ဤသုံးပါးသော တရားတို့ကို မနောနှင့်သာကြံအပ်သောကြောင့် မနောကံ သုံးပါးဟူ၍ အမြဲမှတ်။
ကာယကံ သုံးပါး၊ ဝစီကံ လေးပါး၊ မနောကံ သုံးပါး၊ ပေါင်း ဤဆယ်ပါးကို ဆိုသည်။ ရှေ့ ခုနစ်ပါးတို့၌ စေတနာကိုကံဆိုသည် မှတ်လေ။ အမြဲမှတ်ဆိုသော စကား၏ အဓိပ္ပာယ်မှာ ကာယကံ၊ ဝစီကံ၊ မနောကံ ဟူသော အမည်သည် တောမုဆိုး ခေါ်ဆို သကဲ့သို့ ယေဘုယျနည်းဖြင့် အမြဲမှတ်၍ ခေါ်ဆိုသော အမည်ဖြစ်သောကြောင့် ဒွါရပြောင်းသော်လည်း ကာယကံ၊ ဝစီကံ၊ မနောကံ ဟူသော အမည်မပြောင်းစေနှင့် ဆိုလိုသည်။
ထင်ရှားအောင် ပြဦးအံ့။
ဤ ဝိသေသကထာ၌ အကုသိုလ် ကာယကံသည် ကာယဒွါရ, ဝစီဒွါရနှစ်ပါး၌ ဖြစ်၏။
ဝစီကံသည် ဝစီဒွါရ, ကာယဒွါရ နှစ်ပါး၌ဖြစ်၏။
မနောကံကား ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ ကံသုံးပါးလုံး၌ ဖြစ်၏။
ဖြစ်ပုံကား ပါဏာတိပါတ, အဒိန္နာဒါနကို ကိုယ်တိုင် ပြုလျှင် ကာယကံ, ကာယဒွါရ၌ ဖြစ်၏။ သူတစ်ပါးကို စေခိုင်း၍ ပြုလျှင် ကာယကံ၊ ဝစီဒွါရ၌ ဖြစ်၏။ ဖြစ်သော်လည်း ဝစီကံမဆိုရ။ ကာယကံသာ ဆိုရသည်။
ကာမေသုမိစ္ဆာစာရကား ဝစီဒွါရ၌ မဖြစ်မှတ်။ ဝစီကံလေးပါးကို နှုတ်ဖြင့် ပြောဆိုလျှင် ဝစီကံ၊ ဝစီဒွါရ၌ ဖြစ်၏။ လက်ပြ၍ ခေါင်းညိတ်၍ စာရေး၍ပြလျှင် ဝစီကံကာယဒွါရ၌ ဖြစ်၏။ ဖြစ်သော်လည်း ကာယကံ မဆိုရ။ ဝစီကံသာဆိုရသည်။
သူတစ်ပါးဥစ္စာကို ကိုင်၍ သုံးသပ်၍ ငါ့ဥစ္စာ ဖြစ်ပါမူကား ကောင်းစွဟုကြံလျှင်။ အဘိဇ္ဈာ မနောကံ၊ ကာယဒွါရ၌ ဖြစ်၏။ နှုတ်မြွက်၍ ဆိုလျှင် ဝစီဒွါရ၌ ဖြစ်၏။ မနောနှင့်သာကြံလျှင် မနောဒွါရ၌ ဖြစ်၏။
တစ်စုံတစ်ခုသော လက်နက်ကိုကိုင်၍ သုံးသပ်၍ သူ့ကို သေကြေ ပျက်စီးမူကား ကောင်းစွဟု ကြံလျှင် ဗျာပါဒ မနောကံ၊ ကာယဒွါရ၌ ဖြစ်၏။ နှုတ်မြွက်၍ ဆိုလျှင် ဝစီဒွါရ၌ဖြစ်၏။ မနောနှင့်သာ ကြံလျှင် မနောဒွါရ၌ဖြစ်၏။
သံသရာအကျိုးကို ရည်မှတ်၍ နတ်ကြီး အရှင်ကြီးကို လက်အုပ်ချီခြင်း ရှိခိုးခြင်း နတ်စင်၌ အမှိုက်တလင်းလှဲခြင်း စသည်ကိုပြုလျှင် မိစ္ဆာဒိဋ္ဌိ မနောကံ၊ ကာယဒွါရ၌ ဖြစ်၏။ သူ့ကို စေခိုင်း၍ ပြုစေလျှင် ဝစီဒွါရ၌ ဖြစ်၏။ မနောနှင့်သာ ကြံလျှင် မနောဒွါရ၌ ဖြစ်၏။
မကိုက် မခဲပါစေခြင်း အကျိုးငှာ ပြုရာ၌ မိစ္ဆာဒိဋ္ဌိမဖြစ်။
ဤသို့ ဒွါရပြောင်းသော်လည်း အမည်မပြောင်းရ။
၇၄-ပါဏာတိပါတ စသည်တို့၏ အင်္ဂါကိုပြဆိုခြင်း
ပါဏာတိပါတ စသည်တို့၏ အင်္ဂါကိုပြဦးအံ့။
၁။ သတ္တဝါလည်းမှန်၊
၂။ သတ္တဝါဟူသောအမှတ်၊
၃။ သေစေလိုသောစိတ်၊
၄။ လုံ့လလည်းပြု၊
၅။ သေလည်းသေ၊
ပါဏာတိပါတ၌ အင်္ဂါငါးပါး။
၁။ သူတစ်ပါး သိမ်းဆည်းသော ဥစ္စာ၊
၂။ သူတစ်ပါး သိမ်းဆည်းသောဥစ္စာဟူသော အမှတ်၊
၃။ ခိုးလိုသောစိတ်၊
၄။ လုံ့လလည်းပြု၊
၅။ ယူလည်း ယူမိ၊
အဒိန္နာဒါန်၌ အင်္ဂါငါးပါး။
၁။ မသွားလာအပ်သော ဝတ္ထု၊
၂။ ယင်းဝတ္ထု၌ မှီဝဲလိုသောစိတ်
၃။ လုံ့လလည်းပြု၊
၄။ မဂ်ဖြင့်မဂ်သို့ သွင်းသည်ကို သည်းခံခြင်း၊
ကာမေသုမိစ္ဆာစာရ၌ အင်္ဂါလေးပါး။
[မသွားလာအပ်သော ဝတ္ထုဆိုသည်မှာ ခေတ္တဖြစ်စေ၊ အမြဲဖြစ်စေ ကာမပိုင် လင်ရှိသော မိန်းမတစ်မျိုး၊ ကာမပိုင်လင် မရှိသော်လည်း မိဘဆွေမျိုး အိမ်နီးချင်း မိတ်ဆွေစသည် တစ်စုံတစ်ယောက် စောင့်ရှောက်သော သူရှိသော မိန်းမတစ်မျိုး၊ ယင်း နှစ်မျိုးလုံး ယောက်ျားတို့မှာ မသွားလာအပ်သော ဝတ္ထုမည်၏။]
၁။ မိမိပိုင်သော မယား၊
၂။ ပိုင်သူ စောင့်ရှောက်သူတို့က ခွင့်ပေးသော မိန်းမ၊
၃။ ပိုင်သူ စောင့်ရှောက်သူမရှိ လွှတ်ထားသော အရူးမ၊
ဤမိန်းမ သုံးယောက်တို့ကား မသွားလာအပ်သော ဝတ္ထုမဟုတ်ကုန်။
မိန်းမတို့မှာကား ကာမပိုင်လင် ရှိသော မိန်းမတို့မှာသာ မိမိတို့ ကာမကို မိမိတို့ မပိုင်သောကြောင့် မိမိလင်မှတစ်ပါး တိရစ္ဆာန်ယောက်ျားပင်ဖြစ်စေ ယောက်ျား တစ်ပါးနှင့် သွားလာက ကာမေသုမိစ္ဆာစရကံ ထိုက်သည်။
ကာမပိုင် လင်မရှိသော မိန်းမတို့မှာ မိမိတို့ကာမကို စောင့်ရှောက်သော သူတို့မပိုင် မိမိတို့သာ ပိုင်သောကြောင့် ယောက်ျား တစ်ပါးနှင့် သွားလာသော်လည်း ကာမေသုမိစ္ဆာစာရကံ မထိုက်။
လည်ဆယ်သည့်အတွက် ညဉ့် မိုက်သည့်အတွက် သူ့မယားကို မိမိ မယား ထင်မှတ်၍ မှီဝဲသော ယောက်ျား၊ မိမိလင်ထင်မှတ်၍ သည်းခံသာယာသော မိန်းမတို့မှာ ကာမေသုမိစ္ဆာစာရကံ ထိုက်သည် ဟူ၍ ဆရာမြတ်တို့ ဆုံးဖြတ်တော်မူကြကုန်၏။
[ငါတို့ကား သွားလာရိုး မဟုတ်သည်ကို လွန်ကျူး၍ ကျင့်လိုသော စိတ်ယုတ် စိတ်ညစ် မရှိသောကြောင့် လည်းကောင်း၊ ဤသို့သောအရာ၌ သောတာပန် ပုဂ္ဂိုလ်တို့ သော်လည်း လွတ်နိုင်ဖွယ်မရှိသောကြောင့် လည်းကောင်း၊ ကမ္မပထအရာ၌ ဧကန္တပဋိသန္ဓေအကျိုးကို ပေးနိုင်လောက်သော အားသန်သော ကံအထူးကိုသာ ရွေးချယ်၍ ဟောတော် မူသောကြောင့်လည်းကောင်း အဋ္ဌကထာ၌ (ဒီ၊ဋ္ဌ၊၃၊၂၃၁။) သေဝနစိတ္တံ-ဟု သာမညမဆိုဘဲ တသ္မိံ သေဝနစိတ္တံ-ဟု အထူးဆိုအပ် သောကြောင့် လည်းကောင်း ကမ္မပထမမြောက်ဟု အယူရှိသည်။
၁။ မဟုတ်မမှန်သော အရာ၊
၂။ မဟုတ်မမှန် ပြောလိုသောစိတ်၊
၃။ ပြောလည်း ပြောမိ၊
၄။ သူတစ်ပါးလည်းသိ
မုသာဝါဒ၌ အင်္ဂါလေးပါး။
သူတစ်ပါး ချမ်းသာ စေခြင်းအကျိုးငှာ မုသားပြောဆိုရာ၌ ကမ္မပထမမြောက်၊ ဒုဗ္ဘိက္ခအခါ၌ လည်းကောင်း၊ ရောဂါရောက်၍ ရောဂါပျောက်စေခြင်းငှာ လည်းကောင်း ရဟန်းတော် တို့အား မအပ်သော ခွေးသား, မြင်းသား, ဆင်သား တို့ကို နွားသား, ကျွဲသားပါ ဘုရား ဆိတ်သား သမင်သားပါဘုရား ဟု ချမ်းသာစေလို၍ လျှောက်ထား သည်ကို ယုံကြည်၍ ဘုဉ်းပေးသော ရဟန်းအား အပြစ်မရှိ။ လျှောက်ထားသူ ဒါယကာအား မုသားမဖြစ် ကုသိုလ်သာ ဖြစ်သည်ဟူ၍ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ (၃၆)၌ဆို၏။
မပေးလို၍ လည်းကောင်း၊ ခိုးသူလုယက်မည်မှ ကြောက်သောကြောင့် လည်းကောင်း, မိမိ၌ ရှိသောဥစ္စာကို မရှိပါဟူ၍ ပြောဆိုရခြင်းနှင့် လူတို့မှာ မကင်းနိုင်သောကြောင့် ဤသို့ဆိုခြင်းကို ဝဠဉ္စန မုသာဝါဒခေါ်သည်။ ယင်း ဝဠဉ္စန မုသာဝါဒသည် ကမ္မပထမမြောက်ဟူ၍ ယင်းအဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၂၀၃။) ဋီကာ (မ၊ဋီ၊၁၊၃၀၂။) တို့၌ပင် ဆိုသည်။
သိက္ခာပုဒ်ကို ခံယူဆောက်တည်သော သူတို့မှာ မမှန်ချွတ်လွဲသော စကားကို ပြောဆိုလိုသောစိတ်၊ ပြောဆိုမိခြင်း၊ ဤအင်္ဂါနှစ်ပါး စုံညီလျှင် မုသာဝါဒဖြစ်၍ သီလပျက်၏။
၁။ သူနှစ်ဦးလည်းရှိ၊
၂။ ကွဲပြားစေလိုသောစိတ်၊
၃။ လုံ့လပြုခြင်း
၄။ သူနှစ်ဦးတို့ နားလည်ခြင်း၊
၅။ ကွဲပြားခြင်း၊
ပိသုဏဝါစာ၌ အင်္ဂါငါးပါး။ သာမည၌ လေးပါး။
ဖရုသဝါစာ၌ နှုတ်ထွက်ကြမ်းသည် ဖြစ်စေ၊ ချိုသာသည် ဖြစ်စေ၊ စေတနာ ကြမ်းသည်ကိုသာ အကြမ်းဆိုရသည်။ ထို့ကြောင့် မိဘတို့ သားသမီး တို့ကို ကျိန်ဆဲရာ၌ ဖရုသဝါစာမဖြစ်။ မင်းတို့သည် သတ်လိုသောသူကို ချမ်းသာစွာ အိပ်ပါစေ ဆိုရာ၌ ဖရုသဝါစာ ဖြစ်သည်။
၁။ ဆဲရေးအပ်သောသူ၊
၂။ အမျက်ထွက်ခြင်း၊
၃။ ဆဲရေးခြင်း၊
ဖရုသဝါစာ၌ အင်္ဂါသုံးပါး။
၁။ အနက်ဆံကင်းသော စကားကို ဆိုလိုသောစိတ်၊
၂။ ဆိုခြင်း၊
၃။ သူတစ်ပါး ယုံခြင်း၊
သမ္ဖပ္ပလာပ၌ အင်္ဂါသုံးပါး။ သာမည၌ ရှေ့နှစ်ပါး။
အနက်ဆံကင်း ဆိုသည်မှာ ရာမမင်း၏ သီတာမိဖုရားကို ခေါင်းဆယ်လုံးရှိ ဘီလူးမင်း ခိုးယူသည်။ ငကြီးနှင့်ငငယ် လယ်ထွန်သွားကြသည်။ ရွှေယုန်နှင့်ရွှေကျား သက်ငယ်ရိတ် သွားကြသည်။ ဤသို့ စသည် ရှေးကမဖြစ်ဖူး မရှိဖူးသည်ကို ဖြစ်ဖူး ရှိဖူးသကဲ့သို့ သူတစ်ပါးရာဂပွားရန် ဒေါသပွားရန် မောဟပွားရန် ကြံဖန်၍ ပြောကြ ဟောကြသော စကားဟူသမျှ စကားဖျင်းကဲ့သို့ အနက်ဆံ အနက်ဒြပ် မပါသည်ကို ဆိုသည်။
သူ့ကိုဆုံးမရာ တရားဓမ္မ ဟောရာပြော ရာ ထင်လွယ် မြင်လွယ်အောင် ဥပမာပုံပြု၍ ထည့်သွင်း ပြောဆိုရာတို့၌ သမ္ဖပ္ပလာပမဖြစ် မှတ်လေ။
၁။ သူ့ဥစ္စာလည်းမှန်၊
၂။ ငါ့ဥစ္စာဖြစ်မူကောင်းစွဟု မိမိသို့ညွတ်၍လည်းကြံ၊
အဘိဇ္ဈာ၌ အင်္ဂါနှစ်ပါး။
မိမိသို့ မညွတ်ဘဲ လိုချင်ရုံ - နှစ်သက်ရုံမျှကား ကမ္မပထ မမြောက်။
၁။ သတ္တဝါလည်းမှန်၊
၂။ သေမူ ကောင်းစွဟုလည်းကြံ၊
ဗျာပါဒ၌ အင်္ဂါနှစ်ပါး။
စိတ်ဆိုးရုံ အမျက်ထွက်ရုံမျှကား ကမ္မပထမမြောက်။
၁။ ယူအပ်သော ဝတ္ထု၏ မှောက်မှားခြင်း၊
၂။ မှောက်မှားသည်ကို အဟုတ်အမှန် ဟု ထင်ခြင်း၊
မိစ္ဆာဒိဋ္ဌိ၌ အင်္ဂါနှစ်ပါး။
နတ္ထိကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ ဤဒိဋ္ဌိကြီး သုံးပါးတို့သာ ကမ္မပထ မြောက်သည်။ ကြွင်း ဒိဋ္ဌိတို့ကား ကမ္မပထမမြောက်။
နတ္ထိကဒိဋ္ဌိ ဝိပါကံ ပဋိဗာဟတိ၊ အကိရိယဒိဋ္ဌိ ကမ္မံ ပဋိဗာဟတိ၊ အဟေတုကဒိဋ္ဌိ ဥဘယံ ပဋိဗာဟတိ။
မဇ္ဈိမပဏ္ဏာသအပဏ္ဏကသုတ် အဋ္ဌကထာ (၈၅)။
နတ္ထိကဒိဋ္ဌိမှာ အကျိုးတရားဟူ၍ မရှိဟု ယူသည်။
အကိရိယ ဒိဋ္ဌိမှာ ကုသိုလ်အကုသိုလ်ကံ-ဟူ၍ မရှိဟုယူသည်။
အဟေတုက ဒိဋ္ဌိမှာ အကြောင်းမရှိဟု ယူသဖြင့် အကျိုးတရားလည်း မရှိ၊ ကံတရား လည်း မရှိ၊ နှစ်ပါးစုံ မရှိဟုယူသည်။
ကမ္မမေဝ ပထော ကမ္မပထော။
ပါထေယျအဋ္ဌကထာလာ။ (ဝိဂြိုဟ်)။
ကမ္မမေဝ၊ ကံသည်သာလျှင်။
ပထော၊ ပဋိသန္ဓေအကျိုးကို ဧကန္တပေး သောအားဖြင့် ဒုဂ္ဂတိဘုံ၌ ဖြစ်ကြောင်းတည်း။
ကမ္မပထော၊ ကံသည်ပင် ဒုဂ္ဂတိဘုံ၌ ဖြစ်ကြောင်း။ ။ အနက်။
အင်္ဂါစုံညီ၍ ဧကန္တိက ပဋိသန္ဓေအကျိုးကို ပေးနိုင်သော ဆယ်ပါးကိုသာ အထူး သတ်မှတ် ကန့်သတ်၍ ကမ္မပထဟု ဟောတော်မူသောကြောင့် အင်္ဂါမစုံညီသော အကုသိုလ်ဟူသမျှကို ကမ္မပထသို့ မသွင်းရ၊ ကမ္မပထ မဆိုရ၊ ကမ္မပထသို့မဝင်။ သာမညကထာသို့ သွင်းရသည်။ သာမညကထာ သို့သွင်းရ ဆိုသည်မှာလည်း သူ့ဒွါရ အတိုင်းသာ သာမညအမည်ကို ပေးရသည် ဆိုလိုသည်။
အင်္ဂါပြီး၏။
၇၅ - ဒုစရိုက်ကို ပြဆိုခြင်း
ဒုစရိုက်ကိုပြဦးအံ့။
ဒုစရိုက် အမည်နှင့်လာရာတို့၌လည်း ကထာနှစ်ပါးဖြင့် မှတ်ရသည်။ ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက် သုံးပါး၊ ပေါင်း ဒုစရိုက်ဆယ်ပါး၊ ဤသို့ သတ်မှတ်၍လာသော အရာကို ဝိသေသကထာဟူ၍မှတ်။
ဤသို့ မသတ်မှတ်ဘဲ ကိုယ်ဖြင့်ပြုလျှင် ကာယဒုစရိုက် နှုတ်ဖြင့်ပြုလျှင် ဝစီဒုစရိုက် စိတ်ဖြင့်ကြံလျှင် မနောဒုစရိုက်ဟူ၍ မှတ်ရသောအရာကို သာမညကထာဟူ၍မှတ်။
ဝိသေသကထာမှာ ကမ္မပထနှင့်အတူတူ။
ပဏ္ဏတ္တိယာဝါ ကမ္မပထေဟိ ဝါ ကထေတဗ္ဗာ။
ဧတေ၊ ထိုဒုစရိုက်တို့ကို။
ပဏ္ဏတ္တိယာဝါ၊ ဝေါဟာရပညတ်, ဝိနည်း ပညတ်ဖြင့် လည်းကောင်း။
ကမ္မပထေဟိ ဝါ၊ ကမ္မပထတို့ဖြင့် လည်းကောင်း။
ကထေတဗ္ဗာ၊ ဆိုအပ် ပြောအပ် ဖွင့်ပြအပ်ကုန်၏။
ပါထေယျအဋ္ဌကထာ။ (ဒီ၊ဋ္ဌ၊၃၊၁၆၇။)
ဤအဋ္ဌကထာ၌ ပဏ္ဏတ္တိယာဖြင့် သာမညကထာကို ပြသည်။
ကမ္မပထေဟိဖြင့် ဝိသေသကထာကို ပြသည်။
ဆသု ဒွါရေသု အဋ္ဌာရသ ဒုစ္စရိတာနိ ဟောန္တိ။
သံယုတ်အဋ္ဌကထာ။ (သံ၊ဋ္ဌ၊၃၊၁၈၃။)
ဆသု ဒွါရေသု၊ ခြောက်ပါးသော ဒွါရတို့၌။
အဋ္ဌာရသဒုစ္စရိတာနိ၊ တစ်ဆယ့်ရှစ်ပါးကုန်သော ဒုစရိုက်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။ ။ အနက်။
ဤအဋ္ဌကထာ စကားလည်း သာမညကထာပင်။
ဝိညတ်ပါလျှင် ကာယဒုစရိုက်၊
ဝစီဒုစရိုက်၊ မပါလျှင် မနောဒုစရိုက်မှတ်လေ။
သဘာဝတောဝါ သဝတ္တဗ္ဗတော ဝါ ဒုဋ္ဌု စရိတာနိ ဒုစ္စရိတာနိ။
အဋ္ဌကထာအရ။ (ဝိဂြိုဟ်။)
သဘာဝတော ဝါ၊ သဘောအားဖြင့်လည်းကောင်း။
သဝတ္တဗ္ဗတော ဝါ၊ သူတော်ကောင်းတို့ ဆိုဖွယ်အပြစ်ရှိသောကြောင့်လည်းကောင်း။
ဒုဋ္ဌု၊ မကောင်းသော။
စရိတာနိ၊ အကျင့်တို့တည်း၊
ဒုစ္စရိတာနိ၊ မကောင်းသော အကျင့်တို့။ ။ အနက်။
တပည့်များ စကားများကြသည့်အတွက် အရှင်သာရိပုတ္တရာကို ဘုရား နှင်တော်မူ သောအခါ သူတစ်ပါးအတွက်နှင့် အနှင်ခံရသည်။ သူတစ်ပါးကို မဆုံးမဘဲ ချမ်းသာစွာ နေတော့မည်ဟု ကြံမိသည်ကို ဘုရား ဆိုမြည်ဖွယ် အပြစ်ရှိ သောကြောင့် ဒုစရိုက်ဖြစ်သည်ဟု အဋ္ဌကထာတို့ ဆိုသည်။
ဒုစရိုက် ပြီး၏။
၇၆ - ကထာနှစ်ပါး၌ အထူးမှတ်ရန်ကိုပြခြင်း
အထူးမှတ်ရန်မှာ သာသနာပ အခါ၌ ဝိသေသကထာ ဟူသော ကမ္မပထတရား ဆယ်ပါးတို့သာ ပေါ်ထွန်း ထင်ရှား အကျင့်အသုံးလည်း များကြသည်။
ထိုစကား မှန်၏။
သာသနာပ အခါ၌ ပရမတ်မျက်စိ အလင်းမရှိကြသည့်အတွက် ကုသိုလ်ကို ဆယ်ပါး၊ အကုသိုလ်ကိုလည်း ဆယ်ပါးဟူ၍ ပညတ်အားဖြင့်သာ ဟောပြောဖော်ပြ နိုင်ကြ ကုန်သည်။ ကုသိုလ် အကုသိုလ်ကို အကုန်အစင် မဟောပြော မဖော်ပြနိုင်ကြကုန်၊ သာသနာတွင်း အခါ၌ကား ပရမတ်စက္ကူဖြင့် ကြည့်ရှုဆင်ခြင်တော်မူ၍ သာမည ကထာကို ဟောသင့်သောအခါ သာမညကထာကို၊ ဝိသေသကထာကို ဟောသင့် သောအခါ ဝိသေသကထာကို ဤလိုဟောတော်မူနိုင်သောကြောင့် ကထာနှစ်ပါးလုံး ပေါ်ထွန်းထင်ရှားသည်။
အကုသလံ ပဇဟထ ကုသလံ ဘာဝေထ။
အင်္ဂုတ္တိုရ်စသော ထိုထိုပါဠိတော် (အံ၊၁၊၆၀။)
ဘိက္ခဝေ၊ ရဟန်းတို့။
အကုသလံ၊ အပျင်းအရိ ထိန မိဒ္ဓကို-စ အကုသိုလ် ဟူသမျှကို။
ပဇဟထ၊ ပယ်စွန့်ကြကုန်။
ကုသလံ၊ သဒ္ဓါတရားကို စ ကုသိုလ်ဟူသမျှကို။
ဘာဝေထ၊ ပွားများစေကြကုန်။ ။ အနက်။
ကမ္မပထမြောက် မမြောက် မရွေးချယ်ရ၊
အကုသိုလ်မှန်က ပယ်စွန့်ရမည် ဆိုလိုသည်။
ကုလ္လူပမံ ဘိက္ခဝေ ဒေသိတံ ဓမ္မံ အာဇာနေယျာထ။
မူလပဏ္ဏာသပါဠိတော် (၁၈၇)။
ဘိက္ခဝေ၊ ရဟန်းတို့။
မယာ၊ ငါဘုရားသည်။
ဒေသိတံ၊ ဟောတော် မူအပ်သော။
ဓမ္မံ၊ ဂေါတြဘူ တိုင်အောင်သော ဒါန, သီလ, ဘာဝနာဟူသော လောကီကုသိုလ် တရားကို။
ကုလ္လူပမံ၊ လှေဖောင်လျှင် ဥပမာရှိသည်ကို။
အာဇာနေယျာထ၊ သိကြလေကုန်။ ။ အနက်။
လိုရင်း အဓိပ္ပာယ်မှာ ဘာဝနာ၌ ငြိသော နိကန္တိကိုသော်လည်း ပယ်စွန့်ကြ ဆိုလိုသည်။
တစ်နည်းလည်း ဒါန, သီလ, ဘာဝနာဟူသော လောကီကုသိုလ် တရားကို မဂ်, မဖြစ်ပေါ်ခင်သာ ပွားများအားထုတ် ကြရသည်။ မဂ်, ဖြစ်ပေါ်ပြီးနောက် အသုံးမကျပြီ ဆိုလိုသည်။
ပြလိုရင်းမှာ ဝိပဿနာ၌ ငြိသော နိကန္တိကို အစပြု၍ ကြမ်းသည်ဖြစ်စေ၊ နုသည် ဖြစ်စေ အကုသိုလ်ဟူ သမျှကို ပယ်စွန့်ကြဟု ဟောတော်မူလိုရင်း ဖြစ်သော်လည်း ရံခါရံခါ အရာရာသို့ လိုက်၍ ကမ္မပထကိုလည်း ဟောတော်မူရပြန်သောကြောင့် သာသနာတွင်းအခါ ကထာ နှစ်ပါး လုံးပေါ်ထွန်း ထင်ရှားသည်ကို ပြလိုရင်းတည်း။
အထူးမှတ်ရန် ပြသည် ပြီး၏။
၇၇ - ကမ္မပထ မမြောက်ရာ၌ အပြစ်ကို ပြဆိုခြင်း
ကမ္မပထ မမြောက်ရာ၌ အပြစ်ကို ပြဦးအံ့။
ကမ္မပထသို့ မဝင်၊ ကမ္မပထ မမြောက်သော အကုသိုလ်ကို ပဋိသန္ဓေအကျိုးကို မပေးနိုင်ဟူ၍ မမှတ်အပ်၊ အပြစ်မကြီး ဟူ၍ မမှတ်အပ်။
အရာရာသို့လိုက်၍ ပဋိသန္ဓေ အကျိုးကို ပေးနိုင်သည်လည်း ရှိသည်။ မပေးနိုင် သည်လည်း ရှိသည်။ အပြစ် ကြီးသည်လည်း ရှိသည်။ မကြီးသည်လည်း ရှိသည်။
ထိုစကားမှန်၏။ ရှင်ဒေဝဒတ်သည် ကျောက်ကိုလှိမ့်၍ ဘုရားကို အသေသတ်၏။ ဘုရားကား မသေ၊ ကမ္မပထမမြောက်။ နန္ဒဘီလူးသည် အရှင်သာရိပုတ္တရာ၏ ဦးခေါင်းတော်ကို သံတူဖြင့် အသေထု၏။ အရှင်သာရိပုတ္တရာကား မသေ၊ ကမ္မပထ မမြောက်၊ မမြောက်သော်လည်း နန္ဒဘီလူးသည် ပထမဇော စေတနာကြောင့် ကိုယ်အလုံး ပူလောင် မြေသို့ကျ မြေမျို၊ ငရဲမီးလျှံအတွင်း ပူလောင် သေဆုံး၍ သတ္တမဇော စေတနာကြောင့် အဝီစိငရဲထဲ၌ ခန္ဓာအသစ်ဖြစ်၍ ငရဲခံရကြောင်းကို ဥဒါန်းအဋ္ဌကထာ (၂၂၃)၌ ဆိုသည်။
ဤသို့စသည် ကမ္မပထ မမြောက်သော်လည်း အပါယ်ပဋိသန္ဓေ အကျိုးကိုပေး၍ အပါယ်သို့ရောက်ကြသော ဝတ္ထုသက်သေတို့လည်း ကျမ်းဂန်တို့၌ များစွာပင် လာသည်။
သတ္တဝါ သာမညကို, မိဘကို, သီလဝန္တပုထုဇဉ် ရဟန်းကို ရဟန္တာကို ထောင်းထု ပုတ်ခတ် လက်ခြေကိုဖြတ်အံ့၊ မျက်လုံးကို ထုတ်ဖောက်အံ့။ ကမ္မပထ မမြောက်၊ မမြောက်သော်လည်း ပဋိသန္ဓေအကျိုးကို မပေးဟူ၍ ဆိုနိုင်စရာမရှိ။ အပြစ် မကြီး ဟူ၍ ဆိုနိုင်စရာမရှိ။
သုရာပါနကို ပဋိသန္ဓေအကျိုးကို ပေးရာ၌ အနေကန္တိက ဖြစ်၍ ကမ္မပထ ဒေသနာ၌ ဟောတော်မမူ။ ကမ္မပထ ဒေသနာ၌ မပါမဝင်၊ ကမ္မပထမမြောက်, မမြောက် သော်လည်း ပဋိသန္ဓေအကျိုးကို မပေးနိုင်ဟူ၍ မမှတ်အပ်။ အပြစ် မကြီးဟူ၍ မမှတ်အပ်။ အရာရာသို့လိုက်၍ ပဋိသန္ဓေ အကျိုးကို ပေးနိုင်သည်လည်းရှိ၏။ မပေးနိုင်သည်လည်းရှိ၏။ အပြစ်ကြီး သည်လည်းရှိ၏။ မကြီးသည်လည်းရှိ၏။
ယင်း သုရာပါနသည် ပဝတ္တိအကျိုးကိုကား ဧကန္တိ ကပေးနိုင်သည်။
ပဝတ္တိအကျိုး ဆိုသည်ကား ငရဲမှ လွတ်သောအခါ ဖြစ်ရာဘဝ၌ ပညာဉာဏ်ကင်း သိမ်ဖျင်းညံ့ယုတ်သေးရုပ် ထိုင်းမှိုင်းရခြင်း အ-အ၊ အဆွံ့ဖြစ်ရခြင်း၊ ခွေးရူး၊ ဝက်ရူး၊ ကြက်ရူး၊ လူရူးများစွာဖြစ်ရခြင်း စသည်တို့ကို ဆိုသည်။ ပစ္စက္ခ၌လည်း သုရာပါနလောက် အပြစ်များသော မကောင်းမှု မည်သည်မရှိ၊
ထိုစကားမှန်၏။
သုရာပါနကို အလွန်ကြူးသော သူသည် ဒုစရိုက်ဆယ်ပါးလုံးကို ပြုရမည်ဝန်မလေး၊ ပြုလွယ်တော့သည်သာ။ မိမိအန္တရာယ် သူတစ်ပါး အန္တရာယ်ကိုလည်း ပြုနိုင်တော့ သည်သာ။ စီးပွားချမ်းသာ ပျက်စီးဆုတ်ယုတ်ခြင်း၏ အကြောင်းလည်း ဖြစ်တော့ သည်သာ။ သူဌေးဖြစ်က သူဌေးမိုက် သူဌေးမဲ၊ မင်းဖြစ်ကလည်း ဉာဏ်အမြင်နည်း၊ မင်းမိုက် မင်းမဲဖြစ်၍ ပျက်စီးလွယ်တော့သည်သာ၊ ဘုန်းရှိကလည်း ဘုန်းယုတ် တော့သည်သာ။ ဤသို့ စသည်အပြစ်တွေ များလှလေ၏။ ဋီကာကြီး, ဋီကာငယ်, (မူလဋီ၊၂၊၁၈၉။) စသော ကျမ်းတို့၌ကား သုရာပါနကို ကမ္မပထ အတွင်းသို့ အလျော်သွင်း၍ ဖွင့်ပြတော်မူ ကြကုန်၏။
၇၈ - ကိုယ်ဖြင့်ပြုသော်လည်း ဖရုသဝါစာ ဗျာပါဒ ဖြစ်သည်ကို ပြဆိုခြင်း
ဒုဋ္ဌစိတ္တဿ အမရဏာဓိပ္ပာယဿ ဖရုသကာယဝစီပယောဂ သမုဋ္ဌာပိကာ ဖရုသစေတနာ ဖရုသဝါစာ။ မရဏာဓိပ္ပာယေ ပန သတိ အတ္ထသိဒ္ဓိ တဒဘာဝေသု ပါဏာတိပါတာ ဗျာပါဒါစ ဟောန္တိ။
ဒီဃနိကာယ်ဋီကာ, အနုဋီကာတို့၌လာသောပါဠိ။ (အနုဋီ၊၁၊၈၉။)
ဒုဋ္ဌစိတ္တဿ = ဒေါသသည် ဖျက်ဆီးအပ်သော စိတ်ရှိသော။
အမရဏာဓိပ္ပာယဿ = သေစေလိုသောစိတ် မရှိသောသူ၏။
ဖရုသကာယဝစီပယောဂ သမုဋ္ဌာပိကာ = ကြမ်းကြုတ်သော ကာယပယောဂ ဝစီပယောဂကို ဖြစ်စေတတ်သော။
ဖရုသစေတနာ = ကြမ်းသော စေတနာသည်။
ဖရုသဝါစာ = ဖရုသဝါစာ မည်၏။
မရဏာဓိပ္ပာယေ = သေစေလိုသော စိတ်သည်။
သတိ ပန = ရှိမူကား။
အတ္ထသိဒ္ဓိတဒဘာဝေသု = သေခြင်းဟူသော အကျိုးပြီးခြင်း ထိုသေခြင်း ဟူသော အကျိုးမရှိသည် အဖြစ်တို့၌။
ပါဏာတိပါတာ ဗျာပါဒါစ = ပါဏာတိပါတ ဗျာပါဒတို့သည်လည်း။
ဟောန္တိ = ဖြစ်ကုန်၏။ ။ အနက်။
ဤဋီကာတို့၏ အလိုမှာ သေစေလိုသော စိတ်မရှိဘဲ အမျက်ထွက်၍ ရိုက်ပုတ် ညှဉ်းဆဲရာ သတ်လတဲ့ ဖြတ်လဟဲ့ ဆိုရာတို့၌ ဖရုသဝါစာဖြစ်သည်။ သေစေလိုသော စိတ်ရှိမူကား သေလျှင် ပါဏာတိပါတ၊ မသေလျှင် ဗျာပါဒဖြစ် သည် ဆိုလိုသည်။
ကမ္မပထမြောက်သည် ဖြစ်စေ၊ မမြောက်သည် ဖြစ်စေ၊ အကုသိုလ်ကံဆိုသမျှ ရင်လယ်၌ ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်သော အကုသိုလ်ဇော ဟူသော နာမ်ခန္ဓာ လေးပါးပင်မှတ်။ အစစ်ကား ယင်း ခန္ဓာလေးပါး၌ ပါသော စေတနာပင်မှတ်။ အကုသိုလ် နာမ် ခန္ဓာလေးပါးတို့၏ ဖြစ်ရာကား ရူပက္ခန္ဓာတည်း။ သတ္တဝါသည် မကောင်းမှုကို ပြုသည်ဟူ၍ ပြောရုံဆိုရုံသာ၊ သတ္တဝါအကောင် မရှိ။ ခန္ဓာငါးပါး၏ အစုအဝေးမျှသာ။
အကုသိုလ် ကမ္မပထပြီး၏။
၇၉ - ကုသလကမ္မပထ ဆယ်ပါးကိုပြခြင်း
ကုသလကမ္မပထတရား ဆယ်ပါးကို ပြဦးအံ့။
ဆယ်ပါးဆိုသည်ကား-
၁။ ပါဏာတိပါတ ဝိရတီ - ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း
၂။ အဒိန္နာဒါန ဝိရတီ - အဒိန္နာဒါနမှ ရှောင်ကြဉ်ခြင်း
၃။ ကာမေသုမိစ္ဆာစာရ ဝိရတီ - ကာမေသု မိစ္ဆာစာရမှ ရှောင်ကြဉ်ခြင်း
ဤ ဝိရတီသုံးပါးကို ကာယကံသုံးပါးဟူ၍ အမြဲမှတ်။
၁။ မုသာဝါဒ ဝိရတီ - မုသာဝါဒမှ ရှောင်ကြဉ်ခြင်း
၂။ ပိသုဏဝါစာ ဝိရတီ - ပိသုဏဝါစာမှ ရှောင်ကြဉ်ခြင်း
၃။ ဖရုသဝါစာ ဝိရတီ - ဖရုသဝါစာမှ ရှောင်ကြဉ်ခြင်း
၄။ သမ္ဖပ္ပလာပဝိရတီ - သမ္ဖပ္ပလာပမှ ရှောင်ကြဉ်ခြင်း
ဤဝိရတီ လေးပါးကို ဝစီကံလေးပါးဟူ၍ အမြဲမှတ်။
၁။ အနဘိဇ္ဈာ - သူတစ်ပါးဥစ္စာ၌ မငြိတွယ် ကျွတ်လွတ်သော အလောဘ လည်းကောင်း
၂။ အဗျာပါဒေါ - သတ္တဝါတစ်ပါး၌ မပြစ်မှားချစ်ကြည် အေးမြခြင်း၊ အဒေါသ လည်းကောင်း
၃။ သမ္မာဒိဋ္ဌိ - ကောင်းသော ဉာဏ်အမြင်ဟူသော သမ္မာဒိဋ္ဌိ လည်းကောင်း။
ဤသုံးပါးကို မနောကံ သုံးပါးဟူ၍ အမြဲမှတ်။
ကာယကံသုံးပါး ဝစီကံလေးပါး မနောကံသုံးပါး ပေါင်း ကုသလကမ္မ- ဆယ်ပါး။
မြဲမြဲမှတ်ဆိုသော စကား၏ အဓိပ္ပာယ်မှာ ယေဘုယျအားဖြင့် အမြဲမှတ်၍ဆိုသော အမည် ဖြစ်သောကြောင့် ဒွါရပြောင်းသော်လည်း အမည်မပြောင်းစေနှင့် ဆိုလိုသည်။
ထင်ရှားစေဦးအံ့။
ကုသလကမ္မပထအရာ၌ တစ်ပါး တစ်ပါးသော ကံသည် သုံးပါး သုံးပါးသော ဒွါရ၌ဖြစ်နိုင်သည်။ ဖြစ်ပုံမှာ ကာယကံ ဝိရတီ သုံးပါး၊ ဝစီကံဝိရတီလေးပါး၊ ပေါင်း ခုနစ်ပါးသော သီလတို့ကို ကိုယ်ဖြင့် နှုတ်ဖြင့်၊ စိတ်ဖြင့် ဆောက်တည်သောအခါတို့၌ သိလေ။
စေတိယင်္ဂဏသမ္မဇ္ဇနဂန္ဓမာလာဒိပူဇနစေတိယဝန္ဒနာဒီနိ ကရောန္တဿ ကမ္မံ မနောကမ္မံ ဟောတိ။
(အဘိ၊ဋ္ဌ၊၁၊၁၃၇)
စသည် လာသော အဋ္ဌကထာနှင့်အညီ တံမြက်လှည်းခြင်း၊ ပန်းနံ့သာ ဆီမီး စသည် တို့ဖြင့် ပူဇော်ခြင်း၊ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်းစသည် တို့ကို ကိုယ်, နှုတ်တို့ဖြင့် ပြုသောအခါတို့၌ မနောကံ၏ ဒွါရသုံးပါးတို့၌ ဖြစ်ပုံကို သိလေ။
ဝိရတီသည် သမ္မာကမ္မန္တ သမ္မာဝါစာ သမ္မာအာဇီဝဟူ၍ သုံးပါး ရှိသည်။
အသက်မွေးခြင်း အကြောင်း မရှိသော ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ခြင်း ဝိရတီသုံးပါးကို သမ္မာကမ္မန္တ ဆိုသည်။
အသက်မွေးခြင်း အကြောင်းမရှိသော ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ခြင်း ဝိရတီလေးပါးကို သမ္မာဝါစာဆိုသည်။
အသက်မွေးခြင်း အကြောင်းရှိသော ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက် လေးပါးတို့မှ ရှောင်ကြဉ်သည်ကို သမ္မာအာဇီဝဆိုသည်။
သမ္ပတ္တဝိရတီ သမာဒါနဝိရတီ သမုစ္ဆေဒဝိရတီဟူ၍လည်း သုံးမျိုး မှတ်။
တွေ့ကြုံမှ ရှောင်ကြဉ်သည်ကို သမ္ပတ္တဝိရတီမှတ်။
ဆောက်တည်၍ ရှောင်ကြဉ်သည်ကို သမာဒါနဝိရတီမှတ်။
မဂ်ဖြင့် အကြွင်းမဲ့ပယ်သည်ကို သမုစ္ဆေဒဝိရတီမှတ်။
သီလ အစွမ်းအားဖြင့် ဖြစ်သော မဟာကုသိုလ်ဇော၌ ဝိရတီကိုရအပ်၏။
သီလမှ တစ်ပါးသော မဟာကုသိုလ်ဇော၌ မနောကံ သုံးပါးကို ရအပ်၏။
ပဋိသန္ဓေအကျိုးကို ဧကန္တိက ပေးနိုင်သော ကုသိုလ်ကိုသာ ကမ္မပထဟု ဟောတော်မူသောကြောင့် ပဉ္စဒွါရာ အိပ်မက်, အတွင်း၌ဖြစ်သော ဇောတို့သည် ကမ္မပထမှ လွတ်ကုန်၏။ သာမညကထာသို့ သွင်း၍ မနောကံဟူ၍ မှတ်လေ။
ကုသလကမ္မပထဆယ်ပါး ဆိုသော်လည်း မဟာကုသိုလ်ဇော နာမ်ခန္ဓာလေးပါးပင်။
ကုသလကမ္မပထ ပြီး၏။
၈၀ - ပုညကိရိယဝတ္ထုအပြား ဒါနအပြား မိစ္ဆာဒါနကြီး ငါးပါးကို ပြဆိုခြင်း
မဟာကုသိုလ်ဇောကို ပုညကိရိယဝတ္ထု ဆယ်ပါးဖြင့် ပြဦးအံ့။
ဆယ်ပါးဆိုသည်ကား-
၁။ ဒါန,
၂။ သီလ,
၃။ ဘာဝနာ,
၄။ အပစာယန,
၅။ ဝေယျာဝစ္စ,
၆။ ပတ္တိဒါန,
၇။ ပတ္တာနုမောဒနာ,
၈။ ဓမ္မဿဝန,
၉။ ဓမ္မဒေသနာ,
၁၀။ ဒိဋ္ဌိဇုကမ္မ။ ။ ဤဆယ်ပါးတည်း။
၁။ ဒါနဆိုသည်မှာ ထင်ရှားရှိသော ဝတ္ထုကို လှူအံ့ဟုကြံသော အခါမှ စ၍ကြံတိုင်း အောက်မေ့တိုင်း ဇောခုနစ်ကြိမ်စော၏။ ယင်းဇော ခန္ဓာလေးပါးထဲက သင်္ခါရက္ခန္ဓာစေတနာကို ပုဗ္ဗစေတနာ ဆိုသည်။ လှူဆဲသော အခါ၌လည်း ဇော ခုနစ်ကြိမ်စော၏။ ယင်းဇောခန္ဓာလေးပါးထဲက သင်္ခါရက္ခန္ဓာ စေတနာကို မုဉ္စစေတနာဆိုသည်။ လှူပြီးနောက် လှူရပေပြီဟု အောက်မေ့တိုင်း ကြံတိုင်း ဇောခုနစ်ကြိမ်စော၏။ ယင်းဇော ခန္ဓာလေးပါးထဲက သင်္ခါရက္ခန္ဓာ စေတနာကို အပရစေတနာဆိုသည်။ ယင်း စေတနာသုံးတန်ကိုပင် ဒါနဆိုသည်မှတ်။ ယင်း ဒါနကို နှလုံးသွင်းအားလျော်စွာ အာရုံခြောက်ပါးဖြင့်မှတ်။ ခြောက်ပါး ဝေဖန်၍ အဋ္ဌကထာတို့၌ ပြကုန်၏။
ခြောက်ပါးဆိုသည်ကား ရူပဒါန၊ သဒ္ဒဒါန၊ ဂန္ဓဒါန၊ ရသဒါန၊ ဖောဋ္ဌဗ္ဗဒါန၊ ဓမ္မဒါန၊ ဤခြောက်ပါးတည်း။
ဓမ္မဒါန၌ ဓမ္မ၏အရ များသော်လည်း များတိုင်းမယူဘဲ ဩဇာရုပ် ဇီဝိတရုပ် စသည်ကိုသာ ယူရမည်။ မွတ်သိပ်ဆာလောင်ခြင်း ပယ်ဖျောက်တတ်၊ ခိုင်ခံ့ခြင်း ခွန်အားဗလကို ဖြစ်စေတတ်သော ဩဇာအာဟာရကို လှူခြင်းသည် ဩဇာဒါန။
အသက်ရှည်ပါစေဟု နှလုံးထား၍ ယာဂုထမင်းလှူခြင်း၊ လူနာ နှင့်သင့်တင့်သော အစာအာဟာရကို လှူခြင်း၊ ဆေးဝါး ဓာတ်စာ အာဟာရကို လှူခြင်း၊ ဆေးသမား အနှိပ်သည်တို့ကို ဥစ္စာပေး၍ ကုသစေခြင်း၊ နှိပ်နင်း စေခြင်း၊ ပိုက်ကွန် မြုံး၊ ညွှတ်၊ လေး၊ မြားစသော လက်နက်တို့ကို ဖျက်ဆီးခြင်း ဘေးမဲ့ပေးခြင်း၊ အသက်ကို ကယ်ဆယ်ခြင်း၊ ဤသို့ စသည့် အလုံးစုံသည် ဇီဝိတဒါန။
ယင်း ဩဇာဒါန၊ ဇီဝိတဒါန နှစ်ပါးကို ဓမ္မဒါနဆိုရမည်။
ဘုတ်အုပ်စာ၊ ပေစာ၊ ပူဇော်ခြင်းတို့ကိုလည်း ဓမ္မဒါန ဆိုရသည်။
“ပဉ္စ ဒါနာနိ အပုညာနိ ပုညသမ္မတာနိ လောကသ္မိံ မဇ္ဇဒါနံ, သမဇ္ဇဒါနံ ဣတ္ထိဒါနံ, ဥသဘဒါနံ, စိတ္တကမ္မဒါနန္တိ”။
ပရိဝါပါဠိတော်။ (၂၃၁။)
လောကသ္မိံ = လောက၌။
အပုညာနိ = ကောင်းမှု မဟုတ်ကုန်ဘဲလျက်။
ပုညသမ္မတာနိ = ကောင်းမှုဟု လူမိုက်တို့ သမုတ်အပ်ကုန်သော။
ဒါနာနိ = ဒါနတို့သည်။
ပဉ္စ = ငါးပါးတို့တည်း။
ကတမာနိ = အဘယ်ငါးပါးတို့ နည်းဟူမူကား။
မဇ္ဇဒါနံ = သေအရက်အလှူ လည်းကောင်း။
သမဇ္ဇဒါနံ = ပွဲလမ်းသဘင်အလှူ လည်းကောင်း။
ဣတ္ထိဒါနံ = ကာမဂုဏ်ခံစားဖို့ မိန်းမအလှူ လည်းကောင်း။
ဥသဘဒါနံ = နွားမတို့အား နွားလားဥသဘအလှူ လည်းကောင်း။
စိတ္တကမ္မဒါနံ = ကိလေသာပွားရန် ဆေးရေးရုပ်အလှူ လည်းကောင်း။
ဣတိ ဣမာနိ = ဤငါးပါးတို့တည်း။ ။ အနက်။
ဤသည်ကား ကုသိုလ်ထင်မှတ်၍ ပြုပါသော်လည်း ကုသိုလ်မဖြစ်၊ အကုသိုလ် ငရဲ သာဖြစ်သော မိစ္ဆာဒါနကြီး ငါးပါးတည်း။
အဆင်းလှပသော မိန်းမ၊ ယောက်ျားတို့ ရူပဒါနဖြစ်စေရန် အကြည့်အရှုခံ၍ အဆင်းကိုလှူအံ့။
သဒ္ဒဒါနဖြစ်စေရန် သီချင်းသီ၍တေးဆို၍ အသံကိုလှူအံ့။
ဂန္ဓဒါန ဖြစ်စေရန် အနမ်းအရှုခံ၍ အနံ့ကိုလှူအံ့။
ဖောဋ္ဌဗ္ဗဒါနဖြစ်စေရန် အငွေ့အပိုက်ကိုခံ၍ အတွေ့ကိုလှူအံ့။
ဤအလုံးစုံသည် ကုသိုလ်မဖြစ်၊ အကုသိုလ်ငရဲသာ ဖြစ်သည်။
ကုသိုလ်ဇော မစော၊
အမိုက်ဇော၊ အမှားဇောတွေသာ စောသည်။
အမိုက် ဇောဆိုသည်မှာ မောဟဇော၊
အမှားဇောဆိုသည်မှာ ဒိဋ္ဌိဇောကို ဆိုသည်။
၈၁ - ပုဂ္ဂလိကဒါန, သံဃိကဒါနအပြားကို ပြဆိုခြင်း
တစ်နည်း ဒါနသည် ပုဂ္ဂလိကဒါန, သံဃိကဒါနဟူ၍ နှစ်မျိုးရှိသည်။
ယင်း နှစ်မျိုးတွင် ပုဂ္ဂလိက ဒါနကို တစ်ဆယ့်လေးမျိုးမှတ်။
တစ်ဆယ့်လေးမျိုး ဆိုသည်မှာ-
၁။ တိရစ္ဆာန်, လူဒုဿီလ, လူသီလဝန္တ, ဈာန်ရ ရသေ့ဟူ၍
(မဂ်နံ့၊ ဖိုလ်နံ့ မနံရသော အလှူခံပုဂ္ဂိုလ် လေးယောက်။)
၂။ သောတာပန် ဖြစ်ရအောင် ကျင့်ဆဲ၊ ကျင့်ပြီးနှစ်ယောက်
၃။ သကဒါဂါမ်ဖြစ်ရန် ကျင့်ဆဲ၊ ကျင့်ပြီး နှစ်ယောက်
၄။ အနာဂါမ်ဖြစ်ရန် ကျင့်ဆဲ၊ ကျင့်ပြီးနှစ်ယောက်
၅။ ရဟန္တာဖြစ်ရန် ကျင့်ဆဲ၊ ကျင့်ပြီးနှစ်ယောက်
၆။ ပစ္စေကဗုဒ္ဓါ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားနှစ်ပါးဟူ၍
(မဂ်နံ့၊ ဖိုလ်နံ့ နံရ မဂ်ဖိုလ်၏ အရသာကို ခံစားရသော အလှူခံပုဂ္ဂိုလ် တစ်ကျိပ်။)
ဤလို အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေးယောက်ဖြစ်၍ ပုဂ္ဂလိကဒါန တစ်ဆယ့်လေးမျိုး ဖြစ်သည်။
လူဒုဿီလ ဆိုသည်မှာ တံငါ, မုဆိုး, သူခိုး, လုယက်၍ အသက်မွေးသော သူ၊ နှိပ်စက်လှန့်ချောက် ညစ်ကောက် စဉ်းလဲ၍ အသက်မွေးသော ရှေ့နေ မင်းစိုး စသည်ကိုဆိုသည်။
လူသီလဝန္တ ဆိုသည်မှာ တရားသဖြင့် အသက်မွေးသော ကုန်သည်, လယ်လုပ်, မင်းစိုးစသည်ကိုဆိုသည်။
သောတာပန်ဖြစ်ရန် ကျင့်ဆဲပုဂ္ဂိုလ်ဆိုသည်မှာ မဂ်, ဖိုလ်ကို လိုလား တောင့်တ၍ သရဏဂုံ ဆောက်တည်သူ။ ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလ ဆောက်တည်သူ။ သာမဏေ, ရဟန်း, ဘာဝနာအားထုတ်သူစသည်ကို ဆိုသည်။
ပုဂ္ဂလိကဒါနမှာ လဇ္ဇီ အလဇ္ဇီ၊ သုသီလ, ဒုဿီလ၊ သမာဓိဂုဏ်၊ ပညာဂုဏ် ရှိမရှိ စသည် အယုတ်, အမြတ် ရွေးချယ်စိစစ်၍ လှူရသည်။ သံဃိကဒါနမှာ မရွေးချယ် မစိစစ်ရ။
အရာရာမှာ အယုတ်အလတ် အမြတ် မရွေးဟု ရွတ်ဆိုတတ်ကြ၏။ ပုဂ္ဂလိက အရာမှာ မရွတ်ဆိုရ။ သံဃိက အရာမှာသာ ရွတ်ဆိုရသည်။
“ဖလံ ပဋိကင်္ခိတွာ”
ဟု ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၂၂၃။)
ဆိုသောကြောင့် ကုသိုလ်လို၍ ပေးမှ ဒါနဆိုရသည်။
ချစ်ပေး၊ ကြိုက်ပေး, ကြောက်ပေး-စသည်တို့ကို ဒါနမဆိုရ။
သံဃိကဒါန ခုနစ်မျိုးရှိသည်။ ခုနစ်မျိုး ဆိုသည်မှာ-
၁။ ဘုရားအမှူးရှိသော သံဃာကုန်လှူသော သံဃိကဒါန တစ်မျိုး
၂။ ဘုရားမရှိသည့်နောက် သာသနာတွင်းရှိ ဘိက္ခု ဘိက္ခုနီ သံဃာ ကုန်လှူသော သံဃိကဒါနတစ်မျိုး
၃။ သာသနာတွင်းရှိ ဘိက္ခု သံဃာကုန်လှူသော သံဃိကဒါန တစ်မျိုး
၄။ သာသနာတွင်းရှိ ဘိက္ခုနီ သံဃာကုန် လှူသော သံဃိကဒါန တစ်မျိုးဟူ၍ အကုန်လေးမျိုး။
အကုန်မတတ်နိုင်သည့်အတွက် သာသနာတွင်းရှိ နှစ်ဘက်သံဃာကုန်၊ ဘိက္ခုဘက် သံဃာကုန်၊ ဘိက္ခုနီဘက် သံဃာကုန် လှူအံ့သော စိတ်ထားဖြင့် ယင်းဆိုပြီး သံဃာအတွက် သံဃာကိုယ်စားတစ်ပါး၊ နှစ်ပါးစသည် ညွှန်းချ စေလွှတ်တော်မူပါ၊ ဤသို့ စသည် သံဃာကုန်ပိုင်ဆိုင်အောင် လျှောက်ထားသူက လျှောက်ထားတတ် သောကြောင့်-
၁။ နှစ်ဘက်တွက် သံဃာကိုယ်စား ညွှန်းချစေလွှတ်အပ်သော ပုဂ္ဂိုလ်၌ လှူအပ်သော သံဃိကဒါန တစ်မျိုး။
ဥဘတော ဥဒ္ဒိဿကခေါ်သည်။
၂။ ဘိက္ခုဘက်တွင် သံဃာ့ကိုယ်စား ညွှန်းချစေလွှတ်အပ်သော ပုဂ္ဂိုလ်၌ လှူအပ်သော သံဃိကဒါန တစ်မျိုး။
ဘိက္ခု ဥဒ္ဒိဿကခေါ်သည်။
၃။ ဘိက္ခုနီဘက်တွင် ညွှန်းချစေလွှတ်အပ်သော ပုဂ္ဂိုလ်၌ လှူအပ် သော သံဃိကဒါန တစ်မျိုး။
ဘိက္ခုနီ ဥဒ္ဒိဿက ခေါ်သည်။
ဤသို့ ညွှန်း သုံးမျိုး။
ပေါင်း ခုနစ်မျိုးကို ဆိုသည်။
ဝိနည်းကျမ်းဂန်တို့နှင့်အညီ ညွှန်းချစေလွှတ်အပ်သော ပုဂ္ဂိုလ်က သာမဏေငယ် ဖြစ်ခဲ့သော်လည်း စိတ်မပျက်ဘဲ၊ သီလ, သမာဓိ, ပညာဂုဏ် ပြည့်စုံသော မထေရ်ကြီး ဖြစ်သော်လည်း ထူး၍ဝမ်းမမြောက်ဘဲ၊ သံဃာကို ကြည်ညိုမြဲအတိုင်း စိတ်ကို ခိုင်ခံ့စေ၍ လှူနိုင်မှ သံဃိကဒါနမြောက်သည်။
သံဃဂတာ ဒက္ခိဏာ ဟိ သံဃေ စိတ္တီကာရံ ကာတုံ သက္ကောန္တဿ ဟောတိ။
ဒက္ခိဏဝိဘင်္ဂသုတ်အဋ္ဌကထာ။ (၂၂၅။)
ဟိ = အကယ်မလွဲသဖြင့်။
သံဃဂတာ ဒက္ခိဏာ = သံဃိကဒါနသည်။
သံဃေ = သံဃာ၌။
စိတ္တီကာရံ = အကြည်အညို အလေးအမြတ်ကို။
ကာတုံ = ပြခြင်းငှာ။
သက္ကောန္တဿ = တတ်နိုင်သောသူအား။
ဟောတိ = ဖြစ်၏။ ။ အနက်။
ဒါယကာတစ်ဦး ကုသိုလ်အထူး ဖြစ်လို၍ သာသနာတွင်းရှိ သံဃာကုန် ပိုင်ဆိုင်အောင် ပင့်လျှောက်၍ သံဃာတွက်နှင့် ညွှန်းချစေလွှတ်အပ်သော အလဇ္ဇီ တောထွက် ရဟန်းကြီး၌ ဦးချရှိခိုး၍ ကိုယ်တိုင်ခြေသုတ် ရေကပ် ဆွမ်းကပ် ယပ်ခတ် မြတ်မြတ် လေးလေး လုပ်ကျွေးပြီးနောက် ညရောက်က တစ်ဖန် ရဟန်းကြီးလာ၍ ဒါယကာ ပေါက်တူးငှားပါဆိုရာ ပေါက်တူးကို ခြေမဖြင့်ညှပ် ရော့ခင်ဗျား .. ဆို၍ ပစ်ပေးရာတွင် အိမ်နီးချင်းတို့က နံနက်ကလည်း ဤရဟန်း ယခု ညနေလည်း ဤရဟန်း ခင်ဗျားပြုပုံ ဆန်းလှပါတကား ဆိုကြလေလျှင် ကျွန်တော် နံနက်က ဤရဟန်းကို ဆွမ်းမကျွေး သံဃာကို ကျွေးသည်ဟု ဆိုလေသည်။ ဤဒါယကာ၏ စိတ်ကဲ့သို့ဟု ယင်း အဋ္ဌကထာ၌ပင် ထုတ်ပြ၏။
ပင့်ဆဲအခါ ညွှန်းဆဲအခါ လှူဆဲအခါ သာသနာတွင်းရှိ သံဃာအကုန် ပိုင်ဆိုင်အောင် ပင့်တတ် ညွှန်းတတ် လှူတတ်ပါမှ သံဃိကဒါနမြောက်သည်။ ယင်း သုံးပါးတွင် လှူဆဲ လိုရင်းကြီး ဖြစ်သည်။ ထို့ကြောင့် သာသနာတွင်းရှိ သံဃာကုန် စိတ်က မှန်းထား၍ ကျောင်းအရာမ်တွင်း မြို့တွင်းရွာတွင်း လမ်းခရီး တို့၌ တွေ့ရာ တစ်ပါး နှစ်ပါးစသော ပုဂ္ဂိုလ်တို့ထံ တစ်ထပ်စာဆွမ်း၊ တစ်ထည်သော သင်္ကန်း၊ နှစ်တောင် သုံးတောင် သော ပိတ်ပဝါ စသည်ကို “သံဃဿ ဒေမ”ဆို၍ သာသနာတွင်းရှိ သံဃာ ပိုင်ဆိုင်အောင် လှူနိုင်လျှင် လှူသူမှာ သံဃိကဒါန မြောက်တော့သည်သာ မှတ်လေ။
ပစ္စည်းသုံးစားတို့မှာ အလှူခံသူ ပုဂ္ဂိုလ်အတွက် ဝိနည်းကံနှင့်ညီစွာ သုံးစား တတ်ရသည်။
သံဃိကရေစက်ချလို၊ သံဃိက လှူလိုပါသည်ဆိုရာ သံဃိကရေစက် မချနှင့် မလှူနှင့် အသုံးခက်သည်။ ပုဂ္ဂလိကချပုဂ္ဂလိကလှူဟု ဆိုလျှင် လှူလျှင် ရဟန်းမှာ ပါစိတ်အာပတ် သင့်သည်။
သံဃိက ရေစက်ချလျှင် ငါမအလှူ မခံဆိုလျှင် သံဃိကလာဘ်ကို ပိတ်ဆို့ ဖျက်ဆီးရာ ရောက်သည်။ သတိထားရမည်။ ဒါနတွေ အမျိုးမျိုး ဆိုသည်မှာ ပညတ္တိ ဒေသနာ အားဖြင့် ဆိုသည်။ ပရမတ္ထ ဒေသနာအားဖြင့် ဆိုသော်ကား မဟာကုသိုလ်ဇော ခေါ်သော နာမ်ခန္ဓာ လေးပါးပင်၊ ယင်း နာမ်ခန္ဓာလေးပါး၏ တည်ရာကား ရူပက္ခန္ဓာတည်း။
ဒါန ပြီး၏။
၈၂ - သီလကို ပြဆိုခြင်း
၂။ သီလဆိုသည်မှာ မကောင်းသော ကိုယ်အမူအရာ, နှုတ်အမူအရာ မကောင်းသော ကာယကံ, ဝစီကံတို့ကို မဖြစ်စေရအောင် ကိုယ်နှုတ်ကို ကောင်းစွာ ထားခြင်းကို ဆိုသည်။
ထားသောအခါ၌ ဖြစ်သောမဟာကုသိုလ် ဇောပင်တည်း။
အစစ်မှာ ဇော၌ပါသော ဝိရတီစေတနာပင်တည်း။
သီလနံ သမာဓာနံ သီလံ။ ။ (ဝိဂြိုဟ်)။
သီလနံ သမာဓာနံ = ကိုယ် နှုတ်တို့ကို ကောင်းစွာထားခြင်း။
သီလံ = ကိုယ်နှုတ်တို့ကို ကောင်းစွာထားခြင်း။ ။ အနက်။
တစ်နည်း။
သီလတိ သမာဒဟတီတိ သီလံ။ ။ (ဝိဂြိုဟ်)။
သီလတိ သမာဒဟတိ = ကိုယ်နှုတ်ကိုကောင်းစွာ ထားတတ်၏။
ဣတိတသ္မာ = ထို့ကြောင့်။
သီလံ = သီလမည်၏။ ။ အနက်။
ယင်း သီလကို ပကတိပင်ကိုယ် သီလ, ဝိသေသသီလဟူ၍ နှစ်မျိုးမှတ်ရမည်။
ပကတိ ပင်ကိုယ် သီလဆိုသည်မှာ လူဖြစ်သူတို့ ဘယ်သူမဆို အခါခပ်သိမ်း စွဲမြဲကျင့်သုံးထိုက်သော သီလကိုဆိုသည်။
ဝိသေသသီလဆိုသည်မှာ လူဝိသေသတို့၏ သီလကိုဆိုသည်။
ယင်းနှစ်ပါးတို့တွင် ပကတိ ပင်ကိုယ်သီလကို ထင်ရှားစေဦးအံ့။
ကမ္ဘာဦးသားတို့သည် လည်းကောင်း, အသက်ရှည်သော တမ်းသား တို့သည် လည်းကောင်း, တက်ကပ်ဦးသားတို့သည် လည်းကောင်း၊ သမ္မာကမ္မန္တ ဝိရတီသုံးပါး၊ သမ္မာဝါစာ ဝိရတီလေးပါး၊ သမ္မာအာဇီဝ ဝိရတီ တစ်ပါး၊ ဤရှစ်ပါးသော အာဇီဝဋ္ဌမက သီလကို ဆုံးမသူမရှိဘဲ မခံယူဘဲ မိမိတို့အလျောက် ကျင့်သုံးစွဲမြဲ ကြကုန်၏။ မေတ္တာ-ကရုဏာ မုဒိတာ-စသော ဘာဝနာတို့ဖြင့် အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ ဤမနောကံ သုံးပါးကိုလည်း ပယ်စွန့်ကြကုန်၏။ ထိုအခါ လူ့ဘောင် လောကကြီး၌ သုစရိုက် ဆယ်ပါး စည်ကားပြည့်ဝကုန်၏။
ထို့နောက်မှ ပရိယုဋ္ဌာနကိလေသာများကြ၍ ဆုပ်ကပ်ကာလသို့ ရောက်သောအခါ ဝီတိက္ကမ ကိလေသာ ပေါ်သည့်အတွက် သုစရိုက် ဆယ်ပါး ထဲက လိုရင်းအချုပ် ဖြစ်သော ပစ္စုပ္ပန် တမလွန် ဘဝနှစ်ပါးလုံး၌ အပြစ်များ သော လေးပါးတို့ကိုသာ ယူ၍ သုရာပါနနှင့်တကွ ငါးပါးကိုသာ သိက္ခာပုဒ် ပြုလုပ်ခံယူ ဆောက်တည်၍ စောင့်ရှောက်ထိန်းသိမ်းကြ ကျင့်သုံးစွဲမြဲကြကုန်၏။
ကြွင်းသော အားသေးသော ဝစီဒုစရိုက်နှင့်တကွ မနောဒုစရိုက် သုံးပါးတို့ ကိုလည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ-စသော ဘာဝနာဖြင့် ပယ်စွန့်ကြကုန်၏။ ထိုအခါ၌လည်း လူ့ဘောင် လောကကြီး၌ သုစရိုက်ဆယ်ပါး စည်ကားပြည့် ဝလေကုန်၏။
ပရိယုဋ္ဌာနကိလေသာ ဆိုသည်မှာ ပြင်သို့မထွက်ဘဲ စိတ်ထဲ တွင် ဖြစ်၍နေသော ကိလေသာကိုဆိုသည်။
ဝီတိက္ကမ ကိလေသာဆိုသည်မှာ စိတ်ထဲတွင် မအောင့်နိုင်၍ ကိုယ်ဖြင့် နှုတ်ဖြင့် လွန်ကျူးမိအောင် ကြမ်းတမ်းစွာ ဖြစ်သော ကိလေသာကိုဆိုသည်။ ကိလေသာ ဆိုသော်လည်း လောဘ- ဒေါသ စသော အကုသိုလ်တရားတွေ ပင်တည်း။
ထိုမှနောက်ကာလ ဝီတိက္ကမ ကိလေသာ အားကြီးကြ၍ ငါးပါးသီလကိုလည်း မထိန်းသိမ်း မစောင့်ရှောက်နိုင်ကြကုန်။ မေတ္တာ, ကရုဏာ, မုဒိတာ, ဘာဝနာ ကိုလည်း မပွားများနိုင်ကြကုန်။
ထိုအခါ ဒုစရိုက်စည်ကား သုစရိုက် တရားခြောက်ခန်းလေ၏။ သုစရိုက်တရား ခြောက်ခန်းကလည်း အဇ္ဈတ္တ ဗဟိဒ္ဓ လူ့ဘောင်လောကကြီးသည် ခြောက်ခန်း လေ၏။
ထိုစကားမှန်၏၊ လူတို့ တရားမစောင့် တရားပျက်က ဥတုလည်း ပျက်လေ၏။ ဥတုပျက်လျှင် အာဟာရလည်း ပျက်လေ၏။ ယင်း ဥတုပျက် အာဟာရပျက်ကို အစွဲပြု၍ လူတို့အား ရောဂါအန္တရာယ် များခြင်း အသက်တိုခြင်းတို့သည် ဖြစ်လေ ကုန်၏။ အဇ္ဈတ္တ ဗဟိဒ္ဓ၌ ဥတုဇရုပ် အာဟာရဇရုပ်တို့လည်း ယုတ်လျော့ ခေါင်းပါး၍ ကြုံလှီခြောက်ခန်း ညှိုးနွမ်းသေးနုပ် ကြလေကုန်၏။
လူတို့ တရားမစောင့်ဆိုသော စကား၌ တရားမစောင့်ဆိုသည်မှာ လူတို့၏ လူ့တရားကို မစောင့်သည်ကို ဆိုသည်။
လူတို့၏ လူ့တရား ဆိုသည်မှာလည်း အတွင်းဝင် အာဇီဝဋ္ဌမကသီလ ပဉ္စသီလနှင့်တကွ သုစရိုက် တရား ဆယ်ပါးပင်တည်း။ ယင်း တရားစုကို လူဖြစ်သူ အခါခပ်သိမ်း စောင့်ထိန်း စွဲမြဲအပ်လေသောကြောင့် မနုဿဓမ္မ ခေါ်သည်ဟူ၍ ကျမ်းဂန်တို့ ၌ ဆိုသည်။
မနုဿာနံ ဓမ္မော မနုဿဓမ္မော။ ။ (ဝိဂြိုဟ်)။
မနုဿာနံ = လူတို့၏။
ဓမ္မော = တရားတည်း။
မနုဿဓမ္မော = လူတို့၏ တရား။ ။ အနက်။
လူတို့၌ လူ့တရားပြည့်ဝ စိုရွှမ်းသောအခါ အဇ္ဈတ္တ ဗဟိဒ္ဓလူ့ဘောင် လောကကြီးသည် အဆီပွားတိုး ပြည့်ဖြိုးအေးချမ်း စိုရွှမ်းစည်ကားလေ၏။ ဤသို့ ဆိုခဲ့သည့်အတိုင်း အာဇီဝဋ္ဌမက ပဉ္စသီလနှစ်ပါးတို့ကို လူဖြစ်သူတို့ ခါးဝတ်ပုဆိုးကဲ့သို့ အခါခပ်သိမ်း စောင့်ထိန်း စွဲမြဲရမည့် သီလဖြစ်သောကြောင့် ပကတိပင်ကိုယ် သီလဟူ၍ ဆိုရသည်။ ယင်းပကတိ ပင်ကိုယ်သီလမှာ မကျင့်ချင် မနေသာ မကျင့်က မှုပြစ်ရှိ၏။ ဝိသေသသီလမှာ မကျင့်နိုင် နေသာ၏။ အပြစ် မသင့်။
ဤကား ပကတိပင်ကိုယ် သီလတည်း။
၈၃ - ဝိသေသ သီလကို ပြဆိုခြင်း
ဝိသေသသီလ ဆိုသည်မှာ လူဝိသေသတို့၏ သီလတည်း။ ယင်း ဝိသေသသီလကို ဒသ သီလ, ဥပေါသထ သီလ-ဟူ၍ နှစ်မျိုးမှတ်။
ထင်ရှားစေဦးအံ့။
ပကတိပင်ကိုယ် သီလ၌ အမြဲတည်ပြီးသော လူဝိသေသတို့သည် ထို့ထက် တိုးတက်၍ ကျင့်လိုသောကြောင့် လူ့အသွင်ကိုဖျက် လူ့ဘောင်မှ ထွက်ပြီးလျှင် ဆယ်ပါးသီလကို စွဲမြဲထိန်းသိမ်း၍ ဘာဝနာဖြင့် မွေ့လျော် ကြကုန်၏။ သာသနာပ အခါ ထိုသူတို့ကိုပင် ရသေ့၊ ရဟန်းဟူ၍ ခေါ်ဆိုကြရလေသည်။ ထို့ကြောင့် ဒသသီလကို ဝိသေသသီလ ဆိုရသည်။
ဥပေါသထသီလ၌ ဥပေါသထဆိုသည်မှာ လောဘစသော အကုသိုလ် ကိလေသာ မဖြစ်စေရအောင် စိတ်ကို ဆုံးမ၍ တစ်ရက်ပတ်လုံး နှစ်ရက်ပတ် လုံးစသည် အဓိဋ္ဌာန်ဆောက်တည်၍ စင်ကြယ်သော ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် စင်ကြယ်စွာ နေသည်ကို လည်းကောင်း၊ နေသောအခါ၌ဖြစ်သော စေတနာကို လည်းကောင်း ဥပေါသထ ဆိုသည်မှတ်။
သုဒ္ဓံ ကာယံ ဥပသမ္ပဇ္ဇ ဝသနံ၊ ဝသတိ ဝါ ဧတာယာတိ ဥပေါသထော။ ။ (ဝိဂြိုဟ်)။
သုဒ္ဓံ = စင်ကြယ်သော။
ကာယံ = ရူပကာယ, နာမကာယကို။
ဥပသမ္ပဇ္ဇ = ဖြစ်စေ၍။
ဝါ = ပြည့်စုံစေ၍။
ဝသနံ = နေခြင်း။
ဥပေါသထော = စင်ကြယ်သော ကိုယ်, နှုတ်, စိတ်တို့ဖြင့် နေခြင်း။
ဝါ = တစ်နည်းကား။
တာယ = ဤစေတနာ ဖြင့်။
ဝသတိ = နေတတ်၏။
ဣတိတသ္မာ = ထို့ကြောင့်။
ဥပေါသထော = ဥပေါ သထမည်၏။ ။ အနက်။
ယင်းသို့ စင်ကြယ်သော ကိုယ်, နှုတ်, စိတ်တို့ဖြင့် အဓိဋ္ဌာန်ဆောက် တည်၍ နေသည်ကိုပင် မဂဓလူမျိုးတို့မှာ ဥပေါသထခေါ်သည်။ မြန်မာ လူမျိုးတို့မှာ သီတင်းသုံးသည် ဥပုသ်သုံးသည်ဟူ၍ ခေါ်ဆိုကြသည်။ ယခု ကာလ၌လည်း စင်ကြယ်စွာ နေသည်ဖြစ်စေ၊ မနေသည် ဖြစ်စေ၊ ရဟန်း၊ သာမဏေတို့ နေကြသည်ကို အထက်မှာ သီတင်းသုံးသည်၊ အောက်မှာ သီတင်းသုံးသည်၊ မြို့မှာ, ကျေးလက်မှာ, ရွာမှာ, တောမှာ သီတင်းသုံးသည် ဟူ၍ ချီးမြှောက်၍ ခေါ်ရိုးအစဉ် ပြုကြသည်။ ကိုယ်, နှုတ်, စိတ်တို့ကို ဆုံးမ၍ စင်ကြယ်စွာ နေသည်ကို သီတင်းသုံးသည်၊ ဥပုသ်သုံးသည်ဟူ၍ ဥပေါသထဟူ၍ ဆိုသည်မှတ်လေ။
၈၄-သာမညဥပေါသထ အဋ္ဌင်္ဂဥပေါသထတို့ကို ပြခြင်း
ယင်း ဥပေါသထသည် သာမည ဥပေါသထ အဋ္ဌင်္ဂဥပေါသထဟူ၍ နှစ်မျိုးရှိသည်။ ယင်း နှစ်မျိုးတို့တွင် ပကိဏ္ဏကနိပါတ် (ဇာ၊ဋ္ဌ၊၄၊၃၂၆) ၌ လာသော ဘုရားအလောင်းတော် ရှင်ရသေ့, ခို, ဝံ, မြေခွေး, မြွေ စသည်တို့ကဲ့သို့ ဒသသီလ, အာဇီဝဋ္ဌမက, ပဉ္စသီလ၌ တည်ပြီးသော သူတို့သည် လည်းကောင်း၊ သစ်ကျုတ် စသော သတ္တဝါတို့ကဲ့သို့ လုံးလုံး သီလမရှိသော သူတို့သည်လည်းကောင်း၊ တစ်ရက် နှစ်ရက် စသည် အဓိဋ္ဌာန်၍ ဆိုပြီးသည့်အတိုင်း နေကြသုံးကြသော ဥပုသ်ကို သာမညဥပေါသထသီလဟူ၍ မှတ်လေ။
အဋ္ဌင်္ဂ ဥပေါသထဆိုသည်မှာ ပကတိ သီလ၌ တည်ပြီးသော သူတို့သည် လည်းကောင်း၊ သီလလုံးလုံးမရှိသော သူတို့သည်လည်းကောင်း၊ အထူး တိုးတက်၍ ကျင့်လိုသောကြောင့် ရှစ်ပါးသော သိက္ခာပုဒ်တို့ကို အဓိဋ္ဌာန်ခံယူ ဆောက်တည်၍ တစ်ရက်ပတ်လုံး နှစ်ရက်ပတ်လုံးစသည် အကုသိုလ် ကိလေသာ မဖြစ်ရအောင် စိတ်ကို ဆုံးမ၍ စင်ကြယ်သော ကိုယ်, နှုတ်, စိတ်တို့ဖြင့် စင်ကြယ်စွာ နေသည်ကို သိက္ခာပုဒ်ဟူသော အင်္ဂါရှစ်ပါးရှိသော ကြောင့် အဋ္ဌင်္ဂဥပေါသထဟူ၍ ဆိုလေသည်။
ယခုကာလ တဏှာ လောဘ အဘိဇ္ဈာ ဗျာပါဒတွေနှင့် အဋ္ဌင်္ဂဥပုသ်ကို စောင့်ရှောက် ကြသည်မှာ ဥပေါသထသဘောကို ထောက်စာလျှင် ဥပုသ် စောင့်ရာ မရောက်။ ဥပုသ်သုံးရာ မရောက်။ သို့သော်လည်း ဂေါပါလဥပုသ် ဆိုရပါသေး၏။ မစောင့်ဘဲ နေသောထက် အပုံကြီး ကောင်းပါသေး၏။ အာဇီဝဋ္ဌမက သီလ၊ ငါးပါးသီလတို့ထက် အပုံကြီး မြတ်ပါသေး၏။ ဤ ဥပေါသထ သီလ နှစ်ပါးတို့ကိုလည်း အထူးတိုးတက်၍ အားထုတ်လိုသော လူဝိသေသတို့၏ သီလဖြစ်သောကြောင့် ဝိသေသသီလဆိုရသည်။
ဤဆိုအပ် ပြီးသည်ကား ဝိသေသသီလ နှစ်ပါးတည်း။
များသောအားဖြင့် အရိုးအလာ ကျင့်ကြသော ဓမ္မတာကိုသာ မှတ်သား လွယ်အောင် ကျမ်းဂန်ကို ထောက်စာ၍ သီလကို လေးမျိုးဆိုလိုက်သည်။ အသွင်၊ ဌာန၊ ကာလစသည်တို့ဖြင့် သတ်မှတ်၍ ကျမ်းဂန်တို့၌ မဆိုသောကြောင့် ဘယ်အသွင်နှင့် ဖြစ်စေ ဘယ်လိုနေရာမှာဖြစ်စေ ဘယ်လိုနေ့ဖြစ်စေ ဘယ်မျှလောက် ကာလပတ်လုံး ဖြစ်စေ လေးမျိုးတို့တွင် အလိုရှိရာ သီလကို အထီး, အမ, မဆို စောင့်ရှောက် ကောင်းပါ၏။ မစောင့်ရှောက်ကောင်းဟူ၍ ဆိုခွင့်မရ။ လုံခြုံစွာစောင့်ရှောက် နိုင်ခြင်းသာ လိုရင်းဖြစ်သည်။ သီလစောင့် ရှောက်ရာမှာ မိမိဘာသာအဓိဋ္ဌာန် ဆောက်တည်၍ စောင့်သော်လည်း လုံခြုံစွာ စောင့်ရှောက်နိုင်လျှင် သီလ ရကောင်း၏။ သို့သော်လည်း သစ်ကျုတ်၏ သီလကဲ့သို့ မခိုင်မခံ့ ပျက်လွယ်တတ်သည်။
မြစ်ကမ်းခြေ ကျွန်းငယ်တစ်ခု၌ နေသော သစ်ကျုတ်သည် ညအခါ မြစ်ရေတိုးသဖြင့် ကျွန်းကို ရေဝိုင်း၍ အစာရှာ မသွားနိုင်လတ်သော် ယနေ့ ငါသည် အစာငတ်တော့မည်။ အချည်းနှီး မရှိစေနှင့်တော့ဟု အဓိဋ္ဌာန်၍ ဥပုသ်စောင့်ပြီးလျှင် ဝပ်ကျင်းမှာ တည်ကြည်စွာ ဝပ်လေ၏။ နတ်က သိ၍ စမ်းလိုသောကြောင့် ဆိတ်ယောင်ဆောင်၍ အသံပေးသော် မော်ကြည့်၍ ဆိတ်ကိုမြင်လေလျှင် ယနေ့ဥပုသ် ရှိစေဦးတော့ နောက်မှစောင့်တော့မည်ဟု ဆိတ်ကို လိုက်ဖမ်း အတန်ပန်း၍ ဆိတ်ကွယ် ပျောက်သော် ပြန်လာ၍ ငါ၏ ဥပုသ်သည် မကျိုးသေးဟု ဥပုသ်စောင့်မြဲတိုင်း စောင့်ပြန်လေ၏။ ထို့ကြောင့် အလေးပြုလောက်သော ရဟန်းထံ, ရှင်ထံ, လူထံ, နှုတ်မြွတ်၍ ခံယူဆောက် တည်ရသည်။ ဘုရားပွင့်တော်မူသောအခါ ပါတိမောက္ခ သံဝရသီလ, ဣန္ဒြိယ သံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလဟူ၍ သီလကြီးလေးပါး ပေါ်ထွန်း၍လာပြန်၏။
သီလ ပြီး၏။
၈၅ - ဘာဝနာ စသည်ကို ပြဆိုခြင်း
ဘာဝနာဆိုသည်မှာ သမထဘာဝနာ၊ ဝိပဿနာဘာဝနာဟူ၍ နှစ်မျိုး ရှိသည်။
ယင်းနှစ်မျိုးတို့တွင် သမထဘာဝနာ ဆိုသည်ကား ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် တစ်ပါးပါးကို မှတ်၍ ရှုဆင်ခြင်သောအခါ တစ်ပါးပါး စွဲမြဲ၍ တည်သော အဋ္ဌိကကမ္မဋ္ဌာန်းဖြစ်အံ့ အရိုးစု, အရိုးစုဟု ရှုဆင်ခြင်သောအခါ အရိုးစု အာရုံ၌ စွဲမြဲတည်သော သမာဓိအမှူးရှိသော မဟာကုသိုလ်ဇောကို သမထဆိုသည်။ ယင်း သမထကို အဖန်ဖန် ဖြစ်ပွားစေသည်ကို သမထဘာဝနာ ဆိုသည်မှတ်။
ဝိပဿနာဘာဝနာ ဆိုသည်ကား အထူးမြင်တတ်သောပညာ အမှူးရှိသော မဟာကုသိုလ်ဇောကို ဆိုသည်။
ဝိသေသေန ပဿတီတိ ဝိပဿနာ။ ။ (ဝိဂြိုဟ်)။
ဝိသေသေန၊ အထူးသဖြင့်။
ပဿတိ၊ မြင်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဝိပဿနာ၊ ဝိပဿနာ မည်၏။
အထူးမြင်ဆိုသည်မှာ ပညတ် အမြှေးကို ခွာလှန်၍ ရုပ်, နာမ်ကို မြင်၊ ရုပ်, နာမ်တို့၏ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာကို မြင်သည်ကို ဆိုသည်။
ယင်း ဝိပဿနာကို အဖန်ဖန် ဖြစ်ပွားစေသည်ကို ဝိပဿနာ ဘာဝနာဆိုသည်။
ရွတ်ရုံ အံရုံမျှကို ဘာဝနာမဆို၊ သွင်းသော်ကား ဘာဝနာသို့ ဝင်သင့်၏။
သီလကား ကာယကံမြောက်, ဝစီကံမြောက်အောင် လွန်ကျူးတတ်သော ဝီတိက္ကမ ကိလေသာကြမ်းကို ပယ်တတ်သော သဘော။
၃။ သမထ (ဘာဝနာ) ကား ကာယကံ, ဝစီကံကို မဖြစ်စေဘဲ ဝမ်းထဲတွင်သာ ပေါ်သော ပရိယုဋ္ဌာန ကိလေသာကို ပယ်တတ်သော သဘော။
ဝိပဿနာကား ကိလေသာတို့၏ အမြစ် အနုသယ ကိလေသာကို ပယ်တတ်သော သဘော။
၄။ အပစာယန - ဆိုသည်မှာ ရိုသေထိုက်သော အရာတို့၌ အရိုအသေ ပြုခြင်းအမှု။
၅။ ဝေယျာဝစ္စ - ဆိုသည်မှာ ကောင်းသော အရာ၌ သူတစ်ပါးတို့၏ အမှုကြီး, ငယ်ကို ရွက်ဆောင်ခြင်း အမှု။
၆။ ပတ္တိဒါန - ဆိုသည်မှာ မိမိပြုသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှပေးဝေခြင်း အမှု။
၇။ ပတ္တာနုမောဒနာ - ဆိုသည်မှာ သူတစ်ပါးပြုသော ကုသိုလ်ကို သာဓုခေါ်၍ ဝမ်းမြောက်ခြင်းအမှု။
၈။ ဓမ္မဿဝန - ဆိုသည်မှာ တရားနာခြင်းအမှု။
၉။ ဓမ္မဒေသနာ - ဆိုသည်မှာ တရား ဟောခြင်း အမှု။
၁၀။ ဒိဋ္ဌိဇုကမ္မ - ဆိုသည်မှာ အယူ၏ဖြောင့်စင်းခြင်း အမှု။
ဤကား ပုညကိရိယဝတ္ထု ဆယ်ပါးတည်း။
အပစာယန, ဝေယျာနှစ်ပါးကို သီလ၌သွင်း၊ ပတ္တိဒါန, ပတ္တာနုမောဒနာ နှစ်ပါးကို ဒါန၌ သွင်း, ဓမ္မဿဝန ဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မကို ဘာဝနာ၌သွင်း၊ အကျဉ်းအားဖြင့် ဒါန, သီလ, ဘာဝနာ ဟူ၍ ပုညကိရိယဝတ္ထု, သုံးပါးသာ မှတ်လေ။
ပုညကိရိယဝတ္ထု ဆယ်ပါး သုံးပါးဆိုသော်လည်း မဟာကုသိုလ်ဇောနမ်, ခန္ဓာ လေးပါးပင်မှတ်။
နာမ်ခန္ဓာလေးပါး၏တည်ရာ အအိမ်ခြောက်ခုနှင့်တကွ ရုပ်စု ရုပ်စိုင် ရုပ်ခဲကြီးကား ရူပက္ခန္ဓာ သတ္တဝါအကောင်သည် ကုသိုလ်ကို ပြုသည်ဟု ပြောရုံ ဆိုရုံသာ သတ္တဝါအကောင်မရှိ၊ ခန္ဓာငါးပါးတို့၏ အစုအဝေးမျှသာ မှတ်လေ။
သတ္တဝါ အကောင် မဟုတ်သော်လည်း သတ္တဝါအကောင်ဟူ၍ ပညတ်အားဖြင့် ခေါ်ဝေါ်ရုံသာ ခေါ်ဝေါ်ရသော ခန္ဓာငါးပါး အစုအဝေးထဲ၌ ဇော၌ သင်္ခါရက္ခန္ဓာကို နောင် သုဂတိ, ဒုဂ္ဂတိတို့၌ ခန္ဓာပင်ကို ပေါက်ရောက်စေတတ်သောကြောင့် မျိုးစေ့နှင့် တူသည်ဟူ၍ မှတ်လေ။
“ခန္ဓာလေးချက်၊ ပင်ကိုင်းခက်၊ သင်္ခါရက်မှာ၊ မျိုးပမာ”
ပုညကိရိယ ဝတ္ထုပြီး၏။
---၈၆ - အကျိုးပေး ကာလကို ပြဆိုခြင်း
အကျိုးပေးပုံ အခြင်းအရာကို အစွဲပြု၍ ကံတို့ကွဲပြားပုံကို ပြဆိုဦးအံ့။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊
စေတယိတွာ ကမ္မံ ကာရောတိ ကာယေန ဝါစာယ မနသာ။
အင်္ဂုတ္ထိုရ်ပါဠိတော်။ (အံ၊၂၊၃၆၃။)
ဘိက္ခဝေ၊ ရဟန်းတို့။
ယာယ၊ အကြင်စေတနာဖြင့်။
စေတယိတွာ၊ စေ့ဆော်၍။
ကာယေန၊ ကိုယ်ဖြင့်။
ဝါစာယ၊ နှုတ်ဖြင့်။
မနသာ၊ စိတ်ဖြင့်။
ကမ္မံ၊ ကောင်းသောအမှု မကောင်းသောအမှု ဟူသော ထိုထိုကိစ္စကို။
ကရောတိ၊ ပြု၏။
ဝါ၊ ပြီးစေ၏။
တံစေတနံ၊ ထိုထိုကိစ္စကို ပြီးစေတတ်သော စေတနာကို။
ကမ္မံ၊ ကံဟူ၍။
အဟံ၊ ငါဘုရားသည်။
ဝဒါမိ၊ ဟောတော်မူ၏။ ။ အနက်။
ဤပါဠိတော်နှင့်အညီ ထိုထိုကိစ္စကို ပြီးစေတတ်သော ဇော ခုနစ်ကြိမ်၌ ပါသော စေတနာ ခုနစ်တန်ကို ကံဆိုသည်မှတ်။
ယင်း ကံသည်-
၁။ ဒိဋ္ဌဓမ္မ ဝေဒနီယကံ,
၂။ ဥပပဇ္ဇ ဝေဒနီယကံ,
၃။ အပရာပရိယဝေဒနီယကံ,
၄။ အဟောသိကံ,
ဟူ၍ လေးပါးရှိသည်။
ယင်း လေးမျိုးတို့တွင် ဇောစေတနာ ခုနစ်တန်အနက် ပထမဇော စေတနာကို ပစ္စက္ခမျက်မှောက်ဘဝ၌ အကျိုးကို ဖြစ်စေတတ်သောကြောင့် ဒိဋ္ဌဓမ္မဝေဒနီယကံ ဆိုသည်မှတ်။
ဒိဋ္ဌဓမ္မ ဝေဒနီယံ ယဿာတိ ဒိဋ္ဌဓမ္မဝေဒနီယံ။ ။ (ဝိဂြိုဟ်)။
ယဿ၊ အကြင်ကံအား။
ဒိဋ္ဌဓမ္မေ၊ မျက်မှောက်ပစ္စက္ခဘဝ၌။
ဝေဒနီယံ၊ ခံစားအပ်သော အကျိုးသည်။
အတ္ထိ၊ ရှိ၏။
ဣတိတသ္မာ၊ ထို့ ကြောင့်။
ဒိဋ္ဌဓမ္မဝေဒနီယံ၊ ဒိဋ္ဌဓမ္မဝေဒနီယကံ မည်၏။ ။ အနက်။
ပုဏ္ဏမည်သော လယ်ထွန်သမား မျက်သစ်ရေဒန်ပူကို၊ မယားက လင်ဖို့ ဆောင်ယူ ခဲ့သော ထမင်းကို အရှင်သာရိပုတ္တရာအား လှူကြသည့်အတွက် လယ်တစ်ကျင်းလုံးရှိ ထွန်ချေးတုံး, ထွန်ချေးခဲ, ထွန်ချေးစာ မြေတို့သည် အရောင်ရဲရဲ ရွှေတုံး, ရွှေခဲတွေဖြစ်၍ သူဌေးစည်းစိမ်ကို ခံစားရခြင်း။ ဤသို့ စသော ကောင်းမှုကိုပြု၍ ပစ္စက္ခ၌ ချမ်းသာကြရ ဆိုသမျှ ရတနာသုံးပါး ဂုဏ်ကို အောက်မေ့၍၊ ပရိတ်တရားကို နာ၍၊ မိဘကို ကြီးသောသူကို ရိုသေ၍၊ လူနာကို ပြုစု၍၊ ဘုရားအို ဘုရားပျက်၊ ကျောင်းအို ကျောင်းဟောင်း၊ ဇရပ် တန်ဆောင်းကို ပြုပြင်၍၊ ပစ္စက္ခတွင် ရောဂါအန္တရာယ်ကင်းသည် အသက်ရှည်သည် ဆိုသမျှ ပထမဇော စေတနာ၏သတ္တိမှတ်လေ။
အကုသိုလ်အရာ၌ သာဝတ္ထိပြည်သား အမဲသားမပါဘဲ ထမင်းမစားသော နွားသတ် ယောက်ျား မယားက အမဲသား မပါဘဲ ထမင်းပွဲတည်လာ သည်ကို အမဲသားမပါလျှင် ငါ ထမင်းမစားသည်ကို နင်မသိလားဆို၍ ဓားကို ယူပြီးလျှင် အရှင်လတ်လတ် နွားလျှာကို ဖြတ်၍ ချက်စားလေလျှင် အမဲတုံး ထိသည်နှင့် တစ်ပြိုင်နက် ထမင်းခွက်သို့ လျှာပြတ်၍ ကျသဖြင့် ခုနစ်ရက်ပတ် လုံး နွားကဲ့သို့ အော်၍ သေဆုံးပြီးနောက် အဝီစိသို့ရောက်လေသည်။ ဓမ္မပဒလာ (ဓမ္မ၊ဋ္ဌ၊၂၊၂၁၃။) ဤ ဝတ္ထု၌ နွားသတ်ယောက်ျား ခုနစ်ရက်ပတ်လုံး ဒုက္ခကြီးစွာ လျှာပြတ် သေဆုံး ခြင်းသည် ပထမဇောစေတနာ၏ သတ္တိမှတ်လေ။ အဝီစိသို့ ရောက်သည်မှာ အဆုံးဇော စေတနာ၏ သတ္တိမှတ်လေ။
ဤနည်းအတူ ခန္တီဝါဒီရှင်ရသေ့ကို ပြစ်မှား၍ မြေမျိုခံရသော ကလာဗုမင်း၊ ဘုရားကို စွပ်စွဲပြစ်မှားသည့်အတွက် ဒဏ်သင့်၍ လတ်တလော သေဆုံး ရသော သုန္ဒရီမိန်းမ၊ မြေမျိုခံရသော စိဉ္စမာန၊ သောတာပန် အရိယာ သာမာဝတီ မိဖုရားကို ပြစ်မှားသည့် အတွက် ဒဏ်သင့်၍ သေဆုံးရသော မာဂဏ္ဍီမိဖုရားတို့ ဝတ္ထုကိုလည်း သိလေ။
မကောင်းမှုကို ပြု၍ ပစ္စက္ခတွင် ဘေးသင့်သည်၊ ဒဏ်သင့်သည်၊ ဆင်းရဲဒုက္ခ ရောက်သည်၊ အသက်စည်းစိမ် ဆုတ်ယုတ်ပျက်စီးရသည် ဆိုသမျှ ပထမဇော စေတနာ၏ သတ္တိမှတ်လေ။
မာတာပိတူသုပိ စေတိယေပိ ဗောဓိမှိပိ ပဗ္ဗဇိတေသုပိ အပရဇ္ဈိတွာ မယှံ ခမထာတိ။ အစ္စယံ ဒေသေတိ။ တဿ သဟ ခမာပနေန တံကမ္မံ ပါကတိကမေဝ ဟောတိ။
အင်္ဂုတ္တိုရ်အဋ္ဌကထာ။ (အံ၊ဋ္ဌ၊၂၊၁၉၁။)
မာတာပိတူသုပိ၊ မိခင် ဖခင်တို့၌လည်းကောင်း။
စေတိယေပိ၊ စေတီ၌လည်းကောင်း။
ဗောဓိမှိပိ၊ ဗောဓိပင်၌လည်းကောင်း။
ပဗ္ဗဇိတေသုပိ၊ ရဟန်းတို့၌ လည်းကောင်း။
အပရဇ္ဈိတွာ၊ ပြစ်မှားမိ၍။
မယှံ၊ အကျွန်ုပ်အား။
ခမထ၊ သည်းခံတော်မူပါ။
ဣတိ ဤသို့ဆို၍။
အစ္စယံ၊ မှားမိသော အပြစ်ကို။
ဒေသေတိ၊ ပြောကြားအံ့။
ခမနေန ခမာပနေန၊ ပြောကြား၍ သည်းခံစေခြင်းနှင့်။
ဝါ၊ တောင်းပန်သည် ကန်တော့သည်နှင့်။
သဟ၊ တစ်ပြိုင်နက်။
တဿ၊ ထိုပုဂ္ဂိုလ်၏။
တံ ကမ္မံ၊ ထိုပြစ်မှားမိသော ကံသည်။
ပါကတိကမေဝ၊ ပ,ပျောက်၍ ပကတိ ဖြစ်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ, ၎င်းဋီကာ, ပါရာဇိကဏ်အဋ္ဌကထာ။ သာရတ္ထဋီကာ။ (မ၊ဋ္ဌ၊၃၊၆၁။) (မ၊ဋီ၊၃၊၃၄-၅။) တို့၌လည်း ပယောဂ သမ္ပတ္တိသည် မြစ်အပ်သောကြောင့် သည်းမခံသော်လည်း ပ, ပျောက်သည်ဟု ဆို၏။
ဤအဋ္ဌကထာ,ဋီကာတို့၌ မပြစ်မှားထိုက်သော သူတို့ကို ပြစ်မှားမိ၍ ကန်တော့လျှင် မကောင်းမှု ပပျောက်သည်ဆိုသော စကားကို ပထမဇော စေတနာကိုသာ ရည်၍ ဆိုသည်မှတ်လေ။ အဆုံးဇော အလယ်ဇောစေတနာတို့ ကား မပ, ပျောက်။
ဥပပဇ္ဇဝေဒနီယကံ ဆိုသည်မှာ ဒုတိယဘဝ၌ အကျိုးကို ဖြစ်စေတတ်သော အဆုံးဇော စေတနာကိုဆိုသည်။
ဥပပဇ္ဇေ ဝေဒနီယံ ယဿာတိ ဥပပဇ္ဇဝေဒနီယံ။ ။ (ဝိဂြိုဟ်)။
ယဿ၊ အကြင်ကံအား။
ဥပပဇ္ဇေ၊ ဒုတိယဘဝ၌။
ဝေဒနီယံ၊ ခံစား အပ်သော အကျိုးသည်။
အတ္ထိ၊ ရှိ၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဥပပဇ္ဇ ဝေဒနီယံ၊ ဥပပဇ္ဇဝေဒနီယကံမည်၏။ ။ အနက်။
ကုသိုလ်အရာ၌ လာဇာနတ်သမီး, ဖားနတ်သား မဋ္ဌကုဏ္ဍလီ သတို့သား စသည် တို့ကဲ့သို့၊ အကုသိုလ်အရာ၌ အဇာတသတ်မင်း၊ ဝိဋဋူဘမင်းသား ရွဲသမား လင်မယား တို့ကဲ့သို့ ဒုတိယဘဝ၌ ကောင်းကျိုး မကောင်းကျိုးကို ခံစားရသည် ဆိုသမျှ အဆုံးဇော စေတနာ၏ သတ္တိမှတ်လေ။
ဥပပဇ္ဇပုဒ်ကို တွာပစ္စယန္တ ပုဒ်ဟူ၍ လည်းကောင်း, နိပါတ်ပုဒ်ဟူ၍ လည်းကောင်း ဆိုသော်လည်း သင့်ရာ၏။
အပရာပရိယကံ ဆိုသည်မှာ ပစ္စက္ခဘဝ ဒုတိယဘဝမှ တစ်ပါး နိဗ္ဗာန်ရသည် ဘဝတိုင်အောင် အဆက်ဆက်သော ဘဝတို့၌ အခွင့်သာတိုင်း အကျိုးကို ဖြစ်စေတတ်သော အလယ်ဇော စေတနာငါးတန်ကို ဆိုသည်မှတ်။
အပရေ အပရေ ဝေဒနီယံ ယဿာတိ အပရာပရိယဝေဒနီယံ။
(ဝိဂြိုဟ်)။
ယဿ၊ အကြင်ကံအား။
အပရေ အပရေ၊ အဆက်ဆက်သော ဘဝ၌။
ဝေဒနီယံ၊ ခံစားအပ်သော အကျိုးသည်။
အတ္ထိ၊ ရှိ၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
အပရာပရိယဝေဒနီယံ၊ အပရာပရိယဝေဒနီယကံ မည်၏။ ။ အနက်။
တုသိတာသို့ရောက်သော မလ္လိကာမိဖုရား၊ နာရဒဇာတ်၌ ကဿပ ဘုရား၏ စေတီတော်ဝယ် ပန်းတင်လှူဖူးသော အလာတအမတ်, ရဟန်းတို့ကို ဝစီကံဖြင့် ပြစ်မှားဖူးသော ဗီဇက ကျွန်တို့ကဲ့သို့ တတိယဘဝမှစ၍ အခွင့်သာရာ၌ အကျိုး ခံစားရဆိုသမျှ အလယ်ဇော စေတနာငါးတန်၏ သတ္တိမှတ်လေ။
အဟောသိကံ - ဆိုသည်မှာ ပထမဇော စေတနာ၊ အဆုံးဇော စေတနာတို့သည် မိမိတို့၏ ကာလ၌ အခွင့်မရ၍ အကျိုးမပေးရသည်ရှိသော် တစ်ပါးကာလ၌လည်း အကျိုးမပေးတော့ပြီ၊ အဟောသိကံ ဖြစ်လေ၏။
အလယ်ဇော စေတနာငါးတန်တို့မှာ နိဗ္ဗာန်သို့ မရောက်သမျှ အဟောသိကံ မဖြစ်နိုင်။ ထို့ကြောင့် သံသရာ၌ အပရာပရိယကံနှင့် ကင်းသော သတ္တဝါမည်သည် မရှိ။
“တေန မုတ္တော သတ္တောနာမ နတ္ထိ။”
ထိုထိုအဋ္ဌကထာ။ (အံ၊ဋ္ဌ၊၂၊၁၀၅။)
တေန၊ ထိုအပရာပရိယကံမှ။
မုတ္တော၊ လွတ်သော။
သတ္တောနာမ၊ သတ္တဝါမည်သည်။
နတ္ထိ၊ မရှိ။ ။ အနက်။
တစ်ဦးတစ်ဦးသော သတ္တဝါ၌ အပရာပရိယကံ အဘယ်မျှလောက် များပါမည်နည်း ဆိုသော် လှည်းအစီး ကုဋေအသိန်းတိုက် သဲ၌ သဲလုံး ပမာဏမက များသည် မှတ်လေ။
ဤ ဆိုအပ်ပြီးသည်ကား အကျိုးပေးရာ ကာလကို အစွဲပြု၍ လေးပါးကွဲပြားပုံတည်း။
---၈၇ - သတ္တိကိစ္စအားဖြင့် လေးပါးပြားပုံကို ပြဆိုခြင်း
တစ်နည်းလည်း
၁။ ဇနက ကံ,
၂။ ဥပတ္ထမ္ဘက ကံ,
၃။ ဥပပီဠကကံ,
၄။ ဥပစ္ဆေဒကကံ - ဟူ၍ လေးမျိုး။
ယင်း လေးမျိုးတို့တွင် ဇနကကံဆိုသည်မှာ ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သော ပထမဇော, အဆုံးဇော, အလယ်ဇော၊ စေတနာသုံးရပ်ကိုပင် ဆိုသည်။ ထိုစကားမှန်၏။ မိမိတို့ ကာလ၌ ပဝတ္တိအကျိုးကို လည်းကောင်း၊ ပဋိသန္ဓေ ပဝတ္တိ အကျိုး နှစ်ပါးလုံးကို လည်းကောင်း၊ ဖြစ်စေတတ်သော စေတနာသုံးရပ်ကိုပင် ဖြစ်စေခြင်း ကိစ္စကို အစွဲပြု၍ ဇနကကံ ဆိုရသည်။
ဇနေတီတိဇနကံ။ ။ (ဝိဂြိုဟ်)။
ဇနေတိ၊ ဖြစ်စေတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဇနကံ၊ ဇနက မည်၏။ ။ အနက်။
အကျိုးကို ဖြစ်စေတတ်၏ ဆိုသည်မှာလည်း ပဋိသန္ဓေအခါ ပဝတ္တိ အခါတို့၌ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ဖြစ်ပေါ်စေသည်ကို ဆိုသည်။ မျိုးစေ့သည် အပင်ကို ဖြစ်ပေါ်စေ သကဲ့သို့ မှတ်လေ။
ဥပတ္ထမ္ဘကကံ ဆိုသည်မှာ ထောက်ပံ့တတ်သော စေတနာသုံးရပ်ကိုပင် ဆိုသည်။ ထိုစကားမှန်၏။ မိမိတို့ ကာလ၌ ကံတစ်ပါးကို အားသန်လေအောင် တစ်ပါးကံ၏ အကျိုးကို ခိုင်ခံ့တိုးပွား စည်ကား တာရှည်လေအောင် ထောက်ပံ့တတ်သော စေတနာသုံးရပ်ကိုပင် ထောက်ပံ့ခြင်းကိစ္စကို အစွဲပြု၍ ဥပတ္ထမ္ဘကကံ ဆိုရလေသည်။
ဥပတ္ထမ္ဘေတီတိ ဥပတ္ထမ္ဘကံ။ ။ (ဝိဂြိုဟ်)။
ဥပတ္ထမ္ဘေတိ၊ ထောက်ပံ့တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဥပတ္ထမ္ဘကံ၊ ဥပတ္ထမ္ဘကကံ မည်၏။ ။ အနက်။
ရေလောင်းခြင်း ပေါင်းသင်ခြင်း စသည်ကိုပြုသော ယောက်ျား၊ အိမ်အိုကို ထောက်သော ကျားနှင့် အလားတူ၏။ ကုသိုလ်ကို ကုသိုလ်ချင်း အကုသိုလ်ကို အကုသိုလ်ချင်း ထောက်ပံ့ရာ၌ သိသာ ထင်ရှား၏။ ခွေး၊ ဝက်၊ ကြက်၊ ငှက်၊ နွား၊ ကျွဲ၊ ဆင်၊ မြင်းစသော တိရစ္ဆာန်တို့မှာ အကုသိုလ် ဇနကကံကြောင့် တိရစ္ဆာန်ဖြစ်ရသည်။ ယင်း ဇနကကံ၏ အကျိုးကို ကုသိုလ် ဥပတ္ထမ္ဘကကံ ထောက်ပံ့သောကြောင့် အသက်ရှည်သည် မှတ်လေ။
ဥပပီဠကကံ - ဆိုသည်မှာ ကပ်၍ နှိပ်စက်တတ်သော စေတနာသုံးရပ်ကိုပင် ဆိုသည်။ ထိုစကားမှန်၏။ မိမိတို့ ကာလ၌ ကံတစ်ပါးကို အားမသန် လေအောင် တစ်ပါးကံ၏ အကျိုးကို မပွားမတိုး ညှိုးမှိန် အားသေးလေအောင် မခိုင်မခံ့ မစည်ကား နုပ်စုတ်လေအောင် ကပ်၍နှိပ်စက်တတ်သော စေတနာ သုံးရပ်ကိုပင် နှိပ်စက်ခြင်း ကိစ္စကို အစွဲပြု၍ ဥပပီဠကကံ ဆိုရသည်။
ဥပပီဠေတီတိ ဥပပီဠကံ။ ။ (ဝိဂြိုဟ်)။
ဥပပီဠေတိ၊ ကပ်၍ နှိပ်စက်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဥပပီဠကံ၊ ဥပပီဠကကံ မည်၏။ ။ အနက်။
ကုသိုလ်ကံကြောင့် လူ၏ အဖြစ်ကို ရပါသော်လည်း ပဋိသန္ဓေအခါက အမျိုး ယုတ်ခြင်း၊ အင်္ဂါကြီး ငယ်မစုံ ချို့တဲ့ခြင်း၊ ရောဂါများခြင်းစသော မကောင်း ကျိုးပါလာသောသူ ကံကုန်၍ အသက်တိုသော သူတို့မှာ မူလဇနက ကုသိုလ် ကံကို အကုသိုလ် ဥပပီဠကကံ နှိပ်စက်သည့်အတွက်မှတ်လေ။ ပဝတ္တိအခါ သို့ရောက်မှ အင်္ဂါကြီးငယ် စည်းစိမ်ဥစ္စာ ပျက်စီးဆုတ်ယုတ်ရခြင်း၊ ငြိုငြင်ဆင်းရဲ မသေနိုင် ရောဂါအန္တရာယ်များခြင်း စသည်တို့မှာ မူလဇနကကံ၏ အကျိုးကို အကုသိုလ်ဥပပီဠကကံ နှိပ်စက်သည့်အတွက် မှတ်လေ။
ဥပစ္ဆေဒကကံ - ဆိုသည်မှာ တစ်ပါးကံ၏ အကျိုးကို တွန်းလှဲသတ်ဖြတ်သော စေတနာသုံးရပ်ကိုပင် ဆိုသည်။ ထိုစကားမှန်၏။ မိမိတို့ကာလ၌ တစ်ပါး၏ အကျိုးကို တွန်းလှဲသတ်ဖြတ်တတ်သော စေတနာသုံးရပ်ကိုပင် တွန်းလှဲသတ်ဖြတ်ခြင်းကိစ္စကို အစွဲပြု၍ ဥပစ္ဆေဒကံ ဆိုရလေသည်။
ဥပဂန္တွာ ဆိန္ဒတီတိ ဥပစ္ဆေဒကံ။ ။ (ဝိဂြိုဟ်)။
ဥပဂန္တွာ၊ ကပ်၍။
ဆိန္ဒတိ၊ ဖြတ်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဥပစ္ဆေဒကံ၊ ဥပစ္ဆေဒကကံ မည်၏။ ။ အနက်။
ကံမကုန် အသက်မကုန်ဘဲ သေချိန်မရောက်ဘဲ မသေသင့်ဘဲ သေရသမျှ ဥပစ္ဆေဒက သတ္တိမှတ်။
ဤဆိုအပ်ပြီးသည်ကား သတ္တိ ကိစ္စကို အစွဲပြု၍ လေးပါးကွဲပြားပုံတည်း။
---၈၈- ကံ၌ အထူးမှတ်ရန်ကို ပြဆိုခြင်း
ကံ၌ အထူးမှတ်ရန်ကို ပြဆိုဦးအံ့။
(အံ၊ဋ္ဌ၊၂၊၁၀၄) သုတ္တန်နည်း အားဖြင့် တစ်ဆယ့်တစ်ပါး,
(အဘိ၊ဝိ၊၃၅၁။) အဘိဓမ္မာ နည်းအားဖြင့် တစ်ဆယ့်ခြောက်ပါး၊
ပဋိသမ္ဘိဒါမဂ်ပါဠိတော် (ပဋိသံ၊၂၇၁။) နည်းအားဖြင့် တစ်ဆယ့်နှစ်ပါး
ကံတွေ ဘယ်လောက်ပင် များသော်လည်း ပထမဇော, အဆုံးဇော, အလယ်ဇော, ဤစေတနာသုံးရပ်ပင်ဟူ၍ အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ (အံ၊ဋ္ဌ၊၂၊၁၁၄။) ဆိုသည်။
ယင်း စေတနာ သုံးရပ်တို့တွင် ပထမဇော စေတနာမှာ ပဝတ္တိအကျိုးကိုသာ ဖြစ်စေနိုင်သည်။ အဆုံးဇော, အလယ်ဇော, စေတနာတို့မှာ ပဋိသန္ဓေအကျိုး, ပဝတ္တိအကျိုး နှစ်ပါးလုံးကို ဖြစ်စေနိုင်သည်။ ပဋိသန္ဓေအကျိုးကို ဖြစ်စေရာမှာ စေတနာ တစ်ခုသည် တစ်ကြိမ်သာ ဖြစ်စေ နိုင်သည်။ ပဝတ္တိ အကျိုးကိုကား များစွာဖြစ်စေနိုင်သည်ဟူ၍ မှတ်လေ။
ဇနကသတ္တိရှိသော စေတနာသည် ထိုက်သည်အားလျော်စွာ ဇနကကိစ္စ, ဥပတ္ထမ္ဘက ကိစ္စ, ဥပပီဠကကိစ္စ, ဥပစ္ဆေဒကကိစ္စ ဟူသော လေးပါးသော ကိစ္စကို ပြီးစေနိုင်သည်။ ဇနကသတ္တိ မရှိသော စေတနာကား ဥပတ္ထမ္ဘက, ဥပပီဠက ကိစ္စနှစ်ပါးကိုသာ ပြီးစေနိုင်သည်။ သတ္တိ ကိစ္စ ပြောင်းလွဲလျှင် အမည်လည်း ပြောင်းလွဲရသည်။ အဘယ့်ကြောင့်နည်းဆိုသော် စေတနာသုံးရပ်တို့အား မိမိတို့ သတ္တိကိစ္စကို အစွဲပြု၍ အခိုက်အတန့်သာ အမည်ကို ပေးအပ်သောကြောင့်တည်း။ စေတနာသုံးရပ်တို့၏ လေးပါးသော အမည်သည် နိစ္စ အမည်မဟုတ် အခိုက်အတန့် အမည်သာဟူ၍ မြဲမြဲမှတ်။ မျိုးစေ့ကြောင့် အပင်, အရွက်၊, အပွင့်, အသီး ဖြစ်သည်တစ်ရပ်၊ ကာရံ ရေလောင်း ပေါင်းသင်သည် တစ်ရပ်၊ နွား, ကျွဲ, ပိုးစသည် နှိပ်စက်သည် တစ်ရပ်၊ အမြစ်ပါ နုတ်ပစ်ဖြတ်လှဲသည်တစ်ရပ်။ ဤလေးရပ်ဖြင့် ကံလေးပါး တို့၏ ကိစ္စလေးရပ်ကို ဥပမာဟပ်၍ သိလေ။
ပိုးကိုက်၍ သစ်သီးပုပ်ရာ ပိုးသည် ရုပ်သစ်ကို မဖြစ်စေတတ်။ ပိုးကိုက်သည့်အတွက် ရှိရင်းရုပ်တို့၏ ဖောက်ပြန်သည်ကိုပင် ပုပ်သည်၊ သိုးသည်ဆိုရသည်။ ဤနည်းအတူ နောက်ကံ သုံးပါးတို့မှာ ဇနကသတ္တိ မရှိဟူ၍မှတ်လေ။ မိမိသည်ပင် ဖြတ်၍ မိမိသည်ပင် ပဋိသန္ဓေအကျိုး ပေးသည်ဆိုရာ၌ ဖြတ်ခိုက်ကို ဥပစ္ဆေဒက၊ ပဋိသန္ဓေ အကျိုးကို ဖြစ်စေသော အခိုက်ကို ဇနကဆိုရမည်။
အထူးမှတ်ရန် သာဓကကိုပြဦးအံ့။
လူ့ပြည်က အမျှဝေသည်ကို သိ၍ ပြိတ္တာတို့ သာဓုခေါ်၍ ဝမ်းမြောက်လျှင် နတ်တို့ ကဲ့သို့ စည်းစိမ်ချမ်းသာ ကို ရရာ၌လည်းကောင်း၊ ပုဏ္ဏသူဌေး၏ဝတ္ထု၌ (ဓမ္မ၊ဋ္ဌ၊၂၊၁၉၆၊ ၁၉၉။) လည်းကောင်း ပထမဇော၏ ဇနကသတ္တိမှတ်။
ရောဟိနီမည်သော သာကီဝင်မင်းသမီး နူနာစွဲ၍ ဆွမ်းစားကျောင်း ဆောက်ခြင်း၊ ဆွမ်းစားကျောင်း၌ ရေလောင်းခြင်း အမှိုက်လှည်းခြင်း တို့ကိုပြု၍ နူနာ ပျောက်သည်မှာ ပထမဇော၏ ဥပတ္ထမ္ဘက သတ္တိမှတ်။
ကဿပဘုရား၏ ဓာတ်တော်ဌာပနာရန် စေတီတည်ဖို့ရာ ဇမ္ဗူဒီပါကျွန်း၌ အသပြာ လှည့်လည်တောင်းခံသော အနာဂါမ် သီတင်းသည် ဥပါသကာကို လုယက် သတ်ဖြတ်ကြသော ခိုးသားငါးရာတို့ မျက်စိကွယ်ကြသည်မှာ ပထမ ဇော စေတနာ၏ ဥပပီဠက သတ္တိမှတ်။
ဘဝင် အစဉ်နှင့်တကွ ဥပါဒိန္နကခန္ဓာ ကို အကြွင်းမဲ့ဖြတ်မှ ဥပစ္ဆေဒကကံဆိုရမည်။ ဝန်လေးသော မကောင်းမှုကို ပြု၍ ပြသောဘဝ၌ မြေမျို၍ လောင်မီးကျ၍ ဘေးသင့် ဒဏ်သင့်၍ လတ်တလော သေဆုံးကြရသည်မှာ ပထမဇောစေတနာ၏ ဥပစ္ဆေဒက သတ္တိမှတ်လေ။ ဤကား ပထမဇော စေတနာ၏ ကိစ္စလေးချက်။
ကဿပဘုရားလက်ထက် များစွာသော ကြက်, ငှက်တို့ကို ပုပ်မည်စိုး ၍ ခြေကို, အတောင်ကို ချိုးထား ဝယ်သူရှိမှ သတ်၍ ရောင်းချသဖြင့် အသက်မွေးသော ငှက်မုဆိုးသည် သတ်ပြီးသော ကြက်သား၊ ငှက်သားတို့ကို ချက်ပြုတ်၍ မထေရ် တစ်ပါးကို ဆွမ်းကျွေး၏။ ယင်း မုဆိုးသည် သေပြီးနောက် ကြက်၊ ငှက်ဖြစ်သည်ဖြစ်အံ့။ အကုသိုလ် အဆုံး ဇော၏ ဇနကသတ္တိမှတ်။ ယင်း ကြက်, ငှက်ချမ်းသာစွာ အသက်ရှည်သည်ဖြစ်အံ့၊ ကုသိုလ်အဆုံးဇော၏ ဥပတ္ထမ္ဘက သတ္တိမှတ်။ အတောင်, ခြေ, လက်ကျိုး၍ ဆင်းရဲ ဒုက္ခ ခံနေရလျှင် အကုသိုလ် အဆုံးဇော၏ ဥပပီဠကသတ္တိမှတ်။ အသတ်, အဖြတ်ခံရ၍ သေဆုံးရလျှင် အကုသိုလ် အဆုံးဇော၏ ဥပစ္ဆေဒက သတ္တိမှတ်။ ဤကား အဆုံး ဇော၏ ကိစ္စလေးချက်။
ယင်းငှက်သေပြီးနောက် ငရဲသို့ရောက်အံ့ အလယ်ဇော၏ ဇနက သတ္တိမှတ်။ ငရဲ၌ တာရှည်လေးမြင့် ခံရသည်ဖြစ်အံ့၊ တခြားသော အလယ် ဇော၏ ဥပတ္ထမ္ဘက သတ္တိမှတ်။ ငရဲမှလွတ်၍ ဘဝများစွာ ခြေကျိုး၊ လက်ကျိုး၊ ရောဂါဝေဒနာများ၍ ဆင်းရဲဒုက္ခ ခံရလျှင် အကုသိုလ်အလယ်ဇော၏ ဥပပီဠက သတ္တိမှတ်။ အသတ်အဖြတ်ခံရ၍ သေချိန်မရောက်ဘဲ သေရလျှင် အလယ်ဇော စေတနာ၏ ဥပစ္ဆေဒက သတ္တိမှတ်။ ဤကား အလယ်ဇော၏ ကိစ္စလေးချက်။
ဤ မုဆိုးကား ငါတို့ဘုရား လက်ထက်တော်၌ ရှေးက ဆွမ်းလှူခဲ့သော ကုသိုလ် ထဲတွင် အလယ်ဇော စေတနာ၏ ဇနကသတ္တိကြောင့် လူ့အဖြစ်ကိုရ၍ ရဟန်းပြုပြီး နောက် နိဗ္ဗာန်သို့ရောက်ရသည်။ နိဗ္ဗာန်သို့ မရောက်ခင် တစ်ကိုယ်လုံး အနာတွေပေါက်၍ အသားအရေ ရိနံပုပ်သိုး အရိုးတို့ ကျိုးကြေ ဒုက္ခခံရလေသည်မှာ ငှက်သတ် အကုသိုလ်ထဲတွင် အလယ် ဇော၏ ဥပပီဠကသတ္တိ မှတ်လေ။
---၈၉ - တစ်မျိုး အထူးမှတ်ရန်ကို ဝတ္ထုနှင့်တကွ ပြဆိုခြင်း
တစ်မျိုးအထူးမှတ်ရန်မှာ။
ဇနကကံ၏ အကျိုးမှာ, အကျိုးရင်း။
ဥပတ္ထမ္ဘက ဥပပီဠက ဥပစ္ဆေဒကကံတို့၏ အကျိုးမှာ, အကျိုးဖျား။
အကျိုးရင်းမှာ ပြုသူသန္တာန်၌သာဖြစ်သည်။
အကျိုးဖျားမှာ သူတစ်ပါးသန္တာန်၌လည်း ဖြစ်နိုင်သည် မှတ်လေ။
ထိုစကားကို ထင်ရှားစေဦးအံ့။
ကုမ္ဘပူရပြည်၌ ဒဏ္ဍကီမင်းသည် ပြည့်တန်ဆာမနှင့် အမတ်မိုက်တို့ စကားကို ယုံ၍ ပြည်သူပြည်သားအများ ဗိုလ်ပါနှင့်တကွ ဥယျာဉ်တွင် သီတင်းသုံးသော ကိသဝစ္ဆ-ရှင်ရသေ့ကို စားဖတ် ဒန်ပူနှင့်ပစ်ခြင်း၊ တံထွေး ချွဲခမ်းတို့ကို ရှင်ရသေ့အပေါ်၌ ထွေးဟပ်ခြင်းတို့ကို ပြ၍ ပြစ်မှားကြသည့်အတွက် တစ်ဘက်သွား၊ နှစ်ဘက်သွား ရှိသော လက်နက် မိုးရွာ၍ နွား၊ ကျွဲမလပ် တစ်တိုင်းလုံး တစ်ပြည်လုံး အတစ် အတစ် အတုံးအတုံး သေဆုံးပျက်စီးကြကြောင်း။
ကလိင်္ဂတိုင်း၌ နာဠိကေရမင်းသည် ပြည်သူပြည်သား တို့နှင့်တကွ ဟိမဝန္တာမှ ကြွလာသော ရသေ့ငါးရာတို့ထံ တရားနာရာ ရှင်ရသေ့ကြီးက သူ့အသက်ကို မသတ်ကောင်း။ သတ်မိလျှင် ငရဲခံရသည်။ လူဖြစ်သော်လည်း အသက်တိုရသည်၊ ဤသို့စသည်ဖြင့် ငါးပါးသီလ မလုံခြင်း၌ အပြစ်ကိုပြ၍ တရားဟောပါသည်ကို မိမိ ငါးပါးသီလမျှ မလုံသူဖြစ်၍ ရှင်ရသေ့တို့ ငါ့ကို စောင်းချိတ်၍ စောင်းချိတ်၍ တရားကိုဟောသည်။ ရှိနှင့်စေ သိရလိမ့်မည် ဟု ရန်ငြိုးဖွဲ့ထား နန်းတော်သို့ ဆွမ်းစားပင့်ဖိတ်၍ ပြန်သွားပြီးနောက် မိုးသောက်သောအခါ များစွာသော မင်းချင်းယောက်ျားတို့ကို ရှားနှစ်တုတ်တို့ကို ကိုင်စေလျှက် များစွာသော ခွေးတို့နှင့်တကွ ပုန်းကွယ်ရာ၌ ထားပြီးလျှင် ရှင်ရသေ့တို့ ကြွလာသောအခါ မစင်တို့ကို ရှေ့တွင်ထား၏။ စားတော်မူကြ ဘုန်းပေး တော်မူကြ ဆိုရာတွင် ရှင်ရသေ့တို့ စက်ဆုပ်ဖွယ်ဆို၍ ပြန်သွားကြသော် ခွေးတို့ကို လိုက်စေ ကိုက်စေ၍ ရှားနှစ်တုတ်တို့ဖြင့် အသေ ရိုက်နှက် ပြစ်မှားသည့် အတွက် လက်နက်မိုးရွာ၍ တစ်တိုင်းလုံး၊ တစ်ပြည်လုံး အတစ်တစ် အတုံးတုံး သေဆုံးပျက်စီးကြကြောင်း ကျမ်းဂန်တို့၌ လာသည်။ မပြစ်မှားသူတို့လည်း ခွေး၊ ဝက်၊ ကြက်၊ ငှက်၊ ခြ၊ ပရွက်၊ မလပ် သေဆုံးကြရသည်။
ကဿပဘုရား၏ လက်ထက် သူကြွယ် ကျောင်းဒကာသည် ကျောင်းထိုင် ဘုန်းကြီး ကို အာဂန္တုဘုန်းကြီးနှင့်တကွ ဆွမ်းစား ပင့်ဖိတ်လေလျှင် ကျောင်း ထိုင်ဘုန်းကြီးက အာဂန္တု ဘုန်းကြီးကို မခေါ်ဘဲသွား အာဂန္တုဘုန်းကြီး မပါပါတကား ဘုရားဟု ဒကာက လျှောက်ထားက ဒကာ့ဘုန်းကြီး အအိပ်ကြီး၍ ငါ မခေါ်ခဲ့သည်ဟု ပြောလျှင် ခရီးပန်း၍ ဖြစ်ပါလိမ့်မည် ဆို၍ ကျွေးမွေးပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို သပိတ်ထဲသို့ထည့်၍ အာဂန္တုဘုန်းကြီးအား လှူပါလေဟု ကပ်လိုက်၏။ ကျောင်းထိုင် ဘုန်းကြီးလည်း ငါက တရားမဟောတတ် သူက တရား ဟောတတ်သည်။ ဤကျောင်းမှာ သူနေလျှင် သူ ဘုန်းကြီးလိမ့်မည်။ ငါ ဘုန်းနည်း လိမ့်မည်။ မွန်မြတ်သော ဘောဇဉ်ကို စားရမှန်းသိလျှင် လည်ကို ကိုင်၍ပင် ထုတ်သော်လည်း သူသွားမည်မဟုတ်ဟု ကြံ၍ လမ်းတွင်တွေ့သော မီးပုံ၌ ဆွမ်းကိုသွန်၍ မီးကျီးခဲတို့ဖြင့် ဖုံး၍ ကျောင်းသို့လာခဲ့သော် --
အာဂန္တုဘုန်းကြီးက သူ့စိတ်ကိုသိ၍ ငါ့ကြောင့် သူမဆင်းရဲပါစေနှင့်ဟု ကောင်းကင် သို့ ပျံတက်၍ ကြွသွားနှင့်သဖြင့် မတွေ့လေလျှင် ငါသည် ဝန်လေးသောအမှုကို ပြုမိသည်ဟု ပူဆွေးသောစိတ်ဖြင့် မကြာခင် ပိန်ခြောက်၍ အသက်ကံမကုန် သေးဘဲ သေဆုံး၍ ငရဲ၌ဖြစ်ပြီးမှ မစားမသောက်ရ ငတ်မွတ်ဆင်းရဲစွာ သေဆုံးရသော ဘီလူးပြိတ္တာ၏အဖြစ် ဘဝငါးရာ၊ ခွေးအဖြစ် ဘဝငါးရာဖြစ်ပြီးမှ --
ရဟန်းအဖြစ်မှ စောင့်ထိန်းခဲ့သော သီလကုသိုလ်ထဲတွင် အလယ်ဇော၏ ဇနက သတ္တိသည် သူပြုခဲ့သော အကုသိုလ် အလယ်ဇော ဥပပီဠကကံ၏ အနှိပ်အစက်ကို ခံရ၍ အားမသန်သည့်အတွက် အလွန်ဆင်းရဲ နွမ်းပါးသော မိန်းမဝမ်း၌ ပဋိသန္ဓေကို ဖြစ်စေ၏။ မွေးဖွားလျှင် မိတ္တဝိန္ဒကဟု အမည်မှည့်သည်။
ထိုသူ၏ မကောင်းမှုကြောင့် တစ်မျိုးလုံး စည်းစိမ်ဥစ္စာ ဆုတ်ယုတ် ပျက်ပြား ငတ်မွတ်ခေါင်းပါးလှ၍ သူ့ကိုနှင်ထုတ်ကြ၊ ထိုမှ ထွက်ပြေး၍ ဗာရာဏသီ ဒိသာပါမောက္ခဆရာကြီးထံ ဆည်းကပ်၍နေရာ ကြမ်းကြုတ် ယုတ်မာ မလိမ္မာ၍ သူတကာတို့ အရိုက်အနှက် အပုတ်အခတ် အခံရများလှ၊ ထိုမှထွက်ပြေး ကျေးလက် ရွာငယ်တစ်ခု၌ အလွန်ဆင်းရဲသော မိန်းမနှင့် အကြောင်း ပါသဖြင့် ရွာသားတို့က အစာရိက္ခာပေး၍ တံခါးစောင့်ထား၊ သူ့ မကောင်းမှုကံကြောင့် တစ်ရွာလုံး ခုနစ်ကြိမ်မီးလောင်၊ ခုနစ်ကြိမ် ဒဏ်တပ်ခံရ၊ ဆုတ်ယုတ်ပျက်ပြား ငတ်မွတ်ခြင်းများကြ၍ သူ့ကိုနှင်ထုတ်ပြန် တစ်ဖန် ပင်လယ်ကျော သင်္ဘောနှင့် လိုက်သွား သူ့မကောင်းမှုကြောင့် သင်္ဘောမသွား၊ သူ့ကို ဝါးစည်းနှင့်ပင်လယ်သို့ ပစ်ချ၊
သူ့သီလကုသိုလ် အလယ်ဇော ဥပတ္ထမ္ဘကကြောင့် ကျွန်းသောင်ပေါ် ဖလ်ဗိမာန်၌ နတ်သမီး လေးယောက်နှင့် ခံစားရ၊ ထို့နောက် ငွေဗိမာန်၌ နတ်သမီး ရှစ်ယောက်နှင့်ခံစားရ၊ ထို့နောက် ရွှေဗိမာန်၌ နတ်သမီး သုံးဆယ့်နှစ်ယောက်နှင့် ခံစားရလေ၏။ နတ်သမီးဆိုသော်လည်း မိဿကကံကြောင့် ခုနစ်ရက် ဒုက္ခခံ၊ ခုနစ်ရက်စံ စသော ဝေမာနိကနတ်ပြိတ္တာမတို့တည်း။
ကောင်းနိုးနိုး ရှေ့သို့ တိုးက ဘီးလူးမ ဆိတ် ယောင်ဆောင်သည်ကို တွေ့၊ သတ်စားလို၍ ဖမ်းလေလျှင် ဘီလူးမက ခြေနှစ်ချောင်းကိုင်၍ ပစ်လိုက်သော် ဘီလူးမ၏ အာနုဘော်ကြောင့် ဗာရာဏသီပြည်၏ အနီး ချုံပေါ်သို့ မသေဘဲကျ၊ မင်း၏ဆိတ်တော်ကို မြင်၍ နတ်သမီးတို့ထံ ပြန်ရောက်အောင် ပစ်စေလို၍ ဆိတ်ကိုဖမ်းသောအခါ မင်းချင်းယောက်ျား ဆိတ်ကျောင်းသားတို့ ဆိတ်ခိုးဟု ရိုက်နှက်ချည်နှောင် ယူဆောင်ရာ ဒိသာပါမောက္ခ ဆရာကြီးကြောင့် လွတ်၊ အသက် အတိုင်းနေ၍ သေ၊
ကံအားလျော်စွာလား၊ ငါတို့ ဘုရားလက်ထက် ရဟန်းဖြစ်တုန်းက သီလကုသိုလ် အလယ်ဇော၏ ဇနကသတ္တိကြောင့် ကောသလတိုင်း အိမ်ခြေတစ်ထောင်ရှိသော တံငါတို့ရွာ တစ်ယောက်သော မိန်းမဝမ်း၌ ပဋိသန္ဓေနေ သူ့မကောင်းမှုကြောင့် တစ်ရွာလုံး ခုနစ်ကြိမ် ဒဏ်တပ်ခံရ၊ ခုနစ်ကြိမ် မီးလောင်၊ စည်းစိမ်ဥစ္စာ ဆုတ်ယုတ် ပျက်ပြား ရှားပါးငတ်မွတ် ကြ၍ နှစ်စုနှစ်စု အကြိမ်ကြိမ် ခွဲ၍မဲချ၊ သူ့အမိသို့ ရောက်လျှင် နှင်ထုတ်ကြ၊ အငတ်ငတ် အမွတ်မွတ် ဆင်းရဲဒုက္ခ၊ မွေးဖွားပြီးမှ တောင်းစားတတ်သောကာလ ခွက်ကိုပေး၍ သူ့ကိုလွတ်မှ အမိချမ်းသာရလေ၏။
ထိုသူငယ်သည် ကျီးကန်းကဲ့သို့ အိုးခွက်ဆေးရေ စွန့်ရာတို့၌ ထမင်းလုံးကို ကောက်စားလျက် ဆင်းရဲငြိုငြင်စွာ ခုနစ်နှစ် အရွယ်ရှိမှ သနားတတ်သော ရှင်သာရိပုတ္တရာ မထေရ်မြတ်က ရှင်ပြု၍ပေး၊ ရဟန်းခံ၍ပေး။ ရဟန်း ဖြစ်သော်လည်း ငတ်မွတ်ဆင်းရဲ၊ နောက် ရဟန္တာဖြစ်သောအခါလည်း ငတ်မွတ် ဆင်းရဲ၊ သူ့ကိုမြင်လျှင် ပေးချင်ကမ်းချင်သူ မရှိ။ ပေးမိပြန်လျှင် လက်သို့ရောက် က ပျောက်ကွယ်ရ၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်က သနားလှ၍ သူ့ကို ဆွမ်းခံခေါ်၊ သူပါသော် ဆွမ်းမရ၊ ဆွမ်းကို မဆိုထားဘိ လက်အုပ်ချီသူမျှ မရှိ။ သူ့ကိုထားခဲ့မှ ဆွမ်းရ၊ အငတ်ငတ် အမွတ်မွတ် ငြိုငြင်ဆင်းရဲစွာနှင့်ပင် ပရိနိဗ္ဗာန် စံရလေ၏။ လောသကတိဿ ဟု တွင်သည်။ ဧကနိပါတ်ဇာတ် အဋ္ဌကထာ (၁။ ၂၅၁-၉။) ၌လာ၏။
သူပြုသော မကောင်းမှုအကျိုးကို တစ်ပါးသူတို့လည်း ခံရသည်ကို ပြလိုရင်းတည်း။
တက်ကပ်၏ အဦးအစ၌ မိဘတို့ သီလရှိသည့်အတွက် သားသမီးတို့ အသက် ရှည်သည်ဟူ၍ လည်းကောင်း၊ စကြာမင်းတို့၏ ကုသိုလ်ကံကြောင့် မိဖုရားသန္တာ၌ အနူးအညံ့ အမွှေးအပျံ့ အေးငွေ့နွေးငွေ့ဟူသောအကျိုး၊ သားကြီး ရတနာ၌ သူတစ်ပါးစိတ်ကို သိနိုင်သော အကျိုး၊ သူဌေးကြီး ရတနာ၌ မြေ၏အတွင်း တစ်ယူဇနာ မြင်နိုင်သောအကျိုး ဖြစ်ပေါ်သည်ဟူ၍ လည်းကောင်း ဒီဃနိကာယ် အဋ္ဌကထာ၊ (၂။ ၃၆။)တို့၌ ဆိုသည်။ ဤသို့စသည် ကျမ်းဂန်တို့၌ လာသောကြောင့် အကျိုးဖျားမှာ သူတစ်ပါးတို့ သန္တာန်၌လည်း ဖြစ်သေး၏ဟု မှတ်ရသည်။
သူတစ်ပါး ပြုသောကံကို အမှီရ၍ မိမိတို့ အပရာ ပရိယကံ အကျိုးပေးသည်ဟူ၍ ဆိုသော်လည်း သင့်ရာ၏။
ကမ္မဝိပါကော ဟိ အစိန္တေယျော။
ဟိ၊ ထိုစကား မှန်၏။
ကမ္မဝိပါကော၊ ကံ၏အကျိုးကို။
အစိန္တေယျော။ မကြံအပ်။
ဤကား နာနာတ္တကထာနည်းတည်း။
“စတ္တာရိမာနိ ဘိက္ခဝေ အစိန္တေယျာနိ န စိန္တေတဗ္ဗာနိ၊ ယာနိ စိန္တေန္တော ဥမ္မာဒဿ ဝိဃာတဿ ဘာဂီ အဿ”။
ဘိက္ခဝေ၊ ရဟန်းတို့။
စတ္တာရိ၊ လေးပါးကုန်သော။
ဣမာနိ အစိန္တေယျာနိ၊ ဤမကြံအပ်သည်တို့ကို။
န စိန္တေတဗ္ဗာနိ၊ မကြံအပ်ကုန်။
ယာနိ၊ အကြင် မကြံအပ်သည်တို့ကို။
စိန္တေန္တော၊ ကြံသောသူသည်။
ဥမ္မာဒဿ၊ ရူးသွပ်ခြင်း၏။
ဝိဃာတဿ၊ ပင်ပန်းခြင်း၏။
ဘာဂီ၊ အဖို့ရှိသည်။
အဿ၊ ဖြစ်ရာ၏။
အင်္ဂုတ္ထိုရ်ပါဠိတော်။ (၁။ ၃၉၂)
၁။ ဗုဒ္ဓဝိသယ-ဘုရားတို့အရာ
၂။ ဈာနဝိသယ-ဈာန်အရာ
၃။ လောကဝိသယ-လောကအရာ
၄။ ကမ္မဝိပါက-ကံ၏အကျိုး။
အစိန္တေယျ လေးပါး။
“ဗု, ဈာ, လော, ကံ၊ ဤလေးတန်၊ မကြံအပ်စွ၊ ရူးတတ်လှ။”
ဥပစ္ဆေဒကကံသည် မိမိသည်ပင် ဖြတ်သည်၊ မိမိသည်ပင်ဆက်၍ ပဋိသန္ဓေ အကျိုးကိုပေးသည်။ ဤသို့ စသည်ဆိုသော စကားကား ဧကတ္တ ကထာနည်းတည်း။
ဧကတ္တကထာနည်း ဆိုသည်မှာ စေတနာသုံးမျိုး မခွဲမခြမ်းဘဲ ကိစ္စအာရုံ တူသည့်အတွက် ဇောခုနစ်ကြိမ်လုံးကို ပါဏာတိပါတကံဟု တစ်ခုတည်းအဖြစ်ဖြင့် ယူ၍ ပါဏာတိပါတကံသည်ပင် သေအောင် ဖြတ်သည်။ သေပြီးနောက် ယင်း ပါဏာတိပါတကံသည်ပင် ဇနကသတ္တိဖြင့် ငရဲသို့ချသည်။ ငရဲမှ လွတ်ပြန်လျှင် ယင်း ပါဏာတိပါတကံကြောင့် ဘဝငါးရာ ခေါင်းပြတ်၍ မီးလောင်၍၊ ရေနစ်၍ သေရသည်။ ဤသို့စသည် ကျမ်းဂန်တို့၌ ဆိုသော စကားတည်း။
နာနာနယ ဝိစိတြဂမ္ဘီရံ ဟိ ပိဋကတ္တယံ။
ဟိ၊ ထိုစကားမှန်၏။
ပိဋကတ္တယံ၊ ပိဋကတ်သုံးပုံသည်။
နာနာနယ ဝိစိတြ ဂမ္ဘီရံ၊ အထူးထူးသော နည်းတို့ဖြင့် ဆန်းကြယ်နက်နဲ၏။
အထူးမှတ် ရန်ကို ပြသည်ပြီး၏။
၉၀-အကျိုးပေးသော အစဉ်ကိုစွဲ၍ ကံအပြားကို ပြဆိုခြင်း
တစ်နည်းလည်း။
ကံလေးမျိုး
၁။ ဂရုကံ,
၂။ အာသန္နကံ,
၃။ အာစိဏ္ဏကံ,
၄။ ကဋတ္တာကံ - ဟူ၍ လေးမျိုးမှတ်။
ဂရုကံ-ဆိုသည်မှာ မာတုဃာတက, ပိတုဃာတက, အရဟန္တဃာတက, လောဟိတုပ္ပာဒက, သံဃဘေဒက, ဤကံကြီး ငါးပါးကိုဆိုသည်။
ပြုမိသောဘဝမှ သေသည်၏ အခြားမဲ့၌ တစ်စုံတစ်ခုသော ကံသည် မတားမြစ်နိုင်။ တစ်စုံတစ်ယောက်သောသူ မကယ်နိုင်၊ အဝီစိသို့ အကျမြဲတော့သည်သာ၊ ဤသို့ အပြစ်ဝန်းလေးလှသောကြောင့် ကံကြီးငါးပါးကို ဂရုကံဆိုသည်။
နိယတမိစ္ဆာဒိဋ္ဌိကံတို့မှာ အယူကိုစွန့်လျှင် လွတ်သေးသည်။ မဟဂ္ဂုတ်ကံတို့မှာ ပဏိဓိ စသောတရားတို့ တားမြင်နိုင်သေးသည်။ တားမြစ်နိုင်သူ မရှိဘဲ ဒုတိယဘဝ၌ အကျိုးပေးမြဲသော ကံကိုသာ ဤအရာ၌ ဂရုကံဆိုသည်။
အာသန္နကံ ဆိုသည်မှာ သေခါနီးကာလ၌ ပြုအပ်သောကံ၊ အောက်မေ့ အပ်သောကံ။
အာစိဏ္ဏကံ ဆိုသည်မှာ မပြတ်လေ့ကျက်အပ်သောကံ၊ တစ်ကြိမ် တစ်ခါပင် ပြုသော်လည်း မပြတ်စွဲမြဲ အောက်မေ့မိ အမှတ်ရမိသောကံ။
ယင်း ရှေ့ကံ သုံးပါးတို့မှာ ဤဘဝပြုအပ်သော အဆုံးဇော စေတနာပင်တည်း။
ကဋတ္တာကံ - ဆိုသည်မှာ ရှေးရှေးဘဝက ပြုခဲ့ဖူးသော အပရာပရိယကံ ဆိုသည်။
ဤဘဝအမှတ်မဲ့ ပြုခဲ့မိသော ကံတို့ကိုလည်း ကဋတ္တာကံ- ဟူ၍ပင် ဆိုရမည်။
ဂရုကံ မရှိလျှင် အာသန္နကံ၊ အာသန္နကံ မရှိလျှင် အာစိဏ္ဏကံ၊ အာစိဏ္ဏကံ မရှိလျှင် ကတ္တာကံ အကျိုးပေးသည်။
အဝင် နောက်ကျ၍ ခြံပေါက်ဝ၌ အိပ်ရသော နွားကျိုး၊ နွားအိုသည် ရှေ့ဦးစွာ ထွက်နိုင်သကဲ့သို့ ထို့အတူ အားသန်သော အာစိဏ္ဏကံ ရှိလျက် အားသေးသော အာသန္နကံက အကျိုးပေးသည် မှတ်လေ။
ဤကား အကျိုးပေးသောအစဉ်ကို အစွဲပြု၍ လေးပါးခွဲပုံတည်း။
ကာယကံ, ဝစီကံ, မနောကံ သာမညကံ သုံးပါး။
အကုသိုလ် ကမ္မပထတရား ဆယ်ပါး၊
ကုသိုလ်ကမ္မပထတရား ဆယ်ပါး၊
ဒုစရိုက်ဆယ်ပါး၊ သုစရိုက် ဆယ်ပါး၊
ပုညကိရိယဝတ္ထု ဆယ်ပါး၊
အကျိုးပေးရာ ကာလ၏ အစွမ်းအားဖြင့် ကံလေးပါး၊
အကျိုးပေးသော ကိစ္စ၏ အစွမ်းအားဖြင့် ကံလေးပါး။
အကျိုးပေးသော အစဉ်၏အစွမ်းအားဖြင့် ကံလေးပါ၊ ဤအလုံးစုံတို့ကို ဇော၌သာ ရအပ်ကုန်သည်။ ဇော၌သာ ရွေးချယ်ရသည်။
ထိုစကား မှန်၏။ အလုံးစုံသည် ဇောခုနစ်ကြိမ်ပင်။ ဇောခုနစ်ကြိမ်မှ အလွတ်မဟုတ်။
ဇောခုနစ်ကြိမ် ဆိုသည်မှာလည်း အဖျော်ရည်စက်နှင့်တူသော နာမ်ခန္ဓာလေးပါးပင်။ နာမ်ခန္ဓာလေးပါးမှ အလွတ်မဟုတ်။
ဇောနာမ်ခန္ဓာလေးပါးကိုပင် ကုသိုလ်၊ အကုသိုလ်ဆိုရသည်။ ကံဆိုသည်မှာ ဇောနာမ်ခန္ဓာလေးပါးထဲက သင်္ခါရက္ခန္ဓာခေါ်သော စေတနာ ခုနစ်တန်ကိုပင် ဆိုသည် မှတ် လေ။
ကုသိုလ်၊ အကုသိုလ်ဇော၌ ရထိုက်သောကံ စသည်ကိုပြသည်ပြီး၏။
---၉၁ - ကိရိယာဇောနှင့်တကွ ပြုံးခြင်းကို ဖြစ်စေတတ်သော ဇောကို ပြဆိုခြင်း
ကိရိယာဇောနှင့်တကွ ပြုံးရယ်ခြင်ကို ဖြစ်စေတတ်သော ဇောကို ပြဦးအံ့။
ဘုရား၊ ရဟန္တာတို့မှာ အကုသိုလ်ဇော မစောပြီ၊ ကုသိုလ်ဇောသာ စောသည်။ မျိုးမရောက်သော လေသီးကဲ့သို့ အကျိုးမပေးသောကြောင့် ယင်း ကုသိုလ်ဇောကို ကိရိယာဆိုရသည်။ ထို့ကြောင့် မဟာကုသိုလ်ဇောကဲ့သို့ ဒွိဟိတ်ဇော လေးပါး၊ တိဟိတ်ဇော လေးပါးဟူ၍ မဟာကိရိယာဇောကိုလည်း ရှစ်ပါးဟူ၍ မှတ်ရသည်။
ဘုရား၊ ရဟန္တာတို့ ပြုံးတော်မူသောအခါ၌ အဟိတ် ကိရိယာဇော စောသည်။ ယင်းဇောကို ဟသိတုပ္ပါဒ် ခေါ်သည်။ မဟာကိရိယာဇော ရှစ်ခု၊ ဟသိတုပ္ပါဒ်ဇော တစ်ခု ပေါင်း ကိရိယာဇော ကိုးခု။ အကုသိုလ်ဇော ဆယ့်နှစ်ခု၊ ကာမကုသိုလ်ဇော ရှစ်ခု၊ ကာမကိရိယာဇော ကိုးခု၊ ပေါင်းကာမဇောတစ်ခုယုတ် သုံးဆယ်မှတ်။
ယင်းကာမဇော နှစ်ဆယ့်ကိုးခုထဲမှာ ရယ်ရွှင်ခြင်းကို ဖြစ်စေတတ်သော ဇော တစ်ဆယ့်သုံးပါး မှတ်။ လောဘမူ သောမနဿဇော လေးခု၊ မဟာကုသိုလ် သောမနဿ ဇောလေးခု၊ ဤရှစ်ခုသော ဇောတို့ဖြင့် ပုထုဇဉ်တို့ ရယ်ရွှင်ကြကုန်၏။ လောဘမူ သောမနဿ လေးခုထဲက ဒိဋ္ဌိဂတဝိပ္ပယုတ်ဇော နှစ်ခု၊ မဟာကုသိုလ် သောမနဿဇော လေးခု၊ ဤခြောက်ခုသော ဇောတို့ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ် သုံးယောက်တို့ ရယ်ရွှင်ကြကုန်၏။
မဟာကိရိယာ သောမနဿဇော လေးခု၊
ဟသိတုပ္ပာဒ်ဇော၊ ဤငါးခုသော ဇောတို့ဖြင့်
ဘုရား ရဟန္တာတို့ ပြုံးရွှင်တော်မူကြကုန်၏။
ပု-ရှစ်-ဟံ-ငါး၊ သေက်-ခြောက်ပါး၊ မှတ်သား ပြုံးရွှင်မှု။
လော-လေး, ဟသိ၊ ရှစ်, ကု ကိ၊ ပေါင်းဘိ တစ်ဆယ့်သုံး။
ရယ်ခြင်းကား သိတ, ဟသိတ, ဝိဟသိတ, အပဟသိတ, ဥပဟသိတ, ဟူ၍ ငါးမျိုးရှိသည်။
သွားဖုံးသား မပေါ်ဘဲ ပြုံးသည်ကို သိတဆိုသည်။
သွားဖုံးသားပေါ်ရုံ ပြုံးသည်ကို ဟသိတဆိုသည်။
အသံညှင်း ညှင်းထွက်ရုံ ရယ်သည်ကို ဝိဟသိတဆိုသည်။
ရှေ့ထိုး နောက်ငင်၊ လက်ခုပ် လက်ဝါးတီး၍ ရယ်သည်ကို အပဟသိတဆိုသည်။
မျက်ရည်ယိုထွက်အောင် အလွန်ပြင်း စွာရယ်သည်ကို ဥပဟသိတဆိုသည်။
ယင်း ရယ်ခြင်း ငါးမျိုးတို့တွင် ရှေ့သုံးမျိုးကို သူမြတ်တို့၌ ရအပ်သည် ဟူ၍၊ နောက်နှစ်မျိုးကို သူယုတ်တို့၌ ရအပ်သည် ဟူ၍ ကျမ်းဂန်တို့၌ ဆို၏။ ဘုရား၊ ရဟန္တာတို့မှာမူကား သိတ ဟသိတ နှစ်ပါးသာ မှတ်လေ။
ဇောကိုပြသောအခန်း ပြီး၏။
---၉၂ - ပဋိသန္ဓေ ဘဝင်စသည်တို့၏ အရကို ပြဆိုခြင်း
ပဋိသန္ဓေဘဝင် စသည်တို့၏အရကို ပြဦးအံ့။
အကုသလဝိပါက် ဥပေက္ခာသန္တီရဏ စိတ်သည် အပါယ်ဘုံ၌ ပဋိသန္ဓေဖြစ်၏။ ယင်း ပဋိသန္ဓေကို ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေဆိုသည်။ ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ စိတ်သည် လူ့ဘုံ စတုမဟာရာဇ်ဘုံ၌ အချို့သူတို့၏ ပဋိသန္ဓေဖြစ်၏။ ယင်း ပဋိသန္ဓေကို သုဂတိ အဟိတ် ပဋိသန္ဓေဆိုသည်။ ဤကား အဟိတ် ပဋိသန္ဓေ နှစ်ပါး။
မဟာကုသိုလ် ဟူသောမျိုးကြောင့် ကာမသုဂတိ ခုနစ်ဘုံ၌ အဦးအစ မဟာ ကုသိုလ်နှင့်တူစွာ အကျိုးစိတ် ဒွိဟိတ်လေး၊ တိဟိတ်လေး၊ ပေါင်း ရှစ်ပါး ဖြစ်ပေါ်၏။ မဟာဝိပါက်စိတ်ဟူ၍ ခေါ်၏။ ဒွိဟိတ် ဝိပါက် ဖြစ်ပေါ်လျှင် ဒွိဟိတ်ပဋိသန္ဓေ တိဟိတ်ဝိပါက်ဖြစ်ပေါ်လျှင် တိဟိတ်ပဋိသန္ဓေဆိုသည်။
အဟိတ် ပဋိသန္ဓေ နှစ်ခု၊ သဟိတ် ပဋိသန္ဓေ ရှစ်ခု၊ ပေါင်း ကာမပဋိသန္ဓေ တစ်ဆယ်။ ကာမဘုံ၌ ဘဝင်စိတ် စုတိစိတ် ဆိုသည်လည်း ယင်း တစ်ဆယ်ပင်။
သန္တီရဏစိတ် သုံးခု၊ မဟာဝိပါက် ရှစ်ခု၊ ပေါင်း တစ်ဆယ့်တစ်ပါး သော စိတ်တို့သည် ထိုက်သည် အားလျော်စွာ နောက်လိုက် တဒါရုံလည်း ဖြစ်ကုန်၏။
စိတ်ဆိုသော်လည်း နာမ်ခန္ဓာ လေးပါးပင် မှတ်လေ။
ဒွိလေး၊ တိလေး၊ အဟိတ်ဒွေး၊ မှတ်ရေးသန္ဓေဆယ်။
တစ်-အကုကျိုး၊ ကု ကျိုး ကိုး၊ မှတ်ရိုး သန္ဓေတွင်။
ဒု-သု-ဒ္ဓိ-တိ၊ ရှစ်အရိ၊ ပုဂ္ဂိ-တစ်ကျိပ်နှစ်။
အပါယ်ဘုံ ဒု၊ လူစတု၊ ကြဉ်ဒု တစ်ကျိတ်တစ်။
ဒု-သု-ဖယ်ထား၊ ထက်နတ်ငါး၊ မှတ်သား တစ်ကျိပ်ပင်။
ဝေဟပ္ဖိုလ်ထိ၊ ဆယ်ဘုံရှိ၊ အရိ တိဟိတ် ကိုး။
သုံးယောက်သုဒ္ဓတ်။ နာဖိုလ်ဟတ်၊ သညတ် သု-တစ်ယောက်။
ရှစ် အရူပိ၊ ပုဇန်တိ၊ အရိ သောမဂ်ဖျောက်။
ဒု-သု-ဒွိသေ၊ စွဲသန္ဓေ၊ မှတ်လေ ကာမထဲ။
ကာတိသေလစ်၊ သုံးဆယ့်တစ်၊ အဖြစ် သန္ဓေမြဲ။
ပုထုရူပ၊ သေပြန်က၊ လေးဝ အပါယ်လွဲ သန္ဓေစွဲ။
သညသတ်သေ၊ စွဲသန္ဓေ၊ ကာမေ သုဂတိ။
သုဒ္ဓါသေလဲ၊ သုဒ္ဓါထဲ၊ စွဲမြဲအထက်ထက်။
သုတွင်လည်းအောက်၊ ပါယ်မရောက်၊ သေနောက် အရူပါ။
ဗြဟ္မာ့ဘုံစံ၊ အရိယံ၊ မပြန်အောက်သို့မြဲ။
ဤသို့ ဆိုအပ်ပြီးသည်တို့ကား ကာမစိတ်တို့ ချည်းသာတည်း။
ယင်း ကာမစိတ်ကို ပေါင်းစုရေတွက်သော် --
မဟာကုသိုလ်စိတ် ရှစ်၊
မဟာဝိပါက်စိတ် ရှစ်၊
မဟာကိရိယာစိတ် ရှစ်၊
ပေါင်း ကာမာဝစရစိတ် နှစ်ဆယ့်လေး။
အကုသိုလ်စိတ် ဒွါဒသ-ဆယ့်နှစ်၊
အဟိတ်စိတ် အဋ္ဌာရသ-ဆယ့်ရှစ်
ပေါင်းသော် ကာမစိတ် ငါးဆယ့်လေး။
တစ်နည်း၊
အကုသိုလ်စိတ် ဆယ့်နှစ်၊
ကာမကုသိုလ်စိတ် ရှစ်၊
ကာမဝိပါက် နှစ်ဆယ့်သုံး၊
ကာမကိရိယာ ဆယ့်တစ်၊
ပေါင်း ကာမစိတ် ငါးဆယ့်လေး။
ပဋိသန္ဓေ ဘဝင် စသည်ပြီး၏။
---၉၃-ဈာန်၏အရ ဈာန်၏သဘောကိုပြခြင်း
ဈာန်အရကို ပြဦးအံ့။
ကသိုဏ်းဆယ်ပါး၊
အသုဘဆယ်ပါး၊
အနုဿတိ ဆယ်ပါး၊
အာဟာရေ ပဋိကူလသညာ တစ်ပါး၊
စတုဓာတု ဝဝတ္ထာန် တစ်ပါး၊
ဗြဟ္မဝိဟာရတရား လေးပါး၊
အရူပ ကမ္မဋ္ဌာန်း လေးပါး၊
ပေါင်း လေးဆယ်သော ကမ္မဋ္ဌာန်းတို့တွင် -
တစ်ခုခုသော ကမ္မဋ္ဌာန်း၌ -
ပရိကမ္မနိမိတ်၊
ဥဂ္ဂဟနိမိတ်၊
ပဋိဘာဂ နိမိတ်၊
သုံးပါး အစဉ်အတိုင်း ထင်သင့်ရာ၌ ထိုက်သည် အားလျော်စွာထင်အောင်စီးဖြန်း ဆင်ခြင်နိုင်သောအခါ
ပဋိဘာဂ နိမိတ်ကို အာရုံပြု၍ အာဝဇ္ဇန်း တစ်ကြိမ်၊
ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ-ဟု ကာမဇော လေးကြိမ်၊
ဈာန်ဇောတစ်ကြိမ် စော၍ ဘဝင်ကျလေ၏။
ဤအစဉ်ကား အဦးအစတည်း။
ပရိကမ္မနိမိတ် ဆိုသည်မှာ မျက်စိ စသည်ဖြင့် အဦးအစ ကြည့်ရှု ဆင်ခြင်သော အာရုံကိုဆိုသည်။
ဥဂ္ဂဟနိမိတ် ဆိုသည်မှာ မျက်စိဖြင့် မြင်သကဲ့သို့ မနောထဲမှာ ထင်မြင်သော အာရုံကိုဆိုသည်။
ပဋိဘာဂနိမိတ် ဆိုသည်မှာ အလွန်သိမ်မွေ့စွာထင်သော ပညတ်အာရုံကို ဆိုသည်။ ထိုမှနောက် ဈာန်စည်းစိမ် ဈာန်ချမ်းသာကို ခံစားလို၍ ဝင်စားသောအခါ၌ကား ဈာန်ဇောတွေများစွာ တစ်ရှိန်တည်း တစ်နေ့ပတ်လုံးစသည် အလိုရှိတိုင်း စောလေ၏။
ဤစကား၌ ဈာန်ဆိုသည်မှာ သွေးဆေး ငန်းဆေးတို့ကဲ့သို့ အချင်းချင်းညီညွတ်ကြ၍ သတ္တိထူးပေါ်ထွက်သော ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ, ဤနာမ်တရား ငါးပါးတို့၏အပေါင်းကို ဆိုသည်။ တစ်ခုတစ်ခုစီကိုကား ဈာန်မဆိုရ၊ ဈာန်အင်္ဂါသာ ဆိုရသည်။
ထင်ရှားအောင် ပြဦးအံ့။
ဝိတက်ဆိုသည်မှာ အတူဖြစ်ဘက် စိတ်ခေါ်သော နာမ်တရားတို့ကို အာရုံသို့ ပို့ဆောင်တတ်သောသဘော
ဝိစာရဆိုသည်မှာ အာရုံ၌စိတ်ကို ဖွဲ့ချည်တတ်သောသဘော
ပီတိဆိုသည်မှာ အာရုံ၌ နှစ်ခြိုက်စေတတ်သော သဘော
သုခဆိုသည်မှာ အာရုံ၌ ချမ်းမြေ့စေတတ်သော သဘော
ကဂ္ဂတာ ဆိုသည်မှာ အာရုံ၌ခိုင်ခံ့စွာ တည်ငြိမ်စေတတ်သောသဘော
ယင်း ဈာန်အင်္ဂါငါးပါးတို့ အချင်းချင်း ကျေးဇူးပြုကြ၍ ညီညွတ်ကြသောအခါ သတ္တိထူးပေါ်ထွက်သည်။
သတ္တိထူး ဆိုသည်မှာ လေးဆယ်သော ကမ္မဋ္ဌာန်းတို့တွင် အလိုရှိရာ တစ်ပါးပါးသော အာရုံ၌ တစ်နေ့၊ တစ်ည၊ တစ်လ တစ်နှစ် အနှစ်များစွာ အာဟာရမျိုသွင်းသော အခါကို ချန်၍ မတုန်မလှုပ် ခိုင်ခိုင်ခံ့ခံ့ တည်တံ့စွာ စိတ်ကိုထား၍ ကြည်ကြည်လင်လင် ရွှင်ရွှင်အေးမြ စိတ်ချလက်ချ ဆိမ့်ဆိမ့်အီအီ ချမ်းချမ်းမြေ့မြေ့ တစွဲတည်းစွဲမြဲ ရှုဆင်ခြင်၍ နေနိုင်သော သတ္တိကိုဆိုသည်။
ယင်းသတ္တိထူး ပေါ်ထွက်သော ဈာန်အင်္ဂါ အပေါင်းကိုပင် ဈာန်ဆိုရသည်။
ဈာယတိ ဥပနိဇ္ဈာယတီတိ ဈာနံ။ (ဝိဂြိုဟ်)။
ဈာယတိ ဥပနိဇ္ဈာယတိ၊ တစ်ခုသောအာရုံ၌ တစ်နေ့ပတ်လုံး တစ်ညပတ်လုံး တစ်ရက်၊ တစ်လ၊ တစ်နှစ်၊ အနှစ်များစွာပတ်လုံး အလိုရှိသော အတိုင်း မတုန်မလှုပ် ခိုင်ခိုင်ခံ့ခံ့ တည်တံ့စွာ စိတ်ကို ထား၍ ကြည်ကြည်လင်လင် ရွှင်ရွှင်အေးမြ စိတ်ချလက်ချ ဆိမ့်ဆိမ့်အီအီ ချမ်းချမ်းမြေ့မြေ့ တစွဲတည်း စွဲမြဲ ရှုဆင်ခြင်နိုင်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဈာနံ၊ ဈာန်မည်၏။ အနက်။
တစ်နည်း။
သတ္တိထူးဆိုသည်မှာ စိတ်ကို ဆာပူပင်ပန်း ညစ်နွမ်း နောက်ကျူ စေတတ်သော နီဝရဏ ကိလေသာတို့ကို အမြစ်မပါဘဲ လောင်မြိုက် ကင်းရှင်းစေတတ်သော သတ္တိကို ဆိုသည်။
ထင်ရှားအောင်ပြဦးအံ့။
နီဝရဏ ဆိုသည်မှာ ကိလေသာဆယ်ပါး၊ တစ်ဆယ့်လေးပါးထဲက ဈာန်၏အထူး ဆန့်ကျင်ဘက်ဖြစ်သော -
၁။ ကာမစ္ဆန္ဒ နီဝရဏ,
၂။ ဗျာပါဒ နီဝရဏ,
၃။ ထိနမိဒ္ဓ နီဝရဏ,
၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ,
၅။ ဝိစိကိစ္ဆာ နီဝရဏ။
ဤ ငါးပါးတို့ကို ဆိုသည်။
နီဝါရေန္တိတိ နီဝရဏာနိ။ (ဝိဂြိုဟ်)။
နီဝါရေန္တိ၊ ဈာန်ကို မြစ်တားတတ်ကုန်၏။
ဝါ၊ တတ်သိလိမ္မာ ချမ်းသာ ကြီးပွားကြောင်း ကောင်းမြတ်ဖြူစင်သော အဖို့ကို မြစ်တား ပိတ်ဆို့တတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
နီဝရဏာနိ၊ နီဝရဏမည်ကုန်၏။ အနက်။
ကာမစ္ဆန္ဒနီဝရဏ - ဆိုသည်မှာ မျက်စိ, နား, နှာ, လျှာ, ကိုယ်, မနော ဟူသော ခြောက်ပါးသော ဒွါရတို့ဖြင့် ဝေဒနာခံစားချင်၊ ခံစား၍လည်း အားမရနိုင်၊ မဝနိုင်၊ တင်းမတိမ်နိုင်၊ ဝေဒနာခံစားဖို့ရန် ရချင်၊ လိုချင်။ ရ၍လည်း အားမရနိုင်၊ မဝနိုင်၊ တင်းမတိမ်နိုင်၊ ဤသို့စသည်များစွာသော လောဘတဏှာ အပူအဆာ အာသာ အငတ်တွေကို ဆိုသည်။
ဗျာပါဒနီဝရဏ - ဆိုသည်မှာ ရချင် လိုချင်ပါသော်လည်း မရသည့်အတွက် ရပြီးကို စိုးရိမ်ကြောင့်ကြသည့်အတွက်၊ ရပြီးက ပျက်စီးသည့်အတွက် အလို မပြည့်ဝ အရာရာမှာ စိတ်တိုင်း မကျသည့်အတွက် စိတ်ပျက်၊ စိတ်အိုက်၊ စိတ်ပူ၊ စိတ်ပန်း၊ စိတ်မချမ်းသာခြင်းတွေကို ဆိုသည်။ အစစ်မှာ ဒေါသပင်။
ထိနမိဒ္ဓ နီဝရဏ - ဆိုသည်မှာ ကိုယ်၊ စိတ်၏ လေးလံ ထိုင်းမှိုင်းခြင်း တွန့်တို ပျင်းရိခြင်းကို ဆိုသည်။
ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ - ဆိုသည်မှာ စိတ်၏မငြိမ်ခြင်း၊ ပြုမိလေခြင်း၊ မပြုမိလေခြင်း ဟူသော စိတ်ပူတွေကို ဆိုသည်။
ဝိစိကိစ္ဆာနီဝရဏ - ဆိုသည်မှာ ဇဝေဇဝက် စိတ်နှစ်ခွဖြစ်သည်ကို ဆိုသည်။
ဤကား နီဝရဏငါးပါး။
ကိလေသာ ဆယ်ပါး၊ တစ်ဆယ့်လေးပါး ထဲက ခုနစ်ပါးကို နီဝရဏ ဆိုရသည်။
ခုနစ်ပါးကျန်သည်။ ခုနစ်ပါး ဆိုသည်မှာ
မောဟ, အဟိရီက, အနောတ္တပ္ပ, ဒိဋ္ဌိ, မာန, ဣဿာ, မစ္ဆရိယ, ဤခုနစ်ပါးတည်း။
မောဟဆိုသည်မှာ မသိတတ်ခြင်းသဘော၊ သိပင်သိသော်လည်း အမှန်ကျမသိ၊ မဟုတ်သိသဘော။
အဟိရီက ဆိုသည်မှာ အရှက် မရှိခြင်းသဘော။
အနောတ္တပ္ပဆိုသည်မှာ ငရဲမကြောက်တတ်ခြင်း သဘော။
ဒိဋ္ဌိဆိုသည်မှာ မှားသောအယူ။
မာနဆိုသည်မှာ ငါအကောင်ဟုတ် တုတ်တုတ်၊ ဟန်တန်တန်ဟု ထင်မှတ်တက်ကြွခြင်း။
ဣဿာ ဆိုသည်မှာ သူတစ်ပါးကို မုန်းခြင်း၊ မြင်ကြပ်ကြားပြင်းခြင်း။
မစ္ဆရိယဆိုသည်မှာ ဝန်တိုခြင်း၊ မချမ်းသာခြင်း။
ယင်းနီဝရဏ ကိလေသာတို့သည် သတ္တဝါတို့ စိတ်အစဉ်ကို ပူဆာပင်ပန်း ညစ်နွမ်း နောက်ကျူ စေတတ်သည်။ ယင်း နီဝရဏကိလေသာတွေကြောင့် ရဟန်းတို့လည်း လူးလဲရှုပ်ထွေး ရဟန်းအရေးကို အလေးမပြုနိုင် ရှိကြသည်။ လူတို့လည်း မိုက်မဲညစ်ထေး တမလွန်အရေးကို အလေးမပြုနိုင် ရှိကြသည်။
ယင်း နီဝရဏကိလေသာ အပူအဆာ အယုတ်အမာ အညစ်အထေးတွေကို လောင်မြိုက်ကင်းရှင်း စေနိုင်သော သတ္တိကိုပင် သတ္တိထူး မှတ်လေ။
အချင်းချင်း ညီညွတ်ကြ၍ ယင်း သတ္တိထူးပေါ်ထွက်သော ဈာန်အင်္ဂါ အပေါင်းကိုပင် ဈာန်ဆိုရသည်။
ဈာယတိ ဒဟတီတိ ဈာနံ။ (ဝိဂြိုဟ်)။
ဈာယတိ ဒဟတိ၊ နီဝရဏ ကိလေသာ အပူအဆာ အယုတ်အမာ အညစ်အထေးတွေကို လောင်မြိုက် ကင်းရှင်းစေတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဈာနံ၊ ဈာန်မည်၏။ အနက်။
၉၄- ရူပဈာန် တစ်ဆယ့်နှစ်ပါး၊ တစ်ဆယ့်ငါးပါးကို ပြဆိုခြင်း
ယင်းဈာန်သည် --
၁။ ပထမဈာန်,
၂။ ဒုတိယဈာန်,
၃။ တတိယဈာန်,
၄။ စတုတ္ထဈာန်
၅။ အာကာသာနဉ္စာယတနဈာန်
၆။ ဝိညာဏဉ္စာယတနဈာန်
၇။ အာကိဉ္စညာယတနဈာန်
၈။ နေဝသညာ နာသညာယတနဈာန် ဟူ၍ ရှစ်ပါးရှိ၏။
သမာပတ် ရှစ်ပါးဟူ၍လည်း ဆို၏။
အင်္ဂါငါးပါးအပေါင်းကို အဦးအစဖြစ်သည့်အတွက် ပထမဈာန်ဆိုသည်။
ယင်း ပထမဈာန်ကို ပိုင်နိုင်ရမိပြီး ပုဂ္ဂိုလ် သည် ဝိတက်ဝိစာရကို ပယ်ခွာ၍ အလိုရှိတိုင်း တည်တံ့ခိုင်ခံ့စွာ နေနိုင်သောအခါ ပီတိ, သုခ, ဧကဂ္ဂတာ အင်္ဂါသုံးပါး အပေါင်းကို ဒုတိယဈာန်ဆိုရသည်။
ထို့နောက် ပီတိကို ပယ်ခွာ၍ အလိုရှိတိုင်း တည်တံ့ခိုင်ခံ့စွာ နေနိုင်သောအခါ သုခ, ဧကဂ္ဂတာ အင်္ဂါနှစ်ပါး အပေါင်းကို တတိယဈာန်ဆိုရသည်။
ထို့နောက် သုခကို ပယ်ခွာ၍ အလိုရှိတိုင်း တည်တံ့ခိုင်ခံ့စွာ နေနိုင်သောအခါ ဥပေက္ခာ, ဧကဂ္ဂတာ အင်္ဂါနှစ်ပါးကို စတုတ္ထဈာန်ဆိုရသည်။
(ပဉ္စကနည်းမှာ ဝိတက် ဝိစာရကို တစ်ခါစီပယ်၊ အစဉ်အတိုင်း အမည်ပေး။)
ယင်း ကုသိုလ်ဈာန် လေးပါးကို ရူပ တစ်ဆယ့်ခြောက်ဘုံ၌ အကျိုးကို ဖြစ်စေတတ်သောကြောင့် ရူပကုသိုလ် ဟူ၍ဆိုအပ်၏။
ထိုစကား မှန်၏။
ပထမဈာန်ကုသိုလ်က ပထမဈာန် သုံးဘုံ၌၊
ဒုတိယဈာန်ကုသိုလ်က ဒုတိယဈာန် သုံးဘုံ၌၊
တတိယဈာန်ကုသိုလ်က တတိယဈာန် သုံးဘုံ၌၊
စတုတ္ထဈာန်ကုသိုလ်က စတုတ္ထဈာန် ခုနှစ်ဘုံ၌ အကျိုးကို ဖြစ်စေတတ်သည်။
နာမ်၌ တပ်ခြင်းကင်းမူကား အသညသတ်ဘုံ၌၊ အနာဂါမ်ဖြစ်မူကား သုဒ္ဓါဝါသဘုံ၌ ဖြစ်စေ၏။ ကုသိုလ်ဈာန် လေးပါး၊ ဝိပါက်ဈာန် လေးပါး၊ ကိရိယာဈာန် လေးပါး၊ ပေါင်းရူပဈာန် တစ်ဆယ့်နှစ်ပါးဖြစ်၍ ဈာန်နှင့်ယှဉ်သော ရူပစိတ်လည်း တစ်ဆယ့်နှစ်ပါး ဖြစ်။
ပဉ္စကနည်း၌ ပဉ္စမဈာန်ကို ထည့်၍ ကုသိုလ်၊ ဝိပါက်၊ ကိရိယာ ငါးပါးစီ ရေတွက်သော် ရူပစိတ် တစ်ဆယ့်ငါးပါး ဖြစ်၏။
---၉၅ - အရူပဈာန် တစ်ဆယ့်နှစ်ပါးကို ပြဆိုခြင်း
စတုတ္ထဈာန်ကို ပိုင်နိုင်ပြီးသော ပုဂ္ဂိုလ်သည် ရုပ်ကို မနှစ်သက်သည့်အတွက် အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြု၍ မြဲမြံခိုင်ခံ့ တည်တံ့ သိမ်မွေ့စွာ အလိုရှိတိုင်း နေနိုင်သောအခါ ယင်း စတုတ္ထဈာန်ကိုပင် အာရုံအစွဲပြု၍ အာကာသာနဉ္စာယတနဈာန် ခေါ်ပြန်သည်။
အာကာသနန္တ အဆုံးမရှိသော ကောင်းကင်၊ အာယတနကား စွဲ၍တည်ရာ။ နကို ည၊ တကို စပြု၍ နှစ်ခုစပ် အာကာသာနဉ္စာယတနဆိုသည်။ အဆုံးမရှိသော ကောင်းကင် ပညတ်ကို အာရုံစွဲ၍ တည်နိုင်သောဈာန် ဆိုလိုသည်။
ထိုနောက် မိမိရပြီး အာကာ-ဈာန် ဝိညာဏ်ကို အာရုံပြု၍ အလိုရှိတိုင်း မြဲမြံ ခိုင်ခံ့တည်တံ့ သိမ်မွေ့စွာ နေနိုင်သောအခါ အာရုံကို အစွဲပြု၍ ဝိညာဏဉ္စာယတန ခေါ်ပြန်သည်။
ဝိညာဏာနန္တ -အဆုံးမရှိသော ဝိညာဏ်၊ အာယတန=စွဲ၍ တည်ရာ။ န-ကို ည၊ တကိုစပြု၍ နှစ်ခုစပ် ဝိညာဏဉ္စာယတန။ အဆုံးမရှိသော ဝိညာဏ်ကို အာရုံစွဲ၍ တည်နိုင်သောဈာန် ဆိုလိုသည်။
ထို့နောက် အာကာ-ဈာန်၏ စိုးစဉ်းမျှမရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြု၍ ဆိုပြီးသည့်အတိုင်း နေနိုင်သောအခါ အာရုံကို အစွဲပြု၍ အာကိဉ္စညာယတနဈာန် ခေါ်ပြန်သည်။
အာကိဉ္စန-အနည်းငယ်မျှ မရှိ။ အာယတန-စွဲ၍တည်ရာ၊ န-ကို ညပြု၍ နှစ်ခုစပ် အာကိဉ္စညာယတန၊ အနည်းငယ်မျှ မရှိပညတ်ကို အာရုံစွဲ၍ တည်နိုင်သောဈာန် ဆိုလိုသည်။
ထို့နောက် မိမိရပြီးသော အာကိဉ်ဈာန်ကို အာရုံပြု၍ ဆိုပြီးသည့်အတိုင်း နေနိုင်သောအခါ ယင်းပုဂ္ဂိုလ် သန္တာန်မှာ စိတ်ဝိညာဏ်ခေါ်သော နာမ်တရားတို့သည် မရှိသလောက် အလွန်သိမ်မွေ့ကုန်၏။ ရှိသည် ဆိုရမည်လည်းခက်။ မရှိဆိုရမည်လည်း ခက်၊ ထို့ကြောင့် ယင်းဈာန်ကို နေဝသညာ နာသညာယတန ဈာန် ခေါ်ပြန်သည်။
နေဝသညာ-သညာအမှူးရှိသော စိတ်ဝိညာဏ်မရှိ၊
နာသညာ-လုံးလုံး မရှိသည်လည်း မဟုတ် ဆိုလိုသည်။
အိမ်ရှင်မ ငါးပိကုန်၍ ငါးပိထည့်သော စဉ့်အိုးကို မှောက်ထား၊ အိမ်နီးချင်း တစ်ယောက်လာ၍ ငါးပိတစ်ခတ် ပေးပါဆိုရာ၊ မှောက်ထားသော အိုးကို ကြည့်တော့၊ ငါးပိမရှိဟု ဆို၏။ အိမ်ရှင် ယောက်ျားက ဆီထည့်ရန် စဉ်းအိုး ယူခဲ့ဆိုရာ စဉ့်အိုးမှာ ငါးပိတွေနှင့်ဟု ဆိုပြန်၏။ ဤအိမ်ရှင်မ စကားကဲ့သို့ မှတ်လေ။
အာကာ၊ ဝိညာဏ်၊ အာကိဉ်၊ နေဝသညာ၊ ဤကုသိုလ်ဈာန် လေးပါးတို့ကို အရူပ လေးဘုံ၌ အစဉ်အတိုင်း ဖြစ်စေတတ်သောကြောင့် အရူပ ကုသိုလ်ဈာန်လေးပါးဟူ၍ ဆိုအပ်ကုန်၏။ ဝိပါက်ဈာန်လေးပါး၊ ကိရိယာဈာန် လေးပါးစီဖြစ်၍ အရူပစိတ်သည် တစ်ဆယ့်နှစ်ပါးဖြစ်၏။
ရူပဝိပါက် လေးခုသည် ရူပဘုံ၌, အရူပဝိပါက် လေးခုသည် အရူပဘုံ၌၊ ပဋိသန္ဓေ, ဘဝင်, စုတိဖြစ်၏။ ဈာန်, ဈာန်စိတ်ဆိုသော်လည်း နာမ်ခန္ဓာ လေးပါးပင်မှတ်။
ဈာန် ရှစ်ပါး၊ ကိုးပါး၊ နှစ်ဆယ့်လေးပါး၊ နှစ်ဆယ့်ခုနစ်ပါးတို့ကို ပြသည် ပြီး၏။
---၉၆-အထူးမှတ်ရန်ကို ပြဆိုခြင်း
အထူးမှတ်ရန်ကို ပြဦးအံ့။
မဟန္တံ ဂတာနီတိ မဟဂ္ဂတာနိ။ (ဝိဂြိုဟ်)။
မဟန္တံ၊ မြတ်သည်၏ အဖြစ်သို့။
ဂတာနိ၊ ရောက်တတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
မဟဂ္ဂတာနိ၊ မဟဂ္ဂုတ် မည်ကုန်၏။
တစ်နည်းကား။
မဟန္တဘာဝေန ဂတာနီတိ မဟဂ္ဂတာနိ။ (ဝိဂြိုဟ်)။
မဟန္တဘာဝေန၊ စင်ကြယ်မြင့်မြတ်သည်၏ အဖြစ်ဖြင့်။
ဂတာနိ၊ ဖြစ်တတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
မဟဂ္ဂတာနိ၊ မဟဂ္ဂုတ်မည်ကုန်၏။ အနက်။
ကာမတရား ကာမစည်းစိမ်တို့ထက် စင်ကြယ်မြင့်မြတ်သောကြောင့် ရူပ-အရူပဈာန်စိတ် နှစ်ဆယ့်လေးပါးတို့ကို မဟဂ္ဂတစိတ် ခေါ်ဆိုရမည်ကို မြန်မာခေါ် မဟဂ္ဂုတ်ခေါ်ဆိုလေသည် ဆိုလိုသည်။
ထင်ရှားစေဦးအံ့။
ကာမချမ်းသာကား လူးလဲညစ်ယုတ် သိုးပုပ်ညှီနံသော ဝတ္ထုနှင့်အလားတူ၏။ ကာမဘုံသားတို့ကား လောက်ကောင် ယင်မမဲ ယိုင်းကောင်တို့နှင့် အလားတူ၏။
ဈာန်ချမ်းသာကား ချိုမြိန်ရသာ ပျားသကာတို့နှင့် အလားတူ၏။ ဈာနလာဘီ ပုဂ္ဂိုလ်တို့ကား ပျားပိတုန်းတို့နှင့် အလားတူကုန်၏။ တနည်းလည်း။
ကာမချမ်းသာကား တစ်ယောက်တည်းနှင့် မချမ်းသာ၊ စိုးရိမ်ဖွယ် ကြောက်ကြဖွယ်၊ ပူဖွယ် ပင်ဖွယ် သိမ်းဆည်း စောင့်ရှောက်ဖွယ် အဖော် အဖက်နှင့်မကင်းရ များစွာသောအာရုံတွေနှင့် မကင်းရ၊ အဖော် အဖက်စပ်ရမှ သူတစ်ပါးကို ခ၊ ယ-မှ များစွာသောအာရုံတွေဖြင့် ဖက်စပ်ရမှ ချမ်းသာရလေသောကြောင့် လူပြိတ္တာ၏ ချမ်းသာနှင့်တူ၏။
လူပြိတ္တာ ဆိုသည်ကား နူနာစွဲ၍ အသားအရေထဲက ပိုးလောက်ကိုက်ခဲ ဆင်းရဲ ယားယံလှသောအခါ ကုတ်ဖဲ့၍ မီးအိုးကင်းနှင့် ကင်ရမှ ချမ်းသာ၊ မီးအိုးကင်းနှင့် အခါခပ်သိမ်း မကင်းရ၊ စား၍လည်း မဝနိုင်၊ တဆာလောင်တည်း ဆာလောင်၊ လူလာတိုင်း ရှိခိုး၍ ရှိခိုး၍ ခ,ယဝပ်တွား သနားတော်မူပါဟု အခါခပ်သိမ်း တောင်းရ၍ စားသော်လည်း မဝနိုင်၊ အခါခပ်သိမ်း မွတ်သိပ် ဆာလောင်ခြင်း ဒုက္ခဝေဒနာကို ခံစားရသော လူတည်း။
ဈာန်ချမ်းသာ ဗြဟ္မာတို့ ချမ်းသာကား အဖော်မပါ တစ်ယောက်တည်း၊ သူတစ်ပါးနှင့် မဖက်စပ်ရ၊ မစိုးရိမ်ရ၊ မကြောင့်ကြရ၊ မပူပင်ရ၊ သူတစ်ပါး မခယ,ဘဲ ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ ဆိမ့်ဆိမ့်လေးလေး အေးအေးမြမြ စိတ်ချလက်ချ ချမ်းသာရ၏။
တစ်နည်း။
ကာမချမ်းသာသည် ယားနာသမားတို့ ယားလှ၍ ကုတ်သောအခါ ခံ၍ကောင်းသော အချမ်းသာနှင့်အလားတူ၏။ အညောင်းအကိုက် အခဲရောဂါရှိသော သူတို့ အနှိပ်သည် အနင်းသည်တို့ နှိပ်နင်းသောအခါ ခံ၍ကောင်းသော အချမ်းသာနှင့်လည်း တူ၏။
ဈာန်ချမ်းသာ ဗြဟ္မာတို့ ချမ်းသာကား ဓာတ်လေးပါးညီညွတ် သွေးလေဖြောင့်၍ ရောဂါကင်းသော သူ၏ အချမ်းသာနှင့် အလားတူ၏။
အထူးမှတ်ရန် ပြီး၏။
---၉၇ - လောကုတ္တရာဇောကို ပြဆိုခြင်း
လောကုတ္တရာဇောကို ပြဦးအံ့။
ဝိသေသလက္ခဏာ သာမညလက္ခဏာနှင့်တကွ နာမ်ရုပ်၌အဟုတ်သိ တကယ်သိ ဉာဏ်အမြင်တွေ အစဉ်အတိုင်း တက်၍ အသိအဆုံး ရောက်ခါနီး အာဝဇ္ဇန်းနှင့်တကွ ပရိကံ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟု ကာမကုသိုလ်ဇော လေးကြိမ်။ အချို့ ဥပစာ၊ အနုလုံ၊ ဂေါတြ ဘူဟု သုံးကြိမ်စော၍အသိ အဆုံးရောက် မဂ်ဇောတစ်ကြိမ် စောပြီးနောက် ဖိုလ်ဇော နှစ်ကြိမ် သုံးကြိမ်စော၍ ဘဝင်ကျလေ၏။ အပါယ်မင်းတို့ ပိုင်နက် လောကီဘက်မှ ထွက်၍ လောကုတ္တရာဘက်သို့ ရောက်လေ၏။ လောကုတ္တရာဘုံသားဖြစ်လေ၏။
မဂ်ဇောမှာ တစ်ယောက်သော ပုဂ္ဂိုလ်သန္တာန်၌ တစ်ခါသာ စောမြဲမှတ်၊ နှစ်ခါထပ်၍ စောဖွယ်မရှိ။ ခဲရည်ပြည့်သော ဒယ်အိုး၌ ပဒါးပြာကို ကွမ်းရိုးတစ်တို့သာ ခပ်ရသည်။ နှစ်တို့ခပ်ဖွယ် မရှိသကဲ့သို့ မှတ်လေ။ ဖိုလ်စောကား အဦးအစ အတန်းအစဉ်၌ နှစ်ကြိမ် သုံးကြိမ်သာစောမြဲ။ ဖိုလ်ချမ်းသာ ခံစားလို၍ ဝင်စားသောအခါ၌ကား အကြိမ်များစွာ အလိုရှိတိုင်း စော၏။
သောတာပတ္တိမဂ်ဇော, ဖိုလ်ဇောတစ်စုံ၊ သကဒါဂါမိမဂ်ဇော, ဖိုလ်ဇော တစ်စုံ၊ အနာဂါမိမဂ်ဇော, ဖိုလ်ဇောတစ်စုံ၊ အရဟတ္တမဂ်ဇော, ဖိုလ်ဇောတစ်စုံ၊ အစုံလေးစုံ မဂ်ဇောလေးပါး, ဖိုလ်ဇောလေးပါးဖြစ်၍ လောကုတ္တရာဇော ရှစ်ပါး ဖြစ်သတည်း။ ယင်း လေးဆင့်သော အစုံကို အချို့ပုဂ္ဂိုလ်အစဉ်အတိုင်း တရှိန်တည်းတက်၍ အဆုံးရောက်၏။
အချို့ပုဂ္ဂိုလ် နာရီခြား၊ ရက်ခြား၊ လခြား၊ နှစ်ခြား၊ ဘဝခြား၍ တက်၏။ ဤကား ဈာန်မရဘဲ ဈာန်အခြေမရှိဘဲ ဝိပဿနာစီးဖြန်း၍ရသော ဒုက္ခဝိပဿကပုဂ္ဂိုလ်တို့၏ လောကုတ္တရာစိတ်တည်း။ ဈာန်ကိုရပြီးမှ ဈာန်ကို အခြေပြု၍ ဝိပဿနာစီးဖြန်း၍ ရသော သမထယာနိက ပုဂ္ဂိုလ်တို့၏ လောကုတ္တရာစိတ်ကား မဂ်လေးပါး၊ ဖိုလ်လေးပါးတို့တွင် တစ်ပါးပါး၌ ပဉ္စကနည်းဈာန်ငါးပါးနှင့် ယှဉ်တွဲဖက်စပ်၍ မဂ်စိတ်နှစ်ဆယ် ဖိုလ်စိတ် နှစ်ဆယ်ဖြစ်၍ အမျှ လေးဆယ်ဖြစ်သတည်း။
သုက္ခံ ဝိပဿတီတိ သုက္ခဝိပဿကော။ (ဝိဂြိုဟ်)။
သုက္ခံ၊ သမထခေါ်သော ဈာန်မပါ အခြောက်တိုက်။
ဝိပဿတိ၊ ဝိပဿနာ ရှုတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သုက္ခဝိပဿကော၊ သုက္ခဝိပဿက မည်၏။ အနက်။
သမထယာနေန ဂစ္ဆတီတိ သမထယာနိကော။ (ဝိဂြိုဟ်)။
သမထယာနေန၊ သမထ ခေါ်သော ဈာန်ယာဉ်ဖြင့်။
ဂစ္ဆတိ၊ လောကုတ္တရာဘက်သို့ သွားတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သမထယာနိကော၊ သမထယာနိက မည်၏။
လောကုတ္တရာဇောကို ပြသည်ပြီး၏။
---၉၈ - စိတ်ကို ပေါင်းစုရေတွက်၍ ပြဆိုခြင်း
စိတ်ကို ပေါင်းစုရေတွက်၍ ပြဦးအံ့။
အကုသိုလ်စိတ် ဒွါဒသ တစ်ဆယ့်နှစ်။
အဟိတ်စိတ် အဋ္ဌာရသ တစ်ဆယ့်ရှစ်။
ကာမာဝစရစိတ် စတုဝီသတိ နှစ်ဆယ့်လေး။
ရူပါဝစရစိတ် ပန္နရသ တစ်ဆယ့်ငါး။
အရူပါဝစရစိတ် ဒွါဒသ တစ်ဆယ့်နှစ်။
လာကုတ္တရာစိတ် အဋ္ဌ-ရှစ်။
ပေါင်း စိတ် တစ်ခုယုတ် ကိုးဆယ်။
တစ်နည်း။
ကာမစိတ်-ငါးဆယ့်လေး။
မဟဂ္ဂုတ်စိတ် နှစ်ဆယ့်ခုနှစ်။
လောကုတ္တရာစိတ် ရှစ်။
ပေါင်း စိတ်တစ်ခုယုတ် ကိုးဆယ်။
လောကုတ္တရာစိတ်က လေးဆယ်ဖြစ်လျှင် အကျယ်တစ်ရာ့နှစ်ဆယ်တစ်။
တစ်နည်း။
အကုသိုလ်စိတ် တစ်ဆယ့်နှစ်။
ကုသိုလ်စိတ် နှစ်ဆယ့်တစ်။
ဝိပါက် သုံးဆယ့်ခြောက်။
ကိရိယာစိတ် နှစ်ဆယ်။
ပေါင်း စိတ် ရှစ်ဆယ့်ကိုး။
တစ်နည်း။
ကုသိုလ်စိတ် နှစ်ဆယ့်တစ်။
အကုသိုလ်စိတ် တစ်ဆယ့်နှစ်။
အဗျာကတစိတ် ငါးဆယ့်ခြောက်။
ပေါင်း စိတ်ရှစ်ဆယ့်ကိုး။
ပေါင်း ရေတွက်နည်း ပြီး၏။
---၉၉-ဘုံ ပုဂ္ဂိုလ်၌ စိတ်ရကို ပြဆိုခြင်း
ဘုံပုဂ္ဂိုလ်၌ စိတ်ရကိုပြဦးအံ့။
ဒေါသမူဒွေး, ဃာနဝိညာဏ်ဒွေး, ဇိဝှါဝိညာဏ်ဒွေး, ကာယဝိညာဏ်ဒွေး။ ဗြဟ္မာဘုံ၌ ဒွေးလေးဒွေးကိုမရ။ ထို့ကြောင့် ဗြဟ္မာ့ဘုံအား ကိုယ်၏ ဆင်ရဲခြင်း ကာယိက ဒုက္ခ၊ စိတ်၏ဆင်းရဲခြင်း စေတသိက ဒုက္ခမရှိ။ အခါခပ်သိမ်း အေးမြချမ်းသာသည်။
ကာမဘုမ္မိ၊ ရှစ်ဆယ်တိ၊ ဂ္ဂုတ်ဝိ ကိုးခုနှုတ်။
ခြောက်ဆယ့်ကိုးပ၊ ဘုံရူပ၊ ဝီသနှစ်ဆယ်ကြဉ်။
ဒေါမဟာဝိ၊ အရူဝိ၊ ဃာ-ဇိ-ကာကို ကြဉ်။
အရူဘုံမောက်၊ လေးဆယ့်ခြောက်၊ ချင့်ထောက်တွက်လေပါ။
ဒေါပျောက်-အကု၊ နောတစ်ခု၊ ဟာ-ကု-ကိရိယာ။
အရူမယုတ်၊ သောမဂ်ဖြုတ် လောကုတ် ခုနစ်ဖြာ။
ဝိကား ဝိပါက်၊ နောကား မနောဒွါရာဝဇ္ဇန်းမှတ်။
ဘုံ၌ စိတ်ရပြီး၏။
ဒုဂ္ဂတိအဟိတ်၊ အကုစိတ်၊ အဟိတ် ဟသိကြဉ်။
မဟာကုချွန်၊ သုံးဆယ့်ခွန်၊ မလွန် ရစမြဲ။
သု-ဒွိ-နှစ်ဆစ်၊ လေးဆယ့်တစ်၊ မဟစ်ဝိပါက်သာ၊ ဝိပ္ပယုတ် စွက်လေပါ။
တိဟိတ်မှာကား၊ လေးဆယ့်ငါး၊ ရှစ်ပါး အကုန်စွက်။
မဟဂ်ကုသလ၊ စွက်ပြန်က ဈာန်ရ ငါးဆယ့်လေး။
လေးမဂ် ပုဂ္ဂိုလ်၊ ကိုယ့်ဟာကိုယ်၊ တွက်လိုတစ်ခုသာ။
လေးဆယ့်တစ်ပ၊ သောသက၊ အရ တိဟိတ်တွင်။
ဒိဋ္ဌိသမ္ပယုတ်၊ ဝိစိနှုတ်၊ မဟုတ် ကိုယ့်ဟာယှဉ်။
သုံးဆယ့်ကိုးတန်၊ အနာဂါမ်၊ တစ်ဖန် ဒေါသကြဉ်။
ရဟန္တာမှာ၊ စိတ်သင်္ချာ၊ မှတ်ပါလေးဆယ့်လေး။
ဟာ-ဝိ-ကိရိ၊ အဟိတ်ရှိ၊ ကိရိဂုတ် ကိုယ့်ဟာ။
ကိုယ့်ဟာကိုယ်သား အရိယာ၊ မှတ်ပါရစမြဲ။
ပုဂ္ဂိုလ်၌ စိတ်ရပြီး၏။
၁၀၀ - သတိထားရန် ပြဆိုခြင်း
သတိထားရန်ကို ပြပြီးအံ့။
ဘဝင်စိတ် တစ်လှည့်၊ ဝီထိစိတ်တစ်လှည့် တန်းစဉ်၍ တစ်ခုပျက်ပြီးမှ တစ်ခု ဆက်လက်ဖြစ်ပေါ်သောကြောင့် တစ်ယောက် သော ပုဂ္ဂိုလ်သန္တာန်မှာ စိတ် နှစ်ခု သုံးခုစသည် တစ်ပူးတည်း တစ်ပြွတ် တည်းအတူ တစ်ပြိုင်တည်း မရကောင်း မရှိကောင်း။ သို့သော်လည်း ဖြစ်သင့် ဖြစ်ထိုက်သမျှကို ပေါင်းစု၍ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်မှာ သုံးဆယ့်ခုနစ်ပါးရသည်။ ဤသို့စသည် ဆိုရလေသည်။
ကျမ်းဂန်တို့မှာ သတ္တဝါစရိုက်အားလျော်စွာ ဉာဏ်နှင့်တန်ရုံတန်ရုံ သိကြရန် သိစရာရှိသမျှ ဆိုခွင့်ရှိသမျှ အကြွင်းအကျန် မရှိ ဆိုရ ဖွင့်ပြရလေသည်။ ကျမ်းဂန်ဆိုသမျှ သရုပ်အရေအတွက်ကို အကုန်သိမှ ကိစ္စပြီးသည် မဟုတ်။ ဉာဏ်နိုင်လောက်ရုံ မိမိသန္တာန် သူတစ်ပါးသန္တာန်မှာ ရုပ်တခြား နာမ်တခြားစီ နေအောင်သော်လည်းကောင်း၊ ခန္ဓာငါးပါးတခြားစီ နေအောင်သော် လည်းကောင်း၊ ဤသို့စသည် ဘဝကို အဟုတ်သိ တကယ်သိ သိနိုင် မြင်နိုင်လျှင်လည်း ကိစ္စပြီးတော့သည်။
ကိစ္စပြီးရုံ အလိုရှိသော ပုဂ္ဂိုလ်တို့မှာ သရုပ်အရေအတွက်တွေများလျှင် ဉာဏ်မနိုင် ဖြစ်တတ်သည်။
ဉာဏ်နိုင်ပြန်လျှင်လည်း ပညတ်တတ်၊ ပညတ်သိ ပညတ်တွေလွှမ်းဖိ၍ လိုရင်းမထိ၊ တဏှာမာန၊ ဒိဋ္ဌိဖြစ်ပွားတတ်သည်။ နှလုံး သွင်းတတ်လျှင်လည်း မြတ်ပါ၏။
ဤဘုတ်အုပ်စာ၌ကား ကျမ်းဂန်လာတိုင်း သရုပ် အရေအတွက်တွေကို များများကြီး မဆိုဘဲ သိခွင့် မြင်ခွင့် ရခဲ၊ ရပြန်သော်လည်း သိနိုင်ခဲ၊ မြင်နိုင်ခဲ၊ အလွန်နက်နဲသော ပရမတ်အစစ် အသားအနှစ် ကို ကိုယ်ထဲတွင် သိလွယ်မြင်လွယ် ရိပ်မိလွယ်အောင် နှလုံးထား၍ သင့်လျော် လျှောက်ပတ်ရုံသာ သရုပ်အရေအတွက်ကို ပြလိုက်သည်။
သတိထားရန် ပြသည် ပြီး၏။
၁၀၁ - ပရမတ္ထတရားကို အမျိုးမျိုးခွဲ၍ ပြဆိုခြင်း
ပရမတ္ထတရားကို သုံးမျိုး ငါးမျိုး နှစ်မျိုးခွဲ၍ ပြဦးအံ့...
ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ။
ဓမ္မသင်္ဂဏီပါဠိတော်။ (အဘိ၊ ဓ၊ ၁။)
ကုသလာ၊ ကောင်းသော မျိုးသဘောရှိကုန်သော။
ဓမ္မာ၊ သတ္တဝါ အကောင် မဟုတ်ကုန်သော သဘာဝတရားတို့သည်။
သန္တိ၊ တစ်မျိုးတခြား ထင်ရှားရှိကုန်၏။
အကုသလာ မကောင်းသော မျိုးသဘောရှိကုန်သော။
ဓမ္မာ၊ သတ္တဝါ အကောင် မဟုတ်ကုန်သော သဘာဝတရားတို့သည်။
သန္တိ၊ တစ်မျိုးတခြား ထင်ရှားရှိကုန်၏။
အဗျာကတာ၊ ကုသိုလ် အကုသိုလ်ဟူ၍ မဆိုရ မျိုးမရောက် အဗျာကတ ဖြစ်ကုန်သော။
ဓမ္မာ၊ သတ္တဝါအကောင် မဟုတ်ကုန်သော သဘာဝတရားတို့သည်။
သန္တိ၊ တစ်မျိုးတခြား ထင်ရှားရှိကုန်၏။ ။ အနက်။
ပါဠိတော်၏ အဓိပ္ပာယ်မှာ --
ကောင်းသော မျိုးရောက်သော အသီးနှင့် တူသော ကုသိုလ်တရားတစ်မျိုး၊
မကောင်းသော မျိုးရောက်သော အသီးနှင့် တူသော အကုသိုလ်တရား တစ်မျိုး၊
မျိုးမရောက်သော အပင်နှင့်တူသော အဗျာကတတရားတစ်မျိုး
ဟူ၍ အဟုတ်ရှိ တကယ်ရှိသော ပရမတ္ထတရားသည် သုံးမျိုးသာရှိသည်။ သူငါ အကောင်မရှိ ဆိုလိုသည်။
ထင်ရှားစေဦးအံ့။
သတ္တဝါတို့ ခန္ဓာကိုယ်၌ ရုပ်စု ရုပ်စိုင် ရုပ်ခဲ တွေနှင့်တကွ ယင်း ရုပ်စု ရုပ်စိုင် ရုပ်ခဲကြီးကို စွဲမှီ၍ ဖြစ်ကြသော --
ဘဝင်ခေါ်သော နာမ်ခန္ဓာလေးပါး၊
အာဝဇ္ဇန်းခေါ်သော နာမ်ခန္ဓာလေးပါ၊
ဒွါရအရှင်ခေါ် သော နာမ်ခန္ဓာလေးပါး၊
သမ္ပဋိစ္ဆိုင်းခေါ်သော နာမ်ခန္ဓာလေးပါး၊
သန္တီရဏ ဝုဋ္ဌော နောက်လိုက်ခေါ်သော နာမ်ခန္ဓာလေးပါး၊
ဤတရားစုကို မျိုးမရောက် သော အပင်နှင့်တူသော အဗျာကတဟူ၍မှတ်။
ရေမြေ တောတောင် စသော ဗဟိဒ္ဓဝထ္ထု ကိရိယာဇော ဖိုလ်ဇော နိဗ္ဗာန်တို့ကိုလည်း အဗျာကတဓမ္မဟူ၍မှတ်။
ကုသိုလ်ဇော နာမ်ခန္ဓာလေးပါး စုကို ကောင်းသော မျိုးသဘောရှိသော အသီးနှင့် တူသော ကုသလဓမ္မ- ဟူ၍မှတ်။
အကုသိုလ်ဇော နာမ်ခန္ဓာ လေးပါစုကို မကောင်းသော မျိုးသဘောရှိသော အသီးနှင့် တူသော အကုသလဓမ္မဟူ၍မှတ်။
ဤလို သုံးမျိုးမှတ်။
ယင်း သုံးမျိုးတို့တွင် အဗျာကတဖြစ်သော ရုပ်စု ရုပ်စိုင် ရုပ်ခဲကြီး ကို ရူပက္ခန္ဓာဟု မှတ်သား။
ကုသိုလ် အကုသိုလ် အဗျာကတဖြစ်သော ဝေဒနာတွေကို တစ်စုတစ်ပုံ တစ်မျိုးတခြား ဝေဒနာက္ခန္ဓာဟု မှတ်သား။
ထို့အတူ သညာတွေကို တစ်စုတစ်ပုံ တစ်မျိုးတခြား သညာက္ခန္ဓာဟု မှတ်သား။
သင်္ခါရတွေကို တစ်စုတစ်ပုံ တစ်မျိုးတခြား သင်္ခါရက္ခန္ဓာဟု မှတ်သား။
အသိ ဝိဉာဏ်တွေကို တစ်စုတစ်ပုံ တစ်မျိုးတခြား ဝိညာဏက္ခန္ဓာဟု မှတ်သား။ ခန္ဓာငါးပါး။
ဤအလိုသော် ပရမတ္ထတရား ငါးပါးမှတ်။ နိဗ္ဗာန် ကျန်။
ယင်း ငါးပါးတို့တွင် ရူပက္ခန္ဓာကား အာရုံကို မသိတတ်။ ဖောက်ပြန် တတ်သော ရုပ်တရား။
နာမ်ခန္ဓာလေးပါးကား အာရုံနှင့်မကင်းအာရုံပြုတတ်၊ အာရုံသို့ ညွတ်တတ်သော နာမ်တရား။ ဤလို ရေတွက်သော် ရုပ်တရား၊ နာမ်တရားဟူ၍ ပရမတ္ထတရား နှစ်မျိုးရှိသည်မှတ်။
သုံးပါးခွဲ၊ ငါးပါးခွဲ၊ နှစ်ပါးခွဲ ပြီး၏။
၁၀၂ - နာမ် ရုပ်တို့ကို ပြဆိုခြင်း
နာမ်၊ ရုပ်တို့၏အကြောင်းကို ပြဦးအံ့။
ပဋိသန္ဓေအခါ အဘယ် အကြောင်းကြောင့် နာမ်၊ ရုပ်တို့အသစ် ဖြစ်ပေါ်လာရပါ သနည်း။ ပဋိသန္ဓေအခါမှ နောက် ပဝတ္တိအခါ၌-
“ဆုံး,လယ်, စ,စွန်း၊ ထပ်လျက်ပြွမ်း၊ ကြိုးလွန်းပမာ ရုပ်ခန္ဓာ။
“အစ, အဆုံး၊ ထိဆက်ကုံး၊ ရွဲလုံးပမာ၊ နာမ်ခန္ဓာ။
ဟူ၍ ဆိုသည့်အတိုင်း ရောပြွမ်းပြိုင်ထပ် စပ်ဟပ်ပူးတွဲ သတ္တဝါအကောင်အခဲ ကဲ့သို့ ထင်မှတ်ရလောက်အောင် အဘယ်အကြောင်းကြောင့် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ တွေ ဆက်လက်ဖြစ်ပေါ်၍ နေရလေသနည်း။ တစ်စုံတစ်ယောက်သောသူ ဖန်ဆင်း၍ပင် ဖြစ်လေသလော၊ သို့မဟုတ် အကြောင်းမရှိဘဲ ပင် ဖြစ်လေ သလောဆိုသော် တစ်စုံတစ်ယောက်သော သူ ဖန်ဆင်း၍ ဖြစ်သည်လည်း မဟုတ် အကြောင်းမရှိဘဲ ဖြစ်သည်လည်းမဟုတ်။
အမှန်စင်စစ်အားဖြင့် ပဋိသန္ဓေအခါ၌ အဝိဇ္ဇာတဏှာ သဟဲရှိသော ကံဟူသော မျိုးကြောင့် နာမ်ခန္ဓာ ရုပ်ခန္ဓာ အသစ်ဖြစ်ပေါ်လာရလေသည်။ ပဝတ္တိအခါ၌ ကံကိုအကြောင်းရင်းခံ၍ စိတ်ဟူသော ဥတုဟူသော အာဟာရ ဟူသော အကြောင်းကြောင့် လည်းကောင်း၊ အချင်းချင်း ကျေးဇူးပြုကြသည့် အတွက်ကြောင့် လည်းကောင်း ဤသို့စသည်များစွာသော အကြောင်းတရားတွေ ဝိုင်းအုံ ပြုပြင်ကြသည့်အတွက် သတ္တဝါ အကောင်အခဲကြီး ထင်မှတ်ရလောက်အောင် နာမ်ခန္ဓာ ရုပ်ခန္ဓာတွေ ထပ်ကာ ထပ်ကာ ဆက်ပေါ်၍ နေရလေသည်။
ဥပမာဖြင့် ထင်ရှားအောင်ပြဦးအံ့။
သေပျောက်ပြီး ရှေးသရက်ပင် ဟောင်းမှဖြစ်သော သရက်မျိုးစေ့ကြောင့် ယခုမျက်မြင် သရက်ပင် ပေါက်ရောက် ပြီးနောက် ရေ၊မြေစသော အကြောင်းကြောင့် စည်ပင်ပွားစီး အပင်ကြီးဖြစ်၍ နေလေ၏။ ယင်း ယခုမျက်မြင် သရက်ပင်ကြီးမှ သီးသော မျိုးကြောင့် နောက် သရက်ပင်ဖြစ်ပေါ်ပေါက်ရောက်လတ္တံ့။
ဤနည်းအတူ ရှေးဘဝသေပျောက်ပြီး အဗျာကတခန္ဓာပင်ကြီးမှဖြစ်သော ကုသိုလ် အကုသိုလ်ကံဟူသော မျိုးကြောင့် ယခုဘဝ ပဋိသန္ဓေအခါ အဗျာကတခန္ဓာပင် ပေါက်၍ ပဝတ္တိအခါ ကံ,စိတ်,ဥတု, ထမင်း, အစာအာဟာရ အစရှိသော အကြောင်း တို့ကြောင့် ယခုထက်တိုင် မသေသရွေ့ သတ္တဝါ အကောင်အခဲကြီး ထင်မှတ် ရလောက်အောင် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတွေ တစ်စပ်တည်း ထပ်ကာ ထပ်ကာ ဆက်လက်ဖြစ်ပေါ်၍ နေရလေသည်။
ယခုဘဝ အဗျာကတခန္ဓာပင်မှ ဖြစ်ပေါ်သော ကုသိုလ် အကုသိုလ်ကံ ဟူသော မျိုးကြောင့် နောင်အဗျာကတခန္ဓာပင် ပေါက်ရောက်လတ္တံ့။
ဗီဇရုက္ခာဒိကာနံဝ၊ ပုဗ္ဗါကောဋိ နနာယတိ။
ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၃၇။
ဗီဇရုက္ခာဒိကာနံ၊ မျိုးစေ့အပင် အစရှိသည်တို့၏။
ပုဗ္ဗာကောဋိ၊ ရှေ့ဖြစ်သော အစွန်းကို။
န နာယတိ ဣဝ၊ ဘယ်အပင် ဘယ်မျိုးကစ၍ ဖြစ်သည်ဟူ၍ မသိနိုင်သကဲ့သို့။
ကမ္မဝိပါကာနံ၊ ကံဟူသောမျိုး အဗျာကတ အကျိုးပင်တို့၏။
ပုဗ္ဗာကောဋိ၊ ရှေ့ဖြစ်သော အစွန်းကို။
န နာယတိ၊ ဘယ်ဟာကစ၍ ဖြစ်သည်ဟူ၍ မသိနိုင်။
၁၀၃ - နာမ်, ရုပ်တို့ အကြောင်းကို တစ်နည်းပြဆိုခြင်း
နာမ်, ရုပ်တို့အကြောင်းကို တစ်နည်းပြဦးအံ့။
တစ်ဦးသော ပရိဗိုဇ် ရဟန်း ဆွမ်းခံလမ်းတွင် ဘုရားကို တွေ့မြင်၍ မလင်းသော အရာ တစ်ခုသော ပုစ္ဆာကို မေးလျှောက်ပါရစေ ဘုရားဟု လျှောက်ထားလေလျှင်၊ အလေးပြုစေလို ၍ ခွင့်မပေး၊ များများကြီး မမေးပါ၊ အနည်းငယ်မျှ မေးပါရစေ ဘုရားဟု သုံးကြိမ် လျှောက်ထားမှ မေးတော့ဟု ခွင့်ပြုတော်မူ၍ လျှောက်ထား၊ ဟောကြားသော အရာမှာ။
အရှင်ဘုရား, သုခ, ဒုက္ခကို ကိုယ့်ဟာကိုယ်ပြုပါသလား ဘုရား၊
ကိုယ့်ဟာကိုယ်ပြုသည်ဟု ငါမဟော။
သူတစ်ပါး ပြုပါသလား ဘုရား၊
သူတစ်ပါးပြုသည်ဟူ၍ ငါမဟော။
ဤကဲ့သို့ မဟောလျှင် သုခ, ဒုက္ခသည် အကြောင်းမရှိဘဲ ဖြစ်ပါသလား ဘုရား၊
အကြောင်းမရှိဘဲ ဖြစ်သည် ဟူ၍လည်း ငါမဟော။
အရှင်ဘုရားသည် သုခ, ဒုက္ခကို သိပုံမရ၊ နားလည်ကျွမ်းကျင်ပုံ မရပါတကား ဘုရား။ ပရဗိုဇ် သုခ, ဒုက္ခကို လောကအလုံးမှာ ငါအသိဆုံး၊ ငါနားအလည်ဆုံး၊ ငါ အကျွမ်းကျင်ဆုံး၊ ငါ့ထက် သိနိုင်သူ မရှိ၊ နားလည် ကျွမ်းကျင်သောသူ မရှိဟု မိန့်တော်မူလျှင် သို့ဖြစ်ဘိက အရှင်ဘုရား၏ သုခ, ဒုက္ခကို ဟောကြားတော်မူပါ ဘုရားဟု လျှောက်ထားသော အခါမှ ..
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊
သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊
ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊
ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသာ သမ္ဘဝန္တိ, ဧဝမေတဿ
ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ဤလို ဟောတော်မူလိုက်သောအခါ --
ဟုတ်လှပါပေ၏။ မှန်လှပါပေ၏ အရှင်ဘုရား၊
အဟုတ်ကို သိတတ်ပါပေ၏ အရှင်ဘုရား၊
အမှန်ကို သိတတ်ပါပေ၏ အရှင်ဘုရား၊
အလွန်ကောင်းပါပေ၏ အရှင်ဘုရား၊
အလွန်နှစ်သက်ဖွယ် ရှိပါပေ၏ အရှင်ဘုရား၊
မှောင်မိုက်ကြီးထဲ၌ မီးတောက်ကြီး ညှိထွန်းလိုက်သကဲ့သို့ ရှိပါပေ၏အရှင်ဘုရား၊
ရဟန်းအဖြစ်ကိုလည်း ခွင့်ပြုတော်မူပါ ဘုရား၊
ဤလို လျှောက်ထားလေလျှင် ထုံးစံရှိသည့်အတိုင်း ပြုတော့ဟုခွင့်ပေး၍ ရဟန်း အဖြစ်ကို ရပြီးနောက် ကိစ္စပြီးမြောက် အသိဉာဏ်အဆုံး ရောက်လေ၏။ ပရိဗိုဇ်က အတ္တအခေါ် သတ္တဝါအကောင် အထင်အစွဲနှင့်လျှောက်သည်။
ဘုရားကား သတ္တဝါအကောင် အတ္တဟူ၍ ငါဟောလေ့မရှိ။ ကြောင်းကျိုး ဆက်လက် ဖြစ်ပျက်ခြင်းမျှ အနတ္တဖြစ်သော ဆင်းရဲအစုကြီးသာဟု ငါဟောလေ့ ရှိသည်။ ဤလို တိုတို ဘုရား အလိုတော်ကိုမှတ်လေ။
ပါဠိဘာသာမှန်ကို မြန်မာပြန် အနက်ပေးရမည်။
အဝိဇ္ဇာပစ္စယာ၊ မြေမှုန့်မက၊ ဘဝများစွာ၊ ခန္ဓာအစဉ်၌ တစ်ပွဲတည်း စွဲမြဲသော ကံ၏သဟဲ၊ အမိုက်အမဲ၊ မောဟနု-မောဟကြမ်း နှစ်ပါးကြောင့်။
သင်္ခါရာ၊ ကာယ သင်္ခါရ, ဝစီ သင်္ခါရ၊ စိတ္တသင်္ခါရခေါ်ဆိုရသော ကုသိုလ်, အကုသိုလ်ကံ-ဟူသော မျိုးတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော မျိုးကြောင့်။
ဝိညာဏံ၊ အကျိုးအဗျာကတ ဝိညာဏ် ကြွင်းသော ဝိညာဏ်သည်။
သမ္ဘဝတိ၊ ထိုထိုဘုံဘဝ၌ အသစ် ဖြစ်ပေါ်လေ၏။
ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမရူပံ၊ ဝေဒနာ-သညာ-သင်္ခါရ ဟူသော နာမ်တရားနှင့်တကွ ရုပ်စု ရုပ်စိုင် ရုပ်ခဲသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်လေ၏။
နာမရူပပစ္စယာ၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့်။
သဠာယတနံ၊ စက္ခာယတန- သောတာယတန- ဃာနာယတန- ဇိဝှာယတန- ကာယာယတန မနာယတနဟူသော ခြောက်ပါးသော အာယတနသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်လေ၏။
သဠာယတနပစ္စယာ၊ သဠာယတနဟူသော အကြောင်းကြောင့်။
ဖဿော၊ အာရုံကို တွေ့ထိတတ်သော ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်လေ၏။
ဖဿပစ္စယာ၊ ဖဿ-ဟူသောအကြောင်းကြောင့်။
ဝေဒနာ၊ ခံသာ မခံသာ-ဝေဒနာမျိုးသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်လေ၏။
ဝေဒနာပစ္စယာ၊ ဝေဒနာ-ဟူသောအကြောင်းကြောင့်။
တဏှာ၊ နှစ်သက် တောင့်တခြင်း တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်လေ၏။
တဏှာပစ္စယာ၊ တဏှာ-ဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ အဖန်ဖန် ထပ်လဲခံစားလို စွဲလမ်းခြင်းချွတ်ချော် စွဲလမ်းခြင်း ဥပါဒါန်သည်။
သမ္ဘဝတိ ဖြစ်ပေါ်လေ၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဝေဒနာ ခံစားဖို့ရန် ကိုယ်ဖြင့်အားထုတ်ခြင်း ကာယသင်္ခါရ, နှုတ်ဖြင့် အားထုတ်ခြင်း ဝစီသင်္ခါရ၊ စိတ်ဖြင့်ကြံခြင်း မနောသင်္ခါရဆိုရသော ကုသိုလ် အကုသိုလ် ကမ္မဘဝဟူသောမျိုးသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်လေ၏။
ဘဝပစ္စယာ၊ ကမ္မဘဝ-ဟူသော မျိုးကြောင့်။
ဇာတိ၊ ထိုထိုဘုံဘဝ၌ ခန္ဓာပင်အသစ် ဖြစ်ပေါ်ခြင်း ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်လေ၏။
ဇာတိပစ္စယာ၊ ခန္ဓာပင် အသစ် ဖြစ်ပေါ်ခြင်းကြောင့်။
ဇရာ၊ အိုခြင်း။
မရဏ၊ သေခြင်း။
သောက၊ စိုးရိမ်ပူဆွေးရခြင်း။
ပရိဒေဝ၊ ငိုကြွေးမြည်တမ်းရ ခြင်း။
ဒုက္ခ၊ ကိုယ်၌ ဆင်းရဲခြင်းအမျိုးမျိုး။
ဒေါမနဿ၊ စိတ်၌ ဆင်းရဲခြင်း အမျိုးမျိုး။
ဥပါယာသာ၊ မရှူနိုင် မရှိုက်နိုင် အပင်ကြီးအပန်းကြီး အပူမီးတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ပေါ်ကြလေကုန်၏။
ဧဝံ၊ ဤသို့။ ကေဝလဿ၊ သတ္တဝါ အကောင်မဖက် သက်သက် သော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲတုံး ဆင်းရဲခဲ၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ထင်ရှား၏။ ။ အနက်။
[ပွင့်တော်မူသမျှ ဘုရားတို့ မစွန့်သော ပါဠိ၊ မသိသော်လည်း အကျိုးရှိသည်။ ပါဌ်၊ အနက် ရအောင်ကျက်၍ ရွတ်အံသရဇ္ဈာယ်။ နောင်လွယ်ခြင်း၏ အကြောင်းကုသိုလ် ကောင်းကောင်းကြီးဖြစ်သည်။ အလွန်ခက်ခဲနက်နဲသည်။ ငါနှင့်မတန်ဟု မမှတ်လင့်။ ယခုဘဝ ငါနှင့်မတန်လျှင် နောက်ဘုရား လက်ထက် ၌လည်း ငါနှင့်မတန် ဖြစ်တတ်သည်။
အနဝတတ် အိုင်ကြီး အလွန်နက်နဲလှသည် ဆိုသော်လည်း --
ဆင်တို့လည်း ချိုးနိုင် သောက်နိုင်ကြကုန်၏။
နွား- ကျွဲ-ဂျီ-သမင်တို့လည်း ချိုးနိုင်သောက်နိုင် ကြကုန်၏။
ယုန်-သားငယ်တို့လည်း ချိုးနိုင် သောက်နိုင် ကြကုန်၏။
ဉာဏ်ကြီးသော သူတို့မှာ အသိကြီး သိနိုင်သည်။
ဉာဏ်သေးသော သူတို့မှာ အသိသေး သိနိုင်သည်။
အသိကြီးပင် သိသိ အသိသေးပင် သိသိ အဟုတ်သိ သိကြ၍
အသိအဆုံး ရောက်ကြသောအခါ အတူတူပင်မှတ်လေ။]
၁၀၄ - ပဋိစ္စသမုပ္ပါဒ်၌ အကျဉ်းသိလွယ် အဓိပ္ပာယ်ကို ပြဆိုခြင်း
ယုန်သားငယ်တို့ သုံးစွဲသည်နှင့်အတူ သိလွယ်မှတ်လွယ် အနည်းငယ် အဓိပ္ပာယ်ကို ပြဦးအံ့။
အဝိဇ္ဇာဆိုသည်မှာ အဟုတ်အမှန်ကို မသိတတ်သော မောဟကို ဆိုသည်။
န ဝိဒတီတိ အဝိဇ္ဇာ။
န ဝိဒတိ၊ အဟုတ်အမှန်ကို မသိတတ်။
ဣတိတသ္မာ၊ ထို့ကြောင့်။
အဝိဇ္ဇာ၊ အဝိဇ္ဇာမည်၏။
အဟုတ်အမှန်ကိုမသိ ဆိုသည်မှာ ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့ဖြစ်သော ရုပ်ကို ရုပ်ဟူ၍မသိ၊ နာမ်ကိုနာမ်ဟူ၍ မသိ။
မမြဲဖန်ဖန် ရုပ်နာမ်တို့၏ ဖြစ်ပုံ, ပျက်ပုံ အနိစ္စသဘောကို မသိ။
ရုပ် နာမ်တို့၏ ထိတ်ဖွယ်, လန့်ဖွယ်, ကြောက်မက်ဖွယ် ဒုက္ခသဘောကို မသိ။
ရုပ်နာမ်တို့၏ ငါမဟုတ်, ငါ့ဟာမဟုတ် အကောင်မဟုတ်, အရှင်မဟုတ်သော အနတ္တ, သဘောကိုမသိ။ ရုပ်နှင့်နာမ်ကို ကြောက်ဖွယ်ဒုက္ခကြီး, ကြောက်ဖွယ် ဘေးဘယ အလုံးအထွေး ကြီးဟူ၍ မသိ။
ယင်း ဘေးဘယ အလုံးအထွေး ရုပ် နာမ်တို့ အဘယ် ကြောင့် ဖြစ်သည်ဟု ရုပ် နာမ်တို့၏ အကြောင်းကို မသိ။
ယင်း ရုပ် နာမ်တို့ကို ငြိမ်းစဲစေတတ်သော နည်းလမ်းကို မသိ။
ဤသို့သော မသိတွေကို ဆိုသည်။ ယင်းမသိ အဝိဇ္ဇာကို မိမိမသိသာရုံ မဟုတ်သေး၊ အတူဖြစ်ဖက် တရားတို့ကို သိခွင့်မရအောင် ဖုံးလွမ်း ပိတ်ပင်တတ် တွေဝေ မိုက်မဲစေတတ် သောကြောင့် မောဟဟူ၏လည်း ဆိုရသည်။
ယင်း မောဟ အဝိဇ္ဇာသည် အကုသိုလ်တို့၏ မူလအမြစ်ကြီးဖြစ်၏။ အကုသိုလ်တို့၏ အခြေခံဖြစ်၏။ ။ ထို့ကြောင့် -
ကမ္ဘာကိုစ၊ တေဇောက၊ သတ္တဝါကိုစ၊ မောဟက။
မသိက တပတ်ပတ်၊ သိမှ အပြီးသတ်သည်။
မသိ အစ၊ သိက အဆုံး၊ ကိစ္စတုံးသည်။
ဟူသော စကားကိုဆိုရသည်။
အခက်ကြိုက်၊ သစ္စာလေးတန်၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ၊ ဤရှစ်ဌာနနှင့် မှတ်ရမည်။
သင်္ခါရဆိုသည်မှာ ထိုထိုဘုံဘဝ၌ အဗျာကတ ခန္ဓာပင်ကို ပေါက်ရောက်စေ တတ်ကုန်သော ကုသိုလ်ကံ, အကုသိုလ်ကံဟူသော မျိုးတို့ကို ဆိုသည်။
သင်္ခရောန္တိတိ သင်္ခါရာ။ ။ (ဝိဂြိုဟ်)။
သင်္ခရောန္တိ၊ ထိုထိုဘုံဘဝ၌ အဗျာကတ ခန္ဓာပင်ပေါက်ရန် ပြုပြင် စေ့ဆော် တတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သင်္ခါရာ၊ သင်္ခါရမည်ကုန်၏။
ယင်း သင်္ခါရသည် ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရဟူ၍ သုံးမျိုး ရှိသည်။ ကိုယ်ဖြင့် ပြုလျှင် ကာယသင်္ခါရ, နှုတ်ဖြင့်ပြုလျှင် ဝစီသင်္ခါရ, စိတ်ဖြင့် ကြံလျှင် စိတ္တသင်္ခါရမှတ်။
အဝိဇ္ဇာကြောင့်သင်္ခါရ ဖြစ်ပုံမှာ။
အကြင်ပုဂ္ဂိုလ်သည် အကြင်အခါ၌ အကြောင်း, အကျိုး, နာမ်, ရုပ် လေးမျိုးတို့ကို လက္ခဏာသုံးပါးနှင့်တကွ အစွမ်းကုန်အသိ အဆုံးရောက် ကိစ္စပြီး တသိတည်း သိသည် ဖြစ်အံ့။ ထိုအခါ ထိုပုဂ္ဂိုလ်သန္တာန်မှာ မသိ မောဟ အကြွင်းမဲ့ကုန်ငြိမ်း ခန်းခြောက်လေ၏။ မသိမောဟ ကုန်ငြိမ်း ခန်းခြောက်က ထိုပုဂ္ဂိုလ်သန္တာန်မှာ ကုသိုလ်အကုသိုလ် ကံဟူသော မျိုးဟူသမျှတို့ မှီရာမရ၊ ကုန်ငြိမ်းခန်းခြောက်ရ လေကုန်၏။ ဖြစ်သော ကုသိုလ်တို့လည်း မျိုးမရောက်၊ ကိရိယာ အဗျာကတမျှ ဖြစ်လေကုန်၏။
ဆိုပြီးသောစကား၌ အသိအဆုံးရောက် ဆိုသည်မှာ လောကီနာမ် ရုပ်၌ သိစရာ ကုန်၏။ လောကီကို ကျော်ဖောက်ပြီးလျှင် နိဗ္ဗာန်ကို မြင်လိုက် သည်ကိုဆိုသည်။ နိဗ္ဗာန်ကိုမြင်ပြီးနောက် သိစရာ မရှိ။ အသိဆုံးလေ၏။ အရဟတ္တမဂ်သိကို ရသည်။
ကိစ္စပြီးဆိုသည်မှာ နိဗ္ဗာန်ကိုမြင်၍ အသိဆုံးသည်နှင့် တစ်ပြိုင်နက် ဒုက္ခမှန်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၌ သိစရာ ကိစ္စ၊ ငါ့အား အကုသိုလ်မဖြစ်ပါစေနှင့်ဟု ပယောဂစိုက်၍ ရှောင်ကြဉ် ပယ်စွန့်ရန် ကိစ္စ၊ နောင် ချမ်းသာဖို့ရန် လောကီကုသိုလ် လောကုတ္တရာ ကုသိုလ်ကို အားထုတ်ပွားများဖွယ် ကိစ္စ၊ သုခကို ရဖွယ်ကိစ္စ၊ ဤလေးပါးသော ကိစ္စတို့ ပြီးစီးသည်ကို ဆိုသည်။
အဝိဇ္ဇာ၊ မောဟနု, မောဟကြမ်းကိန်းသော ပုဂ္ဂိုလ်တို့ သန္တာန်မှာသာ အဝိဇ္ဇာကိုမှီ၍ အဝိဇ္ဇာက ကျေးဇူးပြုမှ ကုသိုလ် အကုသိုလ်ကံ ဟူသော သင်္ခါရတို့ ဖြစ်ပေါ် နိုင်ကုန်သည်။ အဝိဇ္ဇာကင်းသော ရဟန္တာပုဂ္ဂိုလ် တို့၏ သန္တာန်မှာ အဝိဇ္ဇာအမှီ မရှိသောကြောင့် မဖြစ်ပေါ်နိုင်ကုန်၊ ထို့ကြောင့် လည်းကောင်း။
တစ်နည်းလည်း။
အဝိန္ဒိယံ ဝိန္ဒတိ, ဝိန္ဒိယံ န ဝိဇ္ဇတိ အဝိဇ္ဇာ။
အဝိန္ဒိယံ၊ မရသင့် မရထိုက်သော အကုသိုလ် နိဿိတ ကုသိုလ်ကို။
ဝိန္ဒတိ၊ ရတတ်၏။
ဝိန္ဒိယံ၊ ရသင့်ရထိုက်သော ဝိဝဋ္ဋနိဿိတ ကုသိုလ်ကို။
နဝိန္ဒတိ၊ မရတတ်။
ဣတိတသ္မာ၊ ထို့ကြောင့်။
အဝိဇ္ဇာ၊ အဝိဇ္ဇာမည်၏။
ယင်း ဝိဂြိုဟ်နှင့်အညီ တစ်လောကလုံး ဒုက္ခအမှန်ကို ဒုက္ခဟု မသိ သည့်အတွက် လောကီဘက်ကို ခင်တွယ် တောင့်တ၍ ပြုကြသော ကုသိုလ် မျိုးသည် လည်းကောင်း, ဆင်းရဲခြင်း၏ အကြောင်းမှန်ကို ဆင်းရဲခြင်း၏ အကြောင်းဟု မသိသည့်အတွက် ဆင်းရဲကင်းလို ချမ်းသာလို၍ ပြုကြသော ပါဏာတိပါတ, အဒိန္နာဒါန စသော အကုသိုလ် ဒုစရိုက်မျိုးတို့သည် လည်းကောင်း မသိမောဟ ကြမ်းကြောင့် ဖြစ်ရသည်။ ထို့ကြောင့်လည်းကောင်း “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ”ဟု ဟောတော်မူသည်။
ခန္ဓာပင်ဟောင်း လဲခဲ့သည်ရှိသော် ကုသိုလ် အကုသိုလ် သင်္ခါရဟူသော မျိုးကြောင့် ထိုထိုဘုံဘဝ၌ အဗျာကတဝိပါက် ဝိညာဏက္ခန္ဓာ အသစ်ဆက် လက်ဖြစ်ပေါ်ရသည်။ ဝိညာဏက္ခန္ဓာ ဖြစ်ပေါ်လိုက်သည်ရှိသော် ဝေဒနာက္ခန္ဓာ- သညာက္ခန္ဓာ-သင်္ခါရက္ခန္ဓာ ဟူသော နာမ်, ရုပ်စု, ရုပ်စိုင်, ရုပ်ခဲ, ရူပက္ခန္ဓာဟူ သော ရုပ်၊ ဤနာမ်ရုပ် နှစ်ပါးလည်း တစ်ပြိုင်တည်း ဖြစ်ပေါ်ရလေ၏။ ကလလ ရေကြည် ခေါ်ရပြန်၏။ ပဋိသန္ဓေ နေသည်ဆိုရပြန်၏။
နာမ် ရုပ်ဖြစ်ပေါ်လိုက်လျှင် စက္ခုပသာဒ, သောတပသာဒ, ဃာနပသာဒ, ဇိဝှါပသာဒ ကာယပသာဒ, ဘဝင်ဟူသော မနာယတန ဤခြောက်ပါးသော အာယတနဖြစ် ပေါ်ရပြန်၏။ ထို့ကြောင့် “သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ”ဟု ဟောတော်မူသည်။
ဘဝသစ်၌ ဤဝိညာဏ်, နာမ်-ရုပ်, သဠာယတနသုံးပါးတို့ ပေါင်းစု လုံးထွေးမိကြလျှင် ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ ဟူသော ခန္ဓာငါးပါးပြည့်စုံ၍ အဗျာကတ ခန္ဓာပင် ဖြစ်လေ၏။
မျက်စိ-နား-နှာ-ခြေ-လက် အင်္ဂါပြည့်စုံ၍ သတ္တဝါကောင်ခေါ်ရ ပြန်လေ၏။
ဝိညာဏ်- နာမ်ရုပ်- သဠာယတန- အဗျာကတခန္ဓာပင် ဖြစ်၍နေပုံသည် အိပ်ပျော်၍နေ သောအခါ သိသာလှ၏။
ဧတ္တာဝတာ အဓိဝစနပထော၊ ဧတ္တာဝတာ နိရုတ္တိပထော၊ ဧတ္တာဝတာ ပညတ္တိပထော။
မဟာနိဒါနသုတ် ပါဠိတော်။ (ဒီ၊၂၊၅၄)
ဧတ္တာဝတာ၊ ဤဝိညာဏ်, နာမ်ရုပ်, သဠာယတနတို့ အချင်းချင်း ကျေးဇူးပြု၍ ပေါင်းစု လုံးထွေးမိကြရုံမျှဖြင့်။
အဓိဝစနပထော, ငဘေ, ငဘ, ငဌေး, ငကြွယ်, ငချမ်းသာ၊ ဤသို့စသည် ရုဋီအားဖြင့် ခေါ်ဝေါ်စရာခန္ဓာ အလုံးအခဲသည်။
နိရုတ္တိပထော၊ ငဝ-ငတုတ်စသည် အနွတ္ထသညာဖြင့် ခေါ်ဝေါ်စရာ ခန္ဓာ အစုအခဲသည်။
ပညတ္တိပထော၊ အထူးထူးအပြားပြား ပညတ်အားဖြင့် ခေါ်ဝေါ်စရာ ခန္ဓာ အစိုင်အခဲသည်။
ပညာယတိ၊ ပေါ်ထင်သိသာလေ၏။
တီဟိ ခန္ဓာဝ ကထိတာ။
အဋ္ဌကထာ။ (ဒီ၊ဋ္ဌ၊၂၊၉၄။)
တီဟိ၊ သုံးပုဒ်တို့ဖြင့်။
ခန္ဓာဝ၊ ခန္ဓာတို့ကိုသာလျှင်။
ကထိတာ၊ ဟောတော်မူအပ်ကုန်၏။
ဖဿဆိုသည်မှာ ခြောက်ပါးသော အာယတန၊ ခြောက်ပါးသော ဒွါရတို့နှင့် အာရုံခြောက်ပါးတို့ ရှေးရှူဆိုင်မိ ခိုက်တိုက်မိသောအခါ အာရုံကို တွေ့တတ်သော တရား။
ဖုသတီတိ ဖဿော။
ဖုသတိ၊ အာရုံကိုတွေ့တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဖဿော၊ ဖဿမည်၏။
ဝေဒနာဆိုသည်မှာ အာရုံနှင့်တွေ့ထိ၍ ဖဿဖြစ်သောအခါ ခံသာ မခံသာသော သဘောကိုဆိုသည်မှတ်။
စက္ခုရှိသည့်အတွက် ရူပါရုံကို တွေ့တတ်သော စက္ခုသမ္ဖဿ၊
သောတ ရှိသည့်အတွက် သဒ္ဒါရုံကို တွေ့တတ်သော သောတသမ္ဖဿ၊
ဃာန ရှိသည့်အတွက် ဂန္ဓာရုံကို တွေ့တတ်သော ဃာနသမ္ဖဿ၊
ဇိဝှါရှိသည့်အတွက် ရသာရုံကို တွေ့တတ်သော ဇိဝှါသမ္ဖဿ၊
ကာယရှိသည့်အတွက် ဖောဋ္ဌဗ္ဗာရုံကို တွေ့တတ်သော ကာယသမ္ဖဿ၊
မနာယတနရှိသည့်အတွက် အာရုံခြောက်ပါးကို တွေ့တတ်သော မနောသမ္ဖဿ ဖြစ်ရသည်။
ဖဿ ခြောက်ပါးဖြင့် အာရုံကို တွေ့သည့် အတွက် ခံသာ မခံသာ သုခဝေဒနာ ဒုက္ခဝေဒနာ ဖြစ်ပေါ်ရသည်။ ထို့ကြောင့် “သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ” ဟု ဟောတော်မူသည်။ ဤမျှလောက်ဖြင့် အသီး မသီးသေးသော အကိုင်းအခက်နှင့် ပြည့်စုံသော အဗျာကတ ခန္ဓာပင်ကြီး ဖြစ်လေသည်။
တဏှာဆိုသည်မှာ နှစ်သက်တတ် တပ်မက်တတ် တောင့်တတတ် ခြောက်ဒွါရမှ ဆာလောင်တတ်သော သဘော။
ဥပါဒါန်ဆိုသည်မှာ မခွာနိုင် မစွန့်နိုင် မဖြတ်နိုင် စွဲလမ်းတတ်သော သဘော။
ဥပါဒိယတီတိ ဥပါဒါနံ။
ဥပါဒိယတိ၊ စွဲလမ်းတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်မည်၏။
ယင်းဥပါဒါန်သည် ကာမုပါဒါန်, ဒိဋ္ဌပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်ဟူ၍ လေးမျိုးရှိသည်။
ကာမုပါဒါန် ဆိုသည်မှာ အားကြီးစွာ စွဲလမ်းတတ်သော တဏှာကိုပင် ဆိုသည်။
မှားသောအယူရှိသော သူတို့၏ အမှားကို စွဲလမ်းခြင်းကို ဒိဋ္ဌပါဒါန် ဆိုသည်။
စုပ်စုပ်ပဲ့ပဲ့ ခွေးကဲ့သို့ နွားကဲ့သို့ ကျင့်ခြင်းသည် ချမ်းသာကြောင်းအကျင့်ဟု စွဲလမ်းခြင်းကို သီလဗ္ဗဟုပါဒါန် ဆိုသည်။
အတ္တဟူ၍ အကောင်ဟူ၍ စွဲလမ်းခြင်းကို အတ္တဝါဒုပါဒါန် ဆိုသည်။
နောက်သုံးပါးလုံး ဒိဋ္ဌိချည်းပင်။ ထို့ကြောင့် တဏှာ အစွဲအလမ်း ဒိဋ္ဌိအစွဲအလမ်းဟူ၍ အကျဉ်းအားဖြင့် အစွဲအလမ်း နှစ်မျိုးမှတ်။
ခံသာသော သုခဝေဒနာ ဖြစ်ပေါ်သည့်အတွက် ယင်းသုခဝေဒနာကို သာယာ နှစ်သက်ခြင်း တဏှာ၊ မခံသာသော ဒုက္ခဝေဒနာဖြစ်ပေါ်သည့်အတွက် ဒုက္ခကင်းခြင်း သုခကို တောင့်တ နှစ်သက်ခြင်း တဏှာ ဖြစ်ပေါ်လေ၏။
သုခဝေဒနာအတွက်နှင့် ရူပါရုံကို နှစ်သက်ခြင်း ရူပတဏှာ၊ သဒ္ဒါရုံကို နှစ်သက်ခြင်း သဒ္ဒတဏှာ၊ ဂန္ဓာရုံကို နှစ်သက်ခြင်း ဂန္ဓတဏှာ၊ ရသာရုံကို နှစ်သက်ခြင်း ရသတဏှာ၊ ဖောဋ္ဌဗ္ဗာရုံကို နှစ်သက်ခြင်း . ဖောဋ္ဌဗ္ဗတဏှာ၊ လင်ကို, မယားကို, သားသမီးကို, ရွှေကို, ငွေကို, လယ်ယာ, နွား, ကျွဲစသည်ကို နှစ်သက်ခြင်း ဓမ္မတဏှာ၊ ဤတဏှာတို့ ဖြစ်ပေါ်လေ၏။
တဏှာ ဖြစ်ပေါ်လိုက်သည့်အတွက် တဏှာအရင်းခံ ရှိနေသည့်အတွက်ကြောင့် တင်းမတိမ်နိုင် မဝနိုင် အားမရနိုင်ဘဲ အဖန်တလဲလဲ ထပ်ကာ ထပ်ကာ ဝေဒနာ ခံစားချင် မြင်ချင် ကြားချင် နှံချင် စားချင်တွေ့ထိချင် မစွန့်နိုင် မလွှတ်နိုင် မခွာနိုင် မဖြတ်နိုင်။ မရသေးသည်ကိုလည်း ရချင် လိုချင် တန်းတန်း စွဲအားကြီးသော တဏှာအစွဲအလမ်း ဥပါဒါန် ဖြစ်ပေါ်လေ၏။ ဒိဋ္ဌိအစွဲအလမ်း ဥပါဒါန် ဖြစ်ပေါ်လေ၏။
ယင်းဥပါဒါန် အစွဲအလမ်း ရှိနေသည့်အတွက် ဥပါဒါန် အစွဲအလမ်းကို အရင်းခံ၍ ဝေဒနာခံစားဖို့ ကြံကြစည်ကြ၊ အကြံအစည်တွေနှင့် တရိုးရိုး တရွရွ ပြုကြ ပြင်ကြ၊ သွားကြ လာကြ၊ လုပ်ကြကိုင်ကြ၊ ပြောကြ ဆိုကြ၊ ရောင်းကြ ဝယ်ကြ၊ ကူးကြ၊ သန်းကြ၊ လုကြ ယက်ကြ၊ ငါ့ဟာ ငါ့ဟာ ဝန်တို စောင့်ရှောက်ကြ၊ နင်နင် ငါငါ ယုတ်မာကြမ်းတမ်း ငေါက်ငန်း ကျိန်ဆဲကြ၊ ရန်အမျက်ထား ခိုက်ရန်ပွားကြ၊ တုတ်ကိုင်ကြ၊ ဓားကိုင်ကြ သတ်ကြဖြတ်ကြ လည်ဆယ် ကောက်ကျစ် ဆိုးညှစ် စဉ်းလဲကြ၊ ဤသို့ စသည်ပြုကြ အားထုတ် ကြသောအခါ ကောင်းဇော မကောင်းဇောတွေ စော၏။
ထိုစကားမှန်၏။ အပြုအမူ အပြောအဆို အကြံအစည် အလုံးစုံ ကိစ္စ အမျိုးမျိုးတို့ကို ဇောမှသာ ပြီးစေနိုင်သည်။ ဇော၌ပါသော ကောင်းစေတနာ တွေကို ကုသိုလ်ကံ။ မကောင်း စေတနာတွေကို အကုသိုလ်ကံဆိုရသည်။ အသီးတွေနှင့်တူ၏။
ဥပါဒါန် အရင်းခံ ဝေဒနာခံစား လိုသည့်အတွက်နှင့် ပါဏာတိပါတ စသော ဒုစရိုက်အကုသိုလ်တွေကို ပြုကြ ပြုစေကြ, သူတစ်ပါး ပြုသည်ကို ဝမ်းမြောက် ကြ။ ထိုအခါ မကောင်းဇောတွေ စော၏။ ဥပါဒါန်အရင်းခံ ဝေဒနာခံစားလိုသည် အတွက်နှင့် ပါဏာတိပါတစသည်တို့မှ ရှောင်ကြဉ်ခြင်း သုစရိုက်တွေကို ပြုကြ၊ ဒါန-သီလစသော ကုသိုလ်ဆယ်ပါးကို ပြုကြ အားထုတ်ကြ၊ ထိုအခါ ကောင်း ဇောတွေစော၏။ ထိုစကားမှန်၏။ ဖောမှသာ ပါဏာတိပါတ-ဒါန-သီလစသော ကောင်းကိစ္စ မကောင်း ကိစ္စ အမျိုးမျိုးတို့ကို ပြီးစေနိုင်သည်။ ဇော၌ပါသော ကောင်းသော စေတနာတွေကို ကုသိုလ်ကံ မကောင်းသော စေတနာကို အကုသိုလ် ကံ ဆိုရသည်။ အသီးတွေနှင့် တူ၏။
ယခုဘဝ၌ ပြုပြုသမျှ ကုသိုလ် အကုသိုလ် ကံတို့ကို နောင်အသစ် ခန္ဓာပင်ကို ပေါက်ပွားစေတတ်သောကြောင့် ဘဝဟူ၍ ဆိုရပြန်သည်။
ဘဝတိ တသ္မာတိ ဘဝေါ။
တသ္မာ၊ ဤကုသိုလ် အကုသိုလ် ကမ္မဘဝမှ။
ဘဝတိ၊ ခန္ဓာပင် အသစ်ပေါက်ပွားတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဘဝေါ၊ ဘဝမည်၏။
ထို့ကြောင့် ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ ဟူ၍ ဟောတော်မူသည်။
ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဤရှစ်ပါးတို့ အချင်းချင်း ကျေးဇူးပြု၍ ပေါင်းစုလုံးထွေး ရှိနေသည်ကို ယခုအခါ သူအကောင်, ငါအကောင်, လူကောင်, ခွေးကောင် ထင်မှတ်ကြလေသည်။ အဟုတ်အကောင် မဟုတ်၊ ခေါ်ဝေါ်ရုံသာ ခေါ်ဝေါ်ကြရ လေသည်။ အကိုင်း အခက်တွေနှင့် ခွေးသီး ဝက်သီး ပြိတ္တာသီး ငရဲသီး လူသီး နတ်သီးတွေ သီးသော ခန္ဓာပင်ကြီးဟူ၍ နှလုံးသွင်းရမည်။
ယခုဘဝ ခန္ဓာပင်လဲခဲ့ ပျက်စီးခဲ့သည်ရှိသော် --
ခွေးသီးကြောင့် ဘဝသစ်၌ ခွေးခန္ဓာပင် ပေါက်လတ္တံ့။
ဝက်သီးကြောင့် ဝက်ခန္ဓာပင် ပေါက်လတ္တံ့။
ပြိတ္တာသီးကြောင့် ပြိတ္တာ ခန္ဓာပင် ပေါက်လတ္တံ့။
လူသီးကြောင့် လူခန္ဓာပင် ပေါက်လတ္တံ့။
နတ်သီးကြောင့် နတ်ပြည်၌ နတ်ခန္ဓာပင် ပေါက်လတ္တံ့။
ဘဝသစ်၌ ခန္ဓာပင် အသစ်ပေါ်သည် ပေါက်သည်ကိုပင် ဇာတိဆိုရသည်။
ဇာတိဟူသော ခန္ဓာပင် အသစ် ဖြစ်လိုက် ပေါ်လိုက် ပေါက်လိုက်သည်နှင့် တစ်ပြိုင်တည်း ဇရာဘေး မရဏဘေးတို့လည်း ကပ်စွဲလေကုန်၏။ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဟူသော အပူမျိုး အပင်မျိုး ဆင်းရဲခြင်း အမျိုးမျိုး တို့သည်လည်း ဝိုင်းအုံကပ်စွဲ လာကြလေကုန်၏။ သတ္တဝါ အကောင် ဆိုစရာ မရှိ။ ဖြစ်ပျက်မစဲ ဆင်းရဲတုံး ဆင်းရဲခဲ ဆင်းရဲအစုမျှသာ သိသိသာသာ အထင် အရှားကြီး ဖြစ်လေ၏။ ထို့ကြောင့်-
ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဥပါယာသာ သမ္ဘဝန္တိ။ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ -
ဟူ၍ (ဝိ၊၃၊၁။)၌ ဟောတော်မူလေသည်။
ဤပဋိစ္စသမုပ္ပါဒ်၌ နည်းလေးပါးကို သိရမည်။ နည်းလေးပါးဆိုသည်ကား
၁။ ဧကတ္တနည်း,
၂။ နာနာတ္တနည်း,
၃။ အဗျာပါရနည်း,
၄။ ဧဝံဓမ္မတာနည်း,
ဤ လေးပါးတည်း။
အဝိဇ္ဇာ သင်္ခါရ အစရှိသော တရားတို့သည် အကြောင်း အကျိုးဆက်လက်၍ တစ်သန္တာန်တည်း ဖြစ်သောကြောင့် တစ်ခုတည်း တစ်ယောက်တည်း ဟူ၍ ခေါ်ဆိုရသော နည်းသည် ဧကတ္တနည်း မည်၏။
တစ်ခုတည်းဟူ၍ ခေါ်ဆိုရသော်လည်း အဝိဇ္ဇာ သင်္ခါရ စသည်တို့သည် သဘာဝ အားဖြင့် အသီးအသီး တခြားစီဟု သိမှတ်ရသောနည်းသည် နာနတ္တနည်း မည်၏။
အဝိဇ္ဇာအား သင်္ခါရ ကို ငါဖြစ်စေအံ့ဟု ဗျာပါရမရှိ၊ ငါဖြစ်စေသည်ဟူ၍လည်း မသိ၊ သင်္ခါရက ငါသည် အဝိဇ္ဇာကြောင့် ဖြစ်ရပေသည်ဟု မသိ၊ ဤသို့စသည် ဗျာပါရမရှိ။ အချင်းချင်း မသိကြဟု သိရ မှတ်ရသော နည်းသည် အဗျာပါရနည်း မည်၏။
ဤသို့စသည် ဗျာပါရမရှိ အချင်းချင်း မသိကြဘဲ အကြောင်းအား လျော်စွာ အကျိုး တရားတို့ သဘာဝအလျောက် ဖြစ်ကြသည်ဟု သိရသောနည်းသည် ဧဝံဓမ္မတာနည်း မည်၏။
ကိလေသဝဋ် ကမ္မဝဋ်, ဝိပါကဝဋ်ဟူ၍ ဝဋ်သုံးပါးကိုလည်း မှတ်သား ရသည်။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးပါးကို ကိလေသဝဋ် ဆိုသည်။ သင်္ခါရနှင့် ဘဝကို ကမ္မဝဋ်ဆိုသည်။
ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဇာတိ, ဇရာမရဏပေါင်း ခုနစ်ပါးကို ဝိပါကဝဋ် ဆိုသည်။
ကိလေသာကား ကံကို အားပေးသည်။ ကံ, ကား ဝိပါက်ကို ဖြစ်စေသည်။ ဝိပါက်ကို စွဲမှီ၍ ကိလေသာနှင့် ကံဖြစ်ပေါ်ပြန်၏။
ကိလေသာဘာဝေ ကမ္မံ အပ္ပဋိသန္ဓိကံ ဟောတိ။
ထိုထို အဋ္ဌကထာ။ (ဝိ၊ဋ္ဌ၊၁၊၁၃၇။) (မ၊ဋ္ဌ၊၁၊၁၈၄)
ကိလေသာဘာဝေ၊ ကိလေသာ မရှိလတ်သော်။
ကမ္မံ၊ ကံသည်။
အပ္ပဋိသန္ဓိကံ၊ ပဋိသန္ဓေအကျိုးကို မဖြစ်စေနိုင်သည်။
ဟောတိ၊ ဖြစ်၏။
ကိလေသာ ငြိမ်းမှ ကံငြိမ်းမည်။ ကံငြိမ်းမှ ဝိပါကဝဋ် ငြိမ်းမည် ဆိုလိုသည်။ သောက စသည်တို့ကို အင်္ဂါတွင်းသို့ မသွင်းရ။ ဇာတိ၏ အကျိုးဆက်ကို ပြခြင်း အကျိုးငှာ လည်းကောင်း, သောကစသည်တို့ကို ဆိုသဖြင့် အဝိဇ္ဇာဖြစ်ပြန်၍ ခန္ဓာစက်ရဟတ် တပတ်ပတ် လည်သည်ကို သိစေခြင်းငှာလည်းကောင်း သောက, စသည်တို့ကို ဟောတော်မူသည်မှတ်။
အင်္ဂါဆယ့်နှစ်ဝ၊ ကာလသုံးတွေ၊
အသေသုံးဖြာ၊ အလွှာ လေးရပ်၊
အစပ်သုံးသွယ်၊ နှစ်ဆယ်ခြင်းရာ၊
ဝဋ်မှာ သုံးပါး၊ အမြစ်နှစ်ပါး၊
ပေါင်း အများကို ခြားနားသိအောင်ကြံ။
အတိတ်အကြောင်း, ပစ္စုပ္ပန်အကျိုး, ငါးပါးစီ၊ ပစ္စုပ္ပန်အကြောင်း, အနာဂတ်အကျိုး, ငါးပါးစီ။ အခြင်းအရာနှစ်ဆယ်မှတ်။ ပဋိစ္စသမုပ္ပါဒ်၏ အဓိပ္ပာယ်မှာ အကြောင်း, နာမ်ရုပ်ကိုစွဲ၍ အကျိုးနာမ်ရုပ် ဖြစ်သည်။ အကျိုး နာမ်ရုပ်ကို စွဲ၍ အကြောင်းနာမ်ရုပ် ဖြစ်ပြန်သည်။ အကြောင်း, အကျိုး, ဆက်လက်၍ ဖြစ်သော နာမ်ရုပ်ကိုပင် သတ္တဝါ အကောင်ဟု ထင်ရ, မြင်ရ, ခေါ်ဝေါ်ကြရ၏။ သတ္တဝါ အကောင်မရှိ၊ ဖန်ဆင်းတတ်သော ထာဝရဘုရား စသည် ဗြဟ္မာစသည်မရှိ ဆိုလိုသည်။ ငါတခြား, ပဋိစ္စသမုပ္ပါဒ် တခြား မနေစေနှင့်။
တစ်နည်းလည်း ကိလေသဝဋ်ကြောင့် ကမ္မဝဋ် ဖြစ်, ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်၊ ဝိပါကဝဋ်ကိုစွဲမှီ၍ ကိလေသဝဋ် ဖြစ်ပြန်၊ အဖန်တလဲလဲ ဝဋ်ဆင်းရဲ သတ္တဝါ အကောင် အခဲမရှိ ဆိုလိုသည်။
နာမ် ရုပ်၏ အကြောင်းကို တစ်နည်းပြသည်ပြီး၏။
၁၀၅ - ပညတ္တိဉာဏ် ပရမတ္ထဉာဏ် နှစ်မျိုးကို ပြဆိုခြင်း
အသိဉာဏ်ကို ပြဦးအံ့-
မသိ အစ၊ သိက အဆုံး၊ ကိစ္စတုံး၏။
မသိက တပတ်ပတ်၊ သိမှ အပြီးသတ်သည်။
မသိလျှင် တွယ်၊ သိလျှင် ပြယ်သည်။
တွယ်လျှင်လည်း ဘေး၊ ပြယ်လျှင် အေးသည်။
ဆိုခဲ့သော စကား၌ မသိ-ဆိုသည်ကား အဝိဇ္ဇာ-မောဟကိုပင် ဆိုသည်။ တွယ် ဆိုသည်မှာ တဏှာကိုဆိုသည်။
သိ-ဆိုသည်မှာ နာမ်ရုပ်ကို အဟုတ်သိ အမှန်သိ သိသော အသိဉာဏ်ကို ဆိုသည်။ ပြယ်-ဆိုသည်မှာ အဟုတ်အမှန်ကို သိသည့်အတွက် အဝိဇ္ဇာတဏှာ ကင်းသည်ကို ဆိုသည်။ အသိဉာဏ်ဆိုသော စကား၌ အသိဉာဏ်သည် နှစ်မျိုးရှိသည်။ နှစ်မျိုး ဆိုသည်ကား ပညတ္တိဉာဏ်, ပရမတ္ထဉာဏ် ဤနှစ်မျိုးတည်း။ ယင်းနှစ်မျိုးတို့တွင် ပညတ္တိဉာဏ် ဆိုသည်မှာ-
ကမ္မဿကာ မာဏဝ သတ္တာ၊ ကမ္မံ သတ္တေ ဝိဘဇတိ။
စူဠကမ္မဝိဘင်္ဂသုတ်။ (မ၊၃၊၂၄၄။)
မာဏဝ၊ လုလင်။
သတ္တာ၊ သတ္တဝါတို့သည်။
ကမ္မဿကာ၊ ကံသာလျှင် တမလွန်ဘဝသို့ ယူသွားစရာ ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏။
ကမ္မံ၊ ကံသည်။
သတ္တေ၊ သတ္တဝါတို့ကို။
ဝိဘဇတိ၊ ခွဲခြမ်း ဝေဖန်၏။
ဤသုဘဒ်သုတ် ပါဠိတော်နှင့်အညီ သတ္တဝါတို့မှာ ကံမှတစ်ပါး တမလွန် ဘဝသို့ ယူသွားစရာ ကိုယ်ပိုင် ဥစ္စာမရှိ၊ သတ္တဝါတို့ကို ကံသာပြုပြင် စီရင်သည်။
မကောင်းသော အမှုကို ပြုသောသူ မကောင်းကျိုး ခံရသည်။
ကောင်းသော အမှုကို ပြုသောသူကောင်းကျိုး ခံရသည်။
ဤသို့စသည် သိသောဉာဏ်ကို လည်းကောင်း, ယခုပစ္စက္ခဘဝ နောင်တမလွန် ဘဝအဆက်ဆက် လောကီဘက်မှာ ချမ်းသာခြင်း၏အကြောင်း ပွားစီးခြင်း၏ အကြောင်းကို သိတတ်သောဉာဏ်ကို လည်းကောင်း ပညတ္တိဉာဏ် ဆိုသည်။
ဒုဂ္ဂတိဘုံ သုဂတိဘုံ ရှိသည်။ ယင်းဒုဂ္ဂတိဘုံ သုဂတိဘုံတို့၌ မြင်ကောင်းသော သတ္တဝါတွေ မမြင်ကောင်းသော သတ္တဝါတွေ ရှိကြကုန်သည်။
ယင်း သတ္တဝါတို့မှာ မကောင်းမှုကံ ဟူသမျှ ကိုယ်သန္တာန်မှာ ဖြစ်သော်လည်း အကျိုးမဲ့ကိုသာ ပြုတတ် နှိပ်စက်တတ်သောကြောင့် ကိုယ်ဟူ၍မဆိုရ။ ကိုယ့်ဟာ ဟူ၍ မဆိုရ။ သူစိမ်းပြင်ပ ရန်သူသာ ဆိုရသည်။
ကောင်းမှုကုသိုလ်ကံ ဟူသမျှ ကောင်းကျိုးကိုသာ ဆောင်တတ် ချမ်းသာစေတတ် သောကြောင့် ကိုယ်လည်း မည်၏။ ကိုယ့်ဟာလည်း မည်၏။ ဤလို စသည် သိတတ်သော ဉာဏ်သည် လည်း ပညတ္တိဉာဏ်ပင်။
ဉာဏ်ဟူသမျှ အကုသိုလ်နှင့် မယှဉ်၊ အကုသိုလ် ဉာဏ်ဟူ၍ မရှိ။ ပညတ္တိဉာဏ်ကို အရင်းခံ၍ ပါရမီကို ဖြည့်ကြရ လောကုတ္တရာ ဘက်သို့ ကူးရန် အားထုတ်ကြရသည်။ ပညတ်လည်း သူ့နေရာနှင့်သူ အသုံးကျသည်။ ပညတ်မကင်းသောကြောင့် ပညတ္တိဉာဏ်ဟူ၍ ဆိုလိုက်သည်။ ကမ္မဿကတာဉာဏ်ဆိုသည်နှင့် အတူတူပင် မှတ်လေ။
ပရမတ္ထဉာဏ် ဆိုသည်မှာ သတ္တဝါ အကောင် မဘက်၊ သက်သက် အဟုတ်ရှိ တကယ်ရှိ နာမ်နှင့်ရုပ်ကို သိသော ဉာဏ်ကိုဆိုသည်။
ပညတ်ကား လောကီ ဘက်၌ အသုံးကျသည်။ လောကုတ္တရာဘက်သို့ တက်လိုလျှင် ပညတ်ဖျက်ရသည်။ ဤအရာ၌ ပရမတ္ထဉာဏ်ကိုသာ ပြလိုရင်းတည်း။ ယင်း ပရမတ္ထဉာဏ်ကို ဝိပဿနာဉာဏ်, မဂ်ဉာဏ်ဟူ၍ နှစ်မျိုးမှတ်။ ယင်း နှစ်မျိုးတို့တွင် ဝိပဿနာဉာဏ် ဆိုသည်မှာ အထူးသိတတ်သော ဉာဏ်ကို ဆိုသည်။
အထူးသိဆိုသည်မှာလည်း သိနေကျ ပညတ္တိဉာဏ်ထက် ထူး၍ တစ်ခုတည်း တစ်ရှိတည်း မိန်းမကောင်, ယောက်ျားကောင်, သူကောင်, ငါကောင်ဟူသော အမြှေးအကာ ပညတ်လွှာကို ဖယ်ထား ခွါလှစ်၍ အကြောင်းအကျိုးဖြစ်သော ရုပ်အစစ် နာမ်အစစ်ကို သိသည်ကို ဆိုသည်။
ပညတ္တိံ ထပေတွာ ဝိသေသေန ပဿတီတိ ဝိပဿနာ။
ပညတ္တိံ၊ အပေါ်ရံ အမြှေးအကာ ပညတ်လွှာကို။
ထပေတွာ၊ ခွာလှန် ဖယ်ထား၍။
ဝိသေသေန၊ သိနေကြ ပညတ်ဉာဏ်ထက် ထူးသောအားဖြင့်။
ပဿတိ၊ အကြောင်း အကျိုးဖြစ်သော ရုပ်အစစ် နာမ်အစစ်ကို မြင်တတ်၏။
ဣတိသ္မာ၊ ထို့ကြောင့်။
ဝိပဿနာ၊ ဝိပဿနာ မည်၏။
ယင်း ဝိပဿနာသည် နှစ်ပါး၊
တစ်နည်း ခြောက်ပါး၊
တစ်နည်း ဆယ်ပါးအပြား ရှိသည်။
အဘယ်ကြောင့် သုံးနည်း ပြားရသနည်း ဆိုသော်
ဉာဏ်ထက်သော ပုဂ္ဂိုလ်တို့မှာ ဝိပဿနာ နှစ်ချက်ဖြင့် အသိအဆုံးရောက် နိုင်သည်။
ဉာဏ်အလတ်ရှိသော သူတို့မှာ ဝိပဿနာ ခြောက်ချက်ဖြင့် အသိ အဆုံး ရောက်နိုင်သည်။
ဉာဏ်တုံးသောသူတို့မှာ ဝိပဿနာ ဆယ်ချက်ဖြင့် အဆင့်အဆင့် တက်မှ အသိအဆုံး ရောက်နိုင်သည်။
ဤသို့ ပုဂ္ဂိုလ်သုံးမျိုး ပြားသောကြောင့် ဝိပဿနာသုံးမျိုး ပြားလေသည်။ ။ ရှေ့ကလည်း ပြခဲ့ပြီ။
မဂ်ဉာဏ်ဆိုသည်မှာ အလုံးစုံသော ကိစ္စတို့ကို ပြီးစေ၍ နောက်တစ် ဖန်သိစရာမရှိ အဆုံးရောက်သိသော အသိကိုဆိုသည်။
ကိစ္စာနံ အန္တံ မဂ္ဂတိ ဂစ္ဆတီတိ မဂ္ဂေါ။
ကိစ္စာနံ၊ သိစရာ ကိစ္စ အစရှိကုန်သော အလုံးစုံသော ကိစ္စတို့၏။
အန္တံ၊ အပြီးသတ် အဆုံးသို့။
မဂ္ဂတိ ဂစ္ဆတိ၊ ရောက်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
တံ၊ ထိုအဆုံးဉာဏ်သည်။
မဂ္ဂေါ၊ မဂ်ဉာဏ်မည်၏။
အဆုံးရောက် သည် ဆိုသည်မှာ နိဗ္ဗာန်ရောက်သည်ကို ဆိုသည်။
ဆင်းရဲကင်းလို ချမ်းသာကြလိုသော သံသရာ ခရီးသွား ဧည့်သည်မှန်သမျှ သတ္တဝါတို့မှာ မိမိတို့က မသိကြသော်လည်း ကိစ္စကြီးလေးပါး အမြဲ စွပ်လျက်ပင်ရှိ၍ နေကြကုန်၏။
ကိစ္စကြီးလေးပါး ဆိုသည်ကား --
ချမ်းသာစေရန် သွားတတ် လာတတ် နေတတ် ထိုင်တတ် ကျင့်တတ်ကြံတတ် အောင် အမှန်ကျ သိစရာ တတ်စရာ ကိစ္စလည်း ကိစ္စကြီး တစ်ပါး။
သိသည့်အတိုင်း မကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံဟူသော အကုသိုလ် မျိုးတို့ မဖြစ်စေရအောင် အောင့်အည်း ဆင်ခြင်ဖွယ် ရှောင်ကြဉ်ပယ်စွန့်ဖွယ် ကိစ္စလည်း ကိစ္စကြီး တစ်ပါး။
သိသည့်အတိုင်း ကောင်းသော အမူအရာ ဒါန, သီလ, ဘာဝနာ ဟူသော ကုသိုလ်အမျိုးမျိုးကို ဖြစ်ပွားစေရန် ကိစ္စလည်း ကိစ္စကြီး တစ်ပါး။
အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို ဖြစ်ပွားစေ၍ ချမ်းသာသုခကို ရဖွယ်ရရန် ကိစ္စလည်း ကိစ္စကြီး တစ်ပါး။
ဤလေးပါးတည်း။
သိစရာ တတ်စရာ ကိစ္စ၊
ပယ်စွန့် ရှောင်ကြဉ်စရာ ကိစ္စ၊
ပွားများ အားထုတ်ရန် ကိစ္စ၊
ရရန် ရစရာ ကိစ္စ။
အကျဉ်းချုပ် ကိစ္စကြီးလေးပါး။
ဝိပဿနာဉာဏ်ဖြင့် နာမ်ရုပ်တို့၌ မြင်စရာ ကုန်၍ နောက်ပိတ်ဆုံး နိဗ္ဗာန်ကို သိလိုက်မြင်လိုက်သော ဉာဏ်ကိုပင် မဂ်ဉာဏ် ဆိုရသည်။
မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကိစ္စကြီး လေးပါး ပြီးစီး၍ ငြိမ်းလေ၏။ ထို့ကြောင့်
ကိစ္စာနံ အန္တံ မဂ္ဂတိ ဂစ္ဆတီတိ မဂ္ဂေါ-ဟု ဝိဂြိုဟ်ဆိုလိုက်သည်။
ယင်း မဂ်ဉာဏ်သည် သောတာပတ္တိ မဂ်ဉာဏ်, သကဒါဂါမိ မဂ်ဉာဏ်, အနာဂါမိမဂ်ဉာဏ်, အရဟတ္တမဂ်ဉာဏ်ဟူ၍ လေးပါးရှိသည်။
တစ်ခု တစ်ခု ကိစ္စကို ပြုသောသူသည် ပြုစရာ ကိစ္စအနည်းငယ် ကျန်ကြွင်းသော် လည်း မချွတ်ပြီးလတ္တံ့ဖြစ်၍ ကိစ္စပြီးပါပြီလား မေးခဲ့သော် ပြီးပါပြီ ဆိုရသကဲ့သို့ ရှေ့ဉာဏ်သုံးပါးတို့မှာ အနည်းငယ်ကိစ္စ ကျန်ကြွင်းသော်လည်း မချွတ်ပြီးဆုံး လတ္တံ့ဖြစ်၍ အပြီးအဆုံး ဟူ၍ပင် ရုဋီတင်၍ ဆိုရသည်။ အရဟတ္တမဂ်ကိုသာ မုချ ယူရသည်မှတ်လေ။
လောကီ နာမ်ရုပ်သည် လက္ခဏာရေး သုံးပါး စွဲကပ်ပါရှိ၍ နေသောကြောင့် ဒုက္ခသစ္စာ။
နာမ်ရုပ်ဟူသော ဒုက္ခသစ္စာကို ဖြစ်ပွားစေတတ် သောအကြောင်း အများတွင် မူလ အရင်းဖြစ်၍ လောဘသည် သမုဒယသစ္စာ။
နာမ်ရုပ် တို့၏ အကြွင်းမဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် နိရောဓသစ္စာ။
နိရောဓသို့ ရောက်စေတတ်သော အခြံအရံနှင့်တကွသော ဉာဏ်သည် မဂ္ဂသစ္စာ။
ယင်း သစ္စာလေးပါးထဲတွင် --
ဒုက္ခသစ္စာမှာ ပရိညေယျကိစ္စ၊
သမုဒယသစ္စာမှာ ပဟာတဗ္ဗကိစ္စ၊
နိရောဓသစ္စာမှာ သစ္ဆိကာတဗ္ဗကိစ္စ၊
မဂ္ဂသစ္စာမှာ ဘာဝေတဗ္ဗကိစ္စ။
ဤသို့ ဆိုရမည်ကို သိလွယ် မြင်လွယ် ထင်လွယ်အောင် ဆိုလိုက်သည်။ အတူတူ မှတ်လေ။
ယခုဘဝ၌ မဂ် ဖိုလ် နိဗ္ဗာန်ကို အကယ်အဟုတ် ရလိုရောက်လိုသော သူမှန်သမျှ ဒါနကိုပြု၍ နေဖွယ်မရှိ။ လယ်-ယာ-ကျွဲ-နွား၊ သား-မယား၊ဥစ္စာ ဘယ်ဟာကိုမှ မသိမ်းပိုက် မရှာဖွေဘဲ တောကိုကြဉ် လွင်ကိုထွက်၍ ငဲ့ကွက် ခြင်းမရှိ ဝိပဿနာ အလုပ်ကိုသာ အားထုတ်ရသည်။
နောင် လွယ်လွယ်နှင့် နိဗ္ဗာန်ကို ရလို ရောက်လိုသော သူတို့မှာ ဒါနကိုလည်းပွား သီလကိုလည်းပွား ဝိပဿနာကိုလည်း ကြားညှပ်၍ အားထုတ်ရသည်။
ဒါနမရှိလျှင် ရိက္ခာမပါသော ခရီးသွားနှင့်, ဒါနနည်းလျှင် ရိက္ခာ နည်းသော ခရီးသွားနှင့် အလားတူသည်။
သီလမရှိလျှင် ခြေကျိုးသော ခရီးသွားနှင့်၊ သီလ နည်းလျှင် ခြေမသန်သော ခရီးသွားနှင့် အလားတူသည်။ ဝိပဿနာ မရှိလျှင် မျက်စိမမြင်သော ခရီးသွားနှင့်, ဝိပဿနာနည်းလျှင် မျက်စိမွဲသော ခရီးသွားနှင့် အလားတူသည်။ ဒါနဖြစ်စေ, သီလဖြစ်စေ, ဘာဝနာဖြစ်စေ, ကုသိုလ်မှန်လျှင် မိမိတို့ ဆန္ဒပဏိဓိ အားလျော်စွာ လိုအပ်သော အကျိုးကို ပေးနိုင်, ရစေနိုင်, ရောက်စေနိုင်သည်။ နိဗ္ဗာန်ကို ရလို ရောက်လို သောသူမှန်လျှင် ဒါနကို ခင်သည်, သီလကို ခင်သည်, ဝိပဿနာကို ခင်သည်, နှစ်လုပ်စာရလျှင် စားသူရှိက တစ်လုပ်ကို ဝေနိုင်သည်။
သဒ္ဓါကို ပညာစောင့်မှ, ပညာကို သဒ္ဓါစောင့်မှ လမ်းဖြောင့်သည်။
သဒ္ဓါ, ဆိုသည်ကား အလှူခံကို မသဒ္ဓါ မကြည်ဖြူခြင်း ဗျာပါဒ, မိမိပစ္စည်းကို နှမြောခြင်း လောဘ, ပျင်းရိခြင်း, ထိန မိဒ္ဓစသော ကိလေသာ အမြူအနယ် တို့ကို ကင်းရှင်းစေ၍ စိတ်ကို ကြည်စေခြင်းသဘော။ ဒါန ကုသိုလ်သည် လိုအပ်သော ကောင်းကျိုးကို ပေးနိုင်သည်ဟု ယုံကြည်ပြေးဝင်ခြင်း သဘော။
ပညာ-ဆိုသည်ကား အမှန်အသင့်ကို ချင့်ချိန်၍ သိတတ်သော သဘော။
သဒ္ဓါကို ပညာမစောင့်လျှင် သဒ္ဓါကြည်ဖြူသည် လိုလိုနှင့် အချစ်အခင် တဏှာဝင် တတ်သည်။ အရာမဟုတ်ရာ မကြည်ညိုသင့်ရာ၌ ကြည်ညိုသဖြင့် ကုသိုလ်လိုလိုနှင့် မောဟဇောအကုသိုလ် ဖြစ်တတ်သည်။ ပညာကို သဒ္ဓါ မစောင့်လျှင် ဒါနကိုကြမ်းသည်ထင်၍ ဒါနကို မပြုလိုချင်စသည် ဖြစ်တတ်သည်။ ထိုသို့ဖြစ်ခြင်းသည် အကုသိုလ်သစ်ပင်။
ထိုစကားမှန်၏။
ဒါနက ကြမ်းသည် ထင်ခြင်းသည် အမှန်အသင့်ကို ချင့်ချိန်တတ်သော ပညာ လိုလိုနှင့် မမှန်မသင့်ကို ချင့်ချိန်တတ်သော မဟုတ်သိ မောဟပင်မှတ်။ ဒါနကို မပြုလိုသော စိတ်သည် သံဝေဂ စိတ်လိုလိုနှင့် မိမိဥစ္စာကို မစွန့်ရက် နှမြော တတ်သော လောဘ, လှူခြင်း၌ ပျင်းရိခြင်း ထိနမိဒ္ဓ, အလှူခံကို မသဒ္ဓါ မကြည်ဖြူခြင်း, ဗျာပါဒတို့ ပင် မှတ်လေ။
လူဖြစ်စေ, ရဟန်းဖြစ်စေ, သံဝေဂစိတ်နှင့် ဝိပဿနာကို အားကြီး အားထုတ်သော ပုဂ္ဂိုလ်တို့မှာမူကား ဝိပဿနာ အလုပ်ကို ဖင့်စေပြီးလျှင် ဒါနပြုရန် ပစ္စည်းဥစ္စာကို ရှာဖွေရုံးစု၍ ဒါနကို မပြုခြင်းသည် ကောင်း၏။ ပစ္စည်းဥစ္စာရှိလျက် ရှာဖွေ သိမ်းဆည်းလျက်နှင့် မပေးရက်, မလှူရက် ဒါနကို မပြုသော် ဘယ်လိုပုဂ္ဂိုလ်မှ မကောင်းသည်သာ အမှန်။
သဒ္ဓါနည်းပါး၍ ပညာများလျှင် ပညာနှင့် အချင့်အချိန် အစဉ်းအစား တူကြ သောကြောင့် တဏှာ မောဟသည် ပညာ နောက်ယောင်ပညာနှင့်တူစွာ ပညာတု ပြု၍ အဟုတ်လိုလိုနှင့် မဟုတ်မတရား စဉ်းလဲစဉ်းစားဖြစ်တတ်သည်။ ဉာဏ်ရှိသူ မိုက်က, စဉ်းလဲက-သူတကာ မတတ်နိုင်အောင် မိုက်တတ်, စဉ်းလဲတတ်သည်။
ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ၊ ဘေသဇ္ဇသမုဋ္ဌိ တော ဝိယ ရောဂေါ အတေကိစ္ဆော ဟောတိ။
ထိုထို အဋ္ဌကထာ။ (ဒီ၊ဋ္ဌ၊၂၊၃၇၇။) (အံ၊ဋ္ဌ၊၁၊၃၉၁။)
ဗလဝပညော၊ ပညာက သဒ္ဓါထက် အားရှိသော။
မန္ဒသဒ္ဓေါ၊ သဒ္ဓါက နုံ့သော ပုဂ္ဂိုလ်သည်။
ကေရာဋိကပက္ခံ၊ စဉ်းလဲ စဉ်းစားဘက်သို့။
ဘဇတိ၊ ကပ်ရောက် ပြေးဝင်တတ်၏။
ဘေသဇ္ဇသမုဋ္ဌိတော၊ မှားသောဆေးကြောင့် ဖြစ်သော။
ရောဂေါဝိယ၊ အနာရောဂါကဲ့သို့။
အတေကိစ္ဆော၊ အကုစားခက် သည်။
ဟောတိ၊ ဖြစ်၏။
။ အနက်။
လောဘဖက်လျှင်၊ ဒါနခက်သည်။
မကြောက်မရှက်လျှင်၊ သီလခက်သည်။
သုတမဖက်၊ မလေ့ကျက်လျှင်၊ ဝိပဿနာခက်သည်။
ကျင်လည်လေသမျှ သံသရာဘဝမှာ ဝိပဿနာဟူ၍ အသံကိုသော်မျှ အလွန် ကြားရခဲသည်၊ အနံ့ကိုမျှ နံရခဲသည်၊ ဝိပဿနာနံ့တွေ မွှေးကြိုင်လှိုင် လှသော သာသနာတော်၏အတွင်း ကြုံကြိုက်ရသော ယခုဘဝ၌ အနံ့ကို နံဘူးသည် ရှိရုံမျှ အားထုတ်ဘူးသည် ရှိရုံမျှ သော်လည်း အားထုတ်ကြရမည်။ စာတတ်မှ အားထုတ်တတ်သည်၊ စာတတ်မှ နည်းလမ်းကျသည်။ စာမတတ်လျှင် အားမထုတ်တတ်၊ နည်းလမ်းမကျဟု မှတ်ထင်တတ်သည်၊ မမှတ်ထင်နှင့်။ ဘုရားလက်ထက်တော်က စာမသင်, ပေမသင် စာမတတ်ဘဲ ကကြီးလုံး ခကွေးလုံးကိုမျှ မသိဘဲ နိဗ္ဗာန် ရောက်သူတွေသာများသည်။ စာတတ်၍ နိဗ္ဗာန်ရောက်သူ အနည်းငယ်သာရှိသည်။ ဝိပဿနာနှင့် ကင်း၍ လည်း နိဗ္ဗာန်ကိုမရောက်နိုင်။ စာတတ်, ကျမ်းတတ်, ပိဋကတ်သုံးပုံဆောင် ဂိုဏ်းဆရာကြီး ပေါဋ္ဌိလ မထေရ်ကြီးသည် သာမဏေငယ်ထံ နည်းယူ၍ သာမဏေငယ် နည်းပေးမှ နိဗ္ဗာန်သို့ ရောက်သည်ဟု ဓမ္မပဒအဋ္ဌကထာမှာပင် ဆိုသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၆၂-၄။) နည်းကောင်းရသည်သာ လိုရင်းဖြစ်သည်။
အမှန်ကျန၊ နည်းကောင်းရလျှင် ယုံယုံကြည်ကြည်သာ အားထုတ်။
သည့်ထက် ကောင်းသော အလုပ် တစ်လောကလုံးမှာ မရှိ။
အားထုတ်လိုသော အမျိုးကောင်းသား, အမျိုးကောင်းသမီးတို့သည် ဆိတ်ငြိမ်ရာသို့ ကပ်၍ သီလတည်ရှိပြီး ပုဂ္ဂိုလ်ဖြစ်လျှင် မိမိသီလ စင်ကြယ် သည်၏ အဖြစ်ကို အာရုံပြု၍။
ပရိသုဒ္ဓံ မေ သီလံ၊ သီလံ မေ ပရိသုဒ္ဓံ။
မေ၊ ငါ၏။
သီလံ၊ သီလသည်။
ပရိသုဒ္ဓံ၊ စင်ကြယ်၏။
မေ၊ ငါ၏။
သီလံ၊ သီလသည်။
ပရိသုဒ္ဓံ၊ စင်ကြယ်၏။
ဤလို အဖန်ဖန် ဆင်ခြင်ပြီးလျှင် သီလ မတည် မရှိသူဖြစ်က သီလကို ခံယူ ဆောက်တည်၍ မိမိကိုယ်ကို သီလ၌တည်စေပြီးလျှင် ရတနာသုံးပါးကို ရှိခိုးရမည်။
အဟော ဗုဒ္ဓေါ အဟော ဓမ္မော၊ အဟော သံဃောတိ ဒုလ္လဘံ။
တံ ဝန္ဒေ ဉာဏဒိဋ္ဌဂ္ဂံ၊ သဏှံ လက္ခဏပါဒကံ။
ဗုဒ္ဓေါ၊ သိစရာ ရှိသမျှကို အကျန်မရှိ ဟုတ်တိုင်း မှန်တိုင်း ကမ်းကုန် လမ်းကုန် အသိဆုံး ကမ်းရောက် ဟာလာဟင်း ထိုးကွင်းကြိတ်ချေ နှောက်မွေ ကုန်စင် ကိစ္စပြီး အသိကြီး တစ်သိတည်းသိ တစ်မြင်တည်း မြင်တော်မူနိုင်သော ကြောင့် တလင်းတည်းလင်း၊ တရှင်းတည်းရှင်း တစ်စင်တည်းစင်၊ တကြည် တည်းကြည်၊ တအေးတည်း ကိစ္စပြီး၊ အေးကြီး အေးတော်မူသော ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်။
အဟော၊ ဪ ... အံ့၍မဆုံး လောက အားလုံးတွင် အမြတ်ဆုံး အလွန်ဆုံး ပုဂ္ဂိုလ်ထူးကြီးပါပေတကား။
ဓမ္မော၊ တစ်မိုက်တည်းမိုက်၊ တစ်ရှုပ်တည်းရှုပ်၊ တစ်ညစ်တည်းညစ် တနောက် တည်းနောက်၊ တပူတည်း ပူကြရသော သတ္တဝါတွေကို တလင်း တည်းလင်း၊ တစ်ရှင်းတည်းရှင်း၊ တစ်စင်တည်းစင်၊ တကြည်တည်းကြည်၊ တအေးတည်း ကိစ္စပြီး၊ အေးကြီးအေးစေ တော်မူတတ်သော ကိုးပါးသော လောကုတ္တရာ တရား တော်မြတ်သည်။
အဟော၊ ဪ ... အံ့၍မဆုံး လောက ေဩာ် အားလုံးတွင် အမြတ်ဆုံး အလွန်ဆုံး တရားတော်ပါပေတကား။
သံဃော၊ ဘုရားကိုယ်တော်မြတ်ကြီး နည်းလမ်းပြသည့်အတိုင်း လွတ်လွတ် ချွန်ချွန် ကျင့်ကြံအားထုတ်တော်မူကြ၍ ကိုးပါးသော လောကုတ္တရာတရားကို လက်ရှိ ရတော်မူကြသောကြောင့် တလင်းတည်းလင်း၊ တရှင်းတည်းရှင်း၊ တစ်စင်တည်စင် တစ်ကြည်တည်းကြည်၊ တအေးတည်း ကိစ္စပြီး အေးကြီး အေးတော်မူကြသော အရိယာ သံဃာတော် အပေါင်းသည်။
အဟော၊ ဪ ... အံ့၍မဆုံး လောကအားလုံးတွင် အမြတ်ဆုံး အလွန်ဆုံး ပုဂ္ဂိုလ်တွေ ပါပေတကား။
ဣတိအယံ၊ ဤအမြတ် ရတနာသုံးပါး အပေါင်းသည်။
လောကေ၊ နှစ်သိန်း လေးသောင်းအထုရှိသော ဤမဟာပထဝီ မြေကြီး၌ မြေမှုန့်မက ဘဝဖန်များ လွန်ရှည်လျားသော သံသရာဟူသော လောကကြီးထဲ၌။
အဟော ဒုလ္လဘံ၊ ဪ ... တွေ့ခဲ, ကြုံခဲ, ရခဲလှစွာသော ရတနာတော်မြတ် ပါပေတကား။
ဉာဏဒိဋ္ဌိ၊ ပကတိ မျက်စိဖြင့် မမြင် ဉာဏ်မျက်စိဖြင့်သာ မြင်အပ်ထသော။
အဂ္ဂံ၊ အထက်မရှိ အလွန်မရှိ အသာမရှိ ထွတ်မြတ်လှစွာသော။
သဏှံ၊ အလွန် သိမ်မွေ့လှစွာထသော။
လက္ခဏပါဒကံ၊ လက္ခဏာရေး သုံးပါးလျှင် အခြေစိုက်ထသော။
တံ၊ ထို ကံကောင်းထောက်မ ယခုဘဝ တွေ့ကြုံရပေသော ရတနာတော်မြတ် သုံးပါး အပေါင်းကို။
အဟံ၊ နောက်ပူညစ်ရှုပ် သေရလတ္တံ့ဖြစ်ပါသော အကျွန်ုပ်သည်။
ဝန္ဒေ၊ လင်းရှင်းလိုကိစ္စပြီး အေးကြီး အေးလိုသောအား ဝပ်တွားရိုကျိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။
ဤလို ရတနာသုံးပါးတို့ကို ရှိခိုးရမည်။ ရှိခိုးပြီးလျှင်-
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဗုဒ္ဓံ၊ အဟုတ်တွေ အမှန်တွေကို ကိစ္စပြီး အသိကြီးသိတော်မူ၍ စိတ်ချလက်ချ အေးကြီး အေးတော်မူရသော လောက၏ အညွန့်အဖူးပုဂ္ဂိုလ်လွန် ပုဂ္ဂိုလ်ထူးကြီး ဖြစ်တော်မူပေသော ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို။
သရဏံ၊ အားကိုးရာ အားထားရာဟူ၍။
ဂစ္ဆာမိ၊ ယုံကြည် သိမှတ်ပါ၏, ဆည်းကပ်ပါ၏ အားကိုးပါ၏, အားထားပါ၏ အရှင်ဘုရား။
ဓမ္မံ၊ စိတ်အစဉ်နှင့် တစ်ခါမြင်သိ တွေ့ထိလိုက်ရသည်ရှိသော် သတ္တဝါတို့၏ ပူပန်, ခပ်သိမ်းကို ငြိမ်းအေး စေတတ်သော သတ္တိအာနုဘော်ရှိသော ကိုးပါးသော လောကုတ္တရာ တရားတော်မြတ်ကို။
သရဏံ၊ အားကိုးရာ အား ထားရာဟူ၍။
ဂစ္ဆာမိ၊ ယုံကြည် သိမှတ်ပါ၏, ဆည်းကပ်ပါ၏, အားကိုးပါ၏, အားထားပါ၏ အရှင်ဘုရား။
သံဃံ၊ ကိုးပါးသော လောကုတ္တရာတရားကို စိတ်အစဉ်နှင့် သိမြင်ရမိ တွေ့ထိ ရလေသောကြောင့် စိတ်ချလက်ချ အေးကြီး အေးတော်မူကြရသော အရိယာ သံဃာတော်အပေါင်းကို။
သရဏံ၊ အားကိုးရာ အားထားရာဟူ၍။
ဂစ္ဆာမိ၊ ယုံကြည် သိမှတ်ပါ၏, ဆည်းကပ်ပါ၏, အားကိုးပါ၏, အားထားပါ၏ အရှင်ဘုရား။
ဤလို သရဏဂုံ ဆောက်တည်ရမည်။ သရဏဂုံ ဆောက်တည်ပြီးလျှင် ဘုရားဂုဏ် ဟူသော အာရုံ၌စိတ်ကို အောက်မေ့ စွဲမြဲစေရမည်။
စွဲမြဲပုံမှာ - ဗုဒ္ဓေါ၊ အဟုတ်တွေ အမှန်တွေကို တသိတည်း သိမြင်တော်မူတတ်ပါ ပေသော မြတ်စွာဘုရား။
အဟုတ်တွေ အမှန်တွေကို တသိတည်း သိမြင်တော်မူသောကြောင့် မိုက်မှောင် ပယ်ရှင်း အလင်းကြီး လင်းတော်မူ၍ တလင်းထဲလင်းသော အလင်းတုံးကြီး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
အဟုတ်တွေ အမှန်တွေကို တသိတည်း သိမြင်တော်မူသောကြောင့် ယူချင်စရာ ရချင်စရာ အနှစ်သာရကို မမြင်, အစွဲအလမ်း အတွယ်အခင် အမျှင်အရှုပ် ပြတ်ပြုတ်လွတ်ကင်း အရှင်းကြီး ရှင်းတော်မူ၍ တရှင်းတည်း ရှင်းသောအရှင်းတုံးကြီး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
အဟုတ်တွေ အမှန်တွေကို တသိတည်း သိမြင် ဉာဏ်တော်ရေစင်ဖြင့် တွင်းပြင် မလပ် စွဲကပ် လိမ်းကျံ ညှီနံညစ်ထေး ကိလေသာ အညစ်အကြေးကို ဆေးလျှော် တော်မူပြီး ဖြစ်သောကြောင့် ရုပ်တော် နာမ်တော် နှစ်ပါးလုံး၌ ဆိုဖွယ်ကင်းဝေး ညစ်ကြေးမတင် စင်ကြီးစင်တော်မူ၍ တစ်စင်တည်းစင်သော အစင်တုံးကြီး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
အဟုတ်တွေ အမှန်တွေကို တစ်သိတည်း သိမြင်တော်မူသောကြောင့် စိတ်တော် အစဉ်၌ အနည်းငယ်မျှ တွေးဆနှံ့နှေး ညစ်မှေးနောက်ကျူခြင်း မရှိ၊ ညစ်ညူးပူပန်ခြင်း မရှိ၊ ကြည်ကြီးကြည်တော်မူ အေးကြီးအေးတော်မူ၍ တကြည် တည်းကြည်သော အကြည်တုံးကြီး တအေးတည်း အေးသော အအေးတုံးကြီး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
အလင်းတုံးကြီး, အရှင်းတုံးကြီး, အစင်တုံးကြီး, အကြည်တုံးကြီး အအေးတုံးကြီး ဖြစ်တော်မူ၍ လူရော, နတ်ရော, ဗြဟ္မာရော တစ်လောကလုံး၏ အားကိုးရာကြီး အားထားရာကြီး ဖြစ်တော်မူပါပေသော မြတ်စွာဘုရား။
အလင်းတုံးကြီး, အရှင်းတုံးကြီး, အစင်တုံးကြီး, အကြည်တုံးကြီး, အအေးတုံးကြီး ဖြစ်တော်မူ၍ အထက်မရှိ အလွန်မရှိ အသာမရှိလောက အားလုံးတွင် အထွတ်ဆုံး အလွန်ဆုံး အသာဆုံး အမြတ်ဆုံးကြီး ဖြစ်တော်မူပါ ပေသော မြတ်စွာဘုရား။
သတ္တဝါတို့ ချမ်းသာဖို့ရန် ခေတ်ကောင်းကြီး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
သတ္တဝါတို့ ချမ်းသာဖို့ရန် လောကကြီး၌ ဖြစ်ပေါ်တော်မူလာပါပေသော မြတ်စွာဘုရား။
ဤလို စသည် နှစ်သက်ရာ တစ်ခုခုကိုလည်းကောင်း, အကုန်လုံးကို လည်းကောင်း, ရှေးဦးစွာ နှုတ်ဖြင့် အကြိမ်များစွာ ရွတ်ပြီးနောက် စိတ်ဖြင့် စွဲမြဲ အောက်မေ့ရသည်။ စွဲမြဲ အောက်မေ့သောအခါ နှစ်သက်ခြင်းပီတိ ဖြစ်တတ်သည်။
ပီတိဖြစ်လာလျှင် အပျင်းအရိ အညောင်းအညာ အငိုက် အမျဉ်း ကင်း၍ ချမ်းသာခြင်း စိတ်၏ ကြည်လင် ရွှင်ပျခြင်း ရဲရင့်တည်ကြည်ခြင်း ဉာဏ်၏ ထက်သန်ခြင်းတွေ ဖြစ်လာတတ်သည်။
တေမိမင်းသားကို ရှားမီးခဲ အပူတို့ဖြင့် ကင်၍ အလိုစမ်းကြလျှင် အဖူး အလုံးထ အလွန်ပူလှသောအခါ အမောင်တေမိ ... ငရဲမီးပူကို ကြောက်လျှင် ရှားမီးပူကို အောင့်၍ခံ၊ စကားမပြောနှင့်ဟု စိတ်ကို ဆုံးမ၍ တေမိမင်းသား ရှားမီးပူကို အောင့်အည်း သည်းခံသကဲ့သို့ --
ထို့အတူငရဲဘေး ပြိတ္တာဘေး သံသရာ ဘေးကြီးတွေကို ကြောက်လျှင် အနည်းငယ် မပြောပလောက်သော အညောင်းအညာ အပူအအိုက် အအေးအကျင် အမောအပန်း အဆာအမွတ် စသောဆင်းရဲကို အောင့်အည်းသည်းခံရသည်။
မတ္တာ သုခ ပရိစ္စာဂါ၊ ပဿေ စေ ဝိပုလံ သုခံ။
စဇေ မတ္တာ သုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။
မတ္တာသုခပရိစ္စာဂါ၊ အနည်းငယ်သော သုခကို စွန့်ခြင်းကြောင့်။
ဝိပုလံ၊ ပြန့်ပြော ကြီးကျယ်သော။
သုခံ၊ ချမ်းသာကို။
ပစေ၊ အကယ်၍ မြော်မြင်သည်ဖြစ်အံ့။
ဝိပုလံ၊ ပြန့်ပြော ကြီးကျယ်သော။
သုခံ၊ ချမ်းသာကို။
သမ္ပဿံ- သမ္ပဿန္တော၊ မြော်မြင်သော။
ဓီရော၊ ပညာရှိ မိန်းမ, ယောက်ျားသည်။
မတ္တာသုခံ၊ အနည်းငယ်သော ချမ်းသာကို။
စဇေ၊ စွန့်ရာ၏။
ဤဂါထာနှင့်အညီ အကြီးအကျယ် ချမ်းသာကို လိုလား တောင့်တက အနည်း ငယ်သော ချမ်းသာသုခကို စွန့်ရသည်။ အဆင်းရဲ ခံရမည် ဆိုလိုသည်။ အဆင်းရဲ ခံရမည် ဆိုသော်လည်း မထင်မြင် မစွဲမြဲခင်သာ။ ထင်မြင် စွဲမြဲခဲ့လျှင် နှစ်သက် မွေ့လျော်ခြင်း ချမ်းသာတွေ ဖြစ်ပေါ်၍ လာတတ်သည်။
အမာနုသီ ရတီ ဟောတိ၊ သမ္မာဓမ္မံ ဝိပဿတော။
ဓမ္မပဒ ပါဠိတော်။ (ဓမ္မ၊၆၇။) (ဓမ္မ၊ဋ္ဌ၊၂၊၃၇၄။)
သမ္မာ၊ အမှန်အားဖြင့်။
ဓမ္မံ၊ မွန်မြတ်သော တရားကို။
ဝိပဿတော၊ စွဲမြဲ၍ ထင်မြင်သော ပုဂ္ဂိုလ်အား။
အမာနုသိ၊ လူချမ်းသာမမီ နတ်ချမ်းသာမမီ ပူညီဝေးကွာ အလွန်ခံသာသော။
ရတိ၊ မွေ့လျော် ချမ်းသာခြင်းသည်။
ဟောတိ၊ ဖြစ်ပေါ်တတ်၏။
။ အနက်။
ဗုဒ္ဓါနုဿတိ ဘုရားဂုဏ်တော်ကို စွဲမြဲအောက်မေ့ခြင်း သမထ ဘာဝနာကို အားထုတ် ပြီးနောက် အဟုတ်အမှန်တွေကို သိရန် ဝိပဿနာကို အားထုတ်ရသည်။
---၁၀၆ - နာမ်, ရုပ် သိမ်းဆည်းပုံကို ပြဆိုခြင်း
ဝိပဿနာကို အားထုတ်သောအခါ နာမ်ရုပ်ကို ရှေးဦးစွာ သိမ်းဆည်းရသည်။
သိမ်းဆည်းပုံမှာ-
ဘုရားကိုယ်တော်မြတ်ကြီး သိအပ်သော အဟုတ်တွေ အမှန်တွေ ဆိုသည်မှာ ရုပ်တရားတွေ နာမ်တရားတွေပင်တည်း။ ရုပ်တရားတွေ ဆိုသည်မှာလည်း တခြားမဟုတ်၊ မဟာဘုတ်ဥပါဒါယရုပ်တို့၏ ပေါင်းစုလုံးထွေး အစုအဝေးဖြစ်သော ယခု ငါဟု ဆိုအပ်သော စက္ခုဝတ္ထု, သောတဝတ္ထု ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထုဟူသော အအိမ်ခြောက်ခု ရှိသော တစ်စုံတစ်ရာ ဘယ်ဟာတစ်ခုကိုမှ မသိတတ်သော ဤရုပ်စု ရုပ်စိုင် ရုပ်ခဲကြီးပင်တည်း။
ယခု ငါဟု ထင်မှတ်အပ်သော တစ်ဆယ့်တစ်မျိုး ရောနှောလုံးနယ်၍ ပြုအပ်သော မုန့်ညက်ရုပ်ကြီးနှင့်တူသော တစ်ပုံတစ်ရာ ဘယ်ဟာတစ်ခုကိုမှ မသိတတ်သော ဤရုပ်စု ရုပ်စိုင် ရုပ်ခဲကြီးပင်တည်း။
လူသားပုပ်, ခွေးသားပုပ်, မြွေသားပုပ်, တံတွေးပုပ်, ချွဲခန်းပုပ်, နှပ်ပုပ်, သွေးပုပ်, ပြည်ပုပ်, ကျင်ကြီးပုပ်, ကျင်ငယ်ပုပ်တို့ကို ရောနှောနယ် ကြိတ်၍ အပြည့်သိပ် အပ်သော ဖယောင်းပုဆိုးအိတ်ကြီးနှင့်တူသော တစ်စုံ တစ်ရာ ဘယ်ဟာတစ်ခုကိုမှ မသိတတ်သော ဤယခု ငါဟု ထင်မှတ်၍နေ သော ဤရုပ်စု ရုပ်စိုင် ရုပ်ခဲကြီး ပင်တည်း။
လူသေကောင်ကြီးနှင့်တူသော တစ်စုံတစ်ရာ ဘယ်ဟာတစ်ခုကိုမှ မသိတတ်သော ဤရုပ်စု ရုပ်စိုင် ရုပ်ခဲကြီးပင်တည်း။
ဤလို ဆင်ခြင် စဉ်းစားပြီးနောက် ရူပက္ခန္ဓော-ရုပ်စု ရုပ်စိုင် ရုပ်ခဲကြီး။ ရူပက္ခန္ဓော-ရုပ်စု ရုပ်စိုင် ရုပ်ခဲကြီး။
ဤလိုရှေ့ဦးစွာ နှုတ်ဖြင့်ဆယ်ခေါက် အခေါက်တစ်ရာစသည် အဖန်ဖန်ရွတ်ပြီးမှ ရူပက္ခန္ဓာကြီးသည် ဘယ်လိုနေသည် ဘယ်လိုဟာကြီးပါတကား ဟုထင်အောင် မြင်အောင် စဉ်းစားဆင်ခြင်ရသည်။ တစ်လပတ်လုံး တစ်နှစ်ပတ်လုံး ဆယ်နှစ် ပတ်လုံးစသည် စဉ်းစားဆင်ခြင်သည် ကိုပင် ဝိပဿနာ အလုပ်ကိုအားထုတ်သည်ဟု ဆိုရသည်။
နာမ်တရားတွေ ဆိုသည်မှာလည်း တခြားမဟုတ် ယခု ငါသိ၍နေသော အသိတွေပင်တည်း။ ယခု ငါသိသော အသိသည် ဘယ်လိုသိသည် ဘယ်လို နေရာက ဘယ်လိုဟာပါတကားဟု စဉ်းစားဆင်ခြင်ရသည်။ အာရုံထင်လာသော အခါ အအိမ်ခြောက်ခုတို့၌ အသိတွေ ဖြစ်ပေါ်ကုန်၏။ ယင်း အသိတွေသည် အအိမ်လည်းမဟုတ်။ အအိမ်မှအလွတ် အသီးအခြားတည်း။ ယင်း အသိဉာဏ် တွေနှင့်အတူ ခံသာမခံသာ ဝေဒနာတွေလည်း ပါလေ၏။ အမှတ်သညာတွေ လည်း ပါလေ၏။ အပြုအပြင်စေတနာ သင်္ခါရတွေလည်း ပါလေ၏။
အဖျော်ရည် စက်၌ကဲ့သို့ တစ်မျိုးစီ တခြားစီဟု နှလုံးထား၍ --
ဝိညာဏက္ခန္ဓော - ဝိညာဏ်တွေကလည်း တစ်စုတစ်ပုံ တစ်မျိုးတခြား။
ဝေဒနာက္ခန္ဓော - ဝေဒနာတွေကလည်း တစ်စုတစ်ပုံ တစ်မျိုးတစ်ခြား။
သင်္ခါရက္ခန္ဓော - သင်္ခါရ တွေကလည်း တစ်စုတစ်ပုံ တစ်မျိုးတခြား။
ဤလိုနှုတ်နှင့် ဆယ်ခေါက်အခေါက် တစ်ရာစသည် ရွတ်ပြီးမှ ဝေဒနာ, သညာ, စေတနာနှင့်တကွ ယင်းအသိတွေသည် ဘယ်လိုနေသည် ဘယ်လိုနေရာက ဘယ်လိုဟာပါတကားဟု ထင်အောင်မြင်အောင် တစ်လ တစ်နှစ် ဆယ်နှစ် စသည် ပတ်လုံးစဉ်းစားဆင်ခြင်ရသည်။ ယခု ရှေ့နောက်ဘဝတွေကို တန်းစဉ်စပ်ဆက်၍ ဆင်ခြင်။
ဤလို ဆင်ခြင်စဉ်းစားသည်ကို ကမ္မဋ္ဌာန်း စီးဖြန်းသည်ဟု ဆိုရသည်။ ရွတ်ရုံ, အံရုံမျှကို ဝိပဿနာအလုပ်ကို အားထုတ်သည်ဟူ၍ မဆိုရ၊ ကမ္မဋ္ဌာန်း စီးဖြန်းသည် ဟု မဆိုရ၊ မေတ္တာပို့သည် ဟူ၍ မဆိုရ မှတ်လေ။
ရှေ့က ပြဆိုပြီးသည့်အတိုင်း ခန္ဓာငါးပါးတို့ကို ကြေကြေမွမွ မှတ်သားလေ့လာ ရသည်။ ထမင်းစားချင်က ထမင်းချက်ပျင်း၍ မလျော်၏။
---၁၀၇ - တစ်မျိုး နှလုံးသွင်းပုံကို ပြဆိုခြင်း
မိမိကိုယ်ကို ငါးစုငါးပုံပုံထား၊ စဉ်းစားဆင်ခြင်၍ ငါးမျိုးငါးပါး တခြားစီ ထင်မြင် ပြီးနောက် တစ်မျိုးနှလုံး သွင်းရပြန်သည်။ သွင်းပုံကား ရူပက္ခန္ဓာကြီးကို ပူလျှင်တစ်ပုံ၊ အေးလျှင် တစ်ပုံ၊ ဖုံဖုံများစွာ ရောဂါဝေဒနာရောက်၍ ဖောက်ပြန် တတ် ပူနွေးခြင်းမှ အေးခြင်းသို့ ညှီနံခြင်းမှ ပုပ်နံခြင်းသို့ လတ်ဆတ်သည်မှ ပုပ်ရိခြင်းသို့ မာထပ်သည်မှ အရည်ပျော်ခြင်းသို့ ရောက်၍ ဖောက်ပြန်တတ်၊ ဤသို့ စသည် ဖောက်ပြန် တတ်သောကြောင့် ရုပ်တရားဟူ၍ နှလုံးသွင်း။ လူသေကောင်ကြီး ကဲ့သို့ တစ်စုံတစ်ရာ ဘယ်ဟာတစ်ခုကိုမျှ မသိတတ်သော ရုပ်တရား ဟု နှလုံးသွင်း။
အဖျော်ရည်စက်နှင့်တူစွာ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ၊ ဤခန္ဓာလေးပါးအပေါင်းကို အာရုံသို့ ညွတ်တတ်, အာရုံကို သိတတ်သောကြောင့် နာမ်တရားဟူ၍ နှလုံးသွင်း။ ရုပ်ခန္ဓာကြီးကို လှုပ်ရှားထကြွအောင် ဆောင်ရွက်တတ် သောကြောင့် ဖုတ်ကောင်နှင့်တူလှ၏ဟု နှလုံးသွင်း။
နာမ်ခန္ဓာလေးပါးထဲက ဝိညာဏက္ခန္ဓာကို စိတ်ခေါ်သည်။ ယင်း စိတ်ဟူသော နာမ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏။ ယင်းဝါယောဓာတ် သတ္တိကြောင့် စိတ်နာမ်၏ အလိုအားလျော်စွာ မျက်စိမှိတ်ခြင်း, ခေါင်းညိတ်ခြင်း, လှုပ်လှက်သွားလာခြင်းစသည် ဖြစ်ရလေသည်။ သတ္တဝါအကောင် ရှိ၍ ဖြစ်ရသည်မဟုတ်။ ဝါယောဓာတ်နှင့်တကွ လှုပ်ရှားသောရုပ်စု ရုပ်စိုင် ရုပ်ခဲကြီး ကား မလှုပ်မလှက်တတ်၊ မသိတတ်သော ရုပ်တရားတည်း။ ဝိညာဏ်နှင့်တကွ နာမ်ခန္ဓာလေးပါးတို့ကား ဖုတ်ကောင်နှင့် တူသော နာမ်တရားတည်း။
ပြောလိုဆိုလိုသော စိတ်နာမ်သည် ပထဝီဓာတ်ကို ဖြစ်စေ၏။ ယင်းစိတ္တဇ ပထဝီဓာတ်သည် ရှိရင်းကမ္မဇ ပထဝီဓာတ်ကို ခိုက်တိုက်သည့်အတွက် အသံရုပ် ဖြစ်၏။ ယင်း အသံရုပ်ကို လည်ချောင်း, အာစောက်, လျှာထိပ်, သွားခြေ နှုတ်ခမ်း၊ ငါးဌာနရှိ ဓာတ်တို့ဖိညှပ် ပြုပြင်ကြသည့်အတွက် စကားလုံး ပီသပြော ဆိုခြင်း ဖြစ်ရလေသည်။ သတ္တဝါအကောင်ရှိ၍ ဖြစ်ရသည်မဟုတ်။ ငါးဌာန အရပ်တို့ သည်လည်း မပြောတတ်, မဆိုတတ်, ရုပ်စု ရုပ်စိုင် ရုပ်ခဲရုပ်တရားတည်း။
ဝိညာဏ်နှင့်တကွ နာမ်ခန္ဓာလေးပါးတို့ကား အာရုံကို သိတတ်သော နာမ်တရား တည်း။ နာမ်ရုပ်ကို လွှတ်၍ သတ္တဝါအကောင်မရှိ၊ နာမ်တရား ရုပ်တရား နှစ်ပါး သာရှိသည်။ ဤလိုနာမ်နှင့်ရုပ်ကို ကွဲပြားအောင် သိနိုင်မြင်နိုင် ပိုင်းခြားနိုင်သော ဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ် ဆိုသည်။
ယင်း ဉာဏ်ကို ရသည်ရှိသော် သတ္တဝါ ဆိုသည် ဘယ်ဟာကိုဆိုသည်ဟု ဒိဋ္ဌသိမြင် အယူစင် သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိ ဟူ၍လည်းဆိုသည်။
နာမ်ရုပ်ကို သိမ်းဆည်း မှတ်သား ပိုင်းခြားပြီးနောက် ဘယ်အကြောင်း ဘယ်အတွက် ကြောင့် သတ္တဝါအကောင် ထင်မှတ်ရလောက်အောင် အတုံးကြီး အခဲကြီးကဲ့သို့ နာမ်ရုပ်နှစ်ပါး ရောနှော ပေါင်းစပ်၍ ဖြစ်ပျက်မစဲ ဖြစ်နေရပါသနည်းဟု ဆိုခဲ့ပြီး သည့်အတိုင်း နာမ်ရုပ်၏အကြောင်းကိုလည်း သိမ်းဆည်း ဆင်ခြင်ရမှတ်သား သိမြင်ရသည်။ ဤကဲ့သို့ နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်း သိမြင်နိုင်သော ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်ဆိုသည်။
ယင်းဉာဏ် ကို ရသည်ရှိသော် ဘယ်ဟာကြောင့်သတ္တဝါ ဖြစ်သည်ဟု ယုံမှားမရှိ အမှန်ကျ သိနိုင်၍ ယုံမှားခြင်းမှ လွန်မြောက် စင်ကြယ်သောကြောင့် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ ဟူ၍လည်း ဆိုသည်။
ယင်း နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ဉာတပရိဉာဏ်ဟူ၍လည်း ဆိုသည်။
---၁၀၈ - လက္ခဏာရေး ထင်လွယ်ရန်
ဘုရားဟောပုံနှင့်တကွ ဘုရားဂုဏ်တို့ကို ပြဆိုခြင်း
အကြောင်းနှင့်တကွ နာမ်ရုပ်ကိုဉာဏ်ဖြင့် ပိုင်းဖြတ် ဆင်ခြင်ပြီးနောက် သာမည လက္ခဏာကို ဆင်ခြင်ပွားများရသည်။ သာမညလက္ခဏာဆိုသည်မှာ အနိစ္စ လက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ, ဤလက္ခဏာသုံးပါးကို ဆိုသည်။ လက္ခဏာသုံးပါး ထင်မြင်လွယ်အောင် ပုထုဇဉ်တို့ အလွဲထင်မြင် စွဲလမ်းပုံ ဘုရားဟောပြတော်မူပုံကို အနည်းငယ် ပြဦးအံ့။
သတ္တဝါတို့ ကိုယ်ထဲမှာလိုရင်း . အထည်ကိုယ် အကောင်ရှိသည်။ သူရှိသည့်အတွက် အရှင်ဆိုရသည်။ သူချုပ်ပျောက် ထွက်သွားခဲ့သည်ရှိသော် အသေဖြစ်ရသည်။ ဤလို ပုထုဇဉ်တို့ ထင်မြင်စွဲလမ်း ကြကုန်သည်။ ပုထုဇဉ်တို့ ထင်မြင်စွဲလမ်းကြသော ယင်း အထည်ကိုယ် အကောင်ကိုပင် မာဂဓဘာသာဖြင့် အတ္တဟူ၍ ခေါ်ဆိုလေသည်။ မြန်မာဘာသာဖြင့် အထည်ဟူသော ရှေ့အသံကို ဖျောက်၍ ကိုယ်ဟူ၍ အကောင် ဟူ၍ဆိုလေသည်။ ယင်းအထည် ကိုယ်အကောင်အတ္တကို တရှိတည်းမြဲသည်ဟု မှတ်ထင်၍ နိစ္စဟုဆိုပြန်သည်။ ကောင်းမြတ် ချမ်းသာသည်ဟု မှတ်ထင်၍ သုခဟု ဆိုပြန်သည်။ နိစ္စ, သုခ, အတ္တ, အသံကွဲအဆံတူ။ ဤကား ပုထုဇဉ်တို့ ထင်မြင်စွဲလမ်းပုံ။
ဘုရားဟောတော်မူသည်မှာ ချစ်သားတို့ ပုထုဇဉ်တို့သည် ပရမတ္ထစက္ခု အလင်း မရှိသည့်အတွက် အန်ချင်ဖွယ် အော့ချင်ဖွယ် ကြောက်ဖွယ်ထိတ်လန့်ဖွယ် ခန္ဓာ ငါးပါးတို့၏ ပေါင်းစုလုံးထွေး အစုအဝေးကြီးကို ချစ်ခင်ဖွယ်ကြီး နှစ်သက် ဖွယ်ကြီး, စားနိုင်ဖွယ်, မျိုနိုင်ဖွယ်, အကောင်တုံးကြီး နိစ္စ, သုခ, အတ္တဖြစ်သော သတ္တဝါ အကောင်အခဲကြီးဟု ထင်မှားမြင်မှား စွဲလမ်းကြကုန်၏။
ချစ်သားတို့ ... ပရမတ္ထပညာစက္ခုဖြင့် အသေအချာ ကြည့်ရှုဆင်ခြင်လျှင် ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ ဤခန္ဓာငါးပါးတို့၏ ပေါင်းစုလုံးထွေး အစုအဝေးမျှသာ ခန္ဓာငါးပါးမှတစ်ပါး နိစ္စ, သုခ, အတ္တဖြစ် သော ကိုယ်ဟူသည်, အကောင်ဟူသည် လုံးလုံးပင်မရှိ။ ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကို လည်းကောင်း, ငါးပါးလုံးကိုလည်းကောင်း နိစ္စ, သုခ, အတ္တ ဆိုရမှာကလည်း သူတို့ကိုယ်ကပင် အပျက်သေးပျက် အပျက်ကြီးပျက် တပျက်တည်းပျက် ဖြစ်ပျက်မစဲ အမြဲမရှိ အနိစ္စတွေ။
အပျက်ပျက်တွေကို အစွဲပြု၍ ယခုလည်း အပူကြီးတွေပူ ကြရ အပန်းကြီးတွေ ပန်းကြရ, အဆင်းရဲကြီးတွေ ဆင်းရဲကြရ, အပျက်ဆိုသော်လည်း တခြားမဟုတ် ခန္ဓာငါးပါးတို့၏ အလုံးအထွေးပင် ဘေးဆိုသူတို့, ရန်ဆိုသူတို့ အိုဆိုသူတို့, နာဆိုသူတို့, သေဆိုသူတို့, အန်ချင်ဖွယ်, အော့ချင်ဖွယ်ဆိုသူတို့ ထိတ်ဖွယ်, လန့်ဖွယ်, ကြောက်ဖွယ် ဒုက္ခတွေသာ အမှန်။
ယင်းသို့ဖြစ်ပျက်မစဲ ကြောက်ဖွယ်ကြီးဒုက္ခမှန်သော ခန္ဓာငါးပါးတို့ကို အဘယ်မှာ ငါဟု, သူဟု, အကောင်ဟု, အရှင်ဟုဆို၍ တော်နိုင်ပါကုန်အံ့နည်း။ အကောင် မဟုတ်, အရှင်မဟုတ် ပိုင်သူမရှိ, နိုင်သူမရှိ. အစိုးရသူမရှိ သူဖြစ်ချင်သလိုဖြစ် သူပျက်ချင်သလို ပျက်၍ နေသောကြောင့် အနတ္တသာ အမှန်ဟု ဟောပြ တော်မူသည်။
နာဟံ ဘိက္ခဝေ လောကေန ဝိဝဒါမိ၊ လောကောဝ မယာ ဝိဝဒတိ။
ခန္ဓသံယုတ် ပါဠိတော်။ (၁၁၃။)
ဘိက္ခဝေ၊ ရဟန်းတို့။
အဟံ၊ ငါဘုရားသည်။
လောကေန၊ ပုထုဇဉ် သတ္တဝါနှင့်။
နဝိဝဒါမိ၊ မငြင်းမခုံ။
လောကောဝ၊ ပုထုဇဉ် သတ္တဝါ တွေကသာလျှင်။
မယာ၊ ငါဘုရားနှင့်။
ဝိဝဒတိ၊ ငြင်းခုံ၏။
ငါဘုရားသည် အနိုင်အထက် ငြင်းခုံလို၍ ဟောသည်မဟုတ်။ အဟုတ် အမှန်ကို သိစေလို၍သာ ဟောသည် ဆိုလိုသည်။
ဘုရား ဟောပါသော်လည်း မယုံကြဘဲ နိစ္စ, သုခ, အတ္တ, သုဘဟု ထင်မှတ်စွဲလမ်း၍ နေကြ သော ပုထုဇဉ်တွေက ငြင်းခုံရာ ရောက်သောကြောင့် ဆိုတော်မူသော စကား ဖြစ်သည်။
တထညူ တထဘူတော စ၊ တထံ ဒေသေတိ သော မုနိ။
အဂ္ဂညူ အဂ္ဂဘူတောစ၊ အဂ္ဂံ ဒေသေတိ သော ဇိနော။
သော မုနိ၊ ထို ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်။
တထညူ၊ အဟုတ်တွေ အမှန်တွေကို သိတော်မူသည်ဖြစ်၍။
တထဘူတောစ၊ ကိုယ်တော်မြတ်က အဟုတ်ဘုရား အမှန်ဘုရားလည်း ဖြစ်တော်မူ၍။
တထံ၊ အဟုတ်တွေ အမှန်တွေကို။
ဒေသေတိ၊ သတ္တဝါတို့အား ကရုဏာတော်ရှေ့ထား၍ ဟောကြားတော်မူပါပေ၏။
သော ဇိနော၊ ထိုဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်။
အဂ္ဂညူ၊ အမြတ်ကို သိတော်မူ၍။
အဂ္ဂဘူတော၊ ကိုယ်တော်မြတ်က အမြတ်တုံးကြီး ဖြစ်တော်မူ၍။
အဂ္ဂံ၊ မြတ်သော တရားကို။
ဒေသေတိ၊ သတ္တဝါတို့ အား ကရုဏာတော်ရှေ့ထား၍ ဟောကြားတော်မူပါပေ၏။
။ နှလုံးသွင်း။
ဗုဒ္ဓေါ၊ အဟုတ်တွေ အမှန်တွေကို သိတော်မူတတ်ပါပေသော မြတ်စွာ ဘုရား။
ဗုဒ္ဓေါ၊ အဟုတ်တွေ အမှန်တွေကို သိတော်မူတတ်ပါပေသော မြတ်စွာဘုရား။
။ နှလုံးသွင်း။
၁၀၉ - လက္ခဏာရေးတင်၍ ဝိပဿနာ စီးဖြန်းပုံကို ပြဆိုခြင်း
လက္ခဏာရေးကို ပွားများ ဆင်ခြင်သောအခါ အဒ္ဓါ-အဓွန့်ကာလ ဘဝအားဖြင့် လည်းကောင်း၊ သန္တတိ-အတန်းအစဉ်အားဖြင့်လည်းကောင်း၊ ခဏ-မျက်စိတစ်မှိတ် ခန့် ကာလအားဖြင့်လည်းကောင်း ပွားများဆင်ခြင်ရမည်။
အဒ္ဓါ-အားဖြင့် ဆင်ခြင်ပုံမှာ အနမတဂ္ဂ သံသရာ၌ မြေမှုန့်မက သေပျောက် ပျက်စီးခဲ့ဘူးသော ဘဝခန္ဓာ အစဉ်တွေကို စီခင်း၍ကြည့်ပြီးလျှင် တစ်ခုသော ဘဝခန္ဓာပျက်စီးပြီးမှ တစ်ခုသော ဘဝခန္ဓာဖြစ်ပေါ်သည်။ ယခု ငါခေါ်ရသော ခန္ဓာသည်လည်း ရှေးဘဝခန္ဓာ သေပျောက်ပျက်စီးပြီးမှ ဤဘဝမှာ အသစ်ဖြစ် ပေါ်လာသည်။ တော်တော်ကြာလျှင် မချွတ်ပျက်စီးလတ္တံ့ မချွတ်ပျက်စီးလတ္တံ့ နှလုံးသွင်း၍-
ခန္ဓာအနိစ္စာ
ခန္ဓာ၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့သည်။ အနိစ္စာ၊ အပျက် ကြီးပျက် အပျက်သေးပျက် တစ်ပျက်တည်းပျက် ဖြစ်ပျက်မစဲ အမြဲမရှိပါကုန် တကား။ အထပ်ထပ်ရွတ်။
ခန္ဓာ ဒုက္ခာ
ခန္ဓာ၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့သည်။ ဒုက္ခာ၊ ဖြစ်ပျက်ဖန် ဖန် မခံမသာ ရောဂါဝေဒနာ အမျိုးမျိုး ပူမျိုး ပင်မျိုး ဘေးရန် အမျိုးမျိုးတို့၏ ခိုမှီစွဲကပ်ရာဖြစ်၍ ထိတ်ဖွယ်လန့်ဖွယ် ကြောက်ဖွယ်မျိုး ဒုက္ခတွေပါတကား။ အထပ်ထပ်ရွတ်။
ခန္ဓာ အနတ္တာ
ခန္ဓာ၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့သည်။ အနတ္တာ၊ ငါမဟုတ်၊ ငါဟာမဟုတ်၊ အကောင်မဟုတ်၊ အရှင်မဟုတ်၊ ပိုင်သူမရှိ၊ နိုင်သူမရှိ အစိုးရသူမရှိ သူဖြစ်ချင် သလိုဖြစ်၊ သူပျက်ချင်သလို ပျက်၍နေသော တရားတွေပါတကား။ အထပ်ထပ်ရွတ်။
ရွတ်ပြီးလျှင် ဉာဏ်နှင့်ထင်အောင် မြင်အောင်ကြည့် ဆင်ခြင်စဉ်းစား။
သန္တတိ-အားဖြင့် ပွားများဆင်ခြင်ပုံမှာ -
အဆင်းကိုမြင်သောအခါ ရုပ်ခန္ဓာ နာမ်ခန္ဓာတစ်မျိုး
အသံကို ကြားသောအခါ၊
အနံ့ကို နံသောအခါ၊
စားသောက်သောအခါ၊
တွေ့ထိသောအခါ၊
ကြံစည် အောက်မေ့သောအခါတို့၌လည်း တစ်မျိုးစီ ဖြစ်ကြ၏။
ပြိုင်၍မဖြစ် တစ်မျိုးချုပ်ပျက် သေပျောက်ပြီးမှ တစ်မျိုးအသစ် အသစ်ဖြစ်ပေါ်၍ တပျက်တည်း ပျက်ကြသည်ကို နှလုံးသွင်း၍ -
ခန္ဓာ အနိစ္စာ
ခန္ဓာ၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့သည်။ အနိစ္စာ၊ အပျက်ကြီး ပျက်၊ အပျက်သေးပျက် တစ်ပျက်တည်းပျက် ဖြစ်ပျက်မလဲ အမြဲမရှိပါ ကုန်တကား။
ခန္ဓာ ဒုက္ခာ
ခန္ဓာ၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့သည်။ ဒုက္ခာ၊ ဖြစ်ပျက် ဖန်ဖန် မခံမသာ ရောဂါ ဝေဒနာ အမျိုးမျိုး၊ လူမျိုး ပင်မျိုး ဘေးရန် အမျိုးမျိုးတို့၏ မှီခိုစွဲကပ်ရာဖြစ်၍ ထိတ်ဖွယ်၊ လန်ဖွယ်၊ ကြောက်ဖွယ်မျိုး ဒုက္ခတွေပါတကား။
ခန္ဓာ အနတ္တာ
ခန္ဓာ တို့သည်။ အနတ္တာ၊ ငါမဟုတ်၊ ငါ့ဟာမဟုတ်၊ အကောင်မဟုတ်၊ အရှင်မဟုတ်၊ ပိုင်သူမရှိ၊ နိုင်သူမရှိ။ အစိုးရသူမရှိ။ သူဖြစ် ချင်သလိုဖြစ် သူပျက်ချင်သလို ပျက်၍ နေသော တရားတွေပါတကား။ အထပ်ထယ် ရွတ်ပြီးလျှင် ဉာဏ်နှင့်စဉ်းစား။
ခဏ-အားဖြင့် ဆင်ခြင်ပုံမှာ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့သည် မျက်စိတစ် မှိတ်ခန့် အတွင်း၌ပင် နှမ်းတွေ ဆားတွေကို လှော်သောအခါကဲ့သို့ တစ်ဖျစ်ဖျစ် တဖျောက်ဖျောက် မီးပန်းရှိသကဲ့သို့ တဖြုတ်ဖြုတ် တဖွားဖွားများစွာ ဖြစ်ပျက် ကြသည်ကို ဆင်ခြင်၍-
ခန္ဓာ အနိစ္စာ၊ ခန္ဓာ အနိစ္စာ။
ခန္ဓာ ဒုက္ခာ၊ ခန္ဓာ ဒုက္ခာ။
ခန္ဓာ အနတ္တာ၊ ခန္ဓာ အနတ္တာ။
အထပ်ထပ်ရွတ်။ ရွတ်ပြီးလျှင် မနောနှင့် မမြင်-မြင်အောင် မထင်-ထင်အောင် ဆင်ခြင်ရသည်။ တစ်လ၊ တစ်နှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် စသည် အားထုတ်ရမည်။ မဂ္ဂင်ရှစ်ပါးတို့ မညီမညွတ်၍ အသိအဆုံး မရောက်သော်လည်း သံသရာမှာ ဖြစ်နိုင်ခဲသော ပါရမီကုသိုလ်ထူးတွေ ဖြစ်သည်။
မဂ္ဂင်ရှစ်ပါးဆိုသည်မှာ ဆင်ခြင်ပွားများသော အခါ၌ဖြစ်သော မဟာကုသိုလ်ဇော နာမ်ခန္ဓာလေးပါးထဲက လူက မသိသော်လည်း ပါလျက် ရှိသော-
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ -၄။
သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ-၄။
ဤရှစ်ပါးတည်း။ ယင်းရှစ်ပါးတို့တွင် --
သမ္မာဝါစာ-က အလုံးစုံ ကမ္မပထ မြောက် မမြောက် အကုသိုလ်တို့မှ ကြဉ်၍။
သမ္မာကမ္မန္တ-က ထို့အတူ ကာယကံ အကုသိုလ်တို့မှ ကြဉ်၍။
သမ္မာအာဇီဝ-က အလုံးစုံသော မိစ္ဆာဇီဝမှ ကြဉ်၍ ဖြူစင်ခြင်းကိစ္စကို ပြီးစေသဖြင့်၊
သမ္မာဝါယာမ-က ထောက်ပံ့ခြင်းကိစ္စကို ပြီးစေ သဖြင့်၊
သမ္မာသတိ-က အာရုံကို မလွတ်ရအောင်စွဲမြဲခြင်း ကိစ္စကို ပြီးစေ၍၊
သမ္မာသမာဓိ-က မတုန်မလှုပ် တည်တံ့ခြင်းကိစ္စကို ပြီးစေ၍၊
သမ္မာသင်္ကပ္ပ-က အာရုံကို လှန်လှော၍ပေးခြင်းကိစ္စကို ပြီးစေ၍၊
သမ္မာဒိဋ္ဌိ- က သိမြင်ခြင်းကိစ္စကို ပြီးစေ၍၊
ဤလို မိမိတို့ ကိစ္စဖြင့် အချင်းချင်း ကျေးဇူးပြုကြ၍ တစ်ခုထက်တစ်ခု မယုတ်မလွန် ညီညွတ်ကြသောအခါ သတ္တိထူး ပေါ်ထွက် လောကီဘက်၌ သိစရာမကျန် နိဗ္ဗာန်ကိုထိ အမှန်တွေကို ကိစ္စပြီး တသိ တည်းသိ မသိတွေကွယ် နောက်ညစ် တွေပြယ် အတွယ်တွေ ပြတ်ကင်း၍ တလင်းတည်းလင်း တရှင်းတည်းရှင်း တစင်တည်းစင် တကြည် တည်းကြည် တအေးတည်းအေး စိတ်င်္ချီလက်ချ ကိစ္စပြီး၍ အေးကြီးအေး ရလေ၏။ သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ် လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ အလုံးစုံ သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရား တို့သည်လည်း လူကမသိသော်လည်း ပြီးစီးပြည့်စုံလေကုန်၏။ အသိအဆုံး-ရောက်ဆိုသည်မှာ တစ်ပါးတည်းနှင့်လည်း မရောက်နိုင်။ မဂ္ဂင်ရှစ်ပါးလုံး ညီညွတ်ကြမှ ကိစ္စပြီး အသိဆုံး ရောက်နိုင် သောကြောင့် မဂ်ဟူသော အမည်သည် အပေါင်း၏အမည်ဟူ၍မှတ်။ သွေးဆေးငန်းဆေးနှင့် အလားတူ၏။
အသိအဆုံး ရောက်ကြရာမှာ --
အချို့ပုဂ္ဂိုလ်တို့သည် သောတာပတ္တိမဂ်တွင် တန့်ရပ်ကုန်၏။
အချို့ သကဒါဂါမိမဂ်သို့ ရောက်မှ တန့်ရပ်ကုန်၏။
အချို့ အနာဂါမိမဂ်သို့ရောက်မှ တန့်ရပ်ကုန်၏။
အချို့ တစ်ရှိန်တည်း အရဟတ္တမဂ်သို့ ရောက်လေကုန်၏။
မဂ် ဖြစ်ခါနီး ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူဟု ကာမကုသိုလ်ဇော လေးကြိမ် စော၏။ ဂေါတြဘူတွင် ပုထုဇဉ်ဇာတ် အဆုံး သတ်၏။
၁၁၀ - ပိဋကတ်သုံးပုံ၏ အနှစ်သာရဖြစ်သော
ခြောက်ခွန်းသော စကားကို ပြဆိုခြင်း
ဗုဒ္ဓေါ ဓမ္မော စ သံဃော စ၊ အနိစ္စံ ဒုက္ခလက္ခဏံ။
အနတ္တာ မေ ဆဝါစာဝ၊ သာရာ ဟိ ပိဋကတ္တယေ။
ဗုဒ္ဓေါ စ၊ ဘုရား၎င်း။
ဓမ္မော စ၊ တရား၎င်း။
သံဃော စ၊ သင်္ဃာ၎င်း။
အနိစ္စံ၊ အနိစ္စလက္ခဏာ ၎င်း။
ဒုက္ခလက္ခဏံ၊ ဒုက္ခလက္ခဏာ၎င်း။
အနတ္တာ၊ အနတ္တလက္ခဏာ၎င်း။
ဣမေ ဆဝါစာဝ၊ ဤစကားခြောက်ခွန်းတို့ သည်သာလျှင်။
ဟိ၊ အကယ်မလွဲသဖြင့်။
ပိဋကတ္တယေ၊ ပိဋကတ်သုံးပုံလုံး၌။
သာရာ၊ လိုရင်းအနှစ်ပင်တည်း။ ။ အနက်။
၁၁၁ - လက္ခဏာ တစ်ပါးကိုသိလျှင်
ငါးပါးလုံး သိသည်ကို ပြဆိုခြင်း
လက္ခဏေကမှိ ဝိညာတေ၊ သဗ္ဗေ ဇာနာတိ ဉာဏိမာ။
အထဿ နိဋ္ဌိတံ ကိစ္စံ၊ သီတိဘူတောဝ သော နရော။
ဉာဏိမာ၊ ဉာဏ်ရှိသော ပုဂ္ဂိုလ်သည်။
ဧကမှိ၊ တစ်ခုသော။
လက္ခဏေ၊ လက္ခဏာကို။
ဝိညာတေ၊ အဟုတ်သိ၊ တကယ်သိ၊ သိလိုက်သည်ရှိသော်။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော ရတနာသုံးပါး လက္ခဏာရေးသုံးပါးတို့ကို။
ဇာနာတိ၊ သိနိုင်တော့သာတည်း။
အထ၊ ထိုသို့ သိသောအခါ၌။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ကိစ္စံ၊ တစ်သံသရာလုံး လက်စတင်းလင်းတွေနှင့် လာခဲ့သော ချမ်းသာဖို့ရန် အားထုတ်ရသော ကိစ္စတွေသည်။
နိဋ္ဌိတံ၊ ပြီးဆုံးလေ၏။
သော နရော၊ ထိုကိစ္စ ပြီးဆုံးသော သတ္တဝါသည်။
သီတိဘူတောဝ၊ စိတ်ချလက်ချ ကိစ္စပြီး၍ အေးကြီး အေးရတော့သည်သာတည်း။ ။ အနက်။
လက္ခဏာရေး သုံးပါးတို့တွင် တစ်ပါးပါးကို အဆုံးရောက် အဟုတ်သိ-သိလိုက်က ကြွင်းလက္ခဏာနှင့်တကွ ရတနာသုံးပါးတို့လည်း အမှန်ကျသိလေ၏။ လက္ခဏာရေး သုံးပါး၊ ရတနာသုံးပါး၊ ဤခြောက်ပါးအမှန်ကျ အဟုတ်သိ- သိက ကိစ္စတွေပြီး၍ အေးကြီး အေးရသည် ဆိုလိုသည်။
၁၁၂ - နိဗ္ဗာန်သည် မိမိအနီးမှာပင် ရှိပါလျက်
ပုထုဇဉ်တို့ မမြင်နိုင်သည်ကို ပြဆိုခြင်း
သန္တိကေ န ဝိဇာနန္တိ၊ မဂါ ဓမ္မဿ အကောဝိဒါ။
သုတ္ထနိပါတ်-သဠာယတနသံယုတ် ပါဠိတော်။ (သံ၊၂၊၃၄၂။) (သုတ္တနိ။ ၃၉၇။)
ဓမ္မဿ၊ အဟုတ်ရှိ တကယ်ရှိ ပရမတ္တတရား၌။
ဝါ၊ သစ္စာတရား၌။
အကောဝိဒါ၊ မလိမ္မာကုန်သော။
မဂါ၊ ပုထုဇဉ် လူပြိန်းတို့သည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်တရားကို။
သန္တိကေ၊ ကိုယ့်အနားတွင် နီးလျက်နှင့်။
န ဝိဇာနန္တိ၊ မသိနိုင်ကြကုန်။
နိဗ္ဗာန်တရားသည် အဝေးမှာမရှိ၊ ကိုယ့်အနားတွင်ရှိသည် ဆိုလိုသည်။
ကာမစ္ဆန္နာ န ပဿန္တိ၊ နိဗ္ဗာနံ ကာမမန္တရေ။
ပဿန္တိဉှိ ဂတော အန္တံ၊ တသ္မာ ဆန္နံ ဝိကောပယေ။
ကာမစ္ဆန္နာ၊ ဝတ္ထုကာမဂုဏ်၊ ကိလေသာ ကာမဂုဏ်-တို့သည် ကွယ်ကာဖုံးထား အပ်သည်ဖြစ်၍။
ဝါ၊ ကွယ်ကာဖုံးထားသောကြောင့်။
ကာမမန္တရေ၊ ကာမဂုဏ်တို့၏ အကြား၌။
ဝါ၊ ကာမဂုဏ်တို့၏ အလယ်၌။
နိဗ္ဗာနံ၊ နိဗ္ဗာန်တရား ကို။
န ပဿန္တိ၊ မမြင်နိုင်ကြကုန်။
ဟိ၊ အကယ်မလွဲသဖြင့်။
တံ၊ ထိုကာမ ဂုဏ်တို့၏အကြား ကိုယ့်အနားတွင်ရှိသော နိဗ္ဗာန်ကို။
ပဿံ ပဿန္တော၊ မြင်သော ပုဂ္ဂိုလ်သည်။
အန္တံ၊ ဆင်းရဲကင်းဖို့ ချမ်းသာဖို့ရန် အားထုတ်ရသော အလုံးစုံသော ကိစ္စတို့၏ အဆုံးသို့။
ဂတော၊ ရောက်ရလေ၏။
တသ္မာ၊ ထို့ကြောင့်။
ဆန္နံ၊ ကိလေသာ ကာမဂုဏ် အဖုံးကို။
ဝိကောပယေ၊ ဖျက်ဆီးရာ၏။
နိဗ္ဗာန်ဟူသည် တခြားမှာရှိသည်မဟုတ်၊ ကာမဂုဏ်တို့၏အကြား ကာမဂုဏ်တို့၏ အလယ် ကိုယ့်အနားတွင်ပင် ရှိသည်။ ရှိသော်လည်း ကာမဂုဏ်တွေ ဖုံး၍ နေသောကြောင့် မမြင်နိုင်သည် ဆိုလိုသည်။
၁၁၃ - ပညတ်ဘုံစဉ်ကို ပြဆိုခြင်း
ပရမတ်ကို မှတ်လွယ်ရန် သုတပွားရန် ပညတ် ဘုံစဉ်ကိုပြဦးအံ့။
အယံ အာနန္ဒ မဟာ ပထဝီ ဥဒကေ ပတိဋ္ဌိတာ။
ဥဒကံ ဝါတေ ပတိဋ္ဌိတံ။ ဝါတော အာကာသဋ္ဌော ဟောတိ။
သုတ်မဟာဝါ ပါဠိတော်။(ဒီ၊၂၊၉၀)။ အံ၊၃၊၁၃၂။
ကောင်းကင်၊ လေ၊ ရေ၊ မြေ၏ အထက်၊ စကြဝဠာ ဆားငန် သမုဒ္ဒရာ။
ပုဗ္ဗဝိဒေဟ၊ ဇမ္ဗူဒီပါ၊ အပရဂေါယီ၊ ဥတ္တရကုရု။ ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်။
အရှေ့ ခုနစ်ရာ၊ အနောက်ငါးရာ၊ မြောက်မှာ တစ်ထောင်။ တောင်မှာ မမြဲ၊ လေးကျွန်းသူ လူတို့အသက်ကို မှတ်ယူစွဲ။
အဿကဏ်တောင်၊ ဝိနတကတောင်၊ နေမိန္ဒရတောင်၊ သုဒဿနတောင်၊ ကရဝိကတောင်၊ ဣသိန္ဓရတောင်၊ ယုဂန္ဓိုရ်တောင်။
တောင်စဉ် ခုနှစ်ထပ်၊ ခုနစ်ပတ် သမုဒ္ဒရာ၊ အလယ်မှာရှစ်သောင်း လေးထောင် မြင်းမိုရ်တောင်။
၁။ သိလာမြေ၊ ပံသုမြေ၊ တထွေ သိန်းနှစ်သောင်း၊ နှစ်ထပ်ပေါင်း၊ နှစ်သိန်း လေးသောင်း မြေ။
၂။ လေးသိန်းရှစ်သောင်း၊ ရေထုပေါင်း၊ ကိုးသိန်းခြောက်သောင်း လေ။
[သိဉ္စိုဝ်း၊ ကာလသုတ်၊ သင်္ဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အဝီစိ-ငရဲကြီးရှစ်ထပ်။]
၃။ ပံသုမြေထဲ၊ ရှစ်ငရဲ၊ တည်မြဲ သိလာပေါ်။
၄။ လူကတစ်ချက်၊ ကိုးသန်းတွက်၊ တစ်ရက် သိဉ္စိုဝ်းမှာ၊ အသက် နှစ်ငါးရာ။
၅။ ကာလသုတ် တစ်ရက်၊ သုံးကုဋေ ခြောက်သန်းတွက်၊ တစ်ထောင် သူတို့သက်။
၆။ သင်္ဃာတ တစ်ရက်၊ တစ်ဆယ့်လေးကုဋေ လေးသန်းတွက်၊ နှစ်ထောင် သူတို့သက်။
၇။ ရောရုဝ တစ်ရက်၊ ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်းတွက်၊ လေးထောင် သူတို့သက်။
၈။ မဟာရောရုဝ တစ်ရက်၊ ကုဋေ နှစ်ရာ့ သုံးဆယ့် လေးသန်း တွက်၊ ရှစ်ထောင် သူတို့သက်။
၉။ တာပန တစ်ရက်၊ ကိုးရာ့ နှစ်ဆယ့်တစ်ကုဋေ ခြောက်သန်း တွက်၊ တစ်သောင်း ခြောက်ထောင် သူတို့သက်။
၁၀။ အန္တရကပ္ပ၊ ထက်ဝက်ကျ၊ ပနမဟာတာ။
၁၁။ ကပ်လုံးမချိ၊ အဝီစိ၊ ခံဘိ အောက်ဆုံးမှာ။
၁၂။ မှုပြစ်များမှ၊ တစ်သက်ကျ၊ နည်းက ကံလျော်စွာ။
ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်၊ အသူရကာယ်၊ အပါယ်လေးဘုံ။ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ဝသဝတ္တီ၊ နတ်ပြည်ခြောက်ထပ်၊ လူ့ဘုံပါ၊ ကာမသုဂတိ ခုနစ်ဘုံ၊ ပေါင်းသော် ကာမတစ်ဆယ့်တစ်ဘုံ။
ဗြဟ္မာ့ပါရိသဇ္ဇာဘုံ၊ ဗြဟ္မာပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ၊ ပထမဈာန် သုံးဘုံ။
ဝေဟပ္ဖိုလ်၊ အသညသတ်၊ နှစ်ဘုံ။
ပရိတ္တာဘာ ဘုံ၊ အပ္ပမာဏာဘာ ဘုံ၊ အာဘဿရာ ဘုံ၊ ဒုတီယဈာန် သုံးဘုံ။
ပရိတ္တသုဘာ ဘုံ၊ အပ္ပမာဏာသုဘာ ဘုံ၊ သုဘကိဏှ ဘုံ၊ တတိယဈာန် သုံးဘုံ။
အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ သုဒ္ဓါဝါသ ငါး၊
စတုတ္ထဈာန် ခုနစ်ဘုံ၊ ပေါင်းသော် ရူပတစ်ဆယ့်ခြောက်ဘုံ။
အာကာသာနဉ္စာယတနဘုံ၊
ဝိညာဏဉ္စာယတနဘုံ၊
အာကိဉ္စညာယတန ဘုံ၊
နေဝသနာနာသညာယတနဘုံ-
အရူပလေးဘုံ၊ ပေါင်းသော် ဗြဟ္မာ့ဘုံ နှစ်ဆယ်၊
ကာမ တဆယ့်တစ်ဘုံနှင့်တကွ ဘုံပေါင်း သုံးဆယ့်တစ်ဘုံ။
၁၃။ သောင်းငါးထောင်စီ၊ သင်္ချာညီ၊ ရှစ်လီ ငရဲကြား။
၁၄။ လေးသောင်းနှစ်ထောင်၊ သင်္ချာဆောင်၊ လူ့ဘောင်ခြောက် ထပ်ကြား။
၁၅။ ဝတ္တိဘုံမှ၊ နေဝထိငြား၊ ဆယ့်သုံးကြား၊ အကြားယူဇနာ၊ ငါးသန်း ငါးသိန်း ရှစ်ထောင်ခြားသည်သာ။
၁၆။ တင်းတောင်း ရှိလောက်၊ သံတွေကျောက်၊ နေဝအောက်တို့ ပစ်၊ လေးနှစ်၊ လေးလ၊ မြေသို့ကျ၊ လူမှနေဝါ၊ ဝေးအကွာ။
၁၇။ စတုမဟာနန်း၊ နှစ်ကိုးသန်း၊ မျှော်လှမ်းလူကတွက်။
၁၈။ သုံးကုဋေ ခြောက်သန်း၊ ဝတိန်နန်း၊ ပျော်မြန်းသူတို့သက်။
၁၉ တစ်ဆယ့်လေးကုဋေမှာ၊ လေးသန်းသာ၊ ယာမာနတ်တို့သက်။
၂၀။ ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်း၊ တုသိနန်း၊ စံမြန်းလောင်းတော်နတ်။
၂၁။ ကုဋေ နှစ်ရာ့သုံးဆယ့်လေးသန်း၊ နိမ္မာနန်း၊ အဆန်းသူတို့ ပျော်။
၂၂။ ကိုးရာ့နှစ်ဆယ့်တစ် ကုဋေခြောက်သန်း၊ ဝတ္တိနန်း၊ နတ်ကြမ်း မာရ်မင်းပျော်။
၂၃။ သက်လည်း ကံကုန်၊ နှစ်ပါးကြုံ၊ ခြောက်ဘုံ နတ်တို့သေ။
၂၄။ အပျော်လွန်ခြင်း၊ ဒေါသပြင်း၊ ချက်ချင်း သေသည့် စတုဝတိံသာ။
၂၅။ ပျော်လွန်းသေဆုံး၊ ခြောက်ထပ်လုံး၊ သိမ်းရုံး တစ်နည်းလာ။
၂၆။ ကာမဆယ့်တစ်ဘုံ၊ ရုပ်ပေါင်းစုံ၊ ညှီပုပ်အာရုံ ကြိုက်သည့် ဘုံသား။
၂၇။ မဝနိုင်ဘဲ၊ တဏှာစွဲ၊ ဆင်းရဲ ပြိတ္တာလို၊ ကာမဘုံတစ်ခို။
၂၈။ အပါယ်နခမ်း၊ အပျော်ဆန်း၊ အကန်းသူတို့ပုံ။
၂၉။ သုဗြဟ္မာနတ်သား၊ ထောင်မယား၊ မမှားသက်သေ၊ ထုတ်ပါလေ။
ဗြဟ္မာ့ပါရိသဇ္ဇာဘုံ အသက်အသင်္ချေယျကပ် သုံးဖို့ တစ်ဖို့၊
ဗြဟ္မာ့ပုရောဟိ တာဘုံ အသက် အသင်္ချေကပ် ထက်ဝက်၊
မဟာဗြဟ္မာဘုံ အသင်္ချေယျကပ် တစ်ကပ်၊
ပရိတ္တာဘာဘုံ အသက် နှစ်ကမ္ဘာ၊
အပ္ပမာဏာဘာဘုံ အသက် လေးကမ္ဘာ၊
အာဘဿရဘုံ အသက်ရှစ်ကမ္ဘာ၊
ပရိတ္တသုဘာဘုံ အသက်တစ်ဆယ့်ခြောက်ကမ္ဘာ၊
အပ္ပမာဏသုဘာဘုံ အသက်သုံးဆယ့်နှစ်ကမ္ဘာ၊
သုဘကိဏှဘုံ အသက်ခြောက်ဆယ့်လေးကမ္ဘာ၊
ဝေဟပ္ဖိုလ်၊ အသညသတ် ကမ္ဘာငါးရာ။
အဝိဟာ ကမ္ဘာတစ်ထောင်။
အတပ္ပါကမ္ဘာ နှစ်ထောင်။
သုဒဿာ ကမ္ဘာ လေးထောင်။
သုဒဿီကမ္ဘာ ရှစ်ထောင်။
အကနိဋ္ဌ ကမ္ဘာတစ်သောင်း ခြောက်ထောင်။
အာကာသာနဉ္စာယတနဘုံ ကမ္ဘာနှစ်သောင်း။
ဝိညာဏဉ္စာယတနဘုံ ကမ္ဘာလေးသောင်း။
အာကိဉ္စညာယတနဘုံ ကမ္ဘာခြောက်သောင်း။
နေဝသညာ နာသညာယတနဘုံ ကမ္ဘာရှစ်သောင်းလေးထောင်။
၃၀။ မြင့်၊ ရှည်၊ ထိုလောက်၊ ထက်ဘုံရောက်၊ ဝီစိအောက်သို့ ပြန်။
၃၁။ ပုထုဇဉ် ဂတိ၊ မြဲမရှိ၊ ကြံသိ ကြောက်ဖို့ရန်။
၃၂။ ဗြဟ္မာ့ဘုံစံ၊ အရိယံ၊ မပြန်အောက်သို့မြဲ။
၃၃။ မဖြစ်ဘူးပါ၊ များသူငါ၊ ငါးဘုံသုဒ္ဓါ ထူးမြတ်လွန်ကဲ။
၃၄။ နှစ်ဆယ့်ခြောက်စုံ၊ ကြွင်းသည့်ဘုံ၊ သူငါ အကုန်ဖြစ်ဘူးကြမြဲ။
၃၅။ အသညသတ်တွင်၊ နာမ်မယှဉ်၊ ရွှေစဉ်သွန်းလို ရွှန်းရွှန်းစိုသည့် သူတို့ကိုယ်။
၃၆။ အရူပ လေးခွင်၊ ရုပ်မယှဉ်၊ နာမ်ပင် သူတို့ကိုယ်၊ မမြင်ပန်းနံ့လို။
၃၇။ တစ်ဆယ့်ငါးစုံ၊ ရူပဘုံ၊ ရုပ်၊ နာမ်အစုံ၊ နတ်တို့အလား။
၃၈။ ဘောလည်းမစုံ၊ ယောက်ျားပုံ၊ အညှီအာရုံ ကင်းသည့် ဗြဟ္မာအများ။
၃၉။ အစားမလေ့၊ ပီတိမွေ့၊ အနံ့အတွေ့၊ ကင်းသည့်ဗြဟ္မာအများ။
၄၀။ ဒေါသလည်းစင်၊ ဈာန်ကိုဝင်၊ သက်မသေခင် အေးသည့် ဗြဟ္မာအများ။
၄၁။ အောက်က မမြင်၊ အထက်မြင်၊ ဗြဟ္မာတစ်ခွင်၊ နတ်တို့အများ။
၄၂။ နှစ်ဆယ်နှင့်ခြောက်၊ ဘုံတစ်လျှောက်၊ အောက်က ပါယ်မင်းပိုင်။
၄၃။ အတ္တဒိဋ္ဌိ၊ စွဲကပ်ငြိ၊ မှတ်သိ ပုထုဇဉ်။
၄၄။ ပုထုဇဉ်ကား၊ လောကီသား၊ ပါယ်လေးပါးနှင့် အမွေဆိုင်။
သံဝဋ္ဋအသင်္ချေယျကပ်၊
သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်၊
ဝိဝဋအသင်္ချေ ယျကပ်၊
ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ် ဟူ၍ အသင်္ချေယျ လေးကပ်မှတ်။
၎င်း အသင်္ချေယျလေးကပ်ကို မဟာကပ်တစ်ကပ်။
တစ်ကမ္ဘာမှတ်လေပါ။ မီး၊ ရေ၊ လေ၊ ကမ္ဘာသုံးမျိုးထွက်။
၄၅။ ခုနစ်ကမ္ဘာဆက်၊ မီးလောင်ဖျက်၊ တစ်ချက်ရေအကြိမ်။
၄၆။ ရှစ်ကြိမ်ရှစ်ခါ၊ ဤနည်းသာ၊ ကမ္ဘာခြောက်ဆယ့်လေး။
၄၇။ ထို့နောက်ကမ္ဘာ၊ လေတစ်ခါ၊ မချာမီး၊ ရေ-ဆက်။
၄၈။ ဤနည်းဆက်ခါ၊ သံသရာ၊ ကမ္ဘာအမြဲပျက်။
၄၉။ မီးဖျက် ပထမဈာန်ဘုံ၊ ရေဖျက် ဒုတိယဈာန်ဘုံ၊ လေဖျက် တတိယဈာန်ဘုံ၊ မကျန်အကုန် အောက်သို့ပျက်မြဲ။
၅၀။ ဖျက်မိုးအစ၊ မီးငြိမ်းကြ၊ ပျက်စ သံဝဋ္ဋာ၊
အသင်္ချေယျတစ်ကပ် မှတ်လေပါ။
၅၁။ မီးလျှံ ငြိမ်းကင်း၊ ပြုမိုးခြင်း၊ ဟာဟင်း သံဝဋ္ဋဋ္ဌာယီ၊
အသင်္ချေယျကပ် တစ်လီ။
၅၂။ မိုးအစ၊ ထွက်နေ၊ လ၊ တည်စ ဝိဝဋ္ဋာ၊
အသင်္ချေယျ တစ်ကပ်မှတ်လေပါ။
၅၃။ ထွက်ပြီးလ၊ နေ၊ ဖျက်မိုးစွေ၊ လူနေ ဝိဝဋ္ဋဋ္ဌာယီ၊
အသင်္ချေယျ ကပ် တစ်လီ။
၅၄။ ဆယ်နှစ်တမ်းမှ တက်၍ အသင်္ချေ၊
အသင်္ချေမှ ဆုတ်၍ ဆယ်နှစ်တမ်း၊
တစ်ခန်းမှတ်အပ်၊ အန္တရကပ် တစ်ကပ်။
၅၅။ ၎င်း အန္တရကပ်၊ ခြောက်ဆယ့်လေးကပ် ပမာဏသည်၊
အသင်္ချေယျ တစ်ကပ်၊ ပမာဏ အမြဲမှတ်ကုန်ကြ။
၅၆။ ယူဇနာလောက်၊ လျား နံစောက်၊ ကြီးလှ ကျောက်တောင်မှာ။
၅၇။ နူးညံ့ပဝါ၊ နှစ်တစ်ရာ၊ တစ်ခါတို့ငြား၊ ထိဖန်များ၊ ကျောက်သား ကုန်၍၊ တစ်ကမ္ဘာ မကုန်ရာ။
၅၈။ စလည်းမထင်၊ ဆုံးမမြင်၊ ဘုရားရှင်မှ၊ မဟောပြ၊ များလှကမ္ဘာတွေ။
၅၉။ မြေမှုန့်ချကာ၊ ရေတွက်ပါ၊ မြေသာကုန်၍၊ ကမ္ဘာမကုန်ရာ။
၆၀။ အမိနို့ရည်၊ ငိုမျက်ရည်၊ နီကြည် ခေါင်းပြတ်သွေး။
၆၁။ သမုဒ္ဒရာရေမက၊ များပြားလှ၊ ဟောပြ ယုံဖွယ်ရာ။
၆၂။ နည်းမျိုးစုံလှ၊ တွေ့ကြုံရ၊ ဒုက္ခမနှိုင်းဖွယ်။
၆၃။ အို၊ နာ၊ သေ လတ်၊ ဆုံးမသတ်၊ မရပ် ပတ်ပတ်လယ်။
၆၄။ မလျော့မမေ့၊ ကြံစေ့စေ့၊ ငြီးငွေ့ ကြောက်ကောင်းဖွယ်။
၁၁၄ - နိဂုံးကို ပြဆိုခြင်း
၁။ ပဉ္စသတ္တ ဒွယေကမှိ၊ ဖဂ္ဂုဏဇုဏှ အဋ္ဌမေ။
ပရမတ္ထစက္ခုနာမ၊ ရစိတံ သုန္ဒရံ မယာ။
၂။ သဉ္စိတံ မေ မဟာပုညံ၊ ဓမ္မာနုဂ္ဂဟသဉှိတံ။
တေန သဗ္ဗေ သုခါယန္တု၊ ဇနာ ဣဋ္ဌသင်္ဂိမဂ္ဂနော။
၃။ ပရေသံ ဟိတမိစ္ဆေယျ၊ ဟိတံ မေ ဣစ္ဆတံ ပရော။
နာညဿ ဒုက္ခမိစ္ဆေယျံ၊ မာမေ ဒုက္ခံ ဣစ္ဆတံ ပရော။
၄။ န ဟိံ သေယျံ ပရံ ပါဏံ၊ မာ မံ ဝိဟေသတံ ပရော။
န စ ဘဝေ အဟံ ဝေရီ၊ မာ ဝေရီ ဟောတု မေ ပရော။
၅။ ကုမဂ္ဂဉ္စ ဝိဝဇ္ဇေတွာ၊ သုမဂ္ဂံ ယန္တု ပါဏိနော။
ဝင်္ကဉ္စာဟံ ဝိဝဇ္ဇေတွာ၊ ဥဇုံ သုမဂ္ဂဂေါ ဘဝေ။
၁။ မယာ၊ ငါသည်။
ပဉ္စသတ္တ ဒွယေကမှိ၊ မြန်မာသက္ကရာဇ်၊ ၁၂၇၅- ခုနစ်၌။
ဖဂ္ဂုဏဇုဏှအဋ္ဌမေ၊ တပေါင်းလဆန်း ၈-ရက်နေ့၌။
သုန္ဒရံ၊ အဘိဓမ္မာအရာတွင် ဉာဏ်ပညာ ပွင့်လင်းခြင်းကို ပေးတတ်သည်ဖြစ်၍ အလွန်ကောင်းမြတ်သော။
ပရမတ္ထစက္ခုနာမ၊ “ပရမတ္ထစက္ခု” အမည်ရှိသော ကျမ်းကို။
ရစိတံ၊ ရေးစီရင်အပ်လေပြီ။
၂။ ဓမ္မာနုဂ္ဂဟသဉှိတံ၊ အဘိဓမ္မာ တရားတော်မြတ်ကို ချီးမြှောက်ထောက်ပံ့ခြင်းနှင့် စပ်ယှဉ်သော။
မဟာပုညံ၊ ဤ“ပရမတ္ထစက္ခုကျမ်း”ကို ကြိုးပမ်းလေပြီး ကုသိုလ်ကြီးကို။
သဉ္စိတံ၊ တရားလိုလား အမျိုးသားတို့အတွက် ကြိုးစားဆည်းပူးရလေပြီ။
တေန၊ ထိုကုသိုလ် အထူးကြောင့်။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ဇနာ၊ သတ္တဝါဟူ နတ်၊ လူ၊ ဗြဟ္မာ ပေါင်းများစွာတို့သည်။
ဣဋ္ဌသမင်္ဂိနော၊ လိုအပ်သမျှ ဣဋ္ဌထွေထွေ ကျက်သရေ အမျိုးမျိုးနှင့် ပြည်စုံကြ ကုန်သည်ဖြစ်၍။
သုခါယန္တု၊ စိတ်ရွှင်လန်း၍ ချမ်းချမ်းသာသာ ရှိကြပါစေကုန်သတည်း။
၃။ အဟံ၊ ငါသည်။
ပရေသံ၊ သူတစ်ပါးတို့၏။
ဟိတံ၊ အကျိုးစီးပွား ကို။
ဣစ္ဆေယျံ၊ လိုလားနှစ်သက်ရလို၏။
ပရောစ၊ သူတစ်ပါးကလည်း။
မေ၊ ငါ၏။
ဟိတံ၊ အကျိုးစီးပွားကို။
ဣစ္ဆတံ၊ လိုလားနှစ်သက်ပါစေသတည်း။
အဟံ၊ ငါသည်။
အညဿ၊ သူတစ်ပါး၏။
ဒုက္ခံ၊ ဆင်းရဲကို။
န ဣစ္ဆေယျံ၊ မလိုလား မနှစ်သက်ရလို။
ပရောစ။ သူတစ်ပါးကလည်း။
မေ၊ ငါ၏။
ဒုက္ခံ၊ ဆင်းရဲကို။
မာဣစ္ဆိတံ၊ မလိုလား မနှစ်သက်ပါစေသတည်း။
၄။ အဟံ၊ ငါသည်။
ပရံ ပါဏံ၊ တစ်ပါးသော သတ္တဝါကို။
န ဟိံ သေယျံ၊ မညှဉ်းဆဲရလို။
ပရောစ၊ သူတစ်ပါးကလည်း။
မံ၊ ငါ့ကို။
မာဝိဟေသတံ၊ မညှဉ်းဆဲဘဲ ရှိပါစေသတည်း။
အဟံ၊ ငါသည်။
ပရေသံ၊ သူတစ်ပါးတို့၏၊
ဝေရီ၊ ရန်သူသည်။
နဘဝေ၊ မဖြစ်ရလို။
ပရောစ၊ သူတစ်ပါးက လည်း။
မေ၊ ငါ၏။
ဝေရီ၊ ရန်သူသည်။
မာဟောတု၊ မဖြစ်ဘဲ ရှိပါစေသတည်း။
၅။ ပါဏိနော၊ သတ္တဝါ အပေါင်းတို့သည်။
ကုမဂ္ဂဉ္စ၊ လမ်းဆိုးလမ်းယုတ်ကို လည်းကောင်း။
ဝင်္ကဉ္စ၊ လမ်းကောက် လမ်းညစ်ကိုလည်းကောင်း။
ဝိဝဇ္ဇေတွာ၊ ရှောင်ကွင်းဖဲကြဉ်၍။
သုမဂ္ဂံ၊ ကောင်းသော လမ်းခရီးသို့။
ဥဇုံ၊ ဖြောင့်ဖြောင့်မတ်မတ်။
ယန္တု၊ လိုက်သွားနိုင်ကြပါစေကုန်သတည်း။
အဟဉ္စ၊ ငါသည် တမူလည်း။
ကုမဂ္ဂဉ္စ၊ လမ်းဆိုးလမ်းယုတ်ကို လည်းကောင်း။
ဝင်္ကဉ္စ၊ လမ်းကောက် လမ်းညစ်ကိုလည်းကောင်း။
ဝိဝဇ္ဇေတွာ၊ ဖဲကြဉ်ရှောင်ကွင်း၍။
ဥဇုံ၊ ဖြောင့်ဖြောင့်။
သုမဂ္ဂဂေါ၊ လမ်းမွန်လမ်းကောင်းသို့ လိုက်သွားနိုင်သည်။
ဘဝေ၊ ဖြစ်ရပါလို၏။
ဝါ၊ ဖြစ်ရပါလိုသော်။
ပရမတ္ထစက္ခုကျမ်း ပြီး၏။
Comments
Post a Comment