ရာဇပါမောဇ္ဇဒီပနီ
▬ஜ۩۞۩ஜ▬
အရှင်ဉာဏဝံသ - ထွဋ်ခေါင်ဆရာတော်
မာတိကာ
▬▬▬▬
၁။ ပဏာမာဒိပဉ္စက
၂။ မရဏဿတိကို ပွါးများခြင်းအကျိုး
၃။ သေခြင်းကို မအောက်မေ့အပ်သူများ
၄။ မရဏဿတိ ပွါးများအပ်သော အခြင်းအရာ
၅။ သူသတ်ကဲ့သို့ ပွါးများအပ်သော အခြင်းအရာ
၆။ သမ္ပတ္တိ, ဝိပတ္တိအားဖြင့် ပွါးများအပ်သော အခြင်းအရာ
၇။ ဥပသံဟရအားဖြင့် ပွါးများအပ်သော အခြင်းအရာ
၈။ သာဓာရဏအားဖြင့် ပွါးများအပ်သော အခြင်းအရာ
၉။ အာယုဒုဗ္ဗလ အားဖြင့် ပွါးများအပ်သော အခြင်းအရာ
၁၀။ ကာလ အဘာဝအားဖြင့် ပွါးများအပ်သော အခြင်းအရာ
၁၁။ အဒ္ဓါနပရိစ္ဆေဒ အားဖြင့် ပွါးများအပ်သော အခြင်းအရာ
၁၂။ ခဏပရိတ္တအားဖြင့် ပွါးအပ်သော အခြင်းအရာ
၁၃။ သေခြင်းကင်းရာနိဗ္ဗာန်ကို တောင့်တအပ်ခြင်း
၁၄။ သေခြင်းမှ လွတ်မြောက်ရာကို လိုလားအပ်ခြင်း
၁၅။ သတ္တဝါတို့အား တရားတော်ကို လိုလားအပ်ကြောင်း
၁၆။ တောင့်တ၍ မရအပ်သော အရာငါးပါး
၁၇။ ခန္ဓာကိုယ်သည် ရင့်ရော် အိုမင်းခြင်းကို မလွန်နိုင်
၁၈။ အမြဲသုံးသပ်အပ်သော အဘိဏှသုတ်
၁၉။ သံယောဇဉ် ဆယ်ပါးကို ဥပမာနှင့်ပြခြင်း
၂၀။ ဇရာ, ဗျာမိ, မရဏတို့ကို ဆင်ခြင်ရန်
၂၁။ နိဗ္ဗိဒါဉာဏ်ကို ဥပမာနှင့်တကွပြခြင်း
၂၂။ တရားမနာသူတို့မှာ ခံတွင်းပျက်နှင့် ဥပမာတူခြင်း
၂၃။ အဘိဏှသုတ်၌ ပုဂ္ဂိုလ်အားဖြင့်ခွဲ၍ ဟောတော်မူခြင်း
၂၄။ အယောဃရမင်းသားနှင့် ဥပမာပြခြင်း
၂၅။ သေမင်းကို ဥပမာနှင့်တကွ ပြဆိုခြင်း
၂၆။ ပမာဒ, အပ္ပမာဒ တရားနှစ်ပါးအကြောင်း
၂၇။ မရဏဿတိ ယောဂီပုဂ္ဂိုလ်၏ အကျိုးတရား
၂၈။ မျက်မှောက်မှ နိဗ္ဗာန်တိုင်အောင် အကျိုးပေးခြင်း
၂၉။ နိဂုံး
………
ရာဇပါမောဇ္ဇဒီပနီ
▬ஜ۩۞۩ஜ▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပဏာမာဒိပဉ္စက
▬▬▬▬▬▬
(၁) ဝန္ဒိတွာ အသမံ နာထံ၊ ဓမ္မံ ဒုက္ခပနုဒနံ။
ဂဏဉ္စာ ပိ နိပ္ပါပကံ၊ ဂရုံ မေ သဒ္ဓမ္မဂါရဝံ။
(၂) ဝက္ခာမိ ရာဇပါမောဇ္ဇံ၊ ဓမ္မမာနေဟိ ဝဏ္ဏိတံ။
ဓမ္မရာမော တယော ဓမ္မေ၊ ဗုဒ္ဓပုတ္တေန ယာစိတော။
ကုလပုတ္တော မဟာပညော၊ သာသနေ တိဗ္ဗဂါရဝေါ။
(၁) အဟံ၊ ငါသည်။
အသမံ၊ လောကသုံးပါး၌ သီလ သမာဓိ အစရှိသော ဂုဏ်တို့ကြောင့် တစုံတယောက် သောသူနှင့် တူတော်မမူထသော။
နာထံ စ၊ မြတ်စွာဘုရားကိုလည်းကောင်း။
သံသာရေ၊ သံသရာ၌။
သံသရန္တာနံ၊ ကျင်လည်ကြကုန်သော။
သတ္တာနံ၊သတ္တဝါတို့၏။
ဒုက္ခပနုဒနံ၊ ဇာတိအစရှိသော ဒုက္ခကို ပယ်ဖျောက်တတ်သော။
ဓမ္မဉ္စ၊ မဂ်လေးတန်, ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ္တိ တည်းဟူသော ဆယ်ပါးသော တရားတော်မြတ်ကို လည်းကောင်း။
နိပ္ပါပကံ၊ အပါယ်လားကြောင်း မကောင်းမှု ကိလေသာ မရှိသော။
ဂဏဉ္စာပိ၊ မဂ္ဂဋ္ဌာန် လေးယောက် ဖလဋ္ဌာန် လေးယောက် ဟုဆိုအပ်သော ရှစ်ယောက်သော အရိယာ သံဃာတော်မြတ် အပေါင်းကို လည်းကောင်း။
မေ၊ ငါ၏။
သဒ္ဓမ္မဂါရဝံ၊ မြတ်စွာဘုရားသည် ဟောကြား ညွှန်ပြတော်မူအပ်သော တရားတော်၌ အခါခပ်သိမ်း ရိုသေခြင်းရှိသော။
ဂရုဉ္စ၊ ဆရာကို လည်းကောင်း။
အဘိဝန္ဒာမိ၊ အလွန်ရိုသေစွာ ရှိခိုးပါ၏။
ဝန္ဒိတွာ၊ ရှိခိုးပြီး၍။ -
(၂) ယောရာဇာ၊ အကြင်မင်းသည်။
တယောဓမ္မေ၊ သာယဒိဋ္ဌိ, ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ - တည်းဟူသော သုံးပါးသော တရားတို့ကို။
ဇဟာတိ၊ စွန့်၏။
ဓမ္မရာမော၊ သမထဘာဝနာ, ဝိပဿနာ ဘာဝနာ - တည်းဟူသော တရား၌ မွေ့လျော်၏။
သာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။
တိဗ္ဗဂါရဝေါ၊ ထက်မြက်လှစွာသော ရိုသေခြင်း ရှိ၏။
ကုလပုတ္တော၊ အမျိုးကောင်းသားဖြစ်၏။
မဟာပညော၊ ကြီးသောပညာနှင့်ပြည့်စုံ၏။
ဗုဒ္ဓပုတ္တေန၊မြတ်စွာဘုရား၏ သားတော် ဖြစ်သော။
တေန၊ ထိုမင်းသည်။
ယာစိတော၊ တောင်းပန်အပ်သည်ဖြစ်၍။
ဓမ္မမာနေဟိ၊ အင်္ဂါကိုးပါးရှိသော တရားတော်၌ မြတ်နိုးကြကုန်သော။
သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့သည်။
ဝဏ္ဏတံ၊ ချီးမွမ်းအပ်ထသော။
ရာဇပါမောဇ္ဇံ၊ ရာဇပါမောဇ္ဇ အမည်ရှိသော။
ဣဒံပကရဏံ၊ ဤကျမ်းကို။
ဝက္ခာမိ၊ ဆိုပေအံ့။
မရဏဿတိကို ပွားများခြင်းအကျိုး
▬▬▬▬▬▬▬▬▬▬▬▬
မရဏဿတိ အကျိုးပြ ပါဠိ, အနက်
ဧကော ဓမ္မော ဘိက္ခဝေ ဘာဝိတော ဗဟုလီကတော ဧကန္တနိဗ္ဗိန္ဒာယ ဝိရာဂါယ နိရောဓာယ ဝူပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ၊ ကတမော ဧကော ဓမ္မော၊ မရဏဿတိ၊ အယံ ခေါ ဘိက္ခဝေ ဧကော ဓမ္မော ဘာဝိတော ဗဟုလီကတော ဧကန္တနိဗ္ဗိန္ဒာယ ဝိရာဂါယ နိရောဓာယ ဝူပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ဘိက္ခဝေ၊ ရဟန်းတို့။
ဘာဝိတော၊ အဖန်တလဲလဲ ပွါးအပ်သော။
ဗဟုလီကတော၊ အကြိမ်များစွာ ပြုအပ်သော။
ဧကောဓမ္မော၊ တခုသော တရားသည်။
ဧကန္တနိဗ္ဗိန္ဒာယ၊ စင်စစ်ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
ဧကန္တ ဝိရာဂါယ၊ စင်စစ်ဝဋ်ဆင်းရဲ၌ ရာဂကင်းခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
ဧကန္တ နိရောဓာယ၊ စင်စစ်ဝဋ်ဆင်းရဲ၌ ရာဂချုပ် ခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
ဝူပသမာယ၊ ကိလေသာတို့၏ ငြိမ်းခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
အဘိညာယ၊ အနိစ္စ, ဒုက္ခ, အနတ္တ-ဟုသိခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
သမ္ဗောဓာယ၊ သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
နိဗ္ဗာနာယ၊ အကြောင်းကင်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
ဧကောဓမ္မော၊ တခုသော တရားသည်။
ကတမော၊ အဘယ်နည်း ဟူမူကား။ -
မရဏဿတိ၊ သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်းပင်တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဘာဝိတော၊ ပွါးများအပ်သော။
ဗဟုလီကတော၊ အကြိမ်များစွာ ပြုအပ်သော။
ဧကောဓမ္မော၊ တခုသော တရားဟုဆိုအပ်သော။
အယံခေါမရဏဿတိ၊ ဤသေခြင်းကို အဖန် တလဲလဲ အောက်မေ့ခြင်းသည်။
ဧကန္တနိဗ္ဗိန္ဒာယ၊ စင်စစ်ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
ဧကန္တ ဝိရာဂါယ၊ စင်စစ်ဝဋ်ဆင်းရဲ၌ ရာဂကင်းခြင်းငှါ။
သံဝတ္တတိ၊ဖြစ်၏။
ဧကန္တနိရောဓာယ၊ စင်စစ်ဝဋ် ဆင်းရဲ၌ ရာဂချုပ်ခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
ဝူပသမာယ၊ ကိလေသာတို့၏ ငြိမ်းခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
အဘိညာယ၊ အနိစ္စ, ဒုက္ခ, အနတ္တဟုသိခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
သမ္ဗောဓာယ၊ သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းဌါ။
သံဝတ္တတိ၊ ဖြစ်၏။
နိဗ္ဗာနာယ၊ အကြောင်းကင်းသော နိဗ္ဗာန်ကိုမျက်မှောက် ပြုခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အဝေါစ၊ မိန့်တော်မူ၏။
အဓိပ္ပါယ်အကျဉ်း
▬▬▬▬▬▬
အဓိပ္ပါယ်ကား - သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့ ... အဖန်တလဲလဲ ပွါးများအပ်သော အကြိမ်များစွာ ပြုအပ်သော တခုသော တရားသည် -
စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ဖြစ်၏၊
စင်စစ် ဝဋ်ဆင်းရဲ၌ ရာဂ ကင်းခြင်းငှါ ဖြစ်၏၊
စင်စစ် ဝဋ်ဆင်းရဲ၌ ရာဂချုပ်ခြင်းငှါ ဖြစ်၏၊
ကိလေသာတို့၏ ငြိမ်းခြင်းငှါ ဖြစ်၏၊
အနိစ္စ ဒုက္ခ, အနတ္တ-ဟုသိခြင်းငှါ ဖြစ်၏။
သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းငှါ ဖြစ်၏၊
အကြောင်းကင်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။
တခုသော တရားသည် အဘယ်နည်း ဟူမူကား - သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်းပင်တည်း။
သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့.. သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်းဟု ဆိုအပ်သော အဖန်တလဲလဲ ပွါးများအပ်သော အကြိမ်များစွာပြုအပ်သော တခုသော တရားသည် …
စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ဖြစ်၏၊
စင်စစ် ဝဋ်ဆင်းရဲ၌ ရာဂ ကင်းခြင်းငှါ ဖြစ်၏၊
စင်စစ် ဝဋ်ဆင်းရဲ၌ ရာဂချုပ်ခြင်းငှါ ဖြစ်၏၊
ကိလေသာတို့၏ ငြိမ်းခြင်းငှါ ဖြစ်၏၊
အနိစ္စ ဒုက္ခ, အနတ္တ-ဟုသိခြင်းငှါ ဖြစ်၏။
သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းငှါ ဖြစ်၏၊
အကြောင်းကင်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။
ဤသို့ မြတ်စွာဘုရားသည် မိန့်တော်မူ၏-ဟူလိုသတည်း။
အဓိပ္ပါယ် အကျယ်
▬▬▬▬▬▬▬
မြတ်စွာဘုရား၏ အလိုတော်ကား ဤသို့တည်း။
သံသရာ၌ ကျင်လည်ကုန်သော သတ္တဝါအပေါင်းတို့အား မပြတ်မလပ် အခါခပ်သိမ်း မရဏဒုက္ခဖြင့် နှိပ်စက်ကုန်၏၊ ထိုသို့နှိပ်စက်သည်တို့ကို မသိ မမြင်ကုန်သည်ဖြစ်၍ သံသရာ၌ လည်းကောင်း၊ ခန္ဓာငါးပါး၌ လည်းကောင်း ကြောက်တတ်, ထိတ်လန့်တတ် တုန်လှုပ်တတ်သော ဘယဉာဏ်၊ များစွာသောအဖြစ်ရှိ၏-ဟု သိတတ်သော အာဒီနဝဉာဏ်၊ ငြီးငွေ့တတ်သော နိဗ္ဗိန္ဒဉာဏ်တို့ကို မရကုန်သော လူ, နတ် အပေါင်း တို့သည် ခြင်္သေ့ ကျား သစ် အောင်း ဆင် အစရှိသော ဘေးဘျမ်းနှင့် တကွသော တောအုပ်နှင့်တူသော သံသရာ ခန္ဓာငါးပါး တို့၌ ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိန္ဒဉာဏ်ကို ရစိမ့်သောငှါ တခုသော တရားဟု ဆိုအပ်သော မရဏဿတိကို ပွါးများအပ်၏။
ချစ်သားရဟန်းတို့ ... ဘဝတဏှာ ဟူသော တရားသည် သံသရာ၌ လည်းကောင်း၊ ခန္ဓာငါးပါး၌လည်းကောင်း၊ ဟုတ်မှန်တိုင်းသော အပြစ်ကို မမြင်သည်ဖြစ်၍ ချစ်တတ်သော သဘော နှစ်သက်တတ်သော သဘော, တုန်လှုပ်တတ်သော သဘော ရှိသည်ဖြစ်၍ နိဗ္ဗိန္ဒဉာဏ်ကို မရကြကုန်၊ ထိုသို့နိဗ္ဗိန္ဒဉာဏ်ကို မရကြကုန်သရွေ့ ကာလပတ်လုံး ဇာတိ အစရှိသော ဒုက္ခအပေါင်းတို့ဖြင့် နှိပ်စက်လတ္တံ့သည်ကို မြင်တော်မူ၍ ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိန္ဒဉာဏ်ကို ဖြစ်စေတတ်သော မရဏဿတိ ကမ္မဋ္ဌာန်းကို ပွါးများအပ်၏။
ချစ်သားရဟန်းတို … လောက၌ ထုံးနှင့်နနွင်း လိမ်းသည် ရှိသော် နီမြဲမုချမှန်သကဲ့သို့ ထို့အတူ မရဏဿတိ ကမ္မဋ္ဌာန်းကို ပွါးများသော သူတို့သည် စင်စစ်အားဖြင့် ငြီးငွေ့တတ်သော သဘောရှိသော နိဗ္ဗိန္ဒဉာဏ်ကို ရကုန်၏-ဟူလိုသတည်း။
နှိုင်းယှဉ်ချက် ဥပမာ
▬▬▬▬▬▬▬
လောက၌ သမီးခင်ပွန်း နှစ်ယောက်တို့သည် အရွယ်၌ လည်းကောင်း၊ အဆင်း၌ လည်းကောင်း၊ အမျိုး၌လည်းကောင်း၊ စည်းစိမ် ဥစ္စာ၌ လည်းကောင်း တပ်ကုန် သည်ဖြစ်၍ ပြင်းစွာသော ချစ်ခြင်းကို ဖြစ်စေကုန်၏၊ အယုတ်အားဖြင့် အနည်းငယ်မျှ မမြင်ရသည်ရှိသော် သည်းခံခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ပြင်းစွာသော ကိလေသာဖြင့် တုန်လှုပ်ခြင်းသည် ဖြစ်ကုန်၏၊
တရံရောကာလ၌ ထိုသူငယ်မသည် တပါးသော ယောက်ျားတို့နှင့် စကား ပြောသည်ကို လည်းကောင်း၊ သွားသည်, ရပ်သည် ထိုင်သည်ကိုလည်းကောင်း၊ မြင်၍ ထိုသူငယ်မအား ဖြစ်သောရာဂတို့သည် ကင်းကုန်သကဲ့သို့ မရဏဿတိကို အဖန် တလဲလဲ ပွါးသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်တို့သည် သံသရာဝဋ် ဆင်းရဲ၌ လည်းကောင်း၊ ခန္ဓာငါးပါး၌လည်းကောင်း၊ သေခြင်းတည်း ဟူသောအပြစ်ကိုမြင်၍ ရာဂတို့သည် ကင်းကုန်၏-ဟူလိုသတည်း။
လောက၌ အဆွေခင်ပွန်းကောင်း နှစ်ယောက်တို့သည် ရှိကုန်၏။ ထိုသူနှစ်ယောက် တို့သည် အချင်းချင်း ဥစ္စာ ရွှေ ငွေ ပုလဲ ပတ္တမြား တို့ဖြင့် ပေးခြင်း,ယူခြင်းတို့ကို ပြုကြကုန်၏၊ အချင်းချင်း တယောက်သည် တယောက်အား ချစ်မြတ်နိုးကြကုန်၏။
တရံရောကာလ၌ ထိုသူ နှစ်ယောက်တို့သည် အဖြောင့်အမှန်ကို မပြုကြကုန် သည်ဖြစ်၍ ဥစ္စာ ရွှေ ငွေ ပုလဲ ပတ္တမြားကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ခြင်း, ငြင်းခုံခြင်း, နင်-သင်-ဟူသော စကားကိုဆိုခြင်းမှ တုတ်လှံတံတို့ဖြင့် ရိုက်နှက်ခြင်း စသည်တို့ကို ပြုကြသဖြင့် ရှေ့၌ဖြစ်သော ချစ်ခြင်းတို့သည် ပျောက်ကုန် သကဲ့သို့ ထို့အတူ မရဏဿတိကို အဖန်တလဲလဲ ပွါးသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ် တို့အား ဘာဝနာ မပွါးမီ ရှေးအဘို့၌ဖြစ်သော သံသရာ ခန္ဓာငါးပါး၌ တပ်သော တဏှာတို့သည် ချုပ်ကုန်၏ - ဟူလိုသတည်း။
လောက၌ မီးတို့၏သဘောသည် လောင်တတ်သော သဘောရှိ၏။
မိမိ၏မှီရာဖြစ်သော ထင်းအစရှိသော ဝတ္ထုတို့ကို ဖျက်ဆီးတတ်သော သဘောရှိ၏၊ ထိုမီးသည် ကြီးစွာသောမိုဃ်းတို့သည် ရွာကုန်သည်ရှိသော် ငြိမ်းကုန်သကဲ့သို့ ထို့ အတူ မရဏဿတိကမ္မဋ္ဌာန်း - တည်းဟူသော မိုဃ်းကြီးရွာသဖြင့် သတ္တဝါတို့အား ဘဝ အဆက်ဆက် ဖျက်ဆီးတတ်, နှိပ်စက်တတ်, ဆင်းရဲပူပန်စေတတ်သော ရာဂ အစရှိသော မီးတို့သည်၊ တဒင်္ဂသတ္တိ, ဝိက္ခမ္ဘနသတ္တိဖြင့် ငြိမ်းကုန်၏ ဟူလို သတည်း။
ရေကြောင်းခရီးဖြင့် လည်းကောင်း၊ ကြည်းကြောင်းခရီးဖြင့် လည်းကောင်း အဖန် တလဲလဲ သွားကုန်သောသူတို့သည် မိမိသွားရာလမ်း ခရီး၌ အနိမ့် အမြင့် သစ်ပင် တောတောင် အစရှိသည်တို့ကို သိမြင်သကဲ့သို့ ထို့အတူ မရဏဿတိကမ္မဋ္ဌာန်းကို အဖန်တလဲလဲ ပွါးသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ထိုမရဏဿတိ၏ အာနုဘော် အားဖြင့် ခန္ဓာငါးပါးတို့၏ အနိစ္စဖြစ်သည်၏အဖြစ်, ဒုက္ခဖြစ်သည်၏အဖြစ် အနတ္တ ဖြစ်သည်၏အဖြစ်ကို သိကုန်၏ - ဟူလိုသတည်း။
ဤသို့ အနိစ္စ, ဒုက္ခ, အနတ္တ - ဟုသိတတ်သော သမ္မာဒိဋ္ဌိ-ပညာ မျက်စိနှင့် ပြည့်စုံသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ရှစ်သောင်း လေးထောင် နက်သော မဟာသမုဒ္ဒရာ၏ အတွင်း၌ရှိသော ပုလဲ ပတ္တမြားကို သိနိုင်, မြင်နိုင်ခဲသကဲ့သို့ ထို့အတူ သိနိုင် မြင်နိုင်ခဲသော အလွန်နက်နဲ သိမ်မွေ့သော ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ - တည်းဟူသော သစ္စာလေးပါးတရားတို့ကို ပိုင်းခြား၍ သိကုန်၏ - ဟူလိုသတည်း။
ဤသို့ သစ္စာလေးပါး တရားတို့ကို ထိုးထွင်း၍ သိကုန်သော ပညာရှိ သူတော်ကောင်းတို့သည် ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့၏ နေရာ ဖြစ်သော အခါခပ်သိမ်း ဆင်းရဲမရှိသော နိဗ္ဗာန်ကို မျက်မှောက်ပြုရ၏-ဟူလိုသတည်း။
ပုဒ်စိတ် ပါဌ်စိတ် အဓိပ္ပါယ်
▬▬▬▬▬▬▬▬▬
ဤပါဠိတော်၌ ဧကန္တနိဗ္ဗိန္ဒာယ-ဟူသော ပါဌ်ဖြင့် မရဏဿတိ ကမ္မဋ္ဌာန်းကို အဖန် တလဲလဲ ပွါးသော ယောဂီပုဂ္ဂိုလ်အား စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့သည်၏အဖြစ်ကို ပြတော်မူသတည်း။
ဝိရာဂါယ နိရောဓာယ-ဟူသောပါဌ်ဖြင့် ငြီးငွေ့သော ယောဂီပုဂ္ဂိုလ်အား ဝဋ်ဆင်းရဲ၌ စင်စစ်ရာဂကင်းသည်၏အဖြစ်, ရာဂချုပ်သည်၏အဖြစ်ကို ပြတော်မူသတည်း။
ဝူပသမာယ-ဟူသော ပါဌ်ဖြင့် ဝဋ်ဆင်းရဲ၌ ရာဂချုပ်သော ယောဂီပုဂ္ဂိုလ်တို့အား ကိလေသာတို့၏ ငြိမ်းသည်၏ အဖြစ်ကို ပြတော်မူသတည်း။
အဘိညာယ-ဟူသောပါဌ်ဖြင့် ဝိပဿနာဉာဏ်ဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ထိုးထွင်း၍ သိသည်၏အဖြစ်ကို ပြတော်မူသတည်း။
သမ္ဗောဓာယ-ဟူသောပါဌ်ဖြင့် ဤသို့ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍သိသော ယောဂီပုဂ္ဂိုလ်တို့အား သစ္စာလေးပါးတရားကို ပိုင်းခြား၍ သိသည်၏အဖြစ်ကို ပြတော်မူသတည်း။
နိဗ္ဗာနာယ-ဟူသောပါဌ်ဖြင့် သစ္စာလေးပါး တရားတို့ကိုသိပြီးသော ယောဂီပုဂ္ဂိုလ် တို့သည် အကြောင်းတရား လေးပါးတို့သည် ပြုပြင် ခြင်းကင်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုရသည်၏ အဖြစ်ကို ပြတော်မူသတည်း။
တိုက်တွန်းခြင်း ဥယျာဇဉ်
▬▬▬▬▬▬▬▬▬
ဤသို့ ဘေးမရှိသောနိဗ္ဗာန်သို့ ရောက်စေတတ်သော အကျိုးထူး တရားနှင့် ပြည့်စုံသော မရဏဿတိကို ပွါးများလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် -
ဇီဝိတိန္ဒြိယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿ သတိ၊ တံ ဘာဝေတုကာမေန ရဟောဂတေန ပဋိသလ္လိနေန မရဏံ ဘဝိဿတီတိ ဝါ ဇီဝိတိန္ဒြိယမုပ္ပစ္ဆိဇ္ဇိဿတီ တိ ဝါ ဓုဝံ မရဏန္တိ ဝါ ယောနိသော မနသိကာရော ပဝတ္တေတဗ္ဗော။
ဇီဝိတိန္ဒြိယုပစ္ဆေဒသင်္ခါတဿ၊ ဇီဝိတိန္ဒြေပြတ်ခြင်းဟု ဆိုအပ်သော။
မရဏဿ၊ သေခြင်းကို။
သရဏံ၊ အောက်မေ့ခြင်းသည်။
မရဏဿတိ၊ သေခြင်းကို အောက်မေ့ခြင်းမည်၏။
တံ၊ ထိုမရဏဿတိဘာဝနာကို။
ဘာဝေတုကာမေန၊ ပွားများခြင်းငှါ အလိုရှိသော ယောဂီပုဂ္ဂိုလ်သည်။
ရဟောဂတေန၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သဖြင့်။
ပဋိသလ္လိနေန၊ တယောက်အထီးတည်း ကိန်းစက်သဖြင့်။
မေ၊ ငါ၏။ (အား)။
မရဏံ၊ သေခြင်းသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတိဝါ၊ ဤသို့လည်းကောင်း။
ဇီဝိတိန္ဒြိယံ၊ အသက်သည်။
ဥပ္ပစ္ဆိဇ္ဇိဿတိ၊ ပြတ်လတ္တံ့။
ဣတိဝါ၊ ဤသို့လည်းကောင်း။
မရဏံ၊ သေခြင်းသည်။
ဓုဝံ၊ မြဲ၏။
ဣတိဝါ၊ ဤသို့လည်းကောင်း။
ယောနိသော၊ အသင့်အားဖြင့်။
မနသိကာရော၊ နှလုံးသွင်းခြင်းကို။
ပဝတ္တေတဗ္ဗော၊ ဖြစ်စေအပ်၏။
ဤသို့ အဋ္ဌကထာ၌ လာသောနည်းဖြင့် သေခြင်းတရားကို အသင့်အားဖြင့် နှလုံးသွင်း အပ်၏။
သေခြင်းကို မအောက်မေ့အပ်သူများ
▬▬▬▬▬▬▬▬▬▬▬▬
ချစ်သူ၏ သေခြင်းကို မအောက်မေ့အပ်
▬▬▬▬▬▬▬▬▬▬▬
ဣဋ္ဌဇနမရဏာနုဿရဏေ သောကော ဥပ္ပဇ္ဇတိ၊ ဝိဇာတမာတုယာ ပိယပုတ္တမရဏာ-နုဿရဏေ ဝိယ။
ဝိဇာတ မာတုယာ၊ ဖွားသောအမိ၏။
ပိယပုတ္တမရဏာနုဿရဏေ၊ ချစ်လှစွာသော သား၏သေခြင်းကို အောက်မေ့ခြင်း၌။
သောကော၊ စိုးရိမ်ခြင်းသည်။
ဥပ္ပဇ္ဇတိဝိယ၊ ဖြစ်သကဲ့သို့။
ဣဋ္ဌဇနမရဏာနုဿရဏေ၊ အလိုရှိသောသူ၏ သေခြင်းကို အောက်မေ့ခြင်း၌။
သောကော၊ စိုးရိမ်းခြင်းသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဤသို့သော ချစ်သောသူ၏သေခြင်းကို အောက်မေ့ခြင်း၌ သတိတရားသည် လည်းကောင်း, သံဝေဂတရားသည် လည်းကောင်း, ဉာဏ်သည်လည်းကောင်း ကင်းခြင်းငှာ ဖြစ်၏။ ထို့ကြောင့် ချစ်သောသူ၏ သေခြင်းကို မအောက်မေ့အပ်-ဟူသတည်း။
မုန်းသူ၏ သေခြင်းကို မအောက်မေ့အပ်
▬▬▬▬▬▬▬▬▬▬▬
အနိဋ္ဌဇနမရဏာနုဿရဏေ ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ၊ ဝေရီနီ ဝေရိမရဏာနုဿရဏေ ဝိယ။
ဝေရီနံ၊ ရန်သူတို့၏။
ဝေရိမရဏာနုဿရဏေ၊ ရန်သူ၏သေခြင်းကိုအောက်မေ့ခြင်း၌။
ပါမောဇ္ဇံ၊ ဝမ်းမြောက်ခြင်းသည်။
ဥပ္ပဇ္ဇတိဝိယ၊ ဖြစ်သကဲ့သို့။
အနိဋ္ဌဇနမရဏာနုဿရဏေ၊ အလိုမရှိအပ်သော မုန်းသောသူ၏ သေခြင်းကို အောက်မေ့ခြင်း၌။
ပါမောဇ္ဇံ၊ ဝမ်းမြောက်ခြင်းသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဤသို့မုန်းသောသူ၏သေခြင်းကို အောက်မေ့ရာ၌ သတိတရားသည် လည်းကောင်း၊ သံဝေဂတရားသည်လည်းကောင်း၊ ဉာဏ်သည်လည်းကောင်း ကင်းခြင်းငှါ ဖြစ်၏၊ ထို့ကြောင့် မုန်းသောသူ၏ သေခြင်းကိုလည်း မအောက်မေ့အပ်။
မဇ္ဈတ္တ၏ သေခြင်းကို မအောက်မေ့အပ်
▬▬▬▬▬▬▬▬▬▬▬
မဇ္ဈတ္တမရဏာနုဿရဏေ သံဝေဂေါ နပ္ပဇ္ဇတိ၊ မတကလေဝရ ဒဿနေ ဆဝဍာဟကဿ ဝိယ။
မတကလေဝရဒဿနေ၊ သေပြီးသော အကောင်ကို မြင်ခြင်း၌။
ဆဝဍာဟကဿ၊ သူကောင်ဖုတ်သောသူအား။
သံဝေဂေါ၊ ထိတ်လန့်ခြင်းသည်။
နုပ္ပဇ္ဇတိဝိယ၊ မဖြစ်သကဲ့သို့။
မဇ္ဈတ္တမရဏာနုဿရဏေ၊ လျစ်လျူရှုသော မချစ် မမုန်းသောသူ၏ သေခြင်းကို အောက်မေ့ ခြင်း၌။
သံဝေဂေါ၊ ထိတ်လန့်ခြင်းသည်။
နုပ္ပဇ္ဇတိ၊ မဖြစ်။
ဤသို့လျှင် လျစ်လျူရှုသော မချစ် မမုန်းသော သူတို့၏ သေခြင်းကို အောက်မေ့ခြင်း၌ သတိတရားသည် လည်းကောင်း သံဝေဂတရားသည် လည်းကောင်း, ဉာဏ်သည် လည်းကောင်း ကင်းခြင်းငှာ ဖြစ်၏၊ ထို့ကြောင့် လျစ်လျူရှုသော မချစ် မမုန်းသော သူတို့၏ သေခြင်းကိုလည်း မအောက်မေ့အပ်၏။
[မမြင်ဘူးသောသူတို့ကို ရည်၍ဆိုသည်။]
မိမိ၏သေခြင်းကို မအောက်မေ့အပ်
▬▬▬▬▬▬▬▬▬▬▬▬
အတ္တနော မရဏာနုဿရဏေ သန္တာပေါ ဥပ္ပဇ္ဇတိ၊ ဥက္ခိတ္တာသိကံ ဝဓကံ ဒိသွာ အဘိရူကဇာတိကဿ ဝိယ။
ဥက္ခိတ္တာသိကံ၊ သတ်အံ့ဟု မိုးအပ်သော သန်လျက်ရှိသော။
ဝဓကံ၊ သူသတ်ယောက်ျားကို။
ဒိသွာ၊ မြင်၍။
အဘိရူကဇာတိကဿ၊ ကြောက်တတ်သော သဘောရှိသောသူအား။
သန္တာပေါ၊ ပူပန်ထိတ်လန့်ခြင်းသည်။
ဥပ္ပဇ္ဇတိဝိယ၊ ဖြစ်သကဲ့သို့။
အတ္တနော၊ မိမိ၏။
မရဏာနုဿရဏေ၊ သေခြင်းကိုအောက်မေ့ခြင်း၌။
သန္တာပေါ၊ ပူပန်ခြင်း ထိတ်လန့် ခြင်းသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဤသို့ မိမိ၏သေခြင်းကို အောက်မေ့ခြင်း၌ သတိတရားသည် လည်းကောင်း၊ သံဝေဂတရားသည် လည်းကောင်း၊ ဉာဏ်သည်လည်းကောင်း ကင်းခြင်းမှ ဖြစ်၏။ ထို့ကြောင့် မိမိ၏သေခြင်းကိုလည်း မအောက်မေ့အပ်။
မရဏဿတိကို ဖြစ်စေအပ်ကြောင်း
▬▬▬▬▬▬▬▬▬▬▬▬
တတ္ထ တတ္ထ ဟတမတသတ္တေ ဩလောကေတွာ ဒိဋ္ဌပုဗ္ဗသမ္ပတ္တီနံ သတ္တာနံ မတာနံ မရဏံ အာဝဇ္ဇေတွာ သတိဉ္စ သံဝေဂဉ္စ ဉာဏဉ္စ ယောဇေတွာ မရဏံ ဘဝိဿတီ တိ အာဒိနာနယေန မနသိကာရော ပဝတ္တေတဗ္ဗော။
တတ္ထတတ္ထ၊ ထိုထိုသို့သောအရပ်၌။
ဟတမတသတ္တ၊ သတ်၍သေသော သတ္တဝါတို့ကို။
ဩလောကေတွာ၊ ကြည့်၍။
ဒိဋ္ဌပုဗ္ဗသမ္ပတ္တီနံ၊ မြင်ဘူးသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်သော။
မတာနံ၊ သေကုန်သော။
သတ္တာနံ၊သတ္တဝါတို့၏။
မရဏံ၊ သေခြင်းကို။
အာဝဇ္ဇေတွာ၊ နှလုံးသွင်း၍။
သတိဉ္စ၊ သတိကို လည်းကောင်း။
သံဝေဂဉ္စ၊ ထိတ်လန့်ခြင်းကို လည်းကောင်း။
ဉာဏဉ္စ၊ ဉာဏ်ကို လည်းကောင်း။
ယောဇေတွာ၊ ယှဉ်၍။
မရဏံ၊ သေခြင်းသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတိအာဒိနာ နယေန၊ ဤသို့အစရှိသောနည်းဖြင့်။
မနသိကာရော၊ နှလုံးသွင်းခြင်းကို။
ပဝတ္တေတဗ္ဗော၊ ဖြစ်စေအပ်၏။
ဤသို့အဋ္ဌကထာ၌ လာသောနည်းဖြင့် ထိုထိုသို့သော အရပ်၌ သတ်၍ သေသော သတ္တဝါတို့ကိုကြည့်၍ မြင်ဘူးသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်သော သေကုန်သော သတ္တဝါတို့၏ သေခြင်းကို နှလုံးသွင်း၍ သတိကိုလည်းကောင်း, ထိတ်လန့်ခြင်း သံဝေဂကိုလည်းကောင်း, ဉာဏ်ကိုလည်းကောင်း ယှဉ်စေ၍ သေခြင်းသည်ဖြစ်လတ္တံ့-ဟု ဤသို့ အစရှိသောနည်းဖြင့် နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏ - ဟူလိုသည်။
သူသတ်ကဲ့သို့ ပွားများအပ်သော အခြင်းအရာ
▬▬▬▬▬▬▬▬▬▬▬
ဤသို့ အသင့်အားဖြင့် နှလုံးသွင်းခြင်းကို ဖြစ်စေတတ်သော အချို့သော ယောဂီ ပုဂ္ဂိုလ်အား ကာမစ္ဆန္ဒအစရှိသော နီဝရဏတို့သည် ကွာကုန်၏၊ မရဏဿတိ ကမ္မဋ္ဌာန်းသည် ကောင်းစွာတည်၏။ ဤ မရဏဿတိ ကမ္မဋ္ဌာန်းသည် အပ္ပနာသို့ မရောက်လေ၊ ဥပစာရသည် သာလျှင်ဖြစ်၏။
ဤသို့“မရဏံ ဘဝိဿတိ၊ ဇီဝိတိန္ဒြိယ မုပစ္ဆိဇ္ဇိဿတိ၊ ဓုဝံမရဏံ”ဟု အဖန် တလဲလဲ ပွါးသော်လည်း သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ-တည်း ဟူသော ဣန္ဒြေငါးပါးတို့သည် နည်းပါးကုန်သည်ဖြစ်၍ ကာမစ္ဆန္ဒ အစရှိသော နီဝရဏတို့သည် မကွာကုန်သည်ဖြစ်၍ မရဏဿတိကမ္မဋ္ဌာန်းသည် ကောင်းစွာ မတည်ဖြစ်အံ့ - ဆိုလတ္တံ့သော ရှစ်ပါးသော အချင်းအရာတို့ဖြင့် ပွါးများအပ်၏။
အခြင်းအရာများ
▬▬▬▬▬▬
ဝဓကဿေဝုပဋ္ဌာနာ၊ သမ္ပတ္တီနံ ဝိပတ္တိတော။
ဥပသံဟရတော ကာယ၊ ဗဟုသာဓာရဏာ တထာ။
အာယုဒုဗ္ဗလတော ကာလ၊ ဝဝတ္ထာနဿာ ဘာဝတော။
အဒ္ဓါနဿ ပရိစ္ဆေဒါ၊ ပရိတ္တာ မရဏဿတိ။
ဝဓကဿေဝ-ဝဓကဿဣဝ၊ သူသတ်ယောက်ျားကဲ့သို့။
ဥပဋ္ဌာနာ၊ သေခြင်း၏ ရှေးရှုထင်သောအားဖြင့်လည်းကောင်း။
သမ္ပတ္တီနံ၊အသက်၏ ပြည့်စုံခြင်းတို့၏။
ဝိပတ္တိတော၊ ပျက်စီးခြင်း- သေခြင်းဟုဆိုအပ်သော ဝိပတ္တိအားဖြင့် လည်းကောင်း။
ဥပသံဟရတော၊ သူတပါးတို့၏ သေခြင်းကို မိမိသို့ ဆောင်သောအားဖြင့် လည်းကောင်း။
ကာယဗဟုသာဓာရဏာ၊ ကိုယ်၏များစွာ အတွင်း အပ ရန်သူတို့နှင့် ဆက်ဆံသော အားဖြင့်လည်းကောင်း။
တထာ၊ ထိုသို့။
အာယုဒုဗ္ဗလတော၊ အသက်၏ အားနည်းသော အဖြစ်ဖြင့် လည်းကောင်း၊
ကာလဝဝတ္ထာနဿ၊ သေအံ့သော ကာလကိုပိုင်းခြားခြင်း၏။
အဘာဝတော၊ မရှိသောအားဖြင့် လည်းကောင်း။
အဒ္ဓါနဿ၊ အသက်၏ တရာ့တန်းဟူသော ကာလအဓွန့်ကို။
ပရိစ္ဆေဒါ၊ ပိုင်းခြားခြင်း အားဖြင့်လည်းကောင်း။
ပရိတ္တာ၊ ခဏ၏နည်းပါးသောအားဖြင့် လည်းကောင်း။
ဘာဝနာ၊ ပွါးစေခြင်းသည်။
မရဏဿတိ၊ မရဏဿတိ မည်၏။
ထိုဂါထာတို့၌ ဝဓကဿေဝုပဋ္ဌာနံ - ဟူသော ပုဒ်၏အဓိပ္ပါယ်ကား။
ဣမဿ သီသံ ဆိန္ဒိဿာမီ တိ အသိံ ဂဟေတွာ ဂီဝါယံ သံစာရယမာနဿ ဝဓကဿ ဝိယ မရဏဿ ဥပဋ္ဌာနတော။
ဣမဿ၊ ဤသူ၏။
သီသံ၊ ဦးခေါင်းကို။
ဆိန္ဒိဿာမီတိ၊ ဖြတ်အံ့ဟူ၍။
အသိံ၊ သန်လျက်ကို။
ဂဟေတွာ၊ ကိုင်၍။
ဂီဝါယံ၊ လည်၌။
သံစာရယမာနဿ၊ ဝင့်သော။
ဝဓကဿဝိယ၊ သူသတ်ယောက်ျားကဲ့သို့။
မရဏဿ၊ သေခြင်း၏။
ဥပဋ္ဌာနတော၊ ရှေးရှုထင်သောအားဖြင့်။
မရဏံ၊ သေခြင်းကို။
အနုဿရိတံ၊ အောက်မေ့အပ်၏။
ဤသို့လာသော အမိန့်တော်မြတ်နှင့်အညီ မရဏဿတိကို ပွါးသော ယောဂါဝစရ ပုဂ္ဂိုလ်အား ဤသူ၏ဦးခေါင်းကို ဖြတ်အံ့-ဟူ၍ သန်လျက်ကိုကိုင်၍ လည်၌ဝင့် သူသတ်ယောက်ျားကဲ့သို့ သေခြင်း သဘောတရားကို ထင်စေအပ်၏ - ဟူလို သတည်း။
သူသတ်ကဲ့သို့ ရှာမှီးအပ်ကြောင်း
ထိုမှတပါးလည်း ဤသေခြင်း သဘောတရားသည် ပဋိသန္ဓေနှင့် အတူတကွလာပြီး၍ အခါခပ်သိမ်း နေ့ညဉ့် မပြတ် သတ်အံ့သောငှါ ရှာသည်၏အဖြစ်ကို ဤသို့ မိန့်တော်မူသတည်း။
ဥပ္ပတ္တိယာ သဟေဝေဒံ၊
မရဏံ အဂတံ သဒါ။
မာရဏတ္ထာယ သြကာသံ၊
ဝဓကော ဝိယ ဧသတိ။
ဥပ္ပတ္တိယာ၊ ပဋိသန္ဓေနေသည်နှင့်။
သဟေဝ၊ အတူတကွသာလျှင်။
ဣဒံမရဏံ၊ ဤသေခြင်း သဘောတရားသည်။
သဒါ၊ အခါခပ်သိမ်း။
မာရဏတ္ထာယ၊ သတ်အံ့သောငှါ။
ဝဓကောဝိယ၊ သူသတ်ယောက်ျားကဲ့သို့။
ဩကာသံ၊ အခွင့်ကို။
ဧသတိ၊ ရှာ၏။
ဤသို့လာသော အမိန့်တော်မြတ် နှင့်အညီ ခန္ဓာငါးပါးရှိသော သတ္တဝါတို့သည် ပဋိသန္ဓေယူသည်နှင့် အတူတကွသာလျှင် ဤသေခြင်း သဘောတရားသည်လာ၏။ သူသတ်ယောက်ျား ငါးယောက်တို့သည် အသီးအသီး ထက်မြက်လှစွာသော ဓား, သန်လျက်ကို ကိုင်၍ တွေ့ရာသင်းချိုင်းသတ်လေ - ဟူသော ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကိုယူ၍ အခါခပ်သိမ်း သတ်အံ့သောငှါ ရှာသကဲ့သို့ သတ္တဝါတို့အား အခါခပ်သိမ်း နေ့ညဉ့် မပြတ် သတ်အံ့သောငှါ အခွင့်ကိုရှာကုန်၏-ဟူ လိုသတည်း။
သူသတ်ယောက်ျား ၅-ယောက်နှင့်တူပုံ
ထိုမှတပါးလည်း -
တမေနံ ဧဝံ ဝဒေယျုံ၊ ဣမေ တေ အမ္ဘောပုရိသ ပဉ္စ ဝဓကာ ပစ္စတ္ထိကာ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓာ၊ ယတ္ထေဝ နံ ပဿိဿာမ၊ တတ္ထေဝ ဇီဝိတာ ဝေါရောပေဿာမာ တိ၊ ယန္တေ အမ္ဘောပုရိသ ကရဏီယံ၊ တံ ကရောဟီ တိ၊ အထခေါသော ဘိက္ခဝေ ပုရိသော ဘိတော ပဉ္စန္နံ ဝဓကာနံ ပစ္စတ္ထိကာနံ ယေနဝါ တေနဝါ ပလာယေထ။
တမေနံ-တံ ဧနံ ပုရိသံ၊ ထိုယောက်ျားကို။
ဧဝံ၊ ဤသို့။
ဝဒေယျုံ၊ ဆိုကုန်ရာ၏။
အမ္ဘောပုရိသ၊ အို-ယောက်ျား။
ပစ္စတ္ထိကာ၊ ရန်သူဖြစ်ကုန်သော။
ဣမေ ပဉ္စဝဓကာ၊ ဤသူသတ်ယောက်ျား ငါးယောက် တို့သည်။
ပိဋ္ဌိတော ပိဋ္ဌိတော၊ နောက်မှ, နောက်မှ။
အနုဗန္ဓာ၊ အစဉ် လိုက်ကုန်၏။
ယတ္ထေဝ၊ အကြင်အရပ်၌သာလျှင်။
နံ၊ သင့်ကို။
ပဿိဿာမ၊ မြင်ကုန်၏။
တတ္ထေဝ၊ ထိုအရပ်၌သာလျှင်။
ဇီဝိတာ၊ အသက်မှ။
ဝေါရောပေဿာမ၊ ချကုန်အံ့။
ဣတိ၊ ဤသို့။
ဝဒေယျုံ၊ ဆိုကုန်ငြားအံ့။
အမ္ဘောပုရိသ၊ အို-ယောက်ျား။
ယံ၊ အကြင်အမှုကို။
တေတယာ၊ သင်သည်။
ကရဏီယံ၊ ပြုခြင်းငှါ အလိုရှိ၏။
တံ၊ ထိုအလိုရှိသော အမှုကို။
ကရောဟိ၊ ပြုလေလော့။
ဣတိ၊ ဤသို့။
ဝဒေယျုံ၊ ဆိုကုန်ငြားအံ့။
အထခေါ၊ ထိုသို့ဆိုသော အခါ၌။
ဘိက္ခဝေ၊ ရဟန်းတို့။
သောပုရိဿာ၊ ထိုယောက်ျားသည်။
ပစ္စတ္ထိကာနံ၊ ရန်သူဖြစ်ကုန်သော။
ပဉ္စန္နံ ဝဓကာနံ၊ သူသတ်ယောက်ျား ငါးယောက်တို့ကို။
ဘိတော၊ ကြောက်သည်ဖြစ်၍။
ယေနဝါ တေနဝါ၊ ဟုတ်ဟုတ်ငြားငြားသော အရပ်သို့။
ပလာယေထ၊ ပြေးလေရာ၏။
အဓိပ္ပါယ် အကျဉ်းချုပ်
ဤသို့ လာသော အမိန့်တော်မြတ်၌ မြတ်စွာဘုရား၏ အလိုတော်ကား ဤသို့တည်း၊
ရူပက္ခန္ဓာအစရှိသော ခန္ဓာငါးပါးတရားတို့သည် သတ်တတ်သောတရား ဧကန်ဖြစ်၏၊ အတွင်းဖြစ်သောရန်သူနှင့် တူကုန်၏၊ ထိုရန်သူငါးယောက်တို့သည် နောက်မှ နောက်မှ သန်လျက်ကို ကိုင်၍ အကြင်အရပ်၌ ထိုသူကိုမြင်ကုန်၏၊ ထိုအရပ်၌ ဇီဝိတိန္ဒြေကို ချအံ့-ဟုလိုက်ကုန်၏၊ ချစ်သားရဟန်းတို့ … ဤကား- မြတ်စွာဘုရား၏ အလိုတော် တည်း။
ယခုအသက်ရှိသော သတ္တဝါတို့သည် ထိုသူသတ် ယောက်ျား ငါးယောက်တို့သည် သတ်အံ့သောငှါ အခါခပ်သိမ်း နေ့, ညဉ့် မပြတ် နောက်မှ လိုက်၍ ရှာဖွေကုန်၏၊ ထိုသို့ရှာဖွေကုန်သော်လည်း ရှေးကုသိုလ်ကံအားလျော်စွာ မတွေကုန်သေးသည် ဖြစ်၍ အလိုရှိတိုင်း သားသမီး အဆွေအမျိုးတို့၏ကိစ္စကို ရွက်ဆောင်၍ နေကြ ရကုန်သည်၊
အကြင်အခါ၌ အကြင်အရပ်၌ ထိုသူကို တွေ့လေကုန်၏။ ထိုအခါ၌ ထိုအရပ်၌ တွေ့ရာသင်းချိုင်း သတ်လေ-ဟူသော အမိန့်တော်ဖြင့် လာသောသူ ဖြစ်ရကား အသက်ကို ချမ်းသာမပေးပြီ၊ အထက် အရပ်မှ အောက်အရပ်သို့, အောက်အရပ်မှ အထက်အရပ်သို့ တနိုင်ငံမှသည် တနိုင်ငံသို့ သွားကုန်သော သတ္တဝါတို့အား တွေ့မြင်သော အရပ်၌ပင်လျှင် ဇီဝိတိန္ဒြေကို ချလေကုန်၏။ မိမိပြုသော အမှုကြီး ငယ်ကိုထား၍ ဘဝတပါးသို့ သွားရပြန်လေ၏။
ဤသို့ လောကအဓိပတိ အမိန့်တော်ရှိသည်ကို ပညာဖြင့် သိ၍ သူသတ်ယောက်ျား ငါးယောက်တို့သည် သတ်အံ့-ဟု သန်လျက်ကိုကိုင်၍ ရှေ့၌ရပ်သကဲ့သို့ ထင်စေ အပ်၏။ ။ [သတိရှိပါစေ။]
ဆဋ္ဌ-သူသတ်ယောက်ျားနှင့်တူပုံ
ထိုမှတပါးလည်း -
တမေနံ ဧဝံ ဝဒေယျုံ၊ အယန္တေ အမ္ဘော ပုရိသ၊ ဆဋ္ဌော အန္တရစရော ဝဓကော ဥက္ခိတ္တာသိကော ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓော၊ ယတ္ထေ၀ နံ ပဿိဿာမိ၊ တတ္ထေ၀ သိရော ပါတေဿာမီ တိ၊ ယန္တေ အမ္ဘောပုရိသ ကရဏီယံ တံ ကရောဟီတိ၊ အထ ခေါ သော ဘိက္ခဝေ ပုရိသော ဘိတော ဆဋ္ဌဿ အန္တရ စရကဿ ဝဓကဿ ဥက္ခိတ္တာသိကဿ ယေနဝါ တေနဝါ ပလာယေထ။
တမေနံ-တံ ဧနံ ပုရိသံ၊ ထိုယောက်ျားကို။
ဧဝံ၊ ဤသို့။
ဝဒေယျုံ၊ ဆိုကုန်ငြားအံ့။
အမ္ဘောပုရိသ၊ အို-ယောက်ျား။
ဆဋ္ဌော၊ ခြောက်ခုမြောက်သော။
အန္တရစရော၊ အတွင်း၌ကျင်လည်သော။
ဥက္ခိတ္တာသိကော၊ သတ်အံ့ဟုချီအပ်သော သန်လျက်ရှိသော။
အယံ ဝဓကော၊ ဤသူသတ်ယောက်ျားသည်။
ပိဋ္ဌိတော ပိဋ္ဌိတော၊ နောက်မှနောက်မှ။
အနုဗန္ဓော၊ အစဉ်လိုက်၏။
ယတ္ထေဝ၊ အကြင်အရပ်၌သာလျှင်။
နံ၊ သင့်ကို။
ပဿိဿာမိ၊ မြင်အံ့။
တတ္ထေဝ၊ ထိုအရပ်၌သာလျှင်။
သိရော၊ ဦးခေါင်းကို။
ပါတေဿာမိ၊ ချအံ့။
ဣတိ၊ ဤသို့။
ဝဒေယျုံ၊ ဆိုကုန်ငြားအံ့။
အမ္ဘောပုရိသ၊ အို-ယောက်ျား။
ယံ၊ အကြင်အမှုကို။
တေတယာ၊ သင်သည်။
ကရဏီယံ၊ ပြုခြင်းငှါအလိုရှိ၏။
တံ၊ ထိုအမှုကို။
ကရောဟိ၊ ပြုလေလော့။
ဣတိ၊ ဤသို့။
ဝဒေယျုံ၊ ဆိုကုန်ငြားအံ့။
ဘိက္ခဝေ၊ ရဟန်းတို့။
အထခေါ၊ ထိုအခါ၌။
သော ပုရိသော၊ ထိုယောက်ျားသည်။
ဆဋ္ဌဿ၊ ခြောက်ခုမြောက်သော။
အန္တရစရကဿ၊ အတွင်း၌ ကျင်လည်သော။
ဥက္ခိတ္တာသိကဿ၊ ချီအပ်သော သန်လျက်ရှိသော။
ဝဓကဿ၊ သူသတ်ယောက်ျားကို။
ဘိတော၊ ကြောက်သည် ဖြစ်၍။
ယေနဝါ တေနဝါ၊ ဟုတ်ဟုတ်ငြားငြားသော အမှတ်မရှိသော အရပ်သို့။
ပလာယေထ၊ ပြေးလေရာ၏။
အဓိပ္ပါယ် အကျဉ်းချုပ်
အို-ယောက်ျား … ခြောက်ခုမြောက်သော အတွင်း၌ ကျင်လည်သော သတ်အံ့ဟု ချီအပ်သော သန်လျက်ရှိသော ဤသူသတ်ယောက်ျားသည် နောက်မှ နောက်မှ အစဉ်လိုက်၏။ အကြင်အရပ်၌ပင်လျှင် သင့်ကိုမြင်အံ့ - ထိုအရပ်၌သာလျှင် ဦးခေါင်းကို ချအံ့-ဟုဤသို့ ဆိုကုန်ငြားအံ့၊ အချင်းယောက်ျား ... အကြင်အမှုကို ပြုခြင်းငှါ အလိုရှိ၏။ ထိုအမှုကို ပြု လေလော့-ဤသို့ဆိုကုန်ငြားအံ့။
သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့ ... ထိုအခါ၌ ထိုယောက်ျားသည် ခြောက်ခုမြောက်သော အတွင်း ကျင်လည်သော ချီအပ်သော သန်လျက် ရှိသော သူသတ်ယောက်ျားကို ကြောက်သည်ဖြစ်၍ ဟုတ်ဟုတ် ငြားငြားသော အမှတ်မရှိသော အရပ်သို့ ပြေးလေရာ၏။
(ရှေးပါဠိတော်၌ ခန္ဓာငါးပါးကို သူသတ်ယောက်ျား-ဟု ဟောတော်မူသည်။ နောက် ပါဠိတော်၌ နန္ဒီရာဂ-ကို ခြောက်ခုမြောက်သော သူသတ်ယောက်ျား-ဟု ဟောတော်မူသတည်း။)
ခန္ဓာငါးပါး တည်းဟူသော သူသတ်ယောက်ျား ငါးဦး
ထိုခန္ဓာငါးပါးတို့၏ သူသတ်ယောက်ျားဖြစ်သည်၏ အဖြစ်ကို ဤ သို့ဟောတော်မူ၏။
ပဉ္စဝဓကာတိ ပစ္စတ္ထိကာ ခေါ ဘိက္ခဝေ ပဉ္စန္နေ တံ ဥပါဒါနက္ခန္ဓာနံ အဓိဝစနံ၊ သေယျထိဒံ၊ ရူပုပ္ပါဒါနက္ခန္ဓဿ ဝေဒနုပ္ပါဒါနက္ခန္ဓဿ သညုပ္ပါဒါနက္ခန္ဓဿ သင်္ခါရုပ္ပါဒါနက္ခန္ဓဿ ဝိညာဏုပ္ပါဒါနက္ခန္ဓဿ။
ဘိက္ခဝေ၊ သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့။
ပစ္စတ္ထိကာ၊ ရန်သူဖြစ်ကုန်သော။
ပဉ္စဝဓကာတိဧတံ၊ သူသတ် ယောက်ျား ငါးယောက်ဟူသော ဤအမည်သည်။
ပဉ္စန္နံ၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓာနံ၊ ဥပါဒါန်တရား လေးပါးတို့၏ စွဲလမ်းရာဖြစ်သော ခန္ဓာတို့၏။
အဓိဝစနံ၊ အမည်တည်း။
သေယျထိဒံ၊ ထိုဥပါဒါနခန္ဓာ ဟူသည် အဘယ်နည်း။
ရူပုပ္ပါဒါနက္ခန္ဓဿ၊ ရူပုပ္ပါဒါနက္ခန္ဓာ၏။
ဝေဒနုပ္ပါဒါနက္ခန္ဓဿ၊ ဝေဒနုပ္ပါဒါနက္ခန္ဓာ၏။
သညုပ္ပါဒါနက္ခန္ဓဿ၊ သညုပ္ပါဒါနက္ခန္ဓာ၏။
သင်္ခါရုပ္ပါဒါနက္ခန္ဓဿ၊ သင်္ခါရုပ္ပါဒါနက္ခန္ဓါ၏။
ဝိညာဏုပ္ပါဒါနက္ခန္ဓဿ၊ ဝိညာဏုပ္ပါဒါနက္ခန္ဓါ၏။
အဓိဝစနံ၊ အမည်တည်း။
ဤသို့ အမိန့်တော်လာရကား - ရူပက္ခန္ဓာ အစရှိသော ခန္ဓာငါးပါး တို့ကို ရန်သူဖြစ်ကုန်သော သူသတ်ယောက်ျား ငါးယောက် - ဟု မှတ်အပ်ကုန်၏။
နန္ဒီရာဂနှင့် ဆဋ္ဌ-သူသတ်ယောက်ျား
ခြောက်ခုမြောက်သော အတွင်း၌ ကျင်လည်သော နန္ဒီရာဂ၏ သူသတ်ယောက်ျား ဖြစ်သည်၏ အဖြစ်ကို ဤသို့ ဆိုလတ္တံ့သောနည်းဖြင့် မှတ်အပ်၏။
ဆဋ္ဌော အန္တရစရော ဝဓကော ဥက္ခိတ္တာသိကော တိ ခေါ ဘိက္ခဝေ နန္ဒီရာဂဿေတံ အဓိဝစနံ။
ဘိက္ခဝေ၊ သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့။
ဆဋ္ဌော၊ ခြောက်ခုမြောက်သော။
အန္တရစရော၊ အတွင်း၌ကျင်လည်သော။
ဥက္ခိတ္တာသိကော၊ ချီအပ်သော သန်လျက်ရှိသော။
ဝဓကော တိ ဧတံ၊ သူသတ်ယောက်ျားဟူသော ဤအမည်သည်။
နန္ဒီရာဂဿ၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ - တည်းဟူသော ကာမဂုဏ်ငါးပါး၌ နှစ်သက်တတ်, ကပ်ငြိတတ်သော ထိုထိုသို့သော ဘဝတို့၌ နှစ်သက်တတ်, ကပ်ငြိတတ်သော နန္ဒီရာဂ၏။
အဓိဝစနံ၊ အမည်တည်း။
ဆိုလိုရင်း အဓိပ္ပါယ်
ဤသို့ အမိန့်တော်လာရကား - ခြောက်ခုမြောက်သော အတွင်း၌ ကျင်လည်သော နန္ဒီရာဂကို သူသတ်ယောက်ျားဟု မှတ်အပ်၏။
မြတ်စွာဘုရား၏ အလိုတော်ကား - ဤသို့တည်း၊ ခန္ဓာငါးပါး-တည်းဟူသော ရန်သူငါးယောက်, နန္ဒီရာဂ-တည်းဟူသော သူသတ်တို့၏ ဘဝအဆက်ဆက် တကြိမ်တဖန်မျှ ချမ်းသာမပေး သက်သာရာကို မပေးသောသူ၊ ရန်သူတို့အား ချစ်ခြင်း, နှစ်သက်ခြင်း မြတ်နိုးခြင်းတို့ကို လောက၌ ရန်သူဖြစ်သောသူအား ချစ်ခြင်းကို မဖြစ်စေသကဲ့သို့ ဖြစ်စေ အပ်၏၊
ချစ်သားရဟန်းတို့ ... မိမိခန္ဓာ၌လည်းကောင်း၊ နန္ဒီရာဂ၌လည်းကောင်း၊ ကြီးစွာသော အခါခပ်သိမ်း မပြေနိုင်သော အချင်းချင်း အကျိုးမဲ့ကို ပြုတတ်သော ရန်သူတို့အား ရန်ငြိုးဖွဲ့သကဲ့သို့ ရန်ငြိုးဖွဲ့အပ်၏၊
ချစ်သားရဟန်းတို့ … လွန်လေပြီးသော ဘုရားတို့သည်လည်း ဂင်္ဂါဝါလု သဲလုံးနှင့် အမျှ ရှိတော်မူလေပြီ၊ ပစ္စေကဗုဒ္ဓါ, သာဝကတို့မှာမူကား ဆိုဘွယ်ရာမရှိ။
ထိုသို့ သေခြင်း၏ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော ဘုရား အစရှိသော အရှင်မြတ်တို့နှင့် မတွေ့မကြိမ်ရသည်ဖြစ်၍ လည်းကောင်း၊ တွေ့ကြိမ် ရပါသော်လည်း ထိုအရှင်မြတ်တို့၏ ဆုံးမဩဝါဒ စကားကို မလိုက်နာသည်ဖြစ်၍ လည်းကောင်း၊ ထိုသူသတ်ယောက်ျား ငါးယောက်နှင့်တူသော ခန္ဓာငါးပါးတို့၌ လည်းကောင်း၊ ခြောက်ခု မြောက်သော အတွင်း၌ကျင်လည်သော အဖန်တလဲလဲ သတ်တတ်သော နန္ဒီရာဂ၌လည်းကောင်း၊ ငြီးငွေ့တတ်သောဉာဏ်ကို မရသည် ဖြစ်၍ ယခုဘဝတိုင်အောင် ထိုသူတို့၏ ညှဉ်းဆဲနှိပ်စက်ခြင်းကို လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ခံရကုန်၏-ဟူလိုသတည်း။
ထို့ကြောင့် ခန္ဓာငါးပါး တရားတို့၌လည်းကောင်း ချစ်ခြင်းကိုမပြုအပ်။ မုန်းခြင်းကိုသာ အဖန်တလဲလဲ ဖြစ်စေရာ၏။ (မုန်းကြပါလေကုန်၊ သတိရှိကြပါလေကုန်။)
ဥပမာဆောင်ပြချက်
နန္ဒီရာဂ - ဟူသောတရားသည် ခန္ဓာငါးပါးကို ဖြစ်စေတတ်သော တရားတည်း၊ ခန္ဓာငါးပါး၏ အကြောင်းသည်ကား - နန္ဒီရာဂတည်း၊ နန္ဒီရာဂကို ပယ်မှသာလျှင် ခန္ဓာငါးပါးမရသည်၊ ခန္ဓာငါးပါး မရမှသာ လျှင် သေခြင်းဒုက္ခငြိမ်းသည်။
ထိုနန္ဒီရာဂ-ဟူသော တရားသည် လူမိုက်ကိုသာလျှင် ပြင်းစွာနှိပ်စက်သည်၊ လူလိမ်မာတို့ကို နှိပ်စက် ခြင်းငှာ မတတ်နိုင်။
ဥပမာကား - လောက၌ လူမိုက်တို့ကို လူလိမ်မာဖြစ်သော သူတို့သည် လှည့်ပတ်၍ ရွှေ, ငွေ, ပုလဲ, ပတ္တမြားတို့ကိုယူ သကဲ့သို့လည်းကောင်း၊ လူခေါ၍ ချော့မော့ ဖြားယောင်းပြီးလျှင် အသက်ထက်ဆုံး အစေခံကျွန်ပြုသကဲ့သို့ လည်းကောင်း၊ နန္ဒီရာဂ-ဟူသော တရားသည် ကာမဂုဏ် ငါးပါးတို့ဖြင့် ဖြားယောင်းပြီး၍ လူမိုက်တို့အား သံသရာဝဋ်ဆင်းရဲ ဝဲသြဃ ရေအယဉ်၌ ငုပ်တုံ ပေါ်တုံ အဖန် တလဲလဲ ဆင်းရဲစိမ့်သောငှါ ဖြားယောင်းပြီး၍ နှိပ်စက်ညှဉ်းဆဲခြင်းတို့ကို ပြုကုန်သတည်း။
ထိုနန္ဒီရာဂ-၏ အမှုတော်ကို ထမ်းရွက်ကြကုန်သော မဟာဗာလ, မဟာဒုမ္မေဓ တို့သည်ကား - သေခြင်းကင်းရာ ဧကန္တ ပဏီတ ဖြစ်သော နိဗ္ဗာန်သို့ ပို့ဆောင် ကယ်တင်တတ်သော ကာမာဝစရကုသိုလ် မဟဂ္ဂုတ်ကုသိုလ် တရားတို့ကို အားမထုတ်ရပြီ၊ နန္ဒီရာဂ၏ အမှုကိုသာလျှင် နေ့၌လည်းကောင်း၊ ညဉ့် ၌ လည်းကောင်း မပျင်းမရိ ကြိုးကြိုးပမ်းပမ်း အချမ်း အပူ နေပူမိုဃ်းစွတ်ခံ၍ ရွက်ဆောင်ကြရကုန်သည်။
ထိုသို့ ယခုဆိုအပ်ခဲ့ပြီးသော နန္ဒီရာဂအမှုတို့သည်ကား သံသရာ၌ ကြာမြင့်ခြင်း၏ အကြောင်းသာလျှင် ဖြစ်ကုန်၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန် သို့ရောက်ခြင်း အကြောင်းမဟုတ် - ဟူလိုသည်၊
ဤသို့လူမိုက်တို့ကိုသာလျှင် နန္ဒီရာဂ-ဟူသော တရားသည် ပြင်းစွာနှိပ်စက်သည်၏ အဖြစ်ကို သိအပ်၏။
တိုက်တွန်း သတိပေးချက်
ဤသို့ ခန္ဓာငါးပါး - တည်းဟူသော သူသတ်ယောက်ျား, ခြောက်ခု မြောက်သော အတွင်း၌ကျင်လည်သော နန္ဒီရာဂ-တည်းဟူသော သူသတ် ယောက်ျားတို့သည် သတ်အံ့သောငှါ နောက်မှ, နောက်မှ လိုက်သည်၏အဖြစ်ကို သိအပ်၏၊ သိကြပါလေကုန်၊
ထိုသို့သိပြီး၍ ကြောက်ခြင်း၊ ထိတ်လန့်ခြင်းတို့ကို ဖြစ်စေအပ်၏၊ ကြောက်ခြင်း တုန်လှုပ်ခြင်းတို့ကို ဖြစ်စေပြီး၍ ဘေးအပေါင်းတို့၏ ကင်းငြိမ်းရာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတို့၏ တရားကို ကြိုးကြိုးစားစား နေ့, ညဉ့် မပြတ် မပျင်းမရိ အားထုတ်ကြပါလေကုန်။
လောက၌ ရာဇဝတ်သင့်သော သူတို့ကို လက်ပြန်ကြိုးနှောင်ဖွဲ့၍ သူသတ် သင်းချိုင်းသို့ ဆောင်ယူ၍သွားကြကုန်၏။ သူသတ်ယောက်ျား တို့သည်လည်း ထိုသူတို့နှင့်အတူတကွ သန်လျက်ကိုကိုင်၍ လိုက်ကုန်၏၊ ထိုရာဇဝတ် သင့်သော သူတို့သည် မဟာဗာလ မဟာဒုမ္မေဓ, မဟုမ္မတ္တက ဖြစ်၍ ရှေ့၌သီချင်းကို သီ၍လည်းကောင်း၊ ကခြင်း, ခုန်ခြင်းကိုပြု၍လည်းကောင်း၊ ထိုမှတပါး ပျော်ရွှင် မြူးထူးခြင်းကို ပြု၍လည်းကောင်း သွားကြကုန်၏၊
ထိုသူတို့ကို သတ်ရာသင်းချိုင်းသို့ ရောက်သော ကာလတို့၌ သတ်အပ်သောအမှုကို လွန်ကျူးသောသူ ဖြစ်သောကြောင့် သတ်ကုန်သကဲ့သို့ ထို့အတူ ခန္ဓာငါးပါး-တည်းဟူသော သူသတ်ယောက်ျား နန္ဒီရာဂ-တည်းဟူသော သူသတ်ယောက်ျား တို့သည် နောက်မှ, နောက်မှ သတ်အံ့သောငှါ လိုက်ကုန်လျက် သမ္မာဒိဋ္ဌိ-ပညာ မျက်စိမရှိကုန်သော မဟာဗာလ, မဟာဒုမ္မေဓ, မဟုမ္မတ္တကတို့သည် ကြောက်ခြင်း, ထိတ်လန့်ခြင်း တုန်လှုပ်ခြင်းတို့ကို မဖြစ်စေမူ၍ ကခြင်း, သီခြင်း ပျော်ရွှင် မြူးထူးခြင်းတို့ကို ပြုကြကုန်၏-ဟူလိုသတည်း။
ရှေးရှေးသော ဘုရားအစရှိသော သူတော်ကောင်းတို့၏ အထံတော်၌ ဆည်းပူး အပ်သော ဒါန,သီလ, သမထဘာဝနာ, ဝိပဿနာ ဘာဝနာနှင့် ပြည့်စုံသော အမျိုးကောင်းသားတို့သည် ဤသို့ ဆိုအပ်ခဲ့ပြီးသော သူမိုက်တို့ကဲ့သို့ ပညာမရှိသော သူတို့ကဲ့သို့ မဖြစ်စေမူ၍ ခန္ဓာငါးပါး တည်းဟူသော သူသတ် ယောက်ျား နန္ဒီရာဂ - တည်းဟူသော သူသတ်ယောက်ျားတို့သည် ဘဝတိုင်း, ဘဝတိုင်း သတ်သည်၏အဖြစ် ယခုဘဝ၌လည်း သတ်အံ့သောငှါ ရှေ့၌ သန်လျက်ဖြင့်မိုး၍ ရပ်လာသည်၏အဖြစ်, နောင်ဖြစ်လတ္တံ့သော ဘဝတို့၌လည်း မချွတ်မယွင်း သတ်လတ္တံ့သည်၏အဖြစ်ကို သိအပ်၏-ဟူလိုသတည်း။ [သတိရှိပါစေ။]
မိတ်ဆွေကဲ့သို့ ပြုသော သူသတ်သမား
ထိုမှတပါးလည်း ဝိပဿနာလေးဆယ်၌ ဝဓကတော-ဟု ဟောတော်မူသတည်း။
ဝဓကတော၊ သူသတ်ယောက်ျားအားဖြင့်။
ဧကေကံခန္ဓံ၊ တပါး, တပါးသောခန္ဓာကို။
ဘာဝေတဗ္ဗံ၊ ပွါးများအပ်၏။
ရူပံ ဝဓကံ၊ ဝေဒနာ ဝဓကာ သညာ ဝဓကာ သင်္ခါရာ ဝဓကာ ဝိညာဏံ ဝဓကံ။
ရူပံ၊ ရူပက္ခန္ဓာသည်။
ဝဓကံ၊ သတ်တတ်၏။
ဝေဒနာ၊ ဝေဒနာက္ခန္ဓာသည်။
ဝဓကာ၊ သတ်တတ်၏။
သညာ၊ သညာက္ခန္ဓာသည်။
ဝဓကာ၊ သတ်တတ်၏။
သင်္ခါရာ၊ သင်္ခါရက္ခန္ဓာတို့သည်။
ဝဓကာ၊ သတ်တတ်ကုန်၏။
ဝိညာဏံ၊ ဝိညာဏက္ခန္ဓာသည်။
ဝဓကံ၊ သတ်တတ်၏။
ဤသို့ ပွါးများအပ်၏။
မိတ္တမုခသပတ္တောဝိယ ဝိသာသဃာတိတာယ ဝဓကတော။
မိတ္တမုခသပတ္တောဝိယ၊ အဆွေခင်ပွန်း၏ မျက်နှာနှင့်တူသော မျက်နှာရှိသော ရန်သူကဲ့သို့။
ဝိသာသဃာတိတာယ၊ အကျွမ်းတဝင် သတ်တတ်သည်၏ အဖြစ်ကြောင့်။
ဝဓကတော၊ သူသတ်ယောက်ျားနှင့် တူသော အားဖြင့်။
ဧကကံခန္ဓံ၊ တပါး, တပါးသောခန္ဓာကို။
ဘာဝေတဗ္ဗံ၊ ပွါးများအပ်၏။
ဤခန္ဓာငါးပါး တရားတို့သည် အဆွေခင်ပွန်း၏ မျက်နှာနှင့်တူသော မျက်နှာရှိသော ရန်သူကဲ့သို့ အကျွမ်းတဝင် သတ်တတ်၏-ဟူ လိုသတည်း။
ဥပမာဖြင့် ထင်စွာပြဆိုခြင်း
ထိုစကားကို ဥပမာအားဖြင့် အကျယ်ပြဦးအံ့ -
လောက၌ သူကြွယ် တယောက်သည် များစွာသော ရွှေ ငွေ ကျွန် မိန်းမ အခြံအရံ အစောင့် အရှောက်တို့နှင့် ပြည့်စုံ၏၊ ထိုသူကြွယ်အား သတ်အံ့သောငှါ ရန်သူ ငါးယောက်တို့သည် အခါခပ်သိမ်း ကြံစည်ကြကုန်၏၊ ထိုသို့ပင် ကြံစည်ကြ သော်လည်း ထိုသူကြွယ်အား အတွင်း၌လည်းကောင်း၊ အပြင်ပ၌လည်းကောင်း၊ အစောင့်အရှောက်တို့သည် များစွာစောင့်ရှောက်ကုန်သည်ဖြစ်၍ သတ်ခွင့်ကိုမရကုန်၊ ထိုရန်သူငါးယောက် တို့သည် ထိုသူ၏အထံသို့ချဉ်းကပ်ပြီးလျှင် -
အရှင်သူကြွယ် ... အကျွန်ုပ်တို့အား ကျွန်ပြုပါကုန်လော့၊ အရှင်သူကြွယ်၏ အမှုကြီးငယ်တို့ကို အကျွန်ုပ်တို့ရွက်ဆောင်ပါမည်-ဟုဆို ၏၊ ထိုသူကြွယ်သည်လည်း “ကောင်းပြီ” ဟု ဝန်ခံ၍ အဆွေခင်ပွန်းကောင်း ဟူသောအမှတ်ဖြင့် အဝတ်ပုဆိုး၊ ရိက္ခာစားနပ် အလုံ အလောက် များစွာဝေကုန်၏၊
ထိုရန်သူဖြစ်သော ငါးယောက်သော သူတို့သည် ဓားငယ်တို့ကို အခါခပ်သိမ်း သူကြွယ်အား သတ်အံ့-ဟူသော အကြံဖြင့် လက်စွဲလျက် လှည့်လည်ကြကုန်၏၊ ထိုသူကြွယ်အား အရှင်သူကြွယ် ... အကျွန်ုပ်တို့သည် အဘယ်အမှုကို ရွက်ဆောင် ရအံ့နည်း - ဟု မေးကုန်၏၊
ဤမည်သောအမှုကို ရွက်ဆောင်ကြကုန်လော့-ဟု ဆို ၏၊ ထိုအမှုတို့သည် ပြီးပြေကုန်သည်ရှိသော် အဘယ်အမှုကို ရွက်ဆောင်တုံအံ့နည်း-ဟုနေ့တိုင်းနေ့တိုင်း အခါမပြတ် အဆွေခင်ပွန်း၏ မျက်နှာနှင့်တူသော သာယာသော မျက်နှာကိုပြု၍ သူကြွယ်၏အမှုကို ရွက်ဆောင်ကုန်၏၊
အိပ်သောကာလ၌လည်း သူကြွယ်၏ နောက်မှ အိပ်ကြကုန်၏၊ ထသောကာလ ၌လည်း သူကြွယ်မထမီ ထကြကုန်၏။ ထိုသူကြွယ်သည်လည်း ထိုရန်သူ ဖြစ်သော ငါးယောက်သော သူတို့အား အမှုကြီးငယ်တို့ကို ရွက်ဆောင်ပေသည်- ဟူ၍ အဆွေခင်ပွန်းကောင်း ပင်ထင်၍ များစွာသော အဝတ်ပုဆိုး, ရိက္ခာစားနပ်တို့ကို ပေးခြင်း ချစ်ကျွမ်းဝင်ခြင်းတို့ကို ပြုကုန်၏၊
ထိုသူငါးယောက်တို့သည် တရံရောကာလ၌ ထိုသူကြွယ်ကို လူမရှိသော တောအုပ်ကြီးသို့ ဆောင်ယူ ပြီးလျှင် ဓားဖြင့်သတ်၍သွားကြကုန်သကဲ့သို့ ထို့အတူ ခန္ဓာငါးပါး တည်းဟူသော ရန်သူငါးယောက်တို့သည် လူ, နတ်, ဗြဟ္မာ သတ္တဝါ အပေါင်းတို့အား ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်း၏ မျက်နှာနှင့်တူသောမျက်နှာကို ပြုပြီး၍ခွင့်မရသေးသောကာလ၌ အသက်ကိုမဆောင်ကုန်၊ အခွင့်ရသောကာလ၌ သတ်၍သွားကြကုန်၏၊ သတ္တဝါတို့၏ ခန္ဓာတို့သည် သေခြင်း ပျက်စီးခြင်းသို့ ရောက်ကြကုန်၏-ဟူလိုသည်။
ဤဥပမာ ဥပမေယျတို့ကို ပညာမျက်စိဖြင့် နှလုံးထဲ၌ စွဲပါလေ။
ဋီကာဆောင်ပြချက်
ထို ဝဓကတော - ဟူသော ပါဠိတော်ဋီကာ၌ -
ဣမေ ရူပါဒယော သုခဟေတူ နဒုက္ခဟေတူ တိ ဇနိတ ဝိသာသာနံ ဟနနသီလတာယ ဝဓကတော - ဟု ဖွင့်တော်မူသည်။
ဣမေရူပါဒယော၊ ဤရူပက္ခန္ဓာ အစရှိသော ခန္ဓာငါးပါးတို့သည်။
သုခဟေတူ၊ ချမ်းသာခြင်း၏ အကြောင်းတို့တည်း။
နဒုက္ခဟေတူ၊ ဆင်းရဲခြင်း၏အကြောင်း မဟုတ်ကုန်။
ဣတိ၊ ဤသို့မှတ်ထင်၍။
ဇနိတဝိသာသာနံ၊ ဖြစ်စေအပ်သော အကျွမ်းတဝင်ဖြစ်သော အဆွေခင်ပွန်းတို့၏။
ဟနနသီလတာယ၊ သတ်တတ်သော အလေ့ရှိသည်၏ အဖြစ်ကြောင့်။
ဝဓကတော၊ သူသတ်ယောက်ျားဟူ၍။
ဧကေကံ ခန္ဓံ၊ တပါးတပါးခန္ဓာကို။
ဘာဝေတဗ္ဗံ၊ ပွါးများအပ်၏။
[ဤကားအနက်]
ဤရူပက္ခန္ဓာ အစရှိသော ခန္ဓာငါးပါးတို့သည် ချမ်းသာခြင်း၏ အကြောင်းတို့တည်း၊ ဆင်းရဲဖြစ်ခြင်း၏အကြောင်း မဟုတ်ကုန်-ဟု ပညာမရှိသော သမ္မာဒိဋ္ဌိ-ဟူသော တရားမှ ဝေးကုန်သော သူတို့သည် ကြီးစွာသော မှတ်ထင်ခြင်း၊ စွဲလမ်းခြင်းတို့ကို ပြုကုန်၏၊ ထိုသို့မိမိတို့ မှတ်ထင်သည့်အတိုင်း ချမ်းသာခြင်းကို မပြုမူ၍ အိုခြင်း, နာခြင်း သေခြင်း-တည်းဟူသော ဒုက္ခကိုဖြစ်စေလျက် အကျွမ်းတဝင် သတ်တတ် ကုန်, ညှဉ်းဆဲတတ်ကုန်၏-ဟူလိုသတည်း။
အရှေ့အရပ်ကို အနောက်အရပ် ဟူ၍လည်းကောင်း၊ တောင်အရပ်ကို မြောက်အရပ် ဟူ၍လည်းကောင်း၊ အထင်မှား၍ သွားတိုင်း, သွားတိုင်း ဝေးသောသူတို့ကဲ့သို့ မရှိကြပါစေလင့်၊ ကျမ်းပြုဆရာ ကရုဏာပြဋ္ဌာန်း မှာထားသမျှ စကားကို ပညာနားဖြင့် နေ့တိုင်း နေ့တိုင်း ကြားကြပါလေကုန်၊ သူတော်ကောင်း အပေါင်းတို့။
သူသတ်ယောက်ျား ငါးယောက်တို့သည် မချွတ်မယွင်း သတ်အံ့-ဟူ၍ သန်လျက်ကိုချီ၍ ရှေ့၌ရပ်သကဲ့သို့ ထင်ပါစေ၊
(ဤ ဆိုအပ်ပြီးသည်ကား - ဝဓကဿေ ဝုပဋ္ဌာနံ ဟူသော ပုဒ်၏ အဓိပ္ပါယ်တည်း။)
သမ္ပတ္တိ ဝိပတ္တိအားဖြင့် ပွါးများအပ်သော အခြင်းအရာ
သမ္မတ္တီနံ ဝိပတ္တိတော - ဟူသောပုဒ်၏ အဓိပ္ပါယ်ကို ဆိုပေအံ့။
သမ္မတ္တီနံ ဝိပတ္တိတောတိ ဇီဝိတသမ္ပတ္တိယာ မရဏသင်္ခါတဝိပတ္တိတော မရဏံ အနုဿရိတံ။
သမ္မတ္တီနံ၊ အသက်နှင့်ပြည့်စုံသောသူတို့၏။
ဝိပတ္တိတောတိ၊ သေသောအားဖြင့် ဖောက်ပြန်၏ ဟူသည်။
ကတမံ၊ အဘယ်နည်း ဟူမူကား။
ဇီဝိတသမ္ပတ္တိယာ၊ အသက်နှင့်ပြည့်စုံခြင်း၏။
မရဏသင်္ခါတဝိပတ္တိတော၊ သေခြင်းဟုဆိုအပ်သော ဖောက်ပြန်ခြင်းဖြင့်။
မရဏံ၊ သေခြင်းကို။
အနုဿရိတံ၊ အဖန်တလဲလဲ အောက်မေ့အပ်၏။
အဓိပ္ပါယ်ကား -
အသက်နှင့် ပြည့်စုံသောသူ၏ သေခြင်းဟု ဆိုအပ်သော ဖောက်ပြန်ခြင်းဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ အပ်၏၊ ဤသို့ အောက်မေ့ခြင်းသည် သမ္မတ္တီနံ ဝိပတ္တိတော-မည်၏။
ထိုမှတပါးလည်း -
သဗ္ဗယောဗ္ဗနံ ဇရာပရိယောသာနံ၊ သဗွံ အာရောဂျံ ဗျာဓိပရိယောသာနံ၊ သဗ္ဗဇီဝိတံ မရဏပရိယောသာနံ၊ တသ္မာ အယံ ယောဗ္ဗနာဒိကာယ သမ္ပတ္တိ တာဝဒေ၀ သောဘတိ၊ ယာဝဒေ၀ မရဏသင်္ခါတဝိပတ္တိ နဘဝတိ၊ ဧဝမာဒိနာ သဗ္ဗတ္တိဝိပတ္တိတော။
သဗ္ဗယောဗ္ဗနံ၊ အလုံးစုံသော အရွယ်ကောင်းသောသူ၏ အဖြစ်သည်။
ဇရာပရိယောသာနံ၊ အိုခြင်းအဆုံးရှိ၏။
သဗွံ၊ အလုံးစုံသော။
အာရောဂျံ၊ အနာကင်းသောသူ၏ အဖြစ်သည်။
ဗျာဓိပရိယောသာနံ၊ နာခြင်းအဆုံးရှိ၏။
သဗ္ဗဇီဝိတံ၊ အလုံးစုံသော အသက်ရှိသောသူ၏ အဖြစ်သည်။
မရဏပရိယောသာနံ၊ သေခြင်းလျှင်အဆုံးရှိ၏။
တသ္မာ၊ ထိုသို့- အရွယ်နှင့် ပြည့်စုံသောသူ၏ အိုခြင်းအဆုံး ရှိသည်၏အဖြစ်,
အနာ ကင်းသောသူ၏ နာခြင်းအဆုံး ရှိသည်၏ အဖြစ်,
အသက်ရှိသောသူ၏ သေခြင်းအဆုံး ရှိသည်၏ အဖြစ်ကြောင့်။
အယံ ယောဗ္ဗနာဒိကာယသမ္ပတ္တိ၊ ဤ အရွယ်ကောင်းခြင်း အစရှိသော ကိုယ်နှင့် ပြည့်စုံခြင်းသည်။
ယာဝဒေဝ၊ အကြင်မျှလောက်။
မရဏသင်္ခါတဝိပတ္တိ၊ သေခြင်း-ဟု ဆိုအပ်သော ဖောက်ပြန်ခြင်း သဘော တရားသည်။
နဘဝတိ၊ မဖြစ်သေး။
တာဝဒေဝ၊ ထိုမျှလောက်။
သောဘတိ၊ တင့်တယ်သေး၏။
ဧဝမာဒိနာ၊ ဤသို့ အစရှိသဖြင့်။
သမ္ပတ္တိ ဝိပတ္တိတော၊ ပြည့်စုံသည်ဖြစ်၍ ဖောက်ပြန်သောအားဖြင့်။
မရဏံ၊ သေခြင်းကို။
အနုဿရိတံ၊ အဖန်တလဲလဲ အောက်မေ့အပ်၏။
အဓိပ္ပါယ်အကျဉ်း
အဓိပ္ပါယ်အကျဉ်းကား -
အလုံးစုံသော အရွယ်ကောင်းသောသူ၏ အဖြစ်သည် အိုခြင်းအဆုံးရှိ၏၊
အလုံးစုံသော အနာကင်းသောသူ၏ အဖြစ်သည် နာခြင်းအဆုံးရှိ၏၊
အလုံးစုံသော အသက်ရှိသောသူ၏ အဖြစ်သည် သေခြင်းအဆုံးရှိ၏၊
ထိုအရွယ်ကောင်းသောသူသည် အိုခြင်းအဆုံးရှိသည်၏အဖြစ်
အလုံးစုံသော အနာကင်းသောသူသည် နာခြင်းအဆုံးရှိသည်၏အဖြစ်,
အလုံးစုံသော အသက်ရှိသော သူသည် သေခြင်းအဆုံးရှိသည်၏အဖြစ်ကြောင့်
ဤတွင် အရွယ်ကောင်းခြင်း အစရှိသည်နှင့်ပြည့်စုံခြင်းသည် အကြင်မျှလောက် သေခြင်းဟုဆိုအပ်သော ဖောက်ပြန်ခြင်း သဘောတရားသည် မဖြစ်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး တင့်တယ်သေး၏။ ဤသို့ အစရှိသည်ဖြင့် ပြည့်စုံခြင်းတို့၏ ဖောက်ပြန်သောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ အပ်၏-ဟူလိုသတည်း။
အဓိပ္ပါယ် အကျယ်
ဘုံသုံးပါး၌ ကျင်လည်ကုန်သော သတ္တဝါအပေါင်းတို့သည် -
အိုခြင်းတည်းဟူသော အဆုံး,
နာခြင်းတည်းဟူသော အဆုံး,
သေခြင်းတည်းဟူသော အဆုံး-
ဟု ဆိုအပ်သော အဆုံးသုံးပါးကို မလွန်နိုင်ကြကုန်၊
လောကသုံးပါး၌ သဗ္ဗညုတဉာဏ် သမန္တစက္ခုနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား မှသော်လည်း အိုခြင်း နာခြင်း-တည်းဟူ သောအဆုံး, သေခြင်း-တည်းဟူသော အဆုံးကို မလွန်နိုင်သည်ဖြစ်၍ အိုခြင်း, နာခြင်း သေခြင်းသို့ ရောက်ရလေသည်၊ ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်ရချေ၏၊ ဤအဆုံးသုံးပါးဖြစ်သော တရားတို့ကို ဘုရားသော်မှ မလွန်နိုင်ချေ၊ ဘုရားမှ တပါးသော သတ္တဝါတို့ကိုမူကား ဆိုဘွယ်မရှိပြီ၊
ဥပမာကား -
ယက်ကန်းသည်တို့သည် ယင်သွားဖြင့် ချည်တို့ကို တမျှင် တမျှင်စီသွင်း၍ ယက်သည်ရှိသော် ထိုဖျင်ပုဆိုးတို့သည် အဆုံးသို့ရောက်သကဲ့သို့လည်းကောင်း၊
ကြိုးတို့ကို တစ, တစလွန်း၍ ကျစ်သည်ရှိသော် တရာ တထောင်ပင် ရှည်ငြား သော်လည်း အဆုံးသို့ ရောက်သကဲ့သို့လည်းကောင်း၊
ခရီးသွားသောသူတို့သည် မိမိလိုရာ နိုင်ငံသို့ သွားလည်း အရပ်သို့ ရောက်သော ကာလ၌ ဆုံးသကဲ့သို့လည်းကောင်း၊
အရွယ်၏ ကောင်းခြင်းနှင့် ပြည့်စုံသောသူတို့သည် အိုခြင်း-တည်းဟူသော အဆုံး သို့ရောက်မြဲတည်း၊
အနာကင်းသောသူတို့သည် နာခြင်း-တည်းဟူသော အသုံးသို့ရောက်မြဲတည်း၊
အသက်ရှိသောသူတို့သည် သေခြင်း-တည်း ဟူသော အဆုံးသို့ရောက်မြဲတည်း။
ဝရသမ္ပတ္တိ, အာရောဂျသမ္ပတ္တိ, ဇီဝိတသမ္ပတ္တိ - ဟူသော သုံးပါးသော သမ္ပတ္တိတရားကို ဧရာဝိပတ္တိ ဗျာဓိဝိပတ္တိ မရဏဝိပတ္တိ - တည်းဟူသော သုံးပါးသော ဝိပတ္တိတို့သည် ဖြစ်တိုင်း ရတိုင်းမှ ရတိုင်းသောဘဝတို့၌ တိရစ္ဆာန်အစရှိသော နတ်, လူအပေါင်း တို့အား ပြင်းစွာနှိပ်စက်ကုန်၏။
အနမတဂ္ဂ အစမထင် သံသရာမှစ၍ ယခုဘဝတိုင်အောင် တကြိမ် တဘန်မျှ လွတ်ဘူးသည်ဟူ၍ မရှိ၊ အဖန်တလဲလဲ နှိပ်စက်ညှဉ်းဆဲကုန် ၏-ဟူလိုသတည်း။
ဇရာ, ဗျာဓိ, မရဏတို့ကို နွားကျောင်းသားဥပမာဖြင့် ပြခြင်း
ဘဝသုံးပါး၌ ကျင်လည်ကုန်သော သတ္တဝါတို့သည် အမိဝမ်း၌ ပဋိသန္ဓေ နေသည်ဖြစ်၍ အိုခြင်း နာခြင်း သေခြင်းရှိရာသို့ မရောက်မခြင်း မနေမနား နေ့တိုင်း နေ့တိုင်း လတိုင်း၊ လတိုင်း နှစ်တိုင်း နှစ်တိုင်း တရွေ့၊တရွေ့ သွားကြလေ၏၊
အိုခြင်း၊ နာခြင်း၊ သေခြင်းရှိရာသို့ ရောက်သောကာလ၌ ဓားမဖြင့် ဖြတ်ဘိသကဲ့သို့ ဤသေခြင်းသဘော တရားတို့သည် ဇီဝိတိန္ဒြေကို ဖြတ်ကုန်၏၊ ဤသို့ပင် အသက်ကို ဖြတ်ငြားသော်လည်း အိုခြင်းနာခြင်း၊သေခြင်းကင်းရာ နိဗ္ဗာန်ကို မတောင့်တမူ၍ ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော ဝဋ်ကိုသာလျှင် တောင့်တကြ၏။
ဤစကားကို ဒေဝါတိဒေဝ ဖြစ်တော်မူသော မြတ်စွာဘုရားသည်လည်း ဤသို့ ဟောတော်မူ၏။
ဣမေသံ သတ္တာနံ ဇာတိအာဒယောနာမ ဒဏ္ဍဟတ္ထာ ဂေါပါလကသဒိသာ၊ ဇာတိ ဇရာယ သန္တိကံ ပေသေတွာ ကုဓာရိယာ ဆိန္ဒတိ ဝိယ ဇရာ ဗျာဓိယာ သန္တိကံ၊ ဗျာဓိ မရဏဿ သန္တိကံ ဇီဝိတံ ဆိန္ဒန္တိ၊ ဧဝံ သန္တေ ဝိဝဋ္ဋံ ပတ္ထေန္တာနာမ နတ္ထိ၊ ဝဋ္ဋမေဝ ပန ပတ္ထေန္တီတိ ဝတွာ အနုသန္ဓိံ ဃဋေတွာ ဓမ္မံ ဒေသေန္တော ဣမံ ဂါထမာဟ။
ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါစေတိ ဂေါစရံ။ ဧဝံ ဇရာစ မစ္စုစ၊ အာယုံ ပါစေန္တိ ပါဏိနံ။
အနုသန္ဓေပါဌ်, အနက်
ဣမေသံ သတ္တာနံ၊ ဤသတ္တဝါတို့၏။
ဇာတိအာဒယောနာမ၊ ဇာတိ အစရှိသော သဘောတရားတို့ မည်သည်ကား။
ဒဏ္ဍဟတ္ထာ၊ တုတ် လှန်တံ လက်စွဲကုန်သော။
ဂေါပါလကသဒိသာ၊ နွားကျောင်းသားနှင့် တူကုန်၏။
ဇာတိ၊ ဇာတိသည်။
ဇရာယ၊ အိုခြင်း၏။
သန္တိကံ၊ အထံသို့။
ပေသေတွာ၊ ပို့လိုက်၍။
ဇရာ၊ အိုခြင်းသည်။
ဗျာဓိယာ၊ နာခြင်း၏။
သန္တိကံ၊ အထံသို့။
ပေသေတွာ၊ ပို့လိုက်၍။
ဗျာဓိ၊ နာခြင်းသည်။
မရဏဿ၊ သေခြင်း၏။
သန္တိကံ၊ အထံသို့။
ပေသေတွာ၊ ပို့လိုက်၍။
ကုဓာရိယာ၊ ဓားမဖြင့်။
ဆိန္ဒတိဝိယ၊ ဖြတ်သကဲ့သို့။
ဇီဝိတံ၊ အသက်ကို။
ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။
ဧဝံသန္တေပိ၊ ဤသို့ဖြတ်ကုန်သည်ရှိသော်လည်း၊
ဝိဝဋ္ဋံ၊ ဝဋ့်၏ ကင်းခြင်းကို။
ပတ္ထေန္တာနာမ၊ တောင့်တသော သူမည်သည်။
နတ္ထိ၊ မရှိ။
ဝဋ္ဋမေဝ၊ ဝဋ်ဆင်းရဲကိုသာလျှင်။
ပတ္ထေန္တိ၊ တောင်းတကုန်၏။
ဣတိ၊ ဤသို့။
ဝတွာ၊ မိန့်တော်မူ၍။
အနုသန္ဓိံ ၊ အနုသန္ဓေကို။
ဃဋေတွာ၊ စပ်၍။
ဓမ္မံ၊ တရားတော်ကို။
ဒေသေန္တော၊ ဟောတော်မူလိုသည်ဖြစ်၍။
ဣမံထံ၊ ဤဂါထာကို။
အာဟ၊ ဟောတော်မူ၏။
ဂါထာအနက်
ဂေါပါလော၊ နွားကျောင်းသားသည်။
ဒဏ္ဍေန၊ တုတ် လှန်တံဖြင့်။
ဂါဝေါ၊ နွားတို့ကို။
ဂေါစရံ၊ ကျက်စားရာအရပ်သို့။
ပစေတိယထာ၊ နှင်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
ဇာတိ၊ ဇာတိသည်။
ပါဏီနံ၊ သတ္တဝါတို့၏။
အာယုံ၊ အသက်ကို။
ဇရာစ၊ အိုခြင်းသို့လည်းကောင်း။
ဇရာ၊ အိုခြင်းသည်။
ဗျာဓိစ၊ နာခြင်းသို့လည်းကောင်း။
ဗျာဓိ၊ နာခြင်းသည်။
မစ္စုစ၊ သေခြင်းသို့လည်းကောင်း။
ပါစေတိ၊ နှင်၏။
မစ္စုံ၊ သေခြင်းသို့။
ပတွာ၊ ရောက်၍။
ကုဓာရိယာ၊ ဓားမဖြင့်။
ဆိန္ဒန္တောဝိယ၊ ဖြတ်သကဲ့သို့။
ဇီဝိတံ၊ အသက်ကို။
ဆိန္ဒတိ၊ ဖြတ်၏။
အနုသန္ဓေ အဓိပ္ပါယ်
အဓိပ္ပါယ်ကား - ဘုံသုံးပါး၌ ကျင်လည်ကုန်သော ဤဘဝမှ ထိုဘဝသို့ တဖါးဖါး ပြေးသွားကုန်သော သတ္တဝါအပေါင်းတို့၏ ဇာတိ အစရှိသော တရားတို့ မည်သည်ကား တုတ်လှန်တံ လက်စွဲသော နွားကျောင်းသားတို့နှင့် တူကုန်၏၊
တူဟန်ကား-
နွားကျောင်းသားတို့ မည်သည်ကား တုတ်လှန်တံတို့ကို စွဲကုန်လျက် နွားအပေါင်း တို့ကို နွားခြံမှထုတ်၍ ကျက်စားရာအရပ်သို့ နှင်ကုန်သကဲ့သို့ ထို့အတူ …
ဇာတိ-ဟူသောတရားသည် သတ္တဝါတို့၏အသက်ကို ဇရာသို့ နှင်ကုန်၏
ဇရာ-ဟူသော တရားသည် နာခြင်းသို့ နှင်ကုန်၏၊
ဗျာမိ-ဟူသော တရားသည် မရဏသို့ နှင်ကုန်၏၊
မရဏသို့ရောက်သောကာလ၌ ဓားမဖြင့် ဖြတ်ကုန်သကဲ့သို့ အသက်ကို ဖြတ်ကုန်၏၊
ဤသို့ပင် ဖြတ်ငြားသော်လည်း ဝဋ်၏ကင်းခြင်းကို တောင့်တသောသူ မည်သည်မရှိ၊ သံသရာဝဋ်ဆင်းရဲ ကိုသာလျှင် တောင့်တကြကုန်၏။
ဤကား အသန္ဓေ အဓိပ္ပါယ်တည်း၊
ဂါထာအဓိပ္ပါယ်
ဂါထာအဓိပ္ပါယ်ကား - နွားကျောင်းသားသည် တုတ်လှန်တံဖြင့် နွားတို့ကို ကျက်စားရာအရပ်သို့ နှင်သကဲ့သို့ ထို့အတူ ဇာတိသည် သတ္တဝါတို့၏အသက်ကို အိုခြင်းသို့ လည်းကောင်း၊ အိုခြင်းသည် နာခြင်းသို့လည်းကောင်း၊ နာခြင်းသည် သေခြင်းသို့လည်းကောင်း နှင်၏။ သေခြင်းသို့ရောက်၍ ဓားမဖြင့်ဖြတ်သကဲ့သို့ အသက်ကိုဖြတ်၏-ဟူ လိုသတည်း။
မြတ်စွာဘုရား၏ အလိုတော်ကား ဤသို့တည်း၊
ကံ စိတ် ဥတု အာဟာရ - တည်းဟူသော အကြောင်းတရား လေးပါးတို့သည် ပြုပြင်အပ်သော ရုပ်နာမ်-ဟုဆိုအပ်သော သင်္ခါရတရားတို့သည် ဖောက်ပြန် တတ်သော သဘောရှိ၏၊
အိုခြင်းအဆုံး နာခြင်းအဆုံး သေခြင်းအဆုံးသို့ ရောက်တတ်သော သဘောရှိ၏၊
သမ္မာဒိဋ္ဌိ ပညာမျက်စိ မရှိကုန်သော သူတို့သည် ထိုသို့ဆိုအပ်ပြီးသော သဘော ရှိသော သင်္ခါရတရားတို့ကို သာလျှင် တောင့်တကြကုန်၏၊ ဝဋ်မှထွက်မြောက်ခြင်းကို မတောင့်တကြကုန်၊ အလိုမရှိကြကုန်၊ ချစ်သားရဟန်းတို့။
ဤကား မြတ်စွာဘုရား၏အလိုတော်တည်း။
ဥပမာ ဆောင်၍ပြခြင်း
ထိုစကားကို ဥပမာဆောင်၍ပြဦးအံ့ -
လောက၌ ဥစ္စာ၊ ရွှေ ငွေ ပုလဲ ပတ္တမြားအစရှိသော ပစ္စည်းတို့နှင့် ပြည့်စုံသော သူသည် ထိုဥစ္စာ ရတနာအနှစ်တို့ကို ဆောင်ယူ၍ လုယက် ဖျက်ဆီးတတ်သော သူခိုးဒမြ ရှိရာအရပ်သို့ သွားသည်ရှိသော် ထိုသူခိုးဒမြတို့သည် လုယက်ဖျက်ဆီး သည် ရှိသော် ထိုစည်းစိမ်ဥစ္စာ ပြည့်စုံခြင်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ဝိပတ္တိသို့ ရောက်သကဲ့သို့ ထို့အတူ -
အရွယ်၏ ကောင်းခြင်း-တည်းဟူသော သမ္မတ္တိသည် ဇရာ-တည်းဟူသော ဝိပတ္တိသို့ ရောက်သဖြင့်၊
အနာကင်းခြင်း - တည်းဟူသော သမ္ပတ္တိ တရားသည် နာခြင်း-တည်းဟူသော ဝိပတ္တိသို့ရောက်သဖြင့်၊
အသက်ရှည်ခြင်း-တည်းဟူသော သမ္ပတ္တိသည် သေခြင်း-တည်းဟူသော ဝိပတ္တိသို့ ရောက်သဖြင့် -
ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်ကုန်၏-ဟူလိုသတည်း။
ထိုမှတပါး သုံးယောက်သောသူတို့သည် တယောက်သူအား သတ်အံ့သောငှါ ဤသို့သော အမူအရာကို ပြကြကုန်၏၊ “အမောင်သည် အိမ်တွင်းမှသည် အိမ်ပြင်သို့ရောက်အောင် ထုတ်ဆောင်ခဲ့လေလော့၊ အမောင်သည် အိမ်ပြင်မှသည် တောအုပ်သို့ ရောက်အောင် ထုတ်ဆောင် ခဲ့လော့၊ တောအရပ်သို့ရောက်သော ကာလ၌ ထိုသူကိုသတ်အံ့”ဟု တိုင် ပင်ကြပြီး၍ ဤသို့မိမိတို့ တိုင်ပင်သည်အတိုင်း တယောက်သောသူသည် အပသို့ဆောင်၏။ တယောက်သောသူသည် တောအရပ် သို့ဆောင်၏။ တောအရပ်သို့ ရောက်သော ကာလ၌ ထိုသူအား သတ်သကဲ့သို့ …
ထိုအတူ အမိဝမ်း၌ ပဋိသန္ဓေနေကုန်သော သူတို့သည် ထိုပဋိသန္ဓေမှသည် အိုခြင်း၊ အိုခြင်းမှသည် နာခြင်း၊ နာခြင်းမှသည် သေခြင်းသို့ရောက်သကဲ့သို့ ပျက်စီးခြင်း ဆင်းရဲခြင်းသို့ ရောက်ကုန်၏-ဟူလိုသတည်း။
ဤသို့ ဆိုအပ်ပြီးသည်ကား သမ္ပတ္တီနံဝိပတ္တိတော-ဟူသောပုဒ်၏ အဓိပ္ပါယ်တည်း။
ဥပသံဟရ အားဖြင့် ပွါးများအပ်သော အခြင်းအရာ
ဥပသံဟရတော - ဟူသောပုဒ်၏ အဓိပ္ပါယ်ကို ဆိုဦးအံ့ -
ဥပသံဟရတော မရဏံ အနုဿရိတဗ္ဗံ။
ဥပသံဟရတော၊ သူတပါးတို့၏သေခြင်းကို မိမိသို့ ဆောင်သောအားဖြင့်။၊
ဝါ၊ ထိုသူကဲ့သို့ ငါလည်း သေရအံ့-ဟု သူတပါးတို့၏ သေခြင်းကို မိမိသို့ ဆောင်သောအားဖြင့်။
မရဏံ၊ မရဏဿတိ ကမ္မဋ္ဌာန်းကို။
အနုဿရိတံ၊ အဖန်တလဲလဲ အောက်မေ့အပ်၏။
စည်းစိမ်ရှိသူတို့ သေရခြင်းဖြင့် မရဏဿတိ ရှုပုံ
မဟာသမ္ပတ္တိသမ္ပတ္တာ၊ ယထာ သတ္တာ မတာ ဣဓ။
တထာ အဟံ မရိဿာမိ၊ မရဏံ မမ ဟေဿတိ။
ဣဓ၊ ဤလောက၌။
မဟာသမ္ပတ္တိသမ္ပတ္တာ၊ စည်းစိမ်ချမ်းသာ ကြီးစွာ ပြည့်စုံခြင်းသို့ ရောက်ကုန်သော။
သတ္တာ၊ မန္ဓာတ်မင်းစသော သတ္တဝါတို့သည်။
မတာယထာ၊ သေကုန်သကဲ့သို့။
တထာ၊ ထိုအတူ။
အဟံ၊ ငါသည်။
မရိဿာမိ၊ သေအံ့တကား။
မမ၊ ငါ့အား။
မရဏံ၊ သေခြင်းသည်။
ဟေဿတိ၊ မချွတ်စင်စစ်ဖြစ်လိမ့်သတည်း။
အဓိပ္ပါယ်
မိမိသုံးဆောင်၍ လည်းကောင်း၊ သူတပါးတို့အား ပေးကမ်းစွန့်ကြ၍ လည်းကောင်း၊ မကုန်နိုင်သော ဥပဘောဂ၊ ပရိဘောဂ အတွင်း အပ အသုံးအဆောင်တို့နှင့် များစွာပြည့်စုံသော မန္ဓာတ်မင်း - စကြာမင်းတို့သည် သေကုန်သကဲ့သို့ ထိုအတူ ငါသည်လည်း သေရအံ့သည်တကား၊ ငါ့အားသေခြင်း မချွတ်စင်စစ်ဖြစ်လိမ့်သည် တကား။
ရဲရင့်သူတို့ သေခြင်းဖြင့် မရဏဿတိ ရှုပုံ
သူရသဏ္ဌာနပုညိဒ္ဓိ၊ ဗုဒ္ဓိဝုဍ္ဎေ ဇိနဒွယေ။
ဃာတေတိ မရဏံ ခိပ္ပံ၊ ကာတု မာဒိသော ကထာ။
သူရဝုဍ္ဎေ၊ ရဲရင့်ခြင်း ရှိကုန်သော ဝါသုဒေဝ၊ ဗလဒေဝစသော သူတို့ကို။
ဓိပ္ပံ၊ လျင်စွာ။
မရဏံ၊ သေခြင်းတရားသည်။
ဃာတေတိ၊ ညှဉ်းဆဲနှိပ်စက်ချေသေး၏။
ဝါ၊ မရဏံ၊ သေခြင်းသို့။
ဃာတေတိ၊ ရောက်ချေသေး၏။
မာဒိသကေ၊ ရဲစွမ်းနည်းသော ငါကဲ့သို့သောသူ၌။
ကထာ၊ ဆိုဘွယ်သည်။
ကာတု-ကာပန၊ အဘယ်မှာရှိအံ့နည်း။
သဏ္ဌာနဝုဍ္ဎေ၊ စည်းစိမ်ချမ်းသာ ကောင်းစွာတည်သဖြင့် ပွါးများကုန်သော မဟာသမ္မတ စသောသူတို့ကို။
ခိပ္ပံ၊ လျင်စွာ။
မရဏံ၊ သေခြင်းသည်။
ဃာတေတိ၊ နှိပ်စက်ချေသေး၏။
မာဒိသော၊ စည်းစိမ်နည်းသော ငါတို့ကဲ့သို့သောသူ၌။
ကထာ၊ ဆိုဘွယ်သည်။
ကာတု-ကာပန၊ အဘယ်မှာရှိအံ့နည်း။
ပုညဝုဍ္ဎေ၊ ဘုန်းတန်ခိုး ကြီးမားကုန်သော ဇောတိကစသော သူတို့ကို။
ခိပ္ပံ၊ လျင်စွာ။
မရဏံ၊ သေခြင်းသည်။
ဃာတေတိ၊ ညှဉ်းဆဲနှိပ်စက်ချေသေး၏။
မာဒိသကေ၊ ဘုန်းတန်းနည်းသော ငါကဲ့သို့သော။
ကထာ၊ ဆိုဘွယ်သည်။
ကာတု-ကာပန၊ အဘယ်မှာရှိအံ့နည်း၊
ဣဒ္ဓိဝုဍ္ဎေ၊ တန်ခိုးကြီးမား တက်ပွါးကုန်သော အရှင်မဟာမောဂ္ဂလာန် စသော သူတို့ကို။
ခိပ္ပံ၊ လျင်စွာ။
မရဏံ၊ သေခြင်းသည်။
ဃာတေတိ၊ ညှဉ်းဆဲနှိပ်စက်ချေသေး၏။
မာဒိသကေ၊ တန်ခိုးနည်းသော ငါကဲ့သို့သောသူ၌။
ကထာ၊ ဆိုဘွယ်သည်။
ကာတုကာပန။ အဘယ်မှာရှိအံ့နည်း။
ဗုဒ္ဓိဝုဍ္ဎေ၊ မဟာပုထု ဟာသ ၀၀န၊ တိက္ခဘေဒ သောဠသပညာ လွန်စွာ ကြီးမားကုန်သော အရှင်သာရိပုတ္တရာ မဟာထေရ် စသောသူတို့ကို။
ခိပ္ပံ၊ လျင်စွာ။
မရဏံ၊ သေခြင်းသည်။
ဃာတေတိ၊ ညှဉ်းဆဲနှိပ်စက်ချေသေး၏။
မာဒိသကေ၊ ပညာနည်းသော ငါကဲ့သို့သော သူ၌။
ကထာ၊ ဆိုဘွယ်သည်။
ကာတု-ကာပန၊ အဘယ်မှာရှိအံ့နည်း။
ဇိနဒွယေ၊ ပစ္စေကဗုဒ္ဓါ၊ သမ္မာသမ္ဗုဒ္ဓ နှစ်ဆူတို့ကို။
ခိပ္ပံ၊ လျင်စွာ။
ဃာတေတိ၊ ညှဉ်းဆဲနှိပ်စက်ချေသေး၏။
မာဒိသော၊ ငါကဲ့သို့သောသူ၌။
ကထာ၊ ဆိုဘွယ်သည်။
ကာတု-ကာပန၊ အဘယ်မှာရှိအံ့နည်း။
အဓိပ္ပါယ်အကျယ်
ရဲရင့်ခြင်း ရှိကုန်သော ဝါသုဒေဝ၊ ဗလဒေဝ စသောသူတို့ကို လျင်စွာ သေခြင်း သဘောတရားသည် ညှဉ်းဆဲ နှိပ်စက်ချေသေး၏၊ ရဲစွမ်းသတ္တိ နည်းသော ငါကဲ့သို့သောသူ၌ အဘယ်ဆိုဘွယ်ရှိအံ့နည်း၊ ဆိုဘွယ် မရှိပြီ၊ ဧကန်စင်စစ်အားဖြင့် နှိပ်စက်လတ္တံ့သည်သာတည်း၊
စည်းစိမ် ချမ်းသာ ကောင်းစွာ တည်သဖြင့် ပွါးများကုန်သော မဟာသမ္မတ စသော သူတို့ကို လျင်စွာသေခြင်းသည် နှိပ်စက်ညှဉ်းဆဲချေသေး၏။ စည်းစိမ်နည်းပါးသော ငါကဲ့သို့သောသူ၌ အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း။ ဆိုဘွယ်မရှိပြီ၊ ဧကန် စင်စစ်အားဖြင့် နှိပ်စက်လတ္တံ့သည် သာတည်း၊
ဘုန်းတန်ခိုးကြီးမားကုန်သော ဇောတိက စသောသူတို့ကို လျင်စွာ သေခြင်းသည် နှိပ်စက်ချေသေး၏၊ ဘုန်းတန်ခိုးနည်းသော ငါကဲ့သို့သော သူ၌ အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း၊ ဆိုဘွယ်မရှိပြီ၊ ဧကန်စင်စစ် အားဖြင့် နှိပ်စက်လတ္တံ့သည်သာတည်း၊
တန်ခိုးကြီးမား တက်ပွါးကုန်သော အရှင်မဟာမောဂ္ဂလာန် စသောသူတို့ကို လျင်စွာ သေခြင်းသည် ညှဉ်းဆဲနှိပ်စက်ချေသေး၏၊ တန်ခိုးနည်းသော ငါကဲ့သို့သောသူ၌ အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း၊ ဆိုဘွယ်မရှိပြီ၊ ဧကန်စင်စစ်အားဖြင့် နှိပ်စက် လတ္တံ့သည်သာတည်း၊
မြေအထုနှင့်တူသော ကြီးသော ပညာ၊ ရွှင်သောပညာ လျင်မြန်သောပညာ ထက်မြက်သော ပညာစသည် အပြားရှိသော ကြီးမားသော ပညာနှင့် ပြည့်စုံသော အရှင်သာရိပုတ္တရာ အစရှိသော သူတို့ကို လျင်စွာသေခြင်းသည် ညှဉ်းဆဲနှိပ်စက် ချေသေး၏၊ ပညာနည်းသော ငါကဲ့သို့သော သူ၌ အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း၊ ဆိုဘွယ်မရှိပြီ၊ ဧကန်စင်စစ်အားဖြင့် နှိပ်စက်လတ္တံ့သည်သာတည်း၊
ပစ္စေကဗုဒ္ဓါ၊ သမ္မာသမ္ဗုဒ္ဓ - ဘုရားနှစ်ဆူတို့ကို လျင်စွာသေခြင်းသည် ညှဉ်းဆဲ နှိပ်စက်ချေသေး၏၊ ငါကဲ့သို့သောသူ၌ အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း၊ ဆိုဘွယ် မရှိပြီ။ ဧကန်စင်စစ်အားဖြင့် နှိပ်စက်လတ္တံ့သည်သာတည်း။
ဤကားအဓိပ္ပါယ်အကျယ်တည်း။
အဓိပ္ပါယ် အကျဉ်း
ရဲရင့်သော ဝါသုဒေဝမင်း၊ ဗလဒေဝမင်း အစရှိသော သူတို့သည်လည်း သေမင်းလက်မှ မလွတ်နိုင်ချေတကား၊
ရှေးဘုန်း၊ ရှေးကံကြီးသော ဇောတိက အစရှိသော သူတို့သည်လည်း သေမင်းလက်မှ မလွတ်နိုင်ချေတကား၊
စည်းစိမ် ချမ်းသာနှင့် ပြည့်စုံသော မဟာသမ္မတ အစရှိသော သူတို့သည်လည်း သေမင်းလက်မှ မလွတ်နိုင်သကဲ့သို့ ထို့အတူ ငါတို့သည်လည်း သေမင်းလက်မှ မလွတ်နိုင်ချေတကား၊
ရှေး ဘုန်းရှေးကံကြီးမားသော ဇာတိက အစရှိသော သူတို့သည်လည်း သေမင်း လက်မှ မလွတ်နိုင်သကဲ့သို့ ထို့အတူ ငါတုံသည်လည်း သေမင်း၏လက်မှ မလွတ်နိုင်ချေတကား၊
တန်ခိုးအဘိညာဉ်နှင့် ပြည့်စုံတော်မူသော အရှင်မဟာမောဂ္ဂလာန် အစရှိသော အရှင်မြတ်တို့သည်လည်း သေမင်း၏လက်မှ မလွတ်နိုင်သကဲ့သို့ ထို့အတူ ငါတုံသည် လည်း သေမင်း၏ လက်မှ မလွတ်နိုင်ချေတကား၊
မြေအထုနှင့် တူသော ကြီးသောပညာ ရှိတော်မူသော အရှင်မဟာ သာရိပုတ္တရာ အစရှိသော သူတို့သည်လည်း သေမင်း၏လက်မှ မလွတ်နိုင်သကဲ့သို့ ထို့အတူ ငါတုံ သည်လည်း သေမင်း၏လက်မှ မလွတ်နိုင်ချေတကား၊
မိမိ၏ဉာဏ်၊ ဝီရိယ အစွမ်းအားဖြင့် ပစ္စေကဗောဓိဉာဏ်သို့ရောက်တော်မူသော အရှင်မြတ်တို့သည်လည်း သေမင်း၏လက်မှ မလွတ်နိုင်သကဲ့သို့ ထိုအတူ ငါတုံသည်လည်း သေမင်း၏လက်မှ မလွတ်နိုင်ချေတကား၊
လောကသုံးပါး၌ အနုတ္တရ၊ ဓမ္မသာမိ၊ အပ္ပဋိပုဂ္ဂလ ဖြစ်တော်မူသော မြတ်စွာဘုရား သည်လည်း သေမင်း၏လက်မှ မလွတ်နိုင်သကဲ့သို့ ထို့အတူ ငါတုံသည်လည်း သေမင်းလက်မှ မလွတ်နိုင်ချေတကား-ဟု သူတပါးတို့၏ သေခြင်းကို မိမိသို့ ဆောင်အပ်၏။
ဤကား ဇမ္ဗူဒီပါတကျွန်းလုံး၌ မိုဃ်းကြီးသည် အပျံ့အနှံ့ တော၊ တောင် ကုန်း ကြည်း အနိမ့် အမြင့် ရေ၊ မြေ အစရှိသော တစုံတခုသော အရပ်ကိုမျှ မကြွင်း မကျန်စေမူ၍ ရွာသကဲ့သို့ ထို့အတူ သေမင်း - တည်းဟူသော မိုဃ်းကြီးသည် တစုံတယောက်သော သူကိုမျှ မကြွင်းမကျန်စေမူ၍ ခပ်သိမ်းသော ဘုံသုံးပါး၌ ကျင်လည်ကြကုန်သော သတ္တဝါအပေါင်းတို့ကို နှိပ်စက်ကုန်၏၊ ညှဉ်းဆဲကုန်၏၊ သတ်ကုန်၏။ သံသယမရှိကြနှင့်-ဟူလိုသတည်း။
ဤကား ဥပသံဟရတော-ဟူ သော ပုဒ်၏အဓိပ္ပါယ်တည်း။
သာဓာရဏ အားဖြင့် ပွားများအပ်သော အခြင်းအရာ
ကာယ ဗဟုသာဓာရဏတော - ဟူသောပုဒ်၏ အဓိပ္ပါယ်ကိုဆိုအံ့ -
အယံ ကာယော ဗဟုသာဓာရဏော အဇ္ဈတ္တိကာနံ ယေဝ အနေကသတာနံ ရောဂါနံ ဗာဟိရာနံ အဟိဝစ္ဆိကာဒီနဉ္စာ တိ ဗဟုသာဓာရဏတော။
အယံကာယော၊ ဤကိုယ်သည်။
ဗဟုသာဓာရဏော၊ များစွာသော သေခြင်း၏ အကြောင်းတို့နှင့် ဆက်ဆံရ၏။
အဇ္ဈတ္တိကာနံယေဝ၊ ကိုယ်တွင်းသဏ္ဌာန်၌သာလျှင် ဖြစ်ကုန်သော၊
အနေကသတာနံ၊ အရာမက များစွာကုန်သော။
ရောဂါနဉ္စ၊ မျက်စိအနာ၊ နားအနာတို့နှင့်လည်းကောင်း။
ဗာဟိရာနံ၊ အပ၌ဖြစ်ကုန်သော။
အဟိဝစ္ဆိကာဒီနဉ္စ၊ မြွေ ကင်းမြီးကောက် အစရှိသည်တို့နှင့်လည်းကောင်း။
ဣတိ၊ ဤသို့။
ဗဟုသာဓာရဏတော၊ များစွာသော သေခြင်းအကြောင်းတို့နှင့် ဆက်ဆံသော အားဖြင့်။
မရဏံ၊ သေခြင်းကို။
အနုဿရိတံ၊ အဖန်တလဲလဲ အောက်မေ့အပ်၏။
အဓိပ္ပါယ်
ဤကိုယ်သည် များစွာသော အကြောင်းနှင့် ဆက်ဆံ၏၊ အဘယ်သို့ ဆက်ဆံ သနည်းဟူမူကား - ကိုယ်တွင်းမျက်စိအနာ၊ နားအနာတို့နှင့် လည်းကောင်း၊ အပ၌ဖြစ်ကုန်သော မြွေ ကင်းမြီးကောက် အစရှိသည်တို့နှင့် လည်းကောင်း၊ များစွာသော သေခြင်းအကြောင်းနှင့် ဆက်ဆံသောအားဖြင့် သေခြင်းကို အဖန် တလဲလဲ အောက်မေ့အပ်၏။
ဤကိုယ်သည်ကား - မျက်စိနာသဖြင့် သေရ၏၊ နားနာသဖြင့်လည်း သေရ၏၊ နှာခေါင်းနာသဖြင့်၊ လျှာနာသဖြင့် ကိုယ်နာသဖြင့်လည်း သေရ၏၊ ဦးခေါင်း ပြင်းစွာခံသဖြင့် လည်၌အနာရောက်သဖြင့် ဝမ်းကျသဖြင့်လည်း သေရ၏၊
ထိုမှတပါး လေ၊ သည်းခြေ၊ သလိပ်ကြောင့်ဖြစ်သော အနာတို့ဖြင့်လည်း သေရ၏၊ ထိုမှတပါး အပ၌ မြွေကင်းအစရှိသော သတ္တဝါတို့ကိုက်ခဲသဖြင့်လည်း သေရ၏၊ ဤသို့ဤကိုယ်၏ များစွာသော အတွင်းမှ အပရန်သူတို့နှင့် ဆက်ဆံသဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့အပ်၏။
သေခြင်းတရားသည် မိမိအလိုသို့သာ ဆွဲဆောင်ပုံ
ပစ္စယာနဉ္စ ဝေကလျာ၊
ဗာဟိရဇ္ဈတ္တုပ္ပဒ္ဒဝါ။
ပရာဒေရာ နီဃာ သာပိ၊
မရမာနော နုကဍ္ဎတိ။
ပစ္စယာနံ၊ အကြောင်းတရားတို့၏။
ဝေကလျာစ၊ ချို့တဲ့ခြင်းကြောင့် လည်းကောင်း။
ဗာဟိရတ္တုပ္ပဒ္ဒဝါစ၊ အပဖြစ်သော မြွေ ကင်း သန်း စသော ဥပ္ပဒ္ဒဝေါ၊ အတွင်း၌ ဖြစ်သော သည်းခြေပျက်ခြင်းစသော ဥပ္ပဒ္ဒဝေါကြောင့် လည်းကောင်း။
ပရာဒေရာနီဃာ၊ သူတပါးနှင့်စပ်ခြင်းကြောင့်။
အာသာပိ၊ မသေပါလင့်-ဟု တောင့်တငြားသော်လည်း။
မရမာနော၊ သေခြင်းသဘောတရားသည်။
အနုကဍ္ဎတိ၊ ငင်တတ်၏။
အဓိပ္ပါယ်
ကံ စိတ် ဥတု အာဟာရ - တည်းဟူသော အကြောင်းတရားတို့၏ ချို့တဲ့ခြင်း ကြောင့်လည်းကောင်း၊ အပ၌ဖြစ်သော မြွေ ကင်း သန်း စသော ဥပ္ပဒ္ဒဝေါ၊ အတွင်း၌ ဖြစ်သော သည်းခြေပျက်ခြင်း စသော ဥပ္ပဒ္ဒဝေါတို့ကြောင့် လည်းကောင်း၊ သူတပါးနှင့် စပ်ခြင်းကြောင့် မသေပါစေလင့်-ဟု တောင့်တငြားသော်လည်း ထိုသို့ အလိုသို့မလိုက်မူ၍ သေခြင်း သဘောတရားသည် သေမင်းနိုင်ငံသို့ ဆွဲငင်တတ်၏၊ တားမြစ်၍မနိုင် ဟူလိုသတည်း။
ခန္ဓာငါးပါးတို့ကို ဘေး-ဟု ရှုအပ်ကြောင်း
ဝိပဿနာ လေးဆယ်၌လည်း ဘယတော-ဟုဟောတော်မူ၏။
ဘယတော၊ ဘေး-ဟူ၍။
ဧကေကံ ခန္တံ၊ တပါး၊ တပါးသော ခန္ဓာကို။
သမ္မသတိ၊ သုံးသပ်၏။
သဗ္ဗဘယာနံ အာသယတာယ ဒုက္ခဝူပသမသင်္ခါတဿ ပရမာသဿ ပဋိပက္ခတာယစ ဘယတော။
သဗ္ဗဘယာနီ၊ ခပ်သိမ်းသော အတွင်း အပ၌ဖြစ်သော ဘေးတို့၏။
အာသယတာယစ၊ တည်ရာဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။
ဒုက္ခဝူပသမသင်္ခါတဿ၊ ဒုက္ခအပေါင်းတို့၏ ငြိမ်းခြင်းဟု ဆိုအပ်သော။
ပရမာသဿ၊ အလွန်သက်သာခြင်း၏။
ပဋိပက္ခဏာယစ၊ ဆန့်ကျင်ဘက် ဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊
ဘယတော၊ ဘေး-ဟူ၍။
ဧကေကံခန္ဓံ၊ တပါး၊ တပါးသော ခန္ဓာကို။
သမ္မသတိ၊ သုံးသပ်၏။
အဓိပ္ပါယ်
ရူပက္ခန္ဓာအစရှိသော ခန္ဓာငါးပါးတို့ကို အတွင်း၌ စက္ခုရောဂါ အစရှိသော ရောဂါအပေါင်းတို့၏ ကျရာတည်ရာဟူ၍ လည်းကောင်း၊ အပ၌ဖြစ်သောဘေး အပေါင်းတို့၏ ကျရာ၊ တည်ရာဟူ၍ လည်းကောင်း၊ ဒုက္ခအပေါင်းတို့၏ ကင်းခြင်း ငြိမ်းခြင်းသည် အလွန်သက်သာသည် မည်၏၊
ကိုယ်သက်သာခြင်းသည် မရှိရကား သုခ၏ ဆန့်ကျင်ဘက် ဖြစ်ရကား -ဤ ခန္ဓာငါးပါးကို ဘယတော-ဟု ရှူအပ်၏-ဟူလိုသတည်း၊
ခန္ဓာငါးပါးတို့ကို အထီးကျန်သူကဲ့သို့ ရှုအပ်ကြောင်း
ထိုမှတပါးလည်း အာဒီနဝတော-ဟု ဟောတော်မူအပ်၏။
အာဒီနဝတော၊ ငြိုငြင်ပင်ပန်းစွာ ဖြစ်တတ်၏-ဟူ၍။
ဧကေကံခန္ဓံ၊ တပါး၊ တပါးသော ခန္ဓာကို။
သမ္မသတိ၊ သုံးသပ်၏။
အာဒီနံ ဝါ တိ ပဝတ္တတီ တိ အာဒီနဝေါ၊ ကပဏမနုဿဿေတံ အဓိဝစနံ၊ ခန္ဓာ ပိ စ ကပဏာယေ ဝါ တိ တသ္မာ အာဒီနဝသသတ္တာယ အာဒီနဝတော။
အာဒီနံ၊ အနာနှိပ်စက်သည်ဖြစ်၍ ငြိုငြင်ပင်ပန်းစွာ။
ဝါတိ-ပဝတ္တတိ၊ ဖြစ်တတ်၏။
ဣတိတသ္မာ၊ ထိုသို့အနာနှိပ်စက်သည်ဖြစ်၍ ငြိုငြင်ပင်ပန်းစွာ ဖြစ်တတ်သော သတ္တိကြောင့်။
အာဒီနဝေါ၊ အာဒီန၀ မည်၏။
ဧတံ၊ ထိုအာဒီနဝ-ဟူသော အမည်သည်။
ကပဏမနုဿဿ၊ အထီးကျန်သောသူ၏။
အဓိဝစနံ၊ အမည်တည်း။
ခန္ဓာပိစ၊ ကိုယ်ခန္ဓာငါးပါး တို့သည်လည်း။
ကပဏာယေဝ၊ အထီးကျန်ကုန်သည် သာလျှင်တည်း။
ဣတိတသ္မာ-အာဒီနဝ သဒိသတ္တာ၊ ဤသို့ အထီးကျန်သောသူနှင့် တူသည်၏ အဖြစ်ကြောင့်။
အာဒီနဝတော၊ အာဒီနဝ-ဟူ၍။
ဧကေကံခန္ဓံ၊ တပါး၊ တပါးသော ခန္ဓာကို။
သမ္မသတိ၊ သုံးသပ်၏။
အဓိပ္ပါယ်
အကြင်သူသည် ငြိုငြင်ပင်ပန်းစွာ ဖြစ်တတ်၏၊ ထိုသူသည် အာဒီနဝ မည်၏၊
အာဒီနဝ ဟူသည်ကား-မိဘမရှိ၊ အဆွေအမျိုး တစုံ တယောက်သောသူမျှ မရှိ၊ ရွှေ၊ ငွေ၊ ပုလဲ၊ ပတ္တမြားမရှိ၊ ထိုသို့ ဆင်းရဲပင်ပန်းသော တယောက်အထီးတည်း ရှိသောသူကို အာဒီနဝ ဟု ဆိုသတည်း၊
ခန္ဓာငါးပါးသည်လည်း တယောက်အထီးတည်း ကျန်သောသူနှင့်တူ၏။
တူဟန်ကား - တယောက်အထီးတည်း ကျန်သောသူသည် အမိအဘ အဆွေ အမျိုးတို့သည် လည်းကောင်း၊ ဥစ္စာ၊ ရွှေ၊ ငွေတို့သည်လည်းကောင်း၊ မရှိသော သူဆင်းရဲဖြစ်၍ သူတပါးတို့နှင့် စပ်သော အသက်မွေးခြင်းဖြင့် မွေးရကုန်သဖြင့် နှိမ့်ချသော စိတ်ရှိသည် ဖြစ်၍ သူတပါးတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း နှိပ်စက် ညှဉ်းဆဲသည်တို့ကို အခါခပ်သိမ်း ခံရသကဲ့သို့ -
ထို့အတူ ခန္ဓာငါးပါး တို့သည်လည်း အထီးကျန်သည်ဖြစ်၍ မျက်စိအနာ နားအနာ အစရှိသည် တို့သည် လည်းကောင်း၊ မြွေကင်းအစရှိသော သတ္တဝါ တို့သည် လည်းကောင်း၊ နှိပ်စက်အပ်သည်တို့ကို အခါခပ်သိမ်း ခံရကုန်၏၊
များစွာသော အတွင်း အပဘေးရန်တို့နှင့် ဆက်ဆံကုန်၏၊ များစွာသော အတွင်း အပဘေးရန်တို့သည် ကျရောက်ကုန်၏ - ဟူလိုသတည်း။
ခန္ဓာငါးပါးတို့ကို ငြိကပ်တတ်၏ဟု ရှုအပ်ကြောင်း
▬▬▬▬▬▬▬▬▬▬▬▬
ဥပသဂ္ဂတော၊ ကပ်ငြိတတ်၏-ဟူ၍၊
ဧကေတံခန္ဓံ၊ တပါး တပါးသော ခန္ဓာကို။
သမ္မသတိ၊ သုံးသပ်၏။
အနေကေဟိ အနတ္ထေဟိ အနုဗန္ဓတာယစ ဒေါသူပသတ္တတာယစ ဥပသဂ္ဂေါဝိယ အနဓိဝါသနရဟတာယ စ ဥပသဂ္ဂတော သမ္မသတိ။
အနေကေဟိ၊ များစွာကုန်သော။
အနတ္ထေဟိ၊ အကျိုးမဲ့တို့သည်။
အနုဗန္ဓတာယစ၊ အစဉ်လိုက်အပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။
ဒေါသူပသတ္တတာယစ၊ အပြစ်အပေါင်းနှင့် ကပ်ငြိသည်၏ အဖြစ်ကြောင့် လည်းကောင်း။
ဥပသဂ္ဂေါဝိယ၊ ဗဟိဒ္ဓ၌ ဉာတိဗျသန စသော အနတ္ထ, အဇ္ဈတ္တ၌ ရာဂစသော အနတ္ထသည်။
အနဓိဝါသနရဟတာယစ၊ သည်းခံခြင်းငှာ မထိုက်သည်၏ အဖြစ်ကြောင့် လည်းကောင်း။
ဥပသဂ္ဂတော၊ ကပ်ငြိတတ်၏-ဟူ၍။
ဧကေကံခန္ဓံ၊ တပါး, တပါးသော ခန္ဓာကို။
သမ္မသတိ၊ သုံးသပ်၏။
အဓိပ္ပါယ်
များစွာကုန်သော အိုခြင်း, နာခြင်း, သေခြင်း, သောက, ပရိဒေဝ, ဒုက္ခ ဒေါမနဿ, ဥပါယာသ-တည်းဟူသော အကျိုးမရှိသောတရား တို့သည် အစဉ်အတိုင်း ဘဝတိုင်း, ဘဝတိုင်း လိုက်အပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ရာဂ,ဒေါသအစရှိသော ကိလေသာဟုဆိုအပ် ကုန်သော အပြစ်အပေါင်းတို့နှင့် ကပ်ငြိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ဗဟိဒ္ဓ၌ အဆွေအမျိုးပျက်စီးခြင်း အစရှိသော အနတ္ထ အဇ္ဈတ္တ၌ ရာဂ, ဒေါသ အစရှိသော အနတ္ထသည် သည်းခံခြင်း မထိုက်သကဲ့သို့, သည်းခံခြင်းငှါ မတတ်နိုင်အောင် နှိပ်စက်သကဲ့သို့ တနည်းကား - ဗျာမိဟူသော တရားသည် သေခြင်းသို့ဆောင်တတ်၏။
ဤသို့ ဆောင်သောကာလ၌ သည်းခံခြင်းငှာ မတတ်နိုင်သကဲ့သို့, သည်းမခံ နိုင်အောင် နှိပ်စက်သကဲ့သို့ သည်းခံခြင်းငှာ မထိုက်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ သည်းမခံနိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဥပသဂ္ဂ-ဟူ၍ တပါး, တပါးသော ခန္ဓာကို သုံးသပ်အပ်၏၊ ရှုအပ်၏-ဟူလိုသတည်း။
ရူပက္ခန္ဓာအစရှိသော ခန္ဓာငါးပါး၌ များစွာကုန်သော ဇာတိ, ဧရာ အစရှိသော အနတ္ထ, စည်းစိမ်ဥစ္စာပျက်စီးခြင်း အစရှိသော အနတ္ထ အဆွေအမျိုးပျက်စီးခြင်း အစရှိသော အနတ္ထ, ရာဂ, ဒေါသ အစရှိသော အနတ္ထတို့သည် အစဉ်အတိုင်း နှိပ်စက်အံ့သော, ညှဉ်းဆဲအံ့သောငှါ လိုက်ကုန်၏။ ထိုသို့လိုက်၍ နှိပ်စက်သော ကာလ၌ သည်းခံခြင်းငှာ မတတ်နိုင်အောင် ဆင်းရဲငြိုငြင် ပင်ပန်းကုန်၏-ဟူလိုသတည်း။
ဤခန္ဓာငါးပါး တရားတို့သည် ဤသို့ ဆိုအပ်ပြီးသော အကျိုးမဲ့ကို ဖြစ်စေတတ်သော ဘေးတို့နှင့် ဆက်ဆံကုန်၏၊ ဤသို့ များပြားစွာသော ဆင်းရဲအပေါင်းကို ဖြစ်စေတတ်သော ဘေးအပေါင်းတို့နှင့် ဆက်ဆံသော ဤခန္ဓာကို စက်ဆုပ် ရွံရှာအပ်၏၊ ငြီးငွေ့အပ်၏၊
လွန်လေပြီးသော အတိတ်ခန္ဓာတို့ကိုလည်း ဘေးအပေါင်းတို့နှင့် ဆက်ဆံသည် ဖြစ်၍ စက်ဆုပ်အပ်၏၊ ငြီးငွေ့အပ်၏။ နောက်ဖြစ် လတ္တံ့သော ခန္ဓာကို၌လည်း ထို့အတူ စက်ဆုပ်အပ်၏၊ ငြီးငွေ့အပ်၏၊ ငြီးငွေ့ကြလေကုန်။
လောက၌ မစင်ကိုစက်ဆုပ်သကဲ့သို့ လည်းကောင်း၊ ကြမ်းသော အဆိပ်, လျင်သော အဆိပ်ရှိသော မြွေပွေး၊ မြွေဟောက်တို့ကို ငြီးငွေ့သကဲ့သို့လည်းကောင်း၊ ခြင်္သေ့, ကျား, သစ်အစရှိသော ဘေးဘျမ်းရှိသော တောအုပ်ကြီးကို ငြီးငွေ့သကဲ့သို့ လည်းကောင်း၊ အကျိုးမဲ့ကိုပြု တတ်သော ရန်သူအား ကြောက်ခြင်း, တုန်လှုပ်ခြင်း ငြီးငွေ့ခြင်း ဖြစ်သကဲ့သို့ လည်းကောင်း၊ ထို့အတူ အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော ဘေးအပေါင်းတို့၏ ကျရောက်ရာ ဆက်ဆံရာဖြစ်သော ခန္ဓာငါးပါးတို့ကို ကြောက်အပ်၏၊ တုန်လှုပ်အပ်၏၊ ငြီးငွေ့အပ်၏-ဟူလိုသာတည်း၊ ငြီးငွေ့ကြကုန်၊ သူတော်ကောင်းအပေါင်းတို့။
ဤကား ကာယဗဟုသာဓာရဏတော-ဟူသော ပုဒ်၏အဓိပ္ပါယ်တည်း။
အာယုဒုဗ္ဗလ အားဖြင့် ပွားများအပ်သော အခြင်းအရာ
▬▬▬▬▬▬▬▬▬▬▬
အာယုဒုဗ္ဗလတော-ဟူသော ပုဒ်၏အဓိပ္ပါယ်ကို ဆိုဦးအံ့ -
အဿာသပဿာသုပနိဗဒ္ဓံ ဇီဝိတန္တိ အာဒိနာနယေန အာယုဒုဗ္ဗလတော။
ဇီဝိတံ၊ အသက်သည်။
အဿာသ ပဿာသုပနိဗဒ္ဓံ၊ ထွက်သက် ဝင်သက်နှင့်စပ်၏။
ဣတိအာဒိနာနယေန၊ ဤသို့အစရှိသောနည်းဖြင့်။
အာယုဒုဗ္ဗလတော၊ အသက်အားနည်း၏-ဟူ၍။
မရဏံ၊ သေခြင်းကို။
အနုဿရိတဗ္ဗံ၊ အဖန်တလဲလဲ အောက်မေ့အပ်၏။
အဓိပ္ပါယ်
လူတို့၏အသက်သည်ကား - ထွက်သက် ဝင်သက်နှင့်စပ်၏၊ ဤသို့အစ ရှိသည်ဖြင့် အသက်သည် အားနည်း၏-ဟူ၍ သေခြင်းကို အဖန် တလဲလဲအောက်မေ့အပ်၏။
၁။ ဤခန္ဓာကိုယ်သည်ကား ထွက်သက်ဝင်သက်နှင့်စပ်၏။
စပ်ဟန်ကား-ထွက်သက် ဝင်သက်မရှိမူကား သေ၏-ဟု သမုတ်ကြကုန်၏။
၂။ လူကိုအသက်သည် ဣရိယာပုထ်လေးပါးတို့နှင့်စပ်၏။
စပ်ဟန်ကား - သွားခြင်းမှ ရပ်ခြင်း, ထိုင်ခြင်း၊ လျောင်းခြင်း ဟုဆိုအပ်သော ဣရိယာပုထ် လေးပါးတို့တွင် -
သွားခြင်း-ဣရိယာပုထ် လွန်လျှင်လည်း အသက်သည် ပျက်စီး၏၊
ရပ်ခြင်း လွန်လျှင်လည်း အသက်သည် ပျက်စီး၏၊
ထိုင်ခြင်းလွန်လျှင်လည်း အသက်သည် ပျက်စီး၏၊
လျောင်းခြင်းလွန်လျှင်လည်း အသက်သည် ပျက်စီး၏၊
ထိုဣရိယာပုထ်လေးပါး ညီမျှသော် သာလျှင် အသက်သည် ရှည်ခြင်းသို့ရောက်၏၊ ဤသို့အသက်သည် ဣရိယာပုထ် လေးပါးနှင့်စပ်၏။
၃။ အသက်သည် အချမ်း- ဟူသောဥတု, အပူ-ဟူသောဥတု နှစ်ပါးတို့နှင့်စပ်၏။
စပ်ဟန်ကား - ချမ်းအေးသောဥတု၌ ကြာမြင့်စွာနေသောသူသည် ထိုအချမ်းတို့သည် နှိပ်စက်သည် ဖြစ်၍ အသက်သည် ပျက်စီးခြင်းသို့ ရောက်၏၊
ထို့အတူ ပူသောဥတု၌ ကြာမြင့်စွာနေသော သူတို့သည် လည်းကောင်း၊ ထို အပူတို့သည် နှိပ်စက်အပ်သည်ဖြစ်၍ အသက်သည် ပျက်စီးခြင်းသို့ရောက်၏၊ ဤသို့အချမ်း အပူ-ဟူသော ဥတုနှင့် စပ်၏။
၄။ အသက်သည် မဟာဘုတ်လေးပါးနှင့်စပ်၏။
စပ်ဟန်ကား - ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟု ဆိုအပ်သော မဟာဘုတ် လေးပါးတို့သည် ညီမျှသော်သာလျှင် အသက်ရှည်ခြင်းသို့ ရောက်၏၊ မဟာဘုတ်လေးပါးတို့တွင် တပါးပါး ပျက်စီးမူကား- အသက်သည် ပျက်စီးခြင်းသို့ရောက်၏၊ ဤသို့အသက်သည် မဟာဘုတ်လေးပါးနှင့်စပ်၏။
၅။ အသက်သည် အာဟာရနှင့်စပ်၏။
စပ်ဟန်ကား - လျောက်ပတ်သော ကာလ၌ အာဟာရကိုမစားရ, မသောက်ရသည် ရှိသော် အသက်သည် ပျက်စီးခြင်းသို့ရောက်၏၊ လျောက်ပတ်သော ကာလ၌ အာဟာရကို စားရ, သောက်ရ သော်သာလျှင် အသက်ရှည်ခြင်းသို့ရောက်၏၊ ဤသို့အသက်သည် အာဟာရနှင့်စပ်၏။
ဥပမာ, ဥပမေယျ နှိုင်းယှဉ်ပုံ
▬▬▬▬▬▬▬▬▬▬
နွေအခါ၌ ပေါက်သော သစ်ပင်ငယ်တို့သည် အပူနှိပ်စက်သည် ဖြစ်၍ အလွန် အားနည်း၏၊ ထိုသစ်ပင်ငယ်တို့သည် မိုယ်းကိုအမှီပြု၍ ဖြစ်၏၊ မိုဃ်းနှင့်စပ်၏၊ မိုယ်း-တည်းဟူသော အမှီကို မရသည်ရှိသော် ပျက်စီးသကဲ့သို့ ထို့အတူ -
အသက်သည် -
* အဿာသပဿာသနှင့် လည်းကောင်း၊
* ဣရိယာပုထ်လေးပါးနှင့် လည်းကောင်း၊
* အချမ်း အပူ-ဟူသော ဥတုနှင့် လည်းကောင်း၊
* မဟာဘုတ်လေးပါးတို့နှင့် လည်းကောင်း၊
* အာဟာရနှင့် လည်းကောင်း စပ်၏၊
ဤငါးပါးသော တရားတို့နှင့် စပ်၍ဖြစ်၏၊
ထိုငါးပါးသော တရားတို့သည် အညီအညွတ် ပြုပြင်သော်သာလျှင် အသက် ရှည်ခြင်းသို့ ရောက်၏၊ ထိုငါးပါးတို့တွင် တပါးပါး ချို့တဲ့မူကား အသက်ကုန်ခြင်း ရောက်၏-ဟူလိုသတည်း။
ဤကား အာယုဒုဗ္ဗလတော - ဟူသော ပုဒ်၏အဓိပ္ပါယ်တည်း။
ကာလ အဘာဝ အားဖြင့် ပွားများအပ်သော အခြင်းအရာ
▬▬▬▬▬▬▬▬▬▬▬
ကာလဝဝတ္ထာနဿ အဘာဝတော - ဟူသော အဓိပ္ပါယ်ကို ဆိုဦးအံ့ -
ဣမသ္မိံယေဝ ကာလေ မရိတဗ္ဗံ နအညသ္မိံတိ၊ ဧဝံ ကာလဝဝတ္ထာနဿ အဘာဝတော။
ဣမသ္မိံ ယေဝကာလေ၊ ဤကာလ၌သာလျှင်။
မရိတံ၊ သေအပ်၏။ သေရာ၏, သေခြင်းငှာထိုက်၏။
အညသ္မိံကာလေ၊ တပါးသော ကာလ၌။
နမရိတံ၊ မသေအပ်။
ဣတိဧဝံ၊ ဤသို့။
ကာလဝဝတ္ထာနဿ၊ သေသောကာလကို ပိုင်းခြားခြင်း မှတ်ခြင်း၏။
အဘာဝတော၊ မရှိ-ဟူ၍။
မရဏံ၊ သေခြင်းကို။
အနုဿရိတံ၊ အဖန်တလဲလဲ အောက်မေ့အပ်၏။
အဓိပ္ပါယ်
သတ္တဝါတို့သည် နံနက်ကာလ၌သာ သေ၏၊ ညဉ့်ကာလ၌ မသေကုန်၊ ညဉ့် အခါ၌သာ သေ၏၊ နံနက်အခါ၌ မသေကုန်၊ ဥတုအားဖြင့် မိုဃ်းဥတု၌သာ သေ၏၊ ကြွင်းသော ဥတု၌ မသေကုန် - ဟုမှတ်ခြင်း, ပိုင်းခြားခြင်း မရှိ-ဟူ၍ သေခြင်းကိုအဖန်တလဲလဲ အောက်မေ့အပ်၏ဟူလိုသတည်း။
ထိုမှတပါး သေသောကာလ၏ အမြဲမရှိသည်၏ အဖြစ်ကိုသာလျှင် စင်စစ်အားဖြင့် မှတ်အပ်သည် မဟုတ်သေး၊ အသက်အစရှိသည်၏ အမြဲမရှိသည်၏ အဖြစ်ကို ဤသို့ဆိုလတ္တံ့သောနည်းဖြင့် မှတ်အပ်၏။
ဇီဝိတံ ဗျာဓိကာလောစ၊
ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေတေ နိ ဓ လောကသ္မိံ၊
အနိမိတ္တာ နနာယရေ။
ဇီဝိတဉ္စ၊ အသက်လည်းကောင်း။
ဗျာဓိစ၊ အနာလည်းကောင်း။
ကာလောစ၊ သေသောအခါ လည်းကောင်း။
ဒေဟနိက္ခေပနဉ္စ၊ အကောင်ကို ပစ်ချရာအရပ် လည်းကောင်း။
ဂတိစ၊ လားရာအရပ် လည်းကောင်း။
ဣဓလောကသ္မိံ၊ ဤလောက၌။
ဧတေပဉ္စ၊ ဤငါးပါးတို့ကို။
အနိမိတ္တာ၊ အမှတ်မရှိကုန်-ဟူ၍။
ဝါ၊ အမြဲမရှိကုန်-ဟူ၍။
နနနာယရေ၊ သိကုန်ရာ၏။
အဓိပ္ပါယ်
၁။ အသက်လည်းတပါး,
၂။ အနာလည်းတပါး,
၃။ သေသောကာလလည်းတပါး,
၄။ အကောင်ကို ပစ်ချရာအရပ်လည်းတပါး,
၅။ လားရာဂတိလည်းတပါး
ဤငါးပါးသော တရားတို့ကို ဤလောက၌ အမြဲမရှိ-ဟူ၍သိအပ်၏။
ထိုငါးပါးတွင် အသက်သည် အဘယ်သို့ အမြဲမရှိသနည်း-ဟူမူကား -
အမိဝမ်း၌ ပဋိသန္ဓေ ကလလရေကြည်ဖြစ်သော ကာလ၌လည်း သေရ၏၊ ထိုမှတပါးတလ နှစ်လ အစရှိသည်ဖြင့် ကြာမြင့်သော ကာလ၌လည်း သေရ၏။ ဖွားသောကာလ၌လည်း သေရ၏၊ ဖွားပြီး၍ တလ တနှစ်ရှိ သောကာလ၌လည်း သေရ၏၊ ဆယ်နှစ် အနှစ်နှစ်ဆယ် အနှစ်ငါးဆယ်ရှိသော ကာလ၌လည်း သေရ၏၊ အနှစ်တရာသို့ ရောက်သောကာလ၌လည်း သေရ၏။ ဤသို့ အသက်၏ အပိုင်း အခြား အမြဲမရှိသည်၏အဖြစ်ကို သိရာ၏။
အနာသည်လည်း ဤအမည်ရှိသော အနာဖြင့် သာလျှင် သေအပ် ၏-ဟု အမြဲမရှိ၊ တစုံတခု အမှတ်မရှိသော မျက်စိအနာ နားအနာ အစရှိသော အနာတို့သည် နှိပ်စက်အပ်သည်ဖြစ်၍ သေကုန်၏၊ ဤသို့ အနာအားဖြင့် အပိုင်းအခြား အမြဲမရှိ သည်၏အဖြစ်ကို သိအပ်၏။ သေသောအခါကို နောက်၌ ဆိုအပ်ပြီးသောနည်းကို အစဉ်မှီးသဖြင့် သိကြလေကုန်။
ကိုယ်ကောင်ကို ပစ်ချရခြင်းသည်လည်း အမြဲမရှိ၊
ကုန်း၌ဖွားသော သတ္တဝါ သည်လည်း ရေ၌ပစ်ချရ၏။
ရေ၌ဖွားသော သတ္တဝါသည်လည်း ကုန်း၌ပစ်ချရ၏၊
မြို့တွင်း၌ဖွားသော သတ္တဝါသည်လည်း မြို့ပြင်၌ပစ်ချရ၏၊
မြို့ပြင်၌ဖွားသော သတ္တဝါသည်လည်း မြို့တွင်း၌ပစ်ချရ၏၊
ဤသို့ အစရှိသည်ဖြင့် ဤ ခန္ဓာကိုယ်ကောင်ကို ပစ်ချခြင်း၏ အပိုင်းအခြား အမြဲ မရှိသည်၏အဖြစ်ကို သိအပ်၏။
ဂတိသည်ကား -
▬▬▬▬▬▬
(က) မနုဿဂတိ,
(ခ) ဒေဝဂတိ,
(ဂ) တိရစ္ဆာနဂတိ,
(ဃ) ပေတဂတိ,
(င) နိရိယဂတိ -
ဟူ၍ ငါးပါးအပြားရှိ၏၊ ထိုငါးပါးတို့တွင် -
မနုဿဂတိမှသည် ဒေဝဂတိ, တိရစ္ဆာနဂတိ, ပေတဂတိ, နိရိယဂတိ သို့ လည်းကောင်း၊
ဒေဝဂတိမှသည် မနုဿဂတိ အစရှိသည်တို့သို့ လည်းကောင်း၊
တိရစ္ဆာနဂတိမှသည် မနုဿဂတိ အစရှိသည်တို့သို့ လည်းကောင်း၊
ပေတဂတိမှသည် မနုဿဂတိ အစရှိသည်တို့သို့လည်း ကောင်း၊
နိရိယဂတိမှသည် မနုဿဂတိအစရှိသည်တို့သို့ လည်းကောင်း - လားကြကုန်၏။
ဤသို့ဘုံသုံးပါး၌ ကျင်လည်ကုန်သော သတ္တဝါအပေါင်းတို့သည် ယန္တရား၌ ကသော နွားကဲ့သို့ ဂတိငါးပါးတို့၏ အပေါင်း၌ တပြောင်း ပြန်ပြန် လည်၍ဖြစ်၏၊ ဤသို့ဂတိအပိုင်းအခြား အမြဲမရှိသည်၏ အဖြစ်ကိုသိအပ်၏၊
ဤသို့အဝိဇ္ဇာ, တဏှာ တည်းဟူသော အကြောင်း တရားနှစ်ပါးတို့ကို ပစ္စည်းပြု၍ ကာမဘဝ, ရူပဘဝ, အရူပဘဝ-ဟု ဆိုအပ်သော ဘဝသုံးပါး၌ တပါး, တပါးသို့ ပြေးသွားကြကုန်၏၊
ဤသို့ ဂတိ၏အပိုင်းအခြား အမြဲမရှိသည်၏ အဖြစ်ကိုသိအပ်၏။
ဤကား ကာလဝဝတ္ထာနဿ အဘာဝတော - ဟူသော ပုဒ်၏အဓိပ္ပါယ်တည်း။
အဒ္ဓါနပရိစ္ဆေဒ ဖြင့် ပွားအပ်သော အခြင်းအရာ
▬▬▬▬▬▬▬▬▬▬
အဒ္ဓါနဿ ပရိစ္ဆေဒတော - ဟူသောပုဒ်၏ အဓိပ္ပယ်ဆိုဦးအံ့ -
မနုဿာနံ ဇီဝိတဿနာမ ဧတရဟိ ပရိတ္တော အဒ္ဓါယော စိရံ ဇီဝတိ သော ဝဿသတံ ဇီဝတိ၊ ဧဝံ အဒ္ဓါနဿ ကာလဿ ပရိစ္ဆေဒတော။
မနုဿာနံ၊ လူတို့၏။
ဇီဝိတဿနာမ၊ အသက်အပိုင်းအခြား မည်သည်ကား။
ဧတရဟိ၊ ယခုအခါ၌။
အဒ္ဓါ၊ ကာလသည်။
ပရိတ္တော၊ တို၏။
ယော၊ အကြင်သူသည်။
စိရံ၊ ကြာမြင့်စွာ။
ဇီဝတိ၊ အသက် ရှည်၏။
သော၊ ထိုသူသည်။
ဝဿသတံ၊ အနှစ်တရာပတ်လုံး။
ဇီဝတိ၊ အသက်ရှည်၏။
အပ္ပံဝါဘိယျော၊ အနည်းငယ် လွန်သည်ဖြစ်၍။
ဇီဝတိ၊ အသက်ရှည်၏။
ဒုတီယံ၊ နှစ်ခုမြောက်သော။
ဝဿသတံ၊ အနှစ်တရာသို့။
နပါပုနာတိ၊ မရောက်။
ဧဝံ၊ ဤသို့။
အဒ္ဓါနဿကာလဿ၊ အသက်ရှည်သော ကာလ၏။
ပရိစ္ဆေဒတော၊ အပိုင်းအခြားအားဖြင့်။
မရဏံ၊ သေခြင်းကို။
အနုဿရိတံ၊ အဖန်တလဲလဲ အောက်မေ့အပ်၏။
အဓိပ္ပါယ်
လူတို့၏ အသက်အပိုင်းအခြား မည်သည်ကား - ယခုအခါအသက် ရှည်သောကာလ သည်တို၏၊ အကြင်သူသည် ကြာမြင့်စွာ အသက်ရှည်၏၊ ထိုသူသည် အနှစ်တရာ ပတ်လုံး အသက်ရှည်၏၊ ဤအရာ၌ စိရံဇီဝတိ-ဟု ဟောတော်မူရကား ကြာမြင့်စွာ အသက်ရှည်သော သူသည်သာလျှင် အနှစ်တရာ အသက်ရှည်၏၊ ကြာမြင့်စွာ အသက်မရှည်သော သူတို့သည်ကား အနှစ်တရာ မနေရ၊ ဆယ်နှစ် အနှစ်နှစ်ဆယ် စသည်နေရပြီး၍ သေခြင်း ပျက်စီးခြင်းသို့ရောက်ကုန်၏။
အရှင်အာနန္ဒာ, အရှင်မဟာကဿပ အစရှိသော အရှင်မြတ်တို့ ကိုရည်၍ တရာထက်အနည်းငယ် လွန်သည်ဖြစ်၍ အသက်ရှည်၏-ဟု ဟောတော်မူ၏၊ အနှစ်နှစ်ရာသို့ရောက်သောသူ မည်သည်ကား မရှိ၊ အနှစ်နှစ်ရာ နေရသောသူ မည်သည်ကား မရှိ၊ ဤသို့အသက်အပိုင်းအ ခြားအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့အပ်၏။
ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်ကိုအလိုရှိ၍ တောင့်တ၍ မရဏဿတိ ကမ္မဋ္ဌာန်းကိုပွါးများသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏အသက်ကို “ငါသည်ကား-ကြာမြင့်စွာ အသက်ရှည်သော်သာလျှင် တရာမျှသာ နေရ၏၊ တရာထက်လွန်၍ အနည်းငယ်မျှသာနေရ၏၊ နှစ်ရာ အသက်ရှည်၍ မနေရ”၊ ဤသို့အသက်ကို ပိုင်းခြား၍ သေခြင်းကို အဖန်တလဲလဲ အောက်မေ့အပ်၏။
ဥပမာကား - အတိုင်းအထွာ ကုန်သည်ရှိသော် အဆုံးသို့ ရောက်သကဲ့သို့ ထို့အတူ အသက်ကုန်သော် လည်းကောင်း၊ ကံကုန်သော် လည်းကောင်း၊ အသက်ကံ နှစ်ပါးတို့သည် ကုန်သော်လည်းကောင်း၊ ဤသို့ ဆိုအပ်ပြီးသော အတိုင်းအထွာ တို့သည် ကုန်သဖြင့် ပျက်စီးခြင်းသို့ ရောက်ကုန်၏-ဟု မရဏဿတိဘာဝနာကို ပွါးများအပ်၏-ဟူလို သတည်း။
ဤကား အဒ္ဓါနဿ ပရိစ္ဆေဒတော - ဟူသောပုဒ်၏ အဓိပ္ပါယ်တည်း။
ခဏပရိတ္တအားဖြင့် ပွါးအပ်သော အခြင်းအရာ
▬▬▬▬▬▬▬▬▬
ခဏပရိတ္တတော - ဟူသောပုဒ်၏ အဓိပ္ပါယ်ကို ဆိုဦးအံ့ -
ဇီဝိတံ အတ္တဘာဝေါစ၊
သုခဒုက္ခာစ ကေဝလာ။
ဧကစိတ္တသမာယုတ္တာ၊
လဟုသော ဝတ္တတိ ခဏော။
ဇီဝိတဉ္စ၊ အသက်သည် လည်းကောင်း။
အတ္တဘာဝေါစ၊ အတ္တဘောသည် လည်းကောင်း။
သုခဒုက္ခာစ၊ ချမ်းသာ, ဆင်းရဲတို့သည် လည်းကောင်း။
ကေဝလာ၊ သက်သက်။
ဧကစိတ္တသမာယုတ္တာ၊ တခုသောစိတ်နှင့် ယှဉ်ကုန်သည်ဖြစ်၍။
ခဏော၊ စိတ္တက္ခဏသည်။
လဟုသော၊ လျင်မြန်စွာ။
ဝတ္တတိ၊ ဖြစ်၏။
အဓိပ္ပါယ်
လူတို့၏အသက်သည် စိတ္တက္ခဏ တခုမျှသာလျှင် အစဉ်ယှဉ်၏၊ ယှဉ်ဟန်ကား -
ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါတာ နာမက္ခန္ဓာ နိရုဇ္ဈန္တိ။
ဧကစ္ဆရက္ခဏေ၊ လက်ဖျစ်တတွက်မျှသော ခဏ၌။
ကောဋိသတသဟဿသင်္ခါတာ၊ အကုဋေတသိန်း အရေအတွက် ရှိကုန်သော။
နာမက္ခန္ဓာ၊ နာမက္ခန္ဓာတို့သည်။
နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။
လက်ဖျစ်တတွက်မျှသောခဏ၌ အကုဋေတသိန်း အရေအတွက် ရှိကုန်သော နာမက္ခန္ဓာတို့သည် ချုပ်ကုန်၏-ဟု အမိန့်တော်လာရကား လက်ဖျစ်တတွက် မျှသောကာလ၌ပင် ခဏအားဖြင့် အကုဋေတသိန်း သေကုန်၏-ဟု ပညာရှိသော ယောဂါဝစရ ပုဂ္ဂိုလ်တို့သည် မရဏဿတိ ဘာဝနာကို ပွါးများအပ်၏၊ ငါတို့၏ အသက်သည်ကား အလွန်တို၏။ တခုသော စိတ္တက္ခဏမျှသာ အသက်ယှဉ်၏-ဟု အသင့်အားဖြင့် ယောနိသောမနသိကာရကို ပြုအပ်၏၊ ပြုကြလေကုန်။
(သူတော်ကောင်း အပေါင်းတို့ သတိရှိပါစေ။)
လူ, နတ် စသည်တို့၌ စိတ္တက္ခဏတခုမျှသာ အသက်ရှည်ခြင်း
အတ္တဘာဝေါစ - ဟူသောပုဒ်၏ အဓိပ္ပါယ်ကား သိလွယ်ပြီ။
သုခဒုက္ခာစ - ဟူသောပုဒ်၏အဓိပ္ပါယ်ကား - ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ - တည်းဟူသော ကာမဂုဏ်ချမ်းသာကို ခံစားကြ ကုန်သော လူ, နတ် အပေါင်း တို့သည် တခုသော စိတ္တက္ခဏနှင့်သာလျှင် ယှဉ်၏၊
ထိုစိတ္တက္ခဏ ချုပ်သောကာလ၌ ထိုချမ်းသာသည် ချုပ်ခြင်း ပျောက်ပျက်ခြင်း သို့ရောက်၏၊ အစိုးမရ အလိုသို့မလိုက်, အနတ္တသဘော ဖြစ်၏၊ ငါ၏ချမ်းသာ မဟုတ်- နေတံ မမ-ဟူ၍လည်းကောင်း၊ ငါမဟုတ် - နေသောဟမသ္မိ -ဟူ၍ လည်းကောင်း၊ ငါ၏ကိုယ် မဟုတ်၊ န မေ သော အတ္တာ - ဟူ၍လည်းကောင်း ရှူအပ်၏၊
ထိုချမ်းသာသည်လည်း အမြဲမရှိ၊ အနိစ္စသဘော, ဒုက္ခသဘော, ဝိပရိဏာမ သဘော, အနတ္တသဘောသာဖြစ်၏-ဟု ဝိပဿနာဉာဏ်ဖြင့် ရှူအပ်၏။ ထိုသို့ရှုသော ယောဂီပုဂ္ဂိုလ်သည် ထိုသုခ-ဟူသောတရားကို ဒုက္ခသာတကား-ဟု သမ္မာဒိဋ္ဌိ ပညာ မျက်စိဖြင့် မချွတ်မယွင်းမြင်၏။
ထိုသို့ မြင်သောယောဂီသည် ထိုသုခ၌ ငြီးငွေ့သော နိဗ္ဗိန္ဒဉာဏ်ကိုရ၏၊ ထိုသို့ ငြီးငွေ့ခြင်းသည် ရာဂအစရှိသော ဘဝတိုင်း, ဘဝတိုင်း နှိပ်စက်တတ်သော ကိလေသာ - တည်းဟူသော ရန်သူလက်မှ လွတ်ကုန်၏ - ဟူလိုသတည်း။
သုခစသော ဝေဒနာသုံးပါး၌ ရှုဆင်ခြင်ပုံ
▬▬▬▬▬▬▬▬▬▬
ထိုမှတပါးလည်း -
ယော သုခံ ဒုက္ခတော အဒ္ဒ၊ ဒုက္ခ မ ဒက္ခိ သလ္လတော။ အဒုက္ခမသုခံ သန္တံ၊ အဒက္ခိ နံ အနိစ္စတော။
ယော၊ အကြင်ကမ္မဋ္ဌာန် စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည်။
သုခံ၊ ကာမဂုဏ်ငါးပါးကို အကြောင်းပြု၍ ဖြစ်သောသုခကို။
ဒုက္ခတော၊ ဒုက္ခ-ဟူ၍။
အဒ္ဒ၊ ဝိပဿနာဉာဏ်ဖြင့်ရှု၏။
ဒုက္ခံ၊ ဒုက္ခကို။
သလ္လတော၊ ငြောင့်ဟူ၍။
အဒက္ခိ၊ ဝိပဿနာဉာဏ်ဖြင့်ရှု၏။
အဒုက္ခမသုခံ၊ ဥပေက္ခာဝေဒနာကို။
သန္တံ၊ ငြိမ်သက်၏-ဟူ၍။
အဒက္ခိ၊ ဝိပဿနာ ဉာဏ်ဖြင့်ရှု၏။
နံ၊ ထိုငြိမ်သက်သော ဥပေက္ခာဝေဒနာကို။
အနိစ္စတော၊ အနိစ္စ-ဟူ၍။
ဝါ၊ အမြဲမရှိ-ဟူ၍။
အဒက္ခိ၊ ဝိပဿနာဉာဏ်ဖြင့် ရှု၏။
အဓိပ္ပါယ်
သံသရာဝဋ်ဆင်းရဲ ဝဲသြဃရေအယဉ်မှ ထွက်မြောက်ခြင်းကို တောင့်တ၍ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လနှင့်ယှဉ်သော ယောဂီပုဂ္ဂိုလ်သည် ရူပါရုံအစရှိသော ကာမဂုဏ် ငါးပါးကို အမှီပြု၍ဖြစ်သော ချမ်းသာသည်ရှိ၏၊
ထိုချမ်းသာသည် ဥပဒ်, ဌီ, ဘင် အားဖြင့် နှိပ်စက်သည်ဖြစ်၍ ဒုက္ခသာတကား-ဟူ၍ ရှု၏၊ ဒုက္ခ-ဟူသောတရားကို ဖြစ်ခြင်း၊ ပျက်ခြင်းဖြင့် ကိုယ်တွင်း၌ ထိုးကျင့် တတ်ရကား ငြောင့် - ဟူ၍ ရှု၏၊ ဥပေက္ခာဝေဒနာကို ချမ်းသာဆင်းရဲမှ လွတ်ရကား ငြိမ်သက်၏-ဟူ၍ရှု၏၊ ထိုငြိမ်သက်သော ဥပေက္ခာဝေဒနာကို အမြဲမရှိ၊ အနိစ္စသာ တကား-ဟူ၍ ရှု၏-ဟူလိုသတည်း။
သမန္တစက္ခုနှင့်ပြည့်စုံသော မြတ်စွာဘုရားသည် သုခ-ဟူ၍ သက်သာရာ, ချမ်းသာရာ မရှိ၊ ဥပဒ်, , ဘင်အားဖြင့် အဖန်တလဲလဲ နှိပ်စက်ညှဉ်းဆဲ သည်တို့ကို မြင်တော်မူ၍ ဒုက္ခဟု ရှုကြကုန်လော့-ဟု တိုက်တွန်းတော်မူသတည်း၊
ဒုက္ခ-ဟူသောတရားကို ငြောင့်-ဟူ၍, ဥပေက္ခာ တရားကို ငြိမ်သက်၏-ဟူ၍ ဥပေက္ခာ ဟူသောတရားကို အနိစ္စ၊ အနိစ္စ ဖြစ်သောတရားကို ဒုက္ခ၊ ဒုက္ခဖြစ်သောတရားကို အနတ္တ-ဟု ရှုကြကုန်လော့-ဟု တိုက်တွန်းတော်မူသတည်း။
ဤသို့စိတ္တက္ခဏအားဖြင့် အလွန် လျင်မြန်သည်ဖြစ်၍ ချမ်းသာသည်လည်း စိတ္တက္ခဏ တခုဖြင့်သာလျှင် ခံစားစံစားရကြကုန်၏-ဟု မှတ်အပ်၏၊ အနှစ်သာရမရှိ တံလျှပ်ကဲ့သို့ လည်းကောင်း၊ ရေပြွက်ကဲ့သို့ လည်းကောင်း၊ သမ္မာဒိဋ္ဌိ ပညာ မျက်စိဖြင့် ချဉ်းကပ်၍ ရှုသော သူတော်ကောင်းတို့သည် အနှစ်သာရမရှိသည်၏ အဖြစ်ကိုသိ၍ လူချမ်းသာ, နတ်ချမ်းသာကို ဘေးဟူ၍ ထင်မှတ်သဖြင့် ငြီးငွေ့ တတ်သော နိဗ္ဗိန္ဒဉာဏ်ကို ဧကန်ရလေတော့သည်-ဟူ၍ မုချဆတ်ဆတ်အားဖြင့် မှတ်ကြလေကုန်၊
သုခ-ဟူသောတရားကို ဘေး-ဟူ၍ ထင်မူကား ဒုက္ခ-ဟူသောတရား ဆိုဘွယ်မရှိ၊ ဤသို့ဆိုအပ်ပြီးသောနည်းနှင့် သုခကို ဒုက္ခ ဟုထင်ပြီးသော, မြင်ပြီးသော, နှလုံးထဲ၌ စွဲပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် အလုံးစုံသောဘဝ, အလုံးစုံသော ဂတိတို့၌ ကိုးကွယ်ရာ, မှီခိုရာ, ပုန်းအောင်းရာ မထင်မမြင်သည်ဖြစ်၍ ဘုံသုံးပါး အစရှိသည် တို့ကို အလိုမရှိသည်ဖြစ်၍ မနှစ်သက်, မစုံမက်သည်ဖြစ်၍ အရိယာမဂ် အရိယာဖိုလ် သို့ ရောက်ကြောင်း ဖြစ်သော ဝိပဿနာဉာဏ် သို့သာလျှင် နေ့ညဉ့် မပြတ် အလွန် ပျော်ပါးသဖြင့် လေးကျွန်းလုံးကိုအစိုးရသော စကြာမင်း၏သားကြီး ရတနာသည် အဘ၏အရိပ်အရာ ရတနာ ထီးဖြူကိုယူအံ့-ဟူသော အကြံသည် ဧကန်းဖြစ်သကဲ့သို့ အရဟတ္တဖိုလ် တည်းဟူသော ထီးဖြူကိုယူအံ့-ဟူသော အကြံသည် ဧကန်နေ့တိုင်း ဖြစ်တော့သည် - ဟူလိုသတည်း။
ထိုမှတပါးလည်း -
ခန္ဓာ နိရုဇ္ဈန္တိ န စ အတ္ထိ အညော။
ခန္ဓာ၊ ခန္ဓာငါးပါးတို့သည်။
နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။
အညော၊ ချုပ်ခြင်းမှတပါး။
နစအတ္ထိ၊ ရှိလည်း မရှိ။
ရူပက္ခန္ဓာ အစရှိသော ခန္ဓာငါးပါး ရုပ်နာမ် တရားတို့သည် ဖြစ်ပြီး၍ လျင်မြန်စွာ ချုပ်တတ်သော သဘောရှိကုန်၏၊ ချုပ်ခြင်း, ပျောက်ခြင်း ပျက်ခြင်း၊ ကုန်ခြင်းမှတပါး မရှိကုန်၊ ဤဝတ္ထုကာမ, ကိလေသာကာမတို့ကို အကြောင်းပြု၍ စွဲ၍ဖြစ်သော ချမ်းသာသည် ချုပ်တတ်သောသဘော, ပျောက်ပျက်တတ်သော သဘော, ကုန်တတ်သော သဘောရှိ၏၊ တခုသော စိတ္တက္ခဏနှင့်သာလျှင် ယှဉ်၏၊
ချုပ်ခြင်းမှတပါး မရှိကုန်၊ ဖြစ်ခြင်း၊ ပျက်ခြင်းဖြင့် အဖန်တလဲလဲ နှိပ်စက်ရကား ဒုက္ခ-ဟူ၍ရှုအပ်၏၊ ထို သုခ-ဟူသော တရားသည် ဒုက္ခသို့သာလျှင် သက်ဝင်ကုန်၏-ဟူလိုသတည်း။
ဤကား သုခ-ဟူသောပုဒ်၏ အဓိပ္ပါယ်တည်း။
ဒုက္ခ-ဟူသောပုဒ်၏ အဓိပ္ပါယ်ကား သိလွယ်ပြီ။
ဤသို့ဆိုအပ်ပြီးသော ရှစ်ပါးသော အခြင်းအရာအားဖြင့် ပွါးကုန်သော ယောဂါဝစရ ပုဂ္ဂိုလ်တို့သည် နီဝရဏ ကွာကုန်သည်ဖြစ်၍ ဥပစာရသမာဓိသို့ ရောက်ကုန်၏-ဟူလိုသတည်း။
ရုပ် နာမ်ကို ငါ၏ဥစ္စာ-ဟူ၍ မမှတ်အပ်
▬▬▬▬▬▬▬▬▬▬▬▬
မရဏေန ပိ တံ ပဟီယတိ၊ ယံ ပုရိသော မမယိတန္တိ မညတိ၊ ဧတမ္ပိ ဝိဒိတွာ ပဏ္ဍိတော၊ န မမတ္တာယ နမေထ မာမကာ။
ပုရိသော၊ ယောက်ျားသည်။
ယံ၊ အကြင်ရူပက္ခန္ဓာ အစရှိသည်ကို။
မမယိတန္တိ၊ ငါ၏ကိုယ်-ဟူ၍။
မညတိ၊ အောက်မေ့မှတ်ထင်၏။
တံ၊ ထို ရူပက္ခန္ဓာ အစရှိသည်ကို။
မရဏေနပိ၊ သေသဖြင့်လည်း။
ပဟီယတိ၊ စွန့်ရ၏။
ဧတမ္ပိ၊ ဤသို့စွန့်ရသောအဖြစ်ကိုလည်း။
ဝိဒိတွာ၊ သိမြင်၍။
မာမကော၊ ရတနာသုံးပါးကိုမြတ်နိုးသော။
ပဏ္ဍိတော၊ ပညာရှိသော သူသည်။
မမတ္တာယ၊ ငါ၏ကိုယ်ဟု တဏှာ, ဒိဋ္ဌိ-တည်းဟူသော မြတ်နိုးခြင်းဖြင့်။
နနမေထ၊ မညွတ်စေရာ။
အဓိပ္ပါယ်
ကိလေသာမကင်းခြင်းကြောင့် ဘုံသုံးပါးတွင် ကျင်လည်ရာ သတ္တဝါအပေါင်းတို့သည် ဤသို့မတည်မမြဲ ဖောက်ပြန် ပျက်စီးတတ်သော ရုပ်နာမ်ခန္ဓာ အပေါင်းအစုမျှကို ငါ၏ကိုယ်-ဟူ၍မထင်မှတ်ရချေ၊
မြစ်ကမ်းပါး၌ ပေါက်ရောက်သော သစ်ပင်သည် ရေအယဉ်ကြီးစွာတို့ တိုက်ခိုက် လတ်သော် မြစ်သေး, မြစ်မတို့သည် ပြတ်၍လည်းသော ကာလ၌ ဖရိုဖရဲ တကွဲတခြား ပျောက်ပျက်လေသကဲ့သို့ သတ္တဝါတို့၏ မြစ်ထိပ် တည်းဟူသော သေမင်းကမ်း၌ ရောက်သော ဤကိုယ်သည် မြစ်ရေအယဉ်တည်းဟူသော သေမင်း မတိုက်ဖျက်ခင် ကာလမှာမူ ငါ့ကိုယ် ငါ၏ဥစ္စာ-ဟု မှတ်ထင်ရကြသည်၊
မြစ်ရေအယဉ်နှင့် တူသော သေမင်း တိုက်ဖျက်လေလျှင် မိန်းမောတွေဝေလျက် အလွန် နာကျင်ခြင်း ပြင်းစွာရောက်၍ မြစ်သေး, မြစ်မနှင့် တူသော အသက် ပြတ်လေလျှင် ကိုယ်ပိုင်ထိုက်သော ပစ္စည်းဥစ္စာတို့ကိုလည်း တချင့်ရွေး ခန့်မျှ အစိုးမရလေပြီ၊ ငါ၏ဥစ္စာ မဟုတ်ပြီ၊
ထို့ကြောင့် အကြင်သူသည် ရူပက္ခန္ဓာ အစရှိသည်ကို ငါ၏ကိုယ်-ဟု အောက်မေ့ မှတ်ထင်၏။ ထို ရူပက္ခန္ဓာ အစရှိသည်ကို သေသည်ရှိသော် စွန့်ရသည်ဖြစ်၍ ငါ၏ ဥစ္စာ-ဟု မောက်မေ့အပ်၊ ဤသို့စွန့်ရသော အဖြစ်ကိုသိ၍ ဘုရားအစရှိသော ရတနာသုံးပါး၌ မြတ်နိုးသော ပညာရှိသောသူသည် ငါ၏ကိုယ်-ဟု တဏှာ, ဒိဋ္ဌိ-တည်းဟူသော မြတ်နိုးခြင်းဖြင့် မညွတ်ရာ, မမြတ်နိုးရာ-ဟူလိုသတည်း။
သေခြင်းသို့သာလျှင် အမြဲပြေးသွားခြင်း
▬▬▬▬▬▬▬▬▬▬▬▬
ထိုမှတပါးလည်း သတ္တဝါတို့၏ အသက်သည် သေခြင်းရှိရာသို့သာ လျင်မြန်စွာ အားထုတ်၍ ပြေးသွားသည်၏ အဖြစ်ကိုလည်းကောင်း၊ သေခြင်းသဘောတရားကို တစုံတယောက်သောသူမျှ တားမြစ်ခြင်း မတတ်နိုင်သည်၏ အဖြစ်ကိုလည်းကောင်း၊ ဤသို့ဟောတော်မူ၏။
ဤသကံ အနိဝတ္တန္တိ၊ သတတံ ဂမနုဿုကံ။
ဇီဝိတံ ဥဒယာ အတ္ထံ၊ သူရိယောဝိယ ဓာဝတိ။
ဝိဇ္ဇု ပုပ္ဖုလ္လ ဥဿာဝ၊ ဇလရာဇိပရိက္ခယံ။
ဃာတကော ဝေရီဘူတဿ၊ သဗ္ဗဒါပိ အဝါရိယော၊
သူရိယော၊ နေသည်။
ဥဒယာ၊ တက်သည်မှ။
အတ္ထံ၊ ဝင်သည့်တိုင်အောင်။
ဤသကံ၊ အနည်းငယ်။
အနိဝတ္တန္တံ၊ မဆုတ်နစ်။
သတတံ၊ မပြတ်မလပ်။
ဂမနုဿုကံ၊ သွားခြင်း၌ အားထုတ်၍။
ဓာဝတိဝိယ၊ ပြေးသွားသကဲ့သို့။
ဇီဝိတံ၊ ဇီဝိတိန္ဒြေသည်။
ဝါ၊ အသက်သည်။
ဥဒယာ၊ ပဋိသန္ဓေနေသည်မှ။
အတ္ထံ၊ သေသည့်တိုင်အောင်။
ဤသကံ၊ အနည်းငယ်။
အနိဝတ္တန္တံ၊ မဆုတ်မနစ်။
သတတံ၊ မပြတ်မလပ်။
ဂမနုဿုကံ၊ ကြိုးစားအားထုတ်၍။
ဓာဝတိ၊ ပြေး၏။
ဝိဇ္ဇုပရိက္ခယံ၊ လျှပ်ရောင်၏ ကုန်ပျက်ခြင်းကို။
သဗ္ဗဒါပိ၊ အခါခပ်သိမ်းလည်း။
အဝါရိယံ၊ မတားမြစ်နိုင်သကဲ့သို့။
ပုပ္ဖုလ္လပရိက္ခယံ၊ ရေပြွက်၏ ကုန်ပျက်ခြင်းကို။
သဗ္ဗဒါပိ၊ အခါခပ်သိမ်းလည်း။
အဝါရိယံ၊ မတားမြစ်နိုင်သကဲ့သို့။
ဥဿာဝပရိက္ခယံ၊ ဆီးနှင်း၏ ကျလျော ကြွေပျက်ခြင်းကို။
သဗ္ဗဒါပိ၊ ခပ်သိမ်းသော အခြင်းအရာဖြင့်လည်း။
အဝါရိယံ၊ မတားမြစ်နိုင်သကဲ့သို့။
ဇလရာဇိပရိက္ခယံ၊ ရေ၌ရေးသားသော အရေးအကြောင်း၏ ပျက်စီးခြင်းကို။
သဗ္ဗဒါပိ၊ ခပ်သိမ်းသော အခြင်းအရာဖြင့်လည်း။
အဝါရိယံ၊ မတားမြစ်နိုင်သကဲ့သို့။
ဝေရီဘူတဿ၊ ရန်သူ ဖြစ်သောသူကို။
ဃာတကော၊ သတ်တတ်သောသူကို။
ဝေရီဘူတဿ၊ ရန်သူဖြစ်သောသူသည်။
သဗ္ဗဒါ၊ ခပ်သိမ်းသော အခြင်းအရာဖြင့်လည်း။
အရိယံ၊ မတားမြစ်နိုင်သကဲ့သို့။
ဇီဝိတပရိက္ခယံ၊ အသက်၏ ကုန်ခြင်းကို။
သဗ္ဗဒါ၊ ခပ်သိမ်းသော အခြင်းအရာ အားဖြင့်လည်း။
အဝါရိယော၊ မတားမြစ်နိုင်သည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
ထွက်သောနေမင်းသည် အရှေ့ လောကဓာတ်မှ အနောက် လောကဓာတ်သို့ ဝင်သည့်တိုင်အောင် အနည်းငယ်မျှ နောက်သို့ မဆုတ်သည် ဖြစ်၍ မပြတ်မလပ် အခါခပ်သိမ်း အားထုတ်၍ လျင်မြန်စွာ သွားသကဲ့သို့ ဇီဝိတိန္ဒြေ- ဟူသော အသက်သည် ပဋိသန္ဓေနေသည်မှ သေသည့် တိုင်အောင် အနည်းငယ်မျှ နောက်သို့ မပြန်သည်ဖြစ်၍ မပြတ်မလပ် အခါ ခပ်သိမ်း အားထုတ်၍သွား၏-ဟူလိုသတည်း။
လျှပ်ရောင်၏ ကုန်ခြင်း-ပျက်ခြင်းကို အခါခပ်သိမ်းလည်း တားမြစ်ခြင်းငှါ မတတ်နိုင် သကဲ့သို့
ရေပြွက်၏ ကုန်ပျက်ခြင်းကို အခါခပ်သိမ်းလည်း တားမြစ်ခြင်းငှါ မတတ်နိုင်သကဲ့သို့
ဆီးနှင်းပေါက်၏ ကျလျှာ ခြင်းကို အခါခပ်သိမ်း တားမြစ်ခြင်းငှါ မတတ်နိုင်သကဲ့သို့
ရေ၌ ရေးသားသော အရေးအကြောင်း ပျက်စီးခြင်းကို မတားမြစ်နိုင်သကဲ့သို့
ရန်သူဖြစ်သော သူကို သတ်တတ်သောသူကို ရန်သူဖြစ်သောသူသည် အခါခပ်သိမ်း လည်း မတားမြစ်နိုင်သကဲ့သို့ -
ထို့အတူ အသက်၏ ကုန်ခြင်း-ပျက်စီးခြင်းကို ခပ်သိမ်းသော အခြင်းအရာအားဖြင့် လည်း တားမြစ်ခြင်းငှာ မတတ်နိုင်-ဟူလိုသတည်း။
ဤသို့ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ အသက်သည် သေခြင်းရှိရာသို့ လျင်မြန်စွာ အားထုတ်၍ မပြတ်မလပ် အခါခပ်သိမ်း သွားသည်၏အဖြစ်ကိုလည်းကောင်း၊ သေခြင်း သဘောတရားကို တစုံတယောက်သောသူမျှ မတားမြစ်နိုင်သည်၏ အဖြစ်ကိုလည်းကောင်း သိအပ်၏။
အသက်သည် အလွန်နည်းသည်ကို ဥပမာဆောင်၍ပြခြင်း
အပ္ပကံ ဇီဝိတံ မယှံ၊
ဇရာ ဗျာဓိ စ မဒ္ဒတိ။
ပုရာ ယံ ဘိဇ္ဇတိ ကာယော၊
နတ္ထိ ကာလော ပမဇ္ဇိတုံ။
မယှံ၊ ငါ၏။
ဇီဝိတံ၊ အသက်သည်။
အပ္ပကံ၊ နည်း၏။
ဝါ၊ တို၏။
ဇရာစ၊ အိုခြင်းသည် လည်းကောင်း။
ဗျာဓိစ၊ နာခြင်းသည် လည်းကောင်း။
မဒ္ဒတိ၊ နှိပ်စက်၏။
အယံကာယော၊ ဤကိုယ်သည်။
ဘိဇ္ဇတိ၊ ပျက်စီးတတ်၏။
ပုရာ၊ မအိုမီ, မနာမီ, မပျက်စီးမီ ရှေ့အဘို့၌။
မေ၊ ငါအား။
ပမဇ္ဇိတုံ၊ မေ့မေ့လျော့လျော့ နေခြင်းငှါ။
ကာလော၊ အခါသည်။
နတ္ထိ၊ မရှိ။
အဓိပ္ပါယ်
ငါ၏အသက်သည် လေလာသောအရပ်၌ ညှိထွန်းအပ်သော ဆီမီးကဲ့သို့ လည်းကောင်း၊ မြစ်ကမ်းနား၌ရောက်သော သစ်ပင်ကဲ့သို့ လည်းကောင်း၊ ခြင်္သေ့ ကျား, သစ်, ဝံ, အောင်း အစရှိသော သားရဲအပေါင်းတို့၏ မှီခိုရာ ပုန်းအောင်းရာ မဟာ တောအုပ်ကြီးသို့ ရောက်မှားသောသူကဲ့သို့ လည်းကောင်း၊ သေခြင်းကို ဖြစ်စေ တတ်သော ဘေးအပေါင်းတို့သည် ခြံရံအပ်သည်ဖြစ်၍ အလွန်နည်း၏၊ အလွန်တို၏။ အိုခြင်း သဘောတရားသည် လည်းကောင်း၊ နာခြင်းသဘောတရားသည် လည်းကောင်း၊ တောင်ကြီးဖြင့် နှိပ်စက်သကဲ့သို့ နှိပ်စက်ညှဉ်းဆဲ၏၊ ဤကိုယ်သည် သေခြင်းသို့ ရောက်သဖြင့် ဖောက်ပြန် ပျက်စီးတတ်သော သဘောရှိ၏၊
သဒ္ဓါတရား ပြန့်ပြောသော, ပညာတရား ပြန့်ပြောသော, နိဗ္ဗာန်ချမ်းသာကို တောင့်တသော သူတော်သူမြတ်တို့သည် ဤဆိုအပ်ခဲ့ပြီးသော အသက်တိုခြင်း အစရှိသော တရားတို့ကို အသင့် အားဖြင့် ယောနိသောမနသိကာရ ပြုပြီး၍ မအိုမီ, မနာမီ, မသေမီ ရှေ့အဘို့၌ မေ့မေ့လျော့လျော့ နေအပ်သော ကာလ မရှိပြီ၊
အိုခြင်းသို့ ရောက်သောကာလ, နာခြင်းသို့ ရောက်သောကာလ, သေခြင်းသို့ ရောက်သော ကာလတို့၌ အပ္ပမာဒ တရားကို ပွါးခြင်းငှါ မတတ်နိုင်ချေ-ဟု နှလုံးသွင်း၍ မအိုမီ အစရှိသော ကာလတို့၌ နေ့ညဉ့် မပြတ် မပျင်းမရိ အပ္ပမာဒ တရားကို အားထုတ်၍ ကြိုးကြိုးပမ်းပမ်း မနေမနား ပွါးများ အားထုတ်အပ်၏-ဟူလိုသတည်း။
လောကသုံးပါး၌ အဂ္ဂပုဂ္ဂလ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇာတိအစရှိသော ဒုက္ခအပေါင်းတို့ကို တွေ့တိုင်းတွေ့တိုင်း ခံစားလျက် လမ်းကြုံတိုင်း သွားသော သူကဲ့သို့ ဂတိငါးပါး၌ တဖါးဖါး မနေမနား ပြေးသွားကုန်သောသတ္တဝါအပေါင်းတို့အား မဟာကရုဏာတော်မူသည်ဖြစ်၍ တကြိမ်ကျက အမြစ်အရင်း နှင့်တကွ ပျက်စီးသော ဝရဇိန်လက်နက် မိုယ်းကြိုးစက်နှင့်တူသော အဝိဇ္ဇာတဏှာ - တည်းဟူသော အနာတို့ကို တကြိမ်တဖန်တိုက်က အမြစ်အရင်းနှင့်တကွ ပျောက်ပျက်စိမ့်သောငှါ တရားတည်းဟူသော အမြိုက်အားဆေးကို တိုက်ကျွေးတော်မူသည်၊
ဆေးကောင်းတို့၏ သဘောသည် တကြိမ်သောက်က ကိုယ်၌ရောက်သော အနာတို့သည် ပျောက်မြဲ ပျက်မြဲ ဓမ္မတာသဘောတည်း၊ ထိုသို့ပင် ဓမ္မတာသဘော ဖြစ်ငြားသော်လည်း ရောဂါဝေဒနာတို့သည် အလွန်ကြီးမားသည်ဖြစ်၍ လည်းကောင်း၊ ဆေးကိုများစွာ မသောက်မူ၍ အနည်းငယ်မျှ, အနည်းငယ်မျှ- သုံးဆောင် စားသောက်သည်ဖြစ်၍ လည်းကောင်း၊ မသင့်သောအစာ အာဟာရ တို့ကို များစွာ သုံးဆောင် စားသောက်သည် ဖြစ်၍လည်းကောင်း၊ ဝေဒနာတို့သည် မပျောက် မပျက်မူ၍ အဖန်တလဲလဲ ဖြစ်မြဲတိုင်းသာလျှင် ဖြစ်ပြန်သကဲ့သို့ ထို့အတူ နရာသဘ ဖြစ်တော်မူသော မြတ်စွာဘုရားသည် အလွန်ချမ်းအေး စေတတ်သော တရား-တည်းဟူသော ဆေးတော်ကို တိုက်ကျွေးတော်မူသော်လည်း အဝိဇ္ဇာ, တဏှာ- တည်းဟူသော အနာသည် အလွန်ကြီးမားသည်ဖြစ်၍ လည်းကောင်း၊ သမထဘာဝနာ, ဝိပဿနာ ဘာဝနာ-တည်းဟူသော ဆေးတော်ကို အနည်းငယ်မျှ သုံးဆောင် စားသောက်သည် ဖြစ်၍ လည်းကောင်း၊ တဏှာ-တည်းဟူသော အနာကို ပွါးများစေတတ်သော ရူပါရုံ အစရှိသော ကာမဂုဏ်ငါးပါး-၀ တည်းဟူသော မသင့်သောအစာ အာဟာရတို့ကို ထပ်ခါထပ်ခါ နေ့ညဉ့် မပြတ် သုံးဆောင် စားသောက် သောကြောင့်လည်းကောင်း၊ အဝိဇ္ဇာ, တဏှာ အစရှိသော အနာတို့သည် မပျောက်မူ၍ တိုးပွါးကုန်၏-ဟူလိုသတည်း။
သေခြင်းကင်းရာ နိဗ္ဗာန်ကို တောင့်တအပ်ခြင်း
▬▬▬▬▬▬▬▬▬▬သေမင်းနှိပ်စက်ခြင်းမှ ပုန်းအောင်းရာ မရှိခြင်း
နသန္တိ ပုတ္တာ တာဏာယ၊
နပိတာ နာ ပိ ဗန္ဓဝါ။
အန္တ ကေနာ ဓိပ္ပန္နဿ၊
နတ္ထိ ဉာဘီသု တာဏတာ။
အန္တကေန၊ သေမင်းသည်။
အဓိပ္ပန္နဿ၊ နှိပ်စက်သောသူ၏။
ဝါ၊ သူအား။
တာဏာယ၊ ပုန်းကွယ်စောင့်ရှောက်ခြင်းငှါ။
ပုတ္တာ၊ သား သမီးတို့သည်။
နသန္တိ၊ မရှိကုန်။
ပိတာပိ၊ အမိအဘတို့သည်လည်း။
နသန္တိ၊ မရှိကုန်။
ဗန္ဓဝါပိ၊ အဆွေအမျိုးတို့သည်လည်း။
နသန္တိ၊ မရှိကုန်။
ဉာတီသု၊ အဆွေအမျိုးတို့တွင်။
ဧကောပိ၊ တယောက်သောသူမျှလည်း။
တာဏတာ၊ ပုန်းကွယ် စောင့်ရှောက်အံ့သောသူသည်။
နတ္ထိ၊ မရှိ။
အဓိပ္ပါယ်
ဘဝအဆုံးကို ပြုတတ်သော သေမင်းသည် နှိပ်စက်ညှဉ်းဆဲခြင်းကို သတ္တဝါ အပေါင်းတို့အား ပြု၏၊ ထိုသို့ နှိပ်စက် ညှဉ်းဆဲသောအခါ၌ ပုန်းကွယ် စောင့်ရှောက်ခြင်းငှါ သားသမီးတို့သည် မရှိကုန်၊ နှိပ်စက်ညှဉ်းဆဲ သည်တို့ကို မနှိပ်စက် မညှဉ်းဆဲစိမ့်သောငှါ တားမြစ်ခြင်းငှါ တတ်နိုင်သော ကိုးကွယ်ရာဖြစ်သော သားသမီးတို့သည် မရှိကုန်၊ ထို့အတူ အမိအဘတို့သည်လည်း မရှိကုန်၊ အဆွေ အမျိုးတို့သည်လည်း မရှိကုန်၊ သားသမီး အမိအဘ အဆွေအမျိုးတို့တွင် တစုံတယောက်သော သူမျှလည်း ကိုးကွယ်ရာ မရှိ၊ နှိပ်စက်ညှဉ်းဆဲသည်တို့ကို တားမြစ်နိုင်သောသူ မရှိ၊ သေမင်းနှိပ်စက်သည်တို့ကိုသာလျှင် ခံ၍နေရကုန်၏၊ တစုံ တယောက်သောသူမျှ မတတ်နိုင်ကုန်။
မဟာ သမုဒ္ဒရာသို့ လှေသင်္ဘောဖြင့် သွားကုန်သော သူတို့သည် လေရူး, လေးရိုင်း, လေမုန်တိုင်းတို့သည် တိုက်ဖျက်သဖြင့် ထိုလှေ သင်္ဘောတို့သည် ပျက်စီးကုန်သည် ရှိသော် လှေသူကြီးအစရှိသော လှေကိုရွက်ဆောင်သော သူတို့သည် ကိုးကွယ်ရာ မှီခိုရာသောင်ကျွန်း, ကမ်းတို့သည် မရှိကုန်သကဲ့သို့ ထို့အတူ -
သေမင်းနှိပ်စက်သော ကာလ၌ သတ္တဝါတို့အား တစုံတယောက်သော သားသမီး အမိ အဘ, အဆွေ အမျိုးတို့သည် ကိုးကွယ်ရာ မဟုတ်ကုန်၊ မှီခိုရာ, ပုန်းအောင်းရာ မဟုတ်ကုန်၊ သေခြင်းသဘောတရားကို တစုံတယောက်သောသူမျှ တားမြစ်ခြင်းငှာ မတတ်နိုင်ကုန်၊ သေမင်း၏ အလိုသို့သာ လိုက်ရလေတော့သည် - ဟူလိုသတည်း။
သေခြင်းတရားသည် မင်းနှင့် တူခြင်း
▬▬▬▬▬▬▬▬▬▬▬▬သေခြင်း သဘောတရားသည် မင်းနှင့်တူသောကြောင့် မစ္စုရာဇာဟု အာဒိစ္စဗန္ဓု ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောတော်မူသတည်း၊
ဥပမာကား - တိုင်းနိုင်ငံကို အစိုးရသော ပဒေသရာဇ် ဧကရာဇ်မင်းတို့သည် မိမိအစိုးရသော တိုင်းသူ ပြည်သားတို့အား နှိပ်စက်၍ အခွန်ကိုယူခြင်း, စစ်ထိုး ခိုင်းခြင်း, တုတ် လှံတံတို့ဖြင့် ရိုက်နှက်ခြင်း ဓားလက်နက်တို့ဖြင့် အသက် ဆုံးအောင်စီရင်ခြင်း အစရှိသည်တို့ဖြင့် နှိပ်စက် ညှဉ်းဆဲခြင်းကို အဖန်တလဲလဲ ပြုသော်လည်း ထိုမင်းအား တစုံတယောက်သော သူမျှ တားမြစ်ခြင်းမှ မတတ်နိုင် သည်ဖြစ်၍ ထို မင်းအလိုရှိတိုင်း ပြုသည်တို့ကိုသာလျှင် ခံရကုန်သကဲ့သို့ ထို့အတူ -
ဘုံသုံးပါး၌ ကျင်လည်ကုန်သော သတ္တဝါအပေါင်းတို့ကို သေခြင်း သဘောတရား သည် အစိုးတရ ပိုင်ပိုင်နိုင်နိုင် တောင်ကြီးဖြင့် ကြိတ်ဘိသကဲ့သို့ နှိပ်စက် သည်ရှိသော် တစုံတယောက်သော မန္တရားတို့ဖြင့် မန်းမှုတ်တတ်သောသူ, စစ်ထိုးခြင်း၌ ရဲရင့်သောသူ, ရှေးဘုန်းရှေးကံကြီးသောသူ, လေးကျွန်းလုံးကို အစိုးရသော မန္ဓာတ်မင်း - စကြာမင်း, တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်မဟာမောဂ္ဂလာန် ပညာကြီးတော်မူသော အရှင်မဟာသာရိပုတ္တရာ, ပစ္စေကဗုဒ္ဓါ, သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်လည်း မတတ်နိုင်သည်ဖြစ်၍ သေမင်း အလိုရှိတိုင်း နှိပ်စက်သည် ညှဉ်းဆဲသည်တို့ကိုသာလျှင် ခံ၍နေရကုန်၏၊
ထို့ ကြောင့် သေခြင်းသဘောတရားကို မင်း-ဟူ၍ ဟောတော်မူသတည်း။
ဧတမတ္ထံ ဝသံ ဉာတွာ၊
ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနမဂ္ဂံ၊
ခိပ္ပံ သီလံ ဝိသောဓယေ။
ဧတမတ္ထံ၊ ဤသို့ သဘောရှိသောအနက်ကို။
ဝသံ၊ မချွတ်မယွင်း။
ဉာတွာ၊ ပညာဖြင့်သိသည်ဖြစ်၍။
ပဏိတော၊ ပညာရှိသော သူသည်။
သီလသံဝုတော၊ သီလကို စောင့်ရှောက်အပ်သည်။
ဟောတိ၊ ဖြစ်၏။
နိဗ္ဗာနဂမနမဂ္ဂံ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းခရီးဖြစ်သော။
သီလံ၊ သီလကို။
ခိပ္ပံ၊ လျင်စွာ။
ဝိသောဓယေ၊ သုတ်သင်ရာ၏။
အဓိပ္ပါယ်
ပဋာစာရီသည် ဤသို့ သေမင်းနှိပ်စက်သော သူအား ကိုးကွယ်ရာ, ပုန်းအောင်းရာ ဖြစ်သော အမိ အဘ သား သမီး အဆွေ အမျိုး အစရှိသော သူတို့တွင် တစုံတယောက်သော သူမျှမရှိ-ဟူသော အနက်သဘောကို မချွတ်မယွင်း ပညာဖြင့် သိ၍ လောကီအကျိုး, လောကုတ္တရာ အကျိုးကိုသိတတ်သော ပညာနှင့်ပြည့်စုံသော သူသည် သီလကို စောင့်ရှောက်အပ်၏၊ နိဗ္ဗာန်သို့ရောက်ကြောင်း ခရီးဖြစ်သော သီလကိုသာ လျင်မြန်စွာ သုတ်သင်အပ်၏-ဟူလိုသတည်း၊
ဤအမိန့်တော်မြတ် သီလကိုသာ ဟောတော်မူ၏၊ ထိုသို့ပင်ဟောတော်မူသော်လည်း သီလကိုသာလျှင် မယူအပ်၊ သမာဓိ, ပညာကိုလည်း ယူအပ်၏၊ သီလကိုအရင်းပြု၍ ပထဝီကသိုဏ်း အစရှိသော သမထဘာဝနာကိုပွါးခြင်း၊ အနိစ္စ ဒုက္ခ အစရှိသော ဝိပဿနာပညာကို လျင်မြန်စွာပွါးသဖြင့် သေခြင်း တည်းဟူသော ဘေးကင်းရာ နိဗ္ဗာန်သို့ ရောက်စေအပ်၏-ဟု တိုက်တွန်းတော်မူသတည်း။
သီလ-ဟူသောတရားကို နိဗ္ဗာနဂမနမဂ္ဂံ၊ ခိပ္ပံ သီလံ ဝိသောဓယေ-ဟု နိဗ္ဗာန်သို့ သွားရာဖြစ်သော ခရီးစင်စစ်, လမ်းကြောင်းစင်စစ် ဖြစ်ရကား-ဘေးခပ်သိမ်းတို့၏ ကင်းငြိမ်းရာ နိဗ္ဗာန်ကို အလိုရှိမူကား သီလကိုလျင်မြန်စွာ သုတ်သင်လော့၊ စောင့်ရှောက်လော့၊ ထိုသီလဟူသော တရားသည် မဟာပထဝီမြေကြီးနှင့်တူ၏။
သစ်ပင်တို့သည် ထိုမြေကြီး ကိုအမှီပြု၍ဖြစ်သကဲ့သို့ ထို့အတူ သီလကိုအမှီပြု၍ သမထဘာဝနာ, ဝိပဿနာဘာဝနာကို လျင်မြန်စွာပွါးသဖြင့် မဟာအမတ အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်-တည်းဟူသော တရားကို လက်တွင်းသို့ရောက် သည်တို့ကို ပြုလေလေ-ဟု တိုက်တွန်း နှိုးဆော်တော်မူသတည်း၊
ဤသို့ သဒ္ဓါဗလဝ, ပညာဗလဝနှင့် ပြည့်စုံသော ငြိမ်သက် တည်ကြည်သော သဘောရှိသော သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့သော သူတော်ကောင်းတို့သည် ပဋာစာရီအား တရားငြိမ်းဆေး တိုက်ကျွေးတော်မူသည်တို့ကို အသင့်အားဖြင့် နှလုံးသွင်း၍ နိဗ္ဗာန်သို့သွားရာ ခရီးဖြစ်သော သီလအစရှိသော တရားတို့ကို ပွါးအပ်၏-ဟူလိုသတည်း။ (သတိရှိပါစေ။)
ပညာရှိတို့သည် နိဗ္ဗာန်ကိုသာ တောင့်တအပ်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬ဧဝံ အနိစ္စတံ ဇမ္မိံ၊
ဉာတွာ ဒုရဗ္ဘိသမ္ဘဝံ၊
တံ ပတ္တုံ ဝါယမေ ဓီရော၊
ယံနိစ္စံ အမတံ ပဒံ၊
ဧဝံ၊ ဤသို့။
ဇမ္မိံ၊ ယုတ်မာစွာထသော။
အနိစ္စတံ၊ မမြဲသော သဘော ရှိသည်အဖြစ်ကို။
ဉာတွာ၊ သိ၍။
ဒုရဗ္ဘိသမ္ဘဝံ၊ ကိလေသာထူ ပြောသော ပုထုဇဉ်တို့သည် မွေ့လျော်နိုင်ခဲသော။
နိစ္စံ၊ ပြောင်းရွေ့ခြင်း မရှိသည် ဖြစ်၍ မြဲသော။
အမတံ၊ သေခြင်းမရှိသော။
ယံပဒံ၊ အကြင်နိဗ္ဗာန်သည်။
အတ္ထိ၊ ရှိ၏၊
တံပဒံ၊ ထိုနိဗ္ဗာန်သို့။
ပတ္တုံ၊ ရောက်ခြင်းငှါ။
ဓီရော၊ ပညာရှိသောသူသည်။
ဝါယမေ၊ လုံ့လပြုရာ၏။
အဓိပ္ပါယ်
အထူးထူးအပြားပြား မြေလျှိုးခြင်း, မိုယ်းပျံခြင်း အများကို အနည်း အနည်းကိုအများ, နေလတို့ကို လက်ဖြင့်သုံးသပ်ခြင်း အစရှိသော တန်ခိုးဣဒ္ဓိ ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော အရှင်မဟာမောဂ္ဂလန် အရှင်မဟာ သာရိပုတ္တရာ ပစ္စေကဗုဒ္ဓါ, လောကသုံးပါး၌ အပဋိပုဂ္ဂလ ဖြစ်တော်မူသော မြတ်စွာဘုရားတို့ သည်လည်း ဒုက္ခမကင်း သေခြင်းသဘောတရားသို့ ရောက်အောင်ပြုတတ်သော ယုတ်မာသော သဘောရှိသည်၏ အဖြစ်ကို ပညာဖြင့်သိ၍ ပညာဖြင့် အောက်မေ့ဆင်ခြင်ပြီး၍ ကိလေသာ ထူပြောသော ပုထုဇဉ်ဖြစ်သော သတ္တဝါတို့သည် မွေ့လျော်နိုင်ခဲထသော နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း၍ ပြောဆို ငြားသော်လည်း ကြားနာရခြင်း အလိုမရှိသော ပုထုဇဉ်ဖြစ်သော သူတို့သည် အိပ်မက်ဖြင့်သော်လည်း ရောက်ဘူး၏-ဟု မမြင်မက်စဘူး ထသော အခါခပ်သိမ်း ကမ္ဘာ အသိန်း အသန်း ကြာမြင့် သော်လည်း တကြိမ်တဖန်မျှ ပြောင်းရွှေ့ခြင်း မရှိသည်ဖြစ်၍ မြဲသောသဘောရှိသော သေခြင်းမရှိ အမြဲတည်သော အကြင်နိဗ္ဗာန်သည် ရှိ၏၊ ထိုနိဗ္ဗာန်သို့ ရောက်စိမ့်သောငှါ ပညာရှိသောသူသည် လုံ့လပြုရာ၏- ဟူလို သတ္တည်း။
မြတ်စွာဘုရား အလိုတော်
▬▬▬▬▬▬▬▬▬▬မြတ်စွာဘုရား၏အလိုတော်ကား ဤသို့တည်း။
ကာမဘဝ, ရူပ ဘဝ, အရူပဘဝ-ဟု ဆိုအပ်သော သုံးပါးသောဘဝသည် နှောင်အိမ် နှင့်တူ၏၊ ထိုဘဝသုံးပါး၌ ဖြစ်ကုန်သော သတ္တဝါတို့သည် အမြဲနေရသော အတည်အတံ့ ကြာမြင့်စွာနေရာ တစုံတယောက်သော သတ္တဝါမည်သည်မရှိ၊ ဤသို့ ဘုံသုံးပါး၌ ဖြစ်သော သေခြင်းသဘောတရား၏ ယုတ်မာသည်၏အဖြစ်ကို သိအပ်၏၊ ချစ်သား ရဟန်းတို့။
ဤသို့ ပညာဖြင့်သိပြီး၍ ပညာမရှိသော မဟာဗာလ မဟုမ္မတ္တကတို့သည် မွေ့လျော်နိုင်ခဲသော တောင့်တနိုင်ခဲသော ဘုရား, ပစ္စေကဗုဒ္ဓါ အစရှိသော အရှင်မြတ်တို့၏ မွေ့လျော်ရာ တောင့်တရာဖြစ်သော သေခြင်း မရှိသောနိဗ္ဗာန်ကို အဆောတလျင် ရောက်စိမ့်သောငှါ လုံ့လပြုအပ်၏ချစ်သားရဟန်းတို့။
ဤကား မြတ်စွာဘုရား၏ အလိုတော်တည်း။
ပညာမရှိသော သူတို့သည် နိဗ္ဗာန်ကို မတောင့်တ
▬▬▬▬▬▬▬▬▬▬▬▬ပညာမရှိသူတို့သည် နိဗ္ဗာန်ကို အဘယ်အကြောင်းကြောင့် မတောင့်တကြကုန် သနည်း၊ နိဗ္ဗာန်ကို အဘယ်အကြောင်းကြောင့် မမွေ့လျော်ကြ ကုန်သနည်းဟူမူကား
သမ္မာဒိဋ္ဌိ ပညာမရှိကုန်သော သူတို့သည် ဘုံသုံးပါး၌ ဖြစ်ကုန်သော ဇာတိဒုက္ခ, ဇရာဒုက္ခ, ဗျာဓိဒုက္ခ, မရဏဒုက္ခ, သောကဒုက္ခ, ပရိဒေဝဒုက္ခ ကာယိကဒုက္ခ, စေတသိကဒုက္ခ, ဥပါယာသဒုက္ခတို့ကို ဟုတ်မှန်တိုင်း ပညာမျက်စိဖြင့် မသိမမြင် ကုန်သည်ဖြစ်၍ ထိုဆိုအပ်ပြီးသော ဆင်းရဲအပေါင်းတို့ကို သုခ-ဟု ဝိပ္ပလ္လာသတရား နှိပ်စက်၍ ဘုံသုံးပါး၌သာလျှင် မွေ့လျော် ပျော်ပါးကြကုန်၏၊
ဒါန, သီလ အစရှိသော ကုသိုလ်ကောင်းမှုတို့ကို ပြုပါငြားသော်လည်း ဧကန္တပဏီတ, ဧကန္တသုခ ဖြစ်သော နိဗ္ဗာန်ကို မတောင့်တမူ၍ ဘဝ သုံးပါးကိုသာ တောင့်တ ကြကုန်၏၊ ဘဝသုံးပါး၌သာ ပျော်ပိုက်ကြကုန်၏၊ ဘဝသုံးပါးမှထွက်မြောက်ရာ နိဗ္ဗာန်ကို မတောင့်တကုန်။
ပညာမရှိသော သူတို့သည် ရွာသူ ရွာသားမိုက်တို့နှင့် တူပုံ
▬▬▬▬▬▬▬▬▬▬▬ဥပမာကား - တခုသောရွာငယ်၌ သူကြီးသည် အလွန်ဆိုး၏၊ အလွန်မိုက်၏၊ အလွန်ရူး၏၊ ထိုသူကြီးသည် မိမိဆိုးသည် မိုက်သည်, ရူးသည်အတိုင်း ရွာသူ ရွာသားတို့အား ညှဉ်းဆဲနှိပ်စက်၍ ဥစ္စာ, ရွှေ, ငွေတို့ကိုယူခြင်း၊ ထိုမှတပါးလည်း နွားတို့ကိုသိမ်းယူခြင်း အစရှိသည်တို့ကိုပြု၏၊
ထိုသို့ပင်ပြုသော်လည်း ထိုရွာသူရွာသားတို့သည် ထိုရွာသူကြီး နှိပ်စက်ညှဉ်းဆဲသည် တို့ကို အနည်းငယ်မျှ မသိသည်ဖြစ်၍ ထိုရွာသူကြီးထက်ပင် အလွန်မိုက်သည် အလွန်ရူးသည်ဖြစ်၍ ထိုရွာသူကြီးပြုသောအမှုကို ဟုတ်သည် မှန်သည်ကိုသာလျှင် ပြုပေသည်ဟူ၍ ထိုရွာသူကြီးပြုတိုင်းခံ၍ နေကြကုန်၏၊
ထိုရွာ၌သာလျင် မွေ့မွေ့ လျော်လျော် ပျော်ပျော် ပါးပါး နေကြကုန်၏။ တပါးသော ရွာသူကြီးပညာရှိသော လိမ်မာသောရွာသို့ ပြောင်းအံ့သောငှါ အကြံမျှမဖြစ်သကဲ့သို့ ထို့အတူ အကြားအမြင်မရှိသော သမ္မာဒိဋ္ဌိ ပညာမျက်စိ မရှိသော သူတို့သည် ဘုံသုံးပါး ဖြစ်သော ဆင်းရဲကို ဆင်းရဲ၏-ဟု မသိသည်ဖြစ်၍ စင်စစ်အားဖြင့် ချမ်းသာသော မဟာအမတ အသင်္ခတနိဗ္ဗာန်ကို မတောင့်တမူ၍ နိဗ္ဗာန်၌ မပျော်မွေ့မူ၍ မကာရ်း, လိပ်, ငါး အစရှိသော ဒကရက္ခိုသ် ဘီလူးတို့၏ ပုန်းအောင်းရာ, မှီခိုရာ မဟာသမုဒ္ဒရာ နှင့်တူသော ဘဝသုံးပါး၌သာလျှင် ပျော်ပါးကြကုန်၏-ဟူလိုသတည်း။
ဤသို့ သမ္မာဒိဋ္ဌိ ပညာမရှိသောကြောင့် မတောင့်တကြကုန်- ဟူလိုသတည်း။
ပညာရှိသောသူတို့သည် လိမ်မာသောရွာသူ ရွာသားတို့နှင့်တူပုံ
▬▬▬▬▬▬▬▬▬▬▬▬သမာဒိဋ္ဌိပညာမျက်စိ ရှိသောသူတို့သည် ရွာသူကြီး ဆိုးသည်၏အဖြစ်, မိုက်သည်၏ အဖြစ်, ရူးသည်၏အဖြစ်, ထိုရွာသူကြီးဆိုးတိုင်း ရူးတိုင်းပြုသည်၏အဖြစ်မှ ရွာသူ, ရွာသားတို့အား နှိပ်စက်ညှဉ်းဆဲသည်၏အဖြစ်ကိုသိ၍ ထိုရွာ မပျော်ပိုက်သည်ဖြစ်၍ ထိုရွာ၌ အလွန် ငြီးငွေ့သည်ဖြစ်၍ ချမ်းသာသော တပါးသော ရွာသူရွာသားတို့အား နှိပ်စက်ညှဉ်းဆဲခြင်းမရှိ၊ ကရုဏာ, ပညာနှင့်ပြည့်စုံသော ရွာသို့သွားလိုသော လွန်စွာသော ဆန္ဒလုံ့လကိုဖြစ်စေ၍ တပါးသော ရွာသို့သာလျှင် စောသော စိတ်ရှိသည်ဖြစ်၍ ထိုတပါးသော ရွာကိုသာလျှင် တောင့်တသကဲ့သို့ ထို့အတူ -
ဘုံသုံးပါး၌ ဇာတိအစရှိသော ဒုက္ခအပေါင်းကို ဒုက္ခ-ဟု ယထာဘူတဉာဏ်, သမ္မာဒိဋ္ဌိပညာမျက်စိဖြင့် ဟုတ်မှန်တိုင်းသိ၍ ထိုဆင်းရဲအပေါင်းတို့သည် မသော နိဗ္ဗာန်ကိုသာလျှင် အစာငတ်သော သူတို့သည် အစာကို တောင့်တကုန်သကဲ့သို့ လည်းကောင်း၊ ရေငတ်သောသူတို့သည် ရေကိုတောင့်တသကဲ့သို့ လည်းကောင်း၊ သားငယ် သမီးငယ်တို့နှင့် အရပ်တပါးသို့သွားသဖြင့် ကွေကွင်းသောသူတို့သည် ထိုသားငယ် သမီးငယ်တို့အား တောင့်တသကဲ့သို့ လည်းကောင်း၊ အလွန် တောင့်တကုန်၏-ဟူလိုသတည်း။
တတြာဘိရတိ မိစ္ဆေယျ။
တတြ၊ ထိုနိဗ္ဗာန်။
အဘိရတိံ၊ အလွန်မေ့လျော်ခြင်းကို။
ဣစ္ဆေယျ၊ အလိုရှိရာ၏။
ထိုသို့ သုံးလောက အဓိပတိ အမိန့်တော်ရှိရကား ထိုသေခြင်း ကင်းသော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသောနိဗ္ဗာန်၌ မွေ့လျော်ခြင်းကို အလိုရာ၏၊ သေခြင်းကို အလိုမရှိ၊ ငြီးငွေ့ကုန်သော သူတော်ကောင်းတို့သည် မဟာအမတ အသင်္ခတ ဓာတ်မြတ် နိဗ္ဗာန်ပြည်ကြီးမှတပါး သေခြင်းကင်းသော အရပ်-ဟူသည်ကား မရှိ၊ နိဗ္ဗာန်သာလျှင် စင်စစ်မုချအားဖြင့် သေခြင်းကင်းသော အရပ်-ဟုသိ၍ ထိုနိဗ္ဗာန်၌ မွေ့လျော်အပ်၏။ ထိုနိဗ္ဗာန်ကို အလိုရှိရာ၏၊ နိဗ္ဗာန်မှတပါး အလိုရှိအပ်သော အရပ်မရှိ၊ မွေ့လျော်အပ်သော အရပ်မရှိ-ဟူလိုသတည်း။
သေခြင်းမှ လွတ်မြောက်ရာကို လိုလားအပ်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬သေခြင်းတရားငါးပါးကို ဟောကြားတော်မူခြင်း
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ၊ တတြ ခေါ အာယသ္မာ ရာဓော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံနိသီဒိ၊ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာရာဓော ဘဂဝန္တံ ဧတဒဝေါစ၊ “မာရော မာရော တိ ဘန္တေ ဝုစ္စတိ၊ ကတမော နုခေါ ဘန္တေ၊ မာရော” တိ။
ရူပံ ခေါ ရာဓ မာရော ဝေဒနာမာရော သညာမာရော သင်္ခါရာ မာရာ ဝိညာဏံ မာရော၊ ဧဝံ ပဿံ ရာဓ သုတဝါ အရိယသာဝကော ရူပသ္မိံပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိံပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒတံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တ မှီ တိ ဉာဏံ ဟောတိ၊ ခီဏာဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာ တိ ပဇာနာတီ တိ။
ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။
အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏။
အာရာမေ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။
ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။
ဝိဟရတိ၊ နေတော်မူ၏။
တတြခေါ၊ ထိုသို့နေတော်မူသောအခါ၌။
အာယသ္မာရာဓော၊ အရှင်ရာဓ မထေရ်သည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုဘုရား ရှိတော်မူရာအရပ်သို့။
ဥပသင်္ကမိ၊ ကပ်လေ၏။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ အလွန်ရိုသေစွာရှိခိုးပြီး၍။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။
နိသီဒိ၊ နေ၏။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။
နိသိန္နောခေါ၊ နေပြီးသော။
အာယသ္မာရာဓော၊ အရှင်ရာဓ မထေရ်သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံဝစနံ၊ ဤ စကားကို။
အဝေါစ၊ နားတော်လျှောက်၏၊
ဘန္တေ၊ ဘုန်းတော်ကြီးလှသော အရှင်ဘုရား။
မာရော မာရောတိ၊ သေ၏, သေ၏-ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဘန္တေ၊ ဘုန်းတော်ကြီးလှသော အရှင်ဘုရား။
ကတမော၊ အဘယ်တရားသည်လျှင်။
မာရောနုခေါ၊ သေသည် မည်သနည်း။
ဣတိ၊ ဤသို့ နားတော်လျှောက်၏။
ရာဓ၊ ရာဓ။
ရူပံ၊ ရူပက္ခန္ဓာသည်။
မာရော၊ သေ၏။
ဝေဒနာ၊ ဝေဒ နာက္ခန္ဓာသည်။
မာရော၊ သေ၏။
သညာ၊ သညာက္ခန္ဓာသည်။
မာရော၊ သေ၏။
သင်္ခါရာ၊ သင်္ခါရက္ခန္ဓာတို့သည်။
မာရော၊ သေကုန်၏။
ဝိညာဏီ၊ ဝိညာဏက္ခန္ဓာသည်။
မာရော၊ သေ၏။
ရာဓ၊ ရာဓ။
ဧဝံ၊ ဤသို့။
ပဿံ-ပဿန္တော၊ ရှုသော။
သုတဝါ၊ အကြားအမြင်ရှိသော။
အရိယာသာဝကော၊ အရိယာ၏ တပည့်သည်။
ရူပသ္မိံပိ၊ ရူပက္ခန္ဓာ၌လည်း။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဝေဒနာယပိ၊ ဝေဒနာက္ခန္ဓာ၌လည်း။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
သညာယပိ၊ သညာက္ခန္ဓာ၌လည်း။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
သင်္ခါရေသုပိ၊ သင်္ခါရက္ခန္ဓာတို့၌လည်း။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဝိညာဏသ္မိံပိ၊ ဝိညာဏက္ခန္ဓာ၌လည်း။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
နိဗ္ဗိန္ဒံ- နိဗ္ဗိန္ဒန္တော၊ ငြီးငွေ့သည်ဖြစ်၍။
ဝိရဇ္ဇတိ၊ တပ်ခြင်းကင်း၏။
ဝိရာဂါ၊ တပ်ခြင်းကင်းသောကြောင့်။
ဝိမုစ္စတိ၊ ကိလေသာမှလွတ်၏။
ဝိမုတ္တသ္မိံ ၊ ကိလေသာမှ လွတ်ရာဖြစ်သော အရဟတ္တဖိုလ်၌။
ဝိမုတ္တော၊ ကိလေသာမှ လွတ်သည်။
အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဉာဏံ၊ ပစ္စဝေက္ခဏာဉာဏ်သည်။
ဟောတိ၊ ဖြစ်၏။
ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။
ခီဏာ၊ ကုန်ပြီ။
ဗြဟ္မစရိယံ၊ မဂ်-တည်းဟူသော မြတ်သော အကျင့်ကို။
ဝုသိတံ၊ သုံးအပ်ပြီ။
ကရဏီယံ၊ ပြုဘွယ်ကိစ္စကို။
ကတံ၊ ပြုအပ်၏။
ဣတ္ထတ္တာယ၊ တဆယ့်ခြောက်ပါးသော မဂ်ကိစ္စအလို့ငှါ။
အပရံ၊ အလွန်။
န၊ မရှိပြီ။
ဣတိ၊ ဤသို့။
ပဇာနာတိ၊ သိ၏။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အဝေါစ၊ မိန့်တော်မူ၏။
အဓိပ္ပါယ်
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ၌ အရှင်ရာဓ မထေရ်သည် မြတ်စွာဘုရားကို နားတော်လျှောက်၏။
ဘုန်းတော်ကြီးလှသော အရှင်ဘုရား ... သေ၏, သေ၏-ဟု ဆို၏၊
ဘုန်းတော်ကြီးလှသော အရှင်ဘုရား ... အဘယ်တရားသည်လျှင် သေသည် မည်သနည်း။
ရာဓ ...
ရူပက္ခန္ဓာသည် သေ၏၊
ဝေဒနာက္ခန္ဓာသည် သေ၏၊
သညာက္ခန္ဓာသည် သေ၏၊
သင်္ခါရက္ခန္ဓာတို့သည် သေကုန်၏။
ဝိညာဏက္ခန္ဓာသည် သေ၏၊
ရာဓ … ဤသို့ ဝိပဿနာဉာဏ်ဖြင့် ရှုသော အကြားအမြင်လည်း ရှိသော အရိယာ၏ တပည့်သည် -
ရူပက္ခန္ဓာ၌လည်း ငြီးငွေ့၏၊
ဝေဒနာက္ခန္ဓာ၌လည်း ငြီးငွေ့၏။
သညာက္ခန္ဓာ၌လည်း ငြီးငွေ့၏၊
သင်္ခါရက္ခန္ဓာတို့၌လည်း ငြီးငွေ့ကုန်၏၊
ဝိညာဏက္ခန္ဓာ၌လည်း ငြီးငွေ့၏၊
ခန္ဓာငါးပါး၌ ငြီးငွေ့သည်ဖြစ်၍ ခန္ဓာငါးပါး၌ ရာဂအားဖြင့် တပ်ခြင်းကင်း၏၊ ခန္ဓာ ငါးပါး၌ တပ်ခြင်းကင်းခြင်းကြောင့် ခန္ဓာငါးပါးမှ လွတ်၏။ ကိလေသာမှ လွတ်ရာ ဖြစ်သော အရဟတ္တဖိုလ်၌ ပစ္စဝေက္ခဏာ ဉာဏ်သည် ဖြစ်၏။ ပဋိသန္ဓေနေခြင်းသည် ကုန်ပြီ၊ မဂ်-တည်း ဟူသော မြတ်သောအကျင့်ကို သုံးအပ်၏၊ ပြုဘွယ်ကိစ္စကို ပြုအပ်ပြီ၊ တဆယ့်ခြောက်ပါးသော မဂ်ကိစ္စအလို့ငှါ အလွန်မရှိပြီ။
ဤသို့ မြတ်စွာဘုရားသည် မိန့်တော်မူ၏။
မာရဓမ္မငါးပါးကို ဟောတော်မူခြင်း
▬▬▬▬▬▬▬▬▬▬▬▬
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထ ပိဏ္ဍိကဿ အာရာမေ၊ တတြ ခေါ အာယသ္မာ ရာဓော၊ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသက်မိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ၊ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ရာဓော ဘဂဝန္တံ ဧတဒဝေါစ၊ “မာရဓမ္မော မာရဓမ္မော တိ ဘန္တေ ဝုစ္စတိ၊ ကတမော နုခေါ မာရဓမ္မော”တိ။
ရူပံ ခေါ ရာဓ မာရဓမ္မော ဝေဒနာမာရဓမ္မော သညာ မာရဓမ္မော သင်္ခါရာ မာရဓမ္မော ဝိညာဏံ မာရ ဓမ္မော၊ ဧဝံ ပဿံ ရာဓ သုတဝါ အရိယသာဝကော၊ ရူပသ္မိံပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိံပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒတံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တ မှီ တိ ဉာဏံ ဟောတိ၊ ခီဏာဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာ တိ ပဇာနာတီ တိ။
ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။
အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏။
အာရာမေ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။
ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။
ဝိဟရတိ၊ နေတော်မူ၏။
တတြခေါ၊ ထိုသို့နေတော်မူသော အခါ၌။
အာယသ္မာရာဓော၊ အရှင်ရာဓမထေရ်သည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထို ဘုရားရှိတော်မူရာအရပ်သို့။
ဥပသင်္ကမိ၊ ကပ်လေ၏။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ အလွန်ရိုသေစွာ ရှိခိုးပြီး၍။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။
နိသီဒိ၊ နေ၏။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။
နိသိန္နောခေါ၊ နေပြီးသော။
အယသ္မာရာဓော၊ အရှင်ရာဓမထေရ်သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံဝစနံ၊ ဤသို့သောစကားကို။
အဝေါစ၊ နားတော်လျှောက်၏။
ဘန္တေ၊ ဘုန်းတော်ကြီးလှသော အရှင်ဘုရား။
မာရဓမ္မော-မာရဓမ္မောတိ၊ သေတတ်သော သဘော, သေတတ်သော သဘော-ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဘန္တေ၊ ဘုန်းတော်ကြီးလှသော အရှင်ဘုရား။
ကတမော၊ အဘယ်မည်သော တရားသည်လျှင်။
မာရဓမ္မောနုခေါ၊ သေတတ်သော သဘောမည်သနည်း။
ဣတိ၊ ဤသို့ နားတော်လျှောက်၏။
ရာဓ၊ ရာဓ။
ရူပံ၊ ရူပက္ခန္ဓာသည်။ မာရဓမ္မော၊သေတတ်သောသဘော မည်၏။
ဝေဒနာ၊ ဝေဒနာက္ခန္ဓာသည်။ မာရဓမ္မော၊သေတတ်သောသဘော မည်၏။
သညာ၊ သညာက္ခန္ဓာသည်။ မာရဓမ္မော၊သေတတ်သောသဘော မည်၏။
သင်္ခါရာ၊ သင်္ခါရက္ခန္ဓာတို့သည်။ မာရဓမ္မော၊သေတတ်သောသဘော မည်၏။
ဝိညာဏံ၊ ဝိညာဏက္ခန္ဓာသည်။ မာရဓမ္မော၊သေတတ်သောသဘော မည်၏။
ရာဓ၊ ရာဓ။
ဧဝံ၊ ဤသို့။
ပဿံ-ပဿန္တော၊ ရှုသော။
သုတဝါ၊ အကြားအမြင်ရှိသော။
အရိယာသာဝကော၊ အရိယာ၏တပည့်သည်။
ရူပသ္မိံပိ၊ ရူပက္ခန္ဓာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဝေဒနာယပိ၊ ဝေဒနာက္ခန္ဓာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
သညာယပိ၊ သညာက္ခန္ဓာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
သင်္ခါရေသုပိ၊ သင်္ခါရက္ခန္ဓာတို့၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဝိညာဏသ္မိံပိ၊ ဝိညာဏက္ခန္ဓာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
နိဗ္ဗိန္ဒံ- နိဗ္ဗိန္ဒန္တော၊ ငြီးငွေ့သည်ဖြစ်၍။ ဝိရဇ္ဇတိ၊ တပ်ခြင်းကင်း၏။
ဝိရာဂါ၊ တပ်ခြင်းကင်းသောကြောင့်။ ဝိမုစ္စတိ၊ ကိလေသာမှလွတ်၏။
ဝိမုတ္တသ္မိံ ၊ ကိလေသာမှ လွတ်ရာဖြစ်သော အရဟတ္တဖိုလ်၌။
ဝိမုတ္တော၊ ကိလေသာမှ လွတ်သည်။ အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ဉာဏံ၊ ပစ္စဝေက္ခဏာဉာဏ်သည်။ ဟောတိ၊ ဖြစ်၏။
ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။ ခီဏာ၊ ကုန်ပြီ။
ဗြဟ္မစရိယံ၊ မဂ်-တည်းဟူသော မြတ်သော အကျင့်ကို။ ဝုသိတံ၊ သုံးအပ်ပြီ။
ကရဏီယံ၊ ပြုဘွယ်ကိစ္စကို။ ကတံ၊ ပြုအပ်၏။
ဣတ္ထတ္တာယ၊ တဆယ့်ခြောက်ပါးသော မဂ်ကိစ္စအလို့ငှါ။ အပရံ၊ အလွန်။
န၊ မရှိပြီ။
ဣတိ၊ ဤသို့။ ပဇာနာတိ၊ သိ၏။
ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အဝေါစ၊ မိန့်တော်မူ၏။
*
အဓိပ္ပါယ်
ရာဓအမည်ရှိသော ရဟန္တာအရှင်မြတ်သည် မာရဓမ္မော-မာရဓမ္မောတိ ဘန္တေ ဝုစ္စတိ-အစရှိသော ပါဌ်ဖြင့် မြတ်စွာဘုရားအား သေခြင်း သဘောတရားကို အဘယ် တရားသည် သေတတ်သော သဘောရှိသနည်း-ဟု နားတော်လျှောက်၏။
ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ-ဟုဆိုအပ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် သေတတ်သောသဘောရှိ၏-ဟု ဖြေတော်မူ၏။
ခန္ဓာငါးပါးရှိသော နတ်, လူ အပေါင်းတို့သည် သေတတ်သော သဘောရှိ၏-ဟု အဖန်တလဲလဲ ပွါးအပ်၏၊ ခန္ဓာငါးပါး ရုပ်နာမ် တရားတို့ကို ရတိုင်း, ရတိုင်း ပျက်စီးတတ်သော သဘောရှိ၏-ဟု အဖန်တလဲလဲရှုအပ်၏၊
ဤသို့အတိတ် အနာဂတ် ပစ္စုပ္ပန်၌ ပျက်တတ်သော သဘောတရားရှိ၏-ဟု အဖန်တလဲလဲ ပွါးသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အကျိုးကို ပြတော်မူအံ့သောငှါ “ဧဝံ ပဿံ ရာဓ သုတဝါ အရိယသာဝကော”အစရှိသည်ကို ဟောတော်မူသတည်း၊
ဤသို့ခန္ဓာ ငါးပါးတို့၌ သေတတ်သော သဘောရှိသည်၏ အဖြစ်ကို အဖန်တလဲလဲ ပွါးသော အကြားအမြင်နှင့် ပြည့်စုံသော အရိယာသာဝကသည် ရူပက္ခန္ဓာ အစ ရှိသောခန္ဓာငါးပါး၌ ငြီးငွေ့၏။
ဤကား ရှေးဦးစွာသော အကျိုးတည်း။
ထိုသို့ငြီးငွေ့သော အရိယာသာဝကအား အဖန်တလဲလဲ သေတတ်သော သဘောရှိသော ခန္ဓာငါးပါး၌ တပ်ခြင်းကင်း၏။
ဤကား ဒုတိယအကျိုးတည်း။
ဤသို့ တပ်ခြင်းကင်းသော အရိယာသာဝကအား ရာဂအစရှိသော ကိလေသာ တို့မှလွတ်၏။
ဤကား တတီယအကျိုးတည်း။
ဤသို့ ကိလေသာမှ လွတ်တော်မူပြီးသော ရဟန္တာအရှင်မြတ်တို့သည် မိမိ ပယ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်နှင့် ပြည့်စုံတော်မူ၏၊ ပဋိသန္ဓေနေခြင်း မရှိပြီ၊ ဇာတိကုန်တော်မူသတည်း၊ ဧရာ ကုန်တော်မူသတည်း၊ ဗျာဓိကုန်တော်မူသတည်း၊ မရဏ ကုန်တော်မူသတည်း၊ မဂ်တည်းဟူသော မြတ်သောအကျင့်ကို သုံးတော်မူသတည်း၊
သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ်, သကဒါဂါကိုမိမဂ်, သကဒါဂါမိဖိုလ်, အနာဂါမိမဂ်, အနာဂါမိဖိုလ်, အရဟတ္တမဂ်, အရဟတ္တဖိုလ်-ဟုဆိုအပ်သော မဂ်ကိစ္စ, ဖိုလ်ကိစ္စအကျိုးငှါ ကျင့်အပ်သော ပြုအပ်သော ပြုဘွယ်ကိစ္စတို့ကို ကျင့်အပ် ပြုအပ်ပြီ၊ ဗြဟ္မစရိယပရိယောသာနသို့ ရောက်ပြီ၊ တဆယ့်ခြောက်ပါးသော မဂ်ကိစ္စအကျိုးငှါ ပြုဘွယ်ကိစ္စ အလွန်မရှိပြီ၊ ဤသို့ သိတော်မူသတည်း။
ခီဏာဇာတိ - ဟူသောအကျိုးကို တောင့်တသော အမျိုးကောင်း သားသမီးတို့သည် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို တောင့်တအပ်ကုန်၏၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို လက်သို့ရောက်အောင် ပြုအပ်ကုန်၏။
အရဟတ္တမဂ် အရဟတ္တဖိုလ်ကို အလိုရှိသောသူတို့သည် ဝိရာဂ-ဟူသောတရားကို လက်သို့ ရောက်အောင် ပြုအပ်ကုန်၏၊ ဝိရာဂကိုအလိုရှိသော သူသည် နိဗ္ဗိန္ဒ-ဟူသောတရားကိုရှာအပ်၏၊ နိဗ္ဗိန္ဒ-ဟူသော တရားကို တောင့်တအပ်၏။
နိဗ္ဗိန္ဒ-ကိုအလိုရှိသောသူတို့သည် ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ-တည်းဟူသော ခန္ဓာငါးပါးတို့၏ သေတတ်သော သဘောရှိသည်၏ အဖြစ်ကို အဖန်တလဲလဲ ပွါးအပ်ကုန်၏၊ ဤသို့ခန္ဓာငါးပါး၏ သေတတ်သော သဘောရှိသည်အဖြစ်ကို အဖန်တလဲလဲ ပွါးများအပ်ကုန်၏။
ဤသို့ခန္ဓာငါးပါးတို့၏ သေတတ်သောသဘော ရှိသည်၏အဖြစ်ကို အဖန်တလဲလဲ နေ့ညဉ့် မပြတ် မပျင်းမရိ အားထုတ်လေ့ရှိသော အရိယာသာဝကသည် နိဗ္ဗိန္ဒ-ဟူသောတရားကိုရ၏၊ နိဗ္ဗိန္ဒ - ဟူသောတရားကိုရသော အရိယာသာဝကသည် ဝိရာဂ-ဟူသောတရားကိုရ၏၊
ဝိရာဂ ဟူသော တရားကိုရသော အရိယာသာဝကသည် ဝိမုတ္တိ-ဟူသော တရားကိုရ၏၊ ဝိမုတ္တိ-ဟူသောတရား လက်သို့ရောက်သော အရိယာသာဝက သည်“ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထက္ခာယာတိ ပဇာနာတိ”ဟူသော အကျိုးထူးမှ အကျိုးမြတ်တို့နှင့် ပြည့်စုံကုန်၏။
ဥပမာဖြင့်ပြခြင်း
▬▬▬▬▬▬
ဥပမာကား - လေးကျွန်းလုံးကို အစိုးရသော စကြာမင်း၏ သားတော်အကြီးသည် အိမ်ရှေ့မင်းအဖြစ်ကို ရသကဲ့သို့ လည်းကောင်း၊ အိမ်ရှေ့မင်းသည် အဘ၏ အရိပ်အရာဖြစ်သော ထီးဖြူကိုရသကဲ့သို့ လည်းကောင်း၊ ထို့အတူ ခန္ဓာငါးပါးတို့၏ သေခြင်းကို အဖန်တလဲလဲပွါးသော အရိယာသာဝကသည် နိဗ္ဗိန္ဒ အစရှိသော တရားတို့သည် အစဉ် အတိုင်း လက်သို့ရောက်သည်ဖြစ်၍ ခီဏာဇာတိ-အစရှိသော တရား ထူး,တရားမြတ်နှင့်ပြည့်စုံကုန်၏-ဟူလိုသတည်း။
ဤသို့ တရားတို့သည် တရားတို့၌ပြည့်စုံ၏၊
တရားတို့သည် တရားတို့ နှင့် စပ်ကုန်၏၊
တရားတို့သည် မဂ်ဟူသောအကျိုးငှါ ဖြစ်ကုန်၏-
ဟူလို သတည်း။
သတ္တဝါတို့အား တရားတော်ကို လိုလားအပ်ကြောင်း ပြဆိုခြင်း
မဟာကရုဏာတော် တည်းဟူသော ချမ်းအေးသော ရွှေနှလုံး ရှိတော်မူသော မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ဒါနအစရှိသော ပါရမီဆယ်ပါး စွန့်ခြင်းကြီးငါးပါး, စရိယာသုံးပါးတို့ကို ဖြည့်ကျင့်တော်မူ၍ ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဉာဏ်ကို ရတော်မူသဖြင့် ထို သဗ္ဗညုတဉာဏ်တော်ဖြင့် ပိုင်းခြား၍ ဟောတော်မူအပ်သော တရားတော်သည်ကား အလွန်နက်နဲသိမ်မွေ့ ၏၊ အနှစ်သာရနှင့်ပြည့်စုံ၏၊
ဤသို့အနှစ်သာရနှင့် ပြည့်စုံသော တရားတို့ကို ငါတို့ကြားနာရပေသည်-ဟု အသင့်အားဖြင့် ယောနိသောမနသိကာရကိုပြု၍ တရားတော်ကို သင်ကြား လေ့ကျက်အပ်၏၊ ဆောင်ရွက်အပ်၏၊ အနက်အဓိပ္ပါယ်ကို စုံစမ်းဆင်ခြင်အပ်၏၊ အနက်အဓိပ္ပါယ် လာတိုင်း ကျင့်အပ်၏၊ ကျင့်ကြလေကုန်၊ သူတော်ကောင်း အပေါင်းတို့၊
ဥပမာဖြင့်ပြခြင်း
▬▬▬▬▬▬
ဥပမာကား - လောက၌ အမိအဘတို့သည် သားငယ်, သမီးငယ် တို့အား အလွန် ချစ်မြတ်နိုးသည်ဖြစ်၍ မိမိတတ်သော အတတ်တို့ကို သားငယ် သမီးငယ်တို့အား ချမ်းသာစွာ အသက်မွေးစိမ့်သောငှါ ပြသ သွန်သင်ကုန်၏“ငါ့သားနှင့်သမီးတို့ … ဤအတတ်သည်ကား မြတ်သောအတတ်တည်း၊ အနှစ်သာရနှင့် ပြည့်စုံသော အတတ်တည်း၊ ရွှေ ငွေ ဖြစ်သောအတတ်တည်း၊ ထိုအတတ်တို့ကို အားထုတ်၍ လုံ့လပြု၍ အစမှသည် အဆုံးသို့ရောက်အောင် သင်ကြကုန်လော၊ မှတ်သားကြကုန် လော”ဟု အဖန်တလဲလဲ တိုက်တွန်းသကဲ့သို့ ရှိလေ၏။
မြတ်စွာဘုရား တိုက်တွန်းတော်မူခြင်း
▬▬▬▬▬▬▬▬▬▬▬▬
ထို့အတူ ဒေဝါတိဒေ၀ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သားတော် ရာဟုလာနှင့် အတူ ခပ်သိမ်းသော သတ္တဝါအပေါင်းတို့အား ချစ်မြတ်နိုးတော်မူသည် ဖြစ်၍ ကိုယ်တော် သိတော်မူသော တရားတော်ကို ညွှန်ပြတော်မူသတည်း၊
ညွှန်ပြတော်မူပြီး၍ ဟောတော်မူသော အနက်အဓိပ္ပါယ်ကို စုံစမ်းဆင်ခြင်ကြ ကုန်လော့၊ အနက် အဓိပ္ပါယ်လာတိုင်း ကျင့်ကြကုန်လော့၊ ကျင့်ပြီး၍ အရဟတ္တဖိုလ် တည်းဟူသော ထီးဖြူကို ယူကြကုန်လော့”ဟု တိုက်တွန်းတော် မူသတည်း။
တောင့်တ၍ မရအပ်သော အရာငါးပါး
▬▬▬▬▬▬▬▬▬
ပဉ္စမာနိ မဟာရာဇ အလဗ္ဘနီယာနိ ဌာနာနိ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မနာဝါ ကေနစိဝါ လောကသ္မိံ၊ ကတမာနိ ပဉ္စ။
- ဇရာဓမ္မာ မာဇီရီတိ အလဗ္ဘနီယံဌာနံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မနာဝါ ကေနစိဝါ လောကသ္မိံ၊
- ဗျာဓိဓမ္မံ မာဗျာဓိယီတိ အလဗ္ဘနီယံဌာနံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မနာဝါ ကေနစိဝါ လောကသ္မိံ၊
- မရဏဓမ္မံ မာမိယျီတိ အလဗ္ဘနီယံဌာနံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မနာဝါ ကေနစိဝါ လောကသ္မိံ၊
- ခယဓမ္မံ မာခီယံတိ အလဗ္ဘနီယံဌာနံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မနာဝါ ကေနစိဝါ လောကသ္မိံ၊
- နဿနဓမ္မံ မာနဿီတိ အလဗ္ဘနီယံဌာနံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မနာဝါ ကေနစိဝါ လောကသ္မိံ၊
ဣမေ ခေါ မဟာရာဇ ပဉ္စ အလဗ္ဘနီယာနိ ဌာနာနိ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မနာဝါ ကေနစိဝါ လောကသ္မိံ တိ။
မဟာရာဇ၊ မင်းမြတ်။
ဣမာနိပဉ္စ၊ ဤငါးပါးသော တရားတို့ကို။
လောကသ္မိံ၊ လောက၌။
ကေနစိ၊ တစုံတယောက်သော။
သမဏေနဝါ၊ ရဟန်းသည် လည်းကောင်း။
ဗြာဟ္မဏေနဝါ၊ ပုဏ္ဏားသည် လည်းကောင်း။
ဒေဝေနဝါ၊ နတ်သည်လည်းကောင်း၊
မာရေနဝါ၊ မာရ်မင်းသည် လည်းကောင်း၊
ဗြဟ္မုနာဝါ၊ ဗြဟ္မာသည် လည်းကောင်း။
အလဗ္ဘနီယာနိ ဌာနာနိ၊ တောင်းပန် တောင်းတ၍ မရသောအရာ မည်ကုန်၏။
ကတမာနိပဉ္စ၊ အဘယ်အယုတ် ငါးပါးသော တရားတို့ကို။
လောကသ္မိံ ၊ လောက၌။
ကေနစိ၊ တစုံတယောက်။
သမဏေနဝါ၊ ရဟန်းသည် လည်းကောင်း။
ဗြာဟ္မဏေနဝါ၊ ပုဏ္ဏားသည် လည်းကောင်း။
ဒေဝေနဝါ၊ နတ်သည်လည်းကောင်း၊
မာရေနဝါ၊ မာရ်မင်းသည် လည်းကောင်း၊
ဗြဟ္မနာဝါ၊ ဗြဟ္မာသည် လည်းကောင်း။
အလဗ္ဘနီယာနိ ဌာနာနိ၊ တောင်းပန် တောင့်တ၍ မရအပ်သောအရာ မည်ကုန် သနည်း။
၁။ ဇရာဓမ္မံ၊ အိုတတ်သော သဘောတရားကို။ မာဇီရီတိ၊ မအိုပါစေသတည်း-ဟု။
လောကသ္မိံ ၊ လောက၌။ ကေနစိ၊ တစုံတယောက်။ သမဏေနဝါ၊ ရဟန်းသည် လည်းကောင်း။ ဗြာဟ္မဏေနဝါ၊ ပုဏ္ဏားသည် လည်းကောင်း။ ဒေဝေနဝါ၊ နတ်သည်လည်းကောင်း၊ မာရေနဝါ၊ မာရ်မင်းသည် လည်းကောင်း၊ ဗြဟ္မုနာဝါ၊ ဗြဟ္မာသည် လည်းကောင်း။ အလဗ္ဘနီယံဌာနံ၊ တောင်းပန် တောင့်တ၍ မရအပ်သောအရာ မည်၏။
၂။ ဗျာဓိဓမ္မံ၊ နာတတ်သော သဘောတရားကို။ မာဗျာဓိယီတိ၊ မနာပါစေသတည်း-ဟု။
(မြန်မာနိဿယရှေ့ကဲ့သို့ ပုဒ်များတူညီ) အလဗ္ဘနီယံဌာနံ၊ တောင်းပန် တောင့်တ၍ မရအပ်သောအရာ မည်၏။
၃။ မရဏဓမ္မံ၊ သေတတ်သောသဘောတရားကို။ မာမီယျီတိ၊ မသေပါစေသတည်း-ဟု။
(မြန်မာနိဿယရှေ့ကဲ့သို့ ပုဒ်များတူညီ) အလဗ္ဘနီယံဌာနံ၊ တောင်းပန် တောင့်တ၍ မရအပ်သောအရာ မည်၏။
၄။ ခယဓမ္မံ၊ ကုန်တတ်သော သဘောတရားကို။ မာခီဟီတိ၊ မကုန်ပါစေသတည်း-ဟု။
(မြန်မာနိဿယရှေ့ကဲ့သို့ ပုဒ်များတူညီ) အလဗ္ဘနီယံဌာနံ၊ တောင်းပန် တောင့်တ၍ မရအပ်သောအရာ မည်၏။
၅။ နဿနဓမ္မံ၊ ပျက်စီးတတ်သော သဘောကို။ မာနဿီတိ၊ မပျက်စီးပါစေ သတည်း-ဟု။
(မြန်မာနိဿယရှေ့ကဲ့သို့ ပုဒ်များတူညီ) အလဗ္ဘနီယံဌာနံ၊ တောင်းပန် တောင့်တ၍ မရအပ်သောအရာ မည်၏။
မဟာရာဇာ၊ မြတ်သောမင်းကြီး၊ ဣမေပဉ္စ၊ ဤငါးပါးသောအရာတို့ကို၊
(မြန်မာနိဿယရှေ့ကဲ့သို့ ပုဒ်များတူညီ) အလဗ္ဘနီယာနိ ဌာနာနိ၊ တောင်းပန် တောင့်တ၍မရအပ်သော အရာတို့မည်ကုန်၏။
ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အဝေါစ၊ မိန့်တော်မူ၏။
*
အဓိပ္ပါယ်
မြတ်သောမင်းကြီး ... လောက၌ တစုံတယောက်သော ရဟန်းသည် လည်းကောင်း, ပုဏ္ဏားသည်လည်းကောင်း, နတ်သည်လည်းကောင်း, မာရ်မင်းသည်လည်းကောင်း, ဗြဟ္မာသည်လည်းကောင်း, ဤငါးပါးသောအရာတို့ကို တောင်းပန် တောင့်တ၍ မရအပ်ကုန်၊
အဘယ် ငါးပါးသော အရာတို့ကို လောက၌ တစုံတယောက်သော ရဟန်းသည် လည်းလောင်း၊ ပုဏ္ဏားသည် လည်းကောင်း, နတ်သည် လည်းကောင်း, မာရ်မင်းသည် လည်းကောင်း, ဗြဟ္မာသည် လည်းကောင်း တောင်းပန်တောင့်တ၍ မရအပ်ကုန် သနည်း။
- အိုခြင်းသဘောတရားကို မအိုပါစေလင့်-ဟု လောက၌ တစုံတယောက်သော ရဟန်းသည် လည်းကောင်း, ပုဏ္ဏားသည် လည်းကောင်း, နတ်သည် လည်းကောင်း, မာရ်မင်းသည် လည်းကောင်း, ဗြဟ္မာသည် လည်းကောင်း တောင်းပန် တောင့်တ၍ မရအပ်။
- နာတတ်သော သဘောတရားကို မနာပါစေလင့်-ဟု လောက၌ (စသည်) တောင်းပန် တောင့်တ၍ မရအပ်။
- သေခြင်းသဘောတရားကို မသေပါစေလင့်-ဟု လောက၌ (စသည်) တောင်းပန် တောင့်တ၍ မရအပ်။
- ကုန်တတ်သော သဘောတရားကို မကုန်ပါစေလင့်-ဟု လောက၌ (စသည်) တောင်းပန် တောင့်တ၍ မရအပ်။
- ပျက်စီးတတ်သော သဘောတရားကို မပျက်စီးပါစေလင့် ဟု လောက၌ (စသည်) တောင်းပန် တောင့်တ၍ မရအပ်။
မြတ်သော မင်းကြီး ... ဤငါးပါးသော အရာတို့ကို လောက၌ တစုံတယောက်သော ရဟန်းသည် လည်းကောင်း, ပုဏ္ဏားသည် လည်းကောင်း, နတ်သည် လည်းကောင်း, မာရ်မင်းသည် လည်းကောင်း, ဗြဟ္မာသည် လည်းကောင်း တောင်းပန် တောင့်တ၍ မရအပ်ကုန် ဟူသတည်း။
လူ, နတ်, ဗြဟ္မာ သတ္တဝါ အပေါင်းတို့သည် မအိုခြင်းကို အလိုရှိကြ ကုန်၏၊ မအိုခြင်းကို တောင့်တကြကုန်၏၊ ထိုသို့ပင် တောင့်တကြသော်လည်း မိမိတို့ တောင့်တတိုင်း မရကုန်၊
ထို့အတူ -
မနာခြင်း သဘောတရား၊
မသေခြင်း သဘောတရား
မကုန်ခြင်း သဘောတရား
မပျက်စီးခြင်း သဘောတရားကို အလိုရှိကြပါကုန်၏၊
ထိုသို့ပင် အလိုရှိကုန်သော်လည်း မိမိတို့တောင့်တတိုင်းမရကုန်၊ အလိုရှိသော တောင့်တသော အဇရာဓမ္မ, အဗျာဓိဓမ္မ, အမတဓမ္မ,အခယဓမ္မ, အနတ္တဓမ္မကို မရမူ၍ အလိုမရှိသော မနှစ်သက်အပ်သော နှလုံးကိုမပွါးစေတတ်သော ဇရာဓမ္မ အစရှိသော တရားတို့ကိုသာလျှင် ရကုန်၏၊ တွေ့ကုန်၏၊ ကြိမ်ကြိုက်ကုန်၏-ဟူလိုသတည်း။
ဥပမာ ဆောင်၍ ပြပုံ
▬▬▬▬▬▬▬
ဥပမာကား -
အကြင်သူတယောက်သည် ထီးကို ဆောင်း၍ စစ်အင်္ဂါလေးပါး ကျင်းပလျက် တိုင်းစွန်း, ပြည်နား ရွာနိဂုံး, ဇနပုဒ် တို့ကို တိုက်ဖျက်ကုန်၏၊ ဤသို့ တိုက်ဖျက်ကြောင်းကို ရှေးဘုန်းရှေးကံနှင့် ပြည့်စုံသော မင်းဧကရာဇ်အား သံတော်ဦးတင်ကြကုန်၏။ မင်းဧကရာဇ်၏ အာဏာဖြင့် ထိုသူအား ဖမ်းဆီးသည် ရှိသော် ဘုန်းကံချင်း မတူသည်ဖြစ်၍ မိကုန်၏၊
ထိုသူအား “အမောင် ... ပုန်ကန်သလော၊ ငါ့တိုင်းပြည်ကို ယူအံ့သော အကြံ ဖြစ်လေသလော” ဟု စစ်ကြော မေးမြန်းဘွယ်မရှိပြီ၊ နှောင်အိမ်၌ ထားလော့-ဟုဆို၏။
ထိုသူသည် ထီးဖြူကိုဆောင်း၍ ရွာ နိဂုံး, ဇနပုဒ်တို့ကို ဖျက်ဆီးသည်ဖြစ်၍ ချမ်းသာ ကိုမရပြီ၊ သေခြင်းတခုကိုသာ ရတော့သည်၊ ထိုသို့ပုန်ကန်သော သူအား ဤသို့ အကြံသည်ဖြစ်၏။ “ဧကရာဇ်မင်းမြတ်သည် ငါ၏ အသက်ကို ချမ်းသာပေးမှုအား ကောင်းပါလေစွ”ဟုအသက်၏ ချမ်းသာခြင်းကိုသာ တောင့်တ၏။ မသေခြင်း ကိုသာ အလိုရှိ၏။ ထိုသို့ပင် အလိုရှိသော်လည်း မိမိအလိုရှိတိုင်း မရပြီ၊ ထီးဖြူကို ဆောင်း၍ ပုန်ကန်သော အမှုဖြစ်သော မတောင့်တသော အလိုမရှိသော သေခြင်း သဘောတရား ကိုသာလျှင် ရကုန်သကဲ့သို့တည်း။
ထို့ အတူ ပဋိသန္ဓေနေခြင်း - တည်းဟူသော ပုန်ကန်ကုန်သော သူတို့အား ဤသို့သော အကြံသည်ဖြစ်၏၊ “အလိုမရှိအပ်, မနှစ်သက်အပ်သော နှလုံးကို မပွါးစေတတ်သော အိုခြင်းနာခြင်း သေခြင်းအစရှိသော သဘောတရားတို့သည် မဖြစ်မူကား ကောင်းလေစွ-ဟု ဤသို့ အိုခြင်း နာခြင်း သေခြင်း အစရှိသော တရားတို့ကို အလိုမရှိသည် ဖြစ်၍ တောင့်တကုန်၏၊ အလိုမရှိကုန်။
ထိုသို့ပင် တောင့်တသော်လည်း အလိုမရှိသော်လည်း ဇာတိ-တည်းဟူသော ဧကရာဇ်မင်းမြတ်အား ပုန်ကန်သော အမှုကို ပြုကျင့်မိသည် ဖြစ်ရကား မိမိ အလိုမရှိသော မတောင့်တသော မချစ်သော အိုခြင်း နာခြင်း သေခြင်း အစရှိသော တရားကိုသာလျှင် ဧကန္တမုချအားဖြင့် ရကုန်၏-ဟူလိုသတည်း။
စိတ်နှလုံးကို တုန်းတုန်းချ၍ သေမင်း၏ နောက်သို့ လိုက်ကြလေကုန်၏။
သတိရှိကြပါစေ။
ခန္ဓာကိုယ်သည် ရင့်ယော်အိုမင်းခြင်းကို မလွန်နိုင်
▬▬▬▬▬▬▬▬▬▬▬▬
ပရိဇိဏ္ဏမိဒံရူပံ၊
ရောဂနိဒ္ဒံ ပဘင်္ဂုနံ။
ဘိဇ္ဇတိ ပူတိ သန္ဓေဟော၊
မရဏန္တံ ဟိ ဇီဝိတံ။
ဣဒံ ရူပံ၊ ဤရုပ်သည်။
ဝါ ဣဒံရူပံ၊ ဤကိုယ်သည်။
ပရိဇိဏ္ဏံ၊ အိုတတ်သော သဘောရှိ၏။
ရောဂနိဒ္ဒံ၊ အနာအပေါင်းတို့ဖြင့် နှိပ်စက်၏။
ပဘင်္ဂုနံ၊ သေသည်ဖြစ်၍ ပျက်စီးတတ်သော သဘောရှိ၏။
သန္ဓေဟော၊ ကိုယ်သည်။
ပူတိ၊ ပုပ်သည်ဖြစ်၍။
ဘိဇ္ဇတိ၊ ပျက်စီးတတ်၏။
ဇီဝိတံ၊ အသက်သည်။
မရဏန္တံ ဟိ - မရဏန္တံ ဝေ၊ သေခြင်းအဆုံး ရှိသည်သာလျှင်တည်း။
အဓိပ္ပါယ်
ဤခန္ဓာကိုယ်သည် အိုတတ်သော သဘောရှိ၏၊ အိုခြင်းသဘော တရားကို မလွန်နိုင်ချေ၊ အိုခြင်းအဆုံး ရှိ၏၊ အနာအပေါင်းတို့ဖြင့် နှိပ်စက်၏၊ အနာအပေါင်း တို့သည် ညှဉ်းဆဲကုန်၏၊ နာခြင်းသဘော တရားကို မလွန်နိုင်ကုန်၊ နာခြင်းအဆုံး ရှိ၏၊
ဤခန္ဓာကိုယ်သည် သေသည်ဖြစ်၍ ပျက်စီးတတ်သော သဘောရှိ၏၊ သေခြင်း သဘောတရားကို မလွန်နိုင်ချေ၊ နှပ်, တံထွေး ကျင်ကြီး ကျင်ငယ်, သွေး, ပြည် အစရှိသည် တို့ဖြင့် ပြည့်သည်ဖြစ်၍ လည်းကောင်း၊ ကိုးပါးသောဒွါရမှ နေ့ညဉ့် မပြတ် စက်ဆုပ်ဘွယ်တို့ဖြင့် ယိုစီးသည် ဖြစ်၍လည်းကောင်း၊ သေပြီး၍ ဖူးဖူး ယောင်ခြင်း ညိုညိုမည်းမည်း သွေးပြည်ဖြင့် ယိုစီးခြင်း အစရှိသည်တို့ဖြင့် အလွန်ပုပ်သည်ဖြစ်၍ ပျက်စီးတတ်သော သဘောရှိ၏။ သတ္တဝါတို့၏ အသက်သည် သေခြင်းအဆုံးရှိ၏-ဟူလိုသတည်း။
ပုဒ်စိတ်, ပါဌ်စိတ် အဓိပ္ပါယ်
▬▬▬▬▬▬▬▬▬▬
ဤဂါထာ၌ ပရိတ္တံ-ဟူသောပါဌ်ဖြင့် ပဋိသန္ဓေ နေကုန်သော သတ္တဝါတို့သည် ဧကန္တမုချအားဖြင့် အိုသည်၏အဖြစ်ကို ပြတော်မူသတည်း၊
ရောဂနိဒ္ဒံ-ဟူသော ပါဌ်ဖြင့် ဧကန္တမုချအားဖြင့် ဗျာဓိနှိပ်စက်သည်၏ အဖြစ်ကို ပြတော်မူသတည်း၊
ပဘင်္ဂုနံ-ဟူသောပါဌ်ဖြင့် ဧကန္တမုချအားဖြင့် သေခြင်းသို့ရောက်သည်၏အဖြစ်ကို ပြတော်မူသတည်း၊
ပူတိသန္ဓေဟော-ဟူသော ပါဌ်ဖြင့် ကေသာ, လောမာ အစရှိသော သုံးဆယ့်နှစ်ပါးသော သဝိညာဏက အသုဘ, ဥဒ္ဓုမာတက, ဝိနီလက အစရှိသော အဝိညာဏကကို ပြတော်မူသတည်း၊
မရဏန္တံ ဟိ ဇီဝိတံ-ဟူသော ပါဌ်ဖြင့် အလွန်မောဟ အားကြီးကုန်သည်ဖြစ်၍ တွေဝေ မိန်းမောကုန်သော မဟာဗာလ မဟုမ္မတ္တကတို့အား သံသယကို ပျောက်စိမ့်သောငှါ သတ္တဝါတို့၏ အသက်သည် သေခြင်းအဆုံးရှိ၏ဟု ထပ်၍ဟောတော်မူပြန်သတည်း။
ရာဓ မထေရ်အား ပယ်အပ်သော တရားငါးပါးကို ဟောတော်မူခြင်း
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ၊ အထခေါ အာယသ္မာ ရာဓော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ နိသီဒိ၊ ဧကမန္တံနိသိန္နော ခေါ အာယသ္မာ ရာဓော ဘဂဝန္တံ ဧတဒဝေါစ၊ သာဓု မေ ဘန္တေ ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု၊ ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကောဝူပကဋ္ဌော အပ္ပမတ္တော အာတာပီပဟိတတ္တော ဝိဟရေယျ န္တိ။
ယော ခေါ ရာဓ မာရော တတြ တေ ဆန္ဒရာဂေါ ပဟာတဗ္ဗော၊ ကောစ ရာဓ မာရော ရူပံ ခေါ ရာဓ မာရော တတြ တေ ဆန္ဒရာဂေါ ပဟာတဗ္ဗော၊ ဝေဒနာ မာရော တတြ တေ ဆန္ဒရာဂေါ ပဟာတဗ္ဗော၊ သညာ မာရော တတြ တေ ဆန္ဒရာဂေါ ပဟာတဗ္ဗော၊ သင်္ခါရာ မာရော တတြ တေ ဆန္ဒရာဂေါ ပဟာတဗ္ဗော၊ ဝိညာဏံ မာရော တတြ တေ ဆန္ဒရာဂေါ ပဟာတဗ္ဗော၊ ယော ခေါ ရာဓ မာရော တတြ တေ ဆန္ဒရာဂေ ပဟာတဗ္ဗာတိ၊ ဧဝံ ပဿံ ရာဓ သုတဝါ အရိယ သာဝကော၊ ရူပသ္မိံပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိံပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒတံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တ မှီ တိ ဉာဏံ ဟောတိ၊ ခီဏာဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာ တိ ပဇာနာတီ တိ။
ဧကံ၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
သာဝတ္ထိယံ၊ သာဝတ္တိပြည်၌။ အနာထပိဏ္ဍိကဿ၊ အာနာထပိဏ်သူဌေး၏။
အာရာမေ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။
ဝိဟရတိ၊ နေတော်မူ၏၊ အထခေါ၊ ထိုသို့ နေတော်မူသောအခါ၌။
အာယသ္မာရာဓော၊ အရှင်ရာဓ မထေရ်သည်။ ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုဘုရားရှိတော်မူရာ အရပ်သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။
နိသီဒိ၊ နေ၏။ ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။
နိသိန္နောခေါ၊ နေပြီးသော။ အာယသ္မာရာဓော၊ အရှင်ရာဓ မထေရ်သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဧတံဝစနံ၊ ဤသို့သောစကားကို။
အဝေါစ၊ နားတော်လျှောက်၏။
ဘန္တေ၊ အရှင်ဘုရား။ မေမယာ၊ အကျွန်ုပ်သည်။ သာဓု၊ တောင်းပန်ပါ၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။ သံခိတ္တေန၊ အကျဉ်းအားဖြင့်။
ဓမ္မံ၊ တရားတော်ကို။ ဒေသေတု၊ ဟောတော်မူပါလော့။
ဘဂဝတော၊ မြတ်စွာဘုရား၏။ ဒေသိတံ၊ ဟောတော်မူအပ်သော။
ယံ၊ အကြင်တရားသည်။ အတ္ထိ၊ ရှိ၏။
တံဓမ္မံ၊ ထိုတရားကို။ အဟံ၊ အကျွန်ုပ်သည်။ သုတွာ၊ ကြားနာရ၍။
ဧကော၊ တယောက်အထီးတည်း။ ဝူပကဋ္ဌော၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သည်ဖြစ်၍။
အပ္ပမတ္တော၊ ဘာဝနာ၌ မမေ့မလျော့သည်ဖြစ်၍။
အာတာပီ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍။
ပဟိတတ္တော၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်၏ အဖြစ်ကြောင့် ကိုယ် အသက်၌ ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍။
ဝိဟရေယျံ၊ နေပါအံ့။ ဣတိ၊ ဤသို့။ အဝေါစ၊ နားတော်လျှောက်၏။
ရာဓ၊ ရာဓ။
ယောဓမ္မော၊ အကြင် တရားသည်။ မာရော၊ သေတတ်၏။
တတြ၊ ထိုသေတတ်သောတရား၌။ တေ-တယာ၊ သင်သည်။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂကို။ ပဟာတဗ္ဗော၊ ပယ်အပ်၏။
ရာဓ၊ ရာဓ။ ကောစ၊ အဘယ်မည်သော တရားသည်လျှင်။ မာရော၊ သေသနည်း။
ရာဓ၊ ရာမ။ ရူပံ၊ ရူပက္ခန္ဓာသည်။ မာရော၊ သေ၏။
တတြ၊ ထိုသေတတ်သော ရူပက္ခန္ဓာ၌။ တေ-တယာ၊ သင်သည်။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂကို။ ပဟာတဗ္ဗော၊ ပယ်အပ်၏။
ဝေဒနာ၊ ဝေဒနာက္ခန္ဓာသည်။ မာရော၊ သေ၏။
တတြ၊ ထို သေတတ်သော ဝေဒနာက္ခန္ဓာ၌။ တေ-တယာ၊ သင်သည်။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂကို။ ပဟာတဗ္ဗော၊ ပယ်အပ်၏။
သညာ၊ သညာက္ခန္ဓာသည်။ မာရော၊ သေ၏။
တတြ၊ ထိုသေတတ်သောသညာက္ခန္ဓာ၌။ တေ-တယာ၊ သင်သည်။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂကို။ ပဟာတဗ္ဗော၊ ပယ်အပ်၏။
သင်္ခါရာ၊ သင်္ခါရက္ခန္ဓာတို့သည်။ မာရာ၊ သေကုန်၏။
တတြ၊ ထိုသေတတ်သော သင်္ခါရက္ခန္ဓာ၌။ တေ-တယာ၊ သင်သည်။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂကို။ ပဟာတဗ္ဗော၊ ပယ်အပ်၏။
ဝိညာဏ်၊ ဝိညာဏက္ခန္ဓာသည်။ မာရော၊ သေ၏။
တတြ၊ ထိုသေတတ်သော ဝိညာဏက္ခန္ဓာ၌။ တေ-တယာ၊ သင်သည်။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂကို။ ပဟာတဗ္ဗော၊ ပယ်အပ်၏။
ရာဓ၊ ရာဓ။ ယော ဓမ္မော၊ အကြင်တရားသည်။ မာရော၊ သေတတ်၏။
တတြ၊ ထိုသေတတ်သော တရား၌။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂကို။ ပဟာတဗ္ဗော၊ ပယ်အပ်၏။
ရာမ၊ ရာဓ။ ဣတိဧဝံ၊ ဤသို့။ ပဿံ-ပဿန္တော၊ ရှူသော။
သုတဝါ၊ အကြားအမြင် ရှိသော။ အရိယသာဝကော၊ အရိယာတပည့်သည်။
ရူပသ္မိံပိ၊ ရူပက္ခန္ဓာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဝေဒနာယပိ၊ ဝေဒနာက္ခန္ဓာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
သညာယပိ၊ သညာက္ခန္ဓာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
သင်္ခါရေသုပိ၊ သင်္ခါရက္ခန္ဓာတို့၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဝိညာဏသ္မိံပိ၊ ဝိညာဏက္ခန္ဓာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
နိဗ္ဗိန္ဒံ- နိဗ္ဗိန္ဒန္တော၊ ငြီးငွေ့သည်ဖြစ်၍။ ဝိရဇ္ဇတိ၊ တပ်ခြင်းကင်း၏။
ဝိရာဂါ၊ တပ်ခြင်းကင်းသောကြောင့်။ ဝိမုစ္စတိ၊ ကိလေသာမှလွတ်၏။
ဝိမုတ္တသ္မိံ ၊ ကိလေသာမှ လွတ်ရာဖြစ်သော အရဟတ္တဖိုလ်၌။
ဝိမုတ္တော၊ ကိလေသာမှ လွတ်သည်။ အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ဉာဏံ၊ ပစ္စဝေက္ခဏာဉာဏ်သည်။ ဟောတိ၊ ဖြစ်၏။
ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။ ခီဏာ၊ ကုန်ပြီ။
ဗြဟ္မစရိယံ၊ မဂ်-တည်းဟူသော မြတ်သော အကျင့်ကို။ ဝုသိတံ၊ သုံးအပ်ပြီ။
ကရဏီယံ၊ ပြုဘွယ်ကိစ္စကို။ ကတံ၊ ပြုအပ်၏။
ဣတ္ထတ္တာယ၊ တဆယ့်ခြောက်ပါးသော မဂ်ကိစ္စအလို့ငှါ။ အပရံ၊ အလွန်။
န၊ မရှိပြီ။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ သိ၏။
ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အဝေါစ၊ မိန့်တော်မူ၏။
ရာဓ ရဟန္တာအရှင်မြတ်က တရားဟောရန် တောင်းပန်ခြင်း
ရာဓ အမည်ရှိသော ရဟန်းသည် မြတ်စွာဘုရား၏ သားတော်ဖြစ်သော အာသဝေါ ကုန်ပြီးသော ရဟန္တာအရှင်မြတ်သည် ဒုက္ခသစ္စာ အစရှိသော လေးပါးသော တရားတို့ကို မဖောက်မပြန် ဟုတ်မှန်သည့် အတိုင်း မဂ်လေးတန်ဖြင့် သိပြီးဖြစ်၍ မဂ်ကိစ္စ အကျိုးငှါ ပြုဘွယ်ကိစ္စ မရှိ၊
ထိုသို့ပင် မရှိသော်လည်း နောင်လာလူအပေါင်းတို့အား သနားတော်မူသည်ဖြစ်၍ ထိုသတ္တဝါအပေါင်းတို့၏ လောကီအကျိုး, လောကုတ္တရာ အကျိုးစီးပွါး များစိမ့်သောငှာ -
သာဓု မေ ဘန္တေ ဘဂဝါ၊ သံခိတ္တေန ဓမ္မံ ဒေသေတု၊ ယမဟံ ဘဂဝတာ ဓမ္မံ သုတွာ၊ ဧကော ဝူပကဋ္ဌော အပ္ပမတ္တောအာတာပီ ပဟိတတ္တော ဝိဟရေယျံ။
ဟူသောပါဌ်ဖြင့် ဘုန်းတော်ကြီးလှသော ခပ်သိမ်းသော တရားအပေါင်းတို့၏ အရှင်ဖြစ်တော်မူသော မြတ်စွာဘုရားအား လျှောက်ထား တောင်းပန်သတည်း။
တောင်းပန်ခြင်းပါဋ္ဌ် အဓိပ္ပါယ်
ဘုန်းတော်ကြီးလှသော အရှင်ဘုရား … အကျွန်ုပ်သည် ရိုသေစွာ တောင်းပန်ပါ၏၊ ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တ-တည်းဟူသော ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော အရှင်ဘုရားသည် ဟောတော်မူပါလော့-ဟု တောင်းပန်တိုက်တွန်း သတည်း။
ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္ထော ဝိဟရေယျံ - ဟူသောပါဌ်ဖြင့် အလွန်ဆင်းရဲသော မဟာဒုက္ခိတ တို့သည် ကြီးစွာသော ရွှေအိုး, ငွေအိုးတို့ကို ရသဖြင့်“ငါတို့သည်ကား ဆင်းရဲပျောက်၍ ချမ်းသာကို ရပေတော့မည်”ဟု အလွန်ဝမ်းမြောက်သဖြင့် “ထို ရွှေ ငွေတို့ကို အကျိုးမရှိသော အရာတို့၌ မသုံးစွဲပါ၊ ရိုသေကောင်းမွန်စွာ စောင့်ရှောက် ပါအံ့၊ အကျိုးရှိသော အရာတို့၌သာ သုံးစွဲပါအံ့” ဟု ဝန်ခံသကဲ့သို့ အရှင်ဘုရား ဟောတော်မူအပ်သော တရားကို နာပြီး၍ တယောက် အထီးတည်း ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်သည်ဖြစ်၍ ဣရိယာပုထ်လေးပါး၌ မမေ့မလျော့သည်ဖြစ်၍ ရာဂအစရှိသော ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်၏အဖြစ်ကြောင့် ကိုယ်၌လည်းကောင်း၊ အသက်၌ လည်းကောင်း ငဲ့ကွက်ခြင်းမရှိသည် ဖြစ်၍ နေပါအံ့-ဟု တင်းတင်းကြပ်ကြပ် ဝန်ခံတော်မူသတည်း၊ စစ်မြေပြင်အရပ်၌ သူရဲကောင်းတို့၏ ဦးခေါင်းကိုယူအံ့-ဟု ဝန်ခံသကဲ့သို့ ရဲရဲဝံ့ဝံ့ တန့်တန့်စားစား လျှောက်ထားတော်မူသတည်း။
ဤသို့ လျှောက်ထားခြင်းသည်ကား မဟာခီဏာသဝဖြစ်သော အရှင်မြတ်ဖြစ်၍ မိမိအကျိုးမဟုတ်၊ နောင်လာလူအပေါင်းတို့၏ အကျိုး စီးပွါးအလို့ငှါဟု မှတ်အပ်၏၊ လောကသုံးပါး၌ မြတ်စွာဘုရားသည်ကား ရှေးဦးစွာသော လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ချမ်းသာကို အခါခပ်သိမ်း ကြိုးကြိုးပမ်းပမ်း ကြီးစွာသော အားထုတ်ခြင်း လုံ့လဖြင့် ရှာတော်မူသော ကလျာဏမိတ္တတည်း၊
ထို့နောင် မြတ်စွာဘုရား၏ နည်းဥပဒေသကိုရသော ရဟန္တာတည်း၊ အနာဂါမ် တည်း၊ သကဒါဂါမ်တည်း၊ သောတာပန်တည်း၊ ထို့နောင် အင်္ဂါခုနစ်ပါးနှင့်ပြည့်စုံသော ပုထုဇ္ဇန ကလျာဏတည်း၊ ဤသို့ ဆိုအပ်ပြီးသော ဘုရားအစရှိသော ကလျာဏမိတ္တ ကိုရကုန်သော တွေ့ကုန်သော ကြုံကြိုက်ကုန်သော သူတော်ကောင်းတို့သည် မဟာဒုက္ခိတဖြစ်သော အလွန်ဆင်းရဲပင်ပန်းသော သူတို့သည် စွန့်ကြဲပေးကမ်း ခြင်းနှင့် ပြည့်စုံသော ပေးကမ်း၍မကုန်နိုင်သော သူဌေးကြီးကိုတွေ့သဖြင့် အကျွန်ုပ် တို့အား အဝတ်ပေးပါလော့၊ အားပေးပါလော့၊ ဥစ္စာ, ရွှေ, ငွေပေးပါလော့-ဟု တောင်းပန်သကဲ့သို့ တရားတော်ကို ဟောတော်မူပါလော့ ဟု တောင်းပန်စေလို သတည်း။
တောင်းပန်ပြီး၍ ဆင်းရဲအပေါင်းတို့ ကင်းငြိမ်းရာ မဟာအမတ အမည်ရှိသော ပြည်ကြီးသို့ ရောက်ကြောင်းဖြစ်သော ဧကော ဂူပကဋ္ဌော-ဟူ၍ လည်းကောင်း။ အပ္ပမတ္တော-ဟူ၍လည်းကောင်း၊ အာတာပီ-ဟူ၍လည်းကောင်း၊ ပဟိတတ္တော-ဟူ၍လည်းကောင်း၊ တင်းတင်းကြပ်ကြပ် ဝံ့ဝံ့စားစား ဝန်ခံစေလိုသတည်း။
ဝရဒေါ-ဟူသောဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်လည်း ကာယိက သုခ, စေတသိကသုခကို မရကုန်သော လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့အား တရားတော်တည်းဟူသော အမြိုက်ရေဖြင့်ချမ်းအေးစိမ့်သောငှါ ဓမ္မာဘိသေကကို သွန်းလောင်း တော်မူလိုသည်ဖြစ်၍ -
ရူပံ ရာဓ မာရော၊ ဝေဒနာမာရော၊ သညာမာရော၊ သင်္ခါရာ မာရာ၊ ဝိညာဏံ မာရော -ဟု အဘိသိက် သွန်းလောင်းတော်မူသတည်း။
အဓိပ္ပါယ်
ရာဓ …
ရူပက္ခန္ဓာသည် သေ၏၊
ဝေဒနာက္ခန္ဓာသည် သေ၏။
သညာက္ခန္ဓာသည် သေ၏၊
သင်္ခါရက္ခန္ဓာသည် သေ၏၊
ဝိညာဏက္ခန္ဓာ သည် သေ၏၊
ဤကား အဓိပ္ပါယ်တည်း။
ဤကား အဖန်တလဲလဲ ရှုအပ်သောတရားကို ပြတော်မူခြင်းတည်း။
ဤသို့ မရဏဓမ္မဖြစ်သော ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ-ဟူသော ခန္ဓာငါးပါး ရုပ်တရား နာမ် တရားတို့၌ တပ်ခြင်းဆန္ဒရာဂကို မဖြစ်စိမ့်သောငှါ တတြ တေ ဆန္ဒော ပဟာတဗ္ဗော - ဟုဟောတော်မူသတည်း၊
သဘာဝဓမ္မအားဖြင့် ချေးငှါးသော အခိုက်အတန့်ဖြစ်သော ဥစ္စာပစ္စည်းတို့၌ တပ်နှစ်သက်ဘွယ် မရှိသကဲ့သို့ ဇာတိသဘောဖြစ် ပြီး၍ အခိုက်အတန့်မျှ တည်၍ မရဏသဘောသို့ ရောက်သော ဤခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ဆန္ဒရာဂကို မဖြစ်အပ်၊ မဖြစ်ရာ၊ဖြစ်ခြင်းငှာ မထိုက်-ဟူလိုသတည်း။
ဤသို့ မရဏ, မရဏ-ဟု အဖန်တလဲလဲ ရှူသော ယောဂီပုဂ္ဂိုလ် ၏အကျိုးကို ပြတော်မူလို၍ ဧဝံ ပဿံ ရာဓ အရိယသာဝကော - အစ ရှိသည်ကို ဟောတော်မူသတည်း။
- ဤသို့ မရဏ,မရဏ-ဟုရှုသော အရိယာသာဝကသည် သေတတ်သော ရူပက္ခန္ဓာအစရှိသည်၌ ငြီးငွေ့သောအကျိုး၊
- ဤသို့ ငြီးငွေ့သော ယောဂါဝစရပုဂ္ဂိုလ်သည် မရဏဓမ္မဖြစ်သော ခန္ဓာငါးပါး၌ တပ်ခြင်းကင်းသောအကျိုး၊
- ဤသို့ ဆန္ဒရာဂ ကင်းသော ယောဂီပုဂ္ဂိုလ်သည် ရာဂအစရှိသော ကိလေတို့မှ လွတ်သောအကျိုး၊
- ကိလေသာမှ လွတ်ရာဖြစ်သော အရဟတ္တဖိုလ်၌ ကိလေသာမှလွတ်ပြီဟု ပစ္စဝေက္ခဏာဉာဏ်ကို ရသောအကျိုး၊
- ခီဏာဇာတိ-ဟူသောအကျိုး၊
- ခီဏာဇရာ-ဟူသောအကျိုး၊
- ခီဏာမရဏ-ဟူသောအကျိုး၊
- အသောက-ဟူသောအကျိုး၊
- နိဒုက္ခ-ဟူသောအကျိုး၊
- အဒေါမနဿ-ဟူသောအကျိုး၊
- အနုပါယာသ-ဟူသောအကျိုး၊
- ဝုသိတဗြဟ္မစရိယ-ဟူသောအကျိုး၊
- ကတံကရဏီယံ-ဟူသော အကျိုး၊
- နာပရံ ဣတ္ထတ္တာယာတိ-ဟူသော အကျိုး -
တို့နှင့်ပြည့်စုံသည်၏ အဖြစ်ကို ပြတော်မူသတည်း။
ချိုမြိန်သော မွန်မြတ်သော အရသာဩဇာနှင့်ပြည့်စုံသော အသီးကိုတောင့်တသော သူတို့သည် ကောင်းမြတ်သော မျိုးစေ့ကို ကောင်းသော မြေ၌ချ၍ ချမ်းအေးသော ရေဖြင့် အခါမပြတ် သွန်းလောင်းသဖြင့် ထိုသစ်ပင်သည် ကြီးရင့်ခြင်းသို့ ရောက်သဖြင့် မိမိအလိုရှိသော တောင့်တအပ်သော သစ်သီး၏အရသာကို သုံးဆောင် စားရသကဲ့သို့ နိဗ္ဗိန္ဒ, ဝိရာဂ, ဝိမုတ္တ, ခီဏာ, ဇာတိ အစရှိသော အကျိုးထူး, အကျိုးမြတ်ကို တောင့်တကုန်သော ငြိမ်သက် တည်ကြည်သော နှလုံးရှိသော သူတော်ကောင်း တို့သည် ရူပံ ရာဓ မာရော-အစရှိသဖြင့် ဟောတော်မူသော တရားတော်မြတ်ကို အဖန်တလဲလဲ ပွါးများခြင်း၊ နှလုံးသွင်း ခြင်းကိုပြုပြီး၍ နိမ္ဗိန္ဒ, ဝိရာဂ, ဝိမုတ္တ, ခီဏာဇာတိ အစရှိသော ဘုရား ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ မှီဝဲသုံးဆောင်တော်မူသော အကျိုးထူး အကျိုးမြတ်တို့ကို သုံးဆောင်မှီဝဲရကုန်၏၊ သုံးဆောင်မှီဝဲခြင်းငှါ ထိုက်ကုန်၏-ဟူလိုသတည်း။
အမြဲသုံးသပ်အပ်သော အဘိဏှသုတ်
ဥဒ္ဒေသ ပါဠိ
ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ၊ ကတမာနိ ပဉ္စ။
- ဇရာဓမ္မော မှိ၊ ဇရံ အနတိတော တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
- ဗျာဓိဓမ္မော မှိ၊ ဗျာဓိံ အနတိတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
- မရဏဓမ္မော မှိ၊ မရဏံ အနတိတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
- သဗ္ဗေဟိ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ တိ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
- ကမ္မသကာ မှီ, ကမ္မဒါယာဒေါ, ကမ္မယောနိ ကမ္မဗန္ဓု, ကမ္မပဋိဿရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံဝါ ပါပကံဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမီ တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
နိဒ္ဒေသပါဠိ
၁။ ကိဉ္စ ဘိက္ခဝေ အတ္ထဝသံ ပဋိစ္စ ဇရာဓမ္မော မှိ၊ ဇရံ အနတိတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ၊ အတ္ထိ ဘိက္ခဝေ သတ္တာနံ ယောဗ္ဗန္နေ ယောဗ္ဗန္နမဒေါ၊ ယေန မဒေန မဒ္ဒါ ကာယေန ဒုစ္စရိတံ စရန္တိ၊ ဝါစာယ ဒုစ္စရိတံ စရန္တိ၊ မနသာ ဒုစ္စရိတံ စရန္တိ၊ တဿ တံ ဌာနံ အဘိဏှံ ပစ္စဝေက္ခတော ယောဗ္ဗန္နေ ယောဗ္ဗန္ဒမဒေါ၊ သော သဗ္ဗသော ဝါ ပဟီယတိ၊ တနုဝါ ပန ဟောတိ၊ ဣဒံခေါ ဘိက္ခဝေ အတ္တဝသံ ပဋိစ္စ ဇရာဓမ္မော မှိ၊ ဇရံ အနတိတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
၂။ ကိဉ္စ ဘိက္ခဝေ အတ္ထဝသံ ပဋိစ္စ ဗျာဓိဓမ္မော မှိ၊ ဗျာဓိံ အနတိတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ၊ အတ္ထိ ဘိက္ခဝေ သတ္တာနံ အာရောဂျေ အာရောဂျမဒေါ၊ ယေန မဒေန မဒ္ဒါ ကာယေန ဒုစ္စရိတံ စရန္တိ၊ ဝါစာယ ဒုစ္စရိတံ စရန္တိ၊ မနသာ ဒုစ္စရိတံ စရန္တိ၊ တဿ တံ ဌာနံ အဘိဏှံ ပစ္စဝေက္ခဏတော ယော အာရောဂျေ အာရောဂျမဒေါ၊ သော သဗ္ဗသော ဝါ ပဟီယတိ၊ တနုဝါ ပန ဟောတိ၊ ဣဒံခေါ ဘိက္ခဝေ အတ္ထဝသံ ပဋိစ္စ ဗျာဓိဓမ္မော မှီ၊ ဗျာဓိံ အနတိတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
၃။ ကိဉ္စ ဘိက္ခဝေ အတ္ထဝသံ ပဋိစ္စ မရဏဓမ္မော မှိ၊ မရဏံ အနတိတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ၊ အတ္ထိ ဘိက္ခဝေ သတ္တာနံ ဇီဝိတေ ဝိတမဒေါ၊ ယေန မဒေန မဒ္ဒါ ကာယေန ဒုစ္စရိတံ စရန္တိ၊ ဝါစာယ ဒုစ္စရိတံ စရန္တိ၊ မနသာ ဒုစ္စရိတံ စရန္တိ၊ တဿ တံ ဌာနံ အဘိဏှံ ပစ္စဝေက္ခတော ယော ဇီဝိတေ ဇီဝိတမဒေါ၊ သော သဗ္ဗသော ဝါ ပဟီယတိ၊ တနုဝါ ပန ဟောတိ၊ ဣဒံ ခေါ ဘိက္ခဝေ အတ္ထဝသံ ပဋိစ္စ မရဏဓမ္မော မှိ၊ မရဏံ အနတိတောတိ အဘိဏှံ ပစ္စဝေက္ခိတဗွံ၊ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
၄။ ကိဉ္စ ဘိက္ခဝေ အတ္ထဝသံ ပဋိစ္စ သဗ္ဗေဟိ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ၊ အတ္ထိ ဘိက္ခဝေ သတ္တာနံ ပိယေသု ဆန္ဒရာဂေါ၊ သော သဗ္ဗသော ဝါ ပဟီယတိ၊ တနုဝါ ပန ဟောတိ၊ ဣဒံခေါ ဘိက္ခဝေ အတ္ထဝသံ ပဋိစ္စ သဗ္ဗေဟိ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
၅။ ကထဉ္စ ဘိက္ခဝေ အတ္ထဝသံ ပဋိစ္စ ကမ္မသကောမှီ, ကမ္မဒါယာဒေါ, ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိဿရဏော၊ ယံကမ္မံ ကရိဿာမိ ကလျာဏံဝါ ပါပကံဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမီ တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ အတ္တိ ဘိက္ခဝေ သတ္တာနံ ကာယဒုစ္စရိတံ ဝစီဒုစ္စရိတံ မနောဒုစ္စရိတံ၊ တဿ တံဌာနံ ပစ္စဝေက္ခတော သဗ္ဗသောဝါ ဒုစ္စရိတံ ပဟီယတိ၊ တနုဝါပန ဟောတိ၊ ဣဒံ ခေါ ဘိက္ခဝေ အတ္ထဝသံ ပဋိစ္စ ကမ္မသကောမှိ၊ ဘိက္ခဝေ ကမ္မ ဒါယာဒေါ, ကမ္မယောနိ, ကမ္မဗန္ဓု ကမ္မပဋိဿရဏော၊ ယံကမ္မံ ကရိဿာမိ ကလျာဏီဝါ ပါပကံ ဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမီ တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
ပဋိနိဒ္ဒေသပါဠိ
၁။ သစေ ဘိက္ခဝေ အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ၊ “နခေါ အဟဉ္စေဝေကော ဇရာဓမ္မော၊ ဇရံ အနတိတော၊ အထခေါ ယာဝတာ သတ္တာ အာဂတိ ဂတိစုတိဥပပတ္တိသဗ္ဗေသတ္တာ ဇရာဓမ္မာ၊ ဇရံ အနတိတောတိ”တဿ တံဌာနံ အဘိဏှံ ပစ္စဝေက္ခတော မဂ္ဂေါ သဉ္စာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီ ကရောတိ၊ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သညောဇနာ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၂။ “န ခေါ အဟဉ္စေဝေကော ဗျာဓိဓေမ္မာ ဗျာဓိံ အနတိတော၊ အထ ခေါ ယာဝတာ သတ္တာ အာဂတိ ဂတိ စုတိ ဥပပတ္တိ သဗ္ဗေသတ္တာ ဗျာဓိဓမ္မာ ဗျာဓိံ အနတိတောတိ”၊ တဿ တံဌာနံ အဘိဏှံ ပစ္စဝေက္ခတော မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ၊ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သညောဇနာ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၃။ “န ခေါ အဟဉ္စေဝေကော မရဏဓမ္မော မရဏံ အနတိတော၊ အထ ခေါ ယာဝတာ သတ္တာ အာဂတိ ဂတိ စုတိ ဥပပတ္တိ၊ သဗ္ဗေ သတ္တာ မရဏဓမ္မာ အနတိတော ”တိ တဿ တံ ဌာနံ အဘိဏှံ ပစ္စဝေက္ခတော မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီ ကရောတိ၊ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သညောဇနာ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၄။ “န ခေါ မယှေဝေကဿ သဗ္ဗေဟိ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါတိ အထ ခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ၊ သဗ္ဗေ သတ္တာ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ”တိ တဿ တံဌာနံ အဘိဏှံ ပစ္စဝေက္ခတော မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတော ဘာဝေတိ ဗဟုလီကရောတိ၊ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သညော ဇနာ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၅။ “န ခေါ အဟဉ္စေဝေကော ကမ္မသကော မှိ, ကမ္မဒါယာဒေါ, ကမ္မယောနိ ကမ္မဗန္ဓု, ကမ္မပဋိဿရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံဝါ ပါပကံဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမိ၊ အထ ခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ သဗ္ဗေ သတ္တာ ကမ္မသကာ, ကမ္မဒါယာဒါ, ကမ္မယောနိ, ကမ္မဗန္ဓု, ကမ္မပဋိဿရဏော၊ ယံ ကမ္မံ ကရိဿန္တိ ကလျာဏံဝါ ပါပကံဝါ၊ တဿ ဒါယာဒေါ ဘဝိဿန္တိ၊ အနုသယာ ဗျန္တီ ဟောန္တီ တိ။
အဘိဏှသုတ် ဥဒ္ဒေသအနက်
ဘိက္ခဝေ၊ သံသရာဘေးကိုကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့။ ပဉ္စ၊ ငါးပါးကုန်သော။ ဣမာနိဌာနာနိ၊ ဤအကြောင်း တရားတို့ကို။ ဣတ္ထိယာဝါ၊ မိန်းမသည် လည်းကောင်း။ပုရိသေနဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဋ္ဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေနဝါ၊ ရဟန်းသည် လည်းကောင်း။ အဘိဏှံ၊ နေ့ညဉ့် မပြတ်။ ပစ္စဝေက္ခိတဗ္ဗာနိ၊ နှုတ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း အောက်မေ့ဆင်ခြင် အပ်ကုန်၏။
ကတမာနိပဉ္စ၊ အဘယ်ငါးပါးသော အရာတို့ကို။ ဣတ္ထိယာဝါ၊ မိန်းမသည် လည်းကောင်း။ပုရိသေနဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဋ္ဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေနဝါ၊ ရဟန်းသည် လည်းကောင်း၊ အဘိဏှံ၊ နေ့, ညဉ့် မပြတ်။ ပစ္စဝေက္ခိတဗ္ဗာနိ၊ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အောက်မေ့ဆင်ခြင် အပ်ကုန်သနည်း။
၁။ ဇရာဓမ္မော၊ အိုတတ်သော သဘောတရားသည်။ အမှိ၊ ဖြစ်တတ်၏။ တံဇရံ၊ ထိုအိုခြင်းသဘောတရားကို။ အဟံ၊ ငါသည်။ အနတိတော၊ မလွန်နိုင်ချေတကား။ ဣတိ ဤသို့။ ဣတ္ထိယာဝါ၊ မိန်းမသည် လည်းကောင်း။ပုရိသေနဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဋ္ဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေနဝါ၊ ရဟန်းသည် လည်းကောင်း၊ အဘိဏှံ၊ နေ့, ညဉ့် မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း ဆင်ခြင်အောက်မေ့ အပ်၏။
၂။ ဗျာဓိဓမ္မော၊ နာတတ်သော သဘောတရားသည်။ အမှိ၊ ဖြစ်တတ်၏။ တံဗျာဓိ၊ ထိုနာခြင်း သဘောတရားကို။ အဟံ၊ ငါသည်။ အနတိတော၊ မလွန်နိုင်ချေတကား။ ဣတိ ဤသို့။ ဣတ္ထိယာဝါ၊ မိန်းမသည် လည်းကောင်း။ပုရိသေနဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဋ္ဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေနဝါ၊ ရဟန်းသည် လည်းကောင်း၊ အဘိဏှံ၊ နေ့, ညဉ့် မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း ဆင်ခြင်အောက်မေ့ အပ်၏။
၃။ မရဏဓမ္မော၊ သေတတ်သော သဘောတရားသည်။ အမှိ၊ ဖြစ်တတ်၏။ တံမရဏံ၊ ထိုသေတတ်သော သဘောတရားကို။ အဟံ၊ ငါသည်။ အနတိတော၊ မလွန်နိုင်ချေတကား။ ဣတိ ဤသို့။ ဣတ္ထိယာဝါ၊ မိန်းမသည် လည်းကောင်း။ပုရိသေနဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဋ္ဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေနဝါ၊ ရဟန်းသည် လည်းကောင်း၊ အဘိဏှံ၊ နေ့, ညဉ့် မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း ဆင်ခြင်အောက်မေ့ အပ်၏။
၄။ မေ၊ ငါ၏။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ပိယေဟိ၊ ချစ်အပ်ကုန်သော။ မနာပေဟိ၊ နှလုံးကို ပွါးစေတတ်ကုန်သော သူတို့နှင့်။ နာနာဘာဝေါ၊ အရပ်တပါး သွားသဖြင့် ကွေကွင်းရခြင်းသည် လည်းကောင်း။ ဝိနာဘာဝေါ၊ ခန္ဓာပျက်သဖြင့် ကွေကွင်းရခြင်းသည် လည်းကောင်း။ အမှိ၊ ဖြစ်တတ်၏။ တံသဘာဝံ၊ ထိုကွေကွင်းခြင်း သဘောတရားကို။ အဟံ၊ ငါသည်။ အနတိတော၊ မလွန်နိုင်ချေတကား။ ဣတိ ဤသို့။ ဣတ္ထိယာဝါ၊ မိန်းမသည် လည်းကောင်း။ပုရိသေနဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဋ္ဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေနဝါ၊ ရဟန်းသည် လည်းကောင်း၊ အဘိဏှံ၊ နေ့, ညဉ့် မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း ဆင်ခြင်အောက်မေ့ အပ်၏။
၅။ ကမ္မသကော၊ ကံသာလျှင်ဥစ္စာရှိသည်။ အမှိ၊ ဖြစ်၏။ ကမ္မဒါယာဒေါ၊ ကံ၏အမွေကိုခံရသည်။ အမှိ၊ ဖြစ်၏။ ကမ္မဿာနိ၊ ကံသာလျှင် အမျိုးရှိသည်။ အမှိ၊ ဖြစ်၏။ ကမ္မဗန္ဓု၊ ကံသာလျှင် အဆွေရှိသည်။ အမှိ၊ ဖြစ်၏။ ကမ္မပဋိဿရဏော၊ ကံသာလျှင် ကိုးကွယ်ရာရှိသည်။ အမှိ၊ ဖြစ်၏။ ကလျာဏီဝါ၊ ကုသိုလ်လည်းဖြစ်သော။ ပါပကံ၊ အကုသိုလ်လည်းဖြစ်သော။ ယံကမ္မံ၊ အကြင်ကံကို။ ကရိဿာမိ၊ ပြုအံ့။ တဿကမ္မဿ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံ၏။ ဒါယာဒေါ၊ အမွေခံခြင်းသည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ ဣတိ ဤသို့။ ဣတ္ထိယာဝါ၊ မိန်းမသည် လည်းကောင်း။ပုရိသေနဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဋ္ဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေနဝါ၊ ရဟန်းသည် လည်းကောင်း၊ အဘိဏှံ၊ နေ့, ညဉ့် မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း ဆင်ခြင်အောက်မေ့ အပ်၏။
အဘိဏှသုတ် နိဒ္ဒေသအနက်
၁။ ဘိက္ခဝေ၊ သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့။ ကိဉ္စ၊ အဘယ်မည်သာ။ အတ္တဝသံ၊ မချွတ်မယွင်း ရလတ္တံ့သောအကျိုးကို။ ပဋိစ္စ၊ စွဲ၍။ ဇရာဓမ္မာ၊ အိုတတ်သော သဘောတရားသည်။ အမှိ၊ ဖြစ်တတ်၏။ တံဇရံ၊ ထိုအိုတတ်သော သဘောတရားကို။ အဟံ၊ ငါသည်။ အနတိတော၊ မလွန်နိုင်ချေတကား။ ဣတိ ဤသို့။ ဣတ္ထိယာဝါ၊ မိန်းမသည် လည်းကောင်း။ပုရိသေနဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဋ္ဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေနဝါ၊ ရဟန်းသည် လည်းကောင်း၊ အဘိဏှံ၊ နေ့, ညဉ့် မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း ဆင်ခြင်အောက်မေ့ အပ်သနည်း။
ဘိက္ခဝေ၊ သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့။ သတ္တာနံ၊ သတ္တဝါတို့အား။ ယောဗ္ဗန္နေ၊ အရွယ်နှင့် ပြည့်စုံခြင်းကြောင့်။ ယောဗ္ဗန္နမဒေါ၊ အရွယ်အားဖြင့် မာန်ယစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ယေနမဒေန၊ အကြင်မာန်ယစ်ခြင်းဖြင့်။ မဒ္ဒါ။ ယစ်ကုန်သောသတ္တဝါတို့သည်။ ကာယေန၊ ကိုယ်ဖြင့်။ ဒုစ္စရိတံ၊ ကာယ ဒုစရိုက်သုံးပါးကို။ စရန္တိ၊ ကျင့်ကြကုန်၏။ ဝါစာယ၊ နှုတ်ဖြင့်။ ဒုစ္စရိတံ၊ ဝစီဒုစရိုက်လေးပါးကို။ စရန္တိ၊ ကျင့်ကြကုန်၏။ မနသာ၊ စိတ်ဖြင့်။ ဒုစ္စရိတံ၊ မနောဒုစရိုက် သုံးပါးကို။ စရန္တိ၊ကျင့်ကြကုန်၏။ တံဌာနံ၊ ထိုအိုခြင်းတည်း ဟူသော အရာကို။ အဘိဏှံ၊ နေ့ညဉ့် မပြတ်။ ပစ္စဝေက္ခတော၊ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း ဆင်ခြင်သော။ တဿ၊ ထိုသူတော်ကောင်းအား။ ယောဗ္ဗန္နေ၊ အရွယ်နှင့်ပြည့်စုံခြင်းကြောင့်။ ယောယောဗ္ဗန္နမဒေါ၊ အကြင်အရွယ်အားဖြင့် မာန်ယစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ သော ယောဗ္ဗန္နမဒေါ၊ ထိုအရွယ်အားဖြင့် မာန်ယစ်ခြင်းသည်။ သဗ္ဗသောဝါ၊ အချင်းခပ်သိမ်းလည်း။ ဝါ၊ အကြွင်းမဲ့လည်း။ ပဟီယတိ၊ ကင်း၏။ ဝါ၊ ပျောက်၏။ ပန၊ အကြွင်းမဲ့ မပယ်နိုင်သည်ရှိသော်။ တနုဝါ၊ နည်းပါးသည်လည်း။ ဟောတိ ဖြစ်၏။
ဘိက္ခဝေ၊ သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့။ ဣဒံအတ္ထဝသံ၊ ဤ မချွတ်မယွင်း ရလတ္တံ့သော အကျိုးကို။ ပဋိစ္စ၊ စွဲ၍။ ဇရာဓမ္မော၊ အိုတတ်သော သဘောတရားသည်။ အမှိ၊ ဖြစ်တတ်၏။ တံဇရံ၊ ထိုအိုတတ်သော သဘောတရားကို။ အဟံ၊ ငါသည်။ အနတိတော၊ မလွန်နိုင်ချေတကား။ ဣတိ ဤသို့။ ဣတ္ထိယာဝါ၊ မိန်းမသည် လည်းကောင်း။ပုရိသေနဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဋ္ဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေနဝါ၊ ရဟန်းသည် လည်းကောင်း၊ အဘိဏှံ၊ နေ့, ညဉ့် မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း ဆင်ခြင်အောက်မေ့ အပ်၏။
(စာသားရှည်လွန်းသဖြင့် အဓိပ္ပါယ်များကို အတိုချုံး၍ပြသလိုက်ပါမည်။ နိဒ္ဒေသအနက် အပြည့်အစုံကို လိုချင်ပါက ပြောနိုင်ပါသည်။)
၂။ အနာကင်းခြင်းကြောင့် မာန်ယစ်ခြင်းကို ဖယ်ရှားနိုင်ရန် နာခြင်းသဘောကို အဖန်ဖန်ရှုဖို့ လိုကြောင်းပြထားပါသည်။
၃။ အသက်ရှည်ခြင်းကြောင့် မာန်ယစ်ခြင်းကို ဖယ်ရှားနိုင်ရန် သေခြင်းသဘောကို အဖန်ဖန်ရှုဖို့ လိုကြောင်းပြထားပါသည်။
၄။ ချစ်အပ်သောသူတို့၌ တွယ်တာသော ဆန္ဒရာဂကို ဖယ်ရှားနိုင်ရန် ခွဲခွာရခြင်းသဘောကို အဖန်ဖန်ရှုဖို့ လိုကြောင်းပြထားပါသည်။
၅။ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဖြစ်ကြောင်း အဖန်ဖန်ရှုဆင်ခြင်ခြင်းဖြင့် မကောင်းမှု (ဒုစရိုက်) များကို ဖယ်ရှားပြီး ကုသိုလ်ကောင်းမှု (ကလျာဏကံ) ကို ပြုနိုင်ရန် အကျိုးရှိကြောင်း ပြထားပါသည်။
အဘိဏှသုတ် ပဋိနိဒ္ဒေသ အနက်
▬▬▬▬▬▬▬▬▬▬▬▬
၁။ ဘိက္ခဝေ၊ သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သား ရဟန်းများတို့။
သော အရိယသာဝကော၊ ထို အရိယသာဝက တပည့်သည်။
ဣတိ၊ ဤသို့။
သစေပဋိသဉ္စိက္ခတိ၊ အကယ်၍ ဆင်ခြင်သည်ဖြစ်အံ့။
ခေါဧကန္တေန၊ စင်စစ်အားဖြင့်။
ဧကော၊ တယောက်သော။
အဟဉ္စေဝ၊ ငါသည်သာလျှင်။
ဇရာဓမ္မော၊ အိုတတ်သော သဘောတရားသည်။
နအမှိ၊ မဖြစ်။
အဟဉ္စေဝ၊ ငါသည်သာလျှင်။
တံဇရံ၊ ထို အိုတတ်သော သဘောတရားကို။
အနတိတော၊ မလွန်နိုင်သည်။
နအမှိ၊ မဖြစ်။
အထခေါ၊ စင်စစ်သော်ကား။
ယာဝတာ၊ အကြင်မျှလောက်ကုန်သော။
အာဂတိ၊ ထိုဘဝမှ ဤဘဝသို့လားကုန်သော။
ဂတိ၊ ဤဘဝမှ ထိုဘဝသို့ သွားကုန်သော။
စုတိ၊ စုတေကုန်သော။
ဥပပတ္တိ၊ ထင်ရှားဖြစ်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တာဝတာ၊ ထိုမျှ လောက်ကုန်သော။
သဗ္ဗေသတ္တာ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။
ဇရာဓမ္မာ၊ အိုခြင်းသဘောတရား ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဇရံ၊ အိုခြင်းသဘောတရားကို။
အနတိတော၊ မလွန်နိုင်ချေတကား။
ဣတိ၊ ဤသို့။
တံဌာနံ၊ ထိုအိုခြင်း-တည်းဟူသော အရာကို။
အဘိဏှံ၊ နေ့ညဉ့် မပြတ်။
ပစ္စဝေက္ခတော၊ ဆင်ခြင်သော။
တဿ၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်အား။
မဂ္ဂေါ၊ သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်သည်။
သဉ္စာယတိ၊ ဖြစ်၏။
သော၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်သည်။
တံမဂ္ဂံ၊ ထိုသမ္မာဒိဋ္ဌိ အစရှိသောမဂ္ဂင်ကို။
အာသေဝတိ၊ အဖန်တလဲလဲ မှီဝဲ၏။
ဘာဝေတိ၊ အဖန်တလဲလဲ ပွါး၏၊
ဗဟုလီကရာတိ၊ အကြိမ်များစွာပြု၏။
တံမဂ္ဂံ၊ ထိုမဂ္ဂင်ရှစ်ပါး တရားကို။
အာသေဝတော၊ အဖန်တလဲလဲ မှီဝဲသော။
ဘာဝယတော၊ အဖန်တလဲလဲ ပွါးစေသော၊
ဗဟုလီကရောတော၊ အကြိမ်များစွာပြုသော။
တဿ၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်အား။
သညာဇနာ၊ ဆယ်ပါးသော သံယောဇဉ်တို့သည်။
ပဟီယန္တိ၊ ကင်းကုန်၏။
ဝါ၊ ပျောက်ကုန်၏၊
အနုသယာ၊ ခုနစ်ပါးသော အနုသယတို့သည်။
ဗျန္တီ၊ ကင်းကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
၂။ ခေါ-ဧကန္တေန၊ စင်စစ်အားဖြင့်။
ဧကော၊ တယောက်သာ။
အဟဉ္စေဝ၊ ငါသည်သာလျှင်။
ဗျာဓိဓမ္မော၊ နာတတ်သော သဘောတရားသည်။
နအမှိ၊ မဖြစ်။
အဟဉ္စေဝ၊ ငါသည်သာလျှင်။
တံဗျာဓိံ၊ ထိုနာတတ်သော သဘောတရားကို။
အနတိတော၊ မလွန်နိုင်သည်။
နအမှိ၊ မဖြစ်။
အထခေါ၊ စင်စစ်သော်ကား။
ယာဝတာ၊ အကြင်မျှလောက်ကုန်သော။
အာဂတိ၊ ထိုဘဝမှ ဤဘဝသို့လားကုန်သော။
ဂတိ၊ ဤဘဝမှ ထိုဘဝသို့ သွားကုန်သော။
စုတိ၊ စုတေကုန်သော။
ဥပပတ္တိ၊ ထင်ရှားဖြစ်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တာဝတာ၊ ထိုမျှ လောက်ကုန်သော။
သဗ္ဗေသတ္တာ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။
ဗျာဓိဓမ္မာ၊ နာခြင်းသဘောတရား ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဗျာဓိံ၊ နာခြင်းသဘောတရားကို။
အနတိတော၊ မလွန်နိုင်ချေတကား။
ဣတိ၊ ဤသို့။
တံဌာနံ၊ ထိုနာခြင်း-တည်းဟူသောအရာကို။
အဘိဏှံ၊ နေ့ညဉ့် မပြတ်။
ပစ္စဝေက္ခတော၊ ဆင်ခြင်သော။
တဿ၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်အား။
မဂ္ဂေါ၊ သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်သည်။
သဉ္စာယတိ၊ ဖြစ်၏။
သော၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်သည်။
တံမဂ္ဂံ၊ ထိုသမ္မာဒိဋ္ဌိ အစရှိသောမဂ္ဂင်ကို။
အာသေဝတိ၊ အဖန်တလဲလဲ မှီဝဲ၏။
ဘာဝေတိ၊ အဖန်တလဲလဲ ပွါး၏၊
ဗဟုလီကရာတိ၊ အကြိမ်များစွာပြု၏။
တံမဂ္ဂံ၊ ထိုမဂ္ဂင်ရှစ်ပါး တရားကို။
အာသေဝတော၊ အဖန်တလဲလဲ မှီဝဲသော။
ဘာဝယတော၊ အဖန်တလဲလဲ ပွါးစေသော၊
ဗဟုလီကရောတော၊ အကြိမ်များစွာပြုသော။
တဿ၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်အား။
သညာဇနာ၊ ဆယ်ပါးသော သံယောဇဉ်တို့သည်။
ပဟီယန္တိ၊ ကင်းကုန်၏။
ဝါ၊ ပျောက်ကုန်၏၊
အနုသယာ၊ ခုနစ်ပါးသော အနုသယတို့သည်။
ဗျန္တီ၊ ကင်းကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
၃။ ခေါ-ဧကန္တေန၊ စင်စစ်အားဖြင့်။
ဧကော၊ တယောက်သော။
အဟဉ္စေဝ၊ ငါသည်သာလျှင်။
မရဏဓမ္မော၊ သေတတ်သော သဘောတရားသည်။
နအမှိ၊ မဖြစ်။
အဟဉ္စေဝ၊ ငါသည်သာလျှင်။
တံမရဏံ၊ ထိုသေခြင်းသဘောတရားကို။
အနတိတော၊ မလွန်နိုင်သည်။
နအမှိ၊ မဖြစ်။
အထခေါ၊ စင်စစ်သော်ကား။
ယာဝတာ၊ အကြင်မျှလောက်ကုန်သော။
အာဂတိ၊ ထိုဘဝမှ ဤဘဝသို့လားကုန်သော။
ဂတိ၊ ဤဘဝမှ ထိုဘဝသို့ သွားကုန်သော။
စုတိ၊ စုတေကုန်သော။
ဥပပတ္တိ၊ ထင်ရှားဖြစ်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တာဝတာ၊ ထိုမျှ လောက်ကုန်သော။
သဗ္ဗေသတ္တာ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။
မရဏဓမ္မာ၊ သေခြင်းသဘောတရား ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
မရဏံ၊ သေခြင်းသဘောတရားကို။
အနတိတော၊ မလွန်နိုင်ချေတကား။
ဣတိ ဤသို့။
တံဌာနံ၊ ထိုသေခြင်းတည်းဟူသော အရာကို။
အဘိဏှံ၊ နေ့ညဉ့် မပြတ်။
ပစ္စဝေက္ခတော၊ ဆင်ခြင်သော။
တဿ၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်အား။
မဂ္ဂေါ၊ သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်သည်။
သဉ္စာယတိ၊ ဖြစ်၏။
သော၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်သည်။
တံမဂ္ဂံ၊ ထိုသမ္မာဒိဋ္ဌိ အစရှိသောမဂ္ဂင်ကို။
အာသေဝတိ၊ အဖန်တလဲလဲ မှီဝဲ၏။
ဘာဝေတိ၊ အဖန်တလဲလဲ ပွါး၏၊
ဗဟုလီကရာတိ၊ အကြိမ်များစွာပြု၏။
တံမဂ္ဂံ၊ ထိုမဂ္ဂင်ရှစ်ပါး တရားကို။
အာသေဝတော၊ အဖန်တလဲလဲ မှီဝဲသော။
ဘာဝယတော၊ အဖန်တလဲလဲ ပွါးစေသော၊
ဗဟုလီကရောတော၊ အကြိမ်များစွာပြုသော။
တဿ၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်အား။
သညာဇနာ၊ ဆယ်ပါးသော သံယောဇဉ်တို့သည်။
ပဟီယန္တိ၊ ကင်းကုန်၏။
ဝါ၊ ပျောက်ကုန်၏၊
အနုသယာ၊ ခုနစ်ပါးသော အနုသယတို့သည်။
ဗျန္တီ၊ ကင်းကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
၄။ ခေါ-ဧကန္တေန၊ စင်စစ်အားဖြင့်။
ဧကဿ၊ တယောက်သော။
မယှေဝ-မယှံဧဝ၊ ငါ့အားသာလျှင်။
သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။
ပိယေဟိ၊ ချစ်အပ်ကုန်သော။
မနာပေဟိ၊ နှလုံးကို ပါွးစေတတ်ကုန်သော သူတို့နှင့်။
နာနာဘာဝေါ၊ အရပ်တပါးသို့သွားသဖြင့် ကွေကွင်း ရခြင်းသည် လည်းကောင်း။
ဝိနာဘာဝေါ၊ ခန္ဓာပျက်သဖြင့် ကွေကွင်း ရခြင်းသည် လည်းကောင်း။
နအမှိ၊ မဖြစ်။
အထခေါ၊ စင်စစ်သော်ကား။
ယာဝတာ၊ အကြင်မျှလောက်ကုန်သော။
အာဂတိ၊ ထိုဘဝမှ ဤဘဝသို့လားကုန်သော။
ဂတိ၊ ဤဘဝမှ ထိုဘဝသို့ သွားကုန်သော။
စုတိ၊ စုတေကုန်သော။
ဥပပတ္တိ၊ ထင်ရှားဖြစ်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တာဝတာ၊ ထိုမျှ လောက်ကုန်သော။
သဗ္ဗေသတ္တာ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။
ပိယေဟိ၊ ချစ်အပ်ကုန်သော။
မနာပေဟိ၊ နှလုံးကိုပွါးစေတတ်ကုန်သော သူတို့နှင့်။
နာနာဘာဝေါ၊ အရပ်တူပါးသို့သွားသဖြင့် ကွေကွင်းရခြင်းသည် လည်းကောင်း။
ဝိနာဘာဝေါ၊ ခန္ဓာပျက်သဖြင့် ကွေကွင်းရခြင်းသည် လည်းကောင်း။
အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
တံဌာနံ၊ ထိုကွေကွင်းရခြင်း တည်းဟူသော တရားကို။
အဘိဏှံ၊ နေ့ညဉ့် မပြတ်။
ပစ္စဝေက္ခတော၊ ဆင်ခြင်သော။
တဿ၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်အား။
မဂ္ဂေါ၊ သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်သည်။
သဉ္စာယတိ၊ ဖြစ်၏။
သော၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်သည်။
တံမဂ္ဂံ၊ ထိုသမ္မာဒိဋ္ဌိ အစရှိသောမဂ္ဂင်ကို။
အာသေဝတိ၊ အဖန်တလဲလဲ မှီဝဲ၏။
ဘာဝေတိ၊ အဖန်တလဲလဲ ပွါး၏၊
ဗဟုလီကရာတိ၊ အကြိမ်များစွာပြု၏။
တံမဂ္ဂံ၊ ထိုမဂ္ဂင်ရှစ်ပါး တရားကို။
အာသေဝတော၊ အဖန်တလဲလဲ မှီဝဲသော။
ဘာဝယတော၊ အဖန်တလဲလဲ ပွါးစေသော၊
ဗဟုလီကရောတော၊ အကြိမ်များစွာပြုသော။
တဿ၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်အား။
သညာဇနာ၊ ဆယ်ပါးသော သံယောဇဉ်တို့သည်။
ပဟီယန္တိ၊ ကင်းကုန်၏။
ဝါ၊ ပျောက်ကုန်၏၊
အနုသယာ၊ ခုနစ်ပါးသော အနုသယတို့သည်။
ဗျန္တီ၊ ကင်းကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
၅။ ခေါ-ဧကန္တေန၊ စင်စစ်အားဖြင့်။
ဧကော၊ တယောက်သော။
အဟဉ္စေဝ-အဟံဧဝ၊ ငါသည်သာလျှင်။
ကမ္မဿကော၊ ကံသာလျှင်ဥစ္စာရှိသည်။
နအမှိ၊ မဖြစ်။
ကမ္မဒါယာဒေါ၊ ကံ၏အမွေကိုခံရသည်။
နအမှိ၊ မဖြစ်။
ကမ္မယောနိ၊ ကံသာလျှင် အမျိုးရှိသည်။
နအမှိ၊ မဖြစ်။
ကမ္မဗန္ဓု၊ ကံသာလျှင် အဆွေရှိသည်။
နအမှိ၊ မဖြစ်။
ကမ္မပဋိဿရဏော၊ ကံသာလျှင် ကိုးကွယ်ရာရှိသည်။
နအမှိ၊ မဖြစ်။
ကလျာဏံဝါ၊ ကုသိုလ်လည်းဖြစ်သော။
ပါပကံဝါ၊ အကုသိုလ်လည်းဖြစ်သော။
ယံကမ္မံ၊ အကြင်ကံကို။
ကရိဿာမိ၊ ပြုအံ့။
တဿကမ္မဿ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံ၏။
ဒါယာဒေါ၊ အမွေခံသည်။
ဘဝိဿာမိ၊ ဖြစ်အံ့။
အထခေါ၊ စင်စစ်သော်ကား။
ယာဝတာ၊ အကြင်မျှလောက်ကုန်သော။
အာဂတိ၊ ထိုဘဝမှ ဤဘဝသို့လားကုန်သော။
ဂတိ၊ ဤဘဝမှ ထိုဘဝသို့ သွားကုန်သော။
စုတိ၊ စုတေကုန်သော။
ဥပပတ္တိ၊ ထင်ရှားဖြစ်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တာဝတာ၊ ထိုမျှ လောက်ကုန်သော။
သဗ္ဗေသတ္တာ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။
ကမ္မဿကာ၊ ကံသာလျှင် ဥစ္စာရှိကုန်၏။
ကမ္မဒါယာဒါ၊ ကံ၏အမွေကို ခံရကုန်၏။
ကမ္မယောနိ၊ ကံသာလျှင် အမျိုးရှိကုန်၏။
ကမ္မဗန္ဓု၊ ကံသာလျှင် အဆွေရှိကုန်၏။
ကမ္မပဋိဿရဏာ၊ ကံသာလျှင် ကိုးကွယ်ရာ ရှိကုန်၏။
ကလျာဏံဝါ၊ ကုသိုလ်လည်းဖြစ်သော။
ပါပကံဝါ၊ အကုသိုလ်လည်းဖြစ်သော။
ယံကမ္မံ၊ အကြင်ကံကို။
ကရိဿန္တိ၊ ပြုကုန်လတ္တံ့။
တဿကမ္မဿ၊ ထိုကုသိုလ်ကံ, အကုသိုလ်ကံ၏။
ဒါယာဒါ။ အမွေခံတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
တံဌာနံ၊ ထိုအရာကို။
အဘိဏှံ၊ နေ့ညဉ့် မပြတ်။< ပစ္စဝေက္ခတော၊ ဆင်ခြင်သော။
တဿ၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်အား။
မဂ္ဂေါ၊ သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်သည်။
သဉ္စာယတိ၊ ဖြစ်၏။
သော၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်သည်။
တံမဂ္ဂံ၊ ထိုသမ္မာဒိဋ္ဌိ အစရှိသောမဂ္ဂင်ကို။
အာသေဝတိ၊ အဖန်တလဲလဲ မှီဝဲ၏။
ဘာဝေတိ၊ အဖန်တလဲလဲ ပွါး၏၊
ဗဟုလီကရာတိ၊ အကြိမ်များစွာပြု၏။
တံမဂ္ဂံ၊ ထိုမဂ္ဂင်ရှစ်ပါး တရားကို။
အာသေဝတော၊ အဖန်တလဲလဲ မှီဝဲသော။
ဘာဝယတော၊ အဖန်တလဲလဲ ပွါးစေသော၊
ဗဟုလီကရောတော၊ အကြိမ်များစွာပြုသော။
တဿ၊ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်အား။
သညာဇနာ၊ ဆယ်ပါးသော သံယောဇဉ်တို့သည်။
ပဟီယန္တိ၊ ကင်းကုန်၏။
ဝါ၊ ပျောက်ကုန်၏၊
အနုသယာ၊ ခုနစ်ပါးသော အနုသယတို့သည်။
ဗျန္တီ၊ ကင်းကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အဓိပ္ပါယ်
သံသရာဘေးကို ကြောက်ကုန်သော ငါ၏ချစ်သားရဟန်းများတို့ … ဤငါးပါးသော အကြောင်းတရားတို့ကို -
မိန်းမသည်လည်းကောင်း၊
ယောက်ျားသည်လည်းကောင်း၊
လူသည်လည်းကောင်း၊
ရဟန်းသည်လည်းကောင်း
နေ့ညဉ့် မပြတ် နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အောက်မေ့ ဆင်ခြင် အပ်၏၊
အဘယ်ငါးပါး သော တရားတို့ ကို အောက်မေ့ ဆင်ခြင်အပ်သနည်း မူကား -
ဆင်ခြင်အပ်သော တရားငါးပါး အကျဉ်းပြခြင်း
▬▬▬▬▬▬▬▬▬▬
၁။ အိုတတ်သော သဘောတရားကို ငါသည် မလွန်နိုင်ချေတကားဟု ဆင်ခြင် အပ်ခြင်း၊
၂။ နာတတ်သော သဘောတရားကို ငါသည် မလွန်နိုင်ချေတကားဟု ဆင်ခြင် အပ်ခြင်း၊
၃။ သေတတ်သော သဘောတရားကို ငါသည်မလွန်နိုင်ချေတကားဟု ဆင်ခြင် အပ်ခြင်း၊
၄။ ချစ်နှစ်လိုအပ်သော အဆွေအမျိုး သားသမီး အစရှိသောသူတို့နှင့် အရပ်တပါးသို့ သွားသဖြင့် ကွေကွင်းခြင်းကို လည်းကောင်း, ခန္ဓာ ပျက်သဖြင့် ကွေကွင်းခြင်းကို လည်းကောင်း မလွန်နိုင်ချေတကား-ဟု ဆင်ခြင်အပ်ခြင်း၊
၅။ ခပ်သိမ်းသော သတ္တဝါတို့သည် -
ကံသာလျှင် ဥစ္စာရှိကုန်၏-ဟူ၍ လည်းကောင်း,
ကံ၏ အမွေခံရကုန်၏-ဟူ၍ လည်းကောင်း
ကံသာလျှင် အမျိုးရှိ၏-ဟူ၍ လည်းကောင်း,
ကံသာလျှင် အဆွေရှိ၏-ဟူ၍ လည်းကောင်း,
ကံသာလျှင် ကိုးကွယ်ရာရှိ၏-ဟူ၍ လည်းကောင်း
ကုသိုလ်ဖြစ်သော အကုသိုလ်ဖြစ်သော အကြင်ကံကို ပြုကုန်အံ့၊ ထိုကုသိုလ်ကံ အကုသိုလ်ကံ၏အမွေကိုရလတ္တံ့ ဟူ၍လည်းကောင်း ဆင်ခြင်အပ်ခြင်း၊
ဤငါးပါးသော တရားတို့ကို -
မိန်းမသည်လည်းကောင်း၊
ယောက်ျားသည် လည်းကောင်း၊
လူသည် လည်းကောင်း၊
ရဟန်းသည်လည်းကောင်း
နေ့ညဉ့် မပြတ် နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အောက်မေ့ ဆင်ခြင်အပ်၏။
ဆင်ခြင်အပ်သော တရားငါးပါး အကျယ်ပြခြင်း
▬▬▬▬▬▬▬▬▬▬
၁။ ဤကိုယ်သည် မုချအားဖြင့် အိုတတ်သော သဘောရှိ၏၊ ထိုသို့အိုတတ်သော သဘောရှိသော ခန္ဓာငါးပါးကို အိုခြင်းသဘောတရားကို မလွန်နိုင်ချေတကား-ဟု ပညာဖြင့် ဆင်ခြင်ခြင်း မရှိသော အကြားအမြင် မရှိသော ပုထုဇ္ဇန အန္ဓဗာလ တို့သည် အရွယ်အားဖြင့် ငါသည် အရွယ်၏ ကောင်းခြင်းနှင့် ပြည့်စုံ၏-ဟူ၍ မာန်ယစ်ကုန် သည်ဖြစ်၍ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ-ဟု ဆိုအပ်သော ကာယဒုစရိုက် သုံးပါးကိုလည်းကောင်း၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ သမ္မပ္ပလာပ-ဟုဆိုအပ်သော ဝစီဒုစရိုက် လေးပါးကိုလည်းကောင်း၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ-ဟုဆိုအပ်သော မနောဒုစရိုက် သုံးပါးကိုလည်းကောင်း ကျင့်ကုန်၏၊
ဤကိုယ်၏ အိုသည်အဖြစ်ကို နေ့ညဉ့် မပြတ် ဆင်ခြင်သော ထိုယောဂါဝစရ ပုဂ္ဂိုလ်အား ထိုသို့အရွယ် အားဖြင့် မာန်ယစ်ခြင်းကို အကြောင်းပြု၍ဖြစ်သော ကာယဒုစရိုက်, ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို အကြွင်းမဲ့အားဖြင့်ပယ်၏၊ အကြွင်းမဲ့ အားဖြင့် မပယ်နိုင်မူကား နည်းပါး၏။ ဤသို့ မချွတ်မယွင်းသော အကျိုးကို ရလတ္တံ့ သည်ကိုစွဲ၍ အိုခြင်းသဘောတရားကို မိန်းမသည်လည်းကောင်း၊ ယောက်ျားသည် လည်းကောင်း၊ လူသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း၊ နေ့ညဉ့် မပြတ် နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အောက်မေ့ ဆင်ခြင်အပ်၏-ဟု ဟောတော်မူသတည်း။
၂။ ဤကိုယ်သည် မုချအားဖြင့် နာတံတ်သော သဘောရှိ၏။ ထိုသို့နာတတ်သော သဘောရှိသော ခန္ဓာငါးပါးကို နာခြင်းသဘောတရားကို မလွန်နိုင်ချေတကား-ဟု နာခြင်းကိုပညာဖြင့် ဆင်ခြင်ခြင်းမရှိသော အကြားအမြင်မရှိသော ပုထုဇ္ဇန အန္ဓဗာလ တို့သည်အနာကင်းသော အားဖြင့် ငါသည် အနာကင်းခြင်းနှင့် ပြည့်စုံ၏-ဟူ၍ မာန်ယစ်ကုန်သည် ဖြစ်၍ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ-ဟု ဆိုအပ်သော ကာယဒုစရိုက် သုံးပါးကို လည်းကောင်း၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ သမ္မပ္ပလာပ-ဟု ဆိုအပ်သော ဝစီဒုစရိုက်လေးပါးကို လည်းကောင်း၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ-ဟု ဆိုအပ်သော မနောဒုစရိုက် သုံးပါးကိုလည်းကောင်း ကျင့်ကုန်၏၊
ဤကိုယ်၏ နာသည်၏အဖြစ်ကို နေ့ညဉ့် မပြတ် ဆင်ခြင်သော ထိုယောဂါဝစရ ပုဂ္ဂိုလ်အား ထိုသို့အနာကင်းသောအားဖြင့် မာန်ယစ်ခြင်းကို အကြောင်းပြု၍ ဖြစ်သော ကာယဒုစရိုက်, ဝစီဒုစရိုက် မနောဒုစရိုက်ကို ကို အကြွင်းမဲ့အားဖြင့်ပယ်၏၊ အကြွင်းမဲ့အားဖြင့် မပယ်နိုင်မူကား နည်းပါး၏၊ ဤသို့မချွတ်မယွင်းသောအကျိုးကို ရလတ္တံ့သည်ကိုစွဲ၍ နာခြင်းသဘောတရားကို မိန်းမသည် လည်းကောင်း၊ ယောက်ျားသည် လည်းကောင်း၊ လူသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း နေ့, ညဉ့် မပြတ် နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အောက်မေ့ဆင်ခြင် အပ်၏-ဟု ဟောတော်မူသတည်း။
၃။ ဤကိုယ်သည် မုချအားဖြင့် သေတတ်သော သဘောရှိ၏။ ထိုသို့ သေတတ်သော သဘောရှိသော ခန္ဓာငါးပါးကို သေခြင်းသဘောတရား ကို မလွန်နိုင်ချေတကား-ဟု ပညာဖြင့် ဆင်ခြင်ခြင်းမရှိသော အကြားအမြင်မရှိသော ပုထုဇ္ဇန အန္ဓဗာလတို့သည် အသက်ရှိသောအားဖြင့် ငါသည် အသက်ရှိခြင်းနှင့် ပြည့်စုံ၏-ဟူ၍ မာန်ယစ် ကုန်သည်ဖြစ်၍ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ-ဟု ဆိုအပ်သော ကာယဒုစရိုက် သုံးပါးကို လည်းကောင်း၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္မပ္ပလာပ-ဟု ဆိုအပ်သော ဝစီဒုစရိုက်လေးပါးကို လည်းကောင်း၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ-ဟု ဆိုအပ်သော မနောဒုစရိုက် သုံးပါးကိုလည်းကောင်း ကျင့်ကုန်၏။
ဤကိုယ်၏ သေတက်သော သဘောရှိသည်၏ အဖြစ်ကို နေ့ညဉ့် မပြတ် ဆင်ခြင်သော ထိုယောဂါဝစရ ပုဂ္ဂိုလ်အား ထိုသို့ အသက်ရှိသောအားဖြင့် မာန်ယစ်ခြင်းကို အကြောင်းပြု၍ဖြစ်သော ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်ကို အကြွင်းမဲ့ အားဖြင့်ပယ်၏၊ အကြွင်းမဲ့အားဖြင့် မပယ်နိုင်မူကား နည်းပါး၏၊ ဤသို့ မချွတ်မယွင်းသော အကျိုးကို ရလတ္တံ့သည်ကိုစွဲ၍ သေခြင်းသဘောတရားကို မိန်းမသည် လည်းကောင်း၊ ယောက်ျားသည် လည်းကောင်း၊ လူသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း နေ့, ညဉ့်မပြတ် နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း အောက်မေ့ဆင်ခြင်အပ်၏-ဟု ဟောတော်မူသတည်း။
၄။ ခပ်သိမ်းသော သတ္တဝါတို့သည် မုချအားဖြင့် နာနာဘာဝ၊ ဝိနာဘာဝ ဖြစ်တတ်သော သဘောရှိ၏၊ ထိုသို့နာနာဘာဝ၊ ဝိနာဘာဝ ဖြစ်ခြင်း သဘော တရားကို မလွန်နိုင်ချေတကား-ဟု ပညာဖြင့် ဆင်ခြင်ခြင်းမရှိသော အကြားအမြင် မရှိသော ပုထုဇ္ဇန အန္ဓဗာလတို့သည် နာနာဘာဝ၊ ဝိနာဘာဝ မရှိ-ဟု မှားသော အားဖြင့် နှလုံးသွင်းကုန်သည်ဖြစ်၍ ချစ်နှစ်သက်အပ်ကုန်သော သား, သမီး, အဆွေ အမျိုး, လယ်ယာ, ရွှေ, ငွေ, ပုလဲ, ပတ္တမြားအစရှိသော ဝတ္ထုတို့၌ ပြင်းစွာတပ်သာ ဆန္ဒရာဂသည်ဖြစ်ကုန်၏၊
ထိုနာနာဘာဝ ဝိနာဘာဝကို မလွန်နိုင်ချေ တကား-ဟုဆင်ခြင်သော ယောဂါဝစရ ပုဂ္ဂိုလ်အား ထိုဆိုအပ်ပြီးသော ချစ်နှစ်သက်အပ်သော သား, သမီး, အဆွေ, အမျိုး လယ်, ယာ,ရွှေ ငွေ, ပုလဲ ပတ္တမြားအစရှိသော ဝတ္ထုတို့၌ ဆန္ဒရာဂသည်ဖြစ်၏။ ထိုဆန္ဒ ရာဂကို အကြွင်းမဲ့အားဖြင့်လည်း ပယ်အပ်၏၊ အကြွင်းမဲ့ မပယ်နိုင်မူကား နည်းပါး၏၊ ဤသို့မချွတ်မယွင်း ရလတ္တံ့သော အကျိုးကိုစွဲ၍ ချစ်သောသူနှင့် ကွေကွင်းခြင်း သဘောတရားကို မိန်းမသည် လည်းကောင်း၊ ယောက်ျားသည် လည်းကောင်း၊ လူသည် လည်းကောင်း၊ ရဟန်းသည်လည်းကောင်း နေ့, ညဉ့် မပြတ် နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အောက်မေ့ ဆင်ခြင်အပ်၏-ဟု ဟောတော်မူသတည်း။
၅။ ရာဂ,ဒေါသ, မောဟနှင့်တကွ ဖြစ်ကုန်သော သတ္တဝါတို့သည် ရာဂအားဖြင့် လည်းကောင်း၊ ဒေါသအားဖြင့်လည်းကောင်း, မောဟအားဖြင့် လည်းကောင်း မေ့လျော့ကုန်သည်ဖြစ်၍ ကမ္မဿကာအစရှိ သည်ဖြင့် ဆင်ခြင်ခြင်း၊ နှလုံးသွင်း ခြင်းမှ ကင်းကုန်သည်ဖြစ်၍ ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ပြုကျင့် တတ်သော သဘော ရှိကုန်၏။
ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိဿရဏံ၊ ယံကမ္မံ ကရိဿာမိ ကလျာဏံဝါ ပါပကံဝါ။ တဿ ဒါယာဒေါ ဘဝိဿာမီ တိ။
ဟု-မပြတ်ဆင်ခြင်သော သူတော်ကောင်းအား ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်- ဟုဆိုအပ်သော သုံးပါးသော ဒုစရိုက်တို့သည် အကြွင်းမဲ့အားဖြင့် ကင်းကုန်၏၊ ထိုသို့အကြွင်းမဲ့ မပယ်မူကား နည်းပါးသည်လည်းဖြစ်၏၊ ဤသို့ မချွတ်မယွင်း ရလတ္တံ့သော အကျိုးကိုမြင်၍ ကမ္မဿကောမှီ- အစရှိသည်ဖြင့် နေ့ညဉ့် မပြတ် မိန်းမသည် လည်းကောင်း၊ ယောက်ျားသည် လည်းကောင်း၊ လူသည်လည်းကောင်း, ရဟန်းသည် လည်းကောင်း အောက်မေ့ ဆင်ခြင်အပ်၏ဟု ဟောတော်မူသတည်း။
ဆင်ခြင်အပ်သော တရားငါးပါးကို တဖန်အကျယ်ပြခြင်း
▬▬▬▬▬▬▬▬▬▬▬▬
၁။ သံသရာဘေးကို ကြောက်ကုန်သော ငါ၏ ချစ်သားရဟန်းများ တို့-- ငါဘုရား၏ တပည့်သားဖြစ်သော အရိယာသာဝကသည် ဤသို့ အကယ်၍ ဆင်ခြင်သည်ဖြစ်အံ့၊ စင်စစ်အားဖြင့် ငါတယောက်သည်သာလျှင် အိုတတ်သော သဘောတရား ရှိသည်မဖြစ်၊ ငါတယောက် သည်သာလျှင် အိုခြင်းသဘောတရားကို မလွန်နိုင်သည် မဟုတ်၊ စင်စစ်သော်ကား အကြင်မျှလောက်ကုန်သော ထိုဘဝမှ ဤဘဝသို့ လားကုန်သော ဤဘဝမှ ထိုဘဝသို့ သွားကုန်သော စုတေ့ကုန်သော ထင်ရှားဖြစ် ကုန်သော သတ္တဝါတို့သည် ရှိကုန်၏။
ထိုမျှလောက်ကုန်သော သတ္တဝါတို့သည် အိုခြင်းသဘောတရား ရှိကုန်၏၊ အိုခြင်းသဘောတရားကို မလွန်နိုင်ချေတကား၊ ဤသို့ ထိုအိုခြင်း တည်းဟူသော အရာကို နေ့ညဉ့် မပြတ် ဆင်ခြင်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်သည်ဖြစ်၏။ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်သည် ထိုသမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ကို အဖန်တလဲလဲ မှီဝဲ၏၊ အဖန်တလဲလဲပွါး၏၊ အကြိမ်များစွာပြု၏၊ ထိုသမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်ရှစ်ပါးကို အဖန် တလဲလဲ မှီဝဲသော အဖန်တလဲလဲ ပွါးသော အကြိမ်များစွာပြုသော ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်အား ဆယ်ပါးသော သံယောဇဉ်တို့သည် ကင်းကုန်၏၊ ပျောက်ကုန်၏၊ ခုနှစ်ပါးသော အနုသယတို့သည် ကင်းကုန်၏-ဟူလိုသတည်း။
၂။ စင်စစ်အားဖြင့် ငါတယောက်သည် သာလျှင် နာတတ်သော တရားသည်မဖြစ်၊ ငါတယောက်သည်သာလျှင် နာခြင်းသဘောတရားကို မလွန်နိုင်သည်မဟုတ်၊ စင်စစ်သော်ကား အကြင်မျှလောက်ကုန်သော ထိုဘဝမှ ဤဘဝသို့ လားကုန်သော ဤဘဝမှထိုဘဝသို့ သွားကုန်သော စုတေ့ကုန်သော ထင်ရှားဖြစ်ကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ ထိုမျှလောက်ကုန်သော ခပ်သိမ်းသော သတ္တဝါတို့သည် နာခြင်းသဘော တရားရှိကုန်၏၊ နာခြင်းသဘောတရားကို မလွန်နိုင်ချေတကား၊ ဤသို့ နာခြင်းတည်းဟူသော အရာကို နေ့ညဉ့် မပြတ် ဆင်ခြင်သော ထိုယောဂါဝစရ ပုဂ္ဂိုလ်အား သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်သည်ဖြစ်၏။ ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်သည် ထိုသမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ကို အဖန်တလဲလဲ မှီဝဲ၏၊ အဖန် တလဲလဲပွါး၏၊ အကြိမ်များစွာပြု၏။ ထိုသမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးကို အဖန် တလဲလဲ မှီဝဲသော အဖန်တလဲလဲပွါးသော အကြိမ်များစွာပြုသော ထိုမဂ္ဂင် ရှစ်ပါး ဖြစ်သော ပုဂ္ဂိုလ်အား ဆယ်ပါးသော သံယောဇဉ် တို့သည် ကင်းကုန်၏၊ ပျောက်ကုန်၏၊ ခုနစ်ပါးသော အနုသယတို့သည် ကင်းကုန်၏-ဟူလို သတည်း။
၃။ စင်စစ်အားဖြင့် ငါတယောက်သည် သာလျှင် သေတတ်သော သဘော တရားသည်မဖြစ်၊ ငါတယောက်သည် သာလျှင် သေတတ်သောသဘောတရားကို မလွန်နိုင်သည်မဟုတ်၊ စင်စစ်သော်ကား အကြင်မျှလောက်ကုန်သော ထိုဘဝမှ ဤဘဝသို့လားကုန်သော ဤဘဝမှ ထိုဘဝသို့ သွားကုန်သော စုတေ့ကုန်သော ထင်ရှားဖြစ်ကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ ထိုမျှလောက်ကုန်သော ခပ်သိမ်းသော သတ္တဝါတို့သည် သေခြင်းသဘောတရား ရှိကုန်၏၊ သေခြင်းသဘော တရားကို မလွန်နိုင်ချေတကား၊ ဤသို့ သေခြင်းတည်းဟူသော အရာကို နေ့ညဉ့် မပြတ် ဆင်ခြင်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား သမ္မာ ဒိဋ္ဌိအစရှိသော မဂ္ဂင်သည်ဖြစ်၏၊ ထိုမဂ္ဂရှစ်ပါးဖြစ်သောပုဂ္ဂိုလ်သည် ထိုသမ္မာဒိဋ္ဌိအစရှိသောမဂ္ဂင်ကို အဖန်တလဲလဲ မှီဝဲ၏၊ အဖန်တလဲလဲ ပွါး၏၊ အကြိမ်များစွာပြု၏၊ ထိုသမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးကို အဖန်တလဲလဲ မှီဝဲသော အဖန်တလဲလဲ ပွါးသော အကြိမ်များစွာပြုသော ထိုမဂ္ဂင်ရှစ်ပါးဖြစ်သောပုဂ္ဂိုလ်အား ဆယ်ပါးသောသံယော ဇဉ်တို့သည် ကင်းကုန်၏၊ ပျောက်ကုန်၏၊ ခုနစ်ပါးသော အနုသယတို့သည် ကင်းကုန်၏-ဟူလိုသတည်း။
၄။ စင်စစ်အားဖြင့် ငါတယောက်သည်သာလျှင် ခပ်သိမ်းကုန်သော ချစ်အပ်သော နှလုံးကိုပွါးစေတတ်ကုန်သော သူတို့နှင့် အရပ်တပါးသို့သွားသဖြင့် ကွေကွင်းရခြင်း သည်လည်းကောင်း၊ ခန္ဓာပျက်သဖြင့် ကွေကွင်းရခြင်းသည် လည်းကောင်း မဖြစ်၊ စင်စစ်သော်ကား အကြင် မျှလောက်ကုန်သော ထိုဘဝမှ ဤဘဝသို့လားကုန်သော ဤဘဝမှ ထိုဘဝသို့ သွားကုန်သော စုတေ့ကုန်သော ထင်ရှားဖြစ်ကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ ထိုမျှလောက်ကုန်သော ခပ်သိမ်းသော သတ္တဝါတို့သည် ချစ်အပ်ကုန်သော နှလုံးကို ပွါးစေတတ်ကုန်သော သူတို့နှင့် အရပ်တပါးသို့ သွားသဖြင့် ကွေကွင်းရခြင်းသည် လည်းကောင်း၊ ခန္ဓာပျက်သဖြင့် ကွေကွင်းရခြင်း သည် လည်းကောင်း ဖြစ်၏၊ ဤသို့ ထို ကွေကွင်းခြင်းတည်း ဟူသောအရာကို နေ့ညဉ့် မပြတ် ဆင်ခြင်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်သည် ဖြစ်၏၊ ထို မဂ္ဂင်ရှစ်ပါး ဖြစ်သောပုဂ္ဂိုလ်သည် ထိုသမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်ကို အဖန်တလဲလဲမှီဝဲ၏၊ အဖန်တလဲလဲပွါး၏၊ အကြိမ်များစွာပြု၏၊ ထိုသမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးကို အဖန်တလဲလဲ မှီဝဲသော အဖန်တလဲလဲ ပွါးသော အကြိမ်များစွာပြုသော ထိုမဂ္ဂင်ရှစ်ပါးဖြစ်သော ပုဂ္ဂိုလ်အား ဆယ်ပါးသောသံယောဇဉ် တို့သည် ကင်းကုန်၏။ ပျောက်ကုန်၏၊ ခုနစ်ပါးသော အနုသယတို့သည် ကင်းကုန်၏-ဟူလိုသတည်း။
၅။ စင်စစ်အားဖြင့် ငါတယောက်သည် ကံသာလျှင် ဥစ္စာရှိသည် မဖြစ်၊ ကံ၏ အမွေကိုခံရသည်မဖြစ်၊ ကံသာလျှင် အမျိုးရှိသည်မဖြစ်၊ ကံ သာလျှင်အဆွေ ရှိသည်မဖြစ်၊ ကံသာလျှင် ကိုးကွယ်ရာရှိသည်မဖြစ်၊ ကုသိုလ်လည်းဖြစ်သော အကုသိုလ်လည်းဖြစ်သော အကြင်ကံကိုပြုအံ့၊ ထိုကုသိုလ်ကံ အကုသိုလ်ကံ၏ အမွေခံသည်ဖြစ်အံ့၊ စင်စစ်သော်ကား အကြင်မျှလောက်ကုန်သော ထိုဘဝမှ ဤဘဝသို့လားကုန်သော, ဤဘဝမှ ထိုဘဝသို့သွားကုန်သော စုတေ့ကုန်သော ထင်ရှားဖြစ်ကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ ထိုမျှလောက်ကုန်သော ခပ်သိမ်း သောသတ္တဝါတို့သည် ကံသာလျှင် ဥစ္စာရှိကုန်၏၊ ကံသာလျှင်အမွေခံရ ကုန်၏၊ ကံသာလျှင် အမျိုးရှိကုန်၏၊ ကံသာလျှင် အဆွေရှိကုန်၏၊ ကံသာလျှင် ကိုးကွယ်ရာရှိကုန်၏၊ ကုသိုလ်လည်းဖြစ်သော အကုသိုလ် လည်းဖြစ်သော အကြင် ကံကို ပြုကုန်၏၊ ထိုကုသိုလ်ကံ အကုသိုလ် ကံ၏အမွေသည် ဖြစ်ကုန်၏၊ ဤသို့ကမ္မဿကာ အစရှိသောအရာကို နေ့ညဉ့် မပြတ် ဆင်ခြင်သော ထို ယောဂါဝစရ ပုဂ္ဂိုလ်အား သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်သည်ဖြစ်၏။ ထိုမဂ္ဂင်ဖြစ်သော ပုဂ္ဂိုလ်သည် ထိုမဂ္ဂင်ရှစ်ပါး ကိုအဖန်တလဲလဲ မှီဝဲ၏၊ အဖန်တလဲလဲ ပွါး၏၊ အကြိမ်များစွာပြု၏။ ထိုမဂ္ဂင်ရှစ်ပါးကို အဖန်တလဲလဲမှီဝဲသော အဖန်တလဲလဲ ပွါးသော အကြိမ်များစွာ ပြုသော ထိုမဂ္ဂင်ရှစ်ပါးဖြစ်သောပုဂ္ဂိုလ်အား ဆယ်ပါးသော သံယောဇဉ်တို့သည် ကင်းကုန်၏။ပျောက်ကုန်၏၊ ခုနစ်ပါးသော အနုသယတို့သည် ကင်းကုန်၏-ဟူလိုသတည်း။
မြတ်စွာဘုရား၏ အလိုတော်
မြတ်စွာဘုရား၏ အလိုတော်ကား ဤသို့တည်း။
အိုခြင်းအစရှိသော ဤငါးပါးသော တရားတို့ကို -
မိန်းမဖြစ်သော သူသည်လည်းကောင်း၊
ယောက်ျားဖြစ်သော သူသည်လည်းကောင်း၊
လူဖြစ်သော သူသည်လည်းကောင်း၊
ရဟန်းဖြစ်သောသူသည်လည်းကောင်း၊
နေ့၌လည်းကောင်း, ညဉ့် ၌လည်းကောင်း မပြတ်မလပ် ဆင်ခြင်အပ်၏။
ချစ်သားရဟန်းတို့ … မဟာကရုဏာတော် တည်းဟူသော ချမ်းအေးသော နှလုံး ရှိတော်မူသော မြတ်စွာဘုရားသည် လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ချမ်းအေးခြင်းကို တောင့်တတော်မူသည်ဖြစ်၍ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ - ဟု ဟောတော်မူသည်ကို ပညာဖြင့် သိကြပါလေကုန်။
သတ္တဝါအပေါင်းတို့အား …
အရွယ်အားဖြင့် လည်းကောင်း၊
အနာ ကင်းခြင်းအားဖြင့် လည်းကောင်း၊
အသက်ရှည်သောအားဖြင့် လည်းကောင်း၊
ချစ်သော သားသမီး အစရှိသောသူတို့၌ ပြင်းစွာတပ် ဆန္ဒရာဂအားဖြင့် လည်းကောင်း၊
နှိပ်စက်ကုန်သော သတ္တဝါအပေါင်း တို့သည် လည်းကောင်း၊
ကံ, ကံ၏အကျိုးကို ယုံကြည်ကုန်သော သတ္တဝါအပေါင်းတို့သည်လည်းကောင်း၊
ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ကြဉ်ကြကုန်သည်ဖြစ်၍ ဤဘဝမှ တပါးသောဘဝသို့ စုတေ့ကုန်သည်ရှိသော် သေသည်၏အခြားမဲ့၌ မကောင်းမှုကိုပြု ကုန်သောသူတို့၏ လားရာဖြစ်သော အပါယ်လေးဘုံသို့ ကပ်ရကုန်၏၊ ချစ်သား ရဟန်းတို့။
ထို့ကြောင့် လောကီအကျိုးစီးပွါး, လောကုတ္တရာအကျိုးစီးပွါးကို အလိုရှိသော သူတို့သည် ထောင်နှောင်အိမ်၌ ကျဉ်းမြောင်းစွာ ငြိုငြင်ပင်ပန်းသဖြင့် ခံရကုန်သော လူအပေါင်းတို့ကို လောက၌ မန္တရား အရာ၌ လိမ်မာကုန်သော ဆရာကြီးတို့သည် ထိုသူတို့အား “အမောင် တိုးချမ်းသာကို အလိုရှိမူကား ဤမန္တရားကို နေ့, ညဉ့် မပြတ် နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း ဆင်ခြင်ကြကုန်လော့” ဟုဆို သည်ရှိသော် ထိုနှောင်အိမ်၌ ကြာမြင့်စွာ ခံနေကြရကုန်သော သူတို့သည် မိမိ၏ ချမ်းသာခြင်းကို အလိုရှိကုန်သည်ဖြစ်၍ ထိုဆရာကြီးဆိုတိုင်း နေ့ ညဉ့် မပြတ် အောက်မေ့ဆင်ခြင်အပ်ကုန်သကဲ့သို့ ထို့အတူ မြတ်စွာဘုရား ဆုံးမတော်မူတိုင်း နေ့ညဉ့် မပြတ် အောက်မေ့ဆင်ခြင်အပ်၏ဟူလိုသတည်း။
ဤသို့ အိုခြင်းအစရှိသည်ကို နေ့, ညဉ့် မပြတ် ဆင်ခြင်သောသူတို့သည် -
ကာယဒုစရိုက် အစရှိသော ဒုစရိုက်တို့သည် ကင်းကုန်၏- ဟူသော အကျိုး၊
မိမိတို့၏အမှုဖြစ်သော အိုခြင်း - တည်းဟူသော သဘောတရား, နာခြင်း-တည်း ဟူသော သဘောတရား, သေခြင်း-တည်းဟူသော သဘောတရား အစရှိသည်တို့ကို ဟုတ်မှန်တိုင်း သိတတ်သော သမ္မာ ဒိဋ္ဌိ အစရှိသော မဂ္ဂင်တရားတို့သည် ဖြစ်ကုန်၏-ဟူသောအကျိုး၊
ထို မဂ္ဂင်တရားကို အဖန်တလဲလဲ မှီဝဲသဖြင့် အဖန်တလဲလဲ ပွါးသဖြင့် ကြိမ်ဖန် များစွာပြုသဖြင့် ကာမရာဂ သံယောဇဉ် အစရှိသော သံယောဇဉ် ဆယ်ပါး တို့သည်လည်းကောင်း ကင်းကုန်၏-ဟူသောအကျိုး -
တို့ကို တောင့်တကုန်သော အမျိုးကောင်းသားတို့သည် နေ့ညဉ့် မပြတ် အဖန် တလဲလဲ အောက်မေ့ ဆင်ခြင်အပ်၏-ဟူလိုသတည်း။
သံယောဇဉ် ဆယ်ပါးကို ဥပမာနှင့် ပြခြင်း
သံယောဇဉ်ဆယ်ပါး၏ သတ္တိကား ဤသို့တည်း။
သံယောဇနန္တိ ဝဋ္ဋဒုက္ခေ ဩသိဒါပနသမတ္တံ ဒသဝိဓံ သံယောဇနံ။
သံယောဇနန္တိ၊ သံယောဇဉ်ဟူသည်ကား။
ဝဋ္ဋဒုက္ခေ၊ သံသရာဝဋ် ဆင်းရဲ၌။
သတ္တာနံ၊ သတ္တဝါတို့ကို။
ဩသိဒါပနသမတ္တံ၊ နစ်မွန်းစေခြင်းငှါ စွမ်းနိုင်သော။
ဒသဝိဓံ၊ ဆယ်ပါးအပြားရှိသော။
သံယောဇနံ၊ သံယောဇဉ်တည်း။
သံယောဇဉ်သည် မင်းနှင့် တူခြင်း
ထိုသံယောဇဉ်ဆယ်ပါးတို့သည် ပဒေသရာဇ်, ဧကရာဇ်မင်းတို့နှင့် တူကုန်၏၊
တူဟန်ကား - ပဒေသရာဇ်, ဧကရာဇ်မင်းတို့သည် ရာဇဝတ် သင့်ကုန်သော သူတို့အား ကြိုးတို့ဖြင့် နှောင်ဖွဲ့ပြီး၍ သေကြေပျက်စီးစိမ့်သောငှါ ရေ၌ချသကဲ့သို့ ထို့အတူ -
၁။ ကာမရာဂသံယောဇဉ်
၂။ ဘဝရာဂသံယောဇဉ်,
၃။ ပဋိဃသံယောဇဉ်,
၄။ မာန သံယောဇဉ်,
၅။ ဒိဋ္ဌိ သံယောဇဉ်,
၆။ သီလဗ္ဗတပရာမာသ သံယောဇဉ်
၇။ ဣဿာ သံယောဇဉ်,
၈။ မစ္ဆေရ သံယောဇဉ်,
၉။ ဝိစိကိစ္ဆာ သံယောဇဉ်,
၁၀။ အဝိဇ္ဇာ သံယောဇဉ်-
ဟုဆိုအပ်သော ဆယ်ပါးသော သံယောဇဉ်တို့သည် လူ,နတ်, ဗြဟ္မာ သတ္တဝါ အပေါင်းတို့အား အနိုင်အထက် နှိပ်စက်ခြင်းကို ပြုပြီး၍ ထိုသတ္တဝါတို့ ဆင်းရဲ ပင်ပန်းစိမ့်သောငှါ သံသရာဝဋ်ဆင်းရဲကို အဖန်တလဲလဲ ကျစေသည်၊ နစ်မွန်း စေသည်- ဟူလိုသတည်း။
ဆိုအပ်ပြီးသော ထိုသံယောဇဉ် ဆယ်ပါးတို့ကို မပယ်,မသတ်နိုင် သည်ဖြစ်၍ အနမတဂ္ဂ အစမထင် သံသရာမှစ၍ ယခုဘဝတိုင်အောင် ရှစ်သောင်း လေးထောင် နက်သော မဟာသမုဒ္ဒရာရေမက အမိသေ၍ ငိုရသော မျက်ရည်, ဦးခေါင်းပြတ် သည်ဖြစ်၍ ကြည်လင်စွာ ယိုစီးသော သွေးတို့သည် သာလွန်၍ များကုန်၏၊
ဤသို့ ကြာမြင့်စွာသော ကာလပတ်လုံး ဆင်းရဲဟူသမျှကို ခံစားရကြကုန်၏-ဟူလိုသတည်း။
မြတ်စွာဘုရားသည် ဗိုလ်မှူး, ဗိုလ်ချုပ်နှင့် တူခြင်း
အမတံဒဒ - ဟူသော အမည်တော်ကို ရတော်မူသော မြတ်စွာဘုရားသည် စစ်မြေပြင်အရပ်၌ လိမ်မာသော ဗိုလ်မှူး ဗိုလ်ချုပ်နှင့် တူ၏။
တူဟန်ကား - ဗိုလ်မှူး ဗိုလ်ချုပ်သည် ဗိုလ်ငယ် စစ်ကဲအစရှိသော သူတို့အား မိမိ၏ ရန်သူကို နှိပ်နင်းအံ့သောငှါ စစ်ရေး စစ်ရာ၌ အလွန်လိမ်မာသည် ဖြစ်၍ “အမောင်တို့ … ဤအရာ၌ ခြေသည် သူရဲ. ရထားစီးသူရဲတို့ကို နေစေလော့” ဤအရပ်၌ မြင်းစီးသူရဲ ဆင်စီး သူရဲတို့ကို နေစေလော့”ဤသို့အစရှိသဖြင့် အပြီးအခိုင် တည်တည် ကြပ်ကြပ် ခံ့ခံ့ညားညား ခင်းခင်း ကျင်းကျင်း စီမံ ခန့်ထားသကဲ့သို့ ထို့အတူ -
သတ္တဝါတို့၏ ရန်သူဖြစ်သော သတ္တဝါတို့အား သံသရာဝဋ် ဆင်း၌ နစ်မွန်းစေ တတ်သော သံယောဇဉ် ဆယ်ပါးတို့ကို ပယ်ဖြတ် အံ့သောငှါ“ပဉ္စဌာနာနိ ဘိက္ခဝေ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ” အစရှိသဖြင့် ချထားတော်မူသတည်း၊
ဤသို့ ဒေဝါတိ ဒေဝ-ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပေးတော်မူအပ်သော နည်းကို အစဉ်လျှောက်သဖြင့် မြတ်စွာဘုရား ဆုံးမတော်မူတိုင်း သံယောဇဉ် ဆယ်ပါးကို ပယ်ခြင်း အလိုရှိသော သူတော်ကောင်းတို့သည် ကျင့်အပ်ကုန်၏၊ နှလုံးသွင်းအပ်ကုန်၏၊
ကျင့်ကြလေကုန်၊ နှလုံးသွင်းကြလေကုန်၊ သူတော်ကောင်းတို့။
ဇရာ ဗျာဓိ မရဏ တို့ကို ဆင်ခြင်ရန်
ဒုစရိုက်တို့ကို ပြုကုန်၏ ဟူသည်ကား - အဝိဇ္ဇာအားဖြင့် ကံကုန်သော အဝိဇ္ဇာ ဖုံးလွှမ်းကုန်သော လူ, နတ်တို့သည် အမိ၏ နို့ရည်ကို သောက်သော သူငယ်တို့သည် မိမိအမည်ကို မသိသကဲ့သို့ ထို့အတူ -
မိမိ၏ အမှုကို မသိသည်ဖြစ်၍ ကာယဒုစရိုက်အစရှိသော သုံးပါးသော ဒုစရိုက်တို့ကို သံသရာရှည်ကြောင်း ဒုက္ခများကြောင်း ကျင့်ကြကုန်၏၊ မိမိတို့၏ အမှုသည်ကား အိုခြင်း, နာခြင်း, သေခြင်း အစရှိ သော တရားတို့ကို မိမိတို့၏ အမှုဟူ၍ ဆိုသတည်း၊ ထိုအမှုကို သိစိမ့်သောငှါ ထိုအမှုတို့ကို သိပြီး၍ သုစရိုက်ကိုကြဉ်သဖြင့် သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးတရား ဖြစ်စိမ့်သောငှါ မဂ္ဂင်ရှစ်ပါးကို အဖန်တလဲလဲ ပွါးသဖြင့် ဝဋ်ဆင်းရဲ၌ သတ္တဝါတို့ကို နစ်မွန်းစေတတ်သော သံယောဇဉ် ဆယ်ပါးကို ပယ်အံ့သောငှါ “ပဉ္စဌာနာနိ ဘိက္ခဝေ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ”အစရှိသဖြင့် ဟောတော်မူသတည်း။
ဆင်ခြင်ပုံ
အယံ ကာယော ဇရာဓမ္မော၊ ဇရံအနတိတော။
အယံကာယော၊ ဤကိုယ်သည်။
ဇရာဓမ္မော၊ အိုတတ်သောသဘော ရှိ၏။
ဇရံ၊ အိုခြင်းသဘောတရားကို။
အနတိတော၊ မလွန်နိုင်ချေ တကား။
အယံ ကာယော ဗျာဓိဓမ္မော၊ ဗျာဓိံ အနတိတော။
အယံ ကာယော၊ ဤကိုယ်သည်။
ဗျာဓိဓမ္မော၊ နာတတ်သော သဘောရှိ၏။
ဗျာဓိံ၊ နာတတ်သော သဘောတရားကို။
အနတိတော၊ မလွန်နိုင်ချေတကား။
အယံ ကာယော မရဏဓမ္မော၊ မရဏံ အနတိတော။
အယံ ကာယော၊ ဤကိုယ်သည်။
မရဏဓမ္မော၊ သေတတ်သော သဘောရှိ၏။
မရဏံ၊ သေခြင်းသဘောတရားကို။
အနတိတော၊ မလွန်နိုင်ချေတကား။
အယံ ကာယော နာနာဘာဝဓမ္မော ဝိနာဘာဝဓမ္မော၊ နာနာဘာဝံ အနတိတော၊ ဝိနာဘာဝံ အနတိတော။
အယံကာယော၊ ဤကိုယ်သည်။
နာနာဘာဝဓမ္မော၊ အရပ်တပါးသို့ သွားသဖြင့် ကွေကွင်းတတ်သော သဘောရှိ၏။
ဝိနာဘာဝဓမ္မော၊ ခန္ဓာပျက်သဖြင့် ကွေကွင်းတတ်သော သဘောရှိ၏။
နာနာဘာဝံ၊ အရပ်တပါးသို့သွားသဖြင့် ကွေကွင်းခြင်း သဘောတရားကို။
အနတိတော၊ မလွန်နိုင်ချေတကား။
ဝိနာဘာဝံ၊ ခန္ဓာပျက်သဖြင့် ကွေကွင်းခြင်းသဘော တရားကို။
အနတိတော၊ မလွန်နိုင်ချေတကား။
ကမ္မဿကော။
ကမ္မဿကော၊ ကံသာလျှင် ဥစ္စာရှိ၏။
ကမ္မဒါယာဒေါ။
ကမ္မဒါယာဒေါ၊ ကံ၏အမွေကိုခံရ၏။
ကမ္မယောနိ။
ကမ္မယောနိ၊ ကံသာလျှင် အမျိုးရှိ၏။
ကမ္မဗန္ဓု။
ကမ္မဗန္ဓု၊ ကံသာလျှင် အဆွေရှိ၏။
ကမ္မပဋိဿရဏာ။
ကမ္မပဋိဿရဏာ၊ ကံသာလျှင် ကိုးကွယ်ရာရှိ၏။
ယံ ကမ္မံ ကလျာဏံဝါ ပါပကံဝါ ကရိဿာမိ၊ တဿ ဒါယာဒေါ ဘဝိဿာမီ တိ။
ကလျာဏံဝါ၊ ကုသိုလ်လည်းဖြစ်သော။
ပါပကံဝါ၊ အကုသိုလ် လည်းဖြစ်သော။
ယံကမ္မံ၊ အကြင်ကံကို။
ကရိဿာမိ၊ ပြုအံ့။
တဿ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံ၏။
ဒါယာဒေါ၊ အမွေခံသည်။
ဘဝိဿာမိ၊ ဖြစ်အံ့။
ဤသို့ဆင်ခြင်အပ်သတည်း။
အိုခြင်း အစရှိသော သဘောတရားတို့ကို မသိကုန်သော မိန်းမ၊ ယောက်ျား, လူ, ရဟန်းတို့ကို မပြတ်ဆင်ခြင်စိမ့်သောငှာ ဤအဘိဏှသုတ်ကို ဟောတော်မူ၏။
မျက်စိ၌ များစွာသော တိမ်သလာဖုံးသော သူတို့သည် …
မြေကြီး, ကောင်းကင်, နေ, လတို့ကို မမြင်သကဲ့သို့ လည်းကောင်း၊
တပေါင်းလ, တန်ခူးလ၌ မြူတို့သည် အလွန်ကျကုန်သည် ဖြစ်၍ ကြီးမားလှစွာသော တောင်တို့ကိုမမြင်သကဲ့သို့ လည်းကောင်း၊
ထို့အတူ အိုခြင်းအစရှိသော သဘောတရားတို့ကို ပညာမျက်စိဖြင့် မသိ မမြင် ကုန်သော မိန်းမ ယောက်ျား, လူ, ရဟန်းတို့သည် သံသရာရှည်ကြောင်း သံသရာ၌ ကြာမြင့်ခြင်း၏ အကြောင်း ဖြစ်သော ဒုစရိုက် သုံးပါးတို့ကိုသာလျှင် ကျင့်ကြကုန်၏၊
ခြင်္သေ့, ကျားသစ် အစရှိသော ဘေးရန်တို့ကို မသိမမြင်ကုန်သည်ဖြစ်၍ ထိုခြင်္သေ့၊ ကျား, သစ်ရှိရာ ရပ်သို့ အသွားမှားသော သူကဲ့သို့ သံသရာဆင်းရဲကို ပွါးစေ တတ်သော ဒုစရိုက်ကို ကျင့်ကြကုန်၏၊
ထိုဒုစရိုက်ကို ကျင့်ကုန်သော မိန်းမ ယောက်ျား, လူ, ရဟန်းတို့သည် ပစ္စုပ္ပန်၌လည်း မိမိတို့၏အမှုကို မိမိသိသည်ဖြစ်၍ ငါသည်မကောင်းမှုဒုစရိုက်ကို ကျင့်ပြီ-ဟူ၍ ပူပန်ခြင်း, ထိတ်လန့်ခြင်း, တုန်လှုပ်ခြင်းတို့သည် ဖြစ်ကုန်၏၊ တမလွန်ဘဝ၌ မိမိပြုသော မကောင်းမှု ဒုစရိုက်၏ အကျိုးကိုခံရသဖြင့် ပူပန်ခြင်း ထိတ်လန့်ခြင်း တုန်လှုပ်ခြင်းတို့သည် ဖြစ်ကုန်၏။
အဓိပ္ပါယ် အချုပ်
အဓိပ္ပါယ်အချုပ်ကား-
အိုခြင်း, နာခြင်း, သေခြင်းအစရှိသော တရားတို့ကို မသိမမြင်ကုန်သော သူတို့သည် ဒုစရိုက်ကိုကျင့်သဖြင့် ကာမရာဂသံယောဇဉ် အစရှိသော ဆယ်ပါးသော သံယောဇဉ် တို့သည် သံသရာဝဋ်ဆင်းရဲ၌ နစ်စေကုန်၏၊
အိုခြင်း, နာခြင်း, သေခြင်းအစရှိသော တရားတို့ကို အဖန်တလဲလဲ နေ့ညဉ့် မပြတ် ဆင်ခြင်သဖြင့် သိကုန်သော ပညာရှိတို့သည် ဒုစရိုက်တို့ကို မကျင့်ကုန်၊ ထို အိုခြင်းအစရှိသော တရားတို့ကို အဖန်တလဲလဲ ဆင်ခြင်သဖြင့် သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်တရားတို့သည် ပွါးများသည်ဖြစ်၍ သံယောဇဉ်တို့ကို ပယ်ပြီး၍ ဘေးအပေါင်း တို့၏ ကင်းငြိမ်းရာ မဟာအသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်သို့ ဝင်စံတော်မူကုန်၏-ဟူလိုသတည်း။
နိဗ္ဗိဒါဉာဏ်ကို ဥပမာနှင့်တကွ ပြခြင်း
လောက၌ အမိ အဘတို့သည် သားသမီးတို့ အကျိုးစီးပွါးကို၎င်း၊ သားသမီးတို့၏ ကာယသုခ, စိတ္တသုခကို အလိုရှိသည်ဖြစ်၍ ထိုသား, သမီးတို့အား ချမ်းသာစွာ အသက်မွေးကြောင်း ဖြစ်သော ဤမည် ဤမည်သော နှုတ်အတတ်, လက်အတတ် အစရှိသော အတတ်တို့ကို သင်ကြားကြကုန်လော့-ဟု တိုက်တွန်း နှိုးဆော်သည် ရှိသော် သတိနှင့် ပြည့်စုံသော သား, သမီးတို့သည် အမိ, အဘတို့ နှိုးဆော် တိုက်တွန်း သည်အတိုင်း နှုတ်အတတ်, လက်အတတ်တို့ကို များစွာသင်ပြီး၍ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းကို ရကုန်သကဲ့သို့ ထို့အတူ မဟာကာရုဏိကဖြစ်၍ ဆင်းရဲလတ္တံ့ ကုန်သော လူနတ်တို့အား သားတော်ရာဟုလာ နှင့်အတူ သနားတော်မူသည်ဖြစ်၍“အဘိဏှံပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ” ဟု တိုက်တွန်းတော်မူ၏။
မြစ်ကြီးငါးသွယ်နှင့် ဥပမာပြခြင်း
ဤသို့ တိုက်တွန်းတော်မူသော အမိန့်တော်မြတ်ကို ရိုရိုသေသေ ရတနာရွှေကုံး, ပုလဲကုံး, မြကုံးတို့ကို ဦးထိပ်၌ ဆင်ရွက်သကဲ့သို့ ဦးထိပ်၌ အလေးအမြတ် ဆင်ရွက်ပြီး၍ မအိုခြင်း, မနာခြင်း, မသေခြင်းကို တောင့်တကုန်သော သူတော်ကောင်း တို့သည် ဤကိုယ်သည်ကား အိုသောသဘောရှိ၏၊ အိုခြင်းသဘော တရားကို မလွန်နိုင်ချေတကား”ဤသို့ အစရှိသည်ဖြင့် နေ့, ညဉ့် မပြတ် အောက်မေ့ ဆင်ခြင်အပ်၏။
ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီ-ဟု ဆိုအပ်ကုန်သော မြစ်ကြီးငါးခုတို့၏ ရေအယဉ်တို့သည် ရှစ်သောင်း လေးထောင် နက်သော သမုဒ္ဒရာသို့ ညွှတ်ကုန် သကဲ့သို့၎င်း၊ ကိုင်းကုန်သကဲ့သို့၎င်း၊ ရှိုင်းကုန်သကဲ့သို့၎င်း၊ “အယံကာယော ဇရာဓမ္မော” အစရှိသည်ဖြင့် နေ့ ညဉ့် မပြတ် ဆင်ခြင်အပ်ကုန်သော မိန်းမ, ယောက်ျား, လူ, ရဟန်းတို့သည်သည် ကောင်းသော ကာယကံ၊ ကောင်းသော ဝစီကံ၊ ကောင်းသော မနောကံသို့ညွတ်ကုန်၏၊
ထိုသုစရိုက်ကို ကျင့်ကုန်သော သူတို့သည် မဂ္ဂင်ရှစ်ပါးသို့ ညွှတ်ကုန်၏၊ ကိုင်းကုန်၏၊ ရှိုင်းကုန်၏၊ မဂ္ဂင်ရှစ်ပါးနှင့်ပြည့်စုံသောသူသည် ဘုရားအစရှိသော အရှင်မြတ်တို့၏ ပျော်မွေ့ရာဖြစ်သော မဟာနိဗ္ဗာနဓာတ်သို့ ညွတ်ကုန်၏၊ ကိုင်းကုန်၏။ ရှိုင်းကုန်၏-ဟူလိုသတည်း။
ဒုစရိုက်သို့မကိုင်းကြကုန်လေနှင့်၊ သုစရိုက်သို့သာ ကိုင်းကြလေကုန်၊ သတိရှိပါစေ၊ မိန်းမ ယောက်ျား လူ ရှင် ရဟန်းတို့။
အဘိဏှသုတ်သည်ကား အလွန်အရသာနှင့်ပြည့်စုံသော ခပ်သိမ်းသောသူတို့သည် တောင့်တအပ်သော ခဲဘွယ်ဘောဇဉ်နှင့်တူ၏။ ဇာတိ အစရှိသော ဒုက္ခအပေါင်းတို့၏ စုဝေးရာ တည်ရာဖြစ်သော သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းငှါ အလိုရှိ ကုန်သော သူတော်ကောင်းတို့သည် ထိုဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်သော မြတ်စွာဘုရား၏ တရားတော်ကို တောင့်တအပ်၏။ အလိုရှိအပ်၏၊ နှစ်သက်အပ်၏၊ စုံမက်အပ်၏၊ မြတ်နိုးအပ်၏။
ပထဝီအစရှိသော ဓာတ်လေးပါး ညီညွတ် ဖြောင့်မတ်သော နှစ်ရက် သုံးရက် အစာမစားရသည်ဖြစ်၍ မွတ်သိပ်ဆာလောင်ခြင်းဖြင့် နှိပ်စက်ကုန်သောသူတို့သည် ထိုဆိုအပ်ပြီးသော ညီညွှတ်သော အရသာရှိသော ခဲဘွယ်ဘောဇဉ်တို့ကို ရသည် ရှိသော် ဝမ်းမြောက် ဝမ်းသာ ခံစားသကဲ့သို့ ထို့အတူ သဒ္ဓါအစရှိသော ဣန္ဒြေ ငါးပါးနှင့်ပြည့်စုံသော ရာဂအစရှိသော ပူပန်ခြင်းတို့ဖြင့် နှိပ်စက်ညှဉ်းဆဲသော သူတော်ကောင်းတို့သည် မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ဓမ္မဘောဇနီယ, ဓမ္မခါဒနီယတို့ကို ရသည်ရှိသော် နှစ်နှစ်သက်သက် ပီတိပါမောဇ္ဇကို ဖြစ်စေလျက် သုံးဆောင်မှီဝဲအပ်၏ - ဟူလိုသတည်း။
တရားမနာသူတို့မှာ ခံတွင်းပျက်သူနှင့် ဥပမာတူခြင်း
ဝေဒနာ နှိပ်စက်သည်ဖြစ်၍ ခံတွင်းပျက်သော သူတို့ကဲ့သို့ မဖြစ်စေအပ်၊
ခံတွင်းပျက်သော သူတို့သည် မွန်မြတ်သော ခဲဘွယ်ဘောဇဉ်တို့ကို အမိအဘ အဆွေအမျိုး အစရှိသောသူတို့သည် ထိုသူနာ၏ ချမ်းသာခြင်းကို တောင့်တ သည်ဖြစ်၍ သုံးဆောင် စားသောက်ပါလော့-ဟု ရှေ့၌ ကပ်လာသည်ရှိသော် ထိုသူနာသည် ထိုဘောဇဉ်တို့ကိုမြင်က ငြီးငွေ့သကဲ့သို့၎င်း၊ စက်ဆုပ်ရွံရှာ သကဲ့သို့၎င်း၊ အနည်းငယ်မျှ သုံးဆောင် စားသောက်ခြင်းငှါ အလိုမရှိသကဲ့သို့ အိုသော အဆင်းမလှသော မျက်နှာဖြင့် ဤဘောဇဉ်တို့ကို အလိုမရှိ၊ တပါးသော အရပ်သို့ ဆောင် ပါလေ-ဟု ဆိုသကဲ့သို့ -
ထို့အတူ မြတ်စွာဘုရားသည် ကောင်းစွာ ဟောတော်မူအပ်သော နိယျာနိက ဖြစ်သော တရားတော်ကို ဟောကြား ညွှန်ပြသည်ရှိသော် သဒ္ဓါအစရှိသော တရား တို့သည် ခံတွင်းပျက်သည် ဖြစ်၍ နိယျာနိက ဓမ္မရသကို“ပုဗ္ဗေစ ကတပုညတာ”ဟူသော မင်္ဂလာ တရားတော်နှင့် အညီ မိမိသည် ရှေးရှေးသော ဘဝက ပြုခဲ့ဘူးသော ကုသိုလ်ကံထောက်မ၍ တွေ့ပါ ကြိမ်ကြိုက်ပါငြားသော်လည်း သုံးဆောင်ခြင်း, ခံစားခြင်းငှာ အလိုမရှိ၊ ငြီးငွေ့ကြကုန်၏။စက်ဆုပ်ရွံရှာ ကြကုန်၏-ဟူလိုသတည်း။
ထိုသူနာအား အမိအဘဖြစ်သောသူ အဆွေအမျိုးဖြစ်သောသူ, နှလုံးကောင်းသော သူတို့သည် ထိုသူနာ၏ အကျိုးကို အလိုရှိသည်ဖြစ်၍ ဤခဲဘွယ်ဘောဇဉ်တို့ကို သုံးဆောင်ပါ၊ စက်ဆုပ်ခြင်း ငြီးငွေ့ခြင်းကို မပြုပါနှင့်-ဟု ဆိုပြီး၍ အဖန်တလဲလဲ တိုက်တွန်းဖန် များသဖြင့် ထိုသူနာသည် စက်ဆုပ်ရွံရှာသော်လည်း အနာ ပျောက်ချင်ခြင်း- တည်းဟူသော အကျိုးကို ခံစားရလတ္တံ့သည်ကိုမြင်၍ အံ့သွားကို ခဲ၍ မျက်စိမှိတ်၍ မျိုသကဲ့သို့ ထို့အတူ -
အမိအဘ, အဆွေအမျိုး, နှလုံးကောင်းသောသူတို့နှင့်တူသော ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့သည် တရား-တည်းဟူသော ဘောဇဉ်ကို တိုက်ကျွေး သည်ရှိသော် ရာဂအစရှိသော အနာတို့၏ ကင်းငြိမ်းလတ္တံ့သည်ကိုမြင်သဖြင့် ငြီးငွေ့ စက်ဆုပ် ရွံရှာသော်လည်း လုံ့လဥဿာဟ အားထုတ်၍ သောက်အပ် သုံးဆောင်အပ်၏၊ အဖန်တလဲလဲ ပွါးအပ်၏၊ ထိုခံတွင်းပျက်သောသူသည် ဝေဒနာ နှိပ်စက်သည်ဖြစ်၍ ခံတွင်းပျက်ခြင်းဟူသော အကြောင်းကြောင့် လုံ့လအားထုတ်၍ သုံးဆောင် စားသောက် ပါသော်လည်း အနည်းငယ်မျှသာ သုံးဆောင်နိုင်၏။ များစွာ မသုံးဆောင်နိုင်ချေ။
ထိုသို့ ဝမ်းသို့ရောက်သော အနည်းငယ်သော ဘောဇဉ်တို့သည်လည်း ပျို့အန်ခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ တဖန် အပြင်သို့ထွက်အံ့ဟု ပြုပြန်သည်ရှိသော် “အမောင် .... မထွက်ပါစေလင့်၊ လုံ့လပြု၍ မျိုပါလော့” ဟုဆို၏၊ ထိုသို့ပင် ဆိုသော်လည်း ထိုသူနာသည် ခံတွင်းအလွန်ပျက်သည် ဖြစ်၍ သည်းခံခြင်းငှါ မတတ်နိုင်သဖြင့် ဝင်လေပြီးသော အနည်းငယ်သော အစာသည် အော့အန်သဖြင့် အပြင်သို့တဖန် ထွက်ပြန်သကဲ့သို့ -
ထို့အတူ ဘုရားအစရှိသော ကလျာဏမိတ္တတို့သည် သဒ္ဓါအစရှိသော ခံတွင်းပျက်သော သူတို့အား အသန္ဒိဋ္ဌိကော - အစရှိသော တရားတော်၏ ဂုဏ်ကို ချီးမွမ်းပြသ၍ ဓမ္မဘောဇနီယ, ဓမ္မခါဒနီယကို တိုက်ကျွေး သည်ရှိသော် အလွန် တိုတ်တွန်းသည်ဖြစ်၍ အနည်းငယ်မျှသော ဓမ္မရသ, ပဝိဝေကရသကို ခံစားနိုင်ချေသည်၊ ကြာမြင့်စွာသော ရက်, လ, နှစ်ပတ်လုံး တရားတော်နှင့် မမွေ့လျော်နိုင်ချေ၊
ဝင်ပြီးသော တရားတော်သည် အပြင်သို့မထွက်ပါစေလင့်၊ မထွက်ပါစေလင့်-ဟု တိုက်တွန်း နှိုးဆော်ပါသော်လည်း သဒ္ဓါအစရှိသော တရားတို့သည် ခံတွင်း မကောင်းလှသည်ဖြစ်ရကား သမထဘာဝနာ, ဝိပဿနာ ဘာဝနာတည်းဟူသော တရားတို့ကို မကြွင်းမကျန် အော့အန်၍ ဧကန်ပစ်လိုက်တော့သည် - ဟူလိုသတည်း။
အဘိဏှသုတ်၌ ပုဂ္ဂိုလ်အားဖြင့် ခွဲ၍ဟောတော်မူခြင်း
ဤအဘိဏှသုတ်၌ သာမညမဟောမူ၍ “ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ”ဟု အထူးဝိသေသအားဖြင့် ဟောရကား မိန်းမတို့သည် လည်းကောင်း၊ ယောက်ျားတို့သည် လည်းကောင်း၊ လူသည် လည်းကောင်း၊ ရဟန်းသည် လည်းကောင်း ဆင်ခြင်အပ်၏၊
ဤသို့ ဆင်ခြင်ရာ၌ “ပစ္စဝေက္ခိတဗ္ဗံ” ဟု သာမညမဟောမူ၍ “အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ”ဟု အဘိဏှ-သဒ္ဒါဖြင့် အထူးပြု၍ ဟောတော်မှုရကား သာမည မေ့မေ့လျော့လျော့ ပေါ့ပေါ့စားစား စေတနာမရှိသဖြင့် မင်း၏အမှုကို ရွက်ဆောင်သော သူတို့ကဲ့သို့ မပြုအပ်၊ မိမိ၏အကျိုးစီးပွါးကို ရွက်ဆောင်သော သူတို့ကဲ့သို့ နေ့ညဉ့် မပြတ် ကြိုးကြိုးပမ်းပမ်း နှုတ်ဖြင့် လည်းကောင်း, စိတ်ဖြင့် လည်းကောင်း အောက်မေ့ဆင်ခြင် ကြလေကုန်။
လောက၌ အချို့သော သူတို့သည် ရာဇဝတ်မင်းဒဏ် သင့်လောက် သောအမှုကို ပြုမိ လွန်ကျူးမိသည်ဖြစ်၍ ဧကန္တမုချအားဖြင့် သေဘေး ရောက်လတ္တံ့သောသူသည် ထိုသေခြင်း-တည်းဟူသောအမှုမှ တပါးသောအမှုငယ်တို့ကို မရွက်ဆောင်နိုင်ကုန်၊ ထိုသေဘေးမှ လွတ်စိမ့်သောငှါ အမိအဘ, အဆွေအမျိုးတို့နှင့်တကွ ထိုသေခြင်း-တည်းဟူသော အမှုကိုသာလျှင် ရွက်ဆောင်သကဲ့သို့ ထို့အတူ -
ပဋိသမ္ဘိဒါနှင့် တကွ အရဟတ္တဖိုလ်ကို တောင့်တသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၌ထင်ရှားရှိသော အိုခြင်း နာခြင်း သေခြင်း အစရှိသောအမှုကိုသာလျှင် ပြေလွယ်, ငြိမ်းလွယ်စိမ့်သောငှါ ကြိုးကြိုးပမ်းပမ်း ရွက်ဆောင် အပ်၏-ဟူလိုသတည်း။
အိုခြင်း နာခြင်း, သေခြင်း အစရှိသော အမှုတို့ကိုသာလျှင် အမှုမှတ်ကြလေကုန်၊ ဤမှတပါးသော အမှုတို့ကို အမှုမမှတ်အပ်ကုန်။
အယောဃရမင်းသားနှင့် ဥပမာ ပြခြင်း
ထိုမှတပါး ဘုရားအလောင်းတော် သူတော်ကောင်းတို့ နှလုံးသွင်းသော တရားတို့ကို ယခုပညာရှိ သူတော်ကောင်းတို့သည် ပြုသောအဝတ်ပုဆိုးတို့ကို ထပ်ကာ ထပ်ကာ ဖွပ်ဘိသကဲ့သို့ ယဉ်ကျေးပြီးသော နှလုံးတို့ကို တဖန်ထပ်၍ ယဉ်ကျေးစိမ့်သောငှါ အတ္ထုပ္ပတ္တိတို့ကို အမြွက်မျှဆိုဦးအံ့။
အယောဃရမင်းသား ဝတ္ထု
လွန်လေပြီးသောအခါ ဗာရာဏသီပြည်မြတ်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ထိုဗြဟ္မဒတ်မင်းကြီး၏ မိဖုရားကြီးသည် ကိုယ်ဝန်ကိုရလျှင် ကိုယ်ဝန် အစောင့်အရှောက်ကိုရ၍ ကိုယ်ဝန်ရင့်လတ်သော် မိုးသောက်ယာမ်၏ အခြားမဲ့၌ သားကိုဖွား၏။
ထိုမိဖုရားကြီးအား ရှေးဘဝ၌ တယောက်သော ရန်သူမိန်းမသည် သင်၏ ဖွားတိုင်း, ဖွားတိုင်းသော သားတို့ကို စားရလို၏-ဟု ဆုတောင်းခြင်းကို ဖြစ်စေ၏။ ထို ရန်သူမိန်းမသည် မိမိ၏ မြုံသည်ဖြစ်၍ သားဟူသော အကြောင်းကြောင့် အမျက် ထွက်သဖြင့် ထိုဆုတောင်းခြင်းကို ပြု၍ ဘီလူးမျိုး၌ ဖြစ်သတတ်။
တယောက်သော မိန်းမသည် မင်း၏ မိဖုရားကြီးဖြစ်၍ ဤသားကိုဖွား၏၊ ဤဘီလူးမသည် ထိုအခါ၌ အခွင့်ရ၍ မိဖုရားမြင်စဉ်လျှင် ကြောက်မက်ဘွယ်သော အဆင်းရှိသည်ဖြစ်၍ လာလတ်ပြီးလျှင် သူငယ်ကိုယူ၍ပြေး၏၊ မိဖုရားသည် ဘီလူးမသည် ငါ့သားကို ယူ၍ပြေးခဲ့ပြီ-ဟု ကျယ်စွာသော အသံဖြင့် ဟစ်ကြွေး၏၊
ဘီလူးမသည်လည်း သူငယ်ကို ကြာစွယ်ကြာရင်းကဲ့သို့ ကြွပ်ကြွပ်ဝါး၍ စားပြီးလျှင် မိဖုရားအား လက်၏ဖောက်ပြန်ခြင်း အစရှိသည်တို့ဖြင့် ကြောက်မက်ဘွယ်သော အဆင်းကို ပြသဖြင့် ခြိမ်းခြောက်၍ သွား၏။
မင်းသည် ထိုမိဖုရားစကားကို ကြား၍ ဘီလူးမအား အသို့ပြုခြင်းငှါ တတ်နိုင် အံ့နည်း-ဟုဆို၍ ဆိတ်ဆိတ်နေ၏၊ တဖန်မိဖုရား သားဖွားသောအခါ မြဲမြံစွာ အစောင့်အရှောက်ကိုပြု၏။ မိဖုရားသည် တဘန်သားဖွား ပြန်၏။ ဘီလူးမသည် လာလတ်၍ ထိုသားကိုလည်း စား၍သွားပြန်၏။
သုံးကြိမ်မြောက်၌ကား ထိုမိဖုရား၏ဝမ်း၌ ဘုရားလောင်းသည် ပဋိသန္ဓေ ယူ၏၊ မင်းသည်လူများကို စည်းဝေးစေ၍ မိဖုရားကြီး ဖွားတိုင်း ,ဖွားတိုင်းသောသားကို တယောက်သော ဘီလူးမသည်စား၏၊ အသို့လျှင် ပြုအပ်သနည်း-ဟုမေး၏၊ ထိုအခါ တယောက်သော အမတ်သည် ဘီလူးမတို့ မည်သည်ကား ထန်းရွက်ကို ကြောက်ကုန်၏၊ အရှင်မိဖုရား၏ လက်ခြေတို့၌ ထန်းရွက်ကို ဆွဲခြင်းငှါ သင့်၏-ဟု တင်လျှောက်၏။ ထိုနောင်မှ အမတ်တယောက်သည် ဘီလူးမတို့ မည်သည်ကား သံအိမ်ကို ကြောက်ကုန်၏၊ သံအိမ်ကိုပြုခြင်းငှါ သင့်၏-ဟု တင်လျှောက်၏၊
မင်းသည် ကောင်းပြီ-ဟု မိမိတိုင်းနိုင်ငံ၌ ပန်းပဲတို့ကို စည်းဝေးစေပြီးလျှင် သံအိမ်ကိုပြုကြကုန်လော့-ဟုစေ၍ အမတ်တို့ကို မေး၍ မြို့တွင်း၌သာလျှင် မွေ့လျော်ဘွယ်ရှိသော မြေအဘို့၌ သံအိမ်ကို ဆောက်လုပ်ကုန်၏။ တိုင်မှအစပြု၍ အလုံးစုံသော အဆောက်အဦတို့သည် သံဖြင့်ပြီးသည် သာလျှင် ဖြစ်ကုန်၏၊ ကိုးလတို့ဖြင့် သံဖြင့်ပြီးသော ကြီးစွာသော မုခ်လေးခုရှိသော သံအိမ်သည် အပြီးသို့ ရောက်၏၊ ထိုသံအိမ်သည် အခါခပ်သိမ်း ထွန်းအပ်သော ဆီမီးရှိသည် သာလျှင် ဖြစ်၏။
မင်းသည် မိဖုရားကြီး ကိုယ်ဝန်ရင့်သည်ကို သိ၍ သံအိမ်ကို တန်းဆာဆင်စေပြီး လျှင် ထိုမိဖုရားကိုယူ၍ သံအိမ်သို့ဝင်၏၊ မိဖုရားသည် ထိုသံအိမ်၌ ဘုန်းပညာ လက္ခဏာနှင့် ပြည့်စုံသော သားကိုဖွား၏၊ ထိုသားအား အယောဃရမင်းသား-ဟူသော အမည်ကို မှည့်ကုန်၏၊
ထိုမင်းသားကို အထိန်းတို့အား ပေးပြီးလျှင် များစွာသော အစောင့်အရှောက်ကို စီရင်၍ မင်းသည်မိဖုရားကြီးကို ယူ၍ မြို့ကိုလက်ျာရစ် လှည့်သည်ကိုပြု၍ တန်းဆာ ဆင်အပ်သော ပြာသာဒ်အပြင်သို့တက်၏။ ဘီလူးမသည် ရေခပ်အလှည့်ရောက်၍ ဝေဿဝဏ္ဏနတ်မင်းအား ရေကိုဆောင်သည်ရှိသော် အသက်ကုန်ခြင်းသို့ ရောက်၏၊
ဘုရားလောင်းသည် သံအိမ်၌သာလျှင် ကြီး၍ သိကြားလိမ်မာသော အဖြစ်သို့ ရောက်လျှင် ထိုသံအိမ်၌သာလျှင် အလုံးစုံသော အတတ်တို့ကိုသင်၏၊ မင်းသည် “ငါ့သား အရွယ် အဘယ်မျှရှိပြီနည်း”ဟု မှူးမတ်တို့ကို မေး၍ အရှင်မင်းကြီး … တဆယ့်ခြောက်နှစ် အရွယ်သို့ရောက်ပြီဖြစ်၏၊ ရဲရင့်၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ ဘီလူးတထောင်ကိုသော်လည်း တားမြစ်ခြင်းငှါ စွမ်းနိုင်၏ဟု ကြား၍ “မင်းအဖြစ်ကို ပေးအံ့၊ အလုံးစုံသော မြို့ကို တန်းဆာဆင်၍ သံအိမ်မှ ငါ့သားတော်ကိုထုတ်၍ ဆောင်ယူခဲ့ကုန်လော့”ဟုဆို၏။
မှူးမတ်တို့သည် “အရှင်မင်းကြီး … ကောင်းပြီ”ဟုဆိုကုန်၍ တဆယ့်နှစ် ယူဇာနာရှိသော မြို့ကိုတန်းဆာဆင်ပြီးလျှင် ခပ်သိမ်းသော တန်းဆာတို့ဖြင့် တန်ဆာဆင်အပ်သော မင်္ဂလာဆင်တော်ကို ယူ၍ သံအိမ်သို့ သွား၍ မင်းသားကို တန်းဆာဆင်ပြီးလျှင် မင်္ဂလာဆောင်တော် ကျောက်ကုန်း၌စီးစေ၍ -
“အရှင်မင်းသား ... အမျိုး၏ဥစ္စာဖြစ်သော တန်ဆာဆင်အပ်သော မြို့တော်ကို လက်ျာရစ် လှည့်သည်ကိုပြု၍ ခမည်းတော် ဖြစ်သော ကာသိကမင်းကြီးကို အရှင်မင်းသား တို့သည် ရှိခိုးတော်မူကုန်လော့၊ ယနေ့ပင်လျှင် ထီးဖြူကို ရကုန်လတ္တံ့”
ဟု တင်လျှောက်ကြကုန်၏။ ဘုရားအလောင်းသည် မြို့ကို လက်ျာရစ် လှည့်သည် ရှိသော် မေ့လျော်ဘွယ်သော အာရာမ်, ဥယျာဉ်တော်, ရေကန် ရွှေနန်းပြာသာဒ် အစရှိသည်တို့ကိုမြင်၍ကြံ၏။
“ငါ၏ ခမည်းတော်မင်းကြီးသည် ငါ့ကိုဤမျှလောက်သော ကာလပတ်လုံး နှောင်အိမ်၌ နေစေ၏၊ ဤသို့သဘောရှိသော တန်းဆာဆင်သော မြို့ကိုမြင်ခြင်းငှါ မပေး၊ ငါ့အား အဘယ် အပြစ်ရှိသနည်း”
ဟု မှူးတော် မတ်တော်တို့ကို မေး၏။
“အရှင်မင်းသား ... အရှင်မင်းသားတို့အား အပြစ်သည် မရှိ၊ ထိုသို့ မရှိသော်လည်း အရှင်မင်းသား၏ နောင်တော် နှစ်ပါးကို ဘီလူးမတယောက်သည် စား၏၊ ထိုသို့ စားသောကြောင့် အရှင်မင်းသား၏ ခမည်းတော်မင်းကြီးသည် သံအိမ်၌ နေစေ၏။ သံအိမ်ကြောင့် အရှင်မင်းသား၏ အသက်ကိုရ၏”
ဟု တင်လျှောက်သော စကားကိုကြား၍ -
ဧဝံ စိန္တေသိ၊ အဟံ ဒသမာသေ လောဟကုမ္ဘီ နိရိယေဝိယ စ မာတုကုစ္ဆိမှိ ဝသိတွာ မာတုကုစ္ဆိတော နိက္ခန္တကာလတော ပဋ္ဌာယ သောဠသဝဿာနိ ဧတသ္မိံ ဗန္ဓာဂါရေ ဝသိ၊ ဗဟိ သြလောကေတုမ္ပိ နလဘတိ၊ ဥဿဒ္ဒနိရယေ ခိတ္တောဝိယ အဟောသိ၊ ယက္ခိနိယာ ဟတ္တတော မုတ္တော ပိ အဟံ ပန နေဝ အဇရော ဟောမိ၊ န အမရော ဟောမိ၊ ကိံ မေ ရဇ္ဇေန၊ ရဇ္ဇေ ၀ ဌိတကာလတော ပဋ္ဌာယ ဒုန္နိက္ခမံ ဟောတိ၊ အဇ္ဇေဝ မမ ပိတရံ ပဗ္ဗဇ္ဇံ အနုဇာနာပေကွာ ဟိမဝန္တံ ပဝိသိတွာ ပဗ္ဗဇိဿာမီ တိ။
ဧဝံ၊ ဤသို့။
စိန္တေသိ၊ ဘုရားအလောင်းတော် ကြည့်မြော် ဆင်ခြင်သောအားဖြင့် ကြံ၏။
အဟံ၊ ငါသည်။
ဒသမာသေ၊ ဆယ်လတို့ပတ်လုံး။
လောဟကုမ္ဘီ နိရယေဝိယစ၊ လောဟကုမ္ဘီ မည်သော ငရဲ၌၎င်း။
မာတု ကုစ္ဆိမှိ၊ အမိဝမ်း၌။
ဝသိတွာ၊ နေ၍။
မာတုကုစ္ဆိတော၊ အမိဝမ်းမှ။
နိက္ခန္တကာလတော၊ ထွက်သောအခါမှ။
ပဋ္ဌာယ၊ စ၍။
သောဠသဝဿာနိ၊ တဆယ့်ခြောက်နှစ်ပတ်လုံး။
ဧတသ္မိံ၊ ထိုသံဖြင့် ပြီးသော။
ဗန္ဓာဂါရေ၊ နှောင်အိမ်၌။
ဝသိ၊ နေရပြီ။
ဗဟိ၊ အပသို့။
ဩလောကေတုမ္ပိ၊ ကြည့်ခြင်းငှါမျှလည်း။
နလဘတိ၊ မရ။
ဥဿဒ္ဒနိရယေ၊ ဥဿဒ္ဒရက်ငရဲ၌။
ခိတ္တောဝိယ၊ ပစ်ချသောသူကဲ့သို့။
အဟောသိ၊ ဖြစ်လေပြီ။
ယက္ခိနိယာ၊ ဘီလူးမ၏။
ဟတ္ထတော၊ လက်မှ။
မုတ္တောပိ၊ လွတ်ပါသော်လည်း။
ပနဝိသေသော၊ အထူးသဖြင့်။
အဟံ၊ ငါသည်။
အဇရော၊ မအိုသည်။
နေဝဟောမိ၊ မဖြစ်။
အမရော၊ မသေသည်။
နဟောမိ၊ မဖြစ်။
မေ၊ ငါအား။
ရဇ္ဇေန၊ မင်းအဖြစ်ဖြင့်။
ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။
ရဇ္ဇေ၊ မင်းအဖြစ်၌။
ဌိတကာလတော၊ တည်သောအခါမှ။
ပဋ္ဌာယ၊ စ၍။
ဒုန္နိက္ခမံ၊ ထွက်မြောက်နိုင်ခဲသည်။
ဟောတိ၊ ဖြစ်၏။
အဇ္ဇေဝ၊ ယနေ့ပင်လျှင်။
မမ၊ ငါ၏။
ဝိတရံ၊ ခမည်းတော်ကြီးကို။
ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။
အနုဇာနာပေတွာ၊ ခွင့်ပြုတော် မူစေ၍။
ဟိမဝန္တံ၊ ဟိမဝန္တာသို့။
ပဝိသိတွာ၊ ဝင်၍။
ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။
ဣတိ၊ ဤသို့။
စိန္တေသိ၊ ကြံ၏။
(ထိတ်လန့်သောကြောင့် ဤကဲ့သို့အကြံဖြစ်သည်-ဟူလိုသတည်း။)
[အဓိပ္ပါယ်ကား သိလွယ်ပြီ။]
ထိုဘုရားအလောင်းသည် တန်းဆာဆင်အပ်သော ဆင်ကျောက်ကုန်းထက်မှ ဗာရာဏသီမြို့ကို လက်ျာရစ်လှည့်၍ ကြည့်ရှုတော်မူပြီးလျှင် နန်းတော်သို့ဝင်၍ ခမည်းတော်မင်းကြီးအား ရှိခိုးလျက်နေ၏။ ခမည်းတော် မင်းကြီးသည် ထို ဘုရားလောင်း၏ တင့်တယ် လျောက်ပတ်ခြင်းကိုမြင်၍ သားတော်ဘုရားလောင်း၌ ပြင်းစွာသော ချစ်ခြင်းရှိသည် ဖြစ်၍ အမတ်တို့ကို ကြည့်သည်ရှိသော် အမတ်တို့သည် -
“အရှင်မင်းကြီး ... အဘယ်သို့ ပြုရတုံအံ့နည်း”
ဟု မေးလျှောက်ကြကုန်၏။
“ငါ၏သားတော်ကို ရတနာအစုံ၌ထား၍ ရွှေခရုသင်း, ငွေခရုသင်း, ပကတိခရုသင်း-ဟူသော သုံးပါးသော ခရုသင်းတို့ဖြင့် အဘိသိက်သွန်း၍ ရွှေပန်းကို၎င်း, ထီးဖြူကို၎င်း ဆောင်နှင်းကြကုန်လော့”
ဟုဆို၏၊ ထိုစကားကိုကြား၍ ငါတို့ဘုရားအလောင်းသည် ခမည်းတော်မင်းကြီးအား ရှိခိုး၍ -
မယှံ ရဇ္ဇေန အတ္ထော န ဒေဝံ အတ္ထိ - ဟူသောစကားကို ဆို၏။
ဒေဝ၊ မြတ်သော ခမည်းတော်မင်းကြီး။
မယှံ၊ အကျွန်ုပ်အား။
ရဇ္ဇေန၊ မင်းအဖြစ်ဖြင့်။
အတ္ထော၊ အကျိုးသည်။
နအတ္ထိ၊ မရှိ-
ဟူသောစကားကို ဆိုပြီး၍ -
အဟံ ပဗ္ဗဇိဿာမိ၊ မေ ပဗ္ဗဇ္ဇံ အနုဇာနာထ။
အဟံ၊ အကျွန်ုပ်သည်။
ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။
မေ၊ အကျွန်ုပ်အား။
ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။
အနုဇာနာထ၊ ခွင့်ပြုတော်မူကုန်လော့။
ဤသို့ဆို၍ ခမည်းတော်မင်းကြီးအား ရဟန်းအဖြစ်ကို တောင်းပန် ကန်တော့ လေသတည်း။
ထိုအခါ၌ ခမည်းတော်မင်းကြီးသည်“ချစ်သား ... မင်း၏အဖြစ်ကို ပယ်၍ အဘယ် အကြောင်းကြောင့် ရဟန်းပြုအံ့နည်း”ဟု မေးတော်မူသည်ရှိသော် ထိုစကားကို ဖြေတော်မူလိုသည်ဖြစ်၍ -
အဟံ ဒေ၀ မာတုကုစ္ဆိမှိ ဒသမာသေ ဂူထနိရယေဝိယ ဝသိတွာ ကုစ္ဆိတော နိက္ခန္တော ယက္ခိနီဘယေန သောဠသဝဿာနိ ဗန္ဓနာဂါရေ ဝသန္တော ဗဟိ သြလောကေတုမ္ပိ နလဘတိ၊ ဥဿဒ္ဒနိရယေ ခိတ္တောဝိယ အဟောသိ၊ ယက္ခိနီဟတ္ထတော မုတ္တောပိ အဇရော အမရော နဟောမိ၊ မစ္စုနော သေနံ ကေနစိ ဇိနိတုံ ဝဉ္စိတုံ နသက္ကာ၊ ဘဝေ ဥက္ကဏ္ဌိတော အမှိ၊ ယာဝ ဒေဝ မေ ဗျာဓိ ဇရာမရဏာနိ နာဂစ္ဆန္တိ၊ တာဝ ပဗ္ဗဇိတွာ ဓမ္မံ စရိဿာမိ၊ မေ တေန ရဇ္ဇေန အလံ၊ ဒေဝ မံ အနုဇာန။
ဒေဝ၊ မြတ်သောခမည်းတော်မင်းကြီး။
အဟံ၊ အကျွန်ုပ်သည်။
မာတုကုစ္ဆိမှိ၊ အမိဝမ်း၌။
ဒသမာသေ၊ ဆယ်လတို့ပတ်လုံး။
ဂူထနိရယေဝိယ၊ မစင်ပုပ်ငရဲ၌ကဲ့သို့။
ဝသိတွာ၊ နေပြီး၍။
ကုစ္ဆိတော၊ အမိဝမ်း မှ။
နိက္ခန္တော၊ ထွက်သည်ရှိသော်။
ယက္ခိနီဘယေန၊ ဘီလူးမဘေးကြောင့်။
သောဠသဝဿာနိ၊ တဆယ့်ခြောက်နှစ်တို့ပတ်လုံး။
ဗန္ဓနာဂါရေ၊ သံဖြင့်ပြီးသော နှောင်အိမ်၌။
ဝသန္တော၊ နေရသည်ဖြစ်၍။
ဗဟိ၊ အပသို့။
ဩလောကေတုမ္ပိ၊ ကြည့်ခြင်းငှါမျှလည်း။
နလဘတိ၊ မရ။
ဥဿဒ္ဒနိရယေ၊ ဥဿဒ္ဒရက်ငရဲ၌။
ခိတ္တောဝိယ၊ ပစ်ချသောသူကဲ့သို့။
အဟောသိ၊ ဖြစ်လေပြီ။
ယက္ခိနီဟတ္ထတော၊ ဘီလူးမလက်မှ။
မုတ္တောပိ၊ လွတ်ပါငြားသော်လည်း။
အဇရော၊ မအိုသည်။
အမရော၊ မသေသည်။
နဟောမိ၊ မဖြစ်။
မစ္စုနော၊ သေမင်း၏။
သေနံ၊ စစ်သည်ကို။
ကေနစိ၊ တစုံတယောက်သော သူသည်။
ဇိနိတုံ၊ အောင်ခြင်းငှါ၎င်း။
ဝဉ္စိတုံ၊ လှည့်ပတ်ခြင်းငှါ၎င်း။
နသက္ကာ၊ မတတ်နိုင်။
ဘဝေ၊ ဘဝသုံးပါး၌။
ဥက္ကဏ္ဌိတော၊ ဆန့်ကျင်သည်။
အမှိ၊ ဖြစ်၏။
ဒေဝ၊ မြတ်သော ခမည်းတော်မင်းကြီး။
ယာဝ၊ အကြင်မျှလောက်။
မေ၊ အကျွန်ုပ်အား။
ဗျာဓိ ဇရာမရဏာနိ၊ နာခြင်း, အိုခြင်း, သေခြင်းတို့သည်။
နာဂစ္ဆန္တိ၊ မလာကုန်သေး။
တာဝ၊ ထိုနာခြင်း, အိုခြင်း သေခြင်းသည် မလာမီကာလပတ်လုံး။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားတော်ကို။
စရိဿာမိ၊ ကျင့်လေအံ့။
မေ၊ အကျွန်ုပ်အား။
တေနရဇ္ဇေန၊ ထိုတိုင်းပြည်ဖြင့်။
အလံ၊ အကျိုးမရှိပြီ။
ဒေဝ၊ မြတ်သော ခမည်းတော်မင်းကြီး။
မံ၊ အကျွန်ုပ်ကို။
အနုဇာန၊ ရဟန်းပြုခြင်းအမှု ကြည့်ရှုအသင့် ခွင့်ပြုတော်မူပါလား
ဤသို့တင်လျှောက်ဆိုပြီး၍ ခမည်းတော်မင်းကြီးအား တရားဟောတော်မူလိုသည် ဖြစ်၍ ဤဆိုလတ္တံ့သောဂါထာတို့ကို ရွတ်ဆိုတော်မူ၏။
ပဌမဂါထာ
ယမေကရတ္တိံ ပဌမံ၊
ဂဗ္ဘေ ဝသတိ မာဏဝေါ။
အဗ္ဘုဋ္ဌိတောဝ သော ယာတိ၊
သ ဂစ္ဆံ န နိဝတ္တတိ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ယံ-ယော မာဏဝေါ၊ အကြင်သတ္တဝါသည်။
ဧကရတ္တိံ၊ တညဉ့် ၌။
ပဌမံ၊ ရှေးဦးစွာလျှင်။
ဂဗ္ဘေ၊ အမိဝမ်းဟုဆိုအပ်သောတိုက်၌။
ဝသတိ၊ ရေကြည်၏ အဖြစ်ဖြင့်တည်၏။
သောမာဏဝေါ၊ ထိုအမိဝမ်း၌ ဖြစ်သောသတ္တဝါသည်။
အဗ္ဘုဋ္ဌိတောဝ၊ သေခြင်းကို ရှေးရှု၍သာလျှင်။
ယာတိ၊ သွား၏။
ဂစ္ဆံ-ဂစ္ဆန္တော၊ သေခြင်းသို့ရှေးရှုသွားသော။
သ-သော၊ ထိုသတ္တဝါသည်။
နနိဝတ္တတိ၊ နောက်သို့မပြန်ရပြီ။
အဓိပ္ပါယ်
ရထားစီးခြင်း မင်းတကာတို့ထက် မြတ်သော ခမည်းတော်မင်းကြီး ... အကြင် သတ္တဝါသည် တညဉ့် ၌ ရှေးဦးစွာလျှင် အမိဝမ်း၌ ရေကြည်၏ အဖြစ်ဖြင့် ပဋိသန္ဓေ စွဲနေ၏၊ ထိုအမိဝမ်း၌ ပဋိသန္ဓေစွဲနေသော သတ္တဝါသည် သေခြင်းရှိရာသို့သာလျှင် မရောက်မခြင်း မနေမနား ရှေးရှုဖြစ်၍သာလျှင် သွား၏၊ ထိုသို့သွားသော သတ္တဝါသည် အနည်းငယ်မျှ နောက်သို့မပြန် နောက်ချိမဆုတ် - ဟူလိုသတည်း၊
[ခပ်သိမ်းသော သတ္တဝါတို့သည် နေ့တိုင်း, နေ့တိုင်း သေခြင်းရှိရာသို့ သာလျှင် ရှေးရှု သွားကုန်၏-ဟု ယောမနသီကာကို ဖြစ်စေအပ်၏။]
ဒုတိယဂါထာ
န ယုဇ္ဈမာနာ န ဗလေန ဝဿိတာ၊
နရာ နဇိရန္တိ နစာပိ မိယျရေ။
သဗ္ဗ ဟိ တံ ဇာတိဇရာယ ဥပဒ္ဒုတံ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ယုဇ္ဈမာနာ၊ နှစ်ဘက်တို့မှ တက်သော စစ်သည်၌ ထိုးပစ်အပ်ကုန်သော။
ဗလေန၊ မိမိတို့အစွမ်းခွန်အား, သူရဲ-သူခက်တို့ အစွမ်းခွန်အားနှင့်။
ဝဿိတာ၊ ပြည့်စုံကုန်သော။
နရာ၊ လူတို့သည်။
နဇိရန္တိ၊ မအိုကုန်သည်။
န၊ မဟုတ်ကုန်။
ဇိရန္တေဝ၊ အိုကုန်သလျှင်ကတည်း၊
နစာပိ မိယျရေ၊ မသေကုန်သည်လည်း။
န၊ မဟုတ်ကုန်။
မိယန္တေဝ၊ သေကုန်သလျှင်ကတည်း။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ဟိ၊ ထိုစကားသင့်စွ။
သဗ္ဗံဧဝ၊ အလုံးစုံသာလျှင်ဖြစ်သော။
တံ ဣမံ ပါဏမဏ္ဍလံ၊ ဤသတ္တဝါ အပေါင်းကို။
ဇာတိဇရာယ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသည်။
ဥပဒ္ဒုတံ၊ အမြဲလျှင် နှိပ်စက်အပ်၏။
တံတေန ကာရဏေန၊ ထိုသို့ပဋိသန္ဓေနေခြင်း အိုခြင်းသည် အမြဲလျှင် နှိပ်စက်ခြင်း ဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
ရေ, မြေကို အစိုးရသော မြတ်သော ခမည်းတော်မင်းကြီး ... နှစ်ဘက်တို့မှ တက်သော စစ်သည်၌ ထိုးပစ်အပ်ကုန်သော မိမိတို့၏အစွမ်း ခွန်အား, သူရဲ-သူခက်တို့၏ အစွမ်းခွန်အားနှင့် ပြည့်စုံကုန်သော သူတို့သည်လည်း -
- မအိုဘဲ နေရသည်မဟုတ်ကုန်၊ အိုရကုန်သည်သာလျှင်တည်း၊
- မသေဘဲအမြဲ နေရကြ သည်လည်း မဟုတ်ကုန်၊ သေကြရကုန်သည် သာလျှင်တည်း၊
ခပ်သိမ်းသော သတ္တဝါအပေါင်းတို့ကို ပဋိသန္ဓေနေခြင်း အိုခြင်း, နာခြင်း, သေခြင်းသည် အမြဲလျှင် နှိပ်စက်အပ်၏။ ထိုပဋိသန္ဓေ နေခြင်း အိုခြင်း နာခြင်း သေခြင်းတို့သည် နှိပ်စက်အပ်သော အကြောင်းကြောင့် ရဟန်းပြု၍ တရားကို ကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံး အလိုသည် ဖြစ်၏-ဟူလိုသတည်း။
တတိယဂါထာ
စတုရင်္ဂိနံ သေနံ သုဘီသရူပံ၊
ဇယန္တိ ရဋ္ဌာဓိပတိံ ပဿယှ။
န မစ္စုနော ဇယိတု မှု ဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး၊
စတုရင်္ဂိနံ၊ ဆင်မြင်း, ရထား, ခြေသည် ဟူသော လေးပါးကုန်သော စစ်အင်္ဂါတို့နှင့် ပြည့်စုံကုန်သော။
သေနံ၊ စစ်သည်ကိုလည်းကောင်း။
သုဘီသရူပံ၊ အလွန် ကြောက်မက်ဘွယ်သော သဘောရှိသော။
သေနံ၊ စစ်သည်ကိုလည်းကောင်း။
ရဋ္ဌာဓိပတိံ၊ ပြည်တိုင်းကားကို အစိုးရသော ပြည့်ရှင်မင်းကို လည်းကောင်း။
ပဿယှ၊ နှိပ်စက်၍။
ဧကစ္စေ၊ အကုန်သော မင်းတို့သည်။
ဇယန္တိ၊ အောင်ကုန်၏။
တေပိ၊ ထိုသို့အောင်ကုန်သော မင်းတို့သည်လည်း။
မစ္စုနော၊ သေမင်း၏၊
သေနံ၊ စစ်သည်ကို။
ဇယိတုံ၊ အောင်ခြင်းငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ တေန ကာရဏေန၊ ထိုသို့သေမင်း၏ စစ်သည်ကိုအောင်ခြင်းငှါ မတတ်စွမ်းနိုင် ခြင်းဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏၊
မတိ၊ စိတ်နှလုံး အလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
ရထားစီးခြင်း မင်းတကာတို့ထက် မြတ်သော ခမည်းတော်မင်းကြီး ... ဆင်, မြင်း, ရထား, ခြေသည်သူရဲ ဟုဆိုအပ်ကုန်သော အင်္ဂါ လေးပါရှိသော အလွန် ကြောက်မက်ဘွယ်သော သဘောရှိသော စစ်သည်ကို လည်းကောင်း ပြည်တိုင်းကားကို အစိုးရသော ဘုန်းတန်ခိုး အာနုဘော်နှင့် ပြည့်စုံသော ပြည့်ရှင်မင်းကို လည်းကောင်, နှိပ်စက် ညဉ်းဆဲ၍ အချို့ကုန်သော မင်းတို့သည် အောင်ကုန်၏၊ ထိုမင်းတို့သည်လည်း သေမင်း၏စစ်သည်ကို အောင်နိုင်ခြင်းငှါ မတတ်စွမ်းနိုင်ကုန်၊ ထိုသို့ စစ်အင်္ဂါလေးပါးနှင့်ပြည့်စုံသော တပါးသောမင်းတို့ကို လွှမ်းမိုး ဖိစီး၍ နှိမ်နင်းခြင်းငှါ စွမ်းနိုင်သော မင်းတို့သည်လည်း သေမင်းကို အောင်ခြင်းငှါ မတတ်စွမ်းနိုင်ခြင်း ဟူသော အကျိုးကြောင့် ရဟန်းပြု၍ တရားကို ကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံးအလိုသည် ဖြစ်၏-ဟူလိုသတည်း။
[တပါးသောရန်သူကို အောင်ခြင်းငှါ စွမ်းနိုင်၏၊ သေမင်းကို မအောင်နိုင်ကုန်-ဟူလိုသတည်း၊ ဘုံသုံးပါး၌ ကျင်လည်ကုန်သော သတ္တဝါအပေါင်းတို့သည် သေခြင်း-တည်းဟူသောရန်သူကိုတွေ့က ဧကန်မုချ ရှုံးကြကုန်၏ဟူလိုသတည်း။]
စတုတ္ထဂါထာ
ဟတ္ထီဟိ အဿေဟိ ရထေဟိ ပတ္တီဟိ၊
ပရိဝါရိတာ မုဉ္စရေ ကစ္စိယာ န မစ္စုနော။
ဟတ္တတော မုဉ္စိတုံ ဥဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ဟတ္ထီဟိ၊ ဆင်တို့ဖြင့် လည်းကောင်း။
အဿေဟိ၊ မြင်းတို့ဖြင့် လည်းကောင်း။
ရထေဟိ၊ ရထားတို့ဖြင့် လည်းကောင်း။
ပတ္တီဟိ၊ ခြေသည်သူရဲတို့ဖြင့် လည်းကောင်း။
ပရိဝါရိတာ၊ ခြံရံကုန်သော။
ဧကစ္စိယာ၊ အချို့ကုန်သော မင်းတို့သည်။
ပစ္စာမိတ္တာနံ၊ ရန်သူတို့၏။
ဟတ္ထတော၊ လက်မှ။
မုဉ္စရေ၊ လွတ်နိုင်ကုန်၏။
မစ္စုနော၊ သေမင်း၏။
ဟတ္တတော၊ လက်မှ။
မုဉ္စိတုံ၊ လွတ်နိုင်ခြင်းငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ တေန ကာရဏေန၊ ထိုသို့သေမင်း၏လက်မှ လွတ်ခြင်းဌါ မတတ်စွမ်းနိုင်ခြင်း-ဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... ဆင်တို့ဖြင့် လည်းကောင်း, မြင်းတို့ဖြင့် လည်းကောင်း၊ ရထားတို့ဖြင့် လည်းကောင်း, ခြေသည်သူရဲတို့ဖြင့် လည်းကောင်း ခြံရံအပ်ကုန်သော အချို့ကုန်သော မင်းတို့သည် ရန်သူတို့၏လက်မှ လွတ်နိုင်ကုန်၏၊ သေမင်း၏ လက်မှသော်ကား လွတ်ခြင်းငှါ မတတ်စွမ်းနိုင်ကုန်၊ ထိုသိုသေမင်း၏ လက်မှ မလွတ်နိုင်ခြင်း-ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံး အလိုသည်ဖြစ်၏ - ဟူလိုသတည်း။
[လောက၌ဖြစ်သော ရန်သူတို့၏ လက်မှသော်ကား တစုံတခုသော ဥပါယ်တမျဉ်ဖြင့် လွတ်အောင်ပြုခြင်းငှါ တတ်စွမ်းနိုင်ကုန်သေး၏၊ သေမင်းလက်မှသော်ကား- ဘုံသုံးပါး၌ ကျင်လည်ကုန်သော သူတို့တွင် တစုံတယောက်သောသူမျှ လွတ်အောင် ပြုခြင်းငှါ မတတ်စွမ်းနိုင်ကုန်။]
ပဉ္စမဂါထာ
ဟတ္ထီဟိ အဿေဟိ ရထေဟိ ပတ္တီဟိ၊
ပုရာ ပဘဉ္ဇန္တိ ပဓံသယန္တိ။
န မစ္စုနော ဘဉ္ဇိတုံ ဥဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ဟတ္ထီဟိ၊ ဆင်တို့ဖြင့် လည်းကောင်း။
အဿေဟိ၊ မြင်းတို့ဖြင့် လည်းကောင်း။
ရထေဟိ၊ ရထားတို့ဖြင့် လည်းကောင်း။
ပတ္တီဟိ၊ ခြေသည်သူရဲတို့ဖြင့် လည်းကောင်း။
ပစ္စတ္ထိကရာဇူနံ၊ ရန်သူမင်းတို့၏။
ပုရာ၊ ပြည်တို့ကို။
ပဘဉ္ဇန္တိ၊ တိုက်ဖျက်နိုင်ကုန်၏။
ပဓံသယန္တိ၊ အထူးထူးအပြားပြား ဖျက်ဆီးနိုင်ကုန်၏။
ဝါ၊ အသက်ကုန်ခြင်းသို့ ရောက်စေနိုင်ကုန်၏။
တေပိ၊ ထိုမင်းတို့သည်လည်း။
မစ္စုနော၊ သေမင်းကို။
ဘဉ္ဇိတုံ၊ ဖျက်ဆီးခြင်းငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ တေန ကာရဏေန၊ ထိုသို့သေမင်းကို ဖျက်ဆီးခြင်းငှာ မတတ်စွမ်းနိုင်ခြင်း-ဟူသောအကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... စွမ်းပကား ခွန်အားနှင့်ပြည့်စုံသော ရဲရင့်သော ဆင်တို့ဖြင့်လည်းကောင်း, မြင်းတို့ဖြင့်လည်းကောင်း၊ ရထားဖြင့်လည်းကောင်း, ခြေသည်သူရဲတို့ဖြင့်လည်းကောင်း ရန်သူဖြစ်သော မင်းတို့၏တိုင်းပြည်ကို တိုက်ဖျက် နိုင်ကုန်၏၊ အထူးထူး အပြားပြား ဖျက်ဆီးကုန်လျက် အသက်ကုန်ခြင်းသို့ ရောက်စေနိုင်ကုန်၏၊
ထိုမင်းတို့သည်လည်း သေမင်းကို ဖျက်ဆီးခြင်းငှာ မတတ်စွမ်းနိုင်ကုန်၊ ထိုသို့ သေမင်းကို ဖျက်ဆီးခြင်းငှာ မတတ်စွမ်းနိုင်ခြင်း - ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံးအလိုသည် ဖြစ်၏-ဟူလိုသတည်း၊
[သေမင်းကိုဖျက်ဆီးခြင်းငှါ တတ်စွမ်းနိုင်သော ဆင်စီး သူရဲလည်း မရှိ။ မြင်းစီး သူရဲလည်း မရှိ၊ ရထားစီးသူရဲလည်း မရှိ၊ ခြေသည် သူရဲလည်း မရှိဟူသတည်း။]
ဆဋ္ဌမဂါထာ
မတ္တာ ဂဇာ ဘိန္နဂာဠာ ပဘိန္နာ၊
နဂရာနိ မဒ္ဒန္တိ ဇနံ ဟနန္တိ။
နံ မစ္စုနော မဒ္ဒိတုံ ဥဿာဟန္တိ၊
တံ တေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ပဘိန္နာ၊ သုံးပါးသော အရပ်တို့၌ ပေါက်ကုန်သည်ဖြစ်၍လျှင်။
ဘိန္နဂဠာ၊ ယိုစီးသောမုန်ရှိကုန်သော။
မတ္တာ၊ အမုန်ယစ်ကုန်သော။
ဂဇာ၊ ဆင်ပြောင်တို့သည်။
နဂရာနိ၊ မြိုတို့ကို။
မဒ္ဒန္တိ၊ နှိပ်နင်းကုန်၏။
ဇနံ၊ လူအပေါင်းကို။
ဟနန္တိ၊ သတ်ကုန်၏။
တေပိ၊ ထိုအမုန်ယစ်သော ဆင်တို့သည်လည်း။
မစ္စုနော၊ သေမင်းကို။
မဒ္ဒိတုံ၊ နှိပ်နင်းခြင်းငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ တေန ကာရဏေန၊ ထိုသို့သေမင်းကို ဖျက်ဆီးခြင်းငှာ မတတ်စွမ်းနိုင်ခြင်း-ဟူသောအကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး … သုံးပါးကုန်သော အရပ်တို့၌ ပေါက်သည် ဖြစ်၍လျှင် ယိုစီးသော မုန်ရှိသော အမုန်ယစ်ကုန်သော ဆင်ပြောင်တို့သည် မြို့တို့ကိုနှိပ်နင်းနိုင်ကုန်၏၊ ဖျက်ဆီးနိုင်ကုန်၏။ လူတို့ကိုသတ်ခြင်းငှါ စွမ်းနိုင်ကုန်၏။ ထိုဆင်မုန်ယိုတို့သည်လည်း သေမင်းကို နှိမ်နင်းခြင်းငှါ မတတ်စွမ်းနိုင်ကုန်၊ သတ်ခြင်းငှါ မတတ်စွမ်းနိုင်ကုန်၊ ထိုဆင်မုန်ယိုတို့သည် သေမင်းကိုဖျက်ဆီးခြင်းငှါ မတတ်စွမ်းနိုင်ခြင်း-ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံးအလိုသည် ဖြစ်၏-ဟူလိုသတည်း၊
သတ္တမဂါထာ
ဣဿာသိနော ကတဟတ္ထာ ဟိ ဓိရာ၊
ဒူရေပါတိ အက္ခဏဝေဒိနောပိ။
န မစ္စုနော ဝိဇ္ဈိတုံ ဥဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
ဓိရာ၊ မြဲမြံကုန်သော။
ကတဟတ္ထာ၊ ကောင်းစွာသင်အပ်ပြီးသော လေးအတတ် ရှိကုန်သော။
ဒူရေပါတိ၊ ဝေးသောအရပ်၌ မြားတို့ကို သွားစေခြင်းငှါ စွမ်းနိုင်ကုန်သော။
ဣဿာသိနော၊ လေးသမားတို့သည် လည်းကောင်း။
အက္ခဏဝေဒိနော၊ မချွတ်မယွင်း ပစ်တတ်ကုန်သော။
ဣဿာသိနောပိ၊ လေးသမားတို့သည်၎င်း။
မစ္စုနော၊ သေမင်းကို။
ဝိဇ္ဈိတုံ၊ ပစ်အံ့သောငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ တေန ကာရဏေန၊ ထိုသို့သေမင်းကို ဖျက်ဆီးခြင်းငှာ မတတ်စွမ်းနိုင်ခြင်း-ဟူသောအကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... မြဲမြံစွာကုန်သော ကောင်းစွာသင်အပ်ပြီးသော လေးအတတ် ရှိကုန်သော ဝေးသောအရပ်၌ မြားကိုသွားစေခြင်းငှါ စွမ်းနိုင်ကုန်သော လေးသမားတို့သည်လည်းကောင်း၊ မချွတ်မယွင်း ပစ်တတ်ကုန်သော လေးသမားတို့ သည်လည်းကောင်း၊ သေမင်းကိုပစ်အံ့သောငှါ မတတ်စွမ်းနိုင်ကုန်၊ ထိုသေမင်းကို ပစ်အံ့သောငှါ မတတ်စွမ်းနိုင်ခြင်း ဟူသောအကြောင်းကြောင့် ရဟန်းပြု၍ တရားကို ကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ နှလုံးအလိုသည်ဖြစ်၏ - ဟူလိုသတည်း။
အဋ္ဌမဂါထာ
သရာနိ ခီယန္တိ သသေလကာနနာ၊
သဗ္ဗဟိဒံ ဒီယတိ ဒီဃမန္တရံ။
သဗ္ဗညှိတံ ဘဉ္စရေ ကာလပရိယာယံ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး၊
သရာနိ၊ အနဝတတ်အိုင် အစရှိကုန်သော အိုင်ကြီးတို့သည်။
ခီယန္တိ၊ ခန်းကုန်သာလျှင်ကတည်း။
သသေလကာနနာ၊ တောင်တောအုပ်နှင့် တကွသော မြေကြီးသည်လည်း။
ခီယတိ၊ ကုန်တတ်၏။
သဗ္ဗံ၊ အလုံးစုံသော။
တံ ဣဒံ သင်္ခါရဂတံ၊ ဤသင်္ခါရသည်။
ဒီဃမန္တရံ၊ ကြာမြင့်စွာ။
ပတွာ၊ ရောက်၍။
ခီယတိ-ခီယယေဝ၊ ကုန်တတ်သလျှင်ကတည်း။
သဗ္ဗံ၊ အလုံးစုံသော။
တံ၊ ထိုသင်္ခါရသည်။
ကာလပရိယာယံ၊ ပျက်အံ့သောငှါ ကာလ၏ အခွင့်အလှည့်သို့။
ပတွာ၊ ရောက်၍။
ဘဉ္စရေဟိ-ဘဉ္စရေဧဝ၊ ပျက်သလျှင်ကတည်း။
တံ တေန ကာရဏေန၊ ထိုသင်္ခါရသည် ပျက်အံ့သောအခါ ကာလ၏ အခွင့် အလှည့်သို့ရောက်၍ ပျက်ခြင်းဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး၊ အနဝတတ်အိုင် အစရှိသော အိုင်ကြီးတို့သည် ခန်းကုန်၏။ တောင်တောအုပ်နှင့်တကွသော မြေကြီးသည်လည်း ကုန်တတ်၏။ ဤအလုံးစုံသော သင်္ခါရတရားတို့သည် ကြာမြင့်စွာနေပြီးလျှင် ကုန်တတ်၏။ အလုံးစုံသော ထိုသင်္ခါရတရားတို့သည် ပျက်စီးမည့်ကာလ၏ အခွင့်အလှည့်သို့ရောက်၍ ပျက်စီးတတ်၏။ ထိုသင်္ခါရတရားတို့ ပျက်စီးခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကို ကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံးအလိုသည် ဖြစ်၏-ဟူလိုသတည်း။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... အနဝတတ်အိုင် အစရှိသော အိုင်ကြီးတို့သည် ခန်းကုန်သလျှင်ကတည်း၊ တောင် တောအုပ်နှင့် တကွသော မြေကြီးသည်လည်း ကုန်တတ်၏၊ အလုံးစုံသောသင်္ခါရသည် ကြာမြင့်သောအခါ သို့ရောက်၍ ကုန်တတ်သလျှင်ကတည်း၊ အလုံးစုံ သော ထိုသင်္ခါရသည် ပျက်အံ့သောငှါ ကာလ၏ အခွင့်အလှည့်သို့ ရောက်၍ ပျက်သလျှင်ကတည်း၊ ထိုပျက်ခြင်း ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံး အလိုသည် ဖြစ်၏-ဟူလိုသတည်း။
[အနဝတတ်အစရှိသော အိုင်ကြီးတို့သည် လည်းကောင်း၊ မြင်းမိုရ်တောင်, ဟိမဝန္တာတော အစရှိသော တောအုပ်နှင့်တကွသော ကြာမြင့်စွာ မြဲမြံစွာခိုင်ခံ့သော အနိန္ဒြိယဗဟိဒ္ဓရုပ်ဖြစ်သော သင်္ခါရတရားတို့သည် လည်းကောင်း၊ ပျက်အံ့သော ကာလ ရောက်သောအခါ၌ ပျက်စီးခြင်းသို့ ရောက်ကုန်၏၊ ဤခန္ဓာကိုယ်သည်လည်း သင်္ခါရတရားဖြစ်၍ ပျက်အံ့သော ကာလ ရောက်သောအခါ၌ ပျက်စီးခြင်းသို့ ရောက်လတ္တံ့ - ဟူလိုသတည်း။]
သဗ္ဗေ သမေဝဥှိ နရနာရီနံ၊
စလာစလံ ပါဏဘူတာနံ ဇီဝိတံ။
ပဋောစ ဓုတ္တဿ ဒုမောစ ကုလဇော၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ဣဓ၊ ဤလူ့ရွာ၌။
သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။
နရနာရီနံ၊ ယောက်ျား မိန်းမဟု ဆိုအပ်ကုန်သော။
ပါဏဘူတာနံ၊ သတ္တဝါဖြစ်ကုန်သော သူတို့၏။
ဇီဝိတံ၊ အသက်သည်။
စလာ-စလံဟိ၊ တုန်လှုပ်သလျှင်ကတည်း။
ဓုတ္တဿ၊ သေသောက်ကြူး၏။
ပဋောစ၊ ပုဆိုးသည် လည်းကောင်း။
ကုလဇော၊ မြစ်ကမ်းနား၌ ရောက်သော။
ဒုမောစ၊ သစ်ပင်သည် လည်းကောင်း။
သဉ္စလောယထာ၊ အတည်မရှိ တုန်လှုပ်သကဲ့သို့။
ဧဝံတထာ၊ ထို့ အတူ။
သတ္တာနံ၊ သတ္တဝါတို့၏။
ဇီဝိတံ၊ အသက်သည်။
သဉ္စလံ၊ တုန်လှုပ်၏။
တံတေန ကာရဏေန၊ ထိုသို့သတ္တဝါတို့၏ အသက်သည် တုန်လှုပ်ခြင်းဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... ဤလူ့ရွာ၌ ခပ်သိမ်းကုန်သော ယောက်ျား မိန်းမဟု ဆိုအပ်ကုန်သော သူတို့၏ အသက်သည် တုန်လှုပ်သလျှင်ကတည်း၊ ဥပမာကား - သေသောက်ကြူ၏ ပုဆိုးသည်လည်းကောင်း၊ မြစ်ကမ်းနား၌ ရောက်သော သစ်ပင်သည် လည်းကောင်း၊ အတည်မရှိ တုန်လှုပ်သကဲ့သို့ ထို့အတူ သတ္တဝါတို့၏အသက်သည် တုန်လှုပ်ခြင်း-ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံး အလိုရှိသည်ဖြစ်၏ - ဟူလိုသတည်း။
[မြစ်နား၌ ရောက်သောသစ်ပင်တို့သည် အားနည်းသည်ဖြစ်၍ တုန်လှုပ်သကဲ့သို့ ယခုကာလ၌ဖြစ်သော သတ္တဝါတို့၏ အသက်သည် အားနည်းသည်ဖြစ်၍ တုန်လှုပ်၏ - ဟူလိုသတည်း။ ]
ဒုမပ္ဖလာနေဝ ပတန္တိ မာဏဝါ။
ဒဟရာစ ဝုဍ္ဎာ စ သရီရ ဘေဒါ။
နာရိယော နရာ မဇ္ဈိမပေါရိသာ စ၊
တံ မေ မတိ ဟောတိ စရာ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ဒုမပ္ဖလာနိ၊ သစ်ရွက်, သစ်သီးတို့သည်။
ပတန္တိဣဝ၊ လေခပ်ကုန်သည်ဖြစ်၍ မြေ၌ ကြွေကျကုန် သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
ဒဟရာစ၊ ငယ်ကုန်သောသူတို့သည် လည်းကောင်း။
ဝုဍ္ဎာ စ၊ ကြီးကုန်သော သူတို့သည်၎င်း။
နရာစ၊ ယောက်ျားတို့သည် လည်းကောင်း။
မဇ္ဈိမပေါရိသာစ၊ ဥဘတောဗျည်း, နပုံးပဏ္ဍုက်တို့သည် လည်းကောင်း။
ဣမေမာဏ၊ ဤသတ္တဝါတို့သည်။
သရီရဘေဒါ၊ အိုခြင်းဟူသော လေသည် ခပ်အပ်သည်ဖြစ်၍ ခန္ဓာကိုယ်၏ ပျက်ခြင်းကြောင့်။
ပတန္တိ၊ သေခြင်းတည်းဟူသော မြေ၌ ကြွေကျကုန်၏။
တံ တေနု ကာရဏေန၊ ထိုသို့သော သေခြင်းဟူသော လေသည် ခပ်အပ် ကုန်သည်ဖြစ်၍ မြေ၌ကြွေကျခြင်း တည်းဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... သစ်ရွက် သစ်သီးတို့သည် လေခပ်အပ်ကုန် သည်ဖြစ်၍ မြေ၌ကြွေကျကုန်သကဲ့သို့ ထို့အတူ ငယ်ကုန်သော သူတို့သည် လည်းကောင်း, ကြီးကုန်သော သူတို့သည်၎င်း, မိန်းမတို့သည် လည်းကောင်း၊ ယောက်ျားတို့သည် လည်းကောင်း, ဥဘတောဗျည်း နပုံးပဏ္ဍုက်တို့သည် လည်းကောင်း၊ ဤသတ္တဝါတို့သည် အိုခြင်းဟူသော လေသည် ခပ်အပ်ကုန်သည် ဖြစ်၍ ခန္ဓာကိုယ်၏ပျက်ခြင်းကြောင့် သေခြင်းဟူသော မြေ၌ ကြွေကျကုန်၏၊ ထိုသို့ သေခြင်းဟူသော လေသည် ခပ်အပ်ကုန်သည်ဖြစ်၍ မြေ၌ကြွေကျခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံး အလိုရှိသည် ဖြစ်၏-ဟူလိုသတည်း။
နာယံ ဝယော တာရကရာဇသန္နိဘော၊
ယဒဗ္ဘတိ တံ ဂတမေဝ ဒါနိ တံ။
ဇိဏ္ဏဿ ဟိ နတ္ထိ ရတိ ကုတော သုခံ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ ခမည်းတော်မင်းကြီး။
အယံဝယော၊ ဤသတ္တဝါတို့၏ အရွယ်သည်။
တာရကရာဇသန္နိဘော၊ ကြယ်အပေါင်းတို့၏ မင်းဖြစ်သော လနှင့်တူသည်ဖြစ်၍ လဆုတ်ပက္ခ၌ ကုန်ပြီးလျက် လဆန်းပက္ခ၌ ပြည့်ပြန်သည်။
နဟောတိ၊ မဖြစ်။
ဟိ၊ ထိုစကားသင့်စွ။
သတ္တာနံ၊ သတ္တဝါတို့၏။
ယံ၊ အကြင်အရွယ်သည်။
အဋ္ဌတိ၊ ရှေ့သွား၏။
တံ၊ ထိုအရွယ်သည်။
ဂတမေဝ၊ ရှေ့သွားသည်သာလျှင်တည်း။
ဒါနိ-ဣဒါနိ၊ ယခု။
တံ၊ ထိုရှေ့သွားလေပြီးသော အရွယ်သည်။
တဿ၊ ထိုသတ္တဝါအား။
ပုန၊ တဖန်။
အာဂမနံ၊ လာပြန်ခြင်းသည်။
နအတ္ထိ၊ မရှိ။
ဇိဏ္ဏဿ၊ အိုမင်းဆွေးမြေ့လေပြီးသောသူအား။
ရတိပိ၊ ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းသည်သာလျှင်။
နတ္ထိ၊ မရှိကုန်၏ရှင့်။
တံသုခံ၊ ထိုကာမဂုဏ်ကိုစွဲ၍ ဖြစ်သော ချမ်းသာကား။
ကုတော၊ အဘယ်ကြောင့်လျှင်။
အတ္ထိ၊ ရှိပါအံ့နည်း။
တံ-တေန ကာရဏေန၊ ထိုသို့ချမ်းသာမရှိခြင်း- ဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး .. ဤသတ္တဝါတို့၏ အရွယ်သည် ကြယ်အပေါင်း တို့၏ မင်းဖြစ်သော လနှင့်တူသည်ဖြစ်၍ လဆုတ်ပက္ခ၌ ကုန်ပြီးသော လသည် လဆန်းပက္ခ၌ပြည့်သည်-ဟူ၍ မရှိ၊ လဆုတ်ပက္ခ၌သာလျှင် ချုပ်ခြင်း၊ ကုန်ခြင်းသို့ ရောက်လေကုန်၏၊
သတ္တဝါတို့၏ အရွယ်သည်လည်း ပဌမအရွယ်မှသည် ဒုတီယအရွယ်သို့သွား၏။ ဒုတီယအရွယ်မှသည် တတီယအရွယ်သို့သွား၏။ တလမှသည် နှစ်လသို့, နှစ်လ မှသည် သုံးလ, လေးလ ငါးလသို့ - သုံးလ, လေးလ, ငါးလသည် ဆယ်လသို့ တနှစ်မှသည် နှစ်နှစ် နှစ်နှစ်မှသည် သုံးနှစ်, လေးနှစ် ငါးနှစ်သို့ - ငါးနှစ်မှသည် ဆယ်နှစ်သို့ - ဆယ်နှစ်မှသည် အနှစ်နှစ်ဆယ်သို့ ဤသို့ အစရှိသည်ဖြင့် အနှစ်တရာတိုင်အောင် အစဉ်အတိုင်းသွား၏။
ထိုသို့ သွားလေပြီးသော အရွယ်သည် ထိုသတ္တဝါတို့အား တဖန်ပြန်၍လာခြင်းလည်း မရှိ၊ ဤသို့ကောင်းသော အရွယ်ရှိသည် မလာသည်ဖြစ်၍ ပျောက်ပျက်သည်ဖြစ်၍ အိုမင်းလေပြီးသောသူအား ဝတ္ထုကာမ, ကိလေသာကာမတို့၌ မွေ့လျော်ခြင်းသည် မရှိရကား ထိုကာမဂုဏ်ကိုစွဲ၍ ဖြစ်သော ချမ်းသာသည် အဘယ်မှာလျှင် ရှိပါအံ့နည်း၊ ထိုသို့ချမ်းသာ မရှိခြင်း-ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံးအလိုသည်ဖြစ်၏ - ဟူလိုသတည်း။
ယက္ခာ ပိသာစာ အထဝါ ပိ ပေတာ၊
ကုပ္ပိတာ ပိ တေ အဿာသေန္တိ မာနုသေ။
န မစ္စုနော အဿာသိတုံ နဥဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ယက္ခာပိ၊ တန်ခိုးကြီးကုန်သော ဘီလူးတို့သည် လည်းကောင်း။
ပိသာစာပိ၊ မြေဘုတ် ဘီလူးတို့သည် လည်းကောင်း။
အထဝါ၊ ထိုမှတပါး။
ပေတာပိ၊ ပြိတ္တာတို့သည် လည်းကောင်း။
ကုပ္ပိတာ၊ အမျက်ထွက်ကုန်သည်ဖြစ်၍။
မာနုသေ၊ လူတို့ကို။
အဿာသေန္တိ၊ ဝင်၍ပူးကုန်၏။
မစ္စုနော၊ သေမင်းကိုကား။
တေပိ၊ ထိုဘီလူး, ပြိတ္တာတို့သည်လည်း။
အဿာသိတုံ၊ ဝင်ပူးခြင်းငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ တေန ကာရဏေန၊ ထိုသို့ဝင်ပူးခြင်းငှါ မတတ်စွမ်းနိုင်ခြင်း ဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... တန်ခိုးကြီးကုန်သော ဘီလူး တို့သည် လည်းကောင်း၊ မြေဘုတ်ဘီလူးတို့သည် လည်းကောင်း, ထိုမှတပါး တန်ခိုးကြီးသော ပြိတ္တာတို့သည်လည်းကောင်း၊ အမျက်ထွက် ကုန်သည်ဖြစ်၍ လူတို့ကိုဝင်၍ ပူးသည်ဖြစ်၍ နှိပ်စက်ညှဉ်းဆဲကုန်၏၊ သေမင်းကိုကား ထိုတန်ခိုးကြီးသော ဘီလူး, ပြိတ္တာတို့သည်လည်း ဝင်၍ပူးခြင်းငှာ မတတ်စွမ်းနိုင်ကုန်၊ ထိုသို့ တန်ခိုးကြီးသော ဘီလူး ပြိတ္တာတို့သည် သေမင်းကို ဝင်ပူးခြင်းငှါ မတတ်စွမ်းနိုင်ခြင်း ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံး အလိုသည် ဖြစ်၏ - ဟူလိုသတည်း။
[သေမင်းကို ဤသို့ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ဘီလူးတို့သည်လည်း ဝင်၍ ပူးသဖြင့် နှိပ်စက်ခြင်းငှါ မတတ်စွမ်းနိုင်သည်ဖြစ်၍ အပြစ်ကိုပြသဖြင့် ဘီလူးကဲ့သို့ တန်ခိုးမကြီးသော သူတို့မှာမူကား - ဆိုဘွယ်မရှိ၊ သေမင်းကို မုချအားဖြင့် မတတ်စွမ်းနိုင် - ဟု မှတ်အပ်၏။]
ယက္ခေပိ ပိသာစေ အထဝါ ပိ ပေတေ၊
ကုပ္ပိတေ ပိ တေ နိဇ္ဈာပနံ ကရောန္တိ။
န မစ္စုနော နိဇ္ဈာပနံ ဥဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်ကြီး။
ကုပ္ပိတေ၊ အမျက်ထွက်ကုန်သော။
ယက္ခေပိ၊ တန်ခိုးကြီးကုန်သော ဘီလူးတို့သည် လည်းကောင်း။
ပိသာစေပိ၊ မြေဘုတ်ဘီလူးတို့သည် လည်းကောင်း။
အထဝါ၊ ထိုမှတပါးသော။
ပေတေပိ၊ ပြိတ္တာတို့သည်လည်းကောင်း။
တေပိ၊ ထိုဘီလူး, ပြိတ္တာတို့ကိုလျက်လည်း။
နိဇ္ဈာပနံ၊ ပူဇော်သောအမှု၏ အစွမ်းဖြင့် သည်းခံစေခြင်း ကြည်ညိုစေခြင်းကို။
ကရောန္တိ၊ ပြုနိုင်ကုန်၏။
မစ္စုနော၊ သေမင်းကို။
နိဇ္ဈာပနံ၊ ပူဇော်သကာဖြင့် သည်းခံစေခြင်း ကြည်ညိုစေခြင်းကို။
ကာတုံ၊ ပြုခြင်းငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ-တေန ကာရဏေန၊ ထိုသို့ ပူဇော်သကာဖြင့် သည်းခံစေခြင်း, ကြည်ညိုစေခြင်းကို ပြုခြင်းငှာ မတတ်စွမ်းနိုင်ခြင်း ဟူသောအကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး … အမျက်ထွက်ကုန်သော တန်ခိုးကြီးကုန်သော ဘီလူးတို့သည် လည်းကောင်း၊ မြေဘုတ်ဘီလူးတို့သည် လည်းကောင်း, ထိုမှတပါး ပြိတ္တာတို့သည် လည်းကောင်း, ထိုဘီလူး ပြိတ္တာတို့ကိုလျက် ပူဇော်သောအမှု၏ အစွမ်းဖြင့် သည်းခံစေခြင်း ကြည်ညိုစေခြင်းကို ပြုနိုင်ကုန်၏၊ သေမင်းကို ပူဇော် သကာဖြင့်လည်း သည်းခံစေခြင်း, ကြည်ညိုစေခြင်းကို ပြုခြင်းငှါ မတတ်စွမ်းနိုင်ကုန်၊ ထိုသို့သေမင်းကို ပူဇော်သကာဖြင့် သည်းခံစေခြင်း, ကြည်ညိုစေခြင်းကိုပြုခြင်းငှါ မတတ်စွမ်းနိုင်ခြင်း ဟူသောအကြောင်းကြေင့် ရဟန်းပြု၍ တရားကို ကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံးအလိုသည် ဖြစ်၏ - ဟူလိုသတည်း။
[သေမင်းကို အကျွန်ုပ်အား သတ်ခြင်းကို မပြုပါလင့်-ဟု လက်အုပ်ချီ၍ ရှိခိုး ပူဇော်ခြင်းဖြင့် လည်းကောင်း၊ ရွှေ , ပုလဲ, ပတ္တမြား အစရှိသည်တို့ကို ပူဇော်ခြင်း ဖြင့်လည်းကောင်း၊ သည်းခံစေခြင်းငှါ မတတ်စွမ်းနိုင်၊ သတ်ခြင်း, ညှဉ်းဆဲခြင်းကိုသာ ပြုကုန်၏-ဟူလိုသတည်း။]
အပရာဓကေ ဒူသကေ ဟေဋ္ဌကေ စ လဘန္တိ၊
တေ ရာဇာနော ဒဏ္ဍေန္တိ ဝိဒိတွာန ဒေါသံ။
န မစ္စုနော ဒဏ္ဍယိတု မုဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
အပရာဓကေ၊ မင်းအား ပြစ်မှားတတ်ကုန်သော သူတို့ကို လည်းကောင်း။
ဒူသကေစ၊ ပြည်ရွာစည်းစိမ်ကို ဖျက်စီးတတ်ကုန်သော သူတို့ကို လည်းကောင်း။
ဟေဋ္ဌကေစ၊ အိမ်ခြံစပ်ကို ဖောက်ဖျက်ခြင်း စသည်ဖြင့် ပြည်ရွာကို ညှဉ်းဆဲ လုယက်တတ်ကုန်သော သူတို့ကိုလည်းကောင်း။
ရာဇာနော၊ ပြည်ရှင်မင်းတို့သည်။
ဝိဒိတွာန၊ သိကုန်၍။
ဒေါသံ၊ အပြစ်ကို။
ဇနေတွာ၊ ဖြစ်စေ၍။
ဒဏ္ဍေန္တိ၊ အပြစ်အားလျော်စွာ ဒဏ်ပေးနိုင်ကုန်၏။
တေပိ၊ ထိုမင်းစဉ်တို့လျက်လည်း။
မစ္စုနော၊ သေမင်းကို။
ဒဏ္ဍယိတုံ၊ ဒဏ်ပေးအံ့သောငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ-တေန ကာရဏေန၊ ထိုသို့သော သေမင်းကို ဒဏ်ပေးအံ့သောငှါ မတတ်စွမ်း နိုင်ခြင်းဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... ပြစ်မှားခြင်းကိုပြုတတ်ကုန်သော သူတို့ကို လည်းကောင်း, ပြည်စည်းစိမ်ကို ဖျက်ဆီးတတ်ကုန်သော သူတို့ကိုလည်းကောင်း, အိမ်ခြံစပ်ကို ဖေါက်ဖျက်ခြင်း စသည်တို့ဖြင့် ပြည်ရွာကို ညှဉ်းဆဲလုယက်တတ် ကုန်သော သူတို့ကို လည်းကောင်း, ပြည်ရှင်မင်းတို့သည်သိ၍ အပြစ်ကိုဖြစ်စေ၍ အပြစ်အားလျော်စွာ ဒဏ်ပေးနိုင်ကုန်၏၊ ထိုမင်းစဉ်လျက်လည်း သေမင်းကို ဒဏ်ပေး အံ့သောငှါ မတတ်စွမ်းနိုင်ကုန်၊ ထိုသို့သေမင်းကို ဒဏ်ပေးအံ့သောငှါ မတတ် စွမ်းနိုင်ခြင်း ဟူသောအကြောင်းကြောင့် ရဟန်းပြု၍ တရားကို ကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံးအလိုသည်ဖြစ်၏- ဟူလိုသတည်း။
အပရာဓကေ ဒူသကေ ဟေဋ္ဌကေစ လဘန္တိ၊
တေ ရာဇာနော နိဇ္ဈာပေတုံ။
န မစ္စုနော နိဇ္ဈာပနံ ကရောန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
အပရာဓကေ၊ မင်းအား ပြစ်မှားတတ်ကုန်သော သူတို့ကို လည်းကောင်း။
ဒူသကေစ၊ ပြည်ရွာစည်းစိမ်ကို ဖျက်စီးတတ်ကုန်သော သူတို့ကို လည်းကောင်း။
ဟေဋ္ဌကေစ၊ အိမ်ခြံစပ်ကို ဖောက်ဖျက်ခြင်း စသည်ဖြင့် ပြည်ရွာကို ညှဉ်းဆဲ လုယက်တတ်ကုန်သော သူတို့ကိုလည်းကောင်း။
တေပိ၊ ထိုသူတို့သည်လည်း။
ရာဇာနော၊ မင်းတို့ကို။
နိဇ္ဈာပေတုံ၊ တောင်းပန်သဖြင့် ကြည်ညိုလျက် သည်းခံစိမ့်သောငှါ။
လဘန္တိ၊ ရကုန်၏။
မစ္စုနော၊ သေမင်းကို။
နိဇ္ဈာပနံ၊ သည်းခံစေခြင်းကို။
နကရောန္တိ၊ မပြုနိုင်ကုန်။
တံ တေန ကာရေန၊ ထိုသို့သေမင်းကို သည်းခံစေခြင်းကို မပြုနိုင်ခြင်း ဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... မင်းအား ပြစ်မှားခြင်းကို ပြုတတ်ကုန်သော သူတို့သည် လည်းကောင်း, ပြည်ရွာ စည်းစိမ်ကို ဖျက်ဆီးတတ်ကုန်သော သူတို့သည်လည်းကောင်း အိမ်ခြံစပ်ကို ဖောက်ဖြတ်ခြင်းစသည်တို့ဖြင့် ပြည်ရွာကို ညှဉ်းဆဲလုယက် တတ်ကုန်သော သူတို့သည် လည်းကောင်း ထိုသူတို့သည်လည်း မင်းတို့ကိုတောင်းပန်သဖြင့် ကြည်ညိုစေလျက် သည်းခံစိမ့်သောငှါ ရကုန်၏၊ သေမင်းကို သည်းခံစေခြင်းကို မပြုနိုင်ကုန်၊ ထိုသို့သေမင်းကို သည်းခံစေခြင်းကို မပြုနိုင်ခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံးအလိုသည် ဖြစ်၏ - ဟူလိုသတည်း။
[သေမင်းကို သည်းခံတော်မူပါ၊ အကျွန်ုပ်တို့၏အသက်ကို မဆောင်ပါလင့်-ဟု တောင်းပန် ခယ သော်လည်း သည်းမခံ-ဟူလိုသတည်း။
န ခတ္တိယော ပိ နဗြာဟ္မဏာ ပိ၊
န အဍ္ဎာ ဗလဝါ တေဇဝါ ပိ။
န မစ္စုရာဇဿ အပေက္ခမတ္ထိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
အယံ၊ ဤသူကား။
ခတ္တိယော၊ မင်းပေတည်း။
ဧဝံပိ၊ ဤသို့လည်း။
မစ္စုရာဇဿ၊ သေမင်း၏။
အပေက္ခံ၊ ငဲ့ကွက်ခြင်း ချစ်ခင်ခြင်းသည်။
နအတ္ထိ၊ မရှိ။
အယံ၊ ဤသူကား။
ဗြာဟ္မဏော၊ ပုဏ္ဏားပေတည်း။
ဧဝံပိ၊ ဤသို့လည်း။
မစ္စုရာဇဿ၊ သေမင်း၏။
အပေက္ခံ၊ ငဲ့ကွက်ခြင်း ချစ်ခင်ခြင်းသည်။
နအတ္ထိ၊ မရှိ။
အယံ၊ ဤသူကား။
အဍ္ဎာ ၊ သူကြွယ်ပေတည်း။
ဧဝံပိ၊ ဤသို့လည်း။
မစ္စုရာဇဿ၊ သေမင်း၏။
အပေက္ခံ၊ ငဲ့ကွက်ခြင်း ချစ်ခင်ခြင်းသည်။
နအတ္ထိ၊ မရှိ။
အယံ၊ ဤသူကား။
ဗလဝ၊ ကိုယ်၏အစွမ်း ဉာဏ်၏အစွမ်းအားဖြင့် နှစ်ပါးသော ခွန်အားရှိသော သူတည်း။
အယံ၊ ဤသူကား။
တေဇဝါ၊ တန်ခိုးရှိသောသူတည်း။
ဧဝံပိ၊ ဤသို့လျှင်လည်း။
မစ္စုရာဇဿ၊ သေမင်း၏။
အပေက္ခံ၊ ငဲ့ကွက်ခြင်း ချစ်ခင်ခြင်းသည်။
နအတ္ထိ၊ မရှိ။
တံ တေနု ကာရဏေန၊ ထိုသို့သော သေမင်း၏ ငဲ့ကွက်ခြင်း ချစ်ခင်ခြင်းသည် မရှိခြင်း ဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... ဤကား မင်းပေတည်း-ဤသို့လည်း သေမင်း၏ ငဲ့ကွက်ခြင်း ချစ်ခင်ခြင်းသည်မရှိ၊ ဤကားပုဏ္ဏား ပေတည်း ဤသို့လည်း သေမင်း၏ ငဲ့ကွက်ခြင်း ချစ်ခင်ခြင်းသည်မရှိ၊ ဤသူကား သူကြွယ်ပေတည်း - ဤသို့လည်း သေမင်း၏ ငဲ့ကွက်ခြင်း ချစ်ခင်ခြင်းသည် မရှိ၊ ဤသူကား ကိုယ်၏ အစွမ်း, ဉာဏ်၏ အစွမ်းအားဖြင့် နှစ်ပါးသော ခွန်အားရှိသောသူတည်း, ဤသူကား တန်ခိုး ရှိသောသူတည်း - ဤသို့လျှင် သေမင်း၏ ငဲ့ကွက်ခြင်း ချစ်ခင်ခြင်း သည်မရှိ၊ ထိုသို့ သေမင်း၏ ငဲ့ကွက်ခြင်း၊ ချစ်ခင်ခြင်း မရှိခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ဤသို့ အကျွန်ုပ်၏ စိတ်နှလုံးအလိုသည်ဖြစ်၏ - ဟူလိုသတည်း။
[ဤဂါထာ သာသနာတော်မှ အပဖြစ်ရကား ဘုရားဟူ၍လည်းကောင်း၊ ပစ္စေကဗုဒ္ဓါ ဟူ၍ လည်းကောင်း၊ ဤသို့အစရှိသဖြင့် မဆိုသတည်း။ အနက်ရောက်သောအားဖြင့် ရူပကာယ, ဓမ္မကာယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လည်းကောင်း၊ ပစ္စေကဗုဒ္ဓါ, ရဟန္တာအရှင်မြတ်တို့အား လည်းကောင်း၊ အနာဂါမ်, သကဒါဂါမ်, သောတာပန်ဖြစ်သော အရှင်မြတ်တို့အား လည်းကောင်း၊ လောကီသီလ, သမာဓိ နှင့်ပြည့်စုံတော်မူသော အရှင်မြတ်တို့အားလည်းကောင်း၊ ချစ်ခင်မြတ်နိုးခြင်း မရှိ၊ နှိပ်စက် ညှဉ်းဆဲခြင်းကို ပြုကုန်၏-ဟူလိုသတည်း။
သီဟာစ ဗျဂ္ဃာစ အထော ဒီပိယော၊
ပသယှ ခါဒန္တိ ဝိပ္ဖန္ဒမာနံ။
န မစ္စုနော ခါဒိတုံ ဥဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
သီဟာစ၊ ခြင်္သေ့တို့သည် လည်းကောင်း။
ဗျဂ္ဃာစ၊ ကျားတို့သည် လည်းကောင်း။
အထော၊ ထိုမြို့။
ဒီပိယောစ၊ သစ်တို့သည် လည်းကောင်း။
ဝိပ္ဖန္ဒမာနံ၊ တုန်လှုပ်သော သတ္တဝါတို့ကို။
ပသယှ၊ အနိုင်အထက် ပြုခြင်းတို့ဖြင့် နှိပ်စက်၍။
ခါဒန္တိ၊ စားကုန်၏။
တေပိ၊ ထိုခြင်္သေ့ ကျား သစ်တို့သည်လည်း။
မစ္စုနော၊ သေမင်းကို။
ခါဒိတုံ၊ စားအံ့သောငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ-တေန ကာရဏေန၊ ထိုသို့သေမင်းကို စားအံ့သောငှါ မတတ်စွမ်းနိုင်ခြင်း-ဟူသောအကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... ခြင်္သေ့တို့သည် လည်းကောင်း ကျားတို့သည် လည်းကောင်း, သစ်တို့သည် လည်းကောင်း, တုန်လှုပ်သော သတ္တဝါတို့ကို အနိုင်အထက် ပြုခြင်းတို့ဖြင့် နှိပ်စက်၍ စားကုန်၏၊ ထို ခြင်္သေ့, ကျား သစ် တို့သည်လည်း သေမင်းကို စားအံ့သောငှါ မတတ်စွမ်းနိုင်ကုန်၊ ထိုသို့သေမင်းကို စားအံ့သောငှါ မတတ်စွမ်းနိုင်ခြင်း-ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံး အလိုသည်ဖြစ်၏- ဟူလိုသတည်း။
[အခြေလေးချောင်းရှိသော သတ္တဝါတို့တွင် ခြင်္သေ့ ကျား, သစ်-ဟူသော သတ္တဝါ တို့သည် တပါးသော သတ္တဝါတို့ထက် အားအစွမ်းဖြင့် လည်းကောင်း၊ လျင်ခြင်းဖြင့် လည်းကောင်း၊ ရဲရင့်ခြင်းဖြင့် လည်းကောင်း ကဲလွန်၏၊ ဤသို့ တန်ခိုးအာနုဘော်နှင့် ပြည့်စုံသော ခြင်္သေ့အစရှိသော သတ္တဝါတို့သည်လည်း သေမင်းကို နှိပ်စက်ခြင်းငှာ မတတ်စွမ်းနိုင်ကုန်။]
မာယံ မာယာကာရာ ရင်္ဂမဇ္ဈေ ကရောန္တော၊
မောဟန္တိ စက္ခူနိ ဇနဿ တာဝဒေ။
န မစ္စုနော မောဟရိတု မဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
မာယာကရာ၊ မျက်လှည့်သည်တို့သည်။
ရင်္ဂမဇ္ဈေ၊ ပွဲသဘင်အလယ်၌။
မာယံ၊ လှည့်ပတ်ခြင်းကို။
ကရောန္တော၊ ပြုသည်ဖြစ်၍။
တာဝဒေ၊ ထိုမျှလောက် လှည့်ပတ်သောခဏ၌။
ဇနဿ၊ လူများအပေါင်း၏။
စက္ခူနို၊ မျက်စိတို့ကို။
မောဟန္တိ၊ မဟုတ်သည်ကို အဟုတ်ပြု၍ ပြကုန်လျက် တွေဝေစေကုန်၏။
မစ္စုနော၊ သေမင်းအား။
မောဟယိတုံ၊ တွေဝေစိမ့်သောငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ တေန ကာရဏေန၊ ထိုသို့သော သေမင်းကို တွေဝေစိမ့်သောငှါ မတတ်စွမ်းနိုင်ခြင်း - ဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... မျက်လှည့်သည်တို့သည် ပွဲသဘင်အလယ်၌ လှည့်ပတ်ခြင်းကို ပြုသည်ဖြစ်၍ ထိုမျှလောက် လှည့်ပတ်သောခဏ၌ လူများ အပေါင်း၏ မျက်စိတို့ကို မဟုတ်သည်ကို အဟုတ်ပြု၍ ပြုကုန်လျက် တွေဝေစေ ကုန်၏၊ သေမင်းကို တွေဝေစိမ့်သောငှါ မတတ်စွမ်းနိုင်ကုန်၊ ထိုသို့သေမင်းကို တွေဝေစိမ့်သောငှါ မတတ်စွမ်းနိုင်ခြင်း - ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံးအလိုသည် ဖြစ်၏-ဟူလိုသတည်း။
[သူတပါးတို့အား လှည့်ပတ်ခြင်းငှါ တတ်စွမ်းနိုင်၏။ သေမင်းအား တစုံတခုသော အကြောင်းဖြင့် လှည့်ပတ်ခြင်းငှါ မတတ်စွမ်းနိုင်သည်၏ အဖြစ်ကို ပြသတည်း။]
အာသိဝိသာ ကုပ္ပိတာ ဥဂ္ဂတေဇာ၊
ဍံသန္တိ မာရေန္တိ တေပိ မာနုသေ။
န မစ္စုနော ဍံသိတုမုဿာဟန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ဥဂ္ဂတေဇာ၊ ထက်သော အဆိပ် - ဟူသော တန်ခိုးနှင့် ပြည့်စုံကုန်သော။
အာသိဝိသာ၊ မြွေတို့သည်။
ကုပ္ပိတာ၊ အမျက်ထွက်ကုန်သည်ဖြစ်၍။
မာနုသေ၊ လူတို့ကို။
ဍံသန္တိ၊ ကိုက်ခဲကုန်၏။
မာရေန္တိ၊ သေစေနိုင်ကုန်၏။
တေပိ၊ ထို မြွေတို့သည်လည်း။
မစ္စုနော၊ သေမင်းကို။
ဍံသိတုံ၊ ကိုက်ခဲအံ့သောငှါ။
နဥဿာဟန္တိ၊ မတတ်စွမ်းနိုင်ကုန်။
တံ-တေန ကာရဏေန၊ ထိုသို့သေမင်းကို ကိုက်ခဲအံ့သောငှါ မတတ်စွမ်းနိုင်ခြင်း-ဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး .... ထက်သော အဆိပ်ဟူသော တန်ခိုးနှင့် ပြည့်စုံကုန်သော မြွေတို့သည် အမျက်ထွက်ကုန်သည် ဖြစ်၍ လူတို့ကိုက်ခဲကုန်၏၊ သေစေကုန်၏၊ ထိုမြွေတို့သည်လည်း သေမင်းကို ကိုက်ခဲအံ့သောငှါ မတတ်စွမ်း နိုင်ကုန်၊ ထိုသို့သေမင်းကို ကိုက်ခဲအံ့သောငှါ မတတ်စွမ်းနိုင်ခြင်း-ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံး အလိုသည် ဖြစ်၏ - ဟူလိုသတည်း။
[အခြေမရှိသော သတ္တဝါတို့တွင် မြွေဟူသော သတ္တဝါ, နဂါးဟူသော သတ္တဝါသည် အဆိပ်အတောက်ပြင်းသည်၏ အဖြစ်ကိုပြသတည်း။
အာသိဝိသာ ကုပ္ပိတာ ယံ ဍံသန္တိ၊
တိကိစ္ဆကာ တေသံ ဝိသံ ဟနန္တိ။
န မစ္စုနော ဍဋ္ဌဿ ဝိသံ ဟနန္တိ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သောခမည်းတော်မင်းကြီး။
အာသိဝိသာ၊ မြွေတို့သည်။
ကုပ္ပိတာ၊ အမျက်ထွက်ကုန်သည်ဖြစ်၍။
ယံ၊ အကြင်သူကို။
ဍံသန္တိ၊ ကိုက်ခဲကုန်၏။
တိကိစ္ဆကာ၊ အဆိပ်ကို ကုတတ်ကုန်သော ဆေးသမားတို့သည်။
တေသံ၊ ထိုမြွေတို့၏။
ဝိသံ၊ အဆိပ်ကို။
ဟန န္တိ၊ ဖျောက်တတ်ကုန်၏။
ဍဋ္ဌဿ၊ ကိုက်ခဲထသော။
မစ္စုနော၊ သေမင်းဟူသော မြွေ၏။
ဝိသံ၊ အဆိပ်ကို။
နဟနန္တိ၊ မဖျောက်နိုင်ကုန်။
တံ-တေန ကာရဏေန၊ ထိုသို့သေမင်းဟူသော မြွေ၏အဆိပ်ကို မဖျောက်နိုင်ခြင်း ဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး … မြွေတို့သည် အမျက်ထွက်ကုန်သည်ဖြစ်၍ အကြင်သူကို ကိုက်ခဲကုန်၏၊ အဆိပ်ကို ကုတတ်ကုန်သော ဆေးသမားတို့သည် ထိုမြွေတို့၏အဆိပ်ကို ဖျောက်တတ်ကုန်၏၊ ကိုက်သောသေမင်း ဟူသော မြွေ၏ အဆိပ်ကို မဖျောက်နိုင်ကုန်၊ ထိုသို့ သေမင်းဟူသော မြွေ၏အဆိပ်ကို မဖျောက်နိုင်ခြင်း ဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကိုကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံးအလိုသည် ဖြစ်၏ - ဟူလိုသတည်း။
ဓမ္မန္တရီ ဝေတ္တရုဏော ဘောဇော ဝိသာနိ။
ဟန္တွာန ဘူဇင်္ဂမာနံ သုယျန္တိ။
တေ ကာလင်္ကတာ တထေဝ။
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ဓမ္မန္တရီ၊ ဓမ္မန္တရီမည်သော ဆေးသမားသည် လည်းကောင်း။
ဝေတ္တရုဏော၊ ဝေတ္တရုဏမည်သော ဆေးသမားသည် လည်းကောင်း။
ဘောဇော၊ ဘောဇမည်သော ဆေးသမားသည် လည်းကောင်း။
ဘူဇင်္ဂမာနံ၊ မြွေတို့၏။
ဝိသာနိ၊ အဆိပ်တို့ကို။
ဟန္တွာန၊ ပယ်ဖျောက်၍။
သုယျန္တိ၊ ကောင်းစွာ သွားနိုင်ကုန်၏။
တေ၊ ထိုဓမ္မန္တရီစသော ဆေးသမားတို့သည်။
တထေဝ၊ ထို့အတူလျှင်။
ဍဋ္ဌဿ၊ ကိုက်ခဲထသော။
မစ္စုနော၊ သေမင်းဟူသောမြွေ၏။
ဝိသာနိ၊ အဆိပ်တို့ကို။
နဟနန္တိ၊ မဖျောက်နိုင်ကုန်။
တေ၊ ထိုဓမ္မန္တရီ စသော ဆေးသမားတို့သည်။
ကာလင်္ကတာ၊ သေခဲ့ကုန်ပြီ။
တံ-တေန ကာရဏေန၊ ထိုသို့သေမင်းဟူသော မြွေ၏အဆိပ်တို့ကို မဖျောက်နိုင် ခြင်းဟူသောအကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... ဓမ္မန္တရီမည်သော ဆေးသမားသည် လည်းကောင်း၊ ဝေတ္တရုဏမည်သော ဆေးသမားသည် လည်းကောင်း၊ ဘောဇ မည်သော ဆေးသမားသည် လည်းကောင်း၊ မြွေတို့၏ အဆိပ်ကိုဖျောက်၍ ကောင်းစွာ သွားနိုင်ကုန်၏၊ ထိုဆေးသမားတို့သည် ထို့အတူလျှင် ကိုက်ခဲသော သေမင်းဟူသော မြွေ၏အဆိပ်တို့ကို မဖျောက်နိုင်ကုန်၊ သေခဲ့ကုန်ပြီ၊ ထိုသို့ သေမင်းဟူသော မြွေ၏ အဆိပ်တို့ကို မဖျောက်နိုင်ခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကို ကျင့်ပါအံ့၊ ဤသို့ အကျွန်ုပ်၏ စိတ်နှလုံးအလိုသည်ဖြစ်၏- ဟူလိုသတည်း။
ဝိဇ္ဇာဓရာ ဃောရမာဒိယမာနာ အဒဿနံ၊
သာဓေတွာ သြသဓဟိ ဝဇန္တိ။
န မစ္စုရာဇဿ ဝဇန္တိ အဒဿနံ၊
တံ မေ မတိ ဟောတိ စရာမိ ဓမ္မံ။
မဟာရာဇ၊ မြတ်သော ခမည်းတော် မင်းကြီး။
ဝိဇ္ဇာဓရာ၊ ဝိဇ္ဇာဓိုရ်တို့သည်။
ဃောရံ၊ ယောရမည်သော အတတ်, ဂန္ဓာရီမည်သော အတတ်ကို။
အာဒိယမာနာ၊ သင်ကုန်သည်ဖြစ်၍။
မောစေန္တိ၊ ရန်သူ့လက်မှ လွတ်နိုင်ကုန်၏။
ဃောရံ၊ ယောရမည်သော အတတ်, ဂန္ဓာရီမည်သော အတတ်ကို။
သာဓေတွာ၊ ပြီးစေ၍။
ဩသဓေဟိ၊ ဆေးတို့ဖြင့်။
ပစ္စတ္ထိကာနံ၊ ရန်သူတို့၏။
အဒဿနံ၊ မမြင်ရာ အရပ်သို့။
ဝဇန္တိ၊ ရောက်နိုင်ကုန်၏။
မစ္စုရာဇဿ၊ သေမင်း၏။
အဒဿနံ၊ မမြင်ခြင်းသို့။
နဝဇန္တိ၊ မရောက်နိုင်ကုန်။
တံ-တေန ကာရဏေန၊ ထိုသို့သေမင်း၏ မမြင်ခြင်းသို့ မရောက်နိုင်ခြင်းဟူသော အကြောင်းကြောင့်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဓမ္မံ၊ တရားကို။
စရာမိ၊ ကျင့်ပါအံ့။
ဣတိ၊ ဤသို့။
မေ၊ အကျွန်ုပ်၏။
မတိ၊ စိတ်နှလုံးအလိုသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး ... ဝိဇ္ဇာဓိုရ်တို့သည် ဃောရမည်သော အတတ်, ဂန္ဓာရီမည်သော အတတ်တို့ကို သင်ကုန်သည်ဖြစ်၍ ရန်သူ့လက်မှ လွတ်နိုင်ကုန်၏၊ ဃောရမည်သောအတတ်, ဂန္ဓာရီမည်သော အတတ်တို့ကိုပြီးစေ၍ ဆေးတို့ဖြင့် ရန်သူတို့၏မမြင်ခြင်းသို့ ရောက်နိုင်ကုန်၏၊ သေမင်း၏မမြင်ခြင်းသို့ မရောက်နိုင်ကုန်၊ ထိုသို့သေမင်း၏ မမြင်ခြင်းသို့မရောက်နိုင်ခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြု၍ တရားကို ကျင့်ပါအံ့၊ ဤသို့အကျွန်ုပ်၏ စိတ်နှလုံးအလိုသည်ဖြစ်၏-ဟူလို သတည်း။
[နိဗ္ဗာန်မှတပါး သေမင်းမမြင်သော အရပ်မရှိ။]
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ၊
ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ။
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏော၊
ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
ဓမ္မော၊ ကောင်းစွာ ကျင့်အပ်သော ကုသိုလ်တရားသည်။
ဓမ္မစာရီ၊ ကုသိုလ်တရားကို ကျင့်သောသူကို။
ဟဝေ၊ စင်စစ်သဖြင့်။
ရက္ခတိ၊ အထူး စောင့်တတ်၏။
သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။
ဓမ္မော၊ ကုသိုလ်တရားသည်။
သုခံ၊ လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာကို။
အာဝဟာတိ၊ ရွက်ဆောင်တတ်၏။
သုစိဏ္ဏော-သုစိဏ္ဏဿ၊ ကောင်းစွာ ကျင့်အပ်သော။
ဓမ္မ-ဓမ္မဿ၊ ကုသိုလ်တရား၏။
ဧသာနိသံသာ-ဧသော အာနိသံသော၊ ဤသို့သော အကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။
ဓမ္မစာရီ၊ တရားကိုကျင့်သောသူသည်။
ဒုဂ္ဂတိံ၊ မကောင်းသော အပါယ်လေးပါး မလားအပ်သော အလားသို့။
နဂစ္ဆတိ၊ မရောက်။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး … ကောင်းစွာကျင့်အပ်သော ကုသိုလ်တရားသည် တရားကို ကျင့်သောသူကို စင်စစ်သဖြင့် စောင့်တုံ့ စောင့်တတ်၏၊ ကောင်းစွာ ကျင့်အပ်သော ကုသိုလ်တရားသည် လူ နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာသူ ရွက်ဆောင်တတ်၏၊
ကောင်းစွာကျင့်အပ်သော ကုသိုလ်တရား၌ ဤသို့သော အကျိုးရှိ၏၊ ကုသိုလ် တရားကို ကျင့်သောသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ, အသုရကာယ် အပါယ်လေးပါး မကောင်းသော အလားသို့ မရောက်-ဟူလိုသတည်း။
[လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်ကို ထောက်စာ၍ အပါယ်လေးဘုံကို မကောင်းမှုကိုပြုသောသူတို့၏ လားရာဖြစ်သောကြောင့် ဒုဂ္ဂတိ-ဟုဆိုသတည်း။
ဧကန္တပဏီတဖြစ်သောနိဗ္ဗာန်ကို ထောက်စာ၍ ဘုံသုံးပါးကို ရာရှိသော သူတို့၏ လားရာဖြစ်သောကြောင့် ဒုဂ္ဂတိ-ဟုဆိုသတည်း။]
န ဟိ ဓမ္မော အဓမ္မောစ၊
ဥဘော သမဝိပါကိနော။
အဓမ္မော နိရယံ နေတိ၊
ဓမ္မော ပါပေတိ သုဂတိန္တိ။
မဟာရာဇာ၊ မြတ်သော ခမည်းတော်မင်းကြီး။
ဓမ္မောစ၊ ကုသိုလ်တရား လည်းကောင်း။
အဓမ္မောစ၊ အကုသိုလ်တရားလည်းကောင်း။
ဣတိ၊ ဤသို့။
ဥဘောပိ၊ နှစ်ပါးကုန်သော ကုသိုလ်တရား, အကုသိုလ်တရား တို့သည်လည်း။
သမဝိပါကိနော၊ တူမျှသော အကျိုးကိုပေးခြင်း ရှိကုန်သည်။
နဟိဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။
အဓမ္မော၊ အကုသိုလ်တရားသည်။
နိရယံ၊ ငရဲသို့။
နေတိ၊ ဆောင်တတ်၏။
ဓမ္မော၊ ကုသိုလ်တရားသည်။
သုဂတိံ၊လူ့ပြည် နတ်ရပ်မြတ်သော သုဂတိဘဝသို့။
ပါပေတိ၊ ရောက်စေတတ်၏။
ဣတိ-ဣမာဂါထာ၊ ဤနှစ်ဆယ့်လေး ဂါထာတို့ကို။
အာဟ၊ ဟောတော်မူ၏။
အဓိပ္ပါယ်
မြတ်သော ခမည်းတော်မင်းကြီး … ကုသိုလ်တရား သည်လည်းကောင်း၊ အကုသိုလ်တရားသည် လည်းကောင်း၊ ထိုကုသိုလ်တရား, အကုသိုလ်တရား နှစ်ပါး တို့သည်လည်း တူမျှသောအကျိုးကို ပေးခြင်းမရှိကုန်၊
အကုသိုလ်တရားသည် ငရဲသို့ဆောင်တတ်၏၊
ကုသိုလ်တရားသည် လူ့ပြည် နတ်ရပ် မြတ်သောနိဗ္ဗာန်သို့ ရောက်တတ်၏ - ဟူလိုသတည်း။
[နိဗ္ဗာန်ချမ်းသာကို တောင့်တကုန်သော အမျိုးကောင်းသားတို့သည် ကုသိုလ် တရားကို အားထုတ်အပ်၏၊ အားထုတ်ကြလေကုန်။]
ဤသို့လျှင် ဘုရားအလောင်း အယောဃရမင်းသားသည် ဤနှစ်ဆယ့်လေး ဂါထာတို့ဖြင့် ခမည်းတော် မင်းကြီးအား တရားဟော၍ -
“မြတ်သော ခမည်းတော်မင်းကြီး ... ခမည်းတော်မင်းကြီး၏ တိုင်းပြည်သည် ခမည်းတော်မင်းကြီးအား သာလျှင် ဖြစ်စေလော့၊ အကျွန်ုပ်အား ဤမင်း၏အဖြစ်ဖြင့် အလိုမရှိ၊ စင်စစ်သော်ကား - ခမည်းတော်မင်းကြီးနှင့်တကွ စကားပြောဟော စဉ်လျှင် အကျွန်ုပ်သို့ အိုခြင်း, နာခြင်း သေခြင်းတို့သည် ကပ်ရောက်လာကုန်၏၊ အရှင်မင်းကြီးတို့သည် နေတော်မူရစ်ကြကုန်လော”
ဟုဆို၍ သံကြိုးကိုဖြတ်၍ ထွက်သွားသော အမုန်ယစ်သော ဆင်ပြောင်ကဲ့သို့ လည်းကောင်း၊ ရွှေခြိုင့်ကိုဖေါက်၍ ထွက်သွားသော ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း၊ ကာမဂုဏ်တို့ကိုစွန့်၍ မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ မြို့နန်းမှထွက်တော်မူ၏။
ဧဝံ မဟာသတ္တော စတုဝီသတိယာ ဂါထာဟိ ပိတု ဓမ္မံ ဒေသေတွာ မဟာရာဇ တုမှာကံ ရဇ္ဇံ တုမှာကမေဝ ဟောတု၊ မယှံ ဣမိနာ အတ္ထော နတ္ထိ၊ တုမှေပန သဒ္ဓိံ ကထေန္တမေဝ မံ ဗျာဓိဇရာမရဏာနိ ဥပဂစ္ဆန္တိ၊ တုမှေ တိဋ္ဌထာတိဝတွာ အယဒါမံ ဆိန္ဒိတွာ နိက္ခန္တော မဒဟတ္ထိဝိယ ကဉ္စနပဉ္ဇရံ ဆိန္ဒိတွာ နိက္ခန္တော သီဟပေါတကော ဝိယ ကာမေ ပဟာယ မာတာပိတရော ဝန္ဒိတွာ နိက္ခမိ။
ဧဝံ၊ ဤသို့။
မဟာသတ္တော၊ ဘုရားလောင်းသည်။
စတုဝီသတိယာ ဂါထာဟိ၊ နှစ်ဆယ့်လေးဂါထာတို့ဖြင့်။
ပိတု၊ ခမည်းတော်မင်းကြီးအား။
ဓမ္မံ၊ တရားကို။
ဒေသေတွာ၊ ဟော၍။
မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။
တုမှာကံ၊ သင်မင်းကြီးရှိ၏။
ရဇ္ဇံ၊ တိုင်းပြည်သည်။
တုမှာကမေဝ၊ သင်မင်းကြီးတို့အားသာလျှင်။
ဟောတု၊ ဖြစ်စေ။
မယံ၊ အကျွန်ုပ်အား။
ဣမိနာ၊ ဤတိုင်းပြည်ဖြင့်။
အတ္ထော၊ အကျိုးသည်။
နတ္ထိ၊ မရှိ။
ပန၊ ဆိုဘွယ်အထူးကား။
တုမှေဟိ၊ သင်ခမည်းတော်တို့နှင့်။
သဒ္ဓိံ ၊ တကွ။
ကထေန္တမေဝ၊ စကားဆိုစဉ်လျှင်။
မံ၊ အကျွန်ုပ်ကို။
ဗျာဓိဇရာမရဏေဟိ၊ နာခြင်း, အိုခြင်း သေခြင်းတို့ သည်။
ဥပဂစ္ဆန္တိ၊ ကပ်၍ရောက်လာကုန်၏။
တုမှေ၊ သင်မင်းကြီးတို့ သည်။
တိဋ္ဌထ၊ နေတော်မူရစ်ကုန်။
ဣတိ၊ ဤသို့။
ဝတွာ၊ ဆို၍။
အယဒါမံ၊ သံထူးကို။
ဆိန္ဒိတွာ၊ ဖြတ်၍။
နိက္ခန္တော၊ ထွက်သွားသော။
မဒဟတ္ထိဝိယ၊ အမုန်ယစ်သော ဆင်ပြောင်ကဲ့သို့ လည်းကောင်း။
ကဉ္စနပဉ္ဇရံ၊ ရွှေချိုင့်ကို။
ဆိန္ဒိတွာ၊ ဖြတ်၍။
နိက္ခန္တော၊ ထွက်သွားသော။
သီဟပေါတကော ဝိယ၊ ခြင်္သေ့ပျိုကဲ့သို့ လည်းကောင်း။
ကာမေ၊ ကာမ ဂုဏ်ချမ်းသာတို့ကို။
ပဟာယ၊ စွန့်၍။
မာတာပိတရော၊ မယ်တော်, ခမည်းတော်ကို။
ဝန္ဒိတွာ၊ ရှိခိုး၍။
နိက္ခမိ၊ ထွက်လေ၏။
ယင်းသို့ ဘုရားလောင်း တောထွက်တော်မူသည်ရှိသော် ခမည်းတော်မင်းကြီးသည် ငါ့အားလည်း မင်းအဖြစ်ဖြင့် အလိုမရှိပြီ-ဟုကြံ၍ တိုင်းပြည်ကို စွန့်ခဲ့ပြီးလျှင် ဘုရားလောင်းနှင့်တကွလျှင် တောထွက်၏၊ ထိုမင်းကြီး တောထွက်သည်ရှိသော် မယ်တော် မိဖုရားသည် လည်းကောင်း, ပုဏ္ဏား သူကြွယ်အစရှိသော သူတို့သည် လည်းကောင်း အလုံးစုံ မြို့၌နေကုန်သော သူတို့သည် အိမ်တို့ကို စွန့်ပစ်၍ ထွက်ခဲ့ကုန်၏၊ အစည်းအဝေးသည်လည်း များ၏၊ ပရိသတ်တို့သည် တဆယ့်နှစ် ယူဇနာ ရှိကုန်၏၊ ထိုပရိသတ်တို့ကိုယူ၍ ဘုရားလောင်းသည် ဟိမဝန္တာသို့ သွားလေ၏။
အထဿ ပိတာ မမပိ ရဇ္ဇေန အတ္ထော နတ္ထိ၊ ဣတိ ရဇ္ဇံ ပဟာယ တေန သဒ္ဓိညေဝ နိက္ခမိ၊ တသ္မိံနိက္ခန္တေ ဒေဝီပိ အမစ္စာပိဗြာဟ္မဏဂဟပတိ အာဒယောပိ ဣတိ သကလနဂရဝါသိနော ဂေဟာနိ ဆဋ္ဋေတွာ နိက္ခမိံသု၊ သမာဂမော မဟာ ဟောတိ၊ ပရိသာ ဒွါဒသယောဇနိကာ ဇာတာ၊ တံ အာဒါယ မဟာသတ္တော ဟိမဝန္တံ ပါဝိသိ။
အထ၊ ထိုသို့ထွက်သည်ရှိသော်။
အဿ၊ ထိုဘုရားလောင်း၏။
ပိတာ၊ ခမည်းတော်သည်။
မမပိ၊ ငါ့အားလည်း။
ရဇ္ဇေန၊ တိုင်းပြည် စည်းစိမ်ဖြင့်။
အတ္ထော၊ အကျိုးသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။
ရဇ္ဇံ၊ တိုင်းပြည်ကို။
ပဟာယ၊ စွန့်၍။
တေန၊ ထိုဘုရားလောင်းနှင့်။
သဒ္ဓိညေဝ၊ အတူတကွသာလျှင်။
နိက္ခမိ၊ တောထွက်လေ၏။
တသ္မိံ၊ ထိုမင်းကြီးသည်။
နိ က္ခန္တေ၊ တောထွက်သည်ရှိသော်။
ဒေဝီပိ၊ မိဖုရားသည် လည်းကောင်း။
အမစ္စာပိ၊ အမတ်တို့သည် လည်းကောင်း။
ဗြာဟ္မဏဂဟပတိ အာဒယောပိ၊ ပုဏ္ဏား, သူကြွယ် အစရှိသော သူတို့သည် လည်းကောင်း။
ဣတိ၊ ဤသို့။
သကလနဂရဝါသိနော၊ အလုံးစုံသောတိုင်း ပြည်သူ, တိုင်းပြည်သားတို့သည်။
ဂေဟာနိ၊ အိမ်တို့ကို။
ဆဋ္ဋေတွာ၊ စွန့်၍။
နိက္ခမိံသု၊ တောထွက်လေကုန်၏။
သမာဂမော၊ အစည်းအဝေးသည်။
မဟာ၊ များသည်။
ဟောတိ၊ ဖြစ်၏။
ပရိသာ၊ ပရိသတ်သည်။
ဒွါဒသယောဇနိကာ၊ တဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိသည်။
ဇာတာ၊ ဖြစ်၏။
တံ၊ ထိုပရိသတ်ကို။
အာဒါယ၊ ယူ၍။
မဟာသတ္တော၊ ဘုရားလောင်းသည်။
ဟိမဝန္တိ၊ ဟိမဝန္တာသို့။
ပါဝိသိ၊ ဝင်လေ၏။
သိကြားမင်းသည်လည်း ဘုရားလောင်း တောထွက်တော်မူသော အဖြစ်ကိုသိ၍ ဝိသုကြုံနတ်သားကိုစေ၍ အလျား တဆယ့်နှစ်ယူဇနာ, အနံခုနစ်ယူဇနာရှိသော ကျောင်းကို ဖန်ဆင်း၍ ပြုစေ၏၊
ဤသို့ အယောဃရ မင်းသားသည် သေခြင်းသဘောတရားကို ရှေးရှုထင်သကဲ့သို့ ဘုံသုံးပါး၌ ငြီးငွေ့သည်ဖြစ်၍ မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန် ချမ်းသာကို အလိုရှိကုန်သော သူတော်ကောင်းတို့သည် သေခြင်း သဘောတရားကို ရှေးရှု ထင်စေအပ်၏။
အယောဃရ မင်းသားသည် မိမိ၏အကျိုးစီးပွါး, ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏ အကျိုးစီးပွါးကို အလိုရှိသည်ဖြစ်၍ သဗ္ဗညုတဉာဏ်ကို ရှာသော သတ္တဝါတည်း၊ ထို အယောဃရ မင်းသားကဲ့သို့ မိမိအကျိုးစီးပွါး, သူတပါးအကျိုးစီးပွါးကို အလိုရှိ ကုန်သော သူတော်ကောင်းတို့သည် အယောဃရ မင်းသား ပွါးအပ်သောတရား တော်ကို -
- နွေလအခါ၌ နေပူဖြင့် နှိပ်စက်ကုန်သည်ဖြစ်၍ ရေကိုတောင့်တကုန်သော ရေကို အလိုရှိကုန်သော သူတို့သည် အလွန်ချမ်းအေးသော ရေကို တွေ့ကြိမ်ဘိသကဲ့သို့ လည်းကောင်း၊
- အစားအစာ ဖြင့်မွတ်သိပ်သော သူတို့သည် နတ်၏ သုဓာဘုတ်နှင့်တူသော သုဓာဘုတ်ကို တွေ့ကြိမ်ဘိသကဲ့သို့ လည်းကောင်း၊
- မြစ်တဘက်သို့ ရေတကြိမ် ကူးခပ်ခြင်းငှါ အလိုရှိသောသူသည် လှေကိုရဘိသကဲ့သို့ လည်းကောင်း၊
- စစ်မြေအရပ်၌ ရန်သူနှိပ်စက်သောသူတို့သည် တပါးသောရန်သူတို့ကို နှိမ်နင်းခြင်း စွမ်းနိုင်သောသူရဲကောင်းကို ရဘိသကဲ့သိုးလည်းကောင်း၊
- ဝေဒနာအားဖြင့် ပြင်းစွာ နှိပ်စက်သောသူသည် ဆေးသမားကောင်းကို တွေ့ဘိသကဲ့ သို့လည်းကောင်း၊
ဤသို့ ကြားရ နာရခဲလှစွာသော တရားတော်ကို ကြားနာရသဖြင့် ဝမ်းမြောက် ဝမ်းသာသော စိတ်ဖြစ်၍ ရိုသေခြင်း, မြတ် နိုးခြင်း နှစ်သက်ခြင်း စုံမက်ခြင်းကိုပြု၍ တရားတော်၏ အနက် အဓိပ္ပါယ်လာတိုင်း ကျင့်အပ်၏-ဟူလိုသတည်း။
သေမင်းကို ဥပမာနှင့် တကွ ပြဆိုခြင်း
သေမင်းသည် ဘီလူးရှိသော သစ်ပင်ရိပ်နှင့် တူခြင်း
သေခြင်းသဘောတရားသည် ပဋိသန္ဓေနေသော သူတို့သည် ဘီလူးရှိသော အရိပ်, ရေနှင့်ပြည့်စုံသော သစ်ပင်သို့ ဝင်မိမှားသော သူနှင့်တူ၏။
တူဟန်ကား -
အကြင်သူတယောက်သည် ထမင်းရိက္ခာ ဖြင့် လုံလောက်စွာယူ၍ သားတို့ကို သတ်အံ့သောငှါ တောအရပ်သို့ သွားလေ၏၊ ထိုသူသည် တောအရပ်၌ သမင် ဒရယ် အစရှိသော သတ္တဝါတို့ကို သတ်၍ အိမ်သို့ရှေးရှုပြန်ခဲ့ကုန်၏၊
ခရီးအကြား၌ အရိပ်, ရေချမ်းနှင့် ပြည့်စုံသော တခုသော သစ်ပင်ရင်းသို့ဝင်၍ အလိုရှိတိုင်း ရေချိုးခြင်း, သောက်ခြင်းတို့ကိုပြုပြီး၍ အပင်အပန်း ပျောက်စိမ့်သောငှါ သစ်ပင်ရင်း၌ အိပ်လေ၏၊ အပင်အပန်းပြေသော ကာလ၌ သွားအံ့ဟုပြုသည် ရှိသော် ထိုသစ်ပင်ရင်း၌နေသော ဘီလူးသည် ကိုယ်ထင်ပြလျက် မျက်စိပြူးပြူး အစွယ်ဖြူဖြူ ကြောက်မက်ဘွယ်သော အဆင်းကိုပြ၍ လက်ကို ဆွဲ၍ “ငါ၏အစာဖြစ်ပြီ၊ သင် မသွားအပ်” ဟုဆို၏၊
ထိုအခါ ထိုသူသည် သေဘေးဖြင့်ကြောက်သည်ဖြစ်၍ သေဘေးဖြင့် ထိတ်လန့်သည် ဖြစ်၍ တုန်လှုပ်လျက် “ငါ၏အသက်ကို ချမ်းသာပေးပါလော့၊ ငါ၌ ရှိသော ရိက္ခာ စားနပ်တို့ကို လည်းကောင်း၊ အမဲဟင်းလျာ တို့ကိုလည်းကောင်း ယူပါလော့”ဟု ဆို၏၊
ဘီလူးသည် “ထိုရိက္ခာစားနပ်တို့သည်လည်း ငါ၏အစာ, သင်လည်း ငါ၏အစာ” ဟု ဆိုပြီး၍ စားသကဲ့သို့ ထို့အတူ အမိဝမ်း၌ ဇာတိဖြစ်သော သတ္တဝါအပေါင်း တို့သည် ဘီလူးရှိသော သစ်ပင်ရိပ်သို့ ဝင်မိသည်ဖြစ်၍ သေမင်း တည်းဟူသော ဘီလူးလက်မှ မလွတ်နိုင်ကြကုန်ပြီ၊ သေမင်းတည်း ဟူသော ဘီလူး၏အစာ ဖြစ်ကြကုန်၏ - ဟူလိုသတည်း။
[ဘုံသုံးပါး၌ ကျင်လည်ကုန်သော သတ္တဝါအပေါင်းတို့ကို သေမင်း တည်းဟူသော ဘီလူး၏အစာဟု မှတ်ကြလေကုန်။]
သေမင်းသည် ရွာသို့ဝင်၍ စားသော ဘီလူးနှင့် တူပုံ
တနည်းကား -
သေခြင်း သဘောတရားသည် ရွာသို့ဝင်၍စားသော နတ်ဘီလူးနှင့် တူ၏၊
တူဟန်ကား - နတ်ဘီလူးတယောက်သည် ရွာသို့ဝင်၍ လူအပေါင်းတို့ကို မမြင်စေမူ၍ အအူ, အသည်း တို့ကိုဝင်၍ စားပြီးလျှင် သွားလေ၏၊ ရွာနေ လူအပေါင်းတို့သည် သေရစ်သော အလောင်းကိုသာလျှင် မြင်ရသကဲ့သို့ ထို့အတူ သေမင်းသည် မိမိကိုယ်ကို ထင်စွာမပြမူ၍ ရွာ၌လည်းကောင်း, နိဂုံး၌လည်းကောင်း၊ ဇနပုဒ်၌လည်းကောင်း၊ မြို့၌လည်းကောင်း, ဤတိုင်းပြည်၌ လည်းကောင်း တပါးသော တိုင်းပြည်၌ လည်းကောင်း၊ ဤစကြဝဠာတို့၌ လည်းကောင်း၊ တပါးသော စကြဝဠာတို့၌လည်းကောင်း မရေတွက်နိုင်ကုန်သော စကြဝဠာတို့၌ ရှိကုန်သော သတ္တဝါအပေါင်းတို့ကို သတ်၍ သွားလေကုန်၏။
[သေမင်းကိုလည်း မမြင်ရ-ဟူလိုသတည်း။]
သေမင်းသည် တံငါသည်နှင့်တူပုံ
တနည်းကား -
သေမင်းသည် တံငါနှင့်တူ၏၊
တူဟန်ကား - တံငါသည်တို့သည် ထုံးအိုင်တို့၏အနီး၌ ထာဝရ တဲအိမ်တို့ကို ဆောက်လုပ်ပြီး၍, ထိုထုံးအိုင်၌ရှိသော ငါးတို့ကို ဆင်း၍သတ်ကုန်၏၊ ကံကုန်သော ငါးတို့သည် သေကုန်၍ ကံကြွင်းရှိကုန်သော ငါးတို့သည်သာလျှင် ကြွင်းသေးသကဲ့သို့ ထို့အတူ တံငါနှင့်တူသော သေမင်းသည် နိဂုံး အစရှိသည်တို့သို့ ကပ်၍ ခပ်သိမ်းသော သတ္တဝါတို့ကို သတ်ကုန်၏။ ကံမရှိသော သတ္တဝါတို့သည် သေမင်း တည်းဟူသော တံငါဖြင့် တွေ့ကြကုန်၏၊ ကြွင်းသေးသော သတ္တဝါတို့သည် ကြွင်းကြကုန်သေး၏- ဟူလိုသတည်း။
သေမင်းသည် မူဆိုးနှင့်တူပုံ
တနည်းကား -
သေမင်းသည် မူဆိုးနှင့်တူ၏၊
တူဟန်ကား - မူဆိုးတို့သည် တောအရပ်သို့ လှည့်လည်၍ သမင် ဒရယ် အစ ရှိသည်တို့ကို သေနပ် မြှား လှံ အစရှိသည်တို့ဖြင့် ပစ်ခတ်သည်ရှိသော် ကံကုန်သော သမင် ဒရယ် အစရှိသော သတ္တဝါတို့သည် မူဆိုး၏လက်နက် ထိသဖြင့် သေကြေ ပျက်စီးခြင်းသို့ ရောက်သကဲ့သို့ ထို့အတူ သေမင်း တည်းဟူသော မူဆိုးသည် ရွာနိဂုံး အစသည်တို့သို့ဝင်၍ သတ္တဝါ အပေါင်းတို့ကို လက်နက်ဖြင့် အခါခပ်သိမ်း နေ့ညဉ့် မပြတ် လှည့်လည်၍ ရှာဖွေသည်ဖြစ်ရကား ကြွင်းကျန်သော သတ္တဝါကား မရှိ၊ တနေ့ မတွေလျှင် တနေ့, တလမတွေ့လျှင် တလ, တနှစ်မတွေ့လျှင် တနှစ် တွေ့ကြိမ်တော့သည် - ဟူလိုသတည်း။
သေမင်းသည် သခင်ဆိုးနှင့်တူပုံ
တနည်းကား -
သတ္တဝါသည် ကျွန်နှင့်တူ၏။ သေမင်းသည် သခင်ဆိုးနှင့်တူ၏၊
တူဟန်ကား - ပဋိသန္ဓေနေသည်မှစ၍ သူတပါးအိမ်၌ အစေအပါးခံ၍ နေရသော ကျွန်သည် မိမိအလိုရှိတိုင်း မသွားရ၊ မစားရ၊ မသောက်ရ၊ မအိပ်ရသည်ဖြစ်၍ ထိုသခင်ဆိုး၏ နှိပ်စက် ညှဉ်းဆဲမည်ကို ကြောက်သောကြောင့် အရပ်တပါးသို့ ပြေးလေကုန်၏၊
ထိုသို့ပင် ပြေးသော်လည်း မိမိအား ပညာမရှိသည် ဖြစ်သောကြောင့် လွက်အောင် ပြေးခြင်းငှါ မတတ်စွမ်းနိုင်သည်ဖြစ်၍ ထိုသခင်ဆိုးသည် လိုက်၍ရှာသည်ရှိသော် ထိုကျွန်ကိုတွေ့သဖြင့် နှိပ်စက်မြဲ, ညှဉ်းဆဲမြဲ ပြန်သကဲ့သို့ ထို့အတူ အမိဝမ်း၌ ပဋိသန္ဓေနေကုန်သော သတ္တဝါတို့ကို သေမင်း၏ကျွန်ဖြစ်ပြီဟူ၍ မှတ်အပ်ကုန်၏၊
ထိုသေမင်း၏ ကျွန်ဖြစ်သော သတ္တဝါသည် အိုခြင်း နာခြင်း, သောကအစရှိသည် တို့သည် နှိပ်စက် ညှဉ်းဆဲကုန်၏၊ သေမင်း၏ ကျွန်ဖြစ်၍ ထိုသေမင်း၏ လက်မှ လွတ်အောင် ပြေးခြင်းငှါ လည်းကောင်း, ပုန်းအောင်းခြင်းငှါ လည်းကောင်း မတတ်စွမ်းနိုင်ကုန်။ သေမင်း၏အလိုသို့သာ လိုက်ကြရကုန်၏-ဟူ လိုသတည်း။
သေမင်းသည် မင်းနှင့်တူပုံ
တနည်းကား -
သေမင်းသည် ပဒေသရာဇ်, ဧကရာဇ်မင်းတို့နှင့် တူကုန်၏၊
တူဟန်ကား - ထိုပဒေသရာဇ်, ဧကရာဇ်ဖြစ်သော မင်းတို့သည် တိုင်းပြည်သူ တိုင်းပြည်သားတို့အား နှိပ်စက်ညှဉ်းဆဲ၍ အခွန်အတုတ်ကို ယူကုန်၏၊ လူကိုစေပါး ခိုင်းစေကုန်၏၊ ဤသို့အကြိမ်များစွာ ပြုသဖြင့် ထိုတိုင်းပြည်သူ တိုင်းပြည်သား တို့သည် မင်း၏ အမူအရာကို မကြိုက်သည်ဖြစ်၍ မနှစ်သက်သည်ဖြစ်၍ လက်နက်ကြီးဗိုလ်ပါ ရုံးစု၍ ပုန်ကန်၏၊
ထိုသို့ပုန်ကန်ကြောင်းကို ပဒေသရာဇ် ဧကရာဇ်မင်းသည် ကြားသိသည်ဖြစ်၍ ပုန်ကန်သောသူတို့ကို လက်နက်ကြီးဗိုလ်ပါ ရုံးစု၍ ဖမ်းဆီးသည်ရှိသော် ထို ပုန်ကန်သော သူတို့သည် ဘုန်းကံနည်းခြင်းကြောင့် လည်းကောင်း, ပညာနည်းခြင်း ကြောင့်လည်းကောင်း၊ မိမိတို့ အလိုရှိတိုင်း တောင့်တတိုင်း မရသည်ဖြစ်၍ ထိုပဒေသရာင်, ဧကရာဇ် မင်းတို့၏နိုင်ငံသည် ကျယ်ဝန်းသည်ဖြစ်၍ ထိုတိုင်းနိုင်ငံမှ လွတ်အောင် မပြေးနိုင်ရကား ထိုမင်းတို့၏ လက်သို့ ရောက်ပြန်သဖြင့် ထိုမင်းတို့ ညှဉ်း ဆဲတိုင်း နှိပ်စက်တိုင်း,ပြုကျင့်တိုင်းကိုသာ ခံရသကဲ့သို့ ထို့အတူ သေမင်း၏ အဖန်တလဲလဲ နှိပ်စက်သည်၏ အဖြစ်ကို ကြားသိသည်ဖြစ်၍ ထို သေမင်းကို ပုန်ကန်ခြင်းငှါ စွမ်းနိုင်သော -
- သဒ္ဓါတရားတည်း ဟူသော ဗိုလ်,
- ဝီရိယတရားတည်း ဟူသော ဗိုလ်,
- သတိတရားတည်း ဟူသော ဗိုလ်,
- သမာဓိတရားတည်း ဟူသော ဗိုလ်,
- ပညာတရားတည်း ဟူသော ဗိုလ် -
တို့ကို ရုံးစု၍ အနိစ္စ, ဒုက္ခ, အနတ္တ အသုဘ တည်းဟူသော လက်နက်တို့ကို ရုံးစု၍ အောင်မြေ အောင်ရပ်သို့ ညွှန်ပြတတ်သော လောကသုံးပါး၌ အဓိပတိ ဖြစ်တော်မူသော အနုတ္တရ, ဓမ္မသာမိ-ဟူသော အမည်ကို ရရှိတော်မူသော ဓမ္မာစရိယ ဆရာကြီးသည် ချထားအပ်သော အရညဂတောဝါ, ရုက္ခမူလဂတောဝါ, သုညာဂါရ ဂတောဝါ-ဟူသော အောင်မြေအောင်ရပ်သို့ ချဉ်းကပ်ပြီး၍ အနိစ္စ ဒုက္ခ, အနတ္တ, အသုဘ တည်း ဟူသော လက်နက်တို့ဖြင့် အခါခပ်သိမ်း နေ့ညဉ့် မပြတ် နေ့ရှည်လများ ပုန်ကန်ငြားသော်လည်း လက်နက်ကြီးတို့ဖြင့် ထိုးပစ်သော အခိုက် အတံ့သာလျှင် တဒင်္ဂပဟာနသတ္တိ တဒင်္ဂ ဝိမုတ္တိကိုသာ ရသဖြင့် ကာယိကသုခ, စေတသိကသုခကို ရကြကုန်သည် လက်နက်ကြီး ဗိုလ်ပါ ဆင်မြင်းချင်း အားအင် မတူသည်ဖြစ်၍ တမြို့တရွာလည်း လက်နက်နိုင်ငံသို့ မရောက်နိုင်၍ ထိုပုန်ကန် သောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ကြလေကုန်၏။
ထိုသို့ ပျက်စီးသော်လည်း သုံးဆယ့်တဘုံ-တည်းဟူသော သေမင်းတိုင်းနိုင်ငံသည် အလွန် ကျယ်ဝန်းသည်ဖြစ်၍ လွတ်အောင် မပြေးနိုင်ရကား ထိုပဒေသရာဇ်, ဧကရာဇ်မင်းနှင့်တူသော သုံးဆယ့်တဘုံလုံးကို အစိုးရသော သေမင်းကြီးသည် ငါ့အား ပုန်ကန်သောသူတို့ကို တွေ့ရာသင်းချိုင်း စီရင်လော့-ဟု အရပ်ရပ်လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တိုင်အောင် စာပေးအပ်သောကြောင့် ပြေးပုန်း၍မလွတ် သေမင်း နှိပ်ကွပ်ခြင်းကိုသာ ခံရတော့သည်- ဟူလိုသတည်း။
ပမာဒ, အပ္ပမာဒ တရားနှစ်ပါးအကြောင်း
ဤသို့ အစရှိသည်ဖြင့် သေခြင်းသဘောတရားကို အဖန်တလဲလဲ အောက်မေ့သဖြင့် နီဝရဏကို ကွာစေအပ်၏၊ သေခြင်း၏အကြောင်း တရားကား ပမာဒတရား-တည်းဟု မှတ်အပ်၏၊ ဓမ္မပဒပါဠိတော်၌ “ပမာဒေါ မစ္စုနော ပဒံ”ဟု ဟောတော်မူအပ်၏။
ပမာဒေါ၊ သမထဘာဝနာ, ဝိပဿနာ ဘာဝနာ၌ မေ့မေ့ လျော့လျော့ နေသော သူသည်။
မစ္စုနော၊ အဖန်တလဲလဲ သေရခြင်း၏။
ပဒံ၊ အကြောင်းသည်။
ဟောတိ၊ ဖြစ်၏။
အဘယ်အကြောင်းကြောင့် မေ့မေ့လျော့လျော့ နေသောသူသည် သေရခြင်း၏ အကြောင်း ဖြစ်သနည်းဟူမူကား - သမထဘာဝနာ, ပိပဿနာဘာဝနာ၌ မေ့လျော့ကုန်သော သူတို့သည် ရာဂအစရှိသော ကိလေသာတို့သည် အလွန်ပွါးများ ကုန်သည်ဖြစ်၍ ရူပါရုံအစရှိသော ကိလေသာကာမတို့၌ လည်းကောင်း၊ လယ်ယာ အစရှိသော ဝတ္ထုကာမ တို့၌လည်းကောင်း၊ နောင်ဖြစ်လတ္တံ့သော ဒုတိယဘဝ အစရှိသည်တို့၌လည်းကောင်း၊ အနိစ္စအစရှိသော အာဒီနဝကို မမြင်သည်ဖြစ်၍ သေခြင်း၏ အကြောင်းဖြစ်သော တရားတို့ကို ဆည်းပူးကြကုန်သည်ဖြစ်၍ ပြုပြင် ဖန်ဆင်းကြကုန်သည်ဖြစ်၍ မိမိတို့တူးသောတွင်း၌ မိမိတို့ ကျသကဲ့သို့ မိမိတို့ ဆည်းပူးသော သေခြင်းသဘောတရား၌ မိမိတို့ကျကုန်၏၊
ထို့ကြောင့် ပမာဒသဘောတရားကို အဖန်တလဲလဲ သေရခြင်း၏ အကြောင်းတရား-ဟု မှတ်အပ်၏၊ ပမာဒ၏ အကြောင်းတရားကား - ရာဂတည်း၊ ရာဂ၏ အကြောင်း တရားသည်ကား - ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ -ဟု ဆိုအပ်သော ကာမဂုဏ်ငါးပါးတည်း၊
ထို ကာမဂုဏ်ငါးပါးတို့ကို ဘုရားအစရှိသော အရိယာသူတော်ကောင်း တို့၏အထံ၌ တရားတော်ကို အရိုအသေကြားနာရခြင်း မရှိသောသူတို့သည် ထိုကာမဂုဏ်တို့၌ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘော အသုဘသဘောဖြစ်သော အဖြစ်ကို မမြင်သည်ဖြစ်၍ နှစ်သက်ခြင်း, မြတ်နိုးခြင်းနှင့်တကွ ခံစားကြကုန်သဖြင့် ရေငတ်သောသူတို့သည် ဆားငန်ရေကိုသောက်သဖြင့် ရေငတ်ခြင်းသည် မပျောက် မူ၍ လွန်စွာတိုး၍ ငတ်သကဲ့သို့ တဏှာ-ဟူသောတရားသည် မပြေမပျောက်မူ၍ ခံစားတိုင်း ခံစားတိုင်း တိုး၍ပွါးသဖြင့် သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရား တို့၌ လွန်စွာ မေ့လျော့ခြင်းတို့သည် ဖြစ်ကုန်၏။
သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယ - ဟူသောတရားသည် သေခြင်းကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၏ နီးစွာသော အကြောင်းတည်း၊
ဤသို့ နိဗ္ဗာန်သို့တက်ရာ စောင်းတန်းလှေကားသဘွယ် ဖြစ်သော သတိပဋ္ဌာန် အစရှိသော သုံးဆယ့်ခုနှစ်ပါးသော ဗောဓိပက္ခိယ မရှိသော သူတို့သည်ကား အဘယ်သို့လျှင် သေမင်း၏လက်မှ လွတ်နိုင်တုံပါအံ့နည်း၊
ထို့ကြောင့် ရာဂသည် ပမာဒတရား၏ နီးစွာသော အကြောင်းတည်း၊
ပမာဒ-ဟူသော တရားသည် အဖန်တလဲလဲ သေရခြင်း၏အကြောင်း-တည်းဟု မှတ်အပ်၏၊
သတိရှိပါစေ၊ နှလုံးထဲ မှာစွဲကြပါလေကုန်။
သေခြင်း သဘောတရားကို လက်ဝါးအပြင်၌ ထားအပ်သော ဇီးဖြူသီး ဖန်ခါးသီးကဲ့သို့ မြင်အပ်ပြီးသော သမ္မာဒိဋ္ဌိ ပညာမျက်စိနှင့် ပြည့်စုံသော ကုလပုတ္တ အမျိုးကောင်းသား တို့သည် သေခြင်းသဘောတရားကို ငြီးသည်ဖြစ်၍ ပဋိသန္ဓေ နေခြင်း, အိုခြင်း, နာခြင်း-ဟူသော ဘေးကျမ်းနှင့် တကွဖြစ်သော ခန္ဓာငါးပါး၌ ဘုံသုံးပါးကို ကျားရှိသော ဂူကဲ့သို့လည်းကောင်း၊ ခြင်္သေ့, ကျား, သစ်အစရှိသော ဘေးဘျမ်းနှင့် တကွသော တောအုပ်ကဲ့သို့လည်းကောင်း၊ ကြောက်ခြင်း တုန်လှုပ်ခြင်း ကိုဖြစ်စေ၍ သေခြင်းကင်းရာ မဟာအမတ ဧကန္တ သုခဖြစ်သော နိဗ္ဗာန်ချမ်းသာကို အလွယ်တကူ ယခုဘဝမှာပင် ငါယူအံ့-ဟု ဆာန္ဒဓိပတိ ဝီရိယာဓိပတိ စိတ္တာဓိပတိ, ဝိမံသာမိပတိ-ဟု ဆိုအပ်သော အဓိပတိလေး လေးပါးကို ကြီးကြီးမားမား ဖြစ်စိမ့်သောငှါ ချီးမြှောက်အပ်၏ - ဟူလိုသတည်း။
မသေရခြင်း၏အကြောင်း
မသေရခြင်း၏ အကြောင်းတရားသည်ကား - အပ္ပမာဒတည်း၊
ဓမ္မပဒပါဠိတော်၌ အပ္ပမာဒေါ အမတံ ပဒံ-ဟု ဟောတော်မူအပ်၏၊
အပ္ပမာဒေါ၊ သမထဘာဝနာ, ဝိပဿနာ ဘာဝနာ၌ မမေ့မလျော့သော သူသည်။
အမတံ၊ မသေရခြင်း၏။
ပဒံ၊ အကြောင်းသည်။
ဟောတိ၊ ဖြစ်၏။
မသေရခြင်း၏ အကြောင်းတရားကို အပ္ပမာဒတရား-ဟု မှတ်အပ်၏။
သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း၊ လျောင်းခြင်း - ဣရိယာပုထ်လေးပါး တို့၌ မမေ့မလျော့ သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းတို့၌ အားထုတ်ခြင်းကိုပင် အပ္ပမာဒ-ဟု ဆိုသတည်း၊
ထိုအပ္ပမာဒတရားကို ပွါးသောသူတို့သည် မိမိကိုယ်ကို မိမိအလွန်ချစ်သည်မည်၏၊ ဝေဒနာပြင်းစွာ နှိပ်စက်သောသူသည် အနာပျောက်စေတတ်သော ဆေးကိုအဖန် တလဲလဲ မပျင်းမရိ အမြဲမှီဝဲသုံးဆောင်သကဲ့သို့ နေ့ညဉ့် မပြတ် မပျင်းမရိ မသေခြင်း သဘောတရားကို ရှာအပ်၏။
- ပမာဒ - ဟူသော တရားသည် အဖန်တလဲလဲ သေရသော အတတ်တည်း။
- အပ္ပမာဒ - ဟူသောတရားသည် မသေရသော အတတ်တည်း။
ထိုနှစ်ပါးတို့တွင် သမထဘာဝနာ, ဝိပဿနာဘာဝနာ၌ မေ့မေ့ လျော့လျော့ နေကုန်သော ရဟန်းရှင်, လူတို့သည် မိမိကိုယ်ကိုမိမိ မချစ်သည်မည်၏၊ မိမိဆင်းရဲကို မိမိရှာသည်မည်၏၊
စိတ်မကောင်းသောသူတို့သည် တကြိမ်သောက်က အရူးပျောက်နေကျ ဆေးကို တွေ့ကြိမ်ပါလျက် မသောက် မစားသော သူရူးနှင့်တူ၏၊ ဝေဒနာပြင်းစွာ နှိပ်စက် သောသူသည် တကြိမ်သောက်က ထိုဝေဒနာ ပျောက်စေတတ်သော ဆေးကို တွေ့ပါလျက် မသောက်မစားသော သူရူးနှင့်တူ၏။
အပ္ပမာဒတရားကို ပွါးသော သူတို့သည်ကား နှလုံးမကောင်းသော သူတို့သည် ဆေးကို အဖန်တလဲလဲ မှီဝဲသည်နှင့်တူ၏၊ ဝေဒနာပြင်းစွာ နှိပ်စက်သောသူသည် ဝေဒနာ ပျောက်ကြောင်းဖြစ်သော ဆေးကို သုံးဆောင် မှီဝဲသည်နှင့် တူ၏။
ယခုဘဝကဲ့သို့သော ဘဝကို အလွန်တွေ့ခဲ ကြိမ်ကြိုက်ခဲ၏၊
ဥပမာကား - ကြွက်တခုသည် ညဉ့် အခါ၌ အစာရှာအံ့သောငှါ ထိုမှဤမှ သွားလာ လှည့်လည်သည် ရှိသော် မိမိကံအားလျော်စွာ ဆန်တောင်း၌ ကျသကဲ့သို့ ထို့အတူ အဖန်တလဲလဲ အစမထင် သံသရာမှစ၍ ငုပ်တုံ ပေါ်တုံ တမှုံမွှားမွှား ဆုံလည်နွား ကဲ့သို့ လည်းကောင်း၊ ရဟတ်များကဲ့သို့ လည်းကောင်း လှည့်ပတ်၍ သွားလာ ကုန်သော သတ္တဝါတို့သည် -
- ဗုဒ္ဓပ္ပါဒ ဒုလ္လဘ,
- မနုဿတ္တ ဒုလ္လဘ,
- သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ,
- ပဗ္ဗဇ္ဇိတ ဒုလ္လဘ,
- သဒ္ဓမ္မသဝန ဒုလ္လဘ-
ဟု ဆိုအပ်သော ဒုလ္လဘတရား ငါးပါးတို့ကို ရကြကုန်၏။
ထိုဒုလ္လဘတရား ငါးပါးကိုရသဖြင့် အပ္ပမာဒတရား - တည်းဟူသော မသေသော အတတ်ကို ငါတို့တတ်ပေသည်-ဟု ယောနိသော မနသိကာရကိုပြု၍ လောက၌ သူတပါးတို့၏ အခကိုယူ၍ အမှုလုပ်သောသူတို့သည် နေပူ မိုယ်းစွပ် အချမ်း, အပူ အစရှိသော ဒုက္ခတို့ကို မရေတွက်မူ၍ အခကိုရပေတော့မည်-ဟု အခရသဖြင့် သားသမီးတို့အား မွေးရ ပေတော့အံ့-ဟု နှလုံးသွင်း၍ ကြိုးကြိုးပမ်းပမ်း ကိစ္စကြီး ကိစ္စငယ်တို့ကို ရွက်ဆောင်သကဲ့သို့ ထို့ အတူ -
မစားရသည်၏အဖြစ်, မဝတ်ရသည်၏ အဖြစ်, မအိပ်ရသည်၏ အဖြစ် ချမ်းသည်၏ အဖြစ်, ပူသည်၏ အဖြစ် အစရှိသည်တို့ကို မရေတွက်မူ၍ မသေခြင်းကို ဖြစ်စေ တတ်သော အပ္ပမာဒတရားကို ပွါးအပ်၏-ဟူလိုသတည်း၊
ပွါးကြလေကုန်၊ သူတော်ကောင်းအပေါင်းတို့။
မရဏဿတိ ယောဂီပုဂ္ဂိုလ်၏ အကျိုးတရား
ဣဒဉ္စပ န မရဏဿတိ မနုယုတ္တော ဘိက္ခု သတတံ အပ္ပမတ္တော ဟောတိ၊ သဗ္ဗဘဝေသု အနဘိရတိသညံ ပဋိလဘတိ၊ ဇီဝိတနိကန္တိံ ဇဟတိ၊ ပါပဂရဟီ ဟောတိ၊ အသန္နိဓိဗဟုလော ပရိက္ခာရေသု၊ ဝိဂတမလမစ္ဆေရော၊ အနိစ္စသညာစဿ ပရိစယံ ဂစ္ဆတိ၊ တဒနုသာရေနေဝ ဒုက္ခသညာ အနတ္တသညာစ ဥပဋ္ဌာတိ၊ ယထာ အဘာဝိတမရဏာ သတ္တာ သဟသာ ဝါဠမိဂယက္ခသပ္ပစောရဝဓကာဘိဘူတာ ဝိယ မရဏသမယေ သန္တာသံ သမ္မောဟမာပဇ္ဇံန္တိ၊ ဧဝံ အနာပဇ္ဇိတွာ အဘယော အသံမုဠှော ကာလံကရောတိ။
ဣဒဉ္စပန မရဏဿတိံ၊ ဤမရဏဿတိ ကမ္မဋ္ဌာန်းကို။
အနုယုတ္တော၊ အဖန်တလဲလဲ အားထုတ်သော။
ဘိက္ခု၊ ရဟန်းသည်။
သတတံ၊ အခါမပြတ်။
အပ္ပမတ္တော၊ မမေ့မလျော့သည်။
ဟောတိ၊ ဖြစ်၏။
သဗ္ဗဘဝေသု၊ ခပ်သိမ်းသော ကာမဘဝ, ရူပဘဝ, အရူပဘဝတို့၌။
အနဘိရတိသညံ၊ မွေ့လျော်ဘွယ်မရှိ- ဟူသော အမှတ်ကို။
ပဋိလဘတိ၊ ရ၏။
ဇီဝိတနိကန္တိံ ၊ အသက်၌ တွယ်တာခြင်း တဏှာကို။
ဇဟတိ၊ စွန့်၏။
ပါပဂရဟီ၊ မကောင်းမှုကို ကဲ့ရဲ့သည်။
ဟောတိ၊ ဖြစ်၏။
ပရိက္ခာရေသု၊ သင်္ကန်း ဆွမ်းအစရှိသော ပရိက္ခရာတို့၌။
အသန္နိဓိဗဟုလော၊ များစွာမသိုမှီးသည်။
ဟောတိ၊ ဖြစ်၏။
ဝိဂတမလမစ္ဆေရော၊ ပစ္စည်းလေးပါးတို့၌ ဝန်တိုခြင်း-တည်းဟူသော ကင်းသော အညစ်အကြေး ရှိသည်။
ဟောတိ၊ ဖြစ်၏။
အဿ၊ ထိုမရဏဿတိကို ပွါးသော ပုဂ္ဂိုလ်အား။
အနိစ္စသညာစ၊ အနိစ္စသညာသည်လည်း။
ပရိစယံ၊ စုဝေးခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
တဒနုသာရေနေဝ၊ ထိုအနိစ္စသညာကို အစဉ်လျှောက်သဖြင့်သာလျှင်။
ဒုက္ခသညာစ၊ ဒုက္ခသညာသည် လည်းကောင်း။
အနတ္တသညာစ၊ အနတ္တသညာသည် လည်းကောင်း၊
ဥပဋ္ဌာတိ၊ ထင်၏။
သဟသာ၊ အဆောတလျင်။
ဝါလမိဂယက္ခသပ္ပစောရဝဓာဘိဘူတာ၊ သားရဲ, ဘီလူး, , ခိုးသူတို့သည် နှိပ်စက်အပ် ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
ဘယံ၊ ကြောက်ခြင်းသို့၊
သန္တာသံ၊ နှလုံး၏ ပူပန်ခြင်းသို့။
သမ္မောဟံ၊ တွေဝေ မိန်းမောခြင်းသို့။
အာပဇ္ဇန္တိဝိယ၊ ရောက်ကုန်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
အဘာဝိတမရဏာ၊ မရဏဿတိ ဘာဝနာကို မပွါးကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
မရဏသမယေ၊ သေခါနီးသောအခါ၌။
ဘယံ၊ သေဘေးမှ ကြောက်ခြင်းသို့။
သန္တာသံ၊ နှလုံး၏ပူပန်ခြင်းသို့။
သမ္မောဟံ၊ တွေဝေ မိန်းမောခြင်းသို့။
အာပဇ္ဇန္တိယထာ၊ ရောက်ကုန်သကဲ့သို့။
ဧဝံတထာ၊ ထို့ အတူ။
အနာပဇ္ဇိတွာ၊ မရောက်မူ၍။
ဘာဝိတမရဏာ၊ မရဏဿတိ ဘာဝနာကို ပွါးကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
မရဏသမယေ၊ သေခါနီးသောအခါ၌။
အဘယော၊ သေဘေးမှ မကြောက်သည်ဖြစ်၍။
အသံမုဠှော၊ သေဘေးမှ မတွေဝေသည်ဖြစ်၍။
ကာလံကရောတိ၊ သေရ၏။
အဓိပ္ပါယ်
မရဏံ မေ ဘဝိဿတိ၊ ဇီဝိတိန္ဒြိယံ မေ ဥပ္ပစ္ဆိဿတိ၊ မရဏံ, မရဏံ -
ဤသို့အစရှိသဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့သော ယောဂါဝစရ ပုဂ္ဂိုလ်သည် နေ့ညဉ့် မပြတ် မမေ့မလျော့သော အပ္ပမာဒ တရားသည်ဖြစ်၏။ အဘယ် အကြောင်းကြောင့် မပြတ်မလတ် အပ္ပမာဒ တရားသည် ဖြစ်သနည်း ဟူမူကား-
မရဏဿတိ ဘာဝနာကို ပွါးသော ပုဂ္ဂိုလ်အား သေခြင်းတရားတို့သည်။ ရှေးရှု ထင်လာကုန်၏၊ ယနေ့၌ လည်းကောင်း, နက်ဖန်၌ လည်းကောင်း, သံဘက်၌ လည်းကောင်း သေရလတ္တံ့၊
ဤသူ၏ဦးခေါင်းကို ဖြတ်အံ့ဟု သံလျက်ဖြင့် မိုး၍ ရှေ့၌ရပ်လာသော သူသတ် ယောက်ျားကဲ့သို့ မပြတ်မလတ် အခါခပ်သိမ်း ထင်ရကား ထိုသင်္ခါရတရားတို့၏ ကင်းငြိမ်းရာ မဟာသိဝ, အစ္စုတနိဗ္ဗာန်ကို လျင်မြန်စွာ ရစိမ့်သောငှါ အပ္ပမာဒ တရားကို မပြတ် မလပ် ပွါးအပ်ကုန်၏၊
ထို့ကြောင့် မရဏဿတိကိုပွါးသော ယောဂါဝစရပုဂ္ဂိုလ်သည် မပြတ်မလတ် အပ္ပမာဒ တရားကို ရ၏ - ဟူလိုသတည်း။
အဘယ်အကြောင်းကြောင့် သဗ္ဗလောကေ အနဘိရတိသညာ - ကိုရသနည်း ဟူမူကား - မရဏဿတိကို ပွါးသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ သေခြင်း, သူတပါးတို့၏သေခြင်း အလုံးစုံသော လောက၌ ဖြစ်ကုန်သော သတ္တဝါတို့၏ ဖြစ်တိုင်း ဖြစ်တိုင်း ပျက်သည်၏ အဖြစ်ကို သမ္မာဒိဋ္ဌိ ယထာဘူတဉာဏ်ဖြင့် ဧကန် မုချ သိသည်ဖြစ်၍ ဤကာမဘုံသည်လည်း သေခြင်း သဘောတရား မကင်းသော ဘုံတည်း၊
ထို့အ တူ ရူပဘုံ, အရူပဘုံတို့သည်လည်း သေခြင်းသဘောတရား မကင်းသော ဘုံတို့တည်း၊ ဤသို့ သုံးပါးသော လောက၌ ရေ, မြေကို အစိုးရသော ပြည့်ရှင်မင်း တို့သည် မင်းဖြစ်သော မင်းဒဏ်သင့်သောသူတို့အား ရောက်ရာ ရောက်ရာအရပ်မှ အဆုံးစီရင်ကြလေ-ဟုအမိန့်တော် အပ်ဘိသကဲ့သို့ ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ အဖန်တလဲလဲ သေရသည်၏ အဖြစ်ကိုမြင်၍ သေဘေးမှ ကြောက်သည်ဖြစ်၍ မွေ့လျော် ပျော်ပါးဘွယ်မရှိ၊ နှစ်သက်ဘွယ်မရှိ- ဟူသော အမှတ်သညာသည်ဖြစ်၏။ ထို့ကြောင့် “သဗ္ဗလောကေ အနဘိရတိသညာ”ကို ရကုန်၏ - ဟူလိုသတည်း။
သေစေတတ်သော အဆိပ်သီးကို စားသူနှင့် တူပုံ
သေခြင်းကို မကြောက်သော သူတို့သည် အလုံးစုံသော လောက၌ တဏှာအားဖြင့် မွေ့လျော်ဘွယ်, ပျော်ပါးဘွယ်, နှစ်သက်ဘွယ်ရှိ၏-ဟု မှတ်ထင်သောအားဖြင့် ဒါန, သီလကို ပြုကုန်၏၊
ထိုသူတို့သည် သေစေတတ်သော အဆိပ်သီးကို မသိသည်ဖြစ်၍ စားသောသူနှင့် တူ၏။
ရေ, မြေကို အစိုးရသော မင်းတို့က “မင်း၏စည်းစိမ်ကို ယူလော့-မင်း၏စည်းစိမ် ချမ်းသာကို ခံစားသုံးဆောင်လော့၊ တလ, တနှစ် အစရှိသည်ဖြင့် ကြာမြင့်သော ကာလ၌ အဆုံးတိုင်အောင် စီရင်လတ္တံ့”ဟုဆိုသည် နှင့်လည်းတူ၏၊ နတ်စည်းစိမ်, သိကြားစည်းစိမ်၌လည်း ထို့အတူ သိအပ်၏၊
အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား သာသနာတော်၌ ကြိမ်ကြိုက်ကြကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို အထိုက် အလျောက် ကြားဘူးနာဘူး သင်ဘူး, ပို့ချဘူးလျက် “သဗ္ဗလောကေ အနဘိရတိသညာ”ကို ရစိမ့်သောငှါ အားမထုတ် ကုန်သော လူသူတော်, ရှင်သူတော်, ရဟန်းသူတော်, လူပညာရှိ ရှင်ပညာရှိ ရဟန်းပညာရှိ တို့သည် သေဘေး-ဟုသိလျက် အဆိပ်သီးကို စားသောသူနှင့်တူ၏။
လူ့စည်းစိမ် နတ်စည်းစိမ်ကို ယူလော့၊ တလ, တနှပ်စသည်ကြာမြင့်သော ကာလ၌ အဆုံးစီရင်အံ့-ဟုဆိုသော်လည်း သေဘေးကို မကြောက်သည်ဖြစ်၍ ယူအံ့-ဟု ဆိုသည်နှင့်လည်းတူ၏။ [သတိရှိပါစေ။]
အဘယ်အကြောင်းကြောင့် ဇီဝိတနိကန္တိ ပရိစာဂ ဖြစ်သနည်း ဟူမူကား -
မရဏဿတိဘာဝနာကို အဖန်တလဲလဲ ပွါးသော ယောဂီ ပုဂ္ဂိုလ်သည် မိမိ၏ မချွတ်မယွင်း သေရအံ့သည်၏ အဖြစ်ကိုသိ၍ မိမိအသက်၌ လည်းကောင်း၊ သူတပါးတို့၏ အသက်၌လည်းကောင်း ချစ်ခြင်း နှစ်သက်ခြင်းတို့သည် ကင်းကုန်၏၊
ချစ်သော်လည်း ပျက်စီးလတ္တံ့၊ မချစ်သော်လည်း ပျက်စီးလတ္တံ့၊ ပျက်စီးခြင်းသဘော တရားကို မလွန်နိုင်သည်၏ အဖြစ်ကို ဟုတ်မှန်တိုင်းသိ၏၊
ထို့ ကြောင့် “ဇီဝိတနိကန္တိ ပရိစာဂ” ဖြစ်၏- ဟူလိုသတည်း။
အသက်၌ တပ်ခြင်း သဘောတရားသည် အလွန်ကင်းခဲ၏၊ အဟုတ် အမှန် ယထာဘူတဉာဏ်၌ အတိဗလဝဖြစ်သော သူတို့သည်သာလျှင် ဖြစ်ရာသော အကြောင်းရှိ၏၊
အသက်ကဲ့သို့ချစ်သော တရားမရှိပြီ၊ ထိုသို့ပင် မရှိသော်လည်း လောက၌ တယောက်သောသူကို တယောက်သော သူသည် ချစ်မြတ်နိုးသည်ဖြစ်၍ “အမောင် .... တပါးအရပ်သို့ မသွားပါလင့်၊ ငါ၏အိမ်၌သာလျှင် အမြဲနေပါလော့၊ ငါတို့၏ အလုပ်အကျွေးကိုသာ ခံပါလော့” ဟုဆို၏၊
ထိုသို့ပင် အဖန်တလဲလဲ ဆိုသော်လည်း ထိုသူသည် နေခြင်းငှါအလိုမရှိ၊ တပါးသော အရပ်သို့သာလျှင် သွားလိုသော အခြင်းအရာကိုသာ ပြု၏၊ ထိုသို့ ထိုသူသည် တပါးသော အရပ်သို့ သွားလိုသည်၏ အဖြစ်ကို သိသည်ဖြစ်၍ ထိုသူအား ချစ်ခြင်းမရှိသကဲ့သို့ ထို့အတူ မသေပါလင့်- ဟုတောင်းပန် တောင့်တသော်လည်း တောင်းပန် တောင့်တတိုင်း မရသည်၏ အဖြစ်ကို သိ၍ မိမိအသက်၌ တပ်ခြင်း ကင်းအပ်၏ - ဟူလိုသတည်း။
သားနှင့်ကင်းရသော မိဘတို့နှင့်တူပုံ
တနည်းကား -
အကြင်သူအား တယောက်တည်းသော သားသည် ရှိ၏၊ တလုံးသော မျက်စိ ကဲ့သို့လည်းကောင်း, အသက်ကဲ့သို့ လည်းကောင်း ချစ်၏၊ ထိုသူငယ်သည် ကြီးရင့်သော ကာလ၌ အရပ် တပါးသို့ သွားအံ့သော အခြင်းအရာကိုပြု၏၊
ထိုအခါ အမိ အဘက “သင်ချစ်သားသည် ငါတို့၏ သားတည်း၊ ဝမ်း၌ဆယ်လ လွယ်၍ မွေးရ၏။ ဖွါးသည်မှစ၍ ယခုထက်တိုင် မိခင် ဘခင်တို့သည် အနည်းငယ်မျှ မမြင်ရသည်ရှိသော် သည်းခံခြင်းငှါ မတတ်နိုင်ကုန်၊ ဆင်းရဲပင်ပန်းကုန်၏၊ တပါးသော အရပ်သို့ ငါ့သားသည် သွားခြင်းငှါ အလိုမရှိလင့်”ဟုဆို၏၊
ထိုအခါ ထိုသူငယ်သည်“မိခင် ဘခင်တို့၏ အထံ၌ အကျွန်ုပ်သည် မမွေ့လျော် အမိအဘတို့ မမြင်ရာအရပ် သတင်းမကြားရာ အရပ်မေးမြန်း၍ မရသော အရပ်သို့သွားအံ့”ဟု ဆို၏၊
အမိ, အဘတို့ကလည်း အဖန်တလဲလဲ မသွားစေလိုသော စကားဖြင့် တောင်းပန် ခယသော စကားကိုဆို၏၊ ထိုသို့ပင်ဆိုသော်လည်း ထိုသူငယ်သည် မိဘတို့စကား ကို မနာယူမူ၍ တပါးသောအရပ်, သတင်းမကြားသာအရပ်, မေးမြန်း၍ မရာအရပ်သို့ သွားသောကာလ၌ အမိ အဘဖြစ်သော သူတို့သည် ထိုသူငယ်အား တရွှေ့ တရွှေ့ ချစ်ခြင်းကင်းသဖြင့် လျစ်လျူရှု သကဲ့သို့ ထို့အတူ -
မိမိ၏ ဇီဝိတိန္ဒြေကို မသေပါလင့် - ဟု တောင်းပန်သော်လည်း တောင်းပန် တောင့်တသောသူ၏ အလိုသို မလိုက်မူ၍ အနိစ္စ ဖြစ်သော သဘာဝဓမ္မကို မချွတ် မယွင်း ရောက်သည်ဖြစ်၍ ပညာရှိသော သူတော်ကောင်းတို့သည် အသက်၌ ချစ်ခြင်းတပ်ခြင်းကို စွန့်ကုန်၏၊ လျစ်လျူ ဥပေက္ခာသဘောကိုသာ ရှုကုန်၏ -ဟူလိုသတည်း။
[တပ်ခြင်း ကင်းနိုင်ခဲသော အသက်၌ တပ်ခြင်းကင်းအောင် ခဲကြဘိ - ဟူလို သတည်း။]
မကောင်းမှုကို ကဲ့ရဲ့အပ်ခြင်း
အဘယ်အကြောင်းကြောင့် မကောင်းမှုကို ကဲ့ရဲ့အပ်သနည်း ဟူမူကား-
မရဏဿတိကိုပွါးသော ယောဂါဝစရပုဂ္ဂိုလ်သည် သေရခြင်း၌ မလွတ်နိုင်သည်၏ အဖြစ်ကို ယထာဘူတဉာဏ်ဖြင့် သိ၏၊ ဘဝတပါးသို့ သွားသောသူအား ကုသိုလ် အကုသိုလ်ဟူသော တရားနှစ်ပါးတို့သည်လျှင် အရိပ်ကဲ့သို့ မိမိနောက်သို့ အစဉ် လိုက်သည်၏ အဖြစ်ကို သိသဖြင့် ကုသိုလ်တရားသည်ကား ကောင်းသောအကျိုးကို ပေး၏၊ အကုသိုလ် တရားသည်ကား မကောင်းသော အကျိုးကို ပေး၏။
ထို့ကြောင့် မကောင်းမှုကို ကဲ့ရဲ့အပ်၏-ဟူလိုသတည်း။
ပရိက္ခရာတို့ကို သိုမှီး၍ မထားအပ်
အဘယ် အကြောင်းကြောင့် ပရိက္ခရာတို့ကို သိုမှီးသိမ်းဆည်း၍ မထားအပ်သနည်း ဟူမူကား-
သေခြင်းသဘောတရားကို သိပြီးသော ယောဂီပုဂ္ဂိုလ်သည် ယနေ့၌ လည်းကောင်း, နက်ဖန် လည်းကောင်း, သံဘက်၌လည်းကောင်း, ဤလ၌ လည်းကောင်း, နောက်လ၌ လည်းကောင်း ဇီဝိတိန္ဒြေ၏ ပျက်စီးအံ့သည်၏ အဖြစ်ကိုသိ၍ ဤ သင်္ကန်းအစ ရှိသောပစ္စည်းတို့ကို သိုမှီးသဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ ထို ပစ္စည်းတို့ကို စွန့်၍ သွားရလတ္တံ့-ဟု နှလုံးသွင်းခြင်းကိုပြု၏၊ ထို့ကြောင့် ပစ္စည်း ပရိက္ခရာတို့ကို သိုမှီးသိမ်းဆည်းခြင်းကို မပြုအပ်သတည်း၊
အဘယ်အကြောင်းကြောင့် ပစ္စည်းလေးပါးတို့၌ မစ္ဆရိယ ကင်းသနည်း၊
သေခြင်းကို အဖန်တလဲလဲပွါးသော ယောဂီပုဂ္ဂိုလ်သည် သူတပါးတို့အား မပေးကမ်းခြင်းတို့၌ အကျိုးမရှိ၊ ပျက်စီးသည်၏ အဖြစ်ကို ပညာဖြင့် သိ၍ ပေးကမ်း စွန့်ကြဲခြင်းကိုပြု၏၊ ထို့ကြောင့်“ဝိဂတမလမစ္ဆေရ”ကို ရ၏-ဟူလိုသတည်း။
လက်နက်မပါသော သူအား အဆောတလျင် ခြင်္သေ့, ကျားသစ်, ဘီလူးအစရှိသော ဘေးရန်တို့သည် နှိပ်စက် အပ်ကုန်သော သတ္တဝါတို့အား ကြောက်ခြင်း, ထိတ်လန့်ခြင်း, တုန်လှုပ်ခြင်းတို့သည် ဖြစ်သကဲ့သို့ ထို့အတူ -
မရဏဿတိ ဘာဝနာကို မပ္ပါးသာ မရဏဿတိ ဘာဝနာ တည်းဟူသော လက်နက်မပါသော သတ္တဝါတို့သည် သေခါနီးသော အခါ၌ ကြောက်ခြင်း, ထိတ်လန့်ခြင်း, တွေဝေခြင်းသို့ ရောက်၏၊
လက်နက်ရှိသော သူတို့သည် ခြင်္သေ့, ကျား, သစ် ဘီလူး အစရှိသော ဘေးရန် တို့ကို တွေ့ကြိမ်ငြားသော်လည်း ကြောက်ခြင်း, တုန်လှုပ်ခြင်း, ထိတ်လန့်ခြင်း တို့သည် မဖြစ်သကဲ့သို့ ထို့အတူ -
မရဏဿတိ ဘာဝနာကိုပွါးသော ယောဂီပုဂ္ဂိုလ်သည် ဘုံသုံးပါး၌ ပဋိသန္ဓေ နေကုန်သော သတ္တဝါဟူသမျှသည် သေမင်း၏လက်မှ မလွတ်နိုင်သည်၏ အဖြစ်ကို သိသည်ဖြစ်၍ မရဏဿတိဘာဝနာ တည်းဟူသော လက်နက်ရှိသည်ဖြစ်၍ မိမိ၏သေရခြင်း၌ ကြောက်ခြင်း, တုန်လှုပ်ခြင်း, ထိတ်လန့်ခြင်း မရှိသည်ဖြစ်၍ မတွေမဝေသဖြင့် သေရ၏-ဟူလိုသတည်း။
ခုနစ်ပါးသော အကျိုးထူး
မရဏဿတိကို အားထုတ်သော ယောဂီပုဂ္ဂိုလ်အား ခုနစ်ပါး အကျိုးထူးကိုရ၏၊
အကျိုးထူး ခုနစ်ပါးကား -
၁။ အပ္ပမာဒ တရားနှင့် ပြည့်စုံသည်လည်း တပါး၊
၂။ “သဗ္ဗလောကေ အနဘိရတိသညာ”ကို ရသည်လည်း တပါး၊
၃။ “ဇီဝိတနိကန္တီ ပရိစာဂ”ကို ရသည်လည်း တပါး၊
၄။ “ပါပဂရဟိတ”ကို ရသည်လည်း တပါး၊
၅။ ပစ္စည်းပရိက္ခရာတို့ကို မသိုမှီး မသိမ်းဆည်းသည်လည်း တပါး၊
၆။ “ဝိဂတမလမစ္ဆေရ” ကို ရသည်လည်း တပါး၊
၇။ မကြောက်မရွံ့ မတွေမဝေ သေရသည်လည်း တပါး၊
ဤသို့ ဆိုအပ်ပြီးသော ခုနစ်ပါးသော အကျိုးထူး အကျိုးမြတ်တို့နှင့် ပြည့်စုံ၏။
ထိုခုနစ်ပါးတို့တွင် - အပ္ပမာဒ ဟူသောတရား၏ ဂုဏ်ကျေးဇူး ကြီးမားသည်၏ အဖြစ်ကို ဤသို့ချီးမွမ်းတော်မူ၏၊
အပ္ပမာဒဟူသော တရားသည် သတ္တဝါတို့တွင် ငါဘုရားကဲ့သို့ မြတ်၏ ဟူ၍ လည်းကောင်း၊ ဆင်ခြေရာကဲ့သို့ ခပ်သိမ်းသော တရားတို့တွင် ကြီးမား၏ဟူ၍ လည်းကောင်း၊ ဤသို့အစရှိသော ဥပမာဖြင့်ချီးမွမ်းတော်မူ၏၊ ဤသို့ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော အပ္ပမာဒတရားကို မချွတ်မယွင်းရ၏-ဟု အကျိုးကိုပြ၍ ဟောတော်မူ၏။
သိုက်စာနှင့် တူသည့် မရဏဿတိ
ဥပမာကား -
ဤမည်သော အရပ်၌ ကျောက်စာတိုင်သည် ရှိ၏။ ထို ကျောက်စာတိုင်၏ အောက်၌ ရွှေ, ငွေတို့သည် များစွာ ရှိကုန်၏-ဟု သိုက်စာ၌ ပါလာ၏၊
ထိုသိုက်စာကို တွေ့ကုန်သော မဟာဒုက္ခိတဖြစ်သောသူတို့သည် ထိုရွှေ ငွေတို့ကို အလိုရှိကုန်သည်ဖြစ်၍ ထိုသိုက်စာ၌ ပါလာသည့်အတိုင်း ကျောက်တိုင် အောက်၌ လုံ့လအားထုတ်၍ တူးကုန်သည်ရှိသော် များစွာသော ရွှေ ငွေတို့ကို ရကုန်သည်ဖြစ်၍ မိမိ မိမိတို့၏သားသမီးနှင့်တကွ ချမ်းသာစွာသုံးဆောင်ရသကဲ့သို့ ထို့အတူ -
မရဏဿတိဘာဝနာကို ပွါးများသော သူသည်လည်း မပြတ်မလတ် အပ္ပမာဒ တရားသည်ဖြစ်၏-ဟု ဟောတော်မူရကား အပ္ပမာဒတရား တည်းဟူသောအကျိုးကို အလိုရှိသောသူသည် မရဏဿတိ ဘာဝနာကို အဖန်တလဲလဲ ပွါးအပ်၏၊
မရဏဿတိ ဟူသော တရားသည် အပ္ပမာဒတရားကို ရခြင်း၏အကြောင်း အပ္ပမာဒတရား၏ ပဒဋ္ဌာန် တည်း၊ လောက၌ ဤမည်သောအရပ်၌ ရွှေ, ငွေရှိ၏၊ ဤမည်သောအရပ်၌ ပုလဲ ပတ္တမြားရှိ၏-ဟူသော သိုက်စာပါလာသည်ကို လောကီ ဉာဏ်ဖြင့်“အနုမာန မျက်ရမ်းဆ၍”ဆိုသောစကား ဖြစ်သောကြောင့် မှန်သည် လည်း ရှိ၏၊ မမှန်သည်လည်း ရှိ၏။
ဣဒဉ္စ ပန မရဏဿတိ မနုယုတ္တော ဘိက္ခု သတတံ အပ္ပမတ္တော ဟောတိ -
အစရှိသော စကားသည် အနုတ္တရ, ဓမ္မသာမိ ဖြစ်တော်မူသော မြတ်စွာဘုရား၏ သိုက်စာတည်းတွင် ဧကန်ပါလာသည် ဖြစ်ရကား မယုံကြည်အပ်-ဟု မှတ်ထင်ဘွယ် မရှိပြီ၊ ဧကန္တမုချအားဖြင့် ယုံကြည်အပ် မှတ်အပ်၏။
ဆေးကျမ်းနှင့် တူသော မရဏဿတိ
တနည်းကား -
ဤဆေးကိုဖေါ်၍ သုံးဆောင်သည်ရှိသော် ဤမည်သော အနာသည် ပျောက်၏-ဟုဆေးကျမ်း၌ပါလာ၏၊ အနာပျောက်လိုသော ဤသူသည် ထိုဆေးကို ဖေါ်၍ သုံးဆောင်သကဲ့သို့ ထို့အတူ -
အပ္ပမာဒ တရားအစရှိသော အကျိုးထူးမှ အကျိုးမြတ်တို့ကို အလိုရှိသောသူတို့သည် မရဏဿတိဘာဝနာ - တည်းဟူသော ဆေးကို ဖေါ်၍ သုံးဆောင်အပ်၏ -ဟူလိုသတည်း။
ရှိမ်းဆေးနှင့်တူသော မရဏဿတိ
တနည်းကား -
ဆေးနီ, ဆေးနက် စသည်တို့ကို ထိုးနှံသည်ရှိသော် ကိုယ်ပျောက်၏၊ ရှိမ်းအန်ဆာယာ ပြီး၏၊ ဤသို့အစရှိသော အကျိုးတို့နှင့် ပြည့်စုံ၏-ဟု ဆေးစာတို့၌ ပါရှိ၏၊ ကိုယ်ပျောက်ခြင်း ရှိမ်းအန်ဆာယာပြီးခြင်း အစရှိသော အကျိုးတို့ကို အလိုရှိသော သူတို့သည် ဤဆေးကို ထိုးနှံသကဲ့သို ထို့အတူ -
အပ္ပမာဒတရား အစရှိသော အကျိုးထူး, အကျိုးမြတ်တို့ကို အလိုရှိသောသူတို့သည် မရဏဿတိ ဘာဝနာ တည်းဟူသော ဆေးကောင်းကို လုံ့လပြု၍ ထိုးနှံအပ်၏-ဟူ လိုသတည်း။
အပ္ပမာဒတရားနှင့် ပြည့်စုံသော သူတို့သည်ကား သေဘေးဖြစ်လောက်အောင် ရာဇဝတ်မှု မင်းပြစ်မင်းဒဏ် သင့်သော သူတို့သည် ထိုအမှုကို အဆောတလျင် ပြေငြိမ်းစိမ့်သောငှါ လက်ဆောင် တံစိုး, ရွှေ, ငွေ ပုလဲ ပတ္တမြား စသည်တို့ကို များစွာပေး၍ အမှုဆောင်ရွက်သောသူတို့နှင့်တူ၏၊ သေခြင်းကင်းရာ အရဟတ္တဖိုလ် နိဗ္ဗာန်သို့ အဆောတလျင် ရောက်လွယ်သော တရားသည်ကား အပ္ပမာဒ တရားမှ တပါး တစုံတခုသော တရားမည်သည် မရှိ။
(အပ္ပမာဒေါ အမတံ ပဒံ - ဟူသော အမိန့်တော်မြတ်ကို ပညာနားဖြင့် နေ့တိုင်း နေ့တိုင်း ကြားကြလေကုန်။)
ဤလောက၌ အချို့သော သူတို့သည် ဇီဝိတက္ခယဖြစ်သော နိဗ္ဗာန်သို့ ဧကန် ရောက်စေတတ်သော အပ္ပမာဒ တရားကို တွေ့ကြုံကြရ၏၊ ထိုသို့ တွေ့ကြုံပါလျက် အပ္ပမာဒ တရား မိမိလက်သို့ ရောက်သော သူတို့သည် တန်ဆာဆင်ခြင်းငှာ အလိုရှိသဖြင့် ရာဇဌာနီ မင်းနေပြည်ကြီးသို့ ရောက်သည်ရှိသော် ထိုရာဇဌာနီ မင်းနေပြည်ကြီး၌ များစွာသော ဝါ ချည်, ပိုးချည် အစရှိသည်တို့ဖြင့်ပြီးသော အဘိုး များစွာထိုက်သော အထည်ကောင်း, အလိပ်ကောင်း, နားဍောင်း လက်ကောက် လည်ရွဲ တန်းဆာ, ရွှေခြေကျင်း, ငွေခြေကျင်း, ရွှေလက်စွပ်, ပုလဲ ပတ္တမြား ပတ္တမြားပျောက် အစရှိသည်တို့ဖြင့် ကျင်းပ၍ ရောင်းသော ဈေးဆိုင် ကြီးတို့ကို တွေ့ကုန်၏၊
ဝယ်ရန် အဘိုးမရှိသောကြောင့် တစုံတခုသော အထည်ကောင်း၊ အလိပ်ကောင်း, ခြေကျင်း, လက်ကောက်အစရှိ သည်တို့ကို ဝယ်ခြင်းငှါ မတတ်နိုင်၊ စက္ခုန္ဒြေကို ဖျက်ဆီးလျက် ထိုမှ ဤမှ ကြည့်လျက် သွားကုန်သဖြင့် ဈေးဆိုင်တို့သည် ဆုံးသည်ဖြစ်၍ တစုံတခုကိုမျှ တန်းဆာ မဆင်ရသကဲ့သို့ ထို့အတူ -
မြတ်စွာဘုရား၏ အင်္ဂါကိုးပါးနှင့် ပြည့်စုံသော သာသနာတော် တည်ထွန်းရာ အရပ်တို့၌ ကြုံကြိုက်သည်ဖြစ်၍ ဒုလ္လဘဖြစ်သော “သဒ္ဓမ္မသဝန”ကို ကြားနာရ လျက် အပ္ပမာဒ အစရှိသော တန်းဆာတို့ကို ဈေးကျင်း၍ ရောင်းသည် တို့ကို တွေ့ကြုံပါသော်လည်း သဒ္ဓါ, ဝီရိယ အစရှိသော ဝယ်ရန်အဘိုး မရှိသောကြောင့် အပ္ပမာဒ-ဟူသော တန်းဆာကို မဆင်ရကြကုန်၊ အချည်းနှီးသော ကာလဖြင့် နေ့ညဉ့် တို့ကို လွန်စေလျက် သေခြင်း၏ အနီးသို့ ရောက်ကုန်၏- ဟူလိုသတည်း။
ရေတွင်းနှင့်တူသော အပ္ပမာဒ
တနည်းကား -
ရေငတ်သော သူသည် ရေတွင်းကို တွေ့ပါသော်လည်း ရေခပ်ရန် မပါသောကြောင့် ရေမသောက်ရသကဲ့သို့ ထို့အတူ -
မသေစေတတ်သော အပ္ပမာဒ တရားကို တွေ့ကြုံပါလျက် သဒ္ဓါ ဗလ, ဝီရိယဗလ အစရှိသောအား မရှိသောကြောင့် အပ္ပမာဒ တရား လက်သို့ရောက်အောင် မယူနိုင်-ဟူလိုသတည်း။
ဘောဇဉ်နှင့်တူသော အပ္ပမာဒ
တနည်းကား -
ထမင်းဆာမွတ်သော သူသည် အချို အချဉ် ကောင်းမွန်သော ဩဇာအရသာနှင့် ပြည့်စုံသော ထမင်းပွဲ - ထမင်းဆိုင် အချိုပွဲ - အချို့ဆိုင်တို့ကို တွေမြင်သော်လည်း ဝယ်ရန်အဘိုး မပါသောကြောင့် တစုံတခုမျှဝယ်၍ မသုံးရ မစားရသကဲ့သို ထို့အတူ -
သဒ္ဓါ, ဝီရိယ အစရှိသော ဝယ်ရန်အဘိုး မရှိသောကြောင့် အပ္ပမာဒ တရားတည်း ဟူသော ဘောဇဉ်ကို မစားရ - ဟူလိုသတည်း။
မြတ်စွာဘုရားသည် ဟောတော်မူအပ်သော တရားတော်ကို မကြားဘူး, မနာဘူး သဖြင့် တရားတော်၏ ဂုဏ်ကျေးဇူးကို အဟုတ်အမှန် မသိသည်ဖြစ်၍ နိဗ္ဗာန်သို့ ရောက်ကြောင်း သူတော်ကောင်း၏ တရားတို့ကို အားမထုတ်သော သူတို့သည် ညဉ့် အခါ၌ မျက်စိကန်းသော သူတို့သည် မျက်စိလည်သည်နှင့်တူ၏၊
တူဟန်ကား -
မျက်စိကန်းတို့သည် ညဉ့်အခါ ခရီးသွားကြကုန်သည်ရှိသော် အရှေ့အနောက် အစရှိသော အရပ်တို့ကို မသိသည်ဖြစ်၍ မိမိတို့အလိုရှိတိုင်း မိမိတို့စိတ်ထင်တိုင်း သွားသဖြင့် ဆူးငြောင့် ခလုတ်, တွင်း ကျင်းအစရှိသော ဘေးရန်တို့နှင့် တွေသဖြင့် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သကဲ့သို့ -
သမ္မာဒိဋ္ဌိ ယထာဘူတဉာဏ်, မျက်စိကန်းသောဉာဏ် အမြင်မရှိသော သူတို့သည် ဇာတိ, ဧရာ အစရှိသောဘေးနှင့် တကွသော သံသရာ ကန္တာရခရီး၌ မျက်စိလည် သည်ဖြစ်၍ မနုဿဂတိ အစရှိသောဂတိတို့၌ ဒုက္ခ,ဒေါမနဿကို ခံစားလျက် အဖန်တလဲလဲ ပြေးသွားကြကုန်၏ - ဟူလိုသတည်း။
[ဤသို့ မသိသောကြောင့် မသွားသောသူ - ဟူ၍ဆိုအပ်၏။]
မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ဝိနည်း သုတ္တန်, အဘိဓမ္မာ-ဟု ဆိုအပ်သော ပိဋကတ်သုံးပုံ တည်းဟူသော တရားတော်တို့ကို ကြားဘူး၊ နာဘူး, ပို့ချဘူးလျက် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော သီလကို အစပြု၍“ဓမ္မာနုဓမ္မပဋိပ္ပန္န”ကို မကျင့်သော သူတို့သည် မသွားအပ်သောခရီးကို သိလျက် မျက်စိအမြင်ရှိလျက် မျက်စိလည်သောသူနှင့်တူ၏။
တူဟန်ကား -
အကြင်သူ တယောက်သည် မျက်စိအမြင်ရှိ၏၊ ဤခရီးကား သွားအပ်၏၊ ဤခရီးကား မသွားအပ်-ဟု သိ၏။ “ထိုသို့ပင်သိသော်လည်း စဉ်းလဲသောနွားမ၏ နို့ရည်ကို သောက်သည်ဖြစ်၍ ကြီးသော စဉ်းလဲသော နွားသူငယ်သည် သွားအပ်သောခရီး မသွားအပ်သောခရီးကို သိငြားသော်လည်း စဉ်းလဲသောသဘော ရှိသည်ဖြစ်၍ အဟုတ်အမှန် ပျောင်းပျောင်း ပျော့ပျော့ ဖြောင့်မတ်စွာ မသွားမူ၍ ကောက်တကျစ် ပြုသကဲ့သို ထို့အတူ -
လောဘ, ဒေါသ, မောဟ အားဖြင့် အလွန် ကောက်ကျစ်သည်ဖြစ်၍ ဘုရား အစရှိသော သူတော်ကောင်းတို့သည် သွားအပ်သော မဂ္ဂင်ရှစ်ပါး တည်းဟူသော ခရီးသို့ မသွားမူ၍ ကာမဝိတက် အစရှိသော ကုမဂ္ဂသို့သာလျှင် သွားကြ၏ -ဟူလိုသတည်း။
[ထိုသူကို “သိလျက်နှင့် အဖြောင့်အမှန် မပြုသောသူ”- ဟူ၍ ဆိုအပ်၏။]
စဉ်းလဲကောက်ကျစ်သဖြင့် သွားအပ်သောလမ်းသို့ အဟုတ်အမှန် မသွားသော နွားဆိုးကို နွားရှင်လူဆိုးက တုတ်တံကျင်ထိုးခြင်း၊ ရိုက်ခြင်းနှက်ခြင်းဖြင့် နှိပ်စက် သကဲ့သို့ -
သံသရာ၌ ဇာတိ, ဇရာအစရှိသော တရားတို့သည် လည်းကောင်း၊ ခြေဖြတ်ခြင်း၊ လက်ဖြတ်ခြင်း ဦးခေါင်းဖြတ်ခြင်း အစရှိသော ကမ္မကရဏတို့သည် လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲကုန်၏ - ဟူလိုသတည်း။
လောက၌ အချို့သောသူတို့သည် -
ဘုရားအစရှိသော ရတနာသုံးပါးတို့၌ ယုံကြည်သော သဒ္ဓါတရားရှိ၏၊
ဗဟုသုတမူကား-မရှိ၊၊
တရားတော်ကို ကြားနာရခြင်း မရှိ၊
ဇာတိအစရှိသော ဒုက္ခ၌ ငြီးငွေ့ခြင်း သဘောရှိ၏၊
ဆန္ဒာဓိပတိ အစရှိသော တရားနှင့်ပြည့်စုံ၏၊
ထိုသူသည် ကလျာဏမိတ္တကို ရသည်ရှိသော် ထိုကလျာဏမိတ္တ ဆိုဆုံးမတိုင်း လိုက်နာ၏။
ခြေကျိုးသောသူနှင့် တူပုံ
ဥပမာကား -
အရပ်တပါးသို့ သွားခြင်းငှာ အလိုရှိသော ခြေကျိုး သူနှင့်တူ၏။ လူကန်းနှင့်လည်း တူ၏၊ တူဟန်ကား -
အကြင်သူတယောက်သည် အရပ်တပါးသို့သွားခြင်း အလိုရှိသော်လည်း ခြေကျိုး သဖြင့် သွားခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ သစ်ပင်အောက်၌နေလေ၏၊ ထိုအခါ သူတော်ကောင်းဖြစ်သော လှည်းကုန်သည် တယောက်သည် လာ၍ “အမောင် ... ဤ သစ်ပင်အောက်၌ အဘယ်အကျိုးငှါ နေသနည်း”ဟု မေးသည်ရှိသော် “အကျွန်ုပ်သည် ချမ်းသာသောအရပ်သို့ သွားအံ့သောငှါ နေသတည်း”ဟု ဆိုသည်ရှိသော်“ထိုသို့နေသည်ဖြစ်က သွားကြကုန်အံ့”ဟု ဆို၏၊
“အကျွန်ုပ်သည် ခြေကျိုးနေသည်၊ သွားခြင်း မတတ်နိုင်ပါ” ဟု ဆိုသည်ရှိသော် လည်းဖြင့်တင်၍ အမောင်လိုရာ အရပ်သို့ ဆောင်ပါအံ့” ဟု ဆိုပြီး၍ ထို ခြေကျိုးသူကို လှည်းဖြင့်ဆောင်ယူ၍ အလိုရှိရာအရပ်သို့ ပို့သကဲ့သို့”ထို့ အတူ -
ဗဟုသုတ အစရှိသော တရားနှင့် မပြည့်စုံသော်လည်း သဒ္ဓါအစရှိသော တရားနှင့် ပြည့်စုံသည်ဖြစ်၍ ကလျာဏမိတ္တတို့နှင့် ပေါင်းဘော်ရသဖြင့် ကလျာဏ မိတ္တတို့ကို ဥပနိဿယ ပစ္စည်းပြု၍ နိဗ္ဗာန့်ရောက်ကြောင်း သုံးဆယ့် ခုနစ်ပါးသော ဗောဓိပက္ခိယ တရားတို့ကို ပွါးသဖြင့် မိမိတောင့်တအပ်, မိမိအလိုရှိအပ်သော နိဗ္ဗာန်သို့ ရောက်ကုန်၏ - ဟူလိုသတည်း။
မျက်စိကန်းသော သူကိုလည်း ဤနည်းတူ သိအပ်၏၊
ထူးသည်ကိုသာဆိုဦးအံ့ - မျက်စိကန်းသော သူသည် မျက်စိကောင်းသော သူတို့၏ နောက်မှ နောက်မှ ထိုလူကောင်းသွားတိုင်း မရပ်မဆိုင်း အတူတကွ လိုက်သည် ရှိသော် ထိုမျက်စိကောင်းသောလူ ရောက်သောကာလ၌ အတူတကွ ရောက်ကြသကဲ့သို့ ထို့အတူ -
ဗဟုသုတ, အကြားအမြင် များသော ပညာရှိ သူတော်ကောင်းတို့နှင့် ပေါင်းဘော်ရ သဖြင့် ထို သူတော်ကောင်းတို့၏ ကျင့်တိုင်းကျင့်သဖြင့် မိမိတောင့်တအပ်, မိမိအလို ရှိအပ်သော နိဗ္ဗာန်သို့ ရောက်ကုန်၏ - ဟူလိုသတည်း။
ဝါးခြမ်းစိတ်နှင့် ဥပမာတူပုံ
တနည်း -
ဝါးခြမ်းစိတ်သည် မြတ်သော ဦးခေါင်းအင်္ဂါနှင့် မထိုက်မလျော် မြတ်လေး, စံပယ် အစရှိသောပန်းတို့ကို အမှီပြု၍ မြတ်သောဦးခေါင်း၏ အထက်သို့ရောက်သကဲ့သို့ ထို့အတူ -
ဗဟုသုတအ ကြားအမြင် မရှိသော်လည်း အင်္ဂါခုနစ်ပါးနှင့်ပြည့်စုံသော ကလျာဏမိတ္တကို ဥပနိဿယပစ္စည်းပြု၍ အမြတ်ဆုံးဖြစ်သော နိဗ္ဗာန်ဟူသော တရားသည် လက်သို့ ရောက်သည်၏ အဖြစ်ကို သိအပ်၏၊
လောက၌ အချို့သောသူသည် သီလနှင့်ပြည့်စုံ၏၊ ဗဟုသုတနှင့်လည်း ပြည့်စုံ၏။ သဒ္ဓါဗလ, ဝီရိယဗလ, သတိဗလ, သမာဓိဗလ, ပညာဗလနှင့်လည်း ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာအရပ်၌ တယောက်ထည်း နေလေ့ရှိ၏။ မမေ့မလျော့ အားထုတ်လေ့ ရှိ၏၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိ၏၊ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိ၏၊
ထိုသူတော်ကောင်းသည် မျက်စိကောင်း, ခြေကောင်းသောသူသည် လိုရာအရပ် သို့ လျင်မြန်စွာသွားသကဲ့သို့ ထို့အတူ -
ဇာတိအစရှိသော ဘေးမရှိသော အဘယဌာန, ခေမဌာနသိုရောက်ကုန်၏၊
ထိုသူကို -
ပုရိသုတ္တမဟူ၍ လည်းကောင်း၊
ပုရိသာဧည-ဟူ၍ လည်းကောင်း
အပုဂ္ဂလ-ဟူ၍ လည်းကောင်း၊
ပုဂ္ဂလဝိသေသ-ဟူ၍လည်းကောင်း ဆိုအပ်၏။
ထို ပုဂ္ဂိုလ်လေးယောက်တို့တွင် စတုတ္ထဖြစ်သော ပုဂ္ဂိုလ်ကို လူတို့သည် လည်းကောင်း, နတ်တို့သည်လည်းကောင်း, ဗြဟ္မာတို့သည် လည်းကောင်း, ဘုရားအစရှိသော သူတော်ကောင်းတို့သည် လည်းကောင်း ချီးမွမ်းအပ်၏၊ စတုတ္ထပုဂ္ဂိုလ်ကဲ့သို့ ဖြစ်စိမ့်သောငှါ အားထုတ်ကြလေကုန်။
လက်နက်ရှိပါသော်လည်း လက်နက် အသုံးမကျသကဲ့သို့ လည်းကောင်း၊
ရွှေနန်း၊ ရွှေအိမ် ဆောက်လုပ်တတ်သော လက်သမားတို့ သည် မိမိတို့ပြုလုပ်သော ရွှေနန်း, ရွှေအိမ်၌ မနေရသကဲ့သိုလည်းကောင်း၊
ကောင်းမွန်စွာ ကြော်တတ်, ချက်တတ်သော မင်း၏စားတော်ခဲသည် မိမိ ချက်ကြော်အပ်သော ခဲဘွယ်ဘောဇဉ်တို့ကို မိမိမသုံးဆောင်ရ သကဲ့သို့ လည်းကောင်း၊
ကောင်းမွန်စွာ ရက်တတ်သော ရက်ကန်းသည်သည်လည်း မိမိရက်အပ်သော အထည်ကောင်းတို့ကို မိမိမသုံးဆောင်ရသကဲ့သို့ လည်းကောင်း၊
ခြေကျင်း, လက်ကောက် နားဍောင်း ဘယက် တန်းဆာ အစရှိသည်တို့ကို ဆန်းကြယ်စွာ အတုမရှိ ပြုပြင်စီရင်တတ်သော ရွှေပန်းတိမ်သည်လည်း မိမိ တတ်သော အတတ်ကို မိမိမသုံးဆောင်ရသကဲ့သို့လည်းကောင်း၊
အခကိုယူ၍ နွားကျောင်းသောသူသည် နွားနို့အရသာကို မသုံးဆောင်ရသကဲ့သို့ လည်းကောင်း၊
ဆေးသမားသည် သူတပါးတို့၏ အနာကိုသာ ပျောက်စေ၍ မိမိအနာကို မပျောက်စေကုန်သကဲ့သို့ လည်းကောင်း -
မရှိစေအပ်၊ မရှိကြစေလင့်၊ စာပေကျမ်းဂန်၌ လိမ်မာကုန်သော လူသူတော်, ရှင်သူတော်, ရဟန်းသူတော်, လူပညာရှိ ရှင်ပညာရှိ ရဟန်းပညာရှိ အပေါင်းတို့။
“မရဏဿတိ ဘာဝနာကို စီးဖြန်းသော ယောဂီပုဂ္ဂိုလ်အား မျက်မှောက်မှ နိဗ္ဗာန်တိုင်အောင် အကျိုးပေးခြင်း”
ဣဒဉ္စပန မနုယုတ္တော ဘိက္ခု ဒိဋ္ဌေဝဓမ္မေ အမတံ သစ္ဆိကတံ ဟောတိ၊ သစေ ဒိဋ္ဌေ၀ ဓမ္မေ အမတံ နာရာဓေတိ၊ ကာယဿ ဘေဒါ သုဂတိပရာယနော ဟောတိ။
ဣဒဉ္စပနမရဏဿတိံ၊ ဤ မရဏဿတိဘာဝနာကို။
အနုယုတ္တော၊ အဖန်တလဲလဲ အားထုတ်သော။
ဘိက္ခု၊ ရဟန်းသည်။
ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌သာလျှင်။
အမတံ၊ နိဗ္ဗာန်ကို။
သစ္ဆိကတံ၊ မျတ်မှောက်ပြုအပ်သည်။
ဟောတိ၊ ဖြစ်၏။
ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌။
အမတံ၊ နိဗ္ဗာန်သည်။
သစေနာရာဓေတိ၊ အကယ်၍မပြည့်စုံသည်ဖြစ်အံ့။
ကာယဿ၊ ကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်သည်မှ။
ပရမ္မရဏာ၊ ဓသသည်၏ နောက်၌။
သုဂတိပရာယနော၊ သုဂတိလျှင် လည်းလျောင်းရာရှိသည်။
ဟောတိ၊ ဖြစ်၏။
အဓိပ္ပါယ်
ဤ မရဏဿတိ ဘာဝနာကို အဖန်တလဲလဲ အားထုတ်သော ရဟန်းသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌သာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်၏၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ နိဗ္ဗာန်သည် အကယ်၍ မပြည့်စုံသည်ဖြစ်အံ့၊ ကိုယ်ခန္ဓာ၏ ပျက်စီးသည် သေသည်၏ နောက်၌ သုဂတိလျှင် လည်းလျောင်းရာ ရှိ၏။
တသ္မာ ဟဝေ အပ္ပမာဒံ၊
ကိရိယာထ သုမေဓသော၊
ဧဝံ မဟာနုဘာဝါယ၊
မရဏဿတိယာ သဒါ တိ။
တသ္မာ၊ ထို့ကြောင့်။
ဟဝေ-ဧကန္တေန၊ စင်စစ်သဖြင့်။
သုမေဓသော၊ ကောင်းသော ပညာရှိသောသူသည်။
ဧဝံ၊ ဤသို့။
မဟာနုဘာဝါယ၊ ကြီးသော အာနုဘော်ရှိသော။
မရဏဿတိယာ၊ သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်း၌။
သဒါ၊ အခါခပ်သိမ်း။
အပ္ပမာဒံ၊ မမေ့မလျော့ခြင်းကို။
ကိရိယာထ၊ ပြုရာ၏။
မမေ့မလျော့ ဤသို့ ဟောတော်မူလတ္တံ့သော ပါဠိတော်၌ လာသောနည်းကို အစဉ်မှီး၍ အားထုတ်အပ်၏။
ဝဋ္ဋဒုက္ခဘယာ ဘီတော တဏှက္ခယပရာယနော အတ္တနော ရူစိတံ ကမ္မဋ္ဌာနမေကံ ပိတံ ကရေ၊ ဗဟုတရံ တက္ကယတော ယောကာယော ကိလမထော ဘဝေ၊ ဩဟညေယျ၊ တတော စိတ္တံ၊ တတော အာရာ သမာဓိတော ဘဝေ၊ ဣတိမနသိကတွာ ဒန္တေ အဘိဒန္တံ အာဒါယ ဇိဝှံ တာလုမှိ ဃဋ္ဋိယ အဇ္ဈတ္တဂေါစရေ သုမနသော သဏ္ဌာပယိံသု။
ဝဋ္ဋဒုက္ခဘယာ၊ သံသရာဝဋ်ဆင်းရဲတည်း ဟူသောဘေးမှ။
ဘီတော၊ ကြောက်သည်ဖြစ်၍။
တဏှက္ခယပရာယနော၊ တဏှာ၏ကုန်ရာ နိဗ္ဗာန်လျှင် လည်းလျောင်းခြင်းကို အလိုရှိသောသူသည်။
အတ္တနော၊ မိမိအား။
ရုစိတံ၊ နှစ်သက်အပ်ထသော။
ဧကံ၊ တခုသော။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။
ပိတံ၊ အလေ့အလာ။
ကရေ၊ ပြုရာ၏။
ဗဟုတရံ၊ များစွာသော ကာမဝိတက် အစရှိသည်ကို။
တက္ကယတော၊ ကြံသော ပုဂ္ဂိုလ်အား။
ယောကာယော၊ အကြင်ကိုယ်သည်။
အတ္ထိ၊ ရှိ၏။
သောကာယော၊ ထိုကိုယ်သည်။
ကိလမထော၊ ပင်ပန်းခြင်းသို့ရောက်သည်။
ဘဝေ၊ ဖြစ်ရာ၏။
တတော၊ ထိုကိုယ်၏ ပင်ပန်းခြင်းကြောင့်။
စိတ္တံ၊ စိတ်သည်။
ဩဟညေယျ၊ ပျံလွင့်ရာ၏။
တတော၊ ထိုစိတ်ပျံ့လွင့်ခြင်းကြောင့်။
သမာဓိတော၊ ဥပစာရသမာဓိမှ။
အာရာ၊ ဝေးသည်။
ဘဝေ၊ ဖြစ်၏။
ဣတိမနသိကတွာ၊ ဤသို့နှလုံးပြု၍။
ဒန္တေ ၊ အောက်သွား၌။
အဘိဒန္တံ၊ အထက်သွားကို။
အာဒါယ၊ ကြိတ်၍။
ဇိဝှံ၊ လျှာကို။
တာလုမှိ၊ အာစောက်၌။
ဃဋ္ဋိယ၊ ထိကပ်စေ၍။
အဇ္ဈတ္တဂေါစရေ၊ ကေသာအစရှိသော အဇ္ဈတ္တအာရုံ၌။
သုမနသော၊ ကောင်းသောစိတ် ရှိသည်ဖြစ်၍။
ဝါ၊ အနိစ္စ, ဒုက္ခ, အနတ္တ-အစရှိသော မနသိကာရနှင့် ပြည့်စုံသည်ဖြစ်၍။
သဏ္ဌာပယိံသု၊ တည်စေကုန်၏။
အဓိပ္ပါယ်
သံသရာဝဋ်ဆင်းရဲမှ ကြောက်သည်ဖြစ်၍ သတ္တဝါတို့၏ ဆင်းရဲကို ဖြစ်စေတတ်သော တဏှာ၏ကုန်ရာ နိဗ္ဗာန်လျှင် လည်းလျောင်းရာကို အလိုရှိသော သူတော်ကောင်း တို့သည် မိမိတို့နှစ်သက်အပ်သော သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းတို့တွင် တခုခုသော ကမ္မဋ္ဌာန်းကို အလေ့အလာ ကြိမ်ဖန်များစွာပြုရာ၏၊
ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်- ဟုဆိုအပ်သော သုံးပါးသော ဝိတက်တို့ကို ကြံသော ပုဂ္ဂိုလ်အား လည်းကောင်း၊ ထိုသို့ကြံပြီး၍ ဝတ္ထု၊ ကာမ, ကိလေသာ ကာမတို့ကို မှီဝဲသော ပုဂ္ဂိုလ်အားလည်းကောင်း၊ ကိုယ်၏ ပင်ပန်းခြင်း, စိတ်၏ပင်ပန်းခြင်းသည် ဖြစ်ရာ၏၊
ထိုသို့ကိုယ်၏ ပင်ပန်းခြင်း၊ စိတ်၏ ပင်ပန်းခြင်း ဖြစ်သောကြောင့် စိတ်သည် ပျံလွင့်ရာ၏၊ ထိုသို့စိတ်၏ ပျံ့လွင့်ခြင်းဟူသော အကြောင်းကြောင့် ဥပစာရ သမာဓိမှဝေးရာ၏၊
ဤသို့နှလုံးပြု၍ အောက်သွားနှင့် အထက်သွားကိုကြိတ်၍ အံသွားခဲ၍ လျာကို အာစောက်၌ ထိကပ်စေ၍ ကေသာ, လောမာ အစရှိသော အဇ္ဈတ္တအာရုံ၌ လည်းကောင်း၊ ရူပက္ခန္ဓာ အစရှိသော အဇ္ဈတ္တ အာရုံ၌လည်းကောင်း၊ အသုဘ ဟူသော ကောင်းသောစိတ်ကို ဖြစ်စေ၍ အနိစ္စ, ဒုက္ခ, အနတ္တ-တည်းဟူသော ကောင်းသောစိတ် ဖြစ်စေ၍ တည်စေကုန်ရာ၏ - ဟူလိုသတည်း။
ဤသို့ သံသရာဝဋ်ဆင်းရဲမှ ကြောက်သော သူတော်ကောင်းတို့သည် ဤ အမိန့်တော်၌ လာသည့်အတိုင်း အံသွားကိုခဲ၍ လျာကို အာစောက်၌ ခတ်မိစေ၍ လက်ရုံးကိုတန်း၍ မြတ်စွာဘုရား၏ အလိုတော်ပြည့်စုံအောင် သူက ငါက ခဲကြလေကုန်၊ မျက်စိမြင်သောအခိုက် ခြေကောင်းသောအခိုက်, လမ်းကောင်း တွေ့သော အခိုက်ကို ပြေးလိုက်ကြကုန်-ဟူလိုသတည်း။
အကြင်သူသည် ညဉ့် အခါ၌ မှောင်မိုက်သည်ဖြစ်၍ အလင်းကို တောင့်တ၏။ ထိုသူသည် မီးထွန်းအံ့သောငှါ မီးခွက်ကိုလည်းကောင်း, ဆီကိုလည်းကောင်း, ဆီမီးစာကိုလည်းကောင်း, မီးကိုလည်းကောင်း ရှာဖွေသည်ရှိသော် ပေါများသည် ဖြစ်၍ ရလွယ်၏၊
မီးဖြင့်ငြိသည်ရှိသော် အကွယ်အကာ အဆီးအတား မရှိသော အရပ်ဖြစ်၍ လည်းကောင်း, လေတို့ဖြင့်အလွန်ပုတ်ခတ်သည် ဖြစ်၍လည်းကောင်း၊ မီးကို ရောက်အောင်ပြုခြင်းငှာ မတတ်နိုင်သကဲ့သို့
ထို့အတူ -
အတိဒုလ္လဘ ဖြစ်သော မြတ်စွာဘုရား၏ သာသနာတော်၌ ကြုံကြိုက်သဖြင့် ဆုံးမဩဝါဒကို ခံရသည်ဖြစ်၍ တဏှာ၏ကုန်ငြိမ်းခြင်းကို တောင့်တကုန်သော သူတော်ကောင်းတို့သည် ထိုတဏှာ၏ ကုန်ကြောင်းဖြစ်သော ကသိုဏ်းအစရှိသော သမထဘာဝနာကိုလည်းကောင်း၊ အနိစ္စတော ဒုက္ခတော ယောဂတော-အစရှိသော ဝိပဿနာဘာဝနာတို့ကို လည်းကောင်း ရှာဖွေရုံးစုသည်ရှိသော် သာသနာ တော်တွင်းဖြစ်၍ အလွန် ရလွယ်၏၊
အနိစ္စ, ဒုက္ခ, အနတ္တ- အစရှိသော တရားတို့ကို ကြီးကြီး ငယ်ငယ် ယုတ်ယုတ်, မြတ်မြတ်သော သူတို့တွင် တစုံတယောက်သောသူမျှ မကြားဘူးသောသူ ဟူ၍လည်းမရှိ၊ မနာဘူးသောသူဟူ၍လည်း မရှိ၊ မတတ်သောသူ ဟူ၍လည်းမရှိ၊ ကြားဘူး နာဘူး, တတ်သိ လိမ်မာသော သူတို့သာလျှင် ရှိကုန်၏။
ထိုသူတို့သည် တဏှာ၏ ကုန်ကြောင်းဖြစ်သော သမထကမ္မဋ္ဌာန်းကို လည်းကောင်း, အနိစ္စ, ဒုက္ခအစရှိသော ဝိပဿနာကို လည်းကောင်း အားထုတ်အံ့-ဟု လုံ့လပြုသည်ရှိသော် အနည်းငယ် နှလုံးသွင်းခြင်းမှ မတတ်နိုင်ကုန်၊ အဘယ် အကြောင်းကြောင့်နည်း ဟူမူကား - နီဝရဏ တည်းဟူသော လေတို့သည် ပြင်းစွာ နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်တည်း။
လောက၌ အချို့သောသူသည် ရွှေ၊ ငွေ, ပုလဲ, ပတ္တမြား အစရှိသော ရတနာတို့ကိုတွေ့၏၊ ထိုသို့တွေ့သော်လည်း ပုလဲ၊ ပတ္တမြား တို့၏ အကျိုးကို မသိသောကြောင့် အလိုမရှိကုန်သကဲ့သို့
ထို့အတူ -
တဏှာ၏ ကုန်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သော သမထဘာဝနာ ဝိပဿနာ ဘာဝနာတို့ကို တွေ့ကြုံပါသော်လည်း ထိုသမထဘာဝနာ ဝိပဿနာဘာဝနာ၏ ဂုဏ်ကျေးဇူးကို မတွေ့သည်ဖြစ်၍ အလိုမရှိကြကုန်သတည်း။
စည်းစောင်ရန်တို့ကို လုံခြုံစွာ မပြုသူနှင့်တူပုံ
လောက၌ အချို့သောသူတို့သည် သဒ္ဓါဗလ, ဝီရိယဗလ, သတိဗလ, သမာဓိဗလ, ပညာဗလနှင့်ပြည့်စုံ၏၊ ပဋိသန္ဓေဟူသောမျိုးစေ့ရှိ၏။ ထုံအပ်ပြီးသောဝါသနာရှိ၏၊
ထိုသူတော်ကောင်းတို့သည် သစ္စာလေးပါး တရားကိုသိခြင်း၌ ဂုဏ်ကျေးဇူးရှိသည်၏ အဖြစ်ကိုသိ၍ အဖန်တလဲလဲ အားထုတ်ကုန်၏၊ ထိုသို့ပင် အားထုတ်ကုန် သော်လည်း မြတ်စွာဘုရား ညွှန်ပြတော်မူအပ်သော အရညဂတ, ရုက္ခမူလဂတ, သုညာဂါရဂတ မဟုတ်မူ၍ ကာမစ္ဆန္ဒအစရှိသော ရန်သူတို့သည် သမာဓိ ဟူသော တရားကို လွန်စွာ နှိပ်စက်ရကား - ယထာဘူတဉာဏ်မှ ဝေးကုန်၏၊
ထိုသူသည် သစ်ပင်တို့ကို စိုက်ပျိုးပြီး၍ စည်းစောင်ရန်းကို လုံခြုံစွာမပြုသည်နှင့်တူ၏၊
တူဟန်ကား - အသီးအပွင့်တို့ကိုအလိုရှိသည် ဖြစ်၍ သစ်ပင်ကို စိုက်ပျိုး၏၊ အညွှန့် အာညှောက်တို့သည် ရှုချင်ဘွယ်, ကြည်ညိုဘွယ်နှင့်တကွ ပေါ်လာကုန်၏၊ အညွှန့် အညှောက်တို့ကို တစိမ့်စိမ့်ရှုကြည့်၍နေစဉ် စည်းစောင်ရန်း မရှိသောကြောင့် နွားတို့ သည် ဖျက်ဆီးကုန်၏၊ ပေါ်လာတိုင်းမှ ပေါ်လာတိုင်းသော အညွန့် အညှောက်တို့ကို ဖျက်ဆီးကုန်သည်ဖြစ်၍ ကြီးပွါးခြင်း, စည်ပင်ခြင်းသို့ မရောက်နိုင်ကုန်သကဲ့သို့
ထို့ အတူ -
နီဝရဏပေါများရာ မြို့ရွာ နိဂုံး၌နေ၍ လုံ့လဥဿာဟကို ဖြစ်စေကုန်သောသူတို့အား သမာဓိယထာဘူတဉာဏ်, နိဗ္ဗိန္ဒဉာဏ် အစရှိသော တရားတို့ကို နီဝရဏတည်း ဟူသော နွားတို့သည် အခါခပ်သိမ်း စောင့်၍ စားရကား - ကြီးပွါးခြင်းသို့ မရောက်နိုင်ကုန်၊
ကောက်ပင်, သစ်ပင်တို့ကို စိုက်ပျိုးပြီး၍ ထိုကောက်ပင် သစ်ပင်တို့ကို နွား အစရှိသော ဘေးရန်တို့သည် မဖျက်ဆီးစိမ့်သောငှါ စည်းစောင်ရန်း အစရှိသည် တို့ဖြင့် လုံခြုံစေသကဲ့သို့
ထို့အတူ နီဝရဏတရားတို့မှ လုံခြုံစေအပ်၏။
လေဆိုးစသည် တိုက်ဖျက်သော ကုန်သည်နှင့်တူပုံ
ဥစ္စာ ရွှေ ငွေ၏ ပြည့်စုံကြွယ်ဝခြင်းကို အလိုရှိသော ယောက်ျားသည် များစွာသော စပါးဆန်အစရှိကုန်တို့ကို ဝယ်ပြီး၍ ကြီးစွာသော လှေ၌ တင်၍ ရွက်ကြိုးတန်းဆာ အစရှိသည်တို့ကို ပြည့်စုံအောင် ပြုပြီး၍ ဝါဆိုဝါခေါင်ကာလ၌ ရာဇဌာနီ မင်းနေပြည်ကြီးသို့ရောက်မူကား - ဆယ်ဆတက် အဆနှစ်ဆယ်တက် အကျိုးစီးပွါး ဖြစ်အံ့သည်ကိုတောင့်တ၍- ဆန်တက်ခဲ့သည်ရှိသော် ခရီး၏အကြား၌ လေဆိုးတို့ သည် နှိပ်စက်သည်ဖြစ်၍ လည်းကောင်း, သူခိုး, ဒမြတို့သည် နှိပ်စက်သည်ဖြစ်၍ လည်းကောင်း ပျက်စီးခြင်းသို့ ရောက်သကဲ့သို့
ထို့အတူ -
ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့၏ အထံ၌ အရိုအသေ တရားတော်ကို ကြားနားပြီး၍ တရားတော်လာတိုင်း ဆန္ဒာဓိပတိ, ဝီရိယာဓိပတိကို ကြီးပွါးအောင် အားထုတ်ပါသော်လည်း ရူပါရုံ သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖေဋ္ဌာဗ္ဗာရုံ-တည်းဟူသော လေရိုင်း လေဆိုး သူခိုး ဒမြတို့သည် ဖျက်ဆီးအပ်သည်ဖြစ်၍ မဟာအမတ ရာဇဌာနီ မင်းနေပြည်ကြီးသို့ မရောက်မူ၍ သံသရာတည်းဟူသော ကန္တာရခရီး၌ အကျိုးမဲ့ ပျက်စီးကုန်၏-ဟူသတည်း။
နွားပျောက်ရှာသူနှင့်တူပုံ
ဤလောက၌ အချို့သောသူတို့သည် မိုဃ်းလအခါ၌ လယ်ထွန်ကုန်၏၊ ထိုသို့ လုပ်ဆောင်၍နေစဉ် နွားတို့သည် တပါးသော အရပ်သို့ ထွက်၍သွားကြကုန်၏၊ ထိုလယ်ထွန်သော ယောက်ျားသည် လုပ်ကိုင်ဆဲဖြစ်သောကြောင့် နွားတို့ကို အလိုရှိသည်ဖြစ်၍ အရေးတကြီးလိုက်၍ ရှာဖွေသည်ရှိသော် လမ်း၌ တယောက်သောသူက “အမောင် ... အဘယ်အရပ်သို့သွားအံ့နည်း”ဟု မေး၏၊
“နွားရှာသည်”ဟုဆို၏၊ အမောင်နွားအဘယ်မျှ အရေအတွက်ရှိသနည်း” ဟုမေး၏။ “အရေအတွက် ရှစ်ခုတည်း၊ အဖြူ အနီ အကြောင်, အကျား တည်း”ဟု ဆို၏။
“အမောင်... နွားတို့သည်ကား- ဤအရပ်သို့သွားကြကုန်၏၊ ဤ ခြေရာသည်ကား- ဤနွားတို့၏ ခြေရာပင်တည်း”ဟု ဆိုသည်ရှိသော် နွားရှင်ယောက်ျားသည်လည်း ပင်ပန်းကြီးစွာ ကြိုးကြိုးပမ်းပမ်းအဆာ တလျင်လိုက်၍ ရှာဖွေသဖြင့် နွားတို့ကို အကြွင်းအကျန်မရှိ အလုံးစုံ ရသကဲ့သို့
ထို့အတူ -
သံသရာတည်း ဟူသောဘေးမှ ထွက်မြောက်လိုသည် ဖြစ်၍ သံသရာတည်းဟူသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားတို့ကို ရှာဖွေစုံစမ်းသည်ရှိသော် လောက၌ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ, အနာဂါမ် သကဒါဂါမ်, သောတာပန် ကလျာဏပုထုဇဉ် အရှင်မြတ်တို့ကို တွေ့ကြုံ၍ ကလျာဏပုထုဇဉ် အရှင်မြတ်တို့၏ အထံ၌ ဆည်းကပ်၍“ဓမ္မာနုဓမ္မပဋိပ္ပန္န”တရားကို စုံစမ်းသည်ရှိသော် သတိပဋ္ဌာန် လေးပါး သမ္မပ္ပဓာန်လေးပါး အစရှိသော သုံးဆယ့်ခုနစ်ပါးသော မဂ် ဖိုလ်၏ လမ်းစ ဖြစ်သော ဗောဓိပက္ခိယတရားကို အစဉ် အတိုင်း နေ့ညဉ့် မပြတ် ကျင့်သည်ရှိသော် မိမိ တောင့်တအပ်သော သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ် အစရှိသော တရားတို့ကို မျက်မှောက်ပြုရကုန်၏ - ဟူလိုသတည်း။
[လယ်, ယာလုပ်သောအခါ၌ နွားပျောက်သောသူသည် ထိုနွားတို့ကို အလွန် အလိုရှိသကဲ့သို မဂ်ချမ်းသာ, ဖိုလ်ချမ်းသာကို အလွန်အလိုရကြကုန်ဟု ဆိုလို သတည်း၊ အိမ်ရှေ့မင်း ဖြစ်ပြီးသောသူသည် ထီးဖြူကို တောင့်တသကဲ့သို့ တောင့်တ ကြကုန်-ဆိုလိုသတည်း၊]
အကြင်သူသည် အလွန်ဆင်းရဲ၏၊ ထိုသူကဲ့သို့ လောက၌ ဆင်းရဲ သောသူသည်မရှိ၊ ထိုသူသည် ပေးကမ်းစွန့်ကြဲ၍ မကုန်နိုင်သော မဟာသူဌေးအထံသို ချဉ်းကပ်၍ “အရှင်သူဌေးကြီး … အကျွန်ုပ်သည် အလွန် ဆင်းရဲပင်ပန်း၏၊ အကျွန်ုပ်အား ချမ်းသာရကြောင်း ပြုပါလော့”ဟု ဆို၏၊
“အမောင် ... အဘယ်ပစ္စည်းကို အလိုရှိသနည်း”ဟုသူဌေးကြီးက မေး၏၊
- လယ်ယာကိုလည်း အလိုရှိ၏၊
- လယ်ထွန်ရန် ကျွဲနွားကိုလည်း အလိုရှိပါ၏၊
- မျိုးစေ့ကိုလည်း အလိုရှိပါ၏။
- ရိက္ခာကိုလည်း အလိုရှိပါ၏၊
- နေရာ အိပ်ရာကိုလည်း အလိုရှိပါ၏”ဟု ဆို၏၊
“အမောင် အလိုရှိတိုင်း အလုံးစုံတို့ကို ယူလော့”ဟု သူဌေးကြီးက ဆို၏၊
“အရှင် သူဌေးကြီးသည် အကျွန်ုပ်အလိုရှိတိုင်း လယ်ယာအစရှိသော ပစ္စည်း တို့ကို အကျွန်ုပ်အား ပေး၏၊ ထိုလယ်ယာတို့၌ ထိုထိုမျိုးစေ့တို့ ဖြင့် လုပ်ဆောင်၍ရသော ပစ္စည်းတို့ကို အဘယ်မျှ အရှင်သူဌေးကြီးအား ပေးရမည်နည်း”ဟု ဆို၏၊
သူဌေးကြီးသည် အလွန်ကောင်းသော နှလုံးရှိသည်ဖြစ်၍ “အမောင်သည် ငါပေးသောအိမ်၌နေ၍ ငါ၏ရိက္ခာစားနပ်ကိုစား၍ ငါ့လယ်နှင့် ယာ၌ ကျွဲ နွားဖြင့် မျိုးစေ့ကိုကိုချ၍ လုပ်ဆောင်၍ရသော အသီးအနှံတို့ကို တလုံးတစေ့မျှ ငါ့အား မပေးလင့်၊ အလုံးစုံကို အမောင်ပင် ယူလေလော့” ဟု ဆိုသော ကာလ၌ အလွန်ဝမ်းမြောက်သည်ဖြစ်၍ သာဓု သာဓု သာဓု-ဟု ကောင်းခြီးကိုပေး၍ ကြိုးကြိုး ပမ်းပမ်း ဥဿာဟလုံ့လပြုသဖြင့် များစွာသော အသီးအနှံတို့ကိုရသကဲ့သို့
ထို့အတူ -
မဂ်, ဖိုလ်အားဖြင့် ဆင်းရဲကုန်သော မဟာဒုက္ခိတဖြစ်သော ပုထုဇဉ်တို့သည် ဧကန္တ မုချအားဖြင့် ချမ်းသာကိုပေးနိုင်သော ဘုရားအစရှိသော အရှင်မြတ်တို့ကို ဆည်းကပ်၍“အကျွန်ုပ်သည် မဂ်, ဖိုလ်အားဖြင့် အလွန်ဆင်းရဲသော သတ္တဝါတည်း၊ အကျွန်ုပ်အား ချမ်းသာကြောင်းဖြစ်သော တရားကို ညွှန်ပြတော်မူပါလော့”ဟု တောင်းပန်သည်ရှိသော် -
“သင်အား အဝတ်ကိုလည်း ပြည့်စုံအောင်ငါပေး၏၊
အစားကိုလည်း ပြည့်စုံအောင် ငါပေး၏။
ကျောင်း အိပ်ရာနေရာကိုလည်း ပြည့်စုံအောင်ငါပေး၏။
သူနာတို့၏ အထောက် အပံ့ဖြစ်သော ဆေးကိုလည်းငါပေး၏၊
ထိုပစ္စည်းတို့ကို သုံးဆောင်မှီဝဲ၍ ဒုက္ခ၏အဆုံးဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုစိမ့်
သောငှါ နေ့ညဉ့် မပြတ် အားထုတ်လေလော့၊ နိဗ္ဗာန်ချမ်းသာကို သင်သည်ပင်လျှင် သုံးဆောင်လေလော့၊ ခံစားလေလော့”
ဟု ဆိုသည်ရှိသော် သဒ္ဓါ၍ ရဟန်းပြုသော အရဟတ္တဖိုလ်-တည်းဟူသော ထီးဖြူ ကို တောင့်တကုန်သော အမျိုးကောင်းသားတို့သည် အနုတ္တရ, ဓမ္မသာမိ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပေးတော်မူအပ်သော သင်္ကန်း ဆွမ်း, ကျောင်း, ဆေး တို့ကို သုံးဆောင်၍ -
သီလ-တည်းဟူသောမြေ၌ တင်းတင်း ကြပ်ကြပ် ရပ်ပြီးလျှင်
သဒ္ဓါတရား-တည်းဟူသောလက်ဖြင့်
ဉာဏ်တော်-တည်းဟူသော ပုဆိန်ကိုကိုင်၍
လောဘတည်းဟူသော တုံး,
ဒေါသ-တည်းဟူသော တုံး,
မောဟ-တည်းဟူ သော တုံး
တို့ကို ပေါက်ခွဲအပ်၏-ဟူလိုသတည်း။
နွားပျောက်သောသူသည် နွား၏ခြေရာကို တွေ့သောကာလ၌ နွားတို့ကို ရပေတော့မည်-ဟု ဝမ်းမြောက်ဝမ်းသာ ရှာသကဲ့သို့လည်းကောင်း၊ ပေးကမ်းစွန့်ကြဲ၍ မကုန်နိုင်သော မဟာဓန သူဌေးကို တွေ့သောသူသည် ဆင်းရဲပျောက်၍ ချမ်းသာကို ရပေတော့မည်-ဟု လုံ့လ အားထုတ်၍ လုပ်ဆောင်သော သူကဲ့သို့လည်းကောင်း၊ နွား၏ခြေရာကို ပြပေသောသူနှင့်တူသော ကလျာဏမိတ္တ, သူဌေးနှင့်တူသော ကလျာ ဏမိတ္တကို တွေ့ကြုံသောသူတို့သည် “ဒန္တေအဘိဒန္တံအာဒါယဇိဝှံ တာ လုမှိ ဃဋ္ဋိယ”ဟူသော အမိန့်တော်မြတ်ကို ဦးထိပ်၌ဆင်ရွက်ပြီး၍ မနေမနား နေ့ညဉ့် မပြတ် မပြင်းမရိ ကြိုးစားအားထုတ်အပ်၏၊ အားထုတ်ကြလေကုန်။
နိဂုံး
၁။ သက္ကရာဇေ စ ရုက္ခိဋ္ဋေ၊ ဖဂ္ဂုနမာသအဋ္ဌမေ။
ဇုဏှပက္ခေ ဣဒံဂန္ထံ၊ အနာယာသေန နိဋ္ဌိတံ။
၁။ သက္ကရာဇေ၊ လူတို့၏ ဝေါဟာ ဂေါဇာ သက္ကရာဇ်သည်။
ရုက္ခိဋ္ဋေ၊ တထောင်, နှစ်ရာ နှစ်ဆယ်သို့။
သမ္ပတ္တေ၊ အစဉ်မပြတ် ရောက်လတ်သည်ရှိသော်။
ဇုဏှပက္ခေ၊ လဆန်းပက္ခဟုဆိုအပ်သော၊
ဖဂ္ဂုနမာသအဋ္ဌမေ၊ တပေါင်းခေါ်မှန်း လဆန်း ၈-ရက်နေ့၌။
ဣဒံဂန္ထံ၊ ဤရာဇပါမောဇ္ဇ အမည်ရှိသော ကျမ်းသည်။
အနာယာသေန၊ မပင်ပန်းသဖြင့်။
နိဋ္ဌိတံ၊ အပြီးသို့ရောက်၏။
၂။ သရီရဗဟုဓာတူနံ၊ လောကာလောကသုပူဇိတံ။
မုတ္တဿမံ ပတိဋ္ဌာနံ၊ စေတိယံ ဟိ သဏ္ဌာပယံ။
၃။ တေန သောဘတိ သာမန္တာ၊ ခုဒ္ဒါခုဒ္ဒေန ပဗ္ဗတာ။
ကန္တာရအဘိရုကေန၊ အစ္ဆရိယေန သဗ္ဗဒါ။
၄။ ဗဟူနိ ဝါဠမိဂါနိ၊ သဉ္စယန္တိ တဟိံ တဟိံ။
ဘယရဝံ ကရောန္တေဝ၊ ဂေါစရာယ တတော တတော။
၅။ အဿကဏ္ဏော စ ပုန္နာဂေါ၊ ဝိရာလောစ ဒုမုပ္ဖလော။
တိလကော ပိယကော သေလာ၊ ဣန္ဒသာလော စ အဇ္ဇုနော။
၆။ အစ္ဆိဝေါ သာဒုကဏ္ဍောစ၊ ရုစိကာစေဝ တိန္ဒုကော။
ရောဟိတကော ပလာသောစ၊ အင်္ဂုလီ ဂိရိမလ္လိကာ။
၇။ ဧဝမာဒီဟိ သောဘေဟိ၊ သဒါ ရောစန္တိ အဿမံ။
ဖလပုပ္ဖုပဂေ ကာလေ၊ သုမေဒုမေ မနောရထာ။
၈။ သဒါ ဝါယန္တိ သောဂန္ဓာ၊ နာနာဝဏ္ဏဝိစိတြာ။
မဓုဘမရမဒ္ဒိကာ၊ သေတရတ္တသုပုပ္ဖိတာ။
၉။ သယုဂ္ဂတံ တဠာကမ္ပိ၊ သမ္ပန္နံ အတိသိတလံ။
နာနာဝဏ္ဏသကုန္တနီ၊ တမှိ သေဝန္တိ သဗ္ဗဒါ။
၁၀။ သမံ ရဇတဝဏ္ဏန၊ ဝါလုကပရိပူရိတံ။
ဒဿနီယံ မနောရမ္မံ၊ သန္တစိတ္တေန သေဝိတံ။
၁၁။ တပဿီနံ သုတေဇာနံ၊ ပဋိသလ္လာနဝါသီနံ။
သေလမယာ သယံဇာတာ၊ ဂုဟာ တိဋ္ဌန္တိ ဖါသုကာ။
၁၂။ တေဟိ သောဘန္တိ အာစာရာ၊ သုဝိသုဒ္ဓါ မဟပ္ဖလာ။
သဒ္ဓါဝေပုလ္လအာရဒ္ဓါ၊ နိစ္စံ သေဝန္တိ ယောဂိနော။
၁၃။ အလဇ္ဇီနံ မဟိစ္ဆာနံ၊ လာဘသက္ကာရနိဿိနံ။
ဒုဗ္ဘိရမ္မံ အနောကာသံ၊ အာရကာယေဝ သေဝိတာ။
ရစိတံ ဣဓ ဝဿိတွာ၊ အနာကုလေန နိဋ္ဌိတန္တိ။
၂။ သရီရဗဟုဓာတူနံ၊ များစွာကုန်သော သရီရဓာတ်တော်တို့၏။
ပတိဋ္ဌာနဉ္စ၊ တည်ရာလည်းဖြစ်ထသော။
လောကာလောကသုပူဇိတဉ္စ၊ လူ, နတ်တို့၏ ကောင်းစွာ ပူဇော်ရာလည်း ဖြစ်ထသော။
မုတ္တဿမံစ၊ ပုလဲအစုနှင့်လည်း တူထသော။
စေတိယံ၊ ရွှေစေတီတော်သည်။
သဏ္ဌာပယံ၊ ကောင်းစွာတည်သည်။
ဟောတိ၊ ဖြစ်၏။
၃။ တေန၊ ထိုစေတီတော်ဖြင့်။
အယံပဗ္ဗတော၊ ဤရွှေမြင်တင် အမည်ရှိသောတောင်သည်။
သောဘတိ၊ တင့်တယ်၏။
သမန္တာ၊ ထက်ဝန်းကျင်သောအရပ်မှ။
အစ္ဆရိယေန၊ အံ့ဘွယ်သရဲရှိထသော။
ခုဒ္ဒါခုဒ္ဒေန၊ ငယ်ငယ် ကြီးကြီးသော။
ပဗ္ဗတာ-ပဗ္ဗတေနစ၊ တောင်ဖြင့်လည်းကောင်း။
ခုဒါ္ဒခုဒ္ဒေနစ၊ ငယ်ငယ်, ကြီးကြီးသော။
ကန္တာရအဘိရုကေနစ၊ ကြောက်မက်ဘွယ်သော ချောက်ဖြင့်လည်းကောင်း။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
သောဘ၊ တင့်တယ်၏။
၄။ ဗဟူနိ၊ များစွာကုန်သော။
ဝါဠမိဂါနိ၊ ကျား, သစ် အစရှိကုန်သော သား၊ သမင် ဒရယ် အစရှိကုန်သော သားမျိုးတို့သည်။
ဘယရဝံ၊ ကြောက်မက်ဘွယ်သော အသံကို။
ကရောန္တေဝ၊ မြည်တမ်းကုန်လျက်လျှင်။
ဂေါစရာယ၊ အစာရှာအံ့သောငှါ။
တတော တတော၊ ထိုထိုသို့သော အရပ်မှ။
တဟိံ တဟိံ၊ ထိုထိုသို့သောအရပ်သို့။
သဉ္စရန္တိ၊ သွား, လာကုန်၏။
၅။ တေဟိ၊ ထိုသားရဲ အစရှိသည်တို့ဖြင့်။
အယံပဗ္ဗတော၊ ဤတောင်သည်။
သောဘတိ၊ တင့်တယ်၏။
အဿကဏ္ဏောစ၊ အင်ကြင်းပင် လည်းကောင်း၊
ပုန္နာဂေါစ၊ ပုန်းညက်ပင် လည်းကောင်း၊
ဝိရာလောစ၊ လွန်ပင် လည်းကောင်း။
ဒုမုပ္ဖလောစ၊ မဟာလှေကားပင် လည်းကောင်း။
တိလကောစ၊ ပြည့်စင်ပင် လည်းကောင်း။
ပိယကောစ၊ ပိတောက်ပင် လည်းကောင်း။
သေလာစ၊ ဝှေးပင် လည်းကောင်း။
ဣန္ဒသာလောစ၊ နှပဲပင် လည်းကောင်း။
အဇ္ဇုနောစ၊ ဖောက်ကြံ့ပင် လည်းကောင်း။
၆။ အစ္ဆိဝေါစ၊ ရင်ကပ်ပင် လည်းကောင်း။
သာဒုကဏ္ဋောစ၊ နရွဲပင် လည်းကောင်း။
ရုစိကာစေဝ၊ စံပယ်ပင် လည်းကောင်း။
တိန္ဒုကောစ၊ တည်ပင် လည်းကောင်း။
ရောဟိတကောစ၊ သင်းဝင်ပင်နီ လည်းကောင်း။
ပလာသောစ၊ ပေါက်ပင် လည်းလောင်း။
အင်္ဂုလီစ၊ လျှော်ပင် လည်းကောင်း၊
ဂိရိမလ္လိကာစ၊ လက်ထုပ်ကြီးပင် လည်းကောင်း။
၇။ ဧဝမာဒီဟိ၊ ဤသို့အစရှိကုန်သော။
သောဘေဟိ၊ တင့်တယ်ကုန်သော။
ရုက္ခဟိ၊ အင်ကြင်းအစရှိသော သစ်ပင်တို့ဖြင့်။
သဒါ၊ ဆောင်း, နွေ မိုဃ်းဟုဆိုအပ်သော အခါခပ်သိမ်း။
အဿမံ၊ သင်္ခမ်းကျောင်းကို။
ရောစန္တိ၊ တင့်တယ်စေကုန်၏။
တေ၊ ထိုသစ်ပင်တို့သည်။
ဖလပုပ္ဖုပဂေ၊ အရွက် အပွင့်, အသီးကိုဆောင်သော။
ကာလေ၊ မိမိ မိမိတို့၏ သီးချိန်, ပွင့်ချိန်, ရာသီအိမ်တွင် အချိန်စေ့ရောက်သော ကာလ၌။
ဒုမေသုမေ၊ သစ်ပင်တိုင်းမှ သစ်ပင်တိုင်း။
မနောရထာ၊ နှလုံးမွေ့လျော်ဘွယ ်ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
၈။ နာနာဝဏ္ဏဝိစိတြာ၊ အထူးထူးသော အဆင်းတို့ဖြင့် ဆန်းကြယ် ကုန်ထသော။
မဓုဘမရမဒ္ဒိကာ၊ ပျားပိတုန်းတို့ဖြင့် ယစ်ကုန်ထသော။
သေတရတ္တသုပုပ္ဖိတာ၊ အဖြူ, အနီအစရှိသည်တို့ဖြင့် ပွင့်ကုန်ထသော။
ပုပ္ဖါနိ၊ ပန်းတို့သည်။
သန္တိ၊ ရှိကုန်၏။
တေဟိ၊ ထိုပန်းတို့မှ။
သောဂန္ဓာ၊ သင်းတပျံ့ပျံ့ ကောင်းအနံ့တို့သည်။
သဒါ၊ ဆောင်း, နွေ, မိုယ်း ဟုဆိုအပ်သော အခါခပ်သိမ်း။
ဝါယန္တိ၊ တသင်းသင်းလှိုင်ကုန်၏။
တေဟိ၊ ထိုပန်းတို့ဖြင့်။
သောဘတိ၊ တင့်တယ်၏။
၉။ အတိသိတလံ၊ အလွန်ချမ်းအေးထသော။
သယုဂ္ဂတမ္ပိ မြေမှ အလိုလိုယိုထွက်၍စီးသော ရေသည်လည်းကောင်း။
ဝါ၊ ရေထွက်သည် လည်းကောင်း။
တဠာကမ္ပိ၊ တဘက်ဆည်းကန်သည် လည်းကောင်း။
သမ္ပန္နံ၊ ပြည့်စုံသည်။
ဟောတိ၊ ဖြစ်၏။
တမှိ၊ ထိုအလိုလိုရေထွက် တဘက်ဆည်းကန်၌။
နာနာဝဏ္ဏသကုန္တနီ၊ အထူးထူးသော အဆင်းရှိသော ငှက်တို့သည်။
သဗ္ဗဒါ၊ ဆောင်း နွေ မိုဃ်းဟုဆိုအပ်သော အခါခပ်သိမ်း။
သေဝန္တိ၊ မှီဝဲကြကုန်၏။
တေဟိ၊ ထိုအလိုလို ရေထွက်တဘက်ဆည်းကန်တို့ဖြင့်။
သောဘန္တိ၊ တင့်တယ်ကုန်၏။
၁၀။ ရဇတဝဏ္ဏန၊ ငွေအဆင်းနှင့်။
သမံ၊ တူသောအဆင်းရှိထသော။
ဝါလုကပရိပူရိတံ၊ ဖြူသောသဲတို့ဖြင့် ပြည့်ထသော။
ဒဿနီယံ၊ ရှုချင်ဘွယ်ရှိထသော။
သန္တ စိတ္တေန၊ ငြိမ်သက်တည်ကြည်သောစိတ် ရှိသော သူတော်ကောင်းသည်။
သေဝိတံ၊ မှီဝဲအပ်ထသော။
မနောရမ္မံ၊ နှလုံးမွေ့လျော်ဘွယ်ရှိထသော။
တံ၊ ထိုသင်ပေါင်းချောင်းသည်။
အတ္ထိ၊ ရှိ၏။
တေဟိ၊ ထိုသင်ပေါင်းချောင်းတို့ဖြင့်။
သောဘန္တိ၊ တင့်တယ်စေကုန်၏။
၁၁။ ယတ္ထ၊ အကြင်တောင်၌။
သေလမယာ၊ ကျောက်ဖြင့် ပြီးကုန်ထသော။
သယံဇာတာ၊ အလိုလိုဖြစ်ကုန်ထသော။
ဖါသုကာ၊ မှီဝဲကုန်သောသူတို့၏ ကိုယ်, စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကုန်ထသော။
ဂုဟာစ၊ ဂူ, လိုဏ်တို့သည်လည်း။
တိဋ္ဌန္တိ၊ တည်ကုန်၏။
တတ္ထ၊ ထိုတော၌။
တပဿီနဉ္စ၊ ခြိုးခြံသောအကျင့်ရှိကုန်သော သူတို၏လည်းကောင်း။
သုတေဇာနဉ္စ၊ ကိုယ့်အသက်ကို ငဲ့ကွက်ခင်မင်ခြင်း မရှိမူ၍ ထက်သော အကျင့် ရှိကုန်သော ရသေ့ ရဟန်းတို့၏ လည်းကောင်း။
ပဋိသလ္လာနဝါသီနဉ္စ၊ တယောက်အထီးတည်း ကိန်းစက်လေ့ရှိသော သူတော်ကောင်း တို့၏လည်းကောင်း၊
နိဗဒ္ဓံဝါသော၊ မြဲသောနေရာသည်။
ဟောတိ၊ ဖြစ်၏။
၁၂။ တေဟိ၊ ထိုအလိုလိုဖြစ်သော ကျောက်ဂူ, လိုဏ်တို့ဖြင့်။
သောဘန္တိ၊ တင့်တယ်စေကုန်၏။
ယေယောဂိနော၊ အကြင်ယောရီ ပုဂ္ဂိုလ်တို့သည်။
အာစာရာ၊ ကောင်းသောအကျင့်ရှိကုန်၏။
သုဝိသုဒ္ဓါ၊ အလွန်စင်ကြယ်သော စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံကုန်၏။
မဟပ္ဖလာ၊ နိဗ္ဗာန်တည်းဟူသောမြတ်သောအကျိုးကို တောင့်တကုန်၏။
သဒ္ဓါဝေပုလ္လအာရဒ္ဓါ၊ သဒ္ဓါပြန့်ပြောခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ အားထုတ် အပ်သော အာရဒ္ဓဝီရိယရှိကုန်၏။
တေယောဂိနော၊ ထိုကမ္မဋ္ဌာန်းစီး ဖြန်းခြင်းလုံ့လနှင့် ယှဉ်ကုန်သော ယောဂီ ပုဂ္ဂိုလ်တို့သည်။
နိစ္စ၊ အခါမပြတ်။
မဂ္ဂဖလတ္ထာယ၊ မဂ်, ဖိုလ်ဟူသော အကျိုးငှါ။
သေဝန္တိ၊ မှီဝဲကြကုန်၏။
၁၃။ အလဇ္ဇီနဉ္စ၊ အလဇ္ဇီပုဂ္ဂိုလ်တို့၏ လည်းကောင်း။
မဟိစ္ဆာနဉ္စ၊ အလိုကြီးသောပုဂ္ဂိုလ်တို့၏ လည်းကောင်း။
လာဘသက္ကာရနိဿီနဉ္စ၊ လာဘ်ပူဇော်သကာ အကျော်အစောကို အလိုရှိကုန်သော သူတို့၏ လည်းကောင်း။
သေဝနတ္ထာယ၊ မှီဝဲအံ့သောငှါ။
အနောကာသံ၊ အရာမဟုတ်သည်။
ဒုဗ္ဘိရမ္မံ၊ မွေ့လျော်နိုင်ခဲသည်။
ဟောတိ၊ ဖြစ်၏။
သေဝိတာ၊ မှီဝဲခြင်းမှ။
အာရကာယေဝ၊ ဝေးကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။ (အလဇ္ဇီပုဂ္ဂိုလ်တို့၏ အရာမဟုတ် ဟူလို)။
ဣဓ၊ ရွှေမြင်တင် အမည်ရှိသော ဤတောင်၌။
ဝသိတွာ၊ နေ၍။
ရစိတံ၊ စီရင်အပ်သော။
ဣဒံပကရဏံ၊ ရာဇပါမောဇ္ဇ မည်ရတွင်မှန်း ဤသည့်ကျမ်းသည်။
အနာကုလေန၊ နှောင့်ရှက်ခြင်း မရှိသဖြင့်။
နိဋ္ဌိတံ၊ အပြီးသို့ရောက်၏။
၁၄။ ဗဟူဟိ ကိတ္တိသဒ္ဒေဟိ၊ ဝိစရန္တေဝ သာသနေ။
ဣဓလောကေန ခီယန္တိ၊ ဥဒကဿေဝ သဗ္ဗဒါ။
၁၅။ ညာဏဝန္တဓဇော ဣတိ၊ တေန ထေရေန လိခိတံ၊
သပ္ပုရိသေဟိ ထောမိတံ၊ မြမ္မရဋ္ဌေသု ကေတုနာ။
၁၄။ ဣဓလောကေ၊ ဤလူ့ပြည်၌။
ဥဒကဿ၊ ရေ၏။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
နခီယန္တိ ဣဝ၊ မကုန်နိုင်ကုန်သကဲ့သို။
ဧဝံတထာ၊ ထို့အတူ။
သာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။
ဗဟူဟိ၊ များစွာကုန်သော။
ကိတ္တိသဒ္ဒေဟိ၊ အပ္ပိစ္ဆ, သန္တုဋ္ဌ, ပဝိဝိဋ္ဌ, အာရဒ္ဓ ဝီရိယ - အစရှိသော ကျော်စောခြင်းတို့ဖြင့်။
ဝိစရန္တေဝ၊ လှည့်လည်ကုန်သလျှင်ကတည်း။
၁၅။ မြမ္မရဋ္ဌေသု၊ မြန်မာတိုင်းတို့၌။
ကေတုနာ၊ မှန်ကင်းသဘွယ် ဖြစ်ထသော။
ဉာဏဝန္တ ဓဇော ဣတိ၊ ဉာဏဝန္တဓဇ-ဟူ၍။
ပုဏ္ဏစန္ဒောဝိယ၊ လပြည့်ဝန်းကဲ့သို့။
ပါကဋေနေ၊ ထင်ရှားကျော်စောထသော။
တေနထေရေန၊ ထိုရတနာထွဋ်ခေါင် အမည်ရှိသော မထေရ်သည်။
သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့သည်။
ထောမိတံ၊ ချီးမွမ်းအပ်ထသော။
ဣဒံ ပကရဏံ၊ ဤကျမ်းကို။
လိမိတံ၊ ရေးအပ်၏။
၁၆။ ယံ လဒ္ဓံ ဣမိနာ ပုညံ၊ တေန သဗ္ဗေပိ ပါဏိနော၊
တံ ယာနာဘိရုဟိတွာန၊ ပဝိသန္တာ မတံ ပုရံ။
၁၇ ယထာရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေဝိမံ၊
ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနော၀ ပဒံ ပဇံ။
၁၆။ ဣမိနာပုညကမ္မေန၊ ဤကျမ်းကိုပြုရသော ကောင်းမှုကြောင့်။
မယာ၊ ငါသည်။
ယံပုညံ၊ အကြင်ကောင်းမှုကို။
လဒ္ဓံ၊ ရအပ်ပြီ။
တေနပုညေန၊ ထိုကောင်းမှုကြောင့်။
သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
ပါဏိနော၊ သတ္တဝါအပေါင်းတို့သည်။
တံယာနံ၊ ထိုမရဏဿတိ-တည်းဟူသော ယာဉ်ထက်သို့။
အဘိရုဟိတွာန၊ တက်စီးပြီး၍။
အမတံ၊ သေခြင်းကင်းသော။
ပုရံ၊ နိဗ္ဗာန်-တည်းဟူသော ပြည်မြတ်သို့။
ပဝိသန္တု၊ ဝင်စေကုန်သတည်း။
၁၇။ ပေါရာဏာ၊ ရှေး၌ဖြစ်ကုန်သော။
သုရာဇာနော၊ ဘုရားအလောင်း မင်းကောင်းတို့သည်။
ပဇံ၊ တိုင်းသူပြည်သား လူအများကို။
ရက္ခိံသုယထာ၊ စောင့်ကုန်သကဲ့သို။
တထေဝ၊ ထို့အတူသာလျှင်။
အတ္တနော၊ မိမိ၏။
ပဇံ၊ ရင်၌ဖြစ်သောသားကို။
ရက္ခတိဣဝ၊ စောင့်သကဲ့သို့။
ရာဇာ၊ ပြည့်ရှင်မင်းသည်။
ဓမ္မေန၊ တရားနှင့်။
သမေန၊ ညီသဖြင့်။
ဣမံပဇံ၊ ဤတိုင်းသူပြည်သား လူအများကို။
ရက္ခတု၊ စောင့်စေသတည်း။
[နောက်ဆုံးဂါထာ ရှင်ဗုဒ္ဓဃောသ ဂါထာတည်း၊ ဤ ဂါထာလာတိုင်း ကျင့်စေလိုသောကြောင့် ရေးလိုက်သည်။]
Comments
Post a Comment