နိဗ္ဗာန်ချမ်းသာတရားတော်များ
▬▬▬ஜ۩۞۩ஜ▬▬▬
ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ (သပြေကန်ဆရာတော်)
မာတိကာ
နိဗ္ဗာန်ချမ်းသာ တရားတော်
၁၃၄၇-ခု ဒုတိယ ဝါဆိုလဆုတ် (၈)ရက်
၁၃၄၇-ခု ဝါခေါင်လဆုတ် (၈)ရက်
၁၃၄၇-ခု ဝါခေါင်လကွယ်နေ့
နိဗ္ဗာန်ဂုဏ်ရည်နှင့် သစ္စာ မေတ္တာ
နိဗ္ဗာန်ဆိုတာ မြို့ကြီး ပြကြီးလား
နိဗ္ဗာန်၏ ခယဂုဏ်
ဝိရာဂ ဂုဏ်
အမတ ဂုဏ်
စာလာ ထေရီအကြောင်း
မာရ်နတ် နှောင့်ယှက်ပုံ
မာရ်နတ် အမေး
စာလာ အဖြေ
ဘုရားရှင်က ငါ့ကို သစ္စာတရားအပ်နှင်း
ဖြင်ချင် ဖြစ်
မဖြစ်ချင် မဖြစ်
နိဗ္ဗာန်မရ ဘဝတွေ မဆုံး
နိဗ္ဗာန်၏ ပဏီတဂုဏ်
အလွန်တရားဟောချင်တဲ့ ဘုန်းကြီး
မုဆိုးကို တရားဟောတဲ့ ကဿပဂေါတ္တမထေရ်
နတ်က အပြစ်တင်
မုဆိုးဗာလက အရှင်ဟောလို့ သိမည်လား
ဉာဏ်အမြင် မရှိက ဘာမှမသိ
ပြင်ဖို့ခက်သော်လဲ မပြင်နိုင်တဲ့ တရားတော့ မဟုတ်
မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်စံခန်း
ဘိက္ခုနီသာသနာအစ မိထွေးတော်က
မိထွေးတော်နှင့် အတူ သာကီမယ်ငါးရာ
မိထွေးတော်ဂေါတမီ၏ နိဗ္ဗာန်ယူဖို့ စဉ်းစားခန်း
မြေကြီးတုန်လာ မိုးခြိမ်းကာ ဒေဝါနတ်တို့ငို
တပည့် ဘိက္ခုနီမတွေ လျှောက်ထားချက်
မယ်တော်ကြီး နတ်တွေကို ခွင့်လွှတ်ဖို့ပန်ကြား
နိဗ္ဗာန်စံမည်ဟု နတ်တွေအား ပြောကြားပုံ
လူတွေကလဲ ငိုကြ ယိုကြ
မငိုကြနဲ့ ပျော်ဖို့ရာ အခါပါကွယ်
မိထွေးတော်ကြီး ဖျောင်းဖျပုံ
အပူငြိမ်းရေး ဖျောင်းဖျပေး
မယ့်တော့်ချစ်က သဒ္ဓမ္မကာလရှည်ကြာဖို့ ကြိုးစားကုန်
၁၃၄၇-ခု တော်သလင်းလကွယ်နေ့ ဥပုသ်တရား
၁၃၄၇-ခု သီတင်းကျွတ်လပြည့် ဥပုသ်တရားတော်
ချမ်းသာနှစ်မျိုး ယှဉ်ပြချက်
ဖြည့်ပေးနေရတဲ့ ချမ်းသာ
ဖြည့်စရာ မလိုတဲ့ ချမ်းသာ
အရှင်ရဋ္ဌပါလ၏ တရား
နန္ဒနသုတ်
မမြင်ဖူး မူးမြစ်ထင်
အမြင်နှစ်မျိုး ယှဉ်ပြချက်
အရှင်သမိဒ္ဓိ ဆိုတဲ့ မထေရ်ချော
နတ်သမီးက မထေရ်ကို စ
ကာမဂုဏ်ဆိုတာ ပျိုတုန်းခံစား
အိုရင် အလကားပဲ တဲ့
အရှင်သမိဒ္ဓိ၏ အမြင်
နတ်သမီးက ထပ်တိုက်တွန်း
အရှင်သမိဒ္ဓိ၏ အဖြေ
ကာမသုခ ဗဟုဒုက္ခ
ဘုရားရှင်ထံ လျှောက်ထား
ဘုရားရှင် တရားဟော
ပရိညာဉ်သုံးပါး ဉာဏ်ပိုင်းခြား
နတ်သမီး တရားသဘောပေါက်
အမြင်မှန် ရဖို့အရေးကြီး
မာဂဏ္ဍိယသုတ္တန်
သတိပဋ္ဌာန်ရွာကြီး
ကျေးသားနဲ့ သတိပဋ္ဌာန်
ပုဂံခေတ် အိမ်ရှင်မ အဘိဓမ္မာဆောင်များ
ခေါင်းဆောင်ကောင်းဖို့ အရေးကြီး
မီးတင်းကုတ်ထဲက ဗုဒ္ဓ
သူတော်ကောင်းတို့ အိပ်ရာ
ပရိဗိုဇ် နှစ်မျိုး
မာဂဏ္ဍီဝါဒ
ဗုဒ္ဓဝါဒ
သွား မြင်ရုံနဲ့ ရဟန္တာဖြစ်
အပေါက်တွေ ပိတ်ပါ
ပြိုင်လာလျှင် ရှုံးကြလိမ့်မယ်
ကံသုံးပါး ဒဏ်သုံးပါး အခွဲပြိုင်ပွဲ
နိဂဏ္ဌတို့၏ တိုက်စစ်မှူး ဥပါလိ
တရားလမ်းခင်း၍ စစ်သွေးမြူ
ဥပါလိ ခံစစ်ဖြင့်သာ နေရ
ဥပါလိ အရှုံးပေး
အစွန်းနှစ်ဖက်ထွက် အမေးပြဿနာ
ဘယ်အစွန်းမှ မညိ နိဂဏ္ဌိတွေ ပျက်စီးကုန်ပြီ
သူနှစ်သက်စကား သနားလို့ပြောသည်
သဗ္ဗညုတဉာဏ်ဖြင့် သိပြီးသား စဉ်းစားဖွယ်မလို
မာဂဏ္ဍီအကြောင်း ပြန်ဆက်ဟော
ကြီးပွါးမှုကို ဖျက်ဆီးသူ ကျမ်းဂန်တူ စွပ်စွဲ
ကန်ဒနေသူဟာ ဣန္ဒြေ္ဒပွါးများခြင်းလား
ဣန္ဒြေ္ဒပိတ်ဆို့ပုံ ရှင်းပြ
ဗုဒ္ဓအလို မာဂဏ္ဍီ မသိ
ကာမဂုဏ်၌ သိရမည့်အချက်များ
မာဂဏ္ဍီ ဝန်ခံရ
အသာဒ ဆိုတာ
အာဒီနဝ ဆိုတာ
နိဿရဏ ဆိုတာ
ခေမာထေရီ အကြောင်း
ကောသလမင်းကြီးနှင့်ခေမာထေရီ အမေးအဖြေများ
ဗုဒ္ဓနှင့် အဖြေချင်းတူ
ခေမာထေရီ နောက်ကြောင်း
ရုပ်ရှင်ပြ၍ တရားဟော
ခေမာမိဖုရား ဘုရားရှိခိုး
ဝီရိယနည်း နိဗ္ဗာန်နှင့်လွဲ
သူတော်ပုတီးစိပ်နည်း
အလောင်းတော်ဘဝ စည်းစိမ်
ဗုဒ္ဓ၏ စည်းစိမ်
ကုလ္လမထေရ် ဥဒါန်းဂါထာများ
မိမိကိုယ်ကို မှန်ဖြင့် ကြည့်ခဲ့
သက်စောင့်တရား သုံးပါး
ထက်အောက်ခန္ဓာ ရွံစရာ
နေ့ညကြီးငယ် ရွံစဖွယ်
အပျော်ချင်း မတူ
လူချမ်းသာ နတ်ချမ်းသာ ဓမ္မချမ်းသာ
ဒီ ဒုက္ခမျိုး တက်တိုးတို့ ခံစားချင်
သတ္တဝါအများ မိမိလို ချမ်းသာစေချင်
လာကြ လာက ထ,လေးဝ ဂါထာ
စကြာဝဠာ တစ်သောင်းကို အသံလွှင့်ခဲ့သော ဂါထာများ
သေမင်းကိုနိုင်တဲ့ လက်နက်ကောင်းတွေ သာသနာမှာရှိ
ကုဋ္ဌရောဂါသည်ကြီးများ
ကာမဂုဏ် မီးကင်ပြီး အယားဖျောက်ခဲ့
ယားနာပျောက်တော့ မီးမကင်ချင်
ယားနာပိုးကြောင့် မီး ပူတယ်မထင်
မီးကင်တဲ့ ချမ်းသာ တစ်ခဏတာ
ကာမမီး ကင်ရုံနဲ့ ကာမယားနာ မပျောက်
နူနာသည်ကြီးအတွက် နူနာပျောက်ဆေး
ဘုရားရှင် ဥဒါန်းကျူး
မာဂဏီတို့ နိဗ္ဗာန်
ဘုရားရှင်တို့၏ နိဗ္ဗာန်
ဒိဋ္ဌဓမ္မနိဗ္ဗာန် ဝါဒ
ဘာသာမျိုးစုံ နိဗ္ဗာန်မျိုးစုံ
ဘုရားအဆက်ဆက်တို့၏ ဂါထာ တိတ္ထိတို့ဟာဖြစ်
အရိယာမျက်လုံး မရှိသူ
မာဂဏ္ဍီ ဘုရားကို အားကိုးလာ
မာဂဏ္ဍီနဲ့ အကန်းဥပမာ
မာဂဏ္ဍီ ရဟန်းပြုခွင့်တောင်း
ပုထုဇဉ်နဲ့ အရိယာ အမြင်ချင်းမတူ
အမြင်ကွဲလို့ ချမ်းသာကွဲ
ပုက္ကုသနှင့် ဆရာအာဠာရ
လောကီသမာပတ်ဖြင့် ငြိမ်သက်သူ
ကောက်ရိုးပုံလေးထဲက ဗုဒ္ဓ
ဖလသမာပတ်ဖြင့် ငြိမ်သက်သူ
ဟတ္ထာဠာဝကနှင့် ဘုရားရှင်
အကောင်းဆုံး အိပ်ဆေး
ဘုရားနဲ့ ဗိမ္ဗိသာရ ဘယ်သူက ပိုချမ်းသာ
နိရောဓသမာပတ် ချမ်းသာဆိုတာ
သစ်ငုတ်ကောဏ္ဍညမထေရ်ကြီး
တကယ့် ချမ်းသာဆိုတာ
မာတိကာ ပြီး၏။
နိဗ္ဗာန်ချမ်းသာ တရားတော်
▬▬▬▬▬▬▬▬▬▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁၃၄၃-ခု၊ ဒုတိထ ဝါဆိုလဆုတ် ၈-ရက်၊ သောကြာနေ့
ဥပုသ်သီတင်း စောင့်သုံးကြတဲ့အခါ တရားလဲ နာကြ ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ တရားနာဖို့ရာ ဝန်မလေးကြရဘူး၊ တရားဟောရင် လိုလိုချင်ချင် လိုလိုလားလား နာကြရတယ်။
တရားနာခြင်းဟာ သောတာပတ္တိမဂ် ရခြင်း၏ အကြောင်းပဲ။ သောတာပတ္တိယင်္ဂ-သောတာပတ္တိမဂ် ရခြင်းအကြောင်း လေးပါးထဲမှာ တရားနာခြင်းဟာ အကြောင်း တစ်ပါး အဖြစ်နဲ့ ပါတယ်။
သပ္ပုရိသသံသေဝ - သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်း၊
သဒ္ဓမ္မဿဝန - သူတော်ကောင်းတို့၏ တရားကိုကြားနာခြင်း။
ယောနိသော မနသိကာရ - နည်းမှန်လမ်းမှန်အားဖြင့် အသင့်အတင့် နှလုံးသွင်းခြင်း။
ဓမ္မာနုဓမ္မပဋိပတ္တိ - လောကုတ္တရာ တရားကိုးပါး အားလျော်သော အကျင့်ကို ကျင့်ခြင်း၊
သောတာပန်ဖြစ်ခြင်း အကြောင်းလေးပါးထဲမှာ တရားနာခြင်း တည်းဟူသော အကြောင်းက အကြောင်းတစ်ပါး အဖြစ်ဖြင့် ပါဝင်နေတယ်။
အသုတံ - မကြားဖူးသေးသည်ကို။
သုဏာတိ - ကြားနာရ၏။
တရားနာခြင်းဟာ မကြားဖူးတာကို ကြားနာရတယ်။
သုတံ ပရိယော ဒပေတိ - ကိုယ်ကကြားဖူးလို့ တရား ထပ်နေရင်လည်း ပိုပြီးတော့ ပြည့်စုံသွားတယ်။
ကင်္ခံ ဆိန္ဒတိ - ယုံမှားသံသယ ဖြစ်နေရင်လဲ အဲဒီ ယုံမှား သံသယကို ပယ်ဖျောက် နိုင်တယ်။
ဒိဋ္ဌိံ ဥဇုံ ကရောတိ - အယူကို ဖြောင့်မတ်အောင် ပြုတတ်၏။ မိမိက အယူအဆလေး လွဲနေရင်လဲ တရားနာရတော့ ဟောလိုက်တဲ့အခါ အယူအဆ ဖြောင့်သွားတယ်။
စိတ္တမဿ ပသီဒတိ - သဒ္ဒါ တရားနဲ့ တရားနာကြားလို့ရှိရင် တရားနာနေတုန်း စိတ်ကြည်လင်ရတယ်တဲ့။
စိတ်ကြည်လင်ရခြင်း အကျိုးဟာလဲ နည်းတဲ့အကျိုး မဟုတ်ဘူး၊ ပဓာနအလုပ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်ဆိုရင် ကမ္မဋ္ဌာန်း အလုပ် သဲသဲမဲမဲ အားထုတ်နေတဲ့ ပုဂ္ဂိုလ် ဆိုရင် တစ်ခါ တစ်ခါ အဲဒီတရားနာရင်း စိတ်ကြည်လင်လာပြီး စိတ်ကြည်လင်တာနဲ့ အမျှပဲ၊ အဲဒီ အခိုက်မှာ-မဂ်ဖိုလ် ရသွားနိုင်တယ်၊ ရသွားတာတွေလဲ ရှိတယ်။
အဲဒါကြောင့်မို့လို့ တရားနာရခြင်း အကျိုးဟာ မနည်းဘူး၊ တရားကို ကြိုးစားနာကြ၊ ဘုန်းကြီးတို့လည်း တတ်နိုင်သမျှ ဟောပေးရတယ်၊ တရားဟောရတာလဲ မသက်သာ လှဘူး။ အဲဒါကြောင့် တရားနာရခြင်းအကျိုး မနည်းဘူး၊ ကြိုးစားပြီးတော့ နာပေးကြ၊ အခွင့်သာတဲ့အခါမှာ တရားနာ မပျင်းကြရဘူး။ လိုလိုလားလား တရားနာကြ။
တစ်ခါက ဘုရားကိုယ်တော်မြတ် ရဟန်းသံဃာတွေ ခြံရံပြီးတော့ တရားဟော နေတယ်၊ ဟောတဲ့ တရားက ဘာတုံးဆိုရင်...
နိဗ္ဗာန ပဋိသံယုတ္တယ ဓမ္မိယာ ကထာယ သန္ဒဿေတိ - နိဗ္ဗာန်နှင့်စပ်တဲ့ တရားကိုဟောနေတယ်၊ ဘယ်လို ဟောနေတယ် ဆိုတာကတော့ အဲဒီ ပါဠိတော်မှာ မပါဘူး၊ နိဗ္ဗာန်နှင့်စပ်တဲ့ တရားတော်ကို ဟောနေတယ် လို့သာပါတယ်၊ အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ် နိဗ္ဗာန်နှင့် စပ်တဲ့ တရားတော်တွေကလဲ အများကြီး ရှိတော့ အသစ်တရား ဖြစ်ချင်လဲ ဖြစ်မယ်။ ဟောပြီးသား တရားအကြောင်း အားလျော်စွာ ထပ်ပြီးတော့ ဟောတာ ဖြစ်ချင်လဲဖြစ်မယ်။
အဲဒီလို ဟောနေတဲ့ အချိန်အခါ သမယမှာ ပုနဗ္ဗသုမာတာ - ဆိုတဲ့ ဘီလူးမကြီး၊ မြေဘုတ်ဘီလူးမကြီး။ သားကလေးနဲ့ သမီးကလေးနဲ့ အစာရှာ လှည့်လည်လာရင်း ဇေတဝန် ကျောင်းတော်ရဲ့ ပတ်ဝန်းကျင်ဘက်ဆီကို ရောက်လာတော့ ဘုရားရှင် ကိုယ်တော်မြတ် ရဟန်းတော်အပေါင်း ခြံရံပြီးတော့ တရားဟောနေတာ လှမ်းမြင်တယ်။ မြင်ပေမယ့် တရားဟောမှန်း မသိဘူး။
ဘာ့ကြောင့်တုံး ဆိုရင်တော့ ဘုရားရှင် ကိုယ်တော်မြတ်တို့ရဲ့ တရားဒေသနာတော် ဆိုတာ ပရိတ်သတ် အပြင်ဘက် မထွက်ဘူး၊ တရားနာပရိတ်သတ် အတွင်းသာ ရှိတယ်၊ တရားနာပရိတ်သတ်က များရင်တော့ များသလောက် ရောက်သွားတာပဲ၊ တရားနာ ပရိတ်သတ်က နည်းရင်လဲ နည်းတဲ့ အတွင်းလောက်ပဲ ရောက်တယ်၊ အသံတော် အချည်းအနှီး အကျိုးမဲ့ မဖြစ်ပါစေနဲ့ ဆိုပြီးတော့ တရားနာပရိတ်သတ်ရဲ့ အပြင်ဘက် မရောက်ဘူး၊
အဲဒီတော့ ခုနပြောတဲ့ ဘီလူးမက တရား မကြားရသေးဘူး၊ ပရိတ်သတ်နဲ့ ဘုရားရှင် ကိုယ်တော်မြတ် ရဟန်း ပရိတ်သတ်နဲ့ ဘုရားရှင်ကိုယ်တော်မြတ် စုရုံးပြီး ဟောကြ ပြောကြ နာယူနေကြတာ၊ မျက်စိနှင့်သာ မြင်နေရတော့ သူက “အင်း … ဒီနေရာမှာ ငါ့အဖို့ တစ်ခုခု ထမင်းလုံး၊ ဟင်းအဖတ်ကျန် အကြွင်းကလေး ကျပြုနေတာလေး တွေရမှာပဲ” မျှော်လင့်ပြီး ဇေတဝန်ကျောင်းတော်ကို တရွေ့ရွေ့ လာတဲ့ အခါကျတော့ ပရိတ်သတ်နဲ့ စပ်မိသွားတယ်။
စောစောက မကြားဘူး။ ပရိသတ်နှင့် စပ်မိသွားတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ နိဗ္ဗာန်တရားတော် ကြားရ၊ ကြားရတော့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ အသံတော် ဆိုတာက သူတကာ မနှိုင်းခိုင်းနိုင်လောက်အောင် သာယာဖွယ်၊ နှစ်သက်ဖွယ် ကောင်းလှတဲ့ အသံဆိုတော့ အသံတော် အပေါ်မှာ အင်မတန် ကြည်ညို နှစ်သက် သွားတယ်။
တရားတော်က နိဗ္ဗာန်တရားတော် ဆိုပေမယ့် ဘရားရှင် ကိုယ်တော်မြတ်တို့က ပရိတ်သတ် နားလည်အောင် ရှင်းလင်းအောင် ဟောတော်မူတတ်တော့ တရားတော် အပေါ်မှာလဲ နှစ်သက်ခြင်းများစွာ ဖြစ်လာတယ်။
ဒါကြောင့် အဲဒီအခိုက် ဘုရားတရားတော် အသံဟာ ဘီလူးမကြီး၏ အရေထူ အရေပါး၊ အသားစသည် ဖောက်ပြီး ရိုးတွင်း ချင်ဆီခိုက်အောင် ပြန့်သွားတယ်၊ စိမ့်သွားတယ်။
အဲဒီ အခိုက်မှာ မတ်မတ်ကြီး ရပ်ပြီးတော့ တရားမှာ အာရုံယူနေတုန်း သားကလေးနဲ့ သမီးကလေးက ဆူဆူပူပူ လုပ်ကြတယ်၊ “အို ... အမေကလဲ သစ်ငုတ်ကြီး ကျနေတာပဲ။ ဒီမှာ ဆာလှပြီ၊ အစာရှာဖို့ရာ ဘာဖြစ်လို့ ရပ်နေတုံး” ဘာညာနဲ့ ပြောတော့ ...
ပုနဗ္ဗသုမာတာဆိုတဲ့ မြေဘုတ်ဘီလူးမကြီးက သားကလေးနဲ့ သမီးကလေးကို ချော့တယ်။
တုဏှီ ဥတ္တရိကေ ဟောတိ၊
တုဏှီ ဟောဟိ ပုနဗ္ဗသု။
ယာဝဟံ ဗုဒ္ဓသေဋ္ဌဿ၊
ဓမ္မံ သောဿာမိ သတ္ထုနော။
အဟံ - ငါမိခင်သည်။
ယာဝ - အကြင်မျှလောက်။
ဗုဒ္ဓသေဋ္ဌဿ - ဗုဒ္ဓတို့တွင် ယှဉ်မရလတ် အမြတ်ဆုံး ဖြစ်တော်မူသော။
သတ္ထုနော - လူနတ်တို့ဆရာသခင် ရှင်တော်မြတ်ဘုရား၏။
ဓမ္မံ - နိဗ္ဗာန်တရားတော်ကို။
သောဿာမိ - လိုလိုလားလား နားကြားပေအံ့။
တာဝ - ထိုမျှလောက် ငါအမေ တရားနာနေသမျှ ကာလပတ်လုံး။
ဥတ္တရိကေ - ချစ်သမီးဥတ္တရိကာ။
တုဏှီ - အသံတိတ်ချေ ဆိတ်ဆိတ်နေသည်။
ဟောဟိ- ဖြစ်စမ်းပါလော။
ပုနဗ္ဗသု - ချစ်သား ပုနဗ္ဗသု။
တုဏှီ - အသံတိတ်လေ ဆိတ်ဆိတ်နေသည်။
ဟောဟိ - အမေ့ကို ချစ်ချေဖြစ်ပါလေ၊ အမေတိုက်တွန်းပါသတည်း။
သားသမီးတွေကို ချော့မော့တရားနာလို့ ကောင်းနေတုန်း သူတို့ကလဲ ဘာမှန်းမသိ၊ ညာမှန်းမသိ သူတို့ဆာတာသာ သူတို့သိတာ၊ အဲဒီတော့ အသာ ဖျောင်းဖျောင်းဖျဖျ မိခင်ကြီး ချော့မော့ပေးရ၊ တိတ်တိတ်နေကြစမ်းပါကွာ၊ ငါ တရားနာနေတုန်း မင်းတို့ အသာနေကြစမ်းပါလို့၊ ပြီးတော့ ဆက်ပြီး ချော့ပြန်တယ်၊
နိဗ္ဗာနံ ဘဂဝါ အာဟ၊
သဗ္ဗဂန္ထပ္ပမောစနံ။
အတိဝေလာ စ မေ ဟောတိ၊
အသ္မိံ ဓမ္မေ ပိဟာယနာ။
ဘဂဝါ - ဘုန်းတော်ရှင် ဖြစ်တော်မူတဲ့ ရှင်တော်မြတ်ဘုရားသည်။
သဗ္ဗဂန္ထပ္ပမောစနံ- အလုံးစုံသော အထုံးအဖွဲ့ ဂန္ထတို့မှ လွတ်မြောက်ရာဖြစ်သော။
နိဗ္ဗာနံ - နိဗ္ဗာန်တရားတော်မြတ်ကို။
အာဟ - ဟောကြားတော်မူနေပါပြီ။
မေ - ငါမိခင်၏။
အသ္မိံဓမ္မေ - ထို ရှင်တော်မြတ်ဘုရား ဟောကြားတော်မူတဲ့ နိဗ္ဗာန်တရား တော်မြတ်၌။
အတိဝေလာ - အတိုင်းအရှည်ကို လွန်ခဲ့သော၊ အလွန် လွန်ကဲလှစွာသော။
ပိဟာယန - ချစ်မြတ်နိုးခြင်းသည်။
ဟောတိ - မုချမသွေ ဖြစ်ပါပေသတည်း။
ချစ်သားတို့ ချစ်သမီးတို့ … တိတ်တိတ် နေကြစမ်းပါကွယ်။ ငါဘုရားရှင် ကိုယ်တော်မြတ်ရဲ့ နိဗ္ဗာန်တရားတော်ကြီးကို နာကြားပြီး နေတယ်၊ အဲဒီ နိဗ္ဗာန် တရားတော်ကြီးအပေါ်မှာ မိခင်ရဲ့ မြတ်နိုးခြင်းဟာဖြင့် အတိုင်းထက်အလွန် ဖြစ်နေပါတယ်၊ တကယ့်ကို တရားထဲ စွဲမြဲနှစ်သက် ကြည်နူးခုံမင်ခြင်းဟာ လွန်လွန်ကဲကဲ ဖြစ်နေပါတယ် ဆိုပြီးတော့ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတွေ ဖော်ပြီးတော့ သားသမီးလေးတွေကို ဖျောင်းဖျောင်း ဖျဖျ ပြောပြတယ်။
တရားတော်အပေါ်မှာ အင်မတန် နှစ်သက်ခြင်း ဖြစ်နေပါတယ်ဆိုတော့ အဲဒီ ဘီလူးမကြီးဟာ တရားတော်အပေါ်မှာ ဘယ်လောက် နှစ်သက်နေတယ်ဆိုတာ သိနိုင်ပါတယ်။
ဘာဖြစ်လို့တုံးဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အသံတော်ကလဲ သာယာ၊ တရားတော်မြတ်ကလဲ ပေါ်ပေါ် လွင်လွင် ထင်ထင် ရှားရှား နားလည်အောင် ပြင်ဆင် ပြီးတော့ ဟောတဲ့တရား ဖြစ်ခြင်းကြောင့် ကောင်းကောင်းနားလည်၊ ကောင်းကောင်း သဘောပေါက်တော့ အင်မတန် နှစ်သက်စွဲလမ်း နေတယ်။
သားကလေးနဲ့ သမီးကလေးကလဲ လိမ္မာပုံရတယ်၊ သူ တို့က မိခင်ကြီးဒီလိုပြောတော့ ငြိမ်နေတယ်၊ ငြိမ်ငြိမ်လေး နားထောင်နေကြတယ်၊ မိခင်ကြီးကိုလဲ ငဲ့ပြီးတော့ သူတို့ ဆာတာတွေ ပျောက်သလို ဖြစ်သွားတယ်၊ ဘာမှ နှုတ်လှန်ထိုးခြင်း မရှိကြဘူး၊ သူတို့ကလဲ သားကောင်း သမီးကောင်းလေးတွေ၊ ဘီလူးမကြီး ပြောတာလေး တွေကလဲ မှတ်သားစရာလေးတွေ။
ပိယော လောကေ သကော ပုတ္တော၊
ပိယော လောကေ သကော ပတိ။
တတော ပိယတရာ မယှံ၊
အဿ ဓမ္မဿ မဂ္ဂနာ။
လောကေ - သတ္တဝါတွေ ပေါလှ လောကကြီးထဲ၌။
သကော ပုတ္တော - မိမိ၏ သားသမီးကို။
ပိယော - မိဘတို့ တံထွာ အလွန်ပင် ချစ်အပ်ပါပေ၏။
သကော ပတိ - မိမိ၏ ခင်ပွန်းသည် ချစ်လင်ကို။
ပိယော - မယားတို့ တံထွာ ချစ်မြတ်နိုးအပ်ပါပေ၏။
မယှံ - အမေ၏ အဖို့ ပြောရလျှင်။
အဿ ဓမ္မဿ - ထို နိဗ္ဗာန်ဆိုတဲ့ တရားတော်မြတ်ကို။
မဂ္ဂနာ - မြတ်နိုးရှာဖွေခြင်းကို။
တတော - ထို သားသမီးချစ်၊ လင်သားချစ်ထက်။
ပိယတရာ - ပိုလွန်၍ပင် အလွန်လျှင် ချစ်မြတ်နိုးအပ်ပါတော့သတည်း။
အဲ-လောကမှာ အမေ့အဖို့ ပြောရလျှင် ငါ့သား ငါ့သမီး တွေကိုလည်းအမေ အင်မတန် ချစ်မြတ်နိုးတာပဲ၊ မင်းတို့ အဖေကိုလဲ ငါ အမေ အင်မတန် ချစ်မြတ်နိုးတာပဲ။
ဒါပေမယ့်ကွယ် - ဘုရားရှင်ကိုယ်တော်မြတ် တရားနာရတော့ အဲဒီ တရားတော် အပေါ်မှာ မြတ်နိုးခြင်း၊ တောင့်တခြင်းဟာဖြင့် မိဘချစ် သားသမီးချစ်ထက် မနှိုင်းဆနိုင်အောင် သာလွန်ပြီး ချစ်မြတ်နိုးပါတယ်လို့ ပြောကြားတယ်နော်။
အဲ့ဒါ တရားတော်ကို နိဗ္ဗာန်တရားတော်ကို ကောင်းတယ်ဆိုတာ ဒီအခိုက် ကောင်းကောင်း သိတယ်၊ သိနေတော့ အကြားနဲ့ကိုပဲ နှစ်သက်စွဲလမ်းမှုဟာ အင်မတန် အတိုင်းအဆ မရှိအောင် ဖြစ်ပွားနေတယ်။
ဒါကြောင့် ဒီစကားကို အဲ ခုနပြောတဲ့ ပုနဗ္ဗသုမာတာ ဆိုတဲ့ ဘီလူးမကြီးက မြေဘုတ်ဘီလူးမကြီးက ပြောတာ။
“န ဟိ ပုတ္တော ပတိဝါပိ” ဆက်ပြောတာ၊ ဆက်ပြောတာ၊ သားသမီးလေးတွေကို ဆက်ပြောတာ။ သားသမီးလေးတွေကလဲ အလိမ္မာလေးတွေ၊ သူတို့ကလဲ ဒီတရား အမေကြီးက ဒီလောက် မြတ်မြတ်နိုးနိုး ဖြစ်တယ်ဆိုတာနဲ့ သူတို့ကလဲ စိတ်ပါလာ သလို ဖြစ်လာ၊ အမေ့ အပြောနဲ့။
န ဟိ ပုတ္တော ပတိဝါပိ၊
ပိယော ဒုက္ခာ ပမောစယေ။
ယထာ သဒ္ဓမ္မဿဝနံ၊
ဒုက္ခာ မောစေတိ ပါဏိနံ။
သဒ္ဓမ္မဿဝနံ - သူတော်ကောင်းတို့ တရားစကားကို နာကြားရခြင်းသည်။
ပါဏိနံ - သတ္တဝါတို့ကို။
ဒုက္ခာ - ဒုက္ခဝဋ်ဆင်းရဲမှ။
မောစေတိ - လွတ်မြောက်အောင် ရွက်ဆောင်တတ်ပေ၏၊
တထာ - ထိုရှင်တော်မြတ်ဘုရား တရားတော်မြတ်က ဝဋ်ဒုက္ခမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်သလို။
သကော - မိမိ၏ ဥစ္စာဖြစ်တဲ့။
ပုတ္တောဝါ - သားသမီးသည်လည်း။
န,ပမော စယေ - ဒုက္ခဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းငှာ မတတ်နိုင်ပါပေ။
ပတိဝါပိ - မိမိချစ်တဲ့ လင်ကလည်း။
န,မောစယေ - တရားတော်က ဒုက္ခမှ လွတ်မြောက်စေသလို လွတ်မြောက်ခြင်းငှာ မတတ်နိုင်ပါပေတကား။
အဲ- သားလေးတွေကိုပြောပြတယ်၊ တရားတော်က ဒုက္ခခပ်သိမ်း လွတ်မြောက်စေတဲ့ တရား၊ နာရင်းနဲ့ သိတယ်၊ ပါရမီရှင်ဆိုတာ ဒီလိုပဲ၊ တရားနာရင်းနဲ့ သိတယ်၊ ဒီတရားဟာ တကယ်ဒုက္ခမှ ဒုက္ခခပ်သိမ်းမှ လွတ်မြောက်စေတတ်တဲ့တရား။
တို့ သားတွေ သမီးတွေ လင်သားတွေဆိုတာ ဒုက္ခမှ လွတ်မြောက်စေတဲ့ တရား မဟုတ်ဘူး၊ ဒုက္ခ ဖန်တီးတတ်တဲ့ တရားတွေဆိုတာ တရားနာရင်းနဲ့ ကောင်းကောင်း သဘောပေါက်သွားတယ်။
သဘောပေါက်သွားတော့ အင်မတန် တရားထဲ စွဲလမ်းခဲ့တယ်၊ ဒါ အသိရှိလို့၊ လောကမှာ အသိမရှိရင် “မကောင်း-အကောင်း” ထင်တယ်၊ “အကောင်း-မကောင်း” ထင်တယ်၊ အကောင်းကို အကောင်းမှန်း မသိဘူး၊ မကောင်းကို မကောင်းမှန်း မသိဘူး။
အဲ - လောကမှာ မသိရင် ဒီလိုချည်းပဲ၊ သိမှ၊ သိမှ၊ သိရင် လောကကြီးဆိုတာ အလကားပဲ။ နိဗ္ဗာန်မှ တကယ့်ကိုယ့် အကျိုးစီးပွား ဆောင်ရွက်မယ့် တရား၊ လောကကြီးမှာ တွယ်တာနေကြတယ်၊ ဘုန်းကြီးတို့ ကြားဖူးတာလေး တစ်ခု ပြောရဦးမယ်။
ရှေးတုန်းက အောက်ပြည်က ကုန်သည်တွေ ဟိုအထက် အညာ ကုန်ကူး သွားကြတယ်၊ အောက်ပြည်က ဆိုပေမယ့် ဘုန်းကြီးတို့ ဒီအောက်ကို ပြောတာ မဟုတ်ဘူး၊ သူတို့ အထက်မှာလဲပဲ အထက် အထက်ချင်း အောက်အထက်ဆိုတာ ရှိတယ်၊
အောက်ပြည်ကုန်သည်တွေ အထက်အညာ ကုန်ရောင်း သွားကြတဲ့အခါကျတော့ ညမိုးချုပ်တော့ ရွာတစ်ရွာ ရောက်တော့ အိမ်တစ်အိမ်မှာ တည်းခိုကြ၊ အဲဒီ အိမ်တစ်အိမ်မှာ တည်းခိုကြတဲ့ အခါကျတော့ မီးကလည်း ခပ်မှိန်မှိန် ထမင်း ကျွေးတော့ ဟင်းတွေ ဘာတွေကို သေချာလဲ သူတို့ မြင်ရကြရတာ မဟုတ်ဘူး။
ည ထမင်းစားနေတုန်း ဟင်းချိုတစ်ခုဟာ အင်မတန် ကောင်းတယ်၊ ချိုလိုက်တာ၊ ချိုလိုက်တာ ဆိုပြီးတော့ စားလိုက်ကြတာ၊ စားပြီးတဲ့ အခါကျတော့ အမှတ်တမဲ့ မမေးမိသေးဘူး၊ အဲ- မနက်လင်းတဲ့ အခါကျတော့မှ အိမ်ရှင်တွေကို မေးတယ်။
ညက ခင်ဗျားတို့ ထမင်းကျွေးတဲ့ အထဲက ဟင်းတစ်ခုဟာ အင်မတန်ချိုတာပဲ၊ အဲဒီဟင်း ဘာဟင်း ဆိုတော့ “ဟာ-ဒီဟင်းက တခြားဟုတ်ရိုးလား၊ ခင်ဗျားတို့ အောက်ဆီမှာ တီကောင် ခေါ်တဲ့ အကောင်တွေဟင်းပဲ ဆိုသတဲ့၊ ဒီတော့မှ အန်လိုက် ကြတာတဲ့။
အဲ-လောကမှာ မသိရင် ကောင်းတာပဲ၊ သိရင် ဘာမှ မကောင်းဘူး၊ အဲဒီတော့ လောကစည်းစိမ်တွေ၊ လောကချမ်းသာတွေ၊ နိဗ္ဗာန်နဲ့ တစ်ဘက်တစ်လမ်း ဖြစ်ရတဲ့ လောက စည်းစိမ်တွေ၊ လောက ချမ်းသာတွေဆိုတာ မသိကြတဲ့ ပုဂ္ဂိုလ်တွေ ကောင်းနေတာ၊ သိကြတဲ့ ပုဂ္ဂိုလ်အဖို့မှာတော့ အကောင်းရယ်လို့ ဘာမှမရှိဘူး။
“ဗဟုဒုက္ခော ဗဟုပါယာသော အာဒီနဝေါ ဧတ္ထ ဘိယျော”
ဧတ္ထ - ဤလောက ကာမဂုဏ် ဆိုတဲ့ တရားတွေ၌။
ဗဟုဒုက္ခော - ဒုက္ခတွေကသာ များလှပါပေ၏။
ဗဟုပါယာသော - ပူပင် စရာတွေကသာ များလှပါပေ၏။
အာဒီနဝေါ - အပြစ်တွေကသာ။
ဘိယျော - အကျိုးဆိုတဲ့ ချမ်းသာဆိုတဲ့ အရာထက် အဆပေါင်း များစွာ သာလွန်လျက် ရှိပါပေ၏။
ဆိုတဲ့အတိုင်း လောကချမ်းသာတွေ ဆိုတာက မိမိတို့က တဏှာခံလေးရှိ၊ အဝိဇ္ဇာအခံလေး ရှိတော့ မသိ၊ မသိတော့ အကောင်း ထင်နေတယ်၊ အဲဒီတဏှာ ကင်းကြတဲ့၊ အဝိဇ္ဇာကင်းကြတဲ့၊ အမှန်သိမြင်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်မှာတော့ တကယ့် ဘေးကြီးတွေ၊ တကယ့်ရန်ကြီးတွေ၊ တကယ့် အန္တရာယ်ကြီးတွေ။
ဒါကြောင့် လောကမှာ မသိကြလို့ ကောင်းတယ်၊ သိကြရင် မကောင်းဘူး၊ နိဗ္ဗာန်ဘက်ကျတော့ အရိယာတွေက သိလို့ ကိုယ်တွေ့ရှိလို့ ကောင်းကြတယ်၊ ပုထုဇဉ် တွေက ကိုယ်တွေ့မရှိ အသိမဝင် ကြောက်ဖွယ်ထင် အမြင်မှားကြတယ်။
ဒါကြောင့် အရိယာအမြင်နဲ့ ပုထုဇဉ်အမြင်က ယှဉ်မရ စပ်မရ ဖြောင့်ဖြောင့် ဆန့်ကျင်ကာ အလှမ်းဝေး ကွာလှတော့တယ်၊ အဲ့ဒီအချက်ပြတဲ့ ပါဠိတော်တွေ ဟောပြပါဦးမယ် -
သဒေဝကဿ လောကဿ၊
ဧတေ ဝေါ သုခသမ္မတာ။
ယတ္ထ စေတေ နိရုဇ္ဈန္တိ၊
တံ တေသံ ဒုက္ခသမ္မတံ။
ဧတေ - ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ဆိုတဲ့ ကာမဂုဏ်ဆိုတဲ့ တရားတွေကို။
သဒေဝကဿ - နတ်နှင့်တကွသော။
လောကဿ - တစ်လောကလုံးသည်။
သုခသမ္မတာ - ချမ်းသာဟုပင် အမြင်မှားလတ် သမုတ်အပ်ပါပေ၏။
အဲ.. ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို လောက တစ်လောကလုံးက နတ်ရော လူရော တစ်လောကလုံးက ချမ်းသာတယ်လို့ သမုတ်ထားကြတယ်။
ယတ္တ စေတေ နိရုဇ္ဈန္တိ၊ တံ တေသံ ဒုက္ခသမ္မတံ။
ယတ္တ - အကြင်နိဗ္ဗာန် ဆိုတဲ့ တရားတော်မြတ်၌။
ဧတေ - ထို ရူပ သဒ္ဒ စသည့် ကာမဂုဏ်တို့သည်။
နိရုဇ္ဈန္တိ - လုံးဝရုပ်သိမ်း၍ ချုပ်ငြိမ်းကြလေကုန်၏။
တံ စ - အငြိမ်းဓာတ်မှန် ထိုနိဗ္ဗာန်ကိုကား။
ဒုက္ခသမ္မတံ - သက်သက်ရှုတ်ချ ဒုက္ခဟူ၍ သမုတ်အပ်ပါပေသတည်း။
ပုထုဇဉ်တွေ အမြင် - ပုထုဇဉ်တွေ အမြင်တဲ့၊ ပုထုဇဉ် လောကကြီး၊ နတ်ပုထုဇဉ်၊ လူပုထုဇဉ်။ ပုထုဇဉ် မှန်သမျှ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ ကာမဂုဏ်တွေ။ အဲဒီ ကာမဂုဏ် တရားတွေကို ချမ်းသာလို့ သမုတ်ထားကြ၊ အဲဒီ ကာမဂုဏ်တွေ ချုပ်ငြိမ်းရာဖြစ်တဲ့ တကယ့် ချမ်းသာအစစ် ဖြစ်တဲ့ နိဗ္ဗာန်ကိုတော့ “ဒုက္ခသမ္မတံ” ဒုက္ခလို့ သမုတ်ထားကြ မကောင်းဘူးလို့ သမုတ်ထားကြတယ်။
လောကမှာ ဘဝများစွာ သံသရာက မိမိတို့ အထုံရလာကြတာက ကာမဂုဏ်တွေ၊ တရားအထုံ ရတာက နည်းနည်း၊ ကာမဂုဏ် အထုံရတာတွေက များလာ များလာတော့ ကာမဂုဏ် တွေကိုသာ နှစ်သက်ရမှန်းသိ ကာမဂုဏ်ထက် ကောင်းတဲ့ တရား ရှာမတွေ့ဘူး၊ ဒါကြောင့်မို့လို့ ကာမဂုဏ်မရှိတဲ့ အရာဆိုရင် ချမ်းသာလို့ မထင်ဘူး၊ ပုထုဇဉ်တွေရဲ့ စိတ်။
လောကမှာ အင်မတန် အာဟာရမက်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက် အချိုအချဉ် အငန် အစပ် အစရှိသော အရသာတွေ မက်မောနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ အဲဒီပုဂ္ဂိုလ်ကို “မင်း အာဟာရ သိဒ္ဓိပြီးစေတတ်တဲ့ ဆေးပေးမယ်၊ အဲဒီဆေး စားလို့ရှိရင် မင်း အစာတွေ ဘာမှ စားချင်တော့မှာ မဟုတ်ဘူး” ဆိုရင် အဲဒီလူဟာ လက်ခံမလား ဆိုတော့ လက်ခံမှာ မဟုတ်ဘူး။
ဘာဖြစ်လို့တုံး၊ သူက အရသာ အကောင်းကြိုက်တဲ့ ပုဂ္ဂိုလ်၊ အဲ .. စားရမှ ကျေနပ်မှာ မစားရဘဲ ပြီးနေတယ် ဆိုရင် လိုချင်မှာ မဟုတ်ဘူး။
အဲဒါလိုပဲ ပုထုဇဉ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလိုက ကာမဂုဏ်မှာသာ ကျက်စား ချင်တယ်၊ ကာမဂုဏ် ကင်းရာဌာနကို မလိုလားဘူး၊ အဲဒါကြောင့် လောကမှာ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ ဆိုတဲ့ ကာမဂုဏ် တရားတွေကို ချမ်းသာလို့ သမုတ်ထားကြတယ်၊
အဲဒီ ကာမဂုဏ် ကင်းရာ နိဗ္ဗာန်ကိုတော့ ပျင်းစရာကြီးလို့ ထင်တယ် ပျော်စရာလို့ မထင်ဘူး၊ အဲ ... ဒုက္ခလို့ ထင်တယ် ၊ ချမ်းသာလို့ မထင်ဘူး။ လောကမှာ စာမအံချင်တဲ့ ကလေး စာအံခိုင်းရင် ပျင်းသလို၊ စာဆိုတာက ကောင်းတာပဲ ကောင်းပေမယ့် သူ့အဖို့မှာတော့ စာအံပျင်းတာကိုး၊ သူကဆော့ချင်နေတာကိုး။
အဲဒါလိုပဲ ဘုန်းကြီးတို့ ကမ္ဘာ့ ကမ္ဘာမှာ ကျင်လည်ကြရတဲ့ သတ္တဝါတွေဟာ ကာမဂုဏ်က အထုံရ၊ ကာမဂုဏ် မရှိတဲ့ နေရာမှာဆိုရင် ကောင်းတယ် ဆိုပေမယ့် တယ်ပြီးတော့ မနေချင်ကြဘူး၊
အဲဒါကြောင့် နိဗ္ဗာန် ရရပါလို၏ဟု ဆုတောင်းတဲ့ ဒါယကာကြီးကို “ကဲ... နိဗ္ဗာန်လိုချင် လိုက်ခဲ့လို့ ဆိုတော့ မယား တိုင်ပင် ပါရစေဦး” လို့ ဖြစ်လာတယ်၊ မယားတိုင်ပင်လို့ မယားက “ဟာ ... ရှင်လာပြီး တိုင်ပင်နေရသေးလား၊ နိဗ္ဗာန်ဆိုတာ အကောင်းပဲ၊ လိုက်သွားပေါ့ လို့” ဆိုတော့၊ “ဟ... နင့်မှာ သားသမီးတွေ နဲ့စဉ်းစားဦး” လို့ ဆိုသတဲ့။
“ဟာ ... ကျွန်မ စဉ်းစားစရာ မလိုဘူး၊ နိဗ္ဗာန်ဆိုတာ အင်မတန် ကောင်းတာ သား သမီးတွေ တာဝန်ထမ်းနိုင်ပါတယ်၊ လိုက်သာ လိုက်သွားပါ” ဆိုတော့ “အေး... နင်မစဉ်းစား ငါ စဉ်းစားဦးမယ်” လို့ ဆိုသတဲ့၊ ကြားဖူးကြမှာပဲ အဲသလိုနော်။
ဒါကြောင့် နိဗ္ဗာန်ကို အများ ပုထုဇဉ်၊ ကာမဂုဏ်ကြိုက်တဲ့ ပုထုဇဉ်တွေက ဒုက္ခသမ္မတံ - ဒုက္ခလို့ သမုတ်ထားကြတယ်၊ ငြီးငွေ့စရာကြီး ပျင်းစရာကြီး ဘာအာရုံမှ ခံစားစရာမရှိဘူး၊ အဲသလို သမုတ်တယ်၊ အဲဒီတော့ ဒါ ပုထုဇဉ်တို့ ရဲ့ အမြင်။
သုခံ ဒိဋ္ဌ’မရိယေဟိ၊
သက္ကာယဿ နိရောဓနံ။
ပစ္စနီက 'မိဒံ ဟောတိ၊
သဗ္ဗလောကေန ပဿတံ။
သက္ကာယဿ - ခန္ဓာငါးပါးဆိုတဲ့ သက္ကာယ တရား၏။
နိရောဓနံ - ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို။
အရိယေဟိ - အရိယာခေါ်တဲ့ တကယ်ဖြူစင်တဲ့ ပုဂ္ဂိုလ်တို့သည်။
သုခံ - တကယ်ချမ်းသာအစစ်ဖြစ်၏ ဟူ၍။
ဒိဋ္ဌံ - ကောင်းစွာ တတ်အပ် သိမြင်အပ်ပါပေ၏။
အရိယာသခင် အရှင်မြတ်တို့ ကတော့ နိဗ္ဗာန်ကို ရထားတဲ့၊ အရိယာပုဂ္ဂိုလ်တွေက အဲဒီသက္ကာယ ခေါ်တဲ့ ခန္ဓာငါးပါးရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကို ချမ်းသာအစစ်လို့ မြင်ကြတယ်။ အဲဒီတော့ ပုထုဇဉ်တွေက ငြီးငွေစရာကြီး ပျင်းစရာကြီး နိဗ္ဗာန်ကိုမြင်ရတဲ့ အရိယာပုဂ္ဂိုလ်တွေက တကယ့်ချမ်းသာလို့ မြင်ရတယ်။
ပစ္စနီကမိဒံ ဟောတိ၊ သဗ္ဗလောကေန ပဿတံ။
ဣဒံ - ဤအများ ပုထုဇဉ်တွေက မခင်မင် မနှစ်သက်တဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကို။
ပဿတံ-ပဿန္တာနံ - မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အမှန် မြင်သိကြတဲ့ အရိယာပုဂ္ဂိုလ် တို့အဖို့။
သဗ္ဗလောကေန - ကိလောသာထု သလ္လာတွေဖုံး တစ်လောကလုံးနှင့်။
ပစ္စနီကံ - အမြင်နှစ်ဝ ယှဉ်မရဘဲ လုံးဝဆန့်ကျင် ပြောင်းပြန်ပင်။
ဟောတိ- မုချမသွေ ဖြစ်ပါပေသတည်း။
အဲ ... ပုထုဇဉ်တွေက အမှားလို့ မြင်ထားတဲ့ နိဗ္ဗာန်ကြီး ငြီးငွေ့စရာ ပျင်းစရာကြီးလို့ မြင်နေကြတဲ့ နိဗ္ဗာန်ကြီးကို၊ အဲ... ဒုက္ခကြီးလို့ မြင်နေကြတဲ့ နိဗ္ဗာန်ကြီးကို အဲဒီ နိဗ္ဗာန် မြင်ထားတဲ့ အရိယာသခင် အရှင်မြတ်တို့ အဖို့ကတော့ တကယ် ချမ်းသာလို့ မြင်ကြရတယ်။
အဲဒီတော့ ပုထုဇဉ်နဲ့ အရိယာအမြင်ဟာ ကျောချင်းကပ် ပြေးသလို အင်မတန် ဝေးကွာလှပါတယ်၊ တကယ့် ဖြောင့်ဖြောင့် ဆန်ကျင်ဘက်ကြီး ဖြစ်နေတယ်၊ အရိယာတွေက ချမ်းသာလို့ မြင်တဲ့ နိဗ္ဗာန်ကို ပုထုဇဉ်တွေက ငြီးငွေ့စရာလို့ မြင်တယ်။
ဒါ နိဗ္ဗာန်အကြောင်း ဘုန်းကြီး နည်းနည်းပြောပြ လိုက်ရတာပဲ။ ခုနက ပုနဗ္ဗသုမာတာ ဆိုတဲ့ မြေဘုတ်ဘီလူးမကြီးက သားကလေးတွေကို နိဗ္ဗာန်တရား ကောင်းပုံကို ပြောပြပြီးတော့ သူတို့ ကျေနပ်အောင် ချော့မော့ပေး သူတို့ကလဲ ပါရမီရှင်လေး တွေဆိုတော့ မိခင်ကြီးချော့မော့တဲ့ အတိုင်း အေးအေးငြိမ်ငြိမ်လေး နေကြ။
န ဟိ ပုတ္တော ပတိဝါ ပိ၊
ပိယော ဒုက္ခာ ပမောစယေ။
ယထာ သဒ္ဓမ္မဿဝနံ၊
ဒုက္ခာ မောစေတိ ပါဏိနံ။
သဒ္ဓမ္မဿဝနံ - နိဗ္ဗာန်ခေါ် အမြတ်တရား မှတ်သား နာယူရခြင်းသည်။
ပါဏိနံ - သတ္တဝါအပေါင်းတို့၏။
ဒုက္ခာ - ကြုံရသမျှ ဝဋ်ဒုက္ခအပေါင်းမှ။
မောစေတိယထာ - မဂ်ပေါက် ဖိုလ်ရောက် လွတ်မြောက်စေဘိ သကဲ့သို့။
ပိယော - မျိုထားမတတ် ချစ်ခင်အပ်သော။
ပုတ္တောဝါ - သားနှင့်သမီး ရှုမငြီးသည်လည်းကောင်း။
ပတိဝါပိ - ခင်ပွန်းသည်တစ်ပါး လင်ယောက်ျားသည်လည်းကောင်း။
ဒုက္ခာ - ကြုံနေရတဲ့ ဒုက္ခအဆိုး အမျိုးမျိုးမှ။
နမော စယေ - လွတ်စေဖို့ရာ မဖြစ်စေနိုင်ပါပေတကား။
အေး... နိဗ္ဗာန်တရားတော်ကြီး နာရခြင်းဟာ ဒုက္ခခပ်သိမ်း ပျောက်ငြိမ်းစေသလို သားသမီးကလဲ ဒုက္ခခပ်သိမ်း ပျောက်ငြိမ်းစေတာ မဟုတ်ဘူးကွယ့်၊ လင်သားဖြစ်တဲ့ ပုဂ္ဂိုလ်ကလဲ ဒုက္ခခပ်သိမ်း ပျောက်ငြိမ်းစေတာ မဟုတ်ဘူးကွယ့်။
ပျောက်ငြိမ်းအောင် ဆောင်ရွက်ပေးနိုင်တာ မဟုတ်ဘူး လို့ သားကလေးတွေကို ဖျောင်းဖျ ပြောဆိုနေတယ်။
လောကေ ဒုက္ခပရေတသ္မိံ ဇရာ မရဏ သံယုတေ။
ဇရာ မရဏ မောက္ခာယ၊ ယံ ဓမ္မံ အဘိသမ္ဗုဓံ။
တံ ဓမ္မံ သောတု မိစ္ဆာမိ၊ တုဏှီ ဟောဟိ ပုနဗ္ဗသု။
ဒုက္ခပရေတသ္မိံ - ဒုက္ခမျိုးစုံဖြင့် နှိပ်စက်ခံနေရသော။
ဇရာ မရဏ သံယုတေ - အိုခြင်း သေခြင်း ဆိုတဲ့ တရားတွေနဲ့ ယှဉ်နေလျက်ရှိသော။
လောကေ - သတ္တဝါပေါ လောကအတွင်း၌။
ဇရာ မရဏ မောက္ခာယ - ဇရာ မရဏ တရားမှ ကင်းလွတ်ခြင်းငှာ။
ယံ ဓမ္မံ - အကြင် နိဗ္ဗာန် ဆိုတဲ့ တရားတော်မြတ်ကို။
အဘိသမ္ဗုဓံ၊ ရှင်တော်မြတ်ဘုရား ထိုးထွင်း၍ သိတော်မူအပ်၏။
တံ ဓမ္မံ - ထို နိဗ္ဗာန် ဆိုတဲ့ တရားတော်ကို။
သောတုံ - နာကြားခြင်းငှာ။
အဟံ - မိခင်ကြီးဖြစ်တဲ့ ငါသည်။
ဣစ္ဆာမိ - အလိုရှိပါ၏။
ပုနဗ္ဗသု - ချစ်သား။
ပုနဗ္ဗသု။ တုဏှီ ဟောဟိ - အသံတိတ်၍ ဆိတ်ဆိတ်နေကာ ငါ အမေကို ကူညီပါလေလော့။
အဲ ... လောကကြီးမှာ ဒုက္ခပြွမ်းနေတဲ့ လောကကြီးထဲ၊ အဲ့ဒီ လောကကြီးမှာ တို့တစ်တွေ တကယ့် ဒုက္ခကြီး ကြုံနေရတဲ့ ပုဂ္ဂိုလ်တွေ၊ အဲ့ဒီ ဒုက္ခပျောက်ကြောင်း တရားကို ရှင်တော်မြတ်ဘုရား ဟောနေတယ်၊ ဒါကြောင့် အဲ့ဒီ တရားကို တို့ နာကြပါစို့၊ တိတ်တိတ်နေပါလို့ ဆိုတော့၊ အဲ့ ဒီတင် သားကလေးတွေကလဲ အလိုလိုက်ပြီး ဆိတ်ဆိတ်နေတယ်။
အမ္မ န ဗျာဟရိဿာမိ၊
တုဏှှီ ဘူတာယမုတ္တရာ။
ဓမ္မမေဝ နိသာမေဟိ၊
သဒ္ဓမ္မဿဝနံ သုခံ။
အမ္မ - တရားချစ်ခင် အိုမိခင်။
အဟံ - ကျွန်တော်သည်။
နဗျာဟရိဿာမိ - ဆိတ်ဆိတ်နေကာ စကားမပြောတော့ပါ။
အယံ ဥတ္တရာ - ဤညီမလေး ဥတ္တရာကလဲ။
တုဏှီဘူတာ - အသံ တိတ်တိတ် ဆိတ်ဆိတ် နေခဲ့ပါပြီ။
ဓမ္မမေဝ - မိခင်လိုလား နိဗ္ဗာန်ဆိုတဲ့ တရားတော်ကိုသာ။
နိသာမေဟိ - ထောင်နားစိုက်ကာ အလိုရှိတိုင်း နာပါတော့။
သဒ္ဓမ္မဿဝနံ - တရားတော်ကို ကြားနာရခြင်းမှာ။
သုခံ - ချမ်းသာခြင်းအကြောင်း ကောင်းလှပါပေသတည်း။
ပုနဗ္ဗသု ဆိုတဲ့ သားကလေးက မိခင်ကြီးကို ပြောတယ်၊ အမေ ကျွန်တော်စကား မပြောတော့ပါဘူး၊ ဟော့ဒီ ညီမလေး ဥတ္တရာကလဲ တိတ်တိတ်ကလေး နေပါပြီ၊ တရားတော်ကို ကောင်းကောင်းနာပါ၊ တရားတော်နာရခြင်းဟာ ချမ်းသာခြင်း အကြောင်း ဖြစ်ပါတယ်။
သဒ္ဓမ္မဿ အနုညာယ၊
အမ္မ ဒုက္ခံ စရာမသေ။
အမ္မ - မိခင်ကြီး။
သဒ္ဓမ္မဿ - သူတော်ကောင်း တရားကို။
အနုညာယ - မနာရဘိ မသိကြကုန်၍။
မယံ - ကျွန်တော်တို့သည်။
ဒုက္ခံ - ဆင်းဆင်း ရဲရဲ၊ မွဲမွဲတေတေ။
စရာမသေ - ကြုံနေရချေ ဖြစ်နေရပါပေသတည်း။
အဲဒီနောက် မိခင်မြေဘုတ် ဘီလူးမကြီးက သားနဲ့သမီး ကလေးတို့အား ချီးကျူး စကား၊ ဝမ်းမြောက်စကား မြွက်ကြားတယ်၊ ဘီလူးမကြီး ချီးကျူးပုံကလေးလဲ နာလိုက်ကြဦး။
သာဓု ခေါ ပဏ္ဍိတောနာမ၊
ပုတ္တော ဇာတော ဥရေသယော။
ပုတ္တော မေ ဗုဒ္ဓသေဋ္ဌဿ၊
ဓမ္မံ သုဒ္ဓံ ပိယာယတိ။
ဥရေသယော - အမေ့ရင်ထဲ မှီစွဲ ကိန်းဝပ်ခဲ့သော။
ဇာတော - အလေးထားစရာ မွေးဖွားလာခဲ့သော။
ပုတ္တော - သားကောင်းတစ်ယောက် ကျောက်ကောင်း ရတနာသည်။
ပဏ္ဍိတော နာမ - သားထူးဆိုလောက် ပြောင်မြောက်ခဲ့ဘိ ပညာရှိဖြစ်ခဲ့ရာ။
သာဓု ခေါ - ကောင်းစွ ကောင်းစွ အားရဖွယ်တကား။
မေ - မိခင်ငါ၏။
ပုတ္တော - ရတနာတစ်ပါး သားကောင်း ရင်နှစ်သည်။
ဗုဒ္ဓသေဋ္ဌဿ - အမြတ်တပါး မြတ်ဘုရား၏။
သုဒ္ဓံ - အပြစ်ကင်းလျက် သန့်ရှင်းစင်ကြယ်သော။
ဓမ္မံ - သစ္စာလေးပါး တရားအမှန်ကို။
ပိယာယတိ - သိလတ်မြင်လတ် ချစ်မြတ်နိုးတတ်ပါပေသတည်း။
ကဲ ဘယ်လောက် ကောင်းသလဲ၊ ဘီလူးမကြီး သားအတွက် ဝမ်းမြောက် ဝမ်းသာ အနုမောဒနာပြုပုံ၊ မိမိက နိဗ္ဗာန်မြင်ရ သောတာပန်ဖြစ်လို့ ဝမ်းသာရတဲ့အထဲ သားကလေးကလဲ မမျှော်လင့်ဘဲ သောတာပန် ဖြစ်ရတော့ ဝမ်းမြောက်မဆုံး တပြုံးပြုံးပေါ့။
တကယ်ချီးမွမ်းထိုက်တဲ့ သားကလေးပဲ၊ မိမိတို့သားအမိ ဝမ်းသာခြင်းကို သမီး ကလေး ဥတ္တရာအားလဲ ခွဲဝေပေးလိုက်သလို ဆက်ပြီး အားပေးပြောကြားပုံ ကလေးကိုလဲ ဟောလိုက်ဦးမယ်။
ပုနုဗ္ဗသု သုခီဟောဟိ၊
အဇ္ဇာဟံမှိ သမုဂ္ဂတာ။
ဒိဋ္ဌာနိ အရိယသစ္စာနိ၊
ဥတ္တရာပိ သုဏာတု မေ။
အဇ္ဇ - ယနေ့ ယခု။
အဟံ - ငါ မိခင်သည်။
သမုဂ္ဂတာ - ဝဋ်ဆင်းရဲမှ ကင်းလွတ်ရသည်။
ဝါ - သာသနာ စခန်းပွဲ အတန်း မြင့်ခဲ့ရသည်။
အမှိ - ဖြစ်ရပါပေ၏။
ပုနဗ္ဗသု - သားကလေး ပုနဗ္ဗသု။
တွံ - အမေ့သားချစ်သည်။
သုခီ ဟောဟိ - ကိုယ်စိတ်ရွှင်လန်း ချမ်းသာပါစေသော်။
အရိယသစ္စာနိ - အရိယာတို့ မြင်ထား အမှန်တရား သစ္စာတို့ကို။
ဒိဋ္ဌာနိ - သားရော အမေပါ သေချာတိတိ ကိုယ်တွေ့သိအပ်ပါကုန်၏။
မေ - မိခင် ငါ၏။
ဥတ္တရာပိ - သမီးချစ် ရတနာ ဥတ္တရာသည်လည်း။
သုဏာတု - ငါတို့ နှစ်ယောက် လေးသစ္စာ အမြင်ပေါက်သည်ဟု ယခုပင်လျှင် ကြားစေချင်လှပါပေသတည်း။
သားကလေး ပြောပုံက ဘယ်လောက် လိမ္မာတုံးဆို၊ အဲ့ ဒီလောက် ကလေးလေးက ဒီလို တရားသဘောတွေ ပြောနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်၊ အမှန်ကတော့ ဘုန်းကြီးတို့ ပါရမီရှင်တွေ တစ်ခါ တစ်ခါတော့ ထူးခြားတယ်။ သူတစ်ပါး မသိတာ သိတယ်၊ သူတစ်ပါး မမြင်တာ မြင်တယ်၊ သူတစ်ပါး မပြောနိုင်တဲ့စကား ပြောနိုင်တယ်။
လောကမှာ လက်ရှိကလေးတွေ တချို့ ဉာဏ်အလွန် ထက်တယ်၊ သူတို့က လူကြီးတွေထက် ပိုမြင်ချင်သေးတယ်၊ အဲ့ဒါကြောင့်မို့လို့ သူက မိခင်ကြီးကို ပြောနိုင်တာ။ သူက တရားသဘောနဲ့ ပြောဆိုညွှန်ကြား မိခင်ကြီးကို ပေးတယ်။
အဲ့ဒါနဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကလဲပဲ သူတို့ရဲ့ အဇ္ဈာသယ အတွင်းဓာတ်ခံကို မြင်ရတော့ တရားကလေး ပြောင်းပေးလိုက်တယ်။ နိဗ္ဗာန်တရားကနေပြီးတော့ သစ္စာလေးပါး တရားပြောင်းပေးလိုက်တဲ့ အခါကျတော့ မိခင်ကြီးဟာ သောတာပတ္တိ မဂ် သောတာပတ္တိဖိုလ် ဆိုက်ရောက်သွားတယ်။
မိခင်ကြီးတင် မကဘူး သားဖြစ်တဲ့ ပုနဗ္ဗသုကလဲပဲ သောတာပတ္တိမဂ်-သောတာပတ္တိဖိုလ် ဆိုက်ရောက်သွားတယ်။
သားအမိနှစ်ယောက် သောတာပတ္တိမဂ် သောတာပတ္တိဖိုလ် ဆိုက်ရောက်သွားတယ်၊ သမီးကလေးကတော့ သောတာပတ္တိမဂ်-ဖိုလ် ဆိုက်ရောက်ဖို့ရာ ဥပနိဿယခေါ်တဲ့ ရှေးအကြောင်း ကောင်းမှုတော့ရှိတဲ့ ပုဂ္ဂိုလ်လေးပဲ။
သို့သော်လဲပဲ အရွယ်က အင်မတန် ငယ်လွန်းသေးတော့ သူကတော့ သောတာပတ္တိမဂ်-ဖိုလ်ကို မရောက်ဘူး၊ မိခင်ကြီးဖြစ်တဲ့ ပုနဗ္ဗသုမာတာဟာ မဂ်-ဖိုလ် ရသွားတော့ သားကလေး ပုနဗ္ဗသုနဲ့ အမေပုနဗ္ဗသု သောတာပတ္တိမဂ်-ဖိုလ်ကို ရသွားတဲ့ အခါကျတော့၊ နဂိုက သူတို့ ဘဝဟာ၊ တစ်ခါတည်း ပြောင်းလဲသွားတယ်။
သူတို့ ဘဝဟာ အင်မတန် ယုတ်ညံ့တဲ့ ဘဝ၊ သူ တစ်ပါးပစ်ထားတဲ့ အညစ် အကြေးတွေ ရှာဖွေစားသောက်ရတဲ့ ဘဝ၊ ပြီးတော့-ခန္ဓာကိုယ် ကြည့်လိုက်ပြန်ရင် လဲပဲ ပွေးတွေလို ဝဲတွေလို ခြောက်ကပ်လို့ အဲ့ဒီလို အမြင်မလှ မြင်မကောင်း ရှုမကောင်းတဲ့ ဘဝ၊ အဲ့ဒီဘဝမှ ချက်ချင်း ပြောင်းသွားတယ်၊ သောတာပန် တည်သွားတော့ ဘဝ ပြောင်းသွားတယ်။
အဲ့ဒီအမြင်မလှတဲ့ အမြင်ဆိုးတဲ့ အသားအရေ မကောင်းမှုတွေ ဘာတွေ ပြောင်းလဲပြီးတော့၊ နတ်အသွင်-နတ်ရုပ် အဖြစ်မျိုးနဲ့ ရှုချင်ဖွယ်၊ နှစ်သက်ဖွယ် အဖြစ်သို့ ဆိုက်ရောက်ရတယ်၊ သားအမိ နှစ်ယောက်စလုံး သမီးကလေးကလဲ မဂ်-ဖိုလ် မရပေမယ့် ၊ မိဘ စည်းစိမ်ချမ်းသာ တိုးတက်လာပြီဆိုရင် သားသမီး တွေလဲ အဲ့ဒီ စည်းစိမ်ချမ်းသာကို ခံစားရသလို သမီးလေးကလဲ မိဘတွေရဲ့ ဘုန်းရိပ် မှီပြီးတော့ သူကလဲပဲ အဲ့ဒီ စည်းစိမ် ချမ်းသာကို ခံစားသွားရတယ်တဲ့။
တရားကတော့ မဆုံးသေးဘူး၊ ဆက်ရန်ရှိသေးတယ်၊ ၁၀-နာရီလဲ ထိုးပြီ၊ အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နိဗ္ဗာန်တရားတော်ကိုတော့ အင်မတန် လိုလားတဲ့ ဆန္ဒတရား ကြိုးစားပြီး ထားကြ၊ တရားနာဖို့ရာလဲ မပျင်းကြနဲ့၊ တရားနာခြင်းဟာ အင်မတန် ကျေးဇူးများတယ်၊ ဒါ့ကြောင့် တရားကို ကြိုးစားပြီး နာနိုင်ကြပါစေ။
တရားကြိုးစားပြီး နာနိုင်ကြပြီးတော့ ကာမဂုဏ် တရားတွေရဲ့ အပြစ် မြင်နိုင်ကြပါစေ၊ ကာမဂုဏ်တရားတွေရဲ့ အပြစ် မြင်ကြပြီးတော့ ကာမမှ ထွက်မြောက်ကြောင်း နေက္ခမ္မ ဆိုတဲ့ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားတွေ ရကြပြီးတော့၊ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာကြီးကို လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြပါစေကုန်သတည်း။
သာဓု ... သာဓု ... သာဓု …
နိဗ္ဗာန်ချမ်းသာ တရားတော်
▬▬▬▬▬▬▬▬▬▬
နမော တဿ ဘဂဝတာ အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁၃၄၇ -ခုနှစ်၊ ဝါခေါင်လဆုတ် ၈-ရက်
အဲ-ဘုန်းကြီး အရင်အပတ်က ကာမဂုဏ် ချမ်းသာနဲ့ တကယ့် နိဗ္ဗာန် ချမ်းသာ ကွာခြားမှု မာဂဏ္ဍိယ သုတ္တန်ကြီး ဟောခဲ့တယ်။ ဒီနေ့လဲပဲ အဆက် နိဗ္ဗာန်နှင့် စပ်တဲ့ တရားပဲ ဟောရမှာပဲ။
ဒီတော့ နိဗ္ဗာန်ဆိုတဲ့ တရားက “စတုမဂ္ဂဉာဏေန သစ္ဆိ ကာတဗ္ဗံ” စတုမဂ္ဂဉာဏေန - မဂ် ဉာဏ်လေးပါးဖြင့်၊ သစ္ဆိကာတဗ္ဗံ - မျက်မှောက် ပြုအပ်သော၊ နိဗ္ဗာန်ဆိုတာ မဂ်ဖိုလ် တရားရမှ နိဗ္ဗာန်ကို မြင်ရတယ်၊ တွေ့ရတယ်၊ မဂ်ဖိုလ် နိဗ္ဗာန် မရသေးဘဲနဲ့ နိဗ္ဗာန်ကို မတွေ့နိုင်ဘူး။
သို့သော်လဲပဲ သာမန် ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာ နိဗ္ဗာန်ဆိုတာ တွေ့လို့ မရပေမယ့် တကယ်ထူးခြားတဲ့ ပုဂ္ဂိုလ်တွေ၊ ဗဟုသုတများတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ နိဗ္ဗာန်ကို အမှန်အားဖြင့် အာရုံပြုပြီးတော့ ကြည်ညိုနိုင်ကြတယ်။
ဒီတော့ နိဗ္ဗာန်တရား ဘယ်လို ရှိတယ်ဆိုတာ တကယ့် အမှန်သိဖို့ကတော့ ကိုယ်တွေ့ နိဗ္ဗာန်ရောက်ကြတဲ့ အရိယာတို့သာ သိနိုင်တယ်၊ ထူးခြားတဲ့ ကလျာဏပုထုဇဉ် ခေါ်တဲ့ ပုထုဇဉ် အထက်တန်စား ပုထုဇဉ်ကျတော့ ကိုယ်တွေ့မမြင်ရပေမယ့် ကျမ်းဂန်စာပေ အရလည်းကောင်း၊ ထိုထို ဆရာ့ ဆရာတွေ ဟောကြားတဲ့ ဒေသနာတော်အရ လည်းကောင်း ၊ မှန်းနိုင်တယ် သိနိုင်တယ်။
အဲ့ဒါနဲ့စပ်ပြီးတော့ ဘုန်းကြီးတို့ ရှေးဘုရားရှင်လက်ထက်တော်က ဘိက္ခုနီမလေး တစ်ယောက်အကြောင်း ဟောရမယ်။
အာဠဝိကာဘိက္ခုနီမ၊ အာဠဝိကာဆိုတာ မြို့အစွဲပြုပြီးတော့ အမည်ရတဲ့ ဘိက္ခုနီ မလေး၊ အာဠဝီပြည်ဆိုတာ ရှိတယ်၊ အဲဒီ အာဠဝီပြည်က ဘိက္ခုနီမလေးမို့လို့ အာဠဝိကာ တဲ့၊ ၊ အာဠဝီ ပြည်သူ ဘိက္ခုနီမလေး။
တစ်နေ့ သာဝတ္ထိပြည် ဆွမ်းခံကြွ၊ ဆွမ်းခံကြွ၊ ဆွမ်းခံကြွပြီးတော့ ဆွမ်းခံပြန်... ဆွမ်းကိစ္စပြီးတဲ့ အခါကျတော့၊ သာဝတ္ထိနဲ့ မနီးမဝေး ၊ အန္ဓဝန်ဆိုတဲ့ တောကြီးထဲ သွားပြီးတော့ ဝိဝေက အရသာ ခံစားနေတယ်။
ဝိဝေက အရသာဆိုတာ ဆိတ်ငြိမ်တဲ့ အရသာ ခံစားတာ၊ ရှေးအခါက အဲဒီတောကြီးထဲ ရဟန်းတော်တွေ ဘိက္ခုနီမတွေ ထွက်သွားပြီးတော့ နေ့လယ် နေ့ခင်းအခါ သမာပတ်ဝင်စားလို့ ဈာန်ဝင်စားလို့ အဲသလို ဝိဝေကဆိုတဲ့ ကိလေသာတို့မှ ဆိတ်ငြိမ်တဲ့ အရသာ ခံစားကြတယ်။
အဲသလို ခံစားကြတဲ့ အစဉ်အလာအရ အဲဒီ ဘိက္ခုနီမ လေးဟာလဲပဲ အဲဒီ အန္ဓဝန်တောကြီးထဲ သွားပြီးတော့ သီတင်းသုံးတယ်။
သစ်ပင်ရင်း တစ်ခုမှာ ထိုင်ပြီးတော့ သမာပတ် ချမ်းသာဖြင့်၊ ချမ်းသာခံတယ်၊ သမာပတ်ချမ်းသာဆိုတော့ ဘုန်းကြီးတို့ ဖလသမာပတ် ချမ်းသာဆိုရင် နိဗ္ဗာန်ကို အာရုံယူပြီးတော့ နိဗ္ဗာန်အရသာ ခံစားတယ် ခေါ်တယ်၊ အဲ့သလို နေတုန်း သမာပတ် ချမ်းသာ ခံစားနေတုန်း တစ်နေရာကနေပြီးတော့ အသံ ကြားလိုက်တယ်။
နတ္ထိ နိဿရဏံ လောကေ၊
ကိံ ဝိဝေကန ကာဟသိ။
ဘုဉ္စဿု ကာမရတိယော၊
မာဟု ပစ္ဆာ နုတာပိနီ။
ဘိက္ခုနီ - ဘိက္ခုနီမလေး။
လောကေ - လောက၌။
နိဿရဏံ - ထွက်မြောက်ခြင်းဆိုတဲ့ နိဗ္ဗာန်တရားသည်။
နတ္ထိ - ဘယ်မှာမှ မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေ၏။
နိဗ္ဗာန်ဆိုတာ မရှိပါဘူး၊ လောကမှ ထွက်မြောက်ခြင်း၊ သံသရာမှ ထွက်မြောက်ခြင်း နိဗ္ဗာန်ဆိုတဲ့ တရားမရှိပါဘူးတဲ့.. ။
ကိံ ဝိဝေကေန ကာဟသိ။
ဝိဝေကေန -ကိုယ်၏ဆိတ်ငြိမ်ခြင်း၊ စိတ်၏ဆိတ်ငြိမ်ခြင်း ဟူသော ဆိတ်ငြိမ်ခြင်းဖြင့်။
ကိံ ကာဟသိ - ဘယ်ဘယ်သို့ပြုဘိ ဘယ်အကျိုးရှိပါအံ့နည်း။
နိဿရဏ - ထွက်မြောက်ခြင်း နိဗ္ဗာန်ဆိုတာ မရှိပါဘူး။
ဒီတော့ -
ကာယဝိဝေက - ကိုယ်၏ ဆိတ်ငြိမ်မှု။
စိတ္တဝိဝေက - စိတ်၏ ဆိတ်ငြိမ်မှု ဆိုတဲ့ ဆိတ်ငြိမ်မှု လုပ်နေသဖြင့် ဘာအကျိုး ရှိမတုံး။
ဝိဝေကေန - ကာယဝိဝေက-စိတ္တဝိဝေက ခေါ်တဲ့ ကိုယ်၏ ငြိမ်းချမ်းမှု ဆိတ်ငြိမ်မှု စိတ်၏ ဆိတ်ငြိမ်မှုဆိုတဲ့ ဆိတ်ငြိမ်မှုဖြင့်။
ကိံကာဟာသိ - အဘယ်ကြောင့်ပြုဘိ ဘယ်အကျိုး ရှိပါအံ့နည်း။
ကာမရတိယော - ကာမဂုဏ်ဆိုတဲ့ အပျော်မျိုးတို့ကို။
ဘုဉ္စဿု - အရွယ်ရှိတုန်း သုံးဆောင် စံစား ခံစားလိုက်ပါလော။
ဝိဝေကဖြင့် ဘာအကျိုး ရှိမတုံး၊ အချိန်ရှိတုန်း ကာမဂုဏ်တွေ ခံစားလိုက်ပါလို့ ဆိုတယ်။
ပစ္ဆာ - နောက်အရွယ်ကြီးရင့်တဲ့ အခါ သမယမှာ။
အနုတာပိနီ - အရွယ် ရှိတုန်းက ကာမဂုဏ်တွေ မခံစားလိုက်ရပါ တကားဟူ၍ နောင်တ တစ်ဖန် ပူပန်ခြင်းသည်။
မာ အဟု - မဖြစ်ပါစေနှင့် ဘိက္ခုနီမလေး။
လောကမှာ ထွက်မြောက်ကြောင်းဆိုတဲ့ နိဗ္ဗာန်ဆိုတာ မရှိပါဘူး၊ ဒီတော့ တစ်ယောက်တည်း လာပြီးတော့ ပျင်းစရာ ဆိတ်ဆိတ် ငြိမ်ငြိမ် လာနေလို့ ဘာအကျိုး ရှိမှာလဲ၊ ကာမဂုဏ်တွေကိုသာ ခံစားပါ။
အရွယ်ရှိတုန်း မခံစားမိလို့ နောင်အရွယ်ကြီးလာတဲ့ အခါကျမှ နောင်တ မဖြစ်ပါစေနဲ့ ဆိုတဲ့ အသံကြားလိုက်တယ်၊ အဲသလိုကြားတော့ အဲ-အခုလာပြီးတော့ ပြောတာ ဘယ်သူပါလိမ့်၊ လူလား နတ်လား၊ ဘယ်လို ပုဂ္ဂိုလ်မျိုးတုံးလို့ ဘိက္ခုနီမလေးက မိမိ၏ အဘိညာဉ်တန်ခိုးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ မာရ်နတ်ကြီး ဖြစ်နေတာ တွေ့တယ်။
မာရ်နတ်ကြီး ဖြစ်နေတာ တွေ့တော့ သူက မာရ်နတ်ကို ပြန်ပြီးတော့ ပြောလိုက်တယ်။
အသင် မာရ်နတ်ကြီး ပြောတာ မဟုတ်ဘူး၊ နိဗ္ဗာန် ဆိုတာက သူများပြောလို့ ငါ သိတာ မဟုတ်ဘူး၊ နိဗ္ဗာန်ဆိုတာ ငါ့ ကိုယ်တွေ့ ငါသိတာ ဆိုပြီးတော့ ...
အတ္ထိ နိဿရဏံ လောကေ၊
ပညာယ မေ သုဖုဿိတံ။
ပမတ္တဗန္ဓု ပါပိမ၊
နတွံ ဇာနာသိ တံ ပဒံ။
ပမတ္တဗန္ဓု - မေ့လျော့သော ပုဂ္ဂိုလ်တွေရဲ့ အဆွေခင်ပွန်း ဖြစ်သော။
ပါပိမ - ယုတ်မာသော မာရ်နတ်။
လောကေ - လောက၌။
နိဿရဏံ - ထွက်မြောက်ခြင်းဆိုတဲ့ နိဗ္ဗာန်တရားသည်။
အတ္ထိ - ထင်ရှားမသွေ ရှိနေပါပေ၏။
မေ - ငါသည်။
မေ - ယခု ဆိတ်ငြိမ်ရာသို့ ကပ်၍ တရားနှလုံးသွင်းနေတဲ့ ငါသည်။
ပညာယ - မဂ်ပညာ ဖိုလ်ပညာ ပစ္စဝေက္ခဏာ ဉာဏ်ဆိုတဲ့ ပညာဖြင့်။
ဖုဿိတံ - ကိုယ်တွေ့ထိမိ သိအပ်ပါပေ၏။
လောကမှာ နိဗ္ဗာန်ဆိုတာ ရှိတယ်၊ ရှိတာဟာ သူများ အပြောနဲ့ ရှိတယ်လို့ ငါ သိတာ မဟုတ်ဘူး၊ ငါ့ မဂ်ပညာ၊ ဖိုလ်ပညာ ပစ္စဝေက္ခဏာ ဉာဏ်ဆိုတဲ့ ပညာနဲ့ ကောင်းစွာ တိုက်ရိုက် ထိထိမိမိ ငါသိထားတာ။
တွံ - သင်ကဲ့သို့သော မာရ်နတ်မျိုးသည်။
တွံ - သင့်ကဲ့သို့ သော မေလျော့သော ပုဂ္ဂိုလ်တို့ရဲ့ အဆွေခင်ပွန်းဖြစ်သော ပုဂ္ဂိုလ် မာရ်နတ်သည်။
တံ ပဒံ - ထိုငါ သိထားတဲ့ နိဗ္ဗာန်ဆိုတဲ့ တရားမျိုးကို။
နနဇာနာတိ - သိနိုင်တဲ့ ဉာဏ်မျိုး မရှိ၍ မသိရိုး ဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့ သတည်း။
နိဗ္ဗာန် ရှိတယ်ဆိုတာ သူများပြောလို့ ငါသိတာ မဟုတ်ဘူး။ ငါ၏ မဂ်ပညာ ဖိုလ်ပညာ ပစ္စဝေက္ခဏာဉာဏ် ဆိုတဲ့ ပညာဖြင့် တိုက်ရိုက် ငါ သိထားတာ။ ဒါကြောင့် လောကမှာ နိဿရဏ-ထွက်မြောက်ခြင်းဆိုတဲ့ နိဗ္ဗာန်တရားဟာ အထင်အရှား ရှိနေတယ်။
ဒီကဲ့သို့ သိနိုင်တဲ့ နိဗ္ဗာန်ကို သိနိုင်တဲ့ မဂ်ပညာ-ဖိုလ်ပညာ ပစ္စဝေက္ခဏာဉာဏ်ပညာ မရှိတဲ့ အသင် မာရ်နတ်လို ပုဂ္ဂိုလ်မျိုးဟာ ဘယ်မှာ နိဗ္ဗာန်ကို သိနိုင်ပါ့မတုံးလို့ မာရ်နတ်ကြီးကို ကြိမ်းလိုက်တယ်။
အဲ.. ဆက်လက်ပြီးတော့ ဘိက္ခုနီမလေးက၊ အာဠဝိကာ ဘိက္ခုနီမလေးက ဘာပြောပြန်တုံး ဆိုတော့။
သတ္တိသုလူပမာ ကာမာ၊
ခန္ဓာသံ အဓိကုဋ္ဋနာ။
ယံ တွံ ကာမရတိံ ဗြူသိ၊
အရတိ မယှ သာ အဟု။
ဘိက္ခုနီမလေးကို ကာမဂုဏ်တွေ ခံစားပါ၊ နောက်မှ နောင်တ မဖြစ်ပါနဲ့လို့ မာရ်နတ်ကြီးက စောစောက တိုက်တွန်းတာ၊ အဲဒါကြောင့် မာရ်နတ်ကြီးကို ပြန်ပြောတာ၊ ကာမဂုဏ် ဘာလုပ်ဖို့တုံး ငါ မကြိုက်ဘူး။
သတ္တိသုလူပမာ ကာမာ၊
ခန္ဓာသံ အဓိကုဋ္ဋနာ။
ယံ တံ ကာမရတိံ ဗြူသိ၊
အရတိ မယှ သာ အဟု။
ကာမာ - ကာမဂုဏ်ဆိုတဲ့ တရားတို့သည်။
ကာမာ - ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ အာရုံငါးပါး ကာမဂုဏ်ဆိုတဲ့ တရားတို့သည်။
သတ္တိသုလူပမာ - ထိုးဆွနှိပ်စက်တတ်တဲ့ လှံ တံကျင်နဲ့ တူကြလေကုန်၏။
ခန္ဓာ - ခန္ဓာငါးပါး ရုပ်နာမ်တရား တို့သည်။
အာသံ - ကာမဂုဏ် ဆိုတဲ့ ထိုတရားတို့၏။
အဓိကုဋ္ဋနာ - လှီးရာ ဖြတ်ရာ ထိုးရာဆွရာ စဉ်းတီတုံးကြီးတွေနှင့် တူကြလေကုန်၏။
တွံ-သင်သည်။
ယံ ကာမရတိံ - အကြင် ကာမဂုဏ်ဆိုတဲ့ အပျော်မျိုးကို။
ဗြူသိ - ဆိုခဲ့ပေ၏။
သာ - ထို သင်ပြောတဲ့ ကာမဂုဏ်ဆိုတဲ့ အပျော်မျိုးသည်။
မယှံ - ကာမဂုဏ် အပြစ်တွေကို သိနေတဲ့ ငါ့ကဲ့သို့သော ပုဂ္ဂိုလ်၏။
အ,ရတိ - ပျော်စရာမဟုတ် တကယ့် ငြီးငွေ့ စက်ဆုပ်စရာသည်သာလျှင်။
အဟု - မုချမသွေ ဖြစ်ပါပေသတည်း။
ကာမဂုဏ်ဆိုတာ …
သတ္တိ - လှံနှင့်လဲ တူရဲ့။
သူပ - တံကျင်နဲ့လဲ တူပါတယ်။
ဘာဖြစ်လို့တုံး ဆိုတော့ …
ခန္ဓာ အာသံ အဓိ ကုဋ္ဋနာခန္ဓာ - ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ လို့ဆိုတဲ့ ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် ခန္ဓာငါးပါး ရုပ်နာမ် တရားတို့သည်။
အာသံ - ထို ကာမဂုဏ်ဆိုတဲ့ တရား တို့၏။
အဓိကုဋ္ဋနာ - ထိုးရာ ဆွရာ လှီးဖြတ်ရာ စဉ်းတီတုံးနှင့် တူကြကုန်၏။
မာရ်နတ်ကြီးကို ပြောတာ သင်က ကာမဂုဏ်တွေနဲ့ ပျော်ပါလို့ ဆိုတယ်၊ အဲ့ဒီ ကာမဂုဏ်တွေကို သင်က အကောင်း ထင်ပေမယ့် ငါက ကာမဂုဏ်တွေရဲ့ အပြစ်မှန် ဧကန်သိတယ်။ ကာမဂုဏ်တွေဟာ ထိုးဆွတတ်တဲ့ လှံနှင့်လဲတူတယ်၊ ကာမဂုဏ် ဆိုတာ ထိုးဆွတတ်တဲ့ တံကျင်နဲ့လဲ တူတယ်။
ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်ဆိုတဲ့ ခန္ဓာတရားတွေ ရှိတယ်၊ အဲ့ဒီ ခန္ဓာတရားတွေဟာ ကာမဂုဏ်တည်း ဟူသော လှံ တံကျင်ကြီးတွေ ထိုးဆွရာ စဉ်းတီတုံးကြီးတွေပဲ၊ အဲသလို ကာမဂုဏ်တွေရဲ့ အပြစ်ကို ပြောပြတယ်။
ကာမဂုဏ်ဆိုတာ ထိုးဆွတတ်တယ်၊ ကာမဂုဏ်တွေ ထိုးဆွရာဟာ ခန္ဓာ ငါးပါးပဲ၊ ခန္ဓာငါးပါးဟာ စဉ်းတီတုံးကြီးပဲ။
တွံ - သင်မာရ်နတ်ကြီးသည်။
ယံ ကာမရတိံ - အကြင် ကာမဂုဏ်ဆိုတဲ့ အပျော်မျိုးကို။
ဗြူသိ - အကောင်းအဖြစ်နဲ့ ပြောဆိုခဲ့ပါ၏။
သာ - ထို သင် အကောင်းဖြစ်နဲ့ ပြောဆိုတဲ့ ကာမဂုဏ်ဆိုတဲ့ အပျော်သည်။
မယံ - ငါ၏ အဖို့။
အ,ရတိ - ပျော်စရာ မဟုတ် တကယ့် မုန်းစရာ ရွံစရာ နှလုံးနာစရာတွေဆိုတဲ့ အကြောင်း ဘိက္ခုနီမလေးက ပြန်ပြီး ပြောတဲ့ အခါကျတော့။
အဲ့ဒီအခါမှာ မာရ်နတ်ကြီးလဲ ငါ့ကို ဘိက္ခုနီမလေး သိသွားပြီ ဆိုပြီးတော့ စိတ်နှလုံး မချမ်းသာစွာနဲ့၊ ဘိက္ခုနီမလေး အပါးက ထွက်ခွာသွားတယ်လို့ ဘုန်းကြီးတို့ သဂါထာဝဂ္ဂ သံယုတ် ပါဠိတော်မှာ လာတဲ့ ဒေသနာတစ်ရပ်။
အဲ့ဒီတော့နော် - လောကမှာ မြင်တဲ့ ပုဂ္ဂိုလ်နဲ့ မမြင်တဲ့ ပုဂ္ဂိုလ်ဟာ အင်မတန် ကွာခြားတယ်၊ အဲ ... မာရ်ကြီးက နိဗ္ဗာန် မမြင်ဘူး၊ နိဗ္ဗာန် မမြင်တော့ သူက နိဗ္ဗာန် အကောင်းမထင်ဘူး၊ ဒါကြောင့် ဘိက္ခုနီမလေးကို ဘာလုပ်တာတုံး၊ နိဿရဏ - နိဗ္ဗာန်ဆိုတာ ရှိတယ်လို့ ထင်နေသလား၊ မရှိဘူး ပြောတယ်။
ဘိက္ခုနီမလေးကို ဘယ်ပြောလို့ရမတုံး၊ သူက ကိုယ်တွေ့ ခံစားနေရတာ အခု ဒီ သစ်ပင်ရင်းမှာကိုပဲ သူက နိဗ္ဗာန်ချမ်းသာ ခံစားနေတယ်၊ အဲ့ဒါကြောင့်မို့လို့ မသိတဲ့ လူနဲ့ သိတဲ့လူ အင်မတန် ကွာခြားတယ်။
သမာပတ်ချမ်းသာ ခံစားတယ်ဆိုတာ ဘုန်းကြီးတို့ အင်မတန် မွန်မြတ်တဲ့ ချမ်းသာ တစ်ခု၊ အံ့လဲ အံ့ဩစရာကောင်းတဲ့ စည်းစိမ်တစ်မျိုး၊ သမာပတ် ဆိုတာ အံ့လဲ အံ့သြစရာ ကောင်း ပါတယ်။
အဲ ... တကယ့် ကိုယ်တွေ့ကျရင် ကိုယ်တွေ့ ခံစားရတဲ့ ပုဂ္ဂိုလ်တွေမှာ အင်မတန် ကြီးမားတဲ့ စည်းစိမ်ကြီးလဲဖြစ်၊ ဒါတွေ မခံစားရတဲ့ ပုဂ္ဂိုလ်တွေ ပြောလို့ သိပ်နားမလည်ကြဘူး၊ မသိဘူးဆိုရင် အင်မတန် ခက်တယ်နော်။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက တွေ့ဖူးတယ်၊ ကိုရင်ကြီး တစ်ပါး၊ ဒီဘက်ကမ်းက ကားတွေ ဟိုဘက်ကမ်း သန်လျင်ဘက်ရောက်၊ အဲ့ဒီ ကားတွေ ဘယ်လို ဒီဘက် ရောက်နေတုန်း ဆိုတော့၊ ဟာ ... အဲ့ဒီ ကားတွေက ဒီသင်္ဘောပေါ်တင်ပြီးတော့ သင်္ဘောကြီး သယ်လာလို့ ဒီဘက်ကမ်းရောက်နေတာပေါ့လို့ ဆိုတော့ မယုံဘူး။
ဘယ်လို ပြောလို့မှ မယုံဘူး၊ ဘယ်ယုံမတုံး သူက မြင်လဲ မမြင်ဖူးဘူး၊ သူက ဒီဘက်ကမ်း ရောက်နေတာသာ သိတယ်၊ သင်္ဘောနဲ့ သယ်လာတာကို မြင်လဲ မမြင်ဖူးဘူး။
မမြင်ဖူးတော့ ဘယ်လိုပြောလို့မှ မရဘူး၊ ကိုယ်တွေ့ မြင်ဖူးတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြောလို့ရတယ်၊ အဲ့ဒါက တစ်ချက်။
မြင်မှ မမြင်ဖူးဘဲ ထားပါဦးတော့၊ မမြင်ဖူးဘူး ထားပါဦး၊ နည်းနည်းလေး စဉ်းစား တွေးခေါ်တတ်တဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် ဒါ ဖြစ်နိုင်တယ် ဆိုတာ သင်္ဘောရဲ့ အခြေအနေနဲ့ ဆိပ်ကမ်းရဲ့ အခြေအနေနဲ့ စဉ်းစားလိုက်ပြီဆိုရင်၊ ယုံနိုင်စရာ အကြောင်း ရှိတယ်။
အဲ့သလို အနုမာန မျက်ရမ်းမှန်းဆတဲ့ ဉာဏ်မျိုးကလဲ သူ့ မရှိဘူး၊ မရှိတော့ ဒိဋ္ဌလဲ မရှိ အနုမာနလဲ မရှိတော့ သူ့ကို ဘယ်သူမှ ပြောလို့မရဘူး၊ အဲဒါလိုပဲ ဘုန်းကြီးတို့ နိဗ္ဗာန်ဆိုတဲ့ တရားဟာလဲ၊ လောကမှာ ကိုယ်တွေ့ရှိကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ ပြောစရာမရှိဘူး၊ ကိုယ်တွေ့ မရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ခုန ပြောသလို နှစ်မျိုး၊
အဲ... မြော်မြင်တတ်တဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်ကျတော့ မှန်းနိုင်တယ်၊ ဆနိုင်တယ်၊ အဲသလို ပညာမျိုးတောင် မရှိဘူး၊ တရားမနာ စာပေ မလေ့လာ ဘူးလုံး နားမထွင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘာမှ မှန်းဆဖို့တောင် တယ်မလွယ်ဘူး။
အဲဒါကြောင့် နိဗ္ဗာန်ဆိုတာက အနုမာနအားဖြင့်လဲ မှန်းနိုင်တဲ့ တရား၊ ဒါကြောင့် သမာပတ်ဆိုတဲ့ တရားတွေဟာ အင်မတန် ထူးဆန်းတဲ့ တရားတွေ၊ ဘုန်းကြီးတို့၊ အဲ ... လောကမှာ ချမ်းသာတွေ အမျိုးမျိုးရှိတယ်၊ ကာမဂုဏ်ချမ်းသာ အပြင် ချမ်းသာတွေ အမျိုးမျိုးရှိတယ်။
တစ်ခါတုန်းက အရှင်အာနန္ဒာကို ဘုရားရှင်ကိုယ်တော် မြတ်က ဟောတော်မူတယ်။ ကာမသုခ ကာမဂုဏ်ချမ်းသာ ဆိုတာ ဘာတုံးဆိုပြီးတော့ အရှင်အာနန္ဒာကို ဘုရားရှင် ကိုယ်တော်မြတ်က ဘာဟောတုန်း ဆိုတော့ ၊ အဲ ... လောကမှာ နှစ်သက်ဖွယ်ရာရှိတဲ့ ရူပါရုံတွေ ရှိကြတယ်၊ နှစ်သက်ဖွယ်ရာ သဒ္ဒါရုံတွေ၊ နှစ်သက်ဖွယ်ရာ ဂန္ဓာရုံတွေ၊ နှစ်သက်ဖွယ်ရာ ရသာရုံတွေ၊ နှစ်သက်ဖွယ်ရာ ဖောဋ္ဌဗ္ဗာရုံတွေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ဆိုတဲ့ အာရုံတွေရှိတယ်။
အဲ့ဒီ အာရုံငါးပါး ကာမဂုဏ်တရားကို အစွဲပြုပြီး ဖြစ်လာရတဲ့ ချမ်းသာမျိုးဟာ ကာမသုခ ကာမဂုဏ် ချမ်းသာပဲလို့၊ ကာမသုခ ကာမဂုဏ်ချမ်းသာလို့ ဘုရားရှင်က ဟောတော်မူတယ်။
ဒါကြောင့် အာရုံငါးပါး အကြောင်းပြုပြီးတော့ ဖြစ်လာတဲ့ သုခ သောမနဿကို၊ ဒါကို ကာမချမ်းသာလို့ ခေါ်တယ်၊ ဒီ အကြောင်း ဘုရားက ဟောတယ်။
ဟောပြီးတဲ့ အခါကျတော့ ဒီ ကာမချမ်းသာဟာဖြင့် “ဧတပရမံယေဝ” ဒီ ကာမချမ်းသာဟာ အမြတ်ဆုံးပဲ အကောင်းဆုံးပဲ အမွန်မြတ်ဆုံးပဲ။ အမွန်မြတ်ဆုံး ဖြစ်တဲ့ သုခ သောမနဿကို ကာမ ချမ်းသာအကြောင်း ပြုပြီး ခံစားရတယ်လို့ ဒီလိုပြောမယ်ဆိုရင် ငါဘုရား လက်မခံဘူး။ ကာမ ချမ်းသာဟာ ချမ်းသာ တကာ တို့တွင် အမြတ်ဆုံး အကောင်းဆုံးလို့ တစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ်က ပြောမယ်ဆိုရင် ငါဘုရား လက်မခံဘူး။
ဘာကြောင့်တုံးဆိုရင် ကာမချမ်းသာထက် အထူးသဖြင့် မွန်မြတ်တဲ့ ချမ်းသာရှိတယ်၊ ကာမချမ်းသာထက် အထူးသဖြင့် သာလွန်တဲ့ ချမ်းသာရှိတယ်၊ ဒီချမ်းသာဟာ ဘာတုံးဆိုတော့။
ကာမေဟိ - ကာမဂုဏ်တို့မှ။
ဝိဝိစ္စေဝ - ကင်းဆိတ်၍သာလျှင်။
အကုသလေဟိ ဓမ္မေဟိ - အကုသိုလ်တရားတို့မှ။
ဝိဝိစ္စ-ဝိဝိစ္စေဝ - ကင်းဆိတ်၍သာလျှင်။
သ,ဝိတက္ကံ - အာရုံသို့ တင်ပေးတတ်တဲ့ ဝိတက်နှင့်လည်းတကွ ဖြစ်သော။
သ,ဝိစာရံ - ထိုအာရုံကို သုံးသပ်တတ်တဲ့ ဝိစာရနှင့်လည်း တကွဖြစ်သော။
ဝိဝေကဇံ - နိဝရဏဆိုတဲ့ အကုသိုလ်တရားများ ကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော။
ပီတိသုခံ - တစ်ကိုယ်လုံး ပြန့်တဲ့ ပီတိနှင့် တစ်ကိုယ်လုံး စိမ့်နေတဲ့ ချမ်းသာရှိသော။
ပထမံ ဈာနံ - ပထမဈာန်ကို။
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍။
ဝိဟရတိ - နေ၏။
အဲ ပထမဈာန် ချမ်းသာဟာ၊ အဲဒီ ပထမဈာန် ချမ်းသာဟာ ကာမချမ်းသာ လိုက်မမီနိုင်အောင် အင်မတန် မွန်မြတ်တဲ့ ချမ်းသာလို့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူတယ်။
ပထမဈာန်ဆိုတာ ဘုန်းကြီးတို့ ကသိုဏ်းတို့ အသုဘတို့ ဘာတို့ ကသိုဏ်းတွေ အားထုတ်လို့ ဘာဝနာတွေ အားထုတ်လို့ သမထတွေ အားထုတ်လို့၊ နောက်ဆုံး သမထ ပေါက်တဲ့အခါ ကျတော့ ဈာန်ဆိုက်သွားတဲ့အခါ ရတဲ့၊ ရှေးဦးစွာရတဲ့ ဈာန်၊ ပထမဈာန်။
အဲဒီ ပထမဈာန်မှာဆိုရင်၊ ကာမဂုဏ်လဲ မပါဘူး၊ ကိလေသာတွေလဲ မရှိဘူး၊ အဲဒီဈာန် ဝင်စားပြီဆိုရင် ဘာဖြစ်နေတုံး၊ တစ်ခါတည်း ပီတိတွေ သုခတွေနဲ့ စိမ့်ပြီးတော့ ချမ်းသာနေတာ၊ အဲဒါ ပထမဈာန် သမာပတ်ခေါ်တယ်။
အဲ့ဒီ ပထမဈာန် သမာပတ်ဆိုတဲ့ ချမ်းသာဟာ ကာမဂုဏ်ချမ်းသာဆိုတဲ့ ချမ်းသာ တွေထက် အဆအရာ အဆ အထောင်မက သာလွန်ပြီးတော့ ပိုပြီးချမ်းသာတဲ့ ချမ်းသာ ပိုပြီး မွန်မြတ်တဲ့ ချမ်းသာဆိုတဲ့ အကြောင်း ဟောတော်မူခဲ့တယ်။
အဲ ... ဆက်ပြီးတော့ တစ်ခါ ဒီ ပထမဈာန် ချမ်းသာဟာ အမြတ်ဆုံးလို့ ဆိုလို့ရှိရင် ငါ ဘုရား လက်မခံဘူး၊ ဘာကြောင့်တုံး ဆိုရင်၊ ထို ပထမဈာန် ချမ်းသာထက် ပိုချမ်းသာတဲ့ ဒုတိယဈာန် ချမ်းသာ ရှိတယ်။
တိုတို ပြောကြပါစို့၊ အဲဒီ ဒုတိယဈာန် ချမ်းသာဟာလဲ ထို ဒုတိယဈာန်ဆိုတဲ့ ချမ်းသာက ဝိတက်ဆိုတဲ့ နည်းနည်း ခပ်ကြမ်းကြမ်း တရားလေးတွေ ဝိစာရ ဆိုတဲ့ ခပ်ကြမ်းကြမ်း တရားလေးတွေ မရှိ၊ အဲ့သလို ကြမ်းကြမ်း တရားတွေ မရှိ၊ ပီတိ သုခ ဆိုတဲ့ တရားပဲ ရှိတယ်။
ဝိတက် ဝိစာရ ဆိုတဲ့ တရားကို လွန်မြောက်နိုင်လို့ ပိုပြီးတော့ ငြိမ်သက်၊ ပိုပြီးတော့ ချမ်းသာ၊ ပိုပြီးတော့ နှစ်သက်ဖွယ် ဖြစ်၊ အဲ့ဒီ သုခကို ခံစားရတဲ့ ဈာန်မို့လို့ ဒုတိယ ဈာန်ဟာ ပထမဈာန် ချမ်းသာထက် ချမ်းသာတယ်၊ ပထမဈာန် ချမ်းသာထက် လွန်မြတ်တယ် ဆိုတဲ့ အကြောင်း ဘုရားရှင်က ဟောတော် မူတယ်။
အဲ ... ဒုတိယဈာန်ဟာ အမြတ်ဆုံး ဆိုရင် ငါဘုရား လက်မခံဘူး၊ ဘာကြောင့်တုံး ဆိုရင် အဲ့ဒီ ဒုတိယ ဈာန်ထက် လွန်မြတ်တဲ့ တတိယဈာန်ဆိုတဲ့ ချမ်းသာဟာ ရှိသေးတယ်၊ အဲ့ဒီ တတိယဈာန် ချမ်းသာက ပိုပြီးတော့ ချမ်းသာတယ်။
အဲ... တတိယဈာန် ချမ်းသာဟာ အချမ်းသာဆုံး ဆိုရင် ငါဘုရား လက်မခံသေးဘူး၊ ဘာဖြစ်လို့တုံး ဆိုရင် တတိယဈာန် ချမ်းသာထက်၊ တကယ် ပိုပြီး ချမ်းသာတဲ့ စတုတ္ထဈာန် ဆိုတဲ့ ချမ်းသာကြီး ရှိသေးတယ်။
ဒီ စတုတ္ထဈာန် ချမ်းသာဆိုတဲ့ ချမ်းသာကတော့၊ ပြောစရာ မရှိဘူး၊ ဈာန်ထဲမှာ သူက အချမ်းသာဆုံး၊ အဲ့ ရူပါဝစရ ခေါ်တဲ့ ရူပဘုံမှာဖြစ်တဲ့ ဈာန်မျိုး၊ ရူပါဝစရခေါ်တဲ့ ကာမဘုံမှာ ကသိုဏ်းတွေ အားထုတ်လို့ ရတဲ့ ပုဂ္ဂိုလ်တွေ ဝင်စားရတဲ့ ဈာန်၊ အဲ့ ဒီ ဈာန်ဟာ ရူပဈာန်ထဲမှာ အထွဋ်အထိပ်၊ ချမ်းသာထဲမှာ၊ ရူပါဝစရ ဈာန် ချမ်းသာထဲမှာ အထွဋ်အထိပ်။
အဲ့ဒီ ချမ်းသာဟာ အကောင်းဆုံးလို့ တစ်စုံတစ်ယောက်သော သူက ပြောမယ်ဆိုရင် ဒါလဲ ငါဘုရား လက်မခံဘူး၊ ဘာကြောင့်တုံး ဆိုရင် အဲ့ ဒီ ရုပ်တရားတွေကင်းတဲ့ အရူပ ဆိုတဲ့ ဈာန်တွေ ရှိသေးတယ်၊ အာကာသာနဉ္စာယတနဈာန်၊ အဲ့ဒီ ကျတော့ ရုပ် မရှိတော့ဘူး၊ သိမ်မွေ့သွားပြီး၊ နူးညံ့သွားတယ်၊ အဲဒီ ချမ်းသာက ပိုချမ်းသာတယ်။
ရုပ်မရှိတဲ့ ချမ်းသာတွေ၊ အဲ... ရုပ် မရှိတဲ့ ချမ်းသာထဲမလဲ -
(၁) ချမ်းသာထက် (၂) ချမ်းသာ ဝိညာနဉ္စာယတန၊
(၂) ချမ်းသာထက် (၃) ချမ်းသာ အာကိဉ္စညာယတန၊
(၃) ချမ်းသာထက် (၄) ချမ်းသာ နေဝသညာ နာသညာယတန။
အဲ့ဒီ ချမ်းသာက ပိုချမ်းသာတယ်၊ အဲ့ဒီ အကြောင်းကို ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။
နောက် အသိမ်မွေ့ဆုံး အရူပဈာန်ချမ်းသာတွေထဲမှာ အသိမ်မွေ့ဆုံး ဖြစ်တဲ့ နေဝသညာ နာသညာယတန - သညာစိတ် မရှိဘူးလို့ ဆိုရင် သိမ်မွေ့တဲ့ စိတ်လဲရှိနေတယ်၊ စိတ် ရှိတယ်လို့ မထင်ရလို့ စိတ်မရှိဘူးလဲ မဟုတ်ဘူး ဆိုရတဲ့ ဈာန်၊ အဲ့ဒီ ဈာန်ဟာ အသိမ်မွေ့ဆုံးပဲ၊ အဲ ... အရူပဈာန် တို့တွင် အသိမ်မွေ့ဆုံးမို့လို့ အကောင်းဆုံးလို့ ဆိုတယ်။
အဲ့ဒီ ချမ်းသာဟာ အကောင်းဆုံးလို့ ဆိုရင် ငါဘုရား လက်မခံဘူးတဲ့၊ ဘာကြောင့်တုံး ဆိုရင် အဲ့ဒီ ချမ်းသာထက် ချမ်းသာတာဟာ ရှိသေးတယ်၊ ဘာချမ်းသာတုံး ဆိုတော့ “သညာဝေဒယိတနိရောဓ” ဆိုတဲ့ ချမ်းသာ၊ သညာရဲ့ ချုပ်ငြိမ်းရာ၊ ဝေဒနာရဲ့ ချုပ်ငြိမ်းရာ ဖြစ်တဲ့ နိရောဓ သမာပတ်ခေါ်တဲ့ ချမ်းသာ၊ အဲ့ဒီ သမာပတ် ဝင်စားလို့ ရှိရင်ဖြင့် သမာပတ်ဝင်စားရင် ဒါ ဓိဋ္ဌဓမ္မနိဗ္ဗာန်လေး တစ်မျိုးပဲလို့ ဆိုတယ်နော်။
အဲ့ဒီ သမာပတ်ဟာ သာမန် ပုဂ္ဂိုလ်လဲ မဝင်စားနိုင်ဘူး၊ သောတာပန်၊ သကဒါဂါမ်များ ဝင်စားနိုင်တာ မဟုတ်ဘူး၊ အနာဂါမ် ရဟန္တာများမှ ဝင်စားနိုင်တယ်။ အဲ - အနာဂါမ် ရဟန္တာ မှာလဲ သာမန် အနာဂါမ်-ရဟန္တာများ ဝင်စားနိုင်တာ မဟုတ်ဘူး၊ သမာပတ် ရှစ်ပါးခေါ်တဲ့ ခုန ဈာန်ရှစ်ပါး၊ အဲ့ဒီ ဈာန်ရှစ်ပါးရတဲ့ အနာဂါမ် ရဟန္တာတွေသာ ဝင်စားနိုင်တယ်။
ဝင်စားတဲ့ အခါကျတော့လဲ ဒိဋ္ဌဓမ္မ မျက်မှောက် ဘဝမှာ ငါနိဗ္ဗာန် ချမ်းသာ ခံစားမယ်ဆိုတဲ့ ဒီလို ရည်ရွယ်ချက်နဲ့ ခံစားတယ်၊ ခံစားတော့ ဒီ နိရောဓသမာပတ် ဝင်စားချင်ရင် ဈာန်ရှစ်ပါးလဲ နိုင်နင်း ကျွမ်းကျင်ရတယ်၊ အဲ ဝိပဿနာ အရာမှာလဲပဲ ကျွမ်းကျင်ရတယ်။
ပထမဈာန် ဝင်စားလိုက်၊ အဲ့ဒီ ပထမဈာန်က တရားတွေ ဝိပဿနာ တင်ရှုလိုက်၊ ဒုတိယဈာန် ဝင်စားလိုက်၊ အဲ့ဒီ ဒုတိယဈာန်က တရားတွေ ဝိပဿနာ တင်ရှုလိုက်၊ တတိယ ဈာန်က တရားတွေ ဝိပဿနာ တင်ရှုလိုက်၊ စတုတ္ထဈာန် ဝင်စားလိုက်၊ အဲ့ဒီ စတုတ္ထဈာန်က တရားတွေ ဝိပဿနာ တင်ရှုလိုက်။
စတုတ္ထဈာန် ပြီးတော့ အာကာသာနဉ္စာယတနဈာန် ဝင်စားလိုက်၊ အဲ့ဒီဈာန်က တရားတွေ ဝိပဿနာ တင်ရှုလိုက်၊ အာကာသာန ဉ္စာယတနဈာန်၊ ပြီးတော့ ဝိညာဏဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန် ဝင်စားလိုက်၊ ဝိပဿနာ တင်ရှုလိုက်၊ အာကိဉ္စညာယတနဈာန် ဝင်စားလိုက်၊ ဝိပဿနာ တင်ရှုလိုက်၊ သမထနဲ့ ဝိပဿနာ၊ သမထနဲ့ ဝိပဿနာ ဒွန်တွဲ-ဒွန်တွဲ ပြီးတော့ သွားလိုက်တာ၊ နောက်ဆုံး အာကိဉ္စညာယတနဈာန် ရောက်ရော။
အာကိဉ္စညာယတနဈာန် ရောက်တော့ အဓိဌာန် ရတယ်၊ ဒီ သမာပတ် ဝင်စားရင် ကာမဘုံမှာ ခုနှစ်ရက် ဝင်စားနိုင်တယ်၊ ရူပဘုံတို့ကျတော့ အလိုရှိသလို အချိန် အပိုင်းအခြား မရှိ ဝင်စားနိုင်တယ်။
ဘာဖြစ်လို့ ကာမဘုံမှာ ခုနှစ်ရက်သာ ဝင်စားနိုင်သတုံး ဆိုတော့ ကာမဘုံက ထမင်း အသက် ခုနှစ်ရက် ဆိုလို့၊ ထမင်း အသက် ခုနှစ်ရက် ဆိုတဲ့အတိုင်း အစာ ခုနှစ်ရက်သာ ခံနိုင်မှာမို့လို့၊ အဲ့ဒါကြောင့် ခုနှစ်ရက်အတွင်း ဝင်စားနိုင်တယ်။
အဲ့သလို အာကိဉ္စညာယတနဈာန် ရောက်ပြီဆိုရင် ဘာလုပ်ရတုံး ဆိုတော့ အဓိဋ္ဌာန် ရတယ်၊ မိမိ ကိုယ်နှင့် စပ်နေတဲ့ ပစ္စည်းတွေကတော့ သမာပတ် တန်ခိုးကြောင့် ဘာမှမဖြစ်နိုင်ဘူး။
အဝေးမှာ ရှိတဲ့ သင်္ကန်းတွေ၊ ဘာတွေ ညာတွေ ပစ္စည်းတွေ၊ ရေ မီး စသည့် အန္တရာယ် မဖြစ်အောင် အဓိဋ္ဌာန်ရတယ်၊ မဖျက်ဆီးနိုင်ပါစေသတည်း-လို့။
အဲ သံဃာတော်က ခေါ်ရင် ချက်ချင်း ထနိုင်ပါစေလို့ အဓိဋ္ဌာန်ရတယ်။
မြတ်စွာဘုရားက ခေါ်ရင် ချက်ချင်း ထနိုင်ပါစေလို့ အဓိဋ္ဌာန်ရတယ်။
အဲ... မိမိ အသက်ကို ဆင်ခြင်ရ၊ ငါ့ အသက်ဟာ ဘယ်လောက်ရှိ၊ ငါ့ အသက် တန်းဟာ ဘယ်လောက်ရှိတုံး၊ (၇)ရက် အတွင်းမှာ စုတေမယ်ဆိုရင်၊ မိမိ ဒီ အတွင်းမှာ စုတေရတော့မယ်ဆိုရင် ဒါဟာ အသက် အကန့်အသတ်နဲ့ ဝင်စားရတယ်၊
အဲဒါကြောင့် ဒီ ဆင်ခြင်မှု လေးခုကို ဆင်ခြင်ရတယ်။
ဆင်ခြင်ပြီးမှ နောက် နေဝသညာ နာသညာယတနဈာန် ဝင်စား၊ အဲ့ဒီလို ဝင်စားပြီးတော့ နေဝသညာ နာသညာယတနဈာန် ဆုံးတဲ့ အခါကျတော့ တစ်ခါတည်း အကုန်ချုပ်သွားတာပဲ၊ စိတ်တွေ စေတသိက်တွေ၊ စိတ် စေတသိက် အကြောင်းပြုပြီး ဖြစ်တဲ့ စိတ္တဇရုပ်တွေ အကုန်လုံး ချုပ်ငြိမ်းသွား၊ အကုန်လုံး ချုပ်ငြိမ်းသွားတော့ အဲ... တစ်ခါတည်း ဘာမှ မလှုပ်မရှား၊ ဒီတိုင်း ငြိမ်ပြီးတော့ လှုပ်လဲ မလှုပ်ဘူး၊ ရှားလဲမရှားဘူး၊ အသက် မရှိတဲ့ ပုဂ္ဂိုလ်လို ဖြစ်သွားတယ်။
နို့ သေတဲ့ ပုဂ္ဂိုလ်နဲ့ ဘာထူးတုံး၊ အဲ ... သေတဲ့ပုဂ္ဂိုလ် ကတော့ ဘုန်းကြီးတို့ ဇီဝိတဆိုတဲ့ အသက်မရှိဘူး၊ ဇီဝိတ ဆိုတဲ့ ရုပ် အသက်မရှိဘူး၊ နာမ် အသက်မရှိဘူး၊ ဥသ္မဆိုတဲ့ ခန္ဓာကိုယ်ကို အငွေ့ပေးနေတဲ့ ကမ္မဇတေဇောဓာတ် မရှိဘူး။
အဲ့ဒီ နိရောဓသမာပတ် ဝင်စားတဲ့ ပုဂ္ဂိုလ်ကျတော့ အဲ့ဒီ ကိုယ်ငွေ့လေးကရှိ၊ ကမ္မဇရုပ်တွေက ကျန်နေသေးတယ်၊ စိတ္တဇရုပ်တွေသာ ချုပ်သွားတယ် စိတ္တဇရုပ် မရှိလို့၊ လှုပ်မှု ရှားမှု ဘာမှုဆိုတာ မရှိဘူး။
အဲ့... အဲ့ဒီအခါမှာ (၇) ရက်လုံးလုံး တစ်ခါတည်း စိတ်တွေ၊ စေတသိက်တွေ၊ စိတ္တဇရုပ်တွေ ချုပ်ပြီးတော့ နိရောဓသမာပတ် ဆိုတဲ့ သမာပတ် ဝင်စားတယ်၊ ဒါ ဒိဋ္ဌဓမ္မနိဗ္ဗာန် ခံစားတယ်လို့ ဆိုတယ်။
ဣတိ သန္တံ သမာပတ္တိံ၊
ဣမံ အရိယနိသေဝိတံ။
ဒိဋ္ဌေဝဓမ္မေ နိဗ္ဗာန၊
မီတိ သင်္ခံ ဥပါဂတံ။
ဘာဝေတွာ အရိယပညံ၊
သမာပဇ္ဇန္တိ ပဏ္ဍိတာ။
ဣတိ - ဤ ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့်။
သန္တံ - အလွန်ပင် ငြိမ်သက်လှစွာသော။
အရိယနိသေဝိတံ - အရိယာ ပုဂ္ဂိုလ်တို့သည် မှီဝဲအပ်သော။
ဒိဋ္ဌေဝဓမ္မေ - မျက်မှောက်ဘဝ၌ ပင်လျှင်။
နိဗ္ဗာနမီတိ - အားလုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟူ၍။
သင်္ခံ - ရေတွက်ခေါ်ဝေါ်ခြင်းသို့။
ဥပါဂတံ - ရောက်ပေထသော။
နိဗ္ဗာန်လို့ ခေါ်ရတယ်တဲ့၊ နိဗ္ဗာန်ပဲတဲ့နော်။ ခေါ်ဆိုအပ်သော။
ဣမံ သမာပတ္တိံ - ဤနိရောဓသမာပတ် ဆိုတဲ့ သမာပတ်ကို။
အရိယ ပညံ - အရိယာမဂ်ပညာ တည်းဟူသော ပညာကို။
သောတာပတ္တိမဂ် - သကဒါဂါမိမဂ် - အနာဂါမိမဂ် အရဟတ္တမဂ် ဆိုတဲ့ အရိယမဂ် တည်းဟူသော ပညာကို။
ဘာဝေတွာ - ကိုယ့်သန္တာန်တွင် အထင်အရှား ဖြစ်ပွားစေကြပြီး၍။
ပဏ္ဍိတာ - ပညာရှိ ဖြစ်တော်မူကြကုန်သော အနာဂါမ် ရဟန္တာ ပညာရှင် အပေါင်း သူတော်ကောင်းတို့သည်။
သမာပဇ္ဇန္တိ - ဒိဋ္ဌဓမ္မ နိဗ္ဗာန်ချမ်းသာ ခံစားမည် ဟူသော ရည်ရွယ်ချက်ဖြင့် နှစ်သက် အားရ ဝင်စားတော်မူ ကြလေကုန်သတည်း။
အဲဒီအခါမှာ ခုနစ်ရက် အတွင်းတော့ ဘာမှ ဖျက်ဆီးလို့ မရတော့ဘူး၊ ရှေးအခါက တချို့ သေနေပြီ ထင်ပြီးတော့ မီးတိုက်ကြတာ ဘာမှ မဖြစ်ဘူး၊ မီးရှို့လို့လဲ မသေဘူး၊ ဘယ်လို သတ်လို့မှ ဒီအတွင်းတော့ မသေဘူး၊ တကယ့်သမာပတ်ရဲ့ တန်ခိုး။
အဲ... သမာပတ်ရဲ့ တန်ခိုးငြိမ်သက်ပုံ၊ မခံစားဘဲ ချမ်းသာပုံကလေး နည်းနည်းတော့ ပြောလိုက်ဦးမယ်။
ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ် တစ်ခါတုန်းက တောအုပ် တစ်ခုမှာ၊ သစ်ပင်ရင်းမှာ သီတင်းသုံးတော် မူတယ်၊ အဲဒီတော့ ... မလ္လာမင်းသား ပုက္ကုသ ဆိုတာက ကုသိနာရုံက နေပြီးတော့ ပါဝါပြည်ကို သူက ခရီးသွားတယ်၊ လမ်းခရီးမှာ ဘုရားရှင် ကိုယ်တော်မြတ်ကို မြင်တော့ ဝင်ပြီး ဝတ်ချတယ်၊ ဝတ်ချပြီးတော့ ...
အစ္ဆရိယံ ဘန္တေ- အဗ္ဘုတံ ဘန္တေ - သန္တေန ဝတ ပဗ္ဗဇိတာ ဝိဟရန္တိ။
ဘန္တေ - မြတ်စွာဘုရား။
ပဗ္ဗဇိတာ - ရဟန်းတော်တို့သည်။
သန္တေန - အလွန်ငြိမ်သက်လှစွာသော။
ဝိဟာရေန - နေခြင်းမျိုးဖြင့်။
ဝိဟရန္တိ ဝတ - နေကြကုန်စွတကား။
ဧတံ - ထိုသို့နေခြင်းသည်။
အစ္ဆရိယံ - အံ့ဖွယ်ရှိပါပေစ္စာ့။
ဧတံ - ထိုသို့နေခြင်းသည်။
အဗ္ဘုတံ ဝတ - မဖြစ်ဖူးမြဲ ထူးကဲစွာ ဖြစ်ပါပေစွလို့... အစချီပြီးတော့ လျှောက် ထားတယ်။
မြတ်စွာဘုရား၊ ရဟန်းတော်တွေဟာ အင်မတန် အံ့သြစရာ ကောင်းပါတယ် ဘုရား၊ သူတို့ အင်မတန် ငြိမ်သက်တဲ့ ငြိမ်ခြင်းမျိုးနဲ့ နေပုံဟာ အင်မတန် အံ့သြစရာ ကောင်းပါတယ် ဘုရား ၊ ဆိုပြီးတော့ သူ့ဆရာ အာဠာရကာလာမ အနွယ်ဖြစ်တဲ့ အာဠာရ ရသေ့ကြီးရဲ့ အံ့ဩဖွယ်ကို လျှောက်ထားတယ်။
တစ်ခါက အာဠာရ ရသေ့ကြီးဟာ ဘုရား ခရီးရှည်ထွက်လာတယ်၊ လမ်းခရီးအကြား တောအုပ်တစ်ခု သစ်ပင်ရင်း အောက်မှာ သီတင်းသုံးတယ်၊ နေ့သန့်တယ်၊ နေ့အခါ ချမ်းသာစွာ သီတင်းသုံးတယ်။
အဲဒီအခါမှာ လှည်းပေါင်း ငါးရာဟာ သူ့နေရာက နေပြီးတော့ ဖြတ်သွားတယ်။ ဖြတ်သွားတာကို နောက်လှည်းတွေကို စောင့်ကြပ်လာတဲ့လူက လှည်းငါးရာ လွန်သွားတဲ့ အခါကျတော့ အဲဒီ အာဠာရအရှင်ကို၊ အာဠာရ ရသေ့ကို လျှောက်ထားတယ်။
အရှင်ဘုရား … လှည်းငါးရာ လွန်သွားတာ အရှင်ဘုရား မမြင်ဘူးလား ဆိုတော့၊ အေး ... ငါ မမြင်ရဘူး ဒကာ။
နို့ အရှင်ဘုရား … လှည်းသံတွေ တကျည်ကျည်နဲ့ မြည်နေတဲ့ အသံကိုရော အရှင်ဘုရား မကြားဘူးလား ဆိုတော့။
အေး ... ငါ မကြားဘူးကွ။
နို့ ... အရှင်ဘုရား အိပ်ပျော်နေသလား ဆိုတော့။
အေး ... ငါ အိပ်လဲ မပျော်ဘူး။
နို့ ... အရှင်ဘုရား စိတ်တော့ ရှိရဲ့ လားဆိုတော့။
ငါ စိတ်လဲရှိပါတယ်ကွာ။
“အို ... အရှင်ဘုရား စိတ်လဲရှိတယ်၊ အိပ်လဲမပျော်ဘူး၊ နိုးနေတယ်၊ အဲဒါတောင်မှ ဒီ လှည်းငါးရာ အနားက ကပ်ပြီးတော့ ဖြတ်သွားတာကို အရှင်ဘုရား အသံလဲ မကြားဘူး၊ အရှင်ဘုရား မြင်လဲ မမြင်ဘူး၊ ဟုတ်သလား ဆိုတော့ ဟုတ်တာပေါ့၊ ငါ မမြင်ပါဘူးဆိုတော့ အဲ့ဒီတွင် အဲ့ဒီ ဒကာက အင်မတန် အံ့သြသွားတယ်။
အစ္ဆရိယံ ဝတ ဘော၊ အဗ္ဘုတံ ဝတ ဘော၊ သန္တေန ဝတ ဘော ပဗ္ဗဇ္ဇိတာ ဝိဟာရေန ဝိဟရန္တိ။ ယတြ ဟိနာမ သညီ သမာနော ဇာဂရော ပဉ္စမတ္တာနိ သကဋသတာနိ နိဿာယ နိဿာယ အတိက္ကန္တာနိ နေဝ ဒက္ခတိ၊ န ပန သဒ္ဒံ အဿောသိ။
ပဗ္ဗဇ္ဇီတာ - ရဟန်းတို့သည်။
သန္တေန - ငြိမ်သက်သော။
ဝိဟာရေန - နေခြင်းမျိုးဖြင့်။
ဝိဟရန္တိ ဝတ - နေနိုင်ကြပါပေကုန်၏။
ယတြဟိယော - အကြင် အာဠာရ ရသေ့သည်။
သညီ - သညာရှိသည်။
ဝါ - စိတ်ရှိသည်။
သမာနော - ဖြစ်ပါလျက်။
ဇာဂရော - နိုးနေပါလျက်။
နိဿာယ နိဿာယ - မိမိကို မှီလျက် မှီလျက် (ဝါ) ကပ်လျက် ကပ်လျက်။
အတိက္ကန္တာနိ - လွန်သွားကုန်သော။
ပဉ္စမတ္တာနိ သကဋသတာနိ - လှည်းငါးရာတို့ကို။
နေဝဒက္ခတိ နာမ - မြင်လည်း မမြင်လိုက်။
န ပန သဒ္ဓံ သောဿတိ - အသံကိုလည်း မကြားလိုက်။
တဿ-ထို အာဠာရ ရသေ့၏၊
တံ - ထိုနေခြင်းသည်။
ဝါ - မမြင်လိုက် မကြားလိုက်ခြင်းသည်။
အစ္ဆရိယံ ဝတ ဘော - လက်ဖျောက်တီး၍ အံ့ချီးလောက်ပါပေစွ။
အဗ္ဘုတံ ဝတ ဘော - မဖြစ်စဖူး ထူးဆန်းပါပေစွ။
ဪ။ အံ့ဩစရာပါလား။ ... ရဟန်းတော်တွေ နေပုံမျိုးဟာ အံ့သြစရာပါလား။ လှည်းငါးရာ ဖြတ်ကျော် သွားတာတောင် မြင်လဲ မမြင်ဘူးတဲ့၊ အသံလဲ မကြားဘူးတဲ့။
ဪ ... ရဟန်းတော်တို့ရဲ့ ငြိမ်သက်မှုမျိုးဟာ အံ့သြစရာကောင်းလှပါလားလို့။ အဲဒီလို ... အဲဒီ ဒကာက အံ့ဩ ချီးမွမ်းသွားတယ်။ ဒီအကြောင်းကို ပုက္ကုသ မလ္လာမင်းသား၊ ပုက္ကုသက ဘုရားရှင်အား လျှောက်ထားတယ်။ လျှောက်ထားပြီးတဲ့ အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က ...
ပုက္ကုသ၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က အဲဒီ လှည်းငါးရာ ဖြတ်သွားတာကို ကြားလဲ မကြားဘူး၊ သိလဲမသိဘူး၊ တခြားပုဂ္ဂိုလ် တစ်ယောက်က တကတည်း မိုးတွေရွာသွန်း၊ တဂျိမ်းဂျိမ်းနဲ့ မိုးတွေကခြိမ်း၊ မိုးကြိုးတွေကလဲ တဗျန်းဗျန်း တဗျန်းဗျန်းနဲ့ ပစ်၊ လျှပ်စီးတွေကလဲ တလက်လက်နဲ့ လက်၊ အဲဒီလို ဖြစ်နေတဲ့ အခါမှာ မကြားတဲ့ ပုဂ္ဂိုလ် မြင်လဲမမြင်ဘူး၊ ကြားလဲ မကြားဘူးတဲ့၊ အဲဒီ ပုဂ္ဂိုလ်နှစ်ယောက်တို့တွင် ဘယ်သူက ပိုအံ့ဩစရာ ကောင်းတုံး ဆိုတော့။
ဟာ ... အရှင်ဘုရား ဒီ လှည်းငါးရာ မပြောနဲ့ လှည်းတစ်ထောင်၊ လှည်းတစ်သောင်း၊ လှည်းတစ်သိန်း ဖြစ်ပါစေ ဒါက ဘာမှ ပြောစရာ မဟုတ်သေးဘူး၊ ခုန ပြောသလို မိုးတွေက ခြိမ်း၊ မိုးကြိုးတွေကပစ်၊ အဲဒီကြားထဲမှာ မမြင်ဘူး၊ မသိဘူးဆိုတာက ပိုပြီး အံ့သြစရာကောင်းတာပေါ့လို့ လျှောက်ထားတဲ့ အခါကျတော့။
ဘုရားရှင် ကိုယ်တော်မြတ်က အေး ... ငါ ဘုရားဟာ တစ်ခါတုန်းက အာတုမမြို့နယ် တလင်းထဲက၊ လယ်လုပ်တဲ့ သူရဲ့ တလင်းထဲက တဲလေးထဲမှာ။ ကောက်ရိုး တဲလေးမှာ ငါ ဘုရား သီတင်းသုံးတော်မူတယ်။
အဲဒီအခါမှာ မိုးတွေကရွာ တဂျိမ်းဂျိမ်းနဲ့ မိုးတွေကလဲ ခြိမ်း၊ မိုးကြိုးတွေကလဲ တဂျိမ်းဂျိမ်း ပစ်နေ၊ လျှပ်စီးတွေကလဲ တလက်လက်နဲ့ လက်၊ အဲဒီနေရာမှာ လယ်သမား ညီအစ်ကို နှစ်ယောက်ကလဲ မိုးကြိုးပစ်လို့သေ၊ နွားလေးကောင်လဲ မိုးကြိုးပစ်လို့သေ၊ အဲဒီလို လူတွေ နွားတွေ သေတော့၊ အဲဒီ အာတုမမြို့က လူတွေက စုရုံပြီးတော့ ရောက်လာကြ၊ ငါဘုရားကလဲ တဲလေး ထဲက ထွက်ပြီးတော့ လမ်းလျှောက်။
အဲ့ဒီ အထဲ လူတစ်ယောက်က ငါ ဘုရားဆီလာတယ်၊ လာတော့၊ ဟေ့ ... ဟိုမှာ လူတွေ ဘာလုပ်နေတာတုံးလို့ ငါ ဘုရားက မေးတယ်၊ မေးတော့။
ဟာ... အရှင်ဘုရား မသိဘူးလား၊ ခုန မိုးကြိုးပစ်၊ မိုးကြိုးပစ်တော့ ဒီမှာ လယ်သမား ညီအစ်ကို နှစ်ယောက် သေကြ၊ နွားလေးကောင်လဲ သေတယ်၊ အဲ့ဒါ လူတွေ လာတာပဲ၊ အရှင်ဘုရား ဘယ်မှာတုံး။
ဟာ...ငါ ဒီမှာပဲ၊ ဒီ အထဲမှာပဲ။
နို့ အရှင်ဘုရား ဒီလောက် မိုးကြိုးပစ်၊ မိုးတွေခြိမ်းနေတာ အရှင်ဘုရား မမြင်ရဘူးလား။
အေး ... မမြင်ရဘူး။
အရှင်ဘုရား မကြားဘူးလား။
အေး...ငါ မကြားဘူး။
နို့ အရှင်ဘုရား အိပ်ပျော်နေသလား။
ငါ အိပ်မပျော်ပါဘူးကွာ၊ ငါ နိုးနေပါတယ်။
အရှင်ဘုရား စိတ်ကောရှိရဲ့လား၊ သညာ ရှိရဲ့လား၊ စိတ်ရှိရဲ့လားလို့ မေးတော့၊ ဟ, စိတ်လဲ ရှိပါတယ်ကွ၊ အသိ မပျောက်ပါဘူး။
အဲ့ဒီတင် အဲ့ဒီ ယောက်ျားက၊ အဲ့ဒီ ပုဂ္ဂိုလ်က အံ့သြစကား လျှောက်ထားတယ်။
အစ္ဆရိယံ ဝတ ဘော၊ အဗ္ဘုတံ ဝတ ဘော၊ သန္တေန ဝတ ဘော ဝိဟာရေန ပဗ္ဗဇိတာ ဝိဟရန္တိ။ ယတြ ဟိ နာမ သညီ သမာနော ဇာဂရော၊ ဒေဝေ ဝဿန္တေ၊ ဒေဝေဂဠဂဠာယန္တေ၊ ဝိဇ္ဖုလတာသု၊ နိစ္ဆရန္တီသု၊ အသနိယာ။ ဖလန္တိယာ နေဝဒက္ခတိ၊ န ပန သဒ္ဒံ သောဿတိ။
ပဗ္ဗဇိတာ - ရဟန်းတို့သည်။
သန္တေန - ငြိမ်သက်သော။
ဝိဟာရေန - နေခြင်းမျိုးဖြင့်။
ဝိဟရန္တီဝတ - နေနိုင်ကြပါပေကုန်၏။
ယတြဟိယော - အကြင် အရှင်ဘုရားသည်။
သညီ - သညာရှိသည်။
(ဝါ) စိတ်ရှိသည်။
သမာနော - ဖြစ်ပါလျက်။
ဇာဂရော - နိုးနေပါလျက်။
ဒေဝေ - မိုးသည်။
ဝဿန္တေ - ရွာနေပါလျက်။
ဒေဝေ - မိုးသည်။
ဂဠဂဠာယန္တေ - ဂဠဂဠဟု အသံ ပြုလတ်သော။ ဂျုံးဂျုံးဟု အသံပြုလတ်သော။
ဝိဇ္ဇုလတာသု - လျှပ်စီးတို့သည်။
နိစ္ဆရန္တီသု - အရောင်တလက် ပြက်ကုန်လတ်သော်။
အသနိယာ - မိုးကြိုးသည်။
ဖလန္တိယာ - မြည်လတ်သော်။
တစ်နည်း၊
အသနိယာ ဖလန္တိယာ - မိုးကြိုး ပစ်လတ်သော်။
နေဝဒက္ခတိနာမ - မြင်လည်း မမြင်လိုက်။
န ပန သဒ္ဓံ သောဿတိ - အသံကိုလည်း မကြားလိုက်။
တဿ - ထိုအရှင်ဘုရား၏။
တံ - မမြင်လိုက် မကြားလိုက်ခြင်းသည်။
အစ္ဆရိယံဝတဘော - လက်ဖျောက်တီး၍ အံ့ချီးလောက်ပါပေစွ။
ဪ... ။ အဗ္ဘုတံဝတဘော - မဖြစ်စဖူး ထူးဆန်းပါပေစွ။ ဪ...။
ဆိုလိုတာကတော့၊ သြော် ... ရဟန်းတော်တွေ အံ့စရာပါလား၊ ရဟန်းတော်တွေ နေပုံမျိုးဟာ အံ့စရာပါလား၊ ဒီလောက် မိုးတွေ တခြိမ်းခြိမ်းနဲ့၊ လျှပ်စီးတွေ တဝင်းဝင်းနဲ့၊ မိုးကြိုးတွေ တဂျုန်းဂျုန်းနဲ့ ပစ်နေတာ မြင်လဲ မမြင်ဘူး၊ ကြားလဲ မကြားဘူးတဲ့၊ နိုးလဲ နိုးနေတယ်၊ အဲဒါတောင် မကြားဘူး၊ အင်မတန် အံ့ဩစရာ ကောင်းပါလား၊ မဖြစ်ဖူးမြဲ ထူးကဲတဲ့ ရဟန်းတော်တွေရဲ့ အဖြစ်ပါလား ဆိုပြီးတော့၊ အဲဒီ ဒကာက ဘုရားရှင် အကြောင်းပြုပြီး ရဟန်းတော်တွေရဲ့ ဂုဏ်ကျေးဇူးကို ချီးကျူးသွားတယ်။
ဒီတော့ သမာပတ္တိဆိုတာ ဘယ်လောက် အံ့သြစရာ ကောင်းတုံး၊ ဘယ်လောက် အစွမ်းသတ္တိ ရှိတယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိနိုင်တယ်နော်။
အဲဒီတော့ သမာပတ် အစွမ်းသိရင် အဲဒီ သမာပတ်၌ ခံစားရတဲ့ နိဗ္ဗာန်သုခ ဆိုတာ လဲပဲ၊ ဒါ မှန်းနိုင်တယ်၊ အဲဒီ မှန်းနိုင်တာ အနုမာနအားဖြင့် နိဗ္ဗာန်ကို အာရုံပြုတာပဲ၊ ဒါကြောင့်မို့လို့ ကိုယ်တွေ့ မဆိုက်ရောက်နိုင်သေးတဲ့ အခါမှာ ဆိုက်ရောက်နိုင်ရင်လဲ အကောင်းဆုံးပေါ့။
မဆိုက်ရောက်နိုင်သေးတဲ့ အခါမှာ အဲဒီလို ဆင်ခြင်ပြီး ရဟန်းတော်တွေ ခုန ပြောတဲ့ ဘုရားရှင်ကိုယ်တော်မြတ် သမာပတ်ဖြင့် နေပုံတွေ၊ ခုန ဘိက္ခုနီမလေး သမာပတ် ချမ်းသာ ခံစားပြီး နိဗ္ဗာန်အရသာ ခံစားပုံ၊ အဲဒါတွေ ကြားရသဖြင့်၊ သြော်.. အင်မတန် မွန်မြတ်ပါလား။ တကယ် ချမ်းသာတဲ့ ချမ်းသာပါလားဆိုတာ သိနိုင်ကြတာ။
ဒါကြောင့် ဒါတွေ တွေးပြီးတော့ ဥပသမာနုဿတိ ဆိုတဲ့ နိဗ္ဗာန်ကို အောက်မေ့ခြင်း၊ ကမ္မဋ္ဌာန်း ဘာဝနာကိုလဲ တတ်နိုင်သမျှ စီးဖြန်းအားထုတ် ပွားများနိုင်ကြပါစေ သတည်း။
သာဓု... သာဓု... သာဓု...
နိဗ္ဗာန်ချမ်းသာ တရားတော်
▬▬▬▬▬▬▬▬▬▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁၃၄၇-ခု၊ ဝါခေါင်လကွယ်နေ့
ဘုန်းကြီး နိဗ္ဗာန်နှင့် စပ်ပြီးတော့ နိဗ္ဗာန်ကို မှတ်နိုင်အောင် ဆိုပြီးတော့ ဟောလာတာ တော်တော်တော့ အကြိမ် များသွားပြီ ။ အဲ... လောကမှာ နိဗ္ဗာန်ဆိုတဲ့ ငြိမ်းချမ်းမှု ချမ်းသာကို သူတော်ကောင်းတွေ လိုလားကြတယ်၊ တကယ့် အရိယာ ပညာရှင်တွေ လိုလားကြတယ်။
စောစောက နိရောဓသမာပတ် ချမ်းသာအကြောင်း ပြောခဲ့တယ်။ ဒီတော့ နိရောဓ သမာပတ်ချမ်းသာဆိုတာ အနာဂါမ် ရဟန္တာတွေ ဝင်စားနိုင်တယ်၊ အနာဂါမ် ရဟန္တာ တွေလဲ အနာဂါမ်တိုင်း ရဟန္တာတိုင်း ဝင်စားနိုင်တာ မဟုတ်ဘူး၊ ဈာန်သမာပတ် ရှစ်ပါး အပြည့်အစုံ ရကြတဲ့ အနာဂါမ် ရဟန္တာတွေသာ ဝင်စားနိုင်တယ်။
ဘာဖြစ်လို့ ဝင်စားကြသတုံး ဆိုတော့ ဒိဋ္ဌဓမ္မ ဘဝမှာပဲ နိဗ္ဗာန်အရသာ ခံစားမယ် ဆိုပြီးတော့ ဝင်စားကြတယ်။
ဥဒယဗ္ဗယ သင်္ခါရေ၊
ဥက္ကဏ္ဌိတွာန ယောနိသော။
သုခံ ဝိဟိရိဿာမာတိ၊
သမာပဇ္ဇန္တိ တေ ဣမံ။
ဥဒယဗ္ဗယသင်္ခါရေ - ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်ခံနေရသော သင်္ခါရတရားတို့ကို။
ဥက္ကဏ္ဌိတွာန - ငြီးငွေ့ကြကုန်၍။
ယောနိသော - အသင့်အတင့် နှလုံးသွင်းသော အားဖြင့်။
သုခံ - ချမ်းချမ်းသာသာ။
ဝိဟရိဿာမ - နေကြကုန်တော့အံ့။
သုခံ ဝိဟရိဿာမ - ချမ်းချမ်းသာသာ နေကြပေတော့မည်။
ဣတိ - ဤသို့ နှလုံးသွင်းတော်မူကြကုန်၍။
ဣတိ - ဤသို့ တကယ့်ဒိဋ္ဌဓမ္မ သုခချမ်းသာကို ခံစားတော့မည် ဆိုတဲ့ ရည်ရွယ်ချက် ထားကြကုန်၍။
တေ - ထိုအနာဂါမ် ရဟန္တာ အရှင်မြတ်တို့သည်။
ဣမံ - ဤ နိရောဓသမာပတ် ဆိုတဲ့ သမာပတ် တရားကို ။
သမာပဇ္ဇန္တိ - ကောင်းစွာ လှလှ ဝင်စားတော်မူကြလေကုန်သတည်း။
အဲ ... လောကကြီးဟာ ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် အင်မတန် အနှိပ်စက် ခံနေရတယ်၊ အနှိပ်စက်ခံနေရတဲ့ ဒီလို အချိန်ခါ သမယကြီးမှာ ချမ်းချမ်းသာသာ နေတော့မယ် ဆိုပြီးတော့ ဒီ သမာပတ်ကြီး ဝင်စားတယ်လို့ ဆိုတယ်။
ဒီတော့ ဒီ သမာပတ်ကြီး ချမ်းသာတယ် ဆိုတော့ သမာပတ်ကြီးက စိတ်လဲ မရှိဘူး၊ စေတသိက်လဲ မရှိဘူး၊ အချို့သော ကိုယ်စောင့် ရုပ်တွေမှတစ်ပါး စိတ္တဇ ရုပ်ဆိုတဲ့ ရုပ်တွေလဲ မရှိဘူး၊ ငြိမ်လို့၊ ဒါ ချမ်းသာသတဲ့လား။
သမဏော ဂေါတမော - ရဟန်းဂေါတမသည်။
သညာ ဝေဒယိတနိရောဓံ - သညာ ဝေဒနာတို့ရဲ့ ချုပ်ရာ နိရောဓ သမာပတ်ကို။
အာဟ - ဟောတော်မူ၏။
တံစ - ထို နိရောဓသမာပတ်ကိုလည်း။
သုခသ္မိံ - ချမ်းသာ၌။
ဝါ - ချမ်းသာဟူ၍။
ပညပေတိ - ပညတ်တော်မူ၏။
ဣဒံ - ဤ သညာ ဝေဒနာတွေ ချုပ်ငြိမ်းနေလျက်နဲ့ ချမ်းသာ ဆိုတဲ့ ချမ်းသာသည်။
ကိံသု - အဘယ်ပေနည်း။
ကထံသု - ဘယ်ပုံ အားဖြင့် သိရပါအံ့နည်း-
လို့ တိတ္ထိတွေက ပြောလိမ့်မယ်။
ရဟန်းဂေါတမဟာ - သညာ ဝေဒနာတို့ရဲ့ ချုပ်ရာ သမာပတ်ကြီးကို ပညတ်တော် မူခဲ့တယ်၊ အဲဒီ သညာ ဝေဒနာတို့ ချုပ်ရာ ဖြစ်လျက်နဲ့ ဒီဟာ ဘယ်လိုများ ချမ်းသာ နိုင်ပါ့မတုံး၊ အဲဒီ တိတ္ထိတွေကို ဘယ်လိုများ ပြောရမတုံး ဆိုတော့။
အာဝုသော - ငါ့ရှင်တို့။
ဘဂဝါ - ဘုန်းတော်ရှင် ရှင်တော်မြတ်ဘုရားသည်။
သုခံ ယေဝ ဝေဒနံ - ချမ်းသာ ဆိုရတဲ့ သုခ ဝေဒနာကိုသာလျှင်။
သုခသ္မိံ - ချမ်းသာ၌။
ဝါ - ချမ်းသာ ဟူ၍။
နပညပေတိ - ပညတ်တော် မူသည် မဟုတ်။
ယတ္ထ ယတ္ထ - အကြင် အကြင်အရာ၌။
ယဟိံ ယဟိံ - အကြင် အကြင်သဘောတရား၌။
သုခံ - ချမ်းသာကို။
လဗ္ဘတိ - ရအပ်ပါပေ၏။
တံတံ - ထိုထို ချမ်းသာ ချမ်းသာ ရနိုင်သမျှ သဘောမှန်သမျှကို။
သုခသ္မိံ - သုခအရာ၌။
ဝါ - သုခ ဟူ၍။
ပညပေတိ - ကောင်းစွာမသွေ ပညတ်တော် မူပါပေ၏။
လောကမှာ အများ-ထင်နေကြတာက ခံစားရတဲ့ ချမ်းသာကိုသာ ချမ်းသာလို့ ထင်နေ ကြတယ်၊ အဲဒီခံစားမှု မပါတဲ့ ချမ်းသာကို ချမ်းသာလို့ မထင်ကြဘူး၊ ပျင်းစရာကြီး ထင်နေကြတယ်။
ဒါဟာ ကိုယ်တွေ့မရှိလို့၊ ကိုယ်တွေ့ရှိကြတဲ့ အရိယာ ပုဂ္ဂိုလ်တွေ အဖို့မှာတော့၊ အဲဒီ ချမ်းသာမှ တကယ့်ချမ်းသာ။
အာဝုသော - ငါအရှင်တို့။
ဣဒံ နိဗ္ဗာနံ - ဤ နိဗ္ဗာန်ဆိုတဲ့ တရားသည်။
သုခံ - ချမ်းသာ အစစ် တကယ်တမ်း ဖြစ်ပါပေ၏။
“နိဗ္ဗာန်ဟာ တကယ် ချမ်းသာတယ် ငါ့ရှင်တို့” လို့ ရဟန်းတော်တွေကို အမိန့် ရှိနေတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို ဥဒါယီ မထေရ်က “ဘယ့်နှယ် အရှင်ဘုရား သာရိပုတ္တရာ၊ ချမ်းသာ ခံစားမှု မရှိတဲ့ နိဗ္ဗာန်များ ဘယ်လို ချမ်းသာ နိုင်ပါ့မတုံး” ဆိုတော့။
ယတ္ထ - အကြင်နိဗ္ဗာန်၌။
ဝေဒယိတံ - ခံစားရတဲ့ ဝေဒနာ သဘောတရားသည်။
နတ္ထိ - မရှိ။
ဧတဒေ၀ - ထို ခံစားမှု မရှိသော နိဗ္ဗာန်တရားသည် သာလျှင်။
သုခံ - ချမ်းသာ အစစ် တကယ်တမ်း ဖြစ်ပါပေ၏။
အဲဒီ ခံစားမှု မရှိတာကိုဘဲ တကယ့် ချမ်းသာ၊ ခံစားမှု မရှိခြင်းသည်သာလျှင် တကယ် ချမ်းသာပဲ၊ လောကမှာ ခံစားမှု ဆိုတဲ့ ချမ်းသာတွေ ရှိတယ်၊ ရူပါရုံ အကြောင်းပြုပြီး ခံစားတယ်။
သဒ္ဒါရုံ - ဂန္ဓာရုံ - ရသာရုံ - ဖောဋ္ဌဗ္ဗာရုံ - အာရုံ ငါးပါးဆိုတဲ့ ချမ်းသာတွေကို ခံစားတယ်။ အဲဒီ ချမ်းသာတွေဟာ ဘယ်လောက် ခံစားနိုင်တုံး၊ နှစ်သက်ဖွယ် ကောင်းလှပါတယ် ဆိုတဲ့ ရူပါရုံ လေးကိုကြည့်ပြီး သာယာနေရတဲ့ သုခချမ်းသာလေး၊ အဲဒီ ချမ်းသာကို၊ ဘယ်လောက်ကြာကြာ ကြည့်ပြီးတော့ ခံစားနေနိုင်သတုံး ဆိုတော့၊ ကြာရင် ငြီးငွေ့လာတာပဲ။
ကြာရင် မကြည့်ချင်တော့ဘူး ညောင်းလာ-ညာလာ၊ ပင်ပန်းလာတယ်၊ ပင်ပန်း လာတော့ ဟို သုခလေး ပျောက်သွားတယ်၊ စိတ်ထဲမှာ ငြီးငွေ့ခြင်းကြောင့် ဖြစ်တဲ့ ဆင်းရဲတောင် ပေါ်လာတယ်၊ အဲဒါကြောင့်မို့လို့ ဝေဒယိတ ဆိုတဲ့ ချမ်းသာတွေ ခံစားရတယ်ဆိုတဲ့ ချမ်းသာတွေဟာ ဒီအတိုင်းချည်းပဲ၊ ဝေဒယိတ-သုခ မရှိတဲ့ သန္တိသုခ၊ ခံစားမှု မရှိဘဲနဲ့ ငြိမ်းအေးနေတဲ့ ချမ်းသာ၊ အဲဒီ ချမ်းသာသည် သာလျှင် တကယ် ချမ်းသာ။
ဒီ ချမ်းသာက အချိန် ဘယ်လောက်ကြာကြာ ခံစားနိုင်တယ်။ ဆင်းရဲတယ် မရှိဘူး၊ အဲဒါကြောင့် မို့လို့ အဲဒီ ခံစားခြင်း မရှိခြင်းသာလျှင် ချမ်းသာ ခံစားခြင်း ဝေဒယိတ မရှိတဲ့ ချမ်းသာ မို့လို့ တကယ့် ချမ်းသာဖြစ်ရတယ် ဆိုတဲ့အကြောင်း အရှင်သာရိ ပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဖြေကြားတော်မူခဲ့တယ်။
ဒါနဲ့ စပ်လို တစ်ခါတုန်းက ဘုရားရှင် ကိုယ်တော်မြတ်ကြီး။ နိဂဏ္ဌ ခေါ်တဲ့ တိတ္ထိတွေနဲ့ ဆုံမိတယ်၊ တိတ္ထိတွေဆီ ကြွသွားတော့ အဲဒီ တိတ္ထိတွေက ကိုယ် ပင်ပန်းမှု အတ္တကိလ မထာ နုယောဂ ဆိုတဲ့ အကျင့်ကို ကျင့်နေကြတဲ့ တိတ္ထိတွေ၊ သူတို့က မထိုင်ဘူး၊ အမြဲတမ်း ထ,နေကြတယ် မတ်တတ် - မတ်တတ်ချည်းပဲ၊ ထိုင်မှု-လှဲမှု-လျောင်းမှု ဒီပြင် ဣရိယာပုထ် မရှိဘူး၊ ပင်ပန်းခံနေကြတယ်၊ ဒုက္ခ ခံနေကြတယ်။
ဘုရားရှင် ကိုယ်တော်မြတ်က - ဒါကာ-နည်းလမ်း မကျတဲ့ အကြောင်း မိန့်တော်မူတဲ့ အခါကျတော့ တိတ္ထိတွေက ဘာပြောတုံး ဆိုတော့၊ ရှင်ဂေါတမ၊ ဒုက္ခဖြင့်သာ သုခရနိုင်ပါတယ်၊ သုခဖြင့် သုခ ရနိုင်တယ်လို့ မရှိပါဘူး ၊ ဗိမ္ဗိသာရမင်းကြီး ကြည့်ပါ၊ တကယ်လို့ သုခဖြင့် သုခကို ရနိုင်တယ် ဆိုလို့ရှိရင် ဗိမ္ဗိသာရမင်းကြီးဟာ အရှင် ဂေါတမထက် ချမ်းသာတော့ မပေါ့။
အဲဒီတော့ ... သုခဖြင့် သုခ ရနိုင်တယ်ဆိုရင် ဗိမ္ဗိသာရ မင်းကြီးဟာ ချမ်းသာရတော့ မှာပေါ့ ဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်က အို.... နိဂဏ္ဌတို့ သင့်တို့ဟာ အလျင်စလို မဆင်မခြင် ပြောတာပဲ။
တကယ်ဆိုတော့ ငါ့ကို မေးသင့်တယ်၊ ရှင်ဂေါတမနဲ့ ဗိမ္ဗိသာရမင်းကြီး ဘယ်သူက ပိုချမ်းသာလဲ ဆိုတာတော့ ငါ့ကို မေးသင့်တယ် ဆိုတော့၊ အဲဒီတော့မှ တိတ္ထိတွေက မေးတယ်။
ကော နုခေါ သုခဝိဟာရိတရော ရာဇာ ဝါ မာဂဓော သေနိယော ဗိမ္ဗိသာရော၊ အာယသ္မာ ဝါ ဂေါတမော။
ကော - အဘယ်ပုဂ္ဂိုလ်သည်။
အာယသ္မန္တာနံ - အရှင်တို့တွင်။
ကော - အဘယ်သူသည်။
သုခဝိဟာရိတရော - သာလွန်၍ ချမ်းသာစွာနေရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါသနည်း။
မာဂဓော - မာဂဓတိုင်းကို အစိုးရသော။
သေနိယော - များသော စစ်သည် ဗိုလ်ပါရှိသော။
ဗိမ္ဗိသာရော ဝါ - ဗိမ္ဗိသာရ မင်းကြီးသော်လည်း ဖြစ်ပါသလော။
အာယသ္မာ ဝါ ဂေါတမော - အရှင်ဂေါတမပင် ဖြစ်ပါလေသလော။
အဲသလို ငါ့ကို မေးကြဆိုတော့၊ အဲဒီတော့မှ တိတ္ထိတွေက မေးကြတယ်၊ ဘယ်သူက ပိုပြီး ချမ်းသာလဲ၊ ရှင်ဂေါတမ နဲ့ ဗိမ္ဗိသာရမင်းကြီး ဘယ်သူက ပိုပြီး ချမ်းသာတုံး၊ ရှင်ဂေါတမ ကပဲ ပိုချမ်းသာသလား၊ ဗိမ္ဗိသာရမင်းကြီးကပဲ ပိုချမ်းသာသလား လို့ လျှောက်ထားတဲ့ အခါကျတော့။
အဲ ... ဒါဖြင့် နိဂဏ္ဌတို့ … သင်တို့ကို ငါ ဘုရား မေးမယ်၊ သင်တို့ပြောတဲ့ ဗိမ္ဗိသာရမင်းကြီးဟာ ကိုယ်လဲ မလှုပ်ရှားဘဲနဲ့ စကားလဲ မပြောဘဲနဲ့ ခုနစ်ရက်လုံး နေနိုင်သလား ဆိုတော့၊ ဟာ... ရှင်ဂေါတမ၊ မနေနိုင်ပါဘူး၊ ဒါဖြင့် ကောင်းပြီ၊ ခြောက်ရက် နေနိုင်လား ဆိုတော့ မနေနိုင်ဘူး။
ငါးရက်၊ လေးရက်၊ သုံးရက်၊ နှစ်ရက်၊ တစ်ရက်နေ နိုင်လား ဆိုတော့ မနေနိုင်တဲ့ အကြောင်း သူတို့က ပြောကြတယ်၊ ပြောကြတဲ့ အခါကျမှ ဘုရားရှင် ကိုယ်တော်မြတ်က -
အဲ... နိဂဏ္ဌတို့ ငါ ဘုရားသည် တစ်နေ့နှင့် တစ်ညလုံးသော်လဲ၊ ကိုယ်လဲမလှုပ် စကားလဲ မပြောဘဲနဲ့ နေနိုင်တယ် နှစ်ရက်လဲ နေနိုင်တယ်၊ သုံးရက်လဲ နေနိုင်တယ်၊ လေးရက်လဲ နေနိုင်တယ်၊ ငါးရက်လဲ နေနိုင်တယ်၊ ခြောက်ရက်လဲ နေနိုင်တယ်၊ ခုနစ်နေ့ ခုနစ်ရက်ပတ်လုံး ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ စကားလဲ မပြောဘဲနဲ့ ဤ သန္တိသုခ ချမ်းသာကို ခံစားပြီးတော့ နေနိုင်တယ် ဆိုတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ပြောတယ်၊ ပြောပြီးတော့။
ဧဝံ သန္တေ - ဤသို့ ဖြစ်သည်ရှိသော်။
ကော - အဘယ်သူသည်။
သုခဝိဟာရိတရော - သာလွန်၍ ချမ်းသာကို ခံစားတဲ့ပုဂ္ဂိုလ် ဖြစ်ပါသနည်း။
မာဂဓော - မဂဓတိုင်းကို အစိုးရသော။
သေနိယော - များသော စစ်သည်ရှိသော။
ရာဇာ - ဗိမ္ဗိသာရမင်းပင် ဖြစ်လေသလော။
အဟံ ဝါ - ငါ ဘုရားပင် ဖြစ်လေသလောလို့ မေးတော့၊
အဲဒီကျမှ “ဒီလိုဆိုရင် အရှင်ဂေါတမသည်သာလျှင် တကယ့် ချမ်းသာကို ခံစားနိုင်တဲ့ ပုဂ္ဂိုလ်” ဖြစ်ပါတယ်၊ အဲ ... ဗိမ္ဗိသာရမင်းကြီးဟာ တကယ့် ချမ်းသာကို ခံစားနိုင်တဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူးလို့ ဝန်ခံကြတယ် လျှောက်ထားကြတယ်။
အဲဒီတော့ ကဲ... တကယ့် ချမ်းသာ ဆိုတာနော်၊ ဘုရားရှင် ကိုယ်တော်မြတ်တို့လို ခံစားမှုဆိုတဲ့ ဝေဒယိတ မပါတဲ့ တကယ့် သန္တိဆိုတဲ့ ငြိမ်းချမ်းမှု၊ အဲဒီ ချမ်းသာတွေ ခံစားနိုင်တယ်၊ ဘုရားရှင် ကိုယ်တော်မြတ် ခုနစ်ရက်ပတ်လုံး၊ ခုနစ်နေ့ ခုနစ်ည ပတ်လုံး၊ ဒါ. . ကာမဘုံမှာမို့လို့ ထမင်း အသက်က ခုနစ်ရက်၊ ဒီ ထက် ပိုပြီး နေချင်လဲ နေနိုင်သေးတာပဲ။
အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ် ခုနစ်ရက်ပတ်လုံး စကားလဲ မပြောဘဲနဲ့ ခန္ဓာကိုယ်လဲ လှုပ်ရှားမှု မရှိဘဲနဲ့။ ဧကန္တ - တကယ့် ချမ်းသာတဲ့ ချမ်းသာကြီးကို ခံစားနိုင်တယ် ဆိုတာ ဘယ်လို ချမ်းသာမျိုးတုံး ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ် ဖလသမာပတ် ချမ်းသာ ခံစားတာ။
ဖလသမာပတ် ချမ်းသာဆိုတာ အရိယာတွေ ခံစားတဲ့ ချမ်းသာကြီး၊ မဂ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ ဖိုလ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ အရိယာ ပုဂ္ဂိုလ်တွေ၊ မင်းသည် မင်းစည်းစိမ် ခံစားသကဲ့သို့၊ နတ်သည် နတ်စည်းစိမ် ခံစားသကဲ့သို့၊ ဗြဟ္မာသည် ဗြဟ္မာ စည်းစိမ် ခံစားသကဲ့သို့၊ အရိယာ ပုဂ္ဂိုလ် တို့သည် မိမိတို့ ရရှိတဲ့ ဖိုလ်ချမ်းသာကို ခံစားတော့မယ် ဆိုပြီးတော့ ဖိုလ်ချမ်းသာ ခံစားကြ၊ သမာပတ် ဝင်စားကြတယ်။
သမာပတ် ဝင်စားတာက အထူး မဟုတ်ပါဘူး၊ ဥဒယဗ္ဗယဉာဏ်က နေပြီးတော့ မိမိတို့ ရှေးက အင်မတန် ကျွမ်းကျင်ပြီး၊ လိမ္မာပြီး၊ လျင်မြန်ပြီး၊ ရရှိပြီးဖြစ်တဲ့ ဝိပဿနာ ဆက်ခါ ဆက်ခါ ဝင်စားလာပြီးတော့ နောက်ဆုံး အနုလုံ လေးချက် ဖြစ်ပြီးတော့၊ နောက်ဆုံး ဖိုလ်ဇောတွေ ကျလာတယ်။
ဖိုလ်ဇောတွေ အကြိမ်များစွာ ဖြစ်ပြီး နေတာကိုပဲ ဖလသမာပတ် ဝင်စားတယ်လို့ ဆိုတယ်၊ အဲဒီအခါမှာ ဘာအာရုံမှ မသိနိဗ္ဗာန်မှာသာ ဆိုက်နေတယ်၊ နိဗ္ဗာန်ကိုသာ တွေ့နေတယ်။ အဲဒါ ဖလသမာပတ် ချမ်းသာခေါ်တယ်။ အဲဒီ ဖလသမာပတ် ချမ်းသာဟာ တကယ် ချမ်းသာတဲ့ ချမ်းသာ။
ဩဇဝန္တေန သုစိနာ၊
သုခေန အဘိသန္ဒိတံ။
ယေန သာတာတိသာတေန၊
အမတေန မဓုဝိယ။
အမတေန - အမြိုက်အရသာဖြင့်။
မဓု - ပျားရည်ကို။
အဘိသန္ဒိတံဝိယ - စွတ်စိုစေအပ်သကဲ့သို့။
ဩဇဝန္တေန - အဆီအစေး ရှိသော။
သုစိနာ - အလွန် စင်ကြယ်လှစွာသော။
သာတာတိသာတေန - သာယာသည်ထက် သာယာဖွယ် ကောင်းလှစွာသော။
ယေန - အကြင် ဖလသမာပတ်ဖြင့်။
အရိယာ - အရိယာပုဂ္ဂိုလ်တို့သည်။
သုခံ - ချမ်းသာကို။
ဝိန္ဒန္တိ - ခံစားရကုန်၏။
ဆိုတဲ့အတိုင်း အင်မတန် အဆီ သြဇာ ရှိပြီးတော့ ပျားရည်ပေါ်မှာ အမြိုက်အရသာ လောင်းလိုက်သလို နဂိုက ချိုနေတဲ့ ပျားရည်မှာ အမြိုက်အရသာ လောင်းလိုက်တဲ့ အခါမှာ ပိုပြီးတော့ သာယာဖွယ် ကောင်းတာထက် သာယာဖွယ် ကောင်းတာလို၊ အင်မတန် သာယာဖွယ် ကောင်းလှတဲ့ အရဟတ္တဖိုလ် ချမ်းသာကြီး၊ အဆီအစေး ရှိတဲ့ ချမ်းသာကြီး၊
လောကချမ်းသာတွေဆိုတာ အကာတွေ၊ တကယ့် အဆီ မရှိဘူး၊ တကယ့် အဆီ ရှိတာက အချိုပေါ် သကာလောင်း၊ ခုန ပြောသလို ပျားရည်မှာ သကာလောင်း လိုက်သလို သာယာဖွယ် ကောင်းပါ တယ်ဆိုတဲ့ အရာတွေထက်၊ တကယ့် သာယာဖွယ်ကောင်းလှတဲ့ ဖလသမာပတ်ချမ်းသာ၊ ဖိုလ်ချမ်းသာကြီးကို၊ အရိယာ သခင် အရှင်တို့သည် ခံစားကြသည်။
အဲဒီတော့ တကယ် ချမ်းသာဆိုတာတွေဟာ ခုန ပြောတဲ့ ဝေဒယိတ သုခတွေ မဟုတ်ဘူး၊ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာသည် သာလျှင် တကယ့် နိဗ္ဗာန်ကို အာရုံယူရတဲ့ ဖိုလ်ချမ်းသာ ဆိုတဲ့ ချမ်းသာတွေ၊ နိရောဓသမာပတ်ဆိုတဲ့ ချမ်းသာတွေ။
အဲဒီချမ်းသာတွေသာ တကယ့် ချမ်းသာ၊ အဲဒီ ချမ်းသာတွေကို မမြင်ရ မတွေ့ရတဲ့ ပုဂ္ဂိုလ်တွေကျတော့၊ အဲ ... ဘာ မဟုတ်တဲ့ ချမ်းသာတွေကို ချမ်းသာလို့ ထင်ကြတာပဲ၊ အမှန်ကတော့ နိဗ္ဗာန်ဆိုတာဟာ နုတ်နိုင်သမျှ နုတ်၊ နုတ် နိုင်သမျှ နုတ် ပြီးမှ နောက် တွေ့လာရတဲ့ ချမ်းသာပဲနော်။
ပထမ နှစ်သက်ဖွယ်ကောင်းတဲ့ ရူပါရုံ, သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံ ငါးပါး အကြောင်းပြုပြီး ဖြစ်လာရတဲ့ ချမ်းသာဟာ ကာမချမ်းသာ။
အဲဒီ ကာမချမ်းသာကို ဘုရားရှင်ကိုယ်တော်မြတ်က -
မိဠချမ်းသာ၊ မစင်ကြယ်တဲ့ ချမ်းသာ၊
ပုထုဇ္ဇန ချမ်းသာ၊ ပုထုဇဉ်တို့ရဲ့ ချမ်းသာ၊
အနရိယချမ်းသာ၊ အရိယာမဟုတ်တဲ့ သူတွေရဲ့ ချမ်းသာ၊
မမှီဝဲအပ်တဲ့ ချမ်းသာ၊
မခံစားအပ်တဲ့ ချမ်းသာ၊
ကြောက်ဖွယ်ကောင်းတဲ့ ချမ်းသာလို့ ဟောတော်မူတယ်။
အဲဒီနောက် ပထမဈာန်ချမ်းသာ၊ ဈာန်ချမ်းသာ၊ အဲဒီ ချမ်းသာက ကာမလဲ မရောဘူး၊ အကုသိုလ်လဲ မရောလို့ အလွန် ချမ်းသာတဲ့ ချမ်းသာ၊ ဒုတိယဈာန်ချမ်းသာ၊ တတိယဈာန်ချမ်းသာ၊ စတုတ္ထဈာန် ချမ်းသာဆိုတဲ့ ဈာန်ချမ်းသာ တွေရှိတယ်။
အဲဒီ ချမ်းသာကို နေက္ခမ္မချမ်းသာ၊ ကာမဂုဏ်က လွတ်ထွက်ပြီးတော့ သီးခြား လွန်မြောက်သွားတဲ့ ချမ်းသာတစ်မျိုး၊ ဥပသမ သုခ ငြိမ်းချမ်းသာတဲ့ ချမ်းသာတစ်မျိုး၊ သမ္ဗောဓသုခ - တကယ့် အသိဉာဏ်ရပြီးတော့ ဖြစ်လာရတဲ့ ချမ်းသာမျိုး ၊ ဒါကြောင့် အဲဒီ ချမ်းသာမျိုးဟာ မှီဝဲအပ်တဲ့ ချမ်းသာတွေ၊ အဲဒီ ချမ်းသာတွေဟာ မွန်မြတ်တဲ့ ချမ်းသာမို့လို့ မှီဝဲအပ်တဲ့ချမ်းသာ။
အဲသလို ဟောပြီးတော့ နို့ အဲဒီ မှီဝဲအပ်တဲ့ ချမ်းသာတွေဟာ နိဗ္ဗာန်-ချမ်းသာနဲ့ စာရင် ကွာတဲ့အကြောင်း ပြောချင်ပြန်တော့ ဘုရားရှင် ကိုယ်တော်မြတ်က ဘာဟောတုံး ဆိုတော့၊ အဲဒီချမ်းသာတွေဟာ ကောင်းပါတယ်၊ မွန်မြတ်တဲ့ချမ်းသာ။
ဒါပေမယ့် အဲဒီ ချမ်းသာတွေဟာ စင်လုံးချော ကောင်းသလားဆိုတော့ ပထမဈာန် ချမ်းသာဆိုတာ တုန်လှုပ်မှုရှိတယ်။ ပထမဈာန်ချမ်းသာ တုန်လှုပ်မှုဆိုတာ ဘာတုံး။ ဝိတက်နဲ့ ဝိစာရ ရှိနေတယ်၊ ဝိတက်နဲ့ ဝိစာရရှိနေတဲ့ အတွက်ကြောင့် ပထမဈာန် ချမ်းသာဟာ တုန်လှုပ်တယ်။
နို့ ... ဒုတိယဈာန်ချမ်းသာကရော ဆိုတော့ ဒုတိယဈာန်ချမ်းသာ ဆိုတာကတော့ ပေါ်လွင်တဲ့ ပီတိတို့ သုခတို့ ရှိနေတယ်၊ အဲဒါကြောင့်မို့လို့ သူလဲပဲ တုန်လှုပ်တဲ့ ချမ်းသာ။
တတိယ ဈာန်ချမ်းသာကတော့ ဥပေက္ခာ သုခ ဆိုတဲ့ သုခတစ်မျိုး ရှိနေတယ်။ ဒါကြောင့် သူလဲ တုန်လှုပ်တဲ့ ချမ်းသာမျိုး။
အဲ ... စတုတ္ထဈာန်ချမ်းသာကျမှ အဲဒီ တုန်လှုပ်မှုတွေ ကင်းပြီးတော့ တုန်လှုပ်ခြင်း မရှိတဲ့ ချမ်းသာပဲ၊ အဲ့ဒီ အကြောင်း ဟောတော်မူတယ်။
ဒါဖြင့် ဒီ ချမ်းသာတွေဟာ ဒီလိုတုန်လှုပ်တယ် ဆိုလို့ ရှိရင် မမှီဝဲရဘူးပေါ့လို့ ဆိုတော့။ မှီတော့လဲ မှီဝဲရတာပဲ၊ ဒါပေမယ့် အခု ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူတာကတော့၊ တစ်ခုထက်တစ်ခု ပိုပြီးတော့ ချမ်းသာသွားတာ၊ ကောင်းသွားတာ ထင်ရှားအောင်လို့ ဟောတော် မူခဲ့တာ။
ပထမဈာန်ချမ်းသာ ဝင်စားတယ်၊ အဲဒီ ပထမဈာန် ချမ်းသာ ဆိုတာရှိတယ်၊ အဲဒီ ပထမ ဈာန်ချမ်းသာဟာ တကယ့် နှစ်သက်ဖွယ် မဟုတ်ဘူး၊ တကယ်လိုလား တကယ် မှီဝဲအပ်တဲ့ ချမ်းသာမဟုတ်ဘူး၊ အဲ့ဒီ ပထမ ဈာန်ချမ်းသာဟာ သူ့ချည်းပဲ တန့်ရပ်မနေဘဲနဲ့ လွန်မြောက်အပ်တဲ့ ချမ်းသာ။
ပထမဈာန်ချမ်းသာကို ဘယ်လိုနဲ့ လွန်မြောက်မတုံး ဆိုတော့ကော၊ ဒုတိယဈာန် ရအောင်လုပ်၊ ဒုတိယဈာန်ရရင် ပထမဈာန်က လွတ်သွားပြီး၊ လွန်သွားပြီ။ နို့ ဒုတိယဈာန် ကော တကယ် နှစ်သက်ဖွယ်လား၊ တကယ်သိမ်းပိုက် ထားရမလား၊ မသိမ်းပိုက်ရဘူး၊ သူလဲ လွန်မြောက်ရမှာပဲ။
ဒုတိယ ဈာန်ရဲ့ လွတ်မြောက်မှုဟာ လွတ်မြောက်ကြောင်းဟာ ဘာတုံး၊ တတိယဈာန်၊ အဲ့ဒီလိုအဆင့်ဆင့် တတိယဈာန်ကနေ စတုတ္ထဈာန်၊ စတုတ္ထဈာန်ကနေ အာကာသာ-နဉ္စာယတနဆိုတဲ့ အရူပ ရုပ်မရှိတဲ့ဈာန်၊ နာမ်သက်သက်ဖြစ်တဲ့ ဈာန်၊ အဲ့ဒီဈာန်ကလဲ လွတ်မြောက်ရမှာပဲ။ အာကာသာနဉ္စာယတန ဈာန်ရဲ့ လွတ်မြောက် ကြောင်းဟာ ဘာတုံး၊ ဝိညာဏဉ္စာယတန၊ ဒါကို လွန်မြောက်ကြောင်းဟာ အာကိဉ္စညာယတန၊ အဲဒါကို လွန်မြောက်ကြောင်းဟာ၊ နေဝသညာနာသညာယတန၊ အဲ့ဒီ နေဝသညာ နာသညာယတနကြီးတောင်မှ မှီဝဲအပ်တာ မဟုတ်ဘူး၊ လွန်မြောက် ရမယ့်တရား၊ နေဝသညာနာသညာယတန လွန်မြောက်ဖို့ဆိုတာ ဘယ်တရားတုန်း ဆိုတော့။
နေဝသညာနာသညာယတနကို လွန်မြောက်ကြောင်းဟာ ဘာတုံးဆိုရင်၊ သညာ-ဝေဒယိတနိရောဓ ခေါ်တဲ့ သညာ ဝေဒနာတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိရောဓသမာပတ် ပဲလို့။
အဲ့ဒီ နိရောဓသမာပတ်ဆိုတာ နိဗ္ဗာန်တစ်မျိုး၊ နိဗ္ဗာန် ဆိုပေမယ့် သူလဲတကယ့် နိဗ္ဗာန်တော့ မဟုတ်သေးဘူး၊ နိဗ္ဗာန်နဲ့ ဆင်တူလို့ နိဗ္ဗာန်အေးငြိမ်းသလို သူကလဲ အေးငြိမ်းလို့ ဒိဌဓမ္မ နိဗ္ဗာန်တစ်မျိုး။
အဲ့ဒါကြောင့် အဲ့ဒီ သညာဝေဒယိတ ဆိုတဲ့ နိရောဓ သမာပတ် ရပြီဆိုရင် ဟော -နေဝသညာနာသညာယတန ကျန်နေရစ်ခဲ့ပြီ။
အဲဒီ အခါမှာ အဲဒီ နေဝသညာနာသညာယတန ချမ်းသာလို့ ဆိုရတဲ့ အရူပဈာန် တို့တွင် အထွဋ်အထိပ် ချမ်းသာလို့ ဆိုတဲ့ လောက ကာမသုခချမ်းသာ ထက်လဲ ပိုချမ်းသာတယ်၊ရူပါဝစရဈာန်သုခ တို့ထက်လဲ ပိုချမ်းသာတယ်၊ အရူပ သုခဈာန် တို့တွင် အချမ်းသာဆုံး နေဝသညာနာသညာယတနဆိုတဲ့ ချမ်းသာ၊ အဲဒီ ချမ်းသာကြီး ဆိုက်ရောက်သွားတယ်။
ဆိုက်ရောက်သွားရင် နေဝသညာနာသညာယတန လွန်မြောက်သွားတာပဲ၊ အဲဒီ အခါမှာ တကယ်ချမ်းသာကို တွေ့တာပဲ၊ ဒီတော့ ဪ ... ချမ်းသာဆိုတာဟာ အနုတ် - အနုတ် - အနုတ်နဲ့ နုတ်နုတ်သွားမှ တကယ့် ချမ်းသာတွေ့တယ်။
ကာမချမ်းသာ နုတ်လိုက်တော့ ရူပါဝစရဈာန် ချမ်းသာ၊ ရူပါဝစရဈာန်ချမ်းသာ နုတ်လိုက်တော့ အရူပဈာန်ချမ်းသာ၊ အရူပဈာန်ချမ်းသာဆိုတာ နုတ်လိုက်တော့ သညာဝေဒယိတ နိရောဓ-ဆိုတဲ့ နိရောဓသမာပတ် ချမ်းသာ။
အဲဒါကို တစ်ခါ နုတ်လိုက်ရင်၊ ဟို-အသင်္ခတဆိုတဲ့ နိဗ္ဗာန် ရောက်သွား၊ ဆိုက်သွား၊ အဲဒီ ချမ်းသာခံစားရတဲ့ ပုဂ္ဂိုလ်တွေက နိဗ္ဗာန်ဆိုက်ပြီ တွေ့ပြီဆိုတဲ့ ပုဂ္ဂိုလ်တွေ ခံစား ရတာမို့လို့ ဖလသမာပတ်၊ နိရောဓသမာပတ်တွေ ဆိုတာ နိဗ္ဗာန် ဆိုက်ပြီးတဲ့ ပုဂ္ဂိုလ်တွေ၊ အနာဂါမ် ရဟန္တာ တွေသာ ခံစားရတာမို့လို့ နိဗ္ဗာန် ချမ်းသာနဲ့ သိပ်မကွာဘူးလို့ ဆိုချင်လဲ ဆိုနိုင်တယ်။
သို့သော် သင်္ခတ-သင်္ခါရ တရားမကင်းသေးလို့ နိဗ္ဗာန် အစစ်တော့ မဟုတ်ပေ သေးဘူး၊ ဒီချမ်းသာတွေဟာ၊ သို့သော် နိဗ္ဗာန်ကိုတော့ တွေ့နေပြီ၊ ဒါကြောင့် ဘုန်းကြီးတို့ …
စတုမဂ္ဂဉာဏေန - မဂ်ဉာဏ်လေးပါးဖြင့်။
သစ္ဆိကာ တဗ္ဗံ - မျက်မှောက်ပြုအပ်သော မဂ် ဉာဏ်လေးပါးရတဲ့ ပုဂ္ဂိုလ်တွေ မျက်မှောက်ပြုနိုင်တဲ့ နိဗ္ဗာန်၊ အဲဒီ နိဗ္ဗာန်ရရင် နိဗ္ဗာန် ချမ်းသာခံစားနိုင်တယ်။
ဒီတော့ ဘုန်းကြီးတို့ ဘာတုံးဆိုရင်၊ နောက်နောက်က နိရောဓသမာပတ် ဘာမှ မရှိတာ၊ ဘယ်လိုကြောင့် ချမ်းသာဆိုလဲ၊ ဖလသမာပတ် ချမ်းသာဆိုတာလဲ ဘာမှ ခံစားမှုမရှိဘူး၊ နိဗ္ဗာန်ထဲ ရောက်နေတဲ့ သမာပတ်၊ နိရောဓသမာပတ် ဆိုတာလဲ ဘာမှ ချမ်းသာမှု မရှိဘူး၊ ဘာမှ လောကဝေဒယိတ သုခဆိုတဲ့ ခံစားမှု မရှိဘူး။
အဲ့ ဘယ်လိုကြောင့် ချမ်းသာရတုံးဆိုတော့ ဝေဒယိတ မရှိလို့ ချမ်းသာတာပဲ၊ အဲဒါက ချမ်းသာရရှိတဲ့ အရိယာ ပုဂ္ဂိုလ်တွေသာ ကောင်းကောင်း နားလည်နိုင်တယ်။ မရရှိတဲ့ ပုဂ္ဂိုလ်တွေကျတော့ တလောဆီက ဘုန်းကြီးပြောသလိုပေါ့၊ နိဗ္ဗာန်ကို ဆင်းရဲလို့ ထင်တယ်။
ဒါနဲ့ စပ်ပြီးတော့ အလျဉ်းသင့်တုန်း နည်းနည်း ပြော လိုက်ရဦးမယ်၊ တစ်ခါတုန်းက ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်က စိတ္တသူကြွယ် ဆိုတာရှိတယ်၊ အနာဂါမ် သူကြွယ်ကြီး၊ ပိဋကတ် သုံးပုံဆောင်၊ အနာဂါမ် ရဟန်းတော်တွေနဲ့ တရားဆွေးနွေးတယ်။ ရဟန်းတော်တွေကို တရားလျှောက်တယ်။ ရဟန်းတော် တွေကို သူက တရားဟောတယ်၊ တစ်နေ့တော့၊ နိဂဏ္ဌနာဋပုတ္တ ဆိုတဲ့ တိတ္ထိဆရာကြီး၊ သူနေရာ မဇ္ဈိကာသဏ္ဍ ရောက်လာတယ်။
တပည့် ပရိတ်သတ်တွေနဲ့ ရောက်လာတော့ သွားပြီးတော့ ချဉ်းကပ်တယ်။ အနာဂါမ်ကြီးက တိတ္ထိကြီးဆီ ဘာလို့ သွားပြီး ချဉ်းကပ်ရတုံးဆိုတော့ ...
အဲ ... လောကမှာ ဒီပုဂ္ဂိုလ်တွေဟာ အင်မတန် မာန်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလို သူတော်ကောင်းတွေ လာတာ လာပြီးတော့ ချဉ်းကပ်မှုလေးမှ မပြုဘူးလို့ ကဲ့ရဲ့မှာ စိုးတာက တစ်ကြောင်း၊ ဝါဒ တင်ချင်တာ တစ်ကြောင်း၊ အဲ့ဒါနဲ့ သွားတယ်၊ သွားတော့ ဟိုကျတော့ နိဂဏ္ဌနာဋပုတ္တနဲ့ တွေ့တယ်၊ တွေ့တော့ နိဂဏ္ဌနာဋပုတ္တက စိတ္တသူကြွယ်ကို မေးတယ်။
ဂဟပတိ - သူကြွယ်။
အ,ဝိတက္ကော - ဝိတက် မရှိသော။
အ,ဝိစာရော - ဝိစာရ မရှိသော။
သမာဓိ - သမာဓိသည်။
အတ္ထိ - ရှိ၏။
ဝိတက္ကဝိစာရာနံ - ဝိတက်ဝိစာရတို့၏။
နိရောဓော - ချုပ်ငြိမ်းခြင်းသည်။
အတ္ထိ - ရှိ၏။
ဣတိ - ဤသို့သော။
သာမဏဿ ဂေါတမဿ - ရဟန်းဂေါတမ၏။
ဝစနံ - စကားကို။
သဒ္ဒဟသိ - သင် ယုံကြည်သလော။
ဝိတက် ဝိစာရ မရှိဘူးဆိုတာ။ ဝိတက် ဝိစာရ ချုပ်ငြိမ်းတယ်ဆိုတဲ့ ရဟန်းဂေါတမရဲ့ စကားကို သင် ယုံသလား ဆိုတော့။
န ခေါ အဟံ ဘန္တေ၊
ဘန္တေ - အရှင်ဘုရား။
အဟံ - ဘုရား တပည့်တော်သည်။
အ,ဝိတက္ကော - ဝိတက်မရှိသော။
အ,ဝိစာရော - ဝိစာရမရှိသော။
သမာဓိ - သမာဓိမျိုးသည်။
အတ္ထိ - ရှိ၏။
ဝိတက္ကဝိစာရာနံ - ဝိတက်ဝိစာရတို့၏။
နိရောဓော - ချုပ်ငြိမ်းခြင်းသည်။
အတ္ထိ - ရှိ၏။
ဣတိ - ဤအချက်ကို။
ဘဂဝတော - မြတ်စွာဘုရားအား။
သဒ္ဓါယ - ယုံကြည်ခြင်းဖြင့်။
န,ဂစ္ဆာမိ - သိသည် မဟုတ်ပါ။
တပည့်တော် ဝိတက် ဝိစာရ ချုပ်တယ် ဆိုတာ၊ ဝိတက် ဝိစာရ မရှိတဲ့ သမာဓိ ရှိတယ်ဆိုတာ၊ ဘုရားကို ယုံလို့ တပည့်တော် သိတာ မဟုတ်ပါဘူး၊ သူ့ဆိုလိုရင်းက- ကိုယ်တွေ့မို့လို့ ယုံတာ၊ ဘုရားအပြောနဲ့၊ ယုံတာ မဟုတ်ဘူးလို့ ဆိုလိုရင်း။ သို့သော် နိဂဏ္ဌနာဋပုတ္တကြီးက တစ်မျိုး အဓိပ္ပါယ်ကောက်သွားတယ်။ ဘုရားဟောတာ မယုံဘူးလို့ သူ ပြောတာပဲလို့ ဒီလို အဓိပ္ပာယ် ကောက်ပြီးတော့။
ဘောန္တော - အရှင်တို့-ငါ့တပည့်တို့။
အယံ စိတ္တောဂဟပတိ - ဤစိတ္တသူကြွယ်သည်။
ယာဝ ဥဇုကော - အလွန်ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါပေ၏။
ယာဝ အမာယာဝီ - အလွန်မလှည့်ပတ်၊ မလှည့်စားတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါပေ၏။
စိတ္တသူကြွယ်ကြီးဟာ အင်မတန် ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်၊ ငါ့ရှင်တို့ … အင်မတန် ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်၊ မစဉ်းလဲ မလှည့်ပတ်တဲ့ ပုဂ္ဂိုလ်၊ အကြင်ပုဂ္ဂိုလ်ဟာ ဝိတက် ဝိစာရ ချုပ်ငြိမ်းမှုကို ပြောဆိုတယ်၊ ဝိတက်စာရမရှိတဲ့ သမာဓိရှိတယ်လို့ ပြောဆို တယ်၊ အဲ့ဒီပုဂ္ဂိုလ်ဟာ လေကို ပိုက်ကွန်နဲ့ ဖမ်းတဲ့ လူလို လေကို မိအောင် ပိုက်ကွန်နဲ့ ဖမ်းတဲ့လူလိုဖြစ်တယ်။
သမုဒ္ဒရာ-ဂင်္ဂါမြစ်ထဲက ရေတွေကို လက်ဆုပ်နဲ့တားတဲ့ ပုဂ္ဂိုလ်နဲ့ တူတယ်ဆိုတဲ့ အကြောင်း ပြောတယ်၊ ပြောတော့ စိတ္တသူကြွယ်က တိုတိုပဲ ပြောကြပါစို့လေ၊ စိတ္တသူကြွယ်က မေးတယ်၊ အရှင်ဘုရား သဒ္ဓါနဲ့ ဉာဏ်ဟာ ဘယ်သူက မြတ်ပါသတုံး၊ ဘယ်သူက သာလွန်ပြီးတော့ ထူးမြတ်ပါသတုံး၊ ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါနဲ့၊ ကိုယ်တွေ့သိခြင်းဆိုတဲ့ ဉာဏ်ပညာ - ဒီတရား နှစ်ပါးတို့တွင် ဘယ်ဟာက သာလွန် ပြီးတော့ ထူးမြတ်ပါသတုံး လို့ မေးတယ်။
မေးတော့၊ နိဂဏ္ဌနာဋပုတ္တကြီးက၊ သူကြွယ် - ကိုယ်တွေ့ သိတဲ့ ပညာဉာဏ်က ပိုပြီးတော့ ထူးမြတ်တယ်။ သာလွန်ပြီးတော့ ထူးမြတ်တယ်ဆိုတော့၊ အဲ့ အရှင်ဘုရား တပည့်တော်ဟာ အကြင် အခါမှာ၊ ပထမဈာန် ဝင်စားခြင်းငှာ အလိုရှိ၏။ ထိုအခါမှာ၊ ပထမဈာန် ဝင်စားခြင်းငှာအလိုရှိ၏။ ထိုအခါမှာ ပထမဈာန်ကို ဝင်စားနိုင်တယ်။
ဒုတိယ ဈာန်ကို ဝင်စားခြင်းငှာ အလိုရှိ၏။ အလိုရှိသလို ဝင်စားနိုင်တယ်။ တတိယဈာန် ဝင်စားခြင်းငှာ အလိုရှိ၏။ ထိုအခါ အလိုရှိသလို ဝင်စားနိုင်တယ်။
စတုတ္ထဈာန် ဝင်စားခြင်းငှာ အလိုရှိ၏။ ထိုအခါ အလိုရှိသလို ဝင်စားနိုင်တယ်။
အဲသလို ကိုယ်တွေ့ ဈာန်တွေ၊ ဈာန်တရားတွေ ဝင်စားနိုင်တဲ့ ပုဂ္ဂိုလ်၊ ဈာန်တရား ဖိုလ်တရားတွေ ဝင်စားနိုင်တဲ့ပုဂ္ဂိုလ် အဲသလို ပုဂ္ဂိုလ်က ဘယ်လို ပုဂ္ဂိုလ်ကို ယုံကြည်ခြင်းနဲ့ ဝိတက် ဝိစာရ မရှိဘူး။
ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းရာ၊ ဝိတက် ဝိစာရ မရှိတဲ့ သမာဓိ ရှိတယ်၊ ဝိတက် ဝိစာရ ချုပ်ငြိမ်းမှု ရှိတယ်ဆိုတာကို သူတစ်ပါး ယုံပြီးများ ပြောနေရမလား၊ သူတစ်ပါး ယုံနေရဦးမလား၊ ကိုယ်တွေ့ သိနေတာပဲလို့ စိတ္တသူကြွယ်က ပြောတယ်၊ အဲသလို ပြောတော့။
နိဂဏ္ဌနာဋပုတ္တကြီးက လေပြောင်း လာပြန်တယ်၊ သူ့ တပည့်တွေကို၊ ငါ့ရှင်တို့ … စိတ္တသူကြွယ်ဟာ အင်မတန် မဖြောင့်တဲ့ပုဂ္ဂိုလ်၊ စိတ္တသူကြွယ်ဟာ အင်မတန် စဉ်းလဲတဲ့ ပုဂ္ဂိုလ်၊ စိတ္တသူကြွယ်ဟာ လှည့်ပတ်တတ်တဲ့ မာယာ ရှိတဲ့ ပုဂ္ဂိုလ် ဆိုပြီးတော့ ပြောလိုက်တော့ အဲဒီတင် စိတ္တသူကြွယ်က ကဲ အရှင်ဘုရား၊ အခုတင်ပဲ အရှင်ဘုရားက စိတ္တသူကြွယ်ဟာ အင်မတန်ဖြောင့် တယ်လို့ ဆိုခဲ့တယ်၊ အခုလေးတင်ပဲ စိတ္တသူကြွယ်ဟာ မဖြောင့်ဘူးလို့ ဆိုပြန်တယ်၊
အရှင်ဘုရား ရှေးစကားဟာ မှန်ရင် နောက်စကားဟာ မှားရမှာပဲ ၊ နောက် စကားဟာ မှန်ရင် ရှေးစကားဟာ မှားရမှာပဲ၊ ကဲ အရှင်ဘုရားကို တပည့်တော် မေးမယ်၊ ၁-၂- ၃- ၄- ၅- ၆- ၇- ၈- ၉ ဆိုတာ ဘာတုံး။ အဲဒါ ဖြေနိုင်ရင်ဖြင့် နောက် တပည့်တော်ဆီ လာခဲ့တော့ ဆိုပြီးတော့ ပြဿနာ မေးပြီးတော့ ပြန်သွားတယ်တဲ့။
အဲဒါနော် သဒ္ဓါနဲ့ ပညာ၊ လောကမှာ နိဗ္ဗာန်မကောင်းဘူးလို့ ထင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ နိဗ္ဗာန်ဆိုတာ အလကားလို့ ထင်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အရိယာတို့လို ကိုယ်တွေ့ မရှိလို့ ကိုယ်တွေ့ ရှိကြတဲ့ ပုဂ္ဂိုလ်တွေသာ တကယ့် ချမ်းသာကို ခံစားနိုင် ကြတယ်။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သဒ္ဓါထက် ပညာ အရေးကြီးလို့ ကိုယ့်တွေ့သိတဲ့ ပညာကို အဆင့်ဆင့် အဆင့်ဆင့် တစ်ဆင့်ထက် တစ်ဆင့် မြင့်ထက် မြင့်ကာတိုးတက် ပေါက်ရောက်၊ ရရှိ ပေါက်ရောက်ပြီး၊ ဒုက္ခ ခပ်သိမ်း အေးငြိမ်း ကာ၊ တကယ့် နိဗ္ဗာန်သုခ ခံစားနိုင်ကြပါစေကုန်သတည်း။
သာဓု ... သာဓု … သာဓု …
၁၃၄၇၊ တော်သလင်းလဆန်း (၈) ရက်နေ့။
ဥပုသ်တရားတော်
နိဗ္ဗာန် ဂုဏ်ရည်နှင့် သစ္စာ မေတ္တာ
အေး ဘုန်းကြီး နိဗ္ဗာန်နဲ့ ဆိုင်တဲ့၊ နိဗ္ဗာန်နဲ့ ဆက်သွယ်တဲ့ တရားလေးတွေ ဟောလာတာ တော်တော် များသွားပြီး၊ ဒီနေ့ ပရိတ်ကြီး ပါဠိတော်က နိဗ္ဗာန်ဂုဏ်ကို ဖော်ပြတဲ့။ နိဗ္ဗာန်ဂုဏ်ပြ ပါဠိတော်လေး ရွတ်ပြီးတော့ ဟောရမယ်၊
ခယံ ဝိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနိ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ခယံ - ကိလေသာအစုံ၊ ဒုက္ခ အဖုံဖုံတို့ ကုန်ရာဌာန ဖြစ်ပေထသော။
ဝိရာဂံ - ရာဂ အတွယ် ပြယ်ပျောက် ကင်းရှင်းရာ ဖြစ်ပေထသော။
အမတံ - သေခြင်း ကင်းလှ အမတဓာတ်လည်း ဖြစ်ပေထသော။
ပဏီတံ - မရောင့်ရဲစေတတ် မွန်မြတ်လှစွာသော။
ယံ - အကြင် နိဗ္ဗာန်ဓာတ် တရားတော်မြတ်ကို။
သကျမုနိ - သာကီနွယ်ဘွား ဘုရားရှင် ကိုယ်တော်မြတ်သည်။
အဇ္ဈဂါ - ဗောဓိပင်ခြေပလ္လင်ဗွေက ကောင်းစွာမသွေ ရတော်မူခဲ့လေပြီ။
တေန ဓမ္မန - ထို နိဗ္ဗာန်ဆိုတဲ့ တရားတော်မြတ်နှင့်။
သမံ - တန်းတူထား၍ ရှုစားဖွယ်ရာ တူညီသော။
ကိဉ္စိ - တစ်စုံ တစ်ခုသော တရားမျိုးသည်။
န အတ္ထိ - ဘယ်သို့ပင် ရှာရှာ မရှိရိုး ဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သတည်း။
ဓမ္မေ - နိဗ္ဗာန်တရားတော်မြတ်၌။
ဣဒမ္ပိရတနံ - ဤ ရတနာဖြစ်ကြောင်း ကောင်းမြတ်သော ဂုဏ်ရည် အပေါင်းသည် လည်း။
ပဏီတံ - ထူးမြတ်လှပါပေ၏။
ဧတေန သစ္စေန - ဤသို့ မှန်ကန်စွာ ဆိုရသော သစ္စာစကားကြောင့်။
တုမှာကံ - ရတနာ သုံးပါး အားထား ကိုးကွယ်ကြသော။
ဓမ္မမာမက - သီတင်းသည်အပေါင်း သူတော်ကောင်းတို့အား။
သုဝတ္ထိ - ဘေးဒဏ် ရန်စွယ် အန္တရာယ်ကင်းဝေး အေးချမ်း သာယာ ချမ်းသာခြင်း။
ဟောတု - မုချမသွေ ဖြစ်ပါစေသတည်း။
နိဗ္ဗာန်ဆိုတာ မြို့ကြီး ပြကြီးလား
အဲ-ဘုန်းကြီးတို့ နိဗ္ဗာန်ဆိုတာက လူတွေ ထင်နေသလို တချို့ လူတွေ ထင်နေသလို၊ တကယ့် ဘုံကြီးနန်းကြီး ပြာသာဒ်တွေနဲ့ ဘုံတွေနဲ့ နန်းတွေနဲ့ စံမြန်းစရာ ဌာနကြီး မဟုတ်ဘူး အမှန်ကတော့ တင်စားပြီးတော့ ပြောကြတာ၊ နိဗ္ဗာန် ရွှေပြည် စသည်ဖြင့်၊ နိဗ္ဗာန်ကို ပြည်ကြီး အဖြစ်နဲ့ တင်စားပြီးတော့ ပြောကြတယ်။
နိဗ္ဗာန်ဆိုတဲ့ ဟိုဘက်က သာယာတဲ့ ဆိပ်ကမ်းကြီး တက်လှမ်းရပါလို၏။ စသည့်ဖြင့်၊ အမျိုးမျိုး အဖုံဖုံ တင်စားပြီးတော့ နိဗ္ဗာန်ကို ချီးကျူးကြတယ်။ သို့သော်လဲပဲ ဒါက တင်စားချက်၊ တင်စားချက်ဆိုတာ တကယ်မဟုတ်ဘူး။
တင်စားချက်ဆိုတာ မြန်မာဝေါဟာရမှာ တကယ်အရှိ မဟုတ်ဘူး၊ ဥပမာ စသည်ဖြင့် အသုံးလှအောင် စကားအသုံး လှအောင် တင်စား ပြီးတော့ သုံးနှုန်းထားခြင်း မျှသာပဲ။
အဲ့ဒီတော့ အဲသလို မြို့ကြီးပြကြီး နန်းကြီး မဟုတ် ရွှေပြည်မဟုတ်၊ ဆိပ်ကမ်းကြီး မဟုတ်ဆိုရင် နိဗ္ဗာန်ဟာ ဘာတုံး ဆိုတော့။ ခယံ - ကိလေသာအဖုံဖုံ ဒုက္ခ အလုံးစုံတို့၏ ကုန်ရာ ဖြစ်ပေထသော။ နိဗ္ဗာန်ဆိုတာ ကိလေသာတို့၏ ကင်းရာ ကုန်ရာ ပျောက်ရာပဲ၊ ဒုက္ခ အဖုံဖုံတို့၏ ကုန်ရာကင်းရာပျောက်ရာပဲ။
အဲဒီတော့ ဘာရှိတုံးဆိုတော့ ဘာမှ မရှိဘူး၊ ဘာမှမရှိ ဘူးဆိုတော့ ဘုန်းကြီးတို့ လိုချင်စရာဆိုလို့နော်၊ လောဘနဲ့ လိုချင်စရာဆိုလို့ ဘာမျှ မရှိဘူး။
အဲဒီ လိုချင်မှုတွေကို လိုချင်မှုဆိုတဲ့ လောဘ စသော တရားတွေ၊ ဣဿာ-မစ္ဆရိယ မာန စသော တရားတွေ၊ ကိလေသာတွေ ဘာမှ မရှိဘူး။
ပြီးတော့ ဘယ်လိုဒုက္ခမျိုးတွေမှ ဒီမှာ မရှိဘူး၊ အဲဒီတော့ နိဗ္ဗာန်ဆိုတာဟာ ဘာသာ ရှိသတုံးဆိုတော့ အဲဒီကိလေသာတွေ ငြိမ်းအေးမှု၊ ငြိမ်းအေးမှု၊ ဒုက္ခတွေ ငြိမ်းအေးမှုဆိုတဲ့ အငြိမ်းဓာတ်သာ ရှိတယ်။
အဲဒီ အငြိမ်းဓာတ်ကိုပဲ နိဗ္ဗာန်ဆိုတာပဲ၊ ဒီတော့ နိဗ္ဗာန်ဆိုတာ ရွှေပြည်ကြီးလဲ မဟုတ်ဘူး၊ ရွှေနန်းကြီးလဲ မဟုတ်ဘူး၊ ဆိပ်ကမ်းသာကြီးလဲ မဟုတ်ဘူး၊ အမှန် ကတော့ ရုပ်နာမ်တို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အငြိမ်းဓာတ်ကြီးပဲ။
အားလုံး ပုထုဇဉ်သတ္တဝါတွေ ဆိုတာက တဏှာ မကင်းကြ၊ ကိလေသာ မကင်းကြတော့ တကယ့်အငြိမ်းဓာတ် ဆိုတဲ့ နိဗ္ဗာန်ကြီးမှာတောင်မှ မြို့ကြီးအဖြစ်နဲ့ တောင့်တ လိုက်သေးတယ်၊ ခံစားဖို့ တောင့်တလိုက်ကြသေးတယ်။
အဲဒါ အမှန်ကတော့ အဝိဇ္ဇာ တဏှာကြောင့်၊ အဝိဇ္ဇာ တဏှာကင်းကြတဲ့ ပုဂ္ဂိုလ်တွေသာ အဲဒီ နိဗ္ဗာန်ရဲ့ အရသာ ကောင်းကောင်း သိကြတယ်၊ အဲဒီ နိဗ္ဗာန် အရသာ ကောင်းကောင်း ခံစားကြရတယ်။ ကောင်းကောင်းမြင်ကြတယ်။
ဒါကြောင့် အဝိဇ္ဇာတဏှာ ကင်းကြတဲ့ ပုဂ္ဂိုလ်တွေ ချီးမွမ်းထားတဲ့ နိဗ္ဗာန်ရဲ့ ဂုဏ်ပုဒ်တစ်ခုက -
နိဗ္ဗာန်၏ ခယဂုဏ်
ခယ - နိဗ္ဗာန်ဆိုတာ ခယပဲ။ ကိလေသာတွေလဲ မရှိ၊ ဒုက္ခခပ်သိမ်းလဲ မရှိ။ ဘယ်ဒုက္ခမှ မရှိ၊ အားလုံး ငြိမ်းနေတဲ့ အငြိမ်းတရားကြီးပဲ။ အားလုံး ငြိမ်းနေရင် ဘာမှ မရှိဘူးလား ဆိုတော့ ဒီလိုလဲ မဟုတ်ဘူး၊ သူ့ကို မြင်နိုင်တဲ့ ဉာဏ်ကောင်းရရင် မြင်ရတယ်။ တွေ့ရတယ်။
ဝိရာဂဂုဏ်
သစ္ဆိကရဏ - နိဗ္ဗာန်ဆိုတာ သစ္ဆိကရဏ ရှိတယ်၊ သစ္ဆိကရဏကိစ္စနဲ့ နိဗ္ဗာန်ကို မြင်ရ၊ ကြည့်ရ၊ တွေ့ရတယ်။ ဒါကြောင့် ကိလေသာတွေ ကုန်ရာ၊ ဒုက္ခတွေ ချုပ်ရာ ဆိုပေမယ့် မရှိတာတော့ မဟုတ်ဘူး။
မဂ်ရတဲ့ ပုဂ္ဂိုလ်၊ ဖိုလ်ရတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိရတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ ဧကန်ဒိဋ္ဌ တွေ့တဲ့တရား၊ ဝိရာဂံ - ရာဂအတွယ် ပြယ်ပျောက်ကင်းရှင်းရာ ဖြစ်ပေထသော။ နိဗ္ဗာန် ဆိုတာ ဝိရာဂ-ရာဂ ကင်းရှင်းရာ။
ဒါလဲပဲ ခုန ပြောသလို ကိလေသာတွေ၊ ခန္ဓာတွေ အကုန်ငြိမ်းနေတဲ့ နေရာမှာ ရာဂက ဘယ်သွား ရှိတော့မတုံး။
ရာဂရှိတယ်ဆိုတာက နှစ်သက်ဖွယ်အာရုံရှိတဲ့ နေရာမှာသာ ရာဂပေါ်နိုင်တာ၊ နိဗ္ဗာန်ဆိုတာ နှစ်သက်ဖွယ်အာရုံလဲ မရှိဘူး။ နှစ်သက်တတ်တဲ့ ရာဂလဲ မရှိဘူး၊ ဘာမှ မရှိဘူး။
ဒါကြောင့်မို့လို့ နိဗ္ဗာန်မှာ ရာဂလဲမရှိဘူး၊ တပ်နှစ်သက်စရာ အာရုံလဲ မရှိဘူး၊ ငြိမ်းအေးမှု သက်သက်ပဲ၊ နိဗ္ဗာန်ဆိုတာက မြန်မာ၊ ပါဠိသက် မြန်မာ စကား။ အဲဒီမြန်မာ စကား ပါဠိဟာ ဘာတုံးဆိုတော့၊ နိဗ္ဗာန - နိဗ္ဗာန်ဆိုတာ ငြိမ်းအေးမှုပဲ။
အဲဒီ ငြိမ်းအေးမှုအပြင် ဒီပြင်တစ်စုံတစ်ခု နိဗ္ဗာန်က လိုချင်နေရင်တော့ အဲဒါ ရမှာ မဟုတ်ဘူး။ အဲသလို ပုဂ္ဂိုလ်တွေလဲ နိဗ္ဗာန်ရဖို့ ခဲယဉ်းတယ်။
ဒါ့ကြောင့် နိဗ္ဗာန်ဆိုတာ ငြိမ်းအေးမှုအပြင် ဘာမှမရှိဘူး၊ အငြိမ်းဓာတ်ကြီးပဲ။ ဝိရာဂ-ရာဂ ကင်းရှင်းရာ၊ ရာဂက အဲဒီနိဗ္ဗာန် အာရုံ မပြုနိုင်ဘူး။
ဘာဖြစ်လို့တုံး၊ သူနဲ့တစ်ဖက်တစ်လမ်း၊ အာရုံအားဖြင့် ကြည့်ကြည့်၊ အာရုံအနေနဲ့ ကြည့်ကြည့်၊ အတူတူဖြစ်ဖက် အနေနဲ့ကြည့်ကြည့် နိဗ္ဗာန်နဲ့ ရာဂ ဆိုတာကတော့ တစ်ဖက် တစ်လမ်းပဲ။ ဒါကြောင့်မို့လို့ နိဗ္ဗာန်ဟာ အာရုံ အနေအားဖြင့်လဲ ရာဂ မရှိဘူး။
တကွဖြစ်ဖက် အနေအားဖြင့်လဲ ရာဂ မရှိဘူး။ ဘယ်နည်းနဲ့မှ မရှိဘူး။ ရာဂကင်းရာ အငြိမ်းဆိုရင် ဘာရှိလဲ၊ မီးငြိမ်းသွားပြီဆိုရင် အဲဒီ မီးငြိမ်းတဲ့ အငြိမ်းမှာ ဘယ်လို အရာဝတ္ထု ရှာလို့ တွေ့ဦးမတုံး။ ဘာမှ မတွေ့တော့ဘူး။
ငြိမ်းအေးမှု - ငြိမ်းမှုပဲ တွေ့ရတယ်။ ရောဂါပျောက် သွားတယ်ဆိုရင် အဲဒီ ပျောက်သွားတယ်ဆိုတဲ့ ရောဂါ ငြိမ်းမှုမှာ ဘာတွေ့ရလဲ၊ ဘာမှ မတွေ့ရဘူး။ ဘာမှ မတွေ့ရဘူး။ ငြိမ်းအေးမှုပဲ တွေ့ရတယ်။
အမတ ဂုဏ်
အဲဒါလိုပဲ၊ နိဗ္ဗာန်ဆိုတဲ့ တရားဟာ သင်္ခါရတရားဆိုလို့ ဘာမှ တွေ့ရမှာ မဟုတ်ဘူး။
ဝိသင်္ခါရ - သင်္ခါရတို့၏ငြိမ်းရာ၊ ကိလေသာတို့၏ ငြိမ်းရာ၊ ဒါကြောင့် -
ဝိရာဂံ - ရာဂအတွယ် ပြယ်ပျောက် ကင်းရှင်းရာ ဖြစ်ပေထသော။
အမတံ - သေခြင်း ကင်းလတ် အမတဓာတ်လည်း ဖြစ်ပေထသော။
သေတယ်ဆိုတာ ဖြစ်တဲ့တရားတွေမှ သေတာ၊ နိဗ္ဗာန်မှာ ဖြစ်မှုဆိုတဲ့ ဥပါဒ်မရှိဘူး။ တည်မှုဆိုတဲ့ (ဌီ) မရှိဘူး။ ပျက်မှုဆိုတဲ့ ဘင် မရှိဘူး၊
အားလုံး ရုပ်တရား၊ နာမ်တရားတွေမှာ ဖြစ်ပေါ်မှုဆိုတဲ့ ဇာတိ ရှိတယ်။ ဖြစ်ပေါ်ပြီး ဌီ ဆိုတဲ့ တည်မှုရှိတယ်။ ဖြစ်ပြီးနောက် ပျက်ရတယ်ဆိုတဲ့ ဘင် ရှိတယ်။
နိဗ္ဗာန်မှာ အဲသလိုဟာတွေ ဘာမှ မရှိဘူး၊ ဘာမှမရှိလို့ သေရတယ်လဲ မရှိဘူး၊ နိဗ္ဗာန်ဆိုက်ပြီ ဆိုရင် နိဗ္ဗာန်တရားမှာ သေခြင်းလဲ မတွေ့ရ၊ ဖြစ်ခြင်းလဲ မတွေ့ရဘူး၊ တည်ခြင်းလဲ မတွေ့ရဘူး၊ ပျက်ခြင်းလဲ မတွေ့ရဘူး။
ဒါကြောင့်မို့လို့ အမတ - သေခြင်းကင်းတဲ့ အမတ ဓါတ်တစ်မျိုးပဲ။
လောကမှာ ဆန့်ကျင်ဘက်။
ဥပ္ပါဒါ သင်္ခါရာ
အနုပ္ပါဒံ နိဗ္ဗာနံ
ဥပ္ပါဒါ - ဖြစ်တဲ့ တရားတို့သည်။
သင်္ခါရာ-သင်္ခါရတို့တည်း။
အနုပ္ပါဒံ - မဖြစ်တဲ့တရားသည်။
နိဗ္ဗာနံ - နိဗ္ဗာန်တည်း။
ပဝတ္တာ - အဆက်မပြတ် ဖြစ်နေသော တရားတို့သည်။
သင်္ခါရာ - သင်္ခါရတို့တည်း။
အပ္ပဝတ္တံ - အဆက်မပြတ် ဖြစ်နေသော တရား၏ ကင်းရာသည်။
နိဗ္ဗာနံ - နိဗ္ဗာန်တည်း။
စသည်ဖြင့် ဘုန်းကြီးတို့ နိဗ္ဗာန်ဆိုတဲ့ တရားကို ဂုဏ်ပြုတဲ့ အခါကျတော့ သင်္ခါရ ခေါ်တဲ့ ရုပ်နာမ် တရားတွေနဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် အဖြစ်ဖြင့် ဂုဏ်ပြုရတယ်။ အဲ့ဒါကြောင့် မို့လို့ နိဗ္ဗာန်ဟာ သင်္ခါရတို့လို အသေတရား မဟုတ်ဘူး။ မသေတဲ့ တရား။
သင်္ခါရ တရားတို့ကဲ့သို့၊ ဇာတ-ဖြစ်တဲ့ တရား မဟုတ်ဘူး၊ အဇာတ မဖြစ်တဲ့တရား။
ဇာတိ-တရား မဟုတ်ဘူး။ အ,ဇာတိ-မဖြစ်တဲ့တရား။
ဒါကြောင့် နိဗ္ဗာန်ကို အာရုံယူကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဖြစ်တဲ့ တရားရယ်လို့ ဘာမှ မတွေ့ရဘူး။ မဖြစ်တဲ့ တရားအနေနဲ့ တွေ့ကြရတယ်။ တကယ် ဇာတိကို ကြောက်မှ နိဗ္ဗာန် ရတာ၊ ဇာတိ မကြောက်သေးရင် နိဗ္ဗာန် မရဘူး။
ဇာတိဆိုတာ ဘာတုံး။ ရုပ်နာမ်တို့၏ ဖြစ်ခြင်း။ ပဋိသန္ဓေ နေခြင်းကို ဇာတိ ခေါ်တယ်။ လောကမှာ ပုထုဇဉ်တွေရဲ့ အမြင်အားဖြင့် မဖြစ်ရတာကို လန့်ကြတယ်။
ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ အမြင်နဲ့ဆိုရင် အဲဒီ မဖြစ်ခြင်းကို အင်မတန် နှစ်သက်ကြတယ်။ ဖြစ်ခြင်းရဲ့ ဒုက္ခ မြင်ကြတယ်။ မဖြစ်ခြင်းရဲ့ ချမ်းသာသုခ မြင်ကြတယ်။
စာလာထေရီ အကြောင်း
ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်တော်တုန်းက စာလာ ဆိုတဲ့ ဘိက္ခုနီမလေး တစ်ယောက်ရှိတယ်။
ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ နှမ။ ဘိက္ခုနီမလေး။ တလောဆီက ပြောခဲ့ သလိုပေါ့လေ။ ဘိက္ခုနီမလေးတွေဟာ အန္ဓဝန်တော သွားသွားပြီးတော့ ဝိဝေက ဆိုတဲ့ ကင်းဆိတ်မှု ချမ်းသာကို ခံစားကြတယ်။
အဲ့ဒီ စာလာ ဆိုတဲ့ ဘိက္ခုနီမလေးဟာလဲ မနက်ခင်း ဆွမ်းခံပြီးတော့ အပြန် ဆွမ်းခံ ဇရပ် တစ်ခုခုမှာ ဆွမ်းစား၊ ပြီးတော့ နေ့လယ်ခင်းကျတော့ အဲဒီ တောအုပ်ကြီးဆီ သွားတယ်။ တောအုပ်ကြီးမှာ သွားပြီးတော့ ငြိမ်းအေးမှု အရသာ ခံစားတယ်။
အဲသလို ခံစားတော့ မာရ်နတ်ကြီးက ရောက်လာတယ်။ မာရ်နတ်ဆိုတဲ့ အဖျက် သမားက ရောက်လာတယ်။ ဘိက္ခုနီ မလေး သမာဓိပျက်အောင် ရောက်လာပြီးတဲ့ အခါကျတော့။
မာရ်နတ် နှောင့်ယှက်ပုံ
ကိံ နု တွံ ဘိက္ခုနီ န ရောစေသိ။
ဘိက္ခုနီ - ဘိက္ခုနီမလေး။
တွံ - သင် ဘိက္ခုနီမလေးသည်၊
ကိံ - အဘယ်အရာမျိုးကို။
န,ရောစေသိ - မနှစ်သက်ပါသနည်း။
ဘိက္ခုနီမလေး၊ အသင် ဘိက္ခနီမလေးဟာ ဘယ်လို ဟာမျိုးကို မနှစ်သက်ဘူးတဲ့၊ ဘယ်လိုဟာမျိုးကို မုန်းသတုံး ဆိုတဲ့ အနေနဲ့ မေးတယ်၊
ဇာတိံ ခွါဟံ အာဝုသော န ရောစေမိ။
အာဝုသော - ဒကာ မာရ်နတ်။
အဟံ - ငါသည်။
ဇာတိံ - ပဋိသန္ဓေ နေရခြင်းဆိုတဲ့ သဘောကို။
န,ရောစေမိ - မနှစ်သက်ရိုး ဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာတည်း။
မာရ်နတ်၊ ငါသည် ပဋိသန္ဓေ နေရခြင်းဆိုတဲ့ ဇာတိကို မနှစ်သက်ရိုး အမှန်ပဲ။ ပဋိသန္ဓေ နေရခြင်းဆိုတဲ့ ဇာတိကို မနှစ်သက်ဘူး။ ဒီလို ပြန်ပြောတယ်။ ဒီတော့ မာရ်နတ်က ဆန့်ကျင်ဘက် စကား ပြောကြားတယ်။
မာရ်နတ် အမေး
ကိံနု တွံ ဇာတိံ န,ရောစေသိ၊
ဇာတော ကာမာနိ ဘုဉ္ဇတိ။
ကော နု တွံ ဣဒမာဒပယိ၊
ဇာတိ မာရောစ ဘိက္ခုနီ။
(သံ၊ ၁-၁၃၃။)
ဘိက္ခုနီ - ဘိက္ခုနီမလေး။
တွံ - သင် ဘိက္ခုနီမလေးသည်။
ကိံနု - အဘယ်ကြောင့်။
ဇာတိံ - ပဋိသန္ဓေ နေရခြင်းကို။
န,ရောစေသိ - မနှစ်သက်ရပဲ ရှိပါဘိသနည်း။
ဇာတော - ပဋိသန္ဓေ နေရတဲ့ ပုဂ္ဂိုလ်သည်သာလျှင်။
ကာမာနိ - ငါးဖြာအာရုံ ကာမဂုဏ်တို့ကို။
ဘုဉ္ဇတိ - ခံစားရပါပေ၏။
ပဋိသန္ဓေနေမှ နောင် ကာမဂုဏ်တွေ ခံစားရတယ်။ အဲသလို ပဋိသန္ဓေ နေမှ ကာမဂုဏ် ချမ်းသာတွေ ခံစားရတာ ဖြစ်သောကြောင့် ဒီဇာတိကို သင်က ဘယ့်နှယ့်ကြောင့် မကြိုက်ဘဲ ရှိရသတုံးလို့ ဘိက္ခုနီမလေးကို မေးတယ်။ ဒါတင် မကသေးဘူး။
ဘိက္ခုနီ - ဘိက္ခုနီမလေး။
ကော - ဘယ်လို မသိ နားမလည်တဲ့ ပုဂ္ဂိုလ်က။
ဇာတိံ - ပဋိသန္ဓေ နေရခြင်းကို။
မာ,ရောစ - မနှစ်သက်ပါလင့်။
ဣဒံ - ဤသို့ ပဋိသန္ဓေ နေရခြင်းကို မနှစ်သက်ပါလင့်ဆိုတဲ့ စကားကို။
ကော - အဘယ်သို့သော ပုဂ္ဂိုလ်က။
အာဒပယိ - သင့်ကို ယူဆအောင်၊ သင်ပြပြောကြားခဲ့ပါဘိသနည်း။
အဲ... ပဋိသန္ဓေနေမှ ကာမဂုဏ်တွေ ခံစားရတယ်။ သို့ပါလျက်သားနဲ့ ဘယ်လိုမသိ နားမလည်တဲ့ ပုဂ္ဂိုလ်က သင့်ကို ဇာတိ - မနှစ်သက်ပါနဲ့လို့ ဒီလို စကား ပြောကြားခဲ့တုံး၊ ဒီလို သင်ပေးခဲ့တုံး ဆိုတော့။
စာလာ အဖြေ
ဇာတဿ မရဏံ ဟောတိ၊
ဇာတော ဒုက္ခာနိ ဖုသတိ။
ဗန္ဓ ဝဓံ ပရိက္လေသံ၊
တသ္မာ ဇာတိံ န ရောစယေ။
(သံ၊ ၁-၁၃၃။)
ဘိက္ခုနီမလေးက ဇာတိရဲ့ အပြစ်ကို ပြောတယ်။ မာရ်နတ်က ဇာတိရဲ့ အကျိုးကို ပြောတယ်။
ပဋိသန္ဓေ နေရလို့ ကာမဂုဏ်တွေ ခံစားရတာပေါ့။ ဒီလို ကောင်းကျိုးတွေ ရှိရက် သားနဲ့၊ သင့်ကို ဒီ ဇာတိ မနှစ်သက် ပါနဲ့လို့ ဘယ်သူကများ သင်ပေးခဲ့တုံး၊ အဲသလို ပြောတော့၊ ဘိက္ခုနီမလေးက ဇာတိရဲ့ အပြစ်တွေ ပြောပြတယ်။
ဇာတဿ - ပဋိသန္ဓေတည်နေ ဖြစ်ပွားရသော ပုဂ္ဂိုလ်အား။
မရဏံ - သေရခြင်းသည်။
ဟောတိ - ဖြစ်ပါပေ၏။
လူ့ဘ၀ သေရတယ်ဆိုတာ၊ ပဋိသန္ဓေ နေရလို့ သေရတာ၊ ဒါတင်မက။
ဇာတော - ပဋိသန္ဓေ နေရသော ပုဂ္ဂိုလ်သည်။
ဒုက္ခာနိ - ဒုက္ခမျိုးစုံတို့ကို။
ဖုသတိ - တွေ့ကြုံရ၏။
လောကမှာ ဒုက္ခမျိုးစုံ ကြုံရတာဟာ ပဋိသန္ဓေနေရလို့၊ ဘာဒုက္ခတွေတုံး။
ဗန္ဓံ - နှောင်ဖွဲ့ခံရခြင်းကို လည်းကောင်း။
ဝဓံ - အသတ်အဖြတ် ညှဉ်းဆဲခံရခြင်းကို လည်းကောင်း။
ပရိက္လေသံ - ဘေးရန်အမျိုးမျိုးကို လည်းကောင်း။
ဒုက္ခာနိ - ဒုက္ခမျိုးစုံတို့ကို။
ဖုသတိ - တွေ့ကြုံခံစားရပါ၏။
တသ္မာ - ထိုသို့ ပဋိသန္ဓေ နေရသည်ဖြစ်၍ ဒုက္ခမျိုးစုံ ကြုံရသည်ဖြစ်သောကြောင့်။
အဟံ - ငါသည်။
ဇာတိ - ပဋိသန္ဓေ နေရခြင်းဆိုတဲ့ သဘောကို။
န,ရောစာမိ - မနှစ်သက်ရိုး ဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သတည်း။
မာရ်နတ်ကြီးက ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်ဟာ သေရတယ်၊ ပဋိသန္ဓေ မနေရတဲ့ ပုဂ္ဂိုလ်ဟာ မသေရဘူး၊ ပဋိသန္ဓေနေရတဲ့ ပုဂ္ဂိုလ်သာ ဒုက္ခမျိုးစုံ ကြုံရတယ်။ လောကမှာ၊ ဗန္ဓံ - အနှောင်အဖွဲ့ခံရ။ ဝဓံ - အသတ်အဖြတ်ခံ အညှဉ်းဆဲခံရ။ ပရိက္လေသံ - ဘေးရန် အမျိုးမျိုးကြုံခံရ၊ ဘေးရန်တွေ အမျိုးမျိုး, ဒုက္ခတွေအမျိုးမျိုး ကြုံရ၊ ဒါကြောင့်မို့လို့ ဒုက္ခမျိုးစုံတို့ရဲ့၊ သေရခြင်းရဲ့ အကြောင်းရင်း လက်သည်ဖြစ်တဲ့ ဒီဇာတိကို ငါမနှစ်သက်ရိုး အမှန်ပဲ၊ ဘိက္ခုနီမ လေးကပြန်ပြော၊ စာလာဆိုတဲ့ ဘိက္ခုနီမလေးက မာရ်နတ်ကြီးကို ဇာတိရဲ့ အပြစ်ကို ပြောတယ်။
ဘုရားရှင်က ငါ့ကို
သစ္စာတရားအပ်နှင်း
ဗုဒ္ဓံ ဓမ္မံ အ,ဒေသယိ။
ဇာတိယာ သ,မတိက္ကမံ။
သဗ္ဗဒုက္ခပဟာနာယ၊
သော မံ သစ္စေ နိဝေသယိ။
(သံ၊ ၁၊ ၁၃၄။)
ဗုဒ္ဓေါ - ငါတို့ရဲ့ ဘ ဘုရားဖြစ်တော်မူတဲ့ ရှင်တော်မြတ်ဘုရားသည်။
ဇာတိယာ - ပဋိသန္ဓေနေရခြင်းဆိုတဲ့ ဇာတိကို။
သမတိက္ကမံ - ကောင်းစွာ လွန်မြောက်ကြောင်း ဖြစ်သော။
ဓမ္မံ - တရားတော်ကို။
အဒေသယိ - ကရုဏာရှေ့ထား ဟောကြားတော်မူခဲ့ပါပေ၏။
သော - ထို ရှင်တော်မြတ်ဘုရားသည်။
သဗ္ဗဒုက္ခပဟာနာယ - ဒုက္ခမျိုးစုံ အကုန်လွတ်ကင်းပယ်ရှားခြင်းငှာ။
မံ - ငါ စာလာကို။
သစ္စေ - အမှန်လေးပါး တရားအချက်၌။
နိဝေသယိ - သွတ်သွင်းချီးမြှောက် တော်မူခဲ့လေသတည်း။
မာရ်နတ်ကြီးကို ဘိက္ခုနီမလေးက ကိုယ့်တွေ့လက်တွေ့ တရားဟောပြတယ်။
ဗုဒ္ဓေါ ဓမ္မံ အဒေသယိ၊
ဇာတိယံ သမတိက္ကမံ။
အေး၊ တို့ ရှင်တော်မြတ်ဘုရား ငါ၏ ဘ ဘုရားရှင် ကိုယ်တော်မြတ်ဟာ အဲဒီ ဒုက္ခမျိုးစုံ လွန်မြောက်ကြောင်းဖြစ်တဲ့၊ ဇာတိ - ပဋိသန္ဓေ နေရခြင်းကို လွန်မြောက် ကြောင်း ဖြစ်တဲ့ သစ္စာလေးပါးတရားကို ဟောတော်မူခဲ့တယ်။၏
သစ္စာလေးပါး တရားဟာ ငါ အသိ၊ သစ္စာလေးပါး တရားဟာ ငါ့ကိုယ်တွေ့၊ ဒါကြောင့် ဇာတိ မကောင်းမှန်း သိတယ် လို့ဆိုလိုရတာ၊ ဘုန်းကြီးတို့ သစ္စာလေးပါး တရားဆိုတာက အားလုံးကြားဖူးကြတဲ့ အတိုင်း …
ဒုက္ခ-ဆင်းရဲအမှန် ဒုက္ခသစ္စာ၊
ဆင်းရဲဖြစ်ကြောင်း အမှန် သမုဒယသစ္စာ၊
ဆင်းရဲချုပ်ကြောင်း အမှန် နိရောဓသစ္စာ ၊
ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါး။
ဖြစ်ချင် ဖြစ်
ရှေးက ဆရာတော်ကြီးများက သစ္စာလေးပါးကို အလွယ်နဲ့ နားလည်အောင် “ဖြစ်ချင်ဖြစ် မဖြစ်ချင်မဖြစ်။ သစ္စာလေးပါး တရားအစစ်” လို့ ဆောင်ပုဒ်လေး ပေးထားကြတယ်။
ဖြစ်ချင်ဖြစ် မဖြစ်ချင်မဖြစ် သစ္စာလေးပါး တရား အစစ်တဲ့။ ဖြစ်ချင်ဆိုတာ ဘာတုံး၊ အဲ ... ဖြစ်ချင်ဆိုတာ သမုဒယကို ပြောတာ ၊ တဏှာသမုဒယ၊ တဏှာဆိုတာ လိုချင်တယ်။ မက်မောတယ်။
လိုချင်တော့ မက်မောတော့ ဒီဘဝသာမက၊ နောက်ဘဝလဲ ဖြစ်ချင်သေးတယ်၊ ကိုယ်သာ မကသေးဘူး၊ ကိုယ့်ရဲ့ အပေါင်းအဖော်တွေနဲ့ ပျော်ပျော်ပါးပါး ဖြစ်ချင်သေးတယ်။
အဲသည်လို တဏှာဆိုတဲ့ သဘောတရားလေးက ဒုက္ခကို ဖန်တီးတတ်တဲ့တရား၊ သူက ဖြစ်ချင်တယ်၊ ဖြစ်ချင်တော့အဲဒီ ဒုက္ခကို ဖြစ်အောင် လုပ်တယ်၊ လုပ်တော့ ဟော ... ဒုက္ခဆိုတဲ့ တရားတွေ ဖြစ်လာရတယ်။
ဟိုဘဝက တဏှာဆိုတဲ့ တရားက တွန်းပေးလိုက်လို့ ဘုန်းကြီးတို့ ဒီလူ့ ဘဝမှာ ပြီးတော့ လူ့ခန္ဓာ လူ့ဒုက္ခကြီး ရ,ထားတာ၊ အဲဒီတော့ ဟိုဘဝက တွန်းပေးလိုက် တဏှာဟာ သမုဒယ သစ္စာ၊ သူ ဖန်တီးပေးလိုက်တာ။
ဖန်တီးပေးလိုက်လို့၊ ဒီဘဝမှာ လူ့ခန္ဓာဆိုတဲ့ ဒုက္ခတုံးကြီး၊ ဒုက္ခအိုးကြီး ၊ဒုက္ခတွေ တည်နေရာ အသိုက် အအုံကြီး ရထားကြတာ၊ ရထားကြတော့ ထွက်ချင်တိုင်း ထွက်နေကြတာ၊ ဒုက္ခတွေ။
အဲဒါကြောင့်မို့လို့ ဖြစ်ချင်တာဖြစ်ရတယ်၊ ဖြစ်ချင် ဆိုတဲ့ သမုဒယ တရားကြောင့် ဖြစ်ဆိုတဲ့ ဒုက္ခတရား လူ့ ဘဝ၊ နတ်ဘဝ၊ တိရစ္ဆာန်ဘဝ၊ ပြိတ္တာဘဝ၊ ငရဲဘဝ စသည်ဖြင့် တဏှာကြောင့် ဒုက္ခတွေ အမျိုးမျိုး ဖြစ်ရတာ၊ မဖြစ်ချင်မဖြစ်။ အဲ ... ဖြစ်ချင်တဲ့ တဏှာကြောင့် ဒုက္ခသစ္စာ ဆိုတဲ့ ဒုက္ခသစ္စာ ခန္ဓာတွေဖြစ်ရတယ်။
မဖြစ်ချင် မဖြစ်
မဖြစ်ချင်ရင် မဖြစ်ဘူး၊ မဖြစ်ချင်ဆိုတာ ဘာတုံး ဆိုတော့ မဂ္ဂသစ္စာ၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စသော မဂ္ဂင်ရှစ်ပါး၊ ဘုန်းကြီးတို့ အထူး ဟောနေစရာ မလိုတော့ပါဘူး။
အားလုံးကြားဖူးနေကြတာပဲ၊ လိုရင်းကတော့ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်၊ အဲဒီ မဂ္ဂင်နဲ့ ရုပ်နာမ်တရားတွေ ရှုဆင်ခြင်ရင်၊ ရုပ်နာမ်တရားတွေရဲ့ အနိစ္စသဘောမြင်ရင်၊ ဒုက္ခသဘော မြင်ရင် ၊ အနတ္တသဘောမြင်ရင် မဖြစ်ချင်ဘူး ၊ ရုပ်နာမ်တွေ အပေါ်မှာ ငြီးငွေ့တယ်။
လောကမှာ နှစ်သက်တယ်၊ တွယ်တာတယ် ဆိုတာက၊ အသုဘ မမြင်လို့၊ အနိစ္စ မမြင်လို့၊ ဒုက္ခ မမြင်လို့ နှစ်သက် တွယ်တာ တာကိုး။ အနိစ္စ အချက် မြင်မယ်၊ ဒုက္ခ အချက်မြင်မယ်၊ အသုဘ အချက်မြင်မယ်ဆိုရင် မနှစ်သက်ဘူး ငြီးငွေ့တယ်၊ ငြီးငွေ့တယ်၊ ရွံရှာတယ်၊ စက်ဆုတ်တယ်။
အဲဒီအခါမှာ မဖြစ်ချင်ဘူး ဒါကြောင့် သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်ဟာ မဖြစ်ချင်အောင် ဆောင်ရွက်ပေးတဲ့တရား၊ ရုပ်နာမ်တွေရဲ့ ဒုက္ခအချက်၊ ရုပ်နာမ်တွေရဲ့ ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်နေပုံ။ အဖုံဖုံမြင်ရတော့ မဖြစ်ချင်ဘူး။
ဒါကြောင့် မဖြစ်ချင်ဆိုတာ မဂ္ဂသစ္စာ၊ ဪ.. မဖြစ်ချင်တော့ ဘာဖြစ်တုံး ဆိုတော့ နောက်ဆုံး မဖြစ်ချင်က နေပြီးတော့ ... နိဗ္ဗိဒါ - ငြီးငွေ့တဲ့ ဉာဏ်ကနေပြီးတော့ ဝိပဿနာ အဆင့်ဆင့် တရားတွေ ဖြစ်ပြီးတော့ ဝိရာဂ ဆိုတဲ့ မဂ်တရားဆိုက်၊ ဝိမုတ္တိ ဆိုတဲ့ ဖိုလ်တရားဆိုက်၊ ဖိုလ်တရား ဆိုက်ပြီးတော့ နိဗ္ဗာန်မြင်ရတော့တာပဲ၊ နိဗ္ဗာန် တွေ့ရတော့တာပဲ။ နိဗ္ဗာန် မျက်မှောက်ပြုရတော့တာပဲ။
ဒါကြောင့် သစ္စာလေးပါးဟာ နိဗ္ဗာန်မြင်ခြင်း အကြောင်းပဲ၊ ဇာတိ-ဆိုတဲ့ ဒုက္ခကြီး ကုန်ခြင်းအကြောင်း၊ ဇာတိကုန်ရင် ဇရာလဲကုန်၊ ဗျာဓိလဲကုန်၊ မရဏလဲကုန်၊ သောကလဲကုန်။ ဒါကြောင့် အရင်းခံဇာတိ ကုန်ရင်ဖြင့် အရင်းလဲ အဖျား ထင်းဖြစ် ဆိုတာလို အကုန်လုံး ကုန်တာပဲ။
အဲဒါကြောင့်မို့လို့ ဘိက္ခုနီမလေးက၊ စာလာထေရီ မလေးက ငါတို့ရဲ့ ဘဘုရားသခင် ရှင်တော်မြတ် ဘုရားဟာ ဒုက္ခလွန်မြောက်ရာ ဇာတိလွန်မြောက်ကြောင်း ဖြစ်တဲ့ သစ္စာလေးပါး တရားတော် ဟောတော်မူခဲ့တယ်။
အဲသလို သစ္စာလေးပါး တရား ဟောတော်မူပြီးတော့ ငါ့ကို အဲဒီ သစ္စာလေးပါး တရားထဲက ပရမတ္ထသစ္စာခေါ်တဲ့ နိဗ္ဗာန်တရားထဲ သွင်းပေးခဲ့တယ်။ အပ်ပေးခဲ့တယ်၊ နှင်းပေးခဲ့တယ် ဆိုတဲ့အကြောင်း ...
သဗ္ဗဒုက္ခပဟာနာယ၊
သော မံ သစ္စေ နိဝေသယိ။
သော - ထို ငါတို့ရဲ့ ရှင်တော်မြတ်ဘုရားသည်။
မံ - ငါ့ကို။
သဗ္ဗဒုက္ခ ပဟာနာယ - အလုံးစုံသော ဒုက္ခတွေ ပယ်ဖျောက်ခြင်းငှါ။
သစ္စေ - ပရမတ္ထသစ္စာ ခေါ်တဲ့ တကယ့် အမှန်တရား၌၊ နိဗ္ဗာန်တရား၌။
နိဝေသယိ - ဤငါ့ကိုယ့်အား သွင်းထားအပ်ပေးခဲ့ ပါပေသတည်း။
နိဗ္ဗာန်မရ ဘဝတွေ ဖြစ်မဆုံး
ယေစ ရူပူပဂါ သတ္တာ၊
ယေစ အရူပဋ္ဌာယိနော။
နိရောဓံ အပ္ပဇာနန္တာ၊
အာဂန္တာရော ပုနဗ္ဘဝံ။
(သံ၊ ၁၊ ၁၃၄)
ရူပူပဂါ - ရူပဘုံ၌ ကပ်ရောက်ကြကုန်သော။
ယေစ - ရူပဗြဟ္မာဆို အကြင်ပုဂ္ဂိုလ်တို့သည် လည်းကောင်း။
အရူပူပဂါ - အရူပဘုံ၌ ဖြစ်ကြရကုန်သော။
ယေစ - အကြင် အရူပ ဗြဟ္မာကြီးတို့သည် လည်းကောင်း။
ရူပူပဂါ - ရူပဘုံ၌ ဖြစ်ကြကုန်သော။
ယေစ သတ္တာ - အကြင်ဗြဟ္မာကြီးတို့သည် လည်းကောင်း၊
အရူပ ဌာယိနော - အရူပဘုံ၌ တည်နေဖြစ်ပွား ကြကုန်သော။
ယေစ သတ္တာ - အကြင် ဗြဟ္မာကြီးတို့သည် လည်းကောင်း။
နိရောဓံ - နိရောဓ ဆိုတဲ့နိဗ္ဗာန်ကို။
နိရောဓံ - ရုပ်နာမ် ခပ်သိမ်း ဒုက္ခခပ်သိမ်း ကိလေသာခပ်သိမ်းတို့ ငြိမ်းအေးရာဆိုတဲ့ နိဗ္ဗာန်ကို။
အပ္ပဇာနန္တာ - မသိကြကုန်သည် ဖြစ်၍။
ပုနဗ္ဘဝံ - တစ်ဖန်နောက်ထပ် ဘဝ အသစ်တဖန် ပြန်၍ ဖြစ်ခြင်းသို့။
ပုနဗ္ဘဝံ - နောက်ထပ် တစ်ဖန်။
အာဂန္တာရော - ဒုက္ခခံဖို့ရာ ဆိုက်ရောက်လာကြပါပေ ကုန်သတည်း။
အေး-ငါကတော့ ဘုရားရှင် ကိုယ်တော်မြတ်တည်း ဟူသော တကယ့် ဖခင်ကြီးရလို့ အရိယာဆိုတာ ဘုရားရှင်ရဲ့ တပည့်သားသမီး အစစ်၊ အဲ-ဒါကြောင့် ငါ့ဖခင်ကြီး အမှီပြုပြီးတော့ ပရမတ္ထသစ္စာဆိုတဲ့ နိဗ္ဗာန်တရား ဆိုက်ရောက်ပြီ။ နိဗ္ဗာန်တရားထဲ ဘဘုရားက သွင်းထားပေးခဲ့တယ်။
ဒါကြောင့်မို့လို့ ငါ့မှာ ဘာဇာတိမှ မရှိတော့ဘူး။ ဘယ် ဘဝမှာမှ ဒုက္ခခံဖို့ မရှိတော့ဘူး။ အဲဒီ နိဗ္ဗာန်မရသေးရင်ဖြင့် ဟို ရူပဘုံမှာ ဖြစ်နေကြရတဲ့၊ ကမ္ဘာပေါင်းများစွာ အသက်ရှည်ကြတဲ့ တန်ခိုးရှင် ဗြဟ္မာကြီးတွေ၊ ရူပါဝစရ ဗြဟ္မာကြီးတွေ၊ ဒီထက်ပိုပြီး ချမ်းသာတယ်ဆိုရတဲ့ နာမ်ကလေး သက်သက်သာ ရှိကြတဲ့ အရူပဘုံမှာ တကယ် ချမ်းသာလို့ လောကသမုတ်တဲ့ ချမ်းသာကို ခံစား နေကြတဲ့ အရူပဗြဟ္မာကြီးတွေ၊ အဲဒီ ပုဂ္ဂိုလ်တွေဟာ နိရောဓဆိုတဲ့ နိဗ္ဗာန်ကို မသိကြ၊ မဆိုက် ရောက်နိုင်ကြသေးလို့၊ ဗြဟ္မာပြည်က တဝင်းဝင်း ဝက်စားကျင်းမှာ တရှုပ်ရှုပ်၊ ဗြဟ္မာဖြစ်လို့ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုပ်ရှုပ် ဆိုတာလို ဒီကာမဘုံ ရောက်ကြ။
ဒီကာမဘုံ ရောက်ပြီးနောက်ဆုံး အခြေအနေ မဟန်ရင်ဖြင့် ဝက်စားကျင်း တရှုပ်ရှုပ် တိရစ္ဆာန်ဘဝ ဖြစ်ရ၊ ပြိတ္တာဘဝ ဖြစ်ရ၊ ငရဲဘဝဖြစ်ရ၊ ဒုက္ခတွေ ခံရဦးမယ့်အကြောင်း ဘိက္ခုနီ မလေးက ရှင်းပြတော့ မာရ်နတ်ကြီး စိတ်ပျက်သွားတယ်။ ငါ့နယ်က မဟုတ်တော့ဘူး၊ ငါ့နယ် လွန်သွားပြီ ဆိုပြီး စိတ်ပျက်ပြီးတော့ ထွက်သွားတယ်နော်။
အမတံ - သေခြင်းကင်းလတ် အမတဓာတ်လည်း ဖြစ်ပေထသော။
နိဗ္ဗာန်ဟာ အမတဓာတ်၊ ဘာဖြစ်လို့လဲ၊ ဇာတိ မရှိလို့၊ ဇာတိမရှိလို့ သေရခြင်း မရှိတော့ဘူး။
နိဗ္ဗာန်၏ ပဏီတဂုဏ်
ပဏီတံ - မရောင့်ရဲစေတတ် မွန်မြတ်လှစွာသော နိဗ္ဗာန်ဟာ ဘယ်လောက် ကြည့်နေရ ကြည့်နေရ၊ ဘယ်လောက်အာရုံ ပြုနေရ ပြုနေရ ရောင့်ရဲတယ်၊ တင်းတိမ်တယ်လို့ မရှိဘူး၊
ဘုန်းကြီး တလောဆီက ပြောခဲ့ပြီ၊ ဗိမ္ဗိသာရ မင်းကြီးနဲ့ ငါဘုရား ဘယ်သူ ချမ်းသာလဲ။
ငါဘုရားဟာ စကားမပြောဘဲနဲ့၊ ကိုယ်လဲ မလှုပ်ဘဲနဲ့ ခုနစ်ရက်ထိအောင် နေနိုင်တယ်။ ဗိမ္ဗိသာရမင်းကြီး ဒီလိုနေနိုင်သလား၊ တိတ္ထိတွေကို မေးတော့ မနေနိုင်တဲ့အကြောင်း ပြောတော့ ဒီလိုဆိုရင် ဘယ်သူက ပိုချမ်းသာတုံး ဆိုတော့ ဟာ-ရှင်ဂေါတမက ချမ်းသာတာပေါ့-လို့ တိတ္ထိတွေကတောင် ဝန်ခံရတယ်နော်။
အဲ-ဒါကြောင့် နိဗ္ဗာန်ဆိုတာ ရောင့်ရဲစေတတ်တဲ့တရား မဟုတ်ဘူး၊ ဘယ်လောက်ပဲ အာရုံ ယူနေရ ယူနေရ အာရုံယူရတဲ့ အရိယာသခင် အရှင်မြတ်တွေဟာ ချမ်းသာကြတယ်။
ဒါကြောင့်မို့လို့ …
ပဏီတံ - မရောင့်ရဲစေတတ် မွန်မြတ်လှစွာသော။
ယံ ပဒံ - အကြင်နိဗ္ဗာနဓာတ် တရားမြတ်ကို။
သမာ ဟိတော - အရိယာမဂ် သမာဓိဖြင့် တည်ကြည်သော သမာဓိ ရှိတော်မူ ထသော။
သကျမုနိ - သာကီဝင်ထွဋ်ထား ရှင်တော် မြတ်ဘုရားသည်။
အဇ္ဈဂါ - ဗောဓိပင်ခြေ ပလ္လင်ဗွေက ကောင်းစွာ လှလှ ရတော်မူလေပြီ။
တေန ဓမ္မန - ထို နိဗ္ဗာနဓာတ် တရားမြတ်နှင့်။
သမံ - တန်းတူ ထား၍ ရူစားဖွယ်ရာ တူညီသော။
ကိဉ္စိ - တစ်စုံတစ်ခုသော တရားမျိုးသည်။
န အတ္ထိ - မရှိရိုးဧကန် အမှန်စစ်စစ် ဖြစ်ပါပေတော့သည်။
ဓမ္မေ - နိဗ္ဗာန်တရားတော်မြတ်၌။
ဣဒမ္ပိ ရတနံ - ဤရတနာဖြစ်ကြောင်း ကောင်းမြတ်သော ဂုဏ်ရည်အပေါင်း သည်လည်း။
ပဏီတံ-ထူးမြတ်လှပါပေ၏။
ဧတေန သစ္စေန - ဤသို့ မှန်ကန်စွာ ဆိုရသော သစ္စာစကားကြောင့်။
တုမှာကံ - ဥပုသ်သည် ဒကာ ဒကာမအပေါင်း ဘုရားတပည့် သူတော်ကောင်း တို့အား။
သုဝတ္ထိ - ဘေးဒဏ်ရန်စွယ် အန္တရာယ်ကင်းဝေး အေးချမ်းသာယာ ချမ်းသာ ခြင်းသည်။
ဟောတု- မုချမသွေ ဖြစ်ပါစေသတည်း။
သာဓု ... သာဓု ... သာဓု …
၁၃၄၃-ခု တော်သလင်းလဆန်း ၁၅ ရက်နေ့
ဥပုသ်တရားတော်
အလွန်တရား ဟောချင်တဲ့ ဘုန်းကြီး
အဲ ... ဘုန်းကြီးတို့ သီတင်းနေ့တိုင်း သီတင်းနေ့တိုင်း၊ လေးလေးစားစား ဥပုသ်သည်တွေ သီတင်းသည်တွေ တရား နာကြတာ၊ အားရစရာပဲ။
တကယ်တော့ တရားနာနိုင်တယ်၊ တရားနာရတယ် ဆိုတာ ကံရှိလို့၊ ဘုန်းရှိတဲ့ လူတွေသာ တရားနာနိုင်တာ၊ တရား နာရတာ။
သဒ္ဓမ္မဿဝနံ ဒုလ္လဘံ၊ ဒုလ္လဘတရား၊ ရှေးက ဓမ္မကထိကတွေ ဟောနေတာ ကြာဖူးတယ်။
ဟိုဘုန်းကြီး တစ်ပါးက တရား အင်မတန် ဟောချင်တယ်။ ဟောချင်တော့ နာမယ့်လူကလဲ မရှိဘူး၊ မရှိတော့ ကျောင်းထဲမှာ မြက်လာရိတ်နေတဲ့ ကုလား တစ်ယောက်ကို မော့ ... မင်းတစ်နေ့ မြက်ရိတ်ရတာ ဘယ်လောက် ရတုံး၊ ငါးမူး ရတယ်။
အေး .. မင်း မြက်ရိပ်ရတာကွာ နေလဲ ပူသေးတယ်။ ပင်လဲ ပင်ပန်းသေးတယ်၊ အရိပ်ထဲမှာ အေးအေး ဆေးဆေး မင်း တရားမနာနိုင်ဘူးလား၊ မင်း တရားလာနာရင် ငါတစ်နေ့ ငါးမူးပေးမယ်။
ဟာ ... တရား နာနိုင်တာပေါ့ ဆိုတော့ ဘုန်းကြီးက တရားဟော၊ သူက တရားနာနဲ့ နှစ်ရက် သုံးရက်လောက် ကြာတော့ မလာတော့ဘူး၊ မလာတော့ တစ်နေ့ကျတော့ မေးတယ်။
ဟေ့ကောင်၊ မင်း ဘယ့်နှယ်ကြောင့် တရားလာမနာတုံး၊ ခုမင်းကြည့်စမ်း မြက်ရိပ်ရတယ်ဆိုတာ ခါးလဲပူ၊ ပင်လဲပင်ပန်း၊ ဘယ့်နှယ်ကြောင့် တရားလာမနာတုံး ဆိုတော့၊ ဟာ . . ဘုရား ခါးအပူ ခံနိုင်တယ်၊ နားအပူ မခံနိုင်ဘူးလို့ ဆိုတယ်။
တရားနာရတယ်ဆိုတာ အဲသလိုပဲ၊ တကယ် သဒ္ဓါတရား မရှိတဲ့ ပုဂ္ဂိုလ်တွေ၊ တရားအခံ မရှိတဲ့ ပုဂ္ဂိုလ်တွေကျတော့ တရားနာချင်တဲ့ ဆန္ဒ မရှိကြဘူး၊ အလွန် နည်းတယ်။
လေးလေးစားစား ရိုရိုသေသေနဲ့ တရားနာနိုင်တယ် ဆိုတာ တကယ့် သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တွေ တတ်နိုင်သမျှ နာကြားခဲ့တဲ့ အထုံ ရှိခဲ့လို့ တရားအခံရှိကြတဲ့ ပုဂ္ဂိုလ်တွေ အဲ့ဒီ ပုဂ္ဂိုလ်တွေသာ တရားနာနိုင်တာ။
ဒီတော့ ဒီလို ပရိသတ် ဟောရတယ် ဆိုတော့ ဘုန်းကြီး တို့ကလဲ အားရှိတယ်ပေါ့။ အကျိုးရှိတယ် ဆိုတယ်။ တရား မလိုလားတဲ့ ပရိသတ် တရားဟောရတော့ တယ်ပြီးတော့ အကျိုး မရှိဘူး။
မုဆိုးကို တရားဟောတဲ့ ကဿပ ဂေါတ္တမထေရ်
ရှေးက ကောသလတိုင်း တောအုပ်ကြီး တစ်ခုမှာ၊ ကဿပ ဂေါတ္တ ဆိုတဲ့ ရဟန်း တစ်ပါး သီတင်းသုံးနေတယ်။
တစ်နေ့ ... နေ့လယ် အေးအေး ဆေးဆေး နေတုန်း မုဆိုးတစ်ယောက်က သားကောင် လိုက်တယ်၊ သူ့ကျောင်းနားက နေပြီး အတင်းလိုက်တော့၊ သူက ခေါ် တရားဟောတယ်။
ဟေ့ ... မင်း ဘယ့်နှယ်ကွာ၊ ပါဏတိပါတ ဆိုတာ အပါယ်ငရဲ ကျစေတတ်တယ်၊ အသက် တိုစေတတ်တယ်၊ ဒီပြင် အပြစ်ကင်းတဲ့ ကုန်သွယ်မှု ရောင်းဝယ်မှု စတဲ့ အပြစ်ကင်းတဲ့ အလုပ်တွေ ရှိသားပဲကွယ်၊ မင်း ဘယ့်နှယ်ကြောင့် ဒီ ပါဏာတိပါတ အမှု ပြုနေရတုံး၊
စသည့်ဖြင့် တရားဟောတယ်။ မုဆိုးက သူ့တရား ဘယ် စိတ်ဝင်စားမတုံး၊ သူက တရားသာ ဟောနေတယ်၊ မုဆိုး စိတ်က လွတ်သွားတဲ့ သားကောင်ဆီ ရောက်နေတယ်။
ခုနေ သားကောင်ကတော့ ဘယ်ရောက်သွားမယ်၊ ဘယ်ရောက်သွားမယ်၊ ဒါပဲ တွေးနေတော့ တရားထဲကို စိတ်မရောက်ဘူး။ ဒီတော့ သူကတော့ တရားဟောတာ သာမည မဟုတ်ဘူး၊ လက်မကို မီးထွန်းလိုက်သေးတယ်တဲ့၊ တရားထဲ စိတ်ဝင်စားအောင် ဆိုပြီးတော့။
မီးထွန်းတယ် ဆိုတာက တန်ခိုးရ ရဟန်းဆိုတော့ အဘိညာဉ်နဲ့ မီးထွန်းညှိပေး လိုက်တာ၊ မီးလဲမြင်ရ တရားလဲနာရ ဆိုရင် တရားထဲမှာ စိတ်ဝင်စား လာမှာပဲ ဆိုပြီးတော့ အဲသလို တန်ခိုးနဲ့ ဖန်ဆင်းပြီးတော့ တရားဟောတာ၊ ဟိုက တရားထဲကို စိတ် မရောက်ဘူး။
သူ့ သားကောင်းတွေ လွတ်ပြေးမှာ၊ သားကောင်တွေ နောက် ရမှ ရပါ့မလား စသည်ဖြင့် တောထဲမှာ စိတ်ရောက် နေတယ်၊ အဲဒီ အခါမှာ သူ့အကျိုး လိုလားတဲ့ နတ်တစ်ယောက်က သူ့ကို အပြစ်တင်တယ်။
နတ်က အပြစ်တင်
ဂိရိဒုဂ္ဂစရံ ဆေတံ၊
အပ္ပပညံ အစေတသံ။
အ,ကာလေ ဩဝဒံ ဘိက္ခု၊
မန္ဒောဝ ပဋိဘာတိ မံ။
(သံ၊ ၁၊ ၂၀၀။)
ဂိရိဒုဂ္ဂစရံ - တော တောင် ချောက်ကြား၌ ကျက်စား ကျင်လည်၍ နေသော။
အပ္ပပညံ - အသိပညာလည်း မရှိထသော။
အစေတသံ - ကုသိုလ်လိုလားသော စိတ်ထားလည်း မရှိထသော။
ဆေတံ - မုဆိုးဆိုတဲ့ ပုဂ္ဂိုလ်မျိုးကို။
အကာလေ - မဆုံးမသင့် မဆုံးမထိုက်တဲ့ အခါသမယ၌။
ဩဝဒံ-ဩဝဒန္တော - ဆုံးမ၍ နေသော။
ဘိက္ခု - ရဟန်းသည်။
မန္ဒောဝ - ဉာဏ်နံ့နည်းသော ပုဂ္ဂိုလ် ဟူ၍သာလျှင်။
မံ - တပည့်တော်၏ စိတ်တွင်။
ပဋိဘာတိ - ထင်မြင် အောက်မေ့ မိပါတော့သတည်း။
မုဆိုး ဗာလက အရှင်ဟောလို့ သိမည်လား
လောကမှာ ဗာလ - အသိ အလိမ္မာ ပညာမရှိ၊ ပညာမရှိတဲ့ မုဆိုးတစ်ယောက်ကို သွားပြီးတော့ တရားဟောပြီး ဆုံးမနေတာဟာ အရှင်ဘုရားကို တပည့်တော် ဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်လို့၊ ဒီလိုပဲ ထင်တယ်လို့ နတ်က အပြစ်တင်တယ်။
သုဏာတိ န ဝိဇာနာတိ၊
အာလောကေတိ န ပဿတိ။
ဓမ္မသ္မိံ ဘညမာနသ္မိံ၊
အတ္ထိ ဗာလော န ဗုဇ္ဈတိ။
(သံ၊ ၁၊ ၂ဝဝ။)
သုဏာတိ - နားကားထောင်၏။
န,ဝိဇာနာတိ - သိတော့ မသိ။
သုဏာတိ - တရားတော့ နာနေ၏။
န,ဝိဇာနာတိ - ဘာမှ မသိ။
အာလောကေတိ - မီးကိုတော့ မြင်နေရ၏။
လက်မမှာ ညှိထားတဲ့ တန်ခိုးနဲ့ ညှိထွန်းထားတဲ့ မီးကိုတော့ မြင်နေရ၏။
န,ဝိဇာနာတိ - ဘာမီးမှန်း သူ မသိ။
ဓမ္မသ္မိံ - ဘုရားရှင် ကိုယ်တော်မြတ်၏ တရားတော်ကို။
ဘညမာနသ္မိံ - ဟောကြားအပ်သည် ရှိသော်။
ဗာလော - မိုက်မဲသော ထို မုဆိုးသည်။
အတ္ထံ - အရှင် ဘုရားဟောတဲ့ အနက်အဓိပ္ပာယ်ကို။
န,ဝိဇာနာတိ - ဘာတစ်လုံးမှ ကောင်းစွာ တိတိ မသိရှိပါပေ အရှင်ဘုရား။
အရှင်ဘုရား ဟောပေမယ့် သူနားသာ ကြားတာ၊ ဘာမှ မသိဘူး၊ အရှင်ဘုရား မီးထွန်းပေမယ့် ဒီမီးဟာ ဘာမီးမှန်း သူ မသိဘူး၊ အရှင်ဘုရား ဘယ်လောက် တရား ဟောဟော၊ အဲဒီ တရားရဲ့ အနက်အဓိပ္ပာယ်၊ သဘော သဘာဝ သူ နားမလည်ဘူး။
ဉာဏ်အမြင် မရှိက ဘာမှ မသိ
သစေ ဒသ ပဇ္ဇောတေ၊
ဓာရယိဿသိ ကဿပ။
နေဝ ဒက္ခတိ ရူပါနိ၊
စက္ခု ဟိဿ န ဝိဇ္ဇတိ။
(သံ၊ ၁၊ ၂ဝဝ။)
ကဿပ - အရှင်ဘုရား ကဿပဂေါတ္တ။
ဒသပဇ္ဇောတေ - လက်မက မီးတစ်ချောင်းမျှမက မီးဆယ်ချောင်းတို့ကိုလည်း။
သစေ ဓာရယိဿသိ - အရှင်ဘုရား အများကြီး ညှိထွန်းထားပါအံ့။
ရူပါနိ - အရှင်ဘုရား ညှိထွန်းထားတဲ့ မီးတွေရဲ့ အဆင်းအရောင်ကို။
နေဝ ဒက္ခတိ - သူ ကောင်းစွာ မြင်လိမ့်မည် မဟုတ်။
ဟိ - မမြင်ခြင်း အကြောင်းကို ဘုရားတပည့်တော် လျှောက်ထားရလျှင်။
အဿ - ထို မုဆိုးအား။
စက္ခု - ဒါဟာ ဘယ်လိုလို့ ခွဲခွဲ ခြားခြား မြင်တတ်တဲ့ ပညာ မျက်လုံးသည်။
န,ဝိဇ္ဇတိ - မရှိရိုး ဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာလျှင်တည်း။
အင်း လောကမှာ တကယ့်တရားကို လက်မခံနိုင်တဲ့ တရား နားမလည်တဲ့ပုဂ္ဂိုလ်တွေ ဟောရတဲ့အခါကျတော့ ဟောရကျိုး တယ်မနပ်ဘူး၊ ဒါကြောင့် ခုန မုဆိုးကို တရားဟောနေတဲ့ ရဟန်းကို နတ်က အကျိုးလိုလားလို့ အလကား အချိန်ကုန်တာပဲ၊ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် အကျိုးရှိသေးတယ် ဆိုပြီးတော့ တားမြစ်တယ်တဲ့ ... နော်။
ပြင်ဖို့ခက်သော်လဲ မပြင်နိုင်တဲ့ တရားတော့ မဟုတ်
အခုဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားဟောရတာတော့ အကျိုးရှိပါတယ်။ ဘာကြောင့် အကျိုးရှိသလဲ ဆိုတော့၊ လိုလိုလားလားနဲ့ လိုလားတာကိုက အနက်သိတယ်၊ အဓိပ္ပာယ်သိတယ်၊ သိတော့ စိတ်ထဲမှာ ကြည်နူးကြတယ်။ ကြည်နူးလို့ တရား နာချင်ကြတယ်၊ တရား နာချင်တဲ့ ပရိသတ် ဟောရတာဟာ အကျိုးရှိတယ်။
အဲဒီတော့ ဘုန်းကြီး အခု နိဗ္ဗာန်နဲ့စပ်တဲ့ တရားလေး ဟောခဲ့တယ်၊ ယနေ့လဲပဲ အဲ့ဒီတရား အဆက်လေး နည်းနည်းပဲ၊ လောက နိဗ္ဗာန်ဆိုတဲ့ တရားဟာ အသိ ခက်တဲ့တရား။
ဂမ္ဘီရော - နက်နဲတယ်။
ဒုဒ္ဒသော - မြင်နိုင်ခဲတယ်။
အတက္ကာဝစရော - စိတ်ကူးရုံနဲ့ သိနိုင်တဲ့ တရားမျိုး မဟုတ်။
ပဏ္ဍိတဝေဒနိယော - တကယ့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ် တွေသာ သိနိုင်တဲ့ တရားလို့ဆိုတယ်။
ဒါကြောင့် နိဗ္ဗာန်ဆိုတာဟာ တကယ်တော့ မြင်ရဖို့ ခဲယဉ်းတယ်၊ နို့ မမြင်နိုင် ဘူးလား ဆိုတော့၊ ဒီလိုတော့မဟုတ်ဘူး မမြင်နိုင်တဲ့ တရားတော့ မဟုတ်ဘူး၊ နည်းမှန်လမ်းမှန် ကျင့်ကြံတဲ့ မှန်ကန်တဲ့ အကျင့်တရားနဲ့ ကျင့်ကြံကြိုးကုတ် အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေ တစ်နေ့ကျရင် မြင်နိုင်တဲ့ ဆိုက်နိုင်တဲ့ တရားမျိုး။
အဲဒါကြောင့်မို့လို့ နက်နဲတယ်၊ မြင်နိုင်ခဲတယ်၊ ပညာရှိတို့သာ သိနိုင်တယ် ဆိုပေမယ့် အဲဒီ ပညာရှိမျိုး ဖြစ်အောင် အဲဒီ ပညာရှိတွေမြင်နိုင်တဲ့ ဉာဏ်ရအောင် ကြိုးစားရင် တစ်နေ့ကျရင် နိဗ္ဗာန်မြင်နိုင်တယ်၊ နိဗ္ဗာန်မြင်နိုင်တယ်၊ နိဗ္ဗာန်ဆိုက်နိုင်တယ်၊ နိဗ္ဗာန်စံနိုင်ကြတယ်။
မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်စံခန်း
အဲဒီတော့ ဒါနဲ့စပ်ပြီးတော့ ဘုန်းကြီးက မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်စံခန်းလေး နည်းနည်း ဟောရမယ်၊ အစလေးပေါ့။
ဘုန်းကြီးတို့ မိထွေးတော် ဂေါတမီ ဆိုတာ သာမာန် မဟုတ်ဘူး၊ ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်တော်မှာ ပရိတ်သတ်လေးပါး ရှိတယ်။
ဘိက္ခု - ဘိက္ခုနီ - ဥပါသကာ - ဥပါသိကီ။
ဘိက္ခု - ရဟန်း။
ဘိက္ခုနီ - ရဟန်း မိန်းမ။
ဥပါသကာ - ဥပါသကာ ယောက်ျား။
ဥပါသိကီ - ဥပါသကီ မိန်းမ။
ပရိသတ် လေးပါးရှိတယ်။
အဲဒီအထဲမှာ ဘိက္ခုနီ-ဆိုတာ ပရိသတ် တစ်ပါးပဲ ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်တော် အခါ သမယကတော့ ဘိက္ခုနီ သာသနာ အထင်အရှား ရှိခဲ့တယ်။ နောင်အခါလဲပဲ၊ သီဟိုဠ် သာသနာ ထိအောင်၊ နှစ်ပေါင်း ၅၀ဝ၊ ၅ဝဝကျော်၊ ၇ဝဝ၊ တော်တော်ကြာအောင်၊ သီဟိုဠ်မှာ ရှိသေးတယ်။
နောက်ကျတော့ သီဟိုဠ် ဆိုတာက၊ ဘေးအန္တရာယ်တွေ အမျိုးမျိုး ကြုံရတယ်၊ ပြည်တွင်း မငြိမ်သက်မှု၊ ဘေးဒဏ် အန္တရာယ်တွေ အမျိုးမျိုး ကြုံရတော့ ရဟန်း တွေတောင် အတော် ခဲခဲယဉ်းယဉ်း ဒီသာသနာကြီး ဆောင်ခဲ့ရတာဖြစ်တော့ ဘိက္ခုနီမတွေ ကျတော့ သိပ်မစွမ်းနိုင်ကြဘူး။
အဲဒါနဲ့ တဖြည်းဖြည်း ဘိက္ခုနီမ သာသနာဟာ ပါးပါးပါးပါး သွားတာ နောက်ဆုံးတော့ လုံးဝ ပျောက်သွားတယ်။ နောက်ပိုင်းကျတော့ ဘုန်းကြီးတို့ ခေတ်ကျတော့ ဘိက္ခုနီမ သာသနာ မမြင်ရတော့ဘူး။
ဘိက္ခုနီသာသနာ အစ မိထွေးတော်က
ဒီတော့ ဒီ ဘိက္ခုနီမ သာသနာကြီး ပေါ်လာအောင် တကယ် ကြိုးစား ပမ်းစား ရွပ်ရွပ်ချွန်ချွန် ဘုရားရှင် ကိုယ်တော်မြတ်ထံမှာ တောင်းပန်ပြီးတော့ မရအရ ကြိုးစားခဲ့တာ မိထွေးတော် ဂေါတမီပဲ။
ရှင်အာနန္ဒာ အကူအညီ တောင်းလို့ ရှင်အာနန္ဒာ က ကူညီပေးရတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကလဲ ဘိက္ခုနီမ သာသနာ ခွင့်မပြုချင်လို့တော့ မဟုတ်ဘူး၊ ဘုရားရှင် ကိုယ်တော်မြတ်တိုင်း ခွင့်ပြုခဲ့ရတဲ့ သာသနာပဲ။
သို့သော်လဲပဲ ဘိက္ခုနီမတွေ ကောင်းကောင်း မွန်မွန် နေအောင် ဆိုပြီး ပထမတော့ ခပ်တင်းတင်းနဲ့ ငြင်းပယ်လိုက် တယ် နောက်တစ်ခါကျမှ ဂရုဓမ်တရား ရှစ်ပါးဆိုတာ လက်ခံနိုင်ရင် ဘိက္ခုနီမ ခွင့်ပြုမယ်ဆိုတော့၊ ဘာ လုပ်ရ-လုပ်ရ အင်မတန် ရဟန်း ပြုချင်နေတဲ့ မိထွေးတော် ဂေါတမီဟာ၊ မိထွေးတော် ဂေါတမီ မကဘူး သူ့နောက်က ဘိက္ခုနီ ငါးရာလဲပါတယ်၊ ဘိက္ခုနီမ လုပ်မယ်။ သာကီဝင် မင်းသမီး ငါးရာကလဲ ပါလာတယ်။
သူတို့ ခင်ပွန်းသည်တွေက ဘုရားရှင် ကိုယ်တော်မြတ်၊ သာကီဝင်မင်းတွေ ရေ အကြောင်းပြုပြီး ရန်ဖြစ်ကြတော့ ဘုရားရှင် ကိုယ်တော်မြတ် တရား သွားဟောတော့ ညီညွတ်သွား ကြတယ်၊ ညီညွတ်ခြင်း အကြောင်း ပြုပြီးတော့ ဘုရားရှင်ကိုယ်တော် မြတ်၊ အခြွေအရံအဖြစ် ရအောင်ဆိုပြီးတော့ သာကီဝင်မင်းသား ငါးရာ ရဟန်းပြုဖို့ အပ်နှင်းကြတယ်။
မိထွေးတော်နှင့် အတူ သာကီမယ် ငါးရာ
ဘုန်းကြီးတို့ မဟာသမယသုတ် ဆိုတဲ့ နာမည်ကျော် မဟာသမယ သုတ္တန်ကြီး ဟောတော်မူတဲ့ အခါမှာ အဲဒီ ရဟန္တာတွေ အစည်းအဝေးမှာ ဟောခဲ့တာပဲ။
အဲဒီ ရဟန္တာတွေဟာ ခုနပြောခဲ့တဲ့ ဘိက္ခုနီမလေးတွေ ရဲ့ ခင်ပွန်းသည်တွေ၊ သူတို့ ရဟန်းပြုသွားတော့ သူတို့မှာလဲပဲ မျှော်လင့်ချက်ကလဲ မရှိ၊ ငြီးငွေ့ကလဲ ငြီးငွေ့ကြ အခန့်သင့်ပဲ ဘိက္ခုနီမ သာသနာ ဖြစ်ဖို့ မိထွေးတော် ဂေါတမီကြီး ကြိုးစားတဲ့အခါ သူတို့ကလဲ လိုက်ပြီးတော့ ကူညီကြတယ်။
နောက်အခါကျတော့ ဂရုဓမ် တရားရှစ်ပါး ဆိုတာ ရှိတယ်။ အဲဒီ ရှစ်ပါး လက်ခံနိုင်ရင် မိထွေးတော် ဂေါတမီ ရဟန်းဖြစ်စေ ဆိုတော့ လက်ခံတာပေါ့၊ တကယ် ဖြစ်ချင်နေတဲ့ မိထွေးတော် ဂေါတမီကြီးဟာ လက်ခံလိုက်တယ်။
မိထွေးတော် ဂေါတမီကတော့ အဲဒီ ဂရုဓမ်တရား ရှစ်ပါး လက်ခံလိုက်တာနဲ့ ဘိက္ခုနီမအဖြစ် ရောက်သွားတယ်၊ ကျန်တဲ့ သာကီဝင် မင်းသမီး ငါးရာကတော့ ရဟန်းတော်တွေ အထံမှာ ရဟန်းပြုကြရတယ်၊ ကမ္မဝါ ဖတ်ပြီးတော့ ရဟန်းတော် များက ရဟန်းပြုပေးလိုက်လို့ ရဟန်းမတွေ ဖြစ်သွားကြတယ်။
အဲဒါ သူတို့က တစ်ဖက်သတ်ရဟန်းတွေ၊ တစ်ဖက်သတ် ရဟန်းမ ဘိက္ခုနီတွေ၊ နောင်အခါကျတော့ နှစ်ဘက်စုံ အဖြစ်နဲ့ ရဟန်းခံကြရတယ်၊ ရှေးဦးစွာ ဘိက္ခုနီမ တွေဆီ သိမ်ဝင်ပြီးတော့ ရဟန်းခံရတယ်၊ နောင် အခါကျတော့ ရဟန်းတော် တွေဆီ တစ်ခါ သိမ်ဝင်ရတယ်၊ နှစ်ထပ် ဝင်ရတယ်။
ရဟန်းတော်များကို ဉတ်လေးကြိမ်နဲ့ ရဟန်းပြုရတဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုတယ်။ ဘိက္ခုနီမကိုတော့ ဉတ်ရှစ်ကြိမ်နဲ့ ကမ္မဝါရှစ်ကြိမ် ဖတ်ပြီးတော့ ရဟန်း ပြုရတဲ့ ရဟန်းမတွေလို့ ဆိုတယ်။
အဲဒီ ရဟန်းမတွေဟာ၊ သာကီဝင် အမျိုးသမီးတွေဟာ ရဟန်းမတွေ ဖြစ်ကုန်ကြတယ်။ နောင်အခါကျတော့ မိထွေးတော် ဂေါတမီကြီးလဲ ရဟန္တာ ဖြစ်သွားတယ်၊ အဲဒီ ဘိက္ခုနီမ ငါးရာလဲပဲ ရှင်နန္ဒက ကိုယ်တော်မြတ်ရဲ့ နန္ဒကောဝါဒ သုတ္တန် ဆိုတဲ့ တရားတော်ကြီး ကြားနာရတော့ အားလုံး ရဟန္တာတွေ ဖြစ်ကုန်ကြတယ်၊ ရဟန္တာတွေ ... ရဟန္တာတွေ။
မိထွေးတော်၏ နိဗ္ဗာန်ယူဖို့ စဉ်းစားခန်း
အဲဒီတော့ မိထွေးတော် ဂေါတမီ ထေရီမယ်ကြီး အသက် တစ်ရာ့နှစ်ဆယ်ရောက်၊ တစ်ရာ့နှစ်ဆယ် ရောက်လာတော့ မိမိရဲ့ အာယုသင်္ခါရ ဆိုတဲ့ အသက် အပိုင်း အခြား၊ မိမိရဲ့ အသက် အပိုင်းအခြားကို ဆင်ခြင်ပြီး ကြည့်တဲ့ အခါကျတော့ အသက်တန်းဟာ ကုန်နေပြီ။
ထို့အတူပဲ ဘိက္ခုနီမတွေကလဲ သူတို့ အသက်တန်း ဆင်ခြင်တဲ့ အခါကျတော့ အသက်တန်း ကုန်နေကြတယ်။ ဒီတော့ မိထွေးတော် ဂေါတမီကြီးက၊ အင်း ... ငါဖြင့် အသက်တန်း ကုန်နေပြီ၊ ဘုရားရှင် ခွင့်ပြုချက်ဖြင့် နိဗ္ဗာန်သွားတော့မယ် ဆိုပြီးတော့ စဉ်းစားတယ်။
ဗုဒ္ဓဿ ပရိနိဗ္ဗာနံ၊
သာဝကဂ္ဂယုဂဿစ။
ရာဟုလာနန္ဒနန္ဒာနံ၊
နာဟံ လစ္ဆာမိ ပဿိတုံ။
ပဋိကစ္စာယုသင်္ခါရံ၊
ဩသဇ္ဇိတွာန နိဗ္ဗူတိံ။
ဂစ္ဆေယျံ လောကနာထေန၊
အနုညာတာ မဟေသိနာ။
(အပဒါန၊ ၂-၂၀၇)
အဟံ - မိထွေးတော် ဂေါတမီ ထေရီမယ် ငါ အရှင်မသည်။
ဗုဒ္ဓဿ - သားတော် ဘုရားရှင် ကိုယ်တော်မြတ်၏ လည်းကောင်း။
သာဝကဉ္စယုဂဿစ - အဂ္ဂသာဝက အစုံဖြစ်တော်မူကြတဲ့ အရှင်သာရိပုတ္တရာ- အရှင်မောဂ္ဂလာန်၏ လည်းကောင်း။
ရာဟုလာနန္ဒနန္ဒာနံ - မြေးတော် ရာဟုလာ၊ အာနန္ဒာနှင့် သားတော်ရင်း နန္ဒတို့၏ လည်းကောင်း။
ပရိနိဗ္ဗာနံ - ပရိနိဗ္ဗာန်ဝင် စံတော်မူခြင်းကို။
ပဿိတုံ - အခွင့်ကြုံဘိလျဉ်း၊ မြင်ရခြင်းငှာ။
နလစ္ဆာမိ - ရတော့မည် မဟုတ်ပါပေ။
ပဋိကစ္စ - သားတော်ဘုရားနှင့် နန္ဒ၊ အာနန္ဒာ၊ မြေးတော်ရာဟုလာတို့ အလျင် ကြိုတင်၍။
အာယုသင်္ခါရံ - အသက်ကို ပြုပြင် စီမံတတ်တဲ့ ဖလသမာပတ်ကို။
ဩသဇ္ဇိတွာန - မဝင်စားတော့ဘဲ စွန့်လွှတ်၍။
မဟေသိနာ - မဟာဣသိ ဖြစ်တော်မူသော။
မဟေသိနာ - သီလက္ခန္ဓစသည် ကျေးဇူး ဂုဏ်အထူးကို ဆည်းပူး ရှာဖွေလေ့ ရှိတော်မူသော။
လောကနာထေန - သတ္တလောက၏ ကိုးစားရာတစ်ဆူ ဖြစ်တော်မူသော သားတော် ဘုရားသည်။
အနုညာတာ - ခွင့်ပြုတော်မူအပ်သည်ဖြစ်၍။
နိဗ္ဗူတိံ - နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့။
ဂစ္ဆေယျံ - မကြာမီပင် ငါ ထေရ်ရှင်မ ကြွမြန်းပေတော့အံ့သတည်း။
မြေကြီးတုန်လာ မိုးခြိမ်းကာ ဒေဝါနတ်တို့ ငို
ငါတော့ဖြင့် ပရိနိဗ္ဗာန် စံခါနီးနေပြီ၊ သားတော် ဘုရားရှင်ရဲ့ ပရိနိဗ္ဗာန်စံပုံကိုလည်း ငါ မြင်ရတော့မည်မဟုတ်။ မြေးတော်လေး ရာဟုလာရဲ့ ပရိနိဗ္ဗာန်စံတာကိုလဲ ငါ ကြုံတွေ့ရမယ် မဟုတ်။
သားတော် အရင်းဖြစ်တဲ့ နန္ဒ၊ သားတော် ရှင်အာနန္ဒာ၊ အဂ္ဂသာဝက၊ မဟာသာဝက ဖြစ်ကြတဲ့ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ရဲ့ ပရိနိဗ္ဗာန်စံပုံ နိဗ္ဗာန်စံဝင်ပွဲကိုလဲ ငါနွှဲရ၊ မြင်ရတော့မည် မဟုတ်။
တွေ့မြင်နိုင်ဖို့ရာ၊ ဖူးမြင်ဖို့ရာ၊ ကြုံကြိုက်ဖို့ရာ အခွင့်သာတော့မည် မဟုတ်ဘူး၊ အဲ့ဒီတော့ ယခု ငါဟာ အာယုသင်္ခါရ ခေါ်တဲ့ အသက်ကို ပြုပြင်တတ်တဲ့ ဖလသမာပတ်၊ သို့မဟုတ် ဣဒ္ဓိပါဒ် လေးပါး၊ အဲဒီ တရားတွေ စွန့်ပြီးတော့ မြတ်စွာဘုရား ခွင့်ပြုချက် ရယူပြီးတော့ ပရိနိဗ္ဗာန် ဝင်စံတော့မယ်လို့ စိတ်ကူး တယ်နော်။
အဲသလို စိတ်ကူးတယ် ဆိုရင်ပဲ တစ်ခါတည်း မဟာပထဝီ မြေကြီးဟာ သွက်သွက်ခါ တုန်လှုပ်တယ်။ ငလျင်လှုပ်၊ ကောင်းကင် မှာလဲ မိုးကြိုးတွေထစ်ချုန်း၊ နတ်တွေကလဲ ငိုယိုသတဲ့၊ ငိုယိုမှာပဲ၊ နတ်တွေက အနီးအနားမှာ စောင့်နေတဲ့ နတ်တွေက ရှိတယ်။
အဲဒီနတ်တွေက အင်မတန် ကြည်ညိုကြတယ်။ မိထွေးတော် ဂေါတမီကိုလဲ ကြည်ညိုနေကြ၊ ဘိက္ခုနီမ-ရဟန္တာမ ငါးရာကိုလဲ ကြည်ညိုနေကြတာ။ သူတို့ အင်မတန် ကြည်ညိုနေကြတော့ ဘိက္ခုနီမတွေရဲ့ မေတ္တာကိုလဲ သူတို့က ခံယူ နေကြရ သူတို့ကလဲ မိထွေးတော် ဂေါတမီနှင့်တကွ ထေရီမတွေကို အမြဲ တမ်း မေတ္တာပို့နေကြတော့ ယခုလို ထေရီမကြီး မိထွေးတော် ဂေါတမီ - ထေရီမယ်ကြီး ပရိနိဗ္ဗာန် စံဝင်တော့မယ် ဆိုတော့ ဆောက်တည်ရာ မရကြဘူး။ ငိုကြွေးကြတယ်။ ပုထုဇဉ် နတ်တွေကိုး။
နတ်တွေ ဆိုတာကလဲ ပုထုဇဉ် နတ်တွေ ရှိတယ်၊ သောတာပန်-သကဒါဂါမ်တွေလဲ ရှိတယ်။ အနာဂါမ်တွေလဲရှိမှာ၊ အဲ့ဒီတော့ ငိုကြတယ်။
အဲသလို မြေကြီးကလဲ တုန်လှုပ် ကောင်းကင်ကလဲ တဂျိမ်းဂျိမ်းနဲ့ မိုးခြိမ်းသံတွေ ကြားရ၊ နတ်တွေကလဲ ငိုကြွေးတာကို အားလုံး ဘိက္ခုနီမတွေက သိကြတယ်။
ခုန မိထွေးတော် ဂေါတမီရဲ့ အဖော်တပည့် ဘိက္ခုနီမ ငါးရာကလဲ သူတို့ကလဲ သူတို့ အသက်ကုန်ပြီ ဆိုတာ သိတော့ သူတို့ကလဲ နိဗ္ဗာန်ဝင်စံဖို့ အချိန်ကျပြီ ဆိုတာ တွေးမိကြ သိကြတယ်ပေါ့။
အဲဒီတော့ ဘိက္ခုနီမတွေ လာကြတယ်၊ အဲဒီ ငါးရာရော ဒီပြင် ဘိက္ခုနီမတွေရော လာကြတယ်၊ လာကြတော့ ခုနပြောတဲ့ သာကီဝင် ဘိက္ခုနီမ ငါးရာက မိထွေးတော် ဂေါတမီကြီးကို လျှောက်ထားကြတယ်၊ ရှိခိုးကြ၊ လျှောက်ထားကြတယ်။
တပည့် ဘိက္ခုနီတွေ လျှောက်ထားချက်
ယဒိ တေ ရုစိတံ အယျေ၊
နိဗ္ဗာနံ ပရမံ သိဝံ။
နိဗ္ဗာယိဿာမ သဗ္ဗာပိ၊
ဗုဒ္ဓါနုညာယ သုဗ္ဗတေ။
မယံ သဟာဝ နိက္ခန္တာ၊
ဃရာပိစ ဘဝါပိစ။
သဟာယေဝ ဂမိဿာမ၊
နိဗ္ဗာနံ ပဒ မုတ္တမံ။
(အပဒါန၊ ၂-၂၀၇။)
သုဗ္ဗတေ - ကောင်းမြတ်သော အကျင့်ရှိသော။
အယျေ - ရှင်မဂေါတမီ။
ပရမံ - လွန်မြတ်သော။
သိဝံ - ဘေးခပ်သိမ်းတို့၏ ငြိမ်းအေးရာ ဖြစ်သော။
နိဗ္ဗာနံ - နိဗ္ဗာန်ရွှေပြည်တော်ကို။
တေ - ယခုပင်လျှင် ဝင်စံလိုလား အရှင်မဂေါတမီအား။
ယဒိ,ရုစိတံ - အကယ်၍ နှစ်သက်လိုလားသည်ဖြစ်အံ့။ အကယ်၍ ဆိုက်ရောက်ဖို့ရာ နှစ်သက်လိုလားသည် ဖြစ်ပါအံ့။
သဗ္ဗာပိ - အလုံးစုံလည်း ဖြစ်ကုန်သော။
မယံ - ဘုရား တပည့်တော် ထေရီမတို့သည်။
ဗုဒ္ဓါနုညာယ - ဘုရားရှင်ကိုယ်တော်မြတ် ခွင့်ပြုချက်ဖြင့်။
နိဗ္ဗာယိဿာမ - နိဗ္ဗာန် ယူသိမ်း ငြိမ်းကြပါကုန်တော့အံ့။
မယံ - ဘုရား တပည့်တော်တို့သည်။
ဃရာပိစ - အိမ်ရာတည်ထောင် လူတို့ဘောင်မှ လည်းကောင်း။
ဘဝါပိစ - ကာမ ရူပ အရူပ ဆိုတဲ့ ဘဝဝန်ဒုက္ခ၊ ဝဋ်ဘဝမှလည်းကောင်း။
နိက္ခန္တာ - ထွက်ခဲ့ကြပါကုန်၏။
ဥတ္တမံ - မွန်မြတ်လှစွာသော။
နိဗ္ဗာနပဒံ - နိဗ္ဗာနဟုခေါ် ရွှေမြို့တော်အရပ်သို့။
သဟာယေဝ - အတူတကွသာလျှင်။
ဂမိဿာမ - သွားကြပါကုန်စို့။
အဲ့... ဘိက္ခုနီမတွေက၊ သာကီဝင်ဘိက္ခုနီမငါးရာက သူတို့ကလဲ ပရိနိဗ္ဗာန်စံချိန်ကျ၊ မိထွေးတော် ဂေါတမီကတော့ အသက်-တစ်ရာ့နှစ်ဆယ်၊ သူတို့ကတော့ အသက် တစ်ရာ့နှစ်ဆယ်ရှိမှာ မဟုတ်သေးပါဘူး။
ဒါပေမယ့် အသက်တွေတော့ အတော်တော့ ကြီးကုန်ကြမှာပဲ၊ အဲ့ဒါကြောင့် ပရိနိဗ္ဗာန်စံခါနီး စံဖို့အချိန်ရောက်တော့ အရှင်မနဲ့ တပည့်တော်မတို့ဟာ အိမ်ရာ တည်ထောင် လူ့ဘောင်က အတူတကွ ထွက်ခဲ့ကြတယ်၊ ပြီးတော့ ဘဝသုံးပါးကလဲ အတူတကွ ထွက်ခဲ့ကြတယ်၊ ရဟန္တာ ဖြစ်တော့ ဘဝသုံးပါးက လွန်မြောက် သွားပြီကိုး။
အဲဒီတော့ လူ့ဘောင်တုန်းကလဲ ဘိက္ခုနီမ ပြုဖို့ လူ့ဘောင်က ထွက်ခဲ့ကြ၊ အခု ရဟန္တာဖြစ်ကုန်ကြတော့ ဘဝကလဲ အတူတူ လွတ်မြောက်ခဲ့ကြတယ်။ အခု နိဗ္ဗာန် ယူတော့လဲ ဘုရားတပည့်တော်တို့ဟာ အရှင်မနဲ့ အတူတကွပဲ နိဗ္ဗာန်ဆိုတဲ့ အေးငြိမ်းရာ သန္တိသို့ သွားကြပါစို့လို့ မိထွေးတော် ဂေါတမီကို လျှောက်ထား ကြတယ်။
အဲ့သလို လျှောက်ထားတဲ့အခါကျတော့ မိထွေးတော် ဂေါတမီက ...
မယ်တော်ကြီး နတ်တွေကို ခွင့်လွှတ်ဖို့ ပန်ကြား
ဥပဿယေ ဓိဝတ္ထာ ယာ၊
ဒေဝတာ တာ ခမန္တု မေ။
ဘိက္ခုနီ နှိလယဿေဒံ၊
ပစ္ဆိမံ ဒဿနံ မမ။
(အပဒါန၊ ၂-၂၀၈။)
ဥပဿယေ - ဘိက္ခုနီမကျောင်း၌။
အဓိဝတ္ထာ - မှီခို၍ နေကြကုန်သော။
ယာ ဒေဝတာ - အကြင် နတ်အပေါင်းတို့သည်။
သန္တိ - ရှိနေပါကုန်၏။
တာ ဒေဝတာ - ထို ဘိက္ခုနီမကျောင်း၌ မှီခို၍နေကြသော နတ်အပေါင်းတို့သည်။
မေ - ငါ ဂေါတမီ၏ အပြစ်ကြီးငယ်တို့ကို။
ခမန္တု - သည်းခံကြပါကုန်လော။
နတ်တွေကို၊ ဘိက္ခုနီမကျောင်းမှာ မှီခိုနေကြတဲ့ နတ်တွေကို ခွင့်ပန်တယ်၊ အပြစ်ကြီး အပြစ်ငယ်များရှိရင် သည်းခံကြပါ ခွင့်လွှတ်ကြပါလို့။
ဣဒံ - ဤဘိက္ခုနီမကျောင်းတော်ကို။
မမ - ငါ၏။
ဒဿနံ - မြင်ရခြင်းသည်။
ပစ္ဆိမံ - နောက်ဆုံးဘိတ် ဖြစ်တဲ့ မြင်ရခြင်း အစစ် တကယ်တမ်း ဖြစ်ပါပေတော့ သတည်း၊
အဲ့ ... ဘိက္ခုနီမကျောင်းကို အခု ငါ မြင်ရတာဟာ နောက်ဆုံးဘိတ် မြင်ရခြင်းပဲ ဒါကြောင့် ဒီကျောင်းမှာ မှီခိုနေကြတဲ့ နတ်အပေါင်းတို့ ငါ၏ အပြစ်ကြီး အပြစ်ငယ်များ ရှိလို့ ရှိရင် ငါ့ကို ခွင့်လွတ်ကြပါလို့ တောင်းပန်တယ်။
အဲဒါကလဲ အချင်းချင်း အပြန်အလှန် ခုနပြောသလို ကျေးဇူးပြုခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ မို့လို့ နောက်ဆုံးဘိတ် ခွဲခါနီး အခါမှာ၊ ဒါ အပြစ်ကတော့ ရှိတယ်ရယ်လို့ မဟုတ်ဘူး၊ ရဟန္တာ ဆိုတာ ဘယ်မှာ အပြစ်ရှိမှာတုံး ရဟန္တာ ဆိုတာ သူတစ်ပါး စော်ကားတဲ့ ပြစ်မှု ကျူးလွန်မှုဆိုတာမျိုး ရှိတာ မဟုတ်ဘူး။
သို့သော်လဲ ထုံးစံအတိုင်း ဝတ္တရားအတိုင်းပေါ့လေ၊ ဒါ ခွင့်လွှတ်ဖို့ တောင်းပန်ရတာ၊ အဲ့သလို တောင်းပန်ပြီးတော့ နတ်တွေကိုပဲ ပြောတယ်။ ငါ နိဗ္ဗာန် သွားတော့မယ် လို့ ...
ပရိဗ္ဗာန်စံမည်ဟု နတ်တွေအား ပြောကြားပုံ
နုဇရာ မစ္စုဝါ ယတ္ထ၊
အပ္ပိယေဟိ သမာဂမော။
ပိယေဟိ န ဝိယောဂေါတ္ထိ၊
တံ ဝဇီဿံ အသင်္ခတံ။
(အပဒါန၊၂-၂၀၈။)
ယတ္ထ အသင်္ခတေ - အကြင် အသင်္ခတဓာတ်နိဗ္ဗာန် တရားတော်မြတ်၌။
ဇရာဝါ - အိုခြင်းတရားသည် လည်းကောင်း။
မစ္စုဝါ - သေခြင်းတရားသည် လည်းကောင်း။
အပ္ပိယေဟိ - မချစ် မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့ နှင့်။
သမာဂမော - ယှဉ်တွဲရခြင်း ဆိုတဲ့ ဒုက္ခမျိုးသည် လည်းကောင်း။
ပိယေဟိ - ချစ်နှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့်။
ဝိယောဂေါ - ကွေကွင်းရခြင်းဆိုတဲ့ ဆင်းရဲဒုက္ခမျိုးသည် လည်းကောင်း။
နတ္ထိ - မရှိ။
တံ - ထိုအိုခြင်းလဲ မရှိ သေခြင်းလဲမရှိ။
ပိယေဟိ - ဝိပ္ပယောဂ ဆိုတဲ့ ချစ်သူတို့နှင့် ကွေကွင်းရခြင်းလဲမရှိ။
အပ္ပိယေဟိ - သမာယောဂ ဆိုတဲ့ မချစ်နှစ်သက်အပ်သော ပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲ ရခြင်းလဲ မရှိတဲ့ နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့။
အဟံ - ငါမိထွေးတော် ဂေါတမီသည်။
ဝဇိဿံ - သင်တို့ကို စွန့်ခွာ၍ ယခု မကြာခင် သွားပေတော့အံ့သတည်း။
---
လူတွေကလဲ ငိုကြယိုကြ
အဲ့သလို နတ်တွေကို ခွင့်ပန်ပြီးတော့ မိမိ နိဗ္ဗာန်ဝင်စံ တော့မယ်လို့ ပြောပြီးတော့ ဘိက္ခုနီမတွေကျောင်းက ထွက်လာကြတယ်။ အဲသလို ထွက်လာတဲ့ အခါကျတော့ လမ်းခရီးမှာ လူတွေကလဲ ထွက်လိုက်လာကြတယ်။
“ဪ... ဘိက္ခုနီမ ကျောင်းတော်ကြီး ဘိက္ခုနီမတွေနဲ့ ဆိတ်သုဉ်းခဲ့ပြီ ဘိက္ခုနီမတွေ နိဗ္ဗာန်ဝင်ကြတော့မယ်၊ မြစ်ကြီး ငါးသွယ်-မြစ်ငယ်ငါးရာက ရေတွေ သမုဒ္ဒရာကြီးထဲ ဝင်သွားသလို ဂေါတမီ ထေရီမကြီးဟာလဲ ဘိက္ခုနီမအပေါင်း ငါးရာနဲ့ တကွ ပရိနိဗ္ဗာန်ဝင်စံတော့မတဲ့။”
မိုးလင်းတဲ့အခါ နံနက် မိုးသောက် အရုဏ်ရောက်တဲ့အခါ ကြယ်တာရာတွေ မလင်းတော့သလို ဘိက္ခုနီမတွေလဲ ယနေ့ ဤ ဘိက္ခုနီမ ကျောင်းမှာ တို့တစ်တွေ မြင်ကြရတော့မှာ မဟုတ်ဘူးလို့ ငိုကြ ယိုကြတယ်။
အဲ့သလို ငိုကြ ယိုကြတဲ့ အခါကျတော့ ဂေါတမီ ထေရီမကြီးက တရားဟောပြတယ်။ ပရိသတ်တွေ ပရိသတ်တွေ လိုက်လာကြ ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားမလို့၊ မိမိ ထွက်လာတာ၊ ဘုရားရှင် ကိုယ်တော်မြတ်ထံ ခွင့်ပြုချက် ယူမလို့ နတ်တွေကို ခွင့်ပန်ပြီး ထွက်လာတဲ့ အခါကျတော့ လူတွေက လိုက်လာကြတယ်။
အမျိုးသမီးတွေ များသောအားဖြင့် လိုက်လာကြတာ။ အဲသလို ဘိက္ခုနီမတွေ အမျိုးသမီးတွေ ပရိသတ်ကြီးတွေ လိုက်လာတဲ့ အခါကျတော့ မိထွေးတော် ဂေါတမီက တရား ဟောတယ်။
---
မငိုကြနဲ့ ပျော်ဖို့ရာ အခါပါကွယ်
ရုဒိတေန အလံ ပုတ္တာ
ဟာသကာလော ယ မဇ္ဇ ဝေါ။
(အပဒါန ၂- ၂၀၈)
ပုတ္တာ - ချစ်သမီးတို့။
ရုဒိတေန - ငါအရှင်မ နိဗ္ဗာန်ယူ တော့မည်ကို တွေး၍ ပူဆွေး ငိုကြွေးနေကြသဖြင့်။
အလံ - ဘာမှ အကျိုးမှ မရှိပါပေ။
အဇ္ဇ - ယနေ့ ။
အယံ - ဤအခါကာလ သမယသည်။
ဝေါ - သင် ချစ်သမီးတို့၏။
ဟာသကာလော - ပူဆွေးရမယ့် အခါမဟုတ်။ တကယ် ပျော်ရမယ့် ရွှင်ရမယ့် အခါကြီးသာ ဖြစ်ပါပေတော့သတည်း၊
အဲ ... သူတို့ကတော့လဲ တကယ့် မိမိတို့ အင်မတန် အားထားတဲ့ ကြည်ညိုမြတ်နိုးတဲ့ မိထွေးတော်နှင့် တကွ ဘိက္ခုနီမတွေ ရဟန္တာ ထေရီမတွေ ပရိနိဗ္ဗာန် ဝင်စံတော့မယ် ဆိုတော့ ခွဲရတော့မှာကိုး ကွဲရတော့မှာ၊ ကွဲရမှာကိုသာ မြင်တာ ကွဲရမှာကို တွေးပြီးတော့ စိုးရိမ်ကြ၊ ပူဆွေးကြ၊ တကယ် ချမ်းသာတော့မယ် ဆိုတာ သူတို့ မမြင်ကြဘူး။
ဒါကလဲပဲ စိုးရိမ် ပူဆွေးမှု ဆိုတဲ့ဓါတ်ခံက ရှိလို့ တွယ်တာမှုဆိုတဲ့ ဓါတ်ခံက ရှိလို့ မမြင်ကြတာဘဲ။ မိထွေးတော် ဂေါတမီ ကတော့ ပျော်နေတယ်။ ထေရီ ဘိက္ခုနီမ တွေလဲ ပရိနိဗ္ဗာန် စံရမယ် ဆိုတော့ ပျော်နေကြပြီ။
ဘာဖြစ်လို့တုံး ခန္ဓာကိုယ်ကြီးရဲ့ အပြစ်မြင်နေကြတယ်။ ခန္ဓာကိုယ်ကြီး အင်မတန် ဝန်လေးတာ သိကြတယ်။
ဒီ ခန္ဓာကိုယ်ကြီး၊ ခန္ဓာဝန်ထုပ်ကြီး ချရတော့မယ် ဆိုတော့ သူတို့မှာ နောက် ဒုက္ခ မခံရတော့ဘူး၊ ဒုက္ခငြိမ်းပြီ ဒါကြောင့် သူတို့မှာတော့ ပျော်နေကြပြီ၊ အဲ့ဒါကြောင့်မို့လို ..
---
မိထွေးတော်ကြီး ဖျောင်းဖျပုံ
ရုဒိဘေန အလံ ပုတ္တာ
ဟာသကာလော ယ မဇ္ဇ ဝေါ။
ချစ်သမီးတို့ ငိုကြွေးဖို့ အခါမဟုတ်ဘူး၊ ပျော်ရွှင်ဖို့ အခါကြီး ဘာကြောင့်တုံး မယ်တော်ဟာ -
- ဒုက္ခကိုလဲ ကောင်းကောင်း သိပြီ၊
- ဒုက္ခဖြစ်ကြောင်းတွေလဲ ကောင်းကောင်း မြင်ပြီ၊
- ဒုက္ခ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့လဲ ဆိုက်ရောက်ခဲ့ပြီ၊
- ဒုက္ခ ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တွေကိုလဲ ပွားများပြီးပြီ။
ဘုရားရှင် ကိုယ်တော်မြတ်ကိုလဲ ကောင်းစွာ ပြုစု လုပ်ကျွေးပြီးပြီ။
မိမိ ကြာမြင့်စွာသော ဘ၀ ကာလ,က လိုလားခဲ့တဲ့ နိဗ္ဗာန် တရားကြီးကိုလဲ ငါ-မယ်တော် ရခဲ့ပြီ၊ ပြီးတော့ ခုအခါမှာ ဆိုရင် ဘုရားရှင် ကိုယ်တော်မြတ်ကလဲ အထင်အရှား ရှိတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ သဒ္ဓမ္မ ဆိုတဲ့ ပရိယတ်-ပဋိပတ် -ပဋိဝေဓ သာသနာတော် မြတ်ကြီးကလဲ အထင်အရှား ရှိနေတယ်။
ဒီတော့ ဒီလို အခါကြီးမှာ ငါ မိထွေးတော် ဂေါတမီဟာ ပရိနိဗ္ဗာန် ဝင်စံဖို့ အချိန် တော်ပါပြီ။ ပြီးတော့ သံဃာဘက်က ကြည့်ရင်လဲ ရှင်ကောဏ္ဍညမထေရ်တို့၊ အဂ္ဂသာဝက ဖြစ်တဲ့ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့လဲ အထင်အရှား ရှိနေကြ ရှင်နန္ဒတို့ ရှင်အာနန္ဒာတို့ အထင်အရှား ရှိနေကြ၊ သာသနာတော်ကြီးကလဲ စည်ကားနေ၊ တိတ္တိတွေ ဆိုတာကလဲ ဒီ အချိန်အခါမှာ မာန်စွယ်တွေ ကျနေတဲ့ အခါကြီး။
အဲသလို အခါကြီး ဖြစ်တော့ကာ သာသနာအတွက် ဆိုရင်လဲ အင်မတန် အားရစရာ ကောင်းတဲ့ အခါကြီး၊ အဲသလို အခါကြီးမှာ ငါ မယ်တော် ပရိနိဗ္ဗာန်စံဖို့ သင့်ပါပြီ ဆိုပြီးတော့ တရားဟောပြ၊ ငိုကြွေးနေတဲ့ သူ့သမီးတွေ၊ လူ ဥပါသကာ ဥပါသိကာမတွေ၊ ဘိက္ခုနီမတွေ တရားချ၊ ဒီအခါမှာ ရဟန္တာမ တွေကတော့ ငိုကြွေးမှု ဆိုတာ မရှိဘူးပေါ့၊ ပုထုဇဉ် သောတာပန် သကဒါဂါမ် တွေကတော့ ငိုကြွေးကြ သေးတယ်။
အဲဒါတွေကို တရားပြုပြီးတော့ ဖျောင်းဖျ ပေးနေရတယ် မိထွေးတော်ဂေါတမီရဲ့ ဖျောင်းဖျချက်ကတော့ အဆုံး မသတ်သေးဘူး၊ ဒါပေမယ့် အချိန်က ၁၀-နာရီခွဲ တော့မယ်၊ ဒါကြောင့် ဘုန်းကြီးတို့ ယနေ့ ဒီ မိထွေးတော် ဂေါတမီ တရားကို ဒီတွင်ပဲ ဖြတ်ထားကြဖို့။
ဒါကြောင့် မိထွေးတော် ဂေါတမီနှင့်တကွ ရဟန္တာထေရီ ငါးရာ နိဗ္ဗာန်သို့ ဆိုက်ရောက် ခါနီး နိဗ္ဗာန်သို့ ဝင်စံခါနီး ဖြစ်ပျက်ခဲ့တဲ့ အခြင်းအရာတွေကို ဘုန်းကြီးတို့ အပဒါန် ပါဠိတော်မှာ ဂေါတမီ ထေရာ အပါဒါန်လို့ ဟောထားတာ ရှိတယ်။
အဲ့ဒီဥစ္စာ အကုန်ဟောရင်တော့ အများကြီး၊ ဂါထာတွေကလဲ နည်းတာမဟုတ်ဘူး။
အခုဘုန်းကြီးတို့က လိုရင်းလေး ရွေးကောက်ပြီး ဟောရတာ၊ အဲဒီတော့ နိဗ္ဗာန်ရဲ့ သဘာဝကိုလဲ မိထွေးတော် ဂေါတမီရဲ့ အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြီးတော့ မိထွေးတော် ဂေါတမီတို့ ပြောပုံ ဆိုပုံ၊ ရှင်အာနန္ဒာတို့ ရှင်နန္ဒတို့ ပြောပုံဆိုပုံတွေ၊ အဲ့ဒီ ပြောကြပုံ ဆိုကြပုံ မိထွေးတော် ဂေါတမီတရား ဟောပုံ၊ မိထွေးတော် ဂေါတမီ ဘုရား ကန်တော့ပုံ စသည်ဖြင့် အဲ့ဒီ အချိန်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ကလေးတွေက ကြည်ညို ဖွယ်လဲ ကောင်းတယ်၊ နှစ်သက်ဖွယ်လဲ ကောင်းတယ်၊ နိဗ္ဗာန် အရသာလဲ ဖော်သလို ဖြစ်တယ်၊ ဘဝရဲ့ ဒုက္ခတွေလဲ ဖော်သလို ဖြစ်တယ်။
ဒါကြောင့် ဘုန်းကြီးက ဒီတရားလေးတော့ ဆက်ဆက် ပြီး ဟောပေးဦးမှပဲလို့ ဒီနေ့ အစ ဟောခဲ့တယ်။
အဲဒါ အခု ဟောသမျှ ကြားရပြီ။ ကြားရတော့ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာ ဘယ်လို ရှိတယ်ဆိုတာ အရိပ် အမြွက်တော့ မှန်းနိုင်နေကြပြီ။
ဒါကြောင့် မိမိတို့ နိဗ္ဗာန် ဆိုတဲ့ ချမ်းသာကို မှန်းမျှော်နိုင်ကြပြီးတော့ အဲ့ဒီ နိဗ္ဗာန်ကို ဆိုက်နိုင်အောင် ရောက်နိုင် အောင် ကြိုးစား အားထုတ် နိုင်ကြပါစေကုန်သတည်း။
သာဓု ... သာဓု … သာဓု …
---
အပူငြိမ်းရေး ဖျောင်းဖျပေး
၁၃၄၇-ခု တော်သလင်း လဆုတ် ၈-ရက်နေ့၌ တောကြားတော် မူအပ်သော နိဗ္ဗာန် တရားတော်
အရင် သီတင်းတုန်းက မိထွေးတော် ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန် စံခါနီး ပူဆွေး ငိုကြွေး နေကြတဲ့ အမျိုးသမီးတွေ ကို ထေရီမကြီးက တရား ပြပြီးတော့ ဆုံးမတယ်။ အဲ့ဒီ ဆုံးမပုံ အဆက်ကလေး တစ်နေ့က ကျန်နေတယ်။
စိရ ပဘုတိ ယံ မယှံ၊
ပတ္ထိတံ အဇ္ဇ သိဇ္ဈတေ။
အာနန္ဒ, ဘေရိကာလော ယံ၊
ကိံ ဝေါ အဿူဟိ ပုတ္တိကာ။
(အပဒါန၊ ၂ ၊ ၂၀၉။)
ပုတ္တိကာ - ချစ်သမီးတို့။
စိရပဘုတိ - ကမ္ဘာ တစ်သိန်း တွက်ကိန်းများစွာ ကြာမြင့်စွာသော အခါ ကာလက။
ပဘုတိ - စ၍။
ယံ - အကြင် နိဗ္ဗာန်ဆိုတဲ့ တရားကို။
မယှံ - ငါသည်။
ပတ္တိတံ - တောင့်တခဲ့ပေပြီ။
အဇ္ဇ - ယနေ့။
တံ - အပြီးသို့ ရောက်ခဲ့ပါပေ၏။
အယံ - ဤအခါသမယသည်ကား။
အာနန္ဒဘေရိကာလော - နှစ်သက် ရွှင်လန်း ဝမ်းပမ်းတသာ အောင်စည် အောင်မောင်း တီးရမည့် အခါသမယပေတည်း။
ပုတ္တိကာ - ချစ်သမီးတို့။
ဝေါ - သင် ချစ်သမီးတို့အား။
အဿူဟိ - မျက်ရည် ယိုစီး၍ ငိုကြွေးခြင်းတို့ဖြင့်။
ကိံ - အဘယ်အကျိုး ရှိပါအံ့နည်း။
ကိံ - ဘယ်လိုမှ အကျိုးမရှိပေတကား။
ယခုအခါမှာ အနှစ်နှစ်က ကမ္ဘာတစ်သိန်း ကာလက မယ်တော်ကြီး တောင့်တခဲ့တဲ့ နိဗ္ဗာန်တရားကြီး ရတော့မယ်၊ ရခဲ့ပြီးပြီ ပိုင်ခဲ့ပြီ၊ အဲ့ဒီတော့ ယခုအခါကြီးဟာ ငိုကြွေးနေဖို့ အခါကြီး မဟုတ်ဘူး၊ တကယ်တော့ နှစ်သက်ရွှင်လန်း ဝမ်းပမ်းတသာနဲ့ အောင်ပွဲခံရမယ့် အောင်စည် အောင်မောင်း တီးရမယ့် အခါသမယကြီး။
အဲဒီတော့ ငိုကြွေးနေလို့ အကျိုးမရှိဘူးလို့ မယ်တော်ကြီးက တိုက်တွန်းတယ်။ မိထွေးတော် ဂေါတမီက ဖျောင်းဖျတယ်။ ငိုကြွေးနေကြတဲ့ ပရိသတ်ကို ဖျောင်းဖြောင်း ဖျဖျ ဆုံးမ သွန်သင်တယ်။ လောကမှာ အခု ဘဝများစွာက ခံခဲ့ရတဲ့ ဒုက္ခတွေ ငြိမ်းတော့မယ်၊ နိဗ္ဗာန်စံဝင်ရတော့မယ်။
နိဗ္ဗာန် သွားတယ် ဆိုတော့ နိဗ္ဗာန်က မြို့ကြီး ပြကြီးမို့ သွားမှာလား ဆိုတော့ ဒီလို မဟုတ်ဘူးနော်၊ နိဗ္ဗာန်ဆိုတာ ရုပ် နာမ် ခပ်သိမ်း ကိလေသာ ခပ်သိမ်းတို့ရဲ့ ချုပ်ငြိမ်းမှု။
အဲဒီတော့ အဲဒီ နိဗ္ဗာန်ကို ဘုန်ကြီးတို့ သွားတော့မယ်၊ ဆိုပေမယ့် တင်စား ပြောဆိုတဲ့ စကားတွေ၊ နိဗ္ဗာန် ရွှေပြည်ကို သွားတော့မယ်။ ပရိနိဗ္ဗာန် ဝင်စံတော့မယ် စသည်ဖြင့် သုံးတာတွေကတော့ တင်စား သုံးတာ။ တကယ်တော့ အားလုံး ရုပ်နာမ် ခပ်သိမ်းတွေ ချုပ်ငြိမ်းသွားတာပဲ။
ဘုန်းကြီးတို့ အခု နိဗ္ဗာန်ကို ရပြီ၊ အခု နိဗ္ဗာန်ကို သွားတော့မယ်ဆိုတော့ မိထွေးတော် ဂေါတမီဟာ စောစောက နိဗ္ဗာန် မရဘူးလား ဆိုတော့ စောစောကတည်းက ရနေပါပြီ။
သ,ဥပါဒိသေသ နိဗ္ဗာန်၊ အနုပါဒိသေသ နိဗ္ဗာန်လို့ နိဗ္ဗာန်နှစ်မျိုး ရှိတယ်၊ သဥပါဒိသေသ နိဗ္ဗာန်ဆိုတာက ကိလေသာပရိနိဗ္ဗာန်လို့လဲခေါ်တယ်၊ ကိလေသာ တွေကတော့ မရှိတော့ဘူး၊ အကုန်လုံး ပယ်ပြီးပြီ၊ ခန္ဓာက ကြွင်းကျန်မှု ရှိသေးတယ်။
အဲသလို ကိလေသာတွေ ချုပ်ငြိမ်းပြီးတော့ ခန္ဓာ ကြွင်းကျန်နေတဲ့ နိဗ္ဗာန်ကို သ,ဥပါဒိသေသနိဗ္ဗာန် ကျန်နေတဲ့ ခန္ဓာပါ ချုပ်ငြိမ်းပြီးသွားတဲ့ နိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာန်။
မိထွေးတော် ဂေါတမီက စောစောက သ,ဥပါဒိသေသ နိဗ္ဗာန်ကတော့ ခံစားနေ ရတာပဲ၊ ယခု ကျန်နေတဲ့ ခန္ဓာကမ္မဇရုပ်တွေ၊ စိတ်-စေတသိတ်-ရုပ်ဆိုတဲ့ ခန္ဓာတရားတွေ အကုန်လုံး ချုပ်ငြိမ်းပြီးတော့ အနုပါဒိသေသပရိနိဗ္ဗာန် စံရမယ့်အခါ၊ ဒီအခါဟာ တကယ့်တော့ ဘဝများစွာ အနမတဂ္ဂ သံသရာက ခံစားခဲ့ရတဲ့ ဒုက္ခတွေ ငြိမ်းရာမှာမို့ ရဟန္တာတွေ အဖို့တော့ ဒါဟာ ပျော်စရာကြီးပဲ၊ ပျော်စရာကြီး။
အဲဒါကြောင့်မို့လို့ ချစ်သမီးတို့၊ ယခု ငါ မိခင်ကြီး ကမ္ဘာတစ်သိန်းက တောင့်တခဲ့တဲ့ နိဗ္ဗာန်ဆိုတဲ့ ဆုမြတ်ကြီးဟာ ပြည့်စုံနေပြီ၊ ဒီတော့ ယခု အာနန္ဒထေရိကာလော - အောင်စည် အောင်မောင်း တီးရမယ့်အခါ ပျော်ရမယ့်အခါ၊ နှစ်သက် ရွှင်လန်း ဝမ်းပမ်း တသာနဲ့ အောင်စည် အောင်မောင်း တီးရမယ့် အခါကြီး၊ မျက်ရည် ယိုရမယ့် အခါမဟုတ်၊ မျက်ရည်ယိုစီး အငိုကြီး ငိုရမယ့် အခါမဟုတ် ဆိုပြီးတော့ ဖျောင်းဖျ ပြောဆိုတယ်။
ဒီတော့ နိဗ္ဗာန်ဆိုတာဟာ ငြိမ်းအေးမှုပဲ ဆိုတော့ ဘာမှ မရှိတဲ့ တရားလားဆိုတော့ အမှန်ကတော့ ရုပ်နာမ်အနေနဲ့ ဘာမှ မရှိဘူး၊ ငြိမ်းအေးခြင်း ဆိုတဲ့ သဘော အနေနဲ့တော့ ရှိတာပဲ။
အဲဒီတော့ နိဗ္ဗာန်ဆိုတဲ့ သဘောကလဲ တစ်ခါတလေတော့ ပုထုဇဉ်တွေ၊ ဒုက္ခမမြင်တဲ့ ပုဂ္ဂိုလ်တွေ အဖို့တော့ လိုချင်စရာမရှိသလို ငြိမ်းအေးမှုဆိုတော့ ဘာမှ မရှိဘူး ဆိုတော့ လိုချင်စရာ မရှိသလို ဖြစ်နေတယ်။
အမှန်ကတော့ ဒုက္ခမမြင်လေ၊ နိဗ္ဗာန် မလိုချင်လေပဲ။
ဒုက္ခမြင်လေ နိဗ္ဗာန် လိုချင်လေ။
ဒုက္ခိနော ဒုက္ခမာသန္နေ၊
တဿ ရသော ပကာသတေ။
(အရှင်ဇနကာဘိဝံသ)
ဒုက္ခိနော - ဘေးရန် ဒုက္ခကြုံတွေ့နေသော ပုဂ္ဂိုလ်၏။
ဒုက္ခမာသန္နေ - ဒုက္ခ၏ အနီးအပါး၌။
တဿ - ထိုနိဗ္ဗာန်ဆိုတဲ့ တရား၏။
ရသော - အရသာသည်။
ပကာသတေ - ထင်ရှား ပေါ်လွင်လှပါပေသတည်း။
ဆင်းရဲဒုက္ခကြုံရမှ နိဗ္ဗာန်ရဲ့ အရသာဟာ ပိုပေါ်တယ်၊ ဒုက္ခ တကယ်မြင်ရင် ဒုက္ခငြိမ်းချင်တယ်၊ ဒုက္ခငြိမ်းမှုနဲ့ ကြုံရရင် အဲဒီ ငြိမ်းမှုရဲ့ တန်ဖိုးကို သိတယ်၊ လောကမှာ အနာရောဂါ ပြင်းထန်စွာ ခံစားနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေတယ် ဆိုရင် အဲဒီ ပုဂ္ဂိုလ်မှာ ဘာအရေးကြီးဆုံးလဲ၊ ရောဂါပျောက်မှုဟာ အရေး အကြီးဆုံး၊ ရောဂါကြောင့် ဖြစ်တဲ့ ဒုက္ခငြိမ်းမှုကို ဘာနဲ့မဆို လဲနိုင်တယ်၊ ပစ္စည်းအကုန် ပုံပေးနိုင်တယ်၊ နောက်ဆုံး တစ်သက်လုံး ကျွန်တောင် ခံနိုင်တယ်။
ဆရာ ဇီဝက သေဌေးကြီးတစ်ဦးထံ ဆေးကုရန်သွား၊ သေဌေးကြီးထံ ရောက်တော့ မေးတယ်၊ ရောဂါ ပျောက်လျှင် ကျွန်ုပ်အား ဘယ်မျှ ချီးမြှောက်နိုင်ပါ့မလဲ မေးတော့။ ဆရာ.. ကျွန်ုပ်ပစ္စည်းအားလုံး ဆရာ့ပစ္စည်း ဖြစ်ပါစေမယ်။ ကျွန်ုပ်လဲ ဆရာ့ကျွန် ဖြစ်ပါစေမယ်တဲ့၊ ဒုက္ခငြိမ်းမှုကို အဲသည်လောက် တန်းဖိုးထားတယ်။
ယခု မိထွေးတော် ဂေါတမီဟာလဲ ဒုက္ခတွေ ငြိမ်းရမယ့် အရေးတွေးပြီး ပျော်နေတာ၊ ဒါကြောင့် သူများကိုလဲ ပျော်ဖို့ အချိန်ကြီးဆိုပြီး အားပေးတယ်၊ ဖျော်ဖြေတယ်၊ ဒီနောက် ဆက်ပြီး ပြောပြန်တယ်။
---
မယ်တော် ချစ်က သဒ္ဓမ္မ
ကာလရှည်ဖို့ ကြိုးစားကုန်
သစေ မယိ ဒယာ အတ္ထိ၊
ယဒိ စတ္ထိ ကတညုတာ။
သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ၊
ကရောထ ဝီရိယံ ဒဠှံ။
(အပဒါန၊ ၂ ၊ ၂၀၈)
မယိ - မယ်တော့် အပေါ်၌။
ဒယာ - ကရုဏာထား သနားခြင်းသည်။
ယဒိအတ္ထိ - အကယ် မသွေ ရှိခဲ့ပေအံ့။
မယိ - မယ်တော် အပေါ်၌။
ကတညုတာ - ပေးဖူးအရှိ၊ ကျေးဇူးသိခြင်းသည်။
ယဒိအတ္ထိ - အကယ်၍သာ ရှိခဲ့ပါအံ့။
(ဧဝသတိ) ဤသို့ မယ်တော့်အပေါ်မှာ ကရုဏာသက်ဝင်။
ကတညုတာ - ရှိခဲ့ပါမူ။
သဗ္ဗာ - ကြွင်းမဲ့ဥဿုံ၊ အလုံးစုံကုန်သော။
(တုမှေ) ချစ်သမီးတို့သည်။
သဒ္ဓမ္မဋ္ဌိတိယာ - သဒ္ဓမ္မသုံးဖြာ သာသနာ၏ ရှည်ကြာထွန်းလင်း တည်ရှိခြင်းငှာ။
ဒဠှံ - မြဲမြဲလှစွာ ခိုင်မာလှပေသော။
ဝီရိယံ - သမ္မပ္ပဓာန်၊ အားမာန်အပြည့်၊ ဝီရိယမျိုးကို။
ကရောထ - ပြုရစ်ကြပါ၊ အမှာစကား နောက်ဆုံး မှာကြားခဲ့ပါသည်။ ချစ်သား ချစ်သမီးတို့။
မိထွေးတော် ဂေါတမီ ထေရီမကြီးက အမှာစကား ဆက်ပြောကြားသွားတယ်၊ မယ်တော် အပေါ်မှာ ကရုဏာထားရှိ ကျေးဇူးသိကြလျှင်ဖြင့် မယ်တော့် အတွက် ငိုမနေကြပါနဲ့။ သဒ္ဓမ္မသုံးပါး ဘုရားမြတ် သာသနာတော် တိုးတက် တည်ရှိနေဖို့ မြဲမြံသန်မာ လွန်စွာအားရှိ သမ္မပ္ပဓာန် ဝီရိယ ထူထောင် ကြိုးပမ်း ကြပါလို့ တိုက်တွန်းတော်မူခဲ့တယ်။
ဒီနောက် ဆက်မှာပြန်တယ်၊ မယ်တော်ကြီး တောင်းပန်လို့ အမျိုးသမီးများအတွက် ရဟန်းပြုခွင့်ကို သားတော်ဘုရား ပေးသနားတော်မူခဲ့တယ်၊ သို့ဖြစ်၍ မယ်တော် နှစ်သက်တဲ့ အကျင့်တွေသာ ကျင့်ရစ်ကြပါလို့ တိုက်တွန်းတော်မူခဲ့တယ်၊ မယ်တော် နှစ်သက်တဲ့ အကျင့် ဆိုတော့ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး တရားအကျင့် တွေမှ တစ်ပါး အခြားဘာရှိဦးမှာလဲ။
အဲသလို လမ်းခရီးအကြားမှာ တရားဓမ္မပြသ ဟောကြားပြီးနောက် ဘုရားရှင် ကိုယ်တော်မြတ်ထံ ချဉ်းကပ်ပြီး အနည်းနည်း အဖုံဖုံ အမျိုးစုံအောင် လျှောက်ထား ခဲ့ပြန်တယ်၊ အဲဒီ အထဲက တချို့ ထုတ်နုတ် ပြရဦးမှာပဲ။
အဟံ သုဂတ တေ မာတာ၊
တွံ စ ဝီရ ပိတာ မမ။
သဒ္ဓမ္မသုဒေ နာထ၊
တယာ ဇာတာမှိ ဂေါတမ။
သုဂတ - ကောင်းရာဌာန နိဗ္ဗာနသို့ ကြွတော်မူတတ်သော သားတော် မြတ်ဘုရား။
အဟံ - မယ်တော်ကြီးမှာ။
တေ - သားတော် ရှင်တော်မြတ်ဘုရား၏။
မာတာ - လောကီမယ်တော် တစ်ယောက်ပါဘုရား။
ဝီရ - ဝီရိယကြီးမား သားတော် အရှင်မြတ်ဘုရား။
တွံ စ - သားတော် မြတ်ဘုရားကတော့။
မမ - မယ်တော်ကြီး၏။
ပိတာ - လောကုတ္တရာ နယ်တစ်ခေတ်က၊ ခမည်းတော်ကြီး ဖြစ်ပါသည်ဘုရား။
သဒ္ဓမ္မသုခဒ - သဒ္ဓမ္မသုံးဖြာ ချမ်းသာကို ပေးတော်မူတတ်သော။
နာထ - လူနတ် ဗြဟ္မာ သတ္တဝါအများ အားထားရာ ဖြစ်တော်မူသော။
ဂေါတမ - ဂေါတမနွယ်ဖွား သားတော်မြတ်ဘုရား။
အဟံ - မယ်တော်ကြီးမှာ။
တယာ - သားတော်ဘုရားကြောင့်။
ဝါ၊ -မှ။
ဇာတာ - အရိယာဇာတိ-ရရှိပေါက်ဖွား၊ သမီးတော် တစ်ပါးသည်။
အမှီ - စင်စစ်မသွေ၊ ဖြစ်ခဲ့ရပါပေသည်ဘုရား။
ဒီနောက် မိထွေးတော်ကြီးက ဆက်လက် လျှောက်ထား ပြန်တယ်၊ မယ်တော်ကြီး လျှောက်ထားပုံကလဲ အလင်္ကာမျိုးစုံ ရသအဖုံဖုံနဲ့ ဂုဏ်တင် လျှောက်ထားလို့ ထူးခြားတဲ့ စကားကလေးတွေပါပဲ။
သားတော်ဘုရား … သားတော် အရှင်မြတ်၏ ရုပ်ကိုယ်တော်ကို မယ်တော်ကြီးက ကြီးပွားစေခဲ့ မွေးမြူခဲ့ပါတယ် ဘုရား၊ သားတော်ဘုရားကလဲ မယ်တော်ကြီး၏ ကဲ့ရဲ့ဖွယ် မရှိတဲ့ တရားကိုယ်ကို ကြီးပွားစေခဲ့ မွေးမြူခဲ့ပါပြီ ဘုရား။
မယ်တော်ကြီးက သားတော် ဘုရားအား တစ်ခဏတာ ဆာလောင် မွတ်သိပ်ခြင်းကို ငြိမ်းအေးစေနိုင်သော မိခင်နို့ရည်ကို တိုက်ကျွေးခဲ့ပါပြီဘုရား၊ သားတော် ဘုရားကလဲ မယ်တော် ကြီးကို ဘယ်အခါမျှ တဏှာ မပူ မဆူ မလောင်ရ အလွန်အေးမြအောင် တရားတည်းဟူသော နို့ရည်ကို ဝစွာ တိုက်ကျွေး မွေးတော်မူခဲ့ပါပေပြီ။
စကြဝတေး မန္ဒာတ်မင်းတို့၏ မယ်တော်များမှာ ဘဝသံသရာ သမုဒ္ဒရာထဲမှာ အကြိမ်ကြိမ် အခါခါ နစ်မြုပ်ခဲ့ရပါပြီ၊ သားတော်ဘုရား၊ သားတော် အရှင်မြတ် ကတော့ မယ်တော်ကြီး တပည့်တော်ကို ဘဝ အဏ္ဏဝါ သံသရာမှ ကောင်းစွာ ဆယ်ယူ ကယ်တင်တော် မူခဲ့ပါပြီ။
သားတော်မြတ်ဘုရား၊ မိန်းမတို့မှာ ရှင်ဘုရင့်မယ်တော် အဖြစ်ဆိုသည်မှာ ရလွယ်လှ ပါသည်ဘုရား၊ ဘုရား မယ်တော် ဗုဒ္ဓမာတာ၊ ဘုရားမယ်တော် အမည် ဝေါဟာရ ကိုတော့ ရဖို့ရာ မလွယ် အလွန်ပင် အရ ခက်လှပါသည် ဘုရားလို့ လျှောက်ထား ပြန်တယ်။
ရညော မာတာ မဟေသီတိ၊
သုလဘံ နာမ မိတ္ထိနံ။
ဗုဒ္ဓမာတာတိ ယံ နာမံ၊
ဧတံ ပရမ, ဒုလ္လတံ။
(ပုတ္တ) သားတော်ဘုရား။
ရညော - တိုင်းရှင် ပြည်ရှင် ဘုရားမင်း၏ မဟေသီမိဖုရားကြီးတည်း။
ဣတိ - ဤကဲ့သို့သော။
နာမံ - လောကနှင့် ဆက်နွှယ် နာမည်မျိုးမှာ။
ဣတ္ထိနံ - အမျိုးသမီး အသီးသီးတို့အဖို့။
သုလဘံ - မခက်ခဲစွာ၊ ရလွယ်လှပါပေသည် ဘုရား။
ဗုဒ္ဓမာတာတိ - သူ့ထက် ထူးခြား ဘုရားမယ်တော် ဟူသော။
ယံနာမံ - လောကုတ္တရာမှီ အကြင်အမည်ထူးသည်။
အတ္ထိ - ရှိပါပေ၏။
ဧတံ နာမံ - ဘုရားမယ်တော် အခေါ် ထူးလည် ထို အမည်မျိုးကတော့။
ပရမဒုလ္လဘံ - ကမ္ဘာ့ကမ္ဘာ ကြာကြီးကြာမှ ရခဲ ထူးချွန် အလွန်ရခဲတဲ့ အမည်သာ ဖြစ်ပါသည် ဘုရား။
ဒီနောက် ပရိနိဗ္ဗာန် ဝင်စံဖို့ရာ ခွင့်ပြုတော်မူပါမည့် အကြောင်း တောင်းပန် လျှောက်ထားပြန်တယ်။
ပရိနိဗ္ဗာတု'မိစ္ဆာမိ၊
ဝိဟာယေ မံ ကဠေဝရံ၊
အနုဇာနာဟိ မေ ဝီရ။
ဒုက္ခန္တကရ နာယက။
ဝီရိ - ဝီရိယကြီးမား သားတော်မြတ်ကြီးဘုရား။
အဟံ - သက်တန်းကုန်နေပြီး ဖြစ်သော မယ်တော်ကြီးသည်။
ဣမံ ကဠေဝရံ - ဤခန္ဓာကိုယ်ရုပ် အကောင်ပုပ်ကြီးကို။
ဝိဟာယ - မငဲ့မညှာ ပယ်စွန့်ခွာ၍။
ပရိနိဗ္ဗာတုံ - ပရိနိဗ္ဗာန်ယူသိမ်း ငြိမ်းခြင်းငှာ။
ဣစ္ဆာမိ - လိုလားလျက်ရှိပါသည်ဘုရား။
ဒုက္ခန္တကရ - ဆင်းရဲကုန်မှု တကယ်ပင် ပြုတော်မူတတ်သော။
နာယက - ခရီး ညွှန်ရှေ့သွား သားတော်မြတ်ဘုရား။
အနုဇာနာဟိ - မဖင့်သမှု ခွင့်ပြုတော်မူပါ သားတော် မြတ်ဘုရား။
ဒီ ပရိနိဗ္ဗာန်စံဖို့ရာ ခွင့်လွှတ်ဖို့ မိထွေးတော်ကြီး လျှောက်ထားပုံကလေးက နိဗ္ဗာန် သဘာဝ ဖော်ပြသလိုပါပဲ၊ တဏှာ ဥပါဒါန် ကံ ဆိုတဲ့ တရားတွေ မကင်းတုန်းက ဘဝများစွာ ခန္ဓာတွေ အဆက်ဆက် ဖြစ်လိုက်ပျက်လိုက်နဲ့ ကျင်လည်ခဲ့ရ၊ ဒုက္ခတွေ အဖုံဖုံ ကြုံခဲ့ရ၊ ယခု ဒီတဏှာ ဥပါဒါန် ကံတွေ ကုန်ခဲ့ပြီး ဖြစ်သော ဒီဘဝ အဆုံးပဲ၊ နောက်ထပ် ဘဝတွေ မဖြစ်ရ ဒုက္ခတွေ ဆုံးခဲ့ပြီ။
ဒါကြောင့် ခန္ဓာကိုယ်ရုပ် အကောင်ပုပ်ကြီး လုံးဝ စွန့်ခွာ ချမ်းသာတဲ့ နိဗ္ဗာန်ဝင်စံဖို့ရာ ခွင့်ပြုတော်မူပါလို့ ခွင့်တောင်းခြင်း ဖြစ်တယ်။
ဒီနောက်တော့ စကြာလက္ခဏာ ချွန်းလက္ခဏာ တံခွန်လက္ခဏာ လက္ခဏာတွေရွှန်း ရောပြွမ်းဝေဆာ ကြာပန်းပမာ နူးညံ့ ပြေပြစ်လှသော မွန်မြတ်လှစွာသော ခြေတော် အစုံတို့ကို ဖြန့်ပေးတော်မူပါ၊ မယ်တော်ကြီး ရှိခိုးပါဦးမည်လို့ လျှောက်ထား ပြန်တယ်။
စက္ကင်္ကုသဓ ဇာကိဏ္ဏေ၊
ပါဒေ ကမလ ကောမလေ။
ပသာရေဟိ ပဏာမံ တေ၊
ကရိဿံ ပုတ္တ ဥတ္တမေ။
(အပဒါန၊၂)
ပုတ္တ - တုဖက်လွန်ရှား သားတော်ဘုရား။
စက္ကင်္ကုသဓ ဇာကိဏ္ဏေ - စက်ချွန်းတံခွန် လက္ခဏာမွန်တို့ဖြင့် ပြွမ်းလျက်ရှိသော။
ကမလကောမလေ - ပဒုမ္မာကြာပန်းတမျှ နူးညံ့သိမ်မွေ့လှကုန်သော။
ပါဒေ - ခြေတော်အစုံတို့ကို။
ပသာရေဟိ - တင့်တယ်စွာဖြန့် ဆန့်တန်းတော်မူပါဘုရား။
ဥတ္တမေ - ထူးမြတ်လှကုန် သော။
တေ ပါဒေ - ထို ခြေတော်အစုံ ကြာပဒုံတို့ကို။
ပဏာမံ - နောက်ဆုံးဝတ်လျှိုး ရှိခိုးကန်တော့ခြင်းကို။
ကရိဿံ - အားရပါးရ ပြုလိုလှပါတော့သည်ဘုရား။
မယ်တော်ကြီးကတော့ဖြင့် ပရိနိဗ္ဗာန်ဝင်စံခါနီး အခွင့်အရေးတွေ အများကြီးရအောင် ကြိုးစားသွားခဲ့တာ အတုယူစရာ လွန်စွာကောင်းလှပါတယ်။
ဒါကြောင့် ဤမျှ လျှောက်ထားရုံနှင့် အားမရသေးဘူး။ ဆက်လိုက်သေးတယ်၊ ရွှေစင်ရုပ်တုအလား သားတော်၏ ရွှေရုပ်တော်ကို ပေါ်လွင်ထင်ရှားအောင် ပြုတော်မူပါဦးဘုရား၊ သားတော် ရွှေရုပ်သွင်ကို ထင်ရှားစွာ ဖူးမြော်ပြီး နိဗ္ဗာန်နန်း စံမြန်းပါတော့မည် ဘုရားလို့ လျှောက်ထား ပြန်တယ်နော်။
သုဝဏ္ဏ,ရာသိသင်္ကာသံ၊
သရီရံ ကုရု ပါကဋံ။
ကတွာ ဒေဟံ သုဒိဋ္ဌံ တေ၊
သန္တိံ ဂစ္ဆာမိ နာယက။
နာယက - သတ္တဝါများ ရှေ့သွားဦးဆောင် အခေါင် ထွဋ်ဖျား သားတော်မြတ်ဘုရား။
သုဝဏ္ဏရာသိသင်္ကာသံ - ရွှေငုံ အစု၊ ရွှေရုပ်တုနှင့် တူသော။
သရီရံ - လှပ အသရေ ကိုယ်တော်ရုပ်ရွှေကို။
ပါကဋံ - ဖူးမဝစေချင် ထင်ထင်ရှားရှား ၊ ပြုတော်မူပါ သားတော်မြတ်ဘုရား။
အဟံ - မယ်တော်ကြီးသည်။
ဒေဟံ - ဗုဒ္ဓ အသရေ၊ ရွှေကိုယ်တော်ကို။
သုဒိဋ္ဌံ - ကောင်းစွာထင်ထင်၊ ဖူးမြင်အပ်သည်ကို။
ကတွာ - ရှုခြင်းကိုပြု၍။
သန္တိံ - သင်္ခါရခပ်သိမ်း ချုပ်ငြိမ်းရာမှန် အေးနိဗ္ဗာန်သို့။
ဂစ္ဆာမိ - သားတော်ကို ခွဲခွာသွားပါတော့အံ့ ဘုရား။
ဤကဲ့သို့ လျှောက်ထား တောင်းပန်တဲ့အခါ ဆည်းဗျာရောင်မှ ထွက်သစ်စ နေလုလင်ကဲ့သို့ လက္ခဏာကြီးငယ်တို့ဖြင့် တင့်တယ် တောက်ပသော ကိုယ်တော်ကို မိထွေးတော် ဂေါတမီအား ထင်ရှားပြတော်မူ၍ အဖူးအမြော်ခံတော် မူခဲ့တယ်။
မယ်တော်ကြီးလဲ ပွင့်သစ်စ ကြာပန်းထက် ထွန်းသော နေလုလင်ပမာ စက်လက္ခဏာ တံဆိပ် ခတ်နှိပ်အပ်သော ခြေတော်အစုံကို အကြိမ်ကြိမ် ဦးနှိမ်ကျိုး ရှိခိုး တောင်းပန်ခဲ့တယ်။
တံ နမာနိ နရာဒိစ္စ၊
အာဒိစ္စ ကုလကေတုန။
ပစ္ဆိမေ မရဏာ မယှံ၊
န တံ ဣက္ခာ မဟံ ပုနော။
နရာဒိစ္စ - လူတို့၏အလင်း၊ နေမင်းတစ်ဆူ ဖြစ်တော်မူသော။
အာဒိစ္စကုလကေတုန - နေမင်း၏အနွယ်၌ မှန်ကင်းသဖွယ် ဖြစ်တော်မူသော သားတော်ဘုရား။
တံ - သားတော်ထွဋ်ဖျား ရှင်တော်မြတ်ဘုရားကို။
နမာမိ - ဦးညွတ်ခါခါ မယ်တော်ကြီး ရှိခိုးပါသည် ဘုရား။
မယှံ - မယ်တော်ကြီး၏။
မရဏာ - စုတေ ကြွေပျောက် နိဗ္ဗာန် ရောက်သည်မှ။
ပစ္ဆိမေ - နောက်အခါ ကာလ၌။
ပုနော - ထပ်ကာတစ်ဖန်။
တံ - ရှုချင်စဖွယ်၊ တင့်တယ်ထူးခြား သားတော် မြတ်ဘုရားကို။
အဟံ - မယ်တော်ကြီးသည်။
န ဣက္ခာမိ - ဘယ်သို့ပင် ဖူးချင်ချင်၊ ဦးတင်သသ၊ ဖူးမြင်ရတော့မည် မဟုတ် တော့ပါဘုရား။
သားတော်ဘုရား၊ မယ်တော်ကြီး နိဗ္ဗာန်ရောက်ပြီး နောက်တော့ သားတော်ဘုရားကို နောက်ထပ် ဖူးမြော်ရမည် မဟုတ်တော့ပါဘုရား လို့လျှောက်ထားပြီး မယ်တော်ကြီး အပြစ် ရှိရင် ခွင့်လွှတ်ဖို့၊ ဘိက္ခုနီရဟန်း အဖြစ်ကို ထပ်တလဲလဲ တောင်းပန်ခဲ့တဲ့ မယ်တော်ကြီး အပြစ်ကို ခွင့်လွှတ်ဖို့ သားတော်ဘုရား၏ ခွင့်ပြုချက်အရ ဘိက္ခုနီမ တို့ကို ဆုံးမရာမှာလဲ အပြစ်ရှိက ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့တယ်။
အဲ့ဒီအခါ အရှင်တော်မြတ်ဘုရားက တုံ့ပြန် မိန့်ကြား တော်မူခဲ့တယ်။
အက္ခန္တေနာမ ခန္တဗ္ဗံ၊
ကိံ ဘဝေ ဂုဏဘုသနေ။
ကိမုတ္တရံ တေ ဝက္ခာမိ၊
နိဗ္ဗာနာယ ဝဇန္တိယာ။
ဂုဏဘူသနေ - ဂုဏ်ထူးဖြာဖြာ ရတနာတွေဆင် ယဉ်ယဉ် ရှုမငြီး မယ်တော်ကြီး။
အက္ခန္တေ - သင့်လျော်တဲ့ အလုပ်တွေမို့ သည်းခံဖွယ်မဟုတ်တဲ့ အရာ၌။
ခန္တဗ္ဗံ နာမ - သည်းခံဖွယ်ရာ မည်သည်။
ကိံ ဘဝေ - ဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။
နိဗ္ဗာနာယ - ဒုက္ခခပ်သိမ်း ကင်းငြိမ်းကုန်စင်၊ နိဗ္ဗာန်ဝင်ခြင်းငှာ။
ဝဇန္တိယာ - တရားသဘော အလျောက်၊ သွားရောက်ဝင်စံသော မယ်တော်ကြီးအား။
ဥတ္တရံ - ဖြေရှင်းပြန်ကြား၊ အတုံ့အလှယ် စကားကို။
ကိံ ဝက္ခာမိ - ပြောဆိုဖွယ်ရာ၊ အဘယ်မှာ ရှိပါတော့အံ့နည်း။
မယ်တော်ကြီးရဲ့ အမှုတွေဟာ အဖြစ်တွေ ကောင်းတဲ့ အလုပ်တွေ ဖြစ်တော့ သည်းခံဖွယ် မဟုတ်၊ သည်းခံဖွယ်မဟုတ် တဲ့ မယ်တော်ကြီး အမှုတွေမှာ ဘယ်မှာ သည်းခံဖွယ်ရှိပါ့မလဲ။
နိဗ္ဗာန်ကို ဝင်စံတော့မယ်ဆိုတဲ့ မယ်တော်ကြီးကို သားတော်တို့က ဘာများ ပြောဖွယ် ဆိုဖွယ် ရှိပါတော့မလဲလို့ အဲဒီလို ရှင်တော်ဘုရား မိန့်ကြားပြီးတဲ့နောက် မြင်းမိုရ်တောင်ကို ရွှေလမင်း လှည့်ပတ် သွားလာရာ နက္ခတ်တွေ အတူပါလာ သကဲ့သို့ တပည့် ဘိက္ခုနီ ငါးရာတို့လဲ မြတ်စွာဘုရား ရွှေမျက်နှာတော်ကို ဖူးမြော်ကာ ခြေတော်အစုံကို ယှက်စုံ ဝပ်လျှိုး ဦးနှိမ်ကျိုးကာ အကြိမ်ကြိမ် ရှိခိုးကန်တော့ ကြတော့တယ်။
ဒီနောက် မယ်တော်ကြီးက အမျိုးမျိုး အဖုံဖုံ စုံအောင် ဆက်လက် လျှောက်ထား ပြန်တယ်၊ မယ်တော်ကြီး လျှောက်ထားပုံ ကလေးတွေက ဆွေးစရာ လွမ်းစရာ ကလေးတွေလိုပဲ သာယာ နှစ်သက်ဖွယ်လဲ ကောင်းလှပါဘိ။
နဒတော ပရိသာယံ တေ၊
ဝါဒိတဗ္ဗ ပဟာရိနော။
ယေ တေ ဒက္ခန္တိ တေ ရူပံ၊
ဓညာ တေ နရပုင်္ဂဝ။
နရပုင်္ဂဝ - နတ်လူ ဗြဟ္မာတို့၏ ရှေ့ဆောင်၊ ဘုန်းခေါင် ထွဋ်ထား ရှင်တော် မြတ်ဘုရား။
ဝါဒိတဗ္ဗပဟာရိနော - တီးထိုက်တဲ့ သံသာသာ တူရိယာ အရပ်ရပ်၊ တီးခတ်တော် မူသကဲ့သို့။
ပရိသာယ - များစွာပေါယယ် ပရိသတ်အလယ်၌။
နဒတော - တရားသံထူး ရင့်ကျူး မြွက်ဟတော်မူသော။
တေ - ရှင်တော် မြတ်ဘုရား၏။
ရူပံ - ရွှေအဆင်းသို့၊ ဝါဝင်းသော အဆင်း ရုပ်ပုံတော်ကို။
ယေ တေ - အမှတ်မထင် အကြင်နတ်လူတို့သည်။
ဒက္ခန္တိ - အခွင့်ကြုံကြ ဖူးမြင်ရကုန်၏။
တေ - အခန့်သင့်တုံ၊ အခွင့်ကြုံကြ ဖူးမြင်ရသူ၊ ထိုနတ်လူတို့သည်။
ဓညာ - ရှေးဘုန်း ရှေးကံ၊ ထက်သန် ထူးချွန်၊ ပုဂ္ဂိုလ်မွန်တို့ပင် ဖြစ်ကြပါကုန်သည် ဘုရား။
အသံသာသာ တူရိယာ တီးခတ်သကဲ့သို့ ပရိသတ် အလယ်မှာ သာယာဖွယ် တရား မြွက်ကြား ရင့်ကျူးတော်မူသော ရှင်တော် မြတ်ဘုရား၏ ရုပ်တုတော် ရွှေစင်ကို ဦးတင်သကြ၊ ဖူးမြင်ရမည့် ပုဂ္ဂိုလ်တို့သည် သာမန်ပုဂ္ဂိုလ်တို့ မဟုတ်ပါပေ။ ရှေးဘုန်း ရှေးကံ ထက်သန် ထူးချွန် ပုဂ္ဂိုလ်မွန်တွေ အစစ်ဖြစ်ပါကြောင်း မိထွေးတော်ကြီးက ဂုဏ်တင် ပူဇော် လျှောက်ထား တယ်။
ဟုတ်တာပေါ့၊ မယ်တော်ကြီး လျှောက်သလိုပဲ ရှေးဘုန်း ရှေးကံ ကောင်းမှု အထူး မရှိခဲ့ဖူးသူတို့ ဘုရားရှင် ဖူးရ၊ မြင်ရသော်လဲ ထူးမှန် မသိ၊ မြတ်မှန်း မသိ ကံနည်းပါး သူတို့သာ ဖြစ်ကြရတယ်။
ပုထုဇဉ် သေက္ခဆိုရင် မယ်တော်ကြီးမှာ ကောင်းမှုတွေ အများကြီးပေါ့၊ ခုတော့ ရဟန္တာ ဆိုတော့ ကုသိုလ်တော့ မရ၊ ဒါပေမယ့် ပရိနိဗ္ဗာန် ဝင်စံခါနီး အတုမရ ရွှင်ပျဝမ်းသာ ချမ်းသာမှုမျိုးတွေ ဖြိုးဖြိုးေ၀ ခံစားခဲ့ရတာ အမြတ်ကြီး တစ်ခုပါပဲ။
ဒီနောက်တော့ မယ်တော်ကြီးက ခြေတော်ဖွဲ့ဖော် ပူဇော်ခဲ့ပြန်တယ်၊ သားတော် ဘုရားရဲ့ ခြေတော်များက ရှည်ရှည် သွယ်သွယ်နဲ့ ချိပ်ရည်အသွေးကဲ့သို့ နီထွေး သပ္ပါယ်လှ၏၊ လက္ခဏာ အပြည့်ရှည်သော ဖနောင့်လည်း ရှိပါ၏။
ထိုခြေတော်အစုံ ကြာပဒုံတို့ကို ဖူးမြော်ဖို့ အရေးမှာလည်း ကံနည်းသူများနှင့် လားလားမျှမသင့်၊ အခွင့်မရနိုင်၊ ဘုန်းရှင် ကံရှင် ဂုဏ်အင်ကြီးမား ပုဂ္ဂိုလ်များသာ အားရပါးရ ဖူးမြော် နိုင်ကြကြောင်း ဆက်လက်ဂုဏ်ပြု လျှောက်ထားခဲ့ပြန်တယ်။
ဒီဃင်္ဂုလီ တမ္မနဒေ၊
သုဘေ အာယတပဏှိကေ။
ယေ ပါဒေ ပဏာမိဿန္တိ၊
တေ ပိ ဓညာ ဂုဏန္ဓရ။
ဂုဏန္ဓရ - အတုမဲ့ အဖုံဖုံ ဂုဏ်တော်အများ၊ ဆောင်ထားဆင်ယင်၊ ရှင်တော်မြတ် ဘုရား။
ဒီဃင်္ဂုလီ - ရှည်ရှည် သွယ်သွယ် တင့်တယ် ဝင်းအိ၊ ခြေချောင်းတော်လည်း ရှိကြကုန်သော။
သုဘေ - အချိုးကျကျ လှပ တင့်တယ်လှကုန်သော။
အာယတပဏှိကေ - လက္ခဏာပြည့်၊ ရှည်သော ဖနောင့်လည်း ရှိကုန်သော။
ပါဒေ - ခြေတော်အစုံ၊ ကြာပဒုံတို့ကို။
ယေ - သဒ္ဓါဆင်ယူ၊ အကြင် သူတို့သည်။
ပဏမိဿန္တိ - ဖူးမြင်မဝ၊ ဦးတင်ရှိခိုးကြရကုန်လတ္တံ့။
တေပိ - သားတော်မြတ် ခြေပဒုံ၊ အာရုံတော်ထား၊ ဝပ်တွာ ရှိခိုးရမည့် ပုဂ္ဂိုလ်တို့ သည်လည်း။
ဓညာ - ပုဗ္ဗေကတ၊ ပုညထူးဘိ ဘုန်းရှိသူ ဧကန်၊ ကံထူးသူတို့သာ ဖြစ်ကြပါပေကုန်၏။
သားတော် ဘုရားကို လျှောက်ထားလို့ အားမရ၊ မဝနိုင်အောင် ဖြစ်နေတဲ့ မယ်တော်ကြီးဟာ ဆက်လက် လျှောက်ထား တရားတော်ကို ဂုဏ်ပြုပြန်တယ်။
မဓုရာနိ ပဟဋ္ဌာနိ၊
ဒေါသဂ္ဃါနံ ဟိတာနိစ။
ယေ တေ ဝါကျာနိ သောဿန္တိ၊
တေ ပိ ဓညာ နရုတ္တမ။
နရုတ္တမ - သတ္တဝါအားလုံး ညွတ်ရုံးပေအပ် ပုဂ္ဂိုလ်မြတ် သားတော် ဘုရား။
မဓုရာနိ - နာ, မဝအောင်၊ သာလှစိုလှ၊ ချိုမြလှကုန်သော။
မဟဋ္ဌာနိ - စိတ်နှလုံးကို ရွှင်ပြုံးမလတ်၊ နှစ်သက်စေ တတ်ကုန်သော။
ဒေါသဂ္ဃါနိ - အပြစ်ဒေါသ၊ ဟူသမျှကို၊ ပယ်ချ တွန်းဖြတ်၊ သတ်တော်မူတတ် ကုန်သော။
ဟိတာနိစ - အကျိုး စီးပွားတို့ကိုလည်း ဖြစ်ထွန်းစေတတ် ကုန်သော။
ယေ တေ ဝါကျာနိ - အလွန် ထူးခြား တရားကိုဖော်၊ စကားတော်တို့ကို။
သောဿန္တိ - အခွင့်သာတုံ၊ ကြားနာကြရကုန်လတံ့။
တေပိ - သားတော်မြတ်တရား၊ နာကြားရမည့် ထိုသူတို့သည်လည်း။
ဓညာ - လူမြတ် လူချွန်၊ လူ့တံခွန်ဟူ၊ ဘုန်းရှိသူတို့ပင် ဖြစ်ပါပေကုန်၏။
သားတော် ဘုရားရဲ့ တရား စကားတော်တွေဟာ နာ,မဝ၊ ကြားမဝ၊ သာယာ ချိုမြလှပါပေတယ်၊ ကြားရသူ အားလုံးကို ရွှင်ပြီး နှစ်သက်စေတတ်ပါပေတယ်၊ အပြစ်ဒေါသတွေကိုလဲ ဖြိုခွဲ ဖျက်ဆီးတတ်ပါပေတယ်။
ထိုတရားတော်၊ စကားတော်တို့ကို ကြားရ နာရမည့် သူတို့မှာ သာမန် ကံရှိသူတွေ မဟုတ်၊ ရှေးဘုန်း ရှေးကံ ထက်သန် ထူးချွန် ပုဂ္ဂိုလ်မွန်တို့သာ ဖြစ်ကြပါသည် ဘုရား၊
မယ်တော်ကြီးက မိမိ ကိုယ်တွေ့တွေအရ လျှောက်ထားတာ ဖြစ်တော့ အလွန် လေးနက်တဲ့ လျှောက်ထားချက်တွေပါပဲ။ မိမိကိုယ်တွေ့ ဖြစ်ကြောင်း ဆက်လက် လျှောက်ထားချက် ကလေးကိုလဲ ဆက်လက် နာကြည့်ကြပါဦး။
ဓညာဟံ တေ မဟာဝီရ၊
မာနပူဇနတပ္ပရာ။
တိဏ္ဏသံသာရ ကန္တာရာ၊
သုဝါကျေန သိရီမတော။
မဟာဝီရ - လုံ့လတော် ကြီးမာ သားတော်မြတ်ဘုရား။
မာနပူဇနတပ္ပရာ - မြတ်နိုးခြင်းဟူ ပူဇော်ခြင်းဖြင့် ရှင်ရင်း ဘုရားသာ ကိုးစားရာ ရှိသော။
သိရီမတော - နှစ်လိုဖွယ်အတိ ကျက်သရေ ရှိတော်မူသော။
တေ - သားတော် ဘုရား၏။
သုဝါကျေန - တရား အဝဝ စကားအလှဖြင့်။
တိဏ္ဏသံသာရကန္တာရာ - ကူးမြောက်ပြီးသည့် သံသရာခရီးခဲ ရှိပါပေ၏။
ဝါ - သံသရာ ခရီးခဲကို ထူးကဲ အောင်မြင်စွာ၊ ကူးခဲ့ရ ပိုင်ပိုင် ကူးနိုင်ခဲ့ပြီးသော။
အဟံ - မယ်တော်ကြီးသည်လည်း။
ဓညာ - ရှေးပြုခဲ့မှု ကုသိုလ်တော် ပါရမီဟောင်း ကံကောင်း ထောက်မ ထူးချွန်ရ ပါသည် သားတော်မြတ်ဘုရား။
မိထွေးတော် ဂေါတမီ ထေရီကြီးဟာ တရားတော်ကို ဂုဏ်ပြု ချီးကျူးပြီးနောက် မယ်တော်ကြီးဟာ သားတော် ဘုရားကို အားထားရသဖြင့် တရားတော်များ ကြားနာရသည် ဖြစ်ရာ သားတော်ဘုရား ထူးခြား ကောင်းမွန်လှသော ထို တရား စကားမြတ်ဖြင့် သံသရာ ခရီးခဲမှ ထူးကဲစွာ လွန်မြောက်ခဲ့ပြီး ဖြစ်သဖြင့် မယ်တော်ကြီးမှာ လွန်စွာ ဘုန်းကံထူးချွန် မိန်းမမွန် မိန်းမမြတ် ဖြစ်ကြောင်း လျှောက်ထားချက်ကလေးဟာလဲ လွန်စွာပဲ အားရဖွယ်သာ ဖြစ်ပါတော့တယ်။
မိထွေးတော်ကြီး ဂေါတမီ ထေရီ အရှင်မက ဘုရားရှင်ကို အမျိုးမျိုး အဖုံဖုံ ဂုဏ်တင် ဖော်ကြား လျှောက်ထားပြီးတဲ့ အခါကျတော့ ရဟန်း သံဃာများနှင့် မြေးတော် ရာဟုလာ၊ သားရင်း အရှင်နန္ဒ၊ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို တောင်းပန် လျှောက်ထားပြန်တယ်။
အာသီဝိသာလယသမေ၊
ရောဂါဝါသေ ကဠေဝရေ။
နိဗ္ဗိန္ဒာ ဒုက္ခသံဃာနေ၊
ဇရာ မရဏ ဂေါစရေ။
နာနာ ကလိမလာကိဏ္ဏေ၊
ပရာယတ္တေ နိရီဟတေ။
တေန နိဗ္ဗာတု 'မိစ္ဆာမိ၊
အနုမညထ ပုတ္တကာ။
အာသီဝိသာလယသမေ - ဆိပ်တောက်ထန်ပြင်း မြွေ ကင်းတို့ တည်နေရာ ပွေခြာ ရစ်ရုံ အမှိုက်ပုံ တောင်ပို့နှင့် အလားတူပေထသော။
ရောဂါဝါသေ - ကိုးဆဲ့ခြောက်ဖြာ အနာရောဂါတို့၏ နေရာအိမ် ဖြစ်ပေထသော။
ဒုက္ခသံဃာနေ - ရောဂါအဖုံဖုံ စုဆုံကျရောက်ရာ ဖြစ်ပေထသော။
ဇရာမရဏဂေါစရေ - အိုမင်း သေမင်းတို့၏ မကင်းနေ့ည ကျက်စားရာ ပိုင်နက် ဖြစ်ပေထသော။
နာနာကလိမလာကိဏ္ဏေ - အညစ်အကြေး အမျိုးမျိုး အပြစ် အမျိုးမျိုးတို့၏ ပြိုးပြွမ်းဖြစ်ရာ တည်နေရာ ဖြစ်ပေထသော။
ပရာယတ္တေ - သူတစ်ပါးတို့နှင့် သက်ဆိုင်သော။
နိရီဟတေ - မိမိအလိုလို ဘာတစ်ခုကိုမျှ မလုပ်နိုင်သော။
ကဠေဝရေ - အပုပ်တွေလှောင် ရုပ်ကိုယ်ကောင်၌။
နိဗ္ဗိန္ဒာ - ဆင်းရဲချည်းတွေ မပျော်မမွေ့ငြီးငွေ့လျက်ရှိပါ၏။
တေန - ထိုသို့မပျော်မမွေ့ ငြီးငွေ့လျက် ရှိနေသောကြောင့်။
နိဗ္ဗာတုံ - နိဗ္ဗာယူသိမ်းငြိမ်းခြင်းငှာ။
ဣစ္ဆာ - အလိုရှိနေပါပေ၏။
ပုတ္တကာ - သားမြေးတော် (ရင်းသားဖျား) အရှင်များတို့။
အနုမညထ - မလင့်ခုခါ ခွင့်ပြုတော်မူပါကုန် ဘုရား။
မိထွေးတော် ဂေါတမီက သားတော် မြေးတော် ရဟန်းတော်များကို နိဗ္ဗာန်စံဖို့ရာ ခွင့်ပန်ပုံကလေးက ခန္ဓာနဲ့ နိဗ္ဗာန် အနေအထားကွဲပြားအောင် ယှဉ်ပြသလိုပါပဲ။
တစ်ဖက်က ပူပန်လှ ဒုက္ခဖြစ်ပုံ၊ တစ်ဖက်က ငြိမ်းအေးနေပုံ ခန္ဓာကလည်း အပြစ်တွေ ပေါလှ၏။ နိဗ္ဗာန်ကလည်း အပြစ် ဘာမှမရှိ ငြိမ်းအေးလှ၏။
ခန္ဓာကိုယ်ကြီးက အဆိပ်ထန်လှတဲ့ မြွေတို့၏ တည်ရာ တောင်ပို့ကြီးလို ဓာတ်ကြီး လေးထွေ မြွေကြီးလေးကောင်တို့၏ တည်ရာဖြစ်တယ်၊ ဒုက္ခတွေအဖုံဖုံ စုဆုံ ကျရောက်ရာတဲ့၊ ဇရာ မရဏ- မင်းနှစ်ဆယ်တို့၏ ပိုင်နက်ကျက်စားရာတဲ့၊ အမျိုး အထွေ အပြစ်တွေ အညစ်တွေရဲ့ တည်ရာတဲ့၊ သူတစ်ပါးနဲ့ ဆက်ဆံနေသတဲ့။
ခန္ဓာကိုယ်ကြီးက ပိုးမျိုးရှစ်ဆယ်တို့နေရာ မှက် ခြင် စသည်တို့ ကိုက်ခဲသုံးဆောင် ရာမို့ သူတစ်ပါးနဲ့ စပ်ဆိုင်ရာတဲ့။ ဒီကိုယ်ကြီးကို ကောင်းအောင် မိမိအလိုလို ဘာတစ်ခုမျှမလုပ်နိုင်၊ နေမကောင်းရင် ကောင်းအောင် သင့်လျှော်တဲ့ ဆေးနဲ့ ပြုပြင်ပေးမှ ဖြစ်တယ်။
ဆေးဆရာကို အားကိုးရတယ်၊ ထမင်းဆာ ရေငတ်ရင် ထမင်းစားရမှ ရေသောက်မှ အဆာပြေတယ်တဲ့။
ကဲ ... ဘာများ ကောင်းပါသေးသလဲ၊ မိထွေးတော် ကြီး စံမြန်းမယ့် နိဗ္ဗာန်ကတော့ အဲဒါတွေ အကုန်ငြိမ်းရာ ချုပ်ရာတဲ့။ ကဲ ... ဘယ်လောက်ကောင်းသလဲ၊ သားရင်း သားဖျား မြေးရဟန်းတော်များကို အဲသလောက်ကောင်းတဲ့ နိဗ္ဗာန်နန်း စံမြန်းဖို့ ခွင့်တောင်းသတဲ့။
အဲဒီလို မိထွေးတော်ဂေါတမီ ထေရီက ခန္ဓာရဲ့ အပြစ်ပြ နိဗ္ဗာန်ကြွရန် အခွင့်ပန်တော့ သားတော်နန္ဒ မြေးတော်ရာဟုလာတို့က ရဟန္တာတွေဆိုတော့ တရားသဘော ဆင်ခြင် အပူအပင် မရှိကြ၊ အရှင်မြတ်တွေ ဆင်ခြင်ပုံကလေးလဲ ဟောကြဦးစို့။
ဓီ ရတ္ထု သင်္ခတံ လောလံ၊
အ,သာရံ ကဒလူပမံ။
မာယာမရီစိသဒိသံ၊
ဣတ္တရံ အနဝဋ္ဌိတံ။
သင်္ခတံ - အကြောင်းတရားအစု၊ အပြုအပြင်ခံရ သင်္ခတတရား မည်သည်။
ဓီ - ထွီဖွယ်စက်ဆုတ်ဖွယ်သည်။
အတ္ထု - ဖြစ်ပေစွတကား။
လောလံ - ဖြစ်ချည် ပျက်ချည် မတည်ကြည်ဘဲ လော်လည် လျှပ်ပေါ်လှပါပေ၏။
အ,သာရံ - မပျက်နိုင်ငြား အသားအနှစ်လည်းမရှိ။
ကဒလူပမံ - အနှစ်မဲ့သုဉ်း ငှက်ပျောတုံးသာ ဥပမာရှိပါပေ၏။
မာယာမရီစိသဒိသံ - မျက်လှည့် ရုပ်ဟန် တံလျှပ်နဲ့လဲ တူပါပေ၏။
ဣတ္တရံ - မကြာခင် ပျက်ရ တိုသော ကာလ ရှိပါပေ၏။
အနဝဋ္ဌိတံ - အကျိတ်အခဲ အမြဲ မတည် ဖြစ်ချည် ပျက်ချည်သာ ဖြစ်ပါပေသတည်း။
သားတော်နန္ဒ မြေးတော်ရာဟုလာတို့ မယ်တော်ကြီး ပရိနိဗ္ဗာန် စံတော့မည်ကို အကြောင်းပြုပြီး သင်္ခါရ သဘောကို တွေးတောတော်မူကြတယ်။
သင်္ခါရ တရားတို့မှာ စက်ဆုတ်ဖွယ် ရွံ့ရှာဖွယ်ရာ ကောင်းလှပါပေစွ။ ဖြစ်ချည် ပျက်ချည် လော်လည် လျှပ်ပေါ်ကြပေစွ၊ ခိုင်မြဲသော အနှစ်သာရ မရှိကြ၊ ငှက်ပျောတုံး မျက်လှည့် တံလျှပ်တို့လို တကယ် အနှစ်အသား ထင်ရှားမရှိသော အရာတို့သာ။
ထို့ကြောင့်ပင် တစ်ခဏသာပေါ်လာ မကြာခင်ပျက်ကာ ကြာကြာ မတည်သော တရားတို့ပါတကား။
အဲဒီ သင်္ခါရတရားတို့မှာ သင်္ခါရနယ်ထဲမှာ ဖြစ်လာရတဲ့ ဘုရားရှင်ကို မွေးမြူခဲ့တဲ့ မိထွေးတော်ကြီးဟာ ပရိနိဗ္ဗာန်ဝင်စံ ရုပ်သိမ်း ချုပ်ငြိမ်းရခြင်းသို့ ရောက်ရပေ တော့မယ်။
အပြုအပြင်ခံရ သင်္ခတ ရုပ်နာမ်တို့မှာ အမြဲမရှိပါတကား၊ အဲဒီလို တရားသဘော တွေးတော ဆင်ခြင်တော်မူကြသတဲ့။
ယတ္ထ နာမ ဇိနဿာယံ၊
မာတုစ္ဆာ ဗုဒ္ဓပေါသိတာ။
ဂေါတမီ နိဇနံ ယာတိ၊
အနိစ္စ သဗ္ဗသင်္ခတံ။
ယတ္ထ - အကြင်သင်္ခါရတရား အသွယ်သွယ်၊ နယ်ပယ်ထဲ၌၊ (ဥပ္ပန္နာ) ဖြစ်နေရသော။
ဇိနဿ - ငါးမာရ်အောင်မြင်၊ ဘုရားရှင်၏။
ဗုဒ္ဓပေါသိတာ - ဘုရားရှင်ကို မွေးမြူခဲ့သော။
ဝါ - ကြီးပွားအောင် မွေးမြူခဲသော။
မာတုစ္ဆာ - မိထွေးတော် ထေရီမ ဖြစ်သော။
ဂေါတမီနာမ - တန်ခိုးရှင်ထေရီ ဂေါတမီစဉ်လျက်။
နိဇနံ - ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းခြင်းသို့။
ယာတိ - ရောက်တော်မူခဲ့ရသေး၏။
သဗ္ဗသင်္ခတံ - အကြောင်းစု၏၊ အပြုခံရ၊ သင်္ခတ တရားမှန်သမျှသည်။
အနိစ္စ - ဖြစ်လျှင်ပျက်ရတဲ့ အနိစ္စတရား ချည်းသာ ဖြစ်ပါပေစွတကား။
အဲဒီလို ရဟန္တာအရှင်တွေက တရားဖြင့် ဖြေဖျောက်နိုင်ကြသော်လဲ အရှင်အာနန္ဒာ မထေရ်မြတ် ကတော့ သောတာပန်သာ ဖြစ်သေး၍ မျက်ရည်စက်လက် ယိုထွက် ပူရှိန် စိုးရိမ်ပူဆွေးလျက် ငိုကြွေးရှာခဲ့တယ်။ အရှင်အာနန္ဒာ ငိုကြွေးပုံကလေး ဆက်ကြဦးစို့။
ဟာ သန္တိံ ဂေါတမီ ယာတိ၊
နုနု ဗုဒ္ဓေါပိ နိဗ္ဗုတိံ။
ဂစ္ဆတိ နစိရေနေဝ၊
အဂ္ဂိရိ၀ နိရိန္ဓနော။
ဂေါတမီ - မိထွေးတော်ကြီး ဂေါတမီတွင် အရှင်မသည်။
သန္တိံ - သင်္ခါရခပ်သိမ်း ချုပ်ငြိမ်း အေးမြခြင်းသို့။
ဟာ ယာတိ - ဟယ်...ဖြစ်ရလေ၊ ရောက်ချေပြီတကား။
ဗုဒ္ဓေါပိ - သားတော် ဘုရားပင်သော်လည်း။
နိရိန္ဓနော - လောင်စာလုံးစုံ ကုန်လေပြီးသော။
အဂ္ဂိရိဝ - မီးပုံကြီးကဲ့သို့။
န,စိရေနေဝ - မကြာမြင့်စွ ကာလဖြင့်သာလျှင်။
နိဗ္ဗုတိံ - နိဗ္ဗာန်ယူသိမ်း ချုပ်ငြိမ်းခြင်းသို့။
ဂစ္ဆတိ - တို့တစ်တွေကို ခွဲခွာ ရောက်ရရှာတော့မှာ ပါတကား။
အရှင်အာနန္ဒာ ငိုကြွေးပုံ ဂါထာကလေး၊ မိထွေးတော်ကြီး ဂေါတမီတော့ နိဗ္ဗာန် စံဝင်တော့မယ် သားတော်ဘုရားလဲ မကြာခင်ပင် လောင်စာကုန်တဲ့ မီးပုံကြီးလို ချုပ်ငြိမ်းရာ နိဗ္ဗာန်ဝင် စံတော်မူရဦးမှာပါတကား။
အဲ့ဒီလို ငိုကြွေးတော်မူတဲ့ အရှင် အာနန္ဒာမထေရ်မြတ်ကို ဂေါတမီတွင် အရှင်မကြီးက အပူသိမ်းရေး စိတ်အေးအေး ထားနိုင်ရန် ဖျောင်းဖျ အားပေးစကား လျှောက်ထား ဖြေသိမ့်ပေးရတယ်။
မိထွေးတော်ကြီးရဲ့ အားပေးစကားကလဲ တရားအရေးမှာ အားဆေးလိုပါပဲ၊ ဆက်လက် နာကြည့်ကြဦး။
သုတ,သာဂရ,ဂမ္ဘီရ၊
ဗုဒ္ဓေါ ပဋ္ဌာနတပ္ပရ။
န,ယုတ္တံ သောစိတုံ ပုတ္တ၊
ဟာသကာလေ ဥပဋ္ဌိတေ။
သုတသာဂရဂမ္ဘီရ - သမုဒ္ဒရာသဖွယ်၊ နက်ကျယ်များဘိ အကြားအမြင် ရှိတော် မူသော။
ဗုဒ္ဓေါပဌာနတပ္ပရ - ဘုရားရှင်အား၊ လေးစားဝပ်စင်း လုပ်ကျွေးခြင်း အလုပ်သာ အချုပ်အချာ ရှိပေထသော။
ပုတ္တ - သားတော်မြတ် အာနန္ဒာ။
ဟာသကာလေ - မယ်တော်အရှင် နိဗ္ဗာန်ဝင်မှာမို့ ပျော်ရွှင်ရာကာလ အခါသမယ သည်။
ဥပဋ္ဌိတေ - အရေးတစ်ခု ရှေးရှုတည်လာသည်ရှိသော်။
သောစိတုံ - စိုးရိမ်ပူဆွေး ငိုကြွေးခြင်းငှာ။
န,ယုတ္တံ - အခွင့်မလျော် မသင့်တော်လှပါ ဘုရား။
မိထွေးတော် ဂေါတမီကြီး သာသနာဝင်မယ် ကြားတော့ ဘုရားရှင်ကိုယ်တော်မြတ်က ငြင်းပယ်တယ်။ အဲဒီအခါမှာ အရှင်အာနန္ဒာက ဝင်ပြီးတော့ မရအရ ဝင်လျှောက် ပေးရတယ်၊ အဲ့ဒါအကြောင်းပြုပြီးတော့ လျှောက်ခြင်းဖြစ်တယ်။
တယာ တာတ သမဇ္ဇိဋ္ဌော၊
ပဗ္ဗဇ္ဇံ အနုဇာနိ နော။
မာပုတ္တ ဝိမနော ဟောဟိ၊
သဖလော တေ ပရိဿမော။
တာတ - သားတော်ဘုရား။
တယာ - သားတော် ဘုရားသည်၊ အာနန္ဒာသည်။
သမဇ္ဇိဋ္ဌော - တိုက်တွန်း တောင်းပန်အပ်သည်ဖြစ်၍။
နော - မယ်တော်တို့သည်။
ပဗ္ဗဇ္ဇံ - ဘိက္ခုနီရဟန်း အဖြစ်ကို။
နော - ဘုရားတပည့်တော်တို့အား။
ပဗ္ဗဇ္ဇံ - ဘိက္ခုနီရဟန်း အဖြစ်ကို။
အနုဇာနိ - သားတော်ဘုရား ထင်ရှား ခွင့်ပြုတော်မူခဲ့ပါ၏။
ပုတ္တ - သားတော် ရှင်အာနန္ဒာ။
ဝိမနော - ပူဆွေးငိုကြွေး စိတ်မအေးသည်။
မာ ဟောဟိ - မဖြစ်ပါစေလင့်။
တေ - သင် သားတော် ရှင်အာနန္ဒာ၏။
ပရိဿမော - ဟိုအခါက ကြိုးစား အပန်းခံ၍ ကြိုးစားခဲ့ခြင်းသည်။
သဖလော - ဘိက္ခုနီ သာသနာတော်ကြီး အထင်အရှား ဖြစ်ပွားပေါ်ပေါက်၍ အမျိုးသမီးတွေ အလွန်တရာ အကျိုးများခဲ့သည် ဖြစ်ရာ တကယ့် အကျိုးရှိသော တိုက်တွန်းခြင်း အစစ် တကယ်တမ်း ဖြစ်ပါပေ၏ ဘုရား။
အကျိုးရှိတယ်၊ စိုးရိမ်မနေပါနဲ့ သားတော် အာနန္ဒာ၊ သားတော် အာနန္ဒာ တောင်းပန် ပေးလို့ ဘိက္ခုနီမ သာသနာကြီး အထင်အရှား ဖြစ်ပွားလာတယ်၊ ဖြစ်ပွားလာလို့ အမျိုးသမီးတွေ အင်မတန် အကျိုးရှိပါတယ်။
အဲဒီတော့ သားတော် အာနန္ဒာ အပန်းခံခဲ့တာဟာ အင်မတန် အကျိုးရှိပါတယ်။
ယံ န ဒိဋ္ဌံ ပေါရာဏေဟိ၊
တိတ္ထိကာ စရိယေဟိဘိ။
တံ ပဒံ သုကုမာရီဟိ၊
သတ္တဝဿာဘိ ဝေဒိတံ။
အကျိုးရှိပုံလေးတွေ ဆက်ပြီးတော့ ရှင်အာနန္ဒာကို မိထွေးတော် ဂေါတမီကြီးက အပူငြိမ်းအောင် ဖြောင်းဖျ ပေးနေတယ်နော်။
ပေါရာဏေဟိ - ရှေးအခါက ထင်ရှားကြကုန်သော။
တိတ္တိကာစရိယေဟိဘိ - ဂိုဏ်းဆရာကြီး တိတ္ထိဆရာကြီးတို့သည်။
ယံပဒံ - အကြင်နိဗ္ဗာန်ဆိုတဲ့ တရားကို။
နဒိဋ္ဌံ - မမြင်အပ်ပါပေ။
တံပဒံ - ထိုသို့တိတ္ထိဆရာကြီးတွေ မမြင်ရတဲ့ နိဗ္ဗာန်ဆိုတဲ့ တရားကို။
သုကုမာရီဟိ - ဆော့တတ် ကစားတတ်တဲ့ အရွယ် လူမမယ်ခုနစ်နှစ် အရွယ် အမျိုးသမီးငယ် ကလေးတို့သော်လည်း။
သတ္တဝဿာဘိ - ခုနစ်နှစ်မျှ ရှိသေးကုန်သော။
သုကုမာရေဟိ - မိန်းကလေးတို့သည်သော်လည်း။
သု,ဒိဋ္ဌံ - ရှင်တော်မြတ်ဘုရား၏ တရားတော်အရ ကောင်းစွာထင်ထင် ကိုယ်တိုင်ပင် တွေ့မြင်အပ်ပါပေပြီ ဘုရား။
တကယ့် ဆရာကြီးတွေ မမြင်ရတဲ့ နိဗ္ဗာန်တရားကို ခုနစ်နှစ်အရွယ် အမျိုးသမီး ကလေးတွေတောင် မြင်နေရပါပြီ ဘုရား။
ဗုဒ္ဓသာသန ပါလေတ၊
ပစ္ဆိမံ ဒဿနံ တဝ။
တတ္ထ ဂစ္ဆာမဟံ ပုတ္တ၊
ဂတာယတ္ထ န ဒိဿဟေ။
ဗုဒ္ဓသာသန ပါလေတ - မြတ်စွာဘုရား၏ သာသနာတော်ကြီးကို စောင့်ရှောက် နေသော အရှင် အာနန္ဒာဘုရား။
တဝ - သားတော် ရှင်အာနန္ဒကို။
ဒဿနံ - ယခုမြင်ရခြင်းသည်။
ပစ္ဆိမံ ဒဿနံ - နောက်ဆုံးဖြစ်တဲ့ မြင်ရခြင်းပါဘုရား။
ယတ္ထ - အကြင်နိဗ္ဗာန်သို့။
ဂတာ - ဆိုက်ရောက်ကြကုန်သော ပုဂ္ဂိုလ်တို့သည်။
န ဒိဿဟေ - ဘယ်ဘုံဘဝ ဘယ်ဌာနမှာမှ တွေ့မြင်ရတော့မည် မဟုတ်ပါပေ။
တတ္ထ - ထို ဘယ်သူမှ မမြင် မတွေ့ရ ဘယ်ဘဝမှာမှ မရောက်ရတဲ့ နိဗ္ဗာန်ခေါ်တဲ့ အရပ်သို့။
အဟံ - ဘုရား တပည့်တော် မယ်တော်ကြီးသည်။
ဂစ္ဆာမိ - ယခု မကြာခင် သွားပါတော့မည် သားတော်ဘုရား။
အဲ... အရှင် အာနန္ဒာကို ဖျောင်းဖျပြီးတော့ အပူ သက်သာအောင် သောက သက်သာအောင် မိထွေးတော် ဂေါတမီကြီးက အမျိုးမျိုး လျှောက်ထားခဲ့တယ်။
နောက်ဆုံး လျှောက်ထားတာကတော့ သားတော်ကို ယခု ဖူးမြင်ရခြင်းဟာ နောက်ဆုံး ဖူးမြင်ရခြင်း ဖြစ်ပါတယ်။ အခု ဘယ်ဘုံ ဘယ်ဌာနမှာမှ မတွေ့ ရတော့မယ့် နိဗ္ဗာန်ဆိုတဲ့ အနုပါဒိသေသ ပရိနိဗ္ဗာန်သို့ ဝင်စံ သွားရောက်ပါတော့မယ် ဘုရားလို့ နောက်ဆုံး စကားလျှောက်ထားပြီးတော့ အရှင်အာနန္ဒာ သောက သက်သာအောင် ဆောင်ရွက်တော်မူခဲ့တယ်။ မိထွေးတော် ဂေါတမီကြီး။
အဲဒီတော့ ဒီနေ့ ဆယ်နာရီလဲ ခွဲတော့မယ် ဒီတင်ပဲ နိဂုံးသတ်ကြစို့၊ အားလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လျင်မြန်စွာ နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်ကြပါစေ။
သာဓု ... သာဓု ... သာဓု ...
---
၁၃၄၇-ခု တော်သလင်းလကွယ်နေ့ ဥပုသ်တရား
အရင် သီတင်းက မိထွေးတော် ဂေါတမီကြီး ပရိနိဗ္ဗာန်စံမယ် ဆိုတော့ စိုးရိမ် ပူဆွေး ငိုကြွေးနေတဲ့ ရှင်အာနန္ဒာကို မိထွေးတော်ဂေါတမီက ဖျောင်းဖျပြီးတော့ တရားပြပြီး သက်သာရအောင် ပြောဆိုတဲ့အခန်း ဆုံးသွားတယ်။
ဒီနေ့ မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်စံခန်း၊ ရှင်အာနန္ဒာကို ဖျောင်းဖျ ပြောဆို ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားပြီးတော့ ပရိနိဗ္ဗာန်စံရာ အခါကာလ လျှောက်ထားတော့ ဘုရားရှင် ကိုယ်တော်မြတ်က မိန့်ကြားတော်မူတယ်။
ထီနံ ဓမ္မာဘိသမယေ၊
ယေ ဗာလာ ဝိမတိံ ဂတာ။
တေသံ ဒိဋ္ဌိပဟာနတ္ထံ၊
ဣဒ္ဓိံ ဒဿေဟိ ဂေါတမီ။
ဂေါတမီ - မိထွေးတော် ဂေါတမီ။
ထီနံ - အမျိုးသမီးတို့၏။
ဓမ္မာဘိသမယေ - သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်း၌။
ယေ ဗာလာ - အကြင် မသိ နားမလည်ကြတဲ့ ပုဂ္ဂိုလ်တို့သည်။
ဝိမတိံ ဂတာ - မိန်းမသားမို့ တရားရနိုင်ပါ့မလား ဆိုတဲ့ ယုံမှား တွေးတောခြင်းသို့ ဆိုက်ရောက်၍ နေကြလေကုန်၏။
တေသံ - ထိုသို့ မိန်းမဖြစ်၍ အထင်သေးကြသော ပုဂ္ဂိုလ်တို့၏။
ဒိဋ္ဌိပဟာ နတ္ထံ - အမြင်မှောက်မှား အယူမှားကို ပယ်ရှားခြင်းငှာ။
ဣဒ္ဓိံ - အမျိုးမျိုးသော တန်ခိုးကို။
ဒဿဟိ - ယခုပင်လျှင် ပြပါလေလော မိထွေးတော် ဂေါတမီ။
လောကမှာ အမျိုးသမီးမို့လို့ အထင်သေးကြတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်၊ တရား ရဖို့ရာမှာ မိန်းမတွေဟာ မရနိုင်ဘူးလို့ အဲဒီ အထင်သေးကြတဲ့ ပုဂ္ဂိုလ်တွေ့ရဲ အထင်မှားမှုကို ပယ်ဖျောက်ခြင်းငှာ တန်ခိုးပြပါ ဆိုတော့ မိထွေးတော် ဂေါတမီက ကောင်းကင် ပျံတက်ပြီးတော့ တစ်ယောက်ကနေ အများဖြစ်အောင် ဖန်ဆင်းတယ်။
အများက နေပြီးတော့ တစ်ယောက်ဖြစ်အောင် ဖန်ဆင်းတယ်၊ ကောင်းကင်မှာ ထိုင်ပြတယ် ၊ စင်္ကြံသွားပြတယ်၊ ရေထဲငုပ်ပြတယ်၊ တောင်တစ်ဘက် နံရံ တစ်ဘက် ကွယ်ပြီးတော့ အမျိုးမျိုး တန်ခိုးတွေပြတယ်။
အဲဒီလို ပြပြီးတဲ့ အခါကျတော့ မိထွေးတော် ဂေါတမီဟာ အောက်ဆင်းလာပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။
မာတုစ္ဆာ တေ မဟာဝီရ၊
တဝ သာသနကာရိကာ။
အနုပ္ပတ္တာ သကံ အတ္ထံ၊
ပါဒေ ဝန္ဒာမိ စက္ခုမာ။
မဟာဝီရ - ကြီးသော လုံ့လရှိတော်မူသော။
စက္ခုမာ - စက္ခုငါးတန် ဉာဏ်အမြင်မျိုး ရှိတော်မူသော ရှင်တော်မြတ်ဘုရား။
တဝ သာသနကာရိကာ - ရှင်တော်မြတ်ဘုရား၏ အဆုံးအမအတိုင်း လိုက်နာပြုကျင့် ခဲ့သော။
သကံ အတ္ထံ - မိမိ၏ အကျိုးစီးပွားကို။
အနုပ္ပတ္တံ - ဆိုက်ရောက်ခဲ့ပြီးသော။
တေ - ရှင်တော်မြတ်ဘုရား၏။
မာတုစ္ဆာ - မိထွေးတော် ဖြစ်သော။
အဟံ - ဘုရားတပည့်တော်မသည်။
တေ - ရှင်တော်မြတ်ဘုရား၏။
ပါဒေ - ခြေတော်တို့ကို။
ဝန္ဒာမိ - ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။
အဲ ... တန်ခိုးပြပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ် ခြေတော်အစုံ ကြာပဒုံတို့ကို ရှိခိုးတယ်၊ ရှိခိုးပြီးတဲ့ အခါကျတော့ -
သာ ဝီသ,ဝဿ,သတိကာ၊
ဇာတိယာဟံ မဟာမုနိ။
အလ မေတ္တာဝတာ ဝီရ၊
နိဗ္ဗာယိဿာမိ နာယက။
နာယက - သတ္တဝါတို့၏ အကြီးအမှူး ဦးစီးပဓာန ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရား။
သာ အဟံ - ထိုတပည့်တော် မိထွေးတော် ဂေါတမီသည်။
ဇာတိယာ - ပဋိသန္ဓေအားဖြင့်။
ဝီသ,ဝဿ,သတိကာ - အသက် တစ်ရာ့နှစ်ဆယ် ရှည်ခဲ့ပါပြီ ဘုရား။
ဧတ္တာဝတာ - ဤမျှလောက် တန်ခိုးပြခြင်းဖြင့်။
အလံ - တော်လောက်ပါပြီ ရှင်တော်မြတ်ဘုရား။
နာယက - ရှင်တော်မြတ်ဘုရား။
အဟံ - ဘုရားတပည့်တော် ဂေါတမီသည် ။
နိဗ္ဗာယိဿာမိ - ပရိနိဗ္ဗာန်ယူသိမ်း ငြိမ်းတော်မူပါတော့မည် ရှင်တော်မြတ်ဘုရား။
အဲ ... ဘုရားရှင် ကိုယ်တော်မြတ်ကို တပည့်တော် ပရိနိဗ္ဗာန် စံပါတော့မယ် ဘုရားလို့ လျှောက်ထားပြီးတဲ့ အခါကျတော့။
စည်းဝေးညီညာ ရောက်လာကြတဲ့ ပရိသတ်များက မိထွေးတော် ဂေါတမီရဲ့ တန်ခိုးတွေ မြင်ရတော့ ရှင်မ ဂေါတမီ တန်ခိုးဟာ ကြီးကျယ်လှချည့်ပါလား။ ဘယ်လို ကောင်းမှုတွေ ကြောင့် ဒီလိုတန်ခိုးကို ရပါသတုံးလို့လျှောက်ထားတဲ့ အခါကျတော့ -
ဟို - ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်တော် အခါသမယက ရတ္တညူ ဧတဒဂ် ရတဲ့ ရဟန္တာ ထေရီမ တစ်ပါး၊ အဲ့ဒီ ရဟန္တာ ထေရီမကို အားကျလို့ ဘုရားရှင် ကိုယ်တော်မြတ်ထံ ကုသိုလ်ကောင်းမှုတွေ ပြုပြီးတော့ အဲဒီ ဧတဒဂ်ဆု ရဖို့ရာ ဆုတောင်းတယ်။
ရတ္တညူ ဧတဒဂ်ဆိုတာ ဘိက္ခုနီမတွေထဲမှာ အကြီးဆုံး။ အဲဒီ ဧတဒဂ် ဆုတောင်း ခဲ့တယ်။ နောက် ကုသိုလ် ကောင်းမှုတွေ ပြုခဲ့လို့ တာဝတိံသာနတ်ပြည် ရောက်ခဲ့တဲ့ အကြောင်း။
နောက် ပစ္စေက ဗုဒ္ဓါတွေကို ကျောင်းဆောက် ကိုးကွယ် သင်္ကန်းတွေ လှူခဲ့တဲ့ အကြောင်း၊ ရှေး ကောင်းမှုတွေ ပရိသတ်တွေကို ပြောပြတယ်။
အဲသလို ပြောပြပြီးတဲ့ အခါကျတော့ ဒီပြင် ဘိက္ခုနီမ ငါးရာကလဲ တစ်ခါတည်း ကောင်းကင် ပျံတက်ပြီးတော့ အသီး အသီး ကောင်းကင်မှာ ကြယ်တာရာတွေ ထွန်းပနေသလို တန်ခိုး အမျိုးမျိုး ပြကြတယ်။ အင်မတန် ကြည့်ကောင်းတဲ့ အခါသမယ ကြီးပေါ့နော်။
ပရိသတ်တွေ အင်မတန် ဝမ်းလဲ ဝမ်းနည်းကြတယ်။ သဒ္ဓါတရားလဲ ဖြစ်ပွားကြ၊ အဲ့သလို တန်ခိုးတွေ ပြကြပြီးတော့ ဘိက္ခုနီမတွေလဲ ဆင်းလာပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ခြေတော်အစုံ ကြာပဒုံကို ဦးနှိမ်ကြတယ်။ ဦးနှိမ်ကြပြီးတော့ မိထွေးတော်ဂေါတမီရဲ့ ဂုဏ်ကျေးဇူးတွေလျှောက်ထားကြတယ်။
မိမိတို့ ရရှိတဲ့ ဂုဏ်တွေကို လျှောက်ထားကြပြီးတော့ ဘိက္ခုနီမကျောင်း ပြန်တော့မယ် ဆိုပြီးတော့ ပရိသတ်ကြီးနဲ့ ပြန်ကြတယ်။
အဲဒီအခါမှာ သံဃာတော်တွေနဲ့ တကွ ဘုရားရှင် ကိုယ်တော်မြတ် ကိုယ်တော်တိုင် ဝေသာလီပြည်၊ မဟာဝုန်တော၊ ကူဋာဂါရသာလာ ဆိုတဲ့ ကျောင်းတံခါးထိအောင် လိုက်ပို့တော်မူတယ်။
အဲဒီအခါမှာ မိထွေးတော် ဂေါတမီက ဘုရားရှင် ကိုယ်တော်မြတ်ကို နောက်ဆုံး ကန်တော့ခြင်းဖြင့် သားတော်ဘုရား၊ သားတော်ဘုရားကို ယခု မယ်တော်မြင်ရခြင်း ဟာနောက်ဆုံး ဖူးမြင်ရခြင်း ဖြစ်ပါသည် ဘုရား။
နောက်တစ်ခါ သားတော်ရဲ့ အင်မတန် နှစ်သက်ဖွယ် ကောင်းတဲ့ ရူပကာယတော်ကို ဘုရား တပည့်တော်တို့ ဖူးမြော်ခြင်းငှာ အခွင့်ရတော့မည် မဟုတ်ပါ ဘုရား။ သားတော်ဘုရားရဲ့ အင်မတန် နူးညံ့လှစွာသော ခြေတော်အစုံ ကြာပဒုံတို့ကို တပည့်တော်တို့သည် နောင်အခါ ဦးတိုက်ဖို့ အခွင့်ရတော့မည် မဟုတ်ပါဘုရားလို့ လျှောက်ထား ကန်တော့ပြီးတော့ ပြန်သွားကြတယ်။
ပြန်သွားကြတဲ့ အခါကျတော့ ဘိက္ခုနီမ ကျောင်းရောက်ခဲ့တယ်၊
ကျောင်းရောက်တော့ ...
ဣဒံ ပစ္ဆိမကံ မယှံ၊
လောကနာထဿ ဒဿနံ။
န ပုနော အမတာကာရံ၊
ပဿိဿာမိ မုခံ တဝ။
လောကနာထဿ - တစ်လောကလုံး ညွှတ်ရုံးအားထား သားတော် မြတ်ဘုရားကို။
မယှံ - ခွဲခွာရနီး၊ မယ်တော်ကြီး၏။
ဣဒံ ဒဿနံ - ရှိဦးတင်သ ဤ ဖူးမြင်ရခြင်းသည်။
ပစ္ဆိမံ - အဆုံးစွန် ဝပ်စင်းဖူးမြင်ရခြင်းပါ ဘုရား။
ပုနော - ပြန်လာရောက်လတ် နောက်ထပ်တစ်ဖန်။
အမတာကာရံ - အမြိုက်ပမာ သာယာဖွယ် အခြင်းအရာရှိသော။
တဝ - သားတော်ဘုရား၏။
မုခံ - ဖူးမဝ မရောင့်ရဲ မခွဲရက်စရာ မျက်နှာတော်ကို။
န,ပဿိဿာမိ - ဘယ်သောခါမှ ဖူးမြင်ရမည် မဟုတ်တော့ပါ ဘုရား။
မယ်တော်ကြီး လျှောက်ပုံကလေးက ဆွေးစရာ၊ လွမ်းစရာ၊ ကြေကွဲစရာကလေး၊ မယ်တော်ကြီးကတော့ စိတ်ထဲ ဘယ်လိုမှ ဖြစ်မည် မဟုတ်သော်လဲ ကြားရတဲ့ ပုထုဇဉ် ရဟန်း ရှင် လူတို့အဖို့တော့ ဖြေမဆည်နိုင်စရာပါပဲ။
န စ မေ ဝန္ဒနံ ဝီရ၊
တပ ပါဒေ သုကောမလေ။
သမ္ဖုသိဿတိ လောကဂ္ဂ၊
အဇ္ဇ ဂစ္ဆာမိ နိဗ္ဗုတိံ။
ဝီရ - ဝီရိယတံခွန်၊ အလွန်မြင့်မား၊ လွှင့်ထားတော်မူသော။
လောကဂ္ဂ - လောကထက်လွန်၊ ပုဂ္ဂိုလ်မွန် တစ်ပါး၊ သားတော် မြတ်ဘုရား။
မေ - ဂေါတမီတွင် အရှင်မ တပည့်တော်၏။
ဝန္ဒနံစ - အထူးရွှင်ပျ ဦးတင်ရှိခိုးရခြင်းသည်လည်း။
(ဝဒနံ - ရှိလျှင် ခံတွင်းတစ်ဖြာ မျက်နှာတော်သည်လည်း။)
တ၀ - သားတော် ဘုရား မြတ်ထွဋ်ထား၏။
သုကောမလေ - အထူးသန့်ပြန့် နူးညံ့လှကုန်သော။
ပါဒေ - စက်ရတနာ လက္ခဏာဖော် ခြေတော်အစုံ၊ ကြာပဒုံတို့ကို။
နသမ္ဖုသိဿတိ - တွေ့ကာ ထိကာ ပူဇော်ရတော့မည် မဟုတ်ပါ ဘုရား။
အဇ္ဇ - ယနေ့ ယခုအခါ မကြာမီကလေးပင်။
နိဗ္ဗုတိံ - အနုပါဒိသေသ - ထူးလှအေးချမ်း၊ နိဗ္ဗာန်နန်းသို့။
ဂစ္ဆာမိ - ခန္ဓာဝန်ချ၊ ဒုက္ခတွေခွာ၊ သွားရောက်ပါတော့မည်ဘုရား၊
---
သာ သဟ တာဟိ ဂန္တွာန၊
ဘိက္ခုနုပဿယံ သကံ။
အဍ္ဎပလ္လင်္ကံမာဘုဇ္ဇ၊
နိသီဒိ ပရမာသနေ။
သာ - ထို မိထွေးတော် ဂေါတမီထေရီမသည်။
တာဟိ - ထို အခြွေအရံဖြစ်တဲ့ ရဟန္တာ ဘိက္ခုနီ ထေရီ ငါးရာတို့နှင့်။
သဟ - အတူတကွ။
ဘိက္ခုနုပဿယံ သကံ - မိမိတို့၏ နေရာ ဘိက္ခုနီမ ကျောင်းဆောင်သို့။
ဂန္တွာန - သွားကြကုန်၍။
အဍ္ဎပလ္လင်္ကံ - ထက်ဝယ်ခွေရတဲ့။
အဍ္ဎပလ္လင်္ကံ - ပုဆစ်တုပ်ရတဲ့ တင်ပလ္လင်ခွေ တစ်မျိုးကို။
အာဘုဇ္ဇ - ခွေကြကုန်၏။
ပရမာသနေ - မြင့်မြတ်သောနေရာ၌။
နိသီဒိ - ကောင်းစွာမသွေ ထိုင်နေခဲ့ပါပေသတည်း။
အသီးအသီး ဘိက္ခုနီမတွေ မိထွေးတော် ဂေါတမီ အမှူးပြုတဲ့ ဘိက္ခုနီမတွေ၊ ပုဆစ်တုပ်လျက် ထက်ဝယ်တင်ပလ္လင် ခွေပြီးတော့၊ မိမိတို့ရဲ့ နေရာ-နေရာလေး တွေမှာ အသီးသီး ထိုင်နေကြတယ်။ ပရိနိဗ္ဗာန် စံကြတော့မယ်။
ထက်ဝယ် တင်ပလ္လင် ဆိုတာက တခြား မဟုတ်ပါဘူး၊ ယောက်ျားတွေ တင်ပလ္လင် ခွေနည်း နှစ်ဘက်ခွေ မဟုတ်ဘဲနဲ့ အခုလို ပုဆစ်တုပ် ထိုင်တဲ့ ထက်ဝက် တင်ပလ္လင်ခွေနည်းပဲ။
အဲသလို တင်ပလ္လင်ခွေတာကို အဍ္ဎပလ္လင်္ကံ - တဲ့၊ ကျမ်းဂန်က၊ ထက်ဝယ် တင်ပလ္လင်ခွေတယ်လို့ ဆိုတယ်။ ပရိနိဗ္ဗာန်စံခါနီး ပရိနိဗ္ဗာန်စံမယ့် ဘိက္ခုနီမလေးတွေ အသီးသီး အဲသလို တင်ပလ္လင်ခွေပြီးတော့ ထိုင်နေကြတယ်။
အဲဒီအခါမှာ ပရိနိဗ္ဗာန် စံတော့မယ်ဆိုတာ သိရတော့ စည်းဝေးညီညာ ရောက်လာ ကြတဲ့ အမျိုးသမီးတွေ ရင်လက်ခတ်တီး ဆည်မရအောင် ငိုကြွေးကြပရိဒေဝမီး တောက်ကြ ဖြစ်နေကြတော့ မိထွေးတော် ဂေါတမီက အကြီးဆုံး ပဓာန ဖြစ်တဲ့ အမျိုးသမီးကြီးရဲ့ ဦးခေါင်းကို အသာလေး သပ်ပြီးတော့။
အလံ ပုတ္တာ ဝိသာဒေန၊
မာရဝသာနုဝတ္တိနာ။
အနိစ္စံ သင်္ခတံ သဗ္ဗံ၊
ဝိယောဂန္ထံ စလာစလံ။
ပရိဒေဝမီး တောက်လောင်နေကြတဲ့ ပရိသတ်တွေ သက်သာရာရအောင်၊ အမျိုးသမီးတွေ သက်သာရာရအောင်၊ တရားချလိုက်တယ်။
ပုတ္တာ - ငါ၏ထံပါး ခစားရောက်နေကြတဲ့ ငါ၏ ချစ်သမီးအပေါင်းတို့။
ဝိသာဒေန - ပင်ပန်းဆင်းရဲ ငိုကြွေးခြင်းဖြင့်။
အလံ - အကျိုးမရှိပါပေ။
မာရဝသာနုဝတ္တိနာ - မာရ်မင်း၏ အလိုသို့ လိုက်ပါ၍ နေသော။
ဝိသာဒေန - ဆင်းရဲပင်ပန်း ငိုကြွေးခြင်းဖြင့်။
အလံ - အကျိုးမရှိပါပေ။
သဗ္ဗသင်္ခတံ - အလုံးစုံသော သင်္ခါရတရားသည်။
အနိစ္စံ - ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် အနိစ္စ တရားသာ ဖြစ်ပါပေ၏။
ဝိယောဂန္ထံ - ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းရခြင်းလျှင် အဆုံး ရှိပါပေ၏။
စလာစလံ - မတည်ငြိမ်ဘဲ အမြဲတမ်း လှုပ်ရှား ဖောက်ပြားတတ်သော သဘောရှိပါ ပေတော့သတည်း။
ချစ်သမီးတို့ … ချစ်သမီးတို့ ငိုကြွေးနေခြင်းဟာ မာရ်မင်းရဲ့ အလိုသို့ လိုက်နေခြင်းပဲ၊ မငိုကြပါနဲ့၊ ငိုကြွေးဖို့ အခါမဟုတ်ဘူး၊ သင်္ခါရတရား မှန်သမျှဟာ အနိစ္စချည်းပဲ၊ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းဟာ ကွေကွင်း နောက်ဆုံးရှိချေ၏၊ ဒါဟာ သဘာဝ အတိုင်းပဲ၊ သင်္ခါရတရားတို့ ဆိုတာ တည်မြဲတာ မဟုတ်ဘူး။
လှုပ်ရှားတတ်၊ ဖောက်ပြန်တတ်တဲ့ သဘော ရှိတယ်လို့ တရားချပြီးတော့ ပြန်လွှတ်တယ်၊ လွှတ်ပြီးတော့ မိထွေးတော် ဂေါတမီကြီးဟာ ဈာန်ဝင်စားတယ်။
ခုနပြောသလို ထက်ဝယ် တင်ပလ္လင်ခွေပြီး ထိုင်ပြီးတော့ ဈာန် ဝင်စားတယ်၊ ပထမဈာန် ဝင်စားလိုက်၊ ထလိုက်၊ ဒုတိယ ဈာန်ဝင်စားလိုက်၊ ဒုတိယဈာန်က ထလိုက်၊ တတိယဈာန် ဝင်စားလိုက်၊ တတိယဈာန်က ထလိုက်၊ စတုတ္ထဈာန် ဝင်စားလိုက်၊ စတုတ္ထ ဈာန်က ထလိုက်၊ အာကာသာနဉ္စာယတနဈာန် ဝင်စားလိုက်။
အဲ့ဒီဈာန်က တစ်ခါထပြီးတော့ ဝိညာဏဉ္စာယတန ဈာန်ဝင်စား၊ အဲဒီဈာန်မှ ထပြီးတော့ အာကိဉ္စညာယတနဈာန် ဝင်စား၊ အဲ့ဒီက ထပြီးတော့ နေဝသညာ-နာသညာယတနဈာန် ဝင်စားတယ်။
ဈာန်တွေက အင်မတန်နိုင်နင်းနေတော့ ပရိနိဗ္ဗာန်စံခါနီး၊ အပြန်အလှန် ဝင်စား လိုက်တယ်၊
အနုလုံတင်မကဘူး၊ ပြန်ပြီးတော့ ပဋိလုံ နောက်ပြန် ဝင်စားလိုက်တယ်။
နေဝသညာနာသညာယတနက ထပြီးတော့ အာကိဉ္စညာယတန၊ အဲ့ဒီက ထပြီးတော့ ဝိညာဏဉ္စယတန၊ အဲ့ဒီက တစ်ခါ အာကာသာနဉ္စာယတန၊ တစ်ခါ ရူပါဝစရ-စတုတ္ထဈာန်၊ တတိယဈာန်၊ ဒုတိယဈာန်၊ ပထမဈာန် ထိအောင် ပြန်ဝင်စား လိုက်တယ်၊ တစ်ခါ ပထမဈာန်ကနေပြီး၊ ဒုတိယဈာန်၊ ဒုတိယဈာန်ကနေပြီး၊ တတိယဈာန်၊ တတိယဈာန်က စတုတ္ထဈာန် ဝင်စားပြီးတော့ အဲ့ဒီ စတုတ္ထဈာန် အခြားမဲ့မှာ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့တယ်နော်။
ကြွင်းကျန်တဲ့ ဘိက္ခုနီမ ငါးရာကလဲ ဒီအတိုင်းပဲ။ သူတို့ကလဲ ဈာန်အရာမှာ အင်မတန် ကျွမ်းကျင်ကြတဲ့ ဈာနလာဘီ ထေရီမယ်တွေ ဖြစ်တဲ့အတိုင်း အဲသလိုပဲ ဈာန်တွေ အဆင့်ဆင့် ဝင်စားပြီးတော့ နောက်ဆုံး မိထွေးတော် ဂေါတမီကြီးလိုပဲ ပရိနိဗ္ဗာန်ဝင်စံကြတယ်။
အဲဒီအခါမှာ မြေကြီး တုန်လှုပ်တယ်၊ ကောင်းကင်ကလဲ ဂျိုးဂျိုးဂျိမ်းဂျိမ်းနဲ့ တော်လဲ၊ ကောင်းကင်လဲ မိုးချုန်း၊ နတ်တွေလဲ ငိုကြွေးကြတယ်။ သံဝေဂ စကားတွေ နတ်ဗြဟ္မာတွေက ပြောကြ တယ်။
ဟာ သံယောဂါ ဝိယောဂန္တာ၊
ဟာ နိစ္စံ သဗ္ဗသင်္ခတံ။
ဟာ ဇီဝိတံ ဝိနဿန္တု၊
ဣစ္စာသိ ပရိဒေဝနာ။
သံယောဂါ - ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်း မှန်သမျှတို့သည်။
ဟာ ဝိယောဂန္တာ - သြော် ကွေကွင်းရခြင်းလျှင် အဆုံးရှိပါပေါ့တကား။
သဗ္ဗသင်္ခတံ - အလုံးစုံသော သင်္ခါရတရား မှန်သမျှသည်။
ဟာ အနိစ္စံ - သြော် အမြဲမရှိ ပျက်စီးရသော သဘောရှိပါပေ၏။
ဇီဝိတံ - အသက်ရှင်ရခြင်း မှန်သမျှသည်။
ဟာ ဝိနဿန္တံ - သြော် ပျက်စီးရခြင်းလျှင် အဆုံးရှိပါပေါ့တကား။
ဣတိ - ဤသို့။
ပရိဒေဝနာ - လူတွေ နတ်တွေ လူနတ်များတို့၏ ဝမ်းနည်းပမ်းနည်း ငိုကြွေး ပူဆွေး ရခြင်းသည်။
အာသိ - ထင်ရှားမသွေ ဖြစ်ခဲ့ပါပေသတည်း။
ဒုက္ခငြိမ်းတဲ့ ပုဂ္ဂိုလ်တွေက ငြိမ်းသွား၊ ဒုက္ခ ဖြစ်ကျန်နေတဲ့ ပုဂ္ဂိုလ်တွေက ကျန်တယ်။ နိဗ္ဗာန် ရောက်တဲ့ ပုဂ္ဂိုလ်နဲ့ မရောက်တဲ့ ပုဂ္ဂိုလ် ကွာခြားချက်ပဲနော်။
ဒီတော့ ပရိနိဗ္ဗာန်စံတော့ နတ်တွေက ဘုရားရှင်ကိုယ်တော်မြတ်လျှောက်၊ ဘုရားရှင် ကိုယ်တော်မြတ် လျှောက်တော့ ဘုရားရှင် ကိုယ်တော်မြတ်က ရှင်အာနန္ဒာ မိန့်ပေးတယ်။ ရဟန်းတော်တွေ စည်းဝေး ဆိုပြီးတော့။
ရဟန်းတော်တွေ စည်းဝေးပြီးတော့၊ ဘုရားရှင် ကိုယ်တော်တိုင် ဒီ မိထွေးတော် ဂေါတမီ ဈာပန ကြွရောက်ချီးမြောက်တော် မူခဲ့တယ်၊ အဲဒီမှာ လူတွေ နတ်တွေ စည်စည်ကားကားနဲ့၊ နောက်ဆုံး ဘုရားရှင် ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံပွဲတောင်၊ မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်စံ ပွဲလောက် မစည်ကားဘူး၊ မကြီးကျယ်ဘူးလို့ ဒီလိုပဲ ပါဠိတော်က အဆိုရှိတယ်နော်။
နောက် နံ့သာ ထင်းပုံထက် တင်ပြီးတော့ မီးသင်္ဂြိုဟ်၊ ပြီးတော့ အရိုးဓာတ်တွေကို ရှင်အာနန္ဒာက ယူပြီးတော့၊ မိထွေးတော် ဂေါတမီကြီး ပရိနိဗ္ဗာန်စံရရှာပြီ၊ အရိုးသာ ကျန်တော့တယ်၊ မချွတ်မလွဲ နောင်တော်ကြီး ရှင်တော်မြတ်ဘုရားလဲ မကြာခင် ပရိနိဗ္ဗာန်စံတော့မှာ ပါတကားလို့ အဲ့သလို မှိုင်တွေ ငေးမော သံဝေဂစကား ညည်းညူပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို အရိုးဓာတ်တွေ ဆက်ကပ်တယ် တဲ့။ ညည်းညူပုံပြ သံဝေဂ စကား မြွက်ကြားတဲ့ ဂါထာကလေး နာကြပါဦး ...
ဂေါတမီ နိဓနံ ယာတာ၊
ဒယှဉ္စဿာ သရီရကံ။
သင်္ကေတ ဗုဒ္ဓနိဗ္ဗာနံ ၊
န စီရေန ဘဝိဿတိ။
ဂေါတမီ - မိထွေးတော် ဂေါတမီ၊ ထေရီမ တန်ခိုးရှင်ကြီးသည်။
နိဓနံ - ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း၊ ချုပ်ငြိမ်းခြင်းသို့။
ယာတာ - အနိစ္စသဘာဝ ညွှန်းဖော်ပြချေ၊ ဆိုက်ရောက်ခဲ့ရပါပေပြီ။
အဿာ - ထိုအရှင်မ ဂေါတမီ၏။
သရီရကဉ္စ - ဥတုဇဘုတ် ရုပ်ကာယကိုလည်း။
ဒယံ - မီးလောင်အပ်ပေ ကျွမ်းပြတ်ခဲ့ချေပြီ။
ဗုဒ္ဓနိဗ္ဗာနံ - ဆရာမြတ်ဘုရား တို့ထွဋ်ထား၏ ရှောင်ရှားမရ ပရိနိဗ္ဗာန်စံရခြင်းသည်။
သင်္ကေတံ - မချွတ်ဧကန်ပင်။
နစိရေန - လျင်မြန်ဆောစွာ မကြာမီပ။
ဘဝိဿတိ - ဖြစ်လိမ့်မည်တကား။ ဪ တရားရဖွယ် ထိတ်စဖွယ် တကယ် ကောင်းလှပေသတည်း။
အဲဒီ အခါဘုရားရှင် ကိုယ်တော်မြတ်က မိထွေးတော်၏ အရိုးဓာတ်တို့ကို ကိုင်တော်မူလျက် ယခု ဟောပြမယ့် တရားစကားဖြင့် ပရိသတ်အများအား ဟောကြား ဆုံးမတော်မူတယ်။
မဟတော သာရဝန္တဿ၊
ယထာ ရုက္ခဿ တိဋ္ဌတော။
ယော သော မဟတ္တရော ခန္ဓော၊
ပလုဇ္ဇေယျ အနိစ္စတာ။
တထာ ဘိက္ခုနီသံဃဿ၊
ဂေါတမီ ပရိနိဗ္ဗုတာ။
သာရဝန္တဿ - ခိုင်မာအားပြည့်၊ အနှစ်သာရ ရှိနေသော။
တိဋ္ဌတော - မြဲမြံခိုင်စည် တည်နေလျက် ရှိသော။
မဟတော ရုက္ခဿ - ရှုမြင်မငြီး၊ ကြီးမားသော သစ်ပင်ကြီး၏။
ယော သော ခန္ဓော - မိုးတစ်ခွင်သို့ တိုးဝင်ဖြိုးလွင် အကြင်ပင်စည် ပင်လုံးသည်။
မဟတ္တရော - အလွန်ပြန့်ပွား စည်ကားကြီးကျယ်လှပေ၏။
သောခန္ဓော - ကြီးကျယ်စည်ကား ပြန့်ပွားသော ထိုပင်စည် ပင်လုံးသည်။
အနိစ္စတာ-အနိစ္စတာယ - ပျက်မစဲဘိ၊ အမြဲ မရှိသည်၏ အဖြစ်ကြောင့်။
ပလုဇ္ဇေယျယထာ - ယိမ်းယိုင် တိမ်းပါး ပြိုပျက်သွားရာသကဲ့သို့။
တထာ - ထိုနည်းထားယူ အလားတူ။
ဘိက္ခုနီ သံဃဿ - သစ်ပင်ကြီးသဖွယ် ကြီးကျယ်လှစွာ ဘိက္ခုနီသံဃာ၏။
ခန္ဓသဒီသာ - ပင်စည်ကြီးခုမူ အလား တူသော။
ဂေါတမီ - ဂေါတမီမည်ရ ထေရီမသည်။
ပရိနိဗ္ဗုတာ - နိဗ္ဗာန်ယုကာ ခန္ဓာကိုယ်သိမ်း ချုပ်ပျောက်ငြိမ်းခဲ့ပြီတကား။
အနှစ် သာရရှိတဲ့ သစ်ပင်ကြီး ထင်ရှား ရှိနေခဲ့တယ်။ အဲ့ဒီ သစ်ပင်ကြီးက ကြီးစွာသော အနှစ်သာရရှိတဲ့ ပင်စည်ကြီးဟာ အနိစ္စသဘောအရ ပြိုကွဲ ပျက်စီးရ သလို ဘိက္ခုနီမသံဃာ ဟူသော သစ်ပင်ကြီးက အကြီးအမှူးဖြစ်တဲ့ တကယ့် အနှစ်သာရ ရှိတဲ့ ထေရီမကြီးဟာ မယ်တော်ကြီးဟာ ယခု အနိစ္စသဘော မလွန်ဆန် နိုင်တဲ့အတွက် ပရိနိဗ္ဗာန်စံပေပြီ လို့ ဘုရားရှင်ကိုယ်တော်မြတ်က သံဝေဂစကား မြွက်ကြားပြီးတော့ ရဟန်းတော်တွေကို ဟောကြားတော်မူခဲ့တယ်၊ ဒီနောက် -
အဟော အစ္ဆရိယံ မယှံ၊
နိဗ္ဗူတာယပိ မာတုယာ။
သရီရမတ္တသေသာယ၊
နတ္ထိ သောကပရိဒ္ဒဝေါ။
ယဿ မယှံ - အကြင်ငါ ရှင်တော်မြတ်ဘုရားအား။
နိဗ္ဗူတာယ - ပရိဗ္ဗာန် စံတော်မူသည်ဖြစ်၍။
သရီရမတ္တသေယာယ - ခန္ဓာကိုယ်ကောင်ကြီးမျှ ကြွင်းနေသော။
မာတုယာ - မယ်တော် မိထွေးတော် ဂေါတမီအတွက်။
သောကပရိဒ္ဒဝေါ - စိုးရိမ်ခြင်း ပူဆွေးခြင်း ငိုကြွေးခြင်းမည်သည်။
နတ္ထိ - မရှိပါပေ။
တဿ မယှံ - ထို ငါဘုရားအား။
ဧတံ - ဤသို့ မယ်တော်ကြီး တစ်ဦးလုံး ဆုံးရှုံး ပျက်စီးလျက်သားနဲ့ ငိုကြွေးခြင်း ပူဆွေးခြင်း မရှိခြင်းသည်။
အဟောအစ္ဆရိယံ - သြော် ... လက်ဖျောက်တီး၍ အံ့ချီးဖွယ် ကောင်းပါပေစွတကား။
ဘုရားရှင် ကိုယ်တော်မြတ်က မိမိ၏ ပူဆွေးခြင်း မရှိတာကို အံ့ဩဘွယ် အဖြစ်ဖြင့် ရဟန်းတော်များ တပည့်သားတွေကို တင်ပြတယ်။
ဪ ... မိထွေးတော်ကြီး၊ အင်မတန် ကျေးဇူးများတဲ့ မိထွေးတော် ဂေါတမီကြီး တစ်ဦးလုံး ပရိနိဗ္ဗာန်စံပြီးတော့ ခန္ဓာကိုယ်မျှ အကြွင်းရှိရာ ဒီလောက် ဖြစ်နေလျက် သားနဲ့ ငါဘုရားမှာ သောကကလေး တစ်ချက်မျှမဖြစ်။ ပရိဒေဝ-ငိုကြွေးမှုဆိုတာလဲ လုံးလုံးမှ မဖြစ်။
အဲ့သလို မဖြစ်ခြင်းဟာ အံ့သြစရာ ကောင်းလှပါလား၊ မိမိရဲ့ အဖြစ်အပျက်ကို ရဟန်းတော်တွေ အားကျအောင် တင်ပြတယ်နော်၊ တရားပြတယ်၊ အဲ့ဒီနောက် ငါဘုရား သောက ပရိဒေဝမဖြစ်သလို၊ အားလုံး ငါဘုရား၏ တပည့်သားတွေလဲပဲ သောက ပရိဒေဝ မဖြစ်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်။
နသောဝိယာ ပရေသံ သာ၊
တိဏ္ဏသံသာရသာဂရာ။
ပရိဝဇ္ဇိတသန္တာပါ။
သီတိဘူတာ သုနိဗ္ဗုတာ။
တိဏ္ဏသံသာရသာဂရာ - ရုပ်နာမ်အစဉ် အလျဉ်မပြတ်၊ ဆက်စပ် ဖန်ခါ သံရာ ပြင်ကျယ် ပင်လယ်ကြီး ကူးပြီး ဖြစ်သော။
ပရိဝဇ္ဇိတသန္တာပါ - ပယ်ကြဉ် စွန့်ပစ်အပ်ပြီးသော ကိလေသာ အပူမီး ရှိပေထသော။
သီတဘူတာ - ဒုက္ခတွေသိမ်း ငြိမ်းအေးသည် ဖြစ်၍ ဖြစ်သော။
သုနိဗ္ဗုတာ - ပဋိသန္ဓေ မနေ ပြန်လာ ကောင်းစွာ အငြိမ်းကြီး ငြိမ်းလေပြီးသော။
သာ - ထိုဂေါတမီ ဘိက္ခုနီကို။
ပရေသံ - ငါ ဘုရားမှ တစ်ပါး ပုဂ္ဂိုလ် ထိုထိုငါ့ တပည့်တို့သည်။
နသောဝိယာ - သောက ပူမီး၊ တငြီးငြီး မငြိုး မမှိန် မစိုးရိမ်သင့်၊ မစိုးရိမ်ထိုက်ပါပေ တရားနှင့် ဖြေပါလေလော။
အဲဒီနောက် ဘုရားရှင် ကိုယ်တော်မြတ်က၊ မိထွေးတော် ဂေါတမီကြီး ပရိနိဗ္ဗာန် စံခြင်း အကြောင်း ပြုပြီးတော့ နောက်ဆုံး ပရိနိဗ္ဗာန် စံသွားတဲ့ မိထွေးတော် ဂေါတမီရဲ့ ပရိနိဗ္ဗာန်စံမှုကို သရုပ်ဖော်ခဲ့တယ်။
အယောဃန ဟတဿော၊
ဇလတော ဇာတဝေဒဿ။
အနုပုဗ္ဗူ ပသန္တဿ၊
ယထာ န ဉာယတေ ဂတိ။
ဧဝံ သမ္မာ ဝိမုတ္တာနံ၊
ကာမ ဗန္ဓော ဃတာရိနံ။
ပညာပေတုံ ဂတိနတ္ထိ၊
ပတ္တာနံ အစလံ ပဒံ။
အယော,ဃနဟတဿ - သံတူကြီးနဲ့ ထုအပ်သည်ဖြစ်၍။
ဇလတော - တဖွားဖွား မီးဖွားတွေ တက်၍ နေသော။
ဇာတဝေဒဿ - မီးပုံကြီး မီးလျှံကြီး၏။
ဇလတော - တဖွားဖွား တောက်လောင်၍ နေသော။
အနုပုဗ္ဗူပသန္တဿ - တောက်တိုင်း တောက်တိုင်း တဖြည်းဖြည်း ငြိမ်း၍နေသော။
ဇာတဝေဒဿ - မီးပွားကြီး၏။
ဂတိ - ဘယ်ရောက်သွားတယ် ဆိုတဲ့ သွားရာဂတိကို။
နညယ တေယထာ - မသိမသိနိုင်သကဲ့သို့။
ဧဝံ - ဤသို့ မီးပွားသည် ဘယ်ရောက်သွားတယ်၊ ဘယ်နေရာမှာ တည်နေတယ် ဆိုတာ မသိနိုင်သလိုပင်။
ကာမ,ဗန္ဓော,ဃတာရိနံ - ကာမဂုဏ် အနှောင်အဖွဲ့ တကယ့် ရေပြင်ကြီးကို ကူးမြောက် လွန်ထွက်ပြီး ဖြစ်ကြကုန်သော။
သမ္မာ - ကောင်းစွာ။
ဝိမုတ္တာနံ - သံသရာဝဋ် အတွင်းမှ လွတ်ကင်း ရှင်းကွာ ရဟန္တာတို့၏။
ဂတိ - ဘယ်ဒေသဟု သွားရာဂတိ၊ ရောက်ရာဂတိ၊ ဖြစ်ရာ ဂတိကို။
ပညာပေတုံ - ဖော်ပြော ပညတ် ခြင်းငှာ။
နတ္ထိ - ဘယ်လိုနည်းနှင့်မျှ ပြောမရ ရှာမရ တကယ်ပင် ထူးလှတဲ့ အရာကြီး ဖြစ်ပေတော့သတည်း။
ပရိနိဗ္ဗာန် စံသွားတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေနဲ့ အခြင်းအရာ ပြောရမယ်ဆိုရင် သံတူနဲ့ ထုလိုက်လို့၊ သံတုံးကြီးကို သံတူနဲ့ ထုလိုက်တဲ့အခါ၊ မီးတွေ တဖွားဖွားနဲ့ ပေါ်လာတယ်။
ပေါ်ပြီး ပျောက်သွား၊ ပေါ်ပြီး ပျောက်သွား၊ ပေါ်ပြီး ပျောက်သွား၊ အဲဒီ ပျောက်သွား တဲ့မီးတွေ ဘယ်နေရာမှာ နေတယ်၊ ဘယ်ရောက်နေတယ်၊ ဘယ်လို ဖြစ်နေတယ်လို့ ဘယ်နည်းနဲ့မှ သူတို့ရဲ့ တည်ရာ၊ သူတို့ရဲ့ ဖြစ်ရာ မမှန်းနိုင်ဘူး။
ထို့အတူ ကိလေသာ ခပ်သိမ်းမှ၊ အေးငြိမ်းလွတ်မြောက်တော်မူကြ၍၊ ကာမဂုဏ် အနှောင်အဖွဲ့မှ လွတ်မြောက်တော်မူကြတဲ့၊ သံသရာ ဝဋ်ဆင်းရဲကို လွန်မြောက် တော်မူကြတဲ့၊ ပရိနိဗ္ဗာန် စံကြတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီ ပုဂ္ဂိုလ်တွေ သူတော်ကောင်းတွေ အရိယာ အရှင်မြတ်တို့၏ လားရာဖြစ်ရာ ရောက်ရာကို ဘယ်လို ဉာဏ်မျိုးနှင့်မျှ ရှာမရ၊ ဘယ်လို အသိမျိုးနှင့်မျှ ရှာကြည့်လို့ မသိနိုင်၊ ရှာကြည့်လို့ မရနိုင်အောင် နက်နဲတဲ့ အဖြစ်မျိုးဆိုတဲ့ အကြောင်း၊ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော် မူခဲ့တယ်နော်။
မိထွေးတော် ဂေါတမီကြီး ပရိနိဗ္ဗာန်စံပုံဟာ ဒီအတိုင်းပဲ၊ မီးဖွားလေးတွေ ငြိမ်းသွားတဲ့အခါ ဘယ် ရောက်သွားတယ်လို့ မသိနိုင်သလို၊ ထို့အတူပဲ၊ နိဗ္ဗာန် ရောက်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့၊ ပရိနိဗ္ဗာန် စံဝင်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ ။ သွားရာလားရာ ဖြစ်ရာကို ရှာကြည့်၊ ဘယ်လိုနည်းနဲ့မှ ရှာမရတော့ဘူး၊ မီးငြိမ်းသလိုပဲ ငြိမ်းသွားတယ် ဆိုတဲ့ အကြောင်း၊ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။
ဒီနောက် ဘုရားရှင်က သတိပဋ္ဌာန်လေးပါး တရားတွေ ပွားများပြီး မိမိကိုယ်သာ အားထားရာ ဖြစ်အောင် ပြုလုပ်ကြဖို့ ဗောဇ္ဈင်ခုနှစ်ပါး တရားတွေ ပွားပြီး ဒုက္ခ ကင်းအောင် လုပ်ကြဖို့ နိဂုံးချုပ် တိုက်တွန်းနှိုးဆော်ခဲ့တယ်။
အတ္တဒီပါ တတော ဟောထ၊
သတိပဋ္ဌာန ဂေါစရာ။
ဘာဝေတွာ သတ္တ ဗောဇ္ဈင်္ဂေ၊
ဒုက္ခဿန္တံ ကရိဿထ။
တတော - ကောင်းစွာ လွတ်လတ်သူတို့၏ ဂတိ ရှာမတွေ့ရ၊ ဒုက္ခငြိမ်းသည်၏ အဖြစ်ကြောင့်။
သတိပဋ္ဌာနဂေါစရာ - သတိပဋ္ဌာန်လေးပါး တရားမြတ်သာ ကျက်စားရာ ရှိကြကုန် သည် ဖြစ်၍။
အတ္တဒီပါ - မိမိကိုယ်သာ ကျွန်းပမာသိ မှီခိုရာ ရှိကြကုန်သည်။
ဟောထ - အချိန်ရှိခိုက် လုံ့လစိုက်ကာ ဖြစ်ကြပါကုန်လော။
သတ္တဗောဇ္ဈင်္ဂေ - ဗောဇ္ဈင်ခုနှစ်ပါး တရားမြတ် ရတနာတို့ကို။
ဘာဝေတွာ - ကြိမ်ဖန်များစွာ အလေ့အလာထား ပွားများကြကုန်၍။
ဒုက္ခဿ - မကွာမစဲ၊ ညှဉ်းဆဲ မလတ်၊ ဆင်းရဲ ခပ်သိမ်း၏။
အန္တံ - လုံးဝ ပြုန်းလတ်၊ အဆုံးသတ်ကို။
ကရိဿထ - သာသနာနှင့် အခါသင့်ခိုက် လုံ့လစိုက်ကာ ပြုလိုက်ကြပါကုန်လော။
ကဲ ... အဆုံးသတ်ကြစို့၊
ယနေ့ဘုန်းကြီး နောက်ဆုံး အဖြစ်ဖြင့်၊ ပရိနိဗ္ဗာန် စံဝင်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့၊ သံဃာတော် အရှင်မြတ်တို့ရဲ့ ပရိနိဗ္ဗာန် စံဝင်တော်မူပုံကိုပြတဲ့ ရတနသုတ္တန် သံဃာ့ဂုဏ်ရည် ဘွဲ့လေးနဲ့ နိဂုံးချုပ်လိုက်မယ်။
ခီဏံ ပုရာဏံ နဝ နတ္ထိသမ္ဘဝံ၊
ဝိရတ္တစိတ္တာ'ယတိကေ ဘဝသ္မိံ။
တေ ခီဏဗီဇာ အဝိရူဠှိဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိသံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ယေသံ ခီဏာသဝါနံ - အကြင် အာသဝေါ ကုန်ခမ်း ရဟန္တာ အရှင်မြတ်တို့အား။
ယေသံ ဓီရာနံ - အကြင် ပညာရှင် ဖြစ်ကြသော ရဟန္တာသခင် အရှင်မြတ်တို့အား။
ပုရာဏံ - ရှေးက ပြုခဲ့သော ကံဟောင်း မှန်သမျှသည်လည်း။
ခီဏံ - အကျိုးပေးဖို့ ရာ အစွမ်းသတ္တိမရှိ ကုန်ခမ်းခဲ့ချေပြီ။
နဝံ - အသစ်ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှသည်။
နတ္ထိ သမ္ဘဝံ - ထင်ရှား ဖြစ်ပေါ်ခြင်း အလျဉ်းမရှိပါပေ။
အာယတိကေ ဘဝသ္မိံ - နောင်ဖြစ်လာလတံ့တဲ့ ဘဝ၌။
ဝိရတ္တာ စိတ္တာ - တပ်မက်ခြင်း ကင်းသော စိတ်ရှိကြကုန်၏။
ပရိနိဗ္ဗာန်စံတဲ့ ပုဂ္ဂိုလ်တွေမှာ ဘာမှ တပ်မက်ခြင်း၊ တွယ်တာခြင်း မရှိကြကုန်၊ ရဟန္တာ ပုဂ္ဂိုလ်တွေမှာ တပ်မက်ခြင်း တွယ်တာခြင်းရယ်လို့ ဘာမှမရှိကြ၊ ကံတွေရဲ့ အစွမ်း သတ္တိတွေလဲ ကုန်ပြီ၊ ပုထုဇဉ် သောတာပန် အစရှိသော ပုဂ္ဂိုလ်တွေမှာ တဏှာစေးက ရှိသေးတယ်၊ တဏှာအစေး ရှိကြသောကြောင့် ကံတွေရဲ့ အစွမ်းက အကျိုးပေးနိုင်တဲ့ အစွမ်းကလဲ ရှိသေးတယ်။
ဒုက္ခ ပေးမယ့် ကံတွေရဲ့ အစွမ်းသတ္တိ မကုန်သေးဘူး၊ နောက်ဘဝ တွယ်တာမှုလဲ ရှိသေးတယ်၊ ရဟန္တာသခင် အရှင်မြတ်တို့မှာ နောက်ဘဝ အတွက် တွယ်တာမှု ဆိုတဲ့ တဏှာလဲ မရှိဘူး။
တေ - ထို ရဟန္တာသခင် ပညာရှင်တို့သည်။
ခီဏဗီဇာ - ကုန်ပြီးသော ကံမျိုးစေ့ ရှိကြကုန်သည်ဖြစ်၍ ပဋိသန္ဓေကို ဖြစ်စေ တတ်တဲ့ ကံမျိုးစေ့ ကုန်နေပြီ။
အဝိရူဠှိဆန္ဒာ - ဘဝ ဖြစ်ရေးဝယ် ဘဝစည်ပင်ရေးဝယ် တွယ်တာသော ဆန္ဒလည်း မရှိကုန်။
နောက်ဘဝဖြစ်ရေး တွယ်တာတဲ့ ဆန္ဒ မရှိဘူး၊ ဘယ်လူဖြစ်လို့ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်မင်း၊ ဘယ်စိုး၊ ဘယ်သူဌေး ဖြစ်ချင်တယ်ဆိုတဲ့ ဒီလို ဘဝ ဖြစ်ရေးဝယ် ဘဝ စည်ပင်ရေးဝယ် - တွယ်တာတဲ့ ဆန္ဒလဲ မရှိကြဘူး။
အဲ့သလို နောက်ဘဝမှာ တွယ်တာတဲ့ ဆန္ဒ တဏှာလဲ မရှိဘူး၊ ကုန်ပြီတဲ့၊ ကံတည်းဟူသော မျိုးစေ့တွေလဲ မရှိကြသောကြောင့် ရဟန္တာသခင် အရှင်မြတ် တွေဟာ ပရိနိဗ္ဗာန် စံပြီဆိုရင် ပြီးရော ငြိမ်းသွားတာပဲ။
အယံ ပဒီပေါ - ဤရှေ့က ထွန်းထားတဲ့ ဆီမီးသည်။
နိဗ္ဗန္တိ ယထာ - ဆီနဲ့မီးဇာ ကုန်တဲ့အခါ ငြိမ်းသွားဘိ သကဲ့သို့။
နိဗ္ဗန္တိ - ကိလေသာ ခပ်သိမ်း ဒုက္ခခပ်သိမ်း ခန္ဓာခပ်သိမ်း ဝဋ်ဇာတ်သိမ်း အငြိမ်းကြီး ငြိမ်းတော်မူကြလေကုန်၏။
သံယေ - ကိလေသာခပ်သိမ်း ဒုက္ခခပ်သိမ်း ခန္ဓာခပ်သိမ်း အငြိမ်းကြီး ငြိမ်းတော်မူတဲ့ ပရိနိဗ္ဗာန် ဝင်စံတော်မူရာ သံဃာတော်မြတ်၌။
ဣဒမ္ပိ ရတနံ - ဤ ရတနာ ဖြစ်ကြောင်း ကောင်းမြတ်သော ဂုဏ်ရည် အပေါင်း သည်လည်း။
ပဏီတံ - ထူးမြတ်လှပါပေ၏။
ဧတေန သစ္စေန - ဤသို့ မှန်ကန်စွာ ဆိုရသော သစ္စာစကားကြောင့်။
တုမှာကံ - ရတနာသုံးပါး အားထား ကိုးကွယ်ကြသော ဥပုသ်သည် သီတင်းသည် အပေါင်း သူတော်ကောင်းတို့အား။
သုဝတ္ထိ - ဘေးဒဏ် ရန်စွယ် အန္တရာယ် ကင်းဝေး အေးချမ်းသာယာ ချမ်းသာခြင်း သည်။
ဟောတု - မုချ မသွေ ဖြစ်ပါစေကုန် သတည်း။
၁၃၄၇-ခု သီတင်းကျွတ်လပြည့် ဥပုသ်တရားတော်
ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ (သပြေကန်ဆရာတော်)
သာဝတ္ထိယံ ကဏ္ဍမ္ဗမှီ၊
သဗ္ဗေ တိတ္ထိယပါပကေ။
ဒဿေတွာ ပါဋိဟီရံ ယော၊
ပရာဇိယ ဇယုတ္တရော။
အဂဉ္စိ တိဒသံ ပုရံ၊
သောဝေါ ဒေတု ဇယံ ဇယံ။
ဇယုတ္တရော - အောင်သူတကာတို့၏ အဓိပတိ၊ ပါရမီ ရတနာမဏိကြောင့် ကမ္ဘာသိ ကျော်လွင်၍ ပြိုင်လာလျှင်ရှုံး ခေါင်ဆုံးက အောင်ပန်းခူးသည့် အောင်နန်းမှူးအစစ် ဖြစ်တော်မူသော။
ယောဇိနော - ငါးပါးမာရ်ဟုန် ရန်သူပုန်ကို အကုန်ပယ်နှင် အောင်ပွဲဆင်သည့် ရှင်တော်မြတ်ဘုရားသည်။
သာဝတ္ထိယံ - ရတနာအမျိုးမျိုး ပွားတိုး ပြည့်ဝ ကောသလတိုင်းဝင် ယခုတိုင် အမည်တွင်၍ တကယ်ပင်ကျော်ဟည်း သာဝတ္ထိ ပြည်တော်ကြီး၌။
ကဏ္ဍမ္ဗမှိ - ဥယျာဉ်မှူးကဏ္ဍ မြေချစိုက်ပျိုး ရှင့်တန်ခိုးကြောင့် သီးမျိုးခိုင်ခိုင် အဆိုင်ဆိုင်တို့ မြိုင်မြိုင်ယှက်ဝေ ကျက်သရေရှိ မဟိဒ္ဓိထင်လင်း သရက်ဖြူပင်၏ အရင်း၌။
ပါဋိဟီရံ - လက်ဝဲ လက်ျာ ဘက်နှစ်ဖြာဝယ် တေဇာထိန်ညီး ရေနှင့်မီး ထိုနှစ်ဖုံ အစုံစုံ ယှက်သမ်း၍ အံ့မခန်းထူးလှ တန်ခိုးတော် အဝဝကို။
ဒဿေတွာ - တိတ္တိတွေ ပွက်ထမည်ကြောင့် အချက်ပြတော်မူပြီးသော်။
သဗ္ဗေ - ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။
တိတ္ထိယပါပကေ - မသေခင်လဲ ခွေးနှယ်၊ သေလျှင်လဲ လေးအပါယ်၊ အေးစဖွယ် အရှင်းမရ ဖျင်းသမျှတွင်လဲ အချုပ်အချာ၊ အယုတ်မာတွင်လဲ အဓိပတိ များဘိ သောင်းသောင်း တိတ္ထပေါင်း အယုတ်ကောင်တို့ကို။
ပရာဇိယ - သာသနာ့ အန္တရာယ်ပေမို့၊ မာန်စွယ်တွေ အကုန်ချိုး မြတ်တန်ခိုး စက်ရဟတ်ဖြင့် နာလန် မထူနိုင်အောင် ဖျက်ဖြတ်၍ တစ်သက်ပတ်လုံး အညွန့်တုံး အောင် ဆုံးရှုံးတော်မူစေပြီးသော်။
တိဒသံပုရံ - သုံးကျိပ်သုံးပါး နတ်အများတို့ ပျော်ပါးစံရာ တာဝတိံသာနန်း မြကြငှန်းသို့ (ဝါ) ဥယျာဉ်တွေကလဲ အတန်တန် ဗိမာန်တွေကလဲ အထပ်ထပ်- တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် လျှပ်သမ်းတဲ့ တာဝတိံသာ နတ်ကြငှန်းသို့။
အဂဉ္စိ - မယ်တော်နတ်အား မြတ်တရားကို ပြောကြားဖို့ရန် စက်နှစ်တန်ဖြင့်၊ ထက်ယံဖြန့်ခြွေ ကြွမြန်းတော်မူခဲ့လေပြီ။
သော ဇိနော - အောင်သူတကာတို့၏ အဓိပတိ ပါရမီ ရတနာမဏိကြောင့် ကမ္ဘာသိကျော်လွင့်၍ ပြိုင်လာလျှင် အစဉ် ယှဉ်လာလျှင် အရှုံး ခေါင်ဆုံးက အောင်ပန်းခူးတဲ့ အောင်နန်းမှူးထွဋ်တင် ထိုအောင်တော်မူ ရှင်တော်မြတ်ဘုရား သည်။
ဝေါ - ဓမ္မမာမက ဖြစ်ကြတဲ့ သပ္ပူရိသအပေါင်း သူတော်ကောင်းတို့အား။
အ,ဇယံ - ကိုယ်တွင်း ကိုယ်ပ ရန်နှစ်ဝတို့ လုံးဝ ပိုင်ပိုင် မအောင်နိုင်ရာ ဖြစ်ပေထသော။
ဇယံ - ပစ္စုပ္ပန်မှာလဲ အနိုင်သာ၊ သံသရာမှာလဲ မရှုံးရ၊ အဆုံးဘဝတိုင် ကွန့်မြူး၍ အညွှန့် အဖူးဆိုတဲ့ အောင်ပန်းကို။
ဒေတု- ကိစ္စမှန်သမျှ အောင်ကြဖို့ရာ ကောင်းစွာ မသွေ ပေးတော်မူပါစေကုန် သတည်း။
ဘုန်းကြီးတို့ ရဟန်း တစ်ဝါလောက်က ဒီဂါထာလေး စပြီးတော့ ဘုန်းကြီး ရေးခဲ့တယ်၊ အဲဒီတုန်းကတော့ တော်တော် လူကြိုက်များခဲ့တယ်၊ သို့သော် နောက်ကျတော့လဲ ဘုန်းကြီး ဒီ ဂါထာ မရွတ်ဖြစ် မဟောဖြစ်ပါဘူး။
မကြာသေးခင်ကမှ ဟို ... သာကေတမှာ အဘိဓမ္မာနေ့၊ အဘိဓမ္မာပွဲ ပဋ္ဌာန်းပွဲ ကျင်းပတော့ သတိရတာနဲ့ အဲဒီဂါထာလေး ပြန်ပြီးတော့ ဟောတော့ အဲ့ဒီ တရားပွဲတုန်းကတော့ ဒီလို ချောချောမောမော ဖြစ်မသွားဘူး၊ ဟိုနားကထစ်၊ ဒီနားကထစ် နဲ့ ဒီပွဲကျတော့မှ ချောချောမောမော ဖြစ်သွားတယ်။
အဲ့ဒါ အဘိဓမ္မာနေ့နဲ့ ဆီလျော်လို့ ဘုရားရှင် ကိုယ်တော်မြတ်ဟာ တာဝတိံသာကြွပြီး အဘိဓမ္မာ တရားဒေသနာ ဟောတော်မူတယ်။ မဟောခင် သာဝတ္ထိပြည် ကဏ္ဍဆိုတဲ့ ဥယျာဉ်မှူး စိုက်ပျိုးတဲ့ သရက်ဖြူပင်ရင်းမှာ တန်ခိုးပြာဋိဟာတွေပြပြီး တိတ္ထိတွေ နှိမ်နင်းပြီးတော့ တာဝတိံသာနတ်ပြည် ကြွသွားတယ်။
အဲ့ဒီအခါမှာ ဝါတွင်းသုံးလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ တရားဟောတော် မူပြီးတော့ ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ တာဝတိံသာ နတ်ပြည်က သင်္ကဿနဂိုပြည်ကို စောင်းတန်းသုံးသွယ်ဖြင့် နတ်ဗြဟ္မာ အပေါင်း ခြံရံပြီးတော့ တင့်တယ်စွာ ဆင်းသက်တော်မူလာခဲ့တယ်။
အဲ့သလို ဆင်းသက်တော်မူလာခဲ့တဲ့ ဘုရားရှင် ကိုယ်တော်မြတ် အဖြစ်အပျက်ကို အာရုံပြုပြီးတော့ ဒီသီတင်းကျွတ် အခါမှာ မီးပူဇော်ကြတယ်၊ ကုသိုလ်ကောင်းမှုတွေ ပြုကြ။
အဲ ... နောက်ဆုံး မကြာသေးခင် အချိန်က ပေါ်လာတဲ့ အဘိဓမ္မာ အခါတော်နေ့ ရယ်လို့ ကျင်းပပြီးတော့ အဘိဓမ္မာတွေ သရဇ္ဈာယ်ကြ အားလုံး သိုလ်တွေ တိုးဖို့ အကြောင်းပဲ။
ဒီတော့ အဘိဓမ္မာဆိုတာက ဘုန်းကြီးတို့ တခြားတော့ မဟုတ်ဘူး၊ အဘိဓမ္မာ ဆိုတာကလဲ တခြားကတရား မဟုတ်ဘူး၊ ကိုယ့်တရားပဲ၊ ကိုယ်ထဲမှာရှိတဲ့ တရားတွေ ဟောထားတဲ့ ဒေသနာတော်တွေပဲ .. ။
ခန္ဓာကိုယ်ထဲမှာ ဘာရှိတုံး၊ ရုပ်တွေ ရှိတယ်၊ စိတ်တွေ ရှိတယ်၊ စေတသိက်တွေ ရှိတယ်၊ အဘိဓမ္မာ ဆိုတာက အဲ့ဒီ ရုပ်တရားတွေ၊ စိက်တရားတွေ စေတသိက်တွေ ...
အဲဒီ ရုပ် စိတ် စေတသိက်တို့မှာ တစ်ဘက်တစ်လမ်း ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ တရား၊ အဲ့ဒီ ပရမတ္ထတရားတွေကို ဟောတော်မူတဲ့ ဒေသနာတော်။
အဲ့ဒီတော့ အဘိဓမ္မာဆိုတာ တခြားရှိတာ မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာရှိတဲ့ တရားတွေ၊ စိတ်ဆိုတာလဲ ဒီသန္တာန်မှာ ရှိတယ်၊ စေတသိက်တွေဆိုတာလဲ ဒီမှာပဲ၊ ရုပ်ဆိုတာလဲ ဒီမှာပဲ။
နိဗ္ဗာန်ရအောင် ကျင့်ထားရင် နိဗ္ဗာန်ဆိုတာလဲဒီမှာပဲ။ အဲ့ဒါကြောင့် ခန္ဓာကိုယ်ထဲရှိတဲ့ တရားတွေ ဟောထားတဲ့ ဒေသနာတော်၊ နိဗ္ဗာန်ကတော့ ကိုယ်ထဲ မရှိဘူးပေါ့၊ အပြင် ဘက်က ဗဟိဒ္ဓတရားလို့ ဒီ အဘိဓမ္မာ ဒေသနာတော်မှာပဲ ဟောထားတာ ရှိတယ်။
အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ သန္တာန်မှာ နေ့တိုင်းနေ့တိုင်း သွားလဲ ဒီရုပ်နာမ်တရားတွေ၊ ထိုင်လဲ ဒီရုပ်နာမ် တရားတွေ၊ အိပ်လဲ ဒီရုပ်နာမ်တရားတွေ၊ စားလဲ ဒီရုပ်နာမ် တရားတွေ။
အမြဲတမ်း ဖြစ်နေတဲ့ ရုပ်နာမ်တရားတွေကို ဟောတော်မူတဲ့ ဒေသနာတော်ဟာ ပရမတ္ထတရားတွေ ဟောတော်မူတဲ့ ဒေသနာတော်ဟာ အဘိဓမ္မာ ဒေသနာတော်၊ အဲ့ဒီတော့ ဒီမှာ ဟောထားတဲ့ တရားတွေ အကုန်ဖြစ်သလားဆိုတော့ ဒီလိုတော့ မဟုတ်ဘူး၊ တချို့ တရားတွေကတော့ ဖြစ်နေကျ တရားမဟုတ်ဘူး၊ တကယ် ကျင့်ကြံအားထုတ်မှ ဖြစ်ပေါ်လာရတဲ့ တရားတွေ။
ဥပမာအားဖြင့် အခု ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ရုပ်နာမ် တရားတွေ ဖြစ်နေတယ်၊ ကာမဝစရလို့ ခေါ်တဲ့ ကာမဘုံမှာ ဖြစ်နိုင်တဲ့ ရုပ်နာမ်တရားတွေ ဖြစ်နေတယ်။
တကယ်လို့ ရူပါဝစရခေါ်တဲ့ ရူပဘုံမှာ ဖြစ်နိုင်တဲ့ဈာန် တရားတွေ လိုချင်ရင်အဲ ... ကသိုဏ်း၊ အသုဘ၊ အနုဿတိ ဆိုတဲ့ ကမ္မဋ္ဌာန်းတွေ အားထုတ်ရတယ်၊ ကမ္မဋ္ဌာန်းတွေ အားထုတ်မှ ဈာန်တရားဆိုတဲ့ တရား တွေ့ရတယ်။
အဲ့ဒါကြောင့် အဲ့ဒီတရားတွေကတော့ အားထုတ်မှရတဲ့ တရား အားထုတ်ရင်၊ နည်းမှန်လမ်းမှန် အားထုတ်ရင် ပထမဈာန်- ဒုတိယဈာန်- တတိယဈာန်- စတုတ္ထဈာန်- အစရှိသော တရားတွေ ရတယ်။
အဲဒီထက် တစ်ဆင့်တက်ပြီးတော့ ကြိုးစားရင် ရုပ်နာမ် တရားတွေရဲ့ အနိစ္စသဘော၊ ရုပ်နာမ်တရားတွေရဲ့ ဒုက္ခ သဘော၊ အနတ္တသဘော၊ ဆင်ခြင်စဉ်းစား ရှုဆင်ခြင် ပွားများရင် ဝိပဿနာတရား အားထုတ်ရင် အဲ့ဒါ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ တရား တွေ့တာပဲ။
အဲ့ဒီ တရားတွေက ကြိုးစားမှ နောက်မှ ဖြစ်လာတဲ့ တရားတွေ၊ ဖြစ်ရိုးဖြစ်စဉ်ကတော့ ကာမာဝစရတရားတွေလို့ ခေါ်ရတဲ့ အကုသိုလ် ၁၂၊ အဟိတ်စိတ် ၁၈၊ ဟသိတုပ္ပါဒ် ဆိုတာက ဘုရားရဟန္တာတွေ ဖြစ်တာ ...
ကာမဝစရကုသိုလ်၊ ကာမဝစရဝိပါက် အဲဒီတရားတွေဟာ ဘုန်းကြီးတို့ သန္တာန်မှာ ဒကာ ဒကာမတွေ သန္တာန်မှာ ဖြစ်နေတဲ့ တရားတွေ၊ ဒီကတိုးပြီး ကြိုးစားမှ ခုနပြောတဲ့ ဈာန်တရား လိုချင်ရင် ဈာန်တရား ရနိုင်တယ်၊ မဂ်တရား ဖိုလ်တရား လိုချင် မဂ်တရားဖိုလ်တရား ရနိုင်တယ်၊ မဂ်တရား ဖိုလ်တရားရရင် နိဗ္ဗာန်လဲ မြင်တော့တာပဲ၊ နိဗ္ဗာန်လဲ ဆိုက်တော့တာပဲ။
ဒါကြောင့် အဘိဓမ္မာဆိုတာက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သန္တာန်မှာ အမြဲဖြစ်နေတဲ့ တရားတွေ၊ တစ်ဆင့် တိုးပြီး အားထုတ်ရင် ရနိုင်တဲ့တရားတွေ၊ မရနိုင်တဲ့ တရားရယ်လို့ ဘာမှ မရှိဘူး၊ ဈာန်လိုချင်ရင် ဈာန် ရနိုင်တယ်၊ အဘိဓမ္မာ ဟောထားတဲ့ ဈာန်တရား လိုချင်ရင် နည်းမှန် လမ်းမှန်သာ ကြိုးစားအားထုတ်၊ ဈာန်တရားတွေ ရနိုင်တယ်။
မဂ်တရား ဖိုလ်တရား လိုချင်ရင်လဲ နည်းမှန် လမ်းမှန် အတိုင်း ကျင့်ကြံအားထုတ်ရင် မဂ်တရား ဖိုလ်တရား ရနိုင်တယ်။ မဂ်တရား ဖိုလ်တရားရရင် နိဗ္ဗာန် ဆိုက်တော့တာပဲ။
အဲဒီတော့ ဖြစ်ရိုးဖြစ်စဉ် ကာမာဝစရ တရားတွေ၊ ကာမာဝစရ ဆိုတာက ခုန ပြောတဲ့ ကာမစိတ် တရားတင် မကသေးဘူး၊ စေတသိတ် တရားတင် မကသေးဘူး၊ ရုပ်တရားဟာလဲ ကာမာဝစရ တရားပဲ။
ဒါကြောင့် အဘိဓမ္မာဆိုတာက ဘုန်းကြီးတို့ ပုဂ္ဂိုလ်၊ အများပုဂ္ဂိုလ်တို့ရဲ့ သန္တာန်မှာ အထင်အရှား ဖြစ်ပွားနေတဲ့ တရားတွေ၊ ကျင့်လို့ရှိရင်လဲ ကျင့်တဲ့အတိုင်း တိုးတက် ရရှိနိုင်တဲ့ တရားတွေ၊ ဟောထားတဲ့ ဒေသနာတော်ကြီး၊ အဲ့ဒီ ဒေသနာတော်ကြီး ဟာ ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ်သာ ဟောတော်မူနိုင်တယ်၊ တခြား ပုဂ္ဂိုလ်ဟောကြားနိုင်တဲ့ ဒေသနာတော် မဟုတ်ဘူး၊ သဗ္ဗညုတဉာဏ်တော်ကြီးရဲ့ အရာ။
ဒါကြောင့် ဘုန်းကြီးတို့ အဲ ... နိဗ္ဗာန် လိုချင်လား၊ နိဗ္ဗာန် လိုချင်ရင် မဂ်ဖိုလ်ထိအောင် ကြိုးစားကြ၊ မဂ်ဖိုလ် ထိအောင် ဘာကြိုးစားကြရမတုံး၊ တခြားမဟုတ်ဘူး၊ ဒီ အဘိဓမ္မာပဲ။
ကိုယ်မှာ ဖြစ်နေတဲ့ ဒီရုပ်နာမ်တရားတွေ မြင်အောင် ဆင်ခြင်ရတယ်၊ ပွားများရတယ်၊ အဲသလို ပွားများလို့ ရှိရင် နောက်ဆုံး ဒုက္ခမြင်ရင် ရုပ်နာမ် မြင်တယ်၊ ဒုက္ခ မမြင်သေးရင် ရုပ်နာမ် မမြင်ဘူး၊ ရုပ်နာမ်မြင်ရင် အဲဒီရုပ် နာမ်တို့ရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ဆိုက်တာပဲ။
ဒါကြောင့် နိဗ္ဗာန်မြင်ချင်ရင် ပုထုဇဉ်ဘဝ လွတ်မြောက်အောင် ကြိုးစားကြရတယ်၊ အရိယာဘဝ ရောက်သွားရင် နိဗ္ဗာန် မြင်တော့တာပဲ။
ကောန မညတြ အရိယေဟိ၊
ပဒံ သမ္ဗုဒ္ဓု မရဟတိ။
ယံ ပဒံ သမ္မဒညာယ၊
ပရိနိဗ္ဗန္တိ အနာသဝါ။
အရိယေဟိ - အရိယာသခင် အရှင်မြတ်တို့ကို။
အညတြ - ကြဉ်ဖယ်ထားကြ၍။
ကော - အရိယာတို့မှ တစ်ပါး တခြား သာမန် ပုထုဇဉ် ပုဂ္ဂိုလ်မျိုးသည်။
ပဒံ - နိဗ္ဗာန်ဆိုတဲ့ တရားကို။
သမ္ဗုဒ္ဓုံ - ထိုးထွင်း၍ သိခြင်းငှာ။
အရဟတိ - ထိုက်ပါအံ့နည်း။
ယံ ပဒံ - အကြင် နိဗ္ဗာန်ဆိုတဲ့ တရားကို။
သမ္မဒညာယ - မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ကောင်းစွာ သိမြင်ကြကုန်၍။
အနာသဝါ - အာသဝေါလေးတန် ကင်းကွာကြကုန်သည် ဖြစ်၍။
ပရိနိဗ္ဗန္တိ - ပရိနိဗ္ဗာန် ဝင်စံ ရုပ်သိမ်း ငြိမ်းတော်မူကြရလေကုန်သတည်း။
နိဗ္ဗာန် ဆိုတာ အရိယာ ပုဂ္ဂိုလ်တို့သာ မြင်နိုင်တယ်။ အရိယာ ပုဂ္ဂိုလ်တို့မှ တစ်ပါး တခြား ပုဂ္ဂိုလ်တို့ မမြင်ရဘူး၊ နိဗ္ဗာန် မြင်ရပြီ ဆိုရင်လဲ ပြီးတာပဲ။ နိဗ္ဗာန်-မြင်ရပြီ ဆိုရင်လဲ တစ်ခါတည်း၊ ပရိနိဗ္ဗန္တိ - ဒုက္ခခပ်သိမ်း ချုပ်ငြိမ်း ကြရတယ်။ ဒါကြောင့် နိဗ္ဗာန်မြင်ဖို့ အဘိဓမ္မာ မြင်ရတယ်။ အဘိဓမ္မာမြင်မှ နိဗ္ဗာန်မြင်တယ်၊ ဒါကြောင့် အဘိဓမ္မာမြင်ဖို့ အရေးကြီးတယ်။
ဒီလိုဆိုတော့ အဘိဓမ္မာမြင်မှ နိဗ္ဗာန်မြင်တယ် ဆိုတော့ အဘိဓမ္မာမြင်ဖို့က ဘယ်မှာ ရှိလဲ - ဘုန်းကြီးတို့ သာသနာမှာသာ ရှိတာ။
အဲဒါကြောင့် သာသနာတော်မှာသာ ရှိတဲ့ အဘိဓမ္မာ၊ အဲဒီ အဘိဓမ္မာကို မြင်ချင်ရင် သာသနာတော်မှာ ရှာကြရတယ်၊ သင်အံကြရတယ်၊ လေ့ကျက်ကြရတယ်၊ နာကြား ကြရတယ်။
ကျင့်ကြရင် နိဗ္ဗာန် ဆိုက်တာပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားဟာ -
အာဒိကလျာဏ - အစ၏ ကောင်းခြင်းနှင့် ပြည့်စုံတယ်။
မဇ္ဈေကလျာဏ - အလယ်၏ ကောင်းခြင်းနှင့် ပြည့်စုံတယ်။
ပရိယောသာနကလျာဏ - အဆုံး၏ ကောင်းခြင်းနှင့် ပြည့်စုံတယ်လို့ ဆိုတယ်။
အစ၏ ကောင်းခြင်းနဲ့ ပြည့်စုံတယ် ဆိုတာ ဘာတုံး ဆိုတော့ သင်အံ နာကြားခြင်း ဆိုတဲ့ အခိုက်အတန့်မှာ ကောင်းတာကို ပြောတာ၊ ဘုရား တရားတော်တွေဟာ သဒ္ဒါအားဖြင့်လဲ လှ၊ အနက်အားဖြင့်လဲ လှတယ်။
သဒ္ဒါအားဖြင့်လဲ လှတယ် ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ်တွေ့ပဲ၊ ဓမ္မကထိကတွေ ဟောကြတယ်၊ ပါဠိတော် ဟောစဉ် ဆိုပြီး ပါဠိတော်ကြီးဟော၊ သာယာဖွယ်ရာ အသံဖြင့် ရွတ်ဆိုပြီးတော့ ဟောကြတယ်။
အဲ့ဒီတော့ ရွတ်ဆိုတဲ့ အခါမှာ ကြည်နူးကြရတယ်၊ နှစ်သက်ကြရတယ်၊ သဒ္ဓါပွားကြ ရတယ်၊ အဲ့ဒါ ဘာကြောင့်တုံး၊ ဓမ္မကထိကတွေက စွမ်းလို့လား ဆိုတော့ အဲ့ဒီ ဓမ္မကထိကတွေ စွမ်းတာလဲ ပါတယ်။
ဒါပေမယ့် ပင်ကိုယ်ဘုရားဟော ဒေသနာရဲ့ ပုဒ် ပါဌ် အက္ခရာတွေကိုက အစီအစဉ် ကောင်းတယ်၊ လှပတယ်၊ စကား လှပတယ်၊ သာယာတယ်၊ ဘုန်းကြီး စောစောက တစ်ခါတုန်းက မိထွေးတော် ဂေါတမီ ထေရီအကြောင်း ဟောတော့ ဟောခဲ့ သေးတယ်။
မဓုရာနိ ပဟဋ္ဌာနိ၊
ဒေါသဂ္ဃါနံ ဟိတာနိစ။
ယေ တေ ဝါကျာနံ သုဏန္တိ၊
တေပိ ဓညာ နရုတ္တမ။
နရုတ္တမ - သတ္တဝါတို့ထက် မြတ်တော်မူသော ရှင်တော်မြတ်ဘုရား။
တေ - ရှင်တော်မြတ်ဘုရား၏။
မဓုရာနိ - ကြားရလျှင် နားဝင် ချိုမြလှကုန်သော။
ပဟဋ္ဌာနိ - နှစ်သက် ရွှင်လန်း ဝမ်းမြောက် စေတတ်တုန်သော။
ဒေါသဂ္ဃါနိ - အပြစ်ဒေါသတို့ကို ဖျက်ဆီးတတ်ကုန်သော။
ဟိတာနိစ - အစီးအပွားတို့ကို ရွက်ဆောင်တတ်ကုန်သော။
ယေ တေ ဝါကျာနိ - အကြင် စကားတို့ကို။
သုဏန္တိ - ကြားနာကြရကုန်၏။
တေ - ထို ရှင်တော်မြတ်ဘုရား၏ သာယာလှတဲ့ ချိုသာလှတဲ့ နှစ်သက်ဖွယ် ကောင်းတဲ့ စကားတို့ကို တရားတို့ကို ကြားနာရတဲ့ ပုဂ္ဂိုလ်တို့သည်။
ဓညာ - ရှေးဘုန်းကံ ထက်သန်ထူးချွန် လူမွန်လူမြတ်တို့ ဖြစ်ကြပါပေကုန်သတည်း။
မိထွေးတော် ဂေါတမီ ထေရီမကြီးမ ရှင်တော်မြတ်ဘုရား တရား ကြားနာရတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုန်းကံ ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေပါဘုရားလို့ လျှောက်ထားတယ်။
ဘာဖြစ်လို့တုံး ဆိုတော့ တရားတော်ဟာ ချိုသာတယ်။ ကြားနားရတဲ့ ပုဂ္ဂိုလ်ကို နှစ်သက် ရွှင်လန်း စေတတ်တယ်။ အပြစ် ဒေါသတွေကိုလဲ ပယ်ဖျောက်တတ်တယ်၊ အစီးအပွား ချမ်းသာတွေကိုလဲ ဖြစ်စေတတ်တယ်လို့ အဲဒါ အစ ကောင်းခြင်းပဲ။
သင်ယူရတဲ့ အခါမှာ နှစ်သက်ရတယ်၊ ကြည်နူးရတယ်၊ ဝမ်းမြောက်ရတယ်၊ ကြားနာရတဲ့အခါ နှစ်သက်ရတယ်၊ ကြည်နူးရတယ်၊ ဝမ်းမြောက်ရတယ်၊ ဘာဖြစ် လို့တုံးဆိုတော့၊ ခုန ပြောသလို စကားလုံးကလဲ လှတယ်။ ရွက်ဖတ်တဲ့ အခါလဲ သာယာဖွယ် ကောင်းအောင် ရွတ်ဆိုလို့ရတယ်။
ဘာသာဝေါဟာရ မှန်သမျှ ဘာသာ ဝေါဟာရတိုင်း ဒီလို သာယာဖွယ် ဖြစ်အောင် ရွတ်ဆိုလို့ရတာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ် တရားတော် တွေဟာ သဒ္ဒါကလဲလှပ၊ အနက်ကလဲ လှပတယ်၊ အနက်ကလဲ အကျိုး ရှိတဲ့ အနက်တွေ၊ လောကမှာ တောရမ်းမယ့်ဘွဲ့ ထင်ရာ ရေးထားတဲ့ အနက်တွေဆိုရင် ထင်ရာပြောထားတဲ့ အနက်တွေ ဆိုရင် သာယာဖွယ် ဘယ်ရှိမှာလဲ။
ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားတွေကတော့၊ မွန်မြတ်တဲ့ အကျိုးစီးပွားကို ဖြစ်စေတတ်တဲ့ အနက်တွေ အဓိပ္ပါယ်နဲ့ ဟောထားတဲ့ တရားတွေမို့လို့ အဲဒီအနက်ကို သိရတဲ့အခါ အဓိပ္ပာယ်ကို သိရတဲ့အခါ ရွှင်မြူးရတယ်၊ နှစ်သက်ရတယ်။ ကြည်နူး ရတယ်၊ အဲ့ဒါ အစ၏ ကောင်းခြင်းပဲ။
ကြားနာရတဲ့ အခါ၊ သင်ယူရတဲ့ အခါ၊ လေ့လာရတဲ့ အခါ၊ နှစ်သက်ရ-ရွှင်မြူးရ-ကြည်နူးရတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုလဲ ကြည်ညိုရတယ်၊ အဲ့ဒါ အစ၏ ကောင်းခြင်းပဲ။
အလယ်၏ ကောင်းခြင်း ဆိုတာကတော့၊ ကျင့်ကြံရတဲ့ အခါ အဲ့ဒီတရားတွေ မိမိ လေ့လာရလို့ သင်ကြားရလို့ နားလည်တဲ့ အခါ၊ ကျင့်ရတဲ့ အခါမှာ၊ တရားက တက်လေ ကြည်နူးရလေ၊ နှစ်သက်ရလေ၊ ဝမ်းမြောက်ရလေ။
တစ်နေ့က ဘုန်းကြီးတစ်ခါ ရွတ်သွားပြီး၊ ကမ္မဋ္ဌာန်းခွင်က ဥဒယဗ္ဗယဉာဏ်ပေါက်လို့၊ ကမ္မဋ္ဌာန်းခွင် စခန်းဝင်နေတဲ့ ပုဂ္ဂိုလ်ဟာ၊ လူ့အပျော်မျိုးတွင် ဘယ်အပျော်နဲ့မှ မတူတဲ့ အပျော်ရတယ်၊ နှစ်သက်မှုမျိုး ကြုံရတယ် ဆိုတာ တလောဆီက ဟောခဲ့တယ်။
အဲ့ဒါကြောင့်မို့လို့ ကျင့်ကြံရတဲ့ အခါမှာလဲ နှစ်သက်ရတယ်၊ ကြည်နူးရတယ်၊ ချမ်းမြေ့ ရတယ်၊ သဒ္ဓါ-ပညာ စသော ကောင်းမြတ်သော တရားတွေ ပီတိ ပဿဒ္ဓိ စသော အေးငြိမ်း စေတတ်တဲ့ တရားတွေ ဖြစ်လာရတယ်။
ဒီအခါ စိတ်တွေ အေးငြိမ်း ချမ်းသာတယ်၊ စိတ်အေးတော့ ရုပ်လဲ အေးငြိမ်းတယ်။
အဲ့ဒီ အခါမှာ ဘယ်အပျော်မျိုးနဲ့မှ မလဲနိုင်ဘူး၊ လူ့ အပျော်မျိုးနဲ့လဲ မလဲနိုင်ဘူး၊ နတ် အပျော်မျိုးနဲ့လဲ မလဲနိုင်လောက်အောင် နှစ်သက်ရ ပျော်ရွှင်ရတယ်၊ ဒါကြောင့် အလယ်၏ ကောင်းခြင်းကလဲ အနှိုင်းအဆ မရှိဘူး။
အဆုံး၏ ကောင်းခြင်းကျတော့ ပြောစရာ မရှိဘူး၊ မိမိတို့ ကြိုးစား အားထုတ်လို့ ပေါက်ရောက်သွားပြီး ဆိုလို့ရှိရင် မဂ်ဆိုက်တယ်၊ ဖိုလ်ဆိုက်၊ နိဗ္ဗာန်ဆိုက် ရပြီ ဆိုရင်၊ အဲ့ဒီအခါမှာ ကြုံရတဲ့ အရသာ သာယာဖွယ်ကတော့ ပြောစရာ မရှိဘူး။ ဒါကြောင့် အစ ကောင်းခြင်း၊ အလယ်ကောင်းခြင်း၊ အဆုံး ကောင်းခြင်းနဲ့ ပြည့်စုံတော်မူတဲ့ တရားတော်။
အဲဒီတရားတော်တွေ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားထုတ်ရတာမို့လို့၊ ကျင့်ကြံရတာမို့လို့၊ သင်ကြားရတာမို့လို့ လေ့လာရတာမို့လို့ နာယူရတာမို့လို့၊ ခုန မိထွေးတော် ဂေါတမီကြီး လျှောက်ထားတဲ့အတိုင်း ဘုန်းကံရှိကြတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒါ သာသနာတော်မှာ သာသနာနဲ့ ကြုံကြိုက်ရဲ့သားနဲ့ သာသနာတော်မှာ တွေ့နိုင်တဲ့ နိဗ္ဗာန်ဆိုတဲ့ တရားကြီးကို သာသနာပြင်ပမှာ ရှာလို့ ဘယ်တော့မှ မရဘူး။
တချို့ အဲ့ဒီလို ပြင်ပမှာ ရှာကြတယ်၊ ဒီ ခေတ်မှာ မပြောနဲ့ ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်တုန်းက၊ ဘုရားရှင်ရဲ့ တပည့် ဘုရားရှင် အနားနေတဲ့ ပုဂ္ဂိုလ် ရဟန်းတစ်ပါး၊ အဲဒီ ရဟန်း တစ်ပါးဟာ ဒီတရား နားမလည်တဲ့၊ ဒီတရား မရှိတဲ့ အခြားနေရာ သွားရှာဖူးတာ ရှိတယ်၊ ဘုန်းကြီးတို့ သီလက္ခန်ပါဠိတော်မှာ၊ ကေဝဋ္ဋသုတ် ဆိုတာ ရှိတယ်။
အဲဒီ ကေဝဋ္ဋဆိုတဲ့ သုတ်မှာ မဟာဘုတ်ချုပ်ရာ တရားရှာတဲ့ ရဟန်း အကြောင်း နည်းနည်း ဘုန်းကြီး အကျဉ်းချုပ် ပြောပါတော့မယ်။
ရဟန်း တစ်ပါး၊ သူကတော့ တန်ခိုးရှင်၊ တန်ခိုးဘက်ကတော့ ပေါက်နေတယ်။ ဈာန်တွေ ရနေတယ်၊ အဘိညာဉ်ရနေတယ်၊ သို့သော် နိဗ္ဗာန်တော့ မရသေးဘူး။
တစ်နေ့ကျတော့ သူ စဉ်းစားတယ်၊ မဟာဘုတ်ကြီးတွေ မဟာဘုတ်ဆိုတဲ့ တရားတွေချုပ်ရာ ဘယ်မှာပါလိမ့်၊ ဘယ်မှာ ရှိပါလိမ့်ဆိုပြီးတော့ စိတ်ကူးတော့ သူက နတ်ကိုအထင်ကြီးနေတော့ ဒီ နတ်တွေတော့ သိလိမ့်မယ် ထင်တယ်၊ ငါသွားပြီး မေးဦးမှပဲ ဆိုပြီးတော့ တန်ခိုးရတော့ တန်ခိုးနဲ့ နတ်ပြည် နတ်လမ်း၊ နတ်ပြည် ရောက်ကြောင်းလမ်းနဲ့ စတုမဟာရာဇ် နတ်ပြည် ထွက်သွားတယ်၊ တက်သွားတယ်။
နတ်ပြည် ရောက်ကြောင်းလမ်း ဆိုတာကတော့ တခြား မဟုတ်ပါဘူး၊ ဘုန်းကြီးတို့ ဣဒ္ဓိဝိဓခေါ်တဲ့ အဘိညာဉ်ပဲ။ ဣဒ္ဓိဝိဓ အဘိညာဉ်ဆိုတာ တန်ခိုး အမျိုးမျိုး ဖန်ဆင်း နိုင်တဲ့ အဘိညာဉ်၊ တစ်ယောက်က အများဖြစ်၊ အများက တစ်ယောက် ဖြစ်၊ ကိုယ်ထင်ရှားပြ၊ ကိုယ်ပျောက်ပြ။
နံရံ တစ်ဘက်၊ သမုဒ္ဒရာ တစ်ဘက်၊ တောင်တစ်ဘက် သွားနိုင်၊ ရေပေါ် လျှောက်နိုင်၊ ကောင်းကင်ပျံနိုင် စသည့်ဖြင့် တန်ခိုးတွေ -တန်ခိုးတွေ၊ အဲဒီ တန်ခိုးတွေကို ဣဒ္ဓိဝိဓ အဘိညာဉ် ခေါ်တယ်။
အဲဒီ ဣဒ္ဓိဝိဓ အဘိညာဉ်ကိုပဲ နတ်လမ်းလို့ ဆိုတယ်။ အဲဒီ နတ်လမ်းနဲ့ ပျံတက် သွားတယ်။
နတ်ပြည် ရောက်တော့၊ စတုမဟာရာဇ်နတ်တွေကို နတ်မင်းကြီးတွေတော့ မဟုတ်သေးဘူး၊ ပထမ နတ်ပြည် ရောက်တော့ စတုမဟာရာဇ် နတ်တွေနဲ့ တွေ့ရတယ်၊ တွေ့ရ တော့ စတုမဟာရာဇ်နတ်တွေကို မေးတယ်၊ မဟာဘုတ်ကြီး လေးပါး အကြွင်းမဲ့ ချုပ်ငြိမ်းရာဟာ ဘယ်မှာတုံးလို့ ဆိုတော့ မဟာဘုတ်ကြီး ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြားဖူးပါတယ်။
ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်ကို ဓာတ်ကြီးလေးပါးပဲ ခေါ်တယ်၊ မဟာဘုတ်လေးပါးလဲ ခေါ်တယ်၊ အဲဒီမဟာဘုတ်လေးပါး အကြွင်းမဲ့ ချုပ်ရာဆိုတာ နိဗ္ဗာန်ပဲ၊ အဲ့ဒီနိဗ္ဗာန်ကိုသူ မေးတာ။
မဟာဘုတ်လေးပါး အကြွင်းမဲ့ချုပ်ရာ ဘယ်မှာတုံးလို့ မေးတော့ စတုမဟာရာဇ် နတ်တွေက ဟာ ... အရှင်ဘုရား တပည့်တော်တို့ မသိဘူး၊ ဒါပေမယ့် နတ်မင်း လေးယောက်တော့ သိမလား မသိဘူး၊ တပည့်တော်တို့ထက် တန်ခိုးကြီးတယ်၊ နတ်မင်းကြီးလေးပါးဆီ သွားပါဆိုတော့ ကိုယ်တော်က နတ်မင်းကြီးလေးပါးဆီ သွားတယ်။
ဟိုကျ မေးပြန်ရော၊ ဟာ … တပည့်တော်တို့ ဒါမသိဘူး၊ သိကြားမင်းကြီးကတော့ တပည့်တော်တို့ထက် တန်ခိုးကြီးတယ်၊ သူက အသိဉာဏ်လဲ ရှိတယ်၊ သိကြားမင်းကြီးတော့သိမလား မသိဘူးလို့ သိကြားမင်းဆီ ညွှန်လိုက်တော့ တစ်ခါ သိကြားမင်းဆီ သွားပြန်ရော။
သိကြားမင်းဆီသွားတော့ သိကြားမင်းကြီးကတော့ သိတယ်၊ ဒီကိုယ်တော် နယ်လွန်လာပြီ၊ တကယ့်နေမင်းကြီး ရှိလျက်သားနဲ့ ပိုးစုံကြူးကို လာ အထင်ကြီးတယ်၊ တကယ်တော့ ကိုယ်တော် … ကိုယ်တော် မှားတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ရှိလျက်သားနဲ့ ကိုယ်တော် နယ်လွန်လာတာပဲလို့ ပြောလိုက်ရင်လဲ ဖြစ်သား။
ဒါပေမယ့် ဒီကိုယ်တော် ဒီလောက် နယ်ကျူးလာတော့ သူ့ကို ပင်ပန်းအောင်တော့ လုပ်ဦးမှပဲ ဆိုပြီးတော့ ဒီ ချုပ်ငြိမ်းရာ ဆိုတာ တပည့်တော် မသိပါဘူး၊ ဒါပေမယ့် တပည့်တော်ရဲ့ အထက် တာဝတိံသာနတ်တွေ သိလိမ့်မယ်လို့ ညွှန်းလိုက်ပြန်တယ်၊ ဒါနဲ့ တာဝတိံသာ နတ်တွေဆီသွားတယ်။
တာဝတိံသာက ယာမာ၊
ယာမာက တုဿိတာ၊
တုသိတာက နိမ္မာနရတိ၊
နိမ္မာနရတိက ပရနိမ္မိတဝသဝတ္တီ၊
အဆင့်ဆင့် ညွှန်းပေးနေတော့ ကိုယ်တော်လဲ ညွှန်းပေးတိုင်း၊ တက်မေးတယ် မေးနေတော့ ဘယ်သူမှလဲ မသိဘူး၊ ဘယ်သိနိုင်မတုံး၊ သာသနာတော်မှာသာ သိနိုင်တဲ့ နိဗ္ဗာန်တရားကြီး။
မဟာဘုတ်တရား ချုပ်ငြိမ်းရာဆိုတာ သာသနာတော်မှာမှ ရှိတာ သာသနာတော် မှာတော့ သူမရှာဘူး၊ တခြား မရှိတဲ့ နေရာ သွားရှာနေတာ။
အဲ... နောက်ဆုံး ပရနိမ္မိတ ဝသတ္တီနတ်တွေက တပည့်တော်တို့ မသိဘူးဆိုတော့၊ ဟော.. ဗြဟ္မာတွေကတော့ တပည့်တော်ထက် တန်ခိုးကြီးတယ်၊ သူတို့သိမလား မသိဘူး ဆိုတော့ အဘိညာဉ်ဝင်စားပြီး ဗြဟ္မာပြည် တက်လိုက်ပြန်တယ်။
ဗြဟ္မာတွေနဲ့တွေ့လို့ မေးပြန်တော့ ဟာ... အရှင်ဘုရားမေးတဲ့ မဟာဘုတ်လေးပါး ချုပ်ငြိမ်းရာ တပည့်တော်တို့ မသိဘူး၊ သို့သော် တပည့်တော်တို့ထက် တန်ခိုးကြီးတဲ့ မဟာဗြဟ္မာကြီးဆိုတာ ရှိတယ်၊ အဲ့ဒီမဟာဗြဟ္မာကြီးတော့ သိမလား မသိဘူး ကိုယ်တော်လို့ဆိုတော့ ဒါဖြင့် အဲဒီ မဟာဗြဟ္မာကြီးဟာ ဘယ်မှာတုံး။
မဟာဗြဟ္မာကြီးကိုတော့ တပည့်တော်တို့ မမြင်ရဘူး၊ ဒါပေမယ့် တစ်ခါတစ်ခါ အဲဒီ မဟာဗြဟ္မာကြီး ကြွလာမယ် ဆိုရင် ရှေးဦးစွာ ရောင်နီဦးလေး ပေါ်လာတယ်။ အလင်းရောင်လေး ပေါ်လာတယ်၊ အဲဒီ အလင်းရောင်လေးဟာ ဗြဟ္မာကြီး ပေါ်လာ မယ့် အထိမ်းအမှတ်ပဲ။
အဲဒါ ကြည့်ပြီးတော့ တပည့်တော်တို့ ဗြဟ္မာကြီးလာပြီ လို့ သိရတယ်-ဆိုတော့ အဲဒါနဲ့ သူ စောင့်စားနေတုန်း မကြာခင် ဗြဟ္မာကြီးရဲ့ ပုဗ္ဗနိမိတ် ရှေ့ပြေး အရိပ်အယောင် အရောင် အလင်းလေး ပေါ်လာတယ်။
ပေါ်လာတော့၊ အဲဒီ အရောင်လေးနဲ့ စောင့်နေတော့ ဗြဟ္မာကြီး ပေါ်လာတယ်၊ ဗြဟ္မာကြီး ပေါ်လာတော့ ဗြဟ္မာကြီးကို မေးတယ်၊ အရှင် ဗြဟ္မာကြီး၊ မဟာဘုတ် လေးပါး အကြွင်းမဲ့ ချုပ်ငြိမ်းရာဌာနကို ပြောစမ်းပါဆိုတော့ ဗြဟ္မာကြီးက သူလဲ မသိဘူး။
မသိပေမယ့် သူက မသိဘူးလို့ မပြောချင်ဘူး၊ ဘာဖြစ်လို့တုံး ဆိုတော့ ဗြဟ္မာလေးတွေ အထင်သေးမှာစိုးလို့၊ အဲဒီတော့ သူက ဘေးလွှဲပြီးတော့ စကားဖာ ပြီးတော့ ပြောတယ်။
ရှင်ရဟန်း၊ တပည့်တော်ဟာ ဗြဟ္မာဖြစ်တယ်၊ ဗြဟ္မာမှ သာမန်ဗြဟ္မာ မဟုတ်ဘူး၊ မဟာဗြဟ္မာကြီး ဖြစ်တယ်။
အဘိဘူ - သူတစ်ပါးတို့ကို လွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ်။
အနဘိ ဘူတော - မိမိက အလွှမ်းမိုး မခံရတဲ့ ပုဂ္ဂိုလ်။
အညဒတ္တု - စင်စစ်။
ဒဿော - အကုန်လုံး မြင်နိုင်တဲ့ ပုဂ္ဂိုလ်။
ကတ္တာ - သတ္တဝါတွေကို ဖန်ဆင်းတတ်တဲ့ ပုဂ္ဂိုလ်။
အဲ့ဒီလို သူ့ ဂုဏ်တွေကို သူချီးမွမ်းနေတယ်။ သူ့ဂုဏ်တွေကို သူ ဖော်ပြောနေတယ်။
ပြောနေတော့ ရဟန်းက မဟုတ်ဘူး ဗြဟ္မာကြီး၊ ဘုန်းကြီးက ဒါတွေ မေးနေတာ မဟုတ်ဘူး၊ ဗြဟ္မာကြီးရဲ့ ဂုဏ်ပုဒ်တွေ မေးနေတာ မဟုတ်ဘူး၊ မဟာဘုတ် လေးပါး ဘယ်မှာချုပ်သတုံးလို့ မေးနေတာ။ မဟာဘုတ် လေးပါး ချုပ်ငြိမ်းရာကို မေးနေတာ ဆိုတော့ အဲ့ဒီ ကိုယ်တော် ငါမဖြေရင် သွားမှာ မဟုတ်ဘူး ဆိုပြီးတော့ ဗြဟ္မာကြီးက သူ့ လက်မောင်းလေး ဆွဲပြီးတော့ ဗြဟ္မာလေးတွေ ကွယ်ရာကို ခေါ်သွားတယ်။
ခေါ်သွားပြီးမှ၊ ကိုယ်တော် … အင်မတန်မှားတယ်၊ ဘုရား ရှိလျက်သားနဲ့ ဘုရား ကျော်ပြီးတော့ ဒီလာမေးတာကိုကပဲ ကိုယ်တော်ရဲ့ လမ်းမှား၊ အလုပ်မှားတာ၊ ကိုယ်တော်ရဲ့ ချို့ယွင်းချက်ပဲ။
ဒီတော့ ကိုယ်တော် ဘုရားရှင် ကိုယ်တော်မြတ်ဆီသာ ပြန်ကြွ၊ ဘုရားရှင် ကိုယ်တော်မြတ်ဆီသာ မေးလို့ ညွှန်လိုက်ပြီးတော့မှ ဒီတင် ရဟန်းလဲ သတိရပြီးတော့ ချက်ချင်းပြည် ပြန်ဆင်းလာပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားပြီး လျှောက်ထားတယ်တဲ့။
မြတ်စွာဘုရား မဟာဘုတ် လေးပါးဟာ ဘယ်မှာ အကြွင်းမဲ့ ချုပ်ငြိမ်းပါသတုံး ဘုရားလို့ လျှောက်ထားတဲ့အခါ ကျတော့ ဘုရားရှင်က သိတယ်။ ဒီ ရဟန်းဟာ နတ်ပြည်တွေ၊ ဗြဟ္မာပြည်တွေ အနှံ့ လျှောက်လည်ပြီးပြီ ဆိုတာ သိတယ်။
သိတော့ ရဟန်းကို ဘာအမိန့်ရှိသတုံး ဆိုတော့ ...
ရဟန်း - ရှေးကတုန်းက သမုဒ္ဒရာသွားတဲ့ ကုန်သည်တွေရှိတယ်။ အဲဒီ ကုန်သည် တွေဟာ သမုဒ္ဒရာထဲမှာ ကမ်းမမြင်လမ်းမမြင် ဖြစ်နေတဲ့အခါ သူတို့ ဘာလုပ်ကြသတုံး ဆိုတော့ သူတို့ မွေးမြူ ဆောင်ထားကြတဲ့ ငှက်ကလေးကို လွှတ်ပေးကြတယ်။
အဲ့ဒီ ငှက်ကလေးဟာ ကမ်းမြင်လို့ရှိရင် တစ်ခါတည်း စွတ်ပြီးတော့ ကမ်းရောက်အောင် ပျံသွားတယ်၊ ကမ်းမမြင်လို့ရှိရင် လှေဆီကိုပဲ ပြန်ပြီး ရောက်လာတယ်၊ လှေမှာပဲ ပြန်ပြီးနားတယ်။
အဲ့ ဒါလိုပဲ အသင် ရဟန်းဟာလဲပဲ တကတည်း နတ်ပြည် ဗြဟ္မာပြည် ကမ်းမမြင်တဲ့ ငှက်ကလေးလို နတ်ပြည် ဗြဟ္မာပြည် အနှံ့ရောက်ပြီးတော့ ယခု နောက်ဆုံးကျတော့ ငါဘုရားထံပဲ ပြန်ရောက်လာရတယ်။
ကမ်းကြည့်ငှက်လိုပဲ သင်ဟာ ငါ ဘုရားထံပဲ ပြန်ရောက်လာရတယ် ဆိုပြီးတော့၊ အဲ-သူ့ အမေးကိုလဲ ပြင်တယ်၊ ဒီလို မမေးရဘူး၊ ပြဿနာဆိုတာ ဒီလိုမမေးရဘူး အသင် ရဟန်း မေးတာက မဟာဘုတ် ဆိုတော့ လူ အတွင်းက မဟာဘုတ် တင်မကဘူး၊ ဘေးကဟို .. သစ်ပင်တို့ တောတောင်တို့ ဗဟိဒ္ဓက မဟာဘုတ်တွေလဲ ပါတယ်၊ အဲ့ဒီ မဟာဘုတ်ရဲ့ ချုပ်ရာ ဆိုတာတော့ မရှိဘူး၊
တကယ် မဟာဘုတ်တွေရဲ့ ချုပ်ငြိမ်းရာ ဆိုတာကတော့ ခန္ဓာကိုယ်မှာ ရှိတဲ့ မဟာဘုတ်တွေရဲ့ ချုပ်ငြိမ်းရာသာ ရှိတယ်၊ ဒါကြောင့်မို့လို့ ပြဿနာကို ဒီလို မမေးရဘူး၊ ဟောဒီလို မေးရတယ် ဆိုပြီးတော့ ...
ကတ္ထ အာပေါစ ပထဝီ၊
တေဇော ဝါယော န,ဂါဓတိ။
ကတ္ထ ဒီဃဉ္စ ရဿဉ္စ၊
အဏုံ ထူလာ သုဘာသုဘံ။
ကတ္ထ နာမဉ္စ ရူပဉ္စ၊
အသေသံ ဥပရုဇ္ဈတိ။
လို့ မေးနည်း သင်ပြတယ်။
ကတ္ထ - အဘယ် တရား၌။
အာပေါစ - ရေဓာတ်ဆိုတဲ့ အာပေါဓာတ်သည် လည်းကောင်း။
တေဇောစ - မီးဓာတ် ဆိုတဲ့ အပူ တေဇာဓာတ်သည် လည်းကောင်း။
ဝါယောစ - လေဓာတ် ဆိုတဲ့ တွန်းကန်တတ်တဲ့ ဝါယောဓာတ်သည် လည်းကောင်း။
ပထဝီစ - မြေဓာတ်ဆိုတဲ့ ခက်မာတဲ့ သဘောတရား ပထဝီဓာတ်သည် လည်းကောင်း။
အဏုံ - သေးငယ်တဲ့ ဝတ္ထုသည် လည်းကောင်း။
ထူလံ - ကြီးကျယ်တဲ့ ဝတ္ထုသည် လည်းကောင်း။
ဒီဃဉ္စ - ရှည်မြောတဲ့ အရာဝတ္ထုသည် လည်းကောင်း။
ရဿဉ္စ - တိုတဲ့ အရာဝတ္ထုသည် လည်းကောင်း။
သုဘံ - တင်တယ်တဲ့ အရာဝတ္ထုသည် လည်းကောင်း။
အသုဘဉ္စ - မတင့်တယ်တဲ့ အရာဝတ္ထုသည် လည်းကောင်း။
နာမဉ္စ - နာမ်တရားသည် လည်းကောင်း။
ရူပဉ္စ - ရုပ်တရားသည် လည်းကောင်း။
အသေသံ - အကြွင်းမဲ့။
ဥပရုဇ္ဈတိ - ချုပ်ငြိမ်းသနည်း။
အဲ့သလို မေးရမယ်လို့ ဘုရားရှင် ကိုယ်တော်မြတ်က မေးနည်း သင်ပြတယ်။ သင်ပြပြီးတော့မှ အဲ့ဒီနောက် အဖြေ ပေးတော် မူတယ်။
ယတ္ထ အာပေါစ ပထဝီ၊
တေဇော ဝါယော နဂါဓတိ။
ယတ္ထ ဒီဃဉ္စ ရဿဉ္စ၊
အဏုံ ထူလံ သုဘာ သုဘံ။
ယတ္ထ နာမဉ္စ ရူပဉ္စ၊
အသေသံ ဥပရုဇ္ဇတိ။
ဝိညာဏ အနိဒဿနံ၊
အနန္တ သဗ္ဗတော ပဘံ။
ဘုရားရှင် ကိုယ်တော်မြတ်က အဖြေ ပေးတော်မူတယ်၊ နော်။ မဟာဘုတ် လေးပါး အကြွင်းမဲ့ ချုပ်ငြိမ်းရာ ဆိုတော့ ဝိညာဏ်-ဝိညာဏ ဆိုတဲ့ နိဗ္ဗာန်ပဲ။
ဝိညာဏံ - မဂ်တရား ဖိုလ်တရားဆိုတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုတဲ့ ထူးသော ဉာဏ်ဖြင့် သိအပ်သော။
အနိဒဿနံ - မမြင်လဲ မမြင်ကောင်းသော၊ နှိုင်းခိုင်းစရာ ညွှန်ပြစရာ ဥပမာလဲ မရှိထသော။
အနန္တံ - အစအဆုံး ဆိုတဲ့ အပိုင်းအခြားလဲ မရှိထသော။
သဗ္ဗတော ပဘံ - ထိုနိဗ္ဗာန်သို့ ဝင်ရာကမ္မဋ္ဌာန်း အမျိုးမျိုး တည်းဟူသော ဆိပ်ကမ်း တွေလဲ ရှိပေထသော။
ယံ နိဗ္ဗာနံ - အကြင်နိဗ္ဗာန်ဆိုတဲ့ တရားသည်။
အတ္ထိ - ရှိ၏။
ဧတ္ထ - ဤ နိဗ္ဗာန်ဆိုတဲ့ တရား၌။
အာပေါစ - ရေဓာတ်ဆိုတဲ့ အာပေါဓာတ်သည် လည်းကောင်း၊
ပထဝီစ - ခက်မာမှု မြေဓာတ်သည် လည်းကောင်း၊
တေဇောစ - အပူဓာတ်ဆိုတဲ့ တေဇောဓာတ်သည် လည်းကောင်း။
ဝါယောစ - လေဓာတ်ဆိုတဲ့ တွန်းကန်တဲ့ဓာတ်သည် လည်းကောင်း၊
ဧတ္ထ - ဤနိဗ္ဗာန်ဆိုတဲ့ တရားမြတ်၌။
အဏုံ - သေးငယ်တဲ့ ဝတ္ထုသည် လည်းကောင်း၊
ထူလံ - ကြီးမားသော အရာဝတ္ထုသည် လည်းကောင်း။
ဒီဃဉ္စ - ရှည်သော အရာဝတ္ထုသည် လည်းကောင်း။
ရဿဉ္စ - တိုသော အရာဝတ္ထုသည် လည်းကောင်း။
သုဘံ - တင့်တယ်တဲ့ အရာဝတ္ထုသည် လည်းကောင်း။
အသုဘံ - မတင့်တယ်တဲ့ အရာဝတ္ထုသည် လည်းကောင်း။
န,ဂါဓတိ - ထောက်တည်ရာ မရှိပါပေ။
ဧတ္ထ - ဤ နိဗ္ဗာန်ဆိုတဲ့ တရား၌။
နာမဉ္စ - နာမ် ဆိုတဲ့ တရားသည် လည်းကောင်း။
ရူပဉ္စ - ရုပ် ဆိုတဲ့ တရားသည် လည်းကောင်း။
အသေသံ - အကြွင်းမဲ့။
ဝါ - ဘာမှမကျန်အောင်။
ဥပရုဇ္ဈတိ - ဆီမီး ငြိမ်းသလို လုံးဝရုပ်သိမ်း ချုပ်ငြိမ်းရပါပေတော့သတည်း။
အဲ... အသင် ရဟန်း မေးတဲ့ နာမ်ရုပ်တွေ ချုပ်ငြိမ်းရာ ဆိုတာဟာ အရိယာ ဉာဏ်ဖြင့်သာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့်သာ သိရတဲ့ နိဗ္ဗာန်၊ ဝိညာဏ၊ ပြီးတော့ အနိဒဿန-ပုံတူပြစရာ မရှိဘူး။
ဘယ်မှာရှိမှာတုံး၊ ပုံတူပြစရာ ဆိုတော့ အထည်ဝတ္ထုရှိတဲ့ ရုပ်နာမ်မှာသာ ပုံတူ ပြစရာ ရှိတယ်၊ နိဗ္ဗာန်ဆိုတာ အထည် ဝတ္ထု မရှိဘူး၊ ချုပ်ငြိမ်းမှု သန္တိဓာတ်ပဲ၊ ဒါကြောင့်မို့လို့ ၊ အ,နိ ဒဿနံ - ပုံတူပြစရာလဲ မရှိ။ အနန္တံ - အစအဆုံး ဆိုတဲ့ အပိုင်း အခြားလဲ မရှိ။
ရုပ်တရား နာမ်တရားမှာ အစအဆုံးဆိုတဲ့ အပိုင်း အခြားရှိတယ်။ ဖြစ်မှု ဆိုတဲ့ အစ အပိုင်းအခြား၊ ပျက်မှုဆိုတဲ့ အဆုံး အပိုင်းအခြား ရှိတယ်။
ရုပ်တိုင်း ရုပ်တိုင်း၊ နာမ်တိုင်း နာမ်တိုင်း၊ ဖြစ်ပြီးပျက် ဖြစ်မှုဆိုတဲ့ အစလေးလဲ ရှိတယ်။ ပျက်မှုဆိုတဲ့ အဆုံးလေးလဲ ရှိတယ်။
နိဗ္ဗာန်မှာက အဲ့သလို ရုပ်တရား နာမ်တရားတွေ အထည်ဝတ္ထုမရှိတော့ အစလဲ မရှိ အဆုံးလဲမရှိ အကုန်ချုပ်ငြိမ်း။ သဗ္ဗတောပဘံ - ကမ္မဋ္ဌာန်းလေးဆယ်၊ ဝိပဿနာ ကမ္မဋ္ဌာန်းဆိုတဲ့ နိဗ္ဗာန်သို့ ဝင်ဖို့ရာ ဆိပ်ကမ်းတွေလဲ အများကြီး ရှိပါတယ်တဲ့။
နိဗ္ဗာန်ဆိုက်ချင်သလား၊ လောကမှာ သမုဒ္ဒရာထဲ ဆင်းချင်ရင် ဘယ်ဆိပ်ကမ်း ဆင်းဆင်း၊ ဆင်းစရာ ဆိပ်တွေ ကမ်းတွေ အများကြီးရှိသလို နိဗ္ဗာန်တည်းဟူသော အင်မတန် နက်နဲတဲ့ အင်မတန် ထောက်တည်ရာ ရနိုင်ဖို့ရာ ခဲယဉ်းတဲ့ ဌာနကြီးကို ဆိုက်ချင်ရင် ဆိပ်ကမ်းတွေ အများကြီး၊ ကမ္မဋ္ဌာန်း လေးဆယ် ရှိတယ်။
ဝိပဿနာ ကမ္မဋ္ဌာန်း ရှိတယ်၊ ဆိပ်ကမ်းတွေ အများကြီး ဘယ်ဆိပ်ကမ်းက ဆင်းဆင်း၊ ဆိုက်နိုင်တယ်၊ အဲဒီဆိပ်ကမ်းဟာ သင် ရှာသလို သာသနာတော်မှ တခြားမှာ မရှိဘူး၊ ဤ သာသနာတော်မှာသာ ရှိတဲ့ အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူတယ်နော်။
“အဲ့ဒါကြောင့် ဘုန်းကြီးတို့ နောက်ဆုံး သီတင်းကျွတ် လပြည့်နေ့မှာ နိဗ္ဗာန် ဆိုက်ဖို့ရာ ဆိပ်ကမ်းတွေ အများကြီး ရှိတဲ့အကြောင်းနဲ့ နိဗ္ဗာန်ဟာ တကယ် အရိယာ တို့သာ မြင်နိုင်တဲ့ အကြောင်း၊
ဒါကြောင့် အရိယာ ဖြစ်အောင် ကြိုးစားအားထုတ် နိုင်ကြ၍ သာသနာတော်မှာ ရခဲ ကြုံခဲ ရောက်ခဲနိုင်တဲ့ နိဗ္ဗာန်ဓာတ် အမြိုက် အရပ်သို့ ဆိုက်ကပ် နိုင်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
သာဓု … သာဓု … သာဓု …
၁၃၄၈- ခုနှစ် ဝါခေါင်လပြည့်
အဲ ... အရင်တစ်ပတ်က ဘုန်းကြီးတို့ မာဂဏ္ဍိယ သုတ္တန် မဟောခင် နိဒါန်း အဖြစ်နဲ့ နိဒါန်းတရား ဟောခဲ့တယ်၊ ဒီနေ့လဲပဲ နိဒါန်းက ဟောစရာ အချက်ကလေးတွေ ရှိနေတယ်၊ နိဒါန်းပဲ ဒီနေ့ အဆက်ကလေး ဟောရမယ်၊ ကာမဂုဏ်ချမ်းသာနဲ့ နိဗ္ဗာန်ချမ်းသာ။
ချမ်းသာ နှစ်မျိုး ယှဉ်ပြုချက်
ယဉ္စ ကာမသုခံ လောကေ၊
ယဉ္စိဒံ ဒိဝိယံ သုခံ။
တဏှာက္ခယ သုခဿေတေ၊
ကလံ နဂ္ဃတိ သောဠဿိံ။
(ဥဒါန၊ ၈၉)
လောကေ - ဤကမ္ဘာ လောကကြီး အတွင်း၌။
ယဉ္စကာမ သုခံ - အကြင်ကာမဂုဏ် ချမ်းသာမျိုးသည် လည်းကောင်း။
ဒိဝိယံ - နတ်၌ဖြစ်သော။
ယဉ္စသုခံ - အကြင် နတ်ချမ်းသာမျိုးသည် လည်းကောင်း။
အတ္ထိ - ရှိ၏။
ဧတေ - ထိုလူချမ်းသာ နတ်ချမ်းသာ ဆိုတဲ့ လူ့ကာမဂုဏ် နတ်ကာမဂုဏ် အစုံ ချမ်းသာမျိုးသည်။
တဏှာက္ခယသုခဿ - တဏှာ၏ ကုန်ရာ နိဗ္ဗာန်ကို အာရုံပြုတဲ့ အရဟတ္တဖိုလ် ချမ်းသာ၏။
သောဠဿိံကလံ - တစ်ဆယ့် ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ။
ဝါ - နှစ်ရာငါးဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ။
နအဂ္ဃတိ - တူတန်လိမ့်နိုး ချိန်စံထိုးလည်း အဖိုးနှုန်းပြိုင် မမီနိုင်ပါပေတော့တကား။
အရဟတ္တဖိုလ်ချမ်းသာ ဆိုတာ နိဗ္ဗာန်ချမ်းသာပဲ၊ အရဟတ္တဖိုလ်ဖြင့် နိဗ္ဗာန်ကို အာရုံ ယူပြီးတော့ ချမ်းသာခံစား၊ လောကမှာ လူ့ကာမဂုဏ်၊ လူ့အာရုံ၊ လူ့ချမ်းသာ ရှိတယ်။
နတ်ကာမဂုဏ်၊ နတ်အာရုံ၊ နတ်ချမ်းသာ ရှိတယ်၊ အဲဒီ ချမ်းသာတွေဟာ နိဗ္ဗာန် ချမ်းသာနဲ့ စာလို့ရှိရင်၊ နိဗ္ဗာန်ချမ်းသာနဲ့ နှိုင်းခိုင်းလိုက်လို့ရှိရင် နိဗ္ဗာန်ချမ်းသာကို တစ်ဆယ့် ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ၊ ဝါ- နှစ်ရာ့ငါးဆယ်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါဘူးလို့ ဘုရားကိုယ်တော်မြတ် ဟောထားတော် မူတယ်။
ဖြည့်ပေးနေရတဲ့ ချမ်းသာ
အဲဒီတော့ လောကမှာ ကာမဂုဏ် ချမ်းသာ ဆိုတာကတော့ ဖြည့်ပေးနေရတဲ့ ချမ်းသာ၊ ရူပါရုံခံစားချင်ရင် ရူပါရုံ ဝတ္ထုတွေ၊ ဖြည့်ပေးနေရတယ်၊ ပွဲကြည့်ချင်ရင် ပွဲအတွက် ဥပမာ ဖြည့်စရာဝတ္ထု ဖြည့်ပေးရတယ်။
သဒ္ဒါရုံ ခံစားချင်ရင် သဒ္ဒါရုံအတွက် ဝတ္ထုတွေ ဖြည့်ပေးရတယ်၊ ပြည့်တယ် မရှိဘူး၊ ဂန္ဓာရုံ ခံစားချင်ရင် ဂန္ဓာရုံ မွှေးကြိုင်တဲ့ ရနံ့တွေ ဖြည့်ပေးရတယ်။
ရသာရုံ ခံစားချင်ရင် ရသာရုံ အစားအစာတွေ အရသာတွေ အာဟာရတွေ ဖြည့်ပေးရတယ်၊ ဖောဋ္ဌဗ္ဗရုံ ခံစားချင်ရင် အတွေ့အာရုံတွေ ဖြည့်ပေးရတယ်။
အဲဒီတော့ လောကချမ်းသာ ဆိုတာက ပြည့်တယ်လို့ မရှိဘူး၊ အမြဲတမ်း တဖြည့်တည်း ဖြည့်ပေးနေရတာ၊ ပြည့်တယ်လို့ မရှိဘူး။
ဖြည့်စရာမလိုတဲ့ ချမ်းသာ
အရဟတ္တဖိုလ် ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာကတော့ မဖြည့်ဘဲနဲ့ ပြည့်နေတယ်၊ ဖြည့်စရာ ဘာမှ မရှိဘူး၊ အကူအညီ အားပေးစရာ ဘာမှ မရှိဘူး၊ မဖြည့်ဘဲနဲ့ အလိုအလျောက် ချမ်းသာသုခ ခံစားရတယ်။
အဲဒါကြောင့် ကာမဂုဏ်အပြစ်ကို မမြင်ကြတဲ့ ပုဂ္ဂိုလ်တွေကတော့ အကောင်းပဲ၊ နှစ်သက်ဖွယ်ချည်းပဲ၊ သို့သော် ကာမဂုဏ်အပြစ်ကို မြင်ကြတဲ့ နိဗ္ဗာန်ချမ်းသာကို မြင်ကြတဲ့ ပုဂ္ဂိုလ်တွေ အဖို့တော့ အင်မတန် ကွာခြားတဲ့ ချမ်းသာနှစ်ခု၊ ကာမဂုဏ် ချမ်းသာက ဖြည့်လို့ မပြည့်နိုင်ဘူး၊ နိဗ္ဗာန်ချမ်းသာက ဖြည့်စရာ မလိုဘူး၊ ချမ်းသာက အလိုအလျောက် ပြည့်စုံနေတယ်။
ဦနော လောကော၊
အတိတ္တော တဏှာဒါသော။
(မ၊၂၊ ၂၅၆)
လောကော - လောကကြီးသည်။
ဦနော - ယုတ်မြဲသာ ယုတ်လျော့၍ နေပါပေ၏။
အ,တိတ္တော - ဘယ်လောက်ဖြည့်ဖြည့် ရောင့်ရဲတယ် ဟူ၍ မရှိပါပေ။
တဏှာဒါသော - တဏှာ၏ ကျေးကျွန်ချည်းသာ ဖြစ်လျက်နေပါပေ၏။
လောကအာရုံတွေ နှစ်သက်တွယ်တာမှုဆိုတာက ပြည့်တယ်မရှိဘူး၊ အမြဲတမ်း ဖြည့် ပေးနေရတယ်။
အရှင်ရဋ္ဌပါလ၏ တရား
တစ်ခါက ကောရဗျမင်းကြီးကို ရှင်ရဋ္ဌပါလမထေရ်က ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရား ဆောင်ပုဒ်လေးခု ဟောတယ်၊ အဲဒီ တရားဆောင်ပုဒ် လေးခုထဲက နောက်ဆုံး ဆောင်ပုဒ်က ဘာဆိုတုံးတော့ ...
ဦနော လောကော အတိတ္တော တဏှာဒါသော
လောကကော - လောကကြီးသည်။
ဦနော၀ - ဘယ်လောက်ဖြည့်လဲ၊ လိုနေမြဲသာ ဖြစ်ပါပေ၏။
အာတိတ္တော - ရောင့်ရဲသည်ဟု မရှိပါပေ။
တဏှာဒါသော - တဏှာ၏ ကျေးကျွန်ချည်းသာ ဖြစ်ပါပေ၏။
ဆိုတဲ့ တရားဆောင်ပုဒ် ဟောပြတော့၊ အရှင်ဘုရား အဲဒီ တရားဆောင်ပုဒ်က ဘာပြောတာလဲ၊ ဒီတရား ဆောင်ပုဒ်ရဲ့ အဓိပ္ပာယ် တပည့်တော် ဘယ်လို မှတ်ရမတုံးလို့ လျှောက်ထားတော့ ...
“ကဲ ... ဒါဖြင့် မင်းကြီးကို မေးမယ် ဖြေစမ်းပါ၊ ဟို အရှေ့အရပ်က မင်းကြီး အင်မတန် ယုံကြည်တဲ့ လူတစ်ယောက် လာမယ်၊ အဲဒီလူက အရှင်မင်းကြီး အရှေ့အရပ် ဒေသမှာ မြို့ကြီးတစ်မြို့ ကျွန်တော်မျိုး တွေ့ခဲ့တယ်၊ အဲဒီမြို့ဟာ ဆင်တွေ၊ မြင်းတွေ၊ ရထားတွေ၊ ဒီပြင်ပစ္စည်း ဥစ္စာတွေ အင်မတန် ပြည့်စုံတယ်။
အခု အရှင်မင်းကြီးမှာ ရှိတဲ့ စစ်တပ်လေးနဲ့ပဲ သွားသိမ်းလို့ ရှိရင် ရနိုင်တယ်ဆိုရင် အရှင်မင်းကြီး ဘယ့်နှယ်တုံး ဆိုတော့ အရှင်ဘုရား တပည့်တော် သွားသိမ်းမှာပဲလို့ လျှောက်ထားတယ်။
ကောင်းပြီ ဒါဖြင့် တောင်ဘက်က လူတစ်ယောက်၊ မင်းကြီးယုံကြည်တဲ့ လူတစ်ယောက်လာပြီး တောင်ဘက်မှာ အဲသလိုပဲ မြို့ကြီးတစ်မြို့ အင်မတန် စည်စည်း ကားကား ခမ်းခမ်းနားနား အလွယ်တကူ သိမ်းယူနိုင်တယ်ဆိုရင် မင်းကြီး ဘယ့်နှယ်တုံး ဆိုတော့ ဒီမြို့ကိုလဲ၊ ဒီပြည်ကြီးကိုလဲ ဘုရား တပည့်တော် သွားသိမ်းမှာပဲ ...
ကောင်းပြီ အနောက်ဘက်က၊ မြောက်ဘက်က အဲဒီလိုပဲ လာပြီး သံတော်ဦး တင်မယ်၊ အရှင်မင်းကြီး ယုံကြည်အားကိုးတဲ့ လူတစ်ယောက်က အင်မတန်ပြည့်စုံတဲ့ မြို့ကြီး တွေ ဒီလောက် စစ်တပ်ကလေးနဲ့ အခုရှိတဲ့ စစ်တပ်ကလေးနဲ့ သွားသိမ်းနိုင်တယ် ဆိုရင် ဘယ့်နှယ်တုံး ဆိုတော့ တပည့်တော် သွားသိမ်းမှပဲ ဘုရား။
အဲ့ဒါကိုရည်ရွယ်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်က လောကကြီးဟာ ပြည့်တယ် လို့ မရှိဘူး၊ လိုမြဲ လိုနေတာလို့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူတာ ဆိုတော့ အင်မတန် သဘောကျသွားတယ်။
ဘုရားရဲ့ တရား၊ တဏှာဆိုတာ မပြည့်နိုင်ဘူး ဆိုတာ အခု သူ့ ကိုယ်တွေ့ကိုး၊ ရရင် ဘာမဆို သွားယူတော့မှာ၊ အဲဒါ ရည်ရွယ်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်က တဏှာဆိုတာဟာ ပြည့်တယ်လို့ မရှိဘူး၊ လိုမြဲ လိုနေတယ်၊ အဲဒီ အကြောင်း ဟောတော့ သဘောကျသွားတယ်၊ ဘုရားရှင်ကိုယ်တော်မြတ် တရားဟာအင်မတန် မှန်ပါတယ် ဘုရားလို့ လျှောက်ထားတယ်။
အေး ... ဒီတော့ ကာမဂုဏ် ဆိုတာဟာ ဖြည့်လို့ မနိုင်ဘူး၊ နိဗ္ဗာန် ချမ်းသာ ဆိုတာက ဖြည့်စရာ ဘာမှ မလိုဘူး၊ မိမိရဲ့ ငြိမ်းအေးတဲ့ ချမ်းသာလေးနဲ့ပဲ အကုန် ပြည့်စုံ နေတယ်၊ ဘာမှ လိုစရာ မရှိတော့ဘူး။
လောကမှာ အမြင်နှစ်မျိုး၊ ကာမဂုဏ် ကောင်းတယ်လို့ မြင်နေတဲ့ ပုဂ္ဂိုလ်ကျတော့ ကာမဂုဏ်ထက် ပိုကောင်းတာ သူ့မှာ မတွေ့ရဘူး၊ အဲ ကာမဂုဏ်ထက် ပိုကောင်းတဲ့ ချမ်းသာကို တွေ့ရတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ကာမဂုဏ် ဆိုတာ အလကား ဆိုတာ သိရတယ်။
နန္ဒနသုတ်
ဘုန်းကြီးတို့ သဂါထာဝဂ္ဂ သံယုတ် ပါဠိတော်မှာ နန္ဒနသုတ် ဆိုတာ ရှိတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်က ရဟန်းတော်တွေကို မိန့်တော်မူတယ်၊ နတ်သား တစ်ယောက်ဟာ တာဝတိံသာ နတ်ပြည် ရောက်လာတဲ့ နတ်သား တစ်ယောက်ဟာ နန္ဒဝန် ဥယျာဉ်မှာ နတ်သမီး အခြွေအရံတွေနဲ့ ပျော်ပါး စံစားနေရတဲ့ အခါမှာ သူက ဒီအာရုံဟာ သူ့အတွက် အင်မတန် ထူးဆန်းနေတယ်၊ အင်မတန် သာယာဖွယ် ဖြစ်နေတယ်၊ အင်မတန် နှစ်သက်ဖွယ် ဖြစ်နေတယ်။
ဒီ နတ်ကာမဂုဏ် အာရုံကြီးကို သူ အင်မတန် အထင်ကြီးတယ်၊ အထင်ကြီးတဲ့ အတိုင်းပဲ ထင်ရုံနဲ့ အားမရလို့ နှုတ်က ထုတ်ပြီးတော့ ဥဒါန်း ကျူးလိုက်တယ်။
မမြင်ဘူး မူးမြစ်ထင်
န တေ သုခံ ပဇာနန္တိ၊
ယေ န ပဿန္တိ နန္ဒနံ။
အာဝါသံ နရဒေဝါနံ၊
တိဒသာနံ ယသဿိနံ။
(သံ၊ ၁၊ ၆)
ယေ - အကြင် ပုဂ္ဂိုလ်တို့သည်။
တိဒသာနံ - သုံးကျိပ် သုံးပါးကုန်သော။
ယသဿိနံ - အခြွေအရံ များပြားလှစွာကုန်သော။
နရဒေဝါနံ - သတ္တဝါအမြတ် ဆိုရတဲ့ နတ်တို့၏။
အာဝါသံ - ပျော်ပျော် ရွှင်ရွှင် နေထိုင်ရာ ဖြစ်သော။
နန္ဒနံ - နန္ဒဝန် ခေါ် ဥယျာဉ်တော်ကြီးကို။
နပဿန္တိ - ကောင်းစွာ မကြုံမမြင်ဖူးကြလေကုန်။
တေ - ထိုသို့ သုံးကျိပ် သုံးပါး နတ်များတို့ ပျော်ပါးစံရာ တာဝတိံသာ နန္ဒဝန်ခေါ်တဲ့ ဥယျာဉ်တော်ကြီးကို မမြင်ကြရသော ပုဂ္ဂိုလ်တို့သည်။
သုခံ - တကယ့် လောကမှာ ချမ်းသာတယ် ဆိုရတဲ့ တကယ့်ချမ်းသာမှုမျိုးကို။
န,ပဇာနန္တိ - ကောင်းစွာ တိတိ မသိရှိကြပါကုန်။
သူက နတ်ချမ်းသာဟာ အခု ခံစားရတော့၊ ဒီ ချမ်းသာထက် ပိုပြီး ချမ်းသာတာ မတွေ့ဖူးတော့ အဲ့ဒီ ချမ်းသာကို တကယ် ကောင်းတဲ့ ချမ်းသာ၊ တကယ် မွန်မြတ်တဲ့ ချမ်းသာလို့ ထင်တယ်။
ထင်တဲ့အတိုင်းပဲ ဥဒါန်း ကျူးလိုက်တယ်တဲ့၊ တာဝတိံသာ နန္ဒဝန် ဥယျာဉ်တော်ကြီး မမြင်ဖူးတဲ့ ပုဂ္ဂိုလ်ဟာ တကယ့် ချမ်းသာကို မသိတဲ့ ပုဂ္ဂိုလ်ပဲတဲ့၊ ဘယ်လောက် မြှောက်လိုက်သတုံးဆို အဲဒါ မိမိ ယခုကြုံရတဲ့ နတ်ကာမဂုဏ် ချမ်းသာလေးကို အထင်ကြီးတာ၊ အထင်ကြီးတာ။
ဒီတော့ တကယ့် ချမ်းသာ မတွေ့ဖူးတဲ့သူ မှန်သမျှ သာမာန် ဖြစ်တဲ့ အသေးအဖွဲ ချမ်းသာမျိုးတွေကို ချမ်းသာ ထင်ကြတာဟာ ဒါ လောက ဓမ္မတာပဲ၊ အဲဒီတော့ ဒီနတ်က တကယ် အထင်တကြီး ချီးမွမ်း ပြောဆိုနေတော့ အနားက အရိယာ ဖြစ်တဲ့ နတ်သား တစ်ယောက်က သူ့စကားကို ချေပတယ်၊ သူ့ ဥဒါန်းကို ချေပတယ်။
အမြင်နှစ်မျိုး ယှဉ်ပြချက်
န တွံ ဗာလေ ပဇာနာသိ၊
ယထာ အရဟတံ ဝစော။
အနိစ္စာ သဗ္ဗသင်္ခါရာ၊
ဥပ္ပါဒဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊
တေသံ ဝူပသမော သုခေါ။
(သံ၊ ၁၊ ၆)
မင်း အထင်မကြီးပါနဲ့၊ မင်း မိုက်လို့ မလိမ္မာလို့ ချမ်းသာအစစ်ကို မင်းမသိတာ၊ ဒီတော့ ဒီလို မသိတာကလဲ။ န,တွံ အရဟတံ ဝစော - ရဟန္တာ ပုဂ္ဂိုလ်တို့ရဲ့ တရားစကားကို သင် မကြားရတဲ့ အတွက်ကြောင့် မိုက်လို့ အမှန်တရားကို မင်း မသိတာလို့။
န တွံ ဗာလေ ပဇာနာသိ၊
ယထာ အရဟတံ ဝစော။
ဗာလေ - မိုက်လှစွာသော အသင် နတ်သား။
ယထာ - အကြင် အခြင်းအရာ အားဖြင့်။
အရဟတံ - ရဟန္တာသခင် အရှင်မြတ်တို့၏။
ဝစော - မှန်ကန်တဲ့ တရား စကားသည်။
အတ္ထိ - ရှိပါပေ၏။
တံ - ထို ရဟန္တာ အရှင်မြတ်တို့ မှန်ကန်တဲ့ တရားစကားကို။
တွံ - အသင်နတ်သားသည်။
နဇာနာသိ - မသိဘဲ ရှိပါပေ၏။
န,ဇာနာသိ - ကောင်းစွာ တိတိ မရှိရှာပါပေ။
ရဟန္တာ ပုဂ္ဂိုလ်တို့ရဲ့ စကားကို သင် မသိလို့ ဒါ ချမ်းသာ ထင်နေတာ၊ ရဟန္တာ စကားဟာ ဘာတုံးဆိုတော့။
အနိစ္စာ သဗ္ဗသင်္ခါရာ၊
ဥပ္ပါဒဝယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊
တေသံ ဝူပသမော သုခေါ။
သဗ္ဗသင်္ခါရာ - အလုံးစုံသော သင်္ခါရ တရားတို့သည်။
အလုံးစုံသော ရုပ်နာမ် နှစ်ဖြာ ခန္ဓာငါး၀ - သင်္ခါရ တရားတို့သည်။
အနိစ္စာ - ဖြစ်ပြီးလျှင် ပျက်စီးတတ်သော သဘောရှိ၍ အမြဲမရှိကြပါကုန်။
ဥပ္ပါဒဝယဓမ္မိနော - ဖြစ်ခြင်းပျက်ခြင်း သဘော ရှိကြကုန်၏၊
ဥပ္ပဇ္ဇိတွာ - ရုတ်ခနဲ ပေါ်လာပြီးသော်။
နိရုဇ္ဈန္တိ - လုံးဝ ရုပ်သိမ်း၍ ချုပ်ငြိမ်းကြရလေကုန်၏၊
တေသံ - ထို ဖြစ်လျှင် ပျက်စီးတတ်တဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း သဘောရှိတဲ့ ရုပ် နာမ် နှစ်ဖြာ ခန္ဓာငါးဝ သင်္ခါရ တရားတို့၏။
ဝူပသမော - ချုပ်ငြိမ်းရာ ဧကန် မြတ်နိဗ္ဗာန်သည်သာလျှင်။
သုခေါ - ချမ်းသာအစစ် တကယ်တမ်း ဖြစ်ပါပေတော့သတည်း။
အဲ ... ကာမဂုဏ် နတ်ကာမဂုဏ် အမွမ်းတင်နေတဲ့ နတ်သားကို အရိယာ နတ်သားက သူ့ စကားချေပတယ်၊ ဒီနတ် ကာမဂုဏ်တွေကို အထင်ကြီးနေတာ ဘုရား ရဟန္တာတို့ရဲ့ စကားကို မကြားဖူးလို့ပဲ။
ဘုရား ရဟန္တာတို့ရဲ့ စကားအရဆိုရင် သခင်အထင်ကြီး နေတဲ့ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးဝ သင်္ခါရတရားတို့ဟာ ပျက်စီးတတ်သော သဘော ရှိကြကုန်သောကြောင့် ဖြစ်ပြီးလျှင် ပျက်စီးတတ်သော သဘော ရှိကြကုန်သောကြောင့် ဖြစ်ခြင်း ပျက်ခြင်း သဘောရှိတဲ့ တရားတွေ။
အဲဒီဖြစ်ခြင်း ပျက်ခြင်း သဘောရှိတဲ့ ရုပ်နာမ်နှစ်ဖြာ၊ ခန္ဓာငါးဝ သင်္ခါရ ၊ ထိုထိုအာရုံ ကာမဂုဏ်တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည်သာလျှင် တကယ် ချမ်းသာတဲ့ အကြောင်း ပြောတယ်တဲ့။
ဒါကြောင့် လောကမှာ ချမ်းသာဆိုတဲ့ ခံစားမှု၊ ချမ်းသာ တစ်မျိုး ခံစားမှုမပါတဲ့ ငြိမ်းအေးမှု ချမ်းသာတစ်မျိုး ဝေဒယိတ သုခ၊ သန္တိသုခဆိုတာ ကွာခြားကြတယ်။
ဒါကြောင့် ဝေဒယိတသုခကို မက်မောကြတဲ့ ပုဂ္ဂိုလ်တွေကြတော့ ကာမဂုဏ်တွေဟာ အကောင်းပဲ၊ သန္တိသုခကို ငြိမ်းအေးမှုသုခကို မြင်နေကျ၊ တွေ့နေကျ၊ ပုဂ္ဂိုလ်တွေ အဖို့တော့၊ အဲဒါတွေဟာ တကယ် မီးတွေ၊ တကယ့်အပူတွေ၊ တကယ်ဒုက္ခတွေ အဲဒါနဲ့စပ်ပြီးတော့၊ ဘုန်းကြီးက ဝတ္ထုလေးတစ်ခု ဟောရဦးမယ်။
အရှင်သမိဒ္ဓိ ဆိုတဲ့ မထေရ်ချော
ဘုန်းကြီးတို့ တစ်ခါက ဘုရားရှင် ကိုယ်တော်မြတ် ရာဇဂြိုဟ်ပြည် တပေါဒါရုံ ကျောင်းတော်ကြီးမှာ သီတင်းသုံးတော် မူတယ်၊ ဘုန်းကြီးတို့ သဂါထာဝဂ္ဂသံယုတ် ခေါ်တဲ့ သံယုတ် ပါဠိတော်ထဲက အကြောင်း အရာတစ်ခုပါပဲ၊ ကာမဂုဏ် နဲ့ပေါ့လေ။
ကာမဂုဏ်
ကာမဂုဏ်က ထွက်မြောက်ရာ၊ ကာမနဲ့ နေက္ခမ္မ၊ ကာမဆိုတာက ကာမဂုဏ်၊ နေက္ခမ္မဆိုတာက အဲဒီ ကာမမှ ထွက်မြောက်ရာဖြစ်တဲ့ ဈာန် မဂ်ဖိုလ် စသော တရားတွေပေါ့လေ၊ အမြင် နှစ်မျိုး၊ ဒီနေရာမှာ အမြင်နှစ်မျိုး ပြိုင်ကြတာ၊ အမြင်နှစ်မျိုး တိုက်ကြတဲ့ တိုက်ပွဲ။
အခု ဘုန်းကြီးတို့ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်မှာ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတယ်၊ ရာဇဂြိုဟ် တပေါဒါရုံ ကျောင်းတော်ကြီးမှာ ဘုရားရှင် ကိုယ်တော်မြတ် သီတင်းသုံးတော်မူခဲ့တယ်၊ အဲဒီတော့ မနက်မိုးသောက်ထတဲ့ အခါကျတော့ အရှင်သမိဒ္ဓိဆိုတဲ့ မထေရ်က မနက်စောစော မိုးသောက်ခါနီး လင်းအားကြီး အခါမှာ မနက်စောစော ထပြီးတော့ တပေါဒါမြစ် သွားတယ်၊ ရေချိုးမလို့။
အဲဒီ မထေရ်က သမိဒ္ဓိလို့ အမည်ရတာက သမိဒ္ဓိဆိုတာက ပြည့်စုံတာ၊ ခန္ဓာကိုယ် အင်္ဂါပြည့်စုံလို့ ပြည့်စုံတဲ့ ခန္ဓာကိုယ် အင်္ဂါရှိလို့၊ အတော်ချော အတော်လှတဲ့ မထေရ်တစ်ပါး လို့ ဆိုတယ်။
အဲဒီတော့ မနက်ခင်းအခါ သူကလဲ ပဓာနိက ရဟန်း၊ ကမ္မဋ္ဌာန်း အားထုတ်နေတဲ့ ရဟန်းတစ်ပါးပဲ၊ အဲသလို အားထုတ်နေတဲ့ ရဟန်းတစ်ပါး မနက်စောစော ခန္ဓာကိုယ် ပူနွေးသွားအောင် ဆိုပြီးတော့ အတောင် ခြောက်ဆယ်ရှိတဲ့ စင်္ကြံကြီးမှာ စင်္ကြံ လျှောက်လိုက်သေးတယ်။
စင်္ကြံ လျှောက်ပြီး ချွေးတွေ သံတွေနဲ့ ဖြစ်လာတဲ့အခါ ကျတော့မှ ဒီချွေးတွေနဲ့ ငါ ကျောင်း အိပ်လို့တော့၊ ကျောင်းမှာ သွားလှဲလို့တော့ မကိုက်သေးဘူး၊ အအေးဓာတ် ယူဦးမှ၊ အနွေးဓာတ် အအေးဓာတ် ယူဦးမှပဲ ဆိုပြီးတော့ အဲဒီ ခုနကပြောတဲ့ တပေါဒါအိုင်ကို သွားပြီးတော့ ရေချိုးတယ်။
တပေါဒါအိုင် ဆိုတာက ရာဇဂြိုဟ်ပြည်နားက ရေပူစမ်းပဲ၊ ရာဇဂြိုဟ်ပြည် ခပ်လှမ်းလှမ်းမှာ တပေါဒါမြစ်ဆိုတာ ရှိတယ်၊ အဲဒီ တပေါဒါမြစ်က နေပြီးတော့ ခွဲထွက် စီးဆင်းလာတဲ့ အိုင်တစ်အိုင်ရှိတယ်၊ အဲဒီအိုင်ကို တပေါဒါအိုင်၊ တပေါဒါမြစ်လို့ ဆိုတယ်၊ ရေပူစမ်းပါပဲ။
အဲဒီ ရေပူကို ဆင်းချိုးတာ၊ ဆင်းချိုးပြီးတော့ အောက်က တက်လာတဲ့အခါကျတော့ အပေါ်ကျတော့ သင်းပိုင်လေးနဲ့ ခါးပန်းကြိုးလေးပဲ ပတ်ထားရသေးတယ်၊ ခန္ဓာကိုယ် ရေခြောက်အောင် ဆိုပြီးတော့ စောင့်နေတယ်။
နတ်သမီးက မထေရ်ကို စ
အဲဒီတော့ မထေရ်က ခုနပြောသလို မထေရ်ချော၊ အင်မတန် လှပတဲ့ မထေရ် တစ်ပါး၊ အင်မတန် လှပတဲ့ မထေရ် တစ်ပါးဟာ မနက်ခင်း ရေပူလေး ချိုးထားတော့ ခန္ဓာကိုယ်က သိပ်ကြည်လင်နေတယ်။
အဲဒီအခိုက်မှာ နတ်သမီး တစ်ယောက်က မထေရ်ကို မြင်တဲ့အခါကျတော့ မထေရ်ရဲ့ ရုပ်အဆင်းကို မြင်ရတဲ့ နတ်သမီးဟာ မထေရ်အပေါ်မှာ မက်မော၊ တွယ်တာတဲ့ သဘော ပေါ်လာတယ်။
တစ်ခါတစ်ခါ နတ်တွေကလဲပဲ လူကို နှစ်သက်တွယ်တာ တာရှိသေးတယ်နော်၊ အဲဒါကြောင့်မို့လို့ မထေရ်ကို မက်မောတွယ်တာလို့ တစ်ခါတည်း သူ့ကိုယ်ကို အင်မတန် လှပအောင် ဆင်ခြင်ပြီးတော့ ဟိုအထက် ကောင်းကင်ယံက နေပြီးတော့ မထေရ်ကို စ,တယ်ပေါ့၊ မထေရ်ကို စကားနဲ့ စ,လိုက်တယ်။
ကာမဂုဏ်ဆိုတာ ပျိုတုန်း ခံစား
အဘုတွာ ဘိက္ခသိ ဘိက္ခု၊
န ဟိ ဘုတွာ နဘိက္ခသိ။
(သံ ၁၊ ၉။)
ဘိက္ခု - အို ရဟန်း။
တွံ - အရှင်ရဟန်းသည်။
အဘုတွာ - ငယ်ငယ်ရွယ်ရွယ် ကာမဂုဏ် မခံစားဘဲ။
ဘိက္ခသိ - တောင်းရမ်းစားမှု ရဟန်းပြု၍ နေပါပေ၏။
ဟိ - စင်စစ်ကား၊
န,ဘုတွာ - ကာမဂုဏ် မခံစားရဘဲ။
န,ဘိက္ခသိ - တောင်းရမ်းစားတဲ့အမှု မပြုသင့်ပါပေ။
ဘိက္ခု - ရဟန်း။
ဘုတ္တာန - ငယ်ငယ် ရွယ်ရွယ်မှာ ကာမဂုဏ် ခံစားပြီး၍။
ဘိက္ခဿု - နောင်အခါမှ တောင်းရမ်းစားမှု ရဟန်းပြုပါလေလော့။
တံ - အရှင်ဘုရားကို။
ကာလော - ကာမဂုဏ်ခံစားနိုင်တဲ့ ပျိုရွယ်တဲ့ အရွယ်သည်။
မာ,ဥပဇ္ဇဂါ - ကျော်လွန်၍ မသွားပါစေလင့် အရှင်ရဟန်း။
ကောင်းကောင်း မွန်မွန် သာသနာ့ ဝန်ထမ်း ရဟန်းပြုနေတဲ့ ရဟန်းတစ်ပါးကို ကာမဂုဏ် ခံစားဖို့ တိုက်တွန်းနေတယ်၊ နတ်သမီးက ငယ်ငယ်ရွယ်ရွယ်နဲ့ ကာမဂုဏ် မခံစားဘဲ အရှင် ရဟန်းဟာ ရဟန်းပြုတယ်၊ ရဟန်း ပြုတယ် ဆိုတာ ကြီးမှ ရဟန်း ပြုရတာ ဖြစ်တော့ ကာမဂုဏ် ခံစားပြီးမှ ရဟန်း ပြုပါ။
ပျိုရွယ်စဉ် အချိန်က ကာမဂုဏ် ခံစားမှ၊ နောင် အိုတဲ့ အခါကျတော့ ကာမဂုဏ် ခံစားနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် အဲဒီ ပျိုရွယ်တဲ့ အရွယ် အရှင် ရဟန်းအဖို့ လွန်မသွားပါစေနဲ့ လို့ ရဟန်းကို တိုက်တွန်းတယ်။
အိုရင် အလကားပဲ တဲ့
အမှန်ကတော့ ကာမဂုဏ် ချမ်းသာ ဆိုတာက ပျိုရွယ်တဲ့ ပုဂ္ဂိုလ်တွေသာ ခံစားနိုင်တယ်၊ အိုတဲ့ အခါကျတော့ အရွယ်တွေက ချို့ယွင်းလာတယ်၊ သွားတွေ ကျိုး၊ အားတွေ ယိုယွင်း၊ တောင်ဝှေးကိုင်ရ စသည့်ဖြင့် အင်အားတွေ ချို့တဲ့လာတဲ့ လူအိုဘဝမှာ ဆိုတော့ ကာမဂုဏ် ခံစားနိုင်တဲ့ အရွယ် မဟုတ်တော့ဘူး။
ဒါကြောင့်မို့လို့ နတ်သမီးက ကာမဂုဏ် ခံစားနိုင်တဲ့ အချိန်ကို နုပျိုနေတဲ့ အချိန် အခါလေးကို ကျော်လွန်သွားပါစေနဲ့၊ နုတုန်း ပျိုတုန်း ကာမဂုဏ် ခံစားပါ၊ မခံစားလို့ ရှိရင် ဒီဟာလေး လွန်သွားလို့ရှိရင် ရှင်ရဟန်း နောင်တရလိမ့်မယ်ပေါ့လေ။
အဲသလို ပြောတယ်၊ ဒီတော့ ရဟန်းက ပြန်ပြောတယ်။
အရှင်သမိဒ္ဓိ၏ အမြင်
ကာလံ ဝေါ ဟံ န ဇာနာမိ၊
ဆန္နော ကာလော န ဒိဿတိ။
တသ္မာ အဘုတွာ ဘိက္ခာမိ၊
မာ မံ ကာလော ဥပဇ္ဈဂါ။
(သံ၊ ၁၊ ၉။)
ဒေဝတေ - နတ်သမီး။
အဟံ - ငါသည်။
ကာလံ - သေရမယ့် အချိန်ကာလကို။
နဇာနမိ - မသိပါပေ။
ကာလော - သေရမယ့် အချိန်ကာလသည်။
ဆန္နော - ဖုံးကွယ်ထားအပ်သည် ဖြစ်၍။
န,ဒိဿတိ - ငါ့အဖို့ မထင်ပေါ်ဘဲ ရှိနေပါပေ၏။
တသ္မာ - ထိုသို့ သေရမယ့် ကာလ ငါမသိလေသောကြောင့်။
အ,ဘုတွာ - ကာမဂုဏ်တွေ မခံစားဘဲ။
ဘိက္ခာမိ - တောင်းစားသမှု ရဟန်း ပြုနေပါပေ၏။
မံ - ငါရဟန်းကို။
ကာလော - ရဟန်းပြုရာ ရဟန်းတရား အားထုတ်ရန် အချိန်အခါသည်။
မာ,ဥပဇ္ဈဂါ - အရွယ်ရှိတုန်း လုံ့လစိုက်ရမည် ဖြစ်၍ ကျော်လွန်၍ မသွားပါစေနှင့် နတ်သမီး။
နတ်သမီးက ကာမဂုဏ် ခံစားဖို့ သင့်လျော်တဲ့ ပျိုရွယ်တဲ့ အရွယ်လေး လွန်မသွား ပါစေနဲ့ ဆိုတော့ ရှင်သမိဒ္ဓိက ကာလ တစ်မျိုးနဲ့ ပြောတယ်၊ ငါဟာ သေရမယ့် ကာလ ငါမသိဘူး၊ သေရမယ့် ကာလဟာ ငါ ကွယ်ကာ ထားတယ်၊ မမြင်ရဘူး။
အဲသလို သေရမယ့် ကာလ ငါမမြင်ရသောကြောင့်၊ ကာမဂုဏ်တွေ မခံစားဘဲနဲ့ ငါ ရဟန်းပြုနေတယ်၊ အဲဒီတော့ ရဟန်းပြုရန် အချိန်အခါကြီး၊ ရဟန်း ပြုဖို့ရန် ကောင်းတဲ့ အချိန်အခါကြီး ငါ့ကို ကျော်လွှား မသွားပါစေနဲ့လို့ နတ်သမီးကို ပြောတယ်။
ရဟန်းပြုရတယ် ဆိုတာကလဲ သူ ဆိုလိုတာကတော့၊ နတ်သမီးကို သူ ပြောလိုတာ ကတော့၊ ရဟန်းပြုရတဲ့ အခါ ဆိုတာကလဲ ပျိုရွယ်တဲ့ အခါမှ ကောင်းတာ၊ အိုတဲ့ အခါမှာ ရဟန်းပြုလို့ ကောင်းတာ မဟုတ်ဘူး၊ အိုတဲ့ အခါကျတော့ ခုနက ပြောသလို အားအင်တွေ ယိုယွင်း၊ ပရိယတ္တိ တရားလဲ အားမထုတ်နိုင်ဘူး၊ ပဋိပတ္တိ တရားလဲ ကောင်းကောင်း အားမထုတ်နိုင်ဘူး။
အဲသလို အားမထုတ်နိုင်တဲ့ အရွယ်ကြီးကျမှ တရား အားထုတ်လို့ မဖြစ်ဘူး၊ ရဟန်း တရား အားထုတ်ဖို့ရာ ကောင်းတဲ့ ပျိုရွယ်တဲ့ အခါကာလကလေးဟာ ငါ့ကို လွန်မသွားပါစေနဲ့လို့၊ ငါဟာ ဒီ ပျိုရွယ်တဲ့ အခါ ကာလလေးမှာ တရား အားထုတ် နေတာလို့ ပြောတော့။
အဲ့ဒီတော့ သေရမယ့် ကာလကို ငါမသိဘူး၊ သန်တုန်း မာတုန်း၊ ရဟန်းတရား အားထုတ်ရတယ်၊ အဲဒီ အကြောင်းကို ပြောပြတယ်၊ ပြောပြတဲ့အခါကျတော့၊ နတ်သမီးက နည်းနည်း ရဟန်းရဲ့ တရားသံလေး ကြားရတော့ ရဟန်းအပေါ်မှာ လေးစားမှု ရှိလာတယ်၊ ရိုသေမှု ရှိလာတယ်။
အဲဒါကြောင့် မို့လို့ ကောင်းကင်ကနေပြီးတော့ ဆင်းလာတယ်၊ ဆင်းလာပြီးတော့ အောက်ကျတဲ့ အခါကျတော့ အရှင်သမိဒ္ဓိကို ဘာပြောတုံး ဆိုတော့ သူက ကာမဂုဏ် ခံစားဖို့ပဲ ပြောပြန်တယ်။
နတ်သမီးက ထပ်တိုက်တွန်း
ဘိက္ခု - ရဟန်း။
တွံ - အရှင်ရဟန်းသည်။
ဒဟရော - ငယ်ပါသေး၏၊
သုသု - ပျိုမျစ် နုနယ်လှပါသေး၏။
ကဝဠ ကေသော - ပိတုံးအရောင် နက်မှောင်သော ဆံပင်ရှိသူလည်း ဖြစ်ပါပေ၏။
ပဋ္ဌမေနဝယသာ - ပထမအရွယ် ငယ်ငယ်ကလေးဖြင့်။
ကာမေသု - လောကအာရုံ ကာမဂုဏ်တို့နှင့်။
အနိကေဠိတာဝီ - မပျော်မပါး မခံစားရသေးပါ။
ဘိက္ခု - ရှင်ရဟန်း။
မာနုသကေ ကာမေ - လက်ငင်းကြုံရ လူ့ဘဝ လူ့အာရုံ ကာမဂုဏ်တို့ကို ပျော်ပျော် ပါးပါး။
ဘုဉ္စ - ခံစားပါဦးလော။
သန္ဒိဋ္ဌိကံ - မျက်မှောက်ထင်ရှား ခံစားရမည့် လူ့ကာမဂုဏ်ကို။
ဟိတွာ - ပယ်ရှား စွန့်ပစ်၍။
ကာလိက - မလာခဲ့သေး မရောက်သေးသည့် နတ်တို့၏အာရုံ ကာမဂုဏ်ကို။
မာ အနုဓါဝ - မျှော်တွေးရန်ကာ၊ ပြေးမသွားပါလေနဲ့။
ဣတိ - ဆိုခဲ့ပြီးအတိုင်း လျှောက်ထား ပြောဆိုခဲ့ပေသတည်း။
ဒဟရော တွံ ဘိက္ခု သုသု ကာဠကေသော ဘဒြေန ယောဗ္ဗနေန သမန္နာဂတော။
ပဌမေန ဝယသာ အနိကေဠိတာဝီ ကာမေသု၊
ဘုဉ္စ ဘိက္ခု မာနုသကေ ကာမေ၊
မာ သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုစာဓါတိ။
(သံ၊ ၁ ၊ ၁၀။)
အရှင်သမိဒ္ဓိကို ဘာပြောတုံး ဆိုတော့ အရှင် ရဟန်း၊ အရှင်ရဟန်းဟာ၊ အရွယ် ငယ်ငယ်ရှိပါသေးတယ်၊ နုနုနယ်နယ် အရွယ်လေး။ ပထမ အရွယ်၊ တကယ် ငယ်တဲ့အရွယ်လေး၊ အဲသလို အရွယ်လေးမှာ လူ့ ကာမဂုဏ် အာရုံတွေ ခံစားပါဦး။
နောင်မှ ခံစားရတဲ့ နတ်ကာမဂုဏ်ကို မျှော်ကိုးမနေဘဲနဲ့၊ ယခု လက်ငင်း တွေ့ကြုံ နေရတဲ့ သန္ဒိဋ္ဌိက တွေ့ကြုံနေရတဲ့ လူ့ကာမဂုဏ်ကို ခံစားပါလို့ တိုက်တွန်းသတဲ့။
အရှင်သမိဒ္ဓိ၏ အဖြေ
အဲသလို တိုက်တွန်းတဲ့ အခါကျတော့၊ ရှင်သမိဒ္ဓိက မျက်မှောက် ခံစားရတဲ့ ကာမဂုဏ်တွေ ခွါပြီးတော့၊ ကာလတစ်ပါးမှာ ခံစားရတဲ့ ကာမဂုဏ်တွေကို ငါဟာ ခံစားတာ မဟုတ်ဘူး၊ အဲ့ဒီ ကာမဂုဏ်တွေ အတွက် ငါ ရဟန်းပြုနေတာ မဟုတ်ဘူး။
ကာလ တစ်ပါး၌ ခံစားရတဲ့ ကာမဂုဏ်တွေ ဆိုတာက ဘုရားရှင် ကိုယ်တော်မြတ်က အဲ့ဒီ ကာမဂုဏ်တွေကို၊ ဗဟုဒုက္ခ - ဒုက္ခများတဲ့ ကာမဂုဏ်တွေ။ ဗဟုပါယာသ - ပူပန်မှုတွေများတဲ့ ကာမဂုဏ်တွေ၊ တို့ဘုရားရှင် ကိုယ်တော်မြတ်က ဟောထား တယ်။
ဒီတော့ ကာလ တစ်ပါးမှာ ခံစားရတဲ့ ကာမဂုဏ်တွေ ဆိုတာက ဗဟုဒုက္ခ - ဒုက္ခတွေ များတယ်။ ဗဟုပါယာသ - ပူပန်မှုတွေ များတဲ့ ကာမဂုဏ်တွေ။
ယခု ငါ အားထုတ်နေတဲ့ တရားဟာ၊
- သန္ဒိဋ္ဌိက - ကိုယ်တိုင်တွေ့ရတဲ့ တရား၊ ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင် တွေ့ရတဲ့ တရား၊
- အကာလိက - အခါမလင့် အကျိုး ပေးတတ်တဲ့ မဂ်တရား ရပြီဆိုရင် အဲဒီ မဂ်တရားဟာ ချက်ချင်း အခြားမဲ့၌ ဖိုလ်တည်း ဟူသော အကျိုးကို ပေးတယ်။
- ဧဟိပဿိက - တရားက ကောင်းလွန်းလို့ လာစမ်းပါ လာကြည့် လှည့်စမ်းပါလို့ ဖိတ်ခေါ်ခြင်းငှာ ထိုက်တဲ့တရား။
- သြပနေယျိက - စိတ်ထဲ ဆောင်ခြင်းငှာ ထိုက်တဲ့တရား။
- ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ - အရိယာသခင် ပညာရှင်တို့ ကိုယ်စီကိုယ်င၊ မိမိသန္တာန်၌ ကိုယ်တွေ့ သိရတဲ့ တရားမျိုး၊
အဲဒါကြောင့်၊ ငါဟာ သင်ပြောသလို မျက်မှောက် ကာမဂုဏ်ကို စွန့်ပြီးတော့၊ ဟို နောင်ကာလ တစ်ပါးမှာ ခံစားရမယ့် ကာမဂုဏ်ကို မျှော်ပြီး၊ ရဟန်းတရား အားထုတ်တာ မဟုတ်ဘူး။
သူတို့ ဒီအခါက အများ ထင်နေကြတဲ့ ထင်မြင်ချက် တစ်ခုက ရဟန်းတော်လေး တွေဟာ ဒီဘဝ ကာမဂုဏ်တွေ စွန့်ပြီးတော့ ဟို နတ်ပြည်ကျမှ ခံစားရမယ့် ကာမဂုဏ်တွေ မျှော်မှန်းပြီးတော့ အားထုတ်နေကြတယ်လို့ ထင်ကြတယ်။
အဲဒါကြောင့်မို့လို့ ဒီလို မဟုတ်ဘူးလို့ အခု ရှင်သမိဒ္ဓိက ပြောပြတာ၊ ငါဟာ သန္ဒိဋ္ဌိက ကာမဂုဏ်တွေ ဖယ်ပြီးတော့ ကာလ တစ်ပါးမှာ ခံစားရမယ့်၊ ကာမဂုဏ်ကို လိုက်နေတာ မဟုတ်ဘူး၊ တကယ့် သန္ဒိဋ္ဌိက ကိုယ်တိုင် တွေ့ရတဲ့ တရားတွေ ငါ အားထုတ်နေတာဆိုတော့၊ နတ်သမီးက ဒီအခါမှာ တော်တော်လေး ရှင်သမိဒ္ဓိ ပြောလို့ သဘောပေါက်သွားတယ်။
ကာမသုခ ဗဟုဒုက္ခ
အရှင်ဘုရား၊ ကာလတစ်ပါး၌ ခံစားအပ်တဲ့ ကာမဂုဏ်တွေဟာ -
ဗဟုဒုက္ခ - ဒုက္ခ များလှတယ်၊
ဗဟုပါယာသ - ပူပန်မှုတွေ များလှတယ်ဆိုတာ ဘယ်လိုဟာတုံး၊
သန္ဒိဋ္ဌိက - ကိုယ်တွေ့ တွေ့ရတယ်ဆိုတဲ့တရား၊
အကာလိက - ချက်ချင်းအကျိုးပေးတယ် ဆိုတဲ့ တရား၊
ဧဟိပဿိက - လာကြည့်လှည့်လို့ ဖိတ်ခေါ်ထိုက်တဲ့တရား၊
သြပနေယျိက - စိတ်ထဲ ဆောင်ထားခြင်းငှာ ထိုက်တဲ့ တရား။
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ - ပညာရှိတွေကိုယ်တိုင် သိရတဲ့ တရားဆိုတာ ဘာတုံး ဘုရား-လို့ လျှောက်တယ်၊
အဲသလို လျှောက်တဲ့အခါကျတော့။
“အဟံ ခေါ အာဝုသော နဝေါ အစိရပဗ္ဗဇ္ဇိတော အနာဂတော ဣမံ ဓမ္မဝိနယံ”
နတ်သမီး … ငါဟာ ရဟန်းသစ်-ရဟန်းပြုတာ မကြာသေးဘူး၊ သာသနာတော်ကို ရောက်လာတာ မကြာသေးဘူး။
ဒီတော့ သင်နတ်သမီးကို ငါ အကျယ်တဝင့်ပြောခြင်းငှာ မတတ်နိုင်ဘူး၊ တို့ဘုရားရှင် တို့ဆရာဖြစ်တဲ့ ဘုရားရှင် ကိုယ်တော်မြတ်ဟာ။ တပေါဒါရုံ ကျောင်းတိုက် ကြီးမှာ သီတင်း သုံးနေတော်မူတယ်။
အဲ့ဒီ တပေါဒါရုံ ကျောင်းတိုက်ကြီးမှာ သီတင်းသုံးတော်မူနေတဲ့ တို့ဘုရားရှင် ကိုယ်တော်မြတ်ကြီး သွားမေးလျှောက် ထားချေ။ ဘုရားရှင် ကိုယ်တော်မြတ် မိန့်တော်မူတိုင်း သင် မှတ်သားလေလို့ ပြောတယ်။
အရှင်ဘုရား … ဘုရားရှင် ကိုယ်တော်မြတ်ကို ချဉ်းကပ်ဖို့ဆိုတာ တပည့်တော်တို့ အဖို့ အင်မတန် ခဲယဉ်းပါတယ်၊ အင်မတန် တန်ခိုးပြည့်တဲ့ နတ်တွေ ဝိုင်းဝိုင်း လည်အောင် ခြံရံနေတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကို တပည့်တော်တို့ ချဉ်းကပ်ဖို့ ဆိုတာ မလွယ်ပါဘူး။
ဒီတော့ အရှင်ဘုရား လျှောက်ပေးပါ၊ အရှင်ဘုရား လျှောက်ပေးတဲ့အခါ တပည့်တော်တို့ တရားနာရန် လာပါ့မယ်လို့လျှောက်တော့။
ဘုရားရှင်ထံ လျှောက်ထား
အေး ဒါဖြင့် ငါလျှောက်ပေးမယ် ဆိုပြီးတော့ ရှင်သမိဒ္ဓိ ကိုယ်တော်မြတ်က ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားပြီးတော့ နတ်သမီးနှင့် မိမိတို့ ပြောကြ ဆိုကြတဲ့ အကြောင်းကို အစအဆုံး လျှောက်ထားတယ်။
အဲဒီလို လျှောက်ထားပြီးတော့ နတ်သမီး စကား မှန်ရင်တော့ အခု ဘုရား တပည့်တော် လျှောက်ထားပြီးတဲ့ စကားအဆုံးမှာ သူ ဒီနား ရောက်နေဖို့ ရှိပါတယ် ဘုရားလို့ လျှောက်တော့ -
နတ်သမီးက “ရဟန်းလျှောက်ပါ၊ လျှောက်ပါတော့၊ တပည့်တော် ဒီနား ရောက်နေပါပြီ” လို့ နတ်သမီးက အသံပေးတယ်၊
အဲဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်က နတ်သမီးကို တရားဟောတယ်။
ဘုရားရှင် တရားဟော
အက္ခေယျသညိနော သတ္တာ၊
အက္ခေယျသ္မိံ ပတိဋ္ဌိတာ။
အက္ခေယျံ အပရိညာယ၊
ယောဂ,မာယန္တိ မစ္စုနော။
(သံ၊ ၁၊ ၁၁)
နတ်သမီးကို၊ ဘုရားရှင်က တိုက်ရိုက် ဂါထာနဲ့ မိန့်ကြားတော်မူတယ်။
ဒေဝတေ - နတ်သမီး။
သတ္တာ - သူသူ ငါငါ သတ္တဝါ မှန်သမျှတို့သည်။
အက္ခေယျသညိနော - လူရယ်၊ နတ်ရယ်၊ ဗြဟ္မာရယ်၊ သူရယ်၊ ငါရယ် ဆိုရတဲ့ ခန္ဓာငါးပါး၌ ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်ဖြင့် အမှတ် ရှိကြလေကုန်၏။
အက္ခေယျသ္မိံ - ခန္ဓာငါးပါး တရား၌။
ပတိဋ္ဌိတာ - ရာဂဖြင့်၊ ဒေါသဖြင့်၊ မောဟဖြင့်တည်၍ နေကြလေကုန်၏။ ရာဂ ဒေါသ မောဟ စသော တရားတို့ဖြင့် တည်၍နေကြလေကုန်၏။
အက္ခေယျံ - သူ၊ ငါ၊ ယောက်ျား မိန်းမ စသည့်ဖြင့် ဆိုရတဲ့ ခန္ဓာ ၅-ပါး ရုပ်နာမ် တရားကို။
အပရိညာယ - ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြား မသိနိုင်ကြကုန်၍။
မစ္စုနော - သေမင်း၏ ယောဂပိုင်နက်သို့၊ အလိုနိုင်ငံသို့။
အာယန္တိ - သူသူငါငါ ဆိုက်ရောက်၍ နေကြပါပေကုန်သတည်း။
ဘုရားရှင်ကိုယ်တော်မြတ်က နတ်သမီးကို လောကမှာ ခန္ဓာ ငါးပါးသာရှိတယ်၊ အဲဒီ ခန္ဓာ ငါးပါးမှာ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ စသည့်ဖြင့် စွဲလမ်းကြတယ်၊ အဲ့ဒီ စွဲလမ်းစရာ ဖြစ်တဲ့ ခန္ဓာ ငါးပါးမှာ ခန္ဓာငါးပါး အမှန်တရားကို မသိကြဘဲနှင့် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ စွဲလမ်း၍ နေကြသောကြောင့် တပ်နှစ်သက် တွယ်တာ နေကြသောကြောင့်။ အက္ခေယျ - ခန္ဓာငါးပါးကို ပိုင်းခြား မသိနိုင်ကြဘဲ သေမင်း၏ နိုင်ငံ ဖြစ်တဲ့ သေမင်း၏ အလို၊ သေမင်း၏ အာဏာဘက်သို့ ဆိုက်ရောက်ပြီးတော့ တစ်သေတည်း သေနေကြရတဲ့ အကြောင်း ဘုရားရှင်က ဟောတယ်။
ခန္ဓာ ငါးပါးကို ခန္ဓာ ငါးပါးမှန်း မသိကြဘူး၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ စသည့်ဖြင့် စွဲလမ်းကြတယ်၊
ပြီးတော့ ခန္ဓာ ငါးပါးကို အမှန်အတိုင်း မမြင်ကြဘူး၊ မမြင်ကြတော့ ခန္ဓာ ငါးပါးမှာ တဏှာနဲ့ တည်နေကြတယ်။
တဏှာနဲ့ စွဲနေကြတယ်၊ ဒိဋ္ဌိနဲ့ စွဲနေကြတယ်၊ မာနနဲ့ စွဲနေကြတယ်။
အဲ့သလို အစွဲမကင်းဘဲ တည်နေကြသောကြောင့် သေမင်း၏ နိုင်ငံကို မလွန်ဆန် နိုင်ကြဘဲနဲ့ သေမင်း၏ အလိုသို့ လိုက်ပါနေရတဲ့ အကြောင်းဟောတော်မူတယ်။ ဒီနောက် ဆက်ပြီးတော့ -
ပရိညာဉ်သုံးပါး ဉာဏ်ပိုင်းခြား
အက္ခေယျံ စ ပရိညာယ၊
အက္ခေတာရံ နမညတိ။
တံ ဟိ တဿ န ဟောတီတိ၊
ယေန နံ ဝဇ္ဇာ န တဿ အတ္ထိ၊
(သံ၊ ၁၊ ၁၁။)
အက္ခေယျံ - ငါ၊ သူတစ်ပါးလို့ ပြောအပ်တဲ့ တကယ် အမှန်ရှိတဲ့ ခန္ဓာငါးပါး ရုပ်နာမ် တရားကို။
ပရိညာယ - ပရိညာဉ် သုံးပါးဖြင့် ပိုင်ခြား သိမြင်နိုင်ကြကုန်၍၊
ခန္ဓာငါးပါးကို ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြား သိမြင်ရင် အစွဲအလမ်းတွေ မရှိတော့ဘူး။
အက္ခေယျံ - ခန္ဓာ ငါးပါးကို။
ပရိညာယ - ပရိညာဉ်သုံးပါး ဖြင့် ပိုင်းခြားသိမြင်ကြကုန်၍။
အက္ခာတာရံ - ငါလို့ သူလို့ ယောက်ျားလို့ မိန်းမလို့ ဆိုရတဲ့ ဆိုအပ်တဲ့ ပုဂ္ဂိုလ် သတ္တဝါမျိုးကို။
န'မညတိ - သိဖွယ်ရာ မရှိပါပေ။
ခန္ဓာ ငါးပါးကို ပရိညာဉ် သုံးပါးဖြင့် ပိုင်းခြားသိရင် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဆိုအပ်တဲ့ စွဲဆိုအပ်တဲ့ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဆိုတာ မရှိတော့ဘူး။
ဟိ - အမှန်ပြောရလျှင်။
တဿ - ထိုသို့ ခန္ဓာငါးပါးကို ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြားသိမြင်သော ပုဂ္ဂိုလ်အား။
တံ - ထိုအစွဲ အလမ်းမျိုးသည်။
တဿ - ထို အစွဲအလမ်း မရှိသော ပုဂ္ဂိုလ်အား။
န ဟောတိ - မဖြစ်ပါပေ။
ယေန - အကြင်ရာဂ စသည့်ဖြင့် တပ်နှစ်သက်သူ၊ စိတ်ဆိုးတဲ့သူ၊ တွေဝေတဲ့သူ ဟူသော အပြောမျိုးဖြင့်။
ဝဇ္ဇာ - ပြောဆိုရာ၏။
တံ - ထိုသို့သော အပြောမျိုးသည်။
တဿ - ထို အာသဝေါ ကုန်ခန်း ရဟန္တာ အရှင်မြတ်အား၊ ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြားသိ၍ အာသဝေါ ကုန်ခန်း ရဟန္တာ အရှင်မြတ်အား။
န'ဟောတိ န အတ္ထိ - မရှိရိုး ဧကန်အမှန်စင်စစ် ဖြစ်ပါပေတော့သည် သာလျှင်တည်း။
ယေန - အကြင်။
ရတ္တ - တပ်မက်သူ။
မုဠှ - တွေဝေသူ။
ရုဒ္ဓ - စိတ်ဆိုးသူ ဟူသော အပြောမျိုးဖြင့်။
ဝဇ္ဇာ- - ပြောရာ၏၊
တံ - ထိုကဲ့သို့ အပြောမျိုးသည်။
တဿ - ထို ရဟန္တာပုဂ္ဂိုလ်မျိုးအား။
န အတ္ထိ - မရှိတဲ့။
လောကမှာ ရဟန္တာဆိုတာဟာ ခုန ပြောသလို ပရိညာဉ် သုံးပါးဖြင့် ရုပ်နာမ် တရားတွေ ပိုင်းခြား သိမြင်နေတဲ့ ပရိညာဉ် သုံးပါးဆိုတာ -
- ဉာတပရိညာဉ်တဲ့၊ ရုပ် နာမ် တရားတွေကို ကောင်းကောင်းခွဲခြား သိတဲ့ ပရိညာဉ်။
- လက္ခဏာ သဘာဝနဲ့ ပိုင်းခြားသိတဲ့ ပရိညာဉ်ကို ဉာတပရိညာဉ်၊ အဲသလို လက္ခဏာ အားဖြင့် ရုပ် နာမ်တွေ သိပြီးတဲ့နောက် အဲဒီ ရုပ် နာမ်တွေဟာ အမြဲမရှိ၊ ရုပ်နာမ်တွေ ဟာ ဒုက္ခ-ဆင်းရဲတဲ့ တရားတွေ၊ အနတ္တ-အစိုးမရတဲ့ တရားတွေလို့ မြင်လာတဲ့ အခါကျတော့။ တီရဏ-ပရိညာတဲ့၊ စူးစမ်း ဆင်ခြင်တတ်တဲ့ ပရိညာ။
- အဲသလို တီရဏ-ပရိညာ တစ်ဘက်ကမ်းခတ် ရောက်သွားပြီဆိုရင် ကိလေသာတွေ ပယ်နိုင်တဲ့ ပဟာနပရိညာ ဆိုတာ ရောက်သွားတယ်၊
ဒါကြောင့် ပရိညာဉ် သုံးပါးဖြင့် ပိုင်းခြား သိပြီးတဲ့ ရဟန္တာ ပုဂ္ဂိုလ်မှာ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဆိုရတဲ့ ခန္ဓာ ငါးပါးမှာ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဆိုတဲ့ ဒီအထင်တွေ ဒီအစွဲတွေ ဒီအမြင်တွေ မရှိတော့ဘူးတဲ့။
အဲ့ဒါကြောင့် ရဟန္တာအရှင်ဟာ တပ်မက်တတ်တဲ့ ပုဂ္ဂိုလ်၊ ပြစ်မှားတတ်တဲ့ ပုဂ္ဂိုလ်၊ တွေဝေတတ်တဲ့ ပုဂ္ဂိုလ်ဆိုတဲ့ ဒီစာရင်းထဲ မဝင်တော့ဘူး၊ သေခြင်းကို လွန်မြောက်နိုင်ပြီ လွန်မြောက်နေပြီ။
အဲ့ဒီ အကြောင်းကို ဘုရားရှင် ကိုယ်တော်မြတ်က ဟော ပြီးတော့ ကဲ... နတ်သမီး၊ သိရင် ပြောစမ်း၊ ဒါ ဘာတုံးဆိုတော့ နတ်သမီးက ရှင်တော်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရား စကားဟာ အင်မတန် ကျဉ်းပါတယ်၊ ဘုရား တပည့်တော် နားမလည်ပါဘူး။ အကျယ်ချဲ့ပြီး ဟောပါဦးဆိုတော့။
နတ်သမီး တရားသဘောပေါက်
ဘုရားရှင် ကိုယ်တော်မြတ်က အကျယ်ချဲ့ပြီးတော့ တစ်ခါ ဂါထာတစ်ပုဒ် ဟောပြန်တယ်၊ ဂါထာ တစ်ပုဒ်ကတော့ အယုတ်၊ အလတ်၊ အမြတ် အားဖြင့် မာန်ထောင်တဲ့ မာနတွေ မရှိဘူး ဆိုရင် ဘယ်သူနဲ့မှ ငြင်းခုံစရာ မရှိဘူးဆိုတဲ့ သဘောပါတဲ့ တရားလေး တစ်ပုဒ် ဟောတယ်။
“ကဲ ... သိပြီလား သိရင်ပြောစမ်း” ဆိုတော့ နတ်သမီးက ဒါလဲပဲ ကျဉ်းပါသေးတယ်၊ တပည့်တော် မသိပါဘူး ဘုရားလို့ လျှောက်ထားပြန်တဲ့ အခါကျတော့၊ ဘုရားရှင်ကိုယ်တော်မြတ်က တစ်ပုဒ် ဟောပြန်တယ်၊
အဲသလိုပဲ ရဟန္တာပုဂ္ဂိုလ် ဆိုတာဟာ တပ်မက်သူ၊ ပြစ်မှားသူ၊ တွေဝေသူ ဆိုတဲ့ စာရင်းမဝင်တော့ဘူး၊ မာနတွေ ပယ်ရှားပြီးပြီ နတ်ပြည်လူပြည်၊ ဗြဟ္မာပြည် ဘယ် ပြည်မှာမှ ဖြစ်တော့မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ဟောပြန်တယ်။
အဲသလို ဟောတဲ့အခါကျတော့မှာ တရား သဘော ပေါက်သွားတယ်၊ သဘော ပေါက်သွားတော့မှ အရှင်ဘုရား မြတ်စွာဘုရား ဟောကြားတဲ့ တရားကို တပည့်တော် ဒီလို သဘောပေါက်ပါတယ်၊ ဘယ်လို သဘော ပေါက်သတုံးဆိုတော့။
လောကမှာ ကိုယ်နဲ့ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ၊ စိတ်နဲ့ဖြစ်စေ မကောင်းမှု မှန်သမျှ မပြုရဘူး၊ ကာမဂုဏ်တွေ ပယ်ရှားပြီးတော့ ဆင်းရဲ ပူပန်တဲ့ အကျင့်မျိုးတွေ မကျင့်ရဘူး ဆိုတဲ့ ဒီသဘောကို တပည့်တော်မ နားလည်ပါတယ်ဘုရားလို့ လျှောက်ထား ပြီးတော့ နတ်သမီးလဲ အဲဒီ တရားနဲ့ပဲ၊ စောစောက တရားနဲ့ပဲ သောတာပန် တည်ပြီးတော့ ဘုရားရှင်ကို ကန်တော့ပြီးတော့ ပြန်သွားတယ်နော်။
အမြင်မှန်ရဖို့အရေးကြီး
အဲဒါကြောင့်မို့လို့ ဒီမှာ ကာမဂုဏ် အမြင်နဲ့ ကာမဂုဏ် ချမ်းသာကို ချမ်းသာဆိုတဲ့ အမြင်နဲ့ နိဗ္ဗာန် ချမ်းသာကို ပျင်းစရာ ဆိုတဲ့ အမြင်နဲ့ အမြင်နှစ်မျိုး ပြိုင်ကြတဲ့ အခါမှာ ငြိမ်းချမ်းမှု အရသာ တွေ့နေတဲ့ ပုဂ္ဂိုလ်မှ ကာမဂုဏ် မချမ်းသာဘူး ဆိုတာ နားလည်တယ်။
ဝေဒယိတသုခ ဆိုတဲ့ ငါးဖြာအာရုံ ကာမဂုဏ် မက်မောနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ တကယ့် ချမ်းသာမှု ဆိုတဲ့ ငြိမ်းချမ်းမှု ချမ်းသာကို နားမလည်ဘူး၊ ဒါကြောင့် ယခု ဘုန်းကြီး ဒီနေ့လဲပဲ ထပ်ပြီးတော့ ကာမဂုဏ် ချမ်းသာနဲ့ နိဗ္ဗာန် ချမ်းသာ နှိုင်းယှဉ် ချက်ပြတဲ့ တရားကို နောင် ဟောမယ့် မာဂဏ္ဍီ သုတ္တန်ရဲ့ ဒုတိယ နိဒါန်း အဖြစ်နဲ့ ယနေ့ဟောခဲ့တာ ပြီးသွားပြီ။
အဲဒါကြောင့်မို့လို့ လောကမှာ အမြင်မှန်ရဖို့ အရေးကြီးတယ်။ အမြင်မှန် မရရင် ဒုက္ခကို သုခထင်တယ်၊ သုခကို ဒုက္ခ ထင်တယ်။
ဒါကြောင့် အမြင်မှန်ရဖို့ အရေးကြီးသောကြောင့် ဘုရား သာသနာကို တွေ့တုန်း အခါမှာ မိမိတို့ အမြင်မှန်ကို ရကြပြီးတော့ တကယ့် ချမ်းသာဖြစ်တဲ့ ချမ်းသာကို ခံစား နိုင်အောင် အားထုတ်နိုင်ကြပါစေကုန်သတည်း။
သာဓု .. သာဓု ... သာဓု …
၁၃၄၈-ခု၊ ဝါခေါင် လဆုတ် (၈)ရက်
မာဂဏ္ဍိယ သုတ္တန်
ဘုန်းကြီး စောစောက မာဂဏ္ဍိယ သုတ္တန် ဟောမယ်လို့ မဟောခင် နိဒါန်းအဖြစ်နဲ့ ဟောခဲ့တာ နှစ်သီတင်း ရှိသွားပြီ။
အဲ ... ယနေ့တော့ သုတ္တန်၊ ပင်ရင်းသုတ္တန် ရောက်လာပြီ၊ အခါတစ်ပါး ရှင်တော်မြတ်ဘုရားဟာ ကုရုတိုင်း ကမ္မာသဓမ္မ ဆိုတဲ့ နိဂုံးကြီးမှာ၊ ရွာကြီးမှာ၊ နိဂုံးဆိုတာ ရွာကြီးပဲ။ အဲဒီ နိဂုံးကြီးမှာ ဘာရဒွါဇ အနွယ်ရှိတဲ့ ပုဏ္ဏားကြီးရဲ့ မီးတင်းကုတ်ထဲက မြက်အခင်းကလေးမှာ သီတင်းသုံးတော် မူတယ်တဲ့၊
ဒါ သုတ္တန်ရဲ့ နိဒါန်းပါပဲ။
ဧဝံ မေ သုတံ ဧကံ သမယံ ဘဂဝါ ကုရူသု ဝိဟရတိ၊ ကမ္မာသဓမ္မံနာမ ကုရူနံ နိဂမော ဘာရဒွါဇဂေါတ္တဿ ဗြာဟ္မဏဿ အဂျာဂါရေ တိဏသန္ထာရကေ။
(မ၊ ၂၊ ၁၆၉။)
ဘန္တေ - အရှင်ဘုရား။
ဧတံ - ဤ မာဂဏ္ဍိယ သုတ္တန် ဒေသနာတော်ကို။
မေ - ဘုရား တပည့်တော် အာနန္ဒာသည်။
(ဘဂဝတော - ဘုန်းတော်ရှင် မြတ်စွာဘုရား၏။
သမ္မုခါ - အထံတော် မျက်မှောက်၌)
ဧဝံ - ဤသို့။
ဝါ - ယခု လျှောက်ထား တင်ပြမည့်အတိုင်း။
သုတံ - နာခံ မှတ်သား၊ ကြားအပ်ပါ၏။
ဧတံ - တစ်ပါးသော။
သမယံ - အခါ၌။
ဘဂဝါ - ဘုန်းတော်ရှင် မြတ်ဘုရားသည်။
ကုရူသု - (ဗဟုဝုဝ်အမည်ပြု) ကုရုခေါ် တိုင်းပြည်၌။
ကမ္မာသဓမ္မံနာမ - ကမ္မာသဓမ္မမည်သော။
ကုရူနံ - ကုရုတိုင်းသူ တိုင်းသားတို့၏။
ယော နိဂမော - အကြင် နိဂုံးခေါ် ရွာကြီးသည်။
အတ္ထိ - ရှိ၏။
တတ္ထ - ထိုကုရုတိုင်း။
ကမ္မသဓမ္မ - နိဂုံး၌။
ဘာရဒွါဇ ဂေါတ္တဿ - ဘာရဒွါဇ အနွယ်ရှိသော။
ဗြာဟ္မဏဿ - ပုဏ္ဏားကြီး၏။
အဂျာဂါရေ - မီးတင်းကုတ်၌။
တိဏသန္တာရကေ - မြက်အခင်း၌။
ဝိဟာရတိ - မျှတ ရွှင်ပြုံး သီတင်းသုံး နေတော်မူပေ၏။
ကုရုတိုင်း ကမ္မာသဓမ္မနိဂုံး ရွာကြီးမှာ ဘာရဒွါဇ အနွယ် ပုဏ္ဏားကြီးရဲ့ မီးတင်းကုတ် ကလေးထဲ၊ မြက်အခင်းပေါ်မှာ ဘုရားရှင် ကိုယ်တော်မြတ် သီတင်းသုံးတော်မူတယ်။
ကုရုတိုင်း ကမ္မာသဓမ္မ ဆိုတဲ့ ရွာကြီး၊ နိဂုံးကြီးက၊ ဘုန်းကြီးတို့ သာသနာတော်မှာ တော်တော်ထင်ရှားတဲ့ နိဂုံးကြီးပေါ့၊ အင်မတန် အခု တွင်ကျယ်နေတဲ့၊ အင်မတန် နာမည်ကြီးနေတဲ့၊ မဟာသတိပဋ္ဌာန သုတ္တန်ဆိုတဲ့၊ သုတ္တန်ဒေသနာတော်ကြီးကို အဲဒီ ကုရုတိုင်း၊ ကမ္မာသဓမ္မ ဆိုတဲ့ နိဂုံးကြီးမှာ ဟောတော်မူခဲ့တာဟာ အထင်အရှား။
အဲဒီ သုတ္တန်ကြီး ဟောတော်မူခဲ့လို့ ဒီ ကမ္မာသဓမ္မ ဆိုတဲ့ နိဂုံးကြီးဟာ အင်မတန် ထင်ရှားခဲ့၊ ဒီ သုတ္တန်ကြီးဟာ အပိုင်းပေါင်း၊ အခန်းပေါင်း များစွာနဲ့ -
- ကာယာနုပဿနာ သတိပဋ္ဌာန်၊
- ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊
- စိတ္တာနုပဿနာ သတိပဋ္ဌာန်၊
- ဓမ္မာနုပဿနာ သတိပဋ္ဌာန်
ဆိုတဲ့ သတိပဋ္ဌာန် တရားလေးပါးကို အပိုင်းပိုင်း အခန်းခန်း ခွဲပြီးတော့၊ ခမ်းခမ်း နားနား ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူခဲ့တယ်။
အဲဒီ ကုရုတိုင်း ကမ္မာသဓမ္မ ဆိုတဲ့ နိဂုံးကြီးဟာ ဥတုကလဲ သာယာ၊ အစာ အာဟာရလဲ ပြည့်စုံ၊ ဒီတော့ သပ္ပါယဖြစ်တဲ့ ဥတု၊ သပ္ပါယဖြစ်တဲ့ ဘောဇဉ်တွေ ရကြတဲ့အတွက်ကြောင့် သူတို့မှာ ကိုယ်လဲခန့်ကျန်း၊ စိတ်လဲ ခန့်ကျန်းတယ်။
ဒါကြောင့် နက်နဲတဲ့ တရားကို လက်ခံခြင်းငှာ စွမ်းနိုင်လို့ ဟောတော်မူတယ်လို့ ဆိုတယ်။
သတိပဋ္ဌာန် ရွာကြီး
တစ်မျိုး ပြောရရင်ဖြင့်၊ အဲဒီ ကုရုတိုင်းဆိုတာက သတိပဋ္ဌာန် တော်တော်လေး အလေ့ အလာရှိကြ၊ သတိပဋ္ဌာန် ပွားများမှု၌ တော်တော်လေး အလေ့အလာများကြ၊ လူရော ရဟန်းရော၊ ယောက်ျားရော၊ မိန်းမရော၊ အဆုံးသဖြင့် ကျွန်အမှုလုပ် အောက်ဆုံးထစ် ပုဂ္ဂိုလ်တွေက စပြီးတော့ သတိပဋ္ဌာန် တရား အလေ့အလာ များကြတယ်။
ရေချိုးဆိပ်၊ ယက္ကန်းရက်ရာ စသည်ဖြင့် ထိုထိုနေရာမှာ အမျိုးသမီးများတောင်မှ၊ သတိပဋ္ဌာန်စကား၊ သတိပဋ္ဌာန်တရား ပြောကြတယ်။ အမျိုးသမီးလေးတစ်ယောက် တွေ့တဲ့အခါ အမျိုးသမီးတွေက မေးကြတယ်၊ ညည်း ဘာသတိပဋ္ဌာန်တရားများ ပွားများသတုံးဆိုရင် အဲဒီမိန်းကလေးက ငါဘာမှ အားမထုတ်ပါဘူး လို့ဆိုရင်ဝိုင်းပြီး ကဲ့ရဲ့ကြတယ်။
ဘယ်သတိပဋ္ဌာန်ကိုမှ အားမထုတ်ဘူး ဆိုတော့ ညည်းဘဝဟာ စက်ဆုပ်စရာတောင် ကောင်းနေပြီ၊ အဲဒီတော့ ညည်းဟာ သေတဲ့လူနဲ့ ဘာမှ မခြားတော့ဘူး၊ အဲဒီတော့ သတိပဋ္ဌာန်တရား တစ်ခုခု နှလုံးသွင်းမှပေါ့လို့ တိုက်တွန်းကြ၊ သင်ပေးကြ။ သင်ပေးကြတော့၊ သတိပဋ္ဌာန်တရား ပွားများဖြစ်။
အဲဒီအမျိုးသမီးဟာလဲ သတိပဋ္ဌာန်တရား ပွားများ ဖြစ်တယ်၊ ကျွန်မ ဘာ သတိပဋ္ဌာန်တရားကို အားထုတ်ပါတယ် လို့ပြောရင် ဝိုင်းပြီး သာဓုခေါ်ကြတယ်။
အေး … ညည်းဘဝဟာ အင်မတန် အရတော်တဲ့ ဘဝပဲ၊ ညည်း လူဖြစ်လာရတာ အင်မတန် မွန်မြတ်တဲ့ လူ့အဖြစ်နဲ့ ဖြစ်ရတာပဲ၊ ဘုရားရှင်ကိုယ်တော်မြတ်သာ သိလို့ရှိရင်ဖြင့်၊ ညည်းကို ညည်းအတွက် ဘုရားရှင် ကိုယ်တော်မြတ် ပွင့်လာ ရတယ်လို့တောင် ဆိုလောက်တယ်နဲ့၊ ဝိုင်းပြီး ချီးမွမ်းကြတယ် အားပေးကြတယ်။
အားပေးလေ၊ သတိပဋ္ဌာန်တရား အားထုတ်လေပဲ။ အဲ့ဒီတော့ သတိပဋ္ဌာန်တရား အင်မတန် ထွန်းကားတဲ့ ရွာကြီးတစ်ရွာ၊ နိဂုံးကြီးတစ်ခု။
ကျေးသားနဲ့ သတိပဋ္ဌာန်
လူတင်မကဘူး တိရစ္ဆာများတောင်မှ သတိပဋ္ဌာန်တရား ပွားများအားထုတ်ကြ တယ်တဲ့၊ ကြားတော့ ကြားဖူးကြမှာပဲ။ ဒါပေမယ့် ဟောခွင့် ဆိုက်တော့ ဟောလိုက်ရဦးမယ်။
ကချေသည် တစ်ယောက် ကျေးသားငယ်လေး၊ ကြက်တူရွေးလေးပေါ့၊ ကျေးသားလေးကို စကားသင်ပေးရင်း သူ လှည့်လည်သွားရင်း ကျေးသားငယ်လေး တစ်ကောင် ယူဆောင်လာတယ်။ ဘိက္ခုနီမတွေရဲ့ ကျောင်းအနီးမယ်၊ အနားယူပြီး ပြန်ထသွားတော့ သူ့ ကြက်တူရွေးလေး အမှတ်မရဘူး၊ မေ့နေရစ်ခဲ့တယ်။
အဲဒီတော့၊ သာမဏေမလေးတွေက မြင်တော့ ယူပြီးတော့ မွေးထားကြတယ်၊ စကားသင်ပေးကြတော့ ကောင်းကောင်း စကားပြောတတ်တယ်။
တစ်နေ့ကျတော့ ထေရီမကြီးရဲ့ရှေ့ ကျေးလေးက ရောက်လာတယ်၊ အဲဒီ ကြက်တူရွေးလေးကိုလဲ၊ သာမဏေမလေးတွေက အမည်ပေးထားကြတယ် “ဗုဒ္ဓရက္ခိတ” လို့။
တစ်နေ့ မထေရ်မကြီးရဲ့ ရှေ့ ရောက်တော့ ဗုဒ္ဓရက္ခိတ လို့ ခေါ်လိုက်တော့၊ “မှန်ပါအရှင်မ” မင်း ဘယ်တရားများ နှလုံးသွင်းတုံးဆိုတော့” ဟာ ကျွန်တော် ဘာမှ နှလုံးမသွင်းပါဘူး' ဆိုတော့၊ ဟ ... ရဟန်းတွေနေရာမှာ နေတဲ့ပုဂ္ဂိုလ် ဆိုတာဟာ ဘာမှ နှလုံးမသွင်းဘူးဆိုတာ၊ မသင့်လျော်ဘူး၊ ကိုယ်လွတ်လက်လွတ် ထင်ရာကြနေလို့ မဖြစ်ဘူး၊အဲ့ဒီတော့ တစ်ခုခုတော့ သင်မှ၊ လွယ်တာလေး ငါသင်ပေးမယ်ဆိုပြီးတော့။
“အဋ္ဌိ အဋ္ဌိ”လို့ မင်း စီးဖြန်းဆိုပြီး သင်ပေးတယ်၊ “အဋ္ဌိ အဋ္ဌိ”ဆိုတာ မြန်မာလိုတော့ အရိုး, အရိုးပေါ့လေ၊ အဲဒီလို သင်ပေးတဲ့ အခါကျတော့ ကြက်တူရွေးလေးက ဒါ, ထပ်တလဲလဲ သူရွတ်နေ၊ ပွားနေတယ်ပေါ့။
အဲ... တစ်နေ့ကတော့ အေးလို့၊ နံနက်ခင်း တံခါးမုခ် တံခါးအထက်မှာ နေစာ လှုံနေရင်း၊ ငှက်ကြီးတစ်ကောင်က ဝင်ပြီး သုတ်သွားတယ်၊ ကျီကျီ၊ ကျီကျီနဲ့ မြည်ရင်း သာမဏေမလေး တွေက ခဲတွေကိုင်၊ တုတ်တွေကိုင်နဲ့ လိုက်ပြီးတော့ ၊ ခြောက် ကြတော့၊ လွှတ်ချထားခဲ့တယ် ၊ အဲဒါနဲ့ ကြက်တူရွေးလေး မထေရ်မကြီးရဲ့ ရှေ့ သွားပြီးတော့ချတော့“ဗုဒ္ဓရက္ခိတ … ငှက်ကြီးက ချီသွားတော့၊ မင်းဘယ်လို နှလုံးသွင်းတုံး”လို့ မေးတော့။
ကျွန်တော် နှလုံးသွင်းတာကတော့ “အရိုးစုကြီး တစ်ခုက အရိုးစုကြီးတစ်ခုကို ချီပြီးသွားလေရဲ့၊ ဘယ်နေရာများ ဖရိုဖရဲ ကြဲပြန့်ပြီးတော့ ပျက်စီးပါ့မလဲ”လို့ ဒီလို နှလုံးသွင်းတဲ့ အကြောင်း သူက လျှောက်တယ်။
အဲဒီအခါမှာ ထေရီမကြီးက “အေး ... မင်း ဒီလိုဆိုရင်ဖြင့် ဘဝကုန်ဆုံးရာ နိဗ္ဗာန်ရောက်ခြင်းရဲ့ အထောက်အပံ့ ကောင်းကောင်း ဖြစ်ပြီ”လို့ ချီးမွမ်းတော် မူတယ်လို့ ဆိုတယ်နော်။
အဲဒါဟာ သတိပဋ္ဌာန် ခေတ်စားခဲ့တဲ့ ခေတ်တစ်ခေတ်၊ ခေတ်စားခဲ့တဲ့ နိဂုံးကြီး အထင်အရှား ဘုန်းကြီးတို့ ပါဠိတော်မှာ။
ပုဂံခေတ် အိမ်ရှင်မ
အဘိဓမ္မာ ဆောင်များ
လောကမှာ တစ်ခါတစ်ခါ ခေါင်းဆောင်မယ့် လူရှိရင် ခေတ်တစ်ခုဟာ ထူးထူးခြားခြား ခေတ်စားလာတယ်။ ဘုန်းကြီးတို့ မြန်မာပြည်မှာ ပုဂံပြည်ကြီးဆိုတာ ရှိတယ်၊ ခေတ်တစ်ခေတ်။
ပုဂံပြည်ကြီးမှာ အင်မတန် ပရိယတ္တိဘက်က ထွန်းကားတယ်၊ ရဟန်းတော်တွေ ဘက်က ကြည့်ရင်လဲ အင်မတန် နာမည် ကြီး သဒ္ဒနီတိဆိုတဲ့ သဒ္ဒါကျမ်းကြီးဟာ ဟို သီဟိုဠ်တို့ ဘာတို့တောင် လက်ဖျားခါယူရတယ်။
အဲဒီအခါက ရေးလိုက်ကြတဲ့ ကျမ်းတွေဆိုတာ နည်းတာ မဟုတ်ဘူး။ အဲ ... ဘုန်းကြီးတွေတင် မကဘူး၊ လူတွေရော - အထူးသဖြင့် အမျိုးသမီးတွေရော၊ ပရိယတ္တိတရား လေ့ကျက်ကြတယ်။
အချင်းချင်း တွေ့တဲ့အခါ “ညည်း ဘာများ လေ့လာနေတုံး” “အေး ... ငါ မအားတာနဲ့၊ အလုပ်တွေ သိပ်များတာနဲ့ များများ မလေ့ကျက်နိုင်ပါဘူး၊ အဋ္ဌသာလိနီကျမ်းကြီး တစ်ကျမ်းပဲ ဆောင်နိုင်ပါတယ်” လို့ ဆိုတယ်။ အဋ္ဌသာလိနီ ကျမ်းကြီးဆိုတာ နည်းတာ မဟုတ်ဘူး၊ စာအုပ်အထူကြီး အဘိဓမ္မာ နက်နဲတဲ့ ကျမ်းဂန်ကြီးပဲ။
ခေါင်းဆောင်ကောင်းဖို့ အရေးကြီး
တစ်ခါတစ်ခါ တခြား တိုင်းပြည်က လာပြီးတော့ တစ်ခြားမြို့ပြည်က လာပြီးတော့ ဦးပဉ္စင်းတွေ၊ ပုဂံပြည်ပညာ စမ်းမလို့ လာကြတယ်၊ ပြည်ထဲ မရောက်ဘူး၊ အဝက ကစားနေကြတဲ့ မိန်းကလေးတွေက ပညာစမ်းလိုက်တာနဲ့ ပြန်ပြေးရတယ် လို့ဆိုတယ်။
အဲဒီလောက် အဲဒီအခါက ပရိယတ္တိ ခေတ်စားတယ်၊ ရှင်ဘုရင်ကလဲ စာချ၊ ရှင်ဘုရင် သမီးတော်ကလဲ စာချ၊ အဲ့ဒီ အကြောင်းတွေ ပြောရရင်တော့ အများကြီးပဲ၊ တစ်ခေတ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ အကြီးအမှူး ဦးစီး နာယက ပုဂ္ဂိုလ်တွေက ကြိုးစားလိုက်မယ်ဆိုရင် ခေတ်တစ်ခေတ်ဟာ ပရိယတ္တိ ဖြစ်ဖြစ်၊ ပဋိပတ္တိ ဖြစ်ဖြစ် ထွန်းကားနိုင်တဲ့ အကြောင်း ဘုန်းကြီးက ပြောပြတာ။
မီးတင်းကုတ် ထဲက ဗုဒ္ဓ
အေး အဲသလို တိုင်းပြည်ကြီး၊ အဲသလို ရွာကြီး၊ နိဂုံးကြီး၊ အဲ့ဒီ နိဂုံးကြီးမှာ အခု ဘာရဒွါဇ ပုဏ္ဏားကြီးရဲ့ မီးတင်းကုတ်ထဲက မြက်အခင်းလေးပေါ်မှာ ဘုရားရှင် ကိုယ်တော်မြတ် လာပြီးတော့ သီတင်း သုံးတော်မူတယ်တဲ့။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ တကတည်း အို အမှိုက်တွေ၊ သရိုက်တွေ၊ ပြာတွေ၊ ပေပွနေတဲ့ ရှုပ်နေတဲ့ ဒီ မီးတင်းကုတ်လေးထဲမှာ ဘာလို့ လာ သီတင်းသုံးတုံး ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ် အလကား လာ သီတင်းသုံးတာ မဟုတ်ဘူး။
မာဂဏ္ဍီ ဆိုတဲ့ ပရိဗိုဇ် အဲဒီ ပရိဗိုဇ်ကြီးကို ချီးမြှောက်ချင်လို့ ဘုရားရှင် ကိုယ်တော်မြတ် ကြွရောက်ပြီး သီတင်းသုံးတယ်။
မာဂဏ္ဍီ နှစ်ယောက် ရှိတယ်တဲ့၊ ဦးလေး မာဂဏ္ဍီ၊ တူမ မာဂဏ္ဍီ၊ ဦးလေး မာဂဏ္ဍီ ကတော့ ရဟန္တာ ဖြစ်သွားတယ်၊ တူမ မာဂဏ္ဍီကတော့ အခု ကျွတ်တမ်း မဝင်သေးဘူး၊
ဒါပေမယ့် “ငါ ဘုရားရှင် ကိုယ်တော်မြတ် သွားပြီး သီတင်းသုံးရင် အဲ့ဒီ မာဂဏ္ဍီကို ငါ တရားဟောခွင့် ကြုံမယ်၊ ကြုံလို့ရှိရင် မာဂဏ္ဍီကို ငါ တရားဟောခွင့် ကြုံခွင့် ကြုံလို့ရှိရင် မာဂဏ္ဍီဟာ အာသဝေါ ကုန်ခမ်း ရဟန္တာ ဖြစ်လိမ့်မယ်”လို့ မြင်တာနဲ့ ဘုရားရှင် ကိုယ်တော်မြတ် ဒီလို စက်ဆုတ်စရာ နေရာမှာ လာပြီးတော့ ကျဉ်းကျဉ်း ကြုတ်ကြုတ် နေရာလေးမှာ လာပြီးတော့ သီတင်း သုံးတော်မူခြင်း ဖြစ်တယ်လို့ ဆိုတယ်နော်။
အဲဒါကြောင့် ဒီလို သီတင်းသုံးနေခိုက် နံနက်ခင်း အခါမှာ ဘုရားရှင် ကိုယ်တော်မြတ် ဟာ သပိတ်၊ သင်္ကန်း ဆောင်ပြီးတော့ အဲဒီ ကမ္မာသဓမ္မ နိဂုံးကြီးထဲ ဆွမ်းခံကြွတော် မူတယ်။
ဆွမ်းခံ ကြွပြီး ဆွမ်းခံရွာမှ ဖဲကြွလာတဲ့အခါ၊ အဲဒီအနီး အနားမှာရှိတဲ့ တောအုပ်ကြီး ထဲမှာ ဆွမ်းဘုဉ်းပေးပြီးတော့ အဲဒီ အနီးအနားမှာရှိတဲ့ တောအုပ်ကြီးထဲ ကြွသွား ပြီးတော့ တော အုပ်ကြီးထဲက သစ်ပင်ရင်း တစ်ခုမှာ သီတင်း သုံးတော်မူတယ်။
အမှန်ကတော့ ဒီနေ့မှာ မဟုတ်ဘူးတဲ့၊ ခါတိုင်းလဲ အဲသလိုဘဲ ဒီလို ဆွမ်းခံကြွပြီး ဆွမ်းဘုဉ်းပေးပြီး ကြွနေကျ၊ ဘာဖြစ်လို့တုံး ဆိုတော့ ခုနက ပြောတဲ့ မီးတင်းကုတ်လေးက ရွာကြီးထဲမှာ ဆိုတော့ ပတ်ဝန်းကျင်က ကလေးတွေရဲ့၊ ဆူညံ သံတွေနဲ့ ဖြစ်နေတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဝိဝေကကို လိုလားတဲ့အတိုင်း အေးငြိမ်းရာ ဆိတ်ငြိမ်ရာ ဖြစ်တဲ့ အရပ်သို့ သွားပြီးတော့ သီတင်းသုံးခြင်း ဖြစ်တယ်။
သူတော်ကောင်းတို့ အိပ်ရာ
အဲဒီ အခိုက်မှာ ဘုန်းကြီးတို့ မာဂဏ္ဍီဆိုတဲ့ ပရိဗိုဇ်ကြီးက အညောင်းပြေ အညာပြေ လမ်းလျှောက်ရင်း ဘာရဒွါဇ အနွယ်ရှိတဲ့ ပုဏ္ဏားကြီးရဲ့ မီးတင်းကုပ်ထဲ ဝင်လာ၊ မီးတင်းကုတ်ထဲ ဝင်လာတော့ မြတ်စွာဘုရား သီတင်းသုံးတော်မူတဲ့ မြက် အခင်းလေးကို မြင်ရ။
မြက် အခင်းလေးကို မြင်ရတော့၊ သူက “ဘာရဒွါဇ ဒီ မြက်ခင်းလေးဟာ ရဟန်းများရဲ့ အခင်း အိပ်ရာ နေရာနဲ့။ အခင်းလေးနဲ့ တူပါလား၊ ဘယ်သူ့ အခင်းလဲ။ ဘယ်သူ ထိုင်တဲ့ အခင်းလဲ” လို့ မေးတယ်၊ အဲဒီလို မေးတဲ့ အခါကျတော့၊ ဘာရဒွါဇ ပုဏ္ဏားကြီးက “အေး လောကမှာ၊ သာကီဝင်မင်းမျိုး မှ သာကီဝင် မင်းသား ဖြစ်တဲ့ သာကီဝင် မင်းမျိုးမှ ထွက်ခွာပြီးတော့ ရဟန်းပြုလာတဲ့ အရှင် ဂေါတမ ဆိုတာ ရှိတယ်။
အဲဒီ အရှင်ဂေါတမရဲ့ ကျော်ဇောသတင်းဟာ ဘဝဂ် ဆံ့ ထက်အောက် ပြန်နှံ့လျက် ရှိတယ်၊ ထိုဘုရားရှင် ကိုယ် တော်မြတ်ဟာ။
- အရဟံ - ပူဇော် အထူးကို ခံတော် မူထိုက်တယ်။
- သမ္မာ သမ္ဗုဒ္ဓေါ - တရား အလုံးစုံ အကုန် သိမြင်တယ်။
- ဝိဇ္ဇာစရဏ သမ္ပန္နော - ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူတယ်။
- သုဂတော - ကောင်းသောစကားကို ဆိုသော် မူတတ်တယ်။ ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူတတ်တယ်။
- လောကဝိဒူ - လောကသုံးပါးကို ပိုင်းခြား သိမြင်တတ်တယ်။
- အနုတ္တရော ပုရိသ ဒမ္မသာရထိ - အတုမရှိ မြတ်တော်မူသည် ဖြစ်၍ မယဉ်ကျေးသေးတဲ့ သတ္တဝါတွေ ယဉ်ကျေးအောင် ဆုံးမတော်မူတယ်။
- သတ္ထာဒေဝ မနုဿာနံ - နတ် လူတို့ရဲ့ ဆရာ တစ်ဆူ ဖြစ်တော်မူတယ်။
- ဗုဒ္ဓေါ - သစ္စာလေးပါး တရားကို ကိုယ်တော်တိုင်လဲ သိတယ်၊ ဝေနေယျတွေကိုလဲ သိစေတော် မူတတ်တယ်။
- ဘဂဝါ - ဘုန်းတော် ခြောက်ပါးနဲ့ ပြည့်စုံတော်မူတယ်”။
အဲ့သလို ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ပြောတယ်၊ ပြောတဲ့ အခါကျတော့ တကယ်တော့ ဘာရဒွါဇ ပုဏ္ဏားကြီးကတော့ ဒီ ဂုဏ်တော်တွေ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဂုဏ်သတင်းတွေ၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ အနေအထိုင် အကျင့်အကြံတွေ မြင်ပြီးတော့ ကြည်ညိုပြီးသားကို။
သို့သော် မာဂဏ္ဍီက မြင်ဖူးတာ မဟုတ်ဘူး၊ အိပ်ရာကလေး ကြည့်ပြီးတော့သာ သူ ပြောနေတာ၊ သို့သော် အမှန်က အိပ်ရာလေးကို မြင်ရရင်ပဲ တကယ်တော့ ကြည်ညိုစရာ အင်မတန် ကောင်းသွားပြီ။
ဒါဘယ်သူ့ နေရာတုံးဟေ့၊ ရဟန်း နေရာလေးနဲ့ တူပါလားလို့ သူ ပြောတာဟာ နေရာလေးရဲ့ ထူးခြားတဲ့ အခြင်းအရာတို့ မြင်လို့၊ ဒီ မြက်အခင်းလေးရဲ့ ထူးခြားတဲ့ အခြင်းအရာကို မြင်လို့ ဘုရားရှင် ကိုယ်တော်မြတ်ဟာ ခါတိုင်းဆွမ်းခံ ကြွပြီဆိုရင် မြက်အခင်းလေး လိပ်ပြီးတော့ သိမ်းသွားတယ်၊ ဒီနေ့တော့ သိမ်းမသွားဘူး ဒီအတိုင်းပဲ ထားခဲ့တယ်။
အဲဒီတော့ ဒီအခင်းလေးရဲ့ အခြင်းအရာဟာ တကယ် ထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ အခင်းအဖြစ်ဖြင့် ပေါ်လွင်နေတယ်။
ဘာဖြစ်လို့တုံးဆိုရင် များသောအားဖြင့် လူတွေ အိပ်တယ်ဆိုရင် လက်ဆော့တယ်၊ လက်ဆော့တော့ လက်နေရာက တွန့်၊ ခြေဆော့တယ် ခြေနေရာက တွန့်၊ ခေါင်းဆော့တယ် ခေါင်းနေရာက တွန့်နေတယ်။
ဘုရားရှင် ခင်းကျိန်းနေတဲ့ မြက်ခင်းလေးကတော့ တစ်ခါတည်း ဘယ်နေရာမှာမှ အရာမယွင်း တကယ်ကို ပြန့်ပြန့် သန့်သန့်နဲ့ အတွန့်အလိပ် ချွတ်ယွင်းချက်ရယ်လို့ ဘာမှ မရှိဘဲနဲ့ အတွန့်အတက် ဘာမှ မရှိဘူး။
ပန်းချီဆရာ စုတ်နဲ့ ဆွဲထားသလိုပဲတဲ့ အင်မတန် သပ်သပ်ရပ်ရပ်လေး ဖြစ်နေတာ၊ သူမြင်သားပဲ၊ မြင်ပေမယ့် ကြည်ညိုရမှန်း မသိဘူး။
အဲဒါကြောင့်မို့လို့ ဘာရဒွါဇ ပုဏ္ဏားကြီးက ဂုဏ်တော်တွေ ဖော်ပြောပေမယ့် မာဂဏ္ဍီ ပရိဗိုဇ်ကြီးက ကြည်ညိုရမှန်း မသိသေးဘူး။
ပရိဗိုဇ်ဆိုတာ ဘာတုံး၊ ဘုန်းကြီးတို့ သာသနာ၊ ဘုရားရှင် လက်ထက်က ဝါဒ အမျိုးမျိုး အယူအမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်၊ ပရိဗိုဇ် ဆိုတာ ရဟန်းတစ်မျိုးပဲ။ သို့သော် သာသနာတွင်းက ရဟန်း မဟုတ်ဘူး၊ သာသနာ့အပြင်ဘက်က ရဟန်း တစ်မျိုး အဲ့ .. သူက နှစ်မျိုးရှိတယ်။
ပရိဗိုဇ် နှစ်မျိုး
နဂ္ဂပရိဗိုဇ် လို့၊ ဆန္နပရိဗိုဇ် လို့ ဆန္နပရိဗိုဇ် ဆိုတာ ကတော့ အဝတ်ဝတ်တယ်၊ နဂ္ဂပရိဗိုဇ် ဆိုတာကတော့ အဝတ် မဝတ်ဘူး၊ အဲဒီတော့ နဂ္ဂပရိဗိုဇ် ဆိုတာက နှစ်မျိုးရှိတယ်၊ အာဇီဝက မြန်မာ လိုတော့ တက္ကဒွန်း ခေါ်တယ်၊ ကြားဖူး ကြမှာပေါ့ တက္ကဒွန်းတဲ့။
အစေကလ ဆိုတာကလဲ အဝတ် မဝတ်ဘူး၊ သူကလဲ အစေကလ တိတ္ထိတစ်မျိုးပဲ၊ သူတို့နှစ်ဦးလုံးဟာ ပရိဗိုဇ်ပဲ အဲဒီတော့ အာဇီဝကဆိုတာက အပေါ်က ကိုယ်ရုံလေး တော့ရှိတယ်၊ လက်ကတီးကြား ချိုင်းကြားမှာ အဝတ်ကလေး လျှိုသွင်းပြီးတော့ အပေါ်ပိုင်းကတော့ အဝတ်ရှိတယ်၊ အောက်ပိုင်းကတော့ ဗလာ။
အစေလက ဆိုတာကတော့ အပေါ်လဲ အဝတ်မရှိဘူး၊ အောက်လဲ အဝတ်မရှိဘူး၊ အဝတ် မရှိဘဲနဲ့ ကျင့်တဲ့ ပုဂ္ဂိုလ်တွေ ပရိဗိုဇ်တွေပေါ့လေ။
အဝတ်ဝတ်တဲ့ ပရိဗိုဇ်လဲ ရှိတယ်။ ဒီပရိဗိုဇ်ကတော့ ပဏ္ဍရင်္ဂပရိဗိုဇ်တဲ့ အဝတ်ဖြူ ဝတ်လေ့ရှိတယ်၊ အခုခေတ် ဘုန်းကြီးတို့ ဖိုးသူတော်တွေပေါ့လေ၊ အဲဒီ ပရိဗိုဇ်ထဲမှ အခု မာဂဏ္ဍီ ပရိဗိုဇ်ကတော့ အဝတ် မဝတ်တဲ့ ပရိဗိုဇ်မဟုတ်ဘူး၊ သူကတော့ အဝတ်ဝတ်တဲ့ ပရိဗိုဇ်။
အဲဒီတော့ ဒါတွေ ကြားရတော့ ဘုရားဂုဏ်တော်တွေ ကြားရရင် အင်မတန် ကြည်ညိုစရာ၊ သို့သော် သူ့စိတ်ထဲမှာ မကြည်ညိုဘူး၊ မကြည်ညိုတာက ဘာကြောင့်တုံး ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို မြင်သာ မမြင်ဘူးတာ။
သို့သော် ဘုရားရှင် ကိုယ်တော်မြတ်ဟာ ဘယ်လိုဟောတယ်ဆိုတာ အထိုက် အလျောက် ကြားဖူးတယ်၊ ကြားဖူးတော့ အဲဒီ ဂုဏ်တော်တွေ ဖော်ပြောပေမယ့်၊ ဂုဏ်တော်တွေ ပြောပေမယ့် အင်း ... သူက မကျေနပ်ဘူး၊ မကျေနပ်တဲ့အပြင် ကဲ့ရဲ့ လိုက်သေးတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကို ရှုတ်ချလိုက်သေးတယ်။
မာဂဏ္ဍီ ဝါဒ
ဒုဒ္ဒိဋ္ဌံ ဝတ ဘော၊ ဘာရဒွါဇ အဒ္ဒသာမ။
ဒုဒ္ဒိဋ္ဌံ ဝတ ဘော၊ ဘာရဒွါဇ အသာမ။
ဘာရဒွါဇ - တကယ်တော့ တို့တစ်တွေဟာ တကယ့် အမြင် ဆိုးဝါးတဲ့ အရာဝတ္ထုကြီး မြင်နေရပါလား၊ မကောင်းတဲ့ မကောင်းသဖြင့် မြင်အပ်တဲ့ အမြင်ဆိုးဝါးတဲ့ အရာဝတ္တုကြီးကို တို့ မြင်နေရတယ်၊ ဘာ့ကြောင့်တုံးဆိုတော့။
ယေ မယံ အဒ္ဒသာမ၊ တဿ ဘောတော ဂေါတမဿ ဘူနဟုနော သေယျံ အဒ္ဒသာမ။
(မ၊ ၂၊ ၁၆၉။)
ယေ မယံ - အကြင် အကျွန်ုပ်တို့သည်။
ဘူနဟုနော - ကြီးပွားတိုးတက်မှုကို ဖျက်ဆီးတတ်သော။
တဿ ဘောတော ဂေါတမဿ - ထိုအရှင်ဂေါတမ၏။
သေယျံ - အိမ်ရာအခင်းကို။
အဒ္ဒသာမ - မြင်ကြရကုန်၏။
ဘော ဘာရဒွါဇ - အို ဘာရဒွါဇ။
တေ မယံ - ကြီးပွားမှု ဖျက်ဆီးတတ်တဲ့ အရှင်ဂေါတမ၏ အိမ်ရာအခင်းကို မြင်ကြရသော ထို အကျွန်ုပ်တို့သည်။
ဒုဒဒိဋ္ဌံ - အမြင်ဆိုးလတ် မကောင်းသဖြင့် မြင်ကြရသည်။
အဒ္ဒသာမ ဝတ - မြင်ကြရကုန်၏။
ဘော ဘာရဒွါဇ - အို ဘာရဒွါဇ။
တေမံယံ - ကြီးပွားမှုကို ဖျက်ဆီးတတ်တဲ့ အရှင်ဂေါတမ အိပ်ရာအခင်းကို ပြင်ကြရတဲ့ ထိုအကျွန်ုပ်တို့သည်။
ဒုဒ္ဒိဋ္ဌံ - အမြင်ဆိုးလှ မကောင်းသဖြင့် မြင်ရခြင်းကို။
အဒ္ဒသာမ ဝတ - အမြင်မလှ မြင်ကြရပါပေစွတကား။
တကယ်တော့ တို့တစ်တွေဟာ အခု ကြီးပွားတိုးတက်မှုကို ဖျက်ဆီးတတ်တဲ့ ပိုင်းခြား ကန့်သတ်တတ်တဲ့ အရှင်ဂေါတမရဲ့ အိပ်ရာနေရာ အခင်းကို မြင်ရတာ တို့တစ်တွေ အဖို့ မကောင်းမြင်ရခြင်းဖြင့် မြင်ရပါလား၊ တကယ် အမြင်ဆိုးဝါးတဲ့ အမြင်ဆိုးကို မြင်ရတာပါလားလို့ ဆိုပြီးတော့ သူက အဲ့ဒီလို အပြစ်ပြောတယ်တဲ့။
အဲ ... ဘုရားရှင် ကိုယ်တော်မြတ်ကို “ဘူနဟုနော သမဏဿ ဂေါတမဿ”။ ဘူနဟု - ဆိုတာက ကြီးပွားခြင်း၊ တိုးတက်ခြင်းကို ဖျက်ဆီးတတ်တယ်၊ ချုပ်ချယ် ကန့်သတ်မှုကို ပြုတတ်တယ်လို့ ဘုရားရှင် ကိုယ်တော်မြတ်ကို ဆိုတယ်။ ဒီတော့ ဘာရဒွါဇ အနွယ်ရှိတဲ့ ပုဏ္ဏားကြီးက ...
ရက္ခဿေတံ မာဂဏ္ဍိယ ဝါစံ၊
ရက္ခဿေတံ မာဂဏ္ဍိယ ဝါစံ။
“မာဂဏ္ဍိ၊ အရှင်ဟာ အရှင်၏စကားကို စောင့်စည်းပါလို့။ ဒီအပြောမျိုး မပြောပါနှင့် အပြောမျိုးကို စောင့်စည်းပါ၊ ထိုအရှင် ဂေါတမကို မင်းမျိုးက မင်းပညာရှိတွေ၊ ရဟန်းပညာရှိတွေ၊ သူကြွယ် ပညာရှိတွေ။ ပုဏ္ဏား ပညာရှိတွေ၊ အဲ့ဒီ ပညာရှိတွေဟာ ထို ဘုရားရှင် ကိုယ်ြတ်အပေါ်မှာ ကြည်ညို ကြတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ဟာ အလွန်စင်ကြယ်တဲ့ အကျင့်တရား၌ ဆုံးမထားလို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အပေါ်မှာ အလွန်ကြည်ညိုနေတယ်” ဆိုတော့။ မာဂဏ္ဍီက မလျှော့ဘူး၊ ဘယ်လို ကြည်ညို ကြည်ညို အဲဒီ ရဟန်းဂေါတမကို ငါ တိုက်ရိုက် မြင်ရရင်လဲ ငါ ဒီစကားကို ပြောမှာပဲ။ “ရဟန်းဂေါတမဟာ ကြီးပွား တိုးတက်မှုကို ဖျက်ဆီးတတ်တယ်၊ ရဟန်း ဂေါတမဟာ ပိုင်းခြား ကန့်သတ် ချုပ်ချယ်မှုကို ပြုတတ်တယ်။ ဒီလို ငါပြောမှာပဲ၊ ဘာဖြစ်လို့တုံးဆိုရင် တို့ကျမ်းဂန်များမှာ ဒီအတိုင်းရှိသကွ”လို့ ပြောသတဲ့၊
အဲဒီတော့ ဘာရဒွါဇ ပုဏ္ဏားကြီးက“အရှင်မာဂဏ္ဍီ အရှင်မာဂဏ္ဍီ ဝန်မလေးလို့ရှိရင် ခွင့်ပြုမယ်ဆိုလို့ ရှိရင် အရှင် ယခုပြောတဲ့ အရှင်ဂေါတမဟာ ကြီးပွားတိုးတက်မှုကို ဖျက်ဆီးတတ်တယ်၊ အရှင် ဂေါတမဟာ ချုပ်ချယ် ကန့်သတ်တတ်တယ်၊ အကျွန်ုပ် အရှင်ဂေါတမကို ပြောပါရစေ”ဆိုတော့၊
“အို ... ဘာရဒွါဇ အလိုရှိသလို ပြောပါ၊ မမေးပေမယ့် ပြောလိုက်၊ ရှင်ဂေါတမကို ဒီအတိုင်းပဲ ပြောလိုက်။ အကျွန်ုပ်က ပြောတယ်လို့ ဒီအတိုင်းပဲ ပြောလိုက်ပါ”လို့ သူကလဲ ရဲရဲပဲ။ ဘာကြောင့်တုံးဆိုတော့ သူတို့ ကျမ်းဂန်မှာ ဒီလို ရှိလို့တဲ့။
အဲ ဒီတော့ မာဂဏ္ဍီဆိုတဲ့ ပရိဗိုဇ်ကြီးရဲ့ ဝါဒက၊ သူက ဒွါရ ခြောက်ပါးမှာ ကြီးပွားမှု လုပ်ရမယ်ဆိုတဲ့ တိုးတက်မှု လုပ်ရမယ် ဆိုတဲ့ အယူရှိတဲ့ ပုဂ္ဂိုလ်၊ မမြင်ရသေးတဲ့ စက္ခုဒွါရကို တိုးပွားအောင် လုပ်ရမယ်၊ မမြင်ရသေးတဲ့ ရူပါရုံကို သိရမယ်၊ မြင်ပြီးတဲ့ ရူပါရုံတော့ မကြည်နဲ့တော့၊ ထားလိုက်။
သောတဒွါရကို ကြီးအောင် လုပ်ရမယ် တိုးတက်အောင် လုပ်ရမယ် မကြားရသေးတဲ့ အသံကို ကြားအောင် လုပ်ရမယ် မကြားရသေးတဲ့ အသံကောင်းတွေ နားထောင် ရမယ်၊ ကြားပြီးတဲ့ အသံတော့ ထားလိုက်တော့။ ထို့အတူ ဃာနဒွါရ တိုးပွားအောင် ကျင့်ရမယ်၊ မနမ်းဖူးသေးတဲ့ အနံ့ မခံဖူးသေးတဲ့ အနံ့တွေ ခံယူရမယ်၊ အနံ့ ခံပြီးသား နားလည်ပြီးသား အနံ့တွေတော့ ထားလိုက်တော့။
အရသာ မခံဖူးတဲ့ အရသာတွေ စားရမယ်၊ အရသာခံဖူးတဲ့ စားဖူးတဲ့ အရသာတွေတော့ ထားလိုက်တော့။ အဲဒီ မတွေ့ဖူးသေးတဲ့ အတွေ့တွေ တွေ့ရမယ်၊ တွေ့ဖူးတဲ့ အတွေ့တွေတော့ ထားလိုက်တော့။
အဲ့ဒီလို မကြုံဖူးသေးတဲ့ မသိ ဖူးသေးတဲ့ အသိတွေ သိအောင် လုပ်ရမယ်၊ ကြံရမယ်၊ တွေးရမယ်၊ သိရမယ်၊ သိပြီးတဲ့ အသိတွေကျတော့ ထားလိုက်တော့။
အဲသလို ဒွါရခြောက်ပါးမှာ တိုးပွားအောင် လုပ်ရမယ်၊ အာရုံ ခြောက်ပါးကို ခံစား ရမယ်၊ အဲဒါ သူ့ဝါဒက ကြီးပွား တိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ ဝါဒပဲ၊ အဲဒါကြောင့် သူ့ အလိုဆိုရင်တော့ လောကမှာ ကာမဂုဏ် အာရုံကြိုက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြိုက်ပဲ၊ ဘုရားရှင် ကိုယ်တော်မြတ် ဝါဒက ဒီလိုမဟုတ်ဘူး၊ ဒါတွေကို ရှုတ်ချတယ်။
ဗုဒ္ဓဝါဒ
စက္ခုနာ သံဝရော သာဓု၊
သာဓု သောတေန သံဝရော။
ဃာနေန သံဝရော သာဓု၊
သာဓု ဇိဝှါယ သံဝရော။
ကာယေန သံဝရော သာဓု၊
သာဓု ဝါစာယ သံဝရော။
မနသာ သံဝရော သာဓု၊
သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊
သဗ္ဗဒုက္ခာ ပမုစ္စတိ။
(ဓမ္မပဒ - ၆၅။)
စက္ခုနာ - စက္ခုဒွါရဖြင့်။
သံဝရော - စောင့်စည်းခြင်းသည်။
သာဓု - ချမ်းသာဖို့အကြောင်း ကောင်းလှပါပေ၏။
ဘုရားရှင် ဝါဒက စက္ခုကို တိုးပွားအောင် မလုပ်ရဘူး၊ ပိတ်ရမယ်၊ စက္ခု လိုချင်တိုင်း၊ စက္ခု လိုချင်တိုင်း မလိုက်အောင် ပိတ်ဆို့ရမယ်၊ ပိတ်ရမယ် ဆိုတော့ ဘာနဲ့ ပိတ်ရမလဲ တရားနဲ့ပဲ စက္ခုကို အကုသိုလ် မဝင်အောင် ပိတ်ဖို့ ဘုရားရှင် ကိုယ်တော်မြတ် နည်းပေးတာတွေ အများကြီး။
သွား မြင်ရုံနဲ့ ရဟန္တာဖြစ်
ဘုန်းကြီးတို့ ရှေးက သီဟိုဠ်ကျွန်း အနုရာဓမြို့ကြီးက အမျိုးသမီးတစ်ဦး လင်နဲ့ စိတ်ဆိုးပြီးတော့၊ အနုရာဓမြို့ကြီးက ထွက်သွား၊ အနုရာဓမြို့ကြီးက ထွက်လာတော့၊ စေတိယတောင်က မဟာတိဿမထေရ် ဆိုတာကလဲ တောင်ပေါ်က ဆင်းလာ အနုရာဓမြို့ကြီးမှာ၊ ဆွမ်းခံ ဝင်မယ်ဆိုပြီးတော့၊ လမ်းမှာ အဲဒီ အမျိုးသမီးနဲ့ဆုံမိ၊ အမျိုးသမီးကလဲ ပြင်ဆင်ထားလိုက်တာ၊ နတ်သမီးတမျှပဲလို့ ဆိုတယ်၊ အဲဒါ လမ်းမှာမထေရ်နဲ့ ဆုံမိ၊ ဆုံမိကြတော့ မထေရ်ဆိုပေမယ့် သိပ်ပြီးကြီးပုံ မရသေးပါဘူး၊ ဒါပေမယ့် အသက်သိက္ခာအားဖြင့် မကြီးပေမယ်၊ တရားအားဖြင့် တော်တော်ကြီးနေတဲ့ မထေရ်ပဲ၊ အဲဒါ လမ်းမှာ ဆုံမိ၊
အမျိုးသမီးကလဲ မိန်းမချော၊ သူကလဲ ပြင်ဆင်ထားလိုက်တာတဲ့ နတ်သမီး တမျှ၊ မထေရ်ကိုမြင်တော့ သူက စိတ်ဖောက်ပြန် လာတယ်၊ အဲဒီတော့ သူက အားရပါးရ ရယ်လိုက်တယ်၊ ရယ်လိုက်တော့ မထေရ်က ဘာပါလိမ့်လို့ ကြည့်လိုက်တဲ့ အခါ ကျတော့၊ အဲဒီ အမျိုးသမီးရဲ့ သွားကို သွားမြင်တယ်၊
ရယ်လိုက်တဲ့ သွားကို သွားမြင်တော့ တစ်ခါတည်း ရှေးက အားထုတ်ဖူးတဲ့ အဋ္ဌိကသညာ အရိုးစု အမှတ်ကို သွားသတိရတယ်၊ အရိုးစု ကမ္မဋ္ဌာန်း သွားအမှတ်ရတယ်၊ အမှတ်ရတော့၊ တစ်ခါတည်း ဒီတင်ပဲ သမာဓိကနေ၊ ဝိပဿနာ၊ ဝိပဿနာကနေ မဂ်ဖိုလ် တက်သွားလိုက်တာ ဒါနဲ့ ရဟန္တာ၊ အာသဝေါ ကုန်ခမ်း ရဟန္တာ ဖြစ်သွားတယ်။
တဿာ ဒန္တဋ္ဌိကံ ဒိသွာ၊
ပုဗ္ဗသည မနုဿရီ။
တတ္ထေ၀ သော ဋ္ဌိတော ထေရော၊
အရဟတ္တ မပါပုဏိ။
တဿာ - ထိုရယ်လိုက်တဲ့ အမျိုးသမီး၏။
ဒန္တဋ္ဌိကံ - ပေါ်နေတဲ့ သွားရိုးကို။
ဒိသွာ - မြင်ရသည်ရှိသော်။
ပုဗ္ဗသညံ - ရှေးအခါက မိမိ အားထုတ်ခဲ့ဖူးတဲ့ အရိုးစု အမှတ်အသား အရိုးစု ကမ္မဋ္ဌာန်း အမှတ်အသားကို။
အနုဿရီ - ပြန်လှန် အောက်မေ့မိပါပေပြီ။
တဒါ - ထိုအခါ၌။
တတ္ထေ၀ - ထိုအရပ်၌ ပင်လျှင်။
ဋ္ဌိတော - တည်လျက်။
ထေရော - မဟာတိဿ မထေရ်သည်။
အရဟတ္တံ - အာသဝေါကုန်ခန်း ရဟန္တာ အဖြစ်သို့။
အပါပုဏိ - ကောင်းစွာမသွေ ဆိုက်ရောက်တော် မူခဲ့ပါပေတည်း။
စက္ခုက ဒုက္ခမပေးအောင် ကာကွယ်လိုက်တော့၊ တစ်ခါတည်း တကယ့် သုခဆိုတဲ့ အရဟတ္တဖိုလ် ဆိုတဲ့ ချမ်းသာကြီး ရသွားတယ်၊ အဲဒီတော့ ယောက်ျားက လိုက်လာတယ်။ ဒကာမရဲ့ ယောက်ျား၊ အမျိုးသမီးရဲ့ ယောက်ျားက လိုက်လာတော့၊ မထေရ်ကို၊ မဟာတိဿ မထေရ်ကို မေးမြန်တယ်တဲ့။
အရှင်ဘုရား အမျိုးသမီး တစ်ယောက် ဒီကသွားတာများ မမြင်လိုက် ဘူးလားလို့ လျှောက်တယ်။ လျှောက်တဲ့အခါကျတော့ -
နာဘိဇာနာမိ ဣတ္ထှီဝါ၊
ပုရိသောဝါ ဣတော ဂတော။
အပိစ အဋ္ဌိသင်္ဃာတော၊
ဂစ္ဆတေ သ မဟာပထေ။
(ဝိသုဒ္ဓိ ၁၊ ၂၁။)
ဥပါသက - ဒါယကာ။
ဣတော - ဤအရပ်မှ။
ဂတော - သွားလေသော သူသည်။
ဣတ္ထီ ဝါ - မိန်းမ ဖြစ်သည်ဟူ၍ လည်းကောင်း။
ပုရိသော ဝါ - ယောက်ျား ဖြစ်သည်ဟူ၍လည်းကောင်း။
နာဘိဇာနာမိ - ငါ အရှင် မသိပါပေ။
အပိစ - စင်စစ်သော်ကား
(ဝါ) တကယ် ပြောရလျှင်။
အဋ္ဌိသင်္ဃာတော - အရိုးစုကြီးဖြစ်သော။
သ-သော - ထိုသူသည်။
မဟာပထေ - လမ်းမကြီး၌။
ဂစ္ဆတေ - သွားလေရဲ့ ဒကာကြီး။
အရိုးစု ဘယ်လောက် ထင်တုံးဆိုရင်၊ ဒကာ ငါ မိန်းမလား ယောက်ျားလား အမှတ် မထားမိဘူး၊ ဒါပေမယ့် ငါ အမှတ် ထားမိတာကတော့ အရိုးစုကြီးပဲကွ၊ ဟောဒီကနေ လမ်းမကြီးက နေပြီး အရိုးစုကြီးသွားလေရဲ့လို့ ပြောပြလိုက်သတဲ့နော်။
အပေါက်တွေ ပိတ်ပါ
အဲဒါ ဘုန်းကြီးက စက္ခုက ဒုက္ခ မပေးနိုင်အောင် စက္ခုကို ပိတ်ဆို့နိုင်လို့ အရိုးစုကမ္မဋ္ဌာန်းနဲ့ ပိတ်ဆို့နိုင်တဲ့ ဝတ္ထုကလေး ထုတ်ပြလိုက်တာ၊ ဒီတော့ အရိုးစု ပွားများတဲ့ ပုဂ္ဂိုလ်ကလဲ စက္ခုပိတ်နိုင်တာပဲ၊ ဒီပြင် ဆိုင်ရာ ဆိုင်ရာ ဘုရားရှင် ကိုယ်တော်မြတ် နည်းပေးထားတဲ့ ပိတ်နည်း ကမ္မဋ္ဌာန်းတွေ၊ သမထကမ္မဋ္ဌာန်းတွေ၊ ဝိပဿနာကမ္မဋ္ဌာန်းတွေ အမျိုးမျိုးရှိတယ်၊ အဲဒါတွေနဲ့ ပိတ်နိုင်တာ ချည်းပဲနော် အဲဒါလိုပဲ။
သောတေန - နားဖြင့်။
သံဝရော - စောင့်စည်းခြင်းသည်။
သာဓု - ချမ်းသာဖို့အကြောင်း ကောင်းမြတ်လှပါပေ၏။
နားက အသံကြားရင်လဲ၊ အဲ သလိုပိတ်ဆို့ မယ်တဲ့၊ မိမိတို့ ရှုပွားတဲ့ တရားဖြင့် ပိတ်ဆို့ ပေးရမယ်၊ အသံကြောင့် ရာဂ မဖြစ်အောင်၊ ဒေါသ မဖြစ်အောင်၊ မောဟ မဖြစ်အောင် “ဃာနေန သံဝရော သာဓု” ဃာနဖြင့် စောင့်စည်းခြင်းသည်လဲ။ သာဓု - ချမ်းသာဖို့ အကြောင်း ကောင်းမြတ်လှပါပေ၏။
နှာခေါင်းဖြင့် အနံ့ နံလာတဲ့အခါ လောဘ မဖြစ်အောင်၊ မောဟ မဖြစ်အောင် စောင့်စည်းပေးရမယ်၊ ဘုရားဝါဒ၊ ဘုရားဝါဒ၊ ခုန မာဂဏ္ဍီကြီးရဲ့ ဝါဒကတော့ အကောင်းတွေ အကုန် ခံစားပေးရမယ်၊ မပိတ်ရဘူး၊ မဆိုရဘူး၊ ပိတ်တဲ့ ဘုရားရှင်ကို တော်မြတ်ကြီးကို “ဘူနဟု” တိုးပွားမှုကို ကြီးပွားမှုကို ပိတ်ဆို့တတ်တဲ့ ပုဂ္ဂိုလ်၊ ချုပ်ချယ်တတ်တဲ့ ပုဂ္ဂိုလ်လို့ စွပ်စွဲတယ်။
ဘုရားရှင် ကိုယ်တော်မြတ်က အဲသလိုပဲ အရသာခံစားတဲ့ အခါလဲပဲ လောဘ မဖြစ်အောင် ဒေါသ မဖြစ်အောင် ပိတ်ဆို့ ပေးရမယ်၊ ကမ္မဋ္ဌာန်းနဲ့ ပိတ်ပေးရမယ်၊ ထို့အတူ ကိုယ်နဲ့ ထိုထိုအမှု ပြုတဲ့အခါ၊ နှုတ်နဲ့အပြော ပြောတဲ့အခါ၊ စိတ်နဲ့ ထိုထိုအကြံ ကြံတဲ့အခါ ၊ အကုသိုလ် မဖြစ်အောင်၊ မိမိတို့ရဲ့ ကာယဒွါရ ဝစီဒွါရ မနောဒွါရကို ပိတ်ဆို့ပေးရမယ်လို့ -
ကာယေန - ကိုယ်ဖြင့်။
သံဝရော - စောင့်စည်းခြင်းသည်။
သာဓု - ချမ်းသာဖို့အကြောင်း ကောင်းလှပါ၏။
ဝါစယ - နှုတ်ဖြင့်။
သံဝရော - စောင့်စည်းခြင်းသည်။
သာဓု - ချမ်းသာဖို့အကြောင်း ကောင်းလှပါပေ၏။
မနသာ - စိတ်ဖြင့်။
ဝါ - မနောဒွါရဖြင့်။
သံဝရော - စောင့်စည်းခြင်းသည်။
သာဓု - ချမ်းသာဖို့အကြောင်း ကောင်းလှပါပေ၏။
သဗ္ဗတ္ထ - ကိုယ်, နှုတ်, စိတ်ထား သုံးပါးသော အရာတို့၌။
သံဝရော - အကုသိုလ် မဖြစ်ပွားရအောင် တရားဖြင့် ပိတ်ဆို့ စောင့်စည်း ပိတ်ဆို့ခြင်းသည်။
သာဓု - ချမ်းသာဖို့အကြောင်း ကောင်းမြတ်လှပါပေ၏။
သဗ္ဗတ္ထသံဝုတော - အလုံးစုံသော အရာအရာတို့၌ ဒွါရတို့၌၊ စောင့်စည်းသော ပိတ်ဆို့သော တရားဖြင့် ကာကွယ်သော။
ဘိက္ခု - သံသရာဘေးကို ရှုမြင်သော ပုဂ္ဂိုလ်သည်။
ဘိက္ခု ဆိုတာ ရဟန်းချည်း မဟုတ်ဘူး၊ ဘုန်းကြီးတို့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ် တွေဟာ အကုန်လုံး ဘိက္ခချည်းပဲ သုတ္တန်ဘိက္ခုတွေချည်းပဲ၊ ဒါကြောင့် ဘိက္ခုအရ ရဟန်းတွင် မယူရဘူး၊ အကုန်ယူရ၊ လူရော ဥပါသကာရော၊ ဥပါသိကာမတွေ၊ ဘုရားတပည့်တွေ အကုန်ယူရတယ်။
ဘိက္ခု - သံသရာဘေးကို တွေးကြောက်၍ ကျင့်ကြံ ကြိုးကုတ် အားထုတ်သော လူရှင်အပေါင်း သူတော်ကောင်း မှန်သမျှသည်။
သဗ္ဗဒုက္ခာ - ကြုံရမဲ့ ဝဋ်ဆင်းရဲ မှန်သမျှမှ။
ပမုစ္စတိ - မုချမသွေ ကင်းလွတ်ရပါပေသတည်း။
ဒီနေ့တော့ အချိန်ကလဲ စေ့သွားပြီ၊ ဒါကြောင့် ဒီတင်ပဲ ရပ်လိုက်ကြဦးစို့၊ နောက်မှ ဆက်ပြီးတော့ မာဂဏ္ဍီကို ဘုရားရှင် ကိုယ်တော်မြတ်က ဘယ်လို တရားဟောတယ် ဆိုတာ နောက်သီတင်းမှ ဆက်ကြစို့။
အာလုံး ဥပါသကာ၊ ဥပါသိကာမ သီတင်းသည် အပေါင်း သူတော်ကောင်းတို့၊ အခုနက ပြောခဲ့တဲ့ စက္ခု- သောတ- ဃာန- ဇိဝှါ- ကာယ- မနော- ဆိုတဲ့ ဒွါရတွေမှ ဖြစ်ပေါ်လာမယ့် အကုသိုလ် တရားတွေကို ကောင်းမြတ်တဲ့ တရားတွေနဲ့ ပိတ်ဆို့ပြီးတော့ တစ်ဆင့် တစ်ဆင့် နိုင်နိုင်နင်းနင်း ပိတ်ဆို့ နိုင်ကြ၍၊ နောက်ဆုံး မျက်စိ စသည့်တို့၏ ဒုက္ခ မပေးနိုင်ရာ စက္ခု စသည်တို့ရဲ့ နယ်ပယ်ကို လွန်မြောက် နိုင်ရာ၊ အလွန် ချမ်းသာတဲ့ အသင်္ခတ နယ်သို့ လျင်မြန်စွာ ဆိုက်ရောက်သည် ဖြစ်ကြစေ။
သာဓု ... သာဓု ... သာဓု …
၁၃၄၈ ခု ဝါခေါင်လဆုတ် ၁၅-ရက်
ပြိုင်လာလျှင် ရှုံးကြလိမ့်မယ်
အဲ-ဘုန်းကြီး အရင်သီတင်းတုန်းက၊ မာဂဏ္ဍီပရိဗိုဇ်ကြီးကို ဘာရဒွါဇ ပုဏ္ဏားကြီးက၊ ရှင်ဂေါတမဟာ မင်းတွေ၊ ပုဏ္ဏားတွေ၊ သူကြွယ်တွေ၊ ရဟန်းတွေ အင်မတန် ကြည်ညို မြတ်နိုးကြတဲ့ ပုဂ္ဂိုလ် ဆိုပြီးတော့ ဘုရားရှင်ကို ဒီလိုမပြောဖို့ ပြောတော့၊ ဘာဖြစ်ဖြစ် ရှင်ဂေါတမ တွေတောင် ရှင်ဂေါတမ မျက်မှောက်မှာတောင် ငါ ဒီလို ပြောနိုင်တယ်၊ ဘာကြောင့်တုံး ဆိုရင်၊ တို့မှာ ကျမ်းဂန်ရှိတယ်၊ ကျမ်းဂန်ထဲမှာ ဒီအတိုင်းပဲ ရှိတယ် ရှင်ဂေါတမဟာ ကြီးပွားမှု၊ ဖျက်ဆီးတတ်တယ်ဆိုတဲ့၊ ဒီလို အပြုအမူမျိုးဟာ ကြီးပွားမှု ဖျက်ဆီးတတ်တယ် ဆိုတာ ကျမ်းဂန်ထဲမှာ ရှိတယ်။
ကျမ်းဂန်ရှိတဲ့အတွက် သူ ပြောရမှာ မကြောက်ဘူး ဆိုတဲ့၊ အဓိပ္ပာယ်ပေါ့၊ အဲ့ဒီတော့ ဘုရားအကြောင်း သူက ကောင်းကောင်း မသိဘူး၊ ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ် ဆိုတာက ဘယ်သူလာပြိုင်ပြိုင် နောက်ဆုံး ရှုံးရတာချည်းပဲ။
အင်း ... ခု မာဂဏ္ဍီကြီးလဲ လာပြိုင်တာပဲ ဘုရားပြိုင် မလို့ပဲ၊ အဲ နောက်ဆုံးကျတော့ သူပဲ ဘုရား တပည့် ကောင်းကောင်း ဖြစ်သွားပြီး ဘုရားတပည့်ခံခဲ့တယ်။
အဲဒီတော့ ဘာရဒွါဇ ပုဏ္ဏားကြီးကတော့၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ကောင်းကောင်း သိတယ်၊ သူကတော့ တွေ့ဖူးတာ မဟုတ်ဘူး။
ဂုဏ်တော်တွေ ကောင်းကောင်း မသိ၊ ကောင်းကောင်း မသိတော့၊ ဘုရားကို ပြိုင်ချင်နေတယ်၊ ဒါကြောင့် မင်း လွတ်လွတ်သာ ပြော၊ ငါက ပြောတယ်လို့ ပြော၊ မမေးပေမယ့် ပြောခဲ့။ သူက မကြောက်မရွံ့ ဝံ့ဝံ့ စားစား ပြောကြားခဲ့တယ်။
အမှန်ကတော့ ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ် ဆိုတာ အစဉ်သဖြင့် ပြိုင်လာတဲ့ ပုဂ္ဂိုလ်တွေ အကုန်ရှုံးရတယ် ဆိုတာ အထင်အရှားပဲ။
ကောသလမင်းကြီးက တစ်ခါက ဘုရားရှင် ကိုယ်တော် လျှောက်တာ ရှိတယ်၊ အရှင်ဘုရား … မင်းတွေ ပုဏ္ဏားတွေ၊ ရဟန်းတွေ သူကြွယ်တွေ - ရှင်ဂေါတမ ဘယ်နား ရောက်ပြီဆိုရင်၊ တို့ ပြည်ရောက်လာလို့ ရှိရင်၊ တို့ရပ် ရောက်လာလို့ ရှိရင်၊ တို့ရွာ ရောက်လာလို့ ရှိရင်၊ ခက်ခက်ခဲခဲ ပြဿနာတွေ မေးမယ် ဆိုပြီးတော့ ပြဿနာတွေ ကြံစည်ထားကြတယ်၊ စဉ်းစားထားကြတယ်။
ခက်ခက်ခဲခဲ ဖြစ်အောင် စီမံပြီးတော့ ကြံစည်ထားကြ တယ်၊ ရှင်ဂေါတမ ဘုရားရှင် ကိုယ်တော်မြတ် သူတို့နေရာ ရောက်သွားပြီ ဆိုရင်၊ အဲဒီ ခက်ခက်ခဲခဲ ပြဿနာတွေ မေးမယ် လို့ ကြံတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရား နာရတာနဲ့၊ မမေးဖြစ်ကြတော့ဘူး။
ဘုရားရှင် တပည့်ခံကြတယ်၊ ဘုရားရှင်ထံမှာ တချို့ ရဟန်းပြုကြတယ်၊ အဲ့ဒီတော့ ဘယ်အခါမဆို ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားကြားရတဲ့ အခါမှာ၊ အရှုံးပေး ကြရတာပဲ။
ကံသုံးပါး ဒဏ်သုံးပါး အခွဲပြိုင်ပွဲ
ဘုန်းကြီးတို့ ဥပါလိ သူကြွယ်ကြီး ဆိုတာ ရှိတယ်။ နိဂဏ္ဌနာဋပုတ္တ ဆိုတဲ့ တိတ္ထိဆရာကြီးရဲ့ ဒကာရင်းကြီးပေါ့လေ၊ နာဠန္ဒမြို့မှာ ဘုရားရှင် ကိုယ်တော်မြတ်ထံ ဝါဒပြိုင်မယ်လို့ သွားတာ၊ နောက်ဆုံးကျတော့ အရှုံးပေးရတာပဲ၊ တစ်ခါတုန်းက အဲဒီ နိဂဏ္ဌနာဋပုတ္တရဲ့ တပည့် “ဒီဃတပဿီ”ဆိုတဲ့ ပရိဗိုဇ်ကြီးဟာ ဘုရားရှင် ကိုယ်တော်မြတ်ထံ သွား၊ သူက တစ်ခါတစ်ခါ ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားလေ့ရှိတယ်။
အဲဒီတော့ ဘုရားရှင်က မေးတယ်“နိဂဏ္ဌနာဋပုတ္တဟာ ကံဘယ်နှစ်ပါး၊ မကောင်းမှု ပြုဖို့ရာကံ ဘယ်နှစ်ပါး ပညတ်ထားသတုံး” ဆိုတော့။ “ရှင်ဂေါတမ ကျွန်ုပ်တို့ နိဂဏ္ဍ ဆရာကြီးဟာ ကံလို့ သုံးလေ့မရှိဘူး။ ဒဏ်လို့ သုံးလေ့ ရှိတယ်” ဆိုတော့“အေး ... ဒါဖြင့် ဒဏ် ဘယ်နှစ်ပါး ပညတ်တုံး” ဆိုတော့ “သုံးပါး ပညတ်တယ်”။
“ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ်လို့ သုံးပါး ပညတ်တယ်”လို့ ဆိုတယ်၊ လျှောက်ထားတယ်၊ “ကောင်းပြီ ဒါဖြင့် အဲ့ဒီ သုံးပါးဟာ အချင်းချင်း တူသလား၊ ထူးသလား” ဆိုတော့၊ “မတူပါဘူး ဘုရား၊ ထူးပါတယ်၊ အချင်းချင်း သီးခြားစီပါ”လို့၊
“အဲဒီ သုံးပါးတွင် ဘယ်ဒဏ်ကို အပြစ် အကြီးဆုံးလို့ နိဂဏ္ဌနာဋပုတ္တ က ပညတ် သတုံး” ဆိုတော့ “ကာယဒဏ်ကို အပြစ်အကြီးဆုံးလို့ ပညတ်ပါတယ် ဘုရား” ။ “ကာယဒဏ် အပြစ် အကြီးဆုံးလို့ ပညတ်တယ် နေနော်”လို့ သုံးကြိမ် ထပ်ပြီးတော့ မေးတော်မူတယ်။ သုံးကြိမ် ထပ်ပြီးတော့ အတည်ပြုရအောင် မေးတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ တိတ္ထိတွေက တစ်ခါတစ်ခါ ပြောပြီးတော့ မပြောဘူးလို့ လုပ်ချင်လုပ်တတ်လို့။
အဲ ... နောက်တစ်ခါ ဒီဃတပဿီက ဘုရားရှင် ကိုယ်တော်မြတ်ကို ပြန်ပြီးတော့ လျှောက်ထားပြန်တယ်။ “အရှင် ဂေါတမရော ဒဏ်ဘယ်နှစ်ပါး ပညတ်တုန်း” ဆိုတော့၊ “အေး ... တို့က ဒဏ်ဆိုတဲ့ အသုံး မသုံးဘူး၊ ကံဆိုတဲ့ အသုံး သုံးတယ်”ဆိုတော့“ဒါဖြင့် အရှင်ဘုရား အရှင် ဂေါတမ ကံဘယ် နှစ်ပါး ပညတ်တုံး” ဆိုတော့ “သုံးပါးပညတ်တယ်၊ ကာယကံ၊ ဝစီကံ၊ မနောကံလို့” ။ “ဒီကံ သုံးပါးဟာ တခြားစီ တစ်မျိုးစီပေါ့” ဆိုတော့။ “ အေး ... တစ်မျိုးစီပဲ”။
“ဒါဖြင့် အဲဒီ သုံးပါးတို့တွင် ဘယ်ကံဟာ အပြစ်အကြီးဆုံးလဲ”လို့ မေးတဲ့ အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ် က“မနောကံဟာ အပြစ်အကြီးဆုံး”လို့ မိန့်တော်မူတယ်၊ သူကလဲ အတည်ပြုချက် သုံးခါမေးပြီး ယူသွားတယ်၊ယူပြီးတော့ သူ့ ဆရာဆီ သွားတယ်၊ အဲဒီအခါမှာ သူ့ဆရာကလဲ မြို့မျက်နှာဖုံး၊ သူတို့ရဲ့ တပည့် ဥပါလိ အမှူးရှိတဲ့ ဥပါလိရဲ့ အရပ်သူ-အရပ်သား ဒကာတွေ ခြံရံပြီးတော့ နေတုန်း ဒီဃတပဿီက ရောက်သွားတော့ နိဂဏ္ဌနာဋပုတ္တ ဆရာကြီးက။
“ဒီဃတပဿီ နေ့လယ်ကြီး ဘယ်ကပြန်လာတုံး” ဆိုတော့“ရှင်ဂေါတမဆီက ပြန်လာတယ်”လို့ သူ့ဆရာ လျှောက်ထားတော့၊ “အေး ... ရှင်ဂေါတမနဲ့ တစ်စုံတစ်ခု ပြောဆိုခဲ့ရသလား” ဆိုတော့ မြတ်စွာဘုရားနဲ့ သူနဲ့ ပြောဆိုခဲ့ရတဲ့ စကားတွေကို ပြန်ပြောင်းပြီးတော့ ပြောပြတယ်၊ ပြောပြတဲ့ အခါကျတော့ နိဂဏ္ဌနာဋပုတ္တက သူ့ကို ချီးမွမ်းတယ်။
“အေး ... တပည့် ကောင်းဆိုတာ ဒီလိုမှပေါ့၊ တကယ် မနောကံ ဆိုတာလေးဟာ ကာယကံလောက် ဘယ်အပြစ်ကြီးမတုံး၊ ကာယကံ ကသာ အပြစ်ကြီးတာပေါ့” ဆိုတော့ အဲ့ဒီ ပရိသတ်မှာ ခုနပြောတဲ့ ဥပါလိ သူကြွယ်က “ဟာ ဟုတ်တာပေါ့ ဘုရား၊ အရှင်ဒီဃတပဿီ ပြောတာ ဟုတ်တာပေါ့။ တပည့်ကောင်း ပီသပါပေတယ်၊ ဘယ်မှာ သွားပြီးတော့ မနောကံဟာ အပြစ်ကြီးမတုံး၊ မနောကံဟာ အသေးအဖွဲ ကာယကံကသာ အပြစ်ကြီးမှာပေါ့”လို့ အဲ့သလို ပြောတယ်။
နိဂဏ္ဌတို့၏ တိုက်စစ်မှူး ဥပါလိ
ပြောပြီးတော့ သူ ဘုရားထံသွားပြီးတော့ ဝါဒတင်မယ်လို့ ခွင့်တောင်းတယ်၊ ဒီအယူ အဆမှာ ဘုရားနဲ့ သွားပြီး အပြိုင် ပြောမယ်လို့။ ဒီတော့ နိဂဏ္ဌနာဋပုတ္တက ခွင့်ပြုတယ်“ အေး သွား ... သွား၊ သွားပြီး မင်း ဝါဒတင်ချေ” ဆိုတော့ ခုနပြောတဲ့ ဒီဃတပဿီက သဘောမတူဘူး၊ နိဂဏ္ဌနာဋပုတ္တ ဆိုတာက တိတ္ထိဆရာကြီး၊ တိတ္ထိဆရာကြီးတွေ ဆိုတာတွေက ဘုရားကို ဒီဘဝမှာ တွေ့ဖို့ သူတို့မှာ အခွင့် မရှိဘူး၊ ဘယ်နည်းနဲမှ မတွေ့နိုင်တော့ဘူး၊ သူတို့ အယူတွေက ဟို .. ခေါင်ခိုက်နေပြီ။
အဲ ဒီဃတပဿီကတော့ ဘုရားထံ မကြာမကြာရောက်တော့ ဘုရား အကြောင်း ကောင်းကောင်း သိတယ်။ ဒီတော့ ဥပါလိ ဘုရားဆီ သွားပြီး ဝါဒတင်မယ် ဆိုတော့ ဥပါလိဟာ ဘုရားတပည့် ဖြစ်သွားလိမ့်မယ်လို့ စိုးရိမ်တယ်၊ စိုးရိမ်တော့ နိဂဏ္ဌနာဋပုတ္တ ဆရာကြီးကို “ဆရာကြီး၊ ဥပါလိ - ရှင်ဂေါတမထံ သွားမှာကို တပည့်တော် မကြိုက်ဘူး၊ ဘာကြောင့်တုံးဆိုရင် ရှင်ဂေါတမဟာ မာယာများတယ်၊ လှည့်ပတ်တယ်၊ အာဝတ္တနိ မာယာဆိုတဲ့ လှည့်ပတ်တတ်တဲ့ လှည့်စားတတ်တဲ့ မာယာရှိတယ်။
အဲ့ဒီ မာယာဖြင့် သူများတပည့်တွေကို လှည့်စားပြီးတော့ သိမ်းသွင်းတာတွေ အများကြီးပဲ” ဆိုတော့ “ အို ... ကိစ္စမရှိ ပါဘူး၊ တကယ်ဆိုရင် ရှင်ဂေါတမက ဥပါလိရဲ့ တပည့်ခံမှာပါ၊ ဥပါလိက ရှင်ဂေါတမ တပည့်ခံမှာ မဟုတ်ပါဘူး” ဆိုပြီးတော့ သူ့တပည့် သူအထင်ကြီး၊ သုံးကြိမ်တိုင်အောင် ပြောပေမယ့် မရဘူး၊ ဒါနဲ့ လက်လျှော့လိုက်ရတယ်။
တရားလမ်းခင်း၍ စစ်သွေးမြူ
ဥပါလိက ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားတယ်၊ ရောက်တဲ့ အခါကျတော့ “ဒီဃတပဿီဟာ မြတ်စွာဘုရားထံ ရောက်ပါသလား”ဆိုတော့“ အေး ရောက်တယ်” “တစ်စုံတစ်ခု အချင်းချင်း စကားများ ပြောခဲ့ပါသလား” ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဒီဃတပဿီနဲ့ မိမိပြောကြ ဆိုကြတဲ့ စကားတွေ ပြန်ပြောပြတော့ “ဟာ -အရှင်ဘုရား၊ ဒီဃတပဿီဟာ တပည့်ကောင်း ပီသပါတယ်၊ ဘယ်မှာသွားပြီး ဒီ မနောကံဟာ အပြစ်ကြီးမတုန်း၊ ကာယကံသာ အပြစ်ကြီး မှာပေါ့”လို့ ဆိုတော့ -
ဘုရားရှင် ကိုယ်တော်မြတ်က ဥပါလိ … အမှန်တရားမှာ တည်ပြီးတော့ ဆွေးနွေးမယ် ဆိုရင် ဆွေးနွေးနိုင်တယ်။ ဆိုတော့ အမှန်တရား၌တည်ပြီး ဆိုတာက ဘာဖြစ်ဖြစ် ငါ့ ဟာမှ အဟုတ် ဆိုပြီးတော့ အဲ့သလို တစ်ဖက်သတ် စွဲထားတဲ့ ပုဂ္ဂိုလ်တွေ၊ တစ်ယူသန်တွေဆိုရင် ပြောရခက်လို့ အမှန်တရားကို ပဓာနထားပြီး အမှန်တရား၌ တည်ပြီးတော့ ဆွေးနွေးမယ်၊ ဆိုရင် ဒီနေရာ မှာ ဆွေးနွေးကြပါလို့ ဆိုတော့ မှန်ပါ တပည့်တော် အမှန်တရားမှာပဲ တည်ပြီးတော့ ဆွေးနွေးပါ့မယ် ဘုရားလို့ လျှောက်ထားတော့၊ ကောင်းပြီ။
“ကဲ - နိဂဏ္ဌ တစ်ယောက်ဟာ၊ နိဂဏ္ဌဆိုတာ တိတ္ထိတစ်မျိုးပဲ၊ နိဂဏ္ဌနာဋပုတ္တ ဆိုတာက ဘုန်းကြီးတို့ ဟိုအခါက အလွန် ခေတ်စားတဲ့ တိတ္ထိဆရာကြီး ခြောက်ယောက်ထဲမှာ တစ်ယောက် အပါအဝင်၊ ခုထက်ထိတောင် ရှိသေးတယ်၊ ဂျိမ်းဘာသာ ဆိုတာ၊ ဂျိမ်းဘာသာတို့ရဲ့ ပဓာန ရှေ့သွားဆရာကြီး၊ ခေါင်းဆောင်ကြီး ပေါ့လေ၊ သူတို့ဟာ ရေအေးမှာ အသက်ရှိတယ်လို့ အယူရှိတယ်။
ဒါကြောင့် ရေကို ကျိုချက်ပြီးမှ သောက်တယ်၊ အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်က “နိဂဏ္ဌ တစ်ယောက်ဟာ အပြင်းအထန် မကျန်းမာနေဘူး၊ သူက ရေအေးကို ပယ်ရှားပြီးတော့ ရေနွေးသာ သောက်နေတယ်၊ အမှန်က သူ့ရောဂါနဲ့ တည့်တာ၊ သူ့ရောဂါက သည်းခြေနာ၊ ရေအေးသာ တည့်တာ၊ ရေနွေးနဲ့ မတည့်ဘူး၊ သို့သော် တိတ္ထိတွေက သူတို့ရဲ့ အယူဟာ ရေအေးဟာ အသက်ရှိတယ်လို့ ယူဆတော့ မသောက်ဘူး၊ ရေနွေးသာ သောက်နေတော့ ရောဂါဟာ ပြင်းထန်ပြီးတော့ နောက်ဆုံး သေသွားတယ်။
သေသွားတော့ အဲဒီပုဂ္ဂိုလ်ရဲ့ လားရာဂတိကို ဘယ်လို သတ်မှတ်သတုံး၊ နိဂဏ္ဌနာဋပုတ္တက ဘယ်လို သတ်မှတ်သတုံး” ဆိုတော့ “မနောသတ္တဆိုတဲ့ နတ်တွေ ရှိတယ်၊ အဲဒီနတ်အဖြစ် ရောက်သွားပါတယ်”ဆိုတော့၊
“ဥပါလိ - စဉ်းစား၊ စဉ်းစား၊ သင့်ရဲ့ ရှေ့စကားဟာ နောက်စကားနဲ့ မညီပါလား၊ ရှေ့တုန်းကတော့ ကာယကံ အပြစ်ကြီးတယ် ဆိုတယ်၊ အခု စောင့်စည်းတဲ့ ကာယကံက အကျိုးမပေးဘူး၊ မစောင့်စည်းတဲ့စိတ်က ရေအေး လိုလားတဲ့စိတ်၊ အဲဒီစိတ်ကြောင့် စိတ်စောင့်စည်းမှု ပျက်သွားတယ်၊ ပျက်သွားတော့ အဲဒီ ပျက်သွားတဲ့ စိတ်က အကျိုးပေးတယ်၊ မနောသတ္တဆိုတဲ့ စိတ်စွဲလမ်းတဲ့ နတ်တွေမှာ သွားပြီးတော့ ဖြစ်တယ်ဆိုတော့ စိတ်ကသွားပြီး အကျိုးပေးနေတာ ထင်ရှားတယ်”။
ဥပါလိ ခံစစ်ဖြင့်သာ နေရ
အဲဒါကြောင့် ဥပါလိကို ဘုရားရှင် ကိုယ်တော်မြတ်က “ကဲ-ကာယဒဏ် အကျိုး ကြီးတယ်လို့ ပြောတယ်၊ စိတ်က စိတ်စွဲလမ်းလို့ စောင့်စည်းတဲ့ ကာယဒဏ်က အကျိုးမပေးဘဲနဲ့ ပျက်နေတဲ့ မနောဒဏ်က အကျိုးပေးနေတယ်၊ ဒီတော့ သင့် စကားဟာ ရှေ့စကားနဲ့ နောက်စကား မညီတော့ဘူး”လို့ ပြောတယ်။
ဒီတော့ ဥပါလိက တွေးမိတယ်၊ “သြော်-လောကမှာ တချို့ ခုနစ်ရက်လောက် မေ့မောနေကြတယ်၊ ထွက်သက် ဝင်သက်တောင် မရှူတော့ဘူး၊ သို့သော် စိတ် ရှိသေးတော့ အသက် ရှင်သေးတာပဲ၊ စိတ်မရှိတဲ့အခါကျတော့ အဲဒီလူ သေတာပဲ။
ဒါကြောင့် စိတ် ပဓာနဆိုတာဟာ ဖြစ်နိုင်တယ်” ဆိုပြီးတော့ သူက တွေးမိတယ်၊ တွေးမိတော့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားစကားကို အတော် သဘောကျ သွားတယ်၊ ကျေနပ်သွားတယ်၊ ကျေနပ်ပေမယ့် ဆန်းကြယ်တဲ့ ဘုရားတရား စကား တော်တွေကို ထပ်ကြားနာချင်သေးတာနဲ့ “ဟာ မြတ်စွာဘုရား ဘယ်လို ပြောပြော တပည့်တော်ကတော့ ကာယဒဏ်သာ အပြစ်ကြီးတယ်၊ ဒီလိုပဲ ယူဆတယ်” ဆိုတော့၊ “ကောင်းပြီ၊ ဒီလို ဆိုရင် -
နိဂဏ္ဌတွေ ည လမ်းလျှောက်ကြတယ်၊ လမ်းလျှောက်ကြတော့ ပိုးကောင်လေးတွေ ဘာလေးတွေ နင်းမိ ပြုမိ၊ ပိုးကောင်လေးတွေ သေကြ ကြေကြ၊ အဲဒါကို နိဂဏ္ဌနာဋ- ပုတ္တက ဘယ်လို ပညတ်တုံး ၊ ဘယ်လို အဆိုရှိတုံး” ဆိုတော့၊ “ဟာ ... ဒါဟာ စေတနာမရှိလို့ အပြစ်မကြီးဘူး”လို့ ဆိုပါတယ်။
စေတနာရှိရင်ရော ဆိုတော့ “ စေတနာရှိရင်တော့ အပြစ်ကြီးတယ် ” လို့ ဆိုပါတယ် လို့ ဆိုတော့၊ “ကဲ ... ဥပါလိ စဉ်းစား စဉ်းစား၊ ဘယ့်နှယ်တုန်း၊ ရှေ့စကားနဲ့ နောက်စကား မညီပါလား၊ ကာယဒဏ်အပြစ် ကြီးတယ်ဆိုပြီး၊ အခုတော့ စိတ်က အပြစ်ကြီးနေပါလား”ဆိုတဲ့ အနေနဲ့ စဉ်းစား။
ရှေ့စကားနဲ့ နောက်စကား မညီဘူးဆိုတော့ မလျှော့သေးဘူး၊ သူက ရှေ့တစ်ဆင့် တက်ပြီးတော့ လျှောက်ပြန်တယ်“ဟာ... ရှင်တော်မြတ်ဘုရား ဒီလိုပြောပေမယ့် တပည့်တော်က ကာယဒဏ်သာ အပြစ်ကြီးတယ်လို့ ယူဆပါတယ်ဘုရား”လို့ လျှောက်ပြန်တယ်။
အဲ... လျှောက်တဲ့ အခါကျတော့မှ ဘုရားရှင် ကိုယ်တော်မြတ်က၊ “ကဲ... ကောင်းပြီ၊ အခု နာဠန္ဒပြည်ကြီး မြို့ကြီးဟာ အင်မတန် စည်ကားတယ်၊ ဆင်တွေ၊ မြင်းတွေ၊ သတ္တဝါတွေနဲ့ အဲဒီ စည်ကားတဲ့ မြို့ကြီးကို လူတစ်ယောက်ဟာ သံလျက် ကိုင်ပြီးတော့ ဒီ နာဠန္ဒ တစ်မြို့လုံးကို ငါဟာအကုန်လုံး သတ်ပြီးတော့ တစ်ခါထဲ စင်းပြီတော့ တစ်ပြင်လုံး အသားပုံကြီးတွေ ဖြစ်အောင်လုပ်မယ် ဆိုပြီးတော့ လာမယ်ဆိုရင်၊ ဒါ ဖြစ်နိုင်မလား” ဆိုတော့။
“ဟာ... အရှင်ဘုရား လူဆယ်ယောက်၊ လူနှစ်ဆယ်၊ လူသုံးဆယ်၊ လူလေးဆယ်၊ လူငါးဆယ်တောင် မဖြစ်နိုင်ပါဘူး ဘုရား၊ တစ်ယောက်တည်းဆိုရင် ဘယ်ပြောစရာ ရှိမတုံး၊ ဘယ်ပြောနိုင်မတုံး” ဆိုတော့ “ကောင်းပြီး တန်ခိုးရှိတဲ့ စိတ်အရာမှာ ဝသီဘော် နိုင်နင်းတဲ့ သမဏ-ဗြာဟ္မဏ တစ်ဦးလာမယ်၊ အဲဒီ စိတ်တန်ခိုး ကြီးမားဆုံး သမဏ-ဗြာဟ္မဏ တစ်ဦးဦးဟာ လာပြီးတော့၊ ဒီနာဠာန္ဒမြို့ကြီးကို ပြာဖြစ်သွားအောင် လုပ်လိုက်မယ်ဆိုရင်၊ သူ့ စိတ်တန်ခိုးနဲ့ လုပ်လိုက်မယ်ဆိုရင် ဘယ့်နှယ့်တုံး” ဆိုတော့“ဟာ - မြတ်စွာဘုရား နာဠန္ဒ တစ်မြို့ မပြောနဲ့၊ နာဠာန္ဒ တစ်ဆယ်၊ နာဠန္ဒနှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်၊ အကုန်လုံး ပြာဖြစ်နိုင်ပါတယ် ဘုရား”ဆိုတော့။
“ဥပါလိ စဉ်းစား စဉ်းစား၊ ဥပါလိ သင့်စကားဟာ ရှေ့စကားနဲ့ နောက်စကားဟာ မညီညွတ်တော့ဘူး”လို့ ဆိုတော့၊ ဒါလဲ မလျှော့သေးဘူး၊ သူက သူ့အယူ မစွန့်သေးဘူး၊ အဲ ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ပြန်တယ်၊ “ရှင်တော်မြတ် ဘုရား … ဒီလို ပြောပေမယ့် တပည့်တော် ကာယဒဏ်ပဲ အပြစ်ကြီးတယ်လို့ ယူပါတယ် ဘုရား” လို့ ဒီလိုလျှောက်တော့။
“အဲ... ရှေးတုန်းက ဒီ ကလိင်္ဂတိုင်းတို့၊ မဇ္ဈတိုင်းတို့၊ မာတင်္ဂတိုင်းတို့၊ တိုင်းကြီးတွေ တော ဖြစ်သွားတယ်ဆိုတာ ကြားဖူးသလား”မေးတော့ ကြားဖူးပါတယ် ဘုရား”၊ “ဒါလောကမှာ အထင်အရှားပဲ၊ အဲ့ဒီ တိုင်းကြီးတွေ ကလိင်္ဂတိုင်းတို့၊ မဇ္ဈတိုင်းတို့၊ မာတင်္ဂတိုင်းဆိုတဲ့ တိုင်းကြီးတွေ တောဖြစ်သွားတာဟာ ဘာကြောင့်တုံး” ဆိုတော့“ရသေ့တွေ စိတ်ဆိုးလို့ ဖြစ်သွားတာပါ”
ရသေ့တွေကို ပြစ်မှားကြလို့ ရသေ့တွေရဲ့ စိတ်တန်ခိုးကြောင့် အားလုံးသတ္တဝါတွေ သေကြေပြီးတော့ ဟိုမှာတောကြီးတွေ ဖြစ်သွားတယ်၊ လူတွေ ကင်းဆိတ်တဲ့ တောကြီးတွေ ဖြစ်သွားတယ်၊ အမှန်ကတော့ သူတို့ အကုသိုလ်ကြောင့် ဖြစ်တာ ပါပဲ။
သို့သော် ရသေ့တွေ စိတ်ဆိုးလို့လို့ လောကက အထင်ရှိကြတယ်၊ အဲ ... သို့သော် စိတ်ဟာ တန်ခိုးကြီး တယ်ဆိုတာ ပြောချင်တော့ လူတွေရဲ့ အယူအဆအရပဲ ဘုရားရှင် ကိုယ်တော်မြတ်က လိုက်ပြီး မိန့်တော်မူရတယ်၊ ရသေ့တွေ စိတ်ဆိုးလို့ တိုင်းပြည်ကြီးတွေ ပျက်စီးသွားတယ် ဆိုတော့၊ “အဲ ... ဥပါလိ ရှေ့စကားနဲ့ နောက်စကား မညီတော့ဘူး ဘယ်မှာလဲ ကာယဒဏ် အပြစ်ကြီးတာ”ဆိုတော့။
ဥပါလိ အရှုံးပေး
အဲဒီ အခါကျမှ ဥပါလိက “ရှင်တော်မြတ်ဘုရား တကယ်တော့ ဘုရား တပည့်တော်ဟာ ပထမဆုံးပေးတဲ့ ဥပမာလေးနဲ့ပဲ၊ စကားလေးနဲ့ပဲ ကျေနပ်သွားပါတယ်။
သို့သော်လဲပဲ ရှင်တော်မြတ်ဘုရားရဲ့ ဆန်းကြယ်တဲ့ တရားစကားတွေ တပည့်တော် ကြားနားချင်လို့ ထပ်ထပ်ပြီး ပြောနေတာပါ ဘုရား”ဆိုပြီးတော့၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားတော်ကို ချီးကျူးစကား လျှောက်ထားပြီးတော့ ဥပါသကာ အဖြစ် ခံယူတယ်နော်။
သရဏဂုံ ခံယူတယ်၊ နောက် ဘုရားရှင် ကိုယ်တော်မြတ် တရားဟောတော့ သောတာပန် ဖြစ်သွားတယ်၊ နောက်ကျတော့ တိတ္ထိတွေကို ပယ်ပြီးတော့ ဘုရား ကိုးကွယ်သွားတယ်။
ဒီ သုတ္တန်ကြီးကတော့ အရှည်ကြီး၊ ဘုန်းကြီးက ဒါ ဘုရားရှင် ကိုယ်တော်မြတ်ကို ပြိုင်လို့မရဘူး ဆိုတာကို သိစေချင်လို့ အကျဉ်းချုပ်ကလေး ချုပ်ပြီးတော့ ပြောလိုက်ရတာ၊ ရှေ့ အများကြီး ရှိသေးတယ်၊ ဒါကြောင့် တစ်ခါလဲပဲ။
အစွန်းနှစ်ဘက်ထွက် အမေး ပြဿနာ
အဘယ မင်းသားဆိုတာ ရှိတယ်၊ ဗိမ္ဗိသာရမင်းကြီးရဲ့ သားပေါ့၊ သူကလဲ နိဂဏ္ဌနာဋပုတ္တဆိုတဲ့ တိတ္ထိဆရာကြီးရဲ့ တပည့်၊ တိတ္ထိဆရာကြီးကို ကိုးကွယ်တယ်၊ အဲဒီတော့ တစ်နေ့ကျတော့ တိတ္ထိဆရာကြီးဆီ သွားတော့ ဆရာကြီးက၊ “ဟေ့ အဘယမင်းသား ရှင်ဂေါတမကို သွားပြီး မင်း ဝါဒတင်ချေကွ၊ အဲသလိုဆိုရင် မင်းလဲ တစ်ခါတည်း ကျော်ကြားသွားမှာပဲ”။
“ရှင်ဂေါတမကို မေး၊ အရှင် ဂေါတမဟာ သူတစ်ပါး မနှစ်သက်တဲ့ စကားကို ပြောပါသလားလို့ မေး၊ မေးလို့ရှိရင် ပြောတယ်လို့ သူက ဖြေလို့ရှိရင်၊ ဒါဖြင့် အရှင် ဘုရား ပုထုဇဉ်နဲ့ ဘာထူးလဲ၊ ပုထုဇဉ်လဲပဲ သူတစ်ပါး မနှစ်သက်တဲ့ စကား ပြောတာပဲ၊ အရှင်ဘုရားလဲ ပြောတယ်ဆိုရင် ပုထုဇဉ်နဲ့ ဘာထူးမတုံး လို့မေး”
“တကယ်လို့ မပြောဘူးလို့ ဆိုလို့ရှိရင်သူတစ်ပါး မနှစ်သက်တဲ့ စကားမပြောဘူးလို့ ဆိုလို့ရှိရင်၊ ဟာ ... အရှင် ဘုရားဟာ ဒေဝဒတ်ဟာ အပါယ်လားမယ့် ပုဂ္ဂိုလ်၊ ဒေဝဒတ်ဟာ တစ်ကမ္ဘာပတ်လုံး ငရဲ၌တည်မယ့်ပုဂ္ဂိုလ် စသည်ဖြင့် အရှင်ဘုရား ဒေဝဒတ်ကို ပြောနေတာပဲ၊ ဒီစကားကြားလို့ ဒေဝဒတ်လဲ စိတ်ဆိုးတာပဲ ၊ ဒါကြောင့် မပြောဘူးဆိုတာ ဘယ်ဟုတ်မတုံးလို့ ပြော”
“အဲ့သလို ဘယ်ဘက်ကနေပြီး တွက်တွက်၊ မိအောင် ဖမ်းနိုင်တဲ့။ ဥဘတော ကောဋိကပဥှ - အစွန်း နှစ်သက်ထွက်တဲ့ အမေး ပြဿနာ ဆိုတာကို မေး”။
“မေးလို့ရှိရင် မင်းကျော်ကြား သွားလိမ့်မယ်ကွ”ဆိုတော့ “ကောင်းပြီ တပည့်တော် မေးမယ်”-
ဆိုပြီးတော့ အဘယ မင်းသားကလဲ ဝန်ခံပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ထံ ရောက်လာ၊ ဘုရားရှင် ကိုယ်တော်မြတ်ဆီ ရောက်လာတော့ နေကြည့်လိုက်တော့ နေကဝင်ခါနီးနေပြီ။ အဲ့ဒါကြောင့် ဒီနေ့တော့ အချိန်မရှိတော့ဘူး နက်ဖြန်ခါကျမှ ပြဿနာ တင်မယ်ဆိုပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို ဆွမ်းစားပင့် သွားတယ်။
“ဘုရားရှင် ကိုယ်တော်မြတ်နှင့်တကွ လေးပါး။ ဘုရားတပည့်တော်အိမ် နက်ဖြန် ဆွမ်းစား ကြွပါ”ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကလဲ ဆိတ်ဆိတ်နေပြီး လက်ခံတယ်။
အဲ... နက်ဖြန်မနက် အချိန်ကျတော့ ဘုရားရှင် ကိုယ်တော်မြတ် ကြွတယ်။ ကြွတဲ့အခါ ဆွမ်းတွေ ဘာတွေ ကပ်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို။ နိဂဏ္ဌနာဋပုတ္တ - သင် ပေးလိုက်တဲ့ အတိုင်း သူက စလိုက်တယ်။ “မြတ်စွာဘုရား၊ မြတ်စွာဘုရားဟာ သူတစ်ပါး မနှစ်သက်တဲ့ သူတစ်ပါး မချစ်အပ်တဲ့ စကားကို ပြောပါသလားဘုရား”လို့ လျှောက်တယ်၊လျှောက်တဲ့အခါကျတော့။
ဘယ်အစွန်းမှ မညိ
နိဂဏ္ဍတွေ ပျက်စီးကုန်ပြီ
“န ခွဿ ရာဇကုမာရ ဧကံသေန” “မင်းသား ဒီဥစ္စာ တစ်ထစ်ချ ပြောလို့ မဖြစ်ဘူးကွ”လို့ ဆိုတယ်။ ခုန သူစဉ်းစားတဲ့ အကွက်ထဲ တိုးလိမ့်မယ်လို့ အောက်မေ့တာ၊ ဘုရားရှင်က မတိုးဘူး ရှောင်ထွက်သွားတယ်၊ မပြောဘူးလဲ မပြောဘူး ပြောတယ်လဲ မပြောဘူး။
“န ခွဿ ရာဇကုမာရ ဧကံသေန”။ “ဒါ . ပုံသေ တစ်ထစ်ချ ပြောလို့ မဖြစ်ဘူးကွ” ဆိုပြီး ရှောင်ထွက်သွားတော့၊ အဘယ မင်းသားက “အရှင်ဘုရား နိဂဏ္ဍတွေ ပျက်စီးကုန်ပေါ့ဘုရား၊ နိဂဏ္ဌတွေ ပျက်စီးကုန်ပေါ့”လို့ ဆိုတော့ ဘုရားက -“ဟ ဘာတုံး မင်းသားရဲ့၊ နိဂဏ္ဌတွေ ပျက်စီးကုန်ပေါ့ ဆိုတာ ဘာတုံး” ဆိုတော့။
“ဟာ... ဒီလို ဒီလိုပဲ တပည့်တော်ကို ရှင်တော်ဘုရား အပေါ် ဝါဒတင်ဖို့ လွှတ်လိုက်တယ်၊ နိဂဏ္ဌနာဋပုတ္တက လွှတ်လိုက်တယ်၊ မင်း ဘယ်လို ဘယ်လို ပြော”လို့ ဆိုပြီး လွှတ်လိုက်တဲ့အကြောင်း သူက ဘုရားရှင်ကို လျှောက်ပြတယ်။
အခု တစ်ခုခုတော့ တိုးရမှာပဲ ဆိုတော့ ဘုရားရှင်က မတိုးပဲနဲ့ ရှောင်ထွက် သွားတော့ ဘုရားရှင်ရဲ့ အစွမ်းကို မြင်ရတော့ ကြားရတော့သူက တိတ္တိတွေ ပျက်စီးကုန်ပြီ ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်တယ်၊ ဒီလိုပဲ ရှင်ဂေါတမတော့ တစ်ခုခု ဖြေရမယ် ဆိုတာ၊ ရှင်ဂေါတမ၊ အရှင်ဘုရားဟာ မဖြေဘဲနဲ့ ရှောင်လွှဲ ပြီးတော့ ဖြေသွားတာဟာ နိဂဏ္ဍတွေ အလိုမပြည့်လို့ နိဂဏ္ဌတွေ ပျက်စီးကုန်ပြီလို့ သူ ဆိုတဲ့ အကြောင်း လျှောက်တယ်။
သူ မနှစ်သက်စကား
သနားလို့ ပြောသည်
အဲဒီအခါမှာ ဘုရားရှင် ကိုယ်တော်မြတ်က ရှင်းလင်းချက် ထုတ်တယ်။ ဧကံ တစ်ထစ်ချ မဟုတ်ဘူးပြောတယ်၊ မပြောဘူးလို့ ဧကံ တစ်ထစ်ချပြောလို့ မရဘူး ဆိုတာကို ဘာနဲ့ ဥပမာခိုင်းပြီး ပြောတုံး ဆိုတော့ အဲဒီအခါမှာ အဘယ မင်းသားရဲ့ ရင်ခွင်ထဲမှာ ကလေးလေးက၊ သားတော်လေးက ရှိနေတယ်။
“အဲ... မင်းသားရဲ့ ရင်ခွင်မှာ ရှိနေတဲ့ ဒီကလေးဟာ မင်းသားက မေ့လျော့လို့ ဖြစ်စေ ၊ ကလေးထိန်းက မေ့လျော့လို့ ဖြစ်စေ၊ အိုးခြမ်းကွဲဖြစ်စေ သစ်သားစ ဖြစ်စေ။ မျိုမိသွားလို့ လည်ချောင်းထဲ နင်နေမယ် ဆိုရင် မင်းသား ဘယ်နှယ့်လုပ်မတုံး” ဆိုတော့“ဟာ... တပည့်တော် မရအရ ထုတ်မှာပဲ၊ နောက်ဆုံး တပည့်တော် ထုတ်မရဘူးဆိုရင် တစ်ခါတည်း ခေါင်းကို ဖက်ပြီးတော့ လက်ကို ချိတ်ပြီး အထဲက အဲ့ဒီသစ်သားစကို လက်ချိတ်ပြီး မရအရ တစ်ခါတည်း သွေးတွေ သန်တွေ ထွက်ချင် ထွက်ပါစေ ဆွဲထုတ်ရမှာပဲ၊ ဘာကြောင့်တုံး ဆိုတော့ ဒါရှိရင် သေချင် သေမှာ၊ တပည့်တော်က တပည့်တော် သားအပေါ်မှာ သနားတယ်၊ ချစ်ခင်တယ်၊ ဒါကြောင့် ဒါကိုတော့ မရအရ ထုတ်မှာပဲ” လို့ လျှောက်ထားတယ်တဲ့နော်။
ဒီအခါမှာ ဘုရားရှင် ကိုယ်တော်မြတ်က၊ “အဲဒါလိုပဲ မင်းသားဟာ သားတော်လေး သနားလို့ သားတော်လေးရဲ့ ယခု ဒုက္ခလေး မကြည့်ဘဲနဲ့ မရ ရအောင် အထဲက သစ်သားစ၊ အိုးခြမ်းကွဲစ မရ, အရ ထုတ်သလိုပဲ တို့ ဘုရားရှင် ကိုယ်တော်မြတ် များဟာလဲ တစ်ခါ တစ်ခါ သူ တစ်ပါးမနှစ်သက်ပေမယ့် ပြောဖို့အကြောင်း ကြုံတဲ့အခါ ပြောရတာပဲ၊ ဘာကြောင့်တုံး ဆိုရင် အဲဒီ ပုဂ္ဂိုလ် အပေါ်မှာ သနားလို့ ကရုဏာရှိလို့” ဆိုတဲ့ အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ဖြေတယ်နော်။
သဗ္ဗညုတဉာဏ်ဖြင့်
သိပြီးသား စဉ်းစားဖွယ်မလို
အဲဒီအခါမှာ အဘယ မင်းသားက ကျေနပ်သွားတယ်၊ ကျေနပ်သွားတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်တယ်၊ “မြတ်စွာဘုရား … မင်းတွေ ပုဏ္ဏားတွေ ရဟန်းတွေ သူကြွယ်တွေ ဘုရားရှင် ကိုယ်တော်မြတ်ကို ပြဿနာတွေ မေးကြတယ်။
စောစောကတည်းက ဒီလို မေးလာကြရင် ငါ ဒီလို ဖြေမယ်လို့ စဉ်းစားထားသလား၊ သို့မဟုတ် ချက်ချင်းပဲ ဉာဏ်ထဲမှာ လာထင်တာလား ဘုရားလို့ လျှောက်တယ်၊ လျှောက်တဲ့ အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က “အေး ... ဒီနေရာမှာ မင်းသားကိုပဲ ငါ မေးရလိမ့်မယ်၊ မင်းသားဟာ ရထားရဲ့ အစိတ်အပိုင်းတွေ ကောင်းကောင်း နားလည်သလား၊ ရထား အရာမှာ ကျွမ်းကျင်သလား” ဆိုတော့ -
“ကျွမ်းကျင်တာပေါ့ ဘုရား” “ရထား အစိတ်အပိုင်းတွေကို တစ်ယောက် ယောက်က လာမေးမယ်၊ မေးရင် အဲဒါ နဂိုကတည်းက မေးလာရင် ငါ ဘယ်လို ဖြေမယ်လို့ စဉ်းစားထားသလား၊ သို့မဟုတ် ချက်ချင်း ဖြေနိုင်သလား” ဆိုတော့ -
“တပည့်တော် ရထား အရာမှာ ကျွမ်းကျင်တာပဲ။ ရထား အစိတ်အပိုင်းတွေ အကုန်လုံး ကျွမ်းကျင်တယ် နားလည်တယ်၊ နားလည်တော့ သူများ မေးရင် ဒါဘာလဲ မေးရင် တပည့်တော် ဘာစဉ်းစားနေစရာ လိုမတုံး။ ချက်ခြင်းပြောနိုင်ပါ တယ်”- လျှောက်တော့၊
“အေး ... မင်းသား၊ ငါ ဘုရားဟာ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ထိုးထွင်း သိထားပြီး ဖြစ်မှာ တရားအချက် တို့ကို သိပြီးဖြစ်နေသော ငါဘုရားမှာ ကြိုတင် စဉ်းစားဖွယ် မလို၊ ချက်ချင်း ဉာဏ်တော်မှာ ထင်လာရတော့တယ်”လို့ မိန့်တော်မူတဲ့ အခါကျတော့၊ အဲ... အဘိက္ကန္တံ ဘန္တေ အဘိက္ကန္တံ ဘန္တေ နဲ့ တပည့်ခံသွားတယ်နော်။
မာဂဏ္ဍီအကြောင်း ပြန်ဆက်ဟော
အခုဟာက ခုန မာဂဏ္ဍီကြီး၊ မာဂဏ္ဍီကြီးက ဟိန်းနေတာနဲ့၊ ဘုရားရှင် ကိုယ်တော်မြတ်ကို သူ ဟိန်းတဲ့အတိုင်း ပြိုင်လို့ မရနိုင်ဘူးဆိုတဲ့ အကြောင်း၊ ဘုန်းကြီးက သိသာအောင် ပုံစံလေးတွေ ထုတ်ပြရတာ၊ ဒီလိုထုတ်ပြရတာဟာလဲ အကြောင်း ရှိတယ်နော်၊
ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ယနေ့ ဥပုသ် စောင့်ကြတယ်၊ ဥပုသ် စောင့်ကြတော့ ဘုရားအာရုံပြုမိကြတယ်။ တရား အာရုံပြုမိကြရတယ်၊ ဒါကြောင့် ဘုရား ဂုဏ်တော်လေးတွေ အာရုံပြုပြီးတော့၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တန်ခိုးတော်တွေ၊ ဉာဏ်တော်တွေ၊ ကံတော်တွေ၊ အာရုံပြုမိသွားအောင် ကုသိုလ် အထူးဖြစ်အောင် ဖော်ပေးတာ၊ အဲ့ဒါနဲ့ အခု မာဂဏ္ဍီဟာ သူကြားပေးမယ့် အဲ နောက်ဆုံးကျ သူ ရှုံးရမှာပဲ၊ သူ တပည့်ခံရမှာပဲ။
ကဲ.. ဆက်ကြစို့၊ အဲ့ဒါနဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ မာဂဏ္ဍီနဲ့၊ ဘာရဒွါဇတို့ ပြောကြဆိုကြတဲ့ စကားတွေ၊ တောထဲကနေပြီး ကြားတော်မူတယ်နော်။ ဒိဗ္ဗသောတ အဘိညာဉ်နဲ့ ကြားတော်မူတယ်၊ ပထမဘုရားရှင် ကိုယ်တော်မြတ်ဟာ တောထဲမှာ ဖလသမာပတ် ဝင်စားနေတယ်။ ဖိုလ်ဝင်စားရာကနေ ထတဲ့ အခါကျတော့၊ ပထမ ကြည့်လိုက်သေးသတဲ့၊ ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့ ကြည့်လိုက်တော့ မာဂဏ္ဍီနဲ့ ဘာရဒွါဇ ပုဏ္ဏားတို့ကို မြင်ရတယ်။
မြင်ပြီးနောက် ဒိဗ္ဗသောတ အဘိညာဉ်နဲ့ သူတို့ ပြောတဲ့ စကားတွေကို ကြားရတယ်၊ ကြားရတဲ့ အခါကျတော့ ညနေချမ်းအခါ၊ တကိုယ်တည်း ကိန်းအောင်းရာက နေပြီးတော့၊ ဘာရဒွါဇ ပုဏ္ဏားကြီးရဲ့ မီးတင်းကုတ်ကို ကြွလာတယ်၊ မီးတင်းကုတ်ကို ကြွလာပြီးတော့၊ ကိုယ်တော်မြတ် ခင်းထားတဲ့ မြက်အခင်းလေး အပေါ်မှာ ထိုင်တော်မူတယ်။
အဲဒီအခါမှာ ဘာရဒွါဇပုဏ္ဏားကြီးကလဲ ဘုရားရှင် ကိုယ်တော်မြတ်ထံ လာပြီးတော့ ဝမ်းမြောက် ဝမ်းသာ လျှောက်ထားပြီးတော့၊ ထိုင်ပြီးတော့ ဝမ်းမြောက် ဝမ်းသာ စကားလျှောက် ထားပြီးတဲ့ အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က သူ့ကို မေးလိုက်တယ်။
“ဘာရဒွါဇ မာဂဏ္ဍီ ပုဏ္ဏားကြီးနဲ့၊ ဒီမြက်အခင်းလေးကို အကြောင်းပြုပြီးတော့ မာဂဏ္ဍီပုဏ္ဏားကြီးနဲ့၊ သင် စကားပြောကြ ဆိုကြတယ် မဟုတ်ဘူးလား” ဆိုတော့၊ ဘာရဒွါဇ ပုဏ္ဏားကြီးဟာ တစ်ခါတည်း ကြက်သီးမွေးညင်း ထသွားတယ်၊ ပြောတုန်းက ငါတို့ နှစ်ယောက်တည်း ဘယ်သူမှလဲ အနားမှာ မရှိဘူး၊ အခု ဒီစကားကိုသူက ဘုရားရှင် ကိုယ်တော်မြတ် လျှောက်ထားမလို့ ဘုရားရှင်က စပြီးတော့ အဲ ... သင်တို့ နှစ်ယောက် ဒီ မြက်ခင်းကလေး အကြောင်းပြုပြီးတော့ တစ်စုံတစ်ခုသော စကားပြော ကြတယ် မဟုတ်လား ဆိုတော့ ကြက်သီး ထသွားတယ်၊ ကြက်သီး မွေးညင်း ထသွားတယ်၊ ပီတိတွေ ဖြစ်သွားတယ်။
ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ထူးခြားတဲ့ အသိဉာဏ် အကြောင်းပြုပြီးတော့ ပီတိတွေ ဖြစ်သွားတယ်။
ဒီတော့မှ “အရှင်ဘုရား - ဘုရား တပည့်တော်ဟာ ဒီအကြောင်းကို လျှောက်ထား မလို့ပါပဲ”။
“အဲ အခုတော့ တပည့်တော် မလျှောက်ထားခင်၊ ဘုရားရှင် ကိုယ်တော်မြတ်က သိပြီး၊ မိန့်ကြားတော်မူပါဘိတယ်” ဆိုပြီးတော့ လျှောက်ထားတယ်။
အဲဒီ အတွင်းမှာတင်ပဲ စကား မပြတ်သေးခင်၊ မာဂဏ္ဍီ ပရိဗိုဇ်ကြီးက တစ်ခါတည်း ရောက်လာတယ်၊ နောက်တစ်ခေါက် ညနေခင်း သူ မနေနိုင်ဘူး။
ဒီ မီးတင်းကုတ်ကို လာချင်တယ်၊ ဒါကလဲပဲ သူ့ ပါရမီက ရင့်လို့ အသိဉာဏ်က ရင့်နေပြီး၊ အပင် ထွက်တော့မလို့ အာနေတဲ့ မျိုးစေ့ လိုပဲ။ တကယ် တရားရခါနီးနီး ဖြစ်နေတယ်။ အဲလောက် ထိအောင် သူကလဲ ရင့်နေလို့ နေလို့ မဖြစ်ဘူး။
နေလို့ မဖြစ်တော့ ဘုရားရှင်နဲ့ ဘာရဒွါဇပုဏ္ဏားကြီးတို့ ပြောတုန်း ဆိုတုန်း ရောက်လာတယ်၊ ရောက်လာတဲ့ အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်နဲ့ ဘာရဒွါဇနဲ့ စကား ပြတ်သွားပြီးနောက်။
မာဂဏ္ဍီက တစ်နေရာမှာ ထိုင်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်နဲ့ ဝမ်းမြောက် ဝမ်းသာ ပြောဟောတယ်။
ပြောဟောပြီးတဲ့ အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က မာဂဏ္ဍီ၊ ဘာရဒွါဇနဲ့ စကားပြောကြလား၊ ဘာလားဆိုတဲ့ ဒီလို စကားတွေ မပြောတော့ဘူး၊ ထိုင်နေတဲ့ မာဂဏ္ဍီကို -
ကြီးပွားမှုကို ဖျက်ဆီးသူ
ကျမ်းဂန်တူ စွပ်စွဲ
“စက္ခုံ ခေါ မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ ရူပသမုဒိတံ” စသည်ဖြင့် မေးတော်မူတယ်၊ တရားဟောတော်မူတယ်၊ “ အဲ့ မာဂဏ္ဍီ - စက္ခု၊ ဆိုတဲ့ မျက်စိဟာ ရူပတည်းဟူသော ပျော်ရာ ရှိတယ်၊ ရူပါရုံ၌ ပျော်တတ်တယ်၊ ရူပါရုံ၌ ဝမ်းမြောက်တတ်တယ်။
အဲဒီ စက္ခုကို ငါ ဘုရားဟာ ဆုံးမတယ်၊ ပိတ်ဆို့တယ်၊ စောင့်ရှောက်တယ်၊ အဲဒီ စက္ခုကို စောင့်စည်းခြင်း အကျိုးငှာ ငါ ဘုရား တရားဟောတော် မူတယ်၊ အဲဒါကို သင်က အဲ-ရှင်ဂေါတမဟာ ကြီးပွားမှုကို တိုးတက်မှုကို ဖျက်ဆီး တတ်တယ်လို့ ပြောတာလား” ဆိုတော့“ ရှင်ဂေါတမ အဲဒါ ရည်ပြီးတော့ ကျွန်ုပ် ပြောတာပဲ”။
“ဘာကြောင့်တုံး ဆိုရင် ကျွန်ုပ်တို့ ကျမ်းဂန်မှာ ဒီအတိုင်း လာတယ်၊ ဒီအတိုင်း ရှိပါတယ်”လို့ လျှောက်ထားတယ်။
ထို့အတူပဲ ဘုရားရှင် ကိုယ်တော်မြတ်က သောတဆိုတဲ့ နား၊ ဃာနဆိုတဲ့ နှာခေါင်း၊ ဇိဝှါဆိုတဲ့ လျှာ၊ ကာယဆိုတဲ့ ကိုယ်၊ မနောဆိုတဲ့ စိတ်။
“အဲ့-စိတ် ဆိုတာ ဓမ္မာရုံမှာ ပျော်မွေ့တတ်တယ်၊ အဲဒီစိတ်ကို ငါဘုရား ဆုံးမတယ်၊ စောင့်ရှောက်တယ်၊ ပိတ်ဆို့တယ်၊ ကာကွယ်တယ်၊ စိတ်ကို ပိတ်ဆို့ဖို့လဲ ငါ ဘုရား တပည့်တွေကို တရားဟောတယ်”။
“အဲဒါကို အစွဲပြုပြီးတော့ အဲဒါကို အကြောင်းပြုပြီးတော့ သင်က ငါဘုရားကို ကြီးပွားတိုးတက်မှုကို ပိတ်ဆို့တတ်တယ်လို့၊ တားမြစ်တတ်တယ် ချုပ်ချယ် တတ်တယ်လို့ ပြောတာ မဟုတ်လား”ဆို တော့ “ဟာ-ဟုတ်တာပေါ့ ရှင်ဂေါတမ၊ ဒါကို ရည်ရွယ်ပြီးတော့ ကျွန်ုပ် ပြောခြင်းဖြစ်တယ်၊ ဘာ့ကြောင့်တုံး ဆိုရင် ကျွန်ုပ်တို့ ကျမ်းဂန်မှာ ဒီအတိုင်း ရှိတယ်”လို့ အဲ့သလို လျှောက်ထားတယ်နော်။
တကယ်တော့ သူဟာ တရားသဘော နားလည်တာ မဟုတ်ဘူး၊ မြတ်စွာဘုရားဟာ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ မန ဆိုတဲ့ ဒီတရား ခြောက်ပါး ပိတ်ဆို့ဖို့ ဟောတယ် ဆိုတာဟာ မင်းတို့ မကြည့်ကြနဲ့လို့ ပြောတာမဟုတ်ဘူး၊ မင်းတို့ အသံ နားမထောင်ကြနဲ့လို့ ပြောတာ မဟုတ်ဘူး၊ တရားနဲ့ အကုသိုလ် မဖြစ်အောင်လုပ်ဖို့၊ ထူးခြားတဲ့ အမြင်ပေါက်အောင်လုပ်ဖို့ ဒါကိုပြောတာ၊ အဲ့ဒါ မာဂဏ္ဍီက ဒီသဘောကို နားမလည်ဘူး၊ နားမလည်တော့ ဘုရားရှင် ကိုယ်တော်မြတ်အပေါ်မှာ စွပ်စွဲမိတယ်။
ကန်းနေသူဟာ
ဣန္ဒြေ္ဒပွားများခြင်းလား
ဘုန်းကြီးတို့ ဥပရိပဏ္ဏာသ ပါဠိတော်မှာ ဣန္ဒြိယ ဘာဝနာသုတ် ဆိုတာ ရှိတယ်၊ ဥတ္တရလုလင်ဆိုတာ ဘုရားရှင် ကိုယ်တော်မြတ်ထံ ရောက်လာ၊ ပါရာသိဝိယ ဆိုတဲ့ ပုဏ္ဏားရဲ့ တပည့်၊ ဘုရားရှင် ကိုယ်တော်မြတ်ထံ ရောက်တော့ ဘုရားရှင် ကိုယ်တော်မြတ်က မေးတယ် -
“ဥတ္တရ၊ သင်တို့ဆရာ ပါရာသိ ဝိယဟာ ဣန္ဒြေ္ဒတွေကို ပွားဖို့ ဘယ်လို ဟောတုံး၊ ဘယ်လိုများ အဆုံးမ ပေးတုန်း”ဆိုတော့“မျက်စိဖြင့် အဆင်းကို မကြည့်ရဘူး၊ နားဖြင့် အသံကို မကြားရဘူးလို့၊ အဲသလို ဣန္ဒြေ္ဒ ဆုံးမဖို့ နည်းပေးပါတယ် ဘုရား”လို့ လျှောက်ထားတယ်“
ဟေ့ - ဥတ္တရ ဒီလိုဆိုလို့ရှိရင် ကန်းနေတဲ့ ပုဂ္ဂိုလ်ဟာ ဣန္ဒြေ္ဒ ပွားများခြင်း ဖြစ်မှာပေါ့၊ နားပင်းနေတဲ့ ပုဂ္ဂိုလ်ဟာ ဣန္ဒြေ္ဒပွားများမှု ဖြစ်မှာပေါ့၊ ကန်းနေတဲ့ ပုဂ္ဂိုလ်ဟာ ဘာအာရုံမှ မမြင်ရဘူး၊ နားပင်းနေတဲ့ ပုဂ္ဂိုလ်ဟာ ဘာမှ မကြားရဘူး၊ ဒီပုဂ္ဂိုလ်တွေဟာ ဣန္ဒြေ ပွားများပြီးသား ဖြစ်မှာပေါ့လို့” ဆိုပြီးတော့ အနားမှာရှိတဲ့ အာနန္ဒာကို၊
“အာနန္ဒာ … ပါရာသိဝိယ ပုဏ္ဏားကြီးရဲ့ ဣန္ဒြေ္ဒပွားများမှုကတစ်မျိုး၊ ငါဘုရား သာသနာတော်မှာ ဣန္ဒြေ္ဒပွားများမှုက တစ်မျိုး”၊ သာသနာတော်မှာ ရှိတဲ့ အနုတ္တရ-အတုမရှိ မြတ်သော။ ဣန္ဒြိယ ဘာဝနာ - ဣန္ဒြေ ဘာဝနာကို ဟောတော်မူခဲ့တယ်၊ ဘာတုံးဆိုရင် ခုနပြောသလို။
စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန၊ မြင်ရ ကြားရ စားရတဲ့အခါမှာ နှစ်သက်ဖွယ်တွေဖြစ်၊ မနှစ်သက်ဖွယ်တွေဖြစ်၊ နှစ်သက်ဖွယ် သဘောတွေဖြစ်၊ အဲ့ဒီလို ဖြစ်မလာရအောင် စက္ခု စသော ဣန္ဒြေငါးပါး ၊ထိုတရားတို့ကို ကမ္မဋ္ဌာန်း ရှုရမှာ၊ ကမ္မဋ္ဌာန်း ရှုရင် နောက်ဆုံး ဝိပဿနုပေက္ခာဆိုတာ ဖြစ်တယ်နော်၊ အားလုံး ရှုဆင်ခြင်မှုတွေမှာ အားမစိုက်ရဘဲနဲ့ ဗျာပါရမပြု လစ်လျူရှုတဲ့ ဥပေက္ခာတစ်မျိုး၊ ဝိပဿနာနဲ့ ဆိုင်တဲ့ ဥပေက္ခာ၊ အဲ့ဒီ ဥပေက္ခာ ဖြစ်ပြီဆိုရင် ဒါ အနုတ္တရ အတုမရှိမြတ်တဲ့ ဣန္ဒြိယ ဘာဝနာ၊ ဣန္ဒြေ ဘာဝနာပဲလို့ ဆိုတယ်။
ဣန္ဒြေပိတ်ဆို့ပုံ ရှင်းပြ
ဣန္ဒြိယ ဘာဝနာ အရာမှာ စက္ခု စသည်ကို ရှုရင်း သမ္မသနဉာဏ်ကျော်မြောက် ဥဒယဗ္ဗယဉာဏ် ရောက်တော့ ဖြစ်ပျက်ရှုပွား တရားတို့၌ သက်ဝင်ဆုံးဖြတ်နိုင်တဲ့ သဒ္ဓါတရား၊ ဝိပဿနာတရားတို့၌ မဆုတ်နစ်ရအောင် အားပေး ထောက်ပံ့ တတ်သော ဝီရိယ တရား၊ ဆီထိသော ဝါဂွမ်းပမာ ယောဂီ၏ ကိုယ်ခန္ဓာ၌ မွန်မြတ်သော စိတ္တဇရုပ်တွေ ပျံ့နှံ့ ထုံမွှမ်းစေတတ်သော သုခတရား၊ သွက်လက် လျင်မြန် အမြင်သန်လှတဲ့ ဝိပဿနာ၊ ဉာဏ်ပညာ၊ ကမ္မဌာန်း အာရုံ၌ လွန်စွာ တည်တံ့ ထင်မြင်နေတဲ့ သတိတရား။
အဲ့ဒီတရားတွေ မကြုံစဖူး ထူးခြား သွက်လက်ထက်မြက် လျင်မြန်စွာ အားရှိရှိနဲ့ ဖြစ်နေကြတယ်။ ထို တရားတွေ ထူးထူးခြားခြား ထင်ရှားသွက်လက် ထက်မြက် လျင်မြန်စွာ ဖြစ်လာသည်နှင့်အမျှ ဝိပဿနာ ဥပေက္ခာကလဲ ထူးခြားစွာ ဖြစ်ပေါ်လာ ရတယ်။
ဖြစ်မှုပျက်မှုများက အလွန် ထင်ရှားနေတော့ ယင်း အဖြစ်အပျက်များရှုရန် ဗျာပါရ မများတော့ဘဲ၊ သူ့ဟာသူ ရှုသွားသလို ရှုသွားနေတဲ့ ဝိပဿနာဉာဏ်နှင့် ယှဉ်တဲ့ ဥပေက္ခာ၊ ဥပေက္ခာ ဆိုပေမယ့် ဥပေက္ခာ ဝေဒနာကို ဆိုတာ မဟုတ်ပါ၊ တတြမဇ္ဈတ္တတာ ဆိုတဲ့ စေတသိတ်ကို ပြောတာ။
အဲဒီလို တရားတွေနဲ့ ဣန္ဒြေတွေကို ပိတ်ရမယ် ဆို့ရမယ် ဆိုတာနော်၊ ဒီသဘောကို သူ နားမလည်ဘူး၊ နားမလည်တော့ ခုန ပြောသလို ဘုရားရှင် ကိုယ်တော်မြတ်ကို ဘူနဟု - ကြီးပွားမှု ဖျက်တတ်တဲ့ ပုဂ္ဂိုလ်လို့ ဆိုတယ်။ ဘုရားရှင် ကိုယ်တော်မြတ် ကတော့ တရားနဲ့ အကုသိုလ် မဖြစ်အောင် ပိတ်ဖို့ မိန့်တော်မူတာ။
ယနေ့ အချိန်ကလဲ မရှိတော့ဘူး၊ ဒါကြောင့် အဲဒီ ဘုရားရှင် ကိုယ်တော်မြတ် အလိုတော်နဲ့ မာဂဏ္ဍီရဲ့ အမြင်နဲ့ တစ်ခြားစီ ဖြစ်တဲ့အကြောင်း သိပြီးတော့ မာဂဏ္ဌိအမြင်မျိုး၊ အပြောမျိုး မဖြစ်ဘဲနဲ့ ဘုရားရှင် ကိုယ်တော်မြတ် အလိုကျအောင် စက္ခု - သောတ - ဃာန - ဇိဝှါ - ကာယ - မန ဆိုတဲ့ တရားတွေ အပေါ်မှာ အမှန်မြင်ကြပြီးတော့ ထိုတရားတွေ အကြောင်းပြုပြီးတော့ မဂ်ဉာဏ်-ဖိုလ်ဉာဏ် နိဗ္ဗာန်အထိ ကောင်းမြတ်တဲ့ ထူးခြားတဲ့ ဉာဏ်ထူးတွေ ရကြပြီး မိမိလိုလားတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ရကြသည် ဖြစ်ပါစေ သတည်း။
သာဓု ... သာဓု ... သာဓု …
၁၃၄၈-ခု၊ ကော်သလင်းလဆန်း (၈) ရက်
ဗုဒ္ဓအလို မာဂဏ္ဍီ မသိ
အရင် သီတင်းက ဘုန်းကြီး မာဂဏ္ဍီဆိုတဲ့ ပုဏ္ဏားကြီး ဘုရားရှင်ကို စက္ခု - သောတ - ဃာန - ဇိဝှါ - ကာယ - မန ဆိုတဲ့ ဒွါရခြောက်ပါး ပိတ်ဆို့တတ်လို့ ပိတ်ဆို့ရအောင် တရားဟောလို့ ကြီးပွားမှုကို ဖျက်ဆီးတတ်တယ်လို့ ဆိုခဲ့တယ် ၊ အဲသလို ဒွါရ ခြောက်ပါးကို ပိတ်ဆို့တတ်လို့ ဒွါရခြောက်ပါးကို ပိတ်ဆို့ဖို့ရာ တရားဟောလို့ ငါဘုရားကို ကြီးပွားမှုဖျက်ဆီးတတ်တယ်လို့ ဆိုတယ်မဟုတ်လားဆိုတော့“မှန်ပါ့၊ ဒီအတိုင်းပါပဲ တပည့်တော်တို့ ကျမ်းဂန်မှာ ဒီလိုပဲရှိပါတယ်” လို့ပြောတယ်။
အဲဒီအခါတုန်းက သူက ဘုရားရှင် ကိုယ်တော်မြတ် မျက်စိနဲ့အဆင်း မကြည့်ရ၊ နားဖြင့် အသံမကြားရ စသည်ဖြင့် ဒီလို ပိတ်ပင်တယ်လို့ ယူဆလို့ ဒီစကား ပြောတာကိုး၊ နည်းနဲ့ လမ်းနဲ့ အကျင့်နဲ့ စည်းနဲ့ကမ်းနဲ့ ဘုရားရှင်ကိုယ်တော်မြတ်က မျက်စိက အကုသိုလ် မဖြစ်အောင်၊ နား စသည်က အကုသိုလ်မဖြစ်အောင် ပြုတယ်ဆိုတာ သူနား မလည်ဘူး၊ အဲ့ဒါကြောင့် ဒီနေ့ ဘုရားရှင် ကိုယ်တော်မြတ်က သူ့ကို အဲ့ဒီသဘော ဖော်ပြီးတော့ မေးမြန်းတဲ့ အချက်ကလေး ဟောရအောင်။
ကာမဂုဏ်၌ သိရမည့် အချက်များ
ဘုရားရှင် ကိုယ်တော်မြတ်က မာဂဏ္ဍီကို စပြီးတော့ တိုက်တော့မယ်၊ မာဂဏ္ဍီကို စ, ပြီးတော့ နှိမ်တော့မယ်နော်၊ အခု နည်းနည်းတော့ ပျော့လာပြီ၊
“တံ ကိံ မညသိ မာဂဏ္ဍီ။
မာဂဏ္ဍိယ - မာဂဏ္ဍီ။
တံ - ထို ငါဘုရား မိန့်တော်မူလတ္တံစကားကို။
ကိံမညသိ - အဘယ်သို့ မှတ်ထင်သနည်း။
ဣဓ - ဤလောက၌။
ဧကစ္စော - အချို့သော ပုဂ္ဂိုလ်သည်။
ဣဋ္ဌေဟိ - အလိုရှိအပ်ကုန်သော။
ကန္တေဟိ - နှစ်သက်ဖွယ်ရှိကုန်သော။
မနာပေဟိ - စိတ်နှလုံးကို ရွှင်ပြုံးတိုးပွားစေတတ်ကုန်သော။
ပိယရူပေဟိ - ချစ်အပ်သော သဘောရှိကုန်သော။
ကာမူပသံဟိတေဟိ - ကာမဂုဏ်နှင့် စပ်ယှဉ်ကုန်သော။
စက္ခုဝိညေဟိ - စက္ခုဝိညာဉ်ဖြင့် သိအပ်ကုန်သော။
ရူပေဟိ - အဆင်းရူပါရုံတို့ဖြင့်။
ပရိစာရိကပုဗ္ဗော - ခံစား စံစားဖူးသည်။
အဿ - ဖြစ်ရာ၏။
“မာဂဏ္ဍီ - ငါဘုရား မိန့်ကြားတော်မူတဲ့ စကားကို သင် ဘယ်လိုမှတ်ထင်သတုံး၊ လောကမှာ လူတစ်ယောက်ဟာ၊ နှစ်သက်ဖွယ် မြတ်နိုးဖွယ်၊ သာယာဖွယ် ကာမဂုဏ်နဲ့ စပ်ယှဉ်တဲ့ ရူပါရုံ၊ အဲဒီ ရူပါရုံကို ခံစားစံစားခဲ့ဖူးတယ် ဆိုပါတော့။
“သော အပရေန သမယေန”
သော - ထိုပုဂ္ဂိုလ်သည်။
သော - ထို ချစ်မြတ်နိုးအပ်တဲ့ နှစ်သက်ဖွယ် အာရုံ ရူပါရုံတို့ဖြင့် ခံစားစံစားခဲ့ဖူးတဲ့ ပုဂ္ဂိုလ်သည်။
အပရေန သမယေန - နောင်အခါ၌။
ရူပါနံ - ရူပါရုံတို့၏။
သမုဒယဉ္စ - ဖြစ်ခြင်းကို လည်းကောင်း။
အတ္ထင်္ဂမဉ္စ - ချုပ်ခြင်းကိုလည်းကောင်း။
အသာဒဉ္စ - သာယာဖွယ်ကို လည်းကောင်း။
အာဒီနဝဉ္စ - အပြစ်ကိုလည်းကောင်း။
နိဿရဏဉ္စ - ထိုရူပါရုံမှ ထွက်မြောက်ရာ ထွက်မြောက်ကြောင်းကို လည်းကောင်း၊ ထွက်မြောက်ခြင်းကို လည်းကောင်း။
ဝိဒိတွာ - ကောင်းစွာသိ၍။
ဝိဂတတဏှော - ကင်းသောတဏှာ ရှိသည်။
ဝိဂတပိ-ပါသော - ကင်းသော ဆာလောင်ခြင်း မွတ်သိပ်ခြင်း ရှိသည်။
ဝိဂတပရိဠာဟော - ကင်းသော ပူပန်ခြင်း ရှိသည်။
ဟုတွာ - ဖြစ်၍။
အဇ္ဈတ္တံ - မိမိ ကိုယ်တွင်းသန္တာန်၌။
ဝူပသန္တ စိတ္တော - ကိလေသာ ငြိမ်းတဲ့ စိတ်ရှိသည်ဖြစ်၍။
ဝိဟရတိ - နေ၏။
အဲ... ရူပါရုံ အာရုံ ကာမဂုဏ်တွေ ခံစားခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ နောင်အခါကျတော့ ရူပါရုံရဲ့ အဲဒီဖြစ်ခြင်းကိုလဲ သူမြင်တယ်။ ပျက်ခြင်းကိုလဲ မြင်တယ်၊ သာယာဖွယ်ကိုလဲ မြင်တယ်။ အပြစ် အာဒီနဝကိုလဲ မြင်တယ်။
ထို ရူပါရုံမှ ထွက်မြောက်ကြောင်း၊ လွတ်မြောက်ကြောင်းကိုလဲ မြင်တယ်။ အဲသလို မြင်ပြီးတော့ ထိုရူပါရုံပေါ်မှာ သာယာတဲ့ နှစ်သက်တဲ့ တဏှာတရား ကင်းတယ်။
ထိုရူပါရုံ ကာမဂုဏ် အကြောင်းပြုပြီးတော့ ဖြစ်တဲ့ ပူပန်ခြင်းလဲ ကင်းသွားတယ်။ ကင်းသွားပြီးတော့ အဇ္ဈတ္တ သန္တာန်မှာ ကိုယ်တွင်း သန္တာန်မှာ၊ အတွင်း သန္တာန်မှာ ကိလေသာ အပူတွေ ငြိမ်းအေးတဲ့ စိတ်ရှိပြီးတော့ နေတယ်။ အဲဒီ ပုဂ္ဂိုလ်ကို ...
ဣမဿ ပန တေ မာဂဏ္ဍိယ ကိမဿဝစနီယံ။
(မ၊ ၂၊ ၁၇၁။)
မာဂဏ္ဍိယ - မာဂဏ္ဍီ။
ဣမဿ - ပုဂ္ဂိုလ်အား။ ဤ ပထမ ရူပါရုံတွေ ခံစားပြီးတော့ နောက်အခါ ရူပါရုံတို့ရဲ့ ဖြစ်ခြင်း ပျက်ခြင်း သာယာဖွယ်အပြစ် အာဒီနဝ - လွတ်မြောက်မှုတို့ကို သိ၍ ကိုယ်တွင်းသန္တာန်၌ ကိလေသာငြိမ်းအေးနေတဲ့ ပုဂ္ဂိုလ်အား။
တေ - သင်သည်။
ကိံ - အဘယ်သို့သော စကားကို ကြီးပွားမှုကို ဖျက်ဆီးတတ်တဲ့ ချုပ်ချယ် ကန့်သတ်တယ်ဆိုတဲ့ အပြောမျိုးကို။
ဝစနီယံ - ပြောဆိုအပ်သည်။
အဿ - ဖြစ်ရာပါသေး၏ လော-လို့။
အဲသလို ရူပါရုံတို့ရဲ့ ဖြစ်ခြင်း ချုပ်ခြင်း၊ ရူပါရုံတို့၏ အပြစ် အာဒီနဝ၊ ရူပါရုံတို့ရဲ့ သာယာဖွယ်၊ ရူပါရုံတို့ရဲ့ ထွက်လမ်း၊ ထွက်မြောက်ရာ၊ သိပြီး ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို သိလို့ တဏှာကင်းပြီး၊ အပူကင်းပြီးတော့ အတွင်းက အေးငြိမ်းနေတဲ့ စိတ်ရှိတဲ့ ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ် မျိုးကို မာဂဏ္ဍီ ဘယ်လို ပြောမတုံး”ဆိုတော့။
မာဂဏ္ဍီ ဝန်ခံရ
“န ကိဉ္စိ ဘော ဂေါတမ”
ဘောဂေါတမ - အရှင် ဂေါတမ။
ကိဉ္စိ - ဒီပုဂ္ဂိုလ်မျိုးအတွက် တစ်စုံတစ်ခုသော ပြောစရာသည်၊
န အတ္ထိ - မရှိပါ ဘုရား-လို့ လျှောက်ထားတယ်။
“ဒီလို ပုဂ္ဂိုလ်မျိုး အတွက်တော့ ဘာမှ ပြောစရာ မရှိပါဘူး”လို့ သူ လျှောက်တယ်။
အဲဒီတော့ သူနည်းနည်း သဘောပေါက်သွားတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဒီ ဒွါရခြောက်ပါး စောင့်စည်းမှု ဆိုတာ ဒီအတိုင်း အသုံးမပြုဘဲနဲ့ စောင့်စည်းရမယ် ဆိုတာ မဟုတ်ဘူး၊
ကြည့်၊ ကြည့်တော့ ကြည့်၊ ကြည့်တတ် ရမယ်၊
နားထောင်၊ နားထောင်တော့ နားထောင် တတ်ရမယ်။
နှာခေါင်းနဲ့လဲ လေ ရှူနိုင်တယ်၊ သို့သော် ရှူတတ်ရမယ်၊
အစား စားနိုင်တယ်၊ သို့သော် စားတတ်ရမယ်၊
အတွေ့အထိ တွေ့ထိရမယ်။ သို့သော် တွေ့ထိ တတ်ရမယ် -
ဆိုတဲ့ သဘော ပြောတယ်။
အဲ့ဒါကြောင့် မို့လို့ သူ ကျေနပ်သွားတယ်၊ ဒီရူပါရုံရဲ့ ဖြစ်ခြင်း ပျက်ခြင်း၊ သာယာဖွယ် အပြစ်၊ ထွက်မြောက်မှုတို့ကို သိပြီးတော့ တဏှာ အပူတွေပျောက်၊ ကိလေသာ အပူတွေပျောက်၊ အဇ္ဈတ္တမှာ ကိလေသာတွေမှ ငြိမ်းချမ်းတဲ့ ထူးခြားတဲ့ စိတ်ထား ရရှိသွားတယ်။
သိရှိသွားတယ် ဆိုတော့ ဒီ ပုဂ္ဂိုလ်ကို သူဘာမှ ပြောစရာ မရှိတော့ဘူး။
ဘာဖြစ်လို့တုံး၊ ရူပါရုံရဲ့ အပြစ် ကောင်းစွာ မြင်သွားလို့၊ အပြစ် မြင်ပြီးတော့ ရူပါရုံရဲ့ ထွက်မြောက်မှု၊ ရူပါရုံဆိုတဲ့ အနှောင့်အယှက်ကြီးက လွန်မြောက်မှု ရသွားတယ် ဆိုတော့ အဲ ... နည်းနဲ့ လမ်းနဲ့ အလုပ် လုပ်တတ်တယ်ဆိုတာ သိသွားတော့ ဘာမှ ပြောစရာ မရှိဘူးလို့ “န ကိဉ္စိဘော၊ ဂေါတမ” ဘာမှ ပြောစရာ မရှိပါဘူး ဘုရားလို့ လျှောက်ထားတယ်။
အဲ့ဒီတော့ ဘုန်းကြီးတို့ တရားသဘောတွေရဲ့ -
အဿာဒ - သာယာဖွယ် သိရမယ်။
အာဒီနဝ - အပြစ် သိရမယ်။
နိဿရဏ - လွတ်မြောက်မှုကို သိရမယ်။
အဿာဒ ဆိုတာ ဘာတုံး ဆိုတော့။
အဿာဒ ဆိုတာ
ယံ ခေါ ရူပေ ပဋိစ္စ ဥပ္ပဇ္ဇတိ၊
သုခံ သောမနဿံ၊
အယံ ရူပါနံ အဿာဒေါ။
(သံ၊ ၂၊ ၂၄၂။)
ရူပံ - ရူပါရုံကို။
ပဋိစ္စ - စွဲ၍။
သုခံ - ကိုယ်၏ ချမ်းသာခြင်းဆိုတဲ့ သုခသည်လည်းကောင်း။
သောမနဿ - စိတ်၏ချမ်းသာခြင်း၊ ဝမ်းသာခြင်းဆိုတဲ့ သောမနဿသည် လည်းကောင်း။
ဥပ္ပဇ္ဇတိ - ဖြစ်၏။
အယံ - ဤရူပါရုံကို အစွဲပြု၍၊ ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်း ဆိုတဲ့ ချမ်းသာခြင်းသည်။
ရူပါနံ - ရူပါရုံတို့၏။
အဿာဒေါ - သာယာဖွယ် အစစ်ဖြစ်ပါပေ၏။
ရူပါရုံ-လိုလားအပ် နှစ်သက်အပ်တဲ့ ကောင်းတဲ့ ရူပါရုံလေး မြင်တဲ့အခါမှာ စိတ်ထဲမှာ သာယာတဲ့ နှစ်သက်မှုလေး ဝမ်းသာမှုလေး ဖြစ်တယ်။ ဝမ်းသာမှု အကြောင်း ပြုပြီးတော့ မျက်စိ ချမ်းသာသွားတယ်။ အဲဒါဟာ ရူပါရုံတို့ရဲ့ အဿာဒ သာယာဖွယ်ပဲ။
ထို့အတူပဲ သဒ္ဒါရုံ စသည်လဲ ဒီအတိုင်းပဲ။ အဲသလို ရူပါရုံကို အစွဲပြုပြီးတော့ သာယာဖွယ် နှစ်သက်ဖွယ် ဖြစ်တာဟာ ရူပါရုံ၌ အဿာဒပဲ။ လူတွေ ရူပါရုံ တပ်နှစ်သက် နေကြတယ်။ ဘာကြောင့် တပ်နှစ်သက်ရတုံး ဆိုတော့ အဲဒီ ကိုယ် နှစ်သက်တဲ့ ရူပါရုံလေး မြင်လိုက်ရပြီ ဆိုရင် သုခ သောမနဿ ဖြစ်လာရလို့ တပ်နှစ်သက်ကြရတာ၊ တကယ်လို့ အဲ့ဒီ သုခ သောမနဿဆိုတာ မရှိရင်၊ မဖြစ်ရင် ဒီရူပါရုံ ဘယ်သူမှ သာယာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ရူပါရုံမှာ အဿာဒ ဆိုတဲ့ သာယာဖွယ် တရားလေးလဲ ရှိတယ်၊ သုခ သောမနဿ။
အာဒီနဝ ဆိုတာ
ယံ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမ ဓမ္မာ၊
အယံ ရူပါနံ အာဒိနဝေါ။
(သံ ၊ ၂ ၊ ၂၄၂။)
အာဒီနဝ - အပြစ်။ ရူပါရုံမှာ အပြစ်ဆိုတာ ဘာတုံးဆိုတော့။ ရူပါရုံဆိုတဲ့ တရားတို့သည်။
အနိစ္စာ - အမြဲမရှိကြကုန်။
ဒုက္ခာ - ဆင်းရဲ ဒုက္ခတို့တည်း။
ဝိပရိဏာမ ဓမ္မာ - ပျက်စီးတတ်သော သဘောရှိကြလေကုန်၏။
အယံ - ဤမမြဲတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော၊ ပျက်စီးတတ်တဲ့ သဘောသည်။ ရူပါနံ - ရူပါရုံ တရားတို့၏။
အာဒီနဝေါ - အပြစ်အာဒီနဝပင်တည်း၊
ရူပါရုံရဲ့ အပြစ်ဆိုတာ၊ ရူပါရုံ ဆိုတာ မမြဲဘူး၊ ရူပါရုံဆိုတာ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရလို့ ဆင်းရဲတယ်။ ရူပါရုံ ဆိုတာ ပျက်စီးတတ်တယ်။ ဒါကြောင့်မို့လို့ မမြဲတဲ့ ဆင်းရဲတဲ့ ပျက်စီးတတ်တဲ့ သဘောဟာ ရူပါရုံတို့ရဲ့ အပြစ် အာဒီနဝပဲ။ အဲဒါဟာ အာဒီနဝအပြစ်။ အဿာဒ-အာဒီနဝ၊ နိဿရဏရူပါရုံတို့ရဲ့ ထွက်မြောက်ရာ ဆိုတော့ ဘာတုံး ဆိုတော့။
နိဿရဏ ဆိုတာ
ယော ရူပေသု ဆန္ဒ ရာဂ ဝိနယော ဆန္ဒရာဂဟာနံ။
ဣဒံ ရူပါနံ နိဿရဏံ။
(သံ ၊ ၂ ၊ ၂၄၂)
ရူပေသု - ရူပါရုံတို့၌။
ယော ဆန္ဒရာဂဝိနယော - အကြင် တပ်နှစ်သက်တတ်တဲ့ ဆန္ဒရာဂကို ပယ်ဖျောက် ခြင်းသည်။
ဆန္ဒရာပဟာနံ - ဆန္ဒရာဂကို ပယ်ခြင်းသည်။
အတ္ထိ - ရှိ၏။
ဣဒံ - ဤ ရူပါရုံတို့၌ တပ်နှစ်သက်တတ်တဲ့ ဆန္ဒရာဂကို ပယ်ဖျောက်ခြင်းသည်။
ရူပါနံ - ရူပါရုံတို့၏။
နိဿရဏံ - ထွက်မြောက်ရာအစစ် တကယ်တမ်း ဖြစ်ပါပေ၏-တဲ့။
အဲ... ရူပါရုံတို့၏ ထွက်မြောက်ရာဟာ ရူပါရုံတို့၌ တပ်နှစ်သက်တဲ့ ဆန္ဒရာဂကို ပယ်ခြင်း ပဲ။ အဲ့ဒီ ပယ်ခြင်းကလဲ တခြားမဟုတ်ဘူး၊ ခုန ဘုန်းကြီးတို့ အနိစ္စ-ဒုက္ခ မြင်ရင် ဆန္ဒရာဂ နောက်ပျောက်သွားမယ်၊ ဒါကြောင့်မို့လို့ ရူပါရုံရဲ့ သဘာဝ မြင်ရမယ်၊ အနိစ္စ မြင်ရမယ်၊ ဒုက္ခ မြင်ရမယ်၊ အနတ္တ မြင်ရမယ်၊ မြင်ရရင် ရူပါရုံရဲ့ ထွက်မြောက်ကြောင်းပဲ။
အဲ ... ထို့အတူပဲ ဘုရားရှင် ကိုယ်တော်မြတ်က သဒ္ဒါရုံ- ဂန္ဓာရုံ- ရသာရုံ- ဖေါဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံ ကာမဂုဏ်တွေရဲ့ အကြောင်းကိုလဲ၊ ခုလိုပဲ လူတစ်ယောက်ဟာ သဒ္ဒါရုံ ဂန္ဓာရုံ- ရသာရုံ- ဖောဋ္ဌဗ္ဗာရုံ- အာရုံ ငါးပါးတွေ ခံစားနေတယ်။
နောင်အခါ အဲဒီ အာရုံငါးပါးရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း၊ သာယာဖွယ် အပြစ်-အာဒီနဝ ထွက်မြောက်ကြောင်းတို့ကို သိ၍ အဇ္ဈတ္တမှာ တပ်နှစ်သက်ခြင်း ကင်းပြီးတော့ ကိလေသာ အပူတွေ ကင်းပြီးတော့ ငြိမ်းအေးတဲ့ စိတ်ရှိမယ်။ အဲဒီပုဂ္ဂိုလ်ကို ဘယ်လို ပြောမတုံး - မာဂဏ္ဍီ ဆိုတော့၊ “န ကိဉ္စိဘော ဂေါတမ”-တပည့်တော် ဘာမှ ပြောစရာ မရှိတော့ပါဘူး။
ဒါဟာ တကယ့် ကာမဂုဏ် တို့ရဲ့ အပြစ် အာဒီနဝ၊ အဿာဒ - သာယာဖွယ် အပြစ် - အာဒီနဝ၊ နိဿရဏ - ထွက်မြောက်မှုကို သိပြီးတော့ တကယ် ထွက်မြောက်ပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့ အကျင့်၊ ရဟန္တာ ပုဂ္ဂိုလ်ရဲ့ ထွက်မြောက်မှု၊ ဒါကို ဘုရားရှင် ကိုယ်တော်မြတ်က ဟောပြတာနော်၊
အဲ... ဟောပြတဲ့ အခါကျတော့ ဘာမှ သူ မပြောနိုင်တော့ဘူး၊ ဒါကို တော်တော်လေး ကျေနပ်သွားပြီ၊ အဲဒါကြောင့် လောကမှာ ခုန ပြောခဲ့တဲ့ အဿာဒ၊ အာဒီနဝ၊ နိဿရဏဆိုတာ သိဖို့ အရေးကြီးတယ်။ အဲဒါသိရင် ဒုက္ခ ငြိမ်းတာပဲ၊
ဒီနေရာမှာ ဘုန်းကြီးက၊ အဿာဒ အာဒီနဝ နိဿရဏ,- သရုပ်ပြလေး အဖြစ်ဖြင့် ခေမာထေရီ အကြောင်းလေး နည်းနည်း အချုပ်ကလေး ဟောလိုက်ရဦးမယ်။
ခေမာထေရီ အကြောင်း
ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်က ခေမာထေရီ ဆိုတာရှိတယ်၊ သာမန် ဘိက္ခုနီ မဟုတ်ဘူး၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ လက်ယာရံ ပညာ အရာမှာ ဧတဒဂ်ရတဲ့ အကျော်အမော် ပုဂ္ဂိုလ်ကျော် တစ်ဦး၊
အဲ... တစ်နေ့ကျတော့ ခေမာထေရီဟာ ကောသလတိုင်း နယ်ပယ်မှာ ဒေသစာရီ ကြွချီတယ်၊ အဲသလို ကြွချီတုန်း၊ သာဝတ္ထိပြည်နဲ့ သာကေတပြည် အကြားမှာ တောရဏဝတ္တုဆိုတဲ့ ရွာလေး ရှိတယ်။ အဲဒီ ရွာမှာ ခဏ တည်းခိုးပြီးတော့ သီတင်းသုံးတယ်၊
ဒီအခါမှာ ကောသလမင်းကြီးကလဲ သာကေတကနေ ပြီးတော့ သာဝတ္ထိကို ခရီးဆက်လာတော့ သာကေတနဲ့ သာဝတ္ထိ ကြားမှာ အဲဒီ တောရဏဝတ္ထု ဆိုတဲ့ အရပ်မှာပဲ တစ်ည တည်းခိုးတယ်၊ အဲ့သလို တည်းခိုပြီးတော့ ညအခါကျတော့ “မင်းချင်း ယောက်ျားတို့၊ ဒီတောရဏဝတ္ထုတောမှာ ငါဟာ ယနေ့ည ဆည်းကပ်ဖို့ရာ ရဟန်းသော် လည်းကောင်း၊ ပုဏ္ဏားသော် လည်းကောင်း၊ လျှောက်ရှာစမ်းကွာ”- လို့ အရှာခိုင်းတော့ မင်းချင်း ယောက်ျားကလဲ လိုက်ရှာတယ်၊ သို့သော် ဘယ်မှာမှ ဘယ် ရဟန်းမှ မတွေ့ဘူး၊ သို့သော် ခုနပြောတဲ့ ခေမာထေရီ ဘိက္ခုနီမကို သွားတွေ့တယ်။
အဲသလို တွေ့တဲ့အခါကျတော့ မင်းကြီးထံ ပြန်လျှောက်တယ်။ “အရှင် မင်းကြီး၊ အရှင်မင်းကြီး ရှာခိုင်းတဲ့ ရဟန်းပုဏ္ဏား တစ်ဦးမှ မတွေ့ဘူး၊ သို့သော်လဲပဲ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တပည့်မအကျော် ခေမာထေရီဆိုတဲ့ ဘိက္ခုနီမကိုတော့ တွေ့ခဲ့ရ ပါတယ်”။
“ထိုဘိက္ခုနီမရဲ့ ကျော်စောသတင်းဟာ အင်မတန် ပြန့်သင်းလှပါတယ်။ ပညာရှိတယ်၊ ထက်မြက်တယ်၊ ဗဟုသုတများ တယ်၊ ဆန်းဆန်းကြယ်ကြယ်တရား ဟောတတ်တယ်။ သာယာ ကောင်းမွန်တဲ့ တရားစကား ဟောကြားတတ်ပါတယ်။ ဂုဏ်သတင်း ပြန့်နှံ့ကျော်စောပါတယ်”ဆိုတော့၊
“ကောင်းပြီ ဒါဖြင့် အဲ့ဒီပဲသွားမယ်”ဆိုပြီးတော့ ကောသလမင်းကြီးက ခေမာထေရီ ရဟန္တာမထံ သွားတယ်၊ ဘိက္ခုနီမထံ ရောက်တဲ့ အခါကျတော့ ရှိခိုးပြီးတော့ သင့်လျော်ရာ အရပ်မှာ ထိုင်ပြီးတော့ လျှောက်ထားတယ်။
ကောသလမင်းကြီးနှင့်
ခေမာထေရီ အမေးအဖြေများ
“ရှင်မ ရဟန္တာဖြစ်ပြီးနောက်၊ သေပြီးနောက် ဖြစ်ပါသေးသလား”လို့ လျှောက်ထားတယ်တဲ့ နော်။
“အဗျာကတံ ဧတံ မဟာရာဇ ဘဂဝတာ”။
“မဟာရာဇာ - ဘုန်းတော်အရှင် မြတ်စွာဘုရားက၊ ဒီလို မဟောဘူး။
ဒါဖြင့် ရဟန္တာဟာ သေပြီးနောက် မဖြစ်ဘူးလား။ အဲဒီလိုလဲ မြတ်စွာဘုရားက မိန့်ကြားတော်မမူဘူး မဟာရာဇာ”လို့ မိန့်တော်မူတော့။
“ဒါဖြင့် ရဟန္တာသေပြီးနောက် ဖြစ်လဲဖြစ်တယ်၊ ဖြစ်လဲမဖြစ်ဘူးလို့ ဆိုနိုင်မလား” ဆိုတော့ “ဒီလိုလဲ မဆိုနိုင်ဘူး ဒီလိုလဲ ဘုရားမဟောဘူး”။
“အဲဒါဖြင့် ရဟန္တာပုဂ္ဂိုလ်ဟာ စုတေပြီးနောက် မသေလဲ မသေဘူး ၊ မသေတာလဲ မဟုတ်ဘူးလို့ ဒီလို ပြောရမှာလား” ဆိုတော့၊ “ဒီလိုလဲ ဘုရားရှင် ကိုယ်တော်မြတ်က မဟောဘူး”ဆိုတော့။
ဒီတော့ မင်းကြီးက“အရှင်မ တပည့်တော် ရဟန္တာသေရင် နောက်ပြန်ဖြစ်သေး သလား”ဆိုတော့“ဒီလို ဘုရားမဟောဘူး”လို့ အရှင်မ ဆိုတယ်။ “အဲ... ဘုရား ဒီလို မဟောဘူး”လို့ အရှင်မ ဆိုတယ်။
“နို့ မဖြစ်ဘူးလားဆိုတော့လဲ ဒီလိုဘုရား မဟောဘူး”လို့ ဆိုတယ်၊ “ဖြစ်တယ်လို့လဲ ဆိုရ၊ မဖြစ်ဘူးလို့လဲ ဆိုရမလား”လို့ မေးပြန်တော့လဲ “ဒီလိုဘုရား မဟောဘူး လို့”ဆိုတယ်။
မဖြစ်တယ်လဲ မဆိုရဘူး၊ ဖြစ်တယ်လဲ မဆိုရဘူးလို့ ဖြစ်တယ်လဲ မဆိုရ၊ မဖြစ်ဘူးလို့လဲ မဆိုရ၊ ဖြစ်တယ်လဲ မဆိုရဘူးလို့ ဆိုရမလား” ဆိုတော့လဲ “ဘုရားမဟောဘူး”လို့ဆိုတယ်။
“ဒါဖြင့် ဘယ်လိုမှတ်ရမတုံး”လို့ လျှောက်ထားတဲ့အခါ ကျတော့။
ခေမာထေရီက “မဟာရာဇာ၊ မဟာရာဇာကိုပဲ မေးရတော့မှာပဲ၊ မင်းကြီးရဲ့ ဂဏန်းသင်္ချာ ကောင်းကောင်းတတ်တဲ့ သင်္ချာဆရာ၊ ဂဏန်းဆရာဟာ ဒီ ဂင်္ဂါမြစ်က သဲတွေကို ဘယ်လောက် ရှိတယ်လို့ ရေတွက်ခြင်းငှာ စွမ်းနိုင်ပါမလား”ဆိုတော့၊ “မစွမ်းနိုင်ပါဘူး အရှင်မ”၊ “ကောင်းပြီ၊ အဲ့ဒီ မဟာရာဇာရဲ့ သင်္ချာဆရာဟာ မဟာသမုဒ္ဒရာမှာရှိတဲ့ သဲတွေကို ရာပေါင်းသည်မျှ၊ ထောင်ပေါင်းသည်မျှ၊ သောင်းပေါင်းသည်မျှ စသည်ဖြင့် ရေတွက်ခြင်းငှာ စွမ်းနိုင်ပါ့မလား” ဆိုတော့၊ “ဟာ အရှင်မ မစွမ်းနိုင်ပါဘူး” “ဘာကြောင့် မစွမ်းနိုင်သတုံး” ဆိုတော့၊ “အရှင်မ မဟာသမုဒ္ဒရာဆိုတာက လွန်စွာ နက်တယ်၊ တိုင်းတာလို့လဲ မရဘူး၊ သက်ဝင်လို့လဲ မဖြစ်နိုင်ဘူး”။
“မဟာရာဇာ၊ ဒီအတိုင်းပဲ၊ အကြင်ရုပ်တရားဖြင့် ရဟန္တာလို့ ပညတ်မယ်၊ ထို ရုပ်တရားကို ထို ရဟန္တာ ပုဂ္ဂိုလ်အား ပယ်ပြီး အမြစ် ပြတ်အောင် ပယ်သတ်ပြီး ဖြစ်တယ်၊ ထန်းပင်ငုတ်ကဲ့သို့ နောင်တစ်ဖန်မပေါ်အောင် လုပ်ပြီးဖြစ်တယ်၊
အဲဒီတော့ ရုပ်တရားကို အမြစ်ဖြုတ်ပြီးတဲ့ ရဟန္တာမှာ ရုပ်တည်းဟူသော ရေတွက်ခြင်းမှ ရုပ်ဆိုတဲ့ အရေအတွက်မှ ရုပ်ဆိုလို့ အခေါ်ဝေါ်မှ လွန်မြောက်နေပြီ ဖြစ်သောကြောင့် ထိုရုပ် အခေါ်အဝေါ်မှ လွန်မြောက်ပြီးတဲ့ ရဟန္တာ ပုဂ္ဂိုလ်ဟာ အင်မတန်နက်နဲပါတယ်၊ အင်မတန် တိုင်းတာရ ခက်ပါတယ်”။
“ထို့အတူ ဝေဒနာ - သညာ - သင်္ခါရ - ဝိညာဉ်၊ ဒီ တရားတွေကိုလဲ ပယ်သတ်ပြီး ဖြစ်လို့ အဲဒီ ရုပ်ဆိုတဲ့ အခေါ်အဝေါ်၊ ဝေဒနာဆိုတဲ့ အခေါ်အဝေါ်၊ သညာ၊ သင်္ခါရ-ဝိညာဉ် ဆိုတဲ့ အခေါ်အဝေါ်ကို လွန်မြောက်နိုင်တဲ့ ရဟန္တာ ပုဂ္ဂိုလ်ဟာ၊ လွန် မြောက်နေတဲ့ ရဟန္တာ ပုဂ္ဂိုလ်ဟာ အင်မတန် နက်နဲ၊ အင်မတန် တိုင်းတာရ၊ နှိုင်းယှဉ်ရ ခက်တဲ့ အခြေအနေ ရောက်နေတဲ့ ပုဂ္ဂိုလ်၊ အဲဒီ ပုဂ္ဂိုလ်ကို သေပြီး ဖြစ်သလား၊ သေပြီးရင် မဖြစ်ဘူးလား၊ သေပြီးရင် ဖြစ်လဲ ဖြစ်သလား၊ မဖြစ်လဲ မဖြစ်ဘူးလား၊ သေပြီးရင် မဖြစ်လဲ မဖြစ်ဘူးလား၊ ဖြစ်လဲ ဖြစ်သလား စသည်ဖြင့် အဲသလို သမုတ်ဖို့ရာ မလွယ်ဘူး၊ အဲ့ဒီ အရေအတွက် အဲဒီ သမုတ်ခြင်းကို လွန်မြောက်နေပြီ” ထေရီမက မိန့်တော်မူတယ်၊
အဲဒါနဲ့ ကောသလ မင်းကြီးလဲ အင်မတန် နှစ်သက်ဝမ်းမြောက် ကျေနပ်သွားပြီးတော့ သာဝတ္ထိပြည်ကို ပြန်သွားတယ်၊ ဟိုရောက်တော့ ဘုရားရှင်ကို သွားလျှောက် ထားတယ်။
ဗုဒ္ဓနှင့် အဖြေချင်းတူ
ဒီအတိုင်းပဲ၊ “ရဟန္တာ သေပြီးရင် ပြန်ဖြစ်သလား မဖြစ်ဘူးလား၊ မဖြစ်သလား မဖြစ်ဘူးလား၊ မဖြစ်ဘူးလား ဖြစ်သလား” နဲ့ သွားလျှောက်တော့၊ ဘုရားရှင်က “ဟာ ... ငါဘုရား ဒီလို မဟောကြားဘူး”၊
“မြတ်စွာဘုရား ဘာလို့ မဟောကြားတုံး” ဆိုတော့ သူက သိချင်လို့၊ အဲ... ခေမာထေရီ ဟောကြားတဲ့ တရားနဲ့ ဘုရား ဟောတဲ့ တရား၊ ဘယ်လိုများ ကွာခြား ပါသတုံး၊ ဆရာဖြစ်တဲ့ ဘုရားရှင် ကိုယ်တော်မြတ်နဲ့ တပည့်ဖြစ်တဲ့ ဘိက္ခုနီမ ဟောပြောချက် ဘယ်လိုများ ကွာခြားမလဲလို့ စမ်းချင်လို့ ဘုရားသွားပြီး လျှောက်ထားမေးတယ်။
ဘယ်သူ့ဆီမှာ ဘယ်လို မေးခဲ့တယ်၊ ဖြေခဲ့တယ်လို့တော့လျှောက်တာ မဟုတ်သေးဘူး၊ ခေမာထေရီကို မေးသလိုပဲ မြတ်စွာဘုရားကို လျှောက်ထားတယ်၊ လျှောက်ထားတော့ ခေမာထေရီ ဖြေသလိုပဲ ဘုရားရှင် ကိုယ်တော်မြတ်က ဒီအတိုင်းပဲ၊
သူ့ကို သမုဒ္ဒရာက သဲတွေ မရေနိုင်သလိုဘုရား ရဟန္တာ ပုဂ္ဂိုလ် တွေဟာ ရုပ် - ဝေဒနာ - သညာ - သင်္ခါရ ဆိုတဲ့ ပညတ်ချက်တွေ လွန်နေပြီ။ ဒါကြောင့် အဲ့ဒီ ပုဂ္ဂိုလ်တွေ သေပြီးနောက် ဖြစ်သလား မဖြစ်ဘူးလား စသည့်ဖြင့် ပြောစရာ မရှိတော့ဘူး။
အင်မတန် နက်နဲတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကုန်ပြီလို့ ခေမာထေရီ ဖြေတဲ့အတိုင်း တစ်သွေမတိမ်း ၊ ဘုရားရှင် ကိုယ်တော်မြတ်က မိန့်ကြားတော်မူတော့ “အစ္ဆရိယံ ဘန္တေ- အဗ္ဘုတံ ဘန္တေ - မြတ်စွာဘုရား အံ့သြစရာ ကောင်းလှပါတယ်” ၊ တကယ် ဆိုတော့ ဆရာဖြစ်တဲ့ ဘုရားရှင်နဲ့ တပည့်မဖြစ်တဲ့ ဘိက္ခုနီမ နှစ်ပါးဟာ ပုဒ် အက္ခရာမှာ ဖြစ်စေ၊ အနက်အဓိပ္ပါယ်မှာ ဖြစ်စေ၊ လုံးဝ ကွဲပြား ခြားနားခြင်း တိမ်းယိမ်းခြင် မရှိဘဲနဲ့ ထပ်တူထပ်မျှ အတိ အကျ အညီအမျှ ဖြစ်တာဟာ အံ့သြစရာ ကောင်းလှပါလား ဘုရားလို့ ဘုရားရှင် ကိုယ်တော်မြတ်ထံမှာ ဆရာတပည့် နှစ်ဦး တရားအမြင် တူညီပုံကို အံ့ဩပြီးတော့ အံ့ဩစကား လျှောက်ထားတယ်နော်။
ခေမာထေရီ နောက်ကြောင်း
အေး... အဲ့သလောက် ပညာရှိတဲ့ ခေမာထေရီ ဒါ နိဿရဏပဲ၊ ခေမာထရီဟာ ဒီလောက် ပညာရှိတယ်၊ အားလုံး ကိလေသာတွေအကုန် ငြိမ်းတဲ့ရဟန္တာမ ဖြစ်တယ်၊ ဒါဟာ နိဿရဏပဲ၊ အဲဒီ နိဿရဏဖြစ်အောင် ဘယ်လို ကြိုးစားခဲ့ရ တုန်း ဆိုတော့ ပဒုမုတ္တရ ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်တော်က ကုသိုလ်တွေပြုပြီးတော့ ဒီ ရာထူးကို ဘုရားရှင် ကိုယ်တော်မြတ်ထံက တောင်းခဲ့တာ၊ ဆုတောင်းခဲ့တာ၊
အဲ... နောက်လဲပဲ အခု ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်ထိအောင် ကြားထဲ ကုသိုလ်ကောင်းမှုတွေကို ပြုခဲ့တာတွေလဲ ရှိတယ်။ ဒီဘဝမှာတော့ တိုတိုပဲ ပြောကြပါစို့၊ ဒီ ဘဝမှာတော့ မန္ဒတိုင်းမှာ ဘုရင့်သမီးတော်ဖြစ်တယ်။
ဘုရားရှင် ကိုယ်တော်မြတ်ဟာ ရုပ်အဆင်းရဲ့ အပြစ် အာဒီနဝတွေ ဟောကြားတယ်၊ ကြားရတဲ့အတွက် ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားကို မသွားဘူး၊ ဒီအခါမှာ ဗိမ္ဗိသာရ မင်းကြီးက ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားဖို့ အတင်းမတိုက်တွန်းဘူး၊ ပရိယာယ်နဲ့ သွားအောင် ဖန်တီးမယ်လို့ ကဗျာဆရာတွေကို ဝေဠုဝန် ကျောင်းတော်ကြီးရဲ့ သာယာပုံကို ကဗျာစီခိုင်းတယ်။
ကဗျာစီခိုင်းတဲ့ အခါကျတော့ အဲဒီကဗျာကို သူကရွတ် ငါကရွတ် နန်းတွင်းမှာ ဟိုက ရွတ်၊ ဒီကရွတ်နဲ့ ရွတ်ကြတယ်ပေါ့လေ။
ရမ္မံ ဝေဠုဝနံ ယေန၊
နဒိဋ္ဌံ သုဂတာလယံ။
န ဒိဋ္ဌံ နန္ဒနံ တေန၊
ဧဝံ မညာမသေ မယံ။
(အပဒါန ၂၊ ၂၂၅။)
စသည်ဖြင့် ကဗျာတွေ၊ ကဗျာတွေနဲ့၊ အကြင်ပုဂ္ဂိုလ်ဟာ ဘုရားကျောင်းတော် ဖြစ်တဲ့ ဝေဠုဝန် ဝါးတော ဥယျာဉ်ဖြစ်တဲ့ ဝေဠုဝန်ဥယျာဉ် အရာမ်တော်ကြီးကို မမြင်ဖူး။
ထိုပုဂ္ဂိုလ်ဟာ နတ်ပြည်က နန္ဒဝန် ဥယျာဉ်ကြီးကို မမြင်ရတဲ့ ပုဂ္ဂိုလ်ပဲလို့ ဝေဠုဝန် ကျောင်းတော်ကြီးကို ဒီလို ချီးကျူးကြတယ်၊ နတ်ပြည်က နတ်တွေဟာ နန္ဒဝန် ဥယျာဉ်ကြီးကို စွန့်ပြီးတော့ လူ့ပြည် ရောက်လာကြတယ်။
လူ့ပြည် ရောက်လာတော့ ဝေဠုဝန် ကျောင်းတော်ကြီး မြင်ရတဲ့ အခါမှာ သူတို့ စိတ်ထဲမှာ ကြည့်လို့ ရှုလို့ မရောင့်ရဲနိုင်ကြဘူး၊ မတင်းတိမ်နိုင်ကြဘူး၊ ကြည့်လို့ အားမရ ရှုမဝ ဖြစ် ကြရတယ်၊ ဘုရင်ကြီးရဲ့ ဘုန်းကြောင့် ဘုရင်ကြီးရဲ့ ကုသိုလ် တော်ကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဘုန်းတော်ကြောင့် ဖြစ်လာရတယ်။
ဝေဠုဝန်ကျောင်းတော်ကြီးရဲ့ ဂုဏ်အင်တွေကို ဘယ်သူမှ ကုန်စင်အောင် မချီးကျူး နိုင်ကြပါဘူး ဆိုတဲ့ သီချင်း၊ အဲဒီ သီချင်းရေးခိုင်းပြီးတော့ အဆိုတော်တွေကို ဆိုခိုင်းတယ်၊ မိဖုရားကြီး ကြားအောင်၊ အဲဒီတော့ မိဖုရားက ရှေ့တုန်းက ဝေဠုဝန် ကျောင်းတော်ကြီးကို ဗိမ္ဗိသာရမင်းကြီးနဲ့ ရောက်ဖူးပေမယ့် အခု ဝေဠုဝန်ဘွဲ့ ကဗျာ ကြားရတော့ သွားချင်တယ်။
အဲ့ဒီအခါမှာ ရှင်ဘုရင်ကို ခွင့်ပန်တော့ ရှင်ဘုရင်က ခွင့်ပြုတယ်၊ ဘုရားမရှိတဲ့ အချိန် ဆိုပြီးတော့ ဆွမ်းခံတဲ့ အချိန်မှန်း ပြီးတော့ ဝေဠုဝန်ကျောင်းတော်ကြီးဆီ သွားတယ်။
ရုပ်ရှင်ပြ၍ တရားဟော
ဥယျာဉ်ကြီးဆီ သွားပြီးတော့ ဟိုမှာ ကျောင်းတွေ ကန်တွေ လျှောက်ကြည့်တယ် ပေါ့လေ၊ သစ်ပင်တွေဘာတွေ သာသာ ယာယာ ရှိနေတာတွေ ကြည့်ပြီးတော့ သြော် ... အဲ နောက် ကြည့်ရှုပြီးတော့ ဒီအချိန်တော့ ဘုရားရှင် ကိုယ်တော်မြတ် ရှိမှာ မဟုတ်ဘူး၊ ဘုရားရှင် ကိုယ်တော်မြတ် သီတင်းသုံးရာ၊ ဂန္ဓကုဋိတိုက်ကို ချောင်းကြည့်ဦးမှပဲ ဆိုပြီးတော့ တက်သွားတယ်။
တက်သွားတော့ လားလား ဟိုမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး သွားတွေ့ နေရတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးတင် မဟုတ်ဘူး၊ အနားမှာ အင်မတန် လှပတဲ့ အမျိုးသမီးကလေး ဘုရားရှင် ကိုယ်တော်မြတ်ကို ယပ်ခတ်နေတာ တွေ့ရ တယ်။
အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ကိုလဲ တွေ့ အနားက အမျိုးသမီး အချော အလှလေးတွေလဲ တွေ့တော့ သူ့ စိတ်ထဲမှာ အင်မတန် အံ့သြသွားတယ်၊ အင်မတန်လဲ ကြည်နူးသွားတယ်။
အလှကြိုက်တဲ့ မိဖုရားကြီး ဆိုတော့ အဲ... အင်မတန် လှပတဲ့ အမျိုးသမီးကလေး ကိုယ်တော်မြတ် ဖန်ဆင်းထားတဲ့ အမျိုးသမီးကလေး ဆိုတော့ အင်မတန် သာယာနေတယ်၊ အဲဒါအဿာဒပဲနော်၊ ရူပါရုံ အဆင်းတွေ့တော့ အဿာဒဖြစ်လာ တယ်၊ သူ့ စိတ်ထဲမှာ အင်မတန် နှစ်သက်လာတယ်။
အဲသလို ဖြစ်နေတုန်း ဘုရားရှင်က ဒီအဿာဒ ဖြုတ်ချင်လာတယ်၊ ဖြုတ်ချင် လာတော့ ဘာပြလာတုန်းဆိုတော့ ရုပ်ရှင် ပြသလိုပဲ ဘုရားရှင်က သူ့ကို ဆုံးမချင်လို့ ရုပ်ရှင်ပြနေတာ နိမ္မိတ ရုပ်ရှင်လေး ပြနေတာ၊ အဿာဒဆိုတဲ့ သူသာယာမှုလေး ဖြုတ်ချင်တော့ အာဒီနဝနဲ့ သွားပြရတယ်။
ဒီရုပ်ကလေးဟာ တဖြည်းဖြည်း ရင့်ရင့် - ရင့်ရင့် လာတယ်၊ ၂၀-အရွယ်က ၃၀-အရွယ်၊ ၃၀-အရွယ်က ၄၀အရွယ် စသည်ဖြင့် တိုးတိုး တိုးတိုးပြီး ရင့်ပြတယ်၊ ရင့်ပြပြီးတော့ နောက်ကျတော့ တကယ်အိုမင်း ယိုယွင်းတဲ့ ဆံတွေ ဖြူလာ၊ အသား အရေတွေ တွန့်လာ၊ သွားတွေကြွေလာ။ ဇရာရုပ် ဖော်ပေးရတယ်။
ဇရာရုပ် ဖော်ပေးပြီးမှ နောက်- ဗျာဓိရုပ်ဖော် ပေးလိုက်တယ်၊ နာကျင်ယိမ်းယိုင်နေတဲ့ လက္ခဏာတွေ ပြတယ်။ ဟောဟဲ ... ဟောဟဲနဲ့ မောနေတဲ့ လက္ခဏာပြတယ်၊ နောက်ဆုံး မောရာကနေပြီးတော့ လဲသွားတဲ့ပုံကို ပြလိုက်တဲ့ အခါကျတော့ ဪ ... ဒီတော့မှ သံဝေဂ ဖြစ်တယ်။
ကြည့်စမ်း ခုန ပျိုရွယ်တဲ့ အရွယ်လေးဟာ အခု အိုသွားပြီ၊ အိုရာကနေ နာသွား၊ နာရာကနေ လဲသေသွားပါလား၊ ရုပ် ဆိုတာ တကယ်စက်ဆုတ်စရာ ကောင်းပါလား ဆိုပြီးတော့ ဒီတင်ပဲ စိတ်ထဲမှာ အာဒီနဝ ပေါ်လာတယ်။ အပြစ်ပေါ်လာတယ်၊ ရုပ်ရဲ့ အပြစ်။
အဲသလို ပေါ်လာတော့မှ ဘုရားရှင် ကိုယ်တော်မြတ်က ဖမ်းပြီး တရား ဟောလိုက်တယ်။
အာတုရံ အသုစိံ ပုတိံ၊
ပဿ ခေမေ သမုဿယံ။
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊
ဗာလာနံ အဘိနန္ဒိတံ။
(အပဒါန ၂၊ ၂၂၆။)
ခေမာ - ချစ်သမီး ခေမာ။
အာတုရံ - ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ဖြင့် ကျင်နာနေထသော။
အသုစိံ - ဘယ်သို့ပြုပြင်၊ ဘယ်သို့ ဆင်လဲ အမြင်မလှ မစင်မကြယ်သာ ဖြစ်ပေ ထသော ။
ပုတိံ - တကယ်စစ်လေ အပုပ်တွေသာ ဖြစ်၍ နေသော။
ဥဂ္ဃရန္တံ - မျက်စိ နားနှာ အထက်ဘက်မှာလဲ အပုပ်တွေ ယိုစီးကျ၍ နေသော။
ပဂ္ဃရန္တံ - ကျင်ကြီး ကျင်ငယ်ဖြင့် အောက်ဘက်မှာလဲ အပုပ်တွေ ယိုထွက်၍ နေသော။
ဗာလာနံ - ကာမဂုဏ်ကြိုက်တဲ့ လူမိုက်တို့သည်။
အဘိနန္ဒိတံ - နှစ်သက်မက်မော၍ နေတတ်သော။
သမုဿယံ - ခန္ဓာကိုယ် အကောင်ပုပ်ကြီးကို။
ပဿ - စေ့စေ့ ထိထိ၊ မိမိ သူ့အသွင် ယခုထင်အောင် ရှုဆင်ခြင် စမ်းပါတော့လော။
တရားဟောပြီးတော့ နောက်လဲပဲ တရားတွေ ဆက်ပြီးတော့ ဟောတော့ကာ ဒီတင်ပဲ သောတာပန် ဖြစ်သွားတယ်၊ သောတာပန် ဖြစ်ပြီးနောက် ဘုရားရှင် ကိုယ်တော်မြတ်ကို ဒီအခါကျမှ ကန်တော့တယ်။
နောက် နောက်က မိမိ ဘုရားရှင် ကိုယ်တော်မြတ် ကျောင်းတော်အနီး အနား ရှိလျက်သားနဲ့၊ ဘုရားရှင် ကိုယ်တော် မြတ်ဟာ ရုပ်ကို အပြစ်ပြောတယ် ဆိုပြီးတော့ မသွားမလာ မဖူးမမြော်၊ မဆည်းမကပ် ဖြစ်ခဲ့တာကို အပြစ်လို့ မြင်ပြီးတော့ အဲဒီအပြစ်ကို တောင်းပန်သောအားဖြင့် ကန်တော့သော အားဖြင့် ဘုရားရှင် ကိုယ်တော်မြတ်ကို ရှိခိုးတယ်။
ခေမာ မိဖုရား ဘုရားရှိခိုး
နမော တေ သဗ္ဗဒဿာဝီ၊
နမော တေ ကရုဏာကရ။
နမော တေ တိဏ္ဏသံသာရ၊
နမော တေ အမတံ ဒဒ။
(အပဒါန၊ ၂၊ ၂၂၇။)
သဗ္ဗဒဿာဝီ - ခမ်းသိမ်း ဥဿုံ အလုံးစုံသော တရားတို့ကို သိမြင်တော်မူသော ရှင်တော် မြတ်ဘုရား။
တေ - ရှင်တော် မြတ်ဘုရားအား။
နမော - ဘုရားတပည့်တော် ပြစ်မှားတဲ့ အပြစ်တွေ၊ ပပျောက်ဖို့ရာ ရိုသေစွာ ရှိခိုး ကန်တော့ပါ၏ ဘုရား။
ကရုဏာကရ - မဟာကရုဏာ၏ တည်နေရာအစစ် ဖြစ်တော်မူသော ရှင်တော်မြတ် ဘုရား။
တေ - ကရုဏာသခင် ရှင်တော် မြတ်ဘုရားအား။
နမော - ဘုရား တပည့်တော် ပြစ်မှားခဲ့တဲ့ အပြစ်တွေ ပပျောက် ငြိမ်းအေးဖို့ရာ ရိုသေစွာ ရှိခိုးကန်တော့ပါ၏ ဘုရား။
တိဏ္ဏသံသာရ - သံသရာ ဝဲဂယက်မှ ဖယ်ထွက်တော်မူခဲ့သော ရှင်တော်မြတ်ဘုရား။
တေ - ရှင်တော် မြတ်ဘုရားအား။
နမော - ဘုရား တပည့်တော် ပြစ်မှားမိခဲ့တဲ့ အပြစ်တွေ ပပျောက် ဖို့ရာ ရိုသေ လေးစားစွာ ရှိခိုးကန်တော့ပါ၏ ဘုရား။
အမတံ ဒဒ - မသေရာမှန် မြတ်နိဗ္ဗာန်ကို ဧကန် ဆတ်ဆတ် ပေးတော်မူတတ်သော မြတ်စွာဘုရား။
တေ - မသေရာမှန် မြတ်နိဗ္ဗာန်ကို ဧကန်ဆတ်ဆတ် ပေးတော်မူတတ်သော ရှင်တော်မြတ်ဘုရားအား။
နမော - ဘုရားတပည့်တော် ပြစ်မှားတဲ့ အပြစ်တွေ ပပျောက်ဖို့ရာ ရိုသေစွာ ရှိခိုးကန်တော့ပါ၏ ဘုရား။
အဲ... အဿာဒ - အာဒီနဝနဲ့ နိဿရဏ အချက် သုံးချက် ဖော်ပေးသော အားဖြင့် ဘုန်းကြီးက ခေမာထေရီ အကြောင်း ဟောခဲ့ရတယ်။
ဒါကြောင့် ခေမာထေရီ တို့လို ဘုန်းကြီးတို့ ဒကာဒကာမတွေ အဿာဒ - အာဒီနဝ - နိဿရဏ ဤတရားတွေ ကောင်းစွာ ထင်ရှားစွာ သိကြကုန်၍ နိဿရဏ-စခန်းသို့ ဆိုက်ရောက်၍ ဒုက္ခခပ်သိမ်း ငြိမ်းအေးဖို့ရာ လွန်စွာ ကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန် သတည်း။
သာဓု ... သာဓု ... သာဓု ..
၁၃၄၈-ခု။ တော်သလင်း လပြည့် (၅) ရက်
✨ ဝီရိယနည်း နိဗ္ဗာန်နှင်လွဲ ✨
နယိဒံ သိထိလမာရဗ္ဘ၊ နယိဒံ အပ္ပေန ထာမသာ။ နိဗ္ဗာန အဓိ ဂန္တံဗ္ဗံ၊ သဗ္ဗဂန္ထပမောစနံ။
(သံ၊ ၁၊ ၄၆၆။)
သဗ္ဗဂန္ထ္ဆပမောစနံ - အလုံးစုံသော အထုံးအဖွဲ့၊ ဂန္ထမှန်သမျှတို့၏ လုံးဝ ကျွတ်လွတ် ပြေပျောက်ရာ ဖြစ်သော။
ဣဒံ နိဗ္ဗာနံ - ဤ ဒုက္ခခပ်သိမ်း ငြိမ်းအေးရာမှန် ဖြစ်သော နိဗ္ဗာန် တရားတော်ကြီးကို။
သိထိလံ အာရဗ္ဘ - ဝီရိယပျော့ လျော့လျော့ရဲရဲ ဇွဲမာန် ကင်းချေ အားထုတ်နေသဖြင့်။
န, အဓိဂန္တံဗ္ဗံ - ရနိုင်ဖို့ရာ မဖြစ်နိုင်ပါပေ။
အပ္ပေန ထာမသာ - ဝီရိယဇွဲ အားမခဲဘဲ အနည်း ငယ်မျှသော ဝီရိယဖြင့်။
န, အဓိဂန္တံဗ္ဗံ - ရနိုင်ဖို့ရာ မဖြစ်နိုင်ပါပေတကား။
နိဗ္ဗာန်ဆိုတာ အင်မတန် နက်နဲခက်ခဲတယ်၊ အဲဒီ ခက်ခဲ နက်နဲတဲ့ နိဗ္ဗာန် တရားကို လိုချင်ရင် တင်းတင်း ရင်းရင်း ကြိုးကြိုး စားစား အားထုတ် ကြရမယ်တဲ့၊ တကယ့် ထူးခြားတဲ့ တရားကြီးကို နက်နဲတဲ့ တရားကြီးကို ဆိုက်ရောက်ဖို့ ရဖို့ ဆိုတာ သာမန် လုံ့လလေးနဲ့ မဖြစ်ဘူးတဲ့။
အဲ့ဒီတော့ ဘုန်းကြီးတို့ နိဗ္ဗာန်ရောက်ကြောင်း
- ဒါနကုသိုလ် ပြုသည်ဖြစ်စေ၊
- သီလကုသိုလ် ပြုသည်ဖြစ်စေ၊
- ဘာဝနာ ကုသိုလ်ပြုသည် ဖြစ်စေ၊
များသောအားဖြင့် သူသူငါငါပုဂ္ဂိုလ်တို့၏ အလေ့အထက ဝီရိယ သိပ်မထုတ်ချင်ဘူး။ နည်းနည်းလေး အားထုတ်ပြီးတော့ တော်လိုက်ချင်တယ်၊ လျှော့ဈေးနဲ့ အတို ရုန်းချင်ကြတယ်။
သူတော် ပုတီးစိပ်နည်း
ဘုန်းကြီးတို့ ရှေးတုန်းက ပုံပြင်တစ်ခု ကြားဖူးတယ်။ ဖိုးသူတော်ကြီး၊ ဖိုးသူတော်ကြီး ပုတီးစိပ်နေတယ်၊ ဖိုးသူတော်ကြီးက ခပ်ပျင်းပျင်း သူက အတို တယ်ကြိုက်တယ်။ ပထမတော့ အနိစ္စ ဒုက္ခ အနတ္တ စိပ်နေတာပဲ။ တော်တော်လေးကြာတော့ အနိစ္စ ဒုက္ခ အနတ္တ စိပ်ရတာ ရှည်တယ်ထင်တယ်၊ အတို ရုန်းလိုက်တယ်။ အနိစ္စ ဒုက္ခ အနတ္တ ၎င်း ... ၎င်း ... ၎င်း.. ဆိုပြီးတော့။
ဥပုသ်သည် ဒကာမကြီးတွေမြင်တော့ မေးတယ်၊ ပြောတယ်၊ “ဘယ့်နှယ် ဦးသူတော်၊ ဦးသူတော် ပုတီးစိပ်တာက တစ်မျိုးပါလား၊ သူများစိပ်တာနဲ့လဲ မတူပါလား” ဆိုတော့၊ ဒီတော့ ဖိုးသူတော်က အင်း. . ပြောချင်လိုက်ကြတာ၊ အစတုန်းကတော့ နားမထောင်ဘူး” တဲ့၊ အဲသလိုပဲ အတိုရုန်းချင်သူတွေ များတယ်။
ကဲ ... အရင် တစ်ပတ်က တရားလေး နည်းနည်း ဆက်ကြစို့။
အလောင်းတော် ဘဝစည်းစိမ်
မာဂဏ္ဍိယ သုတ္တန်၊ မာဂဏ္ဍီကို ဘုရားရှင် ကိုယ်တော်မြတ်က ဒီနည်းမှန် လမ်းမှန် အဿာဒ - အာဒီနဝ - နိဿရဏ ဆိုတဲ့ တရားတော် ရှုမြင်ပြီးတော့ နောက်ဆုံး အဇ္ဈတ္တမှာ အတွင်းသန္တာန်မှာ အလွန် အေးချမ်းတဲ့စိတ် ရရှိတဲ့ ပုဂ္ဂိုလ်ကို ဘယ်လိုဆို မတုံး။
အဲ .... ဒီပုဂ္ဂိုလ်တွေဟာ ကြီးပွားမှုဖျက်ဆီးတယ် ဆိုမလား ဆိုတော့။ နကိဉ္စိ ဘော ဂေါတမ - ဘာမှ ဆိုစရာ မရှိပါဘူး။ အဲသလို အာရုံငါးပါး ကြုံရတဲ့အခါ အာရုံငါးပါးရဲ့ သာယာဖွယ်၊ အာရုံငါးပါးရဲ့ အပြစ်၊ အာရုံ ငါးပါးရဲ့ ထွက်မြောက်မှုကို မြင်ရပြီးတော့ နောက်ဆုံး လုံးလုံး ထွက်မြောက်သွားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ အာရုံငါးပါး အပေါ်မှာ တွယ်တာမှုကင်း၊ အာရုံ ငါးပါး အပေါ်မှာ ချုပ်တီးမှု ပြီးသွားရင် အဲဒီ ပုဂ္ဂိုလ်ကို သင်ဘယ်လို ဆိုမတုံးဆိုတော့ ဟာ . တပည့်တော် ဘာမှဆိုစရာမရှိပါဘူး။
အေး... အဲဒီ ရဟန္တာ ပုဂ္ဂိုလ်ကြီးလို ငါ ဘုရားရှင် ကိုယ်တော်မြတ်ဟာလဲပဲ စောစောက ဆိုလို့ရှိရင် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ကောင်းတဲ့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံကောင်း၊ အာရုံ ကာမဂုဏ် တရားတွေနဲ့ ပျော်ပါး ခံစားခဲ့တယ်။
ငါ ဘုရားမှာ ဆိုလို့ရှိရင် ဘုရားလောင်း ဘဝက ပြာဿဒ်ကြီး သုံးဆောင် ရှိခဲ့တယ်၊ မိုးအခါမှာ ခံစားဖို့ တစ်ဆောင်၊
နွေအခါမှ ခံစားဖို့ တစ်ဆောင်၊
ဆောင်းအခါမှာ ခံစားဖို့တစ်ဆောင်၊
ပြာဿဒ်ကြီး သုံးဆောင်။
မိုးအခါ ဆိုလို့ ရှိရင် ပြာဿဒ်ကြီးပေါ်က မဆင်းတော့ဘူး။ အနီးအနားမှာ ခစား ဖျော်ဖြေနေကြတဲ့ အမျိုးသမီးတွေ ကလဲပဲ အမျိုးသားပရိသတ်ရယ်လို့ မရှိဘူး၊ အမျိုးသမီးပရိသတ် ချည်းပဲ၊ အဲ့သလို ဆောင်း-နွေ-မိုး ပြောင်းပြီးတော့ လောက အာရုံ ကာမဂုဏ်တွေ ငါ ဘုရား ခံစားခဲ့တယ်၊ ခံစားခဲ့တယ်။
နောင်အခါကျတဲ့ အခါကျတော့ အဲ့ဒီ ကာမဂုဏ်တရား တို့ရဲ့ ဖြစ်ခြင်းပျက်ခြင်းကို ငါမြင်တော်မူခဲ့တယ်၊ ကာမဂုဏ် တရားတို့ရဲ့ သာယာဖွယ်ကို မြင်တယ်၊ ကာမဂုဏ်တရားတို့ရဲ့ အပြစ်ကိုမြင်တယ်၊ ကာမဂုဏ်တရားတို့ရဲ့ ထွက်မြောက်မှုကို မြင်တယ်။
အဲသလို မြင်တဲ့ အခါကျတော့ အဲဒီ ကာမဂုဏ်တွေ အပေါ်မှာ အဲဒီ ကာမဂုဏ်တွေကို ခံစားနေကြတဲ့ ပုဂ္ဂိုလ်တွေ၊ ကာမတဏှာ မကင်းကြတဲ့ ပုဂ္ဂိုလ်တွေ၊ ကာမတဏှာရဲ့ အကိုက်အခဲ အထိုးအဆွ ခံနေကြရတဲ့ ပုဂ္ဂိုလ်တွေ၊ ကာမအပူဖြင့် ပူလောင်နေကြတဲ့ ပုဂ္ဂိုလ်တွေကို ငါဘုရားတွေ့တဲ့အခါ သူတို့ရဲ့ ကာမချမ်းသာဆိုတဲ့ ချမ်းသာကို ငါဘုရား မလိုလားတော့ဘူး၊ မတောင့်တတော့ဘူး။
ရှေ့ကလို အဲဒီ ကာမဂုဏ်တွေကို လိုလားတဲ့စိတ် တောင့်တတဲ့စိတ် မရှိတော့ဘူးလို့၊ ဘာကြောင့်တုံး ဆိုတော့။
ဗုဒ္ဓ၏ စည်းစိမ်
ယာ အယံ မာဂဏ္ဍိယ ရတိ၊ အညတြ ကာမေဟိ။ အညတြ အကုသလေဟိ ဓမ္မေဟိ၊ အပိစ ဒိဗ္ဗံသုခံ သမဂ္ဂယှ တိဋ္ဌတိ။
တံ - ထိုသူများ ကာမဂုဏ်တွေ ခံစားနေတာကို ငါဘုရား မတောင့်တခြင်းမှာ။
ကိဿဟေတု - အဘယ်ကြောင့်နည်း။
မာဂဏ္ဍိယ - မာဂဏ္ဍီ။
ယာ အယံ ရတိ - ယခု ငါရထားတဲ့ အပျော်မျိုးသည်။ (အရဟတ္တ - ဖလသမာပတ်ကို ပြောတာ။)
ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ လောကမှာ မင်းတွေ မင်းစည်းစိမ် ခံစားသလို သူဌေးတွေ သူဌေးစည်းစိမ် ခံစားသလို ဘုရားရှင် ကိုယ်တော်မြတ်ဟာ ဖလသမာပတ် ချမ်းသာကြီး မကြာမကြာ ခံစားတော် မူလေ့ရှိတယ်။
အဲဒီ ငါ ရထားတဲ့ ဖလသမာပတ်ဆိုတဲ့ ချမ်းသာကြီးဟာ ကာမဂုဏ်နဲ့လဲ မပတ်သက်ဘူး၊ ကာမဂုဏ်တွေလဲ ကင်းနေတယ်၊ အကုသိုလ်တရား ဆိုလို့လဲ လုံးဝ မရှိဘူး။ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဆိုတဲ့ တကယ့် ထူးခြားတဲ့ ချမ်းသာကြီးတွေကို သာလွန်ပြီးတော့ ကျော်လွှားပြီးတော့ တည်နေတဲ့ ချမ်းသာကြီး။
အဲဒီချမ်းသာကြီး ငါဘုရား ခံစားနေရတော့ ဘယ်မှာ သွားပြီးတော့ ယုတ်ညံ့တဲ့ ကာမ ချမ်းသာဆိုတဲ့ ချမ်းသာတွေကို တောင့်တနေတော့မတုံး၊ လိုချင်တော့မတုံးလို့ မိန့်ကြားတော် မူခဲ့တယ်၊ ဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ဟာ မိမိရဲ့ အဖြစ်ကို ပြန်ပြီးတော့ မိန့်ကြားတော်မူခဲ့တယ်။
ပထမတော့ ကာမဂုဏ်တွေ နှစ်သက် တွယ်တာနေတဲ့ ပုဂ္ဂိုလ်ပဲ၊ နောင်အခါကျတော့ အပြစ်တွေ မြင်လာတယ်၊ အပြစ်တွေ မြင်လာတော့ တစ်ခါတည်း အဲဒီကာမဂုဏ် တွေမှ လွတ်မြောက်ရာ ဖြစ်တဲ့ နေက္ခမ္မဆိုတဲ့ ဓာတ်တရားတွေ ရှာမှီးတယ်။
ရှာမှီးတော့ ဒီချမ်းသာထက် သာလွန်တဲ့ ချမ်းသာ မရှိဘူးလို့ သိလာတော့ ကာမဂုဏ် ချမ်းသာတွေ မလိုလားတော့ဘူး၊ မတောင့်တတော့ဘူး။
လောကမှာ ဘာပဲဖြစ်ဖြစ်၊ ကာမဂုဏ် ချမ်းသာတွေ တွယ်တာနေတဲ့၊ မက်မောနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီထက်ပိုချမ်းသာတဲ့ ချမ်းသာကို မတွေ့သေးလို့၊ တွေ့တဲ့ ပုဂ္ဂိုလ်တွေ အဖို့မတော့ ကာမဂုဏ်ချမ်းသာ ဆိုတာဟာ တကယ့်ချမ်းသာ မဟုတ်ဘူး ဆိုတာ နားလည်တယ်။
ကုလ္လမထေရ် ဥဒါန်းဂါထာများ
ဘုန်းကြီးတို့ ဘုရားရှင်လက်ထက်က ကုလ္လ ဆိုတဲ့ မထေရ် ရှိတယ်၊ အဲဒီ မထေရ်က သုဿာန်မှာ အလောင်းကောင်တွေကို ကြည့်ပြီးတော့ အသုဘ ဘာဝနာ ပွားများတယ်။
အသုဘဘာဝနာ ပွားများရင်း နောက်ကျတော့ ဈာန်တွေ ရပြီးတော့ အဲဒီဈာန် အခြေခံပြီးတော့ ဝိပဿနာ တရားတွေ ပွားများလိုက်တာ ရဟန္တာအဖြစ်သို့ ရောက်သွားတယ်။
ရဟန္တာအဖြစ်သို့ ရောက်တဲ့ အခါကျတော့နောက် မိမိရတဲ့ ပဋိပတ္တိကို ဆင်ခြင်သော အားဖြင့် ဟောကြားသောအားဖြင့် ဥဒါန်းတွေ ကျူးရင့်တယ်၊ ဥဒါန်းဂါထာတွေ ရွတ်ဆို ကျူးရင့်ခဲ့တယ်။
ဓမ္မာဒါသံ ဂဟေတွာန၊ ဉာဏ ဒဿန ပတ္တိယာ။ ပေစ္စဝေက္ခိံ ဣမံ ကာယံ၊ တုစ္ဆံ သန္တရဗာဟိရံ။
(ထေရဂါထာ၊ ၂၈၄။)
ဓမ္မဒါသံ - ဝိပဿနာဆိုတဲ့ တရား မှန်ကြီးကို။
ဂဟေတွာန - စွဲစွဲ မြဲမြဲ ကိုင်ထားပြီး၍။
ဉာဏဒဿနပတ္တိယာ - မဂ်ဉာဏ်ဆိုတဲ့ ဉာဏဒဿန ဉာဏ်အမြင်ကြီးကို ရခြင်း ရောက်ခြင်းငှာ။
တုစ္ဆံ - မြဲတယ်ဆိုတဲ့ အနှစ်သာရ ချမ်းသာဆိုတဲ့ အနှစ်သာရ၊ အတ္တဆိုတဲ့ အနှစ်သာရမှ ကင်းဆိတ်၍ နေသော။
သန္တရဗာဟိရံ - သူ့ခန္ဓာကိုယ် ငါ့ခန္ဓာကိုယ် ခန္ဓာကိုယ် အမျိုးမျိုးဟု ဆိုအပ်သော။
ဣမံ ကာယံ - ဤခန္ဓာကိုယ်ယုတ် အကောင်ပုပ်ကြီးကို။
ပေစ္စဝေက္ခိ - အမျိုးမျိုး အဖုံဖုံ စုံလောက်အောင် ထင်မြင်ဖို့ ဆင်ခြင် စဉ်းစား ခဲ့ပါပေသတည်း။
မိမိကိုယ်ကို မှန်ဖြင့် ကြည့်ခဲ့
ငါ ရှေးက ဤ ခန္ဓာကိုယ်ကြီးကို အမျိုးမျိုး အဖုံဖုံ ဆင်ခြင်ခဲ့တယ်၊ ဘယ်မှာ ဆင်ခြင်ခဲ့တုံးဆိုတော့ ၊ ဓမ္မဒါသံ ဂဟေတွာန - တရားမှန်ကြီးကို ယူပြီးတော့ ဆင်ခြင်ခဲ့တယ်။
လောကမှာ မှန်ကြီးထဲ ကြည့်လို့ရှိရင် ကိုယ့်မျက်နှာ ဘယ်လို နေတယ်ဆိုတာ သိနိုင်တယ်၊ ကိုယ့်ခန္ဓာကိုယ် ဘယ်လို နေတယ်ဆိုတာ သိနိုင်တယ်၊ အဲဒါလိုပဲ တရား တည်းဟူသော မှန်ဖြင့် ဘယ်လိုနေတယ်ဆိုတာ သိနိုင်သလို၊ အဲသလိုပဲ ဝိပဿနာ ဆိုတဲ့ ဉာဏ်အမြင်ဖြင့် ရုပ်နာမ်တရားတွေရဲ့ အနိစ္စသဘော၊ ဒုက္ခ သဘော၊ အနတ္တသဘောတွေ ပေါ်လွင်အောင် မြင်ရတယ်။
ဝိပဿနာဉာဏ်မှာ …
အနိစ္စသဘောတွေ လာထင်ရတယ်၊
ဒုက္ခသဘောတွေ လာထင်ရတယ်၊
အနတ္တ သဘောတွေ လာထင်ရတယ်၊
ဒါကြောင့် ဝိပဿနာဉာဏ်ကို ဓမ္မာဒါသ-တရား မှန်ကြီးလို့ ဆိုတယ်။
အဲဒီ တရားမှန်ကြီး ယူပြီးတော့ -
နိစ္စ လို့ ဆိုရအောင် အနှစ်သာရ မရှိ၊
သုခ - ချမ်းသာလို့ ဆိုရလောက်အောင် အနှစ်သာရ မရှိ။
အတ္တ - အစိုးရတယ်လို့ ဆိုရလောက်အောင် အနှစ်သာရ မရှိတဲ့ ခန္ဓာငါးပါး၊
သူ့ကိုယ် ငါ့ကိုယ်ဆိုတဲ့ ခန္ဓာငါးပါးကို အမျိုးမျိုး ထင်မြင်အောင် ဆင်ခြင် ရှုကြည့်ခဲ့တဲ့ အကြောင်း ရှင်ကုလ္လ မထေရ်က ဟောခဲ့တယ်နော်၊ ဘယ်လိုဆင်ခြင်တယ် ဆိုတာကို ဟောသေးတယ်။
သက်စောင့်တရား သုံးပါး
ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ ။ ယထာ အဓော တထာ ဥဒ္ဓံ၊ ယထာ ဥဒ္ဓံ တထာ အဓော။
(ထေရဂါထာ၊ ၂၈၄။)
ဤခန္ဓာကိုယ်ကြီးဟာ …
အာယု ဆိုတဲ့ အသက်။
ဥသ္မာ ဆိုတဲ့ ကိုယ်ငွေ့ပေးနေတဲ့ ကမ္မဇတေဇောဓာတ်။
ဝိညာဉ် ဆိုတဲ့ ခန္ဓာကိုယ်ကြီး စောင့်ရှောက်နေတဲ့ စိတ်-ဘဝင်စိတ်။
အဲဒီ သုံးပါး မခွဲခွါသေးခင် ဒီခန္ဓာကိုယ်ကြီး သွားလား လာလား လှုပ်ရှားလား မြင်ရတယ်၊ သေပြီဆိုလို့ရှိရင် အဲ့ဒီခန္ဓာကိုယ်ကြီး ဘာမှ မရှိတော့ဘူး။
အဲ့ဒါကြောင့်မို့လို့ အဲ-ယခု ခန္ဓာကိုယ်ဟာ အဲဒီ အသက်ဇီဝိတ၊ ဥသ္မာဆိုတဲ့ ကိုယ်ငွေ့၊ ဝိညာဉ်ဆိုတဲ့ ဘဝဆက်ပေးတဲ့ ဘဝင်ဆိုတဲ့ ဝိညာဉ်လို့၊ အဲ့ဒီ သုံးပါး ထင်ရှားရှိနေလို့ ငါ၏ယခု သက်ရှိခန္ဓာကိုယ်ကြီးဟာ သွားလား၊ လာလား စသည့်ဖြင့် ကြိယာ-အမျိုးမျိုး ဖြစ်နေရသလို သေတဲ့ ခန္ဓာကိုယ် ကြီးဟာလဲပဲ ရှေးအခါက မသေခင်တုန်းက ဒီလိုပဲ သွားလား၊ လာလား၊ လှုပ်လား၊ ရှားလားနဲ့ ယခုသေတဲ့ ခန္ဓာကိုယ်ကြီးကျတော့ - အာယု၊ ဥသ္မာ၊ ဝိညာဉ်ဆိုတဲ့ ခုန သက်စောင့်တရားတွေ မရှိတော့ဘူး။ ဘာမှ မလုပ်နိုင်သလို ငါ၏ ခန္ဓာကိုယ်ကြီးဟာလဲ နောင်အခါကျတော့ ဒီလိုပဲ ဖြစ်မှာပဲ။
ထက်အောက်ခန္ဓာ ရွံစရာ
ဒီခန္ဓာကိုယ်ကြီးဟာ မစင်မကြယ်၊ ငါ၏ ယခု သက်ရှိ ခန္ဓာကိုယ်ကြီးဟာ မစင်မကြယ် ရွံဖွယ် မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့ အနတ္တ ဖြစ်သလို နောင်အခါလဲ၊ သေတဲ့ ခန္ဓာကိုယ်ကြီးဟာလဲပဲ၊ နဂိုကတော့ သေတဲ့ ခန္ဓာကိုယ်ကြီး ဟာလဲပဲ အနိစ္စ ဒုက္ခ အနတ္တ ရွံစဖွယ် အသုဘဖြစ်တာပဲ၊ ငါ၏ ခန္ဓာကိုယ် အထက်ပိုင်းဟာလဲပဲ အနိစ္စ ဒုက္ခ အနတ္တ အသုဘ ရွံစဖွယ်ချည်းပဲ။ အဲ့သလို ခန္ဓာကိုယ်ကြီးကို ဆင်ခြင်ခဲ့တယ်။
ဣဒံ - မတင့်တယ်စွ၊ အသုဘဆို၊ ဤငါ့ကိုယ်ကြီးသည်။
နာနာကိရိယံ - အသက် ဝိညာဉ် ကိုယ်ငွေ့ ထင်လျက်၊ မျက်လှည့်ပမာ၊ ရူပါအဖုံဖုံ၊ မူရာစုံကို။
ဒဿေတိ ယထာ - အများမြင်စေ၊ ပြသလေဘိသကဲ့သို့။
တထာ - ထိုနည်းထားယူ အလားတူ။
ဧတံ - အသုဘဟူ မူအနေဆောင်၊ ထိုသူသေကောင်သည်လည်း။
အဟောသိ - အသက်ဝိညာဉ် ထင်ရှားစဉ်သာ၊ ရှေးအခါက ရူပါအဖုံဖုံ၊ မူရာစုံပြ၊ ဘဝဖော်ချေ ဖြစ်ခဲ့ပါပေသတည်း။
ဧတံ - ဝိညာဉ်စုနှင့်။
အာယု ဥသ္မာ - စွန့်ခွာခဲ့ပေ ထိုသူသေသည်။
ကိဉ္စိကိရိယံ - တစ်စုံတစ်ခု၊ ပြုမှု၊ ပြောမှု၊ ကိစ္စစုကို။
န,ဒဿေတိ ယထာ - ဖော်ပြဖို့ရာ မတတ်သာသကဲ့သို့။
တထာ - ထိုနည်းထားယူ အလားတူပင်။
ဣဒံ - ဝိညာဉ်စုနှင့်၊ အာယုဥသ္မာ၊ တည်ကာ မျက်မြင် အသက်ရှင်သော ဤ ငါ့ကိုယ်သည်လည်း။
နဿတေစ - တရားသုံးထွေ ကင်းကွာချေက အနေဖောက်လျက်၊ ပျောက်ပျက် မည်သာတကား။
အယံ ကာယော - ပုပ်သဘာဝ၊ ဤ ရုပ်ကာယ ကြီးသည်။
အဓော - ချက်မှ တစ်ထောက်၊ အောက်ဘက်ပိုင်း၌။
အသုစိ - အနံ့ဆိုးလျက်၊ စက်ဆုပ်ရွံဖွယ်၊ မစင်ကြယ်သည် လည်းကောင်း။
အနိစ္စော - ပျက်မစဲဘိ၊ အမြဲ မရှိသည် လည်းကောင်း။
ဒုက္ခော - ဖြစ်ပျက်မစဲ နှိပ်စက်မြဲ၊ ဆင်းရဲ ဒုက္ခသည်လည်းကောင်း။
အနတ္တော - အစိုးမရ၊ အနတ္တသည်လည်းကောင်း။
(ဟောတိ) ယထာ - ဖြစ်လေသကဲ့သို့။
တထာ - ထိုနည်းထားယူ၊ အလားတူပင်။
ဥဒ္ဓံ - ချက်မှတက်တိုင်း၊ အထက်ပိုင်း၌လည်း။
အသုစိအာဒိ သဘာဝေါ - မစင်မကြယ် ရွံဖွယ်တစ်ဝ၊ အနိစ္စ ဒုက္ခ အနတ္တဟူဘိ သဘောရှိသည်။
ဟောတိ - ဖြစ်ပါပေသတည်း။
ဥဒ္ဓံ - ချက်မှ တက်တိုင်း၊ အထက်ပိုင်း၌။
အသုစိအာဒိ သဘာဝေါ - ရွံစဖွယ် တစ်ဝ၊ အနိစ္စနှင့် ဒုက္ခ အနတ္တ သဘာဝ ရှိသကဲ့သို့။
အဓော - ချက်မှ တစ်လျှောက်၊ ခန္ဓာကိုယ် အောက်ပိုင်း၌လဲ။
တထာ - မစင်ကြယ်စွာ၊ အနိစ္စနှင့် ဒုက္ခ အနတ္တာ ပြောစရာအတိ သဘောသာ ရှိပါပေတော့တည်း။
နေ့ည ကြီးငယ် ရွံစဖွယ်
ယထာ ဒိဝါ တထာ ရတ္တိံ၊ ယထာ ရတ္တိံ တထာ ဒိဝါ။ ယထာ ပုရေ တထာ ပစ္ဆာ၊ ယထာ ပစ္ဆာ တထာ ပုရေ။
(ထေရ ဂါထာ၊ ၂၈၄။)
နေ့အခါမှာ မစင်မကြယ် ရွံစဖွယ်တွေ ဒီခန္ဓာကိုယ်ဟာ ယိုချနေသလို၊ ညအခါမှလဲ ယိုချ၊ ညအခါမှာ မစင်မကြယ် ရွံစဖွယ်တွေ ယိုချင်နေသလို နေ့အခါမှလဲ မစင်မကြယ်တွေ ယိုချနေတယ်၊
ရှေး ငယ်စဉ်အခါက ငါ့ခန္ဓာကိုယ်ကြီး မတင့်တယ်သလို အသုဘ မစင်မကြယ် ဖြစ်သလို အနိစ္စ ဒုက္ခ၊ အနတ္တဖြစ်သလို အခုကြီးတဲ့ အခါကျတော့လဲ ငါ့ခန္ဓာကိုယ် ကြီးဟာ အနိစ္စ ဒုက္ခ အနတ္တာ ရွံစဖွယ်ကြီးပဲ၊
အဲ... ထို့အတူပဲ၊ ရှေ့ငယ်ရွယ်စဉ်အခါက အနိစ္စ ဒုက္ခ အနတ္တ ဖြစ်သလို ခုကြီးတဲ့ အခါလဲ အနိစ္စ ဒုက္ခ အနတ္တပဲ ရွံစဖွယ်ချည်းပဲ၊ ခုကြီးတဲ့အခါ ရွံ့ဖွယ်အနိစ္စ ဒုက္ခ အနတ္တ ဖြစ်သလို၊ နောင်ငယ်တဲ့ အခါတုန်း ကလဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရွံဖွယ် ဖြစ်လာတာပဲလို့ ဆင်ခြင်လာတော့ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေ ထင်လာ ပြီးတော့ တရားတွေ့လာတော့ ပျော်လာရတယ်။
အယံကာယော - ခန္ဓာကိုယ် ဤအကောင်ပုပ်ကြီးသည်။
ဒိဝါ - နေ့အခါသမယ၌။
ပဂ္ဃရတိယထာ - မျက်စိမှမျက်ချေး၊ နားဖာချေးနားက၊ နှာခေါင်းမှ နှပ်ချေး၊ တံတွေးပါးစပ်က၊ ထိုမှတသီး ကျင်ကြီးတဝ ကျင်ငယ် မဖွယ်မရာအတိ ယိုစီးလျက် ရှိသကဲ့သို့။
တထာ - ထိုသို့နေ့ဘက် ယိုစီးသကဲ့သို့ပင်။
ရတ္တိံ - အမှောင်ကျလာ ညအခါ၌လဲ။
ပဂ္ဃရတိ - ပြဆိုခဲ့ပြီး အပုပ် အသီးသီးတို့ ယိုစီးထွက်လျက်သာ ရှိပါပေသတည်း။
ရတ္တိံ - အလင်းဗလာ ညအခါ၌။
ပဂ္ဃရတိ ယထာ - မစင်မကြယ် ရွံဖွယ်အသီးသီး ထွက်ယိုစီးသကဲ့သို့ပင်း။
တထာ - ကာလခြားလဲ မပြားစူးစူး အလားတူ ထိုကဲ့သို့ပင်။
ပဂ္ဃရတိ - ကျလျက် စိုလျက် ယိုထွက်မကွာ ရှိခဲ့ပါပေ၏။
အယံ - ပုတ်သဘာဝ ဤရုပ်ကာယကြီးသည်။
ပုရေ - ပျိုမျစ်နုနယ်၊ ငယ်ရွယ်စဉ် ရှေးအခါကာလက။
အသုစိ - ရွံဖွယ် ထိုထို ယိုထွက်စီးလျက် စက်ဆုပ်ဖွယ်သည်။
ဟောတိ ယထာ - ဖြစ်လေဘိသကဲ့သို့။
တထာ - ထိုနည်းထားယူ အလားတူပင်။
ပစ္ဆာ - အားအင်ယိုယွင်း အိုမင်းခဲ့ရာ နောက်အခါ၌လဲ။
အသုစိ - မစင်မကြယ် ရွံ့ဖွယ်အတိသာ။
ဟောတိ - ကြီးငယ်သာကွဲ ယိုမြဲယိုကာ ဖြစ်ရပေသတည်း။
ပစ္ဆာ - အရွယ်ရင့်ကာ အိုမင်းသော နောင်အခါ၌။
အသုစိ - မစင်မကြယ် ရွံဖွယ်အတိသာ။
ဟောတိယထာ - ဖြစ်လာဘိသကဲ့သို့။
တထာ - ထိုနည်းထားယူ အလားတူ။
ပုရေ - အရွယ်နုနယ် ရှေ့ငယ်ရွယ်သောအခါ၌။
အသုစိ - မစင်မကြယ် ရွံဖွယ်အတိ တကယ်ပြည့်နေသည်။
ဟောတိ - ကာလကွဲလဲ ဖြစ်မြဲရွံစရာ ဖြစ်တော့သည်သာ တကား။
အပျော်ချင်း မတူ
ပဉ္စင်္ဂိကေန တူရိယေန၊ န ရတိ ဟောတိ တာဒိသီ။ ယထာ ဧကဂ္ဂစိတ္တဿ၊ သမ္မာ ဓမ္မံ ဝိပဿတော။
(ထေရဂါထာ၊ ၂၈၄။)
အဲ... နောက်နောက်က ဒီအပျော်မျိုး မတွေ့ရဘူး၊ ခုလို တရားတွေ ဆင်ခြင် အားထုတ်လိုက်တဲ့ အခါကျတော့ တကယ် တရားကြောင့်ဖြစ်တဲ့ အပျော် တွေ့လာရတယ်။ တွေ့လာရတော့ အဲ့ ... လောကမှာ တူရိယာ ငါးပါး တီးမှုတ်သံ နာခံရတဲ့ ဥစ္စာ၊ ရှေးတုန်းကတော့ အင်မတန် ကြိုက်တာပေါ့လေ၊ အင်မတန် ကောင်းတဲ့ အာရုံတွေလို့ ထင်ခဲ့တယ်။
သို့သော် အခုတရား တွေ့တဲ့အခါကျတော့ အဲ့ဒီအာရုံတွေဟာ သူ့အဖို့ အကောင်း မဟုတ်တော့ဘူး၊ အဲ့ဒါကြောင့်..
ဧကဂ္ဂစိတ္တဿ - သမာဓိနှစ်ပါးဖြင့် ထူးခြားစွဲမိ တည်ကြည်သော စိတ်ရှိသော။
သမ္မာ - အမှန်အတိုင်း။
ဝိပဿတော - သဘာဝတရား ရုပ်နာမ် နှစ်ပါး၏ အဖြစ်အပျက်တွင် အမြင်သာဘိ ဝိပဿနာရှိသော ပုဂ္ဂိုလ်အား။
ရတိ - ဝိပဿနာကြောင့် ဖြစ်လာတဲ့ လူ့အပျော်မျိုး၊ နတ်အပျော်မျိုး၊ ဗြဟ္မာ အပျော်မျိုး၊ ဘယ်အပျော်မျိုးနဲ့မှ မတုနိုင်၊ မတူနိုင်၊ မနှိုင်းနိုင်လောက်အောင် သာလွန်တဲ့ အပျော်မျိုးသည်။
ဟောတိ ယထာ - ဖြစ်လေဘိသကဲ့သို့။
တထာ - ထို့အတူ။
ပဉ္စင်္ဂိကေန - အင်္ဂါငါးပါးရှိသော။
တူရိယေန - တူရိယာဖြင့်။
တာဒိသီ - ထိုတရားကြောင့် ဖြစ်လာတဲ့ တကယ် သာယာဖွယ်၊ နှစ်သက်ဖွယ် ကောင်းလှတဲ့ ထိုသို့သဘောရှိသော။
ရတိ - အပျော်မျိုးသည်။
န ဟောတိ - မဖြစ်ရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သတည်း။
အဲ... ဝိပဿနာတရားကြောင့် ဖြစ်လာတဲ့ ပျော်ရွင်မှုမျိုးဟာ တူရိယာ ငါးပါး သာယာဖွယ် အသံများကို ကြားရလို့ ဖြစ်လာတဲ့ ပျော်ရွင်မှုမျိုးနဲ့ ဘယ်လိုမှ နှိုင်းခိုင်းလို့မရဘူး၊ အင်မတန် ထူးခြားတဲ့ အပျော်မျိုး ခံစားရတယ် ဆိုတာကို အဲဒီ ကုလ္လမထေရ်က ရင့်ကျူးခဲ့တယ်နော်။ ဥဒါန်းကျူးခဲ့တယ်။
လူ့ချမ်းသာ
နတ်ချမ်းသာ ဓမ္မချမ်းသာ
အဲ့ဒီတော့ အခုဘုရားရှင် ကိုယ်တော်မြတ်လဲ အတူတူပဲ၊ ကာမဂုဏ်တွေရဲ့ အပြစ်မြင်၊ ကာမဂုဏ်တွေရဲ့ ဆင်းရဲ၊ ကာမဂုဏ်တွေရဲ့ ထွက်မြောက်မှုတွေ မြင်ပြီးတော့ ဘုရားအဖြစ် ရောက်လာသည် အထိပေါ့လေ။ ကာမဂုဏ်တွေရဲ့ အပြစ် ဘယ်အခါတုန်းက မြင်ခဲ့တုံးဆိုတော့ သူအို - သူနာ - သူသေ - ရဟန်းဆိုတဲ့ လူအို - လူနာ - လူသေတွေ မြင်ကတည်းက၊ အဲဒီကတည်းက မြင်ခဲ့တာ၊ လူအို မြင်ရတော့လဲ အင်မတန် စိတ်ထဲမှာ ဒီရုပ်တွေ၊ ဒီ ကာမဂုဏ်တွေ၊ ဒီဝတ္ထုတွေ စက်ဆုတ်လာတယ်။
လူနာ-လူသေတွေ မြင်ရတော့ ကာမဂုဏ်ရဲ့ အာဒီနာဝ အပြစ်ကို မြင်ရတယ်။ အဲသလို မြင်ရလို့ နောက်ဆုံးကျတော့ ဘာမှ မပျော်ချင်တော့ဘူး၊ နန်းတော်ထဲမှာ ရှေ့အခါက သာယာဖွယ် လို့ထင်တဲ့ ဝတ္ထုအာရုံ ကာမဂုဏ်တွေ အပေါ်မှာ သုဿန် သင်္ချိုင်းကြီးလိုမြင်လာတယ်၊ ထင်လာတယ်။
ဒါ တရားကြောင့် ရလာတဲ့ အာဒီနဝပဲနော်။ အဲဒီ အာဒီနဝ ရတော့၊ ဟော-ဘုရားရှင် ကိုယ်တော်မြတ်ဟာ နိဿရဏ ရအောင်ဆိုပြီး တစ်ခါတည်း တောထွက်ကာပဲ။ တောထွက်ပြီးတော့ အားထုတ်လာတာ၊ ဒါတွေတော့ အားလုံး ကြားဖူးကြပါတယ်။
အဲ့ဒီတော့ ခုနပြောတဲ့ အရဟတ္တဖလသမာပတ် ချမ်းသာကြီးအထိ ရောက်အောင် ခံစားနိုင်ပြီဖြစ်တော့ ဘယ်မှာ သွားပြီးတော့ ကာမဂုဏ် ချမ်းသာကို မက်မောတော့ မတုံး။
စောစောက သူများ ကာမဂုဏ်ခံစားနေတာ မြင်ရရင် အားကျတယ်၊ သူက တစ်ထောင်တန် ခံစားရင် ကိုယ်က တစ်သောင်းတန် ခံစားချင်တယ်၊ သူက တစ်သောင်းတန်ဆိုရင် ကိုယ်က တစ်သိန်းတန်၊ ဒါတွေဟာ ဘယ်တော့မှ ပြည့်တယ်လို့ မရှိ ဘူးဆိုတဲ့ အကြောင်း ဘုန်းကြီး နောက်ကလဲ ဟောခဲ့ပါပြီ။
ခုတော့ ပြည့်သွားပြီ၊ ဘာမှမလိုတော့ဘူး၊ ဘယ်အခါမဆို ချမ်းသာ ခံစားချင်ရင် ထိုင်ပြီးတော့ ဘယ်နေရာမှာ မဆို ခံစားလိုက်၊ တကယ့်ထူးခြားတဲ့ ပီတိတွေ၊ ပဿဒ္ဓိ၊ သမာဓိတွေ၊ ချမ်းသာမျိုးတွေ ခံစားလာရတယ်။
အဲဒါကြောင့်မို့လို ထူးခြားတဲ့ ခံစားမှု ထူးခြားတဲ့ တရား အရသာအကြီးကို တွေ့လာရတာ ဖြစ်သောကြောင့် ကာမဂုဏ် ဆိုတဲ့ ယုတ်ညံ့တဲ့ ချမ်းသာကို ငါဘုရား ဘယ်လိုလားတော့မတုံး။ ဘယ် တောင့်တတော့မတုံးလို့ မိန့်ကြားတော်မူတယ်။ ဘုရားရှင် ကိုယ်တော်မြတ်က မိန့်ကြားပြီးတော့ မာဂဏ္ဍီကို ဆက်ပြီးတော့ လောကမှာ နတ်ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ လူ့ပြည် ကာမဂုဏ် မမက်မောတဲ့ အကြောင်း၊ ဥပမာလေးပေးပြီး ဟောကြားတော်မူပြန်တယ်။
အဲ ... လောကမှာ သူကြွယ် သို့မဟုတ် သူကြွယ့်သား တစ်ယောက်ဟာ ခုန ပြောသလို နှစ်သက်ဖွယ်ဖြစ်တဲ့ ချစ်မြတ်နိုးအပ်တဲ့၊ သာယာဖွယ်ဖြစ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ဆိုတဲ့ ကာမဂုဏ်တွေနဲ့ ပျော်ပါးခံစားပြီး နေခဲ့တယ်။
နောင်အခါကျတော့ ကုသိုလ် ကောင်းမှုတွေ ပြုတယ်၊ ကိုယ်ဖြင့် ကောင်းတဲ့ သုစရိုက် တရားတွေကျင့်တယ်၊ နှုတ်ဖြင့် သုစရိုက်တရားတွေ ကျင့်တယ်၊ စိတ်ဖြင့် သုစရိုက် တရားတွေ ကျင့်တယ်၊ အဲ့သလို ကျင့်တော့ သေတဲ့အခါမှာ တာဝတိံသာနတ်ပြည် ရောက်သွားတယ်၊ တာဝတိံသာ နတ်ပြည်ရောက်သွား ပြီးတော့ နန္ဒဝန် ဥယျာဉ်ထဲမှာ အခြွေအရံ နတ်သမီးတွေနဲ့ ပျော်ပါး ခံစားပြီး နေခဲ့တယ်။
အဲဒီ ပျော်ပါး စံစားပြီး နေတဲ့ ပုဂ္ဂိုလ်ဟာ ခုန ပျော်ပါး ခံစားနေတဲ့ သူကြွယ်သားဟာ နတ်ပြည်ရောက်ပြီး အဲသလို နန္ဒဝန် ဥယျာဉ်ထဲမှာ ပျော်ပါးခံစားနေတော့ လူ့ပြည်က သူကြွယ်၊ သူကြွယ်သားဟာ တစ်ဦးဦး ဆိုပါတော့၊ အဲဒီ သူကြွယ် သူကြွယ့်သားဟာ ခုန ပြောတဲ့ အာရုံငါးပါး ကာမဂုဏ်တရား တွေနဲ့ ခံစားတာကို မြင်ရတယ်။
မြင်ရတာကို အဲဒီ နတ်ပြည်က နန္ဒဝန်ဥယျာဉ်မှာ ပျော်စံ စားနေတဲ့ နတ်သားဟာ အဲ့ဒီ လူ့ပြည်က သူကြွယ်၊ သူကြွယ်သား ခံစားနေတဲ့ ကာမဂုဏ်မျိုးကို မက်မောမလား၊ လိုချင်မလား၊ ပြန်ပြီးတော့ ဒီ လူ့ချမ်းသာကို လှည့်ချင်ဦးမလားလို့ အဲ့သလို ဘုရားရှင် ကိုယ်တော်မြတ်က မေးတော့ - မကြည့်ချင်ပါဘူး ဘုရား၊ မတောင့်တပါဘူး ဘုရား လို့ လျှောက်ထားတယ်။
ဘာကြောင့်တုံး မေးတော့ လူ့ကာမဂုဏ်ဆိုတာ နတ်ကာမဂုဏ်လောက် မမွန်မြတ် ပါဘူးဘုရား၊ အဲ ... အဲ့ဒီတော့ အင်မတန်ထူးခြားတဲ့ အင်မတန် ကောင်းမြတ်တဲ့ နတ်ကာမဂုဏ် နတ်အာရုံကြီး ခံစားရတဲ့ နတ်သားဟာ ဘယ်မှာ သွားပြီးတော့ လူ့ကာမဂုဏ် လူ့ အာရုံကို ခံစားပါမတုံးလို့ လျှောက်ထားတော့။
အေး...ငါ ဘုရားလဲ စောစောကတော့ ဒီလိုပဲ၊ နှစ်သက်ဖွယ်၊ မြတ်နိုးဖွယ် ကာမဂုဏ် အာရုံတွေ ခံစားခဲ့တာပဲ၊ သို့သော်လဲပဲ၊ နောင်အခါ အဲ့ဒီ ကာမဂုဏ်တွေရဲ့ ဖြစ်ခြင်းကို မြင်ရတယ်၊ ကာမဂုဏ်တွေရဲ့ ပျက်ခြင်းကိုမြင်ရတယ်၊ ကာမဂုဏ်တွေရဲ့ သာယာဖွယ် မြင်ရတယ်၊ ကာမဂုဏ်တွေရဲ့ အပြစ် အာဒီနဝမြင်ရတယ်၊ ကာမဂုဏ် တွေရဲ့ ထွက်မြောက်မှုဆိုတဲ့ ကာမဂုဏ်တွေက ထွက်မြောက်မှုကိုလဲ မြင်ရတယ်၊ အဲသလို မြင်ရတဲ့ အခါကျတော့ တစ်ခါတည်း အဇ္ဈတ္တသန္တာန်မှာ တဏှာတည်း ဟူသော ဆာလောင် မွတ်သိပ်မှု ကင်းတယ်။
တဏှာ တည်းဟူသော အပူအလောင် ကင်းပြီးတော့ အဇ္ဈတ္တသန္တာန်မှာ အင်မတန် အေးချမ်းသာယာတဲ့၊ ကိလေသာတွေ ကင်းပြီးတော့ အင်မတန် အေးချမ်း သာယာတဲ့ အေးချမ်းမှု ကြီးကို တွေ့တယ်၊
အဲသလို အေးချမ်းမှုကြီးကို တွေ့တဲ့ ငါဘုရား ကိုယ်တော်မြတ်ဟာ ဘယ်မှာ သွားပြီးတော့ လူ့ကာမဂုဏ် လူ့အာရုံဆိုတဲ့ ဒီ အယုတ်အညံ့ ကာမဂုဏ်တွေကို နှစ်သက်တော့ မတုံး။ တောင့်တတော့မတုံး-လို့ …
ဘုရားရှင် ကိုယ်တော်မြတ်က အဲဒီသူကြွယ်၊ သူကြွယ့်သား ဥပမာနဲ့ ပေးပြီးတော့ မိမိဟာ တကယ့် ချမ်းသာကြီးတွေနေတဲ့ အကြောင်း၊ ချမ်းသာကြီးတွေလို့ အဲဒီ ချမ်းသာနဲ့ မယှဉ်သာအောင် မယှဉ်သာတဲ့ အင်မတန် ညံ့တဲ့ ဒီ ကာမဂုဏ်တွေကို ဘယ်မှာ သွားတွယ်တာပါ့မတုံး ဆိုပြီးတော့ ဘုရားရှင်က မာဂဏ္ဍီကို ဒီဥပမာ ပြပြီးတော့၊ ကာမ ဂုဏ်ချမ်းသာနဲ့ ဓမ္မချမ်းသာ၊ ကာမဂုဏ် ချမ်းသာနဲ့ နိဗ္ဗာန်ချမ်းသာ၊ ဒီနေရာမှာ နှိုင်းယှဉ်ပြီးတော့ ဟောသွားတော်မူတယ် နော်။
အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ်က အခု မာဂဏ္ဍီ ပရိဗိုဇ်ကြီးကို ဟောလာတာ၊ ဒီ ဥပမာကို ကြားရတော့ သူအင်မတန် ကျေနပ်သွားမှာပဲ။
သို့သော်လဲပဲ သဘောပေါက်သထက် ပေါက်အောင် ကာမဂုဏ် ချမ်းသာနဲ့ ကာမဂုဏ် လွတ်ကင်းတဲ့ ချမ်းသာနဲ့ ဘယ်လောက် ကွာခြားတယ် ဆိုတာကို သဘောပေါက်သထက် ပေါက်အောင် ရှေ့ဆက်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ် ဟောသွားတာတွေ တော်တော် ရှိသေးတယ်။
အဲဒါကြောင့် လောက ကာမဂုဏ် ချမ်းသာနဲ့ နိဗ္ဗာန် ချမ်းသာဟာ ဘယ်လောက် ကွာခြားတယ်ဆိုတာကို မာဂဏ္ဍီကြီး ဟောတော့ မာဂဏ္ဍီကြီးက တော်တော် သဘောတော့ ကျသွားပြီ၊ သို့သော်လဲပဲ ကျသထက် ကျပြီးတော့ တကယ် ဒီ သာသနာတော်မှာ ရှိတဲ့ တကယ့် ချမ်းသာကြီး ရအောင်ဆိုပြီးတော့ နည်းအမျိုးမျိုးနဲ့ ဘုရားရှင် ကိုယ်တော်မြတ်ဟာ ဆက်ပြီးတော့ ဟောတော်မူခဲ့တယ်။
အဲ့ဒါကြောင့် အဲ ... ဒါတော့ ထားလိုက်ကြဦးစို့၊ အဲဒါ ကြောင့် ဘုန်းကြီး စောစောက ယခင်က ဟောခဲ့ပါပြီ။
ယဉ္စ ကာမသုခံ လောကေ၊ ယဉ္စိဒံ ဒိဝိယံ သုခံ။ တဏှာက္ခယ သုခဿ 'တေ၊ ကလံ နဂ္ဃတိ သောဠဿိံ။
(ဥဒါန၊ ၈၉။)
လောကေ - ဤကမ္ဘာလောကကြီး အတွင်း၌။
ယဉ္စ ကာမသုခံ - အကြင် ကာမဂုဏ်ဆိုတဲ့ အများ ကြိုက်တဲ့ ချမ်းသာမျိုးသည် လည်းကောင်း။
ဒိဝိယံ - နတ်ပြည် ဗြဟ္မာပြည်၌ ဖြစ်သော။
ယဉ္စသုခံ - အကြင် နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဆိုတဲ့ ချမ်းသာမျိုးသည် လည်းကောင်း။
အတ္ထိ - ထင်ရှားမသွေ ရှိခဲ့ပါပေ၏။
ဧတေ - ထိုလူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာဆိုတဲ့ ချမ်းသာ အမျိုးမျိုး တို့သည်။
တဏှာက္ခယသုခဿ - တဏှာ၏ ကုန်ရာ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာ၏။
ဝါ - တဏှာ၏ ကင်းရာ နိဗ္ဗာန်ကို အာရုံယူ၍ နေရတဲ့ အရဟတ္တဖိုလ် ခေါ်တဲ့ ဖလသမာပတ် ချမ်းသာကြီး၏။
သောဠဿိံ ကလံ - တစ်ဆယ့်ခြောက်စိပ် စိပ်၍ တစ်စိပ်ကိုမျှ။
ဝါ - နှစ်ရာ့ငါးဆယ့် ခြောက်စိပ်-စိပ်၍၊ တစ်စိပ်ကိုမျှ။
နအဂ္ဃတိ - တူတန်လိမ့်နိုး၊ ချိန်စံထိုးလည်း၊ အဖိုးနှုန်းပြိုင် မမီနိုင်ပဲ ရှိပါပေတော့ သတည်း။
ဒီ ဒုက္ခမျိုး တက်တိုးတို့ ခံစားချင်
အဲဒီတော့ အခု ဘုန်းကြီးတို့ မာဂဏ္ဍီယ သုတ္တန်မှာ ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူခဲ့တဲ့ အတိုင်း နိဗ္ဗာန် ချမ်းသာ ဆိုတာဟာ နောက်နောက်ကလဲ၊ မနှစ်ကလဲ ဘုန်းကြီး ဟောခဲ့ပါပြီ၊ အဲ ... လူတိုင်းကြိုက်တာ မဟုတ်ဘူး၊ အပြစ် အာဒီနဝ ကျပ်ကျပ် မြင်လေ နိဗ္ဗာန် လိုချင်လေပဲ၊ ဒုက္ခ မမြင်ရတော့ နိဗ္ဗာန် မလိုချင်ဘူး။
ဘုန်းကြီးတို့ တစ်ခါတုန်းက ဆရာတော်ကြီး တစ်ပါးပေါ့လေ၊ ဆရာတော်ကြီး တစ်ပါး ဆွမ်းစားခါနီး ဆွမ်းလုတ်ကို ယူပြီးတော့ မစားသေးဘဲနဲ့ ဒုက္ခသဘော ဆင်ခြင် နေတယ်၊ ဒုက္ခ ... ဒုက္ခနဲ့၊ အဲဒီတော့ အနားမှာ ကပ္ပိယ တက်တိုး ဆိုတာကလဲ ရှိသေးတယ်၊ သူကလဲ ဆရာတော်ကြီး ကြည့်ပြီးတော့ အားမလို အားမရနဲ့ တကယ် အင်မတန်ကောင်းတဲ့ အရသာကြီး၊ နွားနို့တဲ့လေ၊ နွားနို့ ဘုဉ်းပေးမလို့၊ မဘုဉ်းပေးခင် ဒုက္ခဆိုတာ ဆင်ခြင်နေတယ်။
အဲဒီတော့ ကပ္ပိယ တက်တိုးက အားမရဘူး၊ အားမလို အားမရ ဖြစ်နေတယ်၊ ဒီလောက်ကောင်းတဲ့နွားနို့၊ သူကလဲ နွားနို့ ကြိုက်တာကိုး၊ ဒီလောက်ကောင်းတဲ့ နွားနို့ကိုမှ ဒုက္ခ ဒုက္ခနဲ့ ဖြစ်ရလေဆိုပြီး၊ သူ့ စိတ်ထဲမှာ မချင့်မရဲ ဖြစ်နေတယ်၊ အဲဒီတော့ သူက ဘာပြောတုံး ဆိုတော့ ဘုန်းကြီးနှယ် … ဖြစ်ရလေ၊ ဒီလို ဒုက္ခမျိုး တက်တိုးတို့ ခံစားချင်စမ်းပါ့ လို့ ဆိုတယ်။
အဲ ဒီလိုပဲ လောကမှာ၊ ဆရာတော်ကြီးကတော့ ဒုက္ခမြင် တာကိုး၊ အာဟာရဆိုရင်၊ အာဟာရ ဘယ်လို ရှာမှီးရတယ်၊ ရှာမှီး ရတဲ့ဒုက္ခက ဘယ်လောက် ဘယ်လောက် ဆင်းရဲတယ်၊ အဲဒါစားဖို့ ချက်ရပြုတ်ရတဲ့ ဒုက္ခတွေက ဘယ်လောက်ကြီးတယ်၊ စားပြန်တော့လဲ ထမင်းစားရတဲ့ ဒုက္ခက မသေးဘူး၊ ပါးစပ်ကသာ ကောင်းတယ် ထင်တာ။
ဟိုမှာ စားပြီးရင် နွမ်းနယ်လို့ အိပ်ချင်ရတာနဲ့၊ ငိုက်ရတာနဲ့ စသည်ဖြင့် အာဟာရကြောင့်ဖြစ်တဲ့ ဒုက္ခတွေဟာ နည်းတာ မဟုတ်ဘူး၊ ဒါကို ဆရာတော်ကြီးက ကောင်းကောင်းမြင်တယ်၊ အဲ... တက်တိုးကတော့ ဘယ်မြင်မလဲ၊ သူက ဒါ မက်နေတယ်၊ တဏှာက ဦးစီးနေတာ၊ ဒါကြောင့် ဒုက္ခ ဆင်ခြင်တဲ့ ဆရာတော်ကြီးကို အားမလို အားမရဖြစ်ပြီး ဒီ ဒုက္ခမျိုး တက်တိုးတို့ ခံစားချင်စမ်းလှဆိုပဲ။
အဲ့ ဒါကြောင့်မို့လို့ နိဗ္ဗာန် လိုချင်ရင် ဒုက္ခ မြင်ဖို့ အရေး ကြီးတယ်၊ ဒါကြောင့် နိဗ္ဗာန် မြန်မြန်ရအောင် ဒုက္ခကောင်းကောင်း မြင်ကြပြီးတော့ မိမိတို့ လိုလား တောင့်တ အပ်တဲ့ နိဗ္ဗာန် လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြပါစေကုန်သတည်း။
သာဓု ... သာဓု ... သာဓု …
၁၃၄၈-ခု၊ တော်သလင်းလဆုတ် (၈) ရက်
သတ္တဝါအများ မိမိလို ချမ်းသာစေချင်
အဲ .. ဘုန်းကြီး အရင် သီတင်းတုန်းက နတ်ပြည် ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ လူ့ကာမဂုဏ်တွေ၊ လူ့အာရုံတွေ မတောင့်တတောသလို ထို့အတူ ရှေ့က ကာမဂုဏ်တွေ ခံစားပြီးတော့ နောက်အခါ ထိုကာမဂုဏ်တို့ရဲ့ အပြစ်တွေ မြင်ပြီးတော့ တောထွက် ကျင့်ကြံလို့ ဘုရားအဖြစ် ရောက်ပြီးတော့ တကယ့် အတွင်းက ငြိမ်းချမ်းမှုကြီး ရသည်ဖြစ်၍ လောက ကာမဂုဏ် အာရုံတွေ ဘယ်လိုပဲ သူများ ခံစားနေ ခံစားနေ၊ မိမိမှာ မတောင့်တတဲ့ အကြောင်း။
ဘာကြောင့် မတောင့်တတုံး ဆိုတော့ မိမိမှာ တကယ့် နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ တွေကိုတောင် ကျော်လွန်ပြီးတော့ တည်တဲ့ ၊ အင်မတန် ကောင်းမြတ်တဲ့ ချမ်းသာကြီး ရနေသောကြောင့် ထို လူ့ ကာမဂုဏ်၊ လူ့အာရုံဆိုတဲ့ ညံ့တဲ့ ကာမဂုဏ် တွေကို မတောင့်တတော့ဘူး၊ အဲ့ဒီ ညံ့တဲ့ ကာမဂုဏ်တွေ၌ မွေ့လျော် ပျော်ပိုက်ခြင်း မရှိဘူး ဆိုတာကို ဘုရားရှင် ကိုယ်တော်မြတ် မာဂဏ္ဍီကြီးကို မိန့်တော်မူခဲ့တယ်။
အဲဒီနောက် ကုဋ္ဌနူနာရောဂါသည် ဥပမာဖြင့် ကာမဂုဏ်တွေကို မလိုလားတဲ့ အကြောင်း မိန့်ကြားတော်မူပြန်တယ်၊ မာဂဏ္ဍီ ပရိဗိုဇ်ကြီး သဘောကျ သထက် ကျအောင် ဘုရားရှင် ကိုယ်တော်မြတ်က ထပ်တလဲလဲ ဥပမာတွေနဲ့ ဆင့်ခါဆင့်ခါ ပြပြီးတော့ မိန့်ကြားတော်မူခြင်း ဖြစ်တယ်။
ဒီလို မိန့်ကြားနေတာက ဘာဖြစ်လို့တုံး ဆိုတော့၊ ကြိုးစားစေချင်လို့၊ မာဂဏ္ဍီကြီး နှင့်တကွ အားလုံး ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တပည့် ရဟန်းရှင် လူတွေ ကြိုးစားစေချင်လို့၊ အားထုတ်စေချင်လို့ မိန့်တော်မူတာ။
မိမိကိုယ်တိုင် ကာမဂုဏ်တွေက လွတ်မြောက်အောင် အားထုတ်ခဲ့ပြီး တကယ့် အေးချမ်းတဲ့ ချမ်းသာကြီး ရသလို တပည့်တွေကို ရစေချင်လို့ တပည့် ဖြစ်တဲ့ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာမဆိုတဲ့ ပရိသတ် လေးပါး အများ ပုဂ္ဂိုလ်တွေ ဒီတရားမျိုး ရစေချင်လို့ တကယ် ကြိုးစား အားထုတ်စေချင်လွန်းလို့ ဘုရားရှင် ကိုယ်တော်မြတ်များက …
---ထကြ ထကြ-ထ လေးဝ ဂါထာ
အာရဗ္ဘထ နိက္ကမထ၊
ယုဉ္စထ ဗုဒ္ဓသာသနေ။
ဓုနာထ မစ္စုနော သေနံ၊
နဠာဂါရံဝ ကုဉ္စရော။
အားထုတ်ကြ၊ ကြိုးစားကြ ဆိုတဲ့ တရားကို မကြာ မကြာ ဟောလေ့ရှိတယ်။
ဘုန်းကြီးတို့ ဒီ ဂါထာလေးက တော်တော်လေး အရေးပါတဲ့ ဂါထာလေးတစ်ခု၊ ထကြ ထကြလို့ နှိုးဆော်ပေးတဲ့ ဂါထာလေး။
တကယ့် သာသနာတော်မှာမှ ရနိုင်တဲ့ ငြိမ်းချမ်းမှု အရသာ၊ သာယာဖွယ်ကြီး ရအောင် ကြိုးစားစေချင်လွန်းလို့ ဘုရားရှင် ကိုယ်တော်မြတ်က ထ, လေးဝနဲ့ ဝီရိယလေးချက်နဲ့ နှိုးဆော်ခဲ့တာ။
ဘုန်းကြီးတို့ တစ်ခါက သိခီ ဘုရားရှင်ကိုယ်တော်မြတ် ဆိုတာရှိတယ်၊ ဘုန်းကြီးတို့ ဝိပဿီ-သိခီ-ဝေဿဘူ စသည်ဖြင့် ဘုရားရှင်တွေထဲမှာ သိခီ ဆိုတဲ့ ဘုရားရှင် ကိုယ်တော်မြတ် ရှိတယ်။
အဲဒီ ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်က ဒီ ဂါထာလေးဟာ ဗြဟ္မာပြည်က နေပြီးတော့ ကမ္ဘာလောကဓာတ် တစ်သောင်း ကြားအောင် အသံလွှင့်ပေးခဲ့တဲ့ ဂါထာ-နော်။
ဘုန်းကြီးတို့ သိခီ ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်က သိခီ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ လက်ယာရံ - အဘိဘူ ဆိုတဲ့ မထေရ်မြတ်ကို ခေါ်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဗြဟ္မာပြည် တစ်ပြည် ကြွသွားတယ်။
တို့တစ်တွေ ယနေ့ ဆွမ်းချိန် မတိုင်မီ ဗြဟ္မာပြည် တစ်ပြည် သွားကြစို့ ဆိုပြီးတော့ ခေါ်သွားတယ်။
အဲဒါနဲ့ ဗြဟ္မာပြည် ရောက်တဲ့အခါကျတော့ စည်းဝေး ရောက်လာကြတဲ့ ဗြဟ္မာ ပရိသတ်တွေကို တရားဟောဖို့ရာ သိခီ ဘုရားရှင် ကိုယ်တော်မြတ်က တိုက်တွန်း တော်မူခဲ့တယ်။
တိုက်တွန်းတော် မူခဲ့တော့ အဘိဘူ ဆိုတဲ့ လက်ယာရံ ကိုယ်တော်မြတ်က ဗြဟ္မာတွေကို တရား ဟောတော်မူတယ်။
တရားဟောတော့ ဗြဟ္မာတွေက သာဓု မခေါ်ဘူး။ ကောင်းချီး မပေးဘူး၊ မထေရ်မြတ်ကို ကဲ့ရဲ့တယ်တဲ့၊ တကတည်း ဆရာဖြစ်တဲ့ ဘုရားရှင် ထင်ရှား ရှိလျက် သားနဲ့၊ သာဝက တပည့်ဖြစ်တဲ့ ပုဂ္ဂိုလ်ကများ တရား ဟောရကောင်းလား ဆိုပြီးတော့ ကဲ့ရဲ့ကြတယ်။ ရှုံ့ချကြတယ်။
အဲဒီ အခါမှာ ဘုရားရှင် ကိုယ်တော်မြတ်က ကဲ-ဗြဟ္မာ တွေကတော့ ကဲ့ရဲ့ကုန်ပြီ၊ အဲဒီ ဗြဟ္မာတွေ ထိတ်လန့်အောင် လုပ်စမ်းပါလို့ တိုက်တွန်းတော့၊ အဲ့ဒီ အခါမှာ အဘိဘူဆိုတဲ့ မထေရ်မြတ်ဟာ ကိုယ်ထင်ရှား ပြပြီးလဲ တရားဟောတယ်။
ကိုယ်ဖျောက်ပြီးလဲ တရားဟောတယ်။ အထက်ပိုင်း ကိုယ်ဖော်ပြီးတော့ အောက်ပိုင်း ကိုယ် ဖျောက်ပြီးတော့ တရားဟောတယ်၊ အောက်ပိုင်း ကိုယ် ဖော်ပြီးတော့ အထက်ပိုင်း ကိုယ်ဖျောက်ပြီးတော့လဲ တရားဟောတယ်။
အဲသလို အမျိုးမျိုး အဖုံဖုံ တရားဟောတဲ့ အခါကျတော့ ဗြဟ္မာတွေက အင်မတန် အံ့သြသွားတယ်။
ဒီ မထေရ်မြတ်၏ တန်ခိုးကြီးသည်၏ အဖြစ်ဟာ အံ့ဩဖွယ်ရာ ကောင်းလှပါပေစွ ဆိုပြီးတော့ ဒီအခါကျမှ ထိတ်လန့်ပြီးတော့ ကောင်းချီးပေးကြတယ်။
အဲ့ဒီအခါမှာ အဘိဘူ မထေရ်က ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။
“မြတ်စွာဘုရား၊ တစ်ခါတုန်းက တပည့်တော်ဟာ သံဃာတွေအလယ်မှာ မိမိဟာ စကြဝဠာတစ်သောင်းကို ကြားအောင် ဗြဟ္မာပြည်က နေပြီးတော့ စကြဝဠာ တစ်သောင်း ကြားလောက်အောင် အသံလွှင့်ပေးနိုင်တယ်လို့ ပြောခဲ့ဖူးတဲ့အကြောင်း အဲဒါ တပည့်တော် သတိရပါတယ်။
အဲဒါ အခု အခန့်သင့်နေတဲ့အခါ မိမိ ပြောခဲ့တဲ့အတိုင်း ဒီ ဗြဟ္မာပြည်ကနေ ပြီးတော့ စကြဝဠာ တစ်သောင်း ကြားရလောက်အောင် အသံဖြင့် လွှင့်ပေးချင်ပါတယ်”လို့ “အေး... ကောင်းတယ်၊ ကောင်းတယ် လွှင့်” လို့ ၊ အဲဒါနဲ့ ဗြဟ္မာပြည်က နေပြီးတော့ စကြာဝဠာ တစ်သောင်း၊ အားလုံး လူ၊ နတ်၊ ဗြဟ္မာတွေ ကြားရလောက်အောင် အဲဒီ ခုနပြောတဲ့ ဂါထာနဲ့ ၊ ဂါထာတစ်ပုဒ်၊ ဗြဟ္မာပြည်ကနေပြီး အသံလွှင့်ပေးတယ်။
စကြဝဠာတစ်သောင်းသို့ အသံလွှင့်ခဲ့သော ဂါထာများ
အာရဗ္ဘထ နိက္ကမထ၊
ယုဉ္ဇထ ဗုဒ္ဓသာသနေ။
ဓုနာထ မစ္စုနော သေနံ၊
နဠာဂါရံဝ ကုဉ္ဇရော။
ယော ဣမသ္မိံ ဓမ္မဝိနယေ၊
အပ္ပမတ္တော ဝိဟေဿတိ။
ပဟာယ ဇာတိသံသာရံ၊
ဒုက္ခဿန္တံ ကရိဿတိ။
(သံ၊ ၁၊ ၁၅၈။)
ဆိုတဲ့ ဂါထာနှစ်ပုဒ် ဗြဟ္မာပြည်ကနေပြီး အသံလွှင့်ပေးလိုက်တယ်။
- အာရဗ္ဘထ - ကိလေသာမှ ထွက်မြောက်ရအောင် စတင် အားထုတ်ကြပါကုန်လော။
- နိက္ကမထ - အပျင်းဘက်မှ နင်းထွက် လွတ်မြောက်အောင် ကြိုးစား ကြပါကုန်လော။
- ယုဉ္ဇထ - နောက်ဆုံးပန်းတိုင် လှမ်းကိုင်နိုင်ဖို့ရာ ကြိုးစား အားထုတ်ကြပါကုန်လော။
- ဗုဒ္ဓသာသနေ - ဘုရားရှင် ကိုယ်တော်မြတ်၏ သာသနာတော်မြတ်၌။
- အာရဗ္ဘထ - စတင် ကြိုးစား အားထုတ်ကြပါကုန်လော။
- နိက္ကမထ - အပျင်းဘက်မှနင်းထွက် လွတ်မြောက်အောင် ကြိုးစားကြပါကုန်လော။
- ယုဉ္ဇယ - နောက်ဆုံး ပန်းတိုင် လှမ်းကိုင်နိုင်ကြောင်း ကောင်းကောင်းကြီး ကြိုးစား အားထုတ်ကြပါကုန်လော။
- ကုဉ္ဇရော - အားအင် များမြောင်တဲ့ ဆင်ပြောင်ကြီးသည်။
- နဠာဂါရံ - ကျူးရိုးဖြင့်လုပ် တဲအိမ်ကုတ်ကို။
- ဓုနာတိ ဣဝစ - မှုန့်မှုန့်ညက်ညက် ကြေအောင် ဖျက်ဆီးဘိသကဲ့သို့။
- မစ္စုနော - သုံးဆယ့် တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏။
- သေနံ - အရတိ ကာမ စသည်များလတ် စစ်တပ်ကြီးကို။
- ယုဉ္ဇထ - တရားလက်နက်ဖြင့် အပျက်ကြီးပျက်အောင် ဖျက်ဆီးကြပါကုန်လော။
အဲ ... ထ လေးချက်နဲ့ နှိုးဆော်တယ်။ ပထမ-ထက အာရဗ္ဘဓာတ်တဲ့၊ စတင်ပြီး အားထုတ်ကြလို့၊ ဒုတိယ နိက္ကမဓာတ်တဲ့၊ အပျင်းဘက်က ထွက်မြောက်အောင် ကြိုးစားကြ၊ အပျင်းကို နိုင်အောင် ကြိုးစားကြ၊ တတိယက နောက်ဆုံး မိမိတို့ လိုလားအပ်တဲ့ အရဟတ္တဖိုလ် ပေါက်အောင် ကြိုးစားအားထုတ်ကြ။
အဲသလို အရဟတ္တဖိုလ် ပေါက်အောင် အားထုတ်နိုင်ဖို့ရာ ဝီရိယ အထွဋ်အထိပ် ရောက်ဖို့ရာ သေမင်း၏ စစ်သည်တွေကို ၊ ဓုနာထ - ခါတွက် ဖျက်ဆီးကြကုန်လော၊ သေမင်း၏ စစ်သည်တွေ ဖျက်ဆီးကြ၊ သေမင်း၏ စစ်သည်တွေ ဖျက်ဆီးမှ နောက်ဆုံး ပန်းတိုင် ရောက်နိုင်မှာ၊ သေမင်း၏ စစ်သည်တွေ မဖျက်ဆီးနိုင်သမျှ အဲဒီ စစ်သည်တွေရဲ့ အတိုက်အခိုက် အမြဲ တမ်း ခံကြရမှာ ဒါကြောင့်မို့လို့ သေမင်း၏ စစ်သည်တွေကို တိုက်ခိုက်ကြ၊
သေမင်း၏ စစ်သည်တွေ ဆိုတာ ကိလေသာတွေ ပါပဲ၊ အဲဒီ ကိလေသာတွေ ရှိသမျှ တစ်သေတည်း သေကြရမှာ မို့လို့ သေမင်း အလိုသို့ အမြဲတမ်း လိုက်နေကြရမှာမို့လို့ ကိလေသာတွေဟာ သေမင်းရဲ့ စစ်တပ်တွေ အဲဒီ စစ်တပ်တွေနိုင်အောင် တိုက်ကြ၊ ဘယ်လိုနည်းနဲ့ သေမင်းရဲ့ စစ်သည်တွေ နိုင်... နိုင်ပါ့မတုန်း ဆိုတော့။
---သေမင်းကို နိုင်တဲ့ လက်နက်ကောင်းတွေ သာသနာမှာရှိ
ယော ဣမသ္မိံ ဓမ္မဝိနယေ၊
အပ္ပမတ္တော ဝိဟေဿတိ။
ပဟာယ ဇာတိသံသာရံ၊
ဒုက္ခဿန္တံ ကရိဿတိ။
- ယော - မည်သူမဆို အကြင်ပုဂ္ဂိုလ်သည်။
- အပ္ပမတ္တော - ပမာဒတရား ပယ်ရှားပြီးလျှင် မမေ့မလျော့ မပေါ့မဆ သတိပဋ္ဌာန် ဆိုတဲ့တရား လက်ကိုင်ထားသည် ဖြစ်၍။
- ဝိဟေဿတိ - ကောင်းစွာမသွေ နေခဲ့သည် ဖြစ်ပေအံ့။
- သော - ထို သတိပဋ္ဌာန်တရား လက်ကိုင်ထား၍ မမေ့မလျော့ မပေါ့ မဆ နေခဲ့သော ပုဂ္ဂိုလ်သည်။
- ယော - မည်သူမဆို အကြင် ပုဂ္ဂိုလ်သည်။
- ဣမသ္မိံ ဓမ္မဝိနယေ - ဤ တရားသဖြင့် ဆုံးမရာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သာသနာတော်၌။
- အပ္ပမတ္တော - မမေ့မလျော့ မပေါ့ မဆသည်ဖြစ်၍။
- ဝိဟေဿတိ - ကောင်းစွာ နေသည် ဖြစ်ခဲ့အံ့။
- သော - ထို သတိပဋ္ဌာန်တရား လက်ကိုင်ထား၍ မမေ့မလျော့ မပေါ့မဆ ဤ သာသနာတော်ကြီးမှာ နေခဲ့သော ပုဂ္ဂိုလ်သည်။
- ဇာတိသံသာရံ - ထပ်တလဲလဲ ပဋိသန္ဓေ နေရတဲ့ ဇာတိတည်း ဟူသော သံသရာ စက်ဝိုင်းကြီးကို။
- ပဟာယ - ကောင်းစွာ ဖျက်ဆီး၍ ပယ်စွန့်၍။
- ဒုက္ခဿ - အမြဲတမ်း ကြုံရမယ့် ဝဋ်ဆင်းရဲ ဒုက္ခ၏။
- အန္တံ - အဆုံးသတ်ရာဖြစ်သော နောက်ဆုံးပန်းတိုင်ဟု ဆိုရတဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ကို။
- ကရိဿတိ - ကောင်းစွာမသွေ ပြုနိုင်ပါပေ လတ္တံ့တည်း၊
ခုန ပြောသလို သေမင်းရဲ့ စစ်သည်တွေ၊ ကိလေသာတွေ ပယ်ဖျောက်နိုင်ဖို့ရာ ဤ သာသနာတော်မှာ လက်နက်တွေ ရှိတယ်။
အပ္ပမာဒ - လက်နက် မမေ့မလျော့ မပေါ့မဆ နေခဲ့လို့ရှိရင် ဇာတိတည်း ဟူသော သံသရာကြီး၏ အဆုံးသတ်မှုကို ပြုနိုင်၍ ဝဋ်ဒုက္ခ ခပ်သိမ်းတို့၏ ချုပ်ငြိမ်းရာ အဆုံးသတ်ဖြစ်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် နိဗ္ဗာန်ကို လျင်မြန်စွာ ရောက်လိမ့် မယ်လို့ ဟောကြားတဲ့ ဂါထာ။
အဲ့ဒီ ဂါထာဟာ ထူးခြားတဲ့ ဂါထာ၊ တစ်ချိန်က ဗြဟ္မာ့ပြည်က နေပြီးတော့ စကြဝဠာ တစ်သောင်း ကြားအောင် အသံလွှင့်ပေးခဲ့တဲ့ ဂါထာ။ အသံလွှင့်ပေးပြီးတော့ ဘုရားရှင်နှင့် တကွ အဘိဘူ-ဆိုတဲ့ လက်ယာတော်ရံ သာဝကမထေရ်မြတ်တို့ ဗြဟ္မာ ပြည်မှ ကြွလာကြ၊ အရုဏဝတီဆိုတဲ့ နေပြည်တော်ကြီးဆီ ပြန်ရောက်လာကြတယ်၊ ရောက်လာတဲ့ အခါကျတော့ ရဟန်းတော်တွေကို မေးတယ်။
“ချစ်သား ရဟန်းတို့ … ဗြဟ္မာပြည်က အဘိဘူ မထေရ် အသံလွှင့်တဲ့ ဂါထာတွေ ကြားသလား” ဆိုတော့ “ဟာ တပည့်တော်တို့ ကြားပါတယ်”၊ “ဘယ်လို ကြားကြသတုံး” ဆိုတော့ ခုန ပြောသလို။
အာရဗ္ဘထ နိက္ကမထ၊
ယုဉ္ဇထ ဗုဒ္ဓသာသနေ။
ဓုနာထ မစ္စုနော သေနံ၊
နဠာဂါရံဝ ကုဉ္စရော။
ယော ဣမသ္မိံ ဓမ္မဝိနယေ၊
အပ္ပမတ္တော ဝိဟေဿတိ။
ပဟာယ ဇာတိသံသာရံ၊
ဒုက္ခဿန္တံ ကရိဿတိ။
လို့ ကြားတဲ့အကြောင်း လျှောက်ထားတော့၊ အေး ကောင်းစွ ကောင်းစွ ချစ်သားတို့။ ဗြဟ္မာပြည့်က အသံကို သင်တို့ ကောင်းစွာ ကြားကြပေတယ်လို့ မိန့်ကြားတော်မူခဲ့ တယ်။
အဲ့ဒါကြောင့် ထကြ ... ထကြ ထ-လေးဝနဲ့ နှိုးဆော် တော်မူခဲ့တဲ့ ဤဒေသနာ တော်ကြီးက တစ်ချိန်က ဗြဟ္မာပြည်က အသံလွှင်ပေးခဲ့တဲ့ ထူးခြားတဲ့ ဂါထာကြီး၊ အဲဒီ ဂါထာဟာ မိမိတို့ကို အမြဲတမ်း နှိုးဆော် ပေးနေတယ်။
ထကြ ... ထကြ ... ထကြ ကြိုးစားကြလို့။ အဲဒါ ကြောင့် ယခု ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူခဲ့တဲ့ ကာမဂုဏ် အပြစ်တွေ မြင်ပြီးတော့ ကာမမှ ထွက်မြောက်ရာ ကာမရဲ့ သဘာဝ။ ကာမရဲ့ အဿဒ - အာဒီနဝ - နိဿရဏတွေ သိပြီးတော့ ကြိုးစားချင်အောင်လို့ ထပ်တလဲလဲ ဘုရားရှင် ကိုယ်တော်မြတ်က ကာမဂုဏ်အပြစ် ချမ်းသာနဲ့ မိမိ ရခဲ့တဲ့ တကယ့် ချမ်းသာကြီး နှိုင်းယှဉ်တော့ ဟောတော်မူခဲ့တယ်။
---ကုဋ္ဌရောဂါသည်ကြီးများ
အဲ... အခု အနူ ဥပမာနဲ့ ဟောပြန်တယ်၊ နူနာသည်ကြီး တစ်ယောက်ဟာ ကုဋ္ဌရောဂါသည်ကြီး တစ်ယောက်ဟာ ခန္ဓာကိုယ်က ကုဋ္ဌပိုးတွေ ထိုးလို့ လက်သည်းနဲ့ အနာဝတွေကို ကုတ်ခြစ်နေရတော့ သူ့မှာ ဒုက္ခ ကြုံရတယ်၊ အဲသလို ဒုက္ခကြုံရတော့ ဘာလုပ်မတုံး မီးကင်ရတယ်။
အနာပိုးတွေ ငြိမ်အောင်၊ အယား သက်သာအောင် ဆိုပြီးတော့ ကုတ်ရင်း .. ခြစ်ရင်း ... မီးကင်ရင်း အဲသလိုနေတဲ့ ကုဋ္ဌရောဂါသည် တစ်ယောက်ဟာ နောင်အခါ ကျတော့ ဆရာကောင်း သမားကောင်းနဲ့ တွေ့လို ကုသလို့ ရောဂါပျောက်၊ ရောဂါပျောက်တဲ့ အခါကျတော့ သူ့လိုပဲ နောက်ကုဋ္ဌရောဂါသည် တစ်ယောက် အဲသလို ရောဂါပိုးတွေ ထလို့ ကုတ်ရ၊ ခြစ်ရ၊ မီးကင်ရနဲ့ မီးကင်နေတုန်း သူက မြင်ရတယ်။
ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မြင်ရတယ်၊ မြင်ရတဲ့အခါ အဲဒီ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်ဟာ အဲဒီ နူနာသည်ကြီးရဲ့ မီးကင်မှုမျိုး၊ ဆေးဝါး သုံးရမှုမျိုးကို သူ လိုလားပါဦး မလားလို့ ဘုရားရှင်က မာဂဏ္ဍီကို မေးတယ်၊
မေးတော့“မြတ်စွာဘုရား … ဆေးဆိုတာက ရောဂါရှိမှ သုံးရတာ၊ ရောဂါမရှိတော့၊ အခု သူရောဂါမရှိတော့ ဆေးသုံးဖို့ မလိုတော့ပါဘူး ဘုရား၊ ရောဂါဟာ ပျောက်ကင်း နေပါပြီ”လို့ လျှောက်ထားတဲ့ အခါကျတော့။
“အေး... ဒီလိုပဲ မာဂဏ္ဍီ၊ ငါဘုရားလဲ တစ်ခါတုန်းကတော့ အဲ့သလိုပဲ၊ ကာမဂုဏ် တွေနဲ့ ခံစား စံစားပြီးတော့ နေခဲ့တယ်၊ နောင်အခါကျတော့ ကာမဂုဏ်တို့ရဲ့ အပြစ်၊ ကာမဂုဏ်တို့ရဲ့ အဿာဒ - အာဒီနဝ - နိဿရဏ ဆိုတဲ့ အချက်အလက်တွေ ကောင်းကောင်း မြင်လာရတဲ့ အခါကျတော့ ကာမရောဂါပျောက်၊ အဇ္ဈတ္တမှာ အင်မတန် အေးချမ်းတဲ့ ချမ်းသာ၊ အဲဒီ ချမ်းသာကြီးကို ခံစားရတယ်”။
“ခံစားရတဲ့ အခါကျတော့ နောင်အခါမှာ ဘယ်သူ ကာမဂုဏ်တွေ ခံစားနေနေ၊ ဘယ်သူ ခံစားတာ မြင်ရမြင်ရ၊ ငါဘုရား ဘာမှ မတောင့်တတော့ဘူး”။
“ဘာကြောင့်တုံး ဆိုတော့ ယခု ငါ ဘုရား ရရှိထားတဲ့ ချမ်းသာဟာ လူ့ကာမဂုဏ် မပြောနဲ့၊ နတ်ကာမဂုဏ်တွေကို လွန်ပြီးတော့ နတ်ကာမဂုဏ်တို့ ထက်တောင် ပိုပြီးတော့ ချမ်းသာတဲ့ တကယ့် ချမ်းသာကြီး ရထားတာ၊ ဘယ်မှာ ယုတ်ညံ့တဲ့ ကာမဂုဏ်တွေကို ငါဘုရား တောင့်တတော့မတုံး၊ အဲ့ဒီ ကာမဂုဏ်တွေ အပေါ်မှာ ငါဘုရား ဘယ်မှာ ပျော်ပါးနိုင်ပါ့မတုံး”လို့ မိန့်ကြားတော်မူတယ်။
အဲဒီတော့ ဘုန်းကြီးတို့ ကာမဂုဏ် ခံစားတယ် ဆိုတာက နူနာသည် ရောဂါထလို့ ကုတ်ခြစ်သလိုပဲ ခေတ္တခဏတော့ ဟုတ်ရဲ့၊ တော်ကြာကျတော့ ပြန်ပေါ်လာတာပဲ။
လောကမှာ ကာမဂုဏ်ဆိုတာကို အများအားဖြင့် ဖဿ အတွေ့အာရုံ ကာမဂုဏ် ကိုသာ ကာမဂုဏ်လို့ ထင်နေကြတာ၊ အမှန်ကတော့ ကာမဂုဏ်ဆိုတာ -
- ရူပ - အဆင်းမြင်ရတဲ့အခါ ဖြစ်တဲ့ တဏှာဟာလဲ ကာမဂုဏ်ပဲ၊ ကာမပဲ၊
- အသံလေး သာသာ ယာယာ ကြားရလို့ ဖြစ်တဲ့ တဏှာဟာလဲ ကာမပဲ၊
- အနံ့ကောင်းလေး၊
- အရသာကောင်းလေး၊
- အတွေးကောင်းလေး ကြုံရတဲ့အခါမှာ ဖြစ်လာတဲ့ တဏှာဟာလဲ ကာမဂုဏ်ပဲ။
ဒီလိုဆိုရင် ဘုန်းကြီးတွေလဲ ကာမဂုဏ် မကင်းနိုင်ဘူးပေါ့၊ အဲ့ ... သို့သော် ဒီလို မဟုတ်သေးဘူး၊ လူဖြစ်ဖြစ်၊ ဘုန်းကြီး ဖြစ်ဖြစ်ပေါ့၊ ကာမဂုဏ်ဖြစ်အောင် လုပ်ရင်တော့ ကာမဂုဏ်ပဲ။
ကာမ ဖြစ်အောင် လုပ်ရင်တော့ ကာမ ဖြစ်နေတာပဲ၊ အဆင်း လှလှလေး မြင်လို့ ဘုန်းကြီးက နှစ်သက်မယ်၊ တွယ်တာမယ်ဆိုရင်၊ အဲ ... ဘုန်းကြီးမှာ ကာမဂုဏ် ဖြစ်နေတာပဲ၊ ကာမဂုဏ် ခံစားနေတာပဲ၊ အဲ... ထို့အတူ၊ လူမှာလဲ အဆင်း မြင်လို့ တဏှာ တွယ်တာမှု ဖြစ်ရင်၊ နှစ်သက်မှု ဖြစ်ရင် ဒါလူ့ကာမဂုဏ် ခံစားတာပဲ။
နှစ်ဦးလုံး ဒါ ယားနာသမား ကုဋ္ဌရောဂါသည်၊ ယားနာသမား အယားဖျောက်ခြင်း တွေချည်းပဲ၊ အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဒီကာမဂုဏ် မှီဝဲမှုကို ကုဋ္ဌရောဂါသည်ကြီး အယားဖျောက်မှုနဲ့ ဥပမာ ပေးထားတာဟာ အင်မတန် ထိရောက်တယ်နော်။
---ကာမဂုဏ် မီးကင်ပြီး အယားဖျောက်ခဲ့
အင်မတန် ထိရောက်တယ်၊ ပွဲကြည့်ချင်တယ် ဆိုရင် ဘာဖြစ်မတုံး၊ နူနာ ရောက်လာပြီ။ အနူ အယားထပြီ၊ အယားထလို့ အဲဒီ အယားပျောက်အောင် ပွဲသွားကြည့်ရတယ်၊ ခဏတော့ ပျောက်သွားတာပဲ။
နောက် ကြည့်ချင်လာပြန်ရော၊ အဲ ... နူနာသည် နောက်တစ်ခါ ရောဂါထသလို၊ နောက်တစ်ခါ ထပြန်၊ တစ်ခါ အယားပျောက်သောအားဖြင့် သွားကြည့်ရတယ်၊ အဲ့ဒါကြောင့် ဒီဥပမာဟာ ကာမဂုဏ်မှီဝဲတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကြည့်ရင် အင်မတန် ထိရောက်တဲ့ ဥပမာ။
အဲဒါကြောင့် နူနာ ရောဂါသည်ကြီးဟာ နူနာ ပျောက်တော့ အယားဖျောက်ဖို့ မီး မကင်ချင်သလို မီးကင်တဲ့ ပုဂ္ဂိုလ် မြင်ရပေမယ့် မလိုလားသလို ငါ ဘုရားဟာလဲ တစ်ခါတုန်းကတော့ အယားဖျောက်ခဲ့တာပဲ။
သို့သော် အခု အဲဒီရောဂါတွေ ပျောက်လို့ အခု အယားဖျောက်မှု မရှိတော့ဘူး၊ တကယ် အယားကင်းတဲ့ ယားနာကြီး ကင်းတဲ့ တကယ့် ချမ်းသာကြီး ခံစားရပြီ ဆိုတဲ့ အကြောင်း ဟောထားတာနော်။
အဲဒီနောက် ထပ်ပြီးတော့ တစ်ခါ ကုဋ္ဌရောဂါသည်နဲ့ပဲ ဥပမာ ပေးပြီးတော့ ဟောကြားတော်မူပြန်တယ်၊ လောကမှာ နူနာသည်၊ ခုန ပြောသလို ရောဂါပိုးတွေ ထပြီးတော့ လက်သည်းနဲ့ အမြဲတမ်း ကုတ်ပြီး အယားဖျောက်နေရတဲ့ နူနာသည် ကြီးဟာ မီးကင်နေရတယ်၊ ရောဂါ သက်သာအောင် မီးကင်နေရတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်က ဟောပြတာ မာဂဏ္ဍီကို။
---ယားနာပျောက်တော့ မီးမကင်ချင်
မာဂဏ္ဍီ … ဒီလိုပဲ ကုဋ္ဌနူနာ ရောဂါသည်ကြီးဟာ မိမိရဲ့ ယားနာ သက်သာအောင် မီးကင်တယ်၊ အဲဒီ မီးကင်တဲ့ နူနာသည်ကြီးကို ဆွေမျိုး မိတ်ဆွေတွေက ရောဂါပျောက်အောင် ဆရာကောင်းသမားကောင်းနဲ့ ကုလိုက်တဲ့အခါကျတော့ သူ့ ရောဂါပျောက်သွားတယ်၊ ချမ်းသာသွားတယ်။
ကိုယ့်အလိုအတိုင်း လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်၊ ဥပမာက ထပ်တလဲလဲ ပါလားလို့ မအောက်မေ့နဲ့၊ ဝေနေယျက အမျိုးမျိုး ဉာဏ်ထက်လွန်းတဲ့ ဝေနေယျ တော့ တော်ရုံ ဟောတာပါပဲ၊ အခု မာဂဏ္ဍီ ပရိဗိုဇ်ကြီးကတော့ ထပ်ခါ တလဲလဲ ဟောပြမှ သဘောကျ သက်ဝင်မှာမို့ ထပ်တလဲလဲ ဟောရတာနော်။
ဘုရားရှင်တို့မှာ အာသယာနုသယ ဣန္ဒြိယပရောပရိယတ္တဆိုတဲ့ ဉာဏ်ကြီးရှင်မို့ သတ္တဝါ သဘာဝအတိုင်း ဟောတော်မူနိုင်တာ။
(အဲဒီ မီးကင်နေတဲ့ နူနာသည်ကြီးဟာ နောင်အခါ မိမိလိုပဲ ကုဋ္ဌဖြစ်လို့ ယားနာကြီးကို မီးကင်းနေရတဲ့ ကုဋ္ဌရောဂါသည် တစ်ယောက်ကို တွေ့ရင် သူ အဲဒါကို လိုလားဦး မလား မီးကင်ချင်ဦး မလားလို့ဆိုတော့ -)
“ရောဂါ ပျောက်တဲ့ နူနာသည် ကြီးကို အားရှိတဲ့ လူနှစ်ယောက်က လက်နှစ်ဖက် အတင်း ဆွဲကိုင်ပြီးတော့ မီးပုံကြီးဘက် ဆွဲသွားမယ်၊ ဆွဲသွားရင် အဲဒီလူဟာ အတင်းရုန်းမှာပဲ ရုန်းမှာပဲ မဟုတ်ဘူးလား” ဆိုတော့ “မှန်ပါ - ရုန်းမှာပါပဲ” ဘုရား၊
“ဘာဖြစ်လို့ ဒီလူဟာ ဒီလူတွေဆွဲတာ ရုန်းရသလဲ”ဆိုတော့၊
“အရှင် ဂေါတမ … မီးဆိုတာက ဆင်းရဲတဲ့ အတွေ့ရှိတယ် ပြီးတော့ အင်မတန် ပူတယ်၊ အင်မတန် လောင်တယ်၊ ဒါကြောင့် သူရုန်းခြင်း ဖြစ်ပါတယ်”လို့ ဆိုတယ်။“ကောင်းပြီ ဒီမီးဟာ အခုမှ ဆင်းရဲသော အတွေ့ရှိတာလား၊ အကြီးအကျယ် လောင်သလား၊ ရှေ့တုန်းကရော ဒီ မီးဟာ ဒီလိုပဲ ဆင်းရဲသော အတွေ့ရှိတယ်၊ အကြီးအကျယ် ပူလောင်တာပဲ မဟုတ်ဘူးလား”ဆိုတော့။
---ယားနာ ပိုးကြောင့် မီးပူတယ် မထင်
“မှန်ပါ၊ မီးကတော့ အခုမှတင် မဟုတ်ပါဘူး ဘုရား၊ ရှေးကလဲပဲ ဆင်းရဲတာပဲ ပူလောင်တာပဲ၊ အဲ ... သို့သော်လဲပဲ ခုန နူနာရောဂါသည် ကြီးကတော့ သူ့မှာ ရောဂါကြီးက ရှိတော့ ခန္ဓာကိုယ်က ပျက်စီးနေတယ်၊ ဣန္ဒြေ္ဒတွေကလဲ ပျက်စီးနေတယ်။
ဣန္ဒြေတွေက ပျက်စီးနေသောကြောင့် အင်မတန်ပူတဲ့ မီးကြီးပေါ်မှာ သူဟာ ချမ်းသာတယ်လို့ ဖောက်ဖောက်ပြန်ပြန် အမြင်လွဲ အထင်လွဲခြင်း ဖြစ်နေခြင်း ဖြစ်ပါတယ်”လို့ လျှောက်ထားတဲ့ အခါ ကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က၊ “အေး မာဂဏ္ဍီ … ဒီအတိုင်းပဲ”။
ကာမဂုဏ်တွေ ဆိုတာကတော့ ယခုမှ ဆင်းရဲတာ မဟုတ်ဘူး၊ ယခုမှ ပူပန်တာ မဟုတ်ဘူး၊ ရှေးကလဲ ဆင်းရဲတာပဲ၊ ရှေးကလဲ ပူပန်တာပဲ၊ သို့သော်လဲပဲ၊ မိမိတို့မှာ တဏှာက မကင်းကြဘူး၊ တဏှာ တည်းဟူသော အပူအလောင်က ရှိနေကြတဲ့ အတွက်ကြောင့် တဏှာတည်းဟူသော အပူကြီးက မိမိတို့မှာ ရှိနေကြတဲ့ အတွက် ကြောင့် အင်မတန် ပူပန်တဲ့ ကာမဂုဏ်တွေ အပေါ်မှာ ချမ်းသာတယ်လို့ ဖောက်ဖောက် ပြန်ပြန် အမြင်မှားနေခြင်းသာ ဖြစ်ကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။
---မီးကင်တဲ့ ချမ်းသာ တစ်ခဏတာ
အဲသလို ဟောတော်မူပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်က၊ တစ်ခါ ဒီလောကမှာ နူနာ ရောဂါသည်ဆိုတာ အယား ဖျောက်ရတယ်၊ တစ်ခဏလေး ချမ်းသာ လိုလို ထင်ရတယ်။
တကယ်တော့ သူ့ချမ်းသာဟာ တစ်ခဏလေးပဲ၊ ထို့အတူပဲ ကာမဂုဏ် ခံစားကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ ချမ်းသာဆိုတာလဲပဲ သာယာဖွယ်ဟာ နည်းနည်းလေးပါ၊ အဲဒီ ကာမဂုဏ် အကြောင်းပြုပြီး ဖြစ်ရတဲ့ ဒုက္ခတွေဟာ နည်းတာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း၊ အဲဒီ နူနာသည် ဥပမာနဲ့ပဲ ပေးတယ်။
နူနာသည်ကြီး တစ်ယောက်ရှိတယ်၊ အဲဒီ နူနာသည်ကြီးဟာ ပိုးတွေက, ထ၊ လက်သဲနဲ့ ခန္ဓာကိုယ်ကြီး အယားဖျောက် ကုတ်ခြစ်၊ ကုတ်ခြစ်တော့ ဘာဖြစ်လာတုံး ဆိုရင် အဲဒီ နူနာတွေဟာ ပိုပြီးတော့ လောင်လာတယ်။
ပိုပြီးတော့ ပုပ်လာတယ်၊ ပိုပြီးတော့ ပွလာတယ်၊ ကုတ်ခြစ်ရတဲ့ အတွက်ကြောင့် ရရှိတဲ့ ခံစားမှု၊ သာယာမှုလေးကတော့ တကယ့် နည်းနည်းလေးပါ၊ ဒုက္ခတွေကသာ များတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က အဲဒီ နူနာသည်ကိုပဲ ဥပမာပေးပြီး တော့ တတိယအနေနဲ့ ဟောတော်မူခဲ့တယ်။
တတိယဥပမာအဖြစ်နဲ့ ဟောတော်မူခဲ့တယ်၊ ဒီဥပမာ ဘာကြောင့် ဟောတုံးဆိုတော့ လောကမှာ ကာမချမ်းသာဆိုတာဟာ ယားလာသလိုပဲ သာယာဖွယ်က နည်းနည်းလေး ဒုက္ခတွေက များတဲ့အကြောင်း သိရအောင် ကာမဂုဏ်တွေရဲ့ သာယာမှု ဆိုတာလဲ ခဏလေးပဲ။
သာယာဖွယ်က ခဏလေး နည်းနည်းလေးပဲ၊ တော်ကြာကြတော့ ဒုက္ခတွေက အဆမတန် တွေ့ရကြုံရ ခံစားရတယ်ဆိုတဲ့ အကြောင်း၊ ကာမချမ်းသာဆိုတာ မက်မောလောက်တဲ့ ချမ်းသာတွေ မဟုတ်တဲ့ အကြောင်း သိသာအောင် မာဂဏ္ဍီကြီးကို ဟောတာနော်။
ထပ်တလဲလဲ ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူရခြင်းက မာဂဏ္ဍီကြီးက တော်တော် ကျိုးလာပြီ၊ စောစောကတော့ သူမာန်တင်းနေတာ၊ အခု တော်တော် ကျိုးလာပြီ၊ ဒါပေမယ့် လိုသေးလို့ ထပ်ထပ်ဖြည့်ပြီး သူကျသထက် ကျအောင်၊ နောက်ဆုံးကျတော့ သူ မာန်ကျိုးသထက် ကျအောင်၊ အခုတော့ တော်တော် ကျိုးနေပါပြီ၊ မာန်ကျိုးသထက် ကျအောင် ထပ်တလဲလဲ တရားတွေ ဟောနေရတာ။
---ကာမ မီးကင်ရုံနဲ့ ကာမ ယားနာ မပျောက်
ဒီနောက် ဘုရားရှင် ကိုယ်တော်မြတ်က မေးတော်မူတယ်၊ မာဂဏ္ဍီကို၊ “မာဂဏ္ဍီ -လောကမှာ ရှင်ဘုရင်တွေ အမတ်တွေ ရှိကြတယ်၊ ကာမဂုဏ်တွေ ခံစား နေကြတယ်။
အဲဒီ ရှင်ဘုရင်တွေ၊ အမတ်တွေက ကာမဂုဏ်တွေ ခံစားလို့ ကာမတဏှာ ကင်းခြင်း၊ အဇ္ဈတ္တသန္တာန်၌ အေးငြိမ်းမှု ချမ်းသာရခြင်းဆိုတဲ့ ဒီအကျိုးကိုများ ခံစားရတာ မာဂဏ္ဍီ တွေ့ဖူးသလား”ဆိုတော့၊ မြင်ဖူးသလား တွေ့ဖူးသလား မေးတယ်၊ မေးတော့ “တပည့်တော် မတွေ့ဖူး မမြင်ဖူးပါဘူး ဘုရားလို့ ” လျှောက်တယ်။
“အေး-မာဂဏ္ဍီသာ မတွေ့တာ မဟုတ်ဘူး၊ ကာမဂုဏ် ခံစားနေတဲ့ မင်း အမတ်တွေ တကယ့် တဏှာ ကင်းတယ်၊ တကယ့် အဇ္ဈတ္တ၌ အေးငြိမ်းမှု ချမ်းသာ ကြုံရတယ် ဆိုတာ ငါလဲ မတွေ့လဲ မတွေ့ဖူး၊ မြင်လဲ မမြင်ဖူးဘူး”။
တကယ်တော့ လောကမှာ သာမဏတွေ၊ ဗြာဟ္မာတွေ ရှိကြတယ်၊ သူတို့ တစ်တွေဟာ တဏှာတည်းဟူသော ဆာလောင်မှု၊ ပူပန်မှုကင်းကြပြီးတော့ အဇ္ဈတ္တ ကတကယ့် အေးငြိမ်းမှု ချမ်းသာ ခံစားကြတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်၊ သမဏတွေ ရှိတယ်၊ ဗြာဟ္မဏတွေဟာ ကာမဂုဏ်ခံစားလို့ ရကြတာ မဟုတ်ဘူး။
ဒီအဇ္ဈတ္တ ငြိမ်းချမ်းမှု သုခကို သူတို့ ရကြတာဟာ ကာမဂုဏ်တွေ ခံစားလို့ရကြတာ မဟုတ်ဘူး၊ ကာမဂုဏ်တွေ အပြစ်မြင်ပြီးတော့ ကာမဂုဏ်တို့ရဲ့ ချုပ်ငြိမ်းခြင်း၊ ကာမဂုဏ်တို့ရဲ့ ဖြစ်ခြင်း၊ ကာမဂုဏ်တို့ရဲ့ သာယာဖွယ်၊ ကာမဂုဏ်တို့ရဲ့ အပြစ် ကာမဂုဏ်တို့ရဲ့ ထွက်မြောက်မှုကို သိကြရပြီးတော့ အဲသလို အဇ္ဈတ္တ သန္တာန်၌ တကယ့် ငြိမ်းအေးမှုကို တွေ့ခြင်းဖြစ်တဲ့ အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က မိန့်ကြားတော်မူခဲ့တယ်။
ကဲ... ပြီးခဲ့တဲ့ တရားတွေ ချုပ်လိုက်တော့ အနူရောဂါရှိလို့ ပိုးထမှ မီးကင်တာ၊ ထို့အတူ တဏှာပိုးထမှ ကာမမီးအပူ ခံတာ၊ ကာမကို ကောင်းကောင်း ပိုင်းခြားသိရင် ကာမမီး ကင်ဖို့ မလိုတော့ပါဘူး။
---နူနာသည်ကြီးများ အတွက် နူနာပျောက်ဆေး
ကုဋ္ဌီ အာကင်္ခိ အဂ္ဂိဿ၊
ဖဿံ ရောဂေ သမုဋ္ဌိတေ၊
တထေဝ တဏှာရောဂီပိ၊
ကာမဂ္ဂီ ဖဿသေဝနံ။
(အရှင်ဝါသေဋ္ဌာဘိဝံသ)
- ကုဋ္ဌိ - အနူရောဂါ ဝေဒနာသည်သည်။
- ရောဂေ - ရောဂါပိုးတွေထကာ၊ သူ့ရောဂါတွေသည်။
- သမုဋ္ဌိတေ - မနေသာ မထိုင်သာ၊ ယားယံ ဖြစ်ပေါ်လာသည် ရှိသော်။
- အဂ္ဂိဿ - အရှိန်ညီးညီး မီးကျီးတွင်း မီး၏၊
- ဖဿံ - အပူပေးရ အတွေ့ ဖဿကို။
- အာကင်္ခိ ယထာ - မနေသာ မထိုင်သာ လိုလားဘိသကဲ့သို့။
- တထေဝ - ထိုနည်းထားယူ အလားတူ။
- တဏှာရောဂီပိ - ဆာလောင် ပြင်းဘိ တဏှာရောဂါရှိသော ပုဂ္ဂိုလ်သည်လည်း။
- ရောဂ - ကာမရောဂါသည်။
- သမုဋ္ဌိတေ - မနေသာ မထိုင်သာ ဖြစ်ပေါ်လာသည် ရှိသော်။
- ကာမဂ္ဂီ ဖဿသေဝနံံ - ကာမသီးသီး မီး အတွေ့ပြင်း၊ မှီဝဲခြင်းကို။
- အာကင်္ခိ - ပူတယ်မထင် အမြင်မှောက်မှား၊ လိုလား တောင့်တခဲ့ ပါပေသတည်း။
တဏှာပိုးထလျှင် ကာမကို ပူမှန်းမသိဘူး၊ ကာမကို ကောင်းစွာ ပိုင်းခြားသိရင် တဏှာပိုး မထဘူး ကာမအပူတွေ ပျောက်ရတော့တယ်။
ကာမနံ ပရိညာ နတ္ထိ၊
ကာမဂ္ဂိ ပဋိသေဝနံ။
တသ္မာ ပရိညာ လာဘာယ၊
ယောဂေါ ကရဏိယော သဒါ။
(အရှင်ဝါသေဋ္ဌာဘိဝံသ)
- ကာမာနံ - ဝတ္တုတတွေ ကိလေသာ အစားစား ကာမတရားတို့ကို။
- ပရိညာ-ပရိညာယ - ပိုင်းခြားထိမိ သိရှိခြင်းကြောင့်။
- ကာမဂ္ဂိပဋိသေဝနံ - ကာမမီးကို ညီးညီးဖိသွင်း မှီဝဲခြင်းသည်။
- နတ္ထိ - ကွာဘိ ကင်းဘိ အလျဉ်း မရှိတော့ပါပေ။
- တသ္မာ - ထိုသို့ ကာမကို အမှန်သိက ကာမမီး မှီဝဲမှု မရှိလေသောကြောင့်။
- ပရိညာ လာဘာယ - ကာမတရား ပိုင်းခြားသိထ ဉာဏ်ထူးကို ရခြင်းငှာ။
- ယောဂေါ - နိုးနိုးကြားကြား၊ ကြိုးစားမကင်း အားထုတ်ခြင်းကို။
- သဒါ - အခါခပ်သိမ်း။
- ကရဏိယော - မမေ့သမှု ပြုအပ်ပြုသင့် ပြုထိုက်လှပါပေတော့သတည်း။
လောကမှာ ကာမဂုဏ် မှီဝဲရင်းနဲ့ အဇ္ဈတ္တငြိမ်းချမ်းမှုမရ၊ ကာမဂုဏ် အပြစ်တွေ ကောင်းကောင်းသိမှ သုခရတဲ့အကြောင်း ဟောပြီးနောက် ထိုအချိန်မှာ ဥဒါန်းကလေး ကျူးရင့်တော်မူတယ်။
---ဘုရားရှင် ဥဒါန်းကျူး
အာရောဂျ ပရမာ လာဘာ၊
နိဗ္ဗာနံ ပရမံ သုခံ။
အဋ္ဌင်္ဂိကောစ မဂ္ဂါနံ၊
ခေမံ အမတဂါမိနံ။
(မ၊ ၂၊ ၁၇၆။)
- လာဘာ - လာဘ်လာဘ မှန်သမျှတို့သည်။
- အာရောဂျ ပရမာ - ကျန်းမာခြင်း လာဘ်သာ အလွန်အမြတ် ရှိပါပေ၏။ ကျန်းမာခြင်း ကသာ အမြတ်ဆုံး ဖြစ်ပါပေ၏။
လောကမှာ ဥစ္စာရခြင်း၊ အခြွေအရံရခြင်း၊ သားသမီးရခြင်း စသော လာဘ်လာဘ ရခြင်းတွေ ရှိတယ်။
ထို ရခြင်းတို့တွင် ကျန်းမာခြင်း လာဘ်ကသာ အမြတ်ဆုံး၊ ထို ကျန်းမာခြင်းထက် မွန်မြတ်သောလာဘ် မရှိ။လောကမှာ မကျန်းမာရင် ဘာတွေ ဘယ်လောက် ရှိရှိ အလကားပဲ၊ မကျန်းမာတဲ့ သူအဖို့ ပစ္စည်းတွေ ဘယ်လောက် ပေါပေါ အလကားပဲ စားစရာတွေ ဘယ်လောက်ပေါပေါ စားနိုင်တာ မဟုတ်တော့ဘူး၊ အကျိုးမရှိလှ။
လောက ကာမဂုဏ်တွေ ဘယ်လောက် ပြည့်စုံ၊ ပြည့်စုံ သူ့အဖို့ ဘာမှ မခံစား နိုင်တော့ အလကားပဲ၊ ဒါကြောင့် ကျန်းမာခြင်းဟာ အကောင်းဆုံး လာဘ်လာဘလို့ ဟောတော်မူခြင်း ဖြစ်တယ်၊ လောကမှာ ကာမချမ်းသာထက် ပိုချမ်းသာတယ် ဆိုရ တဲ့ ဈာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာတွေ ရှိတယ်၊ အဲဒီ ချမ်းသာတွေထက် နိဗ္ဗာန် ချမ်းသာက အမြတ်ဆုံး။
ဒါကြောင့် -
- နိဗ္ဗနံ - နိဗ္ဗာန်ကား။
- ပရမံ - ဘယ်ချမ်းသာမှ တုမရလှ အမြတ်ဆုံး ဖြစ်ထသော။
- သုခံ - တကယ် ချမ်းသာအစစ် ဖြစ်ပါပေ၏။
နိဗ္ဗာန်ရောက်ကြောင်း လမ်းတွေရှိတယ်။ ပုဗ္ဗဘာဂမဂ်၊ ဝိပဿနာမဂ်၊ အရိယာမဂ် အဲဒီ လမ်းကြောင်း အဲဒီ မဂ်တွေထဲက အင်္ဂါရှစ်ပါးရှိတဲ့ အရိယာမဂ်သာ အေးချမ်း သာယာလှ၏တဲ့၊ များစွာသော သာသနာပ - သမဏ ဗြာဟ္မဏ ဆိုတဲ့ ပုဂ္ဂိုလ်တွေက ယူဆထားတဲ့ ဘေးကင်းတဲ့လမ်း၊ နိဗ္ဗာန် ရောက်ကြောင်းလမ်း ဆိုတာတွေရှိတယ်။
အဲဒီ လမ်းတွေထက် ဒီသာသနာက အဋ္ဌင်္ဂိကအရိယ မဂ်လမ်းဟာ အေးချမ်းတဲ့ လမ်းဖြတ်တယ်၊ ဒါက ဘုရားရှင် ဥဒါန်းရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ပဲ။
---မာဂဏ္ဍီတို့ နိဗ္ဗာန်
မာဂဏ္ဍီကြီးက နောက်က ဘုရား စကားတော်တွေကို သဘောကျ လက်ခံခဲ့တယ်၊ သို့သော် နိဗ္ဗာန်ချမ်းသာလို့ တော့ သူ မသိသေးဘူး သူ့တို့ ပရိဗိုဇ်တွေ အယူအဆ ဖြစ်တဲ့ နိဗ္ဗာန်က တစ်မျိုး၊ အဲဒီပရိဗိုဇ် နိဗ္ဗာန် အစွဲက သူ့မှာ ရှိနေသေးတယ်။
ဒီတော့ ဒီသာသနာက နိဗ္ဗာန်ကို ပြောပြဦးမှပဲလို့ ဘုရားရှင် ကိုယ်တော်မြတ်က ဒီဥဒါန်း ကျူးတော်မူခြင်း ဖြစ်တယ်၊ ဒီဥဒါန်း ဒီဂါထာ ကြားရတော့ မာဂဏ္ဍီ ပရိဗိုဇ်ကြီးက အံ့ဩဖွယ် စကား လျှောက်ထားတယ်။
“အစ္ဆရိယံ ဘော ဂေါတမ၊ အဗ္ဘုတံ ဘော ဂေါတမ”
ရှင်ဂေါတမ၊ အံ့ဖွယ် ရှိပါပေစွ၊ အို ... အရှင် ဂေါတမ၊ မဖြစ်စဖူး မကြားစဖူး အကြားထူးပါပေစွ၊ “အာရောဂျပရမာ လာတာ နိဗ္ဗာနံ ပရမံ သုခံ” ဤစကားကို အရှင်ဂေါတမ ကောင်းစွာ ဟောကြားခဲ့ပါပေပြီ၊ တပည့်တော်သည်လည်း “အာရောဂျ ပရမာ လာဘာ နိဗ္ဗာနံ ပရမံ သုခံ” လို့ ပြောခဲ့ ဆိုခဲ့ကြတဲ့ ရှေ့ရှေ့ ပရိဗိုဇ် ဆရာတွေ ဆရာ့ ဆရာ ပရိဗိုဇ်တွေရဲ့ ဤစကားကို ကြားခဲ့ ရဖူးပါတယ်။
အို ... အရှင်ဂေါတမ၊ ထို ပရိဗိုဇ် ဆရာ့ဆရာတို့ရဲ့ စကားဟာ အရှင်ဂေါတမရဲ့ စကားနဲ့ တစ်သားတည်း တူနေပါတယ် ဘုရားလို့ လျှောက်ထားတယ်၊ စကား တူနေတာကိုပဲ သူက တအံ့တဩ ဖြစ်နေတယ်၊ စကား တူပေမယ့် သဘာဝက ဘယ်မျှ ခြားနားတယ်ဆိုတာ နောက် ဘုရားရှင်က ဖြေရှင်း မိန့်ကြားပါလိမ့်မယ်။
ယခုလဲ တူတယ်ဆိုတဲ့ စကားပြောတဲ့ မာဂဏ္ဍီကြီးကို သူ့အယူအဆ ပေါ်လာအောင် ဘုရားရှင်က တီးခေါက်မေး မြန်းတော်မူခဲ့တယ်။“မာဂဏ္ဍီ - မာဂဏ္ဍီတို့ရဲ့ ဆရာ့ ဆရာ ပရိဗိုဇ် တွေဆီက ကြားရတဲ့ အာရောဂျ ဆိုတာဟာလဲ၊ နိဗ္ဗာန-နိဗ္ဗာန် ဆိုတာ ဘာလဲ”လို့ မေးတော်မူခဲ့တယ်၊ အဲဒီအခါ မာဂဏ္ဍီ ပရိဗိုဇ်ကြီးက မိမိ ခန္ဓာကိုယ်ကြီးကို သုံးသပ်ပြတယ်။
“အရှင်ဂေါတမ … ဟောဒီ ကျွန်ုပ် ခန္ဓာကိုယ်ကြီးဟာ အာရောဂျပါပဲ၊ ဟောဒီ ခန္ဓာကိုယ်ကြီးဟာ နိဗ္ဗာန်ပါပဲ ရှင်ဂေါတမ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်ုပ်ဟာ ယခု ရောဂါ မရှိဘူး၊ ကျန်းမာ ချမ်းသာလျက် ရှိတယ်၊ ကျွန်ုပ်ကို ဘယ်ရောဂါမှ နှိပ်စက်ခြင်း မရှိဘူး”
မာဂဏ္ဍီတို့ အလိုဆိုရင် နိဗ္ဗာန်ရဖို့ မခက်ဘူး ဆိုရမှာပေါ့၊ ရောဂါကင်းအောင်၊ ချမ်းသာအောင်လုပ်ရင် နိဗ္ဗာန်ရ ပြီပေါ့။ ကဲ ... ဗုဒ္ဓရှင်တော်မြတ်က မာဂဏ္ဍီတို့ရဲ့ နိဗ္ဗာန်စကား ဘယ်သို့ ပယ်ရှား ချေပတော်မူသည်ကို နောက်မှ ဆက်ဟောကြဦးစို့၊
အားလုံး တရားအသိ၊ တရားအမြင် တိုးကာ ချမ်းသာ ကြပါစေသော်။
သာဓု ... သာဓု ... သာဓု …
၁၃၄၈-ခု၊ တော်သလင်းလကွယ်
ဘုရားရှင်တို့၏ နိဗ္ဗာန်
ယံစ ကာမသုခံ လောကေ၊
ယဉ္စိဒံ ဒိဝိယံ သုခံ။
တဏှက္ခယသုခဿေတေ၊
ကလံ နဂ္ဃတိ သောဠဿိံ။
လောကေ - ကမ္ဘာလောကကြီး အတွင်း၌။
ယဉ္စ ကာမသုခံ - အကြင် ကာမဂုဏ် ချမ်းသာသည်လည်းကောင်း။
ဒိဝိယံ - နတ်ပြည် ဗြဟ္မာပြည်၌ ဖြစ်သော။
ယဉ္စ ဣဒံ သုခံ - အကြင် ချမ်းသာသည် လည်းကောင်း၊ အကြင် နတ်ချမ်းသာ ဗြဟ္မာချမ်းသာသည် လည်းကောင်း။
အတ္ထိ - ရှိ၏။
ဧတေ - ထို လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ဆိုတဲ့ ချမ်းသာ မှန်သမျှ တို့သည်။
တဏှက္ခယ သုခဿ - တဏှာ၏ကုန်ရာ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာ၏။
သောဠဿိံ ကလံ - တစ်ဆယ့်ခြောက်စိပ်-စိပ်၍ တစ်စိပ်ကိုမျှ။
ဝါ - နှစ်ရာ့ ငါးဆယ့်ခြောက်စိပ် စိတ်၍ တစ်စိပ်ကိုမျှ။
န အဂ္ဃတိ - တူတန်လိမ့်နိုး ချိန်စံထိုးလည်း၊ အဖိုးနှုန်းပြိုင် မမီနိုင်ပါပေတကား။
အဲဒါဟာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ နိဗ္ဗာန်၊ လောက ချမ်းသာတွေ မှန်သမျှထက် တဏှာကုန်ရာ နိဗ္ဗာန်ဟာ တကယ့် ချမ်းသာပဲ၊ ဘုရား နိဗ္ဗာန်၊ မာဂဏ္ဍီနိဗ္ဗာန်ကတော့ သူ့ကိုယ်ကြီးပဲ တဲ့၊ တစ်နေ့က ဘုန်းကြီး ဟောခဲ့ပြီ၊ ပရိဗိုဇ် ဆရာတွေရဲ့ နိဗ္ဗာန်ဟာ ဘာတုံး ဆိုတော့ သူ့ခန္ဓာကိုယ်ကြီး ပုတ်ပြတယ်၊ ဒါနိဗ္ဗာန်ပဲ။
တပည့်တော် ကျန်းမာ-ချမ်းသာ နေတယ်၊ ဘာရောဂါမှ မရှိဘူး၊ အဲ့ဒါ-အာရောဂျ ကျန်းမာ ချမ်းသာခြင်းပဲ၊ အဲဒါ နိဗ္ဗာန် ပဲ-လို့ ဆိုတယ်၊ အဲဒီတော့ နောက်နောက်က ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူတော့ တရားတော်ကို တော်တော် သဘောကျပါတယ်၊ လက်ခံပါတယ်၊ ဒါပေမယ့် သူ နိဗ္ဗာန် ကောင်းကောင်း မသိဘူး။
ဘာဖြစ်လို့တုံး ဆိုတော့ သူတို့ ပရိဗိုဇ် ဆရာတွေရဲ့ နိဗ္ဗာန်ကို သူက စွဲထားတာ လက်ခံထားတာကိုး အဲဒါကြောင့်မို့လို့ ဘုရားရှင် ကိုယ်တော်မြတ်ကလဲ သူ မသိ သေးတဲ့၊ သူနား မလည်သေးတဲ့ နိဗ္ဗာန်ကို သိအောင် ဆိုပြီးတော့။
အာရောဂျ ပရမာ လာဘာ၊
နိဗ္ဗာနံ ပရမံ သုခံ။
အဋ္ဌင်္ဂိကောစ နိဗ္ဗာနံ၊
ခေမံ အမတဂါမိနံ။
(မ၊၂၊ ၁၇၆။)
ဂါထာလေး ရွတ်ပြီးတော့ ဥဒါန်း ကျူးတယ်၊ ဥဒါန်းကျူးတော့ ဟာ-အံ့စရာပါလား ဘုရား ဒီဥစ္စာ တပည့်တော်တို့ ပရိဗိုဇ် ဆရာတွေရဲ့ နိဗ္ဗာန်နဲ့ တစ်တန်းတည်းပဲ၊ အတူတူပဲ။
တိုက်ဆိုင်တော့ တိုက်ဆိုင်လွန်းတယ် ဆိုပြီးတော့ လျှောက်တယ်။
---
ဒီဋ္ဌ ဓမ္မ နိဗ္ဗာန် ဝါဒ
အဲ... သူတို့ နိဗ္ဗာန်ချင်း အတူတူ မှတ်နေတာ၊ အဲ့ဒီတော့မှ ဘုရားရှင် ကိုယ်တော်မြတ်က ပရိဗိုဇ် ဆရာတွေရဲ့ အာရောဂျ ကျန်းမာခြင်း ဆိုတာ ဘာတုံး၊ နိဗ္ဗာန - နိဗ္ဗာန် ဆိုတာဘာတုံးလို့ မေးတဲ့အခါ ကျတော့မှ သူ့ ကိုယ်ကြီး ပုတ်ပြတယ်၊ဒါ နိဗ္ဗာန်ပဲ၊ တပည့်တော် ဘာရောဂါမှ မရှိဘူး၊ ကျန်းမာနေတယ်။
ဒီ အခါကျတော့မှာ ဘုရားရှင် ကိုယ်တော်မြတ်က ဖြေရှင်းပြတယ်။ အမှန်က နိဗ္ဗာန် ဆိုတာက ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ လောကမှာသာ ရှိတာ မဟုတ်ဘူး၊ သူတို့ သာသနာတော်မှ အပ၊ တခြား ပုဂ္ဂိုလ်တွေရဲ့ အယူအဆတွေ အထဲမှာလဲ နိဗ္ဗာန်ဆိုတာတော့ ရှိနေကြတာပဲ၊ သို့သော်လဲပဲ သာသနာတော်က နိဗ္ဗာန်နဲ့တော့ တူတာ မဟုတ်ဘူး။
ဘုန်းကြီးတို့ ဒိဋ္ဌဓမ္မ နိဗ္ဗာန်ဆိုတဲ့ ဝါဒရှိတယ်၊ မျက်မှောက်ဘဝမှာ အလွန် ထူးခြားတဲ့ မွန်မြတ်တဲ့ နိဗ္ဗာန်လို့ သူတို့လောက တိတ္ထိ ဆရာကြီးတွေက သတ်မှတ်ထာ။ သူတို့ သတ်မှတ်တဲ့ နိဗ္ဗာန်ထဲက လောကမှာ အတ္တကောင်လေး ရှိတယ်။
အဲဒီ အတ္တကောင်လေးဟာ ငါးဖြာ အာရုံ ကာမဂုဏ် ချမ်းသာဖြင့် ခံစား စံစား ပျော်ပါးနေလေ့ရှိရင် အဲဒါဟာ ဒိဋ္ဌ ဓမ္မနိဗ္ဗာန်ပဲ၊ မျက်မှောက်ဘဝ၌ ခံစားရတဲ့ တကယ် ထူးခြားတဲ့ နိဗ္ဗာန်ပဲလို့ ဟောတယ်။
ကာမဂုဏ်ကို တကယ် နိဗ္ဗာန်အဖြစ်နဲ့ သတ်မှတ်တယ်၊ ကာမဂုဏ်ဆိုပေမယ့် ရိုးရိုး မဟုတ်သေးဘူး၊ အတ္တကောင်လေး ပါလာသေးတယ်၊ အကြင်အခါမှာ အတ္တ ကောင်လေးက ကာမဂုဏ်ကို ခံစားမယ်ဆိုရင် အဲဒီ အခါမှာ ဒိဋ္ဌဓမ္မ နိဗ္ဗာန်ပဲ။
အလွန်မြတ်တဲ့ မျက်မှောက် ဘဝ နိဗ္ဗာန်ခံစားရတယ်လို့ လောက ထင်ရှားရှိတဲ့ နိဗ္ဗာန်ကို ပညတ်ကြတယ်။
---
ဘာသာမျိုးစုံ နိဗ္ဗာန်မျိုးစုံ
အဲဒီ ပုဂ္ဂိုလ်ကို တစ်ခါ တခြား ပုဂ္ဂိုလ် တစ်ယောက်က ပြောတယ်၊ ဟေ့ ... မင်းရဲ့ နိဗ္ဗာန်ဆိုတာ ဒီ ချမ်းသာဆိုတာ မရှိဘူး မဟုတ်ဘူး၊ နိဗ္ဗာန်ဆိုတာ မရှိဘူး မဟုတ်ဘူး။
ဒါပေမယ့် အဲ့ဒီ ချမ်းသာဟာ တကယ် ချမ်းသာ မဟုတ်သေးဘူး၊ ဘာဖြစ်လို့တုံး ဆိုတော့ ဒီကာမဂုဏ်ဆိုတဲ့ တရားတွေဟာ အနိစ္စ- အမြဲမရှိ၊ ဒုက္ခ-ဆင်းရဲတရားတွေ။ ဝိပရိဏာမ-ပျက်စီးတတ်တဲ့ တရားတွေ အဲဒါကြောင့်မို့လို့ ဒါ တကယ့် နိဗ္ဗာန် မဟုတ်ဘူး၊ တကယ့် နိဗ္ဗာန်ဆိုတာက။
ကာမေဟိ - ကာမဂုဏ်တို့မှ။
ဝိဝိစ္စေဝ - ကင်းဆိတ်၍သာလျှင်။
အကုသလေဟိ ဓမ္မေဟိ - အကုသိုလ်တရားလို့မှ။
ဝိဝိစ္စ - ကင်းဆိတ်၍။
သဝိတက္ကံ - ဝိတက်လဲပါသော။
သဝိစာရ - ဝိစာရနဲ့လဲတကွ ဖြစ်သော။
ဝိဝေကဇံ - နီဝရဏတရားတို့၏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော။
ပီတိသုခံ - ဖရဏာပီတိ စေတသိကသုခလဲရှိသော။
ပဌမံဈာနံ - ပထမဈာန်သည်။
အတ္ထိ - ရှိ၏။
သူက - ကာမဂုဏ်ချမ်းသာဟာ တကယ့် နိဗ္ဗာန်ချမ်းသာ မဟုတ်သေးဘူး၊ အကြင်အခါမှာ အတ္တလေးဟာ ပထမဈာန်ချမ်းသာ ရမယ်ဆိုရင် အဲဒီအခါ အဲ့ဒီ အတ္တလေးဟာ ဒိဋ္ဌဓမ္မနိဗ္ဗာန် မျက်မှောက်ဘဝ၌ တကယ်ထူးခြားတဲ့ နိဗ္ဗာန် ခံစားရတယ်လို့ ဒုတိယပုဂ္ဂိုလ်က ပထမဈာန်ကို သူ ပညတ်တယ်။
ပထမဈာန် ရိုးရိုးဆိုရင်တော့လဲ သူ့ဟာက တကယ့် နိဗ္ဗာန် မဟုတ်ပေမယ့် တော်သေးတယ်၊ ခုတော့ အတ္တလေးက ပါနေသေးတယ်။ အတ္တကောင်လေး၊ ဒီတော့ သူက ကာမဂုဏ်ရှိတဲ့၊ ခံစားတဲ့ အတ္တကို ပရမ ဒိဋ္ဌဓမ္မ အကောင်းဆုံး နိဗ္ဗာန်အဖြစ်နဲ့ ဝန်မခံဘူး။
အဲ ... ပထမဈာန်ရလို့ရှိရင် အဲဒီအခါမှာ ဒီအတ္တဟာ ပရမဒိဌဓမ္မနိဗ္ဗာန်ပဲ၊ တကယ့် မွန်မြတ်တဲ့ အကောင်းဆုံး ဒိဋ္ဌဓမ္မ မျက်မှောက်ဘဝမှာ ခံစားရမယ့် နိဗ္ဗာန်ပဲ လို့ဆိုတယ်။ ဆိုတော့
အဲ့ဒီ ပုဂ္ဂိုလ်ရဲ့ နိဗ္ဗာန်ကို တတိယ ပုဂ္ဂိုလ်က လက်မခံပြန်ဘူး၊ အသင်ပြောတဲ့ ပထမဈာန် ချမ်းသာဟာ နိဗ္ဗာန်ဆိုတာ မရှိဘူး မဟုတ်ဘူး ရှိတယ်၊ ပထမဈာန် ချမ်းသာ ဆိုတာ မရှိဘူး မဟုတ်ဘူး ရှိတယ်။
သို့သော်လဲပဲ အဲဒီ ပထမဈာန် ချမ်းသာ ဆိုတာက ဝိတက်ဆိုတဲ့ ကြံစည်တတ်တဲ့ တရား၊ ဝိစာရဆိုတဲ့ သုံးသပ်တတ်တဲ့ တရား၊ ဒီတရားတွေနဲ့ ရောနှောနေတယ်၊ ဒါ တကယ့် နိဗ္ဗာန် မဟုတ်သေးဘူး။
ဝိတက္ကဝိစာရာနံ - ဝိတက် ဝိစာရတို့၏။
ဝူပသမာ - ချုပ်ငြိမ်းခြင်းကြောင့် စေတသော စိတ်ကို။
သမ္ပသာဒနံ - ကြည်လင်စေတတ်သော။
ဧကောဒိဘာဝံ - မြတ်သော သမာဓိကို တိုးပွား ဖြစ်ထွန်းစေတတ်သော။
ဒုတိယဈာနံ - ဒုတိယဈာန်ကို။
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍။
ဝိဟရတိ - နေ၏။
မင်းပြောတဲ့ ဒီ ပထမဈာန်ဆိုတဲ့ ဒိဋ္ဌဓမ္မ-နိဗ္ဗာန်ဟာ ဝိတက် ဝိစာရ တည်းဟူသော တရားနှစ်ပါးကြောင့် သူဟာ ရုန့်ရင်း ကြမ်းတမ်းတယ်၊ ဒါကြောင့်မို့လို့ ဒီတရား ဒိဋ္ဌဓမ္မ နိဗ္ဗာန် မဟုတ်သေးဘူး၊ ဒိဋ္ဌဓမ္မ နိဗ္ဗာန်ဟာ ရှိသေးတယ် ဆိုပြီးတော့၊
တစ်ခါ အသင်ပြောတဲ့ ပထမဈာန်ဟာ ဝိတက် ဝိစာရ ရှိနေလို့ တကယ့် နိဗ္ဗာန် မဟုတ်သေးဘူး၊ ဝိတက် ဝိစာရ ချုပ်ငြိမ်း တဲ့ ဒုတိယဈာန်သာလျှင် ဒုတိယဈာန်ရတဲ့ အတ္တလေးသာ တကယ့် ပရမဒိဋ္ဌဓမ္မ နိဗ္ဗာန် ဆိုပြီးတော့ ပြောတယ်။
ပြောတော့ တစ်ခါ တတိယ ပုဂ္ဂိုလ် တစ်ယောက်က သင်ပြောတဲ့ ဒုတိယဈာန် ဆိုတာကလဲ ပီတိဆိုတဲ့ ကြမ်းတမ်းတဲ့ တရားက ရှိနေသေးတယ်၊ ရှိသေး သောကြောင့် ဒါလဲပဲ ဒိဌဓမ္မ နိဗ္ဗာန် မဟုတ်သေးဘူး၊ အကြင်အခါ အတ္တလေးဟာ တတိယဈာန်ကို ရမယ်။
ပီတိယာစ - ပီတိကိုလည်း။
ဝိရာဂါ - လွန်မြောက်ခြင်းကြောင့်။
ဥပေက္ခကောစ - လျစ်လျူရှုသည် ဖြစ်၍လည်း။
ဝိဟရတိ - နေ၏။
သတော - သတိရှိသည်ဖြစ်၍။
သမ္ပဇာနော - ပညာ ဆင်ခြင်ဉာဏ်ရှိသည် ဖြစ်၍။
သုခဉ္စ - ကာယိက သုခ၊ စေတသိက သုခကိုလည်း။
ကာယေန - နာမကာယဖြင့်။
ပဋိသံဝေဒေသိံ - ခံစားခဲ့ပါပေ၏။
ယံ တတိယဇ္ဈာနဟေတု - အကြင် တတိယဈာန် ဟူသော အကြောင်းကြောင့်။
တံ တတိယဇ္ဈာန သမင်္ဂီပုဂ္ဂလံ - ထို တတိယဈာန်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို။
အရိယာ - အရိယာ သူတော်ကောင်းတို့သည်။
အာစိက္ခန္တိ - ချီးမွမ်းစကား ပြောကြားကြလေကုန်၏။
ကိံ - အဘယ်သို့။
အာစိက္ခန္တိ - ချီးမွမ်းစကား ပြောကြား ကြလေကုန်သနည်း။
ဥပေက္ခကော - တတိယဈာန် ချမ်းသာကြီးကိုသော်မှ လျစ်လျူရှုနိုင်သူပါပေတည်း။
သတိမာ - တကယ့်သတိ ရှိသူပါပေတည်း။ သုခ ဝိဟာရီတိ - တကယ့် ချမ်းသာစွာ နေလေ့ရှိပါပေ၏-လို့၊ အဲသလို ဆိုရတဲ့ တတိဈာန် ချမ်းသာကြီးဟာ၊ တတိယဈာန် ချမ်းသာရတဲ့ အတ္တဟာ တကယ့် ဒိဋ္ဌဓမ္မနိဗ္ဗာနသုခလို့ သူက တတိယဈာန်ကို နိဗ္ဗာန် အဖြစ်နဲ့၊ ပရမ ဒိဌဓမ္မ နိဗ္ဗာန်အဖြစ်နဲ့ သတ်မှတ်တယ်။
တစ်ခါ တစ်ယောက်က သင်ပြောတဲ့ တတိယဈာန် ဆိုတာ မရှိဘူး မဟုတ်ဘူး ရှိပါတယ်၊ ဒါပေမယ့် အဲဒါတကယ့် နိဗ္ဗာန် မဟုတ်သေးဘူး၊ ဘာကြောင့်တုံး၊ သုခ ချမ်းသာ ခံစားမယ် ဆိုတဲ့ နှလုံးသွင်းမှုဟာ သူ့မှာ ရှိနေသောကြောင့် သူဟာလဲ ကြမ်းတမ်းနေသေးတယ်၊ ကြမ်းတမ်းနေသောကြောင့် တကယ့် နိဗ္ဗာန် မဟုတ်သေးဘူး၊ ဘာနိဗ္ဗာန်တုံး ဆိုတော့ ...
သုခဿစ ပဟာနာ
ဒုက္ခဿစ ပဟာနာ
ပုဗ္ဗေဝ သောမနဿ
ဒေါမနဿာနံ အတ္ထင်္ဂမာ
ဥပေက္ခာသတိပါရိသုဒ္ဓိံ
စတုတ္ထံ ဈာနံ ဥပသမ္မဇ္ဇ ဝိဟရတိ။
(ဒီ၊ ၁၊ ၃၄။)
သုခဿစ ပဟာနာ - သုခကို ပယ်ခြင်းကြောင့် လည်းကောင်း။
ဒုက္ခဿစ ပဟာနာ - ဒုက္ခကို ပယ်ခြင်းကြောင့် လည်းကောင်း။
ပုဗ္ဗေဝ - ရှေးရှေးဈာန် ဥပစာကပင်။
သောမနဿ ဒေါမနဿနံ - သောမနဿ ဒေါမနဿတို့၏။
အတ္ထင်္ဂမာ - ချုပ်ပျောက်ခြင်းကြောင့်။
ဥပေက္ခာသတိပါရိသုဒ္ဒိံ - ဥပေက္ခာသည် ဖြစ်စေအပ်သော၊ သတိ၏ စင်ကြယ်ခြင်း ရှိသော။
စတုတ္ထံဈာနံ - စတုတ္ထဈာန်သို့။
ဥပသမ္ပဇ္ဇ - ပြည့်စုံစေ၍။
ဝိဟရတိ - နေ၏။
သောမနဿတွေ ဒေါမနဿတွေ ချုပ်ငြိမ်းပြီးတော့ တကယ့်ကြမ်းတမ်းတဲ့ တရားတွေ ကင်းတဲ့ စတုတ္ထဈာန်ဟာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာန်လို့ သူက သတ်မှတ်တယ်၊ အဲဒီတော့ -
ဘုန်းကြီးတို့ ရှေးက တိတ္ထိဆရာတွေ အတ္တလေးဟာ ပဌမဈာန် ရရင်ချမ်းသာတယ် လို့ ဆိုတယ်။ တစ်ယောက်က အို - ပဌမဈာန်ဟာဝိတက် ဝိစာရ ရှိတယ်၊ အဲ့ဒီ အတ္တလေးဟာ ဒုတိယဈာန်ရမှ၊
တစ်ခါ တစ်ယောက်သော ပုဂ္ဂိုလ်က ဟာ-မင်း ဒုတိယဈာန်က ပီတိဆိုတဲ့ တရား ရှိတယ်၊ အဲဒါက ကြမ်းတမ်းတာပဲ၊ အဲ ... တတိယဈာန်၊ တတိယဈာန်က သုခရှိနေတယ်၊ ဒါ့ကြောင့် သူလဲကြမ်းတမ်းတာပဲ၊ စတုတ္ထဈာန်ကမှ ချမ်းသာ တယ်တဲ့။ ပရမဒိဋ္ဌဓမ္မနိဗ္ဗာန် လောကမွန်မြတ်တဲ့ ထင်ရှားရှိတဲ့ သတ္တဝါ တစ်ယောက်ရဲ့ ပရမဒိဋ္ဌဓမ္မ နိဗ္ဗာန်ဆိုတာကို သတ်မှတ်တယ်၊
ဒါက နိဗ္ဗာန်ဆိုတာ အမျိုးမျိုးဆိုတာ ဘုန်းကြီးတို့ အခုဘုရားရှင် ကိုယ်တော်မြတ် မှာသာ ရှိတာမဟုတ်ဘူး၊ လောကမှာလဲ ဘာသာမျိုးစုံ၊ အယူမျိုးစုံမှာ နိဗ္ဗာန်ဆိုတာ သတ်မှတ်ထားတာ ရှိတယ်ဆိုတဲ့အကြောင်း သိရအောင်ဆိုပြီးတော့ ဒါ ထုတ်ဖော် ပြောလိုက်ရတာပဲ။
---
ဘုရားအဆက်ဆက်တို့ရဲ့ ဂါထာ တိတ္ထိတို့ဟာဖြစ်
ဒီတော့ ခုန မာဂဏ္ဍီပရိဗိုဇ်ကြီးရဲ့ နိဗ္ဗာန်ဟာလဲ တစ်မျိုးပဲ၊ သူပြောခဲ့တဲ့ နိဗ္ဗာန်တွေ ဆိုတာ တကယ်တော့ အတ္တမပါရင်တော့ ဘုန်းကြီးတို့ ကျမ်းဂန်ကလဲ လက်ခံတယ်၊ တကယ့်နိဗ္ဗာန် မဟုတ်ပေမယ့် တရားကောင်း အဖြစ်နဲ့ လက်ခံတဲ့ တရား တွေပါပဲ၊ သို့သော်လဲ သူတို့က အတ္တစွဲလေးက ပါနေတယ်။
အဲ... မာဂဏ္ဍီရဲ့ နိဗ္ဗာန်ကတော့ ပြောစရာမရှိဘူး။ နိဗ္ဗာန်သာ ဆိုတယ်၊ သူက လူကောင်ကြီးကိုး။ အဲသလို တပည့်တော်တို့ ပရိဗိုဇ်ဆရာတွေရဲ့ အထံမှာ ကြားရတဲ့ ဒီဂါထာလေးဟာ ရှင်တော်မြတ်ဘုရားရဲ့ စကားနဲ့ တစ်သားတည်း ကျတယ် ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်က သူ့စစ်မေးတယ်၊ တူတယ်လို့ မာဂဏ္ဍီက ပြောတော့ သူ့ကို စစ်မေးတယ်။
မာဂဏ္ဍီရဲ့ ဆရာ့ ဆရာတွေ ပြောတဲ့ အာရောဂျ - ကျန်းမာခြင်း၊ နိဗ္ဗာန - နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာလဲလို့ မေးတဲ့အခါကျတော့ ခန္ဓာကိုယ်ကြီး ပုတ်ပြတယ်။ ဒါဟာ နိဗ္ဗာန်ပဲ။ ဒါဟာ ကျန်းမာခြင်းပဲ၊ တပည့်တော်ဟာ အင်မတန်ချမ်းသာပါတယ်၊ ကျန်းမာနေပါ တယ်လို့ လျှောက်တော့ ဒီတင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးက
မာဂဏ္ဍီ … လောကမှာ အကန်းတစ်ယောက်ရှိတယ်။ သူ့မှာ အဖြူ အနီ အကြောင် အကြား ဘာမှမမြင်ဘူး။ အဲဒီတော့ လူတစ်ယောက်က ဟာ... ဒီအဝတ်လေးဟာ အင်မတန် လှတယ်။ အင်မတန် စင်ကြယ်တယ်လို့ သူကချီးမွမ်းတယ်။ အဲဒီလူရဲ့ ချီးမွမ်းသံ ကြားတော့ ခုနပြောတဲ့ အကန်းက ဟာ... ဒီအဝတ်ဖြူ ငါ ရှာဦးမှပဲ၊ သွားတော့ လူတစ်ယောက်က -
ဟေ့ ... မင်းရှာတဲ့ အဝတ်ဖြူဟာ ဒါပဲရော့ ဆိုပြီးတော့ ဟောဒီ အဝတ်ဖြူဟာ ဖြူလဲဖြူတယ်။ စင်ကြယ်လဲစင်ကြယ်တယ်။ လှလဲ လှတယ်ကွလို့ ဆိုတော့ သူက အဲ့ဒီအဝတ်ဖြူလေး ယူပြီးတော့ တစ်ခါတည်း ခြုံတယ်၊ ရုံတယ်၊ လက်ခံတယ်၊ မြုံတယ်၊ ရုံတယ် ခြံရုံတင်မက ဘူး။ အမယ် ... စင်ကြယ်တဲ့ အဝတ်ဖြူလေးငါ ရုံရပါလား ဆိုပြီးတော့ သူက နှစ်သက်တော့ နှစ်သက်တဲ့ စကားပြောကြား တယ်။
အဲဒီတော့ ဘုရားရှင်က မာဂဏ္ဍီကို မေးတယ်“ကဲ ... မာဂဏ္ဍီ၊ ခုနပြောတဲ့ ယောက်ျားဟာ အဝတ်ဖြူလေး စင်ကြယ်တဲ့ အဝတ်လေး၊ လှပတဲ့ အဝတ်လေးလို့ သူဆိုတာ၊ သူမြင်လို့ သူသိလို့ ပြောတာလား သို့မဟုတ် သူတစ်ပါးစကား သူ ယုံကြည်လို့ ပြောတာလား”ဆိုတော့ “ရှင်ဂေါတမ၊ သူ ဘယ်မြင်မတုံး။ သူ ဘာမှ မမြင်ပါဘူး။ တကယ်တော့ သူတစ်ပါးကို ယုံကြည်လို့ ပြောတာပါ ဘုရား” လို့ လျှောက်တယ်၊
“အေး ... ထို့ အတူပဲ။ ပရိဗိုဇ်တွေဟာ အန္ဓ - ဘာမှ မမြင်ကြတဲ့ အကန်းတွေသဖွယ် ဖြစ်ကြတယ်။ အစက္ခုကာ - ပညာမျက်စိမရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဒါကြောင့်မို့လို့ ဒီခန္ဓာ ကိုယ်ကြီးကို အာရောဂျ - ရောဂါကင်းတယ်၊ နိဗ္ဗာန - နိဗ္ဗာန်လို့ “အာရောဂျပရမာ လာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ” ဆိုတဲ့ ဂါထာကို ရွတ်နေတယ်” ။
အမှန်ကတော့ ဒီ အာရောဂျပရမာလာဘာ ဆိုတာ ရှေးအခါကြတော့ ဝိပဿီ အစရှိသော ဘုရားရှင် ကိုယ်တော်မြတ်တို့ရဲ့ ဂါထာ ...
အာရောဂျ ပရမာ လာဘာ၊
နိဗ္ဗာနံ ပရမံ သုခံ။
အဋ္ဌင်္ဂိကောစ မဂ္ဂါနံ၊
ခေမံ အမတဂါမိနံ။
(မ၊ ၂၊ ၁၇၆။)
ရှေးတုန်းက ဝိပဿီအစရှိသည့်ဘုရားရှင်ကိုယ်တော်မြတ်တွေ ရွတ်တဲ့ ဂါထာ၊ အဲဒီ ဂါထာဟာ နောင်အခါကျတော့ ပုထုဇဉ်တွေဆီ ရောက်သွားတယ်။ နောက်ကျတော့ ပရိဗိုဇ်တွေဆီ ရောက်သွားတယ်၊ ရောက်သွားတော့ ပရိဗိုဇ်တွေက ဒါသူတို့ ဂါထာ၊ သူတို့စကား လုပ်ပစ်လိုက်ကြတယ်၊ အဲဒီအကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ဟောတယ်။
---
အရိယာ မျက်လုံး မရှိသူ
မာဂဏ္ဍီကြီးကို ပြောပြီးတော့၊ မာဂဏ္ဍီ … ဤခန္ဓာကိုယ်ကြီးသည်၊
ရောဂ - ရောဂါဖြစ်တဲ့ ခန္ဓာကိုယ်ကြီး၊ အမြဲတမ်း ကျင်နာနေတယ်။
ဂဏ္ဍ - အမာ အဖုကြီးလိုပဲ၊ အမြဲတမ်း နာနေတဲ့ ခန္ဓာကိုယ်ကြီး၊ ဆူးငြောင့်လိုပဲ၊
အဃ - ဆင်းရဲဒုက္ခ ဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီး၊
အာဗာဓ - အနာ ဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီး၊ အဲသလို ရောဂါဖြစ်နေတဲ့ ခန္ဓာကိုယ်၊ အိုင်း အမာ-အမာဖု ဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီး၊ ဆူးငြောင့်သဖွယ် ထိုးဆွနေတဲ့ ခန္ဓာကိုယ်ကြီး၊ ဆင်းရဲဒုက္ခဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီး၊ နှိပ်စက်တဲ့ အနာဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီး၊
အဲဒီ ခန္ဓာကိုယ်ကြီးကို သင်က အာရောဂျ - ကျန်းမာတယ်၊ နိဗ္ဗာနံ - နိဗ္ဗာန်လို့ ပြောမိခဲ့တယ်။
တကယ်တော့ သင့်မှာ အရိယာတို့ရဲ့ မျက်လုံး မရှိဘူး၊ အကြင် အရိယာ စက္ခု ဆိုတဲ့ အရိယာမျက်လုံးဖြင့် အာရောဂျ - ကျန်းမာခြင်းကို မြင်နိုင်တယ်၊ နိဗ္ဗာန - နိဗ္ဗာန်ကို မြင်နိုင်တယ်၊ ထို ... အရိယာ စက္ခုခေါ်တဲ့ အရိယာတို့ရဲ့ မျက်လုံး သင့်မှာ မရှိဘူး။
ဒါကြောင့်မို့လို့ သင်ဟာ ဒီခန္ဓာကိုယ်ကြီးကို တကယ့် ရောဂါဝေဒနာ တကယ့် ဒုက္ခ တုံးကြီး၊ ခန္ဓာကိုယ်ကြီးကို အာရောဂျ - ကျန်းမာတဲ့၊ နိဗ္ဗာန - နိဗ္ဗာန်လို့ သင် ပြောနိုင်ဘိတယ်၊ ဒါ အရိယာ မဟုတ်လို့၊ ဒီအကြောင်း ပြောတော့မှ ဒီအခါမှ မာဂဏ္ဍီကြီးက တစ်ခါတည်း အကုန်ပြောကုန်တာပဲ။
စောစောတုန်းက သူ ဘုရား မတောင်းပန်ဘူး၊ ဒီ တစ်ခါတော့ ဘုရား တောင်းပန်တယ်၊ သူ့ကို ဆုံးမဖို့ ညွှန်ကြားဖို့၊ အဲဒီ အာရောဂျ - ကောင်းကောင်း သိဖို့၊ နိဗ္ဗာန်ကောင်းကောင်း သိဖို့၊ သူ့ကို ဆုံးမဖို့ ညွှန်ကြားဖို့ တောင်းပန်တယ်။
---
မာဂဏ္ဍီ ဘုရားကို အားကိုးလာ
ဧဝံ ပသန္နောဟံ ဘောတော ဂေါတမဿ ပဟောတိ မေ ဘဝံ ဂေါတမော။ တထာ ဓမ္မံ ဒေသေတုံ၊ ယထာဟံ အာရောဂျုံ ဇာနေယျံ နိဗ္ဗာနံ ပဿေယျံ။
(မ၊၂၊ ၁၇၈။)
ဘော ဂေါတမ - အရှင်ဂေါတမ။
ယထာ - အကြင် အခြင်းအရာအားဖြင့် ဟောသည် ရှိသော်။
အဟံ - ဘုရားတပည့်တော်သည်။
အာရောဂျံ - ကျန်းမာခြင်းကို။
ဇာနေယျံ - သိရာပါ၏။
နိဗ္ဗာနံ - နိဗ္ဗာန်ကို။
ပဿေယျံ - မြင်နိုင်ပါ၏။
တထာ - ထို အခြင်းအရာအားဖြင့်။
ဘဝံ ဂေါတမော - အရှင်ဂေါတမသည်။
ဒေသေတုံ - ဟောတော်မူခြင်းငှာ။
ပဟောတိ - စွမ်းနိုင်ပါပေ၏။
ဧဝံ-ဤသို့။
အဟံ - ဘုရား တပည့်တော်သည်။
ဘောတော ဂေါတမဿ ပသန္နော - ရှင်တော်မြတ် အပေါ်မှာ ယုံကြည် အားကိုးခြင်း ရှိပါပေ၏။
အဲ့ … တပည့်တော် တစ်ခါတည်း ဒီအာရောဂျ နိဗ္ဗာန် ကောင်းကောင်း မြင်အောင် ရှင်တော်မြတ်ဘုရား ဟောနိုင်တယ်လို့။ တပည့်တော် ရှင်တော်မြတ်ဘုရား အပေါ်မှာ ယုံကြည်အားကိုးမိပါပြီ ဘုရားလို့ဆိုတော့ ဒီတော့ ဘုရားရှင်က ဘာအမိန့်ရှိတုံး ဆိုတော့ မာဂဏ္ဍီ … လောကမှာ အကန်းတစ်ယောက် ရှိတယ်၊ မိဘတွေ ဆွေမျိုးတွေက ဆေးကုပေးကြတယ်၊ ဆေးကုပေမယ့် သူ့ဟာက မပျောက်နိုင်တဲ့ မျက်စိရောဂါမို့လို့ မပျောက်ဘူး။
မပျောက်လို့ရှိရင် ဆရာသာ ပင်ပန်းဖို့ ရှိတယ်မဟုတ်လားလို့ ဆိုတော့ မှန်ပါ၊ ဆရာသာ ပင်ပန်းဖို့ ရှိပါတယ်၊ အဲဒါလိုပဲ မာဂဏ္ဍီ၊ ငါက သင့်ကို တရားဟောမယ်၊ သင်က နားမလည်ဘူးဆိုလို့ရှိရင် ငါဘုရား ပင်ပန်းရုံသာ ရှိတော့မှာပေါ့ ဆိုတော့၊ အဲ့ဒီအခါမှာ။
မာဂဏ္ဍီက မြတ်စွာဘုရားကို ရှင်ဂေါတမ … သူတို့ ပုဏ္ဏားတွေကတော့ မြတ်စွာဘုရားကို ရှင်ဂေါတမလို့ပဲ ခေါ်တယ်၊ “ရှင်ဂေါတမ … ရှင်ဂေါတမဟာ တပည့်တော် နိဗ္ဗာန်မြင်အောင် ကျန်းမာခြင်း ကောင်းကောင်း နားလည်အောင် ဟောနိုင်မယ် ဆိုတာ “တပည့်တော် ရှင်ဂေါတမ အပေါ်မှာ အားကိုးပါတယ်၊ တကယ် ယုံကြည်ပါတယ်” လို့ လျှောက်ထားတယ်၊ လျှောက်ထားတော့ ဘုရားရှင်က ရုတ်တရက် လက်မခံသေးဘူး။
---
မာဂဏ္ဍီရဲ့ အကန်းဥပမာ
အကန်း ဥပမာတစ်မျိုးနဲ့ မိန့်ကြားတော် မူပြန်တယ်၊ မာဂဏ္ဍီ … လောကမှာ ဘာမှမမြင်တဲ့ အကန်းတစ်ယောက် ရှိတယ်၊ ခုနပြောသလို လူတစ်ယောက်က ဟာ ... ဒီအဝတ်လေး လှလိုက်တာဆိုတော့ သူက အဝတ်ရှာတယ်၊ အဝတ်ရှာတော့ လူတစ်ယောက်က သူ့ကို လှည့်စားတယ်၊ ဟေ့-ဒီအဝတ်လေးက အင်မတန်လှ၊ အင်မတန် စင်ကြယ်တယ်၊ အင်မတန် အညစ်အကြေး ကင်းတယ်ဆိုပြီး သူ့ကို ပေးတော့ သူက လက်ခံတယ်။
အဝတ်ကတော့ ဆီချေးတွေ ပေနေတဲ့ သားမွေးထည်လေးလို့ ဆိုတယ်၊ အဲ့ဒီ သားမွေးထည်လေးကို အဝတ်ဖြူလုပ်ပြီး လှည့်စားပြီး ပေးတော့ သူက အဟုတ် မှတ်ပြီး ယုံကြည်ပြီးတော့ အဲဒါ လက်ခံတယ်၊ နောက်ကျတော့ မိဘဆွေမျိုးတွေက ဆေးကုလိုက်တော့ မျက်စိ မြင်သွားတယ်၊ မြင်သွားတော့ ခုန အဖြူလေး၊ အစင်အကြယ်လေး ဆိုတဲ့ အဝတ်လေးကို သူ မကောင်းတဲ့ အဝတ်မှန်း ကောင်းကောင်း သိသွားတယ်။ ချေးညှော်တွေ ပေနေတဲ့ အဝတ်မှန်းသူက သိသွားတယ်။
သိသွားတော့ အဝတ်အပေါ်မှာ တပ်နှစ်သက်မှု ကင်းသွားတယ်၊ ကင်းသွားတဲ့ အခါကျတော့ တစ်ခါတည်း ကြည့်စမ်း၊ ငါဟာ နှစ်ပေါင်းများစွာ၊ လပေါင်းများစွာ ဒီလူရဲ့ လှည့်ပတ်မှု ငါခံနေရတယ်၊ အဝတ်ဖြူလေးဆိုပြီး အဟုတ်မှတ်လို့ သူ့ လှည့်ပတ်မှုကို ငါ ခံနေခဲ့ရတယ်၊ သူ့ရဲ့ လိမ်လည် လှည့်ဖြားမှုကို ငါခံနေခဲ့ရတယ် ဆိုပြီးတော့ အဲဒီလူကို သတ်တောင် သတ်ပစ်ချင်တယ်။
သူက အဲ့သလောက် ဖြစ်သွားတယ်၊ အဝတ်အပေါ်မှာ တစ်ခါတည်း နှစ်သက်မှု၊ တွယ်တာမှုဆိုတာ လုံးဝကင်းသွားတယ်၊ စောစောတုန်းကတော့ အဖြူလေးဆိုလို့ သိပ်ကြိုက်နေတယ်၊ ခုမြင်ရတော့ အဲဒီလူကို သတ်ပစ်ချင်လောက်အောင်ပဲ ဖြစ်သွားတယ်၊ အဲဒီတော့ ဘုရားရှင်က ဒီဥပမာလေး ပြောပြတယ်။
အဲဒါလိုပဲ မာဂဏ္ဍီ၊ ငါ ဘုရားရှင် ကိုယ်တော်မြတ်က သင့်ကို တရားဟောမယ်၊ တရားဟောရင် သင်ဟာ ငါ ဘုရား တရားတော်ကို သိလာမယ်၊ အဲ့သလို သိလာတဲ့ အခါမှာ ကိုယ်တိုင် မြင်လာမယ်၊ ကိုယ်တိုင်တွေ့လာမယ်၊
ဒီတရားတွေဟာ တကယ့် ရောဂါတွေ၊ အနာတွေ၊ နှစ်သက်ဖွယ် မဟုတ်တဲ့ တရားတွေ ဆိုတော့ ကိုယ်တိုင်သိလိမ့်မယ်၊ ကိုယ်တိုင် မြင်လာလိမ့်မယ်၊ အဲသလို ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်လာတဲ့ အခါကျတော့ သင်နားလည်လာလိမ့်မယ်။
ဪ ... ကြည့်စမ်း ငါ့စိတ်ဟာ ငါ့ကို လှည့်စား ထားတာကြာလှပြီ၊ ဒီတရားတွေဟာ နှစ်သက်ဖွယ်၊ သာယာဖွယ်၊ မြတ်နိုးဖွယ်၊ တကယ့် နိစ္စ - မြဲတဲ့တရားတွေ၊ သုဘ -တင့်တယ်တဲ့ တရားတွေစသည်ဖြင့် ဒီ စိတ်ဟာ ငါ့ကို လှည့်စားထားတာ ကြာပြီ၊ စိတ်ရဲ့ အလှည့်အပတ် ခံနေရတာကြာလှပြီ။
အဲသလို စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် ဥပါဒါနပစ္စယာ ဘဝေါ - ဘဝတွေ ဖြစ်ရတယ်။ ဘဝပစ္စယာဇာတိ - ဘဝကြောင့် ဇာတိဖြစ်ရ၊ ဇာတိဟူသော အကြောင်းကြောင့် ဇရာ-အိုရခြင်း၊ ဗျာဓိ-နာရခြင်း၊ သောက-စိုးရိမ်ပူဆွေးရခြင်း၊ ပရိဒေဝ-ငိုကြွေးရခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ ဒေါမနဿ-စိတ်ဆင်းရဲရခြင်း ဆိုတဲ့ ဒီလို ဒုက္ခတွေ၊ အဲ့-တကယ်တော့ ချမ်းသာဟူ၍ လုံးဝမဖက် သက်သက် ဒုက္ခချည်းပါပဲလား လို့ သိသွားလိမ့်မယ်လို့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတယ်။
---
မာဂဏ္ဍီ ရဟန်းပြုခွင့်တောင်း
အဲဒီတော့မှ တစ်ခါတည်း ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ထားတယ်၊ မြတ်စွာဘုရား၊ ရှင်တော်မြတ်ဘုရားဟာ ဘုရားတပည့်တော်ကို ဒီတစ်ထိုင်တည်း မှာပဲ အကန်းကပျောက် ပြီးတော့ မျက်စိအမြင်ရတဲ့သူ ဖြစ်အောင် တရားဟော ပြောနိုင်လိမ့်မယ်လို့ တပည့်တော် ယုံကြည်ပါတယ်၊ အားကိုးပါတယ် ဘုရားလို့ လျှောက်ထားတယ်။
အဲဒီအခါကျမှ ဘုရားရှင် ကိုယ်တော်မြတ်က အေး မာဂဏ္ဍီ … ဒီလိုဖြင့်ရင် သူတော်ကောင်းတွေ မှီဝဲ၊ သူတော်ကောင်းတွေ ဆည်းကပ်၊ ဒီတရားတွေ သိချင်ရင် သူတော်ကောင်းတွေ ဆည်းကပ်၊ သူတော်ကောင်းတွေ ဆည်းကပ်လို့ရှိရင် သူတော် ကောင်းတွေရဲ့ တရား ကြားနာရလိမ့်မယ်။
တရားတော်တွေ ကြားနာရတဲ့ အခါကျတော့ ဓမ္မနု ဓမ္မပဋိပတ် - လောကုတ္တရာ တရားကိုးပါး အားလျော်တဲ့ အကျင့်တွေ ကျင့်ရလိမ့်မယ်။
အဲသလို ကျင့်ရပြီဆိုရင် ဒီတရားတွေဟာ ရောဂါတွေပဲ၊ ဒီ တရားတွေဟာ နာကျင် နှိပ်စက်တတ်တဲ့ ရောဂါတွေပဲ၊ ခန္ဓာကိုယ်ကို ဖျက်ဆီးတတ်တဲ့ အိုင်းအမာတွေပဲ၊ ခန္ဓာကိုယ်ကို ထိုးဆွတတ်တဲ့ ဗြောင့်ဆူးတွေပဲလို့ သင်သိလိမ့်မယ်၊
အဲဒီ ခန္ဓာကိုယ်မှာ ဒီဆူးငြောင့်တွေဟာ ဟောဒီ နိဗ္ဗာန်မှာ အကုန်လုံးချုပ် ငြိမ်းလိမ့်မယ်လို့ ဒီလိုလဲ သင် နားလည်လိမ့်မယ်၊ အဲသလို နားလည်သွားတဲ့ အခါကျတော့ ဘာဖြစ်လာတဲ့ ဆိုရင် နဂိုကရှိတဲ့ ဥပါဒါန်တွေ ချုပ်ငြိမ်းလိမ့်မယ်။
ဥပါဒါနနိရောဓာ ဘဝနိရောဓော - ဥပါဒါန် ချုပ်ငြိမ်းရင် ဘဝချုပ်ငြိမ်းမယ်၊
ဘဝနိရောဓာ ဇာတိနိရောဓော - ဘဝချုပ်ငြိမ်းရင် ဇာတိ ချုပ်ငြိမ်းလိမ့်မယ်၊
ဇာတိချုပ်ငြိမ်းရင် ဇရာ၊ မရဏ၊ အိုခြင်း၊ သေခြင်း၊ သောက - စိုးရိမ်ပူဆွေးခြင်း၊ ပရိဒေဝ - ငိုကြွေးခြင်း၊ ဒုက္ခ - ကိုယ်ဆင်းရဲခြင်း၊ ဒေါမနဿ - စိတ်ဆင်းရဲခြင်းဆိုတဲ့ တရားတွေ ချုပ်ငြိမ်းလိမ့်မယ်။
အဲသလို ချုပ်ငြိမ်းလို့ရှိရင် အလုံးစုံသော ဒုက္ခတွေ အကုန်လုံး ချုပ်ငြိမ်းမယ့် အကြောင်း ဘုရားရှင် ကိုယ်တော်မြတ် က နောက်ဆုံးဘိတ် ဟောတော်မူတယ်။
အဲဒီတရား ကြားနာရရင်ပဲ အင်မတန် ကျေနပ်အားရ သွားပြီးတော့ -
“အဘိက္ကန္တံ ဘန္တေ၊ အဘိက္ကန္တံ ဘန္တေ။ နှစ်သက်ဖွယ် ကောင်းလိုက်တာ ဘုရား၊ ရှင်တော်မြတ်ဘုရား တရားဟာ နှစ်သက်ဖွယ် ကောင်းလိုက်တာဘုရား” နဲ့
ပြီးတော့ တစ်ခါတည်း ရဟန်းပြုပေးဖို့ တောင်ပန်တော့တာပဲ။
အဲ့ဒီ အခါကျတော့မှ ဘုရားရှင် ကိုယ်တော်မြတ်က တိတ္ထိဆိုတာ ‘တိတ္ထိဘဝက လာတဲ့ ပုဂ္ဂိုလ်ကို တို့က သာမန်နဲ့ ရဟန်းခံမပေးဘူး၊ လေးလ တိတ္ထိပရိဝါသ်ဆိုတာ ကျင့်ခိုင်းရတယ်၊ အဲ.. ကျင့်ခိုင်းပြီးတော့ လေးလ ကျေကျေနပ်နပ်၊ သံဃာတွေ ကျေကျေနပ်နပ်ဖြစ်အောင်နေသွားနိုင်မှ ရဟန်းပြုခွင့်ပေးတယ်။
သို့သော်လဲပဲ ငါဘုရားဟာ ပုဂ္ဂိုလ်ရဲ့ အတိုင်းအတာ ကြည့်တယ်၊ ဆိုပြီးတော့ သူ့ကို လေးလ ပရိဝတ် မနေစေဘဲနဲ့ ရဟန်းပြုခွင့် ပေးလိုက်ပါတယ်၊ ပေးလို့ ရဟန်း အဖြစ်သို့ ရောက်သွားလို့ နောက်အခါမှာ သူ ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူတဲ့ တရားတွေ အခြေခံပြီးတော့ ဝိပဿနာတရားတွေ အားထုတ် လိုက်တာ မကြာခင်ပဲ အာသဝေါကုန်ခန်း ရဟန္တာ အဖြစ်သို့ ရောက်သွားတယ်တဲ့ ... နော်။
အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ တကယ်ဆိုတော့ နိဗ္ဗာန်ဆိုတဲ့ တရားမရသမျှ၊ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေဟာ တာဝန် မပြီးသေးဘူး၊ တာဝန် လက်စ မသတ်သေးဘူး၊ တာဝန်ဟာ ရှိနေတာပဲ။
အဲဒါကြောင့်မို့လို့ တစ်ဆင့်ထက်တစ်ဆင့်၊ တစ်ဆင့်ထက် တစ်ဆင့် ဆိုတာလို နိဗ္ဗာန်တော့ ရအောင် တကယ့် ကြိုးစားခြင်းဖြင့် ကြိုးစားအားထုတ် နိုင်ကြပါစေ ကုန်သတည်း။
သာဓု ... သာဓု ... သာဓု ...
၁၃၄၈-ခု၊ သီတင်းကျွတ်လဆန်း (၈)ရက်
ပုထုဇဉ်နဲ့ အရိယာ အမြင်ချင်းမတူ
တဒရိယာ အာဟု ဒုက္ခတော။
ယံ ပရေ ဒုက္ခတော အာဟု၊
တဒရိယာ သုခတော ဝိဒူ။
(သုတ္တနိပါတ-၃၉၇။)
ပရေ - အရိယာမှ တစ်ပါး တခြားပုထုဇဉ် ပုဂ္ဂိုလ်တို့သည်။
ယံ - အကြင် ငါးဖြာအာရုံ ကာမဂုဏ်ဆိုတဲ့ တရားကို။
သုခတော - ချမ်းသာတဲ့ သုခဟူ၍။
အာဟု - အမှန်မမြင် ထင်ရာ စွဲဆိုကြလေကုန်၏။
တံ - ထိုပုထုဇဉ်တို့က သုခဟူ၍ ထင်ရာမြင်ရာ စွဲဆိုတဲ့ သုခကို။
အရိယာ - အရိယာသခင် ပညာရှင်တို့သည်။
ဒုက္ခတော - တကယ် မနှစ်သက်ဖွယ်ရာ ဆင်းရဲ ဒုက္ခသာဟူ၍။
အာဟု - ဆိုကြလေကုန်၏။
ပရေ - အရိယာမှတစ်ပါး တခြားသော ပုထုဇဉ်တို့သည်။
ယံ - အကြင်နိဗ္ဗာန်ဆိုတဲ့ တရားကို။
ဒုက္ခတော - ဘာမှ ခံစားစရာ မရှိ ဒုက္ခအတိဟူ၍။
အာဟု - ထင်ရာမြင်ရာ ဆိုကြပါကုန်၏။
တံ - ထိုပုထုဇဉ်တို့က ဒုက္ခဟု ဆိုအပ်တဲ့ နိဗ္ဗာန်တရားကို။
အရိယာ - အရိယာသူတော်စင်တို့သည်။
သုခတော - ချမ်းသာအစစ် တကယ်ဖြစ်၏ ဟူ၍။
ဝိဒူ - အထင်အရှား သိကြလေကုန်၏။
မနှစ်က ဘုန်းကြီး နိဗ္ဗာန်ချမ်းသာ ဆိုပြီး ဟောတော့ ဒီတရားလေး တစ်ခုဟာ ဖမ်းလို့ မမိဘူး၊ တရားလွတ်သွားတယ်၊ ဒီနှစ် ဒါ ကောင်းကောင်းတော့လဲ မမှတ်မိဘူး၊ မမှတ်မိပေမယ့် အစားထိုးလိုက်ဦးမှပဲ ဆိုပြီးတော့ ယနေ့ အဲဒီ တရားလေးပဲ ဟောဖို့ ရည်ရွယ်ပြီးတော့ ခု အစချီတာပဲ။
ပုထုဇဉ်နဲ့ အရိယာ အမြင်မတူဘူး
ငါးဖြာအာရုံ ကာမဂုဏ်တို့ဟာ ပုထုဇဉ်တို့ရဲ့ အကြိုက်၊ အကြိုက်ဖြစ်သောကြောင့် သူ့ အနေနဲ့တော့ တကယ့် ချမ်းသာပဲ၊ အဲ-အရိယာတို့ အမြင်ကျတော့ အဲဒီငါးဖြာ အာရုံ ကာမဂုဏ်ဆို တာဟာ ဒုက္ခပဲတဲ့၊ နိဗ္ဗာန်ဆိုတာ အရိယာတို့ရဲ့ အမြင်အားဖြင့် ဆိုရင် သုခ-တကယ့် ချမ်းသာပဲ။ အရိယာ အမြင်မှာ တကယ့်ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာကြီးဟာ ပုထုဇဉ်တွေ အမြင်ကျတော့ ဘာမှ ခံစားစရာ မရှိလို့ ဒုက္ခလို့ ထင်နေကြတယ်၊ အဲဒါကြောင့် မို့လို့ ပုထုဇဉ်နဲ့ အရိယာ အမြင်တစ်မျိုးစီ အမြင်ကွဲကြတယ်။
အမြင်ကွဲကြတဲ့ အတိုင်းပဲ ပုထုဇဉ်တွေဟာ ဘာဖြစ်လဲ။ ချမ်းသာတော့ ခံစားတာပဲ၊ သူတို့ ချမ်းသာကြီးက တကယ့် ချမ်းသာတွေ မဟုတ်ဘူး၊ ချမ်းသာက တစ်ပဲ ဆင်းရဲက တစ်ပိဿာ ဆိုတဲ့ ချမ်းသာတွေ။ အရိယာလဲ ချမ်းသာ ခံစားတာပဲ၊ သို့သော်လဲ အရိယာက တကယ် ချမ်းသာကို လက်ကိုင် ရထားတော့ ဆင်းရဲဟူ၍ မရောတဲ့၊ ဆင်းရဲနဲ့ ရောခြင်း မရှိတဲ့ တကယ့် ချမ်းသာသက်သက်ဖြစ်တဲ့ ချမ်းသာကို ခံစားရတယ်။
အမြင်ကွဲလို့ ချမ်းသာကွဲ
ပုထုဇဉ်နဲ့ အရိယာတို့ရဲ့ အမြင်၊ ကွဲတဲ့အတွက် ချမ်းသာကွဲမှု ခံစားရချင်းထူးတာ၊ ဒီတော့ ဘုန်းကြီးတို့ တကယ့် ချမ်းသာ ခံစားရတယ်ဆိုတာ ဘယ်အခါမှ ခံစားရတုံး ဆိုတော့ မိမိတို့ ကြိုးစားအားထုတ်လို့ သမထဝိပဿနာ ဘာဝနာတွေ ကြိုးစား အားထုတ်လို့ နောင်အခါ ဝိပဿနာရဲ့ အကျိုးအာနိသင် အဖြစ်နဲ့ ခံစားရတဲ့ ဖိုလ်ချမ်းသာ၊ နိရောဓသမာပတ္တိချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့၊ အဲဒီချမ်းသာတွေရမှ ထူးထူး ခြားခြား ခံစားရမှာ၊ တကယ့် ချမ်းသာအစစ် ခံစားရတယ်။
တကယ်ဆိုတော့ ဖလသမာပတ် စသော ချမ်းသာတွေဟာ အင်မတန် ထူးဆန်းတဲ့ ချမ်းသာတွေ၊ သာသနာတော်မှာမှ ရနိုင်တဲ့ ချမ်းသာတွေမို့လို့ မွန်လဲ မွန်မြတ်တဲ့ ချမ်းသာ တွေပါ။
အဲ-တစ်ခါတုန်းက ဒါနဲ့ စပ်ပြီး နည်းနည်း အလျဉ်းသင့်လို့ ပြောလိုက်ရဦးမယ်၊ တစ်ခါတုန်းက ဘုန်းကြီးတို့ ရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူခါနီး ကုသိနာရုံကို ကြွတော်မူတယ်၊ ပါဝါပြည်မှ ကုသိနာရုံ ကြွတော်မူခဲ့တယ်၊ အမြွက် လေးလောက် ပြောမှာပါပဲ၊ ကျယ်ကျယ်တော့ ပြောဖို့ အချိန် မရှိဘူး။
လမ်းခရီးသစ်ပင်ရင်း တစ်ခုမှာ ဘုရားရှင် ကိုယ်တော်မြတ် ထိုင်နေတော်မူခဲ့တယ်၊ အဲ့ဒီတော့ ပုက္ကုသ ဆိုတဲ့ မလ္လာ မင်းသားကလဲ ကုသိနာရုံက နေပြီး ပါဝါပြည်ကို ပြန်လာတော့ ခရီးအကြားမှာ ဘုရားရှင် ကိုယ်တော်မြတ် မြင်တော့ ဝင်ပြီးတော့ ရှိခိုး၊ ရှိခိုးပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။
“အစ္ဆရိယံဘန္တေ အဗ္ဘုတံဘန္တေ - မြတ်စွာဘုရား တကယ် အံ့ဖွယ်ကောင်းပေစွ၊ မြတ်စွာဘုရား တကယ်မဖြစ်ဖူးမြဲ ထူးကဲစွာ ဖြစ်ပါပေစွ။
ပဗ္ဗဇိတာ - ရဟန်းတော်တို့သည်။
သန္တေန - ငြိမ်သက်သော။
ဝိဟာရေန - နေခြင်းမျိုးဖြင့်။
ဝိဟရန္တိ ဝတ - နေကုန်စွတကား။
ရဟန်းတော်တွေဟာ အင်မတန် ငြိမ်သက်တဲ့ နေခြင်းဖြင့် နေတော်မူကြတာဟာ တကယ်ပဲ အံ့သြစရာကောင်း လှပါ တယ်ဘုရား”
သူက ဘုရားရှင်ကိုယ်တော်မြတ်၊ ဘုရားအလောင်းတော် ဘဝတုန်းက ပထမနည်း ယူတဲ့ ကာလာမ-အမျိုးအနွယ်၌ ဖြစ်တဲ့ အာဠာရ-ရသေ့ကြီးရဲ့ တပည့်၊ အာဠာရ-ရသေ့ကြီးရဲ့ ဖြစ်ပုံ သူမြင်ခဲ့ဖူးလို့ သူကြုံခဲ့ဖူးလို့ အဲဒါကို ရည်ရွယ်ပြီး ပြောတာ ဘုန်းကြီးတို့ သာသနာတော်က ဘုန်းကြီးတွေ ရည်ရွယ်ပြီးပြောတာ မဟုတ်ဘူး။
ပုက္ကုသနှင့် ဆရာအာဠာရ
“အံ့ဖွယ်ကောင်းလှပါတယ် မြတ်စွာဘုရား မဖြစ်ဖူးမြဲ ထူးကဲစွာ ဖြစ်ပါပေစွ မြတ်စွာဘုရား၊ ရဟန်းတော် အရှင်မြတ်တို့သည် တကယ်ငြိမ်သက်တဲ့ နေခြင်းမျိုးဖြင့် နေကြပါပေကုန်စွ” ဆိုပြီးတော့ နောက်နောက်ဖြစ်ခဲ့တဲ့ သူ့ ဆရာအကြောင်း၊ ကာလာမ အနွယ်၌ ဖြစ်တဲ့ အာဠာရ-ရသေ့ကြီးရဲ့ အကြောင်း ပြန်ပြောင်း လျှောက်ထားတယ်။
“ရှင်တော်မြတ်ဘုရား … တစ်ခါတုန်းက ကာလာမ အနွယ်၌ဖြစ်တဲ့ အာဠာရ ရသေ့ကြီးဟာ ခရီးရှည် ဒေသစာရီ ကြွပါတယ်။
အဲဒီအခါမှာ လမ်းခရီးအကြား သစ်ပင်ရင်း တစ်ခုတွေ့တော့ အဲဒီ သစ်ပင်ရင်းမှာ ထိုင်ပြီးတော့ သီတင်းသုံး နေခဲ့ပါတယ်။
အဲဒီအခါမှာ လှည်းငါးရာဟာ သူ့နားက နေပြီးတော့ ကပ်ကပ်-ကပ်ကပ်ပြီးတော့ သွားလိုက်ကြတာ တစီတတန်းကြီး”။
အဲဒီ အခါမှာ မြတ်စွာဘုရားကို လျှောက်နေတာနော်။ ခု ပြောတဲ့ ပုက္ကုသက မြတ်စွာဘုရားကို သူ့ဆရာအကြောင်း လျှောက်နေတာ။
လောကီ သမာပတ်ဖြင့် ငြိမ်သက်သူ
အံ့ဖွယ် အဖြစ်ဖြင့် အဲ ... လှည်းငါးရာ အာဠာရ အရှင်မြတ်ကို ကပ်ကပ်-ကပ်ကပ် ပြီးတော့ တကျီကျီနဲ့ သွားနေကြတယ်၊ အဲဒါ လှည်းငါးရာရဲ့ နောက်ဆုံးက လိုက်လာတဲ့ ယောက်ျားက လှည်းငါးရာ ဆုံးတဲ့အခါကျတော့ ကာလာမ ရသေ့ကို တွေ့ပါတယ်ဘုရား။
အဲသလို တွေ့တော့ သြော - အရှင်ဘုရား လှည်းတွေ လွန်သွားတာ မမြင်လိုက် ဘူးလား ဆိုတော့ ရသေ့ကြီးက မမြင်ဘူး ဒကာ၊ နို့ ဘုရား၊ လှည်းသံတွေ၊ ဒါလောက် ဆူဆူညံညံ သွားနေတဲ့ လှည်းသံတွေ အရှင်ဘုရား မကြားဘူးလား ဘုရား ဆိုတော့၊ မကြားဘူး ဒကာ။
နို့ အရှင်ဘုရား အိပ်များ ပျော်နေသလားလို့ လျှောက်တော့ ငါ အိပ်လဲ မအိပ်ပါဘူး ဒကာ၊ အဲသလို မအိပ်တဲ့ အကြောင်း၊ ဒါဖြင့် အရှင်ဘုရားဟာ သညာ စိတ်ရော ရှိပါသလား ဘုရား ဆိုတော့၊ သညာလဲ ငါ့မှာ ရှိနေတာ ဒကာရဲ့ ဆိုပါတယ်၊ ဆိုတော့ အဲဒီတင် အဲဒီ ဒကာရဲ့ စိတ်ထဲမှာ ဒီလို အကြံ ဖြစ်ပါတယ် မြတ်စွာဘုရား။
“အစ္ဆရိယံဝတ ဘော အဗ္ဘုတံဝတ ဘော’ အံ့ဩဖွယ်ရာ ကောင်းလှပေစွနော်၊ မဖြစ်ဖူးမြဲ ထူးကဲစွာ ဖြစ်ပါပေစွနော်။
ရဟန်းတော် အရှင်မြတ်တွေဟာ အင်မတန် ငြိမ်သက်တဲ့ ဣန္ဒြေနဲ့ နေနိုင်တော် မူကြပါပေစွ၊ တကယ်တော့ ဒီမျှ လှည်းပေါင်း ငါးရာ ကပ်ပြီးတော့၊ သူ့ ကိုယ်ပေါ်မှာလဲ ဖုန်တွေလူးလို့ အဲသလို ဖြစ်နေလျက်သားနဲ့ အဲဒီ လှည်းပေါင်း ငါးရာ သွားတာလဲ သူ မမြင်လိုက်ဘူးတဲ့၊ လှည်းပေါင်း ငါးရာရဲ့ အသံလဲ မကြားလိုက်။
သညာလဲ ရှိတယ်၊ နိုးလဲ နိုးနေလျက်သားနဲ့ မကြားလိုက်ဘူး ဆိုတာ သြော်- ရဟန်းတော် အရှင်မြတ်တွေဟာ အင်မတန် အံ့သြစရာ ကောင်းပါလားလို့၊ အဲဒီ ယောက်ျားက အာဠာရ အရှင်အပေါ်မှာ ချီးကျူး စကား အံ့ဩစကား လျှောက်ထား သွားပါတယ် ဘုရားလို့ ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။
ကောက်ရိုးအုံလေးထဲက ဗုဒ္ဓ
အဲ့ဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်က မလ္လမင်းသား ပုက္ကုသကို မိန့်တော်မူတယ်၊ ပုက္ကုသ … ငါဘုရား မိန့်တော်မူတဲ့ ဒီစကားကို သင်ဘယ်လို အောက်မေ့သတုံး၊
ခုနပုဂ္ဂိုလ် တစ်ယောက်ဟာ လှည်းပေါင်းငါးရာ အနားက ကပ်ကပ် ကပ်ကပ် သွားနေတာတောင်၊ အသံလဲမကြား မြင်လဲမမြင်ရ၊ သညာလဲ ရှိရဲ့၊ နိုးလဲနိုးနေ၊ အိပ်နေတာလဲ မဟုတ်ဘဲနဲ့ အမှတ်သညာ စိတ်သညာလဲ ရှိနေလျက်သားနဲ့ မကြားလိုက်ဘူး ဆိုတာဟာ အံ့သြဖွယ် ကောင်းတာထက် -
တစ်ယောက်သော ပုဂ္ဂိုလ်ဟာ မိုးကလဲ ရွာနေ တဂျိမ်းဂျိမ်းနဲ့ မိုးတွေကလဲခြိမ်းနေ၊ တခွမ်ခွမ် တချွမ်ချွမ်နဲ့ မိုးကြိုးတွေကလဲပစ်နေ၊ အဲ့ဒီပစ်နေတဲ့ အခါမှာ အသံလဲ မကြားဘူး မြင်လဲမမြင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်နဲ့ ဘယ်နှယ် နေတုံးဆိုတော့၊ ဟာ ... အဲဒီပုဂ္ဂိုလ်က ပိုအံ့သြစရာ ကောင်းတာပေါ့ ဘုရား။
ပိုပြီးတော့ အံ့သြစရာကောင်းတဲ့ အကြောင်းကို လျှောက်ထားတဲ့အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က မိမိရဲ့ နောက်ကြောင်းလေးကို ပြန်ပြောပြီးတော့ မိန့်ကြားတော် မူခဲ့တယ်။
အေး... ပုက္ကုသ၊ ငါဟာ တစ်ခါတုံးက အာတုမာ ဆိုတဲ့ မြို့ကလေးမှာ နေခဲ့တယ်၊ မြို့ကလေးဆိုပေမယ့် မြို့ပေါ်မှာ မဟုတ်ဘူး၊ လယ်လုပ်တဲ့ ကောက်ရိုးတဲ၊ ကောက်ရိုးအုံကလေးထဲမှာ၊ ဘုရားရှင် ကိုယ်တော်မြတ် သီတင်းသုံးတော်မူခဲ့တယ်။
ဘုရားရှင် ကိုယ်တော်မြတ်တို့ ဆိုတာကတော့ တော ကြိုက်တယ်၊ ဆိတ်ငြိမ်ရာ ကြိုက်တယ်၊ ဘယ်လောက်ပဲ ဂန္ဓကုဋိတိုက်ကြီး ခမ်းခမ်းနားနားနဲ့ နေရပေမယ့် သတ္တဝါတွေ အကျိုး အတွက်ပဲ နေရတယ်၊ နေချင်တာကတော့ တောပဲ။ အခုလို အေးချမ်းတဲ့ ကောက်ရိုးတဲတို့၊ ဒီလိုနေရာမျိုးသာနေချင်တာ။
တကယ့် ချမ်းသာဟာ အဲဒီလို နေရာမျိုးမှာမှ တကယ့် ချမ်းသာဟာ တွေ့နိုင်တာ၊ ဗဟုကိစ္စ များပြားတဲ့ နေရာတွေ ခမ်းနားတဲ့ ထည်ဝါတဲ့ နေရာတွေမှာ တကယ့် ချမ်းသာ တွေ့နိုင်တာ မဟုတ်ဘူး။
သညာ ဝိပ္ပလ္လာသ အမှတ်မှားလို့၊ စိတ္တဝိပ္ပလ္လာသ စိတ်ဖောက်ပြန်ကြတယ်၊ ဒိဋ္ဌိဝိပ္ပလ္လာသ အယူမှားကြတယ်-ဆိုတဲ့ ဝိပ္ပလ္လာသ တရားတွေ ရှိနေကြသောကြောင့် မချမ်းသာကို ချမ်းသာထင်၊ ချမ်းသာကို မချမ်းသာ ထင်နေကြခြင်းသာ ဖြစ်တယ်။ အဲသလို ဘုရားရှင် ကိုယ်တော်မြတ်ဟာ အဲဒီကောက် ရိုးတဲလေးမှာ သီတင်းသုံးတယ်။
အိုး ... အဲဒီအချိန်မှာ မိုးတွေကလဲ ရွာလိုက်တာ၊ တကတည်း မိုးကြိုးတွေက တဂျိမ်းဂျိမ်းနဲ့ ပစ်နေတယ်၊ မိုးတွေ ခြိမ်းလိုက်တာ ဆိုတာကလဲ အကြီးအကျယ် ခြိမ်းနေတာ၊ အဲသလို ခြိမ်းနေတဲ့အချိန်မှာ မိုးကြိုးပစ်လိုက်တော့ လယ်ထွန်သမား ညီနောင် နှစ်ယောက်နဲ့ နွားလေးကောင် သေသွားတယ်၊ မိုးကြိုး စက်ကွင်း မိသွားတယ်။
ဖလသမာပတ်ဖြင့် ငြိမ်သက်သူ
အဲသလိုဖြစ်နေတုန်း အာတုမာမြို့သားတွေ တရုံးရုံးနဲ့ ထွက်လာပြီးတော့ ကြည့်ကြတယ်၊ အဲဒီအခါမှာ ဘုရားရှင် ကိုယ်တော်မြတ်ဟာ ခုနပြောတဲ့ ကောက်ရိုးတဲလေးက ထွက်ပြီးတော့ ကောက်ရိုးတဲ တံခါးဝက ကွင်းပြင်မှာ စင်္ကြံ လျှောက်နေတယ်။
ခုနပြောတဲ့ မိုးကြိုးပစ်ခံရတဲ့ ပုဂ္ဂိုလ်တွေ လာကြည့်တဲ့ လူတွေထဲက လူတစ်ယောက်က ဘုရားရှင် ကိုယ်တော်မြတ်ထံ လျှောက်လာတယ်၊ လျှောက်လာတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဟေ့... ဟိုမှာ လူတွေ ရုံးရုံး - ရုံးရုံးနဲ့ ဘာဖြစ်နေကြတာတုံးကွ-လို့ ဆိုတော့၊
အရှင်ဘုရား … ဒီမှာ မိုးကြိုးပစ်လို့ လူနှစ်ယောက်နဲ့ နွားလေးကောင် သေသွားတဲ့ အကြောင်း၊ အဲဒါ လာကြည့်ကြတာ ဆိုတဲ့ အကြောင်းလျှောက်ထားပြီးတော့၊ မြတ်စွာဘုရားကို အရှင်ဘုရား … ဒီ မိုးကြိုးပစ်တာတွေ မမြင်ရဘူးလား၊ လျှပ်စီးလက်တာတွေ မိုးကြိုးပစ်တာတွေ မမြင်ဘူးလားဆိုတော့၊
ငါ မမြင်ဘူးဒကာ၊ နို့ အရှင်ဘုရား ဒီလောက်တောင် မိုးကြိုးတွေပစ် မိုးတွေ ခြိမ်းနေတာ အသံမကြားရဘူးလား ဆိုတော့၊ အေး အသံလဲ ငါ မကြားရဘူး။ ဒါဖြင့် အရှင်ဘုရား အိပ်ပျော်နေတဲ့သဘာ ဆိုတော့ ငါ မအိပ်ပါဘူး ဒကာ၊
ဒါဖြင့် အရှင်ဘုရားမှာ သညာစိတ်ကော ရှိရဲ့လား ဆိုတော့၊ အေး... ငါ့မှာ သညာလဲ ထင်ရှားပါတယ်၊ အဲဒီလိုဆိုတော့ ဒီတင် အဲဒီ ဒကာက သူ့ စိတ်ထဲမှာ အံ့သြ သွားပြန်တယ်။
ဪ ... ရဟန်းတော်တွေ ဆိုတာ အင်မတန် အံ့ဩစရာ ကောင်းပါလား၊ မဖြစ်ဖူးမြဲ ဖြစ်လာတဲ့ သဘောတွေပါလား ကြည့်စမ်း ... မိုးရွာနေ မိုးကြိုးတွေကလဲ တဂျိမ်းဂျိမ်း ပစ်နေ၊ လျှပ်စီးတွေကလဲ တလက်လက် လက်နေတယ်၊ အဲသလို ဆူညံပြီးတော့ ထိန်လင်းနေတဲ့ ဒီအရာကြီးကို ကြုံနေပါလျက် အိပ်လဲ အိပ်မပျော်ဘူး၊ သညာ စိတ်လဲ ထင်ရှားတယ်၊
အဲသလို ဖြစ်ရဲ့သားနဲ့ ကြားလဲ မကြားဘူး၊ မြင်လဲ မမြင်ရဘူး ဆိုတော့ တကယ့် အံ့သြစရာပဲ ဆိုပြီးတော့ အံ့ဩစကား ပြောပြီး သွားတယ် ဆိုတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က မိန့်တော်မူလိုက်တော့ ခုနပြောတဲ့ မလ္လမင်းသား ပုက္ကုသက၊ အရှင်ဘုရား … တပည့်တော်ရဲ့ ဆရာ ကာလာမ အနွယ်၌ဖြစ်တဲ့ အာဠာရ ရသေ့အပေါ်မှာ တပည့်တော်ရဲ့ ကြည်ညိုခြင်းတွေကို အကုန်လုံး ရေထဲမျှောလိုက်ပါပြီး၊ လေထဲ မျှောလိုက်ပါပြီ။
ထို ကြည်ညိုခြင်းကို အရှင်ဘုရား အပေါ်မှာ တပည့်တော် ပုံပြီးတော့ အပ်ပါတော့မယ် ဘုရား၊ နှစ်သက်ဖွယ် ကောင်းပါပေစွ၊ နှစ်သက်ဖွယ် ကောင်းပါပေစွလို့၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ အဲဒီအခါမှာ ဟောတဲ့ တရားကို ချီးကျူးပြီးတော့ သရဏဂုံ ခံယူသွားတယ်နော်။
အဲဒီတော့ ကြည့်စမ်း ဘယ်လောက် အံ့သြစရာ ကောင်းသလဲ၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ သမာပတ်အစွမ်း၊ တကတည်း မိုးကြိုးသံလဲ မကြားရဘူး၊ လျှပ်စီး လက်တာလဲ မကြားရဘူး၊ လူတွေ အုံးအုံး အင်းအင်း ဆိုတဲ့ အသံတွေလဲ မကြားရဘူး၊ တစ်ခါတည်း တည်ငြိမ်နေတာ။
ခုန အာဠာရ ရသေ့ကြီးရဲ့ သမာပတ်က လောကီ သမာပတ်၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ သမာပတ်က ဖလသမာပတ်၊ ဖိုလ်ဝင်စားတယ်၊ အဲဒီတော့ အဲဒီ သမာပတ် တွေရဲ့ အစွမ်းဟာ ဘယ်လောက် ကြီးတယ်ဆိုတာ ဒီသမာပတ်နဲ့ ချမ်းသာယူနေတဲ့ ဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့ ချမ်းသာမျိုး ဟာလဲဘယ်လောက် ချမ်းသာတယ်ဆိုတာ ပြောစရာမရှိဘူးနော်။
အဲဒီ ချမ်းသာဟာ တိုက်ကြီး တာကြီး ဂန္ဓကုဋိတိုက်ကြီး တွေထက် အခု တကတည်း တဲအုံလေးထဲမှာ ခံစားရတာက ပိုပြီးတော့ အရသာရှိတယ်၊ အဲဒါကြောင့် ဒီ သုခမျိုးဟာ ကာမဂုဏ် ချမ်းသာကဲ့သို့ မဟုတ် နိဗ္ဗာန် ချမ်းသာမို့လို့ အလွန် ချမ်းသာတဲ့ ချမ်းသာ၊ ဒါကြောင့် မွန်မြတ်တဲ့ ချမ်းသာ တစ်ခု။
ဟတ္ထာဠဝကနှင့် ဘုရားရှင်
ဘယ်သူက ပိုချမ်းသာ
တစ်ခါတုန်းက ဘုရားရှင် ကိုယ်တော်မြတ် အာဠဝီပြည် ရင်းတိုက်တောမှာ နွားတွေ သွားရာ လမ်းကြောင်း၊ အဲဒီမှာ သစ်ရွက်လေး ခင်းပြီး သီတင်း သုံးတော်မူတယ်၊ သီတင်းသုံးတာကလဲ ညကြီးပေါ့။
မနက်လင်းတဲ့ အခါကျတော့ ဟတ္ထာဠဝက ဆိုတာ ဘုရားတပည့် အနာဂါမ် ဥပါသကာ၊ ပိဋကတ် သုံးပုံဆောင်ပါပဲ၊ ရောက်လာပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ထားတယ်၊
မြတ်စွာဘုရား … ချမ်းချမ်း သာသာ အိပ်စက်ရပါရဲ့လား ဘုရားလို့ လျှောက်ထားတော့ အေး ... ချမ်းချမ်းသာသာ အိပ်စက်ရပါတယ်၊ ဟတ္ထာဠဝက လောကမယ် ချမ်းသာစွာ အိပ်စက်ရတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့၏။ ထို ပုဂ္ဂိုလ်တို့တွင် ငါ ဘုရားလဲ တစ်ပါး အဝင်အပါပေပဲ လို့ မိန့်ကြားတော်မူတယ်။
မိန့်ကြားတော့ ဟတ္ထာဠာဝက “အရှင်ဘုရား၊ ဆောင်း တွင်းအခါကြီး နှင်းတွေကလဲ ကျလို့၊ အောက် မြေကြီးကလဲ မြေကြမ်း၊ အဲပြီးတော့လဲပဲ သစ်ရွက်အခင်းကလေးကလဲပဲ ကျိုးတိုးကျဲတဲ ရှင်တော်ဘုရားရဲ့ သင်္ကန်းကလဲအေးလို့၊ အဲ သလို အဖြစ်မျိုးနဲ့ ဖြစ်နေတာတောင် ရှင်တော် ဘုရားက ချမ်းသာစွာ အိပ်ရပါရဲ့လို့ မိန့်ကြားတော် မူရက်ပါပေတယ်”လို့ လျှောက်ထား တော့ ဘုရားရှင် ကိုယ်တော်မြတ်က သူ့ ပြန်မေးတယ်။
“ဟတ္ထာဠာဝက ငါ မေးမယ်၊ မင်း ဖြေစမ်း၊ တကယ့် ချမ်းသာကြွယ်ဝတဲ့ သူဌေး သူကြွယ်ကြီး၊ တကတည်း မိုးလုံ လေလုံ တိုက်ကြီးနဲ့ တံခါးတွေကလဲ စေ့လို့ ပိတ်ထားတာ၊ ခုတင်ကြီးပေါ်မှာ ကော်ဇောကြီးတွေ ခင်းလို့၊ အမျိုးသမီးလေးဦးရဲ့ အပြုစု ခံရပြီးတော့ အိပ်နေမယ်ဆိုရင် အဲဒီသူဌေးသူကြွယ် ပုဂ္ဂိုလ်ဟာ ဘယ့်နှယ်လဲ၊ ချမ်းချမ်းသာသာ အိပ်ရမလား” “မှန်ပါ၊ ချမ်းချမ်း သာသာ အိပ်ရပါမယ်ဘုရား”။
“ကောင်းပြီ အဲဒီ ၊ သူဌေးသူကြွယ်ဟာ ရာဂကြောင့် ဖြစ်တဲ့အပူနဲ့ ကြုံလာရမယ်၊ ဒေါသကြောင့် ဖြစ်တဲ့ အပူနဲ့ ကြုံလာရမယ်၊ မောဟကြောင့် ဖြစ်တဲ့ အပူနဲ့ ကြုံလာရမယ် ဆိုရင် အဲ့ဒီအခါ အဲဒီ အပူကြုံနေရတဲ့ သူဌေးသူကြွယ်ဟာ ဆင်းဆင်းရဲရဲ အိပ်ရတော့မှာ မဟုတ်လား” ဆိုတော့၊ “ဆင်းဆင်း ရဲရဲ အိပ်ရမှာပါပဲ ဘုရား”။
“အေး ... အဲဒီ ရာဂ၊ ဒေါသ၊ မောဟ အပူတွေ ကြုံနေရတဲ့ သူဌေးသူကြွယ်ရဲ့ ဆင်းဆင်း ရဲရဲ အိပ်ရကြောင်းဖြစ်တဲ့ ရာဂ၊ ဒေါသ၊ မောဟတွေဟာ ငါ ဘုရားမှာ လုံးလုံးမရှိဘူး၊ ငြိမ်းနေပြီ၊ ငြိမ်းကုန်ပြီ၊ ဒါကြောင့် ငါဘုရားမှာ ဆင်းဆင်းရဲရဲ အိပ်ရတယ် မရှိဘူး”။
အခါခပ်သိမ်း အပူပင် ကင်းပြီးတော့ ချမ်းချမ်းသာသာ အိပ်ရတယ်လို့ မိန့်ကြားတော်မူတယ်နော်။
အကောင်းဆုံး အိပ်ဆေး
အဲဒီတော့ ဘုန်းကြီးတို့ တကယ့် ချမ်းသာဆိုတာ အပူပင် ကင်းမှ ချမ်းသာတယ် ဆိုတာ မထင်ရှားဘူးလား ၊ အဲဒါကြောင့် တကယ် ချမ်းချမ်း သာသာ အိပ်မယ်ဆိုက အပူကင်းဖို့ အရေးကြီးတယ်၊ ဒါကြောင့် တကယ့်ချမ်းသာဟာ အဲဒီ အပူကင်းမှု အပေါ်မှာ တည်တယ်။
အပူတွေ လုံးဝငြိမ်းရင်း အဲဒီပုဂ္ဂိုလ်ဟာ ဟို ... တိုက်ကြီး ပေါ်မှာ နေရမှ မဟုတ်ဘူး၊ ပန်ကာတွေ ဘာတွေ၊ မွေ့ရာတွေ ဆိုဖာတွေ၊ အစာ အာဟာရ မျိုးစုံနဲ့ တကတည်း ချမ်းချမ်း သာသာ ဇိမ်ခံပြီး နေရမှ မဟုတ်ဘူး။
သစ်ပင်ရင်းလဲ သူ့မှာ ပျော်စရာ တွေ့တယ်၊ ခုနပြောတဲ့ တဲလေးမှာလဲ ပျော်စရာ တွေ့နေတာပဲ၊ အခါခပ်သိမ်း ပျော်စရာနဲ့ တွေ့နေရတယ်၊ ဒါကြောင့်မို့လို့ တကယ့် ချမ်းသာဆိုတာ အဲ့ဒီ အပူကင်းဖို့ အရေးကြီးတယ်။
ဘုရားနဲ့ ဗိမ္ဗိသာရ
ဘယ်သူက ပိုချမ်းသာ
တစ်ခါတုန်းက တိတ္ထိတွေက ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။ သူတို့က အတ္တကိလမထသမားတွေကိုး ခန္ဓာကိုယ် ပင်ပန်းအောင် မီးလှုံရမယ်၊ ဆောင်းတွင်းကြီး အေးပြီဆိုတဲ့ ဆောင်းတွင်းကြီးမှာ ရေဆင်းငုပ်တယ်၊ ဒီပြင်လဲ အမျိုးမျိုး ဆူးပေါ်အိပ်၊ ဘာအိပ်နဲ့၊ ဒုက္ခရှာပြီး ကျင့်ကြတော့ ဘုရားရှင်က အဲဒီ ဒုက္ခခံ ကျင့်တာတွေကို ဝေဖန်တော့ သူတို့က ဘာပြောတုံး ဆိုတော့။
သုခေန သုခံ အဓိ ဂန္တဗ္ဗံ။
ဒုက္ခေန ခေါ ဘော ဂေါတမ၊
သုခံ အဓိ ဂန္တဗ္ဗံ။
ဘော ဂေါတမ - အရှင် ဂေါတမ။
သုခေန - ချမ်းသာဖြင့်။
သုခံ - ချမ်းသာကို။
န အဓိဂန္တဗ္ဗံ - ရရိုး မရှိပါပေ။
ဒုက္ခေန ခေါ - ဆင်းရဲဖြင့်သာ။
သုခံ - ချမ်းသာကို။
အဓိဂန္တဗ္ဗံ - ရရိုး ဧကန် အမှန်ဖြစ်ပါပေ၏။
လို့ လျှောက်တယ်။
“ရှင်ဂေါတမ ဒုက္ခနဲ့သာ သုခ ရရိုးပါ၊ ဒုက္ခခံမှ သုခ ရတယ်။ သုခဖြင့် သုခ မရနိုင်ပါဘူး၊ တကယ်လို့ သုခဖြင့် သုခ ရမယ်ဆိုရင် ဗိမ္ဗိသာရ မင်းကြီးဟာ တကယ့် ချမ်းသာတဲ့ ပုဂ္ဂိုလ် ဖြစ်နေမှာပေါ့။ ဘာကြောင့်တုံး ဆိုရင် ဗိမ္ဗိသာရ မင်းကြီးဟာ အရှင် ဂေါတမတို့ထက် ပိုပြီးတော့ ချမ်းသာတဲ့ ပုဂ္ဂိုလ်ပါပဲ”။
အဲ့ဒီလို ဘုရားရှင် စကားကို ချေပ ပြောဆိုကြတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က “ဟေ့ ဒီစကားဟာ မင်းတို့ မဆင်မခြင်ပြောတဲ့ စကားပဲ၊ တစ်ခါတည်း သုခဖြင့် သုခ ရမယ် ဆိုရင် ဗိမ္ဗိသာရ မင်းကြီး တကယ့် ချမ်းသာတဲ့ ပုဂ္ဂိုလ် ဖြစ်မှာပေါ့”
“ဘာကြောင့်တုံး ဗိမ္ဗိသာရ မင်းကြီးဟာ အရှင်ဂေါတမတို့ထက် ချမ်းသာတဲ့ ပုဂ္ဂိုလ်ဖြစ်လို့၊ အဲသလို မင်းတို့ ပြောလိုက်တဲ့ စကားဟာ တကယ်တော့ မဆင်မခြင် ထင်ရာစွဲပြီး မင်းတို့ ပြောလိုက်တာပဲ”
“တကယ်တော့ မင်းတို့ ငါ့ကို မေးဖို့ကောင်းတယ်။ ရှင် ဂေါတမ … ဗိမ္ဗိသာရ မင်းကြီးနဲ့ ရှင်ဂေါတမဟာ ဘယ်သူက ပိုပြီးတော့ ချမ်းသာသလဲလို့၊ အဲသလို ငါ့ကို မေးဖို့ ကောင်းတယ်”ဆိုတော့ အဲဒီတော့မှ တိတ္ထိတွေက “ရှင်ဂေါတမ၊ ကဲ ... ကျွန်ုပ်တို့ဟာ မဆင်မခြင် ပြောလိုက်မိပါတယ်၊ ကဲ... ရှင်ဂေါတမဟာ ဘယ်သူက ပိုပြီး ချမ်းသာပါသတုံး”၊ အဲသလို မေးတယ်။
အဲ့ဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်က “ကောင်းပြီ၊ ကဲ ... သင်တို့ကိုပဲ ငါမေးမယ်။ ဗိမ္ဗိသာရ မင်းကြီးဟာ ခန္ဓာကိုယ်လဲ မလှုပ်ရှားဘဲနဲ့၊ ပါးစပ်ကလဲ စကားမပြောဘဲနဲ့ ခုနှစ် ရက်လုံးလုံးများ နေနိုင်မလား”ဆိုတော့၊ “ဒီလို ဘယ်နေနိုင်မှာတုံး ဘုရား၊ မနေနိုင်ဘူး” “ကဲ ခြောက်ရက်နေနိုင်မလား” “မနေနိုင်ဘူး” “ငါးရက် လေးရက် သုံးရက်၊ နှစ်ရက်၊ တစ်ရက်လုံးလုံးများ ဗိမ္ဗိသာရမင်းကြီးဟာ ကိုယ်လဲ မလှုပ်ဘဲနဲ့ ပါးစပ်က စကားလဲ မပြောဘဲနဲ့ နေနိုင်မလား” ဆိုတော့ “မနေနိုင်ပါဘူးဘုရား”လို့ လျှောက်ထားတော့။
“အေး-ငါ ဘုရားဟာ ကိုယ်လဲ မလှုပ်ဘဲနဲ့ ပါးစပ်ကလဲ ဘာစကားမှ မပြောဘဲနဲ့ တစ်နေ့ လုံးလုံးလဲ နေနိုင်တယ်၊ နှစ်ရက်လဲ နေနိုင်တယ်၊ သုံးရက်လဲ နေနိုင်တယ်၊ လေးရက်လဲ နေနိုင်တယ်၊ ငါးရက်လဲ နေနိုင်တယ်၊ ခြောက်ရက်လဲနေနိုင်တယ်၊ ခုနစ်ရက်လဲ နေနိုင်တယ်”။
“အဲဒီလိုဆိုလို့ရှိရင် ဗိမ္ဗိသာရမင်းကြီးက ချမ်းသာသလား၊ ငါ ဘုရားက ချမ်းသာ သလား”လို့ တိတ္ထိတွေကို မေးတယ်၊ မေးတော့မှ ဒီတော့မှ တိတ္ထိတွေက ဝန်ခံလာတယ် “အဲ - ရှင်ဂေါတမ ဒီလိုဆိုရင် ဗိမ္ဗိသာရမင်းကြီးထက် ရှင်တော် ဂေါတမက ပိုပြီး ချမ်းသာပါတယ်ဘုရား”လို့ လျှောက်ထားကြတယ်နော်။
အဲဒါကြောင့် တကယ့် ချမ်းသာဆိုတာ အင်မတန် ထူးဆန်းတယ်၊ သာမန် ချမ်းသာ ကတော့ သူလဲ ခံစား ငါလဲခံစား၊ အဲ-သူ့မှာလဲရှိ ငါ့မှာလဲရှိလို့ ဘာမှ ထူးဆန်းတာမဟုတ်ဘူး၊ တကယ့် ချမ်းသာ ဆိုတာကတော့ ထူးခြားတယ်။
အဲသလိုပဲ ဒါကြောင့်မို့ ငြိမ်းချမ်းမှု အရသာဆိုတာ ငြိမ်းချမ်းမှု ချမ်းသာမျိုးဆိုတာ သာမန်ချမ်းသာမျိုး မဟုတ်ဘူး၊ အင်မတန် လိုလားအပ်တဲ့ ချမ်းသာ၊ အဲဒီ ချမ်းသာဟာ ဘယ်အခါမှ ရသတုံးဆိုတော့ မဂ်-ဖိုလ်ရမှ ရတာ၊ မဂ်ဖိုလ်ရမှ ရတဲ့ ချမ်းသာတွေ၊ မဂ်-ဖိုလ်ရဲ့ အကျိုးအာနိသင်ချည်းပဲ၊ ဖိုလ်ဝင်စားတယ် ဆိုရင် နိဗ္ဗာန်ယူပြီး နေရတာပဲ၊ အင်မတန် ချမ်းသာတဲ့ ချမ်းသာတစ်မျိုး။
ဒီထက် ချမ်းသာတယ်ဆိုရတာ နိရောဓ သမာပတ် ချမ်းသာပဲ၊ နိရောဓ သမာပတ် ချမ်းသာဆိုတာ ကြားဖူးကြမှာပါပဲ။
နိရောဓ သမာပတ် ချမ်းသာဆိုတာ
သို့သော်လဲပဲ နည်းနည်းတော့ အခွင့်ဆိုက်လို့ ပြောလိုက်ရဦးမယ်၊ နိရောဓ သမာပတ် ဆိုတာကတော့ ကြည့်လိုက်လို့ရှိရင် မလှုပ်မယှက်ဘဲ၊ သမာပတ် ဝင်စားတဲ့ ပုဂ္ဂိုလ်ကြီးကို ကြည့်လိုက်လို့ရှိရင် မလှုပ်မယှက်ဘဲ၊ ဟို-သေနေတဲ့ ပုဂ္ဂိုလ်ကြီး လိုဘဲ၊ မလှုပ်မရှားပုံက ပြောတယ်။
ဒါပေမယ့် သေတဲ့ ပုဂ္ဂိုလ်နဲ့မတူတဲ့ ထူးခြားတဲ့ အချက်တွေကလဲ ရှိသေးတယ်၊ အဲဒီတော့ နိရောဓ သမာပတ်ဆိုတာ ဘုန်းကြီးတို့ အခုဆွမ်းစားတယ်၊ သွားတယ်၊ လာတယ်၊ နေတယ်၊ ထိုင်တယ် စားတယ်၊ သောက်တယ်။
ဒါတွေဟာ ဘာရဲ့ အရှိန်တုံး ဆိုတော့ စိတ်ဓာတ် နှိုးဆော်ပေးလို့ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေရဲ့ အမူအရာ တွေပဲ၊ စိတ်ကလှုံ့ဆော်ပေးလို့ သွားလိုတဲ့ စိတ်ဖြစ်လို့ သွားတဲ့ တြိယာတွေ ဖြစ်လာတယ်။
စားချင်တဲ့ စိတ်ဖြစ်လို့ စားတဲ့ ကြိယာတွေဖြစ်လာတယ်၊ ခုနပြောတဲ့ နိရောဓ သမာပတ် ဝင်စားတဲ့ အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ်က စိတ် စေတသိတ် စိတ္တဇရုပ်တွေ ချုပ်နေတော့ စိတ်အမူအရာ စိတ္တဇရုပ် အမူအရာတွေ ကင်းနေခြင်း ဖြစ်ပါတယ်၊ ဒီသမာပတ်က အနာဂါမ် ရဟန္တာမှ ဝင်စားနိုင်တယ်။
အနာဂါမ် ရဟန္တာတောင် အနာဂါမ် ရဟန္တာတိုင်း ဝင်စားနိုင်တာ မဟုတ်ဘူး၊ သမာပတ် ရှစ်ပါး၊ ဈာန်ခေါ်ကြတဲ့ သမာပတ် ရှစ်ပါးလုံးရမှ ဝင်စားနိုင်တာ၊ သမာပတ် ရှစ်ပါးလုံး ရတဲ့ အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ်တွေသာ ဝင်စားနိုင်တယ်။
ဒီဈာန်မရရင် ရဟန္တာလဲ မဝင်စားနိုင်ဘူး၊ အနာဂါမ်လဲ မဝင်စားနိုင်ဘူး၊ အနာဂါမ် ရဟန္တာလဲ ဖြစ်မှ၊ ဈာန်ရှစ်ပါးလဲရမှ နိရောဓ သမာပတ် ဝင်စားနိုင်တယ်။
အဲဒီတော့ ဝင်စားပုံ အကျဉ်းချုပ်လေး ပြောလိုက်မယ်၊ နိရောဓသမာပတ် ဝင်စားချင်တဲ့ ပုဂ္ဂိုလ်ဟာ မနက် ရဟန်းတွေကို ပြောထားတာ၊ စာထဲကတော့ မနက် ဆွမ်းခံကြွ၊ ဆွမ်းခံကြွပြီး ဆွမ်းဘုဉ်းပေးပြီးတော့ လက်တွေ ခြေတွေ ဆေးပြီးတော့ တစ်နေရာရာ သွားထိုင်၊ တစ်နေရာရာ သွားထိုင်ပြီးတော့ ပထမဈာန် ဝင်စားလိုက်၊ ပထမဈာန် ဆုံးသွားတော့ အဲဒီ ပထမဈာန်မှာရှိတဲ့ ဈာန်တရား၊ စိတ်တရားတွေ၊ စေတသိက် တရားတွေကို ဝိပဿနာတင်ပြီး ဆင်ခြင်ရတယ်။
အနိစ္စ-ဒုက္ခ-အနတ္တ ရှုလိုက်ရတယ်၊ နောက် ဒုတိယဈာန် ဝင်စား၊ ဒုတိယဈာန် ဆုံးတော့ အဲဒီ ဒုတိယဈာန်မှာရှိတဲ့ စိတ် စေတသိတ် တရားတွေ၊ ဈာန် တရားတွေ၊ နာမ် တရားတွေ အဲဒါတွေကို အနိစ္စ-ဒုက္ခ-အနတ္တ တင်လိုက်၊ သမထ တစ်လှည့်၊ ဝိပဿနာ တစ်လှည့်။
သမထတစ်လှည့် ဝိပဿနာ တစ်လှည့်၊ အစုံစုံ ပြုပြီးတော့ ဝင်စားသွားရတယ်၊ နောက် တတိယဈာန် ဝင်စားလိုက်၊ တတိယဈာန် တရားတွေက ဝိပဿနာရှုလိုက်၊ စတုတ္ထဈာန် ဝင်စားလိုက်၊ စတုတ္ထဈာန်က တရားတွေ ဝိပဿနာ ရှုလိုက်၊ ဝင်စားလိုက်၊ အာကာသနဉ္စာယတနဈာန် ဝင်စားလိုက်၊ အဲဒီက တရားတွေ ဝိပဿနာရှုလိုက်၊ အစုံလိုက် အစုံလိုက် သွားရတယ်။
ဝိညာဏဉ္စာယတနဈာန် ဝင်စားလိုက်၊ အဲ့ဒီဈာန်က နာမ်တရားတွေကို ဝိပဿနာ တင်လိုက်၊ အာကိဉ္စညာယတနဈာန် ဝင်စားလိုက်၊ အဲ့ဒီဈာန်က တရားတွေကို ဝိပဿနာ တင်လိုက်၊ အဲ့ဒီ အာကိဉ္စညာယတနဈာန် ဝင်စားလိုက်၊ အဲဒီ အာကိဉ္စညာယတနဈာန် ဆုံးသွားတဲ့ အခါကျတော့ ရှေ့မသွားဘဲနဲ့ ရပ်ပြီးတော့ ဘာလုပ်ရတဲ့ ဆိုတော့ ပုဗ္ဗကိစ္စလေးပါး လုပ်ရတယ်၊ ပုဗ္ဗကိစ္စ ဆိုတာ။
နိရောဓ သမာပတ် မရောက်ခင် ကြိုတင်ပြီးတော့ ဒီကနေပြီးတော့ လုပ်ရမယ့် ကိစ္စတွေ ရှိတယ်၊ အဲဒီ ကိစ္စလေးရပ်ကို ဆောင်ရွက်ရတယ် “နာနာဗဒ္ဓ အဝိကောပန”တဲ့ ပါဠိလိုတော့၊ မိမိနဲ့ ဆက်စပ်နေတာတွေကတော့ သမာပတ် တန်ခိုးကြောင့် ဘယ်မီး၊ ဘယ်သူခိုး၊ ဘယ်မင်းဆိုးမှ မဖျက်ဆီးနိုင်ဘူး၊ မိမိနဲ့ ကွာနေတဲ့ ဟို ကျောင်းမှာ ထားခဲ့တဲ့ သပိတ်တွေ ဘာတွေ သင်္ကန်းတွေ၊ ကျောင်းကန်တွေ၊ အဲဒါတွေကတော့ သမာပတ် ဝင်စားနေတုန်း ဟိုမှာ သူခိုး ခိုးနိုင်တယ်၊ ဓားပြ တိုက်နိုင်တယ်၊ ဒါကြောင့် ဒီနေရာမှာ အဓိဋ္ဌာန်ရတယ်။
ငါ့ကိုယ်နဲ့ ကင်းနေတဲ့ ကျောင်းတွေ၊ ကန်တွေ၊ သပိတ် သင်္ကန်းတွေ၊ ပစ္စည်းတွေ၊ ရေမီး စသည် အန္တရာယ်တွေက ကင်းပါစေ ဆိုပြီး အဓိဋ္ဌာန် ရတယ်၊ အဓိဋ္ဌာန်ရင် သမာပတ် ဝင်စားနေတဲ့ အချိန်အတွင်း ဘယ်ရန်သူမှ မဖျက်ဆီးနိုင်ဘူး။
အဲ... ဒုတိယကိစ္စက ဘာတုံးဆိုရင် “သံဃ ပဋိမာ နန” သံဃာက မိမိ အတွက် လိုချင်ရင်၊ မိမိကို သံဃာ့ ကိစ္စအတွက် လိုချင်ရင်၊ အလိုရှိရင် ဘယ်အခါမဆို ထသွားနိုင်အောင် ဒါလဲ အဓိဋ္ဌာန် ရတယ်၊ ငါ့ကို သံဃာက အလိုရှိရင် ဘယ်အခါ မဆို ထနိုင်ပါစေ၊ အဲသလို အဓိဋ္ဌာန်ထားရင် ဟိုက သံဃာ့ကိစ္စ ရှိပြီးဆိုရင် သံဃာက လာမခေါ်ရဘူး၊ တစ်ခါတည်း သိပြီးတော့ သူ့ဟာသူ သွားတယ်။
အဲသလို အဓိဋ္ဌာန် မထားရင် သံဃာက အခေါ် လွှတ်ရတယ်၊ ခပ်လှမ်းလှမ်းက နေပြီးတော့ အရှင်ဘုရားကို သံဃာက အလို ရှိပါတယ်ဆိုရင်၊ ဟော့ တစ်ခါတည်း ဒီက ချက်ချင်း သမာပတ်မှ ထပြီးတော့ အဲဒါ ဘာမှ ဒီသမာပတ် အတွင်းမှာ အသိရှိတာ မဟုတ်ဘူး၊ စိတ်ရော၊ စေတသိတ်ရော၊ စိတ္တဇရုပ် တွေရော အကုန် ချုပ်ပြီးတော့ ဘယ်အသိမှ မရှိတော့ဘူး၊ ဒါပေမယ့် သံဃာက ခေါ်တယ် ဆိုရင် တစ်ခါတည်း သမာပတ်မှ နိုး၊ သမာပတ်မှ ထပြီးတော့ တစ်ခါတည်း လိုက်သွားတယ်၊ သံဃာရဲ့ တန်ခိုးဟာ ဒီလောက် ကြီးတယ်လို့ ဆိုတယ်။
ဘုရားက လိုလားတဲ့အခါလဲ သမာပတ်မှ ထနိုင်ပါစေ လို့ အဓိဋ္ဌာန်ရတယ် “သတ္ထု ပက္ကောသန” အဲ့သလို အဓိဋ္ဌာန် ထားရင် ဟိုက ဘုရားက အလိုရှိရင် ဒီမှာ သူ့ အလိုလို သမာပတ်မှ ထတယ်၊ အဓိဋ္ဌာန် မထားရင် ဟိုက ဘုရား အခေါ်လွှတ်ရင် ခပ်လှမ်းလှမ်းက နေပြီးတော့ သူ့ကို မမြင်ရဘဲနဲ့ အရှင်ဘုရားကို ဘုရားက ခေါ်တယ် ဆိုရင် အဲဒီအခါလဲ ချက်ချင်း ထ လာတာပဲ၊ ဒါက ဘုရားတန်းခိုး ခုနက သံဃာတန်ခိုး၊ နောက်ကျတော့။
“အဒ္ဓါန ပရိစ္ဆေဒ”- ခေါ်တဲ့ မိမိ အသက်ပိုင်းကို ကြည့်ရတယ်၊ လူ့ပြည်မှာ ဆိုလို့ ရှိရင် ထမင်း အသက် ခုနှစ်ရက် ဆိုတဲ့အတိုင်း၊ ခုနစ်ရက်သာ ဝင်စားနိုင်တယ်၊ အဲဒါကြောင့် မိမိ အသက်ဟာ ခုနစ်ရက်ပြည့်အောင် နေနိုင်သေးလား၊ ဒီအတွင်းမှာ သေမလား ဆိုတာကို ကြည့်ရတယ်။
ဒီအတွင်းမှာ သေမယ် ဆိုရင် မဝင်စားရဘူး၊ ဘာကြောင့်တုံး ဆိုရင် သမာပတ် အတွင်းမှာ မသေအောင် သမာပတ်က မတားမြစ်နိုင်ဘူး၊ မတားမြစ်နိုင်တော့ ဒီအတွင်းမှာ သေသွားရတယ်၊ သေသွားပြီးတော့ ဒီအတွင်းမှာ သမာပတ်က ထ ပြီးတော့၊ သမာပတ် ဖျက်ပြီးတော့ နေရတယ်။
အဲဒီတော့ ဘာဖြစ်တုံးဆိုတော့ မိမိ လုပ်ရမယ့် ဆောင်ရွက်ရမယ့် ဆိုင်ရာ သံဃာ့ကိစ္စ၊ ကျောင်းကိစ္စ၊ ကန်ကိစ္စ စသည်ဖြင့် ဆောင်ရွက်နိုင်တဲ့ အကျိုးယုတ်လို့၊ ဒါကြောင့် အဲဒါမျိုး မဖြစ်နိုင်အောင်၊ မဖြစ်ရအောင် ပြည့်ပြည့်ဝဝ အားထုတ်ပြီးတော့ လုံလုံ လောက်လောက်နဲ့ ထနိုင်အောင် မိမိရဲ့ အသက်တန်းကို ကြည့်ရတယ်၊ ဆင်ခြင်ရတယ်။
အဲ့သလို ပုဗ္ဗကိစ္စ လေးပါး ပြုပြီးတော့ တစ်ခါတည်း နေဝသညာနာသညာယတနဈာန် ဆိုတဲ့ သမာပတ် တစ်ပါးက နောက်ဆုံး ဈာန်ဝင်စားလိုက်တော့ နောက်ဆုံးဈာန် နေဝသညာ နာသညာယတနဈာန် နှစ်ကြိမ်လောက်ဖြစ်ပြီးတယ် ဆိုရင် တစ်ခါတည်း ချုပ်သွားတာပဲ၊ စိတ်လဲ မရှိတော့ဘူး၊ အဲ့ဒါ ခုနစ်ရက် လုံးလုံးပဲ၊ ဒီအတိုင်းပဲ၊ အင်မတန် ထူးဆန်းတယ်၊ ဒီဟာ ခုနှစ်ရက်၊ အနာဂါမ် ရဟန္တာတွေဟာ ဘယ်လို ဒီသမာပတ် ဝင်စားကြသတုံး ဆိုတော့။
ဥက္ကဏ္ဌိတွာန ယောနိသော။
သုခံ ဝိဟရိဿာမာတိ၊
သမာပဇ္ဇန္တိ တေ ဣမံ။
ဥဒယဗ္ဗယသင်္ခါရ - ဖြစ်ပျက်၊ ဖြစ်ပျက်ဖြင့် ဖြစ်ပျက်မစဲ ဖြစ်ပျက်နေသော သင်္ခါရ တရား၌။
ယောနိသော - သင့်သော အကြောင်းအားဖြင့်။
ဥက္ကဏ္ဌိတွာန - ပျင်းရိ ငြီးငွေ့ကြကုန်၍။
သုခံ ဝိဟရိဿာမာတိ - ဒီသင်္ခါရဘေးတွေက အလွတ်ရှောင်၍ ချမ်းချမ်းသာသာ ငါ နေတော့မည်ဟူ၍။
တေ - ထို ဈာန်ရ အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ်တို့သည်။
ဣမံ - ဤ နိရောဓ သမာပတ်ကို။
သမာပဇ္ဇန္တိ - ကောင်းစွာမသွေ ဝင်စားတော် မူကြလေကုန်သတည်း။
ဒါ ဒိဋ္ဌဓမ္မနိဗ္ဗာန်ပဲ၊ အနာဂါမ် ရဟန္တာတွေဟာ၊ သြော် … သင်္ခါရတွေဟာ ဒုက္ခပဲ၊ ဘေးတွေ၊ ဒုက္ခတွေ၊ အင်မတန်ဆိုးရွာတဲ့ တရားတွေ အဲဒါတွေနဲ့ ငါ ကြုံရတော့ အဲဒါတွေနဲ့ လွတ်ရာ ကင်းရာ ရှောင်ပြီးတော့ ၊ ချမ်းချမ်း သာသာ ငါ နေဦးမယ်ဆိုပြီး သမာပတ်ဝင်စားနေတာပဲ၊ အင်မတန် ထူးဆန်းတဲ့ သမာပတ်၊ ဒီ သမာပတ် အတွင်းမှာတော့ ဘယ်လို သတ်သတ် မသေဘူး။
သစ်ငုတ် ကောဏ္ဍည မထေရ်ကြီး
တချို့ ရဟန္တကြီးတွေ ခါနုကောဏ္ဍညတဲ့ ၊ သစ်ငုတ် ကောဏ္ဍညဆိုတဲ့ မထေရ်ကြီး၊ ဒီလိုပဲ သမာပတ် ဝင်စားနေကျ နိရောဓသမာပတ် ဝင်စားနေတယ်၊ သူခိုးတွေက ညကျတော့၊ ပစ္စည်းထုပ်တွေ ခိုးပြီးတော့ မထေရ်မြတ်ကို လူမထင်ဘူး၊ ရဟန်း မထင်ဘူး၊ သစ်ငုတ်ကြီး ထင်ပြီးတော့ တခါတည်း ပစ္စည်းထုပ်ကြီးတွေ တင်ကြတာပဲ၊ သူတို့လဲ ဖိလိုက်သေးတယ်။
နောက်ကျမှ မထေရ်ကလဲ သမာပတ်မှ အထ၊ သူတို့လဲ ပစ္စည်းထုပ်တွေ အယူ လှုပ်လှုပ် ရှားရှား ဖြစ်တော့၊ တကတည်း ထိတ်ထိတ် လန့်လန့် ဖြစ်ကုန်ပြီးတော့၊ မထေရ်ကို ပြားပြား ဝပ်ဝပ် ရှိခိုးကန်တော့ တောင်းပန်ကြတယ်။
တောင်းပန်ပြီး နောက်ကျတော့၊ ရဟန်းပြုပေးဖို့ တောင်းပန်ပြီး ရဟန်းပြုသွား ကြတယ်။
အဲဒါကြောင့် မို့လို့ ဒိဋ္ဌဓမ္မ နိဗ္ဗာန်တစ်မျိုးတဲ့ ၊ အန္တရာယ်လဲ မရှိဘူး ၊ သမာပတ်တန်ခိုး ဆိုတာကလဲ အင်မတန် ထူးဆန်းပါတယ်၊ ဒီ အခိုက်မှာဆိုရင်၊ ဘယ်လို သတ်လို့မှ မသေဘူး မီးရှို့တာတွေလဲ ရှိတယ်၊ ကျမ်းဂန်မှာ ဝတ္ထုတွေ၊ ဘယ်လို မီးရှို့ရှို့ မသေဘူး။
အဲ ဒါကြောင့်မို့လို့၊ စိတ် စေတသိက် စိတ္တရုပ်ချုပ်နေပုံ ထူးဆန်းသလို၊ ချမ်းသာ အနေအားဖြင့်လဲ ထူးဆန်းသလို၊ တန်ခိုးအနေ အားဖြင့်လဲ အလွန်ထူးဆန်းတဲ့ သမာပတ်တွေ။
တကယ့် ချမ်းသာ ဆိုတာ
အဲဒီတော့ ဘုန်းကြီးတို့ ဆိုလိုရင်းက၊ တကယ့် ချမ်းသာဆိုတာ ဘာတုံး ဆိုတော့ ခုလို ကိလေသာတွေ ငြိမ်းပြီးတော့ ကိလေသာတွေ ကင်းပြီးတဲ့ ပုဂ္ဂိုလ်များ အဖို့၊ ဝိပဿနာအာနိသင်၊ မဂ်ဖိုလ်ရဲ့ အာနိသင်ဟာ၊ အခုပြောတဲ့ ဖလသမာပတ် နိရောဓ သမာပတ်စတဲ့ သမာပတ်တွေ ဒါတွေဟာ တကယ် ချမ်းသာတွေပဲ၊ အဲဒီ ချမ်းသာတွေ၊ အဲဒီ ချမ်းသာတွေ။
ဣမံ အရိယသေဝိတံ။
ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာန၊
မိတိ သင်္ခံ ဥပါဂတံ။
ဘာဝေတွာ အရိယံ ပညံ၊
သမာပဇ္ဇန္တိ ပဏ္ဍိတာ။
(ဝိသုဒ္ဓိ၊ ၂၊ ၃၅၁။)
ဣတိ - ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့်။
သန္တံ - အလွန်တရာ ငြိမ်သက်လှစွာသော။
သူ့ထက် ငြိမ်သက်စရာ ဘာမှ မရှိဘူး၊ ဖလသမာပတ် ဆိုတာကမှ လှုပ်ရှားမှုလေး နဲနဲ ရှိသေးတယ် အခု နိရောဓသမာပတ်က လှုပ်ရှားအောင် လှုံ့ဆော်တတ်တဲ့ စိတ်တွေ အကုန်ချုပ်နေလို့ တကယ် ငြိမ်သက်တယ် ၊ ဒါကြောင့် ...
သန္တံ - အလွန်တရာ ငြိမ်သက်လှစွာသော။
အရိယသေဝိတံ - ဈာန်သမာပတ် ရတဲ့ အနာဂါမ် ရဟန္တာတို့သာ မှီဝဲ ဝင်စား အပ်သော။
ဣမံ သမာပတ္တိံ - ဤ နိရောဓသမာပတ်ကို။
ဒိဋ္ဌေဝ ဓမ္မေ - မျက်မှောက် ထင်ထင် ယခု မျက်မြင် ဘဝ၌ပင်လျှင်။
နိဗ္ဗာနမိတိ - ခံစားရတဲ့ တကယ့်နိဗ္ဗာန်ဟူ၍။
သင်္ခံ - ရေတွက် သမုတ်ခေါ်ဝေါ်ခြင်းသို့။
ဥပဂတံ - ရောက်သော။
ဣမံ သမာပတ္တိံ - ဤသမာပတ်ကို။
အရိယံ ပညံ - အရိယာတို့၏ ပညာဖြစ်တဲ့ မဂ်ပညာကို။
ဘာဝေတွာ - ပွားများကြကုန်၍။
ဣမံ ပညံ - ဤ အရိယာ မဂ်ပညာကို။
ဘာဝေတွာ- အားရပါးရ ပွားများကြကုန်၍။
ပဏ္ဍိတာ - ဈာန်ကို ရရှိတဲ့ အနာဂါမ် ရဟန္တာ ပညာရှင်တို့သည်။
သမာပဇ္ဇန္တိ - တကယ့်သုခ စံစားကြရကာ ကောင်းစွာမသွေ ဝင်စားတော်မူကြ လေကုန်သတည်း။
တကယ့် သုခ သိရှိ နားလည်ကြ၍ ထို သုခရကြောင်း ကောင်းမြတ်တဲ့ အထောက် အပံ့တွေ ကြိုးစား ပန်းစား အားထုတ်နိုင်ကြပါစေ။
သာဓု ... သာဓု ... သာဓု ...
ဤတွင်
သပြေကန်ဆရာတော်ကြီး
ဟောကြားတော်မူသော
နိဗ္ဗာန်ချမ်းသာ တရားတော်
ပြီးပါပြီ။
Comments
Post a Comment