“သစ္စာအလင်းပြကျမ်း”
အဂ္ဂမဟာပဏ္ဍိတ
ဝန်းသိုမြို့ - ခန္တီးဆရာတော်ဘုရားကြီး
ရေးသားတော်မူသည်။
နိဒါန်း
“ဇေယျတု သဗ္ဗသင်္ကပ္ပံ” ပဏိဓာန ပဋ္ဌာယဟု ဒီပင်္ကရ ပါဒမူလံ အရင်းခံ၍၊ လေးတန်သြဃ၊ သာဂရဝယ်၊ ကာလတွက်ရေ၊ လေးသင်္ချေနှင့်၊ သိန်းနေကမ္ဘာ၊ ရှည်ကြာသမယ၊ ဝဋ်ဒုက္ခ၌၊ ဗုဒ္ဓလောင်းလျာ၊ ကြိမ်ပြီးခါမှ၊ လေးဝသစ္စံ၊ မဂ်ဖိုလ် ဉာဏ်ကို၊ ရရန်ရည်စူး၊ လူသုံးဦးတွင်၊ ဂုဏ်ထူးကိတ္တိ၊ သောသောညိလျက်၊ ဗောဓိသတ္တ၊ ယင်းကမှသည်၊ ဒါန သီလာ၊ အစဖြာ၍၊ ပညာပါရမီ၊ ဉာဏ်အဆီနှင့်၊ ဂမ္ဘီဓမ္မ၊ အနဂ္ဃဖြင့်၊ လုလ္လမဆွံ့၊ ရဲဝန့်ကြိုးပမ်း၊ ဗွက်နရမ်းမှ၊ ထွက်လမ်းရှာယူ၊ လာတော်မူ သဖြင့်၊ ပါရဂူမြောက်၊ တံခွန်ဆောက်လျက်၊ တယောက်ဟူဘိ၊ သမ္ဗောဓိဟု၊ လောကီ မဂ္ဂင်၊ ရှစ်ချက်အင်ကို၊ လက်တွင်အရ၊ ကြိုးလုလ္လ၍၊ ဘဒ္ဒမည်သာ၊ ဤကမ္ဘာတွင်၊ သစ္စာလေးတန်၊ ညေယျဓာမ်ကို၊ ဘောက်ပြန်မရှိ၊ လိုလိုသိလျက်၊ ဒွိပဒုတ္တမ၊ သမ္ဗုဒ္ဓဟု၊ ဓမ္မသာမိ၊ လောကိ သရဘူ၊ ဖြစ်တော်မူသော၊ အစိန္တေယျ၊ လောကမှန်ကင်း၊ တရားမင်း သည်၊ များခြင်းသတ္တဝါ၊ ဝေနေယျာကို၊ ခေမာကျွန်းထူး၊ နိဗ္ဗာန်ဦးသို့၊ ကူးမြောက် စေမည်၊ သစ္စာလေးတန်၊ ယထာဉာဏ်ကို၊ ဟုတ်မှန်စွာသိ၊ အဋ္ဌင်္ဂိဖြင့်၊ သိကြစေမည်။ ဘဝသုံးပါး၊ စက်ရထားမှ၊ ထွက်သွား လွတ်မြောက် စေတော်မူမည်၊ ဤသို့သော စိတ်တော်ပွား၍ --
၁။ ဗုဒ္ဓေါ ဗောဓေယျံ၊
၂။ မုတ္တော မောစေယျံ၊
၃။ တိဏ္ဏော တာရေယျံ။
သုံးတန်သော စကားကို ကြုံးတော်မူပြီးလျှင် လူ နတ် ဗြဟ္မာ သတ္တဝါကို မဟာ ကရုဏာတော် စေ့ဆော် တိုက်တွန်းတော်မူသည် ဖြစ်ရကား လေးဆဲ့ ငါးဝါ၊ ရှည်ကြာ သမယ၊ ကာလပတ်လုံး၊ ရေဆုံး မြေဆုံး၊ ကုဋေ ကြုံးလျက်၊ ရွှေဘုန်းတော်ရှင်၊ ဉာဏ် သဗ္ဗည်ဖြင့်၊ လေးအင်သစ္စာ၊ ဒေသနာ အမြိုက်၊ တိုက်ကြွေးတော်မူပြီးမှ၊ မဂ္ဂဖလ၊ နိဗ္ဗာန သုခကို အတုလဥသျှောင် ဘုန်းခေါင်ဘုရား ကြွသွား စံမြန်းတော်မူလေ သတည်း။
ယင်းသို့ဟောရာ ဒေသနာအရှိ အာဒိမဇ္ဈ ကလျာဏ စ လယ် အဆုံး၊ သုံးပါးလုံးတို့၌၊ မသုံမဖျင်း၊ ကောင်းခြင်းအင်္ဂါ၊ ပြည့်စုံစွာသော၊ ယထာဓမ္မ၊ ဤသို့စသည်၊ ဘုရားသာသနာ၊ တည်ရာဌာန၊ ဝန်းသိုမြို့မ၊ ဒက္ခိဏအနုဒီသာ အနောက်တောင် မျက်နှာ တကောသအကွာတွင်၊ ရှေးအခါ “ကျောင်းတောင် ခေါ်တွင်ဘူးသော” သရက်, ပိန္နဲ, မံလကာ, ဩဇာ, ငှက်ပျော နှာနှပ် စသော စားကောင်း သောက်ဘွယ် သစ်သီး ပန်းမလ်တို့ဖြင့် ခြံရံအပ်သော ယခုအခါ “ခန္တီးရိပ်သာခေါ်သော” ကမ္မဋ္ဌာန်း ကျောင်းတိုက်၌ ယာပိုက် လေးလီ မျှညီရွှင်ပြုံး သီတင်းသုံးနေထိုင်တော်မူသော၊ သက်တော်(၆၆) ဝါတော် (၄၇)ဝါ ရရှိတော်မူသော ငါတို့၏ ထိပ်ခေါင်တင် ကျေးဇူးရှင် ဒုတိယ ခန္တီးဆရာတော်ဘုရားကြီးသည် ရခဲ ကြုံခဲတဲ့ ဘဝ သာသနာတော် ကြီးနှင့် ကံကောင်းထောက်မ၍ ကြုံကြရသည်နှင့်အညီ လွတ်ရခဲ လွတ်နိုင်ခဲသော အပါယ်ဝဋ်ဒုက္ခမှ ယခုဘ၀ လွတ်နိုင်ခွင့်ရ၍ ရနိုင်ခဲမျှ နိဗ္ဗာနကို ရကြစေရန် ရည်စိတ် သန်၍ ဤ “သစ္စာအလင်းပြကျမ်း” ကို ရေးသားခြင်းကို ပြုလေသတည်း။
(ပုံ) ဦးကုသလ
ဓမ္မာစရိယ စာချတန်း
မှာထားချက်
ဤ “ သစ္စာအလင်းပြကျမ်း” ၌ စာနေစာသား ကျဉ်းစေခြင်းငှါ ကျမ်းကိုး ပြတဲ့နေရာမှာ …
- ၁။ ပါဠိတော်ကို (ဠိ)
- ၂။ အဋ္ဌကထာကို (ဋ္ဌာ)
- ၃။ ဋီကာကို (ဋီ)
- ၄။ ဒုက္ခသစ္စာကို (ဒု)
- ၅။ သမုဒယသစ္စာကို (သ)
- ၆။ နိရောဓသစ္စာကို (နိ)
- ၇။ မဂ္ဂသစ္စာကို (မ)
ဟု-အသီးသီး မှတ်ယူတော်မူကြပါရန် ကြိုတင်၍ သတိပေးအပ်ပါသည်။
ထို့ပြင် .... ဤသစ္စာလေးပါး တရားသည် ပညတ်တရားမဟုတ်, ပရမတ် တရားအစစ် ဓာတ်သား အနှစ်ဖြစ်၍ အလွန့်အလွန် နက်နဲ ခက်ခဲလှသော တရားမျိုး ဖြစ်သော ကြောင့် တကြိမ်တခါ ဘော်ပြရေးသားရုံနှင့် သစ္စာ သိဘို့ရာ သစ္စာမြင်ဘို့ရာ လွန်စွာ ခဲယဉ်းလှပါသည်။ အကြိမ်ကြိမ် အထပ်ထပ် ဘော်ပြ ရေးသားမှသာ ဉာဏ်ထိုင်းသူ တို့မှာ သင့်ရုံသာ၊ ဉာဏ်လတ်သူတို့မှာ အနုဗောဓမျှသာ၊ ဉာဏ်ထက်သူတို့မှာ ပဋိဝေဓ သို့ရောက်၍ မဂ်ပေါက် ဖိုလ်ပေါက် ဖြစ်နိုင်ကြပါမည်။ ထို့ကြောင့် အလင်္ကာနည်းအရ (ပုနရုတ္တိ ဒေသ) ရောက်သည်ဟု အပြစ်မပြုကြရန် ကြိုတင်၍ တောင်းပန်အပ်ပါ သည်။
မာတိကာ
- နိဒါန်း
- သတိပေးချက် ဘုရားတဆူ ပွင့်တော်မူ
- မှာထားချက် သတိ-သတိ
- ပဏာမ
- အကြောင်းအရာ ဘော်ပြချက်
- အခက်ကြီး လေးခက်
- သစ္စာနိဒါန်း
- သစ္စာလေးပါး တရားတောင်း
- ပဋိညာဉ်
- သစ္စာ ၂-ပါး ဘုရားဟော
- ဒေသနာ ၂-မျိုး
- သစ္စာအမြိုက်ဆေးတိုက်စေရန်
ပဋ္ဌမတွဲ
သစ္စာအလင်းပြ ဥဒ္ဒေသခဏ်း
အပိုင်း(၁)
- သစ္စာလေးပါး အကျဉ်းအားဖြင့်
- အနာနှင့်ဆေး ကိုက်အောင်ပေး ပျောက်ရေးမခက်ပါ
- အလင်းရောင်ရောက် အမိုက်မှောင်ပျောက်
- အသုတ သုတ ၂-မျိုး
- သူ-ငါတို့ တကိုယ်လုံးကြီးဟာ ဒုက္ခသစ္စာတုံးကြီးပါ
- သစ္စာလေးပါး ကသိုဏ်းဇယား
- တိမ်တိမ်နှင့်နက် လွယ်လွယ်နှင့်ခက်
- လက်ဝါးကြီးအုပ်၍ အချုပ်ကိုပြပုံ
- ပုထုဇဉ်နှင့် အရိယာအထူး
- သောကငြိမ်းအေး နေနိုင်ရေး
- ဉာဏ်ဥဏှောက် မရှုတ်စေနှင့်
- ပြုရမဲ့ကိစ္စ လေးပါး
- သစ္စာဉာဏ် ၃-ပါး အပြန် ၁၂-ပါး
အပိုင်း(၂)
- ဘုရားတဆူကို မှီ၍
- မသေတဲ့ နိဗ္ဗာန်
- သောတာပတ္တိမဂ် အင်္ဂါလေးပါး
- ဓမ္မာဒါသဘရားမှန်
- ဖုံးဝှက်ကွယ်ကာ အဝိဇ္ဇာ
- ဖွင့်လှစ်ပြတာ ဉာဏ်ဝိဇ္ဇာ
- ကိုယ်တိုင်သိ
- ပုဂ္ဂိုလ်လေးမျိုး အနုပဋိ နှစ်ပါး
- ဒု-ကို မြင်လျှင် လေးပါးမြင်
- သစ္စာဟောတာ ဓမ္မတာ
- ဉာဏ်နှင့်ခြုံ၍ အကုန်လုံးသိပါ
အပိုင်း (၃)
- လေးပါးသောအခြင်းအရာ
- ဒဿနဘူမိ ဘာဝနာဘူမိ
- ပဟာတဗ္ဗ ဘာဝေတဗ္ဗ
မေး - ဖြေ
- မျက်မှောက်ပြုခြင်းကိစ္စပြီးပုံ
- သစ္စာသိပြန် သောတာပန်
- အဆင့်ဆင့်တိုးပွား အကျိုးတရား
- အပါယ်လွတ်တရားရ
- ဒိ-ဝိ--သီ-ပယ်
- အမေးနှင့် အဖြေများ
- သစ္စာမြင်သိ ဝဋ်ပြတ်ဘိ
- ကိုယ့်အတတ်နှင့် ကိုယ့်ကိုပတ်
- မသိက တပတ်ပတ် သိမှ အပြီးသတ်
- ကြောင်း ကျိုး ၂-ရပ် သံသရာစက်ရဟတ်
- အကြောင်းပယ်သတ် အကျိုးရပ်
- အစဉ်လေးမျိုး
- တဏှာပယ်တဲ့ မဂ်အကျင့်
- သာသနာတွင်းသိ သစ္စာထိအောင်သိ
- သစ္စာဉာဏ်ဖြင့် နိဗ္ဗာန်ဝင်ပုံ
- ဝဋ်သုံးပါး
- ပဋိစ္စသမုပ္ပါဒ်၌ သိမှတ်စရာ
- ဒုက္ခပေးသမားအစစ်ကား မည်သူနည်း?
- တဏှာ မောဟ ဇာတ်လိုက်ကြ
အပိုင်း (၄)
- လေ့ကျင့်ခဏ်း အမေး-အဖြေများ
- ဘုရားလက်မှိုင်ချပြီ တာဝန်ကုန်ပြီ
- သမားနှင့် သူနာ, ဓမ္မောဂဒ သစ္စာဆေးတော်
- အို နာ သေ ပျောက်တဲ့ဆေး
အပိုင်း(၅)
- ခုနစ်ဘဝနှင့် အပြီး
- ၉၃-ရာခိုင်နှုန်း
- ဝဋ်တဝတိုတိုနှင့်
- သစ္စာလေးဖြာ ခန္ဓာမှာ
- လေ့ကျင့်ခဏ်း အမေး အဖြေများ
- တရားမြင်မှ ဘုရားမြင်သည်
- အစစ်နှင့် အတု အရေခြုံ
- မယ်တော်မိနတ်သား သောတာပတ္တိဖိုလ်တရား
- ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ
- ဘယ်ဇာတိကုန်သလဲ
- စတုသစ္စကမ္မဋ္ဌာန်း
- တခုတည်းသောမဂ်ဉာဏ်ဖြင့် သိပုံ
- သိခါပတ္တဒါန
ဒုတိယတွဲ
သစ္စာအလင်းပြ နိဒ္ဒေသခဏ်း
သစ္စာနိဒ္ဒေသ အပိုင်း (၁)
- သစ္စာလေးနက် မချွတ်မယွင်းဖြစ်
- သစ္စာအနက် ၁၆-ချက်
- သစ္စာအနက် ဇယား
- သစ္စာလေးပါး ဝိဂြိုဟ်နှင့် အရကောက်
- သစ္စာလေးပါးတို့၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်
- သစ္စာ၏ အနက်သဘော
- သစ္စာလေးပါးသာ တိတိကျကျဟောပြခြင်း
- သစ္စာလေးပါး အစဉ်အားဖြင့် ဟောကြားပုံ
- သစ္စာသိသောဉာဏ် ၂-ပါး
- သစ္စာသိတဲ့ခါ ဆိုင်ရာကိလေသာပယ်ပုံ
- အမှား အလွဲ အစွဲအမျိုးမျိုး ပယ်နှိပ်ချိုး
- သစ္စာလေးပါး ဥပမာဇယား
အပိုင်း(၂) ဒုက္ခသစ္စာအရ ဇာတိစသည်ကို ပြခြင်း
- ဇာတိသဒ္ဒါသည် ဟောအပ်သော အနက်များ
- ပဋိသန္ဓေလေးမျိုး
- ဒုက္ခအား(၇)ပါး ပိုင်းခြား၍ ပြခြင်း
- သစ္စာလေးပါး ဘွဲ့ပြခြင်း
- ဒုက္ခ(၇)ပါး၏ တည်ရာဖြစ်ပုံ
- ကိုယ့်ရှူး ကိုယ့်ပတ်
- ဇာတိ ၂-မျိုး ဝဋ်ဒုက္ခဆိုး
- ဇာတိပိဒုက္ခာ
- ဇာတိရှိလျှင် ဆင်းရဲရှိ မရှိလျှင် မရှိ
- ဇရာပိဒုက္ခာ
- မရဏမ္ပိဒုက္ခံ
- သောက
- ပရိဒေဝ
- ဒုက္ခ ဒေါမနဿ
- ဥပါယာသ
- အပ္ပိယ သမ္ပယောဂ
- ပိယ ဝိပ္ပယောဂ
- ယံ ပိစ္ဆံ န လဗ္ဘတိ တမ္ပိ ဒုက္ခံ
- သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ
- ဆင်းရဲပေါင်းချုပ် ဒုက္ခ၏တည်ရာ
- စ-လယ်-ဆုံး
- လေးလေးစားစားဘတ်ဘို့ သတိထား
- ဒုက္ခသိမှ တဏှာကွာပုံ
- သမုဒယသစ္စာ၌ ပေါနောဗ္ဘဝိသနန္ဒိရာဂ
- သူ့အတွက်ကြောင့် ငဝက်မှာထောင်ကျ
- နိရောဓသစ္စာ၌
- ခြင်္သေ့အကျင့်နှင့် ခွေးအကျင့်
အပိုင်း(၃) ဝိရာဂမဂ်နှင့် ဝိမုတ္တိဖိုလ်
- နိဗ္ဗာန်၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်
- မဂ္ဂသစ္စာ၌ မဂ္ဂင်ရှစ်ပါး
- အမှန်သိနှင့် အမှားသိ စသည်
- သီလ-သမာဓိ-ပညာ ၃-ပါး
- သမထ ဝိပဿနာ နှစ်ပါး စရဏဝိဇ္ဇာ နှစ်ပါး
- ဝိမုတ္တိရသ တပါး
- မဂ္ဂင်ရှစ်ပါး ယာဉ်ရထား
- မဂ် ခေါ်ရပုံ
- တပါး တပါးလျှင် သုံးကိစ္စစီ
- မဂ္ဂင်ရှစ်ပါး အစဉ်ထား၍ ဟောကြားပုံ
- အဋ္ဌင်္ဂိကမဂ်နှင့် ပဉ္စင်္ဂိကမဂ် သမ္မာဒိဋ္ဌိ ငါးမျိုးရှိ
- ဝိပဿနာ သမ္မာဒိဋ္ဌိ အထူးဟုသိ
- နိဗ္ဗာန်ဆိုက်ရောက် မျက်မှောက်ပြုနိုင်
အပိုင်း(၄) အနုပဋိဝေဓ သစ္စဉာဏ် နှစ်ပါး
- သစ္စာသိ၍ ဒိဋ္ဌိပယ်ပုံ
- သစ္စာလေးပါး၌ အပြန်သုံးပါး
- သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်ပုံ
- သစ္စာ၌ အတွင်းဝင်သောတရား
အပိုင်း(၅) သစ္စာ၌ဆိတ်သုဉ်းသာအားဖြင့်
- သစ္စာ၌ ဧကဝိဓ စသည်ဖြင့်
- သစ္စာ၌ သဘာဝ ဝိသဘာဝအားဖြင့်
- ကျမ်းတပါးအဆိုကို ပြခြင်း
- သိခါပတ္တ ဒါနထိပ်သီး
တတိယတွဲ
သစ္စာအလင်း ပဋိနိဒ္ဒေသခဏ်း
အပိုင်း(၁) ပဋိညာဉ်
- ဘာရသုတ်
- မုဆိုးနှင့် ကျွန် ဥပမာ
- သမာဓိသုတ်
- သလ္လသုတ်
- ကုလပုတ္တသုတ်နှင့် ဆောင်ပုဒ်
- ဝိတက္ကသုတ်နှင့် ဆောင်ပုဒ်
- စိန္တသုတ်
- တိရစ္ဆာနကထာသုတ်နှင့် ဆောင်ပုဒ်
- ကမ္မဋ္ဌာန်း ဖြစ်၏
- အရိယသစ္စသုတ်နှင့် ဆောင်ပုဒ်
- ပဋ္ဌမဓာရဏသုတ်
- ဒုတိယဓာရဏသုတ်
- အဝိဇ္ဇာသုတ်
- ဝိဇ္ဇာသုတ်
- တထသုတ်
အပိုင်း(၂) ကောဋိဂါမသုတ်
- အာသဝက္ခယသုတ်နှင့် ဆောင်ပုဒ်
- မိတ္တသုတ်နှင့် ဆောင်ပုဒ်
- ခဒိရပတ္တိသုတ်နှင့် ဆောင်ပုဒ်
- ဒဏ္ဍသုတ်နှင့် ဆောင်ပုဒ်
- စေလသုတ်နှင့် ဆောင်ပုဒ်
- သတ္တိသတသုတ်နှင့် ဆောင်ပုဒ်လင်္ကာ
- ပါဏသုတ်နှင့် ဆောင်ပုဒ်လင်္ကာ
အပိုင်း(၃) ဣန္ဒခိလသုတ်နှင့် ဆောင်ပုဒ်
- လောကစိန္တာသုတ်နှင့် ဆောင်ပုဒ်
- ပပါတသုတ်နှင့် ဆောင်ပုဒ်
- ပရိဠာဟသုတ်
- ဆိဂ္ဂဠှယုဂသုတ်နှင့် ဆောင်ပုဒ်
- လူ, ဘုရား, သာသနာ ရခဲခြင်းသုံးပါး
- နခသိခသုတ်နှင့် ဆောင်ပုဒ်
- အညတြသုတ်နှင့် ဆောင်ပုဒ်
အပိုင်း(၄)
- နေတ္တိနည်း သစ္စာလေးပါး
- အဘိဓမ္မာနည်းနှင့် သစ္စာလေးမျိုး
အပိုင်း(၅)
- ဝါန နိဝါန နိဗ္ဗာန်
- နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
- ဝိတဏ္ဍဝါဒီတို့အယူ
- မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်
- နိဗ္ဗာန်အာရုံကို အာရုံပြုပေးရပုံ
- နိဗ္ဗာန်သည် ဉာဏ်နှင့်တွေ့ရတဲ့တရား
- အရိပ်ဆာယာ ဥပမာ
- ဥပမာ ဥပမေယျ စပ်၍ပြခြင်း
- နိဗ္ဗာန်သည် နိစ္စ ဓူ၀ သဿတ ငြိမ်းအေးပုံ
အပိုင်း(၆)
- သစ္စာလက္ခဏာကမ္မဋ္ဌာန်းမှ လွတ်သောတရား မရှိ
- သစ္စာမှမလွတ်ပုံ အမြွက်မျှသိသာရုံ
- လက္ခဏာမှ မလွတ်ပုံ အမြွက်မျှသိသာရုံ
- ကမ္မဋ္ဌာန်းမှမလွတ်ပုံ အမြွက်မျှ သိသာရုံ
- မုချနှင့် ဥပစာ မဂ္ဂနှင့် ဒုက္ခာ
- သစ္စာသိ ဝိကိုပယ်
- သိခါပတ္တ ဓမ္မဒါန
- ဝိညာပနက
နောက်ဆက်တွဲ
- မောင်ချစ်နှင့် မောင်သစ် အမေးအဖြေများ
- တနည်း အမေး၊ အဖြေများ
- သစ္စာသိ၍ ဒိ-ဝိ ပယ်က သောတာပန်ဖြစ်ပုံ
- သစ္စာသိက နိဗ္ဗာန်ရမှု ပြီးစီးပုံ
- ရှည်လျားလှစွာ သံသရာ
- မဂ်တက်စဉ်
- ပညတ် ပရမတ်ခွဲ
- ရုပ်ပရမတ် နာမ်ပရမတ်ခွဲ
- လက္ခဏာရေးသုံးပါး
- သစ္စာလေးပါးခွဲ
- ဣရိယာပုထ်လေးပါး
- ပုထုဇဉ်နှင့် အရိယာအထူး
- ဘုရားတိုက်တွန်းချက်
- သစ္စာလေးပါး ဆောင်ပုဒ်လင်္ကာ
- သစ္စာနှင့်စပ် ဒွေးချို့း တြိချိုး တေးထပ်
- ရှစ်လုံးဘွဲ့များ
- ဧကပိုဒ်လင်္ကာ
- ဘုရားသမားတော်ကြီး လက်လွှတ်ပြီ
- ဘုရားတာဝန်နှင့် သာဝကတာဝန်
- အမိန့်တော်ပြန် စေတမန်
- တရားဟောပုဂ္ဂိုလ်တာဝန်
- တရားကျင့်သောပုဂ္ဂိုလ်တာဝန်
- တရားတော်တာဝန်
“သစ္စာအလင်းပြကျမ်း”
⛓ ⛓
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဇိနောဇယံ မယှံ ဒေတု
(၁) ဗုဒ္ဓံ ဓမ္မဉ္စ သံဃဉ္စ နမဿိတွာန အာစေရံ၊
သစ္စောဘာသံ ကရိဿာမိ ခိပ္ပံနိဗ္ဗာန ပတ္တိယာ။
(သစ္စာ ပဏာမ)
နမတ္ထု စတုသစ္စ ဒေသကဿ ဗုဒ္ဓဿစ ဘဂဝတော။
သတ္တာနံ၊ ဒု, သ, နိ, မ လေးဝသစ္စာ မြတ်ဓမ္မာကို နှစ်ဖြာနှစ်ဝ အနုဗောဓ ခေါ်သော လောကီဉာဏ် ပဋိဝေဓ ခေါ်သော လောကုတ္တရာဉာဏ်ဖြင့် ဧကန်မိမိ ပိုင်ပိုင်မသိနိုင် ကြသေးတဲ့ လူ နတ် ဗြဟ္မာ သတ္တဝါတို့အား။
စတုသစ္စဒေသကဿ၊ အမှန်လေးပါး ခေါ်သော သစ္စာလေးပါး မြတ်တရားကို ဤကား ဒုက္ခ ဤကား သမုဒယ ဤကား နိရောဓ ဤကား မဂ္ဂဟု ကိုယ်တော်မှ အသီးထုတ်၍ ဟောတော်မူအပ်သော သာမုက္ကံသိက ဒေသနာတော်ဖြစ်သော သစ္စာလေးပါးတရားကို ဟောတော်မူတတ်သော။
ဘဂဝတော၊ ဣဿရိယ ဓမ္မ ယသ သီရိ ကာမ ပယတ္တဟူ ဘုန်းခြောက်ဆူလည်း ရှိတော်မူထသော။
ဗုဒ္ဓဿစ၊ အမှန်လေးချက် သဘောနက်ကို ဖေါ်လှစ်သိငြား မြတ်စွာဘုရားအား၎င်း။
တေန ဗုဒ္ဓေန၊ ထိုဘုရားမြတ်စွာ စိန္တေယျာသည်။
ဒေသိတဿ၊ ဟောကြားတော်မူအပ်သော။
ဓမ္မဿစ၊ မဂ်လေးရပ် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ် အား၎င်း။
တဿ၊ ထို မြတ်စွာဘုရား၏။
ဩရသံ၊ ရွှေရင်တော်နှစ် သားတော်စစ် ဖြစ်ကြပေသော။
သံဃဿစ၊ ရှစ်ယောက်အရိယာ မြတ်သံဃာအား၎င်း။
တမှာ၊ ထိုရှစ်ယောက် အရိယာ မြတ်သံဃာမှ။
အနုပ္ပစ္ဆိန္န ဂတဿ၊ အာဒိပဘဝ ပဉ္စဝဂ္ဂီတို့မှစ၍ သိဿာနုသိဿ စဉ်လာမပျက် ယခုထက်တိုင် ဆင်းသက်၍ လာသော။
အာစေရဿစ၊ ပဋ္ဌမ ကန့်ကူလက်လှဲ့ မူလာစရိယ ဒု-တ ဓမ္မာစရိယ လွန်ခဲ့သော ၉၄-ခုနှစ်က ဘဝနတ်ထံ ပျံလွန်တော်မူသော ငါတို့၏ထိပ်ခေါင်တင် ကျေးဇူးတော်ရင် အရှင် “ခန္တီးဆရာတော်ဘုရားကြီး”အား၎င်း။
အညေသဉ္စ၊ ထိုမှတဖြာ ပဗ္ဗဇ္ဇာစရိယ ဥပသမ္ပဒါစရိယ၊ ဓမ္မာစရိယ ရှိရှိသမျှဥဿုံ အလုံးစုံသော ဆရာတို့အား၎င်း။
နမော၊ ကာယဝစီ မနောချီ၍ သုံးလီညွတ်ကျိုး တည်ငါးမျိုးဖြင့် ရှိခိုးခြင်းသည်။
အတ္ထု၊ မုချမသွေ ဖြစ်ပါစေသတည်း။
တေသံ၊ ထို အမြတ်သုံးဖြာ ရတနာ သုံးပါးတို့အား။
နမဿိတွာ၊ ဥက္ခောင်းညွတ်ကျိုး ရှိခိုးပြီး၍။
သစ္စောဘာသံ သစ္စောဘာသဂန္ထံ၊ သစ္စာအရာ ဘုရားရဟန္တာကလွဲလျှင် ငါဆရာဘဲဟု ဆိုလောက်အောင် ဘယ် နေရာမှာမှ မချွင်းမချန် အကြွင်းအကျန်မရှိဘဲ ဥဒ္ဒေသ နိဒ္ဒေသ ပဋိနိဒ္ဒေသ သုံးဋ္ဌာန လိုလေသေးမရှိရအောင်ခွဲဝေ၍ ပြဆိုထားသဖြင့် သစ္စာအရာမှာ အမှောင်ခွင်း၍ အလင်းကို ပြဆိုရာ ပြဆိုကြောင်း ဖြစ်သောကြောင့်၊ “ သစ္စာအလင်းပြ” ခေါ်သော ကျမ်းကို။
ကရိဿာမိ၊ ကျမ်းဂန်အရ လမ်းမှန် ကြအောင် ရေးပြခြင်းကို ပြုပေအံ့သတည်း။
အကြောင်းအရာ ဘော်ပြချက်
(၂) သစ္စံ သတ္တော ပဋိသန္ဓိ၊
ပစ္စယာကာရ မေဝစ။
ဒုဒ္ဒသာ စတုရော ဓမ္မာ၊
ဒေသေတုဉ္စ သု ဒုက္ကရာ။
(သမ္မော-ဋ္ဌာ)
အနက်။ ။
သစ္စံ စ၊ သစ္စာလေးပါး မြတ်တရားကို၎င်း။
သတ္တောဝ၊ အနန္တကြာ သတ္တဝါကို၎င်း။
ပဋိသန္ဓိ စ၊ လေးပါးယောနိ ပဋိသန္ဓေ တည် နေကြဟန် အတန်တန်ကို၎င်း။
ပစ္စယာကာရ မေဝစ၊ ကြောင်းကျိုးနှစ်ရပ် စဉ်ကာစပ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို၎င်း။
ဣတိ၊ ဤသို့။
စတ္တာရော၊ လေးပါး ကုန်သော။
ဣမေဓမ္မာ၊ သစ္စံ သတ္တံ ပဋိသန်ပစ္စယ ဤလေးဝသော တရား အချက် သဘောနက် တို့ကို။
ဒုဒ္ဒသာ၊ မိမိကိုယ်တိုင်ကလည်း သဘောမိမိ သိနိုင်ခဲ မြင်နိုင်ခဲလှကုန်၏။
ဒေသေတုဉ္စ၊ သူတပါးတို့အား နားရှင်းသွားအောင် ဟောကြားခြင်းငှါလည်း။
သုဒုက္ကရာ၊ သာ၍မလွဲ ပြုနိုင်ခဲကုန်၏။
အခက်ကြီး လေးခက်
အဓိပ္ပါယ်။ ။
အထက်အဆိုပါ တရားလေးပါးတို့ကို မိမိကိုယ်တိုင်ကလည်း နေရာတကျ မရှုပ်မထွေး မတွေမဝေ ပိုင်းခြားဝေဘန်၍ အမှန်အတိုင်း သိခြင်းငှါ၎င်း၊ သူတပါးတို့အားလည်း နားရှင်း သွားအောင် နားလည်သွားအောင် သဘောမိ သဘောကျသွားအောင် ဟောပြ ခြင်းငှါ၎င်း၊ လွန်စွာ့လွန်စွာ ခက်ခဲလှ နက်နဲလှသော အခက်တကာ့အခက် အခက် ထိပ်သီး အခက် အဓိပတိကြီးဖြစ်တဲ့ အခက်ကြီး လေးပါး ပိဋကတ်သုံးပုံ ထဲမှာရှိနေရာ အဆိုပါ အခက်ကြီးလေးပါးတို့တွင် တပါးအဝင် စ,ဦးတင်၍ ပါဝင်နေသော သစ္စာ လေးပါးအကြောင်းကို ကောင်းကောင်း သိဘို့ကလည်း တခက်။ သတ္တဝါအကြောင်းကို ကောင်းကောင်းသိဘို့ကလည်း တခက်။ သတ္တဝါတို့၏ ပဋိသန္ဓေ တည်နေကြဟန် အတန်တန်ကို အမှန်အကန် သိရှိဘို့ရာကလည်း တခက်၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ စသော ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ကြီး အကြောင်းအကျိုးစပ်၍ မပြတ်လည်နေ ကြပုံအလုံးစုံကို အကုန်သိဘို့ကလည်း တခက်။ ဤလိုဤပုံ ပိဋကတ်သုံးပုံထဲမှာ အခက်ကြီး လေးခက်ရှိနေပါတယ် ဆိုတာကို အဋ္ဌကထာ ဆရာ့ဆရာတို့က မှတ်ချက်ချ ထားခဲ့ရာ၊ ဤသစ္စာလေးပါးတို့ဟာ အဆိုပါ အခက်ကြီး လေးခက်ထဲမှာ အစဦးစွာ မားမားမတ်မတ် ရှေ့တမ်းကရပ်၍ ပါဝင်နေသည်ဟု သိရှိကြပါလေ။
ဆောင်ပုဒ်
၁။ သစ်ခက် သတ်ခက်၊ သန္ဓေခက်၊ ပစ်ခက် လေးခက်သာ။
၂။ မိမိ သူတပါး၊ သိပိုင်းခြား၊ ဟောကြား ခက်လှပါ။
၃။ အခက်လေးတွင်၊ တပါးဝင်၊ ကြောင်းအင် သိဘို့ရာ။
၄။ ဘုရားပစ္စေကာ၊ ကုန်သိရာ၊ သူငါ သင့်ရုံသာ။
၅။ သင့်ရုံသိလျှင်၊ ထိုသူပင်၊ ခေါ်တွင် သုတ ဗုဒ္ဓသာ။
၆။ ထိုးထွင်းသိညား၊ ထိုသူအား၊ ခေါ်ညား ရဟန္တာ။
၇။ သစ္စာဗုဒ္ဓ၊ ဖြစ်အောင်ပ၊ ကြိုးစားကြလေပါ။
၈။ သစ္စာသိပြန်၊ သောတာပန်နှင့်၊ အရဟံမည်ရှိ မြတ်ခေါင်ထိ ရောက်ရှိ အရိယာ။
သစ္စာနိဒါန်း
(၃) လောကေ လောကပ္ပ ဘဝေ လောကတ္ထဂမေ သီဝေစ တဒုပါယေ သမ္မုယှတိ တာ၀ နရော နဝိဇာနာတိ ယာဝသစ္စာနိ။ ။(သမ္မော-ဋ္ဌာ)
အနက်။
ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။
နရော၊ လူနတ်ဗြဟ္မာ သတ္တဝါသည်။
သစ္စာနိ၊ အမှန်လေးပါး သစ္စာတရားတို့ကို။
နဝိဇာနာတိ၊ ဤတဏှာမှ တပါးသော လောကီခန္ဓာ ငါးပါးသည်ကား ဒုက္ခသစ္စာ ဖြစ်သည်၊ ဤတဏှာကား သမုဒယသစ္စာဖြစ်သည်။ ဤနိဗ္ဗာန်ကား နိရောဓသစ္စာ ဖြစ်သည်၊ ဤမဂ္ဂင်ရှစ်ပါးကား-မဂ္ဂသစ္စာဖြစ်သည်ဟု အနုပဋိ သစ္စဉာဏ် နှစ်ပါး သစ္စ-ကိစ္စ-ကတ ဉာဏ်သုံးပါးမှ အပြန် ၁၂-ပါး အားဖြင့် ထိုးထွင်း၍ အမှန်အတိုင်း မသိသေး။
တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။
လောကေစ၊ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာ ဟူသော သင်္ခါရ လောက၌၎င်း။
လောကပ္ပဘဝေစ၊ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာ၏ အကြောင်း ဖြစ်သော သမုဒယသစ္စာ ၌၎င်း။
လောကတ္ထဂမေစ၊ ဒုက္ခ သမုဒယသစ္စာ နှစ်ပါးတို့၏ တဘန် အသစ်မဖြစ်ရာ နိဗ္ဗာန် ဟူသော နိရောဓသစ္စာ၌၎င်း။
တဒုပါယေစ၊ ထို နိရောဓသစ္စာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်း ဖြစ်သော မဂ္ဂသစ္စာ၌၎င်း။
သမ္မုယှတိ၊ သစ္စာသိတဲ့ သမ္မာဒိဋ္ဌိ ဝိဇ္ဇာဉာဏ် အလင်းရောင်ကို မရသောကြောင့် သစ္စာမသိတဲ့ မိစ္ဆာဒိဋ္ဌိအဝိဇ္ဇာမှောင်ကြီး ကြခါ သတ္တဝါ သူငါတွေဟာ ဘယ်လိုဖြစ်၍ ဘယ်လို ပျက်နေကြရမှန်း မသိ။
ဝါ၊ သကြောင့်-ဒု ကြောင်းကြောင့်-ကျိုး တဏှာကြောင့်-ခန္ဓာ ဖြစ်-ပျက်-မွေး-သေ သံသရာ ရှည်၍ နေကြရမှန်းမသိ အတွေဝေကြီး တွေဝေ၍နေကြရတော့၏။
ဝါ၊ ဘိစ္စတုံး လုံးလုံးကြီး မသိနိုင်ကြတော့ပြီဟု သမ္မော - ဋ္ဌာ ၌ မှတ်ချက် ချခဲ့ပါ သောကြောင့်။
ဝါ၊ တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြရသည်၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့ခါ တဏှာခန္ဓာအစဉ်ပြတ်၍ အသင်္ခတဓာတ် နိဗ္ဗာန်သို့ အမြန် ရောက်နိုင်ကြသည်ဟု သစ္စာသိ၍ တဏှာ ပယ်ပြီး အမတာ နယ်သို့ ရောက်နိုင်ကြရန်။
ဝါ၊ သစ္စာသိ၍ အရိယာ သောတာပန် အစစ်ဖြစ်ပြီး အပါယ်လွတ်တရား ရနိုင်ကြရန်။
ဝါ၊ သစ္စာ အစွမ်းကုန်သိ၍ ရဟန္တာ အစစ်ကြီး ဖြစ်နိုင်ပြီး မွေးသေ ဝဋ်က ကျွတ်လွတ် ထွက်မြောက်နိုင်ကြရန်၊ ဤ “သစ္စာအလင်းပြ" ကျမ်းကို လူထုရှင်ထုအား တင်ပြ ရပါသည်ဟူလို။
ဆောင်ပုဒ်
၁။ သစ္စာမသိ၊ တွေဝေဘိ၊ ဖြစ်မိဖြစ်ရာ သံသရာ။
၂။ သစ္စာသိက၊ ပါယ်လွတ်ရ၊ ဒေဝမနုဿာ။
၃။ လူထဲ နတ်ထဲ၊ ဂတိမြဲ၊ လွန်ကဲ ခုနစ်ဘဝသာ။
၄။ ခုနစ်ဘဝတွင်၊ နိဗ္ဗာန်ဝင်၊ သံဇဉ်ပြတ်တော့တာ။
၅။ ယခုဘဝ၊ သိအောင်ပ၊ ကျိုးစားကြလေပါ။
၆။ ကျိုးစား၍သိ၊ လူကဝိ၊ ရောက်ရှိအရိယာ။
၇။ ထို့ကြောင့်မမှား၊ လူအများ၊ ကျိုးစားကြလေပါ။
(၄) ယော ဟိ ကောစိ ဘိက္ခဝေ အနုကမ္မေယျာထ။ပ။တေခေါ ဘိက္ခဝေ စတုန္နံ အရိယသစ္စာနံ ယထာဘူတံ အဘိသမယာယ သမာဒါပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့၊ တစုံတယောက်သော သူသည် မိမိနှင့် ကျေးဇူးမကင်း မိရင်း ဘရင်း ဆွေရင်းမျိုးချာ အလွန်တရာ ချစ်ကျွမ်းဝင်သော တစုံတယောက်သောသူကို တကယ် အဟုတ် ချစ်ခင်ရိုး မှန်ပါလျှင် ပါးစပ်ချစ် စကားချစ် လောကဝတ်ချစ် ဟန်ချစ် မဟုတ်ဘဲ၊ တကယ်ဘဲ အဟုတ်ချစ်ခင်တယ်ဆိုပါလျှင်။ ဝါ၊ ချစ်ခင်ရိုး မှန်ပါလျှင်။ ထိုသူ ထိုသူတို့အား ချစ်ရာ ခင်ရာ သနားရာ ရောက်အောင် သနားရာကြအောင် “ ဒု-သိ ဒိ-ပယ် သ-သိ- ဝိ-ပယ်”ဆိုတဲ့အတိုင်း ဒုက္ခသစ္စာကိုသိ၍ ဒိဋ္ဌိကို ပယ်နိုင်အောင်၊ သမုဒယသစ္စာကိုသိ၍ ဝိစိကိစ္ဆာကိုပယ်နိုင်အောင်၊ ဒိဋ္ဌိဝိစိကိစ္ဆာကိုပယ်နိုင်တဲ့ အရိယာ သောတာပန်များ ဖြစ်သွားနိုင်ကြအောင် “သစ္စာသိမြင် နိဗ္ဗာန်မြင်၊ နိဗ္ဗာန်မြင်မှ မဂ်ဖိုလ်ရ၊ မုချမြဲမှတ်သား”ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ သစ္စာသိ သစ္စာမြင်တဲ့ခါ၊ တတိယသစ္စာခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် မျက်မှောက် မြင်သိသွားနိုင်တဲ့ သောတာပတ္တိမဂ်စိတ် ဖိုလ်စိတ်များ ဖြစ်ပေါ်ကာ အပါယ်လွတ် တရားရ သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ကြအောင် အခြားတပါး အခြားစကားများကို တဟားဟား ပြောဆို ရယ်သွမ်း၍နေမဲ့အစား သစ္စာလေးပါး တရားစကား တို့ကိုသာ ပြောမှု ဟောမှု သွန်သင်ဆုံးမမှု ဆောက်တည်စေမှု နှလုံးသွင်းစေမှု ဆင်ခြင်စေမှုတို့သာ ပြုလုပ်စေရမည်ဟု သစ္စသံယုတ် ပါဠိတော်မှာ ဘုရားမြတ်စွာ မိန့်မှာတော်မူခဲ့ပါသောကြောင့် အားလုံးသော ရှင်လူ ရဟန်းတို့အား ချစ်ခင် သနားရာ ကြအောင် မေတ္တာရှေ့ထား၍ ဤ “သစ္စာအလင်းပြကျမ်း”ကို လူထု ရှင်ထုအား တင်ပြရခြင်း ဖြစ်သည်ဟု သိရှိစေလိုပါသည်။
မှတ်ချက်
ဤ၌ “သစ္စာသိမြင် နိဗ္ဗာန်မြင် ” ဆိုသည်မှာ၊ သစ္စာကို သိမြင်မှသာ နိဗ္ဗာန်ကို မြင်သည်၊ သစ္စာကို မသိမမြင်လျှင် နိဗ္ဗာန်ကိုလည်း မသိနိုင်ဟု ဆိုလိုပေသည်။ နိဗ္ဗာန်ကို သိမြင်သောစိတ်သည် မဂ်စိတ်ပေတည်း။ နိဗ္ဗာန်ကို အာရုံပြုသောစိတ်သည် ဖိုလ်စိတ် ပေတည်း။ “မဂ္ဂေန နိဗ္ဗာနံဒိသွာ” ကို ထောက်လေ။
မဂ္ဂေန၊ မဂ်ဖြင့်။ ဝါ၊ မဂ်သည်။ နိဗ္ဗာနံ၊ သင်္ခါရချုပ်ငြိမ်းရာ နိဗ္ဗာန်ကို။ ဝါ၊ တဏှာခန္ဓာ ဒု-သ, သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်ကို။ ဒိသွာ၊ မြင်၍ (နိဗ္ဗာန်မြင်မှ မဂ်ဖိုလ်ရ) ဆိုသည်မှာ နိဗ္ဗာန်ကိုသိမြင်တဲ့ အာရုံပြုတဲ့ မဂ်စိတ် ဖိုလ်စိတ်ဖြစ်မှပင် သစ္စာကိုမသိတဲ့ မောဟကိလေသာ ယူမှားတဲ့ ဒိဋ္ဌိကိလေသာ, ယုံမှားတဲ့ ဝိစိကိစ္ဆာ ကိလေသာ စသည်ကို ပယ်သတ်နိုင်တဲ့ သောတာပတ္တိမဂ် စသော မဂ်ရ ဖိုလ်ရ ပုဂ္ဂိုလ် ဟု ဆိုလိုပေသည်။ သစ္စာသိတဲ့ခါ အဘယ်ကြောင့် နိဗ္ဗာန်ကို မြင်သနည်း။ သစ္စာ လေးပါးထဲမှာ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန် ပါသောကြောင့်၎င်း “နိဗ္ဗာန်ကို သိမြင်သည် ဟူလို။”
ဆောင်ပုဒ်
ချစ်ခင်သနား၊ သူတပါးကို၊
စိတ်ထားရှိက၊ ဟောပြသစ္စာ၊
ပြုလေပါက ချစ်ရာကြ၊ မုချ အမှန်တည်း။
(၅) စတုန္နံ ဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ။
ဧဝမိဒံဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရီတံ မမေဉ္စဝ တုမှာကဉ္ဇာ တိ။
ဘာသာပြန်
ရဟန်းတို့၊ သောတာပန် စသော အရိယာတို့သည် သိအပ်ကုန်သော သစ္စာလေးပါး မြတ်တရားတို့ကို လောကီအနုဗောဓဉာဏ်ဖြင့် မသိခြင်းကြောင့် လောကုတ္တရာ ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့ သည်၎င်း ဤမျှ ရှည်လျားလှစွာသော သံသရာ ကာလပတ်လုံး၊ ဤဘဝမှ ထိုဘဝ, ထိုဘဝမှ ဤဘဝ, ကြီးသောဘဝ, ငယ်သောဘဝ, ယုတ်သောဘဝ, မြတ်သောဘ၀ စသည်ဖြင့် ဘဝများစွာ ကမ္ဘာများစွာ မရေတွက်သာအောင် ကျင်လည် ပြေးသွား ရလှလေပြီ၊ ကြိမ်ဖန်များစွာ အခါခါ ကျင်လည် ပြေးသွားရလှလေပြီဟု ဟောတော် မူတဲ့ အနွယ ဒေသနာတော်ကို ကြားနာ မှတ်သား ကြရတဲ့ အမျိုးကောင်းသား အမျိုးကောင်းသ္မီးတို့သည် သစ္စာမသိ၍သာ ဤမျှ သံသရာရှည်၍ နေကြရသည် ဆိုသဖြင့်၊ သစ္စာသိလျှင် ဤမျှလောက် သံသရာ မရှည်နိုင်ရာပြီဟု ဗျတိရေက ပြန်ထောက်ဆ၍ ယူရတဲ့ အဓိပ္ပါယ်ကိုလည်း အလွယ်နှင့်ပင် သိအပ်သည့်ပြင်၊ ဤလို ဤပုံ-ဖြစ် ပျက် မွေးသေ သံသရာမရှည်ခြင်ကြလျှင် သစ္စာသိအောင် အမြန်ကြိုးစား၍၊ ဖြစ် ပျက် မွေးသေဆိုတဲ့ သံသရာဝဋ်က ထွက်၍၊ မွေးသေလွတ်တဲ့ နိဗ္ဗာန်ကို မြန်မြန် သွားကြဆိုတဲ့ တိုက်တွန်းချက်လည်း ပါဝင်လျက် ရှိသည်ကို သတိပြုမိကြပါစေ သတည်း။
ဆောင်ပုဒ်
၁။ သစ္စာမသိ၊ ရှည်ဘိသံသရာ၊ သစ္စာသိတော့ တိုဘိမှန်စွာ။
၂။ သစ္စာလေးသင်း၊ ဉာဏ်မထိုးထွင်း၊ နစ်မွန်းသံသရာ။
၃။ သစ္စာလေးသင်း၊ ဉာဏ်ထိုးထွင်း၊ လွတ်ကင်းသံသရာ။
အဓိပ္ပါယ်
သ ကြောင့် ဒု၊ တဏှာကြောင့် ခန္ဓာဖြစ်သည်ဟု သစ္စာ မသိသောကြောင့် တဏှာ ပယ်တဲ့ မဂ်အကျင့်ကို မကျင့်၊ မကျင့်သောကြောင့် တဏှာကြောင့် ခန္ဓာ ဖြစ်ပျက် မွေးသေ သံသရာရှည်၍နေကြရသည်၊ တဏှာကြောင့် ခန္ဓာ ဖြစ်သည်ဟု သ နှင့် ဒု ကို သိတဲ့ခါ၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်သောကြောင့် တဏှာခန္ဓာ အစဉ်ပြတ်၍ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ဆိုက်ရောက်သဖြင့် ဖြစ် ပျက် မွေး သေဆိုတဲ့ သံသရာ တို၍ သွားလေတော့ သည်ဟု ဆိုလိုပေသည်။
(၆) တေသံ အပ္ပဋိဝိဒ္ဓတ္တာ ဝဋ္ဋံ ဝဍ္ဎတိ။
တေသံ ပဋိဝိဒ္ဓကာလတော ပဋ္ဌာယ ဝဋ္ဋံ နဝဍ္ဎတိ။ (သံ-ဋ္ဌာ)
ဘာသာပြန်
ထို သစ္စာလေးပါး တို့ကို ထိုးထွင်း၍ မသိသည်၏ အဖြစ်ကြောင့်၊ ဖြစ် ပျက် မွေး သေ ဆိုတဲ့ သံသရာဝဋ်တရားသည် တိုးပွား ရှည်လျား၏။ ထို သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိသောကာလမှစ၍ ဖြစ် ပျက် မွေး သေ ဆိုတဲ့ သံသရာဝဋ်တရားသည် မတိုးပွားပြီ ။ဝါ၊ ဖြစ် ပျက် မွေး သေ အစဉ်ပြတ်၍ သံသရာစက် ရပ်သည်ဟူလို။
ဆောင်ပုဒ်
သစ္စာမသိ ဝဋ်လှည့်ရှည်ကြာ၊
သစ္စာသိတော့ ဝဋ်လှည့်တိုစွာ၊
ဝဋ်ပြတ်သွား ရပ်နား သံသရာ။
သစ္စာလေးပါး တရားတောင်း
၁။ သစ္စာလေးရပ် တပ်အပ်သေချာ၊ မသိကြ၍ ဘဝရှည်ကြာ။
သံသရာဝဲ နစ်မြဲခါခါ၊ တက်နိုင်ဘဲ မြုပ်မြဲ မြုပ်ကြတာ။
ဗောဓိရင့်ညောင်း အလောင်းတကာ၊ သစ္စာတော်ပန်း ဆင်မြန်း၍သာ။
သံသရာဝဲ ကျော်လွှဲထွက်ခါ၊ နိဗ္ဗူနန်း စံမြန်းဓမ္မတာ။
ဒု သ နိ မ လေးဝသစ္စာ၊ ရှင်တော်ဗုဒ္ဓ ထုတ်ပြဒေသနာ။
သိ ပယ် မျက် ပွါး ဟောငြားစဉ်သာ၊
ကျင့်စဉ်က ဟောပြတော်မူပါဘုရား။
ကျင့်စဉ်ကား
“ပွါး သိ ပယ် ဆိုက်လေးပါးကိုက်၊ အမြိုက်နိဗ္ဗာန်ဝင်” နှင့်အညီ၊ ဒု သ နိ မ ဟု သစ္စာလေးပါးတို့ကို ရှေ့နောက် အစဉ်ထား၍ ဟောကြားတော်မူခဲ့သည်မှာ၊ ရှေးဘုရား တို့ကဲ့သို့ ဟောရိုးဟောစဉ် အတိုင်း၊ ဒေသနက္ကမ အားဖြင့်သာ ဟောတော်မူခဲ့ပေသည်။ ကျင့်ရိုးကျင့်စဉ် ပဋိပတ္တိက္ကမ အားဖြင့်ကား “မဂ္ဂံ ဘာဝေတွာ” နှင့်အညီ သစ္စာလေးပါး တို့တွင် နောက်ပိတ်ဆုံးဖြစ်သော သမ္မာဒိဋ္ဌိ စသော မဂ္ဂသစ္စာ မဂ္ဂင်ရှစ်ပါး ဝိပဿနာ အလုပ်တရားကို ပွါးများ အားထုတ်ခြင်းသည်။ ဝါ၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်ခြင်းသည်။ ဝါ၊ တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြရသည်၊ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတ ဓာတ် နိဗ္ဗာန်တည်းဟု သစ္စာ မြင်အောင် သစ္စာထင်အောင် သစ္စာလေးပါးကို အကြောင်းအကျိုးနှင့် တကွ၊ ပိုင်းခြားဝေဘန်၍ အမှန်ကိုသိမြင်အောင် သစ္စာလေးဖြာ ထင်မြင် လာတဲ့အခါ ဒုက္ခသစ္စာကို တဲ့တဲ့သိမြင်လာတော့ ဒိဋ္ဌိကိုပယ်၊ သမုဒယ သစ္စာကို သိမြင်လာတော့ ဝိစိကိစ္ဆာကို ပယ်၍ ဒိဋ္ဌိကိလေသာ အပါယ်ခန္ဓာ တို့၏ တဖန် အသစ်မဖြစ်ရာ နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်မြင်သိတဲ့ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်များ ဖြစ်ပေါ်ကာ အပါယ်လွတ်တရားရ သောတာပန် စသော အရိယာများ ဖြစ်သွားစေနိုင်ခြင်းအကျိုးငှါ ပွါးများ အားထုတ်ခြင်းသည် ကျင့်စဉ်ပေတည်း။
ဤလို-ဤပုံ၊ မဂ္ဂင်ရှစ်ပါး ဝိပဿနာ အလုပ်တရားကို ပွါးများအားထုတ်တဲ့ခါ ရှေးဦးစွာ ရုပ်နာမ် အသိကစ၍၊ သစ္စာသိထိအောင် လောကီ အနုဗောဓဉာဏ်ဖြင့်ပင် သိမြင်လာတဲ့ခါ၊ နောက်ပိုင်းမှာ လောကုတ္တရာ ပဋိဝေဓမဂ်ဉာဏ်ဖြင့် တတိယသစ္စာခေါ်သော နိရောဓ- သစ္စာနိဗ္ဗာန်ကို အာရုံပြုခိုက် မဂ်၏ရှေ့အဘို့မှာ ကိလေသာ အကြမ်းစားတို့ကို တဒင်္ဂပဟာန် စသည်ဖြင့် ပယ်သတ်၍ နိဗ္ဗာန်ကို မျက်မှောက်မြင်သိဆဲဖြစ်တဲ့ မင်္ဂခဏ မဂ်ခဏတိုမှာ၊ မိမိရဲမဂ်နှင့်ဆိုင်ရာ အနုသယ ကိလေသာတို့ကို သမုစ္ဆေဒပဟာန် အားဖြင့် အကြွင်းမထားဘဲ ပယ်သတ်၍ မဂ်ခဏ ဖိုလ်ခဏတို့မှာ အာရုံပြုသော အားဖြင့် နိဗ္ဗာန်ကိုဝင်စံရခြင်း။ ဤလို-ဤပုံ -မဂ်အစဉ်အားဖြင့် ပယ်သတ်၍လာခဲ့ရာ၊ အရဟတ္တမဂ်နောင်မှာ အကြောင်းတဏှာ အသစ် မဖြစ်တော့သည်ဖြစ်၍ အရဟန္တ စုတိနောင်မှာ အကျိုးခန္ဓာလဲ အသစ် မဖြစ်တော့ဘဲ၊ တဏှာခန္ဓာ အသစ် အသစ် ဖြစ်မှု အမြဲ ငြိမ်းအေးသွားတဲ့ နိရောဓသစ္စာ နိဗ္ဗာန်၌သာ သန္တိသုခ သီတိဘာဝ အဖြစ်ဖြင့် အမြဲတည်နေသောအားဖြင့် ဝင်စံရလေ တော့သည်း၊ ဝါ၊ နိဗ္ဗာန်ယူသိမ်း၍ ငြိမ်းရလေတော့သည်။
ပဋိညာဉ်
“သစ္စာအလင်းပြကျမ်း”ကို ရေးသားရာ၌၊ ကျမ်းရေးဆရာတို့ ထုံးစံအတိုင်း၊ ဥဒ္ဒေသ နိဒ္ဒေသ ပဋိနိဒ္ဒေသ ဟု ကျဉ်း-လတ်-ကျယ် သုံးမျိုးထား၍ ပြဆိုမြဲ ထုံးစံရှိရာ၊ ထုံးစံထက်ပို၍ ဥဒ္ဒေသခဏ်းကို ခပ်များများ ပြဆိုသွားမည်ဖြစ်ကြောင်း၊ ဤ ဥဒ္ဒေသကို ထိုထိုကျမ်းတို့၏ အမိန့်အဆိုကို မှီ၍ ရေးပြမည်။
ခရီးညွှန်ယာက်ျား ကဲ့အလား
ဤလို၊ သစ္စာကို ပြဆိုရာ၌၊ လိုအပ်သောသစ္စာ မလိုအပ်သောသစ္စာဟု နှစ်မျိုးရှိရာ၊ လောကမှာ ခရီးညွှန်ပြတဲ့နေရာ၌ လိမ္မာလှသော ခရီးညွှန် ယောက်ျားသည် မသွားရမဲ့ လက်ဝဲလမ်းကို “ဝါမံ မုဉ္စ” ဟု ရှေးဦးစွာ တားမြစ်ပြီးမှ၊ သွားရမဲ့ လက်ျာလမ်းကို “ဒက္ခိဏံ ဂဏှ” ဟု နောက်မှ ညွှန်ပြသကဲ့သို့၊ ထို့တူပမာ - ဤအရာ၌လည်း မလိုအပ်သော သစ္စာကို ရှေးဦးစွာ ပယ်ရှား၍၊ လိုအပ်သောသစ္စာကို နောက်မှ ပြဆိုသွားမည် ဖြစ်ကြောင်း။
သစ္စာနှစ်ပါး ဘုရားဟော
(၁) ဒုဝေသစ္စာနိ အက္ခာသိ၊
သမ္ဗုဒ္ဓေါဝ ဒတံဝရော။
သမ္မတိံ ပရမတ္ထဉ္စ၊
တတိယံ နုပလဗ္ဘတိ။
(၂) သင်္ကေတဝစနံ သစ္စံ၊
လောကသမ္မုတိ ကာရဏံ။
ပရမတ္ထဝစနံ သစ္စံ၊
ဓမ္မာနံ တထလက္ခဏံ။
(အဘိဓမ္မာ-ဋ္ဌာ)
ဘာသာပြန်
သစ္စာတို့သည် သမ္မုတိသစ္စာ ပရမတ္ထသစ္စာဟု နှစ်မျိုးရှိရာ စကားမှန် တရားမှန်ကို ဟောကြားတော်မူတတ်သော ပုဂ္ဂိုလ်အပေါင်းတို့ထက် အမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရားသည် သမ္မုတိသစ္စာ၊ ပရမတ္ထသစ္စာ ဟူ၍ နှစ်ပါးကုန်သော သစ္စာတို့ကို ဟောကြားတော်မူခဲ့လေသည်။ သုံးခုမြောက်သော သစ္စာကိုကား မရအပ်ပေ၊ ကမ္ဘာဦးသူ လူပညာရှိ များက၊ ဤကား လူ၊ ဤကား ကျွဲ စသည်ဖြင့် ကမ္ဘာတည်ဦး ကပင် အများသဘောတူ ခေါ်ဝေါ်ပညတ် သမုတ်အပ်သော အမှတ်သင်္ကေတ ပညတ် စကားသည်လည်း အမှန်သစ္စာမျိုးပေတည်း။ ပထဝီ အာပေါ စသော ပရမတ္ထဓမ္မတို့၏ မချွတ်မယွင်း မှန်ကန်သော သဘောလက္ခဏာသည်လည်း သစ္စာပေတည်း။
ဆိုလိုရင်းမှာ - လူ ကျွဲ နွား သစ်ပင် တော တောင် စသော သမ္မုတိသစ္စာလည်း အမှန်ပင်၊ ပထဝီ အာပေါ စိတ် စေတသိက် ရုပ် နိဗ္ဗာန် စသော ပရမတ္တသစ္စာလည်း အမှန်ပေတည်း။ အဆိုပါ သမ္မုတိသစ္စာ, ပရမတ္ထသစ္စာ နှစ်ပါးတို့ကို ဘုရားဟော တော်မူသောကြောင့် အမှန်ချည်းပင် ဖြစ်၍ ပညတ်နေရာမှာ ပညတ်၊ ပရမတ်နေရာမှာ ပရမတ် သူ့နေရာနှင့်သူ အလိုက် သင့်အောင်ယူ အလိုက်သင့်အောင်ပြော ပညတ်နှင့် ပရမတ် ရောနှော၍ မယူလေနှင့်၊ အငြင်းမပွါး အခြင်းမများကြနှင့်ဟု ဆိုလိုပေသည်။
ဤ၌ - အဆိုပါ သမ္မုတိသစ္စာကို၎င်း။ “သစ္စံ ဘဏေ န ကုဇ္ဈေယျ” စသော ဝစီသစ္စာ ကို၎င်း။ “သစ္စေ ဌိတာ သမဏဗြဟ္မဏာ” စသော ဝိရတိသစ္စာကို၎င်း၊ “ကသ္မာ သစ္စာနိ ၀ဒန္တိ နာနာပဝါဒိယသေ ကုသလာ ဝဒါနာ” စသော ဒိဋ္ဌိသစ္စာကို၎င်း မလိုအပ်။ “ဧကံ ဟိ သစ္စံ န ဒုတိယံ ဒုက္ခံ အရိယသစ္စံ” စသော ပရမတ္ထသစ္စာကိုလိုအပ်သည်။ ၎င်း “ပရမတ္ထ သစ္စာ” ကိုသာ ဤကျမ်း၌ ပြဆိုသွားမည်ဟူလို။
ဆောင်ပုဒ်
သမ္မုတိသစ် ပရမတ်သစ်၊ နှစ်ရစ် သစ္စာရှိ။
သမုပယ်ရှား ပရမတ်တရား၊ ပြသွားမည်ဟုသိ။
ဒေသနာ ၂-မျိုး
ဗုဒ္ဓဿ ဟိ ဘဂဝတော ဒုဝိဒေသနာ သမ္မုတိဒေသနာ ပရမတ္ထဒေသနာ စာတိ။ (အင်္ဂုတ္တရ-ဋ္ဌာ)
အဓိပ္ပါယ်
မြတ်စွာဘုရား၏ ဒေသနာတော်သည် သမုတိဒေသနာ ပရမတ္ထဒေသနာဟု နှစ်မျိုးရှိရာ ပုဂ္ဂိုလ် သတ္တဝါ ကျား - မ စသည်ဖြင့် ဟောလျှင် သမ္မုတိဒေသနာဖြစ်၍ ခန္ဓာ အာယတန ဓာတ် အနိစ္စ - ဒုက္ခ - အနတ္တ စသည်ဖြင့် ဟောလျှင် ပရမတ္ထ ဒေသနာတော် ဖြစ်သည်။ ထိုတွင် အကြင်သူတို့အား သမ္မုတိဒေသနာကို ကြားနာ ရလျှင် မဂ်ဖိုလ် တရားထူးကိုရခြင်းငှါ စွမ်းနိုင်၏၊ ထိုသူအား သမ္မုတိဒေသနာတော်ကို အကြင်သူတို့အား ပရမတ္ထ ဒေသနာတော်ကို ကြားနာရ၍ မဂ်ဖိုလ် တရားထူးကို ရခြင်းငှါ စွမ်းနိုင်၏။ ထိုသူတို့အား ပရမတ္ထဒေသနာတော်ကို ဟောတော်မူပေသည်။
ဆိုလိုရင်းမှာ
ပုဂ္ဂိုလ်သတ္တဝါ စသော သမ္မုတိဒေသနာဖြင့် ဟောမှ မဂ်ဖိုလ် ရမည်ဖြစ်လျှင် သမ္မုတိ ဒေသနာတော်ကို ဟောတော်မူသည်။ ခံ အာ ဓာတ် စသော ပရမတ္ထဒေသနာဖြင့် ဟောမှ မဂ်ဖိုလ်ရမည်ဖြစ်လျှင် ပရမတ္ထဒေသနာတော်ကို ဟောတော်မူသည်။ မြတ်စွာဘုရားသခင်တို့သည် လူနတ်တို့ ခေါ်ဝေါ် သုံးစွဲကြသော လောကသမ္မုတိကို စွန့်လွှတ်တော် မမူကြကုန်ပေ။
နိတတ္ထ နေယျတ္ထ ၂-မျိုး ရှိရာတွင်၊ နိတတ္ထ ဆိုတဲ့ ပရမတ္ထဒေသနာမှာ တိုက်ရိုက် ဒါရိုက် ဟောသော ဒေသနာတော်ဖြစ်၍၊ နေယျတ္ထ ဒေသနာတော်မှာ ဆောင်၍ ဗြောင်းပြန် လှန်၍ ဟောသော ဒေသနာတော် ဖြစ်သောကြောင့် ပုဂ္ဂိုလ်သတ္တဝါ ကျား-မ စသည်ဖြင့် ဟောလေသမျှတို့ကို ပုဂ္ဂိုလ် သတ္တဝါစသော ပညတ်ကြော်ဖေါက်၊ ခံ-အာ ဓာတ် ဟူသော ပရမတ် ပေါက်၊ အနိစ္စ-ဒုက္ခ-အနတ္တ ဟူသော လက္ခဏာဆိုက်၊ ဒု-သ ဟူသော သစ္စာကိုက်အောင် အသိမှန်သိ အမြင်မှန်မြင် အယူမှန် ယူကြပါလေ။
ဤကား - စကားအလျဉ်းသင့်၍ ဗဟုသုတအကျိုးငှါ ရေးထည့်လိုက်သည်၊ အရာရာမှာ သိရှိနားလည်ပါစေ။
သစ္စာအမြိုက် ဆေးတိုက်ရန်
လောကမှာ - ဘုရား နှင့် တကွ လူသား-ရဟန္တာ ခြောက်ကျပ် တယောက်လောက် ရရှိလာတဲ့အခါ - “စရထဘိက္ခဝေ စာရိကံ။ပ။ ပကာသေထ။” ချစ်သားတို့၊ နူနာပျောက်တဲ့ဆေးကို မသောက်ရ၍ နူနာ မပျောက်ဘဲ နူနာနှင့်ဘဲ သေပွဲဝင်ရ သကဲ့သို့၊ ထို့အတူပမာ - ဒိဋ္ဌိကိလေသာ နူနာပျောက်တဲ့ သစ္စာဆေးကို မသောက်ချ၍ ဒိဋ္ဌိနူနာမပျောက်ဘဲ ဒိဋ္ဌိနူနာနှင့်ဘဲ သေပွဲဝင်သွားကြရတဲ့ လူနတ်တို့အား သနား ငဲ့ညှာ မေတ္တာ ကရုဏာရှေ့ထား၍ သစ္စာဆေးကို မသောက်ရ မမှီဝဲရသောကြောင့် ဒိဋ္ဌနူနာ မပျောက်သဖြင့် အပါယ်သို့ တဖန်တဖန် ပြန်၍ပြန်၍ ရောက်တတ်ကြတဲ့ လူနတ် တို့ကိုတော့ သစ္စာဆေး မမှီလိုက်၍ ထားပါတော့၊ အသက်မသေသေး၍ သစ္စာဆေးကို မှီလိုက်သော လူနတ်တို့အား ဒိဋ္ဌိနူနာပျောက်၍ အပါယ်သို့ မရောက်နိုင်တော့ဘဲ သုဂတိ အလား မြဲအောင် ငါဘုရား ဖေါ်စပ်၍ထားသော စလယ်ဆုံး သုံးပါးသော ကောင်းခြင်းနှင့်ပြည့်စုံသော သစ္စာလေးပါး ဆေးတော်ကို၊ ထိုထိုမြို့ရွာ နိဂုံးတို့သို့ အမြန်လိုက်၍ တိုက်ကြ ကုန်လောဟု သာသနာပြု တရားဟော စေလွှတ်သောထုံးကို နှလုံးပြုကာ ယခုအခါ ငါ၏ကိုယ်စား လူ ရှင် ရဟန်းတို့အား၊ အဘ ဘုရား ဖေါ်စပ်၍ ထားသော သစ္စာလေးပါး ဆေးကျမ်းတကျမ်းကို ကမ်းလှမ်း ဝေငှလိုက်ပါသည်။ ဆေးကျမ်း လက်ကိုင်ရသူတို့ ဆေးကျမ်းမှာပါတဲ့ အမှာစာဆေးနည်း အတိုင်း မမှား မယွင်းစေဘဲ ဒိဋ္ဌိနူနာ အမြန်ပျောက်၍ အပါယ်သို့ မရောက်စေရန် အမြန်ဖေါ်စပ်၍ စားကြပါလေ ဟူလို။
အမှာ
သစ္စာလေးပါး ဆေးကျမ်းတကျမ်းကို ကမ်းလှမ်း ဝေငှလိုက်ပါသည် ဆိုပေသည့်၊ ဤ သစ္စာလေးပါး ဆေးကျမ်းထဲမှာပါတဲ့ အဆို သစ္စာလေးပါး လောက်ကိုသာ သိရှိရုံနှင့် ကြေနပ်၍မနေနှင့်။ အဲဒါက အဆိုသစ္စာဒေသနာတော် အစဉ်များသာ နဂိုရှိသစ္စာ ကိုယ်မှာရှိနေတဲ့ သစ္စာကို ထိအောင် မိအောင် ထိုးထွင်း၍သိအောင် ကျိုးစားမှသာ သင်၏စိတ်သဏ္ဍာန်မှာ သံသရာက အစဉ်ပါလာတဲ့ ကမ္ဘာနာ သံသရာနာ ဒိဋ္ဌိနူနာ ပျောက်မှာ အပါယ်လွတ်တရားရမှာ။
ဥပမာ
ဆေးကျမ်းထဲမှာရှိနေတဲ့ နူနာပျောက်ဆေးကို သိရုံနှင့် ကိုယ်မှာရှိတဲ့ နူနာပျောက်သွား မှာမဟုတ်ဘူး၊ ဆေးကျမ်းထဲမှာ ဆိုထားတဲ့အတိုင်း ဖေါ်စပ်၍စားမှသာ ပျောက်မှာကို သိသလို၊ မိမိကိုယ်မှာ ရှိနေတဲ့၊ ဝါ၊ လက်တွေ့ခံစားခဲ့ရတဲ့ “ဇာတိပိဒုက္ခာ။ပ။ မရဏမ္ပိ ဒုက္ခံ” စသည်ဖြင့် ဟောထားတဲ့အတိုင်း၊ တဘဝတခါ ပဋိသန္ဓေနေရ အိုရ နာရ သေရလို့ ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှတဲ့ ကိုယ်မှာရှိနေတဲ့ တွေ့ကြုံ ခံစားနေရတဲ့ ဒုက္ခသစ္စာအစစ်အမှန်တွေကို ထိအောင် မိအောင်သိ၍ သတိနှင့်မကွာ ပညာနှင့်စားမှသာ “ဒု သိ ဒိ ပယ်၊ သ သိ ဝိ ပယ်၊ သောတာပန် ဖြစ်နိုင်တယ်” ဆိုတဲ့အတိုင်း၊ အဆိုပါ ကိုယ်တွင်းရှိ ဒုက္ခသစ္စာအစစ်အမှန်တွေကို ထိုးထွင်း၍ သိရှိမှသာ သင့်မှာရှိနေတဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ နူနာပျောက်၍ နိဗ္ဗာန်ရောက်ချမ်းသာ မည်ဟု သိလေ။
သစ္စာအလင်းပြ ဥဒ္ဒေသခဏ်း
၁။ ဥဒ္ဒေသ ပဋ္ဌမခဏ်း အပိုင်း (၁)
သစ္စာလေးပါး အကျဉ်းအားဖြင့်
ပါဠိလို …. မြန်မာလို
ပဝတ္တိ ….. ဖြစ်ခြင်း၊
ပဝတ္တက ... ဖြစ်ကြောင်း၊
နိဝတ္တိ …… မဖြစ်ခြင်း၊
နိဝတ္တက … မဖြစ်ကြောင်း၊
ရှင်းလင်းဖေါ်ပြချက်
ပဝတ္တိ = ရုပ်နာမ်ဇာတိဖြစ်ခြင်း - ဒုက္ခသစ္စာ၊ ရုပ်နာမ်ခန္ဓာကို ဆိုလိုသည်ဟုသိ။
ပဝတ္တက = ရုပ်နာမ်ဇာတိဖြစ်ကြောင်း - သမုဒယသစ္စာ၊ တဏှာ ရာဂ လောဘဟုသိ၊
နိဝတ္တိ = ရုပ်နာမ်ဇာတိ မဖြစ်ရာ - နိရောဓသစ္စာ၊ နိဗ္ဗာန်ကိုဆိုလိုသည်ဟု သိလေ။
နိဝတ္တက = ရုပ်နာမ်ဇာတိမဖြစ်ကြောင်း - မဂ္ဂသစ္စာ၊ မဂ္ဂင်ရှစ်ပါးကို ဆိုသည်ဟုသိ။
အဓိပ္ပါယ်
ဆိုလိုရင်းမှာ၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ မဂ္ဂသစ္စာဟု ဆိုရမဲ့အစား အက္ခရာအမည် တမျိုးပြောင်းလွဲ၍ အဋ္ဌကထာ ဆရာတို့ အဋ္ဌကထာကျမ်းတို့မှာ အသုံးပြုထားသော ဋ္ဌကထာသုံး စကားမျိုးသာ ဖြစ်လေသည်၊ တမျိုးတခြားမဟုတ်ပါ၊ သရုပ်တရားကိုယ်အရမှာ -- အတူတူသာဟု သိလေ မှတ်လေ။ “ဗျဉ္ဇနမေဝ နာနံ အတ္ထတော ဧကံ” ကဲ့သို့ အက္ခရာ သဒ္ဒါသာ ထူးကြသည်၊ အနက်မှာ အတူတူ၊ သစ္စာ တပါးကို စကား တလုံးထား၍ စကားလေးလုံးနှင့် သစ္စာလေးပါး ပြီးစီးသွားအောင် အသုံးပြုထားခြင်း ဖြစ်ပေသည်။
ဆောင်ပုဒ်
ဖြစ်ခြင်း ဖြစ်ကြောင်း၊ မဖြစ်ခြင်း မဖြစ်ကြောင်း၊
လေးပါးပေါင်း၊ ကျိုးကြောင်းသစ္စာတည်း။
ရှင်းလင်းဖေါ်ပြချက်
ဖြစ်ခြင်းဆိုတာက (ဒု) ကိုဆိုသည်၊ တဏှာမှတပါးသောရုပ်နာမ်ခန္ဓာကိုရသည်၊
ဖြစ်ကြောင်း ဆိုတာက (သ) ကိုဆိုသည်၊ တဏှာ ရာဂ လောဘကိုရသည်၊
မဖြစ်ခြင်း ဆိုတာက (နိ) ကိုဆိုသည်၊ နိဗ္ဗာန်ကို ရသည်၊
မဖြစ်ကြောင်း ဆိုတာက (မ) ကိုဆိုသည်၊ မဂ္ဂင်ရှစ်ပါးကို ရသည်။
ဆောင်ပုဒ်
ဖြစ်ချင်ဖြစ်၊ မဖြစ်ချင် မဖြစ်၊ ဤလေးချက် ကြောင်းကျိုးသစ္စာအစစ်တည်း။
တနည်း
ဖြစ်ခြင်းပျက်ခြင်း၊ ဤနှစ်ခြင်း၊ မယွင်းဒုက္ခမှတ်။ ၁-ရုပ်နာမ်ကို အနိစ္စမှတ်။
ဖြစ်ချင်ပြန်က၊ သမုဒယ၊ ဒုက္ခဖြစ်ကြောင်းမှတ်။ ၂-ရုပ်နာမ်ကို ဒုက္ခမှတ်။
မဖြစ်ချင်မှ၊ လမ်းမှန်ကျ၊ မဂ္ဂသစ္စာမှတ်။ ၃-ရုပ်နာမ်ကို အနတ္တမှတ်။
မဖြစ်ပါမှ၊ နိရောဓ၊ ဒုက္ခငြိမ်းအေး မှတ်။ ၄-နိဗ္ဗာန်ကို နိစ္စ သုခ အနတ္တမှတ်။
ရှင်းလင်းဖေါ်ပြချက်
ဖြစ်ချင် ဆိုတာက (သ) ကိုဆိုသည်၊ တဏှာ ရာဂလောဘကို ရသည်။
ဖြစ် ဆိုတာက (ဒု) ကိုဆိုသည်၊ တဏှာမှတပါးသော ရုပ်နာမ်ခန္ဓာ ရသည်။
မဖြစ်ချင် ဆိုတာက (မ) ကိုဆိုသည်၊ မဂ္ဂင်ရှစ်ပါးကို ရသည်။
မဖြစ် ဆိုတာက (နိ) ကိုဆိုသည်၊ နိဗ္ဗာန်ကို ရသည်။
တနည်း
ဒုက္ခ (ဒု)
ဒုက္ခ၏အကြောင်း (သ)
ဒုက္ခချုပ်ရာ (နိ)
ဒုက္ခချုပ်ကြောင်း (မ) ဟု ဆိုသည်။
တနည်း
ဆင်းရဲ (ဒု)
ဆင်းရဲကြောင်း (သ)
ဆင်းရဲချုပ်ရာ (နိ)
ဆင်းရဲချုပ်ကြောင်း (မ) ဆိုသည်။
(၁) အဓိပ္ပါယ်။ ဖြစ်ချင် ဆိုတာက ပုထုဇဉ်တို့ ထုံးစံအတိုင်း၊ လူ နတ် ဗြဟ္မာဆိုတဲ့ ဘုံသုံးပါးတို့၌ အို နာ သေရေး ဒုက္ခဘေးတွေ လွတ်လပ်ရေး မရသေးဘဲလျက် ဘုံသုံးပါးတို့၌ ထိုဘေးတွေ ရှိနေသေးသည်ကို တွေးမှ မတွေးမိ လုံးလုံးကြီးမသိတဲ့ မသိမှု အဝိဇ္ဇာကြောင့် အဆိုပါ ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်နေသေးတဲ့ ကာမုပါဒါန် အရင်းခံကြောင့် လက်ရှိဘဝ စုတိကျက ဘုံသုံးပါးတို့မှာ တဖန် ပြန်၍ ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာ လောဘကို “ဖြစ်ချင်” ဆိုသည်ဟု သိလေ မှတ်လေ။
(၂) ဖြစ် ဆိုတာက၊ ဤလို ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာ လောဘကြောင့်ပင် ဘုံသုံးပါးမှာ ကံအားလျော်စွာ ရုပ်နာမ် ခန္ဓာ ဒုက္ခသစ္စာတွေ အသစ်သစ် ပြန်၍ ဖြစ်ပေါ်လာခြင်းကို “ဖြစ်” ဆိုသည်ဟုသိလေ။
(၃) မဖြစ်ချင် ဆိုတာက၊ ဖြစ်ချင်လျှင် ဖြစ်ပြန်လိမ့်မယ်၊ ဖြစ်ပြန်လျှင် ဖြစ်ရာဘုံဘဝမှာ တဘန်ပြန်၍ ပဋိသန္ဓေ နေရမဲ့အရေး၊ ပဋိသန္ဓေဘေး အိုဘေး နာဘေး သေဘေး စသော ကုန်အောင် စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှ အသင်္ချေ အနန္တတို့နှင့် မုချပြန်၍ တွေ့ရမဲ့ အရေးတွေကို ကောင်းကောင်း လှလှကြီး ထင်မြင် သိရှိ လာပါသောကြောင့် ဘယ်ဘုံ ဘယ်ဘဝမှာမှ တဘန်ပြန်၍ မဖြစ်လို မဖြစ်ချင် တော့သည်ကို “မဖြစ်ချင်” ဆိုသည်ဟုသိလေ။
(၄) မဖြစ် ဆိုတာက၊ ဤလို-ဤပုံ ဖြစ်လိုလျှင် ဖြစ်ပြန်လိမ့်မယ်။ဖြစ်ပြန်လျှင် ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိဒုက္ခ စသော ကုန်အောင် စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခ ဟူသမျှ အသင်္ချေ အနန္တ တို့သည် နွားနောက်က လှည်းဘီးကြီး နွားခြေရာကို နင်းနင်းပြီး လိုက်သကဲ့သို့ ဘုံသုံးပါးတို့၌ ဖြစ်လိုတဲ့ သမုဒယသစ္စာ ဘဝတဏှာ လောဘ၏ နောက်က ဇာတိဒုက္ခ စသော လှည်းဘီးကြီးတို့သည်။ ဝါ၊ ဇာတိ လှည်းဘီး ဇရာလှည်းဘီး ဗျာဓိလှည်းဘီး မရဏလှည်းဘီး စသော ဆင်းရဲပေါင်းချုပ် ဒုက္ခ လှည်းဘီးတို့သည် တဘီးပြီးတဘီး တသီတတန်း တပုံတခေါင်းကြီး လိုက်လာကြ တော့မဲ့အရေး ဒုက္ခသစ္စာ ဘေးတွေကို အစွမ်းကုန် ထင်မြင် သိရှိလာတဲ့ခါ၊ အဆိုပါ ဘုံသုံးပါးတို့မှာ တဘန်ပြန်၍ ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာပြတ်၍ အရဟတ္တမဂ်သို့ ရောက်သဖြင့် အရဟန္တ စုတိနောင်မှာ တဏှာခန္ဓာ အသစ် မဖြစ်တော့ဘဲ၊ ဖြစ်မှု ပျက်မှုတွေ၊ မွေးမှု သေမှုတွေ အမြဲ ငြိမ်းအေးသွားတဲ့ နိဗ္ဗာန်ကို “မဖြစ်” ဆိုသည် ဟုသိလေ။
ဆောင်ပုဒ်
ဖြစ်လိုမှုကြောင့် ဖြစ်မှုဒုက္ခံ
ဖြစ်ချင်လိုမှု-ပယ်စွန့်ပြု
ချုပ်မှုထိုဒုက္ခံ
သ,သစ္စာဟုသိ၊
ဒု, သစ္စာဟုသိ၊
မ, သစ္စာဟုသိ၊
နိ, သစ္စာဟုသိ၊
ဖြစ်လို၍ ဖြစ်နေကြတာ မဖြစ်လိုက မဖြစ်တော့ပါ...
ဘာ့ကြောင့် -
အလောဘေန ဇာတိဒုက္ခံ နဟောတိ၊
ကသ္မာ အလောဘဿ တဏှာယ ပဋိပက္ခတော။
(သာလိနီ-ဋ္ဌာ)
အနက်
အလောဘေန၊ နောက်ထပ် အသစ်မဖြစ်လိုသော အလောဘကြောင့်။
ဇာတိဒုက္ခံ၊ တဘန်တဘန် ပြန်၍ပြန်၍ ပဋိသန္ဓေ တည်နေရတဲ့ ဇာတိဒုက္ခသည်။
ဝါ၊ ဇာတိဒုက္ခစသော ကုန်အောင်စုံသော သံသရာ ဝဋ်ဒုက္ခသည်။
နဟောတိ၊ နောက်ထပ်အသစ် မဖြစ်တော့ပြီ။
ကသ္မာ၊ ဘာ့ကြောင့်လဲ။
အလောဘဿ၊ တဘန်အသစ် မဖြစ်လိုသော အလောဘ၏။
တဏှာယ၊ တဘန်အသစ်ဖြစ်လို ဖြစ်ချင်နေတဲ့ တဏှာလောဘနှင့်။
ပဋိပက္ခတော၊ ဗြောင်းပြန်ကြီး ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်တည်း။
အဓိပ္ပါယ်
ဖြစ်လိုမှု လောဘကြောင့်ဖြစ်သော ဇာတိဒုက္ခသည် ထို ဖြစ်လိုမှု အကြောင်းတဏှာ ချုပ်က ဖြစ်မှုဇာတိဒုက္ခ အကျိုးလည်း မချုပ်ချင် မနေရ ချုပ်ရတော့သည် ဟူလို။ ဝါ၊ နိဗ္ဗာန်ယူသိမ်း၍ ငြိမ်းတော့သည် ဟူလို။ ဖြစ်လိုလျှင် ဖြစ်မှုဒုက္ခ မုချရောက်မယ်၊ ဖြစ်လိုမှုကို ပယ်စွန့်လျှင် ဖြစ်မှုဒုက္ခ မုချငြိမ်းအေးမယ်။ စိတ်ချ ဒိဋ္ဌ နိဗ္ဗာန်ရမည် ဟူလို။
ရှေးနည်းအတူ
သင်္ခတ ပရိညေယျ တဏှာဝတ္ထု အာလယ
တဏှာ ပဘဝ တဏှာ အာလယရာမတာ
အသင်္ခတ သစ္ဆိကာတဗ္ဗ တဏှာနိရောဓ အာလယသမုဂ္ဃါဋ
ဒဿန ဘာဝေတဗ္ဗ တဏှာနိရောဓုပါယ အာလယသမုဂ္ဃါဋုပါယ
ဤသို့စသည်ဖြင့်၊ သစ္စာလေးပါးတို့ကို အမည်အက္ခရာ ပြောင်းကာ လွှဲကာ ဖြစ်သင့် သလို ဖြစ်နိုင်သလို လေးပါးစီ လေးပါးစီ “သမ္မောဝိသုဒ္ဓိမဂ်” တို့မှာ ပြဆိုပါသေး၏၊ သို့ ပြဆိုသော်လည်း အက္ခရာသဒ္ဒါမျှသာ ထူးခြား ကွဲလွဲ၍၊ တရားကိုယ်အရမှာ “လောကီခန္ဓာ လောဘ နိဗ္ဗာန် မဂ္ဂင်” တို့သာ ဖြစ်ကြ၍ အတူတူပင် “ဒု-သ-နိ-မ” ဆိုတဲ့ သစ္စာလေးပါး တို့ကိုဘဲ ပြဆိုခြင်း ဖြစ်ပါသည်။
တနည်း သစ္စာလေးပါး
ဒုက္ခ တေဘူမကံ ဝဋ္ဋံ၊
တဏှာ သမုဒယော ဘဝေ။
နိရောဓောနာမ နိဗ္ဗာနံ၊
မဂ္ဂေါ လောကုတ္တရော မတော။
ဘာသာပြန်
ပြုအပ်သော ကံအားလျော်စွာ ဘုံသုံးပါးတို့မှာဖြစ်ကြတဲ့ ခန္ဓာတပါး၊ ခန္ဓာလေးပါး၊ ခန္ဓာငါးပါး၊ သံသရာဝဋ်တရားသည် ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ ပဋိသန္ဓေအစ စုတိသေနေ့ကြအောင် တသက်လုံး တဘဝလုံး ဆင်းရဲတုံး ဆင်းရဲခဲ ဆင်းရဲအစုအပုံ ဆင်းရဲအသိုက်အအုံကြီးသာ ဖြစ်၍၊ ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသော ကြောင့် ဒုက္ခသစ္စာသာ ဖြစ်၏။ ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍၊ ဘုံသုံးပါး တို့၌ပင် တဘန်တဘန် ပြန်၍ပြန်၍ ဖြစ်လိုဖြစ်ချင်နေတဲ့ ဘဝတဏှာ လောဘသည် လည်း ဖြစ်လို၍ ဖြစ်ပြန်လျှင်၊ ဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိဒုက္ခ စသော ကုန်အောင် စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့ကို မုချဖြစ်စေတော့မှာ စစ်မှန်လှသော ကြောင့် သမုဒယသစ္စာသာ ဖြစ်၏။ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာခန္ဓာ၊ ဒု-သ-သစ္စာနှစ်ပါးတို့၏ တဘန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည်ကား တဏှာခန္ဓာ ဇာတ်သိမ်း၍ အငြိမ်းကြီးငြိမ်းရာ အဧကြီးဧရာ စစ်မှန်လှသောကြောင့် နိရောဓသစ္စာ ဖြစ်၏။ လောကုတ္တရာမဂ်နှင့်ယှဉ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကောင်း စစ်မှန်လှသောကြောင့် မဂ္ဂသစ္စာဟု သိအပ်၏။
အမှာ
ဤဂါထာ၌ “ဒုက္ခံ တေဘူမကံ ဝဋ္ဋံ” ဖြင့်၊ “ဒုက္ခသစ္စာ” ကိုပြသည်၊ လောကီခန္ဓာ အစုကို “ဒု သစ္စာ”ဟုသိ။ “တဏှာသမုဒယောဘဝေ” ဖြင့်၊ “သမုဒယသစ္စာ”ကို ပြသည်၊ တဏှာကို “သ သစ္စာ”ဟု သိ။ “နိရောဓောနာမ နိဗ္ဗာနံ”ဖြင့်၊ နိရောဓ သစ္စာ”ကိုပြသည်၊ နိဗ္ဗာန်ကို “နိ သစ္စာ”ဟုသိ။“မဂ္ဂေါ လောကုတ္တရော မတော”ဖြင့် “မဂ္ဂသစ္စာ” ကို ပြသည်၊ မဂ္ဂင်ရှစ်ပါးကို “မ သစ္စာ”ဟုသိ။
အယူမှားနှင့် အယူမှန်
ဘုံသုံးပါးတို့၌ လူ့ဘုံ၌ လူတွေ၊ နတ်ဘုံ၌ နတ်တွေ၊ ဗြဟ္မာဘုံ၌ ဗြဟ္မာတွေ၊ ဖြစ်ကြ မွေးကြ သေကြသည်ဟု မိစ္ဆာဒိဋ္ဌိ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ အယူမှားကို မယူမိကြစေနှင့် ပညတ်မျှသာ၊ ဘုံသုံးပါးတို့မှာ - တဏှာကြောင့် ခန္ဓာ ဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်ပါးတို့သာ တသံသရာလုံး ဖြစ်ကြ ပျက်ကြသည်၊ လူနတ်တို့၏ ဖြစ်မှု ပျက်မှုမဟုတ်၊ မွေးမှု သေမှု မဟုတ်၊ အဆိုပါ ဒု-သ သစ္စာနှစ်ပါးတို့၏ ဖြစ်မှု ပျက်မှုသာ ဟု ဒု-သ ဆိုတဲ့ သစ္စာကို ထိအောင် မိအောင် ပေါက်အောင် ရောက်အောင် သမ္မာဒိဋ္ဌိ အမှန်သိ အမှန်မြင်အောင် အယူမှန်ကို ယူမိကြပါစေ။ ဝါ၊ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကိုပင် ငါ့ကိုယ်အတ္တဟု ယူမှားတဲ့ ဒိဋ္ဌိတရားကြီးကို တားဆီးနိုင်တဲ့ အပါယ်လွတ်တရားရ သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ကြပါစေသတည်း။ “ခန္ဓာနံယေဝ ပါတုဘာဝေါ န သတ္တော ခန္ဓာနံယေဝ ဘေဒေါ န နရော" ကို ထောက်လေ။
တနည်း သစ္စာလေးပါး
စက္ခုံ ဒုက္ခသစ္စံ တံသမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ ဥဘိန္နံအပ္ပဝတ္တိ နိရောဓသစ္စံ နိရောဓ ပဇာနနာ ပဋိပဒါမဂ္ဂသစ္စံ။ (ဝိ-ပါ-ဋ္ဌာ)
ဘာသာပြန်
မျက်စိသည် ဒုက္ခသစ္စာ၊ ထိုမျက်စိကို ဖြစ်စေတတ်သော ရှေးဘဝ၌ဖြစ်သော တဏှာသည် သမုဒယသစ္စာ။ မျက်စိတဏှာ ဒု-သ သစ္စာ နှစ်ပါးတို့၏ တဘန် အသစ် မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ။ နိဗ္ဗာန်ကို အများအားဖြင့် သိမြင်တတ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည် မဂ္ဂသစ္စာ။ ကိုယ်မှာရှိတဲ့ ဒုက္ခသစ္စာကို မြင်အောင် ကြည့်ပါလေ။
ဤ၌ - မျက်စိကို ဒု၊ တဏှာကို သ၊ နိဗ္ဗာန်ကို နိ၊ မဂ္ဂင်ကို မ၊ သစ္စာဟု သိလေ။
အမှာ
ဤ၌၊ စက္ခုတခုကို သဲလွန်စယူကာ “တနွယ်ငင် တစင်လုံးပါ” ဆိုသလို သောတ ဃာန ဇိဝှါ ကာယ မန စသော ခြောက်ဒွါရ ခြောက်အာရုံ ခြောက်ဝိညာဉ်တို့၌လည်း “သောတံ ဒုက္ခသစ္စာ တံသမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ။ ဥဘိန္နံ အပ္ပဝတ္တိ နိရောဓသစ္စံ နိရောဓ ပဇာနနာ ပဋိပဒါ မဂ္ဂသစ္စံ” စသည်ဖြင့် အကုန်အစင် သစ္စာဉာဏ် ပွင့်လင်းလာအောင် သစ္စာဉာဏ် ကြီးရင့်လာအောင် မပျင်းမရိ လုလ္လရှိရှိနှင့်၊ ပါဠိလိုဘဲ ဖြစ်ဖြစ် မြန်မာလိုဘဲဖြစ်ဖြစ် အထက် ဖေါ်ပြပါ စက္ခုနည်းကိုမှီး၍ သစ္စာဖွဲ့ပုံကို လေ့ကျက်ပါလေဦး၊ အက္ခရာ ပြောင်းလွဲရုံသာ ထူးတော့သည်။
ထို့ပြင် နယဂ္ဂါဟ --
သီသံ ဒုက္ခသစ္စံ တံ သမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ၊ ဥဘိန္နံ အပ္ပဝတ္တိ နိရောဓသစ္စံ နိရောဓပဇာနနာ ပဋိပဒါ မဂ္ဂသစ္စံ။
စသည်ဖြင့် ပါဠိလိုဖြစ်စေ၊ သို့မဟုတ် ဥက္ခောင်းသည် “ဒုက္ခသစ္စာ”၊ ထို့ဥက္ခောင်းကို ဖြစ်စေတတ်သော ရှေးဘဝ၌ဖြစ်သော တဏှာသည် “သမုဒယ သစ္စာ”။ ဥက္ခောင်းတဏှာ ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည် “နိရောဓသစ္စာ”။ နိဗ္ဗာန်ကို အပြားအားဖြင့် သိမြင်တတ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ် တရားသည် “မဂ္ဂသစ္စာ” စသည်ဖြင့် မြန်မာလိုဖြစ်စေ၊ သစ္စာဖွဲ့လေဦး၊ ကိုယ်မှာရှိတဲ့ သစ္စာကို တဲ့တဲ့မြင်ပါစေ။
ဤ၌ - ဥက္ခောင်းကို ဒု၊ တဏှာကို သ၊ နိဗ္ဗာန်ကို နိ၊ မဂ္ဂင်ကို မ သစ္စာဟု သိလေ။
ထိုမှတပါး၊ လည်ပင်းသည် “ဒုက္ခသစ္စာ”။ပ။ ပခုံးသည်“ဒုက္ခသစ္စာ”။ပ။ လက်သည် “ဒုက္ခသစ္စာ”။ပ။ ကျောသည် ဝမ်းသည် ခါးသည် တင်ပါးသည် ပေါင်သည် ဒူးသည် ခြေသလုံးသည် ခြေပမိုးသည် “ဒုက္ခသစ္စာ”၊ တကိုယ်လုံး တကောင်လုံး ကြီးသည် “ဒုက္ခသစ္စာ”။ပ။ စသည်ဖြင့် သစ္စာဖွဲ့လေဦး။
ကိုယ်မှာရှိလျက် မသိချက် ဆိုးညစ်အဝိဇ္ဇာ
မှတ်ချက်
မျက်စိ နား နှာ လျှာ ကိုယ် စသည်တို့ဟာ ကိုယ်မှာ အမြဲတန်း ရှိနေပါလျက်၊ “အဝိဇ္ဇာတိ ဒုက္ခေ အညာဏံ။ပ။ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု အညာဏံ” စူဠနိဒ္ဒေသပါဠိတော်ကြီး နှင့်အညီ၊ “ဒု သ နိ မ" ၌ မသိတာလဲ အဝိဇ္ဇာဘဲ၊ ရှေ့နောက် ရှေ့ နောက်နှစ်ပါးတို့၌ ခန္ဓာ တို့၏ အစတို့၌ မသိတာလဲ အဝိဇ္ဇာဘဲ၊ ပဋိစ္စသမုပ္ပါဒ်၌ မသိတာလဲ အဝိဇ္ဇာဘဲတဲ့။ ဤလို မိမိကိုယ်မှာရှိလျက် မိမိခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာ အစစ်အမှန် ဖြစ်ပါလျက်သားနှင့် ဒုက္ခသစ္စာမှန်း ဘိစ္စတုံး လုံးလုံးကြီး မသိရတာဟာ အဝိဇ္ဇာရဲ့ လက်ချက်ဟု သိလေမှတ်လေ။
ဆောင်ပုဒ်
စတုသစ္စ သုံးအန္တနှင့်၊ ပဋိစ္စတဖန် ဤရှစ်တန်၊
အမှန်မသိတာ အဝိဇ္ဇာ၊ သိတာက ဝိဇ္ဇာ။
အဝိဇ္ဇာကား - မိစ္ဆာဒိဋ္ဌိ၊ ဝိဇ္ဇာကား-သမ္မာဒိဋ္ဌိ၊ အဝိဇ္ဇာကား-မောဟ မှောင်၊ ဝိဇ္ဇာကား-ပညာအလင်းရောင်၊ ဆန့်ကျင်ဘက်တည်း၊ လောက၌ လင်းရောင်ရောက်လျှင် မိုက်မှောင် ပျောက်သကဲ့သို့၊ လောကုတ္တရာ၌လည်း ဝိဇ္ဇာပညာ အလင်းရောင် ရောက်လျှင် အဝိဇ္ဇာ မောဟမှောင် ပျောက်၏။ လောက၌ အမိုက်မှောင်ကို ပျောက်စေလိုလျှင် မီး စသော အလင်းရောင်ကို ရှာဖွေအပ်သကဲ့သို့၊ လောကုတ္တရာ၌ သစ္စာ စသည်ကို မသိမှု မောဟမှောင် ပျောက်စေလိုလျှင် သစ္စာ စသည်ကို သိမှု ဝိဇ္ဇာ ပညာ၊ သမ္မာဒိဋ္ဌိ အလင်းရောင်ကို မရမနေ ရှာဖွေအပ်၏၊ ရှာဖွေရမည်၊ ရှာဖွေကြလေ ဟူလို။ ထို့ကြောင့်ပင် “ယထာဘူတံ ဉာဏတ္ထာယ သတ္ထာ ပရိယေသိတဗ္ဗာ” ဟု ဟောတော်မူခဲ့ပေသည်း၊ မဘောက်မပြန် ဟုတ်မှန်စွာသိစေခြင်းငှါ ဆရာ ရှာကြတဲ့ ....။
အထက်အဆိုပါ စကား၌၊ သမ္မာဒိဋ္ဌိသည် အဘယ်နည်း၊ အဘယ်ဟာပါနည်း ?
ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ ယံ ဘိက္ခဝေ ဒုက္ခေဉာဏံ ဒုက္ခ သမုဒယေဉာဏံ ဒုက္ခနိရောဓေဉာဏံ ဒုက္ခနိရောဓဂါမိနိပဋိပဒါယ ဉာဏံ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။
ဆိုတဲ့ သတိပဋ္ဌာနသုတ်၌ ဟောတော်မူခဲ့သည်နှင့် အညီ၊ လက်ရှိဘဝ ရရှိထားကြတဲ့ မျက်စိ နား နှာ စသည်တို့ဟာ ရရှိသည်ကစ၍ မျက်စိ နား နှာ စသည်တို့နှင့် ပတ်သက်၍ အဘက်ဘက်မှာ သေနေ့သို့ ကြအောင် ဆင်းရဲတာ မှန်လှသောကြောင့် ဒုက္ခသစ္စာလို့ အမှန်သိ အမှန်မြင်တာလဲ သမ္မာဒိဋ္ဌိဘဲတဲ့။ ထိုမျက်စိစသော ဒုက္ခသစ္စာကို တဖန်တဖန် ဖြစ်စေတတ်တဲ့ ရှေးဘဝက လူ့ဘုံ နတ်ဘုံတို့၌ ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာဟာ ဖြစ်လို၍ ဖြစ်ပြန်ပါလျှင် ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ မျက်စိ စသော ဒုက္ခသစ္စာကို ဖြစ်စေတော့မှာ စစ်မှန်လှသောကြောင့် သမုဒယသစ္စာလို့ အမှန်သိ အမှန်မြင်တာလဲ သမ္မာဒိဋ္ဌိဘဲတဲ့။
တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် မျက်စိတဏှာ၊ “ဒု-သ” သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည် ချမ်းသာရာ ချမ်းသာကြောင်း စစ်မှန်လှသောကြောင့် နိရောဓသစ္စာလို့ အမှန်သိ အမှန်မြင်တာလဲ သမ္မာဒိဋ္ဌိဘဲတဲ့။ ထိုနိဗ္ဗာန်ကို အပြား အားဖြင့် သိမြင်တတ်သော မဂ်စိတ် လေးခု၌ရှိသော သမ္မာဒိဋ္ဌိစသော တဏှာပယ်တဲ့ မဂ်အကျင့် မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည် ဆင်းရဲ ကုန်ရာ၊ ဆင်းရဲ ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း စစ်မှန်လှသောကြောင့် မဂ္ဂသစ္စာလို့ အမှန်သိ အမှန်မြင်တာလဲ သမ္မာဒိဋ္ဌိဘဲတဲ့။ ဤလို ဤပုံ၊ ဤကား-ဒု၊ ဤကား-သ၊ ဤကား-နိ၊ ဤကား-မ ဟု သစ္စာလေးပါး မြတ်တရားတို့ကို အကြောင်း အကျိုးနှင့်တကွ ပိုင်းခြားဝေဘန်၍ အမှန် အတိုင်း သိမြင်တဲ့ လောကီပညာ လောကုတ္တရာပညာကို သမ္မာဒိဋ္ဌိဟု ငါဘုရား ဟောတော်မူသည်ဟူလို။
အနာနှင့်ဆေး ကိုက်အောင်ပေး၊ ပျောက်ရေးမခက်ပါ
အနာတခြား ဆေးတပါး ဖြစ်နေ၍၊ အနာနှင့်ဆေး မကိုက်၍ ရောဂါ မပျောက်နိုင် ဟုဆိုလိုရာ၊ အနာနှင့် ဆေးနှင့် ကိုက်လျှင်၊ ဝါ၊ သူ့အနာနှင့် သူ့ဆေးကိုက်လျှင် ရောဂါ အမြန်ပျောက်နိုင်၏ဟု ဆိုလိုပေသည်၊
ဒိဋ္ဌိ ဝိစိကိစ္ဆာကား အနာတို့ပေတည်း။ သစ္စာ လေးပါးကား ဆေးပေတည်း၊
သစ္စာလေးပါးဆေး မစား၍ မစားရ၍ ဒုက္ခသစ္စာ ဖြစ်သော မျက်စိကိုပင် ငါ၏ မျက်စိ၊ ငါ့ဟာ ငါ့ကိုယ်အတ္တဟု ယူမှားသော ဒိဋ္ဌိနာ မပျောက်၊ ထိုမျက်စိ ဒုက္ခသစ္စာသည် တဏှာကြောင့် ဖြစ်သည်ကိုပင် ဗိဿဏိုး ထာဝရဘုရားကြောင့် ဖြစ်သလောဟု ယုံမှားသော ဝိစိကိစ္ဆာနာ မပျောက်နိုင်ဘဲရှိရာ။
သစ္စာလေးပါးဆေးကို စားသောက် သုံးဆောင်တဲ့ခါ၊ မျက်စိ စသည်တို့ကို ဒုက္ခသစ္စာ မှန်း သိလာတဲ့ခါ အယူမှား ဒိဋ္ဌိနာပျောက်၊ တဏှာကြောင့် ဖြစ်သည်ဟု သမုဒယ သစ္စာမှန်း သိလာတဲ့ခါ ယုံမှားဝိစိကိစ္ဆာနာပျောက်၍ ဒိဋ္ဌိကိလေသာကြောင့်ဖြစ်သော အပါယ်သို့ မရောက်တော့ဘဲ အမြဲဘဲ အပါယ်ဘေးမှ ချမ်းသာရလေတော့သည်။
ထို့ကြောင့် “သစ္စာရေအေး အမြိုက်ဆေး” ဟု ဆိုရိုးပြုကြလေသည် ဟူလို။
---
မဂ်ရေစင်
လောက၌ ပကတိအညစ်အကြေးကို ပကတိရေနှင့်ဆေးလျှင် စင်ကြယ်သွားသကဲ့သို့၊ ထို့တူပမာ - ဒုက္ခသစ္စာမှန်းမသိတဲ့ မောဟကိလေသာ အညစ်အကြေး၊ သမုဒယသစ္စာ မှန်း မသိတဲ့ မောဟကိလေသာ အညစ်အကြေး၊ နိရောဓ မဂ္ဂသစ္စာမှန်းမသိတဲ့ မောဟ ကိလေသာ အညစ်အကြေးတို့သည် “ဤကား ဒု၊ ဤကား သ၊ ဤကား နိ၊ ဤကား မ” သစ္စာကိုသိတဲ့ သစ္စဉာဏ် မဂ်ရေစင်နှင့် ဆေးလိုက်တဲ့ခါ၊ အဆိုပါ မောဟ စသော ကိလေသာ အညစ်အကြေးများ စင်ကြယ်သွားနိုင်ပေသည်။ ဤသို့သောအရာကို ရည်၍ မဂ်ရေစင်ဟု ဆိုရိုးရှိခဲ့ပေသည်။
ထို့ ကြောင့်ပင် --
ဇလေနဘဝတိပင်္ကံ၊
ဇလေနေဝဝိသုဇ္ဈတိ။
ဧဝံစိတ္တေန ဘဝတိ၊
ပါပံ စိတ္တေနေဝဝိသုဇ္ဈတိ။
ဟု ဟောတော်မူခဲ့လေသည်။
---
မှတ်ချက်
ရေကြောင့်ဖြစ်သော ညွန်သည် ရေနှင့် ဆေးလျှင် စင်သကဲ့သို့ စိတ်ကြောင့်ဖြစ်သော မကောင်းမှုသည် စိတ်ဖြင့် ပြန်ဆေးလျှင် စင်၏ ဟူလို။
---
အလင်းရောက်က အမှောင်ပျောက်
လောက၌ ပကတိ မီး စသော အလင်းရောင်ရောက်လာလျှင်၊ ပကတိအမှောင်တို့သည် ပျောက်ကွယ်သွားသော သဘော၊ ပျောက်ကွယ်သွားခြင်း ထုံးစံဟာ ဓမ္မတာ ဖြစ်သကဲ့သို့ ထို့တူပမာ - ဤကား ဒုက္ခသစ္စာ စသည်ဖြင့် သစ္စာကိုသိတဲ့ အနုဗောဓ ပညာ ပဋိဝေဓပညာ အလင်းရောင် ပေါ်ပေါက်လာတဲ့ခါ သစ္စာမှန်းမသိတဲ့မှောင်၊ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကိုပင် ငါ့ကိုယ်အတ္တဟု ယူမှားခဲ့ဘူးတဲ့ ဒိဋ္ဌိမှောင်။ ဗိဿဏိုး နတ် ထာဝရဘုရားကြောင့် ဖြစ်တယ်ဆိုတာဘဲ ဟုတ်မှန်လေသလော ဟု ယုံမှား ခဲ့ဘူးတဲ့ ဝိစိကိစ္ဆာမှောင်၊ နွားတို့၏ ခွေးတို့၏ အလေ့အကျင့်ဖြင့်ပင် သံသရာမှ စင်ကြယ်၏ဟု နှလုံးသွင်းမှားခဲ့ဘူးတဲ့ သိလဗ္ဗတမှောင် တို့သည် ပျောက်ကွယ်သွား သောသဘော၊ ပျောက်ကွယ်သွားခြင်း ထုံးစံဟာလဲ ဓမ္မတာဘဲ ဖြစ်လေသည်။
ဤသို့သော အရာမျိုးကိုရည်၍၊ လင်းရောင်ရောက်က မိုက်မှောင်ပျောက်သည်ဟု ဆိုရိုး ရှိခဲ့ဘူးလေသည်။ ထို့ကြောင့် ယခုဘ၀ သေနေ့ကမဦးခင် ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာ အနာတွေ ပျောက်ကင်း၍ အပါယ်လွတ်တရားရ သောတာပန်စသော အရိယာများ ဖြစ်သွားနိုင်ကြအောင် သစ္စာလေးပါး ဆေးကို နာနာစားကြပါလေ။ ဒိဋ္ဌိ ဝိစိ ကိလေသာ အညစ်အကြေးများ စင်ကြယ်၍ အပါယ်လွတ်တရား ရအောင် သစ္စာဉာဏ် မဂ်ရေစင် နှင့် နာနာဆေးလျှော်ကြပါလေ။ မောဟဒိဋ္ဌိ ဝိစိကိစ္ဆာ စသော အမိုက်မှောင်များ ပျောက်သွား၍ အပါယ်လွတ်တရား ရအောင် သစ္စာဉာဏ် အလင်းရောင်ကို တပြောင်ပြောင် ညှိထွန်း၍ ပေးကြပါရန် အကျိုးမျှော်၍ နှိုးဆော်ခဲ့ပါသည် ဟူလို။
---
တန်ဘိုးမရှိ-တန်ဘိုးမထွက်
မျက်စိကို မျက်စိဟု၊ နားကို နားဟု သိကြသည်မှာ ဓမ္မတာ၊ သူသူငါငါ ဘယ်သူမဆို ကိုယ့်ဘာသာနှင့်ကိုယ်၊ ငယ်ကထည်းကပင် သိခဲ့ကြပေသည်၊ ဤအသိမျိုးမှာ ရိုးရာသိ ဓမ္မတာသိ၊ ပညတ်သိ-ပညတ်မြင်၊ မိစ္ဆာဒိဋ္ဌိ အမှားသိဖြစ်၍ တန်ဘိုးမရှိ တန်ဘိုး မထွက်ပေ။
---
တန်ဘိုးရှိ - တန်ဘိုးထွက်
မျက်စိကို ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးနှစ်စားတို့တွင် ရုပ်ကမ္မဋ္ဌာန်း ဖြစ်သည်ဟု သိတဲ့အသိ၊ မျက်စိသည် အာရုံတရား အာရမ္မဏိက တရားနှစ်ပါးတို့တွင် အာရုံတရား ဖြစ်သည်ဟု သိတဲ့အသိ၊ မျက်စိသည် နာမ်တရား ရုပ်တရား နှစ်ပါးတို့တွင် ရုပ်တရား ဟု သိတဲ့အသိ၊ မျက်စိရုပ်သည် ဥပါဒ်-ဌီ-ဘင် မျှဖြစ်၍ ခဏခြင်း ပျက်တတ် သောကြောင့် မမြဲ ဆင်းရဲ အစိုးမရတဲ့ အနိစ္စ ဒုက္ခ အနတ္တ အသုဘ တရား သာတည်းဟု သိတဲ့အသိ၊ မျက်စိရုပ်သည် သစ္စာလေးပါးတို့တွင် ဒု-သစ္စာ ဖြစ်၏။ ထိုမျက်စိရုပ်ကိုဖြစ်စေတတ်သော ရှေးဘဝက တဏှာသည် သ-သစ္စာ ဖြစ်သည်။ ထို “ဒု - သ” သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည် နိ-သစ္စာဖြစ်သည်။ ထိုနိဗ္ဗာန်ကို သိတတ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ် တရားသည် မ-သစ္စာ ဖြစ်သည်ဟု သိတဲ့အသိကား ကမ္မဋ္ဌာန်းအသိကစ၍ သစ္စာသိထိအောင် သိတဲ့အသိမျိုးဖြစ်၍၊ သစ္စာသိတဲ့ခါ တတိယ သစ္စာ ခေါ်သော နိရောဓသစ္စာ၊ နိဗ္ဗာန်ကိုမြင်သိသွားနိုင်တဲ့ သောတာပတ္တိမဂ်စိတ် ဖိုလ်စိတ်များ ဖြစ်ပေါ်နိုင်အောင် သိတဲ့ အသိမျိုးဖြစ်၍ အပါယ်လွတ် တရားရ သောတာပန် စသော အရိယာများ ဖြစ်သွားစေနိုင်၍ ပရမတ်မြင် ပရမတ်သိ သမ္မာဒိဋ္ဌိအမှန်သိ အမှန်မြင်ဖြစ်၍ သံသရာတခွင် ခန္ဓာအစဉ်က စ၍၊ ယခုဘဝတိုင်၊ ငါ၏ မျက်စိ ငါ့ဟာ ငါ့ကိုယ် အတ္တဟု ယူမှားခဲ့သော အယူမှား ကြီးကို တားဆီးလိုက်နိုင်တဲ့ ဒိဋ္ဌိပဋိသေဓက တရားကို လက်ကိုင်ရရှိ သွားပါသော ကြောင့် တန်ဘိုးမဖြတ်နိုင်အောင် မွန်မြတ်လှပေသည်။
---
ထို့ကြောင့် --
ယခုလက်ရှိဘဝ မျက်စိ နား နှာ လျှာ ကိုယ် မနော တို့ကို အဆိုပါ အသိမျိုးတို့ဖြင့် ဆီး ဝမ်း ကွဲအောင် မသိရသေးဘဲ၊ ဒွေးဝမ်းနှင့်တော့ သေမသွားကြပါနှင့်၊ သေမဲ့သေရင်လဲ အဆိုပါ မျက်စိ နား နှာ လျှာ ကိုယ် မနော စသည်တို့ကို အဆိုပါ အသိမျိုးတို့ဖြင့် ဆီးဝမ်းကွဲအောင် သိပြီးမှ၊ တသံသရာလုံး တဘဝလုံးကြီးက မျက်စိ စသော ဒုက္ခသစ္စာ ကိုပင် ငါ့ကိုယ် အတ္တဟု ယူမှားခဲ့သော အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ အယူမှားကြီးကို တားဆီးနိုင်တဲ့ ဒိဋ္ဌိ ပဋိသေဓကတရား အပါယ်လွတ်တရားရတဲ့ သောတာပန် စသော အရိယာများဖြစ်ပြီးမှ သေကြပါဟု မေတ္တာရပ်လိုက်ပါသည်။
(သတိ-သတိ) ကျမ်းဂန်တို့၌ကား --
အသုတဝါ ဒိဋ္ဌိ ပဋိသေဓကော နတ္ထိ၊
သုတဝါ ဒိဋ္ဌိ ပဋိသေဓကော အတ္ထိ - ဟု အဆိုရှိ၏။
အသုတ၊ ရုပ်နာမ်ခန္ဓာ ဓာတ်သစ္စာနှင့် စပ်သော အမြတ်တရားကို မကြားဘူး မနာဘူး မလေ့လာဘူး မသင်ကြားဘူး၍ ပရိယတ္တိသုတလည်း မရှိ မဂ်ဖိုလ်ဟူသော အာဂမ သုတလည်းမရှိသောသူသည်။
ဒိဋ္ဌိပဋိသေဓကော၊ အပါယ်ငရဲကို တကယ် ဆွဲဆွဲချတတ်တဲ့ ဒိဋ္ဌိအယူမှားကြီးကို တားဆီးနိုင်တဲ့ ဒိဋ္ဌိပဋိသေဓက တရားသည်။
နတ္ထိ၊ မိမိလက်ထဲမှာ လက်ကိုင်မိမိ မရရှိသေး။
သုတ၊ ရုပ်နာမ်ခန္ဓာ ဓာတ်သစ္စာနှင့်စပ်သော အမြတ်တရားကို ကြားဘူး နာဘူး လေ့လာဘူး သင်ကြားဘူး၍ ပရိယတ္တိသုတလည်းရှိ တမဂ် တဖိုလ် ရဘူး၍ အာဂမ သုတလည်းရှိသောသူသည်။
ဒိဋ္ဌိပဋိသေဓကော၊ အပါယ် ငရဲကို တကယ်ဆွဲဆွဲချတတ်တဲ့ ဒိဋ္ဌိအယူမှားကြီးကို တားဆီးထားလိုက်နိုင်တဲ့ ဒိဋ္ဌိပဋိသေဓကတရားသည်။
အတ္ထိ၊ မိမိလက်ထဲမှာ လက်ကိုင်မိမိ ရရှိထားလေပြီ။
---
အဓိပ္ပါယ်
ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကိုပင် ငါ့ကိုယ်အတ္တ ယူမှားသော အယူမှားဒိဋ္ဌိကို တားဆီး နိုင်တဲ့ ဒိဋ္ဌိပဋိသေဓက တရားကို လက်ကိုင် ရမထားသေးလျှင် အပါယ်ဘေးအတွက် ရင်လေးဘွယ်ကြီး ဖြစ်၍နေသည်။ လက်ရှိ ဘဝ, သေနေ့ကမဦးခင် အဆိုပါ ဒိဋ္ဌိပဋိသေဓက တရားကို လက်ကိုင်ရရှိ ထားပြီးဖြစ်ပါမူကား၊ ကနေ့ဘဲသေသေ၊ နက်ဖြန်ဘဲသေသေ၊ ဘယ်တော့ သေသေ၊ အပါယ်ဘေးအတွက်တော့ ရင်လေးဘွယ် မရှိ တခါထဲ ရင်အေး သွားတော့ပြီဟူလို။ ဤအရာများကိုလဲ ကြီးကြီးမားမား သတိထားကြလေ။
---
သံသရာနယ်ချဲ့သမား
ပပဉ္စတရား သုံးပါး -- တဏှာ မာန ဒိဋ္ဌိ ကို အမြဲ သတိပြုပါ။ မျက်စိဟာ ဆင်းရဲတာ မှန်လှသောကြောင့် “စက္ခုံ ဒုက္ခသစ္စံ” လို့ ရှင်တော်ဘုရား ဟောကြားတော်မူခဲ့တဲ့ အတိုင်း၊ ဒုက္ခသစ္စာလို့သာ အသိမှန် အမြင်မှန်ရ၍ အယူမှန်ကိုယူကြပါလေ။ မျက်စိကို ဒိဋ္ဌိအားဖြင့် ငါ၏မျက်စိ၊ တဏှာအားဖြင့် ငါ့ဟာ ငါ့ဥစ္စာ၊ မာနအားဖြင့် ငါ ဟူ၍ အလွဲအမှား အစွဲတရား “ ဒိဋ္ဌိ တဏှာ မာန” အားဖြင့် အသိမှား အမြင်မှား အယူမှား မယူမိကြစေနှင့်။ ဝါ၊ “တဏှာ မာန ဒိဋ္ဌိ” နယ်ချဲ့သမားတို့ရဲ့ အလိုကို မလိုက်မှားမိ ကြစေနှင့်၊ ယူမှား လိုက်မှားမိက သံသရာရှည်လျားရတော့မည် အပြီး အတားအဆီး မရှိမှတ်လေ။ နစ်မည်သာကြံ ပေါ်ရန်မရှိ၊ ဒိဋ္ဌိက အပါယ် လေးပါး သံသရာကို ချဲ့ပေးမည်။ တဏှာက လူနတ် သံသရာကို ချဲ့ပေးမည်။ မာနက သံသရာကို ချဲ့ပေးမည်။ ဘုံသုံးပါး၌ သတ္တဝါတွေ ဖြစ် ပျက် မွေးသေ သံသရာရှည်၍နေအောင်၊ သူတို့သုံးယောက်က တာဝန်ယူ၍ အမြဲတန်း နယ်ချဲ့ပေးနေကြသည်။ သတိပြုကြလေ။
---
လွတ်လပ်ရေး
လွတ်လပ်ရေးနေ့က ဘာလွတ်လပ်ရေးများ ရကြသလဲ။ လူမျိုးရေး ချုပ်ချယ်မှုမှ လွတ်လပ်ရေးရတာနှင့် ကျေနပ်မနေကြနှင့်၊ အပါယ်က မလွတ်လပ်သေး၍ အားမကိုး လောက်သေးဘူး။ ဒုက္ခသစ္စာကို အမှန်သိလျှင် ဒိဋ္ဌိအချုပ်အချယ်မှ လွတ်၍ အပါယ် လေးပါး လွတ်လပ်ရေးရပြီ၊ ဒုက္ခသစ္စာအစွမ်းကုန်သိလျှင် မွေးသေလွတ်တဲ့ နိဗ္ဗာန်ရပြီ၊ သို့မှ အားကိုးလောက်သည်ဟု သိလေ။ လွတ်လပ်ရေးနေ့ ကြုံတိုင်း ကြုံတိုင်း ဒီနေ့ လွတ်လပ်ရေးနေ့ဆိုတယ်၊ ငါ့မှာ ဘာလွတ်လပ်ရေးများ ရသလဲဟု အမြဲသတိပြု သူများရရ မရရ ကိုယ်ရအောင်လုပ်၊ အယုတ်ဆုံး မျက်စိကို ဒုက္ခသစ္စာလို့ မသိတဲ့ မောဟမှ မျက်စိကို ငါ၏မျက်စိထင်တဲ့ တဏှာမှ၊ ငါထင်တဲ့မာနမှ၊ ငါ့ကိုယ်ထင်တဲ့ ဒိဋ္ဌိမှ လွတ်လပ်ရေးရအောင် ဤစာအုပ်ကိုကြည့်၍ လုပ်လေ၊ ဒါထက်ပို၍ သတိမပေးနိုင် တော့ဘူး။
---
ထင်ရှားစေဦးအံ့
မျက်စိဟာ ဆင်းရဲမှန်ကြောင်းကို အနည်းငယ် ထင်ရှားစေဦးအံ့။ လက်ရှိဘဝ ရရှိလာကြတဲ့ မျက်စိဟာ မျက်စိကို ရရှိထားခြင်းကြောင့် ကောင်းကောင်း ဆိုးဆိုး မြင်စရာအမျိုးမျိုးတို့ကို မြင်အပ် သိအပ်သည်ဖြစ်၍၊ အကျိုးရှိတဲ့ဘက်က ကြည့်လျှင် အကျိုးရှိတန်သမျှ ရှိသည်ကား မှန်၏။ သို့ရာတွင် အကျိုးမရှိ အကျိုးနည်းတဲ့ဘက်က လှည့်၍ ကြည့်ပြန်လျှင် မျက်စိအတွက်နှင့် ပတ်သက်၍ အဘက်ဘက်မှာ ဆင်းရဲ ဒုက္ခတွေကလည်း များလှပေသည်။ မျက်စိ နာခြင်း၊ မျက်ခမ်းစပ်ခြင်း မျက်မွေးစူး ရောဂါ ဖြစ်ပေါ်လာတဲ့ခါ မျက်ရည်ပူတွေဟာ ရေရှင်တွင်းပမာ တရွှဲရွှဲ ထွက်၍၊ တရှုတ်ရှုတ်နှင့် အမြဲတမ်း ဒုက္ခရောက်၍နေခြင်း၊ မျက်စိနှင့် စပ်တဲ့ရောဂါ တိမ်သလာ ကြလာခြင်း၊ မျက်စိကန်း၊ မျက်စိကွယ်၊ မျက်စိစွေ မျက်စိစောင်း၊ တဘက်ကန်း၊ နှစ်ဘက်ကန်း၊ ကြောင်တောင်ကန်း၊ ဟောက်တောက်ကန်း စသည်တို့ ဖြစ်ပေါ်လာ တဲ့ခါ၊ လွန်စွာ့လွန်စွာ မခံသာအောင် ကျင်နာနှိပ်စက် အခံရခက်လှပါသောကြောင့် ဆင်းရဲနှိပ်စက်တော့ ဆင်းရဲ ဒုက္ခပေးတာ မှန်လှပါသောကြောင့် ဒုက္ခသစ္စာသာ ဟုတ်မှန်ပါသည်။ ငါ၏မျက်စိ ငါ့ဟာ ငါကား မဟုတ်မမှန်ပါ၊ ကိုယ်မှာရှိတဲ့ ဒုက္ခ သစ္စာတွေကို ဒုက္ခသစ္စာလို့ တဲ့တဲ့ကြီးမြင်အောင် ထင်အောင် ကြည့်၊ မထင်မမြင်ခင် သေပွဲမဝင်ကြလေနှင့်၊ ထင်ပြီး မြင်ပြီးမှ သေကြပါ။
---
ဒုက္ခငါးမျိုး
ကုန်ကုန် ပြောရလျှင် မျက်စိအတွက်နှင့် ပတ်သက်၍ နေ့တိုင်းနေ့တိုင်း မျက်နှာ သစ်သစ်ပေးရတဲ့ ဒုက္ခတခုကိုဘဲ ကြည့်စမ်းပါဦး၊ မျက်စိနာတဲ့ခါ မျက်စဉ်းခပ်ရ၊ မျက်စဉ်းဆေးဖေါ်ရ၊ ရှာရဖွေရ အဝဝ တသသ တသက်လုံး အမြဲတမ်းပြုပြင် ပေးနေရတဲ့ သင်္ခါရဒုက္ခ၊ ဘယ်လိုဘဲ ပြုပြင်ပြုပြင် အခန့်မသင့်လျှင် ပြုပြင်ပေးနေတဲ့ အထဲကဘဲ ဖေါက်လွဲ ဖေါက်ပြန် အတန်တန် အဝဝ ဖြစ်ပေါ်လာတတ်ကြတဲ့ ဝိပရိဏာမဒုက္ခ၊ အဆိုပါ ဒုက္ခအမျိုးမျိုးတို့နှင့် ရင်ဆိုင်ရတဲ့ခါ ကိုယ်၏ဆင်းရဲခြင်း ကာယိက ဒုက္ခ၊ စိတ်၏ဆင်းရဲခြင်း စေတသိကဒုက္ခ၊ မျက်စိဟာ ဒုက္ခပေါင်းစုံ၏ တည်ရာ ကြရောက်ရာဖြစ်၍ ဒုက္ခ ဒုက္ခ။ ဤသို့စသည်ဖြင့် ဒုက္ခအမျိုးမျိုးဖြင့် နှိပ်စက် အပ်လေသောကြောင့် ဒုက္ခသစ္စာသာ ဟုတ်မှန်ပါသည်၊ ငါ၏မျက်စိကား မဟုတ် မမှန်ပါ၊ အဆိုပါ ဒုက္ခငါးမျိုးတို့ကို တဲ့တဲ့မြင်အောင် ဉာဏ်ဥက္ခောင်း ထောင်၍ ရှုကြည့် ကြပါလေ။
---
ဤမျက်စိနှင့် နည်းတူ
နား, နှာ, လျှာ, ကိုယ်တို့ အပေါ်မှာလည်း အဆိုပါ ဒုက္ခမျိုးတို့ကို မြင်အောင် ကြည့်ကြလေ။ အဲဒါ ကိုယ်မှာတွေ့ရတဲ့ ကိုယ်တွေ့ ဒုက္ခသစ္စာ တွေဘဲ၊ ဒါမျိုးတွေ သူတပါးတို့မှာရှိနေကြတာကို တွေ့မြင်ရတဲ့ခါ မျက်မြင်ဒုက္ခသစ္စာဘဲ။ ဤလို ကိုယ်တွေ့ ဒုက္ခသစ္စာ မျက်မြင် ဒုက္ခသစ္စာ နှစ်ပါးလုံးကို သဘောပေါက် သဘောကျပါစေ၊ ဒိဋ္ဌိ၏ အဖြေ ပေတည်း။
ဒိဋ္ဌိအလိမ်ပြေလျှင် ဝိစိကိစ္ဆာလည်းပြေ၍ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်နိုင် ပေသည်။ အမှန်မှာ - မျက်စိရုပ်ဟာ အနိစ္စ ဒုက္ခ အနတ္တ အသုဘ စင်စစ်ဧကန်ဖြစ်တဲ့ ဒုက္ခသစ္စာမှန်ပါလျက်၊ ငါ၏မျက်စိဟု ထင်မှားအောင်၊ ယူမှားအောင် ဒိဋ္ဌိက လိမ်သား ကောင်းလှသည်။ အလွန်ပါးနပ်မှ ဝါ၊ သစ္စာဉာဏ်ဝင်မှ သစ္စာဉာဏ် လက်ကိုင်ရှိမှ ဒိဋ္ဌိနယ်ချဲ့လက်ထဲက လွတ်၍ အပါယ်လေးပါး လွတ်လပ်ရေးတရားကို ရနိုင်ကြမည်။ သတိ ရှိကြစေ။
---
သူတို့ တကိုယ်လုံးကြီးဟာ ဒုက္ခသစ္စာတုံးကြီးပါ
“ကေသာဒယော ဒွတ္တိံသာကာရာ” ဝိ-ဋ္ဌာ ၌ ဖွင့်ပြသည်ကို နယဂ္ဂါဟ အားဖြင့် ....
---
တနည်း သစ္စာလေးပါး
၁။ * ကေသာဒုက္ခသစ္စံ တံသမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ ဥဘိန္နံအပ္ပဝတ္တိ နိရောဓသစ္စံ နိရောဓပဇာနနာ ပဋိပဒါ မဂ္ဂသစ္စံ။
[၁။ * ပုံစံ၌၊ ဆံပင်ကို-ဒု၊ တဏှာကို-သ၊ နိဗ္ဗာန်ကို-နိ၊ မဂ္ဂင်ကို-မ သစ္စာဟုသိ။]
ဘာသာပြန်
ဆံပင်သည် ဒုက္ခသစ္စာ၊ ထို ဆံပင်ကို ဖြစ်စေတတ်သော ရှေးဘဝ၌ဖြစ်သော တဏှာသည် သမုဒယသစ္စာ၊ ဆံပင်တဏှာ “ဒု-သ” သစ္စာနှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ၊ နိဗ္ဗာန်ကို အပြားအားဖြင့် သိမြင်တတ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ် တရားသည် မဂ္ဂသစ္စာ။
---
တဘန်။ ၂
မုတ္တံဒုက္ခသစ္စံ တံသမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ၊
ဥဘိန္နံအပ္ပဝတ္တိ နိရောဓသစ္စံ နိရောဓပဇာနနာ ပဋိပဒါ မဂ္ဂသစ္စံ။
---
ဘာသာပြန်
ကျင်ငယ်သည် ဒုက္ခသစ္စာ၊ ထိုကျင်ငယ်ကို ဖြစ်စေတတ်သော ရှေးဘဝ၌ဖြစ်သော တဏှာသည် သမုဒယသစ္စာ၊ ကျင်ငယ်တဏှာ “ဒု-သ” သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ၊ နိဗ္ဗာန်ကို အပြားအားဖြင့် သိမြင်တတ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည် မဂ္ဂ သစ္စာ။ ။ ကိုယ်မှာရှိနေတဲ့ သစ္စာတွေကို တဲ့တဲ့ မြင်သိပါစေ။
---
အမှာ
ဤ၌ ဆံအစ ကျင်ငယ်အဆုံး၊ ၃၂ စု၊ ၃ ၂ ခုရှိရာ၊ အစနှင့် အဆုံးကိုသာ သစ္စာ ဖွဲ့ပြ ထားပေသည်။ အလယ်၌ ၃၀ သော ကောဋ္ဌာသကို မြှုပ်ထားခဲ့ပေသည်။ စနှင့် ဆုံး ကိုသာ ဖေါ်ပြထားသော “အာဒိအန္တဒီပက” နည်းတည်း။ သို့ပင် ကျမ်းဆရာက ပေယာလ မြှုပ်ထားခဲ့သော်လည်း၊ စာကြည့်ပရိသတ်တို့က သည်လိုနေရာမျိုးမှာ ကျမ်းဆရာရဲ့ အာဘော် သိမသိ၊ မိမမိ၊ မိမိတို့ရဲ့ ဉာဏ်ရည် ဉာဏ်သွား ရှိမရှိ ကိုသိရလေအောင်၊ အဆိုပါနမူနာစံပြကို နယဂ္ဂါဟ အားဖြင့် နည်းယူကာ ၃၂ ကောဋ္ဌာသ အပြည့်အစုံ ကောဋ္ဌာသ ပြောင်းကာ လွှဲကာ သစ္စာဖွဲ့တတ်စေရမည်။ ဖွဲ့၍ဖွဲ့၍ စမ်းကြလေ။ အစအစ ကောဋ္ဌာသ ပြောင်းလွှဲရုံသာ ထူးတော့သည်။ နောက် ပုဒ်တွေမှာ အကုန်လုံးတူနေတော့သည်။ ရှေးဦးအစ ကေသာ ဆိုတဲ့ ကောဋ္ဌာသ တပါးကို ပါဠိ လိုဘဲဖြစ်ဖြစ် ဘာသာပြန် လိုဘဲဖြစ်ဖြစ် သွက်သွက်လက်လက် ဖွဲ့တတ်ပါလျှင်၊ နောက် ကောဋ္ဌာသတို့မှာ ဒိုင်းဒိုင်းပြေး လွယ်ကူသွားတော့သည်။
---
မှတ်ချက်
ဘဝရာထောင် ကမ္ဘာရာထောင် လူ့ဘဝကို ရသော်လည်း တဘဝတခါ ဤ သာသနာမျိုးနှင့် မတွေ့လျှင်၊ ဤဆံပင် စသည်ကို ဒုက္ခသစ္စာဟု သိရခဲ သိနိုင်ခဲ လှသည်၊ မသိခဲ့လို့ဘဲ ယခုဘဝအထိ ဆံ စသော ဒုက္ခသစ္စာတုံးကြီးဟာ တဘဝ တခန္ဓာ ရှိနေသေးတာ အကယ်၍ သိပြီးဖြစ်ပါက ဤ ဒုက္ခသစ္စာတုံးကြီးဟာ ချုပ်ငြိမ်းတာ ကြာလှရော့မယ်ဟု သိ။
---
အမှာ
သစ္စာဖွဲ့တဲ့ခါ ကောက်ကာငင်ကာ လွယ်ကူစွာ သစ္စာဖွဲ့စေနိုင်ခြင်းငှါ၊ ကောဋ္ဌာသ ပါဠိအနက်ကို အပြည့်အစုံ ဖေါ်ပြထားဦးအံ့၊ နှစ်မျိုးလုံးကို ညက်ညက်ကြေ နှုတ်တိုက် ရရှိထားပါစေ။
---
၁။ ပါဠိလို။
ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ (တစ ပဉ္စက)
မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ၊ (ဝက္က ပဉ္စက)
ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ၊ (ပပ္ဖါသ ပဉ္စက)
အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရိသံ၊ မတ္တလုင်္ဂံ၊ “(မတ္တလုင်္ဂံ ပဉ္စက)
ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ၊ (မေဒဆက္က)
အဿု၊ ဝသာ၊၊ ခေဠော၊ သင်္ဃာဏိကာ၊ လသိကာ၊ မုတ္တံ။ (မုတ္တဆက္က)
မြန်မာလို။
ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးဏှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
သည်မှတပါး၊ ဥက္ခောင်းသည် ဒုက္ခသစ္စာ။ ထိုဥက္ခောင်းကို ဖြစ်စေတတ်သော ရှေးဘဝ၌ဖြစ်သော တဏှာသည် သမုဒယသစ္စာ။ ဥက္ခောင်း တဏှာ “ဒု-သ” သစ္စာ နှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ။ နိဗ္ဗာန်ကို အပြားအားဖြင့် သိစေတတ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရား သည် မဂ္ဂသစ္စာ စသည်ဖြင့်၊ ဥက္ခောင်းကစ၍ ခြေထောက်ကြအောင် သစ္စာ ဖွဲ့လေဦး....။
သို့မှသာ တကောင်လုံးကြီးဟာ ဒုက္ခသစ္စာတုံးကြီးမှန်း သိ၍ လာမည်၊ သူ-ငါတို့ ခန္ဓာမှာရှိတာက အဆိုပါ ဆံ အစ၊ ကျင်ငယ် အဆုံး၊ ဥက္ခောင်းအစ၊ ခြေထောက်အဆုံး၊ ဤ ဒုက္ခသစ္စာတုံးကြီးဘဲရှိပါသည်။ ဤ ကောဋ္ဌာသ အစုအရုံး ရုပ်တုံး ရုပ်ခဲကြီး သည်လည်း သူ-ငါ၊ ကျား-မ၊ စသည် အဟုတ် မဟုတ်ပါ။ အမှန်မှာ ဤ ရုပ်တုံး ရုပ်ခဲကြီးကို ရရှိသည်မှ သေနေ့ကြအောင် တဘဝလုံး ဆင်းရဲတာ မှန်လှသောကြောင့် ဒုက္ခသစ္စာ တုံးကြီးသာ စစ်မှန်ပါသည်။
၃၂ ထဲမှာ ၃၂ နှုတ်ပါလျှင် ဂဏန်း ထုံးစံ အားဖြင့် ဝ လုံး၊ သုည ကျန်ရှိနိုင်သော်လည်း၊ သူ-ငါ၊ ကျား-မတို့အထဲမှာ ဆံအစ၊ ကျင်ငယ်အဆုံး၊ ၃၂ တုံးသော ဒုက္ခသစ္စာတုံး ကြီးကို နှုတ်ထားလိုက်ပါလျှင်၊ ဝ လုံး၊ သုညမျှ မကြွင်းမကျန်တော့ပါ။ ထို့ကြောင့် ဆံအစ ကျင်ငယ်အဆုံး၊ ၃၂ တုံးသော သစ္စာတုံးကြီးကိုသာ ပညတ် အားဖြင့် သူ--၊ ကျား-မ စသည်ဖြင့် ခေါ်ဆိုရုံ ခေါ်ဆိုရပါသည်။
သူ-ငါ၊ ကျား-မ ကား အဟုတ်မရှိ အဟုတ်မဟုတ်၊ ဒုက္ခသစ္စာသာ အဟုတ်ရှိ အဟုတ် ဟုတ်သည်ဟု သိလေ။ အဆိုပါ ဆံ စသော ဒုက္ခသစ္စာတုံးကြီး သည်လည်း သိ မသိ နှစ်ပါးတို့တွင် မသိတရားဖြစ်၍ ရုပ်တရား၊ ထိုရုပ်တရားသည်လည်း ဥပါဒ် ဌီ ဘင်မျှ ခဏခြင်း ခဏခြင်း ဖြစ်၍ဖြစ်၍ ပျက်တတ်သောကြောင့် မမြဲ ဆင်းရဲ၊ အစိုးမရတဲ့ အနိစ္စ ဒုက္ခ အနတ္တ တရားအစစ် ဧကန်ဖြစ်သည်ဟု တထစ်ချ ယုံကြည်နိုင်လျှင်၊ အတ္တစင်၍ အနတ္တ ထင်သောကြောင့် မဂ်၀င် ဖိုလ်ဝင်ပင် ဖြစ်နိုင်ပေသည်။
---
မူလ- ၃၂၊ မူလီ- ၄
အကြောင်းအရာ
အောက်၌ ဖေါ်ပြထားခဲ့တဲ့အတိုင်း၊ ဆံ စသော ကောဋ္ဌာသ တပါးကို မူတည်၍၊ သစ္စာ လေးပါးတို့ကို မူလီသွတ်၍၊ ကောဋ္ဌာသ တပါး တပါးလျှင် သစ္စာ လေးပါး လေးပါးစီ ကိုက်သွားအောင် ၃၂ ကောဋ္ဌာသ ကုန်အောင် သစ္စာဉာဏ်လဲ ဘွင်းဘွင်းကြီး လင်းလင်းကြီး ရှင်းရှင်းကြီး ထိုးထွင်း၍ သိသွားတဲ့ ပဋိဝေဓဉာဏ် ပွင့်လင်းသွားအောင် သစ္စာဖွဲ့ လေ့ကျင့်မှုကို အကြိမ်ကြိမ်ပြုလေ။ ဤ စာအုပ်ထဲ၌ သစ္စာဖွဲ့ထားသည်ကို ဉာဏ်ထဲစိတ်ထဲ မိမိမျက်စိထဲ စွဲမြဲထင်နေအောင်၊ ကသိုဏ်းရှုသော ရဟန်းကဲ့သို့ စွဲမြဲ ထင်မြင်နေအောင် ရှုကြည့်လေ။
---
အမှာ
အဆိုပါ မျက်စိ နား နှာ လျှာ ကိုယ် မနော စသည်တို့ကို၎င်း၊ ဆံပင် မွေးညှင်း စသည် ၃၂ ကောဋ္ဌာသကို၎င်း၊ သစ္စာဖွဲ့ လေ့ကျင့်မှုကို အချိန်ရတိုင်းပြုလေ၊ မပျင်းလေနှင့်။ ကိုယ်မှာရှိနေတဲ့ သစ္စာတွေကို တဲ့တဲ့မြင်သိပါစေ၊ သစ္စာဉာဏ် ပွင့်လင်းပါစေ။ “သစ္စာ မသိ ရှည်ဘိသံသရာ၊ သစ္စာသိတော့ တိုဘိမှန်စွာ” ဆိုတဲ့ ဆောင်ပုဒ်ကို နာနာ သတိပြုပါ။ သွားရင်း လာရင်းလဲ သစ္စာဖွဲ့၍ သွားပါ။ သစ္စာဉာဏ် လက်ကိုင်ရှိရှိ ကလေးနှင့် သွားတတ်လာတတ်ပါစေ၊ အသွားလဲ မပျက်ရစေပါဘူး။
---
တဏှာကြောင့် ခန္ဓာ
ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြရသည်။ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့ခါ၊ တဏှာခန္ဓာ အစဉ်ပြတ်၍ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ဆိုက်ရောက်တော့ သည်ဟု သစ္စာမသိသောကြောင့် တဏှာပယ်တဲ့ မဂ်အကျင့်ကိုမကျင့်။ ဝါ၊ ဖြစ်လို လျှင် ဖြစ်ပြန်လိမ့်မယ်၊ ဖြစ်ပြန်လျှင် ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ ဆံပင် စသော ဒုက္ခသစ္စာတွေ နွားနောက်က လှည်းဘီးကြီး နွားခြေရာကို နင်းနင်းပြီး လိုက်နေ သကဲ့သို့ ဖြစ်လိုဖြစ်ချင်နေတဲ့ သမုဒယသစ္စာ။ တဏှာ ရာဂ လောဘရဲ့ နောက်က ဖြစ်ရာဖြစ်ရာ ဘုံဘဝ တို့မှာ ဆံပင် စသော ဒုက္ခသစ္စာ လှည်းဘီးကြီးတွေ တသီ တတမ်း တပုံ တခေါင်းကြီး တသက်လုံး တဘဝလုံး သေနေ့ကြအောင် လိုက်ပါမဲ့ အရေး၊ သေပြီးသည့်နောက် အကုသိုလ်ကံ မှောက်သဖြင့် အပါယ်ရောက်ရမဲ့အရေး၊ အဝီစိဘေးအထိ ဒုက္ခသစ္စာထင်မြင်အောင် ဆင်ခြင်၍မပေးသောကြောင့် ဒုက္ခသစ္စာ အစွမ်းကုန်မထင်မြင်၊ မထင်မြင်သောကြောင့် တဏှာ အာလယ မပြတ်၊ မပြတ်၍ ဘုံသုံးပါးတို့၌ ထပ်၍ထပ်၍ ဖြစ်သောကြောင့် ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြသည်။ ဒုက္ခသစ္စာ ထင်မြင်အောင် ဆင်ခြင်၍ ပေးတဲ့ခါ၊ ဒုက္ခသစ္စာအစွမ်းကုန် ထင်မြင်ပါလျှင် ဘုံသုံးပါးတို့၌ တဖန် ဖြစ်လိုတဲ့ တဏှာအာလယ ပြတ်တဲ့ အရဟတ္တမဂ် သို့ရောက်၍၊ မွေးသေလွတ်တဲ့ နိဗ္ဗာန်သို့ ရောက်သဖြင့်၊ ဖြစ် ပျက် မွေးသေ ဆိုတဲ့ သံသရာဝဋ်ဆင်းရဲ တို၍ သွားလေတော့သည် သတိရှိကြစေ။
---
သစ္စာလေးပါး ကသိုဏ်းဇယား
- ဆံပင် သည် (ဒု) တဏှာ (သ) နိဗ္ဗာန် (နိ) မဂ္ဂင် (မ) သစ္စာဟုသိ။
- မွေးညှင်း …… ၎င်း …….
- ခြေသည်း လက်သည်း …… ၎င်း …….
- သွား …… ၎င်း …….
- အရေ …… ၎င်း …….
- အသား …… ၎င်း …….
- အကြော …… ၎င်း …….
- အရိုး …… ၎င်း …….
- ရိုးတွင်းခြင်ဆီ …… ၎င်း …….
- အညှို့ …… ၎င်း …….
- နှလုံး …… ၎င်း …….
- အသည်း …… ၎င်း …….
- အမြှေး …… ၎င်း …….
- အဖျင်း …… ၎င်း …….
- အဆုတ် …… ၎င်း …….
- အူမ …… ၎င်း …….
- အူသိမ် …… ၎င်း …….
- အစာသစ် …… ၎င်း …….
- အစာဟောင်း …… ၎င်း …….
- ဦးဏှောက် …… ၎င်း …….
- သည်းခြေ …… ၎င်း …….
- သလိပ် …… ၎င်း …….
- ပြည် …… ၎င်း …….
- သွေး …… ၎င်း …….
- ချွေး …… ၎င်း …….
- အဆီခဲ …… ၎င်း …….
- မျက်ရည် …… ၎င်း …….
- ဆီကြည် …… ၎င်း …….
- တံတွေး …… ၎င်း …….
- နှပ် …… ၎င်း …….
- အစေး …… ၎င်း …….
- ကျင်ငယ် …… ၎င်း …….
(အမှာ။ ။ ဤပုံအတိုင်း စက္ကူအချပ်ပိုတခုနှင့် ကူးယူ၍၊ စိတ်ထဲ ဉာဏ်ထဲမှာ စွဲမြဲ ထင်မြင်အောင် ရှုကြည့်လေ။ သို့မှ မိမိရဲ့ တကိုယ်လုံး တကောင်လုံးကြီးကို ဒုက္ခသစ္စာ လို့ တဲ့တဲ့သိမြင်မည်ဟု သိလေ။)
သူငါဆိုတာ အဟုတ်မရှိပါ၊ ဒုက္ခသစ္စာ။ သူငါဆိုတာ အဆိုပါ ဆံ အစ ကျင်ငယ်အဆုံး ရှိတဲ့ ၃၂ ခု အပေါင်းအစုကို သူငါ ဆိုတာ၊ သူငါကား အဟုတ်မရှိ၊ ခေါ်ရရုံ ပညတ် မျှဟုသိ၊ အဟုတ်ရှိကား ၃၂ တွဲ၊ ၃၂ခဲ၊ ရုပ်တုံး ရုပ်ခဲ၊ မမြဲဆင်းရဲ အစိုးမရ အနိစ္စ ဒုက္ခ အနတ္တ အသုဘဖြစ်တဲ့ ဒုက္ခသစ္စာသာ ရှိ၏ဟု သိလေ၊ ဆံအစ ကျင်ငယ်အဆုံး ၃၂ ကောဋ္ဌာသလုံး ဒုက္ခသစ္စာချည်း မှတ်လေ။
---
မှတ်ချက်
ဤ၌ ဆံပင်သည် ဒုက္ခသစ္စာ။ပ။ ကျင်ငယ်သည် ဒုက္ခသစ္စာ။ပ။ ဟု ဖေါ်ပြခဲ့သဖြင့်၊ ဤသူငါတို့၏ တကိုယ်လုံး တကောင်လုံးကြီးမှာ ဆံပင်အစ ကျင်ငယ်အဆုံး၊ ၃၂တုံး၊ ၃၂ခု၊ ၃၂စုမှ အခြားတပါးလဲ ဘာတခုမှမရှိတော့တာအမှန်ဘဲ။ ဤ ဆံ စသော ၃၂တုံး၊ ၃၂ခု၊ ၃၂စုကလဲ ဒုက္ခသစ္စာချည်း သက်သက် ဖြစ်နေတာကလဲ အမှန်ဘဲ။ အဲဒါကြောင့် သူတို့၏ တကိုယ်လုံး တကောင်လုံးကြီးကို ဒုက္ခသစ္စာလို့သာ စိတ်ချလက်ချ ယနေ့က စ၍ ယုံမှားမရှိ အမှန်သိ အမှန်မြင် အမှန်ယူပါ။ ဝါ၊ အယူမှန်ယူပါ၊ သစ္စာမသိခင် တုံးကလို ငါ ကိုယ် အတ္တဟု မှတ်ထင် ယူဆမှားခဲ့ဘူးတဲ့ မိစ္ဆာဒိဋ္ဌိ အတ္တဒိဋ္ဌိ သက္ကာယ ဒိဋ္ဌိအယူမှားကြီးကို နှမျောတောတော လုပ်မနေပါနှင့်တော့၊ ဘာမှ အသုံးမကျတဲ့ အမှိုက် တံမြက်ချေးကို ရက်ရက် ရောရော မနှမျောဘဲ စွန့်ပစ်လိုက်သလို တခါထဲ စွန့်ပစ်လိုက်ပါ။
ဤ ဆံ-စသော ဒုက္ခသစ္စာကိုလဲ ရှေးဘဝက“လို” ဆိုတဲ့ သမုဒယသစ္စာ ဘဝတဏှာ လောဘကြောင့် ဖြစ်သည်ဟု အမှန်သိ အမှန်မြင် အမှန်ယူပါ။ ထာဝရဘုရား ဗိဿဏိုးနတ်များ ဘန်ဆင်း၍ဖြစ်တယ် ဆိုတာဘဲ ဟုတ်မှန်လေ သလောဟု ယုံမှား ခဲ့ဘူးတဲ့ ဝိစိကိစ္ဆာကိုလဲ တခါထဲ စွန့်ပယ်လိုက်ပါ။
တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် အဆိုပါ “ဒု-သ” သစ္စာနှစ်ပါးတို့၏ တဖန်အသစ် မဖြစ်ရာ နိဗ္ဗာန်ကို နိရောဓသစ္စာဖြစ်သည်ဟု အမှန်သိ အမှန်မြင် အမှန်ယူပါ၊ နွားတို့၏ ခွေးတို့၏ အလေ့အကျင့်ဖြင့် သံသရာမှ စင်ကြယ်၏။ ဝါ၊ နိဗ္ဗာန်သို့ရောက်၏ဟု မဟုတ်မမှန်ဘဲ အလွဲနှလုံးသွင်းမှု သီလဗ္ဗတကိုလဲ စွန့်ပယ်လိုက်ပါ။ အဲဒါ “သိ ပယ် ဆိုက်၊ လေးပါးကိုက်၊ အမြိုက်နိဗ္ဗာန်ဝင်” ပါဘဲ။ ကျမ်းဂန်တို့၌ကား-“ဧဝံ ပဋိပတိယာ အရိယဘူမိံ ဩက္ကမတိ” ဟု ဆို၏။ (ရှေ့၌ ထင်ရှားပါလတ္တံ့။)
ဘုံသုံးဆဲ့တစ် ဖြစ်ဖြစ်သမျှ ဒုက္ခသစ္စာလို့ သာသိပါ၊ လူဘုံ၌ဖြစ်တဲ့ ဒုက္ခသစ္စာကို လူ၊ နတ်ဘုံ၌ဖြစ်တဲ့ ဒုက္ခသစ္စာကို နတ်၊ ဗြဟ္မာဘုံ၌ဖြစ်တဲ့ ဒုက္ခသစ္စာကို ဗြဟ္မာ၊ အပါယ် လေးဘုံ၌ဖြစ်တဲ့ ဒုက္ခသစ္စာကို ငရဲကောင် တိရစ္ဆာန်ကောင်၊ ပြိတ္တာကောင် အသူရကာယ်ကောင်ဟု ပညတ်အားဖြင့် ခေါ်ဆိုရသည်၊ ပရမတ်အားဖြင့် မုချမရအပ် မှတ်လေ။ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ ဆိုတဲ့ ပညတ်ပေါ်တွင် အသိဉာဏ်သောင်တင် အသိဉာဏ်အားကုန်၍ မနေစေနှင့်၊ ဒုက္ခသစ္စာဆိုတဲ့ ပရမတ် ထိအောင် မိအောင် ပေါက်အောင် ရောက်အောင်၊ အသိမှန်သိ အမြင်မှန်ရ၍ အယူမှန်ယူကြပါ။
ဤ ဒုက္ခသစ္စာဆိုတာလဲ အခြားမဟုတ်၊ တဏှာမှတပါးသော ရုပ်နာမ်ခန္ဓာ အာယတန ဓာတ်ဘဲ။ ရုပ်နာမ်ခန္ဓာ အာယတနဓာတ်ဆိုတာလဲ အခြားမဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ အသုဘဘဲ၊ အနိစ္စ ဒုက္ခ အနတ္တအသုဘ ဆိုတာလဲ အခြားမဟုတ်၊ ဤဆံပင် မွေးညှင်း စသော တကိုယ်လုံး တကောင်လုံးကြီးဘဲ၊ ဤတကိုယ်လုံး တကောင် လုံးကြီးလဲ အခြားမဟုတ်။ ဝါ၊ လူ့နတ် ဗြဟ္မာ၊ ပုဂ္ဂိုလ် သတ္တဝါ၊ သူ ငါ ကျား-မ အဟုတ်မဟုတ်၊ ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ ပဋိသန္ဓေကစ စုတိ သေနေ့သို့ကျအောင် ဆင်းရဲတွင်း နက်၍ ဆင်းရဲခြင်းစစ်မှန်လှသောကြောင့် ဒုက္ခသစ္စာသာ ဟုတ်မှန်သည်ဟုသိ၊ တဏှာကိုတော့ သမုဒယသစ္စာဟု သိ၊ ဒါလောက်ပြလို့ မှ ဒုက္ခသစ္စာကို ဒုက္ခသစ္စာဟု အမှန်မသိ၊ ငါ့ကိုယ်အတ္တဟု အယူမှား ရှိနေသေးလျှင်၊ ဆေးမဝင်တဲ့ သူနာမှာ သေရုံသာရှိတော့သည် ဆိုသကဲ့သို့၊ သစ္စာလေးပါး ဘုရားဆေး မဝင်တဲ့ လူနတ် ဗြဟ္မာ သတ္တဝါ တို့မှာ အပါယ်လေးဘုံသို့ ပြန်ရန်သာရှိလေသည် ဟူလို။
တိမ်တိမ်နှင့် နက်၊ လွယ်လွယ်နှင့် ခက်
▬▬▬▬▬▬▬
ကိုယ်မှာရှိလျက် မသိချက် ဆိုးညစ်အဝိဇ္ဇာ ဆိုတဲ့အတိုင်း၊ ဆံ စသော ဒုက္ခသစ္စာသည် ကိုယ်မှာဘဲရှိနေ၍ သိလျှင်တိမ်၏။ သို့ရာတွင် ဆံပင်ကို ရသည်က စ၍ ဆံပင် အတွက်နှင့် အဘက်ဘက်မှာ တသက်လုံးကြီးဟာ ခဏခဏ ဒုက္ခ ပေးနေတာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းနေရတာ စစ်မှန်လှသောကြောင့် ဤဆံပင်ဟာ ဖီးရ လိမ်းရ ခေါင်းလျှော်ရ ရိပ်ရ ဆံပင်ညှပ်ဆိုင်သို့ ခဏခဏ ပြေးရ ငွေပေးရ ပေးစရာ ရအောင်ရှာရ ခေါင်းလိမ်းဆီ ဆီမွှေး ရေမွှေး ဆံထိုး ဆံညှပ်ဝယ်ရအောင် ကူလီလုပ်ရ စသည်ဖြင့်၊ သေနေ့ကြအောင် ဒုက္ခ ပေးနေသောကြောင့် ဒုက္ခသစ္စာပါတကားလို့ မသိသောကြောင့် နက်နေ၏။
တနေ့လုံးမသိ တနေ့လုံးနက်၊ တလလုံးမသိ တလလုံးနက်၊ တနှစ်လုံးမသိ တနှစ်လုံးနက်၊ တသက်လုံးမသိ တသက်လုံးနက်၊ တသံသရာလုံး မသိတော့ တသံသရာလုံးနက်၊ မသိသမျှနက်၍နေတော့၏။ ထို့ကြောင့် တိမ်တိမ်နှင့် နက်သည်ဟု ဆိုရိုးရှိခဲ့လေသည်။
အဆိုပါ ဆံ စသော ဒုက္ခသစ္စာသည် ကိုယ်မှာဘဲရှိနေ၍ သိလျှင်လွယ်၏။ သို့ရာတွင် ဒုက္ခသစ္စာမှန်း တဲ့တဲ့မသိဘဲဖြစ်နေ၍ မသိသမျှ ကာလပတ်လုံး ခက်နေတော့၏။ ထို့ကြောင့် ဤလိုအရာမျိုးကိုရည်၍ လွယ်လွယ်နှင့် ခက်သည်ဟု ဆိုရိုးရှိခဲ့လေသည်။
ဤလိုဤပုံ၊ ဆံ စသော ဒုက္ခသစ္စာဟာ ကိုယ်မှာရှိနေလျက်၊ ဝါ၊ ဆံ အစ, ကျင်ငယ် အဆုံးရှိတဲ့ ဒုက္ခသစ္စာတုံးကြီးဟာ မိမိ ခန္ဓာကိုယ်ကြီးဘဲ ဖြစ်နေပါလျက်၊ တသက်လုံး ဒုက္ခသစ္စာမှန်း ဘိစ္စတုံး လုံးလုံးကြီး မသိရဘဲဖြစ်နေတာ “စုန်းကိုလဲ မရိုးနှင့်၊ နတ်ကိုလဲ မရိုးနှင့်၊ ရွာသူရဲ့ အတတ်” ဆိုတာလို၊ သစ္စာကိုမသိတဲ့၊ ဝါ၊ သစ္စာကို မသိရအောင် အဖုံးအလွှမ်း အပိတ်အဆို့ ကောင်းလှတဲ့ မောင်အဝိဇ္ဇာရဲ့ အတတ်လို့သာ မှတ်ပေတော့၊ ဤအဝိဇ္ဇာဆိုတဲ့ တရားဟာလဲ သတ္တိနဲ သတ္တိကြောင်တဲ့ တရားပါ၊ ဝိဇ္ဇာမောင် မလာခင်သာ လမိုက်တဲ့ ညအခါ ပိုးရေမြူး မင်းမူသလို လူတွင်ကျယ် လုပ်နေတာပါ။ လ နေနှင့်တူတဲ့ ဝိဇ္ဇာမောင် ရောက်လာတဲ့ခါ ကြက်ပျောက် ငှက်ပျောက် ဘယ်ကို ရောက်သွားမှန်း မသိ အပျောက်ကြီး ပျောက်သွားလေ တော့သည်။
ဤ ဆံပင်၌ သစ္စာသိနည်း သစ္စာမြင်နည်းမှာ --
လက်ရှိ ဘဝ၌ မိမိရဲ့ ဆံပင်အစ ကျင်ငယ်အဆုံးရှိတဲ့ တကိုယ်လုံး တကောင်လုံးကြီးကို ဒု-လို့ သိပါ မြင်ပါ အယူမှန်ယူပါ။
ထိုဆံပင် စသော ဒု-ကို ဖြစ်စေတတ်သော ရှေးဘဝက တဏှာလောဘကို သ-လို့ သိပါ မြင်ပါ၊
တဏှာပယ်တဲ့ မဂ် အကျင့်ကြောင့် အဆိုပါ “ဒု-သ” သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်ကို နိ-လို့ သိပါ မြင်ပါ။
အဆိုပါ နိ-ကို သိမြင်တတ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို မ-လို့ သိပါ မြင်ပါ အယူမှန်ယူပါ။
သူတပါးတို့ရဲ့ ကိုယ်မှာရှိတဲ့ ဆံပင်အစ, ကျင်ငယ် အဆုံးရှိတဲ့ ဒုက္ခသစ္စာ ကိုလည်း ဤအတိုင်း သိမြင်ပါ အယူမှန်ယူပါ။
တနည်း
ဤ ဆံပင် စသော ဒုက္ခသစ္စာသည် ရှေးဘဝက ဖြစ်လိုတဲ့ လောဘကြောင့်ဖြစ်၏။
ထိုလောဘကို ယခုဘဝ မဂ်နှင့် ပယ်သတ်က ဆံစသော ဒုက္ခသစ္စာ ချုပ်ငြိမ်း၏။
တနည်း
သတ္တလောက၌ ဇာတိ စသော ဒုက္ခသစ္စာသည် တဏှာကြောင့် ဖြစ်၏။
ထိုတဏှာကို မဂ်ဖြင့်ပယ်သတ်က ဇာတိ စသော ဒုက္ခသစ္စာ ချုပ်ငြိမ်း၏။
တနည်း
လောက၌ ဆင်းရဲဒုက္ခမှန်သမျှသည် တဏှာဆန္ဒကြောင့်ဖြစ်၏။
ထိုတဏှာဆန္ဒကို မဂ်ဖြင့် ပယ်သတ်က ဆင်းရဲဒုက္ခမှန်သမျှ အကုန်လုံး ချုပ်ငြိမ်း၏။
တနည်း
ဆံပင် စတဲ့ ဒုက္ခသစ္စာ တဏှာကြောင့်သာ ဖြစ်ရမှန်စွာ။
တဏှာပယ်က ဆံ ဒုက္ခ၊ မုချ ချုပ်ရပါ။
တနည်း
ဖြစ်လိုမှုကြောင့် ဖြစ်မှုဆံပင်၊ ဖြစ်လိုခြင်မှု ပယ်စွန့်ပြု ချုပ်မှု ထိုဆံပင်။
ဤလိုသိလျှင် သစ္စာမြင်၊ ခေါ်တွင် မဂ်လမ်းစဉ်။
မဂ်လမ်းမှန်မှ ပါယ်မကျ၊ ဖြစ်ရသောတာပင်၊
နောက်ဆုံးနိဗ္ဗာန်ဝင်။
ဤ၌ - ဖြစ်လိုမှုက သ၊ ဖြစ်မှုက, ဒု၊ ပယ်က, မ၊ ချုပ်က နိ ဟု သစ္စာလေးပါးတို့ကို သိလေ။
လိုရင်းအချုပ်မှာ
▬▬▬▬▬▬
တဏှာကြောင့် ခန္ဓာ, ဖြစ် ပျက် မွေး သေ၊ သံသရာ ရှည်၍ နေကြသည်။ တဏှာပယ်က ဖြစ် ပျက် မွေး သေ၊ သံသရာပြတ်တော့သည်။
ဤ၌-တဏှာက သ၊ ခန္ဓာက ဒု၊ ပယ်က မ၊ ပြတ်က နိ-ဟု၊သစ္စာလေးပါး တို့ကို သိ။
ယခုလက်ရှိဘဝ တဏှာပယ်၍ အမတာနယ်နိဗ္ဗာန်သို့ သွားကြမလား။ သို့မဟုတ် တဏှာနောက်သို့ တကောက်ကောက်လိုက်၍ ဗိုလ်နေမြဲ - ကျား နေမြဲ၊ မွေးမြဲ သေမြဲ သံသရာဝတ်ဆင်းရဲသို့ဘဲ ပြန်လိုက်ကြဦးမလားဟုသာ မေးရန်ရှိတော့၏။ လမ်းနှစ်ခွ ရောက်ရှိနေကြပြီ။
လက်ဝါးကြီးအုပ်၍
အချုပ်ကိုပြပုံ
▬▬▬▬▬▬
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံခါနီးတွင် ပိဋကတ် သုံးပုံ အကုန်လုံး ပါဝင်အောင်၊ “အပ္ပမာ ဒေန သမ္ပာဒေထ” ဟူသော စကား ကိုးလုံးဖြင့် လက်ဝါးကြီးအုပ်၍ အမိန့်တော်ထုတ်ပြန်ခဲ့သလို၊ ထို့တူပမာ၊ ပိဋကတ်သုံးပုံမှာ အနှံ့အပြား ဟောထားခဲ့တဲ့ သစ္စာလေးပါး တရားစကား တွေ၊ ဝါ၊ ဒုက္ခသစ္စာ သမုဒယသစ္စာ ရုပ်နာမ်ခန္ဓာ အာယတန ဓာတ်ပရမတ်တွေ တခါထဲ ပါဝင်သွားအောင် နောက်ဆုံးပိတ် အိပ်နှင့်လွယ် ဖြစ်သွားအောင်၊ လက်ဝါးကြီးအုပ်၍ အချုပ်ကို ပြဆိုဦးအံ့။
(၁) တဏှာ နိဗ္ဗာန် မဂ္ဂင်မှတပါး၊ အလုံးစုံသော ရုပ်နာမ်၊ အလုံးစုံသော ခန္ဓာ၊ အလုံးစုံသော အာယတန၊ အလုံးစုံသော ဓာတ်ပရမတ်တို့ကို ဒုက္ခသစ္စာလို့သာ အသိမှန်သိ အမြင်မှန်မြင် အယူမှန်ယူကြပါ။ အဆိုပါ ရုပ်နာမ်ခန္ဓာ အာယတန ဓာတ် ပရမတ်တို့သည်လည်း ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဇီဝ လုံးဝ မဟုတ်ကြ၊ နိသတ္တ နိဇ္ဇိဝ ပရမတ္ထ သဘာဝ သက်သက်မျှ၊ အကြောင်းအားလျော်စွာ ဥပါဒ် ဌီ ဘင်မျှ ဖြစ်၍ ဖြစ်၍ ပျက်ကြသောကြောင့် မမြဲဆင်းရဲ အစိုးမရ မလှပ မတင့်တယ်တဲ့ အနိစ္စ ဒုက္ခ အနတ္တ အသုဘ စင်စစ်ဧကန်ဖြစ်သည်ဟူ၍သာ အသိမှန်သိ အမြင်မှန်မြင် အယူမှန် ယူကြပါ။ အဆိုပါ ရုပ်နာမ်ခန္ဓာ ဆိုသည်ကိုလည်း အထယ်ဒြပ်နှင့်တကွ တကယ် မမှတ် မယူကြလေနှင့်၊ ဘောက်ပြန်တဲ့သဘော ညွတ်တဲ့သဘော လောက်သာရှိတဲ့ အရှိမျိုးဟု သိကြပါလေ။ ။ တဏှာကို သမုဒယသစ္စာ။ နိဗ္ဗာန်ကို နိရောဓသစ္စာ။ မဂ္ဂင်ကို မဂ္ဂသစ္စာ လို့ သာ သိပါ မြင်ပါ ယူပါ။
[တဏှာ ဒုက္ခဿ မူလံ၊ တဏှာဟာ ဝဋ်ဒုက္ခ၏ လိုရင်း အစ ပဌမတဲ့။
တဏှက္ခာယ ပဋိပဇ္ဇထ၊ တဏှာကုန်အောင် ကျင့်ကြတဲ့။
တဏှက္ခယော ဟိ နိဗ္ဗာနံ၊ တဏှာ၏ ကုန်ရာဟာ နိဗ္ဗာန်ပါဘဲတဲ့။
သစ္စာဆင်ခြင်တော့ တဏှာကြောင့် ခန္ဓာဟုသိ၊ သိတော့ပယ်၊ ပယ်တော့ တဏှာခန္ဓာ ကုန်၊ အဲဒါ ရွှေဘုံနိဗ္ဗာန်ဘဲ။]
(၂) တနည်း။ တဏှာ နိဗ္ဗာန် မဂ္ဂင်မှ တပါး၊ အလုံးစုံသော ဒွါရ၊ အလုံးစုံသော အာရုံ၊ အလုံးစုံသော ဝိညာဏ်တို့ကို ဒုက္ခသစ္စာလို့သာ အသိမှန်သိ အမြင်မှန်မြင် အယူမှန်ယူ။ အဆိုပါ ဒွါရအာရုံ ဝိညာဏ်တို့ကိုလည်း အထက်နည်းတူ သိပါ မြင်ပါ ယူပါ။ ။ တဏှာကို သမုဒယသစ္စာ။ နိဗ္ဗာန်ကို နိရောဓသစ္စာ။ မဂ္ဂင်ကို မဂ္ဂသစ္စာ လို့သာ သိပါ မြင်ပါ ယူပါ။
(၃) တနည်း။ တဏှာ နိဗ္ဗာန် မဂ္ဂင်မှတပါး၊ အပါယ်လေးဘုံရှိသတ္တဝါ လူဘုံ နတ်ဘုံရှိ သတ္တဝါမှန်သမျှကို ဒုက္ခသစ္စာလို့၊ တဏှာကို သမုဒယသစ္စာ လို့၊ နိဗ္ဗာန်ကို နိရောဓ သစ္စာလို့ ၊ မဂ္ဂင်ကို မဂ္ဂသစ္စာလို့ သာ သိပါ မြင်ပါ ယူပါ။ အထက်က နည်းအတိုင်း သိပါ မြင်ပါ ယူပါ။
(၄) တနည်း။ တဏှာ နိဗ္ဗာန် မဂ္ဂင်မှ တပါး၊ လေးကျွန်းတမြင့်မိုရ် ၃၁-ဘုံ တခုသော စကြာဝဠာ၊ လေးကျွန်းတမြင့်မိုရ် ၃၁-ဘုံ တခုသော စကြာဝဠာ စသည်ဖြင့် စကြာဝဠာ အနန္တလုံးရှိ ကောင်းဆိုး ယုတ်မြတ် ကြီးငယ်မရွေး၊ အသက်ရှိသော သတ္တဝါ မှန်သမျှ တို့ကို ဒုက္ခသစ္စာလို့၊ တဏှာကို သမုဒယသစ္စာလို့၊ နိဗ္ဗာန်ကို နိရောဓသစ္စာလို့ ၊ မဂ္ဂင်ကို မဂ္ဂသစ္စာလို့သာ သိ မြင်ပါ ယူပါ။
(၅) တနည်း။ တဏှာ နိဗ္ဗာန် မဂ္ဂင်မှတပါး၊ အပါယ်လေးဘုံရှိ ငရဲကောင် တိရစ္ဆာန်ကောင် ပြိတ္တာကောင် အသူရကာယ်ကောင် ဆင်ကောင် မြင်းကောင် ကျွဲကောင် နွားကောင် ဆိတ် ခွေး ကြောင့် ကြက် ငှက် ငါး ဘား ပိုးရွ ခြ စသော သက်ရှိ သတ္တဝါမှန်သမျှကို ဒု-လို့၊ လူဘုံရှိ လူအမျိုးမျိုး၊ နတ်ဘုံရှိ နတ်အမျိုးမျိုး၊ ဗြဟ္မာဘုံရှိ ဗြဟ္မာအမျိုးမျိုးတို့ကို ဒု-လို့၊ တဏှာကို သ-လို့၊ နိဗ္ဗာန်ကို နိ-လို့ ၊ မဂ္ဂင်ကို မ-လို့ သာ သိပါမြင်ပါ ယူပါ။
ဒုက္ခသစ္စာ ကောင်းကောင်းလှလှ ထင်မြင်လာတဲ့ခါ၊ အဆိုပါ အကောင်တွေကို မြင်တိုင်းမြင်တိုင်း ဒုက္ခသစ္စာလို့ သိမြင် သိမြင် သွားပေလတ္တံ့။ နှုတ်ကပင် သူကောင် ငါကောင်ဟု ပြောဆိုနေသော်လည်း စိတ်ထဲကတော့ ဒုက္ခသစ္စာ လို့သာ အသိဉာဏ်ရှင်း၍နေပေလတ္တံ့။
အချုပ်မှာ
▬▬▬▬
တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ, သံသရာရှည်၍ နေကြရသည်၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့ခါ တဏှာ ခန္ဓာ အစဉ်ပြတ်၍ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ဆိုက်ရောက်တော့သည်။
ဤ၌ - တဏှာက သ၊ ခန္ဓာက ဒု၊ ပယ်က မ၊ ပြတ်က နိ-ဟု သစ္စာလေးပါးကို သိ။
ထို့ထက်ချုပ်လိုလျှင်၊ “ စိတ်-စေ-ရုပ်-နီ” လေးပါး တို့တွင် တဏှာဆိုတဲ့ လောဘ စေတသိက်ကို သ၊ မဂ်၌ယှဉ်သော စေတသိက်ကို မ၊ ကြွင်းကျန်သော စိတ် စေ ရုပ်ကို ဒု၊ နိဗ္ဗာန်ကို နိ-ဟု သိလေ။
ဤပုံ ဤနည်း။ အထက်က ညွှန်ပြခဲ့တဲ့အတိုင်း၊ ယုံမှားမရှိ ပိုင်ပိုင်သိ ပိုင်ပိုင်မြင် ပိုင်ပိုင် ယူလိုက်နိုင်ပါက၊ ဝါ၊ အဆိုပါ နည်းအတိုင်း ထိုးထွင်း၍ သိမြင်သွား ပါက “ဒု သိ ဒိ ပယ်၊ သ သိ ဝိ ပယ် သောတာပန် ဖြစ်နိုင်တယ်” ဆိုတဲ့ အတိုင်း၊ ရုပ်ပေါ် နာမ်ပေါ် ခန္ဓာပေါ် အာယတနပေါ် ဓာတ်ပေါ် ပရမတ်ပေါ်မှာ၊ သူကောင်ထင်မှု၊ ငါကောင်ထင်မှု၊ ယောက်ျားကောင် မိန်းမကောင် ပုဂ္ဂိုလ်ကောင် သတ္တဝါကောင် အတ္တကောင် စသည်ဖြင့်။ တသံသရာလုံး တသက်လုံးက ယူမှားခဲ့ကြသော မိစ္ဆာဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ၊ အတ္တဝါဒုပါဒန် အယူမှားကြီးကို တကယ် တားဆီးလိုက်နိုင်သော သောတာပတ္တိမဂ် အပ္ပနာသို့ ဆိုက်ရောက်ပါသဖြင့်၊ အပါယ်လွတ် တရားရ သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ပါသောကြောင့် လက်ရှိ ဘဝ သာသနာတွင်းမှာ လူဖြစ်လာရခြင်း၊ သစ္စာကို သိမြင်ရခြင်းသည် အခြားအခြားသော ဘဝတွေက စကြာမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတွေ မရေမတွက်နိုင်အောင် ဖြစ်ခဲ့ ရခြင်းတို့ထက်၊ အဆတရာမက သာ၍ တန်ဘိုး မဖြတ်နိုင်အောင် မြင့်မြတ်လှ ပေသည်ဟု သိလေ မှတ်လေ။
မိမိကိုယ်ကို တန်ဘိုးရှိအောင်၊ မိမိကဘဲ သစ္စာသိအောင် သစ္စာမြင်အောင် ကိုယ်တွေ့ သစ္စာ ဉာဏ်တွေ့သစ္စာ ဖြစ်အောင် ရွက်ဆောင်လေ။ ဤလိုသိ ဤလိုမြင် ဤလိုယူဟု အဘဘုရားက ညွှန်ကြားခဲ့တဲ့အတိုင်း သစ္စာသိ၍ ရရှိတဲ့ အပါယ်လွတ် တရားဟာ အဘဘုရား ပေးတာ၊ မည်သည့်အခါမှ မမေ့စေနှင့်၊ တန်ဘိုး မဖြတ်နိုင်တဲ့ အမြတ်ဟု သိလေ မှတ်လေ။
ဤလို ဤပုံ သစ္စာလေးပါးတို့ကို အကျိုးအကြောင်း အားဖြင့်၎င်း၊ အကြောင်းအကျိုး အားဖြင့်၎င်း၊ ယုံမှားမရှိ ပိုင်းခြားထိုးထွင်း၍ သိစွမ်းနိုင်တဲ့ ဝါ၊ သစ္စာသိတဲ့ သမ္မာဒိဋ္ဌိ ခေါ် ဝိဇ္ဇာမောင် ရောက်လာတဲ့ခါ၊ သစ္စာ မသိတဲ့ အဝိဇ္ဇာမှောင် ငနဲကြီးဟာ တခါထဲ ထွက်ပြေးရလေတော့သည်။ ဤ “သစ္စာအလင်းပြကျမ်း” ကို တခေါက်စ နှစ်ခေါက်စ ဘတ်ဘူးရုံမျှနှင့် အားရ တင်းတိမ် ကြေနပ်၍ မနေလေနှင့်၊ ကောင်းပါပေ့ ကောင်းပါပေ့နှင့် ကောင်းရုံကလေး ကောင်း၍ မနေနှင့်၊ ဟေးလား ဝါးလားဆိုတဲ့ ဗာဟီရကိစ္စ ပရိယေသန အလုပ်တွေနှင့်ချည်းသာ နေ့ရက်အချိန်ကာလကို မကုန် လွန်စေကြနှင့်၊ နေ့တိုင်း ညတိုင်း စာကြည့်ဘို့အချိန်ထား၍ သေနေ့မဦးခင် သစ္စာ သိတဲ့နေ့က ဦး၍ အပါယ်လွတ်တရားရ သောတာပန်ဖြစ်သော ရက် နေ့ များက ဦးသွားအောင် အထူးသတိပြု၍ ကြိုးစားကြလေ၊ မိမိ၏ တကိုယ်လုံးကြီးကို ဒုက္ခသစ္စာတုံးကြီးဟု ပိုင်ပိုင်သိဘို့ လိုလှသည်။
ရှေးဘဝက သစ္စာလေးပါး ဘုရားတရားကို မကြားရ မနာရ၍ ကိုယ်မှာရှိနေတဲ့ ဆံပင် စသော ဒုက္ခသစ္စာကိုပင်၊ ဝါ၊ ဆံပင် စသော ဒုက္ခသစ္စာ ရုပ် နာမ် ခန္ဓာ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အစစ်ဧကန်ဖြစ်တဲ့ ဒုက္ခသစ္စာကိုပင် ငါ့ကိုယ် အတ္တဟု ယူမှား အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ ရှိနေ၍ ကုသိုလ်ပို့၍ လူဘုံ နတ်ဘုံ ဗြဟ္မာဘုံသို့ အကြိမ်ကြိမ် ရောက်ရှိနေရသော်လည်း ကုသိုလ်အဟုန် ကုန်က အပါယ် လေးဘုံသို့ တဖါးဖါး တကားကား ပြန်ပြန်ပြီး ကျကျနေကြရသည်ကို လှလှကြီး ကောင်းကောင်းကြီး သိမြင်ကြစေ သတိရှိကြစေ။
ထို့ ကြောင့်ပင် --
ဥက္ခိတ္တာ ပုညတေဇေန၊ ကာမရူပ ဂတိံ ဂတာ ဘဝဂ္ဂန္တမ္ပိ သမ္ပတ္တာ ပုန ဂစ္ဆန္တိ ဒုဂ္ဂတိံ။
အဘိ-ဝိ-ဋီ ၌၊ ဟောတော်မူခဲ့သည်။
ပုညတေဇေန၊ ကောင်းမှုတေဇော် အာနုဘော်သည်။
ဥက္ခိတ္တာ၊ မြှောက်ပင့်၍ တင်အပ်ကုန်သော။
ကာမရူပဂတိံ ဂတာ၊ ကာမသုဂတိ ခုနစ်ဘုံ ရူပတဆဲ့ခြောက်ဘုံသို့ ရောက်ကြ ကုန်သော။
ယေစသတ္တာ၊ အကြင် ပုထုဇဉ် လူ နတ် ဗြဟ္မာ သတ္တဝါတို့သည်၎င်း။
ဘဝဂ္ဂန္တမ္ပိ၊ အထက် ဘဝဂ် နေဝသညာ နာသညာ ဘုံသို့လည်း။
သမ္ပတ္တာ၊ လားရောက်ကြကုန်သော။
ယေစ သတ္တဝါ၊ အကြင်ပုထုဇဉ် အရူပဗြဟ္မာကြီးတို့သည်၎င်း။
သန္တိ၊ ရှိကြကုန်၏။
တေ သတ္တာပိ၊ ထို ပုထုဇဉ် လူ နတ် ဗြဟ္မာ သတ္တဝါတို့သည်လည်း။
ပုညက္ခယာ၊ ကုသိုလ်ကောင်းမှုအဟုန် ကုန်ခြင်းကြောင့်။
ပုန၊ တဖန်။
ဒုဂ္ဂတိံ၊ ငရဲတိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံသို့။
ဂစ္ဆန္တိ၊ နောက်ထပ် တဖန် ပြန်၍ပြန်၍ ရောက်တတ်ကုန်၏။
ပုထုဇဉ်နှင့် အရိယာ အထူး
▬▬▬▬▬▬▬▬▬
ထို့ပြင် -
တတ္ထ ပုထုဇ္ဇနော ယာဝ တာယုကံ ဋ္ဌတွာ နိရယမ္ပိ ဂစ္ဆတိ၊ တိရစ္ဆာ နယောနိမ္ပိ ဂစ္ဆတိ ပေတ္တိဝိသယမ္ပိ ဂစ္ဆတိ ဘဂဝတော ပန သာဝကော တတ္ထ ယာဝတာယုကံ ဋ္ဌတွာ တသ္မိံ ယေ၀ ဘဝေ ပရိနိဗ္ဗာယတိ အယံ ဘိက္ခဝေ ဝိသေသော။
(အင်္ဂုတ္တိုရ် တိကနိပါတ် အာပါယိကဝဂ်)
အဓိပ္ပါယ်
▬▬▬
သစ္စာမသိသေးသော ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ ကုသိုလ်ကံ ပို့လို့ လူ့ဘုံနတ်ဘုံ ဗြဟ္မာဘုံသို့ ရောက်၍၊ ရောက်ရာ ဘုံဘဝ၌ အသက် အတိုင်း တည်နေ၍၊ အသက်ကုန်တဲ့ခါ ငရဲ တိရစ္ဆာန် ပြိတ္တာ တဘုံဘုံသို့ ရောက်တတ်ပြန်သည်။ သစ္စာသိပြီးသော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာပုဂ္ဂိုလ်သည်ကား-ကုသိုလ်ကံ ပို့လို့ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံသို့ရောက်၍ ရောက်ရာဘုံဘဝမှာ အသက်အတိုင်း တည်နေ၍ အသက် ကုန်တဲ့ခါ၊ ထိုရောက်ရာ ဘုံဘဝ၌ပင် ပရိနိဗ္ဗာန် ဝင်စံရလေတော့၏။ ဤကား-သစ္စာ မသိတဲ့ ပုထုဇဉ်နှင့် သစ္စာသိတဲ့ အရိယာတို့ အထူးတည်း။ ထို့ကြောင့် သေနေ့မဦးခင် သစ္စာသိတဲ့နေ့က ဦးသွားအောင် အထူး ကြိုးစားလေ။
ထိုနှင့်လျော်စွာ
▬▬▬▬▬
သစ္စာမသိ၊ ဒိဋ္ဌိမကွာ၊ ပုဂ္ဂိုလ်မှာလျှင်၊ လူတွင်စကြာ၊ နတ်မှာ သိကြား၊ မိုယ်းဖျား ဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊ ဘောက်လွဲပယ်ရွာ၊ ရောက်မြဲသာတည်း။
အဓိပ္ပါယ်
▬▬▬
ကုသိုလ်ကံပို့လို့ လူ့ဘုံမှာ စကြာမင်းကြီး၊ နတ်ဘုံမှာ သိကြားမင်းကြီး၊ ဗြဟ္မာဘုံမှာ မဟာဗြဟ္မာကြီးများ ဖြစ်နိုင်တယ် ထားဦးတော့၊ သစ္စာမသိ၍ ဒိဋ္ဌိမကွာလျှင် ကုသိုလ်ကံ ကုန်ကြတဲ့ခါ အပါယ် လေးဘုံသို့ တဖန်ပြန်၍ ရောက်တတ်ပြန်သည် ဆိုသဖြင့်၊ ယခုဘဝလို ကုသိုလ်ကံ ပို့လို့ လူ့ဘုံသို့ ရောက်ရှိနေတဲ့အခါ၊ ကုသိုလ်အဟုန် မကုန်ခင် သစ္စာ သိအောင် ကြိုးစားအားထုတ်ပါက သစ္စာသိ၍ ဒိဋ္ဌိကွာသောကြောင့် ကုသိုလ် အဟုန် ကုန်သော်လည်း ဘယ်နည်းနှင့်မှ အပါယ်သို့ တဖန်ပြန်၍ မကျနိုင် တော့ဘဲ၊ နိဗ္ဗာန်ဝင်ပွဲအထိ သုဂတိအလား မြဲတော့သည်ဟု ပြန်၍ သိရှိကြပါလေ။
ဘာ့ကြောင့်လဲဆိုတော့
▬▬▬▬▬▬▬▬
“ဒိဋ္ဌသစ္စာနဉ္စ သာဒိဋ္ဌိ သဗ္ဗသောပဟိနာ ဟောတိ” ဆိုတဲ့ ပရမတ္ထဒီပနီနှင့် အညီ၊ သစ္စာသိပြီး - သစ္စာမြင်ပြီးသော သူတို့အားလည်း ဘယ်သူမဆို ဆံစသော ဒုက္ခသစ္စာ ကိုပင် ငါ့ကိုယ် အတ္တဟု ယူမှားသော အတ္တဒိဋ္ဌိ-သက္ကာယဒိဋ္ဌိသာမက ထိုသက္ကာယဒိဋ္ဌိမှ ပေါက်ဖွားလာသော ၆၂-ပါးသော အလုံးစုံသော ဒိဋ္ဌိအမှောက်အမှားတို့ကို ပယ်ရှား နိုင်ပြီးဖြစ်သောကြောင့်ပေတည်း။
သစ္စာသိ၍ ဒိဋ္ဌိကိုပယ်ပြီးလျှင်လည်း အပါယ်လေးပါးကိုလည်း ပယ်ပြီး ဖြစ်တော့သည်။ အပါယ်ကင်းတော့သည်။ ထို့ကြောင့် ရှေးကံပို့လို့ လူ့ဘုံသို့ ရောက်နေကြတဲ့ ယခု ဘဝကြီးမှာ သေနေ့မဦး ကုသိုလ်မကုန်ခင်၊ သစ္စာသိတဲ့နေ့ကဦးပြီး “ဒု-သိ-ဒိ-ပယ်” ဆိုတဲ့အတိုင်း၊ ဒိဋ္ဌိကွာ၍ အပါယ်လွတ် တရားရ သောတာပန် စသော အရိယာများ ဖြစ်သွားကြစေခြင်း အကျိုးငှါ ဒုက္ခသစ္စာကို တခြားမှာ သွားရှာမနေနှင့်၊ စာထဲမှာ သွားရှာမနေနှင့် အစစ် တွေ့မှာ မဟုတ်ဘူး၊ တွေ့ရင်လဲ စစ်မှာမဟုတ်ဘူး၊ ဆံပင်အစ ကျင်ငယ် အဆုံးရှိတဲ့ သင်၏တကိုယ်လုံး တကောင်လုံးကြီးဟာ ဒုက္ခသစ္စာအစစ်ပါဘဲ လို့ လက်ညှိုးထိုး၍ ပြနေဘိသကဲ့သို့၊ “ဆံပင်သည် ဒုက္ခသစ္စာ။ပ။ ကျင်ငယ်သည် ဒုက္ခသစ္စာ။ပ။” စသည်ဖြင့် အောက်ခြေကနေ၍ ထပ်ကာ ထပ်ကာ “ပုနရုတ္တိ” အလာကို မလိုက်နာနိုင်ဘဲ၊ “ကရုဏာယေဝဒေါသော” အရ ရေးပြနေသည်။ သတိရှိကြစေ၊ သတိရကြစေ၊ ဘုရားဟောထားတဲ့ ဒုက္ခ သစ္စာအစစ်အမှန်မှာ သူ-ငါ၊ ကျား-မ ခေါ်ဆိုကြတဲ့၊ ဝါ၊ အခေါ်ခံရတဲ့ ခန္ဓာကိုယ်ထဲ သူထဲ ငါထဲမှာသာ ရှိကြပါသည်။
ယခု ဘုန်းကြီးရေးပြတဲ့ “သစ္စာအလင်းပြ” ကျမ်းစာအုပ်ထဲမှာရှိနေကြတဲ့ သစ္စာတွေက၊ ယခု သူထဲ ငါထဲမှာ ရှိနေကြတဲ့ ဒုက္ခသစ္စာ အစစ်အမှန်တွေကို ရေးပြနေတာပါ။ ဒါက ဒေသနာတော် အစဉ်မျှသာဖြစ်သည်။ ဥပမာ-ဆံပင်သည် ဒုက္ခသစ္စာဟု စာထဲမှာ ဆိုထားရာ၊ အဲဒါက ဒုက္ခသစ္စာအစစ်အမှန်မဟုတ်ပါ၊ အဆိုမျှသာ အစစ်အမှန်ကတော့ မိမိဥက္ခောင်းပေါ်မှာရှိနေတဲ့ ဆံပင်မှသာ ဒုက္ခသစ္စာ အစစ်အမှန်ဖြစ်ပါသည်။ စာပေါ်တွင် အသိဉာဏ်သောင်တင်၊ စာပေါ်တွင် အသိဉာဏ် အားကုန်၍မနေပါစေနှင့်၊ စာရှိ ဒုက္ခသစ္စာမှ ငါရှိ ငါ့မှာရှိတဲ့ ဆံပင် စသော ဒုက္ခသစ္စာ အစစ်အမှန်ကို ထိအောင်, မိအောင် ဉာဏ်နှင့် ဆောင်၍ သိလေ မြင်လေ၊ ဆံမှ ကြွင်းသော ဒုက္ခသစ္စာများ ကိုလည်း ဤနည်းအတိုင်း သိရှိကြပါလေ။
ဘုရားဟောထားတဲ့ ဒုက္ခသစ္စာ အစစ်အမှန်တွေဟာ သူထဲ ငါထဲမှာ ထင်ရှား ရှိပါလျက်နှင့် သက်သက်ဘိစ္စတုံး လုံးလုံးကြီး ဒုက္ခသစ္စာမှန်း မသိဘဲနှင့်တော့ ယခု လက်ရှိဘ၀ သေမသွားကြပါနှင့်၊ မနေရလို့ သေရရင်လဲ သူ ငါ ကျား မ စသည်တို့၏ ကိုယ်ထဲမှာ အမြဲရှိနေကြတဲ့ ဆံ အစ ကျင်ငယ် အဆုံး၊ မိမိတို့ရဲ့ တကိုယ်လုံး တကောင်လုံးဆိုတဲ့ ရုပ်တုံး, ရုပ်ခဲကြီးဟာ ပဋိသန္ဓေမှ စုတိသေနေ့သို့ကြအောင် ဤ ခန္ဓာအတွက်နှင့် အဘက်ဘက်မှာ တသက်လုံး ဆင်းရဲရတာ စစ်မှန်လှပါသောကြောင့် ငါ့ကိုယ် အတ္တ ထင်တဲ့ ငါ့ကိုယ် အတ္တကား မဟုတ်၊ နာမ်ရုပ်, အနတ္တ ဒုက္ခသစ္စာသာ ဖြစ်သည်ဟု ထိုးထွင်း၍ သိမြင်သွားပါက တသက်လုံး ငါ့ကိုယ် အတ္တဟု ယူမှား ခဲ့သော အတ္တဒိဋ္ဌိ အယူမှားကြီးကို တားဆီးလိုက်နိုင်၍ အပါယ်လွတ် တရားရ သောတာပန် စသော အရိယာများဖြစ်သွားပြီးမှ သေကြပါဟု မှာလိုက်ပါသည်။
မေး။ ဒုက္ခသစ္စာ ဘယ်မှာရှိတယ်။
ဖြေ။ ဒုက္ခသစ္စာ ခန္ဓာကိုယ်မှာရှိတယ်။
မေး။ သမုဒယသစ္စာ ဘယ်မှာရှိတယ်။
ဖြေ။ သမုဒယသစ္စာ ခန္ဓာကိုယ်မှာရှိတယ်။
မေး။ နိရောဓသစ္စာ ဘယ်မှာရှိတယ်။
ဖြေ။ နိရောဓသစ္စာ ခန္ဓာကိုယ်မှာ ရှိတယ်။
မေး။ မဂ္ဂသစ္စာ ဘယ်မှာရှိတယ်။
ဖြေ။ မဂ္ဂသစ္စာ ခန္ဓာကိုယ်မှာရှိတယ်။
အဆိုပါ ဒုက္ခသစ္စာဟာ အခြားတပါးမှာမရှိပါ၊ သူ ငါတို့ ခန္ဓာကိုယ် မှာဘဲရှိနေကြသည် ဟု “ရောဟိတနတ်သား” အား ဘုရား ဟောခဲ့ပါသည်။ သူ ငါ ကျား မဆိုသည်ကား “အဆိုရှိပညတ်မျှ”ဟု သိ၊ ဒုက္ခသစ္စာ ဆိုသည် ကား-“နဂိုရှိ ပရမတ်” ဟုသိ၊ အဆိုပါ ဒုက္ခသစ္စာဆိုတာလဲ တခြားမဟုတ်ပါ။ တဏှာ-နိဗ္ဗာန်-မဂ္ဂင်မှ တပါးသော သူ ငါတို့ ခန္ဓာမှာရှိနေကြတဲ့ မသိရုပ်နှင့် သိနာမ်၊ ဤရုပ်နာမ်ခန္ဓာဘဲဖြစ်ပါသည်။ အဆိုပါ ရုပ်နာမ်ခန္ဓာဆိုတာလဲ တခြားမဟုတ်ပါ။
ဥဒကေ ဒဏ္ဍရာဇိဝ၊
အကရဂ္ဂေရိဝ သာသပေါ။
ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ၊
ပရိတ္တဌာယိနော သိယျုံ။
နှင့်အညီ။ ဥပါဒ်-ဌီ-ဘင်မျှ၊ ဝါ၊ ဖြစ် ရင့် ပျက်မျှ၊ ဝါ၊ ဖြစ်ပြီးလျှင် ရင့်၊ ရင့်ပြီးလျှင် ပျက် ရုံမျှသာဖြစ်ကြ၍၊ ခဏခြင်းခဏခြင်း ဖြစ်၊ ခဏခြင်းခဏခြင်း ပျက်သော ကြောင့်၊ မျက်တောင်တခပ်စာလောက် ခိုင်မြဲတည်တန့် အရှည် မခန့်နိုင်ကြတဲ့ မမြဲ ဆင်းရဲ အစိုးမရ မတင့်တယ် ကြတဲ့ အနိစ္စ တရား၊ ဒုက္ခ တရား၊ အနတ္တ တရား၊ အသုဘ တရား အစစ်အမှန်ကိုသာ ဖြစ်ကြပါသည်။ အဆိုပါ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အမှန်ဧကန်ဖြစ်တဲ့ ရုပ်နာမ်ခန္ဓာကို ဒုက္ခသစ္စာ ဟု ယုံမှားမရှိ သိလေ။
အဆိုပါ တဏှာကိုတော့ သမုဒယသစ္စာ လို့ ဘုရားဟောခဲ့ပါသည်။ ထိုတဏှာလောဘ သည်လည်း မဂ်ဖြင့်မပယ်သတ်သေးသမျှ အနုသယ အနေအားဖြင့် ဤကိုယ်မှာဘဲ ရှိပါသည်။ ထိုတဏှာဆိုတာလဲ လောဘ စေတသိက် ဖြစ်၍ နာမ်တရား ဥပါဒ်-ဌီ-ဘင် မျှဖြစ်၍ ခဏခြင်း ပျက်သောကြောင့် မမြဲဆင်းရဲ အစိုးမရ အနိစ္စ ဒုက္ခ အနတ္တ တရားဘဲဖြစ်ပါသည်။ ထို တဏှာလောဘသည် ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍၊ မွေး သေ မလွတ်သေးတဲ့ လူ့နတ်ချမ်းသာကို တောင့်တ၍ ကုသိုလ်ကံကို ပြုကြတဲ့ခါ၊ ကံအားလျော်စွာ ဘုံသုံးပါးတို့မှာ ဘဝတဖန် ရုပ်နာမ်ခန္ဓာ ဆံ-စသော ဒုက္ခသစ္စာ ကို အသစ်အသစ် ဖြစ်စေပြန်ပါသည်။ ထိုသို့ ဖြစ်စေတဲ့ခါ ဖြစ်ရာဖြစ်ရာ ဘုံ ဘဝတို့မှာ ဇာတိဒုက္ခ စသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှ အသင်္ချေ အနန္တတို့ကို မုချဖြစ်စေတော့မှာ စစ်မှန်လှပါသောကြောင့် အဆိုပါ တဏှာလောဘကို သမုဒယသစ္စာ လို့ ယုံမှားမရှိ သိလေ။
နိရောဓနှင့် မဂ္ဂသစ္စာ နှစ်ပါးတို့ကတော့ ခန္ဓာကိုယ်မှာ အမြဲရှိနေတဲ့ သစ္စာမျိုးမဟုတ်ပါ။ သို့ရာတွင် သစ္စာသိအောင် သစ္စာမြင်အောင် ဆင်ခြင် နှလုံးသွင်းနေတဲ့ခါ၊ မဂ်၏ ရှေ့အဘို့မှာ သစ္စာထိအောင် သိတဲ့ လောကီမဂ္ဂင်ရှစ်ပါးဟာ ဤခန္ဓာမှာဘဲ ဖြစ်ပေါ်လာ ပါသည်။ တတိယ သစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကိုအာရုံပြုခိုက် မျက်မှောက် မြင်သိခိုက်၊ မဂ်စိတ်၌ယှဉ်သော လောကုတ္တရာမဂ္ဂင်ရှစ်ပါးဟာလဲ ဤခန္ဓာမှာဘဲ ဖြစ်ပေါ်လာပါသည်။
ထိုလောကီ လောကုတ္တရာဖြစ်တဲ့ မဂ္ဂင်ဟာလဲ ဥပါဒ်-ဌီ-ဘင်မျှ ဖြစ်၍ ပျက်ကြ သောကြောင့် အနိစ္စ ဒုက္ခ အနတ္တ တရားတို့ဘဲဖြစ်ကြပါသည်။ နိရောဓသစ္စာနိဗ္ဗာန် ကတော့ နိစ္စ သုခ အနတ္တ တရားများသာဖြစ်ကြပါသည်။ ဤလိုရှိတဲ့ အရှိမျိုးကို ရည်ရွယ်၍ ဋ္ဌာနျူပစာရ တဗ္ဗောဟာရ ဝိသယာဓာရ အားဖြင့် ဤခန္ဓာမှာဘဲရှိတယ်လို့ ဟောတော်မူခဲ့ခြင်းဖြစ်ပါသည်။ ရှေ့၌ ထင်ရှားပါလတ္တံ့၊ ဤလို တဏှာပယ်တဲ့ မဂ် အကျင့်ကို ကျင့်မှသာ တဏှာ ခန္ဓာအစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ဆိုက်ရောက်ပါသောကြောင့် အဆိုပါ နိရောဓ နှင့် မဂ္ဂ တို့ကိုလည်း ယုံမှားမရှိ သိလေ။
အချုပ်အားဖြင့်၊ ဆံပင် စသော တကိုယ်လုံး တကောင်လုံးကြီးကို ဒုက္ခသစ္စာ ဟူ သိမြင်ခြင်း။ ထိုဆံပင်စသော ဒုက္ခသစ္စာဟာ တဏှာကြောင့် ဖြစ်သည်ဟု သမုဒယသစ္စာ ကို သိမြင်ခြင်း။ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် ထို ဒု-သ သစ္စာ နှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ နိဗ္ဗာန်ကို နိရောဓသစ္စာဟု သိမြင်ခြင်း။ တဏှာ ပယ်တဲ့ မဂ်အကျင့်ကို မဂ္ဂသစ္စာ ဟု သိမြင်ခြင်း။ ဤလို သစ္စာလေးပါးတို့ကို ယုံမှားမရှိ သိမြင်သွားလျှင် ဤပုံ မသိခင်က ဆံပင် စသော ဒုက္ခသစ္စာကိုပင် ငါ့ကိုယ် အတ္တဟု ယူမှားခဲ့ဘူးတဲ့ အယူမှား ဒိဋ္ဌိစင်၍၊ ဒိဋ္ဌိစင်လျှင်လည်း ဒိဋ္ဌိကြောင့် ဖြစ်သော အပါယ် လေးပါးလည်း စင်တော့သည်ဖြစ်၍၊ ဒိဋ္ဌိကိလေသာ အပါယ်ခန္ဓာတို့၏ တဖန် အသစ်မဖြစ်တော့ဘဲ အမြဲငြိမ်းအေးရာ နိဗ္ဗာန်ကို သိမြင်တဲ့ သောတာပတ္တိမဂ်ဉာဏ်ကို လက်ကိုင်ရရှိ၍ သောတာပန်ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့် “လေးရပ် ဤမျှ၊ မြင်သိက၊ ဖြစ်ထ သောတာပန်” ဟု ဆိုခဲ့ပေသည်။ ဘုရားဖြစ်စ၊ ဘုရားမြတ်စွာသည် ဓမ္မစကြာတရားကို ဟောတော်မူတဲ့ခါ၊ ပဉ္စဝဂ္ဂီငါးဦး အနက် အညာတကောဏ္ဍညသည် ရှေးဦးစွာ ဤလိုဤပုံ သစ္စာလေးပါးကို ယုံမှား မရှိ သိမြင်သွားသည်ကို သိရှိတော်မူသောအခါ၊ “အညာသိဝတဘော ကောဏ္ဍညော အညာသိဝတဘော ကောဏ္ဍညော” ဟု ဥဒါန်းကျူးတော်မူသည်။ အဓိပ္ပါယ်ကတော့ အို- ၀ပ္ပ ဘဒ္ဒိယ မဟာနာမ် အဿဇိ တို့၊ ကောဏ္ဍညသည် သစ္စာလေးပါးကို သိပြီသိပြီ သောတာပန်တည်ပြီတည်ပြီ သောတာပန် ဖြစ်ပြီဖြစ်ပြီဟု ဆိုလိုပေသည်။
၁။ သစ္စာသိမြင် နိဗ္ဗာန်မြင်၊ နိဗ္ဗာန်မြင်မှ မဂ်ဖိုလ်ရ၊ မုချမြဲမှတ်သား။
၂။ အမှန်သိမြင် အမှာစင်၊ ဤတွင် ငြိမ်းရာနိဗ္ဗာန်ဘဲ။
အဘယ်ကြောင့် သစ္စာသိလျှင် နိဗ္ဗာန်ကိုမြင်သိဘိသနည်းဆိုတဲ့ အမေး၌ သစ္စာသိ သစ္စာမြင်တဲ့ခါ၊ တတိယသစ္စာခေါ်သော - နိရောဓသစ္စာ၊ နိဗ္ဗာန်ကို သိသည် မြင်သည်၊ နိဗ္ဗာန်ကို တဲ့တဲ့သိမြင်တဲ့ စိတ်ကို မဂ်စိတ်-မဂ်ဉာဏ်၊ နိဗ္ဗာန်ကို တဲ့တဲ့အာရုံပြုနိုင်တဲ့ စိတ်ကို ဖိုလ်စိတ်-ဖိုလ်ဉာဏ်ဟု ဆိုရသည်။ ဤလို မဂ်စိတ်-ဖိုလ်စိတ်၊ မဂ်ဉာဏ်-ဖိုလ်ဉာဏ် ဖြစ်ပေါ်သော ပုဂ္ဂိုလ်ကို မဂ်-ဖိုလ်ရ ပုဂ္ဂိုလ်ဟုဆိုရသည်။ နိဗ္ဗာန်ကို သိမြင်တဲ့ မဂ်ဉာဏ် လေးပါးတို့တွင်၊ ရှေးဦးစွာ နိဗ္ဗာန်ကို သိမြင်တဲ့ ဉာဏ်ကို-သောတာပတ္တိမဂ်ဉာဏ်ဟု ဆိုရလေသည်၊ ဤသောတာပတ္တိ မဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို သောတာပန်ပုဂ္ဂိုလ်ဟုဆိုရလေသည်။ ထိုအခါ ထိုသောတာပန်ပုဂ္ဂိုလ်သည် အာရုံပြုသောအားဖြင့် နိဗ္ဗာန်သို့ နိဗ္ဗာန်ကို ရောက်လေတော့သည်။ ရလေတော့သည်။
တနည်း --
သစ္စာသိ သစ္စာမြင်တဲ့ခါ၊ ဆံပင် စသော တကိုယ်လုံး တကောင်လုံး၊ ရုပ်တုံး ရုပ်ခဲကြီးကို ဒုက္ခသစ္စာဟု အမှန်သိ အမှန်မြင်သည်။ ဤလို ဒုက္ခသစ္စာလို့ တဲ့တဲ့ မသိခင်က ငါ့ကိုယ်အတ္တဟု မှတ်မှား, သိမှား ယူမှားခဲ့ဘူးသော ဒိဋ္ဌိအမှားစင်ကြယ်၍၊ ထိုဒုက္ခသစ္စာသည်လည်း တဏှာကြောင့် ဖြစ်သည်ဟု သမုဒယသစ္စာကို အမှန်သိမြင် တဲ့ခါ၊ ထာဝရဘုရား ဗိဿဏိုးနတ်များ ဘန်ဆင်း၍ ဖြစ်တယ်ဆိုတာဘဲ ဟုတ်မှန်လေ သလောဟု ယုံမှားခဲ့ဘူးတဲ့ ဝိစိကိစ္ဆာအမှားစင်ကြယ်၍၊ တဏှာပယ်တဲ့ မဂ်အကျင့် ကြောင့် တဏှာခန္ဓာအစဉ်ပြတ်၍ နောက်ထပ်အသစ် မဖြစ်တော့ဘဲ အမြဲငြိမ်းအေးရာ နိဗ္ဗာန်ကို နိရောဓသစ္စာ ဟု အမှန်သိမြင်တဲ့ခါ နွားတို့ ခွေးတို့၏ အလေ့အကျင့်ဖြင့် သံသရာမှစင်ကြယ်၏။ ဝါ၊ နိဗ္ဗာန်ရောက်၏ဟု မှားသော နှလုံးသွင်းမှု သီလဗ္ဗတ စင်ကြယ်၍ အဆိုပါ ယူမှားမှု ဒိဋ္ဌိ၊ ယုံမှားမှု ဝိစိကိစ္ဆာ နှလုံးသွင်းမှားမှု သီလဗ္ဗတ သံယောဇဉ်သုံးပါး-ဒိဋ္ဌိ ဝိစိကိစ္ဆာ။ ကိလေသာနှစ်ပါး ဒိဋ္ဌိသမ္ပယုတ်စိတ် လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်တပါး၊ ပေါင်း အကုသိုလ်စိတ်ငါးပါး စင်ကြယ်၍၊ ဤလို သစ္စာ လေးပါးတို့၌ ယုံမှားမရှိ၊ အကြောင်း အကျိုးနှင့်တကွ ပိုင်းခြားဝေဘန်၍ အမှန်အတိုင်း ထိုးထွင်း၍ သိဆဲခဏ၌ပင် အဆိုပါ ကိလေသာတရားတို့သည် မိမိ၏ စိတ်သန္တန် အစဉ်၌ တခါထဲ အပြီးအပြတ် လက်စသတ် နောက်ထပ် အသစ်မဖြစ်တော့ဘဲ အမြဲငြိမ်းအေး သွားလေတော့သည်။
ဤလိုဤပုံ - ကိလေသာခန္ဓာတို့၏ တဖန်အသစ်မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ, ငြိမ်းအေးရာကိုပင် နိဗ္ဗာန် ဆိုသည်ဟု သိလေ။ ထို့ ကြောင့်ပင် “အမှန်သိမြင် အမှားစင်၊ ဤတွင် ငြိမ်းရာ နိဗ္ဗာန်ဘဲ” ဟု ဆိုခဲ့ပေသည်။ ဤ၌ အမှန်သိမြင်ကား - သမ္မာဒိဋ္ဌိ ခေါ်သော ဝိဇ္ဇာပညာ အလင်းရောင် ပေါ်လာခြင်းတည်း၊ အမှားစင်ကား - မိစ္ဆာဒိဋ္ဌိ အဝိဇ္ဇာ မောဟအမိုက်မှောင် ပျောက်သွားခြင်းတည်း။ ဤတွင်ငြိမ်းရာကား-သစ္စာ မသိမှု မောဟ ကိလေသာ၊ ယူမှားမှု-ဒိဋ္ဌိကိလေသာ၊ ယုံမှားမှု-ဝိစိကိစ္ဆာ ကိလေသာ၊ မှားသောနှလုံးသွင်းမှု-သီလဗ္ဗတကိလေသာ၊ ထိုကိလေသာ တို့ကြောင့် ဖြစ်သော အပါယ် ခန္ဓာတို့သည် ဤလို သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိသွားဆဲ ခဏတွင်ပင် အစဉ်အမြဲ တခါထဲ ငြိမ်းအေးသွားတာဟာ၊ ဝါ၊ ငြိမ်းအေးရာဟာ နိဗ္ဗာန်ပါဘဲဟု ဆိုလိုပေသည်။
မှတ်ချက်
▬▬▬
မဂ်ကြောင့် ကိလေသာခန္ဓာကုန်၍ ကိလေသာခန္ဓာအသစ် မဖြစ်တော့ဘဲ အမြဲ ငြိမ်းအေးနေတဲ့ အငြိမ်းဓာတ် အအေးဓာတ် အသင်္ခတ ဓာတ်ကို နိဗ္ဗာန်ဆိုပါ၊ နိဗ္ဗာန်လို့ သိပါ၊ နိဗ္ဗာန်လို့ မြင်ပါ။
ဤလို-ဤပုံ၊ အလုံးစုံကို အကုန်သိတဲ့ သဗ္ဗညုဘုရား ဟောကြားတော်မူခဲ့တဲ့ သစ္စာလေးပါး တရားတော်ကို၊ သူက ငါက ကြားနာရ၍ သစ္စာ သိကြပါက၊ ရှေးဦးစွာ အပါယ်လွတ်တရားရ နောက်ပိတ်ဆုံး မွေး သေလွတ် နိဗ္ဗာန်တရားရ ဖြစ်သွားကြ ပါလျှင်၊ လက်ရှိ ဘဝကြီးဟာ သမ္ပတ္တိဘဝကြီး အစစ်ဧကန် ဖြစ်သွားနိုင်ကြပေသည်။ ထိုသို့မဟုတ် အဘဘုရားက ရင်ဝယ် မွေးဖွား ရာဟုသားနှင့် မခြားတမူ သနားတော် မူလှ၍၊ ကိုယ်မှာရှိတဲ့ သစ္စာတွေကို တဲ့တဲ့သိအောင် တဲ့တဲ့မြင်အောင်၊ တဖေါင်ဖေါင် တဖွဖွ ဟောပြော ထားခဲ့ပါလျှက် သစ္စာသိအောင် သစ္စာမြင်အောင် မကြိုးစားကြဘဲ၊ “ကျွဲပါးစောင်းတီး - ကျွဲနားစောင်းတီး” ဖြစ်နေကြပါလျှင် လက်ရှိ ဘဝကြီးဟာ ဘဝသမ္ပတ္တိကြီး မဖြစ်နိုင်တော့ဘဲ၊ ဘဝဝိပ္ပတ္တိကြီးသာ ဖြစ်ကုန်ကြတော့မည့် အရေးကို တွေးမိပါသဖြင့်၊ ဆင်စီး၍ အထီးမှန်း အမမှန်း မသိ၊ မြင်းစီး၍ အထီးမှန်း အမမှန်းမသိ ဆိုဘိအလား ဖြစ်မသွားကြစေရန် ကိုယ်မှာရှိနေတဲ့သစ္စာတွေကို သစ္စာမှန်းအမှန်သိ၍ အမြန်အပါယ်လွတ်တရား မွေးသေလွတ် နိဗ္ဗာန်တရားများ ရရှိသွားကြစေရန်၊ အောက်ခြေကနေ၍ ဆံပင်သည် ဒုက္ခသစ္စာ။ပ။ ကျင်ငယ်သည်-ဒုက္ခသစ္စာ။ပ။ ဤလို ဤပုံ ၃၂-ကောဋ္ဌာသကုန်အောင်၊ သတိနှင့်မကွာ ပညာနှင့်မကင်း ခန္ဓာအတွင်းသို့ ဉာဏ်သွင်းကာ သွင်းကာ ဥက္ခောင်းကစ၍၊ လေးကွက်ကျား ချသကဲ့သို့ ပိုက်စိတ် တိုက်၍ ကွက်စိတ်ရိုက်ပြီးလျှင် သစ္စာကိုက်၍ သစ္စာဖွဲ့၍ ကြည့်တဲ့ခါ၊ မိမိတို့ရဲ့ တကိုယ်လုံး - တကောင်လုံးကြီးမှာ ဒီနေရာကတော့ ငါ့ကိုယ် အတ္တဘဲဟု အမှား စွဲလမ်းနိုင်ဘို့ရာ အပ်ဖျားတထောက်စာမျှ ဒုက္ခသစ္စာမဟုတ်တဲ့ နေရာ ကွက်လပ်မရှိ ခြေဆုံး ခေါင်းဆုံး တကိုယ်လုံး, တကောင်လုံး ဒုက္ခသစ္စာတုံး - ဒုက္ခသစ္စာခဲ ဒုက္ခသစ္စာ အစုအပုံ ဒုက္ခသစ္စာ အသိုက်အအုံကြီးသာ ဖြစ်ပါ၏တကားဟု ဉာဏ်ငုံမိ ဉာဏ်ခြုံမိ ဉာဏ်အုပ်မိသွားတဲ့ခါ၊ မိမိတို့ရဲ့စိတ်ထဲ ဉာဏ်ထဲမှာ မျက်စိလည် ပြေသွားသလို၊ ရှင်းကနဲ လင်းကနဲ ယုံမှား မရှိဘဲဖြစ်သွားကာ သိတတ်တဲ့အရွယ်ကစ၍ ယခု အချိန်ကြအောင်၊ ဤ ဆံအစ ကျင်ငယ်အဆုံးရှိတဲ့ ဒုက္ခသစ္စာတုံးကြီးကိုပင် ကိုယ်အတ္တ ဘဲဟု ယူမှား စွဲမှားခဲ့တဲ့ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ အလွဲအမှား အစွဲတရားကြီးဟာ ခန္ဓာ ကိုယ်ထဲမှာ စွဲနိုင်ဘို့ရာ အပ်ဖျား တထောက်စာမျှ ရှာမရတော့သည်ဖြစ်၍ အဆိုပါ အတ္တဒိဋ္ဌိသည် ထောက်ရာ တည်ရာကို မရနိုင်တော့ဘဲ သေပွဲဝင်ရလေတော့သည်။
အတ္တသေလျှင်လဲ သူနှင့်ဘက်တွဲဖြစ်တဲ့ ဝိစိကိစ္ဆာလဲ သေရတော့တာဘဲ၊ ဘာ့ကြောင့် လဲဆိုတော့ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ဟာ “ဒိဋ္ဌေကဋ္ဌတ္တာ ဝိစိကိစ္ဆာယ ဒိဋ္ဌိယာ ပဟိနမာ နာယ ဝိစိကိစ္ဆာပိ ပဟီယတိ” လာရှိသည်နှင့် အညီ၊ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ဟာ တဒေကဋ္ဌတရားများသာ ဖြစ်ကြပါသောကြောင့်၊ သေအတူ-ရှင်အတူ သေပေါ် ရှင်ဘက် ဖြစ်ကြသောကြောင့်တည်း။ ဒိဋ္ဌိဝိစိကိစ္ဆာ မရှိပါလျှင်လည်း “ဒိဋ္ဌိဝိစိကိစ္ဆာ ပဟာနေန ပဟီနာပါယ ဂမနော” နှင့်အညီ၊ ဘယ်ဘဝ ဘယ်ကမ္ဘာကမှ အပြီးအစီး ပိတ်မထားနိုင်ခဲ့တဲ့ အပါယ်လေးပါး တံခါးကြီးကို အပြီးအစီး ပိတ်ထားလိုက်နိုင်ပြီ ဖြစ်၍၊ အပါယ်လွတ်တရားရ သောတာပန် စသော အရိယာများပင် ဖြစ်သွားနိုင် ပေသည်။ လက်ရှိဘဝ, ဤတရားရလျှင် လူဖြစ်ကျိုး, သာသနာတော်နှင့် တွေကြုံ ရကျိုး နပ်ပြီဟု မှတ်လေ။ မရသေးလျှင် မနပ်သေး မမြတ်သေး၊ သေနေ့မဦးခင် နပ်အောင် မြတ်အောင်ကျိုးစားလေ။
သစ္စာရေအေး အမြိုက်ဆေး
▬▬▬▬▬▬▬▬▬▬
ဆံပင်သည်-ဒုက္ခသစ္စာ။ ပ။ ကျင်ငယ် သည်- ဒုက္ခသစ္စာ။ ဤလိုဤပုံ ၃၂-ကောဋ္ဌာသ ကုန်အောင် သစ္စာဖွဲ့၍ နေခြင်းသည် သစ္စာလေးပါး ဘုရားပေးတဲ့ဆေးကို စားသောက် ၍နေခြင်းပေတည်း။ သစ္စာမသိမှု-မောဟ၊ ယူမှားမှု- ဒိဋ္ဌိ၊ ယုံမှားမှု-ဝိစိကိစ္ဆာကိလေသာ တို့ကား- အနာတည်း၊ သစ္စာကား-ဆေးတည်း။
အနာနှင့်ဆေး ကိုက်အောင်ပေး
ပျောက်ရေးမခက်ပါ - ဆိုသည်နှင့်အညီ၊ ဘုရားပေးတဲ့ သစ္စာဆေးတော်ကို မစား၍ မစားရ၍ ဒိဋ္ဌိနာ မပျောက်သဖြင့် အပါယ်လွတ်ဘရား မရသောကြောင့် အပါယ် လေးပါးသို့ တကားကား ကျကျနေရသော်လည်း၊ ဘုရားပေးတဲ့ ဒိဋ္ဌိနူနာနှင့်အလွန် တဲ့တဲ့ သစ္စာလေးပါး ဆေးတော်ကို စားတဲ့ခါ၊ အနာနှင့်ဆေး ကိုက်သွား၍ ဒိဋ္ဌိနူနာ ပျောက်သဖြင့် အပါယ်သို့မရောက်နိုင်တော့ပါ။
မဂ်ရေစင်
တနည်းအားဖြင့်၊ ဤသစ္စာလေးပါး တရားတော်ကို မဂ်ရေစင် လို့လဲ ဟောတော်မူခဲ့ ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လောကမှာ ပကတိ အညစ်အကြေးတွေကို ပကတိ ရေနှင့် ဆေးလျှင် စင်ကြယ် သွားသကဲ့သို့ ထို့တူပမာ - သစ္စာမသိတဲ့ မောဟ ကိလေသာ ယူမှားတဲ့ ဒိဋ္ဌိကိလေသာ, ယုံမှားတဲ့ ဝိစိကိစ္ဆာကိလေသာ အညစ် အကြေးတွေကို သစ္စာလေးပါးကို သိမြင်တဲ့ မဂ်ဉာဏ်ရေစင်နှင့် ဆေးလိုက်တဲ့ခါ တခါတည်း စင်ကြယ်သွားသောကြောင့်ပေတည်း။
အနာမသိ-ဆေးမရှိ-ဟု လောကမှာ ပြောကြပါသော်လည်း၊ အနာ သိတဲ့ခါ ဆေးရှိ၍ လာသလို၊ ကမ္ဘာ့ ကမ္ဘာ၊ ဘဝါ့ ဘဝါတသံသရာလုံးက သစ္စာမသိတဲ့ မောဟနူနာ၊ ယူမှားတဲ့ ဒိဋ္ဌိနူနာ၊ ယုံမှားတဲ့ ဝိစိကိစ္ဆာနူနာ တွေဟာ သတ္တဝါတိုင်းမှာ ရှိနေလို့၊ ၎င်းနူနာတို့ကို တခဏခြင်း ပျောက်ကင်းစေနိုင်တဲ့ သစ္စာလေးပါး ဆေးတော်တို့ကို ဘုရားမြတ်စွာက ဖေါ်စပ်၍ ထားခဲ့တာ အသင့်ရှိနေပါပြီ၊
သတ္တဝါတွေဟာ ပြုအပ်သော ကံအားလျော်စွာ လူဘုံ နတ်ဘုံ ဗြဟ္မာဘုံ အထိ ရောက်ရှိနိုင်ကြသော်လည်း၊ ဆံ စသော ဒုက္ခသစ္စာကိုပင် ငါ့ကိုယ်အတ္တဟု ယူမှားနေတဲ့ ဒိဋ္ဌိနူနာ ရှိနေလို့ ကုသိုလ်ကံ အဟုန်ကုန်ကဲ့ခါ အပါယ်လေးဘုံသို့ တဖန်ပြန်၍ပြန်၍ ကျကျ နေကြရသော လူနတ် တို့ကို ထိုဒိဋ္ဌိနူနာပျောက်က အပါယ်သို့ တဖန်ပြန်၍ မကျနိုင်တော့ဘဲ ရှေးဦးစွာ အပါယ်လွတ် တရားရ၊ နောက်ဆုံးမှာ- မွေးသေ လွတ် တရားရ၍ နိဗ္ဗာန်ယူသိမ်းပြီး အငြိမ်းကြီး ငြိမ်းကြစေခြင်းငှါ သစ္စာလေးပါး ဆေးတော်ကို မကုန်နိုင် မခမ်းနိုင် ဖေါ်စပ်ထားခဲ့ပါပြီ၊ သောက်ဖြစ်အောင် သောက်ကြပါစေသတည်း။
ထို့ ကြောင့်ပင် --
၁။ ရုပ်နာမ်မသိ ဒိဋ္ဌိမကွာ၊ ဝါ၊ သစ္စာမသိ ဒိဋ္ဌိမကွာ၊ ပုဂ္ဂိုလ်မှာလျှင်၊ လူတွင် စကြာ၊ နတ်မှာ သိကြား၊ မိုးဖျား ဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊ ဖောက်လွှဲပါယ်ရွာ၊ ရောက်မြဲသာတည်း။ ဟူ၍၎င်း။
၂။ ဒိဋ္ဌိသက္ကာယ မကွာသမျှ၊ လေးဝအပါယ် ရောက်ဦးမယ်၊ နင်၀ယ် သတိထား၊ သို့အလားကြောင့် ဘုရားမြတ်စွာ၊ စိန္တေယျာက၊ ရင်ဝ လှံစူး၊ ထိပ်ဦးမီးလောင်၊ မရှောင် အဟုတ်၊ နောက်မဆုတ်ဘဲ၊ အားထုတ်ရမည့်အရေးကို “သတ္တိယာ ဝိယ ဩမဋ္ဌော” ဟု ဟောတော်မူခဲ့သေးသတည်း-ဟူ၍၎င်း။
၃။ ဒိဋ္ဌိသက္ကာယ တဒင်္ဂပဟာန်၊ ပယ်စွန့်ပြန် စူဠသောတာပန်၊ သမုစ္ဆေဒ ပယ်စွန့်က၊ မဟာသောတာပန်၊ ဘုံစဉ်စံ အရိယာ ဝိသာခါ အနာထပိဏ်တို့လို ဖြစ်ရမည် မလွဲပါတကား--ဟူ၍၎င်း ဆိုခဲ့ပြီ။
မှတ်ချက်
ဒု သိ ဒိ ပယ်၊
သ သိ ဝိ ပယ်၊
နိ မ သိ သီ ပယ်၊
သောတာပန် ဖြစ်နိုင်တယ်။
သစ္စဉာဏ်ဖြင့် ဒု-ကိုပိုင်ပိုင်သိလျှင် ဒိဋ္ဌိကိုပယ်၊ သ-ကိုပိုင်ပိုင်သိလျှင် ဝိစိကိစ္ဆာကို ပယ်၊ နိ-မကို ပိုင်ပိုင်သိလျှင် သီလဗ္ဗတကို ပယ်၍၊ ဒိ ဝိ သီ ကိလေသာ၊ ဝါ၊ အပါယ်သို့ လားစေတတ်သော ကိလေသာ မြူအညစ်အကြေးကင်း၍ အပါယ်လွတ်ကင်းတဲ့ သောတာပန် အရိယာဖြစ်နိုင်သည်ဟူလို။ ဝါ၊ ဒိဋ္ဌိ ကိလေသာ အပါယ်ခန္ဓာ အသစ် မဖြစ်တော့ဘဲ အမြဲငြိမ်းအေးတဲ့ နိဗ္ဗာန်ကို မျက်မှောက်မြင်သိတဲ့ သောတာပတ္တိ မဂ်ဉာဏ် ရ၍၊ သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်သည်။ သစ္စာကို လောကီအနုဗောဓဉာဏ်ဖြင့် သိလျှင် စူဠသောတာပန်၊ လောကုတ္တရာ ပဋိဝေဓ ဉာဏ်ဖြင့်သိလျှင် မဟာသောတာပန်၊ ဘုံစဉ်စံလိုက စံနိုင်ပြီ။
ရဟန္တာအထိ ဖြစ်နိုင်ဘိသည်
ဘုရားပေးတဲ့ သစ္စာလေးပါး ဆေးတော် သောက်စားရပါက ဘယ်လိုအကျိုးရှိပါသလဲ၊ ဘယ်လိုတန်ခိုး ရှိပါသလဲ? ဘယ်လိုသတ္တိ ရှိပါသလဲ? ဆိုတဲ့ အမေး၌၊ ဘုရား သမားတော်ကြီး ပေးတဲ့ သစ္စာမသိမှု မောဟကိလေသာ၊ ယူမှားမှု ဒိဋ္ဌိကိလေသာ၊ ယုံမှားမှု ဝိစိကိစ္ဆာ ကိလေသာ နူနာပျောက်ဆေး သစ္စာလေးပါး ဆေးတော်ကို ယုံကြည် စိတ်ချ အားထုတ်၍ စားသောက်ကြတဲ့ ပဉ္စဝဂ္ဂီအစ သုဘဒ္ဒအဆုံး၊ မရေမတွက်နိုင်တဲ့ လူနတ်အားလုံးတို့မှာ၊ ရှေးဦးစွာ ကမ္ဘာနာ သံသရာနာ ဆိုတဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ နှုနာ ပျောက်၍အပါယ်သို့ မကျရောက်နိုင်တော့ဘဲ၊ အပါယ်လွတ်တရားရ အပါယ်လေးပါး သံသရာမှတခါထဲ ခေါင်းထောင်၍ ထ-နိုင်တဲ့သောတာပန် တဖန်ထပ်မံ၍ သောက်ပြန် တဲ့ခါ. ကိလေသာ အကြမ်းစားတွေ ခေါင်းပါး၍ ကာမသုဂတိတစိတ်မှ ထနိုင်တဲ့ သကဒါဂမ်၊ နောက်ထပ်တဖန် သောက်ပြန်တဲ့ခါ အလုံးစုံသော ကာမသုဂတိ သံသရာမှ တခါတည်း ခေါင်းထောင်၍ ထနိုင်တဲ့-အနာဂါမ်၊ ထပ်ကာထပ်ကာ ဆင့်ကာဆင့်ကာ မနေမနား သစ္စာလေးပါးကို ဆင်ခြင်သောအားဖြင့် သောက်ပြန်တဲ့ခါ ဘုံ သုံးပါးတို့ဟာ မီးကျီးခဲကြီးပမာ ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင်လာ၍၊ ဘဝတဏှာ ပြတ်သောကြောင့် အရဟတ္တမဂ်သို့ ရောက်သဖြင့် အလုံးစုံသော ဘုံဘဝတို့မှ တခါထဲ ခေါင်းထောင်၍ ထ-လိုက်နိုင်တဲ့ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအထိ ဖြစ်နိုင်ပါသည်။ ဤလိုအကျိုး ဤလို တန်ခိုး, ဤလို သတ္တိရှိပါသည်ဟူလို။
သောကငြိမ်းအေး နေနိုင်ရေး
မသေခင်လဲ အသုံးချ
သစ္စာလေးပါး ဆေးတော်ကြီးသည် မသေရသေးတဲ့ လက်ရှိဘဝကလေးမှာလဲဘဲ “အသက်တရာသာမနေရ- ဒုက္ခတရာ တွေ့ရပါ” ဆိုတာလို၊ အသက်တရာ မနေရပေမဲ့ ဒုက္ခတရာမက တွေရတဲ့ခါ ရင်တွင်း နှလုံးတွင်းထဲမှာ ကိုယ်၏ ဆင်းရဲခြင်း - ကာယိကဒုက္ခ။ စိတ်၏ဆင်းရဲခြင်း - စေတသိကဒုက္ခ တွေဟာ၊ တနွေးနွေးနှင့် စိတ်မအေးတဲ့သောကမီးများ မကြာမကြာ အလောင်ခံရတတ်သည်။
၁။ “လာဘော-အလာဘော”စသော လောကဓံရှစ်ပါး။
၂။ ဉာတိဗျသန စသော ဗျသနတရား ငါးပါးတို့နှင့် ရံဖန်ရံခါ ရင်ဆိုင် ရင်ဆိုင် တွေ့ရတတ်ပေသည်။
ဤလိုအခါမျိုးတို့မှာ ... ဘုရား ရဟန္တာ ပညာရှိ မဟုတ်ပါလျှင်၊ ဆောက်တည်ရာမရ တုန်လှုပ်ချောက်ခြား တတ်သည်မှာ ပုထုဇဉ်တို့ ဓမ္မတာ၊ ထိုအချိန် ထိုအခါမျိုးမှာ အဆိုပါ သောကမီးများ လောင်လာတဲ့ခါ အချိန်မှီ မငြိမ်းသတ်နိုင်ပါလျှင် “သောကော ဟဒယံ ဖါလေတိ” နှင့်အညီ၊ သောကမီး အားကြီးလာပါလျှင်၊ နှလုံးအိမ်ကို လောင်ကျွမ်း၍ သွားပါက ဆေးကု၍ မရဟု ကျမ်းဂန်၌ ပြသောကြောင့် သတိရှိကြစေ။ ထိုအချိန် ထိုအခါမျိုးတို့မှာ ဆံပင်သည် ဒုက္ခသစ္စာ စသည်ဖြင့် သစ္စာဖွဲ့၍နေပါ။ ပြီးလျှင် ဆံပင်ကို ဒုက္ခသစ္စာ၊ တဏှာကို သမုဒယသစ္စာ။ ထို ဒုက္ခ သမုဒယသစ္စာ နှစ်ပါးတို့၏ တဖန်အသစ် မဖြစ်ရာနိဗ္ဗာန်ကို နိရောဓသစ္စာ၊ မဂ္ဂင်ကို မဂ္ဂသစ္စာ ဟုသိပြီးလျှင် ထို နိရောဓသစ္စာ နိဗ္ဗာန်သည်ကား - အငြိမ်းတရား အအေးတရားကြီး အစစ် ဧကန်ဖြစ်၍ ငြိမ်းအေးပါပေသည်ဟု နိဗ္ဗာန်ကို အာရုံပြု၍ ပြု၍ နေလေ။
ဤလို နေတဲ့ခါ နိရောဓသစ္စာ၊ နိဗ္ဗာန်ကို ထိုးထွင်း၍ သိမြင်လာတဲ့ သစ္စဉာဏ် ဝင်လာသည်နှင့် တပြိုင်နက် မဏိဇောတ ပတ္တမြားရတနာသည် ရေနောက်ကို တခဏ ခြင်း ကြည်လင်စေနိုင်သကဲ့သို့၊ အဆိုပါ သောကမီးသည် ခဏခြင်းငြိမ်းအေး သွားသည်ကို လက်တွေ့ ခံစားရပေလိမ့်မည်။ ဤလို သောကမီး လောင်လာတိုင်း အချိန်မှီ ငြိမ်းသတ်ပါလေ။ လက်တွေ့ ပွဲတွေ့ဆေး ဖြစ်အောင် စမ်းသပ်၍ ကြည့်ကြပါလေ၊ ချက်ခြင်း အကျိုးရရှိ ခံစားရပါလိမ့်မည်။ သည်မျှသာ မကသေးပါ၊ ဤ သစ္စာဆေးတော်ကို သုံးဆောင် စားသောက် ရခြင်းသည် မသေခင်ကာလ သောက ငြိမ်းအေးရုံမက “ဒု-သိ-ဒိ-ပယ်၊ သ-သိ-ဝိ ပယ်၊ နိ-မ-သိ-သိပယ်”ဆိုတဲ့အတိုင်း၊ ဒုက္ခသစ္စာကိုသိ၍ ဒိဋ္ဌိကို ပယ်၊ သမုဒယသစ္စာကိုသိ၍ ဝိစိကိစ္ဆာကိုပယ်၊ နိ မ သစ္စာကိုသိ၍ သီလဗ္ဗတပရာမာသ ကိုပယ်ပြီး၊ အပါယ်လေးပါး မီးကိုပါ အပြီးအစီး ငြိမ်းအေးစေနိုင် သည့်ပြင်၊ ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင်ပါလျှင် တဏှာစင်၊ တဏှာ ကုန်၍ ရွှေဘုံနိဗ္ဗာန်၌ပင် အငြိမ်း စံရပါသောကြောင့် အားလုံးသော သုံးဆဲ့တဘုံရှိ တဆဲ့တသီး အပူမီးတို့သည် အငြိမ်းကြီး ငြိမ်းအေးလေတော့သည်ဟုသိလေ၊ အဲဒါ-သောကငြိမ်းအေး နေနိုင်ရေး အစစ်ပါဘဲ။
၁။ လောကဓံရှစ်ပါး --
လာဘော၊ အ လာဘော၊ ယသော၊ အ ယသော၊ နိန္ဒံ၊ ပသံသံ၊ သုခံ၊ ဒုက္ခံ။
အစဉ်အတိုင်း --
လာဘ်ရခြင်း မရခြင်း၊ ခြံရံရှိခြင်း မရှိခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း။ (ပေါင်း-ရှစ်ပါး။)
၂။ ဗျသနတရားငါးပါး --
ဉာတိ ဗျသန၊ ဘောဂ ဗျသန၊ ရောဂ ဗျသန၊ သီလ ဗျသန၊ ဒိဋ္ဌိ ဗျသန။
အစဉ်အတိုင်း --
ဆွေမျိုးတို့ ပျက်စီးခြင်း၊ စီးပွားဥစ္စာ ပျက်စီးခြင်း၊ ရောဂါပေါက်ရောက် ပျက်စီးခြင်း၊ မိမိသီလ ပျက်စီးခြင်း၊ အယူပျက်စီးခြင်း၊ ဝါ၊ ဘာသာဝါဒပျက်စီးခြင်း၊ ဝါ၊ ဗုဒ္ဓဘာသာ အယူမှန်မှ ခရာဇ်ယံ ပသီ စသော အယူမှားသို့ ကူးပြောင်းသွားခြင်း။
(ပေါင်း-ငါးပါး)
ဒိဋ္ဌိဗျသန
အယူပျက်စီးမည်ကို ကြီးကြီးမားမား သတိထား၍ ကြောက်ကြလေ။ အဆိုပါ ပျက်စီးခြင်း ငါးပါးတို့တွင် ဆွေမျိုးပျက်စီးခြင်း၊ ဥစ္စာပျက်စီးခြင်း၊ အနာရောဂါ ပေါက်ရောက် ပျက်စီးခြင်းကြောင့် အပါယ် လားမည် မဟုတ်၊ သီလ ပျက်စီးမူကား အပါယ်လားတတ်၏၊ သတိပြု။
“၀ဇ္ဇာနံ ပရမာမိစ္ဆာဒိဋ္ဌိ” နှင့် အညီ၊ အယူပျက်စီးခြင်း၊ ဝါ၊ ဗုဒ္ဓဘာသာမှ တပါး၊ အခြားဘာသာကို ယူမှားမိခြင်း၊ ဒိဋ္ဌိဗျသနသည်ကား-အပြစ်တကာ့ အပြစ်တို့တွင် အယူမှားဒိဋ္ဌိသည် လွန်ကဲသော အပြစ် အကြီးဆုံးဖြစ်၍ အလွန် ကြောက်စရာ ကောင်းလှပေသည်။ ဘာကြောင့်လဲ၊ မိစ္ဆာဒိဋ္ဌိ အယူမှားမှတပါး အခြားသော အပြစ်ကြောင့် အပါယ်သို့ရောက်ကြတဲ့ သတ္တဝါတို့မှာ ကမ္ဘာ ပျက်တဲ့ခါ ကျွတ်လွတ်ခွင့် ရနိုင်ကြသည်။ မိစ္ဆာဒိဋ္ဌိအယူမှားကြောင့် အပါယ် လားကြတဲ့သတ္တဝါတို့မှာ ကမ္ဘာ ပျက်သော်လည်း ကျွတ်လွတ်ခွင့် မရမပျက်တဲ့ ကမ္ဘာသို့ ပြောင်းရွှေ့၍ ခံရသည်။ ထိုသို့မဟုတ်၊ အားလုံးသော ကမ္ဘာ့တွေ ပြိုင်တူပျက်နေလျှင် အခြားသော ကောင်းကင် တနေရာမှာ သွားရောက်ခံနေ ရသည်ဟု ကျမ်းဂန်တို့၌ အဆိုရှိသည်။ ထို့ကြောင့် ဒိဋ္ဌိဗျသနကို ကြပ်ကြပ်ကြီး ကြောက်ကြလေ ဟူလို။
သေရင်လဲ အသုံးကျ
အဆိုပါ သစ္စာလေးပါး ဆေးတော်ကြီးသည် မသေခင်သာ အသုံးကျသည်မဟုတ်။ သေရင်လဲ သေခါနီးမှာ အသုံးချရ၍ အသုံးကျသေးသည်သာတည်း။ တဘဝ တခါ မည်သည့် သတ္တဝါမဆို သေကြရမည်မှာ မြေကြီးလက်ခတ်ပမာ မလွဲတည်း။ သို့ရာတွင် မနေရလို့ သေရတော့မဲ့အခါမှာ ဘာရေး ညာရေးတွေ ဘာမှ မတွေးနှင့်၊ ဘာမှ မစဉ်းစားနှင့်၊ တွေးမှား စဉ်းစားမှားက အပါယ်လားမည်ကို များများကြီး သတိပြု၊ သေ၀ သေပေါက် သေခါနီးမှာ မသေခင်က ပြုလုပ်ထားကြခဲ့တဲ့ ကုသိုလ်ရေး တခုတည်းကိုသာတွေး၊ “ဗုဒ္ဓံ ဓမ္မံ သံဃံ သရဏံ ဂစ္ဆာမိ” ဟု သရဏဂုဏ် ဆောက်တည်၍ နေသော်လည်း နေ၊ သို့မဟုတ် “ပဉ္စသီလံ သမာဒိ ယာမိ ဥပေါသထ-သီလံ သမာဒိယာမိ” ဟူ၍၊ ငါးပါးသီလ ရှစ်ပါးသီလကို သော်လည်း ဆောက်တည်၍ နေပါ၊ သို့မဟုတ် ဥက္ခောင်းကိုစိတ်ပြောင်းကာ ဆံပင်ကို ဉာဏ်နှင့် မြင်အောင်ကြည့်၍၊ ဆံပင်သည် ဒုက္ခသစ္စာ စသည်ဖြင့် ရှေးက လေ့လာဘူးခဲ့တဲ့အတိုင်း သစ္စာဖွဲ့၍ ဖွဲ့၍နေပါ။ ပြီးလျှင် ဆံပင်ကို-ဒု၊ တဏှာကို-သ၊ ဒု-သ နှစ်ပါးတို့၏ တဖန် အသစ် မဖြစ်ရာ နိဗ္ဗာန်ကိုနိဟု သိ၍၊ ဤလို တဏှာ ခန္ဓာ အသစ်မဖြစ်ဘဲ အမြဲငြိမ်းအေးနေတဲ့ နိဗ္ဗာန် တရားတော်မြတ်ကြီးသည် ငြိမ်းအေးပါပေသည်ဟု နိဗ္ဗာန်အာရုံ တခုတည်း ကိုသာ အာရုံပြု၍ပြု၍နေပါ သေပါလေ။
သေခါနီးမှာ အရိယာ
ဤလို ညွှန်ကြားထားတဲ့အတိုင်း၊ နေတတ် သေတတ်ပါလျှင်၊ သစ္စဉာဏ် လက်ကိုင် ရှိနေတဲ့အတွက် အကုသိုလ်ကမ္မနိမိတ် ဒုဂ္ဂတိနိမိတ်များလဲ ဝင်ခွင့် ထင်ခွင့် မရနိုင် သည့်ပြင်၊ ကုသိုလ် ကမ္မနိမိတ် သုဂတိနိမိတ်တို့သာ ဝင်ခွင့် ထင်ခွင့် ရရှိနေပါသော ကြောင့်၊ ထိုအချိန် ထိုအခါတွင် စုတိစိတ်ကျပါက ဘယ်နည်းနှင့်မျှ အပါယ်သို့ မကျနိုင်တော့ဘဲ သုဂတိအလား မြဲသည်သာမက သေခါနီးကာလကလေးတွင် တတိယသစ္စာ ခေါ်တဲ့ နိရောဓသစ္စာနိဗ္ဗာန်ကို ထိုးထွင်း၍ သိမြင်သွားတဲ့ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ် လက်ကိုင်ရှိရှိကလေးနှင့် စုတိစိတ် ကျသွားပါက သောတာပန် စသော အရိယာများ ဖြစ်သွားပြီးမှပင် သေကြရပေလိမ့်မည်။ ဤလို ဤပုံ - သစ္စာ လေးပါးဟာ သေခါနီးမှာ အသုံးချတတ်က အသုံးကျလှပါသည်။ သတိ-သတိ- သတိ။ သေခါနီးမှာ ကုသိုလ်ရေးကို အားမထားဘဲ သားမယား ဥစ္စာတို့ကိုသာ အားထား အားကိုး၍ သေသွားသောကြောင့် အပါယ်လားရတဲ့ ဝတ္ထုသွားများကို အနည်းငယ် ဖေါ်ပြပါဦးမည်။
၁။ သောဧဝံ မာတုဂါမံ အာရမ္ဘ ဝိလပန္တောယေဝ ကာလံကတွာ နိရယေ နိဗ္ဗတ္တိ။
အဓိပ္ပါယ်
မယားအလိုကို လိုက်မှား၍ မင်း၏ဝတ်ပန်းကို ခိုးသော ယောက်ျားသည် ဖမ်းမိ၍ တံကျင်လျှိုခံရတဲ့ခါ၊ မိမိမယား၌ စွဲလမ်း၍ သေသောကြောင့် ငရဲ၌ကျရောက် လေသည်။ (ဧကနိပါတ် ပုပ္ဖရတ္တဇာတ်၌ လာသည်။)
နောက်တဝတ္ထု
မိမိမယား၌ စွဲလမ်း၍သေ၊ မြွေဖြစ် ခွေးဖြစ် နွားဖြစ် ဖြစ်ရာဖြစ်ရာ ဘ၀မှာ မိမိမယားကဘဲသတ်၍ လူ့ဘဝနှင့်သော် လေးဘဝ ဆက်၍ သေရတဲ့ဝတ္ထုလဲ ရှိတယ်။ (တိ-အင်-ဋ္ဌာ-မဟာဝဂ်မှာ လာသည်။) အဲဒါဟာ ကုသိုလ်ကို အားမကိုးဘဲ မယားကို အားကိုးမှားသောကြောင့် အပါယ်ကျရတာဘဲ၊ ဘယ်လောက် မှားသလဲ မေးရင် အပါယ်ကျအောင် မှားတာဘဲဟုသာ ဖြေရန်ရှိတော့၏။
၂။ ဗာရဏသိဝါသီ ဧကောသေဋ္ဌိ နဒီတိရေ စတ္တာလီ သကောဋိဓနံ နီဓ ဟိတွာဝ မရန္တော ဓနတဏှာယ ဓနပိဋ္ဌေ သပွေါ ဟုတွာ နိဗ္ဗတ္တိ။ (ဧကနိပါတ်သစ္စံကိရဇာတ်)
အဓိပ္ပါယ်
ဗာရဏသီပြည်၌ သူဌေးကြီးတဦးသည် ကုဋေလေးဆယ်သော ဥစ္စာတို့ကို မြစ်ကမ်းနား၌ မြှုပ်ထားရာ၊ သေခါနီးမှာ ထို မြှုပ်ထားသော ဥစ္စာ၌ စွဲလမ်း၍ သေသောကြောင့် ထိုဥစ္စာအိုးပေါ်မှာ မြွေသွား၍ ဖြစ်လေသည်။ ထိုအတူ - ကုဋေ သုံးဆယ်မြှုပ်ထားသော သူဌေးကြီးတဦးလည်း ကြွက် ဖြစ်လေသည်။ ထိုအတူ - ဘုရားလက်ထက် သောဒေယျပုဏ္ဏား သည်လည်း ခွေးဖြစ်လေသည်။ ဒါမျိုးတွေ ကျမ်းဂန်တို့မှာ များစွာရှိလေသည်။ ဒါလဲဘဲ သေခါနီးမှာ ကုသိုလ်ရေးကို အားမကိုးဘဲ ဥစ္စာကိုသာ အားကိုးမှားသောကြောင့် မိမိကိုယ်ကို မြွေဖြစ်အောင်၊ ကြွက်ဖြစ်အောင်၊ ခွေးဖြစ်အောင် အားကိုးမှားတာဘဲ။ ထိုကြောင့် - “ပြိတ္တာတို့ဘောင် ဥစ္စာဆောင်သည်” ဟု ဆိုရိုးစကား ရှိခဲ့လေသည်။ သို့ရာတွင် ဥစ္စာက ပြိတ္တာဘောင်သို့ မဆောင်နိုင်ပါ၊ မဆောင်တတ်ပါ၊ ဥစ္စာ၌ စွဲလမ်းသော မိမိ၏ လောဘကသာ ဆောင်ခြင်းဖြစ်ပါသည်၊ ဥစ္စာကား-ဌာန၊ ဥစ္စာ၌စွဲလမ်းသော လောဘကား - ဋ္ဌာနီ၊ ဌာနီ၏ အမည်ကို ဌာန၌ တင်စား၍ ဋ္ဌာနျူပစာရ အားဖြင့် ပြောကြားသောစကား ဖြစ်လေသည်။
၃။ သာပက္ခ ကိရိယာဟိ အတ္တနောယေဝ ဧဂဟေ ယက္ခ ကုက္ကုရ အဇ ဂေါဏ မဟိံသ မုသိက ကုက္ကဋ ဥကာ မင်္ကုလာဒိဘာဝေန နိဗ္ဗတ္တ ကာရဏံ ဟောတိ။
အဓိပ္ပါယ်
မိမိအိမ် မိမိကျောင်း၌ စွဲလမ်း ငဲ့ကွက်၍ သေရခြင်းသည်ကား ဆိုးဝါးလှပေသည်။ မိမိအိမ် မိမိကျောင်း၌ပင် ဘီလူး ခွေး ဆိတ် ကျွဲ နွား ကြွက် ကြက် သန်း ကြမ်းပိုး စသော အဖြစ်ဖြင့် ဖြစ်တတ်သော အကြောင်းသည် ဖြစ်၏ဟု ပြဆိုထားရာ၊ မင်္ဂလာဒိ၌-အာဒိသဒ္ဒါ ဖြင့် စာ၌ တိုက်ရိုက်မပါသော၊ တောက်တဲ့ တက်တူ အိမ်မြှောင် ပိုးဟပ် စသော မရေမတွက်နိုင်သော အပါယ် သတ္တဝါများ အသဲယားလောက်အောင် အများအပြားပင် ဖြစ်စွမ်းနိုင်ခွင့် ရှိပေသည်။
ဘုရားလက်ထက်တော်က တိဿရဟန်းကြီးလည်း သင်္ကန်း၌ သန်း ဖြစ်လေသည်။ (သတိသာထားကြပေတော့။) အဆိုပါ ကုသိုလ်ရေးနှင့် သစ္စာလေးပါးတို့သည်ကား-ညွှန်ကြား ထားတဲ့အတိုင်း၊ ကောင်းစွာ လိုက်နာ၍နေပါလျှင်, သေပါလျှင်၊ အဆိုပါ ဂတိမှောက်မှားမှု စသော ဘေးရန်အန္တရာယ် အသွယ်သွယ် အဝဝတို့ကို တစွန်းတစမျှ မငြိမစွမ်းရအောင် တကယ် ကာကွယ် စောင့်ရှောက်နိုင်တဲ့ စွမ်းရည်သတ္တိ ကျပ်ပြည့် ရှိသည်ဟု သိကြပါလေ။ ဤကား-မသေဘဲမနေရ အမြဲသေကြရမဲ့ လူထု ရှင်ထုအား ဒုဂ္ဂတိလွဲ သုဂတိမြဲဘို့ ဓမ္မလက်ဆောင် ပေးခြင်းပေတည်း။
ဉာဏ်ဥဏှောက် မရှုတ်စေနှင့်
မဂ်ဝင်ဖိုလ်ပေါက် နိဗ္ဗာန်သို့ ရောက်သောနည်းမှာ - ဓမ္မစကြာနည်း ဝိသုဒ္ဓိမဂ်နည်း သတိပဋ္ဌာန်နည်း စသည်ဖြင့် များသော အပြားရှိရာ၊ ဘယ်နည်းနှင့်ဘဲ ဝင်ဝင် --မဂ်ဝင်ဖိုလ်ပေါက် နိဗ္ဗာန်သို့ရောက်သည်သာ လိုရင်းမှတ်။ အဆိုပါ သုံးနည်းမှာ နည်းမှန်ချည်းဘဲ၊ နည်းမှန် လမ်းမှန် ကျနအောင် ပြတတ်တဲ့ ဆရာကောင်းထံကပ်၍ ယုံကြည်စိတ်ချ၍သာ အားထုတ်ကြလေ။ ဆင်ကို စမ်းသော မျက်စိကန်းတို့ကဲ့သို့၎င်း၊ ပေါက်ပင်ကို ပြသော မင်းသားတို့ ကဲ့သို့၎င်း မဖြစ်ကြစေနှင့်၊ ဝါ၊ ဘယ်နည်းကအမှန်၊ ဘယ်နည်းက အမှားဟု အငြင်းမပွါး အချင်းမများကြစေနှင့်၊ အကျိုး မရှိတာကို မလုပ်ပါကြနှင့်၊ စာဆိုတာ အငြင်းပွါးဘို့ ဘုရားက ဟောထားကွဲတာ မဟုတ်ပါ၊ ဓမ္မသာကစ္ဆာ အရ၊ တိုင်ပင်ဆွေးနွေးကြဘို့၊ အပိုကိုဖျက် အလိုကို စွက်၊ အမှားကို ပယ် အမှန်ကို ယူဘို့ ဟောထားခဲ့တာပါ။
ဥပမာ
မန္တလေးရွှေမြို့တော်ကြီးသို့ တိုက်ရိုက် ရောက်စေတတ်သော လမ်းကြီးဟာ အရှေ့က တလမ်း၊ အနောက်က တလမ်း၊ တောင်ကတလမ်း၊ မြောက်က တလမ်းဟု လေးလမ်း ရှိနေရာ ဘယ်လမ်းကဘဲလာလာ မန္တလေး ရွှေမြို့တော်ကြီးသို့ ရောက်နိုင်တဲ့ လမ်းချည်းပင် ဖြစ်သကဲ့သို့။ ထိုတူ - နည်းကွဲသော်လည်း မိမိလိုရာ နိဗ္ဗာန်သို့ ရောက်သည်သာ လိုရင်းဖြစ်၏။ လမ်းဆုံးကြတဲ့ခါ၊ သင်္ခါရချုပ်ငြိမ်းရာ ချုပ်ငြိမ်း ကြောင်းဖြစ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အာရုံပြု၍ ရောက်ကြရကြသည်ချည်းတည်း။ သို့ရာတွင် နည်းတပါးနှင့် နည်းတပါးကို ရောနှော၍ မယူလေနှင့်၊ ယူမှားမိက ဥဏှောက်ရှုတ် ခံရမည်သာ မှတ်လေ၊ အမှန် ရမည်လည်း မဟုတ်ပေ။ ထို့ကြောင့်-သူ့နည်းနှင့်သူသာ အလိုက်သင့်ယူကြပါလေ။ ဝိပဿနာအလုပ် ကို အားထုတ်ဘို့ မလိုဟု အယူမမှားကြလေနှင့် လိုတယ်-လိုတယ်၊ ဝိပဿနာဉာဏ် ဆိုတာက သစ္စဉာဏ်အနုစား၊ သစ္စဉာဏ်ဆိုတာက ဝိပဿနာဉာဏ် အရင့်စားဟု သိလေ မှတ်လေ အယူမမှားစေနှင့်။
အမှာ
ဤ၌ကား ဘုရားဖြစ်စ ပဉ္စဝဂ္ဂီတို့အား အမှန်လေးပါးခေါ်သော သစ္စာလေးပါး အချုပ် တရား, သစ္စာ ရေအေး အမြိုက်ဆေးကို ရှေးဦးစွာ တိုက်ကျွေးတော်မူ၍၊ အသားပေါ် အရေပေါ်မှာ ပေါက်ရောက်တဲ့ ရောဂါနှင့်တူစွာ၊ ယူမှားမှု-ဒိဋ္ဌိကိလေသာ၊ ယုံမှားမှု- ဝိစိကိစ္ဆာကိလေသာ၊ ကမ္ဘာနာ, သံသရာနာတို့ကို ပျောက်ကင်းစေပြီးလျှင်၊ ဝမ်းတွင်း ရောဂါနှင့်တူစွာ၊ တထောင့်ငါးရာ ကိလေသာ နူနာတို့ကို အမြစ်ပါမကျန် အမှန် ပျောက်ကင်း စေတတ်သော လက္ခဏာရေးသုံးပါး တရားဆေးတော်ဖြင့် တိုက်ကျွေး တော်မူသော ဓမ္မစကြာဒေသနာတော် နည်းဖြစ်၍၊ သစ္စာသိနည်း သစ္စာမြင်နည်း သစ္စာရှုနည်း ရှေ့ အနုဗောဓ၊ နောက် ပဋိဝေဓ ခေါ်သော သစ္စာဉာဏ်ဖြင့် မဂ်ဝင် ဖိုလ်ပေါက် နိဗ္ဗာန်သို့ ရောက်သောနည်း ဖြစ်ပေသည်။
သို့ဖြစ်သောကြောင့် ....
ဒုက္ခဒဿနသမ္ပဒါယ စေတ္ထ၊ သက္ကာယဒိဋ္ဌိ သမုဒယဒဿန သမ္ပဒါယ ဝိစိကိစ္ဆိတံ မဂ္ဂဒဿန နိဗ္ဗာနဒဿန သမ္ပဒါယ သီလဗ္ဗတံ ပဟီယတီတိ ဝိညာတံ။ ။ ဆိုတဲ့ ခုဒ္ဒကအဋ္ဌကထာနှင့်အညီ။
ဒု သ နိ မ ဆိုတဲ့ သစ္စာလေးပါး တရားစကားကို ကြားနာလိုက်တဲ့ အခါ၊ မိမိတို့ရဲ့ ပါရမီဉာဏ် အခြေခံအားလျော်စွာ၊ ဝါ၊ ကိလေသာ ထူ ပါး ဣန္ဒြေ နုရင့် အားလျော်စွာ၊ ဝါ၊ “ဥ- ဝိ-နေ-ပ” ပုဂ္ဂိုလ်အားလျော်စွာ၊ “ဒု သိ ဒိ ပယ်၊ သ သိ ဝိ ပယ်” နှင့်အညီ ပြဆိုခဲ့ပြီးတဲ့အတိုင်း၊ ဒုက္ခသစ္စာကို သိမြင်တတ်သော ပညာနှင့်ပြည့်စုံခြင်းကြောင့် သက္ကာယဒိဋ္ဌိကို ပယ်၊ သမုဒယသစ္စာကို သိမြင်တတ်သော ပညာနှင့်ပြည့်စုံခြင်းကြောင့် ဝိစိကိစ္ဆာကို ပယ်၊ မဂ္ဂသစ္စာကို သိမြင်တတ်သောပညာ၊ နိရောဓသစ္စာကို သိမြင် တတ်သော ပညာနှင့် ပြည့်စုံခြင်းကြောင့် သီလဗ္ဗတပရာမာသကို ပယ်၍၊ ရှေးဦးစွာ လောကီအနုဗောဓဉာဏ်ဖြင့် သစ္စာလေးပါးတို့ကို ပိုင်းခြား၍ သိရှိထားပြီးလျှင်၊ တဖန် တတိယသစ္စာခေါ်သော နိရောဓသစ္စာ၊ နိဗ္ဗာန်ကိုပြန်၍ အာရုံပြုလိုက်တဲ့ခါ၊ တဏှာ ပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာ ခန္ဓာ ဒု သ သစ္စာနှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ နိရောဓသစ္စာ၊ နိဗ္ဗာန်ကို မတွေမဝေ တဲ့တဲ့ကြီး မျက်မှောက် မြင်သိသွားတဲ့ သောတာပတ္တိမဂ်စိတ် ဖြစ်ပေါ်ဆဲ ဖြစ်တဲ့ မဂ်ခဏမှာ လောကုတ္တရာပဋိဝေဓ မဂ်ဉာဏ်ဖြင့် သစ္စာလေးပါးတို့ကို တပြိုင်နက် ထိုးထွင်း၍ သိပြီးလျှင်၊ မဂ်ဖိုလ်နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ဝင်လေ ရောက်လေတော့သည်။
ဓမ္မစကြာနည်းမှာ - ဤလို အနုမှပဋိ၊ ဝါ၊ ကီမှ ကုတ် တဆင့်ပြီး တဆင့်ရောက်သည်။ ဝိသုဒ္ဓိနည်း သတိပဋ္ဌာန် နည်းတို့မှာ - သင်္ခါရ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက် မြင်သိဆဲဖြစ်တဲ့ လောကုတ္တရာ ပဋိဝေဓဉာဏ် ဖြစ်ဆဲခဏမှာ သစ္စာလေးပါးတို့ကို တပြိုင်နက် ထိုးထွင်း၍ သိသွားပြီးလျှင်၊ မဂ်ဖိုလ် နိဗ္ဗာန်သို့ အာရုံပြုသော အားဖြင့် ဝင်ရောက်လေတော့သည်။ ဤကား-အထူးတည်း။ ဤလို ဤပုံ မဂ်ခဏ မဂ်ခဏ တို့မှာ သစ္စာလေးချက် တပြိုင်နက် သိမြင်ခြင်း၊ ကိစ္စပြီးစီးသွားသည်ကိုပင် (သစ္စာ လေးချက် တပြိုင်နက် မဂ်၏ ကိစ္စပြီးသတည်း) ဟု ဆိုရလေသည်။
ဤလိုဤပုံ၊ ဘုရားထံမှာဘဲဖြစ်ဖြစ်, သာဝက တပည့်များ ထံမှာဘဲ ဖြစ်ဖြစ် သစ္စာလေးပါး အမြတ်တရားကို ကြားနာကြရတဲ့အခါ၊ အဆိုပါ “ဥ- ဝိ-နေ-ပ” ပုဂ္ဂိုလ် လေးမျိုးတို့တွင် ရှေးဘဝက အားထုတ်ခဲ့ဘူးကြတဲ့ ဝိပဿနာ လက်ငုတ် လက်စ, လက်ကိုင်ရှိခဲ့ကြတဲ့ “ဥဂ္ဃါဋိတညူ” ပုဂ္ဂိုလ်ဖြစ်ခဲ့ပါလျှင်၊ ကိလေသာကလည်း အလွန်ပါး, ဣန္ဒြေကလည်း အလွန်ရင့်နေ၍၊ တပုဒ်တဂါထာ အကျဉ်းမျှ ကြားနာ ရလျှင်ပင် သစ္စာကို လျှင်စွာသိမြင်၍ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်သဖြင့် သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားနိုင်ပေသည်။
ကိလေသာ မထူမပါး၊ ဣန္ဒြေ မနုမရင့်ဖြစ်တဲ့ ဝိဘဉ္စိတညူ ဖြစ်ပါမူကား၊ အကျဉ်း ဟောပြသည်ကို ကြားနာရရုံမျှနှင့် သစ္စာကိုထိုးထွင်းပြီးမသိ သောတာပန်မဖြစ်သေး၊ အကျယ်ဖွင့်ဟောပြမှသာ သစ္စာသိ၍ သောတာပန် အရိယာဖြစ်နိုင်ပေသည်။
နေယျပုဂ္ဂိုလ် ဖြစ်ပါမူကား၊ အကျဉ်းအကျယ် ဘယ်လိုဘဲဟောဟော ဘယ်လိုဘဲနာနာ, တထိုင်ထဲ အတွင်းမှာတော့ သစ္စာသိ၍ အရိယာ မဖြစ်နိုင်ပေ။ နာကြားရတဲ့ တရားဒေသနာတော် အစဉ်ကို မှတ်သား၍၊ ကြိမ်ဖန်များစွာ ဝိပဿနာကို အားထုတ် မှသာ သစ္စာသိ၍ အရိယာ ဖြစ်နိုင်ပေသည်။
ပဒပရမပုဂ္ဂိုလ် ဖြစ်ပါမူကား၊ လက်ရှိဘဝမှာဖြင့် ဘယ်နည်းမှ မဂ်ဖိုလ်မရနိုင်ပေ။ အဟိတ် ဒွိဟိတ် ဟူသော ဝိပါကန္တရာယ် ငြိနေသော ပုဂ္ဂိုလ်ပေတည်း။ သို့ရာတွင် ဒုတိယ တတိယ ဘဝတို့၌ မဂ်ဖိုလ် ရစေခြင်းငှါ ကြားနာအားထုတ်မှုကိုကား ပြုရမည်သာတည်း။
ထို့ကြောင့်။ ယုံကြည်စိတ်ချစွာနှင့် သစ္စာသိအောင်သာ ကြိုးစား အားထုတ်ပါ၊ သစ္စာလဲသိ သောတာပန် အရိယာလဲ ဖြစ်နိုင်ပါသည်။ ဘာ့ကြောင့်လဲဆိုတော့ သစ္စာ သိသောဉာဏ်ကိုပင် သောတာပတ္တိမဂ်ဉာဏ်ဟု ဓမ္မစကြာပါဠိတော်မှာ ဘုရားဖြစ်စက ပဉ္စဝဂ္ဂီတို့အား ဟောထားခဲ့ပါသည်။ သောတာပတ္တိ မဂ်ဉာဏ် ဖြစ်ပေါ်လျှင်လည်း အပါယ်လွတ် တရားရ သောတာပန် စသော အရိယာများဖြစ်သွားနိုင်၏။
ဟောတော်မူခဲ့တဲ့ပါဠိတော်ကား --
၁။ ကောဏ္ဍညဿ ဝိရဇံ ဝိတမလံ ဓမ္မစက္ခုံ ဥဒပါဒိ၊
၂။ အညာသိဝတ ဘော ကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော --
စသည်တည်း။
ဘာသာပြန်-၁
ကောဏ္ဍညအား အပါယ်လားစေတတ်သော ဒိဋ္ဌိနှင့် ယှဉ်သော ရာဂ စသော မြူ ကင်းသော အကြွင်းမရှိ ဒိဋ္ဌိဝိစိကိစ္ဆာ စသော အညစ်အကြေးမှ ကင်းသော သစ္စာ လေးပါးကို သိမြင်တတ်သော သောတာပတ္တိ မဂ်ဉာဏ် ဟူသော ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ။
ဘာသာပြန်-၂
အို .... ၀ပ္ပ ဘဒ္ဒိယ မဟာနာမ် အဿဇိ တို့၊ စင်စစ် ကောဏ္ဍညသည် သစ္စာလေးပါး တရားကို သိလေပြီ။ ဝါ၊ သစ္စာသိ၍ နိဗ္ဗာန်ကိုမြင်သိတဲ့ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်လေပြီ၊ သိအပ်ပြီးသော သစ္စာလေးပါး တရားရှိပြီ၊ ရောက်အပ်, ရအပ်ပြီးသော သစ္စာလေးပါး တရားရှိပြီ။ ထိုးထွင်း၍ သိမြင်အပ်ပြီးသော သစ္စာလေးပါး တရားရှိပြီ ဟူလို။
အမှာ
သစ္စာကို သိမြင်လျှင်လဲ တတိယသစ္စာခေါ်တဲ့ နိရောဓသစ္စာ နိဗ္ဗာန်ကို သိမြင်တော့ တာဘဲ၊ နိဗ္ဗာန်ကိုသိမြင်လျှင်လဲ သောတာပတ္တိ မဂ်ဉာဏ် ဖြစ်ပေါ်တော့တာဘဲ၊ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်လျှင်လဲ သောတာပတ္တိ မဂ်ဖြင့် သတ်အပ်သော ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာ အကြွင်းအကျန်မရှိ၊ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်၍ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာ သေတော့ဘဲ၊ ဒိဋ္ဌိဝိစိကိစ္ဆာမရှိလျှင်လဲ “ဒိဋ္ဌိ ဝိစိကိစ္ဆာပဟာနေန ပဟိနာပါယဂမနော” နှင့် အညီ၊ အပါယ် လေးပါးသို့ သွားရခြင်း, လားရခြင်း မရှိတော့ဘဲ နိဗ္ဗာန်ဝင်ပွဲအထိ လူ့နတ် သုဂတိ အလားမြဲတဲ့ သောတာပန် စသော ပုဂ္ဂိုလ်များ ဖြစ်သွားလေတော့သည် ဟူလို။
ဓမ္မစက္ခုံ အရမှာလည်း -
(က) ဓမ္မစက္ခုန္တိ စတုသစ္စဓမ္မပဋိဂ္ဂဟကံ သောတာပတ္တိ မဂ္ဂစက္ခု။ (အင်-တိ-ဋ္ဌာ)
(ခ) ဓမ္မစက္ခုန္တိ ဗြဟ္မာယုသုတ္တေ၊ ဟေဋ္ဌိမာတယောမဂ္ဂါဝုတ္တာ၊ စူဠရာဟုလောဝါဒသုတ္တေ အာသဝက္ခယော၊ ဣဓပန သောတာပတ္တိမဂ္ဂေါ အဓိပ္ပေတော။ (မဟာပဒါနသုတ်-မဟာဝါဋီကာ)
ဘာသာပြန်။ (က)
ဓမ္မစက္ခုံ ဆိုသည်ကား - သစ္စာလေးပါးတရားကို ခံယူတတ်သော၊ ဝါ၊ သစ္စာ လေးပါးကိုသိမြင်တတ်သော သောတာပတ္တိ မဂ်ဉာဏ်မျက်စိတည်း။ ဖြစ်ရင် ပျက်မယ်၊ မွေးရင် သေမယ် ဟု ပိုင်ပိုင်သိသည်ဟူလို။
ဘာသာပြန်။ (ခ)
ဓမ္မစက္ခုံ ဆိုသည်ကား - ဗြဟ္မာယုသုတ်၌ အောက်မဂ် သုံးပါးတို့ကို ဟောတော်မူအပ် ကုန်၏၊ စူဠရာဟုလောဝါဒသုတ်၌ကား၊ အာသဝက္ခယဉာဏ်ကို ဟောတော်မူအပ်၏။ ဤသုတ်၌ကား - သစ္စာလေးပါးကို သိမြင်တတ်သော သောတာပတ္တိ မဂ်ဉာဏ်ကို အလိုရှိအပ်၏ ဟူလို။ ။ ဖြစ်သမျှ, ပျက်ဘို့၊ မွေးသမျှ, သေဘို့ဟု ပိုင်ပိုင်သိသည် ဟူလို။
ဤလိုဤပုံ - ပါဠိအဋ္ဌကထာ လာရှိပါသောကြောင့်၊ ဤ ဇာတိ စသော လက်ရှိ ခန္ဓာမျိုးကား ဒုက္ခသစ္စာ။ ဤခန္ဓာမျိုးကို ဖြစ်စေတတ်သော ရှေး ဘဝက တဏှာကား သမုဒယသစ္စာ။ ဒု - သ နှစ်ပါးတို့၏ တဖန် အသစ် မဖြစ်ရာ နိဗ္ဗာန်သည်ကား နိရောဓသစ္စာ။ ဤ နိဗ္ဗာန်ကို အပြားအားဖြင့် သိမြင်တတ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည်ကား မဂ္ဂသစ္စာ ဟူ၍၎င်း၊ တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေးသေ သံသရာရှည်၍ နေကြရသည်။ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာ ခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်ဟူ၍၎င်း။ ဤဇာတိ စသော ဒုက္ခသည် တဏှာကြောင့် ဖြစ်သည်။ ဤတဏှာကို မဂ်ဖြင့်ပယ်သတ်က ဤဇာတိ စသော ဒုက္ခသည် အကြွင်းမဲ့ ချုပ်ငြိမ်းသည်ဟူ၍၎င်း။ သစ္စာလေးပါးတို့ကို အကျိုးအကြောင်း အားဖြင့်၎င်း၊ အကြောင်းအကျိုးအားဖြင့်၎င်း၊ ယုံမှားမရှိ ပိုင်းခြားဝေဘန်၍ အမှန် သိအောင်သာ ကြိုးစားကြပါလေ။
မှတ်ချက်
သူ ငါ စသား၊ လူနတ်ဗြဟ္မာ သတ္တဝါများတို့၏ ဇာတိစသည်ကို ဒုက္ခသစ္စာဟု သိမြင်ခြင်းတရပ်၊ ဘဝတဏှာကို သမုဒယသစ္စာဟု သိမြင်ခြင်းတရပ်၊ ထို ဒု သ, သစ္စာနှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ နိဗ္ဗာန်ကို နိရောဓသစ္စာဟု သိမြင်ခြင်းတရပ်၊ မဂ္ဂင်ရှစ်ပါးကို မဂ္ဂသစ္စာ ဟု သိမြင်ခြင်းတရပ် “လေးရပ် ဤမျှ၊ မြင်သိက၊ ဖြစ်ထ သောတာပန် ယူမှား ယုံမှားလွန်။”
ပြုရမဲ့ ကိစ္စလေးပါး
သစ္စာလေးပါးတို့တွင်၊ ဒု-ကို ပိုင်းခြားသိရမဲ့ကိစ္စရှိသည်။ သ-ကို ပယ်ရမဲ့ ကိစ္စရှိသည်။ နိ-ကိုမျက်မှောက်ပြုရမဲ့ကိစ္စ၊ ဝါ၊ အာရုံပြုရမဲ့ကိစ္စရှိသည်။ မ-ကို ပွါးများရမဲ့ ကိစ္စရှိသည်၊ ဝါ၊ သစ္စာသိအောင် သစ္စာမြင်အောင် သစ္စာ ထင်အောင်၊ ဝါ၊ တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြရသည်ဟု “သ နှင့် ဒု” ကို တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာ ခန္ဓာ အစဉ်ပြတ်၍၊ သံသရာစက်ရပ်က အသင်္ခတဓာတ်နိဗ္ဗာန်သို့ ဆိုက်ရောက်တော့သည်ဟု “မ နှင့် နိ” ကို သတိနှင့်မကွာ ပညာနှင့် မကင်း သစ္စာသိအောင် ဆင်ခြင်ပွါးများ ရမည်ဟု သိ။
(၁) ဤလို သစ္စာလေးပါးတို့၌ ပြုရမဲ့ ကိစ္စလေးပါးရှိနေရာ၊ တဏှာမှ တပါး ဘုံသုံးပါးရှိ ခန္ဓာတပါးဖြစ်စေ, လေးပါးဖြစ်စေ, ငါးပါးဖြစ်စေ, ခန္ဓာမှန်က နဲနဲများများ ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ ပဋိသန္ဓေအစ စုတိအဆုံး တသက်လုံးဆင်းရဲတာ စစ်မှန်လှသော ကြောင့် ဒုက္ခသစ္စာလို့ ပိုင်းခြား၍ သိအပ်သော ပရိညေယျကိစ္စ ရှိသည်ဟုသိရမည်။ သိတဲ့အတိုင်း၊ ဒု ကို ပိုင်းခြား၍ သိအောင် ကြိုစား အားထုတ်ရမည်ကို သိလေ။
(၂) တဖန် ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ ဘုံသုံးပါးတို့၌ပင် တဖန်တဖန် ပြန်၍ပြန်၍ ဖြစ်လိုဖြစ်ခြင်နေတဲ့ ဘဝတဏှာ လောဘသည် ဖြစ်လို၍ ဖြစ်ပြန်လျှင် ဖြစ်ရာဘုံဘဝရှိမှာ ဇာတိဒုက္ခစသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခ ဟူသမျှတို့ကို မုချဖြစ်စေတော့မှာ စစ်မှန်လှပါသောကြောင့်၊ ရှေးဦးစွာ ဘယ်ဘုံ ဘယ်ဘဝမှာမှ မဖြစ်လို မဖြစ်ခြင်တော့ပါဟု စိတ်ဖြင့် ပယ်သတ်အပ်သော နောက် ကာလ ဒုက္ခသစ္စာ ထင်မြင်အောင်ဆင်ခြင်၍၊ ဝါ၊ ဖြစ်လိုလျှင် ဖြစ်ပြန်လိမ့်မယ်၊ ဖြစ်ပြန်လျှင် ဖြစ်ရာဘုံဘဝတို့မှာ ပဋိသန္ဓေ နေရမဲ့ အရေး ပဋိသန္ဓေဘေး ဒုက္ခသစ္စာ၊ အိုရမဲ့အရေး အိုဘေးဒုက္ခသစ္စာ၊ နာရမဲ့အရေး နာဘေးဒုက္ခသစ္စာ၊ သေရမဲ့အရေး သေဘေးဒုက္ခသစ္စာ စသည်ဖြင့် ဒုက္ခသစ္စာထင်မြင်အောင် ဆင်ခြင်၍ သစ္စဉာဏ်ဖြင့်ပင် တဖန် ဖြစ်လိုတဲ့ တဏှာအာလယကို ပယ်သတ်အပ်သော ပဟာတဗ္ဗ ကိစ္စ ရှိသည်ဟု သိရမည်၊ သိတဲ့အတိုင်း သ-ကိုပယ်လေ။ ပယ်နိုင်အောင် ကြိုးစားအားထုတ်ရမည်ဟု သိလေ။
(၃) တဖန် တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့်၊ အဆိုပါ တဏှာ ခန္ဓာ ဒု သ သစ္စာနှစ်ပါး တို့၏ တဖန်အသစ်မဖြစ်ရာ၊ တဖန် အသစ် မဖြစ်တော့ဘဲ၊ အမြဲငြိမ်းအေးရာ နိရောဓသစ္စာနိဗ္ဗာန်ကို အာရုံပြုသော အားဖြင့် မျက်မှောက်ပြုအပ်သော သစ္ဆိကာတဗ္ဗ ကိစ္စ ရှိသည်ဟု သိရမည်၊ သိတဲ့အတိုင်း အာရုံပြုသောအားဖြင့် နိ-ကို မျက်မှောက် ပြုလေ။ ပြုနိုင်အောင် အားထုတ်ရမည်ဟု သိလေ။
မှတ်ချက်
ပရမတ်နိဗ္ဗာန် အစစ်အမှန်ကို ရှေးဦးစွာ လောကီဉာဏ်ဖြင့် သိထားရမည်။ တဏှာကြောင့် ခန္ဓာ, တသံသရာလုံး ကံအားလျော်စွာ ဖြစ်ပျက် မွေး သေ သံသရာ ရှည်၍နေကြရာ၊ အဆိုပါ နည်းအတိုင်း၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့ခါ အရဟတ္တမဂ်နောင်မှာ အကြောင်းတဏှာအသစ် မဖြစ်တော့သည်ဖြစ်၍၊ အရဟန္တ စုတိနောင်မှာ အကျိုးခန္ဓာလဲ အသစ် မဖြစ်တော့ဘဲ တဏှာခန္ဓာ အသစ်အသစ်ဖြစ်မှု အမြဲငြိမ်းအေးသွားတဲ့ သဘောသည်ကား ပရမတ်နိဗ္ဗာန် အစစ်အမှန်ပေတည်း။
နိဗ္ဗာန်ဆိုသည်မှာ၊ အာရုံတရားမျိုးပေတည်း။ အာရုံပြုမှသာ အာရုံ ပြုတတ်မှသာ ရောက်နိုင် ရနိုင်ပေသည်။ အာရုံမပြုက မရောက်နိုင် မရနိုင်ပေ။ ရှေးဦးမှာ အနုမာန-ဉာဏ်ဖြင့် အာရုံပြုလေ၊ အာရုံပြုဘန် များလာတဲ့ခါ ဉာဏ်ရင့်၍လာ၊ ထိုအခါ တဏှာ ခန္ဓာ အသစ်မဖြစ်ဘဲ အမြဲငြိမ်း အေးနေတဲ့ နိရောဓသစ္စာထိုက်တဲ့ နိဗ္ဗာန်ကို မတွေမဝေ မျက်မှောက် သိမြင်သွားတဲ့ မဂ်စိတ်၊ တခဏ အာရုံပြုနေတဲ့ ဖိုလ်စိတ်၊ ဤလိုဤပုံ နိဗ္ဗာန်အာရုံနှင့် မဂ်စိတ် ဖိုလ်စိတ် ဆိုတဲ့ အာရမ္မဏိက၊ ဤလို အာရုံ အာရမ္မဏိက ဖြစ်သွားကြသည်ကိုပင်၊ ဝါ၊ အာရမ္မဏ ပစ္စည်း တပ်သွားသည်ကိုပင် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသည်၊ နိဗ္ဗာန်ကိုရောက်သွားသည်၊ ရသွားသည်၊ မဂ်ရ ဖိုလ်ရ၊ မဂ်ဝင် ဖိုလ်ဝင်ပုဂ္ဂိုလ်၊ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားသည်ဟု ဆိုလေသည်။ ခန္ဓာ လက်ရှိနှင့် နိဗ္ဗာန်ကို အာရုံ ပြုသော အားဖြင့် ရောက်ခြင်း ရခြင်းပေတည်း။
မှန်၏။ နိဗ္ဗာန်ကိုရောက်ခြင်း ရခြင်းသည် “အာရုံပြုသောအားဖြင့်” ရောက်ခြင်း ရခြင်း၊ “အမြဲတည်နေသောအားဖြင့်” ရောက်ခြင်း ရခြင်းဟု နှစ်မျိုးရှိရာ ....
(က) သောတာပန်အစ, ရဟန္တာအဆုံးရှိသော ပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်မစံမှီ ခန္ဓာ လက်ရှိနှင့်ဘဲ၊ မိမိတို့၏ မဂ်ခဏ ဖိုလ်ခဏတို့၌ အာရုံပြုသောအားဖြင့် နိဗ္ဗာန်ကို ရောက်ကြ ရကြကုန်၏။ သ ဥပါဒိသေသ နိဗ္ဗာန်ကို ရရှိခြင်းပေတည်း။
(ခ) ပရိနိဗ္ဗာန် ဝင်စံပြီးသည်နောက် ခန္ဓာလက်မဲ့နှင့်ဘဲ တခန္ဓာ အသစ် မဖြစ်ဘဲ၊ အမြဲ ငြိမ်းအေးနေတဲ့ အငြိမ်းဓာတ် အအေးဓာတ် အချမ်းသာဓာတ် ခေါ်သော အသင်္ခတ ဓာတ် ပရမတ်နိဗ္ဗာန်၌ သန္တိသုခ သီတိဘာဝ သဘော “အမြဲတည်နေသောအားဖြင့်” နိဗ္ဗာန်ကိုရောက်၏။ရ၏၊ အနုပါဒိသေသ နိဗ္ဗာန်ကို ရခြင်းပေတည်း။
(၄) တဖန်။ ဤလိုဤပုံ - ပရမတ်နိဗ္ဗာန် အစစ်အမှန်ကို၊ ဝါ၊ ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားပစ္စေကဗုဒ္ဓါ အဂ္ဂသာဝက မဟာသာဝက၊ ပကတိသာဝက ရဟန္တာ အနာဂါမ်, သကဒါဂါမ် သောတာပန်တို့ မြင်သိကြတဲ့ ပရမတ္ထ အမြတ်ဓမ္မ ဖြစ်တဲ့ ပရမတ် နိဗ္ဗာန် အစစ်အမှန်ကို မျက်မှောက်မြင်သိသွားနိုင်တဲ့ မဂ်စိတ် ဖိုလ် စိတ်များ၊ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာသည်အထိ မဂ္ဂသစ္စာကို ပွါးများအပ်သော ဘာဝေတဗ္ဗကိစ္စ ရှိသည်ဟုသိရမည်၊ သိတဲ့အတိုင်း သစ္စာလေးပါးတို့ကို သတိနှင့်မကွာ ပညာနှင့်မကင်း၊ အဘန်တလဲလဲ ဆင်ခြင်နှလုံးသွင်း သောအားဖြင့် မဂ္ဂသစ္စာကို ပွါးများ အားထုတ်ရမည်ဟု သိ။
ဤကား - “သိ ပယ်၊ မျက် ပွါး၊ ဤလေးပါး၊ မှတ်သား ကိစ္စတည်း။”
သစ္စဉာဏ် ၃ ပါး၊
အပြန် ၁၂ ပါး၊
သစ္စာလေးပါးတို့၌ အပြီးအဆုံး နိဂုံးအုပ်၍ အစွမ်းကုန်သိရမဲ့ ဉာဏ်သုံးပါး၊ အပြန် ၁၂-ပါး ဆိုသည်မှာ၊ အဆိုပါ “ဒု သ နိ မ” သစ္စာလေးပါးတို့၏ သရုပ်တရားကိုယ်အရ၊ “ဒု”မှာ တဏှာမှတပါးသော လောကီခန္ဓာ ငါးပါး။ “သ”မှာ တဏှာလောဘ။ “နိ”မှာ နိဗ္ဗာန်။ “မ”မှာ မဂ္ဂင်ရှစ်ပါးဟု တပါးနှင့်တပါး မရောမရှက် မရှုပ်ထွေးစေဘဲ တခုစီ တခြားစီ သီးသန့် ခွဲခြား၍ သိအပ်သော ဉာဏ်သည်-သစ္စဉာဏ်။
သစ္စာလေးပါးတို့တွင် “ဒု”ကို ပိုင်းခြား၍သိရမဲ့ကိစ္စ၊ “သ”ကို ပယ်ရမဲ့ ကိစ္စ၊ “နိ”ကို မျက်မှောက်ပြုရမဲ့ကိစ္စ၊ “မ”ကို ပွါးများရမဲ့ကိစ္စ၊ အသီးအသီးကို သိအပ်သော ဉာဏ် သည်-ကိစ္စဉာဏ်။
သစ္စာလေးပါးတို့တွင် “ဒု”ကို ပိုင်းခြား၍သိခြင်းကိစ္စ၊ ပြီးလျှင် ပြီးပြီဟု “သ”ကို ပယ်ခြင်းကိစ္စ ပြီးလျှင် ပြီးပြီဟု “နိ”ကို မျက်မှောက်ပြုခြင်းကိစ္စ၊ ပြီးလျှင် ပြီးပြီဟု “မ”ကို ပွါးများခြင်းကိစ္စ၊ ပြီးလျှင် ပြီးပြီဟု သိအပ်သော ဉာဏ်သည်-ကတဉာဏ်။
ဤသို့လျှင် “သစ္စ ကိစ္စ-ကတ” ဉာဏ်သုံးပါးတို့ဟာ သစ္စာတပါးတပါးလျှင် သုံးပါး သုံးပါးစီရှိရာ၊ သစ္စာလေးပါးဖြစ်၍၊ ၃x၄ လီ ၁၂-ပါး ဖြစ်သည်ကို ဓမ္မစကြာ ပါဠိတော်မှာ - “တိပရိဝဋ္ဋံ ဒွါဒသာကာရံ” ဆိုသည် ဟု သိလေ။
မှတ်ချက်
“ဒု”ကို သိခြင်းကိစ္စ ပြီးလျှင် “ဒု” သည် အကျိုးသစ္စာဖြစ်၍ အကျိုးသည် အကြောင်းနှင့် မကင်း၍ တဏှာကြောင့် ဖြစ်သည်ဟု သိသဖြင့် “သ”ကို ပယ်ခြင်းကိစ္စလည်း ပြီးတော့သည်။ “သ”ကို ပယ်ခြင်းကိစ္စ ပြီးလျှင်လည်း “ဇာတိနိရောဓ ဘဝနိရောဓ ဒုက္ခနိရောဓ” နိဗ္ဗာန်ကို မျက်မှောက်မြင်သိပြီးဖြစ်၍ “နိ”ကို မျက်မှောက်ပြုခြင်းကိစ္စ လည်း ပြီးစီးတော့သည်။ “နိ”ကို မျက်မှောက်ပြုခြင်းကိစ္စပြီးစီးလျှင်လည်း “မ”ကို ပွါးများခြင်းကိစ္စလည်း ပြီးစီးတော့သည်။ ဤသုံးပါး ပြီးစီးလျှင်လည်း မဂ်ကိစ္စ ပြီးစီးတော့သည်။
ဤကား “သစ်-ကိစ်-ကတ၊ ပြည့်စုံက၊ ပြီးထ မဂ်ကိစ္စတည်း။
တနည်း ဓမ္မစကြာပါဠိတော်မှာ --
“ဒု” ၌။ ဣဒံဒုက္ခံ အရိယသစ္စန္တိ စက္ခုံဥဒပါဒိ၊ ပရိညေယျန္တိ စက္ခုံဥဒပါဒိ။ ပရိဉာတန္တိ စက္ခုံဥဒပါဒိ။ (သုံးပါး)
ဤ၌၊ သစ္စန္တိကား-သစ္စဉာဏ်ကို၊ ပရိညေယျန္တိကား-ကိစ္စဉာဏ်ကို၊ ပရိဉာတန္တိကား-ကတဉာဏ်ကို ပြသည်။
“သ” ၌။ ဣဒံဒုက္ခသမုဒယံ အရိယသစ္စန္တိ စက္ခုံဥဒပါဒိ၊ ပဟာတဗ္ဗန္တိ စက္ခုံဥဒပါဒိ ပဟီနန္တိ စက္ခုံဥဒပါဒိ၊ (သုံးပါး။)
ဤ၌၊ သစ္စန္တိကား- သစ္စဉာဏ်ကို၊ ပဟာတဗ္ဗန္တိကား-ကိစ္စဉာဏ်ကို၊ ပဟိနန္တိကား-ကတဉာဏ်ကို ပြသည်။
“နိ” ၌ ဣဒံဒုက္ခနိရောဓံ အရိယသစ္စန္တိ စက္ခုံဥဒပါဒိ၊ သစ္ဆိကာတဗ္ဗန္တိ စက္ခုံ ဥဒပါဒိ၊ သစ္ဆိကတန္တိ စက္ခုံ ဥဒပါဒိ။ (သုံးပါး)
ဤ၌၊ သစ္စန္တိကား-သစ္စဉာဏ်ကို၊ သစ္ဆိကာတဗ္ဗန္တိကား-ကိစ္စဉာဏ်ကို၊ သစ္ဆိကတန္တိ ကား-ကတဉာဏ်ကို ပြသည်။
“မ” ၌၊ ဣဒံဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စန္တိ စက္ခုံ ဥဒပါဒိ၊ ဘာဝေ တဗ္ဗန္တိစက္ခုံ ဥဒပါဒိ၊ ဘာဝိတန္တိ စက္ခုံ ဥဒပါဒိ။ (သုံးပါး။)
ဤ၌၊ သစ္စန္တိကား-သစ္စဉာဏ်ကို ဘာဝေတဗ္ဗန္တိကား-ကိစ္စဉာဏ်ကို၊ ဘာဝိတန္တိကား-ကတဉာဏ်ကို ပြသည်။
ဒု သ နိ မ လေးရပ်ပေါင်း အပြန် ၁၂-ပါးဖြစ်သည်။
ဤ၌ သုံးလူ့ထိပ်တင် ဘုရားရှင်ကြီးမှာ အဆိုပါ သစ္စာလေးပါးတို့၌ အဆိုပါ ဉာဏ်သုံးပါး၊ အပြန် ၁၂-ပါးသော အခြင်းအရာတို့ဖြင့်၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ ပိုင်းခြားဝေဘန်၍ အမှန်အတိုင်း မသိသေး၊ ထိုမျှလောက်သော ကာလပတ်လုံး၊ ငါဘုရားဖြစ်ပြီ ဟူ၍ ဝန်မခံသေး၊ အကြင်အခါ သစ္စာလေးပါးတို့၌-အဆိုပါ ဉာဏ်သုံးပါး၊ အပြန် ၁၂-ပါးသော အခြင်းအရာတို့ဖြင့် ပိုင်းခြားဝေဘန်၍ အမှန်အတိုင်း သိရှိတော်မူ၏။ ထိုအခါ ငါဘုရားဖြစ်ပြီဟု ဝန်ခံတော်မူသည်၊ သစ္စာ မသိသမျှ ဘုရားမဖြစ်သေး၊ သစ္စာသိမှ ဘုရားဖြစ်သည်ဟု ဆိုရာရောက် ဆိုရာကြ၏။ သို့ရာတွင် သစ္စာသိသော်လည်း ဘုရားမဟုတ်တဲ့ ပစ္စေကဗုဒ္ဓါ ရဟန္တာ စသည်တို့မှာ ဘုရားမဖြစ်၊ မိမိတို့၏ ပါရမီဉာဏ် ဆုတောင်းအတိုင်းသာ ဖြစ်ကြရသည် မှတ်လေ။
ဒါကတော့ ဘုရားရှင်ကြီးရဲ့ ကိစ္စပြီးစီးပုံကိုသာ ပြဆိုခြင်းဖြစ်သည်။ သာဝကတို့မှာ တော့ ပြီးလောက်မှ ပြီးပေသည်။ ဘာကြောင့်လဲ ဆိုတော့ သစ္စဉာဏ် ကိစ္စဉာဏ်တို့မှာ အနုဗောဓဉာဏ်နှင့်ပင် ပြီးစီးနိုင်သော်လည်း၊ ကတဉာဏ်မှာ တတိယသစ္စာခေါ်သော နိရောဓသစ္စာနိဗ္ဗာန်ကို ထိုးထွင်း၍ သိမြင်တဲ့ ပဋိဝေဓဉာဏ်ဖြစ်မှသာ ပြီးစီးနိုင် ပေသည်။ ထိုကြောင့်-သစ္စ ကိစ္စ ကတ ဉာဏ်သုံးပါးလုံးပြည့်စုံ၍ မဂ်ကိစ္စပြီးစေနိုင်ရန် အောက်က ညွှန်ကြား ခဲ့တဲ့အတိုင်း၊ နိရောဓသစ္စာနိဗ္ဗာန်ကို သန့်သန့်ကြီး အာရုံပြု နိုင်အောင်ပြုပါလေ။ ဝါ၊ တဏှာခန္ဓာ အသစ်မဖြစ်ဘဲ အမြဲငြိမ်းအေးနေတဲ့ နိဗ္ဗာန် အာရုံနှင့် ထို နိဗ္ဗာန်အာရုံကို မတွေမဝေ မျက်မှောက်မြင်သိတဲ့ အာရမ္မဏိက မဂ်စိတ် ဖိုလ်စိတ်၊ ဤလို အာရုံအာရမ္မဏိက ဖြစ်သွားအောင် အာရုံပြုပေးပါလေ။
မှတ်ချက်
သစ္စာလေးပါးကို သိမြင်ကြရာ၌၊ ပုထုဇဉ်တို့မှာ အနုဗောဓ လောကီသိတည်း။ အရိယာ တို့မှာ-ပဋိဝေဓ လောကုတ္တရာသိတည်း။
ဥပမာ
ညဉ့်အခါ အဝေးမှ မီးရောင်ကိုမြင်ရသဖြင့်၊ ဤ အရပ်၌ မီးရှိ၏ဟု သိရခြင်းသည် အနုဗောဓသိနှင့်တူ၏။ သွားရောက်ပြီး မီးတောက်ကို တိုက်ရိုက် မြင်ရသည်နှင့် ပဋိဝေဓသိ တူ၏ဟု သိလေ မှတ်လေ။ တနည်း - မီးခိုးကို မြင်သည်နှင့် အနုဗောဓသိ၊ မီးတောက်ကို မြင်သည်နှင့် ပဋိဝေဓသိ တူ၏မှတ်လေ။ အနုဗောဓသိမှာ-“သိဆဲခဏ တဒင်္ဂ တခဏမျှသာ။” ဒိဋ္ဌိကွာသည် ကိစ္စမပြီးသေး။ ပဋိဝေဓသိမှာ - “သိဆဲခဏ သမုစ္ဆေဒ” အကြွင်းမဲ့ ဒိဋ္ဌိကွာသည်။ သောတာပတ္တိမဂ်ကိစ္စ ပြီးသည် မှတ်လေ။
ဘုရားတဆူကို မှီ၍
အပိုင်း (၂)
သမ္မာသမ္ဗုဒ္ဓဥှိ ဧကံနိဿာယ ယာဝဇ္ဇကာလာ မုစ္စနကသတ္တာနံ ပမာဏံ နတ္ထိ။
(ပုဂ္ဂလ-ဋ္ဌာ)
ဘာသာပြန်
မှန်၏။ တဆူသော ဘုရားကိုမှီ၍ ယနေ့တိုင်အောင်၊ ယနေ့အထိ သစ္စာသိ၍ သံသရာ ဘဝဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ကြကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အပိုင်းအခြား ပမာဏ မရှိလေပြီ ဟူလို။
ထို့ပြင် “ဂဏနပတံ တိဝတ္တာ”အရ၊ ငါတို့ ဂေါတမဘုရား လက်ထက် ဘုရားဖြစ်စ တရားဦးပွဲထွက်တရား လက်တဲ့စမ်းပမာ၊ ဗာရာဏသီပြည် မိဂဒါဝုန် တောမှာ ဓမ္မစကြာခေါ်သော သစ္စာလေးပါးတရားကို စတင်၍ ဟောကြားတော်မူတဲ့ခါ၊ လူသား ထဲက ပဉ္စဝဂ္ဂီငါးဦး၊ ဗြဟ္မာတို့က တဆဲ့ရှစ်ကုဋေ နတ်တွေမှာ အရေအတွက်မရှိ၊ သစ္စာသိ၍ အရိယာ သောတာပန်တွေ ဖြစ်ကြသည်ဟု ဆိုသည်။
ထိုနောက် - ယသ အမှူးရှိသော ငါးကျိပ် ငါးယောက်။ နောက် - ဘဒ္ဒဝဂ္ဂီ ညီနောင် သုံးကျိပ်။ နောက် - ရသေ့ညီနောင် ရှင်တထောင်။ နောက် - ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် စသော မရေမတွက်နိုင်သော လူသာဝက နတ်သာဝက ရဟန်းသာဝက တို့သည် သစ္စာသိ၍ အရိယာ သောတာပန် စသည် ဖြစ်ကြသည်ဆိုသည်။
တဖန် --
တထာသာရိပုတ္တတ္ထေရ မောဂ္ဂလာနတ္ထေရေ အဝသေသေစ အသီတိ မဟာသာဝကေ နိဿာယ သဂ္ဂံ ဂတသတ္တာနံ ပမာဏံနတ္ထိ၊ ယာဝဇ္ဇ ကာလာ တေသံဒိဋ္ဌာနုဂတိံ ပဋိပ္ပန္နာသတ္တာနံပမာဏံ နတ္ထိ ယေဝ။
ဘာသာပြန်
ထို့အတူ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် အသီတိ မဟာသာဝကတို့ကိုမှီ၍၊ သစ္စာသိ၍ နတ်ပြည်သို့လားကြသော သတ္တဝါတို့ကား ဤမျှ ဤရွေ့ဟု အတိုင်းအရှည်ပမာဏမရှိ၊ ယနေ့ထိတိုင် များလှဘိ၏။ ထို သာဝကတို့၏ အကျင့်အမူအရာကို အတုခိုး နည်းယူ၍ ကျင့်ကြံ အားထုတ်ကြသဖြင့် သစ္စာသိ၍ ရှေးဦးစွာ အပါယ်လွတ်တရားရ, နောက် ကာလ မွေး သေ လွတ်တဲ့ နိဗ္ဗာန်ကို ရကြတဲ့ လူ နတ် ဗြဟ္မာ သတ္တဝါတို့သည်ကား အတိုင်းမသိ များလှဘိတောင်းဟူလို။
ဆောင်ပုဒ်
၁။ ဘုရားဗုဒ္ဓ မှီကြများစွာ၊ လူနတ်အများ သိငြားသစ္စာ။
သံသရာဝဋ်မှ ကျွတ်ရများစွာရှေ့ကိုလဲ ကျွတ်မြဲကျွတ်ဦးမှာ။
၂။ သစ္စာသိက ဒိဋ္ဌိပယ်ခွါ၊ အပါယ်လွတ်ရ မုချမှတ်ပါ။
လူထဲနတ်ထဲ ပျော်မြဲစံကာ၊ နိဗ္ဗူနန်း စံမြန်းရတော့မှာ။
ဤ၌ -- စတုဝီသတာ သင်္ချေယျာ၊ သဋ္ဌိယော ကောဋိယော စေဝ။
ပါဏာနိသတ သဟဿာနိ၊ ဧကောဗုဒ္ဓေါ ပမောစယိ။
ဘုရား တဆူ တဆူ ပွင့်တော်မူလျှင်၊ နှစ်ဆဲ့လေးသင်္ချေနှင့် ကုဋေ ခြောက်ဆယ် ဗိုလ်ခြေတသိန်း၊ ကျွတ်တမ်းဝင်တယ် ဆိုတဲ့ “တထာဂတုပ္ပတ္တိ” ကျမ်းလာစကား။
သဗ္ဗညုတံပတွာ စတုဝီသတိ အသင်္ချေယျပ္ပရိမာဏေ သတ္တေ ဝိမုတ္တိရသံ ပါယေသိ။
ဘုရားတဆူ သဗ္ဗညုတဉာဏ်သို့ရောက်၍၊ နှစ်ဆဲ့လေးသင်္ချေ အတိုင်းအရှည်ရှိသော သတ္တဝါတို့ကို အရဟတ္တဖိုလ် ဟူသော အမြိုက်အရသာတို့ကို တိုက်တော်မူသည် ဆိုသော ဇိနာလင်္ကာရ ကျမ်းလာ စကားတို့မှာ အကုန်အစင်မဟုတ်၊ အသင့်အတင့် ရေတွက်၍ပြသော အရေအတွက် ဟူ၍သာ မှတ်ယူသင့်ပေသည်။ ယုတ္တိလည်းမတန် လေးသင်္ချေ ရှစ်သင်္ချေ တဆဲ့ခြောက် သင်္ချေနှင့်စာလျှင် နည်းလွန်းလှသည်။
အဘယ်ကြောင့်ဆိုသော် --
မဟာသမယသုတ္တန္တေ၊ မင်္ဂလသုတ္တန္တေ၊ စူဠရာဟုလောဝါဒေ သမစိတ္တ ပဋိပဒါယာတိ၊ ဣမေသု စတူသု ဌာနေသု အဘိသမယပတ္တသတ္တာနံ ပရိစ္ဆေဒေါ နတ္ထိ။
ဟု ဖွင့်ပြတော်မူသော(ဧကနိပါတ်အင်္ဂုတ္တိုရ်အဋ္ဌကထာ။)
ထိုပြင် - မဟာသမယသုတ္တန္တေစ အထော မင်္ဂလသုတ္တကေ၊ သမစိတ္တေ ရာဟုလာ ဝါဒေ ဓမ္မစက္ကပရာဘဝေ၊ ဒေဝတာသမီတိ တတ္ထ အပ္ပမေယော အသင်္ချေယျော။
ဟု ဖွင့်ပြသော(သုတ္တနိပါတ် အဋ္ဌကထာကြီး။)
ထိုပြင် - ကထာပရိယောသာနေ အသင်္ချေယျာနံ ဒေဝတာနံ ဓမ္မာဘိသမယော အဟောသိ။
ဟု ဖွင့်ပြသော(ဝိနည်းအဋ္ဌကထာကြီး။)
ဤလို ဤပုံ - သင်္ဂါယနာ သုံးတန်ဝင် အဋ္ဌကထာကြီးတို့၏ စကားကိုသာ၊ ဝါ၊ ဘုရား တဆူတဆူ ပွင့်တော်မူလျှင် အရေအတွက်မရှိ၊ မရေ မတွက်နိုင်အောင် ကျွတ်တမ်း ဝင်ကြသည် ဟူသော စကားကိုသာ အခိုင်အမာ ယူသင့်သည်၊ ယုတ္တိလည်းတန်သည်။
မသေတဲ့ နိဗ္ဗာန်
တနည်း သစ္စာလေးပါး --
ယေဓမ္မာဟေတု ပဘဝါ၊
တေသံဟေတုံ တထာဂတော။
အာဟတေသဉ္စ နိရောဓော၊
ဧဝံဝါဒီ မဟာသမဏော။
(ဝိနယမဟာဝါ-ဠိ)
အာဝုသော၊ ငါ့ရှင် ဥပတိဿ။
ယေဓမ္မာ၊ အကြင်ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်။
ဝါ၊ ဒုက္ခသစ္စာတို့သည်။
ဟေတုပဘဝါ၊ ရှေးဘဝက ဘုံသုံးပါးတို့၌ တဖန် ပြန်လို ဖြစ်လို ဖြစ်ချင်နေတဲ့ သမုဒယသစ္စာ ဘဝ တဏှာလျှင် အကြောင်းရင်းမူလ လက်ဦးအစ ပထမ ဖြစ်ကြ ကုန်၏။
တေသံ၊ ထိုဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာတို့၏။
ဟေတုံ၊ အကြောင်းဖြစ်သော သမုဒယသစ္စာကို။
တထာဂတော၊ လာခြင်း ကောင်းတော်မူသော မြတ်စွာဘုရားသည်။
အာဟ၊ ဟောတော်မူ၏။
တေသံ၊ ထို “ဒု-သ”သစ္စာနှစ်ပါးတို့၏။
ယောနိရောဓောစ၊ အကြင် ချုပ်ရာဖြစ်သော နိရောဓသစ္စာကို၎င်း။
နိရောဓုပါယဉ္စ၊ အကြင် “ဒု-သ”နှစ်ပါးတို့၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂသစ္စာကို၎င်း။
တထာဂတော၊ ငါတို့ဆရာ ဘုရားမြတ်စွာသည်။
အာဟ၊ ဟောတော်မူ၏။
အာဝုသော၊ ငါ့ရှင် ဥပတိဿ။
မဟာသမဏော၊ ရဟန်းမြတ်စွာ ဒို့ဆရာသည်။
ဧဝံဝါဒီ၊ ဤလို ဤပုံ အကြောင်းအကျိုးဖြင့် ယူသော သစ္စာဝါဒီအယူရှိပေ၏။
(အဋ္ဌကထာအဖွင့်ကိုကြည့်၍ ပေးသောအနက်တည်း။)
အမှာ
ဤ၌၊ နိရောဓသစ္စာကို အကျိုး၊ မဂ္ဂသစ္စာကို အကြောင်းဟု ဟောတော်မူသည်၊ “ပဋ္ဌာန်းကျမ်း” ၌ကား၊ နိဗ္ဗာန်ကို အာရုံအကြောင်း ဟု ဟောတော်မူသည်။ “ဓမ္မသင်္ခဏီ” ဝိပါကတိတ် တတိယပုဒ် ၌ကား - ဇနကဇညအဖြစ်ဖြင့်၊ နိဗ္ဗာန်သည် အကြောင်းအကျိုး နှစ်ပါးမှ လွတ်သည်ဟု ဟောတော်မူသည်။ ဤအရာများကို ထောက်၍၊ အကြောင်းအကျိုးကို အရာရာသို့ လိုက်၍ ယူရသည်ဟု သိရမည်။
အဓိပ္ပါယ်
ငါတို့ ဘုရားလက်ထက်တော်၊ လကျ်ာတော်ရံ ဖြစ်မဲ့ ရှင်သာရိပုတ္တရာ လောင်းလျာ ဥပတိဿပရဗိုဇ် သည်။ အဆွေဖြစ်သော ကောလိတနှင့် တောင်ထိပ်ပွဲသဘင်မှအစ မသေတဲ့တရားကို၊ ဝါ၊ နိဗ္ဗာန် တရားကို အရင်ရသူက ပြောကြစတမ်းဟု ကတိပြုကာ ရှာဖွေစုံစမ်း ထောက်လှမ်း၍နေကြရာ၊ “စားရကံကြုံတော့ မုတ်ဆိတ် ပျားစွဲ” ဆိုတာလို၊ ပဉ္စဝဂ္ဂီ အဝင်အပါ ရှင်အဿဇိနှင့် အခန့်သင့်တွေ့ရှိကြရာ အဆိုပါ ရှင်အဿဇိထံမှာ သစ္စဒီပိကဂါထာ သစ္စာလေးပါး ပါဝင်သော သစ္စာလေးပါးကို ပြဆိုထားသော၊ သစ္စာလေးပါးနှင့်စပ်သော အမြတ်တရားကို ကြားနာလိုက်ရတဲ့အခါ သမုဒယကြောင့် ဒုက္ခ၊ အကြောင်းကြောင့် အကျိုး၊ တဏှာကြောင့် ခန္ဓာ၊ ကံအား လျော်စွာ ဖြစ် ပျက် မွေးသေ သံသရာရှည်၍ နေကြရသည်ကို၎င်း။ အကြောင်းတဏှာ ကို ပယ်သတ်ပါလျှင် အကျိုးခန္ဓာလဲရပ်၍၊ ကြောင်းကျိုး နှစ်ရပ် အစဉ်ပြတ်၍ နောက်ထပ် အသစ်မဖြစ်တော့ဘဲ၊ အမြဲငြိမ်းအေးသွားတဲ့ အသင်္ခတဓာတ် မသေတဲ့ ပရမတ်နိဗ္ဗာန်ကို၎င်း ကြားနာလိုက်ရတဲ့အခါ၊ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် မျက်မှောက်မြင်သိ၍ သောတာပတ္တိ မဂ်ဉာဏ်ကို လက်ကိုင်ရရှိ သွားပါသောကြောင့်....
အမှေဟိ နာမ ဣဒံ ပဒံ အဒိဋ္ဌမေဝ ဗဟုကေဟိ ကပ္ပနတေဟိ အဗ္ဘူတိတံ။
ဆိုတဲ့ အဖွင့်နှင့်အညီ။
အဲ-ဒါဘဲ ဒါဘဲ၊ တွေ့ပြီဘုရား၊ မြင်ပြီဘုရား။ အဲသည် မသေတဲ့ အမတ ခေါ်တဲ့ နိဗ္ဗာန်ကို ဒေါင်းတောက်အောင် မနေမနား ရှာဖွေပါသော်လည်း၊ အရှင်ဘုရားတို့လို နိဗ္ဗာန်လက်ကိုင်ရှိတဲ့ ပုဂ္ဂိုလ်နှင့် မတွေ့ရလို့၊ နိဗ္ဗာန်ကို တစွန်းတစ အစအန သဲလွန်စမျှ မတွေ့မမြင်ရသောကြောင့် တပည့်တော်တို့မှာ ဘုရား ကမ္ဘာ ကမ္ဘေ မရေမတွက် နိုင်အောင် လွန်ခဲ့လေပြီ ဘုရားဟု၊ အားရပါးရ ဝမ်းမြောက်ဝမ်းသာနှင့် လျှောက်ထား ပစ်လိုက်တဲ့ ဥပတိဿရဲ့ စကားကို ထောက်ထား ကြည့်ပါလျှင်၊ ဘုရားရှင် သာသနာတော်နှင့် မတွေ့ပါလျှင်၊ တွေ့သော်လည်း လူသူတော်ကောင်း ရဟန်း သူတော်ကောင်းဆိုတဲ့ ကလျာဏ မိတ်ကောင်းနှင့် မပေါင်းရလျှင်၊ ပေါင်းမိသော်လည်း အမှန် လေးပါးခေါ်တဲ့ သစ္စာလေးပါး အမြတ်တရားကို မကြားနာရပါလျှင်၊ သစ္စာသိ၍ ရှေးဦးစွာ အပါယ်လွတ်တရားရ သောတာပန် အရိယာဖြစ်၊ နောက်ဆက်ခါ တဏှာကို အကြွင်းမဲ့ ပယ်သတ်နိုင်တဲ့ခါ၊ မွေး သေ လွတ်တဲ့ နိဗ္ဗာန်ကို ရရှိနိုင်ကြဘို့ရာ လွန်စွာ့လွန်စွာ ခဲယင်းလှပုံ၊ ကမ္ဘာ ကမ္ဘေ မရေ မတွက်နိုင်အောင် ဖြစ် ပျက် မွေး သေ ဆိုတဲ့ သံသရာရောမှာ နစ်တုံ ပေါ်တုံ တမှုံမွှားမွှား ဆုံလည်သည့်နွား ရဟတ်ချားသို့ တပေါလောလော မျော၍မဆုံးနိုင်ပုံ၊ အဆိုပါ အကြောင်းတရားတို့ ပေါင်းဆုံ ညီညွတ်မှသာ သစ္စာသိ၍ သောတပန်ဖြစ်ပြီး ရှေးဦးစွာ အပါယ်မှလွတ်ရပုံ၊ နောက်ပိတ်ဆုံး မွေး သေ လွတ်တဲ့ နိဗ္ဗာန်သို့ရောက်နိုင်ပုံများကို လေးလေးစားစား လေးလေး နက်နက် ဆင်ခြင် စဉ်းစား သတိကြီးကြီး ထားကြပြီးလျှင်၊ အဆိုပါ အကြောင်းတရားတို့ အားလုံးညီညွှတ်နေတဲ့ ယခုလက်ရှိဘဝမှာဘဲ သေနေ့က မဦးခင် သစ္စာသိ၍ အပါယ်လွတ်တရားရ သောတာပန်စသော အရိယာများ ဖြစ်သွားနိုင်ကြ အောင် အထူးကြိုးစားကြပါလေ။
ဤဂါထာ၌ သစ္စာလေးပါး အရကား --
- ၁။ ယေဓမ္မာဖြင့် ဒုက္ခသစ္စာကိုပြသည်၊ ရုပ်နာမ်ခန္ဓာကို ရ၏။
- ၂။ ဟေတုပဘဝါဖြင့် သမုဒယသစ္စာကို ပြသည်။ တဏှာကို ရ၏။
- ၃။ တေသံဖြင့် နိရောဓသစ္စာကိုပြသည်၊ နိဗ္ဗာန်ကို ရ၏။
- ၄။ တေသဉ္စ၌ စ,ဖြင့် မဂ္ဂသစ္စာကို ပြသည်၊ မဂ္ဂင်ရှစ်ပါးကို ရ၏။
ဤကျမ်းမှာ --
သစ္စာသိ၍ အရိယာ သောတာပန်အစစ် ဧကန် ဖြစ်ပြီး၊ အပါယ်လွတ်တရားရ ဖြစ်ကြစေခြင်းငှါ အဓိကထား၍ ရေးသားသော ကျမ်းဖြစ်ပါသောကြောင့်၊ သောတာပတ္တိ မဂ်၏ အင်္ဂါ၊ သောတာပန်၏ အင်္ဂါတို့ကို အလျှင်တလို သိထားဘို့ရာ ကျမ်းတပါး အဆိုဖြင့် ပြဆိုပါဦးအံ့။
သောတာပတ္တိမဂ်
အင်္ဂါလေးပါး
စတ္တာရိ သောတာပတ္တိယင်္ဂါနိ သပ္ပုရိသသံသေဝေါ သဒ္ဓမ္မသဝနံ၊
ယောနိသော မနသိကာရော၊ ဓမ္မာနုဓမ္မပဋိပတ္တိ။
(သုတ်-ပါ-ဠိ)
ဘာသာပြန်
သောတာပတ္တီမဂ်၏ အင်္ဂါတို့သည် -
- (၁) ဘုရားစသော သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း။
- (၂) ရုပ် နာမ် ခန္ဓာ ဓာတ်သစ္စာနှင့်စပ်သော အမြတ်တရားကို ကြားနာခြင်း။
- (၃) ထို ရုပ်နာမ်ခန္ဓာတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု အသင့်အားဖြင့် နှလုံးသွင်းခြင်း။
- (၄) လောကုတ္တရာ အားလျော်သော ဝိပဿနာ အလုပ်ကို အားထုတ်ခြင်း။
အဆိုပါ အင်္ဂါလေးပါးတို့တွင် ၁-၂ အင်္ဂါတို့မှာ ဗုဒ္ဓဘာသာတို့အား အထိုက်အလျောက် ပြည့်စုံကြပြီးဖြစ်၍၊ ၃-၄ အင်္ဂါတို့ကိုသာ သဲသဲမဲမဲ ပြည့်စုံအောင် ခဲရမည်ဖြစ်သည်။
မှတ်ချက်
အဆိုပါ အင်္ဂါလေးပါးသည်လည်း၊ ပုဗ္ဗေစ ကတပုညတာရှိမှ ပြည့်စုံနိုင်ကြောင်း၊ ပုဗ္ဗေစ ကတပုညတာက စခဲ့ကြောင်း၊ ၎င်းရှိက သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ အထိဖြစ်နိုင်ကြောင်း လိုရင်းဖြစ်ကြောင်းကို ကောင်းကောင်းကြီး သိရှိကြပါလေ။
ဆောင်ပုဒ်
သူတော်ဆည်းကပ် အမြတ်တရားနာ၊
သင့်အောင်စိတ်ထား ရှုငြားဝိပဿနာ၊
အင်္ဂါလေးဝ ပြည့်ထ သူမှာ၊
သောတာပတ် ရောက်လတ် မြန်မကြာ။
စတ္တာရိ သောတာပန္နဿ အင်္ဂါနိ ဣဓါဝုသော အရိယသာဝကော ဗုဒ္ဓေ အဝေစ္စပသန္နေန သမန္နာဂတော ဟောတိ။ပ။ ဓမ္မေ ။ပ။ သံဃေ အရိယကန္တဟိ သီလေဟိသမန္နာဂတော ဟောတိ။ပ။ သမာဓိသံဝတ္တနိ ကေဟိ။ (သစ္စ-သံ-ပါဠိ။)
ဘာသာပြန်
တကယ်သစ္စာသိ၍ တကယ် သောတာပန်အစစ် ဖြစ်ပြီးသော သောတာပန်၏ အင်္ဂါတို့သည် သက်တော်ထင်ရှား မြတ်ဘုရား၏ ဂုဏ်တော်ကိုးပါးတို့၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊ ဆယ်ပါးသော တရားတော်မြတ်၏ ဂုဏ်တော်ခြောက်ပါးတို့၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊ ရှစ်ယောက်သံဃာ အရိယာတို့၏ ဂုဏ်တော် ကိုးပါးတို့၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊ အရိယကန္တခေါ် ငါးပါးသီလတို့၌ အသက်ထက်ဆုံး ကျိုးပေါက် ပျောက်ကြားခြင်း မရှိ အလုံးစုံပြည့်စုံခြင်း။ ဤကား -သောတာပန်၏ အင်္ဂါလေးပါးတည်း။
သောတာပန် ဖြစ်ခြင်လျှင်၊ ဝါ၊ အပါယ်လွတ်တရား ရလိုလျှင်၊ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံအောင် ကျင့်ကြံ အားထုတ် ပါလေ။
ဆောင်ပုဒ်
ရတနာသုံးပါး ယုံငြားဧကန်၊
ငါးပါးသီလ လုံထ အမှန်။
အင်္ဂါလေးဝ ညီမျှစုံလျှံ၊
ထိုသူမြတ် မချွတ် သောတာပန်။
အမှာ
အဆိုပါအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို “ဓမ္မာနုဓမ္မံ ပုဗ္ဗဘာဂ ပဋိပဒံ ပဋိပဇ္ဇန္တော သောတာပတ္တိံ ပဋိလဘတိ” ဆိုတဲ့ သံ-ဋ္ဌာ-အရ။ သောတာပတ္တိမဂ်၏ ရှေးအဘို့၌ ဖြစ်သော အဘိသမာစာရိကဝတ် အသီတိဝတ် ဓုတင်အကျင့်ဝတ်တို့ကို ကျင့်သည် ရှိသော်၊ ထိုသူသည် သောတာပတ္တိမဂ်ကို ရ၏ဟုဆို၏။ သောတာပန်ပုဂ္ဂိုလ်၏ အင်္ဂါနှင့် ပြည့်စုံ၍ သောတာပန်ဖြစ်လျှင် ဘယ်နည်းနှင့်မှ အပါယ်မကျ ကျနိုင်တဲ့နည်းပင်မရှိ၊ ဤသို့သိ၍ အင်္ဂါနှင့်ပြည့်စုံအောင် ကြိုးစားလေ။
မှတ်ချက်
ဤ၌ စုဒ္ဒသဝတ်, အသီတိဝတ်တို့မှာ စူဠဝါ, မဟာဝါတို့၌ လာ၏။ ဓုတင်မှာ ဝိသုဒ္ဓိမဂ်၌ လာ၏။ အထူးမှာ-စုဒ္ဒသဝတ်ကို ဝတ်ကြီးယူ။ အသီတိဝတ်ကို ဝတ်ငယ်ယူ။ ဤ ဝတ်ကြီးဝတ်ငယ်ကို အဘိသမာစာရိကဝတ် ဆိုသည်။ ဤနှစ်ဝတ် ဖြည့်ကျင့်သော သူကို အဘိသမာစာရိကဝတ်ကို ဖြည့်ကျင့်သောသူဟု ဆိုရ၏။
ဓမ္မာဒါသ တရားမှန်
ယေန သမ္ပန္နာဂတော အရိယသာဝကော အာကင်္ခမာနော အတ္တာနံ ဗျာကရေယျံ ခီရာနိရယောမှီ၊ ခိဏတိရစ္ဆာနောမှိ ခိဏပေတ္ထိဝိသယော ခိဏအပါယဒုဂ္ဂတိ ဝိနိပါတော သောတာပန္နောဟသ္မိ။
ဘာသာပြန်
အဆိုပါ အင်္ဂါလေးပါးနှင့် လိုလေသေးမရှိ ပြည့်စုံ၍၊ သောတာပန်ဖြစ်ပြီးသော သူသည် ငါသည် သောတာပန်ဖြစ်ပြီ၊ ငါသည် ကုန်ပြီး ကင်းပြီးသော ငရဲရှိသည်၊ ကုန်ပြီး ကင်းပြီးသော တိရစ္ဆာန်ရှိသည်။ ကုန်ပြီး ကင်းပြီးသော ပြိတ္တာရှိသည်၊ အပါယ်လေးဘုံ တို့သို့ တဖန် ပြန်၍ ကျရောက်ခြင်းအားဖြင့် ပျက်စီးခြင်းမရှိတော့ပြီဟု သူတပါးတို့အား ပြောလိုက ပြောနိုင်ပြီဟု သံယုတ်ပါဠိတော်မှာ ဟောတော်မူခဲ့ပါသည်။ လောက၌ လူတို့ကြည့်ကြသော မှန်သည် မိမိမျက်နှာ၌ တစုံတရာ အညစ်အကြေးရှိသည် မရှိ သည်ကို သိရှိဘို့ရာ ဖြစ်သကဲ့သို့၊ ထို့ အတူ-ဤတရားတည်းဟူသော မှန် သည်လည်း၊ မိမိမှာ အဆိုပါ အင်္ဂါလေးပါး ပြည့်စုံသည် မပြည့်စုံသည်ကို ကြည့်ရှုဘို့ရာပင်ဖြစ်၏။ အကယ်၍ မပြည့်စုံသေးက သောတာပန်မဖြစ်သေး ပြည့်စုံက ဖြစ်ပြီဟု သိရန်ပင် ဖြစ်၏။ မပြည့်စုံက လိုရာအင်္ဂါကို ပြည့်စုံအောင် ကျင့်ရမည်။
သစ္စာလေးပါး အမှန်လေးပါး
▬▬▬▬▬▬▬▬▬▬
သစ္စာလေးပါး ဆိုတာ ပါဠိ စကားဘဲ၊ မြန်မာလိုပြန်တော့ အမှန်လေးပါးဟု ဆိုလို ပေသည်။
အမှန်လေးချက် သဘောနက် --
ခန္ဓာငါးဖြာ -- ဒု-သစ္စာကလဲ၊ ဆင်းရဲခြင်းမှန်တာ တချက်။
တဏှာသုံးဖြာ-သ-သစ္စာကလဲ၊ ဆင်းရဲကြောင်းမှန်တာ တချက်။
နိဗ္ဗာန်ခေါ် - နိ-သစ္စာကလဲ၊ ဆင်းရဲချုပ်ငြိမ်းရာမှန်တာ တချက်။
မဂ္ဂင်ရှစ်ဖြာ - မ-သစ္စာကလဲ ဆင်းရဲချုပ်ငြိမ်းကြောင်းမှန်တာ တချက်။
▬▬▬▬
သဘောနက်
▬▬▬▬
(၁) ဆင်းရဲတာမှန်တဲ့ ဒု, သစ္စာကို တသံသရာလုံးကြီးမှာ ဘယ်လို ဖြစ်ပျက်နေကြ၍၊ ဘယ်လို ဆင်းရဲမှန်တယ်ဆိုတာကိုလဲ ထိုးတွင်း၍ သိဘို့ရာ သဘောကလဲ နက်တယ်။
(၂) ဆင်းရဲကြောင်း မှန်တဲ့ သ, သစ္စာကို တသံသရာလုံးကြီးမှာ ဘယ်လို ဆင်းရဲကြောင်းမှန်တယ်ဆိုတာကိုလဲ ထိုးထွင်း၍ သိဘို့ရာ သဘောကလဲ နက်တယ်။
(၃) ဆင်းရဲချုပ်ငြိမ်းရာမှန်တဲ့ နိ သစ္စာကို ဘယ်လို ဘယ်ပုံ ဆင်းရဲ ချုပ်ငြိမ်းရာ မှန်တယ်ဆိုတာကိုလဲ ထိုးထွင်း၍ သိဘို့ရာ သဘောကလဲ နက်တယ်။
(၄) ဆင်းရဲချုပ်ငြိမ်းကြောင်းမှန်တဲ့ မ သစ္စာကို ဘယ်လို ဘယ်ပုံ ဆင်းရဲ ချုပ်ငြိမ်းကြောင်း မှန်တယ်ဆိုတာကိုလဲ ထိုးထွင်း၍ သိဘို့ရာ သဘောကလဲ နက်တယ်။
ဘယ်ပုံနက်သလဲ ခက်သလဲဆိုတဲ့အမေး၌ --
“ဒု-သ-နိ-မ”ဆိုတဲ့ သစ္စာ လေးပါးတို့တွင် ရှေးဖြစ်သော “ဒု-သ” သစ္စာနှစ်ပါးတို့မှာ သိနိုင်ခဲသည်၏ အဖြစ်ကြောင့် နက်ကုန်၏။ နောက် “နိ-မ”သစ္စာ နှစ်ပါးတို့မှာ သဘော အားဖြင့် နက်သည်၏ အဖြစ်ကြောင့် မုံညင်းစေ့ကို မြင်းမိုရ်တောင်ကြီး ဖုံးဖိ၍ ထားဘိအလား အလွန်အားဖြင့် သိနိုင်ခဲကုန်၏။ တဖန် ရှေ့ “ဒု-သ” နှစ်ပါးတို့မှာ လောကီသစ္စာများ ဖြစ်ကြ၍ ရုန့်ရင်း ကြမ်းထမ်းသောကြောင့် အထိုက်အလျောက် ပေါ်လွင်ထင်ရှားတယ် ထားဦးတော့၊ နောက် “နိ-မ” သစ္စာနှစ်ပါးတို့မှာ လောကုတ္တရာ သစ္စာများ ဖြစ်ကြ၍ နူးညံ့သိမ်မွေ့သောကြောင့်၊ အထက်ဘဝဂ်ကို လှမ်းယူခြင်းငှါ လက်ကို ဆန့်တန်းဘိသကဲ့သို့၎င်း၊ အောက်အဝီစိကို တို့ထိခြင်းငှါ ခြေကို ဆန့်တန်း ဘိသကဲ့သို့၎င်း။ ထို့ထက်ပင် အဆတရာ, မကသာ၍ ပိုမိုနက်နဲ ခက်ခဲသေး၏ဟု ကျမ်းဂန်တို့၌ ပြဆို ကြကုန်၏။
▬▬▬▬
ဆောင်ပုဒ်
▬▬▬▬
ဘဝဂ်လက်လှမ်း ဆန့်တန်းပမာ၊
ဝီစိခြေလှမ်း တုခမ်းမှတ်ပါ။
ထို့ထက်နက်နဲ ခက်ခဲသစ္စာ၊
နက်ခက်လှ လေးဝ မြတ်သစ္စာ။
▬▬▬▬
မဂ္ဂင်မျက်မှန်
▬▬▬▬
ဘယ်လိုဘဲနက်နက်၊ ဘယ်လိုဘဲ ခက်ခက်၊ တောင်ကြီး ဖဝါးအောက်၊ ကျမ်းကြီး လျှာအောက် ဆိုသကဲ့သို့၊ ယောက်ျားတမွန် လူရေချွန်ကား၊ ကောင်းကင်နက္ခတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲတမ်းတည်း ဆိုသည်နှင့်အညီ၊ မဖြစ်မနေ မသိမနေ ဇွဲနဘဲ ကောင်းကောင်း သတ္တိရှိရှိနှင့်၊ သစ္စာသိအောင် ကြိုးစားအားထုတ် ပါလျှင်။ ဝါ၊ သင်ယူမှတ်သား ကြားနာပါလျှင်၊ ဝါ၊ မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို ပွါးများ အားထုတ်ပါလျှင်။ ဝါ၊ မဂ္ဂင်ရှစ်ပါးတွင် စဦး ပါဝင်သော သမ္မာဒိဋ္ဌိခေါ်သော မိုးကုတ်ကျောက် စလင်းတတ် ရွှေကိုင်းမျက်မှန်နှင့် တပ်ဆင်၍ အဖန်ဖန် ကြည့်ရှုပါ လျှင်၊ နက်သလောက် ခက်သလောက်ကိုပင် ထိုးဖေါက်၍ သိမြင်လာပါလိမ့်မည်။ ယခုလို မသွယ်မဝိုက် တိုက်ရိုက်တဲ့ထိုး ကျဉ်းကျဉ်းနှင့် ရှင်းရှင်း သစ္စာအကြောင်း ကောင်းကောင်းကြီး သိသွားအောင် ဖေါ်ပြ ရေးသားထားတဲ့ “သစ္စာမျက်မှန်ကျမ်း၊ သစ္စာမှန်ပြောင်းကျမ်း” ခေါ်ဆိုထိုက်တဲ့ သစ္စာ အလင်းပြကျမ်းကို အမြဲတမ်းလက်ကိုင် ထား၍ ကြည့်ရှုသွားပါလျှင် မကြာခင်ပင်၊ ဝါ၊ သေနေ့မဦးခင်ပင် ရှေးဦးစွာ အနုဗောဓ ခေါ်သော လောကီ ဉာဏ်ဖြင့်၊ သစ္စာသိ၍ လူသာမန် ရှင်သာမန် ယောက်ျားသာမန် မိန်းမ သာမန် မဟုတ်တော့ဘဲ၊ စူဠသောတာပန် အဆင့်အတန်းသို့ ရောက်ကာ၊ နောက်အခါကာလ တတိယသစ္စာခေါ်တဲ့ နိရောဓသစ္စာနိဗ္ဗာန်ကို ပဋိဝေဓ ခေါ်သော လောကုတ္တရာမဂ်ဉာဏ်ဖြင့် ထိုးထွင်း၍သိကာ၊ မဟာသောတာပန် အဆင့်အတန်းသို့ ရောက်သွားပါလျှင်၊ ဘယ်ဘဝ ဘယ်ကမ္ဘာကမှ အပြီးအစီး ပိတ်မထားနိုင်ခဲ့တဲ့ အပါယ် လေးပါး တခါးကြီးကို အပြီးအစီး ပိတ်ထား လိုက်နိုင်ပြီဖြစ်၍၊ အပါယ်ဘေးအတွက် ရင်မလေးရကော့ဘဲ၊ တခါထဲ ဝိသာခါ အနာထပိဏ်တို့လို ရင်အေးသွားနိုင်ကြပေ လိမ့်မည်။
သစ္စာအလင်းပြ ဆိုတဲ့အတိုင်း၊ တစတစ လင်းလင်းသွားအောင် ရှင်းရှင်း သွားအောင် ကျမ်းအစောင်စောင်ကိုမှီ၍ ပြဆိုသွားပါမည်။ ဝါ၊ သစ္စာ မသိတဲ့ မောဟမှောင်ကို ခွင်း၍၊ သစ္စာသိတဲ့ ဝိဇ္ဇာဉာဏ် အလင်းရောင်ကို ပြဆောင်၍သွားပါမည်။ ဝါ၊ ပင်လယ်ကမ်းရိုးတန်းမှာ မီးပြတိုင်ကြီးတွေ ပမာ။ ဝါ၊ ဗမာပြည် သီလဝါ မီးပြတိုင် ကြီးပမာ၊ သစ္စာသိတဲ့ သမ္မာဒိဋ္ဌိ မဂ္ဂင် ဝိဇ္ဇာဆီမီးတိုင်ကြီးကို ညှိထွန်းပြထားပါမည် ဟူလို။
▬▬▬▬▬▬▬▬
ဖုံးဝှက်ကွယ်ကာ အဝိဇ္ဇာ
▬▬▬▬▬▬▬▬
(၁) ယံ ခေါ ဘိက္ခု ဒုက္ခေအဉာဏံ၊ ဒုက္ခသမုဒယေ အဉာဏံ၊ ဒုက္ခနိရောဓေ အဉာဏံ၊ ဒုက္ခနိရောဓဂါမိနိပဋိပဒါယံ အာဏ အဉာယံ၊ အယံဝုစ္စတိ ဘိက္ခုအဝိဇ္ဇာ။
(သ-သစ္စ-ဠိ)
▬▬▬▬
ဘာသာပြန်
▬▬▬▬
(ဒု-၌)။ ရဟန်း - လက်ရှိခန္ဓာ ဥပါဒါန်၏ အာရုံဖြစ်သော လောကီခန္ဓာငါးပါးသည်ကား။ ဝါ၊ တဏှာကိုထား၊ တဏှာမှတပါး၊ ဘုံသုံးပါးရှိ ခန္ဓာတပါး၊ ခန္ဓာလေးပါး၊ ခန္ဓာ ငါးပါးသည်ကား၊ ဝါ၊ လောကီစိတ်-၈၁။ လောဘကြဉ်သော စေတသိက်-၅၁။ ရုပ်-၂၈ သည်ကား၊ ဖြစ်ရာဖြစ်ရာ ဘုံဘဝမှာ ဖြစ်သည်ကစ, စုတိ သေနေ့သို့ ကျအောင်၊ ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် ဒုက္ခသစ္စာ ဖြစ်သည်ဟု အကြင်မသိခြင်းသည်၎င်း၊ ဤလို ဒု-ကို ဒု-မှန်း မသိတာ အဝိဇ္ဇာ။
(သ-၌)။ ရဟန်း - သမုဒယသစ္စာ၌ ဒုက္ခသစ္စာတုံးက ချန်ထားခဲ့သော ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍၊ ဘုံသုံးပါးတို့၌ပင် တဖန်ဖန် ပြန်၍ ပြန်၍ ဖြစ်လို ဖြစ်ချင်နေတဲ့ သဿတ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွသော ဘဝတဏှာ, ဝိဘဝတဏှာ လောဘ သည် ဖြစ်လို၍ ဖြစ်ပြန်လျှင်၊ ဖြစ်ရာဖြစ်ရာ ဘုံဘဝရှိမှာ ဇာတိဒုက္ခ စသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့ကို မုချ ဖြစ်စေတော့မှာ စစ်မှန်သောကြောင့် သမုဒယသစ္စာ ဖြစ်သည်ဟု အကြင်မသိခြင်းသည်၎င်း၊ ဤလို သ-ကို သ-မှန်း မသိတာ အဝိဇ္ဇာ။
(နိ-၌)။ ရဟန်း - ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာ၌၊ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့်၊ တဏှာခန္ဓာ အသစ်မဖြစ်တော့ဘဲ၊ အဆိုပါ တဏှာ ခန္ဓာ ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည် - နိရောဓသစ္စာ ဖြစ်သည်ဟု အကြင် မသိခြင်းသည်၎င်း၊ ဤလို နိ-ကို နိ-မှန်း မသိတာ အဝိဇ္ဇာ။
(မ-၌)။ ရဟန်း - ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့် ဖြစ်သော မဂ္ဂသစ္စာ၌၊ တဏှာပယ်သော မဂ်အကျင့် သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး ကျင့်မြတ် တရားသည် မဂ္ဂသစ္စာဖြစ်သည်ဟု အကြင် မသိခြင်းသည်၎င်း ရှိ၏။ ဤလို မ--ကို မ, မှန်းမသိဘာ အဝိဇ္ဇာဟု သိလေ မှတ်လေ။
ရဟန်း - ဤလို့ဤပုံ၊ ဤရုပ်နာမ် ခန္ဓာကား-ဒု၊ ဤကဏှာကား-သ၊ ဤ နိဗ္ဗာန်ကား-နိ၊ ဤ မဂ္ဂင်ကား-မ ဟု သစ္စာလေးပါးတို့ကို ပိုင်းခြား ဝေဘန်၍ အမှန်ကိုမသိတဲ့ မောဟလေးခုကို အဝိဇ္ဇာဟု ငါဘုရား ဟောတော်မူသည်။
▬▬▬▬
မှတ်ချက်
▬▬▬▬
“န ဝိဇာနာတီတိ အဝိဇ္ဇာ”။
ယာဓမ္မဇာတိ၊ အကြင် မောဟတည်းဟူသော သဘောတရားသည်။
န ဝိဇာနာတိ၊ “ပုဗ္ဗန္တ အပရန္တ ပုဗ္ဗန္တာ ပရန္တ စတုသစ္စ ပဋိစ္စသမုပ္ပါဒ” ဤရှစ်ဌာနတို့ကို လုံးဝ မသိတတ်။
ဝါ၊ ဤကား သံသရာ၏ ရှေ့အစွန်း၊ ဤကား သံသရာ၏ နောက်အစွန်း၊ ဤကား, သံသရာ၏ ရှေ့နောက်အစွန်း၊ ဤကား, သစ္စာလေးပါး၊ ဤကား ပဋိစ္စသမုပ္ပါဒ်တရား ဟု လားလားမှ မသိတတ်။
ဣတိတသ္မာ၊ ထို့ကြောင့်။
သာဓမ္မဇာတိ၊ ထိုမောဟ တည်းဟူသော သဘောတရားသည်။
အဝိဇ္ဇာ၊ အဝိဇ္ဇာမည်၏။
စေတသိက် ၅၂ အနက်၊ မောဟစေတသိက်ကို ရ၏။
ဤလိုဤပုံ၊ အဋ္ဌဋ္ဌာနတို့၌ မသိတွင်းနက်၍ မသိချက် ဆိုးဝါးလှသောကြောင့်၊ လူ နတ် ဗြဟ္မာ သတ္တဝါတွေ ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြရတာ အခြားမဟုတ်၊ ဤ အဝိဇ္ဇာလက်သယ် အဝိဇ္ဇာလက်ချက်ဟု သိလေ မှတ်လေ။
▬▬▬▬▬▬▬▬▬
ဖွင့်လှစ်ပြတာ ဉာဏ်ဝိဇ္ဇာ
▬▬▬▬▬▬▬▬▬
(၂) ယံ ခေါ ဘိက္ခု ဒုက္ခေဉာဏံ၊ ဒုက္ခသမုဒယေဉာဏံ၊ ဒုက္ခနိရောဓေဉာဏံ ဒုက္ခနိရောဓဂါမိနိပဋိပဒါယံဉာဏံ၊အယံဝုစ္စတိ ဘိက္ခု ဝိဇ္ဇာ။
(၎င်းပါဠိ)
▬▬▬▬
ဘာသာပြန်
▬▬▬▬
(ဒု-၌)။ ရဟန်း - ဒုက္ခသစ္စာ၌၊ လက်ရှိ ခန္ဓာမျိုး ဥပါဒါန်၏ အာရုံဖြစ်သော လောကီ ခန္ဓာငါးပါးသည်ကား။ ဝါ၊ တဏှာကိုထား၊ တဏှာမှတပါး, ဘုံသုံးပါးရှိ အသညသတ် ဘုံ၌ ဖြစ်ခိုက်၊ ရုပ်ခန္ဓာ တပါး, အရူပလေးဘုံ၌ဖြစ်ခိုက်၊ ဝေ-သည်-သင်-ဝိ နာမ်ခန္ဓာ လေးပါး၊ ကျန် ၂၆-ဘုံ၌ဖြစ်ခိုက် ရူ-ဝေ-သည်-သင်-ဝိ ရုပ်နာမ် ခန္ဓာငါးပါးသည်ကား၊ ဝါ၊ လောကီစိတ်-၈၁၊ လောဘ ကြဉ်သော စေတသိက်-၅၁၊ ရုပ် ၂၈-သည်ကား ဖြစ်ရာ ဘုံဘဝတို့မှာ ဖြစ်သည်ကစ, စုတိသေနေ့သို့ကျအောင် ဆင်းရဲတွင်း နက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် ဒုက္ခသစ္စာ ဖြစ်သည် ဟု အကြင်သိခြင်းသည်၎င်း၊ ဤလို ဒု-ကို ဒု-မှန်း သိတာ ဉာဏ်ဝိဇ္ဇာ။
(သ-၌)။ ရဟန်း - ဒုက္ခ၏အကြောင်းဖြစ်သော သမုဒယသစ္စာ၌၊ ဒုက္ခ သစ္စာတုံးက ဒုက္ခသစ္စာမထိုက်၍ ချန်ထား ကြဉ်ထားခဲ့သော ဘုံသုံးပါး တို့၌ ကောင်းနိုးနိုးမှတ်ထင်၍ ဘုံသုံးပါးတို့၌ပင်၊ တဖန်တဖန် ပြန်၍ပြန်၍ ဖြစ်လိုဖြစ်ချင်နေတဲ့ သဿတ ဥစ္ဆေဒဒိဋ္ဌိ နှင့် တကွသော ဘဝတဏှာ ဝိဘဝတဏှာ, လောဘသည် ဖြစ်လို၍ ဖြစ်ပြန်လျှင် ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ၊ ဇာတိဒုက္ခ စသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့ကို မုချဖြစ်စေတော့မှာ စစ်မှန်လှသောကြောင့် သမုဒယသစ္စာ ဖြစ်သည် ဟု အကြင်သိခြင်းသည်၎င်း၊ ဤလို သ-ကို သ-မှန်း သိတာ ဉာဏ်ဝိဇ္ဇာ။
(နိ-၌)။ ရဟန်း - ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာ၌၊ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာ ခန္ဓာ အသစ် မဖြစ်တော့ဘဲ၊ အဆိုပါ တဏှာခန္ဓာ “ဒု-သ” သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည် - နိရောဓသစ္စာ ဖြစ်သည်ဟု အကြင်သိခြင်း သည်၎င်း၊ ဤလို နိ-ကို နိ-မှန်း သိတာ ဉာဏ်ဝိဇ္ဇာ။
(မ-၌။) ရဟန်း - ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် ဖြစ်သော မဂ္ဂသစ္စာ၌ တဏှာပယ်သော မဂ်အကျင့် သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါး ကျင့်မြတ် တရားသည် - မဂ္ဂသစ္စာ ဖြစ်သည်ဟု အကြင်သိခြင်းသည်၎င်း ရှိ၏။ ဤလို မ-ကို မ-မှန်း သိတာ ဉာဏ်ဝိဇ္ဇာဟု သိလေ, မှတ်လေ။
ရဟန်း - ဤလိုဤပုံ - ဤ ရုပ် နာမ် ခန္ဓာကား-ဒု၊ တဏှာကား-သ၊ ဤနိဗ္ဗာန်ကား နိ-၊ ဤမဂ္ဂင်ကား-မ ဟု သစ္စာလေးပါးတို့ကို ပိုင်းခြားဝေဘန်၍ အမှန်သိတဲ့ ပညာလေးခု ကို- ဟု ငါဘုရားဟောတော်မူသည်။
▬▬▬▬
မှတ်ချက်
▬▬▬▬
“ဝိဇာနာတီတိ ဝိဇ္ဇာ”။
ယာဓမ္မဇာတိ၊ အကြင်ပညာ တည်းဟူသော သဘောတရားသည်။
ဝိဇာနာတိ၊ “ပုဗ္ဗန္တ အပရန္တ ပုဗ္ဗန္တာပရန္တ စတုသစ္စ ပဋိစ္စသမုပ္ပါဒ။” ဤအဋ္ဌဋ္ဌာနတို့ကို နေရာတကျ သိတတ်၏။
ဝါ၊ သံသရာအစ, သံသရာအဆုံး၊ သံသရာ၏ အစ, အဆုံး၊ သစ္စာလေးရပ် ပဋိစ္စသမုပ္ပါဒ် တို့ကို တတ်တတ်ထင်ထင် သိမြင်တတ်၏။
ဣတိတသ္မာ၊ ထိုကြောင့်။
သာဓမ္မဇာတိ၊ ထိုပညာတည်းဟူသော သဘောတရားသည်။
ဝိဇ္ဇာ၊ ဝိဇ္ဇာမည်၏။
စေတသိက် ၅၂တွင် ပညိန္ဒြေ ခေါ်သော ပညာစေတသိက်ကို ရ၏၊
ဤလိုဤပုံ - အဋ္ဌဋ္ဌာနတို့၌၊ လောကီသိ လောကုသိတို့ဖြင့် ထိုးထွင်း၍ သိရှိကြသောကြောင့် သိရှိကြတဲ့ လူ နတ် ဗြဟ္မာ သတ္တဝါတွေဟာ ဖြစ် ပျက် မွေး သေ ဆိုတဲ့ သံသရာ ဝဋ်ဆင်းရဲကြီးထဲက ကျွတ်လွတ် ထွက်မြောက် မွေး သေ လွတ်တဲ့နိဗ္ဗာန်သို့ ရောက်နိုင် ရနိုင်ကြတာ အခြားမဟုတ်၊ ဤ ဝိဇ္ဇာလက်သယ် ဝိဇ္ဇာလက်ချက်ဟု သိလေ မှတ်လေ။
ထို့ကြောင့် - “မသိအစ သိကအဆုံး ကိစ္စတုံးသည် ”ဟု ဆိုသည်။
▬▬▬▬
လိုရင်းမှာ
▬▬▬▬
“အဝိဇ္ဇာနှင့် ဝိဇ္ဇာ” သစ္စာမသိတာ-အဝိဇ္ဇာ၊ သစ္စာသိကာ ဝိဇ္ဇာ မသိမှုနှင့် သိမှုပါဘဲ၊ သစ္စာမသိမှု-အဝိဇ္ဇာ ရှိနေသမျှ ကာလပတ်လုံး ဖြစ်ပျက် မွေးသေ သံသရာရှည် ရမည်သာမှတ်။ သစ္စာသိမှုဝိဇ္ဇာ ရှိလာတဲ့ခါ မွေး သေ လွတ်တဲ့နိဗ္ဗာန်ကို အမြန်ရောက် တော့မည်သာ မှတ်။ သစ္စာမသိ သမျှ နိဗ္ဗာန်ကိုမရ၊ သစ္စာသိမှ နိဗ္ဗာန်ကိုရမည်ဟု ထင်မှတ်၊ ပေါ့စပ်စပ် မလုပ်နှင့်၊ အဝိဇ္ဇာကား - အမိုက်မှောင်၊ ဝိဇ္ဇာကား - အလင်းရောင်၊ ညဉ့်နှင့် နေ့ကဲ့သို့ ဆန့်ကျင်ဘက်ကြီးတည်း။
လောက၌ အလင်းရောင် ပေါ်ပေါက်လာလျှင် အမိုက်မှောင်ဟာ သူ့အလိုလို တခဏခြင်း ကွယ်ပျောက်ရမြဲ ထုံးစံ ရှိသကဲ့သို့၊ ထို့အတူ - သစ္စာသိမှု အလင်းရောင် ပေါ်ပေါက်လာလျှင် သစ္စာမသိမှု အမိုက်မှောင်ဟာ သူ့အလိုလို ပျောက်မြဲ ထုံးစံ ရှိလေသည်။ လောက၌ အမိုက်မှောင် ပျောက်စေလိုလျှင် မီး, စသော အလင်းရောင်ကို ရှာဖွေ အားထုဘ်ရသကဲ့သို့၊ ထိုအတူ - သစ္စာမသိမှု အမိုက်မှောင် ပျောက်စေလိုလျှင်၊ သမ္မာဒိဋ္ဌိ စသော မဂ္ဂင်အလင်းရောင်ကို ရှာဖွေအားထုတ်အပ်၏။ ဝါ၊ မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို ပွါးများ အားထုတ်သောအားဖြင့် ရှာဖွေအပ်၏။ ထို့ကြောင့် “အလင်းရောင်ရောက် မိုက်မှောင်ပျောက် ပုံထောက် ဥပမာ။ လင်းရောင်နှင့်ဖျောက် မိုက်မှောင်ပျောက်, ပုံထောက်ဥပမာ” ဟု ဆိုကြသည်။
တဖန် --
အဝိဇ္ဇာနှင့်ဝိဇ္ဇာ - အောက်နားက ဖေါ်ပြထားခဲ့တဲ့ ၁-၂နံပါတ် ပါဠိနှစ်ရပ်တို့တွင်၊ “ယံ ခေါ ဘိက္ခု ဒုက္ခေအဉာဏံ” ဆိုတဲ့ နံပါတ်-၁ ပါဠိတော်ကြီးက “ရဟန်းတို့ ... သင်တို့သည် သစ္စာမသိ၍ ယခုထိ မွေး သေ မလွတ်နိုင်ကြတာ အခြားမဟုတ်၊ သူဘဲ--သူဘဲ ဟု သစ္စာကိုမသိတဲ့ အဝိဇ္ဇာကို လက်ညှိုးထိုး၍ ပြခြင်းပင် ဖြစ်လေသည်။
“ယံ ခေါ ဘိက္ခု ဒုက္ခေဉာဏံ” ဆိုတဲ့ နံပါတ်-၂၊ ပါဠိတော်ကြီး ကတော့၊ ရဟန်းတို့ … သင်တို့သည် သစ္စာသိ၍ မွေး သေ လွတ်တဲ့ နိဗ္ဗာန်ကို လက်ဆုတ်လက်ကိုင် ရရှိနိုင် ကြတာ အခြားမဟုတ်၊ သူဘဲ-သူဘဲ ဟု သစ္စာသိတဲ့ ဝိဇ္ဇာကို လက်ညှိုးထိုး၍ ပြခြင်းပင် ဖြစ်လေသည်ဟု သိလေ။
ထို့ကြောင့် အဆိုပါ-ပါဠိနှစ်ရပ်၏ ဘုရားအလိုတော်ကြ၊ ဘုရား အာဘော်ကြအောင် ဘာသာပြန်ဆိုထားတဲ့ ဘာသာပြန်ကို တကြိမ်တခါ တခေါက်တလေ ဘတ်ရုံမျှနှင့် အားရ ကျေနပ်၍ မနေပါနှင့်၊ အကြိမ်ကြိမ်ဘတ်ပါ၊ ကြိမ်ဖန် များစွာ ဘတ်ပါ၊ ခဏ ခဏဘတ်၊ ဘတ်ပြီးလျှင် ဘယ်လိုဆိုတယ် ဘယ်လို အကြောင်းအရာဟု ဆိုထားတဲ့ အဓိပ္ပါယ်ကို သိရှိ နားလည်အောင် သတိနှင့်မကွာ ပညာနှင့်မကင်း, အဘန်တလဲလဲ ဆင်ခြင် နှလုံးသွင်းပေးပါ။ တစတစ သဘောသိ သဘောမိ သဘောပေါက်လာတဲ့ခါ သစ္စာသိသူ သစ္စာမြင်သူ ဗုဒ္ဓဘာသာစစ်သူ အပါယ်လွတ်တရားရသူ သောတာပန် ဖြစ်သူ လူတယောက်ပင်ဖြစ်သွားနိုင်ခွင့်ရှိပေသည်။
စာသိနှင့် ငါသိ၊ စာရှိနှင့် ငါရှိ - ခွဲခြား၍သိပါ။ အောက်တွင် ဖေါ်ပြခဲ့သော ခန္ဓာငါးပါး၊ တေဘူမက ဝဋ်တရား၊ လောကီစိတ်-၈၁၊ တေသိက် ၅၁၊ ရုပ်-၂၈ သည် ဒုက္ခဖြစ်သည် စသည်ဖြင့် စာထဲမှာ ဆိုထားတဲ့အတိုင်း အရေအတွက်မျှကိုသာ သိနေခြင်းသည် -စာသိသစ္စာ စာရှိသစ္စာသာဖြစ်သည်၊ ငါသိသစ္စာ ငါရှိသစ္စာကား မဖြစ်သေး၊ အဆိုပါ ခန္ဓာ တေဘူမကတရား စိတ် စေတသိက် ရုပ် ဆိုတာတွေဟာ ဒုက္ခသစ္စာ ဖြစ်ထိုက်တဲ့ တရားတွေကို စာထဲမှာ စုပေါင်း၍ ဆိုထားတဲ့ အဆိုသာရှိသည်၊ နဂိုရှိ အဟုတ်ရှိက ငါထဲမှာ သာရှိသည်၊ ငါထဲမှာရှိနေတဲ့ ရုပ်နာမ်ခန္ဓာတွေကို စာထဲမှာ ဒုက္ခသစ္စာလို့ ပြဆိုထားခြင်းမျှသာဖြစ်သည်၊ စာထဲမှာကား အဆိုရှိ၊ ငါထဲမှာကား နဂိုရှိ အဟုတ်ရှိ ဟုအမှန်သိ၍ ငါသိသစ္စာနှင့် ငါ့မှာသာရှိတဲ့သစ္စာဟုသိပါစေ။
သို့ရာတွင် “စာသိ ပဋ္ဌမံ၊ ငါသိ ဒုတိယံ” ဆိုတဲ့ ပရိဘာသာနှင့် အညီ။ ရှေးဦးစွာ စာသိသစ္စာမှ ကူးယူ၍ ကူးပြောင်း၍ နောက်ကာလ ယခုဘဝ ပဋိသန္ဓေမှ စုတိ သေနေ့ကြအောင် တသက်လုံးရှိ တသံသရာလုံးရှိ ငါထဲမှာ ရှိနေတဲ့ “ဇာတိပိဒုက္ခာ ဇရာပိဒုက္ခာ ဗျာဓိပိဒုက္ခော မရဏမ္ပိဒုက္ခံ” လို့ ဘုရား ဟောထားတဲ့ လက်ရှိဇာတိဒုက္ခ, လက်ရှိဇရာဒုက္ခ လက်ရှိဗျာဓိဒုက္ခ လက်ရှိ မရဏဒုက္ခ စသော ဒုက္ခသစ္စာတို့ကို တတ်တတ် ထင်ထင် တဲ့တဲ့ကြီး မြင်သိတဲ့-ငါသိသစ္စာ ဖြစ်ပါစေ၊ စာသိသစ္စာ တွင် သောင်တင်ပြီး အသိဉာဏ် အားကုန်၍ မနေစေဘဲ သူ ငါတို့ ကိုယ်ထဲမှာသာ အမြဲ ရှိနေတဲ့ ဒု-သ-နိ-မ သစ္စာတို့ကို တဲ့တဲ့ကြီး သိမြင်ကြပါစေသတည်း။
ဓမ္မာဒါသံ ဂဟေတွာန ညာဏဒဿန ပတ္တိယာ၊
ပစ္စဝေက္မိံ ဣမံကာယံ တုစ္ဆံသန္ထရ ဗာဟိယံ။
(ထေရာ-ဠိ)
ဆိုတဲ့-ကုလ္လမထေရ် ဥဒါန်းကျူးတဲ့ ဂါထာတော်ကြီးနှင့်အညီ၊ တရားအလုပ် အားထုတ်ကြတဲ့ အရှင်ဘုရားတို့ တပည့်တော်ဟာ သောတာပန် စသော အရိယာတို့ရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ မဂ်ဉာဏ်လေးပါး, ဖိုလ်ဉာဏ် လေးပါးဖြင့် နိဗ္ဗာန်ကို မျက်မှောက်သိခြင်းငှါ ဓမ္မာဒါသ, ဓမ္မာအာဒါသ, သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါး ဘုရား ပေးတော်မူတဲ့ တရားမျက်မှန် တရား မှန်ပြောင်းကြီးကို တပ်ဆင် ကိုင်တွယ်၍ ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနရှိတဲ့ ကိုယ် ကာယကြီးကို စေ့စေ့ ငုငု ဉာဏ်စက္ခုဖြင့် ကြည့်ရှုသည်ရှိသော် -
သူ ငါ ကျားမ စသည်တို့ကို တပိုင်းတစ တတိုတဆစ် အဏုမြူမျှ မတွေ့မမြင်ရ ပဋိသန္ဓေမှ စုတိသေနေ့သို့ကြအောင်၊ မြစ်ချောင်းတွင်းရှိ မြစ်ရေအယဉ်ပမာ သူ့ငါတို့၏ ကိုယ်အတွင်းသားထဲမှာ တဖွားဖွားဖြစ်၍ တဖွားဖွား ပျက်နေကြတဲ့ ဖြစ်တရား ပျက်တရား၊ ဖြစ်သမား ပျက်သမား ဖြစ်ပျက်မနားကြတဲ့ ရုပ်နာမ် နှစ်ပါး မမြဲဆင်းရဲ အစိုးမရတဲ့ အနိစ္စတရား ဒုက္ခတရား အနတ္တတရား လက္ခဏာရေးသုံးပါး၊ ဒု-သ ဆိုတဲ့ သစ္စာနှစ်ပါးတို့ကိုသာ ထပ်ကာထပ်ကာ တွေ့မြင် နေရတဲ့အထဲမှာ သင်္ခါရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်မြင်သိတဲ့ မဂ်ဉာဏ်လေးပါး ဖိုလ်ဉာဏ်လေးပါးတို့ကို လက်ကိုင် ရရှိ၍ တပည့်တော် ဖြင့်ရင် ရဟန်းကိစ္စ ပြီးပြီဘုရား...။
အရှင်ဘုရားတို့လဲဘဲ တပည့်တော်ကဲ့သို့ ရဟန်းကိစ္စ ပြီးမြောက်နိုင် ကြအောင် ဘုရားပေးတဲ့ မဂ္ဂင်ရှစ်ပါး တရားမျက်မှန် တရားမှန်ပြောင်းကြီးကို တပ်ဆင်၍သာ ကြည့်ရှုကြပေတော့ ဘုရားဟု ကုလ္လမထေရ် လျှောက်ထားသကဲ့သို့၊ ထို့အတူ - ယခုလဲဘဲ ရုပ်နာမ် အသိ ကစ၍ သစ္စာသိအထိ တတိယသစ္စာခေါ်တဲ့ နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်မြင်သိ တဲ့မဂ်သိ ဖိုလ်သိအထိ ရောက်ရှိသွားနိုင်ကြအောင် အဆိုပါ မဂ္ဂင်ရှစ်ပါး တရားမျက်မှန် တရားမှန်ပြောင်းကြီးနှင့်သာ ကြည့်ရှုကြပါဟု တိုက်တွန်းအပ်ပါသည်။
အဲဒါဟာ-မဂ္ဂင်ရှစ်ပါး တရားမျက်မှန် တရားမှန်ပြောင်း တည်းဟူသော ဆီမီးတိုင်ကြီး ကို ဘုရားနည်းကို မှီပြီး ညှိထွန်း၍ ပြထားခြင်းပါဘဲ။
▬▬▬▬
မှတ်ချက်
▬▬▬▬
ဤလို သစ္စာလေးပါးတို့ကို ဟောတော်မူတဲ့ခါ၊ ဒုက္ခသစ္စာ အရကို အချို့ နေရာမှာ “ဥပါဒါနက္ခန္ဓာငါးပါး” တရပ်။ “ဘေဘူမကတရား” တရပ်။ “စိတ် စေတသိက် ရုပ်” တရပ်။ ဤလို သုံးရပ်ထား၍ ထိုထိုသုတ္တန် ဝိနည်း အဘိဓမ္မာ အရာရာသို့လိုက်ပြီး အဆင်သင့်သလို ဟောထားသော်လည်း သဘောတရားကား တမျိုးတခြားစီ မဟုတ် ပါ၊ သဘောတူ အရတူသာ မှတ်ပါလေ။
မေး။ ။ သဘောတူလျက် ဘယ်အတွက် ဤပုံဟောရပါသလဲ။ ?
ဖြေ။ ။
(၁) ဥပါဒါန်တရားလေးပါး တို့၏ အာရုံဖြစ်သော သူ ငါ တို့၏ တကိုယ်လုံး တကောင်လုံးရှိ လောကီခန္ဓာငါးပါး သက်သက်၊ ဝါ- သာသဝ သက်သက်ကို ရွေးထုတ်၍ ဟောတော်မူလိုတဲ့ခါ - ပဉ္စုပါဒါနက္ခန္ဓာ ဟူ၍ ဟောတော်မူလေ.ရှိပါသည်။
(၂) ရံခါ ဧကဝေါကာရ, စတုဝေါကာရ ပဉ္စဝေါကာရ, သုံးမျိုးလုံး တပေါင်းတည်း ဟောတော်မူလိုတဲ့ခါ- တေဘူမကံ ဟူ၍ ဟောတော်မူလေ့ ရှိပါသည်။
(၃) ရံခါ သတ္တပညတ်ကိုလွှတ်၍ ပညတ်မဘက် ပရမတ် သက်သက်ကိုသာ ဟောတော် မူလိုတဲ့ခါ - စိတ် စေတသိက် ရုပ် ဟူ၍ ဟောတော်မူလေ့ ရှိပါသည်။ ဤလိုဤပုံ -ဒေသနာတော်ဝိလာ၏ အစွမ်းအားဖြင့်သာ၊ ဝါ၊ အလိုတော်အတိုင်းသာ ဟောတော် မူခြင်းဖြစ်ပါသည်၊ သဘောအရမှာ မကွဲပြားပါ။ ဒုက္ခသစ္စာထိုက်တဲ့ တရားချည်းပင် ဖြစ်ပါသည်။
ထိုတွင် - ပဉ္စက္ခန္ဓာအရ ရုပ်ခန္ဓာတပါး နာမ်ခန္ဓာလေးပါးဟုခန္ဓာငါးပါး ရှိရာ၊ ရုပ်ခန္ဓာ၌ သာသဝသက်သက်သာဖြစ်၍၊ ဝါ၊ အာသဝေါတရားတို့၏ အာရုံသက်သက်သာ ဖြစ်၍၊ လင်းပါးဘွယ် မရှိသော်လည်း၊ နာမက္ခန္ဓာလေးပါး တို့၌ကား - လောကီ နာမက္ခန္ဓာ, လောကုတ္တရာ နာမက္ခန္ဓာဟု နှစ်မျိုးရှိရာ လောကီ နာမက္ခန္ဓာတို့မှာ - သာသဝဖြစ်၍ ဝိပဿနာ ရှုထိုက်သော်လည်း မဂ်စိတ်လေးခု၌ပါဝင်သော လောကုတ္တရာ နာမက္ခန္ဓာ တို့မှာကား-အနာသဝ ဖြစ်၍ ဝိပသနာ မရှုထိုက်ဟု သိ။
တဖန် -- လူ့ဘုံ၌ရှိတဲ့ ခန္ဓာငါးပါးကိုသာ ဒုက္ခသစ္စာ ဟောသည်ဟု မှတ်ထင်ဘွယ် ရှိသောကြောင့် ဘုံသုံးပါးတို့မှာ ဘယ်ဘုံမှာဘဲဖြစ်ဖြစ် ဧကဝေါကာရ အသညသတ်ဘုံ ၌ဖြစ်ခိုက် ရုပ် ခန္ဓာ တပါးထဲလဲ ဒုက္ခသစ္စာဘဲ။ စတုဝေါကာရ - အရူပလေးဘုံ၌ ဖြစ်ခိုက် “ဝေ-သည်-သင်- ဝိ” နာမ်ခန္ဓာ လေးပါးလဲ ဒုက္ခသစ္စာဘဲ။
ပဉ္စဝေါကာရ ၂၆-ဘုံ၌ဖြစ်ခိုက် “ရူ-ဝေ-သည်-သင်-ဝိ” ဆိုတဲ့ ခန္ဓာငါးပါးလဲ ဒုက္ခသစ္စာဘဲ။ ဘာ့ကြောင့်လဲ ဆိုတော့ “ကျင်ကြီး ကျင်ငယ်မှန်က, နဲနဲများများ သုဂန္ဓကောင်းသော အနံ့၊ မွှေးသော အနံ့ဟူ၍ လုံးဝမရှိ ဒုဂ္ဂန္ဓ မကောင်းသောအနံ့၊ နံသောအနံ့သာ ရှိသကဲ့သို့” ထို့တူပမာ -- ခန္ဓာမှန်က နဲနဲများများ တပါးထဲဘဲ ဖြစ်ဖြစ် လေးပါးဘဲ ဖြစ်ဖြစ် ငါးပါးဘဲဖြစ်ဖြစ် ပဋိသန္ဓေမှ စုတိသေနေ့ကြအောင် ဆင်းရဲတာ စစ်မှန်လှသောကြောင့် ဘုံသုံးပါးရှိ တေဘူမကခန္ဓာကို ဒုက္ခ သစ္စာဟု ဟောတော် မူခဲ့ပါသည်။
ဥပါဒါန်၏အာရုံ ဆိုသည်မှာ - လောကီခန္ဓာငါးပါးကိုပင်ဆို၍ ဥပါဒါန် တရား လေးပါး ဆိုသည်မှာ - ကာမုပါဒန် ဒိဋ္ဌုပါဒန် သိလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန် ဟု လေးပါးရှိရာ၊ လောဘစေတသိက်သည် - ကာမုပါဒါန်၊ ဒိဋ္ဌိစေတသိက်တခုသည် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန် မည်၏၊ တရားကိုယ်အရမှာ - လောဘဒိဋ္ဌိ နှစ်ပါး သာတည်း။
တေဘူမက ဆိုသည်မှာ - ကာမဘုံ ရူပဘုံ အရူပဘုံ ဘုံသုံးပါးကိုဆိုသည်။ လောကီစိတ် ၈၁၊ စေတသိက်- ၅၁၊ ရုပ်-၂၈တို့တွင် စိတ်ကို စိတ်ပိုင်း၊ စေကို စေတသိက်ပိုင်း၊ ရုပ်ကို ရုပ်ပိုင်း၊ သင်္ဂြိုဟ် လက်သန်း ကျမ်းငယ်မှာ ကြည့်ရှုလေ။
တဖန် - ဆင်းရဲမှန်တဲ့ ဒုက္ခသစ္စာကို ဟောတော်မူတဲ့ခါ၊ တဏှာကို ကြဉ်ထားသည်မှာ တဏှာသည် အကြောင်းတရားမျိုးဖြစ်၍ အကျိုးတရားမျိုးဖြစ်သော ဒုက္ခသစ္စာ၌ မပါဝင်သင့်ပေ။ ထို့ကြောင့် ကြဉ်ထားသည်၊ ချန်ထားသည်ဟုသိလေ။ သစ္စာလေးပါး တို့တွင်- ဒု-ကား အကျိုးသစ္စာ၊ သ-ကား အကြောင်းသစ္စာ၊ နိ-ကား ရံခါအကြောင်း ရံခါအကျိုး နှစ်မျိုးရ သစ္စာ၊ မ-ကား အကြောင်း သစ္စာသက်သက်ပေတည်း။
တဖန် --
သမုဒယသစ္စာအရကို ဟောတော်မူတဲ့ခါ ရံခါ တဏှာ၊ ရံခါ ရာဂ၊ ရံခါ လောဘ ဟု သုံးမျိုးသုံးစားထား၍ ဟောကြားသော်လည်း သဘောတရား တမျိုးတခြားစီမဟုတ်ပါ၊ သရုပ်တရားကိုယ် အရမှာ လောဘ စေတသိက် တခုတည်းသာမှတ်၊ လောဘ၏ နာမည်ကွဲများသာ ဖြစ်သည်။
ဥပမာဆိုသော် - ပန်းချီ ပန်းထိမ် ပန်းဘဲ အတတ် သုံးမျိုးလုံးကို တတ်သိ၍ ထိုအတတ်သုံးမျိုးဖြင့် လုပ်ကိုင်စားသောက်၍ နေသော ထိုသူတယောက်ထည်း ကိုပင် အချို့က ပန်းချီဆရာ၊ အချို့က ပန်းထိမ်ဆရာ၊ အချို့က ပန်းဘဲဆရာ၊ မိမိတို့ နှုတ်ကျိုးရာ နှုတ်တက်ရာ ခေါ်ဆိုကြသကဲ့သို့၊ ထို့အတူပမာ --
“တဿတီတိတဏှာ” အာရုံ၌ တပ်မက်တတ်သောကြောင့် တဏှာ။
“ရုဉ္ဇတီတိရာဂေါ” အာရုံ၌ တပ်စွမ်းတတ်သောကြောင့် ရာဂ။
“လုပ္ပတီတိလောဘော” အာရုံ၌ ကပ်ငြိ တတ်သောကြောင့် လောဘ ဆိုသည်။
တဏှာလဲ လောဘဘဲ၊
ရာဂလဲ လောဘဘဲ၊
လောဘလဲ လောဘဘဲ၊
လောဘကား နာမည်ရင်း ငယ်နာမည်၊
တဏှာ ရာဂတို့ကား ကြီးနာမည်၊
သုံးမည်ရ သုံးဘွဲ့ခံကဲ့သို့မှတ်၊
လောဘ၏ ပရိယာယ်ချည်းသာတည်း။
▬▬▬▬▬
နှံစုတ်ငှက်ငယ်
▬▬▬▬▬
ဤ သစ္စာအလင်းပြကျမ်းကို ပါဠိ အနက် မတတ် စာဘတ်တတ်ရုံမျှသာရှိကြသော ရှင်ငယ် သူငယ်တို့အား သိရှိနားလည်စေခြင်း အကျိုးငှါ များများကြီး ရည်ရွယ်ချက် ထား၍ ရေးသားခြင်းဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် - သံသရာ၌ ကြဉ်လည်ကြ တဲ့ခါ ဘဝအရာ ကမ္ဘာအရာပင် ကြာမြင့်သော်လည်း၊ တဘဝတခါ သစ္စာလေးပါး တရားကို ကြားနာရခဲဘိစွ၊ ကြားနာရတယ်ထားဦး - အလွန်နက်နဲ ခက်ခဲသော တရား ဖြစ်၍၊ ဆီးဝမ်းကွဲအောင် သိခဲဘိစွ။ ဝါ၊ သကြောင့်-ဒု၊ မကြောင့် နိ-ဟု သိခဲဘိစွ။ သကြောင့် ဒု၊ ဖြစ်ပျက်မွေးသေ သံသရာရှည်၍နေကြရသည်။ သ-ကို ပယ်သတ်တဲ့ မဂ်အကျင့်ကိုကျင့်မှ ဖြစ် ပျက် မွေးသေ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ဆိုက်ရောက်သဖြင့်၊ ဖြစ် ပျက် မွေး သေ လွတ်နိုင် ကြသည်ဟု သိခဲဘိစ္စ။
ဤပုံသစ္စာကို မသိကလည်း တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့်၊ မကျင့်သမျှ ကာလပတ်လုံး တဏှာမှ မလွတ်၊ တဏှာမလွတ်သမျှလည်း “ကိလေသပစ္စယာ-ခန္ဓာဝဍ္ဎန္တိ” နှင့် အညီ၊ တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ သံသရာ ရှည်မြဲတိုင်း ရှည်၍ နေရတော့သည်သာတည်း။
ထိုကြောင့် ဉာဏ်ကြီးရှင် ပိဋကတ္တယ ပါရဂူတို့က ကလိမ်စေ့ကို ငြမ်းဆင် သကဲ့သို့၊ သစ္စာလေးပါး၏ သရုပ်အရများကို ဤမျှလောက် များပြား ကျယ်ဝန်းစွာ ခွဲခြမ်း စိတ်ဖြာ၍ နေရသလောဟု မနောမခုသင့်ကြပေ၊
ရာဟု အသူရိန်တို့မှာ သမုဒ္ဒရာဟာ တိမ်ပါသော်လည်း ယုန်သူငယ်တို့မှာ ထောက်တည်ရာ မရ နက်လှသည်သာ၊
သုပဏ္ဏ ဂဠုံငှက်ကြီးတို့မှာ ကောင်းကင်ဟာ ကျဉ်းသလို ထင်ရသော်လည်း နှံစုတ် ငှက်ငယ်တို့မှာ အလွန်ကျယ်လှသည် သာတည်း။
▬▬▬▬▬
ကိုယ်တိုင်သိ
▬▬▬▬▬
သစ္စာသိမှုသည် ဘုရားနှင့် ပစ္စေကဗုဒ္ဓါ တို့မှာ လက်ရှိဘဝ လူ နတ် ဗြဟ္မာ ဆရာမရှိ မိမိအလိုလို သယမ္ဘူဉာဏ်ဖြင့်သာ ဒု-သ-နိ-မ ဆိုတဲ့ သစ္စာလေးပါး မြတ်တရား တို့ကို....
ဒု .... တဏှာမှတပါး တေဘူမက တရားသည် ဒုက္ခသစ္စာတည်း၊ ဒုက္ခသစ္စာသည် ဤ တေဘူမက တရားမျှသာတည်း၊ ဤ တေဘူမက တရားထက် အပိုအလို မရှိ၊ ဤ ဒုက္ခသစ္စာသည် သတ္တဝါတို့ကို နှိပ်စက်ခြင်း ဗာဓနလက္ခဏာ ရှိ၏။ ဤသို့ မိမိ သဘောလက္ခဏာနှင့် တကွ ဟုတ်မှန်စွာ လောကီဉာဏ်ဖြင့် အပြားအားဖြင့် သိ၏၊ မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။
သ ... ထို ဒုက္ခသစ္စာကို ဖြစ်စေတတ်သော တဏှာသည် ရှိ၏၊ ဤ တဏှာသည် သမုဒယသစ္စာတည်း၊ သမုဒယသစ္စာသည် ဤတဏှာမျှသာတည်း၊ ဤတဏှာထက် အပိုအလိုမရှိ၊ ဤ သမုဒယသစ္စာသည် လက်မွန်မဆွ စ၍ဖြစ်ခြင်း ပဘဝလက္ခဏာ ရှိ၏။ ဤသို့ မိမိသဘော လက္ခဏာနှင့်တကွ ဟုတ်မှန်စွာ လောကီဉာဏ်ဖြင့် အပြား အားဖြင့် သိ၏၊ မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။
နိ .... ထို ဒု သ, သစ္စာနှစ်ပါးစုံ သည်လည်း နိဗ္ဗာန်ဟူသော အရပ်သို့ ရောက်၍ အကြွင်း အကျန်မရှိ ချုပ်ငြိမ်း၏။ ထို ဒု သ သစ္စာနှစ်ပါး တို့၏ တဖန် အသစ်မဖြစ်ရာ ဖြစ်သော နိဗ္ဗာန်သည်ရှိ၏၊ ဤနိဗ္ဗာန်သည် နိရောဓသစ္စာတည်း၊ နိရောဓသစ္စာသည် ဤ နိဗ္ဗာန် မျှသာတည်း၊ ဤနိဗ္ဗာန်ထက် အပိုအလိုမရှိ၊ ဤနိရောဓသစ္စာသည် ငြိမ်းအေးခြင်း သန္တိလက္ခဏာ ရှိ၏။ ဤသို့သဘောလက္ခဏာ နှင့်တကွ လောကီဉာဏ်ဖြင့် အပြား အားဖြင့်သိ၏၊ မဂ်ဉာဏ်ဖြင့်ထိုးထွင်း၍ သိ၏။
မ … ထို နိဗ္ဗာန်သို့ ရောက်စေတတ်သော အရိယာမဂ်သည်ရှိ၏၊ ဤအရိယာမဂ်သည် မဂ္ဂသစ္စာပေတည်း၊ ဤမဂ္ဂသစ္စာသည် ဤ အရိယာမဂ်မျှသာတည်း၊ ဤအရိယာမဂ် ထက် အပိုအလိုမရှိ၊ ဤ မဂ္ဂသစ္စာသည် သံသရာဝဋ်မှ ထုတ်ဆောင်ခြင်း နိယျာန-လက္ခဏာ ရှိ၏။ ဤသို့သဘော လက္ခဏာနှင့်တကွ လောကီဉာဏ်ဖြင့် အပြားအားဖြင့် သိ၏၊ မဂ်ဉာဏ်ဖြင့်ထိုးထွင်း၍ သိ၏။
▬▬▬▬▬▬▬
ပရတောဃောသ
▬▬▬▬▬▬▬
ဘုရားပစ္စေကဗုဒ္ဓါ မဟုတ်ကြတဲ့ သာဝကတို့မှာ “ပရတောဃောသ” ဘုရားစသော သူတပါးထံမှ သစ္စာလေးပါးတရားကို တဆင့်ကြားနာရမှသာ သစ္စာသိ၍ အရိယာ သောတာပန် ဖြစ်နိုင်ကြသည်။ အခြား သာဝကတို့ကို ထားဘိဦး၊ ငါတို့ဘုရား လက်ထက် လက်ျာရံ-လက်ဝဲရံ ဖြစ်တော်မူကြတဲ့ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် လောင်းလျာတို့သော်မှ မိမိအလိုလို သစ္စာသိ၍ အရိယာ သောတာပန်များ ဖြစ်မသွား နိုင်ကြပေ။ ရှင်အဿဇိထံမှ ဥပတိဿ၊ ၎င်း ဥပတိဿထံမှ ကောလိတ သစ္စာသိ၍ အရိယာ သောတာပန်များ ဖြစ်နိုင်ကြပေသည်။
▬▬▬▬▬
ပုဂ္ဂိုလ်လေးမျိုး
▬▬▬▬▬
(က) သစ္စာလေးပါးကို အကျဉ်းကြားနာရရုံမျှ မဂ်ဖိုလ်ရသော ဥဂ္ဂါဋိတညူ ပုဂ္ဂိုလ်။
(ခ) အကျယ်ကြားနာရမှ မဂ်ဖိုလ်ရသော ဝိပဉ္စိတညူ ပုဂ္ဂိုလ်။
(ဂ) ကျဉ်းကျယ် ကြားနာရရုံမျှ မဂ်ဖိုလ်မရ၊ ကျင့်ကြံ အားထုတ်မှ မဂ်ဖိုလ်ရသော နေယျ ပုဂ္ဂိုလ်။
(ဃ) လက်ရှိဘဝ, မဂ်ဖိုလ်မရနိုင်တဲ့ ပဒပရမ ပုဂ္ဂိုလ်ဟု ကိလေသာ ထူပါး၊ ဣန္ဒြေနုရင့် သို့လိုက်၍ လေးမျိုးရှိရာ၊ နေယျ ဖြစ်ပါလျှင် ရှေ့သစ္စာနှစ်ပါးကို ဝိပဿနာပွါး၍ မဂ်ဖိုလ်ရအောင် ကြိုးစားပါလေ။ ပဒပရမ မှာ လက်ရှိဘဝ မဂ်ဖိုလ် မရသော်လည်း နောက်-ဒုတိယ တတိယ ဘဝတို့မှာ နေယျဖြစ်လာ၍ လွယ်ကူစွာ သစ္စာသိပြီး အရိယာကြီးများ ဖြစ်စေခြင်းငှါ မဆုတ်မနစ် အားသစ်ရမည်သာ မှတ်ပါ။
အနုပဋိ နှစ်ပါး
ဒုဝိဓဥှိ သစ္စဉာဏံ အနုဗောဓဉာဏဉ္စ ပဋိဝေဓဉာဏဉ္စ၊ တတ္ထ အနုဗောဓ ဉာဏံ လောကိယံ အနုဿဝါဒိဝသေန နိရောဓေမဂ္ဂေစ ပဝတ္တတိ။ ပဋိဝေဓဉာဏံ လောကုတ္တရံ နိရောဓာရမ္မဏံကတွာ ကိစ္စတော စတ္တာရိပိ သစ္စာနိပဋိဝိဇ္ဈတိ။
ဟူသော သမ္မော-ဋ္ဌာနှင့် အညီ။
သစ္စာသိမှုသည်၊ ဝါ၊ သစ္စာကိုသိသော ဉာဏ်သည် အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်ဟု နှစ်မျိုးရှိရာ၊ အနုဗေဓဉာဏ် မှာ လောကီဉာဏ် ပုထုဇဉ်တို့ သိသော မဟာကုသိုလ် ဉာဏသမ္ပယုတ် ပညာဖြစ်၍ သူတပါးထံမှ တဆင့် ကြား၏အစွမ်းဖြင့် သိ၍ နိရောဓ- သစ္စာ မဂ္ဂသစ္စာ၌လည်း အာရုံပြုသောအားဖြင့် ဖြစ်၏။ ပဋိဝေဓဉာဏ် မှာကား လောကုတ္တရာ မဂ်ဉာဏ်လေးပါး၌ ယှဉ်သောပညာ အရိယာတို့သိသော လောကုတ္တရာ ပညာဖြစ်၍ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် အာရုံပြု၍ ထိုမဂ်ခဏ၌ ဒု-ကို ပိုင်းခြား၍ သိခြင်းကိစ္စ၊ သ-ကို ပယ်ခြင်းကိစ္စ၊ နိ-ကို မျက်မှောက်ပြုခြင်းကိစ္စ၊ မ-ကို ပွါးများခြင်းကိစ္စဖြင့် သစ္စာလေးပါး တို့ကို တပြိုင်နက် ထိုးထွင်း၍သိ၏။
ထို့ကြောင့် --
ယော ဘိက္ခဝေ ဒုက္ခံပဿတိ၊ ဒုက္ခ သမုဒယမ္ပိ သော ပဿတိ၊ ဒုက္ခ နိရောဓမ္ပိ ပဿတိ၊ ဒုက္ခနိရောဓ ဂါမိနိပဋိပဒမ္ပိ ပဿတိ။ ဟုဟောတော်မူခဲ့ပေသည်။
ယထာ ပဒီပေါ ဝဋ္ဋိံ ဈာပေတိ အန္ဓကာရံဝိဓမတိ အာလောကံ ပရိဒံ သေတိ သိနေဟံပရိယာဒိယတိ ဧဝမေ၀ မဂ္ဂဉာဏံ အပုဗ္ဗံ အစရိမံ ဧကက္ခဏေန စတ္တာရိသစ္စာနိ အဘိသမေတိ။ ။(ဝိသုဒ္ဓိ-ဋ္ဌာ။)
ဥပမာ - ဆီမီးသည် မီးစာကိုလောင်ခြင်း၊ အမိုက်မှောင်ကို ပယ်ဖျောက်ခြင်း၊ အလင်း ရောင်ကို ပြခြင်း၊ ဆီကို ကုန်စေခြင်း၊ လေးပါးသော ကိစ္စတို့ကို တပြိုင်နက် တချက်ထည်း ပြီးစီးစေသကဲ့သို့၊ ထို့တူပမာ—နိရောဓသစ္စာ နိဗ္ဗာန်ကို မဂ်ဉာဏ်ဖြင့် အာရုံပြုနေတဲ့ခါ၊ သစ္စာလေးပါးတို့ကို တပြိုင်နက် တချက်တည်း ထိုးထွင်း၍သိခြင်း ကိစ္စပြီး၏ ဟူလို။
ဒု-ကို မြင်လျှင် လေးပါးမြင်
ဒုက္ခေ ဒိဋ္ဌေ စတ္တာရိ သစ္စာနိ ဒိဋ္ဌာနိ ဟောန္တီတိ အာမန္ထာ။
(ကထာဝတ္ထု ပါဠိတော်။)
အဓိပ္ပါယ်
ဒုက္ခသစ္စာ တပါးကို သိမြင်အပ်သည် ရှိသော် - သစ္စာလေးပါးလုံးတို့ကို မြင်အပ်ကုန် သလောဟု ပရဝါဒီက မေးအပ်သည်ရှိသော် ဒုက္ခသစ္စာ တပါးကိုမြင်လျှင် သစ္စာ လေးပါးလုံးကို မြင်ပါ၏ဟု သကဝါဒီက ဖြေသည်။
ဒု-ကိုမြင်လျှင် လေးပါးလုံး မြင်ပုံမှာ ဒုက္ခသစ္စာသည် အကျိုးသစ္စာဖြစ်၍ အကျိုးသစ္စာ သည်လည်း အကြောင်းသစ္စာနှင့် ကင်း၍ မဖြစ်သောကြောင့် အကြောင်းသစ္စာ ဖြစ်သော သမုဒယသစ္စာကိုလည်း မြင်၏။ တဖန် ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ အကျိုးဖြစ်သော နိရောဓသစ္စာကို မြင်လျှင်လည်း ၎င်း၏ အကြောင်း ဖြစ်သော မဂ္ဂသစ္စာကိုလည်းမြင်၏။ ထို့ကြောင့် ဒု-ကိုမြင်လျှင် လေးပါးလုံး မြင်သည် ဟုဖြေသည်၊ ဒု-ကား အကျိုးသစ္စာ၊ သ-ကား အကြောင်းသစ္စာ၊ နိ-ကား အကျိုးသစ္စာ၊ မ-ကား အကြောင်းသစ္စာတည်း။
ဆောင်ပုဒ်
ဒု-ကိုမြင်လျှင်၊ လေးပါးမြင်၊ ကုန်စင်သိမြင်တော့တာ။
ဓမ္မာဘိသမယော အဟောသိ
သက်တော်ထင်ရှား ဘုရားလက်ထက် တော်က “ဒေသနာ ပရိယောသာနေ ဂါထာပရိယောသာနေ ဓမ္မာဘိ သမယော အဟောသိ”ဟု ထိုထိုပါဠိတော်တို့၌လာရှိရာ၊ အဆိုပါ ဓမ္မာဘိ သမယော အဟောသိ ဆိုတဲ့ ပါဠိတော်၏ အနက်သွားကို ရှေး နိသျ ဆရာကြီးများ အနက် မြန်မာပြန်ဆိုထားသည်မှာ - ဓမ္မာဘိသမယော၊ အကျွတ်တရား ကို ရကြသည်။ ဝါ၊ သစ္စာလေးပါး တရားကိုသိကြသည်။ ဝါ၊ သောတာပန် စသော အရိယာများ ဖြစ်သွားကြသည်ဟု ပြန်ဆိုထားရာ၊ ကဆင့်ထက် တဆင့်၊ တနက်ထက် တနက်၊ အနက်တခုကို အနက်တခုက၊ ဝါ၊ ရှေ့အနက်ကို နောက်အနက်က ဖွင့်ပြ သွားသောအနေဖြင့် ပြန်ဆိုထားကြသည်မှာ စာဘတ် ပရိသတ်တို့အား နားရှင်း၍ အသိဉာဏ် လင်းလင်း သွားသောကြောင့် လွန်စွာ့လွန်စွာ သင့်မြတ်လှပေသည်။
သစ္စာလေးပါးတရားကို ကြားနာ၍ သစ္စာသိတဲ့ခါ “ဒု-သိ-ဒိ-ပယ်၊ သ-သိ-ဝိ-ပယ်၊ နိ-မ-သိ-သီ” ကိုပယ်၍ ဝါ၊ တတိယသစ္စာခေါ်သော နိရောဓသစ္စာနိဗ္ဗာန်ကို အာရုံပြု သောအားဖြင့် မျက်မှောက် မြင်သွားတဲ့ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လက်ကိုင် ရှိသွားကြ၍ သောတာပန် စသော အရိယာများ ဖြစ်သွားကြသည်ဟု ဆိုလိုပေသည်။
ထို့ကြောင့်ပင် ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က သာဝတ္တိမြို့ကြီးမှာ အိမ်ခြေ ၅-သန်း ၇-သိန်း၊ လူဦးရေ သန်းပေါင်း-၇၀ ရှိရာ၊ သန်းပေါင်း ၅ဝ-မှာ သောတာပန် သကဒါဂါမ်၊ အနာဂါမ် လူအရိယာ၊ ကျန် သန်း ၂၀-အနက်၊ ၁၀-သန်းက သရဏဂုဏ် တည်သူ ပုထုဇဉ်မှာ သန်း ၁၀-မျှသာရှိသည်ဟု ဆိုသည်။ သင်တို့ မြို့ရွာထဲမှာ အရိယာ ဖြစ်သွားကြတဲ့သူဘွေ ဘယ်နှစ်ယောက် ရှိတယ်ဆိုတာ စစ်စစ် ပေါက်ပေါက် စာရင်း ကောက် ကြည့်လိုက်လျှင် တယောက်မှ မရဘဲများ ဖြစ်နေကြမလားဟရို့ --။
သစ္စာဟောတာ ဓမ္မတာ
တဖန် “စတုသစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ” နှင့်အညီ၊ သုံးလူ့ထိပ်တင် ဘုရားရှင်ကြီး သည် လူ နတ်တို့အား တရားဟောတော်မူတဲ့ခါ၊ ဘယ်ဝတ္ထုကြောင်း ဘယ်တရားဘဲ ဟောဟော အဆုံးအဆုံးမှာ သစ္စာလေးပါး တရားကိုပြ၍ အဆုံးသတ်သည်မှာ ဓမ္မတာ ပင်ဖြစ်လေသည်။ သစ္စာလေးပါး အဆုံးမှာ - သစ္စာသိ၍ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကင်းသွား သူတို့မှာ သောတာပန်၊ လောဘ ဒေါသ မောဟ ကိလေသာများ ခေါင်းပါး နဲပါး သွားကြသောသူမှာ - သကဒါဂါမ်၊ ကာမရာဂနှင့် ပဋိဃ ကင်းသွားကြသောသူတို့မှာ - အနာဂါမ်၊ အလုံးစုံ အာသဝေါ ကုန်သွားကြသော သူတို့မှာ-ရဟန္တာပင်ဖြစ်သွားနိုင်ကြ ပေသည်။
ထို့ကြောင့်ပင် -
သတ္ထာ ဣမံဓမ္မဒေသနံ အာဟရိတွာ သစ္စာနိပကာသေတွာ သစ္စပရိယောသာနေ ဧကစ္စေသောတာပတ္တိဖလေသု ဧကစ္စေ သကဒါဂါမိ ဖလေသု ဧကစ္စေ အနာဂါမိဖလေသု ဧကစ္စေအရဟတ္တဖလေသု ပတိဋ္ဌဟိံ သူတိ။
ဟု ထိုထိုဇာတ်နိပါတ်ဝတ္ထု တို့၌လာရှိသည်။
သတ္ထာ၊ မြတ်စွာဘုရားသည်။
ဣမံဓမ္မဒေသနံ၊ ဤ တရားဒေသနာတော်ကို။
အာဟရိတွာ၊ ဆောင်၍။
သစ္စာနိ၊ သစ္စာလေးပါးတို့ကို။
ပကာသေတွာ၊ ပြ၍။
သစ္စပရိယောသာနေ၊ သစ္စာလေးပါးတရားကို ဟောပြီးသောအဆုံး၌။
ဧကစ္စေ၊ အချို့သော သူတို့သည်။
သောတာပတ္တိဖလေသု၊ သောတာပတ္တိ ဖိုလ်တို့၌။
ဧကစ္စေသကဒါဂါမိ ဖလေသု၊ အချို့သောသူတို့သည် သကဒါဂါမိ ဖိုလ်တို့၌။
ဧကစ္စေအနာဂါမိဖလေသု၊ အချို့သောသူတို့သည် အနာဂါမိ ဖိုလ်တို့၌။
ဧကစ္စေအရဟတ္တဖလေသု၊ အချို့သောသူတို့သည် အရဟတ္တဖိုလ်တို့၌။
ပတိဋ္ဌဟိံသု၊ တည်ကြကုန်၏။
မှတ်ချက်။ ။ ဤ၌လည်း ကိလေသာထူပါး ဣန္ဒြေ နုရင့် ကိုလိုက်၍ သစ္စာသိ အရိယာ ဖြစ်ကြသည် မှတ်ရမည်။
ဉာဏ်နှင့်ခြုံ၍ အကုန်လုံးသိပါ
အဆိုပါ အမှန်လေးပါးခေါ်တဲ့ သစ္စာလေးပါးဆိုတာ - အခြားမဟုတ်ပါ။ ပရမတ်နယ် ကနေ၍ ပရမတ်မျက်စိနှင့်ကြည့်ပြီး ပရမတ်ပြော ပြောရပါလျှင်၊ “စိတ်-စေ-ရုပ်-နိ” ဆိုတဲ့ ပရမတ္ထတရား လေးပါးပင်ဖြစ်ပါသည်။ ထိုတွင် လောကီစိတ်-၈၁၊ လောဘ ကြဉ်သော စေတသိက် - ၅၁၊ ရုပ် ၂၈ ခုကို ဒုက္ခသစ္စာဆိုသည်၊ လောဘစေတသိက်ကို သမုဒယသစ္စာ ဆိုသည်။
နိဗ္ဗာန်ကို နိရောဓသစ္စာဆိုသည်၊ ယှဉ်ဘက်ဖြစ်သော စေတသိက် ၃၆-ခုနှင့် မဂ်စိတ်လေးခု ဖိုလ်စိတ်လေးခုကို မဂ္ဂသစ္စာဆိုသည်ဟု သိလေ။ တဖန် - အဆိုပါ လောကီစိတ်-၈၁၊ စေတသိက်-၅၁၊ ရုပ် ၂၈-ကို လောကီတရား ဆိုသည်။ ကျန် မဂ်စိတ်လေးခု၊ ဖိုလ်စိတ်လေးခု၊ နိဗ္ဗာန် ပေါင်း ကိုးပါးကို လောကုတ္တရာ တရား ကိုးပါး ဆိုသည်။ ဝိပဿနာ၏ အာရုံမဟုတ်တဲ့ တရား ပဋိစ္စသမုပ္ပါဒ်မှ လွတ်သောတရားဟု သိလေ။
တဖန်-ပညတ်နယ်ကနေ၍ ပညတ်မျက်စိနှင့် ကြည့်ပြီး ပညတ်ပြော များပါလျှင်၊ အဆိုပါ “စိတ်-စေ-ရုပ်-နိ” တို့တွင် နိ-ကို ချန်၍ “စိတ်-စေ-ရုပ်” ဆိုတဲ့ ရှေ့ပရမတ် သုံးပါးကိုဘဲ၊ ဝါ၊ ဒု-သ သစ္စာနှစ်ပါးကိုဘဲ ဖြစ်သင့်သလို အကျယ်ဖြန့်၍ ဝေဘန် ပါလျှင်၊ ၃၁-ဘုံလည်းဖြစ်၏၊ စကြာဝဠာ အနန္တလည်းဖြစ်၏။ ဘုံနေသတ္တဝါဟူ၍ လူဟူ၍ နတ်ဟူ၍ ဗြဟ္မာ ဟူ၍၊ ဆင် မြင်း ကျွဲ နွား ခွေး ဝက် ကြက် ပိုး ရွ ခြ သန်း ကြမ်းပိုး ဟူ၍ ပြောဆိုကြရသည်ဟု သိလေ။
အမှန်မှာ-စိတ် စေ ရုပ် သုံးပါး၊ ဒု-သ, သစ္စာ နှစ်ပါးသာဖြစ်လေသည်။ အဆိုပါ စိတ် စေ ရုပ် သုံးပါး၊ ဒု-သ သစ္စာနှစ်ပါး ကို နှုတ်ပယ်၍ထားပါလျှင်၊ လောကမှာ လူနတ် ဗြဟ္မာ စသည် ဘာတခုမျှ မရှိတော့ပြီ။ ထို့ကြောင့် စိတ်-စေ-ရုပ် ဒု-သ, သစ္စာနှစ်ပါးတို့ကိုသာ သမ္မုတိပညတ် လောကဝေါဟာရအားဖြင့် လူ နတ် ဗြဟ္မာ စသည်ခေါ်ဆိုရသည်။ လူ နတ် စသည်ကား အဟုတ်မရှိ၊ စိတ်-စေ-ရုပ် သုံးပါး၊ ဒု-သ သစ္စာနှစ်ပါးသာ အဟုတ် ရှိဟု သိလေ။
ထို့ကြောင့် - လူ နတ် ဆိုတာလဲ ဒု-သ သစ္စာဘဲ၊ ဒု-သ, သစ္စာ ဆိုတာလဲ လူနတ်ဘဲ၊ ပညတ် ပရမတ်သာကွဲ၊ အရမှာ အတူတူဘဲ၊ ဒု-သ သစ္စာဆိုတာလဲ ခန္ဓာ အာယတန ဓာတ်ဘဲ၊ ခန္ဓာ အာယတနဓာတ် ဆိုတာလဲ ဒု-သ သစ္စာဘဲ၊ ပညတ်မျှသာကွဲ၊ ဒု-သ, သစ္စာဆိုတာလဲ အနိစ္စ ဒုက္ခ အနတ္တဘဲ၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာလဲ ဒု-သ, သစ္စာဘဲ။ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာလဲ ခန္ဓာ အာယတန ဓာတ်ဘဲ။ ခန္ဓာ အာယတန ဓာတ် ဆိုတာလဲ အနိစ္စ ဒုက္ခ အနတ္တဘဲ ပညတ်မျှသာကွဲ။
ခန္ဓာ အာယတန ဓာတ် ကား-ခန္ဓာပညတ်၊ အနိစ္စ ဒုက္ခ အနတ္တကား - တဇ္ဇာပညတ် အထူးတည်း။ ခန္ဓာပညတ်ကား - ပရမတ် အားဖြင့် ထင်ရှား ရှိ၏။ တဇ္ဇာပညတ်ကား ပရမတ်အားဖြင့် ထင်ရှားမရှိချေ။ သို့ မရှိသော်လည်း ထင်ရှားရှိသော ပရမတ်နှင့် ကင်း၍ မဖြစ်ချေ၊ ထင်ရှားရှိသော ခန္ဓာ စသော ပရမတ်ကိုစွဲ၍ အကြောင်းပြု၍သာ အနိစ္စ ဒုက္ခ အနတ္တဟု ပညတ်ရသည်။
ထို့ကြောင့် - လေးကျွန်းတမြင့်မိုရ် တခုသောစကြဝဠာ၊ လေးကျွန်း တမြင့်မိုရ် တခုသော စကြဝဠာ စသည်ဖြင့် စကြဝဠာအနန္တ ရှိကြရာ၊ အနန္တစကြဝဠာလုံး ရှိရှိသမျှသော ဘုံနေသတ္တဝါအနန္တတို့ကို ပညတ်အားဖြင့်သာ ပုဂ္ဂိုလ်သတ္တဝါဟု ခေါ်ဆို ပညတ်ရသည်၊ အဟုတ်မရှိ တကယ်မရှိ မုချမရှိ ကိုးမရှိ ဆယ်မရှိ လုံးဝမရှိမှတ်။ ပုဂ္ဂိုလ်လို့ သတ္တဝါလို့ ပညတ်ရုံ သတ္တဝါလို့ ခေါ်ရရုံ၊ သမုတ်ရရုံမျှသာရှိတဲ့ အရှိဟု သိလေ, မှတ်လေ။
ပညတ်အားဖြင့် ခေါ်ဆို သမုတ်ထားတဲ့အတိုင်း တကယ်လို့ အဟုတ်ရှိ အမှန်ရှိ မုချရှိဟု နှလုံးသက်ဝင်၍ ယုံကြည်စွာ မှတ်ထင် ယူဆနေပါလျှင် ပညတ်မြင် ပညတ်သိ မိစ္ဆာဒိဋ္ဌိ အမှားသိဟုမှတ်လေ၊ တကယ်မမှား အပါယ်ကို သွားရမဲ့အယူမှား ဟုသိလေ။ ထိုသို့ မဟုတ် စကြာဝဠာရှိ ဘုံနေသတ္တဝါဆိုတာဟာ အဆိုသာရှိ သမုတ်သာရှိ ပညတ်သာ ရှိသည်၊ နဂိုရှိ အဟုတ်ရှိ ပရမတ်ရှိ အားဖြင့်တော့ စိတ်-စေ-ရုပ် ဆိုတဲ့ ပရမတ်သုံးပါး၊ ဒု-သ ဆိုတဲ့ သစ္စာ နှစ်ပါး၊ ရုပ်နာမ်ဆိုတဲ့ခန္ဓာ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါး သာရှိ၏ဟု သိလေ။
ရှိ-ဆိုသော်လည်း မျက်စိတမှိတ် လျှပ်တပြက် လက်ဖျစ် တတွက်မှန့်မျှ ခိုင်မြဲ တည်တန့် အရှည်ခန့်နိုင်ကြတဲ့ အရှိမျိုးမဟုတ်၊ သံသရာ တခွင် ခန္ဓာအစဉ်ကပင် ပရိနိဗ္ဗာန် ဝင်စံသည်တိုင်အောင် တသံသရာလုံး ဖြစ်အစဉ် ပျက်အစဉ်နှင့် လာခဲ့ ကြသော ဖြစ်သဘော, ပျက်သဘော၊ ဖြစ်တရား ပျက်တရား၊ ဖြစ်သမား, ပျက်သမား၊ ဖြစ်ပျက် မနားကြတဲ့ တရား အနေအားဖြင့်သာ၊ ဝါ၊ ဥပါဒ်-ဌီ-ဘင် မျှသာ၊ ဝါ၊ဖြစ်ရင် ပျက်မျှ သာရှိတဲ့ အရှိမျိုးဟု သိလေ မှတ်လေ။
အမှန်မှာ - “ပုဂ္ဂလ သတ္တ အတ္တ ဇီဝ” တို့မှ ဆိတ်သုဉ်းနေတဲ့ သုညတလုံးသာရှိ၍ သုညတ - တရားအထိ သိရှိကြပါလေ။ ဤလိုဤပုံ လူ နတ် ဗြဟ္မာ သတ္တဝါဟူသော ပညတ်ကွယ်ပျောက် စိတ် စေ ရုပ် ဟူသော ပရမတ်ပေါက်၊ အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာ ဆိုက်၊ ဒု-သ ဟူသော သစ္စာကိုက်အောင် ယထာဘူတဉာဏ်ဖြင့် အမှန်သို့ အမှန်မြင်ပါလျှင် ပရမတ်မြင် ပရမတ်သို့ သမ္မာဒိဋ္ဌိ အမှန်သိ သမ္မာဒိဋ္ဌိ အစစ်ကြီးဖြစ်ပြီဟူ၍ သိလေ။ တကယ်မမှား လူ နတ် သုဂတိသို့သွားရ လားရမဲ့ အသိမှန် အမြင်မှန်ဟု သိလေ မှတ်လေ။
ဤအဆိုပါ စိတ် စေ ရုပ် ဟူသော ဒု-သ ဟူသော ရုပ် နာမ် ခန္ဓာ သည်ကား၊ ယခု သူ ငါတို့၊ ဝါ၊လူအများတို့ မွေးသည်ကစ, သေနေ့ကြအောင် မဖြစ်မပျက်ဘဲ သေမှ သေ အမြဲတည်နေကြသည်ဟု မှတ်ထင်ယူဆနေကြဘိသကဲ့သို့ လုံးဝ မဟုတ်ချေ။ အမှန်မှာ ပြုအပ်သော ကံအားလျော်စွာ တခုသော ဘဝပဋိသန္ဓေစိတ်၏ ဥပါဒ်မှ နိဗ္ဗာန်ရတဲ့ဘဝ ပရိနိဗ္ဗာနစုတိ ဘင်္ဂက္ခဏ တိုင်အောင် “အဝိစိမနုသဗ္ဗန္ဓော နဒီသော တောဝပဝတ္တတိ” ကျမ်းဂန်တို့၌ လာသည်နှင့်အညီ၊ အမွန်ဖြစ်ရာမှအစ သမုဒ္ဒရာကျအောင် နေ့ ညဉ့် မစဲ တသွင်သွင်စီးဆင်းနေတဲ့ မြစ်ချောင်းကြီးနှင့် သူတို့ရဲ့ ခန္ဓာကိုယ်ကြီးဟာ တထပ်ထည်း တူနေသည်ဟူ၍ မှတ်လေ။
မြစ်ချောင်းအတွင်းမှာ စီးဆင်းနေတဲ့ မြစ်ရေတွေနှင့် သူတို့ရဲ့ ခန္ဓာကိုယ်ကြီးထဲမှာ ရှိနေတဲ့၊ ဝါ၊ ဖြစ်ပျက်နေကြတဲ့ ရုပ်နာမ်တွေနှင့် တထပ်ထည်း တူသည်။ ရိပ်ကနဲ ရိပ်ကနဲ အောက်သို့ စီးဆင်းသွားနေတဲ့ ရေတွေနှင့်၊ ဖြုတ်ကနဲ ဖြုတ်ကနဲ ချုပ်ပျောက် ချုပ်ပျောက်သွားနေကြ ရုပ်နာမ်တွေနှင့် တထပ်ထည်း တူသည်။
အောက်သို့စီးဆင်းသွားတဲ့ ရေအစား, အထက်က အသစ် အသစ် စီးဆင်း လာတဲ့ ရေတွေနှင့် ရုပ်ဟောင်း နာမ်ဟောင်းတွေ ချုပ်ပျောက် ချုပ်ပျောက် သွားတဲ့အစား, ရုပ်သစ်, နာမ်သစ်တွေ အသစ် အသစ် ဖြစ်ပေါ်သည်နှင့် တထပ်ထည်းတူသည်။ မြစ်ချောင်းရှိ ရေတွေဟာ အောက်ရေနှင့်အထက်ရေ အစဉ်မပြတ် စီးဆင်းနေသည်နှင့်၊ ခန္ဓာတွင်းရှိ ရုပ်နာမ်တွေဟာ အစဉ်မပြတ် ဖြစ်ပျက်နေသည်နှင့် တူသည်။
မြစ်ချောင်း တွင်းရှိ ရေတွေဟာ မျက်တောင် တခပ်စာမျှ မနားမရပ် အမြဲ စီးဆင်းနေသည်နှင့် သူတို့ ကိုယ်တွင်းရှိ ရုပ်နာမ် တွေဟာ ပဋိသန္ဓေမှ စုတိကြအောင် မျက်တောင် တခပ်စာ မနားမရပ်ကြဘဲ အမြဲတစေ ဖြစ်ပျက် ဖြစ်ချုပ် ဖြစ်နေကြ သည်နှင့် တထပ်ထည်း တူနေကြသည်ဟု သိလေ မှတ်လေ။ ဤလိုသိ၍ ဤလို မြင်လျှင် အနတ္တဉာဏ်အမြင် ဖြစ်၍ အတ္တစင်သောကြောင့် အပါယ်လွတ် တရားရ သောတာပန် စသော အရိယာပင် ဖြစ်နိုင်ပေသည်။
ဤမြစ်ချောင်း ဥပမာ၌ --
မြစ်ချောင်းနှင့် မိမိခန္ဓာကိုယ်ကြီး၊ မြစ်ချောင်းတွင်းရှိ ရေတွေနှင့်၊ ခန္ဓာကိုယ်တွင်းရှိ ရုပ်နာမ်တွေကို တထပ်ထဲ တူနေတယ်လို့ ထင်အောင်မြင်အောင် ကြည့်ရှုကြလေ။
ဆီမီး ဥပမာ၌လည်း --
ရှေ့ဆီမီးနှင့် နောက်ဆီမီး အစဉ်မပြတ် စပ်၍ ဖြစ်နေသည်နှင့် ရုပ်ဟောင်း နာမ်ဟောင်း အစဉ်မပြတ် ဆက်စပ်လျက် ဖြစ်ပျက်နေသည်ကို သိရှိကြပါလေ။
အမှာ
ဤဥပမာကား - သတ္တဝါတို့ ဉာဏ် နားနှင့် သင့်တန်ရုံပြသော ဥပမာတည်း။ ရုပ်နာမ်ကား - အဆတရာ မက သာ၍ လျင်မြန်သည်ဟု သိလေ။
ဤလိုဤပုံ သေနေ့မဦးခင် အသိမှန် အမြင်မှန် ဝိပဿနာဉာဏ်ကို လက်ကိုင်ရရှိတဲ့ နေ့က ဦးသွားကြပါလျှင်၊ ရုပ် နာမ် မသိတဲ့ အန္ဓကလွတ် ရုပ်နာမ်သိတဲ့ ကလျာဏဖြစ်၊ ဖြစ်ဆဲ ရုပ် နာမ် ပစ္စုပ္ပန်ကို ဧကန်မြင်သိ၊ ပညာရှိက လက်ရှိဘ၀ အပါယ်မကျနိုင်တဲ့ စူဠသောတာပန် ဖြစ်ရုံမျှမက တသံသရာလုံးက ဖြစ်အစဉ် - ပျက်အစဉ်နှင့် လာခဲ့ ကြသော ဖြစ်ပျက်မနား ကြတဲ့ ရုပ်နာမ်နှစ်ပါး, ခန္ဓာငါးပါး တရားတို့ကိုပင်၊ ဝါ၊ အချုပ်အားဖြင့် ဒု--သ ဆိုတဲ့ သစ္စာနှစ်ပါးတို့ကိုပင်၊ ငါ့ကိုယ် အတ္တဟု တသက်လုံး အယူမှားလာခဲ့ကြသော အတ္တဒိဋ္ဌိ အယူမှားကြီးကို တကယ် တားဆီးလိုက်နိုင်တဲ့ ဒိဋ္ဌိ ပဋိသေဓ တရားကို လက်ကိုင်ရရှိကြပြီးဖြစ်၍ အပါယ်ငရဲကို တကယ်ဆွဲဆွဲ ချတတ်တဲ့ အတ္တဒိဋ္ဌိ အယူမှားကြီးကို ချုပ်ငြိမ်း၍ အပါယ်ဇာတ်သိမ်းသဖြင့် အပါယ်လွတ်တရားရ သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ကြ သည်ဟု သိလေ မှတ်လေ။
ဤကား - သစ္စာနှင့် ခန္ဓာ၊ ခန္ဓာနှင့် သစ္စာ၊ သစ္စာနှင့် အာယတန၊ အာယတနနှင့် သစ္စာ၊ သစ္စာနှင့်ဓာတ်၊ ဓာတ်နှင့်သစ္စာ၊ “သစ်-အာ ဓာတ်နှင့် အနိစ္စ ဒုက္ခ အနတ္တ အသုဘ၊ အနိစ္စ ဒုက္ခ အနတ္တ အသုဘနှင့် သစ် အာ ဓာတ်” တို့ဟာ တမျိုး တခြားစီလိုလို၊ ဒွိဟမကင်း ဒွေးဝမ်းမကွဲဘဲ ဖြစ်နေကြမည်ကို စိုးရိမ်၍ တနည်းတခမ်းလွှဲပြီး ခန္ဓာ အာယတနဓာတ်တွေ သဘောတူ ဒုက္ခ သစ္စာတွေဟူ၍ ဆီးဝမ်း ကွဲသွားအောင် ရေးပြခြင်းပေတည်း။
လိုရင်းအချုပ်
အပြားမရှိသောကြောင့် နိဗ္ဗာန်ကို ခန္ဓာမှ အလွတ်ထား၊ ထို့အတူ - ဓမ္မာယတန ဓမ္မဓာတ်ထိုက်သော နိဗ္ဗာန်ကို အလွတ်ထား၊ အဆိုပါ နိဗ္ဗာန်ကို ချွင်းချန်၍ တဏှာမှ တပါးသော ခန္ဓာ အာယတနဓာတ် အလုံးစုံတို့ကို ဒုက္ခသစ္စာလို့ သိပါ, မြင်ပါ၊ တဏှာကို သမုဒယသစ္စာလို့ သိပါ, မြင်ပါ၊ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် အဆိုပါ ဒု-သ, သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်ကို - နိရောဓသစ္စာလို့ သိပါ, မြင်ပါ။ ဒု-ကို ပိုင်းခြား၍ သိတတ်သော မဂ္ဂင်ရှစ်ပါး၊ သ-ကို ပယ်တတ်သော မဂ္ဂင်ရှစ်ပါး၊ နိ-ကို အာရုံပြုတတ်သော၊ ဝါ၊ မျက်မှောက်ပြုတတ်သော၊ ဝါ၊ မျက်မှောက် မြင်သိတတ် သော၊ ဝါ၊ မျက်မှောက်မြင်သိနိုင်သော စွမ်းရည်သတ္တိ ကျပ်ပြည့် ရှိသော, မဂ်စိတ် လေးခု၌ရှိသော သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါး ကျင့်မြတ် တရားကို မဂ္ဂသစ္စာလို့ သိပါ မြင်ပါ၊ ဤပုံဤနည်းသိလျှင် မြင်လျှင်လည်း သိသင့် သိထိုက်သော ဒု-သ-နိ-မ ဆိုတဲ့ သစ္စာလေးပါးတို့ကို ရှေ့အဘို့၌ အနုဗောဓ လောကီဉာဏ်ဖြင့် ပိုင်းခြားဝေဘန် အမှန်ကို သိမြင်၍ နောက်အဘို့၌ ပဋိဝေဓ လောကုတ္တရာမဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ သိသည်ဖြစ်၍ --
ဧဝံပုဗ္ဗဘာဂေ စတ္တာရိစ သစ္စာနိ ဝဝတ္ထပေတွာ ပဋိပါဋိယာ အရိယဘူမိံ ဩက္ကမတိ။
ဟု အင်-ဋ္ဌာ-ဧကနိပါတ် လာရှိသည်နှင့်အညီ။
ဝိပဿနာဉာဏ် သစ္စာဉာဏ် အစဉ်အားဖြင့် ပယ်သင့် ပယ်ထိုက်သော ဒိ-ဝိ-သီ ကိလေသာတို့ကို ပယ်သတ်၍ အပါယ်သို့ လားစေတတ်သော ဒိဋ္ဌိ ဝိစိကိစ္ဆာတည်း ဟူသော အညစ်အကြေးမှ ကင်းသည်ဖြစ်၍ အပါယ်လွတ် တရားရ သောတာပန် စသော အရိယာအဖြစ်သို့ ရောက်တော့သည် ဟူလို။
သစ္စာသိမြင် နိဗ္ဗာန်မြင်၊
နိဗ္ဗာန်မြင်မှ မဂ်ဖိုလ်ရ၊
မုချ မြဲမှတ်သား။
သိအောင် မြင်အောင်သာ အားထုတ် မဂ်ဖိုလ်နိဗ္ဗာန် ရမဲ့အလုပ် တကယ် ဟုတ်တဲ့ သူတော်ကောင်းတို့ အလုပ်ဟု သိလေ မှတ်လေ။
အပိုင်း ( ၃ )
လေးပါးသော အခြင်းအရာ
ဉာဏ်မထက် မနုံ့၊ အလယ်အလတ်ဖြစ်သော နေယျတို့မှာ --
သ၀န သမ္မသန ပဋိဝေဓ ပစ္စဝေက္ခဏ ဝသေန စတူဟိ အာကာရေဟိ ဥပ္ပန္နံဉာဏံ ဟောတိ။
ဆိုတဲ့ မဂ္ဂသံဋ္ဌာနှင့်အညီ။
သစ္စာနှင့်စပ်တဲ့ အမြတ်တရားကို ဘုရားထံမှာဖြစ်စေ၊ အခြား သာဝက ထံမှာဖြစ်စေ ကြားနာရတဲ့ခါ၊ ကြားနာ၍သိ၊ သုံးသပ်၍သိ၊ ထိုးထွင်း၍သိ။ တဖန် ဆင်ခြင်၍သိ သည်၏အစွမ်းအားဖြင့် “နာ-သုံး-ထိုးထွင်းဆင်ခြင်ခြင်း” ဟူသော လေးပါးသော အခြင်းအရာတို့ဖြင့် သစ္စာကိုသိသောဉာဏ်သည် ဖြစ်၏ဟု ပြဆိုထားရာ၊ ဒု-သ-နိ-မ ဆိုတဲ့ သစ္စာလေးပါးတို့တွင် တဏှာမှ တပါးသော လောကီခန္ဓာငါးပါးသည် ဒုက္ခသစ္စာ ဖြစ်သည်၊ တဏှာသည် သမုဒယသစ္စာ ဖြစ်သည်၊ ထို ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန်အသစ် မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ ဖြစ်သည်၊ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော မဂ္ဂင် ရှစ်ပါးသည် မဂ္ဂသစ္စာ ဖြစ်သည်ဟု ဤလို သစ္စာလေးပါး တရားကို ကြားနာရရုံမျှနှင့်ပင် သစ္စာကိုသိသောဉာဏ်သည် ဖြစ်သည်၊
ထိုသို့မဟုတ် တကြိမ်တခါ ကြားနာရုံမျှနှင့် သစ္စာကို ထိုးထွင်း၍မသိသေး၊ ကြားနာ ရပြီးတဲ့ သစ္စာတရားကို ထပ်ကာထပ်ကာ ကြိမ်ဘန်များစွာ သုံးသပ်ဆင်ခြင်မှ ဝါ၊ ယခုလို သစ္စာလေးပါး မြတ်တရားကို မသွယ်မဝိုက် တိုက်ရိုက်တဲ့ထိုး ကျဉ်းကျဉ်းနှင့် ရှင်းရှင်း ပွင့်ပွင့်လင်းလင်း တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ, သံသရာရှည်၍ နေကြရသည်၊ တဏှာကား - သမုဒယသစ္စာ၊ ခန္ဓာကား ဒုက္ခသစ္စာ၊ အကြောင်းနှင့် အကျိုးဘဲ၊ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာခန္ဓာ အသစ်မဖြစ်တော့ဘဲ အမြဲငြိမ်းအေးတဲ့ အသင်္ခတဓာတ်နိဗ္ဗာန်သို့ ဆိုက်ရောက်တော့သည်။ တဏှာပယ်တဲ့ မဂ်အကျင့်ကား - မဂ္ဂသစ္စာ၊ အသင်္ခတ ဓာတ်ကား - နိရောဓသစ္စာ ဟု အလင်းဖွင့်၍ ဖေါ်ပြရေးသားထားတဲ့ စာအုပ် စာတမ်းမျိုးကို အမြဲတမ်းလက်ကိုင်ထား၍ မိမိ ကိုယ်တိုင် ခဏခဏဘတ်ခြင်း၊ သူတပါးကို ဘတ်စေ၍ မိမိက နားထောင်ခြင်း၊ စာအုပ်စာတမ်း၌ပါသော အမှာအထား အချက်အလက်တို့ကို လေးလေးနက်နက် ဉာဏ်ဖြင့်သက်ဝင်၍ အကြိမ်ကြိမ် အဖန်ဖန် သုံးသပ်ဆင်ခြင်ခြင်း၊ မိမိဉာဏ်မမှီသော အနက် အဓိပ္ပါယ်တို့ကို သူတပါးတို့သို့ မေးမြန်းစုံစမ်းခြင်း၊ သူတပါးတို့နှင့် ခဏခဏ ဆွေးနွေးတိုင်ပင်ခြင်း စသည်ကို ပြုလုပ်သည်ရှိသော်၊ ရှေးဦးစွာ အနုဗောဓဉာဏ်ဖြင့် သစ္စာကိုသိ၏၊ နောက်ကာလ ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။
သို့ရာတွင် ဤသမ္မသနဉာဏ်မှာ ဒု-သ သစ္စာနှစ်ပါးတို့၌သာ ရအပ်ပေသည်၊ နိ-မ သစ္စာနှစ်ပါးတို့၌ မရအပ်ပေ။ အဘယ်ကြောင့်ဆိုသော် နိ-မ သစ္စာတို့၌ သုံးသပ်သော ဉာဏ်၏ မဖြစ်သင့်သောကြောင့် သဝန ပဋိဝေဓ ပစ္စဝေက္ခဏာ ဤသုံးပါးတို့ကိုသာ ရသင့်သောကြောင့်ပေတည်း။
သို့ ရသင့်သော်လည်း ပစ္စဝေက္ခဏာဉာဏ်မှာ ရောက်အပ်ပြီးသော သစ္စာရှိသော အရိယာပုဂ္ဂိုလ်တို့အားသာလျှင် ဖြစ်သောဉာဏ်ဖြစ်၍ သဝနနှင့် ပဋိဝေဓ ကိုသာ မုချရအပ်ပေသည်။ ထိုတွင်-သဝန သမ္မသန ပစ္စဝေက္ခဏ ကား-လောကီဉာဏ်၊ ပဋိဝေဓ ကား-လောကုတ္တရာဉာဏ်တည်း။
ဆောင်ပုဒ်
နာ သုံး ထိုးထွင်း၊ ဆင်ခြင်ခြင်း၊ လေးသင်းသစ္စာသိ။
ဒဿနဘူမိ - ဘာဝနာဘူမိ
ပဋ္ဌမ မဂ္ဂပညာ ဒဿနဘူမိ၊ အဝသေသ မဂ္ဂတ္တယပညာ ဘာဝနာဘူမိ။
(ဝိသုဒ္ဓိမဂ္ဂ–ဋ္ဌာ၌။)
ပဋ္ဌမ မဂ္ဂပညာ
သောတာပတ္တိမဂ်ပညာသည်၊ ဒဿနဘူမိ-သစ္စာကို သိ၊ နိဗ္ဗာန်ကို သိမြင်သောအရာ မည်၏၊ အဝသေသမဂ္ဂတ္တယပညာ - သောတာပတ္တိမဂ်မှ ကြွင်းသော အထက်မဂ်သုံးပါး အပေါင်းဖြစ်သော ပညာသည်၊ ဘာဝနာဘူမိ - ဝိပဿနာဘာဝနာကို နာနာပွါးများ အားထုတ်ရသော အရာဋ္ဌာနမည်၏။
အဓိပ္ပါယ်
ဆိုလိုရင်းမှာ - လောကုတ္တရာဘက်၌ မဂ်လေးပါး, ဖိုလ်လေးပါးဟု ပေါင်းရှစ်ပါးရှိရာ သောတာပတ္တိမဂ်ခေါ်သော ပဋ္ဌမမဂ်ကို ရဘို့ရောက်ဘို့ရာမှာ - သစ္စာသိဘို့ သစ္စာမြင်ဘို့ လိုလှ၏။ သစ္စာသိတဲ့ခါ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာနိဗ္ဗာန်ကို မတွေမဝေ ထိုးထွင်း၍ သိတဲ့ မဂ်စိတ်-ဖိုလ်စိတ်၊ မဂ်ဉာဏ်-ဖိုလ်ဉာဏ် ဖြစ်ပေါ်လာနိုင်ဘို့ လိုလှ၏၊
နိဗ္ဗာန်ကို တဲ့တဲ့မြင်တဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြစ်ပေါ်လာလျှင် သောတာပတ္တိမဂ်ကိစ္စ ပြီးစီးနိုင်၏ဟု ဆိုလိုပေသည်။ သောတာပတ္တိမဂ်မှ ကြွင်းသော အထက်မဂ် သုံးပါး တို့ကို ရဘို့ ရောက်ဘို့မှာ-လောဘ ဒေါသ မောဟ စသော ကိလေသာ အကြမ်းစားတွေ တစထက် တစ, နဲပါးသွားအောင် ခေါင်းပါးသွားအောင် ဘာဝနာကို နာနာပွါးများ အားထုတ်ဘို့ လိုသည်ဟု ဆိုလိုပေသည်။
ရှေ့နောက် မမှားစေနှင့် --
ဤ အရာများကို ကြီးကြီး မားမား သတိထားကြပြီးလျှင် - ရှေ့မဂ်ကိစ္စကို ရှေ့လုပ်၊ နောက်မဂ်ကိစ္စကို နောက်လုပ်၊ ဝါ၊ အရင် လုပ်ရမဲ့ကိစ္စကို အရင်လုပ်၊ နောက်လုပ်ရမဲ့ ကိစ္စကို နောက်လုပ်၊ ရှေ့နောက် မမှားစေဘဲ၊ ဝါ၊ အလုပ်မလွဲစေဘဲ လုပ်မိမှသာ လက်ရှိ ဘဝ, သေနေ့က မဦးခင် ရသင့်ရထိုက်တဲ့ တရား အဆင့်အတန်းများကို လက်ကိုင် ရရှိနိုင်ကြမည်ဟု သတိရှိဘိုလိုလှပေသည်။
ပဟာတဗ္ဗ ဘာဝေတဗ္ဗ --
သည်မှ တပါး သစ္စာသိ၍ အရိယာ သောတာပန် ဖြစ်ရာ၌ ပဟာတဗ္ဗ ဘာဝေတဗ္ဗဟု ကျမ်းဂန်တို့၌ နှစ်မျိုးရှိရာ- “ဒဿနေန ပဟာတဗ္ဗာ ဘာဝနာယ ပဟာတဗ္ဗာ” ဟု ဓမ္မသင်္ဂဏီ ပါဠိတော်၌ လာသောကြောင့် မဂ်လေးပါးတို့တွင် သောတာပတ္တိမဂ်သည် ပဟာတဗ္ဗမဂ်ဖြစ်၍ ၎င်းသည် ပယ်အပ်သော ကိလေသာကား ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ နှစ်ပါး တည်းသာဖြစ်၍ အထက် မဂ်သုံးပါးတို့သည် ပယ်အပ်သော ကိလေသာတို့ကား -လောဘ ဒေါသ မောဟ မာန ထိန ဥဒ္ဓစ္စ ဟိရိ ဩတ္တပ္ပ တို့သာဖြစ်ကြလေသည်၊ ဤအရာကိုလည်း သတိပြုမိကြပါစေ။ (ဒိ-ဝိ ကို အရင်ပယ်ဘို့ အရင်ကျင့်ရမည်။ လောဘ ဒေါသ စသည်ကို နောက်မှပယ်ဘို့ နောက်မှ ကျင့်ရမည် ဟူလို။)
ဒဿန, သိမြင်ခြင်း
ဒဿန - ဆိုတာက ပါဠိစကားဘဲ၊ မြန်မာစကား လိုတော့ သိမြင်ခြင်းဟု ဆိုလို ပေသည်၊ ဘာကိုသိ၍ ဘာကိုမြင်သလဲဆိုတဲ့ အမေး၌ သစ္စာကို သိမြင်တယ်၊ နိဗ္ဗာန်ကို သိမြင်တယ်လို့ ဆိုလိုပေသည်။ သစ္စာသိလျှင်လဲ နိဗ္ဗာန်ကို သိမြင်တာဘဲ၊ နိဗ္ဗာန်ကို သိမြင်လျှင်လဲ သစ္စာလေးပါးတို့ကို တပြိုင်နက် ထိုးထွင်း၍ သိမြင်သွားတော့တာဘဲ၊ သစ္စာသိတဲ့ခါ တတိယ သစ္စာခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်သာအစစ် အမှန်ကို သိစွမ်းနိုင် မြင်စွမ်းနိုင်တဲ့ သောတာပတ္တိ မဂ်ဉာဏ်ကို ဤနေရာ၌ ဒဿန ဆိုသည်ဟု သိလေ။ ထို့ကြောင့်ပင် “ဒဿနံနာမ သောတာပတ္တိ မဂ္ဂေါ” ဟု ကျမ်းဂန်တို့၌ အဆိုရှိသည်။ တနည်းအားဖြင့်တော့ - “ဓမ္မစက္ခုံ ဥဒပါဒိ” ဟု ဆိုသည်။
ဒဿနံနာမ - ဒဿန ဆိုသည်ကား သောတာပတ္တိ မဂ္ဂေါ၊ နိဗ္ဗာန်ကို သိမြင်တဲ့ သောတာပတ္တိမဂ်ဉာဏ်ပေတည်း၊ ဓမ္မစက္ခုံ၊ နိဗ္ဗာန်ကို သိမြင်တတ်သော မဂ်ဉာဏ် မျက်စိသည်၊ ဝါ၊ တတိယသစ္စာခေါ် နိရောဓသစ္စာနိဗ္ဗာန်ကို သိမြင်တတ်သော မဂ်ဉာဏ်မျက်စိသည်။ ဥဒပါဒိ၊ထင်ရှားဖြစ်ပေါ်လာပြီဟု ဆိုပေသည်။
ဤလိုဤပုံ သစ္စာကိုသိတဲ့ အသိဉာဏ်ဟာ သစ္စာကိုသိတဲ့ခါ နိရောဓသစ္စာ နိဗ္ဗာန်ကို သိတဲ့အသိဉာဏ် ဖြစ်ပေါ်လာသည်ကိုပင် ဓမ္မစကြာ ပါဠိတော်ကြီး၌- “စက္ခုံဥဒပါဒိ ဉာဏံဥဒပါဒိ ပညာဥဒပါဒိ” စသည်ဖြင့် ဟောတော်မူသည်ဟု သိလေ။
ဤ၌ “နိဗ္ဗာနဒဿနတောတိ နိဗ္ဗာနာရမ္မဏတံသန္ဓာယ” ဆိုတဲ့ မူလပဏ္ဏာသ-ဋီ" နှင့်အညီ၊ နိဗ္ဗာန်ကို အာရုံပြုသည်ကိုပင် နိဗ္ဗာန်ကိုမြင်သည်ဟု ဆိုရပေသည်။ ဤ၌ ဓမ္မစက္ခုံအရ “ဟေဋ္ဌိမာ တယောမဂ္ဂါ တိဏိစဖလာနိ” နှင့်အညီ၊ အောက်မဂ်သုံးပါး, အောက်ဖိုလ်သုံးပါးကို ယူ။
တဖန်၊ မေး-ဖြေ
မေး။ ။ “ကသ္မာ သောတာပတ္တိမဂ္ဂေါဒဿနံ” ဘာ့ကြောင့် သောတာပတ္တိမဂ်ကို - ဒဿန ဆိုသလဲ။ ?
ဖြေ။ ။ “ပထမံ နိဗ္ဗာနံဒဿနတော ဒဿနံ” တသံသရာလုံးက အိပ်မက်တွင်မှ မမြင်ခဲ့ရဘူးတဲ့ နိဗ္ဗာန်ကို သိမြင်တဲ့နေရာမှာ တပါးသော မဂ်တို့ထက် ဦးဦးဖျားဖျား ထူးထူးချားချားကြီး သောတာပတ္တိမဂ်က ရှေးဦးစွာ နိဗ္ဗာန်ကို သိမြင်တတ်သောကြောင့် သောတာပတ္တိမဂ်ကို - ဒဿန ဆိုရပါသည်ဟု ဖြေဆိုထား၏။
ကိစ္စ ပြီး မပြီး -- မေးရန်ရှိသည်ကား၊ ဤလို ရှေးဦးစွာ နိဗ္ဗာန်ကို သိမြင် တတ်သောကြောင့် သောတာပတ္တိမဂ်ကို “ဒဿန”ဟု ဆိုပါလျှင် လောကီ ဖြစ်လျက် လောကုတ္တရာနိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် သိမြင်တတ်တဲ့ ဂေါတြဘူဉာဏ်ဟာ သောတာပတ္တိမဂ်ထက် ရှေးဦးစွာ နိဗ္ဗာန်ကို မြင်တယ် မဟုတ်လားဟု မေးရန်ရှိပြန်၏။
အဖြေမှန်ပေးလျှင် — ဟုတ်၏ဟု ဝန်ခံရပေလိမ့်မည်၊ ဟုတ်လျှင် အဆိုပါ ဂေါတြဘူဉာဏ်ကို “ဒဿန”ဟု ဆိုပါတော့လားဟု မေးရန် ရှိနေပြန်၏။ မဆိုနိုင် ပါဘူးဟု ပယ်ရပေလိမ့်မည်၊ ဘာ့ကြောင့်ဟု ထပ်မေးလျှင် ဂေါတြဘူဉာဏ်သည် သောတာပတ္တိမဂ်ဉာဏ်ထက် ရှေးဦးစွာနိဗ္ဗာန်ကိုသိမြင်သည်ကား မှန်ပေ၏၊ သို့ရာတွင် ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာတို့ကို ပယ်သတ်ခြင်း မစွမ်းနိုင်ပေ။ ဝါ၊ စွမ်းရည်သတ္တိမရှိပေ။ သောတာပတ္တိမဂ်ဉာဏ်မူကား နိဗ္ဗာန်ကိုလဲ မြင်စွမ်းနိုင် မိမိမဂ်နှင့် ဆိုင်ရာ ဒိ-ဝိ ကိလေသာတို့ကိုလဲ အကြွင်း မထားဘဲ ပယ်စွမ်းနိုင်တဲ့ စွမ်းရည်သတ္တိ ကျပ်ပြည့် ရှိပေသည်။ ထိုကြောင့် သောတာပတ္တိမဂ်ကိုသာ ဒဿန ဆိုရပါသည်ဟု ဖြေ၏။
ထို့ကြောင့် - ဂေါတြဘူပန။ပ။ နိဒဿနန္တိ ဝုစ္စတိ။
ဟု အဋ္ဌသာလိနီ၌ ဖွင့်၏။
ထို့ပြင် - သောတာပတ္တိမဂ္ဂေါဟိ နိဗ္ဗာနံ ဒိသွာ ကတ္တဗ္ဗကိစ္စသမ္ပဒါယ သဗ္ဗ ပဌမံနိဗ္ဗာနံ ဒဿနတော ဒဿနန္တိ ဝုစ္စတိ။
ဟု ခုဒ္ဒက”၌ ဖွင့်ပြ၏။
ဟိ သစ္စံ၊ မှန်၏။
သောတာပတ္တိမဂ္ဂေါ၊ သောတာပတ္တိမဂ်ကို။
(ဝုစ္စတိ၌ စပ်) နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
(ဒိသွာ၌စပ်) ဒိသွာ၊ မြင်၍။
ဝါ၊ မြင်သောကြောင့်။
ဝါ၊ မြင်နေတဲ့မဂ်ဉာဏ်ဖြစ်ဆဲခဏမှာ။
ကတ္တဗ္ဗကိစ္စသမ္ပဒါယ၊ ဒု-ကို သိခြင်း ကိစ္စ၊ သ-ကို ပယ်ခြင်းကိစ္စ၊ နိ-ကို မျက်မှောက် ပြုခြင်းကိစ္စ၊ မ-ကို ပွါးများ ခြင်းကိစ္စ၊ ဤလို နိဗ္ဗာန်တခုတည်းကိုသာ အာရုံပြုနေတဲ့ တခုတည်းသော မဂ်ဉာဏ်ဖြင့် ကိစ္စလေးပါး တပြိုင်နက် တချက်တည်း ပြီးစီးသွားပါသောကြောင့်။
သဗ္ဗပဋ္ဌမံ၊ လုံးစုံသော မဂ်တို့ထက် ရှေးဦးစွာ။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ဒဿနတော၊ မြင်တဘ်သောကြောင့်။
ဒဿနန္တိ၊ ဒဿန ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မျက်မှောက်ပြုခြင်းကိစ္စ ပြီးပုံ
ဣတရဿပန နိဗ္ဗာနဿ အရိယသစ္စဒဿနေနေဝ သစ္စကိရိယာသိဒ္ဓါ။
ဣတရဿ၊ ဤမင်္ဂလသုတ် တနေရာတည်း၌သာ အရဟတ္တဖိုလ်ကို နိဗ္ဗာန် ဆိုသည်မှ တပါးသော။
နိဗ္ဗာနဿပန၊ တကဲ့အစစ်အမှန် အသင်္ခတ ပရမတ် နိဗ္ဗာန်ကိုကား။
အရိယသစ္စဒဿနေနေဝ၊ အရိယာသစ္စာကို မြင်သဖြင့်သာလျှင်။
သစ္ဆိကိရိယာ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကိစ္စသည်။
သိဒ္ဓါ၊ သစ္စာသိတဲ့ခါ တတိယသစ္စာခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက် မြင်သိသဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကိစ္စ၊
ဝါ၊ သောတာပတ္တိမဂ်ကိစ္စ ပြီးစီးသွားတော့သည်။
ဟောတိ၊ ဖြစ်၏
ဟုဖွင့်ဆိုထားပေသည်။
ထို့ပြင် – စတုန္နံအရိယာသစ္စာနံ အဘိသမယဝသေန မဂ္ဂဒဿနံ။
ခုဒ်-ဋ္ဌာမှာ မိန့်၏။
အဓိပ္ပါယ်
လေးပါးကုန်သော အရိယာသစ္စာတို့ကို ဤကား-ဒု၊ ဤကား-သ၊ ဤကား-နိ၊ ဤကား-မ ဟူ၍ ထိုးထွင်း၍သိသည်၏အစွမ်းဖြင့် သောတာပတ္တိမဂ်ကို ပြသည်ဟု ဆိုထားရာ၊ ဤ အဋ္ဌကထာ၏ အရလည်း သစ္စာကို သိမြင်သောဉာဏ်သည် သောတာပတ္တိ စသော မဂ်ဉာဏ်ပေတည်း ဟု ပြသည်၊ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်လျှင်လည်း သောတာပန် စသော ပုဂ္ဂိုလ် ဖြစ်တော့သည်သာတည်း၊ သောတာပန် ဖြစ်လျှင်လည်း အပါယ်လွတ်တရား ရတော့သည်သာတည်း၊
သစ္စာသိပြန် သောတာပန်
ထိုမှတပါး --
ဓမ္မောစ မေ အဘိသမ္မိတောတိ ဉာဏေန မယာ စတုသစ္စ ဓမ္မော အဘိသမ္မာ ဂတော သောတာပန္နောဟသ္မိ။ (ခန္ဓဝဂ္ဂသံယုတ်)
အဓိပ္ပါယ်
ဓမ္မောစ မေ အဘိသမ္မိတော - ဆိုတဲ့ ဘုရားဟောဒေသနာတော်၏ အရမှာ ငါသည် သစ္စာလေးပါးကို ပိုင်းခြားဝေဘန်၍ အဟုတ် အမှန်ကို သိစွမ်းနိုင်သော သမ္မာဒိဋ္ဌိ မဂ်ဉာဏ်ဖြင့် သစ္စာလေးပါးတို့ကို ထိုးထွင်း၍သိပြီ၊ ငါသည် သောတာပန်ဖြစ်ပြီဟု ဆိုလို၏။ ဤ အရလည်း သစ္စာကိုအဟုတ်အဟတ် ထိုးထွင်းသိမြင်က သောတာပန် စသော အရိယာ ဖြစ်သည်ကိုပြသည်။ ဤအရာကို ထောက်စာပါလျှင် အပါယ်လွတ် တရားရ သောတာပန် စသော အရိယာများ ဖြစ်လိုကြပါက သူ့ထက်ငါ သစ္စာ သိအောင်သာ အင်ထိုက်အားတိုက် ကြိုးစားဘို့လိုလျှက်ရှိသည်ကို သတိပြုမိကြပါစေ။
ထိုပြင် –
ဒိဋ္ဌသစ္စာနဉ္စ သာဒိဋ္ဌိ သဗ္ဗသော ပဟိနာဟောတိ၊ အတ္တဒိဋ္ဌိယာ နိရုဒ္ဓါယ နိရုဇ္ဈန္တိ။
(နိဒါနဝဂ္ဂသံယုတ္တ-ဋ္ဌာ)
အဓိပ္ပါယ်
မြင်အပ်ပြီးသော သစ္စာရှိကုန်သော၊ ဝါ၊ သစ္စာလေးပါး တို့ကို ဤကား - ဒုက္ခ စသည်ဖြင့် သိမြင်ကြကုန်ပြီးသော သူတို့အားလည်း ထိုသက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိသည်၊ ဝါ-ကို၊ အကြွင်းမဲ့ ပယ်သတ်အပ်တော့သည် ဖြစ်၏။ ထိုသက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ချုပ်ငြိမ်းသည်ရှိသော် - ထိုသက္ကာယဒိဋ္ဌိမှ တဆင့် ပေါက်ပွါးလာကြသော ခြောက်ဆဲ့ နှစ်ပါးသော မိစ္ဆာဒိဋ္ဌိ အယူမှားတို့သည်လည်း အလိုလို ချုပ်ငြိမ်းကုန်ကြတော့သည်ဟု ဆိုလိုပေသည်။ ဒိဋ္ဌိ ချုပ်ငြိမ်းကလည်း အပါယ်လေးပါး ချုပ်ငြိမ်းတော့သည်ဖြစ်၍ အပါယ်ဇာတ်သိမ်းတဲ့ သောတာပန် စသော အရိယာ ဖြစ်နိုင်တော့၏။ ဝါ၊ ဒိဋ္ဌိ ကိလေသာ ထို ဒိဋ္ဌိကိလေသာကြောင့်ဖြစ်သော အပါယ်ခန္ဓာ၊ ဤ ကိလေသာ ခန္ဓာ တို့၏ကုန်ဆုံးချုပ်ငြိမ်းရာ တဖန် အသစ်မဖြစ်ရာ နိရောဓသစ္စာနိဗ္ဗာန်ကို မျက်မှောက် မြင်သိနိုင်တဲ့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံ၍ သောတာပန် ဖြစ်နိုင်တော့သည် ဟူလို၊ သစ္စာသိရခြင်း အကျိုးသည်ကား - ဤမျှ ကြီးမားလှပေသည်၊ သစ္စာ သိအောင်သာ သူ့ထက်ငါ ကြိုးစားကြပါလေ ဟူလို။
အဆင့်ဆင့်တိုးပွါး အကျိုးတရား
သည်မှတပါး --
ပဋိဝိဒ္ဓစတုသစ္စာနံ ပဟိနအတ္တဒိဋ္ဌိနံ ဗောဓိပက္ခိယဓမ္မာ ဧကန္တေန ဥပရုပရိဝဍ္ဎပက္ခေ ဋ္ဌိတာ ဟောန္တိ။ ။(နိ-သံ-ဋ္ဌာ)
ဘာသာပြန်
ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ပြီးသော သစ္စာလေးပါး ရှိကုန်သော၊ ဝါ၊ သစ္စာလေးပါးတို့ကို ဤကား-ဒုက္ခ စသည်ဖြင့် ထိုးထွင်း၍ သိအပ်ပြီးသော သစ္စာ လေးပါး ရှိကုန်သော သစ္စာသိ၍ ပယ်အပ်ပြီးသော အတ္တဒိဋ္ဌိ ရှိကုန်သော သူတို့အား သူတို့သည် သုံးဆယ့်ခုနစ်ပါးသော မဂ်ဉာဏ်၏ အသင်းအပင်း၌ ဖြစ်ကုန်သော ဗောဓိပက္ခိယတရား တို့သည် စင်စစ်အားဖြင့် အဆင့်ဆင့်တိုးပွါး စည်ကားသောအဘို့၌ တည်ကုန်သည် ဖြစ်ကုန်၏ ဟူလို။
ဤ၌ - တဏှာမှတပါး လူ နတ် စသော သတ္တဝါအများတို့၏ ခြေဆုံး ခေါင်းဆုံး တကိုယ်လုံး တကောင်လုံးဆိုတဲ့ ခန္ဓာတုံးကြီးသည်ကား - ကံအားလျော်စွာ ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ ပဋိသန္ဓေအစ စုတိအဆုံး တသက်လုံး ဆင်းရဲတုံး ဆင်းရဲခဲ ဆင်းရဲအစုအပုံ ဆင်းရဲ အသိုက်အအုံကြီး သက်သက်သာဖြစ်၍ ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် ဒုက္ခသစ္စာသာ ဖြစ်၏။
ဒုက္ခသစ္စာ မထိုက်၍ ချန်ထားခဲ့သော ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ တဖန်တဖန် ပြန်၍ပြန်၍ ဖြစ်လိုဖြစ်ချင်နေတဲ့ ဘဝတဏှာသည်ကား - ဖြစ်လိုလျှင် ဖြစ်ပြန်ဦးမှာမို့ ဖြစ်ပြန်လျှင် ဖြစ်ရာ ဘုံဘဝဆိုမှာ ဇာတိဒုက္ခ စသော ကုန်အောင် စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခ ဟူသမျှတို့ကို မုချဖြစ်စေမှာ ဖြစ်စေတာ စစ်မှန်လှ သောကြောင့် သမုဒယသစ္စာသာ ဖြစ်၏။
ထို ဒုက္ခသမုဒယ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သည်ကား ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ တစမကျန် တဖန် အသစ်မဖြစ်ရာ ကုန်ဆုံးချုပ်ငြိမ်းရာ စစ်မှန်လှသောကြောင့် - နိရောဓသစ္စာသာ ဖြစ်၏။
ထိုနိရောဓသစ္စာနိဗ္ဗာန်သို့ ရောက်ကြောင်း ကောင်းသော အကျင့်ဖြစ်သော မဂ္ဂင်ရှစ်ပါး မဂ်တရား သည်ကား - ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှကို ကုန်ဆုံး ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကောင်းသောအကျင့် စစ်မှန်လှသောကြောင့်-မဂ္ဂသစ္စာသာ ဖြစ်၏ ဟု ဤလို ဤပုံ သစ္စာလေးပါးတို့ကို သိမြင်သည်ကိုပင် ထိုးထွင်း၍ သိသည်ဟုဆိုရ၏။
တနည်း - ဘုံသုံးပါးတို့၌ ကံအားလျော်စွာ ခန္ဓာတပါးဖြစ်စေ၊ လေးပါးဖြစ်စေ၊ ငါးပါးဖြစ်စေ၊ နည်းနည်း များများ ကောင်းကောင်း ဆိုးဆိုး ယုတ်ယုတ်မြတ်မြတ် ကြီးကြီးငယ်ငယ် ကျင်ကြီးမှန်က နဲနဲများများ ကောင်းသောအနံ့ မရှိ၊ မကောင်းသော အနံ့သာ ရှိသကဲ့သို့၊ ထို့တူပမာ-ခန္ဓာမှန်က နဲနဲများ ပဋိသန္ဓေက စုတိသေနေ့သို့ ကျအောင် ဆင်းရဲတာ စစ်မှန်လှသောကြောင့် - ဒုက္ခသစ္စာ၊
ထိုဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကို တဘဝတခန္ဓာ ဖြစ်စေထတ်သော၊ ဝါ၊ လုပ်ပေး တတ်သော လက်သယ်အစစ်ကား အခြားမဟုတ်၊ အခြားတပါးမရှိ၊ အဆိုပါ ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ခြင်နေတဲ့ ဘဝကဏှာသည် ဖြစ်လိုလျှင် ဖြစ်ဦးမှာမို့ ဖြစ်ပြန်လျှင် ဖြစ်ရာဘုံဘဝမှာ ဇာတိဒုက္ခ စသော ဆင်းရဲပေါင်းချုပ် ဒုက္ခ ဟူသမျှတို့ကို မုချဖြစ်စေတာ ဖြစ်စေတော့မှာ စစ်မှန်လှသောကြောင့် - သမုဒယသစ္စာ၊
ထို ဘဝတဏှာ လောဘကို တဒင်္ဂသမုစ္ဆေဒ ဖြစ်ခွင့်မရအောင် တဏှာပယ် တဏှာဖြတ် တဏှာ သတ်သော မဂ်အကျင့်သည် ဆောလျင်စွာ နိဗ္ဗာန်သို့ရောက်ကြောင်း စစ်မှန် လှသောကြောင့် - မဂ္ဂသစ္စာ၊
တဏှာပယ်သော မဂ်အကျင့်ကြောင့် အရဟတ္တမဂ် နောင်မှာ အကြောင်းတဏှာ အသစ် မဖြစ်တော့ဘဲ အရဟန္တစုတိနောင်မှာ အကျိုးမန္ဓာလဲ အသစ်မဖြစ်တော့ဘဲ အမြဲငြိမ်းအေးနေတဲ့ နိဗ္ဗာန်သည်ကား ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခ ဟူသမျှတို့၏ တစမကျန် ကုန်ဆုံး ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း စစ်မှန်လှ သောကြောင့် - နိရောဓသစ္စာ။
ဤလိုဤပုံ သိမြင်သည်ကိုပင် သစ္စာကို ထိုးထွင်း၍သိသည်ဟုဆိုရသည်။
နိဗ္ဗာန်ကိုအာရုံပြု၍ သိတဲ့အသိသည်ကား - အနု-ပဋိနှစ်ပါးတို့တွင် အနုမှာ အနုမာန မျက်ယမ်းဆ ဆော်ယမ်း မျှော်မှန်း၍သာ အာရုံပြုရသဖြင့် လောကီ သိဖြစ်၍ ကိစ္စမပြီး၊ ပဋိမှာကား - သစ္စာကိုသိတဲ့ခါ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို ထိုးထွင်း၍ သိသော လောကုတ္တရာ မဂ်ဉာဏ်ဖြင့် သိသော အသိဖြစ်၍ လောကုတ္တရာ ဖြစ်သောကြောင့် ကိစ္စ ပြီးသည်။
ဤလိုဤပုံ သစ္စာလေးပါး မြတ်တရားတို့ကို ပိုင်းခြားဝေဘန်၍ အမှန်ကို သိလျှင်လည်း နိရောဓသစ္စာနိဗ္ဗာန်ကို မျက်မှောက်မြင်သိနေတဲ့ မဂ်စိတ် ဖိုလ်စိတ် ဖြစ်ဆဲဏေမှာ သတိပဋ္ဌာန် စသော ဗောဓိပက္ခယတရား ၃၇ ပါး တို့သည် တပြိုင်နက် တချက်ထည်း မိမိတို့ ကိစ္စကို မိမိတို့ဆောင်ရွက်လျှက် အသီးသီး ပါဝင်ပြီးစီးကြလေတော့သည်။
အဆုံးသို့ရောက်
တဖန် --
စတုသစ္စဓမ္မံ ပဿန္တဿ ဒိဋ္ဌန္တပတ္တော ဒိဋ္ဌိသမ္ပန္နံ အရိယ သာဝကံ။ (ပုဂ္ဂလပညတ်-ဋ္ဌာ)
ဘာသာပြန်
သစ္စာလေးပါး မြတ်တရားတို့ကို ဤကား - ဒုက္ခ စသည်ဖြင့် ပိုင်းခြား ဝေဘန်၍ အဟုတ်အမှန်ကို သိသောသူအား သိသည်နှင့် တပြိုင်နက်၊ နိဗ္ဗာန်ကို သိမြင်တတ်သော ဒိဋ္ဌိဟုဆိုအပ်သော သောတာပတ္တိ မဂ်ဉာဏ်၏ အဆုံးသို့ရောက်၏ ဟူသော အရာ ပုဂ္ဂလပညတ် အဋ္ဌကထာကို ထောက်သဖြင့်လည်း သစ္စာကို ပိုင်ပိုင်သိက နိဗ္ဗာန်ကို ထိုးထွင်း၍သိသော သောတာပတ္တိ- မဂ်ဉာဏ်ကိုရ၍ သောတာပန် စသော အရိယာများ ဖြစ်နိုင်ကြောင်း၊
၎င်းပြင်-သိအပ် မြင်အပ်ပြီးသော သစ္စာလေးပါးတရား လက်ကိုင် ရှိသော အရိယာသာဝကဟု ဆိုသဖြင့် သစ္စာသိက ပုထုဇဉ်ဘ၀ ပုထုဇဉ် အဖြစ်မှ လွတ်၍ အရိယာဘဝ အရိယာအဖြစ် အရိယာသာဝကများ ဖြစ်နိုင်ကြောင်းကိုလည်း ကောင်းကောင်းကြီး သိရှိကြပြီးလျှင် ယုတ်ညံ့ နိမ့်ကျလှသော ပုထုဇဉ်အဖြစ်မှ မြင့်မြတ် အထက်တန်းကြသော အရိယာ သာဝကများ လက်ရှိဘ၀ ဖြစ်မြောက်နိုင် ကြအောင် သေနေ့မဦးခင် အထူး ကြိုးစားကြပါ။
အပါယ်လွတ်တရားရ
တဖန် --
သဟဝဿ ဒဿန သမ္ပဒါယ တယဿုဓမ္မာ ဇဟိတာဘဝန္တိ၊ သက္ကာယာဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ သီလဗ္ဗတံဝါပိ ယဒတ္တိ ကိဉ္စိ စတူဟ ပါယေဟိစ ဝိပ္ပမုတ္တော။ ။ (သုတ္တနိပါတရတနသုတ်)
ဘာသာပြန်
သစ္စာသိအောင် အားထုတ်၍ သစ္စာသိတဲ့ခါ တတိယ သစ္စာခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် မျက်မှောက် မြင်သိတတ်သော သောတာပတ္တိမဂ် ဉာဏ်နှင့် ပြည့်စုံသည်နှင့် တကွသာလျှင် သောတာပတ္တိမဂ်ခဏမှာ အကြွင်းမထားဘဲ သမုစ္ဆေဒအားဖြင့် ပယ်နေကြ ဖြစ်သော - သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတ ကိလေသာ သံယောဇဉ်တရား သုံးပါးတို့ကို ပယ်ပြီးသား ဖြစ်ကုန်၏၊ ထို တရားသုံးပါးတို့ကို ပယ်ပြီးဖြစ်ကလည်း၊ အပါယ်လွတ်ပြီး အပါယ်တံခါးပိတ်ပြီး အပါယ်လွတ်တရား ရပြီး ဖြစ်တော့သည်။ “တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာယ သောတာပန္နောနာမ ဟောတိ” နှင့် အညီပေတည်း။
ဒိ-ဝိ-သိ-ပယ်
တဖန် --
ဒုက္ခဒဿန သမ္ပဒါယစေတ္ထ သက္ကာယဒိဋ္ဌိ၊
သမုဒယဒဿန သမ္ပဒါယ ဝိစိကိစ္ဆိတံ။
မဂ္ဂဒဿန နိဗ္ဗာနဒဿန သမ္ပဒါယ၊
သီလဗ္ဗတံပဟိယတီတိ ဝိဉာတဗ္ဗံ။
(ခုဒ္ဒက-ဋ္ဌာ)
စ-ဆက်ဦးအံ့ …
ဧတ္ထ၊ ဤအရာ၌။
ဝါ၊ ဤ သစ္စာလေးပါးတို့တွင်။
တေန၊ ထိုသောတာပန်ပုဂ္ဂိုလ်သည်။
ဒုက္ခဒဿန သမ္ပဒါယ၊ ဒုက္ခသစ္စာကို သိမြင်တော်သော သမ္မာဒိဋ္ဌိမဂ်ဉာဏ်နှင့် ပြည့်စုံခြင်းကြောင့်။
သက္ကာယဒိဋ္ဌိ၊ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကိုပင် ကိုယ်အတ္တဟု တသက်လုံး တသံသရာ လုံးက မှတ်ထင် ယူဆလာခဲ့ကြသော သက္ကာယဒိဋ္ဌိကို။
ပဟီယတိ၊ ပယ်အပ်၏။
သမုဒယဒဿန သမ္ပဒါယ၊ သမုဒယသစ္စာကို သိမြင်တတ်သော သမ္မာဒိဋ္ဌိ မဂ်ဉာဏ်နှင့် ပြည့်စုံခြင်းကြောင့်။
ဝိစိကိစ္ဆိတံ၊ ထာဝရဘုရား သိကြား ဗြဟ္မာ ဗိဿဏိုးနတ်တို့ ဘန်ဆင်း၍ ဖြစ်တယ် ဆိုတာဘဲ ဟုတ်မှန်လေသော ဟု တွေးတော ယုံမှားခဲ့ဘူးတဲ့ ဝိစိကိစ္ဆာကို။
ပဟီယတိ၊ ပယ်အပ်၏။
မဂ္ဂဒဿန နိဗ္ဗာနဒဿန သမ္ပဒါယ၊ မဂ္ဂသစ္စာ နိရောဓသစ္စာကို သိမြင်တတ်သော သမ္မာဒိဋ္ဌိမဂ်ဉာဏ်နှင့် ပြည့်စုံခြင်းကြောင့်။
သီလဗ္ဗတံ၊ နွားတို့၏ အလေ့အကျင့် ခွေးတို့၏ အလေ့အကျင့်ဖြင့် သံသရာမှ စင်ကြယ်ရာ နိဗ္ဗာန်သို့ ရောက်၏ ဟူ၍ မှားသောအားဖြင့် နှလုံးသွင်းမိသော သီလဗ္ဗတ ပရာမာသကို။
ပဟီရတိ၊ ပယ်အပ်၏။
ဣတိ၊ ဤသို့။
ဝိဉာတဗ္ဗံ၊ သိအပ်၏၊ သိလေ။
ဤလိုဤပုံ - သိသည်ကိုပင် သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်ဟု ဆိုရသည်။
ဆောင်ပုဒ်
ဒု-သိ-ဒိ-ပယ်၊ သ-သိ-ဝိ-ပယ်၊ နိ-မ-သိ-သီပယ်။
သုံးသွယ်သံယော၊ ပယ်စွန့်မျှော၊ မှတ်လော သောတာပန်။
ဒိ ဝိ နှစ်တန်၊ ပယ်သတ်ပြန်၊ မဟာသောတာပန်။
အပါယ်မလား၊ လူနတ်များ၊ ရောက်သွား ပြည်နိဗ္ဗာန်။
အဓိပ္ပါယ်
သစ္စာသိအောင် သစ္စာမြင်အောင် အားထုတ်၍ သူ ငါ တို့၏ တကိုယ်လုံး တကောင်လုံးရှိ တဏှာမှတပါးသော ရုပ် နာမ် ခန္ဓာကို ဒုက္ခသစ္စာ ဟု တဲ့တဲ့သိမြင်တဲ့ခါ မသိခင်တုံးက ငါ့ကိုယ် အတ္တဟု မှတ်ထင် ယူဆမှားခဲ့တဲ့ - အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိကို ပယ်သည်။
ဘုံသုံးပါးတို့၌ ဖြစ်လိုတဲ့ သမုဒယသစ္စာ တဏှာလောဘကြောင့်ပင် ဘုံသုံးပါးတို့မှာ ကံအားလျော်စွာ ဘဝတဖန် ရုပ် နာမ် ခန္ဓာ, ဒုက္ခသစ္စာ အသစ် အသစ်ကို ဖြစ်စေတဲ့ သမုဒယသစ္စာကို တဲ့တဲ့သိမြင်တဲ့ခါ၊ မသိခင်တုံးက ထာဝရဘုရား ဘန်ဆင်း၍ ဖြစ်တယ်၊ ဗိဿဏိုးနတ် ဘန်ဆင်း၍ ဖြစ်တယ် ဆိုတာဘဲ ဟုတ်များ ဟုတ်လေ သလောဟု ယုံမှားခဲ့ဘူးတဲ့ - ဝိစိကိစ္ဆာကို ပယ်သည်၊
တဏှာပယ် တဏှာသတ် တဏှာဖြတ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့ခါ၊ အရဟတ္တ မဂ်နောင်မှာ အကြောင်း တဏှာ အသစ်မဖြစ်တော့၍ အရဟန္တစုတိနောင်မှာ အကျိုး ခန္ဓာလဲ အသစ် မဖြစ်တော့ဘဲ ကြောင်းကျိုးနှစ်ရပ် အစဉ်ပြစ်၍ နောက်ထပ် အသစ်မဖြစ်ဘဲ အမြဲ ငြိမ်းအေးနေတဲ့ နိရောဓသစ္စာ မဂ္ဂသစ္စာတို့ကို တဲ့တဲ့သိမြင်တဲ့ခါ၊ မသိခင်တုံးက နွားတို့၏အလေ့အကျင့် ခွေးတို့၏ အလေ့အကျင့်ဖြင့်ပင် သံသရာမှ စင်ကြယ်ရာ နိဗ္ဗာန်သို့ ရောက်တယ်ဆိုတာ အလကားမဟုတ်ဘူး၊ မမှန်ဘူး၊ တဏှာပယ်တဲ့ မဂ်အကျင့်ကိုကျင့်မှ တဏှာကုန်၍ ရွှေဘုံနိဗ္ဗာန်သို့ အမှန် ရောက်သည်ဟု အမှန် သိတဲ့ခါ - သီလဗ္ဗတပရာမာသကို ပယ်သည်။
စတ္တာရိမာနိ ဘိက္ခဝေ အရိယသစ္စာနိ ကတမာနိစတ္တာရိ ဒုက္ခံအရိယသစ္စံ ဒုက္ခသမုဒယံ-အရိယသစ္စံ ဒုက္ခနိရောဓံအရိယသစ္စံ ဒုက္ခနိရောဓ ဂါမိနိပဋိပဒံအရိယသစ္စံ ဣမာနိခေါ ဘိက္ခဝေ စတ္တာရိ အရိယသစ္စာနိ။ ။ (သစ္စသံယုတ်ပါဠိ။)
ဘာသာပြန်
ရဟန်းတို့ -- အရိယာတို့သည် သိအပ်ကုန်သော သစ္စာတို့သည် လေးပါးတို့တည်း၊ အဘယ်လေးပါးတို့နည်းဟူမူ - ဒုက္ခဖြစ်သော အရိယာတို့သည် သိအပ်သောသစ္စာ၎င်း၊ ဒုက္ခဖြစ်ကြောင်းဖြစ်သော အရိယာတို့သည် သိအပ်သောသစ္စာ၎င်း၊ ဒုက္ခ၏ချုပ်ရာ အရိယာတို့သည် သိအပ်သော သစ္စာ၎င်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာ၎င်း၊ ရဟန်းတို့ -- အရိယာတို့သည် သိအပ်သော သစ္စာတို့သည် ဤလေးပါးတို့ပေတည်း။
အမေးနှင့် အဖြေများ
မေး။ ။ ဤလေးပါးတို့ကို ဘာ့ကြောင့် အရိယသစ္စာ ဆိုရသလဲ။?
(၁) ဖြေ။ “အရိယေဟိ ပဋိဝိဇ္ဈန္တီတိ အရိယာ တစ္ဆဘာဝတော သစ္စာနီတိ” နှင့်အညီ၊ သောတာပန် စသော အရိယာတို့သည် ဤတဏှာမှ တပါးသော ဘုံသုံးပါးတို့၌ ဖြစ်ကြသော ခန္ဓာတပါး ခန္ဓာလေးပါး ခန္ဓာငါးပါးတို့သည် ကံအားလျော်စွာ ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ ပဋိသန္ဓေကစ၍ စုတိသေနေ့သို့ကျအောင် ဆင်းရဲတာ မှန်လှသောကြောင့် - ဒုက္ခသစ္စာ ဖြစ်သည်၊
ဤ တဏှာသည်ကား - ဖြစ်လို၍ ဖြစ်ပြန်လျှင် ဖြစ်ရာ ဘုံဘဝရှိမှာ ဇာတိဒုက္ခ စသော ဆင်းရဲ ပေါင်းချုပ် ဒုက္ခဟူသမျှ တို့ကို မုချဖြစ်စေတာ ဖြစ်စေမှာ မှန်လှသောကြောင့်- သမုဒယသစ္စာ ဖြစ်သည်၊
တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့ခါ၊ အရဟတ္တမဂ်နောင်မှာ တဏှာအကြောင်း အသစ် မဖြစ်တော့သည်ဖြစ်၍ အရဟန္တစုတိနောင်မှာ ခန္ဓာ အကျိုးသစ်လဲ မဖြစ်တော့ဘဲ၊ ဖြစ် ပျက် မွေး သေ, အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်သည်ကား - နိရောဓသစ္စာ ဖြစ်သည်၊
တဏှာပယ်တဲ့ မဂ် အကျင့်သည်ကား - မဂ္ဂသစ္စာ ဖြစ်သည် ဟု ထိုးထွင်း၍ သိကြသောကြောင့်အရိယာ၊ မှန်လဲမှန်သောကြောင့်-သစ္စာ၊ ဤနှစ်ပါးစုံကို ပေါင်း၍ အရိယသစ္စာ ဟု ဆိုရသည်။
(၂) တနည်း။ ။ “အရိယဿဘဂဝတော သစ္စာနီတိ အရိယသစ္စာနိ” နှင့် အညီ၊ မြတ်တော်မူသော မြတ်ဘုရား၏ မှန်ကန်သောတရား ဖြစ်သောကြောင့် အရိယသစ္စာ ဟု ဆိုသည်။
(၃) တနည်း။ ။ “အရိယဘာဝ သိဒ္ဓိတောပိ အရိယသစ္စာနိ”နှင့် အညီ၊ သစ္စာသိအောင် အားထုတ်၍ သမုဒယကြောင့်-ဒုက္ခ၊ အကြောင်းကြောင့်-အကျိုး၊ တဏှာကြောင့်-ခန္ဓာ၊ ဖြစ်ပျက်မွေးသေ သံသရာ ရှည်၍ နေကြရသည်။ အကြောင်းတဏှာကို အာလယပြတ် ပယ်သတ် လိုက်တဲ့ခါ၊ အကျိုးခန္ဓာလဲ အသစ် မဖြစ်တော့ဘဲ ဖြစ် ပျက် မွေး သေ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ်နိဗ္ဗာန်ဟု သစ္စာတို့ကို အကြောင်း အကျိုးနှင့်တကွ ပိုင်းခြားဝေဘန်၍ အမှန်ကိုသိတဲ့ခါ၊ သိသည်နှင့် တပြိုင်နက် သိတဲ့အတိုင်း ပယ်ရမဲ့ ကိလေသာကို ပယ်စွန့်လိုက်တဲ့ခါ အလိုလိုပင် သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ကြ၍ သောတာပန် စသော အရိယာအဖြစ်ကို ပြီးစေတတ်သောကြောင့် အရိယသစ္စာ ဟု ဆိုရပါသည်။
(၄) တနည်း။ ။ “အရိယဘာဝကရဏတောပိ အရိယသစ္စာနိ” နှင့် အညီ၊ သစ္စာ အကြောင်းကို ကောင်းကောင်းကြီး သိသွားအောင် အားထုတ်သောသူကို ဘယ်သူဘဲ အားထုတ်အားထုတ်၊ ဘယ်သူဘဲသိသိ၊ သစ္စာလဲသိ အရိယာလဲဖြစ်၊ ဤလိုသစ္စာ သိမှုနှင့် အရိယာဖြစ်မှုဟာ တပြိုင်နက် တချက်ထည်း ဖြစ်သွားနိုင်၍ အရိယာ၏ အဖြစ်ကိုပြုတတ်သောကြောင့်အရိယသစ္စာ ဟု ဆိုရပါသည်။
မှတ်ချက်
ဤ၌ အရိယာတို့သည် သိအပ်သောသစ္စာဟု ဆိုသောကြောင့် အရိယာဖြစ်ပြီးမှ သစ္စာသိသည်ဟု အဓိပ္ပါယ်မယူလေနှင့်၊ သစ္စာသိပြီးမှ သစ္စာလဲသိ၊ သောတာပန် စသော အရိယာလဲ ဖြစ်သည်ဟု အဓိပ္ပါယ်ယူပါ၊ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ပြီးမှ သစ္စာသိသည် မဟုတ်၊ သစ္စာကို ထိုးထွင်း၍ သိပြီးမှ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာများ ဖြစ်နိုင်ကြသည်ဟု သိလေမှတ်လေ။ “ဉာဏေန မယာစတုသစ္စဓမ္မော အဘိသမန္နာဂတော သောတာပန္နောဟသ္မိ” ငါသည် သမ္မာဒိဋ္ဌိမဂ် ဉာဏ်ဖြင့် သစ္စာ လေးပါး မြတ်တရားကို ထိုးထွင်း၍ သိအပ်လေပြီ၊ ငါသည် - သောတာပန်ဖြစ်ပြီဆိုတဲ့ သံယုတ္တအဋ္ဌကထာကို ထောက်မြှော်လေ။
သစ္စာမြင်သိ - ဝဋ်မြတ်ဘိ
ဧတေသံ ပန အရိယသစ္စာနံ အနုဗောဓ ပဋိဝေဓတော ဘဝတဏှာ ဆေဒေါ ဟောတိ။ (ခုဒ္ဒက-ဋ္ဌာ။)
ပန၊ သစ္စာမသိ၍ သံသရာစက် လည်သည်မှတပါး သစ္စာသိ၍ သံသရာ စက်ပြတ် သည်ကို ပြဆိုဦးအံ့။
ဧတေသံအရိယသစ္စာနံ၊ ထိုလေးပါးသော အရိယသစ္စာတို့ကို။
အနုဗောဓပဋိဝေဓတော၊ အနုဗောဓ လောကီဉာဏ် ပဋိဝေဓ လောကုတ္တရာဉာဏ်ဖြင့် အစဉ်အတိုင်း ထိုးထွင်း၍ သိသောသူအား။
ဘဝတဏှာဆေဒေါ၊ ဘုံသုံးပါးတို့၌ တဖန် ဖြစ်လိုဖြစ်ခြင်နေတဲ့ ဘဝတဏှာ၏ ပြတ်ခြင်းသည်။
ဟောတိ၊ မုချမသွေ ဖြစ်တော့လေ၏။
အဘယ်ကြောင့် တဏှာပြတ်သနည်း၊ ဒုက္ခကို သိမြင်သောကြောင့် ပြတ်သည်။ တနည်း ဒုက္ခမရှိသော နိဗ္ဗာန်ကို သိမြင်သောကြောင့် ပြတ်သည်။
အဓိပ္ပါယ်
သ ကြောင့်-ဒု၊ ကြောင်းကြောင့်-ကျိုး၊ ကိ ကြောင့်-ခန်၊ ဖြစ် ပျက် မွေး သေ, သံသရာ ရှည်၍ နေကြရသည်။ မ ကြောင့်-နိ၊ ဖြစ် ပျက် မွေးသေ, သံသရာစက်ပြတ်၍ ရပ်တော့သည်ဟု သစ္စာလေးပါးတို့ကို အကြောင်းအကျိုးနှင့်တကွ အနု-ပဋိဉာဏ် နှစ်ပါးဖြင့် ပိုင်းခြားဝေဘန်၍ အမှန်အတိုင်း သိသည်ရှိသော် - သိတဲ့အတိုင်း တဏှာ ပယ်တဲ့ မဂ်အကျင့်ကို ကျင့်လျှင်၊ ဝါ၊ ဖြစ်လိုလျှင် ဖြစ်ပြန်မဲ့အရေး၊ ဖြစ်ပြန်လျှင် ဖြစ်ရာဘုံဘဝတို့မှာ တဘန်ပြန်၍ ပဋိသန္ဓေ နေရမဲ့အရေး၊ ပဋိသန္ဓေဘေး အိုဘေး နာဘေး သေဘေး ငရဲဘေး တိရစ္ဆာန်ဘေး ပြိတ္တာဘေး အသူရကာယ်ဘေး စသော ကုန်အောင်စုံသော ဒုက္ခသစ္စာအဖြာဖြာ အဝဝတို့ကို လှလှကြီး စိတ်ထဲ ဉာဏ်ထဲမှာ ကောင်းကောင်းကြီး ထင်မြင်သိရှိလာအောင် သတိနှင့်မကွာ ပညာနှင့်မကင်း အဘန် တလဲလဲ ဆင်ခြင်နှလုံးသွင်းခြင်း ဟူသော တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်သည် ရှိသော် --
နွားနောက်က လှည်းဘီးကြီး နွားခြေရာကို နင်းနင်းပြီး လိုက်နေသကဲ့သို့၊ ထိုတူပမာ - ဖြစ်လိုတဲ့ သမုဒယ နောက်က ဇာတိဒုက္ခ စသော လှည်းဘီးကြီးတွေ တဘီးပြီး တဘီး တသီ တတန်းကြီး လိုက်လာကြတော့မဲ့ အရေးတွေကို တဲ့တဲ့ကြီး ထင်မြင်ကြ၍ ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင်လာတဲ့ခါ၊ ဘုံသုံးပါးတို့၌ တဖန် ပြန်၍ ဖြစ်ခြင်နေတဲ့ ဘဝတဏှာလောဘသည် အပြီးအပြတ် လက်စသတ် အာလယ ပြတ်သွားတတ် ပေသည်၊ တကယ်ပြတ်သွားလျှင်လည်း ဇာတိနိရောဓ, ဘဝနိရောဓ နိဗ္ဗာန်ကို မျက်မှောက်မြင်သိပြီး ဖြစ်လေတော့သည်။
အကြောင်းသော်ကား - တဏှာအသစ် မဖြစ်လျှင် ခန္ဓာလဲ အသစ် မဖြစ်တော့ဘဲ အမြဲငြိမ်းအေးသွားတော့မည်ကို မိမိဘဲ အတတ်သိမြင်ပြီးသောကြောင့်ပေတည်း။ ဤလို သိမြင်သောကြောင့်ပင် ရဟန္တာအရှင်မြတ်ကြီးတို့သည်။ ခီဏာဇာတိ၊ ငါ့အား ဇာတ်ကုန်ပြီဟူ၍၎င်း၊ နတ္ထိ ဒါနိပုနဗ္ဘဝေါတိ၊ ယခု ငါသည် တစုံတခုသော ဘုံဘဝတို့၌ တဖန် ဖြစ်ခြင်းမရှိတော့ပြီ ဟူ၍၎င်း သိမြင်တော်မူကြပေသည်။
“ကိလေသာဘာဝေ ဝိဇ္ဇမာနမ္ပိကမ္မံ အာယတိံ အပ္ပဋိသန္ဒိကံ ဟောတိ” ဆိုတဲ့ ဥဒါန်း အဋ္ဌကထာနှင့်အညီ၊ တဖန်ပြန်၍ ဖြစ်လိုတဲ့ ဘဝတဏှာ ကိလေသာ မရှိသည်ရှိသော် ကံဟောင်း ကံသစ် ရှိသော်လည်း နောင်အခါ တဖန် ပဋိသန္ဓေကို မဖြစ်စေ မဆက်စေ မစပ်စေနိုင်သောကြောင့်ပေတည်း၊ တဖန် အသစ်မဖြစ်လျှင် ဧကန်အစစ်နိဗ္ဗာန်ဘဲ။
ထို့ကြောင့် - ဒုက္ခသိမှ တဏှာကွာ၊ နိဗ္ဗာန်သို့သာ စိတ်ညွတ်တာ။
ညွှတ်တဲ့စိတ် မဂ်စိတ်မှတ်လိုက်ပါ။
ဟု–အခြေခံ ဆောင်ပုဒ်၌ ဆိုပေသည်၊ ဒုက္ခသိမှ တဏှာကွာ - ဆိုသောကြောင့်၊ ဒုက္ခသိအောင် ဒုက္ခသစ္စာ ထင်မြင်အောင် ဆင်ခြင်၍ ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင် သိရှိမှသာ ဝါ၊ ဖြစ်လိုပြန်လျှင် ဖြစ်ပြန်မဲ့အရေး၊ ဖြစ်ပြန်လျှင်ဖြစ်ရာ ဘုံဘဝတို့မှာ ကုန်အောင်စုံသော ဇာတိဒုက္ခ အစ မရဏဒုက္ခအဆုံး ဆင်းရဲတုံး ဆင်းရဲခဲ ဆင်းရဲ အစုအပုံ ဆင်းရဲအသိုက်အအုံ သပွတ်အူ ကလိန်ချုံကြီးကို တဲ့တဲ့ကြီး ထင်မြင် သိရှိမှသာ တဏှာကွာနိုင်သည်၊ တဏှာကွာ တဏှာ ပြတ်ခြင်းသည် “ တဿာယေဝ တဏှာယ အသေသ ဝိရာဂနိရောဓော”နှင့် အညီ၊ အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန် ပေတည်း။
နိဗ္ဗာန်သို့သာ စိတ်ညွှတ်တာ - ဆိုသည်မှာ ဘုံသုံးပါးတို့၌ ဘဝ တဖန် ရုပ်နာမ်ခန္ဓာ, ဘဝတဖန် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ, ထပ်ကာ ထပ်ကာ စပ်ကာ စပ်ကာ ဆုံလည်သည့်နွား ရဟတ်ချားသို့ မရပ်မနားဘဲ အမြဲတစေ ဖြစ်ပျက် မွေးသေ ဖြစ်စေတဲ့ ဒုက္ခသစ္စာကို ကောင်းစွာထင်မြင် သိရှိလာတဲ့ခါ ဘုံသုံးပါးတို့၌ တဖန် ဖြစ်လိုတဲ့စိတ် လုံးဝမရှိ၊ တဖန် အသစ်မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသော - အဇာတ အပဝတ္တ အနုပ္ပါဒ နိရောဓနိဗ္ဗာန် သို့သာ ညွှတ်ကိုင်းရှိုင်းဝင်သော၊ ဝါ၊ မဖြစ် မပျက်သော နိဗ္ဗာန်ကို အာရုံပြုသော အာရမ္မဏိက မဂ်စိတ်, ဖိုလ်စိတ်များ ဖြစ်ပေါ် လာတော့သည်ဟု ဆိုလိုပေသည်။ နိဗ္ဗာန်သည် - တဖန် အသစ်မဖြစ်သော မဖြစ်တရား မပျက်တရား အစစ်ပေတည်း။ ဖြစ်လို၍ဖြစ်တာ သံသရာ ရုပ်နာမ်ဆင်းရဲမှန်တည်း။ မဖြစ်လို၍ မဖြစ်တာ မှန်အမတာ နိဗ္ဗာန်ချမ်းသာမှန်တည်း။
“ပဝတ္တံသင်္ခါရာ အပဝတ္တံနိဗ္ဗာနံ၊ ဥပ္ပါဒေါ ဒုက္ခောအနုပ္ပါဒေါသုခေါ”
- မဖြစ်သုခ၊ ဖြစ်ဒုက္ခ၊ မုချမှတ်ကြပါ။
- မဖြစ်လျှင်အေး၊ ဖြစ်လျှင်ဘေး၊ မျှော်တွေးသိကြပါ။
- ဖြစ်လိုမအေး၊ မဖြစ်အေး၊ ကြံတွေးသိကြပါ။
- သိမြင်မမှန်၊ လူဗာလံ၊ ဖြစ်ရန်လိုလားရှာ။
- သိမြင်အမှန်၊ ပဏ္ဍိတံ၊ ဖြစ်ရန်မလိုလားပါ။
ဒုက္ခသစ္စာ အစွမ်းကုန်ထင်မြင်အောင် ဆင်ခြင်ပုံကား --
ဖြစ်ချင် ဖြစ်၊ မဖြစ်ချင် မဖြစ်၊ ဤလေးချက် သစ္စာလေးပါးအစစ်တည်း။
အဓိပ္ပါယ် ...
ဖြစ်ချင်က - သမုဒယသစ္စာ ဘဝတဏှာ ရာဂ လောဘပေတည်း။
ဖြစ်က - ဒုက္ခသစ္စာ၊ တဏှာမှတပါးသော ရုပ်နာမ်ခန္ဓာပေတည်း။
မဖြစ်ချင်က - မဂ္ဂသစ္စာ၊ တဏှာပယ်သော မဂ်အကျင့် မဂ္ဂင် ရှစ်ပါးတည်း။
မဖြစ်က - နိရောဓသစ္စာ နိဗ္ဗာန်ပေတည်း။
ဖြစ်ချင်တာက - ဖြစ်ချင်၍ဖြစ်ပြန်လျှင် ဖြစ်ရာ ဘုံဘဝတို့မှာ မလွှဲသာမရှောင်သာ၊ လွှဲမဖြစ် ရှောင်မဖြစ် ရင်ဆိုင်တွေ့ရမဲ့ ဇာတိ စသော ဒုက္ခကို မသိမမြင်လို့ ဖြစ်ချင်တာ။
ဖြစ်က - ဖြစ်လို၍ ဖြစ်ပြန်လျှင် ဖြစ်ရာဘုံဘဝတို့မှာ ရုပ်ဇာတိ နာမ်ဇာတိ ဒုက္ခသစ္စာ-ဖြစ်ပြန်တာ။
မဖြစ်ချင်က - ဖြစ်လို၍ ဖြစ်ပြန်လျှင် ဖြစ်ရာဘုံဘဝတို့မှာ ဇာတိ စသော ဒုက္ခသစ္စာ တို့ကို သိမြင်၍-မဖြစ်ချင်တာ။
မဖြစ်က - ဒုက္ခသစ္စာဆင်ခြင်၍ ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင်သောကြောင့်-ဘုံသုံးပါးတို့၌ တဖန်ဖြစ်လို၍ ဖြစ်ချင်နေတဲ့တဏှာ အာလယပြတ်၍ နောက်ထပ် အသစ် - မဖြစ်တာ။
တနည်း။ စတုသစ္စကမ္မဋ္ဌာန်း စီးဖြန်း ဆင်ခြင်ပုံ
ဖြစ်လိုတဲ့ကြောင့် ~ ဖြစ်တဲ့ ဒုက္ခံ၊
ဖြစ်ချင်လိုမှု၊ ပယ်စွန့်ပြု၊ ချုပ်မှု ထိုဒုက္ခံ။
အဓိပ္ပါယ်
ဖြစ်လိုတဲ့ ကြောင့်ကား-သမုဒယသစ္စာ။
ဖြစ်တဲ့ ဒုက္ကံကား-ဒုက္ခသစ္စာ။
ဖြစ်ချင်လိုမှု ပယ်စွန့်ပြုကား-မဂ္ဂသစ္စာ။
ချုပ်မှု ထိုဒုက္ကံကား - နိရောဓသစ္စာ။
ကိုယ့်အတတ်နှင့် ကိုယ့်ကို ပတ်
“ကိုယ့်ရှူးကိုယ်ပတ်၊ ကိုယ့်တတ်နှင့် ကိုယ့်ကို စူး၊ နှုတ်လို့ ရနိုင်ဘူး” ဆိုသလို၊ ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လိုဖြစ်ချင် နေတဲ့ ကိုယ့်လောဘ, ကိုယ့်အတတ်ကြောင့်ပင် ဘုံသုံးပါး တို့မှာ ဘဝတဖန် ရုပ်နာမ် ခန္ဓာ ဒုက္ခသစ္စာ အသစ်ဖြစ်ပြန်၍ ဇာတိ စသော ဒုက္ခသစ္စာတို့သည် ကိုယ့်ကိုပင် တဖန်ဖန် ပြန်၍ပြန်၍ ပတ်ပြန်လေတော့သည်၊ စူးပြန်တော့သည်၊ ဖြစ်လို၍ တခုသော ဘဝ ဇာတိဒုက္ခ စူးမိလျှင် အစဉ်အတိုင်း ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခ စသည် တို့သည် ဆင့်ကာဆင့်ကာ၊ ထပ်ကာထပ်ကာ၊ စူးလေတော့သည်၊ ဖြစ်လိုတဲ့ ကိုယ့် အတတ် ကိုယ်လောဘကို ဒုက္ခသစ္စာ ထင်မြင်အောင်ဆင်ခြင်၍ ဒုက္ခသစ္စာအစွမ်းကုန် ထင်လာမှ ဖြစ်လိုတဲ့ ကိုယ့်အတတ်ကို - ကိုယ်ဘဲဖြေမှ နောက်ထပ် ဇာတိ စသော ဒုက္ခသစ္စာ မပတ်လာတော့ဘဲ ပြေတော့သည်၊ ဝါ၊ နိဗ္ဗာန်သို့ ရောက်တော့သည်-ရတော့သည်ဟူလို။
-
မသိက တပတ်ပတ်၊ သိမှအပြီးသတ်
သ ကြောင့်-ဒု၊ တဏှာကြောင့်-ခန္ဓာ၊ ဖြစ် ပျက် မွေး သေ သံသရာ ရှည်၍ နေကြရသည်ဟု သစ္စာမသိသောကြောင့်-ဇာတိ စသော ဒုက္ခသစ္စာတွေ ထပ်ကာ ထပ်ကာ ပတ်လာပြန်တော့သည်။ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်က တဏှာ အသစ် မဖြစ်တော့၊ ခန္ဓာလဲ အသစ်မဖြစ်ပေါ်လာတော့ဘဲ အမြဲငြိမ်းအေးသွားသည်ဟု သစ္စာသိသောကြောင့် - သိတဲ့အတိုင်း တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့ခါ ဖြစ် ပျက် မွေး သေ, အပြီးသတ်သွားတော့သည်။
-
မသိလျှင်တွယ် - သိလျှင်ပြယ်သည်
သ ကြောင့်-ဒု ဟု သစ္စာမသိလျှင် တဖန်တဖန် ပြန်၍ပြန်၍ ဖြစ်လိုတဲ့ သမုဒယတဏှာ တွယ်တာသည်၊ သိလျှင်မတွယ်၊ တစတစ ပြယ်တော့သည်။
-
တွယ်လျှင်လည်းဘေး - ပြယ်လျှင်အေးသည်
ဘုံသုံးပါးတို့၌ - တဖန်ပြန်၍ ဖြစ်လိုတဲ့ သမုဒယတဏှာ တွယ်လျှင် ဘုံသုံးပါးတို့မှာ ဇာတိဒုက္ခ စသော ဘေးတွေ အသင်္ချေအနန္တ ဆုံးဆမရှိ တသီတတန်း တပုံ တခေါင်းကြီး လာကြပြန်တော့မည်မှာ မြေကြီးလက်ခတ်ပမာ သေချာလှပေသည်၊ ဖြစ်လိုပြန်လျှင် ဖြစ်ပြန်မဲ့ ဘေးကိုသိမြင်၍ တဖန်ပြန်၍ ဖြစ်လိုတဲ့ တဏှာပြယ်လျှင် ဇာတိဒုက္ခ စသော ဘေးတွေ အသင်္ချေအနန္တ အကုန်လုံး အေးလေတော့သည်။
- မသိအစ သိက အဆုံး - ကိစ္စတုံးသည်
သတ္တဝါအစ, မောဟ ဆိုတာလို၊ သစ္စာမသိသော မောဟက သတ္တဝါတို့ သံသရာကို စတည်ခဲ့ကြသည်ဟု ဆိုလိုပေသည်၊ သစ္စာသိသော ဝိဇ္ဇာပေါ်လာမှ၊ ဝါ၊ သစ္စာ မသိသော အဝိဇ္ဇာ မောဟမှောင်ကိုခွင်း၍ သစ္စာသိသော ဝိဇ္ဇာပညာအလင်းရောင် ပေါ်လာမှ ဖြစ် ပျက် မွေးသေ, သံသရာအဆုံး ကိစ္စတုံးနိုင်ကြသည်။ ထို့ကြောင့် ကိစ္စတုံးခြင်လျှင် သစ္စာသိအောင်သာ လုံးပန်းလေ။
ကြောင်း-ကျိုး နှစ်ရပ် သံသရာ စက်ရဟတ်
လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် ဘာ့ကြောင့် ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေရသနည်း ဆိုတဲ့ အမေး၌၊ - “ဟေတုသမုဒယာ ဖလ သမုဒယော” နှင့်အညီ၊ ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်နေ၍ တဖန် တဖန် ဖြစ်လိုဖြစ်ချင်နေတဲ့ သမုဒယ သစ္စာ ဘဝတဏှာ လောဘကြောင့်ပင် ဘုံသုံးပါးတို့မှာ-ဘဝတဖန် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ အကျိုးတရားတို့သည် အသစ်အသစ် ဖြစ်၍ဖြစ်၍ နေပြန်သောကြောင့် ကြောင်း ကျိုး မပြတ်တဲ့အတွက် မျိုးစေ့ကြောင့် အပင်ကဲ့သို့ ဖြစ် ပျက် မွေး သေ သံသရာစက်ကြီး လည်နေပေတော့သည်။
ကြောင်းပြတ် ကျိုးရပ် - သံသရာစက်ရပ်
ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည် - ဘာ့ကြောင့် ဖြစ်ပျက်မွေးသေ ဆိုတဲ့ သံသရာ ဝဋ်ကြီးထဲက ကျွတ်လွတ် ထွက်မြောက်နိုင်ကြပါသနည်း ဆိုတဲ့ အမေး၌ - “ဟေတုနိရောဓာ ဖလနိရောဓော” နှင့် အညီ၊ သစ္စာသိတဲ့ခါ သကြောင့်-ဒု၊ မကြောင့်-နိ ဟုသိရှိကြ၍၊ သ-ပယ်တဲ့ မ-အကျင့်ကို၊ ဝါ၊ ဖြစ်လိုလျှင် ဖြစ်ပြန်လိမ့်မယ်၊ ဖြစ်ပြန်လျှင် ဖြစ်ရာဘုံဘဝတို့မှာ ဇာတိဒုက္ခ စသော ဆင်းရဲဒုက္ခသစ္စာရေတွေ ပင်လယ် ဝေအောင် လိုတ်လာကြပြန်လိမ့်မယ် စသည်ဖြင့် ဒုက္ခသစ္စာထင်မြင်အောင် ဆင်ခြင် ပေးတဲ့ခါ ဒုက္ခသစ္စာ ကောင်းကောင်းလှလှ အစွမ်းကုန် ထင်မြင်လာသောကြောင့်-ဘုံသုံးပါးတို့၌ တဖန် ဖြစ်လိုတဲ့ ဘဝတဏှာ အာလယကင်းကွာ ပြတ်တောက်၍ သွားလေတော့၏။ တဏှာအာလယ ပြတ်သွားခြင်းသည် အရဟတ္တမဂ် ပေတည်း။ တဏှာအာလယမှ လွတ်သွားခြင်းသည် - အရဟတ္တဖိုလ်ပေတည်း။
“နိဗ္ဗိန္ဒံဝိရဇ္ဇတိ ဝိရာဂါ ဝိမုစ္စတိ” ပါဠိအရှိ။ ဤ၌ နိဗ္ဗိန္ဒံကား -ဒုက္ခသစ္စာထင်မြင်အောင် ဆင်ခြင်တဲ့ခါ၊ ဇာတိဒုက္ခ စသော ဆင်းရဲဒုက္ခ သစ္စာရေတွေ ပင်လယ်ဝေအောင် တသီတတန်းကြီး ဝင်စီး လိုက်လာကြတော့မည့် အရေးကို ကြက်သီး မွှေးညှင်း ထလောက်အောင် ထင်မြင်သိရှိ လာတဲ့ခါ၊ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာတို့၌၎င်း၊ ဘုံသုံးပါးတို့၌၎င်း၊ ပျင်းမုန်း ငြီးငွေ့ အမုန်းကြီး မုန်းတီးငြီးငွေ့သော - နိဗ္ဗိန္ဒဉာဏ် ရင့်သန် ထက်မြက်လာသည်ကို ပြသည်။
ဝိရဇ္ဇတိ ကား - တဖန် ဖြစ်လိုတဲ့ တပ်ခြင်း ကင်းမှု မဂ်ကို ပြသည်။ ဝိရာဂါ ဝိမုစ္စတိ ကား - ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ တပ်မက်မှုမှ လွတ်မြောက်မှု ဖိုလ်ကိုပြသည်။ ဤလိုဤပုံ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်သောယောဂီပုဂ္ဂိုလ် သည် ဒိ-ဝိ တို့ကို ရှင်းရှင်းလင်းလင်း ယုံမှား ကင်းအောင် ပယ်နိုင်တဲ့ခါ သောတာပန်၊ ရုန့်ရင်းသော ကိလေသာတွေ ခေါင်းပါး နေတဲ့ခါ သကဒါဂါမ်၊ ကာမ ရာဂ ပဋိဃ ကိလေသာ အလျှင်းမဖြစ်ပေါ်တဲ့ခါ၊ ဝါ၊ အကြွင်းမဲ့ ပယ်နိုင်တဲ့ခါ အနာဂါမ်၊ နောက်ပိတ်ဆုံး အနေဖြင့် ဘုံသုံးပါးတို့၌ တပ်မက်ခြင်း တဏှာအာလယ အပြီးအပြတ် လက်စသတ် ပြတ်သွားတဲ့ခါ အရဟတ္တမဂ် ရဟန္တာအဖြစ်သို့ ရောက်ပါသဖြင့် သ-အကြောင်းချုပ်ခြင်းကြောင့် ဒု- အကျိုးလဲ နောက်ထပ် အသစ်မဖြစ်တော့ဘဲ အမြဲ ချုပ်ငြိမ်း ရုပ်သိမ်းသွားတော့သည် ဖြစ်၍ ကြောင်း ကျိုး နှစ်ရပ် အစဉ်ပြတ်ကာ နောက်ထပ်အသစ် မဖြစ်တော့ဘဲ အမြဲငြိမ်းအေး လေတော့သည်၊ ဝါ၊ မွေးသေ လွတ်တဲ့ အသင်္ခတဓာတ်နိဗ္ဗာန်သို့ ဝင်စံရလေတော့သည်။
အကြောင်းပယ်သတ် အကျိုးရပ်
ယံကိဉ္စိ ဒုက္ခံ သမ္ဘောတိ၊ သဗ္ဗံ ဆန္ဒရာဂမူလကာ၊
ဆန္ဒရာဂနိရောဓေန၊ နတ္ထိ ဒုက္ခဿ သမ္ဘဝေါ။
(ဝိသုဒ္ဓိ)
ဘာသာပြန်
လောက၌ အလုံးစုံသော ဆင်းရဲဒုက္ခ ဟူသမျှသည်ဖြစ်၏။ ထိုအလုံးစုံသော ဆင်းရဲဒုက္ခ ဟူသမျှသည် အလိုရှိခြင်းဆန္ဒ တပ်မက်ခြင်း ရာဂလျှင် အကြောင်းရင်း ရှိကုန်၏၊ ဆန္ဒရာဂ ချုပ်ခြင်း မရှိခြင်းကြောင့် အလုံးစုံသော ဆင်းရဲဒုက္ခ ဖြစ်ခြင်းလည်း မရှိတော့ပြီ။
အဓိပ္ပါယ်
ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ တဏှာဆန္ဒကြောင့်ပင် ဘုံသုံးပါးတို့မှာ ဘဝတဖန် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ အသစ် အသစ် ဖြစ်၍ဖြစ်၍ ဖြစ်ပျက်မွေးသေ ဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေကြရသည်။ ထိုဖြစ်လိုတဲ့ ဆန္ဒရာဂကို ဖြစ်လိုလျှင် ဖြစ်ပြန်လိမ့်မယ်၊
ဖြစ်ပြန်လျှင် ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိ စသော ဆင်းရဲဒုက္ခတွေ ပင်လယ် ဝေအောင် စီးဝင်လာကြ လိမ့်မယ် စသည်ဖြင့် ဒုက္ခသစ္စာထင်မြင်အောင် ဆင်ခြင်၍ ဇာတိစသော ဒုက္ခသစ္စာတွေ အစွမ်းကုန် ထင်မြင်လာပါလျှင် တဖန် ဖြစ်လိုတဲ့ တဏှာ ဆန္ဒရာဂ အာလယ ပြတ်၍ ဘုံသုံးပါးတို့၌ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာတို့သည် နောက်ထပ်အသစ် မဖြစ်တော့ဘဲ အမြဲငြိမ်းအေးနေတဲ့ ဇာတိနိရောဓ ဘဝနိရောဓ ဒုက္ခနိရောဓ အနုပ္ပါဒနိရောဓ အသင်္ခတ ပရမတ္ထ နိဗ္ဗာန်သို့သာ ဆိုက်ရောက်လေတော့ သည်။
အစဉ် ၄-မျိုး
ပါဠိလို(ကမ) မြန်မာလို(အစဉ်) ခေါ်သော (ကမ)သည် --
ပါဠိ - ၁-ပဝတ္တိက္ကမ။ ၂−ဒေသနက္ကမ။ ၃-ပဋိပတ္တိက္ကမ။ ၄-ပဟာနက္ကမ။
မြန်မာ - ဖြစ်စဉ်။ ဟောစဉ်။ ကျင့်စဉ်။ ပယ်စဉ်။
၁။ ပဌမံ ကလလံ ဟောတိ စသည်ကား - ဖြစ်စဉ်။
၂။ စတ္တာရိမာနိ ဘိက္ခဝေ အရိယသစ္စာနိ စသည်ကား - ဟောစဉ်။
၃။ ကတမေဘိက္ခဝေ ပဟာတဗ္ဗာ အဝိဇ္ဇာစ ဘဝတဏှာစ ဟူ၍၎င်း။
၄။ နန္ဒိသမုဒယာ ဒုက္ခသမုဒယော နန္ဒိနိရောဓါ ဒုက္ခနိရောဓါ ဟူ၍၎င်း။
၅။ တဏှာဒုက္ခဿမူလံ တဏှက္ခယာယ ပဋိပဇ္ဇထ ဟူ၍၎င်း။
၆။ ကတမေဘိက္ခဝေ ဘာဝေတဗ္ဗာ သမထောစ ဝိပဿနာစ ဟူ၍၎င်း။
ဤဆိုခဲ့ပြီးသော အစဉ်ကား - ကျင့်စဉ်။
၇။ ပဉ္စပဟာနာနိ တဒင်္ဂ ဝိက္ခမ္ဘန သမုစ္ဆေဒ ပဋိပဿဒ္ဓိ နိဿရဏ ဝသေနာတိ ဆိုတဲ့ အစဉ်ကား. - ပယ်စဉ်။
ဟောစဉ်-ကျင့်စဉ်
ဤ၌ သစ္စာလေးပါးတို့ကို ဒု-သ-နိ-မ လို့ ရှေ့နောက်အစဉ်ထား၍ ဟောကြားတော် မူခဲ့သည်မှာ - ရှေးဘုရားတို့ကဲ့သို့ ဟောရိုးဟောစဉ်အတိုင်း ဟောတော်မူတဲ့ -ဒေသနက္ကမ ဟောစဉ်သာ ဖြစ်သည်၊ ရှေးဘုရားလဲ ဤပုံအတိုင်း ဟောတော် မူကြသည်၊ နောက် ပွင့်လတ္တံ့သော ဘုရားတို့လဲ ဤပုံအတိုင်းဘဲ ဟောတော်မူကြ လတ္တံ့။ သို့ ဟောသော်လည်း ဟောတော်မူတိုင်း ဒုက္ခသစ္စာကစ၍ ကျင့်ရမည် မဟုတ်ပေ။ သစ္စာလေးပါးတို့ကို ဒု-သ-နိ-မ ဟု အစဉ်ထား၍ ဟောတော်မူရာ၊ သ-မ သစ္စာတို့မှာ အကြောင်းသစ္စာများသာဖြစ်ကြ၍၊ ဒု-နိ သစ္စာ တို့မှာ အကျိုးသစ္စာများသာ ဖြစ်ကြလေသည်။
ဤလိုဤပုံ အကြောင်းနှင့် အကျိုးဖြစ်နေရာ, အကြောင်းဖြစ်တဲ့ လောကီ သ-ကို အကြောင်းဖြစ်တဲ့ လောကုတ္တရာ မ--နှင့် ပယ်သတ်မှသာ အကြောင်း လောကီ သ-ကုန်ဆုံး ချုပ်ငြိမ်း၍ အကျိုးလောကီ ဒု-လည်း ကုန်ဆုံးချုပ်ငြိမ်း လေတော့သည်။ သို့မှသာ ကြောင်း ကျိုး နှစ်ရပ် အစဉ်ပြတ်၍ နောက်ထပ် အသစ် တဖန် မဖြစ်သော - အနုပ္ပါဒနိရောဓ အသင်္ခတ ပရမတ္ထနိဗ္ဗာန် အစစ်အမှန်ဖြစ်နိုင်မည်၊ ဝါ၊ မွေးသေ လွတ်တဲ့နိဗ္ဗာန် ဖြစ်နိုင်မည်၊ ဝါ၊ ကုန်အောင်စုံသော ဆင်းရဲ ကင်းတဲ့ နိဗ္ဗာန်၊ ဝါ၊ ကုန်အောင်စုံသောချမ်းသာတဲ့နိဗ္ဗာန် အစစ်အမှန် ကန် ဖြစ်နိုင်ပေမည်။
၁-ဒုက္ခ၊ ၂-သမုဒယ၊ ၃-နိရောဓ၊ ၄-မဂ္ဂဟု အစဉ်ထား၍ ဟောကြားသော်လည်း၊ “ပွါး-သိ-ပယ်-ဆိုက်၊ လေးပါးကိုက်၊ အမြိုက် နိဗ္ဗာန်ဝင်” နှင့်အညီ “မဂ္ဂံဘာဝေတွာ”အရ၊ ၄-နံပါတ်ဖြစ်သော မဂ္ဂသစ္စာ မဂ္ဂင်ရှစ်ပါးကို ပွါးများအားထုတ်မှသာ သစ္စာသိ၍ သိတဲ့ အတိုင်း ပယ်မှသာ နိရောဓသို့ ဆိုက်ရောက်နိုင်ကြမည်ဟု သတိရှိကြပါစေသတည်း။
တဏှာပယ်တဲ့ မဂ်အကျင့်
“တဏှာဒုက္ခဿ မူလံ တဏှက္ခယာယ ပဋိပဇ္ဇထ” ဆိုတဲ့ သစ္စာလေးပါး ကျင့်စဉ်မှာ တဏှာဖြင့် သ-ကို၊ ဒုက္ခသဖြင့် ဒု-ကို၊ တဏှက္ခယာယဖြင့် နိ-ကို၊ ပဋိပဇ္ဇထဖြင့် မ-ကို၊ ဤလို သစ္စာလေးပါးကို ကျင့်စဉ်အတိုင်း ဟောပြထားရာ ....။
ဟောလိုရင်းမှာ --
တဏှာဒုတိယော ပုရိသော၊
ဒီဃမဒ္ဓါန သံသာရံ၊
ဣတ္ထဘာဝ ညထာ ဘာဝံ၊
သံသာရံ နာတိဝတ္ထတိ။
(သုတ္တနိပါတ ဒွယနုပဿနာသုတ်နှင့်အညီ။)
တဏှာအဖေါ်ရှိသော တဏှာအဖေါ်ပါသော တဏှာခေါင်းဆောင် တဏှာရှေ့သွား ရှိနေသော ယောက်ျားသည် တဏှာအဖေါ်ကို အလဲထိုး၍ အသေမသတ်သမျှ၊ ဝါ၊ တဏှာအဖေါ်၏ အလိုကို လိုက်နေသမျှ ဖြစ် ပျက် မွေး သေ ဆိုတဲ့ သံသရာမှ မလွန်မြောက်နိုင်သောကြောင့် အဖေါ်တဏှာ သေအောင်၊ ဝါ၊ အကြောင်းတဏှာ ကုန်အောင် တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်ကြ။ ဝါ၊ ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လိုဖြစ်ချင်နေတဲ့ တဏှာ အာလယကို အပြတ်ဖြတ်ကြဟု တိုက်တွန်းတော်မူသဖြင့် အကြောင်းတဏှာ ကုန်လျှင်၊ ဝါ၊ အသစ်မဖြစ်လျှင် အကျိုးခန္ဓာလည်း ကုန်၍ အသစ်မဖြစ် သောကြောင့်-“ဥဘိန္နံအပ္ပဝတ္တိ နိရောဓသစ္စံ” နှင့်အညီ၊ အဆိုပါ ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ ကုန်ဆုံးချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း ဖြစ်သော နိရောဓသစ္စာ နိဗ္ဗာန်သို့ ဆိုက်ရောက်စေရန် ရည်သန်တော်မူ၍ သစ္စာလေးပါးတို့၌ ကျင့်စဉ်ကို ဖေါ်ပြတော်မူခဲ့ပေသည်။
တဖန် --
“နိန္ဒိသမုဒယော ဒုက္ခသမုဒယော နန္ဒိနိရောဓါ ဒုက္ခ နိရောဓေါ” ဆိုတဲ့ကျင့်စဉ်၌လည်း၊ နန္ဒိသမုဒယောဖြင့် သ-ကို၊ ဒုက္ခသမုဒယောဖြင့် ဒု-ကို၊ နန္ဒိနိရောဓာဖြင့် မ-ကို၊ ဒုက္ခနိရောဓောဖြင့် နိ-ကို၊ ဤလို အကြောင်းအကျိုး -အကြောင်းအကျိုး ဟောပြထား တော်မူရာ ထိုထိုဘုံ ထိုထိုအာရုံတို့၌ စုံစုံမက်မက် ခုံခုံတက်သော တပ်မက်တတ်သော နန္ဒိရာဂ ခေါ်သော တဏှာဖြစ်ခြင်းကြောင့်ပင်၊ ၃၁-ဘုံတို့၌ စုန်ဆန်လူးလာ ဒုက္ခမျိုးစုံ သပွတ်အုံ သပွတ်အူကြီးတွေ မရေမတွက်နိုင်အောင် အသစ်အသစ် ဖြစ်ပေါ်လာကြ လေတော့သည်။
သူပုန်ကြောင့်တိုင်းပြည် မငြိမ်မသက် မငြိမ်းအေးဖြစ်နေရာ သူပုန် ခေါင်းဆောင် ကြီးကို အမိဖမ်း အလဲထိုး၍ အသေသတ်တဲ့ခါ တိုင်းပြည် ငြိမ်သက် အေးချမ်း သာယာသွားသကဲ့သို့၊ ထို့တူပမာ -- နန္ဒိရာဂ ကြောင့် ဖြစ် ပျက် မွေးသေ သံသရာ ရှည်၍ မငြိမ်းအေး မငြိမ်းအေးဖြစ်နေကြရာ၊ တဏှာပယ် တဏှာဖြတ် တဏှာသတ်တဲ့ မဂ်အကျင့်ကို ကျင့်သောကြောင့် နန္ဒီရာဂ ခေါ်သော တဏှာသူပုန် ခေါင်းဆောင်ကြီး သည် သစ္စာလေးပါး တိုက်ပွဲတွင် အရဟတ္တမဂ်လက်နက်ထိမှန်၍ မရှုမလှကျဆုံး၍ သွားပါသောကြောင့် - ဖြစ် ပျက် မွေးသေ ဆိုတဲ့ သံသရာကြီး ငြိမ်းအေးသွားလေတော့ သည်။
ဤလိုဤပုံ - လူနတ်တို့ အသိမှန် အမြင်မှန် ရသွားအောင် ရရှိတဲ့အတိုင်းလဲ နန္ဒီတဏှာ ကိုပယ်သတ်၍ မွေး သေ လွတ်သော အမတာနယ် ကပ်နိုင်ကြအောင် နည်းပေးလမ်းပြ ဆိုဆုံးမခဲ့ခြင်းဖြစ်ပေသည်။ ဟောတော်မူလိုရင်းမှာ - တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ, သံသရာရှည်၍ နေကြရာ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်မှ တဏှာ ကုန်မည်၊ တဏှာကုန်မှ ခန္ဓာလည်း ကုန်မည်၊ တဏှာ ခန္ဓာကုန်မှ ရွှေဘုံနိဗ္ဗာန် အငြိမ်း စံရမည်။
“မဂ္ဂံ ဘာဝေတွာ” အရ၊ မဂ္ဂသစ္စာ မဂ္ဂင်ရှစ်ပါးကို ပွါးများ အားထုတ်၍၊ ဝါ၊ ရုပ်နာမ် မြင်အောင် လက္ခဏာထင်အောင် သစ္စာမြင်အောင် ဆင်ခြင် နှလုံးသွင်း၍၊ ဝါ၊ ဝိပဿနာပွါး၍။ (တနည်း) “အာသဝက္ခယာယစိတ္တံနိန္ဒာ မေသိံ” နှင့်အညီ၊ အာသဝေါတရား ကုန်စေခြင်းငှါ၊ ဝါ၊ ဘဝါသဝ ကွာကျစေခြင်းငှါ မိမိစိတ်ကို ရှေ့ရှုညွှတ်စေပြီး၊ ဝါ၊ ဝိပဿနာရှု၍နေပြီး၊ ဝါ၊ သစ္စာလေးပါး မြတ်တရားတို့ကို သတိနှင့်မကွာ ပညာနှင့်မကင်း အဖန် တလဲလဲ ဆင်ခြင် နှလုံးသွင်း၍နေပြီဟု ဆိုလိုပေသည်။ ထို့ကြောင့်ပင် “ပွါး သိ ပယ် ဆိုက်၊ လေးပါးကိုက်၊ အမြိုက်နိဗ္ဗာန်ဝင်” ဟု ဆိုပေသည်။
အဓိပ္ပါယ်
မဂ္ဂသစ္စာ-မဂ္ဂင်ရှစ်ပါးကို ပွါးများ အားထုတ်ခြင်းသည် ပွါး-မည်၏။
ပွါး၍ ရုပ်နာမ်သိ လက္ခဏာသိ သစ္စာသိခြင်းသည် သိ-မည်၏။
သစ္စာသိ၍ တဏှာပယ်ခြင်းသည် ပယ်-မည်၏။
တဏှာပယ်၍ အမတောနယ် နိရောဓသို့ ဆိုက်ရောက်ခြင်းသည် ဆိုက်-မည်၏။
တတိယသစ္စာခေါ်သော နိရောဓသစ္စာနိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် မိမိစိတ်သည် နိဗ္ဗာန်သို့ ပြေးဝင်ခြင်းသည်-အမြိုက်နိဗ္ဗာန်ဝင် မည်၏။
တနည်း
သ ကြောင့်-ဒု၊ ဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေကြသည်။ မ ကြောင့်-နိ၊ ဖြစ်ပျက်မွေးသေ သံသရာပြတ်၍ ရပ်ကြသည် ဟူ၍၎င်း၊
တနည်း
ဖြစ်လိုတာ သမုဒယသစ္စာ၊ ဖြစ်တာ ဒုက္ခသစ္စာ။ မဖြစ်လိုတာ - မဂ္ဂသစ္စာ၊ မဖြစ်တာ-နိရောဓသစ္စာ။ ဖြစ်လိုတော့ ဖြစ်ဦးမှာ ဖြစ်ပြန်တော့ သံသရာထဲ ဆင်းရဲရတော့မှာ၊ မဖြစ်လိုတော့ မဖြစ်ပါ၊ မဖြစ်တော့-နိဗ္ဗာန်ပါ၊ ချမ်းသာရတော့မှာ-ဟူ၍၎င်း။
တနည်း
ဘဝတဖန် ဖြစ်လိုတာ - ဘဝတဏှာ, သမုဒယသစ္စာ။
ဘဝတဖန် ဖြစ်တာ - ရုပ်နာမ်ခန္ဓာ, ဒုက္ခသစ္စာ။
မဖြစ်လိုတာ-မဂ်စိတ်ပါ မဂ္ဂသစ္စာ။
မဖြစ်တာ နိဗ္ဗာန်ပါ, နိရောဓသစ္စာ ဟူ၍၎င်း။
တနည်း အကျယ်ပွါး
ဖြစ်လိုလျှင် ဖြစ်ပြန်ဦးမှာ၊ ဖြစ်ပြန်လျှင် ဖြစ်ရာ ဖြစ်ရာဘုံဘဝတို့မှာ တဖန်ပြန်၍ ပဋိသန္ဓေ နေရတာ ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့်- ဒုက္ခသစ္စာ။
မအိုချင်ဘဲ အိုရတာ၊ ဆင်းရဲ တွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် ဒုက္ခသစ္စာ။
မနာချင်ဘဲ နာရတာ ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် -ဒုက္ခသစ္စာ။
မသေခြင်ဘဲ သေရတာ ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် - ဒုက္ခသစ္စာ။
မသေမှီအတွင်း ဆင်းရဲဒုက္ခခပင်းတို့ကို ခေါင်းစင်း၍ ခံရတာ - ဒုက္ခသစ္စာ။
သေပြီးသည့်နောက် အကုသိုလ်ကံနှောက်၍ အပါယ်သို့ ရောက်ပြန်သဖြင့် ဒေဝဒတ် ဇာတသတ် နွားသတ်နန္ဒ ဝက်သတ်စုန္ဒ စသည်တို့လို အဝီစိငရဲမီး သံတွေခဲငရဲမီး တဒီးဒီး တရဲရဲ အမြဲတစေ အလောင်ခံ၍ နေရတာ ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် - ဒုက္ခသစ္စာ။
ဤသို့ စသည်ဖြင့် ဒုက္ခသစ္စာ တို့ကို ဆင်ခြင်ပွါးများ အားထုတ်နေတဲ့ခါ ဇာတိဒုက္ခ စသော ကုန်အောင်ငုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခ အသင်္ချေ အနန္တတို့ကို တတ်တတ် ထင်ထင် တဲ့တဲ့ကြီး ဒုက္ခသစ္စာကို အစွမ်းကုန် ထင်မြင်သည်ရှိသော်- “တယောဘဝေ အဂ္ဂိခန္ဓောဝိယခါတိ” ဟု လာရှိသည်နှင့် အညီ၊
ဘုံသုံးပါးတို့ကို မီးပုံကြီးသုံးပုံ မီးလောင်အိမ်ကြီးသုံးလုံး မီးလောင်ရွာကြီး သုံးရွာကဲ့သို့ ဘုံသုံးပါးကို၎င်း၊ မိမိခန္ဓာ အိမ်ကြီးကို၎င်း၊ မီးကျီးတုံး မီးကျီးခဲကြီးပမာ စိတ်ထဲ ဉာဏ်ထဲမှာ ထင်မြင် လာပါသောကြောင့် အဆိုပါ ဘုံသုံးပါးတို့ကို အလွန့်အလွန်ကြီး မုန်းတီးငြီးငွေ့၍ လာတော့၏။
မုန်းတီးငြီးငွေ့မှု အားကြီးလာတဲ့ခါ ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ တဏှာအာလယ အပြီးအပြတ် လက်စသတ်ပြတ်၍ နောက်ထပ် အသစ် မဖြစ်တော့ဘဲ အမြဲချုပ်တော့၏။ “နိဗ္ဗိန္ဒံဝိရဇ္ဇတိ ဝိရာဂါဝိမုစ္စတိ” နှင့်အညီ၊ ဘဝတဏှာ ပြတ်ခြင်း သည် အရဟတ္တမဂ်ပေတည်း။
ဘုံသုံးပါးတို့ကို မီးကျီးတုံး, မီးကျီးခဲကြီးကဲ့သို့ တကယ် ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင်ပါလျှင် တကယ်ပြတ်၏၊ တကယ်မထင်လျှင် တကယ် မပြတ်ဟု မှတ်။ တကယ်ပြတ်ကလည်း ဘုံသုံးပါးတို့၌ တုဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ တဏှာ အကြောင်းသစ် မဖြစ်တော့ပြီ၊ တဏှာအကြောင်းသစ် နောက်ထပ် မဖြစ်ကလည်း ဘုံသုံးပါးတို့မှာ ခန္ဓာအကျိုးသစ်မဖြစ်တော့ပြီ။
တဏှာအကြောင်းသစ် ခန္ဓာအကျိုးသစ် တဖန်မဖြစ်လျှင်လည်း ကြောင်းကျိုး နှစ်ရပ် အစဉ်ပြတ်၍ နောက်ထပ် အသစ်မဖြစ် တော့ဘဲ အမြဲငြိမ်းအေးသွားတဲ့ အငြိမ်းဓာတ် အအေးဓာတ် ခေါ်သော အသင်္ခတဓာတ် အမြတ်ဓမ္မ ပရမတ္ထနိဗ္ဗာန်သို့သာ ဆိုက်ရောက် လေတော့သည်။ ဝါ၊ နိဗ္ဗာန်ယူသိမ်း၍ အငြိမ်းကြီး ငြိမ်းရလေတော့သည်။
ဤကား - ဘုရားအလိုတော်ကိုသိ ဘုရားအာဘော်ကို ရိပ်စားမိကြတဲ့ အဋ္ဌကထာ, ဋီကာ ဆရာ့ဆရာတို့၏ အဖွင့်အမိန့်အဆို စကားရပ်တို့ကို လိုရင်းတွင် အကျဉ်းချုံး၍ နိဂုံးချုပ်အနေဖြင့် ပြဆိုအပ်သော သစ္စာသိနည်း သစ္စာမြင်နည်း သစ္စာရှုနည်း မဂ္ဂင်ရှစ်ပါးတွင် စ ဦးတင်၍ ပါဝင်သော ဝိပဿနာသမ္မာဒိဋ္ဌိ ခေါ်သော ဝိပဿနာ ဉာဏ်အစ သစ္စာဉာဏ် အဆုံးသတ်၍ မွေး, သေ လွတ်သော နိဗ္ဗာန်သို့ ရပုံ ရောက်ပုံကို ပြဆိုသောနည်းတည်း။
အချုပ်အားဖြင့် သစ္စာသိရန်မှာ
သတ္တလောကရှိ သ, ဝိညာဏက သတ္တဝါမှန်သမျှကို ဘာကောင်ဘဲဖြစ်ဖြစ် ဒုက္ခသစ္စာ အစစ်လို့သာ သိပါ မြင်ပါ အယူမှန် ယူပါ၊
ထိုသတ္တဝါတို့ကို ဖြစ်စေတတ်သော ရှေးဘဝ၌ ဖြစ်သော တဏှာ, ကံ တို့ကို သမုဒယသစ္စာလို့သာ သိပါ, မြင်ပါ၊
တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် အဆိုပါ ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန်အသစ် မဖြစ်ရာ နိဗ္ဗာန်ကို နိရောဓသစ္စာလို့သာ သိပါ မြင်ပါ၊
ဒု-ကို ပိုင်းခြား၍ သိတတ်သော၊ သ-ကို ပယ်တတ်သော၊ နိ-ကို အာရုံပြုတတ်သော မဂ်စိတ် လေးခု၌ ယှဉ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို မဂ္ဂသစ္စာလို့သာ သိပါ မြင်ပါ အယူမှန်ယူပါ။
ဤလိုဤပုံ အထက်တန်းကြလှတဲ့ ဝိပဿနာဉာဏ် ခေါ်သော သစ္စဉာဏ်ဖြင့် အသိမှန်သိ အမြင်မှန်ရ၍ အယူမှန် ယူလိုက်နိုင်ပါလျှင်၊ ဝါ၊ ပုဂ္ဂိုလ်သတ္တဝါရှိ၏ဟု အယူမရှိတော့၊ ဒု-သ သစ္စာနှစ်ပါးသာဟု ယုံမှားမရှိ အယူမှန် ရှိသွားပါလျှင်၊ ဝါ၊ အတ္တ အယူမရှိ၊ အနတ္တ အယူရှိသွားလျှင်၊ဝါ၊ အတ္တ အယူပျက်၍, အနတ္တအယူဖြစ်သွားလျှင် အပါယ်လွတ်တရားရ သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ပေသည်။ အတ္တ အယူမှားကို တားဆီးနိုင်သောဉာဏ်သည် သောတာပတ္တိ မဂ်ဉာဏ် ပေတည်း။
(၁) ဒုက္ခသစ္စာဆိုလျှင်- တဏှာမှ တပါးသော ရုပ်နာမ်ခန္ဓာ အာယတန ဓာတ်တို့ကို ဆိုသည်ဟု သိလေ မှတ်လေ၊ ရုပ်နာမ်ခန္ဓာ အာယတန ဓာတ်ဆိုလျှင် အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဟု သိလေ မှတ်လေ၊ အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဆိုလျှင် ချမ်းသာတာမမှန်၊ ဆင်းရဲတာ မှန်လှသောကြောင့် - ဒုက္ခသစ္စာ ဟုသာ လှေနံဓားထစ် တထစ်ချ မူသေကိန်းသေ သိလေ မှတ်လေ။
(၂) သမုဒယသစ္စာဆိုလျှင် - တဏှာ ရာဂ လောဘကိုဆိုသည်ဟုသိ၊ တဏှာ ရာဂ, လောဘ ဆိုလျှင် အနိစ္စ ဒုက္ခ အနတ္တ ဟုသိ။
(၃) နိရောဓသစ္စာဆိုလျှင် - နိဗ္ဗာန်ကိုဆိုသည်ဟုသိ၊ နိစ္စ, သုခ, အနတ္တ ဟု သိ။
(၄) မဂ္ဂသစ္စာဆိုလျှင် - မဂ္ဂင်ရှစ်ပါးကို ဆိုသည်ဟုသိ၊ အနိစ္စ ဒုက္ခ အနတ္တ ဟု သိ။
လက်ရှိဘဝ အထက်ကပြခဲ့တဲ့အတိုင်း - ဆီး ဝမ်း ကွဲအောင် မသိသေးဘဲနှင့်တော့ သေမသွားကြပါနှင့်၊ အရှုံးကြီးရှုံး အနင့်နာကြီး နှင့်နာသွားကြပါလိမ့်မည်။ ဘယ်သူတို့လိုလဲ - အာဠာရ ဥဒက ရသေ့တို့လိုဘဲ၊ အာဠရ ရသေ့သည် ဘုရားမဖြစ်ခင် ခုနစ်ရက်လောက် လက်မတင်ကလေးစော၍ သေ၊ အာကိဉ္စညာယတနဘုံ၌ ဖြစ်၊ ဥဒက ရသေ့သည် ဘုရားမဖြစ်ခင် သန်းခေါင်ယာမ်လောက် လက်သန်းတင်ကလေး စော၍ သေ၊ နေဝသညာ နာသညာယတနဘုံ၌ ဖြစ်နေနှင့်ကြပြီးဖြစ်၍၊ ဘုရားဖြစ်လာ တဲ့ခါ တရားဟောဘို့ ကြည့်တော့ အရပ်ပြစ်ရှစ်ပါးအဝင် “ဝေ -သဉ် - သင် - ဝိ” နာမ် ခန္ဓာလေးပါးသာရှိ၍ ဘုရားရှိရာ လာ၍လည်း တရား မနာနိုင်၊ ဘုရားက သွားဟောလို့ လဲ မဖြစ်၊ အကြပ်တွ့နေ၍ ခိပ္ပမေ၀ ဇာနိဿတိ၊ ငါဘုရား တရား သစ္စာလေးပါးကို ကြားနာလိုက်ရလျှင် သစ္စာ သိ၍ အရိယာ သောတာပန်ဖြစ် အပါယ်လွတ်တရား ရရုံမျှမက မွေး သေ လွတ်တဲ့ နိဗ္ဗာန် အထိ ရရှိသွားကြမဲ့ ပုဂ္ဂိုလ်ကြီးတွေပါတကားဟု သိရှိတော်မူတဲ့ခါ၊ မဟာ ဇာနိယောခေါ မဟာ ဇာနိယောခေါ အရှုံးကြီးရှုံးပြီး အနင့်နာကြီး နှင့်နာလေပြီဟု သနားခြင်းကရုဏာ ရင်ထုမနာ စုတ်တသတ်သတ် နှင့်သာ ဖြစ်တော်မူရ ရှာလေသည်။ ထို့ကြောင့် မနေရလို့ သေကြလျှင်လဲ အဆိုပါ နည်းအတိုင်း သစ္စာသိပြီးမှ သေကြပါဟု မေတ္တာရပ်လိုက်ပါသည်။
သာသနာတွင်းအသိ - သစ္စာထိအောင်သိ၊
သာသနာပ အခါကာလမှာ - လူဖြစ်ကြတဲ့ခါ သာသနာပဖြစ်နေကြ၍ ပညတ် ပရမတ်, ရုပ် နာမ်ခန္ဓာ အာယတန, ဓာတ်, သစ္စာတို့ကို ဟောပြော တတ်သောသူ တစုံတယောက်မျှ မရှိကြ၍ သူ ငါ စသော ပညတ်ပေါ်တွင် အသိဉာဏ်အားကုန်၍ နေကြသဖြင့် ပညတ်မြင် ပညတ်သိ မိစ္ဆာဒိဋ္ဌိ အမှား သိနှင့်သာ သေကြရလေသည်။
သာသနာတွင်း၌ကား - ထိုသို့မဟုတ်၊ သူ ငါဆိုတာ ပညတ် တကိုယ်လုံး တကောင်လုံးကြီးက ပရမတ်ဟူ၍၎င်း၊ ပရမတ်တွင်လည်း ဆံ အစ ကျင်ငယ် အဆုံး တကိုယ်လုံး တကောင်လုံးရှိ မသိတရားက ရုပ်၊ သိတရားက နာမ် ရုပ်နာမ်ဟူ၍၎င်း၊
အဆိုပါ ရုပ်နာမ် နှစ်ပါးကို ငါးပုံခွဲတော့ ခန္ဓာငါးပါး၊
ဆဲ့နှစ်ပုံခွဲတော့ အာယတန တဆဲ့နှစ်ပါး၊
ဆဲ့ရှစ်ပုံခွဲတော့ ဓာတ် တဆဲ့ရှစ်ပါး ဟူ၍၎င်း၊
အဆိုပါ ရုပ်နာမ်ခန္ဓာ အာယတနဓာတ် တို့သည်လည်း နိဗ္ဗာန်ကို ချွင်းချန်၍ ကြွင်းကျန်သော တရားတို့မှာ ဥပါဒ်-ဌီ-ဘင် မျှဖြစ်၍ ပျက်ကြသောကြောင့် အနိစ္စ ဒုက္ခ အနတ္တ အသုဘ တရားတို့သာ ဟူ၍၎င်း၊ အဆိုပါ ရုပ်နာမ်ခန္ဓာ အာယတန ဓာတ်တရား တို့သည်လည်း ရုပ်နာမ်ကို ရသည်မှ သေနေ့ကြအောင် ချမ်းသာတာမမှန် ဆင်းရဲတာ မှန်သောကြောင့် ဒုက္ခသစ္စာ။
ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော တဏှာလောဘသည် သမုဒယသစ္စာ။
အဆိုပါ ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန်အသစ် မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ။
ဒု-ကို ပိုင်းခြား၍ သိတတ်သော၊ သ-ကို ပယ်တတ်သော၊ နိ-ကို အာရုံပြုတတ်သော၊ မဂ္ဂင်ရှစ်ပါးသည်-မဂ္ဂသစ္စာ ဟူ၍၎င်း၊
သူ ငါ သစ္စာကိုက်အောင် သိမြင်နိုင်သော ပရမတ်မြင် ပရမတ်သိ သမ္မာဒိဋ္ဌိ အမှန်သိ၊ သိနိုင်တဲ့ သာသနာတွင်းကြီးနှင့် ကြုံတွေ့နေ ကြရတဲ့ ယခုဘဝကြီးမှာ အထက်အဆိုပါ နည်းအတိုင်း သစ္စာထိအောင် သိတဲ့ သာသနာတွင်း အသိမျိုးကို မသိဘဲနှင့်တော့ သေမသွားကြပါနှင့်၊ သေမဲ့ သေရင်လဲ သစ္စာ ထိအောင်သိတဲ့ သာသနာတွင်းအသိကို သိရှိပြီးမှ သေကြပါဟု မှာလိုက်ပါသည်။
တနည်းပွါးရန်
ဖြစ်မှုရှိသမျှ၊ ဒုက္ခအမှန်၊
ဖြစ်မှုချုပ်မှ သုခနိဗ္ဗာန်။
ချုပ်ခြင်းအမှု နှစ်သက်ပြု၊
ဖြစ်မှု မဂ်စိတ်မှန်။
ဟု-မဂ္ဂသစ္စာ ဘာဝနာကို နာနာပွါးပေးပါ၊ ပွါးဖန်များတဲ့ခါ ဉာဏ် ရင့်သန်၍လာ အသိမှန် အမြင်မှန်ရလာ၊ ဝါ၊ သဘောပေါက် သဘောကျ သွားတဲ့ခါ တဏှာမပယ် သမျှကာလပတ်လုံး တဏှာကြောင့်ခန္ဓာ တသံသရာလုံး ဖြစ် ပျက် မွေး သေ သံသရာ ရှည်၍ ဖြစ်မှုရှိသမျှ ဖြစ်ခြင်းရှိသမျှတွေဟာ “ဒုက္ခက္ခန္ဓဿ သမုဒယော” အရ၊ ချမ်းသာ မဘက် ဆင်းရဲသက်သက်ကြီးပါ တကား၊
တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာ ခန္ဓာအစဉ်ပြတ်၍ နောက်ထပ် အသစ်တဖန် မဖြစ်တော့ဘဲ ဖြစ်မှု ချုပ်ငြိမ်းရာ နိဗ္ဗာန် သည်ကား “ဒုက္ခက္ခန္ဓဿ နိရောဓော”အရ၊ ဆင်းရဲမဘက် ချမ်းသာသက်သက် ချမ်းသာ အစစ်ကြီးပါတကားဟု ဟုတ်မှန်တဲ့ အတိုင်း အသိမှန် အမြင်မှန် သစ္စဉာဏ်ကို လက်ကိုင် ရရှိလာတဲ့ခါ၊ အဆိုပါ ဖြစ် ပျက် မွေး သေ ဆိုတဲ့ တေဘူမက သင်္ခါရတို့၏ အပြီးအပြတ် လက်စသတ် ချုပ်ငြိမ်း ရုပ်သိမ်းမှုကို လိုလား နှစ်သက်တဲ့ အာရမ္မဏိက မဂ်စိတ် ဖိုလ်စိတ် တို့သည် အလိုလိုပင် ဖြစ်ပေါ် လာတတ်ပေသည်၊
အဘယ်ကြောင့်ဆိုသော်-ဖြစ်မှု ပျက်မှု၊ ဝါ၊ မွေးမှုသေမှု ချုပ်ငြိမ်းခြင်းသည်၊ ဝါ၊ ချုပ်ငြိမ်းရာသည် ဖြစ်ပျက်မွေးသေ အစဉ်ပြက်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်သည် လွန်မင်းသော လွန်ကဲသော လွန်မြတ်သော ပရမသုခ, ဥတ္တမသုခ ချမ်းသာစစ် ချမ်းသာမှန်ပေတည်းဟု အသိမှန် အမြင်မှန်ကို ရရှိသောကြောင့်ပေတည်း။
“ဆောင်ပုဒ်”
ဒုက္ခသိမှ တဏှာကွာ၊
နိဗ္ဗာန်သို့သာ စိတ်ညွတ်တာ၊
ညွှတ်တဲ့စိတ် မဂ်စိတ်မှတ်လိုက်ပါ။ ။ အရ
ဒုက္ခသိဘို့ကလည်း ဖြစ်လိုလျှင် ဖြစ်ပြန်လိမ့်မည် ဖြစ်ပြန်လျှင် ဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိ စသော ဒုက္ခတို့နှင့် မုချတွေ့ရပြန်လိမ့်မည် စသည်ဖြင့် ဒုက္ခသစ္စာထင်မြင်အောင် ဆင်ခြင်၍ တဖန် ဘဝသစ်တို့မှာ ဇာတိ စသော ဒုက္ခသစ္စာတို့ကို အစွမ်းကုန် ထင်မြင်မှ တဏှာကွာနိုင်ပေမည်၊ တဏှာကွာလျှင်လည်း တဏှာခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်သို့သာ စိတ်ညွတ်တော့သည်၊ ဝါ၊ နိဗ္ဗာန်ကိုသာ အာရုံပြုတဲ့၊ ဝါ၊ သင်္ခါရ ချုပ်ငြိမ်းမှုကိုသာ လိုလားနှစ်သက်တဲ့ အာရမ္မဏိက မဂ်စိတ် ဖိုလ်စိတ်များ ဖြစ်ပေါ်နိုင်ပေသည်။
“အာရုံ အာရမ္မဏိက”
နိဗ္ဗာန်ကား - အာရုံ၊ နိဗ္ဗာန်ကို အာရုံပြုတဲ့ မဂ်စိတ် ဖိုလ်စိတ်တို့ကား - အာရမ္မဏိက တည်း။ သင်္ခါရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်အာရုံကို အာရုံပြုမိမှသာ အာရမ္မဏိက မဂ်စိတ် ဖိုလ်စိတ်များ ဖြစ်ပေါ်လာနိုင်ပေမည်။ ရှေးဦးစွာ-အနုမာန၊ နောက်-ပစ္စက္ခသိဒ္ဓိက နိဗ္ဗာန်ကို အာရုံ ပြုသွားနိုင်လေသည်။
သစ္စာဉာဏ်ဖြင့် နိဗ္ဗာန်ဝင်ပုံ
လက်ရှိခန္ဓာကား - ပဋိသန္ဓေမှ စုတိသေနေ့ကျအောင် ဆင်းရဲမှန်လှသောကြောင့်-ဒုက္ခသစ္စာ တည်း၊
လက်ရှိခန္ဓာကိုဖြစ်စေတတ်သော ရှေးဘဝက လူ့ဘုံ၌ ဖြစ်ချင်လှတဲ့ ဘဝတဏှာကား ဖြစ်လို၍ဖြစ်ပြန်တော့ ဖြစ်ရာဘုံဘဝမှာ၊ ဇာတိစသော ကုန်အောင်စုံသော ဒုက္ခတို့ကို မုချဖြစ်စေတာ ဖြစ်စေမှာ မှန်လှသောကြောင့် - သမုဒယသစ္စာ တည်း၊
တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာခန္ဓာ ဖြစ်နေကြ အစဉ်ပြတ်၍ နောက်ထပ် အသစ်မဖြစ်တော့ဘဲ အမြဲ ငြိမ်းအေးနေသော နိဗ္ဗာန်ကား - နိရောဓသစ္စာ တည်း၊
တဏှာပယ်တဲ့ မဂ်အကျင့်ကား - မဂ္ဂသစ္စာ တည်း။
ဤလို့ဤပုံ - သစ္စာလေးပါးတို့ကို သတိနှင့်မကွာ ပညာနှင့်မကင်း အဖန် တလဲလဲ ဆင်ခြင် နှလုံးသွင်းနေတဲ့အဆုံးမှာ အားလုံးသော သတ္တဝါတို့သည် တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့်သမျှ တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ သံသရာ ရှည်၍နေကြရသည်၊
တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်မှသာ အရဟတ္တမဂ်နောင်မှာ တဏှာအသစ် မဖြစ်တော့သည်ဖြစ်၍ အရဟန္တ စုတိနောင် မှာလည်း ခန္ဓာအသစ် မဖြစ်တော့ဘဲ တဏှာခန္ဓာ ဖြစ်နေကြ အစဉ် ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်သည်ကား၊ ဝါ၊ “ဘဝနိဿရဏ အသင်္ခတ အမတသန္တိသုခ” နိဗ္ဗာန်သည်ကား - အိုနာသေရေး ဒုက္ခ ဘေးတို့နှင့် အဝေးကြီး ဝေး၍ အအေးကြီး အေးလှပေသောကြောင့် လွန်မင်းသော လွန်ကဲသော လွန်မြတ်သော ချမ်းသာစစ် ချမ်းသာမှန်ကြီး ပေတည်းဟုအာရုံပြုပါ။
ပြုဘန်များတဲ့ခါ သင်္ခါရချုပ်ငြိမ်းရာ နိရောဓသစ္စာ ထိုက်တဲ့ နိဗ္ဗာန်ကို တဲ့တဲ့ ရှင်းရှင်း မတွေမဝေ မျက်မှောက် မြင်သိသွားတဲ့ အာရမ္မဏိက မဂ်စိတ် ဖိုလ်စိတ်များ ဖြစ်ပေါ်လာ၍ ထိုအခိုက်အတွင်း သစ္စာလေးပါးတို့ကို တပြိုင်နက် ထိုးထွင်း၍ သိခြင်းကိစ္စပြီးစီး၍ သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ပေသည်။ ဤကား-လွယ်လွယ် မြန်မြန်နှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရလွယ်ရောက်လွယ်သော သစ္စာသိနည်း သစ္စာရှုနည်းတည်း။
တဏှာကြောင့်သာ ဒုဖြစ်လာ၊ တဏှာပယ်က ဤဒုက္ခ မုချချုပ်ရပါ ဒုက္ခနိရောဓာ - နှင့်အညီ၊
ဤ၌ - တဏှာကြောင့် ဒုက္ခဖြစ်ရာ တဏှာကိုပယ်က တကယ်တဏှာကွာက ဒုက္ခနိရောဓနိဗ္ဗာန် ဟု တိုက်ရိုက် ပြဆိုထားရာ, တဏှာကွာဆိုတဲ့ စကားမှာ အရဟတ္တမဂ်ကို ရည်၍ဆိုတဲ့စကားဟု သိထားရမည်၊ အဘယ်ကြောင့်ဆိုသော် အရဟတ္တမဂ်ကိုရတဲ့ ရဟန္တာမှသာ ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင်၍ တဏှာ အကြွင်းမဲ့ ကွာနိုင်သည်၊ သောတာပန် စသည်တို့မှာ မိမိတို့မဂ်နှင့်ဆိုင်ရာ မိမိတို့နှင့်တန်ရုံသာ ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာများသာ ကွာနိုင်ကြသည်။
သို့ရာတွင် သစ္စာလေးပါးတို့တွင် …
ဒု-ကို ထိုးထွင်း၍ သိတဲ့ခါ ဒိဋ္ဌိအကြွင်းမဲ့ကွာ၊
သ-ကို ထိုးထွင်း၍ သိတဲ့ခါ ဝိစိကိစ္ဆာ အကြွင်းမဲ့ကွာ၊
မ-ကို ထိုးထွင်း၍ သိတဲ့ခါ သီ အကြွင်းမဲ့ကွာ၊
နိ-ကို ထိုးထွင်း၍ သိမြင်တတ်သော သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်များ ဖြစ်ပေါ် ကာ သောတာပန် စသော အရိယာများ ဖြစ်နိုင်ကြပေသည်။
ထို့ကြောင့်ပင် --
ဒု-ကိုသိတော့ ဒိ-ကိုပယ်၊
သ-ကိုသိတော့ ဝိ-ကိုပယ်၊
နိ-မ သိတော့ သီ-ကိုပယ်၊
သုံးသွယ်သံယော ပယ်စွန့်မျှော၊
မှတ်လော သောတာပန်-ဟု အောက်၌ပြဆိုခဲ့ပြီ။
တနည်း
မ-ကိုပွါးမှ သ-ချုပ်ပါ၊
သ-ချုပ်ပါမှ ဒု-ချုပ်တာ၊
ဒု-ချုပ်ပါမှ နိ-ခေါ်တာ၊
ဆန့်ကျင်ဘက်အနေအားဖြင့် နိဗ္ဗာန်ဖြစ်ပေါ်လာ။ (အစ္စန္တနိရောဓကိုယူ)
အမှာ
ဤ၌ - ဖြစ်ပျက်နှင့် မဖြစ်မပျက်သည် ဆန့်ကျင်ဘက်တည်း။
ဖြစ်ပျက်ကား - ရုပ် နာမ်၊
မဖြစ်မပျက်ကား - နိဗ္ဗာန်။
“ပွါး သိ ပယ် ဆိုက်၊ လေးပါးကိုက်၊ အမြိုက်နိဗ္ဗာန်ဝင်” ပေတည်း။
ဤ၌ - နားရောင်စရာ၊ ဝါ၊ ဉာဏ်ရောင်စရာ၊ ဝါ၊ ဦးနှောက် ရှုတ်စရာ ရှိနေ သောကြောင့် အနည်းငယ်ရှင်းပြဦးအံ့။
ပညာရှိအလှူ၊ ဖြစ်ပါမူ၊
ရွယ်ချူဖိုလ်မဂ် ဆုပန်ဆက်၊
နိဗ်ဘက်သို့သာ၊ လိုက်လေရာ၏။ ။ နှင့်အညီ၊
နိဗ္ဗာန်ရောက်ကြောင်း ဒါန စသော ပါရမီကို ဖြည့်ကြတဲ့ နေရာမှာ အလောင်းတကာ သူတော်စွာတို့ ပြုရာသောထုံး နှလုံးမှီဆ ဝိဝဋ္ဋ ဖြစ်အောင် ပညာဦးစီးပြီးလျှင် မဂ်ဖိုလ် နိဗ္ဗာန်ကိုသာ ရည်သန်တောင့်တ၍ ပြုကြရာ၏။ ဤသို့ နိဗ္ဗာန်ကို ရည်သန်တောင့်တ၍ ပြုကြရမဲ့အစား မဂ်ဖိုလ်နိဗ္ဗာန်ကို ဆုမပန် ဆုမတောင်းဘဲ ...
လူမိုက် အလှူပေးပါမူ၊
ရွယ်ချူဖိုလ်မဂ် မပန်ရက်၊
ဝဋ်ဘက်သို့သာ၊ လိုက်မှာရာ၏။ ။ နှင့် အညီ၊
တဏှာဦးစီးကာ အို နာ သေရေး ဒုက္ခဘေးတွေ အသင်္ချေ အနန္တတို့နှင့် ရောထွေးနေတဲ့ ဝဋ်ချမ်းသာ ခေါ်သော လူနတ် ချမ်းသာကိုသာ တောင့်တ၍ ပြုမိကြတဲ့ ပုဂ္ဂိုလ်တွေမှာ – ဝဋ္ဋနိဿိတ ကံကြောင့် မျိုးစေ့ အားလျော်စွာ အပင်ပေါက်သကဲ့သို့ ဝဋ္ဋနိဿိတ ကံအားလျော်စွာ ဘုံသုံးပါးတို့မှာ ဘဝတဖန် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာတွေ အသစ် အသစ်ဖြစ်၍ ရံခါ ဒုဂ္ဂတိ၊ ရံခါသုဂတိ၊ ရံခါအပါယ်လေးဘုံ၌ ဖြစ်ပျက်မွေးသေ၊ ရံခါလူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့၌ ဖြစ် ပျက် မွေးသေ ဆိုတဲ့ သံသရာစက်ကြီး, အို နာ စက်ကြီး, မွေးသေစက်ကြီး အပြီးမသတ်နိုင်ကြဘဲ လည်မြဲတလဲလဲ မပြတ် လည်၍နေကြ လေတော့သည်။
ဤလိုဤပုံ - အလုံးစုံသော သတ္တဝါတို့သည် တဏှာကြောင့် ခန္ဓာ ဖြစ်ပျက် မွေးသေ သံသရာရှည်၍နေကြရာ ယခုဘဝမျိုးလို ရခဲသော လူ့ဘဝကို ရကြ၍, ကြုံခဲသော သာသနာတော်နှင့် ကြုံတွေ့ကြရ၍ ကြားနာရခဲတဲ့ သစ္စာလေးပါး မြတ်တရားကို ကြားနာရတဲ့ခါ၊ တဏှာကြောင့် ခန္ဓာ၊ ဝါ၊ သ-ကြောင့်-ဒု၊ ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြရသည်ကို၎င်း၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်က တဏှာ ခန္ဓာအစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်ကို၎င်း၊ သစ္စာလေးပါးတို့ကို အကြောင်း အကျိုးနှင့်တကွ ပိုင်းခြားဝေဘန်၍ အမှန်ကိုသိရှိကြပြီးလျှင် သိတဲ့အတိုင်း ဒုက္ခသစ္စာ ထင်မြင်လာအောင် ဆင်ခြင်သောအားဖြင့် တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်ကြ ပါလျှင် ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင်လာတဲ့ခါ၊ ဘုံသုံးပါးတို့မှာ တဖန်ဖြစ်လိုတဲ့ တဏှာအာလယပြတ်၍ အရဟတ္တမဂ်သို့ရောက်သဖြင့် အရဟတ္တမဂ်နောင်မှာ တဏှာ အသစ် မဖြစ်တော့သည် ဖြစ်၍ အရဟန္တစုတိနောင်မှာ ခန္ဓာလဲ အသစ်မဖြစ်တော့ဘဲ အမြဲငြိမ်းအေးနေတဲ့ အငြိမ်းဓာတ် အအေးဓာတ် ခေါ်သော နိရောဓသစ္စာ မွေး သေ လွတ်တဲ့ နိဗ္ဗာန်သို့ပင် ရောက်နိုင် ရနိုင်တဲ့ “ဘ၀သမ္ပတ္တိ ခဏသမ္ပတ္တိ” အခွင့်ကောင်း အခါကောင်းနှင့် ရင်ဆိုင်တွေ့နေကြရလေပြီ၊ တဏှာပယ်တဲ့ မဂ် အကျင့်ကို ကျင့်၍ မွေးသေ၀ဋ်က ထွက်ရုံသာ လိုတော့သည်။
ကဲ-ကဲ ထွက်ကြမလား၊ ပြန်ကြဦးမလား၊ ဘယ်လိုသဘောထားကြသလဲ၊ ဒီနေရာမှာ- “ဗာလ နှင့် ပဏ္ဍိတ” ခွဲခြား၍ သိရမှာပါဘဲ၊ ထွက်လိုလျှင်-ပဏ္ဍိတ၊ ပြန်လိုလျှင်-ဗာလ၊ မိမိကိုယ်ကို မိမိဘဲဆုံးဖြတ်ကြပေတော့။
ဉာဏ်ရောင်စရာ ဆိုတာက အခြားမဟုတ်ပါ၊ ဘုံသုံးပါးတို့၌ ဖြစ်ကြတာ ဖြစ်လို၍ ဖြစ်တယ်ဆိုပါလျှင် လူ့ဘုံ နတ်ဘုံတို့မှာတော့ ဖြစ်လို၍ ဖြစ်တယ် ဆိုတာ ဆိုပါတော့၊ အပါယ်လေးဘုံတို့၌ ဖြစ်ကြတာကတော့ ဖြစ်လို၍ ပြစ်ကြတာလား၊ ကံကြောင့် ဖြစ်ကြ ရတာမဟုတ်လားဟု မေးရန်ရှိ၏၊ ဤလို မေးလျှင် ကံကိုပြုတဲ့ခါ ဘယ်သူခိုင်း၍ ပြုရတာလဲလို့ ပြန်မေးတော့ တဏှာ ခိုင်း၍ ပြုရတာပါဟု အဖြေမှန်ပေးလျှင် ဖြစ်လိုတာလဲ တဏှာ၊ ကံပြုခိုင်းတာလဲ တဏှာဆိုတော့ အတူတူပါဘဲ ယာဂုနှင့် ထမနဲ၊
ထို့ကြောင့် အကုသိုလ်ကံ ၁၂-ခုမှတပါး ဘယ်ကံမှ မပြုရဟု အယူ မမှားကြစေနှင့်၊ အကုသိုလ်ကံ ၁၂-ခုတို့မှာ တသက်လုံး မပြုကောင်းတဲ့ကံဟု ဝ, ကွက်၍ ချွင်းချန် ကြွင်းကျန်တဲ့ ကာမ ရူပ အရူပ လောကုတ္တရာ မဂ္ဂင်ကံတို့ကိုမူကား ဘုရားလောင်း တို့ပင် လူနတ်ချမ်းသာကို တောင့်တတဲ့ တဏှာ ဦးမစီးဘဲ နိဗ္ဗာန် ချမ်းသာကို တောင့်တတဲ့ ပညာ ဦးစီးပြီးလျှင် ပြုကြသည်သာ ပြုကောင်းသည်ဟု အယူမှန် ယူကြပါ၊ ကံ ဟူသမျှကို အကုန်လုံး ခွပယ်တဲ့ “နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ ပုရာဏကဿပ, မက္ခလိဂေါသာလ အဇိတ မိစ္ဆာဒိဋ္ဌိ” လူမျိုးကြီး တွေလို မဖြစ်ကြပါစေနှင့်။
“ဣဒံကမ္မက္ခယာယ သံဝတ္တတိ” နှင့်အညီ၊ အဆိုပါ ကံအများတို့တွင် မဂ္ဂင်ကံသည်၊ ဝါ၊ မဂ္ဂင်ရှစ်ပါး သမထဝိပဿနာ အလုပ်တရား ခေါ်တဲ့ မဂ္ဂင်ကံသည် တပါးသော ကံတို့ကို ကုန်စေခြင်းငှါ စွမ်းနိုင်၏၊ လူသိနည်းသော ကံတည်း၊ မှန်၏ ကံဆိုလျှင် များသောအားဖြင့် ကု-အကု၊ ရူ-အရူ။ လောကုတ္တရာကံ ဟူ၍သာ အသိများကြ၏။ မဂ္ဂင်ကံကိုကား ကံဟူ၍ပင် သိသူနည်းလှ၏၊ လူသိနည်းသော ကံပေတည်း၊ သို့နည်း သော်လည်း အလွန်တရာမှ အရေးပါ အရာရောက်လှသော ကံပေတည်း။
ဤမဂ္ဂင်ကံ ဆိုသည်ကား အခြားမဟုတ်၊ မဂ္ဂင်ရှစ်ပါးခေါ်သော သီလမဂ္ဂင်သုံးပါး, သမာဓိမဂ္ဂင် သုံးပါး, ပညာမဂ္ဂင်နှစ်ပါး ဤ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို လိုလေသေးမရှိ ပြည့်စုံသွားအောင် အားထုတ်ရသော ကံပေတည်း၊ ဝါ၊ ရုပ်နာမ်သိ သည်ကစ၍ နိဗ္ဗာန်ကိုမြင်သိတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာ ဉာဏ်များ ပြည့်စုံ သွားအောင် အားထုဘ်ရသောကံပေတည်း၊
ဘုရားလက်ထက်တော်က တိတ္ထိဂိုဏ်းဆရာကြီး ၆-ဦးရှိရာ၊ ပုရာဏကဿပ ကား - အကိရိယဒိဋ္ဌိ ကုသိုလ် အကုသိုလ်မရှိဟု ယူသည်၊ မက္ခလိဂေါသာလ ကား -အဟေတုကဒိဋ္ဌိ၊ သတ္တဝါတို့ ဆင်းရဲ ချမ်းသာခြင်းသည် အကြောင်း မရှိဟုယူသည်၊ အဇိတကား - နတ္ထိကဒိဋ္ဌိ၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုး မရှိဟုယူသည်၊
ထိုတွင် ပုရာဏကဿပကား - ကံကိုပယ်သည်၊ အဇိတကား - အကျိုးကိုပယ်သည်၊ မက္ခလိကား - ကံအကျိုး နှစ်ပါးကိုပယ်သည်၊ ထိုသို့ပယ်ရာ၌ ကံကိုပယ်လျှင် အကျိုး ကိုလည်းပယ်ရာ၏ အကျိုးပယ်လျှင် ကံကိုလည်း ပယ်ရာကြ၏၊ ကံအကျိုးနှစ်ပါးကို ပယ်ခြင်းဖြင့် အဟေတုက အကိရိယ နတ္ထိက ဒိဋ္ဌိသုံးပါးဖြစ်တော့၏။ (ပါဠိကိုအလိုရှိက သီလက္ခန်အဋ္ဌကထာ ဗြဟ္မဇာလ သုတ်မှာကြည့်ပါ။)
ဒိဋ္ဌိသည် သာမညအားဖြင့် ပုဗ္ဗန္တဒိဋ္ဌိ-၁၈၊ အပရန္တ ဒိဋ္ဌိ - ၄၄၊ ပေါင်း ၆၂-ပါးရှိ၏၊ ထိုဒိဋ္ဌိ တို့သည် သက္ကာယဒိဋ္ဌိမှ ပေါက်ပွါး လာကြကုန်၏၊ သက္ကာယဒိဋ္ဌိမရှိလျှင် ၆၂-ပါးသော ဒိဋ္ဌိတို့လည်း မရှိကုန်ပြီ၊ သက္ကာယဒိဋ္ဌိလည်း ဒုက္ခသစ္စာကို သိမြင်လျှင် မရှိတော့ပြီ။ ထို့ကြောင့် ၆၂-ပါးသော ဒိဋ္ဌိတို့မှ လွတ်ဘို့ရာ အပါယ်လွတ်တရားရ သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ဘို့ရာ သစ္စာသိအောင် ကျိုးစားသင့်လှပေသည်ဟု သိလေ။
အချုပ်အားဖြင့် သစ္စာသိတဲ့ခါ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို မတွေ မဝေ တဲ့တဲ့ရှင်းရှင်း အာရုံရောက်၍ မျက်မှောက် မြင်သိခြင်းငှါ စွမ်းနိုင်တဲ့ သောတာပတ္တိစသော မဂ်ဉာဏ်ဖြစ်ဆဲ ခဏမှာ “သံသာရ ဝဋ္ဋ ဒုက္ခသမုဒ္ဒသောသေတိ “နှင့် အညီ၊ မသိအပ်သောအစ, အနမတဂ္ဂ သံသရာတခွင်၌ ခန္ဓာဝန်တွေကို ဆောင်ခဲ့ရစဉ်က မိုက်မှား ခဲ့လေသမျှ အကျိုးမပေးရသေးတဲ့ အလယ်ဇောငါးချက် စေကနာခေါ်သော အပရာ ပရိယဝေဒနိယကံသည် သမုဒ္ဒရာရေနှင့်အမျှ တင်ရှိခဲ့ကြတဲ့ အပါယဂမနိယ အပါယ်သို့ လားစေတတ်တဲ့ အကုသိုလ်ကြွေးဟောင်း မြီဟောင်း အသင်္ချေ အနန္တတို့သည် ထိုမဂ်ခဏ ဖိုလ်ခဏတို့တွင် ဒိုဘီပေး ခဝါချလိုက်သလို၊ ဝါ၊ ကြွေးမြီစာရင်း ဖျက်လိုက်သလို အကုန်လုံး အကြွင်းအကျန်မရှိ ကုန်လေပြီ။
နှစ်ကြိမ်မြောက် သကဒါဂါမိမဂ်ဉာဏ် ဖြစ်ဆဲ ခဏမှာ လူ့ဘုံတို့၌ တကြိမ်မျှကို ချွင်းချန် အကြိမ်ကြိမ် အဖန်ဖန် ပြန်၍ပြန်၍ ပဋိသန် စသော အကျိုးကို ပေးစေတတ်သော ကာမကုသိုလ်ကံတွေကို ကုန်စေပြီ။
သုံးကြိမ်မြောက် အနာဂါမိမဂ်ဉာဏ်ဖြစ်ဆဲခဏ လူနတ်တို့၌ ပဋိသန်တကြိမ်မျှ မကျန် ကုန်လေပြီ။
လေးကြိမ်မြောက် အရဟတ္တမဂ်ဉာဏ် ဖြစ်ဆဲခဏမှာ ဗြဟ္မာ သံသရာမျှမကျန်၊ “ကုသလံ ကုသလံ ဇယံ” နှင့်အညီ၊ နောက်ဆက် အကျိုး ပေးခွင့် ကုသိုလ် အကုသိုလ် ကံ အလုံးစုံကို ကုန်လေပြီ။
ထို့ကြောင့် - မဂ္ဂင် ကံသည် သံသရာ၌ ကျင်လည်စေတတ်သော ကံတပါးတို့ကို ကုန်စေ၍ ကုန်စေ၍ နိဗ္ဗာန်ထုတ်ချောက် အရောက် ပို့ဆောင်တတ်သောကြောင့် လွန်စွာ့ လွန်စွာ အရေးပါ အရာရောတ်လှသော ကံဟူ၍ သိလေ မှတ်လေ။
နမူနာစံပြ
ပစ္စုပ္ပန်-သ နှင့် ပစ္စုပ္ပန်-ဒု
ဆောင်ပုဒ် - ၁
သွားလိုမှုကြောင့် သွားပြုဒုက္ခံ၊
သွားချင်လိုမှု၊ ပယ်စွန့်မှု၊ ချုပ်မှုထိုဒုက္ခံ။
ဤ၌ --
သွားလိုမှုကား.... သ သစ္စာ၊ ဆန္ဒရာဂကို ရ၏။
သွားမှုကား … ဒု-သစ္စာ၊ ရုပ် နာမ် ခန္ဓာကို ရ၏။
သွားချင်လိုမှု ပယ်စွန့်ပြုကား မ-သစ္စာ၊ သွားလိုမှုပယ်တဲ့ မဂ်အကျင့်
ချုပ်မှု ထို ဒုက္ခံ ကား - နိ-သစ္စာ၊ တဒင်္ဂနိရောဓနိဗ္ဗာန်။
“အဓိပ္ပါယ်”
ဤ၌ သွားလိုလျှင် သွားရမှုဒုက္ခ မုချရောက်မယ် စိတ်ချ။ ဒိဋ္ဌအမှန်ဘဲ၊ သွားလိုတိုင်း သွားလိုတိုင်း သွားရမှုဒုက္ခကြီး မုချရောက်မယ် မလွဲတည်း။ သို့ရာတွင် သွားလိုမှုကို တခဏမျှ ပယ်ထားပါလျှင် သွားရမှု ဒုက္ခလည်း တခဏမျှ ချုပ်ငြိမ်းသွားလေတော့၏။
ဤလိုဤပုံ - လက်တွေ့တဒင်္ဂနိရောဓနိဗ္ဗာန်ကို ထောက်ဆ၍ ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာ သမုဒယသစ္စာကို အကြွင်းမထားဘဲ အာလယပြတ် ပယ်သတ်နိုင်ပါက နောင်အခါ တစုံတခုသော ဘုံဘဝတို့မှာ တဏှာခန္ဓာ အသစ်မဖြစ်တော့ဘဲ အမြဲတမ်းငြိမ်းအေး နေတဲ့ “အနုပ္ပါဒနိရောဓ အစ္စန္တနိရောဓ သန္တိသုခ” လက္ခဏာရှိတဲ့ အသင်္ခတပရမတ္ထဓမ္မ ဖြစ်တဲ့ နိဗ္ဗာန်ကို ရ၏ဟု မုချယုံကြည်ပါလေ။ ထို့အတူ --
၂။ ရပ်လိုမှုကြောင့် ရပ်မှုဒုက္ခံ၊ ရပ်ချင်လိုမှု ပယ်စွန့်ပြု ချုပ်မှုထိုဒုက္ခံ။
၃။ ထိုင်လိုမှုကြောင့် ထိုင်မှုဒုက္ခံ၊ ထိုင်ချင်လိုမှု ပယ်စွန့်ပြု ချုပ်မှုထိုဒုက္ခံ။
၄။ အိပ်လိုမှုကြောင့် အိပ်မှုဒုက္ခံ၊ အိပ်ချင်လိုမှု ပယ်စွန့်ပြု ချုပ်မှုထိုဒုက္ခံ။
၅။ စားလိုမှုကြောင့် စားမှု ဒုက္ခံ၊ စားချင်လိုမှု ပယ်စွန့်ပြု ချုပ်မှုထိုဒုက္ခံ။
၆။ သောက်လိုမှုကြောင့် သောက်မှုဒုက္ခံ၊ သောက်ချင်လိုမှု ပယ်စွန့်ပြု ချုပ်မှုထိုဒုက္ခံ။
၇။ ရွှေလိုမှုကြောင့် ရွှေမှုဒုက္ခံ၊ ရွှေလိုချင်လိုမှု ပယ်စွန့်ပြု ချုပ်မှုထိုဒုက္ခံ။
၈။ ငွေလိုမှုကြောင့် ငွေမှုဒုက္ခံ၊ ငွေလိုချင်လိုမှု ပယ်စွန့်ပြု ချုပ်မှုထိုဒုက္ခံ။
၉။ မယားလိုမှုကြောင့် မယားမှုဒုက္ခံ၊ မယားလိုချင်လိုမှု ပယ်စွန့်ပြု ချုပ်မှုထိုဒုက္ခံ။
၁၀။ လင်လိုမှုကြောင့် လင်မှုဒုက္ခံ၊ လင်လိုချင်လိုမှု ပယ်စွန့်ပြု ချုပ်မှုထိုဒုက္ခံ။
ဤသို့စသည်ဖြင့် - ဆီလိုမှု ဆားလိုမှု ငါးပိ ကြက်သွန်လိုမှု ဆန်လိုမှု စပါးလိုမှု ပုဆိုးထမီလိုမှု ပုတီး နားဍောင်း လက်ကောက် လက်ကြပ် ထီး ဘိနပ်လိုမှု စသော မကုန်နိုင်သော လိုမှုတို့ကို ရှုကာ ရှုကာ လေ့လာပါလေ၊
သို့မှသာ တဘဝလုံးမှာလည်း သကြောင့်-ဒု၊ ဝါ၊ သမုဒယကြောင့် ဒုက္ခ ရောက်ရသည် ကို၎င်း၊ ပစ္စုပ္ပန် လက်ရှိဘဝတွင် တသက်လုံး တဘဝလုံး သကြောင့်-ဒု ဖြစ်နေကြရ သကဲ့သို့၊ ထို့တူပမာ - အတိတ် အနာဂတ် ဘဝတို့၌လည်း တဏှာမပယ်သမျှကာလ တသံသရာလုံး သ,ကြောင့်-ဒု၊ ဝါ၊ သမုဒယကြောင့် ဒုက္ခ ဖြစ်ကြရမည်ကို၎င်း၊ တစ တစ သ နှင့် ဒု-ကို ထိုးထွင်း၍သိတဲ့ သစ္စာဉာဏ် ရင့်သန်လာပေမည်၊ ရင့်သန်မှ “ဒု သိ ဒိ ပယ်၊ သ သိ ဝိ ပယ်” ဤလို အပါယ်လွတ် တရားရ သောတာပန် စသော အရိယာများ ဖြစ်နိုင်ကြပေမည်။
မှတ်ချက်
ဤ၌ - သွားလိုမှု ပစ္စုပ္ပန်ကိုယ်တွေ့ သ,ကြောင့် သွား သွား နေရမှု ပစ္စုပ္ပန်ကိုယ်တွေ့ ဒု-ကို၎င်း၊ သွားလိုမှု ပစ္စုပ္ပန် သ-ကို တခဏ ပယ်ထားပါက သွားရမှုပစ္စုပ္ပန်-ဒု၊ တခဏ ငြိမ်းအေးသွားသည်ကို၎င်း၊ ဒိဋ္ဌမျက်မြင် ကိုယ်တွေ့ တဘဝလုံး တသက်လုံး သ, ကြောင့်-ဒု ဖြစ်နေကြရသည်ကို အသိဉာဏ် သစ္စဉာဏ်ပွင့်လင်း၍ ထိုးထွင်း သိသွား ပါလျှင် အတိတ် သ နှင့် အတိတ် ဒု၊ အနာဂတ် သ နှင့် အနာဂတ် ဒု တို့ကိုလည်း ထိုးထွင်း၍ သိသွားပေလိမ့်မည်၊ သိအောင်လည်း ကြိုးစားကြပါလေ။ အတိတ် အနာဂတ် ပစ္စုပ္ပန် သုံးပါး တထပ်ထည်းတူသည်။
တူပုံကား -- ယခု ပစ္စုပ္ပန်၌ သွားလိုမှု သ-ကြောင့် သွားရမှု၊ ဒု-ကြီး မုချ ရောက်သည်နှင့် အတိတ် အနာဂတ်တို့၌လည်း ဘုံသုံးပါးတို့၌ ဖြစ်လိုမှု၊ သ-ကြောင့် ဘုံသုံးပါးတို့၌ ဖြစ်ရမှု၊ ဒု-ကြီး မုချရောက်ရသည် တူ၏။ တဖန် ပစ္စုပ္ပန်၌ သွားလိုမှု၊ သ-ကို ပယ်ထားပါက သွားရမှု၊ ဒု-ကြီး တခဏခြင်း ငြိမ်းအေးသွားသည်နှင့် အတိတ် အနာဂတ်တို့၌လည်း ဘုံသုံးပါးတို့၌ တဖန် ဖြစ်လိုမှု၊ သ-ကို အာလယပြတ် ပယ်သတ် ပါက ဘုံသုံးပါးကို၌ ဘဝတဖန် ရုပ်နာမ်ခန္ဓာ ဒု-ကြီးလဲ အသစ်မဖြစ်တော့ဘဲ အမြဲ ငြိမ်းအေးသွားသည်နှင့်၊ ဝါ၊ သ-ဒု နှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ နိရောဓ သစ္စာ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားသည်နှင့် တထပ်တသားတည်း တူပေသည် ဟု သိလေ-မှတ်လေ။
ဝဋ် သုံးပါး
ဒု-သ နှစ်ပါး ပဋိစ္စသမုပ္ပါဒ်တရား၌ ပါဝင်သည်ကို ပြဆိုဦးအံ့။ ။ (၁) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် နည်းအားဖြင့် ပုထုဇဉ် သတ္တဝါတို့သည် ငါးပါးအာရုံ ကာမဂုဏ်တို့၌ တပ်မက်တဲ့ လောဘကြောင့် ငါးပါးအာရုံ ကာမဂုဏ်တို့ကို ရရှိခံစားရေးအတွက် ဒုစရိုက် ကံအမျိုးမျိုးတို့ကို ပြုလုပ် မှားမိကြသောကြောင့် အပါယ်လေးဘုံတို့၌ ဘ၀ တဖန် ရုပ်နာမ်ခန္ဓာတွေ ဖြစ်ပေါ်ကြလေကုန်၏။
ဝဋ်သုံးပါး
ဤ၌ …
ငါးပါးအာရုံ ကာမဂုဏ်တို့၌ တပ်မက်သော လောဘကား - ကိလေသဝဋ်။
ဒုစရိုက်ကံကား - ကမ္မဝဋ်။
အပါယ်လေးဘုံသားတို့၏ ရုပ်နာမ်ခန္ဓာကား - ဝိပါကဝဋ်။
သစ္စာနှစ်ပါး
ဤ၌ ကိလေသဝဋ်ကား - သမုဒယသစ္စာ။ ဝိပါကဝဋ်ကား ဒုက္ခသစ္စာ။ သ-ကြောင့် ဒု ဖြစ်တာ။
မှတ်ချက်
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဟောတော်မူတဲ့ခါ “ကိလေသ ကမ္မ ဝိပါက" ဟု ဝဋ်သုံးပါး ခွဲ၍ ဟောတော်မူသည်။ သာဒေသနာတော်ကို ဟောတော်မူတဲ့ခါ ကမ္မဝဋ်ကို ဝိပါကဝဋ်၌ ထည့်သွင်းပြီး အန္ထောဂတ ပြု၍ ဟောတော်မူသည် ဟုမှတ်ပါ၊ရှေ့ကိုလည်း နည်းတူသိလေ။
ကိလေသကြောင့် - ကမ္မဖြစ်သည်။ ကမ္မကြောင့် ဝိပါကဖြစ်သည်။ ကိလေသကိုမဂ်ဖြင့် ပယ်သတ်က ကမ္မ-ဝိပါကတို့ပြတ်၍ သံသရာစက် ရပ်တော့သည်၊ ဝါ၊ နိဗ္ဗာန်သို့ ရောက်တော့သည် ရတော့သည်၊ လက်ရှိဘဝဖြတ်၍ ရပ်ကြမလား လည်ကြ လယ်ကြ ဦးမလားဟု မေးရန်ရှိတော့၏။
(၂) တဖန် - လူဘုံ နတ်ဘုံတို့၌ တပ်မက်သော လောဘကြောင့် လူ နတ် ချမ်းသာ တို့ကို ရရှိခံစားရေးအတွက် နိဗ္ဗာန်ချမ်းသာကို မတောင့်တဘဲ လူ နတ်ချမ်းသာကို တောင့်တ၍ ကာမကုသိုလ်ကံကို ပြုလုပ်ကြသောကြောင့် လူ့ဘုံ နတ်ဘုံတို့၌ လူ နတ် ဟူသော ဘဝတဖန် ရုပ် နာမ် ခန္ဓာတွေ ဖြစ်ပေါ်ကြလေကုန်၏။
ဤ၌ --
လူ့ဘုံ နတ်ဘုံတို့၌ တပ်မက်သော လောဘကား - ကိလေသဝဋ်။
ကာမကုသိုလ်ကား - ကမ္မဝဋ်။
လူနတ်တို့၏ တဝတဖန် ရုပ်နာမ်ခန္ဓာကား - ဝိပါကဝဋ်။
ဤ၌ ကိလေသဝဋ်ကား-သ သစ္စာ။
ဝိပါကဝဋ်ကား - ဒု သစ္စာ။
သကြောင့်-ဒု ဖြစ်တာ။
(၃) တဖန် - ရူပ အရူပဘုံတို့၌ တပ်မက်သော လောဘကြောင့် - ရူပ အရူပ ဗြဟ္မာ တို့၏ ချမ်းသာကို ရရှိခံစားရေးအတွက် မဟဂ္ဂုတ်ကံ ကသိုဏ်း ဈာန်ကိုပြုလုပ်ကြ သောကြောင့် ရူပ အရူပဘုံတို့၌ ရူပ အရူပ ဗြဟ္မာဟူသော ဘဝတဖန် ရုပ်နာမ်ခန္ဓာတွေ ဖြစ်ပေါ်ကြလေကုန်၏။
ဤ၌ –-
ရူပ အရူပဘုံတို့၌ တပ်မက်သော လောဘကား - ကိလေသဝဋ်။
မဟဂ္ဂုတ်ကံကား - ကမ္မဝဋ်။
ရူပ အရူပ ဗြဟ္မာတို့၏ ဘဝတဖန် ရုပ်နာမ်ခန္ဓာကား - ဝိပါကဝဋ်။
ဤ၌-ကိလေသဝဋ်ကား - သ သစ္စာ။
ဝိပါက ဝဋ်ကား - ဒု သစ္စာ။
သကြောင့် ဒု ဖြစ်တာ။
ဤ၌ - ကိလေသ ကမ္မ ဝိပါက ဟူသော ဝဋ်သုံးပါးတို့ကြောင့်၊ ဝါ၊ ဒု-သ သစ္စာ နှစ်ပါး တို့ကြောင့် ဘုံသုံးပါးတို့၌ အပါယ်သတ္တဝါ လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် ကံအား လျော်စွာ ဖြစ်ကြသည်ဟု သတ္တဝါဟူသော ပညတ်ပေါ်တွင် အသိဉာဏ် သောင်တင် အသိဉာဏ် အားကုန်၍ မနေစေနှင့်၊
ကိလေသ, ကမ္မဝဋ်ကား - နာမ်တရား။ ဝိပါကဝဋ်ကား - ရုပ် နာမ် တရား။ ဤ နာမ်ရုပ် နှစ်ပါးတို့သည်သာ အကြောင်း အကျိုးစပ်၍ တသံသရာလုံး ဖြစ်ပျက်ကြသည်၊ သက္ကဝါတို့၏ ဖြစ်မှု ပျက်မှု မွေးမှု သေမှုမဟုတ်၊ ၀ဋ် သုံးပါးတို့၏ ကမ္မ ကိလေသနှင့် စပ်၍ မပြတ်လည်မှု ဒု-သ သစ္စာနှစ်ပါးတို့၏ အကြောင်းအကျိုးနှင့်စပ်၍ မပြတ်လည်မှု ချမ်းသာမဘက် ဆင်းရဲသက်သက် “ဒုက္ခက္ခန္ဓ ဝဋ္ဋဒုက္ခ” အပေါင်းအစုမျှသာ ဖြစ်သည်ဟု သမ္မာဒိဋ္ဌိ အမှန်သိသို့ ရောက်ရှိကြပါစေသတည်း၊ ဝါ၊ ဘုံသုံးပါးတို့၌ ကံအားလျော်စွာ သတ္တဝါ တွေ ဖြစ်ကြသည် ဟူသော မိစ္ဆာဒိဋ္ဌိလမ်းမှားကို ရှောင်ရှားနိုင်ကြပါစေ။
ပဋိစ္စသမုပ္ပါဒ်၌
သိမှတ်စရာကို ပြဆိုပါဦးမည်
ပဋိစ္စသမုပ္ပါဒ်၌ သစ္စာသိတဲ့သမ္မာဒိဋ္ဌိဉာဏ် -- သစ္စာလေးပါးကို သိသော ဉာဏ်သည် ကမ္ဘာတွေ မရေမတွက်နိုင်အောင် ဖြစ်ပေါ်၍ နေသော်လည်း ကမ္ဘာတိုင်း ကမ္ဘာတိုင်း ဖြစ်ပေါ်သည်မဟုတ်။ “ဧကပုဂ္ဂလောဘိက္ခဝေ လောကေ။ပ။ အယံခေါ ဘိက္ခဝေ ဧကပုဂ္ဂလော” ဆိုတဲ့ (ဧကနိပါတ် အင်္ဂုတ္တိုရ်ပါဠိ လာရှိသည်နှင့်အညီ) လောကမှာ ဘုရားတဆူတဆူ ပွင့်တော်မူမှသာ ဖြစ်ပေါ်လာတဲ့ သမ္မာဒိဋ္ဌိဟု သိလေ မှတ်လေ။ သတိရှိစေ သတိရစေ မေ့နေမှဖြင့် ဒုက္ခဘဲ မုချမလွှဲ အဟုတ်ပငရဲ ပြန်ဘို့ရာမှာအမြဲတဲ့။
သစ္စာလေးပါး -- “အဝိဇ္ဇာပစ္စယာဘိက္ခဝေ သင်္ခါရာ။ပ။ ဇာတိပစ္စယာ ဇရာမရဏံ” နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၌ ဟောတော်မူခဲ့သည်မှာ အကျိုးနှင့် အကြောင်း, အဖျားမှ အရင်းသို့ ပဋိလောမအားဖြင့် ဇရာနှင့် မရဏကို ဒုက္ခသစ္စာ လို့သိ၊ တဏှာ နှင့် ဇာတိကို - သမုဒယသစ္စာ လို့ သိ၊ ဇာတိ ဇရာ မရဏတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို - နိရောဓသစ္စာ လို့ သိ၊ နိဗ္ဗာန်သို့ ရောက်ကြောင်း ကောင်းသော မဂ်အကျင့်ကို မဂ္ဂသစ္စာ လို့ သိလေ မှတ်လေ။
ဤလိုဤပုံ -- အထက်သင်္ခါရ တိုင်အောင် တခုတခုသော ပဋိစ္စသမုပ္ပါဒ် ပုဒ်၌ တပုဒ် တပုဒ်ကို မူတည်၊ သစ္စာလေးပါးတို့ကို မူလီသွတ်၍ သွင်း၍ လေးခု လေးခုစီသော သစ္စာကို ရသောကြောင့် ဤပဋိစ္စသမုပ္ပါဒ်၌ စတု စတ္တာလီသ ၄၄-ပါးသော ဉာဏဝတ္ထု တို့ကို ရသည်ဟု သိလေမှတ်လေ။
ရပုံကား --
ဧရာမရဏေဉာဏံ ဇရာမရဏသမုဒယေဉာဏံ ဇရာမရဏနိရောဓေဉာဏံ ဧရာမရဏ-နိရောဓဂါမိနီယာပဋိပဒါယဉာဏံ။ ပ။ ဣမာနိဝုစ္စန္တိ ဘိက္ခဝေ စတုစတ္တာလီသဉာဏ-ဝတ္ထုနိ။ ။ ဟု ဟောတော်မူခဲ့ပါသည်။
(၁) ဓမ္မဉာဏ်
အဓိပ္ပါယ်ကား - ခန္ဓာငါးပါးတို့၏ ရင့်ခြင်း ပျက်ခြင်း၌ ဒုက္ခသစ္စာ ဟု သိသောဉာဏ်၊ ခန္ဓာငါးပါးတို့၏ အကြောင်းဖြစ်သော တဏှာနှင့် ဇာတိ၌ - သမုဒယသစ္စာ ဟု သိသောဉာဏ်၊ ခန္ဓာငါးပါးတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ နိရောဓသစ္စာ ကု သိသောဉာဏ်၊ ခန္ဓာငါးပါးတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော မဂ္ဂင်ရှစ်ပါး၌ မဂ္ဂသစ္စာ ဟု သိသောဉာဏ်။ ဤသို့ စသည်ဖြင့် အထက်သင်္ခါရ တိုင်အောင် ၁၁x၄ လီဖြစ်၍ လေးဆဲ့လေးပါးသော ဉာဏဝတ္ထုတို့ဖြစ်သည်ဟု သိလေ။
မှတ်ချက်
ဤ၌ကား အစတပုဒ်တွင်သာ နမူနာစံပြ ဘော်ပြထားပေသည်။ ဤနည်းကိုမှီ၍၊ ဝါ၊ နယဂ္ဂါဟအားဖြင့် ပုဒ်ပြောင်းကာ ပြောင်းကာ သစ္စာလေးပါး သွင်းကာ သွင်းကာ လေးဆဲ့လေးဉာဏ် ရအောင် သိပါလေတော့၊ ပုဒ်အပြည့်အစုံနှင့် သိလိုပါက ဘော်ပြ ထားသော နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ ကြည့်ကြပါလေ။ ဤကား “ဣဒမဿ ဓမ္မေဉာဏံ” နှင့်အညီ၊ ဓမ္မဉာဏ်ပေတည်း။
(၂) အနွယဉာဏ်၊ တဘန် အနွယဉာဏ်ကို ပြခြင်းငှါ ...
သော ဣမိနာ ဓမ္မေန ဒိဋ္ဌေန ဝိဒိတေန အကာလိကေန ပတ္တေန ပရိရောဂါဠှေန အတီတာ နာဂတေ နယံနေတိ။ ။ (၎င်းပါဠိ)
အဓိပ္ပါယ်ကား …
ယခု ငါသည် ဇရာမရဏ စသည်ကို တပုဒ်တပုဒ်လျှင် သစ္စာလေးပါးစီ လေးပါးစီ စတုသစ္စာလိုတင်၍ သိသကဲ့သို့၊ ထို့အတူ ရှေးကလည်း သိကြလေကုန်ပြီ၊ နောက်၌ လည်း သိကြလေကုန်လတ္တံ့ဟု ဤလိုဤပုံ - အတိတ် အနာဂတ်ကို နည်းယူ၍ သိသည်၊ ဤလိုနည်းယူ၍ သိခြင်းသည်ပင် အနွယဉာဏ် မည်၏။
ဤကား- “ဣဒမဿ အနွယေဏံ” နှင့်အညီ၊ အနွယဉာဏ်ပေတည်း။ ဘုရားဟော မထားခဲ့လျှင် ဤလိုဤပုံ သိနိုင်မည့်အရေး ဝေးလေဘိစွ။ ဤသို့ မသိကလည်း သောတာပန် စသော အရိယာများ ဖြစ်နိုင်မည့်အရေး ဝေးလေဘိစွ။ ဤလိုဤပုံ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၌ ဓမ္မခဏ် အနွယဉာဏ် နှစ်ပါးနှင့် ပြည့်စုံလုံလောက်သော ပုဂ္ဂိုလ်ကို၊ ဝါ၊ ဤဓမ္မဉာဏ် အနွယဉာဏ် အမြင်နှစ်ပါး လက်ကိုင်ရှိသော သူကို ဘယ်သူဘဲရှိရှိ....။
“ယတောခေါ ဘိက္ခဝေ အရိယာသာဝကဿ ဣမာနိ ဒွေ ဉာဏာနိ ပရိသုဒ္ဓါနိ ဟောန္တိ၊ ပရိယောဒါတာနိ ဓမ္မေဉာဏဉ္စ အနွယဉာဏဉ္စ အယံဝုစ္စတိ ဘိက္ခဝေ အရိယာ-သာဝကော ဒိဋ္ဌိ သမ္ပန္နော ဣတိပိ, ဒဿန သမ္ပန္နော ဣတိပိ, အာဂတော ဣမံ သဒ္ဓမ္မံ ဣတိပိ, ပတ္တော ဣမံသဒ္ဓမ္မံ ဣတိပိ, သိက္ခေန ဉာဏေန သမ္ပန္နာဂတော ဣတိပိ, သိက္ခာယ ဝိဇ္ဇာယ သမ္ပန္နာဂတော ဣတိပိ, ဓမ္မသောတံ သမာပန္နော ဣတိပိ, အရိယောနိဗ္ဗေဓိက ပညော ဣတိပိ, အမတဒွါရံ အာဟစ္စ တိဋ္ဌတိ ဣတိပိ။”- ဟု
အဆိုပါ ဂုဏ်ပုဒ် ကိုးပုဒ်တို့နှင့် ပြည့်စုံ လုံလောက်ကြောင်းကို ကောင်းကောင်းကြီး ဟောကြားတော်မူခဲ့ပါသည်။
ဘာသာပြန်
ရဟန်းတို့ - အကြင်အခါ၌ အရိယာ၏ တပည့်အား ဓမ္မဉာဏ် အနွယဉာဏ်, ဤ နှစ်ပါးကုန်သော ဉာဏ်တို့သည် သန့်ရှင်း စင်ကြယ်ကုန်သည်၊ ဖြူစင်ကုန်သည် ဖြစ်ကုန်၏။ ရဟန်းတို့ - ထိုအခါ၌ ဤဉာဏ်နှစ်ပါး စင်ကြယ်သန့်ရှင်း ဖြူစင်နေတဲ့ အရိယာ၏ တပည့်ကို သစ္စာကို၎င်း နိဗ္ဗာန်ကို၎င်း, သိမြင်နိုင်တဲ့ သမ္မာဒိဋ္ဌိမဂ်ဉာဏ် အမြင်နှင့် ပြည့်စုံပြီဟူ၍လည်း ဆိုအပ်၏။ သစ္စာကိုမြင်၍ နိဗ္ဗာန်ကိုလည်း မြင်နိုင်သော ဉာဏ်အမြင်နှင့် ပြည့်စုံပြီဟူ၍၎င်း, ဤ ပဋိစ္စသမုပ္ပါဒ် တရားတော်သို့ ဉာဏ်ဖြင့်လာပြီ ဟူ၍၎င်း, ဤပဋိစ္စသမုပ္ပါဒ် တရားတော်သို့ ဉာဏ်ဖြင့်ရောက်ပြီ ဟူ၍၎င်း, မဂ်ဖိုလ် ရှေ့ရှုကျင့်သောသူ၏ ဉာဏ်နှင့် ပြည့်စုံပြီဟူ၍၎င်း, မဂ်ဖိုလ် ရှေ့ရှုကျင့်သောသူ၏ ပညာနှင့်ပြည့်စုံပြီ ဟူ၍၎င်း, နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရားအယဉ်သို့ ကောင်းစွာ ရောက်ပြီဟူ၍၎င်း, ဖြူစင်သော ကိလေသာကို ဖေါက်ခွဲနိုင်သော ပညာနှင့် ပြည့်စုံပြီ ဟူ၍၎င်း ဤ ဓမ္မဉာဏ် အနွယဉာဏ် နှစ်ပါးနှင့် ပြည့်စုံသော အရိယာ၏ တပည့်ကို နိဗ္ဗာန်တံခါးကို၊ ဝါ၊ တံခါးသို့ ဆိုက်ရောက်၍ တည်နေသောသူဟူ၍၎င်း ဆိုအပ်၏။
မှတ်ချက်
ဤဂုဏ်ပုဒ် ကိုးပုဒ်သည် သောတာပန်ပုဂ္ဂိုလ်၏ ဂုဏ်ပုဒ်တို့ပေတည်း။ ဤ ဂုဏ်ပုဒ် ကိုးပုဒ်နှင့် ပြည့်စုံလုံလောက်သော ပုဂ္ဂိုလ်ကို သောတာပန်ပုဂ္ဂိုလ်ဟု ဆိုလိုပေသည်။ ဧကနိပါတ်အဋ္ဌာနဝဂ်၌လည်း ဤအတူပင် လာရှိပေသည်။
သစ္စာကို သစ္စာဟူ၍သာ အသိမှန်သိ အမြင်မှန်မြင် အယူမှန်ယူ၍ နိဗ္ဗာန်သို့ သွားကြပါ၊ သစ္စာကိုပင် သစ္စာမှန်းမသိ သူ ငါ- ကျား မ စသောအားဖြင့် အသိမှား အမြင်မှား အယူမှားပြီး တဏှာ မာန ဒိဋ္ဌိ ပွါးစီး၍ ထပ်ပြန်တလဲလဲ အပါယ်ငရဲကိုချည်းဘဲ မသွားကြလေနှင့်တဲ့၊ သစ္စာဉာဏ်အမြင် ဖြူစင်သန့်ရှင်းအောင် အားထုတ်ကြပါ - တဲ့။
ဟောတော်မူလိုရင်း အချုပ်မှာ - အဝိဇ္ဇာအစ ဇရာမရဏ အဆုံးရှိသော ပဋိစ္စသမုပ္ပါဒ်၌ တဆဲ့နှစ်ရပ်သော အင်္ဂါတို့တွင် အဆုံးဖြစ်သော ဇရာမရဏပုဒ်ကို ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ရင့်ခြင်းသဘော, ပျက်ခြင်းသဘော သာဖြစ်၍ ဆင်းရဲတာ မှန်လှသောကြောင့် - ဒုက္ခသစ္စာ လို့ သာ ပြတော် မူလိုရင်း ဟောတော်မူလိုရင်း ဖြစ်သည်၊
လူ နတ် ဗြဟ္မာတို့၏ အိုခြင်း နာခြင်း သေခြင်းဟု ပြတော်မူလိုရင်း ဟောတော်မူလိုရင်း မဟုတ် ဟူလို။ တဏှာနှင့် ဇာတိကိုကား အကျိုးဖြစ်သော ဒုက္ခသစ္စာ၏ အကြောင်း ရင်း စစ်စစ်ဖြစ်၍ ဆင်းရဲကို ဖြစ်စေတာ ဖြစ်စေမှာ ဟုတ်မှန်လှသောကြောင့် - သမုဒယသစ္စာ လို့သာ ပြလိုရင်း ဟောလိုရင်းဖြစ်သည်၊
ထို ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ် ကုန်ဆုံးချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုကား-ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ ငြိမ်းအေးရာ မှန်လှသောကြောင့် - နိရောဓသစ္စာ လို့သာ ပြလိုရင်း ဟောလိုရင်းဖြစ်သည်၊
ထိုနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကိုကား နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကောင်း မှန်လှပါသောကြောင့် - မဂ္ဂသစ္စာ လို့သာ ပြလိုရင်း ဟောလိုရင်းဖြစ်သည်ဟု သိလေ မှတ်လေ။
ထို့ကြောင့် - အဝိဇ္ဇာအစ, ဇရာမရဏ အဆုံးရှိသော ပဋိစ္စသမုပ္ပါဒ် တရားတို့ကို သစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာသာ ဖြစ်သည် - ပျက်သည်ဟု အသိမှန် သိ အမြင်မှန် မြင် အယူမှန်ကိုယူ၍ နိဗ္ဗူရွှေနန်းသို့ အမြန်လှမ်းကြပါ။
ဒုက္ခသစ္စာဖြစ်သော အဝိဇ္ဇာအစ ဇရာမရဏ အဆုံးရှိသော ပဋိစ္စသမုပ္ပါဒ်ကိုပင် လူဖြစ်သည်၊ နတ်ဖြစ်သည်၊ ဗြဟ္မာ ဖြစ်သည်။ ပုဂ္ဂိုလ် သတ္တဝါ ဖြစ်သည်ဟု အသိမှား အမြင်မှား အယူမှားကို ယူမိကြ၍၊ တဏှာ မာန ဒိဋ္ဌိ ကိလေသာတရား တိုးပွါးတိုင်း -တိုးပွါးတိုင်း ကမ္ဘာ အဆက်ဆက် ဘဝအဆက်ဆက် အပါယ်သို့ တဖန်တဖန် မပြန်ကြလေနှင့်ဟု ဆိုလိုပေသည်။ (သတိရှိကြစေ - သတိရကြစေ။)
မွေးတယ် အိုတယ် နာတယ် သေတယ် ဆိုတာဟာ - လူဘဲ နတ်ဘဲ သူဘဲ ငါဘဲ ကျား-မဘဲ ဆိုတဲ့ ပညတ်ပေါ်တွင် အသိဉာဏ်သောင်တင် အသိဉာဏ် အားကုန်၍ မနေကြနှင့်။ “ခန္ဓာနံ ပါတု ဘာဝေ ခန္ဓာနံဘေဒေါ နသတ္တော နပုဂ္ဂလော” ဆိုတဲ့ သမ္မော ဝိသုဒ္ဓိတို့နှင့် အညီ၊ ဒုက္ခသစ္စာ - သမုဒယသစ္စာ ဖြစ်သော ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်မှု ပျက်မှု မွေးမှု သေမှုသာဖြစ်သည်၊ အနိစ္စ ဒုက္ခ အနတ္တ အသုဘသာ ဖြစ်သည်ဟု အသိမှန် သိ - အမြင်မှန် မြင် - အယူမှန်ကို ယူနိုင်ကြပြီးလျှင် တသက်လုံး တသံသရာလုံးက လူဘဲ နတ်ဘဲ သူဘဲ ငါဘဲ စသည်ဖြင့် တမှားထဲ မှားလာခဲ့သော မိစ္ဆာဒိဋ္ဌိ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ အယူမှားကြီးကို အပြီးအစီး တားဆီးလိုက်နိုင်တဲ့ အပါယ်လွတ်တရားရ, သောတာပတ္တိမဂ် အပ္ပနာတို့ ကျအောင် သိကြပါလေ ဟူလို။
💡 ပဋိစ္စသမုပ္ပါဒ်၌ ၇၇-ပါးသော အသိဉာဏ် ဖြစ်ပုံကား -
ဇာတိပစ္စယာ ဇရာမရဏန္တိဉာဏံ ဇာတိယာအသတိ နတ္တိဇရာမရဏန္တိ ဉာဏံ အတီတမ္ပိအဒ္ဓါနံ ဇာတိပစ္စယာ ဇရာမရဏန္တိဉာဏံ ဇာတိယာ အသတိ နတ္ထိဇရာမရဏန္တိဉာဏံ အနာဂတမ္ပိ အဒ္ဓါနံ ဇာတိပစ္စယာ ဇရာမရဏန္တိဉာဏံ ဇာတိယာ အသတိ နတ္ထိ ဇရာမရဏန္တိဉာဏံ ယသ္မိံ ယံတံ ဓမ္မဋ္ဌိတိဉာဏံ တမ္ပိ ခယဓမ္မံ ဝယဓမ္မံ ဝိရာဂဓမ္မံ နိရောဓဓမ္မန္တိ ဉာဏံ။ပ။ ဣမာနိဝုစ္စန္တိဘိက္ခဝေ သတ္တသတ္တတိဉာဏ ဝတ္ထူနိ။
(နိဒါနဝဂ္ဂသံယုတ်ပါဠိ)
ဤသို့ ပဋိလောမအားဖြင့် ဇရာမရဏမှစ၍ အထက်သင်္ခါရပုဒ် တိုင်အောင် တဆဲ့ တပုဒ်တို့တွင် တခုတခုသော ပုဒ်၌ ၇-ခု ၇-ခုသော ဉာဏ်တို့ကို ရသောကြောင့် ၁၁x၇ =လီ ၇၇-ပါးသော ဉာဏ်တို့ဖြစ်သည် ဟူလို။
📝 အဓိပ္ပါယ်ကား
ဇာတိကြောင့် ဇရာမရဏဖြစ်သည်ဟု သိသောဉာဏ်။ ဇာတိမရှိသော် ဧရာမရဏ မဖြစ်ဟု သိသောဉာဏ်၊ အတိတ်၌လည်း ထိုအတူ သိသောဉာဏ်၊ အနာဂတ်၌လည်း ထိုအတူ သိသောဉာဏ် ဟူ၍ ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလသုံးပါး၌ သိသော ဉာဏ်သုံးပါး၊ အကြင် ဇရာမရဏ၏ ဖြစ်ရာမဖြစ်ရာ၌ အကြင် ဓမ္မဌိတိဉာဏ်သည် ရှိ၏၊ ထို ဓမ္မဋ္ဌိတိဉာဏ်သည်လည်း ကုန်တတ်သော သဘော၊ ပျက်တတ်သော သဘော၊ ကင်းတတ်သော သဘော၊ ချုပ်တတ်သော သဘောရှိ၏ဟု သိတတ်သော ဓမ္မဋ္ဌိတိ ဉာဏ်၏ ကုန်ခြင်း၊ ပျက်ခြင်း ကင်းခြင်း ချုပ်ခြင်းကို သိသောဉာဏ် လေးပါး၊ အထက်က ဉာဏ်သုံးပါးနှင့် ပေါင်း၍ အသိဉာဏ် ၇-ပါး ဖြစ်သည်ဟူလို။
ဤလို ဤပုံ - တပုဒ်တပုဒ်၌ ၇-ပါးစီ ၇-ပါးစီဖြစ်၍ ၇၇-ပါးရှိသည်ဟု သိသောဉာဏ်ကို သတ္တသတ္တတိ ဉာဏဝတ္ထုဆိုသည်ဟု သိလေ မှတ်ပေ။ ဤ ၇၇-ပါးဉာဏ်တို့ကို ရှေးကမသိစဘူး မကြားစဘူး ယခု အထူးသိရခြင်း ကြားနာရခြင်းသည် မြတ်စွာဘုရား ၏ ကျေးဇူးပေတည်းဟု သိ၍ ရွှေအိုး ငွေအိုးကို ရသောထက် သိန်းထီပေါက်သောထက် အဆတရာ မကသာ၍ ဝမ်းမြောက်လေ ဝမ်းသာလေ။
အဘယ်ကြောင့် ယနေ့ ရွှေအိုး, ငွေအိုးကိုရလျှင် ယနေ့သိန်းထီပေါက်လျှင် ယနေ့ ဒုက္ခရောက်မည် အမှန်တည်း၊ အဆိုပါ ၇၇-ပါးသော အသိဉာဏ်ကို ပိုင်ပိုင်သိလျှင် မူကား - ယနေ့ပင် အပါယ်လွတ်တရား ရသော, သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ပါ၍ ယနေ့ပင်မုချ ချမ်းသာရမည် ဖြစ်သောကြောင့် ပေတည်း။
🎯 ဆိုလိုရင်းမှာ
ဇာတိဖြစ်လို့ ဇရာမရဏ ဖြစ်တယ်၊ ဇာတိ မဖြစ်လျှင် ဇရာမရဏတို့လဲ မဖြစ်တော့ဘူး ဆိုတာဟာ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါတို့၏ မွေးမှု အိုမှု နာမှု သေမှုမဟုတ်၊ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာ အနိစ္စ ဒုက္ခ အနတ္တ အသုဘ တရားတို့၏ ဖြစ်မှု ရင့်မှု ချုပ်မှု ဟူ၍သာသိ၍ ရုပ်နာမ်ခန္ဓာ ဟူသော ပရမတ်ပေါက် အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဟူသော လက္ခဏာဆိုက်၊ ဒုက္ခ သမုဒယ ဟူသော သစ္စာကိုက်အောင် သိလေ မြင်လေ အသိမှန်သိ အမြင်မှန်မြင် အယူမှန်ကိုယူ၍ လူအရိယာ ရဟန်းအရိယာ ဖြစ်နိုင်ကြပါစေ သတည်း။
❓ ဒုက္ခပေးသမားအစစ်ကား မည်သူနည်း ...?
ထိုအမေး၌ တိုတိုဖြေရလျှင် တဏှာပေတည်းဟု ဖြေရန်ရှိ၏။ မှန်၏။ အဆိုပါ တပ်မက်ခြင်း တဏှာ သမုဒယသစ္စာရှိလျှင် ဆင်းရဲ ဒုက္ခလည်း ရှိတော့၏။ အရာရာ တို့၌ တပ်မက်ခြင်း တဏှာရှိလျှင် ဆင်းရဲဒုက္ခလည်း ရှိတော့၏။ အရာရာတို့၌ တပ်မက်ခြင်း တဏှာမရှိလျှင် ဆင်းရဲဒုက္ခလည်း မရှိတော့ပြီ။
ထိုစကားသည်မှန်၏။ အဆိုပါ သမုဒယသစ္စာ တဏှာ ရာဂ လောဘနှင့် တူသော အားလုံးသော လူ နတ် ဗြဟ္မာ သတ္တဝါတို့အား အစေ့ အငှ မကျန်ရအောင် သံသရာ ဝဋ်ဒုက္ခ အမျိုးမျိုးတို့ကို တမျိုးပြီးတမျိုး စီမံဖန်တီး၍ ပေးတတ်သော တရားမည်သည် မရှိတော့ပြီ။
ထို့ကြောင့် -
တံ တာဒိသော အညော ကောစိ
၀ဋ္ဋဒုက္ခံ သံဝိဓါယကော နာမ နတ္ထိ - ဟု လာရှိ၏။
တံ သဒိသော၊ ထိုသမုဒယသစ္စာ တဏှာ ရာဂလောဘနှင့် တူသော။
အညော၊ တပါးသော။
ကောစိ၊ တစုံတခုသော။
၀ဋ္ဋဒုက္ခံ သံဝိဓါယကော နာမ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့အား ဇာတိ စသော သံသရာ ဝဋ်ဒုက္ခ အမျိုးမျိုးတို့ကို တမျိုးပြီးတမျိုး အစေ့ အငှ မကျန်ရအောင် စီမံ ဖန်တီး၍ ပေးတတ်သော တရားမည်သည်။
နတ္ထိ၊ တဏှာလောဘမှတပါး အခြား မရှိတော့ပြီ။
၎င်း တဏှာ ရာဂ လောဘကို “သမုဒယသစ္စာ” လို့ မြင်ပါ-သိပါ။
ထို့ကြောင့် ... တဏှက္ခာယ ပဋိပဇ္ဇထ၊ တဏှာလောဘကုန်အောင် ကျင့်ကြ၊ ဝါ၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်ကြ။
တဏှက္ခယောဟိ နိဗ္ဗာနံ၊ တဏှာကုန်ခြင်းသည်၊ ဝါ၊ တဏှာ၏ ကုန်ရာသည် နိဗ္ဗာန်မည်၏၊ ဝါ၊ နိဗ္ဗာန်ကို ရသည်ရောက်သည် မည်၏ဟု ဟောတော်မူခဲ့ပါသည်၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့်၍ တဏှာမကုန်လျှင် ရွှေဘုံနိဗ္ဗာန်သို့ မရောက်နိုင် ဟန်ကို၎င်း, ရွှေဘုံနိဗ္ဗာန်သို့ မရောက်သမျှ ဇာတိဒုက္ခ စသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှ မကုန်မခန်းနိုင်ဟန်ကို၎င်း ပြန်၍ သိလေ မှတ်လေ။
၎င်းကို “ဒုက္ခသစ္စာ”လို့ မြင်ပါ သိပါ။
ထို့အတူ အဆိုပါ တဏှာလောဘကို ပယ်သတ် သည်မှတပါး၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့အား သံသရာ ဝဋ်ဒုက္ခမှ လွတ်ရာ လွတ်ကြောင်း နည်းကောင်း လမ်းမှန် မရှိတော့ပြီ။
ထို့ကြောင့် --
လောဘပဟာနတော အညောကောစိ
ဒုက္ခဝိမုတ္တိ မဂ္ဂေါနာမ နတ္ထိ - ဟု လာရှိ၏။
လောဘပဟာနတော၊ ငါးပါးအာရုံ ကာမဂုဏ်တို့၌ တပ်မက်တတ်သော တဏှာ လောဘကို ပယ်သတ်သည်မှ။ ဝါ၊ ပယ်သတ်သည်ထက်။
အညော၊ တပါးသော။
ကောစိ၊ တစုံတခုသော။
ဒုက္ခဝိမုတ္တိ မဂ္ဂေါနာမ၊ လောက သံသရာ နှစ်ဖြာ နှစ်ဝ ဘေးဆိုး ရန်ဆိုး ဒုက္ခ အမျိုးမျိုးတို့မှ လွတ်ရာ လွတ်ကြောင်း နည်းကောင်း လမ်းမှန်သည်။
နတ္ထိ၊ တဏှာ လောဘကို ပယ်သတ်သည်မှတပါး အခြားမရှိတော့ပြီ။
၎င်း ... တဏှာပယ်တဲ့ မဂ်အကျင့်ကို “မဂ္ဂသစ္စာ”လို့ မြင်ပါ သိ ပါ။
လက်သယ်များ (၁) တဏှာ-လောဘ
▬▬▬▬▬▬▬
အဓိပ္ပါယ်မှာ - တလောကလုံး ဒုက္ခဖြစ်တာလဲ လောဘ၊ ဒုက္ခမှလွတ်တာလဲ- လောဘ ဆိုတော့ လောဘဟာ သတ္တဝါတို့နဲ့ ဆင်းရဲပေးသမား, ဒုက္ခပေးသမားကြီး လက်သယ် အစစ် ဧကန်ဖြစ်၍ မနေပေဘူးလား၊ မှန်ပါတယ်၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့်သမျှ တဏှာကြောင့် ခန္ဓာ တသံသရာလုံး ဖြစ် ပျက် မွေး သေ, သံသရာ ရှည်၍နေရလေ တော့သည်။ “တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်ကြတဲ့” အရဟတ္တမဂ် နှောင်မှာ တဏှာအသစ် မဖြစ်တော့သည် ဖြစ်၍ အရဟန္တ စုတ်နောင်မှာ ခန္ဓာလဲ အသစ်မဖြစ်တော့ဘဲ ဖြစ် ပျက် မွေး သေ အစဉ်ပြတ်တဲ့ အသင်္ခတ ဓာတ်သို့ ဆိုက်ရောက်သွားနိုင်ပေသည်။
၎င်းကို “နိရောဓသစ္စာ”လို့ မြင်ပါ သိပါ။
လက်သယ်များ (၂) အဝိဇ္ဇာ-မောဟ
▬▬▬▬▬▬▬
တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြရသည်ဟူ၍၎င်း၊ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာခန္ဓာအစဉ်ပြတ်တဲ့ အသင်္ခတဓာတ်နိဗ္ဗာန် ဟူ၍၎င်း၊ ဤလိုဤပုံ - သစ္စာ မသိအောင် ဖုံးဖိ၍ထားတာက လက်သယ် ဘယ်သူလဲ - အဝိဇ္ဇာ ခေါ်တဲ့ သစ္စာမသိမှု မောဟ ဟာ လက်သယ်အစစ်ပါဘဲ၊ သို့ရာတွင် ဤကား-ဒု၊ ဤကား-သ၊ ဤကား-နိ၊ ဤကား-မ ဟု သာသိတဲ့ခါ မဖုံးလွှမ်းနိုင်တော့ပါ၊ သစ္စာ သိအောင်သာ ကျိုးစားပါ။
မှတ်ချက်
ဤ၌ တဏှာကြောင့် ခန္ဓာ, ဆိုတဲ့ စကားရပ်ဖြင့် သ နှင့် ဒု “သစ္စာနှစ်ပါး” ကို၊ တဏှာ ပယ်တဲ့ မဂ်အကျင့်ဆိုတဲ့ စကားရပ်ဖြင့် “မ သစ္စာ” ကို၊ တဏှာခန္ဓာအစဉ်ပြတ် ဆိုတဲ့ စကားရပ်ဖြင့် “နိ သစ္စာ” ကို ပြဆိုသည်ဟု သိရှိကြပါလေ။ ဤလို စကားရပ်မျိုးများကို ပြဆိုတိုင်း ပြဆိုတိုင်း သစ္စာလေးပါး ပါဝင်နေသည်ကို သိရှိကြပါလေ။
🤝 တဏှာနှင့် မောဟ ဇာတ်လိုက်ကြ
▬▬▬▬▬▬
ဤလိုဆိုလျှင် သ ကြောင့်-ဒု၊ မကြောင့် နိ ဟု သစ္စာမသိအောင် မောဟက ဖုံးဖိဖုံးဖိ၍ ထားတိုင်း ထားတိုင်း တဏှာက တပ်မက်၊ တဏှာက တပ်မက်တိုင်း တပ်မက်တိုင်း သတ္တဝါတို့မှာ တဏှာကြောင့် ခန္ဓာ၊ တဏှာကြောင့် ခန္ဓာ၊ ဖြစ် ပျက် မွေး သေ၊ ဖြစ် ပျက် မွေးသေ သံသရာရှည်၍နေကြရတာ အခြားမဟုတ်ပါ၊ တဏှာနှင့် မောဟ ရှုတ်၊ သူတို့ဇာတ်လိုက် လုပ်နေကြသောကြောင့် တဏှာ နှင့် မောဟ ဟာ သတ္တဝါတိုင်း သတ္တဝါတိုင်းတို့မှာ အသီးအသီး အမြဲတမ်း ဇာတ်လိုက်လုပ် နေကြပါသည်။
မှန်၏။ ။ “တဏှာဒုတိယော ပုရိသော။ပ။ သံသာရံနာတိဝတ္တတိ” ကို မျှော်လေ၊ တဏှာ အဖော်ရှိသော ယောက်ျားသည် သံသရာကို မလွန်မြောက်နိုင် ဟု ဟောတော် မူခဲ့ပါသည်။
သတ္တဝါတို့က တဘဝ တဘဝ သေကြသော်လည်း တဏှာ မောဟ တို့ကား - မသေပါ၊ အလွန်တရာ အသက်ရှည်ကြပါသည်။ သတ္တဝါတို့ ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ တဖန် တဖန် လိုက်၍လိုက်၍ ဇာတ်လိုက်လုပ်ကြပြန်ပါသည်၊ တဏှာ မောဟတို့ မသေသမျှ သတ္တဝါတို့မှာ ချမ်းသာမရတော့ပါ။
တဏှာ မောဟတို့ သေမှသာ သတ္တဝါတို့ ချမ်းသာရပါမည်၊ ဒါဖြင့်လျှင် သူတို့ဟာ အလိုလို သေပါ့မလား၊ အလိုလိုမသေပါ သတ်မှသာ သေပါသည်၊ ဒါး-လှံ လက်နက်နှင့် သတ်၍ သေပါ့မလား၊ အဏုမြူဗုံး ချသော်လည်း မသေပါ၊ ဒါဖြင့်လျှင် ဘယ် လက်နက်နှင့် သတ်ရမလဲ၊ မခက်ခဲပါ၊ သစ္စာဉာဏ် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် လက်နက်ဖြင့် အစဉ်အတိုင်း သတ်သွားပါလျှင်၊ အဆိုပါ တသံသရာလုံး သတ္တဝါတို့၏ ဇာတ်လိုက်ကြီး ဖြစ်နေကြတဲ့ တဏှာနှင့် မောဟတို့ဟာ သစ္စာဉာဏ် ဝိပဿနာဉာဏ်မှစ၍ ပယ်သတ်လာရာ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို ရှေးဦးစွာ သိမြင်တဲ့ သောတာပတ္တိ မဂ်မိုယ်းကြိုးနှင့် ပစ်သတ်လိုက်တဲ့ခါ တဏှာ မောဟတို့ကို တဲ့တဲ့မမှန်သေး၍ အသက်ထွက်မသွားသေးလည်း ထိတ်ထိတ် ပြာပြာ ဖြစ်ကာ လူစဉ်မမှီနိုင်အောင် နှလုံးတုန်ရောဂါစွဲကပ်၍လာရာ ဆင့်ကာ ဆင့်ကာ မဂ်မိုယ်းကြိုးတွေနှင့် အပစ်အခတ်ခံလာရော ..... နောက်ဆုံးမှာ အရဟတ္တမဂ်မိုးကြိုး နှင့် ပစ်ခွင်းလိုက်တဲ့ခါ၊ တဏှာခေါ်တဲ့ လောဘနှင့် မောဟတို့ရဲ့ ထိပ်တဲ့တဲ့ကို ထိမှန်၍ သွားပါသဖြင့် စိစိညက်ညက်ကြေ စန့်စန့် စင်းစင်းကြီး သေ၍သွားပါသောကြောင့် ထိုသူ၏အတွက် ဇာတ်လိုက် မလုပ်နိုင်တော့သဖြင့် ဖြစ် ပျက် မွေး သေ သံသရာ ဇာတ်သိမ်း၍ အငြိမ်းကြီး ငြိမ်းအေးရလေတော့သတည်း။
“သံသရာဇာတ် ခန္ဓာဇာတ်” ပေါ်လွင် ထင်ရှားအောင် “တဏှာနှင့် မောဟ” ကို ဇာတ်လိုက်ထား၍ ရေးသားဖေါ်ပြခဲ့ပေသည်။
📜 အမှာ
သစ္စာမသိမှု - မောဟကြောင့် တပ်မက်၊ တပ်မက်လို့ ဖြစ် ပျက် ဆင်းရဲမှန်တဲ့ ရုပ်နာမ်ပေတည်း။
သစ္စာသိမှု - ပညာကြောင့် မတပ်မက်၊ မတပ်မက်လို့ မဖြစ် မပျက် ချမ်းသာမှန်တဲ့ နိဗ္ဗာန်တည်း။
သစ္စာလေးခု၊ သိအောင်ပြုက၊
တပ်မှုမလာ နိရောဓာ မှတ်ပါနိဗ္ဗာန်တည်း။
📚 ဆောင်ပုဒ်
(၁) သစ္စာသိပြင်၊ နိဗ္ဗာန်မြင်၊ နိဗ္ဗာန်မြင်မှ မဂ်ဖိုလ်ရ၊ မုချ မြဲမှတ်သား။
(၂) သစ္စာသိမြန်၊ အေးနိဗ္ဗာန်၊ အာရုံခံငြား ဖိုလ်စိတ်ပ္ပါး။
(၃) လူက လူနှင့်နေ၊ စိတ်က နိရောဓနှင့်နေ၊ ဖိုလ်ဝင်စားခြင်းပေ။
အဓိပ္ပါယ်
(၁) သစ္စာသိမြင်တဲ့ခါ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို ငြိမ်းအေးသော အားဖြင့် တခဏကလေး မတွေမဝေ တဲ့တဲ့ရှင်းရှင်း မျက်မှောက် မြင်သိတဲ့စိတ်ကား -မဂ်စိတ် ပေတည်း၊ ငြိမ်းအေးသော နိဗ္ဗာန်ကို ငြိမ်းအေးပါပေသည်ဟု အာရုံပြုနေ သောစိတ်ကား ဖိုလ်စိတ် ပေတည်း။ ဤလို့ဤပုံ - နိဗ္ဗာန်ကို မျက်မှောက်မြင်သိ နိဗ္ဗာန်ကို အာရုံပြုနေတဲ့ မဂ်စိတ် - ဖိုလ်စိတ် ဖြစ်ပေါ်သည်ကိုပင်၊ ဝါ၊ မဂ်စိတ်-ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုရသည်ကိုပင် နိဗ္ဗာန်ကိုရောက်သည် ရသည်ဟု မှတ်သား အပ်ပေသည်၊ နိဗ္ဗာန်ကို မဂ်စိတ် ဖိုလ်စိတ်ဖြင့် အာရုံမပြုရဘဲနှင့် နိဗ္ဗာန်ကို ရောက်သည် ရသည်မရှိဟု ဆိုလိုပေသည်။
(၂) သစ္စာသိတဲ့ခါ တတိယသစ္စာခေါ်သော နိရောဓသစ္စာကို နိဗ္ဗာန်ဟု သိသည်၊ သိအတိုင်း စကြာမင်းတို့သည် စကြာမင်းချမ်းသာကို သိကြားမင်းတို့သည် သိကြားမင်း ချမ်းသာကို ခံစားသကဲ့သို့၊ ထို့တူပမာ - မဂ်ဖိုလ်ကို ရရှီကြသော အရိယာပုဂ္ဂိုလ် တို့သည်လည်း မိမိတို့ရရှိထားတဲ့ ဖလသမာပတ် ချမ်းသာ, ဖိုလ်ချမ်းသာကို ခံစား လိုတဲ့ခါ ဗဟိဒ္ဓက ဖြစ်ပျက်သင်္ခါရကို အာရုံမပြုတော့တဲ့ သင်္ခါရချုပ်ငြိမ်းတဲ့ နိရောဓ သစ္စာ နိဗ္ဗာန်အာရုံ တခုတည်းကို အာရုံပြုနေတဲ့ခါ မိမိရဲ့ သမာဓိအားလျော်စွာ တမိနစ် တနာရီ တနေ့ တရက် စသည်ဖြင့် နိဗ္ဗာန်အာရုံ တခုတည်းကိုသာ အာရုံပြုနေတဲ့ ဖိုလ်ဇော - ဖိုလ်စိတ်တွေသာ မရေမတွက်နိုင်အောင် ဖြစ်ပွါး၍ နေသတဲ့၊ ဤလို နေသည်ကိုပင် ဖိုလ်ဝင်စားသည်ဟု ကျမ်းဂန်တို့၌အဆိုရှိသည်။
(၃) လူက လူနှင့်နေ၊ စိတ်က နိရောဓနှင့်နေ - ဆိုတာက အမှန်မှာ တမဂ် တဖိုလ် စသည်ဖြင့် မဂ်ဖိုလ်ရပြီးတဲ့ ပုဂ္ဂိုလ်များမှသာ သင်္ခါရကို အာရုံမပြု ဝိသင်္ခါရအာရုံ တခုတခုတည်းကိုသာ၊ ဝါ၊ နိရောဓသစ္စာ နိဗ္ဗာန်အာရုံ တခုတည်းကိုသာ အာရုံပြု၍ နေနိုင်ပေမည်။
ဆိုလိုရင်းကား -- မိမိဟု ဆိုအပ်သော လူက လူ့ဘုံမှာ လူတို့နေတဲ့မြို့ထဲ ရွာထဲမှာ လူတွေနှင့် မကင်းနိုင်လို့ မကင်းတမ်း သဘောထားပြီး လူတွေ ရှင်တွေနှင့် ရောရော နှောနှော ထွေးလား ရစ်ပတ်နေရစေကာမူ မိမိစိတ်ကတော့ အဆိုပါလူ ရှင်တို့နှင့်၎င်း ကိလေသာအာရုံ ကာမဂုဏ်တို့နှင့်၎င်း၊ မရောမနှောစေဘဲ နိရောဓသစ္စာ ထိုက်တဲ့ နိဗ္ဗာန်အာရုံ တခုတည်းကိုသာ ဦးတန်းကာ အာရုံပြု၍နေဟု ဆိုလိုပေသည်၊
“ပိန်းဖက်သည် ရေနှင့်အတူနေသော်လည်း ဘယ်သောအခါမှ ရေနှင့် မရောမနှော သကဲ့သို့” ပိန်းဖက်နှင့်ရေလို သဘောထား၍နေဟု ဆိုလိုသည်၊ ဤလိုနေခြင်း သည်လည်း ဖိုလ်ဝင်စား၍ ဝင်စား၍နေခြင်းပေတည်း၊ အရိယာစစ်မှ အစစ် ဖြစ်နိုင် ပေမည်။
သို့ရာတွင် ရှေးဦးစွာ အနုမာန မျက်ရမ်းဆအားဖြင့် အာရုံပြုဘန် များလာတဲ့ခါ ဉာဏ်ရင့်၍လာ၊ နောက်ပိုင်းမှာ - ပစ္စက္ခသိဒ္ဓိအားဖြင့် စုတ်ခနဲပြေးဝင် စိုက်ခနဲ ကျရောက်သွားကာ နိရောဓကို အာရုံပြုလျက် ဖြစ်နေတတ်ပေသည်။
“မဟာကာရုဏိကော နာထော” နှင့်အညီ၊ ဝေနေယျကြာ သတ္တဝါတို့သည်။ *သြဃလေးဖြာ သံသရာ ဝဋ်ဆင်းရဲကြီးထဲမှာ - တဏှာကြောင့် ခန္ဓာ, တဏှာကြောင့် ခန္ဓာ ရံခါ ဒုဂ္ဂတိ ရံခါ သုဂတိ မြဲတယ်လို့ မရှိ၊ နစ်တုံ ပေါ်တုံ တမှုံဖွားဖွား ဆုံလည်သည့်နွား ရဟတ်ချားကဲ့သို့ မရပ်မနား ကြင်လည် ပြေးသွား၍နေကြရသော လူ နတ် ဗြဟ္မာ သတ္တဝါတို့ကို မကြည့်ရက် မကြည့်နိုင်၊ မဟာကရုဏာတော်ရဲ့ အလွန် သနားတော် မူလှသောကြောင့် တဏှာကုန်၍ ရွှေဘုံ နိဗ္ဗာန်သို့ အမြန်ရောက်စေခြင်းငှါ၊ တဏှက္ခယာယ ပဋိပဇ္ဇထ ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လိုဖြစ်ချင်နေတဲ့ တဏှာ ကုန်စေခြင်းငှါ ဖြစ်လိုလျှင် ဖြစ်ပြန်လိမ့်မယ်၊ ဖြစ်ပြန်လျှင် ဖြစ်ရာဘုံဘဝတို့မှာ ဇာတိဒုက္ခ စသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့နှင့် မုချတွေ့ရပြန်လိမ့်မယ် စသည်ဖြင့် ဇာတိ စသော ဒုက္ခသစ္စာ အစွမ်းကုန်ထင် မြင်၍ ဘုံသုံးပါးတို့၌ ဖြစ်ချင်သော ဘဝတဏှာပြတ်၍ အရဟတ္တမဂ်သို့ ရောက်စေခြင်းငှါ တဏှာပယ်, တဏှာသတ် တဏှာဖြတ်တဲ့ မဂ်အကျင့်ကို ကျင့်ကြကုန်၊ ဝါ၊ ဝိပဿနာအလုပ်ကို နာနာအားထုတ်ကြကုန်ဟု ဘုရား ဖြစ်တဲ့နေ့မှ ပရိနိဗ္ဗာန်ဝင်စံတဲ့ နေကျအောင် တဖွဖွ ဟောတော်မူခဲ့ပါသည်။
[* သြဃလေးဖြာဆိုသည်မှာ -
“ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အဝိဇ္ဇောဃ” ဟူ၍ အစဉ်အားဖြင့်လေးပါး၊ “လောဘ ဒိဋ္ဌိ မောဟ”ဟူ၍ သရုပ် တရားကိုယ်အရအားဖြင့် သုံးပါး။
ငါးပါးအာရုံ ကာမဂုဏ်တို့၌ တပ်မက်သော လောဘကို ကာမောဃ၊
ဘုံသုံးပါးတို့၌ တပ်မက်သော လောဘကို ဘဝေါဃ၊
အယူမှား ဒိဋ္ဌိ စေတသိက်ကို ဒိဋ္ဌောဃ၊
သစ္စာ လေးပါးတို့၌ မသိမမြင်ရအောင် ပိတ်ပင် ဖုံးလွှမ်းတတ်သော မောဟ စေတသိက်ကို အဝိဇ္ဇောဃ ဟု ဆိုလေ။
“ဩတ္ထရိတွာန သတ္တေ မာရေန္တိ ဩသီဒေန္တီတိသြဃာ” နှင့် အညီ။ ဝေနေယျကြာ သတ္တဝါတို့ကို အဆိုပါ သြဃလေးပါးတို့၌ လွှမ်းမိုး ဘိစီးတတ် သေစေတတ် သတ်သတ် နစ်မွန်းစေတတ် မျောပါးစေ တတ်သောကြောင့် ပကတိရေယာဉ်နှင့် တူသောကြောင့် “ဩဃ” ဆိုသည်မှတ်။
“တဏှက္ခယောဟိ နိဗ္ဗာနံ” ́တဖန်တဖန် ဘုံသုံးပါးတို့၌ ပြန်၍ပြန်၍ ဖြစ်ချင် ဖြစ်ချင် နေတဲ့ ဘဝတဏှာ၏ ကုန်ရာ၊ ဘဝတဏှာ၏ မရှိရာ၊ တဏှာကုန်လျှင် ခန္ဓာလည်း ကုန်သောကြောင့် တဏှာအသစ် မဖြစ်လျှင် ခန္ဓာလည်း အသစ် မဖြစ်တော့ဘဲ တဏှာ ခန္ဓာဖြစ်နေကြ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်ဘဲဟု တဲ့တဲ့ကြီး တိုက်ရိုက် ဟောတော်မူခဲ့ရာ တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့်သောကြောင့် တဏှာကြောင့် ခန္ဓာ၊ တဏှာကြောင့် ခန္ဓာ၊ ဖြစ် ပျက် မွေး သေ, သံသရာရှည်၍ နေကြရသည်မှာ -
စုန်းလဲ မရိုးနှင့်၊ နတ်လဲ မရိုးနှင့်၊ ရွာသူရဲ့အတတ် ဆိုတာလို ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိဒုက္ခ စသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခ ဟူသမျှတို့ဟာ အခြားက လာသည်မဟုတ်၊ “လို” ဆိုတဲ့ သမုဒယသစ္စာ, ဘဝတဏှာ ရာဂ လောဘက လာကြောင်းကို ကောင်းကောင်းကြီး သိရှိထားကြပါလေ။
အပိုင်း (၄) အမေး အဖြေ လေကျင့်ခန်းများ
▬▬▬ஜ۩۞۩ஜ▬▬▬▬
မေး။ တဏှာ ဘယ်ကလာ ?
ဖြေ။ အဝိဇ္ဇာကလာ၊ ဝါ၊ သစ္စာမသိလို့ ငါးပါးအာရုံ ကာမဂုဏ်ကလာ။
မေး။ တဏှာပယ်လျှင် ဇာတိဒုက္ခသစ္စာ အသစ်လာဦးမလား ?
ဖြေ။ တဏှာကို အပြတ်အသတ် ပယ်လျှင် ဇာတိဒုက္ခသစ္စာ မလာတော့ပါ။
မေး။ ဇာတိဒုက္ခအသစ်မလာလျှင် ဘာ လာဦးမလဲ ?
ဖြေ။ ဘာမှမလာတော့ပါ။ (ရုပ်နာမ်အသစ် မဖြစ်လာခြင်းကိုယူ။)
မေး။ ဘာမှ မလာသည်ကို ဘုရားဘယ်လိုဟောခဲ့သလဲ ?
ဖြေ။ “ဇာတိနိရောဓော နိဗ္ဗာနံ၊ ဘဝနိရောဓော နိဗ္ဗာနံ၊ ဒုက္ခနိရောဓော နိဗ္ဗာနံ။” ဇာတိ အစရှိသော ဒုက္ခ၏ချုပ်ငြိမ်းရာ ချုပ်ငြိမ်းခြင်းကို နိရောဓသစ္စာ နိဗ္ဗာန်လို့ ဟောတော် မူခဲ့ပါသည်၊ အဲ .. ဒါဘဲ-ဒါဘဲ - သိလေတော့ သိပေတော့။
ဘေးရန် လာရာအရပ်ကိုမှ အတတ်မသိလျှင် ဘေးရန် လွတ်နိုင်တော့မည် မဟုတ်၊ ဘေးရန်လွတ်အောင် ရှောင်နိုင်တော့မည် မဟုတ်၊ ထို့ကြောင့် ဘေးတကာ ရန်တကာ ဟာ တဏှာက လာမှန်းသိလျှင် အရိယာရှင် သူတော်ကောင်းတို့လို တဏှာကို သစ္စဉာဏ် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အပြတ်ဖြတ်လျှင် “တဏှက္ခယော ဟိ နိဗ္ဗာနံ” အရ၊ တဏှာ၏ ကုန်ရာဟာ ရွှေဘုံနိဗ္ဗာန်ပါဘဲ။
မှတ်ချက်
မြတ်စွာဘုရား လူနတ်တို့အား သစ္စာလေးပါး တရားတော်ကို ဟောတော်မူသည်မှာ တဏှာကြောင့် ခန္ဓာ၊ ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြသည်ဟု ဒု-သ ရှေ့ သစ္စာနှစ်ပါးကို သိမြင်စေခြင်းငှါ၎င်း၊ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ်နိဗ္ဗာန်သို့ ဆိုက်ရောက်သည်ဟု နိ-မ, နောက် သစ္စာ နှစ်ပါးကို သိမြင်စေခြင်းအကျိုးငှါ၎င်း ဟောတော်မူခြင်း ဖြစ်သည်။
ဟောသည့်အတိုင်းသိ၍ သိတဲ့အတိုင်း တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်၍ ဖြစ်ပျက် မွေး သေ သံသရာမှ ကျွတ်လွတ်ထွက်မြောက်၍ မွေး သေ လွတ်တဲ့ နိဗ္ဗာန်ကို ရောက်စေခြင်းငှါ ရစေခြင်းငှါ ဟောတော်မူခဲ့ပေသည် ဟု သိရှိကြပါလေ၊ သိတဲ့အဘိုင်း တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်နိုင်ကြ၍ မွေးသေလွတ်တဲ့ နိဗ္ဗာန်ကို အမြန် ရောက်နိုင်ကြပါစေသတည်း။
😰 ဘုရား လက်မှိုင်ချပြီ
▬▬▬▬▬▬▬
ဤလို ဤပုံ - ဘေးရန်ကို၎င်း၊ ဘေးရန်လာရာ အရပ်ကို၎င်း၊ ဘေးရန် လွတ်ရာအရပ် ကို၎င်း တဖွဖွ ဟောပြောပါလျက်၊ “ကျောက မကြား၊ ကျွဲပါး စောင်းတီး”ဆိုတာလို “ပိုးဖလံမျိုး...မီးကို တိုးသည့်ပမာ” တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့်ဘဲ ထပ်တလဲလဲ ဘဝတိုင်းဘဝတိုင်း တဏှာကို တိုးပွါးစေ၍ သုံးဆဲ့တဘုံ ကလိမ်ချုံ သပွတ်အူ သံသရာဝဋ်ဆင်းရဲကြီးထဲမှာ တဏှာကြောင့် ခန္ဓာ၊ တဏှာကြောင့် ခန္ဓာ၊ ဖြစ်ပျက် မွေးသေ သံသရာရှည်၍ နေကြသည်တို့ကို “ကိန္တိ ကရောမိ” ငါဘုရားလဲ လက်မှိုင်ချတော့တာဘဲ။ ဘယ်လိုလုပ်လို့ မ,မ စနိုင် မတတ်နိုင်တော့ဘူးတဲ့။
☑️ တာဝန်ကုန်ပြီ
▬▬▬▬▬
လောက၌ - သမားက ဆေးတိုက်လျက် ဆေးသောက်လျှင် ရောဂါပျောက်မည် ဖြစ်လျက် ဆေးမသောက်၍ ရောဂါမပျောက်သည်မှာ - သူနာ၏တာဝန်၊ သမား၏ တာဝန် မဟုတ်သကဲ့သို့၊ ထို့တူပမာ - ဘုရားရှင် သမားတော်ကြီးက ဤကား-ဒုက္ခ စသည်ဖြင့် သစ္စာရေအေး အမြိုက်ဆေးကို တိုက်ကျွေးပါလျက် ပုထုဇဉ်သတ္တဝါ သူနာ တို့က သစ္စာ ဆေးတော်ကြီးကို ယုံကြည်စိတ်ချ၍ သောက်ကြပါလျှင်၊ ဘဝါ့ ဘဝါကမ္ဘာ့ကမ္ဘာက စွဲကပ် ကျရောက်ခဲ့ကြတဲ့ ကမ္ဘာနာ, သံသရာနာ, တဏှာ ရာဂ လောဘ စသော တထောင့်ငါးရာ ကိလေသာ နူနာကြီးတွေ အပြီး ပျောက်မည်။ ရှင်းရှင်း ပျောက်မည် ဖြစ်ပါလျက် သစ္စာဆေးတော်ကို မသောက်၍၊ ဝါ၊ တဏှာ ပယ်တဲ့ မဂ်အကျင့်ကို မကျင့်ကြ၍ တဏှာကြောင့် ခန္ဓာ၊ ဖြစ် ပျက် မွေး သေ, ဖြစ် ပျက် မွေး သေ, သံသရာရှည်၍ နေကြသည်မှာ ပုထုဇဉ် လူနတ်ဗြဟ္မာ, သတ္တဝါ သူငါခေါ်တဲ့ သူနာတို့ရဲ့ တာဝန်သာ ကျန်တော့သည်၊ ဘုရားဘဂဝါ သမားဆရာရဲ့ တာဝန်ကား ကုန်လေပြီ။
👨⚕️ သမားနှင့် သူနာ
▬▬▬▬▬▬
“ဘိသက္ကော ဘိသက္ကောတိ တထာဂတဿေတံ နာမံ” နှင့်အညီ
ဆေးသမား - ဆေးသမားဆိုတဲ့ အမည်နာမကား- ငါဘုရား၏ နာမည် ပေတည်း၊ ဘုရားမြတ်စွာ စိန္တေယျာကား - သမားတော်ကြီး အစစ်ပေတည်း၊
“ဂိလာနော ဂိလာနောတိ သတ္တဿေတံ နာမံ”နှင့်အညီ၊
သူနာ -- သူနာ ဆိုတဲ့ အမည်နာမသည်ကား - ပုထုဇဉ် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နာမည်ပေတည်းဟု ပုထုဇဉ် လူ နတ် ဗြဟ္မာ သတ္တဝါတို့ကား လောဘ, ဒေါသ, မောဟ စသော တထောင့်ငါးရာ ကိလေသာနူနာတွေ စွဲကပ်၍နေကြတဲ့ သူနာတွေအစစ် ပေတည်း။
💊 ဓမ္မောဂဒ သစ္စာဆေးတော်
▬▬▬▬▬▬▬▬▬
(၁) ယေကေစိ လောကေ အဂဒါ၊
ဝိသာနံ ပဋိဗာဟကာ။
ဓမ္မောဂဒ သမံ နတ္ထိ၊
တံ ပိဝထ ဘိက္ခဝေါ။
(မိလိန္ဒပဥှာ)
ဘိက္ခဝေါ၊ ငါ၏ချစ်သား ရဟန်းများတို့။
လောကေ၊ လူတို့နေရာ လူ့ရွာလောက၌။
ဝိသာနံ၊ ပကတိသော မြွေ ကင်း စသည်တို့၏ အဆိပ်ကို။
ပဋိဗာဟကာ၊ ပယ်ဖျောက် တားမြစ် တတ်ကုန်သော။
ယေကေစိ၊ အမှတ် မရှိကုန်သော။
အဂဒါ၊ အဆိပ်ကို ပယ်ဖျောက်တတ်သော တရုတ်ဆေး ကုလားဆေး, ဗမာဆေး စသည်ဖြင့် အမျိုးမျိုးသော အရည်ဆေး အဖတ်ဆေး အမှုန့်ဆေးတို့သည်။
သန္တိ၊ ထင်ရှားမိမိ ရှိကြပါကုန်၏။
ဓမ္မောဂဒသမံ၊ သစ္စာလေးပါးတရား တည်းဟူသော ဆေးနှင့်တူသော။
အဂဒံ၊ တထောင့် ငါးရာ ကိလေသာ တည်းဟူသော အဆိပ်ကိုပယ်ဖျောက်တတ်သော ဆေးသည်။
နတ္ထိ၊ ဘယ်ဆေးဆိုင်မှာမှ မရှိ။
ဧတံ၊ ထိုသစ္စာလေးပါး တည်းဟူသော ဆေးတော်ကို။
တုမှေ၊ သင်ချစ်သားတို့သည်။
ပိဝထ၊ ဝမ်းမြောက် ဝမ်းသာ သောက်ကြပါကုန်လော့။
အဓိပ္ပါယ်
လောကမှာ - ပကတိ မြွေ ကင်း စသည်တို့၏ အဆိပ်ကို ပယ်ဖျောက်တတ်သော တရုတ် ကုလား ဗမာ စသော ဆေးတွေ ရှိကြပါတယ်၊ မရှိလို့တော့ မဆိုလိုပါဘူး၊ သို့ပေတည့် ပကတိ အဆိပ်ကိုသာ ပျောက်စေနိုင်ပါတယ်၊ သတ္တဝါတို့ရဲ့ ကိုယ်တွင်း ရောဂါ ကိလေသာ တဏှာ အဆိပ်ကိုတော့ ပျောက်ဘို့မှာ ဝေလာဝေး နဲနဲကလေးမှ သက်သာအောင် မတတ်နိုင်ပါဘူး၊
ကမ္ဘာတသိန်း အလွန်ရှိသော လေးသင်္ချေ ကာလတို့ပတ်လုံး ဖေါ်စပ်၍ထားတဲ့ ဘုရားရဲ့ သစ္စာလေးပါး ဆေးတော်ကတော့ တကဲ့ကို အမြစ်ပါမကျန် ကိုယ်တွင်းရောဂါ ကိလေသာတဏှာ အဆိပ်တို့ကို ချက်ချင်း ပျောက်ကင်းစေနိုင်ပါတယ်လို့ ဆေးအကျိုး ပြပြီး ဆေးသောက်ခိုင်းတော် မူခြင်းဖြစ်ပေတယ်။
သစ္စာဆေး မသောက်၍ ကိလေသာနူနာ မပျောက်၊ ကိလေသာတဏှာ နူနာ ထတိုင်း ထတိုင်း ဒေဝဒတ် ဇာတသတ် နွားသတ်နန္ဒ ဝက်သတ်စုန္ဒ စသည်တို့ကို ခဏခဏ အပါယ်ကျ ကျနေကြရတဲ့ လူ နတ် သတ္တဝါတို့ကို မကြည့်ရက် မမြင်ရက် သနား ချစ်ခင်တော်မူလှသောကြောင့် သစ္စာ ဆေးတော်သောက်၍ တဏှာနာ ပျောက်သဖြင့် နိဗ္ဗာန်ရောက် ချမ်းသာစေခြင်းငှါ ဆေးသောက် တိုက်တွန်းတော်မူခြင်းဖြစ်သည်။
🌡️ အိုနာ-သေနာ-ပျောက်တဲ့ဆေး
▬▬▬▬▬▬▬▬▬▬▬
(၂) ယေကေစိ ဩသဓာ လောကေ ဝိဇ္ဇန္တိဝိဝိဓာ ဗဟူ၊
ဓမ္မောသဓသမံ နတ္ထိ၊ ဧတံ ပိုဝထ ဘိက္ခဝေါ။
(၃) ဓမ္မောသဓံ ပိဝိတွာန၊ အဇရာ အမရဏာ သိယျုံ။
ဘာဝယိတွာစ ဝိပဿိတွာ၊ နိဗ္ဗူတာ ဥပဓိက္ခယေတိ။
ဘိက္ခဝေါ၊ ရဟန်းတို့။
လောကေ၊ လောက၌။
ဗဟူ၊ များစွာကုန်သော။
ဝိဝိဓာ၊ အထူးထူး အပြားပြား များကုန်သော။
ယေကေစိ၊ ခပ်သိမ်းကုန်သော။
ဩသဓာ၊ တရုတ် ကုလား ဗမာ ဆေးဆရာတို့သည် ဖေါ်စပ်အပ်ကုန်သော အရည် အဖတ် အမှုန့်ဆေးတို့သည်။
ဝိဇ္ဇန္တိ၊ မြို့တိုင်း ရွာတိုင်း ဆေးဆိုင်တိုင်း မှာပင် ရှိကြပါကုန်၏။
ဓမ္မောသဓသမံ၊ သစ္စာ လေးပါး ဆေးတော်နှင့် တူသော။
ဩသဓံ၊ တကဲ့ဆေးစွမ်းကောင်းသည်။
နတ္ထိ၊ ဘယ်မြို့ ဘယ်ရွာ ဘယ်ဆိုင်မှာမှ မရှိကြ သည်သာတည်း။
ဧတံ၊ ထို သစ္စာလေးပါး တည်းဟူသော ဆေးစွမ်းကောင်းကြီးကို။
တုမှေ၊ သင်ချစ်သားတို့သည်။
ပိဝထ၊တထောင့်ငါးရာ ကိလေသာနူနာပျောက်၍ မွေးသေလွတ်တဲ့ နိဗ္ဗာန်သို့ ရောက်မဲ့ အရေးကို မျှော်တွေးကာ ဝမ်းမြောက်ဝမ်းသာ သူ့ထက် ငါ သောက်ကြပါကုန်လော့။
တုမှေ၊ သင်ချစ်သား ချစ်သမီးတို့သည်။
ဓမ္မောသဓံ၊ သစ္စာလေးပါး ဆေးတော်ကို။
ပိဝိတွာန၊ ဝမ်းမြောက် ဝမ်းသာ သောက်ကြပါကုန်သည် ဖြစ်၍။
အဇရာအမရဏာ၊ မအို မသေ နိဗ္ဗာန်၌ အမြဲနေရကုန်သည်။
သိယျုံ၊ ဖြစ်ကုန်ရာ၏။
ဘာဝယိတွာစ၊ သမထစည်းကမ်း နည်းလမ်းတကျ ပွါးများ အားထုတ်ကြကုန်သည် ဖြစ်၍၎င်း။
ဝိပဿိတွာစ၊ ဝိပဿနာ စည်းကမ်း နည်းလမ်းတကျ ပွါးများအားထုတ်ကြကုန်သည် ဖြစ်၍၎င်း။
ဥပဓိက္ခယေ ဥပဓိက္ခယာ၊ * ဥပဓိ လေးပါးတို့၏ ကုန်ခြင်းကြောင့်။
နိဗ္ဗူတာ၊ ကိလေသာ ခန္ဓာ အကုန်ရုပ်သိမ်း၍ နိဗ္ဗာန်၌ အငြိမ်းကြီး ငြိမ်းရလေကုန် သတည်း။
[ “ ဥပဓိ” ဆိုသည်မှာ “တည်ရာ”ကို ဆိုသည်။
၁။ ကာမဂုဏ်ငါးပါးသည် သုခ၏ တည်ရာဖြစ်၍ “ကာမုပဓိ” မည်၏။
၂။ ကိလေသာသည် အပါယဒုက္ခ၏ တည်ရာဖြစ်၍ “ကိလေသုပဓိ” မည်၏။
၃။ ခန္ဓာငါးပါးသည် ခန္ဓာဒုက္ခ၏ တည်ရာဖြစ်၍ “ခန္ဓုပဓိ”မည်၏။
၄။ ကုသိုလ် - အကုသိုလ် စေတနာသည် ဘဝဒုက္ခ၏တည်ရာဖြစ်၍ “အဘိသင်္ခါရုပဓိ” မည်၏၊
ဥပဓိလေးပါးတို့၏ ကုန်ရာကို နိဗ္ဗာန်ဆိုသည်။ နိဗ္ဗာန်သည် ဤဥပဓိလေးပါးတို့ ကုန်ရာတည်း။]
အဓိပ္ပါယ်
ချစ်သားတို့ -- လောက၌ လူဆရာတို့သည် ဖေါ်စပ်အပ်ကုန်သော အထူးထူး အပြားပြား များကုန်သော တရုပ်ဆေး ဗမာဆေး ကုလားဆေးတို့သည် ရှိကြပါကုန်၏၊ ထိုဆေးတို့သည်ကား - လူတို့၏ အရေ အသားပေါ်မှာ ကျရောက်တဲ့ ပကတိရောဂါ ကိုသာ ပျောက်ကင်းစေနိုင်ပါသည် သတ္တဝါတို့၏ ကိုယ်တွင်းရောဂါ တထောင့်ငါးရာ ကိလေသာ နူနာတို့ကိုတော့ ပျောက်မည်မှာဝေလာဝေး နဲနဲကလေးမှ သက်သာအောင် မတတ်နိုင်ကြပါ။
ငါဘုရား ဖေါ်စပ်ထားတဲ့ သစ္စာလေးပါး ဆေးတော် ကတော့ ဥဂ္ဃါဋိတညူ သူနာဆိုလျှင် တခါသောက်နှင့် ပျောက်တယ်။ ဝိဘဉ္ဇိ တညူ သူနာဆိုလျှင် နှစ်ခါသောက်နှင့် ပျောက်နိုင်တယ်၊ နေယျ သူနာဖြစ်စေကာမူ မိမိ၏ကိလေသာရောဂါ အခြေအနေကို ကြည့်၍ မှန်မှန် သောက်သွားပါက ပဗ္ဗ ဖြစ်လျှင် မကြာခင် ပျောက်နေကြပါ၊ ပဒပရမ သူနာမှာတော့ ကံနာဖြစ်နေ၍ သောက်သော်လည်း ဤဘဝတော့ မပျောက်ပါ၊ သို့ရာတွင် သက်သာရာကတော့ ရ၍ ဒုတိယ, တတိယ ဘဝတို့မှာ ပျောက်မှာကတော့ သေချာပါတယ်။
သို့ကြောင့် - ကမ္ဘာနာ, သံသရာနာ, ကိုယ်တွင်းရောဂါ တထောင့်ငါးရာ ကိလေသာ နူနာတို့ကို တကယ် ယုံယုံကြည်ကြည်နှင့် တကယ်သောက်လျှင် တကယ် ပျောက်နေကြ ပွဲတွေ့ ဆေးစွမ်းကောင်းကြီးများ ဖြစ်၍ ဤ သစ္စာလေးပါး ဆေးတော်နှင့် တူတဲ့ဆေးဟာ မည်သည့် လူ နတ် ဗြဟ္မာ ဆေးဆရာများထံမှာမှ မရှိပါ၊ ငါဘုရား လက်ထဲမှာသာ တလက်ထဲ ရှိပါတယ်၊
ဤ သစ္စာလေးပါးဆေး ဆိုတာက သာမန် လူ နတ် သမားဆရာကို ဖေါ်စပ်ထား နိုင်ကြတဲ့ ဆေးမျိုး မဟုတ်ပါ၊ ကမ္ဘာကမ္ဘေ သင်္ချာသင်္ချေ ပါရမီတွေကို ဖြည့်နိုင်ကြတဲ့ ဗုဒ္ဓရှိမှသာ ဖေါ်နိုင်ကြတဲ့ ဆေးဖြစ်ပါသည်။ ငါဘုရားလဲ ဤသစ္စာလေးပါး ဆေးတော် ကိုဘဲသောက်လို့ တထောင့်ငါးရာ ကိလေသာ နူနာပျောက်လို့ ချမ်းသာခြင်းသို့ ရောက်ပြီ၊ ငါဘုရားနှင့်အတူ ဘုရား ပေးတဲ့ သစ္စာဆေးတော်ကိုသောက်လို့ လူသား ထဲက ရှေးဦးစွာ ပဉ္စဝဂ္ဂီ ငါးယောက်နှင့် ဗြဟ္မာတဆဲ့ရှစ်ကုဋေ, နတ်တွေမှာ မရေမတွက် နိုင်အောင် ဒိဋ္ဌိစသော ကိလေသာနူနာတွေ ပျောက်ကုန်လေပြီ၊
ထို့နောက် - ယသ အမှူးရှိတဲ့ ငါးကျိပ် ငါးယောက်၊ ထို့နောက် -ဘဒ္ဒ ညီနောင်သုံးကျိပ်၊ ထို့နောက် - ရသေ့ ညီနောင် ရှင်တထောင်၊ ထို့နောက် - ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် ရှင်အာနန် ရှင်မဟာကဿပ စသည်တို့လဲဘဲ ဤသစ္စာလေးပါး ဆေးတော်ကို မှီဝဲသုံးဆောင်၍ တထောင့်ငါးရာ ကိလေသာ ကိုယ်တွင်းရောဂါ အမြစ်ပါ မကျန် ပျောက်ကင်း၍ ချမ်းသာခြင်းသို့ ရောက်လေပြီ။
ထို့ကြောင့် - သင်တို့လဲဘဲ ကိလေသာနူနာ ကိုယ်တွင်းရောဂါ ပျောက်၍ မွေး သေ လွတ်တဲ့ နိဗ္ဗာန်အထိ ရောက်လိုလျှင် ဤသစ္စာလေးပါး ဆေးတော်ကို ပျော်ပျော် သောက်ကြ၊ ဝမ်းမြောက် ဝမ်းသာ အခါခါသောက်ကြ၊ မနေမနား ကြိုးစား၍ သောက်ကြ၊ စေတနာ သဒ္ဓါတရား ဖောဖော လောလောနှင့် လိုလိုချင်ချင် ယုံယုံ ကြည်ကြည်နှင့် သောက်ကြပါလျှင် ဟိုဘဝ ဟိုဘဝ အကြွေးအငမ်း မထားရဘဲ လက်ရှိဘဝမှာဘဲ ကိလေသာ နူနာပျောက်၍ အသက်ထက်ဆုံး ချမ်းသာစွာနေကြ ရမည့်ပြင်၊ သေပြီးသည့်နောက် မွေး သေ လွတ်တဲ့ နိဗ္ဗာန်ကို ရောက်မည် အပြီးဟု ဆေးအကျိုးကို ပြ၍ ဆေးသောက် တိုက်တွန်းခြင်းပင် ဖြစ်လေသည်။
သစ္စာလေးပါး ဆေးလေးခွက် ခွက်ဆင့်တိုက်ပုံ
▬▬▬▬▬▬▬▬▬▬▬
လူတွင်ထင်ရှား ဘုရားမြတ်စွာ ဖြစ်ပေါ်လာကြတဲ့ ဘုရားရှင်တို့သည် လူနတ်တို့အား တရားဟောတော်မူတဲ့အခါ ရှေးဦးစွာ စိတ်ယုတ်မာ စိတ်ကြမ်းတွေ ခေါင်းပါးသွားစေ ခြင်းငှါ ဒါန သီလစသော အစဉ်အတိုင်းသော အနုပုဗ္ဗိက ကထာ တရားစကားကို ဟောကြားတော်မူပြီးလျှင် စိတ်နူးညံ့လာမှန်း သိတဲ့ခါ၊ ကိုယ်တော်မှ အသီးထုတ်၍ ဟောတော်မူအပ်သော သစ္စာလေးပါး ဆေးတော်ကို ...
အထယာ ဗုဒ္ဓါနံ သာမုက္ကံသိကာ ဓမ္မဒေသနာ တံ ပကာသေတိ၊
ဒုက္ခံ သမုဒယံ နိရောဓံ မဂ္ဂံ။ ။ ဟု
တခွက်ပြီး တခွက်၊ ဝါ၊ ဒုက္ခသစ္စာဆေးတော် သမုဒယသစ္စာဆေးတော် စသည်ဖြင့် ခွက်ဆင့်၍ တိုက်တော်မူပါသည်၊ ဒါဟာ သစ္စာဆေး တိုက်တော်မူတာဘဲ...။
အဓိပ္ပါယ်
ချစ်သားတို့ - သင်တို့ ရရှိထားကြတဲ့ လက်ရှိ ခန္ဓာကြီးကို ပဋိသန္ဓေကစ, စုတိ သေနေ့သို့ကျအောင် ဆင်းရဲတာ မှန်လှသောကြောင့် ဒုက္ခသစ္စာ လို့ သာ သိကြ မြင်ကြ အယူမှန်ယူကြ, ငါ့ကိုယ်အတ္တလို့ အယူ မမှားကြနှင့်။
ထိုဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာကြီးကို တဘဝလျှင် တခန္ဓာ ဖြစ်စေတတ်တဲ့ ရှေးဘဝက လူ့ဘုံ ဖြစ်လိုတဲ့ ဘဝတဏှာ လောဘကို ဖြစ်လိုလျှင် ဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိ စသော ဒုက္ခကို မုချဖြစ်စေတာ ဖြစ်စေမှာ မှန်လှသောကြောင့် - သမုဒယသစ္စာ လို့ သာ သိကြ မြင်ကြ အယူမှန်ယူကြ၊
ထာဝရဘုရား ဘန်ဆင်း၍ဖြစ်တယ် ဆိုတာဘဲ ဟုတ်မှန်လေသလော ဟု မယုံမှား ကြနှင့်။ အဆိုပါ ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်ကို -နိရောဓသစ္စာ လို့သာ သိကြ မြင်ကြ အယူမှန် ယူကြ၊
နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို - မဂ္ဂသစ္စာ လို့ သာ သိကြ မြင်ကြ အယူမှန်ယူကြဟု ဆင့်ကာ ဆင့်ကာ သစ္စာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူသည်။
ဤလို့ဤပုံ - သစ္စာဆေးတော်ကို တိုက်ကျွေးတော်မူတဲ့ခါ အချို့သော လူနတ်တို့မှာ အပါယ်သို့ လားရောက်စေတတ်တဲ့ ရာဂ စသော မြူ ကင်းကွာသည့်ပြင် မိမိ တကိုယ်လုံး တကောင်လုံးရှိ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကိုပင် တသံသရာလုံးက ငါ့ကိုယ် အတ္တဟု ယူမှားခဲ့သော ဒိဋ္ဌိကိလေသာ လဲကင်း၊ ထာဝရဘုရား ဘန်ဆင်း၍ ဖြစ်တယ် ဆိုတာဘဲ ဟုတ်မှန်လေသလောဟု ယုံမှားတဲ့ ဝိစိကိစ္ဆာ လဲရှင်း၊ အဆိုပါ ဝိစိကိစ္ဆာ ကိလေသာ အညစ်အကြေးမှ အကြွင်းမရှိ ကင်းရှင်း၍ ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာ ထို ကိလေသာကြောင့် ဖြစ်သော အပါယ်ခန္ဓာ, ထိုကိလေသာ ခန္ဓာတို့၏ တဖန် အသစ် မဖြစ်ရာ နိရောဓသစ္စာနိဗ္ဗာန်ကို မတွေမဝေ တဲ့တဲ့ ရှင်းရှင်း မျက်မှောက် မြင်သိသွားတဲ့ သောတာပတ္တိ မဂ်ဉာဏ်မျက်စိကို လက်ကိုင်ရရှိသွားကြ၍ သောတာပန် စသော အရိယာများ ဖြစ်သွားကြပေသည်။
ဤပုံ ဖြစ်သွားသည်ကို ကျမ်းဂန်တို့၌ - “ဓမ္မစက္ခုံ ဥဒပါဒိ” ဆိုသည်။ ဓမ္မစက္ခုံ - သစ္စာလေးပါးကို သိမြင်သွားတဲ့ တရားမျက်စိသည်၊ ဝါ၊ သစ္စာ လေးပါးကို သိတဲ့ခါ, တတိယ သစ္စာခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို မြင်စွမ်းနိုင်တဲ့ သောတာပတ္တိ မဂ်ဉာဏ်မျက်စိသည်၊ ဥဒပါဒိ - ထင်ရှားဖြစ်ပြီး ဟု ဆိုလိုပေသည်။
ဝိရဇံ - ဝိတမလံ အဖွင့် -
(၁) ဝိရဇန္တိ အပါယဂမနိယရာဂရဇာဒီနံဝိဂမေန ဝိရဇံ။ပ။
(၂) အနဝသေသဒိဋ္ဌိဝိစိကိစ္ဆာမလာပဂမေန ဝိတမလံ။ပ။
(မဟာပဒါနသုတ်ဋီကာ)
(၁) အပါယ်သို့ လားစေတတ်သော - ရာဂ စသော မြူမှကင်းသော။
(၂) အကြွင်းမရှိ ဒိဋ္ဌိ ဝိစိကိစ္ဆာ အညစ်အကြေးမှ ကင်းသောဟု ဆိုလိုသည်။
ဒါဟာ - ဒု-ကိုသိလို့ ဒိ ကိုပယ်တာဘဲ၊ သ-ကိုသိလို့ ဝိ ကိုပယ်တာဘဲ။
သစ္စာဆေးတော်-ဝင် မဝင်
ဉာဏ်နှင့်ဆင်ခြင်
▬▬▬▬▬▬▬
ဤလိုပင် ဘုရားရှင်ကြီးက လူ နတ်တို့အား သစ္စာလေးပါး ဆေးတော်ကို တိုက်ကျွေး ပါသော်လည်း၊ ရှေးရှေးဘ၀ ကာလတို့က နိဗ္ဗာန်ကို ဆုတောင်း၍၊ ဝါ၊ ယခုဘဝ ပြုလုပ်ကြရတဲ့ ကုသိုလ်ကောင်းမှုကြောင့် -- နောင်သောအခါ အရှင်ဘုရားတို့ သိတဲ့ သစ္စာလေးပါးကို သိမြင်ရပါလို၏ဟု ဆုတောင်း၍ ပြုလုပ်ခဲ့ကြဘူးတဲ့ မဂ်ဖိုလ် ဥပနိဿယ ရှိခဲ့ကြတဲ့ လူ နတ် တို့မှသာ တဏှာမှ တပါးသော ခန္ဓာကို-ဒု၊ ထိုခန္ဓာကို အသစ်အသစ် ဖြစ်စေတတ်သော ရှေးဘဝက တဏှာလောဘကို-သ၊ ထို ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန် အသစ် မဖြစ်ရာ နိဗ္ဗာန်ကို-နိ၊ ထိုနိဗ္ဗာန်သို့ ရောက်ခြင်း ဖြစ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို-မ ဟု လွယ်လွယ်ကူကူနှင့် သဘောကြ၍ လက်ခံနိုင်ကြရာ တသံသရာလုံး - တဘဝလုံးက ငါ့ကိုယ် အတ္တဟု ယူမှားခဲ့ကြသော အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ အယူမှားကို ပယ်ရှားနိုင်လေသည်၊
လက်ရှိခန္ဓာကို ငါ့ကိုယ် အတ္တဟု အယူမမှားတော့ဘဲ၊ ဒီခန္ဓာကို ရကတဲက တဘဝလုံး - တသံသရာလုံး ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် - ဒုက္ခသစ္စာ လို့သာ နှစ်ချိုက် ယုံကြည်စွာ သဘောကြသွားပါလျှင် ဒုက္ခဆေး တော်ဝင်ပြီ၊ သကြောင့်-ဒု ဟု ယုံကြည်မှုရှိလျှင် - သမုဒယသစ္စာ ဆေးတော်ဝင်ပြီ၊ တဏှာ ပယ်တဲ့ မဂ်အကျင့်ကြောင့် - ဒု သ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာကို နိဗ္ဗာန် လို့ မြင်သိသွားလျှင်-နိ ဆေးဝင်ပြီ၊ နီ-သို့ရောက်ကြောင်း အကျင့်ကောင်းဖြစ်တဲ့ မဂ္ဂင်ကို-မ ဟု မြင်လျှင် မ-သစ္စာဆေးဝင်ပြီ ဟူလို။
ထိုသို့မဟုတ် ရှေးဘဝက မဂ် ဖိုလ် ဥပနိဿယ မရှိခဲ့ကြတဲ့အတွက် ရှင်တော်ချစ်က သင်တို့ လက်ရှိခန္ဓာဟာ ပဋိသန္ဓေမှ စုတိသေနေ့သို့ ကျအောင် ဆင်းရဲတာ မှန်လှသော ကြောင့် - ဒုက္ခသစ္စာမို့လဲ ဒုက္ခသစ္စာ လို့ ဟောကြားပါလျက် သက်သက်မှ သဘော မကျနိုင်ဘဲ၊ “ကျားချင် ကျား မီးယပ်၊ နံချင် နံ-တယ်နှစ်” ဆိုတာလို ကိုယ် အတ္တဘဲဟု အတ္တဒိဋ္ဌိ အယူမှားကို မစွန့်လွှတ်နိုင်ဘဲ ဒုံးခံ၍နေလျှင် ဒုက္ခသစ္စာဆေးတော် မဝင်သေး ဘူးဟု သိလေ မှတ်လေ၊
ဒုက္ခသစ္စာဆေးတော် မဝင်သေး၍ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကိုပင် ကိုယ်အတ္တဟု မှတ်ထင် ယူဆနေသေး၍ အတ္တဒိဋ္ဌိနူနာ မပျောက်သေးလျှင် ပြုအပ်သော ကံအား လျော်စွာ သုံးဆဲ့တဘုံ သံသရာ ဝဋ်ဆင်းရဲကြီးထဲမှာ ရံခါ ဒုဂ္ဂတိ၊ ရံခါ သုဂတိမြဲတယ်လို့ မရှိ၊ ယခုဘဝ ကုသိုလ်ကံ မ၍ လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝ၌ ဖြစ်သော်လည်း -
(၄) ဥက္ခိတ္တာ ပုညတေဇေန ကာမရူပဂတိံ ဂတာ၊
ဘဝဂ္ဂန္တမ္ပိ သမ္ပတ္တာ ပုနဂစ္ဆန္တိ ဒုဂ္ဂတိံ။ ။ အရ
ဆောင်ပုဒ်
သစ္စာမသိ၊ ဒိဋ္ဌိမကွာ၊
ပုဂ္ဂိုလ်မှာလျှင်၊ လူတွင်စကြာ၊
နတ်သိကြား၊ မိုယ်းဖျားဗြဟ္မာ၊
ဖြစ်တုံပါလည်း၊ ခန္ဓာပျိုကွဲ၊
ကုသိုလ်စဲက၊ ဖေါက်လွဲပါယ်ရွာ၊
ရောက်မြဲသာတည်း။
နှင့်အညီ၊ “လက်ရှိဘဝ စုတိကျက လေးဝအပါယ် ရောက်တတ်တယ်” ဆိုတာလို အပါယ် သွားဘို့သာ အရန်သင့် ပြင်ဆင်ထားပေတော့ သွားလေရော့ ဟူ၍သာ နှုတ်ဆက်ပြီးသား ဖြစ်ပါတော့သည်။
(၄) အနက် -
ပုညတေဇေန၊ ကောင်းမှုတေဇော် အာနုဘော်သည်။
ဥက္ခိတ္တာ၊ မြှောက်ပင့်၍ တင်အပ်ကုန်သော။
ကာမရူပဂတိံ ဂတာ၊ ကာမ သုဂတိ ခုနစ်ဘုံ ရူပဘုံသို့ လားရောက်ကြကုန်သော။
ယေစ သတ္တာ၊ အကြင် ပုထုဇ္ဇန် လူနတ်ဗြဟ္မာ သတ္တဝါတို့သည်၎င်း။
ဘဝဂ္ဂန္တမ္ပိ၊ အထေက်ဘဝဂ် နေဝသညာ နာသညာယတနဘုံသို့။
သမ္ပတ္တာ၊ လားရောက်ကြကုန်သော။
ယေစသတ္တာ၊ အကြင်ပုထုဇဉ် အရူပဗြဟ္မာကြီး တို့သည်၎င်း။
ပုညက္ခယာ၊ ကုသိုလ်ကောင်းမှု အဟုန်၏ ကုန်ခြင်းကြောင့်။
ပုန၊ တဖန်။
ဒုဂ္ဂတိံ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် လေးပါးသော အပါယ်ဘုံတို့သို့။
ဂစ္ဆန္တိ၊ သစ္စာမသိ ဒိဋ္ဌိမကွာ သောတာပန် မဖြစ်၍ အပါယ်လွတ်တရား မရသောကြောင့် ထပ်ကာထပ်ကာ ရောက်ရလေကုန်သတည်း။
ဥပမာဆိုသော် -
မီးအိမ်ပျံကြီးသည် မှိုင်းအားရှိသလောက် အထက် ကောင်းကင်သို့ ပျံတက်ပြီး မှိုင်းအား ကုန်သည်နှင့် တပြိုင်နက် အောက်မြေပြင်သို့ ကျသကဲ့သို့၊ ထို့တူပမာ - လူ နတ် သတ္တဝါ တို့သည်လည်း ကုသိုလ် အားရှိသလောက် လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံသို့ ရောက်၍ ကုသိုလ်ကုန်က အပါယ်လေးဘုံသို့ ကျသတည်း။
အဓိပ္ပါယ်
သစ္စာမသိ ဒိဋ္ဌိမကွာလျှင် ကုသိုလ်ပို့၍ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံသို့ ရောက်သော်လည်း ကုသိုလ်အဟုန်ကုန်က အပါယ်လေးဘုံသို့ ပြန်၍ ရောက်တယ်ဆိုတဲ့ တိုက်ရိုက်ပြ, နိတတ္ထအဓိပ္ပါယ်ကို သိကြရပါသဖြင့် ကုသိုလ်ပို့လို့ လူ့ဘုံသို့ ရောက်တဲ့ခါ သစ္စာ သိအောင် ကြိုးစားပါလျှင် ဒိဋ္ဌိကွာ၍ ကုသိုလ်အဟုန် ကုန်သော်လည်း အပါယ်လေးဘုံ သို့ ပြန်မရောက် နိုင်တော့ပြီ သုဂတိဘုံ၌ နိဗ္ဗာန်ဝင်သည်အထိ မြဲတော့သည်ဆိုတဲ့ ဆောင်၍ သိရတဲ့၊ ဝါ၊ ဗြောင်းပြန်လှန်၍ သိရတဲ့ နေယျတ္တ ဗျတိရေက အဓိပ္ပါယ် ကိုလည်း သိရှိကြပါလေဦး။
တဖန်
“စတ္တာရိသစ္စာနိ ဗုဇ္ဈတီတိ ဗုဒ္ဓေါ၊ ဗောဓေတာ ပဇာယာတိ ဗုဒ္ဓေါ” နှင့်အညီ၊ မိမိလည်း သစ္စာလေးပါးတို့ကို သိမြင်တော်မူတတ် လူ နတ်အများ သတ္တဝါ သူတပါးတို့ကိုလည်း သစ္စာလေးပါးတို့ကို ဤတဏှာမှ တပါးသော ဘုံသုံးပါးရှိ ခန္ဓာကား-ဒု ဖြစ်သည်၊ ဤတဏှာကား-သ ဖြစ်သည်၊ ဤ ဒု-သ နှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန် သည်ကား နိ ဖြစ်သည်၊
မဂ္ဂင်ရှစ်ပါးကား-မ ဖြစ်သည်ဟု သိစေတော်မူတတ်သော ဘုရားမြတ်စွာ စိန္တေယျာ သမားတော်ကြီးသည် ခန္ဓာမှန်က ဘယ်ခန္ဓာမှ ချမ်းသာခွင့် မရ၊ ပဋိသန္ဓေမှ စုတိသေနေ့ကျအောင် ဆင်းရဲတာ မှန်လှသောကြောင့် - ဒုက္ခသစ္စာ လို့ ဟောပြော ပါလျက် ဒုက္ခသစ္စာလို့ မမှတ်မယူဘဲ ငါ့ကိုယ်အတ္တဟု အလွဲယူကာ ဒိဋ္ဌိ စသော ကိလေသာနူနာ မပျောက်နိုင်ကြတဲ့ လူ နတ် ဗြဟ္မာ သူနာအနူသယ်တို့အား ကံအား လျော်စွာ ရံဖန်ရံခါ၊ ဝါ၊ တရံတခါ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့သို့ ကံပို့၍ ရောက်လာ ကြပါသော်လည်း၊ ကမ္ဘာနာ သံသရာနာခေါ်တဲ့ ဒိဋ္ဌိနူနာမပျောက်၊ ဒိဋ္ဌိနူနာ အမြစ် မပြတ်သဖြင့် ဒေဝဒတ် ဇာတသတ် စုန္ဒ နန္ဒတို့လို ကာမဂုဏ်အစာ ကာမဂုဏ် အညှော် မိလိုက်ကြတဲ့ခါ ဒိဋ္ဌိနူနာ ခဏခြင်း မန်းထလာ၍ ပြုမိပြုရာ ပြုလုပ်မိကြသော ကြောင့် ကားခနဲ ကားခနဲ ထွေးခနဲ ထွေးခနဲ အပါယ်ငရဲသို့ တကျထဲ ကျ ကျနေကြရတဲ့ ဒုက္ခိတ သတ္တဝါတွေကို တတ်တတ် ထင်ထင် ဉာဏ်တော်နှင့် မြင်တော်မူသောကြောင့် လွန်မင်းစွာ သနားတော်မူလှသဖြင့် “ပဉ္စဝဂ္ဂီငါးဦး, ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန် ရှင်အာနန် ရှင်မဟာကဿပ ဝိသာခါ အနာထပိဏ် စသော သူတို့ကဲ့သို့ ဒိဋ္ဌိနူနာ ကိလေသာ ရှင်းရှင်းပျောက်၍ နောက်တဖန် အပါယ်သို့ မပြန်တော့ဘဲ လူ နတ် သုဂတိ သံသရာထဲမှာ ချမ်းသာမြဲ၍ နိဗ္ဗန်ဝင်ပွဲအထိ ချမ်းသာသုခ ရရှိကြစေခြင်း အကျိုးငှါ လေးဆဲ့ငါးဝါ ရှည်ကြာလပတ်လုံး မနေမနား သစ္စာလေးပါး ဆေးတော်ကြီးကို တိုက်ကျွေးတော်မူသည် မှတ်လေ။
တိုက်ကျွေးပုံကား --
ဣဒံဒုက္ခံ အယံဒုက္ခသမုဒယော အယံဒုက္ခနိရောဓော အယံဒုက္ခနိရောဓဂါမိနိပဋိပဒါ။ ။ ဟူ၍
မကျဉ်းမကျယ်အားဖြင့် သစ္စာလေးပါး ဆေးတော်ကို တခွက်ပြီးတခွက် ဆင့်ကာ ဆင့်ကာ ဘုရားမြတ်စွာ သမားတော်ကြီးသည် ခွက်ဆင့်ဘဲ တိုက်တော်မူခဲ့ပေသည်။
ထိုတွင် - “ဣဒံဒုက္ခ” ဆိုတာက ဒုက္ခသစ္စာဆေးကို တိုက်တော်မူခြင်းဖြစ်သည်။
အဓိပ္ပါယ်
ချစ်သားတို့ - သင်တို့၏ ခြေဆုံး ခေါင်းဆုံး, တကိုယ်လုံး တကောင်လုံးကြီးကို ဒိဋ္ဌိ ၏ အစွမ်းဖြင့် ငါ့ကိုယ် အတ္တ ဟု, တဏှာ၏ အစွမ်းဖြင့် ငါ့ဟာ - ငါ့ဥစ္စာ ဟု မာန ၏ အစွမ်းဖြင့် ငါဟု မဟုတ်မမှန် ဖောက်ပြန် မှားယွင်းသော အစွဲတရားဖြင့် အလွဲ အမှားကို မယူကြလေနှင့်၊ သင်တို့ ယူဆတဲ့အတိုင်း ဘာတခုမှ မဟုတ်မမှန်၊ အဟုတ် အမှန်မှာ ရှေးဘဝက လူဘုံ၌ ဖြစ်ချင်လှတဲ့ လောဘကြောင့် တခုသောဘဝ, တယောက်သော အမိ၏ ဝမ်းဝယ် ကလလရေကြည် တည်သည်ကစ, ပဋိသန္ဓေမှ စုတိ သေနေ့သို့ကြအောင် ဆင်းရဲတာ မှန်လှသောကြောင့် - ဒုက္ခသစ္စာ လို့သာ သိကြ မြင်ကြ, အယူမှန်ကို ယူကြဟု ဒုက္ခသစ္စာကို ဟောပြတော်မူပေသည်။
“အယံဒုက္ခ သမုဒယော” ဆိုတာက ချစ်သားတို့ - အဆိုပါ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာဟာ မိုယ်းပေါ်က ကျလာတာ မြေကြီးထဲက ထွက်လာတာလဲ မဟုတ်၊ ထာဝရ ဘုရား ဗိသဏိုး နတ်များ ဘန်ဆင်း၍ ဖြစ်တာလဲ မဟုတ်ဘူး၊ အကြောင်းမရှိဘဲ အကြောင်း ကင်း၍ ရောက်ယားဘာသာ ဖြစ်ပေါ်လာတာလဲ မဟုတ်ဘူး၊ အမှန်မှာ - စုန်းကိုလဲ မရိုးနဲ့၊ နတ်ကိုလဲမရိုးနဲ့ ရွာသူရဲ့အတတ် ဆိုတာလို၊ လွန်ခဲ့တဲ့ ရှေးဘဝက လူ့ဘုံ၌ ဖြစ်လိုလှတဲ့ ဘဝတဏှာကြောင့်သာ ယခု လက်ရှိဘဝမှာ ဘဝတဖန် ရုပ်နာမ် ခန္ဓာ ဒုက္ခသစ္စာ အသစ် ဖြစ်ပေါ်လာခြင်း ဖြစ်တယ်၊ အဲသည် ဘဝတဏှာကို ဖြစ်လို၍ ဖြစ်ပြန်ပါလျှင် ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိ စသော ကုန်အောင်စုံသော ဆင်းရဲ ပေါင်းချုပ် ဒုက္ခဟူသမျှတို့ကို မုချဖြစ်စေတော့မှာ မှန်လှသောကြောင့် - သမုဒယသစ္စာ လို့သာ သိကြမြင်ကြ အယူမှန်ယူကြဟု သမုဒယသစ္စာကို ပြတော်မူပေသည်။
“အယံ ဒုက္ခနိရောဓော” ဆိုတာက ချစ်သားတို့ - ရခဲတဲ့ လူ့ဘဝကို ရ၍ ကြုံခဲ့တဲ့ သာသနာတော်ကြီးနှင့် ကံကောင်းထောက်မ၍ တွေ့ကြုံကြရသော အမျိုးကောင်းသား အမျိုးကောင်းသမီး တို့သည် ယခုလို ကြားနာရခဲတဲ့ သစ္စာလေးပါး တရားတော်ကို ကြားနာကြရတဲ့ခါ အဆိုပါ ဒု-သ သစ္စာ နှစ်ပါးတို့တွင် ဒုကား-ခန္ဓာ၊ သကား-တဏှာ ဟူ၍၎င်း၊ ဒု-ကား အကျိုးတရား၊ သကား-အကြောင်းတရား ဟူ၍၎င်း၊ သ ဟူသော တဏှာ အကြောင်းကြောင့် ဒု-ဟူသော ခန္ဓာအကျိုး ဖြစ်သည်ဟူ၍၎င်း၊ တဏှာကြောင့် ခန္ဓာ၊ တဏှာကြောင့် ခန္ဓာ၊ ဖြစ် ပျက် မွေး သေ, ဖြစ် ပျက် မွေး သေ, သံသရာ ရှည်၍ နေရတော့သည်ဟူ၍၎င်း၊
ဤပုံဤနည်း x၁-စုတိမှ၊ x၂-ပဋိသန္ဓေ ပဋိသန္ဓေမှ စုတိ၊ မပြတ်မစဲ ထပ်တလဲလဲ ကရွတ်ကင်းရှောက် တဒေါက် ပတ်ပတ် အဆုံးမသတ်နိုင် ကြတော့ဘဲ စုတိပဋိသန္ဓေ တို့ကို ထပ်ကာထပ်ကာ ယူကြကုန်သည်ဖြစ်၍ ၃-သုံးပါး သောဘဝ၊ x၄-လေးပါးသော ယောနိ၊ x၅-ငါးပါးသောဂတိ၊ x၆-ခုနစ်ပါးသော သတ္တဝိညာဏဋ္ဌိတိ၊ x၇ - ကိုးပါးသော ဘဝ၊ x၈-ကိုးပါးသော သတ္တဝသတို့၌ မဟာသမုဒ္ဒရာ၌ လေသည် ပစ်လွှင့် အပ်သော လှေ ဖောင် သင်္ဘောကဲ့သို့၎င်း၊ ယန္တရားစက်၌ က အပ်သော နွားကဲ့သို့၎င်း၊ မရပ်မတည် ကြင်လည်ပြေးသွား၍ နေရခြင်းသည်ကား အခြားမဟုတ်၊
[x၁။ စုတိ - ထင်ရှားရှိသောဘဝမှ ရွေ့လျောပျက်စီးခြင်း။
x၂။ ပဋိသန္ဓေ - ရှေးဘ၀ နောက်ဘဝကို တစပ်တည်းကဲ့သို့ စပ်ခြင်း။
x၃။ သုံးပါးသော ဘဝ - ကာမဘဝ ရူပဘဝ အရူပဘဝ။
x၄။ လေးပါးသော ယောနိ အဏ္ဍဇ သံဒေသ ဇလာဗုဇ သြပပါတိက။
x၅။ ငါးပါးသော ဂတိ - မနုဿ ဒေဝ နိရယ တိရစ္ဆာန ပေတ။
x၆။ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိ - နာနတာယ နာနတ္တသညီ၊ နာနတ္တကာယ ဧကတ္တသညီ၊ ဧကတ္တကာယ နာနတ္တသညီ၊ ဧကတ္တကာယ ဧကတ္တသညီ၊ ဧကတ္တသညီ အာကာ၊ ဧကတ္တသညီ ဝိညာ၊ ကေတ္တသညီ အာကိန်။
x၇။ ကိုးပါးသော ဘဝ - ကာမဘဝ ရူပဘဝ, အရူပဘဝ၊ သညီဘဝ, အသညီဘဝ, နေဝသညီ နာသညီဘဝ၊ ဧကဝေါကာရ ဘ၀, စတုဂါကာရဘ၀, ပဉ္စဝေါကာရ ဘဝ။
x ၈။ ကိုးပါးသော သတ္တာဝါသ။
(က) ဝိနိပါတိကာ၊ အသုရာ၊ လူ့ရွာနတ်တ၀။ (နာနတ္တကာယ နာနတ္တသညီ)
(ခ) ရူပ ပဋ္ဌမဈာန် မဂ်လေးတန်၊အမှန်တဋ္ဌာန၊(နာနတ္တကာယ ဧကတ္တသညီ)
(ဂ) ဒုတိယဈာန်ဘုံ၊ အလုံးစုံ၊ ယူတုံတဝ နိယတ။ (ဧကတ္တကာယ နာနတ္တသညီ)
(ဃ) တတိယ ဝေဟပ္ဖလာ၊ သုဒ္ဓါဝါ ဗြဟ္မာဋ္ဌာနဘုံတဝ။ (ဧကတ္တကာယ၊ ဧကတ္တသညီ) (င) အသညသတ်မှာ၊ ဗြဟ္မာရွာ၊ ယူရာတဝ မြဲမုချ။ (ဧကတ္တကာယ)
(စ) အရူပဘုံ၊ အလုံးစုံ၊ ယူတုံပစ္စေက။ (ဧကတ္တသညီ)
ပေါင်း-သတ္တဝါသ ဘုံကိုးဝ ဖြစ်သည်။
အဓိပ္ပါယ်အကျယ် သိလိုက မာတိကာ စသော ညဝါအကောက်တို့မှာကြည့်။]
“မျိုးစေ့နှင့် အပင်”ကဲ့သို့ တဏှာကြောင့် ခန္ဓာ, ဖြစ် ပျက် မွေးသေ သံသရာရှည်နေ ကြရသည်ဟု သ နှင့် ဒု-ကို ကောင်းကောင်းလှလှ သိမြင်ကြသည်၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်ကြတဲ့ခါ, အရဟတ္တမဂ် နောင်မှာ တဏှာအသစ် တဖန်မဖြစ်တော့ သည်ဖြစ်၍ အရဟန္တစုတိနောင်မှာ ခန္ဓာလဲ အသစ်တဖန် မဖြစ်တော့ဘဲ တဏှာခန္ဓာ ဖြစ်နေကျ အစဉ်ပြတ်၍ နောက်ထပ်အသစ် ဖြစ်တော့ဘဲ အမြဲငြိမ်းအေးသွားတဲ့ အသင်္ခတဓာတ်ဟု မ-နှင့်-နိ ကို၎င်း ကောင်းကောင်းလှလှ သိမြင်ကြသည်၊ သိမြင်တဲ့အတိုင်း ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်ကို - နိရောဓသစ္စာ လို့ သာ သိကြ မြင်ကြ, အယူမှန် ယူကြဟု နိရောဓသစ္စာကို ဟောပြတော်မူပေသည်။
“အယံဒုက္ခ နိရောဓဂါမိနိပဋိပဒါ” ဆိုတာက ချစ်သားတို့ .. အခြားမဟုတ်ပေ။ အထက် အဆိုပါ တဏှာပယ် တဏှာဖြတ် တဏှာသတ်တဲ့ ဝိပဿနာမဂ်အကျင့် မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို မဂ္ဂသစ္စာ လို့သာ သိကြ, မြင်ကြ, အမှန် ယူကြဟု မဂ္ဂသစ္စာကို ဟောတော်မူပေသည်။ အမှန်မှာ - ကိလေသာနူနာ ပျောက်အောင် သစ္စာဆေးတော်ကို တိုက်ကျွေးတော်မူခြင်းပင် ဖြစ်ပေသည်။ သို့တိုက်သော်လည်း တိုက်တော်မူတိုင်း တဏှာခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်ကို - နိရောဓသစ္စာ ဟု တဏှာ ပယ်တဲ့ မဂ်အကျင့်ကို - မဂ္ဂသစ္စာ ဟု တကယ်ယုံကြည်စိတ်ချ၍ နိရောဓသစ္စာ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် မျက်မှောက်မြင်သိသွားပါလျှင် နိ-မ, သစ္စာဆေးတော် နှစ်ခွက်လည်း ဝင်သွားပြီဟု သိလေ မှတ်လေ။
ထိုသို့မဟုတ် “ကျားချင် ကျား-မီးယပ်၊ နံချင် နံ-တယ်နှစ်” ဆိုတာလို၊ နွားတို့ ခွေးတို့ အကျင့်ဖြင့်ပင် သံသရာမှ စင်ကြယ်သည်ဟု၊ ဝါ၊ နိဗ္ဗာန်ရောက်သည်ဟု၊ ဝါ၊ နေ၀သညာနာသညာ ဘဝဂ်ကိုပင် နိဗ္ဗာန်ဟု အယူမှားနေသေးလျှင်၊ ဝါ၊ အယူမှား ရှိနေသေးလျှင် နိ-မ ဆေးတော် မဝင်သေးဟု သိလေ မှတ်လေ။
ဤလိုဤပုံ - ဘုရား သမားတော်ကြီးပေးတဲ့ သစ္စာလေးပါး ဆေးတော်များကို သုံးဆောင် စားသောက်ကြပါလျှင် ပျောက်နေကြပွဲတွေ့ ဆေးစွမ်းကောင်းကြီး တကယ် ယုံကြည်၍ တကယ်သောက်၍ တကယ် ဆေးဝင်သွားပါလျှင် တကယ် ရောဂါပျောက်နေကြ ဆေးစွမ်းကောင်းကြီးကား မှန်၏၊
သို့ရာတွင် ဆေးဝင် မဝင်ကို သတိနှင့်ဆင်ခြင်၍ ဆေးဝင်အောင် သောက်လေ၊ ဆေးကောင်းကောင်း မဝင်ဘူးထင်လျှင် ဆေးစား မပေါ့နှင့်၊ ဆေးသောက် ဆေးစား ပျင်း၍ ဖျင်းနေလျှင် ဆေးမဝင်၍ ငါ့ကိုယ် အတ္တဟု ဒိဋ္ဌနူနာ ထတိုင်း ထတိုင်း ပြုမိပြုရာ ပြုလုပ်မိကြ၍ လူ့ဘုံက သေ-ကားခနဲ၊ နတ်ဘုံက သေ-ကားခနဲ၊ ဗြဟ္မာဘုံ ကသေ, လူ့ဘုံနတ်ဘုံမှာ တဘဝလောက်နား-ကားခနဲ ခဏခဏ အပါယ်လေးဘုံသို့ ကျတတ်တဲ့ အရေး, ကျရမဲ့ အရေးတွေကို နာနာတွေး။
ဤကမ္ဘာတွင် ကကုသန်ဘုရား လက်ထက် ကြက်မငယ်သည် ဒို့ဘုရား လက်ထက် ကြတော့ ဝက်မငယ်၊ ဒီဘုရား နှစ်ဆူကြားထဲမှာ ဗြဟ္မာပြည်မှာ တဘဝ ဖြစ်ရချေသေးတယ်၊ ဘုရားမရှိပြီးနောက် သီဟိုဠ်ကျွန်း အနုရာဓပြည် ဩက္ကန္တ သောက္ကန္တရွာ သုမန သူဌေးကြီးသ္မီးဘဝ အမတ်ကတော် ဖြစ်ပြီးမှ ဘိက္ခုနီမ ပြုလုပ်၍ ရဟန္တာမ ဖြစ်မှဘဲ အေးတော့တယ်။ “ဗြဟ္မာပြည်မှာ တဝင်းဝင်း - ဝက်စာကျင်းမှာ တရှုတ်ရှုတ်” ဆိုတာ ကြားဘူးကြရဲ့ မဟုတ်လား၊ အဲဒါ သစ္စာဆေး မသောက်လို့ အတ္တနူနာ မပျောက်သဖြင့် ဗြဟ္မာပြည် ရောက်ပြီးမှ ဒိဋ္ဌိက အပါယ်လေးဘုံ ပြန်ဆွဲ ချသောကြောင့် ဝက်မငယ် ဖြစ်လာပြန်ရတာ မှတ်လေ။
(သုတ္တသင်္ဂဟပါဠိတော် သူကရပေါတိက ဝတ္ထုမှာ ရှုကြည့်လေ။)
တနည်းအားဖြင့်
▬▬▬▬▬▬
သစ္စာလေးပါး ဆေးတော်သည် ဝိရေစန - ဝမ်းလျှောဆေး၊ ဝမန - အန်ဆေးလဲ ဖြစ်တယ်။ “အဟဉ္စခေါ ဘိက္ခဝေ ဝိရေစနံ ဒေသိဿာမိ ဝမနဉ္စ” ဟု ဟောတော်မူတယ်၊ ဤ ဝိရေစန - ဝမ်းလျှောဆေး၊ ဝမန - အန်ဆေး ဆိုတာလဲ အခြားမဟုတ်ပါဘူး၊ သစ္စာလေးပါးကို သိတဲ့ သမ္မာဒိဋ္ဌိ ခေါ်သော မဂ္ဂင်ရှစ်ပါး တရားဆေးဘော်ပင် ဖြစ်ပါတယ်။ ထို့ကြောင့်ပင် “သမ္မာဒိဋ္ဌိကဿဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ ဝိရတ္တော ဟောတိ” စသည်ဖြင့် ဟောတော်မူခဲ့ပါတယ်၊ သစ္စာသိတဲ့ သမ္မာဒိဋ္ဌိ လက်ကိုင်ရှိသော သူအား သစ္စာမသိတဲ့ မိစ္ဆာဒိဋ္ဌိ အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိ လျှောကျ အန်ထွက်တော့သည် ဟူလို။
ဥပမာ
▬▬
အဆိပ် သောက်မိတဲ့သူကို လိမ္မာလှစွာသော ဆေးဆရာသည် အလျှင်အမြန် ဝမ်းလျှောဆေး အန်ဆေးပေး၍ လျှော၍ဖြစ်စေ, အန်၍ ဖြစ်စေ အဆိပ်ကိုကျစေ၍ အသက်ချမ်းသာအောင် ပြုသကဲ့သို့၊ ထို့တူပမာ ဘုရားဘဂဝါ သမားဆရာကြီး သည်လည်း ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကိုပင် ငါ့ကိုယ် အတ္တဟု မှတ်ထင် ယူဆမှား နေကြတဲ့ လူနတ်တို့အား အတ္တဒိဋ္ဌိ အဆိပ်တုံးကြီး လျှောကျ အန်ထွက်၍ အပါယ်လွတ် တရားရ, သောတာပန် စသော အရိယာများ ဖြစ်သွားစေခြင်းငှါ သစ္စာလေးပါး ဝမ်းလျှောဆေး တိုက်ကျွေးသော်မူသည် ဟူလို။
ဘုရားဖြစ်တော်မူစကပင် အတ္တဒိဋ္ဌိ အဆိပ်ရေ သောက်မိကြတဲ့ လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့တွင် ပဉ္စဝဂ္ဂီငါးဦး တို့နှင့်တကွ တဆဲ့ရှစ်ကုဋေသော ဗြဟ္မာတို့အား ရှေးဦးစွာ သစ္စာလေးပါး ဝမ်းလျှာဆေး, အန်ဆေးတို့ကို တိုက်ကျွေးတော်မူ၍ အတ္တဒိဋ္ဌိ ဝိစိကိစ္ဆာ အဆိပ်တွေ လျှောကျ အန်ထွက်ကျသဖြင့် ပုထုဇဉ် အရူးနာ ပျောက်ပြီး သောတာပန် စသော အရိယာများ ဖြစ်သွားနိုင်ကြသည်တို့ကို ထောက်မျှော်ကြလေ။
အပိုင်း (၅)
ခုနစ်ဘ၀ နှင့် အပြီး
▬▬▬▬▬▬▬
(၁) ယတောစခေါ အရိယသစ္စာနိ သမ္မပ္ပညာယပဿတိ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ ဒုက္ခဿစ အတိက္ကမံ အရိယံ အဋ္ဌင်္ဂိကံမဂ္ဂံ ဒုက္ခူပ သမဂါမိနံ။
(၂) သ သတ္တက္ခတ္တုံ ပရမံသန္ဓာဝိတွာန ပုဂ္ဂလော၊ ဒုက္ခဿန္တ ကရောဟောတိ၊ သဗ္ဗသံယော ဇနက္ခာ တိ။ (နိဒါန-ဠိ)
(၁) ဘိက္ခဝေ၊ အို နာ သေရေး ဒုက္ခဘေးတို့ကို မျှော်တွေး ကြောက်ငြား ငါ့ချစ်သားတို့။
ယတောစခေါ၊ အကြင်အခါ၌ကား။
ဒုက္ခံ၊ ဘဝတဖန် ရုပ်နာမ်ခန္ဓာဆိုတဲ့ ဒုက္ခသစ္စာကို၎င်း။
ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာကို တဖန်တဖန် ဖြစ်စေတတ်သော ဘုံသုံးပါး တို့၌ ဖြစ်လို ဖြစ်ချင်နေသော ဘ၀တဏှာ လောဘခေါ်သော သမုဒယသစ္စာကို၎င်း။
ဒုက္ခဿစ၊ ဒုက္ခသစ္စာ, သမုဒယသစ္စာ၏လည်း။ ဝါ၊ ကိုလည်း။
အတိက္ကမံ၊ လွန်မြောက်၍ သွားရာဖြစ်သော နိရောဓသစ္စာကို၎င်း။
ဒုက္ကူပသမဂါမိနံ၊ ကုန်အောင် စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။
အရိယံ၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသော။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးရှိသော။
မဂ္ဂံစ၊ သမ္မာဒိဋ္ဌိ စသော မဂ္ဂသစ္စာကို၎င်း။
ဣတိ၊ ဤသို့။
စတ္တာရိ၊ လေးပါးကုန်သော။
အရိယသစ္စာနိ၊ အရိယာတို့သည် သိအပ်ကုန်သော သစ္စာတို့ကို။
သမ္မပ္ပညာယ၊ ရုပ်နာမ်အခါကစ၍ ဤကား ဒုက္ခ စသည်ဖြင့် သစ္စာအသိသို့ ထိအောင် မဖောက်မပြန် ဟုတ်မှန်စွာ သိတတ်သော လောကီပညာ လောကုတ္တရာပညာဖြင့်။
ပဿတိ၊ ဟုတ်တိုင်းထင်ထင် ထိုးထွင်း၍ သိမြင်၏။
(၂) သ သောပုဂ္ဂလော၊ ထိုသစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်သော ပုဂ္ဂိုလ်သည်။
သံသာရေ၊ ဖြစ်ပျက်မွေးသေ, ဖြစ်ပျက်မွေးသေ ဆိုတဲ့ သံသရာ ဝဋ်ဆင်းရဲကြီးထဲ၌။
သတ္တက္ခတ္တုံပရမံ၊ ခုနစ်ကြိမ် ခုနစ်ဘဝလောက်သာ။
သန္ဓာဝိတွာန၊ ကြင်လည်ရ၍။
သဗ္ဗသံယောဇနက္ခယာ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့်။
ဒုက္ခဿန္တကရော၊ ဖြစ်ပျက် မွေးသေဆိုတဲ့ သံသရာ ဝဋ်ဆင်းရဲ အဆုံးကို ပြုနိုင်တော့သည်။
ဝါ၊ မွေးသေ လွတ်တဲ့ နိဗ္ဗာန်ကိုရောက်အောင် ရွက်ဆောင်နိုင်တော့သည်။
ဝါ၊ နိဗ္ဗာန် ထုတ်ချောက် ရောက်တော့သည်။
ဟောတိ၊ မုချမသွေ ဖြစ်တော့လေ၏။
၉၃-ရာခိုင်နှုန်း
▬▬▬▬▬
အဓိပ္ပာယ်
အကြင်အခါ ဤတဏှာကြဉ်သော ဘုံသုံးပါးရှိ ရုပ်နာမ် ခန္ဓာကား ဒုက္ခသစ္စာ ဖြစ်သည်၊ ဤတဏှာကား - သမုဒယသစ္စာ ဖြစ်သည်။ ဤ ဒုက္ခ-သမုဒယ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည်ကား နိရောဓသစ္စာ ဖြစ်သည်။ ဤနိဗ္ဗာန် ရောက်ကြောင်း အကျင့်ကောင်းဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည်ကား -မဂ္ဂသစ္စာ ဖြစ်သည်ဟု သစ္စာလေးပါး မြတ်တရားတို့ကို ပိုင်းခြားဝေဘန်၍ မဖောက် မပြန် အမှန်ကိုသိ၏၊
ထိုသို့ သစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာသိသော ပုဂ္ဂိုလ်သည် ဘယ်သူဘဲသိသိ သိတဲ့အချိန် သိတဲ့ဘဝကစ၍ အပါယ်လွတ်တရား ရပြီးလျှင် လွန်လှပါမှု ခုနစ်ဘဝ လောက်သာ လူနတ်သံသရာတွင် ကြင်လည်၍ တနည်းနည်းဖြင့် အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ဒုက္ခ၏အဆုံးကို ပြုနိုင်တော့၏၊ ဝါ၊ နိဗ္ဗာန်သို့ ရောက်တော့၏ ဟူလို။
သစ္စာသိ၍ သောတာပန် အရိယာ ဖြစ်သော ဘဝမှာ သံသရာ ဝဋ်ဒုက္ခကို အပုံတရာ ပုံလျှင် ၉၃-ပုံ ကုန်လေပြီ၊ ခုနစ်ဘဝအတွက် ခုနစ်ပုံသာ ကြွင်းကျန်တော့သည်၊ အကျန်နည်း၍ အကုန်များလေပြီ၊ ခုနစ်ဘဝအထက်၌ ဖြစ်လတ္တံ့သော ကံ ကိလေသာ ခန္ဓာတို့သည် အလုံးစုံကုန်လေပြီ၊
သစ္စာ မသိ၍ အရိယာသောတာပန် အရိယာမဖြစ်သေးလျှင် ခုနစ်ဘဝလဲမက ဘဝ ရာထောင် ကမ္ဘာရာထောင်လဲမက, အသင်္ချေအနန္တ သံသရာ ဝဋ်ဒုက္ခတွေ မကုန် သေးပေ၊ အခွင့်ရလျှင် ဖြစ် ပျက် မွေး သေတွေ မရေမတွက်နိုင်ပင် အကျိုးပေးဦးမည်၊ သစ္စာကို သိမြင်ရခြင်းသည် ဤမျှ ကျေးဇူးများလှပေသည်။
ဝဋ်ဘဝ တိုတိုနှင့်
▬▬▬▬▬▬
ထို့ကြောင့် - သစ္စာသိမှုဟာ လွန်စွာ့လွန်စွာ အရေးပါ အရာရောက်လှပေသည်၊ တာသွားလှ ခရီးရောက်လှပေသည်၊ ဖြစ် ပျက် မွေး သေ, သံသရာကို လွန်စွာတိုစေနိုင်, ကုန်စေနိုင်သည်။ ယခုကာလ သူက - ငါက ဆုတောင်းကြ ဆုပေးကြတဲ့ခါ ဝဋ်ဘဝ တိုတိုနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မြန်မြန်ရောက်ရပါလို၏ ရောက်လွယ်ကြ ဖြစ်စေလို့ ဆုတောင်းကြ ဆုပေးကြ၏။ ဒါကတော့ ထုံးစံအတိုင်း တောင်းပေးရတာ၊ တောင်းရုံ ပေးရုံနှင့်တော့ မွေးသေဝဋ်က အလိုလို တိုသွားမှာမဟုတ်ဘူး၊
သို့ရာတွင် ဆုတောင်းတာ - ဆုပေးတာ အပိုဘဲ လို့တော့ အယူမှား မသွားကြစေနှင့် ကျမ်းဂန်ထဲမှာ ဆုတောင်း-ဆုပေးတွေ ရှိနေတယ်၊ ကျမ်းဂန်အလာ ပယ်ရာကျမည်ကို သတိပြု၊ တောင်းတဲ့ပေးတဲ့ အတိုင်း ရအောင် ဝဋ်ဘဝတိုတဲ့ နည်းလမ်းကိုသာ ကြိုးပမ်းပါ၊ ကြိုးပမ်းရန်ကား - သစ္စာသိအောင် အားထုတ်ခြင်း၊ သိတဲ့အခါ တဏှာ ပယ်တဲ့မဂ်အကျင့်ကို ကျင့်ခြင်း၊ မဂ္ဂင်ရှစ်ပါး ဝိပဿနာ အလုပ်တရားကို ပွါးများအား ထုတ်ခြင်းပေတည်း။
“မဂ္ဂံ ဘာဝေတွာ” အရ၊ မဂ္ဂသစ္စာ မဂ္ဂင်ရှစ်ပါးကို ပွါးများ အားထုတ်တဲ့ခါ ရုပ်နာမ် အသိကစ၍ သစ္စာသိအထိ သိလာပေလိမ့်မည်၊ သိတဲ့ခါ “ဒု သိ ဒိ ပယ်၊ သ သိ ဝိ ပယ်၊ နိ မ သိ၊ သိ ပယ်” နှင့် အညီ၊
ဒုက္ခသစ္စာကို သိတော့ - ဒိဋ္ဌိကိုပယ်၊
သမုဒယသစ္စာကို သိတော့ - ဝိစိကိစ္ဆာကိုပယ်၊
နိ-မ သစ္စာကို သိတော့ - သီ ကိုပယ်၍၊
တတိယ သစ္စာခေါ်သော နိရောဓသစ္စာနိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် မျက်မှောက် မြင်သိတဲ့ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်များ ဖြစ်ပေါ်ကာ သောတာပန် အရိယာ ဖြစ်သွားနိုင်ပေသည်။
ဤနည်းဤပုံ -
နှစ်ကြိမ်မြောက် နိဗ္ဗာန်ကို မြင်သိတဲ့ခါ - သကဒါဂမ်၊
သုံးကြိမ်မြောက် နိဗ္ဗာန်ကို မြင်သိတဲ့ခါ - အနာဂါမ်၊
လေးကြိမ်မြောက် နိဗ္ဗာန်ကို မြင်သိတဲ့ခါ - ရဟန္တာ
ပင် ဖြစ်နိုင်ကြ၍ အရဟတ္တမဂ်နောင်မှာ တဏှာအသစ် မဖြစ်တော့သည်ဖြစ်၍ အရဟန္တုတိနောင်မှာလည်း ခန္ဓာအသစ် မဖြစ်တော့ဘဲ တဏှာအသစ် အသစ်ဖြစ်မှု ခန္ဓာအသစ်အသစ်ဖြစ်မှု အမြဲငြိမ်းအေးသွားတဲ့ နိရောဓသစ္စာ နိဗ္ဗာန်သို့သာ ဆိုက်ရောက်ပါတော့သည်ဖြစ်၍ ဖြစ် ပျက် မွေး သေ၊ ဖြစ် ပျက် မွေး သေ ဆိုတဲ့ ဝဋ်ဘဝ တိုသွားလေတော့သည်။
ဘယ်လောက် တိုချင်သလဲ ? လက်ရှိ တဘဝထဲနှင့်ဘဲ တိုချင်သလား ? နှစ်ဘဝ သုံးဘဝလောက် ဖြစ်ပျက်မွေးသေပြီးမှဘဲ တိုချင်သလား ?၊ တိုလိုလျှင် တိုနိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ - သစ္စာသိတဲ့ခါ တဏှာကြောင့် ခန္ဓာ ဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေကြရသည် ဟူ၍၎င်း၊ တဏှာကို အပြတ်ဖြတ်လိုက်တဲ့ တဏှာခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်ဟူ၍၎င်း၊ သွားရမဲ့လမ်းကို မျှော်မှန်းမိပြီးသား ဖြစ်၍ တဘဝထဲနှင့်ဘဲ တိုချင် ပါတယ်ဆိုလျှင် ဖြစ်လိုလျှင် ဖြစ်ပြန်လိမ့်မယ်၊
ဖြစ်ပြန်လျှင် ဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိ စသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့နှင့် မုချ တွေ့ရပြန်လိမ့်မယ် စသည်ဖြင့် ဒုက္ခသစ္စာ ထင်မြင်အောင် ဆင်ခြင်၍ ဇာတိ စသော ဒုက္ခသစ္စာ ကောင်းကောင်း လှလှကြီး ထင်မြင် လာတဲ့ခါ ဘုံသုံးပါး ဆိုသော်လည်း မီးပုံကြီး သုံးပုံ၊ မီးလောင်အိမ်ကြီး သုံးလုံး၊ မီးလောင်ရွာကြီး သုံးရွာကို တတ်တတ်ထင်ထင် မိမိ၏ ပကတိ မျက်စိနှင့် မြင်နေရဘိသကဲ့သို့၊
ထို့တူပမာ - ဘုံသုံးပါးရှိ ရုပ်နာမ် ခန္ဓာ လောင်စာပေါ်တွေမှာ ရာဂ စသော တဆဲ့ တသီး အပူမီးတွေ နေ့ညဉ့်မစဲ တဒီးဒီး တဟဲဟဲ တရှဲရှဲ အမြဲတမ်း တောက်လောင် နေသည်တို့ကို ဉာဏ်မျက်စိဖြင့် တတ်တတ်ထင်ထင် သိမြင်၍ခါ ဘုံသုံးပါးတို့၌ တဖန် ဖြစ်ရ ပြန်ပါလျှင် အဆိုပါ မီးပုံကြီး သုံးပုံထဲသို့ ဝင်၍ အလောင်ခံရမည်ကို ကြောက်သည်ထက်ပင် အဆတရာ မကသာ၍ ကြောက်လှပါသောကြောင့် ဘုံသုံးပါး တို့၌ တဖန်ပြန်၍ ဖြစ်လို ဖြစ်ချင်နေတဲ့ တဏှာအာလယ အပြီးအပြတ် လက်စသတ် ယတိပြတ် တုတ်တုတ်ပြတ် ဖြစ်သွားပါက...
ကိလေသာဘာဝေ ဝိဇ္ဇမာနမ္ပိ ကမ္မံအာယတိံ အပ္ပဋိသန္ဓိကံ ဟောတိ။
ဆိုတဲ့ ဥဒါန်းနှင့် အညီ၊
ဘုံသုံးပါးတို့တွင် ဘယ်ဘုံ ဘယ်ဘဝမှာမှ ရုပ်နာမ်ဇာတိ နောက်ထပ် အသစ်ဖြစ်ခြင်း မရှိတော့ဘဲ တဘဝထဲနှင့်ဘဲ တိုလိုက တိုနိုင်ကြသည်။ မတိုလို၍ မတိုတတ်၍ မတိုကြတာ, တိုလို၍ တိုတတ်ပါက၊ ဝါ၊ တိုနည်းကို သိပါက၊ ဝါ၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်ပါက, တိုနိုင်ကြသည်။
ပါးစပ်က တိုရပါလို၏ဟု ဆိုသော်လည်း စိတ်က မတိုလိုလျှင်၊ ဝါ၊ တဏှာ အာလယ မပြတ်လျှင် မတိုနိုင်ပါ၊ စိတ်က တိုလိုမှသာ၊ ဝါ၊ ဖြစ်လို ဖြစ်ချင်နေတဲ့ တဏှာ အာလယပြတ်မှသာ တိုနိုင်ပါသည်ဟု သိလေ မှတ်လေ။
တဏှာအာလယ ပြတ်ခြင်းသည် “အရဟတ္တမဂ်” ပေတည်း။
ပြတ်ဆဲကို - မဂ်ယူ၊ ပြတ်ပြီးကို ဖိုလ်ယူ။
တဿာ ယေဝ တဏှာယ အသေသ ဝိရာဂ နိရောဓော ဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။ ။ ဆိုတဲ့
ဓမ္မစကြာ ပါဠိအလာကို ထောက်မျှော်ကြလေ၊ ဤကား-သစ္စဉာဏ်ဖြင့် မဂ်ဝင်ဟန်ကို ပြဆိုခြင်းပေတည်း။
📖 သစ္စာလေးဖြာ ခန္ဓာမှာ
အပိစခွါဟံအာဝုသော ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သ သညမှိ သ မနကေ လောကဉ္စ ပညာပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ။ ။ (ဒေဝတာသံယုတ်ပါဠိ)
အာဝုသော၊ ရောဟိတ နတ်သား။
အပိစခေါ၊ စင်စစ်သော်ကား။
အဟံ၊ ငါဘုရားသည်။
သ သညမှိ၊ သညာရှိသော။
သ မနကေ၊ စိတ်ရှိသော။
ဗျာမ မတ္တေ၊ တလံမျှလောက်သော။
ဣမသ္မိံ ယေဝ ကဠေဝရေ၊ ဤ သူ ငါတို့၏ ခန္ဓာကိုယ်၌သာလျှင်။
လောကဉ္စ၊ ခန္ဓာငါးဖြာ ဒုက္ခသစ္စာကို၎င်း။
လောကသမုဒယဉ္စ၊ တဏှာဟူသော သမုဒယသစ္စာကို၎င်း။
လောကနိရောဓဉ္စ၊ နိဗ္ဗာန်ဟူသော နိရောဓသစ္စာကို၎င်း။
လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ၊ နိဗ္ဗာန်ရောက်ကြောင်း ကောင်းသော အကျင့်ဖြစ်သော မဂ္ဂင်ရှစ်ပါး ခေါ်သော မဂ္ဂသစ္စာကို၎င်း။
ပညာပေမိ၊ ဟောကြားပညတ်တော်မူ၏။
💡 အဓိပ္ပါယ်
သက်တော်ထင်ရှား ဘုရားရှိစဉ်က အမှန်လေးပါး ခေါ်တဲ့ သစ္စာလေးပါး တရားတော် ဟာ အခြားတပါးမှာ ရှိနေတာ မဟုတ်ဘူး၊ ဤ သူ-ငါ ကျား-မ လူ-နတ် စသည် ခေါ်ဆိုကြတဲ့ ခန္ဓာမှာဘဲ ရှိတယ်လို့ ဟောထားခဲ့သောကြောင့် ယခုကာလ တစုံ တယောက်သော သူက သိလိုရေးနှင့် မေးလျှင်လဲ - ဤခန္ဓာမှာဘဲ ရှိတယ်လို့ ဖြေဆိုရပေလိမ့်မည်၊
တဖန် ရှေးကပေစာထဲ၊ ယခုစာအုပ်၊ ပိဋကတ်သုံးပုံ ဘီရိုတွေထဲမှာ သစ္စာလေးပါးတွေ ရှိနေတယ် မဟုတ်လားလို့ မေးပြန်လျှင်လဲ ရှိပါရဲ့၊ အဲဒါက သစ္စာလေးပါး အစစ်အမှန် မဟုတ်ပါ၊ သူ-ငါတို့ ခန္ဓာမှာ အဟုတ်အမှန် ရှိနေတဲ့ သစ္စာလေးပါးတို့ကို ပြဆိုထားတဲ့ ဒေသနာ အစဉ်မျှသာ ဖြစ်ပါသည်၊ အစစ်အမှန်မှာ - ဤခန္ဓာမှာသာ ရှိပါသည်ဟု အဖြေ ပေးလေ၊ ဉာဏ်ရောင်၍ မနေကြနှင့်။
သို့ရာတွင် ဒု-သ နိ-မ ဆိုတဲ့ သစ္စာလေးပါး တို့တွင် ဒု-သ, သစ္စာနှစ်ပါးတို့သာ ဤ ခန္ဓာမှာ “ဥပါဒ်-ဌီ-ဘင်” အနေအားဖြင့် အမြဲတမ်းရှိနေပါသည်၊ နိ-မ သစ္စာနှစ်ပါးတို့မှာ မဂ်စိတ္တုပ္ပါဒ် ဖိုလ်စိတ္တုပ္ပါဒ်၊ ဝါ၊ မဂ်စိတ် ဖိုလ်စိတ် ဖြစ်ပေါ်ဆဲ၊ ဝါ၊ နိဗ္ဗာန်ကို တဲ့တဲ့ အာရုံပြုနိုင်တဲ့ မဂ်ဉာဏ် -ဖိုလ်ဉာဏ် ဖြစ်ပေါ်ဆဲ အခိုက်အတန့်၌သာ ရရှိနိုင် ပေသည်၊ ဤခန္ဓာမှာ အမြဲရှိနေသည်မဟုတ်ပါ၊
သို့ရာတွင် နိဗ္ဗာန်ကို တဲ့တဲ့ မြင်သိတဲ့ အာရုံပြုနေတဲ့ မဂ်စိတ်-ဖိုလ်စိတ်၊ မဂ်ဉာဏ်-ဖိုလ်ဉာဏ်များ ဖြစ်ပေါ်နေတဲ့ခါ ခန္ဓာပြင်ဘက်မှာ သွားပြီး, ခန္ဓာပြင်ဘက်မှာ ထွက်ပြီး မဖြစ်နိုင်ပါ၊ ဤခန္ဓာမှာဘဲ ဤခန္ဓာကိုမှီ၍ ဤခန္ဓာနှင့်စပ်၍ ဤခန္ဓာနှင့် ဆက်သွယ် ၍သာ ဖြစ်ပေါ်ရပါသောကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ဋ္ဌာနီရဲ့ အမည်ကို ခန္ဓာဋ္ဌာန၌ တင်စား၍ ဋ္ဌာနျူပစာရ အားဖြင့် ဤခန္ဓာမှာဘဲ ရှိသည်ဟုဆိုရသည်။ ဤကဲ့သို့သော အရှိမျိုးကို ရည်၍ဆိုသည်ဟု သိလေ။
တနည်း
နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ ခန္ဓေဟိဝိသယိကတ္တာ။ ။ ဟု ဝိသုဒ္ဓိမဂ်ဋီကာ၌ လာသည်။
နိဗ္ဗာနမ္ပိ၊ နိရောဓသစ္စာထိုက်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီး သည်လည်း။
ခန္ဓပဋိဗဒ္ဓမေဝ၊ ခန္ဓာနှင့် ဆက်စပ်သည်သာတည်း။
ဝါ၊ ခန္ဓာနှင့်စပ်၍ ဖြစ်သည်သာတည်း။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။
ခန္ဓေဟိ၊ ခန္ဓာတို့နှင့်။
ဝိသယိကတ္တာ၊ ဝိသယာဓာရ ဝိသယီအာဓေယျ အဖြစ်ဖြင့် စပ်ခြင်း ရှိသည်၏ အဖြစ်ကြောင့်တည်း။
ဤပုံ ရှိတဲ့အရှိမျိုးကိုရည်၍ နိ-မ သစ္စာတို့ဟာ ဤကိုယ်မှာရှိသည်ဟု ဆိုရသည်။ “သန္တိကေ နိဗ္ဗာနံ” ဟူ၍၎င်း၊ “နိဗ္ဗာနဿေဝသန္တိကာ” ဟူ၍၎င်း ကျမ်းဂန်တို့၌ ရှိသည်။
ထို့ကြောင့် -
(၁) နိဗ္ဗာန်ဆိုတာ မကွာဝေးပါဘူး၊ တထွာကလေးပါဘဲ ဤကိုယ်မှာ။
(၂) နိဗ္ဗာန်ဆိုတာ အမှန်မဝေးပါဘူး၊ တလံကလေးပါဘဲ ဤကိုယ်မှာ
ဟု-ဆိုကြသည်။
🌿 မျက် ထင်းတို့မှာ သစ္စာမရှိပါ
အဆိုပါ ဒု-သ-နိ-မ သစ္စာလေးပါးတို့ဟာ သ,ဝိညာဏက အသက်ရှိတဲ့ ဣန္ဒြိယဗဒ္ဓရုပ် တို့၌သာ ရှိသည်ဟု ဆိုသဖြင့် အ,ဝိညာဏက အသက်မရှိတဲ့ အနိန္ဒြိယဗဒ္ဓရုပ်တို့၌ မရှိ မရအပ်ဟု မှတ်အပ်၏။
ထို့ကြောင့်ပင် --
နာဟံ အာဝုသော ဣမာနိ စတ္တာရိ သစ္စာနိ တိဏကဋ္ဌာဒီသု ပညာပေမိ ဣမသ္မိံ ပန စာတုမဟာဘူတိကေ ကာယသ္မိံ ယေဝ ပညာပေမိ။ (ဒေဝတာသံယုတ်--ဋ္ဌာ)
အာဝုသော၊ ရောဟိတနတ်သား။
အဟံ၊ ငါဘုရားသည်။
စတ္တာရိ၊ လေးပါးကုန်သော။
သစ္စာနိ၊ တို့ကို။
တိဏကဋ္ဌာဒီသု၊ မျက်ထင်းစသော အနိန္ဒြိယဗဒ္ဓရုပ်တို့၌။
နပညာပေမိ၊ ဟောကြား ပညတ်တော်မမူ။
ပန၊ ဟောကြားသည်ကား။
စာတုမဟာဘူတိကေ၊ မဟာဘုတ်လေးပါးရှိသော။
ဣမသ္မိံ ကာယသ္မိံ ယေဝ၊ ဤအသက်ရှိသော ဣန္ဒြိယဗဒ္ဓရုပ်၌သာလျှင်။
ပညာပေမိ၊ ဟောကြားပညတ်တော်မူ၏။
📝 သစ္စာလေးဖြာ ဖေါ်ပြပါ
(၁) တဏှာမှတပါး လူနတ်တို့ရဲ့ ခန္ဓာငါးပါး လေးပါး တပါးကို (ဒုက္ခသစ္စာဆို)
(၂) ချန်ထားခဲ့သော တဏှာ ရာဂ လောဘကို (သမုဒယသစ္စာဆို)
(၃) ဒု-သနှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ နိဗ္ဗာန်ကို (နိရောဓသစ္စာဆို)
(၄) နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအကျင့် မဂ္ဂင်ရှစ်ပါးကို (မဂ္ဂသစ္စာဆို)
❓ လေ့ကျင့်ခဏ်း အမေး အဖြေများ
မေး။ သစ္စာလေးဖြာ ဘယ်မှာရှိတယ်။
ဖြေ။ ခန္ဓာကိုယ်မှာရှိတယ်။
မေး။ ဒုက္ခသစ္စာ ဘယ်မှာရှိတယ်။
ဖြေ။ ခန္ဓာကိုယ်မှာရှိတယ်။
မေး။ သမုဒယသစ္စာ ဘယ်မှာရှိတယ်။
ဖြေ။ ခန္ဓာကိုယ်မှာရှိတယ်။
မေး။ နိရောဓသစ္စာ ဘယ်မှာရှိတယ်။
ဖြေ။ ခန္ဓာကိုယ်မှာရှိတယ်။
မေး။ မဂ္ဂသစ္စာ ဘယ်မှာရှိတယ်။
ဖြေ။ ခန္ဓာကိုယ်မှာရှိတယ်။
🔍 ရှင်းလင်းဖေါ်ပြချက်
ဒါကတော့ ဘုရားဟောထားတဲ့ သစ္စာလေးပါး အစစ်အမှန်ဟာ ဘယ်နေရာမှာ ရှိနေသလဲလို့ မေးပြီး သစ္စာလေးပါးရှိတဲ့ နေရာ - ဤခန္ဓာမှာဘဲ ရှိပါတယ်လို့ ဖြေဆိုပေတယ်၊ ဒါ့ကြောင့် သစ္စာလေးပါး ရှိတဲ့နေရာကို အတတ်သိအောင် လက်ညှိုး ထိုးပြခြင်း ဖြစ်ပေတယ်၊
ထို့ကြောင့် - သစ္စာလေးပါး အစစ်အမှန်ရှိနေတဲ့ နေရာကို နေရာတကျ သိရှိကြရအောင် တဲ့တဲ့လက်ညှိုး ထိုးမိအောင် ထိုးပြစမ်းပါလို့ မိမိ ကိုယ်ကိုဖြစ်စေ သူတပါးကိုဖြစ်စေ, လေ့ကျင့်ခဏ်းအနေဖြင့် မေး၍ကြည့်ပါလေ၊ သစ္စာလေးပါး ရှိတဲ့နေရာကို သူဧကန္တ အမှန်သိရှိပါက မိမိကိုယ်ကို ဖြစ်စေ၊ သူတပါးကိုဖြစ်စေ ထိုးပြပေလိမ့်မည်၊
သို့မဟုတ် - အသက်ရှိတဲ့ သ,ဝိညာဏက သတ္တဝါ တကောင်ကောင်ကို ဖြစ်စေ, လက်ညှိုးထိုး၍ ပြတတ်ပေလျှင် ဒု-သ, သစ္စာနှစ်ပါးတို့ကို တဲ့တဲ့ကြီး လက်ညှိုးထိုးမိပြီ မှတ်၊ သူ သစ္စာရှိရာ အရပ်ကို သိပြီး မြင်ပြီး သစ္စာသိသူ သစ္စာမြင်သူဖြစ်ပြီ၊ ဗုဒ္ဓဘာသာစစ်ပြီ။
ဗုဒ္ဓဘာသာ အတုအရောင် ဗုဒ္ဓဘာသာ အရေခြုံဘဝက လွတ်ပြီး၊ အချုပ်အားဖြင့် ဘုံသုံးပါးတို့၌ အသက်ရှိသော သ ဝိညာဏက သတ္တဝါမှန်သမျှ တဏှာမှတပါးသော ရုပ်နာမ် ခန္ဓာကို - ဒုက္ခသစ္စာ ဟု တဏှာကို - သမုဒယသစ္စာ ဟု အသက်ထက်ဆုံး သိလေ မှတ်လေ၊ လက်ညှိုး အထိုးခံရတဲ့ သတ္တဝါ မှန်သမျှကို ပညတ်အားဖြင့် ပုဂ္ဂိုလ် သတ္တဝါ, ပရမတ်အားဖြင့် ရုပ်နာမ် လက္ခဏာ, ဒု-သ သစ္စာဟူ၍သာ တထစ်ချ ယုံကြည် မှတ်သားပါလေ။
ထိုသို့မဟုတ်၊ သစ္စာဟာ စာအုပ်ထဲ ပေစာထဲမှာ ရှိပါသည်ဟု ပြလျှင်လည်း အစစ် မဟုတ်၍ လွဲပြီ၊ အောက်ကို ထိုးပြလျှင်လည်း မြေကြီးကိုသာ ထိုးမိ၍ မြေကြီးသည် သစ္စာမဟုတ်သောကြောင့် လွဲပြီ၊ အထက်ကိုထိုးလျှင် ကောင်းကင်ကိုသာ ထိုးမိ၍ ကောင်းကင်သည် သစ္စာမဟုတ်သောကြောင့် လွဲပြီ၊ မျက် သစ်ပင်တွေကို ထိုးပြ လျှင်လည်း မျက်သစ်ပင်သည် သစ္စာ မဟုတ်၍ လွဲပြီ၊ ဗုဒ္ဓဘာသာအစစ်မဖြစ်သေး အရေခြုံမျှသာဖြစ်သေးသည်။
အရေခြုံ မဖြစ်ခြင်လျှင် ဗုဒ္ဓဘာသာစစ် ဖြစ်ခြင်လျှင်၊ အပါယ်လွတ်တရား ရခြင်လျှင်၊ ဝါ၊ ခုနစ်ဘဝနှင့် မွေးသေလွတ်တဲ့ နိဗ္ဗာန်ကို ရခြင်-ရောက်ခြင်လျှင်၊ ဝါ၊ ဝိသာခါ အနာထပိဏ်တို့လို ဘုံစဉ်စံ၍ နိဗ္ဗာန်ဝင်လိုလျှင် သေနေ့ မဦးခင် သစ္စာသိအောင် ကျိုးစားလေ။
⚠️ သတိ - သတိ - သတိပြု
ဤလို သစ္စာလေးပါးတို့ ရှိရာကို လက်ညှိုးထိုး ခိုင်းတဲ့ခါ သူ-ငါ, ကျား-မ ကို ထိုးပြပါလျှင် ထိုးပြခံရတဲ့ သူ-ငါကျား-မကို ဒု-သ သစ္စာလို့ တထစ်ချမှတ်ယူလိုက်ပါ။ ဒု-သ သစ္စာ ဆိုတဲ့ ပရမတ် ပေါက်အောင် ရောက်အောင် ထိအောင် မိအောင် သိရှိပါလေ၊ သူ-ငါကျား-မ ဆိုတဲ့ ပညတ်ပေါ်တွင် အသိဉာဏ် သောင်တင် အသိဉာဏ် အားကုန်၍ မနေစေနှင့် ပရမတ်ထိအောင် သိလေ။
📝 လေ့ကျင့်ခဏ်း
(၁) သူ ငါဆိုတာ အဆိုရှိ - နဂိုရှိက (ရုပ်နာမ်ခန္ဓာ) ရုပ်နာမ်ခန္ဓာက ဒုက္ခသစ္စာ
(၂) သူ ငါဆိုတာ အဆိုရှိ - နဂိုရှိက (ဘဝတဏှာ) ဘဝတဏှာက သမုဒယသစ္စာ
(၃) သူ ငါဆိုတာ အဆိုရှိ - နဂိုရှိက (အသင်္ခတာ) အသင်္ခတက နိရောဓသစ္စာ
(၄) သူ ငါဆိုတာ အဆိုရှိ - နဂိုရှိက (မဂ္ဂင်ရှစ်ဖြာ) မဂ္ဂင်ရှစ်ဖြာက မဂ္ဂသစ္စာ
(၅) သိ-ပယ် မျက်-ပွါး၊ အစဉ်ထား၊ ဟော ဒေသနက္ကမာ။
(၆) ပွါး သိ ပယ် မျက်၊ ကျင့်စဉ်ဖြစ်၊ ပဋိပတ္တိက္ကမာ။
(၇) ပွါး သိပယ် ဆိုက်၊ လေးပါးကိုက်၊ အမြိုက်နိဗ္ဗာန်သာ။
မှတ်ချက်
မဂ္ဂသစ္စာ - မဂ္ဂင်ရှစ်ပါးကိုပွါး၊ ပွါးတော့ သစ္စာသိ၊ သိတော့ သမုဒယပယ်၊ ပယ်တော့ နိရောဓဆိုက်၍ အမြိုက်နိဗ္ဗာန်သို့ ဝင်စံ ရလေတော့သည်၊ ဝါ၊ မွေး သေ လွတ်တဲ့ နိဗ္ဗာန်သို့ ရောက်လေတော့သည် ဟူလို။
တနည်း
၁။ သစ္စာဆိုတာ မဝေးပါဘူး၊ တထွာကလေးပါဘဲ ဤကိုယ်မှာ
၂။ ဒု-သစ်ဆိုတာ အဟုတ်အမှန်မဝေး ရုပ်နာမ်အစုအဝေးပါဘဲ ဤကိုယ်မှာ
၃။ သ-သစ် ဆိုတာ မကွာမဝေးပါဘူး တဏှာအစေးပါဘဲ ဤကိုယ်မှာ
၄။ နို-သစ် ဆိုတာ ဟုတ်မှန်မဝေးပါဘူး ရုပ်နာမ်အေးတဲ့ ဤကိုယ်မှာ
၅။ မ-သစ် ဆိုတာ တကယ်ပင်မဝေးပါဘူး မဂ္ဂင်ရှစ်ထွေး ဤကိုယ်မှာ
၆။ သစ္စာဆိုတာ အမှန်မဝေးပါဘူး တလံကလေးပါဘဲ ဤကိုယ်မှာ
၇။ သစ္စာလေးဖြာ၊ ဤကိုယ်မှာ၊ မြတ်စွာဘုရားဟောခဲ့ပါ၊ ဆရာကောင်း ကပ်၍ တွေ့အောင်ရှာ။
မှတ်ချက်
သစ္စာလေးပါးသည် အခြားမှာရှိသည်မဟုတ်၊ အလျားတလံ အနံ တထွာ ဤကိုယ်မှာ ရှိသည် ဟူလို။
စစ်-မစစ်
၁။ သစ္စာလေးဖြာ၊ မသိပါ၊ ဗုဒ္ဓဘာသာ မစစ်ပါ။
၂။ သစ္စာလေးဖြာ၊ သိသောခါ၊ ဗုဒ္ဓဘာသာ စစ်တော့တာ။
(သုရမ္ဗဋ္ဌ သုပ္ပဗုဒ္ဓ ကုဋ္ဌီတို့ကို ထောက်လေ။)
ပြောင်း-မပြောင်း
၃။ သစ္စာလေးဖြာ၊ မသိပါ၊ ဘုရားပြောင်းတတ်ပါ။
၄။ သစ္စာလေးဖြာ၊ သိသောခါ၊ ဘုရားမပြောင်းတော့ပါ၊
ဘုရား မြဲတော့တာ။
လွတ်-မလွတ်
၅။ သစ္စာလေးဖြာ၊ မသိပါ၊ ပါယ်မှ မလွတ်ရာ။
၆။ သစ္စာလေးဖြာ၊ သိသောခါ၊ ပါယ်မှ လွတ်တော့တာ။
စူဠ-မဟာ
၇။ အနုသိပြန်၊ သစ္စာဉာဏ်၊ စူဠသောတာပန်။
၈။ ပဋိသိပြန်၊ သစ္စာဉာဏ်၊ မဟာသောတာပန်။
👁️ တရားမြင်မှ ဘုရားမြင်သည်
(၁) ကိံ တေ ဝက္ကလိ ဣမိနာ ပုတိကာယေန ဒိဋ္ဌေန၊ ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ သော မံ ပဿတိ။ ယော ဓမ္မံ နပဿတိ သော မံ နပဿတိ။
(ဓမ္မပဒ ဝက္ကလိဝတ္ထု)
(၂) အပဿမာနော သဒ္ဓမ္မံ မံ သောပိ နပဿတိ၊ သမ္ပဿမာနော သဒ္ဓမ္မံ သမံ ပဿတီ။
(၁) ဝက္ကလိ၊ ဝက္ကလိရဟန်း။
ဒိဋ္ဌေန၊ ဉာဏ်ပညာမဘက် ပကတိ မျက်စိသက်သက်ဖြင့် မြင်အပ်သော။
ဝါ၊ မြင်ရသော။
ဣမိနာပုတိကာယေန၊ ဤငါဘုရား၏ အကောင်ပုပ်ကြီးဖြင့်။
တေ၊ သင့်အား။
ကိံ ၊ အဘယ်အကျိုး ရှိအံ့နည်း။
ဝက္ကလိ၊ ဝက္ကလိ။
ယောခေါ၊ အကြင်သူသည်။
ဓမ္မံ၊ ငါဘုရား ဟောကြားတော်မူအပ်သော ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာနှင့် သစ္စာလေးရပ် တရားမြတ်ကို။
ပဿတိ၊ တတ်တတ်ထင်ထင် တဲ့တဲ့မြင်၏။
သော၊ ထိုသူသည်။
မံ၊ ငါဘုရားကို။
ပဿတိ၊ မြင်၏။
ယော၊ အကြင်သူသည်။
ဓမ္မံ၊ တရားတော်ကို။
နပဿတိ၊ မမြင်။
သော၊ ထိုသူသည်။
မံ၊ ငါ့ကို။
နပဿတိ၊ မမြင်။
(၂) သဒ္ဓမ္မံ၊ လေးဆဲ့ငါးဝါ ရှည်ကြာကာလ ဟောဖေါ်ပြအပ်သော ဒါန အစ, သီလ အလယ်, ဘာဝနာအဆုံး သုံးပါးသော သူတော်ကောင်း တရားကို။
ဝါ၊ အချုပ်အားဖြင့် သစ္စာလေးပါးတရားကို။
အပဿမာနော၊ မသိမမြင်သော။
သော၊ ထိုသူသည်။
မံပိ၊ ငါဘုရားကိုလည်း။
နပဿတိ၊ လုံးဝမမြင်။
သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။
သမ္ပဿမာနော၊ ကောင်းစွာ မြင်သော။
သ,သော၊ ထိုသူသည်။
မံ၊ ငါဘုရားကို။
ပဿတိ၊ မြင်၏။
အဓိပ္ပါယ်
ဝက္ကလိရဟန်း၊ ငါဘုရား၏ ခန္ဓာကိုယ်ရုပ် အကောင်ပုပ်ကို ကြည်ညို၍ နေသဖြင့် လူနတ်ချမ်းသာကမပို၍ ဘာအကျိုး ရှိမတုံး၊ ဝက္ကလိ .. အကြင်သူသည် ငါဘုရား ဟောကြားထားတဲ့ အချုပ်အားဖြင့် သစ္စာလေးပါး တရားကိုသိမြင်၏။ ထိုသူသည် ငါဘုရားနှင့် ယူဇနာတရာ ဝေးကွာ၍ နေပါသော်လည်း ငါဘုရားကို အမြဲတမ်း မြင်သိ၍ နေသည်မည်၏။ အကြင်သူသည် ငါဘုရား ဟောကြားထားသော သစ္စာ လေးပါးတရားကို မသိမမြင် ထိုသူသည် ငါဘုရားအနီးမှာ ဘုရားရင်ခွင်တွင်းမှာ နေသော်လည်း၊ ငါဘုရား၏ သင်္ကန်းတော်စွန်းကို ဆွဲ၍ တတွဲတွဲ လိုက်နေသော်လည်း ဘုရားကို လုံးဝမသိမမြင်သောသူ မည်၏ဟု ဆိုလိုပေသည်။
မှတ်ချက်
ဤ၌ ငါဘုရား၏ အကောင်ပုပ် ဆိုသော်လည်း ဝက္ကလိရဟန်း ထိတ်လန့်သံဝေဂ ရရှိစေခြင်းငှါသာ ဆိုတော်မူသည်၊ ဘုရား၏ ကိုယ်တော်သည်ကား ကိလေသာ ပုပ်တွေနှင့် အဏုမြူမျှမရော စင်ကြယ် သန့်ရှင်းသော ရွှေအဆင်းနှင့်တူသော အဆင်း ရှိသည်သာတည်း၊
ကိလေသာပုပ်တွေနှင့် ရောနေသော ပုထုဇဉ်သတ္တဝါ သူငါတို့ကဲ့သို့ ပုပ်သော အကောင်ပုပ်မဟုတ်၊ ဝက္ကလိကား “ရူပပ္ပမာဏ ဃောသပ္ပမာဏ လုခပ္ပမာဏ ဓမ္မပ္ပမာဏ” ́ပုဂ္ဂိုလ်လေးယောက်တို့တွင် အဆင်း၌ ကြည်ညိုသော ရူပပ္ပမာဏ ပုဂ္ဂိုလ်ဖြစ်၍ အဆင်း၌ တပ်ခြင်းကင်းတဲ့ မဂ်စိတ် - ဖိုလ်စိတ် ဖြစ်ပေါ်စေခြင်း အကျိုးငှါသာ မိန့်တော်မူပါ သည်ဟု သိလေ။
🙏 ဘုရား တရား သံဃာ မြင်ပုံ
ဗောဓေတာ ပဇာယာတိ ဗုဒ္ဓေါ - နှင့်အညီ၊ ရှေးဦးစွာ ဆရာမရှိ မိမိ အလိုလို သစ္စာလေးပါးတို့ကို သိထားတော်မူပြီးလျှင် ဝေနေယျကြာ သတ္တဝါတို့အားလည်း သစ္စာလေးပါး မြတ်တရားတို့ကို သိစေ မြင်စေခြင်းငှါ ဟောကြားထားတဲ့ သစ္စာ လေးပါး တရားစကားတို့ကို ကြားနာရတဲ့အခါ ဤကား - ဒုက္ခသစ္စာ စသည်ဖြင့် သစ္စာလေးပါး မြတ်တရားတို့ကို အကြောင်း အကျိုးနှင့်တကွ ပိုင်းခြားဝေဘန်၍ အမှန်ကို သိမြင်သောသူသည်၊ ဝါ၊ တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ, သံသရာရှည်၍ နေကြရသည်။
တဏှာပယ်တဲ့ခါ တဏှာခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်ဟု သိမြင်သော သူသည် ဤလို သစ္စာလေးပါးတရားကို ဖြစ်ပျက်မွေးသေ အစဉ်စပ်နေတဲ့ သံသရာ ဝဋ်ကြီးထဲက ကျွတ်လွတ်ထွက်မြောက် မွေးသေ လွတ်တဲ့ နိဗ္ဗာန်သို့ ရောက်အောင် ကြောင်းကျိုးပြ၍ ဟောကြားထားတာ ဘုရားမှတပါး မည်သည့် လူ နတ် ဗြဟ္မာမှ မဟောကြားနိုင်ဘူး၊ ဧကန္တ အလုံးစုံကို အကုန်သိတဲ့ ဘုရားဘဲဟု ဘုရားကိုမြင်၍ လာတော့၏။
ဘုရားဟောထားတဲ့ သစ္စာလေးပါးကို မိမိက သိရတိုင်း သိရတိုင်း ဘုရားရှင်ကြီးကို အမြဲတမ်း သတိရနေတော့၏၊ ဝါ- ဘုရားရှင်ကြီး၏ ရွှေမျက်နှာတော်ကို အမြဲတမ်း မြင်၍နေတော့၏၊
ဤလိုဤပုံ - မြင်သည်ကိုပင် တရားမြင်လျှင် ဘုရားကို မြင်သည်ဟု ဆိုရသည်။
ဥပမာ - မကွယ်လွန်မှီက ဆိုဆုံးမ၍ ထားခဲ့သော မိဘတို့၏စကားကို သတိရတိုင်း သတိရတိုင်း သားသ္မီးတို့က ကွယ်လွန်ပြီးသော မိဘတို့၏မျက်နှာကို ကွက်ခနဲကွက်ခနဲ အမြဲတမ်း မြင်မြင်နေသကဲ့သို့ ပေတည်း။
(ဤကား - တရားမြင်၍ ဘုရားမြင်ပုံ။)
တဖန် -
ဤလို သစ္စာသိ၍ သောတာပန် စသော အရိယာအဖြစ်သို့ ရောက်သည်နှင့် တပြိုင်နက် တခါထဲ အပါယ်လေးပါး တံခါးပိတ်သွား၍ အပါယ်လွတ်တရား ရသွားပါသောကြောင့် အပါယ် ဝဋ်ဒုက္ခမှ တကယ် ထုတ်ဆောင်နိုင်ကြတဲ့ မဂ်တရား - ဖိုလ်တရားတွေလဲ တကယ်ဘဲ ထင်ရှား ရှိပါပေတကားဟု တရားတော်ကိုလဲ အမြဲမြင်သိ၍ နေတော့၏။
(ဤကား - တရားတော်ကို မြင်ပုံ အမြှက်တည်း။)
“သံသုဋ္ဌုံ ကိလေသေ ဟနတီတိ သံဃော” - နှင့်အညီ၊ မဂ်ဖြင့် ကိလေသာကို ပယ်သတ် တတ်သောကြောင့် “သံဃာ”ဟု ဆိုထားရာ သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိ-ဝိစိ, ကိလေသာ များကို ပယ်သတ်တဲ့ သောတာပန် စသော သံဃာများကိုလည်း ဉာဏ်မျက်စိဖြင့် သိမြင်၍ တကဲ့ ပရမတ္ထသံဃာကိုလည်း မြင်တော့သည်။
(ဤကား-တရားကိုမြင်၍ သံဃာကို မြင်ပုံတည်း။)
မှတ်ချက်
ပညာမျက်စိရှိမှ ဘုရားစသော အရိယာတို့ကို မြင်နိုင်သည်၊ အသားမျက်စိ နတ်မျက်စိဖြင့် အရိယာတို့ကို မမြင်နိုင်၊
မှန်၏။ ပကတိ မျက်စိခေါ်သော မံသစက္ခု ဖြင့်၎င်း နတ်မျက်စိခေါ်သော ဒိဗ္ဗစက္ခု ဖြင့်၎င်း အရိယာတို့ကို မြင်အပ်ကုန်သော်လည်း အိမ်မွေး တောခွေး စသည်တို့ကဲ့သို့ မြင်အပ်သည် မမည်ကုန်၊
အဘယ်ကြောင့်ဆိုသော် ထို မံသစက္ခု၊ ဒိဗ္ဗစက္ခုတို့၏ အဆင်းမျှကိုသာ အာရုံပြု တတ်သည်။ အရိယာတို့၏ အဖြစ် ဟူသော မဂ်ဖိုလ်ကို အာရုံမပြုတတ် မပြုနိုင် သောကြောင့် ပေတည်း။
ထိုစကားသည် မှန်၏၊ စိတ္တလတောင်၌နေသော ရဟန္တာကြီးတပါး၏ အလုပ်အကျွေး ဖြစ်သော ရဟန်းကြီး တပါးသည် တနေ့သ၌ ရဟန္တာကြီး၏ သပိတ်သင်္ကန်းကိုယူ၍ ဆွမ်းခံလှည့်လည်ရာ အရှင်ဘုရား အရိယာတို့မည်သည် ဘယ်လို သဘောရှိပါသနည်း ဟုမေးလျှောက်၏၊
ထိုအခါ ရဟန္တာဆရာ မထေရ်ကြီးက ဤသာသနာတော်၌ အချို့သော ရဟန်းကြီး သည် အရိယာတို့၏ သပိတ် သင်္ကန်းကိုယူ၍ အတူလှည့်လည် ပါသော်လည်း အရိယာဟု မသိနိုင်၊ ဤလို အရိယာတို့ကို သိနိုင်ခဲ၏ဟု ရိပ်ကာ စောင်းကာမဟုတ်ဘဲ တဲ့တဲ့ကြီးဘဲ ပြောသော်လည်း မရိပ်မိဘူးတဲ့။
(ခန္ဓဝဂ္ဂသံယုတ် မှာလာသည်။)
🥇 အစစ် နှင့် အတု အရေခြုံ
ဘုရားရှင်ကြီးတို့ပင် ဤသစ္စာကို သိခြင်းအကျိုးငှါ လေးသင်္ချေနှင့် ကမ္ဘာတသိန်း စသည်ဖြင့် ပါရမီတို့ကိုဖြည့်၍ ဤ သစ္စာကိုသိမှ အာသဝ ကုန်၍ ဗုဒ္ဓအစစ် ဖြစ်တော်မူကြရာ, ဤဗုဒ္ဓဟောတဲ့ သစ္စာကို သိမှဘဲ ဗုဒ္ဓဘာသာ စစ်ကြသည်၊ ဗုဒ္ဓဘာသာ ဖြစ်ကြသည်ဟု တထစ်ချ သိလေ မှတ်လေ ယုံကြည်စိတ်ချလေ။
သစ္စာမသိသေးသော သူတို့မှာ ဗုဒ္ဓဘာသာမစစ်သေး၊ ဗုဒ္ဓဘာသာမဖြစ်သေး၊ အတုအပ အရေခြုံမျှသာ ဖြစ်သေးသည်ဟု တထစ်ချ သိမှတ်ယုံကြည်လေ၊ ရွှေတု ရွှေစစ်ကို မှတ်တင်ကြည့်မှ သိရသကဲ့သို့ ဗုဒ္ဓဘာသာ အစစ် အတုကို သစ္စာ သိ-မသိနှင့် ခွဲ၍ ကွဲပြားအောင်သိလေ။
အဘယ်ကြောင့်ဆိုသော် - “ဆစ္စာဘိ ဌာနာနိ အဘဗ္ဗကာတု” အရ၊ သစ္စာသိတဲ့ သောတာပန် အရိယာဖြစ်လျှင် ပဉ္စာနန္တရိယကံ ငါးပါးနှင့် အညသတ္ထာရုဒ္ဒေသ တပါး ပေါင်း ခြောက်ပါးတို့ကို ပြုလုပ် ပြောဆိုခြင်းငှာ မထိုက်တော့သည် ဖြစ်၍ “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” အရ၊ အပါယ်လေးပါးဘေးမှ ကျွတ်ပြီး လွတ်ပြီး ဖြစ်သောကြောင့် ဗုဒ္ဓဘာသာ စစ်လေတော့သည်၊
အညသတ္ထာရုဒ္ဒေသ ဆိုသည်မှာ - မိမိယုံကြည် ကိုးကွယ်ထားတဲ့ ဘုရားပြောင်းတာ, ဆရာပြောင်းတာကို ဆိုသည်။ ရံခါ ဘုရားစစ်ကို ကိုးကွယ် အားထားသည်၊ ရံခါ ဘုရားတု ဘုရားယောင် တိတ္ထိတို့ကို ကိုးကွယ် အားထားသည်၊ ဤလို ကိုးကွယ်တဲ့ ဘုရား ပြောင်းတာဟာ သစ္စာသိတဲ့ သောတာပန်အရိယာ ဗုဒ္ဓဘာသာ မစစ်သေး လို့ဘဲ၊ ဗုဒ္ဓဘာသာ အတုအရောင် အရေခြုံမျှသာ ဖြစ်သေးသည်။
သစ္စာသိတဲ့ သောတာပန်အရိယာ ဗုဒ္ဓဘာသာအစစ်က အထက်က ပြဆိုခဲ့တဲ့အတိုင်း ခြောက်ဌာနတို့ကို မပြုလုပ်တော့ပြီ ဘယ်နည်းနှင့်မှ ဘုရား မပြောင်းနိုင်တော့ပြီ၊ ဘုရားမှ ဘုရား၊ ဘုရားတရားမှ တရား၊ ဘုရားတပည့်သား သံဃာမှ သံဃာ၊ တထစ်ချ ချွင်းချက်မရှိ အသက်ထက်ဆုံး သက်ဝင် ယုံကြည်လေတော့သည်။
သက်တော်ထင်ရှား ဘုရား လက်ထက်တော်က နကင်းကြီးနှင့် မာရ်နတ်မင်းကြီး သိကြားမင်းကြီးတို့ လူ့ပြည်သို့ ဆင်းလာ၍ ဗုဒ္ဓဘာစစ် မစစ် သောတာပန် စစ်မစစ် သိရအောင် စမ်းသပ်ကြ စုံစမ်းကြ, ဖျက်ဆီး ဖျားယောင်း လာကြသော်လည်း နဲ့နဲ့မျှ မရှိကြ၊ မတုန်လှုပ်ကြ ဗုဒ္ဓအယူမှ မပြောင်းမရွှေ့ကြတဲ့ သုရမ္ဘသူဌေးကြီး သုပ္ပဗုဒ္ဓ လူနူကြီး စသည်တို့ကို ထောက်မျှော်ကြလေ။
👨👩👧👦 လူစစ်နှင့် လူတု လူအရေခြုံ
ရခဲတဲ့လူ့ဘဝ, ကြုံခဲတဲ့သာသနာ ယခု လက်ရှိဘဝကြီးမှာ တကယ်အရေးပါ အရာ ရောက်လှ၍ အပါယ်ငရဲကို တကယ်ဆွဲဆွဲ ချတတ်တဲ့ ဒိဋ္ဌိအယူမှားကြီးကို တကယ် တားဆီးနိုင်တဲ့ ဒိဋ္ဌိ ပဋိသေဓက တရားကို ရစေ ရောက်စေနိုင်တဲ့ ခန္ဓာ အာယတန ဓာတ် သစ္စာတို့ကို လယ်လယ်ပတ်ပတ် တရား ဆီး ဝမ်းကွဲအောင် တကယ်တတ်သိ လိမ္မာမှု မရှိသေးလျှင် လူစစ်မဖြစ်သေး၊ ခြေနှစ်ချောင်း လက်နှစ်ချောင်း ခေါင်း တလုံးခြင်း တူနေကြ၍ လူနှင့်တူတဲ့ လူတူ လူအရေခြုံမျှသာ ဖြစ်သေးသည်ဟု သိလေ။
ထို့ကြောင့် - သေနေ့မဦးခင် လူစစ်ဖြစ်ကြရလေအောင် ခန္ဓာ အာယတန ဓာတ် သစ္စာ တို့ကို တတ်သိအောင် ဆရာကောင်းကပ်၍ အမြန် ကြိုးစားကြပါလေ။
❌ ဒိဋ္ဌိအယူဖြစ်
“ရုပ်နာမ်မသိ ဒိဋ္ဌိမကွာ သစ္စာမသိ ဒိဋ္ဌိမကွာ” ဆိုသောကြောင့် - ရုပ်နာမ်ကို ဝိပဿနာဉာဏ်ဖြင့် မသိလျှင် သစ္စာကို သစ္စဉာဏ်ဖြင့် မသိလျှင် ခန္ဓာမှလွတ်သော၊ ဝါ၊ သစ္စာမှလွတ်သော၊ ဝါ၊ ဒု-သ သစ္စာ နှစ်ပါးမှ လွတ်သော ပုဂ္ဂိုလ်သတ္တဝါမှ လုံးဝမရှိသည်ကို မရှိမှန်းမသိ မောဟဖိ၍ ခန္ဓာသစ္စာမှ လွတ်သော ပုဂ္ဂိုလ်သတ္တဝါ ရှိ၏ဟု ယုံကြည်စိတ်ချ ယူမှားမိကြသောကြောင့် - မိစ္ဆာဒိဋ္ဌိ အယူမှားရှိသူ လူကြီး လုံးလုံး ဖြစ်လေတော့သည်။
ထို့ ကြောင့်ပင်-
ခန္ဓာဝိနိမုတ္တဿ သတ္တဿဂဟိတတ္တာ ဒိဋ္ဌိဂတံ နာမ ဟောတိ။
ဟု ခန္ဓဝဂ္ဂသံယုတ္တဋ္ဌာ၌ဆိုသည်။
ခန္ဓဝိနိမုတ္တဿ၊ သစ္စာခန္ဓာမှ လွတ်သော။
သတ္တဿ၊ သတ္တဝါကို၊ ဝါ၊ ပုဂ္ဂိုလ်သတ္တဝါရှိ၏ ဟူသော အယူမှားကို။
ဂဟိတတ္တာ၊ အဟုတ်တကယ် ရှိ၏ဟု ယုံကြည်စိတ်ချ၍ ယူမှားမိလေသောကြောင့်။
ဒိဋ္ဌိဂတံနာမ၊ မိစ္ဆာဒိဋ္ဌိ ပုဂ္ဂိုလ်ကြီးလုံးလုံး ဖြစ်တော့သည်။
ဟောတိ၊ ဖြစ်၏။
ဒါဟာ - ရုပ်နာမ်မှန်း သစ္စာမှန်း မသိလို့ ရုပ်နာမ်သစ္စာကိုပင် ပုဂ္ဂိုလ် သတ္တဝါ လို့ ယူမှားသောကြောင့် “မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတာဘဲ၊” အကယ်၍ ရုပ်နာမ်ခန္ဓာ သစ္စာလို့သာ ရှိသိပါက, ရုပ်နာမ်ခန္ဓာကို ရုပ်နာမ်ခန္ဓာ သစ္စာကို သစ္စာလို့ အမှန်ယူပါက, မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်ဘူး။
ရုပ် နာမ် ခန္ဓာ သစ္စာကို ရုပ်နာမ်ခန္ဓာသစ္စာလို့ သိလျှင်လည်း ပုဂ္ဂိုလ်သတ္တဝါဟု မယူဆ၍ ဒိဋ္ဌိ ကွာတော့သည်၊ ဒိဋ္ဌိ ကွာလျှင်လည်း အယူမှားကို တားဆီးနိုင်တဲ့ ဒိဋ္ဌိပဋိသေဓက တရားကို ရရှိ၍ အပါယ်ချသမား အပါယ်ပို့သမား မရှိ၍ အပါယ်မှ လွတ်ရလေတော့သည်။
✅ ဒိဋ္ဌိအယူမှား မဖြစ်
ခန္ဓာသစ္စာ သိတဲ့ခါ “ခန္ဓာနံပါတုဘာဝေါ နသတ္တော ခန္ဓာနံဘေဒေါ နသတ္တော၊ သမ္မောဋ္ဌာနှင့် အညီ၊ ကံအားလျှော်စွာ ဘုံသုံးပါးတို့မှာ ဖြစ်ကြ ပျက်ကြတဲ့ခါ လူ နတ် ဗြဟ္မာ သတ္တဝါ တို့ရဲ့ ဖြစ်မှု ပျက်မှု မွေးမှု သေမှု မဟုတ်၊ ခန္ဓာတို၏၎င်း သစ္စာတို့၏၎င်း ဖြစ်မှု ပျက်မှုသာဖြစ်သည်ဟူ၍ ခန္ဓာဟူသော သစ္စာဟူသော ပရမတ်ကို ပေါက်အောင် - ရောက်အောင် - ထိအောင် - မိအောင်၊ ဝါ၊ ပညတ် မဘက် ပရမတ်သက်သက် ပရမတ်စစ်စစ် အယူမှန်ကိုယူသောကြောင့်၊ ဝါ၊ ဖြစ်ပျက် မနား သင်္ခါရတရားတို့၏ အကြောင်းအကျိုး အားဖြင့် ဖြစ်ခြင်း ပျက်ခြင်း မျှသာ၊ ဝါ၊ သင်္ခါရတရားတို့၏ မဖြစ်ခြင်းမျှသာဟု သမ္မာဒိဋ္ဌိအယူမှန်ကို ယူသောကြောင့် .“မိစ္ဆာဒိဋ္ဌိအယူမှား မဖြစ်ဘဲ” သာသနာတော်၌ သက်ဝင်သော သမ္မာဒိဋ္ဌိ အယူမှန် ဖြစ်လေသည်။
ထို့ကြောင့်ပင်-
သင်္ခါရပဝတ္တမေဝ အပ္ပဝတ္တံဟောတီတိ သစေ ဘဝေယျံ ဒိဋ္ဌိ ဂတံနာမ နဘဝေယျ သာသနစာရိကံ ဘဝေယျ။ ။ ဟု
(ခန္ဓဝဂ္ဂ၌ ဖွင့်ပြသည်။)
သင်္ခါရပဝတ္တမေဝ၊ သင်္ခါရတရားတို့၏ ဖြစ်ခြင်းသည်သာလျှင်။
အပဝတ္တံ၊ မဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
သစေဘဝေယျ၊ အကယ်၍ အယူရှိသည်ဖြစ်ငြားအံ့။
ဒိဋ္ဌိဂတံနာမ၊ သတ္တဝါရှိ၏ဟူသော မိစ္ဆာဒိဋ္ဌိ အယူမှားသည်။
နဘဝေယျ၊ မဖြစ်ရာ။
သာသနစာရိကံ၊ သာသနာတော်၌ သက်ဝင်သော သမ္မာဒိဋ္ဌိ အယူမှန်သည်။
ဘဝေယျ၊ ဖြစ်ရာ၏။
သင်္ခါရကို ရဟန္တာပုဂ္ဂိုလ်ဟု အယူမှားသော ယမက၏ အယူမှားကို ပြဆိုတဲ့ နေရာတည်း။
မယ်တော်မိနတ်သား သောတာပတ္တိဖိုလ်တရား
အလောင်းတော်မြတ် ဗောဓိသတ်၏ မယ်တော် ဖြစ်ခဲ့ဘူးသော သန္တုဿီတ နတ်သား သည် သားတော်ဘုရားဖြစ်၍ ခြောက်ဝါအလွန် ခုနစ်ဝါ အမြောက်တွင် မယ်တော် ကျေးဇူးကို အထူးဆပ်ခြင်းငှါ တာဝတိံသာ နတ်ပြည်သို့တက်၍ မယ်တော်မိနတ်သားကို အမှူးထားကာ တဝါတွင်းလုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူရာ, ကုဋေ ရှစ်သောင်းခန့်မျှ နတ် ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြရာ မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿီတ နတ်သား မှာ ဘယ်တရားများ ရရှိလိုက်ပါသလဲ ဆိုတဲ့ အမေး၌ အဘိဓမ္မာ ဒေသနာ ပရိယောသာနေ မဟာမာယာပိ သောတာပတ္တိဖလေ ပထိဋ္ဌာတိ ဆိုတဲ့ အဋ္ဌသာလိနီ နှင့် အညီ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် ဖြစ်ပါသည်ဟု ဖြေရန်ရှိ၏။
ထို့ကြောင့်...
တဝါတွင်းလုံး၊ ယူကြုံးရုပ်နာမ်၊
ငါ့ဟောသံကို၊ နာခံမှန်စွာ၊
စိမ့်စိမ့်နာသော်၊ ကင်္ခါဒိဋ္ဌိ၊
မစွန်းငြိတည့်၊ အာဒိဖလ၊
ဖိုလ်အစကို၊ ရတုံလေလျှင်း၊
တုတ်နှောင်ကင်းသည်၊
မိရင်းဘဝ ညာဆန်တည်း
ဟု-ဇာတ်ပေါင်းစုလင်္ကာ၌ စပ်ဆိုခဲ့ပေသည်။
အဓိပ္ပါယ်
တာဝတိံသာနတ်ပြည်မှာ တဝါတွင်းလုံး ရုပ်နာမ်ခန္ဓာ ဓာတ် သစ္စာနှင့်စပ်တဲ့ အမြတ် တရားတွေကို ရွေးထုတ်၍ အဘိဓမ္မာတရားတွေကို ဟောကြားတော်မူတဲ့ခါ၊ “ဒု သိ ဒိ ပယ်၊ သ သိ ဝိ ပယ်၊ နိ မ သိ သီ ပယ်၊” ဆိုတဲ့အတိုင်း လက်ရှိခန္ဓာကို ဒုက္ခသစ္စာလို့ သိတော့ မသိခင်တုံးက ကိုယ် အတ္တဘဲလို့ အယူလွဲခဲ့တဲ့ - ဒိဋ္ဌိကိုပယ်၊
တဏှာကြောင့် ခန္ဓာ၊ သကြောင့်-ဒု ဖြစ်သည်ဟု သမုဒယသစ္စာကို သိတော့ မသိခင်တုံးက ဘာကြောင့် ညာကြောင့် ဗိဿဏိုးနတ်ကြောင့် ဖြစ်တယ် ဆိုတာဘဲ ဟုတ်မှန်လေသလောဟု ယုံမှားရှိခဲ့ဘူးတဲ့ ဝိစိကိစ္ဆာကင်္ခါ ကိုပယ်၊
တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာခန္ဓာအစဉ်ပြတ်တဲ့ အသင်္ခတဓာတ်နိဗ္ဗာန်ကို နိရောဓသစ္စာနှင့် မဂ္ဂသစ္စာကို သိတော့ မသိခင်တုံးက နွားတို့-ခွေးတို့၏ အလေ့အကျင့်ဖြင့် သံသရာမှစင်ကြယ်၏၊ ဝါ၊နိဗ္ဗာန်သို့ရောက်၏ဟု မှားသောအားဖြင့် နှလုံးသွင်းယူ မှားခဲ့ဘူးသော သီလဗ္ဗတပရာမာသကို ပယ်၍ -
ယူမှားမှု ဒိဋ္ဌိ ယုံမှားမှု ဝိစိကိစ္ဆာ ကိလေသာမရှိလျှင်လည်း အပါယ်ခန္ဓာလည်း မရှိတော့သည်ဖြစ်၍ ဒိဋ္ဌိကိလေသာ အပါယ်ခန္ဓာတို့၏ တဖန်အသစ်မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာနိဗ္ဗာန်ကို မျက်မှောက်မြင်သိ သွားတဲ့ သောတာပတ္တိမဂ်ဉာဏ် အတန်ငယ်အာရုံပြုနေတဲ့ သောတာပတ္တိဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်များ ဆက်လက်ဖြစ်ပေါ်ကာ -
ယူမှားဒိဋ္ဌိ ယုံမှားကင်္ခါများ မစွန်းမငြိ မရှိတော့ဘဲ လောကုတ္တရာဘက်မှာ မဂ်လေးပါး, ဖိုလ်လေးပါးဟု ရှိရာ အစဦးစွာ သောတာပတ္တိမဂ်ဖိုလ်ကိုရ၍ သံသရာအောက် “အကြည်”သို့ မစုံမမျောတော့ဘဲ နိဗ္ဗာန်တည်းဟူသော အထက် “အညာ”သို့ ဆန်တက်သွားလေပြီ၊
အပါယ်ငရဲကို တကယ် ဆွဲဆွဲချတတ်တဲ့ ဒိဋ္ဌိနှောင်ကြိုး ဝိစိကိစ္ဆာ နှောင်ကြိုးကို သောတာပတ္တိမဂ်နှင့် မဖြတ်သမျှ - ခဏခဏ အပါယ်သို့ ကျကျ နေခဲ့ရရာ ယခုအခါ ယခုဘဝမှာ သစ္စာသိတဲ့ သောတာပတ္တိမဂ်နှင့် ဖြတ်လိုက်ပြီး ဖြုတ်လိုက်ပြီး ဖြေလိုက်ပြီး ဖြစ်၍ အဆိုပါ ဒိ-ဝိ နှောင်ကြိုးကင်း၍ နောင်တဖန် အပါယ်သို့ မဆင်းရတော့ဘဲ အပါယ်လေးပါး တံခါးပိတ် အပါယ်လွတ်တရား ရလေပြီဟု ဆိုလိုပေသည်။
တနည်း သစ္စာသိပုံ
ဣဓဘိက္ခဝေ ဘိက္ခု ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊
အယံဒုက္ခ သမုဒယောတိ ယထာဘူတံ ပဇာနာတိ၊
အယံဒုက္ခ နိရောဓောတိ ယထာဘူတံ ပဇာနာတိ၊
အယံဒုက္ခ နိရောဓဂါမိနိပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။
ဘာသာပြန်
(၁) ရဟန်းတို့ - ဤ ငါဘုရား သာသနာတော်၌ ရဟန်းသည် တဏှာမှတပါး တဏှာကိုထား၍ ဘုံသုံးပါးတို့၌ဖြစ်သော ရုပ်နာမ် ခန္ဓာဆိုတဲ့ တေဘူမက ဝဋ်တရား အပေါင်းသည်ကား - ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ ပဋိသန္ဓေကစ, စုတိသေနေ့သို့ ကြအောင် ဆင်းရဲတာ မှန်လှသောကြောင့် ဒု-သစ္စာမည်၏။ ဤ ဒု-သစ္စာသည် ဤတေဘူမက, တရားမျှသာတည်း၊ ဤတေဘူမက တရားထက် အပိုအလွန် မရှိ၊ ဤ တေဘူမက တရား တိတိကျကျသာတည်း ဟု ဒု- သစ္စာကို မဖောက်မပြန် ဟုတ်မှန်စွာ အပြားအားဖြင့်သိ၏။
(ဒု- သည် တေဘူမကတရားထက် ပို-လို မရှိဟုသိသည်ဟူလို။)
ဤကား-ဆင်းရဲအမှန်တည်း။
(၂) ရဟန်းတို့၊ (ချန်ထားခဲ့သော) ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာသည်ကား ဖြစ်လိုလျှင် ဖြစ်ပြန်ဦးမှာမို့ ဖြစ်ပြန်လျှင် ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိ စသော ကုန်အောင် စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့နှင့် မုချတဖန် ပြန်၍ တွေ့ရဦးမည်ဖြစ်၍ ဆင်းရဲကိုဖြစ်စေတာ ဖြစ်စေမှာ မှန်လှသောကြောင့် သ-သစ္စာမည်၏။ ဤ သ-သစ္စာသည် ဤ တဏှာလောဘ မျှသာတည်း၊ ဤ တဏှာလောဘထက် အပိုအလွန် မရှိ၊ တဏှာ တိတိကျကျ သာတည်း ဟု သ-သစ္စာကို မဖက်မပြန် ဟုတ်မှန်စွာ အပြားအားဖြင့် သိ၏။
(သ-သည် တဏှာထက် ပို-လိုမရှိဟု သိသည်ဟူလို)
ဤကား-ဆင်းရဲကြောင်းအမှန်တည်း။
(၃) ရဟန်းတို့၊ ဤ ဒု-သ, နှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း ဖြစ်တဲ့ နိဗ္ဗာန်သည်ကား-တဏှာ ခန္ဓာ အသစ် မဖြစ်တော့ဘဲ အမြဲငြိမ်းအေးရာ အစစ်ဧကန်ဖြစ်၍ ချမ်းသာရာ အေးမြရာ မှန်လှသောကြောင့် နိ-သစ္စာ မည်၏။ ဤ နိ-သစ္စာသည် ဤနိဗ္ဗာန်မျှသာတည်း၊ ဤ နိဗ္ဗာန်သက် အပို အလွန် မရှိ နိဗ္ဗာန် တိတိကျကျမျှသာတည်းဟု နိရောဓသစ္စာကို မဖောက်မပြန် ဟုတ်မှန်စွာ အပြားအားဖြင့် သိ၏။
(နိ-သည် နိဗ္ဗာန်ထက် ပို-လိုမရှိဟု သိသည်ဟူလို)
ဤကား - ချမ်းသာအမှန်တည်း။
(၄) ရဟန်းတို့၊ ဤ မဂ္ဂင်ရှစ်ပါးသည်ကား-ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကောင်းသော အကျင့် မှန်လှသောကြောင့်-မ-သစ္စာ မည်၏။ မ-သစ္စာသည် ဤမဂ္ဂင် ရှစ်ပါးမျှသာတည်း၊ ဤ မဂ္ဂင်ရှစ်ပါးထက် အပိုအလွန် မရှိ၊ မဂ္ဂင် ရှစ်ပါး တိတိကျကျမျှသာတည်းဟု မ-သစ္စာကို မဖောက်မပြန် ဟုက်မှန်စွာ အပြားအားဖြင့် သိ၏။
(မ- သည် မဂ္ဂင်ထက် ပို-လိုမရှိဟု သိ၏ဟူလို)
ဤကား-ချမ်းသာကြောင်းအမှန်တည်း၊
သောတာပတ္တိမဂ်
ဧ၀မေတ္ထ စတူဟိသစ္စေဟိ သောတာပတ္တိမဂ္ဂေါ ကထိတော။
(၎င်းသုတ်အဖွင့်-ဋ္ဌာ။)
ဧဝံ၊ ဤသို့။
ဧတ္ထ၊ ဤသုတ်၌။
စတူဟိ၊ လေးပါးကုန်သော။
သစ္စေဟိ၊ ဒု သ နိ မ သစ္စာတို့ဖြင့်။
ဝါ၊ ဤကား-ဒု, စသည်ဖြင့် သစ္စာလေးပါးတို့ကို သိသော မဂ်ဉာဏ် လေးပါးတို့ဖြင့် သောတာပတ္တိမဂ္ဂေါ၊ သောတာပတ္တိမဂ်ကို။
ကထိတော၊ ဟောတော်မူအပ်၏။
အဓိပ္ပါယ်
ဤသုတ်၌ သစ္စာလေးပါးတို့ကို သရုပ်သင်္ချာ အရေအတွက် နှင့်တကွ တိတိကျကျ ပိုင်းပိုင်းခြားခြား မဖောက်မပြန် ဟုတ်မှန်စွာ ထိုးထွင်း၍ သိတဲ့ ဉာဏ်လေးပါးဟာ မဂ်ဉာဏ်လေးပါးပါဘဲ၊ ဤလိုသစ္စာကို ထိုးထွင်း၍ သိတဲ့ မဂ်ဉာဏ်လေးပါးနှင့် ပြည့်စုံ နေတဲ့အတွက် သောတာပတ္တိမဂ်သို့ ရောက်သောသူဟု ဆိုလိုပေသည်၊
ထို့ကြောင့် သောတာပတ္တိမဂ်သို့ ရောက်၍ သောတာပန် ဖြစ်လိုသောသူ၊ အပါယ်လွတ် တရား ရလိုသော သူတို့သည် သစ္စာသိအောင် အမြန်ကြိုးစားသင့်ပေသည်။
ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ
အလုံးစုံကို အကုန်သိသော ဘုရားမြတ်စွာ စိန္တေယျာသည် လူနတ်တို့အား၊ တရားကို သိ၍၊ ဝါ-သစ္စာသိ၍ သောတာပန် စသော အရိယာများ ဖြစ်သွားစေနိုင်ခြင်း အကျိုးငှါ၊ ရံခါ သာသ၀ အနာသဝ မခွဲဘဲ တတွဲထဲ ဟောတော်မူလိုတဲ့ခါ “ပဉ္စက္ခန္ဓာ” ဟူ၍၎င်း၊ ရံခါ အနာသဝမဘက် သာသဝ သက်သက်၊ ဝါ-ဝိပဿနုပဂ သက်သက် ခွဲထုတ်၍ ဟောတော်မူလိုတဲ့ခါ “ပဉ္စုပါဒါနက္ခန္ဓာ” ဟူ၍၎င်း ဟောတော်မူလေ့ ရှိသကဲ့သို့၊ ထို့တူပမာ-။
သစ္စာလေးပါး မြတ်တရားတို့ကိုလည်း သရုပ်အားဖြင့် ရံခါ “ဣဒံ ဒုက္ခန္တိ။ပ။ ပဇာနာတိ” ဟူ၍ သရုပ်အရေအတွက်နှင့်တကွ ပြတော်မူလေ့ ရှိပါသည်။
ပရိယာယ်အားဖြင့် -
ရံခါ -
ဣမေအာသ၀တိ ယထာဘူတံ ပဇာနာတိ၊
အယံအာသဝ သမုဒယောတီ ယထာဘူတံ ပဇာနာတိ၊
အယံအာသဝနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊
အယံအာသဝ နိရောဓဂါမိနိပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။
ဟူ၍လည်း ပရိယာယ်အားဖြင့် ဟောတော်မူလေ့ ရှိပါသည်။ ဤလိုဤပုံ သစ္စာလေးပါး တို့ကို ရံခါ-သရုပ်အားဖြင့်၊ ရံခါ-ပရိယာယ်အားဖြင့် နှစ်မျိုး နှစ်စားထား၍ ဟောကြား တော်မူလေ့ ရှိပေသည်ဟု သိရမည်၊ ထိုတွင် သရုပ်အားဖြင့် ဟောကြားတော် မူအပ်သော သစ္စာလေးပါး၏ အနက်သွားကို အောက်နားက ရေးပြခဲ့ပေပြီ၊ ယခုအခါ ပရိယာယ်အားဖြင့် ဟောကြားတော် မူအပ်သော သစ္စာလေးပါးတို့၏ အနက်သွားကို ရေးပြပေအံ့။
အနက်
“ဒု”ဣမေ၊ ဤ လောဘ ဒိဋ္ဌိ မောဟ တရားကိုယ် သုံးပါးတို့သည်။
အာသဝ၊ ဘုံအားဖြင့် ဘဝဂ်, ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် နှိပ်စက်ယိုစီး ဖျက်ဆီး တတ်သော အာသဝေါတရား ဒုက္ခသစ္စာ မည်ကုန်၏။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်စွာ။
ပဇာနာတိ၊ အပြားအားဖြင့် သိ၏။
(ဤကား - အာသဝ တရားကိုယ် ထိုက်သော တရားသုံးပါးလုံးကိုပင် မခွဲဘဲ တတွဲထဲ လုံး၍ ဟောတော်မူသည်ဟု သိလေ။)
“သ” အယံ၊ ဤလောဘသည်။
အာသဝသမုဒယော၊ အာသဝေါတရားတို့၏ ဖြစ်ကြောင်း သမုဒယသစ္စာ မည်၏။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။
ပဇာနာတိ၊ အပြားအားဖြင့်သိ၏။
(ဤကား-အာသဝတရားကိုယ် သုံးပါးထဲက အကြောင်းဖြစ်တဲ့ အာသဝကို ခွဲထုတ်၍ ဟောတော်မူခြင်း ဖြစ်သည်ဟု သိလေ။)
“ နိ” အယံ၊ ဤဗ္ဗာန်သည်ကား။
အာသဝနိရောဓော၊ အာသဝေါတရားတို့၏ ကုန်ဆုံးချုပ်ငြိမ်းရာ နိရောဓသစ္စာ မည်၏။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။
ပဇာနာတိ၊ အပြားအားဖြင့်သိ၏။
“မ” အယံ၊ ဤမဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည်ကား။
အာသဝနိရောဓဂါမိနိပဋိပဒါ၊ အာသဝေါတရားတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကောင်းသောအကျင့် မဂ္ဂသစ္စာ မည်၏။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။
ပဇာနာတိ၊ အပြားအားဖြင့် သိ၏။
မှတ်ချက်
အာသဝ-ဆိုသည်မှာ “အာသဝန္တီတိ အာသဝါ” နှင့်အညီ အဆိုပါ “လောဘ ဒိဋ္ဌိ မောဟ” ဆိုတဲ့ အာသဝေါတရားတို့သည် ဘုံအားဖြင့် အထက်ကို ဘဝဂ် အောက်ကို အဝီစိ, ဓမ္မ အားဖြင့်တော့ မဂ် ဂေါတြဘူစိတ် ဖြစ်သည်တိုင်အောင် လူ နတ် ဗြဟ္မာ သတ္တဝါတို့အား နှိပ်စက် ဖျက်ဆီး ယိုစီးတတ်သော တရားဆိုး - တရားမျိုးများသာ ဖြစ်ကြ၍ “အာသ၀” ဆိုသည်။
ကြာမြင့်စွာ ထုံအပ်သော သေအရက်တို့ ကဲ့သို့တည်း၊ ဝါ၊ သေများ အရက်များနှင့် တူနေတဲ့တရားမျိုးဟု ဆိုလိုပေသည်။
အာသဝေါကွာတဲ့ အသိ
တဿ ဧဝံ ဇာနတော ပဿတော ကာမာသဝါပိ စိတ္တံဝိမုစ္စတိ၊ ဘဝါသဝါပိ စိတ္တံဝိမုစ္စတိ အဝိဇ္ဇာသဝါပိ စိတ္တံဝိမုစ္စတိ ဝိမုတ္တသ္မိံ ဝိမုတ္တမှိတိ ဉာဏံဟောတိ ခီဏာဇာတိ ဝုသိတံ ဗြဟ္မစရိယံ ကတံ ကရဏီယံ နာပရံ ဣတ္ထာယာတိ။
(တိက-အင်္ဂုတ္တရပါဠိ။)
ဧဝံ၊ ဤသို့။
ဇာနတော၊ သစ္စာလေးပါးတို့ကို သရုပ်တရားကိုယ် အရအားဖြင့်၎င်း, ပရိယာယ် ကိလေသာ အာသဝ အရအားဖြင့်၎င်း, ထိုးထွင်း၍ သိသော။
ဧဝံ၊ ဤသို့။
ပဿတော၊ မြင်ထသော။
တဿ၊ ထိုသူအား။
ဝါ၊ ထိုသူ၏။
စိတ္တံ၊ ငါးပါးအာရုံ ကာမဂုဏ်တို့၌ တပ်မက်တတ်သော။
ဝါ၊ လိုချင် ရချင်သော လောဘစိတ်သည်။
ကာမာသဝါပိ၊ ငါးပါးအာရုံ ကာမဂုဏ်တို့၌ စုံစုံမက်မက် ခုံခုံတက်အောင် တပ်မက် နှစ်သက်တတ်သော လောဘဟု ဆိုအပ်သော ကာမာသဝမှလည်း။
ဝိမုစ္စတိ၊ လွတ်၏။
ဝါ၊ လိုချင်မှု ရချင်မှု နှစ်သက်မှုမှ ကင်းလွတ်သွား၏။
ဘဝါသဝါပိ၊ ခုဘဝ သေပေသည့် နောက်ဘဝ ဖြစ်ဦးမှာဘဲ မြဲ၏ ဟုယူသော သဿတဒိဋ္ဌိ, ခုဘဝ သေရင် ပြီးတာဘဲ နောက်လဲ ဘာမှ မဖြစ်တော့ဘူး ပြတ်၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွသော ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ ပေါနောဗ္ဘဝိက ဘဝတဏှာခေါ်တဲ့ လောဘဟုဆိုအပ်သော ဘဝါသဝ မှလည်း။
စိတ္တံ၊ စိတ်သည်။
ဝိမုစ္စတိ၊ လွတ်၏။
ဝါ၊ ဘုံသုံးပါးတို့တွင် ဘယ်ဘုံ ဘယ်ဘဝမှာမှ မဖြစ်လို မဖြစ်ချင်တော့ပြီ။
ဝါ၊ ဖြစ်လိုဖြစ်ချင်တဲ့စိတ် လုံးလုံးကြီး မရှိတော့ပြီ။
အဝိဇ္ဇာသဝါပိ၊ သစ္စာလေးပါးတို့၌ ဤကား-ဒု၊ ဤကား-သ၊ ဤကား-နိ၊ ဤကား-မ ဟု မှုံမှုံမွဲမွဲ နဲနဲကလေးမှ မသိရအောင် ပိတ်ပင် ဖုံးလွှမ်းထားတဲ့ မောဟလေးပါးဟု ဆိုအပ်သော အဝိဇ္ဇာသဝမှလည်း။
စိတ္တံ၊ သစ္စာမသိမှု မောဟစိတ်သည်။
ဝိမုစ္စတိ၊ သစ္စာသိတော့ လွတ်၏။
ဝိမုတ္တသ္မိံ၊ အလွဲအမှား အစွဲတရား အစွဲအလမ်း ဖြစ်သော ကိလေသာ အစွဲတရား အမျိုးမျိုးတို့မှ တခုမကျန် အကုန်လုံး လွတ်သွားလေတော့သည်။
အမှိ၊ ဖြစ်လေပြီတကား။
ဣတိ၊ ဤသို့။
ဉာဏံ၊ ဆင်ခြင်၍ သိတတ်သော ပစ္စဝေက္ခဏာဉာဏ် ဆဲ့ကိုးတန်သည်။
ဟောတိ၊ ဖြစ်ပေါ်လာတော့၏။
မေ၊ ငါ့အား။
ဇာတိ၊ ဘုံသုံးပါးတို့၌ မရပ်မနား တဖါးဖါး ပဋိသန္ဓေ နေရခြင်း ဟူသော ဇာတိသည်။
ခီဏာ၊ အကုန်လုံး ကုန်လေပြီ။
ဗြဟ္မစရိယံ၊ အခါခါတွယ် တဏှာပယ်တဲ့ မဂ်အကျင့်ကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီ။
ကရဏီယံ၊ တဆဲခြောက်၀, မဂ်ကိစ္စကို။
ကတံ၊ တမဂ်လျှင်လေးကြိမ် လေးမဂ်တော့ ဆဲ့ခြောက်ကြိမ် ပြုအပ်လေပြီ။
ဣတ္ထတ္ထာယ၊ ဤ တဆဲ့ခြောက်ပါးသော မဂ်ကိစ္စအကျိုးငှါ။
အပရံ၊ တပါးသော ပြုဘွယ်ကိစ္စသည်။
န၊ မရှိတော့ပြီ။
ဣတိ၊ ဤသို့။
ပဇာနာတိ၊ သိ၏။
ဘယ်ဇာတိ ကုန်သလဲ?
ဤ၌ “ခီဏာဇာတိ” အရ၊ ဇာတိကုန်ပြီဟုဆိုထားရာ၊ “အတိတ် ပစ္စုပ္ပန် အနာဂတ်”ဟု ကာလသုံးပါးရှိရာ၊ ဘယ်ဇာတိ ကုန်သလဲဆိုတဲ့ အမေး၌ အတိတ်ဇာတိ ကုန်သလော? အတိတ်ဇာတိလဲ မကုန်၊ အဘယ်ကြောင့် ကုန်ပြီးဖြစ်သောကြောင့်ပါတည်း။
သို့မဟုတ် အနာဂတ်ဇာတိ ကုန်သလော? အနာဂတ်ဇာတိလည်း မကုန်၊ အဘယ်ကြောင့် မဖြစ်သေးသောကြောင့်တည်း။
ပစ္စုပ္ပန်ဇာတိ ကုန်သလော? ပစ္စုပ္ပန်ဇာတိလဲ မကုန်၊ အဘယ်ကြောင့် ဖြစ်ဆဲဖြစ်နေ သောကြောင့်ပေတည်း။
ဒါဖြင့်ရင် ဘယ်ဇာတိ ကုန်သလဲဆိုတဲ့ အမေး၌ - ယခုလို မဂ္ဂသစ္စာ မဂ်ကိုမပွါးများ ပါလျှင်၊ ဝါ၊တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့်ပါလျှင် ဧကဝေါကာရ-တခုသောခန္ဓာ၊ စတုဝေါကာရ - လေးခုသောခန္ဓာ၊ ပဉ္စဝေါကာရ - ငါးခုသော ခန္ဓာတို့သည် အသစ် အသစ် ဖြစ်ခွင့်ရှိသော “ဥပ္ပဇ္ဇနာရဟ”ကိလေသာခန္ဓာတို့သည် မဂ်ကိုပွါးသောကြောင့် ဝါ၊တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်သောကြောင့် မဂ်၏ ရှေ့အဘို့မှာ တဒင်္ဂ စသည်ဖြင့် ချုပ်ငြိမ်း၍ မိမိတို့၏ မဂ်ခဏ - မဂ်ခဏတို့မှာ မိမိတို့၏ မဂ်နှင့်ဆိုင်ရာ အကြွင်းအကျန်မရှိ သမုစ္ဆေဒအားဖြင့် ချုပ်ငြိမ်း၍သွားသောကြောင့်၊ ပရိနိဗ္ဗာနစုတိဘင်္ဂက္ခဏ ဟိုဘက် အကျမှာ - “အနုပါဒါနော ဇာတဝေဒေါဝိယ” နှင့်အညီ၊ လောင်စာမရှိသော လောင်စာကုန်သော၊ ဝါ၊ ဆီကုန်ခမ်းသော၊ ဝါ၊ မီးစာလဲကုန် ဆီလဲခမ်းသော မီးသည် ငြိမ်းလေပြီး သကဲ့သို့၊ ထို့တူပမာ- တဖန် ဖြစ်ခွင့် မရှိသော ကိလေသာခန္ဓာ ဇာတိ ကုန်သည်ကို သိသည်ဟု ဖြေလေ။
မဂ်ကိစ္စ တဆဲ့ခြောက်ချက်မှာ
သစ္စာလေးပါးတို့တွင် တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် မျက်မှောက်မြင်သိတဲ့ခါ …
- ဒု-ကို ပိုင်းခြား၍ သိခြင်း - ပရိညေယျကိစ္စ၊
- သ-ကို ပယ်ခြင်း - ပဟာတဗ္ဗကိစ္စ၊
- နိ-ကို မျက်မှောက် ပြုခြင်း-သစ္ဆိကာတဗ္ဗကိစ္စ၊
- မ-ကို ပွါးခြင်း - ဘာဝေတဗ္ဗကိစ္စ
ဟု မဂ်ကိစ္စ လေးချက်၊
ထို့အတူ-သကဒါဂါမိမဂ်၌ လေးချက်၊
အနာဂါမိမဂ်၌ လေးချက်၊
အရဟတ္တမဂ်၌ လေးချက်စီ
ဖြစ်၍ ၄x၄=၁၆ ဖြစ်၍ မဂ်ကိစ္စ ၁၆-ချက်ဆိုသည်ဟု သိလေ။
စတုသစ္စ ကမ္မဋ္ဌာန်း
ကင်း၍ မဖြစ်
စတုသစ္စပဋိဝေဓဉာဏံ ပန အနုဗောဓဉာဏေန ဝိနာ န ပဝတ္တတိ၊ တသ္မာ အနုဗောဓ-ဉာဏတ္ထာယ ပုဗ္ဗေစတုသစ္စကမ္မဋ္ဌာနံ ပဏ္ဍိတေန သမ္မာရတိ တဗ္ဗန္တိ။ (နမက္ကာရဋီကာ)
ဘာသာပြန်
သစ္စာလေးပါး တို့ကို မဂ်ဉာဏ် လေးပါးတို့ဖြင့် ထိုးထွင်း၍ သိသော ပဋိဝေဓဉာဏ် သည်ကား - လောကီအနုဗောဓဉာဏ်နှင့် ကင်း၍ အကြင်ကြောင့် မဖြစ်၊ ထို့ကြောင့် အနုဗောဓဉာဏ် ရင့်သန် ထက်မာလာစေခြင်း အကျိုးငှါ၊ ပညာရှိသည် ရှေးဦးစွာ စတုသစ္စကမ္မဋ္ဌာန်း ကို ကြိုးပမ်းအပ်၏ ဟူလို။
ဤလိုဤပုံ - နမက္ကာရဋီကာ၌ မိန့်ဆိုအပ်သည်နှင့်အညီ၊ ဤ “သစ္စာ ဥဒ္ဒေသ ပဋ္ဌမခဏ်း” ကို “စတုသစ္စကမ္မဋ္ဌာန်း” ဖြင့် နိဂုံးချုပ်မည်။ သို့ရာတွင် စတုသစ္စ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ စတုသစ္စကမ္မဋ္ဌာန်းကို ပေးတတ်သော ဆရာ့ထံသို့ကပ်၍ စတုသစ္စကမ္မဋ္ဌာန်းကို သင်ကြားနာယူ ရမည်ဟု ဆိုလေသည်။
သင်ယူပုံကား
- တဏှာမှ တပါးသော တေဘူမက ဝဋ်တရားသည်၊ တနည်း - ဥပါဒါနက္ခန္ဓာ ငါးပါးသည် လောကီစိတ် ဧကသီတိ၊ လောဘကြဉ်သော စေတသိက် ဧကပညာသ၊ ရုပ် အဋ္ဌဝီသသည် ….. ဒုက္ခသစ္စာ မည်၏။
- တဏှာ ရာဂ, လောဘသည် …. သမုဒယသစ္စာ မည်၏။
- အသင်္ခတဓာတ်နိဗ္ဗာန်သည် …. နိရောဓသစ္စာ မည်၏။
- မဂ္ဂင်ရှစ်ပါးသည် …. မဂ္ဂသစ္စာမည်၏။
ဤ၌ - စတုသစ္စကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော၊ ဝါ၊ စတုသစ္စကမ္မဋ္ဌာန်းဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို ရလို ရောက်လိုသော ယောဂီဖြူ သူမြတ်တို့သည် အဆိုပါ သစ္စာလေးပါး တို့တွင် - “အယံအဘိနိဝေသော ဝဋ္ဋေယေဝ ဟောတိ နတ္ထိ ဝိဝဋ္ဋေ” ဆိုတဲ့ ဋ္ဌာ-နှင့်အညီ၊ ဒု-သ ဆိုတဲ့ ရှေ့ဝဋ္ဋသစ္စာ နှစ်ပါးတို့၌သာ ကမ္မဋ္ဌာန်း စီးဖြန်းမှုကို ပြုလုပ်ရမည်၊ ဝိဝဋ္ဋဖြစ်သော နောက် နိ-မ သစ္စာတို့၌ ကမ္မဋ္ဌာန်း စီးဖြန်းမှုမရှိဟု ပြဆိုထား သောကြောင့် နိ-မ တို့မှာ “နောဝိပဿနုပဂ” ဝိပဿနာ၏ အာရုံမဟုတ်၍ ဒု-သ တို့သာ “ဝိပဿနုပဂ” ဝိပဿနာ၏အာရုံ ဖြစ်သောကြောင့် ဤလို ပြဆိုထားရာ နိ-မ တို့မှာ လောကုတ္တရာဖြစ်၍ လက္ခဏာတင်၍ မဆင်ခြင်ထိုက်သောကြောင့်ဟု သိရှိလေ။
စီးဖြန်းပုံ
- ပဉ္စက္ခန္ဓာ ဒုက္ခာ
- တဏှာ သမုဒယော
စီးဖြန်းရန် ပါဠိအရ ကျက်ထားပါလေ။
အနက်
မေ၊ ငါ၏။
ပဉ္စက္ခန္ဓာ၊ ဆံအစ ကျင်ငယ်အဆုံး တကိုယ်လုံး တကောင်လုံးရှိ ဖေါက်ပြန်တဲ့အစု - ရူပက္ခန္ဓာ၊
ခံစားတဲ့ အစု - ဝေဒနာက္ခန္ဓာ၊
မှတ်သားတဲ့ အစု - သညာက္ခန္ဓာ၊
ပြုပြင်တဲ့ အစု - သင်္ခါရက္ခန္ဓာ၊
သိတဲ့အစု - ဝိညာဏက္ခန္ဓာ
ဆိုတဲ့ အစုငါးစု ခေါ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်။
ဒုက္ခံ၊ တခုတခုသောဘဝ ပဋိသန္ဓေမှ စုတိသေနေ့သို့ကြအောင် ဆင်းရဲတာ မှန်လှတဲ့ ဒုက္ခတုံး-ဒုက္ခခဲ ဒုက္ခအစုအပုံ ဒုက္ခအသိုက်အအုံကြီးသာ ဖြစ်၍ ဒုက္ခသစ္စာ ပါတကား။
တဏှာ၊ ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ တဖန်တဖန် ပြန်၍ပြန်၍ ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာ လောဘသည်ကား။
သမုဒယော၊ ဖြစ်လို၍ ဖြစ်ပြန်ပါလျှင် ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိ စသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့ကို တစမကျန် ဖြစ်စေတော့တာ, ဖြစ်စေတော့မှာ မှန်လှပါသောကြောင့် သမုဒယသစ္စာ ပါတကား။
(ဤလိုဤပုံ - အကျဉ်းအားဖြင့် စီးဖြန်း။)
အမှာ
ပဉ္စက္ခန္ဓာဒုက္ခာ ဟူ၍၎င်း၊ တဏှာသမုဒယော ဟူ၍၎င်း၊ ပါဠိ သက်သက်ကို နှုတ်က ရွတ်လိုက်တဲ့ခါ ပြဆိုခဲ့ပြီးတဲ့ အနက်အဓိပ္ပါယ်တွေကို ကောင်းကောင်းကြီး စိတ်ထဲ ဉာဏ်ထဲမှာ ထင်ထင်မြင်မြင်ကြီး ရှိအောင် အနက် ထင်ထားပါလေ။
သို့မဟုတ်-
ကတမေ ပဉ္စက္ခန္ဓာ - ရူပက္ခန္ဓော, ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ဝိညာနက္ခန္ဓော။
ဤလို အကျယ်အားဖြင့်၎င်း စီးဖြန်းရမည်၊ ပါဠိအနက် အရကျက်ထားပါလေ။
ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးတို့သည်။
ကတမေ၊ အဘယ်ဟာတို့ပါနည်း ဟူမူကား။
ရူပက္ခန္ဓော၊ အေးလျှင်တဖုံ ပူလျှင်တမျိုး, ဆံဖြူသွားကျိုး ခါးကိုင်း နားထိုင်း အိုမင်း ရင့်ယော် နာသော်တဝ သေချိန်ကျက သေရအောင်ပင် ဖေါက်ပြန်ချင်တိုင်း ဖေါက်ပြန် ၍နေကြတဲ့ သူငါမဟုတ် ရုပ်အစုဟူသော ရူပက္ခန္ဓာ၎င်း။
ဝေဒနာက္ခန္ဓော၊ ကောင်းခံစား ဆိုးခံစား ကောင်းကောင်း ဆိုးဆိုး ခံစားစရာ အမျိုးမျိုး တို့ကို တသက်လုံး ခံစားနေကြတဲ့ သူငါမဟုတ် ခံစားတဲ့အစု ဟူသော - ဝေဒနာက္ခန္ဓာ ၎င်း။
သညာက္ခန္ဓော၊ ကောင်းမှတ် ဆိုးမှတ် ကောင်းကောင်းဆိုးဆိုး မှတ်သားစရာ အမျိုးမျိုး တို့ကို တသက်လုံး မှတ်သားနေကြတဲ့ သူငါမဟုတ် မှတ်သားတဲ့အစု ဟူသော-သညာက္ခန္ဓာ၎င်း။
သင်္ခါရက္ခန္ဓော၊ ကောင်းပြုပြင် ဆိုးပြုပြင် ကောင်းကောင်းဆိုးဆိုး ပြုပြင်စရာ အမျိုးမျိုး တို့ကို တသက်လုံး ပြုပြင်နေကြတဲ့ သူငါမဟုတ် ပြုပြင်တဲ့အစု ဟူသော - သင်္ခါရက္ခန္ဓာ ၎င်း။
ဝိညာနက္ခန္ဓော၊ ကောင်းသိ ဆိုးသိ ကောင်းကောင်း ဆိုးဆိုး သိစရာ အမျိုးမျိုးတို့ကို တသက်လုံး သိသိနေကြတဲ့ သူငါ မဟုတ် သိတဲ့အစု ဟူသော - ဝိညာဏက္ခန္ဓာ၎င်း။
ဣမေပဉ္စ၊ ဤငါးပါး တို့တည်း။
ဣမေပဉ္စက္ခန္ဓာ၊ ဤအစု ငါးစုခေါ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်။
ဒုက္ခာ၊ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တာကြောင့်ဖြစ်တဲ့ ဒုက္ခသစ္စာ တို့သာ ဟုတ်ပါကုန်၏တကား - ဟု စီးဖြန်းလေ။
ဤလို အကျယ်အားဖြင့် ပါဠိ အနက် အရကျက်၍ အသက်ထက်ဆုံး ကြိမ်ဖန်များစွာ အခါခါ သောတာပတ္တိမဂ် ဖြစ်ပေါ်လာသည်တိုင်အောင်၊ ဝါ၊ သောတာပတ္တိမဂ်ကို မရမခြင်း - မပျင်းမရိ လုံ့လရှိရှိ ဇွဲသတ္တိ ကောင်းကောင်းနှင့် စွဲမြဲအားထုတ်သည်ရှိသော် သစ္စာလေးပါးကို သိမြင်သော သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်လာ၏ဟု အဋ္ဌကထာ၌ ပြဆိုထား၏ဟု သိလေ။
မှတ်ချက်
သစ္စာလေးပါးကို သိသောဉာဏ်သည်ကား “မဂ်ဉာဏ်ပေတည်း”။
ဆိုင်ရာ ကိလေသာကို သတ်စေသောကြောင့်တည်း။
တခုတည်းသော မဂ်ဉာဏ်ဖြင့်သိပုံ
ဤလို ဤပုံ - လက်ရှိဘဝ မဂ်ဖိုလ်ရ၍ အပါယ်လွတ်တရားရ မွေးသေလွတ် နိဗ္ဗာန်ကို ရလို၍ စတုသစ္စကမ္မဋ္ဌာန်း ကို စီးဖြန်းမယုတ် ပွါးများ အားထုတ်သည်ရှိသော်- “ဧကပဋိဝေဓေန ပဋိဝေဓော” နှင့် အညီ၊ တခုတည်းသော ပဋိဝေဓ မဂ်ဉာဏ်ဖြင့်၊ ဝါ၊ နိရောဓသစ္စာ နိဗ္ဗာန်အာရုံ တခုတည်းကိုသာ အာရုံပြုသောအားဖြင့် မျက်မှောက်ပြု နေတဲ့၊ ဝါ- နိဗ္ဗာန်ကို ထိုးထွင်း၍ မြင်သိနေတဲ့ ပဋိဝေဓဉာဏ်ဖြင့်သာ, ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း၊ ပရိညာပဋိဝေဓ ပရိညာဘိသယ ကိစ္စဖြင့် ထိုးထွင်း၍သိ ရှေးရှုသိ၏။
သမုဒယသစ္စာကို ပယ်ခြင်း၊ ပဟာနာပဋိဝေဓ ပဟာနာဘိသယကိစ္စဖြင့် ထိုးထွင်း၍သိ ရှေးရှုသိ၏၊
နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း၊ သစ္ဆိကရိယာ ပဋိဝေဓ သစ္ဆိကရိယာဘိသယ ကိစ္စဖြင့် ထိုးထွင်း၍သိ ရှေးရှုသိ၏၊
မဂ္ဂသစ္စာကို ပွါးစေခြင်း ဘာဝေတဗ္ဗ ပဋိဝေဓ ဘာဝေတဗ္ဗဘိသယ ကိစ္စဖြင့် ထိုးထွင်း၍ သိ ရှေးရှုသိ၏။
ဤလိုဤပုံ - မဂ်ခဏ၌ သစ္စာလေးပါးတို့ကို ပဋိဝေဓကိစ္စ၊ အဘိသယကိစ္စဖြင့် တပြိုင်နက် တချက်ထည်း သိသွား၍ မဂ်ရခြင်း ဖိုလ်ရခြင်း နိဗ္ဗာန်ကိုရခြင်း ကိစ္စပြီးစီး သွားသတဲ့...
ဆောင်ပုဒ်
(၁) သစ္စာလေးတန်၊ သိမြင်ပြန်၊ မဂ်ဉာဏ် ဧကန်ဘဲ။
(၂) သစ္စာလေးအင်၊ သိပြန်လျှင်၊ ကိုယ်တွင် ဖိုလ်ဖြင့်မြဲ။
(ဤကား-ရှေ့ ဒု-သ သစ္စာနှစ်ပါးတို့၌ ပွါးများပုံတည်း။)
နိ-မ တို့၌ ပွါးများပုံ
(၁) နိရောဓသစ္စံ ဣဋ္ဌံ ကန္တံ မနာပံ။
(၂) မဂ္ဂသစ္စံ ဣဋ္ဌံ ကန္တံ မနာပံ။
(စီးဖြန်းရန်ပါဠိ အရကျက်ထား။)
(၁) နိရောဓသစ္စံ၊ နိရောဓသစ္စာကို။
ဝါ၊ ဒု-သ သစ္စာနှစ်ပါးတို့၏ တဖန်အသစ် မဖြစ်ရာ နိဗ္ဗာန်ကို။
ဝါ၊ ဖြစ်လိုမှု-တဏှာ, ဖြစ်မှု-ခန္ဓာ နှစ်ပါး တို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ တဏှာ-ခန္ဓာ အသစ် မဖြစ်တော့ဘဲ အမြဲငြိမ်းအေးနေ၍ မွေး သေ လွတ်တဲ့ နိဗ္ဗာန်ကို။
ဣဋ္ဌံ၊ အလိုရှိအပ် ရှာမှီးအပ်၏။
ကန္တံ၊ နှစ်သက်အပ် နှစ်သက်ရမည်။
မနာပံ၊ စိတ်နှလုံးကို ပွါးစေအပ်၏။
ဝါ၊ မွေးသေ အစဉ်စပ်၍ မပြတ်ဖြစ်နေခြင်းကို အလိုမရှိအပ် မွေးသေ အစဉ်ပြတ်၍ နောက်ထပ် အသစ်မဖြစ်တော့ဘဲ အမြဲငြိမ်းအေးနေတဲ့ နိဗ္ဗာန်ကိုသာ လိုလား နှစ်သက် အပ်တဲ့ အာရမ္မဏိက မဂ်စိတ်ကိုသာ ဖြစ်စေအပ်၏။
(၂) မဂ္ဂံသစ္စံ၊ မဂ္ဂသစ္စကို။
ဣဋ္ဌံ၊ အလိုရှိအပ် ရှာမှီးအပ်၏။
ကန္တံ၊ နှစ်သက်အပ် နှစ်သက်ရမည်။
မနာပံ၊ စိတ်နှလုံးကို ပွါးစေအပ်၏။
ဝါ၊ တဏှာပယ်တဲ့ မဂ်အကျင့်ကိုသာ လိုလား နှစ်သက်အပ်၏။
ဖေါဖေါသီသီ
ဤပုံ ဤနည်း – ကြိမ်ဖန်များစွာ အခါခါ ပွါးများ အားထုတ်ခြင်းကို ပြုလေ့ရှိသော ယောဂီသည် တစတစ ဉာဏ်ရင့်လာတဲ့ခါ အဆိုပါ သစ္စာလေးပါးတို့တွင် ရှေ့ဖြစ်သော ဒု-သ သစ္စာနှစ်ပါးတို့၌ တဏှာကြောင့်ခန္ဓာ ဖြစ် ပျက် မွေး သေ, သံသရာရှည်၍ နေကြရသည်တို့ကို သိရှိရိပ်မိလာပြီးလျှင် တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့်သော ကြောင့် တဏှာမသေ၍၊ ဝါ၊ ဘုံသုံးပါး လူနတ်ချမ်းသာတို့၌ တပ်ခြင်း မကင်းသော ကြောင့် ဘုံသုံးပါးတို့၌ ဖြစ်လို၍ ဖြစ်ပြန်ပါလျှင် ဖြစ်ရာ ဘုံဘဝတို့မှာ ဇာတိ ဒုက္ခ စသော ကုန်အောင်စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှ ကြီးလေးလှသော သံသရာ ဝဋ်ဒုက္ခ အပြစ် အာဒိနဝတို့ကို ကောင်းကောင်းကြီး လှလှကြီး ဒုက္ခသစ္စာအစွမ်းကုန် ထင်မြင်လာတဲ့ခါ ဘုံသုံးပါးတို့ကို မီးပုံကြီး သုံးပုံ၊ မီးလောင်အိမ်ကြီး သုံးလုံး၊ မီးလောင်ရွာကြီး သုံးရွာကဲ့သို့ အလွန့် အလွန်ကြီး မုန်းတီးငြီးငွေကာ တဏှာခန္ဓာ ချုပ်ငြိမ်း၍ သင်္ခါရဇာတ်သိမ်းတဲ့ နိရောဓသစ္စာ နိဗ္ဗာန်ကိုသာ ရလိုရောက်လိုတဲ့ အာရမ္မဏိက မဂ်စိတ် ဖိုလ်စိတ် များ ဖြစ်ပေါ်ကာ သောတာပန်စသော အရိယာများပင် ဖြစ်သွားစေနိုင်၍ စေတနာ သဒ္ဓါတရား ဖေါဖေါသီသီ ထား၍ ကြိုးစားသင့်ကြောင်းကို ထပ်လောင်း၍ တိုက်ဘွန်းနှိုးဆော်လိုက်ပါသည်။
တနည်း-
(၁) ဥပ္ပါဒေါ ဒုက္ခန္တိ အဘိညေယျံ၊
(၂) အနုပ္ပါဒေါ သုခန္တိ အဘိညေယျံ၊
စီးဖြန်းရန်ပါဠိ၊ ဒုက္ခနှင့် သုခ စပ်၍ရှုမှတ်ပုံ။
(၁) ဥပ္ပါဒေါ၊ တခုတခုသောဘဝ ပဋိသန္ဓေအစ စုတိအဆုံး တနေ့လုံး တလလုံး တနှစ်လုံး တသက်လုံး တသံသရာလုံး မြစ်ရေပမာ မပြတ်မစဲ ထပ်တလဲလဲ ဖြစ် ပျက် မွေး သေ - ဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေရခြင်းကို။
ဒုက္ခန္တိ၊ ဆင်းရဲတုံး-ဆင်းရဲခဲ ဆင်းရဲအစုအပုံ-ဆင်းရဲအသိုက် အအုံကြီး ပါတကားဟူ၍။
အဘိညေယျံ၊ ထူးသောဉာဏ်ဖြင့် သိအပ်၏။
(၂) အနုပ္ပဒေါ၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့ခါ အရဟတ္တမဂ် နောင်မှာ တဏှာ ပြတ်၍ အရဟန္တစုတိနောင်မှာ ခန္ဓာ ရပ်သောကြောင့် တဏှာခန္ဓာ အသစ်မဖြစ်တော့ဘဲ အမြဲငြိမ်းအေးနေတဲ့ နိဗ္ဗာန်ကို။
သုခန္တိ၊ ဘဝနိဿရဏ အသင်္ခတ အမတမို့ ချမ်းသာစစ် ချမ်းသာမှန် နိဗ္ဗာန် ချမ်းသာ ကြီးပါတကားဟူ၍။
အဘိညေယျံ၊ ထူးသောဉာဏ်ဖြင့်သိအပ်၏။
တနည်း–
ဒုက္ခာသင်္ခါရာ သုခေါ နိရောဓောတိ ဉာတံဟောတိ၊
ဒိဋ္ဌံ ဝိဒိတံ သစ္ဆိကတံ ဖုသိတံ ပညာယာတိ ဒိဋ္ဌိပတ္တော။
ဒုနှင့် သု စပ်၍ ရှုမှတ်ပုံကိုပြသည်။
သင်္ခါရာ၊ သံသရာတခွင် ခန္ဓာအစဉ်က ဖြစ်အစဉ် ပျက်အစဉ်နှင့် လာခဲ့ကြတဲ့ ဖြစ်တရား ပျက်တရား ဖြစ်သမား ပျက်သမား ဖြစ်ပျက်မနားကြတဲ့ ရုပ်နာမ်သင်္ခါရတရားတို့သည်။
ဝါ၊ ဖြစ် ပျက် မွေး သေ, သံသရာရှည်၍ နေရခြင်းသည်။
ဒုက္ခာ၊ ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ ပဋိသန္ဓေအစ စုတိအဆုံး တသက်လုံး ဆင်းရဲတုံး ဆင်းရဲခဲ ဆင်းရဲအစုအပုံ ဆင်းရဲအသိုက်အအုံကြီး ပါတကား။
နိရောဓော၊ တဏှာပယ်သတ် အကျင့်မြတ်ကြောင့် တဏှာခန္ဓာ ချုပ်ငြိမ်း ဘဝဇာတ် ရုပ်သိမ်း၍ အငြိမ်းကြီး ငြိမ်းအေးနေတဲ့ နိဗ္ဗာန်သည်ကား။
သုခေါ၊ ဇာတိအစ, ဘေးဒုက္ခတို့၏ အေးမြရာမှန် ချမ်းသာစစ် ချမ်းသာမှန် နိဗ္ဗာန် ချမ်းသာကြီးပါတကား။
ဣတိ၊ ဤသို့။
ယဿ၊ အကြင် ပုဂ္ဂိုလ်အား။
ဉာတံ၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို သိအပ်ပြီးသည်။
ဟောတိ၊ ဖြစ်၏။
ဒိဋ္ဌံ၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်အပ်ပြီးသည်။
ဝိဒိတံ၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို ထိုးထွင်း၍ သိအပ်ပြီးသည်။
သစ္ဆိကတံ၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်ပြီးသည်။
ဟောတိ၊ ဖြစ်၏။
ပညာယ၊ မဂ်ပညာ ဖိုလ်ပညာ ပစ္စဝေက္ခဏာပညာဖြင့်။
ဖုသိတံ၊ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် တွေ့ထိအပ်၏။
ဣတိ၊ ဤသို့။
သော၊ ထိုပုဂ္ဂိုလ်သည်။
ဒိဋ္ဌိပတ္တာ၊ လွန်ကဲသော သောတာပတ္တိ မဂ်ဉာဏ်ဖြင့် သစ္စာလေးတန်ကို မြင်ပြီးသည်၏ အခြားမဲ့၌ နိဗ္ဗာန်သို့ရောက်သော ဒိဋ္ဌိပတ္တပုဂ္ဂိုလ် မည်၏။
“တိရဏ မတ္တမေဝ ဟောတိ” ဤရုပ်နာမ်ကား - အပူကြီးတည်း၊ ဤ နိဗ္ဗာန်ကား -အအေးကြီးတည်းဟု အပူ နှင့် အအေး အရှုတ် နှင့် အရှင်း အလင်းနှင့် အမိုက်ကဲ့သို့ တဲ့တဲ့ ဆန့်ကျင်ဘက် တို့သာတည်းဟု ဘာဝနာဉာဏ် မဂ်ဉာဏ်ဖြင့် စုံစမ်းဆင်ခြင် သိမြင်ကာမျှသာတည်း ဟူလို။
သိခါပတ္တ ဒါန
ဣမေဓမ္မာ အဘိညေယျာ ဣမေဓမ္မာ ပရိညေယျာ ဣမေဓမ္မာ ပဟာတဗ္ဗာ ဣမေဓမ္မာ သစ္ဆိကာတဗ္ဗာ ဣမေဓမ္မာ ဘာဝေတဗ္ဗာတိသစ္စာနီ ဝိဘာ ဝန္တော အမတာဓိဂမံ ဓမ္မံ ကထေတွာဒေတိ ဣဒံ သိခါပတ္တဒါနံနာမ။
(သံယုတ်-ဋ္ဌာ-ဓမ္မကထိကဝဂ်။)
ဣမေဓမ္မာ၊ ဤသစ္စာလေးပါး တရားတို့ကို။
အဘိညေယျာ၊ ဤရုပ်နာမ် ခန္ဓာကား - ဒုက္ခသစ္စာ
ဤ တဏှာ ရာဂ လောဘသည်ကား - သမုဒယသစ္စာ
ဤနိဗ္ဗာန်သည်ကား - နိရောဓသစ္စာ,
ဤမဂ္ဂင်ရှစ်ပါးသည်ကား - မဂ္ဂသစ္စာ
ဟု ထူးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့်သိအပ်ကုန်၏။
ဣမေဓမ္မာ၊ ဤတဏှာ မှတပါးသော ရုပ်နာမ်ခန္ဓာ ဟူသော ဒုက္ခသစ္စာတို့သည်။
ပရိညေယျာ၊ ခန္ဓာတပါးဖြစ်စေ ခန္ဓာလေးပါးဖြစ်စေ, ခန္ဓာငါးပါးဖြစ်စေ နည်းနည်း များများ ကောင်းကောင်းဆိုးဆိုး ယုတ်ယုတ်မြတ်မြတ် ခန္ဓာမှန်က ပဋိသန္ဓေမှ စုတိသေနေ့သို့ကျအောင် ဆင်းရဲတာ စစ်မှန်လှသော တရားဆိုးတို့ ပါတကားဟူ၍ ပိုင်းခြား၍ သိအပ်ကုန်၏။
ဝါ၊ ပိုင်းခြား၍ သိခြင်းကိစ္စ ရှိကုန်၏။
ဣမေဓမ္မာ၊ ဤ တဏှာ ရာဂ လောဘ ဟူသော သမုဒယသစ္စာတို့ကို။
ပဟာတဗ္ဗာ၊ တဒင်္ဂမှ အရဟတ္တမဂ် သမုစ္ဆေဒကျအောင် ပယ်သက် အပ်ကုန်၏။
ဝါ၊ ပယ်ခြင်းကိစ္စ ရှိကုန်၏။
ဣမေဓမ္မာ၊ ဤတဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာခန္ဓာ အစဉ်ပြတ်၍ နောက်ထပ် အသစ်မဖြစ်တော့ဘဲ အမြဲငြိမ်းအေးနေတဲ့ အငြိမ်းဓာတ် အအေးဓာတ် အသင်္ခတဓာတ် ခေါ်သော နိဗ္ဗာန်ကို။
သစ္ဆိကာတဗ္ဗာ၊ အာရုံပြုသောအားဖြင့် မျက်မှောက် ပြုအပ်ကုန်၏။
ဝါ၊ အာရုံပြုသောအားဖြင့် မျက်မှောက်ပြုခြင်း ကိစ္စရှိကုန်၏။
ဣမေဓမ္မာ၊ ဤမဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားတို့ကို။
ဘာဝေတဗ္ဗာ၊ သမထ ဝိပဿနာအလုပ်ဖြင့် ခန္ဓာအတွင်းသို့ ဝိပဿနာ ဉာဏ်ကိုသွင်း၍ ခန္ဓာကိုယ် အတွင်းသားထဲမှာ မပြတ်မစဲ ထပ်တလဲလဲ တဖွားဖွား ဖြစ်ပျက်နေကြတဲ့ ဖြစ်ပျက်မနား ရုပ်နာမ်နှစ်ပါး မမြဲဆင်းရဲ အစိုးမရတဲ့တရားဟု တတ်တတ် ထင်ထင် တဲ့တဲ့မြင်တဲ့ လောကီ ဝိပဿနာဉာဏ် ဖြစ်ပျက်သင်္ခါရ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို တတ်တတ်ထင်ထင် တဲ့တဲ့မြင်တဲ့ လောကုတ္တရာ မဂ်ဉာဏ် ဖိုလ်ဉာဏ်များ ဖြစ်ပေါ် လာသည်တိုင်အောင် မနေမနား မီးပွတ်သောယောက်ျား ကဲ့သို့ ပွါးများအားထုတ် အပ်ကုန်၏။
ဝါ၊ ပွါးများ အားထုတ်ခြင်းကိစ္စ ရှိကုန်၏။
ဣတိ၊ ဤသို့။
သစ္စာနိ၊ သစ္စာလေးပါးတို့ကို။
ဝိဘာ ဝန္တော၊ ထင်စွာပြလျှက်။
အမတာဓိဂမံ၊ အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်။
ဝါ၊ ရစေတတ်သော။
ဝါ၊ သစ္စာမသိ၍ တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့် သောကြောင့် တဏှာကြောင့် ခန္ဓာ ဖြစ်ပျက်မွေးသေ - ဖြစ်ပျက်မွေးသေ သံသရာရှည်၍နေကြရာ သစ္စာသိတဲ့ခါ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်သောကြောင့် တဏှာခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတ ဓာတ်သို့ ဆိုက်ရောက်သဖြင့် ဖြစ်ပျက်မွေးသေ သံသရာပြတ်၍ မွေးသေလွတ်တဲ့ နိဗ္ဗာန်ကို ရစေ-ရောက်စေ တတ်သော။
ဓမ္မံ၊ အမှန်လေးပါးခေါ်သော သစ္စာလေးပါး တရားထူး တရားမြတ်ကို။
ကထေတွာ၊ တာကြောင့်ခန္ဓာ ဖြစ်ပျက်မွေးသေ သံသရာ ရှည်၍ နေကြသည်။ တဏှာပယ်သတ်တဲ့ခါ တဏှာခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ရောက်သဖြင့် ဖြစ်ပျက်မွေးသေ သံသရာပြတ်၍ ရပ်တော့သည် တိုတော့သည်ဟု နှုတ်ဖြင့်ဟော၍။
ဒေတိ၊ တရားအလှူကြီးကို။
ဝါ၊ မွေးသေလွတ်တဲ့ အလှူကြီးကိုပေး၏။
ဝါ၊ နိဗ္ဗာန်အလှူကြီးကို ပေး၏။
ဣဒံ၊ သစ္စာလေးပါး တရားအလှူကို ပေးလှူခြင်းသည်ကား။
သိခါပတ္တဓမ္မ ဒါနံ နာမ၊ အခြားသော ဒါနမျိုးတို့ထက် ဆယ်ဆတံပိုး တိုး၍ အကျိုးကြီး အကျိုးများလှတဲ့ အထွဋ်အထိပ်သို့ရောက်တဲ့ ဒါနထိပ်သီး - ဒါနအဓိပတိကြီး ဖြစ်တဲ့ ဒါနမျိုးပေတည်း။
ဤလို ဤပုံ - ပိဋကတ်သုံးပုံ၏ အဆီအနှစ် ဖြစ်သော အမှန်လေးပါး ခေါ်သော သစ္စာလေးပါးတို့ကို သူတပါးတို့အား သိနားလည်အောင် တဆင့် ဟောပြော၍ ပေးခြင်း၊ ဤလို ဤပုံ - ပွင့်ပွင့်လင်းလင်း ကျဉ်းကျဉ်းနှင့် ရှင်းရှင်း မသွယ်မဝိုက် တိုက်ရိုက်တဲ့တိုး ဖေါ်ပြ၍ ရေးသား ထားသော စာအုပ်စာတမ်းကို ပုံနှိပ်ထုတ်ဝေခြင်း၊ ကျသင့်သော အဘိုး အခကိုပေး၍ သူတပါးတို့အား အခမဲ့ ပေးဝေလှူဒါန်းခြင်းသည် ဒါန ရိုးရိုးဖြစ်သော မိဿဒါန ဓမ္မဒါနတို့ထက် အထွဋ်အမြတ်ဆုံး ထိပ်တန်း အကျဆုံး ဖြစ်သော “သိခါပတ္တဓမ္မဒါန” မည်သည်ဟု ကျမ်းဂန်တို့၌ လာသောကြောင့် တသက်တွင် - တဘဝတွင် တခါ လှူရခဲလှူနိုင်ခဲတဲ့ သိခါပတ္တ ဓမ္မဒါန အလှူကြီးကို လှူမိတယ် - လှူဘူးတယ်ရှိအောင် မိမိမှတပါး အခြားသော သား, မယား စသော သူတပါးတို့အားလည်း သစ္စာလေးပါး တရားတို့ကို ဟောပြော၍ ပေးသောအားဖြင့် လှူဖြစ်အောင် လှူကြပါလေ၊ သူတော်ကောင်းတွေတို့။
ဧတ္တဝတာ ဘဒ္ဒန္တသုဇနတ္တေရေန ရစိယံ “ဥဒ္ဒေသော” ဂန္ထော သစ္စောဘာသောနာမ နိဋ္ဌိတော။
အနက်
ဧတ္တဝတာဧတ္တဝန္တေန ဝစနက္ကမေန၊ ဤ သစ္စာဥဒ္ဒေသ၌ ပြအပ်သော နမောတဿအစ နိဋ္ဌိတော အဆုံးရှိသော စကားအစဉ်ဖြင့်။
ဘဒ္ဒန္တသုဇနတ္တေရေန၊ “ဘဒ္ဒန္တသုဇန" မထေရ်သည်။
ရစိတော၊ ရေးသားပြုပြင် စီရင်အပ်သော။
ဥဒ္ဒေသော၊ သစ္စာဥဒ္ဒေသခဏ်းဖြစ်သော။
သစ္စောဘာသောနာမ၊ သစ္စာအလင်းပြကျမ်း အမည်ရှိသော။
အယံ ဂန္ထော၊ ဤကျမ်းသည်။
နိဋ္ဌိတော၊ ပြီးပြီ။
ဝါ၊ ဤတွင်တရပ် အဆုံးသတ်ပြီ။
ဝါ၊ နိဋ္ဌံ ဣတောဂတော ပတ္တော၊ ဤတွင် ပြီးဆုံး နိဂုံးသို့ရောက်လေပြီ။
သစ္စာဥဒ္ဒေသ ပဋ္ဌမပိုင်း ဤတွင် ရပ်ဆိုင်းလိုက်ပါသည်။
သစ္စာအလင်းပြ နိဒ္ဒေသခဏ်း
၂။ ဒုတိယခဏ်း
သစ္စာ နိဒ္ဒေသ
အပိုင်း [ ၁ ]
နမော တဿ ဘဂဝတော စတုသစ္စဒေသကဿ နိဗ္ဗာန သမ္ပာပကဿ။
အနက်
နိဗ္ဗာန သမ္ပာပကဿ၊ နိဗ္ဗာန်ထုတ်ချောက် အမှန်ရောက်စေတတ်သော။
စတုသစ္စဒေသကဿ၊ ဒု သ နိ မ လေးဝသစ္စာ မြတ်ဓမ္မာကို သေချာ ဂ-န, ကြောင်းကျိုးပြ၍ ဟောဖေါ်ညွှန်ပြ ဆိုဆုံးမတတ်သော။
တဿဘဂဝတော၊ ထိုမြတ်စွာဘုရားအား။
နမော၊ ကာယ၀စီ မနောချီ၍ သုံးလီညွတ်ကျိုး ထိငါးမျိုးဖြင့် ရှိခိုးပါ၏ဘုရား။
ဤသို့ “သစ္စံ သတ္တော ပဋိသန္ဓိ” စသော ဒေသနာတော် အစဉ်ဖြင့် သစ္စာ ဥဒ္ဒေသ, ပဋ္ဌမခဏ်းကို ပြဆိုပြီး၍၊ ယခုအခါ သစ္စာနိဒ္ဒေသ, ဒုတိယခဏ်းကို ပြဆိုပေအံ့ သတည်း။
ပြဆိုလတ္တံ့သော သစ္စာနိဒ္ဒေသ၌ ဦးရေခေါင်းစဉ် မာတိကာများ
- ၁။ ခွဲခြမ်းဝေဘန်၍ ပြခြင်း၊
- ၂။ စကားအဓိပ္ပါယ် လက္ခဏာ စသည်ကို ပြခြင်း၊
- ၃။ သစ္စာ၏ အနက်သဘော ထိုသစ္စာ၏အနက်ကို ထုတ်၍ ပြခြင်း၊
- ၄။ သစ္စာလေးပါးကို မယုတ်မလွန်သောအားဖြင့် ပြခြင်း၊
- ၅။ အစဉ်အားဖြင့် ပြခြင်း၊
- ၆။ ဇာတိ စသည်ကို ဆုံးဖြတ်သောအားဖြင့် ပြခြင်း၊
- ၇။ သစ္စာဉာဏ်၏ ကိစ္စကို ပြခြင်း၊
- ၈။ သစ္စာ၌ အတွင်းဝင်သောတရားကို ပြခြင်း၊
- ၉။ သစ္စာတို့ကို တူပုံဥပမာအားဖြင့် ပြခြင်း၊
- ၁၀။ သစ္စာတို့ကို စတုက္က အားဖြင့်၎င်း၊ သုညတ အားဖြင့်၎င်း၊ ဧကဝိဓ စသည် အားဖြင့်၎င်း၊ သဘာဂ-ဝိသဘာဂ အားဖြင့်၎င်း ပြဆိုခြင်း။
အထက်အဆိုပါ - မာတိကာတို့တွင် သစ္စာဥဒ္ဒေသ ပဋ္ဌမခဏ်း၌ မပါဝင်သေးသော အချက်တို့ကို၎င်း၊ ပါဝင်ပြီးသော အချက်တို့ကို၎င်း၊ စကား အလျင်းသင့်သည်အား လျော်စွာ ပြဆိုသွားမည် ဖြစ်ကြောင်း။ ဤ သစ္စာနိဒ္ဒေသ ကိုကား - သမ္မောဟဝိနောဒနီ အဋ္ဌကထာ, ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့ကို မှီ၍ ပြဆိုမည် ဖြစ်ကြောင်း။
သစ္စာလေးနက် မချွတ်မယွင်းဖြစ်
“ဒု-သ-နိ-မ”ဟု ဘုရားမြတ်စွာ ဟောတော်မူခဲ့တဲ့ သစ္စာလေးပါးရှိရာ ဒုက္ခသစ္စာ စသည်တို့၏ အနက်တို့သည် လေးပါး လေးပါးစီ ရှိ၏ ဟူ၍ ဝေဘန် ပိုင်းခြား၍ ဟောတော်မူခဲ့ပါသည်၊ ထို အနက်သဘောတို့သည်။ တထာ၊ ဟုဘ်မှန်ကုန်၏။ အဝိတသာ၊ မချွတ်မယွင်းသော သဘော ဖြစ်ကုန်၏။ အနညထာ၊ အဗာဓန စသော တပါးသော အခြင်းအရာအားဖြင့် မဖြစ်ကုန် ဟု ဟောတော်မူခဲ့ပါသည်။
သစ္စာလေးပါး
တပါးလေးနက် ပါဠိသက်သက်
၁။ (ဒု)
ဒုက္ခဿ ပိဠနဋ္ဌော သင်္ခတဋ္ဌော
သန္တာပဋ္ဌော ဝိပရိဏာမဋ္ဌော။
၂။ (သ)
သမုဒယဿ အာယူဟနဋ္ဌော နိဒါနဋ္ဌော
သံယောဂဋ္ဌော ပလိဗောဓဋ္ဌော။
၃။ (နိ)
နိရောဓဿ နိသရဏဋ္ဌော ဝိဝေကဋ္ဌော
အသင်္ခတဋ္ဌော အမတဋ္ဌော။
၄။ (မ)
မဂ္ဂဿ နိယျာနဋ္ဌော ဟေတုဋ္ဌော
ဒဿနဋ္ဌော အဓိပတေယျဋ္ဌော။
မြန်မာပြန်သက်သက်
ဒုက္ခသစ္စာ၏
- နှိပ်စက်ညှင်းဆဲခြင်း အနက်။
- ပြုပြင်အပ်သော အနက်။
- ထက်ဝန်းကျင် ပူလောင်စေခြင်း အနက်။
- ဇရာမရဏတို့ဖြင့် ဘောက်ပြန်ခြင်း အနက်။
ဆောင်ပုဒ်
နှိပ်စက်ပြုပြင်၊ ပူပင် ဘောက်လဲ ဒုက္ခမြဲ၊
မှတ်စွဲ ဒုက္ခသစ္စာ အနက်တည်း။
အဓိပ္ပါယ်
အဆိုပါ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာသည် စတည်၍ ဖြစ်ပေါ် လာသည်ရှိသော် - ဘယ်ဘုံမှာဘဲဖြစ်ဖြစ် ချမ်းသာမဘက် ဆင်းရဲသက်သက်သာ ဖြစ်နေ၍ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာနှင့် ပြည့်စုံသော သူကို “ရောက်ရောက်ခြင်း - ဆောက်ခုံးနှင့်ထွင်း” ဆိုသလို၊ ထိုထိုဖြစ်ရာ ဘုံဘဝတို့၌ ဇာတိဘေး စသော ဘေးဆိုး-ရန်ဆိုး အမျိုးမျိုး တို့ဖြင့် တမျိုးပြီး တမျိုး နှိပ်စက် ညှင်းဆဲခြင်း၊ ကံ စသော အကြောင်းတရားတို့သည် ပြုပြင်စီရင်ခြင်း၊ ဒုက္ခ ဒုက္ခ၏ အဖြစ်ဖြင့် ထက်ဝန်းကျင် ပူလောင်ခြင်း အိုခြင်း နာခြင်း သေခြင်း တို့ဖြင့် တောက်ပြန် ပျက်စီးခြင်း။
(အဆိုပါ လေးပါးတို့ဟာ မချွတ်မယွင်း မြေကြီးလက်ခတ်မလွဲ အမှန်ဘဲတဲ့။)
သမုဒယသစ္စာ၏
- ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကို အသစ်အသစ်ဖြစ်အောင် အားထုတ်ခြင်း။
- ဆင်းရဲဒုက္ခ၏ အကြောင်းရင်း ဆင်းရဲကို ဆောင်နှင်းခြင်း။
- ဝဋ်တွင်းသား သတ္တဝါကို ဆင်းရဲအမျိုးမျိုးတို့နှင့် ယှဉ်စေခြင်း။
- မဂ်ဖိုလ်နိဗ္ဗာန် မရောက် မရအောင် နှောက်ယှက် တားဆီးခြင်း။
ဆောင်ပုဒ်
အားထုတ် ကြောင်းရင်း၊ ယှဉ်စေခြင်းနှင့်၊
တားဆီးခြင်းပါ၊ ဤလေးဖြာ၊
မှတ်ပါ သမုဒယသစ္စာ အနက်တည်း။
အဆိုပါ လေးပါးတို့ဟာ မချွတ်မယွင်း မချက်မလွဲ အမှန်ဘဲတဲ့။
နိရောဓသစ္စာ၏
- သတ္တဝါတို့ကို သံသရာဝဋ်မှ ထွက်မြောက်စေခြင်း။
- ကာမုပဓိ စသည်တို့မှ ဆိတ်သုဉ်းခြင်း။
- ကံ စသော အကြောင်းတရားတို့သည် မပြုမပြင်ခြင်း။
- တဖန် သေခြင်းမရှိ မသေသောသဘောဖြင့် မြဲခြင်း။
ဆောင်ပုဒ်
ထွက်မြောက် ဆိတ်ကွေ၊ မသေမပြု ဤလေးခု၊
မှတ်ရှု နိရောဓသစ္စာ အနက်တည်း။
အဆိုပါ လေးပါးတို့ဟာ မချွတ်မယွင်း မချွတ်မလွဲ အမှန်ဘဲတဲ့။
မဂ္ဂသစ္စာ၏
- သံသရာဝဋ်မှ ထွက်မြောက်ခြင်း။
- နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ခြင်း။
- နိဗ္ဗာန်ကို သိမြင်ခြင်း။
- အာရမ္မဏာဓိပတိပစ္စည်းတပ်၍ သမ္ပယုတ်တရားတို့ကို မိမိက အစိုးရခြင်း။
ဆောင်ပုဒ်
ထွက်မြောက်ရောက်ကြောင်း၊
မြင်ကြောင်းကြီးကဲ သုလမ်းမြဲ။
မှတ်စွဲ မဂ္ဂသစ္စာတည်း။
အဆိုပါ အနက်လေးပါးတို့ဟာ - မချွတ်မယွင်း မချွတ်မလွဲအမှန်ဘဲတဲ့။
သစ္စာအနက် ၁၆-ချက်
(၁) လောကီစိတ်-၈၁၊ လောဘကြဉ်သော စေတသိက်-၅၁၊ ရုပ်-၂၈၊ ဝါ၊ တဏှာ နိဗ္ဗာန် မဂ္ဂင်မှတပါး အလုံးစုံသော စိတ်-စေတသိက် ရုပ်သည်ကား ဒုက္ခသစ္စာ ဖြစ်သည်ဟု ပိုင်းခြား၍ သိအပ်သော ဒုက္ခသစ္စာ၌ ဝဋ်ဆင်းရဲ၌ တပေပေ ကျင်လည် သွား၍နေရသော ဝဋ်ကောင် သတ္တဝါ လူ နတ် ဗြဟ္မာတို့ကို ဘယ်ခါမလပ် အိုဘေး - နာဘေး - သေဘေး စသော ဘေးရန်အပေါင်း ထောင်သောင်းမက အသင်္ခေအနန္တ တို့ဖြင့် မပြတ်နှိပ်စက် တတ်သော - ပိဠနဋ္ဌ အနက်။
ပဋိသန္ဓေအခါ - အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ကံ, ပဝတ္တိအခါ - ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းတရား တို့သည် မပြတ် မစဲ ထပ်တလဲလဲ ပြုပြင်အပ်သော - သင်္ခတဋ္ဌ အနက်။
ဘယ်ခါမလပ် ပူပန်စေတတ်သော - သန္တာပဋ္ဌ အနက်။
ဆံဖြူ သွားကျိုး စသည်ဖြင့် ငယ်မူ ကွယ်ပျောက် ကြီးရောက်အောင် ဘောက်ပြန် တတ်သော ဝိပရိဏာမဋ္ဌ အနက်။
(ဤလို ဒုက္ခသစ္စာ၌ အနက်လေးပါး၊)
.
(၂) ပယ်အပ်သော တဏှာ ရာဂ လောဘ ဟူသော သမုဒယသစ္စာ၌ ဘဝတဘန် ရုပ်နာမ်ခန္ဓာ ဘဝတဘန် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာကို အသစ် အသစ်ဖြစ်အောင် အားထုတ်ခြင်း တည်းဟူသော - အာယူဟနဋ္ဌ အနက်။
ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာ အသစ်အသစ် ဖြစ်ခြင်း၏ အကြောင်းရင်းဖြစ်သော နိဒါနဋ္ဌ အနက်။
သံသရာဝဋ်ဆင်းရဲ၌ အဘန်တလဲလဲ ယှဉ်စေတတ်သော - သံယောဂဋ္ဌ အနက်။
ဖြစ်ပျက်မွေးသေ - ဖြစ်ပျက်မွေးသေ ဆိုတဲ့ သံသရာ ဝဋ်ဆင်းရဲ၌ ဝဋ်တွင်းနေ သတ္တဝါတို့ကို မဂ်ဖိုလ်နိဗ္ဗာန် မရနိုင် - မရောက်နိုင်အောင် ပိတ်ပင်တားဆီး၍ ထားတတ်သော - ပလိဗောဓဋ္ဌ အနက်။
(ဤလို သမုဒယသစ္စာ၌ အနက်လေးပါး။)
.
(၃) မျက်မှောက် ပြုအပ်သော နိဗ္ဗာန်ဟူသော နိရောဓသစ္စာ၌ ဝဋ်တွင်းနေ သတ္တဝါတို့ကို ဝဋ်မှ ထွက်စေတတ်သော - နိဿရဏဋ္ဌ အနက်။
ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ ဟူသော သင်္ခါရတရားတို့၏ ဆိတ်သုဉ်းကင်းငြိမ်းရာ ဟူသော - ဝိဝေကဋ္ဌ အနက်။
ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းတရားတို့သည် မပြုပြင်အပ် မပြုပြင်နိုင်သော - အသင်္ခတဋ္ဌ အနက်။
စုတေခြင်း, သေခြင်းမရှိသော - အမတဋ္ဌ အနက်။
(ဤလို နိရောဓသစ္စာ၌ အနက်လေးပါး။)
(၄) ပွါးအပ်သော မဂ္ဂင်ရှစ်ပါးဟူသော - မဂ္ဂသစ္စာ ၌ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော - နိယျာနဋ္ဌ အနက်။
နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သော - ဟေတွဋ္ဌ အနက်။
နိဗ္ဗာန်ကို မြင်တတ်သော - ဒဿနဋ္ဌ အနက်။
မိမိနှင့် အတူတကွ ဖြစ်သော သမ္ပယုတ်တရားတို့ကို အစိုးရခြင်း ဟူသော - အဓိပတေယျဋ္ဌ အနက်။
(ဤလို မဂ္ဂသစ္စာ၌ အနက်လေးပါး၊)
ဤလို ဤပုံ - သစ္စာတပါးတပါးလျှင် လေးနက်စီဖြစ်၍ သစ္စာလေးပါးသော် ၄x၄ = ၁၆ နက် ဖြစ်သည် ဟူလို။
ဤလို ဤပုံ - သူ့သစ္စာနှင့် သူ့အနက် မရောမယှက်စေဘဲ ပိုင်ပိုင် သိအောင် တွဲဘက်၍ ကြည့်ကြပါလေ။
“ပဋ္ဌမနက်သာ သုသစ္စာ၊ နောက်ဟာ ကြံထောက်ဆ” နှင့်အညီ၊ အဆိုပါ သစ္စာ လေးပါးတို့တွင် တပါးတပါး၌ အနက် လေးပါး-လေးပါးစီ ရှိရာ ရှေးဦးစွာဖြစ်တဲ့ ပဋ္ဌမ အနက်သာ မိမိ-မိမိသစ္စာတို့၏ အနက်ဖြစ်ကြလေသည်။
“ဒု-တ-စ” နောက် သုံးနက်-သုံးနက် တို့မှာမူကား အခြားတပါးသော သစ္စာတို့ကို ထောက်ဆ နှိုင်းခိုင်းမှသာ သိသာ ထင်ရှားနိုင်ပေမည်၊ မိမိသစ္စာမှ ပဋိပက္ခ ဆန့်ကျင်ဘက်အနေ ပြန်လှန်၍ကြည့်မှ သိသာ ထင်ရှားနိုင်ပေမည်။ မိမိဉာဏ် ဦးနှောက်ကို ရှင်းရှင်းထား၍ ကြည့်ရှုပါလေ။
ထို့ကြောင့်ပင် သံခေပဋီကာ၌ -
ပဋ္ဌမံ သက လက္ခဏ မေကပဒံ၊ ဒုတိယာဒိ ပဒဿ နိဒဿနတော။
သ မ နိ၊ ဒု နိ မာ၊ သ မ ဒု၊ သ နိ ဒု၊ ကမတော ဝိဘဇေ ပဋ္ဌမေန ဝိနာ။
ဟု ပြဆိုထားလေသည်။
သ-ဂိုဏ်း လေးခုရှိသော “တောဋက” ဂါထာတည်း။
ဒုတိယာဒိပဒဿ၊ ဒုတိယ စသော ပုဒ်အနက်ကို။
နိဒဿနတော၊ ညွှန်ပြခြင်းကြောင့်။
ပဋ္ဌမံ၊ ရှေးဦးစွာဖြစ်သော။
ဧကပဒံ၊ တခုတခုသော ပုဒ်အနက်သည်။
သကလက္ခဏံ၊ မိမိ-မိမိသစ္စာပုဒ်တို့၏ သဘောလက္ခဏာ အစစ်မည်၏။
ဝါ၊ မိမိသစ္စာ၏ အနက်မည်၏။
သ-မ-နိ သမုဒယသစ္စာ မဂ္ဂသစ္စာ နိရောဓသစ္စာ တို့ကို၎င်း၊
ဒု-နိ-မာ ဒုက္ခသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ တို့ကို၎င်း၊
သ-မ-ဒု သမုဒယသစ္စာ မဂ္ဂသစ္စာ ဒုက္ခသစ္စာ တို့ကို၎င်း၊
သ-နိ-ဒု သမုဒယသစ္စာ နိရောဓသစ္စာ ဒုက္ခသစ္စာ တို့ကို၎င်း။
ပဋ္ဌမေန၊ ပဋ္ဌမအနက်ကို။
ဝိနာ၊ ကြဉ်၍။
ကမတော၊ အစဉ်အတိုင်း။
ဝိဘဇေ၊ ဝေဘန်ရာ၏။
(၁) ဒုက္ခသစ္စာ၌ - နှိပ်စက်တတ်သော “ပီဠန” ဟူသော ပဋ္ဌမအနက်သည် ဒုက္ခသစ္စာ၏ အနက်ရင်းဖြစ်၍ မိမိသဘော လက္ခဏာဖြင့်ပင် ထင်ရှား သိသာလှပေ၏၊
ဒုတိယ သမုဒယသစ္စာ၌ အားထုတ်ခြင်း အနက်ကို မြင်သဖြင့် ထိုးအားထုတ်ခြင်း အနက်ကို နှိုင်းခိုင်း ထောက်ဆ၍ ဒုက္ခသစ္စာ၏ ပြုပြင်တတ်သော “သင်္ခတဋ္ဌ” ဟူသော ဒုတိယ အနက်သည် ထင်ရှားလာလေတော့၏။ ဥပမာ- နတ်သီးကို မြင်ရသော နန္ဒမင်းသားအား ဇနပဒကလျာဏီ၏ အဆင်းမလှ ပျောက်အိုမကြီးကဲ့သို့ ထင်မြင်ခြင်း ဖြစ်သကဲ့သို့ပေတည်း။
တတိယမဂ္ဂသစ္စာ၏ အေးမြခြင်း အနက်ကိုမြင်သဖြင့် ထိုအေးမြခြင်းအနက်ကို နှိုင်းခိုင်း ထောက်စာ၍ ဒုက္ခသစ္စာ၏ ပူလောင်ခြင်း “သန္တာပဋ္ဌ” ဟူသော တတိယ အနက်သည် ထင်ရှား လာလေတော့၏။
မဘောက်မပြန်သော သဘောရှိသော နိရောဓသစ္စာ ကိုမြင်သဖြင့် ထိုမဘောက် မပြန်ခြင်း အနက်ကို နှိုင်းခိုင်းထောက်၍ ဒုက္ခသစ္စာ၏ ဘောက်ပြန် တတ်သော “ဝိပရိဏာမဋ္ဌ” ဟူသော စတုတ္ထအနက်သည် ထင်ရှားလာလေတော့၏။
(ဤကား-ဒု ၌ သိရန်ပေတည်း။)
(၂) သမုဒယသစ္စာ၌ - အားထုတ်တတ်သော “အာယူဟနဋ္ဌ” ဟူသော ပဋ္ဌမအနက်သည် သ-သစ္စာ၏ အနက်ရင်းဖြစ်၍ မိမိသဘော လက္ခဏာဖြင့်ပင် ထင်ရှားသိသာလှပေ၏၊
ဒုတိယ စသော အနက်များမှာ အကျိုးဖြစ်သော ဒုက္ခသစ္စာကို မြင်သဖြင့် သမုဒယ သစ္စာ၏ အကြောင်းဖြစ်သော “နိဒါနဋ္ဌ” ဟူသော ဒုတိယအနက်သည် ထင်ရှားလေ တော့၏။ ဥပမာ-မသင့်မတင့်သာ အစာအဟာရကြောင့် အော့အံခြင်း ရောဂါ၏ အကြောင်းဖြစ်သည်ကို မြင်သကဲ့သို့ပေတည်း။
ဝဋ်ဆင်းရဲ၌ ယှဉ်ခြင်းကင်းသော နိရောဓသစ္စာကို မြင်သဖြင့် သမုဒယသစ္စာ၏ ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော “သံယောဂဋ္ဌ” ဟူသော တတိယအနက်သည် ထင်ရှားလေတော့၏၊
သံသရာဝဋ်မှ ထွက် မြောက်ကြောင်း ဖြစ်သော မဂ္ဂသစ္စာကို မြင်သဖြင့် သမုဒယ သစ္စာ၏ နှောက်ရှက်တတ်သော “ပလိဗောဓဋ္ဌ” ဟူသော စတုတ္ထအနက်သည် ထင်ရှား လေတော့၏။
(ဤကား-သ၌ သိသာရန်ပေတည်း။)
(၃) နိရောဓသစ္စာ၌ - သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်သော “နိသရဏဋ္ဌ” ဟူသော ပဋ္ဌမအနက်သည်- သစ္စာ၏ အနက်ရင်းဖြစ်၍ မိမိ သဘောလက္ခဏာဖြင့်ပင် ထင်ရှားသိသာလှပေ၏၊
ဒုတိယ စသော အနက် များမှာ ကိလေသာမှ မကင်းသော သမုဒယသစ္စာကို မြင်သဖြင့် နိရောဓသစ္စာ၏ ကိလေသာမှ ကင်းဆိတ်သော “ဝိဝေကဋ္ဌ” ဟူသော ဒုတိယ အနက် သည် ထင်ရှားလေတော့၏၊
ပြုပြင်တတ်သော မဂ္ဂသစ္စာကို မြင်သဖြင့် နိရောဓသစ္စာ၏ ပြုပြင်ခြင်းမရှိသော “အသင်္ခတဋ္ဌ” ဟူသော တတိယအနက်သည် ထင်ရှားလေတော့၏၊
သေခြင်းမကင်းသော ဒုက္ခသစ္စာကိုမြင်သဖြင့် နိရောဓသစ္စာ၏ သေခြင်း မရှိသော “အမတဋ္ဌ” ဟူသော စတုတ္ထအနက်သည် ထင်ရှား လေတော့၏။
(ဤကား-နိ ၌ သိရန်ပေတည်း။)
.
(၄) မဂ္ဂသစ္စာ၌ - သံသရာမှ ထွက်မြောက်ကြောင်းဟု ဆိုအပ်သော “နိယျာနဋ္ဌ” ဟူသော ပဋ္ဌမအနက်သည် မဂ္ဂသစ္စာ၏ အနက်ရင်းဖြစ်၍ မိမိ သဘောလက္ခဏာဖြင့်ပင် သိသာထင်ရှားလှပေ၏၊
ဒုတိယ စသော အနက် များမှာ နိဗ္ဗာန်သို့ ရောက်ကြောင်း မဟုတ်သော သမုဒယသစ္စာကို မြင်သဖြင့် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော မဂ္ဂသစ္စာ၏ “ဟေတုဋ္ဌ” ဟူသော ဒုတိယ အနက်သည် ထင်ရှားလေတော့၏။
အာရုံ ပြုအပ်သော နိရောဓသစ္စာကို မြင်သဖြင့် မဂ္ဂသစ္စာ၏ နိဗ္ဗာန်ကို မြင်တတ်သော “ဒဿနဋ္ဌ” ဟူသော တတိယ အနက်သည် ထင်ရှားလေတော့၏။
ဆင်းရဲသော ဒုက္ခသစ္စာကိုမြင်သဖြင့် မဂ္ဂသစ္စာ၏ ကြီးမြတ်သော အစိုးရသော “အဓိပတေယျဋ္ဌ” ဟူသော စထုတ္ထ အနက်သည် ထင်ရှားလေတော့၏။ ဥပမာ-များစွာသော အနာရောဂါ တို့ဖြင့် ကျင်နာနှိပ်စက်၍ ဆင်းရဲပင်ပန်းစွာ အထီးကျန်သော သူကိုမြင်သဖြင့် စည်းစိမ်ချမ်းသာ ရှိသောသူတို့၏ ကြီးမြတ်သော အဖြစ်သည် လွန်စွာ ထင်ရှားသကဲ့သို့ပေတည်း။
(ဤကား-မ၌ သိရန်ပေတည်း။)
.
မှတ်ချက်
အဆိုပါ - ဂါထာကို ရှင်းသည်ထက် ရှင်းအောင် အသီးအသီးယှဉ်၍ အနက်တမျိုး ပေးပြဦးအံ့။ “ပဒဿ” ကို “ပဒံ အဿ”ဟု ပုဒ်ဖြတ်လေ။
(၁) “ဒု” အဿ၊ ထို ဒုက္ခသစ္စာ၏။
သကလက္ခဏံ၊ မိမိ၏လက္ခဏာဖြစ်သော။
ပဋ္ဌမံ၊ ရှေးဦးစွာသော။
ဧကံပဒံ၊ ပီဠနဋ္ဌ ဟူသော အဘို့ကို၎င်း။
ပဋ္ဌမေန၊ ရှေးဦးစွာသော ပီဠနဋ္ဌနှင့်။
ဝါ၊ ကို။
ဝိနာ၊ ကင်း၍။
ဝါ၊ ကြဉ်ထား၍။
ကမတော၊ အစဉ်အတိုင်း သ-မ-နိ သမုဒယ မဂ္ဂ နိရောဓ သစ္စာတို့ကို။
နိဒဿနတော၊ မြင်ရခြင်းကြောင့်။
ဒုတိယာဒိပဒံ၊ နှစ်ခုမြောက်သော သင်္ခတဋ္ဌ စသော အဘို့ကို၎င်း။
ဝါ၊ နှစ်ခုမြောက်သော သင်္ခတဋ္ဌ သုံးခုမြောက်သော သန္တာပဋ္ဌ လေးခုမြောက်သော ဝိပရိဏာမဋ္ဌ အဘို့ကို၎င်း။
ဝိဘဇေ၊ ဝေဘန်ရာ၏။
(ဤကား-ဒု သစ္စာဘို့သက်သက် ဖြစ်တဲ့အနက်ဟု မှတ်။)
.
(၂) “သ” အဿ၊ ထို သမုဒယသစ္စာ၏။
သကလက္ခဏံ၊ မိမိ၏လက္ခဏာ ဖြစ်သော။
ပဋ္ဌမံ၊ ရှေးဦးစွာသော။
ဧကံပဒံ၊ အာယူဟနဋ္ဌ ဟူသော အဘို့ကို၎င်း။
ပဋ္ဌမေန၊ ရှေးဦးစွာသော အာယူဟနဋ္ဌနှင့်။
ဝါ၊ ကို။
ဝိနာ၊ ကင်း၍။
ကမတော၊ အစဉ်အတိုင်း ဒု-နိ-မာ ဒုက္ခနိရောဓ မဂ္ဂသစ္စာ တို့ကို။
နိဒဿနတော၊ မြင်ရခြင်းကြောင့်။
ဒုတိယာဒိပဒံ၊ ခုမြောက်သော နိဒါနဋ္ဌ စသော အဘို့ကို၎င်း၊
ဝါ၊ နိဒါနဋ္ဌ သံယောဂဋ္ဌ ပလိဗောဓဋ္ဌ ဟူသော အဘို့ကို၎င်း။
ဝိဘဇေ၊ ဝေဘန်ရာ၏။
(ဤကား--သ ဘို့သက်သက်။)
.
(၃) “နိ” အဿ၊ ထို နိရောဓသစ္စာ၏။
သကလက္ခဏံ၊ မိမိ၏လက္ခဏာ ဖြစ်သော။
ပဋ္ဌမံ၊ ရှေးဦးစွာသော။
ဧကံပဒံ ၊ နိဿရဏဋ္ဌ ဟူသော အဘို့ကို၎င်း။
ပဋ္ဌမေန၊ ရှေးဦးစွာသော နိဿရဏဋ္ဌနှင့်။
ဝါ၊ ကို။
ဝိနာ၊ ကင်း၍။
ကမတော၊ အစဉ်အတိုင်း သ-မ-ဒု သမုဒယ မဂ္ဂ ဒုက္ခသစ္စာတို့ကို။
နိဒဿနတော၊ မြင်ရခြင်းကြောင့်။
ဒုတိယာဒိပဒံ၊ ၂ ခုမြောက်သော ဝိဝေက စသော အဘို့ကို၎င်း။
ဝါ၊ ဝိဝေကဋ္ဌ အသင်္ခတဋ္ဌ အမတဋ္ဌ ဟူသော အဘို့ကို၎င်း။
ဝိဘဇေ၊ ဝေဘန်ရာ၏။
(ဤကား-နိ ဘို့ သက်သက်။)
.
(၄) “မ” အဿ၊ ထို မဂ္ဂသစ္စာ၏။
သကလက္ခဏံ၊ မိမိ၏လက္ခဏာ ဖြစ်သော။
ပဋ္ဌမံ၊ ရှေးဦးစွာသော။
ဧကံပဒံ၊ နိယျာနဋ္ဌ ဟူသော အဘို့ကို၎င်း။
ပဋ္ဌမေန၊ ရှေးဦးစွာသော နိယျာနဋ္ဌ နှင့်။
ဝါ၊ ကို။
ဝိနာ၊ ကင်း၍။
ကမတော၊ အစဉ်အတိုင်း သ-နိ-ဒု သမုဒယ နိရောဓ, ဒုက္ခသစ္စာတို့ကို။
နိဒဿနတော၊ မြင်ရခြင်းကြောင့်။
ဒုတိယာဒိပဒံ၊ ၂ခုမြောက်သော ဟေတုဋ္ဌ စသော အဘို့ကို၎င်း။
ဝါ၊ ဟေတုဋ္ဌ ဒဿနဋ္ဌ အဓိပတေယျဋ္ဌ ဟူသော အဘို့ကို၎င်း။
ဝိဘဇေ၊ ဝေဘန်ရာ၏။
(ဤကား-မ ဘို့ သက်သက်။)
.
အဓိပ္ပါယ်
(၁) ဒု-၌ ဒုက္ခသစ္စာ၏ “ပိဠနဋ္ဌ သင်္ခတဋ္ဌ သန္တာပဋ္ဌ ဝိပရိဏာမဋ္ဌ” ဟူသော လေးနက်တို့တွင် ပိဠနဋ္ဌ သည် မိမိ ဟူသော ဒုက္ခ သစ္စာ၏ နှိပ်စက်ခြင်းကိစ္စအားဖြင့် ထင်ရှားသည်၊
သင်္ခတဋ္ဌ သည် ပြုပြင်စီရင် တတ်သော သမုဒယသစ္စာကို ထောက်၍ ထိုမှပြန်သော ပြုပြင်စီရင်အပ်သော အားဖြင့် ထင်ရှားသည်၊
သန္တာပဋ္ဌ သည် မပူပန်စေတတ်သော မဂ္ဂသစ္စာကို ထောက်၍ ပူပန်စေတတ်သော အားဖြင့် ထင်ရှားသည်၊
ဝိပရိဏာမဋ္ဌ သည် ဘောက်ပြန်ခြင်း မရှိသော နိရောဓသစ္စာကို ထောက်၍ ထိုမှ ပြန်သော တောက်ပြန်ခြင်း ရှိသောအားဖြင့် ထင်ရှားသည်။
(ဤကား ဒု-ဘို့။)
.
(၂) သ ၌ သမုဒယသစ္စာ၏ အာယူဟနဋ္ဌ နိဒါနဋ္ဌ သံယောဂဋ္ဌ ပရိဗောဓဋ္ဌ ဟူသော လေးနက်တို့တွင် အာယူဟနဋ္ဌ သည် မိမိ ဟူသော သမုဒယသစ္စာ၏ ဒုက္ခကိုပေါင်းစု၍ ဖြစ်စေခြင်း ကိစ္စအားဖြင့် ထင်ရှားသည်။
နိဒါနဋ္ဌ သည် အကျိုးဖြစ်သော ဒုက္ခသစ္စာကို ထောက်၍ ထိုမှပြန်သော အကြောင်း သဘောအားဖြင့် ထင်ရှားသည်၊
သံယောဂဋ္ဌ သည် ဝဋ်၌မယှဉ်သော နိရောမသာကို ထောက်၍ ထိုမှပြန်သော ဝဋ်၌ ယှဉ်စေခြင်းအားဖြင့် ထင်ရှားသည်၊
ပလိဗောဓဋ္ဌ သည် တားမြစ် ပိတ်ပင်အပ်သော မဂ္ဂသစ္စာကို ထောက်၍ ထိုမှပြန်သော တားမြစ် ပိတ်ပင်တတ်သော သဘောအားဖြင့် ထင်ရှားသည်။
(ဤကား သ-ဘို့။)
.
(၃) နိ-၌ နိရောဓသစ္စာ၏ နိသရဏဋ္ဌ ဝိဝေကဋ္ဌ အသင်္ခတဋ္ဌ အမတဋ္ဌ ဟူသော လေးနက်တို့တွင် နိဿရဏဋ္ဌ သည် မိမိဟူသော နိရောဓသစ္စာ၏ ခပ်သိမ်းသော သင်္ခတ တရားတို့မှ ထွက်မြောက်ခြင်း ကိစ္စအားဖြင့် ထင်ရှားသည်၊
ဝိဝေကဋ္ဌ သည် သမုဒယသစ္စာကို ထောက်၍ ၎င်း သမုဒယသစ္စာ၏ ကင်းရာ ဆိတ်ရာ သဘောအားဖြင့် ထင်ရှားသည်၊
အသင်္ခတဋ္ဌ သည် အကြောင်းတရား တို့သည် ပြုပြင် စီရင်အပ်သော မဂ္ဂသစ္စာကို ထောက်၍ ထိုမှပြန်သော အကြောင်းတရားတို့သည် မပြုပြင်အပ်သော သဘော အားဖြင့် ထင်ရှားသည်၊
အမတဋ္ဌ သည် ဘောက်ပြန်တတ်သော ဒုက္ခသစ္စာ ကိုထောက်၍ ထိုမှပြန်သော မဘောက်ပြန်သော သဘောအားဖြင့် ထင်ရှားသည်။
(ဤကား နိ-ဘို့။)
.
(၄) မ–၌ မဂ္ဂသစ္စာ၏ နိယျာနဋ္ဌ ဟေတုဋ္ဌ ဒဿနဋ္ဌ အဓိပတေယျဋ္ဌ ဟူသော လေးနက်တို့တွင် နိယျာနဋ္ဌ သည် မိမိဟူသော မဂ္ဂသစ္စာ၏ သံသရာမှ ထွက်မြောက်ခြင်း ကိစ္စအားဖြင့် ထင်ရှားသည်။
ဟေတုဋ္ဌ သည် ဝဋ်၏အကြောင်း၊ ဖြစ်သော သမုဒယသစ္စာကို ထောက်၍ ထိုမှပြန်သော ဝဋ်ကင်းခြင်း၏ အကြောင်း သဘောအားဖြင့် ထင်ရှားသည်။
ဒဿနဋ္ဌ သည် မြင်အပ်သော နိရောဓသစ္စာကို ထောက်၍ ထိုမှပြန်သော မြင်တတ် သော သဘောအားဖြင့် ထင်ရှားသည်။
အဓိပတေယျဋ္ဌ သည် ပူပန်စေတတ်သော ဒုက္ခသစ္စာကို ထောက်၍ ထိုမှ ပြန်သော မပူပန်စေတတ် ချမ်းအေးစေတတ်သော သဘောရှိသည်ဖြစ်၍ သမ္ပယုတ်တရားတို့၏ အကြီးအမှူးဖြစ်သော သဘော အားဖြင့် ထင်ရှားသည်။
(ဤကား မ-ဘို့။)
.
အမှာ
ဤကား သစ္စာတို့၏ “ပ-ဒု-တ-စ ́ဟု လေးနက်စီရှိရာ ပ-၏ အနက်သာ မိမိတို့၏ သစ္စာအနက်ထင်ရှား၍ ဒု-တ-စ နောက် သုံးနက် သုံးနက်တို့မှာ တပါးသောသစ္စာတို့၏ အနက်များနှင့် နှိုင်းခိုင်း ထောက်စာမှသာ ဆန့်ကျင်ဘက် အနေအားဖြင့် ပေါ်လွင် ထင်ရှား သိသာပုံကို ပြဆိုချက်ပေတည်း။
.
ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ ပုဒ်တို့့ကို ဖြစ်သင့်သလို ဝိဂြိုဟ်ဆို၍ အရကောက်ကို ပြခြင်း။
၁။ ဒုက္ခသစ္စာ၌ ဒု-သဒ္ဒါသည် စက်ဆုတ်အပ်သော အနက်၌ ထင်၏။
ဥပမာ - လောက၌ ပြောဆိုဆုံးမသည်ကို နားမထောင်၍ ကဲ့ရဲ့အပ် စက်ဆုတ်အပ် သော သားဆိုး-သားမိုက်ကို “ဒုပုတ္တ” စက်ဆုတ်အပ်သော သားမိုက် သားဆိုးဟု ပြောဆိုကြကုန် သကဲ့သို့တည်း။
ခ-သဒ္ဒါသည် အချည်းနှီးဟူသော အနက်၌ထင်၏။
ဥပမာ-လောက၌ အချည်းနှီးသော ကောင်းကင်ကို ခံ-ဟု ဆိုကြသကဲ့သို့တည်း။ လက်ဦး အစဆုံးဖြစ်သော ဤ ရုပ် နာမ် ခန္ဓာ ဒုက္ခသစ္စာသည် ဇာတိ စသော များစွာသော ဘေးအပေါင်း ရန်အပေါင်း မကောင်းဟူသမျှ ဘေးဥပ္ပဒ္ဒေဝေါ အနန္တတို့၏ ကြရောက်ရာ လာရောက် တည်နေရာဖြစ်သည် အဖြစ်ကြောင့် စက်ဆုတ်အပ် ကဲ့ရဲ့ အပ်သည်လည်း ဖြစ်၏။
မိစ္ဆာဆက်ဆံ ဉာဏ်မသန်သူ လူမိုက်တို့သည်၊ ဝါ- မိစ္ဆာဒိဋ္ဌိတို့သည် မဟုတ်မဟတ် ကြံဆအပ်သော ခိုင်မြဲသည် တင့်တယ်သည် ချမ်းသာသည် အစိုးရသည် အဖြစ် ဟူသော “ဓုဝ - သုဘ - သုခ - အတ္တ” သဘောမှ လုံးဝ ဆိတ်သည် ကင်းသည်၏ အဖြစ်ကြောင့် ချမ်းသာဟူက မြူမျှမရှိဘဲ ဆင်းရဲတုံး ဆင်းရဲခဲ ဆင်းရဲအစုအပုံ ဆင်းရဲအသိုက် အအုံကြီးသာ အမှန်စင်စစ် ဧကံဖြစ်နေ၍ စက်ဆုပ်စရာ အနှစ်အသား မပါ အချည်းနှီးသာ ဖြစ်၏။ အဆိုပါ ကုစ္ဆိတ-တုစ္ဆ ထိုနှစ်ပါးသော သတ္တိကြောင့် ဒုက္ခ ဟူ၍ ဆိုအပ်၏ဟု သိလေ။
ဤ ဒုက္ခသစ္စာ၌ ဒု-ပုဒ် ခံ-ပုဒ် နှစ်ပုဒ်ယူ၍ “ဒုကုစ္ဆိတံ ခံ ဒုက္ခ”ဟု ပါဒိ ပုဗ္ဗပဒ ကမ္မဓာရ် ပြုရမည်။ ဒုကုစ္ဆိတံ၊ စက်ဆုပ်အပ်သော။ ခံ၊ အချည်းနှီး အလကား အသုံးမကြ သူမိုက်တို့သည် ကြံဆအပ်သော “ဓုဝ - သုဘ - သုခ - အတ္တ” အဖြစ်မှ ကင်းဆိတ်သော တရားတည်း။ ဒုက္ခံ၊ စက်ဆုပ်အပ်သော ဆံပင် မွှေးညှင်း စသော အချည်းနှီး ဖြစ်သော ခန္ဓာငါးပါးတရား တဏှာမှ တပါးသော ဥပါဒါနက္ခန္ဓာ ငါးပါးကို ရ၏။
(ဤကား ဒု-အတွက်)
၂။ သမုဒယသစ္စာ၌ သံ-သဒ္ဒါသည် “သမာဂမော သမေတံ” စသော ပါဠိတို့၌ တကွ ယှဉ်ခြင်းအနက်ကိုပြ၏၊ ဥ-သဒ္ဒါသည် “ဥပ္ပန္နံ ဥဒိကံ စသည်တို့၌ ဖြစ်ခြင်းအနက် ကိုပြ၏၊ အယ သဒ္ဒါသည် အကြောင်းဟူသော အနက်ကို ပြ၏။
ဤနှစ်ခုမြောက်ဖြစ်သော လောဘ ဟူသော သမုဒယသစ္စာ သည်လည်း မိမိဟူသော လောဘမှကြွင်းသော ကုသိုလ် အကုသိုလ်ဟူသော အကြောင်းများနှင့် ပေါင်းဖေါ် ယှဉ်တွဲမိသည်ရှိသော် ရုပ် နာမ် ခန္ဓာ ဟူသော ဒုက္ခသစ္စာကို အသစ်အသစ်ဖြစ်ပေါ် လာစေခြင်း၏ အကြောင်းရင်း အစစ် ဧကန် ဖြစ်၏၊
ဤ၌ တဏှာမှတပါး အခြားသော ကိလေသာတို့သည် ဒုက္ခကိုဖြစ်စေ နိုင်သော်လည်း တဏှာနှင့် တွဲရမှသာ ဒုက္ခကို ဖြစ်စေနိုင်ကြသည်။ တဏှာမပါ၊ တဏှာ အကူအညီ မရလျှင် ဒုက္ခကို တိုက်ရိုက် မဖြစ်စေနိုင်ကြပေ၊ တဏှာမှာမူကား မိမိချည်း သက်သက်ပင် သူတပါး အကူအညီမပါဘဲ ဒုက္ခအမျိုးမျိုး တို့ကို ဖြစ်စေနိုင်ကုန်၏၊ အဆိုပါ အကြောင်းသုံးပါးတို့ကြောင့် ဒုက္ခ သမုဒယ ဟူ၍ ဆိုအပ်၏ဟု သိလေ။
ဤ သမုဒယသစ္စာ၌ သံ-ပုဒ် ဥ-ပုဒ် အယ-ပုဒ် သုံးပုဒ်ယူ၍ “သံ ဥ အယော အဿာတိ-သမုဒယော” ဟု ဗဟုဗ္ဗိ ပြုရမည်။
အဿ၊ ထို သမုဒယ သစ္စာအား။
သံ၊ တပါးသော အကြောင်းနှင့် ပေါင်းဘော် ယှဉ်တွဲမိသည် ရှိသော်။
ဥ-ဥပ္ပန္နဿ၊ ဒုက္ခအမျိုးမျိုး ဖြစ်ပေါ်လာခြင်း၏။
အယော၊ အကြောင်းရင်း အကြောင်းခံအစစ်သည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ထို့ကြောင့်။
သော၊ ထိုတဏှာလောဘသည်။
သမုဒယော၊ သမုဒယ မည်၏။ တဏှာကို ရ၏။
(ဤကား သ-အတွက်)
၃။ နိရောဓသစ္စာ၌ “နိသဒ္ဒေါ အဘာဝံ ရောဓသဒ္ဒေါစ စာရကံ ဒီပေတိ” နှင့်အညီ၊ နိ-သဒ္ဒါသည် မရှိခြင်းအနက်ကိုပြ၏။ ရောဓ-သဒ္ဒါသည် သံသရာဝဋ်ဆင်းရဲ သံသရာနှောင်အိမ် သံသရာအချုပ်ထောင် ဟူသော အနက်ကို ပြ၏။ ဤလို့ဤပုံ - နိ သဒ္ဒါ၏ မရှိခြင်းအနက် ရောဓ သဒ္ဒါ၏ သံသရာဝဋ်ဆင်းရဲ သံသရာနှောင်အိမ် ဟူသော အနက်ကို ပြသောကြောင့် ဤ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်၌ သံသရာ ဝဋ်ဆင်းရဲ သံသရာ နှောင်အိမ်ဟူသော ဆင်းရဲဒုက္ခ အနှောင်အဖွဲ့၏ လုံးဝမရှိသော အဖြစ် အလုံးစုံသော ဂတိငါးပါးမှ ကင်းဆိတ်သော အဖြစ်သည် အလွန်ထင်ရှား၏၊ အဆိုပါ အကြောင်းတို့ကြောင့် နိရောဓသစ္စာ ဆိုသည်ဟု သိလေ မှတ်လေ။
တနည်းအားဖြင့် - ထို နိဗ္ဗာန်ကို ရသည် ရောက်သည်ရှိသော် ထိုနိဗ္ဗာန်ကို ရပြီး ရောက်ပြီးသော ပုဂ္ဂိုလ်တို့အား ဖြစ်ပျက်မွေးသေ ဆိုတဲ့ သံသရာဝဋ်ဒုက္ခ သံသရာ နှောင်အိမ် သံသရာ အချုပ်ထောင်ဟု ဆိုအပ်သော၊ ဝါ၊ ဖြစ်ပျက် မွေးသေဟု ဆိုအပ်သော သံသရာဝဋ်ဒုက္ခ အနှောင်အဖွဲ့၏ လုံးဝမရှိခြင်းသည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုသံသရာ နှောင်အိမ်၏ ဆန့်ကျင်ဘက် ဖြစ်သော၊ ဝါ၊ တဘက်တလမ်းစီ တဲ့တဲ့ဆန့်ကျင်ဘက် ဖြစ်၍နေသော မွေးသေ လွတ်တဲ့ နိဗ္ဗာန်ကို သိသည် ရသည်၏ အဖြစ်ကြောင့်၎င်း၊ ဖြစ် ပျတ် မွေး သေ ဆိုတဲ့ သံသရာဝဋ်ဆင်းရဲ၏ တဖန်အသစ်မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်း အေးငြိမ်းသောကြောင့်၎င်း ဒုက္ခ နိရောဓသစ္စာဟု ဆိုရပေသည်။
ဤ နိ-သစ္စာ၌ နိ ပုဒ် ရောဓ ပုဒ် နှစ်ပုဒ်ယူ၍ “နိ သုညော ရောဓော ဧတ္ထာတိ-နိရောဓော” ဟု သတ္တမီဗဟုဗ္ဗိ ပြုရမည်။
ဧတ္ထ အသင်္ခတ ဓမ္မ၊ ဤ ဖြစ် ပျက် မွေး သေ လွတ်သော အသင်္ခတ တရား၌။
ရောဓော၊ ဖြစ် ပျက် မွေးသေဟူသော သံသရာဝဋ်ဒုက္ခ ဟူသော ကျင်လည်ရခြင်းသည်။
နိသုညော၊ ဆိတ်သုဉ်း၏ ကင်း၏ လွတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သော အသင်္ခတဓမ္မာ၊ သည်။
နိရောဓော၊ မည်၏။
ဤ၌ နိရောဓ သဒ္ဒါသည် ဆိတ်သုဉ်းခြင်း သုညအနက်ကိုဟော၏၊ နိရောဓ ဟူသော သမာသ်ပုဒ် အရကား သံသရာဝဋ်၏ လုံးဝမရှိခြင်း အဘာဝ ပညတ်ကို ရ၏။
ဧတ္ထ ဟူသော အညပုဒ်၏ အရကား အဘာဝဝန္တဖြစ်သော နိဗ္ဗာန်ဟု ဆိုအပ်သော အသင်္ခတ တရားကိုရ၏။ (ဤကား နိ-အတွက်)
.
မှတ်ချက်
ဤ၌ နိရောဓသစ္စာဆိုတာ အခြားမဟုတ်ပါ၊ ငါးပါးအာရုံ ကာမဂုဏ်တို့၌၎င်း၊ ဘုံသုံးပါး တို့၌၎င်း မကောင်းကို အကောင်းထင်၍ စုံစုံမက်မက် ခုံခုံတက်အောင် တပ်မက် တတ်တဲ့ တဏှာ အာလယကို အပြီးအပြတ် လက်စသတ် မဂ်နှင့်ပယ်လိုက်နိုင်တဲ့အခါ အကြောင်း တဏှာ အာလယပြတ်၍ အကျိုးဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာတို့၏ တဖန် အသစ်မဖြစ်ရာ အကြောင်း အကျိုး နောက်ထပ်အသစ် မဖြစ်တော့ဘဲ အကြောင်းသစ် အကျိုးသစ် ဖြစ်မှု ပျက်မှု အမြဲငြိမ်းအေးသွားတဲ့ အငြိမ်းဓာတ် အအေးဓာတ် အသင်္ခတ ဓာတ်ဖြစ်သော နိဗ္ဗာန်ကိုပင် နိရောဓသစ္စာဟု ဟောတော်မူခြင်းဖြစ်သည်။
ထိုနိရောဓသစ္စာနိဗ္ဗာန်ကို ရောက်ရှိ ရသိတဲ့ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ တို့မှာ “အာယတိံ ဘဝါဒီသု အပဝတ္တိ” ဆိုတဲ့ သမ္မောနှင့်အညီ၊ နောင်အခါ ဘုံသုံးပါးတို့၌ တဖန် အသစ်မဖြစ်ခြင်းသဘော “တသ္မိံ ဝါ သမဓိဂတေ တပ္ပဋိပက္ခတ္တာ သံသာရစာရက သင်္ခတဿ ဒုက္ခရောဓဿ အဘာဝေါ ဟောတိ” ဆိုတဲ့ သမ္မောနှင့်အညီ၊ ထိုနိဗ္ဗာန်ကို ရသည် ရောက်သည် သိသည် မြင်သည်ရှိသော် ထိုနိဗ္ဗာန် နှင့် တဲ့တဲ့ ဆန့်ကျင်ဘက် ဖြစ်သော လောက၌ အချုပ်ထောင် နှောင်အိမ်နှင့် တူသော သံသရာ ဝဋ်ဒုက္ခ၌ တဖန် တဖန် ကျင်လည်ရခြင်း ဟုဆိုအပ်သော ဒုက္ခဟူသော ဖြစ်ခြင်း၏ လုံးဝဥသုံ အကုန် မရှိမဖြစ်သော သဘောပေတည်း။
“ပဝတ္တံ သင်္ခါရာ၊ အပဝတ္တံ နိဗ္ဗာနံ” ဆိုတဲ့ ပဋိသမ္ဘိဒါမဂ် နှင့်အညီ၊ တဖန်အသစ် လူ နတ် စသည် မဖြစ်မှပင် ချမ်းသာစစ် ချမ်းသာမှန်ဖြစ်၍ နိဗ္ဗာန်ချမ်းသာ ဖြစ်နိုင်ပေမည်။ တဖန် အသစ်အသစ် ဖြစ်နေပြန်လျှင် သံသရာ ဝဋ်ဒုက္ခသာဖြစ်၍ နိဗ္ဗာန် မဖြစ်နိုင် တော့ပေ။
.
ဆောင်ပုဒ်
မဖြစ်သုခ၊ ဖြစ်ဒုက္ခ၊ မုချမှတ်ကြပါ။
မဖြစ်လျှင်အေး၊ ဖြစ်လျှင်ဘေး၊ ကြံတွေး သိကြပါ။
ဖြစ်လို့ မအေး၊ မဖြစ်အေး၊ မျှော်တွေး သိဘို့ရာ။
.
၄။ မဂ္ဂသစ္စာ၌ မ-သဒ္ဒါက ကိလေသာကို ပယ်သတ်တတ်သော အနက်ကို ပြ၏၊ ဂ္ဂ- သဒ္ဒါက နိဗ္ဗာန်သို့ သွားတတ်သော အနက်ကိုပြ၏၊ နှစ်ပုဒ် ပေါင်းတော့ မဂ္ဂ ဟု ဖြစ်ပေါ်လာရာ၊ အဆိုပါ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး ဝိပဿနာ အကျင့်မြတ်တရားကို ပွါးများအားထုတ်သည်ရှိသော် သူငါမဟုတ် နာမ်နှင့်ရုပ် အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသစ္စာ စသည်ဖြင့် သိထိအောင် မြင်သိ၍ လာလေတော့၏။
ထိုအခါ ရုပ် နာမ် လက္ခဏာ သစ္စာကို မသိတဲ့ အဝိဇ္ဇာ၊ ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာကိုပင် ငါ့ကိုယ် အတ္တဟု ယူမှားသော ဒိဋ္ဌိ၊ ယုံမှားတဲ့ ဝိစိကိစ္ဆာ စသော မိမိမဂ်နှင့် ဆိုင်ရာ ကိလေသာတို့ကို တဒင်္ဂပဟာန် မှစ၍ သမုစ္ဆေဒပဟာန် ကြအောင် သတ်ကာ သတ်ကာ နိဗ္ဗာန်သို့ သွားတတ်သောကြောင့် အဆိုပါ မဂ္ဂင်ရှစ်ပါးကို နိဗ္ဗာန်ကို အာရုံပြုသည်၏ အစွမ်းဖြင့် ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ မချွတ်ဖြောင့်ဖြောင့် အမြန်ရောက်ကြောင်း အကျင့်ကောင်း ဖြစ်သောကြောင့် ဒုက္ခနိရောဓဂါမိနိပဋိပဒါ ဆိုသည်ဟု သိလေ မှတ်လေ။
ဤ မဂ္ဂသစ္စာ၌ မ-ပုဒ်၊ ဂ-ပုဒ်၊ နှစ်ပုဒ်ယူ၍ “ကိလေသေ မာရေတီတိ မော” “နိဗ္ဗာနံ ဂစ္ဆတီတိ ဂေါ” မော စသော၊ ဂေါ ဇာတိ မဂ္ဂေါ” ဟု သတ္တု သာဓ်ပြုပြီး၍ ကမ္မဓာရ် ပြုရမည်။
ကိလေသေ၊ သစ္စာမှန်းမသိမှု မောဟ ကိလေသာ ငါ့ကိုယ်အတ္တဟု မှတ်ထင်ယူမှားတဲ့-ဒိဋ္ဌိကိလေသာ ယုံမှားတဲ့ ဝိစိကိစ္ဆာကိလေသာ စသော ကိလေသာတို့ကို။
မာရေတိ၊ ဝိပဿနာဉာဏ် လက်နက်ဖြင့် အသေသတ်တတ်၏။
ဣတိ၊ ထို့ ကြောင့်။
မော၊ မ-မည်၏။
နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။
ဂစ္ဆတိ၊ သွားတတ်၏။
ဣတိ၊ ထို့ကြောင့်။
ဂေါ၊ ဂ-မည်၏။
မောစ၊ ကိလေသာတို့ကို သတ်တတ်သည်လည်း ဟုတ်၏။
သော၊ ထိုသတ်၏ ဟူသည်။
ဂေါစ၊ နိဗ္ဗာန်သို့ သွားတတ်သည်လည်း ဟုတ်၏။
ဣတိ၊ ထို့ ကြောင့်။
မဂ္ဂေါ၊ မဂ်မည်၏။ သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးကိုရ၏။
(ဤကား မ-အတွက်။)
သစ္စာလေးပါးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်များ
▬▬▬▬▬▬▬▬▬▬
၁။ (ဒု)
ဗာဓနလက္ခဏံ ဒုက္ခသစ္စာ၊
သန္တာပနရသံ ပဝတ္တိ ပစ္စုပဋ္ဌာနံ။
၂။ (သ)
ပဘဝလက္ခဏံ သမုဒယသစ္စံ၊
အနုပစ္ဆေဒကရဏရသံ ပလိဗောဓ ပစ္စုပဋ္ဌာနံ။
၃။ (နိ)
သန္တိလက္ခဏံ နိဗ္ဗာနံ၊
နိဝတ္တိလက္ခဏံ ဝါ အသင်္ခတလက္ခဏံ ဝါ အစ္စုတိရသံ။
အဿာသကရဏရသံဝါ အနိမိတ္တ ပစ္စုပဋ္ဌာနံ။
၄။ (မ)
နိယျာနလက္ခဏံ မဂ္ဂသစ္စံ၊
ကိလေသ ပဟာနရသံ ဝုဋ္ဌာနပစ္စုပဋ္ဌာနံ။
(ဝိ-မော)
---
နံပါတ်စဉ်အတိုင်း ဘာသာပြန်များ
▬▬▬▬▬▬
၁။ ဒုက္ခသစ္စာ သည် သတ္တဝါတို့ကို နှိပ်စက်ခြင်း အမှတ်အသား လက္ခဏာ ရှိ၏။ ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာကို ရရှိသောပုဂ္ဂိုလ်ကို ပူပန်စေခြင်း ပူလောင်စေခြင်း ကိစ္စ ရှိ၏။ သံသရာဝဋ်၌ တဖန်တဖန် ဖြစ်တတ်သော တရားဟူ၍ ဉာဏ်အားရှေ့ရှု ထင်၏။
၂။ သမုဒယသစ္စာ သည် ဒုက္ခမပြတ်မစဲဖြစ်ကြောင်း လက်ဦး ပဋ္ဌမ အမွန်အစ၏ အဖြစ် ဟူသော အမှတ်အသား လက္ခဏာ ရှိ၏၊ အဖန်တလဲလဲ သံသရာ ဝဋ်ဆင်းရဲကို ဖြစ်စေခြင်း သံသရာဝဋ်ဆင်းရဲ၏ မပြတ်မစဲ ဖြစ်နေရအောင် ပြုလုပ်ခြင်း ကိစ္စ ရှိ၏၊ သံသရာ ဝဋ်ဒုက္ခမှ မထွက်မြောက်အောင် ပိတ်ပင် တားဆီးထားတတ်တဲ့ တရားပါတကား ဟု ဉာဏ်အားရှေ့ရှု ထင်မြင် လာ၏။
၃။ နိရောဓသစ္စာ သည် အလုံးစုံသော သံသရာဝဋ်ဆင်းရဲ အပူအလောင် ပင်ပန်း ဆင်းရဲ ဟူသမျှကို ငြိမ်းအေးစေခြင်း လက္ခဏာ ရှိ၏။ တနည်း - သံသရာ ဝဋ်ဒုက္ခမှ ဆုတ်နစ် ပြန်လည်ခြင်း လက္ခဏာ ရှိ၏၊ တနည်း - မည်သည့်တရားမှ မည်သူတစုံတယောက်မှ မပြုမပြင်ခြင်း ဥပါဒ် ဌီ ဘင် ကင်းခြင်းလက္ခဏာ ရှိ၏၊
ငြိမ်းအေးသော အေးမြသော ချမ်းသာသော သန္တိသဘောမှ ဆံချည်ခြမ်းမျှ မရွှေ့လျှောခြင်း ကိစ္စ ရှိ၏။ တနည်း – သံသရာဘေးကို ကြောက်ရွံ့ ထိပ်လန့်သော စိတ်ကောင်း စိတ်မြတ် ရှိတတ်ကြကုန်သော သူတော်ကောင်း တို့အား သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ရာ တဘက်မှာ နိဗ္ဗာန် ချမ်းသာရှိ၏ဟု နိဗ္ဗာန်ထွက်ပေါက်ကို သိမြင်သဖြင့် သက်သာရာရခြင်းကို ပြုခြင်း ကိစ္စ ရှိ၏။
ပုဂ္ဂိုလ် သတ္တဝါ ခန္ဓာ နိမိတ် အရိပ်အရောင်မှ ကင်းဆိတ်သော တရားပါတကားဟု ဉာဏ်အား ရှေ့ရှု ထင်မြင်လာ၏။
၄။ မဂ္ဂသစ္စာ သည် လောဘ စသော အနုသယ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်၍ သံသရာ ထောင်နှောင်အိမ်မှ ကျွတ်လွတ် ထွက်မြောက်ခြင်း လက္ခဏာ ရှိ၏၊ လောဘစသော ကိလေသာတို့ကို အကြွင်းမရှိ ပယ်သတ်ခြင်း ကိစ္စ ရှိ၏၊ ခန္ဓာငါးပါး ရုပ်နာမ်တရား ဟူသော သံသရာထောင် နှောင်အိမ်မှ စိတ်သည် ထမြောက်ကြောင်း တရားပါတကားဟု ဉာဏ်အား ရှေ့ရှု ထင်မြင်လာ၏။
တနည်းတဖုံ - အဆိုပါ သစ္စာလေးပါး တရားတို့သည် အစဉ်အတိုင်း ဘဝတဖန် ရုပ်နာမ်ခန္ဓာ၊ ဘဝတဖန် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ နိဗ္ဗာန်ရတဲ့ ရောက်တဲ့ဘဝတိုင်အောင် ထပ်ကာ-ထပ်ကာ စပ်ကာ-စပ်ကာ ဘဝခြားကာ ခန္ဓာခြားကာ မပြတ်မစဲ ထပ်တလဲလဲ ဖြစ်တတ်သော ဝဋ်ဒုက္ခ၏ အဖြစ် (ဒု-ကို ရည်သည်) မပြတ်မစဲ ထပ်တလဲလဲ ဖြစ်စေ တတ်သော ဝဋ်ဒုက္ခ၏ လက်ဦးအစ ပဋ္ဌမစ၍ ဖြစ်ခြင်း၏ အကြောင်းရင်း၏ အဖြစ်(သ- ကိုရည်သည်) အို နာ သေရေး ဒုက္ခဘေးဆိုတဲ့ သံသရာထောင် နှောင်အိမ်မှ ဆုတ်နစ် ပြန်လည်တတ်သော တရား၏အဖြစ် (နိ-ကို ရည်သည်) ဆုတ်နစ် ပြန်လည် စေတတ်သော တရား၏အဖြစ် တည်းဟူသော လက္ခဏာရှိ၏။ (မ-ကိုရည်သည်)
ထိုမှတပါး ပြုပြင်အပ်သည်၏အဖြစ် တောင့်တ တပ်မက်တတ်သည်၏ အဖြစ် ပြုပြင်ခြင်း ကင်းသောအဖြစ်, ဤကား - ဒုက္ခ, ဤကား - သမုယ, ဤကား - နိရောဓ, ဤကား - မဂ္ဂ ဟု သစ္စာလေးပါး မြတ်တရားတို့ကို အကြောင်းအကျိုး နှင့်တကွ ပိုင်းခြားဝေဘန်၍ အမှန်ကိုသိမြင်တတ်သည်၏ အဖြစ်တည်းဟူသော လက္ခဏာရှိ၏၊ ဤလို ဤပုံ - သစ္စာတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်တို့ကို သိရှိရမည် ဟူလို။
---
ဆောင်ပုဒ်
ဒု-သ-နိ-မ၊ လေးဝ သစ္စာ၊
လက် ရသနှင့်၊ ပစ္စုပဋ္ဌာ၊
ဤပုံ ဤနည်း၊ သိရေးလိုပါ၊
ပဏ္ဍိတေး၊ ကိုယ့်ရေး ကိုယ်တွက်တာ။
တနည်း-
ဒု-သ-နိ-မ၊ လေးဝ သစ္စာ၊
လက် ရသနှင့်၊ ပစ္စုပဋ္ဌာ၊
ဤပုံ ဤနည်း၊ သိဘို့လိုပါ၊
ပဏ္ဍိတ မှတ်ကြ ကိုယ့်တွက်တာ။
---
သစ္စာ၏ အနက်သဘော
▬▬▬▬▬▬▬▬▬
၁။ ဒုက္ခသစ္စာ ... ဆင်းရဲအမှန်။
၂။ သမုဒယသစ္စာ ... ဆင်းရဲကြောင်းအမှန်။
၃။ နိရောဓသစ္စာ ... ဆင်းရဲချုပ်ငြိမ်းရာအမှန်။
၄။ မဂ္ဂသစ္စာ ... ဆင်းရဲချုပ်ငြိမ်းကြောင်းအမှန်။
ဤလို ဤပုံ - မချွတ်မယွင်း မဘောက်မပြန် ဟုတ်မှန်လှသော သဘောသည် ပညာမျက်စိဖြင့် ကပ်၍ ထက်ဝန်းကျင် စုံစမ်းဆင်ခြင်သော သူတို့၏ သုံးသပ်ဆင်ခြင်၍ ကြည့်တဲ့အခါ ဉာဏ်ဝမှာ သိမြင်လာတဲ့ သဘောတွေဟာ ဝါ- ထင်လာ မြင်လာတဲ့ သဘောတွေဟာ မျက်လှည့်ဝတ္ထုကဲ့သို့ ဘောက်ပြန် သည်လည်း မဟုတ် တံလျှပ် ကဲ့သို့လည်း မချွတ်ယွင်းစေ တိတ္ထိတို့သည် မဟုတ်မဟတ် ကြံဆအပ်သော အတ္တကဲ့သို့ ပရမတ်အားဖြင့်လည်း မရအပ် မရကောင်းသော သဘောမျိုးလည်း မဟုတ်ပေ။
အမှန်စင်စစ်မှာ အဆိုပါ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာ, သမုဒယသစ္စာ ဘဝတဏှာ, နိရောဓသစ္စာ နိဗ္ဗာန်, မဂ္ဂသစ္စာ မဂ္ဂင်ရှစ်ပါး, ဤတရားတို့သည် ဆင်းရဲအမှန်-ဒု၊ ဆင်းရဲကြောင်းအမှန်-သ၊ ဆင်းရဲချုပ်ငြိမ်းရာအမှန်-နိ၊ ဆင်းရဲချုပ်ငြိမ်းကြောင်းအမှန်-မ၊ ဤလို ဤပုံ - မချွတ်မယွင်း သည်၏ အဖြစ် မဘောက်မပြန် သည်၏ အဖြစ် ဟုတ်မှန်သည်၏ အဖြစ်ဖြင့် အရိယာတို့၏ ဉာဏ်၏ ကျက်စားရာ ဖြစ်သည်သာတည်း။
မီး၏ပူလောင်ခြင်းလက္ခဏာ လောက၏ ပြကတေ့ ပကတိသဘောသည် မချွတ်မယွင်း မဘောက်မပြန် ဟုတ်မှန်သကဲ့သို့၊ ထို့တူပမာ ဤသစ္စာ လေးပါးတို့၏ အနက်သဘော သည်လည်း မချွတ်မယွင်း မဘောက်မပြန် ဟုတ်မှန်သည်သာတည်း။
ထို့ကြောင့်ပင် -
“ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ တထမေတံ၊
အဝိတထ မေတံ အနညာတမေတံ။”
ဟု-ဟောတော်မူခဲ့သည်။
---
ဘာသာပြန်
▬▬▬▬
ရဟန်းတို့ ဤ ဒုက္ခသစ္စာသည်၊ ဝါ၊ ဤ ဒုက္ခ သမုဒယ နိရောဓ မဂ္ဂသစ္စာသည် သူ့ သဘောအတိုင်း မချွတ်မယွင်းမှန်၏၊ မဘောက်မပြန် မှန်၏၊ တပါးသော အခြင်းအရာ ဖြင့် မဖြစ်ဟူလို။
---
တနည်း။ ၁။
အကြင်ကြောင့် သမုတ်ရှိ၊ သမ္မုတိပညတ် အားဖြင့် လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါဟု ခေါ်ဆိုကြသော အဟုတ်ရှိ ပရမတ်ရှိ ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာသည် ဤဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာနှင့် ပြည့်စုံသောသူကို ဇာတိစသော ဘေးဆုံး ရန်ဆိုးတို့ဖြင့် မနှိပ်စက် သည်လည်းမဟုတ် အမှန် နှိပ်စက်၏၊ ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာမှတပါး နှိပ်စက် တတ်သော တရား မည်သည် မရှိ၊ ထိုကြောင့် ဒု-၌ နှိပ်စက်တတ်သောအဖြစ် မြဲသော အားဖြင့် ဤ ဒု-ကို သစ္စာဟူ၍ သိအပ်၏။
၂။ ငါးပါးအာရုံ ကာမဂုဏ်တို့၌၎င်း၊ ဘုံသုံးပါးတို့၌၎င်း တပ်မက်တတ်သော တဏှာကို ကြဉ်၍ ထိုတဏှာမှ တပါးသော အကြောင်းကြောင့် ဒုက္ခသည် မဖြစ် တဏှာ ကြောင့်သာ ထို ဒုက္ခသည် ဧကံ အမှန် ဖြစ်၏။ ထိုကြောင့်ပင် ဒုက္ခ၏အကြောင်း၏ အဖြစ်ဖြင့် မြဲသောအားဖြင့် ဤ သ-ကို သစ္စာဟူ၍ သိအပ်၏။
၃။ နိရောဓသစ္စာ နိဗ္ဗာန်မှ တပါးသော ပူပန်ခပ်သိမ်း ဆင်းရဲခပ်သိမ်း ငြိမ်းအေးရာ မည်သည်မရှိ၊ ထိုနိဗ္ဗာန်သည် ငြိမ်းအေးရာ ဧကံဖြစ်၏၊ ထိုကြောင့် နိရောဓသစ္စာ၏ ငြိမ်းအေးသော သန္တိသဘောအဖြစ်၏ နိဗ္ဗာန်၌မြဲအားဖြင့် ဤ နိ-ကို သစ္စာဟူ၍ သိအပ်၏။
၄။ မဂ္ဂင်ရှစ်ပါး အရိယာမဂ်မှ တပါးသော သံသရာ ထောင်နှောင်အိမ်မှ ကျွတ်လွတ် ထွက်မြောက်ကြောင်း တရားမည်သည် မရှိ၊ ထို အရိယာမဂ်သည် သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ကြောင်း ဧကံဖြစ်၏။ ထို့ကြောင့် မဂ္ဂသစ္စာ၏ သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ကြောင်း မြဲသောအား ဖြင့် ဤ မ–ကို သစ္စာဟူ၍ သိအပ်၏။
---
မှတ်ချက်
ဤ၌ သစ္စာသဒ္ဒါ၏ ဖြစ်သင့်သော အနက် ဝေဘန်ချက်ကို အောက် ဥဒ္ဒေသ ပဋ္ဌမခဏ်းက ပြခဲ့ပြီ။
---
ဆောင်ပုဒ်
အမှန်လေးချက်၊ သဘောနက်၊
ဖုံးဝှက်ထားတာ အဝိဇ္ဇာ၊
အမှန်မသိတာ အဝိဇ္ဇာ။
အမှန်လေးချက်၊ သဘောနက်၊
ဖေါ်လျက်ပြတာ ဉာဏ်ဝိဇ္ဇာ၊
အမှန်သိတာ ဝိဇ္ဇာ။
---
သစ္စာကို လေးပါးသာ တိတိကျကျ ဟောပြခြင်း
▬▬▬▬▬▬▬▬▬
ဘုရားမြတ်စွာစိန္တေယျာသည် အမှန်လေးပါး ခေါ်သော သစ္စာလေးပါး မြတ်တရားကို ဟောကြားတော်မူတဲ့ခါ လေးပါးအောက်လည်း မယုတ်၊ လေးပါးထက်လည်း မလွန်၊ မယုတ်မလွန် လေးပါးတိတိကျကျသာ အဘယ်ကြောင့် ဟောတော်မူခဲ့ပါသလဲ ဆိုတဲ့ အမေး၌ - အဆိုပါ လေးပါးမှတပါး အခြားသော သစ္စာ မဖြစ်သင့်သောကြောင့်၎င်း၊ အဆိုပါ လေးပါးတို့တွင်လည်း တပါးပါးကိုမှ မနှုတ် မပယ်သင့်သည်၏ အဖြစ် ကြောင့်၎င်း၊ အဆိုပါ လေးပါးကိုသာ ဟောတော်မူခဲ့ပါသည်ဟု ဖြေလေ။
အနည်းငယ် ချဲ့ဦးအံ့။
အဆိုပါ ဒု-သ-နိ-မ တို့မှတပါး လေးပါးထက် အလွန် ၅-ပါး, ၆-ပါး စသည်ဖြင့်လည်း မဖြစ်သင့်ပေ၊ အဆိုပါ လေးပါးတို့တွင် တပါးပါးကိုနှုတ်၍ ၃-ပါး, ၂-ပါး စသည် ဖြင့်လည်း မဖြစ်သင့်ပေ၊၊
မပိုသင့် မပိုကောင်း မပိုနိုင်၊ မနှုတ်သင့် မပယ်သင့် မပယ်ကောင်း မပယ်နိုင်ပေ၊ ဝါ၊ ဖြည့်စွက် ပယ်နှုတ်၍လည်း လုံးဝမဖြစ်ပေ၊ အဆိုပါ ဘုရား ဟောထားတော်မူခဲ့သော သစ္စာလေးပါးမှ အခြားတပါးသော သစ္စာကို ဟောကြားနိုင်သော၊ ဝါ၊ ပညတ်နိုင်သော လူ နတ် ဗြဟ္မာ သတ္တဝါလည်း တစုံတယောက်မျှ မပေါ်မထွက်ဝံ့ကြပေ။
ထို့ကြောင့်ပင် -
ဣဓ ဘိက္ခဝေ အာဂစ္ဆေယျ သမဏောဝါ ဗြဟ္မဏောဝါနေတံ ဒုက္ခံ အရိယသစ္စံ အညံ ဒုက္ခံ အရိယသစ္စံ အဟ မေ တံ ဒုက္ခံ အရိယသစ္စံ ထပေတွာ အညံ ဒုက္ခံ အရိယ သစ္စံ ပညာပေဿာမိတိ နေတံ ဋ္ဌာနံ ဝိဇ္ဇတီတိ။
ဟု ဟောတော်မူခဲ့ပါသည်။
---
ဘာသာပြန်
▬▬▬▬
ရဟန်းတို့ … ဤလောက၌ တစုံတယောက်သော ရဟန်းသည်၎င်း, ပုဏ္ဏားသူမြတ် သည်၎င်း ရဟန်းဂေါတမသည် အကြင် သစ္စာကို ဒုက္ခသစ္စာဟု ဟောအပ်ပြီ၊ ဤရဟန်း ဂေါတမ ဟောပြသော သစ္စာသည် ဒုက္ခ ဖြစ်သော အရိယာသစ္စာ မဟုတ်၊ ဒုက္ခသစ္စာသည် အခြားတပါးသာ ဖြစ်၏၊
ငါသည် ရှင်ဂေါတမ ပညတ်သော ဒုက္ခအရိယသစ္စာကို ပယ်ထား၍ အခြားတပါးသော ဒုက္ခအရိယသစ္စာကို ပညတ်အံ့ဟု ဤလိုပင် မိုးလား ကဲလား အချောက်တိုက် ကြုံးဝါး ဝါကြွား၍ နေပါသော်လည်း ကြုံးဝါးတိုင်း တပါးသော သစ္စာကို ဟောနိုင်ခြင်း၏ အကြောင်းသည် အလျှင်း မရှိသည်သာတည်း။
---
အကြောင်းသမုဒယနှင့် ဥပါယ
▬▬▬▬▬▬▬▬▬▬▬
တနည်းအားဖြင့်လည်း အိုနာသေရေး ဒုက္ခဘေးဆိုတဲ့၊ ဝါ၊ ဇာတိ အစရှိတဲ့ သံသရာ စက်ရဟတ်ကို၊ ဝါ၊ မပြတ်မစဲ ထပ်တလဲလဲဖြစ်သော သံသရာဝဋ်ကို ဟောကြား တော်မူသော မြတ်စွာဘုရားသည် အကြောင်း သမုဒယနှင့် တကွ ဟောကြားတော် မူပေသည်။ အလွတ် အရမ်းမဲ့ ဟောကြားတော်မူသည် မဟုတ်၊ သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်သော၊ ဝါ၊ ဆုတ်နစ်သော နိရောဓကိုလည်း အကြောင်း ဥပါယနှင့်တကွ ဟောကြားတော်မူပေသည်။
ဤလို ဝဋ်, ဝဋ်မှ နစ်သော နိရောဓ။ ထိုနှစ်ပါးတို့၏ အကြောင်းကြောင့် ထိုသို့ လေးပါး သာလျှင် အတိုင်းအရှည် ရှိသည်၏ အဖြစ်ကြောင့် လေးပါးတိတိကျကျသာ ဟောတော် မူခဲ့ပေသည်ဟု သိလေ မှတ်လေ။
တနည်း အားဖြင့်လည်း -
ပိုင်းခြား၍ သိအပ်သောတရား (ဒု-ကိုရည်သည်)
ပယ်အပ် သောတရား၊ (သ-ကို ရည်သည်)
မျက်မှောက်ပြုအပ်သောတရား။ (နိ-ကို ရည်သည်)
ပွားစေအပ်သောတရား၊(မ-ကိုရည်သည်) တို့၏၎င်း။
တနည်း - တဏှာ၏ တည်ရာ, တဏှာ, တဏှာ၏ချုပ်ရာ, တဏှာ၏ ချုပ်ကြောင်း တို့၏၎င်း။
တနည်း - ကာမဂုဏ်ငါးပါးဟု ဆိုအပ်သော (အာလယ) ထိုအာလယ၌ (မွေ့လျော် သည်၏အဖြစ်) ထိုအာလယကို အကြွင်းမဲ့ နှုတ်ဖျက် ခွါလှစ်ရာ ထိုအာလယကို အကြွင်းမဲ့ နှုတ်ဖျက် ခွါလှစ်ခြင်း၏ အကြောင်းတို့၏၎င်း။
အစွမ်းအားဖြင့် လေးပါး တိတိကျကျသာ ဟောတော် မူခဲ့ပေသည်ဟု သိလေ မှတ်လေ။
---
မေး။ ။ လေးဝသစ္စာ၊ လေးပါးကပို၊ လေးကယို၊ ပို-ယို ဘယ့်ကြောင့် မဟောသနည်း။
ဖြေ။ ။ လေးဝသစ္စာ၊ လေးပါးသာ၊ မှန်စွာ ဖြစ်သင့်၊ ပယ်ခွင့်မရ၊ သဘာဝကြောင့်၊ တိကျသေချာ၊ လေးပါးသာ၊ မှန်စွာမုချ ဟောသတည်း။
---
သစ္စာလေးပါး အစဉ်အားဖြင့် ဟောကြားပုံ
▬▬▬▬▬▬▬▬▬▬
သစ္စာလေးပါးတို့ကို မ-နိ-သ-ဒု လို့ မဟောဘဲ ဘာ့ကြောင့် ဒု-သ-နိ-မ ဟု ဟောရပါ သလဲဆိုတဲ့ အမေး၌ -
ဤသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာ၏ ရုန့်ရင်း ကြမ်းတမ်း၍ သိသာ ထင်ရှားလှသောကြောင့်၎င်း, သတ္တဝါ အားလုံးတို့နှင့် ဆက်ဆံသည်၏ အဖြစ် ကြောင့်၎င်း, ဒုက္ခသစ္စာကို ရှေးဦးစွာ ဟောတော်မူပါသည်။ တဖန် ထိုဒုက္ခသစ္စာ ၏သာလျှင် ဖြစ်ကြောင်းကို ပြခြင်းငှါ ဒု-၏ အခြားမဲ့၌ သ-ကို ဟောတော်မူပါသည်။ တဖန် အကြောင်း၏ ချုပ်ခြင်းကြောင့် အကျိုး၏ချုပ်ခြင်းသည် ဖြစ်၏ဟု ပြခြင်းငှါ ထိုသ-၏ နောက်၌ နိ-ကို ဟောတော်မူပါသည်။ တဖန် ထို နိ-ကို ရခြင်း သိခြင်း၏ အကြောင်းကို ပြခြင်းငှါ အဆုံး၌ မ-ကို ဟောတော်မူပါသည်ဟု ဖြေလေ။
တနည်းသော် -
ဝဋ်ချမ်းသာခေါ်သော လူ နတ် ချမ်းသာကို သာယာ တပ်မက်ကုန်သော ပူထုဇဉ် လူ နတ် ဗြဟ္မာ သတ္တဝါ သူငါတို့၏ ဇာတိ စသော အာဒိနဝ ဘေးဒုက္ခ ဆင်းရဲပေါင်းချုပ် ဝဋ်ဒုက္ခတို့၏ တပေါင်းတည်း စုဆုံ၍ ကျရောက်ရာ တည်ရာဌာန အစစ်အမှန် ဧကံ ဖြစ်ပါတကားဟု ထိပ်လန့် သံဝေရပါစေခြင်း အကျိုးငှါ ဒုက္ခကို ရှေးဦးစွာ၊
ထိုဒုက္ခသည်လည်း အကြောင်းမရှိဘဲ မဖြစ်ပေါ်လာနိုင်၊ ပရမီသွာ ထာဝရဘုရား သိကြား ဗြဟ္မာ နတ်ဒေဝါတို့ ဖန်ဆင်း၍ ဖြစ်သည်လည်း မဟုတ်၊ အမှန်စင်စစ်မှာ ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ ဤ သမုဒယကြောင့်သာ ကံဖြစ်သည်ဟု သိစေခြင်းငှါ ထို ဒု-၏အခြားမဲ့၌ သ-ကို၊
ထို့နောက် အကြောင်းနှင့်တကွ အကျိုးဒုက္ခသည် ဖြစ်ရာ ဖြစ်ရာ ဘုံဘပတို့မှာ ပြင်းပြစွာ နှိပ်စက်အပ်သည်၏ အဖြစ်ဖြင့် ထိပ်လန့်သော နှလုံး ရှိကုန်သည်ဖြစ်၍ ဒုက္ခ၏ ထွက်မြောက်ရာကို ရှာကုန်သော သူတော်ကောင်းတို့အား ဒုက္ခမှ ထွက်မြောက် ရာကိုပြသဖြင့် ဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ရာ နိဗ္ဗာန် ရှိပါပေတကားဟု သက်သာ ရာကို ရရှိစေခြင်းငှါ ဒု-သ တို့၏အခြားမဲ့၌ နိရောဓ ကို၊
ထိုမှ နောက်၌ ထို နိ-သို့ ရောက်ကြောင်း အကျင့်ကောင်းကို ပြခြင်းအကျိုးငှါ မဂ္ဂ-ကို၊
ဤလို ဤပုံ အစဉ်ထား၍ ဟောကြားတော်မူပါသည်ဟု ဖြေ။
---
“ဆောင် ”
မေး။ မ-နိ-သ-ဒု၊ မဟောပြုဘဲ၊ ဒု-သ-နိ-မ၊ လေးဝသစ္စာ၊ စဉ်တိုင်းသာ ဘယ်အရာကြောင့် ဟောသနည်း?
ဖြေ။ ရုန့်ရင်းသိသာ၊ သတ္တဝါစုစု၊ ဆက်ဆံမှုကြောင့်၊ ဒု-ကို ရှေးဦး ဟောသတည်း။
ဒု-ဖြစ်ရတာ၊ သ-ကြောင့်သာဟု၊ ပြလိုမှုကြောင့်၊ သ-ကို နောက်ထား ဟောသတည်း။
ကြောင်း-ကျိုး နှစ်ခု ချုပ်ငြိမ်းမှုကို နိဗ္ဗာန်ဆိုဟု၊ ပြလိုသဘော၊ နိ-ကိုဟော၊
နိ-သို့ရောက်မှု၊ အကျင့်စုကို၊ ပြညွှန်းလို၊ မ-ကို နောက်ထား ဟောသတည်း။
---
သစ္စာသိသော ဉာဏ် ၂-ပါး
▬▬▬▬▬▬▬▬▬▬
သစ္စာကိုသိသော ဉာဏ်သည် ၁-အနုဗောဓဉာဏ်၊ ၂-ပဋိဝေဓဉာဏ်ဟု နှစ်မျိုးရှိရာ, တဆင့် သူတပါးထံမှ ကြား၍ သိသောဉာဏ်ကို အနုဗောဓဉာဏ်ဆိုသည်။ မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ သိသောဉာဏ်ကို ပဋိဝေဓဉာဏ် ဆိုသည်၊
ထိုတွင် အနုဗောဓဉာဏ် မှာ မဟာကုသိုလ်စိတ်၌ယှဉ်သော ပညာဖြစ်၍ ဟိဟိတ် ပုထုဇဉ်၏ သန္တာန်၌ ဖြစ်သော လောကီဉာဏ်ဖြစ်၍ နိရောဓ မဂ္ဂသစ္စာတို့၌လည်း အာရုံ ပြုသောအားဖြင့် ဖြစ်၏၊
ပဋိဝေဓဉာဏ်မှာ မူကား မဂ်စိတ်လေးခုတို့၌ရှိသော ပညာဖြစ်၍ အရိယာပုဂ္ဂိုလ်တို့ သန္တာန်၌ ဖြစ်သော လောကုတ္တရာဉာဏ်ဖြစ်၍ နိရောဓသစ္စာ နိဗ္ဗာန်ကိုသာ အာရုံပြု သောအားဖြင့် ဖြစ်၏။
သို့ရာတွင် အဆိုပါ သစ္စာလေးပါးတို့ကို ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်း သည်လည်း လောကီသိ အနုဗောဓဉာဏ်နှင့် ကင်း၍ မဖြစ်သောကြောင့် အနုဗောဓ ဉာဏ် ထက်သန်ရင့်မာ၍ ထိပ်တန်းသို့ ရောက်အောင် ကြိုးစား အားထုဘ်ပါ၊ အနုဗောဓဉာဏ် ထိပ်တန်းသို့ ရောက်လာတဲ့ခါ ပဋ္ဌာန်းကျေးဇူးပြု သဘောအတိုင်း လောကုတ္တရာ ပဋိဝေဓ မဂ်ဉာဏ်သို့ ဆိုက်ရောက်ပေလိမ့်မည်၊ ဝါ၊ သစ္စာတို့ကို ထိုးထွင်း၍ သိသွားပေလိမ့်မည်။
---
ဆောင်ပုဒ်
အနု ပတိ၊ နှစ်မျိုးရှိ၊ မှတ်ဘိ သစ္စာဉာဏ်။
ကီ သိ, ကုတ် သိ နှစ်မျိုးရှိ၊ မှတ်ဘိ သစ္စာဉာဏ်။
ကီ သိပြီးခါ၊ ကုက် သိလာ၊ မှတ်ပါမဂ္ဂဉာဏ်။
သစ္စာ သိမြင်တဲ့ခါ ဆိုင်ရာကိလေသာ ပယ်ပုံ
▬▬▬▬▬▬▬▬▬
၁။ ယံ ပနေတံ လောကီယံ တတ္ထ ဒုက္ခဉာဏံ ပရိယုဋ္ဌာနာဘိဘ၀ ဝသေန ပဝတ္တမာနံ သက္ကာယ ဒိဋ္ဌိံ နိဝတ္တေတိ။
၂။ သမုဒယဉာဏံ ဥစ္ဆေဒဒိဋ္ဌိံ၊ နိရောဓဉာဏံ သဿတဒိဋ္ဌိံ၊ မဂ္ဂဉာဏံ အကိရိယာ ဒိဋ္ဌိံ။
၃။ ဒုက္ခဉာဏံဝါ ဓုဝ သုဘ သုခတ္တ ဘဝရဟိတေသု ခန္ဓေသု ဓု၀ သုဘ သုခတ္တ ဘာဝ သညာ သင်္ခါတံ ဖလေ ဝိပ္ပဋိပတ္တိံ။
၄။ သမုဒယေဉာကံ ဣဿရ ပပဋ္ဌာန ကာလ သဘာဝါဒီဟိ လောကော ပဝတ္တတီတိ အကာရကော၊ ကာရဏာဘိ မာန ပဝတ္တံ ဟေတုမှိ ဝိပ္ပဋိပတ္တိံ။
၅။ နိရောဓဉာဏံ အရူပလောက လောက-ထုပိကာဒီသု၊ အပဝဂ္ဂါဟဘူတံ နိရောဓေ ဝိပ္ပဋိပတ္တိံ။
၆။ မဂ္ဂဉာဏံ ကာမသုခလ္လိက အတ္တကိလမထနုယောဂပ္ပဘေဒေ၊ အဝိသုဒ္ဓိ မဂ္ဂေ ဝိသုဒ္ဓိမဂ္ဂဂါဟဝသေန ပဝတ္တံ ဥပါယေ ဝိပ္ပဋိပတ္တိံ နိဝတ္တေတိ။
(သံမော စသည်)
(၁-၂ စသော ဂါထာ နံပါတ်စဉ်အတိုင်း ဘာသာပြန်ကို ကြည့်ပါ)
ဘာသာပြန်-၁
▬▬▬▬▬
အကြင်သစ္စာဉာဏ်သည် လောကီ ဖြစ်၏၊ ထိုလောက် ဖြစ်သော သစ္စာဉာဏ်တို့တွင် ဒုက္ခသာဟု ဒုက္ခသစ္စာကိုသိသော ဉာဏ်သည် အလွန့်အလွန် နှိပ်စက်ခြင်း၏ အစွမ်း အားဖြင့် ဖြစ်သော ဝါ၊ ခန္ဓာကိုယ် အတ္တဘော ထင်ရှားရှိ၏၊ ယူမှားသော၊ ဝါ၊ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကိုပင် ငါ့ကိုယ် အတ္တဟု အလွဲယူမှားသော အယူမှားမိစ္ဆာဒိဋ္ဌိ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ ကို နစ်စေ၏၊ တားမြစ်စေ၏၊ ဝါ၊ သက္ကာယဒိဋ္ဌိကို ပယ်သတ် နိုင်၏ဟု ဆိုလိုပေသည်။
မှတ်ချက်
အနုဗောဓခေါ်သော လောကီဉာဏ်ဖြင့် သစ္စာသိတဲ့ခါ သစ္စာလေးပါးတို့တွင် တဏှာမှ တပါးသော ငါ၏တကိုယ်လုံး တကောင်လုံးရှိ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ပဋိသန္ဓေမှ စုတိသေနေ့သို့ ကျအောင် ဆင်းရဲတာ မှန်လှသောကြောင့် ဒုက္ခသစ္စာ ပေတည်းဟု ဒုက္ခသစ္စာကို သိတဲ့ခါ မသိခင်တုံးက ငါ့ကိုယ်အတ္တဟု မှတ်ထင်မှား ခဲ့သော အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ အယူမှားကို တားဆီးနိုင်တော့သည် ဖြစ်၍ ဒိဋ္ဌိပဋိသေဓက တရားကို ရရှိတော့သည်ဟု ဆိုလိုပေသည်။
ဒုက္ခဒဿန သမ္ပဒါယ သက္ကာယဒိဋ္ဌိ ပဟီနာ – နှင့် အညီပေတည်း။ ထို့ ကြောင့်ပင် “ဒု-ကိုသိ၊ ဒိ-ကိုပယ်” ဟုဆိုပေသည်။
(ဤကား ၁-နံပါတ်၏ ဘာသာပြန်တည်း။)
ဘာသာပြန်-၂
▬▬▬▬▬
တဖန် သစ္စာသိတဲ့ခါ သစ္စာလေးပါးတို့တွင် တဏှာ ရာဂ, လောဘသည် သမုဒယ သစ္စာတည်းဟု သမုဒယသစ္စာကို သိသော ဉာဏ်သည် သေလျှင်ပြတ်၏။ သေပြီးလျှင် နောက်ကို ရှေ့ကို ဘာကောင်မှ မဖြစ်တော့ဘူးဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိ ကို၊ နိရောဓသစ္စာကို သိသော ဉာဏ်သည် သေသော်လည်း မပြတ်၊ ထိုဘဝ ဤဘဝသို့ ကူးပြောင်း၍ ဖြစ်သောကြောင့် မြဲ၏ဟု ယူမှားသော သဿတဒိဋ္ဌိ ကို၊ မဂ္ဂသစ္စာကို သိသော ဉာဏ်သည် ကုသိုလ် အကုသိုလ်ကံ ပြုသော်လည်း ကောင်းကျိုး ဆိုးကျိုး မရှိဟု ယူမှားသော အကိရိယဒိဋ္ဌိ ကို နစ်စေ၏၊ တားမြစ်၏၊ ပယ်၏ဟု ဆိုလိုပေသည်။
(ဤကား ၂-နံပါတ် ဘာသာပြန်ကည်း)
ဤ၌ ဥစ္ဆေဒဒိဋ္ဌိ ဆိုသည်မှာ လက်ရှိဘဝ သေလျှင် ပြတ်တော့၏။ နောက်ထပ်အသစ် ဘာကောင်မှ မဖြစ်တော့ပြီဟု ယူမှားသော မိစ္ဆာဒိဋ္ဌိ အယူမှားတည်း၊ ဝါ၊ ပြတ်မှားတည်း။
ထိုသို့ကား မဟုတ်၊ အဝိဇ္ဇာ, တဏှာ ဆိုတဲ့ သံသရာ ရေသောက်မြစ်ကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်သတ်ပြီးတဲ့ ဘုရား ရဟန္တာ မဟုတ်သေးလျှင် သေသော်လည်း ပြတ်၍မသွားနိုင်ပေ။
“ဗာလော ကာယဿဘေဒါ ကာယူပဂေါ ဟောတိ” နှင့် အညီ ကံအားလျော်စွာ တစုံတခုသော ဘုံဘဝတို့မှာ နောက်ထပ်တဖန် ဖြစ်ရပြန်မြဲ ထုံးစံပေတည်း။ “ကမ္မသမ္မာဟ” ကံအကြောင်းကို ကောင်းစွာ မသိသောကြောင့်သာလျှင် ပြတ်၏ ဟူသော ဥစ္ဆေဒဒိဋ္ဌိ အယူမှားကိုယူမှားမိလေသည်။
တဏှာပယ်သော မဂ်အကျင့်ကို ကျင့်၍ တဏှာကို မဂ်ဖြင့် အကြွင်းမဲ့ ပယ်သတ်ပြီးတဲ့ ဘုရား ရဟန္တာ ဖြစ်ပါမူကား - အရဟတ္တမဂ်နောင်မှ တဏှာ အကြောင်း အသစ်မဖြစ် တော့၍ အရဟန္တ စုတိနောင်မှာ ခန္ဓာအကျိုး အသစ်လဲ မဖြစ်တော့ဘဲ ကြောင်း ကျိုး နှစ်ရပ် အစဉ်ပြတ်၍ နောက်ထပ် အသစ် မဖြစ်တော့ဘဲ အမြဲငြိမ်းအေးနေတဲ့ အငြိမ်းဓာတ် အအေးဓာတ် အသင်္ခတဓာတ်ခေါ်တဲ့ နိဗ္ဗာန်သို့သာ ဆိုက်ရောက်လေ တော့သည်။
ဤအယူကို ဥစ္ဆေဒဒိဋ္ဌိ မဟုတ်၍ ဥစ္ဆေဒဒိဋ္ဌိ မဆိုရ သမ္မာဒိဋ္ဌိ အယူမှန်သာ ဖြစ်၏ဟု မှတ်လေ။
သဿတဒိဋ္ဌိ ဆိုသည်မှာ လက်ရှိဘဝ သေသွားတဲ့အခါ ရုပ်ခန္ဓာကြီးဟာ သုသာန် သင်းချိုင်း၌ မြေမြှုပ် မီးရှို့၍ ချန်ရစ်သည်၊ နာမ်ခန္ဓာမူကား ရုပ်ခန္ဓာအိမ်ဟောင်း ကိုစွန့်၍ ခန္ဓာအိမ်သစ်တခုသို့ ကူးပြောင်းသွားပြန်သည်။
ဤပုံ ဤနည်း - တအိမ်မှ တအိမ် တရွာမှ တရွာ, တမြို့မှ တမြို့ တနိုင်ငံမှ တနိုင်ငံသို့ သွားသောသူကဲ့သို့၎င်း၊ ပိုးလောက်လမ်းကဲ့သို့၎င်း၊ ခန္ဓာအိမ်ဟောင်းတခု ပျက်ပြန်လျှင် ခန္ဓာအိမ်သစ် တခုသို့ ကူးကာ ပြောင်းကာ တသံသရာလုံး အမြဲ တည်သည်ဟု ယူမှားသော မိစ္ဆာဒိဋ္ဌိ အယူမှားတည်း။ ဝါ၊ ဆက်မှာတည်း။
ထိုသို့ကား မဟုတ်၊ တစုံတခုသော ဘုံဘဝတို့၌ တဖန် အသစ် မဖြစ်လတ္တံ့သော ဘုရား ရဟန္တာမဟုတ်သေးလျှင် လက်ရှိဘဝ သေသွားကြတဲ့ခါ လက်ရှိဘဝ၌ ရရှိကြသော ရုပ်နာမ် ခန္ဓာတို့သည် သေတဲ့ ဘဝ၌ပင် ရုပ်ရော နာမ်ရော ရုပ် နာမ် ခန္ဓာ အားလုံးပင် သူ့အချိန်နှင့်သူ အကုန်လုံး ချုပ်ပျောက်ကြကုန်၏။ ဘ၀တပါးသို့ ဘဝသစ်သို့ ကူးပြောင်း၍ မသွားကြ မလိုက် မပါကြပေ။
သို့ရာတွင် ဘဝဟောင်းက ရုပ်ဟောင်း နာမ်ဟောင်း အစုံတခု မလိုက် မပါသော်လည်း စေတနာ ကံ စသော အကြောင်းကြောင့် ဘဝသစ်မှာ ရုပ်သစ် နာမ်သစ် အသစ်တဖန် ဖြစ်ရပြန်လေသည်၊ ဥပမာ - မှန်ကိုကြည့်ကြတဲ့ခါ မှန်ပြင်ဘက်မှာ ရှိနေတဲ့မျက်နှာကို အကြောင်းပြု၍ မှန်ထဲမှာ မျက်နှာရိပ် အသစ် အလွတ်သက်သက် ဖြစ်ပေါ် လာသကဲ့သို့ပေတည်း၊
ထို့တူပမာ - ဘဝဟောင်းက ပြုခဲ့ကြတဲ့ ကုသိုလ် အကုသိုလ်ကံအကြောင်းကြောင့် ရှေးဘဝသစ်မှာ ရုပ်သစ် နာမ်သစ် ဖြစ်ပေါ်ပြန်သည်၊ ဤ၌ မှန်ပြင်ဘက်မှာ ရှိနေတဲ့ မျက်နှာနှင့် ဘဝဟောင်းက ရုပ်နာမ် တူ၏၊ မှန်ထဲမှာ သွားထင်တဲ့ မျက်နှာရိပ်နှင့် ဘဝသစ်မှာ သွားဖြစ်တဲ့ ရုပ်သစ် နာမ်သစ်နှင့်တူ၏၊
မှန်ပြင်ဘက်က ရှိနေတဲ့ မျက်နှာသည် မှန်ထဲမှာရှိနေတဲ့ မျက်နှာရိပ်သို့ ဘာတခုမှ မပါ၊ မကူးပြောင်းသကဲ့သို့၊ ထို့ ထို့တူပမာ - ဘဝဟောင်းက ရုပ်ဟောင်း နာမ်ဟောင်းသည် ဘ၀သစ်သို့ ဘာတခုမှ မလိုက်မပါ မကူး မပြောင်းသည်နှင့် တူလှပေ၏၊
မှန်ထဲမှာရှိနေတဲ့ မျက်နှာရိပ်သည်လည်း မှန်ပြင်ဘက်မှာရှိနေတဲ့ မျက်နှာနှင့်ကင်း၍ လုံးဝ မဖြစ်နိုင်သကဲ့သို့၊ ဘဝဟောင်းက ရုပ်တရား နာမ်တရားဟာ ဘဝသစ် ဘာတခုမှ မကူးမပြောင်း မလိုက်မပါသော်လည်း ဘဝဟောင်းက ပြုခဲ့ကြတဲ့ ကံ-စသော အကြောင်းတရားနှင့် ကင်း၍ ဘဝသစ်မှာ ရုပ်သစ် နာမ်သစ် လုံးဝ မဖြစ်နိုင်ကြပေ။
ဤပုံ ဤနည်း - နိဗ္ဗာန်ရတဲ့ ဘဝတိုင်အောင် တသံသရာလုံး ကျင်လည် နေကြရတော့၏။
“ကမ္မဝိပါကော အစိန္တေယျော” အရ၊ ကံ-ကံ၏ အကျိုးပေး ဆန်းကျယ်ပုံများကို အလွတ်ကြံ၍မရ၊ အလွတ်ကြံလျှင် အမှန်မရ၊ မိစ္ဆာဒိဋ္ဌိ အယူမှားကို ယူမိတတ်၏၊ ကြံလိုလျှင် ဘုရားဟော ပါဠိတော် အဋ္ဌကထာ ဋီကာ တို့ကိုမှီ၍ ကြံကြပါလေ၊ သို့မှ အမှန်ရပေမည်။
ဤလို ဤပုံ - သတ္တဝါတို့၏ တဘဝမှ တဘဝသို့ ပဋိသန္ဓေ ဝိဉာဏ် ကူးပြောင်းပုံကို ပဲ့တင်သံ ဆီမီး တံဆိပ်ရေး မျက်နှာရိပ် ဥပမာလေးမျိုး ပြ၍ သမ္မောအဋ္ဌကထာ ပဋိစ္စသမုပ္ပါဒဝိဘင်းအဖွင့် “၁၄၁” နံပါတ်မှာ
“ပဋိဃောသ ပဒီပ မုဒ္ဒါ၊
ပဋိဗိမ္ဗပကာရာ ဓမ္မာ၊
နိဒဿနာနိ သိယျုံ” ဟု ဖွင့်ပြထားပါသည်။
ဤ၌ကား လူသိများသော မှန် မျက်နှာရိပ် ဥပမာ တခုကိုသာ ပြဆိုခဲ့ပါသည်၊ ကျန် ဥပမာများလည်း အလားတူပင် ဖြစ်ပါတော့သည်။
ဤလို ဤပုံ ကံ-ကံ၏ အကြောင်းတရား, အကျိုးတရားတို့၏ အဖြစ် ဆန်းကျယ်ပုံကို မသိရှိဘဲနှင့် သေလျှင်ပြတ်၏ဟု ယူလျှင် ဥစ္ဆေဒဒိဋ္ဌိ အယူမှားတည်း၊ သေသော်လည်း မပြတ်၊ နာမ်တရားက ကူးပြောင်းသွား၍ မြဲ၏ဟုယူလျှင် သဿတဒိဋ္ဌိ အယူမှား တည်း။
ထို ပဋိသန္ဓေ ဝိညာဏ်သည် ရှေးဘဝဟောင်းမှ ဤဘဝသစ်သို့ မလိုက် မပါ မလာကြပေ၊ ထိုဘဝဟောင်းမှ ကံ စသော အကြောင်းနှင့်လည်း ကင်း၍ မဖြစ်နိုင် ကြပေ၊ “ပဲ့တင်သံ ဆီမီး တံဆိပ်ရေး မှန်” ဤ ဥပမာ ကဲ့သို့ပေတည်းဟု ယူလျှင် သမ္မာဒိဋ္ဌိ အယူမှန်ပေတည်း၊ အယူမှားကို စွန့်၍ အယူမှန်ကို ယူနိုင်ကြပါစေသတည်း။ ဝါ၊ မိစ္ဆာဒိဋ္ဌိ အဖြစ်မှ သမ္မာဒိဋ္ဌိ အဖြစ်သို့ ရောက်ကြပါစေသတည်း။
ဆောင်...
မှန်ရိပ်အလား ပုံထားလေပါ။
မှန်ထဲမှာလဲ မျက်နှာမပါ၊
မျက်နှာနှင့်လဲ မကင်းမကွာ၊
သည်ပုံလား ကူးသွားသံသရာ။
အကိရိယဒိဋ္ဌိ ဆိုသည်မှာ - ကုသိုလ် အကုသိုလ်ကံ အကြောင်း အကျိုးကို ပယ်သော အယူမှားတည်း။
ကုသိုလ် အကုသိုလ်ကံသည် အကျိုးမရှိသည် မဟုတ် သူ့နေရာနှင့်သူ အကျိုးရှိ၏၊ မဂ္ဂင်ကံကို ပွားများ အားထုတ်တဲ့ခါ မဂ္ဂင်ရှစ်ပါး ကျင့်မြတ် တရားကြောင့်ပင် ဖြစ် ပျက် မွေး သေ ဆိုတဲ့ သံသရာ ဝဋ်ဒုက္ခကြီးထဲက ကျွတ်လွတ် ထွက်မြောက်၍ မွေး သေ လွတ်တဲ့ နိဗ္ဗာန်အထိ ဆိုက်ရောက်ခြင်း အကျိုးရှိပေသည်၊ ထို့ကြောင့်ပင် မဂ္ဂသစ္စာကို သိတဲ့ခါ အကိရိယဒိဋ္ဌိ အယူမှားကို နစ်စေသည်။ ပျက်စေသည်၊ ပယ်သတ်သည် ဟုဆိုပေသည်။
ဘာသာပြန်-၃
▬▬▬▬▬
တနည်း ဒု-ကို သိသောဉာဏ်သည် မြဲသော တင့်တယ်သော ချမ်းသာသော အတ္တ အဖြစ်မှ လုံးဝကင်းကုန်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ မြဲ၏၊ တင့်တယ်၏၊ ချမ်းသာ၏ ဟူသော အမှတ် အတ္တဘော ဟူသော အမှတ်ဟု ဆိုအပ်သော အကျိုး တရား၌ မှားသော အကျင့်ကို နစ်စေ၏ တားမြစ်၏။
ဘာသာပြန်-၄
▬▬▬▬▬
သ-ကို သိသော ဉာဏ်သည် ဗိဿဏိုးနတ် ကာလ မိမိတို့၏ သဘော စသည် တို့ကြောင့် လောကသည် ဖြစ်၏ဟု အကြောင်း မဟုတ်သည်၌ အကြောင်းဟုတ်၏ဟု အလွန် မာန်မူခြင်းကြောင့် ဖြစ်သော အကြောင်း၌ ဖေါက်ပြန်ခြင်းကို နစ်စေ၏။
မှတ်ချက်
ဤ၌ ဣဿရကာရကာဝါဒီ ပဓာနကာရကာဝါဒီ ကာလဝါဒီ သဘာဝဝါဒီ အယူရှိသူ။ ဝါဒလေးမျိုး အယူမှားရှိသော ဆရာလေးယောက်တို့ကို ရပ်၍ ပြဆိုဦးအံ့။
ဣဿရဝါဒီ အယူရှိသောသူတို့သည် ဗိဿဏိုးနတ်သည် လောကကို၊ ဝါ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့ကို ဖြစ်လည်း ဖြစ်စေနိုင်၏၊ နစ်လည်း နစ်စေနိုင်၏၊ ဝါ၊ ပြုပြင် ဘန်ဆင်းနိုင်၏၊ ဝါ၊ ဗိဿနိုးနတ် ဘန်ဆင်း၍ဖြစ်၏ဟု အယူရှိကြကုန်၏။
ပဓာနဝါဒီ အယူရှိသောသူတို့သည် မင်းကြောင့် လောကသည် ထင်ရှားစွာ ဖြစ်လည်း ဖြစ်၏ ပျက်လည်းပျက်၏ တိုးလည်းတိုး၏ ဆုတ်လည်း ဆုတ်၏ဟု အယူရှိကြကုန်၏။
ကာလဝါဒီ အယူရှိသော သူတို့သည် နံနက်စသော ကာလသည် သတ္တဝါတို့ကို ပြုပြင် တတ်၏၊ သတ္တဝါတို့ကို ဆောင်တတ်၏။ အိပ်ပျော် သတ္တဝါတို့ကို နိုးစေတတ်၏ဟု အယူရှိကြကုန်၏။
သဘာဝဝါဒီ အယူရှိသော သူတို့သည် ဆူးတို့သည် မည်သူ တစုံတယောက်ကမှ မပြုပြင်ဘဲ၊ ဝါ၊ ချွန်၍မပေးဘဲ မိမိအလိုလို ချွန်ထက်နေသည်၏အဖြစ်၊ အမြစ် အသီး စသည်တို့၏ သူ့အလိုလို လုံးသည်၏အဖြစ်၊ သားငှက် မြွေ ကင်း, သန်း စသည်တို့၏ ပြောက်ကြားသည်၏အဖြစ် စသည်တို့သည် မိမိတို့၏ သဘောအားဖြင့်သာ ပြီးကုန်၏၊ တစုံတခုသော အကြောင်းမရှိတော့ပြီဟု အယူရှိကြကုန်၏၊
ဤလို မှားသော မိစ္ဆာဒိဋ္ဌိ အယူကို အကြောင်းကြောင့်သာ အကျိုးဖြစ်၏ အကြောင်း မရှိက အကျိုးမဖြစ်ဟု အကြောင်းကို ကောင်းစွာသိသော သမုဒယသစ္စာကို သိသော ဉာဏ်သည် ပယ်၏။
ဤ၌ ဆူးတို့၏အလိုလို ချွန်ထက်ခြင်း၊ သစ်သီး သစ်ဥတို့၏ အလိုလို လုံးခြင်းကား၊ မျိုးစေ့တို့၏ မြဲသော ဗီဇနိယာမ တည်း၊ သားငှက်တို့၏ ပြောက်ကြားခြင်းကား ကံ တို့၏မြဲသော ကမ္မနိယာမ တည်း။
ဤလို ဗီဇနိယာမ ကမ္မနိယာမ ကမ္မပစ္စယ ဥတုသမုဌာနရုပ် ဖြစ်၏။ ဤလို နိယာမ တရား ကမ္မပစ္စယ ဥတုသမုဋ္ဌာန တရားတို့၏ ထူးခြားသော အဖြစ်ကို မသိသော ကြောင့် သဘာဝဝါဒီ ပုဂ္ဂိုလ်တို့ ဆိုမှား ယူမှား မိကြသည်ဟု သိလေ။
ဘာသာပြန်-၅
▬▬▬▬▬
နိ-ကို သိသောဉာဏ်သည် အရူပဘုံ ခေါ်သော နေဝသညာ နာသညာယတနဘုံတို့၌ သင်္ခါရတရားတို့သည် ဆိတ်သုဉ်းကုန်၏၊ နိဗ္ဗာန်ပေတည်း၊ ထိုလောက ထုပိက အပဝဂ္ဂ ခေါ်သော နေဝသညာ နာသညာယတနဘုံသို့ ရောက်လျှင် နိဗ္ဗာန်သို့ရောက်တော့၏ဟု ယူမှားသောကြောင့်ဖြစ်သော နိရောဓသစ္စာ၌ မှားယွင်း ဘောက်ပြန်သော အကျင့်ကို နစ်စေ၏။
မှတ်ချက်
နေ၀သညာ နာသညာယတနဘုံသည် သင်္ခါရတရားတို့မှ ဆိတ်သုဉ်းသည် မဟုတ်။
ဥပမာ - ရေယူခဲ့ဆိုရာ ယူလောက်အောင် ရေမရှိ အကပ်ကလေးမျှသာ ရှိနေ၍ ရေမရှိ ဟုဆိုဘိသကဲ့သို့၊ ထို့တူပမာ - အဆိုပါဘုံမှာ သင်္ခါရဟု ဆိုရ လောက်အောင် ရုန့်ရင်းသာ သညာကား မရှိ၊သင်္ခါရ မရှိဆိုရလောက်အောင် သိမ်မွေ့သော သညာ မရှိသည်လည်း မဟုတ်၊ မနာယတန ဓမ္မာယတန၌ အကျုံးဝင်သော နူးညံ့ သိမ်မွေ့သော သညာ သင်္ခါရကား ရှိနေပြန်၏။ သင်္ခါရ မဆိတ်သုဉ်းပေ၊ ထို့ကြောင့် နိဗ္ဗာန်မဟုတ်ပေ။ ဤလို နိဗ္ဗာန် မဟုတ်သည်ကို နိဗ္ဗာန်ဟု ယူသောကြောင့် လွဲမှား လေသည်။
ဘာသာပြန် ၆
▬▬▬▬▬
မ-ကို သိသောဉာဏ်သည် ကာမဂုဏ် ချမ်းသာ၌ တပ်မက်သောအားဖြင့် အဖန် တလဲလဲ ယှဉ်ခြင်း၊ မိမိကိုယ်၏ ပင်ပန်းခြင်းနှင့် အဖန်တလဲလဲ ယှဉ်ခြင်း အပြားရှိသော နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သည်၌ နိဗ္ဗာန်ရောက်ကြောင်းဟု ယူမှားသော အစွမ်း ကြောင့်ဖြစ်သော အကြောင်း၌ ကျင့်မှားသော အကျင့်ကို နစ်စေ၏။
ဥဘောအန္တ - ခေါ်သော ကာမသုခလ္လိက နှင့် အတ္တကိလမထ ပေတည်း။
ဆောင်ပုဒ်
ဒု-သိ-သက်ပယ်၊ သ-သိ-ဥစ် ပယ်၊
နိ-သိ-သသ်ပယ်၊ မ-သိ အကရိပယ်၊
လေးသွယ်သစ္စာ၊ သိသောခါ၊
လေးဖြာ ဒိဋ္ဌိပယ်။
တနည်း–
ဒု-ကိုသိတော့ သက်ကိုပယ်၊
သ-ကိုသိတော့ ဥစ်ကိုပယ်၊
နိ-ကို သိတော့ သသ်ကိုပယ်၊
မ-ကိုသိတော့ အကရိပယ်၊
လေးသွယ် သစ္စာ သိသောခါ၊
လေးဖြာ ဒိဋ္ဌိပယ်။
တနည်း-
ဒု-သိ ကျိုး၌ ကျင့်မှားပယ်၊
သ-သိ ကြောင်း၌ ကျင့်မှားပယ်၊
နိ-သိ မှားယွင်းကျင့်ကိုပယ်၊
မ-သိ ယုတ်တရား နှစ်ပါးကိုပယ်။
သစ္စာသိတော့ ဒိဋ္ဌိကုန်လုံးပယ်၊
မဂ်သို့ရောက်တော့တယ်။
အမှာ
ဤလို့ဤပုံ - သစ္စာသိတဲ့ခါ တသံသရာလုံးက မှောက်မှားခဲ့သော အမှောက် အမှား အမျိုးမျိုးတို့ကို ဖယ်ရှား၍ မဂ်တရားသို့ ရောက်စေနိုင် သောကြောင့် သေနေ့ မဦးခင် သစ္စာသိအောင် ကြိုးစားအားထုတ် ကြပါလေ။
အမှား အလွဲ အစွဲ
အမျိုးမျိုး ပယ်နှိပ်ချိုး
▬▬▬▬▬▬▬▬
သစ္စာကိုသိသောဉာဏ်သည် ကမ္ဘာ့ ကမ္ဘာ, ဘဝ ဘဝါတို့က တသံသရာလုံးကြီး ..
ဒုက္ခသစ္စာ ရုပ် နာမ် ခန္ဓာကိုပင် ငါ့ကိုယ် ငါ့အတ္တဟု မှောက်မှားခဲ့သော အမှောက်အမှား မိစ္ဆာဒိဋ္ဌိ တရားဆိုး အမျိုးမျိုး၊
ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာကိုပင် နိစ္စ သုခ အတ္တ သုဘ ဖြစ်သည်ဟု သညာ စိတ္တ ဒိဋ္ဌိ တို့၏ အစွမ်းအားဖြင့် မှတ်မှား သိမှား ယူမှားခဲ့သော ဝိပလ္လာသ တရားဆိုး အမျိုးမျိုး၊
ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာကိုပင် ငါ့ကိုယ် ငါ့ဟာ ငါဖြစ်သည်ဟု ဒိဋ္ဌိ တဏှာ, မာန၏ အစွမ်းဖြင့် ကြက်ကန်းစွဲ စွဲမှားခဲ့သော အလွဲအမှား အစွဲတရားဆိုး အမျိုးမျိုး -
တို့ကို တခဏခြင်းဖြင့် ထုံးလိုခြေ ရေလိုနှောက်၍ ပျောက်ပျက် ကွယ်ပ ကင်းကွာကြ စေပြီးလျှင် အယူမှားဒိဋ္ဌိ ချုပ်ငြိမ်း၍ အပါယ် ဇာတ်သိမ်းတဲ့ အရိယာ သောတာပန် စသည်ကို လျင်လျင်မြန်မြန် ဖြစ်စေနိုင် ရောက်စေနိုင်သောကြောင့် သေနေ့မဦးခင် သစ္စာ သိတဲ့နေ့ ဦးသွားအောင် အထူး ကြိုးစားကြပါရန် အကျိုးမျှော်၍ နှိုးဆော် ခဲ့ပါသည်။ အပါယ်လွတ်လို လူထိုထိုတို့။
အကြောင်းအရာများ
▬▬▬▬▬▬▬
ဤ သစ္စာလေးပါးတူပုံ ဥပမာ ဇယားကွက်များကို ကသိုဏ်းရှုသော သမထ ယောဂီကဲ့သို့ ထင်မြင် ပေါက်ရောက်အောင် ရှုကြည့်ပါလျှင် တစတစ သစ္စာဉာဏ် ရင့်သန် သံဝေဂဉာဏ် ဖြစ်ပွား တသံသရာလုံး မှားခဲ့သော ဒုက္ခ သစ္စာ ရုပ်နာမ်ခန္ဓာ ကိုပင် ကိုယ် အတ္တဟု မှတ်ထင်ယူဆ မှားခဲ့သော အတ္တ ဒိဋ္ဌိ ချုပ်ငြိမ်း၍ အပါယ် ဇာတ်သိမ်းသော အရိယာသောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာအထိ ဖြစ်စေ နိုင်၍ မွေးသေလွတ်သော နိဗ္ဗာန်ကိုပင် ရောက်စေနိုင်သောကြောင့် တန်ဘိုးမဖြတ် နိုင်အောင် အကျိုးကျေးဇူး တရားများကို လှလှကြီး ကျပ်ပြည့်ဖြစ်စေနိုင်၍ မပြတ် လေ့လာကြည့်ရှုကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
အပိုင်း (၂)
ဒုက္ခသစ္စာအရ ဇာတိ စသည်ကို ပြခြင်း
▬▬▬▬▬▬▬▬▬
သစ္စာလေးပါးတို့တွင် ဒု-၏ အရှေ့ဖြစ်သော သရုပ်ကို ဖေါ်ထုတ်၍ ဟောတော်မူသည်မှာ --
၁။ ဇာတိပိဒုက္ခာ ဇရာပိဒုက္ခာ ဗျာဓိပိဒုက္ခော မရဏမ္ပိဒုက္ခံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာပိ ဒုက္ခာ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ယံပိစ္ဆံ န လဘတိ တမ္ပိဒုက္ခံ သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ။
ဟူ၍ ဟောတော်မူအပ်သော ဒုက္ခတရား ၁၂-ပါးတို့၏၎င်း၊
၂။ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂ သဟဂတာ တတြတတြာ ဘိနန္ဒိနီ သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။
ဟူ၍ ဟောတော်မူအပ်သော သမုဒယသစ္စာ တဏှာသုံးပါးတို့၏၎င်း။
၃။ ယောတဿာယေဝ တဏှာယ အသေသ ဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
ဟူ၍ ဟောတော်မူအပ်သော နိရောဓသစ္စာ နိဗ္ဗာန်၏၎င်း။
၄။ ကတမံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ သေယျထိဒံ သမ္မာဒိဋ္ဌိ ..... ပ ..... သမ္မာသမာဓိ။
ဟူ၍ ဟောတော်မူအပ်သော မဂ္ဂသစ္စာ မဂ္ဂင်ရှစ်ပါးတို့၏၎င်း။
၁-၂ စသော နံပါတ်စဉ်အတိုင်း ဘာသာပြန်များကို တိုက်၍ ကြည့်ပါ။
ဘာသာပြန်-၁
▬▬▬▬▬
ရဟန်းတို့ အမိဝမ်းခေါင်း ကျဉ်းမြောင်းလှပေ၊ တဖန် တဖန် ပြန်၍ ပြန်၍ ပဋိသန္ဓေ နေရခြင်းသည်လည်း ဆင်းရဲတွင်း နက်လှ၍ ဆင်းရဲခြင်း စစ်လှပေ၏၊ တဖန် ပဋိသန္ဓေ တည်နေပြီး နောက် တစတစ ဆိုးရွားဟောင်းမြင်း အိုမင်းရင့်ရော် ရခြင်းသည်လည်း ဆင်းရဲတွင်း နက်လှ၍ ဆင်းရဲခြင်း စစ်လှပေ၏၊ တဖန် (၉၆) ဖြာ ရောဂါဝေဒနာတွင် တပါးပါး ကျရောက်၍ ကျင်နာ နှိပ်စက် အခံရခက်ခြင်းသည်လည်း ဆင်းရဲခြင်း စစ်လှပေ၏။
တဖန် တဘဝတခါ ခန္ဓာပျက်ကြွေ သေရခြင်းသည်လည်း ဆင်းရဲတွင်း နက်လှ၍ ဆင်းရဲခြင်း အစစ်ပေတည်း၊ ဗျသနတရား ငါးပါးတို့တွင် တပါးပါးနှင့် တွေ့ကြုံကြတဲ့ခါ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်း ကိုယ်၏ မချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း၊ ရင်ခပ် လက်တီး သက်ကြီးရှက်ငင် ပူပင်ရခြင်းတို့သည်လည်း လွန်မင်းစွာ ဆင်းရဲလှကုန်၏၊
မချစ်မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့် အတူတကွ တွေ့ကြုံ ပေါင်းဆုံ၍ နေရခြင်းသည်လည်း ဆင်းရဲလှ၏၊ ချစ်နှစ်သက် အပ်သော သတ္တဝါ သင်္ခါရတို့နှင့် ကွေကွင်း ကင်းကွာ၍ နေရခြင်းသည်လည်း ဆင်းရဲလှ၏၊
အကြင် ပဋိသန္ဓေ နေရခြင်း, အိုခြင်း, နာခြင်း, သေခြင်း, စိုးရိမ် ပူပန်ခြင်း စသော သဘော တရားတို့သည် ငါ့အား မတွေ့မကြုံ မဆုံမဖြစ်ပါမူကား ကောင်းလေဟု တဖွဖွ တောင့်တပါသော်လည်း တတိုင်း မရ၊ ထိုသို့ မရခြင်းသည်လည်း ဆင်းရဲလှ၏၊
အကျဉ်းချုပ်အားဖြင့် သူကောင် ငါကောင် ယောက်ျားကောင် မိန်းမကောင် စသည်ဖြင့် အလွဲ စွဲလမ်းစရာဖြစ်သော ဥပါဒါန်၏ အာရုံ ဖြစ်သော ခန္ဓာငါးပါး ရုပ် နာမ် တရား တို့ကို လက်ကိုင်ရရှိ၍ နေရခြင်းသည်လည်း ဆင်းရဲမှန်လှကုန်၏၊ ဆင်းရဲလက်ကိုင် ရှိနေတော့၏ဟု ဟောတော်မူသည်။
(ဤကား ဒု- သစ္စာ၏ ဘာသာပြန်တည်း။)
ဘာသာပြန်-၂
▬▬▬▬▬
ရဟန်းတို့၊ အကြင် တဏှာ ရာဂ ဟူသော လောဘသည် တဖန် တဖန် ဘဝသစ်၌ ဖြစ်လေ့ ဖြစ်ထရှိ၏၊ တပ်မက် နှစ်သက်ခြင်း နှင့်တကွ ဖြစ်လေ့ရှိ၏၊ ထိုထို ကိုယ်၏အဖြစ် ထိုထိုအာရုံ ကာမဂုဏ်တို့၌ အလွန့်အလွန် တပ်မက် နှစ်သက်ခြင်းရှိ၏။
ဤဆိုအပ်ခဲ့ပြီးသော တဏှာသည် အဘယ်နည်း ဟူမူ၊ ရူပါရုံ စသော ငါးပါးအာရုံ ကာမဂုဏ် ကာမဝတ္ထုတို့ကို တပ်တတ်သော ကာမတဏှာ၊ သတ္တဝါ သင်္ခါရသည် မြဲ၏ ဟုယူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ဘဝတဏှာ သတ္တဝါ သင်္ခါရသည် သေလျှင် ပြတ်၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော ဝိဘဝတဏှာ၊ ဤ တဏှာသုံးပါးတို့ ပေတည်းဟု ဟောတော်မူသည်။
(ဤကား သ- သစ္စာ၏ ဘာသာပြန်တည်း။)
ဘာသာပြန်-၃
▬▬▬▬▬
ရဟန်းတို့၊ ထို ဆိုအပ်ခဲ့ပြီးသော သုံးပါးအပြားရှိသော တဏှာ၏သာလျှင် အကြင် အကြွင်းမဲ့ တပ်ခြင်းကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် အကြင် တပ်မက်ခြင်း တဏှာကို စွန့်ရာဖြစ်သော နိဗ္ဗာန်သည် အကြင်တပ်မက်ခြင်း တဏှာကို တဖန်စွန့်ရာ ဖြစ်သော နိဗ္ဗာန်သည် အကြင်တဏှာမှ လွတ်ရာ ဖြစ်သော နိဗ္ဗာန်သည် အကြင် ကပ်ငြိခြင်း ကင်းရာ နိဗ္ဗာန်သည် ဧကန်တိတိ ပရမတ်အားဖြင့် ထင်ရှားရှိ၏ဟု ဟောတော်မူသည်။
(ဤကား နိ-သစ္စာ၏ ဘာသာပြန်တည်း။)
ဘာသာပြန်-၄
▬▬▬▬▬
ရဟန်းတို့၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဤမဂ်သည် ရှိ၏။ ထိုမဂ်သည် အဘယ်နည်းဟူမူ၊ ရုပ် နာမ် ခန္ဓာ လက္ခဏာ သစ္စာတို့ကို မဖောက် မပြန် အဟုတ်အမှန် သိမြင်ခြင်း သမ္မာဒိဋ္ဌိ၎င်း ... ပ ... အဟုတ်အမှန်ဖြစ်သော ဝိပဿနာအာရုံ၌ စူးစူးစိုက်စိုက် စိတ်၏ တည်ကြည်မှု သမ္မာသမာဓိ၎င်း ဟူ၍ ဟောတော်မူသည်။
(ဤကား မ-သစ္စာ၏ ဘာသာပြန်တည်း)
(က) ဇာတိသဒ္ဒါသည် ဟောအပ်သော အနက်များ
ဒုက္ခသစ္စာ၏ နိဒ္ဒေသ၌ ဟောတော်မူအပ်သော ဤဇာတိ သဒ္ဒါသည် -
၁။ ဧကံပိာတိံ ဒွေပိ ဇာတိယော စသောပါဠိတို့၌ ဘဝကိုဟော၏။
၂။ အတ္ထိဝိသာဓေ နိဂဏ္ဍာနာမ သမနဇာတိ- စသည်တို့၌ အပေါင်းကို ဟော၏။
၃။ ဇာတိ ဒွီဟိ ခန္ဓေဟိ သင်္ဂဟိတာ - စသည်တို့၌ ရုပ်နာမ် ဥပါဒ်ကိုဟော၏။
၄။ ယံမာတုကုစ္ဆိသ္မိံ ပဋ္ဌမစိတ္တံ – စသည်တို့၌ ခန္ဓာငါးပါးကို ဟော၏။
၅။ သမ္ပတိဇာတော အာနန္ဒာ ဗောဓိသတ္တော – စသည်တို့၌ သားဖွားခြင်းကို ဟော၏။
၆။ အက္ခိတ္တော အနုပကုဋ္ဌော ဇာတိဝါဒေန - စသည်တို့၌ အမျိုးကိုဟော၏။
၇။ ယတောဟံ ဘဝိနီ အရိယာယ ဇာတိယာ - စသည်တို့၌ စတုပါရိသုဒ္ဓိ သီလကို ဟော၏။
ဤသစ္စာနိဒ္ဒေသ၌ကား - အမိဝမ်းလျှင် ကိန်းအောင်းရာရှိသော သတ္တဝါတို့၏ ပဋိသန္ဓေ တည်နေသည်မှစ၍ ဇာတိသဒ္ဒါသည် မွေးဖွားသော ကာလတိုင်အောင် ဖြစ်ကုန်သော ခန္ဓာတို့ကိုသာ ဟော၏၊ အဏ္ဍဇ ဇလာဗုဇမှ တပါးသော သံသေဒဇ သြပပါတိကတို့အားကား ပဋိသန္ဓေခန္ဓာတို့၌သာ သင့်၏မှတ်။
ပဋိသန္ဓေ ၄-မျိုး
▬▬▬▬▬
၁။ အဏ္ဍဇ ပဋိသန္ဓေ ... အဥ၌ ဖြစ်သည် ကြက် ငှက် ငါး, ဖါး စသည်။
၂။ သံသေဒဇ ပဋိသန္ဓေ... အညှိ၌ဖြစ်သည် ပိုးလောက် ပိုးလောင်း စသည်။
၃။ ဇလာဗုဇ ပဋိသန္ဓေ ... အမိသားအိမ်၌ ဖြစ်သည်၊ လူ ကျွဲ နွား စသည်။
၄။ သြပပါတိကပဋိသန္ဓေ ... ကိုယ် ထင်ရှားဖြစ်သည်၊ ကမ္ဘာဦးသူ နတ် ငရဲသူများ။
ထိုတွင် - ဘုမ် လူ သူရကာယ်၊ ပိတ်ဝယ် နိုဇ်ချံ၊ တိရစ္ဆာန် လေးတန် သန္ဓေရှိ။
“ရဲ - နတ် - နိဇ္ဈာ - ဗြဟ္မာ, လေးရပ် ဥပပတ်”နှင့်အညီ၊ ဘုမ္မဇိုးနတ် လူ အသူရကာယ် နိဇ္ဈာမ တဏှိက ပြိတ္တာမှ တပါးသော ပြိတ္တာ တိရစ္ဆာန် ဤငါးဦးတို့မှာ အဆိုပါ ပဋိသန္ဓေ လေးမျိုးလုံးပင် ဖြစ်တတ်လေသည်။ ငရဲသူသတ္တဝါ စတုမဟာရာဇ် စသော နတ် ဗြဟ္မာ နိဇ္ဈာမ တဏှိက ပြိတ္တာ ဤလေးဦးတို့မှာ ဥပပတ် ပဋိသန္ဓေချည်းသာ မှတ်လေ။
လူတို့မှာ ပဋိသန္ဓေ ၄-မျိုးလုံး ရနိုင်ပုံ
▬▬▬▬▬▬▬
၁။ လူ အဏ္ဍဇ ... ကုန္တကိန္နရီမသား တိဿနှင့် မိတ္တ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံပြီ။
၂။ လူ သံသေဒဇ... ပဒုမ၀တီ ၎င်း သား ငါးရာ ပေါက္ခရသာတိ ပုဏ္ဏား။
၃။ လူ ဇလာဗုဇ ... ယခုရှိ လူ ခွေး ကျွဲ နွား စသည်။
၄။ လူ ဥပပတ် .. ကမ္ဘာဦးသူ အမ္ပပါလိ။
သာရသင်္ဂဟဋ္ဌကထာ၌လာ၏။
ဇာတိ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်
▬▬▬▬▬▬▬▬▬
(က) အဆိုပါ ဇာတိသည် ထိုထို ဧကဝေါကာရ စသော ဘဝတို့၌ တခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ လက်မွန် အသစ် ဖြစ်ခြင်းဟူသော အမှတ် လက္ခဏာ ရှိ၏၊ တခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်ကို ဝဋ်ဘုံ ဝဋ်သား သတ္တဝါတို့အား ရော့ ယူလှည့် ယူလာ ဟု ပေးအပ် ဆောင်နှင်းသကဲ့သို့ ဖြစ်ခြင်း ကိစ္စ ရှိ၏၊ အနန္တရ အတိတ် ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာအစဉ်၏ ပေါ်လာခြင်းပေတည်းဟု ယောဂီ၏ “ဉာဏ်ရှေ့ရှု ထင်မြင် ”လာ၏။
ဒုက္ခအပြား ၇-ပါး ပိုင်းခြား၍ ပြခြင်း
▬▬▬▬▬▬▬
ဇာတိဒုက္ခ၌ အကျုံးဝင်သော ဒုက္ခသည် -
၁။ ဒုက္ခ-ဒုက္ခ။
၂။ ဝိပရိဏာမဒုက္ခ။
၃။ သင်္ခါရဒုက္ခ
၄။ ပဋိစ္ဆန္နဒုက္ခ
၅။ အပ္ပဋိစ္ဆန္နဒုက္ခ။
၆။ ပရိယာယဒုက္ခ၊
၇။ နိပ္ပရိယာယဒုက္ခ -
ဟူ၍ ၇-ပါးအပြားရှိရာ။
ဤ ဇာတိသည် များစွာကုန်သော ဒုက္ခတို့၏ တည်ရာ ကျရောက်ရာ၏ အဖြစ်ကြောင့် ဇာတိသည် ဒုက္ခမည်၏ဟု သိ။
၁။ ထိုတွင် ကာယိကဒုက္ခ စေတသိကဒုက္ခ ဖြစ်သော ဝေဒနာ စေတသိက်သည် သဘောအားဖြင့်၎င်း အမည်အားဖြင့်၎င်း ဒုက္ခမည်သည်၏ အဖြစ်ကြောင့် ဒုက္ခ-ဒုက္ခ မည်၏ဟု သိ။
၂။ သုခဖြစ်သော ဝေဒနာသည် ရှေးဦးစွာ ချမ်းသာယောင်ယောင် အဟန်ဆောင်သော်လည်း နောက်အခါကာလ ချမ်းသာသော သဘောမှ ဆင်းရဲသော သဘောသို့ ဖေါက်ပြန် ပျက်စီးသောအားဖြင့် စေတသိကဒုက္ခ ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ် ကြောင့် “ဝိပရိဏာမဒုက္ခ”ဟု သိ။
၃။ ဥပေက္ခာဝေဒနာသည်၎င်း၊ အဆိုပါ သုခ၊ ဒုက္ခ၊ ဥပေက္ခာမှ ကြွင်းသော ဘုံသုံးပါး၌ ဖြစ်သော သင်္ခါရတို့သည်၎င်း ဖြစ်ခြင်းဖြင့် အဖန် တလဲလဲ နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့် “သင်္ခါရဒုက္ခ” မည်၏ဟု သိ။
၄။ နားကိုက်ခြင်း၊ သွားကိုက်ခြင်း ရာဂကြောင့်ဖြစ်သော ပူပန်ခြင်း ဒေါသကြောင့် ဖြစ်သော ပူပန်ခြင်း စသော ကိုယ်ကိုမှီ၍ ဖြစ်သောအနာသည် မေး၍ မေးမှ သိအပ်သည်၏ အဖြစ်ကြောင့်၎င်း၊ ညှင်းဆဲ နှိပ်စက်ခြင်း ပယောဂ၏ မထင်ရှား သောကြောင့်၎င်း ဖုံးလွှမ်းသော ဆင်းရဲ ဖြစ်၍ “ပဋိစ္ဆန္နဒုက္ခ” ဟု သိ။
၅။ ကံကြမ္မာအလျောက် ၃၂-ပါးသော ကမ္မကရဏ ညှင်းဆဲခြင်း စသည်ကြောင့် ဖြစ်သော အနာသည် သူ့ကို မမေးဘဲပင် သိသာထင်ရှား သောကြောင့်၎င်း၊ ညှဉ်းဆဲခြင်း ပယောဂ၏ ထင်ရှား သိမြင်ရသည်၏ အဖြစ်ကြောင့်၎င်း မဖုံးလွှမ်းသော ဆင်းရဲဖြစ်၍ “အပ္ပဋိစ္ဆန္နဒုက္ခ” ဟု သိ။
မှတ်ချက်
▬▬▬▬▬
ဤ၌ ၃၂-ပါးသော ကံကြမ္မာကို ပါဠိနှင့် လိုလျှင် ဒုကအင်္ဂုတ္တိုရ် ပါဠိဋ္ဌကထာမှာ ကြည့်ရှု ပါလေ၊
မြန်မာလိုသက်သက် ဆောင်ပုဒ် အနေ သိလိုပါလျှင် -
အရိုက် သုံးရပ်၊ အဖြတ်ရှစ်မျိုး၊
ပုံးရည်အိုးနည်း၊ ဦးပြည်း ရာဟု၊
နှစ်ခု မီးချက်၊ ပိန်းမြက်လျော်တေ၊
ဧဏီမြိုက်ခြင်း၊ စဉ်းကော စဉ်းလတ်၊
တကျပ်လှီးမျိုး၊ ဆားလှံထိုးနှင့်၊
ကောက်ရိုး အင်ပျဉ်၊ ဆီလျှင်လောင်းရေး၊
ခွေးကျွေးတံကျင်၊ ငါးအင်အဖွဲ့၊
ပြုတုံခဲ့သည်၊ သုံးဆဲ့နှစ်လီ ညှဉ်းပန်းတည်း။
ဟု ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး ရေးသားတဲ့ ဘာ၀နာဒီပနီ ကျမ်းမှာ ကြည့်ရှုပါလေ။
၆။ ဒုက္ခ ဒေါမနဿ ဥပယာသကို ထား၍ ဒုက္ခ ဒုက္ခမှ ကြွင်းသော ဇာတိ စသော အလုံးစုံသည်လည်း ထိုထိုဒုက္ခ၏ တည်ရာ၏ အဖြစ်ကြောင့် “ပရိယာယ ဒုက္ခ” မည်၏ ဟု သိ။
၇။ အစဦးစွာ ပြခဲ့သော ဒုက္ခ-ဒုက္ခ သည်ပင် မုချအားဖြင့် ဒုက္ခဖြစ်သောကြောင့် “နိပ္ပရိယာယဒုက္ခ” မည်၏ဟု သိလေ။
အယူမှား - အယူမှန် (သစ္စာသိသူ-မသိသူ)ကို ပြခြင်း
▬▬▬▬▬▬▬▬▬▬
(၁) သက္ကာယဒိဋ္ဌိ အယူမှား
▬▬▬▬▬▬▬▬▬
ဤ ဒုက္ခသစ္စာနိဒ္ဒေသ၌ ဇာတိဒုက္ခအရ ပဋိသန္ဓေ နေရခြင်းသည်လည်း ဆင်းရဲမှန်၏ စသည်ဖြင့် ဟောတော်မူရာ၊ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်းဟု မဟုတ်မမှန် ဖောက်ပြန် မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ အယူမှားကို မယူမှား မိကြစေနှင့်၊
ဤအတိုင်း ယူမှားလျှင် သင်သည် ရခဲသော လူ့အဖြစ်ကို ရပါလျက် ကြုံခဲသော သာသနာတော်နှင့် ကြုံတွေ့ရပါလျက် ဘုရားဟောတဲ့ ဒုက္ခသစ္စာကို မသိမမြင်သောသူ သာသနာတွင်းအသိကို မသိမမြင်သောသူ အစစ်ဧကန် ဖြစ်ပြီဟု မှတ်လေ သိလေ။
လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါတို့၏ ဖြစ်ခြင်း ပျက်ခြင်း မဟုတ်၊ လူနတ်တို့၏ ဖြစ်မှု ပျက်မှု မဟုတ်၊ ပဋိသန္ဓေနေတတ် ဆိုတတ် နာတတ် သေတတ်သော လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါဟူ၍ပင် ပရမတ္ထအားဖြင့် လုံးဝထင်ရှား မရှိပေ။ “ခန္ဓာနံပါတုဘာဝေါ ခန္ဓာနံဘေဒေါ” အရ အမှန်မှာ ကံအားလျော်စွာ ဘုံသုံးပါးတို့မှာ ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်း၊ ဖြစ်မှု ပျက်မှုမျှသာဟု ခန္ဓာဆိုတဲ့ ပရမတ်ကို ပေါက်အောင် ရောက်အောင် ထိအောင် မိအောင်ယူမှသာ ဒုက္ခသစ္စာသိသောသူ သာသနာတွင်း အသိကို သိသောသူ ဗုဒ္ဓဘာသာ စစ်သောသူ့ အယူမှားဒိဋ္ဌိ ချုပ်ငြိမ်း၍ အပါယ်ဇာတ်သိမ်းသော အရိယာ သောတာပန်အစစ် ဖြစ်မည့်သူဟု သိလေ မှတ်လေ။
(၂) ဣဿရနိမ္မာနဒိဋ္ဌိ အယူမှား
▬▬▬▬▬▬▬▬▬▬▬
တဖန် ဘုံသုံးပါးတို့မှာ ကံအားလျော်စ္စာ လူ နတ် စသည် ဖြစ်ကြတဲ့ခါ ပိဿဏိုးနတ် ထာဝရဘုရား ဘန်ဆင်း၍ဖြစ်သည် ဘာ့ကြောင့် ညာ့ကြောင့် ဖြစ်သည်ဟု မဟုတ်မမှန် ဖေါက်ပြန် မှားယွင်းသော ဣသရနိမ္မာနဒိဋ္ဌိ အယူမှားကို မယူမှားမိကြပေနှင့် ဤအတိုင်း ယူမှားလျှင် သင်သည် ဘုရား ဟောတဲ့ သမုဒယသစ္စာကို မသိ မမြင်သောသူ အစစ် ဧကန် ဖြစ်ပြီဟု သိလေ မှတ်လေ၊
အမှန်မှာ ထာဝရဘုရား သိကြား ဗြဟ္မာ ပိဿဏိနတ် တို့သည် ဘန်ဆင်း၍ ဖြစ်သည် မဟုဘ်၊ လွန်ခဲ့သော ရှေးဘဝတို့က ဘုံသုံးပါး တို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာ လောဘကြောင့်သာ ဖြစ်သည်ဟု ယူမှသာ သမုဒယသစ္စာသိသူ သာသနာတွင်း အသိ-သိသူ ဗုဒ္ဓဘာသာ စစ်သောသူ ယုံမှားမှု ဝိစိကိစ္ဆာငြိမ်း၍ အပါယ်ဇာဘ်သိမ်းသော အရိယာ သောတာပန် အစစ် ဖြစ်မည့်သူဟု သိလေ မှတ်လေ။
(၃) သဿတ ဥစ္ဆေဒဒိဋ္ဌိ အယူမှား
▬▬▬▬▬▬▬▬▬▬▬▬
တဖန် - အဆိုပါ လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် လက်ရှိဘဝ သေဆုံး၍ သွားကြ သော်လည်း ရုပ်သာ ကျန်ရစ်၍ နာမ်မူကား ပိုးလောက်လမ်းပမာ တဘဝမှ တဘဝသို့ ကူးပြောင်း ကူးပြောင်း၍ သွားသောကြောင့် မြဲသည် ဟူ၍၎င်း၊ ထိုသို့မဟုတ် ယခုဘဝသေ ပြီးတာဘဲ နောက်လဲဘာမှမဖြစ်တော့ တခါထဲပြတ်သွားသည်ဟူ၍၎င်း၊ ဤလို သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ အယူမှားကို မယူမှားမိကြစေနှင့်၊ ဤအတိုင်း ယူမှားလျှင် သင်သည် ဘုရားဟောတဲ့ နိရောဓသစ္စာကို မသိမမြင်သေးသူ အစစ်ဧကန် ဖြစ်ပြီဟု သိလေ မှတ်လေ၊
အမှန်မှာ - သကြောင့် ဒု၊ တဏှာကြောင့် ခန္ဓာ၊ ဖြစ်ပျက် မွေးသေ သံသရာ ရှည်၍ နေကြရာ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်သောကြောင့် တဏှာ အသစ်မဖြစ်တော့ ခန္ဓာလဲ အသစ်မဖြစ်တော့ဘဲ တဏှာ ခန္ဓာ နှစ်ပါးစုံတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သည်ကား နိရောဓသစ္စာတည်းဟု ယူမှသာ နိရောဓသစ္စာ သိသူ၊ သာသနာတွင်း အသိကို သိသောသူ၊ ဗုဒ္ဓဘာသာ စစ်သူ သဿတ ဥစ္ဆေဒ အစွမ်းနှစ်ဘက် အပြစ် နှစ်ပါး လွတ်၍ အလယ်ဗဟို ချက်မ မဇ္ဈိမပဋိပဒါ ကျ၍ အဆိုပါဒိဋ္ဌိနှစ်ပါး ချုပ်ငြိမ်း၍ အပါယ် ဇာတ်သိမ်းသော အရိယာ သောတာပန် အစစ် ဖြစ်မည့်သူဟု သိလေ မှတ်လေ။
(၄) သီလဗ္ဗတပရာမာသ မိစ္ဆာဒိဋ္ဌိ အယူမှား
▬▬▬▬▬▬▬
တဖန် - အဆိုပါ လူ နတ် တို့သည်လည်း နွားတို့၏ အလေ့အကျင့် ခွေးတို့၏ အလေ့အကျင့်ဖြင့်ပင် သံသရာမှ စင်ကြယ်၏၊ ဝါ၊ နိဗ္ဗာန်ရောက်၏ဟု မဟုတ်မမှန် ဖောက်ပြန် မှားယွင်းသော သီလဗ္ဗတ ပရာမာသ မိစ္ဆာဒိဋ္ဌိကို မယူမှားမိကြစေနှင့်၊ ဤအတိုင်း ယူမှားလျှင် သင်သည် ဘုရားဟောတဲ့ မဂ္ဂသစ္စာကို မသိသောသူ မမြင်သောသူ အစစ်ဧကန်ဖြစ်ပြီ မှတ်၊
အဆိုပါ မဂ္ဂင်ရှစ်ပါး ဝိပဿနာပွားတဲ့ မဂ်အကျင့်ကို ကျင့်မှသာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဟု ယူမှသာ မဂ္ဂသစ္စာ သိသောသူ၊ သာသနာတော်တွင်း အသိကို သိသောသူ၊ ဗုဒ္ဓဘာသာ စစ်သောသူ သီလဗ္ဗတ ပရာမာသဒိဋ္ဌိ ချုပ်ငြိမ်း၍ အပါယ် ဇာတ်သိမ်းသော အရိယာသောတာပန် အစစ် ဖြစ်မည့်သူဟု သိလေ မှတ်လေ။
သမုတ်ရှိနှင့် အဟုတ်ရှိ
▬▬▬▬▬▬▬▬
လူနတ်ဆိုတာ သမုတ် ရှိ၊ အဟုတ် ရှိက ရုပ်နာမ် ခန္ဓာ၊ ရုပ်နာမ် ခန္ဓာက ဒုက္ခသစ္စာ။
လူနတ်ဆိုတာ အဆို-ရှိ၊ နဂို-ရှိက ရုပ် နာမ် ခန္ဓာ၊ ရုပ် နာမ် ခန္ဓာက ဒုက္ခသစ္စာ။
လူနတ်ဆိုတာ ပညတ် ရှိ၊ ပရမတ် ရှိက ရုပ်နာမ်ခန္ဓာ၊ ရုပ်နာမ်ခန္ဓာက ဒုက္ခသစ္စာ။
မရှိ ပညတ်နှင့် ရှိ ပရမတ်
▬▬▬▬▬▬▬▬▬
လူနတ် ဆိုတာ မရှိ ပညတ်၊ ရုပ်နာမ် ခန္ဓာ ဒုက္ခသစ္စာက ရှိ ပရမတ်၊ မရှိပညတ်မှာ ပရမတ်အားဖြင့် ထင်ရှားမရှိသော အဝိဇ္ဇာမာနပညတ်ကို ယူ၊ ရှိပရမတ်မှာ ပရမတ် အားဖြင့် ထင်ရှားရှိသော ဝိဇ္ဇာမာန ပညတ်ကို ယူ၊ အမှန်မှာ -
“ခန္ဓာနံ ပါတုဘာဝေါ၊ ခန္ဓာနံဘေဒေါ န သတ္တော” ဟူ၍၎င်း။
“ခန္ဓာဧဝဟိ ပရမတ္ထတော ပါတုဘဝန္တိ န သတ္တာ” ဟူ၍၎င်း။
သမ္မောအဋ္ဌကထာ မိန့်ဆိုအပ်သည်နှင့်အညီ၊ ဘုံသုံးပါး (၃၁) ဘုံတို့၌ ကံအားလျော်စွာ ဖြစ်ကြလေသမျှ, ပျက်ကြလေသမျှ, လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ သူ-ငါ, ကျား-မ ဖြူ-မဲ စသည်တို့၏ ဖြစ်ပျက်မှု ဖြစ်ခြင်း ပျက်ခြင်းမဟုတ် သမုတ်ရုံမျှသာ၊
အမှန်မှာ - ကံအားလျော်စွာ ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာတို့၏ ဖြစ်ပေါ်မှု ပျောက်ကွယ်မှု ဟု သစ္စာခန္ဓာဆိုတဲ့ ပရမတ်ကို ပေါက်အောင် ရောက်အောင် ထိအောင် မိအောင် အမှန် ယူမှသာ သဿတ ဥစ္ဆေဒ အစွန်းနှစ်ခုလွှတ်၍ မဇ္ဈိမပဋိပဒါ အလယ်ဗဟိုကျကျ ဘုရားအလိုတော်ကြ ယူနိုင်ကြပါစေသတည်း။
ထို့ကြောင့်ပင် -
သူငါဆိုတာ အဆိုရှိ၊ နဂိုရှိက ရုပ်နာမ်ခန္ဓာ၊
ရုပ်နာမ် ခန္ဓာက ဒုက္ခသစ္စာ။
ကျား-မ ဆိုတာ သမုတ်ရှိ၊ အဟုတ်ရှိက ရုပ်နာမ် ခန္ဓာ၊
ဖြူ-မဲ ဆိုတာ ပညတ်ရှိ၊ ပရမတ်ရှိက ရုပ်နာမ် ခန္ဓာ၊
ခန္ဓာကိုဖြစ်စေတဲ့ လောဘက သမုဒယသစ္စာ။
ဒု,သနှစ်ပါးတို့ တဖန်အသစ် မဖြစ်ရာ နိဗ္ဗာန်က နိရောဓသစ္စာ။
နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာ။
ဟု ဆိုခဲ့ပေသည်။
သစ္စာလေးပါး ဘွဲ့ပြခြင်း
▬▬▬▬▬▬▬▬
ဇာတိဒုက္ခသစ္စံ တံ သမုဋ္ဌာပိကာ ပူရိမတဏှာ သမုဒယသစ္စံ၊ ဥဘိန္နံ အပ္ပဝတ္တိ နိရောဓသစ္စံ၊ တဿသမ္ပာမကော အရိယော မဂ္ဂေါ မဂ္ဂသစ္စံ။
(ဇရာ စသည်ကိုလည်း အတူတွဲလေဦး။)
ရှေးရှေးဘဝတို့က ပြုခဲ့ကြသော ကံအားလျော်စွာ တခု တခုသော ဥပပတ္တိဘဝ၌ ရှေးဦးစွာ ပဋိသန္ဓေ အနေဖြင့် ဖြစ်ပေါ်လာတဲ့ ရုပ်ဇာတိ နာမ်ဇာတိသည် အဆိုပါ ဒုက္ခ (၇) ပါးတို့၏ ကျရောက်ရာ တည်နေရာ ဖြစ်သောကြောင့် ဒုက္ခသစ္စာမည်၏၊
ထိုထိုဇာတိကို တဖန်တဖန် ဖြစ်စေတတ်သော ရှေးဘဝက တဏှာသည် ဒုက္ခအသစ် အသစ်ကို ဖြစ်စေတတ်သောကြောင့် သမုဒယသစ္စာမည်၏၊
ထို ဒုက္ခ သမုဒယ သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ငြိမ်းအေးသော ချမ်းသာ စစ်သောကြောင့် နိရောဓသစ္စာ မည်၏၊
ထိုနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးသည်၊ ဝါ၊ တဏှာ ပယ်သော မဂ်အကျင့်သည် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သောကြောင့် မဂ္ဂသစ္စာ မည်၏။
ဖြစ်...ဒု၊ လို....သ၊ မဖြစ်....နိ၊ မလို...မ၊
ဤလေးဝ၊ မှတ်ကြ သစ္စာတည်း။
အဓိပ္ပါယ်
▬▬▬▬▬
ထိုထို ဘုံဘဝတို့၌ လူ နတ် စသည် တဖန် “ဖြစ်” ပေါ်လာတာက ဒုက္ခသစ္စာ ဆင်းရဲ အမှန်တည်း။
ထိုထို ဘုံဘဝတို့၌ တဖန်တဖန် ဖြစ်“လို” ပြန်တာက သမုဒယသစ္စာ ဆင်းရဲကြောင်း အမှန်တည်း။
တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် ထိုထိုဘုံဘဝတို့၌ မဖြစ် ပေါ်လာတာ မဖြစ်ပေါ်လာ ရာက နိရောဓသစ္စာ ဆင်းရဲချုပ်ငြိမ်းရာ အမှန်တည်း။
ထိုထို ဘုံဘဝတို့၌ မဖြစ်တော့လိုတာက ဖြစ်ဘို့ရန် မလို တာက မဂ္ဂသစ္စာ ဆင်းရဲချုပ်ငြိမ်းကြောင်း အမှန်တည်း။
ဤကား သစ္စာလေးပါးတို့ကို ဒု-သ-နိ-မ ဟု အစဉ်အတိုင်း ပြဆိုခြင်းတည်း။
ဖြစ်....ဒု၊ ဖြစ်လို....သ၊ မဖြစ်....နိ၊ မဖြစ်လို....မ။
ဤကား အကျိုးအကြောင်း ပြဆိုချက်တည်း။
ဖြစ်လို....သ၊ ဖြစ်....ဒု၊ မဖြစ်လို....မ၊ မဖြစ်...နိ။
ဤကား အကြောင်းအကျိုး ပြဆိုချက်တည်း။
ငြိမ်းအေးရာက....နိ၊ ငြိမ်းအေးကြောင်းက....မ။
မငြိမ်းအေးတာက..ဒု၊ မငြိမ်းအေးလိုတာက..... သ။
ဤကား အဖျားမှ အရင်းသို့ ပြဆိုချက်တည်း။
မငြိမ်းအေးလိုတာက....သ၊ မငြိမ်းအေးနိုင်တာက....ဒု။
ငြိမ်းအေးကြောင်းက....မ၊ ငြိမ်းအေးရာက...နိ။
ဤကား အရင်းမှ အဖျားသို့ ပြဆိုချက်တည်း။
ငြိမ်းအေးရာက....နိ၊ ငြိမ်းအေးရာကို မြင်တာက....မ။
မငြိမ်းအေးနိုင်တာက....ဒု၊ မငြိမ်းအေးလိုတာက....သ။
ဤကား အဖျားမှ အရင်းသို့ ပြဆိုချက်တည်း။
ငြိမ်းအေးရာက နိဗ္ဗာန်၊ ငြိမ်းအေးရာကိုမြင်တာက မဂ်ဉာဏ်။
မငြိမ်းအေးနိုင်တာက ဒုက္ခံ၊ မငြိမ်းအေးလိုတာက သမုဒယံ။
အမြဲမရှိတာက ရုပ်နာမ်၊ အမြဲမရှိတာကို သိမြင်တာက ဝိပဿနာဉာဏ်။
အမြဲရှိတာက နိဗ္ဗာန်၊ အမြဲရှိရာကိုမြင်တာက မဂ်ဉာဏ်။
နိဗ္ဗာန်လိုက၊ ဤနည်းပ၊ ရှုကြ ဝိပဿနာ။
ဤလို မြင်သိ၊ မြတ်ခေါင်ထိ၊ ကဝိဆိုထိုက်ပါ။
မဂ်ဉာဏ် လက်ရှိ၊ ထိုကဝိ၊ ရောက်၏ နိဗ္ဗာန်သာ။
ဒုက္ခ ၇-ပါး၏ တည်ရာဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬
(၁) သင်္ခါရဒုက္ခ
▬▬▬▬▬
ဤ ဇာတိသည် အဘယ်သို့လျှင်၊ ဝါ၊ ဘယ်ပုံ ဘယ်နည်း၊ အဆိုပါ ဒုက္ခ (၇) ပါး၏ ကျရောက်ရာ တည်ရာ မှီရာ ဖြစ်ပါသနည်းဆိုတဲ့ အမေး၌ -
အဖြေကား --
တခုသောဘဝ တယောက်သောအမိ၏ ဝမ်း၌စ၍ ကလလ ရေကြည် တည်သည်ကပင် ၁၀-လ ၉-လ မချိရင်ကဲ ဆင်းရဲကြီးစွာ တည်နေရလေပြီ၊ ၎င်းကို လူသာမန်တို့ မသိနိုင်၍ ထားဘိဦး၊ အမိဝမ်းမှ ဖွား၍ လမ်းသွားတတ်သည်မှ သေနေ့ကျအောင် မိမိကိုယ်ကို မပူအောင် မအေးအောင် မဖျားအောင် မနာအောင် နေ့တိုင်း လတိုင်း နှစ်တိုင်း စောင့်ရှောက် ပြုပြင်ပေးနေရ၏။
နေ့စဉ် ထမင်းကျွေး ရေတိုက် ယပ်ခတ် ရေချိုး ခေါင်းလျှော်မှစ၍ လိုအပ်သမျှ အမျိုးမျိုးကို ဘာမဆို အမြဲတမ်း စောင့်ရှောက် ပြုပြင်ပေးနေရ၏၊ ဤလို ဤပုံ အချိန်မရွေး တနေ့လုံး တညလုံး တလလုံး တနှစ်လုံး တသက်လုံး လိုအပ်သမျှကို တစမကျန် ပြုပြင် ပြုလုပ် ပေးနေရခြင်းသည် အဆိုပါ ဒုက္ခ (၇) ပါးတို့တွင် “သင်္ခါရဒုက္ခ” မည်၏ဟု သိလေ မှတ်လေ။
တနေ့နှင့် ကညဉ့်ဆိုတဲ့ တရက်အတွင်းတွင်ပင် တရက်လုံး ပြုပြင်ပေး နေရတဲ့ သင်္ခါရဒုက္ခ ဤမျှကြီးလေးပုံကို အကုန်အစင် သိမြင်နိုင်ပါလျှင် တလလုံး တနှစ်လုံး တသက်လုံး တသံသရာလုံးအတွက် အဘက်ဘက်မှာ အဘယ်မျှလောက် သင်္ခါရဒုက္ခ ကြီးလေးမည်ကို ဉာဏ်ဥက္ခောင်းဖေါ်၍ မျှော်ကြည့်ကြပါလေ၊
လူ့လောက နတ်က ဗြဟ္မာလောက တခွင်လုံး ကျွဲလောက နွားလောက ဆိတ် ခွေး ဝက် ကြက် ငှက် ငါး ဖား ပိုးရွ ခြ လောကတခွင်လုံး ဉာဏ်ဥက္ခောင်းထောင်၍ ကြောင်ကြောင် မြင်အောင် မျှော်ကြည့်ကြပါလေ။
၂။ ဝိပရိဏာမဒုက္ခ
▬▬▬▬▬▬
တဖန် - ဤလိုဤပုံ လိုလေသေးမရှိ ချွင်းချက်မရှိ တသက်လုံး ပြုပြင်ဆောင်ရွက် ပေးနေပါသော်လည်း ပြုပြင် စောင့်ရှောက်ကျိုး မနပ်၊ ပြုပြင်စောင့်ရှောက်ကျိုး မရှိ၊ နေ့စဉ်ပြုပြင်ပေးနေတဲ့ အထဲကဘဲ တမျိုးတဖုံ ပြောင်းလဲ ဖေါက်ပြန်ကာ ဖျားခြင်း နာခြင်း၊ ချောင်းဆိုးခြင်း နှာစေးခြင်း၊ ခေါင်းမူးခြင်း၊ ဝမ်းကိုက်ခြင်း စသော ရောဂါဝေဒနာ တမျိုးမျိုး ကျရောက် ပေါ်ပေါက် လာတတ်ပြန်လေသည်၊ ဤလို ပြုပြင်နေတဲ့ အထဲက တမျိုးတဖုံ ဖေါက်ပြန် ပြောင်းလွဲ ဖြစ်ပေါ်လာခြင်းသည်ပင် “ဝိပရိဏာမဒုက္ခ”မည်၏ဟု သိလေ မှတ်လေ။
ဤလို သင်္ခါရကိစ္စဖြင့် လိုလေသေးမရှိ ပြုပြင်ပေးနေတဲ့ အထဲကဘဲ အခန့်မသင့်တဲ့ခါ မျက်စိကန်းခြင်း နားပင်းခြင်း ဆွံ့အ ရူးသွတ် ကျိုးကာဏ်း နူရွဲ ပေါက်ပြဲသားရေ အခြေမလှ အနေမလှ ဖြစ်တတ်ကြသော ဝိပရိဏာမ ဒုက္ခ၏ ဒဏ်ရာ ဒဏ်ချက် ဘယ်လောက် ကြီးလေးလှသည်ကိုလည်း ဉာဏ် ဥက္ခောင်းထောင်၍ မြင်အောင် ကြည့်ကြပါလေ။
၃။ ပဋိစ္ဆန္နဒုက္ခ
▬▬▬▬▬
တဖန် - ဤလို ဤပုံ သင်္ခါရဒုက္ခ အဝဝဖြင့် နေ့ည မနား စောင့်ရှောက် ပြုပြင်နေတဲ့ အထဲကဘဲ သွားကိုက်ခြင်း နားကိုက်ခြင်း တကိုယ်လုံး ထုံကျင် ကိုက်ခဲခြင်း စသော ကိုယ်တွင်းရောဂါ အမျိုးမျိုးတို့ဟာ တမျိုးပြီးတမျိုး ပေါ်ပေါက်လာတတ်ပြန်လေသည်၊ ဤလို ဖြစ်ပေါ်လာခြင်းသည် “ ကိုယ့်ဝမ်းနာ ကိုယ်သာသိ” ဆိုသလို မိမိသာ သိသာ ထင်ရှား၍ သူတပါးတို့မှာ ပြောမှ မေးမှသာ သိသာထင်ရှား၍ ဖုံးထားတဲ့ ဒုက္ခမျိုး ဖြစ်သောကြောင့် “ပဋိစ္ဆန္နဒုက္ခ” ဟု သိလေ မှတ်လေ၊ ဤ ပဋိစ္ဆန္န ဒုက္ခမျိုးကိုလည်း လှလှမြင်အောင် ဉာဏ်ဥက္ခောင်းထောင်၍ ကြည့်ကြပါလေ။
၄။ အပ္ပဋိစ္ဆန္နဒုက္ခ
▬▬▬▬▬▬
တဖန် - အစားမတော် တလုပ် အပြောမတော် တခွန်း, အသွားမတော် တလှမ်း -ဆိုသလို၊ အခန့်မတော်၍ မင်းပြစ်မင်းဒဏ် ကြိုးဒဏ် ကြိမ်ဒဏ်သင့်၍ ခြေပြတ်ခြင်း လက်ပြတ်ခြင်း, အမွှေးနှုတ် အရေဆုတ် မီးမြိုက် ရေနွေးလောင်းခြင်း စသော (၃၂) ပါးသော ကံကြမ္မာ ခေါ်သော ကမ္မကရဏတို့ကို အပြုအလုပ် ခံရတတ်ပြန်လေသည်။
ဤလို ကမ္မကရဏကို အပြုခံရခြင်းသည်ပင် အာဏာသားတို့က နှိပ်စက် ညှင်းဆဲတဲ့ခါ အလိုလေး အလာလေးဟု ညည်းတွားသော အသံကို သူတပါးတို့က ကြားရတဲ့အခါ ကြီးလေးသောဒုက္ခ ကြင်နာလှသည်ဟု သူ့ကို မမေးဘဲပင် သူတပါးတို့က သိသာ ထင်ရှား၍ မဖုံးမလွှမ်းနိုင်သော ဒုက္ခဟု သိရသောကြောင့် အပ္ပဋိစ္ဆန္နဒုက္ခ ဟု သိလေ မှတ်လေ။
ဤ အပ္ပဋိစ္ဆန္န ဒုက္ခမျိုးကိုလည်း ထင်အောင်မြင်အောင် ကြည့်ကြပါလေ။
၅။ ပရိယာယဒုက္ခ
▬▬▬▬▬▬▬
တဖန် - ဤမိမိ၏ခြေဆုံး ခေါင်းဆုံး တကိုယ်လုံး တကောင်လုံးကြီးပင် ဆင်းရဲ ပေါင်းချုပ် ဒုက္ခဟူသမျှ တစမကျန် အကုန်လုံး ကျရောက်ရာ တည်ရာကြီး အစစ် ဖြစ်ပေသောကြောင့် ပရိယာယ ဒုက္ခ ဟု သိလေ မှတ်လေ။
(ဤဒုက္ခကိုလည်း ထင်အောင် မြင်အောင် ကြည့်ကြလေ။)
၆။ ဒုက္ခ ဒုက္ခ
▬▬▬▬▬
တဖန် - ဤပုံ ဤနည်း တသက်လုံး တဘဝလုံး ထမင်းကျွေးခြင်း ရေတိုက်ခြင်း ရေချိုးခြင်း ခေါင်းလျှော်ပေးခြင်း ယပ်လေ ခပ်ပေးခြင်း နင်းနှိပ်ပေးခြင်း အိပ်ချင်တယ် ဆိုယင် သိပ်ပေးခြင်း ပုဆိုး အင်းကျီထမီ ပုဝါ ပန်းနံ့သာ လိမ်းကျပေးခြင်း ပုတီး နားဋောင်း လက်ကောက် လက်ကြပ် စသော ဝတ်စားတန်ဆာတို့ကို လိုလေသေးမရှိ ပြုပြင်ပေးနေရတဲ့ သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခ ပဋိစ္ဆန္နဒုက္ခ အပဋိစ္ဆန္နဒုက္ခ ပရိယာယ ဒုက္ခ အ၀၀တို့ဖြင့် ပြုပြင်ပေးနေတဲ့ အထဲကဘဲ -
၁။ ပြုကျိုးမရှိ၊ ပြင်ကျိုးမရှိ၊ နှိပ်စက်ဘိ၊ ကျေးဇူးမသိ ခန္ဓာကိုယ်။
၂။ စားကျိုးမရှိ၊သောက်ကျိုးမရှိ၊ နှိပ်စက်ဘိ၊ ကျေးဇူးမသိ ခန္ဓာကိုယ်။
၃။ ကျွေးကျိုးမရှိ၊ မွေးကျိုးမရှိ၊ နှိပ်စက်ဘိ၊ ကျေးဇူးမသိ ခန္ဓာကိုယ်။
ဆိုတဲ့ ငါတို့ရဲ့ ကျေးဇူးတော်ရှင် ထိပ်ခေါင်တင် ပဋ္ဌမ ခန္တီးဆရာတော်ကြီးရဲ့ မိန့်ခွန်းတော်နှင့်အညီ -
သေပေါက် သေဝ၊ သေချိန်ကြ၍၊ ကြီးမားလှတဲ့၊ မကျန်းမာမှု ဖြစ်ပေါ် လာ၍ သေရာညောင်စောင်း၌ လည်းလျောင်း အိပ်နေရတဲ့ခါ တဆေးမကောင်း တဆေးပြောင်း၊ တဆရာမကောင်း တဆရာပြောင်း၍ ကြပ်-မကုသ ပါသော်လည်း ချမ်းသာခွင့်မရ သေချိန်ကြက ဓမ္မတာအတိုင်း မသေချင်သော်လဲ မနေရဘဲ သေပွဲဝင်ရ ဝင်သွားရခြင်းသည်ပင် ဒုက္ခဒုက္ခ မည်၏ဟု သိလေ မှတ်လေ။
ဤ ဒုက္ခဒုက္ခကိုလည်း တပ်တပ် ထင်ထင် ဟောင်းလောင်းပေါက် မြင်အောင် ကြည့်ကြ ပါလေ။
၇။ နိပ္ပရိယာယဒုက္ခ
▬▬▬▬▬▬▬
နိပ္ပရိယာယဒုက္ခမှာ အထက် အဆိုပါ ဒုက္ခ (၆)မျိုး တို့နှင့် ရောရော နှောနှော အလူးလူး အစက်စက်ဖြစ်၍ “အန္တောဂတ” အတွင်းဝင် ဖြစ်လေပြီဟု သိကြပါလေ။
ဤလိုဤပုံ ဇာတိသည် အဆိုပါ ဒုက္ခ (၇) ပါးတို့၏ တပေါင်းတည်း စုပုံ၍ ကျရောက်ရာ တည်ရာ မှီရာ အစစ်ကြီးဖြစ်၍ ဇာတိကို ဒုက္ခဟု ဒုက္ခသစ္စာ ဟု ဟောတော်မူသည်ဟု သိလေ မှတ်လေ။
ဆောင်ပုဒ်
▬▬▬▬
၁။ ပြုပြင်သမျှ၊ အဝဝ၊ သင်္ခါရဒုက္ခဆို။
၂။ ပြုပြင်သော်လဲ၊ ဖေါက်ပြန်မြဲ၊ မှတ်စုံ ဝိပရိဆို။
၃။ မေးမှ သိရ၊ ဖုံးလွှမ်းက၊ ပဋိစ္ဆန္နဒုက္ခဆို။
၄။ မမေးဘဲပင်၊ သိမြင်လျှင်၊ ခေါ်တွင် အပ္ပဋိစ္ဆန္န္ဒဆို။
၅။ ဆင်းရဲတည်ရာ၊ အမှန်မှာ၊ ပရိယာယဒုက္ခဆို။
၆။ မနေရဘဲ၊ သေရမြဲ၊ မှတ်စွဲ ဒုက္ခဒုက္ခဆို။
၇။ လုံးစုံဒုက္ခ၊ ဆက်ဆံကြ၊ နိပ္ပရိယာယဒုက္ခဆို။
ဂ။ ဒုက္ခ ခုနစ်ပါး၊ ဖြစ်ပေါ်ငြား၊ ဇာတိတရားကို။
၉။ သံဝေစိတ်ပွား၊ ရှင်လူများ၊ တရားရစေလို။
ကိုယ့်ရှူး ကိုယ့်ပတ်
▬▬▬▬▬▬▬
“ကိုယ့်ရှူး ကိုယ့်ပတ်၊ ကိုယ့်အတတ်နှင့် ကိုယ့်ကိုစူး နှုတ်လို့ ရနိုင်ဘူး” ဆိုသကဲ့သို့ အသက်တရာ မနေရသော်လည်း ဒုက္ခတရာ တွေ့ရတယ်လို့ ရှေးလူတို့ အဆို ရှိသော်လည်း ဤနေရာမှာ အဆိုပါ ဒုက္ခခုနစ်မျိုးတို့နှင့် ဘဝတိုင်း ဘဝတိုင်း တဘဝမှ လွတ်လပ်ခွင့် မရဘဲ ပရိနိဗ္ဗာနစုတိအထိ တသံသရာလုံး ရင်ဆိုင် ရင်ဆိုင် အမြဲတန်း ခေါင်းထိုး၍ တမျိုးပြီး တမျိုး တွေ့တွေ့နေကြ ရအောင် ဘယ်သူ လုပ်ပေးသလဲ ဘယ်သူ လက်သယ်လဲ ဘယ်သူတရားခံလဲ ဆိုတဲ့ အမေး၌ -
ဘဝတိုင်း ဘဝတိုင်း အို နာ သေရေး ဒုက္ခဘေးတို့နှင့် မလွှဲသာ မရှောင်သာ မလွှဲနိုင် မရှောင်နိုင် လွှဲမဖြစ် ရှောင်မဖြစ်ဘဲ အမြဲတန်း တွေ့တွေ့ နေကြရတာ မဆင်းရဲလော?
ဘုံသုံးပါးတို့၌ ကောင်းနိုးနိုးထင်၍ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာကို အာလယပြတ် ယဒိပြတ် မဂ်ဖြင့် ပယ်ဖြတ်လိုက်လျှင် မချမ်းသာလော? ဆိုတဲ့ လောကျမ်းနှင့်အညီ။
အဖြေကား -
ဘုံသုံးပါးတို့၌ ဝဋ်ချမ်းသာခေါ်တဲ့ လူနတ်ချမ်းသာကို ကောင်းနိုးနိုး မှတ်ထင်နေ၍ ဘုံသုံးပါးတို့မှာ တဖန်တဖန် ပြန်၍ပြန်၍ ဖြစ်လိုဖြစ်ချင်နေတဲ့ မိမိရဲ့ ဘဝတဏှာ ကြောင့်ပင် ဝဋ်ချမ်းသာကို တောင့်တ၍ပြုသော ဝဋ္ဋနိဿိတ ကံကြောင့် ဘုံသုံးပါး တို့မှာ ဘဝတဖန် ရုပ် နာမ် ခန္ဓာ, ဘဝတဖန် ရုပ် နာမ် ခန္ဓာ ဒုက္ခသစ္စာ ကရွတ် ကင်းရှောက်ပမာ ဖြစ် ပျက် မွေး သေ - ဖြစ် ပျက် မွေး သေ သံသရာရှည်၍ နေကြရလေသောကြောင့် မိမိ၏ တဏှာသည်ပင် မိမိကို လုပ်ပေးတာဘဲ၊ တဏှာ လက်သယ်ဘဲ၊ တဏှာတရားခံဘဲဟု အဖြေမှန် ပေးရန် ရှိ၏။
ဒါဖြင့်လျှင် -
“ကိုယ်ရှူး ကိုယ့် ပတ် - ကိုယ့်အတတ်နှင့် ကိုယ့်ကို ပြန်စူးနေတာပေါ့”။
မှန်ပါတယ်၊ ဖြစ်လို၍ ဖြစ်ပြန်ပါလျှင် ဖြစ်ရာဘုံဘဝတို့မှာ “ရောက်လျှင် ရောက်ခြင်း ဆောက်ခုံးနှင့်ထွင်း ဆိုသလို မိမိလိုလား တောင့်တခဲ့တဲ့ လူ နတ် ချမ်းသာကိုမှ ဆားတောင် မမြီးရသေးခင် ဦးဦးဖျားဖျား ပူပူနွေးနွေး ရှေးဦးစွာ ဇာတိဘေးကြီးစူး၊ ထိုနောက် ဧရာဘေးကြီးစူး၊ မာတိကာ အစဉ်အတိုင်း ဗျာဓိဘေးကြီးစူး၊ မရဏ ဘေးကြီးစူး၊
မသေမီ အတောအတွင်း အဆိုပါ သင်္ခါရဒုက္ခ စသော ဘေးကြီး ခုနှစ်ပါးတို့ တဘေးပြီး တဘေး ဆင့်ကာဆင့်ကာစူး၊ အသက် တရာသာ မနေရ ဒုက္ခတရာ တွေ့ရတယ် ဆိုတာလို ဘေးအမျိုးမျိုး ရန်အမျိုးမျိုး အန္တရာယ်အမျိုးမျိုး တမျိုးပြီးတမျိုး ထပ်ကာ ထပ်ကာ စူးသည်ကို မိမိဟာမိမိလဲ မနှုတ်နိုင်၊ သူတပါးတို့လဲ နှုတ်မပေးနိုင်၊ ဘုရားရဟန္တာတို့သော်မှ မိမိပင် အစူးခံနေရသောကြောင့် နှုတ်မပေးနိုင်၊
ဤမျှနှင့်ပင် မတန်သေး၊ သေပြီးသည်နောက် အကုသိုလ်ကံက ဝင်၍ နောက်ပြန် ပါလျှင် အပါယ်ရောက်၍ အပါယ်ဘေးကြီးစူး၊ ဇာတသတ် ဒေဝဒတ် တို့လို လောဟကုမ္ဘီငရဲ အဝီစိငရဲ ဘေးကြီးအထိ စူးတတ်သည်တို့ကို ကြပ်ကြပ် မျှော်ကြည့် ကြပါလေ။
ဒါဘယ်သူရဲ့ အတတ်လဲ၊
▬▬▬▬▬▬▬▬▬
တဖန်တဖန် ဖြစ်လိုဖြစ်ချင်နေတဲ့ သမုဒယသစ္စာ ဘဝတဏှာရဲ့ အတတ်ဘဲ၊ ဤ အကြောင်းကို ကောင်းကောင်း သိထားကြသော ဘုရားစသော သူတော်ကောင်း တို့သည် သစ္စာသိတဲ့ခါ သ-ကြောင့် ဒု၊ ကြောင်း-ကြောင့် ကျိုး၊ ကိ-ကြောင့် ခံ၊ ဖြစ်ပျက် မွေးသေ သံသရာ ရှည်၍ နေကြရသည်ကို သိရှိ ရိပ်မိကြ၍၊ ဝါ၊ လောကျမ်းကြေ ကြသောကြောင့် ဘုံသုံးပါးတို့၌ တဖန် တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ မိမိ၏အတတ် မိမိ၏ဘဝတဏှာကို မိမိသည်ပင်လျှင် ယဒိပြတ် အာလယပြတ် မဂ်ဖြင့် ပယ်သတ် လိုက်တဲ့ခါ အရဟတ္တမဂ် နောင်မှာ ဘဝတဏှာ ကိလေသာ အကြောင်း အသစ်မဖြစ် တော့သည်ဖြစ်၍ အရဟန္တစုတိနောင်မှာ ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာ အကျိုးလဲ အသစ် မဖြစ်တော့ပြီ၊
ထို့ကြောင့် ဖြစ်ပျက်မွေးသေ အစဉ်ပြတ်၍ နောက်ထပ် အသစ် မဖြစ်တော့ဘဲ “ဥဘိန္နံ အပဝတ္တိ နိရောဓော” နှင့်အညီ၊ ကိလေသာ ခန္ဓာ အသစ်အသစ်ဖြစ်မှု ချုပ်ငြိမ်း ရုပ်သိမ်း၍ တငြိမ်းထဲငြိမ်း တအေးထဲအေးနေတဲ့ အငြိမ်းဓာတ် အအေးဓာတ် အသင်္ခတ ဓာတ်ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်သို့သာ တန်းတန်း မတ်မတ် မချွတ် ဖြောင့်ဖြောင့် ဆိုက်ရောက်လေသည်ဖြစ်၍ တသံသရာလုံး ငြိမ်းချမ်းရေး ကိုယ်ပိုင် မိမိပိုင် လွတ်လပ်ရေးကြီး အစစ်အမှန်ကို ရရှိလေတော့သတည်း။
ဤလို ဤပုံ - သစ္စာမသိက တဏှာပယ်ဘဲ မဂ်အကျင့်ကို မကျင့်တတ်၍ ဖြစ်ပျက် မွေးသေ သံသရာရှည်၍ နေကြရလေသည်၊ သစ္စာသိက တဏှာ ပယ်တဲ့ မဂ်အကျင့်ကို ကျင့်၍ ချမ်းသာအစစ် နိဗ္ဗာန်ကို ရရှိနိုင်ကြ၍ ဖြစ်ပျက် မွေးသေဆိုတဲ့ သံသရာ တိုသွားလေတော့သည်။ ထိုကြောင့်ပင် “သစ္စာမသိ ရှည်ဘိသံသရာ၊ သစ္စာသိတော့ တိုဘိမှန်စွာ”ဟု ဥဒ္ဒေသခဏ်း ၌ ပြဆိုခဲ့ပြီ။
ဆောင်ပုဒ်
▬▬▬▬
ဒု-သိ သ-ပယ်၊ နိ-မျက် မဂ်-ပွား၊
ဤလေးပါး၊ မမှားကျင့်လေပါ။
မမှားကျင့်က၊ နိဗ္ဗာန၊ မုချရောက်မည်သာ။
ဒု-ကို သိပါ၊ သ-ကို ပယ်ပါ၊
နိ-ကို မျက်မှောက်ပြုပါ၊ မဂ်-ကို ပွားပါတဲ့။
ထိုဇာတိသည် - မိမိကား ဒုက္ခမဟုတ်ပေ။ သို့ရာတွင် ဒုက္ခဝေဒနာ ဒုက္ခတရား အမျိုးမျိုး အစား တပါးပြီးတပါး တပါးပြီးတပါး ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်း ကြီး အစစ်အမှန် ဖြစ်သောကြောင့်သာလျှင် ဒုက္ခဟူ၍ ဆိုအပ်၏ဟု သိလေ မှတ်လေ။
တနည်း - “ဇာတိ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်”
ဤဇာတိ သည် ထိုထိုသို့သော ဘုံဘဝတို့၌ ရှေးဦးစွာ ဖြစ်ပေါ်လာခြင်း လက္ခဏာ ရှိ၏၊ ဝန်ခံစေသကဲ့သို့ ဖြစ်ခြင်း ကိစ္စ ရှိ၏။ လွန်ခဲ့ပြီးသော ရှေးဘဝက ဤပစ္စုပ္ပန်ဘဝ၌ ဖြစ်ပေါ်လာခြင်း အကျိုး၏ အစွမ်းအားဖြင့် ဒုက္ခ အစုအပုံ၏ ဆန်းကျယ်စွာ ဖြစ်ပေါ် လာခြင်း ဒုက္ခအထူးဖြစ်ခြင်း ဒုက္ခတစိတ် ကို ဖြစ်စေခြင်းဟု ဉာဏ်အား ရှေးရှု ထင်လာခြင်း ရှိ၏။
ဇာတိ ၂-မျိုး ဝဋ်ဒုက္ခဆိုး
▬▬▬▬▬▬▬▬▬
ဇာတိသည် (၁) ရုပ်ဇာတိ၊ (၂) နာမ်ဇာတိ ဟု နှစ်မျိုးရှိရာ နိပ္ဖန္နရုပ်တို့၏ ဖြစ်ဆဲသည် ရုပ်ဇာတိ မည်၏၊ နာမက္ခန္ဒာ လေးပါးတို့၏ ဖြစ်ဆဲသည် နာမ်ဇာတိ မည်၏။
ဇာတိပိ ဒုက္ခာ
▬▬▬▬▬
၁။ ဂဗ္ဘောက္ကန္တိကမူလကဒုက္ခ
ချဲ့ဦးအံ့၊ ဤလူသတ္တဝါသည် ပဒုမဝတီ မိဖုရား ပေါက္ခရသာတိ ပုဏ္ဏား စသည်တို့ကို ထား၍ အမိဝမ်း၌ ဖြစ်သည်ရှိသော် - ပဒုမ္မာကြာတိုက်တို့၌ ဖြစ်ကြရသည် မဟုတ်၊ အမှန်မှာ များသောအားဖြင့် အမိအစာသစ်အိမ်အောက် အစာကျက်အိမ်၏ အထက် အဘို့၌ ဖြစ်ကြသော အမိဝမ်းလွှာ ကျောက်ဆူးရိုး၊ ဝါ၊ ကျောက်ကုန်းရိုးတို့၏ အလယ် ဖြစ်သော အလွန့်အလွန် ကျဉ်းမြောင်းလှစွာသော အလွန့်အလွန် ထူထပ်လှစွာသော အမိုက်အတိဖြစ်သော သည်းခြေ သလိပ် ပြည် သွေး အစာသစ် အစာဟောင်း စသော အထူးထူး အပြားပြားရှိသော အပုတ် မျိုးစုံတို့ဖြင့် ကြာမြင့်စွာ ထုံအပ်သော လွန်လွန်စွာ မကောင်းသော အနံ့ ရှိသော ဝမ်းလေတို့၏ သွားလာရာဖြစ်သော ကာလ ရှည်လျားစွာသုံးသော ရေအိမ်ပမာ လွန်မင်းစွာ စက်ဆုတ်ဘွယ် ရှိသော အမိဝမ်းခေါင်း အရပ်၌ ငါးပုတ် မယောပုတ် တံစီးအိုင် စသည်တို့၌ ပိုးလောက် တို့ကဲ့သို့ ဖြစ်ကြရ ကုန်၏။
ထို အမိဝမ်းတိုက်၌ ဖြစ်သော ထို သူငယ်သည် ဆယ်လတိုင်တိုင် အမိ ဝမ်းတိုက်၌ ဖြစ်သော တေဇောဓာတ်ငွေ့ဖြင့် ချက်ပြုတ်အပ်သော ဟင်းမျိုး စသော အထုပ်ကဲ့သို့ ကျက်သည်ဖြစ်၍ ပေါင်းတင်အပ်သော မုံ့ညက်ဆိုင် ပမာဏကဲ့သို့ ဖြစ်ရ၍ ကွေးခြင်း ဆန့်ခြင်း စသည်မှ ကင်းသည်ဖြစ်၍ အလွန့်အလွန် ပြင်းထန်သော ဆင်းရဲကို အလူးအလဲ ခံရရှာသတဲ့၊
ဤ ဆိုအပ်ခဲ့ပြီးသော ဒုက္ခသည်ကား ရှေးဦးစွာ “အမိဝမ်းတိုက်သို့ သက်ဝင်ခြင်း” လျှင် အရင်းမူလ ရှိသော “ဂဗ္ဘောက္ကန္တိက” မူလကဒုက္ခ ပေတည်း၊ ဝါ၊ ရှေးဦးစွာ တွေ့ကြုံရသော ဆင်းရဲပေတည်း။
၂။ “ဂဗ္ဘပရိဟရဏဒုက္ခ”
တဖန် - ထိုအမိဝမ်း၌ ကိန်းသော သတ္တဝါသည် အမိ၏ အဆောတလျှင် ချော်ချွတ်ခြင်း မဖြေးမညှင်း ကတိုက် ကရိုက် သွားခြင်း ထိုင်ခြင်း ထခြင်း လူးလည်ပြန်လှန်ခြင်း စသည်တို့၌ အရက်သမား လက်သို့ရောက်သော ဆိတ်သူငယ်ကဲ့သို့၎င်း၊ အလမ္ပါယ် လက်သို့ရောက်သော မြွေငယ်ကဲ့သို့၎င်း၊ ရှေ့ရှု ဆွဲငင်ခြင်း, ထက်ဝန်းကျင် အဘို့ အားဖြင့် ဆွဲငင်ခြင်း, အောက်သို့ခါခြင်း, ဘီလာခါခြင်း စသည်တို့နှင့်တူသော ပယောဂဖြင့် အလွန့်အလွန် ပြင်းထန်သော ဆင်းရဲကို အလူးအလဲခံစားရ၏၊
ဆင်ခြင်တုံ တရားမရှိသော မိခင်သည် အလွန်အေးလှသော ရေချမ်းအိုးရေ - ရေခဲရေ စသည်ကို သောက်သောအခါတို့၌ အလွန့်အလွန် အေးလှသော လောကန္တရောက် ငရဲ၌ ဖြစ်ရသကဲ့ ယာဂုပူ ထမင်းပူ ဟင်းပူ ရေပူ စသည်ကို သောက်စားသော အခါတို့၌ကား-မီးကျီးမိုးဖြင့် ပြွမ်းသကဲ့သို့ အငန် အချဉ် စသော အစာအာဟာရကို စားမျိုသော အခါတို့၌ ပဲခွပ်ဖြင့်ရွေ၍ အငန်ရေပက်ဖြန်းခြင်းစသော ကမ္မကရဏကိုပြုသော အခါကဲ့သို့ အလွန့်အလွန် ထက်လှစွာသော ဆင်းရဲကိုလည်း အလူးအလည်း ခံစားရ၏၊
ဤ ဆိုအပ်ခဲ့ပြီးသော ဒုက္ခသည်ကား “ကိုယ်ဝန်ဆောင်ခြင်း” လျှင် အရင်းရှိသော ဂဗ္ဘပရိဟရဏ ဒုက္ခပေတည်း။
၃။ “ဂဗ္ဘဝိပတ္တိမူလကဒုက္ခ”
တဖန် - ထို အမိဝမ်း၌တည်သော သူငယ်အား အဖြောင့်မသွား လမ်းမှားသော ကိုယ်ဝန်ရှိသော အမိ၏ အဆွေခင်ပွန်း ကိစ္စကြီးငယ်တို့၌ အတူတကွ ပြုဘက် ဖြစ်သောသူ နှလုံးအကျွမ်း ဝင်သောသူ စသည်တို့သည်လည်း ကြည့်ရှုခြင်းငှာ မထိုက်သော၊ ဝါ၊မကြည့်ဝံ့သော၊ ဝါ၊ ကြည့်မကောင်း မြင်မကောင်းဖြစ်သော ကြီးလေးလှစွာသော ဆင်းရဲဖြစ်ရာ အရပ်၌ ဖြတ်ခြင်း ခွဲခြင်း စသည်တို့ဖြင့် အလွန့်အလွန်ဖြစ်သော ဆင်းရဲကိုလည်း အလူးအလည်း ခံစားရကုန်၏။ ဤ ဆိုအပ် ခဲ့ပြီးသော ဆင်းရဲသည်ကား “ကိုယ်ဝန်ပျက်ခြင်း”လျှင် အရင်းရှိသော ဂဗ္ဘဝိပတ္တိမူလက ဆင်းရဲပေတည်း။
၄။ “ဂဗ္ဘဝိဇာယနမူလကဒုက္ခ”
တဖန် - သားဖွားသော အမိ၏ ကံကြောင့် ဖြစ်သော ကမ္မဇလေတို့သည် ထိုကိုယ်သား သူငယ်ကို ဥကျောင်းစောက်ထိုး ခြေထောက်မိုး ပြောင်းပြန်လန်အောင် ဖြစ်စေသော အားဖြင့် အသူတရာ နက်သော ချောက်နရက်သို့ ကျသွားရဘိသကဲ့သို့ အလွန် ကြောက်မက်ဘွယ် ရှိသော အမိ၏ ယောနိဝသို့ ချအပ်သည်ဖြစ်၍ အလွန်ကျဉ်းမြောင်း သော အမိယောနိဝဖြင့် ငင်ထုတ်အပ်သော သူငယ်အား လွန်မင်းစွာသော ဆင်းရဲ ဒုက္ခသည် ဖြစ်၏၊
ဥပမာ - အလွန်ကျဉ်းလှစွာသော သံကောက်ပေါက်ဖြင့် ငင်ထုတ်အပ်သော ဆင်ပြောင် ကြီးအား လွန်စွာဆင်းရဲခြင်း ဖြစ်သကဲ့၎င်း၊ တောင်ကြီးတို့ဖြင့် ကြိတ်သောကြောင့် မို့မို့ ညက်ညက် ကြေသော ငရဲသူ သတ္တဝါအား လွန်ဆင်းရဲခြင်း ဖြစ်သကဲ့သို့၎င်းတည်း၊
ဤ ဆိုအပ်ခဲ့ပြီးသော ဆင်းရဲဒုက္ခသည်ကား “မွေးဖွားခြင်း” လျှင် အရင်းရှိသော ဂဗ္ဘဝိဇာယနမူလက ဒုက္ခ ပေတည်း၊
၅။ “ဗဟိနိက္ခမနမူလကဒုက္ခ”
တဖန် - ထိုသူငယ်သည် မွေးဖွားခါစဖြစ်၍ အသားနုတက်သော အနာနှင့် တူသော အလွန် နူးညံ့ သိမ်မွေ့သော ကိုယ်ရှိသော သူငယ်ကို လက်ဖြင့်ကိုင်ခြင်း ရေချိုးခြင်း လက် ခြေ စသည်ကို ဆေးခြင်း, အညစ်အကြေးတို့ကို အနှီးဖြင့်သုတ်ခြင်း စသော ကာလတို့၌ အပ်ဖျား သဉ်ဓုံးသွားတို့ဖြင့် ထိုးဆွ ခွဲခြမ်းသည်နှင့်တူသော လွန်စွာသော ဆင်းရဲခြင်းကို အလူးအလည်း ခံစားရကုန်၏။
ဤဆိုအပ်ခဲ့ပြီးသော ဒုက္ခသည်ကား အမိဝမ်းမှ “ပြင်ပသို့ထွက်ခြင်း” လျှင် အရင်း ရှိသော ဗဟိနိက္ခမန မူလက ဒုက္ခပေတည်း။
၆။ “အတ္တူပက္ကမ မူလကဒုက္ခ”
တဖန် - ထိုသူငယ်သည် မွေးဖွားပြီးမှ နောက်ကာလတို့၌ မိမိသည်ပင်လျှင် မိမိ ကိုယ်ကို သတ်သောသူအား၎င်း၊ အစေလက တက္ကဒွန်းတို့၏ ကိုယ်ပင်ပန်းသော အကျင့်ဖြင့် နေသို့ရှေ့ရှုကြည့်၍ ကျင့်သဖြင့် ကိုယ်ကိုပူပန်စေခြင်း၊ ပဉ္စာတပ ဘေးလေးဘက် မီးလေးပုံ အထက်၌နေပူ ဟူသော ငါးပါးသော အပူဖြင့် ပူလောင် စေခြင်း၊ အဖန် တလဲလဲ အားထုတ်၍ ကျင့်သောသူအား၎င်း၊ အမျက်ထွက်သည်၏ အစွမ်းအားဖြင့် အဆိပ်ဆေးကို စားခြင်း၊ အစားအစာ အာဟာရကို မစား မသောက်ဘဲ နေခြင်း ကြိုးဆွဲချ၍သေခြင်း စသောအားဖြင့်၎င်း၊ မိမိလုံ့လဖြင့် မိမိသေသော သူအား၎င်း၊ အလူးအလည်း ဆင်းရဲကို ခံစားရကုန်၏၊
ဤ ဆိုအပ်ခဲ့ပြီးသော ဆင်းရဲသည်ကား “မိမိလုံ့လလျှင်” အရင်းရှိသော ဆင်းရဲ ပေတည်း။
၇။ “ပရူပက္ကမမူလကဒုက္ခ”
တဖန် - ထိုသတ္တဝါသည် မိမိ၏ ရှေးကံ အလျှောက် သူတပါး၏ သတ်ခြင်း နှောင်ဖွဲ့ခြင်း စသည်တို့ကို ခံရသော သူအားလည်း လွန်စွာဆင်းရဲကို ခံစားရကုန်၏၊ ဤ ဆိုအပ်ခဲ့ပြီးသော ဆင်းရဲသည်ကား “သူတပါး၏ လုံ့လလျှင်” အရင်းရှိသော ပရူပက္ကမမူလကဒုက္ခ ပေတည်း။
ဤသို့ဆိုအပ်ခဲ့ပြီးသော နည်းတို့ဖြင့် ဤဇာတိသည် အလုံးစုံသော ဆင်းရဲ ပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ ကျရောက်ရာ တည်ရာ မှီရာ မူလဘူတ အကြောင်းရင်း အစစ်အမှန် ပေတည်းဟု သိလေ မှတ်လေ။
မှတ်ချက်
▬▬▬
ဤပုံ ဤနည်း အကျဉ်းအမြွက်မျှ ဖေါ်ပြခဲ့သော ဇာတိတခု၏ ဒုက္ခသည်ပင် ဤမျှ ကြီးလေးလှ ကြီးမင်းလှ ကြီးကျယ်လှသော ဆင်းရဲဒုက္ခကို သတိနှင့်မကွာ ပညာနှင့် မကင်း အဖန်တလဲလဲဆင်ခြင် နှလုံးသွင်းသောအားဖြင့် ယောနိသော မနသိကာရမှု ကိုအကြိမ်ကြိမ် ပြုပေးကြပါလျှင် တစတစ ဒုက္ခသစ္စာဉာဏ် ရင့်သန် လာတဲ့ခါ “ဇာတိပိ ဒုက္ခာ” ဟု ဘုရားဟောခဲ့တာ ဟုတ်ပါပေတယ် မှန်ပါပေတယ် ဟုတ်လိုက် မှန်လိုက်တာမှ လွန်နေတော့တာဘဲဟု ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင်တဲ့ခါ ဘုံသုံးပါး တို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ တဏှာအာလယပြတ်က အရဟတ္တမဂ်ကိုပင် ရရှိနိုင် ပေသည်။
ဤ၌ ဒုက္ခသစ္စာကို မထင်ထင်အောင် မမြင်မြင်အောင် ဆင်ခြင် ပွါးများခြင်းသည်ကား မဂ္ဂသစ္စာပေတည်း။
ဇာတိစသော ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကို အနုဗောဓဉာဏ်ဖြင့် သိမြင်လာခြင်း သည်ကား လောကီ ဝိပဿနာ ဉာဏ်ပေတည်း။
ပွါးများ အားထုတ်ဖန် များတဲ့ခါ ဒုက္ခသစ္စာအစွမ်းကုန် ထင်မြင်လာ၍ ပဋိဝေဓ မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ သိသောကြောင့် တဏှာ အာလယ ပြတ်သွားသည်ကား အရဟတ္တမဂ်ဉာဏ်ပေတည်း။
“ဆောင်ပုဒ်လင်္ကာ”
▬▬▬▬▬▬▬
စာဟောင်း စာသစ်၊ အောက်ထက်ဝန်းရံ၊ ပုတ်နံ ညှီလောင်း၊ ကျဉ်းမြောင်း မည်းမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊ ကျောက်ကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဥက္ခောင်းထားလျက်၊ မေးကြား လက်ဆုတ်၊ သစ်ခွတိုမှာ၊ မျောက်အိုကုတ်သို့၊ မလှုပ်မယှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့၊ အမိစပ်ခါး၊ ပူအေးစားလည်း၊ ကိုယ်သား ဆတ်ဆတ်၊ သက်ပြတ်တစေ၊ တည်နေဆယ်လ၊ ဤကာယ၏၊ ဖြစ်ရကြောင်းလျာ၊ အဝိဇ္ဇာနှင့်၊ တဏှာ ဥပါဒါန်၊ ကံ အာဟာရ၊ ပဉ္စကသည်၊ ရူပဟေတု ပစ္စည်းတည်း။
ဟု-ပညာရှိတို့ စပ်ဆိုခဲ့ကြပေသည်၊ အရကျက်၍ အသက်ထက်ဆုံး နှလုံးသွင်းနိုင်ကြ ပါစေသတည်း။
မှတ်ချက်
▬▬▬
ပညတ်အားဖြင့် လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ သူငါ ကျားမ စသည်ဖြင့် ခေါ်ဝေါ် သမုတ်ကြတဲ့ ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ကြောင်းကား အဆိုပါ အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ အာဟာရ တို့ပေတည်း၊ ဤငါးပါးတို့ကြောင့် ဖြစ်ပေါ်လာကြသည်ဟု ဟုတ်မှန်တဲ့ အတိုင်း သိကြ၊ ဟုတ်မှန်တဲ့အတိုင်း အယူမှန်ကို ယူကြ၊ မဟာဒေ၀ ပိဿဏိုး ထာဝရ ဘုရား ဘန်ဆင်း၍ဖြစ်သည်ဟု အယူမှားမယူကြလေနှင့်။
အဆိုပါ ရုပ်ဖြစ်ကြောင်း ငါးပါးတို့တွင် -
“အဝိဇ္ဇာ တဏှာ ဥပါဒါနံ ကမ္မန္တိ၊ ဣမေစတ္တာရော ဓမ္မာ နာမရူပဿ ဥပ္ပါဒပစ္စယတ္တာ ဟေတူတိစ အာဟာရံ ဥပထမ္ဘနဿ ပစ္စယတ္တာ ပစ္စယောတိ၀ ပဿတိ။”
ဆိုတဲ့ သာရသင်္ဂဟဋ္ဌကထာနှင့်အညီ။
အကြောင်းသည် ဟေတုအကြောင်း ဇနကအကြောင်း ပစ္စယအကြောင်း ဥပထမ္ဘက အကြောင်း နိဗ္ဗတ္တကအကြောင်း သမ္မာပကအကြောင်း အတိတ်အကြောင်း ပစ္စုပ္ပန် အကြောင်း စသည်ဖြင့် များစွာရှိရာ အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ ဤလေးပါးတို့မှာ ဟေတု အကြောင်း၊ အတိတ် အကြောင်း တို့ပေတည်း၊ အာဟာရမှာ ဥပထမ္ဘက ပစ္စယ ပစ္စုပ္ပန်အကြောင်းတို့ပေတည်း။
ထိုတွင် -
“ဣမဿဟိ ကာယဿ အဝိဇ္ဇာဒယော တယောဓမ္မာ မာတာဝိယ ဒါရကဿ ဥပနိဿယာဟောန္တိ၊ ကမ္မံပိတာဝိယပုတ္တဿဇနကံ အာဟာရော ဓာတိ၀ိယ ဒါရကဿ သန္ဓာရကောတိ။”
ဆိုတဲ့ သာရတ္ထအရ၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဤအကြောင်းသုံးပါး တို့မှာ အမိသည် သူငယ်အား အားကြီးသော မှီရာဖြစ်သကဲ့သို့ ကံမှာ အဘသည် သားအား အားနည်းသော မှီရာ ဖြစ်သကဲ့သို့၊ အာဟာရမှာ နို့ထိန်း ကလေးထိန်း ကဲ့သို့၊ ဝါ၊ အာယားမ,ကဲ့သို့ ဖြစ်၍ အသီးအသီး ဆိုင်ရာဆိုင်ရာ ရုပ်အား ကျေးဇူးပြုကြသည်ဟု သိလေ။
တဖန် - “ကမ္မံ ခေတ္ထံ, ဝိညာဏံ ဗီဇံ, တဏှာ သေနဟော” ဆိုတဲ့သံယုတ် ပါဠိတော် အရ ကုသိုလ် အကုသိုလ် ကံ သည် လယ်မြေ နှင့် တူ၏၊ ပဋိသန္ဓေ ဝိညာဏ် သည် သလေး မျိုးစေ့ နှင့်တူ၏၊ တဏှာ သည် ရေ နှင့်တူ၏။
တနည်း လယ်မြေသည် အမိ နှင့်တူ၏၊ ရေ သည် အဘ နှင့် တူ၏၊ သလေး မျိုးစေ့ သည် သားငယ်၏ ကံ နှင့်တူ၏။ ဤ၌ မြေကလည်း သလေးပင်ကို တိုက်ရိုက် မဖြစ်စေနိုင်၊ ရေကလည်း သလေးပင်ကို တိုက်ရိုက် မဖြစ်စေနိုင်၊ သလေး မျိုးစေ့ ကသာ သလေးပင်ကို တိုက်ရိုက်ဖြစ်စေနိုင်၍ မြေနှင့် ရေတို့မှာ သလေးပင် ပေါက်လာ ဘို့ရာ အထောက်အပံ့မျှသာ ဖြစ်သကဲ့သို့။
ထို့အတူ၊ မိဘတို့ကလည်း သားသူငယ်ကို တိုက်ရိုက် မဖြစ်စေနိုင်၊ ရှေးက သူငယ်ပြုခဲ့ဘူးတဲ့ ကံမျိုးစေ့ကသာ သားသူငယ်ကို တိုက်ရိုက် ဖြစ်စေနိုင်ပါသည်။ မိဘတို့မှာ သားသူငယ် ဖြစ်ပေါ်လာဘို့ရာ အထောက်အပံ့ ဥပထမ္ဘက အကြောင်းမျှ သာဖြစ်၍ ကံသာလျှင် တိုက်ရိုက်ဖြစ်စေနိုင်သော ဇနကအကြောင်းရင်း ဖြစ်သည်ဟု သိလေ မှတ်လေ။
ဇာတိရှိလျှင် ဆင်းရဲရှိ
မရှိလျှင် မရှိ
▬▬▬▬▬
“ဇာယေထနောစေ နရကေသုသတ္တော၊ တတ္တဂ္ဂိ ဒါဟာဒိက မပ္ပသယှံ၊ လဘေထ ဒုက္ခံ နုကုဟိံ ပတိဋ္ဌံ၊ ဣစ္စာဟဒုက္ခာတိ မုနီ ဓ ဇာတိံ။”
စသည်ဖြင့် (၆) ဂါထာ ဝိသုဒ္ဓိမဂ်၌လာ၏၊ ပါဠိကို အထူးမရေးပြီ၊ နံပါတ်စဉ်အတိုင်း ဘာသာပြန်များကိုသာ သဘောပေါက်အောင် ကြည့်ရှုကြပါလေ။
ဘာသာပြန်-၁
▬▬▬▬▬▬
သတ္တဝါသည် ငရဲဘုံတို့၌ အကယ်၍ မဖြစ်ငြားအံ့၊ ဤသို့ မဖြစ်သည်ရှိသော် - ထို အပါယ်ငရဲ၌ ငရဲမီးလောင်ခြင်း စသည်တို့ကြောင့် ဖြစ်သော သည်းမခံနိုင်သော ဆင်းရဲဒုက္ခမျိုးသည် အဘယ်မှာ တည်ရာကို ရပါတော့အံ့နည်း။
တဖန် - ပဋိသန္ဓေ နေရခြင်း ဇာတိနှင့်ကင်း၍ ထိုဆင်းရဲ၏ တည်ရာသည် အဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ၊ ပဋိသန္ဓေ နေရခြင်း ဇာတိရှိသောကြောင့်သာ ဆင်းရဲဒုက္ခ ရှိပေသည်။ ထိုကြောင့် ဘုရားမြတ်စွာသည် တဖန်တဖန် ပဋိသန္ဓေနေခြင်း ဇာတိကို ဆင်းရဲခြင်း၏ အကြောင်းရင်းအစစ် ဆင်းရဲ၏ တည်ရာ ကျရောက်ရာ အစစ် ဧကန်ဖြစ်သည်ဟု ဟောတော်မူခဲ့ပေသည်။
ဘာသာပြန်-၂
▬▬▬▬▬▬
တိရစ္ဆာန် ဘုံတို့၌ ကြိမ်လုံး နှင်တံ၊ ဝါ၊ တံပြာတို့ဖြင့် ပုတ်ခတ်ခြင်း စသည် တို့ကြောင့်ဖြစ်သော များစွာသော ဆင်းရဲဒုက္ခသည်ရှိ၏။ ထိုတိရစ္ဆာန် တို့ဘုံ၌ ပဋိသန္ဓေ နေခြင်း ဇာတိကိုကြည့်၍ ထိုဆင်းရဲသည် အဘယ်မှာ ဖြစ်ပေါ်ပါအံ့နည်း၊ ဇာတိမရှိက ဆင်းရဲမရှိသည်သာတည်း၊ ထို့ကြောင့် ဇာတိသည် ဆင်းရဲမည်၏။
ဘာသာပြန်-၃
▬▬▬▬▬▬
ပြိတ္တာဘုံ၌ အစာငတ်ခြင်း ရေငတ်ခြင်း, တကမ္ဘာ တကမ္ဘာ လွန်လေငြားသော်လည်း ထမင်းတလုံး ရေတပေါက်မျှ မသောက်ရခြင်း၊ လေပူ နေပူ မိုးရွာ ဖြုတ်ကိုက် ခြင်ကိုက် စသော အထူးထူး အထွေထွေ ဆန်းကျယ်လှ၍ အံ့ဘွယ်သရဲရှိသော ဆင်းရဲခြင်းသည် ထို ပြိတ္တာဘုံ၌ ဖြေစ်သော သတ္တဝါအား မရှိ ဖြစ်၍သာ ရှိ၏၊ ထိုကြောင့်လည်း ဇာတိကို ဆင်းရဲခြင်းဟု ဟောတော်မူသည်။
ဘာသာပြန်-၄
▬▬▬▬▬▬
လ-နေ ပတ္တမြားရောင် မီးရောင် စသည် အရောင်မရှိခြင်းကြောင့် အလွန် ထူထပ်သော အမိုက်မှောင်အတိ ဖြစ်သော သည်းမခံနိုင်အောင် ကြောက်စရာ ကောင်းသော ချမ်းအေးလှသော လောကန္တရာက် ငရဲ၌၎င်း၊ အသူရကာယ်တို့၌၎င်း၊ ဆင်းရဲ ဒုက္ခသည် ရှိ၏၊ ထိုလောကန္တရာက် အသူရကာယ် ဘုံတို့၌ အကယ်၍ ဇာတိမဖြစ်အံ့၊ ထိုဆင်းရဲ ဒုက္ခသည် မဖြစ်ရာ ဖြစ်သောကြောင့်သာဖြစ်၏၊ ထိုကြောင့် ဇာတိသည် ဆင်းရဲဒုက္ခ မည်၏။
ဘာသာပြန်-၅
▬▬▬▬▬▬
ဘင်ပုတ်ငရဲ၌ ကြာမြင့်စွာ နေရသကဲ့သို့၊ အမိဝမ်းတိုက်၌ ကြာမြင့်စွာ နေရသည် လည်းဖြစ်သော ထိုအမိဝမ်းတိုက်မှ ပြင်ပသို့ ထွက်ရသည်လည်း ဖြစ်သော သတ္တဝါ သည် အလွန့်အလွန် ပြင်းပြကြမ်းကြုတ်သော ဆင်းရဲခြင်းသို့ ရောက်၏၊ ဤဆင်းရဲ ဒုက္ခသည်လည်း ဇာတိကိုကင်း၍ မဖြစ်နိုင်ပေ၊ ထိုကြောင့်လည်း ဇာတိသည် ဆင်းရဲ ဒုက္ခ မည်၏။
ဘာသာပြန်-၆
▬▬▬▬▬▬
ဤ ဇာတိဒုက္ခသည်ကို တဖွဖွ ထပ်ကာထပ်ကာ များစွာပြောဆိုနေသဖြင့် အဘယ် အကျိုးရှိအံ့နည်း၊
အချုပ်စကားမှာ ဤကမ္ဘာလောကကြီး၌ မြင်မြင်သမျှ ကြားကြားသမျှ တွေ့တွေ့သမျှ ဖြစ်ဖြစ်သမျှ ဆင်းရဲဒုက္ခ အလုံးစုံတို့သည် ထိုဆင်းရဲပေါင်းချုပ် ဒုက္ခဒုက္ခ ဟူသမျှ၊ ဝါ၊ အလုံးစုံ ကုန်အောင် စုံသော ဒုက္ခသည် တဖန်တဖန် ပဋိသန္ဓေ နေရခြင်း ဇာတိရှိသော ကြောင့်သာလျှင် ဖြစ်၏၊
ဇာတိမရှိသည်ရှိသော် တရံတဆစ် တစုံတရာသော ဆင်းရဲဒုက္ခမည်သည် မရှိသည် သာတည်း၊ ထိုကြောင့် ဤသစ္စာနိဒ္ဒေသ၌ အလုံးစုံတို့၏ ရှေးဦးစွာ ဇာတိကို ဒုက္ခသစ္စာ ဟု ဟောတော်မူသည်ဟု သိလေ မှတ်လေ။
သစ္စာဘွဲ့
▬▬▬
ဇာတိသည် ဒုက္ခသစ္စာ၊
ထိုဇာတိကို ဖြစ်စေတတ်သော ဘဝတဏှာသည် သမုဒယသစ္စာ၊
ထို ဒု-သ သစ္စာနှစ်ပါးစုံတို့၏ တဖန်အသစ်မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ၊
နိဗ္ဗာန်ကို သိမြင်တတ်သော မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည် မဂ္ဂသစ္စာ ဟူ၍၎င်း။
ဇာတိစတဲ့ ဒုက္ခသစ္စာ၊ “လို”ဆိုတဲ့ တဏှာကြောင့်ဖြစ်လာ၊ “လို” ကိုပယ်က ဇာ ဒုက္ခ၊ မုချ ချုပ်ရပါ... ဟူ၍၎င်း။
ဖြစ်လိုမှုကြောင့် ဖြစ်မှုဒုက္ခံ၊ ဖြစ်လိုချင်မှု၊ ပယ်သတ်ပြု၊ ချုပ်မှုထိုဒုက္ခံ .... ဟူ၍၎င်း သစ္စာကို ပွားများဆင်ခြင်လေး
ဤ၌ -
ဖြစ်လိုမှုကား....သ၊
ဖြစ်မှုကား....ဒု၊
ပယ်သတ်ကား....မ၊
ချုပ်မှုကား....နိ ဟုသိလေ။
ဤမျှဖြင့် ဇာတိ ပြီးစေဦး။
(ခ) ဇရာပိဒုက္ခာ
ဆင်းရဲအမှန် ဒုက္ခသစ္စာ၌ အကျုံးဝင်သော ဇရာသည် (၁) မထင်ရှားသော အပါကဋဇရာ၊ (၂) ထင်ရှားသော ပါဋကဇရာဟု နှစ်မျိုးရှိရာ၊ သင်္ခတတရားတို့၏ ဌီသို့ ရောက်တိုင်း ရောက်တိုင်း ရင့်ရော်ခြင်း ဖြစ်သော်လည်း ဉာဏ်မြင်မဟုတ် ပကတိ မျက်စိ အမြင် ဖြစ်၍ မထင်ရှားသောကြောင့် ဌီလက္ခဏာ ဌီခဏသည် အပါကဋဇရာ မည်၍၊ သွားကျိုး ဆံဖြူ အရေ တွန့်လိပ်ခြင်း စသည်ဖြင့် သမုတ်အပ်သော ခန္ဓာအစဉ်၌ တခုသော ဘဝဝယ် အကျုံးဝင်သော ခန္ဓာတို့၏ ဟောင်းနွမ်း ရင့်ရော်ခြင်း စသည်သည် ပကတိ မျက်စိအမြင်ဖြင့်ပင် သိသာထင်ရှားလှသော ပါကဋဇရာ မည်၏။ ထိုတွင် ခန္ဓာတို့၏ ရင့်ရော် ဟောင်းနွမ်းခြင်းဟု ဆိုအပ်သော ထင်ရှားသော ပါကဋဇရာ ကိုသာ လိုအပ်၏။
ဇရာ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်
ထိုဇရာသည် တခုဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ရင့်ရော် ဟောင်းနွမ်းသည်၏ အဖြစ်ဟုမှတ်ကြောင်း လက္ခဏာ ရှိ၏။ တစတစ သေခြင်း အနီးသို့ဆောင်ခြင်း ကိစ္စ ရှိ၏၊ အဆင်းအရွယ် လှပတင့်တယ် နုနယ် ပျိုမြစ်သည်၏ အဖြစ်ကို ဖျက်ဆီး တတ်သော သဘောဘဲဟု ဉာဏ်အားရှေ့ ထင်လာခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ဇရာအပြား ၁၁-ပါး
ထိုဇရာသည် -
၁။ ခဏ္ဍိစ္စ ဇရာ ... သွားကျိုးခြင်းကို ယူလေ။
၂။ ပါလိစ္စ ဇရာ ... ဆံဖြူခြင်းကို ယူလေ။
၃။ ဝလိတ္တစ ဇရာ ... အသားအရေ တွန့်လိပ်ခြင်းကို ယူလေ။
၄။ အာယူဟန ဇရာ ...... အသက်၏ ဆုတ်ယုတ်ခြင်းကို ယူလေ။
၅။ ဣန္ဒြိယပရိပါကဇရာ.... ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို ယူလေ။
၆။ ရုပ် ဇရာ .... ရုပ်တို့၏ အိုမင်းခြင်းကို ယူလေ။
၇။ နာမ် ဧရာ ... နာမ်တို့၏ အိုမင်းခြင်းကို ယူလေ။
၈။ ပါကဋ ဧရာ... ရုပ်တို့၏ ဆံဖြူသွားကျိုးခြင်းသည်ထင်ရှား၏။
၉။ ပဋိစ္ဆန္န ဇရာ .... နာမ်တို့၏ ဖေါက်ပြန်ခြင်းသည် မထင်ရှား။
၁၀။ အဝိစိ ဇရာ ... သက်မဲ့ ရွှေငွေ သက်ရှိ သူငယ် စသော ဖောက်ပြန်ခြင်းသည် သိနိုင်ခဲ၏။
၁၁။ သဝိစိ ဇရာ ... သက်မဲ့ လှည်းအို လှေအို၊ သက်ရှိ လူအို ဆင်အိုတို့၏ ဖေါက်ပြန်ခြင်းသည် သိလွယ်၏
ဟူ၍ (၁၁)ပါး အပြားရှိ၏။
သူလဲ ဆင်းရဲဒုက္ခ အစစ်ဘဲ
ထိုဇရာသည် အဆိုပါ သင်္ခါရဒုက္ခ၏ အဖြစ်ကြောင့်၎င်း၊ ဒုက္ခ၏တည်ရာ ဒုက္ခ၏ အကြောင်း အဖြစ်ကြောင့်၎င်း၊ ဆင်းရဲဒုက္ခပင်ဖြစ်၏။
ထိုစကားသည် မှန်၏၊ အင်္ဂါကြီးငယ်တို့၏ လျော့သည်အဖြစ်၊ မျက်စိ စသော ဣန္ဒြေတို့၏ ဖောက်ပြန်သည့်အဖြစ်၊ ရှိုက်ပင့် ရှုံ့တွ အဆင်းမလှသည့် အဖြစ်၊ အရွယ်ပျက်စီးခြင်း ခွန်အား ပျက်စီးခြင်း “သတိ သုတ ဝိရိယ” စသည် တို့၏ ကင်းတတ်ခြင်း၊ မိမိ၏ သား မယား ကျေးကျွန် စသော သူငယ်တို့က သက်ကြားအိုကြီး အဘိုးအိုကြီး, ဘူတားကြီး စသည်ဖြင့် မလေး မစား မရိုမသေ မထေမဲ့မြင် ပြောဆိုခြင်း
စသည်တို့၌ ကိုယ်စိတ်၌ဖြစ်သော ကိုယ်စိတ်မချမ်းမသာ ကိုယ်စိတ်ဆင်းရဲသော ဆင်းရဲဒုက္ခသည် ဧကန် ဖြစ်တတ်၏၊ ထိုဇရာကို အဆိုပါ ဆင်းရဲဒုက္ခ၏ တည်ရာ အကြောင်း ဖြစ်သောကြောင့် “ဇရာပိဒုက္ခာ” ဟု ဟောတော်မူ၏ဟု သိလေ။
> အမှာစကား။ ။ ဖျားနာခြင်းစသော ဗျာဓိကိုမူကား ဤဧရာ၌ပင် ထည့်သွင်း၍ ယူလေ။
(ဂ) မရဏမ္ပိဒုက္ခံ
ဆင်းရဲအမှန် ဒုက္ခ၌ အကျုံးဝင်သော မရဏသည် ရှေးဦး (၁) ခဏိက မရဏ။ (၂) သမ္မုတိမရဏ ဟု နှစ်မျိုးရှိရာ ထိုတွင် ရုပ်နာမ်တို့၏ ဥပါဒ် ဌီ ဘင် အားဖြင့် ပျက်ခြင်း ဘင်ခဏသည် ခဏိကမရဏ မည်၏၊ ထို ခဏိကမရဏ ကိုပင်ရည်၍ “ဇရာမရဏံ ဒွီဟိ ခန္ဓေဟိ သင်္ဂဟိတံ” ဟု ဟောတော် မူသည်။
တခုသောဘဝ၌ အကျုံးဝင်သော ဇီဝိတိန္ဒြေ ၏ အစဉ်ပြတ်ခြင်းသည် သမ္မုတိမရဏ မည်၏၊ ထိုကိုရည်၍ပင် “နိစ္စမရဏတော ဘယံ” ဟု ဟောတော်မူခဲ့ပေသည်။ ထိုနှစ်ပါးတို့တွင် ဤ၌ကား သမ္မုတိမရဏ ကိုသာ ဆိုအပ်၏။
မရဏ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်
ထို မရဏသည် တခုဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ ရွှေ့လျော ရွေ့ရှား သည်အဖြစ်ဘဲဟု မှတ်ကြောင်း လက္ခဏာ ရှိ၏၊ ပြည့်စုံသော ဘဝခန္ဓာတို့မှ ကင်းကွာ စေခြင်း ကိစ္စ ရှိ၏၊ အကြင်အကြင် ရောက်ဆဲ ဖြစ်သော ဂတိမှ ကင်းကွာစေသည်၏ အစွမ်းအားဖြင့်ဖြစ်၏ဟု ဉာဏ်အား ရှေ့ရှု ထင်လာသော ပစ္စုပဋ္ဌာန် ရှိ၏။
မရဏအပြား ၈-ပါး
ထို မရဏသည် -
၁။ ခဏိက မရဏ .... ပဝတ္တိအခါ ရုပ်နာမ်တို့၏ ခဏတ္တယအားဖြင့် ချုပ်ပျောက် ပျက်စီးခြင်း။
၂။ သမ္မုတိ မရဏ …. လူ-သေ, မင်း-နတ်ရွာစံ, ဘုန်းကြီး-ပျံတော်မူ, နတ်တို့-စုတိခြင်းတည်း။
၃။ သမုစ္ဆေဒ မရဏ .... ဘုရား ရဟန္တာတို့-ပရိနိဗ္ဗာန် ဝင်စံတော်မူခြင်းတည်း။
၄။ ဇာတိက္ခယမရဏ …. တဘဝ ကုန်ဆုံး၍ သေရခြင်းတည်း။
၅။ ဥပက္ကမ မရဏ .... မိမိ သူတပါး လုံ့လကြောင့် သေတဲ့ သေခြင်းမျိုးတည်း။
၆။ သ ရသ မရဏ ... မိမိအသက် အပိုင်းအခြား ကံ အလျောက် သေတဲ့ သေခြင်းမျိုး တည်း။
၇။ အာယုက္ခယမရဏ ... ကံရှိသေးလျှက် အသက်တန်းကုန်၍ သေခြင်းမျိုးတည်း။
၈။ ပုညက္ခယ မရဏ .... မိမိပြုခဲ့သော ကောင်းမှုကံ ကုန်၍ သေခြင်းမျိုးတည်း။
သေပေါက် သေဝ ဆင်းရဲလှ၏
၁။ တစုံတခုသော ဘုံဘဝတို့၌ တဖန် မဖြစ်လတ္တံ့သော ဘုရား ရဟန္တာများ မဖြစ်သေးလျှင် ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတို့ ထင်လာ မြင်လာတတ်ရာ ထိုအခါ များတွင် ခွေးကောင်ပုပ် လည်ဆွဲ သကဲ့သို့ အဖန်တလဲလဲ ထင်မြင်လာသော သေပေါက် သေဝ သေခါနီးကြတဲ့ခါ မကောင်းမှုကံ ရှိသေးသောသူအား အကုသိုလ် ကမ္မနိမိတ် ဒုဂ္ဂတိနိမိတ်များ ထင်လာမြင်လာ၍ စိတ်၌ဖြစ်သော ဆင်းရဲခြင်းသည် လွန်စွာဖြစ်တတ်၏။
၂။ ကောင်းမှုကံရှိသော သူအားလည်း သေဝနီးပါးသို့ ရောက်သောအခါ ကျန်ရစ်သော သားသမီး ဆွေမျိုးတို့နှင့် ကင်းကွာခြင်းကို သည်းမခံနိုင်သော ချစ်အပ်သော ဝတ္ထု ဖြစ်သော သတ္တဝါ သင်္ခါရတို့နှင့် ကွေကွင်း ကင်းကွာခြင်းလျှင် အရင်းရှိသော စိတ်၌ ဖြစ်သော ဆင်းရဲခြင်းသည် ဖြစ်တတ်၏။
၃။ သာမညအားဖြင့် အလုံးစုံလည်းဖြစ်သော အရိုးတို့၏ အစပ်အဆက် အဖွဲ့တို့ကို ဖြတ်တတ်သော အလွန် ထက်လှစွာသော သတ္တကဝါတ ဥပ္ပလဝါတ ခေါ်သော လေသင်ဓုံး လေသင်ဓုံးတို့သည် ဖြတ်အပ် ထိုးကျင့်အပ်သော ကျင်နာရာဌာန ရှိကုန်သော သတ္တဝါတို့အား အစပ် အဆက် အဖွဲ့ တို့၏ ပြတ်ခြင်းကြောင့် ဖြစ်သော ဆင်းရဲအစရှိသော ကိုယ်၌ ဖြစ်သော သည်းမခံနိုင်လောက်အောင် ကျင်နာ နှိပ်စက် သော နတ်ဆေး နတ်ဝါး နတ်မန္တယား တို့ဖြင့်သော်လည်း ကုစား၍ မရနိုင် ကောင်းသော ဆင်းရဲမျိုး တို့သည်လည်း မချိမဆန့် အလူးအလိမ့် ဖြစ်ရတတ်၏၊ ဤသေခြင်း သသောတရားသည် အဆိုပါ ဆင်းရဲ ဒုက္ခပေါင်းချုပ်တို့၏ ထိပ်သီး သဘွယ်ဖြစ်၍ တည်ရာ ကျရောက်ရာ မှီရာကြီးအစစ် ဖြစ်သောကြောင့် မရဏမ္ပိဒုက္ခံ ဟု ဟောတော်မူ၏ဟု သိလေ။
အမှာ
ဤလိုဤပုံ နိဗ္ဗာန်မရသေးသမျှတို့၌ ဘဝတိုင်း ဘဝတိုင်း ဘဝပေါင်း ကမ္ဘာပေါင်း အသင်္ခေအနန္တ မရေမတွက်နိုင်သော ခံခဲ့ရလှပြီး၊ ခံရတုံး ခံရဆဲ ခံရလတ္တံ့သော သေခြင်း ဆင်းရဲတို့ကို တသံသရာလုံး ထင်အောင်မြင်အောင် ဉာဏ်ဥက္ခောင်း ထောင်၍ ကြည့်ရှုကြပါလေ၊
အကြွေးအငန်း မထားဘဲ ယခုစာဘတ်ရင်းပင် ရှေ့သို့ဆက်လက်၍ ဘတ်မှုကို ခဏ ရပ်ဆိုင်းကာ ကျွဲ နွား စမြုံ့ပြန်သလို ဇာတိဒုက္ခ ဇရာဒုက္ခ မရဏဒုက္ခ၊ ဝါ၊ ဇာတိဆင်းရဲ ဇရာဆင်းရဲ မရဏဆင်းရဲတို့ကို စာ စမြုံ့ပြန်၍ ကြည့်ကြပါလေ၊ နေ့တိုင်း ညတိုင်း လတိုင်း နှစ်တိုင်း မပြတ်ကြည့်ပါလေ၊ သွားလာရာသို့ပင် ဆောင်ယူ၍ အားလပ်တဲ့ခါ ဤစာဘတ်မှုဖြင့်သာ အချိန်ကောင်းကို ကုန်ပါစေ။
ဤပုံ လက်ရှိဘ၀ သေနေ့က မဦးခင် ကြိုးစားသွားပါလျှင် ရှေးဘဝက ပါရမီဉာဏ် အခြေခံအသင့် ရှိပြီးဖြစ်ပါလျှင် တစတစပင် ဒုက္ခသစ္စာ ထင်မြင်လာ၍ အစွမ်းကုန် ထင်မြင်လာတဲ့ခါ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာပြတ်၍ အရဟတ္တမဂ် အထိ ရနိုင် ရောက်နိုင်တဲ့ အကြောင်း ရှိပေသည်။
ဤ သေခြင်းဆင်းရဲမှာ - ဇာတိရှိ၍သာ ရှိသည်၊ ဇာတိမရှိလျှင် မရှိပြီ။ ဇာတိလည်း တဏှာရှိလို့၊ တဏှာလည်း တဏှာပယ်တဲ့ မဂ်အကျင့်ကို မကျင့်လို့၊ မဂ်အကျင့်လည်း သစ္စာမသိလို့ ဖြစ် ပျက် မွေးသေ သံသရာရှည်၍ နေကြရသည်။ သစ္စာသိတဲ့ခါ တဏှာ ပယ်တဲ့ မဂ်အကျင့်ကို ကျင့်ကြပါလျှင် တဏှာကုန်က ရွှေဘုံနိဗ္ဗာန် အမြန်ဆုံး ရောက်နိုင်ကြသည်ဟု သိလေ။
ဆောင်ပုဒ်
ဒု-မြင် ဒိ-စင်၊
သ-မြင် ဝိ-စင်၊
နိ-မ-မြင် သီပါစင်၊
ဤလိုပင် သစ္စာမြင်၊
သောတာပန် အရှင်။
ကိုယ်တွေ့ ဒုက္ခသစ္စာနှင့်
မျက်မြင် ဒုက္ခသစ္စာ
ဤ ဇာတိဆင်းရဲ ဇရာဆင်းရဲ ဗျာဓိဆင်းရဲ မရဏဆင်းရဲမှာ ကိုယ်မှာ တွေ့ရတဲ့ ဆင်းရဲဖြစ်၍ ကိုယ်တွေ့ဒုက္ခသစ္စာ ဆိုသည်။
မိမိမှတပါး သူတပါးတို့သည်လည်း မိမိကိုယ်ပင် ဤဇာတိဆင်းရဲ စသည်တို့ အနှိပ်စက် အညှင်းဆဲ ခံရသည်တို့ကို မိမိမျက်မြင် တွေ့မြင်ရသည်ကို မျက်မြင်ဒုက္ခသစ္စာ ဆိုသည်။
ဤလို ဤပုံ - ကိုယ်တွေ့ ဒုက္ခသစ္စာ မျက်မြင် ဒုက္ခသစ္စာ ဖြစ်အောင် ထင်အောင် မြင်အောင် ကြိုးစားကြပါလေ။
ဆောင်ပုဒ်
ဒု-မြင်က ဒိ-စင်၊
သ-မြင်က ဝိ-စင်၊
သောတာပန်အရှင်၊
အပါယ် လွတ်မြဲပင်။
(ဃ) “သောက”
ဆင်းရဲအမှန် ဒုက္ခသစ္စာ၌ အကျုံးဝင်သော “သောက” အရ သောက ဟူသည် “ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ” ဆိုတဲ့ မင်္ဂလာတရားတော်နှင့်အညီ၊ ဘုရား ရဟန္တာကိုကို ချွင်းချန်၍ ကြွင်းကျန်သော သတ္တဝါ မှန်သမျှတို့မှာ ဗျသနတရား ငါးပါး တို့နှင့် ရင်ဆိုင်တွေ့ကြုံကြရတဲ့ခါ ဆွေမျိုးတို့၏ ပျက်စီးခြင်း စသည်တို့ဖြင့် နှိပ်စက်အပ်သောသူ၏ စိတ်၏ ပူပန်ခြင်းသည် သောက မည်၏၊ ထို သောကသည် တရားကိုယ် အားဖြင့် ဒေါမနဿ ဝေဒနာပေတည်း၊
လက္ခဏာ စသည်
ထိုသောကသည် ကိုယ်အတွင်း၌သာလျှင် တွန့်လျက်ကြံခြင်း လက္ခဏာ ရှိ၏၊ စိတ်၏ပူပန်ခြင်း လက္ခဏာရှိ၏၊ စိတ်ကို ထက်ဝန်းကျင်မှ လောင်စေခြင်း ကိစ္စ ရှိ၏၊ အဖန်တလဲလဲ စိုးရိမ်ခြင်း သဘောတည်းဟူသော ဉာဏ်အား ရှေ့ရှု ထင်မြင်လာ၏၊ ဤသောကကိုလည်း ဆင်းရဲခြင်း၏ အကြောင်းရင်း ဆင်းရဲခြင်း၏ တည်ရာ ဖြစ်သောကြောင့် ဒုက္ခဟူ၍ပင် ဟောတော်မူခဲ့ပေသည်။
ထို့ကြောင့်ပင်
သတ္တာနံ ဟဒယံ သောကော၊ ဝိသ သလ္လံ ၀ တုဇ္ဇတိ။
အဂ္ဂိတတ္တောဝ နာရာစော၊ ဘုသံဝ ဒဟတေ ပုန။
စသည်ဖြင့် ဝိသုဒ္ဓိမဂ် သစ္စာနိဒ္ဒေသ၌ (၂)ဂါထာ လာ၏။
ဘာသာပြန်-၁
သတ္တဝါတို့၏နှလုံးကို စိုးရိမ်ခြင်းသည် အဆိပ်လူးမြှားသည် ဝင်သကဲ့သို့ စူးဝင်တတ်၏၊ မီးရဲရဲပူသော စဉ့်သွားကဲ့သို့ အဖန် တလဲလဲ ပြင်းစွာပူလောင်တတ်၏။
ဘာသာပြန်-၂
ဖျားနာခြင်းကို လွန်စွာဆောင်တတ်၏။ အိုခြင်း နာခြင်း သေခြင်း ဆံဖြူခြင်း သွားကျိုးခြင်း ခန္ဓာကိုယ် ပိန်ချုံးခြင်း ပျက်စီးခြင်း အသက် လေလွန်ခြင်းလျှင် အကြောင်းရင်းရှိသော အထူးထူး အထွေထွေ ရှုပ်ပွေလှသော ဆင်းရဲဒုက္ခဝေဒနာ အမျိုးမျိုးတို့ကို လွန်စွာဆောင်တတ်၏။
ထိုမျှသာမက ထိုသောကသည် အားကြီး၍လာပါလျှင် -
“သောကော ဟဒယံ ဖာလေတိ” နှင့် အညီ၊ စိတ်ပူပန်လှတဲ့ သောကမီးသည် အလွန်ပူလောင်၍ အားကြီးလာတဲ့ခါ နှလုံးအိမ်ကို လောင်ကျွမ်း စေ၍ သေပွဲဝင်ရသည် အထိ ဆိုးရွားလှ၏။ ထိုကြောင့် ထိုသောကမီး မိမိမှာ ဖြစ်ပေါ်လာပါလျှင် ကြာကြာ လက်ခံ၍ မထားသင့်ပေ၊ အာရုံတပါးသို့ ပြောင်းလွှဲ၍ဖြစ်စေ ဝိပဿနာ ရှု၍ဖြစ်စေ မပျောက် ပျောက်အောင် အမြန် ပယ်ဖျောက်၍ ပစ်ပါလေ။
(င) “ပရိဒေဝ”
ပရိဒေဝအရ ငိုကျွေးခြင်း ပရိဒေဝဟူသည် အဆိုပါ ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော ငါးပါးသော ပျက်စီးခြင်းတို့ဖြင့် နှိပ်စက်အပ်သောသူ၏ အချည်းနှီး ငိုကျွေး မြည်တမ်း သော အသံသည် ပရိဒေဝ မည်၏၊ တရားကိုယ်အားဖြင့် ဒေါမနဿ ပေတည်း၊ ထိုကြောင့် ဒုက္ခဟု ဟောတော်မူသည်။
လက္ခဏာ စသည်
ပရိဒေဝသည် အဖန်တလဲလဲ မြည်တမ်းခြင်း လက္ခဏာ ရှိ၏၊ ဂုဏ်ကျေးဇူး အပြစ်ကို ပြောဆိုခြင်း ကိစ္စ ရှိ၏၊ စီးပွားရှိသည် မရှိသည်ကို မစီစစ်မူ၍ ပုဂ္ဂိုလ်၏ ဝေနောက်ခြင်း တည်းဟု ဉာဏ်အား ရှေ့ရှု ထင်မြင်လာ၏။
ဆက်ဦးအံ့၊ ထို့ကြောင့်ပင် -
“ယံသောကသလ္လဝိဟတော ပရိဒေဝမာနော” စသည်ဖြင့် ဝိသုဒ္ဓိမဂ်၌ လာ၏။ အထက် အဆိုပါ သောကဟူသော မြှားငြောင့်သည် နှိပ်စက် ညှင်းဆဲ အပ်သည်ဖြစ်၍ ငိုကျွေးသောသူသည် လည်ချောင်း နှုတ်ခမ်း အာစောက် အပြင်တို့၏ သွေ့ခြောက်ခြင်း ကြောင့်ဖြစ်သော သည်းမခံနိုင်လောက်အောင် စိုးရိမ်ခြင်း ဆင်းရဲခြင်း အထက် လွန်ကဲသော အတိုင်း အရှည် ရှိသော ဆင်းရဲကို ရသည်သာတည်း။
(စ) “ဒုက္ခ”
ဒုက္ခအရ ဒုက္ခ သည်ကား ကိုယ်၌ဖြစ်သော ဆင်းရဲ ကာယိကဒုက္ခ ပေတည်း။
လက္ခဏာ စသည်
ကိုယ်ကိုနှိပ်စက်ခြင်း လက္ခဏာ ရှိ၏၊ ပညာမဲ့တို့၏ နှလုံးမသာခြင်းကို ပြုခြင်း ကိစ္စ ရှိ၏၊ ကိုယ်၌မှီသော အနာတမျိုးတည်းဟု ဉာဏ်အား ရှေးရှု ထင်မြင်လာ၏၊ ဤဒုက္ခ ကိုလည်း ဒုက္ခ ဒုက္ခ၏ အကြောင်းကြောင့်၎င်း၊ စေတသိက ဒုက္ခကို ဆောင်တတ် သောကြောင့်၎င်း ဒုက္ခဟူ၍ပင် ဟောတော် မူခဲ့သည်။
ထို့ ကြောင့်ပင် -
ပိဠေတိ ကာယိကမိဒံ၊
ဒုက္ခဉ္စမာနသံဘိယျော။
ဇနယတိ တသ္မာ တသ္မာ၊
ဒုက္ခန္တိ ဝိသေသတော ဝုတ္တန္တိ။
ဘာသာပြန်
ကိုယ်၌ ဖြစ်သော ဤ ဒုက္ခသည် သမ္ပယုတ်တရားတို့ကို နှိပ်စက် ညှင်းဆဲတတ်၏၊ စိတ်၌ဖြစ်သော ဒုက္ခကိုလည်း လွန်စွာဖြစ်စေတတ်၏။ ထိုကြောင့် အထူးအားဖြင့် ဒုက္ခ ဟု ဟောတော်မူ၏။
(ဆ) “ဒေါမနဿ”
ဒေါမနဿသည်ကား စိတ်နှလုံး၌ မချမ်းသာခြင်း၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်းတည်း။
လက္ခဏာ စသည်
ထို ဒေါမနဿသည် စိတ်ကိုနှိပ်စက်ခြင်း လက္ခဏာ ရှိ၏၊ ဗျာပါဒနှင့် ယှဉ်သည်၏ အစွမ်းအားဖြင့် စိတ်ကိုညှင်းဆဲခြင်း ကိစ္စ ရှိ၏၊ နှလုံး၌ဖြစ်သော အနာတမျိုးတည်းဟု ဉာဏ်အား ရှေးရှု ထင်မြင်လာ၏၊ ထို့ကြောင့် ဒုက္ခဟု ဟောတော်မူ၏။
ပိဠေတိ ယတော စိတ္တံ၊
ကာယဿစ ပိဠနံ သမာဝဟတိ၊
ဒုက္ခန္တိ ဒေါမနဿံ၊
ဝိဒေါမနဿာ တတော အာဟူ။
ဟု-ဝိသုဒ္ဓိမဂ်၌ လာ၏။
ဘာသာပြန်
စိတ်နှလုံး မသာယာခြင်း ဟူသော ဒေါမနဿသည် စိတ်ကိုလည်း နှိပ်စက်တတ်၏။ ကိုယ်ကိုလည်း နှိပ်စက်ခြင်းကို မပြတ် ဆောင်တတ်၏။ ထိုကြောင့် ဒေါမနဿ ကင်းကုန်သော ဘုရားစသော အရိယာတို့သည် ဒေါမနဿကို ဒုက္ခဟု ဟောတော် မူကြကုန်၏။
(င) “ဥပါယာသ”
ဥပါယာသ မည်သည်ကား ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော ငါးပါးသော ပျက်စီးခြင်း တို့ဖြင့် နှိပ်စက်အပ်သောသူ၏ လွန်စွာသော စိတ်၏ ဆင်းရဲခြင်းသည် ဥပါယာသ မည်၏။
သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော အကုသိုလ် စေတသိက် (၁၄) ပါးမှ တပါးသော တခုသော တရားဟူ၍ အချို့ ဆရာတို့ ဆိုကြကုန်၏။
လက္ခဏာ စသည်
ထို ဥပါယာသ သည် စိတ်ကို ထက်ဝန်းကျင်မှ ပူလောင်ခြင်း လက္ခဏာ ရှိ၏၊ ညည်းညည်း တွားတွား ပြုလုပ်ခြင်း ကိစ္စ ရှိ၏၊ ကိုယ်စိတ်၏ မပြန့်ခြင်းကို ဖြစ်စေ တတ်သော တရားတည်း ဟု ဉာဏ်အား ရှေးရှု ထင်မြင် လာ၏။ ထို့ကြောင့်ပင် ဒုက္ခ ဟူ၍ ဟောတော်မူသည်။
စိတ္တဿစ ပရိဒဟနာ၊
ကာယဿဝိသာဒနာစ အဓိမတ္တံ၊
ယံဒုက္ခမုပါယာသော၊
ဇနေတိ ဒုက္ခော တတော ဝုတ္တော။
ဘာသာပြန်
စိတ်ကို ပူလောင်စေခြင်းကြောင့်၎င်း၊ ကိုယ်ကို ပြင်းပြစွာ ဖေါက်ပြန်သော အားဖြင့် နစ်စေခြင်းကြောင့်၎င်း၊ ဥပါယာသသည် လွန်စွာသော ကာယိကဒုက္ခ စေတသိကဒုက္ခ ကိုဖြစ်စေ၏။ထို့ ကြောင့် ဥပါယာသကို ဒုက္ခဟု ဟောတော်မူအပ်၏။
သောက ပရိဒေဝ ဥပါယာသ သုံးပါးတို့၏ အထူးကား -
၁။ ထိုတွင် သောကကို အားနည်းသော မီးဖြင့် အိုးတွင်း၌ ကျက်သော ရေကဲ့သို့ မှတ်အပ်၏။
၂။ ပရိဒေဝကို ပြင်းစွာသော မီးဖြင့် ကျက်သောရေ၏ အိုးပြင်ပသို့ ဆူဝေဖိတ်လျှံသော ရေကဲ့သို့ မှတ်အပ်၏။
၃။ ဥပါယာသကို ပြင်ပသို့ ဖိတ်လျှံ ဝေကျသည်မှ ကြွင်းကျန်သော မဖိတ်မဝေ နိုင်လောက်သော ရေ၏ အိုးတွင်း၌သာလျှင် ခမ်းခြောက်သည် တိုင်အောင် ကျက်သော ရေကဲ့သို့ မှတ်အပ်၏။
(ဈ) “အပ္ပိယသမ္ပယောဂ”
မချစ် မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့် အတူတကွ တွေ့ကြုံ ပေါင်းဆုံရခြင်း, စိတ်နှလုံးကို မပွားစေတတ်ကုန်သော သတ္တဝါသင်္ခါရတို့နှင့် တွေ့ကြုံ ပေါင်းဆုံရခြင်း သည် အပ္ပိယ သမ္ပယောဂ မည်၏။
လက္ခဏာ စသည်
ထို အပ္ပိယသမ္ပယောဂသည် အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံ ပေါင်းဆုံခြင်း လက္ခဏာ ရှိ၏၊ စိတ်၏ပင်ပန်း ဆင်းရဲခြင်းကိုပြုခြင်း ကိစ္စ ရှိ၏၊ အကျိုးမဲ့တို့၏ ထင်ရှားရှိသည်၏ အဖြစ်လျှင် ဉာဏ်အား ရှေးရှု ထင်မြင်လာ၏၊ ထိုအကြောင်းတို့ကြောင့် ဒုက္ခမည်၏။
၁။ ဒိသွာ၀ အပ္ပိယေဒုက္ခံ၊
ပဋ္ဌမံဟောတိ စေတသိ။
တဒုပက္ကမသမ္ဘူတ၊
မထကာယေ ယတောဣဓ။
၂။ တတောဒုက္ခဒွယဿာပိ၊
ဝတ္ထုတော သော မဟေသိနာ၊
ဒုက္ခောဝုတ္တောတိ ဝိညောယျော၊
အပ္ပိယေဟိသမာဂမော။
ဘာသာပြန်
၁–၂။ မချစ်မနှစ်လိုအပ်သော သတ္တဝါ သင်္ခါရတို့ကို မြင်ရလျှင်ပင် ဤလောက၌ ရှေးဦးစွာ စိတ်ဆင်းရဲ၏၊ ထို့နောက် ထို မနှစ်လိုအပ်သော သတ္တဝါ သင်္ခါရတို့၏ ပယောဂကြောင့် ဖြစ်သော ဆင်းရဲသည်ဖြစ်၏။
ဤလိုဤပုံ ကာယိကဒုက္ခ စေတသိကဒုက္ခ နှစ်ပါးစုံတို့၏ အကြောင်း၏ အဖြစ်ကြောင့် ဤ အပ္ပိယသမ္ပယောဂကို ဒုက္ခဟု ဟောတော်မူသည်ဟု သိအပ်၏။
(ည) “ပိယဝိပ္ပယောဂ”
ချစ်နှစ်သက်အပ်သော သတ္တဝါသင်္ခါရ စိတ်နှလုံးကို ပွားစေတတ်သော သတ္တဝါ သင်္ခါရ တို့နှင့် ကွေကွင်း ကင်းကွာရခြင်းသည် ပိယဝိပ္ပယောဂ မည်၏။
လက္ခဏာ စသည်
ထို ပိယဝိပ္ပယောဂသည် ဣဋ္ဌာရုံတို့နှင့် ကွေကွင်းခြင်း လက္ခဏာ ရှိ၏။ စိုးရိမ်ခြင်းကို ဖြစ်စေခြင်း ကိစ္စ ရှိ၏၊ ဆွေမျိုးတို့၏ ပျက်စီးခြင်း စသည်တည်း ဟု ဉာဏ်အား ရှေးရှု ထင်မြင်လာ၏။
ဉာတိ ဓနာဒိ ဝိယောဂေါ ၊
လောကသရသမပ္ပိတာ ဝိတုဇ္ဇန္တိ။
ဗာလာယတော တတောယံ -
ဒုက္ခောတိ မတော ပိယဝိပ္ပယောဂေါ။
ဘာသာပြန်
ဆွေမျိုး ဥစ္စာ စသည်တို့နှင့် ကွေကွင်းခြင်းကြောင့် သောကဟူသော မြှားသည် စူးဝင် အပ်ကုန်သော မလိမ္မာသော သူတို့သည် နှလုံးတုံဆပ် အသည်းပြတ်မျှ နာကျင်ကုန်၏။ ထို့ကြောင့် ဤပိယဝိပ္ပယောဂကို ဒုက္ခဟူ၍ သိအပ်၏။
(၄) “ယံပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ”
ငါတို့သည် ပဋိသန္ဓေ နေခြင်းသဘော မရှိပါမူကား၊ ဝါ၊ တဖန်ပြန်၍ ပဋိသန္ဓေ မနေရပါမူကား ကောင်းလေစွ အစရှိသည်ဖြင့် တောင့်တ၍ မရစကောင်းသော အရာ ဋ္ဌာနတို့၌ မိမိတို့ အလိုအတိုင်း တောင့်တတိုင်း မရသည်ကိုပင် “ ယံပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ” ဟု ဟောတော်မူသည်။
လက္ခဏာ စသည်
ထို တောင့်တ၍ မရကောင်းသည်၌ တောင့်တသော အလိုသည် တောင့်တ၍ မရကောင်းသော ဝတ္ထုကို ရလိုခြင်း လက္ခဏာရှိ၏။
ထို တောင့်တ၍ မရကောင်းသောဝတ္ထုကို တောင့်တတိုင်း မရနိုင်သော တရားတည်း ဟု ဉာဏ်ရှေးရှု ထင်မြင်လာ၏။
၁။ တံတံပတ္တယမာနာနံ၊
တဿတဿ အလာဘတော၊
ယံဝိဃာတမယံ ဒုက္ခံ၊
သတ္ထာနံ ဣဓ ဇာယတိ။
၂။ အလဗ္ဘနေယျ ဝတ္ထူနံ၊
ပတ္ထနာတဿကာရဏံ၊
ယသ္မာ တသ္မာ ဇိနော ဒုက္ခံ၊
ဣစ္ဆိတာလာဘမဗြဝိ။
ဘာသာပြန်-၁
ဤ လူ့ပြည်၌ ထိုထိုဝတ္ထုကို တောင့်တကုန်သော သတ္တဝါတို့အား ထိုထို အလိုရှိသော ဝတ္ထုကို မရခြင်းကြောင့် စိတ်ပင်ပန်းခြင်းကြောင့် ဖြစ်သော အကြင် ကာယိကဒုက္ခ ဒေါမနဿသည် ဖြစ်၏။
ဘာသာပြန်-၂
တောင့်တ၍ မရကောင်းသော ဝတ္ထုတို့ကို တောင့်တခြင်းသည် ထို ကာယိကဒုက္ခ စေတသိကဒုက္ခ၏ အကြောင်းသည် ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် မရကောင်းသည်ကို တောင့်တခြင်းကို တောင့်တတိုင်း မရနိုင်သောဆင်းရဲ “ဣစ္ဆိတာလာဘ” ဒုက္ခဟု ဟောတော်မူသည်။
(ဌ) “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာဒုက္ခာ”
အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့ သည်လည်း ဆင်းရဲခြင်း အစစ်အမှန်တို့တည်းဟု ဆိုသည်ကား ဒုက္ခသည် အကျဉ်းချုပ် ဒုက္ခ ဟူ၍ တမျိုး သီးခြား ရှိနေတော့သည် မဟုတ်၊ အကျဉ်းချုပ် ဒုက္ခတမျိုး ရှိနေ၍ သံခိတ္တေနဒုက္ခာ ဟု ဟောတော်မူသည် မဟုတ်ပေ။
မှန်၏၊ ဒုက္ခကို ဤမျှလောက်သော ဒုက္ခအရာ ဒုက္ခအထောင် ဒုက္ခအသောင်း စသည်ဖြင့် အခြားတရားကို မဟောဘဲ ဒုက္ခတရားကိုသာ ဆက်ကာ ဆက်ကာ ထပ်ကာ ထပ်ကာ ကမ္ဘာအရာ ကမ္ဘာအထောင် မရေ မတွက်နိုင်သော ကပ်ကမ္ဘာ ကာလတို့ ပတ်လုံး နေ့မနား ညဉ့်မအား တတွတ်တွတ် ဟောကြား၍နေပါသော်လည်း ကုန်နိုင်ဘွယ်ရာ အကြောင်းမရှိ သက်တမ်းစေ့၍ ပရိနိဗ္ဗာန် စံဝင်ရန်သာ အကြောင်း ရှိ၏။ ထို့ကြောင့် ဒုက္ခကိုကား အကျဉ်းမချုံးနိုင်ပေ၊ ဒုက္ခကို အကျဉ်းချုံး၍ မဖြစ်နိုင်ပေ။ သို့ရာတွင် ဒေသနာတော်ကို အကျဉ်းချုံးလို၍သာ သံခိတ္တေန ဟု ဟောတော် မူသည်ဟု မှတ်ကြပါလေ။
အမှန်မှာ - ဤ ဒုက္ခသစ္စာနိဒ္ဒေသ၌ ဇာတိဒုက္ခမှစ၍ ဒုက္ခ အမျိုးမျိုးတို့ကို သရုပ်ထုတ်၍ ဟောတော်မူအပ်ခဲ့ပြီ၊ ထိုမှတပါး အခြားသော ဒုက္ခမျိုးတို့ကိုလည်း ဒုက္ခက္ခန္ဓသုတ် ဗာလပဏ္ဍိတသုတ် စသည်တို့၌ ဟောတော်မူအပ်ပြီး ထိုဟောပြီး မဟောသေးသော အလုံးစုံ ရှိရှိသမျှသော ဆင်းရဲဒုက္ခဟူသမျှ တို့သည်လည်း အဆိုပါ ဥပါဒါနက္ခန္ဓာကို ကြဉ်ထား၍ တခြားတပါးမှာ မရှိနိုင် မဖြစ်နိုင်တော့ပေ။
ဤ ဥပါဒါနက္ခန္ဓာ ရှိမှသာ ဒုက္ခရယ်လို့ ရှိနိုင်တော့သည်၊ ထို့ကြောင့် ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာနိဗ္ဗာန်ကို မိမိကိုယ်တော်တိုင်က မြင်သိ တွေ့ရှိ ရိပ်စားမိပြီးဖြစ်၍ ခရီးညွှန်အရာ လိမ္မာတော်မူလှသော ဘုရားမြတ်စွာ စိန္တေယျာသည် အကျဉ်းအားဖြင့် ဤ ဥပါဒါနက္ခန္ဓာငါးပါးကို ဆင်းရဲဒုက္ခဟု ဟောတော်မူသည်။
ဤ၌ ပဉ္စုပါဒါနက္ခန္ဓာ ဆိုသည်ကား အခြားတပါး မဟုတ်တော့ပြီ။ လူ နတ် ဗြဟ္မာ သတ္တဝါ သူငါတို့၏ တကိုယ်လုံး တကောင်လုံးရှိ ရုပ် နာမ် နှစ်ပါး ခန္ဓာငါးပါးကိုပင် ဆိုသည်။
ထင်ရှားစေဦးအံ့ - ခန္ဓာကို ရံခါ “ပဉ္စက္ခန္ဓာ”၊ ရံခါ“ဥပါဒါနက္ခ”ဟု ဟောတော်မူသည်မှာ အခါအခွင့်ကို ကြည့်၍ ဟောတော်မူခြင်းဖြစ်ပေသည်။ သာသဝ အနာသ၀ မခွဲဘဲ တတွဲထဲရော၍ ဟောတော်မှုလိုတဲ့ခါ “ပဉ္စက္ခန္ဓာ”ဟု အစချီ၍ ဟောတတ်မူလေ့ ရှိပေသည်။ အနာသဝမဘက် သာသဝ သက်သက် ဟောတော်မူလိုတဲ့ခါ၊ ဝါ၊ ဝိပဿနုပဂ ဝိပဿနာ ရှုထိုက်တဲ့ လောကီတရား သက်သက်ကိုသာ ဟောတော်မူလို တဲ့ခါ “ပဉ္စုပါဒါနက္ခန္ဓာ” ဟု အစချီ၍ ဟောတော်မူလေ့ ရှိပေသည်။
[ပဉ္စပါဒါနက္ခန္ဓာ ဆိုသည်မှာ
ရူပုပါဒါနက္ခန္ဓာ - ရုပ်(၂၈)ခုကို ဆိုသည်။
ဝေဒနုပါဒါနက္ခန္ဓာ - ဝေဒနာစေတသိက်ကို ဆိုသည်။
သညုပါဒါနက္ခန္ဓာ - သညာစေတသိက်ကိုဆိုသည်။
သင်္ခါရုပါဒါနက္ခန္ဓာ - ကျန်စေတသိက်(၅၀)ကို ဆိုသည်။
ဝိညာဏုပါဒါနက္ခန္ဓာ - လောကီစိတ် (၈၁) ကိုဆိုသည်။
သာသ၀ အနာသ၀ ဆိုသည်မှာ -
ပဉ္စုပါဒါနက္ခန္ဓာငါးပါးသည် သာသ၀ မည်၏။
မဂ်စိတ္တုပ္ပဒ် ဖိုလ်စိတ္တုပ္ပါဒ်၌ပါသော နာမက္ခန္ဓာ လေးပါးသည် အနာသ၀ မည်၏။]
ဥပါဒါန်၏ အာရုံ [ဤ ရူ-ဝေ-သည်-သင်-ဝိ-ဆိုတဲ့ ပစ္စုပါဒါနက္ခန္ဓာကိုဘဲ ဆိုသည်။] ဖြစ်သောဟု ဆိုရာမှာလည်း စွဲလမ်းစရာ အာရုံစွဲလမ်းစရာ ဝတ္ထု စွဲလမ်းစရာ အရာဋ္ဌာနဟုဆိုလိုပေသည်။
မှန်၏၊ အဆိုပါ ခန္ဓာဟာ လက်ကိုင်ရှိနေလျှင် ခန္ဓာတပါးသာရှိသော ဧကဝေါကာရ အသညသတ်ခန္ဓာဖြစ်စေ၊ ခန္ဓာလေးပါးသာရှိသော စတုဝေါကာရ အရူပခန္ဓာဖြစ်စေ၊ ခန္ဓာငါးပါးလုံး အစုံရှိသော ပဉ္စဝေါကာရ (၂၆) ဘုံ၌ ဖြစ်သော ခန္ဓာဖြစ်စေ အဆိုပါ ခန္ဓာမျိုးတွေ ရှိနေသေးလျှင် အသညသတ်ပုဂ္ဂိုလ် အရူပပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ဟူ၍ စွဲလမ်းစရာ ဖြစ်နေပြန်တော့၏၊
ခန္ဓာသာမရှိလျှင် ဤလိုစွဲလမ်းစရာ လုံးဝ မရှိတော့ပေ။ သည်မှတပါး ခန္ဓာရှိနေလျှင် ဤခန္ဓာကိုပင် ငါ့ကိုယ် အတ္တဟု ဒိဋ္ဌိအားဖြင့်၎င်း၊ ငါ့ဟာ ငါ့ဥစ္စာဟု တဏှာအားဖြင့်၎င်း၊ ငါဟု မာနအားဖြင့်၎င်း စွဲလမ်းစရာကြီး ဖြစ်နေတော့၏။ ဤလို ဤပုံ - အလွဲအမှား အစွဲသမား အစွဲတရား ဒိဋ္ဌိ တဏှာ မာန ကိလေသာ ဥပါဒါန်တို့၏ စွဲလမ်းရာကြီး ဖြစ်နေတော့၏၊
ဤလို စွဲလမ်းသည်မှာလည်း ခန္ဓာရှိနေ၍သာ စွဲလမ်းပေသည်။ ခန္ဓာမရှိလျှင် ဤလို မစွဲလမ်းနိုင်တော့ပေ။
ထို့ပြင် - ခန္ဓာရှိနေလျှင် ဤခန္ဓာကိုပင် နိစ္စ - မြဲ၏ ဟူ၍၎င်း၊ သုခ - ချမ်းသာ၏ ဟူ၍၎င်း၊ အတ္တ - အစိုးရ၏ ဟူ၍၎င်း၊ သုဘ - လှပတင့်တယ် ချစ်စဘွယ် ဟူ၍၎င်း စွဲလမ်းစရာ ဖြစ်နေတော့၏။
ထိုမှတပါး ဤ ခန္ဓာမျိုး ရှိနေလျှင် ဖါးကို မြွေဖမ်းသကဲ့သို့ ငါးပါးအာရုံ ကာမဂုဏ်တို့ကို စုံစုံမက်မက် ခုံခုံတက်အောင် မလွတ်တမ်း စွဲလမ်းခြင်းသည် ကာမုပါဒန် မည် (၆၂) ပါးသော မိစ္ဆာအယူကို စွဲလမ်းခြင်းသည် ဒိဋ္ဌုပါဒါန် မည်၏၊
နွားတို့ ခွေးတို့၏ အလေ့အကျင့်ဖြင့်ပင် သံသရာမှ စင်ကြယ်၏ဟု စွဲလမ်းခြင်းသည် သီလဗ္ဗတုပါဒါန် မည်၏၊
ခန္ဓာကိုပင် ငါ့ကိုယ် အတ္တဘောဟု စွဲလမ်းခြင်းသည် အတ္တဝါဒုပါဒါန် မည်၏။
ဤလို ဤပုံ - အလွဲအမှား အစွဲတရားတို့၏ စွဲလမ်းစရာကြီး ဖြစ်နေသောကြောင့်ပင် ခန္ဓာ နှင့် ဥပါဒါနသဒ္ဒါ စပ်၍ ပဉ္စုပါဒါနက္ခန္ဓာ ဟု ဟောတော်မူခဲ့ပေသည်ဟု သိလေ မှတ်လေ။
ဆင်းရဲပေါင်းချုပ်
ဒုက္ခ၏ တည်ရာ
ရှေ့စကားကို ဆက်အံ့၊ မီးသည် မီးစာကို နှိပ်စက်သကဲ့သို့၎င်း၊ သေနတ် စသော လက်နက်တို့သည် လက်မှန်းတိုင်ကို နှိပ်စက်သကဲ့သို့၎င်း၊ မှက် ခြင် ယင် ရဲ တို့သည် ကျွဲ နွား အပေါင်းတို့ကို နှိပ်စက်ကြကုန်ဘိ သကဲ့သို့၎င်း၊ စပါးရိပ်သော သူတို့သည် စပါးပင်ကို နှိပ်စက်ကြကုန်ဘိ သကဲ့သို့၎င်း၊ မြို့ရွာကို လုယက်ဖျက်ဆီးသော ဓါးမြတို့သည် မြို့ရွာကို ဖျက်ဆီးသကဲ့သို့၎င်း၊ အဆိုပါ ဇာတိ ဇရာ မရဏ သောက ပရိဒေ၀, ဒုက္ခ, ဒေါမနဿ ဥပါယာသတို့သည် အဆိုပါ ဥပါဒါနက္ခန္ဓာငါးပါး လက်ကိုင် ရှိသော ပုထုဇဉ် လူ နတ် ဗြဟ္မာ သတ္တဝါတို့ကိုသာ အထူးထူး အပြားပြား အမျိုးမျိုး အစားစားတို့ဖြင့် ဝိုင်းအုံ၍ နှိပ်စက်ကြကုန်၏၊
ဥပါဒါနက္ခန္ဓာငါးပါး လက်ကိုင်မရှိသော၊ ဝါ၊ ဥပါဒါနက္ခန္ဓာ ငါးပါးကို လက်လွှတ်လိုက် ကြပြီးသော ပရိနိဗ္ဗာန် ဝင်စံတော်မူကြပြီးသော ပရိနိဗ္ဗူတပုဂ္ဂိုလ် တို့ကို အဆိုပါ ဆင်းရဲတို့သည် လုံးဝ မနှိပ်စက်နိုင်ကြကုန်ပြီ၊
အဘယ်ကြောင့်နည်း...? ဥပါဒါနက္ခန္ဓာ မရှိသောကြောင့်တည်း။
တဖန် - မြက်သစ်ပင် စသည်တို့သည် မြေကြီးပေါ်၌သာ ဖြစ်ကြကုန်ဘိ သကဲ့သို့၎င်း၊ သစ်ပင်၏ အသီး အပွင့် အရွက်တို့သည် သစ်ပင်၌သာ ဖြစ်ကြ တည်ကြ သကဲ့သို့၎င်း၊ ထို့တူပမာ - လောက၌ ဖြစ်ပေါ် လာသမျှသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှ သည်ကား အဆိုပါ ဥပါဒါနက္ခန္ဓာပေါ်မှာသာ ဖြစ်ပေါ်လာကြကုန်၏။
ဤ၌ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်ဆိုသည်မှာ - ဘူတပုဗ္ဗဂတိက နည်းတည်း၊ ပရမတ္ထအားဖြင့် ထင်ရှား မရကောင်း လောက၌ ဆင်းရဲပေါင်းချုပ် ဒုက္ခ၏တည်ရာ တပေါင်းတည်း စုဆုံ၍ ကျရောက်ရာ အရပ်ဌာနသည်ကား - ဥပါဒါနက္ခန္ဓာငါးပါးသာတည်း။
ဥပမာ.. မီး၏ တည်ရာ လောင်စာမရှိလျှင် မီးလည်း မရှိသကဲ့သို့၊ ထိုနည်းတူစွာ ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ တည်ရာ တပေါင်းတည်း စုဆုံ၍ ကျရောက်ရာ အစစ် ဧကန်ဖြစ်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးမရှိလျှင် ဆင်းရဲပေါင်းချုပ် ဒုက္ခ ဟူသမျှတို့လည်း မရှိကြကုန်ပြီ။
ထို့ကြောင့်ပင် အဆိုပါ ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ တပေါင်းတည်း စုဆုံ၌ ကျရောက်ရာ တည်ရာဖြစ်တဲ့ ဥပါဒါနက္ခန္ဓာ လုံးဝမရှိတဲ့ နိဗ္ဗာန်မှာ ဆိုလျှင် ဘယ်ဒုက္ခ ဘယ်ဆင်းရဲမျိုးမှ တစွန်းတစ အလျှင်းမျှ မရှိတော့သည် ဖြစ်၍ အဆိုပါ ဆင်းရဲဒုက္ခ အလုံးစုံတို့နှင့်၊ ဝါ၊ ကုန်အောင်စုံသော ဆင်းရဲ ဒုက္ခတို့နှင့် အဝေးကြီးဝေး၍ အအေးကြီး အေးလေတော့သည်ဟု သိလေ။
စ-လယ်-ဆုံး
တဖန် - ထိုဇာတိ သည် ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အစ ဆင်းရဲတည်း၊
ဧရာ သည် ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အလယ် ဆင်းရဲတည်း၊
မရဏ သည် ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အဆုံး ဆင်းရဲတည်း။
သေခါနီး၌ဖြစ်သော ဆင်းရဲသည် အလွန် နှိပ်စက်ခြင်းကြောင့် စိုးရိမ် ပူလောင်သော ဆင်းရဲသည် “သောက” မည်၏။
ထိုသေခါနီး အားကြီးသော ဆင်းရဲကို သည်းမခံနိုင် သောကြောင့် အမျိုးမျိုး အထွေထွေ ရောင်ရမ်း မြည်တမ်းခြင်း ဆင်းရဲသည် “ပရိဒေဝ” မည်၏၊
ထို ပရိဒေဝထက် အလွန် လည်ချောင်း ခြောက်သွေ့ခြင်း စသည် အရိုးဆက်တို့၏ အစပ်ကို ဖြတ်ခြင်း စသည်ကို ဖြစ်စေတတ်သော သလိပ် သည်းခြေ, သွေးလေမညီ ပထဝီ စသော ဓာတ်ခြောက်ချားခြင်း ဟုဆိုအပ်သော အလိုမရှိအပ်သော ဖောဋ္ဌဗ္ဗ တို့နှင့် တွေ့ကြုံခြင်းကြောင့် ကိုယ်၏ ကျင်နာခြင်းဆင်းရဲသည် “ဒုက္ခ” မည်၏၊
ထို ကာယိကဒုက္ခသည် နှိပ်စက်အပ်ကုန်သော ပုထုဇဉ်တို့အား ထိုကာယိကဒုက္ခ၌ ဒေါသဖြစ်ခြင်းနှင့် စိတ်၏ကျင်နာခြင်း ဆင်းရဲသည် ဒေါမနဿ မည်၏၊
သောက စသည်တို့၏ ပွားခြင်းကြောင့်ဖြစ်သော ပြင်းစွာ ကျင်နာကုန်သော သူတို့၏ အတွင်း၌ လောင်ကျွမ်းခြင်း ဆင်းရဲသည် ဥပါယာသ မည်၏။
နှလုံးအလို ပျက်ခြင်းသို့ ရောက်ကုန်သော သူတို့အား အလိုမပြည့် ပျက်ခြင်းကြောင့် ဖြစ်သော ဆင်းရဲသည် “ယံပိစ္ဆံ န လဘတိ တမ္ပိဒုက္ခံ” မည်၏။ ဝါ၊ ဣစ္ဆိတ န လာဘ ဒုက္ခ မည်၏။ အလိုရှိအပ်သည်ကို အလိုအတိုင်း မရသောကြောင့် ဖြစ်သော ဆင်းရဲ မည်၏။
ဤလို ဤပုံ - အထူးထူး အပြားပြားအားဖြင့် သတိနှင့်မကွာ ပညာနှင့် မကင်း အဖန်တလဲလဲ နှလုံးသွင်းဆင်ခြင် စူးစမ်း ရှာဖွေသည်ရှိသော် ဥပါဒါနက္ခန္ဓာရှိလျှင် ထို ဆင်းရဲတို့သည် ရှိကုန်၏၊
ဥပါဒါနက္ခန္ဓာမရှိလျှင် ထိုဆင်းရဲ တို့လည်း လုံးဝမရှိကုန်ပြီဟု သိအပ်၏။
ထို့ကြောင့် - ဥပါဒါနက္ခန္ဓာသည် ဆင်းရဲပေါင်းချုပ် ဒုက္ခ ဟူသမျှတို့၏ တည်ရာ တပေါင်းတည်း စုဆုံ၍ ကျရောက်ရာ အစစ်အမှန်တည်း။
ဆားငံသမုဒ္ဒရာ ရေပမာ
အဆိုပါ ဇာတိစသော ဒုက္ခတို့ကို ရှိသမျှအလုံးစုံ တပါးစီ တပါးစီပြ၍ ဟောသည်ရှိသော် မရေတွက်နိုင်သော ကပ်ကမ္ဘာကာလ တို့ပတ်လုံး အလွန်အားဖြင့် တသိန်းတန်း၌ ပွင့်တော်မူကြသော ဘုရားရှင်တို့သည်လည်း သက်တော်ရှည် နေတော်မူသမျှ အခြားသော တရားကို မဟောကြားဘဲ ဤကား - တဒုက္ခ၊ ဤကား - တဒုက္ခ၊ စသည်ဖြင့် ဟောကြားပါသော်လည်း အကြွင်းအကျန် မရှိသည်ကိုပြု၍ ဟောကြားခြင်းငှါ မတတ်ကောင်း သည်သာတည်း။
ထို့ကြောင့်ပင် အလုံးစုံရှိရှိသမျှသော ဒုက္ခဟူသမျှတို့ကို သမုဒ္ဒရာရေ တစက် တပေါက်ကို သောက်မိသောသူသည် ငံသော အရသာ ဆားငံရေ ရှိ၏ဟု သိရသဖြင့် မသောက်ရသေးသော သမုဒ္ဒရာတစင်းလုံးရှိ ရေတို့သည်လည်း၊ ထိုသောက်ရသော ရေနှင့်အတူ ဆားငံရေချည်းသာတည်းဟု သိရသကဲ့သို့ -
အမှတ်မရှိသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ကျရောက်သော အလုံးစုံသော ဆင်းရဲဒုက္ခ ဟူသမျှသည်လည်း ဤပုံဤနည်း ဆင်းရဲကြီးသာ ဟု အကျဉ်းချုံး ပြဆို၍သာ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ” ဟု ဟောတော် မူခဲ့သည်ဟု သိရှိကြပါလေ။
[ကပ်သည်-အာယုကပ် အန္တရကပ် အသင်္ချေယျကပ် မဟာကပ်ဟု လေးမျိုးရှိရာ...
၁။ လူတို့အသက်တန်းသည် အာယုကပ် မည်၏။
၂။ ဆယ်နှစ်တန်းမှ အသင်္ချေ အသင်္ချေမှ ဆယ်နှစ်တန်း တပါတ်သည် အန္တရကပ် မည်၏။
၃။ အန္တရကပ် (၆၄) ကပ်သည် အသင်္ချေယျတကပ် မည်၏။
၄။ သံဝဋ္ဋ၊ သံဝဋ္ဋဋ္ဌာယီ၊ ဝိဝဋ္ဋ၊ ဝိဝဋ္ဋဋ္ဌာယီ၊ အသင်္ချေယျ လေးကပ်သည် မဟာကပ် မည်၏၊ ဝါ၊ တကမ္ဘာမည်၏။]
လေးလေးစားစား
ဘတ်ဘို့ သတိထား
ဤစာတမ်းကို သမံကာ ရှံကာ အမှတ်မမဲ့ ဘတ်မသွားပါနှင့် လေးလေး စားစား တွေးတွေးဆဆ ဆင်ဆင်ခြင်ခြင်နှင့် ဝိပဿနာဉာဏ် ပါဝင်သွားအောင် စဉ်းစားယင်း ဘတ်သွားပါ၊ တခေါက်စ နှစ်ခေါက်စ ဘတ်ဖူးရုံမျှနှင့် အားရ တင်းတိမ် ကျေနပ် မနေပါနှင့်၊ ဘတ်ဖူးရုံမျှ ဗဟုသုတလောက် သဘောမထားပါနှင့်၊ ခဏခဏ အားလပ် ခွင့်ရတိုင်း ဘတ်နေပါ၊
ဘတ်ပြီးလျှင် အဆိုပါ အဓိပ္ပါယ်ကို တကယ်သိအောင် တကယ်မိအောင် တကယ် သဘောကျအောင် ဘတ်ပါ၊ အဆိုပါ ဥပါဒါနက္ခန္ဓာငါးပါးဟာ တခြားမှာ ရှိနေတာ မဟုတ်ဘူး၊ ငါ၏ တကိုယ်လုံး တကောင်လုံးရှိ ဖေါက်ပြန်စရာ အကြောင်းနှင့် ပေါင်းဆုံမိတဲ့ခါ -
ခဏခြင်း ခဏခြင်း ဖေါက်ပြန်သွားတတ်တဲ့ ဖောက်ပြန်တဲ့အစု ရူပုပါဒါနက္ခန္ဓာ။
ကောင်းကောင်း ဆိုးဆိုး ခံစားစရာ အမျိုးမျိုးကို ခံစားတတ်တဲ့ ခံစားတဲ့ အစု ဝေဒနုပါဒါနက္ခန္ဓာ။
ကောင်းကောင်း ဆိုးဆိုး မှတ်သားစရာ အမျိုးမျိုးတို့ကို မှတ်သားတတ်တဲ့ အစု သညုပါဒါနက္ခန္ဓာ။
ကောင်းကောင်း ဆိုးဆိုး ပြုပြင်စရာ အမျိုးမျိုးတို့ကို ပြုပြင်တတ်တဲ့အစု သင်္ခါရုပဒါနက္ခန္ဓာ။
ကောင်းကောင်း ဆိုးဆိုး သိစရာ အမျိုးမျိုးတို့ကို သိတတ်တဲ့အစု ဝိညာဏုပါဒါနက္ခန္ဓာ။
မိမိမှာရှိတာ သည်အစုငါးခု ခေါ်တဲ့ ခန္ဓာငါးပါးဘဲ ရှိတယ်၊ ဤအစု ငါးခုကိုဘဲ ပညတ်အားဖြင့် လူ နတ် ဗြဟ္မာ သတ္တဝါလို့ သမုတ်ရုံဘဲရှိတယ်၊ အဟုတ်မရှိ၊ အဟုတ် ရှိတာကတော့ အဆိုပါ ခန္ဓာငါးပါးဘဲရှိတယ်၊
အဲသည် အစုငါးခုခေါ်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါး၌ လက်တွေ့ ခံစားနေရသော အဖြစ် အပျက်ကို ပဋိသန္ဓေ အခါကစ၍ စဉ်းစားကြည့်ပါ၊ စာသိ ဒုက္ခသစ္စာတွင် သောင်တင် မနေပါစေနှင့်၊ စာသိဒုက္ခသစ္စာတွင် အသိဉာဏ် အားကုန်၍ မနေပါစေနှင့်၊
တကဲ့ငါသိ ဉာဏ်သိ ထိုးထွင်း၍ သိတဲ့ ပဋိဝေဓသိ ဖြစ်အောင် ကြိုးစားပါ။ အလုံးစုံကို အကုန်သိတဲ့၊ ဝါ၊ ကုန်အောင်စုံသော သစ္စာကိုသိတဲ့ ဘုရား မြတ်စွာဘုရား ဟောထားတဲ့ ပါဠိဘာသာကို မြန်မာ ပြန်ထားခြင်းဖြစ်သည်။
ဒုက္ခသိမှ တဏှာကွာပုံ
ဒုက္ခသိမှ တဏှာကွာသည် ဆိုတဲ့အတိုင်း အဆိုပါဇာတိစသော ဒုက္ခတို့ကို တတ်တတ် ထင်ထင် တဲ့တဲ့ကြီး ဉာဏ်၌မြင်မှသာ ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လိုဖြစ်ချင်နေတဲ့ ဘဝတဏှာ ကွာနိုင်ပေမည်၊ ဒုက္ခမသိက တဏှာမကွာ ဟု သိလေ၊ ဒုက္ခမသိလို့ တဏှာ မကွာသမျှ ဖြစ်ပျက်မွေးသေဆိုတဲ့ သံသရာ ဝဋ်ဆင်းရဲကြီးထဲက ခေါင်းထောင်နိုင်မည် ထွက်မြောက်နိုင်မည် မဟုတ်ဟု သိ၊
ဒုက္ခကို တကယ်သိလို့ တကယ်တဏှာတဲ့ ဘုရား ရဟန္တာတို့မှာ အို နာ သေရေး ဒုက္ခဘေးဆိုတဲ့၊ ဝါ၊ ဖြစ် ပျက် မွေး သေ ဘေးတို့မှ ကျွတ်လွတ် ထွက်မြောက်ကြ၍ အဆိုပါ အိုနာသေရေး ဒုက္ခဘေးတို့နှင့် အဝေးကြီး ဝေး၍ အအေးကြီး အေးကြ လေကုန်ပြီဟု သိ။
ထို့ကြောင့် ... အို နာ သေ ရေး ဒုက္ခဘေးဆိုတဲ့ သံသရာ ဝဋ်ဆိုးကြီးတို့မှ ကျွတ်လွတ် ထွက်မြောက်လိုပါလျှင် အဆိုပါ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း၍ သိအောင် ထိထိရောက်ရောက် ကြိုးစားအားထုတ်ကြပါလေ။
ဆောင်ပုဒ်
ဒုက္ခသိမှ တဏှာကွာ၊ နိဗ္ဗာန်သို့သာ စိတ်ညွတ်တာ၊
ညွတ်တဲ့စိတ်၊ မဂ်စိတ်မှတ်လိုက်ပါ။
ဒုက္ခမသိက၊ တဏှာမကွာ၊ နိဗ္ဗာန်သို့လဲ စိတ်မညွှတ်ပါ၊
တဏှာမကွာက မဂ်မဖြစ်လာ၊ သံသရာဝဲ နစ်မြဲဖန်ခါခါ။
မိဝမ်းထဲနေမြဲဖန်ခါခါ၊ ကျွဲမ နွားမ ခွေးမဝမ်းထဲ နေမြဲဖန်ခါခါ၊
ဝက်မ ကြက်မ ငှက်မ ငါးမ ဖါးမ မိဝမ်းထဲ နေမြဲဖန်ခါခါ။
အဲဒါ-သံသရာ အစစ်အမှန်ပါ။
၂။ “သမုဒယ သစ္စာ၌”
ပေါနောဗ္ဘဝိက နန္ဒိရာဂ တတြတကြာ ဘိနန္ဒိနီ
ငါးပါးအာရုံ ကာမဂုဏ်တို့၌၎င်း၊ ဘုံသုံးပါးတို့၌၎င်း တပ်တတ်သော တရားကိုယ် အားဖြင့် လောဘဟု ဆိုအပ်သော တရား တခုတည်းကိုပင် ဘုံသုံးပါးတို့၌ ဘဝတဖန် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာကို တဖန်တဖန်ပြုလုပ် ပေးတတ် ဖြစ်စေတတ်သောကြောင့် ပေါနောဗ္ဘဝိက ဆိုသည်။
ဘာမဆို နှစ်သက်စုံမက် တပ်စွန်းတတ်သောကြောင့် နန္ဒိရာဂ ဆိုသည်။ ထိုထိုဘုံ ထိုထို အာရုံတို့၌ လွန်စွာ့လွန်စွာ နှစ်သက်စုံမက် တပ်စွန်းတတ်သောကြောင့် တတြတကြာ ဘိနန္ဒိနီ ဆိုသည်။
ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ
တဖန်-ငါးပါးအာရုံ ကာမဂုဏ်တို့၌ ငတ်ငတ်မွတ်မွတ် ငန်းငန်းတက် တပ်မက်သော လောဘကို ကာမတဏှာ ဆိုသည်၊
သတ္တဝါ သင်္ခါရတို့သည် မြဲ၏ဟု ယူသော အယူကို ဘဝဒိဋ္ဌိ သဿတဒိဋ္ဌိ ဆိုသည်၊ ထိုဒိဋ္ဌိနှင့်တကွသော လောဘကို ဘဝတဏှာ ဆိုသည်။
သတ္တဝါ သင်္ခါရ သေလျှင် ပြတ်၏။ နောက်ထပ်အသစ် မဖြစ်တော့ပြီဟု ယူသော အယူကို ဝိဘဝဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ဆိုသည်။ ထိုဒိဋ္ဌိနှင့် တက္ခဖြစ်သော လောဘကို ဝိဘဝတဏှာ ဆိုသည်။
မှတ်ချက်
အားလုံး လောဘချည်းသာ ဖြစ်၏၊ လောဘ၏ နာမည်ကွဲသာတည်း၊ အဆိုပါ တဏှာကို ဘုံသုံးပါးတို့၌ တဖန်တဖန် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာကို အသစ်အသစ် ဖြစ်တတ်သောကြောင့် ဒုက္ခသမုဒယသစ္စာဟု ဟောတော်မူသည်။
သတ္တဝါတို့၏ ဆင်းရဲဒုက္ခ ဟူသမျှသည် ဤတဏှာကြောင့်သာ ဖြစ်၏။ လောက၌ ဤတဏှာနှင့်တူသော ဆင်းရဲ အမျိုးမျိုးတို့ကို တမျိုးပြီးတမျိုး ကြိုးကြိုးစားစား စီမံ ဖန်တီး၍ပေးတတ်သော တရားမည်သည် မရှိတော့ပြီ။ လူနတ်ဗြဟ္မာ သတ္တဝါတို့ကို ဒုက္ခပေးသမားကြီး လက်သယ်အစစ်ပေတည်း။
ထို့ ကြောင့်ပင် -
တံသဒိသော အညော ကောစီ၊
ဝဋ္ဋဒုက္ခသံဝိဓာယကောနာမ နတ္ထိ။
နှင့် အညီ။
ဤတဏှာ လောဘနှင့်တူသော လောဘမှ တပါးသော တစုံတခုသော သံသရာ ဝဋ်ဆင်းရဲကို ပြုလုပ်စီရင် ပေးတတ်သော တရားမည်သည် မရှိတော့ ဟူလို။
ထို့ပြင် -
လောဘပဟာနတော အညော၊
ဒုက္ခဝိမုတ္တိ မဂ္ဂေါနာမနတ္ထိ။
နှင့် အညီ။
အဆိုပါ လောဘတဏှာကို ပယ်သတ်သည်မှ တပါး ဆင်းရဲဒုက္ခမှ လွတ်ရာ လွတ်ကြောင်း နည်းကောင်း လမ်းမှန် မရှိတော်ပြီဟူလို၊ တဏှာ မပယ်သမျှ ဒုက္ခ၊ တဏှာပယ်က သုခ ဟူ၍သာ တထစ်ချ မှတ်ကြရန် ရှိတော့၏။
သူ့ အတွက်ကြောင့်
ငဝက်မှာ ထောင်ကျ
(က) ထိုစကားကို အနည်းငယ် ထင်ရှားစေဦးအံ့၊ “သူ့အတွက်ကြောင့် ငဝက်မှာ ထောင်ကျ” ဆိုသကဲ့သို့ လူ့ရွာ လူ့လောက၌ အချို့သော လူ မလိမ္မာသော သူတို့သည် ငါးပါးအာရုံ ကာမဂုဏ်တို့၌ စုံစုံမက်မက် ခုံခုံ တက်အောင် တပ်မက်တတ်သော သမုဒယသစ္စာ တဏှာ ရာဂ လောဘကြောင့် ထိုကာမဂုဏ်တို့ကို ခံစားအံ့ဟု ဝါ၊ ရရှိ ခံစားရေးအတွက် မုဆိုး တံငါ စသော ဒုစရိုက်အစု မကောင်းမှုတို့ကို အားရ ပါးရ အသက်ထက်ဆုံး ပြုလုပ်တတ်ကြကုန်၏၊
ထိုဒုစရိုက်အစု မကောင်းမှုတို့၏ ပြည့်ခြင်းကြောင့် -
ယေကေစိ ကာယေန ဒုစရိတံ ၀ရန္တိ။ပ။
ကာယဿဘေဒါ ပရမ္မရဏာဒုဂ္ဂတိံ၊
ဝိနိပတံ နိရယံ ဥပပဇ္ဇန္တိ။
ဆိုတဲ့ ပါဠိတော်နှင့်အညီ။
သေပြီး၍ပျောက် နောက်ကာလ၌ “ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်” ဆိုတဲ့ အပါယ် လေးဘုံဘို့၌ ကံအားလျော်စွာ ဖြစ်ကြရလေကုန်၏၊ ထိုအခါ ထိုအပါယ် လေးဘုံတို့၌ ရရှိခံစားအပ်သော ထက်သန် ပြင်းပြလှစွာသော ငရဲမီးလောင်ခံရခြင်း စသော အပါယိကဒုက္ခ ဟူသမျှသည် “နိမှသောင် နောင်မှသိ” ဆိုတာလို အဆိုပါ ငါးပါးအာရုံ ကာမဂုဏ်တို့၌ ငန်းငန်းတက် တပ်မက်သော တဏှာ လောဘဟူသော သူ့အတွက် ကြောင့်ပင် လူ နတ် ဗြဟ္မာ သတ္တဝါဟူသော ဝက်မှာ အပါယ်လေးပါးထောင် ကျခံရလေတော့၏။
(ခ) အချို့သော လူ မလိမ္မာသော သူတို့သည် ဝဋ်ချမ်းသာခေါ်သော လူ နတ် ချမ်းသာ တို့၌ တပ်ခြင်း မကင်းသောကြောင့် ထို ချမ်းသာတို့ကို ခံစားအံ့ဟု နိဗ္ဗာန်ကို မတောင့်တဘဲ လူ နတ် ချမ်းသာကို တောင့်တ၍ သုစရိုက်အစု ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြကုန်၏၊ ထို သုစရိုက်၏ ပြည့်စုံ ခြင်းကြောင့် -
ယေကေစိ ကာယေန သုစရိတံ စရန္တိ။ပ။
ကာယဿဘေဒါ ပရမ္မရဏာ၊
သုဂတိံ မဂ္ဂံ ဥပပတိ။ ။ နှင့် အညီ။
လူ့ဘုံ နတ်ဘုံတို့၌ ကံအားလျှော်စွာ ဖြစ်ကြလေကုန်၏၊ ထိုအခါ ထို လူ့ဘုံ နတ်ဘုံတို့၌ ဇာတိစသော ဆင်းရဲတို့ကို တဖန်ဖန် ဖြစ်စေပြန်ကုန်၏၊ ဤ၌လည်း တဏှာ သူ့အတွက်ကြောင့်ပင် လူ နတ် ဟူသော ဝက် တို့မှာ ဇာတိဒုက္ခ စသော ထောင်ကျခံကြရလေတော့၏။
(ဂ) တဖန် - အချို့သောလူ မလိမ္မာသော သူတို့သည် ရူပ အရူပဘုံတို့၌ တပ်မက်ခြင်း မကင်းသောကြောင့် ဗြဟ္မာချမ်းသာကို ခံစားအံ့ဟု ကသိုဏ်းဈာန် မဟဂ္ဂုတ်ကံကို ပြုလုပ်ကြကုန်၏၊ ထို ဘာဝနာကံ၏ ပြည့်စုံခြင်းကြောင့် ရူပဘုံ အရူပဘုံတို့၌ အသီး အသီး ဈာန်အားလျှော်စွာ ဖြစ်ကြရလေကုန်၏။
ထိုအခါ ရူပ အရူပဘုံတို့၌ ဇာတိစသော ဝဋ်ဆင်းရဲတို့ကို တဖန်တဖန် ဖြစ်စေကြ ကုန်၏၊ ဤ၌လည်း ရူပ အရူပ တဏှာဟူသော သူ့အတွက်ကြောင့် ရူပ အရူပ ဗြဟ္မာ ဟူသော ငဝက်တို့မှာ ဇာတိဒုက္ခ စသော ထောင်ကျ ခံရလေတော့၏။
ဤပုံ ဤနည်း-
ကာမတဏှာ, ဘဝတဏှာ ရူပတဏှာ, အရူပတဏှာ ဟူသော သမုဒယသစ္စာ သူ့အတွက်ကြောင့်ပင် ကာမဘုံ ရူပဘုံ အရူပဘုံတို့၌ ငရဲသူ သတ္တဝါ လူနတ် ဗြဟ္မာ ဟူသော ငဝက်တို့မှာ ဇာတိဒုက္ခစသော ဆင်းရဲဒုက္ခရေတွေဟာ ပင်လယ်ရေထက်မက တပါးပြီးတပါး တခုပြီးတခု ဆင့်ကာဆင့်ကာ ထပ်ကာထပ်ကာ စပ်ကာစပ်ကာ မိုးရွာတဲ့ခါ မိုးပေါက် မိုးသီးပမာ ကျရောက် စီးဝင်လာကြ ကုန်တော့သည်ဖြစ်၍ ယန္တယားစက်၌ က အပ်သောနွား, လှိုင်းဝဲမိသော သစ်ဖောင် ဝါးဖောင် သင်္ဘော လှေများကဲ့သို့ ဖြစ်ပျက် မွေးသေ ဆိုတဲ့ အပါယ်လေးပါးဝဲ၊ လူ့ဝဲ၊ နတ်ဝဲ၊ ဗြဟ္မာဝဲကြီး ထဲက မထွက်နိုင်ကြတော့ဘဲ လည်မြဲလည် နစ်မြဲနစ် မြုပ်မြဲမြုပ်၍သာ နေကြရလေ တော့သည်။
ဤပုံဖြစ်သည်ကို သံသရာစက် ခေါ်သည်၊ သံသရာဘေး သံသရာဝဋ်ဆင်းရဲ သံသရာ ဝဋ်ဒုက္ခဟု အမျိုးမျိုးခေါ်သည်ဟု သိလေ မှတ်လေ။
ထို့ကြောင့်ပင်...
ဖြစ်လိုတဲ့ကြောင့် ဖြစ်တဲ့ ဒုက္ခံ၊
ဖြစ်ချင်လိုမှု၊ ပယ်စွန့်ပြု၊ ချုပ်မှု ထို ဒုက္ခံ။
ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ။
ဘုံသုံးပါးတို့၌ ကောင်းနိုးနိုးထင်၍ တဖန်တဖန် ဖြစ်လိုဖြစ်ချင်နေတဲ့ သမုဒယသစ္စာ တဏှာ လောဘကြောင့်ပင် ဘုံသုံးပါးတို့မှာ ကံအားလျော်စွာ ဘဝတဖန် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ အကျိုးတရားတို့သည် “လင်ဆိုးမယား တဖါးဖါး၊ သားဆိုးအမေ တပေပေ” ဆိုတာလို ဇာတိဒုက္ခ တဖါးဖါး၊ ဇာတိဒုက္ခ တပေပေနှင့်သာ ဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေကြရလေတော့သည်၊
တဖန် သစ္စာသိတဲ့ခါ သ-ကြောင့် ဒု-ဖြစ်သည်ကို တတ်တတ် ထင်ထင် တဲ့တဲ့ မြင်သောကြောင့် သ-ကို ပယ်သတ်တဲ့ မဂ်အကျင့်ကို တဒင်္ဂမှ မဂ်သမုစ္ဆေဒ ကျအောင် ပယ်သတ်လိုက်ကြတဲ့အခါ အရဟတ္တမဂ်နောင်မှာ သ-အကြောင်းသစ် တဖန် မဖြစ် တော့သည်ဖြစ်၍ အရဟန္တစုတိနောင်မှာ ဒု-အကျိုးသစ်လဲ တဖန်အသစ် မဖြစ်တော့ဘဲ အမြဲငြိမ်းအေးနေတဲ့ အသင်္ခတဓာတ် နိဗ္ဗာန်သို့သာ ဆိုက်ရောက်လေတော့သည်ဟူလို၊ ဤပုံ ဖြစ်သည်ကို သံသရာစက် ပြတ်သည် လွတ်သည် ထွက်သည်ဟုဆိုသည်။
၃။ နိရောဓသစ္စာ၌
“ယော တဿာယေဝ တဏှာယ” စသည်ဖြင့် နိရောဓသစ္စာကို ဟောတော်မူ၏၊
ထို နိ-ကို ဤလိုမဟောဘဲ “တဿေ၀ ဒုက္ခဿ နိရောဓော”ဟု ဟောပါ တော့လား ဆိုတဲ့ အမေး၌ - အကြောင်းဖြစ်သော သ-၏ ချုပ်ခြင်းနှင့် အကျိုးဖြစ်သော ဒု-၏ ချုပ်ခြင်းသည်ဖြစ်၏။
တပါးသော အကြောင်းကြောင့် မချုပ်ဟု သိစေခြင်းငှါ ဤပုံဟောသည်ဟု အဖြေ ပေးလေ။
ထို့ ကြောင့်ပင်....
ယထာပိ မူလေ အနုပ္ပဒ္ဒဝေ ဒဠှေ။
ဆိန္နောပိ ရုက္ခာ ပုနဒေဝ ရုဟတိ။
ဧဝမ္မိတဏှာနုသယေ အနုဟတေ၊
နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။
ဟု ဟောတော်မူသည်။
ဘာသာပြန်
သစ်ပင်တို့၏ ရေသောက်မြစ်သည်၊ ဝါ၊ ရေသောက်မြစ်ကို ဖြတ်ခြင်း ခွဲခြင်းစသည်ကို ဘာတခုမှ မပြုလုပ်သေးသည်ရှိသော် ထိုသစ်ပင်၏ အကိုင်း အခက် တို့ကို တက်တက် ပြောင်အောင် ခုတ်ဖြတ်ပါသော်လည်း ထိုသစ်ပင်သည် စည်ပင်ညွှန့်ညှောက် တဖန် ပြန်၍ ပေါက်ရောက်ပြန်သကဲ့သို့ ထို့တူပမာ - တဏှာနုသယကို မပယ် မဖြတ် မသတ် သေးသည်ရှိသော် အဆိုပါ ဇာတိဒုက္ခ စသော ဆင်းရဲတို့သည် အဖန်တလဲလဲ ဖြစ်မြဲ ဖြစ်ကြ ပြန်ကုန်၏။
“ရံခါ ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ရံခါ ဝက်စကျင်းမှာ တရှုတ်ရှုတ်” ဒါဟာ ဘယ်သူ့ရဲ့ အပြစ်တွေလဲ၊ တဏှာရဲ့ အပြစ်တွေဘဲ၊ သည်တဏှာဟာ ဘယ်မှာရှိသလဲ၊ ပုထုဇဉ် တို့ရဲ့ စိတ်သန္တာန်ထဲမှာ အနုသယ အနေအားဖြင့် အမြဲတမ်းရှိနေတယ်၊
သူရှိသမျှဒုက္ခ, သူမရှိက သုခ, သူ့ကိုအလဲထိုး အသေသတ်နိုင်တဲ့ လက်နက်ကား -အဘယ်နည်း၊ ဒေသနာတော်ဉာဏ် သစ္စဉာဏ် ဝိပဿနာဉာဏ် မဂ်ဉာဏ်လက်နက် ပေတည်း။
“တဏှာဒုတိယော ပုရိသော။ပ။ သံသာရံနာတိဝတ္တိ” နှင့်အညီ၊ တဏှာ အဖေရှိနေ သမျှ တဏှာကို အဖေလုပ်နေသမျှ တဏှာလက်ကိုင် ရှိနေသမျှ၊ ဝါ၊ တဏှာပယ် တဏှာဖြတ် တဏှာသတ်တဲ့ မဂ်အကျင့်ကို ကျင့်၍ တဏှာကို အလဲထိုး အသေမသတ် သေးသမျှ မည်သည့် သတ္တဝါမဆို ဖြစ် ပျက် မွေး သေ ဆိုတဲ့ သံသရာကြီးကို လွန်မြောက်နိုင်ကြမည် မဟုတ်ဟု ဟောတော်မူခဲ့သည် ဟူလို။
ခြင်္သေ့အကျင့် နှင့် ခွေးအကျင့်
“သတ္ထာသီဟသမာနဝုတ္တိတာ”နှင့် အညီ၊ မြတ်စွာဘုရားတို့သည် ခြင်္သေ့ အကျင့်နှင့် တူသော အကျင့်ရှိကုန်၏၊ ထို ခြင်္သေ့အသွင် ဘုရားရှင်တို့သည် ဆင်းရဲဒုက္ခကို ချုပ်စေလိုသော်၎င်း၊ ဆင်းရဲဒုက္ခ၏ ချုပ်ခြင်းကို ဟောသော်၎င်း၊ အကြောင်း၌သာ ကျင့်တော်မူကြကုန်၏၊ အကျိုး၌ ကျင့်တော်မမူကြကုန်၊ အဘယ်ကြောင့်ဆိုသော် အကြောင်း သမုဒယချုပ်လျှင် အကျိုး ဒုက္ခလည်း ချုပ်သောကြောင့်ပေတည်း။
“အညတိတ္ထိယာပန သုဝါနဝုတ္တိနော” နှင့် အညီ၊ တိတ္ထိတို့သည်ကား ခွေးနှင့်တူသော အကျင့်ရှိကုန်၏၊ ခွေးနှင့်တူသော အကျင့်ရှိကုန်သော တိတ္ထိတို့သည် ဒုက္ခကိုချုပ်စေလို သော်၎င်း၊ ဒုက္ခ၏ချုပ်ခြင်းကို ဟောသော်၎င်း အကျိုး၌သာ ကျင့်ကြကုန်၏။ အကြောင်း၌ မကျင့်ကြကုန်၊
အဘယ်ကြောင့်ဆိုသော် ဘေးလေးဘက်၌ မီးလေးပူ၊ အထက်၌ နေပူ၊ ပေါင်း-အပူငါးပူ ဆိုတဲ့ “ပဉ္စာတပ” စသော အကျိုး၌သာ ကျင့်ကြသောကြောင့် အကြောင်း မချုပ်၍ အကျိုးလည်း မချုပ်နိုင်သောကြောင့်ပေတည်း။
မှတ်ချက်
ဤခြင်္သေ့အကျင့်ကား တဘက်ရန်သူတို့က လေးမြားစသော လက်နက်ကို ပစ်ခတ် လိုက်တဲ့ခါ လေး မြှား စသော လက်နက်ကို ရန်မမူ လုံ့လမပြု ဂရုမစိုက် ဤလေးမြား စသော လက်နက်တို့သည် အရှေ့က လာသလား, အနောက်က လာသလား စသည်ဖြင့် စဉ်းစား ဆင်ခြင်ပြီးလျှင် လက်နက်လာရာ အရပ်ကိုသာ တဟုန်ထိုး လိုက်လံ ရှာဖွေ၍ ရန်သူ မုဆိုးကိုသာ အသေသတ်လိုက်၏၊
ဤ၌ ရန်သူမုဆိုးကား -အကြောင်း၊ လက်နက်ကား အကျိုး၊ အကြောင်း ရန်သူမုဆိုးကို အသေ သတ်သောကြောင့် အကျိုး လက်နက် နောက်ထပ် မလာ၍ ဘေးရန်ကင်း တော့၏။
ခွေးတို့၏ အကျင့်ကား ထိုသို့မဟုတ်၊ ရန်သူမုဆိုးကို ရန်မမူ လုံ့လမပြု လေး မြှား စသော လက်နက်ကိုသာ ရန်မူ၏၊ လုံ့လပြု၏၊ ဤ၌ မုဆိုးရန်သူကား-အကြောင်း၊ လက်နက်ကား-အကျိုးတည်း၊
အကြောင်း ရန်သူကို လုံ့လမပြုဘဲ အကျိုးလက်နက်ကိုသာ လုံ့လပြုသောကြောင့် အကြောင်း ရန်သူမသေ၍ ထပ်ပြန်တလဲလဲ အကျိုးလက်နက် လာပြန်တဲ့ခါ မိမိကို လက်နက်ထိမှန်၍ မိမိပင် သေဘေးရောက်၏။
ထို့အတူ၊ ပုထုဇဉ်သတ္တဝါ သူငါတို့၏ အကျင့်သည်လည်း ခွေးတို့၏ အကျင့်နှင့်တူ၏ ဆိုလျှင် ပစ္စလက်ခတ် ရစရာမရှိအောင် မှားယွင်းသွားမည် မဟုတ်၊ အဘယ်ကြောင့် ဆိုသော် ဘုရားရှင်ကြီးကား တဏှာကြောင့် ခန္ဓာ ဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေကြရသည်ကို၎င်း၊ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့အခါ တဏှာ ခန္ဓာ အစဉ် ပြတ်၍ အသင်္ခတဓာတ်သို့ ဆိုက်သဖြင့် ဖြစ်ပျက် မွေးသေ သံသရာရပ်၍ ပြတ်တော့ သည်ကို၎င်း သိရှိတော်မူ၍ “တဏှက္ခယာယ ပဋိပဇ္ဇထ”။
တဏှာကုန်စေခြင်းငှါ၊ ဝါ၊ တဏှာကုန်၍ ရွှေဘုံနိဗ္ဗာန်မှာ အငြိမ်း စံစေခြင်းငှါ တဏှာပယ်တဲ့ အကျင့်ကို ကျင့်ကြကုန်ဟု တိုက်တွန်းတော်မူ၏၊ ပုထုဇဉ်သတ္တဝါ သူငါ တို့သည်ကား - အကြောင်းတဏှာ ကုန်စေခြင်းငှါ မကျင့်ဘဲ အကြောင်းတဏှာကိုသာ ထပ်ကာထပ်ကာ တိုးပွားအောင် ကျင့်သောကြောင့် ဘုံသုံးပါးတို့မှာ အကျိုးခန္ဓာ ဖြစ်ပေါ်လာတဲ့ခါ ကြာမြင့်စွာ မအိုအောင် မနာအောင် မသေအောင်သာ ကျင့်သူ များကြကုန်၏။
အကြောင်း တဏှာမကုန်ဘဲ အကျိုးခန္ဓာလဲ မကုန်နိုင်၍ ဘဝတိုင်း ဘဝတိုင်း ဆေးစား၍ ပြီးနိုင်ပါတော့မလား၊ အကြောင်းတဏှာကို ပယ်သတ်၍ အကျိုးခန္ဓာ နောက်ထပ်မလာလျှင် ဇာတိဒုက္ခစသည် လာနိုင်ဦးတော့မလား၊ မလာနိုင်တော့ပြီ၊ အားလုံး ဒုက္ခငြိမ်းတော့သည် ဟူလို။
အပိုင်း ( ၃ )
ဝိရာဂမဂ် နှင့် ဝိမုတ္တိဖိုလ်
ဤဆိုလတ္တံ့သည်ကား - အနက်သဘောတည်း။
ဤ၌ ထိုတဏှာ၏သာလျှင် ဆိုသည်ကား - ထိုတဖန် ဘဝသစ်ကို ဖြစ်စေ တတ်သော ဟု ဆိုပြီး၍ ကာမတဏှာ စသည်တို့၏ အစွမ်းဖြင့် ဝေဘန်အပ်သော တဏှာဟု ဆိုလိုပေသည်။
မဂ်ကို ဝိရာဂ ဟူ၍ ဆိုအပ်၏၊ မှန်၏၊ သမုဒယတဏှာ၏ ပြတ်ကြောင်း ဖြစ်သော အရိယမဂ်ကြောင့်ပင် ဒုက္ခအပေါင်းမှလွတ်သည်၊ ဝိမုတ္တိ မည်သော ဖိုလ်ဖြစ်၏။ ထို့ ကြောင့် ဝိရာဂါ ဝိမုတ္တိ ဟု ဟောတော်မူ၏။
ဝိရာဂဟူသော အရိယမဂ်ဖြင့် ချုပ်ခြင်းသည် ဝိရာဂနိရောဓ မည်၏။ အနုသယကို အကြွင်းမဲ့ ဖြတ်ခြင်းကြောင့် အလုံးစုံ အကြွင်းအကျန် မရှိသော မဂ်ဖြင့် ချုပ်ခြင်းသည် အသေသဝိရာဂနိရောဓ မည်၏၊
လိုရင်းအချုပ်မှာ ဤ နိရောဓသစ္စာ နိဒ္ဒေသ၌ ဟောတော်မူအပ်သော “ဝိရာဂေါ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလဟော” ဟူသော ပုဒ်အပေါင်းသည် နိဗ္ဗာန် တခုတည်းကိုဟောသော ဝေဝုစ် ပရိယာယ် ပုဒ်ချည်းပေတည်း။
“ ဝိရာဂ နိရောဓ”
ထိုစကားသင့်၏၊ ပရမတ္ထအားဖြင့် နိဗ္ဗာန်ကို ဒုက္ခနိရောဓ အရိယသစ္စာဟု ဆိုအပ်၏၊ ဆင်းရဲချုပ်ငြိမ်းခြင်းမျှကို နိဗ္ဗာန်ဟုမဆို၊ ထို့ကြောင့် တဏှက္ခယ ဝိရာဂ နိရောဓ စသော ပုဒ်တို့သည်လည်း နိဗ္ဗာန်၏ ပရိယာယ်ချည်းသာတည်း၊
ထို နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရောက်၍ တဏှာသည် အရိယာမဂ်၏ အစွမ်း သတ္တိဖြင့်၊ ဝါ၊ အစွမ်းသတ္တိကြောင့် ကုန်ခြင်းသို့ ရောက်၍ ကင်းလည်း ကင်း, တဖန် အသစ်နောက်ထပ် မဖြစ်ခြင်းသို့ ရောက်သည်၏ အစွမ်းဖြင့် ချုပ်လည်းချုပ်၏၊ ထို့ ကြောင့်ပင် ဝိရာဂ ဟူ၍၎င်း၊ နိရောဓ ဟူ၍၎င်း ဆိုအပ်၏။
နိဗ္ဗာန်၏
လက္ခဏ ရသ ပစ္စုပဋ္ဌာန်
ထိုနိဗ္ဗာန်သည် -
သန္တိလက္ခဏံ နိဗ္ဗာနံ အစ္စုတိရသံ၊ အနိမိတ္တ ပစ္စုပဋ္ဌာနံ။
နှင့် အညီ။
အလုံးစုံသော ဝဋ်ဆင်းရဲ အပူလောင် အရှုတ်အထွေး ဟူသမျှတို့ကို၊ ဝါ၊ ကုန်အောင် စုံသော ဝဋ်ဆင်းရဲ မှန်သမျှတို့ကို တစွန်းတစ အဏုမြူမျှမကျန် အကုန်လုံး ငြိမ်းအေးခြင်း လက္ခဏာ ရှိ၏၊
ငြိမ်းအေးခြင်း သဘောမှ ဆံခြည်ခြမ်းမျှ မရွှေ့လျှောခြင်းဂုဏ် ရှိ၏၊ ဝါ၊ အို နာ သေရေး ဒုက္ခဘေးဆိုတဲ့ သံသရာညွတ် ဘဝ ဝဋ်မှ ကျွတ်လွတ်ထွက်မြောက်ခြင်း ကိစ္စ ရှိ၏၊ ဝါ၊အိုနာ သေရေး ဒုက္ခဘေးတို့ကို ပျင်းမှန်း ငြီးငွေ့သောသူအား သည်မှာ အို နာ သေရေး ဒုက္ခဘေးတို့နှင့် အဝေးကြီးဝေး၍ အအေးကြီး အေးနေသော နိဗ္ဗာန်တရား ထင်ရှား ရှိနေပါပေတကားဟု သက်သာရာရခြင်းကို ပြုခြင်း ကိစ္စ ရှိ၏၊
ခန္ဓာဟူသောနိမိတ် အရိပ်အရောင် အငွေ့အသက်မျှမရှိ ထိုမှ လုံးလုံး ဆိတ်သုဉ်းသော တရား ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရား တပါးပေတည်း ဟူ၍၎င်း၊ ဝါ၊ သံသရာ ဝဋ်ဒုက္ခ အဆုံးအဆ မရှိအောင် ချဲ့ထွင် ကျယ်ပွား စေတတ်သော တဏှာ မာန ဒိဋ္ဌိ ဟူသော ပပဉ္စတရား, မညနတရား, ဂါဟတရား သုံးပါးတို့ကို လုံးဝ လွတ်ကင်းသွားအောင် ပယ်ရှား ပစ်တတ်သော တရား အစစ်ပေတည်းဟု ယောဂီ၏ ဉာဏ်အားရှေးရှု ထင်မြင်လာ၏။
မှတ်ချက်
နိဗ္ဗာန်၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့တွင် ပဒဋ္ဌာန်ကို မရအပ်၊
အဘယ့်ကြောင့် ပဒဋ္ဌာန်ဆိုသည်မှာ မိမိကို တိုက်ရိုက် ဒါရိုက်ဖြစ်စေတတ်သော “ဇနက နိဗ္ဗတ္တက” အနီးဆုံးဖြစ်တဲ့ အကြောင်းကိုသာ ပဒဋ္ဌာန်အဖြစ် ကောက်ယူရာ ကြောင့်ပေတည်း။
ထို့ကြောင့်ပင်....
“နိဗ္ဗာနဿ ပဒဋ္ဌာနံ န လဗ္ဘတိ အပစ္စယတ္တာ” ဟူ၍၎င်း။
“နိဗ္ဗာနဿ ပဒဋ္ဌာနံ န လဗ္ဘတိ၊
န ကေနစိ ကာရဏေန နိဗ္ဗာနံ ဥပ္ပဇ္ဇတိ။ ။” ဟူ၍၎င်း။
အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌသာလိနီ ဝိသုဒ္ဓိမဂ်တို့၌ အသီးအသီး ဖွင့်ဆိုထား ကြသော ကြောင့်တည်း။
သို့ရာတွင်....
“တိရံ နာဝါယ ပါပုဏာတိ”
ဟေတုဘာဝေနာတိ၊ သမ္ပာပက ဟေတုဘာဝေန၊
မဂ္ဂဿ သမ္ပာပက သပကဟေတုဘာဝေန။
(စသော အနုဋီကာ နေတ္တိဋ္ဌကထာတို့နှင့်အညီ)
လှေသည် တဘက်ကမ်းကို တိုက်ရိုက် မဖြစ်စေနိုင်သော်လည်း တဘက်ကမ်းသို့ ရောက်ကြောင်း ဖြစ်သကဲ့သို့၊ ဒါန သီလ သမထ ဝိပဿနာ ဈာန် မဂ်ဖိုလ်တို့သည် တိုက်ရိုက် နိဗ္ဗာန်ကို မဖြစ်စေနိုင်သော်လည်း နိဗ္ဗာန်သို့ ရောက်ကြောင်း သမ္ပာပက အကြောင်းကား ရှိ၏ဟု မှတ်ရာ၏။
တနည်း– “ပတ္တဗ္ဗမေဝ ဟိ တံ မဂ္ဂေန န ဥပ္ပါဒေတဗ္ဗံ” ဆိုတဲ့ ဝိသုဒ္ဓိမဂ်နှင့် အညီ၊ နိဗ္ဗာန်သည် မဂ်စသော သမ္ပာပက အကြောင်းတို့ကြောင့် ရောက်အပ်သော သံပါပေတဗ္ဗ အကျိုးတရားတို့ပေတည်း။ တနည်း – ပတ္တဗ္ဗ အကျိုးတရားပေတည်း။
အနက်
ဟိသစ္စံ၊ မှန်၏။
တံ၊ ထိုနိဗ္ဗာန်သည်။
မဂ္ဂေ၊ အရိယာမဂ်သည်။
ပတ္တဗ္ဗမေဝ၊ ရောက်စေအပ်သော အကျိုးတရားသည်သာလျှင်။
ဟောတိ၊ ဧကန်ဖြစ်၏။
မဂ္ဂေန၊ မဂ်သည်။
ဥပ္ပါဒေတဗ္ဗံ၊ တိုက်ရိုက်ဖြစ်စေအပ်သော နိဗ္ဗတ္တေတဗ္ဗ အကျိုးတရားမျိုးသည်။
န ဟောတိ၊ မဟုတ်ပေ။
ရှေး ဒါန - သီလ - ဘာဝနာကစ၍ နောက် ဝိဿနာ မဂ်တိုင်အောင်သော အကြောင်း များသည် နိဗ္ဗာန်သို့ရောက်ကြောင်း သမ္ပာပက အကြောင်း များသာဖြစ်၍ တိုက်ရိုက် ဒါရိုက် နိဗ္ဗာန်ကို ဖြစ်စေတတ်သော ဇနက နိဗ္ဗတ္တက အကြောင်းမျိုး မဟုတ်ဟု ဆိုလိုပေသည်၊ ထို့ကြောင့်သာ နိဗ္ဗာန်မှာ ပဒဋ္ဌာန်ကို မရအပ်ဆိုသည်ဟု သိလေ မှတ်လေ။
၄။ “ မဂ္ဂသစ္စာ၌”
(က) သမ္မာ ဒိဋ္ဌိ ဆိုသည်ကား
အကျဉ်းအားဖြင့် သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ အမျိုးကောင်း သားသမီးတို့၏ နိဗ္ဗန်လျှင် အာရုံရှိသော အဝိဇ္ဇာနုသယကို အကြွင်းမဲ့ ဖြတ်တတ်သော ရုပ်နာမ် လက္ခဏာ သစ္စာကို ထိုးထွင်း၍ တတ်တတ် ထင်ထင် တဲ့တဲ့ကြီး သိမြင်တတ်သော ပညာမျက်စိသည် သမ္မာဒိဋ္ဌိ မည်၏။
လက္ခဏာ စသည်
ထို သမ္မာဒိဋ္ဌိသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သစ္စာ လေးပါးတို့ကို သိမြင်ခြင်း လက္ခဏာ ရှိ၏၊ ပရမတ္တဖြစ်သော သစ္စာလေးပါးတို့ကို ထင်စွာ ပြခြင်း ကိစ္စ ရှိ၏။
သစ္စာလေးပါးတို့ကို မသိ မမြင်ရအောင် ပိတ်ပင် ဖုံးလွှမ်းတတ်သော အဝိဇ္ဇာဟူသော အမိုက်မှောင်ကို ဖျက်ဆီးတတ်သော တရားပါတကားဟု ဉာဏ်အားရှေးရှု ထင်မြင် လာ၏။
(ခ) “သမ္မာသင်္ကပ္ပ”
သမ္မာသင်္ကပ္ပဆိုသည်မှာ - အဝိဇ္ဇာနုသယကို အကြွင်းမဲ့ဖြတ်သော အခြင်းအရာ အားဖြင့် ဖြစ်သော သမ္မာဒိဋ္ဌိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ထို မဂ် သမ္မာဒိဋ္ဌိနှင့် သမ္ပယုတ် ဖြစ်သော မိစ္ဆာသင်္ကပ္ပကို အကြွင်းမဲ့ ဖြတ်တတ် သတ်တတ်သော စိတ်ကို နိဗ္ဗာန် ဟူသော အာရုံသို့ ရှေ့ရှုတတ် စေလွှတ်တတ်သော မဂ္ဂင်သည် သမ္မာသင်္ကပ္ပ မည်၏။
လက္ခဏာ စသည်
ထို သမ္မာသင်္ကပ္ပသည် မဖောက်မပြန် သမ္ပယုတ်စိတ်ကို နိဗ္ဗာန်အာရုံသို့ ရှေ့ရှုစေခြင်း လက္ခဏာ ရှိ၏။
သမ္ပယုတ်တရားတို့ကို နိဗ္ဗာန်အာရုံ၌ သွင်းခြင်း ကိစ္စ ရှိ၏၊ မိစ္ဆာသင်္ကပ္ပကို ပယ်တတ်သောတရားဟု ဉာဏ်အရှေ့ရှု ထင်လာ၏။
(ဂ) “သမ္မာဝါစာ”
သမ္မာဝါစာဆိုသည်မှာ ဆိုအပ်ပြီးသော အပြားရှိသော မဂ်သမ္မာဒိဋ္ဌိဖြင့် ရှုသည်လည်း ဖြစ်သော ဆိုအပ်ပြီးသော သမ္မာသင်္ကပ္ပဖြင့် နိဗ္ဗာန်အာရုံ၌ စိတ်ကိုတက်စေသည်လည်း ဖြစ်သော ယောဂီ၏ ထို သမ္မာသင်္ကပ္ပနှင့်သာလျှင် သမ္ပယုတ်ဖြစ်သော ဝစီဒုစရိုက် လေးပါးကို အကြွင်းမဲ့ဖြတ်တတ် သတ်တတ်သော မိစ္ဆာဝါစာမှကြဉ်တတ်သော တရား ကြဉ်ခြင်းတရား ကြဉ်ကြောင်း ဖြစ်သော တရားသည် သမ္မာဝါစာ မည်၏။
လက္ခဏာ စသည်
ထိုသမ္မာဝါစာသည် နားထောင် ယူသော သူတို့ကို၎င်း၊ သမ္ပယုတ် တရားတို့ကို၎င်း သိမ်းဆည်းခြင်း လက္ခဏာ ရှိ၏။
မိစ္ဆာဝါစာမှ ကြဉ်ခြင်း ကိစ္စ ရှိ၏၊ မိစ္ဆာဝါစာကို ပယ်သတ်တတ်သော တရားဟု ဉာဏ်အားရှေ့ရှု ထင်လာ၏။
(ဃ) “သမ္မာကမ္မန္တ”
သမ္မာကမ္မန္တ ဆိုသည်မှာ ဆိုအပ်ပြီးသော အပြားရှိသော သမ္မာဝါစာဖြင့် ကြဉ်သော ယောဂီ၏ ထိုဆိုအပ်ခဲ့ပြီးသော မဂ္ဂင်နှင့် ယှဉ်သည်သာလျှင် ဖြစ်သော မိစ္ဆာကမ္မန္တကို အကြွင်းမဲ့ဖြတ်တတ်သော ပါဏာတိပါတ စသော သုံးပါးသော ကာယဒုစရိုက်တို့မှ ကြဉ်တတ်သောတရား ကြဉ်ခြင်းတရား ကြဉ်ကြောင်းတရားသည် သမ္မာကမ္မန္တ မည်၏။
လက္ခဏာ စသည်
ထို သမ္မာကမ္မန္တသည် အပြစ်ကင်းသော ကိုယ်ဖြင့် ပြုအပ်သော အမှုကို ကောင်းစွာ ဖြစ်စေခြင်း လက္ခဏာ ရှိ၏။
မိစ္ဆာကမ္မန္တမှ ကြဉ်ခြင်း ကိစ္စ ရှိ၏။ မိစ္ဆာကမ္မန္တကို ပယ်သတ်တတ်သော တရားတည်းဟု ဉာဏ်အားရှေ့ရှု ထင်လာ၏။
(င) “သမ္မာအာဇီ၀”
သမ္မာအာဇီဝ ဆိုသည်မှာ ထို ဆိုအပ်ခဲ့ပြီးသော သမ္မာဝါစာ သမ္မာကမ္မန္တတို့၏ အထူး သဖြင့် စင်ကြယ်ကြောင်းဖြစ်၍ ဖြစ်သော ထိုဆိုအပ်ပြီးသော မဂ္ဂင်တို့နှင့် ယှဉ်သည် သာလျှင်ဖြစ်သော ကုဟန စသော ယုတ်မာ မှားယွင်းသော ပယောဂကို လွန်စွာ ဖြစ်စေတတ်သော အကြင် မိစ္ဆာဇီဝမှ ကြဉ်တတ်သော တရားသည် ရှိ၏။
ထိုမိစ္ဆာဇီဝမှ ကြဉ်တတ်သောတရား ကြဉ်ခြင်းတရားသည် ကြဉ်ကြောင်းတရားသည် သမ္မာအာဇီဝ မည်၏။
လက္ခဏာ စသည်
ထို သမ္မာအာဇီဝသည် ကိုယ်နှုတ်တို့ကို စင်ကြယ်စေခြင်း လက္ခဏာ ရှိ၏၊ ရှင်တော်ဘုရား စက်ဆုတ်တော်မူအပ်သော ကောင်းသော အသက်မွေးခြင်းကို ဖြစ်စေခြင်း ကိစ္စ ရှိ၏၊ မိစ္ဆာဇီဝ ကို ပယ်သတ်သော တရားဟု ဉာဏ်အားရှေ့ရှု ထင်လာ၏။
(စ) “သမ္မာဝါယာမ”
သမ္မာဝါယာမ ဆိုသည်မှာ - သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဟူသော သီလတည်း ဟူသော မြေ၌ တည်ပြီးသော ထိုယောဂီ၏ ဆိုအပ်ပြီး မဂ္ဂင်အားလျှော်သော ထိုမဂ္ဂင်နှင့် ယှဉ်သည်သာလျှင်ဖြစ်သော ပျင်းရိခြင်းကို ဖြတ်တတ်သော ဝီရိယသည် သမ္မာဝါယာမ မည်၏။
လက္ခဏာ စသည်
ထို သမ္မာဝါယာမသည် သမ္ပယုတ်တရားတို့ကို ချီးပင့်ခြင်း လက္ခဏာ ရှိ၏။ မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်း ကိစ္စ ရှိ၏၊ မိစ္ဆာဝါယမကို ကြဉ်တတ်သောတရားဟု ဉာဏ်အားရှေ့ရှု ထင်လာ၏။
(ဆ) “သမ္မာသတိ”
သမ္မာသတိ ဆိုသည်မှာ ဆိုအပ်ပြီးသောနည်းဖြင့် အားထုတ်အပ်သော ပုဂ္ဂိုလ်၏ ပြဆိုပြီးသော မဂ္ဂင်တို့နှင့် ယှဉ်သည်သာလျှင် ဖြစ်သော ကာယဝေဒနာ စသည်တို့၌ သုဘ စသော အခြင်းအရာကို မှတ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော သုဘ သညာ စသည်လျှင် ရှေ့သွားရှိသော အကုသိုလ်ခန္ဓာ ဟူသော မိစ္ဆာသတိကို အကြွင်းမဲ့ ဖျက်ဆီးတတ်သော စိတ်၏မေ့လျော့ခြင်း၏ ဆန့်ကြင်ဘက်ဖြစ်သော မမေ့မလျော့ ခြင်းသည် သမ္မာသတိ မည်၏။
လက္ခဏာ စသည်
ထို သမ္မာသတိသည် ရှည်မြင့်စွာက ပြုလုပ်ဘူးသော ပြောဆိုဘူးသော အာရုံသို့ ကပ်၍ တည်ခြင်း လက္ခဏာ ရှိ၏၊ အာရုံကို သဘောအလျှောက် မဖေါက်မယွင်း မှတ်နိုင်ခြင်း ကိစ္စ ရှိ၏၊ မိစ္ဆာသတိကို ပယ်သတ်သောတရား ဟု ဉာဏ်အားရှေ့ရှု ထင်လာ၏။
(ဇ) “သမ္မာသမာဓိ”
သမ္မာသမာဓိ ဆိုသည်မှာ ဆိုအပ်ပြီးသော နည်းဖြင့် လောကုတ္တရာ ဖြစ်သော သတိသည် ကောင်းစွာ စောင့်ရှောက်အပ်သောစိတ် ရှိသော ယောဂီ၏ ထိုပြအပ်ပြီး သော မဂ္ဂင်နှင့် ယှဉ်သည်သာလျှင် ဖြစ်သော မိစ္ဆာ သမာဓိကို အကြွင်းမဲ့ ဖျက်ဆီး တတ်သော တခုတည်းသော အာရုံ၌ စိတ်၏ တည်ကြည်ခြင်းသည် သမ္မာသမာဓိ မည်၏။
လက္ခဏာ စသည်
ထို သမ္မာသမာဓိသည် မပျံ့လွင့်ခြင်း လက္ခဏာ ရှိ၏၊ သမ္ပယုတ်စိတ်ကို အညီအညွတ် အာရုံ၌ထားခြင်း ကိစ္စ ရှိ၏။
မိစ္ဆာသမာဓိကို ပယ်သတ်တတ်သော တရားပါတကားဟု ယောဂီ ဉာဏ်အားရှေ့ရှု ထင်လာ၏။
ဆောင်ပုဒ်
ဒိဋ္ဌိ ကပ္ပါ သံ ဝါစာနှင့်၊
ကမ္မာဇီဝ၊ ဝိရိယ သတိ။
သမာဓိ ဧကဂ်၊ ဤရှစ်ချက်၊
အဋ္ဌမဂ်ဟု ခေါ်သတည်း။
ဤမဂ္ဂသစ္စာ၌ “အယမေဝအရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ” အရ အဋ္ဌင်္ဂိက မဂ္ဂ အင်္ဂါရှစ်ပါး ရှိသော မဂ်ဆိုသည်မှာ၊ စတုရင်္ဂိကာသေနာ - အင်္ဂါ လေးပါးရှိသော စစ်သည်။ ပဉ္စင်္ဂိကံ တူရိယံ - အင်္ဂါငါးပါး ရှိသော တူရိယာ ဆိုသကဲ့သို့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်သည် အဋ္ဌင်္ဂိကမဂ် မည်၏။
(အဋ္ဌ-ရှစ်၊ အင်္ဂိက-အစိတ်ရှိ၊ မဂ္ဂ-မဂ်၊ သမ္မာဒိဋ္ဌိစသော ရှစ်ပါးသော အစိတ်ရှိသော မဂ်ဟု ဆိုလို၏။)
[အင်္ဂါလေးပါးရှိသော စစ်သည်ကား -
ဟတ္ထိ-ဆင်၊
အဿ-မြင်း၊
ရထ-ရထား၊
ပတ္တိက - ခြေသည်။
(ဥယျောဓိက သိက္ခာပုဒ်အဘွင့်၊ သဒ္ဒါကျမ်း တဏှာဒွန္ဒေသုတ် တို့၌ လာ၏။)
အင်္ဂါငါးပါးရှိသော တူရိယာကား
အာတတံ - တဘက်ပိတ်စည်၊
ဝိတတံ - နှစ်ဘက်ပိတ်စည်၊
အာတတ ဝိတတံ - အလုံးစုံမြှေး၍ကြက်သောစည်၊
သုသိရံ - အခေါင်းရှိသော နှဲ ပြွေ ပလွေ၊
ဃနံ - တခဲနက် စည်ပုတ် ခွက်ခြင်း စသော စည်။
(မူလ ပဏ်-ဋ္ဌ-တဏှာသင်္ခယ သုတ်၌လာ၏)
တနည်း-ခရုသင်း ထက်စည် စည်ပုတ် ပတ်သာ။]
ဤ၌ မဂ္ဂင်နှင့် မဂ်ကို တမျိုးစီ သိထားဘို့လို၏၊ မဂ္ဂင် ဆိုသည်မှာ သမ္မာဒိဋ္ဌိ စသော တပါးစီ တပါးစီ၊ တခုစီ တခုစီ အစိတ်အပိုင်းကို သောတာပတ္တိမဂ် စသော လောကုတ္တရာမဂ် ဖြစ်ပေါ်ခြင်း၏ အကြောင်းအင်္ဂါ အစိတ်အပိုင်း ဖြစ်သောကြောင့် မဂ္ဂင် ဆိုသည်။
မဂ်-ဆိုသည်မှာ သမ္မာဒိဋ္ဌိ အစ သမ္မာသမာဓိ အဆုံး ရှစ်ပါးလုံး တပေါင်းတည်းကို “ကိလေသေ မာရေန္တော နိဗ္ဗနံ ဂစ္ဆတီတိ မဂ္ဂေါ” နှင့် အညီ၊ မောဟဒိဋ္ဌိ စသော ကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်ရပ်သို့ သွားတတ်သောကြောင့် မဂ်ဆိုသည်ဟု သိလေ။ တပါးစီကို မဂ္ဂင်ဆို၊ ရှစ်ပါးလုံးကို မဂ်ဟု ဆိုလေ။
သမ္မာမဂ္ဂင် နှင့် မိစ္ဆာမဂ္ဂင်
သမ် သင် ဝါ ကမ် အာ ဝါ တီ ဓိ၊
သမ် မှတ်သိ၊ ပြန်ဘိ မိစ္ဆာမှတ်။ ။ နှင့်အညီ။
မဂ္ဂင်သည် သမ္မာ-မဂ္ဂင် မိစ္ဆာ-မဂ္ဂင်ဟု နှစ်မျိုးရှိရာ -
၁။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီ၀ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ - ဟူ၍ မှန်သော ကောင်းသော နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော သမ္မာမဂ္ဂင် ရှစ်ပါး။
၂။ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝ မိစ္ဆာဝါယာမ မိစ္ဆာသတိ မိစ္ဆာသမာဓိ - ဟူ၍ မှားသော မကောင်းသော အပါယ်ရောက်ကြောင်း ဖြစ်သော မိစ္ဆာမဂ္ဂင် ရှစ်ပါး။
ဤလို အမှန်နှင့် အမှား, နိဗ္ဗာန်နှင့် အပါယ်သွား တဲ့တဲ့ဆန့်ကျင်ဘက် ဒွန်တွဲနေသော တရားနှစ်မျိုးသည် ကမ္ဘာလောကကြီး၌ အမြဲတန်း ရှိနေကြသည်ကို ဘုရားမြတ်စွာ စိန္တေယျာက ခွဲခြား၍ ဟောထားခဲ့သည်ဟု သိလေ။
အမှန်သိ နှင့် အမှားသိ
| ပါဠိလို |
မြန်မာလို |
| သမ္မာဒိဋ္ဌိ |
အမှန်သိ အမှန်မြင် |
| မိစ္ဆာဒိဋ္ဌိ |
အမှားသိ အမှားမြင် |
| သမ္မာသင်္ကပ္ပ |
အမှန်ကိုကြံ |
| မိစ္ဆာသင်္ကပ္ပ |
အမှားကိုကြံ |
| သမ္မာဝါစာ |
အမှန်ကိုဆို |
| မိစ္ဆာဝါစာ |
အမှားကိုဆို |
| သမ္မာကမ္မန္တ |
အမှန်ပြုလုပ် |
| မိစ္ဆာကမ္မန္တ |
အမှားပြုလုပ် |
| သမ္မာအာဇီဝ |
အမှန်အသက်မွေး |
| မိစ္ဆာအာဇီဝ |
အမှားအသက်မွေး |
| သမ္မာဝါယာမ |
အမှန်အားထုတ် |
| မိစ္ဆာဝါယာမ |
အမှားအားထုတ် |
| သမ္မာသတိ |
အမှန်အောက်မေ့ |
| မိစ္ဆာသတိ |
အမှားအောက်မေ့ |
| သမ္မာသမာဓိ |
အမှန်၌တည်ကြည် |
| မိစ္ဆာသမာဓိ |
အမှား၌ တည်ကြည် |
မှတ်ချက်
ဤ၌ သမ္မာမဂ္ဂင်နှင့် မိစ္ဆာမဂ္ဂင် နှစ်ပါးတို့မှာ လောက၌ ရေနှင့်မီး အကောင်းနှင့် အဆိုး အမြတ်နှင့် အယုတ် အလင်းနှင့် အမှောင် ကဲ့သို့ တဲဲ့တ့ဲ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ဘက်ကြနေကြသော တရားမျိုးတို့ ပေတည်းဟု သိရှိကြပြီးလျှင် အမှောင်သည် အလင်းရောင်ရောက်က ဧကန် ပျောက်ရသည်ဟု သိရှိကြတဲ့အတိုင်း မိမိတို့ သန္တာန်မှာ တသံသရာလုံးကမှ သမ္မာအလင်းရောင် မရောက်ခဲ့၍ တမှောင်ထဲ မှောင်လာခဲ့သော မိစ္ဆာဒိဋ္ဌိ အမိုက်မှောင်ထုကို ယခုလက်ရှိဘဝ သေနေ့ကမဦးခင် သမ္မာဒိဋ္ဌိ အလင်းရောင်ကို ဆရာကောင်းကပ်၍ မိမိသန္တာန်မှာ ဖြစ်ပွားစေပြီးလျှင်၊ အဆိုပါ မိစ္ဆာ အမှောင်ထုကို ဖြိုခွဲဖျက်ဆီး၍ပြစ်လိုက်ပါလျှင် မွေး သေ လွတ်သော နိဗ္ဗာန်အထိ တသံသရာလုံး လင်းသွားနိုင်ကြသည်ဟု သိရှိကြ၍ လင်းဖြစ်အောင် လင်းကြပါလေဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။
အဆိုပါ မဂ္ဂင် နှင့် မဂ်တို့မှာ
ဥပမာဆိုသော်-
ဘီး တခုတည်းကိုဖြစ်စေ၊ ဝင်ရိုး တခုတည်းကိုဖြစ်စေ ဤလို တခုစီကို လှည်းအင်္ဂါ မစုံသေး၍ လှည်းမဖြစ်သေး၊ လှည်းဟု မခေါ်ရသေး၊ ဘီး ဝင်ရိုး ထမ်းပိုး လှည်းသန် လှည်းအိမ် သူ့နေရာနှင့် သူ လှည်းအင်္ဂါစုံတဲ့ခါ လှည်းဖြစ်၍ လှည်းဟု ခေါ်ရသကဲ့သို့၊
ထို့တူပမာ သမ္မာ ဒိဋ္ဌိစသော တပါးစီ တပါးစီကို မဂ်အင်္ဂါမစုံသေး၍ မဂ်ဟု မခေါ်ရသေး၊ အဆိုပါ သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ ဤလိုရှစ်ပါးလုံး လိုလေသေးမရှိ တပေါင်းတည်း စုံလင်လာတဲ့ခါ မဂ်အင်္ဂါ စုံညီသွား၍ မဂ်ဖြစ်လာသောကြောင့် မဂ်ဟု ခေါ်ဆိုရသည်ဟု သိလေ။
လိုရင်းချုပ်မှာ - ခေါင်းတွဲသွားလျှင် နောက်တွဲတွေ ပါသကဲ့သို့၊ လောကီ ဘက်မှာဘဲ ဖြစ်ဖြစ်, လောကုတ္တရာ ဘက်မှာဘဲ ဖြစ်ဖြစ် သမ္မာဒိဋ္ဌိမဂ္ဂင် ကောင်းကောင်း လှလှ ဖြစ်လျှင် နောက်မဂ္ဂင် (၇) ပါးတို့လည်း ဖြစ်ကြရလေတော့သည်၊ လောကုတ္တရာမဂ် ခဏမှာ တပြိုင်နက် ဖြစ်ကြသည်ဟု သိ။
သီလ သမာဓိ ပညာ ၃-ပါး
အဆိုပါ မဂ္ဂင်ရှစ်ပါးတို့ကို သဇာတိက **သီလဇာတ် သမာဓိဇာတ် ပညာဇာတ်** ဇာတ်တူ သဘောတူရာ ပေါင်းရုံး သိမ်းကြုံ၍ ရေတွက်ပါလျှင် -
- ၁-သမ္မာဝါစာ။
- ၂-သမ္မာကမ္မန္တ။
- ၃-သမ္မာအာဇီဝ ဟူ၍ သီလ မဂ္ဂင် သုံးပါး။
(သီလက္ခန္ဓ သီလအစု သီလသိက္ခာ)
- ၁-သမ္မာဝါယာမ။
- ၂-သမ္မာသတိ။
- ၃-သမ္မာသမာဓိ ဟူ၍ သမာဓိ မဂ္ဂင်သုံးပါး
(သမာဓိက္ခန္ဓ သမာဓိအစု သမာဓိသိက္ခာ)
- ၁-သမ္မာဒိဋ္ဌိ။
- ၂- သမ္မာသင်္ကပ္ပ ဟူ၍ ပညာမဂ္ဂင် နှစ်ပါး။
(ပညာက္ခန္ဓ ပညာအစု ပညာသိက္ခာ)
ဤလို **“သီလ-သမာဓိ-ပညာ”** ဇာတ်တူရာ သဘောတူရာ ပေါင်းရုံး ရေကွက်ပါလျှင် မဂ္ဂင်ရှစ်ပါး ဆိုသော်လည်း **“သီလ-သမာဓိ-ပညာ”** သုံးပါးသာ ရသည်ရှိသည်ဟု သိ။
ဤ **“သီလ-သမာဓိ-ပညာ”** သုံးပါးနှင့် လိုလေသေးမရှိ ပြည့်စုံနေလျှင် ဘယ်သူဘဲ ပြည့်စုံပြည့်စုံ ပြည့်စုံသောသူသည် မွေးသေလွတ်သော နိဗ္ဗာန် အထိ ရနိုင် ရောက်နိုင်၏၊
ရှေး ဘုရား ရဟန္တာ သာဝကတို့ဟာ ဤ **“သီလ-သမာဓိ-ပညာ”** သုံးပါးနှင့် လိုလေသေးမရှိ ပြည့်စုံအောင် ဖြည့်ကျင့် အားထုတ်သော မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြ ရကြရလေသည်ဟု သိ၍ ထိုဘုရား ရဟန္တာတို့လို မွေးသေလွတ်တဲ့ **နိဗ္ဗာန်**ကို ခုလို ရောက်လိုပါလျှင် အဆိုပါ **“သီလ-သမာဓိ-ပညာ”** သုံးပါးတို့ကို လိုလေသေး မရှိရအောင် ကျင့်ကြံ အားထုတ်ပါလေ ဟူလို။
မှတ်ချက်
ဤမဂ္ဂင်ရှစ်ပါး မဂ်တရားသည် နိဗ္ဗာန်သို့ စီးဝင်တတ်သောကြောင့် **သောတ** မည်သတဲ့၊ ဤမဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံနေသောသူသည် **သောတာပန်** မည်သတဲ့၊
သောတာပတ္တိ သံယုတ်၌ ဘုရားဟောသည် မိမိလက်ရှိဘဝ အပါယ်လွတ်တရားရတဲ့ **သောတာပန် ပုဂ္ဂိုလ်** ဖြစ်လိုလျှင် မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံအောင်ကျင့်လေ။
သမထ ဝိပဿနာ ၂-ပါး
တဖန် --
၁။ သမ္မာဝါစာ။
၂။ သမ္မာကမ္မန္တ။
၃။ သမ္မာအာဇီဝ။
၄။ သမ္မာဝါယာမ။
၅။ သမ္မာသတိ။
၆။ သမ္မာသမာဓိ။
(၆)ပါးမှာ **သမထ မဂ္ဂင်**။
၁။ သမ္မာဒိဋ္ဌိ။
၂။ သမ္မာသင်္ကပ္ပ။
(၂) ပါးမှာ **ဝိပဿနာ မဂ္ဂင်**။
ဤလို ဤပုံ **သမထဆိုင်ရာ ဝိပဿနာဆိုင်ရာ** ခွဲဝေပါလျှင် မဂ္ဂင်ရှစ်ပါး ပြဆိုသော် လည်း **သမထ ဝိပဿနာ နှစ်ပါး**တို့သာဟု သိ၊ ဤ **သမထ ဝိပဿနာ** နှစ်ပါးနှင့် ပြည့်စုံပါလျှင် ဘယ်သူဘဲ ပြည့်စုံပြည့်စုံ မဂ်ဖိုလ်နိဗ္ဗာန်ကို ရသည်ဟု သိ၊
ရှေးဘုရား ရဟန္တာတို့ဟာ ဤ **သမထ ဝိပဿနာ**နှင့် ပြည့်စုံသောကြောင့်သာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ကြ ရောက်နိုင်ကြသည်ဟု သိလေ မှတ်လေ။
စရဏ ဝိဇ္ဇာ ၂-ပါး
တဖန် -
၁-သမ္မာဝါစာ
၂-သမ္မာကမ္မန္တ
၃-သမ္မာအာဇီဝ
၄-သမ္မာဝါယာမှ
၅-သမ္မာသတိ
၆-သမ္မာသမာဓိ
မဂ္ဂင်(၆)ပါးတို့မှာ **စရဏ မဂ္ဂင်**ဟုသိ။
၁-သမ္မာဒိဋ္ဌိ
၂-သမ္မာသင်္ကပ္ပ
မဂ္ဂင်(၂)ပါးတို့မှာ **ဝိဇ္ဇာ မဂ္ဂင်**ဟု သိ၊
ဤလို **စရဏ ဝိဇ္ဇာ** ဆိုင်ရာ ခွဲဝေပါလျှင် မဂ္ဂင်ရှစ်ပါး ဆိုသော်လည်း **စရဏ ဝိဇ္ဇာ နှစ်ပါး** တို့သာဟု သိ။
ဤ **စရဏ ဝိဇ္ဇာ** နှစ်ပါးနှင့် ပြည့်စုံပါလျှင် ဘယ်သူဘဲ ပြည့်ပြည့်စုံ မဂ်ဖိုလ်နိဗ္ဗာန်ရ၏ဟု သိ။
နိဗ္ဗာန် မျက်မှောက်ပြု
ခြေ နှင့် မျက်စိ - အဆိုပါ **စရဏ ဝိဇ္ဇာ** နှစ်ပါးတို့တွင် **စရဏ**သည် ခြေနှင့် တူ၍၊ **ဝိဇ္ဇာ**သည် မျက်စိ နှင့် တူ၏။
ဥပမာ -
သွားခြင်း စွမ်းနိုင်သော ခြေကလည်းရှိ၊ မြင်ခြင်းငှါ စွမ်းနိုင်သော မျက်စိကလည်း ရှိသော ခရီးသွား ယောက်ျားသည် မိမိလိုရာ အရပ်ဒေသသို့ ပေါက်ရောက်အောင် သွားစွမ်းနိုင်သကဲ့သို့၊
ထို့တူပမာ **နိဗ္ဗာန်**သို့ ရောက်အောင် သွားစွမ်းနိုင်သော **“သီလ-သမာဓိ-သမထ”** ဟူသော **စရဏ**လည်းရှိ၊ **နိဗ္ဗာန်**ကို မြင်စွမ်းနိုင်သော ပညာ ဝိပသနာ ဟူသော **ဝိဇ္ဇာ မျက်စိ** လည်းရှိသော အရိယာ သာဝကသည် -
- **ဝိပဿနာယာဉ်**ဖြင့် ကာမသုခလ္လိကာနုယောဂကို၊
- **သမထယာဉ်**ဖြင့် အတ္တကိလမထာနုယောဂကို၊
ဤလို အယုတ်တရား နှစ်ပါး အစွန်း နှစ်ဘက်တို့ကို **သမထ ဝိပဿနာ** တို့ဖြင့် ကြဉ်ဖယ်၍ အဆိုပါ အယုတ်တရား နှစ်ပါးတို့၏ အလယ်လမ်းမ ဗဟိုကြသော မဇ္ဈိမပဋိပါဒ် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်ကို ကျင့်ကြံ အားထုတ်သည်ရှိသော် -
- ပညာဖြင့် မသိမှု မောဟတုံး မောဟခဲ **မောဟအစု**ကို၊
- သီလဖြင့် ဒေါသတုံး ဒေါသခဲ **ဒေါသအစု**ကို၊
- သမာဓိဖြင့် လောဘတုံး လောဘခဲ **လောဘအစု**ကို -
ဖောက်ခွဲဖျက်ဆီးလျက် သီလ သမာဓိ ပညာ သုံးပါးသော ပြည့်စုံခြင်းသို့ ရောက်၍ မအို မသေ အမြဲနေရသော **အမြိုက်နိဗ္ဗာန်**ကို လက်ရှိ ဘဝ၌ပင် မျက်မှောက်ပြုရလေ တော့သတည်း။
ဤကား **“သောခေါပနေသမဂ္ဂေါ။ပ။ သိက္ခတ္တယဉ္စဟောတိ”** ဆိုတဲ့ သမ္မော သစ္စဝိဘင်း ဖွင့်ကို မှီ၍ ဆိုလိုက်သည်။
ဝိမုတ္တိရသ တပါး
ဘုရားမြတ်စွာ စိန္တေယျာသည် (၄၅)ဝါ ရှည်ကြာကာလ ဟောကြား ဆုံးမအပ်သော ဓမ္မက္ခန္ဓာအပေါင်း ရှစ်သောင်း လေးထောင်တို့ကို အဆီ ညှစ်၍ အနှစ်ထွင်ယူသည့်ပမာ လိုရင်းချုံး၍ အကျဉ်းရုံးပါလျှင် --
- ဗောဓိပက္ခိယ တရား(၃၇) ပါး၊
- ၎င်းကို ချုံးပြန်လျှင် **မဂ္ဂင် ရှစ်ပါး**၊
- ၎င်းကို ချုံးပြန်လျှင် **သီလ - သမာဓိ - ပညာ သုံးပါး**၊
- ၎င်းကို ချုံးပြန်လျှင် **“ဝိမုတ္တိရသ”** ခေါ်သော အရဟတ္တဖိုလ်တရား တပါး
ကိုသာ ရရှိလေတော့သည်။
အဆိုပါ **မဂ္ဂင်ရှစ်ပါး**ကို ပွားများ အားထုတ်ပါက ၎င်းမှ အရဟတ္တဖိုလ် တရား ထွက်ပေါ် လာသည်ဟု ဆိုလိုပေသည်။
မဂ္ဂင်ရှစ်ပါး ယာဉ်ရထား
၁။ ဥဇုကောနာမ သော မဂ္ဂေါ၊ အဘယာနာမ သဒိသာ။
ရထောအကူဇနောနာမ၊ ဓမ္မစက္ကေဟိ သံယုတော။
၂။ ဟီရိတဿ အပါလမ္ဗော၊ သတျဿ ပရိဝါရဏံ။
ဓမ္မံ ဟံသာရထိ ဗြူမိ၊ သမ္မာဒိဋ္ဌိ ပူရေဇဝံ။
၃။ ယဿ ဧတာဒိသံ ယာနံ၊ ဣတ္တိယာ ပုရိသဿဝါ။
သဝေ ဧတေန ယာနေန၊ နိဗ္ဗာနဿေ၀ သန္တိကေ တိ။
(**ဒေဝတာသံယုတ် ရထုပမသုတ်**)
၁။ အနက်
ဒေဝပုတ္တ၊ သမဏနတ်သား။
သော မဂ္ဂေါ၊ မဂ္ဂင်ရှစ်ပါး တရားရှစ်ခဏ်း ထိုတကြောင်းတည်းသော နိဗ္ဗာန်သွား ခရီးလမ်းသည်။
ဥဇုကောနာမ၊ အကောက်မသန်း အဖြောင့်တန်းဆုံးဖြစ်သောလမ်း မည်၏။
သာဒိသာ၊ ဘေးရန်ကင်းပြတ် နိဗ္ဗာန်တည်းဟူသော ထိုအရပ်သည်။
အဘယာ နာမ၊ တဏှာကျွတ်ရှင်း ဘေးရန်ကင်းသော အရပ်မည်၏။
ဓမ္မစက္ကေဟိ၊ ကာယိကဝိရိယ စေတသိကဝိရိယ ဟု ဆိုအပ်သော မယိုင် အယိမ်း ဓမ္မ စက်ဘီးတို့ဖြင့်။
သံယုတော၊ ကောင်းစွာမလွဲ ခိုင်မြဲသတ်မှတ် တပ်ယှဉ်အပ်သော။
ရထော၊ နိဗ္ဗာန်သို့သွား ယာဉ်ရထားသည်။
အကူဇနောနာမ၊ ရေ ဆီ လှည်းစာ မထိုးပါလည်း ကြိုးကြိုးကျီကျီ မကျိုးမမည်သော ရထား မည်၏။
၂။ အနက်
ဟိရိ၊ ရှက် ကြောက် နှစ်ပါး **ဟိရိဩတ္တပ္ပ တရား**သည်။
တဿ၊ ထို မဂ္ဂင် ရှစ်ပါး ယာဉ်ရထား၏။
အပါလမ္ဗော၊ ခိုင်ခိုင်မြဲမြဲ မှီရာတကဲမည်၏။
သတိ၊ မလွန်မစောင်း အာရုံကောင်းကိုအောက်မေ့နိုင်တဲ့ သတိသည်။
သဿ၊ ထိုမဂ္ဂင်ရှစ်ပါး ယာဉ်ရထား၏။
ပရိဝါရဏံ၊ မလဲမယိုင် အမြဲခိုင်တဲ့ လှည်း ရုံတိုင်မည်၏။
သမ္မာဒိဋ္ဌိ ပူရေဇဝံ၊ လောကီဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်လျှင် ရှေ့သွားရှိသော။
ဓမ္မံ၊ လောကုတ္တရာ သမ္မာဒိဋ္ဌိကို။
သာရထိ၊ မလွဲမတိမ်း ရထားထိန်းဟူ၍။
အဟံ၊ သင်တို့ဆရာ ငါဘုရားသည်။
ဗြုမိ၊ မဂ္ဂင်ရှစ်ပါးကို နိဗ္ဗာန်သွားတဲ့ ယာဉ်ရထားဟူ၍ ဟောတော်မူ၏။
၃။ အနက်
ယဿဣတ္ထိယာဝါ၊ အကြင် မိန်းမအား၎င်း။
ယဿပုရိသဿဝါ၊ အကြင် ယောက်ျားအား၎င်း။
ဧတာဒိသံ၊ ဤသို့ သဘောရှိသော။
ယာနံ၊ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားသည်။
အတ္ထိ၊ လက်ကိုင်မိမိ ကိုယ်၌ရှိ၏။
ဝေ၊ စင်စစ်ဧကန် အမှန်။
သ သော ဣတ္ထိပုရိဿော၊ ထိုမိန်းမ ယောက်ျားသည်။
ဧတေန ယာနေန၊ ထို မဂ္ဂင် ရှစ်ပါး ယာဉ်ရထားဖြင့်။
နိဗ္ဗာနဿေဝ၊ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းတဲ့ ဇာတ်သိမ်းရာမှန် ပြည်နိဗ္ဗာန်၏ သာလျှင်။
သန္တိကေ၊ မုချမသွေ သွားရောက်နိုင်ကြလေသတည်း။
“မဂ် ခေါ်ရပုံ”
ဤ သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးတို့ကို ဘာကြောင့် မဂ် ခေါ်ရသလဲ ဆိုတဲ့အမေး၌ -
၁။ နိဗ္ဗာနတ္ထိကေဟိ မဂ္ဂီယတိ ဂဝေသိယတီတိ မဂ္ဂေါ။
(**ကမ္မသာဓန မဂ္ဂဓာတ် ဏ-ပစ္စည်း**)
၂။ မဂ္ဂတိ ဣမိနာ နိဗ္ဗာနံ ဂစ္ဆတီတိ ဝါ မဂ္ဂေါ။
(**ကတ္တုသာဓန မဂ္ဂဓာတ် ဏ-ပစ္စည်း**)
၃။ သယံ ဝါ နိဗ္ဗာနံ မဂ္ဂတီတိ ဂဝေသတီတိ မဂ္ဂေါ။
(**ကတ္တုသာဓန မဂ္ဂဓာတ် ဏ-ပစ္စည်း**)
၄။ ကိလေသေ မာရန္တော ဝါ နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ။
ဤလို ဝိဂြိုဟ်ဝစနတ် ပြုပ္ပါတ်အလာ ဤအရာကိုထောက်၍ မဂ် ဆိုရသည်ဟု ဖြေလေ။
၁-၂ စသော နံပါတ်စဉ်အတိုင်း ဘာသာပြန်များ
၁။ အကြင်မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို မွေး သေ လွတ်တဲ့ **နိဗ္ဗာန်**ကို အလိုရှိသော သူတို့သည် ရှာမှီးအပ်၏၊ ထို့ကြောင့် မဂ်မည်၏၊ မဂ်မည်သတဲ့။ မဂ်ဟု ခေါ်ဆိုရသတဲ့။
၂။ တနည်း ဤမဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားဖြင့် **နိဗ္ဗာန်**သို့ ရောက်တတ်၏၊ ထို့ကြောင့် မဂ် မည်၏။
၃။ တနည်း မိမိဟု ဆိုအပ်သော မဂ္ဂင်ရှစ်ပါး တရားကိုယ် ကလဲဘဲ **နိဗ္ဗာန်**ကို ရှာတတ်၏၊ ထို့ကြောင့် မဂ် မည်၏။
၄။ တနည်း အကြင်မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည် ရုပ်နာမ်မှန်း မသိမှု **မောဟ**၊ ရုပ်နာမ်ကိုပင် ငါ့ကိုယ် အတ္တဟု ယူမှားမှု **ဒိဋ္ဌိ**၊ လောဘကြောင့် ဖြစ်သော ရုပ်နာမ်ကိုပင် ဗြဟ္မာ ပိဿဏိုးနတ်တို့ ဘန်ဆင်း၍ဖြစ်တယ် ဆိုတာဘဲ ဟုတ်လေသလောဟု ယုံမှားမှု **ဝိစိကိစ္ဆာ**၊ ဤ **မောဟ ဒိဋ္ဌိ ဝိစိကိစ္ဆာ** စသော **ကိလေသာ**တို့ကို မဂ်၏ ရှေ့အဘို့မှာ **တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်**ဖြင့် ပယ်သတ်၍ လောကုတ္တရာ မဂ်ခဏမှာ၊ ဝါ၊ ဒိဋ္ဌိကိလေသာ အပါယ်ခန္ဓာတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ **နိရောဓသစ္စာ, နိဗ္ဗာန်**ကို မျက်မှောက် မြင်သိနေတဲ့ လောကုတ္တရာ မဂ် ခဏမှာ **သမုစ္ဆေဒပဟာန်**ဖြင့် အကြွင်းမဲ့ ပယ်သတ်လျက် အပါယ်လွတ်တဲ့နိဗ္ဗာန် မွေးသေလွတ်တဲ့နိဗ္ဗာန် ဒုက္ခခပ်သိမ်း ချုပ်ပြတ် ငြိမ်းတဲ့နိဗ္ဗာန်ကို သွားတတ်၏။ ထို့ကြောင့် မဂ် မည်၏။
ဤလို ဤပုံ **ကိလေသာ**တို့ကို သတ်၍ **နိဗ္ဗာန်**သို့ သွားတတ်သောကြောင့် မဂ် ဆိုရသည် ဟူလို။
“အတု အစစ်”
**“ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ”** ဟု အဋ္ဌကထာဆရာတို့ ဖွင့်ဆို ထားတာက ဝိဂြိုဟ်ပြ ဝိဂြိုဟ်တုမျှသာ ဖြစ်တယ်။
ဝိဂြိုဟ်စစ်ကတော့ …
“ကိလေသေ မာရေတီတိ မော” (**မရ-ဓာတ် ရ-ပစ္စည်း**)
**“နိဗ္ဗာနံ ဂစ္ဆတီတိ ဂေါ”** (**ဂမု-ဓာတ် ကွိ-ပစ္စည်း**) အရိယ မဂ်ကိုချည်း ရ၏။
**“မောစ သော ဂေါစာ တိ မဂ္ဂေါ”** ၎င်း ရ၏။
ပ-ဒု နှစ်ဝိကပ်မှာ **ကတ္တုသာဓန ကိတ်ဝိဂြိုဟ်**၊ တ-မှာ **ဝိသေသ နော ဘယ ပဒ ကမ္မဓာရယ်သမာသ် ဝိဂြိုဟ်**မှတ်။
ဝိဂြိုဟ်နက်
ယော ဓမ္မော၊ အကြင်မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည်။
ကိလေသေ၊ ကိလေသာတို့ကို။
မာရေတိ၊ သတ်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သောဓမ္မော၊ သည်။
မော၊ မ, မည်၏။
ယောဓမ္မော၊ အကြင် မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။
ဂစ္ဆတိ၊ သွားတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သောဓမ္မာ၊ သည်။
ဂေါ၊ ဂ, မည်၏။
မောစ၊ ကိလေသာတို့ကို သတ်တတ်သည်လည်း ဟုတ်၏။
သော၊ ထို ကိလေသာတို့ကို သတ်တတ်၏ ဟူသည်။
ဂေါစ၊ နိဗ္ဗာန်သို့ သွားတတ်သည်လည်း ဟုတ်၏။
ဣတိ၊ ထို့ကြောင့်။
မဂ္ဂေါ၊ မဂ် မည်၏။
ဤ၌ မဂ္ဂ-ဆိုတဲ့ပုဒ်မှာ မ-တပုဒ် ဂ- တပုဒ် နှစ်ပုဒ်ခွဲထား။
- (**မ**)က **ကိလေသာ**ကိုသတ်တဲ့အနက်ကို ဟော၏။
- (**ဂ**)က **နိဗ္ဗာန်**ကိုသွားတဲ့အနက်ကို ဟော၏။
သဒ္ဒါစည်းကမ်းအရ ဂ-ကို ဒွေးဘော်ပြု(**ဂ္ဂ**) ဖြစ်လာ၏၊ ရှေ့က မ-နှင့် ပေါင်းသော် **မဂ္ဂ** ဟု ဖြစ်လာ၏၊
အောက် ဂ-တလုံးကိုချေ (ဂ)အထက် အသတ်တခွန်လွှား **“မဂ်”** ဟု ဖြစ်လာ၏။
ဆိုလိုရင်း အဓိပ္ပါယ်မှာ -
**မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရား**ကို ကျင့်ကြံ အားထုတ်တဲ့သူဟာ ဘယ်သူဘဲ အားထုတ် အားထုတ် မဂ္ဂင်ရှစ်ပါး စုံညီလာတဲ့ခါ မဂ်၏ရှေ့အဘို့မှာ မိမိမဂ်နှင့် ဆိုင်ရာဆိုင်ရာ **ကိလေသာ**တို့ကို **တဒင်္ဂပဟာန်** စသည်ဖြင့် ပယ်သတ်၍ သင်္ခါရ ချုပ်ငြိမ်းရာ **နိဗ္ဗာန်**ကို မျက်မှောက် မြင်သိတဲ့ မဂ်ခဏ မဂ်ခဏတို့မှာ မိမိ မိမိတို့၏ မဂ်နှင့်ဆိုင်ရာ **ကိလေသာ** တို့ကို အကြွင်း မထားဘဲ **သမုစ္ဆေဒပဟာန်**ဖြင့် ပယ်သတ်၍ မွေးသေလွတ်တဲ့ **နိဗ္ဗာန်**သို့ သွားတတ်သောကြောင့် မဂ်ဆိုသည် ဟု သိလေ။
တနည်း - မဂ္ဂင် လက္ခဏာ တရားကိုယ် အရများ
| မဂ္ဂင် |
လက္ခဏာ |
(တရားကိုယ်အရ) |
| သမ္မာဒိဋ္ဌိမဂ္ဂင် |
မဖောက်မပြန်အမှန်ကိုသိမြင်ခြင်းလက္ခဏာရှိ၏ |
(ပညာစေတသိက်) |
| သမ္မာသင်္ကပ္ပ |
အမှန်သမ္ပယုတ်တရားတို့ကို အာရုံသို့တင်ခြင်း |
(ဝိတက် စေတသိက်) |
| သမ္မာဝါစာ |
အမှန်ဝစီကံကို သိမ်းဆည်းခြင်း လက္ခဏာရှိ၏ |
(သမ္မာဝါစာ စေတသိက်) |
| သမ္မာကမ္မန္တ |
အမှန်ကာယကံကို သိမ်းဆည်းခြင်း လက္ခဏာရှိ၏ |
(သမ္မာကမ္မန္တ စေတသိက်) |
| သမ္မာအာဇီဝ |
အမှန်အသက်မွေးခြင်းကို စင်ကြယ်စေခြင်း |
(သမ္မာအာဇီဝ စေတသိက်) |
| သမ္မာဝါယာမ |
အမှန်ယှဉ်ဘက်တရားတို့ကို ချီးမြှောက်ခြင်း |
(ဝိရိယ စေတသိက်) |
| သမ္မာသတိ |
အမှန်အာရုံ၌ ထင်စေခြင်းလက္ခဏာရှိ၏ |
(သတိ စေတသိက်) |
| သမ္မာသမာဓိ |
အမှန်အာရုံ၌ တည်ကြည်ခြင်းလက္ခဏာရှိ၏ |
(ဧကဂ္ဂတာ စေတသိက်) |
တပါးတပါးလျှင်
၃-ကိစ္စ ၃-ကိစ္စစီ ဖြစ်ကြပုံ
“တေသု ဧကေကဿ တီဏိ တီဏိ ကိစ္စာနိ ဟောန္တိ”
ဆိုတဲ့ သစ္စဝိဘင်းအဖွင့် သမ္မော ဋ္ဌကထာနှင့်အညီ အဆိုပါ မဂ္ဂင်ရှစ်ပါးတို့သည် ဖြစ်ပေါ် လာကြကုန်သည်ရှိသော် - တပါး တပါးလျှင် သုံးကိစ္စ သုံးကိစ္စစီ ဖြစ်ကြကုန်သတဲ့၊ ဘယ်ပုံဖြစ်သလဲ ဆိုတဲ့အမေး၌ -
**သမ္မာဒိဋ္ဌိ** အဖြစ်အမှန်ကိုသိတဲ့ **သမ္မာဒိဋ္ဌိ** ဖြစ်ပေါ်လာတဲ့ခါ မိမိခန္ဓာမှာ အမှန်ရှိနေတဲ့ ရုပ်နာမ်ဖြစ်ပျက် အဆက်ဆက်ကို၎င်း၊ ၎င်း ရုပ်နာမ်တို့၏ မမြဲ ဆင်းရဲ အစိုးမရတဲ့ **အနိစ္စ ဒုက္ခ အနတ္တ** အချက်ကို၎င်း၊ ဒု-သ-နိ-မ ဆိုတဲ့ **သစ္စာ**တို့ကို၎င်း **သိမြင်ခြင်းကိစ္စ**၊
မိမိသမ္မာဒိဋ္ဌိနှင့် ဆန့်ကျင်ဘက် ရုပ် နာမ် လက္ခဏာ သစ္စာတို့ကို မသိတဲ့**အဝိဇ္ဇာ**, မသိလို့ဘဲ ယုံမှားရှိနေတဲ့ **ဝိစိကိစ္ဆာ**, ငါ့ကိုယ် အတ္တဟု ယူမှားနေတဲ့ **အတ္တဒိဋ္ဌိ**တို့ကို **ပယ်သတ်ခြင်းကိစ္စ**၊
အဆိုပါ **အဝိဇ္ဇာ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာ** ထို **ကိလေသာ**တို့ကြောင့် ဖြစ်သော အပါယ်ခန္ဓာ ထိုကိလေသာ ခန္ဓာတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ တဖန်အသစ် မဖြစ်ရာ **အသင်္ခတနိဗ္ဗာန်**ကို **အာရုံပြုခြင်းကိစ္စ**၊
ဤလိုဤပုံ **သုံးကိစ္စ** ဖြစ်သည် ဟူလို။
ထို့အတူ -
**သမ္မာသင်္ကပ္ပ** စသော ကျန် မဂ္ဂင်ခုနစ်ပါး တို့၌လည်း မိမိတို့၏ သမ္မာမဂ်နှင့်ဆိုင်ရာ အသီးအသီး ဖြစ်ပေါ်လာပုံ၊ သမ္မာမဂ်များ ဖြစ်ပေါ်လာတဲ့ အခါမှာလည်း မိမိတို့၏ မဂ်များနှင့် တိုက်ရိုက် ဆန့်ကျင်ဘက် ဖြစ်နေကြတဲ့ မိစ္ဆာမဂ်များကို ပယ်သတ်ပုံ၊ နိဗ္ဗာန်အာရုံပြုပုံ **သုံးကိစ္စစီ** ရှိပုံတို့ကို သမ္မာဒိဋ္ဌိ၌ ဆိုအပ်ခဲ့ပြီးသော နည်းကိုမှီ၍ **နယဂ္ဂါဟ** အားဖြင့် သိကြပါလေတော့ ဟူလို။
တချက်ခုတ် ၃ ချက်ပြတ်
လောကမှာ ပြောကြတာက တချက်ခုတ် နှစ်ချက်ပြတ် ဟူ၍သာ ပြောကြသည်၊ အပြောများကြသည်။ **“တချက်ခုတ် သုံးချက်ပြတ်”** လို့တော့ မပြောကြဘူး၊ သို့ပေသည့် **မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီး** ကတော့ တပါးဖြစ်လျှင် သုံးပါး သုံးပါးစီ ကိစ္စ ပြီးစီးသွားသောကြောင့် တချက်ခုတ်လျှင် သုံးချက်ပြတ်တာ မဂ်ဆိုတဲ့ **ဓါးသံလျက်ကြီး** ရှိသားဘဲဟု ပြောနိုင်ကြပြီ မဟုတ်ပါလော။
လာပြန်ပြီ တချက်ခုတ်လျှင်
၇-ချက် ၈-ချက်ပြတ်
အဆိုပါ မဂ္ဂင်ရှစ်ပါးတို့ဟာ **“သမ္မာဒိဋ္ဌိ ပူရေဇဝံ”** နှင့်အညီ၊ မဂ္ဂင်ရှစ်ပါး တို့တွင် **သမ္မာဒိဋ္ဌိမဂ္ဂင်** ရှေ့သွားရှိတယ် ဆိုသောကြောင့် လောကီဘက်မှာ ရုပ်နာမ်ဖြစ်ပျက် အဆက်ဆက် **အနိစ္စ ဒုက္ခ အနတ္တ** အစစ် ဒု-သ-နိ-မ တို့သာ ဖြစ်၏ဟု တတ်တတ် ထင်ထင် တဲ့တဲ့ကြီး သိမြင်တဲ့ လောကီ **သမ္မာဒိဋ္ဌိမဂ္ဂင်** ဖြစ်ပေါ်လာလျှင် ကျန် မဂ္ဂင် တို့လည်း အသီးအသီး လိုက်၍ ဖြစ်ကြရာ လောကုတ္တရာ ဘက်မှာလည်း အဆိုပါ ရုပ်နာမ်သင်္ခါရတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ **နိဗ္ဗာန်**ကို မတွေမဝေ မျက်မှောက် မြင်သိ သွားတဲ့ **လောကုတ္တရာမဂ္ဂ သမ္မာဒိဋ္ဌိ** ဖြစ်ပေါ်ခိုက်မှာ ကျန်မဂ္ဂင်တို့လည်း တပြိုင်နက် တချက်တည်း ဖြစ်ပေါ်လာကြရလေတော့သည်ဖြစ်၍ တချက်ခုတ်လျှင် ၇-ချက် ၈-ချက် ပြတ်ပင် ဖြစ်တော့၏။
ထို့ ကြောင့်ပင် -
သမ္မာဒိဋ္ဌိကဿ ဘိက္ခဝေ၊ သမ္မာသင်္ကပ္ပေါပဟောတိ၊ပ။ သမ္မာသမာဓိ ပဟောတိ။
(**မဂ္ဂသံယုတ်ပါဠိ**)
ဘာသာပြန်
ရဟန်းတို့ - ခန္ဓာအတွင်းသား၌ တဖွားဖွား ဖြစ်ပျက်နေကြတဲ့ အတွင်းတရားတို့ကို အတွင်းသို့ဝင်၍ အတတ်သိမြင်နိုင်တဲ့ အတွင်းသိ **သမ္မာဒိဋ္ဌိမဂ္ဂင်** ဖြစ်ပေါ်နေသော ပုဂ္ဂိုလ်အား သမ္ပယုတ်တရား တို့နှင့်တကွ စိတ်ကို အာရုံသို့ တင်ပို့တတ်သော **သမ္မာသင်္ကပ္ပမဂ္ဂင်**လည်း ဖြစ်ပေါ်တော့သည်၊
ထိုအခိုက် ထိုအချိန်တွင် -
- ဝစီကံ မလွန်ကျူးတဲ့ **သမ္မာဝါစာ**၊
- ကာယကံ မလွန်ကျူးတဲ့ **သမ္မာကမ္မန္တ**၊
- မိစ္ဆာဇီဝ မလွန်ကျူးတဲ့ **သမ္မာအာဇီဝ**၊
- ဝိပဿနာအလုပ် တရား အားထုဘ်တဲ့ **သမ္မာဝါယာမ**၊
- ဝိပဿနာအာရုံ၌ အမှတ်တရဖြစ်နေတဲ့ **သမ္မာသတိ**၊
- ထိုအာရုံ၌ပင် စူးစိုက် တည်ကြည်နေတဲ့ **သမ္မာသမာဓိ** -
တို့လည်း ဖြစ်ပေါ်နေတော့သည်။
မီးရထား ဥပမာ
ဥပမာ ဆိုသည်ဆိုသော် - ရှေ့ဆုံးက မီးရားခေါင်းတွဲကြီးသည် သူ့တွဲနှင့် သူ့ဘီး လိမ့်လိမ့်သွားတဲ့ခါ နောက်တွဲတို့ကလဲ သူ့တွဲနှင့် သူ့ဘီး လိမ့်လိမ့် လိုက်ဘိသကဲ့သို့၊ ထို့တူပမာ **သမ္မာဒိဋ္ဌိမဂ္ဂင်**ဟာ ဝိပဿနာ၏ အာရုံဖြစ်တဲ့ ရုပ်နာမ်ဖြစ်ပျက် အဆက်ဆက် **အနိစ္စ ဒုက္ခ အနတ္တ** အစစ် ဒု-သ အချက်တို့ကို သိမြင်ခြင်းကိစ္စ တို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော မိစ္ဆာဒိဋ္ဌိကို ပယ်သတ်ခြင်းကိစ္စ နိဗ္ဗာန်ကို အာရုံပြုခြင်းကိစ္စ မိမိကိစ္စကို ဆောင်ရွက်သွားတဲ့ခါ နောက်တွဲတွေနှင့် တူနေတဲ့ ကျန်မဂ္ဂင် ၇-ပါးတို့လဲဘဲ မိမိကိစ္စကို အသီးအသီး ဆိုင်ရာဆိုင်ရာ ဆောင်ရွက်သွားကြလေသည်။
**သမ္မာဒိဋ္ဌိမဂ္ဂင်**ကို ရှေ့ဆုံးမီးရထား ခေါင်းတွဲကြီးကဲ့သို့ ကျန်မဂ္ဂင် ၇-ပါး ကို နောက်တွဲ များကဲ့သို့ သိမှတ်ကြပါလေ ဟူလို။
မဂ္ဂင်ရှစ်ပါး အစဉ်ထား၍ ဟောကြားပုံ
▬▬▬▬▬▬▬▬▬▬
အဆိုပါ မဂ္ဂင်ရှစ်ပါးတို့တွင် သမ္မာသင်္ကပ္ပ စသည်ကို ရှေ့မထားဘဲ သမ္မာဒိဋ္ဌိကို ရှေ့ဆုံး ထား၍ ဘာကြောင့် ဟောကြားတော်မူခဲ့ပါသလဲ ဆိုတဲ့ အမေး၌ -
(၁) “သမ္မာဒိဋ္ဌိ”
သမ္မာဒိဋ္ဌိသည် သိမြင်စရာ ဟူသမျှကို သိမြင်တတ်သော လောကီပညာ လောကုတ္တရာ ပညာ တရားမျိုးဖြစ်၍ မဂ်ရှေ့အဘို့မှာ ရုပ် နာမ် ဖြစ် ပျက် အဆက်ဆက် အနိစ္စ, ဒုက္ခ, အနတ္တ အစစ် ဒု-သ-နိ-မ သစ္စာတို့ကို တတ်တတ် ထင်ထင် တဲ့တဲ့ကြီး သိမြင်ပြီးလျှင် ထိုအချက်တို့ကို သက်သက်မသိ မရိပ်မိတဲ့ မောဟအဝိဇ္ဇာကို ဖျက်ဆီး၍ ကိလေသာ တည်းဟူသော ရန်သူကို သတ်လျက် ယောဂီသည် ကိလေသာရန်သူ တည်းဟူသော ဘေးမရှိရာ နိဗ္ဗာန်သို့ ဖြောင့်တန်းစွာ ရောက်ရှိလေတော့သည်။
“သမ္မာဒိဋ္ဌိ ပူရေဇဝေါ၊ သမ္မာဒိဋ္ဌိ ပုဗ္ဗင်္ဂမော” နှင့် အညီ၊ ဝဋ်မှ ထွက်ရာ မဂ်ဖိုလ် နိဗ္ဗာန်ကို ရခြင်း ရောက်ခြင်းငှါ ကျင့်ကြံ အားထုတ်သော သူအား အထူးကျေးဇူး များလှသောကြောင့် သမ္မာဒိဋ္ဌိကိုရှေ့ဆုံးထား၍ ဟောကြားတော်မူသည်ဟု သိလေ မှတ်လေ။
(၂) “သမ္မာသင်္ကပ္ပ”
သမ္မာဒိဋ္ဌိသည် သမ္မာသင်္ကပ္ပနှင့် ကင်း၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် -ပန်းတိမ်ဆရာ၏ မျက်စိနှင့် ပန်းတိမ်ဆရာ၏ လက်သည် ကင်း၍ မဖြစ်နိုင်သကဲ့သို့ ပေတည်း၊ အသို့ဖြစ်သနည်း၊
ပန်းတိမ်ဆရာ၏ မျက်စိသည် ရွှေ ငွေ၏ ကောင်းမကောင်း မှန်မမှန် စစ် မစစ် ကိုသာ သိတတ်၏။ သိနိုင်၏၊ ထို ရွှေငွေကို အောက်-အထက် ဗြောင်းပြန် လှန်၍ကား မကြည့် တတ်၊ မကြည့်နိုင်ပေ။ ပန်းတိမ်ဆရာ၏ လက်သည် ထို ရွှေ ငွေကို အောက် အထက် ဗြောင်းပြန်မူကား လှန်နိုင်၏။ ကောင်း မကောင်း, မှန် မမှန် စစ် မစစ်ကို မသိ တတ်ပေ။ (ဤကား-ဥပမာ)
ထို့တူပမာ - သမ္မာဒိဋ္ဌိသည် ရုပ်နာမ် ဖြစ်ပျက်ကိုကား သိတတ်၏၊ အာရုံသို့ ရောက်အောင်ကား မတင်ပို့နိုင်ပေ။
သမ္မာသင်္ကပ္ပသည် အာရုံသို့ကား တင်ပို့နိုင်ပါ၏၊ ရုပ် နာမ် ဖြစ်ပျက်ကိုကား မသိ မမြင်နိုင်ပေ၊
ရွှေပန်းတိမ်သည်၏ မျက်စိနှင့် သမ္မာဒိဋ္ဌိ တူ၏၊
ရွှေပန်းတိမ်သည်၏ လက်နှင့် သမ္မာသင်္ကပ္ပ တူ၏။
သမ္မာသင်္ကပ္ပ ဝိတက်က ရုပ် နာမ် အာရုံသို့ တင်ပေးမှသာ သမ္မာဒိဋ္ဌိ ပညာက ဤကား-ရုပ်, ဤကား-နာမ် ဟု အမှန်ကို ဆုံးဖြတ်၍ သိ၏။ ဤကား-အနိစ္စ ဤကား-ဒုက္ခ, ဤကား-အနတ္တ ဟု အမှန်ကိုလည်း ဆုံးဖြက်၍ သိ၏၊
ဤ ရုပ်နာမ်တွေဟာ ဥပါဒ်-ဌီ-ဘင် မကင်းတဲ့ တရားတွေဘဲလို့လဲ သိ၏၊ ဥပါဒ်-ဌီ-ဘင် မကင်းတဲ့တရား မှန်သမျှ ဘယ်တရားမှ နိစ္စ သုခ အတ္တ မရှိဘူး၊ အားလုံး အနိစ္စ ဒုက္ခ အနတ္တ၊ မမြဲ ဆင်းရဲ အစိုး မရတဲ့တရားတွေချည်းဘဲလို့ သိ၏။
ဤလို ဆုံးဖြတ်၍ သိနိုင်တာလဲ သမ္မာသင်္ကပ္ပ ဝိတက်က အာရုံသို့တင်ပေး၍သာ သိမြင် ဆုံးဖြတ်နိုင်ပေသည်။
ဤလိုဤပုံ သမ္မာဒိဋ္ဌိအား ကျေးဇူးများသောကြောင့် ၎င်း၏အခြားမဲ့၌ သမ္မာသင်္ကပ္ပကို ဟောတော်မူသည်ဟု သိလေ။
(၃) “သမ္မာဝါစာ”
သမ္မာသင်္ကပ္ပသည် သမ္မာဒိဋ္ဌိအား ကျေးဇူးများသကဲ့သို့ ထို့အတူ သမ္မာဝါစာ အားလည်း ကျေးဇူး များပေ၏၊ များပုံကား လောကမှာ မည်သူမဆို မည်သည့် စကားကိုဘဲ ပြောပြော ရှေးဦးစွာ ဤမည်သော စကားကို ပြောမည်ဟု စိတ်ဖြင့်ကြံ၍ နောက်မှ နှုတ်ဖြင့် ပြောဆိုသကဲ့သို့ ပြောဆိုရ၏၊
ထို့ကြောင့် သမ္မာသင်္ကပ္ပ၏ အခြားမဲ့၌ သမ္မာဝါစာကို ဟောတော်မူသည်။
(၄) “သမ္မာကမ္မန္တ”
ထို့အတူ - မည်သူမဆို မည်သည့်အမှုကိုဘဲ ပြုလုပ် ပြုလုပ် ရှေးဦးစွာ ဤမည်သော အမှုကို ပြုလုပ်မည်ဟု နှုတ်ဖြင့် စီစဉ်ပြီးမှ ထိုထိုအမှုကို ပြုလုပ်ကြရ၏၊ ထို့ကြောင့် သမ္မာဝါစာ၏ အခြားမဲ့၌ သမ္မာကမ္မန္တကို ဟောတော် မူသည်။
(၅) “သမ္မာအာဇီဝ”
ဝစီဒုစရိုက်လေးပါး, ကာယဒုစရိုက်သုံးပါး, ပေါင်း ဒုစရိုက် ခုနှစ်ပါး တို့ကိုပယ်၍ ဝစီသုစရိုက် လေးပါး, ကာယသုစရိုက်သုံးပါး, ပေါင်းသုစရိုက် ခုနစ်ပါးတို့ကို ကျင့်သော သူအားသာလျှင် အာဇီဝလျှင် ရှစ်ခုမြောက် ရှိသော သီလတို့၏ ပြည့်ကြောင်းဖြစ်သော အာဇီဝဋ္ဌမကသီလသည် အကျင့်ကြောင့် ပြည့်စုံ၏၊
အဆိုပါ သီလနှင့် မပြည့်စုံသောသူအား သီလသည် မပြည့်စုံ၊ ထို့ကြောင့် သမ္မာကမ္မန္တ၏ အခြားမဲ့၌ သမ္မာအာဇီဝကို ဟောတော်မူသည်။
(၆) “သမ္မာဝါယာမ”
တဖန် - ငါ၏ အာဇီဝသုဒ္ဓိသီလ စင်ကြယ်လှပြီဟူ၍ အာဇီဝ စင်ကြယ်ကာမျှဖြင့် “န သီလမတ္တကေန” နှင့် အညီ၊ ရောင့်ရဲ တင်းတိမ် အားရကျေနပ်၍ မနေအပ်သေး၊ သီလ စင်ကြယ်ရုံမျှနှင့် မဂ်ကိစ္စ ဖိုလ်ကိစ္စ မပြီးသေး၊ ဣရိယာပုထ် လေးပါးတို့၌ မီးပွတ်သော ယောက်ျား ကဲ့အလားသို့ နေ့မနား ညဉ့်မနား သမထ ဝိပဿနာ ဟူသော ရဟန်း တရားကို ကြိုးကြိုးစားစား အားထုတ်ရမည်ဟု ပြတော်မူလို၍ အာဇီဝ၏ အခြားမဲ့၌ သမ္မာဝါယာမကို ဟောတော်မူသည်။
(၇) “သမ္မာသတိ”
တဖန် - ထိုနောက် အားထုတ်အပ်သော ဝိရိယရှိသော ယောဂီအားသာလျှင် ရူပကာယ အစရှိကုန်သော လေးပါးသော ဝတ္ထုရုပ် မဟာဘုတ်တို့၌ သတိကို ကောင်းထင်သည်ကို ပြုအပ်သည်ဟု ပြတော်မူလို၍ သမ္မာဝါယာမ၏ အခြားမဲ့၌ သမ္မာသတိကို ဟောတော် မူသည်။
(၈) “သမ္မာသမာဓိ”
တဖန် - ဤလို ကောင်းစွာထင်သော သတိရှိသော ယောဂီသည် သမာဓိအား ကျေးဇူးရှိသည် မရှိသည်ကို စူးစမ်း ဆင်ခြင်၍ တခုတည်းသော အာရုံ၌ စိတ်ကို ကောင်းစွာ ထားခြင်းငှါ စွမ်းနိုင်၏ဟု ပြတော်မူလို၍ သမ္မာသတိ၏ အခြားမဲ့၌ သမ္မာသမာဓိကို ဟောတော်မူသည်။
(ဤပုံ အစဉ်ထား၍ ဟောတော်မူသည် ဟူလို)
အဋ္ဌင်္ဂိကမဂ်နှင့် ပဉ္စင်္ဂိကမဂ်
▬▬▬▬▬▬▬▬▬▬
မဂ်သည် အဋ္ဌင်္ဂိကမဂ် ပဉ္စင်္ဂိကမဂ် ဟု နှစ်မျိုးရှိရာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသော ရှစ်ပါးလုံးကို အဋ္ဌင်္ဂိကမဂ်ဆို၍ အဆိုပါ ရှစ်ပါးတို့တွင် “ဝါစာ ကမ္မံ အာဇီဝံ သုံးတန် ပယ်ချ ပဉ္စင်္ဂိက” ဆိုတဲ့အတိုင်း ဝါစာ ကမ္မံ အာဇီဝံ သုံးပါးကို ပယ်ချထား၍ ကျန်ငါးပါးကို ပဉ္စင်္ဂိကမဂ် ဆိုသည်ဟု သိ၊ အဘယ်ကြောင့် ဆိုသော် ဝါစာ ကမ္မံ အာဇီဝံ တို့မှာ လောကီမဟာကုသိုလ် စိတ်၌ ယှဉ်တဲ့ခါ ရံခါ အသီးအသီးသာ ယှဉ်၍ လောကုတ္တရာစိတ်၌ ယှဉ်တဲ့ခါ၊ တပြိုင်နက် ယှဉ်ကြသော ဝိရတီ စေတသိက်များ ဖြစ်သောကြောင့် ပေတည်း၊ ထို့ကြောင့် အဋ္ဌင်္ဂိကမဂ်ကို လောကုတ္တရာ၊ ပဉ္စင်္ဂိကမဂ်ကို လောကီမှတ်လေ။
သမ္မာဒိဋ္ဌိ ၅-မျိုးရှိ
▬▬▬▬▬▬
အဆိုပါ မဂ္ဂင်ရှစ်ပါးတွင် တွက်ကျုံးဝင်သော သမ္မာဒိဋ္ဌိသည် -
၁၊ ကမ္မဿကတ သမ္မာဒိဋ္ဌိ။
၂၊ ဝိပဿနာ သမ္မာဒိဋ္ဌိ။
၃၊ မဂ္ဂ သမ္မာဒိဋ္ဌိ။
၄၊ ဖလ သမ္မာဒိဋ္ဌိ။
၅၊ ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ
ဟု (၅)မျိုးရှိသည်။
တနည်း - ဈာနသမ္မာဒိဋ္ဌိကို ထည့်၍ (၆)မျိုး ရှိသည်။
ဈာနသမ္မာဒိဋ္ဌိမှာ ဈာန်ကိုအခြေခံ၍ မဂ် ဖိုလ် နိဗ္ဗာန်ကို ကူးသွားနိုင်သောကြောင့်-ဈာနသမ္မာဒိဋ္ဌိ ဆိုသည်ဟု သိ။
ထို့ကြောင့်ပင် -
ပဉ္စဝိဓာ သမ္မာဒိဋ္ဌိ ကမ္မဿကတ သမ္မာဒိဋ္ဌိ
ဝိပဿနာသမ္မာဒိဋ္ဌိ မဂ္ဂသမ္မာဒိဋ္ဌိ
ဖလသမ္မာဒိဋ္ဌိ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဇာတိ။
ဟုဧကအင်္ဂုတ္တိုရ် ဋ္ဌ ၌ လာ၏။
ဘာသာပြန်
အဟုတ်အမှန်ကို သိမြင်တတ်သော ဉာဏ်ဟု ဆိုအပ်သော သမ္မာဒိဋ္ဌိသည် …
ရတနာ သုံးတန် ကံ-ကံ၏အကျိုးကို သိ၍ ကံသာလျှင် မိမိ ဥစ္စာအစစ် ဧကန်ဖြစ်၏ ဟု သိမြင် တတ်သော ကမ္မဿကတ သမ္မာဒိဋ္ဌိ၊
ရုပ်နာမ်ဖြစ်ပျက် အဆက်ဆက် အနိစ္စ ဒုက္ခ အနတ္တ အစစ်တို့ကို တတ်တတ် ထင်ထင် တဲ့တဲ့ကြီး မြင်သိတတ်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိ၊
သင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက် မြင်သိသွားနိုင်တဲ့ မဂ္ဂသမ္မာဒိဋ္ဌိ၊
ငြိမ်းအေးသော နိဗ္ဗာန်ကို ငြိမ်းအေးသည်ဟု တဲ့တဲ့အာရုံပြု နေနိုင်တဲ့ ဖလသမ္မာဒိဋ္ဌိ၊
“မဂ် ဖိုလ် နိဗ္ဗာန် ပယ်ကျန် ကိလေ” တို့ကို ဆင်ခြင်၍သိတဲ့ ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ၊
ဤပုံ ငါးပါး အပြားရှိ၏။
ဝိပဿနာသမ္မာဒိဋ္ဌိ အထူးဟုသိ
▬▬▬▬▬▬▬▬▬▬▬
ထိုတွင် မည်သူမဆို ဝိပဿနာသမ္မာဒိဋ္ဌိ လက်ကိုင်ရှိလျှင် ဝိပဿနာ အလုပ်ကို မပြတ်မလပ် အားထုတ်နေပါက လက်ရှိဘဝ၌ပင် အရဟတ္တ မဂ်ဖိုလ် သို့သော်လဲ ရောက်နိုင်သတဲ့၊ အကယ်၍ လက်ရှိဘဝ မရောက် မရစေကာမူ - ခုနစ်ခုမြောက်သော ဘဝမှာ ဧကန် အရဟတ္တဖိုလ် ဟူသော အကျိုးကို ပေးနိုင်သတဲ့။
ထို့ကြောင့်ပင် -
သစေဝိပဿနာ သမ္မာဒိဋ္ဌိ ဘာဝိတာ ဒိဋ္ဌေဝဓမ္မေ
အရဟတ္တံ ပါပေတုံ သက္ကောတိ။
ဣစ္ဆေတံ ကုသလံ နောစေသက္ကောတိ သတ္တဘဝေဒေတိ။
(၎င်းဋ္ဌကထာ)
အနက်
အာဝုသော၊ ဝိပဿနာအလုပ် အားထုတ်ကြတဲ့ ယောဂီဖြူ သူမြတ်အပေါင်းတို့။
အာရဗ္ဘထ၊ ဝိပဿနာအလုပ် တရား အားထုတ်မှုကို ဝမ်းမြောက် ဝမ်းသာ စေတနာ သဒ္ဓါတရား ရှိရှိနှင့် ကိုယ်ဖိ ရင်ဖိ ကြိုးစား မယုတ် ပွားများအားထုတ်ကြပါကုန်လော့။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။
ဝိပဿနာသမ္မာဒိဋ္ဌိ၊ ဖြစ်ခိုက် ဖြစ်ဆဲ ဖြစ်ပေါ်ဆဲ ခန္ဓာကိုယ် အတွင်းသားထဲ၌ တဖွားဖွားဖြစ်ပျက်နေကြတဲ့ အတွင်းတရားတို့ကို အတွင်း သို့ဝင်၍ သိနိုင်တဲ့ အသိဉာဏ်ခေါ်သော ဝိပဿနာ သမ္မာဒိဋ္ဌိသည်။
ဝါ၊ ကို။
ဘာဝိတာ၊ နေ့သော ညဉ့်သော သဘောမထား ကြိမ်ဖန်များစွာ အခါခါ ပွါးများမယုတ် အားပါးထုတ်အပ်သည်ရှိသော်။
ဒိဋ္ဌေဝဓမ္မေ ဣမသ္မိံ ယေဝ အတ္တဘာဝေ၊ ရှေးဘဝ ရှေးဘဝတွေကိုပင် အကြွေးအငန်း မထားတော့ဘဲ ယခု မျက်မှောက် လက်ရှိဘဝ၌ဘဲ။
အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။
ဝါ၊ ရဟန္တာအဖြစ်သို့။
ပါပေတုံ၊ ရောက်စေရစေခြင်းငှါ။
ဝါ၊ ရောက်အောင် ရအောင် အားထုတ်ခြင်းငှါ။
သစေသက္ကောတိ၊ အကယ်၍ စွမ်းနိုင်သည် ဖြစ်အံ့။
ဣစ္စေတံ၊ ဤသို့စွမ်းနိုင်လျှင်။
ကုသလံ-သုန္ဒရံ၊ ကောင်းလှပါပေ၏။
နောစေသက္ကောတိ၊ အားထုတ်မှု လျော့၍ဖြစ်စေ သို့မဟုတ် ပညိန္ဒြေ နုသေး၍ဖြစ်စေ လက်ရှိဘဝ ရဟန္တာဖြစ်အောင် မစွမ်းနိုင်သေးသည် ဖြစ်ငြားအံ့။
သတ္တဘဝေ၊ ဝိပဿနာဉာဏ် အမြင်မှန်ရတဲ့ ယခုလက်ရှိဘဝမှစ၍ နောက် ခုနစ်ဘဝလောက်၌။
ဒေတိ၊ အရဟတ္တဖိုလ်အကျိုးကိုပေး၏။
ပေးမည် မုချဧကန္တ တဲ့....။ အဲဒါကြောင့် ဝမ်းမြောက် ဝမ်းသာ အားထုတ်ကြပါတဲ့၊ တရားအားထုတ်သူတိုင်း လွန်လွန်စွာ အားတက်ဘွယ်ကောင်းတဲ့ သာဓကတရပ်ဘဲ ဆိုတာ မေ့မပြစ်ကြလေနှင့် ဟရို့။
မှတ်ချက်
သမ္မာဒိဋ္ဌိ ငါးမျိုး ဆိုသော်လည်း ဗုဒ္ဓဘာသာလူမျိုးတို့မှာ အထိုက်အလျှောက် နံပါတ် (၁) ဖြစ်တဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိကိုတော့ လက်ကိုင်ရရှိကြပြီးသား ဖြစ်နေကြပြီ၊ ကျန် လေးပါးတို့တွင်လည်း “မဂ္ဂ ဖလ ပစ္စဝေက္ခဏာ”သုံးပါးတို့မှာ မဂ်စိတ်တချက်တွင် အကုန်လုံး ပါဝင်ကြပြီးဖြစ်၍ တမင်သက်သက် အားထုတ်ဘွယ်မရှိ၊ နံပါတ် (၂)ဖြစ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ တခုကိုသာ ကြိုးစား အားထုတ်ဘို့လိုသည်။ ၎င်းကို သေနေ့အဆုံး ထား၍ကြိုးစားမယ် ဆိုပါလျှင် လက်ရှိဘဝ၌ပင် ငါးပါးလုံးစုံ၍ ရွှေဘုံနိဗ္ဗာ၌ အငြိမ်းစံ ရမည်ဟုသိ၍ ဝါ၊ ရိပ်စားမိ၍ သူ့ထက်ငါ နောက်မကျရအောင် နင်လား ငါလား အားထုတ်ကြပါရန် အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
နိဗ္ဗာန်ဆိုက်ရောက် မျက်မှောက်ပြုနိုင်
▬▬▬▬▬▬
အဆိုပါ မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို နေ့ညမခြား ကြိုးစားမယုတ် ပွါးများ အားထုတ်သည်ရှိသော် - လက်ရှိဘဝ၌ပင် နိဗ္ဗာန်ဆိုက်ရောက် မျက်မှောက်ပြုနိုင် ကြောင်းကို …
အဋ္ဌင်္ဂိကံ မဂ္ဂံ ဘာဝေန္တောဘိက္ခု အဝိဇ္ဇံ ဘိန္ဒတိ၊
ဝိဇ္ဇံ ဥပ္ပါဒေတိ နိဗ္ဗာနံ သစ္ဆိကရောတိ၊
တေန ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရောဟောတိ။
(ခုဒ္ဒကဋ္ဌကထာ၌ပြဆိုထား၏)
အနက်
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးရှိသော။
ဣမံ မဂ္ဂံ၊ ဤမဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားကို။
ဘာဝေ၊ ပွါးများ အားထုတ်သော။
ဘိက္ခု၊ယောဂီ ရဟန်းသည်။
အဝိဇ္ဇံ၊ ရုပ်နာမ်ဖြစ်ပျက် အဆက်ဆက် အနိစ္စ ဒုက္ခ အနတ္တ အစစ် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာသာ ဖြစ်၏ဟု သက်သက်မသိ မရိပ်မိတဲ့ အဝိဇ္ဇာကို။
ဘိန္ဒတိ၊ ဝိပဿနာ ဉာဏ်လက်နက်ဖြင့် ညက်ညက်ကြေအောင် ပယ်သတ်ဖျက်ဆီး၏။
ဝိဇ္ဇံ၊ ရုပ်နာမ်ဖြစ်ပျက် အဆက်ဆက် အနိစ္စ ဒုက္ခ အနတ္တအစစ် ဒုက္ခသစ္စာနှင့် သမုဒယ သစ္စာသာဖြစ်သည်ဟု တတ်တတ် ထင်ထင် တဲ့တဲ့ကြီး သိမြင်တဲ့ ဝိဇ္ဇာကို။
ဥပ္ပါဒေတိ၊ ဖြစ်ပေါ်စေ၏။
တေန၊ ထို့ကြောင့်။
သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
နိဗ္ဗာနံ၊ ဖြစ်ပျက်မနား ရုပ် နာမ် သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာနိဗ္ဗာန်ကို။
သစ္ဆိကရောတိ၊ အာရုံပြုသော အားဖြင့် မျက်မှောက်ပြုတော့၏။
တေန၊ ထိုယောဂီသည်။
ဒိဋ္ဌေဝ ဓမ္မေ၊ လက်ရှိဘဝ၌သာလျှင်။
ဒုက္ခဿန္တကရော၊ မွေး သေ ဖြစ် ပျက် သံသရာဝဋ်၏ အဆုံးကို ပြုနိုင်တော့သည်။
ဝါ၊ မွေးသေလွတ်တဲ့ နိဗ္ဗာန်ထုတ်ချောက် ရောက်တော့သည်။
ဟောတိ၊ မုချမသွေ ဖြစ်တော့လေ၏။ ။
( ဤကား - တနွယ်ငင် တစင်ပါဆိုတာလို မဂ္ဂင်နှင့် ဆိုင်ရာကို ပြဆိုခြင်းတည်း)
အပိုင်း (၄)
အနုပဋိဝေဓ သစ္စာဉာဏ် ၂-ပါး
▬▬▬▬▬▬▬▬▬▬▬
သစ္စာကို သိသောဉာဏ်သည် အနုဗောဓဉာဏ် ပဋိဝေဓဉာဏ် ဟု နှစ်မျိုး ရှိရာ -
အနုဗောဓဉာဏ်မှာ လောကီဖြစ်၍ သူတပါးထံမှ တဆင့်ပြီး အစွမ်းအားဖြင့် နိရောဓ သစ္စာ၌၎င်း, မဂ္ဂသစ္စာ၌၎င်း ဖြစ်၏၊
ပဋိဝေဓဉာဏ်မှာ လောကုတ္တရာဖြစ်၍ နိရောဓသစ္စာ နိဗ္ဗာန်ကိုအာရုံပြု၍ သစ္စာ လေးပါးတို့ကို တပြိုင်နက် ထိုးထွင်း၍ သိ၏။
ထို့ကြောင့်
ယောဘိက္ခဝေ ဒုက္ခံပဿတိ၊
ဒုက္ခသမုဒယမ္ပိ ပဿတိ၊
ဒုက္ခနိရောဓမ္မိ ပဿတိ၊
ဒုက္ခနိရောဓ ဂါမိနိပဋိပဒမ္ပိပဿတိ။
ဟု-ဟောတော်မူသည်။
ဘာသာပြန်
ဘိက္ခဝေ=ရဟန်းတို့၊ အကြင်သူသည် ဒု ကို သိမြင်၏။ ထိုသူသည် သ ကိုလည်း မြင်တော့၏၊ နိ ကိုလည်း မြင်၏၊ မ ကိုလည်း မြင်၏ဟူလို။
ဤလို ဒု ကို သိမြင်က သ-နိ-မ တို့ပါ တပြိုင်နက် မြင်တယ် ဆိုတာ လောကုတ္တရာမဂ်ခဏ၌ သိတဲ့ အသိကို ဆိုသည်၊ မဂ်၏ ရှေ့ အဘို့၌ကား တပါးစီ တပါးစီသာ အာရုံပြု၍ သိသည်။
ထို့ကြောင့်ပင် -
အပရဘာဂေ တီသုကိစ္စတော ပဋိဝေဓော ဟောတိ၊
နိရောဓေ အာရမ္မဏ ပဋိဝေဓော။ (သမ္မောဋ္ဌ)
အာရမ္မဏ ပဋိဝေဓောတိ သစ္ဆိကရဏ ပဋိဝေဓော။
(၎င်းဋီကာ၌ လာ၏)
ဘာသာပြန်
လောကုတ္တရာဖြစ်တဲ့ နောက်အဘို့၌ကား၊ ဝါ၊မဂ်ခဏ၌ကား ဒု-သ-မ သစ္စာ သုံးပါးတို့၌ ဒု ကို ပိုင်းခြား၍ သိခြင်းကိစ္စ၊ သကို ပယ်ခြင်း ကိစ္စ၊ မကို ပွါးများခြင်း ကိစ္စဖြင့် တပြိုင်နက် တချက်တည်း ထိုးထွင်း၍ သိ၏။ ဝါ-သိခြင်းကိစ္စ ပြီးစီးသွား၏၊ နိ ၌ကား နိဗ္ဗာန်အာရုံကို ထိုးထွင်း၍ သိခြင်းဖြင့် သိ၏၊ အာရုံကို ထိုးထွင်း၍ သိတယ်ဆိုတာ မျက်မှောက်ပြုသော အားဖြင့် ထိုးထွင်း၍ သိခြင်းတည်း။
ထို့ကြောင့်
“ အာရမ္မဏံ သစ္တိကိရိယာ ဝုတ္တာ ဟောတိ”
ဟု-ပဋိသမ္ဘိဒါမဂ်၌ လာ၏။
ဘာသာပြန်
နိဗ္ဗာန်ကို မျက်မှောက်ပြုတယ် ဆိုတာ အရှေ့ဘက်ကို မျက်နှာလှည့်ရုံနှင့် အနောက် ဘက်ကို မျက်နှာလွှဲပြီး ဖြစ်သွားသလို ဖြစ်ပျက် သင်္ခါရတို့ကို အာရုံမပြုတော့ဘဲ ဉာဏ်မျက်နှာ လွှဲထားပြီးလျှင် ဖြစ်ပျက် သင်္ခါရတို့၏ ချုပ်ငြိမ်းရာ, ဖြစ်ပျက် မရှိရာမှ မဖြစ် မပျက်ဘဲ အမြဲ ငြိမ်းအေးနေတဲ့ နိဗ္ဗာန်အာရုံ ဘက်ကိုသာ ဉာဏ်မျက်နှာ လှည့်ထားကာ ဖြစ်ပျက်နှင့် မဘက်မစပ် ဝိသင်္ခါရသတ်သတ် သင်္ခါရ ချုပ်ငြိမ်းနေတဲ့ နိဗ္ဗာန်အာရုံ တခုတည်းကိုသာ မဂ်စိတ် ဖိုလ်စိတ်ဖြင့် အာရုံပြုနေသည်ကိုပင် နိဗ္ဗာန်ကို မျက်မှောက် ပြုနေသည်ဟု ဆိုရသည် ဟူလို။
တပြိုင်နက် သိပုံ ဆီမီး-ဥပမာ
▬▬▬▬▬▬▬▬▬▬▬
ယထာယံပဒီပေါ အပုဗ္ဗအစရိမံ၊
ဧကက္ခဏေစတ္တာရိ ကိစ္စာနိကရောတိ၊
၀ဋ္ဋိံ ဈာပေတိ အန္ဓကာရံ ဝိဓမတိ၊
အာလောကံ ပရိဝိဒံသေတိ သိနေဟံပရိယာဒိယတိ။ ။
(သမ္ဗော ဝိသုဒ္ဓိ-ဋ္ဌ)
ဘာသာပြန်
ဆီမီးသည် ညှိထွန်းလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း မီးစာကို လောင်ကျွမ်း စေခြင်း၊ အမိုက်မှောင်ကို ပယ်ဖျောက်ခြင်း၊ အလင်းရောင်ကိုပြခြင်း၊ ဆီကုန်ခမ်းခြင်း ဟာ တပြိုင်နက် ဖြစ်သကဲ့သို့ ထို့တူပမာ - မဂ်စိတ်သည်၊ ဝါ၊ မဂ်ဉာဏ်သည် မဂ်ခဏ၌ နိဗ္ဗာန်ကို အာရုံပြုသော အားဖြင့် မရှေးမနှောင်း တပြိုင်နက် ဒု ကို ပိုင်းခြား၍ သိခြင်း၊ သ ကိုပယ်၍ သိခြင်း၊ နိ ကို မျက်မှောက်ပြု၍ သိခြင်း၊ မ ကို ပွါး၍ သိခြင်း၊ တပြိုင်နက် တချက်ထည်း မဂ်ကိစ္စပြီးစီးသွား၏ ဟူလို။
သစ္စာသိ၍ ဒိဋ္ဌိပယ်ပုံ
▬▬▬▬▬▬▬
၁။ အဆိုပါ သစ္စာသိသောဉာဏ်သည် ဒု ကို သိတဲ့အခါ အလွန်ဘိစီး နှိပ်စက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော သက္ကာယဒိဋ္ဌိကို ဆုတ်နစ်စေ၏။ ဝါ၊ ပယ်သတ်၏။ အဘယ် ကြောင့်နည်း - ဒု ကိုပင် ဒု-လို့ မသိခင်က ဒု-ကိုပင် ငါ့ကိုယ်အတ္တဟု မှတ်ထင်ယူဆ နေသော သက္ကာယဒိဋ္ဌိ အယူမှားကို ပယ်ရှား စွန့်ပစ်လိုက်နိုင်သောကြောင့်ပေတည်း။
၂။ သ-ကို သိတဲ့ခါ သတ္တဝါသေလျှင် ပြတ်၏ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိကို ဆုတ်နစ် စေ၏၊ အဘယ်ကြောင့်နည်း - အကြောင်းအကျိုးကို စပ်၍ မပြတ်ဖြစ်နေခြင်းကို သိမြင်သောကြောင့်ပေတည်း။
၃။ နိ-ကို သိတဲ့ခါ သတ္တဝါသည် မြဲ၏ဟု ယူမှားသော သဿတဒိဋ္ဌိ ကို ဆုတ်နစ်စေ၏၊ အဘယ်ကြောင့်နည်း- သ အကြောင်း ချုပ်ခြင်းကြောင့် ဒု-အကျိုးချုပ်သည်ကို သိမြင်သောကြောင့်ပေတည်း။
၄။ မ-ကို သိတဲ့ခါ သတ္တဝါတို့၏ ဖြစ်ခြင်းသည် အကြောင်းအကျိုးမရှိ ရောက်ယား ဘာသာ အလေ့ပေါက် သဘောသာ ဖြစ်ပေါ်လာ၍ ကုသိုလ် အကုသိုလ်ကို မပြုအပ်ဟု ယူမှားသော အကိရိယဒိဋ္ဌိကို ဆုတ်နစ်စေ၏။ အဘယ်ကြောင့်နည်း - တဏှာပယ်တဲ့ မဂ်အကျင့်ကိုကျင့်မှ တဏှာကုန်တဲ့ ရွှေဘုံနိဗ္ဗာန်သို့ ရောက်သည်ကိုသိ၍ မိမိသည် ပြုအပ်သော မဂ်ကိစ္စကို မျက်မှောက် မြင်သိသောကြောင့်ပေတည်း။
တနည်း ဒိဋ္ဌိပယ်ပုံ
▬▬▬▬▬▬
၁။ ဒု-ကို သိသောဉာဏ်သည် မြဲသောအဖြစ် တင့်တယ်သောအဖြစ် ချမ်းသာသော အဖြစ် အတ္တအဖြစ်တို့၏ လုံးဝ ကင်းကုန်သော ရုပ် နာမ် ခန္ဓာတို့၌ မြဲသောအဖြစ် တင့်တယ်သော အဖြစ် ချမ်းသာသော အဖြစ် ကိုယ်အဖြစ်ကို အမှား မှတ်တတ်သော အကျိုး၌ ဖေါက်ပြန် မှားယွင်းသော အကျင့်ကို ဆုတ်နစ်စေ၏။
၂။ သ-ကို သိသောဉာဏ်သည် ပရမီသွာ ဗြဟ္မာ စသော ဣဿရ အကြောင်း ပကတိ အဗျတ္တ ပဓာန အကြောင်း ကာလအကြောင်း, သဘာဝအကြောင်း စသည်တို့ဖြင့် လောကသည်၊ ဝါ၊ လူ နတ်သည် ဖြစ်၏ဟု ဤသို့ အကြောင်း မဟုတ်သည်၌ အကြောင်းဟု အမှတ် မှားသောအားဖြင့် ဖြစ်သော အကြောင်းရင်း အကြောင်းမှန်၌ ဖေါက်ပြန် မှားယွင်းသော အကျင့်ကို ဆုတ်နစ်စေ၏။
၃။ နိ-ကို သိသောဉာဏ်သည် ရုပ်ရှိသော အသညသတ်ဘုံ ရုပ် မရှိသော လောက၏ အထွဋ်ထိပ်ဖျား ဖြစ်သော အရူပဘုံတို့၌ သင်္ခါရတို့၏ ကင်းရာ မောက္ခ နိဗ္ဗာန်ဟု ယူမှား သည်ဖြစ်၍ နိဗ္ဗာန်၌ ဖေါက်ပြန်မှားယွင်းသော၊ နိဗ္ဗာန်မဟုတ်သည်၌ နိဗ္ဗာန်ဟုတ်၏ဟု ဖေါက်ပြန်မှားယွင်းသော အကျင့်ကို ဆုတ်နစ်စေ၏။
၄။ မ-ကို သိသောဉာဏ်သည် ကိလေသာကာမနှင့် ယှဉ်သော သုခ၌ ကပ်ငြိသော အကျင့်ကို အားထုတ်ခြင်း၊ ကိုယ်ပင်ပန်း ဆင်းရဲစေတတ်သော အကျင့်ကို အားထုတ်ခြင်း၊ နိဗ္ဗာန်၏ အကြောင်းမဟုတ်သည်၌ စင်ကြယ်ရာ စင်ကြယ်ကြောင်း နိဗ္ဗာန်၏ အကြောင်းဟု စွဲလမ်း မှောက်မှားသည်၏ အစွမ်းအားဖြင့် ဖြစ်သော အကြောင်း၌ ဖေါက်ပြန် မှားယွင်းသော အကျင့်ကို ဆုတ်နစ်စေ၏။
ဤလို ဤပုံ သစ္စာသိမှုသည် ဘဝါဘဝ ကမ္ဘာ့ကမ္ဘာ သံသရာကာလတို့က မှောက်မှား ခဲ့လေသမျှသော အမှောက်အမှား အလွဲအမှား အစွဲတရား အမျိုးမျိုးတို့ကို ထုံးလိုချေ ရေလိုနှောက်၍ ပယ်ဖျောက် ဖျက်ဆီးပြီး လမ်းမှန် အလင်းရောင်ကို ဖေါ်ပြနိုင်သော စွမ်းရည်သတ္တိ တကယ်ရှိလှ၍ အယူမှား ဒိဋ္ဌိတို့ကို တခဏခြင်း ချုပ်ငြိမ်းစေပြီးလျှင် အပါယ်ဇာတ်သိမ်းတဲ့ သောတာပန် အစ ရဟန္တာအထိ စွမ်းစွမ်းတမန် ဆောင်ရွက် နိုင်သော သတ္တိရော ဗျတ္တိရော ရှိလှပါသောကြောင့် သေနေ့မဦးခင် သစ္စာသိတဲ့နေ့ ဦးသွားအောင် အထူးကြိုးစားကြပါမည့် အကြောင်းကို ထပ်လောင်း၍ သတိပေး နှိုးဆော် လိုက်ပါသည် မဂ်ဖိုလ်ငန့်မျှော် သူတော်အပေါင်းတို့.......။
သစ္စာလေးပါး၌ အပြန်သုံးပါးကို ပြခြင်း
▬▬▬▬▬▬▬▬
သစ္စာလေးပါးကို သိသောဉာဏ်သည် သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ဟု သုံးမျိုးစီရှိရာ -
၁။ ဘုံသုံးပါးတို့၌ တဏှာမှတပါး နည်း-များ ကောင်း-ဆိုး, ယုတ်-မြတ် မရွေး ရုပ်နာမ် ခန္ဓာ မှန်သမျှသည်ကား တခု တခုသော ဘဝ ခန္ဓာ ရသည်မှ စုတိသေနေ့သို့ကျအောင် ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် ဒုက္ခသစ္စာပေတည်း။
ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ တဖန်တဖန် ဖြစ်လို ဖြစ်ချင် ရလို ရချင်နေတဲ့ သဿတ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွသော ဘဝတဏှာ ဝိဘဝတဏှာ သည်ကား - ရလို၍ ရပြန်လျှင် ရသည့်အခါမှစ၍ ကြီးလေးလှစွာသော ကြီးမင်းလှစွာသော ဇာတိဒုက္ခ စသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့ တစမကျန် အဖန်ဖန်အလီလီ ဖြစ်စေမှာ ဖြစ်စေတာ စစ်မှန်လှသောကြောင့် သမုဒယသစ္စာပေတည်း။
ဤဒုက္ခ သမုဒယ သစ္စာနှစ်ပါးတို့၏ တဖန်အသစ် မဖြစ်ရာ မဖြစ်ကြောင်း ဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်သည်ကား ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း စစ်မှန်လှသောကြောင့် နိရောဓသစ္စာပေတည်း။
ဤ နိရောဓသစ္စာ နိဗ္ဗာန်သို့ ရောက်စေတတ်သော သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါး အကျင့်မြတ် တရားသည်ကား -ထိုနိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် အမှန်ရောက်ကြောင်း စစ်မှန်လှသောကြောင့် မဂ္ဂသစ္စာပေတည်း ဟု သစ္စာလေးပါး တို့၌ သစ္စာတို့၏ အချင်းချင်း မရောမယှက်စေမူ၍ မဖေက်မပြန် ဟုတ်မှန်စွာ သိသောဉာဏ်သည် သစ္စဉာဏ် မည်၏။
၂။ ဒု-ကို ပိုင်းခြား၍ သိရမဲ့ ကိစ္စရှိ၏။
သ-ကို ပယ်ရမဲ့ ကိစ္စရှိ၏။
နိ –ကို အာရုံပြုသောအားဖြင့် မျက်မှောက်ပြုရမဲ့ ကိစ္စရှိ၏။
မ-ကို ပွားများရမဲ့ ကိစ္စရှိ၏။
ဟု-သစ္စာလေးပါးတို့၌ အသီးအသီး ပြုအပ်သောကိစ္စ ရှိသည်ကိုသိသော ဉာဏ်သည် ကိစ္စဉာဏ် မည်၏။
၃။ ဒု-ကို ပိုင်းခြား၍ သိခြင်းကိစ္စပြီးလျှင် ငါသည် ဒု-ကို ပိုင်းခြား၍ သိခြင်းကိစ္စ ပြီးပေပြီ၊
သ-ကို ပယ်ခြင်း ကိစ္စပြီးလျှင် ငါသည် သ-ကို ပယ်ခြင်း ကိစ္စ ပြီးပေပြီ၊
နိ-ကို မျက်မှောက်ပြုခြင်း ကိစ္စ ပြီးလျှင် ငါသည် နိ-ကို မျက်မှောက်ပြုခြင်း ကိစ္စပြီးပေပြီ၊
မ-ကို ပွားခြင်း ကိစ္စ ပြီးလျှင် ငါသည် မ-ကို ပွားခြင်းကိစ္စပြီးပေပြီ
ဟု သစ္စာလေးပါးတို့၌ အသီးအသီး ပြုအပ်သော ကိစ္စ မိမိမှာ ပြီးစီးသည်ကို သိသော ဉာဏ်သည် ကတဉာဏ် မည်၏။
ထို့ကြောင့် -
စတူသု ယထာဘူတဉာဏံ သစ္စဉာဏံနာမ၊
ကတ္တဗ္ဗကိစ္စ ဇာနနာဏံ ကိစ္စဉာဏံနာမ၊
တဿကတဘာဝ နနဉာဏံ ကတဉာဏံနာမ။
(သာရတ္ထဋီကာ၌ မိန့်၏)
ထို့ကြောင့် -
ပဋ္ဌမေန ပရိဝဋ္ဋေန စတုန္နံသစ္စာနံ အညမညံ၊
အသင်္ကာရတော ပဋ္ဌမပညံ ဒဿေတိ၊
ဒုတိယေန တေသံ ကတ္တဗ္ဗဏာရ ပရိစ္ဆိန္ဒနပညံ
တတိယေန သစ္စေသု သညာဏ သန္နိဋ္ဌာနံဒဿေတိ။
(ဝဇီရဗုဒ္ဓိဋီကာ၌ မိန့်၏)
အမှာ...
“သစ် ကိစ် ကတ ပြည့်စုံက၊ ပြီးထ မဂ်ကိစ္စ ”
ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ။
သစ္စာလေးပါးလုံး ဤကိစ္စသုံးပါး ပြည့်စုံပါလျှင် မဂ်ဖိုလ်ရခြင်း မဂ်ကိစ္စ ပြီး၏ ဆိုထားရာ တတိယသစ္စာခေါ်တဲ့ နိရောဓသစ္စာ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုဘူးသော အရိယာ ပုဂ္ဂိုလ်များသာ သုံးပါးလုံး ပြည့်နိုင်သည်၊
သို့မဟုတ်က သစ္စနှင့် ကိစ္စဉာဏ် နှစ်ပါးသာ ပြီးနိုင်သည်။ ကတဉာဏ် ကျန်သေးသည်။ အဘယ်ကြောင့်ဆိုသော် ပြုအပ်သောကိစ္စ မပြီးစီးသေးသော ကြောင့်တည်း၊ လိုအပ်သော ကိစ္စ မလိုရအောင် အားထုတ်ပါလေ။
သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်ပုံ
ဓမ္မစကြာ စသော ထိုထို ပါဠိတော်တို့၌ “ဓမ္မစက္ခုံ ဥဒပါဒိ ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗန္တံ နိရောဓ ဓမ္မန္တိ” ဟု ဟောတော်မူသည်ကို ဘုရား အလိုတော်ကို သိ၊ ဘုရားအာဘော်ကို ရိပ်မိကြတဲ့ ဗုဒ္ဓမတညု အကျော်အမော် အဋ္ဌကထာ ဆရာတော်တို့က -
“ဓမ္မစက္ခုန္တိ စတုသစ္စ ဓမ္မပဋိဂ္ဂဟတံ သောတာပတ္တိ မဂ္ဂ စက္ခု”
(တိက အင်္ဂုတ္တိုရ် ဋ္ဌကထာ လောဏကဝက်၌ ပွင့်ဆိုကြသည်။)
ဤအဖွင့်နှင့်အညီ ဓမ္မစက္ခုံ ဆိုတဲ့ပုဒ်ကို အနက်ပေးရပါလျှင် -
စမ္မစက္ခုံ၊ လေးပါးသောသစ္စာကို ခံယူတတ်သော။
ဝါ၊ သစ္စာလေးပါး တို့ကို ထိုးထွင်း၍ သိမြင်တတ်သော။
ဝါ၊ သစ္စာသိတဲ့ခါ တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက် မြင်သိတတ်သော။
သောတာပတ္တိ မဂ္ဂ စက္ခု၊ သောတာပတ္တိမဂ်ဉာဏ်နှင့် ယှဉ်သော မဂ်ဉာဏ်မျက်စိသည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာပြီ-
ဟု ပါဠိတော်၌ လှမ်းစပ်။
ကိံ ဥဒပါဒိ၊ ဘယ်ပုံ ဘယ်လိုဖြစ်သလဲ မေး။
ယံ ကိဉ္စိ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံသော သင်္ခတ တရားအပေါင်းသည်။
သမုဒယဓမ္မံ၊ ဖြစ်ခြင်းသဘော ရှိ၏။
တံ သဗ္ဗံ၊ ထိုအလုံးစုံသော သင်္ခတ တရား အပေါင်းသည်။
နိရောဓ ဓမ္မံ၊ ချုပ်ပျက်ခြင်းသဘော ရှိ၏။
ဣတိ၊ ဤသို့။
ဥဒပါဒိ၊ ထင်ရှား ဖြစ်ပေါ်လာပြီ။
ဤလိုဤပုံ ဖြစ်သည်ဟု ဖြေ။
> မှတ်ချက်။ ။ ဖြစ်သမျှ ပျက်ဘို့ချည်းဘဲ၊ မွေးသမျှ သေဘိုချည်းဘဲဟု ယုံမှားမရှိ ပိုင်ပိုင် သိသည် ဟူလို။
တဖန် - ဤသုတ်ကို ဖွင့်၍ ဆုံးခါနီးမှာ -
ဣမသ္မိံ သုတ္တေ စတုသစ္စ ဝသေန သောတာပတ္တိမဂ္ဂေါ၊
သောတာပတ္တိမဂ္ဂေနေဝ ဉာဏဇ၀နသမ္ပန္နတာ ကထိတာတိ။
ဟု-စကားအချုပ် နိဂုံးအုပ်ထားပြန်၏။
အဓိပ္ပါယ်ကား
ဤသုတ်၌ သစ္စာလေးပါး၏ အစွမ်းဖြင့်၊ ဝါ၊ သစ္စာ လေးပါးကို သိမြင်သည်၏ အစွမ်းဖြင့်၊ ဝါ၊ သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိတဲ့ခါ နိရောဓသစ္စာ နိဗ္ဗာန်ကို ထိုးထွင်း၍ သိမြင်သောကြောင့် သောတာပတ္တိမဂ်ကို ဟောအပ်၏၊ သောတာပတ္တိ မဂ်ဖြင့် သာလျှင် နိဗ္ဗာန်ကို လျင်စွာသိသော ဉာဏ်အမြင်နှင့် ပြည့်စုံသည်၏ အဖြစ်ကို ဟောအပ်၏ဟု ဖွင့်ဆိုထား၏။
တဖန် - သက်တော်ထင်ရှား ဘုရားရှိတော်မူစဉ်က -
ဒေသနာ ပရိယောသာနေ ဂါထာပရိယောသာနေ
ပဟူဒေ၀ မနုဿာ ဓမ္မာဘိသမယော အဟောသိ အဟေသုံ၊
လာရှိရာ - ၎င်းဓမ္မာဘိသမယပုဒ်ကို ဋ္ဌကထာ ဋီကာဆရာတို့က -
ဓမ္မာဘိ သမယောတိ စတုသစ္စဓမ္မဿဉာဏေန သဒ္ဓိံ အဘိသမယောတိ။
ဟု ဖွင့်ပြ၏။
ဤအဘွင့်နှင့်အညီ ဓမ္မာဘိသယဆိုတဲ့ ပါဠိတော်ပုဒ်ကို အနက်ပေးရလျှင်၊ ဝါ၊ ဋ္ဌကထာ ဋီကာဆရာတို့ ပေးစေလိုတဲ့ အနက်ကို ပေးရလျှင် -
ဓမ္မာဘိသမယော၊ အကျွတ်တရားကို ရကြသည် (သာမညနက်)၊
ဝါ၊ သစ္စာလေးပါးကို သိမြင်ကြသည်။
ဝါ၊ နိဗ္ဗာန်ကို သိမြင်နိုင်တဲ့ မဂ်ဉာဏ် အမြင်ကို ရကြသည်။
ဝါ၊ သောတာပန် တည်ကြသည်။
ဝါ၊ သောတာပန် ဖြစ်ကြသည် (ဝိသေသအနက်) ပေးရပေလိမ့်မည်၊
အဘယ်ကြောင့်ဆိုသော် သစ္စာကို ထိုးထွင်း၍ သိတဲ့ခါ တတိယသစ္စာ ခေါ်တဲ့ နိရောဓ သစ္စာနိဗ္ဗာန်ကို မတွေမဝေ တဲ့တဲ့ သိမြင်တဲ့ဉာဏ်ဟာ လောကုတ္တရာ မဂ်ဉာက်ဖြစ်၍ နိဗ္ဗာန် အာရုံနှင့် မဂ်စိတ် ဖိုလ်စိတ် အာရုံ အာရမ္မဏိက ဖြစ်သွားကြသောကြောင့် ပေတည်း။
ဤလို အာရုံ အာရမ္မဏိက လှလှကြီး ဖြစ်သွားကြသည်ကိုပင် “နိဗ္ဗာနံ သစ္ဆိကရောတိ” နိဗ္ဗာန်ကို မျက်မှောက်ပြုသည်၊ နိဗ္ဗာန်ကိုမြင်သိသွားသည်ဟု ဆိုရသည်။
ဤလို နိဗ္ဗာန်ကို မျက်မှောက်မြင်သိ သွားတဲ့စိတ်ကိုပင် မဂ်စိတ် ဖိုလ်စိတ် ခေါ်ရသည်၊ မဂ်စိတ် ဖိုလ်စိတ် ဖြစ်မှပင် မဂ်ရ ဖိုလ်ရဖြစ်တဲ့ သောတာပန် အစစ် ဖြစ်နိုင်ကြသည်၊ ပရမတ်နိဗ္ဗာန် အစစ်အမှန်ကို တဲ့တဲ့မမြင်က မဂ်ဖိုလ် မရ၊ တဲ့တဲ့မြင်က မဂ် ဖိုလ်ရ၏ဟု သိရှိကြပါလေ။
ဤလို့ဤပုံ နိရောဓသစ္စာ ထိုက်ဘို့ မဖြစ် မပျက် လောကုတ္တရာဖြစ်သော ပရမတ် နိဗ္ဗာန် အစစ်အမှန်ကို တကယ် မသိမမြင်ရသေးဘဲ ဖြစ်ပျက်ကို သိမြင်သော လောကီ ဝိပဿနာဉာဏ်ကိုဘဲ သောတာပတ္တိမဂ်ဉာဏ်ဟု -
“ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗန္တံ နိရောဓ ဓမ္မန္တိ”ကို တွေ့မြင်၍ အယူအဆများမှာ ဉာဏ်ရောင် မှားတတ်လှ၏၊ ဝါ၊ ဖြစ်ပျက်ကို သိမြင်လျှင် သောတာပန်ပင်ဟု ယူမှား ပြောမှား မိတတ်လှ၏၊ သို့ရာတွင် စူဠသောတာပန်ဟု ယူလျှင် မူကား ဟုတ်မှန်ရာ၏။ မဟာသောတာပန်ဟု ယူလျှင်မူကား မဟုတ်နိုင်ရာ အမှန်မှာ -
“ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗန္တံ နိရောဓ ဓမ္မန္တိ”ရဲ့ အရကို သောတာပတ္တိ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် မြင်သိဆဲ ခဏမှာ မဂ်ဉာဏ်သည် လောကီ ဖြစ်ပျက်ကို အာရုံ မပြု၊ မဖြစ် မပျက်သော လောကုတ္တရာ နိဗ္ဗာန်အာရုံ တခုတည်းကိုသာ အာရုံပြုနေ သော်လည်း လောကီဘက်က ဖြဘ်ပျက် နေကြတဲ့ သင်္ခါရတို့၏ ဖြစ်ခြင်းပျက်ခြင်း ချုပ်ခြင်းကိုလည်း မတွေ မဝေသော အသမ္မောဟကိစ္စဖြင့် ပြန်၍သိမ်းခြင်း ကိစ္စ ပြီးစီး နေသည်ကို ရည်၍ဆိုသည်ဟု ယူမှသာ အောက်ပါ ဋ္ဌကထာ ဋီကာတို့၏အဘို့ အဆိုနှင့် မဆန့်ကျင်ဘဲ တထပ်ထဲ ကျနိုင်ကြပေမည်။
ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗန္တံ နိရောဓ ဓမ္မန္တိ ၊
တဿ ဥပ္ပတ္တိ အာကာရ ဒဿနန္တိ၊
န နု၀ မဂ္ဂဉာဏံ အသင်္ခတ ဓမ္မာ ရမ္မဏံ၊
န စ သင်္ခတ ဓမ္မာ ရမ္မဏန္တိ သစ္စမေတံ၊
ယဿသ္မာ တံ နိရောဓံ အာရမ္မဏံ ကတွာ၊
ကိစ္စဝသေန သဗ္ဗသင်္ခတံ ပဋိဝိဇ္ဈန္တံ ဥပ္ပဇ္ဇတိ၊
တာ တထာ ဝုတ္တံ။
(သုတ်မဟာဝါ ဋီကာ မဟာပဒါနသုတ် စသည်)
အဓိပ္ပါယ်ကား
အလုံးစုံသော သင်္ခတ တရား အပေါင်းသည် ဖြစ်ခြင်း သဘောရှိ၏၊ ထိုအလုံးစုံ ဖြစ်ခြင်း သဘောရှိသော သင်္ခတ တရားအပေါင်းသည် ချုပ်ခြင်းသဘော ရှိ၏ဟု မြတ်ခွာဘုရား က ဟောထားခဲ့တဲ့ ပါဠိနဲ့ အဓိပ္ပါယ်ကို ဘုရားအလိုတော်ကို သိ၊ ဘုရား အာဘော်ကို ရိပ်စားမိကြတဲ့ အဋ္ဌကထာ ဋီကာ ဆရာတော်တို့က ဤ “ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗန္တံ နိရောဓ ဓမ္မန္တိ” လို့ ဟောထားခဲ့တာဟာ ထို သောတာပတ္တိ မဂ်ဉာဏ်၏ ဖြစ်ပုံ အခြင်း အရာကို ပြဆိုထားတာဘဲဟု သာမည ဖွင့်ပြကြတယ်၊
ဤလို သာမည အကျဉ်းမျှ ဖွင့်ပြကြပြီးနောက် ဘုရားအလိုတော်ကို မသိ၊ ဘုရား အာဘော်ကို မရိပ်စားမိကြတဲ့ ဉာဏ်နုသူ တွေကတော့ ဤလို သာမည ဖွင့်ပြရုံနှင့် ရိပ်စားမိကြမှာ မဟုတ်ဘူး၊ စောဒကဝင်စရာ ရှိနေတာကို သိရှိလာကြပြန်တယ်၊ ဘယ်လို ဝင်စရာရှိသလဲဆိုတော့ --
အရှင်ဋီကာဆရာ … မဂ်ဉာဏ်ဟာ မဖြစ်မပျက်တဲ့ အသင်္ခတ နိဗ္ဗာန်ကို အာရုံပြုတယ် မဟုတ်လား၊ ဖြစ်ပျက်တဲ့ သင်္ခတ ရုပ်နာမ်ကို အာရုံမပြုဘူး မဟုတ်လားလို့ မေးစရာ ရှိနေပြန်တယ်၊ ဤလို စေဒကဝင်လာတဲ့ခါ သင် ပြောတာလဲ မှန်ပါတယ် မှန်ပါတယ် ဒါပေသည့် ဒါက ဒီလိုသိ သည်လိုမှတ် “အကြင့်ကြောင့် ထို သောတာပတ္တိမဂ်ဉာဏ် သည် မဖြစ် မပျက်တဲ့ လောကုတ္တရာ နိဗ္ဗာန်ကို အာရုံပြု၍နေတဲ့ခါ၊ ဝါ- နေတုံး နေဆဲမှာ လောကီဘက်မှာ ဖြစ်ပျက်နေကြတဲ့၊ ဝါ- ဖြစ်ချုပ်နေကြတဲ့ သင်္ခတ ရုပ်နာမ်တို့ကိုလည်းဘဲ အာရုံမပြုဘဲနှင့်ပင် မတွေမဝေသော အသမ္မောဟကိစ္စဖြင့် ပြန်၍ သိခြင်းကိစ္စ ပြီးစီးတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ရည်ရွယ်၍ ဟောတော်မူခြင်း ဖြစ်ပါတယ်။
လောကီဘက်မှာ ဖြစ်မနား ပျက်မနား ဖြစ်ပျက်နေကြတဲ့ ဖြစ်ပျက် ဖြစ်ချုပ်ကို သိမြင်တဲ့ လောကီ ဝိပဿနာဉာဏ်ကို သောတာပတ္တိဉာဏ်လို့ ဟောတော်မူလိုရင်း မဟုတ်ပါဘူး၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက -
“ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗန္တံ နိရောဓ ဓမ္မန္တိ”လို့ ဟောတော်မူခဲ့တာ ပါဘဲဟု အသိမှန် အမြင်မှန် အဓိပ္ပါယ်မှန်ရအောင် ဘုရားအလိုတော်ကြအောင် မိမိကဘဲ စောဒက အနေထား၍ မိမိကဘဲ ပရိဟာရ အနေထားပြီး ဖွင့်ပြခြင်း ဖြစ်သည်ဟု ယူမှသာ အဖွင့်ဋီကာတို့နှင့် မဆန့်ကျင်ဘဲ “ဂင်္ဂါရေနှင့် သမုဒ္ဒရာရေ” နှောသကဲ့သို့ တသဘော တည်း ကိုက်ညီပေမည်ဟု သိရှိကြပါလေ။
တနည်း - ယံ ကိဉ္စိ အရကို သစ္စာလေးပါး တရားတော်ကို ကြားနာရသော အဆုံးမှာ ဖြစ်သော ဓမ္မစက္ခုဖြစ်၍ ယံကိဉ္စိ မှာ ဒု-အကျိုးသစ္စာကိုပြတာ။
သဗ္ဗန္တံ နိရောဓ ဓမ္မံ မှာ နိ-အကျိုးသစ္စာကိုပြတာ၊ ဤမျှ အကြောင်းသစ္စာကို မပြဘဲ အကျိုးသစ္စာ သက်သက်ကိုသာ ပြသော်လည်း အကျိုးသစ္စာသည် အကြောင်းသစ္စာနှင့် ကင်း၍ မဖြစ်နိုင်သည်ဖြစ်၍ သ-မ အကြောင်းသစ္စာ တို့ကိုလည်း ပြခြင်းကိစ္စ ပြီးစီး နေသောကြောင့် သစ္စာလေးပါးလုံးကိုပင် သိမြင်သော သောတာပတ္တိ မဂ်ဉာဏ်ဟု ယူလျှင်လည်း သင့်မည် ထင်မိပေသည်၊ အဖွင့်ကား မတွေ့ဘူးချေ။
အယံ အမှာကံ ခန္တီး နော တက္ကောဝါ ဂန္ထေနသမေ ဂဟေတဗ္ဗော အသမေ ဝိသဇ္ဇေတဗ္ဗောတိ။
သစ္စာ၌ အတွင်းဝင်သော တရားတို့ကို ပြခြင်း
တဏှာကို၎င်း၊ အာသဝေါ တရားတို့၏ အာရုံ မဟုတ်သော၊ လောကုတ္တရာ တရား တို့ကို၎င်း ထား၍ ကြွင်းသော လောကီတရား အားလုံးတို့သည် ဒုက္ခသစ္စာ၌ အတွင်း ဝင်ကုန်၏၊ ၃၆-ပါးသော တဏှာဝိစရိုက်တို့သည် သ-၌ အတွင်း ဝင်ကုန်၏။
[အာသဝဆိုသည်မှာ - ကာမာသ၀, ဘဝါသဝ, ဒိဋ္ဌာသဝ အဝိဇ္ဇာသဝ ဟူ၍ ၄ ပါး။
အစဉ်အတိုင်း …
ဝတ္ထု၊ ကာမတို့၌ တပ်မက်သော လောဘ၊
ဘုံသုံးပါးတို့၌ တပ်မက်သော လောဘ၊
ခန္ဓာကိုယ်၌ ငါ့ကိုယ်အတ္တဟု ယူမှားသော ဒိဋ္ဌိ၊
သစ္စာလေးပါးတို့၌ ဖုံးလွှမ်းသော မောဟ။
လောကုတ္တရာတရား ဆိုသည်မှာ - မဂ် လေးပါး, ဖိုလ် လေးပါး, နိဗ္ဗာန် တပါး ပေါင်း ၉-ပါးကို ဆိုသည်။
တဏှာဝိစရိုက် (၃၆)ပါးမှာ - ရူပတဏှာ စသော တဏှာ ၆ ပါးကိုတည် ကာမဘဝ ဝိဘဝ တဏှာ သုံးပါးနှင့်မြှောက် (၁၈)ပါး ဖြစ်၏၊ ၎င်းကို အဇ္ဈတ္တ ဗဟိဒ္ဓ ၂ ပါးနှင့် မြှောက်(၃၆)ပါးဖြစ်၏။]
နိ-သည်ကား အများမရှိ တပါးတည်းဖြစ်၍ တစုံတခုသော တရားနှင့် မရောမနှောပေ။
မ-၌ သမ္မာဒိဋ္ဌိကို ပဓာနပြုသဖြင့် ဝိမံသိဒ္ဓိပါဒ် ပညိန္ဒြေ ပညာဗိုလ် ဓမ္မဝိစယသမ္ဗောဇ္ဈင် တို့သည် အတွင်းဝင်ကုန်၏၊ သမ္မာသင်္ကပ္ပကို ညွှန်းသဖြင့် ဝစီဒုစရိုက် လေးပါးတို့သည် အတွင်းဝင်ကုန်၏၊ သမ္မာကမ္မန္တကို ညွှန်းသဖြင့် ကာယဒုစရိုက် သုံးပါးတို့သည် အတွင်း ဝင်ကုန်၏။
သမ္မာအာဇီဝကို အကြောင်းရင်း ပြုသဖြင့် အလိုနည်းသော အပိစ္ဆတာ သည်၎င်း၊ ရသမျှနှင့်ရောင့်ရဲသော သန္တုဋ္ဌီ သည်၎င်း အတွင်းဝင်ကုန်၏။
သမ္မာဝါယာမကို ညွှန်းသဖြင့် သမ္မပဓာန်လေးပါး ဝိရိယိန္ဒြေ ဝိရိယဗိုလ် ဝိရိယ- သမ္ဗောဇ္ဈင် တို့သည် အတွင်းဝင်ကုန်၏။
သမ္မာသတိကို ညွှန်းသဖြင့် သတိပဋ္ဌာန်လေးပါး သတိန္ဒြေ သတိဗိုလ် သတိသမ္ဗောဇ္ဈင် တို့သည် အတွင်းဝင်ကုန်၏။
သမ္မာသမာဓိကို ညွှန်းသဖြင့် သဝိတက္က သဝိစာရ သမာဓိ အစရှိသော သမာဓိသုံးပါး စိတ္တသမာဓိ သမာဓိန္ဒြေ သမာဓိဗိုလ် ပီတိပဿဒ္ဓိသမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင် တို့သည် အတွင်းဝင်ကုန်၏။
ဤလိုဤပုံ သစ္စနိဒ္ဒေသ၌ အတွင်းဝင်သာ တရားတို့ကို သိအပ်ကုန်၏။
သစ္စာ၌ စတုက္ကအားဖြင့် ပြုခြင်း
သစ္စာလေးပါးတို့၌...
(က) ဒုက္ခသာမည်၍ အရိယသစ္စာ မမည်သော တရား။
(ခ) အရိယသစ္စာသာမည်၍ ဒုက္ခမမည်သော တရား။
(ဂ) ဒုက္ခလည်းမည်၍ အရိယသစ္စာလည်းမည်သော တရား။
(ဃ) ဒုက္ခလည်းမမည် အရိယသစ္စာလည်း မမည်သောတရားသည် ရှိ၏။
ထို ဒုက္ခသစ္စာ၏ စတုက္က၌ မဂ်နှင့်ယှဉ်သော မဂ္ဂင်ရှစ်ပါးကြဉ်သော မဂ်စိတ္တုပ္ပါဒ် (၂၉) ခု တို့သည်၎င်း၊ ဖိုလ်စိတ္တုပ္ပါဒ် (၃၇) ခု တို့သည်၎င်း၊ အကြင် သဘောတရားသည် မမြဲ၊ ထို မမြဲသော သဘောတရား သည်၎င်း ဒုက္ခမည်၏ဟု ဤသို့ ဘုရားဟောတော်မူခြင်း ကြောင့် သင်္ခါရဒုက္ခ၏ အဖြစ်ဖြင့် ဒုက္ခသာ မည်၏၊ အရိယသစ္စာ မမည်ဟု ဆိုလိုသည်။
နိဗ္ဗာန်သည်ကား အရိယသစ္စာသာ မည်၏၊ ဒုက္ခကား မမည်ဟု ဆိုလိုသည်။
ဆိုအပ်ပြီးသည်မှ တပါးသော သ-မ သစ္စာနှစ်ပါးတို့သည် အနိစ္စ၏ အဖြစ်ကြောင့် သင်္ခါရဒုက္ခ၏ အဖြစ်ဖြင့် ဒုက္ခ မည်သည် ဖြစ်ကောင်း၏။
သို့သော် အကြင် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရား ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံး၏၊ ထို ဒုက္ခသစ္စာ၏ မဖောက်မပြန် မှန်သော ပရိညေယျသဘော ဟူသော အဖြစ်ဖြင့် ဒုက္ခမည်သည် မဖြစ်ရာ မဖြစ်ကောင်း။
ခပ်သိမ်းသော အပြားအားဖြင့် တကြဉ်သော ဥပါဒါန်၏ အာရုံ ဖြစ်သော ခန္ဓာငါးပါးအပေါင်းသည် ဒုက္ခလည်းမည်၏၊ အရိယသစ္စာလည်း မည်၏။
မဂ်နှင့်ယှဉ်သော တရားတို့သည်၎င်း
ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခု တို့သည်၎င်း၊ အကြင် သဘောတရားတို့ကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရား၏ အထံတော်၌ မြတ်သော အကျင့်ကို ကျင့်၏၊ ထိုသဘောတရား၏ မဖောက်မပြန် မှန်သောအားဖြင့် ဒုက္ခလည်း မည်၏။ အရိယသစ္စာလည်း မည်၏။
ဤ နည်းဖြင့် သ-နိ-မ တို့၌လည်း ယှဉ်သင့်သည် အားလျော်စ္စာ ယှဉ်၍ သိလေ ဟူလို။
[ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ဆိုသည်မှာ ...“မဂ္ဂ ယုတ္တာ ဖလာစေဝ စတုသစ္စ ဝိနိဿဋာ” ဆိုတဲ့ အဘိဓမ္မတ္ထသင်္ဂဟ လက်သန်း အဋ္ဌကထာအရ ဖိုလ်စိတ်၌ယှဉ်သော စေတသိက် ၃၆ ပါးတွင် ဖိုလ်စိတ် သာမညတခုကိုထည့် (၃၇) ဖြစ်၏။
မဂ် စိတ္တုပ္ပါဒ် (၂၉) ဆိုသည်မှာလည်း မဂ်စိတ်လေးခု၌ယှဉ်သော စေ တသိက် ၃၆ တွင် မဂ္ဂင်တရားကိုယ် (၈) ပါးကိုနှုတ် (၂၈) ကျန်၊ မဂ်စိတ် သာမညတခုထည့် (၂၉) ဖြစ်၏။
၎င်းတရားတို့ကို မဂ်စိတ်ဖြစ်ဆဲ ဖိုလ်စိတ်ဖြစ်ဆဲ တို့မှာ သစ္စာလေးပါးမှ လွတ်နေ သောကြောင့် “သစ္စဝိမုတ်” မဂ်စိတ္တုပ္ပဒ် ဖိုလ်စိတ္တုပ္ပါဒ် ဟုဆိုရသည်။ ၎င်းတရား တို့သည် “သစ္စာလေးပါးမှလွတ်၏”ဟု ဆိုသော်လည်း မုက္ခ အားဖြင့်သာ လွတ်သည်၊ ကာရဏူပစာ, သဒိသူပစာ, ဥပစာ အားဖြင့်ကား မဂ္ဂသစ္စာ ဒုက္ခသစ္စာသို့သွင်းအပ်၏ဟု သိလေ မှတ်လေ။
သိုမှသာ... “ စတုသစ္စ ဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ”
သစ္စာလေးပါးမှ လွတ်သော တရားမည်သည် မရှိ ဆိုတဲ့ အဋ္ဌကထာ၏ အဆိုနှင့် မဆန့်ကျင်ဘဲ နေမည်ဟုသိ။]
အပိုင်း (၅)
သစ္စာ၌ ဆိတ်သုဉ်းသောအားဖြင့် ဝေဘန်ပုံ
ပရမတ္ထ အားဖြင့် အလုံးစုံသော သစ္စာတို့သည် ခံစားတတ်သောသူ ပြုတတ်သောသူ ငြိမ်းတတ်သော သွားတတ်သောသူ မရှိခြင်းကြောင့် ဗာဟိရက အညတိတ္ထိယတို့သည် ကြံဆအပ်ကုန်သော ခံစားတတ်သောသူ စသည်တို့မှ လုံးဝ ဆိတ်သုဉ်းကုန်၏ဟု သိအပ်၏။
ဒုက္ခမေဝ ဟိ န ကောစိ ဒုက္ခိတော။
ကာရကော န ကိရိယာဝ ဝိဇ္ဇတိ၊
အတ္ထိ နိဗ္ဗူတိ န နိဗ္ဗူတော ပုမာ၊
မဂ္ဂတ္ထိ ဂမကော န ဝိဇ္ဇတိ။
ဘာသာပြန်
ဆင်းရဲဒုက္ခသာ ရှိ၏၊
ဆင်းရဲဒုက္ခကို ခံစားတတ်သော သူကား မရှိ၊
ပြုလုပ်ခြင်းသာရှိ၏၊
ပြုလုပ်တတ်သော သူကား မရှိ၊
ငြိမ်းအေးရာ နိဗ္ဗာန်ကား ရှိ၏၊
ငြိမ်းအေးတတ်သော ယောက်ျားကား မရှိ၊
နိဗ္ဗာန်သို့ သွားရောက်ကြောင်း အကျင့်ခရီးလမ်းကား ရှိ၏၊
နိဗ္ဗာန်သို့သွားတတ်သော ယောက်ျားကား မရှိ ဟူလို။
တနည်း
ရှေးဖြစ်သော ဒု-သ သစ္စာနှစ်ပါး အပေါင်းသည် မြဲသော သဘော, တင့်တယ်ချမ်းသာ သော အတ္တသဘောမှ ဆိတ်၏၊
အမြိုက်နိဗ္ဗာန် သည်လည်း အတ္တမှ ဆိတ်၏၊
မဂ္ဂသစ္စာသည် မြဲသောသဘော တင့်တယ် ချမ်းသာသော သဘော ကိုယ်ဟူသော သဘောမှ ဆိတ်၏။
ဤသို့ သစ္စာလေးပါးတို့၌ ဆိတ်သည့်အဖြစ်ကို သိအပ်၏။
တနည်း-
သစ္စာလေးပါးတို့တွင် ဒု-သ-မ သုံးပါးတို့သည် နိ မှ ဆိတ် ကုန်၏၊
နိ-သည် ဒု-သ-မ တို့မှ ဆိတ်၏။
တနည်း -
ဒု-သ-နိ-မ လေးပါးတို့တွင် သ-မ နှစ်ပါးသည် ဒု-နိ ဟူသော အကျိုးသစ္စာမှ ဆိတ်၏၊
အဘယ်ကြောင့်နည်း - ပေါနောဗ္ဘဝိက တဏှာ ဟူသော သ-၌ နောက်နောင် တဖန် ဖြစ်လတံ့သော ဒု-၏ မရှိခြင်း ကြောင့်၎င်း မ-၌ နိ-၏ မရှိခြင်းကြောင့်၎င်းတည်း။
ပကတိဝါဒ ရှိသော တိတ္ထိတို့၏ ပကတိဝါဒ သဘောသည် မဟန္တ အဝိသေသ စသော ဖေါက်ပြန်ခြင်းဖြင့် မျိုးရှိသကဲ့သို့၊ ထို့အတူ အကြောင်းသစ္စာသည် အကျိုးသစ္စာဖြင့် မျိုးရှိသည် မဟုတ်၊ ဒု-သ တို့၏၎င်း အညီအညွတ် တကွမဖြစ်ခြင်းကြောင့် အကျိုး သစ္စာသည် အကြောင်းသစ္စာမှ ဆိတ်၏။
သမဝါယဝါဒီ တိတ္ထိတို့၏အယူ၌ ပရမာဏုမြူကဲ့သို့ သိမ်မွေ့သော ပထဝီ စသော မဟာဘုတ်ဟု ဆိုအပ်သော အကြောင်းနှစ်ခုရှိသော အကျိုး စသည်သည် အကြောင်း နှင့်တကွ တည်သည်၊ အကြောင်းနှင့်တကွ တခုတည်းကဲ့သို့ ဖြစ်၍ စပ်သည် ဖြစ်သကဲ့သို့ အကြောင်း၏ အကျိုးသစ္စာသည် အကြောင်းသစ္စာနှင့် တကွတည်သည် ကဲ့သို့ဖြစ်၍ စပ်သည်မဖြစ်။
ထို့ကြောင့် -
တယမိဓ နိရောဓသုညံ၊ တယေန တေနပိ နိဗ္ဗူတိသုညာ။
သုညော ဖလေန ဟေတု၊ ဖလံပိ တံ ဟေတုနာ သုညံ။
ဟူ၍-ဟောတော်မူသည်။
ဤသစ္စာလေးပါး၌ ဒု-သ-မ သုံးပါးသည် နိ-မှဆိတ်၏၊
နိ-သည်လည်း ဒု-သ-မ တို့မှ ဆိတ်၏၊
အကြောင်းသစ္စာသည် အကျိုးသစ္စာမှ ဆိတ်၏၊
ထိုအကျိုးသစ္စာသည်လည်း ထိုအကြောင်းသစ္စာမှ ဆိတ်၏။
သစ္စာ၌ ဧကဝိဓ စသည်ဖြင့် ဝေဘန်ခြင်း
ဤသစ္စာလေးပါးတို့တွင် အလုံးစုံသော ဒုက္ခဟူသမျှသည် သံသရာ၏ ကြိမ်ဖန်ထပ်ထပ် မပြတ်မလတ် ဖြစ်တတ်သော သဘောကြောင့် တပါးသော အဘို့ရှိ၏၊
နာမ်ရုပ်အားဖြင့် နှစ်ပါးအပြားရှိ၏၊
ကာမ ရူပ အရူပ ဟူသော ဥပပတ္တိအပြားအားဖြင့် ၃-ပါးရှိ၏၊
လေးပါးသော အာဟာရ အားဖြင့် ၄-ပါး ရှိ၏၊
ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၏ အပြားအားဖြင့် ၅-ပါး ရှိ၏။
သ-သည်လည်း ပဝတ္တိဟုဆိုအပ်သော ဒု-ကို ဖြစ်စေတတ်သော သဘောအားဖြင့် အဘို့ တပါးသာရှိ၏၊
ဒိဋ္ဌိသမ္ပယုတ် ဝိပ္ပယုတ်အားဖြင့် ၂-ပါးရှိ၏။
ကာမတဏှာ, ဘဝတဏှာ ဝိဘဝတဏှာအားဖြင့် ၃-ပါးရှိ၏၊
မဂ်လေးပါးသည် ပယ်အပ်သည်၏ အဖြစ်အားဖြင့် လေးပါးရှိ၏၊
ရူပါရုံ၌ တပ်သော တဏှာ စသော အားဖြင့် ငါးပါးရှိ၏၊
ခြောက်ပါးသော တဏှာ ကာယ အပြားအားဖြင့် ၆-ပါးရှိ၏။
နိ-သည်လည်း အသင်္ခတဓာတ်၏ အဖြစ်ဖြင့် တပါးတည်းသာ ရှိ၏။
အကြောင်း အမြွက်အားဖြင့်ကား ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော ကိလေသာတို့မှ ကြွင်းသည်နှင့် တကွဖြစ်သော သဥပါဒိသေသ နိဗ္ဗာနဓာတ်၊ ထို့အတူ ကိလေသာမှ အကြွင်းမရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်အားဖြင့် ၂-ပါး ရှိ၏။
ဘ၀သုံးပါးအပေါင်း၏ ငြိမ်းရာ အဖြစ်ဖြင့် ၃-ပါးရှိ၏၊
မဂ်လေးပါး တို့သည် ပယ်အပ်သည်၏ အဖြစ်အားဖြင့် လေးပါးရှိ၏၊
ရူပါရုံ၌ တပ်သော တဏှာ စသည်တို့၏ ငြိမ်းရာ အဖြစ်ဖြင့် ၅-ပါးရှိ၏၊
ခြောက်ပါးသော တဏှာ ကာယတို့၏ ငြိမ်းရာ ကုန်ရာအားဖြင့် ၆-ပါးရှိ၏။
မ-သည်လည်း ပွားစေအပ်သော သာမညလက္ခဏာအားဖြင့် တပါးတည်းသာ ရှိ၏၊
သမထ ဝိပဿနာအားဖြင့် ၂-ပါးရှိ၏၊
ဝါ-ဒဿနဘာဝနာ အားဖြင့် ၂-ပါးရှိ၏၊
သီလက္ခန် သမာဓိက္ခန် ပညာက္ခန် အားဖြင့် ၃-ပါး ရှိ၏။
ဤမဂ္ဂင်ရှစ်ပါး၌ “ဝါစာ ကမ္မံ အာဇီဝံ” ၃-ပါးတို့သည် သီလပင်တည်း၊ ထိုသုံးပါးတို့ကို ဝစီဒုစရိုက် ဝိရတီ စသော အပြားတို့၌ တူသော သီလ ဇာတိ အားဖြင့် သီလကျေးဇူး ဟူသော သီလက္ခဖြင့် ရေတွက်အပ်ကုန်၏။
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သုံးပါးတို့တွင် သမာဓိသည် မိမိ၏ သဘော အားဖြင့် တခုတည်းသော အာရုံ၌ တည်ကြည်သည်၏ အဖြစ်ဖြင့် သက်ဝင်ခြင်းငှါ မစွမ်းနိုင်၊ ဝိရိယတရားတို့ကို ချီးမြှင့်ခြင်း ကိစ္စကို ပြီးစေသည် ရှိသော်သာလျှင် ကျေးဇူး ပြုခြင်းရှိသည်ဖြစ်၍ သက်ဝင်ခြင်းငှါ စွမ်းနိုင်၏။
ဥပမာ ဆိုသည်ရှိသော် -
နက္ခတ်သဘင် ပျော်ပွဲဆင်၍ တွင်တွင်ကြီး ကစားကြမည်ဟု ဥယျာဉ်သို့ ဝင်ကုန်သော မိတ်ဆွေ သုံးယောက်တို့တွင် ပဌမလူက လှိုင်လှိုင်ပွင့်သော စကားပင်ကို မြင်၍ လက်လှမ်း၍ ခူးဆွတ်ရာ မမှီနိုင် ရှိသဖြင့် ဒုတိယလူက ခါးကုန်းပေး၍ မိမိ ကျောက်ကုန်းပေါ်သို့ တက်စေ၏၊
ပဌမလူသည် ဒုတိယ ကျောက်ကုန်းပေါ်၌ တက်၍ ပန်းကို ဆွတ်ခူးရာ မြဲမြန်ချိန်ခန့် ငြိမ်ငြိမ်မနေနိုင်ဘဲ တုန်တုန်ရီရီ ဖြစ်နေသဖြင့် ပန်းခူး၍မရနိုင်ဖြစ်နေစဉ် တတိယလူက မိမိပခုံးဇွန်းကို ကိုင်ရန် ဒုတိယလူ၏ အနားမှာ ကပ်လျက်ရပ်ပေ၏၊
ပဌမလူသည် ဒုတိယလူ၏ ကျောက်ကုန်းပေါ်၌ ရပ်၍ တတိယလူ၏ ပခုံးစွန်း ကိုကိုင်လျက် လက်တဘက်က လိုသော ပန်းပွင့်ကို ဆွတ်ခူးပြီးလျှင် မိတ်ဆွေ သုံးယောက်လုံးပင် ပန်ဆင်ကြလျှက် နက္ခတ်သဘင် ပျော်ရွှင် ကစားကြကုန် သကဲ့သို့၊ ထို့အတူ - ဤဥပမာနှင့် ပြည့်စုံခြင်းကို မှတ်အပ်၏။
တူပုံကား - တပေါင်းတည်း ဥယျာဉ်သို့ဝင်ကုန်သော မိတ်ဆွေသုံးယောက် တို့ကဲ့သို့ တပေါင်းတည်းဖြစ်ကုန်သော ဝါယာမ သတိ သမာဓိ တရားသုံးပါးတို့ကို မှတ်အပ်၏။
ကောင်းစွာပွင့်သော စကားပင်ကြီးကဲ့သို့ အာရုံကို မှတ်အပ်၏။
ပန်းပွင့်ကို လက်လှမ်း ဆွတ်ခူးသော ပဋ္ဌမ မိတ်ဆွေကဲ့သို့ မိမိ သဘောအားဖြင့် အာရုံ၌တည်ကြည်၊ တည်ကြည်သည်၏ အဖြစ်ဖြင့် သက်ဝင်ခြင်းငှါ မစွမ်းနိုင်သော သမာဓိကို မှတ်အပ်၏။
ခါးကုံးပေးသော ဒုတိယမိတ်ဆွေကဲ့သို့ သမ္မာဝါယာမ မှတ်အပ်၏။
ပခုံးကိုကိုင်ရန် အနားမှာကပ်၍ ရပ်ထားသော တတိယ မိတ်ဆွေကဲ့သို့ သမ္မာသတိကို မှတ်အပ်၏။
ထို မိတ်ဆွေ သုံးယောက်တို့တွင် ဒုတိယမိတ်ဆွေ၏ ကျောက်ကုန်းပေါ်၌ ရပ်၍ တတိယမိတ်ဆွေ၏ ပခုံးကိုကိုင်လျက် ပန်းဆွတ်ခူးသော ပဌမ မိတ်ဆွေသည် အလိုရှိတိုင်း ပန်းကို ဆွတ်ခူးခြင်းငှါ စွမ်းနိုင်သကဲ့သို့ -
ဝီရိယသည် ချီးမြှောက်အပ်သော ကိစ္စကို ပြီးစေသည်ရှိသော် သတိ သည်လည်း မမေ့ မလျော့ခြင်း, ခိုင်မာစေခြင်း ကိစ္စကို ပြီးစေသည်ရှိသော် အထောက်အပံ့ကို ရသည် ဖြစ်၍ သမာဓိသည် အာရုံ၌ မပျံ့လွင့်ခြင်း၊ တည်ကြည်ခြင်း အဖြစ်ဖြင့် သက်ဝင်ခြင်းငှါ စွမ်းနိုင်၏၊
ထို့ကြောင့် - ဤသုံးပါးသော တရားတို့တွင် သမာဓိကိုသာလျှင် သဝိတက္က သဝိစာရ စသည်ဖြင့်ပြားသော သမာဓိတို့၌ တူသော သမာဓိ၏ သမာဓာန သဘောဟူသော ဇာတ်ကားဖြင့် သမာဓိက္ခန္ဓဖြင့် ရေတွက်အပ်၏၊ ဝါယာမ သတိ တို့သည် သမာဓိအား ကျေးဇူး ပြုသော သမာဓိ အားလျော်သော ကိစ္စအားဖြင့် သမာဓိက္ခန်ဖြင့် ရေတွက် အပ်၏။
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ တို့တွင်ကား
ပညာသည် မိမိ၏သဘောအားဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု အာရုံကို မဆုံးဖြတ်နိုင်၊ ဝိတက်သည် ခေါက်၍ ခေါက်၍ ပေးသည်ရှိသော်သာ ဆုံးဖြတ်ခြင်း စွမ်းနိုင်၏၊ အသို့ စွမ်းနိုင်ပါသနည်း။
ရွှေပွဲစားသည် ရွှေ ငွေကို လက်ဝါးတွင် တင်ထား၍ အလုံးစုံသော အဘို့တို့၌ ကြည့်လိုသော်လည်း မျက်စိအမြင်ဖြင့်သာလျှင် ထိုမှ ဤမှ ထက်အောက် ဘယ်ညာ ပြန်လှန်ခြင်းငှါ မတတ်နိုင်၊ လက်ချောင်းဖြင့်သာ လှန်၍လှန်၍ ဤမှထိုမှ လည်ကြည့် ခြင်းငှါ စွမ်းနိုင်သကဲ့သို့၊
ထို့အတူ ပညာသည် မိမိ၏ သဘောအားဖြင့် အနိစ္စ စသည်တို့၏ အစွမ်းဖြင့် အာရုံကို ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်၊ သို့သော် သမ္ပယုတ် တရားတို့ကို အာရုံသို့ ရှေ့ရှု တတ်စေခြင်း လက္ခဏာရှိသော ရှေ့ရှုခေါက်ခြင်း၊ အဖန်တလဲလဲ ခေါက်ခြင်း၊ ထက်ဝန်းကျင် ခေါက်ခြင်း ကိစ္စရှိသော ဝိတက်သည် အနိစ္စ အနိစ္စ စသည်ဖြင့် ပညာ၏ ကိစ္စနှင့်တူသော ကိစ္စဖြင့် ထက်ဝန်းကျင်မှ အဖန်တလဲလဲ ခေါက်သကဲ့သို့၎င်း။
“အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာအသာရကဋ္ဌေန” ဖြင့်လှန်လှော သကဲ့သို့၎င်း၊ ကြံ၍ကြံ၍ ပေးအပ်သော အာရုံကိုသာလျှင် “ ဒုက္ခေဉာဏံ” စသည်ဖြင့် တူသော ပဇာနန သဘော ဟူသော ပညာ၏ ဇာတ်အားဖြင့် ပညာက္ခန္ဓဖြင့် ရေတွက်အပ်၏။
သ-သည်ကား ပညာ၏ကိစ္စနှင့်တူသော ကိစ္စအားဖြင့်သာ ရေတွက်အပ်၏။ ဤသို့ ခန္ဓာသုံးပါးတို့ဖြင့် မဂ်သည် ရေတွက်ခြင်းသို့ ရောက်၏။ ထို့ကြောင့် ခန္ဓာသုံးပါးတို့၏ အပေါင်း၏ အပြားဖြင့် သုံးပါးရှိ၏ဟူ၍ ဆိုခဲ့ပြီ။
သောတာပတ္တိမဂ် စသည်တို့၏ အစွမ်းအားဖြင့်ပင်လျှင် လေးပါး အပြား ရှိ၏၊
အလုံးစုံ ရှိရှိသမျှသော သစ္စာတို့သည် မဖောက်မပြန် မှန်သည်၏ အဖြစ်ကြောင့်၎င်း၊ ရှေ့ရှု မျက်မှောက် သိအပ်သည်၏ အဖြစ်ကြောင့်၎င်း၊ အဘို့ တပါးသာ ရှိကုန်၏။
လောကီသစ္စာ လောကုတ္တရာသစ္စာ အားဖြင့်၎င်း၊ သင်္ခတ အသင်္ခတ အားဖြင့်၎င်း နှစ်ပါးရှိကုန်၏၊
ဒဿန ဘာဝနာတို့ဖြင့် ပယ်အပ်သည်၏ အဖြစ်အားဖြင့်၎င်း၊ မပယ်အပ်သည်၏ အဖြစ်အားဖြင့်၎င်း သုံးပါး ရှိကုန်၏။
ပရိညေယျ ပဟာတဗ္ဗ သစ္ဆိကာတဗ္ဗ ဘာဝေတဗ္ဗ အပြားအားဖြင့်ကား လေးပါးအပြား ရှိကုန်၏။
သစ္စာ၌ သဘာဝ ဝိသဘာဝအားဖြင့် ဝေဘန်ခြင်း
အလုံးစုံသော သစ္စာတို့သည် အချင်းချင်း တူသော သဘောရှိကုန်၏။
အဘယ်ကြောင့်ဆိုသော် မဖောက်မပြန် မှန်ကန်သည်၏ အဖြစ်၊ အတ္တမှ ဆိတ်သည်၏ အဖြစ်၊ ထိုးတွင်း၍ သိခြင်းငှာ ခဲယဉ်းသည်၏ အဖြစ်ကြောင့်တည်း။
ထို့ကြောင့်ပင် -
“တံ ကိံ မညသိအာနန္ဒ၊ ကတမံနုခေါဒုက္ကရံဝါ၊ ဒုရဘိသမ္ဘဝတရံဝါ။ပ။ အယံဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဋိဝိဇ္ဈန္တီတိ။”
ဟူ၍ - ရှင်အာနန္ဒာအား ဟောတော်မူခဲ့ပေသည်။
ဘာသာပြန်
အို အာနန္ဒာ၊ အကြင်စကားကို ငါဘုရား ဟောကြားတော်မူမည်၊ ထိုစကားကို သင် ဘယ်လို မှတ်ထင်မည်နည်း၊
အာနန္ဒာ - အကြင်သူသည် အဝေးကြီးကနေ၍ အလွန် ကျဉ်းလှသော သံကောက်ပေါက်ဖြင့် မြှားကို အဆင့်ဆင့် ပစ်လွှတ်ရာ၏၊
အကြင်သူ တယောက်သည်လည်း အစိတ်တရာ စိတ်အပ်သော သားမြီး၏မြှားဖျား၌ တပ်အပ်သော သားမြီးစွန်းဖြင့် အခြား သားမြီးစွန်းတခုကို တေ့စပ်မိအောင် ပစ်ရာ၏။
ထိုလေးသည်ကျော် နှစ်ဦးတို့တွင် အဘယ်သူ၏ အဘယ်အမှုသည် အလွန်ပြုနိုင် ခဲသနည်း၊ ဖြစ်စိမ့် ပြီးစိမ့်သောငှါ အလွန် တတ်နိုင်ခဲသနည်းဟု မြတ်ဘုရားက မေးတော် မူသောအခါ၊ အရှင်အာနန္ဒာက -
“ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား အကြင်သူ ဒုတိယလူသည် အစိတ်တရာ စိတ်အပ်သော သားမြီးစွန်းဖြင့် အခြား သားမြီးစွန်းတခုကို တေ့စပ်မိအောင် ပစ်ရာ၏၊ ထို ဝါလဝေဓိ လေးသည်ကျော်၏ ထိုအမှုသည်သာလျှင် အလွန်ပြုနိုင်ခဲပါသည်။ ဖြစ်စိမ့် ပြီးစိမ့်သောငှါ အလွန်စွမ်းနိုင်ခဲပါသည်ဘုရား” ဟု လျှောက်ထားသည်ရှိသော် -
အာနန္ဒာ … အကြင်သူတို့သည် ဤတဏှာကြဉ်သော တေဘုမ္မက တရားသည် ဒုက္ခသစ္စာ မည်၏ဟု မဖောက်မပြန် အမှန်အကန် ထိုးထွင်း၍ သိကုန်၏။ပ။
ဤ သမ္မာဒိဋ္ဌိ စသော အရိယာမဂ်သည် ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း လမ်းကြောင်း အကျင့်မြတ် မည်၏ဟု မဖောက်မပြန် မှန်မှန်ကန်ကန် ထိုးထွင်း၍ သိကုန်၏၊
သစ္စာလေးတွေ ခွဲဝေတိတိ အမှန်သိနိုင်သော ထိုသူတို့သည်သာလျှင် ထို ဝါလဝေဓိ လေးသည်ကျော်တို့၏ အမှုထက် စင်စစ် ခဲယဉ်းကုန်၏၊ အလွန်ထိုးထွင်း၍ သိနိုင်ခဲ သည်ကို ထိုးထွင်း၍ သိပေကုန်၏ ဟူလို။
မိမိ-မိမိတို့၏ လက္ခဏာတို့ကို ပိုင်းခြားခြင်းအားဖြင့် တူသော သဘော ရှိသည် မဟုတ်ကုန်။
တနည်း။
ရှေးဖြစ်ကုန်သော ဒု-သ နှစ်ပါးတို့သည် ပိဠန စသော အာယုဟန စသော သဘောအားဖြင့် ဤကား-ဒု၊ ဤကား-သ ဟု အမှန် အကန်အားဖြင့် သက်ဝင်ခြင်းငှါ ခဲယဉ်းသည်ဖြစ်၍ နက်နဲသည် အဖြစ် လောကီနှင့် စပ်သည့်အဖြစ် အာသဝေါတရား တို့၏တည်ရာ အဖြစ်ကြောင့် တူသောသဘော ရှိကုန်၏၊ အကျိုးအကြောင်း အထူး အားဖြင့်၎င်း ပိုင်းခြား၍ သိခြင်း ပယ်ခြင်းအားဖြင့်၎င်း တူသောသဘော မရှိကုန်။
နောက်ဖြစ်သော နိ-မ နှစ်ပါးတို့သည်လည်း သဏှ သုခုမ ဓမ္မ ဖြစ်၍၊ ဝါ - သိမ်မွေ့ နူးညံ့လှသော တရားဖြစ်၍ တရားကိုယ် သရုပ်အားဖြင့်ပင် နက်နဲ ခက်ခဲသည်၏ အဖြစ်ဖြင့် သက်ဝင်ခြင်းငှာ ခဲယဉ်းသည့် အဖြစ် လောကုတ္တရာ၏အဖြစ် အာသဝေါ ကင်းသည်၏အဖြစ် မျက်မှောက်ပြုအပ် အပ်သောအားဖြင့် တူသောသဘောရှိသည် မဟုတ်ကုန်။
ဒု-နိ နှစ်ပါးတို့သည် အကျိုးတရားတို့ဟူ၍ ညွှန်းအပ်သော အားဖြင့် သဘောတူကုန်၏၊ သင်္ခတ အသင်္ခတ အားဖြင့်ကား သဘောမတူကုန်။
သ-မ တို့သည်လည်း အကြောင်းတရားတို့ဟူ၍ ညွှန်းအပ်သောအားဖြင့် သဘော တူကုန်၏၊ ကုသိုလ် အကုသိုလ် အားဖြင့်ကား သဘောမတူကုန်။
နိ-မ တို့သည် သင်္ခတအားဖြင့် သဘောတူကြကုန်၏၊ လောကီ လောကုတ္တရာအားဖြင့် သဘောမတူကြကုန်။
သ-နိ တို့သည် နေဝသိက္ခာ နာသိက္ခာအားဖြင့် သဘောတူကြကုန်၏။ သာရမ္မဏ အနာရမ္မဏအားဖြင့် သဘောမတူကြကုန်၊
ဤသို့လျှင် သစ္စာတို၏ သဘောတူသည်၏အဖြစ်, မတူသည်၏အဖြစ်ကို ပညာရှိ တို့သည် သိအောင် ပြုအပ်ကုန်၏၊ ဝါ-သိအောင် ကြိုးစားအပ်ကုန်၏၊
ဤ သစ္စနိဒ္ဒေသ ဒုတိယခဏ်းကို များသောအားဖြင့် ဝိသုဒ္ဓိမဂ် ဋ္ဌကထာ ဣန္ဒြိယ-သစ္စနိဒ္ဒေသ ကိုမှီ၍ မြန်မာပြန် သက်သက်ကို ပြဆိုလိုက်ပါသည်။
တနည်း - ကျမ်းတပါး အဆိုအားဖြင့် တပုံ လွှဲ၍ တနဲပြဆိုပါဦးမည်။
“ကိလေသပစ္စယာ ခန္ဓာဝဍ္ဎန္တိ။” (သုတ္တနိပါတ် ဋ္ဌာ ၃၇၈ ဝဂ် နံပါတ် ၁၃)
အနက် (က)
ကိလေသပစ္စယာ၊ ကိလေသာဟူသော အကြောင်းကြောင့်။
ခန္ဓာ၊ ခန္ဓာတို့သည်။
ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။
ဒါကတော့ သံသရာအလုံးစုံကို အကုန်ပါအောင် ချပြီးပေးလိုက်တဲ့ သာမညအနက်ဘဲ ရှိသေးတယ်၊ အပါယ်သံသရာ လူ နတ် သံသရာ, ဗြဟ္မာ သံသရာ တို့အတွက် အထူး ကွက်၍ ဝိသေသအနက် ပေးရပါလျှင် -
အနက် (ခ)
ကိလေသပစ္စယာ၊ ဒိဋ္ဌိကိလေသာ ဟူသော အကြောင်းကြောင့်။
ခန္ဓာ၊ အပါယ်လေးပါး ခန္ဓာတို့သည်။
ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။
(ဒါကတော့ အပါယ်သံသရာအတွက် သက်သက်တည်း)
အနက် (ဂ)
ကိလေသပစ္စယာ၊ ကာမတဏှာ ကိလေသာကြောင့်။
ခန္ဓာ၊ လူ့ခန္ဓာ နတ်ခန္ဓာတို့သည်။
ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။
(ဒါကတော့ လူ နတ် သံသရာအတွက် သက်သက်တည်း)
အနက် (ဃ)
ကိလေသပစ္စယာ၊ ရူပတဏှာ အရူပတဏှာ ကိလေသာကြောင့်။
ခန္ဓာ၊ ရူပ အရူပ ဗြဟ္မာခန္ဓာတို့သည်။
ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။
(ဒါကတော့ ဗြဟ္မာသံသရာအတွက် သက်သက်တည်း)
ဆိုလိုရင်းမှာ..
အပါယ်လေးပါး အောက်တန်းစား သံသရာ၊ လူ နတ် အလယ်တန်းစား သံသရာ၊ ဗြဟ္မာ အထက်တန်းစား သံသရာဟု သံသရာ သုံးမျိုးသုံးစား သုံးပါးရှိရာ ဒိဋ္ဌိကိလေသာ ကြောင့် အပါယ်ခန္ဓာ၊ ကာမတဏှာ ကိလေသာကြောင့် လူ နတ်ခန္ဓာ၊ ရူပ အရူပတဏှာ ကိလေသာကြောင့် ရူပ အရူပ ဗြဟ္မာခန္ဓာတွေ ထပ်ကာ ထပ်ကာ ပွား၍ ပွား၍ နေသောကြောင့် ဖြစ်ပျက်မွေးသေ ဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေကြရသည်ဟု ဆိုလိုပေသည်။
မှတ်ချက်
လိုရင်းချုပ် သိဘို့မှာ ဒိဋ္ဌိကိလေသာကြောင့် အပါယ်ခန္ဓာ အပါယ်သံသရာ၊ ကာမတဏှာ ကိလေသာကြောင့် လူ နတ် ခန္ဓာ၊ လူ နတ် သံသရာ၊ ရူပ အရူပ တဏှာ ကိလေသာကြောင့် ရူပ အရူပခန္ဓာ ရူပ အရူပ သံသရာ မပြတ်လည်၍နေကြရာ အဆိုပါ ကိလေသာတို့ကို သစ္စဉာဏ် ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် တဒင်္ဂမှ သမုစ္ဆေဒ ကြအောင် ပယ်သတ်ပစ်ပါလျှင် အဆိုပါ သံသရာတို့မှ ကျွတ်လွတ် ထွက်မြောက် မွေး သေ လွတ်တဲ့နိဗ္ဗာန်သို့ ရောက်တော့သည်။ ရတော့ သည်ဟူလို။
ဒါ့ကြောင့် ယခုလက်ရှိဘဝ သာသနာနှင့် တွေ့ကြတဲ့ခါ၊ ပယ်၍ဘဲ ထွက်ကြမလား မပယ်ဘဲ ထား၍ဘဲ စွပ်ကြဦးမလား လို့သာ မေးရန်ရှိတော့၏။
၎င်း၏ဆန့်ကျင်ဘက် -
“ကိလေသာ ဘာဝေ ဝိဇ္ဇမာနမ္ပိကမ္မံ အာယတိံ အပ္ပဋိ သန္ဓိကံ ဟောတိ။” (ဥဒါန်းအဋ္ဌကထာ)
အနက် (က)
ကိလေသာဘာဝေ၊ ကိလေသာ မရှိသည်ရှိသော်။
ကမ္မံ၊ ကုသိုလ် အကုသိုလ်ကံသည်။
ဝိဇ္ဇမာနမ္ပိ၊ အကျိုး မပေးရသေး၍ ထင်ရှား ရှိပါသော်လည်း။
အာယတိံ၊ နောင်အခါ၌။
အပ္ပဋိသန္ဓိကံ၊ ပဋိသန္ဓေ အကျိုးကို မပေးနိုင် မဖြစ်စေနိုင်တော့သည်။
ဟောတိ၊ မုချမသွေ ဖြစ်တော့လေသတည်း။
(ဒါကတော့ သာမညအနက်ဘဲ ရှိသေးတယ်၊ ဝိသေသအနက် ကွက်၍ ပေးရပါလျှင်)
(ခ)
ကိလေသာဘာဝေ၊ ဒိဋ္ဌိကိလေသာ မရှိသည် ရှိသော်။
ကမ္မံ၊ အပါယ်လေးပါးသို့ လားရောက်စေတတ်သော အကုသိုလ်ကံသည်။
ဝိဇ္ဇမာနမ္မိ၊ ရှိပါသေးသော်လည်း။
အာယတိံ၊ နောင်အခါ၌။
အပ္ပဋိသန္ဓိကံ၊ အပါယ်ပဋိသန္ဓေ အကျိုးကို မပေးနိုင်တော့သည်။
ဟောတိ၊ ဖြစ်၏။
(ဒါကတော့ အပါယ် သံသရာအတွက် သက်သက်တည်း၊ ဒိဋ္ဌိမရှိလို့ အပါယ်ခန္ဓာ မရှိတာ)
(ဂ)
ကိလေသာဘာဝေ၊ လူ့ဘုံ နတ်ဘုံတို့၌ ဖြစ်လို ဖြစ်ချင်နေတဲ့ ကာမတဏှာ ဘ၀တဏှာ ကိလေသာ မရှိသည်ရှိသော်။
ကမ္မံ၊ လူ့ဘုံ နတ်ဘုံ တို့၌ ဖြစ်စေတတ်သော ကာမကုသိုလ်ကံသည်။
ဝိဇ္ဇမာနမ္ပိ၊ ရှိပါသော်လည်း။
အာယတိံ၊ နောင်အခါ၌။
အပ္ပဋိသန္ဓိကံ၊ လူ နတ် ပဋိသန္ဓေကို မပေးနိုင်တော့သည်။
ဟောတိ၊ ဖြစ်၏။
(ဒါကတော့ လူ နတ် သံသရာအတွတ် သက်သက်တည်း၊ ကာမတဏှာ မရှိလို့ လူ နတ် ခန္ဓာ မရှိတာ)
(ဃ)
ကိလေသာဘာဝေ၊ ရူပ အရူပဘုံတို့၌ ဖြစ်လို ဖြစ်ချင်နေတဲ့ ရူပ အရူပ တဏှာ ကိလေသာ မရှိသည်ရှိသော်၊
ကမ္မံ၊ ရူပ အရူပဘုံတို့၌ ဖြစ်စေတတ်သော မဟဂ္ဂုတ် ကုသိုလ်ကံသည်။
ဝိဇ္ဇမာနမ္ပိ၊ ထင်ရှားရှိပါသော်လည်း။
အာယတိံ၊ နောင်အခါ၌။
အပ္ပဋိသန္ဓကံ၊ ရူပ အရူပ ပဋိသန္ဓေကို မပေးနိုင်တော့သည်။
ဟောတိ၊ ဖြစ်၏။
(ဒါကတော့ ဗြဟ္မာ့သံသရာအတွက် သက်သက်တည်း၊ ရူပ အရူပတဏှာ မရှိလို့ ရူပ အရူပ ခန္ဓာမရှိတာ)
သတိ - သတိ ....
မှား မှန် ကောင်း ဆိုး ပယ်၍ဘဲ ထွက်ကြမလား၊
မပယ်ဘဲ ထား၍ဘဲ ပြန်စပ် ကြဦးမလား၊
လမ်းမှားနှင့်လမ်းမှန်၊ လမ်းကောင်းနှင့်လမ်းဆိုး လမ်းနှစ်မျိုး ရင်ဆိုင်တွေ့နေကြရပြီး
ဘယ်လမ်းကို လိုက်မလဲ၊
ဗာလ နှင့် ပဏ္ဍိတ ခွဲ၊
ဗာလဖြစ်က သွားနေကြ မွေးသေလမ်း၊
ပဏ္ဍိတဖြစ်က မွေးသေလွတ်တဲ့ နိဗ္ဗာန်လမ်းကို လိုက်လိမ့်မည်၊
ကြည့်၍သာနေ တိုက်တွန်း၍ ရမည်မဟုတ်ပေ။
အဓိပ္ပါယ်
အဆိုပါ ကိလေသာ သုံးမျိုးကြောင့် အဆိုပါခန္ဓာ သုံးမျိုး တိုသည်၊ ဥပမာ -တကမ္ဘာပတ်လုံး “မျိုးစေ့ကြောင့် အပင်ဖြစ်နေကြသကဲ့သို့” ထို့တူပမာ တသံသရာ လုံးကြီးမှာ ကိလေသာကြောင့် ခန္ဓာ ဖြစ်ပျက် မွေး သေ သံသရာရှည်၍ နေကြရာ၊ ဝါ၊ နေကြသော်လည်း မြတ်စွာဘုရား ဟောကြားတော်မူတဲ့ အမှန်လေးပါး ခေါ်သော သစ္စာလေးပါး တရားကို ကြားနာကြရတဲ့ခါ တဏှာ ကိလေသာ သမုဒယသစ္စာကြောင့် ရုပ် နာမ် ခန္ဓာ ဒုက္ခသစ္စာ ဖြစ်သည်ကို၎င်း၊ တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာ ခန္ဓာ အစဉ်ပြတ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန် နိရောဓသစ္စာကို၎င်း၊ ရှေးဦးစွာ လောကီ ဉာဏ်ဖြင့်ပင် ဟုတ်တိုင်းမှန်စွာ သိမြင်ပြီးဖြစ်၍ သိမြင်တဲ့အတိုင်း သတိနှင့်မကျော့ ပညာနှင့်မကင်း ခန္ဓာအတွင်းသို့ ဉာဏ်သွင်းကာ အဖန် တလဲလဲ ဆင်ခြင်နှလုံးသွင်း၍ ပေးတဲ့ခါ -
“ဒု-သိ ဒိ-ပယ်၊ သ-သိ ဝိ-ပယ်” ဆိုတဲ့အတိုင်း၊
ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ ဘုံသုံးပါးတို့၌ပင် တဖန်တဖန် ပြန်၍ပြန်၍ ဖြစ်လို ဖြစ်ချင်နေတဲ့ သမုဒယသစ္စာ တဏှာ ရာဂ လောဘ အသစ်အသစ် ဖြစ်၍ဖြစ်၍ နေသောကြောင့်ပင် ဘုံသုံးပါးတို့မှာ ပြုအပ်သော ကံအားလျော်စွာ ဘဝတဖန် ရုပ်နာမ် ခန္ဓာ ဒုက္ခသစ္စာ ဘဝတဖန် ရုပ်နာမ် ခန္ဓာ ဒုက္ခသစ္စာတွေ အသစ်အသစ် ဖြစ်၍ဖြစ်၍ နေကြသောကြောင့် ရံခါ ဒုဂ္ဂတိ ရံခါ သုဂတိ စသည်ဖြင့် သုံးဆဲ့တဘုံ သံသရာ ဝဋ်ဆင်းရဲကြီးထဲမှာ နစ်တုံ ပေါ်တုံ တမှုံမွှားမွှား ဆုံလည်သည့်နွား ရဟတ်ချားသို့ ဖြစ် ပျက် မွေးသေ သံသရာရှည်၍ နေကြရသည်ဟု သမုဒယနှင့် ဒုက္ခသစ္စာကို တဲ့တဲ့ကြီး ထိုးထွင်း၍ သိမြင်လာတဲ့ခါ သ-ကိုသိတော့ ဝိ-ကို၊ ဒု-ကိုသိတော့ ဒိ-ကို။
ဤလို ဒိ-ဝိ တို့ကိုပယ်၍ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာ မရှိလျှင်လည်း ဒိဋ္ဌိ ကိလေသာ အပါယ်ခန္ဓာတို့၏ တဖန် အသစ်မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်မြင်သိတဲ့ သောတာပတ္တိမဂ်ဉာဏ်ကို ရရှိသဖြင့် အပါယ်ခန္ဓာ အပေါယ် သံသရာ မရှိတော့သည်ဖြစ်၍ အပါယ်လွတ်တရား ရတော့သည်။
ဝိသာခါ အနာထပိဏ်တို့လို - အပါယ်လေးပါး တံခါးကို အပြီးအစီး ပိတ်ထား လိုက်တော့သည်ဟု ဆိုလိုပေသည်။
သစ္စာဉာဏ်ဖြင့်ပင် အဖန်ဖန်ဆင်ခြင်၍ ထင်မြင်သည်ထက် ကောင်းကောင်း လှလှကြီး ထင်မြင်လာတဲ့ခါ ကာမတဏှာ ဘဝတဏှာ ကိလေသာ မရှိလျှင် လူ နတ် ခန္ဓာ လူနတ် သံသရာ မရှိသည်ကို၎င်း၊ ရူပ အရူပတဏှာ ကိလေသာမရှိလျှင် ရူပ အရူပ ခန္ဓာ သံသရာ မရှိသည်ကို၎င်း၊ နည်းတူ သိလေ။
ဆိုလိုရင်းမှာ
အပါယ်လေးပါး အောက်တန်းသံသရာ၊ လူ နတ် အလယ် အလတ်ဖြစ်သော သံသရာ၊ နှစ်ဆယ် အထက်တန်း ဖြစ်သော သံသရာဟု သုံးမျိုး သုံးစား သုံးပါးရှိရာ အဆိုပါ သံသရာတို့ကို တဖန်တဖန် ပြန်၍ပြန်၍ လည်စေတတ် ဖြစ်စေတတ်တဲ့ သူ့ဘုံနှင့် သူ့ ကိလေသာဆိုင်ရာ အပါယ်လေးဘုံနှင့်ဆိုင်ရာ ဒိဋ္ဌိကိလေသာ၊ လူ့ဘုံ နတ်ဘုံနှင့်ဆိုင်ရာ ကာမ တဏှာ ကိလေသာ၊ ဗြဟ္မာဘုံနှင့်ဆိုင်ရာ ရူပ အရူပ တဏှာ ကိလေသာတို့ကို ဝါ- ဒိဋ္ဌိ တဏှာ မာန ကိလေသာတို့ကို ဒေသနာတော် ဉာဏ်လက်နက်နှင့်ဘဲ ဖြစ်ဖြစ် သစ္စဉာဏ်လက်နက်နှင့်ဘဲ ဖြစ်ဖြစ် ဝိပဿနာဉာဏ် မဂ်ဉာဏ် လက်နက်နှင့်ဘဲ ဖြစ်ဖြစ် အလဲထိုး၍ အသေသတ်နိုင်ဘို့ရာသာ လိုရင်းကြီးဟု သိလေ မှတ်လေ။
အဘယ်ကြောင့် ဆိုသော် - မျိုးစေ့မရှိလျှင် အပင်မပေါက်နိုင်သကဲ့၊ ထို့တူပမာ ကိလေသာမျိုး မရှိပါလျှင် ကံဟောင်း ကံသစ် ဘယ်လောက်ပင် ရှိရှိ အပါယ်ပဋိသန္ဓေ စသော ပဋိသန္ဓေအကျိုးကို တဖန် မဖြစ်စေနိုင် မဆက်စေနိုင် သောကြောင့်ပေတည်း။
(သစ္စာသိက ဒိဋ္ဌိမရှိ၊ ဒိဋ္ဌိမရှိလျှင် အပါယ်လေးပါးလည်း မရှိ)
သည်မှတပါး...
“သဗ္ဗာနိစ အပါယဂါမိ ကမ္မာနိနာမ၊ အတ္တဒိဋ္ဌိယာ သတိယာဧဝ ဝိပစ္စန္တိ၊ အသတီယာ နဝိပစ္စန္တိ၊ ဒိဋ္ဌသစ္စာနဉ္စ သာဒိဋ္ဌိ၊ သဗ္ဗသော ပဟီနာ ဟောတိ။” (ပရမတ္ထဒီပနီ)
အနက်
သဗ္ဗာနိစ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
အပါယဂါမိ ကမ္မာနိနာမ၊ အပါယ်လားကြောင်း မကောင်းမှု အကုသိုလ်ကံတို့ မည်သည်ကား။
အတ္တဒိဋ္ဌိယာ၊ တဏှာမှတပါးသော ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာကိုပင် ငါ့ကိုယ် အတ္တဟု ယူမှားသော အတ္တဒိဋ္ဌိသည်။
သတိယာဧဝ၊ ရှိသော်သာလျှင်။
ဝိပစ္စန္တိ၊ အပါယ်လေးပါးသို့ လားခြင်း ကျရောက်ခြင်း တည်းဟူသော အကျိုးကို ဖြစ်စေနိုင်ကုန်၏။
အသတိယာ၊ ဒုက္ခသစ္စာ သိ၍ ဒုက္ခသစ္စာဟု ပိုင်ပိုင်သိ၍ သန္နိဋ္ဌာန်ကျ သမ္မာဒိဋ္ဌိ မဂ်ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချလိုက်ပြီး ဖြစ်၍ အတ္တဒိဋ္ဌိ မရှိသည်ရှိသော်။
နဝိပစ္စန္တိ၊ အပါယ်လေးပါးသို့ လားခြင်း ကျရောက်ခြင်း တည်းဟူသော အကျိုးကို မဖြစ်စေနိုင်ကုန်။
ဒိဋ္ဌသစ္စာနဉ္စ၊ မြင်အပ်ပြီးသော သစ္စာရှိသော သစ္စာရှိသော သူတို့အားလည်း။
ဝါ၊ ဘုံသုံး ပါးတို့၌ တဏှာမှတပါးသော ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ, တဏှာကား သမုဒယသစ္စာ, တဏှာပယ်တဲ့ မဂ်အကျင့်ကြောင့် တဏှာခန္ဓာ ဒု-သ သစ္စာ နှစ်ပါး တို့၏ တဖန်အသစ် မဖြစ်ရာ နိဗ္ဗာန်သည်ကား နိရောဓသစ္စာ, နိဗ္ဗာန် ရောက်ကြောင်း တဏှာပယ်တဲ့ မဂ်အကျင့် မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာ ဟု သမ္မာဒိဋ္ဌိ မဂ်ဉာဏ်ဖြင့် သိမြင်အပ်ပြီး သစ္စာရှိသော သူတို့အားလည်း။
ဝါ၊ တို့သည်လည်း။
သာဒိဋ္ဌိ၊ ထိုအပါယ်ငရဲကို တကယ် ဆွဲဆွဲချတတ်တဲ့ အတ္တဒိဋ္ဌိကို။
သဗ္ဗသော၊ အချင်းခပ်သိမ်း။
ဝါ၊ အလုံးစုံအားဖြင့်။
ပဟီနာ၊ သစ္စာမြင်သိ သမ္မာဒိဋ္ဌိ ဖြစ်သွားစဉ်ကပင် အပြီးအပြတ် လက်စသတ် ပယ်အပ်ပြီး ဖြစ်တော့သည်။
ဟောတိ၊ ဖြစ်၏။
ဤလို ဤပုံ ကျမ်းဂန်ပါဠိ ရှိသည်တို့ကို။ ဝါ၊ ကျမ်းဂန်စာတတ် ဆရာမြတ်တို့၏ အမိန့်အဆိုကို။ ဝါ၊ ဘုရားအလိုတော်ကိုသိ ဘုရားအာဘော်ကို ရိပ်မိကြတဲ့ ဆရာ့ ဆရာ သာထက်သာကြတဲ့ ဋ္ဌကထာ ဋီကာဆရာတို့၏ အမိန့် အဆိုအလာတို့ကို ထောက်ထားဆင်ခြင်၍ ကြည့်ရှုပါလျှင် သစ္စာကို သိမြင်ရခြင်းသည် အင်မတိ အင်မတန် ဝမ်းမြောက်ဘွယ် ကောင်းလှပါသည်။
အကြောင်းသော်ကား - မသိအပ်သော အစရှိသော သံသရာဘဝ ကာလ တို့၌ ကြင်လည်၍ နေကြရသော သတ္တဝါမှန်သမျှတို့မှာ...
“တေနဝိနိမုတ္တော သတ္တောနာမ နတ္ထိ” ဆိုတဲ့ သမ္မော ဋ္ဌကထာနှင့်အညီ။
ဘာသာပြန်
အလယ်ဇောငါးချက် စေတနာခေါ်သော အပရာ ပရိယ ဝေဒနိယကံနှင့် ကင်းလွတ် သော လူ နတ် ဗြဟ္မာ သတ္တဝါမည်သည် တစုံ တယောက်မျှ မရှိနိုင်ဟုဆိုထားရာ သတ္တဝါ တယောက် တယောက်လျှင် -
အကျိုးမပေးရသေးတဲ့ အဝီစိထိအောင် ပို့ဆောင်နိုင်တဲ့ အကုသိုလ် ကံဟောင်းလည်း အနန္တ၊ နိဗ္ဗာန်ထိအောင် ပို့ဆောင်နိုင်တဲ့ ကုသိုလ်ကံဟောင်းလည်း အနန္တ၊ မြေထု ရေထုနှင့်အမျှ ရှိနေကြရာ အဆိုပါ မြေထု ရေထုနှင့် အမျှ အကုသိုလ်ကံ အသင်္ချေ အနန္တတို့သည်လည်း အတ္တဒိဋ္ဌိ ရှိနေမှသာ အကျိုးပေးနိုင်သည် အကျိုးပေးခွင့်ရသည်၊
အတ္တဒိဋ္ဌိမရှိလျှင် အကျိုးမပေးနိုင်၊ အကျိုးပေးခွင့်ကို မရဟု တိုက်ရိုက်ဘဲ ပြဆိုထား သည့်ပြင် မြင်အပ်ပြီးသော သစ္စာရှိသော သူကိုအားလည်း၊ ဝါ၊ သစ္စာလေးပါးကို ပိုင်းခြား ဝေဘန်၍ အမှန်အတိုင်း ထိုးထွင်း၍ သိမြင်ပြီးသော သူတို့အားလည်း ထို အတ္တဒိဋ္ဌိကို အကြွင်းမရှိ ပယ်အပ်ပြီး ဖြစ်သည်ဟူ၍လည်း ထပ်ဆင့်၍ တိုက်ရိုက်ဘဲ ပေါ်ပေါ်လွင်လွင် ဖွင့်ပြထားသောကြောင့်ပေတည်း။
အမှာ
ဤလို ဤပုံ သစ္စာသိမှုသည် ဘဝဘဝါ ကမ္ဘာ့ကမ္ဘာ သံသရာ ကာလတို့က မိုက်မဲခဲ့ မိုက်မှားခဲ့ မှောက်မှားခဲ့လေသမျှသော အမှောက် အမှားအမျိုးမျိုး အတ္တစွဲ သတ္တစွဲ ဇီဝစွဲ စသော အလွဲအမှား အစွဲတရား အမျိုးမျိုးတို့ကို ထုံးလိုချေ ရေလိုနှောက်၍ ပယ်ဖျောက် ဖျက်ဆီးပြီး နိဗ္ဗာန်လမ်းမှန်ကြီးကိုသာ တဖြောင့်တည်း ညွှန်ပြနိုင်သော စွမ်းရည်သတ္တိ ကျပ်ပြည့်ရှိ၍ တသံသရာလုံးက ယူမှားခဲ့သော အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ စသော အယူမှားကြီးတို့ကို တခဏခြင်း တားဆီး ပိတ်ပင်၍ အပါယ်ဇာတ်သိမ်းတဲ့ သောတာပန် အစ ရဟန္တာအထိ ဖြစ်မြောက်အောင် ရွက်ဆောင်၍ ပေးနိုင်သော သတ္တိရော ဗျတ္တိရော ရှိလှပါသောကြောင့် သေနေ့ မဦးခင် သစ္စာသိတဲ့နေ့က ဦးသွားအောင် အထူးကြိုးစားကြပါမည့် အကြောင်း ထပ်လောင်း၍ သတိပေး နှိုးဆော်လိုက်ပါသည် မဂ်ဖိုလ်မှန်းမျှော် သူတော်အပေါင်းတို့။
သိခါပတ္တ ဒါနထိပ်သီး
အဆိုပါ အောက်သစ္စာဥဒ္ဒေသ ပ-ခဏ်း အလယ်သစ္စာနိဒ္ဒေသ ဒု-ခဏ်း အထက်သစ္စာ ပဋိနိဒ္ဒေသ တ-ခဏ်းလုံးကိုပင် ထိုထိုကျမ်းဂန်တို့၌ လာရှိသော စေတနာဒါန ဝတ္ထုဒါန ဟူ၍၎င်း၊ အာမိသဒါန ဓမ္မဒါန ဟူ၍၎င်း၊ ဤသို့ စသည်ဖြင့် လာရှိကြတဲ့ ဒါန အမျိုးမျိုး အစားစား များပြားလှစွာသော ဒါနအမျိုးမျိုးတို့ထက် ဆထက် ထမ်းပိုးပြီး အကျိုးကြီးလှတဲ့ ဒါနထိပ်သီး ဒါနအဓိပတိကြီးအစစ် ဖြစ်ကြီးဖြစ်တဲ့ သိခါပတ္တ ဒါနဖြင့် အကျယ် အကျယ် မငြိမ်းဘွယ် မဖြစ်ရအောင် အကျဉ်းချ၍ နိဂုံးအုပ်တော့အံ့။
“ဣမေဓမ္မာ အဘိညေယျာ ဣမေဓမ္မာပရိညေယျာ ဣမေဓမ္မာ ပဟာတဗ္ဗာ ဣမေဓမ္မာ သစ္ဆိကာတဗ္ဗာ ဣမေဓမ္မာ ဘာဝေတဗ္ဗာတီ သစ္စာနီ ဝိဘာဝန္တော အမတာဓိဂမံ ကထေတွာဒေတိ ဣဒံ သိခါပတ္တ ဓမ္မဒါနံ နာမ။”
ဘာသာပြန်
သစ္စာလေးပါး တရားတို့ကို ဤ တဏှာကြဉ်သော ကေဘုမ္မက ဝဋ်တရား ခန္ဓာငါးပါး ရုပ်နာမ်တရား တို့သည်ကား ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ ပဋိသန္ဓေအစ စုတိအဆုံး တသက်လုံး တသံသရာလုံး ဆင်းရဲတုံး ဆင်းရဲခဲ ဆင်းရဲအစုအပုံ ဆင်းရဲ အသိုက် အအုံကြီး ဆင်းရဲတွင်းနက်၍ ဆင်းရဲခြင်း စစ်မှန်လှသောကြောင့် ဒုက္ခသစ္စာပေတည်း။
ဤ ဘုံသုံးပါးတို့၌ ကောင်းနိုးနိုး မှတ်ထင်၍ တဖန်တဖန် ဖြစ်လို ဖြစ်ချင် နေတဲ့ ဘဝတဏှာသည်ကား ဖြစ်လို ဖြစ်ချင်နေတဲ့အတိုင်း ဘုံသုံးပါးတို့၌ ဘဝတဖန် ရုပ်နာမ် ခန္ဓာ ဒုက္ခသစ္စာ အသစ်အသစ်ကို ဖြစ်စေတတ်သောကြောင့် ဖြစ်ရာဘုံဘဝတို့မှာ ဇာတိဒုက္ခ စသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့ကို အသစ်အသစ် ဖြစ်စေတာ ဖြစ်စေမှာ စစ်မှန်လှသောကြောင့် သမုဒယသစ္စာပေတည်း။
ဤ ဒု-သ သစ္စာနှစ်ပါးစုံတို့၏ တဖန်အသစ်မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ အသင်္ခတဓာတ် နိဗ္ဗာန်သည်ကား ဆင်းရဲပေါင်းချုပ် ဒုက္ခ ဟူသမျှတို့၏ ချုပ်ငြိမ်းရာ အေးမြရာ ချမ်းသာရာ စစ်မှန်လှသောကြောင့် နိရောဓသစ္စာ ပေတည်း၊
ဤ နိရောဓသစ္စာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရား သည်ကား အဆိုပါ ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့၏ ကုန်ဆုံးချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း စစ်မှန်လှသောကြောင့် မဂ္ဂသစ္စာ ပေတည်းဟု ပညတ်မြင် ပညတ်ထက် ထူးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် သိအပ်ကုန်၏။
ဤ အဆိုပါ ဒုက္ခသစ္စာတရားတို့ကို ရှေးဦး အနုဗောဓဉာဏ် နောက် ပဋိဝေဓဉာဏ်၊ ဝါ- ရှေးဦးစွာ လောကီဉာဏ် နောက် လောကုတ္တရာမဂ်ဉာဏ် တို့ဖြင့် ပိုင်းခြား၍ သိအပ်ကုန်၏၊ ဤသမုဒယသစ္စာ တရားတို့ကို ပယ်သတ်အပ်ကုန်၏၊ ဤ နိရောဓ သစ္စာ နိဗ္ဗာန်တရားကိုကား အာရုံပြုသော အားဖြင့် မျက်မှောက်ပြုအပ်ကုန်၏၊
ဤ မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားတို့ကိုကား၊ နေ့-ည မခြား ပွားများအပ်ကုန်၏ဟု သစ္စာလေးပါးတို့ကို မသွယ် မဝိုက် တိုက်ရိုက် တဲ့ထိုး တတ်တတ် ထင်ထင် တဲ့တဲ့ သိမြင်အောင် ထင်စွာ ဟောပြော ပြသလျက် မွေး သေ လွတ်တဲ့ အမြိုက်နိဗ္ဗာန်ကို ရစေ ရောက်စေတတ် တဲ့ သစ္စာလေးပါး အမြတ်တရားကို ဟောပြောလို့ ပေး၏။
ဤလိုဤပုံ သစ္စာလေးပါး အမြတ်တရားကို ဟောကြား၍ပေးခြင်းသည် ဝါ၊ သစ္စာလေးပါး တရားအနှစ်ကို သူတပါးတို့ သိရှိနားလည်အောင်၊ ဝါ၊ ဘယ်ဘဝ ဘယ်ကမ္ဘာကမှ သစ္စာမသိ၍ ဒိဋ္ဌိကို မပယ်ခဲ့နိုင်သောကြောင့် ဘယ်ဘဝ ဘယ်ကမ္ဘာ ကမှ အပါယ်မလွတ်နိုင်ခဲ့ဘဲရှိရာ ယခုလက်ရှိဘ၀ သေနေ့က မဦးခင် သစ္စာသိတဲ့ နေ့ကဦးပြီး …
“ဒု-သိ ဒိ-ပယ်၊ သ-သိ ဝိ-ပယ်၊ နိ-မ-သိ-သီ-ပယ်”
သုံးသွယ် သံယော ပယ်စွန့်မျော၊ မှတ်လော သောတာပန်။ ။ နှင့်အညီ
ဒု-သိ-ဝိ အယူမှား ယုံမှား နှလုံးသွင်းမှား ချုပ်ငြိမ်း၍ အပါယ်ဇာတ်သိမ်းတဲ့ အရိယာ သောတာပန် ဖြစ်သွားအောင် ကိုယ်တိုင်က နှုတ်ဖြင့် ဟောပြော၍၎င်း၊ ကြော်ငြာ စာအုပ် စာတမ်း ရေးသား ဖြန့်ဝေ၍၎င်း၊ သူတပါးကို ရေးသားထားသော စာအုပ် စာတမ်းကို ဒါယကာခံယူ၍၎င်း ပေးလှူခြင်းသည် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ဟု ဘုရားဟော ရှိသည်နှင့် အညီ၊ ထို့ထက်မက သိခါပတ္တ ဒါနထိပ်သီး ဒါနအဓိပတိကြီး အစစ်ကန် ဖြစ်သတည်းဟု သိလေ မှတ်လေ။
ဤလို ဤပုံ ကျမ်းဂန်အရ သာဓက လာရှိသည်ကို ထောက်၍ ရခဲတဲ့ လူ့ဘဝကို ရကြ၍ ကြုံခဲတဲ့ သာသနာတော် မြတ်ကြီးနှင့် ကံကောင်း ထောက်မ၍ တွေ့ကြုံကြရတဲ့ခါ ရှေးဦးစွာ သစ္စာလေးပါးတို့ကို ကိုယ်တိုင်က သုတသိ အနုဗောဓဉာဏ်ဖြင့် နောက်အခါ ဒိဋ္ဌ ကိုယ်တွေ့သိ ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ သိကြပြီးလျှင် သူတပါးတို့အားလည်း သိခါပတ္တ ဓမ္မဒါနကြီး အဖြစ် ဖြစ်လေအောင် သူတို့ဉာဏ်နှင့် သင့်တန်ရုံ သိစေ မြင်စေခြင်းငှါ တဆင့်က တဆင့် ပြောဟောကြပါလေ ဟူလို။
“ဧတ္တာဝတာ ဘဒ္ဒန္တ သုဇနတ္ထေရေန ရစိတာယံ နိဒ္ဒေသော ဂန္ထော သစ္စောဘာသောနာမ နိဋ္ဌိတော။”
ဧတ္တာဝတာ ဧတ္တဝန္တေန ၀စနက္ကမေန၊ ဤသစ္စနိဒ္ဒေသ၌ ပြအပ်ပြီးသော စကား အစဉ်ဖြင့်။
ဘဒ္ဒန္တ သုဇနတ္ထေရေန၊ ဘဒ္ဒန္တ သုဇန ဟု ဘွဲ့ရမည်တွင် ထေရ်အရှင်သည်။
ရစိတော၊ ရေးသားပြုပြင် စီရင်အပ်သော။
နိဒ္ဒေသော၊ သစ္စာလေးပါး မှန်တရားကို အကျယ်အားဖြင့် ရေးသားပြဆိုရာ သစ္စာ နိဒ္ဒေသခဏ်း ဖြစ်သော။
သစ္စောဘာသောနာမ၊ သစ္စာအလင်းပြ အမည်ရှိသော။
အယံဂန္ထော၊ ဤကျမ်းသည်။
နိဋ္ဌိတော၊ ပြီးပြီ။
ဝါ၊ ဤတွင် စကားတရပ် အဆုံးသတ်ပြီ။
ဝါ၊ နိဋ္ဌံ ဣတော ဂတော ပတ္တော၊ ဤတွင် ပြီးဆုံး နိဂုံးသို့ရောက်လေပြီ။
(သစ္စာနိဒ္ဒေသ ဒုတိယပိုင်းကို ဤတွင် ရပ်ဆိုင်းလိုက်ပါသည်)
သစ္စာအလင်းပြ ပဋိနိဒ္ဒေသ
၃။ တတိယခဏ်း
သစ္စာ ပဋိနိဒ္ဒေသ
အပိုင်း (၁)
နမော ဗုဒ္ဓဿ နမော ဓမ္မဿ နမော သံဃဿ နမော အာစေရဿ
ဘုရား တရား သံဃာ ဆရာသမားများအား ရှိခိုးပါ၏
---
ပဋိညာဉ်
ဤသို့ “ဒုက္ခဿပိဠနဋ္ဌော” စသော ဒေသနာတော်အစဉ်ဖြင့် သစ္စာ နိဒ္ဒေသ ဒုတိယခဏ်းကိုပြပြီး၍ ယခုအခါ သစ္စာပဋိနိဒ္ဒေသ တတိယခဏ်းကို ပြပေအံ့သတည်း။
ဤ သစ္စာပဋိနိဒ္ဒေသ တတိယခဏ်း ကိုလည်း များသောအားဖြင့် သစ္စ သံယုတ်ကို မှီ၍ပြဆိုမည်ဖြစ်ရာ ထိုသစ္စသံယုတ်တွင်လည်း အကုန်လုံး သိမ်းကြုံး၍ မပြဆိုဘဲ လူ ရှင် ရဟန်းတို့အား လွန်စွာကျေးဇူးများမည့် အချက်တွင်သာ ကွက်၍ကွက်၍ ပြဆို သွားမည်၊ ပြသည့်အခါမှာလည်း လူတိုင်း နားမလည်နိုင်သော ပါဠိဘာသာကို အစ အစ အမြွက်မျှလောက်ကိုသာ ဖေါ်ပြ၍ ဘာသာပြန် ခေါ်သော မြန်မာပြန် သက်သက် ကိုသာ ဖေါ်ပြသွားမည် ဖြစ်ပါကြောင်း။
(အကျယ်ကို သိလိုက ညွှန်ပြထားသော ကျမ်းရင်း၌ ရှုကြပါလေ။)
---
၁ - ဘာရသုတ်
▬▬▬▬▬▬
သာဝတ္ထိယံ တတြခေါ ဘာရဉ္စဝေါ ဘိက္ခဝေ ဒေတေဿာမိ၊
ဘာရဟာရဉ္စ ဘာရာဒါနဉ္စ ဘာရနိက္ခေပနဉ္စ တံသုဏာထ။
(ခန္ဓဝဂ္ဂသံယုတ်)
---
ဘာသာပြန်
ဘုရားမြတ်စွာ စိန္တေယျာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ကိန်းအောင်း မွေ့လျော် သီတင်းသုံး နေထိုင်သော် မူသောအခါ ရဟန်းတို့ … သင်ချစ်သားတို့အား ဝန်ထုပ် ဝန်ပိုးကြီးကို၎င်း၊ ဝန်ထမ်းသမားကို၎င်း, ဝန်ပေးသောသူကို၎င်း ဝန်ကိုပစ်ရာ အရပ်ကို၎င်း ငါဘုရား ဟောတော်မူမယ်၊ ထိုဝန်ထုပ်တရားကို နာကြ။
အဆိုပါ လေးပါးတို့တွင် ကြီးလေးလှစွာသော ဝန်ထုပ်ဝန်ပိုးကြီး ဆိုတာက အခြား မဟုတ်၊
သင်တို့ရဲ့ တကိုယ်လုံး တကောင်လုံးရှိ ဖေါက်ပြန်စရာ အကြောင်းနှင့် ပေါင်းမိလျှင် ခဏခြင်း ဖေါက်ပြန်တတ်သော ဖောက်ပြန်တဲ့ အခု ရူပက္ခန္ဓာ၊
ခံစားတဲ့ အခု ဝေဒနာက္ခန္ဓာ၊
မှတ်သားတဲ့ အစု သညာက္ခန္ဓာ၊
ပြုပြင်တဲ့အခု သင်္ခါရက္ခန္ဓာ၊
သိတဲ့အစု ဝိညာဏက္ခန္ဓာ၊
ဤအစု ငါးစုဖြစ်သော သူ-ငါ, ကျား-မ အဟုတ် မဟုတ်ဘဲလျက် သူဘဲ ငါဘဲ ယောက်ျားဘဲ မိမ္မဘဲလို့ စွဲလမ်းစရာကြီး နိစ္စ သုခ အတ္တ သုဘ မဟုတ်ဘဲလျက်, နိစ္စ သုခ အတ္တ သုဘလို့ စွဲလမ်းစရာကြီး ငါ့ကိုယ် ငါ့ဟာ ငါ မဟုတ်ဘဲလျက် ငါ့ကိုယ် ငါ့ဟာ ငါလို့ စွဲလမ်းစရာကြီး အထင်မှား အမှတ် မှားစရာကြီး အယူအဆ မှားစရာကြီး ဖြစ်နေတဲ့ သူ့ကိုယ် ငါ့ကိုယ်လို့ အခေါ်ခံနေရသော သင်တို့ လက်ရှိဖြစ်နေကြသော ဥပါဒါနက္ခန္ဓာကြီးဟာ တခုတခုသောဘ၀ ပဋိသန္ဓေမှ စုတိသေနေ့သို့ကျအောင် တဘဝလုံး တသံသရာလုံး သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း ရေချိုးခြင်း တန်းဆာ ဆင်ပေးခြင်း၊ ပန်းနံ့သာကို လိမ်းပေးခြင်း, စားခြင်း သောက်ခြင်း စသည်တို့ဖြင့် တသက်ပတ်လုံး နေ့-ရှိသမျှ, လ-ရှိသမျှ နှစ်-ရှိသမျှ ဆောင်ရွက် လုပ်ကျွေး မွေးမြူ ရခြင်းကို မချိရင်ကဲ ဆင်းရဲကြီးစွာ အင်မတန် ကြီးလေးလှသော ခန္ဓာဝန်ထုပ်ကြီးကို ရွက်ဆောင်နေရသောကြောင့် ကြီးလေး ကြီးမား ကြီးမင်းလှသော ခန္ဓာဝန်ထုပ်ကြီး ဟူ၍ ငါဘုရား ဟောတော်မူတယ်တဲ့။
---
တဖန် - ဝန်ထမ်းသမား ဆိုတာကတော့ သတ္တဝါခေါ်သော ပုဂ္ဂိုလ်သည် တခု တခုသော ဘဝ ပဋိသန္ဓေခဏ ပဋိသန္ဓေခဏ၌သာလျှင် ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးကို ရွက်၍ (၁၀)နှစ် အနှစ်(၂၀) အနှစ်(၁၀၀) ကာလပတ်လုံး အသက်ရှင်သမျှ ဤခန္ဓာ ဝန်ထုပ်ကြီးကို ရေချိုးစေလျက် ထမင်းစားစေလျက် နူးညံ့သိမ်မွေ့သော အတွေ့ ရှိသော ညောင်စောင်း အင်းပျဉ်တို့၌ ထိုင်စေလျက် လျောင်းအိပ်စေလျက် တသက်လုံး လိုလေသေးမရှိ ဆောင်ရွက် လုပ်ကျွေး မွေးမြူပြုစု၍ စုတိသော ခဏ၌ ခန္ဓာ ဝန်ထုပ်ဟောင်းကို စွန့်ပစ်၍ တဖန် ပဋိသန္ဓေ ခဏ၌ တပါးသော ခန္ဓာဝန်သစ်ကို ပုန်းအောင်း မလွတ် ပုန်းရှောင်မလွတ် ထမ်းမြဲဝတ်ကို မချွတ်ရအံ့ တလုံလဲလဲ ယူမြဲ ယူနေကြရတဲ့ ဝဋ်ကောင်ကြီး သက်သက်မျှသာ ဖြစ်၍နေသော တိဿ ဒတ္တ စသော ပုဂ္ဂိုလ်ကို၊ ဝါ-သင်တို့ကဲ့သို့သော လူနတ် သတ္တဝါကို ခန္ဓာ ဝန်ထမ်းသမားကြီး အစစ် ဟူ၍ ငါဘုရား ဟောတော်မူသည်။
---
တဖန် - ဝန်ပေးသောသူ ဆိုတာကတော့ ငါးပါးအာရုံ ကာမဂုဏ်တို့၌ စုံစုံမက်မက် ခုံခုံတက်အောင် တပ်မက်တတ်သော ကာမတဏှာ၊ ရူပ အရူပ တဏှာ ဟူသော ဥပပတ္တိဘဝ ဈာန်ဟူသော ကမ္မဘဝတို့၌ တပ်မက်တတ်သော သဿတဒိဋ္ဌိနှင့် တကွ ဖြစ်သော ဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော ဝိဘဝတဏှာ, အဆိုပါ တဏှာ သုံးပါးတို့သည် ပေးအပ်သော လူနတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် တသံသရာလုံး ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးကို တဘဝ တခန္ဓာ, တဘဝ တခန္ဓာ မလို မလွတ်ရ ပုန်းရှောင်၍ မရအောင် ကြီးလေးလှစွာသော ခန္ဓာဝန်ထုပ်ဝန်ပိုးကြီးကို အစေ့အင မကျန်ရအောင် ပေးတတ်လှသောကြောင့် ခန္ဓာ ဝန်ထုပ်ပေးသမားကြီး အစစ် ဒုက္ခပေး သမားကြီး အစစ်ဟူ၍ ငါဘုရား ဟောတော်မူသည်။
---
တဖန် - ဝန်ချရာအရပ် ဆိုတာကတော့ အဆိုပါ ထိုတဏှာ၏သာလျှင် အကြွင်းမဲ့ ချုပ်ရာ ကင်းရာ စွန့်ရာ တဖန်စွန့်ရာ လွတ်ရာ အာလယကင်းရာ အလယမရှိရာ ဖြစ်သော နိဗ္ဗာန်မည်သော အရပ်သည် ပရမတ်အားဖြင့် ထင်ရှားရှိ၏၊
မှန်၏၊ ထို နိဗ္ဗာန်သို့ရောက်၍ တဏှာသည် အကြွင်းအကျန် မရှိသောအားဖြင့် ပျက်စီး၏၊ ပျောက်တော့၏၊ ချုပ်တော့၏။ တဏှာ မရှိလျှင် ခန္ဓာလည်း မရှိတော့ပြီ ဖြစ်၍ ခန္ဓာဝန်ကို ဆောင်ဘွယ်မရှိပြီ။
ထို့ကြောင့် နိဗ္ဗာန်အရပ်ကို ခန္ဓာဝန်ကို ပစ်ချရာအရပ်ဟူ၍ ငါဘုရား ဟောတော်မူသည် ဟူလို။
ထို့ကြောင့်ပင်
(က) ဘာရာဟဝေ ပဉ္စက္ခန္ဓာ၊
ဘာရာဟရောစ ပုဂ္ဂလော။
ဘာရာဒါနံ ဒုခံလောကေ၊
ဘာရနိက္ခေပနံ သုခံ။
(ခ) နိက္ခိပိတွာ ဂရုံဘာရံ၊
အညံ ဘာရံ အနာဒီယ။
သမူလံတဏှ မဗ္ဗူယှ၊
နိစ္ဆတော ပရိနိဗ္ဗူတော။
(ခန္ဓဝဂ္ဂသံယုတ်၌ ဟောတော်မူသည်)
---
ဘာသာပြန်-(က)
ရဟန်းတို့၊ စင်စစ်အားဖြင့် ချစ်သားတို့၏ တကိုယ်လုံး တကောင်လုံးကြီး ဖြစ်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် တဘဝ တခန္ဓာ တဘဝ တခန္ဓာ ထမ်းဆောင် နေရတဲ့ ကြီးလေးလှစွာသော ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးတို့ပေတည်း။
လူ နတ် ဗြဟ္မာ စသည်ဖြင့် ခေါ်ဆိုရုံ ပညတ်မျှ ရှိနေကြတဲ့ ပုဂ္ဂိုလ်ဆိုတာကတော့ အဆိုပါ ကြီးလေးလှတဲ့ ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးကို တသက်လုံး ထမ်းဆောင်နေကြတဲ့ ခန္ဓာဝန်ထမ်းသမားကြီး တို့ပေတည်း။
လူ နတ် ဗြဟ္မာ သတ္တဝါဟု ခေါ်ဆိုရတဲ့ ခန္ဓာလောကကြီး၌ သတ္တဝါတို့အား တဏှာသည် ပေးအပ်သည်ဖြစ်၍ ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးကို ဆောင်ယူစေခြင်းသည် ဇာတိဒုက္ခ စသည်ဖုံဖုံ ကုန်အောင်စုံသော ဆင်းရဲတုံး ဆင်းရဲခဲ ဆင်းရဲအစုအပုံ ဆင်းရဲ အသိုက်အအုံကြီးသာတည်း။
ဘယ်ဘဝ ဘယ်ကမ္ဘာကမှ သစ္စာမသိခဲ့ကြ၍ ဘယ်ဘ၀ ဘယ်ကမ္ဘာကမှ မပစ် မချနိုင်ခဲ့တဲ့ ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးကို လက်ရှိဘဝ သစ္စာသိကြ၍ - တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ် အဆင့်ဆင့်ဖြင့် မျက်မှောက် ပြုနိုင်တဲ့ခါ အဆိုပါ သတ္တဝါအားလုံးတို့ကို အစေ့အင မကျန်ရအောင် တဘဝ တခန္ဓာ ခန္ဓာဝန်ထုပ်ကြီးကို ပေးတတ်သော ဝန်ပေးသမား ဒုက္ခပေးသမားကြီး လက်သယ် အစစ်ဖြစ်တဲ့ တဏှာကို အလဲထိုး အသေသတ်၍ အရဟတ္တမဂ်သို့ ရောက်သဖြင့် အရဟန္တစုတိ ဘင်္ဂက္ခဏ ဟိုဘက်အကျတွင် အပြီးအပြတ် လက်စသတ် ခန္ဓာဝန်ကြီးကို ပစ်ချလိုက်နိုင်ခြင်းသည် ဘဝနိဿရဏ အသင်္ခတ အမတမို့ ချမ်းသာလှပါ ပေ၏။ ဝါ၊ အို နာ သေရေး ဒုက္ခဘေးတို့နှင့် ရောထွေးနေသေးတဲ့ လူ နတ် ချမ်းသာတို့နှင့် လုံးဝမတူ တမူကွဲပြား ထူးထူးခြားခြား တပါးသော ချမ်းသာတိုနှင့် မဆက်ဆန်၍ ချမ်းသာလှပါပေ၏တကား။ ။
(ခ) လေးလံလှသော ခန္ဓာဝန်ကြီးကို အရိယမဂ်ဉာဏ်ဖြင့် အပြီးအပြတ် လက်စသတ် ချ၍ တပါးသော ခန္ဓာဝန်ကို တဏှာ ဟူသော အကြောင်းဖြင့် မယူမူ၍ အဝိဇ္ဇာဟူသော အမြစ်နှင့်တကွဖြစ်သော တဏှာ လောဘကို အရိယမဂ်ဉာဏ်ဖြင့် နှုတ်၍ တဏှာ လောဘ မရှိသည်ဖြစ်၍ နိဗ္ဗာန်ယူသိမ်း အငြိမ်းကြီး ငြိမ်းရတော့သည် ဟူလို။
---
မှတ်ချက်
အဆိုပါ နှစ်ဂါထာတို့တွင် ပဋ္ဌမဂါထာ၌ “ဘာရာဟဝေ ပဉ္စက္ခန္ဓာ” ဖြင့် ဒုက္ခသစ္စာကို ပြတော်မူ၏၊ “ဘာရာဒါနံ ဒုခံလောကေ” ဖြင့် သမုဒယသစ္စာကို ပြတော်မူ၏၊ “ဘာရနိက္ခေပနံ သုခံ” ဖြင့် နိရောဓသစ္စာ နှင့် မဂ္ဂသစ္စာ ၂-ပါးကို ပြတော်မူ၏၊ သစ္စာလေးပါး ပါဝင်သော သစ္စာပြ ဂါထာပင် ဖြစ်၏။
---
မုဆိုး နှင့် ကျွန်-ဥပမာ
▬▬▬▬▬▬▬▬
ဥပမာ - ဆိုသည်ရှိသော် ချစ်သားတို့ … တော၌ ကျက်စားသော မုဆိုးသည် အခပေး၍ နောက်လိုက် ကျွန်တယောက်ကို ခေါ်ပြီးလျှင် အမျိုးမျိုးသော ပိုက်ကွန်လက်နက် တို့ကို စွဲကိုင်လျက် တောအရပ်သို့ လှည့်လည် လာလေ၏၊ တောအရပ်၌ သမင် ဒရယ် စသော သတ္တဝါတို့ကို ပစ်ခတ်၍ အရေကိုခွါပြီးသော် နောက်လိုက်ကျွန်အား ပေးလေ၏။
နောက်လိုက် ကျွန်သည်လည်း အမဲသားဝန်ကို ထမ်းရလေ၏။ ရံခါ ရံခါ မောပန်းသော ကာလ ဧရပ် သစ်ပင်ရင်း၌ အမဲသားဝန်ကို ချ၍ အတန်ငယ် နားပြီးလျှင် တဖန် ကောက်၍ ထမ်းရပြန်လေ၏၊ မြို့ရွာ နိဂုံးသို့ ဝင်လတ်သော် ရှက်နိုးသောကြောင့် အမဲသားဝန်ကို သစ်ရွက် စသည်တို့ဖြင့် ဖုံးလွှမ်း၍ ရှည်ကြာ လေးမြင့် ထမ်းပိုး ရွက်ဆောင်ကာ လှည့်ရလေ၏။ နောက်အခါ မုဆိုးနောက်လိုက်သည် မုဆိုးအား ကိုယ်ဘိုးပေး၍ ရွေးနှုတ်လေ၏။ ထိုအခါ မုဆိုးနောက်လိုက်သည် လေးလံစွာသော အမဲဝန်ကို ထမ်းဆောင်ရခြင်းမှ အချင်းခပ်သိမ်း လွတ်ငြိမ်းချမ်းသာစွာ နေရလေ၏။ (ဤကားဥပမာတည်း)
ချစ်သားတို့ - ဤလောက၌ သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော တဏှာ လောဘ ရာဂ တရားသည် မုဆိုးနှင့်တူ၏၊
အကုသိုလ် ကိလေသာ မြီမကင်းသေးသော မိမ္မ-ယောက်ျား, နတ် သိကြား, ဗြဟ္မာ သတ္တဝါအပေါင်းသည် မုဆိုးနောက်လိုက် ကျွန်နှင့် တူ၏၊
ဥပါဒါန်တရား လေးပါးတို့၏ အာရုံ ဖြစ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် မုဆိုးသည် ပေးအပ်သော လေးလံစွာသော အမဲသားဝန်နှင့် တူကုန်၏။
အမဲသားဝန်ကို ထမ်းရသောကာလ ပင်ပန်းလှတဲ့ခါ ဇရပ် သင်ပင်ရင်း၌ ရံခါ ရံခါ ချ၍ နားသကဲ့သို့၊ ပဋိသန္ဓေအခါမှစ၍ လေးလံသော ဤခန္ဓာဝန်ကို ထမ်းရသော သတ္တဝါ အပေါင်းတို့သည် စုတေ သေသော အဆုံး ကာလ၌ ဤခန္ဓာဝန်ကို ချရပြန်၏၊
မုဆိုးနောက်လိုက်သည် မြို့ရွာ နိဂုံးသို့ ဝင်လတ်သော် ရှက်နိုးနိုးရှိ၍ သစ်ရွက် စသည်ဖြင့် အမဲသားဝန်ကို ဖုံးလွှမ်းသကဲ့သို့၊ ထို့အတူ မိမ္မ-ယောက်ျား နတ်, သိကြား၊ ဗြဟ္မာ သတ္တဝါ အပေါင်းတို့သည်လည်း မိမိတို့၏ လေးလံလှစွာသော ခန္ဓာဝန်ကို ရှက်နိုးနိုး ရှိသောကြောင့် အဝတ်ပုဆိုး ထမီတို့ဖြင့် ဖုံးလွှမ်းရလေ၏။
မုဆိုးနောက်လိုက် ကျွန်သည် အကြင်မျှလောက်သော ကာလပတ်လုံး မုဆိုးပေးသော အခ ကြွေးမြီကို မပေး မဆပ်နိုင်သေး၊ ထိုမျှလောက် ကာလပတ်လုံး မုဆိုးသည် ပေးအပ်သော လေးလံလှစွာသော အမဲသားဝန်ကို ရှည်ကြာ လေးမြင့် ထမ်းဆောင်ရ သကဲ့သို့၊ ထို့အတူ ကျား-မ စသော သတ္တဝါအပေါင်းတို့ သည်လည်း အကြင်မျှလောက် ကိလေသာကံ ကြွေးမြီ မကင်းသေး၊ ထိုမျှလောက် လေးလံစွာသော ခန္ဓာဝန်ကို ရှည်လေးမြင့် ထမ်းဆောင်ရလေ၏။
မုဆိုး၏ကျွန်သည် မုဆိုးပေးသော ကြွေးမြီကိုပြန်၍ ပေးဆပ်ပြီးသော် အရှင်မုဆိုးနှင့် မစပ်သည်ဖြစ်၍ အလိုရှိရာအရပ်သို့ သွား၍ ချမ်းသာစွာ နေရသကဲ့သို့၊ ထို့တူပမာ ကျား-မ စသော သတ္တဝါအပေါင်း တို့သည်လည်း မုဆိုးနှင့်တူသော တဏှာ သခင်၏ ကိလေသာကံ ဟူသော ကြွေးမြီကို အရိယာမဂ်ဉာဏ် အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်း အကျန်မရှိ ပေးဆပ်သောအားဖြင့် ကံ-ကိလေသာ ကြွေးမြီကင်းသဖြင့် တဏှာ သခင်နှင့် မစပ်သည် ဖြစ်၍ အလိုရှိရာ နိဗ္ဗာန်အရပ်သို့သွား၍ ချမ်းသာစွာ နေရခြင်း သည် ဖြစ်လေ၏။
(ဤကား ဥပမာ ဥပမေယျ ၂ ရပ်ကိုစပ်၍ ပြဆိုခြင်းတည်း)
---
အမှာ
ဤစာပိုဒ်ကို တခေါက်စ နှစ်ခေါက်စ ဘတ်ရုံသာဘတ်၍ ကောင်းပါပေ့-ကောင်းပါပေ့ နှင့် ကောင်းရုံသာ ကောင်း၍ နေလျှင်၊ ဝါ တင်းတိမ်အားရ ကျေနပ်၍နေလျှင် ကျပ်ပြည့် တရားရမည်မဟုတ်၊ ပြဆိုထားသော ဥပမာအတိုင်း -
တဏှာက မုဆိုးနှင့်တူပုံ၊
မိမိခန္ဓာကိုယ်ကြီးက မုဆိုးပေးသော အမဲသားဝန်ထုပ်ကြီးနှင့်တူပုံ၊
အမဲသား ဝန်ထမ်းကျွန်က မိမိနှင့်တူပုံ၊
မုဆိုးပေးသော အခကြွေးမြီကို ပြန်လည်မဆပ်ပေးနိုင်သမျှ၊ ကြာမြင့် ရှည်စွာ လေးလံသော အမဲသား ဝန်ထုပ်ကြီးကို မလိုမလွတ်ရ ထမ်းဆောင်နေရပုံ၊
မုဆိုးအား ကိုယ်ဘိုး ပေးဆပ်ပြီးက အလိုရှိရာသို့ သွား၍ ချမ်းသာခွာနေရပုံ၊
ကိလေသာ ကြွေးမြီကို အရိယာမဂ်ဖြင့် ပေးဆပ်ပြီးက နေ့- ရက်- လ- နှစ်- ကမ္ဘာ သင်္ချာ အရေအတွက် အကန့်အသတ်မရှိဘဲ ထမ်းပိုးရွက်ဆောင် လာခဲ့ရတဲ့ လေးလံလှ စွာသော ခန္ဓာဝန်ထုပ်ကြီးကို ပရိနိဗ္ဗာနစုတိ ဘင်္ဂက္ခဏ ဟိုဘက်အကျတွင် ပစ်ချ၍ အလိုရှိရာ နိဗ္ဗာန်အရပ်သို့သွား၍ ချမ်းသာစွာ နေရပုံ-
တို့ကို တတ်တတ် ထင်ထင် တဲ့တဲ့ကြီး ထင်မြင်လာအောင် သတိနှင့် မကွာ ပညာနှင့် မကင်း အဖန်တလဲလဲ ဆင်ခြင် နှလုံးသွင်းပေးခြင်း ဟူသော ယောနိသော မနသိကာရမှုကို အကြိမ်ကြိမ်ပြုပေးပါ။
ဤလို ဤပုံ ပြုပေးတဲ့ခါ အဆိုပါ ဒုက္ခသစ္စာ ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးကို တဲ့တဲ့ ထင်မြင်လာ၍ ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင် လာပါသောကြောင့် ဘုံသုံးပါးတို့၌ တဖန်တဖန် ဖြစ်လို ဖြစ်ချင် နေတဲ့ ဘဝတဏှာ လောဘကို အလဲထိုးအသေသတ် နိုင်တဲ့ အရဟတ္တမဂ်သို့ ရောက်ပါလျှင် တဏှာခန္ဓာ အသစ်မဖြစ်တော့ဘဲ အမြဲ ငြိမ်းအေးနေတဲ့ နိဗ္ဗာန်သို့သာ ဆိုက်ရောက်ပါတော့သတည်း။
---
မှတ်ချက်
▬▬▬
ဒုက္ခသစ္စာ အစွမ်းကုန် မထင်မြင်၍ ဖြစ်ချင်တဲ့ တဏှာအာလယ မပြတ်သဖြင့် အရဟတ္တမဂ်သို့ မရောက်စေကာမူ “ဒု-သိ၊ ဒိ-ပယ်၊ သ-သိ၊ ဝိ-ပယ်၊ နိ-မ-သိ-သီ ပယ်" အရ လက်ရှိဘ၀ သေနေ့ကမဦးခင် -
ဒုက္ခသစ္စာ ထင်မြင်လျှင် ဒိဋ္ဌိကိုပယ်၊
သမုဒယသစ္စာ ထင်မြင်လျှင် ဝိစိကိစ္ဆာကိုပယ်၊
နိ-မသစ္စာကို ထင်မြင်လျှင် သီလဗ္ဗတ ပရာမာသကို ပယ်သတ်၍
တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ၊ နိဗ္ဗာန်ကို မျက်မှောက် မြင်သိတဲ့ သောတာပတ္တိ မဂ်ဉာဏ် ဖြစ်ပေါ်လာတဲ့ခါ အပါယ်လွတ် တရားရ အပါယ်လေးပါး တံခါးကြီးကို အပြီးအစီး ပိတ်ထားလိုက်နိုင်တဲ့ ရက်က ဦးသွားသဖြင့် ဘဝထူး ဘဝမြတ်ကြီး ဖြစ်ပါတော့သည်၊
ပြုအပ်သော ကံအားလျော်စွာ လူဘဝ နတ်ဘဝ ဗြဟ္မာဘဝတို့ကို ကြိမ်ဖန်များစွာ ရရှိပါသော်လည်း ဘယ်ဘဝကမှ အပါယ်လေးပါး တံခါးကို အပြီးအစီး ပိတ်မထား နိုင်ခဲ့ပါ၊ ခေတ္တ ခဏ ပိတ်ခဲ့နိုင်ပါသည်။
---
၂ - သမာဓိ သုတ်
▬▬▬▬▬▬
တဖန်...
သမာဓိံ ဘိက္ခဝေ ဘာဝေထ သမာဟိတော
ဘိက္ခဝေဘိက္ခု ယထာဘူတံ ပဇာနာတိ၊
ကိဉ္စယထာဘူတံ ပဇာနာတိ၊
ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊
အယံဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊
အယံဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊
အယံဒုက္ခနိရောဓဂါမိနိပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။
(သစ္စသံယုတ်)
---
ဘာသာပြန်
အို-ရဟန်းတို့၊ အာရုံတပါး စိတ်ထွက်၍ မသွားစေဘဲ တခုတည်းသော အာရုံ၌၊ ဝါ-ငါဘုရား ဟောလတ္တံ့သော သစ္စာလေးပါး တရားအာရုံ၌ ငြိမ်သက် တည်ကြည်၍ နေသော၊ ဝါ- တောင်မြောက် လေးပါး စိတ်ထွက်၍ မသွားသော တရားအာရုံ၌ စိတ်၏ ငြိမ်သက် တည်ကြည်၍ နေသော စိတ္တကဂ္ဂတာသမာဓိကို ပွားကြကုန်လော့၊ ဝါ - ဧကဂ္ဂတာကျကျ သမာဓိရရ ရှိကြစေလော့၊
ရဟန်းတို့ - အာရုံတပါး စိတ်ထွက်၍ မသွားသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ တရားကို အပြားအားဖြင့် သိ၏။ ဘယ်ပုံ ဘယ်လို ဟုတ်တိုင်းမှန်စွာ သိပါသလဲ ဆိုတဲ့အမေး၌ -
ဤ တဏှာကြဉ်သော တေဘူမက တရားအပေါင်းသည်ကား၊ ဝါ - ဤလောကီစိတ် ဧကာသီတိ, လောဘကြဉ်သော စေတသိက် ဧကပညာသ ရုပ် အဋ္ဌဝီသ သည်ကား ဒုက္ခသစ္စာ၊
ဤတဏှာလောဘသည်ကား သမုဒယ သစ္စာ၊
ဤနိဗ္ဗာန်သည်ကား နိရောဓ သစ္စာ၊
ဤ မဂ္ဂင်တရားကိုယ် ရှစ်ပါး သည်ကား မဂ္ဂသစ္စာတည်း၊
ဤလို ဤပုံ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိသည်ဟူလို။
တသ္မာ တိဟဘိက္ခဝေ
ဣဒံ ဒုက္ခန္တိ ယောဂေါ ကရဏီယော။
---
ဘာသာပြန်
ရဟန်းတို့၊ ထို့ကြောင့် ဤကား-ဒုက္ခသစ္စာ၊ ဤကား သမုဒယသစ္စာ၊ ဤကား-နိရောဓသစ္စာ၊ ဤကား-မဂ္ဂသစ္စာတည်းဟု ဤလို သစ္စာလေးပါးတို့ကို သူပြော လူပြော သစ္စာသိမျိုး စာထဲပေထဲမှာရှိတဲ့ သစ္စာသိ, ဘုန်းကြီးတွေဟောတဲ့ သစ္စာသိမျိုးတွင် ရပ်၍ ကျေနပ်၍ အားရ တင်းတိမ်၍မနေဘဲ --
စာထဲမှာဆိုထားတဲ့ သစ္စာလေးပါးက အဆိုသာရှိ အဟုတ်မရှိ ငါထဲ သူထဲမှာ အဟုတ်ရှိတဲ့ သစ္စာလေးပါးကို ဆိုထားတာပါ တကားဟု အတတ်သိ၍ ငါထဲ သူထဲ မှာသာ အမှန်ရှိနေကြတဲ့ သစ္စာလေးပါး အစစ်အမှန်တို့ကို နေရာတကျ တစ်တစ်ခွခွ တဲ့တဲ့ရှင်းရှင်း မတွေမဝေ ပစ္စက္ခမျက်မှောက် ကိုယ်တွေ့ သိရှိရအောင် ကြိုးစားမယုတ် အားပါး ထုတ်ကြရမည်ဟု တိုက်တွန်း နှိုးဆော်တော်မူခဲ့ပေသည်ဟု သိလေ မှတ်လေ။
---
မှတ်ချက်
ဤ ရှေးဦးစွာသော သမာဓိသုတ်၌ “သမာဓိံ ဘိက္ခဝေ ဘာဝေထ” စသည်ဖြင့် ဘုရားမြတ်စွာ ဟောတော်မူသည်မှာ “ဓမ္မပဋိဂ္ဂဟက” သစ္စာလေးပါး တရားတို့ကို နာယူကြကုန်သော ရဟန်းတို့သည် ဟောတော်မူလတံ့သော သစ္စာလေးပါး တရားတော်၌ လေးလေး စားစား စူးစူးစိုက်စိုက် ဧကဂ္ဂတာကျကျ သမာဓိရရ ကြားနာကြမှသာ မဂ်ဖိုလ် တရားထူးကို ရနိုင်ကြမည်၊
အာရုံတပါး စိတ်ထွက် သွားနေလျှင် ဘုရားဟောလတံ့သော သစ္စာလေးပါး တရားတော်၏ အနက်အဓိပ္ပါယ်ကို ထိုးထွင်း၍မသိက မဂ်ဖိုလ် တရားထူး ရကြမည် မဟုတ်ဟု ဤလို နှလုံးပိုက်တော်မူ၍ လေးစားစူးစိုက်ကာ ကြားနာကြစေခြင်းငှါ သစ္စာလေးပါး တရားမဟောမီ သတိပေးတဲ့ အနေအားဖြင့် ဟောကြားတော်မူတဲ့ စကားရပ်ဟု သိမှတ်ကြပါလေ။
ထို့ပြင် “ဣဒံဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ” စသည်ဖြင့် ဟောပြီးလျှင်။
နောက်တဖန် “တသ္မာတိဟဘိက္ခဝေ ဣဒံဒုက္ခန္တိ ယောဂေါ ကရဏီယော” ဟု ဤပုံ ဤနည်းချည်း သစ္စာကို နှစ်ထပ်ကြော့ နှစ်ထပ်ကြော့ ဟောတော်မူလေ့ ရှိသည်မှာ ရှေးဦး ဟောတော်မူတဲ့ “ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ” ကတော့ သစ္စာ လေးပါးတို့ကို တပါးစီ တပါးစီ သရုပ်ထုတ်၍ ဟောတော်မူခြင်းသည် “စတုသစ္စ ကမ္မဋ္ဌာန်း” စီးဖြန်းပုံကို ပြသည်။
နောက်ပြီးတဖန်“တသ္မာတိဟ။ပ။ ယောဂေါကရဏီယော” ကတော့ လူပြော သူပြော သစ္စာသိမျိုး စာသိပေသိ သစ္စာသိမျိုး သုတသိမျှ နှင့်ချည်းကျေနပ်၍ မနေကြလေနှင့်၊ တကယ့် ပစ္စက္ခ မျက်မှောက် ကိုယ်တွေ့ ဒိဋ္ဌသိ ကိုယ်ထဲမှာရှိတဲ့ သစ္စာတို့ကို ဤကား -ဒု၊ ဤကား-သ၊ ဤကား-နိ၊ ဤကား-မဟု ကြောင်းကျိုးနှင့်တကွ ပိုင်းခြား ဝေဘန်၍ တတ်တတ်ထင်ထင် တဲ့တဲ့ကြီး သိမြင်အောင် ကြိုးစား အားထုတ်ကြဟု တင်းတင်း ကြပ်ကြပ် တိုက်တွန်း နှိုးဆော်အပ်သော စကားရပ်ဖြစ်သည် ဟုသိလေ။
(ရှေ့ကိုလည်း ဤနည်းချည်းသိလေ)
---
ဆောင်ပုဒ်
သစ္စာလေးပါး၊ မသိငြား၊ ရှည်လျားသံသရာ။
သစ္စာလေးပါး သိလေငြား၊ တိုသွားသံသရာ။
သစ္စာလေးသင်း၊ ဉာဏ်မထိုးထွင်း၊ နစ်မွန်းသံသရာ။
သစ္စာလေးသင်း၊ ဉာဏ်ထိုးထွင်း၊ လွတ်ကင်းသံသရာ။
ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ၊ သစ္စာမသိတော့ တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေးသေ သံသရာရှည်၍ နေကြရသည်ဟု မသိ၍ တဏှာပယ်တဲ့ မဂ် အကျင့်ကို မကျင့်၊ မကျင့်သောကြောင့် အကြောင်းတဏှာ မပြတ်၍ အကျိုး ခန္ဓာလဲ မရပ်နိုင်တော့ဘဲ ဖြစ်ပျက်မွေးသေ - ဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေကြရလေတော့သည်။
သစ္စာသိတော့ တဏှာကြောင့် ခန္ဓာ သံသရာရှည်၍ နေကြရသည်ကို သိ၍ တဏှာ ပယ်တဲ့ မဂ်အကျင့်ကို ကျင့်သောကြောင့် အရဟတ္တမဂ်နောင် တဏှာ အရဟန္တမဂ် နောင်မှာ ခန္ဓာအသစ် မဖြစ်တော့ဘဲ မွေးသေလွတ်တဲ့ နိဗ္ဗာန်သို့ရောက်လေတော့သည် ရလေတော့သည်ဟူလို။
ထို့ကြောင့်
တေသံအပ္ပဋိဝိဒ္ဓတ္တာ ဝဋ္ဋံ ဝဍ္ဎတိ၊
တေသံပဋိဝိဒ္ဓကာလတောပဋ္ဌာယ ဝဋ္ဋံ န ဝဍ္ဎတိ။
(ဟု ဋ္ဌာ ၌ ဘွင့်ပြ၏).
---
ဘာသာပြန်
ထိုသစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိသည်၏ အဖြစ်ကြောင့် ဖြစ်ပျက်မွေးသေဆိုတဲ့ သံသရာဝဋ် တိုးပွားရှည်လျား၍ နေကြရ၏။ ထို သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိမြင်သော ကာလမှစ၍ တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်သောကြောင့် ဖြစ်ပျက် မွေးသေ ဆိုတဲ့ သံသရာ ဝဋ်တရားသည် တဏှာ ခန္ဓာ အစဉ်ပြတ်၍ နောက်ထပ် အသစ် မဖြစ်သောကြောင့် မတိုး မပွားတော့ပြီ၊ တိုသွားလေတော့သည်။
---
၃ - သလ္လ သုတ်
▬▬▬▬▬▬
ပဋိသလ္လာနေ ဘိက္ခဝေ ယောဂမာပဇ္ဇထ၊
။ပ။ ယထာဘူတံ ပဇာနာတိ
တသ္မာတိဟ။ပ။ ရောဂေါကရဏီယော။
(သစ္စသံယုတ်)
---
ဘာသာပြန်
အဖေါ်မမှီး တကိုယ်တည်း တယောက်တည်း ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်၍ နေထိုင်မှုကို ပြုကြကုန်လော့။
ရဟန်းတို့ … အဖော်မမှီး တကိုယ်တည်း တယောက်တည်း နေလေ့ရှိသော ရဟန်းသည် ဤကား-ဒု၊ ဤကား-သ စသည်ဖြင့် သစ္စာလေးပါး မြတ်တရားတို့ကို ပိုင်းခြား ဝေဖန်၍ အမှန်အတိုင်းသိ၏ ဟူလို။
(ရှေးလက်ဦးပြသော သမာဓိသုတ်နှင့် အတူသိလေ)
---
မှတ်ချက်
ဤသုတ်၌ ကာယဝိဝေကမှ ချို့ကုန်သော ရဟန်းတို့အား ကာယဝိဝေကကို ရစေခြင်းငှါ ဟောတော်မူသည်မှတ်လေ။
---
ဝိဝေက သည်
▬▬▬▬▬
“ကာယဝိဝေက စိတ္တဝေက ဥပဓိဝိဝေက” ဟု သုံးမျိုးရှိရာ အဖော်မမှီး တကိုယ်တည်း တယောက်တည်း နေခြင်းသည် ကာယဝိဝေက မည်၏။
ကိလေသာမမှီး ဝိပဿနာစိတ် တစိတ်တည်းနေခြင်း ဝါ- သမာဓိဝင်စား သမာပတ် ဝင်စား၍ နေခြင်းသည် စိတ္တဝိဝေက မည်၏၊
ရုပ်နာမ်မမှီး နိဗ္ဗာန်တစိတ်တည်း နေခြင်းသည် ဝါ-ဖိုလ်စိတ် တစိတ်တည်း ဖြစ်စေ၍၊ ဝါ -ဖိုလ်ဝင်၍ နေခြင်းသည် ဥပဓိဝိဝေက မည်၏။
---
ဆောင်ပုဒ်
အဖော်မမှီး တကိုယ်တည်း၊ ကိလေမမှီး တစိတ်တည်း၊
ရုပ်နာမ်မမှီး နိဗ္ဗာန်တည်း၊ နေနည်း-ဝိဝေက။
---
၄ - ကုလပုတ္တ သုတ်
▬▬▬▬▬▬▬
ယေကေစိဘိက္ခဝေ အတီတမဒ္ဓါနံ ကုလပုတ္တာ သမ္မာအဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိံ သု၊ သဗ္ဗေတေ စတုန္နံအရိယသစ္စာနံ ယထာဘူတံ အဘိသမယာယ ယေကေစိဘိက္ခဝေ အနာဂတမဒ္ဓါနံ။ပ။ ယေကေစိဘိက္ခဝေ တေရဟိ။ပ။ အဘိသမာယ။
(သစ္စသံယုတ်)
---
ဘာသာပြန်
ရဟန်းတို့ … လွန်ခဲ့ပြီးသော ရှေးကာလက ရဟန်းပြုကြ တာတွေလဲ ဤသစ္စာ လေးပါးကို ဟုတ်မှန်စွာ ထိုးထွင်း၍ သိခြင်းငှါ ရဟန်း ပြုကြတာဘဲ၊ နောက်ကာလ၌ ရဟန်းပြုကြတာလဲ ဤသစ္စာလေးပါးကို သိခြင်းငှါ ရဟန်းပြုကြမှာဘဲ၊
ယခုကာလ ရဟန်းပြုကြတာလဲ ဤသစ္စာ လေးပါးကို သိဘို့ပဲ၊ ရည်ရွယ်ချက် မရှိဘဲ “သူများယောင်လို့ အမယ် တောင်မှန်းမသိ” ဆိုတာလို ယောင်တောင်တောင် ယောင် လယ်လယ် ယောင်ချာချာ ရဟန်းပြုကြတာ မဟုတ်ဘူး၊
သစ္စာသိဘို့ တခုတည်းကိုသာ ဦးတန်း ရည်မှန်း၍၊ ဝါ- သစ္စာသိ၍ မွေးသေဝဋ်မှ လွတ်မြောက်ဘို့ရာ တချက်တည်းကိုသာ ရည်ရွယ်၍ ရဟန်းပြုကြတာ ဟု ဆိုလိုပေသည်။
ထို့ကြောင့် … စဦးပဋ္ဌမ ရဟန်းပြုစက မိမိတို့ရဲ့ ရည်ရွယ်ချက် သစ္စာသိမှု စောစော ပြီးစီးသွားအောင် မမေ့မလျော့ မပေါ့မဆ နေ့မနား ညဉ့်မနား သစ္စာလေးပါး သိအောင် ကြိုးစားကြ၊ အားထုတ်ကြ၊ သစ္စာလေးပါး မြတ်တရားကို မသွယ်မဝိုက် တိုက်ရိုက် တဲ့ထိုး ကျဉ်းကျဉ်းနှင့် ရှင်းရှင်း နားလည်လွယ်အောင် ဟောပြောတတ်တဲ့ ဆရာသမား ထံသို့ ချဉ်းကပ်၍ မပြတ်နာကြ၊
“ယခုလို ကျဉ်းကျဉ်းနှင့် ရှင်းရှင်း ရေးသား ဖေါ်ပြထားတဲ့ စာအုပ်စာတမ်းကို” အမြဲတန်း လက်ကိုင်ထား၍ သဘောပေါက်အောင်၊ ဝါ - ထိုးထွင်း၍ သိသွားတဲ့ ပဋိဝေဓသိ မဂ်သိ ဖိုလ်သိ ဖြစ်သွားအောင်၊ ဝါ- သောတာပန် ပုဂ္ဂိုလ်ဖြစ်သွားအောင် အားထုတ်ကြပါ၊ ကြပ်ကြပ်ကြီး တိုက်တွန်း နှိုးဆော်တော်မူခဲ့ပေသည် ဟု သိရှိ ကြပါလေ။
---
မှတ်ချက်
ဤဒေသနာပါဠိ လာရှိသည်ကို ထောက်ထားပါလျှင် ယခုကာလ ရဟန်းမှန်သမျှ သစ္စာမသိက ရဟန်းပြုကျိုးမရှိ၊ ရဟန်းပြုကျိုးမနပ်၊ အလဟဿ ဖြစ်သွားမည်ကို ရဟန်းတိုင်း ရဟန်းတိုင်း သတိရှိ သတိချပ် သတိပြုသင့်လှပေသည်။ သတိရှိကြပါစေသောဝ်။
---
ဆောင်ပုဒ်
၁-ရှေ့နောက်ယခု၊ရဟန်းပြု၊ သိမှုသစ္စာသာ။
၂-သစ္စာသိရန်၊ ရဟန်းခံ၊ အမှန်ဖြစ်သည်သာ။
၃-ထို့ကြောင့် ယခု၊ သိအောင်ပြု၊ လေးခု မြတ်သစ္စာ။
၅-ဝိတက္က သုတ်
မာဘိက္ခဝေ အကုသလေ ဝိတက္ကေ
ဝိတက္ကေယျာထ။ပ။ နနိဗ္ဗာနာယ သံဝတ္တန္တိ၊
ဝိတက္ကေန္တာစခေါ တုမှေဘိက္ခဝေ ဣဒံဒုက္ခန္တိ
ဝိတက္ကေယျာထ။ပ။ နိဗ္ဗာနာယ သံဝတ္တန္တိ၊
တသ္မာတိဟ။ပ။ ကရဏီယော။
(သစ္စသံယုတ်)
ဘာသာပြန်
သက်တော်ထင်ရှား ဘုရားရှိတော်မူစဉ်အခါက အချို့သော ရဟန်းငယ် ရှင်ငယ် တို့သည် ကာမဝိတက် စသော အကုသလဝိတက် သုံးပါးတို့ကို ကြံ၍နေကြကုန်၏။ ထိုအခါ ဘုရားမြတ်စွာသည် ပရစိတ္တဝိဇာနန ဉာဏ်တော်ဖြင့် သိမြင်တော်မူ၍ ....
ရဟန်းတို့ ယုတ်မာညစ်နွမ်း ဆိုးသွမ်းသော သဘောရှိကုန်သော ကာမဝိတက် စသော အကုသိုလ်ဝိတက်တို့ကို **မကြံကြကုန်လင့်**၊ ဘာ့ကြောင့်လဲ ဆိုတော့ ထို ကာမဝိတက် စသော အကုသိုလ်ဝိတက်တို့သည် လောကီ လောကုတ္တရာ ဘာအကျိုးစီးပွားနှင့်မှ မစပ်ကုန်၊
မြတ်သော မဂ်အကျင့်၏ အစလည်းမဟုတ်ကုန်၊ သံသရာဝဋ်မှ ငြီးငွေ့ခြင်းငှါလည်း မဖြစ်ကုန်၊ တပ်ခြင်း ကင်းခြင်းငှါ သံသရာဝဋ် ချုပ်ခြင်းငှါ ငြိမ်းခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးတို့ကို သိခြင်းငှါ နိဗ္ဗာန်ထုတ်ချောက် ရောက်ခြင်း လည်း **မဖြစ်ကုန်**၊ ထို့ကြောင့် **မကြံကြကုန်လင့်**။
ရဟန်းတို့ … အလကား မနေနိုင်လို့ ကြံမဲ့ကြံလျှင် ဤတဏှာ ကြဉ်သော တေဘူမက တရားအပေါင်းသည်ကား - **ဒုက္ခသစ္စာပေတည်း**၊ ဤမဂ္ဂင်ရှစ်ပါး တရားသည်ကား - **မဂ္ဂသစ္စာပေတည်း**။ ဤလိုဤပုံသာ ကြံကြပါလေ။
[အကုသလဝိတက်သည် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသဝိတက် ဟု သုံးမျိုးရှိရာ ၎င်းသုံးမျိုးကို **အကုသလဝိတက် သုံးပါး**ဆိုသည်။
ကာမ - ကာမရာဂ၊
ဝိတက် - အကြံ၊ ကာမရာဂနှင့် ယှဉ်သော အကြံ၊
ဗျာပါဒ - ဖျက်ဆီးခြင်း၊
ဝိတက် - အကြံ၊ သူတပါးကို ဖျက်ဆီး လိုသောအကြံ၊
ဝိဟိံသ-ညှင်းဆဲခြင်း၊
ဝိတက် - အကြံ၊ သူတပါးကို နှိပ်စက်ညှင်းဆဲလိုသော အကြံ။
(ဤကား-ပါဠိ မြန်မာ နှစ်ဘာသာ)]
ပရစိတ္တဝိဇာနန-ပါဠိ၊
ပရ-သူတပါး၊
စိတ္တ-စိတ်၊
ဝိဇာနန-သိ၊ သူတပါးစိတ်ကို သိသောဉာဏ်သည် ပရစိတ္တဝိဇာနန အဘိညာဉ် မည်၏။
အဘိညာဉ် ငါးပါးတွင်ပါဝင်သည်။
ဘာ့ကြောင့်လဲဆိုတော့ ဤလိုဤကား ဒုက္ခသစ္စာဖြစ်သည် စသည်ဖြင့် ကြံခြင်း သည်ကား လောကီ လောကုတ္တရာ နှစ်ဖြာသော **အကျိုးစီးပွားနှင့် စပ်ကုန်၏**၊ မြတ်သော မဂ်အကျင့်၏ အစလည်းဖြစ်၏။
ဤသို့ ကြံခြင်းသည် စင်စစ် သံသရာဝဋ်မှ ငြီးငွေ့ခြင်း တပ်ခြင်း ကင်းခြင်း သံသရာဝဋ် ချုပ်ခြင်း, ထူးသောဉာဏ်ဖြင့် သိခြင်းငှါ, သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိခြင်းငှါ, သစ္စာသိတဲ့ခါ သ -ကြောင့် ဒု-ဖြစ်နေသည်ကို သိ၍ သ-ကို ပယ်သတ်တဲ့ မဂ်အကျင့်ကို ကျတဲ့ခါ ဒု-သ နှစ်ပါးတို့၏ တဖန်အသစ် မဖြစ်ရာ **နိဗ္ဗာန်ထုတ်ချောက် ရောက်ရခြင်း အကျိုးငှါ ဖြစ်ကုန်၏**၊
ထို့ကြောင့် အခြားတပါးကို မကြံစေကြဘဲ သစ္စာလေးပါး မြတ်တရားတို့ကို ထိုးထွင်း၍ သိခြင်း အကျိုးငှါသာ ကြံကြကုန်လောဟု **တိုက်တွန်းတော် မူခဲ့ပေသည်**ဟု သိရှိကြပါလေ။
မှတ်ချက်
ဤ၌လည်း အရေးမပါ အရာမရောက် တောင်မြောက်လေးပါး တွေးတောကြံစီ နေမဲ့အစား မွေးသေလွတ်တဲ့ **နိဗ္ဗာန်သို့ ရောက်သည် အထိ အရေးပါ အရာရောက်လှတဲ့ သစ္စာလေးပါး တရားကိုသာ ကြိုးစားကြံစီကြဘို့ရာ မေ့မနေကြပါနှင့်** ဟူလို။
ဆောင်ပုဒ်
ဝိတက်ကာမ၊ မကြံကြဘဲ၊
ကြံဘဲကြံက၊ လေးဝသစ္စာ၊
ကြံကြရာသည်၊
**နိဗ္ဗာန်ထုပ်ချောက် ရောက်ကြောင်းတည်း**။
၆ - စိန္တ သုတ်
မာဘိက္ခဝေ ပါပကံ အကုသလံစိတ္တံ
စိန္တေယျာထ။ပ။ နနိဗ္ဗာနာယ သံဝတ္တတိ၊
စိန္တေန္တာစခေါ တုမှေ ဘိက္ခဝေ ဣဒံဒုက္ခန္တိ
စိန္တေယျာထ။ပ။ တသ္မာတိဟ။ပ။ ကရဏီယော။
(သစ္စသံယုတ်)
ဘာသာပြန်
အခါတပါး ရဟန်းငယ် ရှင်ငယ်တို့သည် ယုတ်မာညစ်နွမ်း ဆိုးသွမ်းသော အကုသိုလ် စိတ်ကို ကြံစီ၍ နေကြကုန်၏။ ထိုအခါ ထိုရဟန်းတို့၏ မကောင်းသော စိတ်အကြံကို သိတော်မူ၍ ရဟန်းတို့ - သင်တို့သည် …
လောကသည် မြဲ၏ မမြဲဟူ၍၎င်း၊
အဆုံးရှိ၏ မရှိဟူ၍၎င်း၊
ထိုသဘောတရားသည် ဇီဝ မည်၏၊ ထို ဇီဝ မည်သော သဘောတရား သည်ပင် သရီရမည်၏ ဟူ၍၎င်း၊
ဇီဝသည် တပါးတည်း၊
သရီရသည် တပါးတည်း ဟူ၍၎င်း၊
သတ္တဝါသည် သေသည်မှ နောက်ကာလ၌ဖြစ်၏ မဖြစ်ဟူ၍၎င်း၊
ဤသို့ စသည်ဖြင့် အကျိုးမပြီး အချည်းနှီး အလဟသဖြစ်သော **မိစ္ဆာဒိဋ္ဌိ အကြီး မျိုးကို မကြံကြကုန်နှင့်**၊ ရဟန်းတို့ ကြံမဲ့ကြံလျှင်၊...
(ရှေး ဝိတက်သုတ် အတိုင်း **သိပါလေတော့**)
၇ - တိရစ္ဆာနကထာ သုတ်
မာဘိက္ခဝေ အနေကဝိဟိတံ တိရစ္ဆာနကထံ ကထေယျာထ
သေယျထိဒံ၊ ရာဇကထံ စောရကထံ။ပ။
ဣတိဘဂဝါ ဘဝကထန္တိ ဝါ နနိဗ္ဗာနာယ သံဝတ္တတိ၊
ကထေန္တောစ ခေါ တုမှေ ဘိက္ခဝေ ဣဒံဒုက္ခန္တိ
ကထေယျာထ။ပ။ တသ္မာတိဟ။ပ။ ကရဏီယော။
(သစ္စသံယုတ်)
ဘာသာပြန်
အခါတပါး ဝိနည်း သိက္ခာပုဒ်ကို မသင်ကြားရသေးသော ရဟန်းငယ် ရှင်ငယ်တို့သည် မဂ်ဖိုလ်မှ ဖီလာ ဆန့်ကျင်ဘက်ဖြစ်သော **၃၂-ပါးသော တိရစ္ဆာနကထာ**ကို အချင်းချင်း ပြောဆို၍ နေကြကုန်၏။
ထိုအခါ ဘုရားမြတ်စွာ သိတော်မူ၍ ရဟန်းတို့ -
မင်းနှင့်စပ်သော စကားကို၎င်း၊
ခိုးသူနှင့် စပ်သော စကားကို၎င်း။ပ။
ဤဘဝ ထိုဘဝနှင့် စပ်သော စကားကို၎င်း-
**မပြောကြကုန်လင့်**၊
အဘယ်ကြောင့်ဆိုသော်။ပ။ ....(**ရှေးနည်းတူ သိလေ**)
ရဟန်းတို့ - ပြောလို၍ ပြောကြလျှင်။ပ။ **ရှေးနည်းတူ သိလေ**။
ဆောင်ပုဒ်
မဂ်ဖိုလ်ဖီလာ၊ တိရစ္ဆာကို၊ မပြောဆိုဘဲ၊
ပြောဘဲ ပြောက၊ လေးဝသစ္စာ၊ ပြောဆိုရာသည်။
**ခေမာထုတ်ချောက် ရောက်ကြောင်းတည်း**။
၃၂ - ပါးသော တိရစ္ဆာနကထာ
၁။
ရာဇကထာ ... မင်းနှင့် စပ်သောစကား။
၂။
စောရကထာ ... ခိုးသူနှင့် စပ်သောစကား။
၃။
မဟာမတ္တကထာ … အမတ်ကြီးနှင့် စပ်သောစကား။
၄။
သေနာကထာ… စစ်သည်နှင့် စပ်သောစကား၊
၅။
ဘယကထာ … ဘေးနှင့် စပ်သောစကား။
၆။
ယုဒ္ဒကထာ … စစ်ထိုးခြင်းနှင့် စပ်သောစကား။
၇။
အန္နကထာ ... ထမင်းနှင့် စပ်သောစကား။
၈။
ပါနကထာ … အဖျော်နှင့် စပ်သောစကား။
၉။
ဝတ္ထကထာ … အဝတ်နှင့် စပ်သောစကား။
၁၀။
သယနကထာ ... အိပ်ရာ နေရာနှင့် စပ်သောစကား။
၁၁။
မာလာကထာ … ပန်းနှင့် စပ်သောစကား။
၁၂။
ဂန္ဓကထာ ... နံ့သာနှင့် စပ်သောစကား။
၁၃။
ညာတိကထာ … ဆွေမျိုးနှင့် စပ်သောစကား။
၁၄။
ယာနကထာ ... ယာဉ်နှင့် စပ်သောစကား။
၁၅။
ဂါမကထာ … ရွာနှင့် စပ်သောစကား။
၁၆ ။
နိဂမကထာ … နိဂုံးနှင့် စပ်သောစကား။
၁၇။
နဂရကထာ … မြို့နှင့် စပ်သောစကား။
၁၈။
ဇနပဒကထာ … ဇနပုဒ်နှင့် စပ်သောစကား၊
၁၉။
ဣတ္ထိပုရိသကထာ … မိန်းမ ယောက်ျားနှင့် စပ်သောစကား။
၂၀။
သူရကထာ … ရဲရင့်သည်နှင့် စပ်သောစကား။
၂၁။
ဝိသိခါကထာ … ခရီးလမ်းဆုံနှင့် စပ်သောစကား။
၂၂။
ကမ္ဘဋ္ဌာနကတာ … ရေခပ်ဆိပ်၌ ကျွန်မတို့စကား။
၂၃။
ပုဗ္ဗပေတကထာ ... ရှေး၌သေလေပြီးသော သူတို့နှင့် စပ်သောစကား၊
၂၄။
နာနတ္တကထာ … အထူးထူး အကျိုးနှင့် စပ်သောစကား။
၂၅။
လောကက္ခာယိကကထာ ... လောကနှင့် စပ်သောစကား။
၂၆။
သမုဒ္ဒက္ခာယိကကထာ... သမုဒ္ဒရာနှင့် စပ်သောစကား။
၂၇။
ဣဘိဘဝါဘဝကထာ...... ဤသို့မြဲ၏ မမြဲတိုးပွား၏-ဆုတ်ယုတ်၏ ချမ်းသာ၏ - ဆင်းရဲ၏ဟု ပြောသော စကား။
မှတ်ချက် -- ဣဘိဘဝါဘဝကထာ၌ သရုပ်အရ ၆-ခုယူ၍ တိရစ္ဆာနကထာ **၃၂-ဖြစ်သည်**ဟု သိလေ မှတ်လေ။
အပ် မအပ် ၂-ပါးရှိ
ဂေဟသိတပေမ ... အဆိုပါ ၃၂ -ပါးသော တိရစ္ဆာနကထာတို့တွင် မဟာသမတမင်း, မန္ဓာတ်မင်း ဓမ္မာသောကမင်း စသော မင်းတို့သည် ဤလို ဤပုံ ဘုန်းတန်ခိုး အာနုဘော် ကြီးမားကြပါစေသည် စသည်ဖြင့် အိမ်နေသူ လူတို့ကို၊ ဝါ- ကာမဂုဏ် တို့ကို မှီ၍ဖြစ်သော နတ်ရွာ နိဗ္ဗာန်ခရီးနှင့် ဖီလာ ကန့်လန့်ကျသော စကားသည်သာ **တိရစ္ဆာနကထာ ဖြစ်သည်**ဟု မှတ်၊ ခိုးသူစသည်တို့၌လည်း အတူပင်။
ကမ္မဋ္ဌာန်း ဖြစ်၏
အဆိုပါနည်းအတိုင်း ကာမဂုဏ်ကို မမှီဘဲ အဆိုပါ မင်းတို့သည် ဘုန်းလက်ရုံး တန်ခိုး အာဏာနှင့်ပြည့်စုံကြသော မဟာသမတ မန္ဓာတ် စသော မင်းတို့သည်လည်း သေမင်း နှင့်ရင်ဆိုင်ကြရတဲ့ခါ ဘုန်းမကြီးနိုင်ကြတော့ဘဲ သေပွဲဝင်၍ သေပျောက် ပျက်စီးကြလေပြီတကား ဟု **အနိစ္စဆင်ခြင်၍ လက္ခဏာတင်တတ် ပါမူကား တိရစ္ဆာနကထာ မဖြစ် ကမ္မဋ္ဌာန်းပင်ဖြစ်သတဲ့**။
ထို့ကြောင့် -
(က) သောပိ နာမ ဧဝံ မဟာနုဘာဝေါ
ခယံဂတော ဝယံဂတောတိ၊
ဧဝံပဝတ္တာပန ကမ္မဋ္ဌာနဘာဝေတိဋ္ဌတိ။
(ခ) တေပိနာမခယံဂတောတိ ဧဝံပဝတ္တာပန၊
သဗ္ဗတ္ထကမ္မဋ္ဌာနမေ၀ ဟောတိ။
ဟု-သစ္စသံယုတ် ၎င်းသုတ်အဖွင့်၌ ဖွင့်ပြထားပေသည်။
အနက်.... (က)
ပန၊ တိရစ္ဆာနကထာမဖြစ် ကမ္မဋ္ဌာန်းသာ ဖြစ်ပုံကို ပြဆိုပါဦးအံ့။
ဧဝံ မဟာနုဘာဝေါ၊ ဤလို ဤပုံ ဘုန်းတန်ခိုး အာနုဘော် ကြီးကြပေသော။
သောပိနာမ၊ ထိုမဟာသမတ စသော မင်းများသည်လည်း။
ခယံ၊ ကုန်ခြင်းသို့။
ဂတော၊ ရောက်ရရှာလေပြီ။
ဝယံ၊ ပျက်စီးခြင်းသို့။
ဂတော၊ ရောက်ရရှာလေပြီ။
ဣတိဧဝံပဝတ္တာပန၊ ဤလိုဤပုံ လက္ခဏာရေး တင်၍ ကမ္မဋ္ဌာန်း ဝင်အောင် ဆင်ခြင် တတ်ပါမူကား။
ကမ္မဋ္ဌာနဘာဝေ၊ စတုသစ္စ ကမ္မဋ္ဌာန်းအဖြစ်၌။
တိဋ္ဌတိ၊ တည်၏။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗ၊ မှတ်အပ်၏။
အနက်.... (ခ)
တေပိနာမ၊ ထို ခိုးမှု တိုက်မှု ခိုက်မှုတို့၌ လွန်စွာကျွမ်းကျင် လွန်ရဲရင့်ကြလှတဲ့။
ဝါ၊ ဟိုးလေးတကျော် နာမည်ပေါ်ကြလှတဲ့ “မူလ ဒေဝခိုးသူ မေဃမာလခိုးသူ စသော နာမည်ကျော် သူခိုးကြီး တို့သည်လည်း။
ခယံဂတော၊ သေမင်းနှင့် ရင်ဆိုင်ရတဲ့ခါ အစွမ်းမကောင်း နိုင်ကြတော့ဘဲ သေပွဲဝင်၍ သေပျောက် ပျက်စီးခြင်းသို့ ရောက်ကြလေကုန်ပြီတကား။
ဣတိ၊ ဤသို့။
ဧဝံပဝတ္တာပန၊ ဤပုံဤနည်း ခယ ၀ယ အနိစ္စ ဒုက္ခ အနတ္တ မမြဲ ဆင်းရဲ အစိုးမရ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာသာ ဖြစ်ပါ၏တကား ဟု လက္ခဏာရေး တင်၍ သစ္စာ ဝင်အောင် ဆင်ခြင်တတ်ပါမူကား။
သဗ္ဗတ္ထ၊ အလုံးစုံသော ၃၂-ပါးသော တိရစ္ဆာနကထာတို့၌။
ကမ္မဋ္ဌာနမေဝ၊ တိရစ္ဆာနကထာမဖြစ် ကမ္မဋ္ဌာန်းဖြစ်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဆောင်ပုဒ်
၃၂-တွင်၊ ကမ် မဝင်၊ ဖြစ်လျှင် **တိရစ္ဆာန**။
၃၂-တွင်၊ ကမ် ဝင်လျှင်၊ လွတ်စင် **တိရစ္ဆာန**။
၈ - အရိယသစ္စ သုတ်
စတ္တာရိ မာနိ ဘိက္ခဝေ အရိယသစ္စာနိ ကတမာနိ စတ္တာရိ၊
ဒုက္ခံ အရိယသစ္စံ ဒုက္ခသမုဒယံ အရိယသစ္စံ
ဒုက္ခနိရောဓံ အရိယသစ္စံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ - **အရိယသစ္စာ**တို့သည် ဤလေးပါးတို့ပေတည်း၊
အဘယ်လေးပါးတို့နည်း ဟူမူကား -
ဒုက္ခဖြစ်သော အရိယသစ္စာ၊
ဒုက္ခကို ဖြစ်စေတတ်သော အရိယသစ္စာ၊
ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာ၊
ဒုက္ခ၏ ချုပ်ရာသို့ ရောက်ကြောင်း အကျင့် ဖြစ်သော အရိယသစ္စာ -
ဤလေးပါးတို့ပေတည်း။
(ဒုက္ခသစ္စာ) ...“ကတမဉ္စဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ”
ရဟန်းတို့ - ဒုက္ခဖြစ်သော အရိယသစ္စာဆိုတာ၊ ဝါ၊ အရိယာတို့သည် ဆင်းရဲမှန်တဲ့ တရားဘဲဟု အရိုးစွဲ အသားစွဲ အသဲစွဲ စွဲစွဲမြဲမြဲ တသက်လုံး မမေ့နိုင်တော့ဘဲ သိမြင်အပ်တဲ့ ဒုက္ခသစ္စာဆိုတာ ဘယ်ဟာလဲ ဘယ်ဒင်းလဲလို့ ဘုရားကဘဲ ကထေတု ကမျတာ ပုစ္ဆာအနေဖြင့် မေးတော်မူခြင်း ဖြစ်တယ်။
ပဉ္စုပါဒါနက္ခန္ဓာ တိဿာဝစနိယံ သေယျထိဒံ
ရူပုပါဒါနက္ခန္ဓော။ပ။ ဝိညာဏုပါဒါနက္ခန္ဓော၊
ဣဒံဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
ဟု-ဒု၏သရုပ်ကို ထုတ်၍ ဘုရားကဘဲ ဖြေဆိုထားတယ်။
ဘာသာပြန်
ရဟန်းတို့ - အရိယာတို့သည် ဆင်းရဲမှန်တဲ့ တရားဘဲလို့ သိအပ်သော **ဒုက္ခသစ္စာဆိုတာ အခြားမဟုတ်**၊ အခြားမှာမရှိ၊ ချစ်သားတို့ရဲ့ တကိုယ်လုံး တကောင်လုံးကြီးဖြစ်တဲ့ **ဥပါဒါန်တရား လေးပါးတို့၏ အာရုံဖြစ်သော**၊ ဝါ-အထင်မှား အမြင်မှား စွဲလမ်းစရာကြီး ဖြစ်၍နေသော အစုငါးစုခေါ်သော **ခန္ဓာငါးပါးတို့ပေတည်း**ဟု ရှေးဦးစွာ ခန္ဓာသရုပ်ကို သရုပ်မထုတ်ဘဲ အကျဉ်းမျှ ဖြေကြားပြီးလျှင် နောက်ထပ် အကျယ် အားဖြင့် သရုပ်ထုတ်၍ ဖြေကြားလိုသော မြတ်စွာဘုရားသည် ချစ်သားတို့ -
အဆိုပါ **ပစ္စုပါဒါနက္ခန္ဓာ** ဆိုတာ ဘယ်ဟာလဲဆိုတော့ --
ချစ်သားတို့ ကိုယ်မှာရှိနေတဲ့ တကိုယ်လုံး တကောင်လုံးကြီး ဖြစ်နေတဲ့ ဖေါက်ပြန်တဲ့ အစု ဟူသော **ရူပက္ခန္ဓာတပါး**၊
ခံစားတဲ့အစု ဟူသော **ဝေဒနာက္ခန္ဓာတပါး**၊
မှတ်သားတဲ့အစုဟူသော **သညာက္ခန္ဓာတပါး**၊
ပြုပြင်တဲ့အစုဟူသော **သင်္ခါရက္ခန္ဓာ တပါး**၊
သိတဲ့အစု ဟူသော **ဝိညာဏက္ခန္ဓာတပါး**။
ဤအစု ငါးစုဖြစ်သော ခန္ဓာငါးပါး တို့ပေတည်း၊
ချစ်သားတို့ … ဤခန္ဓာ ငါးပါးတို့ကို ဆင်းရဲတာမှန်လှတဲ့ **ဒုက္ခသစ္စာ**ဟု ငါဘုရား ဟောတော်မူအပ်၏ဟု သရုပ်ကိုထုတ်၍ ဖြေတော်မူ၏။
[ဥပါဒါန်တရား လေးပါး ဆိုသည်မှာ ... **ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်**ဟု လေးပါး။
ထိုတွင် ...
ငါးပါးအာရုံ ကာမဂုဏ်တို့၌ တပ်မက်သော လောဘသည် **ကာမုပါဒါန်**။
နတ္ထိဋိန္နံ စသည်ဖြင့် ယူမှားသော ဒသဝတ္ထုက ဆယ်ပါးသည် **ဒိဋ္ဌုပါဒါန်**၊
ရူပံ အတ္တတော သမနုပဿတိ စသည်ဖြင့် ယူမှားသော သက္ကာယဒိဋ္ဌိ ၂ဝ-သည် **အတ္တဝါဒုပါဒါန်**။
နွားတို့ ခွေးတို့၏ အလေ့အကျင့်ဖြင့် သံသရာမှစင်ကြယ်၏ဟု နှလုံးသွင်း မှားသော ဒိဋ္ဌိသည် **သီလဗ္ဗတုပါဒါန်**။
တရားကိုယ် အားဖြင့်တော့ **လောဘ ဒိဋ္ဌိ နှစ်ပါးသာတည်း**။
ပစ္စုပါဒါနက္ခန္ဓာ ကို **ပဉ္စ ဥပါဒါနက္ခန္ဓာ**ဟု နှစ်ပုဒ်ခွဲ -
ပဉ္စ-ငါးပါး၊
ဥပါဒါနက္ခန္ဓာ-စွဲလမ်းစရာ ခန္ဓာ။
အဆိုပါ ခန္ဓာငါးပါး ရှိနေမှုကြောင့် ခန္ဓာမှန်း မသိကြသေးတဲ့ ပုထုဇဉ် သတ္တဝါတို့ဟာ အဆိုပါ ခန္ဓာကိုပင် လူဘဲ နတ်ဘဲ သူဘဲ ငါဘဲ ကျား-မဘဲ စသည်ဖြင့် အလွဲလွဲ အမှားမှား **စွဲလမ်းစရာ တရားကြီး**ဟု ဆိုလိုပေသည်။]
(သမုဒယသစ္စာ) ....“ကတမဉ္ဇဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ”
ရဟန်းတို့ … ဒုက္ခဖြစ်ကြောင်း အရိယသစ္စာ ဆိုတာ၊ ဝါ- အရိယာတို့သည် ဆင်းရဲကြောင်းမှန်တဲ့ တရားဘဲလို့ တသက်လုံး အသဲစွဲသိအပ်သော **ဒုက္ခ သမုဒယ အရိယသစ္စာ**ဆိုတာ ဘယ်ဟာလဲလို့ ဘုရားကဘဲမေးပြီး -
ယာယံတဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ၊
တတြတတြာ ဘိနန္ဒိနီ သေယျထိဒံ၊
ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဣဒံဝုစ္စတိ၊
ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။
ဟု သ-၏ သရုပ်ကို ထုတ်၍ဟောတော်မူတာ။
ဘာသာပြန်
ရဟန်းတို့ … အရိယာတို့သည် ဆင်းရဲကြောင်း မှန်တဲ့တရား၊ ဆင်းရဲကို ဖြစ်စေမှာ ဖြစ်စေတာ မှန်တဲ့ တရားဘဲလို့ တသက်လုံး အသဲစွဲ သိအပ်သော **ဒုက္ခ သမုဒယ အရိယသစ္စာဆိုတာ အခြားမဟုတ်ဘူး**၊ အခြား တပါးမှာ ရှိနေတာ မဟုတ်ဘူး၊ ချစ်သားတို့ရဲ့ စိတ်သန္တာန်၌ အနုသယ အနေအားဖြင့် အမြဲတန်း ကိန်းဝပ်နေတဲ့ ဘုံသုံးပါးတို့၌ တဖန် တဖန် ဘဝသစ်ကို ဖြစ်စေတတ်သော အလေ့ရှိသော ဘာမဆို နှစ်သက်စုံမက် တတ်စွန်းတတ်သော လောဘနှင့် တကွသော ထိုထိုဘုံ ထိုထိုအာရုံတို့၌ လွန်စွာ့လွန်စွာ တပ်စွန်းတတ်သော အကြင် **တဏှာလောဘ**သည် ရှိ၏ဟု သရုပ် မထုတ်ဘဲ အကျဉ်းအားဖြင့် ဘုရားကဘဲ ဖြေပြီးလျှင် နောက်ထပ် တဖန်...
ချစ်သားတို့ - ထိုတဏှာသည် အဘယ်နည်းဟု မေးပြီးလျှင် ငါးပါးအာရုံ ကာမဂုဏ် တို့၌ တပ်မက်တတ်သော **ကာမတဏှာ**၎င်း၊
ဘုံသုံးပါးတို့၌ တဖန် တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ လောဘနှင့်တကွ ခုဘဝ သေပေသည့် လောက်လန်းသဖွယ် ဝိညာဉ် တွယ်သို့ တဘဝပြီး ကဘဝ ရှေ့ဘဝမှာ ဆက်ဖြစ်ဦးမှာဘဲဟု ယူမှားသော သဿတဒိဋ္ဌိနှင့် တကွသော **ဘ၀တဏှာ**၎င်း၊
ခုဘဝသေပြီးတာဘဲ အေးတာဘဲ နောက်လဲ ဘာမှမဖြစ်တော့ဘူး ပြတ်သွားပြီဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိနှင့်တကွသော **ဝိဘဝတဏှာ**၎င်း။
ရဟန်းတို့ - **ဤတဏှာသုံးပါး အပေါင်းကိုဘဲ** အရိယာတို့သည် ဆင်းရဲကြောင်း မှန်တဲ့ **ဒုက္ခ သမုဒယ သစ္စာ**ဘဲလို့ တသက်လုံး အသဲစွဲသိအပ်သော **ဒုက္ခ သမုဒယ အရိယ သစ္စာ**ဟူ၍ ငါဘုရား ဟောတော်မူအပ်၏ဟု ဘုရားကဘဲ အကျယ်သရုပ်ထုတ်၍ ဟောတော်မူပြန်သည်။
(နိရောဓသစ္စာ) ....“ကတမဉ္ဇဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ”
ရဟန်းတို့ - ဒုက္ခ၏ ချုပ်ရာ ချုပ်ကြောင်းဖြစ်သော **ဒုက္ခနိရောဓ အရိယ သစ္စာ**ဆိုတာ၊ ဝါ- အရိယာတို့သည် ဆင်းရဲချုပ်ရာ ချုပ်ကြောင်း ကုန်ရာ ကုန်ကြောင်း ငြိမ်းရာ ငြိမ်းကြောင်းမှန်တဲ့ တရားဘဲလို့ အသဲစွဲအပ်သော ဒုက္ခနိရောဓ အရိယသစ္စာဆိုတာ ဘယ်ဟာလဲလို့ ဘုရားကဘဲမေးပြီး -
ယောတဿယေဝ တဏှာယ အသေသ ဝိရာဂ နိရောဓော
စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော၊
ဣဒံဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။
(ဒါက နိ-၏ သရုပ်ကိုထုတ်၍ ဟောတော်မူတာ)
ဘာသာပြန်
ရဟန်းတို့ - ထိုတဏှာ ရာဂ လောဘ၏သာလျှင် အကြင် အကြွင်းအကျန် မရှိ ချုပ်ငြိမ်းရာ စွန့်ပစ်ရာ တဖန်စွန့်ရာ လွတ်ရာ မကပ်ငြိရာ ကပ်ငြိခြင်း မရှိရာဖြစ်သော **နိဗ္ဗာန်**သည် ရှိ၏၊
ရဟန်းတို့ - ထိုနိဗ္ဗာန်ကိုဘဲ **ဒုက္ခနိရောဓ အရိယသစ္စာ**ဟူ၍ ငါဘုရား ဟောတော် မူအပ်၏ဟု ဟောတော်မူသည်။
(မဂ္ဂသစ္စာ) ...“ကတမဉ္ဇဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ”
ရဟန်းတို့ - ဆင်းရဲဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် ဖြစ်သော **ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ**ဆိုတာ၊ ဝါ- အရိယာတို့သည် ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းမှန်တဲ့ အကျင့်ဘဲလို့ အသဲစွဲသိအပ်သော ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာဆိုတာ ဘယ်ဟာလဲလို့ ဘုရားကဘဲမေးပြီး -
အယမေဝ အရိယော အဋ္ဌင်္ဂိကောမဂ္ဂေါ သေယျထိဒံ၊
သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ ဣဒံဝုစ္စတိ၊
ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။
(ဒါက မ-၏ သရုပ်ကို ထုတ်၍ ဟောတော်မူတာ)
ဘာသာပြန်
ရဟန်းတို့ - ဖြူစင်သန့်ရှင်း အပြစ်ကင်းသော **အင်္ဂါရှစ်ပါး ရှိသော ဤ မဂ်သာလျှင် တည်း**၊ ဤမဂ်သည် ဘယ်ဟာလဲဆိုတော့ -
ချစ်သားတို့ -
အဟုတ် အမှန် ရုပ်နာမ်လက္ခဏာ သစ္စာကို သိမြင်ခြင်းဆိုတဲ့ **သမ္မာဒိဋ္ဌိ**။ပ။
အဟုတ်အမှန် ရုပ် နာမ် လက္ခဏာ သစ္စာတရားတို့၌ မတုန်မလှုပ် စိတ်၏တည်ငြိမ်ခြင်း ဆိုတဲ့ **သမ္မာသမာဓိ** -
ဤရှစ်ပါးတို့ပေတည်း။
ရဟန်းတို့ - **ဤသမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါး တရားအပေါင်းကို** ဆင်းရဲ ပေါင်းချုပ် ဒုက္ခဟူသမျှတို့၏၊ ဝါ- ကုန်အောင်စုံသော ဆင်းရဲဒုက္ခတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်းဖြစ်သော **ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယ သစ္စာ**ဟူ၍ ငါဘုရား ဟောတော်မူအပ်၏ဟု ဟောတော်မူသည်။
“ဣမာနိ ခေါ ဘိက္ခဝေ စတ္တာရိ အရိယသစ္စာနီတိ”
ရဟန်းတို့ - ဤဆိုအပ်ပြီးသော အမှန်လေးပါးခေါ်သော **သစ္စာလေးပါး** တို့သည်ကား ငါဘုရားစသော သူတော်ကောင်းတို့သည် …
ဆင်းရဲမှန်တဲ့ တရား၊
ဆင်းရဲကြောင်း မှန်တဲ့တရား၊
ဆင်းရဲချုပ်ငြိမ်းရာ မှန်တဲ့တရား၊
ဆင်းရဲ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းမှန်တဲ့ တရား -
ဘဲလို့ အသက်ထက်ဆုံး အသဲစွဲ သိမြင်အပ်သော **သစ္စာလေးပါး တရားတို့ပေတည်း**ဟု နိဂုံးအုပ်တော်မူ၏ ဟူလို။
ဤသုတ်၌ ဒု-၏ အရကို **ပစ္စုပါဒါနက္ခန္ဓာ**ဟု လိုရင်းအကျဉ်းချုပ် ဟောထား သော်လည်း တဏှာမှတပါးသော **တေဘုမ္မက ဝဋ်တရား**၊ တနည်း-လောကီစိတ်-၈၁၊ လောဘကြဉ်သော စေတသိက်-၅၁၊ ရုပ် ၂၈-ခုကိုယူ။
သ-၏အရကို **ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ**ဟု လိုရင်းအကျဉ်းချုပ် ဟောထားသော်လည်း၊ **တဏှာဝိစရိတ် ၃၆-ပါး**၊ **တဏှာ အစစ် ၁ဝ၈-ပါး**၊ **တထောင့်ငါးရာ ကိလေသာ**တို့ကိုယူလေး
နိ-၏ အရမှာ ... **နိဗ္ဗာန်တပါး**ပင်။
မ-၏ အရမှာလည်း ... **မဂ္ဂင်ရှစ်ပါး**ပင်။
[**တေဘူမက** လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံ ထိုဘုံသုံးပါးလို့ သိ၊
၎င်းဘုံတို့၌ ဖြစ်သော ရုပ်နာမ်ခန္ဓာကို **တေဘုမ္မက တရား**ဟု သိ။
**တဏှာဝိစရိုက် (၃၆)ပါး**မှာ - ရူပတဏှာ စသော တဏှာ ၆ ပါးကိုတည် ကာမဘဝ ဝိဘဝ တဏှာ သုံးပါးနှင့်မြှောက် (၁၈)ပါး ဖြစ်၏၊ ၎င်းကို အဇ္ဈတ္တ ဗဟိဒ္ဓ ၂ ပါးနှင့် မြှောက်(၃၆)ပါးဖြစ်၏။
**တဏှာအစစ် ၁ဝ၈-ကား**၊ ကာမဘဝ ဝိဘဝဟု သုံးဝတဏှာ တည်ပြီး အာရုံခြောက်ပါး မြှောက်ပွားတဖန် ပစ္စုပ္ပန် အတိတ် နောက်ပိတ် အနာဂတ် သုံးရပ်ကာလ မြှောက်ထ ဆိုရန် သဏ္ဍာန်နှစ်ဖြာ မြှောက်လေပါက **တဏှာအစစ် တရာ့ရှစ်သည် ဖြစ်၏မုချ မလွဲတည်း**နှင့်အညီ သိလေ။
**တထောင့်ငါးရာ ကိလေသာကား** - နာမ်တေပညာသ နိပ္ပန္နနှင့် လေးဖြာလက္ခဏ တည်ပြီးမှလျှင် ဆယ်ဝကိလေ မြှောက်ပေတုံလတ် နှစ်ရပ် သန္တာန် တဖန်မြှောက်ခါ **ကိလေသာ သင်္ချာများမြောင် တထောင့်ငါးရာ ထွက်သတည်း**နှင့်အညီ သိလေ။]
စတုသစ္စ ကမ္မဋ္ဌာန်း
ဆောင်ပုဒ်
၁။ သစ္စာလေးတန်၊ အမှန်လေးပါ။
ပိုင်းခြားသိသူ၊ ပါယ်လွတ်ဟူ၊ ခေါ်ယူ သောတာပန်။
၂။ သစ္စာလေးပါး၊ ပွါးဖန်များ၍၊
ခေါင်းပါးကိလေ၊ ထိုသူပေ၊ ခေါ်လေ သကဒါဂါမိ။
၃။ တဆင့်တက်ကာ၊ ပွားများပါ၍၊
ဒေါသာတစိ၊ ကုန်မရှိ၊ ခေါ်ဘိ အနာဂါမ်။
၄။ မီးကုန် ယမ်းကုန်၊ ပွားများထုံ၍၊
လုံးစုံကိလေ၊ ပယ်သတ်ပေ၊ ခေါ်လေ ရဟန္တာ။
၉ - ပဋ္ဌမ ဓာရဏ သုတ်
ဓာရေထ နော တုမှေ ဘိက္ခဝေ မယာ စတ္တာရိ အရိယသစ္စာနိ ဒေသိတာနီတိ။ပ။ ဧဝံဓွါဟံ ဘန္တေ ဓာရေမိ ဘဂဝတာ စတ္တာရိ အရိယသစ္စာနိ ဒေသိတာနီတိ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့၊ ငါဘုရားသည် ဟောတော်မူအပ်ကုန်သော လေးပါးသော သစ္စာတို့ကို သင်ချစ်သားတို့သည် တောပြီးပျောက် ဟောပြီးပျောက်၊ ပျောက်ပျောက် ပျက်ပျက် မဖြစ်ကြအောင် ကောင်စွာမှတ်သားကြ ကုန်လော့ဟု မိန့်တော်မူ၏၊
ဤလို မိန့်တော်မူအပ်သည်ရှိသော် တယောက်သော ရဟန်းသည် မြတ်ခွာဘုရားအား ဤသို့လျှောက်ထားလေ၏။
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ တပည့်တော်သည် အရှင်ဘုရား ဟောကြား တော်မူတဲ့ သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ မှတ်သားမိပါသည် ဘုရား” ဟု လျှောက်ထား၏၊
ထိုအခါ ဘုရားမြတ်စွာ စိန္တေယျာက ရဟန်း … သင်သည် ငါဘုရားဟောတဲ့ သစ္စာ လေးပါး မြတ်တရားကို ဘယ်ပုံ ဘယ်နည်း မှတ်သားမိသနည်း ဟု မေးတော် မူပြန်တယ်။
ထိုအခါ ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား အရှင်ဘုရားသည် …
ဒုက္ခဖြစ်သော အရိယသစ္စာကို ရှေးဦးစွာ ဟောတော်မူပါသည်၊
ဒုက္ခ၏အကြောင်း ဖြစ်သော သမုဒယသစ္စာကို နှစ်ကြိမ်မြောက် ဟောတော်မူပါသည်၊
ဒုက္ခ၏ ချုပ်ရာ နိရောဓသစ္စာကို သုံးကြိမ်မြောက် ဟောတော်မူပါသည်၊
ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်သော ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စာကို လေးကြိမ်မြောက် ဟောတော်မူပါသည်ဟု လျှောက်ထား၏။
ထိုအခါ ဘုရားမြတ်စွာ စိန္တေယျာက ရဟန်း သာဓု - သာဓု ကောင်းစွ ကောင်းစွ, သင်သည် ငါဘုရား ဟောတော်မူတဲ့ သစ္စာလေးပါး မြတ်တရား တို့ကို ဟောပြီး ပျောက် မဖြစ်စေဘဲ ကောင်းစွာ မှတ်မှတ် သားသား ကြားနာပါပေသည်ဟု သာဓုခေါ်၍ ချီးကျူးတော်မူလေသည်။
၁၀ - ဒုတိယ ဓာရဏ သုတ်
ဓာရေထ နော တုမှေ ဘိက္ခဝေ မယာ စတ္တာရိ အရိယသစ္စာနိ ဒေသိတာနီတိ။ပ။ ဧဝံဓွါဟံ ဘန္တေ ဓာရေမိ ဘဂဝတာ စတ္တာရိ အရိယသစ္စာနိ ဒေသိတာနီတိ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့၊ ငါဘုရားသည် ဟောတော်မူအပ်ကုန်သော လေးပါးသော သစ္စာတို့ကို သင်ချစ်သားတို့သည် ကောင်းစွာ မှတ်သားထားကြ ကုန်လော့ဟု မိန့်တော်မူ၏။
ထိုအခါ တယောက်သော ရဟန်းသည် တပည့်တော်သည် ဘုန်းတော်ကြီးဘုရား ဟောကြားတော်မူတဲ့ သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ မှတ်သားမိပါသည် ဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ဘုရားမြတ်စွာက ရဟန်း သင်သည် ဘယ်ပုံဘယ်နည်း မှတ်သား မိပါသနည်း ဟု မေးတော်မူတဲ့ခါ ဘုန်းတော်ကြီးလှသော မြတ်စွာဘုရားသည် ဒုက္ခသစ္စာကို ဟောတော်မူပါသည်၊
ဘုန်းတော်ကြီးသော မြတ်စွာဘုရား - တစုံတယောက်သော ရဟန်းသည်၎င်း ပုဏ္ဏား သည်၎င်း ဤသို့ ဆိုလေရာ၏။
အဘယ်သို့ဆိုရာသနည်း ဟူမူကား ရဟန်းဂေါတမသည် အကြင် ဒုက္ခသစ္စာကို ဟောတော်မူ၏၊
ဤ ရဟန်း ဂေါတမ ဟောပြသည့် သစ္စာသည် ဒုက္ခသစ္စာ မဟုတ်၊ ငါသည် ရဟန်းဂေါတမ ဟောပြတဲ့ ဒုက္ခသစ္စာကိုပယ်၍ အခြား တပါးသော ဒုက္ခသစ္စာကို ဟောကြားပညတ်ပေအံ့ဟု ဤလို ဟောကြား ပညတ်ခြင်းငှါ စွမ်းနိုင်သော တစုံတယောက်သော ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း, ဤ သတ္တလောကကြီး၌ ဘယ်နည်းနှင့်မှ မရှိနိုင်ပါဘုရားဟု လျှောက်ထားလေသည်။
ကျန် သ-နိ-မ သစ္စာသုံးပါးတို့၌လည်း ထို့တူပင် ထိုအသွားအတိုင်းပင် သစ္စာ လေးပါးလုံး သ-နိ-မ သစ္စာ လဲ၍ လျှောက်ထား၏။
ထိုအခါ ဘုရားမြတ်စွာစိန္တေယျာက ရဟန်း ကောင်းစွ - ကောင်းစွ၊ သင်သည် ဘုရား ဟောတော်မူတဲ့ သစ္စာလေးပါး တရားတို့ကို ကောင်းစွာ မှတ်သားပါပေသည်၊ မှတ်သား မိပါပေသည်၊ သဘောပေါက်ပါပေသည်။ သစ္စာအကြောင်းကို ကောင်းကောင်းကြီး ရိပ်စားမိပါပေသည်ဟု ချီးကျူးတော်မူသည်။
ထို့ကြောင့် သစ္စာလေးပါး မြတ်တရားကို တစ်တစ်ခွခွ ပစ္စက္ခကိုယ်တွေ မျက်မှောက် လက်ရောက် ရရှိလေအောင် ကြိုးစား အားထုတ်ရမည်ဟု တိုက်တွန်း နှိုးဆော်တော် မူခဲ့ပေသည်ဟု သိလေ မှတ်လေ။
၁၁ - အဝိဇ္ဇာ သုတ်
ဧကမန္တံ နိသိန္နောခေါ သာ ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ၊
အဝိဇ္ဇာ အဝိဇ္ဇာတိ ဘန္တေဝုစ္စတိ ကတမာနုခေါ ဘန္တေအဝိဇ္ဇာ။ပ။
ယံ ခေါ ဘိက္ခု ဒုက္ခေ အညာဏံ။ပ။ အဝိဇ္ဇာဂတော ဟောတီတိ။
(သစ္စသံယုတ်)
ဘာသာပြန်
သင့်တင့်လျောက်ပတ် ခြောက်ပြစ်လွတ်သော အရပ်၌ နေပြီးသော ထိုရဟန်းသည် မြတ်ဘုရားကို ဤသို့ လျှောက်ထားလေ၏။
ဘယ်လို လျှောက်ထားပါသလဲ ဆိုတော့ ဘုန်းတော်ကြီးသော မြတ်စွာဘုရား … လောကမှာ သူသူငါငါ အဝိဇ္ဇာ အဝိဇ္ဇာနှင့် တစာစာ ပြောဆိုကြပါသည်။ ထို အဝိဇ္ဇာ ဆိုတာ ဘယ်ဟာပါလဲဘုရား ဘယ်မျှလောက်ဖြင့် အဝိဇ္ဇာ၌ ဖြစ်သည် အဝိဇ္ဇာသို့ ရောက်သည် မည်ပါသနည်းဟု လျှောက်ထားလေ၏။
ထိုအခါ ဘုရားမြတ်က … ရဟန်း -
ဒု-၌ ဤကား-ဒု ဖြစ်သည်ဟု အကြင် မသိခြင်း သည်၎င်း၊
သ-၌ ဤကား-သ ဖြစ်သည်ဟု အကြင် မသိခြင်းသည်၎င်း၊
နိ-၌ ဤကား-နိ ဖြစ်သည်ဟု အကြင် မသိခြင်းသည်၎င်း၊
မ-၌ ဤကား-မ ဖြစ်သည်ဟု အကြင် မသိခြင်းသည်၎င်း ရှိ၏။
ဤလို ဤပုံ သစ္စာလေးပါးတို့၌ ဤကား-ဒု၊ ဤကား-သ၊ ဤကား-နိ၊ ဤကား-မဟု မသိခြင်းကို အဝိဇ္ဇာဆိုအပ်၏၊
ဤပုံ သစ္စာကို မသိခြင်းမျှဖြင့် အဝိဇ္ဇာ၌ဖြစ်သည် အဝိဇ္ဇာသို့ရောက်သည် မည်တော့၏ ဟုဟောတော်မူသည်။
၁၂ - ဝိဇ္ဇာ သုတ်
ဧကမန္တံ နိသိန္နော ခေါ။ပ။ ဝိဇ္ဇာ ဝိဇ္ဇာတိ ဘန္တေဝုစ္စတိ ကတမော နုခေါ ဘန္တေ ဝိဇ္ဇာ။ပ။ ယံ ခေါ ဘိက္ခု ဒုက္ခေဉာဏံ။ပ။ ဝိဇ္ဇာ ဂတော ဟောတီတိ။
(သဂ္ဂသံယုတ်)
သင့်တင့်လျောက်ပတ် ခြောက်ပြစ်လွှတ်သော အရပ်၌နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရားကို ဤသို့လျှောက်ထားလေ၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား လောကမှာ သူက ငါက - ဝိဇ္ဇာနှင့် အခါခါ ပြောဆိုကြပါသည်၊ ထိုဝိဇ္ဇာဆိုတာ ဘယ်ဟာပါလဲဘုရား၊ ဘယ်မျှလောက်ဖြင့် ဝိဇ္ဇာ၌ ဖြစ်ပါသနည်း၊ ဝိဇ္ဇာသို့ ရောက်သည် မည်ပါသနည်းဟု လျှောက်ထားလေ၏။
ထိုအခါ ဘုရားမြတ်စွာက ရဟန်း …
ဒု-၌ ဤဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒု-ဖြစ်သည်၊
သ-၌ ဤတဏှာ သုံးပါးသည် သ- ဖြစ်သည်၊
နိ-၌ ဤနိဗ္ဗာန် သည် နိ-ဖြစ်သည်။
မ-၌ ဤမဂ္ဂင်ရှစ်ပါးသည် မ-ဖြစ်သည် -
ဟု အကြင် သိခြင်းသည် ရှိ၏၊
ဤလိုဤပုံ သစ္စာလေးပါးတို့၌ ဤကား-ဒု၊ ဤကား-သ၊ ဤကား-နိ၊ ဤကား-မ ဟု သိခြင်းကို ဝိဇ္ဇာ ဟူ၍ ဆိုအပ်၏၊
ဤပုံ သစ္စာကို သိခြင်းမျှဖြင့် ဝိဇ္ဇာ၌ဖြစ်သည် ဝိဇ္ဇာသို့ ရောက်သည် မည်တော့၏ဟု ဟောတော်မူသည်။
ထို့ကြောင့် လူပြော သူပြော သိတဲ့ သုတသိ သစ္စာသိမျိုး၊ စာထဲပေထဲမှာ သိတဲ့ စာသိ ပေသိ သစ္စာသိမျိုးကို လွန်မြောက်၍ တကယ် ထိထိ ရောက်ရောက် ကိုယ်တွေ့ မျက်မှောက် ကိုယ်မှာရှိနေတဲ့ သစ္စာ အစစ်အမှန်တို့ကို သူ့သစ္စာနှင့်သူ နေရာတကြ ပစ္စက္ခဒိဋ္ဌသိ ဉာဏ်တွေ့ ဉာဏ်မြင် ဖြစ်အောင် ကြိုးစား အားထုတ်ကြလေဟု အထပ်ထပ်ပင် ကြပ်ကြပ်ကြီး တင်းတင်းကြီး ပြင်းပြင်းကြီး တိုက်တွန်းတော်မူသည်ဟု သိလေ။
အဝိဇ္ဇာ နှင့် ဝိဇ္ဇာ
န ဝိဇာနာတီတီ အဝိဇ္ဇာ။ ။ ပုဗ္ဗန္တ အပရန္တ ပုဗ္ဗန္တာပရန္တ စတုသစ္စ ပဋိစ္စသမုပ္ပန္န၊ ဤရှစ်ဌာန မသိခြင်း မောဟသည် အဝိဇ္ဇာမည်၏။
ဝိဇာနတီတိ ဝိဇ္ဇာ။ ။ အဆိုပါ ရှစ်ဌာနတို့၌ သိမြင်ခြင်း ပညာသည် ဝိဇ္ဇာ မည်၏။
၁၃ - တထ သုတ်
စတ္တာရိမာနိ ဘိက္ခဝေ တထာနိ အဝိတထာနိ အနုညတာနိ။ပ။ ဣမာနိ ခေါ ဘိက္ခဝေ စတ္တာရိ တထာနိ အဝိတထာနိ အနညထာနိ။
(သစ္စသံယုတ်)
ဘာသာပြန်
(က) ရဟန်းတို့၊ ဤ လေးပါးသော သစ္စာတို့သည် မှန်ကုန်၏။ မချွတ်မယွင်း မှန်ကုန်၏။ တပါးသော အခြင်းအရာဖြင့် မဖြစ်ကုန်၊
ရဟန်းတို့ - အမှန်လေးပါးဆိုတာ ဘယ်ဟာတို့ပါလဲဆိုတော့ သူ-ကျား-မ စသည်တို့၏ တကိုယ်လုံး တကောင်လုံးကြီးဖြစ်တဲ့ ဤဥပါဒါနက္ခန္ဓာ ငါးပါးကြီးဟာ ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ ရှေးဦးစွာ ပဋိသန္ဓေ နေရခြင်း ဆင်းရဲ၊ အစဉ်အတိုင်း အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ ဤသို့ စသည်ဖြင့် ကုန်အောင်စုံသော ဆင်းရဲပေါင်း ထောင်သောင်းမက အသင်္ချေ အနန္တတို့နှင့် အမျိုးမျိုး တွေ့တွေ့ နေရသောကြောင့် ဆင်းရဲတာ မှန်ကုန်၏၊ မချွတ်မယွင်း မှန်ကုန်၏။ တပါးသော အခြင်းအရာဖြင့် မဖြစ်ကုန် ဆင်းရဲသော အခြင်းအရာဖြင့်သာ ဖြစ်ကုန်၏။
(ဤကား ဒု-၏ ဆင်းရဲမှန်ပုံကိုပြသည်)
(ခ) ရဟန်းတို့ - ဤကာမတဏှာ, ဘဝတဏှာ ဝိဘဝတဏှာ သုံးပါးသည် ဘုံသုံးပါး တို့၌ တဖန်တဖန် ဖြစ်လို၍ ဖြစ်ပြန်သည်ရှိသော် ဘုံသုံးပါးတို့၌ ဇာတိဒုက္ခ စသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့ကို၊ ဝါ-ကုန်အောင် စုံသော ဆင်းရဲ ဟူသမျှတို့ကို ဖြစ်စေတာ ဖြစ်စေမှာ မှန်ကုန်၏၊ မချွတ်မယွင်း မှန်ကုန်၏၊ တပါးသော အခြင်းအရာ အားဖြင့် မဖြစ်ကုန်။
(ဤကား သ-၏ ဆင်းရဲကြောင်းမှန်ပုံကို ပြသည်)
(ဂ) ရဟန်းတို့ - ဤ နိရောဓသစ္စာ နိဗ္ဗာန်သည် ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့မှ ကုန်ဆုံး ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း မှန်ကုန်၏၊ မချွတ်မယွင်း မှန်ကုန်၏၊ တပါးသော အခြင်းအရာအားဖြင့် မဖြစ်ကုန်၊ ဆင်းရဲ ချုပ်ငြိမ်းသော အခြင်းအရာ အားဖြင့်သာ ဖြစ်ကုန်၏။
(ဤကား နိ-၏ ဆင်းရဲ ချုပ်ငြိမ်းရာ မှန်ပုံကို ပြသည်)
(ဃ) ရဟန်းတို့ - ဤမဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည် ဆင်းရဲ ပေါင်းချုပ် ဒုက္ခဟူသမျှ တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်း မှန်၏၊ မချွတ်မယွင်း မှန်ကုန်၏၊ တပါးသော အခြင်းအရာ အားဖြင့် မဖြစ်ကုန်၊ နိဗ္ဗာန်ရောက်ကြောင်း မှန်သော အခြင်းအရာအားဖြင့်သာ ဖြစ်ကုန်၏။
(ဤကား မ-၏ နိ-သို့ရောက်ကြောင်း မှန်ပုံကို ပြသည်)
ထို့ကြောင့် တစ်တစ်ခွခွ ပစ္စက္ခ သစ္စာသိအောင် အားထုတ်ကြဟု တိုက်တွန်းတော် မူသည်။
ဆောင်ပုဒ်
၁။ ဆင်းရဲမှန်တာ … ဒုက္ခသစ္စာ။
၂။ ဆင်းရဲကြောင်းမှန်တာ ... သမုဒယသစ္စာ။
၃။ ချမ်းသာမှန်တာ … နိရောဓသစ္စာ။
၄။ ချမ်းသာကြောင်းမှန်တာ... မဂ္ဂသစ္စာ။
၅။ မချွတ်မယွင်းမှန်တာ ... လေးသစ္စာ။
……
အပိုင်း (၂)
၁၄ - ကောဋိဂါမ သုတ်
ဧကံသမယံ ဘဂဝါ ဝဇ္ဇီသု ဝိဟရတိ ကောဋိဂါမေ။ပ။
စတုန္နံ ဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ
အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ၊
မမေဉ္စဝ တုမှာကဉ္စ နတ္ထိဒါနိ ပုနဗ္ဘဝေါတိ။
(သစ္စသံယုတ်)
ဘာသာပြန်
အခါတပါး ဘဂဝါဘုရားသည် ဝဇ္ဇီတိုင်း ကောဋိရွာ၌ သီတင်းသုံး နေထိုင်တော်မူ၏၊ ထိုအခါ ရဟန်းတို့ ... သင်တို့ ငါတို့သည် အရိယာတို့သည် သိအပ်ကုန်သော၊ ဝါ-သစ္စာသိလျှင် ဘယ်သူမဆို သောတာပန်စသော အရိယာဖြစ်နိုင်သော၊ ဝါ-သစ္စာသိလျှင် သောတာပန်စသော အရိယာ အဖြစ်ကို ပြုတတ်ကုန်သော လေးပါး ကုန်သော သစ္စာတို့ကို လောကီသိ သုတသိ တဆင့်ကြားသိ အနုဗောဓဉာဏ်ဖြင့် လျှော်စွာ အစဉ်အတိုင်း မသိကြခြင်းကြောင့်၊ လောကုတ္တရာ ပဋိဝေဓမဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ မသိကြခြင်းကြောင့်၊ ဝါ-အဆိုပါ ဒု-သ, သစ္စာနှစ်ပါးတို့၏ တဖန် အသစ် မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ ငြိမ်းအေးတဲ့သဘော အေးမြတဲ့သဘော အချမ်းသာကြီး ချမ်းသာတဲ့သဘော အငြိမ်းဓာတ် အအေးဓာတ် အသင်္ခတ ဓာတ်ဆိုတဲ့ နိဗ္ဗာန် တရားထူး တရားမြတ်ကြီးကို ဇဝေဇဝါ မသေမချာ မဟုတ်ဘဲ တကဲ့ကို တဲ့တဲ့ ရှင်းရှင်း မတွေမဝေ ထိုးထွင်း၍ မသိကြခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သား ချစ်သမီးတို့သည်၎င်း ဤဘဝမှ ထိုဘဝ, ထိုဘဝမှ ဤဘဝသို့ တပြောင်းပြန်ပြန် ကြိမ်ဖန်များစွာ ဘဝများစွာ အခါခါ မရေမတွက်သာအောင် ကြင်လည် ပြေးသွား လှလေပြီ။
ရဟန်းတို့ ... ဥပမာဆိုသည်ရှိသော် လောက၌ ဇာတ်သမားတို့သည် ဇာတ်ခုံကြီးပေါ်သို့ တက်၍တက်၍ တယောက်တမျိုး တခါပြ ဇာတ်ထုပ် တမျိုး၊ တခါပြ ဇာတ်ထုပ်တမျိုး ငါးရာ ငါးဆယ်သော ဇာတ်ထုပ်တို့ကို တရက်တမျိုး တရက်တမျိုး ဇာတ်စုံ က၍ ပြကြသကဲ့သို့၊ ထို့တူပမာ ရံခါ ဒုဂ္ဂတိ ရံခါသုဂတိ မြဲတယ်လို့ မရှိ၊ ရံခါ ခြေမရှိ ရံခါ ခြေရှိ ရံခါ ခြေနှစ်ချောင်း ရံခါခြေလေးချောင်း ရံခါခြေများစွာ, ရံခါ အမွှေးနှင့် ရံခါ အကြေးနှင့် ရံခါ ဦးချိုနှင့် ရံခါနှာမောင်းနှင့် ရံခါ လဘို့နှင့် ရံခါအစွယ်နှင့် ရံခါ ပုပု ဝိုင်းဝိုင်း (ကြမ်းပိုးဘဝ, ရွ, ခြ, ကမျက်နီ ဘဝတိုကို ရည်သည်) ရံခါ တယူဇနာ ယူဇနာ တရာ တထောင် (ငါးကြီးအာနန္ဒာ တိမိရ တိပိင်္ကလ အဇ္ဈာရောဟငါး ဂဠုံ အသူရိန် တို့ကိုရည်သည်)
ဤသို့ စသည်ဖြင့် ၃၁-ဘုံ သံသရာ ဇာတ်ခုံကြီးပေါ်မှာ၊ ဝါ- လူထု နတ်ထု ဗြဟ္မာထု ပွဲကြည့်ပရိသတ်တို့ အလယ်မှာ တဘဝ တဇာတ်၊ တဘဝ တဇာတ် လူဇာတ် နတ်ဇာတ် ဗြဟ္မာဇာတ် ဆင်ဇာတ် မြင်းဇာတ် ကျွဲဇာတ် ဆိတ်ဇာတ် ဝက်ဇာတ် ခွေး၊ ကြောင် ငါး ဖါး ပိုး, ခြပုံးဇာတ် အမျိုးမျိုးသော ဇာတ်ထုပ်ပေါင်းတို့ကို ဇာတ်စုံပြ၍ နေကြရတာ ရှက်ဘွယ် လိသို့ ရှက်ရမှန်းလဲမသိ ၃၁-ဘုံ သံသရာ ဇာတ်ခုံထဲမှာ နစ်တုံပေါ်တုံ တမှုံ မွှားမွှား ဆုံလည်သည့်နွား ရဟတ်များသို့ ကြင်လည်ပြေးသွား ရလှလေပြီ။
ချစ်သားတို့ - ဤပုံ ဤနည်း မျက်စိကန်း တစ္ဆေမကြောက် သံသရာ တလျှောက်လုံး အဆုံးမရှိ မချိရင်ကဲ ဆင်းရဲကြီးစွာ ဤမျှဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေကြရသည်မှာ အခြားကြောင့် မဟုတ် “စုံး နတ် မရိုးနှင့် ရွာသူရဲ့ အတတ်” ဆိုတာလို အဆိုပါ သစ္စာလေးပါးတို့ကို အဆိုပါ ဉာဏ်နှစ်ပါးတို့နှင့် အမှန်တရားကို မသိသော ကြောင့်ပေတည်း။
ရဟန်းတို့ ... သင်တို့ဆရာ ငါဘုရားသည် အဆိုပါ သစ္စာလေးပါးတို့ကို ဤကား-ဒု၊ ဤကား-သ၊ ဤကား-နိ၊ ဤကား-မဟု အဆိုပါ ဉာဏ်နှစ်ပါး တို့နှင့် ပိုင်းခြားဝေဘန်၍ အမှန်ကို သိအပ်ပြီ။
ရဟန်းတို့ ... ယခုအခါ၌ ယခုဘ၀၌ အဆိုပါ ဘဝတဏှာကို အရဟတ္တမဂ် ဒါးသံလျက်ဖြင့် အပြတ်ဖြတ်အပ်ပြီ၊ တဖန် ဘဝသစ်သို့ ဆောင်ပို့ တတ်သော တဏှာ သည် ကုန်ပြီ၊ တဖန် ဘဝသစ်၌ဖြစ်ခြင်းသည် မရှိတော့ပြီဟု ဟောတော်မူသည်။
ထို့ပြင် -
(၁) ယေ ဒုက္ခံ နပ္ပဇာနန္တိ၊ အထော ဒုက္ခဿ သမ္ဘဝံ။
ယတ္ထစ သဗ္ဗသောဒုက္ခံ၊ အသေသံ ဥပရုဇ္ဈတိ၊
တဉ္စမဂ္ဂံ နဇာနန္တိ၊ ဒုက္ကူပသမဂါမိနံ။
(၂) စေတောဝိမုတ္တိ ဟိနာ တေ၊ အထော ပညာ ဝိမုတ္တိယာ။
အဘဗ္ဗာ တေ အန္တကိရိယာယ၊ တေ ဝေ ဇာတိ ဇရူပဂါ။
(၃) ယေ စ ဒုက္ခံ ပဇာနန္တိ၊ အထော ဒုက္ခဿ သမ္ဘဝံ။
ယတ္ထစ သဗ္ဗသောဒုက္ခံ၊ အသေသံ ဥပရုဇ္ဈတိ။
တဉ္စမဂ္ဂံ ပဇာနန္တိ၊ ဒုက္ကူပ သမဂါမိနံ။
(၄) စေတောဝိမုတ္တိ သမ္ပန္နာ၊ အထော ပညာဝိမုတ္တိယာ။
ဘဗ္ဗာ တေ အန္တရိကိရိယာယ၊ န ဇာတိ ဇရူပဂါတိ။
၎င်းသုတ်၌ သင်္ဂဟအားဖြင့် ဟောတော်မူပြန်သည်။
ဘာသာပြန်
(၁) ရဟန်းတို့၊ အကြင်သူတို့သည် ဒုက္ခသစ္စာကို ဤကား ဒုက္ခသစ္စာဖြစ်သည်ဟု အပြားအားဖြင့် မသိကြကုန်၊
ထိုသို့ ဒုက္ခသစ္စာကို တဖန် ဖြစ်စေတတ်သော တဏှာ ရာဂ လောဘကိုလည်း သမုဒယ သစ္စာဖြစ်သည် ဟု အပြားအားဖြင့် မသိကြကုန်၊
အကြင် နိဗ္ဗာန်၌လည်း အချင်းခပ်သိမ်း ဒုက္ခသည် အကြွင်းမဲ့ ချုပ်ငြိမ်း၏၊ ထိုဒုက္ခ၏ အကြွင်းမဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုလည်း ဤနိဗ္ဗာန် နိရောဓသစ္စာဖြစ်သည်ဟု အပြား အားဖြင့် မသိကြကုန်၊
ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂသစ္စာကိုလည်း ဤ မဂ္ဂသစ္စာဟု အပြားအားဖြင့်မသိကြကုန်။
(၂) ထိုသစ္စာလေးပါး မြတ်တရားကို မသိနားမလည်သော သူတို့သည် အရဟတ္တဖိုလ် သမာဓိလည်း ဆုတ်ယုတ်ကုန်၏၊
ထိုသို့ အရဟတ္တဖိုလ် ပညာ မှလည်း ဆုတ်ယုတ် ပျက်စီး၏၊
ထို သစ္စာလေးပါးကို မသိသောသူတို့သည် သံသရာဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှာ မထိုက်မရောက်ကြကုန်၊
ထိုသူတို့သည် စင်စစ် ဇာတိ ဇရာသို့သာလျှင် တဖန်တဖန် ကပ်ရောက်ကြကုန်၏။
(၃) အကြင် သူဘိုသည်ကား ဒု-ကို ဒု-ဟု၊ သ-ကို သ-ဟု၊ နိ-ကို နိ-ဟု၊ မ-ကို မ-ဟု အမှန်အတိုင်း သိရှိကြကုန်၏။
(၄) အရဟတ္တဖိုလ် သမာဓိနှင့် ပြည့်စုံသည်လည်းဖြစ်သော အရဟတ္တဖိုလ် ပညာနှင့် ပြည့်စုံသည်လည်း ဖြစ်သော ထိုသစ္စာလေးပါးချိုကို သိသော သူတို့သည် သံသရာ ဝဋ်ဆင်းရဲအဆုံးကို ပြုခြင်းငှါ ထိုက်ရောက်ကြကုန်၏။
ထိုသူဘိုသည် စင်စစ် ဇာတိ ဇရာတို့သို့ တဖန် တဖန် မကပ်ရောက်ကြလေကုန်၊
ဇာတိ ဇရာ မရဏတို့နှင့်၊ ဝါ- မွေးခြင်း အိုခြင်း သေခြင်းတရားတို့နှင့် အဝေးကြီး ဝေး၍ အအေးကြီး အေးနေတဲ့ နိဗ္ဗာန်သို့သာ ဖြေဖြောင့်တန်းစွာ ရောက်လေကြ တော့သည် ဟု ဟောတော်မူခဲ့ပါသည်။
ဆောင်ပုဒ်
သစ္စာလေးဆူ၊ မသိသူ၊ လည်မှု သံသရာ။
သစ္စာလေးဆူ၊ သိသောသူ၊ ထွက်မူ သံသရာ။
၁၅ - အာသဝက္ခယသုတ်
ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံဝဒါမိ နော အဇာနတော အပဿတော။ပ။ ဧဝံ ခေါ ဘိက္ခဝေ ဇာနတော ဧဝံပဿတော အာသဝါနံ ခယော ဟောတိ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ … သိသောသူ မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောတော်မူ၏၊
မသိသော မမြင်သော သူအား အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောတော် မမူ၊
ရဟန်းတို့ … အဘယ်သို့ သိသော မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်း သည် ဖြစ်သနည်းဟူမူ။
(က) ရဟန်းတို့ .... ဤ ဥပါဒါနက္ခန္ဓာ ငါးပါးသည်ကား ကံအားလျှော်စွာ ဖြစ်ရာ ဖြစ်ရာ ဘုံဘဝတို့မှာ တခုတခုသော ဘဝ၌ ပဋိသန္ဓေမှ စုတိ သေနေ့ကျအောင် တဘဝလုံး ပဋိသန္ဓေ နေရခြင်းဆင်းရဲ အိုရခြင်း ဆင်းရဲ နာရခြင်းဆင်းရဲ သေရခြင်းဆင်းရဲ စသော ကုန်အောင်စုံ ဆင်းရဲတဲ့ ဆင်းရဲခဲ ဆင်းရဲအစုအပုံ ဆင်းရဲ အသိုက်အအုံကြီးသာဖြစ်၍ ဆင်းရဲတာ မှန်လှသောကြောင့် “သူ-ငါ ဆိုတာ အဆိုရှိ၊ နဂိုရှိက ဥပါဒါနက္ခန္ဓာ၊ ဥပါဒါနက္ခန္ဓာက ဒုက္ခသစ္စာ” ဆိုတဲ့ ကဗျာနှင့်အညီ၊
ဤလို ဒု-သစ္စာကို သိသောသူ မြင်သောသူအား ဒုက္ခသစ္စာမှန်း မသိခင်က ဒု-သစ္စာ ဖြစ်သော ဥပါဒါနက္ခန္ဓာ ငါးပါးကိုပင် ငါ့ကိုယ် အတ္တဟု ယူမှားခဲ့သော ဒိဋ္ဌာသဝ ကွာသောကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းသည်ဖြစ်၏ဟု ဟောတော်မူသည် ဟု သိလေ မှတ်လေ။
(ခ) ရဟန်တို့ ... အထက်အဆိုပါ တရားသုံးပါးတို့သည် ဘုံသုံးပါးတို့မှာ ပြုအပ်သော ကံအားလျှော်စွာ ဘဝတဖန် ရုပ်နာမ်ခန္ဓာ၊ ဘဝတဖန် ရုပ် နာမ် ခန္ဓာ ဒုက္ခသစ္စာ အသစ် အသစ်ကို ဖြစ်စေတာ ဖြစ်စေမှာ မုချ ဖြစ်စေကြောင်း မှန်လှသောကြောင့် “သူ-ငါ ဆိုတာ အဆိုရှိ၊ နဂိုရှိက ဘဝတဏှာ၊ ဘဝတဏှာက သမုဒယသစ္စာ” ဆိုတဲ့ ကဗျာနှင့်အညီ၊
ဤလို သ-သစ္စာကို သိသောသူ မြင်သောသူအား သမုဒယသစ္စာကြောင့် ဖြစ်မှန်း မသိခင်က သ-သစ္စာကြောင့် ဖြစ်သည်ကိုပင် ဗိဿဏိုးနတ် ထာဝရဘုရားတို့ ဘန်ဆင်းသောကြောင့် ဖြစ်တယ်ဆိုတာဘဲ ဟုတ်မှန်လေသလောဟု တသံသရာ လုံးက ယုံမှားခဲ့သော အဝိဇ္ဇာသဝ ကွာသောကြောင့် အာသဝေါတရား၏ ကုန်ခြင်းသည် ဖြစ်၏ဟု ဟောတော်မူသည်ဟု သိလေ မှတ်လေ။
(ဂ) ရဟန်းတို့ ... ဤ သင်္ခတဓာတ် နိဗ္ဗာန်သည်ကား - အလုံးစုံ ကုန်အောင်စုံသော တေဘုမ္မက သင်္ခတ သင်္ခါရ ရုပ်နာမ်ခန္ဓာတို့၏ တဖန် အသစ်မဖြစ်သော ချုပ်ငြိမ်း ခြင်းဖြင့် ကုန်ဆုံးချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း မှန်လှသောကြောင့် “သူ-ငါဆိုတာ အဆိုရှိ၊ နဂိုရှိက အသင်္ခတာ၊ အသင်္ခတက နိရောဓသစ္စာ” ဆိုတဲ့ ကဗျာနှင့်အညီ၊
ဤလို နိ-သစ္စာကို သိသောသူမြင်သော သူအား နိရောဓသစ္စာကို မသိခင်က သတ္တဝါ သေသော်လည်း မပြတ်၊ သေလျှင် ပြတ်၏ ဟု တသံသရာလုံးက ယူမှားခဲ့သော သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ဟူသော ဒိဋ္ဌာသဝ ကွာသောကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်သည်ဟု ဟောတော်မူသည်ဟု သိလေ မှတ်လေ။
(ဃ) ရဟန်းတို့ ... ဤ မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည်ကား ကုန်အောင်စုံသော ရုပ်နာမ် သင်္ခါရတို့၏ တဖန်အသစ် မဖြစ်ရာ ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်း မှန်လှသောကြောင့် “သူ-ငါ-ဆိုတာ အဆိုရှိ၊ နဂိုရှိက မဂ္ဂင်ရှစ်ဖြာ၊ မဂ္ဂင်ရှစ်ဖြာက မဂ္ဂသစ္စာ” ဆိုတဲ့ ကဗျာနှင့်အညီ၊
ဤလို မ-သစ္စာကို သိသော မြင်သောသူအား မဂ္ဂသစ္စာကို မသိခင် မမြင်ခင်က နွားတို့၏ အလေ့အကျင့် ခွေးတို့၏ အလေ့အကျင့်ဖြင့်ပင် သံသရာမှ စင်ကျယ်ရာ နိဗ္ဗာန်သို့ ရောက်၏ ရ၏ဟု တသံသရာလုံးက နှလုံးသွင်းမှား ယူမှားခဲ့သော သီလဗ္ဗတပရာမာသ ခေါ်သော ဒိဋ္ဌာသဝ ကွာသောကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏ဟု ဟောတော်မူသည်။
ရဟန်းတို့ .. ငါဘုရား ဟောကြားပြီးတိုင်း အဆိုပါ သစ္စာလေးပါးတို့ကို သိသောသူ မြင်သောသူအား အာသဝေါတရား တို့၏ ကုန်ခြင်းသည် ဖြစ်၏။ ထို့ကြောင့် အာသဝေါတရားတို့ကို ကုန်စေခြင်းငှါ အာသဝေါတရားတို့၏ ကုန်ရာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရစေ ရောက်စေခြင်းငှါ သစ္စာလေးပါးတို့ကို သူပြော လူပြော သုတသိ သစ္စာသိ စာထဲ ပေထဲမှာရှိနေတဲ့ စာသိ ပေသိ သစ္စာသိမျိုးတို့ကို လွန်မြောက်၍ သက်ရှိ သဝိညာဏက သူ-ငါ-ကျား-မ စသော သတ္တဝါတို့၏ ခန္ဓာကိုယ်တွင်းရှိ သစ္စာအစစ်အမှန် တို့ကို ဒိဋ္ဌပစ္စက္ခ ကိုယ်တွေ့ ဉာဏ်တွေ့ ဉာဏ်သိ ဉာဏ်မြင် သစ္စာသိမျိုး ဖြစ်သွားနိုင် ကြအောင် ကြိုးစား အားထုတ်ကြဟု အထပ်ထပ် အခါခါ ကြပ်ကြပ်ကြီး မှာတော် မူခဲ့သည်ဟု သိရှိကြပါလေ။
ထိုတွင် ငါးပါးအာရုံ ကာမဂုဏ်တို့၌ တပ်မက်သော လောဘသည် ကာမာသဝ မည်၏၊
ဘုံသုံးပါးတို့၌ တပ်မက်သော သဿတ ဥစ္ဆေဒ ဒိဋ္ဌိနှင့် တကွဖြစ်သော လောဘ ဒိဋ္ဌိသည် ဘဝါသဝ မည်၏၊
ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာကိုပင် ငါ့ကိုယ် အတ္တဟု ယူမှာဒိဋ္ဌိသည် ဒိဋ္ဌာသဝ မည်၏၊
သစ္စာ လေးပါးတို့၌ မသိရအောင် ဖုံးလွှမ်းထားသော မောဟသည် အဝိဇ္ဇာသဝ မည်၏။
[အဓိပ္ပါယ် ...
အာသဝေါတရား ဆိုသည်မှာ -
ပါဠိ စကား ... အာသဝ ဓမ္မ။
မြန်မာစကား ... ယိုစီးတတ်သော တရား။
အဓိပ္ပါယ် ... ဘုံအားဖြင့်ဘဝဂ် ဓမ္မအားဖြင့် ဂေါတြဘူ တိုင်အောင် ယိုစီးတတ် ဖြစ်တတ် ဖြစ်နိုင်သော တရား။
သရုပ်အားဖြင့် ... ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ အာသ၀ ဟူ၍ လေးပါး။
တရားကိုယ်အားဖြင့် ... ကာမာသဝနှင့် ဘဝါသဝက လောဘ ဒိဋ္ဌာသဝက ဒိဋ္ဌိ အဝိဇ္ဇာသဝက မောဟ အားဖြင့် လောဘ, ဒိဋ္ဌိ မောဟ သုံးပါး သာရ၏။]
တနည်း–
(က) စက္ခုဒွါရ၌၊ ဝါ- မျက်စိ၌ ထင်လာ မြင်လာသော ရူပါရုံ စသော အလိုရှိအပ်သော အာရုံကို ကာမဂုဏ်၌ သာယာသည်၏ အစွမ်းဖြင့် သာယာ နှစ်သက်သော သူအား ကာမာသ၀သည် ဖြစ်၏။ ကာမဂုဏ် အပြစ်ကိုမြင်၍ မသာယာ မနှစ်သက်သောသူအား ကာမာသဝသည် မဖြစ်၊
(ခ) ဤသို့သဘောရှိသော အာရုံမျိုးကို တပါးသော သုဂတိဘုံဘဝ တို့၌လည်း ရရှိပါလို၏ဟု ဘဝကို တောင့်တသောသူအား ဘဝါသဝသည် ဖြစ်၏၊ ဘဝအပြစ်ကို မြင်၍ ဘဝကို မတောင့်တသော သူအား ဘဝါသဝ သည် မဖြစ်။
(ဂ) သတ္တဝါဟူ၍၎င်း, သတ္တဝါ၏ဥစ္စာ ဟူ၍၎င်း အမှားယူသော သူအား ဒိဋ္ဌာသဝသည် ဖြစ်၏။ မိစ္ဆာဒိဋ္ဌိအပြစ်ကိုမြင်၍ သတ္တဝါ-သတ္တဝါ၏ ဥစ္စာဟု မယူ၊ သတ္တဝါဟု ပရမတ် အားဖြင့် ထင်ရှားမရှိ ရုပ်နာမ် ခန္ဓာသာ ရှိ၏ဟု အမှန်ယူသောသူအား ဒိဋ္ဌာသဝသည် မဖြစ်။
(ဃ) အလုံးစုံသော အာသဝေါတရား တို့နှင့်တကွ ဖြစ်သော သိသင့် သိထိုက်သော တရားအပေါင်းကို မသိခြင်းသည် အဝိဇ္ဇာသဝ မည်၏၊သိခြင်းသည် အဝိဇ္ဇာသဝ မမည် မဖြစ်။
(အင်္ဂုတ္တရ-ဋ္ဌ-ဆက္က မဟာဝဂ်မှာရှု)
အာသဝေါ ကုန် - မကုန်
သစ္စာလေးပါးကို မသိသော မမြင်သောသူအား အာသဝေါ မကုန်၊ သိသော မြင်သော သူအား အာသဝေါ ကုန်၏ဟု ဟောတော်မူခဲ့သော ဘုရားရှင်ကြီး၏ အာဘော်ငုတ်ကို ဉာဏ်မှီသရွေ့ ဖေါ်ထုတ်ဦးအံ့။
(က) ကာမာသဝ ကုန်ပုံ .... အထက်အဆိုပါ အာသဝေါတရား လေးပါးတို့တွင် ငါးပါးအာရုံ ကာမဂုဏ်တို့၌ တပ်မက်သော လောဘသည် ကာမာသဝ မည်၏။
ထိုလောဘ ရှိနေသမျှ ကာလပတ်လုံး အဆိုပါ ကာမဂုဏ် ငါးပါးတို့ကို ရရှိ ခံစား ရေးအတွက် အဘက်ဘက်မှ နွားနောက်က လှည်းဘီးကြီး အမြဲတန်း လိမ့်၍ လိုက်နေဘိ သကဲ့သို့၊ ထို့တူပမာ ကာမဂုဏ်တို့၌ တပ်မက်သော ဘ၀၏နောက်က မီးခိုးမဆုံး မိုးမဆုံး ဆိုတာလို တသက်ပတ်လုံး ကြံရ စေရ ရှာရ ဖွေရ ပြောရ ဆိုရ လုပ်ရ ကိုင်ရမဲ့ ဒုက္ခနောက်လိုက် အမြဲတန်း ဒုက္ခလိုက်စွက်နေရမဲ့အရေး ဒုက္ခဘေး တသက်လုံး ကြီးလေးလှတဲ့ အချက်ကို နက်နက်ကြီး တွေးမိ ကောင်းကောင်းကြီး ဒုက္ခသစ္စာ သိမြင်လာတဲ့ခါ ဤဒုက္ခတွေဟာ လောဘကြောင့်သာဟု ဒု-သစ္စာကို ပိုင်ပိုင်ကြီး သိမြင်သောကြောင့် ကာမဂုဏ်တို့၌ တပ်မက်ခြင်း တဏှာ တကယ် ကုန်လျှင် ကာမာသဝ ကုန်၏။
ဥပမာ-အဆိပ်ပါသော အစာကို အဆိပ်ပါမှန်း မသိခင်က အလွန် စားချင်လှ အလွန် တပ်မက်လှသော်လည်း အဆိပ်ပါမှန်း အတတ်သိတဲ့ခါ ထိုအခါ၌ စားလိုခြင်း တပ်မက်ခြင်း ကင်းပြတ်သွား သကဲ့သို့၊ ထို့တူပမာ ငါးပါးအာရုံ ကာမဂုဏ် အစာတွေထဲမှာ ဆင်းရဲဒုက္ခ အဆိပ်ရေတွေ ပင်လယ် ဝေမျှ လိုက်လာကြမဲ့အရေး၊ နန္ဒ-နွားသတ်သမား၊ စုန္ဒ-ဝက်ထိုးသမား၊ ဇာတသတ် ဒေဝဒတ်တို့လို အဝီစိအထိ ဆင်းရဲ ဒုက္ခ အဆိပ်တွေ ပျံ့နှံ့နေသည် တို့ကို တတ်တတ်ထင်ထင် တကယ် ဒုက္ခသစ္စာကို တဲ့တဲ့ကြီး မြင်သိပါလျှင် ကာမာသဝ ကုန်နိုင်၏၊ တကယ် မမြင်က တကယ် မကုန်နိုင်ပေ။
(ခ) ဘဝါသဝကုန်ပုံ - ဘုံသုံးပါးတို့၌ အိုဘေး၊ နာဘေး မလွတ်သေးတဲ့ လူ နတ် ချမ်းသာကို အိုဘေး၊ နာဘေး မလွတ်သေးတဲ့ ချမ်းသာမှန်းမသိ မောဟဖိ၍ ကောင်းနိုးနိုး မှတ်ထင်၍ ဘုံသုံးပါးတို့မှာ တဖန်တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ သဿတ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွသော လောဘသည် ဘဝါသဝ မည်၏။
ထို ဘဝတဏှာ ဝိဘဝတဏှာ ရှိနေသမျှ ကာလပတ်သုံး ဘုံသုံးပါးတို့၌ လူ နတ် ချမ်းသာတို့ကို ရရှိခံစားရေးအတွက် အဘက်ဘက်မှာ ဘဝတိုင်း ဘဝတိုင်း ထပ်ကာ ထပ်ကာ လူ့ဘုံ နတ်ဘုံတို့သို့ ရောက်ရှိရေးအတွက် အသစ်အသစ် ပြုလုပ်ရမဲ့ဒုက္ခ ပြုလုပ်၍ ရရှိပြန်ပါသော် ဖြစ်ရာဖြစ်ရာ ဘုံဘဝ တို့မှာ လူနတ်ချမ်းသာကို မခံစားရခင်၊ ဝါ-ဆားမှမမြီးရခင် ဦးဦးဖျားဖျား ပူပူနွေးနွေး တဖန်တဖန် ပြန်၍ပြန်၍ ပဋိသန္ဓေ နေရမဲ့ ဒုက္ခ အိုမဲ့ ဒုက္ခ နာရမဲ့ ဒုက္ခ သေရမဲ့ဒုက္ခ မသေမီအတွင်း --
“အသက်တရာသာ မနေရ ဒုက္ခတရာ ဒုက္ခတထောင် ဒုက္ခ အသင်္ချေတွေ တွေ့ရတယ်” ဆိုတာလို သိတတ်တဲ့ အရွယ်ကစ၍ သေနေ့ကျအောင် ဆင်းရဲ အမျိုးမျိုး ဒုက္ခ အမျိုးမျိုး ဘေးဆိုး ရန်ဆိုး အန္တရာယ် အမျိုးမျိုးတို့နှင့် တမျိုးပြီးတမျိုး ရင်ဆိုင်တိုးရမဲ့ အရေး သေပေါက်သေ၀ သေခါနီးကြတဲ့ခါ အကုသိုလ်ကံက လာ၍ နှောက်ပြန်ပါလျှင် အပါယ် ရောက်ရမဲ့အရေး ဒေဝဒတ်၊ ဇာတသတ်၊ စုန္ဒ-ဝက်သတ်သမား၊ နန္ဒ-နွားသတ်သမား တို့ကို အဝီစိအထိ ကျရောက်နိုင်တဲ့အရေး ဒုက္ခဘေးတွေ ပင်လယ် ဝေအောင် လိုက်လာမဲ့အရေး ကြီးလေးလှတဲ့ ဒုက္ခအချက် ဒုက္ခသစ္စာတွေကို တတ်တတ် ထင်ထင် တဲ့တဲ့ကြီး မြင်လာတဲ့ခါ “ဤဒုက္ခတွေဟာ ဘဝတဏှာ ကြောင့်သာ ဟု ဒု-သစ္စာကို ပိုင်ပိုင်ကြီးသိမြင်၍ ဘုံသုံးပါးတို့၌ တဖန်တဖန် ပြန်၍ပြန်၍ ပြစ်လို ဖြစ်ချင်နေတဲ့ ဘဝတဏှာ တကယ်ကုန်လျှင် ဘဝါသဝ တကယ်ကုန်၏။ တကယ်မမြင်လျှင် တကယ်မကုန်နိုင်ပေ။
ဥပမာ - မိမိကို သေကြောင်းကြံနေသော မိမိမယားကို သေကြောင်း ကြံမှန်း မသိခင်က အချစ်အာလယ မပြတ်ကြသော်လည်း သေကြာင်းကြံမှန်းကို အမှန်သိတဲ့ခါ ထိုမယား၌ အချစ်အာလယ ပြတ်သွားသကဲ့သို့၎င်း၊ လူမ ယောင်ဆောင်နေသော လူသား ဘီလူးမကို ဘီလူးမမှန်း မသိခင်က အလွန်ချစ်ခင်လှသော်လည်း ဘီလူးမမှန်း သိလာတဲ့ခါ အချစ်ပြတ်သွား သကဲ့သို့၎င်း၊
ထို့တူပမာ ဘဝတဏှာထဲမှာ တဖန်တဖန် ပြန်၍ပြန်၍ ပဋိသန္ဓေနေရမဲ့ ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခ အပ္ပိယသမ္မယောဂ ဒုက္ခပိယဝိပ္ပယောဂဒုက္ခ “ယံပိစ္ဆံ န လဘတိ တမ္ပိဒုက္ခံ” စသော ကုန်အောင် စုံသော ဆင်းရဲဒုက္ခ မှန်သမျှတို့သည် တသီ တတန်း တပုံတခေါင်းကြီး အဝီစိထိအောင် ဒုက္ခအဆိပ်တွေ ပါရှိ၍နေသည်တို့ကို တတ်တတ် ထင်ထင် တဲ့တဲ့ကြီး ဒုက္ခသစ္စာတွေကို တကယ်မြင်သိပါလျှင် တကယ် ဘဝတဏှာ ဝိဘဝတဏှာ ကုန်၏၊ တကယ်မမြင် မသိပါလျှင် မကုန်နိုင်ပေ။
ပြဆိုခဲ့ပြီးသော ဒုက္ခသစ္စာ အဖြာဖြာတို့ကို အစွမ်းကုန် ဟောင်းလောင်းပေါက် ထင်မြင်ပါလျှင် ဘုံသုံးပါးတို့၌ တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ ဘဝ တဏှာသည် တကယ်ပြတ်၏၊
ဘဝတဏှာ ဝိဘဝတဏှာ ပြတ်သွားခြင်းသည် အရဟတ္တမဂ်ပေတည်း၊
ဘဝတဏှာမှ လွတ်သွားခြင်းသည် အရဟတ္တဖိုလ် ပေတည်း၊
ဤအရာမျိုးကိုရည်၍ …
“အာသဝေဟိ စိတ္တံ ဝိမုစ္စတိ ဝိမုတ္တသ္မိံ ဝိမုတ္တောမှီတိ ဉာဏံ ဟောတိ” စသည်ဖြင့် ဟောတော်မူခဲ့ပါသည်၊ မိမိ၌ ဘဝတဏှာ မရှိသည်ကို မိမိဘဲ အတတ်သိပြီးဖြစ်၍ မျိုးမရှိလျှင် တဖန် အပင်မပေါက်တော့မည်ကို အတတ် သိသကဲ့သို့ ဘဝတဏှာ ကိလေသာ မိမိမှာမရှိလျှင် ဘဝခန္ဓာပင် တဖန် အသစ်မဖြစ်တော့ပြီဟု မိမိဘဲ အတတ် သိပြီးဖြစ်၍ ဇာတိချုပ်ငြိမ်း ဘဝချုပ်ငြိမ်း ဒုက္ခချုပ်ငြိမ်းသော နိရောဓသစ္စာ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်မြင်သိပြီးဖြစ်တော့၏၊
အဘယ်ကြောင့်နည်း - ဒုက္ခသစ္စာကို သတိနှင့်မကွာ ပညာနှင့်မကင်း အဖန်တလဲလဲ ဆင်ခြင် နှလုံးသွင်းခြင်း ယောနိသော မနသိကာရမှု ဝိပဿနာ အကြိမ်ကြိမ်ရှု၍ ဒုက္ခသစ္စာ အစွမ်းကုန် ထင်မြင် လာသောကြောင့် ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာ ဘုံသုံးပါး တို့၌ မုန်းတီး ငြီးငွေ့သော နိဗ္ဗိန္ဓဉာဏ် ရင့်သန်ထက်မာလာ၍ ဘုံသုံးပါးတို့၌ တဖန် ဖြစ်လိုတဲ့ ဘဝတဏှာ တပ်မက်ခြင်း ကင်းသွားသောကြောင့်ပေတည်း၊ “နိဗ္ဗိန္ဓံ ဝိရဇ္ဇတိ ဝိရာဂါ ဝိမုစ္စတိ” ဆိုတဲ့ ဘုရားဟောပါဠိကို ထောက်ကြည့်ကြပါလေ။
(ဂ) ဒိဋ္ဌာသဝကုန်ပုံ ... ဒုက္ခသစ္စာ ရုပ်နာမ်ခန္ဓာကိုပင် ဒုက္ခသစ္စာမှန်း မသိ မောဟဖိ၍ ကိုယ် အတ္တဟု အယူမှားတဲ့ ဒိဋ္ဌိသည် ဒိဋ္ဌာသဝ မည်၏။
ထိုဒိဋ္ဌိ ရှိနေသမျှပတ်လုံး “ဥက္ခိတ္တာ ပုညတေဇေန။ပ။ ပုနဂစ္ဆန္တိ ဒုဂ္ဂတိံ” နှင့် အညီ၊ ကုသိုလ်အဟုန်ကြောင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံသို့ ရောက်သော်လည်း ကုသိုလ်အဟုန် ကုန်က အပါယ်ဘုံသို့ တဖန် ကျရောက် တတ်ပြန်သဖြင့် “ဗြဟ္မာပြည်မှာတဝင်းဝင်း-ဝက်စာကျင်းမှာ တရှုတ်ရှုတ်” ဆိုတာလို -
ဘယ်ပုံ ဘယ်ဘဝမှာ ဘာကောင်ကြီး ဘာမင်းကြီး ဘာနတ်ကြီး ဘာဗြဟ္မာကြီးဘဲ ဖြစ်ဖြစ် ဒိဋ္ဌာသဝ မကွာသေးလျှင် ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့က စုတိအဆုံး အဆုံးမှာ တဗြုံးဗြုံး အပါယ်သို့ ကျရောက် နိုင်သေးတဲ့ အရေး ဒုက္ခဘေး အချက်တို့ကို လေးလေးနက်နက်ကြီး ဒုက္ခသစ္စာကို သိမြင်လာပါသောကြောင့် အဆိုပါ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ အယူမှား လုံးဝမရှိလျှင် ဒိဋ္ဌာသဝ ကုန်၏။ ရှိလျှင် မကုန်ပေ။
(ဃ) အဝိဇ္ဇာသဝ ကုန်ပုံ ..
ဤတဏှာကြဉ်သော တေဘုမ္မက တရားသည် ဒု-ဖြစ်သည်၊
ဤတဏှာသည် သ-ဖြစ်သည်၊
ဤ ဒု-သ သစ္စာ နှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ နိဗ္ဗာန်သည်ကား နိ-ဖြစ်သည်။
ဤ နိ-သို့ ရောက်ကြောင်း အကျင့်ကောင်းဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်မြတ်တရားသည် ကား မ-ဖြစ်သည်၊
ဤလို ဤပုံ သစ္စာလေးပါးတို့ကို “သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်” တို့နှင့်တကွ ပိုင်းခြား ဝေဘန်၍ အမှန်ကို မသိရအောင် စိတ်ပင်ဖုံးလွှမ်းတတ်သော မောဟသည် အဝိဇ္ဇာသ၀ မည်၏။
အထက်အထက်၌ ပြဆိုခဲ့ပြီးတိုင်း ဤ လူ နတ် ဗြဟ္မာ သတ္တဝါဟူသော သတ္တလောက ကြီးသည် အကြင်မျှလောက်သော ကာလပတ်လုံး သ-ကြောင့် ဒု၊ ဖြစ်ပျက်မွေးသေ သံသရာရှည်၍ နေကြရသည်၊
သ-ကို ပယ်သတ်တဲ့ မဂ်အကျင့်ကို အဆင့်ဆင့် ကျင့်သွားကြတဲ့ခါ အရဟတ္တမဂ် နောင်မှာ သ-အကြောင်း သစ်တဖန် မဖြစ်တော့၍ အရဟန္တစုတိနောင်မှာ ဒု-အကျိုးသစ်လဲ တဖန် အသစ်မဖြစ်တော့ဘဲ ဖြစ်ပျက်မွေးသေ အစဉ်ပြတ်၍ နောက်ထပ် အသစ်မဖြတ်တော့ဘဲ အမြဲငြိမ်းအေးနေတဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်တော့သည်ဟု ရှေးဦးစွာ အနုဗောဓ လောကီဉာဏ်ဖြင့်သိ၍ သိတဲ့အတိုင်း တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်တဲ့ခါ သစ္စာလေးပါးတွင် တတိယသစ္စာ ခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို ပဋိဝေဓဉာဏ် ခေါ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြင့် ထိုးထွင်း၍ သိတဲ့ အရဟတ္တမဂ် ခဏမှာ အဝိဇ္ဇာသဝ အကုန်လုံး ကုန်၏၊
နိဗ္ဗာန်ကို မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ မသိသေးလျှင် အဝိဇ္ဇာသဝ မကုန်နိုင်ပေ။ ထို့ကြောင့် သစ္စာလေးပါးတို့ကို သိသောသူ မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏ဟု ဟောတော်မူသည်။
မှတ်ချက် - ဤ၌ အာသဝေါတရား လေးပါးတို့ကို....
- မဂ်အစဉ်အားဖြင့် ....
သောတာပတ္တိမဂ်က ဒိဋ္ဌာသဝကို အနာဂါမိမဂ်က၊ ကာမာသဝကို အရဟတ္တမဂ်က ဘဝါသဝနှင့် အဝိဇ္ဇာသဝကို အကြွင်းမဲ့ ပယ်သတ်ကြသည်၊ သကဒါဂါမိမဂ်မှာ တစုံတခုသော ကိလေသာကို အကြွင်းမဲ့ ပယ်သတ်သည်ဟူ၍ မရှိ ခေါင်းပါးရုံမျှသာဟု သိ။
- အာသဝအစဉ်အားဖြင့် ...
ကာမာသဝကို အနာဂါမိမဂ်ဖြင့် ဘဝါသဝကို အရဟတ္တမဂ်ဖြင့်၊ ဒိဋ္ဌာသဝကို သောတာပတ္တိမဂ်ဖြင့်၊ အဝိဇ္ဇာသဝကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်သတ်သည်။
- သစ္စာအစဉ်အားဖြင့် ....
ဒု-နှင့် သ-ကိုသိတော့ ဒိဋ္ဌာသဝနှင့် ကာမာသဝ ကွာ၏။ နိ-နှင့် မ-ကိုသိတော့ ဘဝါသဝ နှင့် အဝိဇ္ဇာသဝ ကွာ၏။
ဆောင်ပုဒ်
ဒု-သ သိတော့၊ ဒိ-အာ ကွာ၊ နိ-မ သိတော့ ဘ-အ ကွာ။
သစ္စာသိငြား၊ ထိုသူအား၊ ပယ်ရှား အာသဝါ။
၁၆ - မိတ္တသုတ်
ယေကေစိ ဘိက္ခဝေ အနုကမ္မေယျာထ။ပ။ ဣမေသံ စတုန္နံ အရိယသစ္စာနံ၊ ယထာဘူတံ အဘိသမယာယ၊ သမာဒါပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ - သင်တို့သည် မည်သူ မည်ဝါဟု အမှတ်အသား ထားဘဲ မည်သူ့ကိုမဆို တကယ် သနားချစ်ခင်သည် မှန်ငြားအံ့။ပ။ ဤလို သနားချစ်ခင်ရိုး မှန်ပါလျှင် ထို မိတ်ဆွေဖြစ်သောသူ မိမိနှင့် အလွန်ချစ်ကျွမ်း ၀င်သောသူ ဆွေမျိုးတော်သောသူ သားချင်းပေါက်ဖေါ် တော်စပ်သော သူတို့အား ဤလေးပါးသော သစ္စာတို့ကို မဖောက် မပြန် ဟုတ်တိုင်းမှန်စွာ ဤကား-ဒု, ဤကား-သ, ဤကား-နိ ဤကား-မ သစ္စာ ဖြစ်သည်ဟု ထိုးထွင်းပိုင်းခြား၍ သိစေခြင်းငှါ ဆောက်တည်အပ်ကုန်၏၊ သစ္စာလေးပါး တို့၌ သက်၀င်စေခြင်းငှါ သွင်းပေးအပ်ကုန်၏၊ သစ္စာလေးပါးတို့၌ တည်စေအပ်ကုန်၏။
အဓိပ္ပါယ်
မိမိနှင့် မိတ်ဆွေ တော်သည်ဖြစ်စေ, မတော်သည်ဖြစ်စေ သူတပါးတို့ကို သနား ချစ်ခင်ရိုး မှန်ပါလျှင် အခြားတပါးသော တရားကို မဟောကြားငြားသော်လည်း သစ္စာလေးပါး တရားကိုတော့ မဟောဘဲ မထားရ၊ ဟောပြောရပေမည်သာ၊
အဘယ်ကြောင့်ဆိုသော် - သစ္စာမသိက သ-ကြောင့် ဒု၊ မ-ကြောင့် နိ ဖြစ်သည်ဟု မသိ၊ မသိသောကြောင့် သ-ကို ပယ်တဲ့ မ-အကျင့်ကို မကျင့်တတ်၊ မကျင့်တတ် သောကြောင့် ဖြစ် ပျက် မွေးသေ သံသရာရှည်၍ နေကြရလေသည်။
သစ္စာသိက သ-ကို ပယ်တဲ့ မ-အကျင့်ကို ကျင့်တတ်၏၊ ကျင့်တတ်သောကြောင့် ဖြစ် ပျက် မွေး သေ အစဉ်ပြတ်၍ သံသရာ ရပ်လေတော့သည်။
ဆောင်ပုဒ်
- မိတ်ဆွေအများ သနားချစ်ခင်၊
သစ္စာလေးပါး ဟောကြားလျှင်လျှင်၊
မဟောမပြ မသိရလျှင်၊
ဝဋ်စခမ်း ထွက်လမ်း သူ မမြင်။
- မိတ်ဆွေအများ သနားချစ်ခင်၊
သစ္စာလေးပါး ဟောကြားပေးလျှင်၊
သ-ပယ် နိ-ရောက် ထွက်ပေါက်ကိုမြင်၊
ဝဋ်စခမ်း လွတ်လမ်း သူတို့ဝင်။
၁၇ - ခဒိရပတ္တသုတ်
ယော ဘိက္ခဝေ ဧဝံဝဒေယျ။ပ။ နေတံဋ္ဌာနံ ဝိဇ္ဇတိ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ - တစုံတယောက်သော သူသည် ဤသို့ ဆိုရာ၏။ အမောင်တို့ … ငါသည် ဤကား-ဒု၊ ဤကား-သ၊ ဤကား-နိ ၊ဤကား-မ သာဖြစ်သည်ဟု သစ္စာလေးပါးတို့ကို ထိုးထွင်း၍မသိဘဲ သစ္စာသိမှု မပါဘဲ သစ္စာသိမှုနှင့် မဘက်ဘဲ သစ္စာသိမှုမှ အလွတ် သက်သက်ဖြင့်ပင် ဒုက္ခ၏အဆုံးကိုပြုအံ့၊ ဝါ-နိဗ္ဗာန်ကို ရောက်စေအံ့၊ ရစေအံ့၊ ဤသို့ ဆိုရာ၏။
သို့ဆိုသော်လည်း သစ္စာမသိဘဲနှင့်တော့ ဒုက္ခ၏အဆုံး နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်ခြင်းသည် လုံးဝမဖြစ်၊ ဆယ်မဖြစ် ကိုးမဖြစ် ဘယ်နည်းနှင့်မှ မဖြစ်နိုင်သည် သာတည်းဟု ဟောတော်မူသည်။
မှတ်ချက်
သစ္စာမသိက တတိယသစ္စာခေါ်ဿ နိရောဓသစ္စာ နိဗ္ဗာန် ရှိသည်ကို လုံးဝ မသိပေ။ မသိသောကြောင့် ထိုနိဗ္ဗာန်သို့ ရောက်ကြောင်း မဂ်အကျင့်ကို မကျင့်တတ်၊ ဝါ-နိဗ္ဗာန်ကို အာရုံမပြုတတ်၊
နိဗ္ဗာန်ကို အာရုံမပြုတတ်၍ နိဗ္ဗာန်ကို ထိုးထွင်း၍ သိမြင်သော အာရမ္မဏိက မဂ်စိတ် ဖိုလ်စိတ် မဖြစ်ပေါ်၊ မဂ်စိတ် ဖိုလ်စိတ် မဖြစ်ပေါ် သောကြောင့် မဂ်ဖြင့် သတ်အပ်သော ကိလေသာ မသေ၍ ကိလေသာကြောင့် ခန္ဓာဖြစ်ပျက်မွေးသေ သံသရာ ရှည်မြဲတိုင်း ရှည်၍ နေရလေတော့သည်၊
သံသရာဝဋ်ဒုက္ခ၏အဆုံး နိဗ္ဗာန်သို့မရောက်နိုင်တော့ပြီဟု ဆိုလိုပေသည်။
ပြန်သောအားဖြင့် --
သစ္စာသိက မဂ်အကျင့်ဖြင့် ရောက်အပ်သော နိဗ္ဗာန် ရှိသည်ကိုလည်း သိသည်၊ သိသောကြောင့် နိဗ္ဗာန်ရောက်ကြောင်း မဂ်အကျင့်ကို ကျင့်တတ်၏၊ ကျင့်သောကြောင့် နိဗ္ဗာန်ကို ထိုးထွင်း၍ သိမြင်တတ်သော မဂ်စိတ် ဖိုလ်စိတ် ဖြစ်ပေါ်သည်၊
မဂ်စိတ် ဖိုလ်စိတ် ဖြစ်ပေါ်သောကြောင့် မဂ်ဖြင့် သတ်အပ်သော ကိလေသာ သေသည်၊ အရဟတ္တမဂ် နောင်မှာ အကြောင်းကိလေသာ အသစ်မဖြစ်တော့၍ အရဟန္တစုတိ နောင်မှာ အကျိုးခန္ဓာလဲ အသစ်မဖြစ်တော့ဘဲ ကိလေသာခန္ဓာ အစဉ်ပြတ်၍ နောက်ထပ် အသစ်မဖြစ်တော့ဘဲ ဖြစ် ပျက် မွေး သေ သံသရာစက်ပြတ်၍ ဝဋ် ဒုက္ခ၏အဆုံး နိဗ္ဗာန်သို့ရောက်သည် ဟူလို။
ဤလို ဘုရားဟောအလာ ဒေသနာအရှိကို မြင် သိ ကြားနာကြရသဖြင့် သစ္စာမသိက နိဗ္ဗာန်မရ၊ သစ္စာသိမှ နိဗ္ဗာန်ရသည်ဟု တထစ်ချမှတ်ယူကြပါလေ၊ နိဗ္ဗာန်ကား-အာရုံ၊ မဂ်စိတ် ဖိုလ်စိတ်ကား-အာရမ္မဏိက၊ ဤလို အာရုံ အာရမ္မဏိက ဖြစ်သွားကြသည် ကိုပင် နိဗ္ဗာန်ကို ရောက်သည် နိဗ္ဗာန်ကို ရသည်ဟု ဆိုရသည်။
နိဗ္ဗာန်သို့ ရောက်မှ ရမှပင် သံသရာဝဋ်ဒုက္ခ၏ အဆုံးသို့ ရောက်နိုင်သည်။ ရနိုင်သည်၊ ဤလို ဤပုံ နိဗ္ဗာန်ကိုရောက်တဲ့ ရတဲ့နေရာ မှာလည်း အာရုံပြုသောအားဖြင့် ရောက်ခြင်း ရခြင်းမှ အမြဲတည်နေသော အားဖြင့် ရောက်ခြင်း ရခြင်းဟု နှစ်မျိုးရှိရာ -
သောတာပန်ဘဝကစ၍ ရဟန္တာဘဝအထိ မိမိတို့၏ မင်္ဂခဏ ဖိုလ်ခဏတိုင်းတို့မှာ ခန္ဓာလက်ရှိနှင့်ဘဲ အာရုံပြုသောအားဖြင့် ရောက်၏ ရ၏။
ပရိနိဗ္ဗာနစုတိ ဘင်္ဂက္ခဏ ဟိုဘက် အကျမှာ ခန္ဓာလက်မဲ့နှင့်ဘဲ ငြိမ်းအေးသော အေးမြသော ချမ်းသာသော သန္တိသုခ သဘောဖြင့် အမြဲတန်း တည်နေသောအားဖြင့် ရောက်တော့ ရတော့၏။
ဆောင်ပုဒ်ကဗျာ
သစ္စာကိုပင် မသိဘဲနှင့် သံသရာဝဲက ထွက်မလေ၊
ကိန်းကြီးခမ်းကျယ် ဘယ်လိုပြောပြော သံသရာကြောက မထွက်ပေ။
သစ္စာသိအောင် သင်ယူကြားဘို့ ဆရာသမားသို့ ချဉ်းကပ်လေ။
သိသောအခါ သ-ပယ်ကျင့်က နိ-အဆင့်သို့ ရောက်နိုင်ပေ။
အဲ...ဒီလိုများ ဒို့ဘုရား ဟောကြားမိန့်ခဲ့ပေ။
၁၈-ဒဏ္ဍသုတ်
သေယျထာပိ ဘိက္ခဝေ ဒဏ္ဍော ဥပရိဝေဟာသံ ခိတ္တော။ပ။ ဧဝ မေဝ မေ၀ ခေါ ဘိက္ခဝေ။ပ။ အဒိဋ္ဌတ္တာ ဘိက္ခဝေ စတုန္နံ အရိယသစ္စာနံ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ - ဥပမာမည်သည်ကား လှံတန် တောင်ဝှေးကို အထက်ကောင်းကင်သို့ ပစ်တင်အပ်သည်ရှိသော် မြေပေါ်သို့ ပြန်ကျလာတဲ့ခါ တကြိမ် အရင်းက ကျလာ၍ တကြိမ် အဖျားက ကျလာတတ်သကဲ့သို့ -
ရဟန်းတို့ - ထိုတောင်ဝှေး အတူသာလျှင် သစ္စာလေးပါးကို ဤကား-ဒု စသည်ဖြင့် မသိရအောင် အဝိဇ္ဇာ နီဝရဏဖြင့် ဖုံးလွှမ်း အပ်ကုန်သည်ဖြစ်၍ တဏှာတည်း ဟူသေသော သံယောဇဉ်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ, ထိုဘဝမှ ဤဘဝသို့ တပြောင်းပြန်ပြန် ကျင်လည် ပြေးသွားကြရကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် အတည်အမြဲ မရှိနိုင်ကြဘဲ တကြိမ်လည်း ဤပစ္စုပ္ပန် လောကမှ တမလွန်လောကသို့ တကြိမ်တည်း တမလွန်လောကမှ ဤပစ္စုပ္ပန် လောကသို့ အတည်မကျ ဘဝမမြဲ ကျင်လည် ပြေးသွား၍ နေကြရကုန်၏။
ထိုသို့ အတည်မမြဲ ဖေါက်လွဲဖောက်ပြန် ကြိမ်ဖန်များစွာ ကျင်လည်ပြေးသွား၍ နေရခြင်းသည် အဘယ်ကြောင့်နည်း ဟူမူကား - ရဟန်းတို့ သစ္စာလေးပါး မြတ်တရား တို့ကို ဤ ဒုက္ခ စသည်ဖြင့် ပိုင်းခြား ဝေဘန်၍ အမှန်ကို မသိကြခြင်းကြောင့် ပေတည်းဟု ဟောတော်မူသည်။
မှတ်ချက်
ဤ၌ ပစ္စုပ္ပန်လောက အရ လူ့ဘုံကိုယူ၍ တမလွန်လောကအရ အပါယ်လေးဘုံကို ယူလေ၊ သစ္စာလေးပါးတို့ကို မသိသောကြောင့် သုဂတိ ဒုဂ္ဂတိ မမြဲဟု ဟောတော်မူ သဖြင့် သစ္စာလေးပါးတို့ကို သိမြင်လျှင် လူနတ် သုဂတိအလားမြဲ၍ နိဗ္ဗာန်သို့ပင် ရောက်နိုင်သည်၊ ဤမျှ သစ္စာသိမှု အကျိုးတရား ကြီးမားလှသည်ကို သိရှိကြပါလေ။
ဆောင်ပုဒ်
သစ္စာလေးအင် မသိငြားက တောင်ဝှေးအလား ဖြစ်ရမည်။
ရင်းဖျားမမှန် ဖောက်ပြန်လွဲ၍ အမြဲမရှိ ကျတတ်သည်။
ထို့တူပမာ ဒု-သုမမြဲတော့ လူထဲ ပါယ်ထဲ ဖြစ်ရမည်။
သစ္စာသိလျှင် သုပင်မြဲ၍ နိဗ္ဗာန်သို့ဘဲ ဝင်နိုင်သည်။
အဲဒါလိုများ ဒို့ဘုရား ဟောကြားခဲ့ပေသည်။
၁၉ - စေလ သုတ်
အာဒိတ္တံ ဘိက္ခဝေ စေလံဝါ သီသံဝါ အဇ္ဈူပေက္ခိတွာ။ပ။ သတိ စ သမ္ပဇဉ္စ ကရဏီယံ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ - ပုဆိုးကို၎င်း, ဥက္ခောင်းကို၎င်း ရဲရဲ ပြောင်ပြောင် မီးတောက်လောင် သည်ရှိသော် ထိုပုဆိုး ဥက္ခောင်း၌ လောင်သော မီးကိုပင် လျစ်လျူရှုကာ နှလုံး မသွင်းဘဲ အရေးမစိုက်ဘဲ နေမယ်ဆိုလျှင် နေသာသေး၏၊
မသိသေးသော သစ္စာလေးပါး တို့ကိုကား ဤကား ဒုက္ခသစ္စာ စသည်ဖြင့် ဟုတ်တိုင်း မှန်စွာ သိရှိနားလည်စေခြင်းငှါ လျစ်လျူရှု၍ မနေသာ၊ လွန်ကဲသော ဆန္ဒ လုလ္လ ဝီရိယဖြင့် သတိပညာကို ပြုရမည်ဟု ဟောတော်မူခဲ့ပေသည်။
အဘယ်ကြောင့်ဆိုသော် - ပုဆိုး ဥက္ခောင်းကို မီးလောင်၍ သေသော်လည်း အပါယ် မကျ၊ သစ္စာမသိက အပြန်တရာမက အပါယ်သို့ ကျနိုင်သောကြောင့်ပေတည်း။
ဆောင်ပုဒ်
- ပုဆိုး ဥက္ခောင်း၊ မီးလောင်ပြောင်းလည်း၊ စိတ်ကောင်း လျစ်လျူရှုနိုင်သည်။
- သစ္စာလေးပါး၊ သိဘို့အားကား မနားလုံ့လ ပြုရမည်။
- မီးလောင်သော်ငြား၊ ပါယ်မလားလည်း၊ လေးပါးမသိ ပါယ်ကျမည်။
- သစ္စာသိရေး၊ နုံ့မနှေးဘဲ၊ ကြံတွေးသတိပြုရမည်။
အဲဒါလို ဒို့ဘုရားက ဟောကြားခဲ့ပေသည်။
၂၀ - သတ္တိသတ သုတ်
သေယျထာပိ ဘိက္ခဝေ ပုရိသော ဝဿသတာယုကော ဝဿ သတဇီဝိ တမေနံ ဧဝံ ဝဒေယျ။ပ။ စတုန္နံ အရိယသစ္စာနံ ဝဒါမိ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ - ဥပမာ မည်သည်ကား အနှစ်တရာ အသက် ရှည်သော ယောက်ျားသည် အနှစ်တရာ ကာလပတ်လုံး အသက်ရှည်၍ နေရာ၏၊ ထိုယောက်ျားကို ဤသို့ဆိုရာ၏၊ အသို့ဆိုရာသနည်းဟူမူ - အမောင် ယောက်ျား နံနက်အခါ၌ အမောင်ကို လှံချက်ပေါင်းတရာ ထိုးကုန်လတ္တံ့၊ မွန်းတည့်အခါ၌ လှံချက်ပေါင်းတရာ ထိုးကုန် လတ္တံ့၊ ညနေချမ်းအခါ၌ လှံချက်ပေါင်းတရာ ထိုးကုန်လတ္တံ့၊
အမောင် ယောက်ျား - ဤပုံ ဤနည်း နေ့တိုင်း နေ့တိုင်း သုံးရာ သုံးရာသော လှံချက်တို့ဖြင့် ထိုးအပ်ကုန်သည်ဖြစ်၍ အသက်တရာရှည်သော သင်သည် အနှစ် တရာကို လွန်သဖြင့်၊ ဝါ- အနှစ်တရာ စေ့တဲ့ခါ ရှေးက သင်မသိရသေးတဲ့ သစ္စာ လေးပါးတရားတို့ကို ထိုးထွင်း၍ သိရပါလတ္တံ့၊ ဤသို့ဆိုရာ၏၊
ရဟန်းတို့ - ကိုယ်ကျိုး ကိုယ်စီးပွားကို အလိုရှိသော အမျိုးကောင်းသားသည် ထိုတနေ့တနေ့လျှင် လှံချက် သုံးရာ သုံးရာဖြင့် အထိုးခံရာအရပ်သို့ ကပ်ခြင်းငှါ သင့်၏၊
အဘယ်ကြောင့်နည်း ဟူမူကား ရဟန်းတို့ - ဤသံသရာကြီးသည် မသိအပ်သော အစရှိ၏။ လှံဖြင့် ထိုးအပ်ကုန်သော သံလျက်ဖြင့် ခုတ်အပ်ကုန်သော ပေါက်ဆိန်ဖြင့် ပေါက်အပ်ကုန်သော ချစ်သားတို့၏ ရှေးဖြစ်သော အစွန်းအစသည် ငါဘုရား ဉာဏ်တော်၌ မထင်၊
ရဟန်းတို့ - ငါဘုရားသည် ဒုက္ခ ဒေါမနသနှင့်တကွ သစ္စာလေးပါး တို့ကို ထိုးထွင်း၍ သိအပ်၏ဟု ငါဘုရား ဟောတော်မမူ၊
ရဟန်းတို့ - စင်စစ် အမှန်မှာ သုခ သောမနဿ နှင့်တကွ သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိအပ်၏ဟု ဟောတော်မူ၏။
အဓိပ္ပါယ်
တနေ့တနေ့ကို လှံချက် သုံးရာ သုံးရာ လှံထိုးခံရ၍ အနှစ်တရာ စေ့တဲ့ခါ သစ္စာ လေးပါးတို့ကို ထိုးထွင်း၍ သိရမယ်ဆိုပါလျှင် ဝမ်းမြောက် ဝမ်းသာ လှံထိုးခံထိုက် ပေသည်။
အဘယ်ကြောင့်ဆိုသော် အနှစ် တရာစေ့က သစ္စာသိ၍ ဒု-သိ ဒိ-ပယ်၊ သ-သိ ဝိ-ပယ်၊ နိ-မ-သိ သီ ပယ်၊ သုံးသွယ် သံယောပယ်၊ အပါယ်လွတ်တဲ့ သောတာပန်ဖြစ်နိုင်တယ်” ဆိုတဲ့အတိုင်း ဒု-ကို သိတော့ ဒိဋ္ဌိကိုပယ်၊ သ-ကိုသိတော့ ဝိစိကိစ္ဆာကိုပယ်၊ နိ-မ သိတော့ သီလဗ္ဗတပရာမာသကိုပယ်၊ ဤ ဒိ-ဝိ-သီ သံယောဇဉ်သုံးပါးကို ယုံမှားမရှိ ပယ်နိုင်က -
“သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ သီလဗ္ဗတံဝါပိ ယဒတ္ထိကိဉ္စိ စတူဟပါယေဟိစ ဝိပ္ပမုတ္တော” နှင့်အညီ
အပါယ်လွတ်တရားရ သောတာပန် ဖြစ်နိုင်ခြင်း၊ အဆိုပါ သစ္စာလေးပါး တို့ကို သတိနှင့်မကွာ ပညာနှင့်ကင်း အဖန်တလဲလဲ ဆင်ခြင်နှလုံးသွင်းခြင်း ယောနိသော မနသိကာရမှုကို အကြိမ်ကြိမ် ပြုပေးသည်ရှိသော် ပြုတိုင်း ပြုတိုင်း လောဘကြမ်း ဒေသကြမ်း မောဟကြမ်း ခေါင်းပါး နည်းပါးသွားတဲ့ သကဒါဂါမ် ဖြစ်နိုင်ခြင်းမှ တဆင့်တက်၍ တက်၍ ပွားများ အားထုတ်သည်ရှိသော် ဒေါသကိလေသာ ကုန်ခမ်း သွားတဲ့ အနာဂါမ်ဖြစ်နိုင်ခြင်း၊ အစွမ်းကုန် မီးကုန် ယမ်းကုန် ပွားများအားထုတ်သည် ရှိသော် ကိလေသာ အလုံးကို အကြွင်းမထားဘဲ အကုန်ပယ်သတ်နိုင်တဲ့ ရဟန္တာအထိ ဖြစ်နိုင်ခြင်း၊ ဤသို့လျှင် အရဟတ္တမဂ်တွင် ကိလေသာ အကြောင်းပြတ်၍ အရဟန္တ စုတိတွင် ခန္ဓာအကျိုး ရပ်သွားသောကြောင့် မွေးသေလွတ်တဲ့ နိဗ္ဗာန်အထိ ရရှိနိုင်သော ကြောင့်ပေတည်း။
အကယ်၍ လှံထိုးမခံဝံ့ မခံနိုင်လျှင်မူကား - သစ္စာမသိ၍ မွေးသေမလွတ်သေးသောကြောင့် အနှစ်တရာလဲမက, တထောင်လဲမက၊ ဘဝတရာလဲမက တထောင်လဲ မက၊ ကမ္ဘာတရာလဲမက, တထောင်လဲမက, သောင်း သိန်း သန်း အသင်္ချေလဲမက ဖြစ်ရာဖြစ်ရာ ဘုံဘဝတို့မှာ လှံဖြင့်၎င်း ဒါးဖြင့်၎င်း သံလျက်ဖြင့်၎င်း ပေါက်ဆိန်ဖြင့်၎င်း အထိုးအခုတ် အဖြတ်အလှီး အဖေါက် အခွဲ ခံရမဲ့ဘဝတွေမှာ မတွေးဝံ့အောင်ပင် များပြား ရှည်လျားလှလေတော့သည်။
အပိုင်းအခြားရှိ၏။
လှံထိုးခံရမဲ့ဘဝကား တဘဝမျှသာတည်း၊ နှစ်ကား ၁၀၀၊ လ, ကား-၁၂၀ဝ၊ ရက်ကား-၃၆ဝ၀ဝ သုံးသောင်း ခြောက်ထောင် လှံချက်ပေါင်းကား - ၁ဝ၈,ဝဝဝဝ တကုဋေ ရှစ်သိန်းမျှသာ ဖြစ်၍ အပိုင်းအခြားရှိပေသည်။
အပိုင်းအခြားမရှိ။
လှံထိုးမခံဝံ့ မခံနိုင်၍ သစ္စာမသိ၍ နိဗ္ဗာန်မရသေး မူကား နေ့ - လ - နှစ် - ဘဝ - ကမ္ဘာ ဤမျှ ဤ ခံရမည်ဟု အပိုင်းအခြား မရှိချေ။
ထို့ကြောင့် လှံထိုးခံ၍ အနှစ်တရာ စေ့တဲ့ခါ သစ္စာလေးပါးကို သိရမယ် သိမယ်ဆိုလျှင် ဝမ်းမြောက် ဝမ်းသာ လှံထိုးခံထိုက်သည်ဟု ဟောတော်မူခဲ့သည်ကို ကြားနာ သိရှိကြ ရသော ကုလပုတ္တ ကုလဒီတရ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် သစ္စာ သိဘို့အရေး အလွန် ကြီးလေးသည်တို့ကို သတိပြုမိကြပြီးလျှင် ယခုလက်ရှိဘ၀ သေနေ့ကမဦးခင် သစ္စာသိတဲ့နေ့က ဦးသွားအောင် အထူး ကြိုးစားနိုင်ကြပါစေ သတည်း။
ဆောင်ပုဒ်လင်္ကာ
သစ္စာသိရေး၊ ကြီးလေးစွာသား၊
ဘုရားမိန့်မှာ၊ ဤသို့လာ၏။
အိုကွယ်ယောက်ျား၊ တနေ့အားတွင်၊
နံနက်မွန်းတည့်၊ ညချမ်းရှိရာ၊
သုံးချိန်မှာလျှင်၊ တချိန်တရာ၊
လှံချက်လာလိမ့်၊ သုံးရာလှံချက်၊
တနေ့တွက်တည်း၊ ဤပုံ ဤနည်း၊
ဤသို့ချည်းပင်၊ အနှစ်တရာ၊
စေ့သောခါ၌၊ သစ္စာလေးရပ်၊
သိစေအပ်မည်၊ ဆိုလပ်ပါက၊
အားရ ဝမ်းသာ၊ ခံထိုက်ပါ၏၊
ဘယ်ဟာကြောင့်လေ၊ သူမေးချေသော်၊
သစ္စာမသိ၊ ရှိပြန်ဘိက၊
နှစ် လ ပိုင်းခြား၊ မရှိငြားဘဲ၊
လူထဲ-နတ်ထဲ၊ ပါယ်ငရဲ၌၊
အမြဲမရှိ၊ ကျင်လည်ဘိရာ၊
ဖြစ်တုံပါသော်၊ ရှေးဝတ်ပေါ်က၊
ဒါးမ-သံလျက်၊ လှံချက်ထိုးခုတ်၊
သတ်ပုတ် ညှဉ်းဆဲ၊ ခံရမြဲမှာ၊
နှစ် လ ရာ ထောင်၊ ဘ၀ ရာ ထောင်၊
ကမ္ဘာ ရာ ထောင်၊ လွှဲရှောင်မချွတ်၊ ပုန်းမလွတ်ဘဲ၊ အမြဲတစေ၊ ခံရချေမည်၊ လေးထွေ သစ္စာမသိလျှင်တည်း။
ဤသို့ ဩဝါ၊ မိန့်ခွန်းလာကို၊
သေချာ စေ့ငု၊ နှလုံးပြုကာ၊
လူတကာတို့၊ ယခုဘဝ မသေရခင်၊
လေးအင်သစ္စာ၊ သိလင်း ဖြာအောင်၊
မရှောင်အဟုတ်၊ နောက်မဆုတ်ဘဲ၊
အားအန်ခဲ၍၊ ခိုင်မြဲ ဆန္ဒ၊
ကြီးလုလ္လ ရှိကြပါစေသောဝ်။
၂၁ - ပါဏသုတ်
သေယျထာပိ ဘိက္ခဝေ၊ ရဟန်းတို့။ ပုရိသော၊ ယောက်ျားသည်။ ယံ ဣမသ္မိံ ဇမ္ဗုဒီပေ၊ ဤဇမ္ဗူဒီပကျွန်း၌ ရှိသော။ တိဏ ကဋ္ဌ သာခါ ပလာသံ၊ မြက်၊ သစ်ပင်၊ သစ်ခက်၊ သစ်ရွက်ကို။ တစ္ဆေတွာ ဧကဇ္ဈံ သံဟရေယျ၊ ခုတ်ဖြတ်၍ တပေါင်းတည်း စုရုံး၍ ထားရာ၏။ပ။ အထ ဣမသ္မိံ ဇမ္ဗုဒီပေ တိဏ ကဋ္ဌ သာခါ ပလာသံ ပရိက္ခယံ ပရိယာဒါနံ ဂစ္ဆေယျ၊ ထို့နောက် ဤဇမ္ဗူဒီပကျွန်း၌ မြက်၊ သစ်ပင်၊ သစ်ခက်၊ သစ်ရွက်သည် ကုန်ခြင်းအဆုံးသို့ ရောက်ရာ၏။ပ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ - ဥပမာဆိုသည်ရှိသော် ယောက်ျားတယောက်သည် အလျား အနံ ယူဇနာ တသောင်းကျယ်သော ဤဇမ္ဗူဒီပကျွန်း တကျွန်းလုံး၌ ပေါက်ရောက်လျက် ရှိကြကုန်သော မြက်ပင် သစ်ပင် သစ်ခက် သစ်ရွက်ကို ခုတ်ဖြတ်၍ တပေါင်းတည်း စုရုံး၍ ထားရာ၏၊ ထားပြီးလျှင် သီတန်တစို့ကို အကြင့်ကြောင့် ပြုရာ၏၊
ချစ်သားတို့ - မဟာသမုဒ္ဒရာ၌ အကြင် ကြီးကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ ထိုကြီးကုန်သော ငါးသတ္တဝါတို့ကို ထိုကြီးကုန်သော တစို့တို့၌ သီကုန်ရာ၏၊ အလယ် အလတ် ဖြစ်ကုန်သော ငါးသတ္တဝါတို့သည် ရှိကုန်၏၊ ထိုအလတ်ဖြစ်သော ငါးသတ္တဝါ တို့ကို အလတ် ဖြစ်ကုန်သော တစို့တို့၌ သီကုန်ရာ၏၊ ငယ်ကုန်သော ငါးသတ္တဝါတို့ကို ငယ်ကုန်သော တစို့တို့၌ သီကုန်ရာ၏၊
ရဟန်းတို့ - မဟာသမုဒ္ဒရာ၌ ကြီးမားကုန်သော ငါး လိပ် စသော သတ္တဝါတို့သည် သီတန်တစို့ ဖြင့်သီ၍ မကုန်နိုင်ကုန်သည်သာတည်း၊
ရဟန်းတို့ ... ဤပုံဤနည်း ကြီး လတ် ငယ် ဖြစ်ကုန်သော ငါး လိပ် စသော သတ္တဝါတို့ကို ကြီး-လတ်-ငယ် ဖြစ်ကုန်သော သီတန်တစို့ တို့ဖြင့် သီအပ်ကုန်သည် ရှိသော် ဤယူဇနာ တသောင်း ကျယ်သော ဇမ္ဗူဒီပါ တကျွန်းလုံး၌ ပေါက်ရောက်သော မြက် သစ်သား သစ်ခက် သစ်ရွက် အလုံးစုံသည်သာ ကုန်ခြင်းအဆုံးသို့ ရောက်ရာ၏၊ ကြီး-လတ်-ငယ် ဖြစ်ကုန်သော ငါး လိပ် စသော သတ္တဝါတို့သည်ကား မကုန်နိုင်ရာ၊
ရဟန်းတို့ - မဟာသမုဒ္ဒရာ၌ အကြင်သတ္တဝါတို့ကို သီတန်တစို့ တို့ဖြင့် သီခြင်းငှါ မလွယ်ကူကုန်၊ အဘယ်ကြောင့်နည်း ဟူမူကား ခန္ဓာတို့၏ သေးငယ်လှသောကြောင့် ပေတည်း၊ ဤလို သီတန်ဖြင့် သီ၍ မဖြစ်နိုင်သော သေးငယ်လှစွာသော သတ္တဝါ တို့သည်ကား ကြီးမားသော သတ္တဝါတို့ထက် လွန်စွာ များပြားလှပေကုန်၏။
ရဟန်းတို့ ... ဤသို့လျှင် အပါယ်၌ဖြစ်သော သတ္တဝါသည် ဤမျှ များပြားလှသည် သာလျှင်တည်း။
ရဟန်းတို့ … အကြင်ပုဂ္ဂိုလ်သည် ဤကား ဒုက္ခ စသည်ဖြင့် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိကုန်၏၊ ထို သစ္စာသိ၍ သောတာပတ္တိ မဂ်ဉာဏ်နှင့် ပြည့်စုံသော သောတာပန် ပုဂ္ဂိုလ်တို့သည်သာ ဤမျှ များပြားလှစွာသော အပါယ်လေးပါးမှ အပါယ်သို့ ရောက်ရခြင်းမှ ကင်းလွတ်ရ၏ဟု ဟောတော်မူခဲ့ပေသည်၊
ထို့ကြောင့် တစ်တစ်ခွခွ ပစ္စက္ခ သစ္စာသိအောင် အားထုတ်ကြဟု တိုက်တွန်း တော်မူသည်။
ဆောင်ပုဒ်လင်္ကာ
သစ္စာမသိ၊ များဘိအဘွက်၊
ကြီးလေးချက်ကို၊ ပမာဆိုသော်၊
သောင်းယူဇနာ၊ ဤဒီပါတွင်၊
မြက်သစ်ပင်ကို၊ ကုန်စင်ရုံးစု၊
တစို့ ပြုထား၊
ရှည်လျားပြောကျယ်၊ သမုဒ်လယ်၌၊
ကြီး-ငယ်-များစွာ၊ ငါးသတ္တဝါကို၊
ထိုထိုတစို့၊ ထိုးသီဘို့ရာ ပြုပြီးခါဝယ်၊
ကြီးသည့် ငါးကို၊ ကြီးမား တစို့၊
လတ်သည့်ငါးကို၊ အလတ် တစို့၊ ၊
ငယ်သည့် ငါးကို၊ အငယ် တစို့၊
ဤသို့ပြုက၊ ရှိသမျှ သစ်ပင်၊
ကုန်စင်သော်ငြား၊ ကျန်သည့် ငါးကား၊
များပြားဖုံဖုံ၊ ကြွင်းကျန်ကုန်၏၊
ဤပုံဖြစ်ရ၊ သဘာဝက၊
လေးဝသစ္စာ၊ မသိပါ၍၊
ပါယ်ရွာ ပါယ်ကျ၊ များကုန်ကြ၏၊
လေးဝသစ္စာ၊ သိပြီးပါလျှင်၊
ပါယ်ရာမကျ၊ ကင်းလွတ် ရသည် ...
ပါဏသုတ်လာ မိန့်ခွန်းတည်း။
၁။ သူ-ငါ ဆိုတာ ပညတ်ရှိ၊ ပရမတ်ရှိက ရုပ် နာမ် ခန္ဓာ။
ရုပ်နာမ် ခန္ဓာက ဒုက္ခသစ္စာ။
ဤသို့ မြင်သိ၊ ဒိ-ပယ်ဘိ၊ ကွာ၏ ဒိဋ္ဌိသာ။
၂။ သူ-ငါ ဆိုတာ အဆိုရှိ၊ နဂိုရှိက ရုပ်နာမ် ခန္ဓာ။
ရုပ်နာမ် ခန္ဓာက ဒုက္ခသစ္စာ။
ဤသို့ မြင်သိ ဒိ-ပယ်ဘိ၊ လွတ်၏ အပါယ်ရွာ။
၃။ သူ-ငါ ဆိုတာ သမုတ်ရှိ၊ အဟုတ်ရှိက ရုပ်နာမ်ခန္ဓာ။
ရုပ်နာမ်ခန္ဓာက ဒုက္ခသစ္စာ။
ဤသို့ မြင်သိ၊ ဒိ-ပယ်ဘိ၊ ဖြစ်၏သောတာပန်။
အပိုင်း (၃)
၂၂ - ဣန္ဒခိလ သုတ်
ယေကေစိ ဘိက္ခဝေ သမဏောဝါ ဗြဟ္မဏောဝါ၊ အကြင် ရဟန်းပုဏ္ဏားတို့သည်။ ဣဒံဒုက္ခန္တိ၊ ဤကား- ဒု ဖြစ်သည် စသည်ဖြင့်။ ယထာဘူတံ နပ္ပဇာနန္တိ၊ ဟုတ်တိုင်းမှန်စွာ မသိကြကုန်။ပ။ တေ၊ ထိုရဟန်းပုဏ္ဏားတို့သည်။ အညဿ သမဏဿဝါ ဗြဟ္မဏဿဝါ၊ တပါးသော ရဟန်းပုဏ္ဏား၏။ မုခံ ဥလ္လောကေန္တိ၊ မျက်နှာကို တမော့မော့ ကြည့်၍ နေကြကုန်၏။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ … အကြင် ရဟန်းပုဏ္ဏားတို့သည် ဤကား- ဒု ဖြစ်သည်၊၊ ဤကား-မ ဖြစ်သည်ဟု သစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ မသိကြကုန်၊ ထိုရဟန်းပုဏ္ဏား တို့သည် တပါးသော ရဟန်းပုဏ္ဏား၏ သဿတ ဥစ္ဆေဒအယူကို တမော့မော့ ကြည့်၍ နေကြကုန်၏။ ဝါ-မိမိ၏ သမ္မာဒိဋ္ဌိအယူကို ယုံမှားမရှိ ခိုင်မြဲစွာ ယူမထားနိုင်ကြဘဲ သူတပါးတို့၏ သဿတ ဥစ္ဆေဒ မိစ္ဆာဒိဋ္ဌိအယူကိုပင် ကောင်းနိုးနိုး မှတ်ထင်၍ နေတတ်ကုန်၏။
မှတ်ချက်
ဤ၌ မှခံ ပုဒ် အရ မျက်နှာဟောကို အလိုမရှိအပ် သသတ ဥစ္ဆေဒဒိဋ္ဌိ အယူကိုသာ လိုအပ်၏ဟု မှတ်၊
ဤလို မိမိလက်ရှိ သမ္မာဒိဋ္ဌိအယူကို ခိုင်မြဲစွာ ယူမထားနိုင်ဘဲ တပါးသော မိစ္ဆာဒိဋ္ဌိ တို့နှင့်တွေ့ဆုံကြတဲ့ခါ သူတပါးတို့၏ မိစ္ဆာအယူကိုပင် ကောင်းနိုးနိုး ဟုတ်နိုးနိုး မှတ်ထင်တတ်ခြင်းသည် သစ္စာလေးပါး မြတ်တရားတို့ကို ပိုင်းခြား ဝေဘန်၍ အမှန်ကို မသိမမြင်ကြသေးသော သူတို့၏ ထုံးစံဓမ္မတာပေတည်း၊
သစ္စာလေးပါးကို သိမြင်ပြီးသော သူတို့မှာ ဤလိုမဖြစ်၊ နက်တူး၍ စိုက်အပ်သော ကျောက်တိုင်ကြီးသည် လေးမျက်နှာမှ လာသော လေတို့ကြောင့် တုန်လှုပ်ခြင်း မရှိသကဲ့သို့၊ ဘာသာဝါဒနှင့် ပတ်သက်၍ တုန်လှုပ်ခြင်း မရှိနိုင်ပြီ၊ ဗုဒ္ဓဘာသာမှတပါး အခြားဘာသာတို့မှာ ဘယ်ဘာသာမှာမှ သစ္စာလေးပါး တရားမှန် မရှိ၊ ဤဗုဒ္ဓဘာသာ တဘာသာမှာသာ သစ္စာလေးပါး တရားရှိ၏။
မှန်၏၊ အယူတပါး ဘာသာခြား လူတို့နှင့် ဘာသာဝါဒ ယှဉ်ပြိုင်၍ပြောကြလျှင် ဤသစ္စာလေးပါးကို စပ်၍ပြောတဲ့ခါ ဘာသာခြား လူမျိုးတို့မှာ တသက်နှင့်တကိုယ် နားနား လေသံ တရံမှ မကြားဘူးတဲ့ စကားထူးကြီး ဖြစ်နေသောကြောင့် ဘာတခုမှ ခုခံ၍ မပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသားနှင့် လူအကြီးကဲ့သို့ ဖြစ်သွားတော့၏။
အားလုံးသော ဘာသာခြားလူမျိုးတို့က အရှုံးပေးကြ လက်မြှောက်ကြရ တော့၏၊ သစ္စာသိပြီးသော ဗုဒ္ဓဘာသာအစစ် ဖြစ်ပြီးသောသူကို ဘယ်ဘာသာ ခြား လူမျိုးကမှ ဝါဒဖြန့်၍မဖြစ် ဆွယ်တရားဟော၍မရ၊ ဥစ္စာပစ္စည်း ဘယ်လိုပေးပေး ဂုဏ်ထူး ရာထူးနှင့် ဘယ်လိုဘဲ ဖျားယောင်း ဖျားယောင်း ဘုရားမပြောင်း တရားမပြောင်း တသက်လုံး တသံသရာလုံး ခိုင်မြဲလေတော့သည်။
ဘုရား လက်ထက်တော်က မိစ္ဆာအယူရှိသူ လူတို့ကဖြစ်စေ မင်း အစိုးရ အာဏာရှိသူ တို့ကဖြစ်စေ မာရ်နတ် သိကြား ဗြဟ္မာဘုံက ဖြစ်စေ ဘယ်လိုလုပ်လို့မှ တုန်လှုပ် ချောက်ခြား ပျက်ပြား ပြောင်းလဲခြင်း မဖြစ်နိုင်ကြဘဲ သစ္စာသိ၍ အရိယာသောတာပန် ဖြစ်ပြီးသော ဝိသာခါ အနာထပိဏ် ဓနဉ္ဇာနီပုဏ္ဏေးမ သုရမ္ဘဋ္ဌ သုပ္ပဗုဒ္ဓတို့ကို ထောက်မျှော်ကြလေ၊ အဲဒါ သစ္စာသိတဲ့ သမာဓိဂုဏ်ထူးကြီးဘဲ။
ဆောင်ပုဒ်
သစ္စာမသိ သူ၏မျက်နှာ၊ တမော့မော့နှင့် နေတာ၊
သစ္စာသိတော့ မမော့တော့ပါ၊ ကျောက်တိုင်အလား လှုပ်ရှားမရှိပါ။
သစ္စာကိုပင် မသိငြားက၊ သူများမျက်နှာ ကြည့်တတ်ပါ။
သစ္စာကိုပင် သိမြင်ငြားက၊ သူများမျက်နှာ မကြည့်ပါ။
ဤလိုသဘော ဖြစ်တတ်သောဟု၊ ဗုဒ္ဓရှင်စော ဟောခဲ့ပါ။
ထို့ကြောင့်မလွဲ ယူခိုင်မြဲဘို့၊ သစ္စာကိုလဲ သိအောင်နာ။
အဲဒီလို ဘ ဘုရားက ဟောကြားခဲ့ပေတာ။
၂၃ - လောကစိန္တာသုတ်
ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ၊ ဝေဠုဝနေ ကလန္ဒက နိဝါပေ၊ အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန် ကလန္ဒက နိဝါပမည်သော အရပ်၌ သီတင်းသုံးတော်မူ၏။ပ။ ဘိက္ခဝေ မာ လောကစိန္တံ စိန္တေထ၊ ရဟန်းတို့ လောကအကြံကို မကြံစီကြကုန်လင့်။ပ။ စိန္တေန္တော ခေါ ဘိက္ခဝေ ဣဒံဒုက္ခန္တိ စိန္တေယျာထ၊ ကြံစီလိုလျှင် ဤကား ဒုက္ခသစ္စာတည်းဟု ကြံစီကြကုန်ရာ၏။ပ။ နိဗ္ဗာနာယ သံဝတ္တတိ၊ နိဗ္ဗာန်သို့ ရောက်စေတတ်၏။
(သစ္စသံယုတ်)
ဘာသာပြန်
အခါတပါး တပည့်သား ရဟန်းတော် များသည် လောကအကြံကို ကြံစီ၍ နေကြကုန်၏၊ ထိုရဟန်းတို့ အကြံကို ဘုရားမြတ်စွာ သိရှိတော်မူသောအခါ ခေါ်တော်မူပြီးလျှင် ရဟန်းတို့ … လောကသည် မြဲ၏ မမြဲ စသည်ဖြင့် လောက လူမိစ္ဆာဒိဋ္ဌိတို့ ကြံတဲ့ အကြံမျိုးကို မကြံစီကြကုန်လင့်၊ လောကီ လောကုတ္တရာ ဘာတခုမှ အကျိုးမရဘူး၊ အကျိုးမရှိဘူး၊
ကြံမဲ့ကြံလျှင် ဤငါ၏ ဆံပင်သည်ကား ဒုက္ခသစ္စာဖြစ်သည်၊ ထိုဆံပင်ကို ဖြစ်စေ တတ်သော ရှေးဘဝက တဏှာကား သမုဒယသစ္စာဖြစ်သည်၊ ဆံပင် တဏှာ နှစ်ပါး တို့၏ တဖန် အသစ်မဖြစ်ရာ နိဗ္ဗာန်သည်ကား နိရောဓသစ္စာ ဖြစ်သည်၊ နိဗ္ဗာန်ကို အပြားအားဖြင့် သိမြင်တတ်သော မဂ္ဂင်ရှစ်ပါးကျင့်မြတ် တရားသည်ကား မဂ္ဂသစ္စာ ဖြစ်သည်ဟူ၍၎င်း။ (ကျင်ငယ်ကျအောင်ဆိုလေ)
တနည်း...
မျက်စိသည် ဒုက္ခသစ္စာ။ပ။
နားသည် ဒုက္ခသစ္စာ။ပ။
နှာခေါင်းသည် ဒုက္ခသစ္စာ။ပ။
လျှာသည် ဒုက္ခသစ္စာ။ပ။
ကိုယ်သည် ဒုက္ခသစ္စာ။ပ။
စိတ် သည် ဒုက္ခသစ္စာ။ပ။ ဟူ၍၎င်း၊
ရဟန်းတို့ … ဤလို အရေးပါ အရာရောက်လှတဲ့ သစ္စာသိလျှင် ဒိဋ္ဌိကွာ၍ အပါယ်လွတ်တရားရ မွေး သေ လွတ်တရား ရတဲ့ သစ္စာလေးပါး အကြံအစီကိုသာ ကြံစီ၍ ဆင်ခြင်၍ နှလုံးသွင်း၍ နေကြကုန်လော ဟု ဟောတော်မူသည်။
မှတ်ချက်
ဤလို့ဤပုံ သစ္စာလေးပါးတို့ကိုသာ တွေးတောကြံစီ၍ နေတဲ့ခါ ဝါ-ခန္ဓာမှာ ဉာဏ်စိုက်၍ သတိနှင့်မကွာ ပညာနှင့်မကင်း အဖန် တလဲလဲ ဆင်ခြင်နှလုံးသွင်း၍ နေသည်ရှိသော် သတိ သမာဓိဉာဏ် ရင့်သန်၍ ပညာအား ပြည့်လာတဲ့ခါ “ဒု-သိ ဒိ-ပယ်၊ သ-သိ ဝိ-ပယ်” နှင့် အညီ၊ ဆံပင်ကို မျက်စိကို ခန္ဓာကိုယ်ကြီးကို ဒုက္ခသစ္စာလို့ ထင်မြင် သိရှိလာတဲ့ခါ -
တသံသရာလုံး တသက်လုံးက ငါ့ကိုယ် အတ္တဟု မှတ်ထင် ယူဆနေခဲ့သော ဒိဋ္ဌိကိုပယ် ရှေးဘဝက ဘုံသုံးပါးတို့၌ ဖြစ်လိုဖြစ်ချင်နေတဲ့ ဘဝတဏှာ လောဘကြောင့် ဖြစ်သည်ဟု သမုဒယသစ္စာကို ထင်မြင်သိရှိလာတဲ့ခါ -
ဗိဿဏိုးနတ် ထာဝရဘုရားတို့ ဘန်ဆင်း၍ဖြစ်တယ် ဆိုတာဘဲ ဟုတ်မှန်လေ သလောဟု ယုံမှားရှိခဲ့ဘူးတဲ့ ဝိစိကိစ္ဆာကို ပယ်သတ်၍ ထိုဒိဋ္ဌိဝိစိကိစ္ဆာကိလေသာ ထိုကိလေသာ တို့ကြောင့်ဖြစ်သော အပါယ်ခန္ဓာ, ထိုကိလေသာ ခန္ဓာတို့၏ တဖန် အသစ်မဖြစ်ရာ တတိယသစ္စာခေါ်သော နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်မြင်သိ နိုင်တဲ့ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်လာတဲ့ခါ -
အပါယ်လွတ်တရားရ သောတာပန် စသော အရိယာများပင် ဖြစ်သွားနိုင်ပေသည်၊
တဏှာပြတ်အောင် သိက အရဟတ္တမဂ်ထိအောင် ရောက်နိုင် ရနိုင်၍ မွေးသေ လွတ်တဲ့ ဘုံနိဗ္ဗာန်အထိပင် ရောက်နိုင် ရနိုင်သည်ဟု ဆိုလိုပေသည်။
ဆောင်ပုဒ်
၁။ လောကရေးရာ မကြံဘဲနှင့်၊ သစ္စာကိုဘဲ ကြံ၍နေ။
၂။ ဤလိုကြံလျှင် ဉာဏ်ပင်ပွင့်၍၊ ဒုက္ခစစ်ကို သိနိုင်ပေ။
၃။ ဒု-သိ ဒိ-ပယ် မှန်မမှား၍၊ ပဟာန်တရား ဖြစ်ပလေ။
၄။ ဒိ-ကိုပယ်လျှင် အပါယ်မလားဟု၊ ရှင်တော်ဘုရားက ဟောခဲ့ပေ။
အဲဒီလိုများ ဘဘုရား ဟောကြားမိန့်ခဲ့ပေ။
၂၄ – ပပါတ သုတ်
ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကုဋေ ပဗ္ဗထေ၊ အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၊ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူ၏။ပ။ အတ္ထိ ခေါ ဘိက္ခု ဣမမှာ ပပါတာ အညောပပါတော မဟန္တ တရောစ ဘယာနက တရောဓာတိ၊ ရဟန်း ဤချောက်ကမ်းပါးထက် အခြားသော ချောက်ကမ်းပါးသည် ကြီးသည်လည်းဖြစ်၏၊ ကြောက်မက်ဖွယ်ကောင်းသည်လည်း ဖြစ်၏။
(သစ္စသံယုတ်)
ဘာသာပြန်
အခါတပါး ဘုရားမြတ်သည် ရဟန်းတို့ … လာကြ သွားကြကုန်စို့ ၊ အကြင်အရပ်၌ ဂိဇ္ဈကုဋ်တောင်၏ အပိုင်းအခြား တံတိုင်းသား ကျောက်ထရံ ကျောက်တောင်ကြီးသည် ရှိ၏၊ ထိုကျောက်ထရံသို့ နေ့ နေခြင်းငှါ သွားကြကုန်စို့ဟု ရဟန်းတို့ကို ခေါ်တော်မူ၏၊
ထိုအခါ မြတ်စွာဘုရားသည် များသော ရဟန်းတို့နှင့်တကွ ထိုကျောက်ထရံတောင် ရှိရာ အရပ်သို့ ချဉ်းကပ်ကြလေ၏။ ထိုအခါ တယောက်သော ရဟန်းသည် ကျောက်ထရံတောင်ကြီး အနီးအပါးတွင် ကြီးကျယ် နက်စောက်လှသော ချောက် ကမ်းပါးကြီးတခုကို ကြက်သီး ထလောက်အောင် တွေ့မြင်လေရာ -
ဘုန်းတော်ကြီးသော မြတ်စွာဘုရား … ဤ ချောက်ကမ်းပါးကြီးသည်ကား လွန်စွာ့ လွန်စွာ ကြီးကျယ်လှပါပေတကား၊ လွန်စွာ့လွန်စွာ ကြောက်မက်ဘွယ် ကောင်းလှပါ ပေတကား၊
ဘုန်းတော်ကြီးသော မြတ်စွာဘုရား … ဤ ချောက်ကမ်းပါးထက် ကြောက်မက်ဘွယ် ကောင်းတဲ့ တပါးသော ချောက်ကမ်းပါးများ ရှိပါဦးမည်ဟု လျှောက်ထားတဲ့ခါ -
ရဟန်းတို့ … ဤချောက်ကမ်းပါးထက် အဆတရာမက သာ၍ ကြောက်မက်ဘွယ် ကောင်းလှတဲ့ ချောက်ကမ်းပါး အခြားတပါး ရှိပေသေးသည်ဟု မိန့်တော်မူရာ ဘုန်းတော် ကြီးသော မြတ်ဘုရား, ဤ ချောက်ကမ်းပါးထက် ကြောက်မက်ဘွယ် ရှိသော အခြားတပါးသော ချောက်ကမ်းပါးကား အဘယ်ပါနည်းဟု မေးလျှောက်သောအခါ -
ရဟန်းတို့ ... မည်သူ မည်ဝါ အမှတ်မထင် အကြင်ရဟန်းပုဏ္ဏားတို့သည် ဤကား ဒု-ဖြစ်သည်၊၊ ဤကား မ-ဖြစ်သည်ဟု ဟုတ်မှန်စွာ မသိရှိကြ အသစ်အသစ် ဖြစ်ပွား စေတတ်ကုန်သော ကံ သင်္ခါရတို့၌၊ ဝါ - ကံ သင်္ခါရကို ပြုလုပ်ခြင်းတို့၌ လွန်စွာ မွေ့လျော်ကြကုန်၏။
ထို့အတူ ဇရာကို မရဏတရားကို စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းဆိုတဲ့ တရားတို့ကို တဖန် တဖန် အသစ်အသစ် ဖြစ်ပွားစေတတ်ကုန်သော ကံ သင်္ခါရတို့ကို ပြုလုပ်အားထုတ် ခြင်းတို့၌ လွန်စွာ့လွန်စွာ မွေ့လျော်ကြကုန်၏၊
ထိုဇာတိစသော တရားတို့ကို အသစ်အသစ် ဖြစ်ပွားစေတတ်ကုန်သော ကံ သင်္ခါရ တို့ကို ပြုလုပ်ခြင်းတို့၌ လွန်စွာ မွေ့လျော်ကြကုန်သော ရဟန်းပုဏ္ဏားတို့သည် ထို ဇာတိ စသော တရားတို့ကို အသစ် အသစ် ဖြစ်ပွားစေ တတ်ကုန်သော ကံ သင်္ခါရတို့ကို တဖန်တဖန် ပြုလုပ်ကြကုန်၏၊
ထိုရဟန်းပုဏ္ဏားတို့သည် ဇာတိစသော တရားတို့ကို အသစ်အသစ် ဖြစ်ပွားစေတတ် ကုန်သော ကံ သင်္ခါရတို့ကို အသစ် အသစ် ပြုလုပ်ကြကုန်၍ တဖန်တဖန် ဇာတိ ချောက်ကမ်းပါး, ဇရာချောက် ကမ်းပါး, မရဏ ချောက်ကမ်းပါး စိုးရိမ်ခြင်း, ငိုကြွေးခြင်း၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း နှလုံးမသာယာခြင်း, ပြင်းစွာ ပင်ပန်းခြင်း ဆိုတဲ့ ချောက်ကမ်းပါးကြီးထဲသို့ တဆင့်ပြီး တဆင့် လိမ့်ကာ လိမ့်ကာ ဂျွမ်းထိုး ဂျွမ်းပြန် ကျရောက်ကြပြန်ကုန်၏။
ရဟန်းတို့ ... ဆိုအပ်ခဲ့ပြီးသော ဤဇာတိအစ ဥပါယာသ အဆုံးရှိသော ချောက်ကမ်းပါး တရားသဘောတို့ သည်သာလျှင် လောကရှိ ယခု သင်တို့ မျက်မြင်ရှိ ချောက်ကမ်းပါး တို့ထက် အဆတရာ အဆ တထောင်မက လွန်စွာ့ လွန်စွာ ကြောက်မက်ဘွယ် ကောင်းလှသော ချောက်ကမ်းပါးတို့ပေတည်း၊
အဘယ်ကြောင့်ဆိုသော် လောကရှိ ချောက်ကမ်းပါးတို့မှာ ကြံကြံဖန်ဖန် ပြုလုပ်ကြ၍ တက်ပြန်လျှင် တဖန်ပြန်၍ တက်နိုင်သော်လည်း ဇာတိ စသော၊ ဝါ-ပဋိသန္ဓေနေခြင်း စသော ချောက်ကမ်းပါးကြီးထဲသို့ တကြိမ် တဘဝ ကျသွားကြတယ် ဆိုလျှင် တဖန် ပြန်၍ တက်ခြင်းငှါ ဘယ်လိုဘဲ ကြံ၍ မတတ်နိုင်ကြတော့ဘဲ အစဉ်အတိုင်း အိုခြင်း နာခြင်း သေခြင်း စသော ချောက်ကမ်းပါး အဆင့်ဆင့်သို့ သာလျှင် ဆင့်ကာ ဆင့်ကာ ကျရောက်ကြရလေ သောကြောင့်တည်း။
ရဟန်းတို့ ... အကြင် ရဟန်းပုဏ္ဏားတို့သည်ကား ဤကား ဒု-ဖြစ်သည်၊၊ ဤကား မ-ဖြစ်သည်ဟု သစ္စာလေးပါး မြတ်တရားတို့ကို ပိုင်းခြားဝေဘန်၍ အမှန်ကို သိမြင်ကြကုန်၏၊ ဝါ၊ သ-ကြောင့် ဒု, ဖြစ်ပျက်မွေးသေ သံသရာ ရှည်၍ နေကြရသည်၊ မ-ကြောင့် နိ, မွေးသေ လွတ်တဲ့ နိဗ္ဗာန်သို့ဆိုက်ရန် အမှန်သိမြင်နိုင်ကြကုန်၏၊
ထို ရဟန်းပုဏ္ဏား တို့သည်ကား တဖန် ပဋိသန္ဓေ နေရခြင်း စသော တရားတို့ကို ဖြစ်ပွား စေတတ်ကုန်သော ကံ သင်္ခါရတို့ကို အားထုတ်ခြင်းတို့၌ မမွေ့လျော်ကြကုန်ပြီ၊ ထိုရဟန်းပုဏ္ဏားတို့သည် တဖန် ပဋိသန္ဓေ နေရခြင်းစသော တရားကို ဖြစ်စေ တတ်သော ကံ သင်္ခါရတို့ကို အားထုတ်ခြင်းတို့၌ မမွေ့လျော်ကြ ကုန်သည်ဖြစ်၍ ထို ပဋိသန္ဓေနေရခြင်း စသော ကံ သင်္ခါရတို့ကို တဖန်တဖန် မပြုလုပ်ကြကုန်ပြီ၊
ထို ရဟန်းပုဏ္ဏား တို့သည် ပဋိသန္ဓေနေရခြင်း စသော တရားတို့ကို ဖြစ်ပွားစေ တတ်ကုန်သော ကံ သင်္ခါရတို့ကို တဖန် မပြုမလုပ်ကြမူ၍၊ ဝါ-မပြုလုပ်ကြ သောကြောင့် အဆိုပါ ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း နာရခြင်း သေရခြင်းစသော လွန်စွာ့ လွန်စွာ ကြောက်မက်ဘွယ် ကောင်းလှသော အသီးအသီးသော ချောက် ကမ်းပါးကြီးတို့သို့ တဖန်ပြန်၍ မကျရောက်ကြကုန်ပြီ၊
ထို ရဟန်းပုဏ္ဏားတို့သည် ယခုမျက်မြင်ဖြစ်သော အသူတရာမက နက်လှစွာသော၊ ဝါ-မြင်လိုက်ရလျှင် ကြက်သီးဖြန်းဖြန်း ထ ကြောက်မက်ဘွယ် ဖြစ်လောက်အောင် နက်လှသော လောကရှိ ချောက်ကမ်းပါးကြီးကိုထက် အဆတရာမက သာ၍ ကြောက်မက်ဘွယ် ကောင်းလှသော ပဋိသန္ဓေ နေရခြင်း စသော ချောက်ကမ်းပါးကြီး အသီးသီးတို့သို့ တဖန်ပြန်၍ ကျရောက်ကြရခြင်းတို့မှ အပြီးအစီး ဂွင်းကျွတ် ကင်းလွတ်ကြရကုန်၏၊
၃၁-ဘုံ သံသရာတလွှား၌ ဖြစ်ပွားလျှက်ရှိကြကုန်သော ကုန်အောင်စုံသော ဆင်းရဲ ပေါင်းချုပ် ဒုက္ခဟူသမျှတို့မှလည်း အကြွင်းအကျန်မရှိ အလုံးစုံကင်းလွတ်ကြရကုန်၏။
ရဟန်းတို့ … ထို့ ကြောင့် သစ္စာသိအောင် အားထုတ်ကြဟု ဟောတော်မူသည်။
ဆောင်ပုဒ်
လောကရှိငြား၊ ချောက်ကမ်းပါးကို ပမာထား၍ ဟောကြားသကို၊
ဇာတိစသား၊ ချောက်ကမ်းပါးကို၊ ပမေးထား၍၊ ဟောကြားသကို။
က-ထက်ကဲ၊ ဇ-ဘဲ ကြောက်စေလို။
သစ္စာသိရေး၊ မြန်မနှေး၊ အလေးပြုစေလို။
လောကရှိငြား၊ ချောက်ကမ်းပါးကို၊ ပမာထား၍ ဟောကြားပေ။
ဇာတိစသား၊ ချောက်ကမ်းပါးကို၊ ပမေးထား၍ ဟောကြားပေ။
သစ္စာတရား၊ မသိငြားက၊ ဇာတိချောက်ကြား ကျကြလေ။
သစ္စာတရား၊ သိပြန်ငြားက၊ ဇာတိချောက်ကျ လွတ်ရလေ။
သစ္စာသိရေး၊ မြန်မနှေး၊ အလေးပြုကြလေ။
၂၅ - ပရိဠာဟသုတ်
အတ္ထိ ဘိက္ခဝေ မဟာပရိဠာဟောနာမ နိရယော၊ ရဟန်းတို့ မဟာပရိဠာဟမည်သော ငရဲသည် ရှိ၏။ပ။ အတ္ထိ ခေါ ဘိက္ခဝေ ဧတမှာ ပရိဠာဟာ အညော ပရိဠာဟော၊ မဟန္တ တရောစ ဘယာနက တရောစာတိ၊ ရဟန်းတို့ ဤငရဲထက် အခြားသော ပူလောင်ခြင်းသည် ကြီးသည်လည်းဖြစ်၏၊ ကြောက်မက်ဖွယ်ကောင်းသည်လည်း ဖြစ်၏။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ … လွန်စွာ့ လွန်စွာ ပူလောင်သော ပရိဠာဟ အမည်ရှိသော ငရဲသည်ရှိ၏၊ ထိုငရဲ၌ တစုံတခုသော အဆင်း ရူပါရုံကို မျက်စိဖြင့်မြင်အံ့၊ အလိုမရှိအပ်သော အဆင်းရူပါရုံကိုသာ မြင်ရ၏၊ အလိုရှိအပ်သော အဆင်းရူပါရုံကိုကား မမြင်ရ။ အသံ အနံ့ အရသာ အတွေ့အထိ အသိတို့၌လည်း ထို့အတူပင်တည်း ဟု ဟောတော်မူတဲ့ခါ တယောက်သော ရဟန်းသည် မြတ်စွာဘုရားအား ဤသို့ လျှောက်ထား၏၊
ဘုန်းတော်ကြီးသော မြတ်စွာဘုရား … ထိုပရိဠာဟ မည်သော ငရဲသည်ကား လွန်စွာ့ လွန်စွာ အပူဒဏ်ချက် ပြင်းထန်လှပါဘိတကား၊ ဤ ငရဲမှတပါး အပူဒဏ်ချက် ပြင်းထန်လှသော အခြား တပါးသော အပူဒဏ်ချက် ပြင်းထန်လှသော အရာဋ္ဌာန မျိုးများ ရှိပါဦးမည်လားဟု လျှောက်ထားသောအခါ -
ရဟန်း … ထိုငရဲထက် ဆထက်ထပိုး တိုးပြီး အပူဒဏ်ချက် ပြင်းထန်လှတဲ့ အရာ ဋ္ဌာနမျိုး ရှိသေးကြောင်းကို မိန့်တော်မူတဲ့ခါ အဘယ်ပါနည်းဟု ထပ်မံလျှောက်ထား လေသည်။ ထိုအခါ ဘုရားမြတ်စွာက -
ရဟန်းတို့ ... အကြင် ရဟန်းပုဏ္ဏားတို့သည် ဤကား-ဒု။ပ။ ဤကား-မ ဟု သစ္စာ လေးပါးတရားတို့ကို ပိုင်းခြားဝေဘန်၍ အမှန်ကို မသိမြင်ကြကုန်၊ ဝါ-သကြောင့် ဒု၊ မ-ကြောင့် နိ-ဟု မသိကြကုန်၊ ထိုရဟန်းပုဏ္ဏားတို့သည် ဇာတိစသော တရား တို့ကို ။ပ။ လုံးဝ လွတ်မြောက်ကြရကုန်၏။
(ပပါတသုတ်အတိုင်း)
ချောက်ကမ်းပါးနှင့် ငရဲ လှည်းလွှဲ၍ ဆိုလေ၊
ဆောင်ပုဒ်တို့မှာလည်း နည်းတူပင်သိလေ၊
အအေးလွန် လောကန္တရက်လည်း နည်းတူ။
၂၆ - ဆိဂ္ဂဠယုဂ သုတ်
သေယျထာပိ ဘိက္ခဝေ ပုရိသော၊ ရဟန်းတို့ ဥပမာကား ယောက်ျားသည်။ မဟာသမုဒ္ဒေ ဧကစ္ဆိဂ္ဂဠံ ယုဂံ ပက္ခိပေယျ၊ မဟာသမုဒ္ဒရာ၌ အပေါက်တပေါက်သာ ရှိသော ထမ်းပိုးကို ပစ်ချရာ၏။ပ။ နဟေတ္တဘိက္ခဝေ အတ္ထိဓမ္မစရိယာ၊ ရဟန်းတို့ ဤအပါယ်ဘုံ၌ သူတော်ကောင်းတရား ကျင့်ခြင်းသည် မရှိပေ။ပ။ အဒိဋ္ဌတ္တာ ဘိက္ခဝေ စတုန္နံအရိယသစ္စာနံ၊ ရဟန်းတို့ အရိယသစ္စာလေးပါးတို့ကို မမြင်သောကြောင့်တည်း။ပ။
(သစ္စသံယုတ်)
ဘာသာပြန်
ရဟန်းတို့ … ဥပမာကား - ယောက်ျားသည် မဟာသမုဒ္ဒရာ၌ အပေါက်တပေါက်သာ ရှိသော ထမ်းပိုးကို ပစ်ချရာ၏။ ထိုသမုဒ္ဒရာ၌လည်း လိပ်ကန်းကြီးသည် ရှိသည်ဖြစ်၏။ ထိုလိပ်ကန်းကြီးသည် အနှစ်တရာ တရာလွန်မှ တကြိမ်တကြိမ် ရေသို့ပေါ်၏၊
ရဟန်းတို့ … ငါဘုရား ဟောကြားလတံ့သော ဥပမာစကားကို သင်တို့ ဘယ်လို မှတ်ထင်ကြကုန်သနည်း၊ ထိုလိပ်ကန်းကြီးသည် အနှစ် တရာ တရာလွန်မှ တကြိမ် တကြိမ် ပေါ်သည် ရှိသော် အပေါက် တပေါက်သာရှိသော ဤထမ်းပိုးပေါက်၌ လည်ပင်းကို သွင်းမိ စွပ်မိ အခန့်သင့် ဖြစ်နိုင်ပါမည်လောဟု မေးတော်မူတဲ့ခါ -
ဘုန်းတော်ကြီးသောမြတ်စွာဘုရား … ရှည်လျားလှစွာသော နှစ်ပရိစ္ဆေဒ အဓွန့်ကာလ ကို လွန်သဖြင့် တကြိမ်တခါ ထမ်းပိုးအရောက်နှင့် လိပ်ကန်းအပေါ် အခန့်တော် ဖြစ်သွားလျှင် သွင်းမိ စပ်မိစရာ ရှိတန်ရာပါသည်ဘုရားဟု လျှောက်ထားကြလေ၏။
ထိုအခါ ရဟန်းတို့ … အနှစ် တရာတရာ လွန်မှလွန်မှ ရေပေါ်သို့ တကြိမ် တကြိမ် ပေါ်သော လိပ်ကန်းကြီးသည် အပေါက်တပေါက်သာရှိ ထမ်းပိုး၌ လည်ကို လျှင်စွာ သာလျှင် စွပ်မိမူလည်း စွပ်မိရာသေး၏၊
ရဟန်းတို့ … တကြိမ်လောက် အပါယ်သို့ ရောက်သွားသော သူမိုက်ကို ထိုအပါယ် လေးပါးမှ တဖန် လူ့အဖြစ်ကို ရပြန်ခြင်း၊ ဝါ-လူဖြစ်ဘို့ရာ ငါဘုရား မြင်တော်မမူ၊
အဘယ်ကြောင့်နည်း၊ ရဟန်းတို့ … ထိုအပါယ်လေးဘုံတို့၌ လူနတ် သုဂတိသို့ တဖန် ပြန်ရောက်ပြန်ခြင်းငှါ တရားကျင့်ခြင်း ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်း ပြုလုပ် နိုင်ခြင်းသည် လုံးဝမရှိ၊
ရဟန်းတို့ … ဤအပါယ်လေးဘုံတို့၌ ငါးနိုင် ငါးစား ဖားနိုင် ဖားစား ကြီးနိုင် ငယ်ညှင်း သဘောအချင်းချင်း နှိပ်စက် သတ်ဖြတ် ကိုက်သတ် စားသောက်ကြခြင်း ဖြစ်ကုန်၏၊
အဘယ်ကြောင့်နည်း - သစ္စာလေးပါးကို မသိသောကြောင့် ပေတည်းဟု ဟောတော် မူသည်။
ဆောင်ပုဒ်- ၁
လိပ်ကန်းထမ်းပိုး က-ရိုးဖြစ်လွယ်၊
ထိုထက်ခက်ခဲ လူဘဲဖြစ်ဘွယ်၊
ယခုဘဝ ဖြစ်ကြ သူမယ်၊
သစ္စာလေး သိရေး အားထုတ်ကွယ်၊
ဆောင်ပုဒ်-၂
သစ္စာသိက မကျအပါယ်၊
လူ့ဘုံ နတ်ထဲ ပျော်မြဲပျော်တယ်၊
ထို့ကြောင့်မလွဲ အားခဲပါကွယ်၊
လိပ်ပုံထောက် ကြောက်သင့်ကြပေတယ်။
လူ ဘုရား သာသနာ
ရခဲခြင်း ၃-ပါး
မှတ်ရန်
(က) ဤလိပ်ကန်းဥပမာ၌ မဟာသီဝထေရ်၏ အဆိုကား အရှေ့ စကြဝဠာ အနားရေး ကနေ၍ ပစ်ချလိုက်တဲ့ ထမ်းပိုးပေါက်၏ အထက်အရပ်ဖြင့် လိပ်ကန်း၏ လည်ပင်းကို စွပ်မိမူလည်း စပ်မိရာသေး၏၊ ထို့ထက် လူ့အဖြစ်ကို ရခဲသတဲ့။
(ခ) တဖန် တောင်စကြဝဠာ အနားရေးက ပစ်ချလိုက်တဲ့ ထမ်းပိုးပေါက်၏ အောက် အရပ်ဖြင့် လိပ်ကန်းကြီး၏ လည်ပင်းကို စွပ်မိမူလည်း စွပ်မိရာသေး၏၊ ထို့ထက် ဘုရားဖြစ်တော်မူသော ကာလကို ရခဲသတဲ့။
(ဂ) တဖန် အနောက်စကြဝဠာ အနားရေးကနေ၍ ပစ်ချလိုက်တဲ့ ထမ်းပိုး သုံးပေါက်၏ မိမိအပေါက်ရှိသော အရပ်ဖြင့် လိပ်ကန်းကြီး၏ လည်ပင်းကို စွပ်မိမူလည်း စွပ်မိရာ သေး၏။ ထို့ထက် သာသနာနေဝန်း ထွန်းလင်းခိုက်ကို ရခဲသတဲ့။
(ဃ) မြောက် စကြဝဠာ အနားရေးကနေ၍ ပစ်ချလိုက်တဲ့ ထမ်းပိုး လေးပေါက်၏ မိမိအပေါက်ရှိသော အရပ်ဖြင့် လိပ်ကန်းကြီး၏ လည်ပင်းကို စွပ်မိမှုလည်း စွပ်မိရာ သေး၏၊ ထိုအဆိုပါ ရှေ့ သုံးပါးတို့ထက် လူ့အဖြစ် ဘုရားအဖြစ် သာသနာတွင်း အဖြစ်ကို ရခဲသော ထက်ပင် သစ္စာလေးပါး သိဘို့ရာ ကာလကို ပို၍ပင် ရခဲသတဲ့။
(င) ဤလို သစ္စသံယုတ် ဆဂ္ဂဠသုတ် အဖွင့် အဋ္ဌကထာ လာရှိသည်တို့ကို သိရှိ ကြားနာ ကြရသော အပါယ်လွတ်လို မွေးသေလွတ်လို နိဗ္ဗာန်ရလို ရောက်လိုသော ရှင် လူ ရဟန်းတို့သည် ယခုလက်ရှိဘဝ သေနေ့က မဦးခင် ဆရာကောင်း ကပ်၍ သစ္စာ လေးပါးကို အတတ် သိဘို့ရာ နေ့-လ-ရက်-နှစ် ဆွဲဆိုင်းမထားဘဲ အမြန်ဘဲ အားထုတ် ထိုက်ပေသည်ဟု သိရှိကြပါလေ။
၂၇ - နခသိခသုတ်
အထခေါ ဘဂဝါ ပရိတ္တံ နခသိခါယံ ပံသုံ အရောပေတွာ ဘိက္ခူ အာမန္တေသိ။ပ။ ပုရိမံ ဒုက္ခက္ခန္ဓံ ပရိက္ခီဏံ ပရိယာဒိန္နံ၊ ဥပနိဓာယ ယဒိဒံ သတ္တက္ခတ္တုပရမတာ။
(သဂ္ဂသံယုတ်)
ဘာသာပြန်
အခါတပါး ဘဂဝါဘုရားသည် လက်သည်းဖျားပေါ်၌ အနည်းငယ်သော မြေမှုန့်ကို တင်ထားပြီးလျှင် ရဟန်းတို့ ငါဘုရား လက်သည်းဖျား၌ရှိသော မြေနှင့် နှစ်သိန်း လေးသောင်း အထုရှိသော မြေကြီးနှင့် ဘယ်သင်းက များမယ် ထင်ကြသလဲဟု မေးတော်မူ၏၊
ထိုအခါ တယောက်သော ရဟန်းက ဘုန်းတော်ကြီးသော မြတ်စွာဘုရား … မဟာ ပထဝီ မြေကြီးကို နှိုင်းစာသော် လက်သည်း ပေါ်မှာရှိတဲ့ မြေမှုန့်သည် လွန်စွာ **နည်းလှပါသည်**၊ နှိုင်းယှဉ်ခြင်းငှါ **မထိုက်တန်ပါ** ဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ရဟန်းတို့ - ထိုဥပမာ အတူသာလျှင် သစ္စာသိ၍ အပါယ်လွတ်တရားရ **သတ္တက္ခတ္တုပရမ သောတာပန်အစစ်** ဖြစ်သောသူအား ခုနစ်ဘဝအတွက် ကျန်ရှိသော ဝဋ်ဒုက္ခနှင့် ကုန်ပြီးသော ဝဋ်ဒုက္ခတို့ကို နှိုင်းယှဉ်သည်ရှိသော် **ကုန်လေပြီးသော ဝဋ် ဒုက္ခကား မဟာပထဝီမြေကြီးနှင့်အမျှ ကုန်လေပြီ**။
ကျန်ရှိသေးသော ဝဋ်ဒုက္ခကား ငါဘုရား၏ လက်သည်းဖျား၌ရှိသော မြေမှုန့် လောက်သာ **ကျန်ရှိသည်**၊ သစ္စာသိခြင်းသည် **ဤမျှ စွမ်းရည်သတ္တိ တန်ခိုးရှိလှပေသည်** ဟု ဟောတော်မူသည်။
ဆောင်ပုဒ်
သစ္စာမသိ မြေရှိဒုက္ခာ၊
ကြွင်းကျန်သေး၍ ဝန်လေးလှပါ။
သစ္စာသိတော့ လက်ရှိမြေသာ၊
နည်းပါးလှ **ဝန်ကျသွားတော့တာ**။
၂၈ - အညတြသုတ်
အထခေါ ဘဂဝါ ပရိတ္တံ နခသိခါယံ ပံသုံ အာရောပေတွာ ဘိက္ခူ အာမန္တေသိ။ပ။ အဒိဋ္ဌတ္တာ ဘိက္ခဝေ စတုန္နံ အရိယသစ္စာနံ။
(သစ္စသံယုတ်)
ဘာသာပြန်
ထို့အတူ လူဘုံ၌ဖြစ်သူ နဲပါး၍ **တပါးသော ဘုံတို့၌ ဖြစ်သူသာ များပြားကြကုန်၏**။
အဘယ်ကြောင့်နည်း - **သစ္စာမသိသော ကြောင့်ပေတည်း**၊
သစ္စာသိက လူ့ဘုံ၌ အဖြစ်မြဲတော့သည်ဟု ပြန်လှန်၍ သိလေ။
ထို့အတူ မဇ္ဈိမ၌ ဖြစ်သူနဲ၍ ပစ္စန္တရစ်၌ဖြစ်သူ များကုန်၏၊ သစ္စာမသိသောကြောင့် ပေတည်း၊ သစ္စာသိက **မဇ္ဈိမ၌ အဖြစ်မြဲတော့သည်**။
ပညာမျက်စိ အမြင်ရှိသူ နဲ၍ ပညာမျက်စိ အမြင်မရှိသူ များကုန်၏။ သစ္စာမသိ သောကြောင့်ပေတည်း၊ သစ္စာသိက **ပညာမျက်စိ အမြင်ရှိသူ များတော့သည်**။
ကျင်းကုန်း၌ ဖြစ်သူ နဲ၍ ရေ၌ဖြစ်သူ များကုန်၏၊ သစ္စာမသိသောကြောင့် ပေတည်း၊ သစ္စာသိက **ကျင်းကုန်း၌ အဖြစ်များတော့သည်**။
မိဘ ရဟန်း ပုဏ္ဏား ကြီးသောသူတို့ကို ရိုသေသူ နဲ၍ မရိုသေသူသာ များပြားကုန်၏၊ သစ္စာ မသိသောကြောင့်တည်း၊ သစ္စာသိက **ရိုသေသူ များတော့သည်**။
လူ့ပြည်မှ သေ၍ လူ့ပြည်မှာ ပြန်ဖြစ်သူ နဲပါး၍ **အပါယ်လေးပါးတို့၌ ဖြစ်သူတို့သာ များကုန်၏**၊ သစ္စာ မသိသောကြောင့်တည်း၊ သစ္စာသိက **လူ့ပြည်မှာဖြစ်၍ အပါယ်၌ မဖြစ်တော့ပြီ**။
နတ်ပြည်မှ စုတေ၍ နတ်ပြည်မှာ ပြန်၍ဖြစ်သူ နဲပါး၍ **အပါယ်လေးဘုံ တို့၌ ဖြစ်သူ တို့သာ များကုန်၏**။ သစ္စာမသိသောကြောင့်ပေတည်း၊ သစ္စာသိက **နတ်ပြည်၌ ပြန်၍ ဖြစ်တော့သည်**။
ထို့အတူ ဗြဟ္မာပြည်မှ စုတေ၍ ဗြဟ္မာပြည်၌ ပြန်ဖြစ်သူ နဲပါး၍ **အပါယ်လေးဘုံတို့၌ ဖြစ်သူတို့သာ များကုန်၏**၊ အဘယ်ကြောင့်နည်း၊ **သစ္စာ လေးပါးတို့ကို မသိသော ကြောင့်ပေတည်း**ဟု ဟောတော်မူခဲ့ပေသည်။
(ဤကား - သစ္စသံယုတ်ကိုမှီ၍ ဆိုလိုက်သည်)
ထို့ကြောင့်...
ဤ ဥပါဒါနက္ခန္ဓာ ငါးပါးသည်ကား **ဒုက္ခသစ္စာ**ဖြစ်သည်၊
ဤ **တဏှာ**ကား **သမုဒယသစ္စာ** ဖြစ်သည်။
ဤ **နိဗ္ဗာန်**ကား **နိရောဓသစ္စာ** ဖြစ်သည်။
ဤ **မဂ္ဂင်ရှစ်ပါး** **မဂ္ဂသစ္စာ** ဖြစ်သည်ဟု -
ရှေးဦးစွာ အနုဗောဓ လောကီဉာဏ်ဖြင့် သစ္စာလေးပါးတို့ကို **ပိုင်းခြားဝေဘန် သိရှိပြီး၍** နောက် ကာလ အာရုံတပါး စိတ်ထွက်မသွားစေဘဲ ခန္ဓာအတွင်းသို့ ဉာဏ်သွင်း ပြီးလျှင် မိမိခန္ဓာ၌ပင် ထင်ရှားရှိနေသော အစုငါးစုခေါ်သော ခန္ဓာငါးပါး တို့သည် ပဋိသန္ဓေမှ စုတိ သေနေ့သို့ ကျအောင် **ဆင်းရဲတာ မှန်လှတဲ့ ဒုက္ခ သစ္စာ ရုပ်နာမ် ခန္ဓာတို့ကို တဲ့တဲ့မြင်အောင် ရှုကြည့်လေ**၊ မမြင် မြင်အောင် ခန္ဓာမှာ ဉာဏ်စိုက်၍ ရှုကြည့်လေ၊ တစတစနှင့် ဒုက္ခသစ္စာအစစ်ကို သိမြင်လာလိမ့်မည်။
ထို့နောင် ထိုခန္ဓာမျိုးကို တဘဝ တခန္ဓာ, တဘဝ တခန္ဓာ အသစ်အသစ်ကို ဖြစ်စေ တတ်သော ဒုက္ခပေးသမားကြီး လက်သယ်အစစ် ဖြစ်တဲ့ ဘုံသုံးပါးတို့မှာ တဖန် တဖန် ဖြစ်လို ဖြစ်ချင်နေတဲ့ **ဘဝတဏှာ ယမုဒယသစ္စာကို တဲ့တဲ့မြင်အောင် ရှုကြည့်လေ**။
ထို့နောင် ထိုဒုက္ခ သမုဒယ သစ္စာနှစ်ပါးတို့၏ တဖန်အသစ်မဖြစ်ရာ **နိရောဓသစ္စာ နိဗ္ဗာန်ကို တဲ့တဲ့မြင်အောင် ရှုကြည့်လေ**၊
ထိုနောင် ထိုနိရောဓသစ္စာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းဖြစ်တဲ့ **မဂ္ဂင် ရှစ်ပါးဖြစ်တဲ့ မဂ္ဂသစ္စာကို တဲ့တဲ့မြင်အောင် ရှုကြည့်လေ**။
ဤပုံ ဤနည်းဖြင့် **စတုသစ္စကမ္မဋ္ဌာန်းကို စီးဖြန်းမယုတ် ပွားများ အားထုတ်ဖန် များလာတဲ့ခါ** အဆိုပါ သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိမြင်သွားတဲ့ **ပဋိဝေဓဉာဏ် ဖိုလ်ဉာဏ် ဖြစ်ပေါ်လာ၍ နိရောဓသစ္စာ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အာရုံပြု နေတဲ့ခါ** -
အဆိုပါ သစ္စာလေးပါးလုံးတို့ကို **တပြိုင်နက် ထိုးထွင်၍ သိခြင်းကိစ္စပြီး၍** ဘယ်ဘဝ ဘယ်ကမ္ဘာကမှ အပြီးအစီး ပိတ်မထားခဲ့နိုင်သော **အပါယ်လေးပါး တံခါးကြီးကို အပြီးအစီး ပိတ်ထားလိုက်နိုင်တဲ့ အပါယ်လွတ်တရားရ သောတာပန် စသော အရိယာ ပုဂ္ဂိုလ်၏အဖြစ်သို့ ရောက်နိုင်ပေလိမ့်မည်**။
ထိုအခါ အဆိုပါ အပါယ်ဘေးအစ မွေးသေလွတ်တဲ့ အဆုံး ကုန်အောင် စုံသော ဆင်းရဲပေါင်းချုပ် ဒုက္ခဟူသမျှတို့ ကုန်ဆုံး ချုပ်ငြိမ်းရာ **နိဗ္ဗာန်၌ ရှေးဘုရားတို့နှင့်အတူ အငြိမ်း စံရပေလိမ့်မည်**ဟူလို၊ ဝါ-နိဗ္ဗာန်ယူသိမ်း၍ ငြိမ်းရမည် အမှန်ပေတည်း။
ဆောင်ပုဒ်
သစ္စာမသိ ဖြစ်မိဖြစ်ရာ၊
သစ္စာသိတော့ **ဂတိမြဲတာ**။
သို့ကြောင့်ယခု သိအောင်ပြုပါ၊
လူနတ်မြဲ **မလွဲနိဗ္ဗာန်သာ**။
အပိုင်း (၄)
နေတ္တိနည်း သစ္စာလေးပါး
သစ္စာလေးပါးကို နေတ္တိကျမ်း၌ လာသောနည်းဖြင့် အမြွက်မျှပြဆိုဦးအံ့။ “**တထွာ ပြလျှင် တလံမြင်**” ဟု သာသနာတွင် ကျော်ကြားခဲ့သော၊ ဝါ - ဗုဒ္ဓဝင်တွင် ထင်ရှား ခဲ့သော အကျဉ်းပြရုံမျှကို အကျယ်ချဲ့၍ သိတတ်တဲ့ နေရာတွင် **ဧတဒဂ်အတင်ခံရသော အသီတိသာဝကအဝင် အရှင်မဟာကစ္စည်း** ဟောကြားခဲ့သော **နေတ္တိကျမ်း၌ ဒေသနာ-ဟာရ စသောအားဖြင့် ဟာရအပြား တဆယ့်ခြောက်ပါး**ရှိရာ ဒေသနာဟာရ၌ -
အယံဒေသနာဟာရော ကိံ ဒဿေတိ၊
အဿာဒံ အာဒိနဝံ နိဿရဏံ ဖလံ ဥပါယံ အာဏတ္တိံ။
(နေတ္တိဋ္ဌကထာ)
၁။ **အဿာဒ** - သာယာအပ်သော သုခသောမနဿ ဣဋ္ဌာရုံ သာယာကြောင်းဖြစ်သော တဏှာဝိပလ္လာသတည်းဟူသော “**အဿာဒ**”
၂။ **အာဒိနဝ** - ဒုက္ခ ဝေဒနာ ဒုက္ခတာ ၃-ပါး၊ တေဘုမ္မကသင်္ခါရ တရား တည်းဟူသော “**အာဒိန၀**”
၃။ **နိဿရဏ** - ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်သော အရိယမဂ် ထွက်မြောက် တတ်သော နိဗ္ဗာန်ဟူသော “**နိဿရဏ**”
၄။ **ဖလ** - သုတမယဉာဏ် အတ္တဝေဒ, ဓမ္မဝေဓ စသော ပစ္စုပ္ပန်အကျိုး ဘဝသမ္ပတ္တိ စသော အကျိုးတည်းဟူသော “**ဖလ**”
၅။ **ဥပါယ** - အရိယာမဂ်၏ ရှေ့အဘို့၌ဖြစ်သော ပဋိပဒါ တည်းဟူသော ဥပါယ ထိုသို့အကျိုးကို ရခြင်း၏အကြောင်းဖြစ်သော “**ဥပါယ**”
၆။ **အာဏတ္တိ** - ဝေဏေယျကြာ သက္ကဝါတို့၏ အကျိုးစီးပွား ချမ်းသာကို ပြီးစေခြင်းငှါ အာဏာထားခြင်းငှါ ထိုက်တော်မူသော မြတ်စွာဘုရား၏ ဤကဲ့သို့ ကျင့်လေဟု စေခိုင်းတိုက်တွန်း စီရင်ခြင်းတည်း ဟူသော **အာဏတ္တိ** အားဖြင့် **ခြောက်ပါးသော အနက်တို့ကို ဖွင့်ပြတော်သော ဟာရသည် “ဒေသနာဟာရ”** မည်၏။
ထိုတွင် “ယံ လောကော ပူဇယတေ” စသော သုတ်ပုဒ်ကို ထုတ်အပ်၏။
ဤ “ယံ လောကော ပူဇယတေ” စသော သုတ်ပုဒ် ဒေသနာသည် “သာယံ ဒေသနာ ကိံ ဒဿေတိ စတ္တာရိသစ္စာနိ ဒုက္ခံ သမုဒယံ နိရောဓံ မဂ္ဂံ” ဟူသော ပါဌ်နှင့်အညီ။
၁။ **စိတ်-၈၁၊ စေတသိက်-၅၁၊ ရုပ်-၂၈** ဟု ဆိုအပ်သော **ဒုက္ခသစ္စာ**။
၂။ **လောဘစေတသိက်** ... ဟုဆိုအပ်သော **သမုဒယသစ္စာ**။
၃။ **နိဗ္ဗာန်** ဟုဆိုအပ်သော **နိရောဓသစ္စာ**။
၄။ **မဂ္ဂင်ရှစ်ပါး** ... ဟုဆိုအပ်သော **မဂ္ဂသစ္စာ**။
ဤသစ္စာလေးပါးကို ဟောကြားတော်မူတတ်၏။
အဘယ်ကြောင့် ဟောကြားတတ်မူသနည်းဟူမူ “ပူဇယတေ” အရဖြစ်သော ပူဇာသည် “**အာမိသပူဇာ, ဓမ္မပူဇာ**”ဟု နှစ်မျိုးရှိရာ -
အာမိသပူဇာသည်
၁။ ဝိနည်းဒေသနာတော် အားဖြင့် - **သင်္ကန်း၊ ဆွမ်း ကျောင်း ဆေး** ဟု **လေးပါး**ရှိ၏။
၂။ သုတ္တန်ဒေသနာတော်အားဖြင့် - **ထမင်း အဖျော် ကျောင်း အဝတ် သင်္ကန်း ယာဉ် ပန်း နံ့သာ အိပ်ရာ နေရာ ဆီမီး**ဟု **ဆယ်ပါး**ရှိ၏။
၃။ အဘိဓမ္မာဒေသနာတော်အားဖြင့် - **ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ**ဟု **ခြောက်ပါး** ရှိ၏။
ဒါနမယ ... ဤ ၄-ပါး၊ ၁ဝ-ပါး၊ ၆-ပါးသော အာမိသပူဇာသည် **ဒါနမယ** မည်၏။
သီလမယ ဘာဝနာမယ
ဓမ္မပူဇာသည်လည်း **သီလမယ ဘာဝနာမယ**အားဖြင့် နှစ်ပါးရှိပြန်၏။
ထိုတွင် သီလမယ သည်လည်း လူမှန်က မကျင့်မနေရ အလေးဂရုပြု၍ ကျင့်ရသော ကြောင့် **ဂရုဓမ္မခေါ်သော ငါးပါးသီလ** ထိုထက် စွမ်းနိုင်က ကျင့်ရသော -
**၁၀-ပါး သီလ**၊
**ပါတိမောက္ခသီလ**
**ဣန္ဒြိယသံဝရသီလ**၊
**အာဇီဝပါရိသုဒ္ဓိသီလ**၊
**ပစ္စယသန္နိဿိတသီလ** ခေါ်သော **စတုပါရိသုဒ္ဓိသီလ**၊
ရှစ်ပါးသီလ **နဝင်္ဂသီလခေါ်သော ကျင့်ရမဲ့ စာရိတ္တသီလ**၊
ငါးပါးသီလ ခေါ်သော **တားမြစ်ရမဲ့ ဝါရိတ္တသီလ**၊
**အာဇီဝဋ္ဌမကသီလ** ခေါ်သော **အာဒိဗြဟ္မစရိယကသီလ**၊
စူဠဝါ ပရိဝါတို့၌ လာသော ခန္ဓကဝတ်- ၁၄၊ ဒွါသီတိဝတ်-၈၂ ခေါ်သော **အဘိသမာစာရိကသီလ**
စသောအားဖြင့် များသောအပြား ရှိ၏။
ဘာဝနာမယ သည်လည်း **သရဏဂုံ ပဉ္စသီ ဓုတင်** ခေါ်သော မဂ်၏ ရှေ့အဘို့၌ ဖြင်သော **ပုဒ္ဓဘာဂ ပဋိပဒါအစ ဗိုလ်အလယ် နိဗ္ဗာန်အဆုံး**အားဖြင့် များပြားသော အပြားရှိ၏။
ထို ဒါန သီလ ဘာဝနာမယ အာမိဿ ဓမ္မပူဇာသည်
၁။ ကုသလတိက်အား .... **ကုသိုလ် အဗျာကတ** ဟူ၍ **နှစ်ပါး**ရှိ၏။
၂။ ဝေဒနာတိက်အားဖြင့် - **သုခသမ္ပယုတ် ဥပေက္ခာ သမ္ပယုတ်** ဟူ၍ **နှစ်ပါး**ရှိ၏။
၃။ ဝိပါကတိက်အားဖြင့် - **ဝိပါကာဓမ္မာ၊ ဝိပါကဓမ္မ ဓမ္မာ၊ နေဝဝိပါက နာဝိပါကဓမ္မ ဓမ္မာ** ဟူ၍ **သုံးပါး**ရှိ၏။
ဤသို့စသည်ဖြင့် **၂၂-ပါးသော တိက် ၁၀၀-သော ဒုက်**တို့၌ ချ၍ ကြည့်အပ်၏။
ဘုံအားဖြင့်
၁။ **ကာမဘုံ ရူပဘုံ အရူပဘုံ အဝတ္တုခေါ်သော လောကုတ္တရာဘုံ**ဟု **၄-ပါး**ရှိ၏။
စိတ္တုပ္ပါဒ်အားဖြင့်
၂။ **ကာမစိတ် ရူပစိတ် အရူပစိတ် လောကုတ္တရာစိတ်**ဟု **၄-ပါး**ရှိ၏။
ထိုတွင် ပူဇော်အပ်သော အခြင်းအရာအားဖြင့်ဖြစ်သော တေဘုမ္မက တရားအပေါင်း သည် “ဒါနံဒတွာ သီလံ သမာဒိယိတွာ ဥပေါသထ ကမ္မံ ကတွာ တံ အဿာဒေတိ” စသော ပဋ္ဌာန်း ပဥှာဝါရနှင့်အညီ သာယာအပ် သောကြောင့် **အဿာဒ** မည်၏၊ သာယာအပ် သာယာတတ်သော တရားသည်ပင် သင်္ခါရဒုက္ခဖြစ်၍ **အာဒိန၀** မည်၏၊ လောကုတ္တရာ မဂ် နိဗ္ဗာန်သည် **နိဿရဏ** မည်၏၊
ဖိုလ်စိတ္တုပ္ပဒ်သည်၎င်း, ဒါနမယစသော တရားသည်၎င်း၊ “ဓမ္မာဟဝေ ရက္ခတိ ဓမ္မစာရီ” စသော ဂါထာနှင့်အညီ မိမိဟုဆိုအပ်သော တရားကို ဆောင်တတ် ကျင့်တတ် လိုက်နာ နားထောင်တတ်သောသူကို “**စတူသု အပါယေသု ဝဋ္ဋဒုက္ခေသုခ၊ အပဘမာနံကတွာ ဓာရေသိတိဓမ္မော**” နှင့်အညီ တရားကပြန်၍ ဆောင်တတ်သောကြောင့် ပစ္စုပ္ပန် ဘဝ၌ မိမိ ကိုယ်ကို မိမိစွပ်စွဲသော **အတ္တာနုဝါဒဘေး**၊ မိမိကိုယ်ကို သူတပါးက စွပ်စွဲသော **ပရာနုဝါဒဘေး**၊ ဒုတ်-လှံတန် စသော **ဒဏ္ဍဘေး**၊ သံသရာ၌ အပါယ်သို့ ကျရောက်ရခြင်း **ဒုဂ္ဂတိဘေး**၊ ဤသို့စသော ဘေးတို့မှ ထွက်ခြင်း စသော အထောင် မကသော သုတ္တန်ပါဠိတို့ဖြင့် ပြအပ်သော အကျိုးတရားသည်၎င်း **ဖလ** မည်၏၊
ထိုဖလကို ရခြင်း၏ အကြောင်းဖြစ်သော ဒါနမယ စသည်သည် **ဥပါယ** မည်၏၊
အတ္တာနုဝါဒဘေး စသည်မှ ကြောက်ကုန်သော သူတို့သည် ဒါနမယ စသည်ကို ပြုလုပ်ကြဟု မဆိုသော်လည်း ဆိုသကဲ့သို့ ဖြစ်ခြင်းသည် **အာဏတ္တိ** မည်၏။
ဤသို့ **ဒေသနာဟာရ** မည်သော သံဝဏ္ဏနာ ဝိသေသသည် အဿာဒ စသည်ကို ဖွင့်ပြတတ်၏။
အဿာဒ တို့တွင်လည်း
၁။ **အာဒိနဝေါ ဖလဉ္စဒုက္ခံ** - နှင့်အညီ **အာဒိနဝ**သည်၎င်း **ဖလ**သည်၎င်း **ဒုက္ခသစ္စာ** မည်၏။
၂။ **အဿာဒေါ သမုဒယော**။ ။ **အဿာဒ**သည် **သမုဒယသစ္စာ**။
၃။ **နိဿရဏ နိရောဓော**။ ။ **နိဿရဏ**သည် **နိရောဓသစ္စာ**။
၄။ **ဥပါယော အာဏတ္တိစ မဂ္ဂေါ**။ ။ **ဥပါယ**သည်၎င်း **အာဏတ္တိ**သည်၎င်း **မဂ္ဂသစ္စာ** မည်၏။
ဤလို “ယံလောကော ပူဇယတေ” ဟူသော သုတ်ပုဒ်သည် သစ္စာလေးပါးကို ပြတတ်၏ ဟူလို။
တနည်း....
ယံလောကော၏ အရဖြစ်သော **လောကီ ဥပါဒါနက္ခန္ဓာ ငါးပါး**သည် -
၁။ **ဥပါဒါနက္ခန္ဓာ ဒုက္ခအရိယသစ္စံ** - နှင့်အညီ လောကီခန္ဓာ ငါးပါးသည် **ဒု-သစ္စာ** မည်၏။
၂။ **တဿ မူလကာရဏဘာဝေန ပုရိမနိန္နာတဏှာ သမုဒယသစ္စံ** - နှင့် အညီ ထိုခန္ဓာငါးပါး၏ အကြောင်းရင်း၏ အဖြစ်ဖြင့် ရှေးဘဝ၌ ဖြစ်ပြီးသော **တဏှာ**သည် **သမုဒယသစ္စာ** မည်၏။
၃။ **ဥဘိန္နံ အပ္ပဝတ္တိ နိရောဓသစ္စံ** - နှင့်အညီ ဒု-သ, သစ္စာနှစ်ပါးတို့၏ တဖန် အသစ်မဖြစ်ရာ **နိဗ္ဗာန်**သည် **နိရောဓသစ္စာ** မည်၏။
၄။ **နိရောဓပဇာနန ပဋိပဒါမဂ္ဂသစ္စံ** - နှင့် အညီ နိဗ္ဗာန်ကို မျက်မှောက် မြင်သိ တတ်သော **သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး**သည် **မဂ္ဂသစ္စာ** မည်၏။
(ဤလိုသစ္စာလေးပါးကို ပြသတည်း)
ထိုတွင်...
**သမုဒယသစ္စာ**ဖြင့် “**အဿာဒ**” ဖြစ်၏၊
**ဒုက္ခ**ဖြင့် “**အာဒိန၀**” ဖြစ်၏၊
**နိရောဓ**ဖြင့် “**နိဿရဏ**” ဖြစ်၏၊
**ဣဒါနိဖလပဉ္စက**သည် “**ဖလ**” ဖြစ်၏။
**အတီတေ ဟေတဝေါ ပဉ္စ ဣဒါနိ ဟေတုပဉ္စက**သည် “**ဥပါယ**” ဖြစ်၏။
လူ နတ် ဗြဟ္မာ ဟူ၍၎င်း၊ သူ-ငါ-ကျား-မ-ဖြူ-မဲ ဟူ၍၎င်း အခေါ် ခံရုံမျှ သမုတ်ခံရုံမျှ ပညတ်ခံရုံမျှသာဖြစ်သော အရာငါးစုသာဖြစ်သော **ခန္ဓာ ငါးပါးဟူသော လောက**သည် အကြောင်း အားလျော်စွာ ဥပါဒ်-ဌီ-ဘင်မျှ ဖြစ်၍ဖြစ်၍ **ပျောက်ပျက် ကုန်ခမ်းတတ် သောကြောင့် မမြဲခြင်း ဆင်းရဲခြင်း အစိုးမရခြင်း အလိုသို့ မလိုက်ခြင်းအားဖြင့် နှိပ်စက်၏**၊
ထို့ကြောင့် ခန္ဓာ ဟူသော လောက၌ ဘာတခုကိုမှ နှစ်သက် ဝမ်းမြောက်စရာကို မတွေ့မမြင် မုန်းတီး ငြီးငွေ့စရာကိုသာ မြင်သဖြင့် ထိုမမြဲ ဆင်းရဲ အစိုးမရ အလိုသို့မလိုက် အကြိုက်သို့မပါ စေနိုင်သော ခန္ဓာငါးပါးဟူသော လောကမှ ကျွတ်လွတ် ထွက်မြောက် နိဗ္ဗာန်သို့ ရောက်စေခြင်းငှါ **ဒါန, သီလ ဘာဝနာ သမထ ဝိပဿနာကို ပြုလုပ်အားထုတ်ကြကုန်လော့**ဟု စေခိုင်း တိုက်တွန်းတော်မူခြင်းသည် **အာဏတ္တိ** ဖြစ်၏။
တနည်း... အဆိုပါ ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် -
၁။ **ရုပ် ၂၈-ခု**သည် **ရူပက္ခန္ဓာ** မည်၏။
၂။ **ဝေဒနာစေတသိက်**သည် **ဝေဒနာက္ခန္ဓာ** မည်၏။
၃။ **သညာစေတသိက်**သည် **သညာက္ခန္ဓာ** မည်၏။
၄။ ဝေဒနာ သညာမှကြွင်းသော **စေတသိက် ၅ဝ** သည် **သင်္ခါရက္ခန္ဓာ** မည်၏။
၅။ **စိတ်**သည် **ဝိညာဏက္ခန္ဓာ** မည်၏။
ထိုခန္ဓာတို့တွင် အကြောင်းဖြစ်သော တဏှာမှတပါးသော ခန္ဓာငါးပါး တို့သည် **ဒုက္ခသစ္စာ** မည်ကုန်၏။ **ဒု-ကား အကျိုးသစ္စာ**တည်း၊
အကျိုး၏လည်း အကြောင်းနှင့် မကင်းရာသောကြောင့် အကြောင်းဖြစ်သော **သမုဒယ သစ္စာ တဏှာကိုလည်း ယူအပ်၏**။
ထို ဒု-သ နှစ်ပါးတို့တွင် **ဒု-ကားပိုင်းခြား၍ သိအင်သော ပရိညေယျကိစ္စ**တည်း၊
**သ-ကား ပယ်အပ်သော ပဟာတဗ္ဗ ကိစ္စ**တည်း၊
ထို ပရိညေယျ ပဟာတဗ္ဗ နှစ်ပါးတို့၌လည်း ပရိဇာနန ပဟာယက နှင့် မကင်း ရာသောကြောင့် ပရိဇာနန ပဟာယကဖြစ်သော **မ-သစ္စာ ကိုလည်း ယူအပ်၏**။ ဤ **မ-သစ္စာကား အာရမ္မဏိက** တည်း၊
အာရမ္မဏိက၏လည်း အာရုံနှင့် မကင်းရာ မကင်းနိုင် ကင်း၍မဖြစ်သောကြောင့် **အာရုံ ဖြစ်သော နိဗ္ဗာန်ကိုလည်း ယူအပ်၏**။
တနည်း...
ထို ဒု-သ နှစ်ပါးတို့တွင်လည်း **ဒု-သစ္စာကား ထိုထိုဘုံဘ၀ တို့၌ ရုပ် နာမ် ဇာတိ တို့၏ မပြတ်မလတ် ဖြစ်ခြင်းကြောင့် ပဝတ္တိမည်၏**၊ **သ-သစ္စာကား ထိုထိုဘုံဘဝတို့၌ ရုပ်နာမ် ဇာတိကို အသစ်အသစ် ဖြစ်စေတတ်သောကြောင့် ပဝတ္တက မည်၏**။ ထိုပဝတ္တိ ပဝတ္တက နှစ်ပါးကိုယူခြင်းကြောင့် **နိဝတ္တိ ဖြစ်သော နိ-သစ္စာနှင့် နိဝတ္တက ဖြစ်သော မ-သစ္စာ ကိုလည်း ယူအပ်၏**။
တနည်း...
ထို ဒု-သ နှစ်ပါးကို ယူခြင်းကြောင့် ထို ဒု-သ နှစ်ပါးတို့၏ တဖန်အသစ် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း ဖြစ်သော **နိ-သစ္စာကိုလည်း ယူအပ်၏**။ ထို **နိ-ကား အာရုံ**တည်း၊
အာရုံ၏လည်း အာရမ္မဏိကနှင့် မကင်းရာသောကြောင့် **အာရမ္မဏိက ဖြစ်သော မ-သစ္စာ ကိုလည်းယူအပ်၏**၊
ဤလို သစ္စာလေးပါးကို ပြသတည်း။
ဤသို့စသည်ဖြင့် ဟာရ နယ စသော သရုပ်အနက် သဘောလက္ခဏာကို ကောင်းစွာ သိအပ်၏၊ သိသဖြင့် **ပဋိပတ် အကျင့်နည်းကို သိအပ်၏**။ ထိုသို့ သိအပ်သောကြောင့် **သီလ ဝိသုဒ္ဓိ ဖြစ်၏**။ သီလဝိသုဒ္ဓိ ဖြစ်သောကြောင့် အစဉ်အတိုင်း။
**ပါမော ပီတိ ပဿဒ္ဓိ သုခ သမာဓိ ယထာဘူတ နိဗ္ဗိန္ဒ ဝိရာဂ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿန အပစ္စယ အနုပါဒါန ပရိနိဗ္ဗာန်တိုင်အောင် အဆင့်ဆင့် အဆက်ဆက်သော အကျိုး တရားတို့သည် ဖြစ်ကုန်၏**။ ဤကား - နေတ္တိကျမ်းကို မှီ၍ ဆိုလိုက်သည်။
အဘိဓမ္မာနည်းနှင့်
သစ္စာလေးပါး တမျိုးပြ
“စတ္တာရိ သစ္စာနိ ဒုက္ခသစ္စံ သမုဒယသစ္စံ နိရောဓသစ္စံ မဂ္ဂသစ္စန္တိ”
(သစ္စယမိုက်)
သစ္စာတို့သည် **ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ**ဟူ၍ **လေးပါး**ရှိကုန်၏ ဟူလို။
ထိုတွင်.... **ဒုက္ခံ ဒုက္ခသစ္စံ ဒုက္ခသစ္စံ ဒုက္ခံ**။ (၎င်းယမိုက် ဥဒ္ဒေသဝါရ)
၁။ ဒုက္ခ မည်၏၊ ဒုက္ခသစ္စာ မည်သလော - ဟု မေး၏။
၂။ ဒုက္ခသစ္စာ မည်၏၊ ဒုက္ခ မည်သလော - ဟု မေး၏။
ကျန် သ-နိ-မ, သစ္စာသုံးပါးတို့၌လည်း ထို ဒု-အတူ သာလွှဲဆိုလေ။
ဤသို့လျှင် ပဒေသာဓနဝါရ အနုလုံ၌ **ယမက ၄-ပါး၊ ပုစ္ဆာ ၈-ပါး၊ အတ္တ ၁၆-ပါး**ဖြစ်၏၊
ထို့အတူ ပစ္စနိုက်၌လည်း **ယမက ၄-ပါး၊ ပုစ္ဆာ ၈-ပါး၊ အတ္ထ ၁၆-ပါး** ဖြစ်၏၊
အနုလုံ ပစ္စနိုက် နှစ်ပါး ပေါင်းသော် **ယမက ၈-ပါး၊ ပုစ္ဆာ ၁၆-ပါး၊ အတ္ထ ၃၂-ပါး**ဖြစ်၏၊
ဥဒ္ဒေသပြီး၏။
အကျယ်နိဒ္ဒေသနည်း ပဏ္ဏတ္တိဝါရ
ဒုက္ခံ ဒုက္ခသစ္စန္တိ အာမန္တာ။ ။ ဒုက္ခသစ္စံ ဒုက္ခန္တိ၊ ကာယိကံဒုက္ခံ စေတသိကံဒုက္ခံ ဒုက္ခံထပေတွာ အဝသေသံ ဒုက္ခသစ္စံ နဒုက္ခံ၊ ကာယိကံ ဒုက္ခံ စေတသိကံဒုက္ခံ ဒုက္ခေဉ္စ၀ ဒုက္ခသစ္စဉ္စ။
(၎င်းပဏ္ဏတ္တိဝါရ)
ဘာသာပြန်
ဒုက္ခသည် ဒုက္ခသစ္စာ မည်သလောဟု မြတ်စွာဘုရား၌ တစုံတယောက်သော လူ နတ်တို့က ယုံမှားသံသယ မရှိသော်လည်း ရှိသကဲ့သို့ ဒေသနာတော် အလျင်ကျသော အားဖြင့် ဘုရားပင် မေး၍ **အင်း-အဲ ဒုက္ခသည် ဒုက္ခသစ္စာမည်၏** ဟု ဘုရားပင် ဖြေသည်။
အဖြေမှန်ကား ...
**ကာယိကဒုက္ခ စေတသိကဒုက္ခကို ထား၍ ကြွင်းသော တရားသည် ဒုက္ခသစ္စာ မည်၏၊ ဒုက္ခကား မမည်ပေ**။
**ကာယိကဒုက္ခ စေတသိကဒုက္ခသည် ဒုက္ခလည်း မည်၏၊ ဒုက္ခသစ္စာလည်း မည်၏**ဟု ဖြေ၏။
(ကျန် သ-နိ-မ တို့၌လည်း ထိုက်သင့်သည် အားလျော်စွာ ဆိုလေ။)
သစ္စာပဝတ္တိဝါရ ဥပ္ပါဒ
ယဿ ဒုက္ခသစ္စံ ဥပ္ပဇ္ဇတိ တဿသမုဒယသစ္စံ ဥပ္ပဇ္ဇတီတိ။ သဗ္ဗေသံ ဥပပဇ္ဇန္တာနံ ပဝတ္တေ တဏှာဝိပ္ပယုတ္တဿ ဥပ္ပါဒက္ခဏေ တေသံဒုက္ခသစ္စံ ဥပ္ပဇ္ဇတိ၊ နောစ တေသံ သမုဒယသစ္စံ ဥပ္ပဇ္ဇတိ တဏှာယ ဥပ္ပါဒက္ခဏေ တေသံ ဒုက္ခသစ္စဉ္စ ဥပ္ပဇ္ဇတိ သမုဒယသဗ္ဗဉ္စ ဥပ္ပဇ္ဇတိ၊
(သစ္စာပဝတ္တိဝါရ ဥပ္ပါဒ)
ဘာသာပြန်
အကြင်ပုဂ္ဂိုလ်အား ဒုက္ခသစ္စာသည်ဖြစ်၏။ ထိုပုဂ္ဂိုလ်အား သမုဒယသစ္စာ ဖြစ်သလော ဟု မေးရာ ခပ်သိမ်းကုန်သော **ပဋိသန္ဓေနေဆဲ ဖြစ်ကုန်သော ပုဂ္ဂိုလ်တို့အား၎င်း** ပဝတ္တိ အခါ၌ **တဏှာကင်းသောစိတ် ဖြစ်၏**၊ ဥပါဒ်ခဏ၌ ထိုပုဂ္ဂိုလ် တို့အား၎င်း။ပ။ တဏှာ၏ ဥပါဒ်ခဏ၌ ထိုပုဂ္ဂိုလ်တို့အား **ဒုက္ခသစ္စာလည်းဖြစ်၏၊ သမုဒယသစ္စာလည်း ဖြစ်၏**ဟု ဖြေ၏။
အရကောက်ကား …
**ပဋိသန္ဓေစိတ် ဧကူနဝီသ၊ စေတသိက် ပဉ္စတိံသ၊ ကမ္မဇကလာပ် ၃-စည်း၊ ၇-စည်း၊ ၄-စည်း** အစသော ဇီဝိတ နဝကလာပ်ရုပ်တို့၏ ဥပါဒက္ခဏသမင်္ဂီ ဟုဆိုအပ်သောခပ်သိမ်းသော **ဥပပဇ္ဇန္တ ဖြစ်သော ပုထုဇဉ် ၃-ယောက်၊ အောက်ဖလဋ္ဌာန် ၃-ယောက်**၊
ပဉ္စဝေါကာရ ပဝတ္တိအခါ အရူပဝိပါက်မှတပါး **တဏှာကင်းသောစိတ် ၇၇-ခု၊ လောဘ ဒိဋ္ဌိ မာန ကြဉ်သော စေတသိက် ဧကူနပညာသ စိတ္တဇရုပ်တို့၏ ဥပါဒက္ခဏသမင်္ဂီ** ဟု ဆိုအပ်သော **ပုထုဇဉ် ၄-ယောက်၊ အရိယာပုဂ္ဂိုလ် ၈-ယောက်**၊
စတုဝေါကာရ ပဝတ္တိအခါ မောဟမူဒွေး, မနောဒွါရဝဇ္ဇန်း, မဟာကုသိုလ် မဟာကြိယာ အရူပစိတ် ၁၂-ခု၊ လောဘ, ဒိဋ္ဌိ မာန,ဒေါသ ဣဿာ မစ္ဆရိယ၊ ကုက္ကုစ္စ ထိနမိဒ္ဓ, ဝိရတီ အပ္ပမညာကြဉ်သော စေတသိက် အဋ္ဌတိံသ တို့၏ ဥပါဒက္ခဏသမင်္ဂီ ဟုဆိုအပ်သော **တိဟိတ် ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်** ရ၏၊
ပဉ္စဝေါကာရဘုံ၌ **လောဘမူစိတ် ၈-ခု၊ စေတသိက် ဗာဝီသ စိတ္တဇရုပ်တို့၏ ဥပါဒက္ခဏသမင်္ဂီ** ဟုဆိုအပ်သော **ပုထုဇဉ် ၄-ယောက် အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်** ရ၏။
( ကျန် သ-နိ-မ တို့၌လည်း ရထိုက်သည်အားလျော်စွာ ကောက်လေ။)
သစ္စာပဝတ္တိဝါရ နိရောဓ
ယဿ ဒုက္ခသစ္စံ နိရုဇ္ဈတိ၊ တဿ သမုဒယသစ္စံ နိရုဇ္ဈတီတိ၊ သဗ္ဗေသံ စဝန္တာနံ
ပ၀တ္တေတဏှာယ ဝိပ္ပယုတ္တ စိတ္တဿ ဘင်္ဂက္ခဏေ တေသံ ဒုက္ခ သစ္စံ နိရုဇ္ဈတိ နောစ တေသံ သမုဒယသစ္စံ နိရုဇ္ဈတိ
တဏှာယ ဘင်္ဂက္ခဏေ တေသံ ဒုက္ခသစ္စဉ္စ နိရုဇ္ဈတိ သမုဒယသစ္စဉ္စ နိရုဇ္ဇတိ။
အရကောက်ကား …
အကြင် ပုဂ္ဂိုလ်အား ဒုက္ခသစ္စာသည် ချုပ်၏။ ထို ပုဂ္ဂိုလ်အား သမုဒယသစ္စာသည် ချုပ်သလောဟု မေးရာ
ခပ်သိမ်းသော စုတေဆဲဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့အား၎င်း
ပဝတ္တိအခါ၌ တဏှာကင်းသော စိတ်၏ ဘင်္ဂက္ခဏ၌ ထိုပုဂ္ဂိုလ်တို့အား၎င်း။ပ။
တဏှာ၏ ဘင်္ဂက္ခဏ၌၎င်း, ထို ပုဂ္ဂိုလ်တို့အား ဒုက္ခသစ္စာလည်း ချုပ်၏၊ သမုဒယသစ္စာ လည်း ချုပ်၏၊ ဤကား အကျဉ်း အကျယ်ကို အကောက်၌ ရှုလေ။
( ကျန် သ-နိ-မ တို့၌လည်း ရထိုက်သည် လော့ဒ်ကောက်လေ)
ကုသလ အကုသလ အဗျာကတ ၃-ပါး
စတုန္နံ အရိယသစ္စာနံ ကတိ ကုသလာ ကတိ အကုသလာ ကတိ အဗျာ ကတာ၊
တတ္ထ သမုဒယသစ္စံ အကုသလံ၊ မဂ္ဂသစ္စံ ကုသလံ၊ နိရောဓသစ္စံ အဗျာကတံ၊
ဒုက္ခသစ္စံ သိယာ ကုသလံ သိယာ အကုလံ သိယာ အဗျာကတံ။
ဘာသာပြန် (ကုသလ အကုသလ)
သစ္စာလေးပါး တို့တွင် …
ကုသိုလ်ကား အဘယ်နည်း။
အကုသိုလ်ကား အဘယ်နည်း၊
အဗျာကတကား အဘယ်နည်းဟု မေး၏။
ထိုသစ္စာလေးပါးတို့တွင် …
သမုဒယသစ္စာသည် အကုသိုလ်မည်၏၊
မဂ္ဂသစ္စာသည် ကုသိုလ်မည်၏၊
နိရောဓသစ္စာသည် အဗျာကတ မည်၏၊
ဒုက္ခသစ္စာသည် ရံခါ ကုသိုလ် ရံခါ အကုသိုလ် ရံခါ အဗျာကတ မည်၏ဟု ဖြေ၏။
မနသိကာရ ၂-ပါး
၁။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်နှင့် သင့်တန်အောင် ကောင်းစွာ နှလုံး သွင်းခြင်း ယောနိသောမနသိကာရ။
၂။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်နှင့် မသင့်တန်အောင် နှလုံးသွင်းခြင်း အယောနိသော-မနသိကာရ ဟု နှစ်မျိုးရှိရာ။
၃။ ယောနိသော ဖြစ်တဲ့ခါ ဒု-သည် ကုသိုလ် မည်၏။
၄။ အယောနိသော ဖြစ်တဲ့ခါ ဒု-သည် အကုသိုလ် မည်၏။
၅။ နှစ်ပါးလုံး မဖြစ်တဲ့ခါ ဒု-သည် အဗျာကတ မည်၏။
သစ္စာပရိညာဝါရ
(က) ယော ဒုက္ခသစ္စံ ပရိဇာနာတိ သော သမုဒယသစ္စံ ပဇဟတီတိ အာမန္တာ။
(ခ) ယော ပန သမုဒယသစ္စံ ပဇဟတိ ဒုက္ခသစ္စံ ပရိဇာနာတီတိ အာမန္တာ။
(ဂ) ယော ဒုက္ခသစ္စံ န ပရိဇာနာတိ သော သမုဒယသစ္စံ န ပဇဟတီတိ အာမန္တာ။
ဘာသာပြန် (သစ္စာပရိညာဝါရ)
(က) အကြင်သူသည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိ၏။ ထိုသူသည် သမုဒယသစ္စာကို ပယ်ဆဲလောဟု မေးရာ အင်း-ပယ်ဆဲ ဟုတ်၏ ဟု ဖြေ၏။
(ခ) အကြင်သူသည် သမုဒယသစ္စာကိုပယ်ဆဲ ထိုသူသည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိဆဲလောဟု မေးရာ အင်း သိဆဲဟု ဖြေ၏။
(ဂ) အကြင်သူသည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိဆဲမဟုတ်၊ ထိုသူသည် သမုဒယ သစ္စာကို ပယ်ဆဲ မဟုတ်သလော မေးရာ အင်း ပယ်ဆဲ မဟုတ်ဟု ဖြေ၏၊ အရမှာ-အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်ကို ရ၏။
(ကျန် သ- နိ-မ တို့၌လည်း ဖြစ်သင့်သည် အားလျှော်စွာ သိလေ)
မှတ်ရန်
ဤကား လွန်စွာ နက်နဲ ခက်ခဲရုံမျှမက အလွန် ကျယ်ဝန်းလှသော အဘိဓမ္မာ ပါဠိတော် ဋ္ဌကထာကြီးများကို မိမိ ကိုယ်၌ကလည်း မသင်မကြားဘူး သူတပါးထံကလည်း မကြားဘူး မနာဘူး လွန်စွာ ဗဟုသုတ နည်းပါးလှသော လူဝတ်ကြောင်တို့ အကျိုးငှါ ဘတ်ဘူးတယ် ကြားဘူးတယ် နာဘူးတယ် ရှိအောင် -
ကဿပဘုရား လက်ထက်တော်က ရဟန်းတော်နှစ်ပါး အဘိဓမ္မာ တရားတော်ကြီး များကို “ကုသလာဓမ္မာ အကုသလာဓမ္မာ အဗျာကတာဓမ္မာ” စသည်ဖြင့် ဘတ်ရွတ် သရဇ္ဈာယ်၍နေကြရာ လှိုဏ်ဂူ အတွင်းရှိ လင်းနို့သား ၅၀၀-တို့သည် ကုသိုလ် အကုသိုလ် သုက္က ကဏှဟု ခွဲခြား၍ မသိနိုင်ကြသော်လည်း ကြားနာ ရရှိရုံမျှနှင့်ပင် နောက် နတ်တဘဝ, နောက် လူတဘဝ, နှစ်ဘဝနှင့်ပင် ဂေါတမ ဘုရား လက်ထက်မှာ အကုန်လုံး ရဟန္တာဖြစ်ကြ၍ နိဗ္ဗာန်ဆုံးထိ ကောင်းကျိုးရှိသော လင်းနို့သား ၅၀၀-၀တ္ထု၊
ဒို့ဂေါတမဘုရား လက်ထက် ဂဂ္ဂရကန်နား၌ ကျက်စားနေသော ဖါးသူငယ်သည် ဘုရား တရားကို ကြားနာရုံမျှနှင့်ပင် ဖါးဘဝမှ နတ်သားဘဝ ၎င်းနတ်ဘဝနှင့်ပင် ဘုရားထံ လာ၍ ဖူးမျှော်လာတဲ့ခါ သောတာပန် ဖြစ်သွားတဲ့ ငါးနတ်သားဝတ္ထု၊
တို့ကို ထောက်မျှော်၍ ဘဝရာထောင် ကမ္ဘာရာထောင် လွန်ညားလည်း အလွန် ကြားနာရခဲလှစွာသော တကြိမ်တဘဝ ကြားနာလိုက်ရလို့ ရှိလျှင်လည်း နတ်ရွာ သုဂတိနှင့် နိဗ္ဗာန်အထိပင် ပေါက်ရောက်နိုင်သော အစွမ်းသတ္တိ တကယ်ရှိ၏။
အဘိဓမ္မာ တရားတော်ကြီးကို ကျွတ်တမ်းဝင် ဘဝပါရမီ ရရှိကြစေရန် ရည်သန်၍ ရေးထည့်လိုက်ပါသည်။ သင်ဘူး ကြားဘူး ဗဟုသုတ အထူး ရှိကြဘူးသော ပညာရှင်ကြီးများဘို့ မရည်ရွယ်ပါ။ ထို့ကြောင့် အပြစ်ဆိုဘွယ် မရှိပါ။
အပိုင်း (၅)
ဤ သစ္စာပဋိနိဒ္ဒေသ တတိယခဏ်းကို သစ္စာလေးပါးတို့တွင် တတိယ သစ္စာခေါ်သော နိရောဓသစ္စာဖြင့်ပင် နိဂုံးအုပ်အံ့။
ဝါန နိဝါန နိဗ္ဗာန်
ဗုဒ္ဓဘာသာမှန်သမျှ ဘာသာဝင်လူမျိုးတို့၏ ပါးစပ် လျှာဖျားတွင် နိဗ္ဗာန်-နိဗ္ဗာန်နှင့် တညံညံ တဖွဖွ ပြောဆိုနေကြတဲ့ နိဗ္ဗာန်ဆိုတဲ့ ပုဒ်ရင်းကို ရှေးဦးစွာ ဝိဂြိုဟ်ကျင်း၍ ရှင်းပြပါဦးမည်၊ နိဗ္ဗာန်အကြောင်းကို ကောင်းစွာ သိလိုကြသော အမျိုးကောင်းသား အမျိုးကောင်းသ္မီးတို့သည် ကောင်းစွာ သတိပြုမိကြပါစေကုန်သတည်း။
(က) ဘဝါဘဝံ ဝိနနတော သံသိဗ္ဗနတော တိ ဝါနံ။ (ဝိဂြိုဟ်ပြ)
(ခ) ဝါနတော နိက္ခန္ဘန္တိ နိဗ္ဗာနံ။ (ပဉ္စမီအဗျယီဘောသမာသ်)
(ဂ) နိဗ္ဗာတိ ဝါ ဧတေန ရာဂဂ္ဂိ အာဒိထောဘိ နိဗ္ဗာနံ။ (ကရဏသာဓနဝိဂြိုဟ်)
အနက်ကား .... (ဝါန နိဝါန နိဗ္ဗာန်)
(က) ဘဝါဘဝံ၊ ပြုအပ်သော ကံအားလျော်စွာ ရံခါ ဒုဂ္ဂတိ ရံခါသုဂတိ စသည်ဖြင့် ယုတ်သောဘဝ မြဘ်သောဘဝ မကောင်းသော ဘဝ ကောင်းသောဘဝ ငယ်သောဘဝ ကြီးသောဘဝကို။
ဝိနနတော သံသိဗ္ဗနတော၊ အပ်ကြိုးသည် အထည်နှစ်ရပ်ကို တစပ်ထည်း စပ်ပေး သကဲ့သို့ ထို့အတူပမာ ရှေးဘဝနှင့် နောက်ဘဝ နှစ်ရပ်ကို တစပ်တည်းကဲ့သို့ စပ်ပေး တတ်၏။
ဣတိတသ္မာ၊ ထိုကြောင့်။
ဝါနံ၊ ဝါနမည်၏။
(တဏှာ ရာဂ လောဘကို ရ၏မှတ်)
(ခ) ဝါနတော၊ တဏှာမှ။
နိက္ခန္တံ၊ ထွက်မြောက်တတ်သည်တည်း။
ဣတိတသ္မာ၊ ထိုကြောင့်။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။
(အသင်္ခတ ပရမတ္ထ နိဗ္ဗာန်ကိုရ၏)
(ဂ) ဝါ၊ ဝိဂြိုဟ်တနည်းကား။
ဧတေန၊ ထိုအသင်္ခတဓာတ်နိဗ္ဗာန်ဖြင့်။
ဝါ၊ နိဗ္ဗာန်ကြောင့်။
ရာဂဂ္ဂိ အာဒိတော၊ ရာဂ စသော တဆဲ့တသီး အပူမီးသည်။
နိဗ္ဗာတိ၊ ငြိမ်းအေးတတ်၏။
ဣတိတသ္မာ၊ ထိုသို့ တဆဲ့တသီး အပူမီးတို့၏ ငြိမ်းအေးရာ ငြိမ်းအေးကြောင်းဖြစ်သော သတ္တိကြောင့်။
တံ၊ ထို အသင်္ခတဓာတ်သည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။
(ရာဂ ဒေါသ မောဟ ဇာတိ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ ဟူသော တဆဲ့တမီးတို့၏ ငြိမ်းရာ အသင်္ခတဓာတ် နိဗ္ဗာန်ကိုဘဲ ရ၏။)
အဓိပ္ပါယ် ရှင်းလင်း ဖေါ်ပြချက်
အဆိုပါ ဝါနတောနိက္ခန္တံ ဆိုတဲ့ ဒု-ဝိဂြိုဟ်အရ အကျဉ်းပိဏ္ဍတ္ထမှာ တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ဆိုထား၏။ ထို ပုဒ်ရင်းကို ရှင်းပြဦးအံ့။
ဝါနတောဆိုတဲ့ ပုဒ်က (တော) ချန်၊ ဝါန တွင်သာယူ၍ နိက္ခန္တံ ဆိုတဲ့ ပုဒ်ကလဲ (ခန္တံ) ချန်၊ (နိ) တွင်သာယူ၍ နှစ်ပုဒ် ပေါင်းလိုက်တဲ့ခါ (မေခလာ) (ဘဂဝါ) ပုဒ်မျိုးတို့ ကဲ့သို့ (ဝါနနိ)ဟု ဖြစ်နေပေလိမ့်မည်၊
၎င်း ဝါနနိကို တဒနုပရောဓေန ဝဏ္ဏ ဂမော ဝဏ္ဏဝိပရိယာယော ဆိုတဲ့ နိရုတ္တိနယ သဒ္ဒါစည်းကမ်းအတိုင်း အဆိုပါ ဝါနနိကို နိဝါနဟု ရှေ့နောက် ပြန်ထားရသည်၊ ဝ-ခွင်း သဒိသဒွေးတော် ပြုထားလျှင် နိဂွါန - ဟု ဖြစ်နေပေလိမ့်မည်၊
ဒေါဓဿစသုတ်၌ စ-သဒ္ဒါဖြင့် ဂွ နှစ်လုံးကို ဗ္ဗ-လုံးပြုထားတဲ့ခါ နိဗ္ဗာန-ဟု ဖြစ်နေ ပေလိမ့်မည်၊ န-ငယ် အထက် အသတ် တံခွန်လွှား ပေးလိုက်တဲ့ နိဗ္ဗာန်ဟု ဖြစ်ပေါ် လာသည်။
အနက်အဓိပ္ပါယ်ကတော့ လူ နတ် ဗြဟ္မာ သတ္တဝါ သူငါတွေဟာ အရာရာမှာ တွယ်တာတဲ့ မယ်တဏှာ သဘောဆိုးကို ပယ်ခွါတဲ့ မဂ်အကျင့်ကို မကျင့်ကြ သောကြောင့်သာ တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ သံသရာရှည်၍ မငြိမ်းအေး နိုင်ကြဘဲ ဖြစ်နေကြရာ တဏှာပယ်တဲ့ မဂ်အကျင့်ကို အပြတ် အသတ် ပယ်ဖြတ် လိုက်နိုင်ကြတဲ့ခါ တဏှာ ခန္ဓာ သင်္ခတ အစဉ်ပြတ်၍ နောက်ထပ်အသစ် မဖြစ်တော့ဘဲ အမြဲ ငြိမ်းအေးနေတဲ့ အသင်္ခတဓာတ်ဟု အဓိပ္ပါယ်ရသည်။
(ဒါကတော့ မူလအစ ဝါနတောနိက္ခန္တံက ဘယ်ပုံ ဘယ်နည်း နိဗ္ဗာန်လို့ ဖြစ်ပေါ် လာပါလိမ့်မည်နည်းဟု သဒ္ဒါရေးရာ၌ မလိမ္မာသေးရှာကြတဲ့ သူတို့ သိရှိနားလည် စေခြင်းငှါ ရှင်းပြခြင်းမျှသာ ဖြစ်တယ်၊ လိုရင်း မဟုက်လှပါ)
အယူအဆ မမှားကြစေနှင့်
အဆိုပါ ဝိဂြိုဟ်အရ တဏှာမှထွက်မြောက် တတ်သောကြောင့် နိဗ္ဗာန်လို့ ဆိုထားတော့ ရှေးအခါက နိဗ္ဗာန်ဟာ တဏှာရဲ့ လက်အောက်ခံ ဖြစ်နေရပြီး နောက်မှ ကြံကြံဖန်ဖန် တော်လှန် ပုန်ကန်၍ တဏှာရဲ့ လက်အောက်ခံ အဖြစ်မှ လွတ်မြောက် ထွက်မြောက် လာရသလိုလို ဤလိုအယူ မမှားကြစေနှင့် အတွေးအထင် မမှားကြစေနှင့် ဘာကြောင့်လဲ ဆိုတော့ နိဗ္ဗာန်ဟာ တဏှာရဲ့ လက်အောက်ခံ ဖြစ်ရမှာ နေနေသာသာ တဏှာနှင့်နိဗ္ဗာန်ဟာ (ဘုန်းကြီးနှင့် ခေါင်းဘီး၊ နံ့သာဆီနှင့်အီး ဆိုသကဲ့သို့) ဘယ်အခါ ဘယ်ကမ္ဘာကမှ စပ်ရှက်ခြင်း မရှိကြပါ။
တဏှာနှင့် နိဗ္ဗာန်ဟာ ကောင်းကင်နှင့် မြေကြီး အဝေးကြီး ဝေးသထက်ပင် အဆတရာ မကသာ၍ ဝေးနေသောကြောင့်ပေတည်း။ ထိုကြောင့် တဏှာ လက်အောက်က ထွက်မြောက်နေစရာ အလျှင်းပင် မလိုအပ်ပါ။
ဥပမာ ဆိုသည်ရှိသော် သံတွေခဲ ရဲရဲကြီးကို ယင်မပဲယင်း တို့ဟာ မချဉ်းဝန့် မကပ်ဝန့် မချဉ်းနိုင် မကပ်နိုင်သလို ထိုတူပမာ ယင်မပဲယိုင်းနှင့် တူနေတဲ့ တဏှာဟာ သံတွေခဲ ရဲရဲနှင့် တူနေတဲ့နိဗ္ဗာန်ကို မချဉ်းဝန့် မကပ်ဝန့် မချဉ်းနိုင် မကပ်နိုင်ပေ၊ ဒါဖြင့်လျှင် တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်လို့ ဘာကြောင့်ဆိုရသလဲဟု မေးရန် ရှိ၏၊ မေးလဲမေးသင့်၏။ သို့မှသာ (အမေးရှိလျှင် အဖြေရှိမြဲ)နှင့် အညီ အဖြေမှန် ထွက်ပေါ်လာပေမည်၊
အဖြေမှန်ကား - ဤတဏှာမှ ထွက်မြောက် တတ်သောကြောင့် နိဗ္ဗာန် ဆိုတဲ့ အဓိပ္ပါယ်ကို တဏှာ၏အာရုံ ပြုနိုင်ရာ ၃၁-ဘုံကို လွန်မြောက်၍ နေကြသောကြောင့်၊ ဝါ-လွန်မြောက်ရာ ဖြစ်သောကြောင့် နိဗ္ဗာန်ဆိုသည်ဟု အဓိပ္ပါယ်အမှန်ကို ယူပါ၊
တနည်းမှာ - တဏှာနှင့် နိဗ္ဗာန်ဟာ ဘယ်အခါကမှ သမ္ပယုတ် မဖြစ်ပါ၊ အမြဲတမ်း ဝိပ္ပယုတ်ဖြစ်နေပါသည်။ မုဆိုးနှင့် ဘုရားတကာ ကဲ့သို့၎င်း၊ သူတောင်းစားနှင့် စကြာမင်း ကဲ့သို့၎င်းတည်း၊ ဤလိုသမ္ပယုတ် မဖြစ် ဝိပ္ပယုတ် ဖြစ်နေကြသည်ကိုသာ ရည်၍ တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဆိုသည်ဟု အဓိပ္ပါယ်အမှန်ကို ယူပါလေ။
ဤလို ယူစေလိုသောကြောင့်ပင် ..
(က) ဝိသယာတိက္ကမဝသေန အတိတတ္တာ....ဟု ဝိဘာဝနီ၌။
(ခ) နိက္ခန္တန္တိ ဝိသယာတိက္ကမဝသေန အတိတာ တိ .ဟု မဏိမဉ္ဇူ၌ ဖွင့်ဆိုကြပေသည်။
အနက် (က)
ဝိသယာတိက္ကမဝသေန၊ တဏှာ၏ အာရုံပြုနိုင်ရာကို လွန်မြောက်သည်၏ အစွမ်း အားဖြင့်။
အတိတတ္တာ၊ လွန်မြောက်သည်၏ အဖြစ်ကြောင့်တည်း။
အနက် (ခ)
နိက္ခန္တန္တိ၊ နိက္ခန္တံ ဆိုသည်ကား။
ဝိသယာတိက္ကမဝသေန၊ တဏှာ၏ အာရုံပြုနိုင်ရာ သုံးဆဲ့တဘုံကို လွန်မြောက် သည်၏ အစွမ်းအားဖြင့်။
အတိတာ၊ လွန်မြောက်သည်တည်း။
ထိုတွင်...
(ဂ) သကလမ္ပိ ဘဝံ ဥတ္တရိတွာ ဘဝပိဋ္ဌေ ဋ္ဌတွာ ဟု - ခံ ဋ္ဌာ ၌ ဖွင့်ပြသည်။
အနက် (ဂ)
သော၊ ထိုပရိနိဗ္ဗာန်ဝင်စံသော ရဟန္တာပုဂ္ဂိုလ်သည်။
သကလမ္ပိ၊ အလုံးစုံလည်းဖြစ်သော။
ဘဝံ၊ ဘုံကို။
ဝါ၊ ၃၁-ဘုံကို။
ဥတ္တရိတွာ၊ လွန်မြောက်၍။
ဘဝပိဋ္ဌေ၊ ၃၁-ဘုံ၏ ပြင်ဘက်၌။
ဋ္ဌတွာ၊ ငြိမ်းအေးသော အေးမြသော ချမ်းသာသော သန္တိသုခ သဘော ရှိသော အသင်္ခတဓာတ် နိဗ္ဗာန်ချမ်းသာမြတ်၌။
ဝါ၊ နိဗ္ဗာန်ရွှေနန်း၌ နိစ္စ သုခ သဿတ ဓုဝ အမြဲတမ်း အချမ်းသာကြီး ချမ်းသာ၍ တည်နေ၍။
(ဤ၌ ရဟန္တာပုဂ္ဂိုလ် ဆိုသည်မှာ ဘူတပုဗ္ဗဂတိက နည်းအရဆိုသည်၊ ပညတ် အဆိုတည်း၊ ပရမတ် အားဖြင့်ကား မရကောင်းဟု သိလေ၊ အမှန်မှာ ဖြစ်နေကြ သင်္ခါရတို့၏ မဖြစ်ခြင်းမျှသာတည်း)
အမှာ
ဤလို အထက်အဆိုပါ ဋီကာ ဋ္ဌကထာတို့၏ အဖွင့်အဆိုကို ထောက်၍ တဏှာ၏ အာရုံပြုနိုင်ရာ ၃၁-ဘုံကို လွန်မြောက်၍ နေသည်ကိုပင် တဏှာမှ ထွက်မြောက် တတ်သောကြောင့် နိဗ္ဗာန်ဆိုသည် ဟု အဓိပ္ပါယ်ယူ၊ တဏှာကား ၃၁-ဘုံတွင်သာ အာရုံပြုနိုင်သည်၊ ၃၁-ဘုံ အပြင်ဘက်မှာ အလွတ်ဖြစ်နေတဲ့ နိဗ္ဗာန်ကို လုံးဝ အာရုံ မပြုနိုင်ဟုသိလေ။
ထိုပြင် …
(က) ကာယဿ ဘေဒါ ဓမ္မဋ္ဌော သင်္ချံ နောပေတိ ဝေဒဂူ။ (သဠာယတနသံယုတ်ပါဠိ)
(ခ) ဓမ္မဋ္ဌောတိ အသေက္ခဓမ္မေသု နိဗ္ဗာနေ ဧဝ ဝါ ဋ္ဌိတော။ (၎င်းအဖွင့်အဋ္ဌကထာ)
(ဂ) ဓမ္မဋ္ဌောတိ မနုဿောတိဝါ ဒေဝေါတိဝါ သင်္ချံ နဥပေတိ အနုပါဒိသေသ နိဗ္ဗာနဝသေနာပိ အတ္ထော ဝတ္တဗ္ဗော။ (၎င်းအဖွင့်ဋီကာ)
အနက် (ခ, ဂ ပါဠိတို့မှ)
(က) ဝေဒဂူ၊ ရဟန္တာပုဂ္ဂိုလ်သည်။
ကာယဿ၊ ခန္ဓာကိုယ်၏။
ဘေဒါ ၊ ပျက်ခြင်းကြောင့်။
ဝါ၊ ပရိနိဗ္ဗာန် စံခြင်းကြောင့်။
ဓမ္မဋ္ဌော၊ ငြိမ်းအေးသော နိဗ္ဗာန်ရွှေနန်း၌ တည်နေသည်ရှိသော်။
သင်္ချံ၊ လူ နတ် ဟူသော ရေတွက်ခြင်းသို့။
နောပေတိ နဥပေတိ၊ မရောက်တော့ပြီ။
(ခ) ဓမ္မဋ္ဌောတိ၊ ဓမ္မဆိုသည်။
အသေက္ခဓမ္မေသု၊ အရဟတ္တဖိုလ် ဟူသော အသေက္ခတရားတို့၌။
(ဌိတောမှာစပ်) ဝါ၊ တနည်းကား။
နိဗ္ဗာနေ ဧဝ၊ ရုပ်နာမ် ခန္ဓာ တဖန်အသစ်မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသော အနုပါဒိသေသ နိဗ္ဗာန်၌သာလျှင်။
ဋ္ဌိတော၊ ငြိမ်းအေးသော သန္တိ သဘောဖြင့် အမြဲတည်နေတော့၏။
(ဂ) ဓမ္မဋ္ဌောတိ၊ နိဗ္ဗာန်၌ တည်နေသည်ရှိသော်။
မနုဿောတိဝါ၊ လူ ဟူ၍၎င်း။
ဒေဝေါတိဝါ၊ နတ်ဟူ၍၎င်း။
သင်္ချံ၊ ခေါ်ဝေါ်ရေတွက်ခြင်းသို့။
ဝါ၊ ပညတ်ခြင်းသို့။
နဥပေတိ၊ မရောက်တော့။
အနုပါဒိသေသ နိဗ္ဗာန ဝသေနာပိ၊ ဝိပါက်ကမ္မဇရုပ် အကြွင်းမဲ့ချုပ်သော အနုပါဒိသေသ နိဗ္ဗာန်၏ အစွမ်းဖြင့်လည်း။
အတ္ထော၊ နိဗ္ဗာန်၌ တည်နေသည်ဟူသော အနက်ကို။
ဝတ္တဗ္ဗော၊ ပြောဆိုအပ်၏။
(ဤ အဆိုပါ ပါဠိအဋ္ဌကထာ ဋီကာကို ထောက်၍ တဏှာမှ ထွက်မြောက်ပုံကို သိလေ)
(ရှေးဦးစွာ တပါးတည်းသာ) “ဧကမေဝ ဟိ နိဗ္ဗာနံ” ဆိုတဲ့ သမ္မာ ဋ္ဌကထာနှင့်အညီ အဆိုပါ အသင်္ခတဓာတ်နိဗ္ဗာန် တရားတော်မြတ်ကြီးသည် “ယထာ ယံ ပဒီပေါ အနုပါဒါနော ဇာတဝေဒေါဝိယ” ကဲ့သို့ လောင်မီး ကိလေသာ လောင်စာခန္ဓာ အကြွင်း အကျန် မရှိသောကြောင့် ငြိမ်းအေးသော သန္တိသဘောအားဖြင့်။ ဝါ၊ အငြိမ်းဓာတ် အဧဓာတ်ဖြစ်တဲ့ အသင်္ခတဓာတ် အဖြစ်ဖြင့် တပါးတည်းသာ ရှိ၏ဟု သိလေ မှတ်လေပါ။
သို့ရာတွင် … ကာရဏပရိယအားဖြင့် ခန္ဓာအကြွင်း ရှိ-မရှိကိုစွဲ၍ သဥပါဒိသေသနိဗ္ဗာန် အနုပါဒိသေသနိဗ္ဗာန်ဟု နှစ်မျိုးရှိ၏၊
အာကာရဘေဒ အားဖြင့် ကိလေသာ ဆိတ်သုဉ်းခြင်း ကိလေသာ အကြောင်း ကင်းခြင်း ကိလေသာ တောင့်တခြင်း မရှိသည်ကိုစွဲ၍ သုညတနိဗ္ဗာန် အနိမိတ္တနိဗ္ဗာန် အပ္ပဏီဟိတနိဗ္ဗာန်ဟု သုံးမျိုး ရှိ၏၊
ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန် ဓာတုပရိနိဗ္ဗာန် သည်ဖြင့် များအပြားရှိ၏။
သို့များသော်လည်း “သန္တိ သီတိဘာဝ လက္ခဏာ” ရှိတဲ့ အသင်္ခတ ပရမတ္ထနိဗ္ဗာန်၏ စကားလှယ် ပရိယာယ် ဝေဝုစ်တို့သာတည်းဟု သိလေ မှတ်လေ၊
ထိုတွင် ကိလေသနိဗ္ဗာန် သဥပါဒိသေသနိဗ္ဗာန် သုညတ အနိမိတ္တ အပ္ပဏီဟိတနိဗ္ဗာန် တို့မှာ အတူ သဘောတူသာမှတ်၊ ခန္ဓပရိနိဗ္ဗာန် အနုပါဒိသေသနိဗ္ဗာန် ဓာတုပရိနိဗ္ဗာန် တို့မှာလည်း သဘောတူ။
တနည်း – “နိဗ္ဗန္တိ ဧတ္ထာတိ နိဗ္ဗာနံ”
ဧတ္ထ၊ ဤငြိမ်းအေးခြင်း သန္တိ လက္ခဏာရှိသော နိဗ္ဗာန်၌။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဝါ၊ ကုန်အောင် စုံသော ကိလေသာခန္ဓာတို့သည်။
ဝါ၊ ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့သည်။
နိဗ္ဗန္တိ၊ အကြောင်းကိလေသာ ကုန်၍ အကျိုးခန္ဓာလည်း ကုန်သောကြောင့်။
ဝါ၊ အကြောင်းကိလေသာ အသစ်မဖြစ်၍ အကျိုးခန္ဓာလည်း အသစ် မဖြစ် သောကြောင့်။
ဝါ၊ အကြောင်းကိလေသာ ပြတ်၍ အကျိုးခန္ဓာလည်း ပြတ်သောကြောင့် လောင်စာ ကုန်သော မီးကဲ့သို့ အငြိမ်းကြီးငြိမ်း အအေးကြီး အေးကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
တံ၊ ထိုသန္တိသဘောသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။
တနည်း– နိဗ္ဗူယတေ နိဗ္ဗာနံ”
နိဗ္ဗူယတေ၊ ငြိမ်းအေးခြင်း။
နိဗ္ဗာနံ၊ ငြိမ်းအေးခြင်း။
ဝါ၊ တနည်းကား။
နိဗ္ဗူယတေ၊ အသစ်မဖြစ်ဘဲ ငြိမ်းခြင်း။
နိဗ္ဗာနံ၊ အသစ်မဖြစ်ဘဲငြိမ်းခြင်း။
တဏှာပယ်တဲ့ မဂ်အကျင့်ကို ကျင့်သောကြောင့် အရဟတ္တမဂ်နောင်မှာ အကြောင်း ကိလေသာ အသစ်မဖြစ်တော့ သည်ဖြစ်၍ အရဟန္တစုတိ နောင်မှာလည်း အကျိုးခန္ဓာ လည်း အသစ် မဖြစ်တော့ဘဲ အကြောင်းကိလေသာ အသစ်အသစ်ဖြစ်မှု အကျိုးခန္ဓာ အသစ် အသစ်ဖြစ်မှု အပြီးအပြတ် လက်စသတ် ငြိမ်းအေးနေတဲ့ အငြိမ်းဓာတ် အအေး ဓာတ် သက်သက်သာ ဖြစ်နေတဲ့ မည်သည့်တရား မည်သူမှ မပြုပြင်တဲ့ အသင်္ခတ ဓာတ်ကို နိဗ္ဗာန်ဆိုသည်ဟု သိလေ မှတ်လေ။
အဆိုပါ အငြိမ်းဓာတ် အအေးဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကိုပင် မဂ်စိတ် ဖိုလ်စိတ်တို့ဖြင့် အာရုံပြု၍ပြု၍ သတ္တဝါ သူ ငါတို့သန္တာန်၌ အနုသယ အနေအားဖြင့် အမြဲတန်း ကိန်းဝပ် ငုတ်လျှိုးနေတဲ့ အဝိဇ္ဇာ တဏှာ စသော ကိုယ်တွင်းရှိ ကိလေသာ အမိုက်အမဲ အပူအရှုတ်တို့သည် တစတစ၊ ဝါ တမဂ်ထက် တမဂ် ကုန်ကြ ခန်းကြ ပျောက်ကြ ပျက်ကြကုန်၏။
ထို့ကြောင့်ပင်....
“ဧဝံ အဝိဇ္ဇာ စ တဏှာ စ တံ အာဂမ္မ တမှိ ခီဏံ တမှိ ဘဂ္ဂံ”
ဟု ဟောတော်မူခဲ့ပေသည်။
အနက်
ဧဝံ၊ ဤသို့။
အဝိဇ္ဇာ စ၊ သစ္စာလေးတန် ပုဗ္ဗာန် ပရန် ပုဗ္ဗန္တ ပရန္တ ပဋိစ္စသမုပ္ပါဒ ဤရှစ်ဋ္ဌာန၌ မသိတွင်းနက်၍ မသိချက် ဆိုးဝါးလှတဲ့ အဝိဇ္ဇာသည်၎င်း။
တဏှာ စ၊ ရှိသမျှဥဿုံ အလုံးစုံများပြား ကာမဂုဏ်ငါး ဘုံသုံးပါးတို့၌ တပ်မက် တွယ်တာသော တဏှာသည်၎င်း။
တံ၊ ထိုချမ်းသာအမှန် မြတ်နိဗ္ဗာန်ကို။
အာဂမ္မ၊ စွဲ၍။
ဝါ၊ ရောက်၍။
ဝါ၊ အာရုံပြုသောအားဖြင့် ရောက်၍။
(ဘဂ္ဂံမှာ စပ်)
တမှိ၊ ထိုနိဗ္ဗာန်ကြောင့်။
ခီဏံ၊ အဝိဇ္ဇာ တဏှာကုန်လေပြီ။
တမှိ၊ ထိုနိဗ္ဗာန်ကြောင့်။
ဘဂ္ဂံ၊ အဝိဇ္ဇာ တဏှာ စသော ကိလေသာတို့ဟာ ကျိုးပဲ့ပျက်စီးကြလေကုန်ပြီ။
အဆိုပါ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အာရုံပြု၍ပင်လျှင် ရာဂ စသော တဆဲ့ တသီး အပူမီးတို့သည် တမဂ်ထက် တမဂ် ငြိမ်းအေး ငြိမ်းအေး သွားကြလေကုန်၏။ ထိုကြောင့်ပင်...
ယသ္မာ ပနေတံ အာဂမ္မ ရာဂါဒယော ခိယန္တိ တသ္မာ ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော တိ ဝုတ္တံ အယ မေတ္တ အာစရိယာနံ သမာနတ္ထကထာ။
(သမ္မော ဋ္ဌကထာ)
အနက်
ယသ္မာပန၊ အကြင့်ကြောင့်ကား။
ဧတံ၊ ထိုနိဗ္ဗာန်ကို။
အာဂမ္မ၊ စွဲ၍။
ဝါ၊ အာရုံပြု၍။
ဝါ၊ အာရုံပြုရသောကြောင့်။
ရာဂါဒယော၊ ရာဂ စသော ကိလေသာတို့သည်။
ဝါ၊ ရာဂ, ဒေါသ, မောဟ ဇာတိ ဇရာ မရဏ, သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ဟူသော တဆဲ့တသီး အပူမီးတို့သည်။
ခီယန္တိ၊ မဂ်သတ္တိ ဖိုလ်သတ္တိ အာနုဘော်ကြောင့် ကုန်ခမ်း ငြိမ်းသေကြလေကုန်၏။
တသ္မာ၊ ထိုကြောင့်။
တံ၊ ထိုနိဗ္ဗာန်ကို။
ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော တိ၊ ခယောဟူ၍။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
ဣတိအယံ၊ ဤဆိုအပ်ပြီးသော အဆုံးအဖြတ်သည်ကား။
ဧတ္တ၊ ဤနိဗ္ဗာန်ကို ဆုံးဖြတ်ရာ၌။
အာစရိယာနံ၊ အဋ္ဌကထာ ဆရာ့ဆရာတို့၏။
သမာနတ္ထကထာ၊ သဘောတူဆုံးဖြတ်ကြသော နိဗ္ဗာန်အဆုံးအဖြတ်ပေတည်း။
ဝိဂြိုဟ်နှင့် အရကောက်များ
ဤ၌ ရာဂက္ခယော ဟူသောပုဒ်ကို “ရာဂေါခီယျတိ ဧတ္ထာတိ ရာဂက္ခယော” ဟု အကရဏသာဓ် ဝိဂြိုဟ်ပြု၍ အရကောက်ကို ပြဆိုဦးအံ့ ....
ရာဂဟူသော ရှေးပုဒ်အရကား - ရာဂဟုဆိုအပ်သော လောဘစေတသိက်ကို ရ၏၊ ခီဓာတ်အရ နိဗ္ဗာန်ဟုဆိုအပ်သော အသင်္ခဘဓာတ်ကို အာရုံပြု၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့၏ ရာဂကို ပယ်သတ်တတ်သော ပဟာယကသတ္တိသည် မုချအားဖြင့် ရ၏။
မဂ်သည် ပယ်သတ်အပ်သော ရာဂ၏ မရှိခြင်း ကုန်ခြင်း အဘာဝသည် ကာရဏူ ပစာရတ္ထ အားဖြင့် ရ၏၊
ဧတ္ထဟူသော အဓိကရာဓ်၏ အရကား ထိုမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့အား တပ်သောနိဗ္ဗာန် ဟုဆိုအပ်သော အသင်္ခတဓာတ် ရ၏၊
အာရမ္မဏ အာရမ္မဏာဓိပတိပစ္စယ သတ္တိသည် ဋ္ဌာနျူပစာရတ္ထ အားဖြင့် ရ၏၊
ဏ-ပစ္စည်း၏ အရကား ထို မုက္ချဋ္ဌာနျူပစာရတ္ထတို့ဖြင့် မှတ်အပ်သော နိဗ္ဗာန်ဟု ဆိုအပ်သော အသင်္ခတ ဓာတ်ကိုရ၏ဟု မှတ်ရမည်။
(ဤကား-ဝိဂြိုဟ်အရကောက်တည်း)
.
နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
၁။ အ ဇဇ္ဇရံ ... ဇရာဘေးဖြင့် ဆွေးမြေ့ အိုမင်း ဟောင်းနွမ်းခြင်း မရှိသော နိဗ္ဗာန်။
၂။ ဓုဝံ - ငြိမ်းအေးခြင်း သဘောဖြင့် မြဲမြံ ခိုင်ခန့်သော နိဗ္ဗာန်။
၃။ အပလောကိကံ ... မိမိလည်း ပျက်စီးခြင်းမရှိ၊ မိမိနိဗ္ဗာန်သို့ ရောက်သူ တို့ကိုလည်း မပျက်စီးစေနိုင်သော နိဗ္ဗာန်။
၄။ အနိဒဿနံ .... ပကတိမျက်စိဖြင့် မမြင်စကောင်း, မဂ်ဉာဏ် ဖိုလ်ဉာဏ် မျက်စိတို့ ဖြင့်သာ မြင်စကောင်းသော နိဗ္ဗာန်။
၅။ နိပ္ပပဉ္ဇံ .... တဏှာ, မာန, ဒိဋ္ဌိဟူသော ပပဉ္စတရား မရှိရာဖြစ်သော နိဗ္ဗာန်။
၆ ။ သန္တံ ... တဆဲ့တသီး အပူမီးတို့၏ ငြိမ်းအေးရာ ဖြစ်သော နိဗ္ဗာန်။
၇။ အဇာတိ ... တဖန်တဖန် ပြန်၍ ပြန်၍ ပဋိသန္ဓေ နေရခြင်း မရှိသော နိဗ္ဗာန်။
၈။ အဇရာ ... မိမိလည်းမအို မိမိကိုမှီခိုသော သူတို့ကိုလည်း မအိုစေနိုင်သော နိဗ္ဗာန်။
၉။ အဗျာဓိ ... မိမိလည်းမနာ, မိမိသို့ ရောက်လာသော သူတို့ကိုလည်း မနာစေနိုင်သော နိဗ္ဗာန်။
၁ဝ။ အမတံ … မိမိလည်းမသေ မိမိသို့ ရောက်သွားသော သူတို့ကိုလည်း မသေစေ နိုင်သော နိဗ္ဗာန်။
၁၁။ ပဏီတံ ... ဆိုအပ်ပြီးသော ဂုဏ်တို့ကြောင့် မွန်မြတ်လှစွာသော နိဗ္ဗာန်။
၁၂။ သီဝံ ... အေးမြ ချမ်းသာလှသော နိဗ္ဗာန်။
၁၃။ ခေမံ .... ဘေးပေါင်းကင်းစေ ရန်မျိုးကြဉ်သော နိဗ္ဗာန်။
၁၄။ တဏှက္ခယံ .. တဏှာကို ကုန်စေတတ်သော နိဗ္ဗာန်။
၁၅။ အစ္ဆရိယံ ... အံ့ဘွယ်သရဲ အံ့အဲလောက်သော နိဗ္ဗာန်။
၁၆။ အဗ္ဗူတံ ... တရံတဆစ် ရှေးက မဖြစ်ဘူးတဲ့ အထူးဖြစ်ပေါ် လာပြီးနောက် မပျောက် မပျက် အမြဲတည်သော နိဗ္ဗာန်။
၁၇။ အနီတိကံ .... ဆင်းရဲဘေးဒဏ် ရန်မာန်ကင်းရာဖြစ်သော နိဗ္ဗာန်။
၁၈။ နိဗ္ဗာနံ ... ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ ဖြစ်သော နိဗ္ဗာန်။
၁၉။ အဗျာပဇ္ဇံ ... တစုံတခု ဘေးရန်မှုကြောင့် ကြောင့်ကြစရာ မရှိတဲ့ နိဗ္ဗာန်။
၂၀။ ဝိရာဂေါ .... ရာဂ ကင်းဝေးရာဖြစ်သော နိဗ္ဗာန်။
၂၁။ သုဒ္ဓိ .. တထောင့်ငါးရာ ကိလေသာတို့မှ စင်ကြယ်ရာ ဖြစ်သော နိဗ္ဗာန်။
၂၂။ ဝိမုတ္တိ .... ဘုံသုံးပါးတို့မှ လွတ်ရာဖြစ်သော နိဗ္ဗာန်။
၂၃။ အနာလယံ ... တွယ်တာခြင်း တဏှာတို့၏ မသီလာနိုင်ရာ ဖြစ်သော နိဗ္ဗာန်။
၂၄။ ဒီပံ … သင်္ဘောပျက်ပြား ရေဝယ်မျောသွား သင်္ဘောသားတို့၏ မှီခိုရာ ကျွန်း သောင်ကြီးကဲ့သို့ သံသရာဝယ် ထောက်တည်ရာမရ မျောသွားကြသူ ဝေနေလူတို့၏ မှီခိုရာ ဖြစ်သော နိဗ္ဗာန်။
၂၅။ လေဏံ .... မိုးစပ်နေပူ ရန်သူနှိပ်စက် ထွက်ပြေးရသူတို့၏ ပုန်းအောင်းရာ ကျောက်ဂူကြီး ကဲ့သို့ သံသရာ ဒုက္ခဖြင့် နှိပ်စက်ခံရသူ ဝေနေယျ လူတို့၏ပုန်းအောင်း မှီခိုရာဖြစ်သော နိဗ္ဗာန်။
၂၆။ တာဏံ ... ခန္ဓာဝန်ဒုက္ခတို့ဖြင့် နှိပ်စက်ကုန်သူတို့ကို မနှိပ်စက် ရအောင် စောင့်ရှောက် ကယ်ဆယ် ကိုးကွယ်ရာ ဖြစ်သော နိဗ္ဗာန်။
၂၇။ သရဏံ ... ဘေးဒုက္ခဟူသမျှတို့ကို မွမွကြေအောင် ဖျက်ဆီးပေတတ်သော နိဗ္ဗာန်။
၂၈။ ဝါ- သရဏံ ... ဇာတိ ဇရာစသော ဘေးတို့ကို ဖျက်ဆီးတတ်သည် ဖြစ်၍ နိဗ္ဗူတ ပုဂ္ဂိုလ်တို့၏ ကိုးကွယ်မှီခိုရာဖြစ်သော နိဗ္ဗာန်။
၂၉။ ပရာယနံ ... သံသရာရေး တကယ့်ဘေးမှ ပြေးသွား ခိုနေရာ ဖြစ်သော နိဗ္ဗာန်။
၃၀။ အမရဏံ ... မအို မသေ အမြဲနေ၍ သေခြင်းမရှိရာ ဖြစ်သော နိဗ္ဗာန်။
ဤသို့စသည်ဖြင့် ပါဠိဋ္ဌကထာ ဋီကာကျမ်းတို့၌ နိဗ္ဗာန်၏ဂုဏ်ပုဒ်တို့သည် မရေ မတွက်နိုင် များပြားစွာ ရှိကုန်၏၊
သို့လာရှိသော်လည်း သစ္စာလေးပါးတို့တွင် တတိယ သစ္စာ ခေါ်သော နိရောဓသစ္စာဘွဲ့ ထိုက်သော ပရမတ္ထဓမ္မ အသင်္ခတဓာတ် ဖြစ်သော နိဗ္ဗာန် တပါးတည်း၏ ဝေဝုစ် ပရိယာယ် စကားလဲလှယ်၍ ဟောတော်မူခြင်းမျှသာ ဖြစ်သည်ဟု သိမှတ်အပ်သည်။
မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်ဟူသည် ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ တို့၏ နိဗ္ဗာန်ကိုအာရုံပြု၍ဖြစ်သော ပဟာယက သတ္တိရှိသော မဂ်ကြောင့် ရာဂ စသော ကိလေသာ ခန္ဓာတို့၏ ကုန်ဆုံး ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း ဖြစ်သော ငြိမ်းအေးသောသဘော အေးမြသောသဘော ချမ်းသာသောသဘော သီတိဘာဝ သန္တိလက္ခဏ ရှိ၍ နိရောဓသစ္စာ ထိုက်သော ပရမတ္ထအားဖြင့် နိစ္စ သုခ အနတ္တအနေ အမြဲတမ်း ထင်ရှားရှိသော အငြိမ်းဓာတ် အအေးဓာတ် သက်သက်သာ ဖြစ်သော အသင်္ခတဓာတ်ကို နိဗ္ဗာန်ဆို၏။
(ဤကား-အယူအဆ တူညီကြတဲ့ ဋ္ဌကထာဆရာတို့၏ သမာန ဝါဒတည်း)
.
အယူအဆ မတူ
ဝိတဏ္ဍဝါဒီတို့ အယူ
သမာနဝါဒီ အယူအဆ တူညီမျှသော ဋ္ဌကထာဆရာတို့၏ နိဗ္ဗာန် အယူအဆကို ပြဆိုပြီး၍ ထိုဆရာတို့နှင့်မတူ အယူကွဲပြား တမျိုးတခြား ဆန့်ကျင်ဘက် ဂွ-ဂလန့် ကျအောင် ယူဆတတ်သော ဝိတဏ္ဍဝါဒီ ဆရာတို့၏၊ ဝါ - ဘေးဖောက်သမားတို့၏၊ ဝါ- အတိုက်အခံ သမားတို့၏ နိဗ္ဗာန်အယူအဆကို ပြဆိုဦးအံ့။
အဆိုပါ ဝိတဏ္ဍဝါဒီဆရာတို့ အယူအဆကတော့ မဂ် ဖိုလ်တို့၏ အာရုံ ဖြစ်သော ငြိမ်းအေးသော သဘောဖြင့် ထင်ရှားရှိနေသော အသင်္ခတဓာတ် ဖြစ်သော နိဗ္ဗာန်လို့ တသီးခြား တပါး မရှိတော့ပြီ၊ ရာဂ စသော ကိလေသာ ကုန်သွားခြင်းပင် နိဗ္ဗာန်မည်၏ ယူဆသည်၊ အဘာဝပညတ်ကို နိဗ္ဗာန်ဟု ယူမှားခြင်းပင်တည်း၊
ထင်ရှားစေဦးအံ့ - ကိလေသာ ကုန်ခြင်းသည် ဝါ-ကုန်သွားပြီးသော ကိလေသာသည် ဘာတခုမှမရှိတော့ မကြွင်းကျန် တော့သည်ဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အဘာဝပညတ်မျှသာတည်း၊
နိဗ္ဗာန်ကား မျက်မြင်ထင်ရှားရှိသော ပရမတ္ထတရား လေးပါးတို့တွင် တပါး အပါအဝင် ဖြစ်သည့်ပြင် အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး တို့တွင် ဓမ္မာယတန ဓမ္မဓာတ် တပါးဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘာဝပရမတ်တည်း၊
ဤလိုဤပုံ ပရမတ်အားဖြင့် ထင်ရှားမရှိတဲ့ အဘာဝ ပညတ်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိတဲ့ သဘာဝပရမတ်ကို ခွဲ၍ မသိတတ်သည့် အတွက် အယူအဆ မှားခြင်း ဖြစ်လေသည်၊
စကတဲကပင် လွဲမှားလေပြီ၊ ဒေါက်ရှောက် လွဲမှားတော့လတ္တံ့၊ ကိလေသနိဗ္ဗာန် သဥပါဒိသေသ နိဗ္ဗာန်ဟု ယူလျှင်မူကား ခံသာသေး၏။
ထိုအခါ အဆိုပါ ဝိတဏ္ဍဝါဒီပုဂ္ဂိုလ်ကို သမာနဝါဒီ ပုဂ္ဂိုလ်တို့က ကိလေသာကုန်ခြင်း မျှကို ပရမတ်နိဗ္ဗာန် ဆိုလျှင် သင်ဆိုတဲ့ သင်ယူတဲ့အတိုင်း ဘုရားဟော ပါဠိများကို ပြနိုင်ပမလားလို့ မေးကြတဲ့ခါ ဝိတဏ္ဍဝါဒီက -
“နိဗ္ဗာနံ နိဗ္ဗာနန္တိ အာဝုသော သာရိပုတ္တ ဝုစ္စတိ ကတမံ နု ခေါ နိဗ္ဗာနန္တိ ယော ခေါ အာဝုသော ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော ဣဒံဝုစ္စတိ နိဗ္ဗာနံ။”
ဟု ဇမ္ဗူခါဒကသုတ်၌ ရှင်သာရိပုတ္တရာ ဟောထားတဲ့ ပါဠိကို ထုတ်ပြ၏။
အဓိပ္ပါယ်ကား ....
ငါ့ရှင် သာရိပုတ္တရာ … သူက ငါက နိဗ္ဗာန် နိဗ္ဗာန်ဟု တညံညံ ပြောဆိုနေကြ၏၊ နိဗ္ဗာန်သည် အဘယ်ဟာပါနည်းဟု ရဟန်းတို့က မေးကြတဲ့ခါ ရှင်သာရိပုတ္တရာက ငါ့ရှင်တို့ … အကြင် ရာဂ၏ ဒေါသ၏ မောဟ၏ ကုန်ရာ ကုန်ကြောင်းသည် ရှိ၏၊ ဤလောဘ ဒေါသ မောဟတို့၏ ကုန်ရာကုန်ကြောင်းကို နိဗ္ဗာန်ဆိုအပ်၏ဟု ဖြေ၏။
တဖန် သမာနဝါဒီတို့က ဝိတဏ္ဍဝါဒီအား စကားကျကို ကောက်ခြင်းငှါ၊ ဝါ-ဖွတ်မြီးနှင့် ဖွတ်တုတ် ဆိုတာလို့ သူ့စကားနှင့် သူ့ကိုပြန်တုတ်မိစေခြင်းငှါ သင်သည် ဤသုတ်ကို ဆောင်ပြအပ်ပေပြီ၊ တပါးသော သုတ်ကို ထုတ်ဆောင်၍ ပြဦးလောဟု ထပ်၍ မေးကြတဲ့ခါ -
“အရဟတ္တံ အရဟတ္တန္တိ အာဝုသော သာရိပုတ္တ ဝုစ္စတိ ကတမံ နု ခေါ အရဟတ္တန္တိ ယော ခေါ် အာဝုသော ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော ဣဒံဝုစ္စတိ အရဟတ္တံ။”
ဤသုတ်ကိုထုတ်ပြပြန်၏။
အဓိပ္ပါယ်ကား...
ရှင် သာရိပုတ္တရာ … သူက ငါက အရဟတ္တဖိုလ် အရဟတ္တဖိုလ်ဟု တညံညံ ပြောဆိုနေကြ၏၊ အရဟတ္တဖိုလ်သည် အဘယ်ဟာပါနည်းဟု ရဟန်းတို့က မေးကြတဲ့ ရှင်သာရိပုတ္တရာက ငါ့ရှင်တို့ … အကြင် ရာဂ၏ ဒေါသ၏ မောဟ၏ ကုန်ရာသည်ရှိ၏၊ ဤလောဘ ဒေါသ မောဟ၏ ကုန်ရာကို အရဟတ္တဖိုလ်ဆိုအပ်၏ဟု ဖြေ၏။
ဤလို ဝိတဏ္ဍက အကိုးအကား ထုတ်ပြတဲ့ခါ သမာနဝါဒီတို့က ငါ့ရှင် ဝိတဏ္ဍ သင် ထုတ်ပြအပ်သော ပါဠိ၌ ရှင်သာရိပုတ္တရာသည် နိဗ္ဗာန်ကို မေးတဲ့ခါ လောဘ ဒေါသ မောဟတို့၏ ကုန်ကြောင်းကို နိဗ္ဗာန်ဟု ဖြေဆို၏။
တဖန် အရဟတ္တဖိုလ်ကို မေးတဲ့ခါလည်း လောဘ, ဒေါသ, မောဟတို့၏ ကုန်ရာကို အရဟတ္တဖိုလ်ဟု ဖြေဆို၊ ဤလို ဖြေဆိုတဲ့ ရှင်သာရိပုဏ္ဏရာ၏ အာဘောဂနှလုံးသွင်းကို သင် ရိပ်စားမိရဲ့လား၊ မရိပ်စားမိလို့ သင် အယူ အဆ မှားတာဘဲ နောက်ကို ဤလို မယူမှားမိစေနှင့်။
နိဗ္ဗာန်နှင့် အရဟတ္တဖိုလ်ဟာ တူသလား ထူးသလား သင်ပြန်၍စဉ်းစား နိဗ္ဗာန်ကား - စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတဲ့ ပရမတ္ထတရား လေးပါးတွင် တပါး အပါအဝင် ဖြစ်သည့်ပြင် ဓမ္မာယတန ဓမ္မခေတ်၌ တွက်ကျုံးဝင်သော ပရမတ်အားဖြင့် ထင်ရှား ရှိသော သဘာဝ အသင်္ခတ တရားတည်း။
အရဟတ္တဖိုလ်ကား - နာမက္ခန္ဓာလေးပါးတွင် ပါဝင်သော သင်္ခတ တရားတည်း။
သင်္ခတနှင့် အသင်္ခတ၊
ပြုပြင်အပ်တာနှင့် မပြုပြင်အပ်တာ၊
ဖြစ်ပျက်တာနှင့် မဖြစ်ပျက်တာ၊
ဖြစ်ခြင်း ပျက်ခြင်းရှိတာနှင့် ဖြစ်ခြင်းပျက်ခြင်း မရှိတာ၊
ဆင်းရဲနှိပ်စက်တာ မှန်တာနှင့် ချမ်းသာ ဧမြတာမှန်တာ၊
ဤလိုဤပုံ နိဗ္ဗာန်နှင့် အရဟတ္တဖိုလ်ဟာ သဘော သဘာဝတ္ထအားဖြင့် ထူးခြားကြ သည် မတူဟု သိလေဟု သမာနဝါဒီတို့က ဝိတဏ္ဍဝါဒီကို လမ်းမှန်ပြ၍ ဓမ္မအားဖြင့် နှိပ်စက်ကြ၏။
မှတ်ချက်
ဤ၌ ရာဂက္ခယ - ရာဂ၏ ကုန်ရာကို အရဟတ္တဖိုလ်ဟု ရှင်သာရိပုတ္တရာ ဖြေဆိုတော် မူသည်မှာ ရာဂစသည်တို့၏ ကုန်ရာအဆုံး၌ ထိုအရဟတ္တဖိုလ် တရား ဖြစ်ပေါ် လာသည် ဖြစ်သောကြောင့် ထိုအရဟတ္တဖိုလ် တရားသည် ရာဂစသော ကိလေသာ တို့၏ ကုန်ခြင်းအဆုံးနှင့် လွန်စွာ နီးကပ်နေသောကြောင့် သမီဝူပစာ၏ အစွမ်းအားဖြင့် ရာဂစသည်၏ ကုန်ရာကိုပင် အရဟတ္တဖိုလ်ဟု ဖြေတော်မူသည်ဟု အဓိပ္ပါယ် အမှန်ကို ယူ။
ထိုသို့ ယူစေလိုသောကြောင့်ပင် -
၁။ “ရာဂါဒီနံ ခီယန္တေ ဥပ္ပန္နတ္တာ အရဟတ္တံ ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော တိ ဝုစ္စတိ။”
(သမ္မော ဋ္ဌကထာ)
၂။ “ယသ္မာ အဝိဇ္ဇာဒီနံ နိရောဓောနာမ ခီဏာကာရောပိ ဝုစ္စတိ အရဟတ္တမ္ပိ နိဗ္ဗာနမ္ပီတိ။”
(ဒု-အင်္ဂုတ္တရဋ္ဌ)
၃။ “ရာဂက္ခယောတိ ရာဂဿခယော ခီဏာကာရော။”
(ဣတိဝုဘ်-ဋ္ဌ)
တို့၌ ဖွင့်ပြကြသည်။
အဆိုပါ သမ္မော အင်္ဂုတ္တရ ဣတိဝုတ္တကဋ္ဌကထာ တို့အရ လိုရင်းအချုပ်မှာ အနက်ပေး အနက်ဘော်သာ ပဓာနဖြစ်သည်။ ရာဂက္ခယ ဒေါသက္ခယ မောဟက္ခယ နိရောဓ သဒ္ဒါ တို့၌ ပါရှိသော ကုန်ခြင်း ချုပ်ခြင်းဟာ ခယ သဒ္ဒါ, နိရောဓ သဒ္ဒါသည် သက်ဆိုင်ရာသို့ လိုက်၍ အရဟတ္တဖိုလ်ကိုလည်း ဟောနိုင်, နိဗ္ဗာန်ကိုလည်း ဟောနိုင် ကိလေသာ ကုန်ကာမျှ အဘာဝကိုလည်း ဟောနိုင်သည်ဖြစ်၍ အဆိုပါ ရာဂက္ခယ စသည်ကို အရဟတ္တဖိုလ်နှင့် ဆိုင်တဲ့ခါ၊ ဝါ-“နိဗ္ဗာန သစ္ဆိကိရိယာနာမ ဣဓ အရဟတ္တဖလံ နိဗ္ဗာနန္တိ အဓိပ္ပေတံ” လို့ -
အရဟတ္တဖိုလ်ကို ဟောတဲ့ခါ၊ ရာဂ၏ကုန်ရာဟု အနက်ပေးရမည်၊
နိဗ္ဗာန် နှင့်ဆိုင်၍ နိဗ္ဗာန်ကိုဟောတဲ့ခါ ရာဂ၏ ကုန်ရာကုန်ကြောင်း ဟု အနက်ပေးရ မည်၊
ကိလေသာ ကုန်ကာမျှနှင့်ဆိုင်တဲ့ခါ ရာဂ၏ကုန်ခြင်း ဟုအနက်ပေးရမည်။
ဤလို အရာဌာနကိုကြည့်၍ အနက်ပေး အနက်ဘော် မှန်ကန်မှသာ အဓိပ္ပါယ်မှန်ကို ယူဆတဘ်ကြပေမည်၊ သာဓကတို့၏ ပါဠိအနက်မှာ လွယ်လှ၍ မရေးလိုက်ပြီး၊
.
အာရုံအာရမ္မဏိက....
နိဗ္ဗာန်ကား အာရုံ, မဂ်စိတ် ဖိုလ်စိတ်တို့ကား အာရမ္မဏိက ဤပုံ အာရုံ အာရမ္မဏိက ဖြစ်ကြသည်၊ အာရုံကား အကြောင်းတရား, အာရမ္မဏိကကား အကျိုးတရား, နိဗ္ဗာန် အာရုံကို အာရုံပြုသောကြောင့်သာ၊ ဝါ- နိဗ္ဗာန်အာရုံကြောင့်သာ ကိလေသာကုန်ခြင်း ဖြစ်သည်။
ကိလေသာကုန်ရာ ကိလေသာကုန်တဲ့ အဆုံးမှာမှ အရဟတ္တမဂ် ဖြစ်ပေါ်လာသည်။ ထိုကြောင့် နိဗ္ဗာန်တရားတော်မြတ်ကြီးသည် ရာဂစသော ကိလေသာတို့၏ ကုန်ရာ ကုန်ကြောင်း ဖြစ်လေသည်။
.
ဝိတဏ္ဍဝါဒီကား ... ကိလေသာ ကုန်ကာမျှ ကိလေသာ၏ မရှိခြင်း အဘာဝပညတ်ကို ပရမတ်နိဗ္ဗာန်ဟု အယူရှိလေသည်။
သမာနဝါဒီတို့ကား ကိလေသာကို ကုန်စေတတ်သော မဂ်အကျင့်ကို မကျင့်သော ကြောင့်သာ ကိလေသာကြောင့် ခန္ဓာ ဖြစ်ပျက် မွေးသေ သံသရာရှည်၍ နေကြရသည်။
ကိလေသာကို ကုန်စေတတ်သော မဂ်အကျင့်ကို ကျင့်တဲ့ခါ အရဟတ္တမဂ် နောင်မှာ ကိလေသာ အလုံးစုံကုန်၍ အရဟန္တစုတိနောင်မှာ ခန္ဓာအလုံးစုံ ကုန်၍ အကြောင်း ကိလေသာလဲ အသစ် မဖြစ်တော့သည်ဖြစ်၍ အကျိုး ရုပ်နာမ်ခန္ဓာလဲ အသစ် မဖြစ်တော့ဘဲ ကိလေသာ ခန္ဓာ အသစ် အသစ်ဖြစ်မှု အပြီးအပြတ် လက်စသတ် အသစ်မဖြစ်တော့ဘဲ အမြဲ ငြိမ်းအေးသွားသော အမြဲငြိမ်းအေး၍ နေသော ပရမတ် အားဖြင့်ထင်ရှားရှိနေသော အငြိမ်း အအေးဓာတ် သက်သက်သာ ဖြစ်၍နေသော အသင်္ခတဓာတ်ကို ပရမတ် နိဗ္ဗာန်ဟု အယူရှိကြသည်။
သမာနဝါဒီတို့ အယူသာ ပါဠိဋ္ဌကထာ ဋီကာတို့ နှင့်ကိုက်ညီ၍ အမှန် မှတ်ရမည်၊ အမှန် ယူရမည်၊ ကိလေသာခန္ဓာ ကုန်ကာမျှသည် ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန် ဖြစ်၏၊ သန္တိလက္ခဏာသာ ရှိသော ပရမတ်နိဗ္ဗာန်ကား မဖြစ်နိုင်ချေ။ ဝိတဏ္ဍဝါဒီတို့ ဤလို အယူအဆ မှားယွင်းခြင်းသည် အဘာဝပညတ်နှင့် သဘာဝ ပရမတ်ကို အတတ်မသိ သောကြောင့်၊ ဝါ- ခွဲခြား၍ ကွဲပြားအောင် မသိသောကြောင့် ယူမှားမိလေသည်။
.
မဂ်ဖိုလ်တို့၏
အာရုံဖြစ်သော နိဗ္ဗာန်
“မဂ္ဂဖလာနမာလမ္ဗဏဘူတော အသင်္ခတဓမ္မော” နှင့်အညီ နိဗ္ဗာန်ဆိုတဲ့ တရားကား အာရုံအကြောင်းတရား မဂ်စိတ် ဖိုလ်စိတ်ဆိုတဲ့ တရားကား အာရမ္မဏိက အကျိုးတရား ဤလို အကြောင်း အကျိုးဖြစ်နေ၍ အကြောင်း ဖြစ်သော နိဗ္ဗာန်ကို အာရုံပြုမှ ပြုတဲ့အတိုင်း နိဗ္ဗာန်အာရုံသို့ စိတ်ရောက်ပါမှ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း ဖြစ်သော နိဗ္ဗာန်ကို မတွေမဝေ တဲ့တဲ့ရှင်းရှင်း ပစ္စက္ခဒိဋ္ဌ မျက်မှောက် မြင်သိတတ် အာရုံပြုတတ်သော အကျိုးဖြစ်သော အာရမ္မဏိက မဂ်စိတ် ဖိုလ်စိတ်များ ဖြစ်ပေါ်နိုင်ပေသည်။ ဤလို မဂ်စိတ် ဖိုလ်စိတ် ဖြစ်ပေါ်မှလဲဘဲ မိမိတို့ လိုလား တောင့်တနေကြတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင် ရောက်နိုင်ကြပေမည်။
.
အာရုံ အာရမ္မဏိက
“နိဗ္ဗာနံ မဂ္ဂဿ စ ဖလဿ စ အာရမ္မဏ ပစ္စယေန ပစ္စယော” - ဆိုတဲ့ ပဋ္ဌာန်းနှင့်အညီ မဂ်စိတ် ဖိုလ်စိတ်ဆိုတဲ့ အာရမ္မဏိက အကျိုးတရားတို့မှာ နိဗ္ဗာန်ဆိုတဲ့ အကြောင်း အာရုံကြောင့်သာ၊ ဝါ-နိဗ္ဗာန်ကို အာရုံပြုရသောကြောင့်သာ ဖြစ်ပေါ်လာနိုင်ပေသည်။
ဤပုံအကြောင်းဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံမပြုတတ်ပါလျှင် အကျိုးဖြစ်သော မဂ်စိတ် ဖိုလ်စိတ်တို့လဲ ဖြစ်ပေါ် လာနိုင်တော့မည် မဟုတ်၍ မဂ်ဖိုလ်ကိုလဲ ရနိုင်ရောက်နိုင် တော့မည် မဟုတ်ပေ။
ဤလိုဤပုံ နိဗ္ဗာန်ဆိုတဲ့ အာရုံနှင့် မဂ်စိတ် ဖိုလ်စိတ်ဆိုတဲ့ အာရမ္မဏိကနှစ်ပါး တို့ဟာ တဲ့တဲ့ကြီး အာရုံ အာရမ္မဏိက ဖြစ်သွားကြသည်ကိုပင် နိဗ္ဗာန်ကို မျက်မှောက်ပြုတယ် မဂ်ဖိုလ်နိဗ္ဗာန်ကို ရတယ် ရောက်တယ်ဟု ကျမ်းဂန်တို့၌ အဆိုရှိသည် ဆိုရသည်။
.
ပဟာယကနှင့် ပဟာတဗ္ဗ
ဤလို အာရုံ အာရမ္မဏိက ဖြစ်သွားကြတယ် ဆိုရင်ဘဲ ပဟာယက ပဟာတဗ္ဗတို့လဲ တချက်ထဲ ဖြစ်သွားတော့တာဘဲ၊ ထိုတွင် -
မဂ်စိတ် ဖိုလ်စိတ်ကား ပဟာယက တရား၊
မဂ်သည် ပယ်အပ်သော ကိလေသာကား ပဟာတဗ္ဗ တရား၊
သောတာပတ္တိမဂ်မှာ ဆိုလျှင် သောတာပတ္တိ မဂ်စိတ် ဖိုလ်စိတ်တို့ကား ပဟာယက တရား၊
သောတာပတ္တိ မဂ်သည် ပယ်အပ်သော ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာတို့ကား ပဟာတဗ္ဗတရား၊
အထက် မဂ်တို့မှာလည်း ဆိုင်ရာမဂ်နှင့် ဆိုင်ရာကိလေသာတို့ ပဟာယက ပဟာတဗ္ဗ ဖြစ်ပုံတို့ကို သိရှိကြပါလေ။
.
နိဗ္ဗာန်အာရုံကို အာရုံပြုပေးရပုံ
“ဝိပဿနာ ဧတံ သန္တံ ဧတံ ပဏိတန္တိ အသင်္ခတာယ ဓာတုယာ စိတ္တံ ဥပသံဟရတိ မဂ္ဂေါ ပရိနိဗ္ဗာနသန္တိ ကိရိယာဘိသမယဝသေန အဘိ သမေန္တာ တတ္ထ လမ္ဘမာနေ သဗ္ဗေ ဝိသေသေ အသမ္မောဟတော ပရိဝိဇာနန္တော တတ္ထ စိတ္တံ ဥပသံဟရတိ။”
(မဇ္ဈိ ပဏ် ဋီကာ)
အနက်
ဝိပဿနာ၊ စတုသစ္စ ကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂီ ပုဂ္ဂိုလ်၏ ဝိပဿနာ ဉာဏ်သည်။
ဧတံ၊ ဤသင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည်။
ဝါ၊ ဖြစ်ခြင်းကင်းသော နိဗ္ဗာန်သည်။
ဝါ၊ ဖြစ်မှု ပျက်မှု ရပ်စဲ၍ အမြဲ အေးငြိမ်းနေသော နိဗ္ဗာန်သည်။
သန္တံ၊ ငြိမ်သက်လှပါပေ၏။
ဧတံ၊ သည်။
ပဏိတံ၊ မွန်မြတ်လှပေ၏။
ဣတိ၊ ဤသို့။
သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
စိတ္တံ၊ မဂ်နှင့်ယှဉ်သော စိတ်ကို။
ဝါ၊ နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ကို။
ဝါ၊ နိဗ္ဗာန်ကို အာရုံပြုသော စိတ်ကို။
အသင်္ခတဓာတုယာ၊ အသင်္ခတဓာတ် နိဗ္ဗာန်၌။
ဝါ၊ သို့။
ဥပသံဟရတိ၊ နိဗ္ဗာန်အာရုံသို့ တဲ့တဲ့ကြီး ရောက်သွားအောင် ရှေ့ရှု ပို့ဆောင်နေ၏။
မဂ္ဂေါ၊ မဂ်သည်။
ပရိနိဗ္ဗာနသန္တိ ကိရိယာဘိသမယ ဝသေန၊ မိမိ ရဟန္တာ ဖြစ်ပြီးသည်နောက် စုတိသို့ ရောက်တဲ့ခါ ဖြစ်ပေါ်လာမဲ့၊
ဝါ၊ လက်ရောက်ရရှိမဲ့ အေးနိဗ္ဗာန်ကို ထိုးထွင်း၍ သိသည်၏ အစွမ်းအားဖြင့်။
အဘိ သမေန္တာ၊ မဂ်စိတ် ဖိုလ်စိတ်ဖြင့် ထိုးထွင်း၍ သိသည်ဖြစ်၍။
ဝါ၊ ပစ္စက္ခဒိဋ္ဌကိုယ်တွေ့ ဉာဏ်တွေ့ သိသည်ဖြစ်၍။
တတ္ထ၊ ထိုအသင်္ခတဓာတ် နိဗ္ဗာန်၌။
လမ္ဘမာနေ၊ ရသင့် ရထိုက်ကုန်သော။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဝိသေသေ၊ ငြိမ်းအေးသော အေးမြသော ချမ်းသာသော နိဗ္ဗာန်၏ ဂုဏ်အထူးတို့ကို။
အသမ္မောဟတော၊ မတွေမဝေ သောအားဖြင့်။
ပရိဇာနန္တော၊ ထက်ဝန်းကျင်မှ ထိုးထွင်း၍ သိသည် ဖြစ်၍။
ဝါ၊ သစ္စာလေးပါးတို့ကို တပြိုင်နက် ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ သိသည်ဖြစ်၍။
တတ္ထ၊ ထိုနိဗ္ဗာန်၌။
စိတ္တံ၊ မဂ်နှင့်ယှဉ်သောစိတ်ကို။
ဥပသံဟရတိ၊ ငြိမ်းအေးတဲ့ နိဗ္ဗာန်ကို တဲ့တဲ့ကြီး ရောက်သွားအောင် မိမိစိတ်ကို ရှေးရှု ဆောင်လေ၏။
.
နိဗ္ဗာန်သည်
ဉာဏ်နှင့် တွေ့ရတဲ့တရား
ထို့ကြောင့်ပင် -
“ကာယေန အမတံ ဓာတုံ ဖုသိတွာ နိရူပဓိ”
(ဣတိဝုတ် ပါဠိတော်)
အနက်
နိရူပဓိ၊ ကာမုပဓိ ကိလေသုပဓိ ခန္ဓုပဓိ အဘိသင်္ခါရုပဓိ ဟူသော လေးပါးသော ဥပဓိတရား အလျှင်းမရှိသော။
အမတံဓာတုံ၊ အမြိုက်နိဗ္ဗာန်ကို။
ကာယေန၊ ရူပကာယ နာမကာယဖြင့်။
ဖုသိတွာ၊ ဉာဏ်ဝ၌ ထင်ထင်ရှားရှား တွေ့ထိရ၍။
(ဤလို နိဗ္ဗာန်သည် ဉာဏ်တွေ့ တရားမျိုး ဖြစ်သည်)
.
မျက်မှောက် ထိုးထွင်း၍ သိ
ထို့ပြင် -
“ပဟိတတ္ထော သမာနော ကာယေနဝေ၀ ပရမံသစ္စံ သစ္ဆိကရောတိ ပညာယစ တံ ပဋိဝိဇ္ဈ ပဿတိ။”
(မဇ္ဈိ ပဏ် ပါဠိ)
ဘာသာပြန်
ယောဂီသည် နိဗ္ဗာန်သို့ လွှတ်အပ်သော ကိုယ်စိတ် ရှိသည် ဖြစ်သည်ရှိသော် မိမိ၏ ရူပကာယ နာမကာယဖြင့်လည်း အမြတ်ဆုံး ဖြစ်သော အမြိုက်နိဗ္ဗာန်ကို မျက်မှောက် ပြုရ၏၊
ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာ ပစ္စဝေက္ခဏာပညာ ဖြင့်လည်း ထိုအမြတ် နိဗ္ဗာန်ကို မတွေမဝေ တဲ့တဲ့ကြီး ထိုးထွင်း၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် သိမြင်၏။
အရိပ်ဆာယာ ဥပမာ
အဆိုပါ သစ္စာလေးပါးတို့တွင် တတိယသစ္စာခေါ်သော နိရောဓသစ္စာ ငြိမ်းအေးခြင်း သန္တိလက္ခဏာရှိသော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော် မြတ်ကြီးသည်ကား အလွန် အေးမြသော အရိပ်ဆာယာကြီး ကဲ့သို့၎င်း၊ ထုံးအိုင် ရေအေးကြီးကဲ့သို့၎င်း၊ ထိုထက် မက အဆရာထောင်မက ပိုမိုသာလွန်၍ လွန်စွာ့လွန်စွာ အေးမြလှသတဲ့၊
ဥပမာဆိုသည်ရှိသော် - နွေလအခါ လွန်စွာပူဟီး ကွင်းပြင်ခရီးကို ဖြတ်သန်း၍ သွားသော ခရီးသွားယောက်ျားသည် လွန်စွာ ခြစ်ခြစ်လောင် ပူပြင်းလှတဲ့ ကွင်းပြင် ခရီး၏ အဆုံး၌ ပိတ်ပိတ် ပေါင်းပေါင်း အရိပ်ကောင်း တွေ့ရှိနေတဲ့ တောအုပ်ကြီးသို့ အခန့်သင့် ရောက်ရှိလေ၏။
ထိုအခါ ထိုယောက်ျားသည် လာခဲ့ရသော လမ်းခရီး၌ အလွန်ပင်ပန်းစွာ လာခဲ့ရသဖြင့် အရိပ်ဆာယာနှင့် ပြည့်စုံလှတဲ့ သစ်ပင်ရင်းသို့ ကပ်၍ နားနေလေ၏၊ အတန်ကြာသော ကာလ ခြစ်ခြစ်ယောင် ချွေးဒီးဒီးကျမျှ လောင်လှသော အပူအလောင် အအိုက်တို့သည် အရိပ်ဆာယာ အေးကြီးနှင့် တွေ့ရ အရိပ်ဆာယာအေးကြီးကို မှီခိုရပါသဖြင့် မိမိကိုယ်မှ အပူအလောင် အအိုက်တို့သည် တစထက်တစ ပြေပျောက်ကာ ချမ်းသာ အေးမြခြင်း သို့ ရောက်လေ၏။ ထိုအခါ ထို ယောက်ျားသည် ခြစ်ခြစ်လောင် ပူလိုက်တာ အိုက်လိုက်တာ ခုမှဘဲ အေးသွားပေတော့သည် ဟုပါးစပ်က ခဏ ခဏ ပြောဆို၍ နေလေ၏။
(ဤကား-ဥပမာတည်း)
ထို့တူပမာ ...
သံသရာခရီးသွား ပုထုဇဉ် လူနတ်ဗြဟ္မာ သတ္တဝါ အများတို့သည်လည်း ၃၁-ဘုံတို့၌ စုန်ဆန်လူးလာ ကြင်လည်ပြေးသွား၍ နေရတဲ့ခါ ရာဂစသော တဆဲ့တသီး အပူမီး တို့ဖြင့် မပြတ်မစဲ ထပ်တလဲလဲ တသံသရာလုံး တဒီးဒီး တရှဲရှဲ တဟဲဟဲ တောက် လောင်လျှက်ရှိရာ ချမ်းသာခွင့်မရ ဖြစ်ကြရလေ၏။
အကြင်အခါ အကြင်ဘဝ ဘုရား သာသနာတော်နှင့်၍ ဘုရားစသော သူတော်ကောင်း တို့၏ တရားကို ကြားနာရ၍ ဒါန သီလ ဘာဝနာ ဝိပဿနာ အလုပ်တို့ကို အားထုတ်တဲ့ခါ ဝိပဿနာဉာဏ် အားလျော်စွာ ငြီးငြီးပြောင်ပြောင် တောက်လောင်၍ နေကြကုန်သော ဘုံသုံးပါးတို့ကို မီးပုံကြီး သုံးပုံ၊ မီးလောင်အိမ်ကြီး သုံးလုံး၊ မီးလောင် ရွာကြီး သုံးရွာကို ပကတိမျက်စိဖြင့် မြင်သိရသကဲ့သို့၊
ထို့တူပမာ တတ်တတ် ထင်ထင် ဝိပဿနာ ဉာဏ်ဖြင့် မြင်၍ ဘုံသုံးပါးတို့ကို အငြီးငွေ့ကြီး ငြီးငွေ့ကာ သင်္ခါရတရားတို့၏ မရှိရာ နိဗ္ဗာန်အာရုံသို့သာ ပြေးဝင်ကာ သောတာပတ္တိမဂ် စသော မဂ်ခဏ မဂ်ခဏတို့မှာ အမြဲတမ်း ငြိမ်းအေးနေတဲ့ နိဗ္ဗာန် အေးကြီးကို မတွေမဝေ တဲ့တဲ့ကြီး အာရုံပြုမိတိုင်း ပြုမိတိုင်းတို့၌ မဂ်ခဏ မဂ်ခဏ တို့မှာ မိမိသန္တာန်၌ ရှိသော လောဘ ဒေါသ မောဟ စသော တဆဲ့တသီး အပူမီး တို့သည် တမဂ်ထက် တမဂ် တဆင့်ထက် တဆင့် ငြိမ်းအေး ငြိမ်းအေး သွားပါသော ကြောင့် အရဟတ္တဖိုလ်သို့ ရောက်တဲ့ခါ ကိလေသာအပူမီး ဟူသမျှ တစွန်း တစမျှ မကျန် အကုန်လုံး ငြိမ်းအေးသွားလေတော့သည်။
(ဤကား-ဥပမေယျတည်း)
ဥပမာ-ဥပမေယျ နှစ်ရပ်ကို စပ်၍ပြခြင်း
ဤ အရိပ်အေး ဥပမာ၌ လွန်စွာပူဟီး ကွင်းပြင်ခရီးကြီးနှင့် သံသရာခရီး တူ၏၊
ခရီးသွားယောက်ျားနှင့် သံသရာခရီးသွား ယောဂီ တူ၏။
ခြစ်ခြစ်လောင် ပူနေတဲ့ ပကတိနေပူနှင့် ကိလေသာ မီးပူ တူ၏၊
အရိပ်ဆာယာအေးကြီးနှင့် နိဗ္ဗာန်အေးကြီးတူ၏။
အရိပ်အေးကြီးကို တွေ့သည်နှင့် နိဗ္ဗာန်အေးကြီးကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် တွေ့မြင် ရသည်နှင့် တူ၏။
ခရီးသွား ယောက်ျားသည် အရိပ်အေးကြီးကို ခိုလှုံရသည့်အတွက် မိမိ၌ရှိသော ပကတိ အပူအလောင်တို့သည် ပျောက်ကင်းသည်နှင့် ယောဂီပုဂ္ဂိုလ်သည် နိဗ္ဗာန်အေးကြီးကို အာရုံပြုသည့်အတွက် မိမိသန္တာန်၌ရှိသော ကိလေသာပူမီးတို့သည် မဂ်အဆင့်အတန်း အားလျော်စွာ ငြိမ်းသွားသည်နှင့်တူ၏၊
ခရီးသွား ယောက်ျားသည် ကြာမြင့်စွာ အရိပ်အေးကြီးနှင့် ပေါင်းဆုံ တွေကြုံနေရ သည်၏ အဖြစ်ကြောင့် နောက်ဆုံးတွင် ကိုယ်၌ရှိသော အပူ အအိုက်တို့သည် လုံးဝ ကွယ်ပျောက် ချမ်းသာခြင်းသို့ ရောက်ရသည်နှင့် ယောဂီသည် နိဗ္ဗာန် အေးကြီးနှင့် ကြာမြင့်စွာ တွေ့ဆုံ အာရုံပြု နေရသည်၏ အဖြစ်ကြောင့် နောက်ဆုံး အရဟတ္တမဂ် ခဏတွင် မိမိသန္တာန်၌ ရှိသော တထောင့်ငါးရာ ကိလေသာ ပူမီးတို့သည် အပြီးတိုင် ငြိမ်းအေးသွားသည်နှင့်တူ၏၊
ဤသို့ တူပုံကို မှတ်လေ။
မှတ်ချက်
ဤ အရိပ်အေးဥပမာ၌ အရိပ်အေးနှင့် နိဗ္ဗာန်အေးကို ဥပမာနှိုင်းခိုင်းသည်မှာ သတ္တဝါ တို့၏ ဉာဏ်နားနှင့် သင့်တန်ရုံ ရိပ်စားမိရုံ အကဲခပ်မိရုံသာ နှိုင်းခိုင်း၍ပြသော ဟိနုပမာ တည်း၊
သို့ကြောင့် နိဗ္ဗာန်အေးကြီးဟာ အရိပ်အေးလောက်သာ အေးသည်ဟု မမှတ် မယူ မထင်ကြလေနှင့်၊ နိဗ္ဗာန်အေးကြီးကား အရိပ်အေးကြီးထက် အဆတရာ မကသာ၍ အေးမြသည်မှတ်၊
အဘယ်ကြောင့်ဆိုသော် ပကတိအရိပ်အေးသည် ပကတိ အပူလောင်ကိုသာ အေးစေ နိုင်သည်။ ခရီးသွား ယောက်ျား၏ ကိုယ်အတွင်းရှိ ကိလေသာ အပူအလောင် ကိုကား နဲနဲကလေးမျှ မအေးစေနိုင်ပေ၊
နိဗ္ဗာန်အေးကြီးမှာမူကား သတ္တဝါတို့၏ ကိုယ်အတွင်းရှိ ကိလေသာ အပူလောင်တို့ကို အကုန်လုံး ပြောင်အောင် ငြိမ်းအေးစေနိုင်သောကြောင့်တည်း။
ထိုကြောင့်ပင် -
ယထာ စ ဥဏှသံဖုဋ္ဌော သီတံ ပတ္ထေတိ ဧဝမေဝါယံ သံသာရဝဋ္ဋေ ဧကာဒသဂ္ဂိ သန္တာပသန္တတ္တော ယောဂါဝစရော ဧကာဒသဂ္ဂိ ဝူပသမံ နိဗ္ဗာနံ ပတ္ထေတိ။
(ဝိသုဒ္ဓိမဂ် ဋ္ဌ).
အနက်...
- ဥဏှသံဖုဋ္ဌော၊ နေပူ မီးပူတို့ဖြင့် တွေ့ထိနှိပ်စက်ခြင်းရှိသော။
- ပုရိသော၊ ခရီးသွားသည်။
- သီတံ၊ အပူလွတ်ကင်း အေးမြခြင်းကို။
- ပတ္ထေတိ ယထာ၊ လွန်စွာ လိုလား တောင့်တဘိ သကဲ့သို့။
- ဧဝမေဝ၊ ဤ အတူသာလျှင်။
- သံသာရဝဋ္ဋေ၊ တဆဲ့တသီး အပူမီးတို့ အမြဲတမ်း တောက်လောင်၍ နေသော သံသရာ ဝဋ်ဆင်းရဲ၌။
- ဧကာဒသဂ္ဂိ သန္တာပသန္တတ္တော၊ ရာဂ ဒေါသ မောဟ ဇာတိ ဇရာ မရဏာ သောကပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ ဟူသော တဆဲ့တသီး အပူမီးတို့ဖြင့် ပြင်းစွာ ပူလောင်ခံ၍ နေရသော။
- အယံယောဂါဝစရော၊ ဤ ယောဂီ ပုဂ္ဂိုလ်သည်။
- ဧကာဒသဂ္ဂိ ဝူပသမံ၊ တဆဲ့တသီး အပူမီးတို့၏ အငြိမ်းကြီးငြိမ်း အအေးကြီးအေးရာ ဖြစ်သော။
- နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
- ပတ္ထေတိ၊ အမြဲတစေ တောင့်တ၍သာ နေတော့၏။
နိဗ္ဗာန်သည် နိစ္စ ဓုဝ သဿတ ငြိမ်းအေးပုံ
ပမာဒေန သဗ္ဗကိလေသေဟိ သဗ္ဗဒုစ္စရိတေဟိ သဗ္ဗေဟိ ပရိဿယေဟိ သဗ္ဗာသဝေဟိ သဗ္ဗဘဝေဟိ သဗ္ဗသန္တာပေဟိ သဗ္ဗကုသလာဘိသင်္ခါ ရေဟိ နိဗ္ဗာနံ ဓုဝံ နိစ္စံ သဿတံ အဝိပရိဏာမ ဓမ္မန္တိ။
အဓိပ္ပါယ်...
ငြိမ်းအေးခြင်း သန္တိလက္ခဏာ ရှိသောနိဗ္ဗာန်သည် မေ့လျော့ခြင်းဖြင့် အလုံးစုံသော ကိလေသာ၊ အလုံးစုံသော ဒုစရိုက်၊ အလုံးစုံသော ဘေးရန်၊ အလုံးစုံသော အာသ၀၊ အလုံးစုံသောဘဝ၊ အလုံးစုံသော ပူလောင်ခြင်း၊ အလုံးစုံသော အကုသိုလ် ကုသိုလ် သင်္ခါရတို့မှ အလုံးစုံ ငြိမ်းအေးခြင်းသဘော ဖြစ်ပြီးသည်နောက် မပျောက်မပျက် နိစ္စ ဓုဝ သဿတ အားဖြင့် အမြဲတန်း တည်နေတော့၏၊ ဘယ်သောခါမှ ငြိမ်းအေးခြင်း အေးမြခြင်း ချမ်းသာခြင်း သဘောမှ ဆံခြေချမ်းမျှ အောက်လွဲ ဘောက်ပြန် ဖြစ်ခြင်း မရှိနိုင်တော့ပြီ။
အပိုင်း (၆)
သစ္စာလက္ခဏာ ကမ္မဋ္ဌာန်းမှ လွတ်သော တရားမရှိ
၁။ စတုသစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ။
၂။ လက္ခဏဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ။
၃။ ကမ္မဋ္ဌာနဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ။
ဘုန်းတော်ကြီးဘုရား လေးဆဲ့ငါးဝါ ရှည်ကြာကာလ ဟောပြောလေသမျှ တရား ဒေသနာတွေထဲမှာ သစ္စာလေးပါး လက္ခဏာရေးသုံးပါး ကမ္မဋ္ဌာန်းမှ လွတ်သောတရား မည်သည် မရှိဟု ဆိုသောကြောင့် မသိကြ၍ အရာရာမှာ သစ္စာမမြင် လက္ခဏာမထင် ကမ္မဋ္ဌာန်း မဝင်ဘဲ အလွတ်သက်သက် ဖြစ်နေကြပေသည်၊
သိတတ်ပါမူကား ဘယ်အခါ ဘယ်အရာမှာမှ သစ္စာလဲ မြင်၊ လက္ခဏာလဲ ထင်၊ ကမ္မဋ္ဌာန်းလဲ ထင်နေကြပေလိမ့်မည်။ ထို့ကြောင့် စာလာ စာဆို စာရှိတဲ့အတိုင်း အရာရာမှာ သစ္စာမြင် လက္ခဏာထင် ကမ္မဋ္ဌာန်း ဝင်နိုင်အောင် ကြိုးစားကြပါလေ၊ သို့မှသာ အန္ဓကလွတ် ကလျာဏဖြစ် စူဠသောတာပန် သောတာပန်ဖြစ်၍ အပါယ်လွတ် တရားရကြမည်။
သစ္စာမှမလွတ်ပုံ အမြွက်မျှသိသာရုံ
ဘုရားဟောပုံစံ
အတ္ထိ ဣမသ္မိံကာယေ ကေသာ လောမာ နခါ ဒန္တာ တစော၊ မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဖံ ဝက္ကံ၊ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ၊ အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ၊ ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊ အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ။
ဘာသာပြန်
ချစ်သားတို့၊ သင်တို့သည် သူဘဲ ငါဘဲ ယောက်ျား မိမ္မ ဘဲလို့ အယူလွဲနေကြသော်လည်း သူ-ငါစသည်ကား ထင်ရှားမရှိ၊ ပညတ်မျှဟု သိ၊ သင်တို့၏ တကိုယ်လုံးကြီး၌ အဟုတ်ထင်ရှား ရှိနေသည်ကား -
ဆံပင် မွှေးညှင်း ခြေသည်း လက်သည်း သွား အရေ တို့သည် ရှိကုန်၏။
အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့သည် ရှိ၏။
နှလုံး အသဲ အမြှေး အဖျဉ် အဆုတ်သည် ရှိ၏။
အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်သည် ရှိ၏။
သည်းခြေ သလိပ် ပြည် သွေး အဆီခဲသည် ရှိ၏။
မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်သည် ရှိ၏။
ဤလို ဟောတော်မူတဲ့ ဒေသနာတော်ထဲမှာ လာရှိတဲ့ တရားစကားတွေ သစ္စာ ဥဒ္ဒေသခဏ်းက ဘော်ပြခဲ့တဲ့အတိုင်း၊ ဆံပင်ကလဲ ဒုက္ခသစ္စာ။ပ။ ကျင်ငယ်ကလဲ ဒုက္ခသစ္စာဆိုတဲ့ တကိုယ်လုံး ကောင်လုံးကြီးမှာ ဒုက္ခသစ္စာမှ လွတ်နေတဲ့နေရာ အပ်ဖျား တထောက်စာမျှ နေရာမရ, နေရာမရှိ တော့သည်ဖြင်၍ ဒုက္ခသစ္စာ ကောင်ကြီးသာ ဖြစ်နေလေတော့သည်။
တဖန် ဤခန္ဓာကိုယ်နှင့် ပတ်သက်၍ စကားပြောဆိုကြတဲ့ခါ ဤခန္ဓာမှာရှိတဲ့ ဆံပင် ကိုဘဲ ပြောပြော။ပ။ ကျင်ကြီး ကျင်ငယ်ကိုဘဲပြောပြော၊ ပြောရင်း ပြောရင်း ဖြစ်စေ, ပြောပြီးသည့် အဆုံး အဆုံး၌ဖြစ်စေ၊ ဤဆံပင်သည် ဒုက္ခသစ္စာ ဖြစ်သည်။
ဤကျင်ငယ်သည် ဒုက္ခသစ္စာဖြစ်သည်ဟု ဆင်ခြင်လိုက်သည်နှင့် တပြိုင်နက် သစ္စဉာဏ် ဝင်လာ၍ သစ္စာမှန်း သိသဖြင့် သစ္စာမှ မလွတ် ဖြစ်တော့သည်၊ သစ္စာမှ မလွတ်နိုင်တော့ပြီ၊ ဤနည်းကိုမှီ၍ နေရာတကာတိုင်းတို့၌ သစ္စာဉာဏ်ဝင်အောင် ဆင်ခြင်လေ။
(ဤကား-သစ္စာမှ မလွတ်ပုံကို ပြဆိုချက်တည်း)
လက္ခဏာမှ မလွတ်ပုံ အမြွက်မျှ သိသာရုံ
ဣမသ္မိံ သရိရေ ကေသာနာမ ပါဋိယေက္ကော ကောဋ္ဌာသော အစေ တနော အဗျာကတော သုညော နိသတ္တော နိဇ္ဇီဝေါ ထဒ္ဓေါ ပထဝီ ဓာတု -
စသည်ဖြင့် ဝိသုဒ္ဓိမဂ်၌ ပြဆိုသောကြောင့်။
ဤခန္ဓာကိုယ်၌ ရှိသော ဆံပင်အစ ကျင်ငယ်အဆုံး ရှိသော ဒုက္ခသစ္စာတုံးကြီး သည်လည်း သူ-ငါ-ကျား-မ စသည် အဟုတ် မဟုတ်ကြ၊ ခေါ်ဆိုရုံ အဟုတ်အမှန်မှာ
- ပထဝီဓာတ်-၂၀၊
- အာပေါဓာတ် ၁၂-ပါး၊
- တေဇောဓာတ် ၄-ပါး၊
- ဝါယောဓာတ် ၆-ပါး၊
ပေါင်း ၄၂-ပါးသော ဓာတ်တရား၊
ဘာတခုကိုမျှ မသိတတ် အာရုံမပြုတတ်တဲ့ ရုပ်တရား၊
ထိုရုပ်တရားလျှင် အာရုံရှိတဲ့၊ ဝါ-ထိုဆံစသော ရုပ်တရားတို့ကို အာရုံပြုနေတဲ့ စိတ် စေတသိက်ဆိုတဲ့ နာမ်တရား၊
ဤ ရုပ်-နာမ် နှစ်ပါးတို့သာ ထင်ရှားရှိကြကုန်၏။
ထိုတွင် ...
- ရုပ်တရားသည် ရူပက္ခန္ဓာ မည်၏၊
- နာမ်တရားတို့တွင် စိတ် နမ်သည် ဝိညာဏက္ခန္ဓာ မည်၏၊
- စေတသိက်နာမ်တွင် ဝေဒနာသည် ဝေဒနာက္ခန္ဓာမည်၏၊
- သညာသည် သညာက္ခန္ဓာ မည်၏၊
- ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ၅၀-သည် သင်္ခါရက္ခန္ဓာ မည်၏၊
ဤသို့လျှင် အပြားအားဖြင့် ခန္ဓာငါးပါးသာ ထင်ရှားရှိကြကုန်၏၊
သူ-ငါ-ကျား-မ စသည်တို့ကား ထင်ရှားမရှိကြကုန်။
အဆိုပါ ရုပ် နာမ်နှစ်ပါး ခန္ဓာငါးပါး တို့သည်လည်း “အနုပ္ပန္နာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာစ နိရုဇ္ဈရေ၊ နဝနဝါဝ သင်္ခါရာ နဒီသောတ သမူ ပမာ” နှင့်အညီ -
မြစ်ချောင်းအတွင်း၌ စီးဆင်း၍ နေကြသော မြစ်ရေပမာ လျှင်စွာ လျှင်စွာ အသစ် အသစ် ခုတင်ခု ခုတင်ခု ခဏခြင်း ခဏခြင်း ဥပါဒ်-ဌီ-ဘင်မျှ ဖြစ်၍ဖြစ်၍ ပျက်ကြ လေသောကြောင့် လက်ပစ်တတွက် လျှပ်တပြက် မျက်စိ တမှိတ်ခန့်မျှ မခိုင်မြဲနိုင် ကြတဲ့ အနိစ္စ၊
ဖြစ်ခြင်း ပျက်ခြင်း အလျှင်မပြတ် နှိပ်စက်အပ်တဲ့ ဒုက္ခ၊
မဖြစ်စေရန် မပျက်စေရန် အစိုးမရ အလိုသို့မလိုက် အကြိုက်သို့ မပါစေနိုင်တဲ့ အနတ္တ၊
မျက်တောင်တခပ်စာမျှ မလှပ မတင့်တယ်တဲ့ အသုဘတို့သာ မုချဧကန် အမှန်ဖြစ်ကြ ကုန်၏၊ သူ-ငါ-ကျား-မ စသည်တို့ကား ထင်ရှားမရှိကုန်၊ ပညတ်ရုံသာတည်း။
ဤလို ဤခန္ဓာကိုယ်၌ ရှိနေသော ဆံအစ, ကျင်ငယ် အဆုံး ၃၂-ပါး လုံးသော အပေါင်း အစုတို့ကို သတိရတိုင်း သတိရတိုင်း သိတိုင်း မြင်တိုင်း တို့မှာ ဆံပင် စသည်တို့တွင် တပါးပါးကို သိမြင်တဲ့ခါ သတိနှင့်မကွာ ပညာနှင့်မကင်း ဤဆံပင် စသည်ကား ရုပ်တရား၊ ဤ ဆံပင် စသည်ကို ရုပ်မှန်းသိသော အသိသဘောသည်ကား နမ်တရား၊
ဤ ရုပ် နာမ် နှစ်ပါး တို့သည်ကား ဥပါဒ်-ဌီ-ဘင်မျှဖြစ်၍ ပျက်ရလေသောကြောင့် မမြဲ ဆင်းရဲ အစိုးမရ အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်လိုက်သည်နှင့် တပြိုင်နက် မမြဲမှန်း သိတဲ့ အနိစ္စဉာဏ်၊ ဆင်းရဲမှန်းသိတဲ့ ဒုက္ခဉာဏ်၊ အစိုးမရမှန်းသိတဲ့ အနတ္တဉာဏ် ဝင်လာ၍ မမြဲ ဆင်းရဲ အစိုးမရဟု သိသဖြင့် လက္ခဏာရေးသုံးပါးမှ မလွတ်နိုင်တော့ပြီ၊
သို့ရာတွင် သတိရှိမှ သတိရမှ သတိပြုမှသာ မလွတ်သည်။ သတိမပြုက လွတ်မည် သာတည်း၊ သို့သော် သတိပြုဘန် များလာတဲ့ခါ လေ့ရင် လာတယ် ဆိုတဲ့အတိုင်း သတိအား သမာဓိအား ပညာအား ရှိလာတဲ့ခါ မကြာမကြာ ခဏခဏဘဲ ဆံပင် စသည်တို့ကို မြင်လိုက်သည်နှင့် တပြိုင်နက် သစ္စာသိ လက္ခဏာမိ သစ္စမြင် လက္ခဏာထင် ဖြစ်ပျက် သွားတော့၏။
(ဤကား-လက္ခဏာရေးသုံးပါးမှ မလွတ်ပုံ အမြွက်မျှ တည်း)
ကမ္မဋ္ဌာန်းမှ မလွတ်ပုံ အမြွက်မျှ သိသာရုံ
တဘန်....
“အတ္တနော ကာယေ ဒွတ္တိံသကာရံ မနသိကာရောတိ” နှင့် အညီ၊ မိမိခန္ဓာကိုယ်၌ ထင်ရှား ရှိနေသော ဆံပင်စသော ကောဋ္ဌာသအာရုံ၌ မိမိစိတ်ကို စူးစိုက်၍ထားပြီးလျှင် ဆံပင် မွေးညှင်း ခြေသည်း လက်သည်း သွား အရေ။ အရေ သွား လက်သည်း ခြေသည်း မွေးညှင်း ဆံပင် စသည် ဖြင့် အနုလုံ ပဋိလုံ အပြန်အလှန် သတိနှင့်မကွာ ပညာနှင့်မကင်း အဘန် တလဲလဲ ဆင်ခြင် နှလုံးသွင်းနေတဲ့ခါ သမထကမ္မဋ္ဌာန်းမှ မလွတ်။
တဘန်...
“အတ္တနော အတ္တဘာဝေ ခယဝယံ ပဋ္ဌပေသိ” နှင့် အညီ အဆိုပါ ဆံစသော ကောဋ္ဌာသ အာရုံမှာ ဧကဂ္ဂတာကျကျ သမာဓိရရ စိတ်တည်ငြိမ်နေတဲ့ စိတ္တကဂ္ဂတာသမာဓိကို ရရှိလာတဲ့ ကောဋ္ဌာသလျှင် အာရုံရှိတဲ့ စိတ် စေတသိက်တို့သည်ကား နာမ်တရား၊ ထို စိတ် စေတသိက်တို့၏ မှီရာ ဟဒယဝတ္ထုကား ရုပ်တရား၊
ဤလို နာမ် ရုပ် နှစ်ပါးတို့ကို အကျဉ်းအားဖြင့် ပိုင်းခြားပြီးလျှင် ထိုနာမ်ရုပ်တို့၏ အကြောင်းကို သိမ်းဆည်း၍ အကြောင်းနှင့်တကွသော နာမ်ရုပ်တို့ကို မမြဲ ဆင်းရဲ အစိုးမရ အနိစ္စ ဒုက္ခ အနတ္တတို့သာ ဖြစ်ကြပါကုန်၏ တကားဟု လက္ခဏာရေးသုံးပါး သို့တင်၍ သမ္မသန စသော ဝိပဿနာ ဉာဏ်အစဉ်ဖြင့် ဆင်ခြင်သုံးသပ်သည် ရှိသော် ဝိပဿနာကမ္မဋ္ဌာန်းမှ မလွတ်ဖြစ်၏။
(ဤကား-ကမ္မဋ္ဌာန်းမှ မလွတ်ပုံကို အမြွက်မျှ ပြဆိုချက်တည်း)
မုချနှင့် ဥပစာ မဂ္ဂနှင့် ဒုက္ခ
၁။ စတုသစ္စ ဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ။ (ထိုထို ဋ္ဌကထာ)
၂။ စတုသစ္စ ဝိနိမုတ္တော ညေယျောနာမ နတ္ထိ (နေတ္တိဋ္ဌကထာ)
သစ္စာလေးပါးမှ လွတ်သော တရားမည်သည် မရှိ၊ သစ္စာလေးပါးမှ လွတ်သော သိအပ် သော တရားဒေသနာတော် မည်သည် မရှိဟု ကျမ်းဂန် လာတိုင်းပြဆိုခဲ့ရာ သင်္ဂြိုဟ် ခေါ်သော လက်သန်း ကျမ်းငယ်မှာ “မဂ္ဂယုတ္တာ ဖလာစေဝ စတုသစ္စ ဝိနိဿဋာ" ဟု လာရှိပြန်ရာ အဓိပ္ပါယ်မှာ မဂ်စိတ္တုပ္ပါဒ် ၂၉ ၊ ဖိုလ်စိတ္တုပ္ပါဒ်-၃၇ တို့ဟာ သစ္စာလေးပါးမှ လွတ်၏ဟု အဓိပ္ပါယ် ရ၏။
ထိုကြောင့် - သစ္စာလေးပါးမှ လွတ်သောတရား မရှိဆိုတာ ဤလက်သန်း ကျမ်းငယ် ကလေးကိုဘဲ သူမသိ သူမမြင် ကျမ်းစုံမတွေ့ဘူးလို့ဘဲ ဆိုမိလေသလောဟု အထင် မှားစရာ အမြင်မှားစရာ ရှိနေပြန်သည်၊
ဤအရာကို မသိမမြင်၍ ဆိုမိသည်မဟုတ်ပါ၊ သိမြင်ပါသည်။ အဆိုပါ မဂ်စိတ္တုပ္ပါဒ် ၂၉ ဖိုလ်စိတ္တုပ္ပါဒ်-၃၇ တို့ကို သစ္စာလေးပါးမှ လွတ်သော သစ္စာဝိမုတ်တရား ဆိုသည်မှာ မုချအားဖြင့်သာ သစ္စာမှ လွတ်သည်။
ဧတေ စတူဟိ သစ္စေဟိ ဝိနိဿဋာ ဝိနိဂ္ဂတာ နိပ္ပရိယာယတော ပရိယာယတော ပန။ပ။ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နန္တိ။ပ။ မဂ္ဂသစ္စေ သင်္ခါရဒုက္ခ သာမညေန ဒုက္ခသစ္စေ သင်္ဂဟော သက္ကာ ကာတုံ။
ဆိုတဲ့ ဝိဘာဝနီဋီကာအရ မဂ္ဂင်္ဂ ဖလင်္ဂ တရားတို့ကို ကာရဏူပစာ အားဖြင့် မဂ္ဂသစ္စာသို့သွင်း၍ ၎င်းတို့နှင့်ယှဉ်ကုန်သော မဂ်စိတ္တုပ္ပါဒ်၊ ဖိုလ်စိတ္တုပ္ပါဒ်တို့ကို သင်္ခါရ-ဒုက္ခသာမည သဒီသူပစာ အားဖြင့် ဒုက္ခသစ္စာသို့ သွင်း၍ ယူအပ်သောကြောင့် သစ္စာမှ မလွတ်ဖြစ်၍ (လွတ် ဆိုတဲ့ စကားမှာ မုချ အားဖြင့် ဆိုတဲ့စကား၊ မလွတ် ဆိုတဲ့ စကားမှာ ဥပစာအားဖြင့် ဆိုတဲ့စကား) ဟု မုချနှင့် ဥပစာကို သဘောမိပါလျှင် အပြစ် ဆိုဘွယ်မရှိ၊ ဂင်္ဂါရေနှင့် ယမုနာရေ နှောသကဲ့သို့ တသဘောတည်း ရှိသည်ဟု သိလေ။
သစ္စာသိ ဝိ ကိုပယ်
ဒုက္ခဒဿနေန အသုဘေ သုဘန္တိ ဝိပ္ပလ္လာသပဟာနေန သမုဒယ ဒဿနေန ဒုက္ခေ သုခန္တိ။ပ။ နိရောဓ ဒဿနေန အနီစ္စေ နိစ္စန္တိ။ပ။ မဂ္ဂ ဒဿနေန အနတ္ထနိ အတ္တာတိဝိပ္ပလ္လာသ ပဟာနေန။
(သုတ္တနိပါတ် ကသိဘာရသုတ်)
ဆောင်ပုဒ်....
ဒုက္ခသိတော့ သုဘပယ်၊
သမုဒယသိတော့ သုခပယ်။
နိရောဓသိတော့ နိစ္စပယ်၊
မဂ္ဂသိတော့ အတ္တပယ်။
လေးသွယ်သစ္စာ သိသောခါ၊
လေးဖြာဝိပလ် ကင်းပျောက်ပြန်၊
အမှန်ဤသို့ ဖြစ်သတည်း။
အဓိပ္ပါယ်....
- (က) ဒု-သိတော့ သု-ပယ် ဆိုတာက ရုပ်နာမ်ခန္ဓာကို ဒုက္ခသစ္စာလို့ သိတော့ ရုပ်နာမ်ခန္ဓာဟာ သုဘ မဟုတ်, အသုဘ ဖြစ်သည်ဟု သိသဖြင့် သုဘသညာကို ပယ်နိုင်သည် မှတ်လေ။
- (ခ) သ-သိ သု-ပယ် ဆိုတာက လောဘကို သမုဒယသစ္စာလို့ သိတော့ လောဘဟာ သုခကိုဘယ်နည်းမှ မဖြစ်စေနိုင် ဒုက္ခကိုသာ ဖြစ်စေနိုင်၏ဟု သိသဖြင့် သုခ သညာကို ပယ်သည်။
- (ဂ) နိ-သိ နိစ်-ပယ် ဆိုတာက နိဗ္ဗာန်ကို နိရောဓသစ္စာလို့ သိတော့ ရုပ်နာမ် ခန္ဓာဟာ နိစ္စမဟုတ် အနိစ္စသာ နိဗ္ဗာန်မှသာ နိစ္စလို့ သိသဖြင့် ရုပ်နာမ်ခန္ဓာ၌ နိစ္စသညာကို ပယ်သည်။
- (ဃ) မ-သိ အတ္တ-ပယ် ဆိုတာက မဂ္ဂင်ရှစ်ပါးကို မဂ္ဂသစ္စာလို့ သိတော့ မဂ္ဂင်ရှစ်ပါးဟာ အတ္တမဟုတ် အနတ္တလို့ သိသဖြင့် အတ္တ သညာကို ပယ်နိုင်သည် မှတ်လေ။
ဤလို ဤပုံ သစ္စာသိမှုဟာ တသံသရာလုံးက အနိစ္စ ဒုက္ခ အနတ္တ အသုဘ အစစ် ဧကန်ဖြစ်သော ရုပ်နာမ်ခန္ဓာတို့၌ နိစ္စ, သုခ, အတ္တ, သုဘ ဖြစ်သည်ဟု ပြောင်းပြန် လှန်အောင် မှောက်မှား၍ လာခဲ့သော မူလ လေးပါး မူလီ ၁၂-ပါး တရားဆိုး တရားမှား ဝိပ္ပလ္လာသ တရားတို့ကို ပယ်ရှားစွန့်ပစ်နိုင်၍ လွန်စွာ့လွန်စွာ ကျေးဇူးများလှပေသည်။
ထိုတွင် သစ္စဉာဏ်ဖြင့် -
- အနိစ္စဖြစ်သော ရုပ်နာမ်ခန္ဓာတို့၌ နိစ္စဟု မှတ်မှား သိမှား ယူမှားခဲ့သော (သညာ စိတ္တ ဒိဋ္ဌိ) ဝိပ္ပလ္လာသတရား သုံးပါး,
- အနတ္တ ဖြစ်သော ရုပ်နာမ်ခန္ဓာတို့၌ အတ္တဟု မှတ်မှား သိမှား ယူမှားခဲ့သော (သညာ, စိတ္တ ဒိဋ္ဌိ) ဝိပ္ပလ္လာသတရား သုံးပါး,
- အသုဘဖြစ် ရုပ်နာမ် ခန္ဓာတို့၌ သုဘဟု ယူမှားသော ဒိဋ္ဌိဝိပ္ပလ္လာသ တရား တပါး,
- ဒုက္ခဖြစ်သော ရုပ်နာမ်ခန္ဓာတို့၌ သုခဟု ယူမှားသော ဒိဋ္ဌိဝိပ္ပလ္လာသ တရား တပါး
ပေါင်း ရှစ်ပါးတို့ကို ပယ်စွန့်နိုင်တဲ့ သောတာပန် သကဒါဂါမ်၊
အသုဘ၌ သုဘဟု မှတ်မှား သိမှားတဲ့ သညာ စိတ္တ နှစ်ပါးကိုထပ်၍ ပယ်စွန့်နိုင်တဲ့ခါ အနာဂါမ်၊
ဒုက္ခ၌ သုခဟု မှတ်မှား သိမှားတဲ့ သညာ စိတ္တ နှစ်ပါးကို အကြွင်းမရှိ ပယ်စွန့်နိုင်တဲ့ခါ ရဟန္တာ -
အထိ ဖြစ်နိုင်ပါသောကြောင့် သေနေ့ မဦးမီ သစ္စာသိတဲ့နေ့ ဦးသွားအောင် အထူး ကြိုးစားကြပါရန် အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
သိခါပတ္တ ဓမ္မဒါန
ဣမေဓမ္မာ အဘိညေယျာ ဣမေဓမ္မာ ပရိညေယျာ ဣမဓမ္မာ ပဟာတဗ္ဗာ ဣမေဓမ္မာ သစ္ဆိကာတဗ္ဗာ ဣမေဓမ္မာ ဘဂဝေတဗ္ဗာ တိ သစ္စာနိ ဝိဘာဝေန္တော အမတာဓိဂမံ ဓမ္မံ ကထေတွာ ဒေတိ ဣဒံ သိခါပတ္တဓမ္မဒါနံနာမ။
(သံယုတ် ဋ္ဌကထာ)
အနက်...
- ဣမေဓမ္မာ၊ ဤသစ္စာလေးပါး တရားတို့ကို။
- အဘိညေယျာ၊ ဤကား-ဒု ဤကား-သ ဤကား-နိ ဤကား-မ ဟု ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏။
- ဣမေဓမ္မာ၊ ဤဒုက္ခသစ္စာ တရားတို့ကို။
- ပရိညေယျာ၊ ပိုင်းခြား၍ သိအပ်သော တရားမျိုးတို့တည်း။
- ဣမေဓမ္မာ၊ ဤသမုဒယသစ္စာ တရားတို့ကို။
- ပဟာတဗ္ဗာ၊ ပယ်အပ်သော တရားမျိုးတို့တည်း။
- ဣမေဓမ္မာ၊ ဤ နိရောဓသစ္စာ တရားမျိုးတို့ကို။
- သစ္ဆိကာတဗ္ဗာ၊ မျက်မှောက်ပြုအပ်သော တရားမျိုးတို့တည်း။
- ဣမေဓမ္မာ၊ ဤမဂ္ဂသစ္စာ တရားမျိုးတို့ကို။
- ဘာဝေတဗ္ဗာ၊ ပွားများ အပ်သော တရားမျိုးတို့ပေတည်း။
- ဣတိ၊ ဤသို့။
- သစ္စာနိ၊ သစ္စာလေးပါးတို့ကို။
- ဝိဘာဝေန္တော၊ ထင်စွာပြလျှက်။
- အမတာဓိဂမံ အမြိုက်နိဗ္ဗာန်ကို ရစေတတ် ရောက်စေတတ်သော။
- ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။
- ကထေတွာ၊ ဟောပြော၍။
- ဒေတိ၊ ဓမ္မဒါနအလှူမျိုးကို ပေးလှူ၏။
- ဣဒံ၊ ဤဓမ္မဒါန အလှူမျိုးသည်။
- သိခါပတ္တဓမ္မဒါနံနာမ၊ အခြားသော အလှူဒါန မျိုးတို့ထက် အထွဋ်အထိပ်သို့ ရောက်သော ဒါနမျိုးတို့ပေတည်း။
ဤလိုဤပုံ ကျမ်းဂန်၌ လာသောကြောင့် လှူရခဲဘိစွ ပြုနိုင်ခဲဘိစွ သိခါ ပတ္တ ဓမ္မဒါန အလှူကြီးဖြစ်အောင် သူတပါး တို့အားလည်း -
- ဤကား-ဒု၊ ဤကား-သ ဤကား-နိ ဤကား-မ ဖြစ်သည်ဟူ၍၎င်း၊
- အဆိုပါ ဒု-သ-နိ-မ လေးပါးတို့တွင် ဒု-သ ကား လောကီသစ္စာ၊ နိ-မကား လောကုတ္တရာသစ္စာ ဟူ၍၎င်း။
- တနည်း၊ ဒု-သကား ဝဋ္ဋဂါမိသစ္စာ နိ-မ ကား ဝိဝဋ္ဋဂါမိသစ္စာ ဟူ၍၎င်း။
- တနည်း၊ သ-ကြောင့် ဒု-ဖြစ်သည်၊ မ-ကြောင့် နိဖြစ်သည်ဟူ၍၎င်း၊
- တနည်း၊ သ-ကြောင့် ဒု၊ ဝါ- တဏှာကြောင့် ခန္ဓာ ဖြစ် ပျက် မွေး သေ သံသရာ ရှည်၍ နေကြရသည်၊
- မ-ကြောင့် နိ၊ ဝါ- တဏှာ ခန္ဓာ ဖြစ် ပျက် မွေးသေ သံသရာပြတ်၍ ရပ်တော့သည် တိုတော့သည် ဟူ၍၎င်း။
သစ္စာလေးပါးတို့ကို သိရှိ နားလည် သွားအောင် တဆင့် ပြောဟာကြပါလေ။ ဝါ- ဘောက်သည်ချကြပါလေ ဟူလို....။
ဧတ္တဝတာ ဘဒ္ဒန္တသုဇနတ္ထေရေန ရစိတာယံ ပဋိနိဒ္ဒေသော ဂန္ထော သစ္စောဘာသောနာမ နိဋ္ဌိတော။
အနက်...
- ဧတ္တဝတာ-ဧတ္တဝန္တေန ဝစနက္ကမေန၊ ဤ သစ္စပဋိနိဒ္ဒေသ၌ ပြဆိုအပ်ပြီးသော စကား အစီအစဉ်ဖြင့်။
- ဘဒ္ဒန္တသုဇနတ္ထေရေန၊ ဘဒ္ဒန္တသုန နာမမည်တွင် ထေရ်အရှင်သည်။
- ရစိတော၊ ရေးသားပြုပြင် စီရင်အပ်သော။
- ပဋိနိဒ္ဒေသော၊ သစ္စာပဋိနိဒ္ဒေသခဏ်း ဖြစ်သော။
- အယံ ဂန္ထော၊ ဤကျမ်းသည်။
- နိဋ္ဌိတော၊ ပြီးပြီ။
- ဝါ၊ ဤတွင်တရပ် အဆုံးသတ်ပြီ။
- ဝါ- နိဋ္ဌံ ဣတော ဂတော ပတ္တော၊ ဤတွင်ပြီးဆုံး နိဂုံးသို့ရောက်ပြီ။
သစ္စာပဋိနိဒ္ဒေသ တတိယပိုင်းကို ဤတွင် ရပ်ဆိုင်းလိုက်ပါသည်။
Comments
Post a Comment