Skip to main content

ပဏ္ဍိတဝေဒနိယဒီပနီကျမ်း

ပဏ္ဍိတဝေဒနိယဒီပနီကျမ်း
▬▬▬ஜ۩۞۩ஜ▬▬▬

သေက္ချတောင် ဆရာတော် အရှင်တိလောက

နိဒါန်း

စက္ကာဓိစက္က ဒေဝဒေဝိန် ဗြဟ္မိန္ဒာဓိပတိ မုနိ အတုလ ဇာတိဂုဏ ပုညမဟန် သယမ္ဘူ ဓမ္မရာဇ် လောကတ္တယသင်းကျစ် ဖြစ်တော်မူသော မြတ်စွာဘုရားသခင်သည် ပုံယင်များစွာ သံသရာတည်း ဟူသော ဩဃ မဟဏ္ဏဝ မြစ်မသမုဒ် ဝဲအစုပ်၌ နစ်မြုပ်ရှည်လျား တမှုန်မွှားမွှား မျောပါးလေဘိ အတိရေက ဒုက္ခ ခံစားလျက် နေကြရကုန်သော ဗုဒ္ဓဝေနေယျ များစွာ သတ္တဝါတို့ကို လေးဆယ့် ငါးဝါ ကာလပတ်လုံး စုရုံးကယ်ဆောင် အမတ ကျွန်းသာခေါင်သို့ ရောက်အောင် ပို့သတော်မူပြီး၍ အနုပါဒိသေသ ပရိနိဗ္ဗာန် စံလွန်တော်မူသည့် နောက်ကာလ သာဝကဝေနေ များဗိုလ်ခြေတို့၏ ကိုးထွေသော သမာပတ္တိ ဝိမုတ္တိသုခ မဂ္ဂဖလအကျိုးငှါ ကြီးကျယ်စွာသော ကန်ဘောင် ဆည်ရိုးတို့ ရှိသဖြင့် ရေပြည့်သော တဘက်ဆည် ကန်ကြီးနှင့် တူသော မူလဘူတ ပရိယတ္တိ သာသနာ, ထိုရေပြည့်သော တဘက်ဆည် ကန်ကြီး၏ အထဲ၌ ပစ်ကြဲ စိုက်ပျိုး အပ်သော ကြာမျိုးစေ့နှင့်တူသော ပဋိပတ္တိသာသနာ, ထိုနှစ်ဖြာသော တဘက် ဆည်ကန် ကြာမျိုးစေ့ တည်းဟူသော အကြောင်း တရားတို့ကြောင့် ဖြစ်ပွား တင့်တယ်စွာ ပွင့်ခြင်းသို့ ရောက်လာသော ကြာမျိုးငါးပါးနှင့် တူသော ပဋိဝေဓ သာသနာဟူ၍ သုံးဖြာပိုင်းခြား ရှည်လျားကာလ ပဉ္စသဟသ် ရည်မှတ် ဟောကြား ထားတော်မူခဲ့လေသတည်း

ယင်းသို့ ထားတော်မူရာ မဟာသတ္တ ဥဠာရစ္ဆန္ဒ သမ္မပ္ပဓာန် မြဲမြံစွမ်းအင် စုံလင် ပြည့်ဝ သဇ္ဇန အပေါင်း ရှေးရှေးသော သူတော်ကောင်းတို့သည် လမ်းကြောင်းတန္တီ ပဝေနီအမှု နယုပဒေသ အချုပ် ပြုလုပ် ကျင့်ကြံကြသည်မှာ သုံးပါးသော သာသနာ တို့တွင် ဦးစွာဝေဖန် တဘက်ဆည် ကန်ကြီး၏ သဖွယ် သုံးသွယ်သော ပိဋကတ် တည်းဟူသော ပရိယတ္တိ သာသနာတော်ကို ရှုမျှော်ကျွမ်းကျင် သိမြင် ထိုးထွင်း ချဉ်းနင်း ပေါက်ရောက်စေခြင်းငှါ လွန်မင်းစွာ အားထုတ်တော်မူကြသဖြင့် သုံးဝသော ပိဋကတ် တည်းဟူသော ပရိယတ္တိ သာသနာ ကောင်းစွာ လောက်လုံ ပြည့်စုံ တတ်မြောက်ခြင်း ရှိသော်လည်း ထိုသို့ တတ်မြောက်ခါမျှဖြင့် ဆန္ဒစုံပြည့် ပီတီလွှမ်းအုပ် နိရုဿာဟော အပ္ပေါသုက္က နေထိုင်ကြသည်မဟုတ် ကုဋမ္ဗိယပုတ္တ မဟာတိဿထေရ်သည် ဝေရီဖြစ်သော ခိုးသူတို့အား အများ ယုံကြည်စေလို သောကြောင့်—

ဥဘော ပါဒါနိ ဘိန္ဒိတွာ၊ ပညာပေဿာမိ ဝေါ အဟံ။
အဋ္ဋိယာမိ ဟရာယာမိ၊ သ ရာဂမရဏံ အဟံ။

မြန်မာပြန် လိုရင်းမှာ -

အချင်း ခိုးသားအပေါင်းတို့- မကောင်းသော ကိလေသာ ညစ်ကြေးကို မဆေးကြော မသုတ်သင်ရဘဲ ငါပုထုဇဉ်အဖြစ်ဖြင့် သေမည်ကို ကြံစည် ကြောက်ရှက် စက်ဆုပ်လှသောကြောင့် ယနေ့ည အရုဏ်တက်အောင် အသက်ကို ချမ်းသာပေးပါ၊ ငါ မထွက်မပြေးမည့် အကြောင်းမှာ နှစ်ချောင်း သော ခြေထောက်တို့ကို ကျောက်ခဲဖြင့် ချိုးထု၍ ငါယခု အာမခံမည်ဟု ထုတ်ပြန် ပြောကြားတော် မူဘိသကဲ့သို့ အတိဒုလ္လဘ ဗုဒ္ဓုပ္ပါဒနဝမခေတ် ကြုံကြိုက်သည် ဖြစ်ပါလျက် မြှေးညစ် ယုတ်မာ ကိလေသာကို မခါမချွေ စုတေသော ပုဂ္ဂိုလ်တို့မှာ ထိုထိုသူတော်ကောင်း စုပေါင်းဂရဟိတ ပြုကြရန်အချက် ရှက်ဖွယ်ကောင်းသော အမှုတည်းဟု အပြီးစွဲ မှတ်ကြကုန်လျက် ရာဂညစ်ကြေး ကင်းဝေးစေခြင်း အကျိုးငှါ ကြာစေ့မျိုးကို စိုက်ပျိုးသည်နှင့်အတူ စင်ဖြူသော ဝိပဿနာ, သမထ ဓုရမွန်မြတ် ပဋိပတ္တိ သာသနာတော်ကို ရှုမျှော်ငဲ့ကွက် အသက် ခန္ဓာ ထောက်ညှာမရှိ ဝီရိယ ကြိုးကုတ် မဆုတ်မနစ် အားသစ်တော် မူကြ၍ ပဋိဝေဓ သာသနာပွင့်ခြင်းသို့ ရောက်သော ကြာကဲ့သို့ မြတ်စွာဘုရား ရည်မှတ်၍ ထားတော်မူခဲ့သည်နှင့်အညီ သုံးလီသော ပရိယတ္တိ, ပဋိပတ္တိ ပဋိဝေဓ သာသနာတော်တို့သည် ထွန်းပေါ် တောက်ပ နေ လ အရာအထောင် ပြောင်ပြောင် ညီးညီး တပြိုင်တည်း ထွက်ဘိသကဲ့သို့ စဉ်ဆက် ရှည်လျား စည်ကား ပွင့်လင်းခဲ့လေသတည်း။

ယင်းသို့ စဉ်ဆက်ရှည်လျား စည်ကားပွင့်လင်းရာ သာသနာတော်အတွင်း မှီတင်းနေထိုင်သော ပုဂ္ဂိုလ်ဟူသည် ထိုသာသနာတော်သုံးပါး စည်ကား တိုးတက် စေကြောင်း ကောင်းစွာ ကြံစည်ခြင်း မရှိ၊ သိထိလဝိဟာရီ မနသီ ယွင်းဆုတ် နိရုဿာဟော အပ္ပါသုက္က နေထိုင်ကြခြင်းငှါ အလျဉ်း မလျောက်ပတ်ချေ၊ ပဝေနီထုံးဟောင်း ရှေးရှေးသော သူတော်ကောင်းတို့၏ လမ်းကြောင်း ကျင့်စဉ်ကို စိတ်တွင်အမြဲ မှတ်ယူစွဲလျက် ရဲရဲဝံ့ဝံ့ မတွန့်မဆုတ် အားထုတ်မှသာ ပုရိသ အာဇာနည် ယောက်ျားကောင်း ပြီမည်ကို ကြံစည်တွေးယူ ငါတမူကား နတ်လူ တို့ထွဋ်ထား မြတ်စွာဘုရား သည် ငါးထောင်သမယ နှစ်ပရိစ္ဆေဒ အရှည် တည်ရန် ပိုင်းခြားရှည်မှတ်၍ ထားတော်မူခဲ့သော သုံးပါးသော သာသနာကို ကောင်းစွာ အားထုတ်သော် အဟော်ဝတ ပဏီတအကျိုး ပြည့်ဖြိုး ပွားများလိမ့်မည်ဟု ရွယ်ရည်မနော ယောနိသောမနသိကာရ ဥဠာရစ္ဆန္ဒ သမ္မာပဏိဟိတ အာသီသ လွန်မင်း နှလုံးသွင်းစွဲမှီသော ပန်းချီမြို့ ခေါသန္တိရွာလျှင် ဖွားရာ ဇာတိရှိသော အရှင်တိလောက မထေရ် သူမြတ်သည် ထိုပန်းချီ ခေါသန္တိရွာ၏ တောင် တာတထောင် ခန့်အကွာ သာယာပြန့်ပြော ငှက်ပျောတောကျောင်း၌ ကိန်းအောင်းမွေ့လျော် စံပျော်တော်မူလတ်၍ ပိဋကတ်သုံးပုံပြန်ဟု နာမံပါကဋ ထင်ရှားလှသော ဘဒ္ဒန္တဇဝန မထေရ်ထံ နည်းခံပဌမ အရင်းစလျက် ဒုတိယမြောက်တွင် မုန်သောက်မာတင် အဝင်ဇာနည် မဟာထေရ် ဖြစ်တော်မူသော မုံရွာမြို့ လယ်တီတောရ ဆရာတော် ဘုရားကြီးထံတွင် သုံးတန်သော ပိဋကတ်တည်းဟူသော ပရိယတ္တိ သာသနာတော် ကို လွန်စွာသော လုံ့လ ဝါယာမဖြင့် နေ့ညမယွင်း ချင်းနင်းထုတ်ချောက် ပေါက်ရောက် ကျွမ်းကျင် သိမြင်အောင် ဖြည့်စွမ်းတော်မူပြီး၍–

ဤပရိယတ္တိ သာသနာတော်ကို ကောင်းစွာဖြည့်ကျင့် ထမ်းရွက်ခါမျှဖြင့် အားရ တင်းတိမ်ခြင်းမရှိ ပဋိပတ္တိ သာသနာ တဖြာထပ်ဆင့် အားထုတ်ခွင့်ကို မြှော်ချင့် သိုက်မြိုက် နှလုံးပိုက်တော်မူလျက် ကျိုက်ထိုမြို့ သေက္ချတောင် အခေါင် အရည ဝိဟာရ၌ ယာပထလေးဖြာ မျှတကာဖြင့် ကိုယ်ခန္ဓာ အသက်ကို ငဲ့ကွက် ထောက်ညှာခြင်းမရှိ ပဟိတတ္တပဓာန လွန်မင်းစွာသော ဝီရိယဖြင့် ဓမ္မပဋိပတ် မွန်မြတ်သော တရားထူးကို ဆည်းပူး ဖြည့်ကျင့်၍ သင့်တင့်စွာ သီတင်းသုံး နေတော်မူသည်တွင် ယောဂီတပည့် ရဟန်းတို့မှ စ၍ များလှစွာသော တပည့် ဒါယကာ ဒါယိကာမ အပေါင်းတို့သည် ကောင်းစွာဝပ်တွား လျှောက်ထား ဖန်ဖန် တောင်းပန်အပ်သည်ဖြစ်၍ ခန္ဓာ အာယတန ဓမ္မအစု ဓာတု ရုပ်နာမ် ဝေဖန်ခွဲခြား တရားဆီနှစ် ထုတ်ယူညှစ်လျက် စီစစ် ဟောကြား တော်မူပြီးလျှင် ၎င်းအတိဒုလ္လဘ ဓမ္မနှစ်ဆီ သင်းကြည်ချိုအေး အမြိုက်ဆေးကို တိုက်ကျွေး ဟောပြပုံအတိုင်း ချင့်နှိုင်းစာနာ နောင်လာအများ သူတော်ကောင်း အမျိုးသားတို့၏ အကျိုးကို မြှော်ကိုးရည်သန်လျက် ပဏ္ဍိတဝေဒနိယ ဒီပနီ ဟူသော အမည်ဖြင့် စီရင်ရေးသား ထားတော်မူသတည်း။

ယင်းသို့ စီရင်ရေးသား ထားတော်မူအပ်သော ပဏ္ဍိတဝေဒနိယ ဒီပနီ အမည်ဖွဲ့ရ ပရမသုန္ဒရ အတုလ ကမ္မဋ္ဌာန်းကျမ်းကြီးကို အန္တေဝါသိက ရဟန်း ယောဂီ တပည့်ဖြစ်သော ဦးနန္ဒမာလာ မှ စ၍ သိဿ အများ တပည့်သား အပေါင်းတို့က သူတော်ကောင်း အများတို့၏ အကျိုးငှါ ကောင်းစွာတည်ထွင် စက်တင်ပုံနှိပ်ပါ သတည်း။

ယင်းသို့ စက်တင် ပုံနှိပ်အပ်သော ပဏ္ဍိတဝေဒနိယဒီပနီ အမည်ရှိသော ပရမသုန္ဒရ အတုလ ကမ္မဋ္ဌာန်းကျမ်းကြီး၌ အခဏ်းခဏ်း အပိုင်းဖြတ်လျက် စေ့စပ်သေချာစွာ ပြဆိုအပ်သော ခန္ဓာ အာယတန ဓမ္မအစု ဓာတုရုပ်နာမ် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း တရားမြတ်ကို မပြတ်လေ့လာ အားထုတ် နိုင်ကြပါစေကုန်သတည်း။

ဦးနန္ဒမာလာ

နိဒါန်းပြီး၏။

မာတိကာ

▬▬▬▬

ပဏာမနှင့် ပဋိညာဉ်

၁- သာဓုသာဝိနီပိုင်း

၂ သာဓုသာဝိနီသုတ်
၃ သာဓုသာဝိနီသုတ် ဝိဂြိုဟ်ကိုပြခြင်း
၄ ကျမ်း၏အမည်ကို ပြခြင်း

၂ - နိဗ္ဗာနကိတ္တနပိုင်း

၅ နိဗ္ဗာနကိတ္တနသုတ်
၆ နိဗ္ဗာန်ကို အနောတတ်အိုင်ဖြင့် ဥပမာပြခြင်း
၇ နိဗ္ဗာန်ကို ယမားဥပမာဖြင့် ပြခြင်း
၈ နိဗ္ဗာန်ကို သိကြားမင်းစံရာ သုဒဿနမြို့ ဥပမာဖြင့် ပြခြင်း
၉ နိဗ္ဗာန်၏ အံ့ဩဖွယ်ရှိပုံကို ပြခြင်း
၁ဝ နိဗ္ဗာန်၏ ဆန်းကြယ်ပုံကိုပြသော တဒါယတနသုတ်
၁၁ နိဗ္ဗာန်၏ ဆန်းကြယ်ချမ်းသာပုံကို ပြသော အဇာတ နိဗ္ဗာနသုတ်
၁၂ နိဗ္ဗာန်သို့ လှည်းလှေတို့ဖြင့် သွား၍ မရောက်နိုင်ကြောင်းကို ပြခြင်း
၁၃ လောက၏ အဆုံးသို့သွားသော ရောဟိတသ နတ်သားဝတ္ထု
၁၄ နိဗ္ဗာန်သို့ ခြေလျင်သွား၍ မရောက်နိုင်ကြောင်း
၁၅ နိဗ္ဗာန်သို့ မဂ်ရထားဖြင့်သွားသော သမဏနတ်သားဝတ္ထု
၁၆ ရထူပမသုတ်
၁၇ အနုသာသနီသုတ်

၃-မဂ္ဂရထဝိဓာနပိုင်း

၁၈ ရထားသဖွယ်ဖြစ်သော မဂ္ဂင်ရှစ်ပါးသရုပ်ကို ပြခြင်း
၁၉ မဂ္ဂင်ရှစ်ပါးကို သိက္ခာသုံးပါးဖွဲ့၍ ပြခြင်း
၂၀ အဓိသီလ သိက္ခာအပြားကို ဖွင့်ပြခြင်း
၂၁ အဓိစိတ္တသိက္ခာကို ပြခြင်း
၂၂ အဓိပညာသိက္ခာကို ပြခြင်း
၂၃ သိက္ခာသုံးပါးကို အစ အလယ် အဆုံး တွဲ၍ပြခြင်း
၂၄ သီလ၏ အကျိုးကိုပြသော သီလဝါသုတ်
၂၅ သိက္ခာသုံးပါးကို တနည်းတွဲ၌ ပြခြင်း
၂၆ အကုသိုလ်ဖြစ်ရာ၌ အဝိဇ္ဇာရှေ့သွားရှိကြောင်း
ကုသိုလ်ဖြစ်ရာ၌ ဝိဇ္ဇာရှေ့သွား ရှိကြောင်း
လောက၌ ပညာသည်သာလျှင် အမြတ်ဆုံးဖြစ်ကြောင်း
၂၇ အမြတ်ဆုံးဖြစ်သော ပညာ သမ္မာဒိဋ္ဌိမဂ္ဂင်ကို ကလျာဏမိတ္တနှင့် ပေါင်းမှသာလျှင် ရနိုင်ကြောင်း
၂၈ ကလျာဏမိတ္တပုဂ္ဂိုလ်၏ ကျေးဇူးများကြောင်း ကလျာဏမိတ္တသုတ်
၂၉ ကလျာဏမိတ္တအင်္ဂါကို စစ်၍ ပြခြင်း
၃၀ သင်္ဂဟတရား လေးပါးကို ပြခြင်း
၃၁ ကလျာဏမိတ္တသုံးဦး၏ အကျိုးများကြောင်း
၃၂ ကလျာဏမိတ္တသည် လေးပါးသော အားခွန်ဗလနှင့် ပြည့်စုံ၍ ဘေးငါးပါးတို့ကို လွန်မြောက်ကြောင်း
၃၃ သူတော်ကောင်းတို့၏ တည်ရာ သပ္ပုရိသဘူမိကို ပြသော သပ္ပုရိသဘူမိသုတ်
၃၄ သပ္ပုရိသဘုံ၌ တည်သော ပုဂ္ဂိုလ်သည် ကျေးဇူးသိအပ်သော ဆရာသုံးဦးကို ပြခြင်း ဗဟုပကာရသုတ်
၃၅ ဥယျောဇဉ်, သိဿာနုသာသနီဂါထာ ပါဌ်အနက်

၄-မဂ္ဂရထပေသနပိုင်း

၃၆ နိဗ္ဗာန်ပြည်သွား မဂ်ရထားတို့ကို လောကီမြို့သွား ရထား ဥပမာဖြင့် ပြခြင်း
၃၇ ဥဩမှုတ် သုံးဂါထာ ပါဌ်အနက်
၃၈ လက်မှတ်ပေး ဂါထာ ပါဌ်အနက်

၅-နိဗ္ဗာနဂမနပိုင်း

သုတ္တန် သုညတနည်း ရှုပုံ

၃၉ ဓာတ်ခြောက်ပါးကို အကျဉ်းပြသော ဂါထာ ပါဌ်အနက်
၄ဝ ပထဝီဓာတ် ၂၀-ကို အကျဉ်းသရုပ် ထုတ်ပြခြင်း
၄၁ ပထဝီဓာတ် ၂၀-ကို အကျယ်ဖွင့်ပြခြင်း
၄၂ ယေဝါပနက ပထဝီဓာတ်တို့ကို ပြခြင်း
၄၃ ပထဝီဓာတ် ၂၀-ကို ဝိပဿနာ ရှုပုံကိုပြခြင်း
၄၄ အနုသာသနီ ဂါထာ ပါဌ်အနက်
၄၅ အာပေါဓာတ် ၁၂-ပါးကို အကျဉ်းသရုပ် ထုတ်ပြခြင်း
၄၆ အာပေါဓာတ်တို့ကို အကျယ်ဖွင့်ပြခြင်း
၄၇ ယေဝါပနက ရေဓာတ်တို့ကို ပြခြင်း
၄၈ အာပေါဓာတ်တို့ကို ဝိပဿနာရှုပုံကို ပြခြင်း
၄၉ အနုသာသနီဂါထာ ပါဌ်အနက်
၅ဝ တေဇောဓာတ် ငါးပါးကို အကျဉ်းသရုပ် ထုတ်ပြခြင်း
၅၁ တေဇောဓာတ်ကို အကျယ်ဖွင့်ပြခြင်း
၅၂ တေဇောဓာတ်ကို ဝိပဿနာ ရှုပုံကို ပြခြင်း
၅၃ အနုသာသနီဂါထာ ပါဌ်အနက်
၅၄ ဝါယောဓာတ် ခြောက်ပါးကို အကျဉ်းပြခြင်း
၅၅ ဝါယောဓာတ်ကို အကျယ်ဖွင့်ပြခြင်း
၅၆ ဝါယောဓာတ်ကို ဝိပဿနာရှုပုံကို ပြခြင်း
၅၇ က,၍နေသည်ကို မြင်၍ ရဟန္တာဖြစ်ပုံကို ပြခြင်း
၅၈ အနုသာသနီဂါထာ ပါဌ်အနက်
၅၉ အာကာသဓာတ် ခြောက်ပါးသရုပ်ကို ပြခြင်း
၆ဝ အာကာသဓာတ်ကို ဝိပဿနာရှုပုံကို ပြခြင်း
၆၁ အနုသာသနီဂါထာ ပါဌ်အနက်
၆၂ ရုပ်ဓာတ်တို့ကိုပေါင်း၍ ဝိပဿနာရှုပုံကို ပြခြင်း
၆၃ ရုပ်ဓာတ်တို့ကို နာရီစသည်ဖြင့် ဥပမာ ပြခြင်း
၆၄ ဟင်းအိုးထဲ၌ ဓာတ်ငါးပါးကို ခွဲ၍ပြခြင်း
၆၅ ကိုယ်ခန္ဓာကို ဓာတ်ဟင်းအိုးကြီးလုပ်၍ ပြခြင်း
၆၆ အတွင်းအပြင်ရှု၍ အတ္တကွာပုံကို ပြခြင်း
၆၇ ၎င်းနှစ်ပါးကိုယှဉ်ရှုသော အဓိမုတ္တမထေရ် တာလပုဋမထေရ်ဝတ္ထု
၆၈ ရုပ်ဓာတ်ကိုစွန့်ရမည်ဟု ဟောကြားသော နတုမှာကသုတ်
၆၉ အနုသာသနီသုတ် ပါဌ်အနက်

အဘိဓမ္မာသုညတနည်း ရှုပုံ

၇ဝ ဓာတ်ကြီးလေးပါး၏ သဘောလက္ခဏာကို ပြခြင်း
၇၁ ဓာတ်ကြီးလေးပါးတို့၏ ပေါင်းစုပုံရုပ်ကလာပ်ကို ပြခြင်း
၇၂ ပရမတ္ထ သမူဟ ရုပ်ကလာပ် နှစ်ပါးကို ခွဲခြားပြခြင်း
၇၃ သယံကတကလာပ် ပရံကတကလာပ်တို့ကို ပြခြင်း
၇၄ ပထဝီဓာတ်ကို အဏုမြူစသည်တို့ဖြင့် စိတ်၍ ပြခြင်း
၇၅ ပထဝီဓာတ်၏ ကလာပ်ဖွဲ့စည်းပုံကို ပြခြင်း
၇၆ အသူရိန် အတ္တဘော အကြီးဆုံးဟု ဧတဒဂ်ရကြောင်း
၇၇ အာပေါဓာတ်၏ ကလာပ်ဖွဲ့စည်းပုံကို ပြခြင်း
၇၈ ဝါယောဓာတ်၏ ကလာပ်ဖွဲ့စည်းပုံကို ပြခြင်း
၇၉ ဓာတ်သုံးပါးနှင့်ရောသော တေဇောဓာတ်လွန်ပုံကို ပြခြင်း
၈ဝ တေဇောဓာတ် သန့်သန့် လွန်ကဲပုံကို ပြခြင်း
၈၁ အထည်ဝတ္ထုတွေမှထွက်သော မီးကလာပ်ကို ပြခြင်း
၈၂ ကောင်းကင် သုံးပါးကို ပြခြင်း
၈၃ မှောင်ရုပ် မီးကလာပ် လူရိပ်စသည်တို့အကြောင်း
၈၄ ငရဲကြီးရှစ်ထပ်မီး၏ ပူပြင်းပုံကို ပြခြင်း
၈၅ မဟာဘုတ်မည်ကြောင်းကို ဝိဂြိုဟ်ပြု ပြခြင်း
၈၆ နို့ရည်နှင့်ရောနှောလျက် အာကာသဓာတ်ကို ပြခြင်း
၈၇ ဟတ္ထကဗြဟ္မာကြီး၏ မြေကြီးထဲသို့ စိမ့်ယိုပုံကို ပြခြင်း
၈၈ ဗြဟ္မာရုပ်ကလာပ်၏ သိမ်မွေ့ သေးငယ်ပုံကို ပြခြင်း
၈၉ စုန်းနတ် စသည်တို့၏ လူထဲသို့ ပူးဝင်ပုံကို ပြခြင်း
၉ဝ စုန်း ခုနစ်မျိုးကို ပြခြင်း
၉၁ ရောင်ခြည်တော်ခြောက်သွယ် ပြေးလွှားပုံကို ပြခြင်း
၉၂ အာကာသဓာတ်ကို အကျဉ်းမှတ်သားရန်ကို ပြခြင်း
၉၃ ရုပ်ဓာတ်ငါးပါးတို့၏ ပြန့်နှံ့၍နေပုံကို ပြခြင်း
၉၄ ၎င်းရုပ်ဓာတ်ငါးပါး၌ ဝိပဿနာရှုပုံကို ပြခြင်း
၉၅ သုညတထင်၍ ထွက်ပြေးသော ပုဏ္ဏားကြီးဝတ္ထု
၉၆ အနုသာသနီဂါထာ ပါဌ်အနက်

အနိစ္စအားဖြင့် သုညတရှုပုံ

၉၇ ကမ္ဘာပျက်ပြီး၍ တဖန် တည်ထောင်၍လာပုံကို ပြခြင်း
၉၈ နတ်ဗြဟ္မာဘုံဘို့၏ တဖန် ဖြစ်ပေါ်၍လာပုံကို ပြခြင်း
၉၉ စကြဝဠာ ဖြစ်ပေါ် တည်ထောင်၍ လာပုံကို ပြခြင်း
၁ဝဝ တောင်စဉ်ခုနစ်ထပ်ကို ပြခြင်း
၁ဝ၁ ကျွန်းကြီးလေးကျွန်းတို့၏ ဖြစ်ပေါ်ပုံ သမုဒ္ဒရာအိုင်တို့၏ ပမာဏကို ပြခြင်း
၁၀၂ တောင်စဉ်သမုဒ္ဒရာတို့၏ ပမာဏကို ပြခြင်း
၁ဝ၃ အသူရာဘုံနှင့် ငရဲကြီး ရှစ်ထပ်တို့ ဖြစ်ပေါ် တည်ထောင်ပုံကို ပြခြင်း
၁ဝ၄ မြင့်မိုရ်တောင်၏ အခြင်းအရာကို ပြခြင်း
၁ဝ၅ သစ်ကြီးခုနစ်ပင်ကို ပြခြင်း
၁၀၆ တာဝတိံသာ နတ်ဘုံဖြစ်ပေါ်တည်ထောင်ပုံကို ပြခြင်း
၁၀၇ စတုမဟာရာဇ်နတ်ဘုံ ဖြစ်ပေါ်တည်ထောင်ပုံကို ပြခြင်း
၁ဝ၈ နေ,လ,နက္ခတ်တို့ ဖြစ်ပေါ်လာပုံကို ပြခြင်း
၁ဝ၉ ဘုံစဉ်တို့၏ အကွာအခြားပမာဏကို ပြခြင်း
၁၁ဝ သမုဒ္ဒရာထဲ၌ အသူရာပြည်တို့၌ အထူးထူးအထွေထွေ ဖြစ်ပေါ်ပုံကို ပြခြင်း
၁၁၁ ငရဲကြီးရှစ်ထပ်၌ အထူးထူးအထွေထွေ ဖြစ်ပေါ်ပုံကို ပြခြင်း
၁၁၂ ငရဲကြီးရှစ်ထပ်၌ ထောင်ကြီးရှစ်လုံးကို ပြခြင်း
၁၁၃ ဟိမဝန္တာတောတောင်တွေကို ပြခြင်း
၁၁၄ သူယောင်ပင်၏ အကြောင်းကို ပြခြင်း
၁၁၅ အိုင်ကြီး ခုနစ်အိုင်နှင့် အနဝတတ်အိုင်၏ အခြင်းအရာကို ပြခြင်း
၁၁၆ မြစ်ကြီးငါးစင်း ဖြစ်ပေါ်ပုံကို ပြခြင်း
၁၁၇ သစ်ပင် စသော ရုပ်ဓာတ်တွေ ဖြစ်ပုံကို ပြခြင်း
၁၁၈ ကမ္ဘာကို ဖန်ဆင်းသော လက်သည်ကို မေးမြန်း ရှာဖွေခြင်း
၁၁၉ ကမ္ဘာကို ဖန်ဆင်းသော လက်သည်ကို ထုတ်ပြခြင်း
၁၂ဝ ကမ္ဘာကို ဖန်ဆင်းပုံကို ပြခြင်း
၁၂၁ တိုင်ပင် ပြောဆိုကြပုံ
၁၂၂ ငရဲကို အလိုရှိသောသူကို ပြခြင်း
၁၂၃ သိဒ္ဓိဆယ်ပါးကို ပြခြင်း
၁၂၄ စကြဝဠာ၏ အတိုင်းအရှည် ပမာဏကို ပြခြင်း
၁၂၅ စကြဝဠာ၏ ယှဉ်တွဲ၍ နေပုံကို ပြခြင်း
၁၂၆ စကြဝ်ဠာ၏ လည်ပုံကို ပြခြင်း
၁၂၇ လောကန္တရိက် ငရဲဘုံကို ပြခြင်း
၁၂၈ လောကဓာတ် သုံးပါးကို ပြခြင်း
၁၂၉ ဘုရားပွင့်ရာ လောကဓာတ်ကို စီစစ်၍ ပြခြင်း
၁၃ဝ လောကဓာတ် တခုအတွင်း၌ ဘုရားနှစ်ဆူ မပွင့်ကြောင်း
၁၃၁ မဟာပထဝီမြေကြီး တိုးတက်ပုံကို ပြခြင်း
၁၃၂ သုညကမ္ဘာ အသုညကမ္ဘာတို့ကို ခွဲခြား၍ ပြခြင်း
၁၃၃ ပစ္စေကဗုဒ္ဓါတို့၏ ပွင့်ပုံကို ပြခြင်း
၁၃၄ မဟာလောကဓာတ်ကို ပြခြင်း
၁၃၅ အနန္တလောကဓာတ်ကို ပြခြင်း
၁၃၆ မဟာလောကဓာတ် တခုတခု၌ ဘုရားတဆူစီ ပွင့်ပုံ
၁၃၇ ကမ္ဘာဦးအခါ လူ့ပြည်၌ လူတို့ဖြစ်လာပုံကို ပြခြင်း
၁၃၈ ကမ္ဘာဦးလူတို့ ဖြစ်ပုံအခြင်းအရာကို ပြခြင်း
၁၃၉ ကမ္ဘာဦးက နေ, လ, နက္ခတ်တို့ ဖြစ်ပေါ်ပုံကို ပြခြင်း
၁၄ဝ မိန်းမ ယောက်ျား စတင်ဖြစ်ပေါ် လာပုံကို ပြခြင်း
၁၄၁ အဂါရိယ အနဂါရိယ လူ ၂-မျိုး ကွဲပြားကြောင်း
၁၄၂ သိုမှီး သိမ်းဆည်း၍ သလေးခင်းကို ခွဲဝေကြခြင်း
၁၄၃ ကမ္ဘာဦးက သမ္မတမင်းမြှောက်ပုံ အကြောင်း
၁၄၄ ကမ္ဘာဦးက ဗြာဟ္မဏလူမျိုးဖြစ်ပုံ အကြောင်း
၁၄၅ ကမ္ဘာဦးက အမျိုးလေးပါးဖြစ်ပေါ်ပုံ အကြောင်း
၁၄၆ လူအမျိုးမျိုး ကွဲပြား၍သွားပုံ အကြောင်း
၁၄၇ ဗဟ္မာလူမျိုးကွဲပြားဖြစ်ပေါ်လာပုံ အကြောင်း
၁၄၈ ဗဟ္မာသဒ္ဒါ၏ အနက်သဘောကို ပြခြင်း
၁၄၉ အပါယ်လေးဘုံ စဦးပဌမ ဖြစ်ပေါ်ပုံ အကြောင်း
၁၅ဝ လူတို့၏အသက်တမ်း ဆုတ်ယုတ်ပုံ အကြောင်း
၁၅၁ အန္တရကပ် တိုက်ပုံ အကြောင်း
၁၅၂ ဆယ်နှစ်တမ်းမှ တက်၍ လာပုံအကြောင်း
၁၅၃ ကပ်အပြားကို ခွဲ၍ပြခြင်း
၁၅၄ ကမ္ဘာပျက်မည့် အခါကာလကို ပြခြင်း
၁၅၅ ကမ္ဘာပျက်ပုံ အကြောင်းအရာ
၁၅၆ ကမ္ဘာပျက်ပုံ အခြင်းအရာ
၁၅၇ မိစ္ဆာဒိဋ္ဌိတို့ အပါယ်မှ ကမ္ဘာမပျက်မီ လွတ်ရကြောင်း
၁၅၈ သံဃဘေဒက ပုဂ္ဂိုလ်၏ ငရဲ၌ ခံရသောကပ်ကို ပြခြင်း
၁၅၉ ကမ္ဘာပျက်ပုံ အခြင်းအရာကို ပြခြင်း
၁၆ဝ အသင်္ချေယျကပ် မဟာကပ်တို့ကို ခွဲ၍ပြခြင်း
၁၆၁ ကမ္ဘာပျက်ပုံ ဟောပြသော သတ္တသူရိယသုတ်
၁၆၂ သင်္ခါရတို့ မမြဲပုံကိုပြသော ဝေပုလ္လသုတ်
၁၆၃ ဤကမ္ဘာ၌ ဘုရားလေးဆူတို့ ပွင့်ရာကာလကို ပြခြင်း
၁၆၄ အချိန်ကာလ နာရီတို့ကို စိတ်၍ပြခြင်း
၁၆၅ တကမ္ဘာတွင်းသင်္ခါရတို့၏ ပျက်စီးပုံ
၁၆၆ ရုပ်တို့၏ ဆက်လက်ဖြစ်ပုံကို ပြခြင်း
၁၆၇ အဇ္ဈတ္တစတုဇရုပ်တို့၏ သမူဟဖွဲ့စည်းပုံကို ပြခြင်း
၁၆၈ သတ္တဝါတို့၏အမိဝမ်း၌ မျှတပုံကိုပြခြင်း
၁၆၉ ရုပ်တို့၏ရှည်မြင့်စွာ မတည်ပုံကို ဥပမာဖြင့်ပြခြင်း
၁၇ဝ ရုပ်သက်တို့၏ တိုလျ လျင်မြန်မှုကိုပြခြင်း
၁၇၁ သတ္တဝါတို့၏ အမိဝမ်း၌ဖြစ်စဉ်ကို ပြခြင်း
၁၇၂ ကလလရေကြည်စသည်တို့၏ တည်ပုံကို ပြခြင်း
၁၇၃ ရုပ်တို့၏ဖြစ်ပျက်ပုံကို အာဟာရအားဖြင့် ရှုပုံကို ပြခြင်း
၁၇၄ ရုပ်တို့၏ဖြစ်ပျက်ပုံကို ဥတုအားဖြင့် ရှုပုံကို ပြခြင်း
၁၇၅ ရုပ်တို့၏ ဖြစ်ပျက်ပုံကို စိတ်အားဖြင့် ရှုပုံကို ပြခြင်း
၁၇၆ ရုပ်တို့၏ဖြစ်ပျက်ပုံကို ဣရိယာပထအားဖြင့် ရှုပုံကို ပြခြင်း
၁၇၇ ရုပ်အဆက် အပိုင်းပိုင်း ပြတ်ပုံကို ပြခြင်း
၁၇၈ အနိစ္စရှုမြင်၍ မဂ်ကိစ္စပြီးပုံကို ပြခြင်း
၁၇၉ အနိစ္စနယ ဝိပဿနာသုတ်

ဒုက္ခအားဖြင့် သုညတရှုပုံ

၁၈ဝ ရုပ်တရားတို့၏ ဇာတိဒုက္ခ စသည်ကို ပြခြင်း
၁၈၁ ဒုက္ခထင်မြင်၍ မဂ်ကိစ္စပြီးပုံကို ပြခြင်း
၁၈၂ ဒုက္ခနယ ဝိပဿနာသုတ်

အနတ္တအားဖြင့် သုညတရှုပုံ

၁၈၃ ကာယာဒိကိုယ် အတ္တကိုဝ် နှစ်မျိုးကို ခွဲ၍ပြခြင်း
၁၈၄ ကိုဝ်နှင့်ငါ အနက် သဘောတူကြောင်းကို ပြခြင်း
၁၈၅ အတ္တငါ မာနငါ နှစ်မျိုးကို ခွဲ၍ပြခြင်း
၁၈၆ အရိယာ ပုထုဇဉ်တို့ ငါပြောပုံကို ပြခြင်း
၁၈၇ သက္ကာယဒိဋ္ဌိ စွဲလမ်းပုံကို ပြခြင်း
၁၈၈ ဥစ္ဆေဒဒိဋ္ဌိကို ပြခြင်း
၁၈၉ ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုးကို ပြခြင်း
၁၉ဝ သဿတဒိဋ္ဌိကို ပြခြင်း
၁၉၁ ရုပ်နာမ်ကို သတ္တ အတ္တဟု စွဲယူကြောင်းကို ပြခြင်း
၁၉၂ အနတ္တပုဒ်ကို ဝိဂြိုဟ်ပြု၍ ပြခြင်း
၁၉၃ အနတ္တလက္ခဏာကို ပြခြင်း
၁၉၄ အနတ္တလက္ခဏာ ထင်မြင်၍ မဂ်ကိစ္စပြီးဆုံးပုံကို ပြခြင်း
၁၉၅ အနတ္တနယ ဝိပဿနာသုတ်

နာမကဏ္ဍ ဝိညာဏဓာတ်အကြောင်း

၁၉၆ ဝိညာဏ်ကို ဝိဂြိုဟ်ဖြင့် ပြခြင်း
၁၉၇ ဝိညာဏဓာတ်၏ သဘောလက္ခဏာကို ပြခြင်း
၁၉၈ စေတသိက်တို့ကို ပြခြင်း
၁၉၉ စိတ်စေတသိက်ကို ပတ္တမြားလုံးဖြင့် ဥပမာပြခြင်း
၂၀ဝ ထိုစိတ် စေတသိက်တို့၏ ကျေးဇူးပြုပုံကို ပြခြင်း
၂၀၁ အချို့သော စေတသိက်တို့ ပြတ်သွားပုံကို ပြခြင်း
၂၀၂ စိတ်ဓာတ်၏ ကုသိုလ် အကုသိုလ် မဟုတ်ပုံကို ပြခြင်း
၂၀၃ စိတ်ဓာတ်၏ ရှေ့သွားဖြစ်ပုံကို ပြခြင်း
၂၀၄ စိတ်ယဉ်ကျေးက အကျိုးများကြောင်းကို ပြခြင်း
၂၀၅ စိတ်ဓာတ်၏အိမ်ကို ဖန်ဆင်းပုံကို ပြခြင်း
၂၀၆ စိတ်ဓာတ်ကလေး၏ မှီနေရာဌာနကို ပြခြင်း
၂၀၇ စိတ်ဓာတ်ကလေး၏ ဤကိုယ်ထဲ၌ ဖြစ်နေပုံကို ပြခြင်း
၂ဝ၈ ရှေးဘဝစုတိစိတ် ကျပုံကို ပြခြင်း
၂၀၉ စုတိနောင် စိတ်ဖြစ်ပုံကို ပြခြင်း
၂၁ဝ စက္ခုဒွါရဝီထိကျပုံကို ပြခြင်း
၂၁၁ ကြွင်းသော ဒွါရ ငါးပါးတို့၌ ဝီထိကျပုံကို ပြခြင်း.
၂၁၂ စိတ်ဓာတ်ကလေး၏ အစဉ်သန္တတိကို ပြခြင်း
၂၁၃ စိတ်ဓာတ်ကလေးအား ကံသင်္ခါရတို့ ကျေးဇူးပြုပုံကို ပြခြင်း
၂၁၄ စိတ်ဓာတ်၏ ကျင်လည်ပြေးသွား၍ နေပုံကို ပြခြင်း

အနိစ္စအားဖြင့် သုညတရှုပုံ

၂၁၅ နာမ်တရားတို့ ကျေးဇူးပြုကြပုံကို ပြခြင်း
၂၁၆ စိတ်ဖြစ်ပျက်မှုကို အဘိဓမ္မာနည်းရှုပုံကို ပြခြင်း
၂၁၇ စိတ်ဓာတ်ကလေး၏ ဖြစ်ပျက်မှု လျင်မြန်ပုံကို ပြခြင်း
၂၁၈ စိတ်တခုတည်းက ခြောက်ပါးပိုင်းဖြတ်ပုံကို ပြခြင်း
၂၁၉ စက္ခုအကြည်ကို ပြခြင်း
၂၂ဝ စက္ခုအကြည်၌ အာရုံထင်ပုံကို ပြခြင်း
၂၂၁ သမ္ပတ္တ အသမ္ပတ္တ ရွေးချယ်စီစစ်၍ ပြခြင်း
၂၂၂ စက္ခုဝိညာဏ်၏ ဖြစ်ပုံ ပျက်စီးပုံတို့ကို ပြခြင်း
၂၂၃ သောတအကြည် သောတဝိညာဏ်တို့ကို ပြခြင်း
၂၂၄ ဃာနအကြည် ဃာနဝိညာဏ်တို့ကို ပြခြင်း
၂၂၅ ဇိဝှါအကြည် ဇိဝှါဝိညာဏ်တို့ကို ပြခြင်း
၂၂၆ ကာယအကြည် ကာယဝိညာဏ်တို့ကို ပြခြင်း
၂၂၇ ပဉ္စဝိညာဏ်ငါးပါးတို့ကို ပြခြင်း
၂၂၈ မနောအကြည် မနောဝိညာဏ်တို့ကို ပြခြင်း
၂၂၉ ဝိညာဏ်ခြောက်ပါးကိုရှု၍ ကိစ္စပြီးသွားပုံကို ပြခြင်း

ဒုက္ခအားဖြင့် သုညတရှုပုံ

၂၃ဝ ဝိညာဏဓာတ်၏ ဇာတိဒုက္ခစသည်ကို ပြခြင်း
၂၃၁ ဝိညာဏ်ကို ဒုက္ခထင်၍ ကိစ္စပြီးသွားပုံကို ပြခြင်း

အနတ္တအားဖြင့် သုညတရှုပုံ

၂၃၂ ဝိညာဏဓာတ်၏ အနတ္တဖြစ်ပုံကို ပြခြင်း
၂၃၃ ဝိညာဏ်ကို အနတ္တထင်၍ ကိစ္စပြီးသွားပုံကို ပြခြင်း
၂၃၄ ဝိပဿနာနည်း အမျိုးမျိုးကို ပေါင်း၍ ပြခြင်း
၂၃၅ ဝိပဿနာထင်မြင်သောအခါ ဝိပဿနာ၏ ညစ်နွမ်းကြောင်း တရားတို့ ဖြစ်ပေါ်လာပုံကို ပြခြင်း
၂၃၆ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကို ပြခြင်း
၂၃၇ အာရဒ္ဓဝိပဿကပုဂ္ဂိုလ်၏ နိဗ္ဗိန္ဒဖြစ်ပုံကို ပြခြင်း
၂၃၈ ထိုအာရဒ္ဓပုဂ္ဂိုလ်၏ ဝိရတ္တ ဝိမုတ္တဖြစ်ပုံကို ပြခြင်း
၂၃၉ ပရိညာသုံးပါးကို ပြခြင်း

၆-နိဗ္ဗာနပဝေသနပိုင်း

၂၄ဝ မဂ်ဝီထိကျပုံကို ပြခြင်း
၂၄၁ သောတာပတ္တိမဂ်ဖိုလ်၏ အစွမ်းကြီးမားပုံကို ပြခြင်း
၂၄၂ ကိလေသာတို့ ကင်းချုပ် ကုန်ခန်းပုံကို ပြခြင်း
၂၄၃ ဖြောင့်မှန် ကောင်းမြတ်သော နိဗ္ဗာန်တရားကိုယ်ကို လက်ညှိုးထောက်၍ ပြခြင်း
၂၄၄ မဂ်စိတ်ဖိုလ်စိတ်တို့ နိဗ္ဗာန်ကို တွယ်ပုံကို ပြခြင်း
၂၄၅ နိဗ္ဗာန်တရားမြတ်၏ ချမ်းသာပုံကို ပြခြင်း
၂၄၆ နိဗ္ဗာန်ကို သုတ်အမျိုးမျိုးနှင့် နှီးနှော၍ ပြခြင်း
၂၄၇ အရိယာပုဂ္ဂိုလ်တို့ ဖလသမာပတ် ဝင်စားပုံကို ပြခြင်း
၂၄၈ ရဟန္တာပုဂ္ဂိုလ်တို့ နိဗ္ဗာန်စံဝင်ပုံကို ပြခြင်း
၂၄၉ အရိယာပုဂ္ဂိုလ်တို့ အသီး အသီး နိဗ္ဗာန်မြင်ပုံကို ပြခြင်း
၂၅ဝ သဥပါဒိသေသ အနုပါဒိသေသ နှစ်ပါးကို ပြခြင်း
၂၅၁ အနုပါဒိသေသနိဗ္ဗာန်၏ ချမ်းသာပုံကို ပြခြင်း
၂၅၂ နိဗ္ဗာန်စံပုဂ္ဂိုလ်တို့ ဖြစ်မဖြစ်ကို မေးမြန်း ဖြေကြားခြင်း
၂၅၃ နိဗ္ဗာန်စံပုဂ္ဂိုလ်ကို မာရ်မင်း ရှာမတွေ့ကြောင်း
၂၅၄ အရှင်ဂေါဓိက၏ ဝတ္ထု
၂၅၅ အာမခံသုတ်

၇-အာဒါသဝိဓာနပိုင်း

၂၅၆ သမထလေးဆယ်ကို အကျဉ်းသရုပ် ထုတ်ပြခြင်း
၂၅၇ ပထဝီကသိုဏ်း ကြည့်ရှုပွားများပုံကို ပြခြင်း
၂၅၈ အပ္ပနာဈာန် ပေါ်ပုံကို ပြခြင်း
၂၅၉ ဝသီဘော် ငါးပါး
၂၆ဝ အာပေါကသိုဏ်း စသည်တို့ကို ပွားများပုံကို ပြခြင်း
၂၆၁ အသုဘကမ္မဋ္ဌာန်း ကြည့်ရှု ပွားများပုံကို ပြခြင်း
၂၆၂ အနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်း ပွားများပုံကို ပြခြင်း
၂၆၃ အာနာပါနဿတိပွားများ အားထုတ်ပုံကို ပြခြင်း
၂၆၄ ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း စီးဖြန်း ပွားများပုံကို ပြခြင်း
၂၆၅ အာရုပ္ပကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို ပြခြင်း
၂၆၆ ဈာန်သမာပတ် နိရောဓသမာပတ် ဝင်စားပုံကို ပြခြင်း
၂၆၇ အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်း ပွားများပုံကို ပြခြင်း
၂၆၈ သဗ္ဗလောကေ အနဘိရတိသညာ ပွားများပုံကို ပြခြင်း
၂၆၉ အဘိညာဉ်ပေါ်အောင် ဈာန်ကစားပုံကို ပြခြင်း
၂၇ဝ အဘိညာဉ်ငါးပါးကို ပြခြင်း
၂၇၁ မှန်ပြောင်းတပ်၍ နိဗ္ဗာန်ကို ကြည့်ရှုပုံ အာဒါသ ဝိဓာနပိုင်း

၈-ပဓာန ဝိဓာနပိုင်း

၂၇၂ ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ပုံကို ပြခြင်း

၉-သိဿာနုသာသနီပိုင်း

၂၇၃ တိုက်တွန်းဆုံးမသော အနုသာသနီကို ပြခြင်း
၂၇၄ ကျမ်း၏ နိဂုံးကို ပြခြင်း

မာတိကာ ပြီး၏။

ပဏ္ဍိတဝေဒနိယဒီပနီကျမ်း
▬▬▬ஜ۩۞۩ஜ▬▬▬

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏာမနှင့် ပဋိညာဉ်

နမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘဝ။

ဝီရ၊ ကြီးမြတ် ရဲရင့်သော လုံ့လဝီရိယ ရှိတော်မူသော။
ဗုဒ္ဓ၊ မြတ်စွာဘုရား။
တေ၊ အရှင်ဘုရားအား။
မေ၊ အကျွန်ုပ်၏။
နမော၊ ရှိခိုးခြင်းသည်။
အတ္ထု၊ ဖြစ်စေသတည်း။
ဝီရ၊ ကြီးမြတ် ရဲရင့်သော လုံ့လဝီရိယ ရှိတော်မူသော။
ဗုဒ္ဓ၊ မြတ်စွာဘုရား။
တွံ၊ အရှင်ဘုရားသည်။
သဗ္ဗဓိ၊ ခပ်သိမ်းသော ဘေးရန်ဒုက္ခ ဟူသမျှတို့မှ။
ဝိပ္ပမုတ္တော၊ ချမ်းမြေ့ကြည်ဖြူ လွတ်တော်မူသည်။
အသိ၊ ဖြစ်လတ်ပြီ။
အဟံ၊ အကျွန်ုပ်မူကား။
သမ္ဗာဓပ္ပဋိပန္နော၊ ကျဉ်းမြောင်းစွာလှ ဘေးဒုက္ခသို့ ကျရောက်၍နေသည်။
အသ္မိ၊ ဖြစ်ချေ၏။
ဝီရ၊ ကြီးမြတ်ရဲရင့်သော လုံ့လဝီရိယ ရှိတော်မူသော။
ဗုဒ္ဓ၊ မြတ်စွာဘုရား။
တဿ မေ၊ ထိုအကျွန်ုပ်၏။
သရဏံ၊ ဘေးရန်ကင်းကွာ ချမ်းသာပွားကြောင်း ပုန်းအောင်း ကိုးကွယ်ရာသည်။
ဘဝ၊ ဖြစ်တော်မူပါဘုရား။

တိလောကာဓိပတိံ ဗုဒ္ဓံ၊ တိလောကဿ ဟိတေသိနံ။
သာဓု သံသိယ သာဝိဿံ၊ သာဓူနံ သာဓုသာဒိနံ။

အဟံ၊ သေက္ချတောင်ဆရာ ငါသည်။
တိလောကာဓိပတိံ၊ တိလောက၏ အကြီးအမှူး အရှင်သခင်ဖြစ်တော်မူသော။
ဝါ၊ ကာမ ရူပ အရူပ တည်းဟူသော သုံးပါးသော လောက၏ အကြီးအမှူး အရှင်သခင် ဖြစ်တော်မူသော။
တိလောကဿ၊ တိလောက၏။
ဝါ၊ ကာမ ရူပ အရူပ တည်းဟူသော သုံးပါးသော လောက၏။
ဟိတေသိနံ၊ ချမ်းသာစီးပွားကို လိုလားရှာမှီးလေ့ရှိတော်မူထသော။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
သံသိယ၊ တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်တော်မူပါ ဘုရားဟု လျှောက်ကြားပြီး၍။
သာဓုအဿာဒီနံ၊ အကောင်းဆုံးကို နှစ်လို တောင့်တ သာယာကြကုန်သော။
သာဓူနံ၊ တပည့်အပေါင်း သူတော်ကောင်းတို့အား။
သာဓု၊ အကောင်းဆုံးကို။
သာဝိဿံ၊ ဟောကြားပေအံ့။

ဤနှစ်ဂါထာ၌ လိုရင်း အဓိပ္ပါယ်ကား-

မြတ်စွာဘုရားကို ရှိခိုးလျှောက်ကြားပြီး၍ အကောင်းဆုံးကို အလိုရှိကြကုန်သော အရညဝါသီ ယောဂီ ဦးဣန္ဒက, ဦးနန္ဒမာလာ, ဦးပညာ, ဦးနန္ဒ, ဦးသုန္ဒရ အစရှိသော တပည့်အပေါင်း သူတော်ကောင်း တို့အား အကောင်းဆုံးကို ဟောကြားတော်မူအံ့-ဟူလို။

ဣတိ ပဏာမပဋိညာပဗ္ဗံ။

ပဏာမပဋိညာပဗ္ဗံ၊ ပဏာမ ပဋိညာဉ်ပိုင်းသည်။
ဣတိ၊ ဤတွင်ပြီးပြီ။

၁-သာဓုသာဝိနီပိုင်း

▬▬▬▬▬▬▬

တပည့်တို့ - အကောင်းဆုံးကို ဟောကြားပေအံ့ ဟူသော ပဋိညာဉ်အတိုင်း ငါဆရာသည် သင်တပည့်တို့အား အကောင်းဆုံးကို ဟောကြားမည်၊ ကောင်းမွန်စွာ နာကြကုန်လော့၊ အနက် အဓိပ္ပါယ်ကို ထိုးထွင်း သိမြင်အောင် ကောင်းစွာ နှလုံး သွင်းကြကုန်လော့၊ ဟောကြားတော့အံ့။

သာဓုသာဝိနီသုတ်

သာဓုံ ဝေါ သာဓဝေ ဒေသိဿာမိ။ တံသုဏာထ၊ သာဓုကံ မနသိ ကရောထ ဘာသိဿာမိ။ ကတမဉ္ဇ သာဓဝေ သာဓု၊ နိဗ္ဗာနပတ္တော သာဓဝေ သာဓု၊ နိဗ္ဗာနပတ္တော သာဓူတိ။ နိဗ္ဗာနပတ္တော သာဓဝေ သာဓူတိ ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ။ တသ္မိံ ဟိ ပတ္တေ သော ပုဂ္ဂလော န ဇာတော၊ န ဗျာဓိတော၊ န ဇဇ္ဇရိတော၊ န မတော၊ န သောစိတော၊ န ပရိဒေဝိတော၊ န ဒုက္ခိတော၊ န ဒေါမနဿိတော၊ န ဥပါယာသိတော တိ။ နိဗ္ဗာနပတ္တော သာဓဝေ သာဓူတိ ဣတိ ယန္တံ ဝုတ္တံ။ ဣဒမေတံ ပဋိစ္စ ဝုတ္တန္တိ။

သေက္ချဘာသိတ သာဓုသာဝိနီသုတ်ပါဌ်။

သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
အဟံ၊ ငါသည်။
ဝေါ၊ သင် တပည့်တို့အား။
သာဓု၊ အကောင်းဆုံးကို။
ဒေသိဿာမိ၊ ဟောကြားမည်။
တံ၊ ထို ငါဟောကြားလတ္တံ့သော စကားကို။
သုဏာထ၊ နာကြကုန်လော့။
သာဓုကံ၊ ကောင်းမွန်စွာ။
မနသိ ကရောထ၊ အနက်သဘာဝကို ထိုးထွင်းသိမြင်အောင် နှလုံးသွင်းကြကုန်လော့။
ဘာသိဿာမိ၊ ဟောကြားတော့အံ့။
သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
ကတမဉ္ဇ၊ အဘယ်သည်လျှင်။
သာဓု၊ အကောင်းဆုံးနည်း။
သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
နိဗ္ဗာနပတ္တော၊ နိဗ္ဗာန်သို့ ရောက်ရခြင်းသည်။
သာဓု၊ အကောင်းဆုံးတည်း။
နိဗ္ဗာနပတ္တော၊ နိဗ္ဗာန်သို့ ရောက်ရခြင်းသည်။
သာဓု၊ အကောင်းဆုံးတည်း။
နိဗ္ဗာနပတ္တော သာဓဝေ သာဓူတိ၊ နိဗ္ဗာနပတ္တော သာဓဝေ သာဓု ဟူ၍။
ဣတိဧတံဝစနံ၊ ဤစကားကို။
ခေါပန၊ စင်စစ်လျှင်။
မယာ၊ ငါသည်။
ဝုတ္တံ၊ မိန့်အပ်၏။
ကိဉ္စ၊ အဘယ်အကြောင်းကိုလျှင်။
ပဋိစ္စ၊ စွဲ၍။ ရည်ရော်၍။
ဧတံ၊ ထိုစကားကို။
ဝုတ္တံ၊ မိန့်အပ်လေသနည်း။
ဟိ၊ မိန့်အပ်ခြင်း၏အကြောင်းကို ပြဆိုအံ့။
တသ္မိံ၊ ထိုနိဗ္ဗာန်သို့။
ပတ္တေ၊ ရောက်သည်ရှိသော်။
သော ပုဂ္ဂလော၊ ထိုရောက်သောပုဂ္ဂိုလ်သည်။
န ဇာတော၊ ပဋိသန္ဓေ မနေရပြီ။
န ဗျာဓိတော၊ မဖျားနာရပြီ။
နဇဇ္ဇရိတော၊ မအို မဆွေးရပြီ။
န မတော၊ မသေရပြီ။
န သောစိတော၊ မစိုးရိမ်ရပြီ။
န ပရိဒေဝိတော၊ မငိုကြွေး မမြည်တမ်းရပြီ။
န ဒုက္ခိတော၊ မဆင်းရဲရပြီ။
န ဒေါမနဿိတော၊ နှလုံးမသာခြင်း မဖြစ်ရပြီ။
န ဥပါယာသိတော၊ သက်ကြီးရှိုက်တငင် မပင်ပန်းရပြီ။
နိဗ္ဗာနပတ္တော သာဓဝေ သာဓူတိ၊ နိဗ္ဗာနပတ္တော သာဓဝေ သာဓု ဟူ၍။
ဣတိယန္တံ ဝစနံ၊ အကြင်စကားကို။
မယာ၊ ငါသည်။
ဝုတ္တံ၊ မိန့်အပ်၏။
ဧတံ၊ ထိုစကားကို။
ဣဒံ၊ ဤပဋိသန္ဓေ မနေရခြင်း, မဖျားမနာရခြင်း, မအိုမဆွေးရခြင်း အစရှိသော အကျိုးထူး အာနိသင် ကိုလျှင်။
ပဋိစ္စ၊ စွဲ၍။ ရည်ရော်၍။
ဝုတ္တံ၊ မိန့်မြွက် ဟောကြားအပ်ပေ၏။
ဣတိ၊ ဤတွင် သာဓုသာဝိနီသုတ် ပြီး၏။

သာဓုသာဝိနီသုတ် အနက်ပြီး၏။

သာဓုသာဝိနီသုတ် ဝိဂြိုဟ်ကိုပြခြင်း

သေက္ချဘာသိတ သာဓုသာဝိနီသုတ် ဟူရာ၌ “သာဓုံ ဝေါ သာဓေ၀ ဒေသိဿာမိ” အစရှိသော စကားအစဉ်သည် သုဝုတ္တသဝန အစရှိသော ငါးပါးသော အနက် ဂုဏ်ထူး ဝိသေသတို့နှင့် ပြည့်စုံခြင်းကြောင့်။ သုတ္တံ၊ သုတ်မည်၏။

သာဓုံ သာဝေတိ ဧတ္ထ ဧတေနာတိ ဝါ သာဓုသာဝိနီ”။

ဧတ္ထ၊ ဤသုတ်၌။
ဝါ၊ တနည်းကား။
ဧတေန၊ ဤသုတ်ဖြင့်။
သာဓု၊ အကောင်းဆုံးကို။
သာဝေတိ၊ ဟောကြားတတ်၏။
ဣတိတသ္မာ၊ ထိုသို့ အကောင်းဆုံးကို ဟောရာ ဟောကြောင်းဖြစ်သော သတ္တိကြောင့်။
တံ၊ ထိုသုတ်သည်။
သာဓုသာဝိနီ၊ သာဓုသာဝိနီ မည်၏။

သက္ချေန သေက္ချဘဂေန သေက္ချထေရေန သေက္ချာစရိယေန ဘာသိတံ သာဓုသာဝိနီသုတ္တံ သေက္ချဘာသိတသာဓုသာဝိနီသုတ္တံ။

သက္ချေန သေက္ချဘဂေန၊ သေက္ချတောင် ဘုန်းကြီးသည်။
သေက္ချထေရေန၊ သေက္ချတောင် ထေရ်သည်။
သေက္ချာစရိယေန၊ သေက္ချတောင် ဆရာသည်။
ဘာသိတံ၊ ဟောအပ်သော။
သာဓုသာဝိနီသုတ္တံ၊ သာဓုသာဝိနီသုတ်တည်း။
သေက္ချဘာသိတသာဓုသာဝိနီသုတ္တံ၊ သေက္ချတောင်ဘုန်းကြီး သေက္ချတောင်ထေရ်, သေက္ချတောင် ဆရာသည် ဟောအပ်သော သာဓုသာဝိနီသုတ်။

နောက်၌ သေက္ချဘာသိတဟု ရှိသမျှပုဒ်တို့၏ အနက်ကို ဤနည်းတူချည်းမှတ်။

ကျမ်း၏အမည်ကိုပြခြင်း

၁။ ဤကျမ်း တကျမ်းလုံးသည်လည်း အကောင်းဆုံးကို ဟောကြားရာ ဟောကြားကြောင်း ဖြစ်ခြင်းကြောင့် သာဓုသာဝိနီကျမ်း မည်၏။

၂။ အလွန်တရာ မြင်နိုင်ခဲသော တရားတို့ကို ဟောပြရာ ဟောပြကြောင်း ဖြစ်ခြင်းကြောင့် သုဒုဒ္ဒသပကာသနီကျမ်းလည်း မည်၏။

၃။ ပညာဉာဏ်မရှိ အကြံသာရှိသော တက္ကီပုဂ္ဂိုလ်တို့သည် သက်ဝင် ကျက်စားခြင်းငှါ မစွမ်းနိုင်ကောင်းသော တရားတို့ကို ဟောပြရာ ဟောပြကြောင်း ဖြစ်ခြင်းကြောင့် အတက္ကာဝစရဒီပနီ ကျမ်းလည်း မည်၏။

၄။ ပညာရှိ ပုဂ္ဂိုလ်တို့မှသာလျှင် သိအပ် ခံစားအပ်သော တရားတို့ကို ဟောပြရာ ဟောပြကြောင်း ဖြစ်ခြင်းကြောင့် ပဏ္ဍိတဝေဒနိယဒီပနီကျမ်း လည်း မည်၏။

၅။ သံသရာ ဘေးရောက်၍ ကြောက်ရွံ့ထိတ်လန့်သော သံသာရ ဘီရုပုဂ္ဂိုလ်တို့ကို ထိုသံသရာဘေးမှ ကင်းဝေး လွတ်မြောက်အောင် ကယ်မ, စောင့်ရှောက်တတ်သော တရားတို့ကို ဟောပြရာ ဟောပြကြောင်း ဖြစ်ခြင်းကြောင့် ဘီရုတ္တာဏပကာသနီ ကျမ်းလည်း မည်၏။

တပည့်တို့ - ဤကဲ့သို့ ကျမ်းအမည် ဝိဂြိုဟ်ဝစနတ်နှင့်တကွ ဤသာဓုသာဝိနီ သုတ်တို့ကို ကောင်းမွန် သေချာစွာ မှတ်သား ကျက်ဆောင်ကြကုန်လော့။ အနက် အဓိပ္ပါယ် သဘာဝတ္ထကို ထိုးထွင်း သိမြင်အောင် ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊

ဣတိ သာဓုသာဝိနီပဗ္ဗံ။

သာဓုသာဝိနီပဗ္ဗံ၊ အကောင်းဆုံးကို ဟောကြားသော သာဓုသာဝိနီ ပိုင်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

သာဓုသာဝိနီပိုင်း ပြီး၏။

၂ - နိဗ္ဗာနကိတ္တနပိုင်း

▬▬▬▬▬▬▬

တပည့်တို့ - နိဗ္ဗာန်သို့ ရောက်ရခြင်းသည် အကောင်းဆုံးဖြစ်၍ နိဗ္ဗာန်ကို၎င်း၊ ထိုနိဗ္ဗာန်သို့ ရောက်အောင်သွားရန် နည်းလမ်းကို၎င်း၊ ငါဆရာ ဟောကြားမည်။ သင်တပည့်တို့သည် နာကြ ကုန်လော့။ အနက် အဓိပ္ပါယ် သဘာဝတ္ထကို ထိုးထွင်း သိမြင်အောင် ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ ဟောကြားတော့အံ့။

နိဗ္ဗာနကိတ္တနသုတ်

၁။ သုဏာထ သာဓဝေါ သဗ္ဗေ၊ ယာဝန္တေတ္ထ သမာဂတာ။
နိဗ္ဗာနံ ဒေသယိဿာမိ၊ သစ္စံ ပဏ္ဍိတဝေဒိတံ။

၂။ အတ္ထိ ခေါ သာဓဝေ ပါရံ၊ နိဗ္ဗာနံ ဗုဒ္ဓဒေသိတံ။
အသောကံ သီတလံ သန္တံ၊ ယတ္ထ ရာဂေါ နိရုဇ္ဈတိ။

၃။ အတ္ထိ ခေါ သာဓဝေ ပါရံ၊ နိဗ္ဗာနံ ဗုဒ္ဓဒေသိတံ။
အသောကံ သီတလံ သန္တံ၊ ယတ္ထ ဒေါသော နိရုဇ္ဈတိ။

၄။ အတ္ထိ ခေါ သာဓဝေ ပါရံ၊ နိဗ္ဗာနံ ဗုဒ္ဓဒေသိတံ။
အသောကံ သီတလံ သန္တံ၊ ယတ္ထ မောဟော နိရုဇ္ဈတိ။

၅။ အတ္ထိ ခေါ သာဓဝေ ပါရံ၊ နိဗ္ဗာနံ ဗုဒ္ဓဒေသိတံ။
အသောကံ သီတလံ သန္တံ၊ ယတ္ထ ဒုက္ခံ နိရုဇ္ဈတိ။

သေက္ချဘာသိတနိဗ္ဗာနကိတ္တနသုတ်ပါဌ်။

၁။ သာဓဝေါ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
ဧတ္ထ၊ ဤ ကျိုက်ထိုနဂရ သေက္ချတောင်ယံ ဆရာ့ထံသို့။
ယာဝန္တာ၊ အကြင်မျှလောက်။
သမာဂတာ၊ ညီညွတ် ကောင်းမွန်စွာ လာရောက်ကြကုန်သော။
သဗ္ဗေ၊ အလုံးစုံကုန်သော။
တုမှေ၊ သင် တပည့်တို့သည်။
သုဏာထ၊ နာကြကုန်လော့။
အဟံ၊ ငါသည်။
ဝေါ၊ သင်တပည့်တို့အား။
ပဏ္ဍိတဝေဒိတံ၊ ပညာရှိပုဂ္ဂိုလ်တို့မှသာလျှင် သိအပ် သိထိုက် ခံစားအပ် ခံစား ထိုက်သော။
သစ္စံ၊ မမှားမယွင်း ထင်လင်း သေချာ မှန်ကန်စွာသော။
နိဗ္ဗာနံ၊ ရောက်အောင်သွားရန် နည်းလမ်းနှင့်တကွ နိဗ္ဗာန်တရားမြတ်ကို။
ဒေသယိဿာမိ၊ ဟောကြားပေအံ့။

၂။ သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
ယတ္ထ၊ အကြင် နိဗ္ဗာန် တရားမြတ်၌။
ရာဂေါ၊ ရာဂသည်။
နိရုဇ္ဈတိ၊ ကင်းချုပ်၏။
ဗုဒ္ဓဒေသိတံ၊ သဗ္ဗညုဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
ပါရံ၊ ဩဃလေးဖြာ အဏ္ဏဝါ၏ ဟိုမှာဘက်ကမ်းလည်း ဖြစ်ထသော။
အသောကံ၊ ကြောင့်ကြ စိုးရိမ်ခြင်း ကင်းရာဖြစ်သော။
သီတလံ၊ အေးချမ်းခြင်း သဘော ဖြစ်သော။
သန္တံ၊ ငြိမ်းချမ်းခြင်း သဘောဖြစ်သော။
တံ နိဗ္ဗာနံ၊ ထိုရာဂ၏ ကင်းချုပ်ရာ နိဗ္ဗာန်တရားမြတ်သည်။
အတ္ထိ ခေါ၊ အသင်္ခတ ပရမတ္ထ အဖြစ်ဖြင့် ထင်ရှားဧကန် ရှိသည်သာလျှင်တည်း။

၃။ သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
ယတ္ထ၊ အကြင် နိဗ္ဗာန် တရားမြတ်၌။
ဒေါသော၊ ဒေါသသည်။
နိရုဇ္ဈတိ၊ ကင်းချုပ်၏။
ဗုဒ္ဓဒေသိတံ၊ သဗ္ဗညုဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
ပါရံ၊ ဩဃ လေးသွယ် ရေပင်လယ်၏ ဟိုမှာဘက်ကမ်းလည်း ဖြစ်ထသော။
အသောကံ၊ ပူပန်စိုးရိမ်ခြင်း ကင်းရာဖြစ်သော။
သီတလံ၊ အေးချမ်းခြင်း သဘောဖြစ်သော။
သန္တံ၊ ငြိမ်းချမ်းခြင်း သဘောဖြစ်သော။
တံ နိဗ္ဗာနံ၊ ထိုဒေါသ၏ ကင်းချုပ်ရာ နိဗ္ဗာန်တရားမြတ်သည်။
အတ္ထိ ခေါ၊ အသင်္ခတ ပရမတ္ထအဖြစ်ဖြင့် ထင်ရှားဧကန် ရှိသည်သာလျှင်တည်း။

၄။ သာဓဝေ၊ အို- တပည့်အပေါင်း သူတော်ကောင်းတို့။
ယတ္ထ၊ အကြင် နိဗ္ဗာန် တရားမြတ်၌။
မောဟော၊ မောဟသည်။
နိရုဇ္ဈတိ၊ ကင်းချုပ်၏။
ဗုဒ္ဓဒေသိတံ၊ သဗ္ဗညုဘုရားရှင်သည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
ပါရံ၊ ဩဃလေးသွယ် ရေပြင်ကျယ်၏ ဟိုမှာဘက်ကမ်းလည်း ဖြစ်ထသော။
အသောကံ၊ ပူပန်သောက ကြောင့်ကြစိုးရိမ်ခြင်း ကင်းရာဖြစ်သော။
သီတလံ၊ အေးချမ်းခြင်း သဘောဖြစ်သော။
သန္တံ၊ ၊ ငြိမ်းချမ်းခြင်း သဘောဖြစ်သော။
တံ နိဗ္ဗာနံ၊ ထိုမောဟ၏ ကင်းချုပ်ရာ နိဗ္ဗာန်တရားမြတ်သည်။
အတ္ထိခေါ၊ အသင်္ခတ ပရမတ္ထအားဖြင့် ထင်ရှားဧကန် ရှိသည်သာလျှင်တည်း။

၅။ သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
ယတ္ထ၊ အကြင် နိဗ္ဗာန် တရားမြတ်၌။
ဒုက္ခ၊ ဆင်းရဲဒုက္ခ ဟူသမျှသည်။
နိရုဇ္ဈတိ၊ ကင်းချုပ်၏။
ဗုဒ္ဓဒေသိတံ၊ သဗ္ဗညုဘုရားရှင်သည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
ပါရံ၊ ဩဃလေးဖြာ အဏ္ဏဝါ၏ ဟိုမှာဘက်ကမ်းလည်း ဖြစ်ထသော။
အသောကံ၊ ပူပန်သောက ကြောင့်ကြစိုးရိမ်ခြင်း ကင်းရာဖြစ်သော။
သီတလံ၊ အေးချမ်းခြင်း သဘောဖြစ်သော။
သန္တံ၊ ငြိမ်းချမ်းခြင်း သဘောဖြစ်သော။
တံ နိဗ္ဗာနံ၊ ထိုဒုက္ခအပေါင်း၏ ကင်းချုပ်ရာ နိဗ္ဗာန်တရားမြတ်သည်။
အတ္ထိ ခေါ၊ အသင်္ခတ ပရမတ္ထအဖြစ်ဖြင့် ထင်ရှားဧကန် ရှိသည်သာလျှင်တည်း။
ဣတိ၊ ဤတွင် နိဗ္ဗာနကိတ္တနသုတ်ပြီး၏။

နိဗ္ဗာနကိတ္တနသုတ် အနက်ပြီး၏။

တပည့်တို့ - ဤ နိဗ္ဗာနကိတ္တနသုတ်ကိုလည်း လေးမြတ်ကြည်ညို ရိုသေ ကောင်းမွန်စွာ နာယူ ကျက်ဆောင်၍ အနက်အဓိပ္ပါယ်ကို ထိုးထွင်းသိမြင်အောင် ကောင်းစွာ နှလုံးသွင်းကြကုန်လော့။

နိဗ္ဗာန်ကို ဥပမာဖြင့်ပြခြင်း

၁။ တပည့်တို့ - ဥပမာဆိုသော် ဤသန္တိသဘော, သီတိသဘောဖြစ်သော ရာဂ ဒေါသ မောဟ အလုံးစုံသော ဒုက္ခတို့၏ ကင်းချုပ်ရာအမှန် နိဗ္ဗာန်တရားမြတ် သည်ကား ဟိမဝန္တာတော အနောတတ် ရေအိုင်ကြီးနှင့်လည်း တူ၏။

၂။ အဟုန် ပြင်းထန်စွာ စီးဆင်း၍လာသော တောင်ကျချောင်း ယမား ပြင်ကျယ်ကြီး၏ ဘေးရန် ကင်းသဖြင့် ခေမာမည်သော ဟိုဘက်ကမ်းကြီး နှင့်လည်း တူ၏။

၃။ တာဝတိံသာ သိကြားနတ်အပေါင်းတို့၏ နေရာ အယုဇ္ဈဘူမိ အမည်ရသော သုဒဿန မြို့ကြီးနှင့်လည်း တူ၏။

နိဗ္ဗာန်ကို အနောတတ်အိုင်ဖြင့် ဥပမာပြခြင်း

၁။ အဘယ်ကဲ့သို့ တူသနည်းဆိုသော် ဟိမဝန္တာ အနောတတ် ရေအိုင်ကြီးသည် နံဘေးပတ်လည်၌ သုဒဿန ဂန္ဓမာဒန အစရှိသော တောင်ငါးလုံးတို့သည် ခြံရံအပ်သည်ဖြစ်၍ လေပြင်းမုန်တိုင်း နေပူ တံလှပ်တို့မှ ကင်းသဖြင့် လှိုင်းဟုန် ဝဲဂယက် မရှိဘဲ အလွန်တရာ အေးချမ်း ငြိမ်သက်စွာ တည်နေ၏။

နံဘေးလေးမျက်နှာ ရှစ်မျက်နှာတို့မှ ပြင်းထန်အားကြီးစွာလောင်၍ လာကုန်သော တောမီး အလုံးစုံတို့သည် ထိုအနဝတတ်အိုင်ကြီးသို့ ရောက်သည်ရှိသော် အကြွင်းမဲ့ သေငြိမ်း ချုပ်ပျောက်ကြ ရကုန်၏။ ဤအနဝတတ် အိုင်ကြီးသည် အလုံးစုံသော တောမီးတို့၏ ဆိုက်၍ဆိုက်၍ သေရာ ငြိမ်းရာ ကုန်ရာ ခန်းရာ ချုပ်ရာ ဌာနကြီး ဖြစ်ပေ၏။
ထိုတောမီးတို့၏ သေငြိမ်း ချုပ်ပျက်ခြင်း အပူ ဘင်စွန်းနှင့်လည်း မရောယှက်ဘဲ ထိုအပူဘင်စွန်း၏ ဟိုဘက်မှ ကျွတ်လွတ် ပူးကပ်၍ တည်ပေ၏။

ထိုအတူ တပည့်တို့ - ဤနိဗ္ဗာန် တရားမြတ်သည်လည်း ဥပါဒ် ဌီ ဘင်တို့မှ ကင်းသဖြင့် ဖြစ်ခြင်း, ရင့်ခြင်း, ပျက်ခြင်းဟူသော လှိုင်းဟုန် ဝဲဂယက်မရှိဘဲ ငြိမ်သက် တည်ကြည်စွာ ငြိမ်းချမ်းခြင်း သန္တိသဘော အေးချမ်းခြင်း သီတိသဘော အဖြစ်ဖြင့် တည်နေ၏။

နံဘေး လေးမျက်နှာ, ရှစ်မျက်နှာ, ဆယ်မျက်နှာ အလုံးစုံ သုံးဆယ့်တဘုံမှ ပြင်းထန် အားကြီးစွာ လောင်၍ လာကုန်သော ရာဂမီး, ဒေါသမီး, မောဟမီး, ဇာတိမီး, ဇရာမီး, မရဏမီး, သောကမီး အစရှိကုန်သော တဆဲ့တပါးသော မီးတို့သည် ထို သန္တိ သဘာဝ, သီတိ သဘာဝ နိဗ္ဗာန်ဌာနသို့ ဆိုက်ရောက်ကြကုန်သည်ရှိသော် အကြွင်းမဲ့ သေငြိမ်း ချုပ်ပျောက် ကြရကုန်၏။

ဤနိဗ္ဗာန် တရားမြတ်သည် ထို တဆဲ့တပါးသော မီးတို့၏ ဆိုက်၍ ဆိုက်၍ သေရာ ငြိမ်းရာ ကုန်ရာ ခန်းရာ ချုပ်ရာဌာနကြီး ဖြစ်ပေ၏။ ထို တဆဲ့တပါးသော မီးတို့၏ သေ ငြိမ်း ချုပ်ပျက်ခြင်းဟူသော သင်္ခတ အပူ ဘင်စွန်းနှင့်လည်း မရောယှက်ဘဲ ထို သင်္ခတ အပူဘင်စွန်း၏ ဟိုဘက်မှ ကျွတ်လွတ် ပူးကပ်လျက် အသင်္ခတဓာတ် အဖြစ်ဖြင့် တည်ပေ၏။

ဤကဲ့သို့ နိဗ္ဗာန်သည် အနဝတတ်အိုင်ကြီးနှင့် တူပေ၏။

၁။ အတိအစ္ဆော သုဂမ္ဘီရော၊ နိဗ္ဗာနဒဟဒေါ ဝရော။
ဒေသိတော ဓိတိမန္တေဟိ၊ ယမှိ ဂိနီ နိရုဇ္ဈရေ။

သေက္ချဘာသိတ ဂါထာ။

သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
အတိအစ္ဆော၊ ဖြစ်ခြင်း ဆွေးခြင်း ပျက်ခြင်းဟူသော လှိုင်းဟုန် ဝဲဂရက်တို့မှ ကင်းသဖြင့် အချင်းခပ်သိမ်း အလွန်ကြည်စွာထသော။
သုဂမ္ဘီရော၊ မြစ်သမုဒ်ဝယ်, ယုန်သူငယ်လို, ဉာဏ်ခြေ တိုတို ဘယ်လိုမှ ဆင်းသက် ထောက်တည် ခြင်းငှါ မစွမ်းနိုင်အောင် လွန်စွာ နက်နဲသော။
ဝရော၊ မြတ်လှစွာသော။
ဝါ၊ တောင့်တအပ်သော။
နိဗ္ဗာန ဒဟဒေါ၊ နိဗ္ဗာန်တည်းဟူသော အနောတတ်အိုင်ကြီးကို။
ဓိတိမန္တေဟိ၊ တည်ကြည်သောဉာဏ် သမာဓိ ရှိတော်မူကုန်သော မြတ်စွာဘုရား တို့သည်။
ဒေသိတော၊ ဟောကြားတော်မူအပ်၏။
ယမှိ၊ အကြင် ဟောကြားတော်မူအပ်သော အနောတတ်အိုင်ကြီး၌။
ဂိနီ၊ တဆဲ့တပါးသော မီးတို့သည်။
နိရုဇ္ဈရေ၊ သေငြိမ်း ကင်းချုပ်ကြလေကုန်၏။

နိဗ္ဗာန်ကို ယမားဥပမာဖြင့် ပြခြင်း

၂။ တပည့်တို့ သတ်မည်ဧကန် ရန်သူဖမ်းဆီး ချွေးကြီးတဖြာ ပြေးရှာလေသော ပုဏ္ဏားတယောက်သည် အဟုန်ပြင်းစွာ ရင်ဘတ်လောက် စီးဆင်း၍ လာသော တောင်ကျချောင်း ယမားပြင်ကျယ်ကြီးသို့ သက်ဆင်း၍ ဘေးရန် ကင်းသော ဟိုဘက် ခေမာကမ်းသို့ ရှေးရှု ကူးပြေး လေရာ သတ်မည့် ရန်သူတို့ကလည်း နောက်ထပ် ကူးဆင်း၍လိုက်၊ အညာရေဟုန် လှိုင်းဟုန် ကလည်းဖိ ထိုက်ပုံ အမှိုက်သရိုက် ဆူးခက်တွေကလည်း ငြိ၊ သဲညွန် ဝဲဂရက်တွေကလည်း ကျွံ၊ အလွန်တရာ ဆင်းရဲငြိုငြင် ပင်ပန်းစွာအားထုတ်၍ ရေဟုန်ဩဃကို ရင်ဘတ်ဖြင့် ဖြတ်ခွဲလျက် လက်ဖြင့် ယက်ကာ ယက်ကာ ကူးပြေးလေသော် ကမ်းနား နီးလေလေ ကူးအား ရှိလေလေ၊ ဘေးရန်ကင်းသော ဟိုဘက် ခေမာကမ်းကြီး ကလည်း ကူးခဲ့ဟဲ့ ကူးခဲ့ဟဲ့, လာခဲ့ဟဲ့, လာခဲ့ဟဲ့ဟု လက်ရပ်၍ မခေါ်သော်လည်း ခေါ်ဘိသကဲ့သို့ ဖြစ်၏။

ဤသို့ ကူးပြေးလေ၍ အသက်မသေ ချမ်းသာစွာ ဟိုဘက် ခေမာကမ်းသို့ ဆိုက်ရောက်၍ ရေအဆုံး ကုန်းပေါ် ကမ်းထက်သို့ တက်ပြီးလျှင် ရန်သူဘေး ရေဟုန် လှိုင်းဟုန်ဘေးတို့မှ ကင်းလွတ်လျက် ချမ်းသာစွာ သွားလေ၏။ နောက်ထပ် ကူးဆင်း၍ လိုက်ကြသော ရန်သူတို့လည်း ဟိုဘက် ခေမာကမ်းမြေသို့ ထိလျှင် စိစိမွမွ ကြေ၍ သေဆုံး ပျောက်ပျက်ကြရလေ၏။ ရေဟုန် လှိုင်းဟုန် အမှိုက်သရိုက် ဆူးခက် ဝဲဂရက် သဲ ညွှန်တို့လည်း ဟိုဘက် ခေမာကမ်းမြေသို့ ထိလျှင် ပြန်လည် ချုပ်ပျက်ကြလေကုန်၏။

တပည့်တို့ - အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ဆရာသည် ဥပမာကို ပြုအပ်၏။ ဤဥပမာ၌ ဤဆိုလတ္တံ့သည်ကား လိုအပ်သော အနက်အဓိပ္ပါယ်ကို ပြခြင်း တည်း။

၁။ တပည့်တို့ - သတ်မည်လိုက်သော ရန်သူတို့ဟူသည် ရူပက္ခန္ဓာ အစရှိသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ အမည်ပေတည်း။
၂။ တောင်ကျချောင်း ယမားပြင်ကျယ်ကြီးဟူသည် စက္ခာယတန အစရှိသော အဇ္ဈတ္တိကာယတန ခြောက်ပါးတို့ အမည်ပေတည်း။
၃။ အညာရေဟုန် လှိုင်းဟုန် ဟူသည် ကာမောဃ အစရှိသော ဩဃလေးပါးတို့၏ အမည်ပေတည်း။
၄။ ထိုက်ပုံ အမှိုက် သရိုက် ဆူးခက်တွေဟူသည် ကာမစ္ဆန္ဒ အစရှိသော နီဝရဏ ငါးပါးတို့၏ အမည်ပေတည်း။
၅။ သဲ ညွန် ဝဲဂရက်တွေဟူသည် တဏှာ မာန ဒိဋ္ဌိဟူသော ပပဉ္စတရား သုံးပါးတို့၏ အမည်ပေတည်း။
၆။ ဆင်းရဲ ငြိုငြင် ပင်ပန်းစွာ အားထုတ်၍ ရေဟုန် ဩဃကို ရင်ဘတ်ဖြင့် ဖြတ်ခဲ့သည်ဟူသည် သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးတို့၏ အမည်ပေတည်း။
၇။ လက်ဖြင့် ယက်ကာ ယက်ကာ ကူးသည်ဟူသည် လုံ့လ ဝီရိယ၏ အမည် ပေတည်း။
၈။ ဘေးရန် ကင်းသော ဟိုဘက် ခေမာကမ်းကြီးဟူသည် သန္တိသဘာဝ အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်၏ အမည်ပေတည်း။ တပည့်တို့ - အလုံးစုံသော အာယတန, အလုံးစုံသော ဩဃ, အလုံးစုံသော နီဝရဏ, အလုံးစုံသော ပပဉ္စ ကိလေသာ ဒုက္ခတို့သည် နိဗ္ဗာန်သို့ ဆိုက်၍ ဆိုက်၍ ကုန်ခန်း ချုပ်ပျက်ကြရကုန်၏။
၉။ အသက်မသေ ချမ်းသာစွာ ဟိုဘက် ခေမာကမ်းသို့ ဆိုက်ရောက်၍ ရေအဆုံး ကုန်ပေါ်သို့ တက်ပြီးလျှင် ဘေးရန် ခပ်သိမ်းမှ လွှတ်၍ ချမ်းသာစွာ သွားလာသော ပုဏ္ဏားဟူသည် ရဟန္တာ ပုဂ္ဂိုလ်၏ အမည်ပေတည်း။

ဤကဲ့သို့ နိဗ္ဗာန်သည် ခပ်သိမ်းသော ဘေးရန်ဒုက္ခတို့၏ ကုန်ခန်းချုပ်ပျောက်ရာ ဌာနကြီးဖြစ်၍ တောင်ကျချောင်း ယမားပြင်ကျယ်ကြီး၏ ဟိုဘက် ခေမာ ကမ်းကြီးနှင့် တူပေ၏။

၂။ အတိဏ္ဏပုဗ္ဗ မေဝေတံ၊ ဘေရဝံ ဒုရတိက္ကမံ။
ဩဃံ တရန္တိ သပ္ပညာ၊ ယသ္မိံ ဝေရာ ဝိလီယရေ။

သေက္ချဘာသိတ ဂါထာ။

သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
ယသ္မိံ၊ အကြင် နိဗ္ဗာန် တည်းဟူသော ဟိုဘက်ကမ်းကြီး၌။
ဝေရာ၊ ဥပဒ် ဘေးဒဏ် ရန်သူအပေါင်းတို့ သည်။
ဝိလီယရေ၊ မှုန့်မှုန့် ညက်ညက် ကြေပျက်ကြရကုန်၏။
တံ၊ ရန်သူခပ်သိမ်း, သေငြိမ်းကြေပျက်ရာ ခေမာဟိုဘက်ကမ်းကို။
အဘိသန္ဓာယ၊ ရှေးရှုရည်မှန်း၍။
သပ္ပညာ၊ ပညာရှိတို့သည်။
အတိဏ္ဏပုဗ္ဗံဧဝ၊ ရှေးရှေးကာလ ဘယ်အခါကမှ မကူးမြောက်ဘူးသည်သာလျှင် ဖြစ်သော။
ဘေရဝံ၊ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော။
ဒုရတိက္ကမံ၊ အလွန်တရာ ကူးမြောက်နိုင်ခဲသော။
ဧတံဩဃံ၊ ဤယမားပြင်ကျယ် လေးသွယ် ဩဃကြီးကို။
တရန္တိ၊ ရင်ဖြင့် ဖြတ်ခွဲလျက် ယက်ကာ ယက်ကာ ကူးကြကုန်၏။

နိဗ္ဗာန်ကို သိကြားမင်းစံရာ သုဒဿနမြို့ ဥပမာဖြင့်ပြခြင်း

၃။ တပည့်တို့ - အသူရာနှင့် သိကြားနတ်တို့ စစ်တိုက်ကြရာ တာဝတိံသာ နတ်သိကြားတို့က စစ်ရေးနိမ့်၍ ပြန်လည် ဆုတ်ပြေးလျှင် အသူရာနတ်တို့ကလည်း နောက်ထပ်အတင်းဖိ၍ လိုက်ကြလေကုန်၏။ တာဝတိံသာ နတ်တို့သည် ကြောက်လန့်တကြား ပြေးသွားလေ၍ မိမိတို့နေရာ တာဝတိံသာချက်မ သုဒဿန မြို့ကြီးသို့ကျလျှင် မြို့တွင်းသို့ဝင်၍ မြို့တံခါးတထောင်ကို ပိတ်ပြီး သောအခါ တုန်လှုပ် ကြောက်ရွံ့ခြင်းမရှိဘဲ ချမ်းသာစွာ နေကြလေကုန်၏။

အသူရာနတ်တို့လည်း သုဒဿန မြို့ရိုးသို့ ဆိုက်လျှင် ခုန်ကျော် ဖောက်ဝင်ခြင်းငှါ မဝံ့ကြကုန်။ သုဒဿနမြို့ကြီးကို စစ်တိုက်၍ သိမ်းယူအောင်မြင်ခြင်းငှါ မစွမ်းနိုင်ကြ ကုန်သည်ဖြစ်၍ ထိုမြို့ရိုး တံတိုင်းမှ ပြန်လည်ဆုတ်နစ်လျက် မိမိတို့နေရာ အသူရာ ပြည်သို့ ပြန်ကြရလေကုန်၏။

ဤသို့ စစ်တိုက်၍ မအောင်နိုင်ရာ ဌာနဖြစ်၍ ဤသိကြားနတ်တို့နေရာ ရတနာ ရွှေမြေအတိပြီးသော မဟာသုဒဿနမြို့သည် အယုဇ္ဈဘူမိ ဟူသော အမည်ကို ရလေ၏။

ထို့အတူ နိဗ္ဗာန်တည်းဟူသော မဟာအတုလ သုဒဿန မြို့ကြီး၌လည်း --
၁။ ဝသဝတ္တိ နတ်မင်း ဟူသော ဒေဝပုတ္တမာရ်,
၂။ တထောင့် ငါးရာ ကိလေသာဟူသော ကိလေသမာရ်,
၃။ ခန္ဓာငါးပါးဟူသော ခန္ဓမာရ်,
၄။ သေခြင်းတည်းဟူသောမစ္စုမာရ်,
၅။ ကုသိုလ်ကံ အကုသိုလ်ကံတည်းဟူသော အဘိသင်္ခါရမာရ်

ဤ မာရ်ငါးပါး တည်းဟူသော အသူရာတို့သည် ဖိစီးလွှမ်းမိုးလျက် လိုက်အပ် ကုန်သည်ဖြစ်၍ ကြောက်လန့်တကြား ချွေးကြီးတများ ပြေးသွားလေသော ယောဂီ ပုဂ္ဂိုလ်တို့ သည် ထိုနိဗ္ဗာန်ဟူသော ငြိမ်းချမ်းခြင်း သန္တိသဘာဝ အသင်္ခတဓာတ် မြေအတိ ပြီးသော မဟာအတုလ သုဒဿန မြို့ကြီးသို့ ဆိုက်ရောက်လျှင် မြို့တွင်းသို့ဝင်၍ တံခါးကို ပိတ်ပြီးသော် တုန်လှုပ် ကြောက်ရွံ့ခြင်း မရှိဘဲ ခပ်သိမ်းသော ဘေးရန်မှ ကင်းလွတ်၍ ချမ်းသာစွာ နေကြလေကုန်၏။

မာရ်ငါးပါး တည်းဟူသော အသူရာ ရန်သူ သင်္ခတတရားတို့သည် ဤငြိမ်းချမ်းခြင်း သဘော ဧချမ်းခြင်း သဘောအဖြစ်ဖြင့် တည်နေသော အသင်္ခတဓာတ် အမှန် နိဗ္ဗာန်ဟူသော မဟာအတုလ သုဒဿန မြို့ကြီးသို့ ဆိုက်ထည့်လျှင် အသင်္ခတ မြို့တွင်းသို့ ခုန်ကျော် ဖေါက်ဝင်ခြင်းငှါ မဝံ့ကြကုန်။ အသင်္ခတမြို့ကြီးကို စစ်တိုက်၍ အောင်မြင် သိမ်းယူခြင်းငှါ မစွမ်းနိုင်ကြဘဲ ပြိုကွဲပျက်ဆုံး အကုန်လုံးပြန်လည် ဆုတ်နစ် ကြရလေကုန်၏။

ဤသို့ မာရ်စစ်တိုက်၍ မအောင်နိုင်ရာ ဌာနဖြစ်ခြင်းကြောင့် ဤရဟန္တာ အရှင်မြတ်တို့ မွေ့လျော် ပျော်စံရာ နိဗ္ဗာန်ဟူသော မဟာအတုလ သုဒဿန မြို့ကြီးသည်လည်း အယုဇ္ဈဘူမိ ဟူသော အမည်ကို ရလေ၏။

ဤကဲ့သို့ နိဗ္ဗာန်သည် တာဝတိံသာ သိကြားနတ်မင်းတို့နေရာ သုဒဿန မြို့ကြီးနှင့် တူပေ၏။

၃။ အကမ္ပိတံ အစလိတံ၊ အပုထုဇ္ဇန သေဝိတံ။
အဂတိ ယတ္ထ မာရဿ၊ တဒရိယာဘိ မောဒရေ။

သေက္ချဘာသိတ ဂါထာ။

သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
အပုထုဇ္ဇနသေဝိတံ၊ ပုထုဇဉ်မပါ အရိယာတို့သာလျှင် မွေ့လျော် မှီခိုအပ်သော။
ယံ နိဗ္ဗာနံ၊ အကြင် နိဗ္ဗာန်ဟူသော မဟာအတုလ သုဒဿန မြို့ကြီးသည်ကား။
အကမ္ပိတံ၊ မာရ် ငါးပါးဟူ ဘေးရန်သူတို့ကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိ။
အစလိတံ၊ မာရ်ငါးပါးဟူ ဘေးရန်သူတို့ကြောင့် မြူလောက်မျှ တုန်လှုပ် ရွှေ့ရှားခြင်း မရှိ။
သာဓဝေ၊ အို-တပည့် အပေါင်း သူတော်ကောင်းတို့။
ယတ္ထ၊ အကြင် နိဗ္ဗာန်ဟူသော မဟာအတုလ သုဒဿန မြို့ကြီး၌။ မြို့ကြီးသည်။
မာရဿ၊ မာရ်ငါးပါး ဟူ အသူရာအပေါင်း၏။
အဂတိ၊ စစ်တိုက် အောင်မြင်ရာမဟုတ်။
တတ္ထ၊ ထိုမာရ် အသူရာတို့ စစ်တိုက်အောင်မြင်ရာ မဟုတ်သော မဟာအတုလ သုဒဿန မြို့ကြီး ၌။
အရိယာ၊ အရိယာ ပုဂ္ဂိုလ်မြတ်တို့သည်။
အဘိမောဒရေ၊ လွန်စွာမွေ့လျော် ပျော်ရွှင်တော်မူကြကုန်၏။

တပည့်တို့ - ဤကဲ့သို့ နိဗ္ဗာန်တရားမြတ်သည် ခပ်သိမ်းသော ဘေးရန်ဒုက္ခတို့၏ သေရာ ငြိမ်းရာ ကုန်ရာ ခန်းရာ ချုပ်ရာဌာနဖြစ်၍ အနောတတ်အိုင်ကြီး ခေမာ မည်သော ဟိုဘက်ကမ်းကြီး, အယုဇ္ဈဘူမိ မည်သော သုဒဿန မြို့ကြီးတို့နှင့် တူပေ၏။

၄။ အတ္ထဿာယံ ဝိညာပိနီ၊ ဥပမာ ဝိညူဟိ ဒေသိတာ။
ဝိညိဿန္တိ မဟာပညာ၊ ပညံ ပညေန ဒေသိတံ။

သေက္ချဘာသိတ ဂါထာ။

ဘောသိဿာ၊ အို-တပည့်တို့။
အတ္ထဿ၊ အနက် အဓိပ္ပါယ် သဘာဝတ္ထကို။
ဝိညာပိနီ၊ သိစေတတ်သော။
အယံ ဥပမာ၊ ဤဥပမာစုကို။
ဝိညူဟိ၊ ပညာရှိတို့သည်။
ဒေသိတာ၊ ပြဆိုဟောကြားအပ်၏။
ဘောသိဿာ၊ အို-တပည့်တို့။
ပညေန၊ ပညာရှိသောသူသည်။
ဒေသိတံ၊ ပြညွှန်ဟောကြားအပ်သော။
ပညံ၊ ပညာရှိတို့သာလျှင် သိမြင်အပ်သော နိဗ္ဗာန်တရားမြတ်ကို။
မဟာပညာ၊ ပညာကြီးသော သူတို့သည်မူကား။
တာယ ဥပမာယ၊ ထိုဥပမာစုဖြင့်ပင်လျှင်။
ဝိညိဿန္တိ၊ ကျင့်စဉ်လမ်းကြောင်းနှင့် တကွ လှလှမိမိ ဧကန္တိက သိနိုင်ကြကုန်လတ္တံ့။

နိဗ္ဗာန်၏ အံ့ဩဖွယ်ရှိပုံကို ပြခြင်း

တပည့်တို့ - ဤနိဗ္ဗာန်ဟူသော မဟာအတုလ သုဒဿန မြို့ကြီးသည်ကား လက်ခုပ်တီး၍ အံ့ချီး မကုန် အပုံကြီး ထူးဆန်း အံ့ဩဖွယ် ရှိ၏။ မဟာသမုဒ္ဒရာ သည် မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ လယ် ယာ ချောင်း မြောင်း ကောင်းကင် မိုးရေတို့သည် တတွေတွေ စီးဝင်ငြားသော်လည်း ပြည့်ဖြိုး ပိုလျှံခြင်း မထင်ရှား၊ မစီးဝင်ငြားသော်လည်း ဆုတ်ယုတ် လျော့ပါးခြင်း မထင်ရှားဘဲ လွန်စွာ အံ့ဩဖွယ် ရှိဘိသကဲ့သို့ ထို့အတူ ဤနိဗ္ဗာန်ဟူသော မဟာအတုလ သုဒဿနမြို့ကြီးသည် ဂင်္ဂါသဲလုံး မျှမက ဘုရား,ပစ္စေကဗုဒ္ဓါ, ရဟန္တာ အရှင်မြတ်တို့သည် ပရိနိဗ္ဗာန် စံကုန်ငြားသော်လည်း ပြည့်ဖြိုး ပိုလျှံခြင်းမရှိ။ကမ္ဘာ အသင်္ချေသုဉ်း၍ တဦး တယောက်မျှ ပရိနိဗ္ဗာန် စံသသူ မရှိငြားသော်လည်း ဆုတ်ယုတ် လျော့ပါးခြင်း မရှိသည်ဖြစ်၍ အလွန်တရာ အံ့ဩဖွယ်ကောင်း၏။ ဤအံ့ဩဖွယ်သည် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်၌ အံ့ဖွယ် ရှစ်ပါးတို့တွင် တပါး အပါအဝင်ပေတည်း။ ထို့ကြောင့်မြတ်စွာဘုရားရှင်သည် -

သေယျထာပိ ဘိက္ခဝေ ယာကာစိ လောကေ သဝန္တိယော မဟာသမုဒ္ဒံ အပ္ပေန္တိ ယာ စ အန္တလိက္ခာဓာရာ ပပတန္တိ၊ န တေန မဟာသမုဒ္ဒဿ ဦနတ္တံ ဝါ ပူရတ္တံ ဝါ ပညာယတိ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဗဟူ စေပိ ဘိက္ခူ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယန္တိ၊ န တေန နိဗ္ဗာနဓာတုယာ ဦနတ္တံ ဝါ ပူရတ္တံ ဝါ ပညာယတိ။

ဟူ၍ဟောတော်မူသည်။

အဋ္ဌင်္ဂုတ္တရပါဠိတော် စသည်တို့၌လာသော အဋ္ဌသာသနစ္ဆရိယသုတ်၏ အစိတ်ပါဠိ။

ဘိက္ခဝေ၊ ရဟန်းတို့။
လောကေ၊ လောက၌။
ယာကာစိ၊ အမှတ်မရှိ အလုံးစုံကုန်သော။
သဝန္တိယော၊ မြစ်ကြီး မြစ်ငယ် လယ်ယာ ချောင်းမြောင်း ရေအပေါင်းတို့သည်။
မဟာသမုဒ္ဒံ၊ မဟာသမုဒ္ဒရာသို့။
အပ္ပေန္တိ၊ စီးဝင်ကုန်၏။
ယာ စ အန္တလိက္ခာဓာရာ၊ အကြင်ကောင်းကင်ကျ မိုးရေ မိုဃ်းပေါက်တို့သည်လည်း။
ပပတန္တိ၊ ကျကုန်၏။
တေန၊ ထိုမြစ်ကြီး ငါးသွယ် မြစ်ငယ် ငါးရာ၊ လယ်ယာ ချောင်း မြောင်း ကောင်းကင် မိုဃ်းရေတို့ တတွေတွေ စီးသွန်ချခြင်း ကြောင့်။
မဟာသမုဒ္ဒဿ၊ မဟာသမုဒ္ဒရာ၏။
ဦနတ္တံ ဝါ၊ ဆုတ်ယုတ် လျော့ပါးသော အဖြစ်သည်၎င်း။
ပူရတ္တံ ဝါ၊ ပြည့်ဖြိုး ပိုလျှံသော အဖြစ်သည်၎င်း။
န ပညာယတိ-သေယျထာပိ၊ မထင်မရှားဘိသကဲ့သို့။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝမေဝ ခေါ၊ ဤမဟာသမုဒ္ဒရာကြီး အတူပင်လျှင်။
မမသာသနေပိ၊ ငါဘုရား၏ သာသနာတော်၌လည်း။
ဗဟူ ဘိက္ခု၊ များစွာသော ရဟန်းတို့သည်။
အနုပါဒိ သေသာယ နိဗ္ဗာနဓာတုယာ၊ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့်။
စေပိ ပရိနိဗ္ဗာယန္တိ၊ အကယ်၍ ပရိနိဗ္ဗာန်စံဝင်ကြကုန်၏။
တေန၊ ထိုများစွာသော ရဟန်းအပေါင်းတို့ ပရိနိဗ္ဗာန်စံကြခြင်းကြောင့်။
နိဗ္ဗာနဓာတုယာ၊ နိဗ္ဗာနဓာတ်၏။
ဝါ၊ နိဗ္ဗာန်ဟူသော မဟာအတုလ သုဒဿနမြို့ကြီး၏။
ဦနတ္တံ ဝါ၊ ဆုတ်ယုတ် လျော့ပါးသော အဖြစ်သည်၎င်း။
ပူရတ္တံ ဝါ၊ မဆံ့တင်းကြမ်း ပြည့်လျှမ်း ပိုမိုသော အဖြစ်သည်၎င်း။
န ပညာယတိ၊ မထင်။

နိဗ္ဗာန်စံသူ မရှိခြင်းကြောင့် နိဗ္ဗာန်မြို့ကြီး လျော့ကုန်သည် ချောင်ကုန်သည် ချုံးလာရသည် ကျဉ်းလာရသည် ငယ်လာရသည်ဟူ၍မရှိ။ နိဗ္ဗာန်စံသူ များခြင်းကြောင့် နိဗ္ဗာန်မြို့ကြီး ပြည့်ကုန်သည် မဆံ့တင်းကြမ်း ပြည့်လျှမ်း ပိုမိုကုန်သည် ချွဲလာရသည် ကျယ်လာရသည် ဟူ၍လည်း မရှိဟု ဆိုလိုသည်။ ဤကဲ့သို့ နိဗ္ဗာန်ဟူသော မဟာအတုလ သုဒဿန ရွှေမြို့တော်ကြီးသည် လက်ခုပ် တီး၍ အံ့ချီးမကုန် အပုံကြီး ထူးဆန်း အံ့ဩဖွယ်ရှိသည် တပည့်တို့။

တပည့်တို့ ဤနိဗ္ဗာန် ရွှေမြို့တော်ကြီးသည် လက်ဖြောက်တီး၍ အံ့ချီးမကုန် ထို့ထက် အပုံကြီး ဆန်းကြယ်ပုံကိုလည်း မြတ်စွာဘုရားရှင်သည် ဤသို့ ဟောတော်မူပေ၏။

နိဗ္ဗာန်၏ဆန်းကြယ်ပုံကိုပြသော တဒါယတနသုတ်

အတ္ထိ ဘိက္ခဝေ တဒါယတနံ၊ ယတ္ထ နေဝ ပထဝီ၊ န အာပေါ၊ န တေဇော၊ န ဝါယော၊ န အာကာသာနဉ္စာယတနံ၊ န ဝိညာဏဉ္စာယတနံ၊ န အာကိဉ္စညာယတနံ၊ န နေဝသညာ-နာသညာယတနံ၊ နာယံ လောကော၊ န ပရောလောကော၊ န ဥဘော စန္ဒိမသူရိယာ၊ တတြာပါဟံ ဘိက္ခဝေ နေဝ အာဂတိံဝဒါမိ၊န ဂတိံ၊ န ဌိတိံ၊ န စုတိံ၊ န ဥပပတ္တိံ၊ န အပတိဋ္ဌံ၊ အပဝတ္တံ၊ အနာရမ္မဏမေဝေတံ၊ ဧသေဝန္တော ဒုက္ခဿာတိ။

ဥဒါန်းပါဠိတော်လာ တဒါယတန နိဗ္ဗာနသုတ်ပါဌ်

ဤသုတ်သည် အလွန်တရာ နာပျော်ဖွယ်, ကြည်ညိုဖွယ်, နှစ်သက်ဖွယ် ကောင်းသော သုတ်။ အလွန်တရာ အဘိုးမဖြတ်နိုင်အောင် ကောင်းသောသုတ်။ တပည့်တို့ - ကျက်ကြ ဆောင်ကြ အနက်ပါရအောင် ဆောင်ကြ။ ဆရာသည် ကောင်းမွန် သေချာစွာ အနက်ပြန်ဆိုအံ့။

ဘိက္ခဝေ၊ ဤလောက၌ မြေ, ရေ, မီး, ဓာတ်ကြီး လေးပါးရှိမှသာ သတ္တဝါတို့ တည်နေရာ ဘုံဌာနရှိနိုင်၏။ မြေ, ရေ, လေ, မီး, ဓာတ်ကြီးလေးပါး မရှိပါဘဲလျက် ရဟန္တာ အရှင်မြတ်တို့ ပျော်စံတည်နေရာ ဘုံဌာနမည်သည် ပရမတ္ထအားဖြင့် ထင်ရှား မရှိနိုင်ရာဟု သင်္ကာယုံမှား တွေးတောခြင်း များကြကုန်သော အို-ငါ၏ချစ်သား ရဟန်းများတို့။
ယတ္ထ၊ အကြင် ရဟန္တာ အရှင်မြတ်တို့ ပျော်စံတည်နေရာ နိဗ္ဗာန်တည်းဟူသော ရွှေမြို့နန်းမ ဘုံဌာန၌။
နေဝ ပထဝီ၊ ဤကာမဘုံ ရူပဘုံများ၌ကဲ့သို့ မြေကြီးမြေဓာတ်လည်း မရှိ။
န အာပေါ၊ ရေဓာတ်လည်း မရှိ။
န တေဇော၊ မီးဓာတ်လည်း မရှိ။
န ဝါယော၊ လေဓာတ်လည်း မရှိ။
တံ အာယတနံ၊ ထို မြေ, ရေ လေ, မီး, ဓာတ်ကြီး လေးပါးလည်း မရှိပါဘဲလျက် ရဟန္တာအရှင်မြတ်တို့ ပျော်စံတည်နေရာ နိဗ္ဗာန်ဟူသော ရွှေမြို့နန်းမ ဘုံဌာနကြီး တခုသည်။
အတ္ထိပရမတ္ထအားဖြင့် ထင်ရှားဧကန် ရှိပေ၏။

ဘိက္ခဝေ၊ သင်္ကာယုံမှား တွေးတောခြင်း များကြကုန်သော အို-ငါ၏ချစ်သား ရဟန်းများတို့။
တံ အာယတနံ၊ ထို မြေ, ရေ, လေ, မီး, ဓာတ်ကြီးလေးပါးလည်း မရှိပါဘဲလျက် ရဟန္တာအရှင်မြတ်တို့ ပျော်စံတည်နေရာ လွန်စွာထူးဆန်း အံ့မခန်းဘိ ထင်ရှားရှိသော နိဗ္ဗာန်ဟူသော ရွှေမြို့နန်းမ ဘုံဌာနကြီးတခုဟူသည်။
န အာကာသာနဉ္စာယတနံ၊ အကနိဋ္ဌဘုံအထက် ယူဇနာ ငါးသန်းငါးသိန်း ရှစ်ထောင် ကွာခြားသော ကောင်းကင်ဒေသ ပဌမ အရူပဗြဟ္မာကြီးတို့၏ တည်နေရာ အာကာသာ နဉ္စာယတန ဘုံလည်း မဟုတ်သေး။
န ဝိညာဏဉ္စာယတနံအာကာသာနဉ္စာယတနဘုံ အထက် ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင် ကွာခြားသော ကောင်းကင်ဒေသ ဒုတိယ အရူပဗြဟ္မာကြီးတို့၏ တည်နေရာ ဝိညာဏဉ္စာယယန ဘုံလည်း မဟုတ်သေး။
န အာကိဉ္စညာယတနံဝိညာဏဉ္စာယတန ဘုံအထက် ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင်ကွာခြားသော ကောင်းကင်ဒေသ တတိယ အရူပ ဗြဟ္မာကြီးတို့၏ တည်နေရာ အာကိဉ္စညာယတန ဘုံလည်း မဟုတ်သေး။
န နေဝသညာနာသညာယတနံအာကိဉ္စညာယတနဘုံ အထက် ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင် ကွာခြားသော ကောင်းကင်ဒေသ စတုတ္ထ အရူပဗြဟ္မာကြီးတို့၏ တည်နေရာ နေဝသညာနာသညာ-ယတန ဘုံလည်းမဟုတ်သေး။
နာယံလောကော၊ ဤပစ္စုပ္ပန် လောကလည်း မဟုတ်သေး။
ဝါ၊ ဤလူ့ဘုံလောကလည်း မဟုတ်သေး။
န ပရောလောကော၊ နောင်တမလွန်လောကလည်း မဟုတ်သေး။
ဝါ၊ ဤလူ့ဘုံလောကမှ တပါးသော ဘုံဘဝ လောကလည်း မဟုတ်သေး။
န ဥဘော စန္ဒိမသူရိယာ၊ နက္ခတ်တာရာနှင့် တကွ လ, နေ နှစ်ပါးတို့လည်း မရှိကုန်။
ဝါ၊ လ, နေ နှစ်ပါးတို့ မရှိကုန်ငြား သော်လည်း မှောင်မိုက်ခြင်းမရှိ မိမိ၏ ဂုဏ်ရောင်တို့ဖြင့် ပြောင်ပြောင် ဝင်းဝင်း ထွန်းလင်း တောက်ပ၍ နေ၏။

အနန္တံ သဗ္ဗတောပဘံ”ဟူသော ဗြဟ္မနိမနန္တ သုတ်ကို ထောက်။

ဘိက္ခဝေ၊ ရဟန်းတို့။
အနန္တံ၊ နိဗ္ဗာန်သည်။
သဗ္ဗတောပဘံ၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ခပ်သိမ်းသော အဘို့အားဖြင့် ထွန်းလင်း တောက်ပသော ဂုဏ်ရောင်ရှိ၏ဟု အနက်ပေး။

ဘိက္ခဝေ၊ သင်္ကာယုံမှား တွေးတောခြင်း များကြကုန်သော အို - ငါ၏ချစ်သား ရဟန်းများတို့။
တတြာပိ၊ ထို မြေ, ရေ, လေ, မီး, ဓာတ်ကြီးလေးပါးရှိသော ကာမဘုံ ရူပဘုံလည်း မဟုတ်၊ မြေ, ရေ, လေ, မီး, ဓာတ်ကြီးလေးပါး မရှိသော ကောင်းကင် ဒေသ၊ အရူပဘုံစု လည်းမဟုတ်၊ ဤပစ္စုပ္ပန်လောက ဤလူ့ ဘဝလည်း မဟုတ်။ နောင် တမလွန်လောက တပါးသော ဘုံဘဝလည်း မဟုတ်၊ နက္ခတ်တာရာ လ, နေ နှစ်ပါးတို့ မရှိငြားသော်လည်း မှောင်မိုက်ခြင်း မရှိဘဲ မိမိ၏ဂုဏ်ရောင် အလင်းတို့ဖြင့် ပြောင်ပြောင် ဝင်းဝင်း ထွန်းလင်း တောက်ပ၍ နေသော ထိုနိဗ္ဗာန်ဟူသော ရွှေဘုံဌာန အမတ မြို့တော်ကြီး၌လည်း။
အာဂတိံ၊ ဤလူ့ဘုံ လူ့ရွာ၌ တပါးသော ရပ်ရွာဌာန ဘုံဘဝက ပဋိသန္ဓေနေခြင်းငှါ ပြောင်းရွှေ့၍ လာသသူ ရှိဘိသကဲ့သို့ တပါးသော ရပ်ရွာ ဌာန ဘုံဘဝက ပဋိသန္ဓေ နေခြင်းငှါ ပြောင်းရွှေ့၍ လာသသူ ရှိ၏ဟူ၍လည်း။
နေဝ ဝဒါမိ၊ ငါဘုရား ဟောတော်မမူသည်သာလျှင်တည်း။

ဌိတိံ၊ ဤလူ့ဘုံ လူရွာ၌ တပါးသော ရပ်ရွာဌာန ဘုံဘဝက လာပြီး၍ ပဋိသန္ဓေ နေသသူ ရှိဘိ သကဲ့သို့ တပါးသော ရပ်ရွာဌာန ဘုံဘဝကလာ၍ ပဋိသန္ဓေနေသသူ ရှိ၏ဟူ၍ လည်း။
န ဝဒါမိ၊ ငါဘုရား ဟောတော်မမူသည်သာလျှင်တည်း။

ဌိတိံ၊ ဤလူ့ဘုံ လူရွာ၌ တပါးသော ရပ်ရွာဌာန ဘုံဘဝကလာ၍ ပဋိသန္ဓေနေပြီးလျှင် မသေ မပျောက် ကောင်းမွန် မြင့်ရှည် တည်နေသော ပုဂ္ဂိုလ်သတ္တဝါ ရှိဘိသကဲ့သို့ တပါးသော ရပ်ရွာဌာန ဘုံဘဝကလာ၍ ပဋိသန္ဓေနေပြီးလျှင် မသေမပျောက် ကောင်းမွန်မြင့်ရှည် တည်နေသော ပုဂ္ဂိုလ် သတ္တဝါ ရှိ၏ ဟူ၍လည်း။
န ဝဒါမိ၊ ငါဘုရား ဟောတော်မမူသည်သာလျှင်တည်း။

စုတိံ၊ ဤလူ့ဘုံ လူ့ရွာ၌ တပါးသော ရပ်ရွာဌာန ဘုံဘဝက လာ၍ ပဋိသန္ဓေ နေပြီးခါ မသေ မပျောက် ကောင်းမွန်မြင့်ရှည် တည်နေပြီးလျှင် သက်တမ်းစေ့က စုတေ့မနေ သေဆုံး ရွှေ့လျောရသောသူ ရှိဘိသကဲ့သို့ တပါးသော ရပ်ရွာဌာန ဘုံဘဝကလာ၍ ပဋိသန္ဓေ နေပြီးခါ မသေမပျောက် ကောင်း မွန်မြင့်ရှည် တည်နေပြီးလျှင် သက်တမ်း စေ့က စုတေ့မနေ သေဆုံးရွေ့လျောရသောသူ ရှိ၏ ဟူ၍လည်း။
န ဝဒါမိ၊ ငါဘုရား မဟောသည်သာလျှင်တည်း။

ဥပပတ္တိံ၊ ဤလူ့ဘုံ လူ့ရွာ၌ သက်တမ်းစေ့၍ စုတေ့မနေ သေဆုံးရွှေ့လျောပြီးလျှင် နောင်တဘန် ပဋိသန္ဓေ နေရပြန်သောသူ ရှိဘိသကဲ့သို့ သက်တမ်း စေ့၍ စုတေ့မနေ သေဆုံးရွှေ့လျောပြီးလျှင် နောင်တဘန် ပဋိသန္ဓေ နေရပြန်သောသူ ရှိ၏ဟူ၍လည်း။
န ဝဒါမိ၊ ငါဘုရားမဟောသည် သာလျှင်တည်း။

ဧတံ၊ ဤ နိဗ္ဗာန်ဟူသော ရွှေဘုံဌာန အမတမြို့တော်ကြီးသည်ကား။
အပတိဋ္ဌံ ဧဝ၊ ဤလောက၌ သတ္တဝါတို့တည်ရပ် ထိုင်နေရာ ဗိမာန်မြေတောင် စသည်များကဲ့သို့ မားမားစွင့်စွင့် မြင့်နိမ့် ညီမူ ဖြူ နီ တို ရှည် အလုံး အခဲ အထည်ဝတ္ထု အနေနှင့် တည်ရာဌာနလည်း မဟုတ်သည်သာလျှင်တည်း။
အပဝတ္တံ ဧဝ၊ ရုပ် နာမ် ခန္ဓာ သင်္ခတ တရားများသည် မြင့်ကြာတာရှည် အစီအစဉ် ဖြစ်၍ တည်ဘိသကဲ့သို့ မြင့်ကြာတာရှည် အစီအစဉ်ဖြစ်၍ တည်နေသော အရာလည်း မဟုတ်သည်သာ လျှင်တည်း။
အနာရမ္မဏံ ဧဝ၊ နာမက္ခန္ဓာ လေးပါးများကဲ့သို့ အာရုံပြုတတ်သော တရားလည်း မဟုတ်သည် သာလျှင်တည်း။

ဘိက္ခဝေ၊ သံသရာရေး ဒုက္ခဘေးကို မနှေးလျင်စွာ စွန့်လိုပါ၍ ရာလူ့ ဘောင် ခွါရှောင် စွန့်လျက် တောသို့ထွက်လား ငါ့ထံပါး၌ တရားရသာ အမြိုက် ကိုရှာကြသော အို-ငါ၏ချစ်သား ရဟန်းများတို့။
ဧသေဝ၊ ဤသို့စဉ်လောက် ပွေလီထူးဆန်း အံ့မခန်းသော နိဗ္ဗာန်ရွှေမြို့နန်းကြီး သည်သာလျှင်။
ဒုက္ခဿ၊ သံသရာ ဝဋ်ဒုက္ခကြီး၏။
အန္တော၊ ချုပ်ဆုံးရာ ဌာနကြီးပေတည်း။
ဝါ၊ ဒုက္ခဿ၊ အဝိဇ္ဇာအစ ဇရာမရဏအဆုံး တဆဲ့နှစ်လုံးသော ပဋိစ္စသမုပ္ပါဒ် စက်ပုတီးကုံး ဒုက္ခတုံးကြီး၏။
အန္တော၊ မလည်မပတ် တန့်ရပ်ပျက်ပြုန်း အစတုံးချုပ်ဆုံးရာဌာနကြီးပေတည်း။
ဝါ၊ အဝိဇ္ဇာအစ ဇရာမရဏအဆုံး တဆဲ့နှစ်ပါးသော ပဋိစ္စ သမုပ္ပါဒ် စက်ရထားကြီး၏။
အန္တော၊ မပြေးမသွား ရပ်နား ပျက်ပြုန်း အစတုံး ချုပ်ဆုံးရာဌာန အမတ ဘူတာရုံတော်ကြီး ပေတည်း။
ဣတိ၊ ဤတွင် တဒါယတန နိဗ္ဗာနသုတ် ပြီး၏။

တဒါယတန နိဗ္ဗာနသုတ် အနက်ပြီး၏။

နိဗ္ဗာန်၏ ဆန်းကြယ်ချမ်းသာပုံကိုပြသော အဇာတနိဗ္ဗာနသုတ်

တပည့်တို့ ဤကဲ့သို့ မြတ်စွာဘုရားရှင်သည် နိဗ္ဗာန်လိုလား ရဟန်းများအား အလွန်တရာ ဆန်းကြယ် ထူးမြတ်တော်မူသော အတိဝိစိတြဒေသနာ ရွှေဉာဏ် တော်ဖြင့် နိဗ္ဗာန်တရားမြတ်၏ ပရမတ္ထအားဖြင့် ထင်ရှားဧကန် ရှိသည်၏အဖြစ်ကို အဆန်းတကြယ် အံ့ဩဖွယ်သော ဂုဏ်ကျေးဇူးနှင့်တကွ ဟောကြားပြီးလျှင် ထိုနိဗ္ဗာန်ဌာန အမတဘူတာရုံ ရွှေမြို့တော်ကြီးသို့ အလျင်အမြန် ဆိုက်ရောက် စေလိုသော မဟာကရုဏာ ရွှေဉာဏ်တော်ဖြင့် နှိုးဆော် တိုက်တွန်းအပ်သည် ဖြစ်၍ ဝိပဿနာ ကျင့်စဉ် မဂ္ဂင် ရထားနှင့်တကွ ရဟန္တာအရှင်မြတ်တို့ ပျော်စံ တည်နေရာ ထိုနိဗ္ဗာန်ဟူသော အမတဘူတာရုံ ရွှေမြို့တော်ကြီး၏ ထူးမြတ်ဆန်းကြယ် အံ့ဩဖွယ်ရှိပုံ ချမ်းသာပုံကို တဖန်ဤသို့ ဟောတော်မူပြန်၏။

အဇာတနိဗ္ဗာနသုတ်

ဇာတံ ဘူတံ သမုပ္ပန္နံ၊ ကတံ သင်္ခတ မဒ္ဓုဝံ။
ဇရာမရဏသံဃဋ္ဋံ၊ ရောဂနီဠံ ပဘင်္ဂုနံ။
အာဟာရနေတ္တိ ပဘဝံ၊ နာလံ တံ အဘိနန္ဒိတုံ။
တဿ နိဿရဏံ သန္တံ၊ အတက္ကာဝစရံ ဓုဝံ။
အကတံ အသမုပ္ပန္နံ၊ အသောကံ ဝိရဇံ ပဒံ။
နိရောဓော ဒုက္ခဓမ္မာနံ၊ သင်္ခါရူပသမော သုခေါတိ။

ဣတိဝုတ် ပါဠိတော်လာ အဇာတနိဗ္ဗာနသုတ်ပါဌ်

ဘိက္ခဝေ၊ ဒုက္ခမခင် သုခမင်၍ အလျင်အမြန် နိဗ္ဗာန်လိုလား ရဟန်းများတို့။
ဇာတံ၊ အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်သော။
ဘူတံ၊ အထင်အရှား ကြောင်းတရားကြောင့် တဘွားဘွား ဖြစ်ပေါ်၍နေသော။
သမုပ္ပန္နံ၊ ကောင်းစွာ ပေါင်းစု အကြောင်းစုကြောင့် ဥပါဒ်၍နေသော။
ကတံ၊ အကြောင်းတရားတို့ မနားမရပ် အမြဲပြုပြင်အပ်သော။
သင်္ခတံ၊ ခန္ဓာနာမ်ရုပ် အကောင်ပုပ် တည်းဟူသော သင်္ခတ တရားစုသည်ကား။
အဓုဝံ၊ မြဲမြံခိုင်ခံ့ခြင်းမရှိ။
ဇရာမရဏ သံဃဋ္ဋံ၊ အိုနာသေရေး ဒုက္ခဘေးတို့ နေ့ညဉ့်မစဲ အမြဲထိခတ် ညှဉ်းဆဲအပ်၏။
ရောဂနီဠံ၊ ကိုးဆဲ့ရှစ်ဖြာ ဘေးရောဂါတို့ မခါမစဲ အမြဲကိန်းစက်ရာ အသိုက် အအုံကြီးလည်း ဖြစ်ဘိ၏။
ပဘဂုၤနံ၊ ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်း အလေ့ရှိ၏။

အာဟာရနေတ္တိပဘဝံ၊ တဏှာဟာရ စသည်ထွေပြား ကြောင်းတရားလျှင် အမှန် ရှိသော။
တံ၊ ထိုသင်္ခတစုတ် အကောင်ပုပ်ကို။
အဘိနန္ဒိတုံ၊ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးခြင်းငှါ။
နာလံ၊ မသင့်မလျော် မတော်မထိုက်ချေ။

ဘိက္ခဝေ၊ ဒုက္ခမခင် သုခမင်၍ အလျင်အမြန် နိဗ္ဗာန်လိုလား ရဟန်းများတို့။
တဿ၊ ထိုသင်္ခတစုတ် အကောင်ပုပ်မှ။
နိဿရဏံ၊ ကျွတ်လွတ်ထွက်မြောက်၍နေသော။
ဝါ၊ ကျွတ်လွတ် ထွက်မြောက်ရာ ဌာနဖြစ်သော။
အတက္ကာဝစရံ၊ ပညာဉာဏ်မရှိ အကြံသာ ရှိသောသူတို့၏ သက်ဝင်ကျက်စားရာ မဟုတ်သော။
ဓုဝံ၊ ပျက်စီး ခြင်းမရှိဘဲ မြဲမြံခိုင်ခံ့သော။

အကတံ၊ အကြောင်းတရားတို့သည် မပြုပြင်အပ်သော။
အသမုပ္ပန္နံဥပါဒ်အားဖြင့် ဘုရားရွှေဉာဏ်တော်မှသော်လည်း မြင်ကောင်း လောက်အောင် မဖြစ်ပေါ်သော။
သန္တံအသင်္ခတ ပရမတ္ထအနေအားဖြင့် ထင်ရှားဧကန်လည်း ရှိထသော။
ပဒံ၊ နိဗ္ဗာန်ဌာန အမတဘူတာရုံ ရွှေမြို့တော်ကြီးသည်ကား။
ဝိရဇံ၊ ရာဂ ဒေါသ စသည်ပြုမှေး အညစ်အကြေးတို့မှ ကင်းဝေးဖြူစင်ရာ ဌာနကြီး ဖြစ်ပေ၏။
အသောကံ၊ ပူပန်သောက ကြောင့်ကြ စိုးရိမ်ခြင်းလည်း ကင်းရာ ဌာနကြီးဖြစ်ပေ၏။
ဒုက္ခဓမ္မာနံ၊ အဝိဇ္ဇာအစ ဇရာမရဏအဆုံး တဆဲ့နှစ်ပါးလုံးသော ပဋိစ္စသမုပ္ပါဒ်စက်တုံး ဒုက္ခတုံး ဒုက္ခတရားတို့၏။
နိရောဓော၊ ပျောက်ကင်း ကွယ်ချုပ်ရာ ဌာနကြီးလည်း ဖြစ်ပေ၏။
သင်္ခါရူပသမော၊ သင်္ခါရတရားတို့၏ ကွယ်ပချုပ်ငြိမ်းရာ ဌာနကြီးဖြစ်၍။
သုခေါ၊ အလွန်တရာ ချမ်းသာလှပေ၏ တကား။
ဣတိ၊ ဤတွင် အဇာတနိဗ္ဗာနသုတ် ပြီး၏။

အဇာတ နိဗ္ဗာနသုတ်အနက် ပြီး၏။

နိဗ္ဗာန်သို့ လှည်း, လှေတို့ဖြင့်သွား၍ မရောက်နိုင်ကြောင်းကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ မြတ်စွာဘုရား ဟောကြား ညွှန်ပြတော်မူအပ်သော လက်ဖြောက်တီး၍ အံ့ချီးမကုန် အပုံကြီး ထူးဆန်း အံ့ဩ ပြောပ၍မပြီးနိုင်အောင် ဂုဏ်ထူး ဝိသေသရှိသော ရဟန္တာ အရှင်မြတ်တို့ ပျော်စံတည်နေရာ မဟာအတုလ သုဒဿန ရွှေမြို့နန်းမ ပရမသုခ အမတ ဘူတာရုံ တော်ကြီးသည်ကား ရေ မြေ လေ မီး ဓာတ်ကြီးလေးပါးရှိသော ကာမဘုံ ရူပဘုံ ဓာတ်ကြီး လေးပါး မရှိသော ကောင်းကင် အရူပဘုံ အလုံးစုံ သုံးဆယ့်တဘုံတို့၏ ပြင်ဘက် စွန်ကျလျက် ဤ ပစ္စုပ္ပန် လောက နောင်တမလွန်လောက၏ အဆုံးစွန်ဟိုဘက်၌ နက္ခတ်တာရာ လ, နေ အရောင်လင်းတို့ မရှိဘဲ မိမိ၏ဂုဏ်ရောင် အလင်းတည်း ဟူသော ဓာတ်မီးတို့ဖြင့် ပြောင်ပြောင် ဝင်းဝင်း ထွန်းလင်း တောက်ပလျက် တည်၍နေသည်။

ထိုနိဗ္ဗာန်ဟူသော ပရမသုခ အမတဘူတာရုံ ရွှေမြို့တော်ကြီးသို့ မီးသင်္ဘော မီးရထား မြင်းရထား လှည်းရထား ခြေနင်းရထား ဆင်ယာဉ် မြင်းယာဉ် စသည် တို့ဖြင့် သွား၍လည်း မရောက်နိုင်ဘူး တပည့်တို့။

ထိုကြောင့် မြတ်စွာဘုရားရှင်သည် “နဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျအဂတံ ဒိသံ”ဟူ၍ ဓမ္မပဒပါဠိတော်၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ နိဗ္ဗာန် လိုလား ရဟန်းများတို့။
အဂတံ၊ ရှေးရှေးကာလ ဘယ်ခါကမှ မရောက်ဘူးသော။
ဒိသံ၊ လောက၏ အဆုံးစွန်ဟိုဘက်၌ တည်နေသော နိဗ္ဗာန်ဟူသော ပရမသုခ အမတဘူတာရုံ ရွှေမြို့တော်ကြီးရှိရာ အရပ်သို့။
ဧတေဟိ ယာနေဟိ၊ ဤလှည်းယာဉ် လှေယာဉ် ဆင်ယာဉ် မြင်းယာဉ် ရထားယာဉ် တို့ဖြင့်။
ဟိ ဂစ္ဆေယျ၊ သွား၍ မရောက်နိုင်သည်သာလျှင်တည်း။

လောက၏အဆုံးသို့သွားသော ရောဟိတသ နတ်သားဝတ္ထု

ဤဆင်ယာဉ် မြင်းယာဉ်စသည်တို့ဖြင့် သွား၍သာ မရောက်နိုင်သည် မဟုတ်။ ခြေထောက်ဖြင့် ခြေကျင် ပြေးသွား၍လည်း မရောက်နိုင်ဘူး တပည့်တို့။

မရောက်နိုင်ကြောင်းကိုကား - ရှေးသောအခါ ရောဟိတသ အမည်ရှိသော ငါတို့ ဇမ္ဗူဒီပါ ကျွန်းသား ရသေ့ဈာန်ပျံတဦး ယောက်ျားထူး အာဇာနည်တယောက်သည် လောက၏ အဆုံးသို့ ရောက်ခြင်းငှါ ထန်းပင်ရိပ်တခုကို မြှားဖြတ်၍ ပြေးသော ကာလမျှလောက်ကြာလျှင် ယူဇနာ တသန်း နှစ်သိန်း သုံးထောင် လေးရာ ငါးဆယ် အလျားအနံကျယ်သော စကြဝဠာတခုကို ထုတ်ချင်းပေါက်အောင် ပြေးသွားနိုင်သော အဘိညာဉ်တန်ခိုးဖြင့် စားရုံ သောက်ရုံ ဣရိယာပုထ်လေးပါး မျှတရုံကာလမျှကို ချန်ထား၍ မရပ်မနား ကောင်းကင်ခရီးဖြင့် အနှစ်တရာ ကာလပတ်လုံး ပြေးသွား လေသော် လေးကျွန်းတမြင့်မိုရ် လေးကျွန်းတမြင့်မိုရ် သတ္တဝါတို့နေရာ စကြဝဠာကား မဆုံးခဲ့ မကုန်ခဲ့ဘဲ မိမိအသက်တန်းသာ ကုန်၍ သေဆုံးလေလျှင် ဤငါတို့ စကြဝဠာသို့ပင်ပြန်၍ ဗြဟ္မာ့ပြည်၌ ဗြဟ္မာဖြစ်လေ၏။

ထိုရောဟိတသ ဗြဟ္မာကြီးသည် ငါတို့ဘုရား ပွင့်တော်မူသောအခါ ဘုရားထံသို့ လာ၍ အရှင်ဘုရား ... လောက၏အဆုံးသို့ ခြေဖြင့် ပြေးသွား၍ ရောက်နိုင်ပါမည်လောဟု မေးလျှောက်လေသော် မြတ်စွာဘုရားရှင်သည် –

နိဗ္ဗာန်သို့ခြေလျင်သွား၍ မရောက်နိုင်ကြောင်း

ဂမနေန နပတ္တဗ္ဗော၊ လောကဿန္တော ကုဒါစနံ။
န စ အပတွာ လောကန္တံ၊ ဒုက္ခာ အတ္ထိ ပမောစနံ။

ဟူ၍ ဟောတော်မူသည်။

စတုက္ကင်္ဂုတ္တရ ပါဠိတော် စသည်၌လာသည်။ လောကန္တ ဂမနသုတ်၏ အစိတ်ဂါထာ။

အာဝုသော၊ ရောဟိတသ နာမတွင်ငြား အို - ဒါယကာနတ်သား။
လောကဿ၊ လောက၏။
အန္တော၊ အဆုံးသို့။
ဝါ၊ ဆုံးရာဌာနသို့။
ဂမနေန၊ ခြေဖြင့် ပြေးသွား၍။
ကုဒါစနံ၊ တရံတဆစ်မျှ။
န ပတ္တဗ္ဗော၊ မရောက်အပ် မရောက်ထိုက်။
လောကန္တံ၊ လောက၏ အဆုံးသို့။
ဝါ၊ လောက၏ ဆုံးရာဌာနသို့။
အပတွာ၊ မရောက်ဘဲနှင့်လည်း။
ဒုက္ခာ၊ ဆင်းရဲဒုက္ခမှ။
ပမောစနံ၊ လွတ်ခြင်းမည်သည်။
န စ အတ္ထိ၊ ရှိလည်းမရှိပြီ။

ဤသို့ လောက၏အဆုံးကို ခြေဖြင့် ပြေးသွား၍ မရောက်နိုင်ကြောင်း လောက၏အဆုံးသို့ မရောက်ဘဲကိုလည်း ဒုက္ခမှ မလွတ်နိုင်ကြောင်းကို ဟောကြားပြီးလျှင် ထိုဗြဟ္မာနတ်သားအား --

လောကကို၎င်း,
လောက၏ ဖြစ်ကြောင်းကို၎င်း,
လောက၏ချုပ်ဆုံးရာ ဌာနကို၎င်း,
လောက၏ ချုပ်ဆုံးရာဌာနသို့ ရောက်အောင် သွားပုံ နည်းလမ်းကို၎င်း

ဟောကြားလေလျှင် ထိုရောဟိတသ ဗြဟ္မာနတ်သားသည် သွားလည်း မသွားဘဲ တန့်ရပ်၍လည်း မနေဘဲ ခဏချက်ခြင်း လောက၏ အဆုံးသို့ သိလေ ရောက်လေ၏။

ထိုသို့ ရောက်ပြီးမှ မိမိ ရှေးက ပြေးသွားဘူးသော အဖြစ်ကို အကုန်အစင် လျှောက်ကြား၍ မြတ်စွာဘုရားအား ကောင်း ချီးပေးပြီးလျှင် မိမိနေရာ ဗြဟ္မာ့ပြည်သို့ ပြန်သွားလေ၏။

တပည့်တို့ - ဤကဲ့သို့ အလွန်တရာ ချမ်းသာ ကောင်းမြတ်သော လောက၏ အဆုံးစွန် ဟိုဘက်၌ တည်နေသော ရဟန္တာ အရှင်မြတ်တို့ ပျော်စံတည်နေရာ နိဗ္ဗာန်တည်းဟူသော ပရမသုခ အမတဘူတာရုံ ရွှေမြို့တော်ကြီးသို့ မီးသင်္ဘော မီးရထား, ဆင်ယာဉ်, မြင်းယာဉ် ခြေလျင်တို့ဖြင့် သွား၍မရောက်နိုင်။

ထိုအမတ ဘူတာရုံ ရွှေမြို့တော်ကြီးသို့ မဆိုက်ရောက်ဘဲကိုလည်း ဆင်းရဲဒုက္ခမှ မလွတ်နိုင်ပြီ။ သို့ဘယ်လို ဘယ်နည်း ဘယ်လို ယာဉ်ရထားဖြင့် သွားမှ ရောက်နိုင် ပါမည်နည်းဆိုသော်-

နိဗ္ဗာန်သို့မဂ်ရထားဖြင့် သွားသော သမဏနတ်သား ဝတ္ထု

တပည့်တို့ - ရောက်အောင် သွားရန် ယာဉ်ရထားဖြင့် သွားပုံနည်းလမ်းကို ဘုရားရှင် လက်ထက်တော်က ရဟန်းငယ် ဦးပဉ္စင်း တပါးသည် ငါးဝါအရ နိဿယမုစ္စက အင်္ဂါတို့နှင့် ပြည့်စုံစေပြီးလျှင် တောသို့ဝင်၍ တပါးတည်း ဧကစာရ ဓမ္မဝိဟာရီ ယောဂီပုဂ္ဂိုလ်လုပ်လျက် သမဏဓမ္မဖြစ်သော ဝိပဿနာကို အားထုတ်လေသော် ဒုက္ခလက္ခဏာ လွန်စွာထင်၏။

ဝိပဿနာရှုခြင်းမှ တပါး အခြားသော စားမှု အိပ်မှု အစရှိသော ခန္ဓာကိုယ်ကို စောင့်ရှောက် မွေးမြူ မှုပျင်းရိ မေ့လျော့မှုတို့၌ လွန်စွာ အပြစ်ဒေါသ အာဒီနဝကို မြင်သဖြင့် အသက်ခန္ဓာ၌ ငဲ့ကွက်ခြင်းမရှိဘဲ အတင်းအကြပ် အစာအာဟာရကို ဖြတ်၍ မအိပ်ဘဲ မထဘဲ ထက်ဝယ် ဖွဲ့ခွေနေလျက် အားထုတ်လေသော် မဂ်သို့မရောက်ခင် ရင်ကို လေခွဲသဖြင့် စုတေ သေဆုံးပြီးခါ တာဝတိံသာဝယ် တဆဲ့နှစ်ယူဇာနာရှိသော ရွှေဗိမာန်ကြီးအလယ်၌ ထက်ဝယ်ဖွဲ့ခွေ နေလျက်ပင် နတ်သားဖြစ်၍ ဖြစ်လေ၏။

ထိုနတ်သားဖြစ်၍ ရောက်လာလျှင် ရောက်လာချင်း တထောင်မျှလောက်သော နတ်သ္မီးအပေါင်း တို့သည် ငါတို့၏သခင် ဗိမာန်ရှင် ရောက်လာပြီဟု ညီညာစုရုံး ရွှင်ပြုံးကြည်သာ ခစားလုပ်ကျွေး ခြင်းငှါ လာကြသည်ကို ထိုသမဏနတ်သား မြင်လေလျှင် သြော် .. အရပ်ထဲက တကာမတွေ ရဟန်းသင်္ဃာ အဖူးအမျှော် ကျောင်းတက်လာကြသည် တကားဟု မှတ်ထင်အောက်မေ့၍ ကိုယ်ရုံ နတ်ဝတ် ပုဆိုးကို သင်္ကန်းအမှတ်ဖြင့် သင်္ကန်း လက်ကတော့ထိုးဘိသကဲ့သို့ ပခုံးတဘက်၌ လက်ကတော့ စံပယ်တင်ထိုး၍ စက္ခုန္ဒြေကို ချပြီးလျှင် ကောင်းစွာ သမဏ သာရုပ္ပအသွင် အမှတ်သညာဖြင့် နေလေ၏။

ထိုနတ်သား၏ အမူအရာကို နတ်သ္မီးတို့မြင်လျှင် ဤနတ်သားကား ရှေးဘဝက ရဟန်းအဖြစ်မှ စုတေ၍ လာသော နတ်သားတည်း။မိမိ နတ်အဖြစ်သို့ ရောက်သည် ကိုမျှ မသိရှာသေးဟု သိမြင်အောက်မေ့၍ အရှင်နတ်သား .. ယခုအခါ လူ့ပြည် ရဟန်းမဟုတ်ပါ၊ နတ်ပြည်သို့ ရောက်ပါပြီ၊ နတ်တို့၏ စည်းစိမ်ချမ်းသာကို ခံစားမွေ့လျော် စံစားတော်မူပါဟု တင်လျှောက် တောင်းပန်ကြ လေသော် ဤ တကာမတွေ မလျောက်ပတ်သော စကားကို ပြောဆို လျှောက်ထားကြဘိ၏ဟု အောက်မေ့၍ ယုံကြည်ခြင်း မရှိဘဲ မိမိ ရဟန်းအမှတ်ဖြင့်သာ စက္ခုန္ဒြေကို ချမြဲတိုင်း ချ၍ နေလေ၏။

ထိုအခါ နတ်သ္မီးတို့သည် အဖန်ဖန် လျှောက်တင်ကြငြားသော်လည်း ယုံကြည်ခြင်း မရှိနိုင်၍ အကြံပိုင်သော နတ်သ္မီးတို့က မိမိတို့အဆောင်ထဲမှ ကိုယ်လုံးပေါ်မှန်ကြီးကို ဆွဲယူပြီးလျှင် နတ်သားရှေ့၌ ထောင်ပြ၍ ထာဒလေသော် ထိုသမဏနတ်သားသည် မှန်တွင်း၌ ထင်သော မိမိ၏ အရိပ်ကိုမြင်မှ မိမိသေဆုံးခဲ့၍ နတ်ပြည်၌ နတ်ဖြစ်မှန်းကို ယုံကြည်သိမြင်လေလျှင် --

ဟင် - ငါသည် ဤနတ်ပြည်ကို အလိုရှိ၍ တရားကို အားထုတ်သည်မဟုတ်၊ နိဗ္ဗာန်ကို အလိုရှိ၍သာ အားထုတ်ပါသည်ကို ဤအသုံးမကျ ဒုက္ခဘဝသို့ ရောက်ရ လေဘိ၏ဟု ထိတ်လန့် သံဝေဂရှိလျက် နတ်ပြည်တလျှောက်ကို မော်၍ ရှုမျှော် လိုက်သော် မိမိအပါး၌ ခစားခြံရံ၍နေကြသော နတ်သ္မီး အပေါင်းကိုလည်း တစ္ဆေ မြေဘုတ် ဘီလူးမတွေကဲ့သို့ ထင်လေ၏။

တနတ်ပြည်လုံး အုံးအုံးကြွက်ညံ မွေ့လျော် ပျော်ပါးရာ အလွန်တရာ သာယာ ကောင်းမြတ်သော နန္ဒဝန်ဥယျာဉ်ကြီးကိုလည်း သတ္တဝါ တို့ကို မိုက်မဲတွေဝေ သံသရာ ဝဋ်က မလွတ်နိုင်အောင် ပြု၍နေသော အမိုက်မှောင် တောကြီး အမိုက်မှောင် တိုက်ခန်းကြီးအနေ ကြောက်စရာကြီး အဖြစ်ဖြင့် ထင်လေ၍ အလျင် အမြန် ဗိမာန်နှင့်တကွ သီလပျက်စီးခြင်း မရှိသေးဘဲ ဘုရား အထံသို့ ဆင်းရောက် ချဉ်းကပ်လာ၍ -

အစ္ဆရာဂဏသံဃုဋ္ဌံ၊ ပိသာစ ဂဏသေဝိတံ။
ဝနန္တံ မောဟနံနာမ၊ ကထံ ယတြာ ဘဝိဿတိ။

ဟူ၍ သဂါထာ ဝဂ္ဂသံယုတ်ပါဠိတော်၌ မြတ်စွာဘုရားအား ကာမောဃ သံသရာ ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း တရားကို မေးလျှောက်လေ၏။

ဘန္တေ၊ ရွှေဘုန်းတော်ရှင် သခင်ဘုရား။
အစ္ဆရာဂဏသံဃုဋ္ဌံ၊ နတ်သ္မီး အပေါင်းတို့သည် သောင်းသောင်းကြွက်ညံ ကခုန်မြူးပျော် ကြွေးကြော် အပ်သော။
ပိသာစာဂဏသေဝိတံ၊ မြေဘုတ်ဘီလူး အပေါင်းတို့သည် အမြဲမွေ့လျော် မှီဝဲအပ်သော။
မောဟနံနာမ၊ သတ္တဝါတို့ကို မိုက်မဲတွေဝေအောင် ပြုတတ်သောကြောင့် မောဟန အမည်ရသော။
တံဝနံ၊ ထိုဩဃလေးပါး၏ လွန်စွာ ယိုစီးဖြစ်ပွားရာ နန္ဒဝန် ဥယျာဉ်ကြီးကို။
ကထံ ကေန၊ အဘယ်သို့သော အကြောင်းဖြင့်။
ယတြာ၊ လွန်မြောက်နိုင်ခြင်းသည်။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့ နည်း။

တပည့်တို့ - ဤ နန္ဒဝန်ဥယျာဉ်ကြီး၏ ကြောက်စရာ ကောင်းပုံကို သေချာစွာ သိလိုကြလျှင် ဆရာရေးသား စီရင်အပ်သော အရိယာမဂ္ဂ ဒီပနီကျမ်း ပညာသမ္ပဒါအရာ သုစရိုက်၏ အကျိုး အာနိသင်ကို ပြသော အခန်းမှာ ကြည့်ကြ။

ထိုအခါ မြတ်စွာဘုရားသည် နန္ဒဝန်ဥယျာဉ်ကိုလွန်၍ ဩဃလေးပါး၏ ဟိုဘက် ကမ်းစွန်း၌ ဂုဏ်ရောင် ဓာတ်မီးတိုင်တို့ဖြင့် ထိန်ထိန်ဝင်းဝင်း ထွန်းလင်း တောက်ပလျက် တည်နေသော ရဟန္တာအရှင်မြတ်တို့၏ ပျော်စံတည်နေရာ နိဗ္ဗာန် တည်းဟူသော ပရမသုခ အမတဘူတာရုံ ရွှေမြို့တော်ကြီးရှိရာ အရပ်ကို၎င်း၊ ထိုအရပ်ဒေသ အမတဘူတာရုံ ရွှေမြို့တော်ကြီးသို့ ရောက်အောင် သွားရန် လမ်းခရီး ရထားနှင့်တကွ သွားပုံ နည်းဥပဒေကို၎င်း ထိုနတ်သားအား ဤသို့ ဟောကြား ညွှန်ပြတော်မူပေ၏။

ရထူပမသုတ်

၁။ ဥဇုကောနာမ သောမဂ္ဂေါ၊ အဘယာနာမ သာဒိသာ။
ရထော အကူဇနောနာမ၊ ဓမ္မစက္ကေဟိ သံယုတော။

၂။ ဟိရီ တဿ အပါလမ္ဗော၊ သတျဿ ပရိဝါရဏံ။
ဓမ္မာဟံ သာရထီ ဗြူမိသမ္မာဒိဋ္ဌိ ပုရေဇဝံ

၃။ ယဿ ဧတာဒိသံ ယာနံဣတ္ထိယာ ပုရိသဿ ဝါ
သဝေ ဧတေန ယာနေနနိဗ္ဗာနဿေဝ သန္တိကေတိ

သဂါထာဝဂ္ဂသံယုတ် ပါဠိတော်လာ ရထူပမသုတ်ပါဌ်

---

၁။ ဒေဝပုတ္တ၊ ငါ၏ချစ်သား အို-နတ်သား။
သော မဂ္ဂေါ၊ ထိုမဂ္ဂင်ရှစ်ပါး တည်းဟူသော လမ်းခရီးသည်ကား။
ဥဇုကောနာမ၊ မကွယ်မထောင့် တကယ် ဖြောင့်သော လမ်းခရီးမည်၏။
သာဒိသာ၊ ထိုနိဗ္ဗာန်တည်းဟူသော ပရမသုခ အမတဘူတာရုံ ရွှေမြို့တော်ကြီး ရှိရာ အရပ် သည်ကား။
အဘယာနာမဘေးကင်းသော အရပ်မည်၏။
ဓမ္မစက္ကေဟိ၊ ကာယိကဝီရိယ စေတသိကဝီရိယ တည်းဟူသော ရထားဘီးတို့နှင့်။
သံယုတော၊ မကျွတ်နိုင်အောင် ကောင်းစွာ တပ်ယှဉ်အပ်သော။
ရထော၊ မဂ္ဂင်ရှစ်ပါး တည်းဟူသော ရထားသည်ကား။
အကူဇနောနာမ၊ ရေ ဆီ လှည်းစာ မထိုးသော်လည်း မကျိုးမမည်သော ရထား မည်၏။

ဟိရီ၊ မကောင်းမှု ဒုစရိုက်မှ ရှက်တတ်, ကြောက်တတ်သော ဟိရီ ဩတ္တပ္ပ တရား နှစ်ပါးသည်။
တဿ၊ ထိုမဂ္ဂင်ရှစ်ပါး တည်းဟူသော ရထား၏။
အပါလမ္ဗောမှီရာတံကဲ မည်၏။
သတိ၊ ကုသိုလ်အာရုံကို မပျောက်ပျက်အောင် ကောင်းစွာ မှတ်သား အောက်မေ့ တတ်သော သတိတရားသည်။
အဿ၊ ထိုမဂ္ဂင် ထိုမဂ္ဂင်ရှစ်ပါးတည်း ဟူသော ရထား၏။
ပရိဝါရဏံ၊ ရံတိုင် မည်၏။
သမ္မာဒိဋ္ဌိ ပုရေဇဝံ၊ ဝိပဿနာ သမ္မာဒိဋ္ဌိလျှင် ရှေ့သွားရှိသော။
ဓမ္မံ၊ လောကုတ္တရာ သမ္မာဒိဋ္ဌိကို။
သာရထိရထာထိန်းဟူ၍။
အဟံ၊ ငါဘုရားသည်။
ဗြူမိ၊ ဟောကြားတော်မူ၏။

ဒေဝပုတ္တ၊ ငါ၏ချစ်သား အို-နတ်သား။
ယဿာ ဣတ္ထိယာ ဝါ၊ အကြင် မိန်းမအား၎င်း။
ယဿ ပုရိသဿ ဝါ၊ အကြင်ယောက်ျားအား၎င်း။
ဧတာဒိသံ၊ ဤသို့ သဘောရှိသော။
ယာနံ၊ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားသည်။
အတ္ထိ၊ ရှိသည်ဖြစ်အံ့။
သ သော ဣတ္ထိ ပုရိသော၊ ထိုမိန်းမယောက်ျား လူအများသည်။
ဧတေနယာနေန ဧဝ၊ ဤမဂ္ဂင်ရှစ်ပါး ယာဉ်ရထားဖြင့်သာလျှင်။
နိဗ္ဗာနဿနိဗ္ဗာန်တည်းဟူသော ပရမသုခ အမတဘူဘာရုံ ရွှေမြို့တော်ကြီးသို့။
ဝေ၊ ဧကန်စင်စစ်။
သန္တိကေ၊ ရောက်နိုင်လေ၏။
ဣတိ၊ ဤတွင် ရထူပမသုတ် အပြီးတည်း။

ရထူပမသုတ်အနက် ပြီး၏

---

ဤဒေသနာတော်၏အဆုံး၌ နတ်သ္မီးအပေါင်းနှင့်တကွ ထိုသမဏနတ်သားသည် မဂ္ဂင်ရထားစီး၍ ဇနီးတူစုံ သွားကြကုန်သော် သောတာပန် တည်သောအားဖြင့် နန္ဒဝန်ဥယျာဉ်ကို တချို့တဝက် လွန်မြောက်၍ နိဗ္ဗာန်တည်းဟူသော ပရမသုခ အမတ ဘူတာရုံ ရွှေမြို့တော်ကြီးသို့ ရောက်ကြ ပြီးလျှင် ဘုရားရှင်ကို ဖူးမြင် ဝတ်ချပြီးခါ မိမိတို့နေရာ တာဝတိံသာသို့ ပြန်သွား၍ နတ်၏ စည်းစိမ် ချမ်းသာကို ခံစားမွေ့လျော် စံစားတော်မူလျက် ယခုထက်ထိ ထိုဦးပဉ္စင်း လူထွက်ကလေး ရှိသေး၏။

တပည့်တို့ - လောက၏ အဆုံးစွန် ဟိုဘက်၌ တည်နေသော နိဗ္ဗာန်တည်းဟူသော ပရမသုခ အမတ ဘူတာရုံ ရွှေမြို့တော်ကြီးကို မီးသင်္ဘော မီးရထား ဆင်ယာဉ် မြင်းယာဉ် စသည်တို့ဖြင့်၎င်း၊ ရောဟိတသ ဈာနလာဘီ အာဇာနည် ယောက်ျားကဲ့သို့ ခြေကျင်အားဖြင့်၎င်း၊ သွားလည်း မသွားဘဲ မဂ္ဂင်ရထားကို မပွားများသောအားဖြင့် တန့်ရပ်၍လည်း မနေဘဲ ဤကဲ့သို့ မြတ်စွာဘုရားဟောကြား ညွှန်ပြတော်မူအပ်သော မဂ္ဂင်ရထားဖြင့် သွားမှသာလျှင် ရောက်နိုင်သည်။

ထို့ကြောင့် အကောင်းဆုံးကို ရောက်လိုကြသော သင်တပည့်တို့သည်လည်း မဂ္ဂင် ရထားစီး၍ လျင်မြန်စွာ သွားကြကုန်လော။

---

အနုသာသနီသုတ်

သုသုခံ အမတံ ပူရံလောကန္တံ ဗုဒ္ဓဒေသိတံ
အတိဋ္ဌန္တာ အဂစ္ဆန္တာဂန္တာရော ဟောထ သာဓဝေါ

သေက္ချဘာသိတ ဂါထာ

သာဓဝေါ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ သင်တို့သည်။
ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်သော။
လောကန္တံ၊ ပဋိစ္စသမုပ္ပါဒ် စက်ရထားတည်းဟူသော လောက၏ အစတုံးချုပ်ဆုံးရာ ဌာနဖြစ် သော။
သုသုခံ၊ အလွန်တရာ ချမ်းသာလှသော
အမတံ ပုရံသေခြင်းကင်းပ အမတဘူတာရုံ ရွှေမြို့တော်ကြီးသို့။
အတိဋ္ဌန္တာ၊ တန့်ရပ်၍လည်း မနေကြဘဲ။
အဂစ္ဆန္တာ၊ သွားလည်း မသွားကြဘဲ။
ဂန္တာရော၊ ရောက်ကြကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော့။

ဣတိ နိဗ္ဗာန ကိတ္တနပဗ္ဗံ

နိဗ္ဗာနကိတ္တနပဗ္ဗံ၊ ထူးထွေအံ့ဖွယ် ဆန်းကြယ်ကောင်းမြတ် ရောက်အပ်ချင်စရာ များစွာသော ဂုဏ်ကျေးဇူးတို့ကိုပြလျက် နိဗ္ဗာန်ကို ဟောကြားသော နိဗ္ဗာနကိတ္တန ပိုင်းသည်။
ဣတိ၊ ဤတွင်ပြီးပြီ။

နိဗ္ဗာနကိတ္တနပိုင်း ပြီး၏

---

၃-မဂ္ဂရထဝိဓာနပိုင်း

တပည့်တို့ -

နိဗ္ဗာနံ၊ ရောက်အောင် သွားရန်နည်းလမ်းနှင့်တက္ခ နိဗ္ဗာန်တရားမြတ်ကို။
ဒေသယိဿာမိ၊ ဟောကြားပေအံ့”

ဟူသော ပဋိညာဉ်အတိုင်း နိဗ္ဗာန်ကို ဟောကြားပြီး၍ ယခုအခါ မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောကြား ညွှန်ပြတော်မူအပ်သော ဤရထူပမသုတ်တော်မြတ်၏ အရ နိဗ္ဗာန်သို့ ရောက်အောင် သွားရန် နည်းလမ်းဖြစ်သော မဂ္ဂင်ရထားကို ထင်ရှား သိသာ ကောင်းစွာ နားလည်အောင် အကျယ်ဖွင့်ပြ စီရင်ဦးအံ့။

---

ရထားသဖွယ်ဖြစ်သော
မဂ္ဂင်ရှစ်ပါး သရုပ်ကို ပြခြင်း

တပည့်တို့ - ရထားသဖွယ်ဖြစ်သော မဂ္ဂင်ရှစ်ပါးတို့ဟူသည် အဘယ်သည်တို့ နည်းဟူမူ-

  1. ကောင်းစွာမြင်ခြင်း ပညာ စေတသိက်ဟူသော သမ္မာဒိဋ္ဌိမဂ္ဂင်။
  2. ကောင်းစွာကြံစည်ခြင်း ဝိတက်စေတသိက် ဟူသော သမ္မာသင်္ကပ္ပမဂ္ဂင်။
  3. ဝစီဒုစရိုက်မှ ရှောင်ကြဉ်ခြင်း သမ္မာဝါစာ စေတသိက် ဟူသော သမ္မာဝါစာမဂ္ဂင်။
  4. ကာယဒုစရိုက်မှ ရှောင်ကြဉ်ခြင်း သမ္မာကမ္မန္တ စေတသိက် ဟူသော သမ္မာကမ္မန္တမဂ္ဂင်။
  5. ဒုစရိုက်ကိုပြု၍ အသက်မွေးမြူခြင်းမှ ရှောင်ကြဉ်ခြင်း သမ္မာအာဇီဝ စေတသိက် ဟူသော သမ္မာအာဇီဝမဂ္ဂင်။
  6. ကောင်းစွာ အားထုတ်ခြင်း ဝီရိယ စေတသိက် ဟူသော သမ္မာဝါယာမမဂ္ဂင်။
  7. မမေ့မပျောက် ကောင်းစွာမှတ်သားအောက်မေ့ခြင်း သတိစေတသိက် ဟူသော သမ္မာသတိမဂ္ဂင်။
  8. ကောင်းစွာ တည်ကြည်ခြင်း ဧကဂ္ဂတာ စေတသိက်ဟူသော သမ္မာ သမာဓိမဂ္ဂင်။

ဤရှစ်ပါးတို့ပေတည်း။

---

မဂ္ဂင်ရှစ်ပါးကို သိက္ခာသုံးပါးဖွဲ့၍ ပြခြင်း

တပည့်တို့ - ဤရှစ်ပါးသော မဂ္ဂင်တို့ကို သဘောတူ ကိစ္စတူ အနေအားဖြင့် အကျဉ်းချုံး၍ ပေါင်းရုံးပြီးလျှင် သိက္ခာဖွဲ့လိုက်သည်ရှိသော် --

  1. ဝိတက်ကို ပညာသို့သွင်း၍ အဓိပညာသိက္ခာ-၁။
  2. ဝိရတီစေတသိက်သုံးခုကို အဓိသီလသိက္ခာ-၂။
  3. ဝီရိယ သတိတို့ကို သမာဓိသို့သွင်း၍ အဓိစိတ္တသိက္ခာ-၃။

ဟု သုံးပါးသာရှိသည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည်-

သီလံ သမာဓိ ပညာစယဿ ဧတေ သုဘာဝိတာ
အတိက္ကမ္မ မာရဓေယျံအာဒိစ္စောဝ ဝိရောစတိ

ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ယဿ၊ အကြင်သူသည်။
သီလဉ္ဇ၊ အဓိသီလ သိက္ခာ ဟုဆိုအပ်သော သီလကို၎င်း။
သမာဓိ စ၊ အဓိစိတ္တသိက္ခာ ဟုဆိုအပ်သော သမာဓိကို၎င်း။
ပညာ စ၊ အဓိပညာသိက္ခာ ဟုဆိုအပ်သော ပညာကို၎င်း။
ဧတေ၊ ဤသုံးပါးသော တရားတို့ကို။
သုဘာဝိတာ၊ ဆုံးခန်းတိုင်အောင် ကောင်းစွာ ပွားများအပ်ကုန်၏။
သော၊ ထိုသူသည်။
မာရဓေယျံ၊ မာရ်မင်း၏ နိုင်ငံကို။
အတိက္ကမ္မ၊ လွန်မြောက်၍။
အာဒိစ္စောဝ၊ ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ညစ်မျိုးငါးအင် ကင်းစင်တောက်ပ တင့်တယ်လှသော နေမင်းကြီးကဲ့သို့။
ဝိရောစတိ၊ ထွန်းလင်းတင့်တယ်၏။

---

အဓိသီလသိက္ခာအပြားကို ဖွင့်ပြခြင်း

တပည့်တို့ - ထိုသီလ သမာဓိ ပညာ သိက္ခာသုံးပါးတို့တွင် သီလသည် ယုတ်ညံ့သော မေထုနအမှုမှ မရှောင်ကြဉ်ဘဲ ထိန်းသိမ်း စောင့်ရှောက်အပ်သော အဗြဟ္မစရိယ သီလ၊ ယုတ်ညံ့သော မေထုနအမှုမှ ရှောင်ကြဉ်၍ ထိန်းသိမ်းစောင့်ရှောက် အပ်သော ဗြဟ္မစရိယသီလဟူ၍ နှစ်ပါးသာရှိ၏။

ဝိသာခါ အနာထပိဏ် အစရှိသော သူတို့သည် နေ့စဉ်မပြတ် ထိန်းသိမ်း စောင့်ရှောက်အပ်သော ငါးပါးသီလ, အာဇီဝဋ္ဌမကသီလ, ဆယ်ပါးသော သုစရိုက် ဟူသော သုစရိတသီလတို့ကို အဗြဟ္မစရိယ သီလ ဟုဆိုသည်။ အဗြဟ္မစရိယသီလ ဟုမှတ်ကြ။

ထိုဝိသာခါ အနာထပိဏ် အစရှိသော သူတို့သည်ပင်လျှင် ဥပုသ်နေ့၌ ထိန်းသိမ်း စောင့်ရှောက် အပ်သော ရှစ်ပါးသီလ၊ ဃဋိကာရ အိုးထိန်းသည် ဟတ္ထကဥပါသကာ သုမနသာမဏေ အစရှိသော သူတို့သည် ထိန်းသိမ်း စောင့်ရှောက်အပ်သော ဆယ်ပါးသီလ၊ အရှင်သာရိပုတ္တရာ, အရှင်အာနန္ဒာ အစရှိသော သူတို့သည် ထိန်းသိမ်း စောင့်ရှောက်အပ်သော ပါတိမောက္ခသံဝရသီလ၊ မြတ်စွာဘုရား တို့သည် ထိန်းသိမ်း စောင့်ရှောက်အပ်သော တတုတ္တရိအနုစ္စာဝစ သီလတို့ကို ဗြဟ္မစရိယ သီလဟုဆိုသည်။ ဗြဟ္မစရိယသီလ ဟုမှတ်ကြ။

ဤအစဉ်အတိုင်း ပြဆိုခဲ့ပြီးသော အလုံးစုံသော သီလတို့ကို အစဉ်အတိုင်း ပဌမထက် ဒုတိယ ဒုတိယထက် တတိယ စသည်ဖြင့် သာလွန်မြင့်မြတ်၏ ဟူ၍လည်း မှတ်ကြ။

ဤပြဆိုခဲ့ပြီးသော အလုံးစုံသော သီလ သိက္ခာပုဒ်တို့ကို ဒွါရဖြင့် ချုံးလိုက်သည် ရှိသော် ကိုယ်ဖြင့် မလွန်ကျူးကောင်းသော မလွန်ကျူးအပ်သော သိက္ခာပုဒ် အပြစ်ဒေါသ ဟူသမျှသည် ကာယဒုစရိုက် မည်၏။
နှုတ်ဖြင့် မလွန်ကျူး ကောင်းသော မလွန်ကျူးအပ်သော သိက္ခာပုဒ် အပြစ်ဒေါသ ဟူသမျှသည် ဝစီဒုစရိုက် မည်၏။
စိတ်ဖြင့်မလွန်ကျူးကောင်းသော မလွန်ကျူးအပ်သော သိက္ခာပုဒ် အပြစ်ဒေါသ ဟူသမျှသည် မနောဒုစရိုက် မည်၏။
ထို ကာယဒုစရိုက်, ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို မလွန်ကျူး မပြုကျင့်ဘဲ ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် ကာယသုစရိုက်, ဝစီသုစရိုက်, မနော သုစရိုက်ဟူ၍ သုစရိတသီလ သုံးပါးသာရှိ၏။ ဤသုစရိတ သီလသုံးပါးနှင့် ပြည့်စုံသော သူသည်ကောင်းသော အကျင့်သီလနှင့် ပြည့်စုံသောသူ မည်၏။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည်—

ယဿ ကာယေန ဝါစာယမနသာ နတ္ထိ ဒုက္ကဋံ
တံ ဝေ ကလျာဏသီလောတိအာဟု ဘိက္ခု ဟိရီမနံ

ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ယဿ၊ အကြင်ရဟန်းအား။
ကာယေန၊ ကိုယ်ဖြင့်။
ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုကျင့်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဝါစာယ၊ နှုတ်ဖြင့်။
ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုကျင့်ခြင်းသည်။
နတ္ထိ၊ မရှိ။
မနသာ၊ စိတ်ဖြင့်။
ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုကျင့်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဘိက္ခဝေ၊ ရဟန်းတို့။
ဟိရီမနံ၊ မကောင်းမှု ဒုစရိုက်မှ ရှက်ကြောက်တတ်သော စိတ်နှလုံးရှိသော။
တံ ဘိက္ခု၊ထိုရဟန်းကို။
ဝေ၊ ဧကန်စင်စစ်။
ကလျာဏသီလောတိ၊ ကောင်းမြတ်သော အကျင့်သီလနှင့် ပြည့်စုံသောသူဟူ၍။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
အာဟု၊ မိန့်ဆိုကြကုန်၏။

အဓိသီလ သိက္ခာဟူသော ကလျာဏဓမ္မသီလ ပြချက် ပြီး၏။

---

အဓိစိတ္တသိက္ခာကို ပြခြင်း

ဤ သီလ သမာဓိ ပညာ သိက္ခာသုံးပါးတို့တွင် သမာဓိဟူသည် ပထမဈာနသမာဓိ, ဒုတိယဈာန သမာဓိ, တတိယဈာနသမာဓိ, စတုတ္ထဈာနသမာဓိ, ပဉ္စမဈာနသမာဓိ ဟူ၍ ငါးပါးရှိ၏။

ဤငါးပါးသော သမာဓိတရားနှင့် ပြည်စုံသော သူသည် ကောင်းသောတရားနှင့် ပြည့်စုံသောသူ မည်၏။ ထိုကြောင့် မြတ်စွာဘုရားရှင်သည် –

ယဿ ဓမ္မာ သုဘာဝိတာပတ္တုံ သမ္ဗောဓဂါမိနော
တံ ဝေ ကလျာဏဓမ္မောတိအာဟု ဘိက္ခုံ အနုဒ္ဓတံ

ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ယဿ၊ အကြင်ရဟန်းသည်။
သမ္ဗောဓိံ၊ လေးပါးသော မဂ်ဉာဏ်သို့။
ပတ္တုံ၊ ရောက်ခြင်းငှါ။
သမ္ဗောဓဂါမိနော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်ကုန်သော။
ဓမ္မာ၊ သတိ, ဝီရိယနှင့်တကွ ငါးဝသော သမာဓိတရားတို့ကို။
သုဘာဝိတာ၊ ဆုံးခန်းတိုင်အောင် ကောင်းစွာ ပွားများ အပ်ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အနုဒ္ဓတံ၊ တက်ကြွပျံ့လွင့်ခြင်း မရှိသော။
တံ ဘိက္ခုံ၊ ထိုရဟန်းကို။
ဝေ၊ ဧကန်စင်စစ်။
ကလျာဏဓမ္မောတိ၊ ကောင်းမြတ်သော တရားနှင့်ပြည့်စုံသော သူဟူ၍။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
အာဟု၊ မိန့်ဆိုကြကုန်၏။

အဓိစိတ္တသိက္ခာဟူသော ကလျာဏဓမ္မ သမာဓိပြချက် ပြီး၏။

---

အဓိပညာသိက္ခာကို ပြခြင်း

ဤသီလ သမာဓိ ပညာ သိက္ခာသုံးပါးတို့တွင် ပညာဟူသည် --

  • ဒုက္ခသစ္စာ၌ ကောင်းစွာ သိမြင်သော ဉာဏ်ပညာ,
  • ဒုက္ခဖြစ်ကြောင်းသမုဒယသစ္စာ၌ ကောင်း စွာသိမြင်သော ဉာဏ်ပညာ,
  • ဒုက္ခကင်းချုပ်ရာဌာန နိရောဓသစ္စာ၌ ကောင်းစွာ သိမြင်သော ဉာဏ်ပညာ,
  • ဒုက္ခကင်းချုပ်ရာဌာန နိရောဓသစ္စာသို့ ရောက်ကြောင်း မဂ္ဂသစ္စာ၌ ကောင်းစွာ သိမြင်သော ဉာဏ်ပညာ - ဟူ၍ လေးပါးရှိ၏။

ဤလေးပါးသော ဉာဏ်ပညာနှင့် ပြည့်စုံသောသူသည် ကောင်းသောဉာဏ် ပညာနှင့် ပြည့်စုံသောသူ မည်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် --

ယော ဒုက္ခဿ ပဇာနာတိဣဓေဝ ခယမတ္တနော
တံ ဝေ ကလျာဏပညောတိအာဟု ဘိက္ခုံ အနာသဝံ

ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ယော၊ အကြင်ရဟန်းသည်။
ဣဓေဝ၊ ဤဘဝ၌ပင်လျှင်။
အတ္တနော၊ မိမိ၏။
ဒုက္ခဿ၊ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် တည်းဟူသော ဒုက္ခတရားစု၏။
ခယံ၊ ကုန်ရာဌာန နိရောဓသစ္စာကို။
ပဇာနာတိ၊ မြင်သိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အနာသဝံ၊ အာသဝေါ တရားကင်းပဆဲ ကင်းပပြီးဖြစ်သော။
တံ ဘိက္ခုံ၊ ထိုရဟန်းကို။
ဝေ၊ ဧကန်စင်စစ်။
ကလျာဏပညောတိ၊ ကောင်းမြတ်သော ဉာဏ်ပညာနှင့် ပြည့်စုံသောသူဟူ၍။
ပဏ္ဍိတာ၊ ပညာရှင်တို့သည်။
အာဟု။ မိန့်ဆိုကြကုန်၏။

အဓိပညာသိက္ခာဟူသော ကလျာဏဓမ္မ ပညာပြချက် ပြီး၏။

---

သိက္ခာသုံးပါးကို
အစ-အလယ်-အဆုံး တွဲ၍ ပြခြင်း

ဤကလျာဏသီလ ကလျာဏဓမ္မသမာဓိကလျာဏပညာ တရားသုံးပါးတို့နှင့် ပြည့်စုံသောသူသည် နိဗ္ဗာန်သို့ရောက်ရ၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည်-

တေဟိ ဓမ္မေဟိ သမ္ပန္နံအနီဃံ ဆိန္နသံသယံ
အသိတံ သဗ္ဗလောကဿအာဟု သဗ္ဗပဟာယိနန္တိ

ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
တေဟိ ဓမ္မေဟိ၊ ထို ဟောအပ်ပြီးသော ကလျာဏ သီလ အစရှိသော သုံးပါးသော တရားတို့နှင့်။
သမ္ပန္နံ၊ ပြည့်စုံသော။
ဆိန္နသံသယံ၊ ပယ်ဖြတ်အပ်ပြီးသော သံသယရှိသည်ဖြစ်၍။
အနီဃံ၊ ဆင်းရဲခြင်းလည်း ကင်းထသော။
သဗ္ဗလောကဿ၊ အလုံးစုံသော သင်္ခါရလောက၌။
အသိတံ၊ တဏှာအားဖြင့် ထောက်တည် မှီနေခြင်းလည်း မရှိထသော။
ဘိက္ခုံ၊ ရဟန်းကို။
သဗ္ဗပဟာယိနံ၊ သင်္ခတ အလုံးစုံကို ပယ်စွန့်လေ့ရှိသော ဥတ္တမပုရိသ ယောက်ျား မြတ်ဟူ၍။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
အာဟု၊ မိန့်ဆိုကြကုန်၏။
ဣတိ၊ ဤတွင် ဥတ္တမပုရိသသုတ် ပြီး၏။

တပည့်တို့ - ဤသို့ တရားကိုယ် ဓမ္မဇာတိ တမျိုးတည်း ဖြစ်၍ သေက္ခာသေက္ခ မသန့်ခြားဘဲ သဘောတူ ကိစ္စတူ လျော်ရာသွင်းချုံးကာ ပဓာနအားဖြင့် ကောက်ယူ၍ ယခုပြဆိုခဲ့ပြီးသော မဂ္ဂင်ရှစ်ပါး တည်းဟူသော သီလ, သမာဓိ, ပညာ, သိက္ခာ သုံးပါးတို့တွင် --

  • သီလသည် သမာဓိဖြစ်ခြင်းအကြောင်း မည်၏။ အစမည်၏၊
  • သမာဓိသည် ပညာဖြစ်ခြင်း အကြောင်း မည်၏၊ အလယ်မည်၏၊
  • ပညာသည် သမာဓိအကျိုး မည်၏၊ အဆုံးမည်၏၊

သီလရှိမှ သမာဓိဖြစ်နိုင်သည်၊
သမာဓိရှိမှ ပညာဖြစ်နိုင်သည်၊
ပညာဖြစ်ပေါ်လာရှိမှ နိဗ္ဗာန်သို့ ရောက်နိုင်သည်၊

ထို့ကြောင့် ပဋိသမ္ဘိဒါပတ္တ သီလဝါ အမည်တော်ရှိသော ရဟန္တာ မထေရ်မြတ်သည် ဤသို့ ဟောတော်မူပေသည်။

---

သီလ၏ အကျိုးကို ပြသော သီလဝါသုတ်

၁။ သီလ မေဝိဓ သိက္ခေထအသ္မိံ လောကေ သုသိက္ခိတံ
သီလံ ဟိ သဗ္ဗသမ္ပတ္တိံဥပနာမေတိ သေဝိတံ

ထေရဂါထာ ပါဠိတော်

အာဝုသော၊ ငါ့ရှင်တို့။
ဣဓ၊ ဤလောက၌။
သီလမေဝ၊ သီလကိုသာလျှင်။
သိက္ခေထ၊ ကျင့်ရာ၏။
ဟိသစ္စံ၊ သီလကိုသာလျှင် ကျင့်ရာ၏ဟု ငါဟောကြားသော စကားသည် မမှားဧကန် အဟုတ်မှန်၏။
အသ္မိံလောကေ၊ ဤလောက၌။
သုသိက္ခိတံ၊ ကောင်းစွာကျင့်အပ်သော။
သီလံ၊ သီလသည်။
သေဝိတံ၊ မိမိကို ပြုကျင့်မှီဝဲသောသူကို။
သဗ္ဗသမ္ပတ္တိံ၊ အလုံးစုံသော လောကီ လောကုတ္တရာ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းသို့။
ဥပနာမေတိ၊ ကပ်ရောက်စေ၏။

၂။ သီလံ ရက္ခေယျ မေဓာဝီပတ္တယာနော တယော သုခေ
ပသံသံ ဝိတ္တလာဘဉ္စပေစ္စသဂ္ဂေ စ မောဒနံ

အာဝုသော၊ ငါ့ရှင်တို့။
ပသံသဉ္စ၊ ရဟန်းရှင်လူ ခပ်သိမ်းသူတို့ ကြည်ဖြူ သာယာ ကောင်းမွန်စွာ ချီးမွမ်းခြင်း ကို၎င်း။
ဝိတ္တလာဘဉ္စ၊ ရဟန်းရှင်လူ ခပ်သိမ်းသူတို့ ကြည်ဖြူသဒ္ဓါ များစွာပေးကမ်း လှူဒါန်း ပူဇော်သဖြင့် များစွာသော လာဘ်သပ္ပကာ ပစ္စည်းဥစ္စာရခြင်းကို၎င်း။
ပေစ္စသဂ္ဂေ၊ သေပြီးနောင်ခါ ထက်နတ်ရွာ၌။
မောဒနဉ္စ၊ ပျော်ရွှင်မွေ့လျော်ရခြင်းကို၎င်း။
ဣမေ တယောသုခေ၊ ဤသုံးပါးသော ချမ်းသာသုခတို့ကို။
ပတ္ထယာနော၊ လိုလားတောင့်တသော။
မေဓာဝီ၊ ပညာရှိသည်။
သီလံ၊ သီလကို။
ရက္ခေယျ၊ စောင့်ရှောက်ရာ၏။

၃။ သီလဝါ ဟိ ဗဟူမိတ္တေသညတေ နာဓိဂစ္ဆတိ
ဒုဿီလော ပန မိတ္တေဟိဓံသတေ ပါပမာစရံ

အာဝုသော၊ ငါ့ရှင်တို့။
သီလဝါဟိ၊ သီလရှိသော သူသည်သာလျှင်။
သညတေန၊ ကိုယ်နှုတ်နှလုံး စောင့်သုံးခြင်းကြောင့်။
ဗဟူမိတ္တေ၊ များစွာသော အပေါင်းအဖော် မိတ်ခင်ပွန်းတို့ကို။
အဓိဂစ္ဆတိ၊ ရနိုင်၏။
ပါပမာစရံ၊ ယုတ်မာညစ်ကျု မကောင်းမှုကို ပြုကျင့်တတ်သော။
ဒုဿီလော ပန၊ သီလမရှိသော သူသည်ကား။
မိတ္တေဟိ၊ အပေါင်းအဖော် မိတ်ခင်ပွန်းတို့မှ။
ဓံသတေ၊ ဆုတ်ယုတ်ပျက်စီးလေ၏။

၄။ အဝဏ္ဏဉ္စ အကိတ္တိဉ္စဒုဿီလော လဘတေ နရော
ဝဏ္ဏံ ကိတ္တိံ ပသံသဉ္စသဒါ လဘတိ သီလဝါ

အာဝုသော၊ ငါ့ရှင်တို့။
ဒုဿီလော၊ သီလမရှိသော။
နရော၊ ပုဂ္ဂိုလ်သည်။
အဝဏ္ဏဉ္စ၊ ဂုဏ်ကျေးဇူးမဲ့ အကဲ့ရဲ့ခံရခြင်းကို၎င်း။
အကိတ္တိဉ္စ၊ ကျော်စောမထွက် သတင်းပျက်ခြင်းကို၎င်း။
လဘတေ၊ ရလေ၏။
သီလဝါ၊ သီလရှိသော ပုဂ္ဂိုလ်သည်ကား။
ဝဏ္ဏဉ္စ၊ ဂုဏ်ကျေးဇူးကို ပြောဆိုခြင်းကို၎င်း။
ကိတ္တိဉ္စ၊ ကျော်စောသတင်း ပြန့်နှံ့ ခြင်းကို၎င်း။
ပသံသဉ္စ၊ အံ့ဩ ချီးမွမ်းခြင်းကို၎င်း။
သဒါ၊ အခါခပ်သိမ်း။
လဘတိ၊ ရလေ၏။

၅။ အာဒိ သီလံ ပတိဋ္ဌာ စကလျာဏဉ္စ မာတုကံ
ပမုခံ သဗ္ဗဓမ္မာနံတသ္မာ သီလံ ဝိသောဓယေ

အာဝုသော၊ ငါ့ရှင်တို့။
သီလံ၊ သီလသည်။
သဗ္ဗဓမ္မာနံ အလုံးစုံသော ကုသိုလ်တရားတို့၏။
အာဒိ၊ ဖြစ်ကြောင်းမူလ အစမည်၏။
သဗ္ဗဓမ္မာနံ၊ အလုံး စုံသော ကုသိုလ်တရားတို့၏။
ပတိဋ္ဌာ စ၊ တည်ရာလည်းဖြစ်၏။
သဗ္ဗဓမ္မာနံ၊ အလုံးစုံသော ကုသိုလ်တရားတို့၏။
ကလျာဏံ၊ ဘေးရန်ကင်းရှား လွန်ကြီးထွားအောင် ထိန်းသိမ်း စောင့်ရှောက်တတ်သောကြောင့် ကောင်းမွန်စွာသော။
မာတုကဉ္စ၊ အမိလည်း မည်၏။
သဗ္ဗဓမ္မာနံ၊ အလုံးစုံသော ကုသိုလ်တရားတို့၏။
ပမုခဉ္စ၊ အကြီးအမှူးလည်း မည်၏။
ဝါ၊ ဖြစ်ပွါးပေါ်ထွက်ရာဌာန ခံတွင်းဝလည်း မည်၏။
တသ္မာ၊ ထိုကြောင့်။
ပဏ္ဍိတော၊ ငြိမ်သက် တည်ကြည် သိမြင် ထိုးထွင်းခြင်းသို့ ရောက်လိုသော ပညာရှိ ပုဂ္ဂိုလ်သည်။
သီလံ၊ သီလကို။
ဝိသောဓယေ၊ သန့်ရှင်းဖြူစင်အောင် ကောင်းစွာ သုတ်သင်ရာ၏။

၆။ ဝေလာ စ ဓမ္မာနံ သီလံစိတ္တဿ အဘိဟာသနံ
တိတ္ထဉ္စ သဗ္ဗဗုဒ္ဓါနံတသ္မာ သီလံ ဝိသောဓယေ

အာဝုသော၊ ငါ့ရှင်တို့။
သီလံ၊သီလသည်။
ဓမ္မာနံ၊ ကုသိုလ်တရားတည်း ဟူသော အမြိုက်ရေကြည်တို့၏။
ဝေလာ စ၊ မလျှံမထွက် မပျောက်ပျက်အောင် ကောင်းစွာဆီးတားသော ကမ်းပါး ဆည်ရိုးကြီးလည်း မည်၏။
သဗ္ဗဗုဒ္ဓါနံ၊ ခပ်သိမ်းသော ဘုရားရှင်တို့၏။
တိတ္ထဉ္စ၊ သဗ္ဗညုတဉာဏ် တည်းဟူသော အမြိုက် ရေကြည်တွင်းသို့ ဆင်းသက်ရာ ဆိပ်ကမ်း ကြီးလည်း မည်၏။
စိတ္တဿ စ၊ စိတ်ကိုလည်း။
အဘိဟာသနံ၊ လွန်စွာကြည်လင် ရွှင်လန်းစေတတ်၏။
တသ္မာ၊ ထို့ကြောင့်။
ပဏ္ဍိတော၊ ငြိမ်သက်တည်ကြည် သိမြင်ထိုးထွင်းခြင်းသို့ ရောက်လိုသော ပညာရှိ ပုဂ္ဂိုလ်သည်။
သီလံ၊ သီလကို။
ဝိသောဓယေ၊ သန့်ရှင်းဖြူစင်အောင် ကောင်းစွာ သုတ်သင်ရာ၏။

၇။ သီလဖလံ အပဋိမံသီလံ အာဝုဓ မုတ္တမံ
သီလံ အာဘရဏံ သေဋ္ဌံသီလံ ကဝစမဗ္ဘုတံ

အာဝုသော၊ ငါ့ရှင်တို့။
သီလဖလံ၊ သီလ၏ အကျိုးသည်။
အပဋိမံ၊ တုနှိုင်းစရာမရှိ လွန်စွာမြင့်မြတ်၏။
သီလံ၊ သီလသည်။
ဥတ္တမံ၊ တုနှိုင်းမရ ကောင်းမြတ်လှစွာသော။
အာဝုဓံ၊ ကိလေသာရမက် တိုက်ဖျက်ခုတ်သတ်ရန် ဓားလှံ သန်လျက် စိန်လက်နက် ကြီးပေတည်း။
သီလံ၊ သီလသည်။
သေဋ္ဌံ၊ တုနှိုင်းမရ ထူးမြတ်လှစွာသော။
အာဘရဏံ၊ ခြေနင်းနှစ်တန် သံခမောက် မကိုဋ် တန်ဆာကြီးပေတည်း။
သီလံ၊သီလသည်။
အဗ္ဘုတံ၊ မဖြစ်ဘူးမြဲ အံ့ဖွယ်သရဲဖြစ်သော။
ကဝစံ၊ သံချပ်ဝတ် တန်ဆာကြီးပေတည်း။

၈။ သီလံ သေတု မဟေသက္ခောသီလဂန္ဓော အနုတ္တရော
သီလံ ဝိလေပနံ သေဋ္ဌံယေန ဝါတိ ဒိသောဒိသံ

အာဝုသော၊ ငါ့ရှင်တို့။
သီလံ၊ သီလသည်။
မဟေသက္ခော၊ နှိုင်းပြိုင်မရ တန်ခိုးကြီးလှသော။
သေတု၊ နတ်ရွာ နိဗ္ဗာန် သွားရန်ခင်းထား သံတံတားကြီးပေတည်း။
သီလံ၊ သီလသည်။
အနုတ္တရော၊ အတုမရှိ လွန်ကဲမြင့်မြတ်သော။
ဂန္ဓော၊ ရေမွှေးနံ့သာကြီးပေတည်း။
ဝါ၊ မဉ္ဇူသက ပန်းနံ့သာကြီးပေတည်း။
ဝါ၊ အာသာဝတီ ပန်းနံ့သာကြီးပေတည်း။
သီလံ၊ သီလသည်။
သေဋ္ဌံ၊ တုနှိုင်းမရ ထူးမြတ်လှစွာသော။
ဝိလေပနံ၊ စန္ဒကူးနံ့သာမှုန့်ကြီးပေတည်း။
ဝါ၊ အာသာဝတီ ပန်းဝတ်ဆံမှုန့်ကြီးပေတည်း။
သီလဝါ၊ သီလရှိသောသူသည်။
ယေန၊ အကြင် သီလတည်းဟူသော ရေမွှေး နံ့သာမှုန့်ကြီးဖြင့်။
ဒိသောဒိသံ၊ လေအောက် လေတင် ဝန်းကျင်ဒိသာ ဆယ်မျက်နှာသို့။
ဝါတိ၊ သင်းပျံ့မွှေးကြိုင် လှိုင်လေ၏။

၉။ သီလံ သမ္ဗလ မေဝဂ္ဂံသီလံ ပါထေယျ မုတ္တမံ
သီလံ သေဋ္ဌော အဘိဝါဟောယေန ဝါတိ ဒိသောဒိသံ

အာဝုသော၊ ငါ့ရှင်တို့။
သီလံ၊ သီလသည်။
အဂ္ဂံ၊ ဆိမ့်ချိုမွှေးလတ် လွန်ထွတ်မြတ်သော။
သမ္ဗလံ၊ မုံ့ပဲ ငါးသား စသည်များလတ် ရိက္ခာစားနပ်ကြီး ပေတည်း။
သီလံ၊ သီလသည်။
ဥတ္တမံ၊ မွှေးကြိုင်ဆိမ့်လတ် လွန်ထူးမြတ်သော။
ပါထေယျံ၊ လမ်းစာ, ဆန်ထုပ်ကြီးပေတည်း။
သီလံ၊ သီလံသည်။
သေဋ္ဌော၊ မတုနှိုင်းအပ် လွန်ကောင်းမြတ်သော။
အဘိဝါဟော၊ မြင်းဖြူရတနာကြီးပေတည်း။
သီလဝါ၊ သီလရှိသောသူသည်။
ယေန၊ အကြင်သီလတည်းဟူသော လမ်းစာရိက္ခာ မြင်းဖြူရတနာကြီးဖြင့်။
ဒိသောဒိသံ၊ ဝန်းကျင်ဒိသာ ရောက်လို ရာအရပ်သို့။
ဝါတိ၊ ရောက်နိုင်၏။

၁၀။ ဣဓေဝ နိန္ဒံ လဘတိပေစ္စာပါယေ စ ဒုမ္မနော
သဗ္ဗတ္ထ ဒုမ္မနော ဗာလောသီလေသု အသမာဟိတော

အာဝုသော၊ ငါ့ရှင်တို့။
ဗာလော၊ ပညာမဲ့သောသူသည်။
သီလေသု၊ သီလသိက္ခာပုဒ်တို့၌။
အသမာဟိတော၊ စောင့်ရှောက် တည်တံ့ခြင်း မရှိနိုင်သည် ဖြစ်၍။
ဣဓေဝ၊ ဤဘဝ၌ပင်လျှင်။
နိန္ဒံ၊ ပညာရှိတို့ ရှုတ်ချကဲ့ရဲ့ခြင်းကို။
လဘတိ၊ ခံရလေ၏။
ပေစ္စာပါယေ စ၊ သေပြီးနောင်ခါ ပါယ်လေးရွာ၌လည်း။
ဒုမ္မနော၊ နှလုံးမသာ ဆင်းရဲစွာ၏။
သဗ္ဗတ္ထ၊ အလုံးစုံသော အရပ်ဌာန ဘုံဘဝ တို့၌လည်း။
ဒုမ္မနော၊ နှလုံးမရွှင် ငြိုငြင်ဆင်းရဲ ကိုယ်ကျိုးနဲလေ၏။

၁၁။ ဣဓေဝ ကိတ္တိံ လဘတိပေစ္စသဂ္ဂေ စ သုမနော
သဗ္ဗတ္ထ သုမနော ဓီရောသီလေသု သုသမာဟိတော

အာဝုသော၊ ငါ့ရှင်တို့။
ဓီရော၊ ပညာရှိသည်။
သီလေသု၊ သီလသိက္ခာပုဒ်တို့၌။
သုသမာဟိတော၊ ညစ်ကြေးမတင် ဖြူစင်ကောင်းမွန်စွာ စောင့်ရှောက် တည်တံ့နိုင် သည်ဖြစ်၍။
ဣဓေဝ၊ မျက်မှောက် ဒိဋ္ဌ, ဤဘဝ၌ပင်လျှင်။
ကိတ္တိံ၊ ကျော်စောသတင်း ပျံ့နှံ့ခြင်းကို။
လဘတိ၊ ရလေ၏။
ပေစ္စသဂ္ဂေ စ၊ သေပြီး နောင်ခါ ထက်နတ်ရွာ၌လည်း။
သုမနော၊ နှလုံးကြည်သာ ချမ်းသာစွာ၏။
သဗ္ဗတ္ထ၊ အလုံးစုံသော အရပ်ဌာန ဘုံဘဝတို့၌လည်း။
သုမနော၊ နှလုံးကြည်သာ ချမ်းသာတိုးပွား ကိုယ်ကျိုးများလေ၏။

၁၂။ သီလမေဝ ဣဓ အဂ္ဂံပညဝါ ပန ဥတ္တမော
မနုဿေသု စ ဒေဝေသုသီလပညာဏတော ဇယန္တိ

အာဝုသော၊ ငါ့ရှင်တို့။
ဣဓ၊ ဤလောက၌။
သီလမေဝ၊ သီလသည်သာလျှင်။
အဂ္ဂံ၊ ထွတ်မြတ်၏။
ပညဝါ ပန၊ ပညာရှိသောသူမူကား။
ဥတ္တမော၊ မတုနှိုင်းအပ် အလွန်မြတ်ပေ၏။
မနုဿေသု စ၊ လူ့ပြည်တို့၌၎င်း။
ဒေဝေသု စ၊ နတ်ပြည်တို့၌၎င်း။
သီလပညာဏတော၊ သီလ ပညာနှစ်ဖြာလုံခြုံ ကြန်အင်စုံသော သူအား။
ဇယံ၊ သူခပ်သိမ်းကို လွှမ်းမိုးအောင်မြင်နိုင်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤတွင် သီလဝါ မထေရ်မြတ် ဟောကြားအပ်သော တဆဲ့နှစ် ဂါထာပြီး၏။

သီလဝါသုတ် ပြီး၏။

---

သိက္ခာသုံးပါးကို တနည်းတွဲ၍ ပြခြင်း

တပည့်တို့ - တနည်းလည်း -

  • သီလသည် ခြေနှင့်တူ၏၊
  • သမာဓိသည် ကိုယ်နှင့်တူ၏၊
  • ပညာသည် ဦးခေါင်းနှင့်တူ၏၊

ခြေရှိမှ ကိုယ်တည်နိုင်သည်၊ ကိုယ်ရှိမှ ဦးခေါင်းတည်နိုင်သည်၊ ဦးခေါင်းရှိမှလည်း ကိုယ်မပျက်မစီး တည်နိုင်သည် အသုံးကျသည်၊ ဦးခေါင်းရှိမှလည်း ခြေမပျက်မစီး တည်နိုင်သည်၊ အသုံးကျသည်။ အလုံးစုံသော ကိစ္စကိုပြီးစေနိုင်သည်၊

ဦးခေါင်းသည် ခြေ ကိုယ်တို့၏ အပေါ်၌တည်လျက် အထွတ်အမြတ်ဖြစ်၍ ထိုခြေ ကိုယ်တို့ကို ဖြစ်စေတတ်၏၊ ထိုခြေ ကိုယ်တို့၏ မပျောက်မပျက် မြင့်ရှည်စွာ တည်ရာဖြစ်၏၊ ဦးခေါင်းသည် သာလျှင် အလုံးစုံသော ခြေကိုယ်တို့၏ ဖြစ်ခြင်း အကြောင်း မပျောက်မပျက် မြင့်ရှည်စွာ တည်ခြင်းအကြောင်း အလုံးစုံသောကိစ္စ ပြီးစီးခြင်းအကြောင်းရင်း မူလ ပဓာနကြီး ဖြစ်ဘိသကဲ့သို့ -

ထို့အတူ ပညာသည်သာလျှင် သီလကို ဖြစ်စေတတ်၏၊ ပညာသည်သာလျှင် သမာဓိကို ဖြစ်စေတတ်၏၊ ပညာသည်သာလျှင် သီလ သမာဓိတို့၏ မပျောက်မပျက် မြင့်ရှည်စွာ တည်ရာဌာန အကြောင်းရင်း မူလ ပဓာနကြီးဖြစ်ပေ၏၊ ပညာသည်သာလျှင် အလုံးစုံသော သီလ သမာဓိ တို့၏ ကိစ္စပြီးစီးခြင်း အကြောင်းရင်းမူလ ပဓာနကြီးဖြစ်ပေ၏၊ မီးရထား ခေါင်းတွဲကြီး ပြေးသွားလျှင် အလယ်တွဲ နောက်ပိုင်းတွဲ တို့သည် အလိုလို အမြဲပါ၍ လိုက်ရလေဘိသကဲ့သို့ ပညာရှေ့သွားလျှင် သီလ သမာဓိတို့သည်အလို လိုပါ၍ လိုက်ရလေတော့၏။

တပည့်တို့ - ထိုဆရာ ဟောကြားသော စကားသည် မမှားဧကန် အဟုတ်မှန်၏။ အကြင် သူသည် ပညာဖြင့် အကျိုးအပြစ်ကို ရှုမျှော် သိမြင်၍သာလျှင် သီလ သိက္ခာပုဒ်တို့ကို ထိန်းသိမ်း ဆောက်တည်၏၊ ပညာဖြင့် အကျိုးအပြစ်ကို ရှုမျှော် သိမြင်၍သာလျှင် သမာဓိကို ပွါးများစေ၏၊ ကြီးထွားစေ၏။

ထိုသူအားသာလျှင် အကြင်အခါ၌ အဝိဇ္ဇာအမိုက်မှောင် ပေါ်လာလျှင် ဉာဏ်ပညာ ဝိဇ္ဇာ အလင်း ကင်းပ၍ ရှက်ရမှန်း, ကြောက်ရမှန်း မသိဘဲ သိက္ခာပုဒ်ကို ကျော်နင်း လျက် သီလကို ဖျက်ဆီး ပြီးလျှင် ဝိပ္ပဋိသာရ ကုက္ကုစ္စ ဥဒ္ဓစ္စ ဖြစ်ပေါ်လာသဖြင့် အေးချမ်း ငြိမ်သက်စွာမရှိ သမာဓိပျက်လေ၏။

ထိုအခါ ဉာဏ်ပညာ ဝိဇ္ဇာအလင်းဖြင့် အဝိဇ္ဇာ အမိုက်မှောင်လို ပယ်ဖျောက်လျက် အရှက် အကြောက်ကို ဖြစ်စေ၍ သိက္ခာပုဒ်ကို ထိန်းသိမ်း ဆောက်တည် သီလကို ဖြစ်စေပြီးလျှင် ဝိပ္ပဋိသာရ ကုက္ကုစ္စ ဥဒ္ဓစ္စတို့ကို ပညာဖြင့် ငြိမ်းချမ်းစေလျက် ငြိမ်သက် တည်ကြည်စွာ သမာဓိကို ဖြစ်စေ၏။ ထိုသမာဓိကတဖန် ပညာကို ကြီးထွား ဖြူစင် အလွန်လျှင် သန့်ရှင်းအောင် ဖြစ်စေပြန်၏။

---

အကုသိုလ်ဖြစ်ရာ၌ အဝိဇ္ဇာရှေ့သွား ရှိကြောင်း,
ကုသိုလ်ဖြစ်ရာ၌ ဝိဇ္ဇာရှေ့သွားရှိကြောင်း

တပည့်တို့ - ရှက်စရာအမှု, ကြောက်စရာအမှု ခပ်သိမ်းတို့တွင် ငါမဟုတ်ဘဲနှင့် ငါငါဟု မှတ်ထင် စွဲဆို၍နေသော ဒုဗ္ဘာသီမှုကြီးသည် အလွန်တရာ မပြောနိုင်အောင် ရှက်စရာ, ကြောက်စရာ ကောင်းသည်။

တပည့်တို့ - ဤကဲ့သို့ ပညာရှိသော သူမှသာလျှင် သီလရှိနိုင်သည်၊ သမာဓိလည်း ရှိနိုင်သည်၊ ပညာမဲ့သော သူသည် သီလမရှိနိုင်၊ သမာဓိလည်း မရှိနိုင်၊ ဤသို့ သမ္မာသင်္ကပ္ပနှင့်တကွ သမ္မာဒိဋ္ဌိ မဂ္ဂင်ဉာဏ် ပညာရှေ့သွားလျှင် အလုံးစုံသော ဗောဓိပက္ခိယ တရားတို့ နှင့်တကွ သီလ သမာဓိ တို့သည် အလိုလိုပါ၍ လိုက်ကြ ရလေတော့သည်။ ထို့ကြောင့် နိဗ္ဗာန်ပြည်သွား မဂ်ရထား၌ သမ္မာဒိဋ္ဌိမဂ္ဂင် ပညာ ခန္ဓာကို ရှေးဦး ခေါင်းတွဲထား၍ ဘုရားရှင် ဟောတော်မူသည်ဟု မှတ်ကြ။

ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည်-

အဝိဇ္ဇာ ဘိက္ခဝေ ပုဗ္ဗင်္ဂမာ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာအနွဒေဝ အဟိရီကံ အနောတ္တပ္ပံဝိဇ္ဇာ စ ခေါ ဘိက္ခဝေ ပုဗ္ဗင်္ဂမာ ကုသလာနံ ဓမ္မာနံ သမာပတ္တိယာ အနွဒေဝ ဟိရောတ္တပ္ပံ-

ဟူ၍၎င်း။

ပညာယ ပရိဟီနေနပဿ လောကံ သဒေဝကံ
နိဝိဋ္ဌံ နာမရူပသ္မိံဣဒံ သစ္စန္တိ မညတိ
ပညာ ဟိ သေဋ္ဌာ လောကသ္မိံယာယံ နိဗ္ဗေဓဂါမိနီ
သာ စ ယသ္မာ ပဇာနာတိဇာတိဘဝပရိက္ခယံ
တေသံ ဒေဝါ မနုဿာ စသမ္ဗုဒ္ဓါနံ သတီမတံ
ပိဟန္တိ ဟာသပညာနံသရီရန္တိမဓာရိနန္တိ

ဟူ၍၎င်း ဣတိဝုတ် ပါဠိတော်၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
အကုသလာနံ ဓမ္မာနံ၊ အကုသိုလ် တရားတို့၏။
သမာပတ္တိယာ၊ ပေါ်ဖြစ်လာခြင်း၌။
အဝိဇ္ဇာ၊ မသိခြင်းဟူသော အဝိဇ္ဇာသည်။
ပုဗ္ဗင်္ဂမာ၊ ခေါင်းတည် ရှေ့သွားတည်း။
အဟိရီကံ အနောတ္တပ္ပံ၊ အလုံးစုံသော အကုသိုလ်တရား တို့နှင့်တကွ အဟိရီက အနောတ္တပ္ပတရား တို့သည်။
အနွဒေဝ၊ ခြွေရံနောက်လိုက်တို့သာလျှင်တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ကုသလာနံ ဓမ္မာနံ၊ ကုသိုလ်တရားတို့၏။
သမာပတ္တိယာ၊ ပေါ်ဖြစ်လာခြင်း၌။
ဝိဇ္ဇာ စ ခေါ၊ သိခြင်း ဟူသော ဉာဏ်ပညာ ဝိဇ္ဇာသည်သာလျှင်။
ပုဗ္ဗင်္ဂမာ၊ ခေါင်းတည်ရှေ့သွားတည်း။
ဟိရောတ္တပ္ပံ၊ အလုံးစုံသော ကုသိုလ်တရားတို့နှင့်တကွ ဟိရီဩတ္တပ္ပတရားတို့ သည်။
အနွဒေဝ၊ ခြွေရံ နောက်လိုက်တို့သာလျှင်တည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
ပညာယ၊ ဉာဏ်ပညာမှ။
ပရိဟီနေန၊ ဆုတ်ယုတ်ခြင်းကြောင့်။
နာမရူပသ္မိံ၊ နာမ်ရုပ်၌။
ဣဒံ၊ ဤငါ၏ ကိုယ်ဟု ယူသော အယူသည်သာလျှင်။
သစ္စံ၊ မှန်၏။
ဣတိ၊ ဤသို့။
မညတိ၊ မှတ်ထင်ကြ၏။
နိဝိဋ္ဌံ၊ ငါဟု မှတ်ထင် စွဲဝင်၍ နေကြသော။
သဒေဝကံ၊ နတ်ဗြဟ္မာနှင့်တကွသော။
လောကံ၊ လူအပေါင်းကို။
ဝါ၊ လောကကြီးကို။
ပဿ၊ ရှုစမ်းကြလော့။

ဘိက္ခဝေ၊ ရဟန်းတို့။
လောကသ္မိံ၊ လောက၌။
ပညာ ဟိ၊ ပညာသည်သာလျှင်။
သေဋ္ဌာ၊ အမြတ်ဆုံးပေတည်း။
ယာယံ ပညာ၊ အကြင်ပညာသည်။
ယသ္မာ၊ အကြင်ကြောင့်။
နိဗ္ဗေဓဂါမိနီ၊ ငါကောင်ဖြစ်၍နေသော ရုပ်ခဲ နာမ်ခဲတို့ကို ဖေါက်ခွဲ၍ သွားတတ်၏။
သာ စ၊ ထိုပညာသည်သာလျှင်။
တသ္မာ၊ ထိုသို့ငါကောင်ဖြစ်၍နေသော ရုပ်ခဲ နာမ်ခဲတို့ကို ဖေါက်ခွဲ၍သွားနိုင် သောကြောင့်။
ဇာတိဘဝ ပရိက္ခယံ၊ ဇာတိ ဘဝတို့၏ ကုန်ခန်းရာဌာန နိရောဓသစ္စာကို။
ပဇာနာတိ၊ သိမြင်နိုင်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
သမ္ဗုဒ္ဓါနံ၊ သစ္စာလေးဆင့် ကောင်းစွာ ပွင့်ကြကုန် ပြီးသည်ဖြစ်၍။
သရီရန္တိမဓာရိနံ၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ကုန်ထသော။
သတိမတံ၊ မမေ့မပျောက် ကောင်းစွာထင်သော သတိနှင့်လည်း ပြည့်စုံကြ ကုန်သော။
ကေသံ ဟာသပညာနံ၊ ထိုရွှင်လန်းကြည်စွာ ဉာဏ်ပညာရှိကုန်သော ပုဂ္ဂိုလ်တို့ကို။
ဒေဝါ စ၊ ထက်ရပ်အာကာ နတ်ဗြဟ္မာတို့သည်၎င်း။
မနုဿာ စ၊ ပညာရှိဟူ ခပ်သိမ်းလူတို့သည်၎င်း။
ပိဟန္တိ၊ အလွန်တရာ ဖူးတွေ့ မြင်လို ကြည်ညိုတောင့်တ ချစ်ခင်ကြကုန်၏။
ဣတိ၊ ဤတွင် ဝိဇ္ဇာဝိဇ္ဇပုဗ္ဗင်္ဂမသုတ်။ ပညာပရိဟီနသုတ် နှစ်သုတ်ပြီး၏။

ဝိဇ္ဇာဝိဇ္ဇပုဗ္ဗင်္ဂမသုတ်၊ ပညာပရိဟီနသုတ် နှစ်မျိုးပြီး၏။

---

အမြတ်ဆုံးဖြစ်သော ပညာ သမ္မာဒိဋ္ဌိမဂ္ဂင်ကို
ကလျာဏမိတ္တနှင့် ပေါင်းမှသာလျှင် ရနိုင်ကြောင်း

တပည့်တို့ - ဤသို့ အလုံးစုံကိစ္စ ပြီးဆုံးခြင်းကို ပြုတတ်သော ခြွေရံနောက်လိုက် သင်းပင်းနှင့်တကွ သမ္မာဒိဋ္ဌိမဂ္ဂင် ဉာဏ်ပညာကိုလည်း ကလျာဏမိတ္တနှင့် ပေါင်းဖော် မှီဝဲမှသာလျှင် ရနိုင်သည်။ ကလျာဏမိတ္တနှင့်ကင်း၍ မရနိုင်။ ထိုကြောင့် မြတ်စွာဘုရားရှင်သည်–

ကလျာဏ မိတ္တဿေတံ မေဃိယ ဘိက္ခုနော ပါဋိကင်္ခံကလျာဏ သဟာယဿ ကလျာဏသမ္ပဝင်္ကဿ ပညဝါ ဘဝိဿတိ ဥဒယတ္တ ဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မဒုက္ခက္ခယ ဂါမိနိယာ

ဟူ၍ နဝင်္ဂုတ္တရ ပါဠိတော် စသည်တို့၌ ဟောတော်မူသည်။

မေဃိယ၊ ချစ်သား မေဃိယ။
အရိယာယ၊ မွန်မြတ်သော။
နိဗ္ဗေဓိကာယ၊ ရုပ်ခဲနာမ်ခဲတို့ကို ဖေါက်ခွဲ၍သွားတတ်သော။
သမ္မာ၊ ကောင်းစွာ။
ဒုက္ခက္ခယဂါမိနိယာ၊ ဒုက္ခကုန်ခန်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော။
ဥဒယတ္ထဂါမိနိယာ၊ ရုပ်နာမ်တရားတို့၏ ဖြစ်ပေါ်မှု ချုပ်ကွယ်မှု ဥဒယ ဝယ သဘောကို သိမြင် နိုင်သော။
ပညာယ၊ သမ္မာဒိဋ္ဌိမဂ္ဂင် ဉာဏ်ပညာထူးနှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
ပညဝါ၊ ပညာရှိသည်။
ယံဘဝိဿတိ၊ အကြင်ဖြစ်လတ္တံ့။
ဧတံ၊ ဤသို့ဖြစ်ခြင်းကို။
ကလျာဏမိတ္တဿ၊ မိတ်ကောင်း အဆွေခင်ပွန်းကောင်း ရှိသော။
ကလျာဏသဟာယဿ၊ အတူနေ အပေါင်းအဖော်ဖြစ်သော။
ကလျာဏသမ္ပဝင်္ကဿ၊ မိတ်ကောင်း အဆွေခင်ပွန်းကောင်း အပေါင်းအဖော်ကောင်း၌ ကိုင်းရှိုင်း ညွတ်တွား ခစား ဆည်းကပ်သော။
ဘိက္ခုနော၊ ရဟန်းအားသာလျှင်။
ပါဋိကင်္ခံ၊ အလိုရှိအပ်၏။

တပည့်တို့ - ဤသို့ မိတ်ဆွေကောင်းနှင့် ပေါင်းဖော်၍ ဥဒယတ္ထဂါမိနိပညာ သမ္မာဒိဋ္ဌိမဂ္ဂင်နှင့် ပြည့်စုံသောသူသည် ထိုပညာသမ္မာဒိဋ္ဌိကြောင့် မိမိ၏ ရဟန်း ကိစ္စအလုံး ပြီးဆုံးခြင်းသို့ ရောက်နိုင်၏။ ထိုပညာကြောင့် ရောက်သဖြင့် ထိုပညာကိုလည်း မိတ်ဆွေကောင်းက ပေးမှသာလျှင် ရပေသည် ဖြစ်၍ မိတ်ဆွေ ကောင်းကြောင့်ပင်လျှင် မိမိရဟန်းကိစ္စအလုံးစုံ ပြီးသည်မည်၏။ အလုံးစုံ ပြီးအောင် မိတ်ဆွေကောင်းလုပ်၍ ပေးသည် မည်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ဤသို့ ဟောတော်မူပေ၏။

---

ကလျာဏမိတ္တပုဂ္ဂိုလ်၏
ကျေးဇူးများကြောင်း ကလျာဏမိတ္တသုတ်

ဥပဍ္ဎမိဒံ ဘန္တေ ဗြဟ္မစရိယဿယဒိဒံ ကလျာဏမိတ္တတာ ကလျာဏသဟာယတာ ကလျာဏသမ္ပဝင်္ကတာတိမာဟေဝံ အာနန္ဒ အဝစမာဟေဝံ အာနန္ဒ အဝစသကလမိဒံ အာနန္ဒ ဗြဟ္မစရိယဿယဒိဒံ ကလျာဏမိတ္တတာ ကလျာဏသဟာယတာကလျာဏသမ္ပဝင်္ကတာတိ

မဟာဝဂ္ဂ သံယုတ်ပါဠိတော်လာ၊ သကလသိဒ္ဓ ဗြဟ္မစရိယသုတ်ပါဌ်။

ဧကံသမယံ၊ တရံရောအခါ၌။
အာယသ္မာ အာနန္ဒော၊ အရှင်အာနန္ဒာသည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဘန္တေ၊ အရှင်ဘုရား။
ယဒိဒံ ယာအယံကလျာဏ မိတ္တတာ၊ အကြင်မိတ်ဆွေကောင်းနှင့် ပေါင်းဖော်သော အဖြစ်သည်။
ယဒိဒံ ကလျာဏသဟာယတာ၊ အကြင် အပေါင်းအဖော်ကောင်းရှိသော အဖြစ် သည်။
ယဒိဒံ ကလျာဏသမ္ပဝင်္ကတာ၊ အကြင်မိတ်ဆွေကောင်း အပေါင်း အဖော်ကောင်း၌ ကိုင်းရှိုင်း ညွတ်တွား ခစား ဆည်းကပ်သော အဖြစ်သည်။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤကိုင်းရှိုင်းညွတ်တွား ခစားပေါင်းဖော်သော အဖြစ်သည်။
ဗြဟ္မစရိယဿ၊ မိမိရဟန်းကိစ္စအား။
ဥပဍ္ဎံ၊ ထက်ဝက်ပြီးပေ၏။
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်လေ၏။
တဒါ၊ ထိုသို့လျှောက်သောအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားက။
အာနန္ဒ၊ အာနန္ဒာ။
ဧဝံ၊ ဤသို့ ထက်ဝက်သာ ပြီးသည်ဟူ၍။
ဟိ၊ စင်စစ်။
မာအဝစ၊ မဆိုလင့်။
အာနန္ဒ၊ အာနန္ဒာ။
ဧဝံ၊ ဤသို့ထက်ဝက်သာ ပြီးသည်ဟူ၍။
ဟိ၊ တကယ့်ကို။
မာ အဝစ၊ မဆိုလင့်။
အာနန္ဒ၊ အာနန္ဒာ။
ယဒိဒံ ကလျာဏမိတ္တတာ၊ အကြင် မိတ်ဆွေကောင်းနှင့် ပေါင်းဖော်သော အဖြစ် သည်။
ယဒိဒံကလျာဏသဟာယတာ၊ အကြင် အပေါင်း အဖော်ကောင်း ရှိသော အဖြစ်သည်။
ယဒိဒံ ကလျာဏသမ္ပဝင်္ကတာ၊ အကြင်မိတ်ဆွေကောင်း အပေါင်း အဖော်ကောင်း၌ ကိုင်းရှိုင်း ညွတ်တွားခစား ပေါင်းဖော်သောအဖြစ်သည်။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤကိုင်းရှိုင်းညွတ်တွား ခစားပေါင်းဖော်သော အဖြစ်သည်။
ဗြဟ္မစရိယဿ၊ မိမိရဟန်းကိစ္စအား။
သကလံ၊ အလုံးစုံပြီးစီး၏။
ဣတိ၊ ဤသို့။
အဝေါ စ၊ မောင်းမဲတားမြစ် ဖွင့်လှစ် ဟောကြားတော်မူပေ၏။

သကလသိဒ္ဓ ဗြဟ္မစရိယသုတ်အနက် ပြီး၏။

ကလျာဏ မိတ္တအင်္ဂါကို စစ်၍ ပြခြင်း

တပည့်တို့ ဤကဲ့သို့ မိမိ၏ ရဟန်းကိစ္စ အလုံးစုံပြီးစီးအောင် ကျေးဇူးပြုကာ ပညာကို ပေးတတ်သော ကလျာဏမိတ္တပုဂ္ဂိုလ်ဟူသည် အဘယ်ကဲ့သို့သော ဂုဏ်ကျေးဇူး အကြောင်းအင်္ဂါနှင့် ပြည့်စုံသော ပုဂ္ဂိုလ်နည်းဆိုသော် ထိုပုဂ္ဂိုလ်ကို မြတ်စွာဘုရား ဟောကြားတော်မူပေ၏။

ပိယော ဂရု ဘာဝနီယော၊ ဝတ္တာစ ဝစနက္ခမော။
ဂမ္ဘီရဉ္စ ကထံ ကတ္တာ၊ နော စ ဌာနေ နိယောဇိတာ။
ယမှိ ဧတာနိ ဌာနာနိ၊ သံဝိဇ္ဇန္တိ စ ပုဂ္ဂလေ။
သောမိတ္တော မိတ္တကာမေန၊ ဘဇိတဗ္ဗော တထာဝိဓောတိ။

သတ္တင်္ဂုတ္တရ ပါဠိတော်လာ၊ ကလျာဏမိတ္တသုတ်ပါဌ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ယောပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။

၁။ ပိယော စ၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါး, ဒါန, ပေယျဝဇ္ဇ အတ္ထစရိယာ, သမာနတ္ထတာ လေးဖြာသော သင်္ဂဟတရား ဤခုနစ်ပါးသော တရားတို့နှင့် ပြည့်စုံသည်ဖြစ်၍ ချစ်ခင်အပ်သော ပိယဂုဏ် ရှိသည်လည်း။
ဟောတိ၊ ဖြစ်၏။

၂။ ဂရုစ၊ ထိုခုနစ်ပါးသော တရားတို့နှင့် ပြည့်စုံသည်ဖြစ်၍ အရိုအသေ အလေး အမြတ် ပြုအပ်သော ဂရုဂုဏ်ရှိသည်လည်း။
ဟောတိ၊ ဖြစ်၏။

၃။ ဘာဝနီယော စ၊ ထို ခုနစ်ပါးသော တရားတို့နှင့် ပြည့်စုံသည်ဖြစ်၍ ချီးမွမ်း အပ်သော ဘာဝနီယဂုဏ် ရှိသည်လည်း။
ဟောတိ၊ ဖြစ်၏။

၄။ ဝတ္တာ စ၊ သူဝ သူတပါးတို့အား ကဲ့ရဲ့ပြစ်တင် ဆိုဆုံးမချင်တတ်သော ဝတ္တာဂုဏ် ရှိသည်လည်း။
ဟောတိ၊ ဖြစ်၏။

၅။ ဝစနက္ခမောစ၊ မသိ၍ သူတပါးတို့ မေးလျှောက်သော စကားကို ခံနိုင်သော ဝစနက္ခမဂုဏ်နှင့် ပြည့်စုံသည်လည်း။
ဟောတိ၊ ဖြစ်၏။

၆။ ဂမ္ဘီရဉ္စ ကထံကတ္တာ၊ ရုပ်နာမ်ခန္ဓာနှင့်စပ်သော နက်နဲသော တရားစကားကို ဟောကြား တတ်သော ဂမ္ဘီရကထံကတ္တာဂုဏ်နှင့် ပြည့်စုံသည်လည်း။
ဟောတိ၊ ဖြစ်၏။

၇။ အဋ္ဌာနေ နောစ နိယောဇိတာ၊ အကျိုးမဲ့လတ် မလျောက်ပတ်သော အဋ္ဌာန၌ မတိုက်တွန်း မယှဉ်စေတတ်သော အဋ္ဌာနေ နောစ နိယောဇိတဂုဏ်နှင့် ပြည့်စုံသည်လည်း။
ဟောတိ၊ ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ယမှိ ပုဂ္ဂလေ၊ အကြင်ပုဂ္ဂိုလ်၌။
ဧတာနိ ဌာနာနိ၊ ဤပိယ ဂရု ဘာဝနီယ စသော ခုနစ်ပါးသော ကလျာဏမိတ္တ ဖြစ်ကြောင်း အင်္ဂါတို့သည်။
သံဝိဇ္ဇန္တိ စ၊ ကောင်းစွာ ပြည့်စုံ ရှိပေကုန်၏။
မိတ္တကာမေန၊ သကဒါဂါမိဿ၊ မိမိပြောဟော၍ ပေးခြင်းကြောင့် နောက်မှ သကဒါဂါမ် ဖြစ်သော သကဒါဂါမ် ပုဂ္ဂိုလ်တဦးအား။
ယဒိဒံ သမာနတ္ထော၊ အကြင်မိမိနှင့် သကဒါဂါမ် အဖြစ်တည်းဟူသော တူမျှသော အကျိုးကို ဖြစ်စေခြင်းသည်။
အတ္ထိ၊ ရှိ၏။
အနာဂါမီ၊ ရှေးဦးစွာ အနာဂါမ်ဖြစ်ပြီးသော အနာဂါမ်ပုဂ္ဂိုလ် တဦးက။
အနာဂါမိဿ၊ မိမိပြောဟော၍ ပေးခြင်းကြောင့် နောက်မှ အနာဂါမ် ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ် တဦးအား။
ယဒိဒံ သမာနတ္ထော၊ အကြင်မိမိနှင့် အနာဂါမ် အဖြစ်တည်းဟူသော တူမျှသော အကျိုးကို ဖြစ်စေခြင်းသည်။
အတ္ထိ၊ ရှိ၏။
အရဟာ၊ ရှေးဦးစွာ ရဟန္တာဖြစ်ပြီးသော ရဟန္တာပုဂ္ဂိုလ်တဦးက။
အရဟတော၊ မိမိပြောဟော၍ ပေးခြင်းကြောင့် နောက်မှ ရဟန္တာဖြစ်သော ရဟန္တာပုဂ္ဂိုလ်တဦးအား။
ယဒိဒံ သမာနတ္ထော၊ အကြင်မိမိနှင့် ရဟန္တာအဖြစ် တည်းဟူသော တူမျှသော အကျိုးကို ဖြစ်စေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဧတံ၊ ဤမိမိနှင့် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာအဖြစ်တည်းဟူသော တူမျှသော အကျိုးကို ဖြစ်စေခြင်းသည်။
သမာနတ္ထတာနံ၊ မိမိနှင့် တူမျှသော အကျိုးကို ဖြစ်စေခြင်းတကာတို့တွင်။
အဂ္ဂံ၊ အမြတ်ဆုံးတည်း။
ဣတိ၊ ဤတွင် သင်္ဂဟတရားလေးပါး ပြီး၏။

မိမိ ငါးပါး သီလနှင့်ပြည့်စုံလျှင် သူတပါးတို့အားလည်း ငါးပါးသီလနှင့် ပြည့်စုံအောင် ဆုံးမ ပြောဟော၍ ပေးသဖြင့် သူတပါးတို့ ငါးပါးသီလနှင့် ပြည့်စုံလျှင် မိမိနှင့် တူမျှသောအကျိုးကို ဖြစ်စေခြင်း သမာနတ္ထတာ မည်၏။

ဤနည်းတူ အဆင့်ဆင့် ရဟန္တာအဖြစ်ကျအောင် သိကြ။
လောကီ သင်္ဂဟ အရာမှာလည်း ဤနည်းတူ သိမှတ်ကြ။

ကလျာဏမိတ္တသုံးဦး၏ အကျိုးများကြောင်း

တပည့်တို့ - ဤသင်္ဂဟတရား လေးပါးနှင့် မပြည့်စုံသောသူသည် သီလ သမာဓိ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံငြားသော်လည်း ဂရုဂုဏ်မျှသာရှိ၏။ ပိယ ဘာဝ နီယ စသော ဂုဏ်မရှိ။ ကလျာဏမိတ္တ ပုဂ္ဂိုလ်မဟုတ်။ ဤဂရုဂုဏ်သည်ကား မြွေဟောက် မီးခဲစသည်တို့၌ပင်ရှိ၏။ ပိယ ဘာဝနီယ စသော ဂုဏ်မူကား သင်္ဂဟ တရားနှင့်လည်း ပြည့်စုံမှသာ ရှိနိုင်သည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည်–

တေ ခေါ သင်္ဂဟာ နဿု၊ န မာတာ ပုတ္တကာရဏာ။
လဘေထ မာနံ ပူဇံ ဝါ၊ န ပိတာ ပုတ္တကာရဏာ။
ယသ္မာ စ သင်္ဂဟာ ဧတေ၊ သမဝေက္ခန္တိ ပဏ္ဍိတာ။
တသ္မာ မဟတ္တံ ပပ္ပေါန္တိ၊ ပသံသာ စ ဘဝန္တိ တေ။

ဟူ၍ သုတ်ပါထေယျပါဠိတော် သိင်္ဂါလောဝါဒသုတ်၌ ဟောတော်မူသည်။

ဂဟပတိပုတ္တ၊ သိင်္ဂါလဟု နာမတွင်ငြား သူဌေးသား။
ဧတေသင်္ဂဟာ၊ ဤလေးပါးသော သင်္ဂဟတရားတို့သည်။
န အဿု၊ မရှိကုန်သည် ဖြစ်ငြားအံ့။
မာတာ၊ အမိသည်။
ပုတ္တကာရဏာ၊ သားဖြစ်ခြင်း တည်းဟူသော အကြောင်းကြောင့်။
တဿ၊ ထိုသား၏။
မာနံ ဝါ၊ ချစ်ခင်မြတ်နိုးခြင်းကို၎င်း။
ပူဇံ ဝါ၊ ပူဇော်ခြင်းကို၎င်း။
န လဘေထ၊ မရနိုင်ရာ။
ပိတာ၊ အဘသည်လည်း။
ပုတ္တကာရဏာ၊ သားဖြစ်ခြင်း တည်းဟူသော အကြောင်းကြောင့်။
တဿ၊ ထိုသား၏။
မာနံ ဝါ၊ ချစ်ခင်မြတ်နိုးခြင်းကို၎င်း။
ပူဇံ ဝါ၊ မြတ်နိုးပူဇော်ခြင်းကို၎င်း ။
န လဘေထ၊ မရနိုင်ရာ။

ယသ္မာ စ၊ အကြင်ကြောင့်လျှင်။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
ဧတေ သင်္ဂဟာ၊ ဤလေးပါးသော သင်္ဂဟတရားတို့ကို။
သမဝေက္ခန္တိ၊ ကောင်းစွာ ရှုမြင်၍ ပြည့်စုံစေကြကုန်၏။
တသ္မာ၊ ထို့ကြောင့်။
တေ၊ ထိုသင်္ဂဟနှင့် ပြည့်စုံကြသော ပညာရှိတို့သည်။
မဟတ္တံ၊ ကြီးမြတ်သော အဖြစ်သို့။
ပပေါန္တိ၊ ရောက်ကြကုန်၏။
ပသံ သာ စ၊ သူတော်ကောင်းတို့ မြတ်နိုးချစ်ခင် အလွန်လျှင် ချီးမွမ်းအပ်ကုန်သည်လည်း။
ဘဝန္တိ၊ ဖြစ်ကြလေကုန်၏။

ထိုကြောင့် တပည့်တို့ - ဤသင်္ဂဟတရား လေးပါး, သိက္ခာသုံးပါး ဤခုနစ်ပါးသော တရားတို့နှင့် ပြည့်စုံသောသူမှသာလျှင် ပိယ, ဂရု, ဘာဝနီယ စသော ကလျာဏမိတ္တ အင်္ဂါပြည့်စုံ၍ အလုံးစုံ မိမိသို့ မှီဝဲဆည်းကပ်လာသော သူတို့၏ ရဟန်းကိစ္စကို ပြီးဆုံးအောင် ပြုတတ်သော ကလျာဏမိတ္တပုဂ္ဂိုလ် ဟုတ်သည်။

တပည့်တို့ - ထိုကဲ့သို့သော ကလျာဏမိတ္တပုဂ္ဂိုလ်ကို ဘုရားရှင်သည် ဤသို့ ဂုဏ် ကျေးဇူးတို့ကို ဟောပြထုတ်ဖော်လျက် ချီးမွမ်းတော်မူသည်။ ထိုသို့ ချီးမွမ်းပုံကိုလည်း သင်တပည့်တို့သည် နာကြ ကုန်ဦးလော။ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံနေတော်မူစဉ် ရဟန်းတို့ကို ခေါ်တော်မူ၍-

တယော မေ ဘိက္ခဝေ ပုဂ္ဂလာ လောကေ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

ဘိက္ခဝေ၊ ရဟန်းတို့။
တယော ပုဂ္ဂလာ၊ သုံးဦးသော ပုဂ္ဂိုလ်တို့သည်။
ဗဟုဇနဟိတာယ၊ များစ္စာသော လူအပေါင်းတို့၏ အစီးအပွားအလို့ငှါ။
ဗဟုဇနသုခါယ၊ များစွာသော လူအပေါင်းတို့၏ ချမ်းသာခြင်းအလို့ငှါ။
လောကာနုကမ္ပာယ၊ လူအပေါင်းကို သနားကယ်မခြင်း အလို့ငှါ။
ဒေဝမနုဿာနံ၊ နတ်လူတို့။
အတ္ထာယ၊ အကျိုးငှါ။
ဟိတာယ၊ စီးပွားခြင်းငှါ။
သုခါယ၊ ချမ်းသာခြင်းငှါ။
လောကေ၊ လောက၌။
ဥပ္ပဇ္ဇမာနာ၊ ဖြစ်ကုန်သည်ရှိသော်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်တော်မူကြကုန်၏။

ဤသို့ အစရှိသည်ဖြင့် အကျယ်ဝိတ္ထာရ စုဏ္ဏိယ ဒေသနာကို ဟောကြားပြီးလျှင် အကျဉ်းသင်္ခေပ နိဂုံးချဂါထာတို့ကို ဤသို့ ဟောတော်မူပေ၏။

၁။ သတ္ထာ ဟိ လောကေ ပဌမော မဟေသီ၊
တဿာနွယော သာဝကော ဘာဝိတတ္တော။
အထာပရော ပါဋိပဒေါပိ သေက္ခော၊
ဗဟုဿုတော သီလဝတူပပန္နော။

၂။ ဧတေတယော ဒေဝမနုဿသေဋ္ဌာ၊
ပဘင်္ကရာ ဓမ္မမုဒီရယန္တာ။
အမတဿ ဒွါရံ သုဝိဝရန္တာ၊
ယောဂါ ပမောစေန္တိ ဗဟုဇနံ တေ။

၃။ ယေ သတ္ထဝါဟေန အနုတ္တရေန၊
သုဒေသိတံ မဂ္ဂမနုဂ္ဂမန္တိ။
ဣဓေဝ ဒုက္ခဿ ကရောန္တိ အန္တံ၊
ယေ အပ္ပမတ္တာ သုဂတသာသနေတိ။

ဣတိဝုတ်ပါဠိတော်လာ ဗဟုဇနဟိတသုတ်ပါဌ်။

၁။ ဘိက္ခဝေ၊ ရဟန်းတို့။
မဟေသီ၊ သီလက္ခန္ဓ စသည် ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီးလေ့ရှိသော။
သတ္ထာ ဟိ၊ လူသုံးပါးတို့၏ ဆရာဖြစ်သော သဗ္ဗညု ဘုရားသည်။
လောကေ၊ လောက၌။
ပဌမော၊ ရှေးဦးစွာ ပဌမ ပုဂ္ဂိုလ်တည်း။
တဿ၊ ထိုသဗ္ဗညုဘုရားကို။
အနွယော၊ စွဲ၍ဖြစ်သော။
တဿ၊ ထိုသဗ္ဗညုဘုရား၏။
သာဝကော၊ တပည့်ဖြစ်သော။
ဘာဝိတတ္တော၊ ကိစ္စကုန်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်သည်။
ဒုတိယော၊ နှစ်ခုမြောက် ဒုတိယပုဂ္ဂိုလ်တည်း။
အထာပရော၊ ထိုမှတပါး။
ဗဟုဿုတော၊ များသောအကြားအမြင်ရှိသော။
သီလဝတူပပန္နော၊ သီလအကျင့် ဓုတင်အကျင့်နှင့်ပြည့်စုံသော။
ပါဋိပဒေါ၊ တရားကို အားထုတ်ပြု ကျင့်ဆဲဖြစ်သော။
သေက္ခောပိ၊ သေက္ခပုဂ္ဂိုလ်သည်လည်း။
တတိယော၊ သုံးဦး မြောက်တတိယ ပုဂ္ဂိုလ်တည်း။

၂။ ဘိက္ခဝေ၊ ရဟန်းတို့။
ဧတေ တယော၊ ဤသုံးဦးသော ပုဂ္ဂိုလ်တို့သည်။
ဒေဝမနုဿသေဋ္ဌာ၊ နတ်လူတို့ထက် မြင့်မြတ်ကုန်၏။
တေ၊ ထိုသုံးဦးသော ပုဂ္ဂိုလ်တို့သည်။
ဓမ္မံ၊ တရားကို။
ဥဒီရယန္တာ၊ ဟောကြားမိန့်မြွက်ကြကုန်လျက်။
ပဘင်္ကရာ၊ လောကီ လောကုတ္တရာ ပညာတည်းဟူသော အရောင်အလင်းကို ပြုကြပေကုန်၏။
အမတဿ၊ သေခြင်းကင်းပ အမတမှန် မြတ်နိဗ္ဗာန်၏။
ဝါ၊ သေခြင်းကင်းပ အမတဘူတာရုံ ရွှေမြို့တော်ကြီး၏။
ဒွါရံ၊ ဝင်ရန်တံခါးမကြီးကို။
သုဝိဝရန္တာ၊ ကျယ်ကျယ်ဝင့်ဝင့် ကောင်းစွာဖွင့်ကြကုန်လျက်။
ဗဟုဇနံ၊ များစွာသော လူအပေါင်းကို။
ယောဂါ၊ သေမင်း၏ အနှောင်အဖွဲ့မှ။
ပမောစေန္တိ၊ လွတ်စေကြပေကုန်၏။

၃။ ဘိက္ခဝေ၊ ရဟန်းတို့။
ယေ၊ အကြင်သူတို့သည်။
အနုတ္တရေန၊ အတုမရှိ လွန်မြတ်တော်မူသော။
သတ္ထဝါဟေန၊ သတ္တဝါတို့ကို နိဗ္ဗာန်ရောက်အောင် ပို့ဆောင်တော်မူသော ငါဘုရားသည်။
သုဒေသိတံ၊ ကောင်းစွာ ဟောကြား တော်မူအပ်သော။
မဂ္ဂံ၊ နိဗ္ဗာန်သွားရန် ဖြောင့်မှန်ကောင်းလှ မဂ်လမ်းမကြီးသို့။
အနုဂ္ဂမန္တိ၊ အစဉ်လိုက်ကြကုန်၏။
ယေ၊ အကြင် အစဉ်လိုက်ကြကုန်သော ပညာရှိတို့သည်။
သုဂတ သာသနေ၊ ငါဘုရား သာသနာတော်၌။
အပ္ပမတ္တာ၊ တရား၌ မမေ့ မလျော့ကြကုန်။
တေ၊ ထိုပညာရှိတို့သည်။
ဣဓေဝ၊ ဤဘဝ၌ပင်လျှင်။
ဒုက္ခဿ။ သံသရာဝဋ်ဒုက္ခကြီး၏။
အန္တံ၊ အဆုံးကို။
ကရောန္တိ၊ ပြုနိုင်ကြကုန်၏။
ဣတိ၊ ဤတွင်ဗဟုဇနဟိတသုတ် ပြီး၏။

ဗဟုဇနဟိတသုတ် အနက် ပြီး၏။

ကလျာဏမိတ္တသည် လေးပါးသော အားခွန်ဗလနှင့် ပြည့်စုံ၍ ဘေးငါးပါးတို့ကို လွန်မြောက်ကြောင်း

တပည့်တို့ - ဤကဲ့သို့ ဘုရားရှင် ချီးမွမ်းတော်မူအပ်သော ထိုကလျာဏမိတ္တ ပုဂ္ဂိုလ်သည် --

၁။ ပညာတည်းဟူသော ပညာဗလ,
၂။ သမာဓိက္ခန္ဓ တည်းဟူသော ဝီရိယဗလ,
၃။ သီလတည်းဟူသော အနဝဇ္ဇဗလ,
၄။ သင်္ဂဟလေးပါး တည်းဟူသော သင်္ဂဟဗလ

ဤလေးပါးသော အားခွန်ဗလနှင့် ပြည့်စုံ၍ --

၁။ အသက်မွေးမှုဟူသော အာဇီဝကဘေး
၂။ အကျော်အစော မရှိခြင်းဟူသော အသိလောကဘေး
၃။ ပရိသတ်အလယ်၌ ကြောက်ရွံ့ခြင်းဟူသော ပရိသသာရဇ္ဇဘေး
၄။ သေခြင်း ဟူသော မရဏဘေး
၅။ အပါယ်လားခြင်းဟူသော ဒုဂ္ဂတိဘေး
ဝါ၊ အမိဝမ်း ဝယ် ဆင်းရဲ ငြိုငြင် မစင်ကြား၌ ဖြစ်ရခြင်းဟူသော ဒုဂ္ဂတိဘေး
ဝါ၊ ဘုံသုံးပါး၌ ဖြစ်ရခြင်းဟူသော ဒုဂ္ဂတိဘေး

ဘေးကြီး ငါးပါးတို့ကို ကောင်းစွာ လွန်မြောက်လျက် မိမိသို့ မှီဝဲဆည်းကပ် လာကြကုန်သော သူအပေါင်းတို့၏ အလုံးစုံသော ရဟန်းကိစ္စကို ပြီးစီးအောင် ပြုစွမ်းပေတတ်သည်ဖြစ်၍ အလုံးစုံသော သံသာရ ဘီရူက ဓမ္မကာမ ကုလပုတ္တ အမျိုးသားတို့၏ ပေါင်းဖော်မှီဝဲ အမြဲဆည်းကပ် ခိုကိုးရာ တာဏ, လေဏ, ပရာယန ပုဂ္ဂိုလ်ကြီးပေတည်း။

တပည့်တို့ - ထိုကလျာဏမိတ္တ ပုဂ္ဂိုလ်သည် လေးပါးသောဗလနှင့်ပြည့်ဝ၍ ငါးဝသော ဘေးကြီးကို လွန်မြောက်ပုံကို ဘုရားရှင် ဤသို့ ဟောတော်မူပေ၏။

ဣမေဟိ ခေါ ဘိက္ခဝေ စတူဟိ ဗလေဟိ သမန္နာဂတော အရိယသာဝကော ဣမာနိ ပဉ္စဘယာနိ သမတိက္ကန္တော ဟောတီ တိ။

နဝင်္ဂုတ္တရ ပါဠိတော်လာ လေးပါးသောဗလနှင့် ပြည့်ဝ၍ ငါးဝသောဘေးကြီးကို လွန်မြောက်ပုံကို ဟောသော စတုဗလဋ္ဌိတ ပဉ္စဘယာတိက္ကန္တသုတ်၏ အဖျားဆုံး နိဂုံးချပါဠိ။

ဘိက္ခဝေ၊ ရဟန်းတို့။
စတူဟိ၊ လေးပါးကုန်သော။
ဣမေဟိ ဗလေဟိ၊ ဤပညာ, ဝီရိယ, အနဝဇ္ဇ, သင်္ဂဟဗလတို့နှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
အရိယသာဝကော၊ ငါဘုရားတပည့်သည်။
ဣမာနိ ပဉ္စဘယာနိ၊ ဤ အာဇီဝက, အသိလောက, ပရိသသာရ, မရဏ, ဒုဂ္ဂတိ ဘေးဟူသော ငါးပါးသော ဘေးကြီးတို့ကို။
သမတိက္ကန္တော၊ ကောင်းစွာ လွန်မြောက်သည်။
ဟောတိ၊ ဖြစ်ပေ၏။

ထိုလွန်မြောက်သောပုဂ္ဂိုလ် မကြောက်မရွံ့ဘဲ ရဲရဲတင်းတင်း ဆင်ခြင် ကြိမ်းဝါးပုံ ကိုလည်း ဤသို့ ဟောတော်မူ၏။

၁။ သေက္ခော သော ဘိက္ခဝေ အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ နာဟံ အာဇီဝကဘယဿ ဘာယာမိ၊ ကိဿာဟံ အာဇီဝကဘယဿ ဘာယိဿာမိ၊အတ္ထိ မေ စတ္တာရိ ဗလာနိ ပညာဗလံ ဝီရိယဗလံ အနဝဇ္ဇဗလံ သင်္ဂဟဗလံ၊ ဒုပ္ပညောခေါ အာဇီဝကဘယဿ ဘာယေယျ။ ကုသီတော အာဇီဝကဘယဿ ဘာယေယျ။ သာဝဇ္ဇကာယကမ္မန္တ ဝစီကမ္မန္တ မနောကမ္မန္တော အာဇီဝကဘယ ဘာယေယျ၊ အသင်္ဂဟကော အာဇီဝကဘယဿ ဘာယေယျ။

ဘိက္ခဝေ၊ ရှဟန်းတို့။
အရိယာသာဝကော၊ ငါဘုရား၏ တပည့်ဖြစ်သော။
သော၊ ထိုအားခွန်ဗလနှင့်ပြည့်စုံသော။
သေက္ခော၊ တရားကိုအားထုတ်ပြုကျင့် ဆဲဖြစ်သော သေက္ခပုဂ္ဂိုလ်သည်။
ဣတိ၊ ဤသို့။
ပဋိသန္နိက္ခတိ၊ ဆင်ခြင် ကြိမ်းပ၏။
အဟံ၊ ငါသည်။
အာဇီဝကဘယဿ၊ အသက်မွေးမှုဟူသော အာဇီဝကဘေးကို။
န ဘာယာမိ၊ မကြောက်။
အဟံ၊ ငါသည်။
အာဇီဝက ဘယဿ၊ အသက်မွေးမှုဟူသော အာဇီဝကဘေးကို။
ကိဿ၊ အဘယ်ကြောင့်။
ဘာယိဿာမိ၊ ကြောက်လိမ့်မည်နည်း။
မေ၊ ငါအား။
ပညဗလံ၊ ပညားအား၎င်း။
ဝီရိယဗလံ၊ ဝီရိယအား၎င်း။
အနဝဇ္ဇဗလံ၊ အနဝဇ္ဇအား၎င်း။
သင်္ဂဟဗလီ၊ သင်္ဂဟအား၎င်း။
ဣတိ၊ ဤသို့။
စတ္တာရိဗလာနိ၊ လေးပါးသောဗလ ခွန်အား တို့သည်။
အတ္ထိ၊ ရှိကုန်၏။
ဒုပ္ပညော၊ ပညာမဲ့သော သူသည်သာလျှင်။
ခေါ၊ စင်စစ်။
အာဇီဝကဘယဿ၊ အာဇီဝကဘေးကို။
ဘာယေယျ၊ ကြောက်ရာ၏။ ကြောက်ရှာလိမ့်မည်။
ကုသီတော၊ ပျင်းရိသောသူသည်သာလျှင်။
ခေါ၊ အဟုတ်။
အာဇီဝကဘယဿ၊ အာဇီဝကဘေးကို။
ဘာယေယျ၊ ကြောက်ရာ၏။ ကြောက်ရှာလိမ့်မည်။
သာဝဇ္ဇကာယကမ္မန္တဝစီကမ္မန္တမနောကမ္မန္တော၊ အပြစ် ရှိသော ကာယကံ, ဝစီကံ, မနောကံတို့နှင့် ပြည့်စုံသော သူသည်သာလျှင်။
ခေါ၊ တကယ့်ကို။
အာဇီဝက ဘယဿ၊ အာဇီဝကဘေးကို။
ဘာယေယျ၊ ကြောက်ရာ၏။ ကြောက်ရှာလိမ့်မည်။
အသင်္ဂဟကော၊ သင်္ဂဟလေးပါး မရှိသောသူသည် သာလျှင်။
ခေါ၊ ဧကန်မုချ။
အာဇီဝကဘဘဿ၊ အာဇီဝကဘေးကို။
ဘာယေယျ၊ ကြောက်ရာ၏။ ကြောက်ရှာလိမ့်မည်။

ဤနည်းတူ “နာဟံ အသိလောက ဘယဿ ဘာယာမိ၊ ကိဿာဟံ အသိလောကဘယဿ ဘာယိဿာမိ”။ အစရှိသည်ဖြင့် နောက်လေးပါးသော ဘေးကြီးတို့ကို မကြောက်မရွံ့ဘဲ ရဲရဲ တင်းတင်း ကြိမ်းဝါးပုံကိုလည်း ဟောတော်မူ၏။ ဟောသောပါဠိမှာ အာဇီဝကဘေးကို ကြိမ်းဝါးပုံ ပါဠိနှင့် အတူတူပင်။

အာဇီဝကဘယနေရာမှာ “အသိ လောကဘယဿ၊ ပရိသသာရဇ္ဇဘယဿ၊ မရဏဘယဿ၊ ဒုဂ္ဂတိ ဘယဿ”ဟု ပြောင်းလဲ ထည့်သွင်းရုံမျှသာ ထူးသည်။

အနက်မှာလည်း၊

အသိလောကဘယဿ၊ အကျော်အစော မရှိခြင်းဟူသော အသိလောကဘေးကို။
ပရိသသာရဇ္ဇဘယဿ၊ ပရိသတ်ထဲ မရဲမဝံ့ ကြောက်ရွံ့ခြင်းဟူသော ပရိသသာရဇ္ဇ ဘေးကို။
မရဏဘယဿ၊ သေခြင်းဟူသော မရဏဘေးကို။
ဒုဂ္ဂတိဘယဿ၊ အပါယ်လားခြင်း ဟူသော ဒုဂ္ဂတိဘေးကို။
ဝါ၊ အမိဝမ်းဝယ် ဆင်းရဲ ငြိုငြင် မစင်ကြား၌ ဖြစ်ရခြင်းဟူသော ဒုဂ္ဂတိဘေးကို။
ဝါ၊ ဘုံသုံးပါး၌ ဖြစ်ရခြင်းဟူသော ဒုဂ္ဂတိဘေးကို ဟုပေး။

တပည့်တို့ - ဤကဲ့သို့ ဘေးကြီးငါးပါးကို ကောင်းစွာလွန်မြောက်၍ ကြောက် ရွှံ့ကင်းပ ပိယ, ဂရု, ဘာဝနီယ စသည် အင်္ဂါနှင့် ပြည့်စုံသော ကလျာဏမိတ္တ ပုဂ္ဂိုလ်ကို ရိုသေလေးမြတ် ဆည်းကပ်မှီဝဲမှ သာလျှင် မိမိ၏ ရဟန်းကိစ္စအလုံးစုံ ပြီးဆုံးခြင်းကို ပြုတတ်သော သမ္မာဒိဋ္ဌိမဂ္ဂင် ဉာဏ်ပညာကို ရနိုင်သည်။ ထို ကြောင့် မိမိ ရဟန်းကိစ္စပြီးဆုံး၍ အကောင်းဆုံးကို ရောက်လိုကြသော သင် တပည့်တို့သည် သပ္ပုရိသဘုံ၌ တည်ကြကုန်လျက် ထိုကဲ့သို့သော ကလျာဏမိတ္တကို မှီဝဲဆည်းကပ်၍ ခပ်သိမ်းသော ဒုက္ခမှ လွတ်ကြလေကုန်။ တပည့်တို့- ဤသပ္ပုရိသဘုံဟုဆိုရာ၌ သပ္ပုရိသဘုံကို ဘုရားရှင် ဤသို့ ဟောတော်မူပေ၏။

သူတော်ကောင်းတို့၏တည်ရာ သပ္ပုရိသသိက္ခာကို ပြသော သပ္ပုရိသဘူမိသုတ်

အသပ္ပုရိသဘူမိဉ္စ ဝေါ ဘိက္ခဝေ ဒေသိဿာမိ သပ္ပုရိသဘူမိဒ္ဓ။ တံ သုဏာထ သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီတိ။ ဧဝံ ဘန္တေတိ ခေါ တေဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတ ဒဝေါ စ။

ကတမာ စ စ ဘိက္ခဝေ အသပ္ပုရိသဘူမိ၊ အသပ္ပုရိသော ဘိက္ခဝေ အကတညူ စ ဟောတိ အကတဝေဒီ စ။ အသဗ္ဘိ တံ ဘိက္ခဝေ ဥပညတ္တံ။ ယဒိဒံ အကတညုတာ အကတဝေဒိတာ။ ကေလော ဧသာ ဘိက္ခဝေ အသပ္ပုရိသဘူမိ။ ယဒိဒံ အကတညုတာ အကတဝေဒိတာ။ သပ္ပုရိသော စ ဘိက္ခဝေ ကတညူ စ ဟောတိ ကတဝေဒီ စ။ သဗ္ဘိ တံ ဘိက္ခဝေ ဥပညတ္တံ။ ယဒိဒံ ကတညုတာ ကတဝေဒိတာ။ ကေဝလာ ဧသာ ဘိက္ခဝေ သပ္ပုရိသဘူမိ။ ယဒိဒံ ကတညုတာ ကတဝေဒိတာ တိ။

ဒုကင်္ဂုတ္တရပါဠိတော်လာ သပ္ပုရိသဘူမိသုတ်ပါဌ်။

ဘိက္ခဝေ၊ ရဟန်းတို့။
အဟံ၊ ငါဘုရားသည်။
ဝေါ၊ သင်ချစ်သားတို့အား။
အသပ္ပုရိသဘူမိဉ္စ၊ သူတော်မဟုတ် သူယုတ်မာတို့၏ တည်ရာ အသပ္ပုရိသဘုံ ကို၎င်း။
သပ္ပုရိသဘူမိဉ္စ၊ သူတော်ကောင်းတို့၏တည်ရာ သပ္ပုရိသဘုံကို၎င်း။
ဒေသိဿာမိ၊ ဟောကြားမည်။
တံ၊ ထိုဟောကြားလတ္တံ့သည်ကို။
တုမှေ၊ သင်ချစ်သားတို့သည်။
သုဏာထ၊ နာကြကုန်လော့။
သာဓုကံ၊ ကောင်းမွန်စွာ။
မနသိကရောထ၊ အနက်အဓိပ္ပါယ်ကို ထိုးထွင်း သိမြင်အောင် နှလုံးသွင်းကြကုန် လော့။
ဘာသိဿာမိ၊ ဟောကြားတော့အံ့။
ဣတိ၊ ဤသို့ ဘုရားရှင် မိန့်လတ်သော်။
ဘန္တေ၊ အရှင်ဘုရား။
ဧဝံ၊ သြော် ကောင်းပါပြီ၊ နာပါမည်ဘုရား၊ နှလုံးသွင်းပါမည်ဘုရား။
ဣတိ ခေါ၊ ဤသို့ လျှောက်ကြားပြီးသော်။
တေဘိက္ခူ၊ ထိုရဟန်းတို့သည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဝစနံ၊ဟောကြားလတ္တံ့ သော စကားတော်ကို။
ပစ္စဿောသုံ၊ ရှေးရှုနာကြကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားက။
ဧတံ၊ ဤကတမာ စ ဘိက္ခဝေ အသပ္ပုရိသဘူမိ အစရှိသော စကားတော်ကို။
အဝေါ စ၊မိန့်မြွက်တော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
အသပ္ပုရိသဘူမိ၊ အသပ္ပုရိသဘုံဟူသည်။
ကတမာ စ၊ အဘယ်နည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
အသပ္ပုရိသော၊ သူတော်မဟုတ် သူယုတ်မာဖြစ်သော မသူတော်သည်။
အကတညူ စ၊ သူ့ကျေးဇူးကို စိတ်ထဲတွင် သိလေ့မရှိသည်လည်း။
ဟောတိ၊ ဖြစ်၏။
အကတဝေဒီ စ၊ သူ့ကျေးဇူးကို နှုတ်ဖြင့် ပြောကြား၍ ထင်းရှာစွာ သိလေ့မရှိ သည်လည်း။
ဟောတိ၊ ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ယဒိဒံ အကတညုတာ အကတဝေဒိတာ၊ အကြင်သူ့ကျေးဇူးကို စိတ်ထဲတွင် သိလေ့မရှိသော အဖြစ်၊ နှုတ်ဖြင့် ပြောကြား၍ ထင်ရှားစွာ သိလေ့မရှိသော အဖြစ်သည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုသူ့ကျေးဇူးကို စိတ်ထဲတွင် သိလေ့မရှိသော အဖြစ်၊ နှုတ်ဖြင့်ပြောကြား၍ ထင်ရှားစွာ သိလေ့မရှိသော အဖြစ်ကို။
အသမ္ဘိ၊ မသူတော်တို့သည်။
ဥပညတ္တံ၊ လွန်စွာနှစ်သက်အပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ယဒိဒံ အကတညုတာ အကတဝေဒိတာ၊ အကြင် သူ့ကျေးဇူးကို စိတ်ထဲတွင် သိလေ့မရှိသောအဖြစ်၊ နှုတ်ဖြင့် ပြောကြား၍ ထင်ရှားစွာ သိလေ့မရှိသော အဖြစ်သည်။
အတ္ထိ၊ ရှိ၏။
ဧသော၊ ဤသူ ကျေးဇူးကို စိတ်ထဲတွင် သိလေ့မရှိသော အဖြစ်၊ နှုတ်ဖြင့် ပြောကြား၍ ထင်ရှားစွာ သိလေ့မရှိသော အဖြစ်သည်။
ကေဝလာ၊ သက်သက်။
အသပ္ပုရိသဘူမိ၊ မသူတော်တို့၏ တည်ရာ အသပ္ပုရိသဘုံတည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
သပ္ပုရိသော စ ခေါ၊ သူတော်ကောင်းသည်ကား။
ကတညူ စ၊ သူ့ကျေးဇူးကို စိတ်ထဲတွင် သိလေ့ရှိသည်လည်း။
ဟောတိ၊ ဖြစ်၏။
ကတဝေဒီ စ၊ သူ့ကျေးဇူးကို နှုတ်ဖြင့်ပြောကြား၍ ထင်ရှားစွာ သိလေ့ရှိသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ယဒိဒံ ကတညုတာ ကတဝေဒိတာ၊ အကြင် သူ့ကျေးဇူးကို စိတ်ထဲတွင် သိလေ့ ရှိသောအဖြစ်၊ နှုတ်ဖြင့် ပြောကြား၍ ထင်ရှားစွာ သိလေ့ရှိသော အဖြစ်သည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုသူ့ကျေးဇူးကို စိတ်ထဲတွင် သိလေ့ရှိသောအဖြစ်၊ နှုတ်ဖြင့် ပြောကြား၍ ထင်ရှားစွာ သိလေ့ရှိသောအဖြစ်ကို။
သဗ္ဘိ၊ သူတော်ကောင်းတို့သည်။
ဥပညတ္တံ၊ လွန်စွာနှစ်သက်အပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ယဒိဒံ ကတညုတာ ကတဝေဒိတာ၊ အကြင် သူ့ကျေးဇူးကို စိတ်ထဲတွင် သိလေ့ ရှိသော အဖြစ်၊ နှုတ်ဖြင့်ပြောကြား၍ ထင်ရှားစွာ သိလေ့ရှိသော အဖြစ်သည်။
အတ္ထိ၊ ရှိ၏။
ဧသော၊ ဤသူကျေးဇူး ကို စိတ်ထဲတွင် သိလေ့ရှိသောအဖြစ်၊ နှုတ်ဖြင့် ပြောကြား၍ ထင်ရှားစွာ သိလေ့ရှိသော အဖြစ်သည်။
ကေဝလသပ္ပုရိသဘူမိ၊ သက်သက် သူတော်ကောင်းတို့၏တည်ရာ သပ္ပုရိသဘုံ တည်း။
ဣတိ၊ ဤတွင် သပ္ပုရိသဘူမိသုတ် ပြီး၏။

သပ္ပုရိသဘူမိသုတ်အနက် ပြီး၏။

သပ္ပုရိသဘုံ၌တည်သော ပုဂ္ဂိုလ်သည် ကျေးဇူးသိအပ်သော ဆရာသုံးဦးကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ဘုရားရှင် ဟောကြားတော်မူအပ်သော သပ္ပုရိသဘုံ၌ တည်နေသောသူသည် ကျေးဇူးသိအပ်သော ကျေးဇူးရှင်ပုဂ္ဂိုလ်ကား သုံးဦးရှိသည်။ ထိုသို့ရှိကြောင်းကို ဘုရားရှင် ဤသို့ ဟောတော်မူ၏။

ဗဟုပကာရသုတ်

၁။ တယော မေ ဘိက္ခဝေ ပုဂ္ဂလာ ပုဂ္ဂလဿ ဗဟုပကာရာ။ ကတမေ တယော၊ ယံ ဘိက္ခဝေ ပုဂ္ဂလံ အာဂမ္မ ပုဂ္ဂလော ဗုဒ္ဓံ သရဏံ ဂတော ဟောတိ။ ဓမ္မံ သရဏံ ဂတော ဟောတိ။ သံဃံ သရဏံ ဂတော ဟောတိ။ အယံ ဘိက္ခဝေ ပုဂ္ဂလော ဣမဿ ပုဂ္ဂလဿ ဗဟုပကာရော။

၂။ ပုန စ ပရံ ဘိက္ခဝေယံ ပုဂ္ဂလံ အာဂမ္မ ပုဂ္ဂလော ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခ နိရောဓဂါမိနိ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ အယံ ဘိက္ခဝေ ပုဂ္ဂလော ဣမဿ ပုဂ္ဂလဿ ဗဟုပကာရော။

၃။ ပုန စ ပရံ ဘိက္ခဝေ ယံ ပုဂ္ဂလံ အာဂမ္မ ပုဂ္ဂလော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဘိက္ခဝေ ပုဂ္ဂလော ဣမဿ ပုဂ္ဂလဿ ဗဟုပကာရော။

ဣမေ ခေါ ဘိက္ခဝေ တယော ပုဂ္ဂလာ ပုဂ္ဂလဿ ဗဟုပကာရာ။ ဣမေဟိ စ ပန ဘိက္ခဝေ တီဟိ ပုဂ္ဂလေဟိ ဣမဿ ပုဂ္ဂလဿ နတ္ထညေဝ ပုဂ္ဂလော ဗဟုပကာရောတိ ဝဒါမိ။ ဣမေသံ ပန ဘိက္ခဝေ တိဏ္ဏံ ပုဂ္ဂလာနံ ဣမိနာ ပုဂ္ဂလေန န သမ္ပဋိကာရံ ဝဒါမိ ယဒိဒံ အဘိဝါဒန ပစ္စုပဋ္ဌာနဉ္ဇလိကမ္မ သာမိစိကမ္မ စီဝရ ပိဏ္ဍပါတသေနာသန ဂိလာနပစ္စယဘေသဇ္ဇ ပရိက္ခာရာနုပ္ပါဒနေနာတိ။

တိကင်္ဂုတ္တရပါဠိတော်လာ ဗဟုပကာရသုတ်ပါဌ်။

၁။ ဘိက္ခဝေ၊ ရဟန်းတို့။
ပုဂ္ဂလဿ၊ တဦးသော ပုဂ္ဂိုလ်အား။
ဗဟုပကာရာ၊ များစွာကျေးဇူးပြုပေကုန်သော။
ပုဂ္ဂလာ၊ ကျေးဇူးရှင် ပုဂ္ဂိုလ်တို့သည်။
ဣမေ တယော၊ ဤသုံးဦးတို့ပေတည်း။

ကတမေ တယော၊ အဘယ် သုံးဦးနည်းဟူမူကား။
ဘိက္ခဝေ၊ ရဟန်းတို့။
ယံ ပုဂ္ဂလံ၊ အကြင်ပုဂ္ဂိုလ်ကို။
အာဂမ္မ၊ အကြောင်းပြု၍။
ပုဂ္ဂလော၊ တဦးသောပုဂ္ဂိုလ်သည်။
ဗုဒ္ဓံ၊ ဘုရားကို။
သရဏံ၊ ကိုးကွယ်ခြင်းသို့။
ဂတော၊ ဆိုက်ရောက်သည်။
ဟောတိ၊ ဖြစ်၏။
ဓမ္မံ၊ တရားတော်ကို။
သရဏံ၊ ကိုးကွယ်ခြင်းသို့။
ဂတော၊ ဆိုက်ရောက်သည်။
ဟောတိ၊ ဖြစ်၏။
သံဃံ၊ သံဃာကို။
သရဏံ၊ ကိုးကွယ်ခြင်းသို့။
ဂတော၊ ဆိုက်ရောက်သည်။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ ပုဂ္ဂလော၊ ဤ သရဏဂုံ တည်အောင် ဟောပြော၍ပေးသော ပုဂ္ဂိုလ် သည်။
ဣမဿ ပုဂ္ဂလဿ၊ ဤသရဏဂုံ တည်လေသော ပုဂ္ဂိုလ်အား။
ဗဟုပကာရော၊ များစွာကျေးဇူးပြုပေ၏။

၂။ ဘိက္ခဝေ၊ ရဟန်းတို့။
ပုန၊ တဖန်။
ပရဉ္စ၊ တပါးလည်း။
ယံ ပုဂ္ဂလံ၊ အကြင် ပုဂ္ဂိုလ်ကို။
အာဂမ္မ၊ အကြောင်းပြု၍။
ပုဂ္ဂလော၊ သရဏဂုံ တည်လေပြီးသော ပုဂ္ဂိုလ်သည်။
ဣဒံ၊ ဤသည်ကား။
ဒုက္ခ၊ ဒုက္ခအမှန်တည်း။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။
ပဇာနာတိ၊ သိ၏။
အယံ၊ ဤသည်ကား။
ဒုက္ခသမုဒယော၊ ဒုက္ခဖြစ်ကြောင်း အမှန်တည်း။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။
ပဇာနာတိ၊ သိ၏။
အယံ၊ ဤသည်ကား။
ဒုက္ခနိရောဓော၊ ဒုက္ခကင်းချုပ်ရာ အမှန်တည်း။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ ဟုတ်မှန်သော အတိုင်း။
ပဇာနာတိ၊ သိ၏။
အယံ၊ ဤသည်ကား။
ဒုက္ခနိရောဓဂါမိနိပဋိပဒါ၊ ဒုက္ခကင်းချုပ်ရာသို့ ရောက်ကြောင်း အကျင့် အမှန်တည်း။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။
ပဇာနာတိ၊ သိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ ပုဂ္ဂလော၊ ဤသောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်သော အားဖြင့် သစ္စာ လေးပါးကို သိမြင်အောင် ဟောပြော၍ပေးသော ပုဂ္ဂိုလ်သည်။
ဣမဿပုဂ္ဂဿ၊ ဤသောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်သောအားဖြင့် သစ္စာ လေးပါးကို သိလေသော ပုဂ္ဂိုလ်အား။
ဗဟုပကာရော၊ များစွာကျေးဇူးပြုပေ၏။

၃။ ဘိက္ခဝေ၊ ရဟန်းတို့။
ပုန၊ တဖန်။
ပရဉ္စ၊ တပါးလည်း။
ယံ ပုဂ္ဂလံ၊ အကြင်ပုဂ္ဂိုလ်ကို။
အာဂမ္မ၊ အကြောင်းပြု၍။
ပုဂ္ဂလော၊သစ္စာလေးပါးကို သိလေပြီးသော ပုဂ္ဂိုလ်သည်။
အာသဝါနံ၊ အာသဝေါတရားတို့၏။
ခယာ၊ ကုန်ခြင်းကြောင့်။
အနာသဝံ၊ အာသဝေါတရား ကင်းရာ ကင်းကြောင်း ဖြစ်သော။
စေတောဝိမုတ္တိ၊ သမာဓိလမ်းမှတက်၍ ကိလေသာတို့မှ လွတ်သော အရဟတ္တဖိုလ် ကိုသော်၎င်း။
ပညာဝိမုတ္တိ၊ သမာဓိလမ်းမဘက် ဝိပဿနာလမ်းသက်သက်ဖြင့် ကိလေသာတို့မှ လွတ်သော အရဟတ္တဖိုလ်ကိုသော်၎င်း။
ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော ဘဝ၌ပင်လျှင်။
သယံ အဘိညာ၊ ကိုယ်တိုင်သိ၍။
သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။
ဥပသမ္ပဇ္ဇ၊ ဝင်စား၍။
ဝိဟရတိ၊ နေ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ ပုဂ္ဂလော၊ ဤရဟန္တာဖြစ်အောင် ဟောပြော၍ပေးသော ပုဂ္ဂိုလ်သည်။
ဣမဿပုဂ္ဂလဿ၊ ဤရဟန္တာဖြစ်လာသော ပုဂ္ဂိုလ်အား။
ဗဟုပကာရော၊ များစွာ ကျေးဇူးပြုပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ပုဂ္ဂလဿ၊ တဦးသော ပုဂ္ဂိုလ်အား။
ဗဟုကာရာ၊ များစွာ ကျေးဇူးပြုပေကုန်သော။
ပုဂ္ဂလာ၊ ကျေးဇူးရှင် ပုဂ္ဂိုလ်တို့သည်။
ဣမေ ခေါ တယော။ ဤသုံးဦးတို့ပေတည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣမဿပုဂ္ဂလဿ၊ ဤတဦးသော ပုဂ္ဂိုလ်အား။
ဣမေဟိ စ ပန တီဟိပုဂ္ဂလေဟိ၊ ဤသုံးဦးသော ပုဂ္ဂိုလ်တို့ထက်။
ဗဟုပကာရော၊ ကျေးဇူးကြီးမားသော။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
နတ္ထညေဝ၊ မရှိသည်သာလျှင်တည်း။
ဣတိ၊ဤသို့။
အဟံ၊ ငါဘုရားသည်။
ဝဒါမိ၊ ဟောကြားတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣမေသံ ပန တိဏ္ဏံ ပုဂ္ဂလာနံ၊ ဤသုံးဦးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့အား။
ဣမိနာ ပုဂ္ဂလေန၊ ဤသုံးဦးသော ကျေးဇူးခံပုဂ္ဂိုလ်က။
ယဒိဒံ အဘိဝါဒန ပစ္စုပဋ္ဌာနဉ္ဇလိကမ္မ သာမိစိကမ္မ စီဝရ ပိဏ္ဍပါတ သေနာသန ဂိလာနပစ္စယဘေသဇ္ဇ ပရိက္ခာရာနုပ္ပါဒနေန
အကြင် ဦးခေါင်းဆိုက်၍ ရှိခိုးခြင်း, ကောင်းစွာ လုပ်ကျွေးခြင်း,
လက်အုပ်ချီ၍ ရှိခိုးခြင်း ကိုယ်နှုတ်နှလုံးတို့ဖြင့် ရိုသေစွာ ပြုခြင်း
သင်္ကန်းပစ္စည်းကို ဖြစ်စေခြင်း, ဆွမ်းပစ္စည်းကို ဖြစ်စေခြင်း,
ကျောင်းပစ္စည်းကို ဖြစ်စေခြင်း, သူနာတို့အား ကျေးဇူး ပြုတတ်သော အသက်၏ အရံအတား ဆေးပစ္စည်းကို ဖြစ်စေခြင်းမျှဖြင့်။
သမ္ပဋိကာရံ၊ ကောင်းစွာ ကျေးဇူးတုံ့ကျေအောင် ဆပ်သည်မည်၏ ဟူ၍။
အဟံ၊ ငါဘုရားသည်။
န ဝဒါမိ၊ ဟောတော်မမူနိုင်။
ဣတိ၊ ဤတွင် ဗဟုပကာရသုတ် ပြီး၏။

ဗဟုပကာရသုတ်အနက်ပြီး၏။

ဥယောဇဉ်

တပည့်တို့ - ဤကဲ့သို့ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သပ္ပုရိသ ဘူမိသုတ်ဗဟုပကာရသုတ်တို့ကို နှုတ်တက် ရွရွ အရကျက်ဆောင်၍ အနက် အဓိပ္ပါယ်ကို သိအောင်ပြုပြီးလျှင် မိမိ ရဟန်းကိစ္စပြီးဆုံး၍ အကောင်းဆုံးကို ရောက်လိုကြသော သင်တပည့်တို့သည် အရှင် သာရိပုတ္တရာ မဟာထေရ်မြတ် စသည်တို့ကဲ့သို့ သပ္ပုရိသဘုံ၌ တည်ကြကုန်လျက် ကလျာဏမိတ္တ ဖြစ်သော ပညာရှိ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်၍ ခပ်သိမ်းသော ဒုက္ခမှ လွတ်ကြလေကုန်။

တပည့်တို့ - အရှင်သာရိပုတ္တရာ၏ သပ္ပုရိသဘုံ၌ တည်ပုံ အကြောင်း အတ္ထုပ္ပတ္တိ ဝတ္ထုကို သိလိုကြလျှင် ဘုန်းကြီး ဟောကြားသော အတိုင်းကို နာခံမှတ်သား၍ ဘုန်းကြီးတပည့် သံဃသောဘဏ အသင်းသားများ စုဆောင်းရေးဖွဲ့၍ ထားအပ်သော ဓမ္မရာသီကျမ်းမှာပါရှိသည် - ကြည့်ရှုကြလေ။

သိဿာနုသာသန ဂါထာ

သဗ္ဘိရေဝ သမာသေထ၊ သယံ ဌတွာန သံဘူမိံ။
သတံ သဒ္ဓမ္မ မညာယ၊ သဗ္ဗဒုက္ခာ ပမုစ္စထ။

သေက္ချဘာသိတ ဂါထာ။

သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ သင်တပည့်တို့သည်။
သယံ၊ မိမိတို့ကလည်း။
သံဘူမိံ၊ သပ္ပုရိသဘုံ၌။
ဌတွာန၊ တည်ကြကုန်၍။
သဗ္ဘိရေဝကလျာဏမိတ္တဖြစ်သော ပညာရှိ သူတော်ကောင်းတို့နှင့် သာလျှင်။
သမာသေထ၊ မှီဝဲ ပေါင်းဖော်ကြကုန်လော့။
သတံကလျာဏမိတ္တဖြစ်သော ပညာရှိ သူတော်ကောင်းတို့၏။
သဒ္ဓမ္မံ၊ ကောင်းစွာဟောကြားသော တရားတော်ကို။
အညာယ၊ သိ၍။
သဗ္ဗဒုက္ခာ၊ အလုံးစုံသော သံသရာဝဋ် ဒုက္ခမှ။
ပမုစ္စထ၊ လွတ်ကြလေကုန်လော့။

ဣတိ မဂ္ဂရထဝိဓာနပဗ္ဗံ။

မဂ္ဂရထဝိဓာနပဗ္ဗံ၊ ရထူပမသုတ်တော်မြတ်၏အရ နိဗ္ဗာန်ပြည်သွား မဂ်ရထားကို ဟောကြား စီရင်သော မဂ္ဂရထဝိဓာန ပိုင်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

မဂ္ဂရထဝိဓာနပိုင်း ပြီး၏။

၄-မဂ္ဂရထပေသနပိုင်း

▬▬▬▬▬▬▬▬

နိဗ္ဗာန်ပြည်သွား မဂ်ရထားတို့ကို လောကီမြို့သွား စက်ရထားဥပမာဖြင့် ပြခြင်း

တပည့်တို့ - ဥပမာဆိုသော် တောတွင်းသား လူရိုင်းများကို မန္ဓရေး နေပြည်တော်သို့ ပို့ဆောင် လိုသော ပညာရှိ ရထားမှူးသည် ထိုတောတွင်းသား လူရိုင်းများအား မန္ဓရေး နေပြည်တော်ကြီး၏ တည်ရာဌာန တည်နေပုံအခြင်းအရာနှင့် တကွ ချမ်းမြေ့သာယာ ရောက်ချင်စရာ နေချင်စရာ ကောင်းသော ဂုဏ်ကျေးဇူး တို့ကို မသိသေးလျှင် သိအောင် ပြောကြားရာ၏။

သိပြီးလျှင်လည်း အလျင်အမြန် ရောက်ချင်အောင် ထပ်မံ၍ ပြောကြားရာ၏။ ထိုနေပြည်တော်သို့ အလျင်အမြန် ရောက်စေတတ်သော မီးရထားကြီး၏ ကောင်းသော အဖြစ် ပဌမတွဲ ဒုတိယတွဲ စသည်ဖြင့် စီးရာဌာန စီးပုံနည်းနှင့်တကွ ချမ်းမြေ့သာယာ စီးချင်စရာကောင်းသော ဂုဏ်ကျေးဇူး တို့ကိုလည်း ပြောကြားရာ၏။

ထိုသို့ ပြောကြား ရုံမျှဖြင့်လည်း ကိစ္စမပြီး အကျိုးနည်းက ကာလကို မကြာစေဘဲ လျင်မြန်စွာ ဥဩမှုတ်လျက် လက်မှတ်ပေးတင် အလျင်အမြန်စိုင်းသော် အနီးအပါး အနား ချဉ်းကပ် ရထားရပ်က ထိုတောတွင်းသား လူရိုင်းတို့သည် သေလက္ခရာရုဠှ ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းမြတ် ဖန်ဆင်း အပ်သော ရတနာပုဏ္ဏ မန္ဓာရ ခေါ် နေပြည်တော်သို့ ရထားပေါ်မှ ဆင်းသက်ခါ ချမ်းသာစွာဝင်၍ မိမိတို့ အလိုရှိတိုင်း နေကြလေရာဘိသကဲ့သို့ --

တပည့်တို့ - ဤလောကီမြို့သွား ရထားမှူး ဖြစ်သော သင်တို့ဆရာ ငါသည် လောကုတ္တရာ နိဗ္ဗာန်မြို့ကြီးကို၎င်း, ထိုသို့ ရောက်ကြောင်း မဂ္ဂင်ရထားကြီးကို၎င်း တည်ရာဌာန တည်ပုံအခြင်း အရာ စသည်တို့နှင့်တကွ ရောက်ချင်စရာ စီးချင်စရာကောင်းသော ဂုဏ်ကျေးဇူးတို့ကို အနည်းငယ် မျှပြလျက် သေချာ ကောင်းမွန်စွာ ဟောကြားပြီး၍ ကိစ္စပြီးအောင် ယခုအခါ မဂ္ဂင်ရထားဖြင့် လျင်မြန်စွာ ပြေးသွား စိုင်းဝင်ကြကုန်အံ့။

ဥဩမှုတ်သုံးဂါထာ ပါဌ်အနက်

၁။ သုသုခံ အမတံ ပူရံ၊ လောကန္တံ ဗုဒ္ဓဒေသိတံ။
မဂ္ဂင်္ဂိကေန ယာနေန၊ ဧထ သိဿာ ဂမာမှသေ။

ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
လောကန္တံ၊ လောက၏ အဆုံးစွန် ဟိုဘက်၌ တည်နေထသော။
သုသုခံ၊ တုနှိုင်းမရ အလွန်တရာ ချမ်းသာလှသော။
အမတံပူရံ၊ နိဗ္ဗာန်တည်းဟူသော သေခြင်းကင်းပ အမတဘူတာရုံ ရွှေမြို့တော် ကြီးသို့။
မဂ္ဂင်္ဂိကေန၊ မဂ္ဂင်ရှစ်ပါး ဖြင့်ပြီးသော။
ယာနေန၊ မမည်မကျိုး အဘိုးအနဂ္ဃ ထိုက်တန်လှစွာ အလွန်တရာငြိမ့်သော ယာဉ်ရထားဖြင့်။
ဂမာမှသေ၊ လျင်မြန်မဆိုင်း ပြေးစိုင်းကြကုန်အံ့။
သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဧထ၊ လာကြကုန်။

၂။ သုသုခံ အမတံ ပူရံ၊ လောကန္တံ ဗုဒ္ဓဒေသိတံ။
သမာဓိကေန ဒါသေန၊ ဧထ သိဿာ ဒိသာမှသေ။

ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
လောကန္တံ၊ လောက၏အဆုံးစွန် ဟိုဘက်၌ တည်နေထသော။
သုသုခံ၊ တုနှိုင်းမရ အလွန်တရာ ချမ်းသာလှသော။
အမတံပူရံ၊ နိဗ္ဗာန်တည်းဟူသော သေခြင်းကင်းပ အမတ ဘူတာရုံ ရွှေမြို့တော်ကြီးကို။
သမာဓိကေန၊ ဧကဂ္ဂတာဈာန် သမာဓိဖြင့်ပြီးသော။
အာဒါသေန၊ အရိယာတို့လက်စွဲ အမြဲဆောင်အပ် အဘိုးမပြတ်နိုင်ရာ အလွန် ကြည်လှစွာသော မှန်ပြောင်းကြီးဖြင့်။
ဒိသာမှသေ၊ စိုင်းရင်းမတ်တတ် အရပ်ချိန်ကာ ကြည့်ရှုကြကုန်အံ့။
သိဿာ၊ အကောင်းဆုံးကို မြင်လိုကြဘိ အို-တပည့်တို့။
ဧထ၊ လာကြကုန်။

၃။ သုသုခံ အမတံ ပူရံ၊ လောကန္တံ ဗုဒ္ဓဒေသိတံ။
ဗောဇ္ဈင်္ဂိကေန ယာနေန၊ ဧထ သိဿာ ပဝေမှသေတိ။

ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
လောကန္တံ၊ လောက၏ အဆုံးစွန် ဟိုဘက်၌ တည်နေထသော။
သုသုခံ၊ တုနှိုင်း မရ အလွန်တရာ ချမ်းသာလှသော။
အမတံပူရံ၊ နိဗ္ဗာန်တည်းဟူသော သေခြင်း ကင်းပ အမတ ဘူတာရုံ ရွှေမြို့တော်ကြီးသို့။
ဗောဇ္ဈင်္ဂိကေန၊ ဗောဇ္ဈင်ခုနစ်ပါး ဖြင့်ပြီးသော။
ယာနေန၊ မမြည်မကျိုး အဘိုးအနဂ္ဃ ထိုက်တန်လှစွာ အလွန်တရာ ငြိမ့်သော ယာဉ်ရထားဖြင့်။
ပဝေမှသေ၊ လျင်မြန်မနှေး ပြေးဝင်ကြကုန်အံ့။
သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဧထ၊ လာကြကုန်။

ဣတိ၊ ဤတွင် ဥဩမှုတ်သည့်အလား တပည့်များကို ခေါ်ကြားသော ဥဂ္ဃါသန သုံးဂါထာ ပြီး၏။

ဥဂ္ဃါသန သုံးဂါထာ ပါဌ်အနက် ပြီး၏။

လက်မှတ်ပေးဂါထာ ပါဌ်အနက်

သီလံ ယာဝ ဇရာ သာဓု၊ သဒ္ဓါ သာဓု ပတိဋ္ဌိတာ
ပညာ တုမှာကံ ရတနံ၊ ပုညံ စောရေဟိ ဒုဟရန္တိ ။

၁။ ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုချင်လှ အာလယကြောင့် ဆရာ့အထံ လျှောက် တောင်းပန်ဘိ အို-တပည့်တို့။
တုမှာကံ၊ သင်တပည့်တို့အား။
သီလံ၊ သမာဓိသံဝတ္တနိက ဖြူစင်လှသော သီလသည်။
ယာဝဇရာ၊ ငယ်ရွယ်စဉ်က အိုသည်ကျအောင်။
သာဓု၊ မရိုး မဟောင်း အလွန်လိုက်လျောကောင်း၏။

၂။ ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုချင်လှ အာလယကြောင့် ဆရာ့အထံ လျှောက် တောင်းပန်ဘိ အို-တပည့်တို့။
တုမှာကံ၊ သင်တပည့်တို့ အား။
သဒ္ဓါ၊ ဆရာ၏အစွမ်းသတ္တိဂုဏ်၌ ယုံကြည်ခြင်း သဒ္ဓါတရားသည်။
ပတိဋ္ဌိတာ၊ မိမိတို့သန္တာန်၌ ခိုင်မြဲစွာ တည်ကြကုန်သည်ရှိသော်။
သာဓု၊ ဟောတိုင်းယုံက အလုံးစုံကိစ္စ ပြီးရလေကြောင်း အလွန်ကောင်း၏၊

၃။ ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုချင်လှ အာလယကြောင့် ဆရာ့အထံ လျှောက် တောင်းပန်ဘိ အို-တပည့်တို့။
တုမှာကံ၊ သင်တပည့်တို့အား။
ပညာ၊ ဓာတ်ခြောက်ပါးကို ပိုင်းခြားထင်ထင် သိမြင်နိုင်သော သမ္မာဒိဋ္ဌိ မဂ္ဂင်ဉာဏ် ပညာသည်။
ရတနံ၊ အလုံးစုံကိစ္စ တစမကြွင်း ပြီးဆုံးခြင်းကို ပြုတတ်သော အထွဋ်အမြတ် အဘိုး မပြတ်နိုင်သော ရတနာကြီးဖြစ်၍။
သာဓု၊ အလွန်ကောင်း၏။

၄။ ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုချင်လှ အာလယကြော ဆရာ့အထံ လျှောက် တောင်းပန်ဘိ အို-တပည့်တို့။
တုမှာကံ၊ သင်တပည့်တို့အား၊ တို့၏။
ပုညံ၊ ဒါန, အပစာယန, ဝေယျာဝစ္စ, ဥဋ္ဌာန ဥပဋ္ဌာန, သုဿုသ, ပါရိစရိယ စသော ကုသိုလ် ကောင်းမှုသည်။
စောရေဟိ၊ ထားပြခိုးသူတို့သည်။
ဒုဟရံ၊ တိုက်ဖျက် ခိုးယူခြင်းငှါ ခဲယဉ်းသည်ဖြစ်၍။
ဝါ၊ ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင် ကိုယ်ပိုင်ဥစ္စာဖြစ်၍ နှစ်လနေ့ရှည် သင်တပည့် တို့အား ချမ်းသာ ပွားစီးခြင်းငှါ ဖြစ်လတ္တံ့သည်ဖြစ်၍။
သာဓု၊ အလွန်ကောင်း၏။
ဣတိ၊ ဤတွင် လက်မှတ်ပေးလျက် ရထားထက်သို့ တင်သည့်အလား တပည့်များကို မှာကြား ဆုံးမသော အနုသာသနီဂါထာ ပြီး၏။

ဣတိ မဂ္ဂရထပေသနပဗ္ဗံ။

မဂ္ဂရထပေသနပဗ္ဗံ၊ ဥဩမှုတ်လျက် လက်မှတ်ပေးတင် ဓာတ်ခြောက်ပါးကို သိ ဟူသောစကားဖြင့် နိဗ္ဗာန်ပြည်သွား မဂ်ရထားနှင်သော မဂ္ဂရထပေသနပိုင်းသည်။
ဣတိ၊ ဤတွင်ပြီး၏၊

မဂ္ဂရထပေသနပိုင်း ပြီး၏။

၄-မဂ္ဂရထပေသနပိုင်း

နိဗ္ဗာန်ပြည်သွား မဂ်ရထားတို့ကို
လောကီမြို့သွား စက်ရထားဥပမာဖြင့် ပြခြင်း

တပည့်တို့ - ဥပမာဆိုသော် တောတွင်းသား လူရိုင်းများကို မန္ဓရေး နေပြည်တော်သို့ ပို့ဆောင် လိုသော ပညာရှိ ရထားမှူးသည် ထိုတောတွင်းသား လူရိုင်းများအား မန္ဓရေး နေပြည်တော်ကြီး၏ တည်ရာဌာန တည်နေပုံအခြင်းအရာနှင့် တကွ ချမ်းမြေ့သာယာ ရောက်ချင်စရာ နေချင်စရာ ကောင်းသော ဂုဏ်ကျေးဇူး တို့ကို မသိသေးလျှင် သိအောင် ပြောကြားရာ၏။

သိပြီးလျှင်လည်း အလျင်အမြန် ရောက်ချင်အောင် ထပ်မံ၍ ပြောကြားရာ၏။ ထိုနေပြည်တော်သို့ အလျင်အမြန် ရောက်စေတတ်သော မီးရထားကြီး၏ ကောင်းသော အဖြစ် ပဌမတွဲ ဒုတိယတွဲ စသည်ဖြင့် စီးရာဌာန စီးပုံနည်းနှင့်တကွ ချမ်းမြေ့သာယာ စီးချင်စရာကောင်းသော ဂုဏ်ကျေးဇူး တို့ကိုလည်း ပြောကြားရာ၏။

ထိုသို့ ပြောကြား ရုံမျှဖြင့်လည်း ကိစ္စမပြီး အကျိုးနည်းက ကာလကို မကြာစေဘဲ လျင်မြန်စွာ ဥဩမှုတ်လျက် လက်မှတ်ပေးတင် အလျင်အမြန်စိုင်းသော် အနီးအပါး အနား ချဉ်းကပ် ရထားရပ်က ထိုတောတွင်းသား လူရိုင်းတို့သည် သေလက္ခရာရုဠှ ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းမြတ် ဖန်ဆင်း အပ်သော ရတနာပုဏ္ဏ မန္ဓာရ ခေါ် နေပြည်တော်သို့ ရထားပေါ်မှ ဆင်းသက်ခါ ချမ်းသာစွာဝင်၍ မိမိတို့ အလိုရှိတိုင်း နေကြလေရာဘိသကဲ့သို့ --

တပည့်တို့ - ဤလောကီမြို့သွား ရထားမှူး ဖြစ်သော သင်တို့ဆရာ ငါသည် လောကုတ္တရာ နိဗ္ဗာန်မြို့ကြီးကို၎င်း, ထိုသို့ ရောက်ကြောင်း မဂ္ဂင်ရထားကြီးကို၎င်း တည်ရာဌာန တည်ပုံအခြင်း အရာ စသည်တို့နှင့်တကွ ရောက်ချင်စရာ စီးချင်စရာကောင်းသော ဂုဏ်ကျေးဇူးတို့ကို အနည်းငယ် မျှပြလျက် သေချာ ကောင်းမွန်စွာ ဟောကြားပြီး၍ ကိစ္စပြီးအောင် ယခုအခါ မဂ္ဂင်ရထားဖြင့် လျင်မြန်စွာ ပြေးသွား စိုင်းဝင်ကြကုန်အံ့။

ဥဩမှုတ်သုံးဂါထာ ပါဌ်အနက်

၁။ သုသုခံ အမတံ ပူရံလောကန္တံ ဗုဒ္ဓဒေသိတံ
မဂ္ဂင်္ဂိကေန ယာနေနဧထ သိဿာ ဂမာမှသေ

ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
လောကန္တံ၊ လောက၏ အဆုံးစွန် ဟိုဘက်၌ တည်နေထသော။
သုသုခံ၊ တုနှိုင်းမရ အလွန်တရာ ချမ်းသာလှသော။
အမတံပူရံ၊ နိဗ္ဗာန်တည်းဟူသော သေခြင်းကင်းပ အမတဘူတာရုံ ရွှေမြို့တော် ကြီးသို့။
မဂ္ဂင်္ဂိကေန၊ မဂ္ဂင်ရှစ်ပါး ဖြင့်ပြီးသော။
ယာနေန၊ မမည်မကျိုး အဘိုးအနဂ္ဃ ထိုက်တန်လှစွာ အလွန်တရာငြိမ့်သော ယာဉ်ရထားဖြင့်။
ဂမာမှသေ၊ လျင်မြန်မဆိုင်း ပြေးစိုင်းကြကုန်အံ့။
သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဧထ၊ လာကြကုန်။

၂။ သုသုခံ အမတံ ပူရံလောကန္တံ ဗုဒ္ဓဒေသိတံ
သမာဓိကေန ဒါသေနဧထ သိဿာ ဒိသာမှသေ

ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
လောကန္တံ၊ လောက၏အဆုံးစွန် ဟိုဘက်၌ တည်နေထသော။
သုသုခံ၊ တုနှိုင်းမရ အလွန်တရာ ချမ်းသာလှသော။
အမတံပူရံ၊ နိဗ္ဗာန်တည်းဟူသော သေခြင်းကင်းပ အမတ ဘူတာရုံ ရွှေမြို့တော်ကြီးကို။
သမာဓိကေန၊ ဧကဂ္ဂတာဈာန် သမာဓိဖြင့်ပြီးသော။
အာဒါသေန၊ အရိယာတို့လက်စွဲ အမြဲဆောင်အပ် အဘိုးမပြတ်နိုင်ရာ အလွန် ကြည်လှစွာသော မှန်ပြောင်းကြီးဖြင့်။
ဒိသာမှသေ၊ စိုင်းရင်းမတ်တတ် အရပ်ချိန်ကာ ကြည့်ရှုကြကုန်အံ့။
သိဿာ၊ အကောင်းဆုံးကို မြင်လိုကြဘိ အို-တပည့်တို့။
ဧထ၊ လာကြကုန်။

၃။ သုသုခံ အမတံ ပူရံလောကန္တံ ဗုဒ္ဓဒေသိတံ
ဗောဇ္ဈင်္ဂိကေန ယာနေနဧထ သိဿာ ပဝေမှသေတိ

ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သော။
လောကန္တံ၊ လောက၏ အဆုံးစွန် ဟိုဘက်၌ တည်နေထသော။
သုသုခံ၊ တုနှိုင်း မရ အလွန်တရာ ချမ်းသာလှသော။
အမတံပူရံ၊ နိဗ္ဗာန်တည်းဟူသော သေခြင်း ကင်းပ အမတ ဘူတာရုံ ရွှေမြို့တော်ကြီးသို့။
ဗောဇ္ဈင်္ဂိကေန၊ ဗောဇ္ဈင်ခုနစ်ပါး ဖြင့်ပြီးသော။
ယာနေန၊ မမြည်မကျိုး အဘိုးအနဂ္ဃ ထိုက်တန်လှစွာ အလွန်တရာ ငြိမ့်သော ယာဉ်ရထားဖြင့်။
ပဝေမှသေ၊ လျင်မြန်မနှေး ပြေးဝင်ကြကုန်အံ့။
သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဧထ၊ လာကြကုန်။

ဣတိ၊ ဤတွင် ဥဩမှုတ်သည့်အလား တပည့်များကို ခေါ်ကြားသော ဥဂ္ဃါသန သုံးဂါထာ ပြီး၏။

ဥဂ္ဃါသန သုံးဂါထာ ပါဌ်အနက် ပြီး၏။

လက်မှတ်ပေးဂါထာ ပါဌ်အနက်

သီလံ ယာဝ ဇရာ သာဓုသဒ္ဓါ သာဓု ပတိဋ္ဌိတာ
ပညာ တုမှာကံ ရတနံပုညံ စောရေဟိ ဒုဟရန္တိ

၁။ ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုချင်လှ အာလယကြောင့် ဆရာ့အထံ လျှောက် တောင်းပန်ဘိ အို-တပည့်တို့။
တုမှာကံ၊ သင်တပည့်တို့အား။
သီလံ၊ သမာဓိသံဝတ္တနိက ဖြူစင်လှသော သီလသည်။
ယာဝဇရာ၊ ငယ်ရွယ်စဉ်က အိုသည်ကျအောင်။
သာဓု၊ မရိုး မဟောင်း အလွန်လိုက်လျောကောင်း၏။

၂။ ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုချင်လှ အာလယကြောင့် ဆရာ့အထံ လျှောက် တောင်းပန်ဘိ အို-တပည့်တို့။
တုမှာကံ၊ သင်တပည့်တို့ အား။
သဒ္ဓါ၊ ဆရာ၏အစွမ်းသတ္တိဂုဏ်၌ ယုံကြည်ခြင်း သဒ္ဓါတရားသည်။
ပတိဋ္ဌိတာ၊ မိမိတို့သန္တာန်၌ ခိုင်မြဲစွာ တည်ကြကုန်သည်ရှိသော်။
သာဓု၊ ဟောတိုင်းယုံက အလုံးစုံကိစ္စ ပြီးရလေကြောင်း အလွန်ကောင်း၏၊

၃။ ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုချင်လှ အာလယကြောင့် ဆရာ့အထံ လျှောက် တောင်းပန်ဘိ အို-တပည့်တို့။
တုမှာကံ၊ သင်တပည့်တို့အား။
ပညာ၊ ဓာတ်ခြောက်ပါးကို ပိုင်းခြားထင်ထင် သိမြင်နိုင်သော သမ္မာဒိဋ္ဌိ မဂ္ဂင်ဉာဏ် ပညာသည်။
ရတနံ၊ အလုံးစုံကိစ္စ တစမကြွင်း ပြီးဆုံးခြင်းကို ပြုတတ်သော အထွဋ်အမြတ် အဘိုး မပြတ်နိုင်သော ရတနာကြီးဖြစ်၍။
သာဓု၊ အလွန်ကောင်း၏။

၄။ ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုချင်လှ အာလယကြော ဆရာ့အထံ လျှောက် တောင်းပန်ဘိ အို-တပည့်တို့။
တုမှာကံ၊ သင်တပည့်တို့အား၊ တို့၏။
ပုညံ၊ ဒါန, အပစာယန, ဝေယျာဝစ္စ, ဥဋ္ဌာန ဥပဋ္ဌာန, သုဿုသ, ပါရိစရိယ စသော ကုသိုလ် ကောင်းမှုသည်။
စောရေဟိ၊ ထားပြခိုးသူတို့သည်။
ဒုဟရံ၊ တိုက်ဖျက် ခိုးယူခြင်းငှါ ခဲယဉ်းသည်ဖြစ်၍။
ဝါ၊ ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင် ကိုယ်ပိုင်ဥစ္စာဖြစ်၍ နှစ်လနေ့ရှည် သင်တပည့် တို့အား ချမ်းသာ ပွားစီးခြင်းငှါ ဖြစ်လတ္တံ့သည်ဖြစ်၍။
သာဓု၊ အလွန်ကောင်း၏။
ဣတိ၊ ဤတွင် လက်မှတ်ပေးလျက် ရထားထက်သို့ တင်သည့်အလား တပည့်များကို မှာကြား ဆုံးမသော အနုသာသနီဂါထာ ပြီး၏။

ဣတိ မဂ္ဂရထပေသနပဗ္ဗံ

မဂ္ဂရထပေသနပဗ္ဗံ၊ ဥဩမှုတ်လျက် လက်မှတ်ပေးတင် ဓာတ်ခြောက်ပါးကို သိ ဟူသောစကားဖြင့် နိဗ္ဗာန်ပြည်သွား မဂ်ရထားနှင်သော မဂ္ဂရထပေသနပိုင်းသည်။
ဣတိ၊ ဤတွင်ပြီး၏၊

မဂ္ဂရထပေသနပိုင်း ပြီး၏။

၅-နိဗ္ဗာနဂမနပိုင်း

သုတ္တန်သုညတနည်း ရှုပုံ

နမော တဿ ဆဓာတု ပါရင်္ဂတဿ မမာစရိယဿ အရဟတော

တပည့်တို့ - ဓာတ်ခြောက်ပါးကို ပိုင်းခြားထင်ထင် ဟုတ်မှန်တိုင်းသိမြင်နိုင်သော သမ္မာဒိဋ္ဌိမဂ္ဂင် ဉာဏ်ပညာသည် သင်တပည့်တို့အား အလုံးစုံ ရဟန်းကိစ္စ ပြီးဆုံးခြင်းအကြောင်း ရတနာကောင်း ဖြစ်၍ ဓာတ်ခြောတ်ပါးကို ရှုပုံနည်းလမ်း, ဆဓာတုဝိဘင်္ဂ ဓာတ်ကမ္မဋ္ဌာန်းကို ဆရာဟောကြားမည်။ သင်တပည့်တို့သည် ကောင်းစွာ, နာယူ မှတ်ဆောင်ကြကုန်။ အနက် အဓိပ္ပါယ် သဘာဝတ္ထကို ထိုးထွင်း သိမြင်အောင် ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားတော့အံ့။

ဓာတ် ၆-ပါးကို အကျဉ်းပြသောဂါထာ ပါဌ်အနက်

ပထဝီ အာပေါ စ တေဇော စဝါယော ကာသဝိညာဏိဒံ
နေသော ဟမသ္မိ နေတံ မေဧဝံ တတ္ထ ဝိရဇ္ဇတိ
ဧဝံ ဝိရတ္တံ ခေမတ္တံသဗ္ဗသညောဇနာတိဂံ
အနွေသံ သဗ္ဗဌာနေသုမာရသေနာပိ နဇ္ဈဂါတိ

သေက္ချဘာသိတ ဆဓာတုဝိဘင်္ဂဓာတ်ကမ္မဋ္ဌာန်း၌ ဥဒ္ဒေသဝါရ မာတိကာဂါထာ။

၁။ ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
လောကသ္မိံ၊ လောက၌။
ပထဝီ စ၊ မြေဟု ဗဟ္မာပညတ် ခေါ်ဆိုအပ်သော ပထဝီဓာတ်သည်၎င်း။
အတ္ထိ၊ ရှိ၏။

၂။ အာပေါ စ၊ ရေဟု ဗဟ္မာပညတ် ခေါ်ဆိုအပ်သော အာပေါဓာတ်သည်၎င်း။
အတ္ထိ၊ ရှိ၏။

၃။ တေဇော စ၊ မီးဟု ဗဟ္မာပညတ် ခေါ်ဆိုအပ်သော တေဇောဓာတ်သည်၎င်း။
အတ္ထိ၊ ရှိ၏။

၄။ ဝါယော စ၊ လေဟု ဗဟ္မာပညတ် ခေါ်ဆိုအပ်သော ဝါယောဓာတ် သည်၎င်း။
အတ္ထိ၊ ရှိ၏။

၅-၆။ အာကာသဝိညာဏဉ္စ၊ ကောင်းကင်ဟု ဗဟ္မာပညတ် ခေါ်ဆိုအပ်သော အာကာသဓာတ်၊ သိတတ်သောသဘောဟု ဗဟ္မာပညတ် ခေါ်ဆိုအပ်သော ဝိညာဏ ဓာတ်သည်၎င်း။
အတ္ထိ၊ ရှိ၏၊

ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ပဏ္ဍိတော၊ ပညာရှိသော။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ဣဒံ၊ ဤဓာတ် ခြောက်ပါးသည်ကား။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်။
ဧတံ၊ ဤဓာတ်ခြောက်ပါးကို။
ဧသော၊ ဤဓာတ်ခြောက်ပါးသည်ကား။
မေ၊ ငါ၏။
န သန္တကံ၊ ဥစ္စာမဟုတ်။
ဣတိ၊ ဤသို့။
ဝိပဿတိ၊ ဖန်ဖန်ထပ်ထပ် မပြတ်စေ့ငု မြင်အောင်ရှု၏။
ဧဝံ၊ ဤသို့ရှုမြင်သည်ဖြစ်၍။
တတ္ထ၊ ထိုဓာတ်ခြောက်ပါး၌။
ဝိရဇ္ဇတိ၊ ချစ်ခင်တပ်မက်ခြင်းကင်း၏။

ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဧဝံဝိရတ္တံ၊ ဤသို့ ချစ်ခင်တပ်မက်ခြင်း ကင်းပြီးသော။
ဝါ၊ ဤသို့ ချစ်ခင်တပ်မက်ခြင်း ကင်းသည်ဖြစ်၍။
သဗ္ဗသညောဇနာတိဂံ၊ အလုံးစုံသော အနှောင်အဖွဲ့ အတွယ်အတာ သံယောဇဉ် ကြိုးတို့ကို လွန်မြောက်ပြီးသော။
ဝါ၊ အလုံးစုံသော အနှောင်အဖွဲ့ အတွယ်အတာ သံယောဇဉ်ကြိုးတို့ကို လွန်မြောက် ပြီးသည်ဖြစ်၍။
ခေမပတ္တံ၊ ဘေးကင်းရာအမှန် နိဗ္ဗာန်သို့ ရောက်လေပြီးသော။
တံပဏ္ဍိတံ၊ ထိုပညာရှိ ပုဂ္ဂိုလ်ကို။
သဗ္ဗဌာနေသု၊ အလုံးစုံသော အရပ်ဌာန ဘုံဘဝတို့၌။
အနွေသံ၊ သတ်ဖြတ် ညှဉ်းဆဲခြင်းငှါ လိုက်လံရှာဖွေကြသော။
မာရသေနာပိ၊ ဇာတိဇရာ စသည်များပြား မာရ်မင်း၏ စစ်သည်များသော်မှလည်း။
နဇ္ဈဂါ၊ ရှာ၍မရပြီ။
ဣတိ၊ ဤတွင် သေက္ခဘာသိတ ဆဓာတုဝိဘင်္ဂ ဓာတ်ကမ္မဋ္ဌာန်း၌ အကျဉ်းသရုပ် ထုတ်၍ ခေါင်းစဉ် ထားသော ဥဒ္ဒေသဝါရ မာတိကာဂါထာ ပါဌ် အနက်တည်း။

ဥဒ္ဒေသဝါရ မာတိကာ ဂါထာပါဌ်အနက် ပြီး၏။

ဥယောဇဉ်

တပည့်တို့ - ဤဥဒ္ဒေသဝါရ မာတိကာ ဂါထာ ပါဌ်အနက်ကို တလုံးတပါဒမျှ မကျ မပျက် မတိမ်းမစောင်းစေဘဲ ကောင်းမွန်စွာ ကျက်ဆော၍ ကောင်းမွန်စွာ နှလုံးသွင်းကြ။ အနုပါဒိသေသ နိဗ္ဗာန်စံသည်တိုင်အောင် မမေ့ကြစေနှင့်။

ဣတိ ဆ ဓာတုဝိဘင်္ဂေ ဥဒ္ဒေသဝါရော

ဣတိ၊ ဤသည်ကား။
ဆဓာတုဝိဘင်္ဂေ၊ သေက္ချဘာသိတ ဆဓာတုဝိဘင်္ဂ ဓာတ်ကမ္မဋ္ဌာန်း၌။
ဥဒ္ဒေသဝါရော၊ ခေါင်းစဉ် မာတိကာထား၍ အကျဉ်းသရုပ် ထုတ်ပြသော ဥဒ္ဒေသဝါရ တည်း။

ဥဒ္ဒေသဝါရ မာတိကာ ပြီး၏။

တပည့်တို့ - ဤဓာတ်ခြောက်ပါးတို့တွင် ပထဝီဟု မာဂဓတို့ ခေါ်သော မြေဓာတ်သည် ဗာဟိရ ပြင်ဘက် မြေဓာတ်, အဇ္ဈတ္တအတွင်း မြေဓာတ်ဟု နှစ်ပါး ရှိသည်။ ထိုနှစ်ပါးတို့တွင် အသက် ဝိညာဏ်ရှိသော သတ္တဝါသန္တာန်မှ အပ ဖြစ်သော ဗဟိဒ္ဓသန္တာန်၌ မဟာပထဝီမြေကြီး, မြင်းမိုရ်တောင်, စကြဝဠာ တောင်, သစ်ပင် တောတောင်, အိမ်, ကျောင်း, ဘုံဗိမာန် အစရှိသော မျက်စိဖြင့် မြင်ကောင်းသော အလုံးစုံသော အစိုင် အခဲ အထည် ဝတ္ထုတွေ ဟူသမျှကို ဗာဟိရ ပြင်ဘက် မြေဓာတ်ဟုခေါ်သည်။ ပြင်ဘက်မြေဓာတ်ဟု မှတ်ကြ။

ပထဝီဓာတ် ၂၀-ကို အကျဉ်းသရုပ် ထုတ်ပြခြင်း

အသက်ဝိညာဏ်ရှိသော သတ္တဝါသန္တာန်၌ --

“ဆံပင်, အမွေး, လက်သည်း ခြေသည်း, သွား, အရေ, အသား, အကြော, အရိုး, ခြင်ဆီ, အညှို့, နှလုံး အသည်း, အမှေး, အပြင်, အဆုတ်, အူမ, အူသိမ်, အစာသစ်, အစာဟောင်း ဦးနှောက်”။

“ဦးနှောက်, အစာဟောင်း, အစာသစ်, အူသိမ်, အူမ, အဆုတ်, အပြင်, အမှေး, အသည်း, နှလုံး, အညှို့, ခြင်ဆီ, အရိုး, အကြော, အသား, , အသွား, လက်သည်း ခြေသည်း, အမွေး, ဆံပင်”

ဤနှစ်ဆယ်သော အစုတို့ကို အဇ္ဈတ္တအတွင်း မြေဓာတ်ဟု ခေါ်သည်။ အတွင်း မြေဓာတ်ဟု မှတ်ကြ။

တပည့်တို့ - ဤနှစ်ဆယ်သော အတွင်းမြေဓာတ်တို့၏ -
၁-အဆင်း၊
၂-သဏ္ဌာန်၊
၃-တည်ဌာန၊
၄-တခုနှင့်တခု မရောယှက်သော အပိုင်းအခြား ပရိစ္ဆေဒ။

ဤ လေးပါးတို့ကို ရှေးဦးစွာ ဤသို့ မှတ်ကြ သိကြကုန်။

ပထဝီဓာတ် ၂၀-ကို အကျယ်ဖွင့်ပြခြင်း

၁။ ကေသာ ဟု မာဂဓခေါ်သော ဆံပင်၏ အဆင်း, သဏ္ဌာန်, တည်ရာ ဌာန, အပိုင်းအခြား ပရိစ္ဆေဒ တို့ကိုကား ထင်ရှားသိသာ၏။ မျက်စိနှင့်ပင် မြင်ရ၏၊ ပြောဖွယ် မရှိ။

၂။ လောမာ ဟု မာဂဓတို့ခေါ်သော အမွေး။

၃။ နခါဟု မာဂဓတို့ခေါ်သော ခြေသည်း လက်သည်းတို့၏ အဆင်း သဏ္ဌာန် စသည်တို့လည်း ထင်ရှား သိသာ၏၊ မျက်စိနှင့်ပင် မြင်ရ၏၊ ပြောဖွယ်မရှိ။

၄။ ဒန္တာ ဟု မာဂဓတို့ခေါ်သော သွား၏ အဆင်း တည်ရာဌာန အပိုင်းအခြား ပရိစ္ဆေဒတို့ကား ထင်ရှားသိသာ၏။ ထိုသွား၏ အမြစ်သည် ပြင်ဘက်သို့ ပေါ်သလောက် သွားဖုံးတွင်း မေးရိုးတွင်းသို့ စူးဝင်၏။ ပြားချွန်းချွန်းနေ၏။ အစွယ်နှင့်တကွ ရှေ့သွား လေးချောင်းတို့သည် အမြစ်တခုသာ ရှိ၏။ အစွယ်၏ အတွင်းဘက် အံငယ်နှစ်ချောင်းတို့ကား အမြစ်နှစ်ခုရှိ၏။ ဤ အံငယ်နှစ်ချောင်း တို့၏ အတွင်းဘက် အံကြီး သုံးချောင်းတို့ကား အမြစ်သုံးခုရှိ၏။ အချို့ သူမှာကား နှစ်ခုယောင် ပူးလျက်ပင် တခုတည်းသာရှိ၏။ ဤသို့နေပုံဖြင့် ထိုသွားတို့၏ သဏ္ဌာန်ကိုသိ။

၅။ အရေသည်ကား - တကိုယ်လုံး ခွါ၍လုံးလျှင် ဇီးစေ့ခန့်မျှသာရှိသော ဆဝိ ဟု မာဂဓတို့ခေါ်သော အပေါ်ရံရေ၊ ဆိတ်, သိုး, သားရေနယ် ပါးပါးလောက်ထူသော စမ္မ ဟု မာဂဓတို့ခေါ်သော အတွင်းရေ ဟု နှစ်ထပ်ရှိ၏။ ဆဝိရေ၏ အဆင်းကား မျက်စိနှင့်မြင်ရ၏၊ ပြောဖွယ်မရှိ။ စမ္မရေ၏အဆင်းကား ဖြူ၏၊ တစုံတခုကြောင့် အပေါ်ရေစုတ်၍ လန်၍ သွားသောအခါများမှာ မျက်စိနှင့်ပင် ဖြူဖြူမြင်ရ၏။ ဤနှစ်ထပ်သောအရေကို မာဂဓတို့မှာ တစော ဟု ခေါ်ကြ၏။ ဤအရေ၏ တည်ရာ ဌာနကား ထင်ရှားသိသာ၏။ နေပုံသဏ္ဌာန်ကိုကား သူစွပ်၍ တည်ရာဝတ္ထုကို ထောက်၍သိ။ ဓားနှင့်ဖျက်ခွါလျှင် ဘယ်လို နေလိမ့်မည် ဟူ၍လည်းသိ။ အပိုင်း အခြား ပရိစ္ဆေဒကား အတွင်းဘက်မှ အမှေးဖြင့် ပြင်ဘက်မှ ကောင်းကင်ဖြင့် ပိုင်းခြားအပ်၏။

၆။ မံသံ ဟု မာဂဓတို့ခေါ်သော အသား၏အဆင်းကား နီနီနေ၏။ လက်ပံပွင့် ပေါက်ပွင့် အဆင်းနှင့်တူ၏။ ထိုအသား၏ နေပုံသဏ္ဌာန် တည်ရာဌာန တို့ကိုကား မျက်စိနှင့်လည်းကြည့်။ လက်နှင့်လည်းစမ်း။ ဉာဏ်နှင့်လည်းချိန် သိနိုင်၏။ ကျောရိုး, နံရိုး, ရင်ရိုးတို့ကို အတွင်းဘက်က လိမ်းကျံသော ခပ်ပါးပါး အသားလွှာလည်းရှိ၏။ အပိုင်းအခြားကိုကား ပြင်ဘက်မှ အမှေးလွှာဖြင့် အတွင်းဘက် ဝဲယာတို့မှ အရိုး အကြော အမှေးလွှာတို့ဖြင့် ပိုင်းခြားအပ်၏။

၇။ နှာရု ဟု ခေါ်သော အကြောသည်ကား အရိုးတို့ကို တုပ်ချည်ဆိုင်းမလျက် တကိုယ်လုံး၌ နှံ့၍တည်၏။ ဦးခေါင်း၌ သပိတ်အိတ်ကွန်ချာများကဲ့သို့ ခြုံစွပ် ယှက်ဖြာလျက် အောက်သို့သက်ဆင်း လည်ပင်း၌ ဆုံ၍ ကြီးပြင်းလျှင် ရှေ့ရှင်ဘတ်သို့ ငါးသွယ်၊ ကျောဘက်သို့ ငါးသွယ်၊ နံဘေး လက်ဝဲ လက်ျာ သို့ ငါးသွယ်စီ ဆင်းသက်၍ ချက်အောက်ခါးရိုး၌ ယှက်ဖြာ တွယ်ဖွဲ့လျက် ပေါင်းဆုံ၍ အချို့ဆုံး၏။
တချို့လည်း ခြေနှစ်ဘက်ကို ရှေ့ငါးသွယ် နောက် ငါးသွယ်စီ ဆင်းသွား၍ ခြေဖျား၌ တွယ်ဖွဲ့ ပေါင်းဆုံ၍ ဆုံး၏။ ဝဲယာ နံဘေးသို့ ဆင်းသက်လာသော အကြောကြီး တို့လည်း လက်မောင်းအုံ ပခုံးစွန်း ချိုင်းကြားသို့ အရောက်တွင် အမြွှာ ခွဲထွက်၍ လက်နှစ်ဘက်သို့ ရှေ့ငါးသွယ် နောက် ငါးသွယ်စီ ဆင်းသွား၍ လက်ဖျား၌ တွယ်ဖွဲ့ပေါင်းဆုံ၍ ဆုံး၏။
ခြေကနှစ်ဆယ် လက်ကနှစ်ဆယ် ကိုယ်ကနှစ်ဆယ်အားဖြင့် ခြောက်ဆယ်သော ဤအကြောကြီး တို့သည် တကိုယ်လုံးကို မပြုတ်ကျအောင် မယိမ်းယိုင်အောင် တွယ်ဖွဲ့ဆိုင်းတွသော ကဏ္ဍရ မည်သော အကြောမကြီးတို့ မည်ကုန်၏။ ဤ အကြောမကြီးတို့ကို ရည်၍ “သဋ္ဌိကဏ္ဍရ သမ္ဗန္ဓော” ဟု သမန္တပါသာဒိက အရာ၌ ဧတဒဂ် ရတော်မူသော အရှင်ဥပသေန မထေရ်မြတ် မိန့်မြွက်တော်မူ၏။

ပူတိကာယော၊ ကိုယ်ကောင်ပုပ်ကြီးကို။
သဋ္ဌိကဏ္ဍရသမ္ဗန္ဓော၊ ခြောက်ဆယ်သော ကဏ္ဍရ အကြောမကြီးတို့ဖြင့် ဖွဲ့စည်း တုပ်ချည် ဖောက်သီကွပ်တွဲ အမြဲဆိုင်းတွအပ်၏။
ဤအကြောမကြီးနားသို့ အလျားလိုက် မြှောင်၍လိုက် သော အကြောငယ်တွေလည်း များစွာရှိ၏။ ဝမ်းခေါင်းလယ်တဲ့တဲ့ အူပြွန်တံနှင့် မြှောင်၍လိုက်သော အကြောငယ် တွေလည်း များစွာ ရှိ၏။ တကိုယ်လုံး၌ အလျားလိုက် သွားသော အကြော၊ ရွှေရွှေသွားသော အကြော၊ ကန့်လန့်သွားသော အကြောအားဖြင့် အကြောငယ် တွေသည် တရာလည်းမက တထောင်လည်းမက တသောင်းလည်း မက လွန်စွာ များလျက် ကွန်ယက်ကဲ့သို့ ယှက်ဖြာ၍ နေ၏။ အပေါ်ရံ အကြောတို့ကိုကား မျက်စိနှင့်လည်းကြည့်၊ လက် နှင့်လည်းစမ်း၊ ဉာဏ်နှင့်လည်းချိန် သိနိုင်၏။

သွေး, လေ, သုက်, နို့ရည်, အာဟာရရည် စသည်တို့ကို ဆောင်သော အကြောတို့ကား အခေါင်း ရှိသော ပြွန်တံကြောတည်း။ ဤပြွန်တံကြောကို အတွင်း၌ရှိသော အရည်စုကို ရွေ့ရှားအောင် လေသည် မှုတ်စရာ ပြွန်တံဖြစ်သောကြောင့် ဓမနိကြော ဟူ၍ ခေါ်ဆိုအပ်၏။ ဤပြွန်တံကြော ကိုရည်၍ “ဓမနိံ ဆေတ္တု မတ္တနော”ဟု ပဋိသမ္ဘိဒါပတ္တ အရှင်သပ္ပဒါသ မထေရ်မြတ် မိန့်မြွက်တော်မူသည်။

အတ္တနော၊ မိမိ၏။
ဓမနိံ၊ လည်ပင်း သွေးကြော လေကြောကို။
ဆေတ္တူ၊ ဖြတ်ခြင်းငှါ။
မေ၊ ငါသည်။
ခုရော၊ သင်ဓုန်းကို။
ပရိနီတော၊ ရှေးရှု ဆောင်အပ်သည်။
အာသိ၊ ဖြစ်၏။
ကြွင်းသော အကြောတို့ကား အခေါင်းမရှိ ကြိုးကြောတို့တည်း။ ဤကြိုးကြောတို့ကို ရည်၍ --

နှာရုသုတ္တနိဗန္ဓနော”ဟု အရှင်ဥပသေန မထေရ်မြတ် မိန့်မြွက်တော်မူသည်။

ပူတိကာယော၊ ကိုယ်ကောင်ပုပ်ကြီးကို။
နှာရုသုတ္တနိဗန္ဓနော၊ အကြောတည်းဟူသော ချည်ကြိုးတို့ဖြင့်။
ဝါ၊ ချည်ကြိုး နှင့်တူသော အကြောတို့ဖြင့်။
ဝါ၊ ကြိုးကြောတို့ဖြင့် တုပ်နှောင် ဖွဲ့ချည်အပ်၏။
ကဏ္ဍရကြော, သုတ္တကြော, ဓမနိကြော ဟု အကြောသုံးမျိုး။ ဤသုံးမျိုးသော အကြောတို့သည် အဆင်းအားဖြင့် ဖြု၏။ သဏ္ဌာန်အားဖြင့် ချည်ကိုကျစ်၍ ထားသော ကြိုးကြီး ကြိုးငယ်နှင့်တူ၏။ ကြိမ်နွယ် သေးသေးတွေနှင့်လည်း တူ၏။ အပိုင်းအခြားကိုကား မိမိ၏ ထက်ဝန်းကျင် အဆုံးစွန်ဖြင့် ပိုင်းခြားအပ်၏။

၈။ အဋ္ဌိ ဟု ခေါ်သော အရိုးသည်ကား အဆင်းအားဖြင့် ဖြူ၏။ ခွေးရိုး နွားရိုး တို့၏အဆင်းနှင့် တူ၏။ နေပုံသဏ္ဌာန်အားဖြင့်ကား ကားထဲ စက္ကူထဲမှာ ရေးထားသော အရိုးရုပ်ပုံနှင့်လည်း အတန်ငယ် တူ၏။ ရန်ကုန်မြို့ တိရစ္ဆာန်ရုံ အရိုးကောင်ကြီးနှင့်ကား တထပ်တည်း တူ၏။ ဦးခေါင်း၌ ရှေ့မျက်ခုန်း နောက်ထိပ် ဆက်ဖုတည့်တည့် ကြိုးပတ်ဝိုင်း၍ အထက်ပိုင်းခေါင်းခွံတွင်း၌ ဦးနှောက် တွေပြည့်၍နေ၏။ ဦးနှောက်တွေကို ထုတ်လိုက်လျှင် အုန်းမှုတ် ဗူးတောင်းများ ကဲ့သို့ အခေါင်းကြီး တည်း။
ခေါင်းခွံသည် ဗူးတောင်း ထူထူလောက်ပင် ထူ၏။ နထင်ခေါ်သော အဟိုက်ထဲ၌ အသားတွေ အတော်များ၏။ မျက်လုံးသား နားသို့ထိ၏။ ပါး မေးရိုးအောက်သို့လည်း ဝင်၏။ ဤအသားတွေကို ထုတ်လိုက်လျှင် ဟိုက်ပက် အခွက်ကြီးတည်း။ မျက်လုံးသားနှစ်ခုကို ထုတ်လိုက်လျှင် ထန်းသီးနု အဆံထည့်သော တွင်းကဲ့သို့ အခက်တွင်းကြီးတည်း။ ဤတွင်းသည် နဲနဲ နဲနဲ အတွင်းသို့ ကျဉ်း၍ ဦးနှောက် ခေါင်းသို့ ထိုးရိုပေါက်၍သွား၏။
နှာခေါင်းပေါက် နှစ်ခုသည် အတွင်းသို့ လက်တဆစ်လောက် ရောက်လျှင် ခပ်ပြားပြား ခပ်ကျယ်ကျယ် အထက်သို့ လက်နှစ်ဆစ်လောက် ဆန်တက်သွား၍ အောက်သို့ လှည့်ပြီးလျှင် လျှာခင်၏ အတွင်းဘက်နား လည်ချောင်းပေါက်သို့ ထိုးရိုဆက်၍သွား၏။ အထက် ဦးနှောက် ဆီသို့ကား အပေါက်ထိုးရို မရှိ။ အရိုးနုပြား ပါးပါးကလေးတွေ ခပ်ကျဲကျဲစိ၍ ပိတ်ဆို့လျက်နေသဖြင့် ဦးနှောက်မှ ပုပ်၍ နှပ်ဖြစ်လျက် စိမ့်ထွက်စရာ အကြားပေါက်ကလေးတွေမျှသာ ရှိ၏။

နားပေါက်သည် ဦးနှောက်အိမ်အောက်သို့ သွား၍ လျှာခင်၏ဘေးနား လည်ချောင်းပေါက်သို့ ထိုးရိုဆိုက်၍သွား၏။ အောက်မေးရိုးသည် အဖျား၌ နှစ်ခွဖြစ်၍ နား ရှေ့နားတသွယ်၊ အံဆုံး အထက်နားတသွယ် မျက်နှာရိုးခေါ်သော အထက် ပါးရိုးသို့ဆိုက်၍ အကြောဖြင့် တွယ်၏။
ဤမေးရိုး အဖျားခွ ကလေးကိုပင် နွားတို့၏ မေးရိုးကိုကား ရက်ကန်းရှည်ရာ၌ ချည်သွား လုပ်ကြသည်။ ဤအောက်မေးရိုးနှင့် အထက်မေးရိုးအတွင်း ပါးစပ်နေရာမှာ ဘာမှမရှိ ဟာလာ ဟင်းကြီးတည်း။ ဤသို့ ဦးခေါင်းရိုးကြီး၏ နေပုံသဏ္ဌာန်ကိုသိ။ ဤဦးခေါင်းရိုးသည် အစိတ်အစိတ် အဆက်ကိုဖြုတ်၍ ခွဲလိုက်လျှင် အထက် သွားပေါက်ရာ မျက်နှာပါးရိုးတခု၊ ခေါင်းခွံရိုးလေးခု၊ နထင်ရိုး တဘက်တခုစီ အားဖြင့် ခုနစ်ရိုးသာရှိ၏။ အဆက်ပြုတ်၍ကွဲလျှင် ဤခုနစ်ရိုး ခုနစ်စိတ်သာ ကွဲနိုင်၏။ ခုနစ်စိတ်သာ ကွဲနိုင်သော ဤခုနစ်ရိုးကိုရည်၍ -

သတ္တဓာ မေ ဖလေ မုဒ္ဓါမုဒ္ဓါ ဒလတု သတ္တဓာ”။

မေ၊ ငါ၏။
မုဒ္ဓါ၊ ဦးခေါင်းသည်။
သတ္တဓာ၊ ခုနစ်စိတ်။
ဖလေ၊ ကွဲရာ၏။
ဖလတု၊ ကွဲစေသား။
အစရှိသည်ဖြင့် လောက၌ သုံးစွဲရိုးကို ပါဠိတော် အရပ်ရပ်တို့၌လာ၏။ အစိတ် အစိတ်သော ဤဦးခေါင်းရိုးတို့၏ သဏ္ဌာန်ကား ခေါင်းခွံရိုး လေးခုသည် သုံးစိတ်ခွဲ ဥသျှစ်သီးခွံနှင့်တူ၏။ ထို ခေါင်းခွံ၌ မှီကပ်၍နေသော နထင်ရိုးသည် ထန်းသီး မျက်နှာဖုံးခွံလွှာနှင့် တူ၏။ အထက်မေးရိုး ဟူ၍၎င်း၊ ပါးရိုးဟူ၍၎င်း ခေါ်သော မျက်နှာရိုးကိုကား မျက်စိနှင့်လည်းကြည့် လက်နှင့်လည်းစမ်း ဉာဏ်နှင့်လည်းချိန် သိနိုင်၏။

လည်ပင်း ကုပ်ဆက်ရိုး ခုနစ်ခုတို့သည် ငါးခူခပ်ကြီးကြီးကို လက်သန်း တလုံးလောက် တလုံး လောက် ပိုင်းဖြတ်၍ ကြော်ပြီးလျှင် တံစို့၌အဆင့်ဆင့် ထိုးသီ၍ ထားသော ငါးကြော်တုံးကလေး တွေနှင့် တူ၏။ လည်ပင်းရှေ့ စကောက်ရိုး လည်ချောင်းရိုးနုတို့ကိုကား လက်နှင့်ကိုင်၍စမ်း သိနိုင်၏။
မြီးထူး ကျောရိုးမှအထက် လည်ပင်းရိုးထိ တဆဲ့ခုနစ်ဆစ်သော ကျောရိုးဆစ်တို့၏ အတွင်းဘက်က နေပုံကား အပ်ချည်ဘိန်းလုံးတွေကို တပူပြား တပြားလောက် ခြား၍ အဆင့်ဆင့် သီထားသည်နှင့် တူ၏။ ပတ်မထမ်းသော အဆစ်စိတ် ဝါးလုံးကြီး နှင့်လည်း ခပ်ကြမ်းကြမ်းတူ၏။ လက်ညှိုး လက်မဆိုင်ကွင်းသော လက်ကွင်း လောက်သာ တုတ်၏။

ထိုကျောရိုးဆစ် နောက်ကျောဘက်က တဆစ် တဆစ်၌ အောက်သို့အဖျား လှည့်သော လက်ညိုးဖျားဆစ်လောက် ရှည်ရှည် ဆူးတောင် တခုစီရှိ၏။ အဆင့်ဆင့်နေသဖြင့် လှုသွားတွေနှင့် တူ၏။ ဤဆူး တောင်တက်ပေါက်သော နေရာ၏ ဘေးနားမှ ဝဲယာ အတက်တခုစီရှိ၏။ လက်မ တလုံးလောက်ရှည်၏။ လည်ကုပ်မှ ဆင်းသက်လာသော အကြောကြီး နှစ်ခုသည် ဤအတက်နှင့် ဆူးတောင်အကြားသို့ တလျှောက်လုံး နှိပ်လျက်ဆင်း သွား၏။ ဤအတက် ပေါက်သောနေရာ၌ အထက်ကျောရိုးဆစ်နှင့် အောက်ကျောရိုးဆစ် အထက်အောက် လက်ယှက်ထိုးကဲ့သို့ ဆက်၏။ တေ့ဆက် မဟုတ်။

ဝဲ ယာ တဆဲ့နှစ်ချောင်းစီ နံဘေးမှလာသော နံရိုးတွေသည် အထက်ဆုံး ကျောရိုး ဆစ်ကစ၍ အောက်တဆဲ့နှစ်ဆစ်ထိအောင် ဤအတက်ကို မှီ၍ မှီ၍ ကျောရိုးကို ဆက်သွယ်ကြ၏။ အတက်ပြင်နံရိုးက အတွင်းထပ်လျက်နေ၏။ ဝဲ ယာ ခုနစ်ချောင်း စီသော အတက်နံရိုးတို့သည် ခပ်ဝိုက်ဝိုက် ကွေ့ကိုင်း၍သွား လျက် ရှေ့ရင်ရိုးသို့ ဆက်တွယ်ကြ၏။
ဤနံရိုးသို့ ဆက်သွယ်ရာဖြစ်သော ရင်ရိုးကား အထက်ဆုံးမှစ၍ ရေလျှင် ဒုတိယနံရိုး တွယ်ဆက်သော နေရာ၌ အဆက်တခု လက်နှင့်စမ်းမူ ယောင်ယောင်တွေ့၏။ ထိုအောက် သားမြတ် နှစ်ခုကြားနား ရင်ညွန့်ရိုးနုနှင့် အလယ်ရိုးမှာ အဆက်တခု အားဖြင့် အဆက်နှစ်ဆက် ရှိ၏။ အဆစ်သုံးဆစ်ရှိ၏။ ဤ သုံးဆစ် သုံးချောင်းသော ရင်ရိုးတို့ကား တေ့ဆက်။ အလွန် အဆက် စေ့စပ်ခြင်းကြောင့် တချောင်းတည်းကဲ့သို့ နေ၏။ လက်နှစ်ဆစ်သာသာလောက် ခပ်ပြားပြားတည်း။ အောက်အဖျားသို့ အတန် ငယ်သေး၏။ နှစ်ဘက်ပါးပုတ်၍ ထားအပ်သော အလုံးကြွေပြီး ထန်းသီးခိုင် တံနှင့်တူ၏။
ဤ ရင်ရိုးသို့ ဆက်တွယ်ကြသော နံရိုးရှည်တို့ အောက်ဝဲယာ နံရိုးရှည် သုံးချောင်းစီတို့ကား ရင်ရိုးသို့ မတွယ်။ ရင်ရိုးသို့တွယ်သော အောက်ဆုံးနံရိုးကို အမှေးမျှင်တို့ဖြင့် ဆက်သွယ်ကြ၏။ ထို အောက်ဝဲယာ နံရိုးနှစ် ချောင်းစီတို့ကား ဘယ်ကိုမှမတွယ် ဝမ်းဗိုက်ကိုရံလျက် နံတိုဖြစ်၍နေ၏။ အထက်နံတိုကား တထွာလောက် ရှည်၏။ အောက်နံတိုကား တမိုက်လောက် ရှည်၏။

ဤသို့ဆိုအပ်ပြီးသော အလုံးစုံသော နံရိုးတို့၏ ကွေ့ဝိုက်ပုံ နေပုံသဏ္ဌာန်ကိုကား မျက်စိနှင့်လည်း ကြည့်၊ လက်နှင့်လည်းစမ်း ဉာဏ်နှင့်လည်းချိန် သိနိုင်၏။ ထိုနံရိုး ဆက်သွယ်သောတဆဲ့နှစ်ဆစ်သော ကျောရိုးဆစ်တို့အောက် ငါးဆစ်သော ကျောရိုး ဆစ်တို့၌ နံရိုးမရှိ။ ဆိုအပ်ပြီးသော ဆူးတောင် အတက်ငယ်တို့ပြင် လက်နှစ်သစ် လောက်ရှည်ရှည် ဝဲယာအတက်ကြီး တခုစီရှိ၏။

ဤအတက်ရှည် ကျောရိုး ငါးဆစ်တို့ နေရာကို တနုမဇ္ဈိမာ ကိုယ်အလယ် သေးသည်။ ဝါ၊ ခါးသေးသည်ဟု ခေါ်ကြသည်။ ဤအတက်ရှည် ကျောရိုး ငါးဆစ်တို့အောက် မြီးထူး ကျောရိုး ဆစ် တခုသာ ရှိတော့၏။ ဤမြီးထူး ကျောရိုး၌ တဘက်တဘက် ညှပ်လျက် ခါးရိုးနှစ်ခု တွယ်၏။ ခါးရိုး၌ ပေါင်ရိုးတွယ်၏။ တင်ပါးရိုးဟူ၍ကား မရှိ။ ထိုသို့ မရှိခြင်းကြောင့်ပင်လျှင် ဘုရားရှင်လည်း ဟောတော်မမူ။

အညေနဦရုဋ္ဌိကံ အညေနကဋိဋ္ဌိကံ, အညေနပိဋ္ဌိဋ္ဌိကံ

ဟူ၍သာ ပဏ္ဏာသပါဠိတော် စသည်တို့၌ ဟောတော်မူ၏။

အညေန၊ တပါးသော အရပ်၌။
ဦရုဋ္ဌိကံ၊ ပေါင်ရိုးကို။
အညေန၊ တပါးသောအရပ်၌။
ကဋိဋ္ဌိကံ၊ ခါးရိုးကို။
အညေန၊ တပါးသောအရပ်၌။
ပိဋ္ဌိဋ္ဌိကံ၊ ကျောရိုးကို။
ပဿေယျ၊ မြင်ငြားအံ့။ (အနက်)
ယခုကာလ အချို့ကား မြီးထူးကျောရိုးကို တင်ပါးရိုးဟူ၍ ခေါ်ကြ၏။ တချို့လည်း ခါးရိုးကို တင်ပါးရိုးဟူ၍ ခေါ်ကြ၏။ အတက်ရှည် ပေါက်သော ကျောရိုးခါးဆစ်ကို ခါးရိုးဟူ၍ ခေါ်ကြ၏။ ရှေးအခါ မြတ်စွာဘုရားရှင်တို့ကား ဤအတက်ရှည် ပေါက်သော ကျောရိုးငါးဆစ်ကို ကျောရိုး ဟူ၍သာ ခေါ်၏။ ခါးရိုးဟူ၍မခေါ်။
မခေါ်ကြောင်းကား မြတ်စွာဘုရားရှင် ကြာကြာထိုင်၍ ရဟန်းများအား တရားဟောတော်မူသော အခါ ခါးညောင်းတော်မူလျှင်”ပိဋ္ဌိမေ အာဂိ လာယဘိ”ဟူ၍ မိန့်မြွက်တော်မူ၏။

(အင်္ဂုတ္တရပါဠိတော် စသည်၌ လာသော စကားတော်) ။

ဘိက္ခဝေ၊ ရဟန်းတို့။
မေ၊ ငါဘုရား၏။
ပိဋ္ဌိ၊ ကျောသည်။
ဝါ၊ ယခုကာလ အခေါ်အားဖြင့် ခါးသည်။
အာဂိလာယဘိ၊ ညောင်းတော်မူ၏။

ဤမြီးထူး ကျောရိုးကား စောက်ထိုးထားသော မြွေခေါင်းနှင့် တူ၏။ ကြက်၏ အမြီးပေါက်သောနေရာ ဆီဗူးနှင့်လည်းတူ၏။ မြွေခေါင်း ကြက်ဆီဗူး တို့လို လုံးလုံး မဟုတ် ပြားပြားတည်း။ အထက်အောက် စီတန်းလျက် တဘက် လေးပေါက်စီ အပေါက်ရှစ်ပေါက်လည်း ရှိ၏။
ချက်မှ နောက်တဲ့တဲ့ တင်ပါးကို စမ်းလိုက်လျှင် တဘက်တချက် အလျားလိုက်မူမူ အရိုးနှစ်ခုကား ပြီးထူးကျောရိုး နှင့် ခါးရိုးအဆက်တည်း။ ဤမှ ဆက်သွယ်လျက် ဗိုက်ကို တဘက်တချက်ရှိ၍ နေသော ခါးရိုးနှစ်ခုကား ခပ်ဝိုင်းဝိုင်း ပြားပြားကြီးတည်း၊ ထန်းပတ်လတ်ကို ခွစုံတွင် တိတိဝိုင်းဝိုင်း ဖြတ်ထားသော အစွန်းနှစ်ခုနှင့် တူ၏။
အောက်ကို ခပ်ရှူးရှူး အတွင်းသို့ ဝင်သွား၍ ဘင်ဝ၏နံဘေး အထက်နား၌ ခပ်ကြီးကြီးဖြစ်လျက် မံလက်ကွင်းနှင့် တူစွာ ကွင်းနှစ်ခုဖြစ်ပြီးလျှင် အင်္ဂါဇာတ်၏ အထက်နား၌ ကွင်းချင်းနီးကပ် တေ့ဆိုင်၍ နေ၏။ ဆက်ကားမဆက်။ ဆောင့်ကြောင့် ထိုင်သောအခါ ထောက်ခံ၍ နေသော ဘင်ဝ၏ နံဘေးနား အရိုးနှစ်ခုကား ဤခါးရိုး မုံ့လက်ကွင်း၏ အောက်စွန်းပင်တည်း။ ခါးရိုး အထက်ပိုင်း ပြားချပ်ချပ်။ အောက်ပိုင်းကွင်း။ နောက်မြီးထူးကျောရိုး။ ဤအတွင်း၌ အူတွေ ဆီးအိမ်တွေ စသည်တို့ နေစရာ ဂလိုဏ်ကြီးတည်း။

ဤခါးရိုးကွင်း၏ အထက်နား၌ စုတ်ခွက်ရှိ၏။ တဘက်တချောင်းစီသော ပေါင်ရိုး နှစ်ခုသည် အောက်မှ ခပ်ဖြောင့်ဖြောင့်လာ၍ အဆုံး၌ ထစ်ဖုလျက် အတွင်းဘက်သို့ လက်နှစ်သစ်လောက် အစွန်းဖု ထွက်ပြီးလျှင် စုတ်ခွက်၌ ဝင်၍ တွယ်၏။ ဤပေါင်ရိုး အထက်စွန်းဖု၊ ခါးရိုးကွင်း မြီးထူးကျောရိုး၊ ဤအကြား ၌ အသားတွေ လွန်စွာများ၏။ တင်ပါးသားဟူ၍ ခေါ်ကြ၏။ အောက်ပိုင်းကို ဖရုံစွဲသားဟူ၍လည်း ခေါ်ကြ၏။
ဤပေါင်ရိုး၏ အတုတ်ကား ထမ်းပိုးကြီးလောက် အလယ်ပိုင်းတုတ်၏။ တစောင်း လိမ်ရွှေ အရွေမညီသော ပေါက်ဆိန် ရိုးနှင့်တူ၏။ အရင်းအဖျားကား ခပ်ကြီးကြီး ခပ်စွာစွာနေ၏။ ဒူးဆစ်နား၌ စွာပုံကား ပတိုင်းပွင့် နှဲအော်လံတို့နှင့်တူ၏။ ဤ ပေါင်ရိုးအော်လံကို ခြေသားလုံးရိုး တဘက် နှစ်ချောင်းစီဝင်၍ ထောက်ခံ တွယ်ဆက်၏။ ဤဆက်သော နေရာ၌ ရှေ့ကရပ်သောအခါ ကိစ္စမရှိ။ ထိုင်သောအခါ ဟိုက်ပက် အခွက်ကြီးမနေစေဘဲ ပြေပြစ်စေခြင်းငှါ ဂုံညင်းခေါ်သော ဒူးဆစ်ရိုး ဘားဝပ်သကဲ့သို့ ဝပ်လျက် ပိုးလျက်နေ၏။ ဘားနှင့်ပင်တူ၏။ ဂုံညင်းနှင့်လည်း တူ၏။

ဤပေါင်ရိုးကို ထောက်ခံ တွယ်ဆက်သော သားလုံးရိုး နှစ်ခုတို့တွင် အတွင်း စပ်ရိုးကား ကြီး၏။ ညှို့တကျည်းရိုးဟု ခေါ်ကြ၏။ ပိန်ချုံးသော လင်းမြွေနှင့် သဏ္ဌာန်တူ၏။ ပြင်စပ်ရိုးကား သေးငယ်၏။ ဒူးလေးကိုင်းနှင့် သဏ္ဌာန်တူ၏။ လိမ်ကော့ကော့ တုတ်တံကလေးနှင့်လည်း တူ၏။
ဤသားလုံးရိုး အောက်ခြေ ကျဉ်းဝတ်ရိုး ဤခြေကျဉ်းဝတ်ရိုး ရှေ့ဖမိုးရိုး နောက်ကို ဖနောင့်ရိုး တည်း။ ဤခြေကျဉ်းဝတ်ရိုးကား တဘက် နှစ်ခုစီရှိ၏။လက်ညှိုးဖျားဆစ် နှစ်ဆစ်လောက် နှစ်ဆစ်လျော့လျော့လောက် ရှည်ရှည် မညီမညွတ် ဖုထစ်ထစ် ကျောက်ခဲကလေး နှစ်ခုနှင့်တူ၏။

ခြေနှစ်ဘက်ကို စုံတင်၍ တစောင်းအိပ်လျှင် ခုခံ၍နေသော သွားလျှင်လည်း ထိခိုက်တတ်သော ဒူးဆစ်အတွင်းဖု ခြေမျက်စိခေါ်သော အဖုတို့ကား ပေါင်ရိုး၏ အဖျားအော်လံဖု သားလုံးရိုး၏ အဖျားအော်လံဖုတို့တည်း။ တပါးသော အရိုးတို့မှ ခွဲ၍ ဟိုဟို သည်သည် တခြားစီနေကောင်းသော ဒိသာဝိက္ခိတ္တ ဇာဏုကဋ္ဌိ၊ ဒူးဆစ်ရိုး။ ဂေါပ္ဖကဋ္ဌိ၊ ခြေကျဉ်းဝတ်ရိုးတို့ မဟုတ်ကုန်။ ဂုံညင်းရိုး ဤကျောက်ခဲရှည်နှင့် တူသော ခြေကျဉ်းဝတ်ရိုးတို့မှသာ ဇာဏုကဋ္ဌိ ဂေါပ္ဖကဋ္ဌိ တို့တည်း။

ဂေါပ္ဖကဋ္ဌိ၊ ဤခြေကျဉ်းဝတ်ရိုး၏ နောက်က ဖနောင့်ရိုးကား တဘက် တခုစီရှိ၏။ အလယ် လက်ဖျားဆစ် နှစ်ဆစ်လောက် ရှည်ရှည် မညီမညွတ် ဖုထစ်ထစ် ကျောက်ခဲ ကလေးနှင့်ပင် တူ၏။ ဤခြေကျဉ်းဝတ်ရိုး၏ ရှေ့ကဖမိုးရိုး အရင်းဆစ်တို့ကား တဘက် ငါးရိုးစီရှိ၏။ လက်မဖျား ဆစ်လောက် ရှည်ရှည် လေးထောင့်ယောင် မညီမညွတ် ကျောက်ခဲကလေးတွေနှင့် တူ၏။ ဖမိုးအလယ် ရှည်ရှည်ဆစ် ခြေဖျား ဆစ်ရိုးတို့ကိုကား မျက်စိနှင့်လည်းကြည့်၊ လက်နှင့်လည်း စမ်း၊ ဉာဏ်နှင့်လည်းချိန် သိနိုင်၏။

ရင်ရိုး အထက်စွန်းမှ တွယ်ဆက်လျက် ပခုံးပေါ်သို့ လိမ်ကော့ကော့တက် ပြီးလျှင် လက်ပြင်ရိုးဟု ခေါ်ကြသော ပခုံးရိုးဖျား ရှေ့စွယ်နှင့် တင်ထပ်လျက် နေသော ညှပ်ရိုးနှစ်ခု၏ သဏ္ဌာန်ကိုကား မျက်စိနှင့်ကြည့်၊ လက်နှင့်စမ်း၊ ဉာဏ်နှင့်ချိန် သိနိုင်၏။
လက်ပြင်ရိုးဟု ခေါ်ကြသော ဤပခုံးရိုးကား အသွား တစွယ်တိုသော မြက်ထိုးစွန်မြီး တူးရွင်းပြားနှင့် တူ၏။ နွားတို့၏လက်ပြင်ရိုး ကိုကား အချို့သော ကျောင်းသားငယ်တို့ မြက်ထိုးတူးရွင်းပင် လုပ်ကြသေး၏။ ကျောဆီကိုအသွား ပခုံးဆီကို အမင်း အထက်စွယ် တိုသည်၊ ဤအမင်းပခုံးဖျား၌ အမင်း အထက်က ရှေ့တစွယ် နောက်တစွယ် အခုကလေးဖြစ်၍ အမင်းကို မိုးလျက်နေ၏။
လည်ပင်းမှ ဆင်းလာသော ပခုံးကြောကြီးသည် ဤခွကြားထဲသို့ လျှိုဝင်လျက် အောက်သို့ ဆင်းသွား၏။ လက်မောင်းသို့လည်း မြွာထွက်၍သွား၏။ ဤလက်မောင်း အရင်းဆစ်ရိုးကား တချောင်းတည်းသာတည်း။ ဗြောတီးသောကောက်နှင့် တူ၏။ မယ်ကယ်သား တုတ်ကောက် အရင်းပိုင်းနှင့်လည်း တူ၏။ အရင်းဖုကောက်ဖြင့် လက်ပြင်ရိုးအမင်းကို တေ့ဆိုင်လျက် အကြောဖြင့် တွယ်ဆက်၏။

လက်ဖျံခေါ်သော လက်မောင်းဖျား တတောင်ဆစ်ရိုးကား တဘက်နှစ် ချောင်းစီရှိ၏။ အစုံ ယှဉ်ထားအပ်သော ပိန်သေးသေး လိမ်ကော့ကော့ ထန်းပင်ချောင်း နှစ်ခုနှင့် တူ၏။ လက်ဝါးကို ပက်လက်ထားလျှင် နှစ်ခုယှဉ်လျက်နေ၏။ မှောက်၍ထားလျှင် နှစ်ခုကန့်လန့် တင်ထပ်လျက်နေ၏။
လက်ကောက်ဝတ်၌ လက်မျက်စိခေါ်သော မူမူနှစ်ခုကား ဤလက်မောင်းဖျား တတောင်ဆစ်ရိုး၏ အဖျားအော်လံဖုတည်း။ မဏိဗန္ဓဋ္ဌိ ခေါ်သော လက်ကောက်ဝတ်ရိုး မဟုတ်။ ဤတတောင်ဆစ်ရိုး အော်လံဖုအဆုံး လက်ဖမိုးအရင်းဆစ် ဤအကြား၌ မဏိဗန္ဓဋ္ဌိခေါ်သော လက်ကောက်ဝတ်ရိုး တဘက်တခုစီသာရှိ၏။ လက်သန်း တလုံးလောက် ဗုံတို ပိုင်းဖြတ်၍ ကြော်အပ်သော ငါးရံ့ကြော်တုံး ကလေးနှင့် တူ၏။
ဤလက်ကောက်ဝတ်ရိုးနှင့် ထိစပ်၍ နေကြသော လက်ဖမိုးအရင်းဆစ် ရိုးကား တဘက် ငါးခုစီ ရှိ၏။ မညီမညွတ် မပြေမပြစ် ဆီးဖြူသီးလောက် ကျောက်ခဲကလေး တွေနှင့် တူ၏။ မညီမညွတ် နှစ်မျက်နှာ သုံးမျက်နှာတို့မှ ပိန်ရှုံ့သော ကလိမ်စေ့ ကလေးတွေနှင့်လည်း တူ၏။ လက်ဖမိုး အရှည် ဆစ်ရိုး လက်ချောင်း ဆစ်ရိုးတို့ကိုကား မျက်စိနှင့်ကြည့်၊ လက်နှင့်လည်း စမ်း၊ ဉာဏ်နှင့် လည်းချိန် သိနိုင်၏။

ဤဆိုအပ်ခဲ့ပြီးသော အလုံးစုံသော အရိုးတို့၏တည်ရာ ဌာနကား ထင်ရှားပြီ။ အပိုင်းအခြား ပရိစ္ဆေဒ ကိုကား အတွင်းမှ ခြင်ဆီဖြင့် ပြင်ဘက်မှ အသား အကြော အရိုးချင်းချင်းတို့ဖြင့် ပိုင်းခြားအပ်၏။

၉။ အဋ္ဌိမိဉ္စံ ဟု ခေါ်သော ခြင်ဆီသည်ကား အဆင်း ဖြူဖြော့ဖြော့နေ၏။ နီကြန်ကြန်လည်းရှိ၏။ ဖေါ့ပင် ပြောင်းပင် အတွင်း၌တည်သော ဖေါ့အူပြောင်းရိုးအူ များကဲ့သို့ အရိုး၏အတွင်း၌ တည်၏။ အရိုး၏အူပင်တည်း။
သဏ္ဌာန်ကိုကား အရိုးရှည်လျှင် ရှည်လိုက်၊ အရိုးတိုလျှင် တိုလိုက်၊ အရိုးပုလျှင် ပုလိုက်၊ အရိုးဝိုင်းလျှင် ဝိုင်းလိုက်၊ အရိုးလုံးလျှင် လုံးလိုက်၊ အရိုးပြားလျှင် ပြားလိုက် အားဖြင့် သူ့တည်ရာ အရိုးကိုထောက်၍သိ။ အလွန်ပါးလွန်းသော အရိုးထဲ မှာလည်းမရှိ၊ ခေါင်းခွံလွှာထဲမှာလည်း မရှိ၊ ကျောရိုးဆစ်တိုင်း ကျောရိုးဆစ် တိုင်း လက်ညှိုးတန်ရုံလောက် အခေါင်းရှိ၏၊
ကျောရိုးဆစ်တွေ အထက်အောက် စီတန်း၍ နေသဖြင့် ထိုအခေါင်းလည်း တတန်းတည်းဖြစ်လျက် ဦးနှောက် ခေါင်းသို့ ထိုးရိုဆိုက်၍ သွား၏။ ထိုအခေါင်းတွင်း၌ လက်ညှိုးလောက် ခြင်ဆီ တောင့်တန်းလျက် ဦးနှောက်နှင့် တဆက်တည်း ဖြစ်နေ၏။ အပိုင်းအခြား ပရိစ္ဆေဒကိုကား ထက်ဝန်းကျင်မှ အရိုးဖြင့် ပိုင်းခြားအပ်၏။ ကျောရိုးခြင်ဆီ တောင့်ကိုကား အထက်မှ ဦးနှောက်ဖြင့် ပိုင်းခြားအပ်၏ ။

၁၀။ ဝက္ကံ ဟု မာဂဓတို့ ခေါ်သော အညှို့။ ၁။
ဟဒယံဟု ခေါ်သော နှလုံး။ ၂။
ယကနံဟု ခေါ်သော အသည်း။ ၃။
ကိလောမကံဟု ခေါ်သော အမှေး။ ၄။
ပိဟကံဟု ခေါ်သော အပြင်။ ၅။
ပပ္ဖါသံဟု ခေါ်သော အဆုတ်။ ၆။
အန္တံ ဟု ခေါ်သော အူမ။ ၇။
အန္တဂုဏံ ဟု ခေါ်သောအူသိမ်။ ၈။
ဥဒရိယံဟု ခေါ်သော အစာသစ်။ ၉။
ကရီသံဟု ခေါ်သော အစာဟောင်း။ ၁၀။
မတ္ထလုင်္ဂံဟု ခေါ်သော ဦးနှောက်။ ၁၁။

ဤ တဆဲ့တပါးသော အတွင်း ကောဋ္ဌာသတို့ကို ထင်ရှား သိလွယ်အောင် လျော်ရာ ကောဋ္ဌာသ ကစ၍ ပြဆိုအံ့။

၁။ ဤကိုယ်ကြီးကို ဆိုအပ်ခဲ့ပြီးသော အရိုးတို့ဖြင့် စိုက်ဆောက်ရုံကာ၍ အကြောတို့ဖြင့် ဆိုင်းတူတုပ်ချည်လျက် မြေညက်အင်္ဂတေပမာ များစွာသော အသားတို့ဖြင့် ပါးပါးတချို့ မို့မို့တထွေ ပြေပြေညီညီ အကြောကိုပါ ဖိ၍ ရော၍ အရိုးတို့ကို အတွင်းပြင်မလပ် လိမ်းကျံမွမ်းမံ အပ်၏။
ထိုအသားအပေါ် ပိတ်ဖြူ ဖျင်ဖြူပမာ အမှေးလွှာဖြင့် တကောင်လုံး လွှမ်းခြုံ မှေးကပ်၏။ ဤ အမှေးကို နွားရေများ၌ လင်းတငိုရေဟု ခေါ်ကြသည်။ ထို အမှေးအပေါ်က စမ္မ ခေါ်သော အရေထူ လွှမ်းခြုံမှေးကပ်၏။ ထိုအရေထူအပေါ်က ဆဝိ ခေါ် သော အရေပါး လွှမ်းခြုံ မှေးကပ်၏။ ဤကား ပြင်ဘက်ကနေပုံတည်း။ အတွင်း ဘက်ကလည်း တင်းခေါ်သော ဝါးလုံးခေါင်းအတွင်း အမှေးလွှာ ကဲ့သို့ ထို အသား အပေါ်က ပိတ်ဖြူပမာ အမှေးလွှာဖြင့် ဖုံးကာ မှေးကပ်၍ နေ၏။

၂။ ဤ ကိုယ်ကြီးကို ပက်လက်ထား၍ ဆိုအံ့။ ဝမ်းခေါင်းတွင်း၌ အောက် ကျောရိုး တံနှင့် အထက် ရင်ရိုးအကြား လက်တဝါးလောက် ကွာခြား၏။ သို့ကလောက် ကျောရိုးတံကြီး ဝမ်းခေါင်းထဲသို့ ရောက်၍နေ၏။ သားမြတ်အထက် လက်လေးသစ် လောက်မှစ၍ အောက်နံရိုး အဆုံးလောက် ရောက်အောင် ကျောရိုးတံကြီးကို ညှပ်၍ ဘေးတဘက် နှစ်ချက်၌ အဆုတ်သားမြှောင့်ကြီး တခုစီ ပြည့်၍နေ၏။
ဘယ်ဘက် အဆုတ်သားကား အမြီးဖျားနှစ်ခုရှိ၏။ ညာဘက် အဆုတ်သားကား သုံးခုရှိ၏။ ဤ အမြီးဖျားကို ရှည်၍ ဘယ်ဘက် အဆုတ်နှစ် ခုတွဲ၊ ညာဘက်အဆုတ် သုံးခုတွဲပေါင်း အဆုတ်သား ငါးခုရှိ၏ဟု ခေါ်ဆိုလျှင် ခေါ်ရ၏။ အရင်းပိုင်းမှာကား တဘက်တခုစီသာတည်း။
ဤအဆုတ်၏ အဆင်းကား နီရဲရဲရှိ၏။ သဖန်းသီးမှည့်နှင့် အဆင်းတူ၏။ သဏ္ဌာန်ကား ရှည်မြှောင့် မြှောင့် အမဲသားတစ် အမဲသားတို့နှင့် တူ၏။ အသားမှာ မပြေ မပြစ် မချော မမော၊ နေပုံမှာကား ရွှံဆီကြော်ရှက် အသားနှင့်တူ၏။ အပိုင်းအခြား ပရိစ္ဆေဒကိုကား အဆုတ်သား၏ ထက်ဝန်းကျင် အဆုံးစွန်ဖြင့် ပိုင်းခြားအပ်၏။
ပါစက ဓာတ်မီးအိုး ဖြစ်သော အူမ အစာသစ်အိမ်ကြီးသည် ပါစက မီးအရှိန်ကြောင့် ခဏချင်း ခဏချင်း သွေ့ခြောက်လွယ်၏။ ထိုသို့ သွေ့ခြောက်သောအခါ စိုအောင် ဆွတ်ဖြန်းစရာ အရည်ကြမ်းရည်တို့ကို များစွာ စုတ်ယူနိုင်စေခြင်းငှါ ဤအဆုတ်သားကား ထန်းသီး ဆံချည်ထွေး အုန်းသီး ဆံချည်ထွေး ပေါင်မုံ့သားများကဲ့သို့ ကြဲချောင်ချောင် ပွယောင်းယောင်း ဖြစ်၍ နေရ၏။
ထိုသို့ ဖြစ်နေ၍ အထက်မှ လာသော အရည်ကြမ်းတို့ကို များစွာ စုတ်ယူထားပြီးလျှင် စိမ့်ယို၍ အစာသစ် အိမ်ကြီးကို မပြတ် စိုစွတ်ရ၏။ ထိုသို့စိုစွတ်ဖန်များ၍ ဤအဆုတ် ရေသီဖတ်ခြောက်လျှင် သတ္တဝါတို့ ရေငတ်ခြင်းဖြစ်၏။ ရေဖြင့် အဆုတ်ကို မစိုစွတ် ရလျှင် သေ၏။
ဤအဆုတ်ခြောက် ရေသီဖတ်ကလည်း ဗဟိုသွေးကြောကြီးထဲမှ သွေးကို ဓမနီပြွန်တံကြောငယ်ဖြင့် စုတ်ယူ၍ စိုစွတ်၏။ ထိုသို့စုတ်ယူဖန်များ၍ သွေးကြောထဲ သွေးခဲလျှင်လည်း သေ၏။ ဤသို့ အဆုတ်သားသည် ဤကဲ့သို့ များစွာသော အရည်ကြမ်းရည်တို့၏ စိမ့်ဝင်တည် နေရာ စုဝေးရာ ရေသီဖတ်ဖြစ်ခြင်းကြောင့် တပါးသော အသားတို့လောက် ဩဇာ အရသာမရှိ။ စား၍မကောင်း။

၃-၄။ လျှာခင်အောက် လည်ချောင်းပေါက်မှ အူပြွန်တံပေါက်ပြီးလျှင် အောက်သို့ သက်ဆင်း ရင်ခေါင်းတွင်း ထိုအဆုတ် နှစ်ခုအကြား ကျောရိုးပေါ်ကို ဘိလျက် ကျောရိုးလိုက်သွား၍ သားမြတ် အောက်စပ် တဲ့တဲ့လောက် ရောက်လျှင် ကျယ်စွာသော ကြီးစွာသော အိုင့်ကြီး ဂလိုဏ်ကြီး အိတ်ထောင့်ကြီး ဖြစ်၏။ ဤအိတ်ထောင့် ဂလိုဏ်ကြီးကို အစာသစ်အိမ်ဟု မှတ်အပ်၏။

ဤဂလိုဏ် အိတ်ထောင့်ကြီး မဖြစ်ခင် အထက်နား လက်တဝါးလောက်က ခပ်ကျယ်ကျယ်အိုင့် ကလေး ဖြစ်၍လာ၏။ ဤအိုင့်ကျယ်ကလေးကို သလိပ်အိမ်ဟု မှတ်အပ်၏။ ဤ အစာသစ်အိမ် အောက်စွန်းကား ချက်အထက်နား လက်သုံးသစ် လောက်သို့ ရောက်၏။ အစာသစ်အိမ် အိတ်ထောင့်ကြီး အောက်စပ် အူပြွန်တံ ရှည်ထွက်လျက် ညာဘက် ဘေးစောင်သို့အထိ သွား၏။ တဖန် ခေါက်ချိုး တုံ့ခေါက်လျက် ဘယ် ဘက် ဘေးစောင်သို့အထိသွား၏။ တဖန် ခေါက်ချိုးတုံ့ ခေါက်ပြန်လျက် ညာဘက်သို့သွားပြန်၏။

ဤနည်းတူ ကန့်လန့်ဘေးတိုက် ကြိုးခေါက်တွေကဲ့သို့ ခေါက်ချိုးတုံ ခေါက်လျက် နှစ်ဆဲ့တခေါက် လောက် အောက်သို့ တဖြည်းဖြည်းခေါက် သွား၍ ဘယ်ဘက် ဘေးစောင်သို့ အရောက်တွင် အောက်သို့ ဆင်းသွား၍ ဘင်ဝ၌ သေးငယ်လျက် လိပ်ခေါင်းဖြစ်၍ ဆုံး၏။

ဤဆုံးခါနီး မဆုံးခင် လေးတောင်လောက်သော အူသည် လက်မောင်းလောက် တုတ်၏။ အထက် အူပြွန်တံခေါက်တွေကား ခြေမအရင်းသိမ်လောက်သာ တုတ်၏။ ဤ လက်မောင်းလောက် တုတ်သော လေးတောင် မျှသောက်သော အူပြွန် တံခေါက်ကြီး ကို အစာဟောင်းအိမ်ဟု မှတ်အပ်၏။

အစာသစ်အိမ်မှထွက်၍ တဖြည်းဖြည်း ဟောင်းမြင်းလျက် အူပြွန်တံလိုက် ဆင်းသက်လာသော တပတ်ရစ် အစာဟောင်းတို့သည် ဤအစာဟောင်းအိမ် တွင်းသို့ ရောက်၍ လွန်စွာ ဟောင်းမြင်း ပြီးလျှင် ဘင်ဝသို့ထွက်၏။ ဤအစာ ဟောင်းအိမ်ပြည့်လျှင် သတ္တဝါတို့ ကျင်ကြီးစွန့်ချင်ခြင်း ဖြစ်၏။ မစွန့်ဘဲ မထွက် ဘဲမနေနိုင်။ မစွန့်လျှင် မထွက်လျှင်သေ၏။

အူ၏အဆင်းကား ဖြူမွဲမွဲနေ၏။ အင်္ဂတေအဆင်းနှင့် တူ၏။ အစာသစ်အိမ်၌ အပကား ပြေပြစ်ချောမော၏။ အတွင်းဘက်ကား ပိန်းနှဲဆူးထလျက် နေ၏။ သဏ္ဌာန်ကား အထက် အူပြွန်တံ သည် အရေဆုတ်ပြီး မြွေရှည်ရှည်ကို တွဲလဲ ဆွဲထားသည်နှင့်တူ၏။

အစာသစ်အိမ် ကြီးကား အစွန်းနှစ်ဘက်မှကိုင်၍ ညှစ်သော ပုဆိုးစုံ အလယ် ဥဖောင်းနှင့်တူ၏။ အောက်အူပြွန်တံခေါက်တွေကား အရေဆုတ်ပြီး မြွေရှည်ရှည် ကြီးကို ခေါက်ချိုး ခေါက်ချိုး ခွေခေါက်၍ သွေးကျင်း၌ ထည့်ထားသည်နှင့် တူ၏။ အပိုင်းအခြား ပရိစ္ဆေဒကိုကား ထက်ဝန်းကျင်မှ အူ၏အဆုံးစွန်ဖြင့် ပိုင်းခြားအပ်၏။ ဤအူမကို လည်မျို အစ လိပ်ခေါင်းအဆုံး အကုန်လုံး ဆွဲဆန့်၍ တောင်လျှင် သူ့အတောင်နှင့် သူ့အူ။ မိန်းမတို့အား ဆဲ့နှစ်တောင်လောက်ယောကျ်ားတို့အား အတောင် နှစ်ဆယ်လောက် အရှည်ဆုံးရှိ၏။

ဤယခု ပြဆိုပြီးသောအူ၌ အစာသစ်အိမ်ကြီးကို ကြီးသောကြောင့် “မ” တယ်ကြီး ဖြစ်သောကြောင့် ဗဟ္မာဘာသာမှာ အူမ ဟူ၍ခေါ်၏။ ဤ အစာသစ်အိမ်မှ ကြွင်းသော အူပြွန်တံခေါက်တွေကိုကား အစာသစ်အိမ်လောက် မကြီးဘဲ သေးခြင်း, သိမ်ခြင်းကြောင့် အူသိမ် ဟူ၍ခေါ်၏။

ဤ အူသိမ်ကို အူခေါက်ချင်းချင်း အရွတ်မှေးဖြင့် တွယ်ဖွဲ့၍နေသော အူဖြစ်ခြင်းကြောင့် မာဂဓ ဘာသာမှာ ဂုဏသဒ္ဒါတွဲ၍ အန္တဂုဏ ဟု ခေါ်သည်။ အစာသစ်အိမ်ကြီးကိုကား အချင်းချင်း မတွယ်ဖွဲ့သော အူသာမညဖြစ်၍ အန္တ ဟူ၍သာခေါ်သည်။ ဤအန္တဂုဏ ဟူသော ပုဒ်၌ ဂုဏသဒ္ဒါသည် ကာမဂုဏ ဟူသောပုဒ်၌ ဂုဏသဒ္ဒါကဲ့သို့ အဖွဲ့ဟောတည်း။

“အန္တံ ဂုဏာတိ ဗန္ဓတီတိ အန္တဂုဏံ”ဟု ဝိဂြိုဟ်ပြု။
ယံ၊ အကြင် တခု တခုသော အူခေါက်သည်။
အန္တံ၊ တခုတခုသော အူခေါက်ကို။
ဂုဏာတိဗန္ဓတိ၊ အရွတ်အမှေးဖြင့် တွယ်ဖွဲ့တတ်၏။
ဣတိတသ္မာ၊ ထိုကြောင့်။
တံ၊ ထိုတခုတခုသော အူခေါက်သည်။
အန္တဂုဏံ၊ အန္တဂုဏ မည်၏။
အန္တံ၊ မတွယ်ဖွဲ့သောအူ။
အန္တဂုဏံ၊ အချင်းချင်း တွယ်ဖွဲ့သောအူ။
(ဤကား သဒ္ဒါအနက်တည်း)။

အန္တံ၊ အူမ။
အန္တဂုဏံ၊ အူသိမ်။
(ဤကား ဝေါဟာရ အနက်တည်း)

ငမ်း၌ လေနာထ၍ ဗိုက်ပေါက်လျှင် အချင်းချင်း တွယ်ဖွဲ့သော ထိုအူခေါက်တွေပင်လျှင် ပြင်သို့ ထွက်တတ်၏။ ဤအူခေါက်တွေ ထွက်မှုကိုပင် ရည်တော်မူ၍။ “ယဒိပိ မေ အန္တဂုဏံ၊ နိက္ခမိတွာ ဗဟိ စရေ” ဟု ဓမ္မသေနာပတိဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ် ထေရဂါထာ ပါဠိတော်၌- မိန့်မြွက်တော်မူ၏။

အာဝုသော၊ ငါ့ရှင်မောဂ္ဂလာန်။
မေ၊ ငါ၏။
အန္တဂုဏံ၊ အချင်းချင်း တွယ်ဖွဲ့သော အူခေါက်သည်။
ဝါ၊ အူသိမ်သည်။
ဗဟိ၊ အပသို့။
နိက္ခမိတွာ၊ ထွက်၍။
ယဒိ ပိစရေ၊ အကယ်၍ ကျက်စား လွင့်သွားစေဦးတော့။
အာဇီဝံ၊ အာဇီဝပါရိသုဒ္ဓိသီလကို။
အဟံ၊ ငါသည်။
နေဝ ဘိန္ဒေယျံ၊ မဖျက်ဆီးပေအံ့။
ဝါ၊ ပျက်စီးအောင် မတရားသဖြင့် ရသောပစ္စည်းကို မသုံးဆောင်ပေအံ့၊ ဟု အနက်ပေး။

ဤကဲ့သို့ အူမအူသိမ်တို့ကို ကောင်းမွန်သေချာစွာ သိမှတ်ရာ၏

၅။ ပိဟကံ

ပိဟကံ ခေါ်သော အပြင်သည်ကား ဘယ်ဘက်နံစောင် သားမြတ် အောက်နား လက်နှစ်သစ် လောက်ကစ၍ အောက်နံရိုးဆုံးလောက်တိုင်အောင် အတွင်း၌ ဝမ်းပျဉ်း နံရံကို မှီ၍ တည်၏။ အနံ လက်နှစ်သစ် အလျား ခုနစ်သစ် လောက်ရှည်၏။ နွားလျှာနှင့် သဏ္ဌာန် တူ၏။ အဆင်းညိုညို နေ၏။ နွားလျှာ ညိုညိုအဆင်းနှင့်လည်း တူ၏။

အပိုင်းအခြားကိုကား အပြင်၏ ထက်ဝန်းကျင် အဆုံးစွန်ဖြင့် ပိုင်းခြားအပ်၏။ ဖဦးထုပ်နှင့် အဖျဉ်း မဟုတ်၊ ပစောက်နှင့် အပြင် ဟုခေါ်။ အသားပြင်ဆိုလိုသည်။ တနည်းလည်း၊ တွဲလျားကျ၍နေသော ဝတ္ထု ဖြစ်၍ ဝမ်းပျဉ်း, ပါးပျဉ်း, မျက်ပျဉ်း, နို့ပျဉ်းဟု ခေါ်ဘိသကဲ့သို့ အပျဉ်းဟု ခေါ်ဆိုအပ်၏။ သရက်ရွက်နှင့် တူသောကြောင့် သရက်ရွက်ဟူ၍လည်း ခေါ်ဆို ကြ၏။

နံဘေးမှာနေသောကြောင့် ဘေ-ဟူ၍လည်း ခေါ်ကြ၏။ ဤဘေ-ကို တစုံတခု အပြင်းအထန် ထိခိုက်မိလျှင် သေတတ်၏။ တစုံတခုသော အကြောင်းကြောင့် ဤ ဘေ-ယောင်ဖောကြီးထွား တွဲလျားကျ၍ အောက်သို့ ရှည်ထွက်လာလျှင် နာတတ်၏။ ရောဂါ ဝေဒနာ ဖြစ်တတ်၏။

ရင်ညွန့်ရိုးမှ စ၍ ဘေးတဘက် တချက် နံရိုးလိုက်၊ အမှေးလွှာ တွယ်ကပ်လျက် အစာသစ်အိမ် အထက်ကို ပွတ်ကျော်၍ အထက်သို့ ခပ်ဝင်ဝင် နောက်သို့ သွားပြီးလျှင် နောက်ကျောနံရံမှေးနှင့် ဆက်တွယ်လျက် ပုလွေ ဖယောင်းတားကဲ့သို့ အထက်အောက် ကန့်ခြားလျက်နေ၏၊ ထို့ကြောင့် ဤကိုယ်ထဲ၌ အောက်ဗိုက်ခန်း, အထက် ရင်ခန်းဟု နှစ်ခန်းဖြစ်၍ နေ၏။

လျှာခင်အောက် လယ်ချောင်း ပေါက်ဝမှ ပြွန်တံ တခုပေါက်၍ အူပြွန်တံ အထက် ရှေ့ဘက် ပြင်စပ်က အောက်သို့ ဆင်းသွားပြီးလျှင် ရင်ခေါင်းတွင်းသို့ ရောက်သောအခါ ဘယ်ညာ နှစ်မြွာခဲ့လျက် အူပြွန်တံကိုခွ၍ အဆုတ်တွင်းသို့ စုံဝင်၍ အဆုတ်တွင်းသို့ ရောက်သောအခါ ပြွန်တံငယ် အမြွှာမြွှာ ခွဲဖြာပြန့်နှံ့လျက် ဆုံးကြကုန်၏။

ဤပြွန်တံဖြင့် ထွက်သက် ဝင်သက်လေ သွားလာ ထွက်ဝင်၏။ ဓမနိကြောသို့ အရေအတွက် အပါအဝင် လေပြွန်တံ ဟူ၍ မှတ်အပ်၏။ အဆုတ်ညှာ ဟူ၍လည်း မှတ်အပ်၏။ ဤလေပြွန်တံ ဓမနိကြောသည် လည်ပင်း ၌ အရိုးနုနှင့် အကြောနှစ်ခု စပ်၍ဖြစ်၏။ လက်နှင့်စမ်း တွေ့၏။ ခြေမသာသာ လောက် တုတ်၏။ ငှက်ပျောသီး ထက်ခြမ်းနှင့် သဏ္ဌာန်တူ၏။

ရင်ခေါင်း အဆုတ်တွင်းသို့ ရောက်သောအခါ အရိုးမဘက် မာဆတ်ဆတ် အကြော သက်သက် ဖြစ်၍သွား၏။ တစုံတခုကို မျိုသောအခါ အလယ် အူပြွန်တံပေါက်သို့ မဝင်ဘဲ ပြင်စပ်နေ ဤ လေပြွန်တံပေါက်သို့ ဝင်လျှင် အဆုတ်တွင်းသို့ ရောက်၍ အဆုတ် လေအိုးမှ ပြင်းထန်စွာ လေထလျက် ဆန်တက်၍ သီးနင်ခြင်း ချောင်း ဆိုးခြင်း ကြို့ထိုးခြင်း ဖြစ်၏။ အခန့်မသင့်လျှင် သေတတ်၏

တစုံတခု မျိုသောအခါ ဤလေပြွန်တံ၏ အကွပ် ကလနားဆုံးဖြစ်သော စကောက် ရိုးခွေ ကတော့ကလေး အထက်သို့ တက်၍တက်၍ သွားခြင်းသည် ဤ လေပြွန်ပေါက်ကို မဝင်ရအောင် ပိတ်ဆို့မှုပင်တည်း။

လည်ပင်းမှ ဆင်းလာ၍ များစွာသော အကြောတွေ, အရှုတ်မှေးသည် အဆုတ် နှစ်ခုကြား ကျောရိုးပေါ်ကို ဖိ၍ဖိ၍ ဦပြွန်တံနှင့် အတူတူလိုက်လျက် တပြုံကြီး အောက်ဗိုက်ခန်းသို့ ဆင်းသက်ကြ၏။ အရွတ်မှေး ဟူသည်ကား အသားလည်း မဟုတ်၊ အကြောလည်း မဟုတ်၊ ပါးပါးအမှေးလွှာလည်း မဟုတ်၊ ဓားနှင့် ဖြတ်၍ ဆွဲ၍ ပြတ်ခဲသော ဝတ္ထု တခုနှင့်တခုကို စပ်တွယ်တတ်သော ပြင်းတွဲတွဲ ဝတ္ထုမျိုးကို ဆိုသည်။

အမဲသားများ ဖျက်သောအခါ ညှင်းသောအခါမှာ ထင်ရှားပါ၏။ တခေါင်းလုံး ရှက်ဖြာ ပြန့်နှံ့လျက် နားအောက်နား၌ ပေါင်းဆုံ၍ လည်ချောင်းပြွန်တံဘေး တဘက်တချက်မှ ဆင်းသက်လာသော သွေးကြောကြီး နှစ်ခုသည် လည်ပင်းအဆုံး ရင်တွင်းသို့ ရောက်သောအခါ တခုတည်း ပေါင်းဆုံ၍ အူပြွန်တံ အမှေး အကြောတို့နှင့် အတူ အောက်သို့ ဆင်းသွား၍ ဗိုက်ခန်း ချက်တဲ့တဲ့လောက် ရောက်သောအခါ နှစ်မြွာခွဲလျက် ပေါင်ခြံတဘက် တချက်သို့ ဆင်းသွား၍ အခက်ငယ်အမြွာမြွာ ခွဲလျက် ခြေဖျားတိုင်အောင် ပြန့်နှံ့ကြ၏။

လည်ပင်းအောက် အဆုံးမှလည်း ဘယ်ညာ အမြွာထွက်လျက် လက်နှစ်ဘက်သို့ သွား၍ အခက်ငယ် အမြွာမြွာခွဲလျက် လက်ဖျားတိုင်အောင် ပြန့်နှံ့ကြ၏။ ဤ သွေးကြောကြီးကို တကိုယ်လုံး၌ မ,တယ် ဗဟို သွေးကြောကြီးဟု မှတ်အပ်၏။ ဝမ်းခေါင်းတွင်း၌ ခြေမလောက် တုတ်၏။

၆။ နှလုံးသား

ရင်ခန်းတွင်း ဤဗဟို သွေးကြောကြီးမှ လက်မတန်ရုံလောက် အခေါင်း ကျယ်သော ပြွန်တံညှာ နှစ်ခုထွက်လျက် နှလုံးသားတခု ဖြစ်၏။ ထိုနှလုံးသားကို အထက်က ဘယ်ညာညှပ်လျက် အညိုသားကလေး နှစ်ခုဖြစ်၍ ရှိ၏။ ထိုအညှို့သား၏ အကြီး ပမာဏကား အချို့မှာ လက်မ ဖျားဆစ်လောက် ရှိ၏ အချို့မှာ လက်ညှိုးလက်မဆိုင်ကွင်းသော လက်ကွင်းလောက်ကြီး၏။ သရက်သီးနှင့် သဏ္ဌာန် တူ၏။ အဆင်း နီကြန်ကြန်နေ၏။ ကသစ်စေ့နှင့် အဆင်းတူ၏၊ အပိုင်းအခြား ပရိစ္ဆေဒကိုကား အညှို့သား၏ ထက်ဝန်းကျင် အဆုံးစွန်ဖြင့် ပိုင်းခြားအပ်၏။

ထိုအညှို့သား နှစ်ခုနှင့်တကွ နှလုံးသားကို ပိတ်ခါသာ ပင့်ကူမှေး အတူ ဖြူချော ပါးလှစ်သော အမှေးလွှာဖြင့် ဖုံးထုပ်၏။ ဤနှလုံးသား၏ အကြီးပမာဏကား လက်သီးဆုပ် သာသာလောက် ကြီး၏။ သားမြတ် နှစ်ခုကြား တဲ့တဲ့လောက် အဖျားရောက်၏။ အဆင်းကား နီခြောက်ခြောက်နေ၏။ ပဒုမာကြာ ပွင့်လွှာ၏ ကျောဘက်အဆင်းနှင့်တူ၏။နှင်းဆီပန်းပွင့်ခြောက် အဆင်းနှင့်လည်း တူ၏။ အသွင်သဏ္ဌာန်ကား ပဒုမာကြာဖူးနှင့် တူ၏။ အပိုင်းအခြားကိုကား နှလုံးသား၏ ထက်ဝန်းကျင် အဆုံးစွန်ဖြင့် ပိုင်းခြားအပ်၏။

ဤနှလုံးသား၏ အတွင်း၌ လက်ညှိုး လက်မဆိုင် ကွင်းသော လက်ကွင်းလောက် ကျယ်စွာ အခေါင်းကလေးရှိ၏။ ထိုအခေါင်းထဲ၌ တဆုပ်မျှလောက်သော နှလုံးသွေး အပြည့်ရှိ၏။ လက်ညှိုး လုံးဖြင့် လေးခါကော်ယူ၍ရသော စပါးကို တလက်ဆွမ်း ခေါ်သည်။

ဤလက်ဆွမ်း လေးခုကို တဆုပ်
လေးဆုပ်ကို တလက်ခုပ်
လေး လက်ခုပ်ကို တစလယ်
နှစ်စလယ်တခွက်
နှစ်ခွက်တပြည်
လေးပြည် တစိတ်
လေးစိတ် တတင်း
လေးတင်း တတောင်း
လေးတောင်းတ တို့
လေးတို့ တပုတ်
လေးပုတ် တကပ်
လေးကပ် တကြ
လေးကြကို တကျီ ခေါ်သည်။

ဤတဆုပ် မျှလောက်သော နှလုံးသွေး၌ ဟဒယဝတ္ထုရုပ် အနှံ့အပြားမှီ၍ နေ၏။ ဤဟဒ ယဝတ္ထုရုပ်၌ မနောဓာတ် မနောဝိညာဏဓာတ် စိတ်စေတသိက်တို့ မှီ၍ နေ၏။ ဤနှလုံးသားသည် စိတ်စေတသိက် ထည့်သော ဗူးကလေးပင်တည်း။ ပုဂ္ဂိုလ် သတ္တဝါမဟုတ်။ ထို့ကြောင့် ဘုရားရှင် သည်- “အသရီရံ ဂုဟာသယံ”ဟူ၍၎င်း။ “မစ္စုဝေသော ဂုဟာသယော”ဟူ၍၎င်း။ ဓမ္မပဒပါဠိတော် သတ္တင်္ဂုတ္တရ ပါဠိတော်၌ ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံစိတ္တံ၊ ဤစိတ်သည်။
အသရီရံ၊ ဝတ္ထုအထည်ကိုယ်မရှိ။
ဂုဟာသယံ၊ နှလုံးတည်းဟူသော ဗူးလိုဏ်၌ ကိန်း၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧသ ကောဓော၊ ဤအမျက် ဒေါသသည်။
ဂုဟာသယော၊ နှလုံးဗူးတွင်း လိုဏ်တွင်း ၌ ကိန်း၏။
မစ္စုဝေသော၊ သေမင်းနှင့်တူ၏။ (အနက်)

စိတ်စေတသိက်တို့၏ အစွမ်း အာနုဖော်ကြောင့် ဤနှလုံးသွေးသည် အဆင်း အမျိုးမျိုးဖြစ်ရာ၏

  • ရာဂအားကြီးစွာ ဖြစ်ပေါ်လာသောအခါ ဟင်းသပဒါးရည်ကဲ့သို့ နီနီခြင်းခြင်းနေ၏။
  • ဒေါသ အားကြီးစွာ ဖြစ်ပေါ်လာသောအခါ မင်ရှည်ကဲ့သို့ မဲပုပ်ပုပ်နေ၏။
  • မောဟအားကြီးစွာ ဖြစ်ပေါ်လာသောအခါ အမဲသားဆေးရည်ကဲ့သို့ နီချဲချဲနေ၏။
  • ဝိတက် အားကြီးစွာ ဖြစ်ပေါ်လာသောအခါ ပဲပိစပ်ပြုတ်ရည်ကဲ့သို့ နီနောက်နောက် နေ၏။
  • သဒ္ဓါအားကြီးစွာ ဖြစ်ပေါ် လာသောအခါ နနွင်းရည်ကဲ့သို့ ဝါဝါနေ၏။
  • ပညာအားကြီးစွာ ဖြစ်ပေါ်လာ သောအခါ ဆွတ်ဆွတ်ဖြူ၏။ အလွန် ကြည်လင်၏။ ဇောတိရသ ပတ္တမြားကဲ့သို့ အရောင်တောက်ပစွာ နေ၏။

ဤ နှလုံးဗူးသည် အောက်အဖျားသို့ အပေါက်မရှိ၊ အထက်သို့ကား အညှာ ပြွန်တံပေါက်နှစ်ခုရှိ၏။ ဗဟိုသွေးကြောနှင့် တစပ်တည်းနေသဖြင့်သွေးတိုးရိုသွား လာဝင်ထွက်၍ နေ၏။ ထိုသွေးထွက်ဝင်ရာ အဝ၌ ဘတ်လတ်လွှာ လိပ်ပြာတောင် နှစ်ခုစီ ဆိုင်လျက်ရှိ၏

စိတ္တဇဥပ္ပလလေကြောင့် ထိုလိပ်ပြာတောင် နှစ်ခု အချက်ကျ ခတ်၍ပေးသဖြင့် သွေးသည် ဓိတ်ဓိတ်, ဓိတ်ဓိတ် ဟုအချက်ကျ ထွက်ဝင်ကုန်၏။ တကိုယ်လုံး၌ သွားကုန်၏။ စိတ်နုန့်လျှင် စိတ်ကြောင့် ဖြစ်သော ဥပ္ပလလေလည်း နုန့်၍ လိပ်ပြာတောင် အခတ်နှေးသဖြင့် သွေးအသွားအလာ နှေးကုန်၏။ စိတ်လေသန်၍ လိပ်ပြာတောင် အခတ်မြန်လျှင် သွေးအသွားအလာ မြန်၏။

စိတ်သည် နှလုံးသွေးမှာ မှီနေသဖြင့် နှလုံးသွေး ဖောက်ပြန်လျှင် စိတ်လည်း ဖောက်ပြန်ရ၏။ လည်ပင်း သွေးကြောနှစ်ခုကို နှိပ်ပိတ်၍ထားလျှင် တစပ်ထည်း နေသဖြင့် နှလုံးသွေး ဖောက်ပြန်၍ စိတ်ဖောက်ပြန်လျက် နုန့်လျက် ဘဝင် ကျ၍သွား၏။ ဤသို့ ဘဝင်ကျ၍သွားသည်ကို မေ့သွားသည်။ အိပ်ချင်ကြောကို နှိပ်၍ အိပ်ပျော်သွားသည်ဟု ခေါ်ကြ၏။

နှလုံးသွေး ဖောက်ပြန်အားကြီးလျှင် မေ့ရုံမက သေ၏။ မေ့ဆေးပေးသော ဆေးဆရာများလည်း တစုံတခုသော ဆေးနှာတို့ဖြင့် နှလုံးသွေးကို ဖောက်ပြန်စေလျက် စိတ်နုန့်၍ ဘဝင်ကျအောင် လုပ်မှု ပင်တည်း။ ထိုဆေးနှာတို့၏ အခိုးသည် တခေါင်းလုံးရှိ သွေးကြော, လေကြောတို့ကို သွား၍ ထိခိုက်၏။ ဖောက်ပြန်စေ၏။

ထိုအခါ တစပ်ထည်းနေသဖြင့် နှလုံးသွေးလည်း ဖောက်ပြန်ရ၏။ နှလုံးဗူးတွင်းရှိ ဥပ္ပလခေါ်သောလေ ထကြွသောင်းကြမ်း လျှင်လည်း နှလုံးသွေး ဖောက်ဘက်ခတ် ဖောက်ပြန်သဖြင့် စိတ်လည်း ဖောက်ဘက်ခတ် ပျံ့လွင့်ရူးသွပ်၏။ ဤသို့ ရူးသည်ကို လေရူးဟုခေါ်သည်။ ဤ ဥပ္ပလလေကို ရည်၍ -

တဿ ဝါတာ စလယန္တိ၊ ဃဋော ဇပ္ပတိ ကေသဝ။
ဟု ကဏှဇာတ်၌ ပညာရှိအမတ်ကြီး မိန့်မြွက်လေသည်။

ကေသဝ၊ ဝါသုဒေဝ အမည်ရသော ကေသဝမင်းကြီး။
တဿ၊ ထိုသင်၏ ညီရင်း ဃဋပဏ္ဍိတအား။
ဝါတာ၊ ဥပ္ပလလေတို့သည်။
စလယန္တိ၊ သောင်းကြမ်းလှုပ်ရှားကုန်၏။
တသ္မာ၊ ထိုကြောင့်။
ဃဋော၊ ဃဋပဏ္ဍိတသည်။
ဇပ္ပတိ၊ ယုန်ပေး ယုန်ပေးဟု ကတောက်ကတက် မြည်တမ်းတောင့်တ၍ နေ၏။

ဤ ဥပ္ပလလေ မသောင်းကြမ်းဘဲ တစုံတခုသော အကြောင်းကြောင့် နှလုံးသွေး ဖောက်ပြန်၍ ရူးလျှင် သွေးရူးဟု ခေါ်၏၊ နှလုံးသွေးခဲလွန်းလျှင် လည်း စိတ်နုန့်၏၊ မော၏၊ မေ့၏၊ သေ၏။ နှလုံးသွေး ပူလွန်းလျှင်လည်း စိတ်နုန့်၏၊ မော၏၊ မေ့၏၊ သေ၏။ နှလုံသွေး အေးလွန်းလျှင်လည်း ပြစ်ချွဲသွားသဖြင့် စိတ်နုန့်၏၊ မော၏၊ မေ့၏၊ သေ၏။

ဆေးခြောက် ဘိန်းအစရှိသော မူးယစ်သော အာဟာရကို မျိုးလျှင်လည်း နှလုံးသွေး ပြစ်ချွဲ ထိုင်းမှိုင်းသဖြင့် စိတ်နုန့်၏၊ မော၏၊ မေ့၏၊ သေ၏။ တမာရွက် ပဲငပိ အစရှိသော သွေးတက် စာကို မျိုလျှင်လည်း နှလုံးသွေးသည် ပြစ်ချွဲ ထိုင်းမှိုင်း၏။ ဗဟိုသွေးကြောမှ ဖြာထွက်၍ မျက်စိအတွင်း ပြန့်နှံ့၍နေသော သွေးတို့လည်း ပြစ်ချွဲ၏။ ကုတ်ဖေး ထိုင်းမှိုင်း၏။ မျက်လွှာဖွင့်၍ပင် မဖြစ်။

ဤသို့ကုတ်ဖေး ထိုင်းမှိုင်းသော ရုပ်ကို ထိနရုပ် မိဒ္ဓရုပ်ဟု မှတ်အပ်၏။ လေးလံသော ဂရုတာရုပ်၊ ကြမ်းတမ်းသော ခရတာရုပ် ဟူ၍လည်း မှတ်အပ်၏။ (မာဂဓခေါ် ထိန ဗြဟ္မာခေါ် ထိုင်း၊ မာဂဓ ခေါ် မိဒ္ဓ ဗြဟ္မာခေါ် မှိုင်း ဟု ဝေါဟာရ ပညတ်ကိုလည်း ခွဲ၍သိအပ်၏။) ဤသို့ ရုပ် နာမ် နှစ်ပါးစုံ ကုတ်ဖေး ထိုင်းမှိုင်းသဖြင့် ဘဝင်ကျ၍ မေ့၏။ စိုးရိမ်ပူပန်သော အမျက်ထွက်သော ဒေါသကား ရုပ်ပူကိုဖြစ်စေတတ်၏။ ကြောက်ရွံ့ထိတ်လန့်သော ဒေါသကား ရုပ်အေးကိုဖြစ်စေတတ်၏။

တစုံတခုသော ထိတ်လန့်ဖွယ်ကြောင့် ကြောက်ရွံ့ ထိတ်လန့်လျှင် တကိုယ်လုံး ရုပ်တွေအေး၍ နှလုံးသွေးလည်း အေး၍ ပြစ်ချွဲ၍သွားသဖြင့် စိတ်နုန့်၏၊ မော၏၊ မေ့၏။ ပြစ်ချွဲလွန်းလျှင် သေ၏။ ဤသို့ မော၍, မေ့၍နေသည်ကို “ဆမ္ဘိတတ္တံ” ကိုယ်ခက်တရော်ရှိသည်ဟု ခေါ်၏။ အပမှီသည် ဟူ၍လည်း ခေါ်ကြ၏။

သူရဲ သံဘက်, ဘီလူးကြီးတို့လည်း လူကိုစားလိုလျှင် ရှေးဦးစွာ ကြောက်မက် ဖွယ်သော အဆင်းအသံ စသည်ကိုပြ၍ နှလုံးသွေးကို ဖောက်ပြန်စေပြီးလျှင် စိတ်နုန့်၍ မေ့လျော့အောင် လုပ်၏။ ထိုသို့ ဘဝင်ကျ၍ မေ့လျက် သတိမရ ပါးစပ် ဟောင်းလောင်း နေသောအခါ ပါးစပ်ပေါက်မှ လက်ဖြင့်နှိုက်၍ နှလုံးဗူးကိုပိတ်၍- သတ်၏၊ သေလျှင် စား၏၊ နှလုံးဗူးကို မပိတ်ဘဲ သွေးခဲရုံ နှင့်လည်း သေတတ်၏။

၇။ ယကနံ

ယကနံ ခေါ်သော အသည်းသည်ကား သားမြတ်နှစ်ခုကြား တဲ့တဲ့ လောက်က အညှာပေါက်၍ အူမ အစာသစ်အိမ်ပေါ်ကို ရှေ့ကမှီ၍ တည်၏။ အသည်းဖျားကား ချက်အထက် လက်လေးသစ် လောက်သို့ ရောက်၏။ အသည်း အထက်က နှလုံးဖျား တည်း။ နှလုံးနှင့် ကြားမထိကြ။ နှလုံးက အထက် ရင်ခန်းက၊ အသည်းက အောက်ဗိုက်ခန်းကတည်း။ အကြား၌ အခန်းကြား အမှေးလွှာ ကန့်ခြားလျက်နေ၏။

ထိုအသည်း၏ အဆင်းကား နီရင့်ရင့် နီမှိုင်းမှိုင်းနေ၏။ ကောင်းစွာ မှည့်သော ဇီးသီးခြောက် အဆင်းနှင့် တူ၏။ အသွင် သဏ္ဌာန်ကား အရင်းအညှာသီး၌ ခပ်ထူထူ ခပ်စုစု၊ အဖျား၌ ခပ်ပါးပါး ခပ်ပြန့်ပြန့်နေ၏။ ထောင့်အစွန်းတို့ နေပုံကား ကသစ်ရွက်နှင့် တူ၏။ အပိုင်းအခြား ပရိစ္ဆေဒကိုကား အသည်း၏ ထက်ဝန်းကျင် အဆုံးစွန်ဖြင့် ပိုင်းခြားအပ်၏။

ထိုအသည်းသည် ဉာဏ်ပညာ ကြီးသောသူမှာ ငယ်ငယ်ပါးပါး နှစ်ခု သုံးခု ရှိ၏ဉာဏ်ပညာ နုန့်သောသူမှာ ကြီးကြီးတခုတည်းသာ ရှိ၏။ အဆုတ်ငယ်၍ အသည်း ကြီးသောသူမှာ ဗိုက်ဝ ကျယ်၏၊ နံကား၏၊ အထက်ရင်၀ စု၏။ အသည်းငယ်၍ အဆုတ်ကြီးသော သူမှာကား အထက်ရင်ဝ ပြန့်ကျယ်၏၊ အောက်နံစု၍ ခါးဗိုက် သေးငယ်၏။

ထိုအဆုတ်သား ကြီးလျှင် ရေငတ်ခဲ၏၊ ခံတွင်း နှာခေါင်း လေလည်းသန်၏။ နှလုံးသားကို နံဘေးက ကြပ်တည်းစွာ ဖုံးဖိ ရံညှပ်၍ နေသဖြင့် နှလုံးသား ကြပ်တည်းစွာ အားရှိ၍ နှလုံးတုန်ခဲ ခုန်ခဲ၏၊ မောခဲ၏၊ အားခွန်ဗလကောင်း၏။ ကြက်ငှက်စသော အချို့တိရစ္ဆာန်တို့မှာကား အသည်း နှင့် နှလုံး တခန်းတည်းသာ နှလုံးကို အသည်းတွေ ဖုံးဖိ၍နေ၏။ ထိုကဲ့သို့သော သတ္တဝါတို့၌ကား အသည်း ကြီးလျှင် နှလုံးသား ကြပ်တည်းစွာ အားရှိသဖြင့် နှလုံးတုန်ခဲ ခုန်ခဲ၏၊ မောခဲ၏၊ အားခွန်ဗလ ကောင်း၏။

၈-၉။ ဥဒရိယံနှင့် ကရီသံ

ဥဒရိယံ ခေါ်သော အစာသစ်၊ ကရီသံ ခေါ်သော အစာဟောင်းတို့ ဟူသည်ကား လည်မျို အူပြွန်တံ အစမှစ၍ ဘင်ဝဆုံးသည်တိုင်အောင် ဤအူ၏ အတွင်း၌ တည်သော မျိုမျိုသမျှသော အစာ အာဟာရတို့တည်း။

လျှာခင်၏ အတွင်းဘက် ဂလနာဠိက ဖြစ်သော အူပြွန်တံသို့မရောက်ခင် ခံတွင်း ၌ရှိသော အစာ အာဟာရကိုကား အဇ္ဈတ္တသို့ပင် ရောက်သော်လည်း ဥဒရသို့ အပါအဝင် ပြွန်တံသို့ မရောက်သေး သဖြင့် ဥဒရိယ ဟူသော အမည်ကိုလည်း၊ မရသေး ဆွမ်း ထမင်းဟူသော အမည်ကိုလည်း မစွန့်သေးသည်ဖြစ်၍ ဗာဟိရဓာတ်၌ သင်္ဂြိုဟ်ရေတွက်အပ်၏။

အူပြွန်တံအဆုံး ဘင်ဝမှ ထွက်ပြီး လွတ်ပြီးသော အစာဟောင်းကိုလည်း ကရီသံ ဟူသော အမည်ကိုပင် ရငြားသော်လည်း အဇ္ဈတ္တဓာတ် မဟုတ်ပြီ၊ ဗာဟိရဓာတ် ဟူ၍ မှတ်အပ်၏။ ဤအူတွင်း၌ တည်သော အစာတို့တွင် လည်မျို အူပြွန်တံ အစ မှသည် အစာသစ်အိမ်အောက် အူပြွန်တံ ဆယ်ခေါက်လောက် ကျအောင် ဤအတွင်း၌ တည်သောအစာကို အစာသစ် ဟူ၍ ပိုင်းခြား မှတ်သားအပ်၏။ သည့်အောက် အူဆဲ့တခေါက် အစာဟောင်းအိတ် ဘင်ဝဆုံးသည်တိုင်အောင် ဤအတွင်း၌ တည်သော အစာကို အစာဟောင်း ဟူ၍ ပိုင်းခြား မှတ်သားအပ်၏။

ဤအစာသစ် အစာဟောင်းတို့၏ အဆင်းကိုကား မျိုအပ်သော အစာတို့၏ အရောရော နေပုံအဆင်း ဗာဟိရသို့ ထွက်လာသော အစာဟောင်း၏ အဆင်း ဤအဆင်းနှစ်ပါးကို ထောက်၍ အဆင့်ဆင့် ဖြစ်၍ သွားပုံကိုသိ၊ သဏ္ဌာန်ကို လည်း အူနေပုံကို ထောက်၍သိ၊ အပိုင်းအခြားကိုလည်း ထက်ဝန်းကျင်မှ အူဖြင့် ပိုင်းခြားအပ်၏။

၁၀။ မတ္ထလုင်္ဂံ

မတ္ထလုင်္ဂံ ခေါ်သော ဦးနှောက် ဟူသည်ကား ဦးခေါင်းဗူးတွင်း၌ တည်သော ခြင်ဆီတည်း။ ဦးခေါင်းခွံလွှာထဲ၌ ခြင်ဆီမရှိ။ ဤဦးနှောက်သည် ပင်လျှင် ခေါင်းခွံရိုး၏ ခြင်ဆီပင်တည်း၊ ကျောရိုး ခြင်ဆီတောင့် နှင့်လည်း တဆက်တည်းစပ်၍ နေ၏။ အရင်း အဖျားမျှသာ ကွဲ၏။

ဤခေါင်းခွံရိုး ခြင်ဆီသည်လည်း “သွားရိုးသည် ထင်ရှားသဖြင့် ကောဋ္ဌာသ အသီးအခြားဖြစ်ဘိ သကဲ့သို့” ထင်ရှားသောကြောင့် ဦးနှောက်ဟူသော အမည်ဖြင့် အသီးအခြား ကောဋ္ဌာသတခု ဖြစ်၏

ဤဦးနှောက်သည် ပင့်ကူမှေးအတူ ဖြူချောပါးလှပ်သော အမှေးလွှာဖြင့် ထုပ်လျက် ဦးခေါင်းဗူး အတွင်း အပြည့်တည်၏။ နွားကျွဲစသော တိရစ္ဆာန်တို့၏ ဦးခေါင်းဗူးမှာ အရိုး အကန့် အခြား ရှိ၏။ လူတို့၏ ဦးခေါင်းဗူး မှာကား အရိုး အကန့်အခြား မရှိပြီ။ ဗူးသီးခေါင်းကဲ့သို့ အခေါင်း တခုတည်း သာတည်း။ ဤဦးနှောက်၏ အဆင်းကား ဖြူ၏။ နွားနို့ ဒိန်ခဲနှင့် အဆင်းတူ၏။ သဏ္ဌာန်ကိုကား ဦးခေါင်းဗူးကို ထောက်၍သိ။ အပိုင်းအခြားကိုကား ထက်ဝန်းကျင်မှ အမှေးလွှာဖြင့် အောက် အလယ်တစိတ်မှ ခြင်ဆီတောင့်ဖြင့်ပိုင်းခြားအပ်၏။

၁၁။ ကိလောမကံ

ဤသို့ ဆိုအပ်ခဲ့ပြီးသော ဝတ္ထုတခုနှင့် တခုကို စပ်တွယ်သော အရွတ်မှေး၊ အရေအတွင်း အသားလွှမ်းမှေး၊ ဝမ်းခေါင်းတွင်း နံရံမှေး၊ အထက် အောက် အခန်း ခြားမှေး၊ ဦးနှောက်ထုပ်မှေး၊ နှလုံးထုပ်မှေး၊ ဤ အလုံးစုံ သော အမှေးတို့ကို မာဂဓမှာ ကိလောမကံ ဟု ခေါ်သည်။ ဗဟ္မာမှာ အမှေးဟူ၍ ခေါ်သည်။ ဤအမှေးတို့၏ အဆင်းသဏ္ဌာန် တည်ရာဌာနတို့ကိုကား ပြဆိုခဲ့ပြီ။ အပိုင်းအခြားလည်း ထင်ရှားပြီ။

ပြင် ကောဋ္ဌာသ ကိုးပါး၊
အတွင်း ကောဋ္ဌာသ ဆယ်ပါး၊
ပေါင်း အဇ္ဈတ္တ မြေဓာတ်နှစ်ဆယ် ပြည့်စုံပြီ။

ယေဝါပနက ပထဝီဓာတ်တို့ကို ပြခြင်း

နှစ်ဆယ်သော မြေဓာတ်မှတပါး မြေဓာတ်တချို့လည်း ရှိသေး၏။ ဘယ်သင်းများနည်း ဆိုသော်- ဥဏ္ဍုကံကျောက်ကပ်။၁။
ဗီဇံဝှေးစေ့၊ ကပ္ပယ်စေ့။ ၂။
ဤသို့ အစရှိသည်တို့တည်း။

ဤနှစ်ပါးတို့တွင် ကျောက်ကပ်သား နှစ်ခု ရှိ၏။ နံရိုးတိုအောက် အတက်ရှည် ပေါက်သော ကျောရိုးငါးဆစ် အတွင်း ကျောရိုးတံကို ဝဲယာညှပ်လျက် ကျောကိုကပ်၍ တည်၏။ ထို့ကြောင့် ကျောက်ကပ်ဟု ခေါ်၏။ အဆင်းကား အသည်းအဆင်းနှင့် တူ၏။ သဏ္ဌာန်ကား သရက်သီးနှင့် တူ၏။ အပိုင်းအခြားကိုကား ကျောက်ကပ်၏ ထက်ဝန်းကျင် အဆုံးစွန်ဖြင့် ပိုင်းခြားအပ်၏။ ပိုင်းခြားအပ်၏။ ၁။

ဝှေးစေ့ နှစ်ခု၏အဆင်းကား ဖြူဖြော့ဖြော့ နေ၏။ ကြက်မဝမ်းတွင်းရှိ ဥငယ် ခပ်ကြီးကြီး အဆင်းနှင့် တူ၏၊ သဏ္ဌာန် တည်ရာဌာန အပိုင်းအခြားတို့ကား ထင်ရှားပြီ။ ၂။

ယေဝါပနက မြေဓာတ် ပြီး၏။

ဤတွင် မြေဓာတ်အကျယ် ခွဲခြားဝေဖန်၍ ပြီး၏

ပထဝီဓာတ် ၂၀-ကို ဝိပဿနာရှုပုံကို ပြခြင်း

တပည့်တို့ - ဤယေဝါပနက မြေဓာတ်တို့ကိုလည်း သိမှတ်ကြ၍ ယခုဆရာ ပြဆိုခဲ့ပြီးသော နှစ်ဆယ်သော မြေဓာတ်တို့ကို ဆံပင်ကစ၍ ဦးနှောက်ကျအောင် အစဉ်အတိုင်း မရပ်မဆိုင်း အနုလုံ၊ တဖန်ဦးနှောက်မှစ၍ ဆံပင်ကျအောင် နောက်ပြန်အစဉ်အတိုင်း မရပ်မဆိုင်း ပဋိလုံ။ ဤသို့ အနုလုံ, ပဋိလုံအားဖြင့် မရပ်မဆိုင်း အပြေးစိုင်း နှုတ်တက်ရအောင် ရှေးဦးစွာ ကျက်ကြ သရဇ္ဈာယ်ကြ။

အကြင်မျှလောက် နှုတ်တက် အပြေးစိုင်းနိုင်အောင် မရသေး, မကျေပြွန်သေး၊ ထိုမျှလောက် နှုတ်ဖြင့် ရွတ်အံ, သရဇ္ဈာယ်ကြ၍ ဤသို့ရွတ်အံ သရဇ္ဈာယ်၍ နှုတ်တက် အပြေးစိုင်းနိုင်အောင် ကြေပြွန်စွာ ရပြီးလျှင် ယခု ဆရာ ပြဆိုခဲ့ပြီးသော အတိုင်း ထိုနှစ်ဆယ်သော မြေဓာတ်တို့၏ အဆင်း သဏ္ဌာန် တည်ရာဌာန အပိုင်းအခြား ပရိစ္ဆေဒတို့ကို ကောင်းမွန်စွာ သညာဖြင့် မှတ်၍ ဝိညာဏ်နှင့်သိ၍ ထိုသိသောအတိုင်း မှတ်မိသောအတိုင်း နှုတ်ဖြင့်မရွတ် မအံဘဲ စိတ်ထဲတွင်သာ ပညာဖြင့် လင်းလင်း ထင်ထင် မြင်အောင် အစဉ် အတိုင်း အနုလုံ ပဋိလုံအားဖြင့် ကြည့်ကြ ရှုကြ။

ဤသို့ ၁-ရက်လောက် ၂-ရက်လောက် ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀-ရက်လောက် ကြည့်ရှုမိသောအခါ သွားလမ်း လာလမ်း ကြေပြွန်ဖြောင့်တန်း၍ အကြည့်ရှုလွယ်၍ လာလိမ့်မည်။ တနေ့ထက် တနေ့လည်း နဲနဲ နဲနဲ တိုး၍, တိုး၍ မြင်၍လာလိမ့်မည်။

တပည့်တို့ - ဤကဲ့သို့ အနဲဆုံး တရက်, အများဆုံး ဆယ်ရက်လောက် သာမည အားဖြင့် ကြည့်ရှု ရမည်။ ဤသို့ သာမညအားဖြင့် ကြည့်ရှုပြီး၍ အဆင်း သဏ္ဌာန် တည်ရာဌာန အပိုင်းအခြားနှင့်တကွ ထို အတွင်းမြေဓာတ်တို့ အတော်မှုံမှုံထင်၍ လာသောအခါမှ ဤသို့ ဝိသေသအားဖြင့် ဆင်ခြင်ရမည်။

ဉာဏ်တည်းဟူသော လက်ဖြင့် တော်ရာ သင်းချိုင်းပုံပေါ်က ပြင်ဘက် မြေကြီးခဲကို ယူ၍ ဆံပင် တည်းဟူသော အတွင်းမြေဓာတ်ကိုလည်း ယူ၍ လက်ဝါးပေါ်၌ အဇ္ဈတ္တ ဗာဟိရ ဓာတ်နှစ်ပါးယှဉ်၍ ထားပြီးလျှင် ဤမြေကြီးခဲသည် ငါမဟုတ် ငါ့ဥစ္စာလည်း မဟုတ်၊ ခက်မာခြင်းသဘောဖြစ်သော မြေဓာတ်ပင်တည်း။ ဤမြေကြီးခဲအတူ ဤဆံပင်သည်လည်း ငါမဟုတ်, ငါ့ဥစ္စာလည်းမဟုတ်၊ ခက်မာခြင်းသဘောဖြစ်သော မြေဓာတ်ပင်တည်း။ ဤဆံပင်နှင့် ဤမြေကြီး ခဲနှစ်ပါးလုံးသည် ငါမဟုတ်, ငါ့ဥစ္စာလည်းမဟုတ်၊ ခက်မာခြင်း သဘောဖြစ်သော မြေဓာတ်ပင်တည်း၊ ဘာမျှ မထူးကြပြီ၊ မြေဓာတ်ချင်း အတူတူပင် တည်းဟု ဆံပင်နှင့် မြေကြီးခဲကို တထပ်တည်းတူအောင် မြင်အောင် ကြည့်ရှု ဆင်ခြင်ရမည်

ဤနည်းတူ အမွေး, လက်သည်း, ခြေသည်း, သွား, အရေ, အသား, အကြော, အရိုး, ခြင်ဆီ, အညှို့, နှလုံးအစရှိသော ကြွင်းသော အတွင်းမြေ ဓာတ်စုကိုလည်း တခုချင်း တခုချင်း ခွဲ၍ ခွဲ၍ ပြင်ဘက်မြေဓာတ်နှင့် ယှဉ်၍ ယှဉ်၍ အတွင်းပြင် မခြားမနား တစားတည်း တထပ်တည်း တူအောင် မြင်အောင် ကြည့်ရှုဆင်ခြင်ရမည်၊ အနုလုံ ပဋိလုံ အပြန်အလှန် အဖန်ဖန် အထပ်ထပ် ကြည့်ရှုဆင်ခြင်ရမည်။

ယေဝါပနက မြေဓာတ်တို့ကိုပါကြည့်။ မကျန်စေနှင့်။ ရံခါ ရံခါ ဤအတွင်း မြေဓာတ်တွေကို ဉာဏ်တည်းဟူသော ဓားဖြင့် ဖြတ်၍ ဖြတ်၍ အရပ်ရှစ်မျက်နှာ၌ တကွဲစီ တခြားစီ ထားပြီးကြည့် ရံခါ ရံခါ တပေါင်းတည်း စုပုံထားပြီးကြည့်။

ပြင်ဘက် မြေဓာတ်ကိုလည်း မြေကြီးခဲသာ မဟုတ်၊ ဤသင်းချိုင်းပုံပေါ်၌ရှိသော မြက်ပင်တွေ မြေမှိုက်တွေ တုတ်ခနောင်းတွေ တောထဲမှာရှိသော မြေကြီးခဲတွေ ရွှံ့ခဲတွေ ကျောက်ခဲတွေ ထင်းချောင်းတွေ, အမှိုက်တွေကိုပါ ယူ၍ ဤအတွင်း မြေဓာတ်တွေနှင့် တခုချင်း တခုချင်း ယှဉ်၍ကြည့်။

တပည့်တို့ - ဤသို့ ကြည့်ရှုဆင်ခြင်ဖန် များသောအခါ သင် တပည့်တို့၏ စိတ်ထဲ ဉာဏ်ထဲမှာ အတွင်းမြေဓာတ်နှင့် ပြင်ဘက် မြေဓာတ်သည် ဓာတ်အနေ အားဖြင့် အတွင်းပြင် မခြားမနား တစားတည်း တထပ်ထည်းတူအောင် ထင်မြင်၍ လာလိမ့်မည်

ထိုသို့ ထပ်တူ ထင်မြင်၍လာသောအခါ မြေကြီးခဲ, ရွှံ့ခဲ မြက်မှိုက်, ထင်းချောင်း အစရှိသော ပြင်ဘက် မြေဓာတ်ကို ဤမြေကြီးခဲသည် ငါဘဲ, ဤရွှံ့ခဲသည် ငါဘဲ, ဤမြက်မှိုက်သည် ငါဘဲ, ဤထင်းချောင်း သည် ငါဘဲဟု မှတ်ထင်စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘိသကဲ့သို့ ဆံပင်, အမွေး, လက်သည်း, ခြေသည်း,သွား, အရေ, အသား အကြော, အရိုး, ခြင်ဆီ, အညှို့ နှလုံး အစရှိသော ဤအတွင်း မြေဓာတ်ကိုလည်း “ဤဆံပင်သည် ငါဘဲ, ဤ အမွေးသည် ငါဘဲ, ဤလက်သည်း ခြေသည်းသည် ငါဘဲ, ဤသွား, အရေ, အသား, အကြော, အရိုး, ခြင်ဆီ, အညှို့, နှလုံးအစ ရှိသည်လည်း ငါဘဲ”ဟု မှတ်ထင်စွဲလမ်းခြင်းငှါ မဖြစ်နိုင်လတ္တံ့

တပည့်တို့ - ဤကဲ့သို့ ငါဟု မှတ်ထင်စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘဲ ငါဟုမှတ်ထင် စွဲလမ်းခြင်း ကင်းသောအခါ ဤသင်းချိုင်းပုံပေါ် တောထဲ တောင်ထဲ၌ရှိသော မြေကြီးခဲတွေ မြက်မှိုက် ထင်းချောင်း တုတ်ခနောင်းတွေကို အရပ်သားတွေ လာ၍ သွား၍ တူးရွင်းနှင့် တူးသူကတူး၊ ဓားနှင့်ခုတ်သူကခုတ်၊ တုတ်နှင့်ရိုက် သူကရိုက်၊ မီးနှင့် တိုက်သူကတိုက်၊ သူတို့အလိုရှိတိုင်း လုပ်ကြငြားသော်လည်း သင် တပည့်တို့က ဟယ် ငါတို့ကို လူတွေ တူးရွှင်းနှင့် တူးကုန်ပါပြီ၊ငါတို့ကို လူတွေ ဓားနှင့် ခုတ်ကုန်ပါပြီ၊ ငါတို့ကို လူတွေတုတ်နှင့် ရိုက်ကုန်ပါပြီ၊ ငါတို့ကို လူတွေ မီးနှင့်တိုက်ကုန်ပါပြီ၊ ငါတို့ကို လူတွေ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည်တမ်း ပြောဆိုခြင်းငှါ မှတ်ထင်အောက်မေ့ခြင်းငှါ မဖြစ်နိုင်ဘိသကဲ့သို့ --

ဤဆံပင်, အမွေး, လက်သည်း ခြေသည်း, သွား, အရေ, အသား, အကြော, အရိုးအစ ရှိသော အတွင်း မြေဓာတ်တို့ကိုလည်း အရပ်သားတွေလာ၍ လှံနှင့် ထိုးသူက ထိုး၊ ဓားနှင့် ခုတ်သူကခုတ်၊ တုတ်နှင့် ရိုက်သူကရိုက်၊ မီးနှင့် တိုက်သူကတိုက်၊ သူတို့ အလိုရှိတိုင်း လုပ်ကြငြားသော်လည်း သင် တပည့်တို့က ဟယ်-ငါတို့ကို လူတွေလှံနှင့် ထိုးကုန်ပါပြီ၊ ငါတို့ကိုလူတွေ ဓားနှင့် ခုတ်ကုန်ပါပြီ၊ ငါတို့ကို လူတွေ တုတ်နှင့် ရိုက်ကုန်ပါပြီ၊ ငါတို့ကို လူတွေ မီးနှင့်တိုက်ကုန်ပါပြီ၊ ငါတို့ကို လူတွေ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည်တမ်းပြောဆိုခြင်းငှါ မှတ်ထင် အောက်မေ့ခြင်းငှါ မဖြစ်နိုင်လတ္တံ့

တပည့်တို့ - သင်တပည့်တို့သည် ဤပြင်ဘက် မြေဓာတ်ကို၎င်း၊ ဤအတွင်း မြေဓာတ်ကို၎င်း အတူတူ မြေဓာတ်ပင်တည်း၊ ငါမဟုတ်ပြီဟု လင်းလင်းထင်ထင် သိမြင်၍ ငါဟု မှတ်ထင်စွဲလမ်းခြင်း ကင်းသောအခါ ထိုမြေဓာတ်တို့ကို ငါဟူသော ကိုယ်အနေနှင့်၎င်း၊ ငါ့ဟာဟူသော ကိုယ့်ဥစ္စာ အနေနှင့်၎င်း ချစ်ခင်တပ်မက်ခြင်း လည်း ကင်းကြကုန်လတ္တံ့

ဤသို့သော အကြောင်းကိုစွဲ၍ “နေသော ဟမသ္မိ နေတံ မေ၊ ဧဝံ တတ္ထ ဝိရဇ္ဇတိ” ဟူ၍ ဥဒ္ဒေသဝါရ၌ ဆရာဟောကြားပေ၏။

အနုသာသနီ ပါဌ်အနက်

ဟတ္ထတ္တလေ ထပေတွာန၊ ပေက္ခိယ ဉာဏစက္ခုနာ။
ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ ပထဝိံ ဝေါ ဝိရဇ္ဇထ။

သေက္ချဘာသိတ ဂါထာ။

ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဝေါ၊ သင်တပည့်တို့သည်။
ဟတ္ထတ္တလေ၊ လက်ဝါးပြင်၌။
ဝါ၊ ဟတ္ထပါသ်အတွင်း ရှေ့မျက်နှာစာပြင်၌။
ထပေတွာန၊ ဉာဏ်တည်းဟူသောလက်ဖြင့် မြေဓာတ် နှစ်ပါးကို ဆောင်ယူ ယှဉ်ထား၍။
ဣဒံ၊ ဆံပင်, အမွေး, လက်သည်း, ခြေသည်း, အစရှိသော ဤအတွင်း မြေဓာတ်သည်လည်း။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ၊ မြေကြီးခဲ, ရွှံ့ခဲ အစရှိသော ထိုပြင်ဘက်မြေဓာတ်သည်၊
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲကလား။
ဧတံ၊ မြေကြီးခဲ ရွှံ့ခဲစသော ထိုပြင်ဘက် မြေဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်သကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ၊ ဆံပင်, အမွေး, လက်သည်း၊ ခြေသည်း၊ သွား၊ အရေ၊ အသား၊ အစရှိသော ဤအတွင်း မြေ ဓာတ်သည်လည်း။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲကလား။
ဣတိ၊ ဤသို့။
ဉာဏစက္ခုနာ၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။
ပေက္ခိယ၊ ပြူးပြူး စိစိ မြင်အောင် ကြည့်၍။
အဇ္ဈတ္တဉ္စ ပထဝိံ၊ အတွင်းမြေဓာတ်၌၎င်း။
ဗဟိဒ္ဓါစ ပထဝိံ၊ ပြင်ဘက်မြေဓာတ်၌၎င်း။
ဝိရဇ္ဇထစွဲလမ်းမှတ်ထင် ချစ်ခင်တပ်မက်ခြင်း ကင်းကြကုန်လော့။ ၈။

ဣတိ ဆ ဓာတုဝိဘင်္ဂေ ပထဝီဓာတုပဗ္ဗံ။

ဣတိ၊ ဤသည်ကား။
ဆဓာတုဝိဘင်္ဂေ၊ သေက္ချဘာသိတ ဆဓာတုဝိဘင်္ဂ ဓာတ်ကမ္မဋ္ဌာန်း၌။
ပထဝီဓာတုပဗ္ဗံ၊ မြေဓာတ်ကို ဝေဖန်ကြည့်ရှုပုံ အပိုင်းတည်း။

အာပေါဓာတ်ကို ပြခြင်း

တပည့်တို့ - ဤဓာတ် ခြောက်ပါးတို့တွင် အာပေါဟု မာဂဓတို့ ခေါ်သော ရေဓာတ်သည်လည်း ဗာဟိရ ပြင်ဘက်ရေဓာတ်, အဇ္ဈတ္တ အတွင်းရေဓာတ်ဟု နှစ်ပါးရှိသည်။

ထိုနှစ်ပါးတို့တွင် အသက်ဝိညာဏ်ရှိသော သတ္တဝါ သန္တာန်မှ အပဖြစ်သော ဗဟိဒ္ဓ သန္တာန်၌ ကမ္ဘာဖျက်, မဟာသမုဒ္ဒရာရေ, အိုင်ရေ မြစ် ချောင်းရေ မြောင်းရေ, ကောင်းကင်က ကျသောရေ အစရှိသော ရေ, မျက်စိဖြင့် မြင်ကောင်းသော အလုံးစုံသော ပေါင်းဖွဲ့ ယိုစီးခြင်း သဘော ဖြစ်သော အရည်တွေ ဟူသမျှကို ဗာဟိရ ပြင်ဘက် ရေဓာတ်ဟု ခေါ်သည်။ ပြင်ဘက် ရေဓာတ်ဟု မှတ်ကြ။

အာပေါဓာတ် ၁၂-ပါးကို အကျဉ်းသရုပ် ထုတ်ပြခြင်း

အသက် ဝိညာဏ် ရှိသော သတ္တဝါသန္တာန်၌- “သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်, ဆီကြည်, တံထွေး, နှပ်, အစေး, ကျင်ငယ်

ကျင်ငယ်, အစေး, နှပ်, တံထွေး, ဆီကြည်, မျက်ရည်, အဆီခဲ, ချွေး, သွေး, ပြည်, သလိပ်, သည်းခြေ, ဤတဆဲ့နှစ်ပါးသော ပေါင်းဖွဲ့ယိုစီးခြင်း သဘော ဖြစ်သော အရည်တွေကို အဇ္ဈတ္တ အတွင်း ရေဓာတ်ဟု ခေါ်သည်။ အတွင်းရေ ဓာတ်ဟု မှတ်ကြ။

💧 အာပေါဓာတ်တို့ကို အကျယ်ဖွင့်ပြခြင်း

တပည့်တို့- ဤတဆဲ့နှစ်ပါးသော အတွင်းရေဓာတ်တို့၏ -

အဆင်း။ ၁။
သဏ္ဌာန်။ ၂။
တည်ရာဌာန။ ၃။
တခုနှင့်တခု မရောယှက်သော အပိုင်း အခြားပရိစ္ဆေဒ။ ၄။

ဤလေးပါးတို့ကို ရှေးဦးစွာ ဤသို့မှတ်ကြ သိကြကုန်။

၁၀။ ပိတ္တံ ဟု မာဂဓတို့ခေါ်သော သည်းခြေသည်ကား သည်းခြေအိမ်တွင်း၌ တည်သော သည်းခြေ၊ သည်းခြေအိမ်မှအပ သွေးရှိရာ တကိုယ်လုံး၌ စိုစိမ့်ပြန့် နှံ့၍တည်သော သည်းခြေဟု နှစ်ပါးရှိ၏။

သည်းခြေအိပ်ကား အသည်း၎င်း အသည်းညှာမှ အကြောညှာ ထွက်ပြီးလျှင် အစာသစ်အိမ်နှင့် အသည်းအကြား၌ အသည်းကိုပင် တွယ်ကပ်လျက် အောက်သို့ တွဲလျားကျ၍ တည်၏။ အရှည် ပမာဏ လက်လေးသစ်လောက် ရှိ၏။

ဤသည်းခြေအိမ်တွင်း၌ တည်သော သည်းခြေကို အအိမ်ဖြင့် ဖွဲ့၍ နေသောကြောင့် ဗဒ္ဓသည်းခြေဟု ခေါ်သည်။ တကိုယ်လုံး စိုစိမ့်ပြန့်နှံ့၍ တည်သော သည်းခြေကို အအိမ်ဖြင့် ဖွဲ့၍မနေသော ကြောင့် အဗဒ္ဓသည်းခြေဟု ခေါ်သည်။

ထိုနှစ်ပါးသော သည်းခြေ၏ အဆင်းကား ညှိစိမ်းစိမ်းနေ၏။ ခပ်စိမ်းစိမ်းနေသော ရေနံအဆင်း ရေနံခဲအဆင်းများ နှင့် တူ၏။ အရသာလည်း အလွန်ခါး၏။

ဗဒ္ဓသည်းခြေ၏ သဏ္ဌာန်ကား အအိမ်နှင့်တကွ ရှည်လျားလျား သပွတ်ခါးသီး သဏ္ဌာန်နှင့် တူ၏။ အပိုင်းအခြားလည်း ထက်ဝန်းကျင်မှ အအိမ်ဖြင့် ပိုင်းခြားအပ်၏။

အဗဒ္ဓ သည်းခြေကိုကား သဏ္ဌာန် မရကောင်းပြီ၊ မျက်စိနှင့်လည်း ထင်ထင် ရှားရှား မြင်ကောင်း တော့သည်မဟုတ်၊ ဉာဏ်နှင့်သာ သိရတော့သည် ဖြစ်၍ မျက်စိဖြင့် ကြည့်၍ မှတ်သား၍ စီးဖြန်း ပွားများအပ်သော ဤဓာတ်ကမ္မဋ္ဌာန်း အရာ၌၎င်း၊ ကာယဂတာသတိ ကမ္မဋ္ဌာန်းအရာ၌၎င်း၊ အလို မရှိအပ်။

(သဏ္ဌာန် မရကောင်းသော မျက်စိနှင့် မမြင်ကောင်းသော ပထဝီဓာတ်, အာပေါဓာတ် အလုံးစုံကို ဤနည်း အတူချည်းမှတ်။)

ထိုနှစ်ပါးသော သည်းခြေတို့တွင် အဗဒ္ဓ သည်းခြေ ဖောက်ပြန် ပျက်စီးလျှင် ကိုယ်၌ ယားယံခြင်း ဖြစ်၏၊ ယားဖူးပေါက်၏။ ခေါင်းတုန် လည်တုန် ဖြစ်၏။ မျက်စိ ဝါ၏။ မျက်လုံး လည်၏။

ဗဒ္ဓသည်းခြေအိတ် ပေါက်ကွဲပျက်စီးလျှင် အလွန်ခါးသော သည်းခြေရည်တွေ နှလုံး ဗူးသွေးထဲသို့ ဝင်သဖြင့် စိတ်ဖောက်ပြန်လျက် သွက်သွက် ခါအောင် ရူးသွပ် ၏။ ဆေးကု၍ မရပြီ။ ဤသို့ ရူးသည်ကို သည်းခြေရူးဟု ခေါ်၏။

၂။ သေမှံ ဟု ခေါ်သော သလိပ်သည်ကား များသောအားဖြင့် အစာသစ် အိမ်အထက် သလိပ် ၊ အိမ်တွင်း၌ တည်၏။ တနည်းအားဖြင့်ကား လျှာခင် အောက် အူပြွန်တံ အစမှစ၍ ဘင်ဝဆုံးသည် တိုင်အောင် အူတလျှောက်လုံး၌ပင် တည်၏။ ထိုအထက် အနည်းဆုံးအားဖြင့် အဗဒ္ဓသည်းခြေ ကဲ့သို့ရှိရာ တကိုယ်လုံး၌ပင် စိုစိမ့်ပြန့်နှံ့၍တည်၏။

သလိပ်အိမ် နေပုံကို အောက်အူအခန်းက ဆိုခဲ့ပြီ။ ဤသလိပ်အိမ်တွင်းရှိ သလိပ်သည် အူကို စေးကပ် ဖွဲ့တွယ်လျက် အစာသစ်တွေ အပေါ်ကို လွှမ်းမိုးယှက်ဖြာ၍ တည်၏။ အချင့်ပမာဏကား တဆုပ် နှစ်ဆုပ် လောက်ရှိ၏။ အပြစ်အကျဲ ပမာဏကား ခွဲခန်းလောက်ပြစ်၏ ကျဲ၏၊ ရံခါလည်း ကျဲလွန်း၏။ ရံခါလည်းပြစ်လွန်း၏။

ရေအပေါ် မှော်အပြင်ထဲသို့ကျလျှင် မှော်တို့သည် နှစ်ဖြာကွဲ၍ တဖန်စေ့မြဲတိုင်း စေ့ပြန်ဘိသကဲ့သို့ ထမင်းဟင်းစသော အစာအာဟာရကို မျိုသွင်းလျှင် ထို သလိပ်ရည်တို့သည် နှစ်ဖြာကွဲ၍ တဖန် စေ့မြဲတိုင်း စေ့လျက် ထိုအစာသစ်ကို ဖုံးဖိပိတ်ဆို့လျက် နေပြန်၏။

ထိုသလိပ် ကျဲလွန် လွန်းလျှင်၎င်း၊ နည်းလွန်းလျှင်၎င်း အစာသစ်အိမ်မှ မကောင်းသော အနံ့တို့ အထက်သို့ ဆန်တက်သဖြင့် စက်ဆုပ်ဖွယ်သော ခံတွင်းနံ့ ရှိ၏။

ထို သလိပ် ပြစ်ချွဲလွန်းလျှင်လည်း ဆွမ်းထမင်းတို့ အောက်သို့ဖေါက်၍ မကျနိုင်တဲ့ဘဲ အူပြွန်တံထဲ မှာတင်၍ပြည့်၍နေသဖြင့် ရင်ပြည့်ခြင်း၊ ရင်ကြပ်ခြင်း ဖြစ်၏။ ထို သလိပ် များလွန်းပြန်လျှင်လည်း ထိုအတူ ရင်ပြည့်ခြင်း, ရင်ကြပ်ခြင်းဖြစ်၏။ အထက်သို့လည်း ဆန်တက်၍ ချွဲကြီး၏။

ချွဲခန်းနှင့်သလိပ် အတူတူပင်တည်း။ အရင်းအဖျား နည်းနည်းသာ ကွဲ၏။ သလိပ်၏ အဆင်းကိုလည်း ချွဲခန်းကိုမြင်သဖြင့် သိအပ်၏။ ထိုသလိပ် ဖေါက်ပြန်ပျက်စီး၍ အောက်သို့များစွာ ဆင်းသွားသော်၎င်း၊ အူတလျှောက်လုံးရှိ သလိပ်ဖေါက်ပြန်သော်၎င်း၊ ပိတ်ကိုက်ခြင်းရောဂါဖြစ်၏။

အစာအာဟာရတို့ အူပြွန်တံတွင်းသို့ မကျင်မနာ လျင်မြန်စွာ ချောချောမောမော ဝင်နိုင်ခြင်း, ထွက်နိုင်ခြင်းတို့သည် ထို အူတလျှောက်လုံး အတွင်းသား၌ စွဲကပ်၍ တည်နေသော သလိပ်၏ ကျေးဇူး အာနုဘော်ပေတည်း။ အူတွင်းရှိ နှစ်ပါးသော သလိပ်တို့၏ သဏ္ဌာန်ကိုလည်း သလိပ်၏ တည်ရာ ဩကာသကို ထောက်၍ တည်ပုံအချင်းအရာကို ထောက်၍ သိအပ်၏။ အပိုင်းအခြား ကိုလည်း သူတည်နေရာ မှီနေရာတို့ဖြင့် ပိုင်းခြားအပ်၏။

တကိုယ်လုံး စိုစိမ့်ပြန့်နှံ့ တည်သော အဗဒ္ဓသလိပ်ကိုကား သဏ္ဌာန် မရကောင်းပြီ။ မျက်စိနှင့်လည်း မမြင်ကောင်းပြီ။ အဗဒ္ဓသည်းခြေလျော့၍ ဤအဗဒ္ဓ သလိပ် အားကြီး တိုးပွားသောအခါ ဆံပင်ဖြူ၏။ အမွေးအမှင်ဖြူ၏။ သလိပ်လျော့၍ သည်းခြေ အားကောင်းသောအခါ ဆံပင် မည်းနက်၏။ အမွေး အမှင် မည်းနက်၏။

၃။ ခလုပ်ထိရာ ဆူးငြိရာ အိုင်းအမာဖြစ်ရာ စသည်တို့၌ အဗဒ္ဓသည်းခြေ အဗဒ္ဓ သလိပ် သွေး ဤ သုံးပါးရောလျက် ဖေါက်ပြန်၍ ပုပ်သိုး၍ဖြစ်သော အရည်ကို မာဂဓမှာ ပုဗ္ဗော ဟု ခေါ်သည်။ ဗဟ္မာမှာ ပြည်ဟုခေါ်သည်။

ဤပြည်သည်-အိုင်းအနာ ပေါက်လာ ဖြစ်လာသော အခါ၌သာရှိ၏။ အမြဲရှိ၍ နေသည်မဟုတ်။ ထိုအိုင်းအနာပေါက်ရာ ဖြစ်ရာတို့၌ သွေးများ၍နေလျှင် ထိုအနာ ယင်း၏၊ ကိုက်၏၊ ဖေါက်လျှင် သွေးထွက်၏။ သည်းခြေများ၍နေလျှင် ထိုအနာယား၏၊ ကိုက်၏။ ဖေါက်လျှင် ကြည်ကြည် သနံရည် ထွက်၏။

သလိပ် များလျှင် ထိုအနာမှည့်၏။ ပြည်ဖြစ်၏၊ အေး၏၊ မယား မကိုက်ပြီ။ သလိပ်ကား အေးသော ဓာတ်တည်း။ အနာများပြည်ထည့်စေခြင်းလျှင် သလိပ်စာ ငှက်ပျောသီးစသည်ကို စားရ၏။

ဤပြည်၏ အဆင်းသဏ္ဌာန် စသည်တို့၌လည်း ထင်ရှား သိသာ၏။ မျက်စိနှင့်ပင် မြင်နိုင်၏။ အနာတွင်း၌ တည်နေသောအခါ အနာ ပြင်ဘက်သို့ထွက်၍ အသားအရေမှ မလွတ်သေးခင်အခါကို အဇ္ဈတ္တ၊ လွတ်ပြီးလျှင် ဗာဟိရ ဟုမှတ်။

၄။ လောဟိတံ ခေါ်သော သွေးသည်ကား ဗဟိုသွေးကြောကြီး အတွင်း၌ အကုန်ပြည့်လျက် တကိုယ်လုံးကို လျှောက်သွား ပြန့်နှံ့၍ တည်၏။ ထိုဗဟို သွေးကြော ပြွန်တံကြီးမှ ပြွန်တံငယ် အမြွှာမြွှာ ခွဲထွက်လျက် တကိုယ်လုံးကို ပြန့်နှံ့သည်။ ရေမြောင်းတွင်းကရေသည် ရေမြောင်းနံဘေး ရွှံ့ထဲသို့လည်း စိမ့်ဝင်ပြန့်နှံ့၍ နေဘိသကဲ့သို့ သွေးကြောပြွန်တံတွင်းက သွေးသည် သွေးကြော မရှိရာ မနှံ့ရာအသားအရေစသည်ထဲသို့လည်း စိမ့်ဝင် ပြန့်နှံ့၍နေ၏။

ထို့ကြောင့် သွေးကြောလွတ်သော တစုံတခုသော နေရာမှ သွေးကိုဖေါက်ထုတ်၍ ထားမူ ထွက်ပါ များလျှင် ဗဟိုသွေးကြောကြီးထဲ နှလုံးဗူးထဲ သွေးနည်း၏။ ထိုအခါ အသည်းနှလုံးဟာ၍ လွန်စွာ မော၏။ နည်းအားကြီးလျှင် သေ၏။ ကြွေထောင် ခံရသော သူတို့သည် သွေးကို အရေပေါ်မှ ကြွေတို့စုတ်ယူ၍ သွေးကြော နှလုံးဗူးထဲ သွေးနည်းသဖြင့် အသည်းနှလုံးဟာ၍ လွန်စွာမော၏။ နည်းအားကြီးလျှင် သေ၏။ သွေးကြောမှ ဖေါက်၍ထုတ်လျှင် ခဏချင်း ကုန်လွယ် သေလွယ်၏။

ဤဗဟို သွေးကြောကြီးသည် မြစ်ငယ်ဟု ခေါ်အပ်သော တသွင်သွင် စီးသွား၍နေသော ချောင်း ယမားကြီးနှင့် တူ၏။ သွေးကြော ဓမနီ ပြွန်တံငယ်တွေသည် ချောင်းယမားကြီးမှ ရေသွယ်၍ ယူကြသော ရေမြောင်းတွေနှင့် တူ၏။ ဓမနီပြွန်တံ ငယ်ဖြင့် သွေးကို စုတ်ယူ စိုစွတ်ကြသော တကိုယ်လုံးရှိ ကောဋ္ဌာသတို့သည် ရေမြောင်းတွေ့ဖြင့် ရေသောက်ကြသော လယ်တွေနှင့် တူ၏။ အူတွင်းမှထွက်၍ ဗဟိုသွေးကြောတွင်းသို့ ဝင်သော ရသဓာတ်ခေါ် သော ဩဇာ အာဟာရရည်သည် မိုယ်းရေ မိုဃ်းပေါက်တို့နှင့် တူ၏။

အခိုက်အတန့် စုဝေး၍ နေသော ဥတုသွေးတို့ကို ချန်ထား၍ ဤတကိုယ်လုံး၌ အထင်အရှား များစွာစုဝေး၍နေသော သွေးဟူ၍မရှိပြီ။ သွားလာ ရွေ့ရှား၍နေသော သွေးသာရှိ၏။ နှလုံးဗူးတွင်း၌ နှလုံးသွေးသည်လည်း မြစ်နံဘေး အင်းရေကဲ့သို့ ဗဟိုသွေးနှင့် အသစ် အဟောင်းလဲလျက် ထွက်ဝင် ရွှေ့ရှား၍နေသော သွေး သာလျှင်တည်း။

ဤသွေး၏အဆင်းကား ချိပ်ရည်ကဲ့သို့ ရဲရဲနီ၏။ အချို့နေရာ၌ သွေးကား အနီရင့်၏၊ ပြစ်လည်း အတန်ငယ်ပြစ်၏။ သဏ္ဌာန်ကိုကားတည်ရာ ဩကာသကိုထောက်၍ နေပုံအခြင်းအရာကို ထောက်၍ သိအပ်၏။ အပိုင်းအခြား ပရိစ္ဆေဒကိုလည်း သူ့တည်ရာ မှီရာ ဝတ္ထုတို့ဖြင့် ပိုင်းခြားအပ်၏။

၅။ သေဒေါဟု ခေါ်သော ချွေးသည်ကား အမြဲရှိ၍နေသည် မဟုတ်။ သူ့အကြောင်းရှိမှ ရံခါသာ ပေါ်လာ ရှိလာ၏။ အဆင်း သဏ္ဌာန်စသည် ထင်ရှား သိသာ၏။ မျက်စိနှင့်ပင် မြင်နိုင်၏။ အဇ္ဈတ္တ ဗာဟိရ ပိုင်းခြားပုံကိုလည်း ပြည်နည်းတူ မှတ်။

၆။ မေဒေါဟု ခေါ်သော အဆီပြင် အဆီခဲသည်ကား အဆင်း ဝါ၏။ နနွင်းသား အဆင်းနှင့် တူ၏။ ခပ်ဖြော့ဖြော့လည်း ရှိ၏။ တည်ရာအားဖြင့်ကား ပိန်ချုံးသော သူတို့အား သားလုံးရိုး, ပေါင်ရိုး, ကျောက်ကုန်းရိုးတို့နှင့် အကြော စပ်ကြား၌ ဖွဲ့တွယ်သော အရှုတ်မှေးတို့ကို စွဲကပ်မှေးယှက်လျက် တည်၏၊ အူမ, အူသိမ်, ဝမ်းပြင်လွှာတို့၌ သာလွန်၍ များစွာစွဲကပ် မှေးယှက်လျက်တည်၏။ ဆူဖြိုးသော သူတို့မှ ကား ဤဆိုပြီးသော နေရာမျှမက အရေနှင့် အသား ကြား မှေးယှက်သော အမှေးလွှာမှာလည်း အပြင်အပြင် စွဲကပ် မှေးယှက်လျက် တည်ရှိသေး၏။

သဏ္ဌန်မှာကား အရေ အသားကြား တည်သော အဆီပြင်တွေကား နနွင်းဆိုး အဝတ်လွှာ ပါးပါးတွေ ကဲ့သို့၎င်း၊ နနွင်းလွှာ ပါးပါးတွေ ကဲ့သို့၎င်း နေ၏။ ဤမှ ကြွင်းသော အတွင်းအဆီပြင် အဆီခဲ တွေကား ပြးပြား ရှည်ရှည် လုံးလုံး ဖုဖု စသည်ဖြင့် သဏ္ဌာန်ထွေလာ များပြား၏။ သူ့တည်ရာ မှီရာကိုထောက်၍သိ။ အပိုင်း အခြားကိုလည်း သူ့တည်ရာ မှီရာတို့ဖြင့် ပိုင်းခြားအပ်၏။ ဤအဆီပြင် အဆီခဲကို ခဲ၍ ပြင်၍ နေငြားသော်လည်း မီးပူလာလျှင် အရည်ဖြစ်ခြင်းကြောင့် အာပေါဓာတ် ဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏။

၇။ အဿု ဟု ခေါ်သော မျက်ရည်လည်း အမြဲရှိ၍ နေသည်မဟုတ်။ သူ့အကြောင်းရှိမှ ရံခါသာ ပေါ်လာ ရှိလာ၏။ အဆင်းသဏ္ဌာန် စသည် ထင်ရှား သိသာ၏။ မျက်စိနှင့်ပင် မြင်နိုင်၏။ အဇ္ဈတ္တ ဗာဟိရ ပိုင်းခြားပုံကိုလည်း ပြည်နည်းတူ မှတ်။

၈။ ဝသာ ဟုခေါ်သော ဆီကြည်ဟူသည်ကား ခြေဘဝါးပြင် လက်ဝါးပြင် နှာခေါင်းဖု စသည်တို့၌ စို၍နေသော လက်ဆီ ခြေဆီကိုပင် ခေါ်သည်။ ခေါင်းဦးရေမှာလည်း ရှိ၏၊ ကြပ်ကြပ် မထင်ရှား။ အဆီကြည်သည်လည်း ရံခါသာ ရှိ၏၊ ရံခါမရှိ။ အဆင်းသဏ္ဌာန် စသည်လည်း ထင်ရှားသိသာ၏၊ မျက်စိဖြင့် ပင် မြင်နိုင်၏။ အဇ္ဈတ္တ ဗာဟိရ ပိုင်းခြားပုံကိုလည်း ပြည်နည်းတူမှတ်။

၉။ ခေဠော ဟု ခေါ်ဆိုသော တံထွေးကိုကား ဘာမျှပြောဖွယ် မရှိ။ အလုံးစုံ ထင်ရှား၏။

၁၀။ ဦးနှောက်မှ ပုပ်၍ ချဲ့၍ ယိုစီးလာသော သိင်္ဃာဏိကာ ခေါ်သော နှပ်သည်လည်း အလုံးစုံ ထင်ရှားသိသာ၏။ ပြောဖွယ်မရှိ။

၁၁။ လသိကာ ခေါ်သော အစေးဟူသည်ကား အရိုးနှစ်ခု နှစ်ခုတို့၏ အဆက်ကြား၌ လှုပ်ရှား သောအခါ အရိုးတို့ မပွန်းပဲ့အောင် မနာကျင်အောင် အဆက်မြဲအောင် သုတ်လိမ်းခုခံသော အစေး တည်း။

ထိုအစေးသည် များများ ကြီးရှိသည် မဟုတ်၊ တုတ်ကိုခပ်ပါးပါး နှပ်သုတ်ထားဘိ သကဲ့သို့ ခပ်ပါးပါးသာ ရှိ၏။ ခပ်ဖြူဖြူနှပ်နှင့်ပင် အဆင်းတူ၏။ သဏ္ဌာန် အပိုင်းအခြားတို့ကိုလည်း သိနိုင် လောက်ပြီ။ ထိုအစေးနည်းလွန်းလျှင် လှုပ်ရှားသောအခါ အရိုးဆက်တို့ ကျွတ်ကျွတ်မည်၏၊ ခရီးသွားလျှင် ညောင်းလွယ်၏၊ ဒူးစပ် ခေါက်လွယ်၏၊ ဒူးထဲကို လေဝင်တတ်၏၊ ထို အစေးများလျှင် ဤကဲ့သို့မဖြစ်။

၁၂။ မုတ္တံ ခေါ်သော ကျင်ငယ်သည်ကား စည်ဖေါင်းအိမ်ဟု ခေါ်သော ကျင်ငယ်အိမ်၌ တည်၏။ ထိုစည်ဖေါင်း အိမ်သည်ကား ဆီးစပ်၌ အူခေါက် တွေ၏ အောက်ကခုခံလျက် ထိစပ်ပူးကပ်၍ တည်၏။

ဤစည်ဖေါင်း အိမ်ထဲမှ ကျင်ငယ်ရည် ထွက်စရာ ပြွန်တံပေါက်ကား ထင်ရှားစွာရှိ၏၊ ဝင်စရာ အပေါက်ကား မထင်ရှား၊ အင်္ဂလိပ်ရေစစ်ဗူးထဲကို ရေစိမ့်၍ ဝင်ဘိသကဲ့သို့ ဤစည်ဖောင်း အိမ်ထဲသို့ ကျင်ငယ်ရည် စိမ့်၍ဝင်၏။

ဝင်ပုံကား မျိုအပ်သော အစာ အာဟာရတို့သည် အစာသစ်အိမ်သို့ရောက်၍ ပါစကဓာတ် မီးပူအစွမ်းကြောင့် အလုံးစုံနူးနပ် ကြေမှုလျက် အရှည်တခြား အဖတ် တခြားဖြစ်၍ အမြှုပ်အပွက် ထ၏၊ ထိုထသော အမြှုပ်ကြမ်း စေးချွဲချွဲတွေကား သလိပ်ထဲသို့ရော၍ သလိပ် ဖြစ်၏၊ အဆီ အနှစ်ရှိသော ဩဇာရည်တွေ အမြှုပ်နု တွေက ပါစကဓာတ်မီး၏ အဟုန်ဖြစ်သော လေတို့သည် လွှင့်အပ်သည် ဖြစ်၍ အူပြင်ဘက်သို့ စိမ့်ထွက် ပြီးလျှင် တကိုယ်လုံးမှလာ၍ ထိုအူမကို ဆိုက်တွယ်လျက် ပြွန်တံသွယ်၍ နေကြ သော ရသဟရဏီဓမနီကြောတို့သို့ ဝင်လျှောက် ပြေးသွား၍ တကိုယ်လုံးကို ကြီးပွားစေ၏။ လျော့သောနေရာကို အစားပြည့်စေ၏။

အူမကြီး၏ အသားသည်လည်း သုံးထပ်ရှိ၏။ အပေါ်ရံအထပ်ကား ခပ်ကြမ်းကြမ်း အသားမျှင်စု ကန့်လန့် ရစ်ပတ်၍ ဖြစ်၏။ အလယ်သားကား ခပ်နုနု အသားမျှင်စု အစင်းစင်း အလျားလိုက် တွယ်စပ်၍ဖြစ်၏။ အတွင်းသားကား ခပ်နုနု အမှေးလွှာ သားဖြင့် ပြီး၏။ ဩဇာရည်တို့သည် အူမကြီး အသားတွင်းသို့ စိမ့်ဝင်၍ အလယ်သား ခပ်နုနုအလျားလိုက် အသားမျှင်စုသို့ ကျလျှင် မျှင်လိုက် စိမ့်ဝင်ပြေးသွား၍ အူအစ အဆုံးသို့ ခဏချင်း ရောက်လေ ညံ့လေ၏။

ရောက်ရာ ရောက်ရာတို့၌ အသွေးအသား စသည်တို့ကို ပွားစေ၏၊ လျော့သော နေရာကို အစားပြည့်စေ၏၊ အဆီတို့မည်သည် လျင်မြန်စွာ စိမ့်လွယ် နှံ့လွယ်၏၊ ရေနှင့်ရောလျှင် ရေ၏ အထက်ကနေ၏၊ ရေက အောက်ကနေ၏။ ထိုအဆီအနှစ် ဖြစ်သော ဩဇာရည်တွေအောက်က အရည်ကြမ်းရှည်တွေ အဖတ်တွေလည်း ပါစကဓာတ်မီးလေကြောင့် အူပြွန်တံပေါက်မှထွက်လျက် အောက်သို့ သက်ဆင်းကြကုန်၏။

ထိုသို့ဆင်းရာ၌လည်း ဤအရည်ကြမ်း အဖတ်ကြမ်းထဲမှ အဆီထွက်အောင် အဆီ ပြန်အောင် ပါစကဓာတ်မီး လိုက်၍ ချက်သေး မြိုက်သေးသည်သာလျှင်တည်း။ ထိုအရှည်ကြမ်း အဖတ်ကြမ်း တို့သည် ပါစကဓာတ်မီးလေကြောင့် တရွေ့ရွေ့ အောက်သို့ ဆင်းသွားကြသည်ရှိသော် အရည်ကား အူခေါက်တွေမှ စိမ့်ယိုလျက် ထွက်ပြီးလျှင် စည်ဖောင်းအိမ် အတွင်းသို့ စိမ့်ဝင်၍ ကျင်ငယ်ရည် ဖြစ်၏။

အဖတ်ကား ယိုစိမ့်၍မထွက်နိုင်သဖြင့် အာကာသရှိရာ အူခေါင်းလိုက် သွားလျက် ဘင်ဝက ထွက်ရလေ၏။ ထိုအူခေါင်း လိုက်သွားလေသော အဖတ်ကိုလည်း ဘင်ဝသို့ကျ၍ အူဆုံးသည် တိုင်အောင် ပါစကဓာတ် မီးလိုက်၍ ချက်သေးသည် သာလျှင်တည်း။ ချက်တိုင်း ချက်တိုင်းကိုလည်း ထိုအဖတ်ထဲမှ အရှည်နု အရည် ကြမ်းတွေ အူခေါက်ဆယ်ခေါက် ဆဲ့တခေါက်လောက် ကျအောင် အတော်များများ ထွက်သေး၏၊၊ ရသေး၏။

သည့်အောက်ကိုကား ပါစကဓာတ်မီး ကလည်း အတော်ပျော့သည်ဖြစ်၍ ဩဇာရည်ကလည်း အတော် ကုန်သည်ဖြစ်၍ များများ မထွက်ပြီ။ ဩဇာရည်ကုန်သည် ဆိုသော်လည်း အပုံကြီးရှိသေး၏။ အစာသစ်အိမ်တွင်းသို့ သွင်း၍ ပါစကဓာတ်မီး ပြင်းပြင်းသန်သန်နှင့် ကျိုချက် ပြန်သဖြင့် ခွေးဝက် စသည်တို့၏ ကိုယ်၌ အဆီတုံး ဖြစ်အောင် ဩဇာရည်ထွက်လျက် ပြန့်နိုင်သေး၏။

ထိုပါစကဓာတ်မီး ကျိုချက်တိုင်း ထွက်လေသော အရည်နု ဟူသော ဩဇာရည် အဆီသည် အူပြွန်တံမှ စိမ့်ထွက်လျက် ရသဟရဏီ ဓမနီကြော ပြွန်တံတွေသို့ လျှောက်သွား၍ တကိုယ်လုံးကို ကြီးပွားစေ၏။ လျော့သောနေရာကို အစား ဖြည့်စွက်၏။

အရည်ကြမ်းဟူသော အရည်သည်ကား အူခေါက်တွေမှယိုစိမ့်လျက်ထွက် ပြီးလျှင် စည်ဖောင်းအိမ် တွင်းသို့ ဝင်၍ ကျင်ငယ်ရည်ဖြစ်၏။ ဝဲယာကျောက်ကပ်သား နှစ်ခုမှ သွေးကြောပြွန်တံငယ် တခုစီ ထွက်လျက် စည်ဖေါင်းအိမ်နှင့် ဆက်သွယ်၍နေ၏။ စည်ဖောင်းအိမ်သည် ဤ ပြွန်တံနှစ်ခုဖြင့် ဗဟိုသွေးကြောကြီးမှ သွေးကို ကျောက်ကပ်မှ တဆင့်ယူ၍ သောက်၏၊ ချိုး၏၊ စိုစွတ်၏။

ဤသွေးသည် စည်ဖောင်းအိမ် တွင်းသို့ အတန်ငယ် စိမ့်ဝင်၍ ကျင်ငယ်ရည်နှင့် ရောငြားအံ့၊ ထိုအခါ ကျင်ငယ်ရည် ဝါကြန်ကြန်ဖြစ်၏။ ခါး၌ အပူအားကြီး၍ ကျောက်ကပ် သားနှစ်ခု အတွင်းသားမှ ကြေပွလျက် သွေးဖြစ်၍ များစွာဆင်းလာသဖြင့် စည်ဖောင်းအိမ်တွင်းသို့စိမ့်ဝင်၍ ကျင်ငယ်ရည်နှင့် စုငြားအံ့၊ ထိုအခါ များရာသို့လိုက်၍ ကျင်ငယ်ရည် အားလုံးသည် သွေးအတိဖြစ်၍ အောက်သို့ သက်ဆင်း၏။ သွေးဆင်းပါများလျှင် သေတတ်၏။ ဤကား စည်ဖေါင်းအိမ်တွင်းသို့ ကျင်ငယ်ရည် ဝင်ပုံတည်း။

ထိုကျင်ငယ်ရည်၏ အဆင်းသည်ကား ဗာဟိရသို့ ရောက်လာသော အဆင်း အတိုင်းပင်တည်း။ သဏ္ဌာန်ကိုကား စည်ဖေါင်းအိမ် တွင်း၌ အိုင်ပြု၍ ပြည့်၍နေသဖြင့် စည်ဖေါင်းအိမ်ကို ထောက်၍ သိအပ်၏။ စည်ဖေါင်းအိမ်ကား ကျင်ငယ်ပြည့်၍ နေလျှင် ရေသုံးလက်ခုပ်လောက်ဝင်သော ဝိုင်းဝိုင်း လုံးလုံး သားရေအိတ်ကလေးနှင့် တူ၏။ သားရေအိတ်ကလေး လောက်ပင်ရှိ၏။ အပိုင်းအခြား ကိုလည်း ထက်ဝန်းကျင်မှ စည်ဖေါင်းအိမ်မှ ပိုင်းခြားအပ်၏။

ယေဝါပနက ရေဓာတ်တို့ကို ပြခြင်း

သည်းခြေ စသော အဇ္ဈတ္တရေဓာတ် တဆဲ့နှစ်ပါး ပြည့်စုံပြီ၊ ဤတဆဲ့နှစ်ပါးမှ တပါး ရေဓာတ် တချို့လည်း ရှိသေး၏။ ဘယ်သင်းများနည်းဆိုသော်၊

သုက္ကံ၊ သုက်၊၁။
ထညံ၊ နို့ရည်-၂။

ဤသို့ အစရှိသည်တို့တည်း။ ထိုနှစ်ပါးတို့တွင်-

၁။ သုက်ကား ဝိသေသကာယိကသုခကြော ပြွန်တံတွေကို ပြည့်စေလျက် သွေးရှိရာ တကိုယ်လုံး၌ စိုစိမ့်ပြန့်နှံ့၍ တည်၏။ အထူးအားဖြင့်ကား ထွက်ရာ အဝ နီးသော ခါးစောင်၊ ပေါင်ခြံ၊ ဝှေးစေ့၊ စည်ဖေါင်းအိမ် ထိပ်ဝတို့၌သာ လွန်၍ များစွာ တည်၏။ အဆင်းကား ဖြူဖြူ နီကြန်ကြန် ဝါကြန်ကြန် ညိုရောင်ရောင် စသောအားဖြင့် များစွာ ရှိ၏။ သဏ္ဌာန်ကိုကား သူတည်ရာ ဩကာသကို ထောက်၍ သိအပ်၏။ အပိုင်းအခြားကိုလည်း သူတည်ရာ မှီရာဝတ္ထုတို့ဖြင့် ပိုင်းခြားအပ်၏။

၂။ နို့ရည်သည်လည်း ထညဟရဏီ အကြောပြွန်တံတွေကို ပြည့်စေလျက် သွေးရှိရာ တကိုယ်လုံး၌ပင် စိုစိမ့်ပြန့်နှံ့၍ တည်၏။ အထူးအားဖြင့်ကား ထွက်ရာ အဝနီးသော သားမြတ်သား နှစ်ခု၌ သာလွန်၍ များစွာတည်၏။ မြောက်ကျွန်းသူများမှာကား လက်ညှိုးဖြင့်လည်း နို့တိုက်၍ လက်မှာလည်း များစွာတည်၏။

အဆင်းကား ဗာဟိရသို့ ရောက်လာသော အဆင်းနှင့်တူ၏။ သဏ္ဌာန်ကိုကား သူ့တည်ရာ ဩကာသကို ထောက်၍ သိအပ်၏။ အပိုင်းအခြားကိုလည်း သူ့တည်ရာ မှီရာဝတ္ထုတို့ဖြင့် ပိုင်းခြားအပ်၏။ ဤယေဝါပနက ရေဓာတ်နှစ်ပါး သည်ကား အချိန် အရွယ်ရောက်သော သူတို့၌သာ လှုပ်ရှားယိုစီးခြင်း ဖြစ်လာ၍ ထင်ရှား၏။ အချိန် အရွယ် မရောက်သေးသော သူတို့၌ကား လှုပ်ရှားခြင်း ယိုစီးခြင်း မဖြစ်သေးသည် ဖြစ်၍ မထင်ရှားသေးပြီ၊ ရှိကားရှိ၏။ ပုရိသသန္တာန်၌ သုက်များ၏၊ နို့ရည်နည်း၏။ ဣတ္ထိသန္တာန်၌ သုက်နည်း၏ နို့ရည်များ၏။

ယေဝါပနကရေဓာတ် ပြီး၏။

ဤတွင် ရေဓာတ်ကို အကျယ် ခွဲခြမ်းဝေဖန်၍ ပြီး၏။

✨ အာပေါဓာတ်တို့ကို ဝိပဿနာရှုပုံကို ပြခြင်း

တပည့်တို့ - ဤယေဝါပနက ရေဓာတ်တို့ကိုလည်း သိမှတ်ကြ၍ ယခုဆရာ ပြဆိုခဲ့ပြီးသော တဆဲ့နှစ်ပါးသော ရေဓာတ်တို့ကို သည်းခြေကစ၍ ကျင်ငယ် ကျအောင် အစဉ်အတိုင်း မရပ်မဆိုင်း အနုလုံ, တဖန် ကျင်ငယ်မှစ၍ သည်းခြေ ကျအောင် နောက်ပြန် အစဉ်အတိုင်း မရပ်မဆိုင်း ပဋိလုံ၊ ဤသို့ အနုလုံ ပဋိလုံ အားဖြင့် မရပ်မဆိုင်း အပြေးစိုင်း နှုတ်တက်ရအောင် ရှေးဦးစွာ ကျက်ကြ သရဇ္ဈာယ်ကြ။

အကြင်မျှလောက် နှုတ်တက် အပြေးစိုင်းနိုင်အောင် မရသေး၊ မကျေပြွန်သေး၊ ထိုမျှလောက် နှုတ်ဖြင့် ရွတ်အံ သရဇ္ဈာယ်ကြ။ ဤသို့ရွတ်အံ သရဇ္ဈာယ်၍ နှုတ်တက် အပြေးစိုင်းနိုင်အောင် ကျေပြွန်စွာ ရပြီးလျှင် ယခုဆရာ ပြဆိုခဲ့ပြီးသောအတိုင်း ထို တဆဲ့နှစ်ပါးသော ရေဓာတ်တို့၏ အဆင်း သဏ္ဌာန် တည်ရာဌာန, အပိုင်းအခြား ပရိစ္ဆေဒတို့ကို ကောင်းမွန်စွာ သညာဖြင့် မှတ်၍ ဝိညာဏ်ဖြင့်သိ၍ ထိုသိသော အတိုင်း မှတ်မိသောအတိုင်း နှုတ်ဖြင့် မရွတ်အံဘဲ စိတ်ထဲတွင်သာ ပညာဖြင့် လင်းလင်း ထင်ထင် မြင်အောင် အစဉ်အတိုင်းအနုလုံ ပဋိလုံအားဖြင့် ကြည့်ကြ၊ ရှုကြ။

ဤသို့ တရက်လောက် နှစ်ရက်လောက်၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ဆယ်ရက်လောက် ကြည့်ရှုမိသောအခါ သွားလမ်း လာလမ်း ကျေပြွန်ဖြောင့်တန်း၍ အကြည့်ရှုလွယ်၍ လာလိမ့်မည်။ တနေ့ထက် တနေ့လည်း နဲနဲ နဲနဲ တိုး၍ မြင်လာလိမ့်မည်။ တပည့်တို့ - ဤကဲ့သို့ အနည်းဆုံး တရက်၊ အများဆုံး ဆယ်ရက်လောက် သာမညအားဖြင့် ကြည့်ရှုရမည်။

ဤသို့ သာမညအားဖြင့် ကြည့်ရှု၍ အဆင်း, သဏ္ဌာန်, တည်ရာဌာန, အပိုင်းအခြား နှင့်တကွ ထိုအတွင်း ရေဓာတ်တို့ အတော်မှုန်မှုန် ထင်၍ လာသောအခါမှ ဤသို့ ဝိသေသအားဖြင့် ကြည့်ရှုဆင်ခြင်ရမည်။ ဉာဏ်တည်းဟူသော လက်ဖြင့် တော်ရာ ပင်လယ်ထဲ ချောင်းထဲ ရွှံ့အိုင်ထဲက အပြင်ဘက် ရေယူ၍ သည်းခြေ တည်းဟူသော အတွင်းရေဓာတ်ကိုလည်း ယူ၍ ခွက်နှစ်ခု၌ ထည့်၍ ယှဉ်၍ ထားပြီးလျှင် ဤ ရေသည် ငါမဟုတ်၊ ငါ့ဥစ္စာလည်း မဟုတ်၊ ပေါင်းဖွဲ့ယိုစီးခြင်း သဘော ဖြစ်သော ရေဓာတ်ပင်တည်း။ ဤသည်းခြေနှင့် ဤရေနှစ်ပါးလုံးသည် ငါမဟုတ်၊ ငါ့ဥစ္စာလည်း မဟုတ်၊ ပေါင်းဖွဲ့ယိုစီးခြင်း သဘောဖြစ်သော ရေဓာတ်ပင်တည်း၊ ဘာမျှမထူးကြပြီ၊ ရေဓာတ်ချင်း အတူတူပင်တည်းဟု သည်းခြေနှင့် ရေကို တထပ်ထည်းတူအောင် မြင်အောင် ကြည့်ရှုဆင်ခြင်ရမည်။

ဤနည်းတူ သလိပ် အစရှိသော အတွင်း ရေဓာတ်စုကိုလည်း တခုချင်း တခုချင်း ခွဲ၍ ခွဲ၍ ပြင်ဘက်ရေဓာတ်နှင့် ယှဉ်၍ ယှဉ်၍ အတွင်းပြင် မခြားမနား တစားတည်း တထပ်တည်း တူအောင် မြင်အောင် ကြည့်ရှု ဆင်ခြင်ရမည်။ အနုလုံ ပဋိလုံ အပြန် အလှန် အဖန်ဖန် အထပ်ထပ် ကြည့်ရှု ဆင်ခြင်ရမည်။ ယေဝါပနက ရေဓာတ် တို့ကိုပါကြည့်၊ မကျန်စေနှင့်။

ရံခါသာရှိ၍ ရံခါမရှိသော ပြည်အစရှိသော အနိယမ ရေဓာတ်တို့ကိုကား ကိုယ် သန္တာန်မှာ ရှိဆဲ ဖြစ်လျှင် ကြည့်၊ မရှိလျှင် မကြည့်နှင့်၊ မရှိသော တရားကိုကြည့်၍ အကျိုးမရှိ အသုံးမကျ ဒုက္ခများသည်။ ရံခါရံခါ ဤအတွင်း ရေဓာတ်တွေကို ဉာဏ်တည်း ဟူသော ဓားဖြင့် ဖျက်၍ ဖောက်၍ အရပ်ရှစ်မျက်နှာ၌ တကွဲစီ တခြားစီ ထားပြီး ကြည့်၊ ရံခါရံခါ တပေါင်းတည်း စုပုံရောထားပြီးကြည့်၊ ပြင်ဘက် ရေဓာတ်ကိုလည်း ရေသာမဟုတ်၊ ဆန်ဆေးရည်တွေ ရေနံတွေ ရေနံဆီတွေ ဟင်းသပဒါး ရည်တွေ မဲနယ်ရည်တွေ သစ်ပင်က အစေးရည်တွေကိုပါ ယူ၍ ဤ အတွင်း ရေဓာတ်နှင့် တခုချင်း တခုချင်း ယှဉ်၍ ယှဉ်၍ကြည့်။

တပည့်တို့ - ဤသို့ကြည့်ရှု ဆင်ခြင်ဘန် များသောအခါ သင်တပည့်တို့၏ စိတ်ထဲ ဉာဏ်ထဲမှာ အတွင်းရေဓာတ်နှင့် ပြင်ဘက် ရေဓာတ်သည် ဓာတ်အနေအားဖြင့် အတွင်းအပြင် မခြားမနား တစားတည်း တထပ်တည်း တူအောင် ထင်မြင်၍ လာလိမ့်မည်။

ထိုသို့ ထပ်တူ ထင်မြင်၍ လာသောအခါ ရေ ဆန်ဆေးရည်, ရေနံအစရှိသော ပြင်ဘက်ရေဓာတ်ကို ဤရေသည် ငါဘဲ၊ ဤဆန်ဆေးရေသည် ငါဘဲ၊ ဤရေနံသည် ငါဘဲဟု မှတ်ထင်စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘိ သကဲ့သို့ သည်းခြေ, သလိပ်, ပြည်, သွေး အစရှိသော ဤအတွင်း ရေဓာတ်ကိုလည်း ဤသည်းခြေသည် ငါဘဲ၊ ဤသလိပ် ပြည်သွေး စသည်သည် ငါဘဲဟု မှတ်ထင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်လတ္တံ့။

တပည့်တို့ - ဤကဲ့သို့ ငါဟု မှတ်ထင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘဲ ငါဟုမှတ်ထင် စွဲလမ်းခြင်း ကင်းသောအခါ ဤပင်လယ်ထဲ ချောင်းထဲ အိုင်ထဲ၌ ရှိသော ရေတွေကို အရပ်သားတွေ လာ၍ သွား၍ သောက်သူကသောက်၊ ချိုးသူကချိုး၊ တုတ်နှင့် ရိုက်သူကရိုက်၊ မီးနှင့် ကျို သူကကျို၊ သူတို့ အလိုရှိတိုင်း လုပ်ကြငြား သော်လည်း သင်တပည့်တို့က ဟယ် ငါတို့ကို လူသောက်ကုန်ပါပြီ၊ ငါတို့ကို လူချိုးကုန်ပါပြီ၊ ငါတို့ကို လူတုတ်နှင့် ရိုက်ကုန်ပါပြီ၊ ငါတို့ကို လူမီးနှင့် ကျိုကုန်ပါပြီ၊ ငါတို့ကိုလူတွေ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည်တမ်းပြောဆိုခြင်းငှါ မှတ်ထင် အောက်မေ့ခြင်းငှါ မဖြစ်နိုင်ဘိ သကဲ့သို့ --

ဤသည်းခြေ, သလိပ်, ပြည်, သွေးအစ ရှိသော အတွင်း ရေဓာတ်တို့ကိုလည်း အရပ်သားတွေလာ၍ ဓားနှင့် ဖေါက်ပြီး သည်းခြေ ယူသူကယူ၊ လည်ချောင်းသွေး သောက်သူက သောက်၊ နှလုံးသွေး သောက်သူကသောက်၊ အဆီကို မီးနှင့် ကျိုသူ ကကျို၊ သူတို့အလိုရှိတိုင်း လုပ်ကြ ငြားသော်လည်း သင်တပည့်တို့က ဟယ် ငါတို့ကို ဓားနှင့်ဖေါက်ပြီး လူတွေယူ ကုန်ပါပြီ၊ ငါတို့ကို လူတွေ သောက်ကုန်ပါပြီ၊ ငါတို့ကို လူတွေမီးနှင့်ကျိုကုန်ပါပြီ၊ ငါတို့ကိုလူတွေ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည်တမ်း ပြောဆိုခြင်းငှါ မှတ် ထင်အောက်မေ့ခြင်းငှါ မဖြစ်နိုင်လတ္တံ့။

တပည့်တို့ - သင်တပည့်တို့သည် ဤပြင်ဘက် ရေဓာတ်ကို၎င်း၊ ဤအတွင်း ရေဓာတ်ကို၎င်း အတူတူရေဓာတ် ရေဓာတ်ပင်တည်း။ ငါမဟုတ်ပြီဟု လင်း လင်းထင်ထင် သိမြင်၍ ငါဟု မှတ်ထင် စွဲလမ်းခြင်း ကင်းသောအခါ ထိုရေဓာတ် တို့ကို ငါဟူသော ကိုယ့်အနေနှင့်၎င်း ငါ့ဟာဟူသော ကိုယ့်ဥစ္စာအနေနှင့်၎င်း ချစ်ခင်တပ်မက်ခြင်း လည်း ကင်းကြကုန်လတ္တံ့ ။

ဤသို့သောအကြောင်းကို စွဲ၍ “နေသော ဟမသ္မိ နေတံ မေ၊ ဧဝံ တတ္ထ ဝိရဇ္ဇတိ”ဟူ၍ ဥဒ္ဒေသဝါရ၌ ဆရာ ဟောကြားပေ၏။

💡 အနုသာသနီဂါထာ ပါဌ်အနက်

ဟတ္ထတလေ ထပေတွာန၊ ပေက္ခိယ ဉာဏစက္ခုနာ။
ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ အာပသ္မိံ ဝေါ ဝိရဇ္ဇထ။

သေက္ချဘာသိတဂါထာ။

ဘောသိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဝေါ၊ သင် တပည့်တို့သည်။
ဟတ္ထတလေ၊ လက်ဝါးပြင်၌။
ဝါ၊ ဟတ္ထပါသ်အတွင်း ရှေ့မျက် နှာစာအပြင်၌။
ထပေတွာန၊ ဉာဏ်ဘည်းဟူသော လက်ဖြင့် ရေဓာတ်နှစ်ပါးကို ဆောင်ယူ ယှဉ်ထား၍။
ဣဒံ၊ သည်းခြေ, သလိပ်, ပြည်, သွေးအစရှိသော ဤအတွင်းရေဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ၊ ရေ ဆန်ဆေးရည် ရေနံဆီအစရှိသော ထိုပြင်ဘက် ရေဓာတ်သည်လည်း။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲကလား။
တံ၊ ရေ ဆန်ဆေးရည် ရေနံဆီအစရှိသော ထိုပြင်ဘက် ရေဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ၊ သည်းခြေ, သလိပ်, ပြည်, သွေးအစရှိသော ဤအတွင်း ရေဓာတ်သည်လည်း။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲကလား။
ဣတိ၊ ဤသို့။
ဉာဏစက္ခုနာ၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။
ပေက္ခိယ၊ ပြုံးပြုံး စိစိ မြင်အောင်ကြည့်၍။
အဇ္ဈတ္တဉ္စ အာပသ္မိံ၊ အတွင်းရေဓာတ်၌၎င်း။
ဗဟိဒ္ဓါ စ အာပသ္မိံ၊ ပြင်ဘက် ရေဓာတ်၌၎င်း။
ဝိရဇ္ဇက၊ စွဲလမ်းမှတ်ထင် ချစ်ခင်တပ်မက်ခြင်း ကင်းကြကုန်လော့။ ၉။

ဣတိ ဆ ဓာတုဝိဘင်္ဂေ အာပေါဓာတုပဗ္ဗံ။

ဣတိ၊ ဤသည်ကား။
ဆဓာတုဝိဘင်္ဂေ၊ သေက္ချဘာသိတ ဆဓာတု ဓာတ်ကမ္မဋ္ဌာန်း၌။
အာပေါဓာတုပဗ္ဗံ၊ ရေဓာတ်ကို ဝေဖန်ကြည့်ရှုပုံ အပိုင်းတည်း။

ရေဓာတ်ကို ဝေဖန်ကြည့်ရှုပုံအပိုင်း ပြီး၏။

🔥 တေဇောဓာတ်ကို ပြခြင်း

တပည့်တို့ - ဤဓာတ်ခြောက်ပါးတို့တွင် တေဇော ဟု မာဂဓတို့ခေါ်သော မီးဓာတ် သည်လည်း ဗာဟိရ ပြင်ဘက်မီးဓာတ်, အဇ္ဈတ္တ အတွင်းမီးဓာတ်ဟု နှစ်ပါးရှိ၏။

ထိုနှစ်ပါးတို့တွင် အသက်ဝိညာဏ်ရှိသော သတ္တဝါသန္တာန်မှ အပဖြစ်သော ဗဟိဒ္ဓ သန္တာန်၌ ကမ္ဘာဖျက်မီး, အဝီစိငရဲမီး တောတောင် လောင်သောမီး မိုဃ်းကြိုး လောင်မီး, ထမင်းဟင်း ချက်သောမီး, စကြဝဠာ သုံးခုအကြား အကြား၌ လောကန္တရိက် ငရဲသူတို့ကို မှုန့်မှုန့်ညက်ညက် ကြေမွ၍သွားအောင် အေးသော အားဖြင့် လောင်သောမီး, ဟိမဝန္တာတောတောင်၌ ရေတွေ နှင်းတွေ ခဲ၍ မာ၍ နေအောင် အေးသောအားဖြင့် လောင်သောမီး, ရှမ်းတော ရှမ်းပြည် စသည်၌ ရေတွေ နှင်းတွေခဲ၍ မာ၍နေအောင် အေးသောအားဖြင့် လောင်သောမီး, ဆောင်းအခါ စသည်တို့၌ ခိုက်ခိုက် တုန်အောင် အေးသောအားဖြင့် လောင်သောမီး, ဤသို့ အစရှိကုန်သော ပူခြင်း အေးခြင်းသဘော ဖြစ်သော အလုံးစုံသော အပူတွေ အအေးတွေ ဟူသမျှကို ဗာဟိရ ပြင်ဘက်မီးဓာတ်ဟု ခေါ်သည်၊ ပြင်ဘက်မီဓာတ်ဟု မှတ်ကြ။

တေဇောဓာတ် ၅-ပါးကို အကျဉ်းသရုပ် ထုတ်ပြခြင်း

အသက် ဝိညာဏ်ရှိသော သတ္တဝါသန္တာန်၌ --

ဥသ္မာမီး။ ၁။
ပါစကမီး။ ၂။
သန္တာပနမီး။ ၃။
ဒါဟမီး။ ၄။
ဇီရဏမီး။ ၅။

ဤငါးပါးသော မီးတို့ကို အဇ္ဈတ္တ အတွင်းမီးဓာတ်ဟု ခေါ်သည်၊ အတွင်းမီးဓာတ်ဟု မှတ်ကြ။

တေဇောဓာတ်ကို အကျယ်ဖွင့်ပြခြင်း

တပည့်တို့- ဤငါးပါးသော အတွင်းမီးဓာတ်တို့၏ ပူမှု အေးမှု ဟူသော သဘော, လောင်ပုံကိစ္စ, တည်ရာဌာနတို့ကို ရှေးဦးစွာ ဤသို့ မှတ်ကြ သိကြကုန်။

၁။ ဥသ္မာမီး ဟူသည်ကား တကိုယ်လုံး၌ အတွင်းပြင်မလပ် လက်နှင့်စမ်းလျှင် နွေးနွေးတွေ့သော ပကတိ ကိုယ်ငွေ့ကို ခေါ်သည်။ ဤပကတိ ကိုယ်ငွေ့ဟု ဆိုအပ်သော ဥသ္မာမီးသည်ကား ပူသော ဥဏှမီးတည်း။ အရေနှင့်တကွ အရေအတွင်း တကိုယ်လုံးကို အနံ့စွဲ၍ နွေးရုံ သာမည လောင်လျက် တည်၏။ ရံခါ ရံခါကား အင်္ဂါကြီးငယ် အစွန်အဖျား ပြင်ဘက်စပ်နားမှာ မရှိ၊ အတွင်း၌သာ တည်၏။ ဤ ကိုယ်ငွေ့ ဥသ္မာမီး အကြွင်းမရှိ အကုန်လုံးချုပ်လျှင် သတ္တဝါခသ၏။

၂။ ပါစကမီး ဟူသည်ကား မျိုမျိုသမျှသော အစာအာဟာရတို့ကို နူးနပ် ကြေညက်စေတတ်သော ဝမ်းမီးကိုခေါ်သည်။ ဤ ဝမ်းမီးဟုဆိုအပ်သော ပါစကမီး သည်လည်း ပူသောဥဏှမီးတည်း။ လျှာခင်အောက် အူပြွန်တံအစမှ စ၍ ဘင်ဝ ဆုံးသည်တိုင်အောင် အူတွင်း တလျှောက်လုံးကို အကုန် အနှံ့စွဲ၍ အူကို၎င်း အူတွင်း အစာ အာဟာရတို့ကို၎င်း လောင်လျက် တည်၏။

အထူးဝိသေသ အားဖြင့်ကား အစာသစ်အိမ်ကြီး၌ များစွာအားကြီးစွာ စွဲ၍ တည်၏၊ ရံခါရံခါကား အစာသစ်အိမ်မှ အလွတ်ဖြစ်သော အူပြွန်တံ အူခေါက် တို့၌မရှိ၊ အစာသစ်အိမ်တွင်း၌သာ ရှိ၏။ ဤပါစကမီး အကြွင်းမရှိ အကုန်လုံး ချုပ်လျှင်လည်း သတ္တဝါ သေ၏။

၃။ သန္တာပနမီး ဟူသည်ကား ဥသ္မာခေါ်သော ပကတိကိုယ်ငွေ့ထက် ထူးချွန် လွန်ကဲ၍ ဖြစ်ပေါ်လာသော သူငယ်နာပူ မီးယပ်ပူ ဒူလာပူ နေမကောင်း ထိုင်မသာ ရှိရုံ ဖျားသော အပူ, ရက်ခြားဖျားသောအပူ, ရက်ဆက်ဖျားသော အပူ, ပူသော မန်းရှိန်နှင့်တကွ ဖြစ်ပေါ်လာသော အလုံးစုံသော ရောဂါမျိုး အနာမျိုး အပူ, ဣရိယာပုထ် မပြောင်းလဲဘဲ တခုတည်း နေခြင်းကြောင့် ဖြစ်ပေါ်လာသော အပူ, လက်ဝါးနှစ်ခု ပွတ်ခြင်း တိုက်ခြင်း အစရှိသော မိမိ လုံ့လ သူတပါး လုံ့လ တို့ကြောင့် ဖြစ်ပေါ်လာသော အပူ, နေရှိန် မီးရှိန် သင့်၍ ဖြစ်ပေါ်လာသောအပူ, အသက် ဂုဏ်ကြီးသောသူတို့အား ပြစ်မှားမိခြင်းကြောင့် ဖြစ်ပေါ်လာသောအပူ, အမျက်ဒေါသ အားကြီး ခြင်းကြောင့် ဖြစ်ပေါ်လာသောအပူ, သောက ပရိဒေဝ အားကြီးခြင်းကြောင့် ဖြစ်ပေါ်လာ သောအပူ ဤအပူမျိုးတွေကို ခေါ်သည်။

ဤအပူမျိုးတွေသည် “သံဘုသံ တာ ပေတီတိ သန္တာပနော” ဟူသော ဝစနတ္ထနှင့် အညီ သန္တာပနမီး မည်၏။

ယော တေဇော၊ အကြင်သူငယ်နာပူ အစရှိသော မီးသည်။
သံ ဘုသံ၊ ပကတိကိုယ်ငွေ့ ဥသ္မာမီးထက် ထူးချွန်လွန်ကဲ၍ ပြင်းထန်စွာ။
တာပေတိ၊ ပူစေတတ်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
သော တေဇော၊ ထိုသူငယ်နာပူ အစရှိသော မီးသည်။
သန္တာပနော၊ သန္တာပနမီး မည်၏။ (ဝိဂြိုဟ်အနက်)

ဤသန္တာပန မီးသည်လည်း ပူသောဥဏှမီး တည်း၊ အနာရောဂါ ဒုက္ခဝေဒနာကို ဖြစ်စေတတ်သော မီးတည်း၊ ဤ မီးသည် ရံခါရံခါ တကိုယ်လုံးကို အနှံ့ စွဲ၍ လောင်လျက်တည်၏၊ ရံခါ ရံခါ ကိုယ်အင်္ဂါ တစိတ်တဒေသကို စွဲ၍လောင်လျက် တည်၏။ ရံခါရံခါ တကိုယ်လုံးမှာပင် မရှိ၊ အကုန်လုံးချုပ်၏။

၄။ ဒါဟမီး ဟူသည်ကား --

  • ထိုသန္တာပနမီးပူထက် ထူးချွန်လွန်ကဲ၍ လူးလဲ အော်အင်၍ နေရအောင် အပြင်းအထန် မခံနိုင်အောင် ပူသောအားဖြင့် လောင်သောမီး,
  • သေလု နီးအောင် ပူသောအားဖြင့် လောင်သောမီး,
  • သေခြင်း သို့ရောက်အောင် ပူသော အားဖြင့် လောင်သောမီး,
  • အပူမဟုတ် ကျန်းမာသော ကိုယ်၌ ပကတိ အအေးထက် ထူးချွန် လွန်ကဲ၍ ပါဒရက်နာ, မီးယပ်နာဖြစ်အောင် အေးသောအားဖြင့် လောင်သောမီး,
  • ချမ်းစိမ့်စိမ့်ဖြစ်အောင် အေးသောအားဖြင့် လောင်သောမီး
  • ခိုက်ခိုက်တုန်ဖျားအောင် အေးသောအားဖြင့် လောင်သောမီး,
  • မဖျားဘဲလျက် ဆောင်းအခါ စသည်သို့ရောက်ခြင်းကြောင့်၎င်း,
  • တောတောင် စိမ့်မြိုင် စသည်သို့ ရောက်ခြင်းကြောင့်၎င်း,
  • ဆောင်းအခါ ရေငုပ်ခြင်း ရေလောင်း၍ ယပ်ခပ်ခြင်းစသော မိမိလုံ့လ သူတပါး လုံ့လကြောင့် ၎င်း,
  • အသက်ဂုဏ်ကြီးသော သူတို့အား ပြစ်မှားမိခြင်းကြောင့်၎င်း,
  • ဒေါသဖြင့် ကြောက်ရွံ့ထိတ်လန့်ခြင်း ကြောင့်၎င်း,
  • ချမ်းစိမ့်စိမ့်နေအောင် အေးသော အားဖြင့် လောင်သောမီး,
  • ခိုက်ခိုက်တုန်အောင် အေးသောအားဖြင့် လောင်သောမီး,
  • သေလုနီးအောင် အေးသောအားဖြင့် လောင်သောမီး,
  • သေခြင်းသို့ ရောက်အောင် အေးသောအားဖြင့် လောင်သောမီး,
  • အပူကြီး အအေးကြီး မဟုတ်ဘဲလျက် ဒက်နာ၊ ဗောက်နာ၊ ပွေးနာ၊ ညှင်းနာ၊ တင်းထိပ်နာ၊ ကြွက်နို့နာ၊ နှင်းခူနာ၊ နူနာ စသည်ကို ဖြစ်စေလျက် အသားအရေ စသည်တို့ကို ဖြည်းဖြည်း ကျွမ်းအောင် လောင်သောမီး,

ဤလောင်သောမီးမျိုးတွေကို ခေါ်သည်။ ဤလောင်သော မီးမျိုးတွေသည် -

ဒဟတိ ပရိဒဟတီတိ ဒါဟော” ဟူသော ၀စနတ္ထနှင့် အညီ ဒါဟမီးမည်၏။

ယောတေဇော၊ အကြင်သည်းထန် အားကြီးစွာသော မီးသည်။
ဒဟတိ ပရိဒဟတိ၊ ထက်ဝန်းကျင်မှ ပြင်းထန်စွာ လောင်တတ်၏။ ကျွမ်းအောင် လောင်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သောတေဇော၊ ထိုသည်းထန် အားကြီးသော မီးသည်။
ဒါဟော၊ ဒါဟမီးမည်၏။ (ဝိဂြိုဟ်အနက်)

ဤ ဒါဟမီးမှ တပါးသော မီးတို့သည်လည်း လောင်တတ်သည် ချည်းပင်တည်း။ မီးဟူက မလောင်တတ်သည်ဟူ၍ မရှိ၊ ထိုသို့ပင် လောင်တတ်ငြားသော်လည်း နွေးရုံ ပူရုံ မထင်မရှား အနည်းငယ် သာမညသာ လောင်သည်ဖြစ်၍ လောင် တတ်သော မီးဟု ဒါဟအမည်နှင့် မခေါ်ဝေါ် လောက်သေး၊ ဤမီးကိုသာလျှင် အထင်အရှား အားကြီးသည်းထန်စွာ လောင်တတ်သည်ဖြစ်၍ လောင်တတ်သော မီးဟု ဒါဟ အမည်နှင့် ခေါ်ဆိုအပ်၏။

ဤ ဒါဟမီးသည်ကား ပူသော ဥဏှမီးလည်းရှိ၏၊ အေးသော သီတမီးလည်း ရှိ၏။

ဤ ဥဏှ သီတ နှစ်ပါးလုံးသော ဒါဟမီးသည်လည်း အနာရောဂါ ဒုက္ခ ဝေဒနာကို ဖြစ်စေတတ်သော သေအောင် ကြေမွပျောက်ပျက် သွားအောင်ပင် လောင်တတ်သော မီးပင်တည်း။

ဤ ဒါဟမီး နှစ်ပါးတို့တွင် ဥဏှဒါဟမီးသည် ရံခါ ရံခါ တကိုယ်လုံးကို အနှံ့ စွဲ၍ လောင်လျက်တည်၏၊ ရံခါ ရံခါ ကိုယ်အင်္ဂါ တစိတ်တဒေသကိုစွဲ၍ လောင်လျက် တည်၏၊ ရံခါရံခါ တကိုယ်လုံးမှာပင် မရှိ၊ အကုန်လုံးချုပ်၏။ သီတဒါဟမီးသည်ကား ရံခါရံခါ၌သာ ရှိလာ၏၊ ဖြစ်ပေါ်လာ၏၊ ရံခါရံခါ မရှိ၊ အကုန်လုံးချုပ်၏၊ ဖြစ်ပေါ်လာသော အခါ၌လည်း တကိုယ်လုံးကို အနှံ့ စွဲ၍၊ မတည်နိုင်၊ မလောင်နိုင်၊ ကိုယ်အင်္ဂါ တစိတ်တဒေသကိုသာ စွဲ၍ တည်နိုင်၏၊ လောင်နိုင်၏။

ဤ သီတ ဒါဟမီး တကိုယ်လုံးကို အနှံ့ စွဲ၍ တည်လာ လောင်လာလျှင် ဥသ္မာ ပါစက ဟူသော ဥဏှမီးတို့ အပြီးတိုင် အကြွင်းမရှိ ချုပ်သဖြင့် သတ္တဝါ သေဆုံး၍ အဇ္ဈတ္တဓာတ်မဟုတ်၊ ဗာဟိရဓာတ် ဖြစ်လေ၏။ ဤကိုရည်၍ -

အာယု ဥသ္မာ စ ဝိညာဏံ ယဒါ ကာယံ ဇဟန္တိ မံ။
အပဝိဒ္ဓေါ တဒါ သေတိ၊ ပရဘတ္တံ အစေတနံ။

ဟူ၍ ခန္ဓဝဂ္ဂသံယုတ်၊ ဖေဏပိဏ္ဍောပမသုတ်၌ ဘုရားရှင် ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
အာယု စ၊ ဇီဝိတိန္ဒြေသည်၎င်း။
ဥသ္မာ စ၊ ပကတိ ကိုယ်ငွေ့ ဥသ္မာမီးသည်၎င်း။
ဝိညာဏံ၊ စိတ်ဝိညာဏ်သည်၎င်း။
ဣမေဘယော၊ ဤ သုံးပါးသော တရားတို့သည်။
ယဒါ၊ အကြင်အခါ၌။
ဣမံကာယံ၊ ဤ မြေဓာတ်, ရေဓာတ်, အစုအပေါင်းကြီးကို။
ဇဟန္တိ၊ စွန့်ကြလေကုန်၏။
တဒါ ထိုအခါ၌။
အပဝိဒ္ဓေါ၊ သုသာန်တစ သင်းချိုင်းဝ၌ စွန့်ပစ်အပ်သည်ဖြစ်၍။
သေတိ၊ သင်းချိုင်းပေါ်၌ ပျော်ပျော် ၀၀ မထဘယ်ခါ အိပ်ရရှာလေ၏။
အစေတနံ၊ စေ့ဆော် လှုပ်ရှားခြင်းလည်း မရှိပြီ။
ပရဘတ္တံ၊ ကျီး ခွေး လင်းတ ပိုးလောက် စသား သူတပါးတို့၏ စားအိုး စားပွဲ ထမင်းခဲကြီးသာ ဖြစ်ဘိ၏။

(ဤကား ပါဠိတော်အနက်)

၅။ ဤဆိုအပ်ခဲ့ပြီးသော ဥသ္မာမီး, ပါစကမီး, သန္တာပနမီး, ဒါဟမီးတို့ သည်၎င်း, ဤလေးပါးမှ အလွတ်ဖြစ်သော ဤတကိုယ်လုံး၌ ရှိရှိသမျှ အလုံးစုံသော နွေးမှု အေးမှုဟူသော ဥဏှမီး သီတမီးတို့သည်၎င်း, နွေးသည် သည်ဟူ၍ပင် မသိနိုင် လောက်အောင် နုန့်၍နေသော ဥဏှမီး သီတမီးတို့သည်၎င်း ဤအလုံးစုံသော မီးတို့သည် မိမိတို့စွဲ၍ မြေဓာတ် ရေဓာတ်တို့ကို ငယ်ရွယ်စဉ် ကနှင့် မတူစေဘဲ တနေ့တခြား ရင့်ရော် ဆွေးမြည့်စေတတ်သော ဆုတ်ယုတ် အိုမင်းစေတတ်သော ဇီရာပနသတ္တိ ရှိသောကြောင့် ဇီရဏမီး မည်၏။ ဤဇီရဏမီး၏ သဘောကိစ္စ၊ တည်ရာဌာနတို့ကား ထင်ရှားသိသာပြီ။

ဤအတွင်း မီးဓာတ်ကို အကျယ်ခွဲခြမ်းဝေဖန်၍ ပြီး၏။

တေဇောဓာတ်ကို ဝိပဿနာရှုပုံကိုပြခြင်း

တပည့်တို့ - ဤအတွင်း မီးဓာတ်ငါးပါးတို့၏ ပူပုံ အေးပုံ သဘော, လောင်ပုံ ကိစ္စ စွဲ၍တည်ရာ ဌာနတို့ကို ကောင်းမွန်သေချာစွာ ပိုင်းခြားမှတ်သား၍ နားလည်အောင် ပြုပြင်ပြီးလျှင် ပြင်ဘက်က မီးဓာတ်နှင့် ထပ်တူထင်မြင်အောင် ယှဉ်၍ ယှဉ်၍ ကြည့်ရှုဆင်ခြင်ကြ။

အဘယ်သို့ ကြည့်ရှုဆင်ခြင်ရမည်နည်းဆိုသော် ဤသို့ ကြည့်ရှုဆင်ခြင်ရမည်။ ဤ မီးဓာတ် ငါးပါးတို့သည် အကြောင်း ကိစ္စ, တည်ရာဌာန, အခိုက်အတံ့တို့ဖြင့်သာ ငါးပါး ကွဲပြား၍နေသည်။ သဘာဝ တရားကိုယ်မှာ ပူမှုဟူသော ဥဏှမီး, အေးမှုဟူသော သီတမီးဟု နှစ်ပါးသာ ရှိသည် ဟူ၍လည်း ရှေးဦးစွာ သိမြင်မှတ်သား၍ ဉာဏ်တည်း ဟူသောလက်ဖြင့် ပြင်ဘက်ဗာဟိရ ပန်းဘဲဖိုက သံတွေခဲကြီးကို၎င်း, သံတွေ မီးရည်တွေကို၎င်း ယူ၍ အဇ္ဈတ္တ ကိုယ်တွင်းက အသည်း နှလုံး တည်းဟူသော ဥဏှ ဥသ္မာမီးခဲကြီးကို၎င်း, ဗဟိုသွေးကြောထဲက သွေးတည်းဟူသော ဥဏှဥသ္မာ မီးရည်တွေကို၎င်း ယူ၍ အဇ္ဈတ္တ ဗာဟိရ မီးနှစ်ပါးကို ယှဉ်၍ထားပြီးလျှင် သံတွေ မီးခဲကို လက်နှင့် ကိုင်၍ စမ်း၊ နွေးလိမ့်မည်၊ ပူလိမ့်မည်။ သံတွေမီးရည်တွေကို လက်နှင့်နှိုက်၍ စမ်း၊ နွေးလိမ့်မည်၊ ပူလိမ့်မည်။ တဖန် အသည်းနှလုံးဟူသော ဥဏှ ဥသ္မာမီးခဲကြီးကို လက်နှင့်ကိုင်၍စမ်း၊ နွေးလိမ့်မည်၊ ပူလိမ့်မည်။ ဗဟိုသွေးကြောထဲက သွေးဟူသော ဥဏှဥသ္မာ မီးရည်တွေကို လက်နှင့် နှိုက်၍စမ်း၊ နွေးလိမ့်မည်၊ ပူလိမ့်မည်။

ဤသို့ အတူတူ ပူမှန်း နွေးမှန်း သိပြီးသော် ဤသံခဲ သံရည်ကို စွဲ၍ လောင်၍ နေသော ဗာဟိရ မီးဓာတ်သည် ငါမဟုတ်ငါ့ဥစ္စာလည်းမဟုတ်၊ ပူခြင်းသဘော လောင်ခြင်းကိစ္စရှိသော မီးဓာတ် ပင်တည်း။

ထို့အတူ ဤအသည်း နှလုံးသွေးတို့ကိုစွဲ၍ လောင်၍နေသော အဇ္ဈတ္တမီးဓာတ် သည်လည်း ငါမဟုတ်ငါ့ဥစ္စာလည်းမဟုတ်၊ ပူခြင်းသဘော လောင်ခြင်း ကိစ္စရှိသော မီးဓာတ်ပင်တည်း။ ဤဗာဟိရမီးနှင့် ဤအဇ္ဈတ္တ မီးနှစ်ပါးလုံးသည် ငါမဟုတ်ငါ့ဥစ္စာလည်း မဟုတ်၊ ပူခြင်းသဘော လောင်ခြင်းကိစ္စ ရှိသော မီးဓာတ်ပင်တည်း၊ ဘာမျှ မထူးကြပြီ၊ အတူတူ မီးဓာတ်ပင်တည်း။

ဤနှစ်ပါးလုံးသော မီးဓာတ်၌ ငါဟု ငါ့ဥစ္စာဟု မှတ်ထင် စွဲဆိုစရာကို စီစစ်ရှာဖွေသော် ဤသံခဲ သံရည် အသည်းခဲ နှလုံးခဲ သွေးရည်တို့ကား မြေဓာတ် ရေဓာတ်တို့တည်း၊ မီးဓာတ်မဟုတ်။ ဤဝါဝါ ရဲရဲ နီနီတို့ကား အဆင်းဝဏ္ဏ တည်း၊ မီးဓာတ်မဟုတ်၊ ဤမြေဓာတ် ရေဓာတ်တို့ကို စွဲ၍ လောင်၍ နေသော ပူခြင်းသဘောမျှသာလျှင် မီးဓာတ်တည်း၊ ဤပူခြင်း သဘောမျှသာ ဖြစ်သော မီးဓာတ်၌ ငါဟု ငါ့ဥစ္စာဟု မှတ်ထင် စွဲဆိုစရာကိုပင် ဘာမျှ အထည် ဝတ္ထု၊ အသား အမာ အလုံး အခဲ မရှိပြီ။

ဤအဇ္ဈတ္တ ဗာဟိရ နှစ်ပါးလုံးသော မီးဓာတ်သည် ငါမဟုတ်ပြီငါ့ဥစ္စာလည်း မဟုတ်ပြီ။ အတူတူ ဘာမျှမထူးကြပြီ။ မြေဓာတ် ရေဓာတ်တို့ကို စွဲ၍ လောင်၍ နေသော မီးဓာတ် မီးဓာတ်ပင်တည်း ဟု ပြင်ဘက် မီးဓာတ်နှင့် အတွင်း မီးဓာတ်ကို အတွင်းပြင် မခြားမနား တစားတည်း တထပ်တည်း တူအောင်ယှဉ်၍ ယှဉ်၍ ကြည့်ရှု ဆင်ခြင်ရမည်။

ဤနည်းအတူ အဇ္ဈတ္တက မြေဓာတ်တည်းဟူသော မီးခဲ, ရေဓာတ်တည်းဟူသော မီးရည်တွေကို အကုန်ထုတ်၍ ထုတ်၍ ဗာဟိရ ပန်းဘဲဖိုက သံမီးခဲ သံမီးရည် တွေနှင့်ယှဉ်၍ ယှဉ်၍ ထပ်တူ ထင်မြင်အောင် ကြည့်ရှု ဆင်ခြင်ရမည်။ ပန်းဘဲဖိုက မီးခဲ မီးရည်သာမဟုတ် အဝီစိက မီးခဲတွေ, လောဟကုမ္ဘီ ငရဲအိုးထဲက မီးရည်တွေ မိုဃ်းကြိုး လောင်မီးက မီးခဲတွေ မီးတောက်တွေ တောတောင် လောင်သော မီးခဲတွေ မီးတောက်တွေ ထမင်း ဟင်း ချက်သည့် မီးခဲတွေ မီးတောက်တွေ, ရေနွေး ဟူသော မီးရှည်တွေကိုပါ ယူ၍ အဇ္ဈတ္တ မီးခဲ မီးရည်တွေနှင့် ယှဉ်၍ ယှဉ်၍ ထပ်တူ မြင်အောင် ကြည့်ရှု ဆင်ခြင်ရမည်။

အဇ္ဈတ္တ၌ သီတမီးတွေ ဖြစ်ပေါ်လာ၍နေလျှင် ထိုသီတမီးခဲ မီးရည်တွေကို ထုတ်၍ ထုတ်၍ ဗာဟိရက သီတမီးခဲ မီးရည်တွေဖြစ်သော ဟိမဝန္တာက ဆီးနှင်းခဲတွေ ဆီးနှင်းရည်တွေ ရေခဲတွေ ရေခဲရည်တွေ ကောင်းကင်က နှင်းခဲတွေ နှင်းရည်တွေ, မိုဃ်းသီးခဲတွေ မိုးသီးရည်တွေ, ရန်ကုန်မြို့က ရေခဲတွေ ရေခဲရည်တွေနှင့် ယှဉ်၍ ယှဉ်၍ ထပ်တူ ထင်မြင်အောင် ဥဏှမီးမှာ ကြည့်ရှုဆင်ခြင်သောနည်း အတိုင်း ကြည့်ရှုဆင်ခြင်ရမည်။

ပူခြင်းသဘောဟု ဆိုအပ်သော ဆင်ခြင်သော နေရာမှာ အေးခြင်းသဘောဟု ဆိုရုံ ဆင်ခြင်ရုံမျှသာ ထူးသည်။ ရံခါရံခါလည်း ဤအဇ္ဈတ္တမီးတွေကို တခုချင်း မထုတ်ဘဲ ဤမြေဓာတ် ရေဓာတ် တည်းဟူသော လောင်စာထင်းစတွေ အမှိုက်တွေကို စွဲ၍ လောင်၍နေသော ပူမှု အေးမှုတွေဟု တလုံးတည်းထား၍ တောတောင် လောင်သော မီးတွေနှင့် တူအောင် ယှဉ်၍ရှု။

တပည့်တို့ - ဤကဲ့သို့ ကြည့်ရှု ဆင်ခြင်ဘန် များသောအခါ ဤအတွင်း မီးဓာတ်တွေသည် ဓာတ် အနေအားဖြင့် ပြင်ဘက် မီးဓာတ်နှင့် တတပ်တည်း တူအောင် ထင်မြင်၍ လာလိမ့်မည်။ ထိုသို့ ထင်မြင်၍ လာသောအခါ ပြင်ဘက် မီးဓာတ်တွေကို ငါဟု မှတ်ထင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်သကဲ့သို့ ဤအတွင်း မီးဓာတ်တွေကိုလည်း ငါဟု မှတ်ထင်စွဲလမ်းခြင်းငှါ မဖြစ်နိုင်လတ္တံ့။

ထိုသို့ မဖြစ်နိုင်၍ ငါဟု မှတ်ထင် စွဲလမ်းခြင်း ကင်းသောအခါ ပြင်ဘက် မီးဓာတ် တွေကို သူတပါးတို့ ဘယ်လိုဘဲ ဆိုဆို၊ ဘယ်လိုဘဲ လုပ်လုပ်၊ သင်တပည့်တို့က ဟယ်-ငါတို့ကို လူတွေ ဆိုချင်တိုင်း ဆိုကုန်ပါပြီ၊ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည်တမ်းပြောဆိုခြင်းငှါ မှတ်ထင် အောက်မေ့ခြင်းငှါ မဖြစ်နိုင်ဘိသကဲ့သို့ ဤအတွင်း မီးဓာတ်တွေကိုလည်း သူတပါးတို့ ဘယ်လိုဘဲဆိုဆို ဘယ်လိုဘဲ လုပ်လုပ် သင်တပည့်တို့က ဟယ် ငါတို့ကို လူတွေ ဆိုချင်တိုင်း ဆိုကုန်ပါပြီ၊ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည်တမ်း ပြောဆိုခြင်းငှါ မှတ်ထင်အောက်မေ့ခြင်းငှါ မဖြစ်နိုင်လတ္တံ့။

တပည့်တို့ - သင်တပည့်တို့သည် ဤပြင်ဘက် မီးဓာတ်ကို၎င်း၊ ဤအတွင်း မီးဓာတ်ကို၎င်း အတူတူ မီးဓာတ် မီးဓာတ်ပင်တည်း။ ငါမဟုတ်ပြီဟု လင်းလင်း ထင်ထင် သိမြင်၍ ငါဟုမှတ်ထင်စွဲလမ်းခြင်း ကင်းသောအခါ ထိုမီးဓာတ်တို့ကို ငါဟူသော အတ္တအနေနှင့်၎င်း ငါ့ဟာဟူသော အတ္တနိယ အနေ နှင့်၎င်း ချစ်ခင် တပ်မက်ခြင်းလည်း ကင်းကြကုန်လတ္တံ့။

ဤသို့သော အကြောင်းကိုစွဲ၍ “နေသော ဟမသ္မိ နေတံ မေဧဝံ တတ္ထ ဝိရဇ္ဇတိ” ဟူ၍ ဥဒ္ဒေသဝါရ၌ ဆရာဟောကြားပေ၏။

အနုသာသနီဂါထာ ပါဌ်အနက်

ဟတ္ထတလေ ထပေတွာနပေက္ခိယ ဉာဏစက္ခုနာ
ယထာ ဣဒံ တထာ ဧတံယထာ ဧတံ တထာ ဣဒံ
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စတေဇသ္မိံ ဝေါ ဝိရဇ္ဇထ

သေက္ချဘာသိတဂါထာ

ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဝေါ၊ သင်တပည့်တို့သည်။
ဟတ္ထတလေ၊ လက်ဝါးပြင်၌။
ဝါ၊ ဟတ္ထပါသ်အတွင်း ရှေ့မျက်နှာစာအပြင်၌။
ထပေတွာန၊ ဉာဏ်တည်းဟူသောလက်ဖြင့် မီးဓာတ် နှစ်ပါးကို ဆောင်ယူယှဉ်ထား၍။
ဣဒံ၊ အသည်း နှလုံး သွေးရည် ခြေဖျား လက်ဖျား အရေ အသား အစရှိသော ဤမီးရည် မီးဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ၊ သံခဲ သံရည် နှင်းခဲ နှင်းရည် အစရှိသော ထိုပြင်ဘက် မီးခဲ မီးရည် မီးဓာတ်သည်။
အဟံ၊ သည်။
န အသ္မိ၊ မဟုတ်ပါဘဲကလား။
ဧတံ၊ သံခဲ သံရှည် နှင်းခဲ နှင်းရည် အစရှိသော ထိုပြင်ဘက် မီးခဲ မီးရည် မီးဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ၊ အသည်း နှလုံး သွေးရည် ခြေဖျား လက်ဖျား အရေ အသား အစရှိသော ဤအတွင်း မီးခဲမီးရည် မီးဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲကလား။
ဣတိ၊ ဤသို့။
ဉာဏစက္ခုနာ၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။
ပေက္ခိယ၊ ပြုံးပြုံးစိစိ မြင်အောင်ကြည့်၍။
အဇ္ဈတ္တတေဇသ္မိံ၊ အတွင်းမီးဓာတ်၌၎င်း။
ဗဟိဒ္ဓါ စ တေဇသ္မိံ၊' ပြင်ဘက်မီးဓာတ်၌၎င်း။
ဝိရဇ္ဇထ၊ စွဲလမ်းမှတ်ထင် ချစ်ခင်တပ်မက်ခြင်း ကင်းကြကုန်လော့။ ၁၀။

ဣတိ ဆဓာတုဝိဘင်္ဂေ တေဇောဓာတုပဗ္ဗံ

ဣတိ၊ ဤသည်ကား။
ဆဓာတုဝိဘင်္ဂေ၊ သေက္ချဘာသိတ ဆဓာတုဝိဘင်္ဂ ဓာတ်ကမ္မဋ္ဌာန်း၌။
တေဇော ဓာတုပဗ္ဗံ၊ မီးဓာတ်ကို ဝေဖန်ကြည့်ရှုပုံ အပိုင်းတည်း ။

မီးဓာတ်ကို ဝေဖန်ကြည့်ရှုပုံအပိုင်း ပြီး၏။

ဝါယောဓာတ်ကို ပြခြင်း

တပည့်တို့ - ဤဓာတ်ခြောက်ပါးတို့တွင် ဝါယော ဟု မာဂဓတို့ခေါ်သော လေဓာတ် သည်လည်း ဗာဟိရ ပြင်ဘက် လေဓာတ်, အဇ္ဈတ္တ အတွင်းလေဓာတ် ဟု နှစ်ပါး ရှိသည်။

ထိုနှစ်ပါးတို့တွင် အသက်ဝိညာဏ်ရှိသော သတ္တဝါသန္တာန်မှ အပဖြစ်သော ဗဟိဒ္ဓ သန္တာန်၌ အောက် ကောင်းကင်၌ သွားလာလွင့်တိုက်၍ နေသောလေ, အထက် ကောင်းကင်၌ သွားလာလွင့်တိုက်၍ နေသောလေ ကမ္ဘာဖျက်လေ, မြေပြင်ပေါ်၌ သစ်ပင်တောချုံ စသည်တို့ကို လှုပ်ရှားအောင် သွားလာ လွင့်တိုက်၍ နေသောလေ, အလုံးစုံ ကောင်းကင်ရှိသမျှ၌ သွားလာ၍ နေသောလေ, ယပ်လေ ခပ်သောလေ, ဖိုထိုးသောလေ, ပုဆိုးစိုဥဖေါင်းလေ ဤသို့ အစရှိသော အလုံးစုံ လှုပ်ရှား လွင့်ပါးခြင်း သဘော, ထောက်ကန် တောင့်တင်းခြင်းသဘော ဟူသမျှတို့ကို ဗာဟိရ ပြင်ဘက် လေဓာတ်ဟု ခေါ် သည်။ ပြင်ဘက်လေဓာတ်ဟု မှတ်ကြ။

ဝါယောဓာတ် ၆-ပါးကို အကျဉ်းသရုပ်ပြခြင်း

၁။ အသက်ဝိညာဏ်ရှိသော သတ္တဝါသန္တာန်၌ ထွက်သက် ဝင်သက် ဟူသော အဿာသ-ပဿာသလေ

၂။ ဝမ်းတွင်းမှ အထက်သို့ ဆန်တက်၍ အပေါက်ရှိရာ ထွက်လာသော ဥဒ္ဓင်္ဂမလေ

၃။ ဝမ်းတွင်းမှ အောက်သို့ စုန်ဆင်း၍ အပေါက်ရှိရာ ထွက်သွားသော အဓောဂမလေ

၄။ အူတွင်း၌ အောင်း၍နေသော ကောဋ္ဌာသယလေ

၅။ အူပြင်ဘက် ဝမ်းခေါင်း ရင်ခေါင်းထဲ၌ အောင်း၍နေသော ကုစ္ဆိသယလေ

၆။ ဝမ်းခေါင်း ရှင်ခေါင်းမှ လွတ်ရာ တကိုယ်လုံးအနှံ့ အင်္ဂါကြီးငယ်သို့ လျှောက်သွား လှည့်လည်သော အင်္ဂမင်္ဂါနုသာရီလေ

ဤခြောက်ပါးသော လှုပ်ရှား လွင့်ပါးခြင်းသဘော, ထောက်ကန် တောင့်တင်းခြင်း သဘောတွေကို အဇ္ဈတ္တ အတွင်းလေဓာတ်ဟု ခေါ်သည်၊ အတွင်းလေဓာတ် ဟု မှတ်ကြ။

ဝါယောဓာတ်ကိုအကျယ်ဖွင့်ပြခြင်း

အကြင်အခါ ကုစ္ဆိသယလေ ပျက်စီးဖောက်ပြန်၍ ထကြွသောင်းကျန်းငြားအံ့၊ ထိုအခါ ဝမ်းကို ရင်ကို ဖေါက်၍ ထွက်တတ်၏။ အထက်အောက် အခန်းခြား အမှေးလွှာကိုသော်၎င်း ဆုတ်ဖြတ်ဖေါက်ခွဲ၏၊ ထိုအခါ သတ္တဝါ သေ၏၊ ဤသို့ သေသည်ကိုလည်း ရင်ကွဲ၍ သေသည်ဟု ခေါ်ကြ၏။

ဤကဲ့သို့ ပြင်းထန် ဆိုးဝါးသော ကုစ္ဆိသယလေကြမ်းကို အမှေးလွှာ ဝမ်းရင်တို့ကို ဆုတ်ဖြတ် ဖောက်ခွဲတတ်သဖြင့် ဓားငယ်ဦးချွန်းနှင့် တူသောကြောင့် သတ္တကဝါတ၊ လေဓားမြှောင်ဟု ခေါ်သည်။

အကြင်အခါ အင်္ဂမင်္ဂါနုသာရီလေ ပျက်စီး ဖောက်ပြန်၍ ထကြွသောင်းကျန်းငြားအံ့၊ ထိုအခါ မျက်စိကြော, နားကြော ပါးစပ်ကြော, မေးကြော, လည်ပင်းကြော, ကိုယ်ကြော, လက်ကြော, ခြေကြော အစရှိသော အကြောငယ် အကြောဆက်တို့ကို ပိုင်းပိုင်းပြတ်အောင် ဖြတ်တတ်၏။ ထိုအခါ သတ္တဝါတို့ မျက်စိစွေခြင်း, နားထိုင်းခြင်း, အ-ခြင်း, ပါးစပ်ရွဲ့ခြင်း ပါးရွဲ့ လည်ပင်းစောင်းခြင်း, ကိုယ်တခြမ်းသေခြင်း, လက်သေခြင်း, ဆွံ့ခြင်း ခြေသေခြင်း, ဆွံ့ခြင်း အစရှိသည်ဖြစ်ကုန်၏။

ဤကဲ့သို့ ပြင်းထန် ဆိုးဝါးသော အင်္ဂမင်္ဂါနုသာရီ လေကြမ်းကို အကြောငယ် အကြောဆက် တို့ကို ပိုင်းပိုင်းပြတ်အောင် ဖြတ်တတ်သဖြင့် သင်ဓုန်းနှင့် တူသောကြောင့် ခုရကဝါတ လေသင်ဓုန်း ဟု ခေါ်သည်။

သတ္ထကဝါတ ခုရကဝါတ ဤလေဓားမြှောင် လေသင်ဓုန်းတို့လည်း ကုစ္ဆိသယလေ, အင်္ဂမင်္ဂါနုသာရီ လေတို့ပင်တည်း၊ အနုအကြမ်းမျှသာ ကွဲလွဲသည်။

ဤတွင် လေဓာတ်ကို အကျယ်ခွဲခြမ်း ဝေဖန်၍ ပြီး၏။

ဝါယောဓာတ်ကို ဝိပဿနာရှုပုံကို ပြခြင်း

တပည့်တို့ - ဤအတွင်း လေဓာတ် ခြောက်ပါးတို့၏ လှုပ်ရှားသွားလာခြင်း သဘော, မြေဓာတ် ရေဓာတ်တို့ကို လွင့်တိုက်ခြင်း ကိစ္စ ထည်ရာဌာနတို့ကို ကောင်းမွန် သေချာစွာ မှတ်သား သိမြင်၍ ပြင်ဘက်က လေဓာတ်နှင့် ထပ်တူ ထင်မြင်အောင် ယှဉ်၍ ယှဉ်၍ ကြည့်ရှုဆင်ခြင်ကြ။

အဘယ်သို့ ကြည့်ရှု ဆင်ခြင်ရမည်နည်းဆိုသော် ဤသို့ ကြည့်ရှုဆင်ခြင်ရမည်။ ဤလေဓာတ် ခြောက်ပါးတို့သည် အကြောင်း ကိစ္စ တည်ရာဌာန အခိုက်အတံ့ တို့ဖြင့်သာ ခြောက်ပါးကွဲပြား၍ နေသည်။ သဘော တရားကိုယ်မှာ သွားလာ လှုပ်ရှားခြင်း သဘောအတူတူ တခုတည်းသာဘည်း ဟူ၍လည်း ရှေးဦးစွာ သိမြင် မှတ်သား၍ ဉာဏ်တည်းဟူသော လက်ဖြင့် ပြင်ဘက် ဗာဟိရ ပန်းဘဲဖို နှုတ်သီး လေကို ယူ၍ နှာခေါင်းဝ အဿာသပဿာသလေနှင့် ယှဉ်ထားပြီးလျှင် ဖိုနှုတ်သီးဝကို လက်ဝါးခံ၍စမ်း၊ တိုးဝှေ့ တိုက်လွှင့်ခြင်း ကိစ္စရှိသော အဟုန် သဘော လှုပ်ရှား သွားလာခြင်း သဘောကို တွေ့လိမ့်မည် သိလိမ့်မည်။ တဖန် နှာခေါင်းဝကို လက်ဝါးခံ၍စမ်း၊ တိုးဝှေ့ တိုက်လွှင့်ခြင်း ကိစ္စရှိသော အဟုန်သဘော လှုပ်ရှား သွားလာခြင်း သဘောကို တွေ့လိမ့်မည် သိလိမ့်မည်။

ဤသို့ အတူတူသိပြီးမှ ဤဖိုနှုတ်သီးဝက ထွက်သောလေသည် ငါမဟုတ် ငါဥစ္စာလည်း မဟုတ်၊ တိုးဝှေ့ တိုက်လွှင့်ခြင်း ကိစ္စရှိသော အဟုန်သဘော လှုပ်ရှားသွားလာခြင်း သဘောဖြစ်သော လေဓာတ်ပင်တည်း။ ဤနှာခေါင်းပေါက်က ထွက်လာသော လေဓာတ်သည်လည်း ငါမဟုတ်ငါ့ဥစ္စာလည်း မဟုတ်၊ တိုးဝှေ့ တိုက်လွှင့်ခြင်း ကိစ္စရှိသော အဟုန်သဘော လှုပ်ရှား သွားလာခြင်း သဘော ဖြစ်သော လေဓာတ်ပင်တည်း။

ဤဖိုနှုတ်သီးက ထွက်လာသော လေဓာတ်သည်၎င်း ဤနှခေါင်းပေါက်က ထွက်လာသော လေဓာတ် သည်၎င်း ဤနှစ်ပါးစုံသော လေဓာတ်သည် ငါမဟုတ်ငါ့ဥစ္စာ လည်းမဟုတ်၊ တိုးဝှေ့ တိုက်လွင့်ခြင်း ကိစ္စရှိသော အဟုန်သဘော လှုပ်ရှား သွားလာခြင်း သဘောဖြစ်သော လေဓာတ်ပင်တည်း၊ ဘာမျှ မထူးကြပြီ၊ အတူတူ လေဓာတ် လေဓာတ်ပင်တည်း။

ဤနှစ်ပါးစုံသော လေဓာတ်၌ ငါဟု ငါ့ဥစ္စာဟု မှတ်ထင် စွဲဆိုစရာကိုပင် ဘာမျှ အထည်ဝတ္ထု, အသား အမာ, အလုံး, အခဲလည်း မရှိပြီ။ ဤအဇ္ဈတ္တ ဗာဟိရ နှစ်ပါးစုံသော လေဓာတ်သည် ငါမဟုတ်ပြီ ငါ့ဥစ္စာလည်း မဟုတ်ပြီ၊ အတူတူ ဘာမျှမထူးကြပြီ၊လှုပ်ရှားသွားလာခြင်းဖြစ်သော လေဓာတ် လေဓာတ် ပင်တည်းဟု အတွင်းပြင် မခြားမနား တစားတည်း တထပ်တည်းတူအောင် ကြည့်ရှု ဆင်ခြင်ရမည်။ ထွက်သောလေကို သိမြင်လျှင် ဝင်သောလေကိုလည်း သိမြင်နိုင်တော့၏။

ဤနည်းတူ ဘိလပ်ရည်ပုလင်းက ထွက်သောလေ, ရေစက်ပေါက်က ထွက်သောလေ, စက်ရုံ ခေါင်းတိုင်က ထွက်သောလေ, ကြမ်းပေါက် ပြုတင်းပေါက် နံရံပေါက် တို့၌ ထွက်ဝင်၍ နေသော လေတို့နှင့် ဥဒ္ဓင်္ဂမလေ အဓောဂမလေတို့ကို ယှဉ်၍ရှု။ ပုဆိုးစို ဥဖေါင်းလေ, လေခေါင်းအုံး လေမွေ့ရာ လေတို့နှင့် ကောဋ္ဌာသယလေ ကုစ္ဆိသယလေတို့ကို ယှဉ်၍ရှု၊

ပုဆိုးစို ဥဖေါင်း လေခေါင်းအုံး လေမွေ့ရာတို့ကို၎င်း အူအိမ် ဗိုက်အိမ်တို့ကို၎င်း, အပေါ်ရံကလည်း နှိပ်၍စမ်း၊ အဟုန်တွေ တောင့်တင်းခုခံ၍ နေပုံကို တွေ့လိမ့်မည်။ သိလိမ့်မည်။ ဉာဏ်တည်းဟူသော ဓားနှင့်ဖောက်၍လည်းစမ်း၊ အဟုန်တွေ ရှူးရှူး ရှူးရှူး ထွက်လာပုံကို တွေ့လိမ့်မည်၊ သိလိမ့်မည်။ တွေ့အောင်, သိအောင်လုပ်၍ရှု၊ ချုံတိုက်လေ, သစ်ပင်တိုက်လေတို့နှင့် အင်္ဂမင်္ဂါနုသာရီလေကို ယှဉ်၍ရှု။

ရှုပုံကား လေလှုပ်၍နေသော သစ်ပင်ကြီးနှင့် ဤကိုယ်ကြီးကို ယှဉ်၍ထားပြီးလျှင် ဤသစ်ပင်ကြီး တပင်လုံးကား မြေဓာတ်တည်း၊ မြေဓာတ်မည်သည် မိမိဘာသာ မလှုပ်ရှားတတ် နေရာမှမရွေ့တတ်၊ ထိုသို့မလှုပ်ရှားတတ် နေရာမှ မရွေ့တတ်သော ဤသစ်ကိုင်း သစ်ခက် သစ်ရွက် မြေဓာတ်တွေသည် ဤလေတွေ တိုက်လွှင့် ခြင်းကြောင့် ယိမ်းရ၏၊ နေရာမှ ရွေ့ရ၏၊ လှုပ်ရှားရ၏၊ သွက်သွက်ခါရ၏။

ဤသစ်ပင်ကြီးအတူ ဤကိုယ်ကြီး၌ ဤခြေထောက်တွေလည်း မြေဓာတ်တည်း၊ ဤလက်တွေလည်း မြေဓာတ်တည်း၊ ဤခေါင်းကြီးလည်း မြေဓာတ်တည်း၊ ဤဆံပင် အမွေးတွေ အရေတွေ, အသားတွေ, အကြောတွေ အရိုးတွေလည်း မြေဓာတ်တည်း၊ မြေဓာတ်မည်သည် မိမိဘာသာ မလှုပ်ရှားတတ်, နေရာမှ မရွေ့တတ်၊ ထိုသို့ မလှုပ်ရှားတတ်၊ နေရာမှမရွေ့တတ်သော ဤခြေလက်, ဦးခေါင်း, ဆံ, အမွေး, အရေ, အသား, အကြော, အရိုးအစရှိသော အင်္ဂါကြီးငယ် မြေဓာတ်တွေသည် ဤ အင်္ဂမင်္ဂါနုသာရီလေ တိုက်လွှင့်ခြင်းကြောင့် ယိမ်းရ၏၊ နေရာမှ ရွေ့ရ၏၊ လှုပ်ရှားရ၏၊ သွက်သွက်ခါ ရ၏။

ရေဓာတ် မည်သည်လည်း အရည်သဘောတည်း၊ ပေါင်းဖွဲ့ စိုစွတ်ခြင်း သဘောတည်း၊ မိမိဘာသာ မလှုပ်ရှားတတ်, နေရာမှမရွေ့တတ်၊ ထိုသို့မလှုပ်ရှားတတ်၊ နေရာမှ မရွေ့တတ်သော ဤသွေးရည် အာဟာရရည် အစရှိသော ရေဓာတ်တွေ သည် လည်း ဤအင်္ဂမင်္ဂါနုသာရီလေ တိုက်လွှင့်ခြင်းကြောင့် ခြေလက်, ဦးခေါင်း စသော အင်္ဂါကြီးငယ်သို့ ပြန့်နှံ့အောင် နေရာမှရွေ့ရ၏၊ လှုပ်ရှားရ၏။

သစ်ပင် မြေဓာတ်တွေကို တိုက်လွှင့်နေသော ပြင်ဘက် လေဓာတ်သည် ငါမဟုတ် ငါ့ဥစ္စာလည်း မဟုတ်၊ မြေဓာတ် ရေဓာတ်တို့ကို နေရာရွှေ့အောင် တိုက်လွှင့် တတ်သော အဟုန်သဘောဖြစ်သော လေဓာတ်ပင်တည်း။ ဤ အင်္ဂမင်္ဂါနုသာရီ အတွင်းလေဓာတ်သည်လည်း ငါမဟုတ် ငါ့ဥစ္စာလည်း မဟုတ်၊ ခြေ လက် ဦးခေါင်း သွေးရည်စသော မြေဓာတ် ရေဓာတ်တို့ကို နေရာရွှေ့အောင် တိုက်လွှင့် တတ်သော အဟုန်သဘောဖြစ်သော လေဓာတ်ပင်တည်း။

ဤပြင်ဘက်လေ အတွင်းလေ နှစ်ပါးစုံသော လေဓာတ်သည် ငါမဟုတ် ငါ့ဥစ္စာလည်း မဟုတ်၊ မြေဓာတ် ရေဓာတ်တို့ကို နေရာရွှေ့အောင် တိုက်လွှင့်တတ်သော အဟုန် သဘောဖြစ်သော လေဓာတ်ပင်တည်း၊ ဘာမျှမထူးကြပြီ။ အတူတူ လေဓာတ် လေဓာတ်ပင်တည်းဟု ထပ်တူ ထင်မြင်အောင် ကြည့်ရှု ဆင်ခြင်ကြရမည်။

တပည့်တို့ - ဤအင်္ဂမင်္ဂါနုသာရီ လေရှုပုံကား အကြမ်းနည်းပြမျှသာ ရှိသေးသည်။ ဤနည်းကိုမှီ၍ မျက်ခုန်းလှုပ်မှု မျက်တောင်လှုပ်မှု မျက်လုံးလှုပ်မှု ပါးလှုပ်မှု နှုတ်ခမ်းလှုပ်မှု လျာလှုပ်မှု မေးလှုပ်မှု ရင်လှုပ်မှု ခါးလှုပ်မှု အစရှိသော အစိတ်, အစိတ်သော အင်္ဂါတို့၏ လှုပ်ရှားမှုတို့ကိုလည်း အနုစိတ်၍ ရှုကြလေဦး။

က၍နေသည်ကိုမြင်၍ ရဟန္တာဖြစ်ပုံကိုပြခြင်း

ဘုရားရှင် လက်ထက်တော်က တပည့်တို့ - နာဂသမာလ အမည်တော်ရှိသော မထေရ်မြတ်သည် မြို့တွင်းသို့ ဆွမ်းခံဝင်၍ သွားရင်းမတ်တတ် လမ်းလယ်ခေါင်၌ ကချေသည်မ က၍နေသည်ကို မြင်လျှင် သြော်-အလွန်တရာမှ လှပတင့်တယ် ရှုချင်ဘွယ် ကောင်းသည်၊ သြော် - သို့မို့ကြောင့် သတ္တဝါတွေ သံသရာစက်က မထွက်နိုင်ဘဲ သံသရာထဲ၌ သေမင်း၏ အနှိပ်အစက်ကို အဖန်ဖန်ခံ၍ နေကြရသည်၊ ဤ ကချေသည်မသည် သေမင်း၏ ကျော့ကွင်းကြီးနှင့် တူဘိ၏ဟု ကောင်းမွန် သင့်လျော်စွာ နှလုံးသွင်း၍ မိမိ၏စိတ်ကို ထိတ်လန့်စေလျက် ဝိပဿနာလမ်းသို့ တက်လေသော် ခဏချင်း အရဟတ္တဖိုလ်သို့ ရောက်လေ၍ နောင် ထိုအကြောင်းကို တပည့်များအား ဤသို့ ဟောကြားတော်မူပေ၏။

၁။ အလင်္ကတာ သုဝသနာမာလိနီ စန္ဒနုဿဒါ
မဇ္ဈေ မဟာပထေ နာရီတူရိယေ နစ္စတိ နာဋကီ

၂။ ပိဏ္ဍိကာယ ပဝိဋ္ဌော ဟံဂစ္ဆန္တော နံ ဥဒက္ခိဿံ
အလင်္ကတံ သုဝသနံမစ္စုပါသံဝ ဩဍ္ဋိတံ

၃။ တတော မေ မနသိကာရောယောနိသော ဥဒပဇ္ဇထ
အာဒီနဝေါ ပါတုရဟုနိဗ္ဗိဒါ သမတိဋ္ဌထ

၄။ တတော စိတ္တံ ဝိမုစ္စိ မေပဿ ဓမ္မသုဓမ္မတံ
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာကတံ ဗုဒ္ဓါနသာသနန္တိ

ထေရဂါထာ ပါဠိတော်လာ နာဂသမာလ ထေရဂါထာပါဌ်။

၁။ အာဝုသော၊ ငါ့ရှင်တို့။
သုဝသနာ၊ ထမီ အင်္ကျီ ပုဝါ ကောင်းစွာ ဝတ်ဆင်လျက်။
အလင်္ကတာ၊ လက်ကောက်, လက်စွပ်, နားကပ် ခြေကျဉ်းတို့ဖြင့် ကောင်းစွာ တန်ဆာဆင်လျက်။
စန္ဒနုဿဒါ၊ တကိုယ်လုံး စန္ဒကူးနံ့သာတွေ လိမ်းကျံလျက်။
မာလိနီ၊ တခေါင်းလုံးဝေ ပန်းကုံးတွေပန်လျက်။
နာရီ၊ ပျိုမျစ် နုနယ် တင့်တယ်လှပ မာတုဂါမဖြစ်သော။
နာဋကီ၊ ကချေသည်မသည်။
မဇ္ဈေ မဟာပထေ၊ လမ်းဆုံ လမ်းမ လမ်းလေးခွ အလယ်၌။
တူရိယေ၊ တူရိယာတွေ တီးမှုတ်၍။
နစ္စတိ၊ ကနေ၏။

၂။ အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
ပိဏ္ဍိကာယ၊ ဆွမ်းအလို့ငှါ။
ပဝိဋ္ဌော၊ ဝင်၍။
ဂစ္ဆန္တော၊ သွားရင်းမတ်တတ်။
ဩဍ္ဋိတံ၊ ထောင်၍ ထားအပ်သော။
မစ္စုပါသံဝ၊ သေမင်း ကျော့ကွင်းကြီးကဲ့သို့ ဖြစ်သော။
သုဝသနံ၊ ကောင်းစွာ ဝတ်ဆင်သော။
အလင်္ကတံ၊ ကောင်းစွာ တန်ဆာဆင်အပ်သော။
နံ၊ ထိုကချေသည်မကို။
ဥဒက္ခိဿံ၊ မော်၍ကြည့်မိ၏။

၃။ အာဝုသော၊ ငါ့ရှင်တို့။
တတော၊ ထိုကချေသည်မကို မြင်ရသော အခါ၌။
မေ၊ ငါ့အား။
ယောနိသော၊ သင့်လျော်သောအားဖြင့်။
မနသိကာရော၊ နှလုံးသွင်းခြင်းသည်။
ဥဒပဇ္ဇထ၊ ဖြစ်လာ၏။
အာဒီနဝေါ၊ သံသရာဝဋ်၌ အပြစ်ဒေါသတွေသည်။
ပါတုရဟု၊ ထင်ရှားဖြစ်ပေါ်လာ၏။
နိဗ္ဗိဒါ၊ သံသရာဝဋ်၌ ရွံမုန်း ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်သည်။
သမတိဋ္ဌထ၊ ကောင်းစွာ တည်လာ၏။

၄။ တတော၊ ထိုနိဗ္ဗဒါဉာဏ် ကောင်းစွာတည်လာပြီးသော အခါ၌။
မေ၊ ငါ၏။
စိတ္တံ၊ စိတ်သည်။
ဝိမုစ္စိ၊ အာသဝေါတရားတို့မှ ကျွတ်လွတ်၍သွား၏။
အာဝုသော၊ ငါ့ရှင်တို့။
ဓမ္မသုဓမ္မတံ၊ မြတ်စွာဘုရားရှင်သည် ဟောကြားတော် မူအပ်သော တရားတော်၏ မချွတ်မလွဲ အမြဲဧကန် ဖြောင့်မှန် ကောင်းမြတ်သော တရား၏အဖြစ်ကို။
ပဿ၊ ရှုစမ်းကြလော့။
မယာ၊ ငါသည်။
တိဿော ဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာဉာဏ်တို့ကို။
အနုပ္ပတ္တာ၊ အစဉ်ဆိုက်ရောက်အပ်ကုန်ပြီ။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။
သာသနံ၊ အဆုံးအမ သာသနာတော်ကို။
ကတံ၊ လိုက်နာ ပြုကျင့်အပ်ပြီ။
ဣတိ၊ ဤတွင် နာဂသမာလ ထေရဂါထာ ပြီး၏။

နာဂသမာလ ထေရဂါထာအနက် ပြီး၏။

ဥယျောဇဉ်

တပည့်တို့ - သင် တပည့်တို့သည်လည်း ဤနာဂသမာလ မထေရ်မြတ်ကဲ့သို့ ဆွမ်းခံ လှည့်လည် ရာ၌ဖြစ်စေ၊ ဘုရား စေတီရင်ပြင်၌ဖြစ်စေ အမှတ်မရှိ တစုံတခုသော အရပ်၌ ကျွမ်းသမား, ကချေသည်မတို့ က၍ နေသည်ကို တွေ့မြင်လျှင် ယောနိသော မနသိကာရကို ဖြစ်စေလျက် ဤယခု ဆရာဟောကြားအပ်သော အင်္ဂမင်္ဂါနုသာရီလေ ရှုပုံနည်းကို ကောင်းမွန်စွာ မှတ်သားသိမြင်၍ လေလှုပ်သော သစ်ပင်ကြီးကို လျင်မြန်စွာ ယူပြီးလျှင် ကချေသည်နှင့် ယှဉ်ထား၍ အတွင်း အပြင် မခြားမနား တစားတည်း တထပ်တည်း တူအောင် ကြည့်ရှု ဆင်ခြင်၍ လျင်မြန်စွာ သံသရာမှ ကျွတ်လွတ် ထွက်မြောက်ကြလေ။

တပည့်တို့ - ဤအင်္ဂမင်္ဂါနုသာရီ လေသည် သတ္တဝါကောင် ယောင်ဆောင်၍ မြေဓာတ် ရေဓာတ်တို့ကို မမြင်သောသူတို့အား လွန်စွာတွေဝေ မှောက်မှား စေတတ်၏၊ ကြပ်ကြပ်သတိပြုကြ။ တပည့်တို့ - ဤလေဓာတ် ခြောက်ပါးကို တခုစီ မခွဲဘဲ တပေါင်းတည်း တလုံးတည်း တခုတည်းထား၍လည်း လှေ ရွက်လေ သင်္ဘော ရွက်လေ မီးအိမ်ပျံတို့နှင့် ယှဉ်၍ရှုကြ။

အနုသာသနီဂါထာပါဌ် အနက်

နာဝါ မာလုတဝေဂေန
အဂျာဂါရဉ္စ ဝါယုနာ
ယထာ ယာတိ တထာ ကာယော
ယာတိ ဝါတာဟတော အယံ

သေက္ချဘာသိတဂါထာ

၁၁။ ဘောသိဿာ၊ အို-တပည့်တို့။
နာဝါ၊ ရွက်လှေ ရွက်သင်္ဘောစုသည်။
မာလုတဝေဂေန၊ လေဟုန်ကြောင့်။
ယာတိ ယထာ၊ ပြေးသွားကြဘိသကဲ့သို့၎င်း။
အဂျာဂါရဉ္စ၊ မီးအိမ်ပျံသည်လည်း။
ဝါယုနာ၊ မီးခိုးတည်းဟူသော လေဟုန်ကြောင့်။
ယာတိ ယထာ၊ ပြေးသွားဘိသကဲ့သို့၎င်း။
တထာ၊ ထို့အတူ။
အယံကာယော၊ ဤကိုယ်တည်းဟူသော မြေဓာတ် ရေဓာတ် အစုအခဲကြီးသည်။
ဝါတာဟတော၊ လေတွေ တိုက်လွှင့်အပ်သည်ဖြစ်၍။
ယာတိ၊ အမျိုးမျိုး အထွေထွေ လှုပ်ရှား သွားလာ၍နေ၏။

တပည့်တို့ - ဤကဲ့သို့ ကြည့်ရှုဆင်ခြင်ဖန် များသောအခါ ဤအတွင်း လေဓာတ် တွေသည် ပြင်ဘက် လေဓာတ်နှင့် တထပ်တည်းတူအောင် ထင်မြင်၍ လာလိမ့်မည်။ ထိုသို့ ထင်မြင်၍လာသောအခါ ပြင်ဘက် လေဓာတ်တွေကို ငါဟုမှတ်ဆင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘိသကဲ့သို့ ဤအတွင်း လေဓာတ် တွေကိုလည်း ငါဟု မှတ်ထင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်လတ္တံ့။

ထိုသို့ မဖြစ်နိုင်၍ ငါဟု မှတ်ထင် စွဲလမ်းခြင်း ကင်းသာအခါ ပြင်ဘက်လေဓာတ် တွေကို သူတပါးတို့ ဘယ်လိုဘဲဆိုဆို ဘယ်လိုဘဲလုပ်လုပ် သင်တပည့်တို့က ဟယ်-ငါတို့ကို လူတွေ ဆိုချင်တိုင်း ဆိုကုန်ပါပြီ၊ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည်တမ်း ပြောဆိုခြင်းငှါ မှတ်ထင် အောက်မေ့ခြင်းငှါ မဖြစ်နိုင်ဘိသကဲ့သို့ ဤအတွင်း လေဓာတ်တွေကိုလည်း သူတပါးတို့ ဘယ်လိုဘဲဆိုဆို ဘယ်လိုဘဲ လုပ်လုပ် သင် တပည့်တို့က ဟယ်- ငါတို့ကို လူတွေဆိုချင်တိုင်း ဆိုကုန်ပါပြီ၊ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည်တမ်း ပြောဆိုခြင်းငှါ မှတ်ထင် အောက်မေ့ခြင်းငှါ မဖြစ်နိုင်လတ္တံ့။

တပည့်တို့ - သင် တပည့်တို့သည် ဤပြင်ဘက် လေဓာတ်ကို၎င်း၊ ဤအတွင်း လေဓာတ်ကို၎င်း အတူတူ လေဓာတ် လေဓာတ်ပင်တည်း။ ငါမဟုတ်ပြီဟု လင်းလင်း ထင်ထင် သိမြင်၍ ငါဟု မှတ်ထင်စွဲလမ်းခြင်း ကင်းသောအခါ ထိုလေဓာတ်တို့ကို ငါဟူသော အတ္တအနေနှင့်၎င်း၊ ငါ့ဟာ ဟူသော အတ္တနိယ အနေနှင့်၎င်း ချစ်ခင် တပ်မက်ခြင်းလည်း ကင်းကြကုန်လတ္တံ့။

ဤသို့သောအကြောင်းကို စွဲ၍ “နေသော ဟမသ္မိ နေတံ မေဧဝံ တတ္ထ ဝိရဇ္ဇတိ” ဟူ၍ ဥဒ္ဒေသဝါရ၌ ဆရာဟောကြားပေ၏။

အနုသာသနီ ဂါထာပါဌ် အနက်

ဟတ္ထတ္တလေ ထပေတွာနပေက္ခိယ ဉာဏစက္ခုနာ
ယထာ ဣဒံ တထာ ဧတံယထာ ဧတံ တထာ ဣဒံ
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါစဝါယုသ္မိံ ဝေါ ဝိရဇ္ဇထ

သေက္ချဘာသိတဂါထာ

၁၂။ ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို- တပည့်တို့။
ဝေါ၊ သင်တပည့်တို့သည်။
ဟတ္ထတ္တလေ၊ လက်ဝါးပြင်၌။
ဝါ၊ ဟတ္ထပါသ် အတွင်း ရှေ့မျက်နှာစာအပြင်၌။
ထပေတွာန၊ ဉာဏ်တည်းဟူသော လက်ဖြင့် လေဓာတ်နှစ်ပါးကို ဆောင်ယူ ယှဉ်ထား၍။
ဣဒံ၊ နှာခေါင်းပေါက်လေ ကြို့ထိုးသောလေ အစရှိသော ဤအတွင်း လေဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ၊ ဖိုနှုတ်သီးလေ ပြုတင်းပေါက်လေ အစရှိသော ထိုပြင်ဘက်လေဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲကလား။
ဧတံ၊ ဖိုနှုတ်သီးလေ ပြုတင်းပေါက်လေ အစရှိသော ထိုပြင်ဘက်လေဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ပါဘိ သကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ၊ နှာခေါင်းပေါက်လေ ကြို့ထိုးသောလေအစရှိသော ဤအတွင်းလေဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ် ပါဘဲကလား။
ဣတိ၊ ဤသို့။
ဉာဏစက္ခုနာ၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။
ပေက္ခိယ၊ ပြုံးပြုံးစိစိ မြင်အောင်ကြည့်၍။
အဇ္ဈတ္တဉ္စဝါယုသ္မိံ၊ အတွင်း လေဓာတ်၌၎င်း။
ဗဟိဒ္ဓါ စ ဝါယုသ္မိံ၊ ပြင်ဘက် လေဓာတ်၌၎င်း။
ဝိရဇ္ဇထ၊ စွဲလမ်းမှတ်ထင် ချစ်ခင် တပ်မက်ခြင်း ကင်းကြကုန်လော့။

ဣတိ ဆ ဓာတုဝိဘင်္ဂေ ဝါယောဓာတုပဗ္ဗံ

ဣတိ၊ ဤသည်ကား။
ဆဓာတုဝိဘင်္ဂေ၊ သေက္ချဘာသိတ ဆ ဓာတုဝိဘင်္ဂ ဓာတ်ကမ္မဋ္ဌာန်း၌။
ဝါယောဓာတုပဗ္ဗံ၊ လေဓာတ်ကို ဝေဖန်ကြည့်ရှုပုံ အပိုင်းတည်း။

လေဓာတ်ကို ဝေဖန် ကြည့်ရှုပုံအပိုင်း ပြီး၏။

အာကာသဓာတ်ကို ပြခြင်း

တပည့်တို့ - ဤဓာတ် ခြောက်ပါးတို့တွင် ကောင်းကင်ဟု ဗဟ္မာတို့ခေါ်သော အာကာသဓာတ် သည်လည်း ဗာဟိရ ပြင်ဘက် အာကာသဓာတ်၊ အဇ္ဈတ္တ အတွင်း အာကာသဓာတ်ဟု နှစ်ပါးရှိသည်။

ထိုနှစ်ပါးတို့တွင် အသက်ဝိညာဏ်ရှိ သတ္တဝါ သန္တာန်မှ အပဖြစ်သော ဗဟိဒ္ဓ၌ မြေရေတို့အောက် အဇဋာကာသ ကောင်းကင်၊ အထက် မိုဃ်းပေါ် အဇဋာကာသ ကောင်းကင်၊ နေ လ နက္ခတ်တို့ နေ လ သွားလာရာ ကောင်းကင်၊ မြေပြင်အပေါ် ငှက်တွေပျံသွားရာ ဟင်းလင်းအပြင် ကောင်းကင်၊ ကျောင်းခေါင်း, အိမ်ခေါင်း, အုဌ်တိုက်ခေါင်း, သစ်ခေါင်း, တောခေါင်း ဤသို့ အစရှိသော မြေဓာတ် ရေဓာတ်တို့ မရှိဘဲ မထိဘဲ လပ်၍နေသော ဟင်းလင်းအပြင် ကောင်းကင်တွေကို ဗာဟိရ ပြင်ဘက် ကောင်းကင်ဟု ခေါ်သည်၊ ပြင်ဘက်ကောင်းကင် ဟု မှတ်ကြ။

အာကာသဓာတ် ၆-ပါး သရုပ်ကိုပြခြင်း

အသက်ဝိညာဏ်ရှိသော သတ္တဝါ သန္တာန်၌ --

ကဏ္ဏစ္ဆိဒ္ဒ၊ နားပေါက်-၁။
နာသစ္ဆိဒ္ဒ၊ နှာခေါင်းပေါက်-၂။
မုခဒွါရ၊ ပါးစပ်ပေါက်-၃။
ပဝေသနသုသိရ၊ အစာအာဟာရ ဝင်စရာအခေါင်း-၄။
ဌာနသုသိရ၊ ဝင်သော အစာ အာဟာရ တည်စရာ အခေါင်း-၅။
နိက္ခမနသုသိရ၊ ဝင်သောအစာ အာဟာရ ထွက်စရာ အခေါင်းအပေါက်-၆။

ဤခြောက်ပါးသော မြေဓာတ် ရေဓာတ်တို့ မရှိဘဲ မစေ့ဘဲလပ်၍နေသော ဟင်းလင်း အပြင် ကောင်းကင်တွေကို အဇ္ဈတ္တ အတွင်းအာကာသဓာတ်ဟု ခေါ်သည်။ အတွင်းအာကာသဓာတ်ဟု မှတ်ကြ။

ဤတွင် အာကာသဓာတ်ကို အကျယ်ခွဲခြမ်း ဝေဖန်၍ ပြီး၏။

အာကာသဓာတ်ကို ဝိပဿနာရှုပုံကို ပြခြင်း

တပည့်တို့- ဤခြောက်ပါးသော အတွင်း အာကာသဓာတ်တို့ကို သိမှတ်ပြီးလျှင် ပြင်ဘက် အာကာသဓာတ်နှင့် ထပ်တူ ထင်မြင်အောင် ယှဉ်၍ ယှဉ်၍ ကြည့်ရှု ဆင်ခြင်ကြ။

အဘယ်သို့ ကြည့်ရှုဆင်ခြင် ရမည်နည်း ဆိုသော် ဤသို့ ကြည့်ရှုဆင်ခြင်ရမည်။ ဉာဏ်တည်း ဟူသောလက်ဖြင့် ပြင်ဘက် ဗာဟိရက အပေါက် အခေါင်းများစွာရှိသော တောင်ပို့ကြီးကိုယူ၍ ဤကိုယ်ကြီးနှင့် အတူတူယှဉ်၍ ထားပြီးလျှင် တောင်ပို့ပေါက် ကောင်းကင်ကို လက်နှင့်နှိုက်၍စမ်း၊ အခေါင်းထဲကို လျှို၍စမ်း၊ ကိုင်၍ ဖမ်း၍ ချေ၍လည်းစမ်း၊ ဘာမျှမရှိဘဲ မတွေ့ဘဲ ဟင်းလင်း လပ်၍နေသော ကောင်းကင် သဘောကို သိလိမ့်မည်၊

တဖန် ကဏ္ဏစ္ဆိဒ္ဒ ကောင်းကင်ဟူသော နားပေါက်ထဲကို လက်နှင့်နှိုက်၍စမ်း၊ အခေါင်းထဲသို့ လျှို၍စမ်း၊ ကိုင်၍ ဖမ်း၍ ချေ၍လည်းစမ်း၊ ဘာမျှမရှိဘဲ မတွေ့ဘဲ ဟင်းလင်း လပ်၍နေသော ကောင်းကင်သဘောကို သိလိမ့်မည်၊ ဤသို့ အတူတူ သိပြီးမှ–

ဤတောင်ပို့ခေါင်း တောင်ပို့ပေါက်သည် ငါမဟုတ်ငါ့ဥစ္စာလည်းမဟုတ်၊ မြေဓာတ် ရေဓာတ်တို့မရှိဘဲ မစေ့ဘဲ လပ်၍နေသော ကောင်းကင် အာကာသ ဓာတ်ပင်တည်း။ ဤနားပေါက်သည်လည်း ငါမဟုတ်ငါ့ဥစ္စာလည်းမဟုတ်၊ မြေဓာတ် ရေဓာတ်တို့ မရှိဘဲ မစေ့ဘဲ လပ်၍နေသော ကောင်းကင် အာကာသဓာတ်ပင်တည်း။

ဤတောင်ပို့ပေါက် နားပေါက် နှစ်ပါးစုံသည် ငါမဟုတ်ငါ့ဥစ္စာလည်းမဟုတ်၊ မြေဓာတ် ရေဓာတ်တို့ မရှိဘဲ မစေ့ဘဲ လပ်၍နေသော ကောင်းကင် အာကာသဓာတ် ပင်တည်း။ ဤအာကာသဓာတ်၌ ငါဟု ငါ့ဥစ္စာဟု စွဲဆိုစရာကိုပင် ဘာမျှ အထည်ဝတ္ထု အသား အမာ အလုံး အခဲလည်း မရှိပြီ၊ သက်သက် ဘာမျှမရှိဘဲ ဟင်းလင်း လပ်၍နေသော ကောင်းကင် သဘောမျှ သာတည်း။

ဤပြင်ဘက် အာကာသဓာတ်ဖြစ်သော တောင်ပို့ပေါက်သည်၎င်း၊ ဤအတွင်း အာကာသဓာတ် ဖြစ်သော နားပေါက်သည်၎င်း၊ ဘာမျှ မထူးကြပြီ၊ အတူတူ အာကာသဓာတ် အာကာသဓာတ် ပင်တည်းဟု အတွင်းပြင် မခြားမနား တစားတည်း တထပ်တည်း တူအောင် ကြည့်ရှု ဆင်ခြင်ရမည်။

ဤနည်းတူ --

နှာခေါင်းပေါက် တည်းဟူသော နာသစ္ဆိဒ္ဒ ကောင်းကင်,
ပါးစပ်ပေါက် တည်းဟူသော မုခဒွါရ ကောင်းကင်,
အစာအာဟာရ ဝင်စရာအခေါင်း တည်းဟူသော ပဝေသနသုသိရ ကောင်းကင်,
ဝင်သော အစာအာဟာရ တည်စရာ အခေါင်းတည်းဟူသော ဌာနသုသိရ ကောင်းကင်,
ဝင်သော အစာအာဟာရ ထွက်စရာအခေါင်း အပေါက် တည်းဟူသော နိက္ခမနသုသိရ ကောင်းကင်

တို့ကိုလည်း တောင်ပို့ပေါက် တောင်ပို့ခေါင်းနှင့် ယှဉ်၍ ယှဉ်၍ အတွင်း အပြင် မခြားမနား တထပ်တည်း တူအောင် ကြည့်ရှု ဆင်ခြင်ရမည်။ ဗာဟိရ ကောင်းကင်က တောင်ပို့ခေါင်းသာမဟုတ် သစ်ခေါင်းတွေ အိမ်ခေါင်းတွေ ကျောင်းခေါင်းတွေကိုပါ ယူ၍ ယှဉ်၍ ယှဉ်၍ကြည့်။

တပည့်တို့ - ဤသို့ကြည့်ရှု ဆင်ခြင်ဖန် များသောအခါ အတွင်းအပြင် မခြားမနား တထပ်တည်း တူအောင် ထင်မြင်၍ လာလိမ့်မည်။ ထိုသို့ ထင်မြင်လာသောအခါ ပြင်ဘက်အာကာသ ဓာတ်တွေကို ငါဟုမှတ်ထင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘိသကဲ့သို့ ဤအတွင်း အာကာသဓာတ်တွေကိုလည်း ငါဟု မှတ်ထင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်လတ္တံ့။

ထိုသို့ မဖြစ်နိုင်၍ ငါဟု မှတ်ထင် စွဲလမ်းခြင်း ကင်းသောအခါ ပြင်ဘက် အာကာသဓာတ်တွေကို သူတပါးတို့ ဘယ်လိုဘဲဆိုဆို ဘယ်လိုဘဲလုပ်လုပ် သင်တပည့်တို့က ဟယ်-ငါတို့ကို လူတွေ ဆိုချင်တိုင်း ဆိုကုန်ပါပြီ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည်တမ်း ပြောဆိုခြင်းငှါ မှတ်ထင် အောက်မေ့ခြင်းငှါ မဖြစ်နိုင်ဘိသကဲ့သို့ ဤအတွင်း အာကာသဓာတ်တွေကိုလည်း သူတပါးတို့ ဘယ်လိုဘဲဆိုဆို ဘယ်လိုဘဲ လုပ်လုပ် သင် တပည့်တို့က ဟယ်- ငါတို့ကို လူတွေ ဆိုချင်တိုင်း ဆိုကုန်ပါပြီ၊ လုပ်ချင်တိုင်း လုပ်ကုန်ပါပြီဟု မြည် တမ်းပြောဆိုခြင်းငှါ မှတ်ထင် အောက်မေ့ခြင်းငှါ မဖြစ်နိုင်လတ္တံ့ ။

တပည့်တို့ - သင် တပည့်တို့သည် ဤပြင်ဘက် အာကာသဓာတ်ကို၎င်း၊ ဤအတွင်း အာကာသ ဓာတ်ကို၎င်း၊ အတူတူ အာကာသဓာတ် အာကာသဓာတ် ပင်တည်း။ ငါမဟုတ်ပြီဟု လင်းလင်း ထင်ထင် သိမြင်၍ ငါဟုမှတ်ထင် စွဲလမ်းခြင်း ကင်းသော အခါ ထိုအာကာသဓာတ်တို့ကို ငါဟူသော ကိုယ်အနေနှင့်၎င်း၊ ငါ့ဟာဟူသော ကိုယ့်ဥစ္စာအနေနှင့်၎င်း၊ ချစ်ခင် တပ်မက်ခြင်းလည်း ကင်းကြကုန်လတ္တံ့။

ဤသို့သော အကြောင်းကိုစွဲ၍ “နေသော ဟမသ္မိ နေတံ မေဧဝံ တတ္ထ ဝိရဇ္ဇတိ”ဟူ၍ ဥဒ္ဒေသဝါရ၌ ဆရာ ဟောကြားပေ၏။

အနုသာသနီဂါထာ ပါဌ်အနက်

ဟတ္ထတ္တလေ ထပေတွာနပေက္ခိယ ဉာဏစက္ခုနာ
ယထာ ဣဒံ တထာ ဧတံယထာ ဧတံ တထာ ဣဒံ
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါစအာကာသေ ဝေါ ဝိရဇ္ဇထ

သေက္ချဘာသိတဂါထာ

ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဝေါ၊ သင်တပည့်တို့သည်။
ဟတ္ထတ္တလေ၊ လက်ဝါးပြင်၌။
ဝါ၊ ဟတ္ထပါသ်အတွင်း ရှေ့မျက်နှာစာအပြင်၌။
ထပေတွာန၊ ဉာဏ်တည်းဟူသော လက်ဖြင့် အာကာသဓာတ် နှစ်ပါးကို ဆောင်ယူ ယှဉ်ထား၍။
ဣဒံ၊ ဤနားပေါက် နှာခေါင်း ပေါက် အစရှိသော အတွင်းအာကာသဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ၊ ထိုတောင်ပို့ခေါင်း သစ်ခေါင်းအစရှိသော ပြင်ဘက် အာကာသဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲကလား။
ဧတံ၊ ထိုတောင်ပို့ခေါင်း သစ်ခေါင်းအစရှိသော ပြင်ဘက်အာကာသဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ၊ ဤနားပေါက် နှာခေါင်းပေါက် အစရှိသော အတွင်း အာကာသဓာတ်သည်။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲကလား။
ဣတိ၊ အဲသည်လို။
ဉာဏစက္ခုနာ၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။
ပေက္ခိယ၊ ပြူးပြူး စိစိ မြင်အောင်ကြည့်၍။
အဇ္ဈတ္တဉ္စ အာကာသေ၊ အတွင်းအာကာသ ဓာတ်၌၎င်း။
ဗဟိဒ္ဓါ စ အာကာသေ၊ ပြင်ဘက် အာကာသ ဓာတ်၌၎င်း ။
ဝိရဇ္ဇထ၊ စွဲလမ်းမှတ်ထင် ချစ်ခင် တပ်မက်ခြင်း ကင်းကြကုန်လော့။ ၁၃။

ဣတိ ဆ ဓာတုဝိဘင်္ဂေ အာကာသဓာတုပဗ္ဗံ

ဣတိ၊ ဤသည်ကား။
ဆဓာတု ဝိဘင်္ဂေ၊ သေက္ချဘာသိတ ဆဓာတု ဝိဘင်္ဂ ဓာတ်ကမ္မဋ္ဌာန်း၌။
အာကာသဓာတုပဗ္ဗံ၊ အာကာသဓာတ်ကို ဝေဖန် ကြည့်ရှုပုံ အပိုင်းတည်း။

အာကာသဓာတ်ကို ဝေဖန်ကြည့်ရှုပုံအပိုင်း ပြီး၏။

ရုပ်ဓာတ်တို့ကိုပေါင်း၍ ဝိပဿနာ ရှုပုံကို ပြခြင်း

တပည့်တို့ - ဤဓာတ်ခြောက်ပါးတို့တွင် ယခုပြဆိုဟောကြားခဲ့ပြီးသော စကားအစဉ်ဖြင့် ဓာတ်ငါးပါး ပြည့်စုံပြီ။

ဤမှတပါး ဝိညာဏဓာတ်တခုသာ ကြွင်းတော့သည်။

ထိုကြွင်းကျန်သော ဝိညာဏဓာတ်ကို။”နမတီတိနာမံ”။

နမတိ၊ အာရုံဆီသို့ ရှေးရှု ညွတ်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
နာမံ၊ နာမ်မည်၏။

ဟူသော ဝစနတ္ထနှင့်အညီ အာရုံဆီသို့ ရှေးရှု ပြေးတတ်, သွားတတ်, ညွှတ်တတ်သော အနက်သဘောကြောင့် နာမ်ဟုခေါ်သည်။

ယခု ပြဆို ဟောကြားခဲ့ပြီးသော ဓာတ်ငါးပါးကိုကား- “ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ

ဘိက္ခဝေ၊ ရဟန်းတို့။
ယံဓမ္မဇာတံ၊ အကြင် ပထဝီဓာတ်အစရှိသော တရားသဘောသည်။
ရုပ္ပတိ၊ အချမ်း အပူစသည်တို့ကြောင့် အထင်အရှား ဖောက်ပြန်တတ်၏။
ဣတိ တသ္မာ ခေါ၊ ထို့ကြောင့်လျှင်။
တံ၊ ထိုတရားသဘောကို။
ရူပန္တိ၊ ရုပ်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်ခေါ်အပ်၏။

ဟူသော ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်လာ မြတ်စွာဘုရားရှင် ဝိဂြိုဟ်တော်နှင့်အညီ အချမ်း အပူ စသည်တို့နှင့် တွေ့ကြုံလျှင် ထင်ထင် ရှားရှား ဖောက်ပြန်တတ်သော အနက်သဘောကြောင့် ရုပ်ဟု ခေါ်သည်။ ထို့ကြောင့် ဤဓာတ်ခြောက်ပါးကို အကျဉ်း ချုံး၍ ခေါ်ဆိုလိုလျှင်, ရုပ်ဓာတ် နာမ်ဓာတ်ဟု နှစ်ပါးဖြင့်သာ ခေါ်ဆိုရမည်။

တပည့်တို့ - ဤရုပ်ဓာတ် ငါးပါးမှ ကြွင်းကျန်သော နာမ်ဓာတ်ဖြစ်သော ထိုဝိညာဏ ဓာတ်ကို ရှိပေစေဦး၊ တပည့်တို့ - ထားလိုက်ဦး။ ဤ ရုပ်ဓာတ်ငါးပါး တို့ကို ထပ်မံ၍ ပြဆိုဟောကြားဦးအံ့၊

တပည့်တို့ - ဤပြဆို ဟောကြားခဲ့ပြီးသော ရုပ်ဓာတ် ငါးပါးတို့တွင် ပြင်ဘက် ဗာဟိရဓာတ်တွေကို ပုဂ္ဂိုလ်ဘဲ, သတ္တဝါဘဲ ငါဘဲဟု မှတ်ထင် စွဲလမ်းခြင်း မရှိကြဘဲ ဤအတွင်းဓာတ်တွေကိုသာ ပုဂ္ဂိုလ်ဘဲ, သတ္တဝါဘဲ, ငါဘဲဟု သင်တပည့်တို့ မှတ်ထင် စွဲလမ်း၍ နေကြခြင်းသည်ကား ဤ အတွင်းဓာတ်တွေက ပြင်ဘက်ဓာတ်တွေလို တကွဲစီ တခြားစီကမနေ၊ တလုံး တခဲတည်း ဖြစ်၍နေကြခြင်းကြောင့်၎င်း၊ ပြင်ဘက်ဓာတ်တွေကို မြင်ရဘိသကဲ့သို့ မမြင်ရခြင်းကြောင့်၎င်း မှတ်ထင်စွဲလမ်း၍ နေကြသည်။

အကယ်၍ ဤအတွင်းဓာတ်တွေသည် ပြင်ဘက်ဓာတ်တွေလို တကွဲစီ တခြားစီ နေကြငြားအံ့၊ ပြင်ဘက်ဓာတ်တွေကို မြင်ရဘိသကဲ့သို့ မြင်ရငြားအံ့၊ ဤအတွင်း ဓာတ်တွေကိုလည်း ပုဂ္ဂိုလ်ဘဲ, သတ္တဝါဘဲ, ငါဘဲဟု ဘယ်အခါမှ သင် တပည့်တို့ မှတ်ထင် စွဲလမ်းတော့မှာ မဟုတ်ဘူး။

သူတပါးတို့က ဤအတွင်းဓာတ်တွေဟာ ပုဂ္ဂိုလ်ပါဘဲ, သတ္တဝါပါဘဲ, ကိုယ်တော်တို့ ပါဘဲဟု ဘယ်လိုပင် ပြောလာငြားသော်လည်း သင်တပည့်တို့ ယုံကြည်တော့မှာ မဟုတ်ဘူး။ ထိုပြောလာ သောသူကိုပင် “အချင်း သူတော်ကောင်း သင်မသိလို့ မမြင်လို့ ပြောလာသည်။ သင့်စကား အမှားတည်း အလွဲတည်း”ဟု သင် တပည့်တို့ ဆိုလိုက်ကြလိမ့်မည်။

ဓာတ်တို့ကိုနာရီစသည်ဖြင့် ဥပမာ ပြခြင်း

တပည့်တို့ - ဥပမာ ဘာလိုလဲဆိုသော် နာရီ၏ အခြင်းအရာ သဘာဝကို မလိမ်မာသေးသော ကလေးမိုက်သည် ချိုးနာရီကိုမြင်လျှင် တလှုပ်လှုပ် တချက်ချက် သွား၍ နေသော နာရီစက်တွေ ချိန်တွေကို အသက်ရှိသော သတ္တဝါကောင်မို့ သွား၍နေသည်ဟု မှတ်ထင်ရာ၏။

အချိန်ကျ၍ ချိုးရုပ်စက္ကူ ကလေး ထွက်၍ ထွက်၍ မြည်သည်ကိုလည်း အဟုတ် အသက်ရှိသော ချိုးသတ္တဝါကောင် ကလေးမို့ ထွက်နိုင်သည် မြည်နိုင်သည်ဟု မှတ်ထင်ရာ၏။ လူဝင်၍ကသော တိုးရုပ်, ကျွဲရုပ်, သားရဲရုပ်ကြီးတွေကိုလည်း အဟုတ် အသက်ရှိ၍ လုပ်တတ် သွားတတ် ကတတ်သော တိုးသတ္တဝါကောင်, ကျွဲသတ္တဝါကောင်, သားရဲ သတ္တဝါကောင်ဟု မှတ်ထင်၍ ဝမ်းမြောက်ခြင်း, ထိတ်လန့် ကြောက်ရွံ့ခြင်း ဖြစ်ရာ၏။

ရုပ်သေး မင်းသ္မီးရုပ် ကသည်ကိုလည်း အဟုတ်အသက်ရှိ၍ လှုပ်တတ် ကတတ်သော မင်းသ္မီး သတ္တဝါကောင်ဟု မှတ်ထင်၍ ဝမ်းမြောက်ခြင်း ဖြစ်ရာ၏။ ထိုမင်းသ္မီး ခေါ်သော သစ်သားကြီး ကိုပင်လျှင် တပါးသော သူဌေးကတော်ရုပ်, ထောင်မှူးရုပ် စသော သစ်သားကြီးတွေက ဖနောင့်နှင့် ပေါက်သော်၎င်း၊ ထောင်းထုညှဉ်းဆဲသော်၎င်း အဟုတ် အသက်ရှိသော သတ္တဝါကောင်ကြီးတွေက အဟုတ် အသက် ရှိသော မင်းသ္မီးကောင်ကို ညှဉ်းဆဲကြသည်ဟု သနားခြင်း မျက်ရည်ကျခြင်း မြင်ပြင်းခြင်း ဖြစ်ရာ၏။

နောင်ကြီးပြင်း၍ သိကြား လိမ်မာသော အရွယ်သို့ ရောက်သဖြင့် ထိုနာရီ ထိုအရုပ်တို့ကို သေသေချာချာ ကြည့်၍ ဤကား စက်တည်း၊ ဤကား သံပတ်တည်း၊ ဤကား ချိန်တည်း၊ ဤကား စက္ကူတည်း၊ ဤကား ဝါးခြမ်းတွေ, ကောက်ရိုးမှိုက်, မြက်မှိုက်တွေတည်း၊ ဤကား အဝတ်တွေ စက္ကူတွေတည်း၊ ဤကား ယမနေသားတည်း၊ ဖျောက်ဆိတ်သားတည်း၊ အဝတ်တည်း၊ ကြိုးတွေတည်း၊ အထဲကလူတွေ ဆွဲလှုပ်၍ နေသည်သာတည်းဟု အစိတ်စိတ် ဓာတ်ခွဲ၍ သိမြင် သောအခါ သတ္တဝါ ဟူသော အမှတ်သညာစသည် မဖြစ်နိုင်ဘူး တပည့်တို့။

ဥပမာတပါးလည်း ဘုန်းကြီးပျံ ပြာသာဒ်ကြီးကို မြင်လျှင် အဟုတ်ချောမော လှပ တင့်တယ်လှသော အလွန်ခိုင်ခံ့မာကျောသော တခဲနက် အခေါင်းပိတ် ပြာသာဒ် ဆောင်ကြီးဟု မှတ်ထင်ရာ နောင် အသေအချာကြည့်၍ ဤကား သစ်သားတွေ တည်း၊ ဤကား ဝါးလုံးတွေ, ဝါးခြမ်းတွေတည်း၊ ဤကား ကြိမ်လျှော်တွေတည်း၊ ဤကား စက္ကူတွေတည်း၊ ဤကား ထုံးတွေ, မြေဖြူတွေတည်း၊ ဤကား ပန်းဆီတွေ မဲနယ်တွေတည်း၊ ဤအထဲမှာ ဟာလာဟင်း အခေါင်းကြီးတည်းဟု အစိတ်စိတ် ဓာတ်ခွဲ၍ ကြည့်သဖြင့် သိမြင်လျှင် ထိုမှတ်ထင်ခြင်းတွေ မဖြစ်နိုင်ဘဲ အလကား အမှိုက်တွေ ဖြစ်၍ကုန်သည် တပည့်တို့။

ဥပမာတပါးလည်း ကျောက်ခဲတွေ သလဲတွေ အိုးခြမ်းကွဲတွေ့ မီးသွေးတွေ မြေကြီးခဲတွေ မြေမှုန့်တွေ ထင်းခွံ ထင်းပေါက်တွေ သစ်ရွက်ခြောက်တွေ မြက် အမှိုက်တွေကို အဝတ်အိတ်ထောင့်ကြီးနှင့် ထည့်ထုပ်၍ ဤအထုပ်ကြီးသည် ရွှေထုပ်ကြီး ဟု လိမ်လည် လှည့်စား၍ ပေးထားသဖြင့် အဟုတ် ရွှေထုပ် ဟု မှတ်ထင်လျက် ချစ်ခင်ယူထားသော ကလေးအမိုက်သည် နောက်- သိကြား လိမ်မာ သောအခါ ထိုရွှေလိမ်ထုပ်ကြီးကိုဖြေ၍ အသေအချာ ကြည့်လျက် ဤကား ကျောက်ခဲတည်း, သလဲတည်း, အိုးခြမ်းကွဲတည်း စသည်ဖြင့် အစိတ်အစိတ် ဓာတ်ခွဲ၍ကြည့်လျှင် သိမြင်၍ ထို မှတ်ထင်ခြင်းတွေ မဖြစ်နိုင်ဘဲ ရွှေကိုရှာ၍ မတွေ့နိုင်ဘဲ အလကားဟာတွေ ဖြစ်ကုန်သည် တပည့်တို့။

ဤဥပမာတွေနှင့် အတူ တပည့်တို့ - အတွင်းဓာတ်တွေကို ပြင်ဘက်ဓာတ်ကို မြင်ရဘိသကဲ့သို့ သိမြင်လျှင် ဤအတွင်း ဓာတ်တွေဟာ ပုဂ္ဂိုလ်ဘဲ, သတ္တဝါဘဲ, ငါဘဲဟု ဘယ်အခါမှ သင်တပည့် မှတ်ထင်တော့မှာ မဟုတ်ဘူး၊ ထိုမှတ်ထင် စွဲလမ်းခြင်း ဟူသော မဟာအလွဲတော်ကြီးတွေ အကုန်လုံးပျောက်၍ အမှန်သို့ ရောက်ကြလိမ့်မည်။

ထို့ကြောင့် အောက်က ဆရာပြဆို ဟောကြားခဲ့ပြီးသော အတိုင်း ကြိုးစား၍ ကြည့်ရှု ဆင်ခြင်ကြ။ ဤအတွင်းဓာတ်တွေကို တလုံးတခဲတည်း မနေကြစေနှင့်၊ ပစိတ် ပမွ ခွဲ၍ ခွဲ၍ ထားကြ၊ ရှုကြ။ ပြင်ဘက်ဓာတ်တွေကို လွယ်လွယ် အကျဉ်းအားဖြင့် ပိုင်းခြားသတ်မှတ်ပုံ တပည့်တို့။

ဟင်းအိုးထဲ၌ ဓာတ် ၅-ပါးကို ခွဲပြခြင်း

ရေတဝက်လောက် ထည့်၍ ပွက်ပွက်ဆူ ချက်အပ်သော အမဲဟင်းအိုးကြီးထဲ၌ ဓာတ်ငါးပါး ကွဲအောင် ခွဲခြမ်း သိမြင်ရမည်။

၁။ ဤဟင်းအိုးကြီးထဲ၌ အတုံးတွေ အဖတ်တွေ အမာတွေ ဟူသမျှကို မြေဓာတ်ဟု မှတ်ကြ တပည့်တို့။

၂။ အရည်တွေ ဟူသမျှကို ရေဓာတ်ဟု မှတ်ကြ။

၃။ ဟင်းအိုးကြီးထဲသို့ နှိုက်လိုက်လျှင် ပူလောင်ခြင်းသဘောကို မီးဓာတ် ဟုမှတ်ကြ။

၄။ အဖတ်တွေ အရည်တွေကို လှုပ်ရှားအောင် အောက်အိုးစပ်က အထက်သို့ တိုက်လွှင့်သောအဟုန် အဖတ်တွေ အရည်တွေပေါ်မှ အထက်သို့ ရှူးရှူး ရှူးရှူး တက်၍နေသော အဟုန် အခိုးအငွေ့၊ ဤအဟုန် အခိုးအငွေ့တွေကို လေဓာတ်ဟု မှတ်ကြ။

၅။ အဖတ်တွေ အရည်တွေအပေါ် အိုနားခမ်းအတွင်း ဟင်းလင်းလပ်၍ နေသော ကောင်းကင်ကို အာကာသဓာတ်ဟု မှတ်ကြ။

အဖတ်ကိုကိုင်လျှင် ပူ၏၊ ပူသာ အဖတ်မဟုတ်၊ အဖတ်ဟာ အပူမဟုတ်၊ အဖတ်ကား မြေဓာတ်၊ ပူခြင်း သဘောကလေးမျှသာ မီးဓာတ်၊ မီးဓာတ်ဆိုသာ ဘယ့်လောက် ကလေးမျှ အသား အမာမရှိ၊ မရှိကြောင်းကို မီးတောက် ကြီးကို လက်နှင့်ကိုင်၍ ဖမ်း၍ ချေ၍စမ်း၊ သိလိမ့်မည်။

အရည်တွေထဲကို လက်နှိုက်လျှင် ပူ၏၊ ပူသာ အရည်မဟုတ်၊ အရည်ဟာ အပူ မဟုတ်၊ အရည်ကား ရေဓာတ်၊ ပူခြင်း သဘောမျှသာ မီးဓာတ်။

ရှူးရှူး ရှူးရှူး တက်သော အခိုး အဟုန်တွေကို လက်ဝါးခံ၍ထားလျှင် ပူ၏၊ ပူသာ အခိုးအဟုန် မဟုတ်၊ အခိုး အဟုန်ဟာ အပူမဟုတ်၊ အခိုးအဟုန်တွေကား လေဓာတ်တည်း၊ ပူခြင်းသဘောမျှသာ မီးဓာတ်တည်း၊ မီးဓာတ်သည် မြေဓာတ် ရေဓာတ် လေဓာတ်တို့ကိုစွဲ၍ လောင်၍တည်၏။

ဤကား ပူသော ဥဏှမီးနှင့်ယှဉ်သော ဓာတ်ငါးပါးတည်း။

အေးသော သီတမီးနှင့် ယှဉ်သော ဓာတ်ငါးပါးကိုကား ရေခဲများစွာ ထည့်သော ဘိလပ်ရည် ပုလင်းထဲ စသည်မှာကြည့်။ တပည့်တို့ - ဤ ဟင်းအိုးကြီးထဲ ဓာတ်ခွဲပုံကို ကောင်းမွန် သေချာစွာ မှတ်သား သိမြင်၍ စကြဝဠာကြီး တခုတခုကို ဟင်းအိုးကြီး တလုံးတလုံး လုပ်ပြီးလျှင် အနန္တစကြဝဠာလောက ဗာဟိရဓာတ်တွေကို အကုန်လုံး နှံ့အောင် ကြည့်လိုက်ကြစမ်း၊ အမဲဟင်းအိုး ကြီးထဲမှာလို အကုန်လုံး မြင်ကုန်လိမ့်မည်၊ ဗဟိဒ္ဓသန္တာန်၌ ဤ ဓာတ်ငါးပါးမှ တပါး တစုံတခု ဘာမျှမရှိဘူး တပည့်တို့။

နတ္ထိကိဉ္စိ”ဖြစ်တော့သည်။

ကိဉ္စိ၊ တစုံ တခုသည်။
နတ္ထိ၊ မရှိဘူးဟု အနက်ပေး။

ကိုယ်ခန္ဓာကို ဓာတ်ဟင်းအိုးကြီးလုပ်၍ ပြခြင်း

ဤကဲ့သို့ ပြင်ဘက် ဗာဟိရဓာတ်ငါးပါးကို ပိုင်းခြားသိမှတ်၍ အတွင်းအဇ္ဈတ္တ ဓာတ် ငါးပါးကိုလည်း ဤ ဟင်းအိုးကြီးနှင့် တထပ်တည်း တူအောင် ကြည့်ရှု ဆင်ခြင်ကြ တပည့်တို့။

၁။ တစောခေါ်သော အရေကို ဟင်းအိုးကြီး အတူထား၍ အရေအတွင်း ရှိရှိသမျှ အတုံး အတစ် အဖတ် အမာတွေကို မြေဓာတ်ဟုမှတ်။

၂။ ရှိရှိသမျှ အရည်တွေကို ရေဓာတ်ဟုမှတ်။

၃။ ရှိရှိသမျှ အပူတွေ အအေးတွေကို မီးဓာတ်ဟုမှတ်။

၄။ ရှိရှိသမျှ အခိုးတွေ အလွင့်တွေ အဟုန်တွေကို လေဓာတ်ဟုမှတ်။

၅။ ရှိရှိသမျှ ဟင်းလင်း အလပ်တွေကို အာကာသဓာတ်ဟုမှတ်။

အဇ္ဈတ္တသန္တာန်ဖြစ်သော တကိုယ်လုံး၌ နာမ်ဓာတ်ကို ချန်ထား၍ ဤဓာတ် ငါးပါး မှတပါး တစုံတခု ဘာမျှမရှိဘူး တပည့်တို့ “နတ္ထိကိဉ္စိ” ဖြစ်တော့သည်။

တပည့်တို့ - ဤဓာတ်ငါးပါးကို အောက်က ဆရာ ဟောကြားခဲ့ပြီးသော အတိုင်း နာရီအိမ်, အရုပ်, ပြာသာဒ်ကြီး, ရွှေလိမ်ထုပ်ကြီးတွေကို ဓာတ်ခွဲ၍ ကြည့်ဘိသကဲ့သို့ အစိတ်စိတ် တခုချင်း တခုချင်းလည်း ခွဲ၍ခွဲ၍ ဗာဟိရဓာတ်နှင့် ယှဉ်၍ ယှဉ်၍ ရှုကြ။

ရံခါ ရံခါ ဟင်းအိုးကြီးလုပ်၍ ဗာဟိရ ဟင်းအိုးကြီးနှင့် ယှဉ်ထား၍ ဗာဟိရ ဟင်းအိုးကြီးနှင့် အဇ္ဈတ္တ ဟင်းအိုး မခြားမနား တစားတည်း တထပ်တည်း တူအောင် မြင်အောင်ရှုကြ။ ရံခါ ရံခါ သူတပါးသန္တာန် ကိုလည်း မိမိသန္တာန်ကို ရှုဘိသကဲ့သို့ ရှုကြ။ ဤမြေဓာတ်ဟာ ငဖြူ မဟုတ်၊ ငမဲမဟုတ် စသည်ဖြင့် သူ့အမည်ဖြင့် မှတ်၍ သူဟူသော သတ္တဝါကောင်ကို ပယ်ဖျောက်၍ ရှုကြ။

အတွင်းအပြင်ရ၍ အတ္တကွာပုံကို ပြခြင်း

၁။ တပည့်တို့ - ဤ ဓာတ်ငါးပါးတို့တွင် အာကာသဓာတ်ကို မြင်လျှင် ဤ ကိုယ်ကြီးသည် အခေါင်း ဗလဘွာရှိသော တောင်ပို့ကြီး သစ်တုံးကြီးများနှင့်၎င်း၊ ခဲတွေ တုတ်တွေမှန်၍ အပေါက် ဗလဘွာ ရှိသော ဘုန်းကြီးပျံ ပြာသာဒ်အိုကြီး အိမ်ပျက်ကြီးများနှင့်၎င်း၊ တူအောင်ထင်မြင်၍ လာလိမ့်မည်။

၂။ လေဓာတ်ကိုမြင်လျှင် ဤ ကိုယ်ကြီးသည် ဖိုနှုတ်သီး, စက်ရုံခေါင်းတိုင် လေခေါင်းအုံး, လေတိုက် သစ်ပင် ပျံသွားသော မီးအိမ်ပျံတို့နှင့်၎င်း၊ လူသေကောင်ကြီးနှင့်၎င်း တူအောင် ထင်မြင်၍ လာလိမ့်မည်။

၃။ မီးဓာတ်ကို မြင်လျှင် ဤကိုယ်ရုပ်ကြီးသည် ပေါင်းချောင်ထဲ၌ ထည့်၍ ပေါင်းအပ်သော ဆန်ထုပ်ကြီး, ဖွဲမီးထဲ၌ အုံးအပ်သော သစ်ဥကြီး အဝီစိပြာပူ ငရဲထဲ ကျ၍နေသော ငရဲကောင် ကိုယ်ကြီးတို့နှင့် တူအောင် ထင်မြင်၍ လာလိမ့်မည်။

၄။ ရေဓာတ်ကိုမြင်လျှင် ဤကိုယ်ကြီးသည် အခေါင်း အခွက် အပေါက်တွေ ဗလဘွာရှိ၍ ရေတွေ တင်၍နေသော သစ်တုံးအိုကြီး သစ်ပင်အိုကြီးတို့နှင့် တူအောင် ထင်မြင်၍ လာလိမ့်မည်။

၅။ မြေဓာတ်ကိုမြင်လျှင် ဤကိုယ်ကြီးသည် တုတ်ခနောင်းတွေ မြေကြီးခဲတွေ ရွှံ့တွေ, အဝတ်စုတ်တွေ, ကြိုးစ, လျှော်စတွေကို စုထည့်ထားသော ကြုတ်ကြီး အိတ်ထောင့်တို့နှင့် တူအောင် ထင်မြင်၍ လာလိမ့်မည်။

ဤမြေဓာတ် တခုကို မြင်လျှင်ပင် ကြွင်းဓာတ် လေးပါးတို့သည် အလိုလိုမြင်၍ ထင်၍ လာလေတော့၏။

တပည့်တို့ - သင် တပည့်တို့သည် ဤအတွင်းဓာတ် အပြင်ဓာတ် နှစ်ပါးတို့တွင် အတွင်းဓာတ်တွေကို ငါဘဲဟူ၍၎င်း၊ ငါ့ဟာဘဲဟူ၍၎င်း မှတ်ထင်စွဲလမ်း၍ နေကြသည်။ ပြင်ဓာတ်တွေကိုကား ငါဘဲဟု မှတ်ထင်စွဲလမ်းခြင်း မရှိကြ။ ငါဟု မှတ်ထင် စွဲလမ်းအပ်သော အတွင်းဓာတ်တွေ၏ အခြံအရံ အမွမ်းအမံဖြစ်၍ ငါ့ဟာဘဲဟု ဥစ္စာအနေနှင့်ကား မှတ်ထင် စွဲလမ်းလျက် တပ်မက်ချစ်ခင်၍ နေကြသည်။

ထို့ကြောင့် တပည့်တို့ - ဤပြဆို ဟောကြားခဲ့ပြီးသော အလုံးစုံသော ဥပမာ အလုံးစုံသော ရှုပုံ ရှုနည်းတို့ကို ကောင်းမွန်သေချာစွာ သိမှတ်၍ ဤ အတွင်း ဓာတ်တွေကို ပြင်ဘက်ဓာတ်တွေနှင့် ယှဉ်၍ ယှဉ်၍ ရှုသဖြင့် ပြင်ဘက်ဓာတ်တွေကို ပကတိ မျက်စိနှင့် မြင်ရဘိသကဲ့သို့ ဉာဏ်မျက်စိနှင့် လင်းလင်းထင်ထင် မြင်ရလျှင် တွင်းပြင် မခြား တစားတည်း တထပ်တည်းတူ၍ နေခြင်းကြောင့် ပြင်ဘက် ဓာတ်တွေကို ငါဟု မှတ်ထင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘိသကဲ့သို့ ထိုပြင်ဘက် ဓာတ်တွေ ထဲ၌ ငါကောင်ကို ရှာ၍မရဘိသကဲ့သို့ ဤအတွင်းဓာတ်တွေကိုလည်း ငါဟု မှတ်ထင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘဲ ဤအတွင်းဓာတ်တွေထဲ၌ ငါကောင် ရှာ၍မရဘဲ ဟင်... ငါမဟုတ် ပါဘဲကလား ဟင်-ငါမရှိပါဘဲကလားဟု သိလျက် ငါပျောက်၍ သွားသဖြင့် ငါဟူသော အတ္တအနေနှင့်၎င်း၊ ငါ့ဟာ ဟူသော အတ္တနိယ အနေနှင့်၎င်း၊ ချစ်ခင်တပ်မက်ခြင်း တဏှာလည်း ကင်းပြတ်၍ ရဟန်းကိစ္စ ပြီးဆုံးခြင်းသို့ ရောက်ကြလိမ့်မည်၊ တပည့်တို့-ကြိုးစား ကြည့်ရှု ဆင်ခြင်ကြ၊ ကြိုးစား အားထုတ်ကြ။

၎င်းနှစ်ပါးကို ယှဉ်၍ရှုသော အဓိမုတ္တမထေရ် ဝတ္ထု

မြတ်စွာဘုရားရှင် လက်ထက်တော်က တပည့်တို့ -

တိဏကဋ္ဌသမံ လောကံ၊ ယဒါ ပညာယ ပဿတိ။
မမတ္တံ သော အသံဝိန္ဒံ၊ နတ္ထိ မေတိ န သောစတိ။

ထေရဂါထာပါဠိတော်။

ယော၊ အကြင်သူသည်။
လောကံ၊ သတ္တဝါကောင် ငါကောင်ဟု မှတ်ထင် စွဲလမ်းအပ်သော သတ္တလောကကြီးကို။
တိဏကဋ္ဌသမံ၊ မြက်မှိုက်ထင်းချောင်း တုတ်ခနောင်းတို့နှင့် မထူးမခြား တစားတည်း တထပ်တည်း တူသည်ကို။
ဝါ၊ တူအောင်။
ယဒါ၊ အကြင်အခါ၌။
ပညာယ၊ ဉာဏ်ပညာဖြင့်။
ပဿတိ၊ လင်းလင်း ထင်ထင် သိမြင်၏။
တဒါ၊ ထိုလင်းလင်း ထင်ထင် သိမြင်သောအခါ၌။
သော၊ ထိုမြင်သောသူသည်။
မမတ္တံ-မံအတ္တံ၊ ငါဟု ဆိုအပ်သော ကိုယ်ကို။
အသံဝိန္ဒံ၊ မဟုတ်ခြင်းကြောင့်, မရှိခြင်းကြောင့် ရှာ၍မရသည်ဖြစ်၍။
မေ၊ ငါ၏၊ ငါကောင်၏။
သန္တကံ၊ ချစ်ခင်တပ်မက်စရာ ဥစ္စာသည်လည်း။
နတ္ထိ၊ မရှိပါပြီတကား။
ဣတိ၊ ဤသို့ သိမြင်၍။
န သောစတိ၊ မစိုးရိမ်ပြီ။
ဝါ၊ ရဟန္တာ ဖြစ်သဖြင့် ဘယ်လို အကြောင်းကြောင့်မှ စိုးရိမ် ပူပန်ခြင်း မရှိရပြီ။

ဟူ၍ အဓိမုတ္တ အမည်တော်ရှိသော ရဟန္တာ မထေရ်မြတ် ဟောအပ်သော ဂါထာ နှင့်လည်း အညီ သင် တပည့်တို့သည် စိုးရိမ် ကြောင့်ကြခြင်း ကင်းရအောင် ကြိုးစား၍ ကြည့်ရှု ဆင်ခြင်ကြ၊ ကြိုးစား၍ အားထုတ်ကြ။

တာလပုဋမထေရ် ဝတ္ထု

မြတ်စွာဘုရားရှင် လက်ထက်တော်က တပည့်တို့ တာလပုဋ အမည်တော်ရှိသော မထေရ်မြတ်သည်-

ကဒါနု ကဋ္ဌေ စ တိဏေ လတာ စ၊
ခန္ဓေ ဣမေဟံ အမိတေ စ ဓမ္မေ။
အဇ္ဈတ္တိကာနေဝ ဗာဟိရာနိ စ၊
သမံ တုလေယျံ တဒိဒံ ကဒါ မေ။

ထေရဂါထာပါဠိတော်။

အဟံ၊ ငါသည်။
ကဋ္ဌေ စ၊ သစ်၊ သစ်ကိုင်း သစ်တုံး ထင်းတုံး ထင်းချောင်း တုတ်ခနောင်းတွေလည်း ဖြစ်ကုန်သော။
တိဏေ စ ခန္ဓေ၊ သစ်ခက် သစ်ရွက် မြက်ခြောက် မြက်မှိုက်အပေါင်းတွေလည်း ဖြစ်ကုန်သော။
လတာ စ ခန္ဓေ၊ ကြိမ်လျှော် ချုံနွယ်အပေါင်းတွေလည်း ဖြစ်ကုန်သော။
ဣမာနိ ဗာဟိရာနိ စ၊ ဤပြင်ဘက် ဗာဟိရ ရုပ်ဓာတ်တွေကို၎င်း။
အမိတေ၊ မိမိသန္တာန် သူတပါးသန္တာန် စသောအားဖြင့် နှိုင်းယှဉ် ရေတွက်၍မကုန် အပုံကြီးများစွာ ကုန်သော။
ဣမာနိ အဇ္ဈတ္တိ ကာနေဝ စ၊ ဤအတွင်း အဇ္ဈတ္တ ရုပ်နာမ်ဓာတ်တို့ကို၎င်း။
သမံ၊ အတွင်းပြင် မခြားမနား တစားတည်း တထပ်တည်း တူအောင်။
ကဒါနု၊ အဘယ်အခါ၌။
တုလေယျံ၊ ကြည့်ရှုနှိုင်းချိန် ရပါအံ့နည်း။
တဒိဒံ၊ ထိုကြည့်ရှု နှိုင်းချိန်ရအံ့သော အခါသည်။
မေ၊ ငါ တာလပုဋအား။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း ။

ဤသို့ မိမိ ရဟန်းကိစ္စ မပြီးခင် တွင်းပြင် မခြားမနား တစားတည်း တထပ်တည်း တူအောင် မြင်ချင်လှ၍ တောင့်တခြင်း အာသီသရှိပြီးလျှင် ဆိတ်ငြိမ်ရာသို့ ဝင်၍ အတွင်းဓာတ် ပြင်ဓာတ်တွေကို ဉာဏ်ဖြင့် ယူဆောင်၍ တူအောင် နှိုင်းချိန် ကြည့်ရှုသဖြင့် များမကြာခင် တထပ်တည်း တူအောင် ထင်မြင်၍ ရဟန်းကိစ္စပြီးလျှင် နိဗ္ဗာန်သို့ ဝင်လေပြီ။

ဤ တာလပုဋ မထေရ်မြတ်အတူ အဇ္ဈတ္တ ဗာဟိရ မခြားမနား တစားတည်း ထပ်တူ ထင်မြင်၍ နိဗ္ဗာန်ဝင်ကြသော အရှင် မြတ်တို့ကား မရေတွက်နိုင်အောင်များသည်။ ထို့ကြောင့် သင်တပည့် တို့လည်း ဤ အရှင်မြတ်တို့အတူ ရဟန်းကိစ္စ ပြီးဆုံး၍ အကောင်းဆုံးသို့ ရောက်ရခြင်းငှါ ဤ တာလပုဋ မထေရ်မြတ်ကဲ့သို့ တွင်းပြင်မခြား တစားတည်း ထပ်တူ ထင်မြင်လိုသော တောင့်တခြင်း အာသီသ အမြဲထားလျက် ကြိုးစား၍ နှိုင်းချိန် ကြည့်ရှုကြ၊ ကြိုးစား၍ အားထုတ်ကြ။

မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်၌ ကိန်းအောင်း မွေ့လျော် စံတော်မူစဉ်က တပည့်တို့ -

ရုပ်ဓာတ်ကို စွန့်ရမည်ဟု ဟောကြားသော နတုမှာကသုတ်

ယံ ဘိက္ခဝေ န တုမှာကံ၊ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ကိဉ္စ ဘိက္ခဝေ န တုမှာကံ ရူပံ၊ ဘိက္ခဝေ န တုမှာကံ တံ ပဇဟထ၊ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ သေယျထာပိ ဘိက္ခဝေ ဣမသ္မိံ ဇေတဝနေ ယံ တိဏကဋ္ဌသာခါပလာသံ၊ တံ ဇနော ဟရေယျ ဝါ ဒဟေယျ ဝါ ယထာပစ္စယံ ဝါ ကရေယျ။ အပိနု တုမှာကံ ဧဝမဿ၊ အမှေ ဇနော ဟရတိ ဝါ ဒဟတိ ဝါ ယထာပစ္စယံ ဝါ ကရောတီတိ။ နောဟေတံ ဘန္တေ။ တံ ကိဿဟေတု၊ န ဟိ ဧတံ ဘန္တေ အတ္တာဝါ အတ္တနိယံ ဝါ တိ၊ ဧဝမေဝခေါ ဘိက္ခဝေ ရူပံ န တုမှာကံ၊ တံ ပဇဟထ၊ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတီတိ။

ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်လာ နတုမှာကသုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဝါ၊ ချမ်းသာလိုလား အို-ချစ်သားတို့။
ယံ၊ အကြင်ဥစ္စာသည်။
န တုမှာကံ၊ သင်ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ်။
တံ၊ ထိုသင်ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ်သော ဥစ္စာကို။
ပဇဟထ၊ စွန့်ပစ်ကြကုန်လော့။
တံ၊ ထို သင်ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ်သော ဥစ္စာကို။
ပဟီနံ၊ စွန့်ပစ်အပ်သည်ရှိသော်။
ဝေါ၊ သင်ချစ်သားတို့အား။
ဟိတာယ၊ ပွားစီးခြင်းငှါ။
သုခါယ၊ ချမ်းသာခြင်းငှါ။
ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။

ဘိက္ခဝေ၊ ရဟန်းတို့။
ကိဉ္စ၊ အဘယ်ဥစ္စာသည်လျှင်။
န တုမှာကံ၊ သင်ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ် သနည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ရူပံ၊ ငါးပါးသော ရုပ်ဓာတ်သည်။
န တုမှာကံ၊ သင် ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ်။
တံ၊ ထို သင်ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ်သော ရုပ်ကို။
ပဇဟထ၊ စွန့်ပစ်ကြကုန်လော့။
တံ၊ ထို သင်ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ်သော ရုပ်ကို။
ပဟီနံ၊ စွန့်ပစ်အပ်သည်ရှိသော်။
ဝေါ၊ သင်ချစ်သားတို့အား။
ဟိတာယ၊ ပွားစီးခြင်းငှါ။
သုခါယ၊ ချမ်းသာခြင်းငှါ။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ဘိက္ခဝေ၊ ရဟန်းတို့။
သေယျထာပိ၊ ဥပမာဆိုသော်။
ဣမသ္မိံဇေတဝနေ၊ ဤဇေတဝန်ဥယျာဉ် ကျောင်းတိုက်ထဲ၌။
ယံ တိဏကဋ္ဌသာခါပလာသံ၊ အကြင် မြက် ထင်း သစ်ပင် သစ်ခက် သစ်ရွက် အမှိုက်တွေသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုမြက် ထင်း သစ်ပင် သစ်ခက် သစ်ရွက် အမှိုက်တွေကို။
ဇနော၊ သာဝတ္ထိပြည်သူ လူအပေါင်းသည်။
အာဂန္တွာ၊ လာ၍။
ဟရေယျ ဝါ၊ ယူသူကလည်း ယူကြငြားအံ့။
ဒဟယျေ ဝါ၊ မီးနှင့် တိုက်သူကလည်း တိုက်ကြငြားအံ့။
ယထာ ပစ္စယံ ဝါ၊ အကြောင်းအားလျော်စွာ သူတို့အလိုရှိတိုင်းမူလည်း။
ကရေယျ၊ ပြုကြ ငြားအံ့။
အထ၊ ထိုသို့ ပြုကြသောအခါ၌။
တုမှာကံ၊ သင်ချစ်သားတို့အား။ သင်ချစ်သားတို့က။
ဟိ-ဟေ၊ အချင်းတို့။
အမှေ၊ ငါတို့ကို။
ဇနော၊ လူတွေသည်။
ဟရတိ ဝါ၊ ယူကုန်ပါပြီ။
အမှေ၊ ငါတို့ကို။
ဇနော၊ လူတွေသည်။
ဒဟတိဝါ၊ မီးနှင့်တိုက်၍ကုန်ပါပြီ။
အမှေ၊ ငါတို့ကို။
ဇနော၊ လူတွေသည်။
ယထာပစ္စယံ ဝါ၊ အကြောင်းအားလျော်စွာ သူတို့အလိုရှိတိုင်းမူလည်း။
ကရောတိ၊ လုပ်၍ကုန်ပါပြီ။
ဣတိ ဧဝံ၊ ဤသို့ မြည်တမ်း ပြောဆိုခြင်း မှတ်ထင်အောက်မေ့ခြင်းသည်။
အပိ နု အဿ၊ ဖြစ်ကြမည်လော။

ဘန္တေ၊ အရှင်ဘုရား။
အမှာကံ၊ အကျွန်ုပ်တို့အား။
ဧတံ၊ ဤသို့ မြည်တမ်း ပြောဆိုခြင်း မှတ်ထင် အောက်မေ့ခြင်းသည်။
နော ဟိ၊ မဖြစ်နိုင်ပါဘုရား။
တံ၊ ထိုသို့ မဖြစ်နိုင်ခြင်းသည်။
ကိဿဟေတု၊ အဘယ်ကြောင့်နည်း ဆိုသော်။
ဘန္တေ၊ အရှင်ဘုရား။
ဧတံ၊ ဤမြက် ထင်း သစ်ပင် သစ်ခက် သစ်ရွက် အမှိုက် တွေသည်။
အတ္တာဝါ၊ ကိုယ်သည်လည်း။
ဝါ၊ အကျွန်ုပ်တို့သည်လည်း။
န ဟိ၊ မဟုတ်ပါဘုရား။
အတ္တနိယံဝါ၊ ကိုယ့်ဟာသည်လည်း။
ဝါ၊ အကျွန်ုပ်တို့ဟာသည်လည်း။
န ဟိ၊ မဟုတ်ပါဘုရား။

ဘိက္ခဝေ၊ ချမ်းသာလိုလား အို-ချစ်သားတို့။
ဧဝမေဝခေါ၊ ဤမြက် ထင်း သစ်ပင် သစ်ခက် သစ်ရွက် အမှိုက်တွေ အတူသာလျှင်။
ရူပံ၊ ရုပ်ဓာတ်သည်။
န တုမှာကံ၊ သင် ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ်။
တံ၊ ထို သင်ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ်သော ရုပ်ကို။
ပဇဟထ၊ စွန့်ပစ်ကြကုန်လော့။
တံ၊ ထိုသင်ချစ်သားတို့လည်း မဟုတ် သင်ချစ်သားတို့ဟာလည်း မဟုတ်သော ရုပ်ကို။
ပဟီနံ၊ စွန့်ပစ်အပ်သည်ရှိသော်။
ဝေါ၊ သင်ချစ်သားတို့အား။
ဟိတာယ၊ ပွားစီးခြင်းငှါ။
သုခါယ၊ ချမ်းသာခြင်းငှါ။
ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။

ဤသို့ မြတ်စွာဘုရားရှင် တိုက်တွန်း ဟောကြားတော်မူအပ်သော တရားတော်ကို နာခံကြသော မထေရ်မြတ်တို့လည်း ထိုမြတ်စွာဘုရား ဟောကြားသောအတိုင်း ကိုယ်မဟုတ်မှန်း ကိုယ့်ဟာ မဟုတ်မှန်းကို အားထုတ် ကြည့်ရှုသဖြင့် မြင်သိကြ၍ ဤ ရုပ်ဓာတ်ကြီးကို စွန့်ပစ်ပြီးလျှင် နိဗ္ဗာန်သို့ဝင်ကြလေပြီ

ထို့ကြောင့် သင်တပည့်တို့လည်း ဤမြတ်စွာဘုရား ဟောကြား တိုက်တွန်းတော် မူသောအတိုင်း ကိုယ်မဟုတ်မှန်း ကိုယ့်ဟာမဟုတ်မှန်းကို မြင်ရ သိရအောင် ဟူသည်နှင့်အညီ ထိုမထေရ်မြတ် တို့ကဲ့သို့ ဤရုပ်ကြီးကို စွန့်ပစ်ပြီးလျှင် နိဗ္ဗာန်သို့ ဝင်ရအောင် သုခါယဘဝိဿတိ ဟူသော ဗျာဒိတ်တော်အတိုင်း ကျအောင် အောက်က ဆရာပြဆို ဟောကြားခဲ့ပြီးသော နည်းအတိုင်း ကြိုးစား၍ ကြည့်ရှု ဆင်ခြင်ကြ၊ ကြိုးစား၍ အားထုတ်ကြ။

အနုသာသနီသုတ်

၁။ အဋ္ဌိနဟာရုသံယုတ္တော၊ လောဟိတမံသလေပနော။
စမ္မကဉ္စုကသန္နဒ္ဓေါ၊ နာနာဓာတုဿ ပူရိတော။

၂။ ဧတာဒိသေန ကာယေန၊ ယော မညေ ဥန္နမေတဝေ။
ပရံ ဝါ အဝဇာနေယျ၊ ကိ မညတြ အဒဿနာ။

၃။ ယေ မံ ကာယံ မမာယန္တိ၊ အန္ဓဗာလာ ပုထုဇ္ဇနာ။
ဝဍ္ဎေန္တိ ကဋသိံ ဃောရံ၊ အာဒိယန္တိ ပုနဗ္ဘဝံ။

၄။ ယေမံ ကာယံ ဝိဝဇ္ဇေန္တိ၊ ဂူထလိတ္တံဝ ပန္နဂံ။
ဘဝမူလံ ဝဓိတွာန၊ ပရိနိဗ္ဗိံ သု အနာသဝါ။

၅။ တသ္မာ ဝေါ နုဿရံ တေသံ၊ သုခါယ ဓာတုဘဏ္ဍိကံ။
မုစ္စိတွာ နုပေက္ခေထ၊ ကုသလော ထဝိကံ ယထာ။

၆။ ဟတ္ထတ္တလေ ထပေတွာန၊ ပေက္ခိယ ဉာဏစက္ခုနာ။
ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ ဓာတုကုမ္ဘိံ ဝိရဇ္ဇထ။

သေက္ချဘာသိတ အနုသာသနီသုတ်။

၁။ ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
အယံကာယော၊ ဤကိုယ်ကြီးသည်။
အဋ္ဌိနဟာရုသံယုတ္တော၊ အကြောတို့ဖြင့် ဆိုင်းတွ၍ ထားအပ်သော အရိုးဆက် အရိုးစုကြီးပေတည်း။
လောဟိတ မံသ လေပနော၊ အုဌ်တိုက်နံရံ အင်းကတေမံလား အသွေးအသားတို့ဖြင့် မွမ်းမံ လိမ်းကျံအပ်၏။
စမ္မကဉ္စုကသန္နဒ္ဓေါ၊ ဘောင်းဘီ ကိုယ်ဝတ် သင်တိုင်းစွပ်သား အရေထူ အရေပါးဖြင့် ဖွဲ့စပ်မှေးယှက် အပ်၏။
နာနာဓာတုဿ၊ အထူးထူးသော ဓာတ်စုဓာတ်ခဲဖြင့်။
ပူရိတော၊ ပြည့်၍နေ၏။

၂။ ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ယော၊ အကြင်သူသည်။
ဧတာဒိသေန၊ ဤသို့ သဘောရှိသော။
ကာယေန၊ ဓာတ်စုဓာတ်ခဲဖြစ်သော ကိုယ်ကောင် အမှိုက်ထွေးကြီးဖြင့်။
ဥန္နမေတဝေ၊ ငါကားဘယ်လို ငါမင်းပျိုကား ဘယ်လိုစားဟု မော်ကြွားတက်ကြွခြင်းငှါ။
မညေ၊ မိမိကိုယ်ကို အမြတ်အားဖြင့် မှတ်ထင်ရာ၏။
ပရံ ဝါ၊ သူတပါးကိုလည်း။
အဝဇာနေယျ၊ သင်ကား ဘယ်လို သင်လိုဟာကား ဘယ်လိုစားဟု နှိပ်ချစော်ကား အယုတ်အားဖြင့် မှတ်ထင် အောက်မေ့ရာ၏။
ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
တဿ၊ ထိုသူအား။
ဧတံ၊ ဤသို့ မှတ်ထင် အောက်မေ့နိုင်ခြင်းသည်။
အဒဿနာ၊ ဤဓာတ်စု ဓာတ်ခဲတွေကို မသိမမြင်ခြင်းဟူသော အကြောင်းကို။
အညတြ၊ ကြဉ်ထား၍။
အညံကာရဏံ၊ တပါးသော အကြောင်းမည်သည်။
ကိံ၊ အဘယ်မှာ ရှိတော့မည်နည်း။

၃။ ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
အန္ဓဗာလာ၊ ဓာတ်စု ဓာတ်ခဲတွေကို မမြင်နိုင်ကြ မိုက်ကန်းလှကုန်သော။
ယေ ပုထုဇ္ဇနာ၊ အကြင်ပုထုဇဉ် အပေါင်းတို့သည်။
ဣမံကာယံ၊ ဤဓာတ်စု ဓာတ်ခဲဖြစ်သော ကိုယ်ကောင် အမှိုက်ထွေးကြီးကို။
မမာယန္တိ၊ ငါ့ဥစ္စာဟု အာသာတောင့်တ ချစ်ခင်ကြကုန်၏။
တေ၊ ထိုပုထုဇဉ် အပေါင်းတို့သည်။
ဃောရံ၊ ကြောက်ဘွယ်ဘနန်း ကြမ်းတမ်းဆိုးဝါးသော။
ကဋသိံ၊ သင်းချိုင်းပုံမြေကို။
ဝါ၊ အတ္တဘာဝ မည်ထသမုတ် ရုပ်ကောင်ပုပ်ကို။
ဝဍ္ဎေန္တိ၊ တိုးပွါးစေကုန်၏။
ပုနဗ္ဘဝံ၊ တဖန်နောင်ခါ ဖြစ်ဘို့ရာဟု ပုညာပုည အာနေဉ္ဇနှင့် ဘဝများစွာ ကံဧရာကို။
အာဒိယန္တိ၊ ကြိုးကြိုးပမ်းပမ်း လိုက်လှမ်းစုပုံ ယူကြလေကုန်၏။

၄။ ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ယေ၊ အကြင် ပုဂ္ဂိုလ်မြတ်တို့သည်ကား။
ဂူထလိတ္တံ၊ မစင်ဖြင့် လိမ်းကျံသော။
ပန္နဂံ ဣဝ၊ ညှီနံညော်စုတ် မြွေငန်းပုပ်ကိုကဲ့သို့။
ဣမံ ကာယံ၊ ဤဓာတ်စု ဓာတ်ခဲ ကိုယ်ကောင် အမှိုက်ထွေးကြီးကို။
ဝိဝဇ္ဇေန္တိ၊ နင်အကောင်ပုပ် အလွန်ဟုတ်၏ဟု စက်ဆုပ်ရှောင်ကြဉ်ကြကုန်၏။
တေ၊ ထိုပုဂ္ဂိုလ်မြတ်တို့သည်။
ဘဝမူလံ၊ နောင်တဖန် ဖြစ်ရခြင်း၏ အကြောင်းရင်းမူလ တဏှာရာဂကို။
ဝဓိတွာန၊ ညှဉ်းဆဲသတ်ဖြတ်ခြင်းကြောင့်။
အနာသဝါ၊ အာသဝေါတရား ကင်းကြကုန်သည်ဖြစ်၍။
ပရိနိဗ္ဗိံသု၊ ငြိမ်းကြလေကုန်ပြီ။

၅။ ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
တသ္မာ၊ ထိုသို့ငြိမ်းကြလေကုန်ပြီးသောကြောင့်။
ဝေါ၊ သင်တပည့်တို့သည်။
တေသံ၊ ထိုငြိမ်းကြလေကုန်ပြီးသော အရှင်မြတ်တို့ကို။
အနုဿရံ၊ ဖန်ဖန်ထပ်ထပ် မပြတ်အောက်မေ့ကြလျက်။
ဝါ၊ အတုလိုက်ကြလျက်။
ကုသလော၊ သိကြား လိမ်မာပြီးသော ရွှေလိမ်ထုပ်ရှင်သည်။
ထဝိကံ၊ ရွှေလိမ်ထုပ်ကြီးကို။
မုစ္စိတွာ၊ ဖြေ၍။
ပေက္ခတိ ယထာ၊ ကြည့်ရှုဘိသကဲ့သို့။
တထာ၊ ကြည့်ရှုဘိသကဲ့သို့။
တထာ၊ ထို့အတူ။
သုခါယ၊ ချမ်းသာခြင်းငှါ။
ဓာတုဘဏ္ဍိကံ၊ ဤကိုယ်ကောင်တည်းဟူသော ဓာတ်စု ဓာတ်ခဲ ဘဏ္ဍာထုပ်ကြီးကို။
မုစ္စိတွာ၊ ဖြေ၍။
အနုပေက္ခေထ၊ ဖန်ဖန် ထပ်ထပ် မပြတ် စေ့ငု မြင်အောင် ရှုကြကုန်လော့။

၆။ ဘော သိဿာ၊ အကောင်းဆုံးကို ရောက်လိုကြဘိ အို-တပည့်တို့။
ဝေါ၊ သင်တပည့်တို့သည်။
ဟတ္ထတ္တလေ၊ လက်ဝါးပြင်၌။
ဝါ၊ ဟတ္ထပါသ် အတွင်း ရှေ့မျက်နှာစာအပြင်၌။
ထပေတွာန၊ ဉာဏ်တည်းဟူသော လက်ဖြင့် ပြင်ဘက်ဓာတ်ဟင်းအိုးကြီး အတွင်းဓာတ် ဟင်းအိုးကြီး နှစ်လုံးကို ဆောင်ယူ ယှဉ်ထား၍။
ဣဒံ၊ ဤအတွင်းဓာတ်ဟင်းအိုးကြီးသည်။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ၊ ထိုပြင်ဘက်ဓာတ်ဟင်းအိုးကြီးသည်လည်း။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲတကား။
ဧတံ၊ ထိုပြင်ဘက်ဓာတ် ဟင်းအိုးကြီးသည်။
အဟံ၊ ငါသည်။
န အသ္မိ ယထာ၊ မဟုတ်ဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ၊ ဤအတွင်းဓာတ် ဟင်းအိုးကြီးသည်လည်း။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်ပါဘဲတကား။
ဣတိ၊ ဤသို့။
ဉာဏစက္ခုနာ၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။
ပေက္ခိယ၊ ပြူးပြူးစိစိ မြင်အောင်ကြည့်ရှု၍။
အဇ္ဈတ္တဉ္စ ဓာတုကုမ္ဘီ၊ အတွင်းဓာတ် ဟင်းအိုးကြီး၌၎င်း။
ဗဟိဒ္ဓါ စ ဓာတုကုမ္ဘိံ၊ ပြင်ဘက် ဓာတ်ဟင်းအိုးကြီး၌၎င်း။
ဝိရဇ္ဇထ၊ စွဲလမ်းမှတ်ထင် ချစ်ခင်တပ်မက်ခြင်း ကင်းကြကုန်လော့။ ၁၄။

ဣတိ ဆ ဓာတုဝိဘင်္ဂေ ပဉ္စဓာတု သံပိဏ္ဍနာ နုသာသနီပဗ္ဗံ။

ဣတိ၊ ဤသည်ကား။
ဆဓာတုဝိဘင်္ဂေ၊ သေက္ချဘာသိတ ဆ ဓာတုဝိဘင်္ဂ ဓာတ်ကမ္မဋ္ဌာန်း၌။
ပဉ္စ ဓာတုသံပိဏ္ဍနာ နုသာသနီပဗ္ဗံ၊ ရုပ်ဓာတ်ငါးပါးလုံးကို ပေါင်းရုံး၍ ရှုပုံနည်းပြ ထပ်မံ၍ ဟောကြားဆုံးမသော အနုသာသနီပိုင်းတည်း။

တပည့်တို့ - ဤယခု ပြဆိုဟောကြားခဲ့ပြီးသော မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် အာကာသ ဓာတ်တို့ကို ခွဲခြမ်းဝေဖန်ပုံ ကြည့်ရှုပုံနည်းကို “နေသော ဟမသ္မိ နေတံမေ” ဟူသော ဥဒ္ဒေသအရ ငါဟူသော အတ္တ၊ ငါ့ဟာ ဟူသော အတ္တနိယ ပျောက်အောင် သုတ္တန်နည်းအားဖြင့် ဝေဖန်ကြည့်ရူပုံ သုညတနည်း ဟု မှတ်ရမည်။

အဘိဓမ္မာ သုညတနည်းရှုပုံ

တပည့်တို့ - ဤ ရုပ်ဓာတ် ငါးပါးတို့ကို “နေသော ဟမသ္မိ နေတံမေ”ဟူသော ဥဒ္ဒေသအရ ငါဟူသော အတ္တ၊ ငါ့ဟာဟူသော အတ္တနိယ ပျောက်အောင် သုတ္တန် နည်းအားဖြင့် ဝေဖန် ကြည့်ရှုပုံ သုညတ နည်းကို ပြဆို ဟောကြားပြီး၍ ယခု တဖန် ဤရုပ်ဓာတ် ငါးပါးကိုပင်လျှင် အဘိဓမ္မာနည်းအားဖြင့် ဝေဖန်ကြည့်ရှုပုံ သုညတ နည်းကို ပြဆို ဟောကြားဦးအံ့။

တပည့်တို့- ဤရုပ်ဓာတ် ငါးပါးတို့ကို အဘိဓမ္မာနည်းအားဖြင့်ကား ဤသို့ ဝေဖန် ကြည့်ရှုရမည်။ ဤမြေ ရေ လေ မီး ဓာတ်ကြီး လေးပါးတို့တွင် -

၁။ ခက်မာခြင်း ကြိယာကလေးမျှသာ ဖြစ်သော အဖတ်သဘောကလေးကို ပရမတ္ထ မြေဓာတ် ဟုမှတ်။

၂။ စိုစွတ်ခြင်း ကြိယာကလေးမျှသာဖြစ်သော အရည်သဘောကလေးကို ပရမတ္ထ ရေဓာတ်ဟုမှတ်။

၃။ ပူခြင်း အေးခြင်း ကြိယာကလေးမျှသာဖြစ်သော ထက်မြက်သော အရှိန်သဘော ကလေးကို ပရမတ္ထ မီးဓာတ်ဟုမှတ်။

၄။ လွှင့်ခြင်း တိုးဝှေ့ခြင်း ကြိယာကလေးမျှသာဖြစ်သော သန်စွမ်းသော အဟုန် သဘောကလေးကို ပရမတ္ထ လေဓာတ်ဟုမှတ်။

အဖတ်သဘော အရည်သဘောတို့ကား အထည်ဝတ္ထု သဘောတည်း၊
အရှိန်သဘော အဟုန်သဘောတို့ကား သတ္တိသဘောတည်း၊ အထည်ဝတ္ထု သဘော မဟုတ်။

ဓာတ်ကြီးလေးပါးတို့၏ ပေါင်းစုပုံ ရုပ်ကလာပ်ကိုပြခြင်း

ဤကဲ့သို့ ရှေးဦးစွာ ပရမတ္ထအစစ် ဓာတ်ကြီးလေးပါးတို့၏ သဘော လက္ခဏာ တရားကိုယ်ကို ကောင်းမွန်သေချာစွာ မှတ်ကြ သိကြ။ တပည့်တို့ ဤဓာတ်ကြီး လေးပါးတို့သည် သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတ ဟူသော ငါးပါးသော ပစ္စယသတ္တိတို့ဖြင့် အချင်းချင်းအား ကျေးဇူးပြုကြလျက် တပါးကိုတပါး မှီတွယ်၍သာ ဖြစ်နိုင်ကြကုန်၏။ တပါးကိုတပါး မမှီတွယ်ရဘဲ တခြားစီခွဲ၍ မဖြစ်နိုင်ကြကုန်။

ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည် “ဧကံ မဟာဘူတံ၊ ပဋိစ္စ တယော မဟာဘူတာ၊ တယော မဟာဘူတေ ပဋိစ္စ ဧကံ မဟာဘူတံ၊ ဒွေမဟာဘူတေ ပဋိစ္စ ဒေမဟာဘူတာ” ဟူ၍ အဘိဓမ္မာ ပဋ္ဌာန်း ပါဠိတော်၌ ဟောတော်မူသည်၊

ဧကံ မဟာဘူတံ၊ တပါးတပါးသော မဟာဘုတ်ကို။
တယော မဟာဘူတာ၊ သုံးပါး သုံးပါးသော မဟာဘုတ်တို့က။
ပဋိစ္စ၊ စွဲ၍ မှီတွယ်၍။
ပဝတ္တန္တိ၊ ဖြစ်ကြကုန်၏။
တယော မဟာဘူတေ၊ သုံးပါးသုံးပါးသော မဟာဘုတ်တို့ကို။
ဧကံ မဟာဘူတံ၊ တပါးတပါးသော မဟာဘုတ်က။
ပဋိစ္စ၊ စွဲ၍ မှီတွယ်၍။
ပဝတ္တတိ၊ ဖြစ်ရ၏။
ဒွေ မဟာဘူတေ၊ နှစ်ပါးနှစ်ပါးသော မဟာဘုတ်တို့ကို။
ဒွေ မဟာ ဘူတာ၊ နှစ်ပါးနှစ်ပါးသော မဟာဘုတ်တို့က။
ပဋိစ္စ၊ စွဲ၍ မှီတွယ်၍။
ပဝတ္တန္တိ၊ ဖြစ်ကြရကုန်၏။

(ဤကားပါဠိတော်အနက်)

ဤကဲ့သို့ အချင်းချင်းအား ကျေးဇူးပြုကြလျက် တပါးတပါးကို မှီတွယ် အားထား ကြလျက် တပေါင်းတည်း တစုတည်း ဖြစ်၍နေကြသော ဤဓာတ်ကြီးလေးပါး အစု အခဲကလေးတခုကို ရုပ်ကလာပ်ကလေးတခုဟု ခေါ်သည်။ ရုပ်ကလာပ်ကလေး တခုဟု မှတ်ကြ။

ကလာပသဒ္ဒါ၊ အပေါင်းဟော အစုအစည်းဟော။
ကဋ္ဌကလာပေါ၊ ထင်းစည်း။
ဥစ္ဆုကလာပေါ၊ ကြံစည်း -

ဟု ခေါ်ဆိုဘိသကဲ့သို့ ရုပ်တခုတည်းမဟုတ်ဘဲ ရုပ်အများ စုစည်း၍ ပေါင်း၍ နေကြသည်ဖြစ်၍ ရုပ်ကလာပ်ဟု ခေါ်သည်။ ရုပ်ကလာပ်ဆိုသည်နှင့် ရုပ်စည်း ဆိုသည်အတူတူ၊ ဤရုပ်ကလာပ် ကိုလည်း ပရမတ္ထရုပ်ကလာပ် ဟူ၍လည်း မှတ်ကြ။

ပရမတ္ထသမူဟ ရုပ်ကလာပ်နှစ်ပါးကို ခွဲခြားပြခြင်း

ပရမတ္ထရုပ်ကလာပ် မည်သည်ကား တပါးကိုတပါး မမှီတွယ်ရဘဲ မဖြစ်နိုင်ကြ မတည်နိုင်ကြ၊ ထိုသို့မဖြစ်နိုင် မတည်နိုင်ကြခြင်းကြောင့်၎င်း ဘယ်ရုပ်က အောက်က ဘယ်ရုပ်က အထက်က လက်ဝဲက လက်ျာက အတွင်းက ပြင်က ဟူ၍လည်း ရွေးချယ်၍ မရကောင်းဘဲ တခုတည်း ကဲ့သို့ဖြစ်၍ နေကြ၏။

ထိုသို့ ဖြစ်၍ နေကြခြင်းကြောင့်၎င်း၊ တပါးနှင့်တပါး တခြားစီ ခွဲခြား၍ မရကောင်းသော အဝိနိမ္ဘောဂအားဖြင့် စုစည်း၍နေကြ၏။ တပါးမဖြစ်လျှင် မရှိလျှင် တည်ရာမှီရာ တွယ်တာရာမရှိ၍ အကုန်လုံး မဖြစ် မရှိ။ တပါးဖြစ်လျှင် တည်ရာ မှီတွယ်ရာဖြစ်၍ သဟဇာတအားဖြင့် အကုန်လုံး အတူတကွ တပြိုင်နက်တည်း ဖြစ်ပေါ်လာကြ၏။ တပါးပျက်လျှင်လည်း တည်ရာ မှီတွယ်ရာမရှိ၍ သဟ ဘင်္ဂအားဖြင့် အကုန်လုံး အတူတကွ တပြိုင်နက်တည်း ပျက်ကြ၏။

ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရ, အဇ္ဈတ္တ, ဗာဟိရ အလုံးစုံ ရုပ်ကလာပ် တခုနှင့်တခု ဥပါဒ်ကာလ, ဌီကာလ, ဘင်ကာလ အရှည်အကြာလည်း အတူတူ ချည်းသာတည်း။ ကလာပ် တပါးနှင့် တပါးလည်း တခုတည်းကဲ့သို့ နေအောင် ပေါင်းရောခြင်း မရှိကြ။ ထိကာ စပ်ကာမျှသာ တည်ကြ၏။ ဤကဲ့သို့ ပရမတ္ထ ရုပ်ကလာပ်၏ လက္ခဏာကို ကောင်းမွန်သေချာစွာ မှတ်ကြ သိကြ၊ တပည့်တို့။

ဤပရမတ္ထ ရုပ်ကလာပ်သည်လည်း --
မြေဓာတ်လွန်ကဲသော ကလာပ်၊
ရေဓာတ် လွန်ကဲသော ကလာပ်၊
မီးဓာတ်လွန်ကဲသော ကလာပ်၊
လေဓာတ်လွန်ကဲသာ ကလာပ်-
ဟု အထင်အရှား လေးမျိုးပြား၏။

လောက၌ လူများသည် တယောက် တည်း မနေဘဲ အပေါင်းအဘော် အိမ်ဖွဲ့၍ နေဘိသကဲ့သို့ အိမ်သည် တအိမ်တည်း မနေဘဲ ရပ်ဖွဲ့၍ ရွာဖွဲ့၍ မြို့ဖွဲ့၍ နေဘိသကဲ့သို့၊ ထို့အတူ ဤပရမတ္ထ ရုပ်ကလာပ်ကလေးတွေလည်း တခုတည်း မနေကြဘဲ များစွာ များစွာ ပေါင်းစု ဖွဲ့စည်း၍ ဖွဲ့စည်း၍ နေကြ၏၊ ဖြစ်ကြ၏။

ဤကဲ့သို့ ပရမတ္ထ ကလာပ်ကလေးတွေ များစွာ များစွာ ပေါင်းစုဖွဲ့စည်း၍နေသော အစိုင်အခဲ အထည် ဝတ္ထု အစု အပေါင်းတွေကိုကား သမူဟ ရုပ်ကလာပ်ဟု မှတ်ကြ။

သယံဇာတကလာပ် ပရံကတကလာပ်တို့ကို ပြခြင်း

တပည့်တို့ - ပရမတ္ထ ကလာပ်ကား သူ့ဘာသာ ဖွဲ့စည်း၍နေသော သယံဇာတ ချည်းသာ။ ဤ သမူဟကလာပ် သည်ကား သူ့ဘာသာဖွဲ့စည်း၍ ဖြစ်နေသော သယံဇာတ ကလာပ်လည်းရှိ၏။ သူတပါးတို့ ဖွဲ့စည်းအပ်သော ပရံကတကလာပ် လည်း ရှိ၏။

သဲလုံးကလေး တခုသည် သူ့ဘာသာ ဖွဲ့စည်း၍ ဖြစ်နေသော သယံဇာတ ကလာပ် တခု၊ ကျောက်ခဲကလေးတခုသည် ကျောက်ဖျာကြီး တခုသည် တောင်ကြီးတခုသည် စကြဝဠာကြီးတခု သည် သူ ဘာသာ ဖွဲ့စည်း၍ ဖြစ်နေသော သယံဇာတ ကလာပ် တခု၊

သစ်သီးကလေးတလုံးသည် သူ့ဘာသာ ဖွဲ့စည်း၍ဖြစ်နေသော သယံဇာတ ကလာပ်တခု၊ သစ်ပင် ကလေးတခုသည် သစ်ရွက်ကလေးတခုသည် သစ်ပင်တပင် သည် သူ့ဘာသာ ဖွဲ့စည်း၍ ဖြစ်နေသော သယံဇာတ ကလာပ်တခု၊

ဆံပင်ကလေးတပင်သည် သူ့ဘာသာဖွဲ့စည်း၍ ဖြစ်နေသော သယံဇာတ ကလာပ် တခု၊
သွားကလေး တချောင်းသည်
အညှို့ ကလေး တလုံးသည်
အသည်းကလေး တလွှာသည်
ကျောက်ကပ်ကလေး တလုံးသည်
လူ တကောင်သည် သူ့ဘာသာ ဖွဲ့စည်း၍ ဖြစ်နေသော သယံဇာတ ကလာပ်တခု မည်၏။

ဤနည်းကိုမှီ၍ အလုံးစုံသော သယံဇာတ သမူဟကလာပ် တို့ ဖွဲ့စည်း၍ နေပုံကို မှတ်ကြ သိကြ တပည့်တို့။

ပျဉ်ပြားတချပ်သည် သူတပါးတို့ ပြုလုပ်ဖွဲ့စည်းအပ်သော ပရံကတကလာပ် တခု၊ တံခါးရွက် တခုသည်၊ နံရံတခုသည်၊ အိမ်ကြီးတလုံးသည်၊ ကျောင်းကြီးတဆောင် သည် သူတပါးတို့ ပြုလုပ် ဖွဲ့စည်းအပ်သော ပရံကတကလာပ် တခု။

အုဌ်ချပ်ခဲတခုသည် သူတပါးတို့ ပြုလုပ်ဖွဲ့စည်းအပ်သော ပရံကတကလာပ် တခု၊ ခြင်္သေ့ရုပ် တကောင်သည် မနုဿီဟတကောင်သည် စေတီကြီးတဆူသည် သူတပါးတို့ ပြုလုပ်ဖွဲ့စည်း အပ်သော ပရံကတ ကလာပ်တခု၊ မုံ့မှုန့်ကလေး တခု သည် မုံ့လုံးတလုံးသည် လက်စွပ်တကွင်းသည် လက်ကောက်တခုသည် နားဍောင်း တခုသည် ဇွန်းတစင်းသည် ပန်းကန်တလုံးသည် အိုးတလုံးသည် သူတပါးတို့ ပြုလုပ်ဖွဲ့စည်းအပ်သော ပရံကတ ကလာပ်တခု မည်၏။

ဤနည်းကို မှီ၍ အလုံးစုံသော ပရံကတ သမူဟကလာပ်တို့ ဖွဲ့စည်း၍ နေပုံကို မှတ်ကြ သိကြ တပည့်တို့။

---

ပထဝီဓာတ်ကို အဏုမြူစသည်တို့ဖြင့် စိတ်၍ပြခြင်း

၁။ မြေဓာတ် လွန်ကဲသော ပရမတ္ထ ရုပ်ကလာပ်ပေါင်း သိန်း သန်း ကုဋေ လောက် သမူဟကလာပ် ဖွဲ့စည်းပေါင်းစုမိလျှင် ပရမာဏုမြူလောက်ကြီးသော အထည်ဝတ္ထု၊ သမူဟကလာပ်ခဲကလေး တခု ဖြစ်၏။

ပရမာဏုမြူ၏ အထည်ဝတ္ထု အကြီးပမာဏကိုကား ဤသို့သိရမည်။ ဦးခေါင်းက သန်းတကောင်ကို ခုနစ်စိတ်စိတ်၍ တစိတ်စာသည် လိက္ခာမည်သော ပိုးတကောင်။ ၁။

(ဤလိက္ခာပိုးကား လူတို့ကိုယ်၌ အရေကိုမှီ၍ဖြစ်နေသော ပိုးတည်း။ ဝဲနာယားနာ တို့ကို ဖြစ်စေ တတ်၏။)

လိက္ခာ ပိုးတကောင်ကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစိတ်စာသည် ရထရေဏုမြူ တခု။ ၂။

(လှည်းရထား မောင်းသောအခါ ထသော ဖုံမှုန့်ကလေးတွေကို ရထရေဏုမြူ ခေါ်သည်။)

ရထရေဏုမြူ တလုံးကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစိတ်စာသည် တဇ္ဇာရီမြူ တခု။ ၃။

(ဤတဇ္ဇာရီမြူကိုကား လူအိုများမမြင်ရ၊ လူပျိုရွယ်များမှသာလျှင် မြင်ရ၏။)

တဇ္ဇာရီမြူ တလုံးကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစိတ်စာသည် အဏုမြူတခု။ ၄။

(နံနက် ညချမ်းအခါ နံရံပေါက်စသည်မှ ဝင်သော နေရောင်အတွင်း၌ ထင်မြင်ရသော အမှုန့်နု ကလေးတွေကို အဏုမြူခေါ်သည် ဤအဏုမြူကိုကား နေရောင်နှင့် အခန့်သင့်မှသာလျှင် မြင်ရ၏။ နေရောင်နှင့် အခန့်သင့်သော်လည်း ရောဂါ ကင်းသော မွေးစ ကလေးငယ်များသည်၎င်း၊ အလွန် ကြည်လှစွာသော ဘိလပ်တိုင်းဖြစ် မျက်မှန် ကောင်းကောင်း တပ်၍ ကြည့်သော လူပျို လူရွယ် များသည်၎င်း မြင်ရသေး၏။)

အဏုမြူ တလုံးကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစိတ်စာသည် ပရမာဏုမြူ တခု မည်၏။ ၅။

(ဤပရမာဏုမြူကိုကား လူများ မျက်စိဖြင့် မမြင်ကောင်းပြီ။ တန်ခိုးကြီးသော နတ် ဗြဟ္မာများ မျက်စိမှသာလျှင် မြင်ကောင်းတော့၏။)

---

ပထဝီဓာတ်၏ ကလာပ်ဖွဲ့စည်းပုံကို ပြခြင်း

ပရမဏုမြူကား ဖုံမှုန့်, နံ့သာမှုန့် ပန်းဝတ်ဆံ စသည်မှ ခွဲထွက် လွင့်ပါး၍ နေသော မြေဓာတ် လွန်ကဲသော ဝတ္ထုတည်း။ လေဓာတ်လည်း အတန်ငယ် လွန်သဖြင့် သွားလာ လွင့်ပါး၍ နေ၏။ မြေ မိုဃ်း ကောင်းကင်မလပ် အလုံးစုံသော အရပ်မှာပင် ရှိ၏။ အလွန် သေးငယ် ပေါ့ပါးသော ဝတ္ထုဖြစ်၍ လည်း လေနှင့်အတူ ရောပါလျက် လေသွားနိုင်ရာ အရပ်ကိုပင် ဖေါက်သွားနိုင်၏။

ပရမာ အဏုမြူထက် အဆတသိန်း, တသန်း, တကုဋေမျှလောက် သာလွန်၍ အင်မတန် သိမ့်မွေ့သော ပရမတ္ထ ရုပ်ကလာပ် တခုကိုကား ပကတိ မံသမျက်စိနှင့် ကြည့်၍ ဘယ်သူမျှ မမြင်ကောင်းပြီ မမြင်နိုင်ပြီ။ အလွန် ကြည်လှစွာသော သမာဓိ မျက်မှန်တပ်၍ အလွန်ကြည်လှ စွာသော ဉာဏ်မျက်စိနှင့် ကြည့်မှသာလျှင် မြင်နိုင်တော့သည်။

ဤကဲ့သို့ မြေဓာတ်လွန်ကဲသော ပရမတ္ထ ကလာပ်ပေါင်း သိန်း သန်း ကုဋေလောက် သမူဟကလာပ် ဖွဲ့စည်းပေါင်းစုမိလျှင် ပရမာဏုမြူလောက် အထည်ဝတ္ထု အကြီး ပမာဏ ရှိ၏။

ပရမတ္ထ ကလာပ်ပေါင်း သိန်း သန်း ကုဋေပေါင်း သုံးဆယ့်ခြောက်လီလောက် သမူဟကလာပ် ဖွဲ့စည်း ပေါင်းစုမိလျှင် အဏုမြူ တလုံးစာလောက် အထည်ဝတ္ထု အကြီးပမာဏ ရှိ၏။

ဤကဲ့သို့ မြေဓာတ်လွန်ကဲသော ပရမတ္ထ ကလာပ်ပေါင်း များစွာ များစွာ သမူဟကလာပ် ဖွဲ့စည်း ပေါင်းစုမိသဖြင့် ဗဟိဒ္ဓသန္တာန်၌ --

  • သစ်ပင်, တော,တောင်, အကျယ်ယူဇနာ သုံးထောင် အမြင့်ယူဇနာ ငါးရာမြင့်သော ဟိမဝန္တာ တော တောင်,
  • ယူဇနာပေါင်း ရှစ်သောင်း လေးထောင် ရေထဲသို့ နစ်သော ရေပေါ်သို့ ပေါ်တက်သော မြင့်မိုရ်တောင်,
  • ယူဇနာ နှစ်သိန်း လေးသောင်း အထုရှိသော ယူဇနာ တသန်း နှစ်သိန်း သုံးထောင် လေးရာ့ငါးဆယ် အပြန့်ကျယ်သော စကြဝဠာ မဟာပထဝီ မြေကြီး,
  • ယူဇနာပေါင်း ရှစ်သောင်း နှစ်ထောင် ရေထဲသို့ နစ်သော ရေပေါ်သို့ ပေါ်တက်သော စကြဝဠာ တံတိုင်းကြီး,
  • အိမ်, ကျောင်း, နေဗိမာန်, လဗိမာန်,ကြယ်ဗိမာန်, နတ်ဗြဟ္မာ ဘုံဗိမာန် အစရှိသော အထည် ဝတ္ထုကြီးတွေ၊

အဇ္ဈတ္တသန္တာန်၌ ဆံပင်, အမွေး လက်သည်း ခြေသည်း သွား, အရေ, အသား, အကြော, အရိုး, ခြင်ဆီ, အညှို့, နှလုံး အစရှိသော အထည် ဝတ္ထုကြီးတွေ၊

အကောင်အထည် အားဖြင့် မြင်းနီ, သန်း, ကြမ်းပိုးမှစ၍ လေးဂါဝုတ်ကို တယူဇနာ တယူဇနာကို ဗဟ္မာ့တိုင် ခြောက်တိုင် လေးရာတွင်းရှိ၏။

ကိုယ်အရပ် သုံးဂါဝုတ်လောက် မြင့်သော တာဝတိံသာ နတ်ကောင်

သူကြီးတဦးပိုင်သော ရွာငယ်တခုကို ဂါမခေတ် တခု၊

ဂါမခေတ် သုံးခေတ်စာလောက် ကိုယ်ထည် လုံးပတ်ရှိသော သုဒ္ဓါဝါသ အဝိဟာဘုံ ဗြဟ္မာကောင်၊

ယူဇနာတထောင် အလျားရှည်သော မဟာတိမိရပိင်္ဂလ ငါးကြီး, အာနန္ဒာ ငါးကြီး၊

ကိုယ်အရပ် ယူဇနာ လေးထောင်ရှစ်ရာ မြင့်သော အသူရာ ပြည်သား ရာဟု အသူရိန် နတ်ကောင်ကြီး -

အစရှိသောအားဖြင့် အစိုင်အခဲ အထည် ဝတ္ထုကြီးတွေ ဖြစ်၍ ကြီး၍ ရှိကုန်၏။

---

အသူရိန် အတ္တဘော
အကြီးဆုံးဟု ဧတဒဂ်ရကြောင်း

ရုပ်ရှိသော သတ္တဝါထဲ၌ နဂိုပကတိ ကိုယ်သဏ္ဌာန်ကြီးသော သူတို့တွင် ရာဟု အသူရိန်သည် အကြီးဆုံးတည်း။ ရာဟုအသူရိန်ထက် ကိုယ်သဏ္ဌာန် ကြီးသောသူ ဟူ၍ မရှိပြီ။ ထို့ကြောင့်ပင်လျှင် စတုက္ကင်္ဂုတ္တရ ပါဠိတော်၌ ဘုရားရှင်သည် “ရာဟုဂ္ဂံ အတ္တဘာဝီနံ”ဟု ဧတဒဂ်ထားတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
အတ္တဘာဝီနံ၊ ကိုယ်ခန္ဓာ အတ္တဘောရှိသော ကြီးသော သူတကာတို့တွင်။
ရာဟု၊ ရာဟု အသူရိန်သည်။
အဂ္ဂံ၊ အမြတ်ဆုံးတည်း။
ဝါ၊ အထွဋ်အဖျားဆုံးတည်း။ အသာဆုံးတည်း။

ဤကဲ့သို့ မြေဓာတ် လွန်ကဲသော ပရမတ္ထ ရုပ်ကလာပ် ကလေးတွေ များစွာ များစွာ သမူဟကလာပ် ဖွဲ့စည်း ပေါင်းစုမိသဖြင့် အစိုင်အခဲ အထည် ဝတ္ထုကြီးတွေ ဖြစ်၍ ကြီး၍ ရှိကုန်၏။

ဤကား မြေဓာတ်ကို ပြဆိုချက်တည်း။

---

အာပေါဓာတ်၏ ကလာပ်ဖွဲ့စည်းပုံကို ပြခြင်း

၂။ ရေဓာတ် လွန်ကဲသော ပရမတ္ထ ရုပ်ကလာပ်ပေါင်း သိန်း သန်း ကုဋေလောက် သမူဟကလာပ် ဖွဲ့စည်း ပေါင်းစုမိလျှင် ပရမာဏုမြူ တလုံးစာလောက် တွင်းမှာ ပြည့်၏။ ပရမတ္ထ ရုပ်ကလာပ်ပေါင်း သိန်း သန်း ကုဋေပေါင်း သုံးဆယ့် ခြောက်လီလောက် သမူဟကလာပ် ဖွဲ့စည်း ပေါင်းစုမိလျှင် အဏုမြူ တလုံးစာလောက် တွင်းမှာ ပြည့်၏။

ဤကဲ့သို့ ရေဓာတ် လွန်ကဲသော ပရမတ္ထ ရုပ်ကလာပ် ကလေးတွေ များစွာ များစွာ သမူဟကလာပ် ဖွဲ့စည်း ပေါင်းစုမိသဖြင့် ဗဟိဒ္ဓသန္တာန်၌ နှင်းရည်, မိုဃ်းရည်, ထန်းရည်, အုန်းရည်, တွင်းရေ ကန်ချောင်းရေ မြောင်းရေ, မြစ်ရေ, အိုင်ရေ, ယူဇနာပေါင်း ရှစ်သောင်း လေးထောင် နက်သော အန္တောသမုဒ္ဒရာခရ, ယူဇနာပေါင်း ရှစ်သောင်း, နှစ်ထောင် နက်သော ဗဟိသမုဒ္ဒရာရေ, ယူဇနာ လေးသိန်း ရှစ်သောင်း အထုရှိသော စကြဝဠာခံရေ, အဇ္ဈတ္တသန္တာန်၌ သည်းခြေ, သလိပ်, ပြည်,သွေး သွေး အစ ရှိသော အရည်တွေ စသောအားဖြင့် ရေတွေ ပမာဏကြီး၍ များ၍ ရှိကုန်၏။

ဤကား ရေဓာတ်ကို ပြဆိုချက်တည်း။

---

ဝါယောဓာတ်၏ ကလာပ်ဖွဲ့စည်းပုံကို ပြခြင်း

၃။ လေဓာတ် လွန်ကဲသော ပရမတ္ထ ရုပ်ကလာပ်ပေါင်း သိန်း သန်း ကုဋေလောက် သမူဟကလာပ် ဖွဲ့စည်း ပေါင်းစုမိလျှင် ပရမာဏုမြူ တလုံးစာလောက် ကောင်းကင်မှာ နှံ့၏ ပြည့်၏။

ကောင်းကင် အာကာသရှိရာ၌ လေတွေခိုအောင်း၍ နေသော်၎င်း၊ သွားလာ ပြေးလွင့်၍ နေသော်၎င်း ပရမာဏုမြူ တလုံးစာလောက် နေရာမှ လေဓာတ် ပရမတ္ထ ကလာပ်ပေါင်း သိန်း သန်း ကုဋေ လောက်ရှိသည် များသည်ဟု ဆိုလိုသည်။

လေဓာတ် ပရမတ္ထ ကလာပ်ပေါင်း သိန်း သန်း ကုဋေပေါင်း သုံးဆယ့်ခြောက်လီလောက် သမူဟ ကလာပ် ဖွဲ့စည်း ပေါင်းစုမိလျှင် အဏုမြူ တလုံးစာလောက် ကောင်းကင်မှာ နှံ့၏ ပြည့်၏။

ဤကဲ့သို့ လေဓာတ်လွန်ကဲသော ပရမတ္တ ကလာပ်ကလေးတွေ များစွာ များစွာ ဖွဲ့စည်းပေါင်းစု မိသဖြင့် အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်ပါးစုံ၌ပင် ကောင်းကင် အာကာသ ရှိသမျှနှင့် အပြည့် လေတွေ များကုန်၏။

အထူးဝိသေသအားဖြင့် စကြဝဠာခံရေတွေကို အောက်ကောင်းကင်သို့ ယို၍ မကျရအောင် ထမ်းဆောင် ပင့်တိုက်၍နေသော ယူဇနာ ကိုးသိန်း ခြောက်သောင်း အထုရှိသော အနန္တလေပြင်ကြီး ရှိ၏။ ဤလေပြင်ကြီးကို ကမ္ဘာခံလေဖြစ်၍ အထူး ပြဆိုရသည်။ ဤလေပြင် ကောင်းကင် ရှိသမျှမှာလည်း လေတွေ အနန္တပင်တည်း။

နှာခေါင်းပေါက်က လေထွက်လာလျှင် ရေတွင်းဘုံဘိုင်ပြွန်ပေါက်နှင့် အပြည့် ရေတွေ ထွက်လာဘိ သကဲ့သို့၎င်း၊ ဆေးတံပေါက်နှင့်အပြည့် ဆေးငွေ့အခိုးတွေ ထွက်လာဘိ သကဲ့သို့၎င်း လေပြွန်တံ နှာခေါင်းပေါက်နှင့် အပြည့် လေတွေ ထွက်လာ၏။ ဝင်ပြန်လျှင်လည်း ထို့အတူ အပြည့်ပင်ဝင်၏။

အဏုမြူအောက် သေးငယ်သောမြူ ပရမာဏုမြူ အခိုးအငွေ့တို့လည်း လေဆောင်၍ သွားသဖြင့် လေနှင့်အတူပါ၍ ဝင်၍လိုက်ကြကုန်၏။ ထိုမြူထဲ အခိုးအငွေ့ထဲ၌ အနံ့ထက်သန်စွာ ပါလာလျှင် နံသည် မွှေးသည်ဟုထင်၏။ မပါလျှင် မသိ။

လက်မောင်း လှုပ်လျှင် လက်မောင်းအတွင်း ကောင်းကင် အာကာသရှိသမျှ လေတွေ ပြည့်၍နေ၏။
တကိုယ်လုံးလှုပ်လျှင် တကိုယ်လုံးအတွင်း ကောင်းကင် အာကာသ ရှိသမျှ လေတွေပြည့်၍ နေ၏။
ဒုန်းပြေးသော သူများမှာ လေမုန်တိုင်း တည်း။
ကျွမ်းသမား ကချေသည်များမှာ ဝေရမ္ဘ လေပွေတည်း။
ပကတိ သာမည လှုပ်ရှားသော သူများမှာ လေပြေ လေညှင်းတည်း။

တတောလုံး တတောင်လုံး လေတိုက်လျှင် တမြစ်လုံး တချောင်းလုံး ရေတွေအပြည့် စီးသွားဘိ သကဲ့သို့ တတောလုံး တတောင်လုံး အတွင်း ကောင်းကင် အာကာသ ရှိသမျှ လေတွေ အပြည့် စီးသွား ပြေးလွင့်၏။ ထူထဲ အားကြီးသောလေ ဝပ်၍နေသမျှ တိုက်၌နေသမျှ အလုံးစုံမှာ ထို့အတူ သူ့နေရာ ကောင်းကင်နှင့် အပြည့် အပြည့်ချည်းပင်တည်း။

ဤဓာတ်ပရမတ္ထ ကလာပ်ကလေးတွေ တခုနှင့်တခု သမူဟကလာပ် ဖွဲ့စည်းကြပုံ ကား မီးတောက်၌ မီးတောက်မှုန့်ကလေးတွေ ဖွဲ့စည်းကြဘိ သကဲ့သို့တည်း။ အချို့ လေဓာတ်လည်း မီးခိုးမှုန့် ကလေးတွေ ဖွဲ့စည်းကြဘိသကဲ့သို့ ဖွဲ့၏။ ဤမီးတောက် မီးခိုးလည်း လေဓာတ်ပင်တည်း။

ဤမီးတောက် မီးခိုးဟူသော လေဓာတ်မှာကား မြေဓာတ်လည်း အတော်ထက်သန် သေးခြင်းကြောင့် အမှုန်အခဲ အမာကလေးတွေ ရှိသေး၏။ များစွာစုမိလျှင် ကျတ်ခိုးခဲ မင်ခဲဖြစ်၍ အင်မတန် အထည် ဝတ္ထုကြီးတွေ ဖြစ်နိုင်သေး၏။ ဤပကတိ သွားလာ လွင့်တိုက်၍နေသော လေဓာတ်မှာကား မြေဓာတ် အလွန်နုန့်လည်း နုန့်သည်ဖြစ်၍ နုလည်း အလွန်နုသည်ဖြစ်၍ ဤမီးတောက် မီးခိုးတို့လို အခဲအမာ မရှိပြီ၊ မကြမ်းတန်းပြီ။ အဆင်းဝဏ္ဏလည်း အလွန် နုန့်သည်ဖြစ်၍ ဤမီးတောက် မီးခိုးတို့ကို မြင်ရဘိသကဲ့သို့ မျက်စိနှင့်လည်း မမြင်ရပြီ။

ဤမျက်စိနှင့်မြင်မှုမှာ တန်ခိုးအရာကို ချန်ထား၍ အဆင်းဝဏ္ဏ လွန်ကဲ ထက်သန်သော ဓာတ်ဖြစ်အံ့ မြင်ရ၏။ အဆင်းဝဏ္ဏ အလွန်နုန့်သော ဓာတ်ဖြစ်အံ့ မမြင်ရ။ နေရောင်, လရောင်, ကြယ်ရောင်, ပတ္တမြားရောင်, မီးရောင်, မှန်ထဲမှာ ထင်သော အရိပ်, လူရိပ်, သစ်ပင်ရိပ်စသော ဓာတ်တို့မှာ အထည်ဝတ္ထုပင် အလွန် သိမ်မွေ့သော်လည်း အဆင်းဝဏ္ဏ လွန်ကဲထက်သန်ခြင်းကြောင့် မြင်ရ၏။

အချို့သော ဖလ်မှန်ခေါ်သော ဓာတ်တို့မှာ အထည်ဝတ္ထုပင် ကြမ်းတန်းကြီးမား သော်လည်း အဆင်းဝဏ္ဏ အလွန်နုန့်ခြင်းကြောင့် အမှတ်မဲ့ သာမညကြည့်လျှင် မမြင်ရပြီ။ တွေ့ထိမှသာ သိတော့၏။ ထို့ကြောင့်ပင်လျှင် သိင်္ဂါလဇာတ်တော်လာ ရှေးအခါက ဟိမဝန္တာ၌ ခြင်္သေ့ညီနောင် ခြောက်ကောင် ဖလ်ဂူကြီးကို ကောင်းကင် ဟင်းလင်း အထင်ဖြင့် ပြေးလွှားခုန်တိုက်မိ၍ သေကြဘူး လေ၏။

ဤကား လေဓာတ်ကို ပြချက်တည်း။

---

ဓာတ်သုံးပါးနှင့်ရောသော
တေဇောဓာတ် လွန်ပုံကိုပြခြင်း

၄။ မီးဓာတ် လွန်ကဲသော ကလာပ်ဆိုသည်ကား ထိုမီးဓာတ်သည် ဤလေဓာတ် ရေဓာတ် မြေဓာတ်တို့နှင့်အတူ ပြိုင်၍ ပြိုင်၍ လွန်ကဲခြင်းကြောင့် ဤ ရေ လေ မြေဓာတ်တို့ လွန်ကဲသော ကလာပ်တို့ကိုပင် မှတ်အပ်၏။ ပူသော အေးသော အစိုင်အခဲ အထည် ဝတ္ထုတွေမှာ မြေဓာတ်နှင့် ပြိုင်၍ လွန်ကဲ၏။ ပူသော အေးသော အရည်တွေမှာ ရေဓာတ်နှင့်ပြိုင်၍ လွန်ကဲ၏။ ပူသော အေးသော လေတွေ အခိုး အငွေ့တွေ မီးတောက်တွေ မီးတောက်ဟုန်တွေမှာ လေဓာတ်နှင့် ပြိုင်၍ လွန်ကဲ၏။

---

တေဇောဓာတ်သန့်သန့် လွန်ကဲပုံကိုပြခြင်း

မီးချည်းသန့်သန့် လွန်ကဲသော ကလာပ်ကလေးတွေလည်း အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ပါးစုံ ၌ပင် ရှိသေး၏။ နေဗိမာန်မှ မီးချည်းသန့်သန့် လွန်ကဲသော ပရမတ္ထ ကလာပ် ကလေးတွေ ဖြာထွက်လျက် နေရောင် လင်းသမျှ အရပ်၌ အကုန်လုံး အပြည့်အနှံ့ ရှိ၏။ ဤမီးကလာပ်ကလေးတွေနှင့် တွေ့ထိ၍ ပူသည်ကို ထွက်ရာ မူလ ထင်ရှားရာကိုစွဲ၍ နေပူသည်ဟု ခေါ်ကြ၏။

တံလှပ်ဆိုသည်လည်း ဤ နေဗိမာန်မှ၎င်း၊ အောက်ခံ အထည်ဝတ္ထုမှ၎င်း ဖြာထွက်၍ နေသော ဤ မီးကလာပ်ကလေး တွေပင်တည်း။ မီးမည်သည် အဟုန်ရှိမြဲ ဓမ္မတာ။ ဤတံလှပ် မီးကလာပ် ကလေးတွေ ကြပ်ကြပ်ထူထဲ အားကောင်းသောအခါ အဟုန် ကလေးတွေလည်း အတန်ငယ် ထက်သန်၏။ ထိုအဟုန်ကလေးတွေ အတွက်နှင့် ဤတံလှပ် မီးကလာပ် ကလေးတွေသည် လှုပ်လှုပ် ရှားရှား နေ၏။ နွေကာလ နေပူတုန်း အခါ မြေကြီးပြင် တောင်ထိပ်ဖျား ကျောင်းခေါင်မိုးပေါ် စသည်သို့ကပ်၍ အဝေးကကြည့်လျှင် ရေကြည်တွေပြေး၍ နေဘိသကဲ့သို့ ထင်မြင်ရ၏။

သိအောင် မြင်အောင် ကြည့်၍ထားကြ တပည့်တို့။ ဝိပဿနာရှုရာ၌ လွန်စွာ အသုံးကျသည်။ လဗိမာန်မှလည်း သီတမီး ကလာပ်ကလေးတွေ ဖြာထွက်လျက် လရောင် လင်းသမျှအရပ်၌ အကုန်လုံး အပြည့်အနှံ့ ရှိ၏။ ကြယ်ဗိမာန်တွေမှာလည်း တချို့ ဥဏှမီး ထွက်၏။တချို့ သီတမီး ထွက်၏။

မိုးတိမ်, စကြဝဠာတောင်, မြင့်မိုရ်တောင်, သတ္တရဘန်တောင်, ဟိမဝန္တာတောင်, အလုံးစုံသော သစ်ပင်တော တောင်, သီဒါသမုဒ္ဒရာ စသည်တို့မှလည်း သီတမီး ကလာပ်တွေ ဖြာထွက်လျက် စကြဝဠာနှင့် အပြည့်အနှံ့ ရှိ၏။ မဟာပထဝီ မြေကြီး မှလည်း ဥဏှ, သီတ နှစ်ပါးစုံ ထွက်၏။

---

အထည်ဝတ္ထုတွေမှ ထွက်သော မီးကလာပ်ကိုပြခြင်း

အလုံးစုံပူသော ဝတ္ထုကြီးတွေမှ ပူသော မီးကလာပ်ကလေးတွေ ထွက်လျက် အေးသော ဝတ္ထုကြီး တွေမှ အေးသော မီးကလာပ်ကလေးထွက်လျက် စကြဝဠာ နှင့်အပြည့် ဩကာသလောကနှင့်အပြည့် ပရိစ္ဆေဒကောင်းကင်နှင့် အပြည့်အနှံ့ ရှိ၏။ နေရောင် လရောင် ကြယ်ရောင် အစရှိသော အလုံးစုံသော အရောင်အလင်း ဟူသမျှသည်လည်း ဤ မီးကလာပ်တို့၏ အဆင်းဝဏ္ဏပင်တည်း။

မြူတိမ်မရှိဘဲ သန့်ရှင်းစင်ကြယ်သောအခါ ကောင်းကင်၌ မြင်ရသော မိုဃ်းဟူ၍ ခေါ်ကြသော ညိုညိုဒယ်အိုးကုပ်ကြီးကား မြင့်မိုရ်တောင်မှ ထွက်သော မီးကလာပ် တို့၏ အဆင်း ဝဏ္ဏပင်တည်း။

မြူအခိုးတို့နှင့် ရော၍မြင်ရလျှင် ဖြူပြာပြာနေ၏။ မျက်စိဟူသော စက်ကိုင်း ကွန်ပါလှမ်းနိုင်ရုံမျှသာ မြင်ရသဖြင့် ဒယ်အိုးကုပ်ကြီးကဲ့သို့ ထင်မြင်ရသော ထို မိုးကြီးသို့ ထိအောင်သွားလျှင် တံလှပ်ရေကို ရှာ၍ မတွေ့နိုင်ဘိ သကဲ့သို့ဖြစ်၏။ ထွက်ရာ အထည် ဝတ္ထုကြီးနှင့်ဝေး၍ အစွန်အဖျားသို့ ကျလျှင်လည်း မီးနည်းနည်း ပျော့၏၊ နုန့်၏။ အချို့သော အရောင်အလင်းမှာလည်း မီးနည်းနည်း ပျော့၏၊ နုန့်၏၊ အချို့သော မီးကလာပ်မှာလည်း အဆင်းဝဏ္ဏ နုန့်၏၊ အလွန်နုန့်၏ ဟူ၍လည်း မှတ်အပ်၏။

---

ကောင်းကင်သုံးပါးကိုပြခြင်း

စကြဝဠာ မြေကြီးအောက် ရေ၊ ရေအောက် လေ၊ လေအောက်ကို ဘာမျှ အရှုပ် အထွေးမရှိသော အဇဋာကာသ ကောင်းကင်ကြီးတည်း။ ထိုကောင်းကင်ကြီးသို့ မပျက်စီးနိုင်သော တယူဇနာ လောက်ရှိသော သံလုံးကြီးကို ကမ္ဘာဦးက ချလိုက်သည်ရှိသော် ယခုထက်ထိ ကျတုန်း, ကမ္ဘာပျက်တောင် ကျတုန်း, ကမ္ဘာအသင်္ချေ တိုင်တောင် ကျတုန်း, ဘယ်အခါမှ ရပ်တော့မှာမဟုတ်ဘဲ ကျတုန်းချည်း နေရာ၏၊ အဆုံးမရှိ။

ဤမဟာပထဝီမြေကြီးမှ အထက်သို့ ယူဇနာပေါင်း ခုနစ်ကုဋေ တသန်း ရှစ်သိန်း ငါးသောင်း ခြောက်ထောင် ကွာခြားဝေးမြင့်သော ကောင်းကင်အရိပ်၌ နေဝသညာ နာသညာယတန အရူပဘုံ တည်၏။ ဤဘုံကို ဘုံတကာတို့၏ ထိပ်ဖျားဆုံးဖြစ်၍ ဘဝဂ္ဂဟုခေါ်၏။

ဘဝဂ် အရူပဘုံမှ အထက်ကို ဘာမျှ အရှုပ်အထွေးမရှိသော အဇဋာကာသ ကောင်းကင်ကြီး တည်း။ ဤ ကောင်းကင်လည်း အောက် အဇဋာကာသ ကောင်းကင်လောက်ပင် ကျယ်၏။ ဤ အထက်အောက် အဇဋာကာသ ကောင်းကင်နှစ်ခုကြား၌ ရှိသမျှသော ကောင်းကင်ကို ဘုံတွေ အထည်ဝတ္ထု တွေကို ပိုင်းခြားသော ပရိစ္ဆေဒ ကောင်းကင်ဟု ခေါ်၏။

ကောင်းကင်သုံးပါး ဘယ်အထည် ဝတ္ထုတွေကမှ ထွက်သာမဟုတ်ဘဲ ရှေးဦးစွာ ပဌမ သံသရာ တည်စက ဖြစ်၍နေသော သီတ မီးကလာပ်တွေသည် ဤကောင်းကင် သုံးပါးနှင့် အပြည့် အနှံ့ရှိ၏။

---

မှောင်ရုပ်မီးကလာပ်နှင့်
လူရုပ်စသည်တို့ အကြောင်း

အမိုက်မှောင်ဟူသည် ဤသီတ မီးကလာပ်တို့၏ အဆင်း ဝဏ္ဏပင်တည်း။ လူရိပ် သစ်ပင်ရိပ် အစရှိသောအရိပ်၊ အရိပ်ဟူသည် ဤမှောင်ရုပ် မီးကလာပ် တွေတည်း။ လူ သစ်ပင် စသော အထည် ဝတ္ထုတွေမှ ထွက်သာမဟုတ်။ နေရောင် လရောင် စသည်နှင့် ရော၍နေသဖြင့် မည်းကြောင်ကြောင် အရိပ်ဟူ၍ ထင်မြင်ရ၏။ ထိုလူရိပ် လူသွားတိုင်း လိုက်ရာမှာလည်း လူဟူသော အထည်ဝတ္ထုကြီးက နေရောင်ကို ကွယ်၍ ပေးခြင်းကြောင့် ရောက်ရာ ရောက်ရာအရပ်မှ ရှိနေသော မှောင်ရုပ် မီးကလာပ်တွေကို မြင်မှုတည်း။

ပဌမရပ်၍ နေစဉ်က မှောင်ရုပ်ဟာ လိုက်၍လာသည် မဟုတ်။ အရိပ်လှုပ်ရာမှာလည်း ထိုအတူ တည်း။ အလုံးစုံသော မှောင်ရိပ်ဟူသမျှမှာ ထို့အတူချည်းမှတ်။ အကွယ် အကာမရှိသော အရောင် လယ်ခေါင် နေပူလယ်ခေါင်မှာကား အရောင်က အားကြီး လွှမ်းမိုးခြင်းကြောင့် မမြင်ရ။ ရှိကား ရှိ၏။

ကြယ်တွေကို နေ့အခါ မမြင်ရဘိသကဲ့သို့၎င်း၊ ဟိမဝန္တာ၌ ရွှေစင်အတိပြီးသဖြင့် ရွှေရောင် တခဲနက် ထွက်၍နေသော နေရုတောင်သို့ ရောက်လျှင် ကျီး, ဗျိုင်း အစရှိသော ငှက်အလုံးစုံကို ရွှေတုံးလိုချည်း ထင်မြင်ရဘိသကဲ့သို့၎င်း၊ မီးလျှံ ခြောက်ထပ်ထွန်းသဖြင့် ဝင်းထိန်၍နေသော အဝီစိငရဲကြီးထဲသို့ မြတ်စွာဘုရား ဆံတော် မျက်မှောင်တော် စသည်မှ ညိုမည်းသော အရောင်တော်ကို လွှတ်တော် မူလျှင် ဝင်းဝင်းထိန်ထိန် မီးရောင်ကို မမြင်ရဘဲ အမိုက်မှောင်ကြီး မည်းမည်းကိုသာ မြင်ရဘိသကဲ့သို့ ၎င်းမှတ်။

ဥဏှအားကြီးသော နေရာမှာ သီတမီးကလာပ်တွေလည်း ဥဏှဖြစ်၍ ကုန်၏။ သီတအားကြီးသော နေရာမှာလည်း ဥဏှတွေ သီတဖြစ်၍ကုန်၏။ နှစ်ပါးစုံ ရေတူသော နေရာမှာ နှစ်ပါးစုံညီမျှ၍ နုန့်၍နေ၏။ အထည် ဝတ္ထုကြီးတွေနှင့် မတွေ့ထိဘဲလျက် ပူမှန်း အေးမှန်း သိသမျှ အလုံးစုံကို ဤကလာပ်တွေနှင့် တွေ့ထိ၍ သိမှုချည်းမှတ်။

အနည်းငယ်မျှ လေမတိုက်ဘဲ လေငြိမ်၍နေသောအခါ မျက်နှာနားကို ကပ်၍ လက်ဝါးနှင့် ခတ်လိုက် ယပ်လိုက်လျှင် ဤမီးကလာပ်ကလေးတွေမှ အဟုန်ကလေး တွေထွက်၍ မျက်နှာကို တိုး၏ ဝှေ့၏။ ယပ်ခပ်ရာမှာလည်း ထို့အတူတည်း၊ ငှက်အတောင်ခတ်ရာ ဂဠုန်အတောင်ခတ်ရာမှာလည်း ထို့အတူ တည်း၊ အလုံးစုံ လေတိုက်သမျှမှာ ထို့အတူ ဤမီးကလာပ်ကလေးတွေမှထသော အဟုန်တွေပင် တည်း၊ မီးဓာတ် ထက်သန် အားကောင်းရာမှ ထလျှင် ပြင်းထန် အားကြီးသော အဟုန်မုန်တိုင်းတွေ ဖြစ်၏။

---

ငရဲကြီးရှစ်ထပ် မီး၏ပူပြင်းပုံကို ပြခြင်း

အဇ္ဈတ္တ သန္တာန်၌လည်း ဥသ္မာမီး, ပါစကမီး, အချို့သော သန္တာပနမီး အချို့သော ဒါဟမီး, အချို့သော ဇီရဏမီးတို့သည် ဤမီးချည်းသန့်သန့် လွန်ကဲသော မီးကလာပ်တွေပင်တည်း၊ အချို့သော သန္တာပန, ဒါဟ, ဇီရဏမီးတို့ကား ကြွင်းဓာတ် သုံးပါးနှင့် ပြိုင်၍ လွန်ကဲသာတွေတည်း၊

ဤမီးချည်း သန့်သန့် လွန်ကဲသော အဇ္ဈတ္တ မီးကလာပ်တွေလည်း ဗဟိဒ္ဓ မီးကလာပ်တွေသည် ကောင်းကင်ရှိသမျှနှင့် ပြည့်စုံ၍ နေဘိသကဲ့သို့ တကိုယ်လုံး အတွင်း ကောင်းကင် ရှိသမျှနှင့် အပြည့် အနှံ့ဖြစ်၍နေ၏၊ ရှိ၏။ ဤအဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ပါးစုံ၌ ဆိုအပ်သော မီးဓာတ် ပရမတ္ထ ကလာပ် ကလေးတွေ တခုနှင့်တခု သမူဟကလာပ် ဖွဲ့စည်းကြပုံကား ရေ၌ ရေဓာတ် ပရမတ္ထ ကလာပ် ကလေးတွေ ဖွဲ့စည်းကြဘိသကဲ့သို့၎င်း၊ မီးတောက်၌ မီးတောက်မှုန့်ကလေးတွေ ဖွဲ့စည်းကြဘိ သကဲ့သို့၎င်းတည်း။

အများပမာဏလည်း ဤမီးဓာတ် ပရမတ္ထ ကလာပ်ပေါင်း သိန်း သန်း ကုဋေလောက် သမူဟကလာပ် ဖွဲ့စည်း ပေါင်းစုမိလျှင် ပရမာဏုမြူ တလုံးစာလောက် ကောင်းကင်မှာနှံ့၏၊ ပြည့်၏၊

သိန်း သန်း ကုဋေပေါင်း သုံးဆယ့်ခြောက် လီလောက် ဖွဲ့စည်းပေါင်းစုမိလျှင် အဏုမြူတလုံးစာလောက် ကောင်းကင်မှာ နှံ့၏၊ ပြည့်၏။ ဤကဲ့သို့ များစွာ များစွာ ဖွဲ့စည်းပေါင်းစုမိသဖြင့် ဆိုအပ်ပြီး သောအတိုင်း များ၍ကုန်၏၊ ဤမီးကလာပ်၌ အခဲအမာ မရှိပုံကိုလည်း လေကလာပ်အတူပင် မှတ်အပ်၏၊ လေကလာပ်ထက်ပင် သိပ်မွေ့နုနယ်သေး၏။

စကြဝဠာနှင့်တကွ စကြဝဠာအတွင်း ရှိရှိသမျှ အလုံးစုံသော အစိုင်အခဲ အထည် ဝတ္ထုတွေသည် ရေထဲမှာ နစ်၍နေသော ကျောက်ခွက်ကြီးတွေ ကျောက် တောင်ကြီးတွေ, ကျောက်ခဲ သလဲတွေကဲ့သို့ ဤမီးဓာတ်ကြီးတွေထဲမှာ နှစ်၍ နေကြ၏၊

တောင်တွေသည် တင်လဲရည် ဆားရည်တို့အတွင်း နစ်၍နေသော သကာခဲ ဆားခဲ တွေနှင့်တူ၏၊ သစ်ပင်တွေသည် ရေပြည့်အိုးကြီးအတွင်း ဘင်စပ်မှ ပေါက်သော ရေညှိမျှင်တွေ ရေညှိပင်တွေနှင့် တူ၏၊ ကုန်းသတ္တဝါ ကောင်းကင် သတ္တဝါတွေသည် ရေထဲမှာ နစ်လျက် ငုပ်လျက် သွားလာ၍ နေသော ငါးတွေနှင့် တူ၏၊

ငါးတွေသည် အမြီး အတောင် နားပန်းတို့နှင့် ရေကို ယက်၍ အားယူလျက် သွားလာ၍ နေကြဘိသကဲ့သို့ လူနတ်ဗြဟ္မာတွေသည် ဤမီးကလာပ်တွေကို လက်နှင့် ယက်လျက် ယမ်းလျက် အားယူ၍ သွားလာကြကုန်၏၊ ငှက်တွေလည်း အတောင်တို့ဖြင့် ဤမီးကလာပ်တွေကို ယက်ခတ် လျက် အားယူ၍ သွားလာ ကြကုန်၏၊ လိပ်ငါးတွေ သွားပုံနှင့် တထပ်တည်း တူ၏။

ငရဲကြီး ရှစ်ထပ်လုံးသည် သံမိုး, သံမြေ သံတံတိုင်းတို့ဖြင့် အုပ်ဖုံးခင်းရံလျက် လုံစွာ ဂဟေစပ်၍ နေသဖြင့် လေးထောင့်စပ်စပ် သံသေတ္တာကြီး ရှစ်လုံးနှင့် တထပ်တည်း တူ၏၊ အတွင်း၌ ယူဇနာ တရာစီ ကျယ်၏၊ လေးမျက်နှာ၌ သံတံခါးလည်း တပေါက်စီရှိ၏၊

အရှေ့ နံရံမှထသော မီးတောက် မီးလျှံသည် အနောက်နံရံသို့ ထိ၏၊ စွဲ၏၊
အနောက်နံရံမှထသော မီးတောက်မီးလျှံသည် အရှေ့နံရံသို့ ထိ၏၊ စွဲ၏၊
မြောက်ကမီးလျှံတောင်, တောင်ကမီးလျှံမြောက်
အောက်ကမီးလျှံအထက်, အထက်ကမီးလျှံ အောက်သံမြေသို့ ထိ၏၊ စွဲ၏။

တံတိုင်းအမိုးတို့မှ ပြင်ဘက်သို့ ဖြာထွက်သော မီးလျှံသည် ယူဇနာတရာတိုင်တိုင် ရောက်၏။

ပူပြင်းပုံကား -

ဘုရားရှင် မရှိသည့်နောက် မလယမထေရ်သည် ငရဲမီး ဘယ့်ကလောက် ပူပြင်းပါလိမ့်မည်၊ သိလိုပါသည်ဟု ဆရာကို လျှောက်ကြားသော် ဆရာမထေရ်က အရည်အစေး အားကြီးသော ထင်းစိုလှည်းတစီး တိုက်ကို ကျောက်ဖျာပေါ်မှာ ပုံစေ၍ မီးတိုက်စေသော် မလောင်နိုင်ရာ၊ အဝီစိ ငရဲမှ နှမ်းစေ့လောက် မီးခဲမှုန့်ကလေးကို တန်ခိုးဖြင့်ယူ၍ လက်ဝါးပေါ်မှာ တင်၍ မြင်ရဲ့လားဟု မေးပြပြီးလျှင် ထင်းစိုပုံထဲသို့ ချလိုက်သော် မျက်တောင် တခတ်အတွင်းမှာ ထင်းစို လှည်းတစီး တိုက်လုံး အကုန်ပြာဖြစ်၍ ကုန်လေ၏၊ သို့ကလောက် ပူပြင်း၏၊

ဤငရဲကြီး ရှစ်ထပ်လုံးအတွင်း မီးတွေထဲ၌ ငရဲထိန်း ဟူ၍မရှိ၊ ငရဲသတ္တဝါတွေ ချည်းသာ ကျက်လျက် ကျွမ်းလျက်ခံ၍ နေကြရလေ၏၊ ကံမကုန်မချင်းလည်း မသေရပြီ၊ ထိုငရဲသူတွေ မီးလျှံထဲမှာနစ်၍ နေကြဘိသကဲ့သို့ ဤလူတွေ, ငှက်တွေ, နတ်ဗြဟ္မာတွေလည်း မီးဓာတ်တွေထဲမှာ နစ်၍နေကြ၏။

စကြဝဠာအတွင်း ရှိရှိသမျှ အထည် ဝတ္ထုတွေနှင့်တကွ အလုံးစုံ စကြဝဠာကြီးတွေပါ နစ်၍နေကြ၏။ ငရဲသူ သတ္တဝါတွေနှင့် တထပ်တည်းတူ၏။ မီးပြင်း မီးနုန့်မျှသာ ထူးတော့၏။

ဤကား မီးဓာတ်ကို ပြချက်တည်း။

ဤကား အသီးအသီး လွန်ကဲကြလျက် အထင်အရှား လေးမျိုးပြားသော ဓာတ်ကြီး လေးပါးတို့ များစွာ များစွာ သမူဟကလာပ် ဖွဲ့စည်းလျက် အကြီးအကျယ်ဖြစ်၍ နေပုံတည်း။

---

မဟာဘုတ်မည်ကြောင်းကို ဝိဂြိုဟ်ပြုပြခြင်း

ဤကဲ့သို့ အကြီးအကျယ် ဖြစ်တတ်သောကြောင့်ပင်လျှင် “မဟာဘဝန္တီတိ မဟာ ဘူတာ”ဟူသော ဝစနတ္ထနှင့်အညီ ဤဓာတ်ကြီးလေးပါးတို့ကို မဟာဘုတ် ဟူ၍ ခေါ်ဆိုအပ်ကုန်၏။

ဣမာ၊ ဤ ဓာတ်ကြီးလေးပါးတို့သည်။
မဟာဘဝန္တိ၊ အကြီးအကျယ် ဖြစ်တတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
မဟာဘူတာမဟာဘူတ မည်ကုန်၏။ မဟာဘုတ် မည်ကုန်၏။

ဤကဲ့သို့ အသီးအသီး လွန်ကဲကြလျက် အထင်အရှား လေးမျိုးပြားသော ဤ ဓာတ်ကြီးလေးပါးတို့၏ များစွာ များစွာ သမူဟကလာပ် ဖွဲ့စည်းလျက် အကြီးအကျယ်ဖြစ်၍ နေပုံကို ကောင်းမွန်စွာ သေချာစွာ မှတ်ကြ သိကြ တပည့်တို့။

ဤကား ဓာတ်ကြီးလေးပါးတို့ ဖြစ်၍ နေပုံတည်း။

လောက၌ တစုံတခု တိုက်မိ၍ မနေရာ မျက်စိဖြင့် မမြင်ရရာကို ဘာမျှ ရုပ်မရှိသော ဟင်းလင်းအပြင် ကောင်းကင် အာကာသဓာတ်ဟု မှတ်ထင် ပြုလုပ် သမုတ် ခေါ်ဆိုကြရ၏။ ပရမတ္ထ သဘာဝ အရာ မှာကား အပ်နဖား ပေါက်လောက်မျှ အပ်သွား ချစရာ နေရာလောက်မျှ ပရမာဏုမြူ တလုံးစာ လောက်မျှ ရုပ်မရှိဘဲ ဟင်းလင်း လပ်၍နေသော နေရာဟူ၍မရှိပြီ။ အကုန်လုံး ရုပ်ကလာပ်တွေ စေ့၍နေ၏။

ထို့ကြောင့် ဤ အဘိဓမ္မာနည်းပရမတ္ထ ရုပ်ကလာပ်ကလေးတွေ တခုနှင့်တခု စပ်ကြား စပ်ကြား ကိုသာ ကောင်းကင် အာကာသဓာတ်ဟူ၍ မှတ်ရမည် တပည့်တို့။

---

နို့ရည်နှင့်ရောနှောလျက်
အာကာသဓာတ်ကို ပြခြင်း

ပရမတ္ထ ရုပ်ကလာပ်ကလေးတွေ၏ အကြားအကြားမျှသာ ဖြစ်သော ကောင်းကင် အာကာသ ဓာတ်ကိုကား ပကတိ မံသမျက်စိနှင့် ကြည့်၍ သိနိုင် မြင်နိုင်တော့မည် မဟုတ်ဘူး တပည့်တို့ - ဉာဏ်မျက်စိနှင့် ကြည့်မှသာ သိနိုင် မြင်နိုင်တော့သည်။ ထို့ကြောင့် ဉာဏ်မျက်စိနှင့်သိရန် မြင်ရန်ဘို့အကြောင်းကို ဆရာပြဆို ဟောကြားအံ့။

ရေတွေ ထဲမှာလည်း အကြားကြည့်၍ မမြင်။ နိုရည်တွေထဲမှာလည်း အကြားကြည့်၍ မမြင်။ ထိုရေထဲသို့ နို့ရည်ကို လောင်းထည့်လိုက်လျှင် အကုန်လုံး ပြန့်နှံ့၍ သွား၏။ ရေတွင်းသို့ နို့ရည် မရောက်သောနေရာ, နိုရည်အတွင်းသို့ ရေမရောက်သော နေရာ ဟူ၍ ပရမာဏုမြူ တလုံးစာ လောက်မျှ မရှိပြီ၊ အကုန်လုံး ပြန့်နှံ့၍နေ၏။

ထိုသို့နေရာ၌ သမူဟချင်းကား ရောကြသည်ဖြစ်၍ အကြမ်း မျက်မြင်အားဖြင့် ရော၍ နေသည် ဟူ၍ပင် ဆိုရ၏။ ထိုသို့ ဆိုသော်လည်း ရေကလာပ်ဟာ နို့ရည်ဖြစ်၍ မသွား၊ နို့ရည်ကလာပ် အတွင်းသို့ မဝင်။ နို့ရည်ကလာပ်ဟာ ရေကလာပ်ဖြစ်၍မသွား၊ ရေကလာပ် အတွင်းသို့ မဝင်။

နို့ရည်ကလာပ်ကလေးတွေ တခုနှင့်တခု စပ်ကြားသို့ ရေ ရေကလာပ်ကလေးတွေ တခုနှင့်တခု စပ်ကြားသို့ နို့ရည်အားဖြင့် တခုအကြား တခုသာ စိမ့်ဝင်၍နေကြ၏။ ပရမတ္ထကလာပ်ချင်းကား မရောကြပြီ။ ထိုသို့ မရောခြင်းကြောင့်ပင်လျှင် မီးဖိုခွင်ပေါ်မှာတယ်၍ နဖြူကြီးဟူ၍၎င်း၊ မရိုးဟူ၍ ၎င်း ခေါ်ကြသော ကျွဲနို့ပင်က အရိုးစိုနှင့်မွှေလျှင် နို့ရည်ကားခဲ၍ မာ၍သွား၏၊ ရေကားရေအတိုင်းပင် ကျန်ရစ်ခဲ့၏။ တခုသဘောသို့ တခုမလိုက်ကြပြီ။

ဤ ရေနှင့် နို့ရည်ပြန့်နှံ့၍ နေကြရာ၌ အကယ်၍ ရေအတွင်း၌ အကြား ကောင်းကင် အာကာသ မရှိငြားအံ့။ ရေအတွင်းသို့ နို့ရည်မဝင်နိုင်, မပြန့်နှံ့နိုင်ရာ။ အကယ်၍ နို့ရည်အတွင်း၌ အကြား ကောင်းကင် အာကာသ မရှိငြားအံ့။ နို့ရည်အတွင်းသို့ ရေမဝင်နိုင်ရာ မပြန့်နှံ့နိုင်ရာ။ ထိုသို့ကား မဟုတ် စိမ့်ကားစိမ့်ဝင် ပြန့်နှံ့ကြ၏။

ထို့ကြောင့် မျက်စိနှင့်မမြင်ရသော်လည်း ဤရေတို့ နို့ရည်တို့အတွင်း၌ အကြား ကောင်းကင် အာကာသဓာတ်တွေစေ့၍ စပ်၍ နေ၏ ဟူ၍ မှတ်ရမည် သိရမည် တပည့်တို့ - ထင်မြင်အောင် ကြည့်ကြ။

---

ဟတ္ထကဗြဟ္မာကြီး၏
မြေကြီးထဲသို့ စိမ့်ယိုပုံကိုပြခြင်း

ဘုရားလက်ထက်တော်ကလည်း အနာဂါမ်တည်ပြီး ဟတ္ထက ဥပသကာကြီးသည် သေလွန်သည ်ရှိသော် သုဒ္ဓါဝါသ အဝိဟာဘုံသို့ ရောက်၍ ဂါမခေတ် သုံးခေတ်စာလောက် ကိုယ်ထည် လုံးပတ်ရှိသော အတ္တဘောကြီးဖြင့် ဗြဟ္မာ ဖြစ်၍ ဖြစ်လျှင် ဖြစ်ခြင်း ဗြဟ္မာတို့၏ ဥပဒေနည်းလမ်း မကျွမ်းသေးခင် ဘုရားရှင်ကို ဖူးမြင်ခြင်းငှါ ဗြဟ္မာ့ပြည်ဖြစ် အလွန်သိမ်မွေ့ နုနယ်သော ရုပ်ကြီး အတိုင်းသာ လာခဲ့၍ ဘုရားရှင် ရှေ့တော် မြေကြီးပေါ်၌ ရပ်သည် ရှိသော် ဂါမခေတ် သုံးခေတ်စာ လောက် လုံးပတ်ရှိသော ကိုယ်ကောင်ကြီးသည် မြေကြီးထဲသို့စိမ့်ဝင်၍ ယို၍ယို၍ သွားသည်။

တပည့်တို့ - ရပ်၍ နင်း၍ မဖြစ်၊ ယိုလိုက်ဘိ၊ အထက်သို့ ပြန်တက်ကြွ နုတ်ဘိ၊ တဖန်ဖြစ်လိုဖြစ်ငြား နင်းလိုက်ဘိ၊ ယိုလိုက်ဘိဖြစ်၍ နေသည်ကို မြတ်စွာဘုရား မြင်တော်မူ၍၊ တိကင်္ဂုတ္တရ ပါဠိတော်၌ -

သြဠာရိကံ ရူပံ နိမ္မိနာဟိ

ဟတ္ထက၊ ဟတ္ထက။
ရူပံ၊ ရုပ်ကို။
ဩဠာရိကံ၊ ရုန့်ရင်းကြမ်းတန်းအောင်။
နိမ္မိနာဟိ၊ ဖန်ဆင်းလော့”

ဟု မြတ်စွာဘုရား နည်းပေးမှ နတ်ပြည်ဖြစ် ရုပ်များလောက်နီးနီး ရုန့်ရင်း ကြမ်းတမ်းအောင် ဖန်ဆင်းပြီးမှ တည်ရပ်၍ ဖြစ်လေသည်

တပည့်တို့ ... ဤဗြဟ္မာကြီးသည် အကယ်၍ ပြန်တက်ကြွနုတ်ခြင်းကို မပြုဘဲ စိမ့်ယိုတိုင်း လွှတ်၍ ပေးရလျှင် မြေထု ရေထု လေထုတို့ကို ဖောက်၍ အောက် အဇဋာကာသ ကျအောင် စိမ့်ယို၍ သွားရာ၏၊

ဤယို၍ သွားရာ၌ မြေကြီးရုပ်ကလာပ် ကလေးတွေ အကြား အကြားသို့ ဗြဟ္မာရုပ် ကလာပ်, ဗြဟ္မာရုပ်ကလာပ် ကလေးတွေ အကြား အကြားသို့ မြေကြီးရုပ်ကလာပ် အားဖြင့် တခုအကြား တခုစိမ့်ဝင်၍ ယို၍သွားသည်။

တပည့်တို့ ရေနှင့်နို့ရည် စိမ့်ဝင်ကြဘိသကဲ့သို့ မှတ်ကြ။

---

ဗြဟ္မာရုပ်ကလာပ်၏ သိမ်မွေ့သေးငယ်ပုံကိုပြခြင်း

ထိုသို့ဖြစ်လျှင် ဗြဟ္မာရုပ်သည် နို့ရည်ကဲ့သို့ အရည်လောဟူမူ အရည်လည်း မဟုတ်ဘူး တပည့်တို့။ လူများမှာကဲ့သို့ ဆံနှင့်, အမွေးနှင့်,လက်သည်း ခြေသည်းနှင့်, သွားနှင့်, အရေနှင့်, အသားနှင့်, အကြောနှင့်, အရိုးနှင့်, ခြင်ဆီနှင့်ပင် အလုံးစုံ ရထိုက်သမျှသော ကောဋ္ဌာသတွေ ရှိသည်ပင်တည်း။ အလွန် ရုပ်ကလာပ် သိမ်မွေ့ သေးငယ်ခြင်းကြောင့် နုလည်း အလွန် နုနယ်ခြင်းကြောင့် ယိုစိမ့်နိုင်သည်။

ပရမတ္ထ ရုပ်ကလာပ်တခု၏ အကြီးအများ ပမာဏကိုပြဆိုရာ၌ ဤကဲ့သို့ ဗြဟ္မာ့ပြည်ဖြစ် အသိမ် အမွေ့ဆုံး အသေးငယ်ဆုံး ရုပ်ကလာပ်ကိုရည်၍ တကုဋေ လောက်, နတ်ပြည် အလတ်စားလောက် ရုပ်ကလာပ်ကိုရည်၍ တသန်းလောက် လူ့ပြည်ဖြစ် လူ့ပြည်ရှိ တိရစ္ဆာန်ပြည်ဖြစ် တိရစ္ဆာန်ပြည်ရှိ အရုန့်ရင်းဆုံး အကြီးဆုံး ရုပ်ကလာပ်ကို ရည်၍ တသိန်းလောက် သမူဟကလာပ် ဖွဲ့စည်း ပေါင်းစုမိမှ ပရမာဏုမြူ တလုံးလောက် တလုံးစာလောက် ကြီးသည် များသည် နှံ့သည်ဟု ဆရာ ပြဆို ဟောကြားပေ၏။

ဗြဟ္မာရုပ်၏ သိမ်မွေ့နုနယ်ပုံ ဥပမာကား -

မိုဃ်းရွာအပြီး မြေကြီးမှထွက်သော အခိုးအငွေ့ကို အကုန်စု၍ တံလှပ်ရေလောက် သိမ်မွေ့သော ရေနှင့် ဆွတ်ဖြန်းလုံးထွေး၍ ထားအပ်သော အခိုးခဲကြီးကဲ့သို့၎င်း၊ လျှပ်ရောင်တွေကို အကုန်စု၍ ထိုသိမ်မွေ့သောရေနှင့် ဆွတ်ဖြန်းလုံးထွေး၍ ထားအပ်သော အရောင်ခဲကြီးကဲ့သို့၎င်း သိမ်မွေ့ နုနယ်၏။

မြေကြီးထဲသို့ စိမ့်ယိုသော် ဗြဟ္မာကြီး၏ ခြေထောက်တွေ စုတ်ပြတ် ပျက်စီး၍ မကုန်ပြီလောဟူမူ၊ မစုတ်နိုင် မပျက်စီးနိုင်၊ သံကွန်ယက် အုပ်ဆောင်းတွေကို များစွာ ထပ်၍ အရောင်လုံးအခိုးလုံး မီးတောက် ကြီးတို့ကို အုပ်သော် မီးတောက်တွေသည် သံကွန်ယက်သို့ စိမ့်ယို၍ အပေါ်သို့ ထွက်၏။ သံကွန်ယက်လည်း မပျက်၊ မီးတောက်လုံးလည်း မပျက်၊ တဖန် မီးတောက်ကြီးကို နုတ်ပြန်သော် မီးတောက် မီးတောက် အတိုင်းပင် နေဘိသကဲ့သို့ မှတ်ရမည် တပည့်တို့။

---

စုန်းနတ်စသည်တို့၏ လူထဲသို့ ပူးဝင်ပုံကိုပြခြင်း

ထို့အတူ လူထဲသို့ပူးဝင်သော နတ်တွေလည်း ရှေးဦးစွာ နှလုံးဗူးကိုပိတ်သဖြင့်၎င်း၊ နှလုံးသွေးကို ဖောက်ပြန်အောင် လုပ်သဖြင့်၎င်း တစုံတခုသော အကြောင်းဖြင့် စိတ်နုန့်အောင်လုပ်၍ ဘဝင် ကျစေ၍ သတိမေ့လျော့သော ခဏ၌ မိမိရုပ်ကို မသိမ်မွေ့သေးလျှင် သိမ်မွေ့အောင် ဖန်ဆင်း၍ လူတကိုယ်လုံးအတွင်းသို့ စိမ့်ဝင် ပြန့်နှံ့စေ၏၊ ယိုစေ၏၊ နို့ရည်နှင့်ရေ, မြေနှင့် ဗြဟ္မာရုပ်တို့ကဲ့သို့ လူရုပ်နှင့် နတ်ရုပ် တခုအကြား တခု စိမ့်ဝင်၍ အကုန်လုံး ပြန့်နှံ့၍နေကြ၏။

ထိုနတ် မထွက်မချင်း လူ့ စိတ် ဘဝင်မှမထ။ တကိုယ်လုံးရုပ်တွေလည်း နတ်ရုပ်တွေ ပမာဏဖြစ်၍ နတ်အလိုရှိတိုင်း လှုပ်ရှားပြောဆိုလေတော့၏။ ထိုနတ်ထွက်၍ သွားလျှင် လူတကိုယ်လုံး ရုပ်တွေသည် အတန်ငယ်ချောင်၍ ဟာ၍ နေရစ်သဖြင့် လူမောပန်း၍ နေရစ်၏။

ဤကဲ့သို့ ပူးဝင်ရာ၌ ပူးဝင်အပ်သော သူ၏စိတ်ကို နုန့်စေ ထိုင်းစေ ဘဝင်ကျစေ၍ မေ့လျော့ အောင်လည်း တတ်နိုင်မှ မိမိရုပ်ကလည်း သိမ်မွေ့မှ ပူးဝင်နိုင်သည်၊ သို့မဟုတ်လျှင် မပူးဝင်နိုင်၊ အစိမ်း, သူရဲ တစ္ဆေ မြေဘုတ်, စုန်းပူးရာတို့မှာလည်း ထို့အတူ ပူးဝင်အပ်သော သူ့ရုပ်နှင့် ပူးဝင်တတ်သော သူ့ရုပ် တခုအကြား တခု စိမ့်ဝင်၍ အကုန်လုံးပြန့်နှံ့၍ နေကြ၏။

စုန်းများလည်း လူပင်ဖြစ်သော်လည်း အတတ်ပညာ၏ အစွမ်း, နတ်၏အာနုဘော် အစွမ်းတို့၏ ယှဉ်ခြင်းကြောင့် စိတ်ကိုလည်း နုန့်စေ၍ မေ့လျော့အောင် တတ်နိုင်ကြ၏၊ ရုပ်ကိုလည်း သိမ်မွေ့အောင် ဖန်ဆင်းနိုင်ကြ၏၊ ထိုပြင် ကိုယ်ကို ကွယ်ခြင်း ခွေးယောင် စသည် ဆောင်ခြင်း မိမိအကြောင်းကို ပြောသော အဝေး စကားကို ကြားနိုင်ခြင်း, စက်ကြိုးဆင်၍ ကောင်းကင်၌ သွားနိုင်ခြင်း စသည်ဖြင့် လည်း တန်ခိုးတွေ များစွာ တတ်နိုင်ကြကုန်၏။

စုန်းခုနစ်မျိုးကို ပြခြင်း

ဤစုန်း၏ တန်ခိုးတို့ကို နတ်အာနုဘော် အစွမ်းနှင့် ယှဉ်သော တန်ခိုးကို
ပါဠိတော်၌ ဟောတော် မူအပ်သော တန်ခိုးဆယ်ပါးတို့တွင်
ကမ္မဇိဒ္ဓိတန်ခိုးဟု မှတ်အပ်၏၊ အတတ်ပညာ အစွမ်းနှင့်ယှဉ်သော တန်ခိုးကို
ဝိဇ္ဇာမယိဒ္ဓိ တန်ခိုး ဟု မှတ်အပ်၏။

၁။ ဆင်ကွပ်၊
၂။ နဖါးတပ်၊
၃။ ရွာသူ၊
၄။ ရွာသ္မီး၊
၅။ ကဝ၊
၆။ အိမ့်တလိမ့်၊
၇။ ဇောဂိနီ - ဟု စုန်းခုနစ်မျိုးရှိ၏။

ဤခုနစ်မျိုး၌ အမောက်ပေါက်ပုံ အခြင်းအရာဖြင့် စုန်းမျိုးတွေများစွာ ကွဲပြားသေး၏။
ဤခုနစ်မျိုး တို့တွင် အိမ့်တလိမ့်စုန်း, ဇောဂိနီစုန်းတို့ကား အတတ်ပညာမဘက်
သက်သက် မိမိကိုယ်ထဲမှာ ဗိမာန်နှင့် တကွဖြစ်၍ နေလာသော ဂန္ဓဗ္ဗနတ်၏ အာနုဘော်ကြောင့်
မိမိတို့ ကြံတိုင်း စည်တိုင်း ဖြစ်လေတော့၏၊ ဖမ်းစားနိုင်တော့၏၊ ထိုစုန်းကို
မသင်ဘဲ တတ်ခြင်းကြောင့် ဝမ်းတွင်းစုန်းဟု ခေါ်ကြ၏။

ကြွင်းသောစုန်း ငါးမျိုးတို့ကား အတတ်ပညာဖြင့် ဖြစ်သော စုန်းတို့တည်း။
ပညာဖြင့် ပူးသွင်းခြင်း ဟူသော ဗိမာန်ဆောက်၍ ပေးလျှင် ဂန္ဓဗ္ဗနတ်လည်း
ကိုယ်ထဲမှာ နေလာတော့၏။ ပညာအာနုဘော် နတ်အာနုဘော် အစွမ်းနှစ်ပါးနှင့်
ယှဉ်ကြကုန်၏။

လူထဲမှာ ဖြစ်လာ နေလာသော ထိုနတ်တို့ကို ပါဠိတော်၌ ဂန္ဓဗ္ဗနတ်ဟု ခေါ်၏။
လောက၌ ယောဂိနီဟူ၍၎င်း၊ ယ-ကို ဇ-ပြု၍ ဇောဂိနီဟူ၍၎င်း ခေါ်ကြ၏။
ထို ဇောဂိနီနတ်တို့၏ မှီနေရာလူကို စုန်းဟူ၍ ခေါ်ကြ၏၊

ဇောဂိနီနံ အာယတနံ၊ အသီတိ ကိမိအာလယံ။
အဝီစိခေန သံယုတ္တံ၊ ပူတိဂတ္တံ ဇိဂုစ္ဆိယံ။
သေက္ချဘာသိတဂါထာ။

ဘော သိဿာ၊ အို-တပည့်တို့။
ဇောဂိနီနံ၊ ဇောဂိနီနတ်တို့၏။
အာယတနံ၊ မှီဝဲနေထိုင်ရာ ဗိမာန်ကြီးလည်း ဖြစ်ထသော။
အသီတိကိမိအာလယံ၊ ရှစ်ဆယ်သော ပိုးမျိုးတို့၏ မှီကပ်ခိုနေရာ ဇရပ်ကြီးလည်း ဖြစ်ထသော။
အဝီစိခေန၊ အခြားအလပ်မရှိ အလုံးစုံစေ့၍ နေသော အပေါက် အခေါင်း ကောင်းကင် အာကာသနှင့်လည်း။
သံယုတ္တံ၊ ယှဉ်အပ်သော။
ပူတိဂတ္တံ၊ ကိုယ်ကောင်ပုပ်ကြီးသည်ကား။
ဇိဂုစ္ဆိယံ၊ စက်ဆုပ်ဘွယ်ကြီးသာလျှင်တည်း။ ၁၅။

ဤလူရုပ်နှင့် စုန်းနတ်တို့ ရုပ်တခုအကြား တခု စိမ့်ဝင်ကြဘိသကဲ့သို့ ထို့အတူ
ရေအိုးကြား ရေစိမ့်မှု, ပျဉ်ပြားကြား ရေနံစိမ့်မှု့ မြေပန်းကန်ကြား ခြင်္သေ့ဆီ
စိမ့်မှု မြေကြီထဲ ရေစိမ့်မှု, ရေကြည်အတွင်း နေပူရောင် ထိုးယို ဖောက်သွားမှု
ဝဏ္ဏရိပ် ထိုးယို ဖောက်သွားမှု ဖလ်မှန် ပုလင်းတို့ကို ဝဏ္ဏရိပ် ထိုးယိုဖောက်သွားမှု
အစ ရှိသည်တို့လည်း တခု အကြား တခု စိမ့်ထွက်မှု ချည်းတည်း။

ရောင်ခြည်တော် ခြောက်သွယ် ပြေးလွှားပုံကိုပြခြင်း

မြတ်စွာဘုရားရှင် ဘုရားဖြစ်စအခါ စတုတ္ထသတ္တာဟ ရတနာဃရ ရွှေအိမ်ပေါ်၌
အဘိဓမ္မာ ခုနစ်ကျမ်းကို ဆင်ခြင် သုံးသပ်ရာ အထက်ဆုံး ခုနစ်ခုမြောက် ပဋ္ဌာန်း
ကျမ်းကြီးကို ဆင်ခြင် သုံးသပ် ခါမှ တကိုယ်လုံးက ထွက်သော ညို ရွှေ နီ ဖြူ
အမောင်း ဟူလျက်, ပြိုးပြိုးပြက်ဟူသော ရောင်ခြည် ခြောက်သွယ်တို့သည်
ဘုရားရှင် အဓိဋ္ဌာန်တော်ကြောင့် အရပ်ဆယ်မျက်နှာသို့ သွားကြ ပြေးကြ လေကုန်၏။

အောက်အရပ်သို့ ပြေးသွားသော ရောင်ခြည် ခြောက်သွယ်တို့သည် --
ယူဇနာ တသိန်း နှစ်သောင်း အထုရှိသော မြေမှုန့် ပံသုပထဝီကို စိမ့်ယို ဖောက်ထွင်း၍-
ငရဲကြီး ရှစ်ထပ်၌ သံမိုး သံတံတိုင်း သံမြေတို့ကိုလည်း မရှောင်ကွင်းဘဲ စိမ့်ဝင် ဖောက်ထွင်း၍-
ယူဇနာ တသိန်း နှစ်သောင်း အထုရှိသော ကျောက်သား ကျောက်မြေ သိလာ ပထဝီကို စိမ့်ယို ဖောက်ထွင်း၍-
အောက်ယူဇနာ လေးသိန်း ရှစ်သောင်း အထုရှိသော ရေထု, ယူဇနာ ကိုးသိန်း
ခြောက်သောင်း အထုရှိသော လေထုတို့ကို စိမ့်ယို ဖောက်ထွင်း၍-
အောက် အဇဋာကာသ အနန္တကောင်းကင်ကြီးသို့ ပြေးသွားကြလေကုန်၏။

မြောက်အရပ်သို့ ပြေးသွားသော ရောင်ခြည် ခြောက်သွယ်တို့လည်း ရွှေ ငွေ
ဣန္ဒနီလာ ပတ္တမြားညို ဖလ် ဟူသော လေးပါးသော ရတနာ ကျောက်သား အတိ
ပြီးသော ယူဇနာ ရှစ်သောင်း လေးထောင် အထုရှိသော မြင့်မိုရ်တောင်ကြီးကို
မရှောင်ကွင်းဘဲ စိမ့်ဝင်ဖောက်ထွင်း၍ မြသားကျောက် အတိပြီးသော
စကြဝဠာ တံတိုင်းကြီးကိုလည်း မရှောင် မကျော်ဘဲ စိမ့်ဝင် ဖောက်ထွင်း၍
မြောက်အရပ်၌ တွေ့သမျှသော စကြဝဠာ မြင့်မိုရ်တို့ကိုလည်း ဖောက်ထွင်း၍
ဖောက်ထွင်း၍ မြောက်အရပ် အနန္တစကြဝဠာတွေသို့ ပြေးသွားကြလေကုန်၏။

ထို့အတူ ကြွင်းသော အရပ်ရှစ်ပါးသို့ ပြေးသွားသော ရောင်ခြည်ခြောက်သွယ်
တို့လည်း မိမိတို့သွားရာ လမ်းခရီး၌ ကြီးကြီးငယ်ငယ် တွေ့တွေ့သမျှ သက်ရှိသက်မဲ့
အလုံးစုံသော အစိုင်အခဲ အထည် ဝတ္ထုတို့ကို မရှောင်ကွင်းဘဲ
စိမ့်ဝင် ဖောက်ထွင်း၍ ဖောက်ထွင်း၍သာလျှင် ပြေးသွားကြလေကုန်၏။

အာကာသဓာတ်ကို အကျဉ်းမှတ်သားရန်ကို ပြခြင်း

ဤသို့ ရောင်ခြည် ခြောက်သွယ်တို့ စိမ့်ဝင် ဖောက်ထွင်းကြရာ၌လည်း
နို့ရည်နှင့်ရေ မြေနှင့် ဗြဟ္မာရုပ်တို့ကဲ့သို့ တခုအကြား တခု စိမ့်ပင်ယိုသွားမှုချည်း
သာတည်း၊ ဖောက်သွားမှုကြီးတည်း။

ထို့ကြောင့် မျက်စိနှင့် မမြင်ရသော်လည်း အလုံးစုံသော အစိုင်အခဲ အထည်ဝတ္ထု၊
သမူဟ ကလာပ်တို့၌ အပေါက် အခေါင်း ကောင်းကင် အာကာသဓာတ်တွေ
စေ့၍ စပ်၍နေ၏ဟူ၍ သိရမည်၊ မှတ်ရမည်၊ တပည့်ဘို့- ထင်မြင်အောင်ကြည့်ကြ

တိုတိုလိုရင်း အကျဉ်းချုပ် အားဖြင့်ကား မြေ ရေ လေ မီးဟူသော
သမူဟကလာပ် လေးမျိုးတို့ ဇာတ်တူ အချင်းချင်းအားဖြင့်၎င်း၊
ဇာတ်ကွဲအချင်းချင်းအားဖြင့်၎င်း သမူဟကလာပ် တခုနှင့်တခု တွေ့မိကြ တိုက်မိကြ
ပေါင်းမိကြလျှင် ပြတ်၍သွားမှု ပဲ့၍သွားမှု ပေါက်၍သွားမှု အာ၍သွားမှု
ထက်ခြမ်း လေးစိတ်ကွဲ၍သွားမှု ပစိတ် ပမွ ကွဲ၍သွားမှု အလုံးစုံတို့သည်
အပေါက်အခေါင်း အကြား ကောင်းကင် အာကာသ ဓာတ် ရှိ၍သာ
ဖြစ်နိုင်ချည်းတည်း ဟူ၍ သိရမည်၊ မှတ်ရမည် တပည့်တို့။

ထို့ကြောင့်ပင်လျှင် အပေါက် အခေါင်း အကြား ကောင်းကင် အာကာသဓာတ်
မရှိသော ပရမတ္ထကလာပ်ခဲ သည်ကား ဝဇိရစိန် လက်နက်နှင့်ပင် ပစ်ခဲ့ငြား
သော်လည်း ပျက်သော်သာ အကုန်လုံး တပြိုင်နက်ထည်း ပျက်၍ သွားရာ၏။
ပဲ့၍ ပေါက်၍ ပြတ်၍ ထက်ခြမ်း လေးစိတ်စသည် ကွဲ၍ မသွားပြီ။ ၅။

ဤကား အာကာသဓာတ်ကို ပြချက်တည်း။

ရုပ်ဓာတ်ငါးပါးတို့၏ ပြန့်နှံ့၍နေပုံကိုပြခြင်း

တပည့်တို့ - ဤယခု ပြဆိုအပ်ပြီးသော မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်,
အာကာသ ဓာတ်ဟူသော ရုပ်ဓာတ်ငါးပါး
တို့ နေပုံကို အကုန်လုံး နှံအောင်
ကြည့်လိုက်စမ်းကြ

မြောက်အရပ် အနန္တစကြဝဠာ၊ ဟုတ်- မြောက်ဖျားကနေသော အာကာသဓာတ်နှင့်
တောင်အရပ် အနန္တစကြဝဠာ၊ ဟုတ်- တောင်ဖျားကနေသော အာကာသဓာတ်သည်
အာကာသချင်းချင်း စပ်လျက် တဆက်တည်း တစပ်တည်းဖြစ်၍ နေတော့၏၊
တောင်မြောက် အပေါက်ထိုးယို နေတော့၏၊

လေဓာတ်ချင်းလည်း တဆက်ထည်း တစပ်တည်း နေတော့၏၊
မီးဓာတ်ချင်းလည်း တဆက်တည်း တစပ်တည်း နေတော့၏၊
ရေဓာတ်ချင်းလည်း တဆက်တည်း တစပ်တည်း နေတော့၏။
မြေဓာတ် ချင်းလည်း တဆက်တည်း တစပ်တည်း နေတော့၏၊

အရှေ့အရပ် အနန္တ စကြဝဠာ၊ ဟို - အရှေ့ဖျားကနေသော အာကာသဓာတ်နှင့်
အနောက် အရပ် အနန္တစကြဝဠာ၊ ဟို - အနောက်ဖျားကနေသော အာကာသဓာတ်
သည်လည်း တဆက်တည်း တစပ်တည်းနေတော့၏၊ အရှေ့အနောက် အပေါက်
ထိုးယို နေတော့၏၊လေဓာတ်ချင်းလည်း တဆက်တည်း တစပ်တည်း နေတော့၏၊

မီးဓာတ်ချင်းလည်း- ရေဓာတ်ချင်းလည်း- မြေဓာတ်ချင်းလည်း တဆက်တည်း
တစပ်တည်း နေတော့၏။

ထို့အတူ လေးပါးသော ထောင့်အရပ် အနန္တ စကြဝဠာ အဖျားဆုံးက နေကြသော
အာကာသဓာတ်, လေဓာတ်, မီးဓာတ် ရေဓာတ်, မြေဓာတ်တို့လည်း
အချင်းချင်း တဆက်တည်း တစပ်တည်း ဖြစ်၍ နေကြတော့၏။

အထက်အရပ် အဇဋာကာသ ကောင်းကင် ထိပ်ဖျားဆုံးကနေသော
အာကာသဓာတ်နှင့် အောက် အရပ် အဇဋာကာသ ကောင်းကင်အောက်
အဖျားဆုံးကနေသော အာကာသဓာတ် သည်လည်း တဆက်တည်း
တစပ်တည်းဖြစ်၍ နေတော့၏။ အထက်အောက် အပေါက်ထိုးယို ဖြစ်၍ နေတော့၏။

လေဓာတ်ချင်းလည်း တဆက်တည်း တစပ်တည်းဖြစ်၍ နေတော့၏။
မီးဓာတ်ချင်း ရေဓာတ်ချင်း မြေဓာတ်ချင်းလည်း တဆက်တည်း တစပ်တည်း
ဖြစ်၍ နေတော့၏။ ဘယ်အရပ်ကရုပ်နှင့် ဘယ်အရပ်က ရုပ်သည် မဆက်စပ်ဘဲ
ကွဲ၍ ခြား၍ နေသည်ဟူ၍ မရှိ။ အကုန်လုံး တဆက်တည်း တစပ်တည်း
ဖြစ်၍ နေတော့၏။

ထို့ကြောင့်ပင်လျှင် မြေကြီးထဲက မီးဓာတ် ထက်သန် လွန်ကဲ၍လာလျှင်
အိမ်ပေါ်, ကျောင်းပေါ်, ဘုံနန်း ပြာသာဒ်ပေါ်၌ နေသော လူကိုယ် တကိုယ်လုံးလည်း
ဓာတ်ထက်သန် လွန်ကဲ၍ ကုန်သဖြင့် အိုက်ခြင်း, ချွေးထွက်ခြင်း စသည်ဖြစ်ကုန်၏။
အရပ်မျက်နှာတို့မှ မီးဓာတ် ဖောက်ပြန် လွန်ကဲ၍ ဒိသာဒါဟ ကြိတ်ထလျှင်လည်း
လူလည်း ဖောက်ပြန်ရ၏။

နက္ခတ် တာရာ ကြယ်တွေက မီးဓာတ် ဖောက်ပြန်လျှင်လည်း လူလည်း ဖောက်ပြန် ရ၏။
လ,က ဖောက်ပြန်လျှင်လည်း လူလည်းဖောက်ပြန်ရ၏။
နေကဖောက်ပြန် လျှင်လည်း လူလည်း ဖောက်ပြန်ရ၏။
သစ်ပင် တောတောင်, စကြစဠာတောင် မြင့်မိုရ်တောင် သမုဒ္ဒရာ မိုဃ်းတိမ်တို့က
မီးဓာတ် ဖောက်ပြန်လျှင်လည်း လူလည်း ဖောက်ပြန်ရ၏။

ဤကဲ့သို့ ရုပ်ဓာတ်ငါးပါးတို့ ဖြစ်၍နေပုံကို ကောင်းမွန် သေချာစွာ
မှတ်ကြ သိကြ တပည့်တို့

ဒုဗ္ဗောဓံ အဘိဂမ္ဘီရံ၊ အဘိဓမ္မနယံ ဣမံ။
အဘိညာဏေန ဇာနာထ၊ မမသိဿာဘိဉာဏိကာ။
သေက္ချဘာသိတဂါထာ။

ဘောသိဿာ၊ တရားထူးကို သိလိုကြဘိ အို-တပည့်တို့။
အဘိဂမ္ဘီရံ၊အလွန်နက်နဲသော။
ဒုဗ္ဗောဓံ၊ နက်နဲခြင်းကြောင့် အလွန်သိနိုင်ခဲသော။
ဣမံ အဘိဓမ္မနယံ၊ ရုပ်ဓာတ် ဝေဖန်ခွဲခြမ်းပုံ ဤ အဘိဓမ္မာနည်းကို။
အဘိဉာဏိကာ၊ ထူးချွန်လွန်ကဲသော ပညာဉာဏ် ရှိကြကုန်သော။
မမ သိဿာ၊ သေက္ချတောင်ဆရာ ငါ၏ တပည့်ဖြစ်ကြကုန်သော။
တုမှေ၊ သင်တို့သည်။
အဘိညာဏေန၊ ထူးချွန် လွန်ကဲသော ပညာဉာဏ်ဖြင့်။
ဇာနာထ၊ သိကြကုန်လော။ ၁၆။

ဤတွင် ရုပ်ဓာတ် ငါးပါးတို့ကို အဘိဓမ္မာနည်းအားဖြင့် ခွဲခြမ်း ဝေဖန်၍ ပြီး၏

၎င်းရုပ်ဓာတ်ငါးပါး၌ ဝိပဿနာရှုပုံကို ပြခြင်း

တပည့်တို့ - ဤရုပ်ဓာတ် ငါးပါးတို့တွင် အာကာသဓာတ်သည်ကား မုချ
ဆတ်ဆတ် အားဖြင့် တခုတည်းသာတည်း။ ကြိယာသတ္တိ သဘော တရားကိုယ်လည်း
မရှိ။ သက်သက် အချည်းနှီး ဟင်းလင်း လပ်၍နေခြင်းမျှသာ ဖြစ်သော
ပညတ် အသင်္ခတ ဓာတ်တည်း။ ထိုအသင်္ခတဓာတ်ထဲ၌ သင်္ခတဖြစ်သော
ဓာတ်ကြီးလေးပါးတို့သည် ပရမတ္ထကလာပ် သမူဟကလာပ် နှစ်မျိုး ဖွဲ့စည်းလျက်
ကောင်းကင် အာကာသနှင့် အပြည့်ဖြစ်၍ နေကြ၏။

ထိုသို့ဖြစ်၍ နေကြသော ဤ ဓာတ်ကြီးလေးပါးတို့ကို အောက်က ဆရာပြဆို
ဟောကြားခဲ့ပြီးသော အတိုင်း ဉာဏ်ဖြင့် အသီးအသီး တခုချင်းခွဲ၍
သူ့သဘာဝ ကြိယာ ကလေးတွေမျှကိုသာ ကြည့်ရှု ရမည်။

တပည့်တို့ - ကြည့်ရှုကြ၊ အစိုင်အခဲ ကလာပ်အတိုင်း နှလုံးမသွင်းကြနှင့်၊ မနေကြစေနှင့်။

တပည့်တို့ - ဤသို့ကြည့်ရှုသောအခါ မျက်စိဖြင့် မြင်နေကြဖြစ်သော အဆင်း ဝဏ္ဏ
ခုခံ၍နေသဖြင့် ဖြူဖြူကြီး, ဝါဝါကြီး စသည်ဖြင့် စိတ်ထဲ ဉာဏ်ထဲမှာ ထင်မြင်၍
နေတတ်၏။ ထိုသို့နေလျှင် ထို အဆင်း ဝဏ္ဏကို နှလုံးမသွင်းကြနှင့်
နှလုံးမသွင်းလျှင် ထိုအဆင်းဝဏ္ဏ မခုခံနိုင်ပြီ မထင်လာပြီ။

အစိုင်အခဲ အထည် ဝတ္ထု သမူဟ ကလာပ်ကြီးလည်း ခုခံ၍နေသဖြင့် ရှည်ရှည်ကြီး,
တိုတိုကြီး လုံးလုံးကြီး, ပြားပြားကြီး စသည်ဖြင့် ထင်မြင်၍ နေတတ်၏။
ထိုသို့နေလျှင် ထိုသဏ္ဌာန် သမူဟ ကလာပ်ကို နှလုံးမသွင်းကြနှင့်
နှလုံးမသွင်းလျှင် ထိုသဏ္ဌာန် သမူဟကလာပ် မခုခံနိုင်ပြီ မထင် လာပြီ။

အခေါင်းပိတ် အကျိပ်အခဲ ဃနကြီး ခုခံ၍နေသဖြင့် ထိုးယိုမပေါက်ဘဲ
အတွင်းကို မစူးဝင်ဘဲ အပေါ်ရံတွင်သာ ဉာဏ် ရှမ်း၍ ရှမ်း၍ နေတတ်၏။
ကြက်ဥကို အစရှာ၍မရနိုင်ဘိသကဲ့သို့ ကြက်ဥနှင့် တူသော ကျောက်ခဲကို
ကျီးပေါက်၍ မရနိုင်ဘိသကဲ့သို့ နေတတ်၏။ ထိုသို့ နေလျှင် အကြား
ကောင်းကင် အာကာသပေါက်သို့ ဉာဏ်ကို လျှိုသွင်း၍ ပရမတ္ထ ကလာပ်ကလေးတွေ
တခုချင်း နေအောင် ဖြိုခွဲဖြန့်ကြဲ၍ ပစ်ကြ

တပည့်တို့ - ဖြိုခွဲဖြန့်ကြဲ၍ပစ်သဖြင့် ဃနကြီး ပြိုကွဲလျက် ပရမတ္ထ ကလာပ်
ကလေးတွေ တခုချင်း နေသောအခါ အလွန်သိမ်မွေ့ သေးငယ်သော အထည်
ဝတ္ထုဖြစ်၍ စိတ်ထဲ ဉာဏ်ထဲမှာ မထင်လာဘဲ မမြင်လာဘဲ အထည်ဝတ္ထု
အမှုန့်အခဲ ဓာတ်ကြီးလေးပါးတို့ အကုန်လုံး သုဉ်း၍ ကွယ်ပျောက်၍
တလောကလုံး ဟင်းလင်း အပြင် ကောင်းကင်ကြီး အတိကဲ့သို့ဖြစ်၍ ထင်လိမ့်မည်။

တပည့်တို့ - ထိုသို့ထင်သောအခါ ရေပြည့်ဗူးကို ကောင်းကင်၌ ဆွဲ၍ထားရာ
ဗူးကို မီးလောင်၍ သွားလျှင် ရေသည် တည်၍ မနေနိုင်ဘဲ ယိုကျပျောက်ပျက်
ရလေဘိ သကဲ့သို့ လောင်စာ အမှိုက် ကိုစွဲ၍ မီးတောက်ရာ လောင်စာအမှိုက်
ကုန်လျှင် မီးတောက်သည် တည်၍မနေနိုင်ဘဲ သေငြိမ်း ပျောက်ပျက်ရလေဘိသကဲ့သို့ --

ငါဟူ၍ ငါ့ဟာ ဟူ၍ မှတ်ထင်စွဲလမ်းစရာ အထည် ဝတ္ထု တစုံတခု ဘာမျှမရှိသဖြင့်
ငါဟူ၍ မှတ်ထင် စွဲလမ်းတတ်သော သက္ကာယဒိဋ္ဌိ, ငါ့ဟာဟူ၍ မှတ်ထင်စွဲလမ်း
တပ်စွန်း ချစ်ခင်တတ်သော တဏှာ, ဤအယုတ်တရား နှစ်ပါးတို့သည်
ကုန်ခန်း ချုပ်ပျက် ရလေတော့သည်။

တပည့်တို့။ ကုန်ခန်းချုပ်ပျက်၍ သွားလိမ့်မည်၊ ကြိုးစား၍ ကြည့်ရှုကြ

သုညတထင်၍ ထွက်ပြေးသော ပုဏ္ဏားကြီးဝတ္ထု

တပည့်တို့ - ဤကဲ့သို့ ကြည့်ရှုပုံနည်းကို အထည်ဝတ္ထုနှင့်တကွ အတ္တ, အတ္တနိယ
အကုန်လုံး ကွယ်ပျောက် ကင်းသုဉ်း၍သွားအောင် ရှုသောနည်း
ဖြစ်၍
သဝတ္ထုက သုညတနည်းဟု မှတ်ရမည်။

တပည့်တို့ - ဤကဲ့သို့ သဝတ္ထုကသုညတ ထင်အောင် ရှုရာ၌ မိမိကိုယ်ကိုကား
မရှု၊ မိမိမှအပ ဗဟိဒ္ဓ ရုပ်တွေကိုသာ ရှု၍ ကွယ်ပျောက်သွားလျှင် မိမိဟူသော
ငါကောင် သတ္တဝါကြီး တည်နေစရာ ဘာမျှမရှိသဖြင့် အဆုံးမရှိ ကျယ်နက်သော
ချောက်ကြီး ထဲ၌ လိမ့်၍ ကျဘိသကဲ့သို့ ထင်ရ၏။

ထိုသို့ ထင်သောအခါ သီဟိုဠ်ကျွန်း လောဟပါသာဒ၌ မထေရ်တပါး
သုညတ တရားဟောသည်ကို ကျောင်းအောက်က နာ၍ နေစဉ် ထိုကဲ့သို့
ထင်၍ ကြောက်ရွံ့ ထိတ်လန့်လျက် ရုတ်တရက်ထ၍ ပြေးလေသော
အသုတဝါ ပုဏ္ဏားကြီးကဲ့သို့ ကြောက်ရွံ့ ထိတ်လန့်ခြင်း ဖြစ်တတ်သည် တပည့်တို့။

တပည့်တို့ - ထိုသို့ရှုရာ၌ ဗဟိဒ္ဓရုပ်တွေ ကွယ်ပျောက်မှုကား လိုရင်းပဓာန မဟုတ်၊
မိမိ ကိုယ်ကောင်ကြီး ကွယ်ပျောက်မှုသာ လိုရင်းဖြစ်သည်။ ထို့ကြောင့် မိမိ
ကိုယ်ကောင်ရုပ်ခဲကြီးပါ ဗဟိဒ္ဓတွေပါ အကုန်လုံး ကွယ်ပျောက်၍ သွားအောင် ရှုကြ
ထိုသို့ရှု၍ မိမိကိုယ်ကြီးပ၊ အကုန်လုံး ကွယ်ပျောက်၍သွားလျှင် ကျစရာ အကောင်
အထည်လည်း မရှိသဖြင့် ဘာမျှကြောက်ရွံ့ ထိတ်လန့်ခြင်း မဖြစ်နိုင်ပြီ။
အလွန် နှစ်သက် ဝမ်းမြောက်ခြင်းသာ ဖြစ်တော့၏။

တပည့်တို့ - ဤသို့ ဓာတ်ကြီးလေးပါးတို့ ကွယ်ပျောက်၍ သွားရာမှာလည်း
အလွန် အသေး အနု စိတ်၍ရှုသဖြင့် စိတ်ထဲ ဉာဏ်ထဲမှာသာ ကွယ်ပျောက်၍သွားသည်
အဟုတ်ကား ဤဓာတ်ကြီး လေးပါးတို့ ချုပ်ပျက် ကွယ်ပျောက်၍ သွားတော့သည် မဟုတ်
ပရမတ္ထကလာပ်, သမူဟကလာပ် နှစ်မျိုးဖွဲ့စည်းလျက် တည်မြဲတိုင်း ရှိမြဲတိုင်းပင် တည်ရှိသည်။

ယောဂီရဟန်းတပါးက မာတုဂါမတယောက်ကို အရိုးစု ထင်အောင် ရှုရာ
ရှု၍ ထင်လျှင် ထိုမာတုဂါမ သည် အရိုးချည်း သက်သက်ဖြစ်၍ သွားတော့သည်
မဟုတ်ဘိသကဲ့သို့ ဥပမာကိုမှတ်ကြ။

တပည့်တို့ - ဤအဘိဓမ္မာ သုညတအရာ၌ အနည်းငယ် သာမညဉာဏ်ပညာ
ထက်ရုံမျှနှင့် သဝတ္ထုကသုညတ ထင်အောင် မရှုနိုင်ဘူး။ အတော်လောက်
ဉာဏ်ပညာ ထက်မြက်စူးရှသော သူမှ သာလျှင် ထင်မြင်အောင် ရှုနိုင်သည်။
အလွန် ဉာဏ်ပညာထက်မြက် စူးရှပြန်လျှင်လည်း ကွယ်ပျောက်၍ မသွားနိုင်ဘူး တပည့်တို့။

ဃနကို ဖြိုခွဲ၍ပစ်လိုက်လျှင် အကုန်လုံး ဃနကြီးပြိုကွဲ၍ အကြား ကောင်းကင်
အာကာသနှင့် တကွ ပရမတ္ထ ကလာပ်ခဲ ကလေးတွေကို မြင်၍ နေသည်၊
ထင်၍နေသည်။ သင် တပည့်တို့အားလည်း ကွယ်ပျောက်၍ မသွားဘဲ ဤကဲ့သို့
ထင်မြင်၍နေပြန်လျှင်လည်း ကောင်း၏၊ အလွန်ပင်ကောင်း၏။
အလွန် ဉာဏ်ပညာ ထက်မြက် စူးရှသောသူတို့ ဖြစ်ကြကုန်၏။

တပည့်တို့ - ထိုသို့ထင်လျှင် ထိုပရမတ္ထကလာပ်ခဲ ကလေးတွေ တခု တခု၌
ဓာတ်ကြီးလေးပါးတို့၏ အသီး အသီးသော သဘာဝကလေးတွေကို
ကြံစည် ကြည့်ရှုကြ၊ အထပ်ထပ် အဖန်ဖန် ကြံစည် ကြည့်ရှု့ကြ။
ဤကဲ့သို့ ကြံစည်ကြည့်ရှုဖန် များသောအခါ --

ခက်မာခြင်း ကြိယာကလေး မျှသာဖြစ်သော ပထဝီသဘော,
စိုစွတ်ခြင်း ကြိယာကလေး မျှသာဖြစ်သော အာပေါသဘော,
ပူခြင်း, အေးခြင်း ကြိယာကလေးမျှသာ ဖြစ်သော တေဇောသဘော,
လွင့်ခြင်း တိုးဝှေ့ခြင်း ကြိယာကလေးမျှသာ ဖြစ်သော ဝါယောသဘော

ဤသဘော လေးမျိုးတို့သည် အသီးအသီး မိမိတို့ သဘောအတိုင်း လေးမျိုးကွဲလျက်
အထည်ဝတ္ထု၊ အမှုန့်အခဲမဘက် သက်သက် ကြိယာကလေးတွေ အဖြစ်ဖြင့်
လင်းလင်း ချင်းချင်းထင်၍ ပေါ်၍လာလိမ့်မည်
။ ဤသို့လာသည်ကို ရှည်တော်မူ၍—

ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြာဟ္မဏဿ။
ဟူ၍ ဥဒါန်းပါဠိတော်၌ ဘုရားရှင် ဟောတော်မူသည်။

အာတာပိနော၊ မဆုတ်မနစ် ပူပူပန်ပန် ပြင်းထန်အားထုတ်လျက်။
ဈာယတော၊ တစိန်းစိန်း ကြံစည်ကြည့်ရှုသော။
ဗြာဟ္မဏဿ၊ ရဟန်းမြတ်အား။
ယဒါ၊ အကြင် တစိန်းစိန်း ကြံစည် ကြည့်ရှုသောအခါ၌။
ဓမ္မာ၊ ပရမတ္ထ သဘာဝဓမ္မတို့သည်။
ပါတုဘဝန္တိ၊ လင်းလင်းချင်းချင်း ထင်ပေါ်၍ လာသည် ဖြစ်ကုန်၏။

တပည့်တို့ - ဤသို့ ဓာတ်ကြီးလေးပါးတို့ အသီး အသီး မိမိတို့သဘောအတိုင်း
လင်းလင်းချင်းချင်း ထင်ပေါ်၍ လာသောအခါ အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်
အလုံးစုံ တလောကလုံး အကုန်နှံ့အောင် ကြည့်၍ တလောကလုံး၌ နာမ်ဓာတ်ကို
ချန်ထား၍ ဤရုပ်ဓာတ် ငါးပါးသာ ရှိ၏

ဤရုပ်ဓာတ် ငါးပါးမှတပါး တစုံတခု ဘာမျှမရှိပြီ၊ “နတ္ထိကိဉ္စိ” ဖြစ်တော့သည်ဟု
ကောင်းမွန်စွာ သိပြီးလျှင် --

ခက်မာခြင်း သဘောကား ငါမဟုတ် ငါ့ဥစ္စာလည်း မဟုတ်၊
မြေဓာတ်သာလျှင်တည်း။
စိုစွတ်ခြင်း သဘောသည်လည်း ငါမဟုတ် ငါ့ဥစ္စာ လည်း မဟုတ်၊
ရေဓာတ်သာလျှင်တည်း။
ပူခြင်း အေးခြင်း သဘောသည် လည်း ငါမဟုတ် ငါ့ဥစ္စာလည်းမဟုတ်၊
မီးဓာတ်သာလျှင်တည်း။
လွင့်ခြင်း တိုးခြင်း သဘောသည်လည်းငါမဟုတ် ငါ့ဥစ္စာလည်းမဟုတ်၊
လေဓာတ်သာလျှင် တည်း။
အကြား ကောင်းကင် အာကာသဓာတ်သည်လည်း ငါမဟုတ် ငါ့ဥစ္စာလည်း မဟုတ်၊
ငါဟု ငါ့ဥစ္စာဟု မှတ်ထင် စွဲဆိုစရာကိုပင် ဘာမျှမရှိ၊
သက်သက် အချည်းနှီးသော ကောင်းကင်သဘော သာလျှင်တည်း။
ဟု ကြည့်ရှု ဆင်ခြင်ရမည်၊ ကြည့်ရှု ဆင်ခြင်ကြ

တပည့်တို့ - သင်တပည့်တို့သည် ဤကဲ့သို့ ကြည့်ရှု ဆင်ခြင်၍ လင်းလင်း
ထင်ထင် ဟုတ်မှန်တိုင်း သိမြင်သောအခါ ဤရုပ်ဓာတ် ငါးပါးတို့ကို
ငါဟု မှတ်ထင်စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘဲ ဤရုပ်ဓာတ် ငါးပါးထဲ၌
ငါကောင်ရှာ၍ မရကြဘဲ ဟင်- ငါ မဟုတ်ပါဘဲကလား၊ ဟင်- ငါမရှိပါဘဲကလားဟု
သိမြင်လျက် ငါဟု စွဲလမ်းတတ်သော သက္ကာယဒိဋ္ဌိ အမြစ်နှင့်တကွ ကျွတ်၍ ကျလာလိမ့်မည်

ထိုသို့ သက္ကာယဒိဋ္ဌိ ကင်းရှင်း၍သွားသောအခါ ဤရုပ်ဓာတ် ငါးပါးတို့ကို
ငါဟူသော အတ္တအနေ နှင့်၎င်း၊ ငါ့ဟာဟူသော အတ္တနိယ အနေနှင့်၎င်း
ချစ်ခင်တပ်မက်ခြင်းလည်း ကင်းကြကုန်လတ္တံ့

ဤသို့သော အကြောင်းကိုစွဲ၍ “နေသော ဟမသ္မိ နေတံ မေ၊ ဧဝံ တတ္ထ ဝိရဇ္ဇတိ”
ဟူ၍ ဥဒ္ဒေသဝါရ၌ ဆရာ ဟောကြားပေ၏။

တပည့်တို့ - မြတ်စွာဘုရားရှင်သည် မောဃရာဇမည်သော ရဟန်းအား ခေါ်တော်မူ၍ –

သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါ သတော။
အတ္တာနုဒိဋ္ဌိံ ဥဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။
သုတ္တနိပါတ်ပါဠိတော်။

မောဃရာဇ၊ မောဃရာဇ။
တွံ၊ သင်သည်။
အတ္တာနုဒိဋ္ဌိံ၊ ကိုယ်ဟု မှတ်ထင်စွဲလမ်းသော သက္ကာယဒိဋ္ဌိကို။
ဥဟစ္စ၊ ပယ်စွန့်နုတ်ပယ်၍။
ဝါ၊ ပယ်စွန့်နုတ်ပစ်နိုင်အောင်။
လောကံ၊ လောကသုံးပါးကို။
သုညတော၊ ကိုယ်ဟူ၍ ကိုယ့်ဟာဟူ၍ မှတ်ထင်စွဲလမ်းစရာ ဘာမျှမရှိ
အကုန်လုံး ကွယ်ပျောက် ကင်းသုဉ်း၍ သွားအောင်
အဝေက္ခ၊ ကြည့်ရှုလော့။
ဧဝံ၊ ဤသို့ ကြည့်ရှုသည်ရှိသော်။
မစ္စုတရော၊ သေမင်းကို လွန်မြောက်သည်။
သိယာ၊ ဖြစ်ရာ၏။
မောဃရာဇ၊ မောဃရာဇ။
ဧဝံ၊ ဤသို့ အကုန်လုံး ကွယ်ပျောက် ကင်းသုဉ်း၍ သွားအောင်။
အဝေက္ခန္တံ၊ ကြည့်ရှုသောသူကို။
မစ္စုရာဇာ၊ သေမင်းသည်။
န ပဿတိ၊ မမြင်နိုင်။

ဟု ဟောကြား တိုက်တွန်းလေလျှင် ထိုတိုက်တွန်း ဟောကြားတော်မူသောအတိုင်း
ကြည့်ရှု သိမြင်၍ သေမင်းမမြင်နိုင်ရာ နိဗ္ဗာန်သို့ ရောက်လေပြီ။

ထိုမောဃရာဇအတူ တပည့်တို့ - သင်တပည့်တို့လည်း သေမင်း မမြင်နိုင်ရာ
ပရမသုခ အမတ ရွှေပြည်မြတ်သို့ ရောက်ရအောင် ယခု ဆရာဟောကြားခဲ့ပြီးသော
နည်းလမ်း အတိုင်း ကြိုးစား၍ ကြည့်ရှု ဆင်ခြင်ကြ၊ ကြိုးစား၍ အားထုတ်ကြ

အနုသာသနီ ဂါထာပါဌ်အနက်

၁။ သုဒုဒ္ဒသံ ဘိဂမ္ဘီရံ၊ အဘိဓမ္မနယံ ဣမံ။
အဘိဉာဏေန တိက္ခေန၊ ပဿထ မမ သာဝကာ။
၂။ ပဿိတွာန ဓာတူသု ဝိရတ္တာ ဟောထ သာဓဝေါ။
ဧဝံ ဝိသုတ္တာ မေ သိဿာ၊ မစ္စုဓေယျံ၊ တရိဿထာတိ။
သေက္ချဘာသိတဂါထာ။

၁။ ဘော သိဿာ၊ တရားထူးကို မြင်လိုကြဘိ အို-တပည့်တို့။
အဘိဂမ္ဘီရံ၊ အလွန်သိမ်မွေ့ နက်နဲသော။
သုဒုဒ္ဒသံ၊ အလွန်မြင်နိုင်ခဲသော။
ဣမံအဘိဓမ္မနယံ၊ ရုပ်ဓာတ်ငါးပါး ဝေဖန်ကြည့်ရှုပုံ ဤအဘိဓမ္မာနည်းကို။
မမ သာဝကာ၊ သေက္ချတောင်ဆရာ ငါ၏တပည့် ဖြစ်ကြကုန်သော။
တုမှေ၊ သင်တို့သည်။
တိက္ခေန၊ ဝရဇိန် မို.ကြိုးသွားထက် အဆ ရာ ထောင်မက ထက်လှစွာသော။
အဘိဉာဏေန၊ ထူးချွန် လွန်ကဲသော ပညာဉာဏ်ဖြင့်။
ပဿထ၊ သိမြင်ကြကုန်လော့။

၂။ သာဓဝေါ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ တို့သည်။
ပဿိတွာန၊ လင်းလင်း ထင်ထင် သိမြင်ကြကုန်၍။
ဓာတူသု၊ ရုပ်ဓာတ်ငါးပါးတို့၌။
ဝိရတ္တာ၊ ငါဟူသော ကိုယ်အနေနှင့်၎င်း၊ ငါ့ဟာဟူသော ကိုယ့်ဥစ္စာ အနေနှင့်၎င်း
ချစ်ခင်တပ်မက်ခြင်း ကင်းကြကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော့။
ဧဝံ ဝိရတ္တာ၊ ဤသို့ ချစ်ခင်တပ်မက်ခြင်း ကင်းကြကုန်သည် ရှိသော်။
မေ သိဿာ၊ ငါ့တပည့်တို့သည်။
မစ္စုဓေယျံ၊ သုံးဆယ့်တဘုံ တည်းဟူသော သေမင်းနိုင်ငံကြီးကို။
တရိဿထ၊ လွန်မြောက်ကြကုန်လတ္တံ့။
ဣတိ၊ ဤတွင် တပည့်များအား တိုက်တွန်းဆုံးမသော အနုသာသနီဂါထာ ပြီး၏။ ၁၇။

ဣတိ အဘိဓမ္မေန သုညတနယော။

ဘိဓမ္မေန၊ အဘိဓမ္မာနည်းအားဖြင့်။
သုညတနယော၊ ရုပ်ဓာတ် ငါးပါးတို့ကို အတ္တ အတ္တနိယ ပျောက်ကင်းကွယ်သုဉ်း၍
သွားအောင် ကြည့်ရှုပုံ သုညတနည်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

အဘိဓမ္မာသုညတနည်း ပြီး၏။

အနိစ္စအားဖြင့် သုညတရှုပုံ

တပည့်တို့ - ဤရုပ်ဓာတ် ငါးပါးတို့ကို “နေသော ဟမသ္မိ နေတံမေ” ဟူသော
ဥဒ္ဒေသအရ ငါဟူသော အတ္တ၊ ငါ့ဟာဟူသော အတ္တနိယ ပျောက်သုဉ်း၍ သွားအောင်
အဘိဓမ္မာနည်းအားဖြင့် ကြည့်ရှုပုံ သုညတနည်းကို ပြဆိုဟော ကြားပြီး၍
ယခုတဖန် ဤရုပ်ဓာတ် ငါးပါးတို့ကိုပင်လျှင် အနိစ္စအားဖြင့် အတ္တ အတ္တနိယ
ပျောက်သုဉ်း၍ သွားအောင် ကြည့်ရှုပုံ သုညတနည်း
ကို ပြဆို ဟောကြားဦးအံ့။

တပည့်တို့ - ဤရုပ်ဓာတ် ငါးပါးတို့တွင် အာကာသဓာတ်ကိုကား သဘော
တရားကိုယ် မရှိသော ပညတ် အသင်္ခတဓာတ်ဖြစ်၍ ဤအနိစ္စ အရာ၌၎င်း၊
အထက် ဒုက္ခအရာ အနတ္တအရာတို့၌၎င်း အလိုမရှိအပ်သဖြင့် မပြဆိုပြီ။
သင်္ခတဖြစ်သော ဓာတ်ကြီး လေးပါးတို့ကိုသာ ပြဆိုဟောကြား တော့အံ့။

တပည့်တို့ - ဤ ဓာတ်ကြီးလေးပါးဟူသော သင်္ခါရတရားတို့သည်ကား
အမြဲတည်ရှိ၍ မနေပြီ၊ ဖြစ်ပြီးလျှင် ပျက်စီးတတ်ကုန်၏။ ထို့ကြောင့်
မမြဲသော အနိစ္စ တရားတို့ သာလျှင်တည်း။

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈနတော သာဓဝေ သင်္ခါရာ အနိစ္စာ။
ဟုတွာ အဘာဝတော သာဓဝေ သင်္ခါရာ အနိစ္စာ။

သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်ကား။
ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပေါ်ပြီး၍။
နိရုဇ္ဈနတော၊ ချုပ်ပျက်ခြင်းကြောင့်။
အနိစ္စာ၊ မမြဲသော အနိစ္စတရားတို့သာလျှင်တည်း။
သာဓဝေ၊ အို- တပည့်အပေါင်း သူတော်ကောင်းတို့။
သင်္ခါရာ၊ သင်္ခါရ တရားတို့သည်ကား။
ဟုတွာ၊ ဖြစ်ပေါ်ပြီး၍။
အဘာဝတော၊ မရှိခြင်းကြောင့်။
အနိစ္စာ၊ မမြဲသော အနိစ္စတရားတို့သာလျှင်တည်း။

ကမ္ဘာပျက်ပြီး၍ တဖန်တည်ထောင်၍လာပုံကိုပြခြင်း

တပည့်တို့ - ဤဓာတ်ကြီးလေးပါး သင်္ခါရတရားတို့သည် အဘယ်ကဲ့သို့
ဖြစ်ပြီး၍ ပျက်သနည်း ဆိုသော် တပည့်တို့ - ဤကမ္ဘာမှ ရှေးအနန္တရ
ဒုတိယကမ္ဘာကြီးကို မီးတွေလောင်၍ အကုန်လုံး ပျက်စီး၍ ကုန်သည်
စကြဝဠာ ကုဋေတသိန်းလုံး အကုန် ဘာမျှမကုန်ဘဲ မီးတွေလောင်၍
ပျက်စီး ချုပ်ပျောက်၍ ကုန်သည်၊

စကြငဠာ ကုဋေတသိန်းကို ခံ၍ နေသော ယူဇနာ လေးသိန်း ရှစ်သောင်း
အထု ရှိသော စကြဝဠာခံ ရေပြင်ကြီးလည်း နှင်းပေါက်လောက်မျှ မကျန်
အကုန်လုံး ခန်းခြောက် ပျောက်၍ ကုန်သည်၊ လူ့ဘုံ နတ်ပြည် ခြောက်ထပ်,
ပဌမဈာန် ဗြဟ္မာ့ဘုံ သုံးဘုံထိ ရှိရှိသမျှ အစိုင်အခဲ အထည်ဝတ္ထု သင်္ခါရ
တရားတွေ
သည် အကုန်လုံး မီးတွေလောင်၍ကုန်သည်၊ မီးသွေးမျှလည်း မကျန်ပြီ၊
ပြာမျှလည်း မကျန်ပြီ၊ အကုန်လုံး ချုပ်ပျောက်၍ ကုန်လေ၏

အထက်ကောင်းကင်နှင့် အောက်ကောင်းကင် တစပ်တည်းစပ်လျက် ဟာလာဟင်း
အမိုက်တိုက်ကြီးအတိ
ဖြစ်နေလေ၏။ အပါယ်လေးဘုံ သတ္တဝါ, လူသတ္တဝါ
နတ်သတ္တဝါ, ပဌမဈာန်ဘုံ ဗြဟ္မာသတ္တဝါ တွေလည်း အကုန်လုံး သေကြေ ပျောက်
ပျက်လျက် အထက် တတိယဈာန် ဗြဟ္မာဘုံ စသည်တို့သို့ ရောက်၍ ဗြဟ္မာတွေချည်း
ဖြစ်ကြလေကုန်၏။ များသောအားဖြင့်ကား အာဘဿရ ဗြဟ္မာဘုံသို့ ရောက်ကြ လေကုန်၏။

တပည့်တို့ - ဤ မီးလောင်ပြင် ဟာလာဟင်းကြီးထဲ၌ အောက် အဘိဓမ္မာနည်း
ဓာတ်ခွဲခဏ်း၌ ပြဆို ခဲ့သော မှောင်ရုပ် မီးကလာပ်တွေသာ ကျန်ရှိ၍ နေလေတော့၏။
ဤမှောင်ရုပ် မီးကလာပ်ကိုကား အလွန်သိမ်မွေ့ခြင်းကြောင့် လောက၌ ရုပ်ဟူ၍ပင်
သင်္ခါရဟူ၍ပင် မခေါ်ဆို မရေတွက်ကြပြီ။ ကောင်းကင် အာကာသဓာတ်
ဟူ၍သာ ခေါ်ဆို ရေတွက်ကြ၏။

တပည့်တို့ - ဤကဲ့သို့ မီးတွေလောင်၍ ပျက်စီးပြီးသည်နောက် ရှည်စွာသော
အဓွန့် ကာလကို လွန်သောအခါ အထက်ပိုင်း မှောင်ရုပ် မီးကလာပ်တို့က
သီတလွန်ကဲ၍ အောက်ပိုင်း မှောင်ရုပ် မီးကလာပ်တို့က ဥဏှလွန်ကဲလျက်
အထက်သို့တက်၍ သီတမီးနှင့် အထိတွင် ချွေးပြန်လျက် အရည်ဖြစ်၍
ကမ္ဘာပြု မိုဃ်းကြီးရွာသဖြင့် အောက်ကိုလည်း ယူဇနာ ကိုးသိန်း ခြောက်သောင်း
အထုရှိသော လေပြင်ကြီးကို အထိ၊ အထက်ကိုလည်း ပဌမဈာန် ဗြဟ္မာဘုံ
သုံးဘုံအထိ နံဘေး ထက်ဝန်းကျင်ကိုလည်း စကြဝဠာ ကုဋေတသိန်း
နေရာတိုင်တိုင် မီးလောင်ရာဌာန အကုန်လုံး ရေတွေ ပြည့်၍ နေလေ၏

နတ်ဗြဟ္မာဘုံတို့၏ တဖန်ဖြစ်ပေါ်၍လာပုံကို ပြခြင်း

တပည့်တို့ - ထိုရေတွေသည် လှိုင်းထလျက် အနယ်ကျလျက် ပြစ်လျက်
တဖြည်းဖြည်း ခန်း၍ ခန်း၍ လျော့ကျလာသဖြင့် ရှည်စွာသော အဓွန့်ကာလကို
လွန်သောအခါ ပဌမဈာန် ဗြဟ္မာဘုံ နေရာ အောက်သို့ ရောက်၏။
ထိုအခါ ထိုပဌမဈာန်ဘုံနေရာ၌ သတ္တဝါမှ ဆိတ်သော ဗြဟ္မာဘုံဗိမာန်တို့သည်
ဘွားကနဲ ဘွားကနဲ ဖြစ်ပေါ်ကြလေကုန်၏

ထိုအခါ အထက် ဗြဟ္မာဘုံတို့မှ ဗြဟ္မာ သတ္တဝါတို့သည် အာယုက္ခယ ကမ္မက္ခယ
ဥဘယက္ခယ
ဟူသော မရဏုပ္ပတ္တိ သုံးပါးတို့တွင် တပါးပါးဖြင့် စုတေသေဆုံး၍
သတ္တဝါမှဆိတ်သော ဤ ဗြဟ္မာဘုံ ဗိမာန်တို့သို့ ရောက်၍ ဗြဟ္မာ ဖြစ်ကြလေကုန်၏။

ပျက်စီးသော လောက အသစ်တဖန် ဖြစ်ပေါ် တည်ထောင်၍ လာပုံ
တပည့်တို့ - ကောင်းမွန်စွာ မှတ်ကြ သိကြကုန်။

ဤနည်းတူ ထိုရေတို့သည် တဖြည်းဖြည်း ခန်း၍ ခန်း၍ လျော့ကျ၍ လာသဖြင့်
ဝသဝတ္တီ နတ်ဘုံ နေရာအောက်သို့ ရောက်လျှင် ထိုဝသဝတ္တီ နတ်ဘုံနေရာ၌
သတ္တဝါမှ ဆိတ်သော နတ်ဘုံဗိမာန် တို့သည် ဘွားကနဲ ဘွားကနဲ ဖြစ်ပေါ်ကြကုန်၏၊
ထိုအခါ အထက် ဗြဟ္မာဘုံတို့မှ ဗြဟ္မာသတ္တဝါ တို့သည် စုတေသေဆုံး၍
သတ္တဝါမှ ဆိတ်သော ဤနတ်ဘုံဗိမာန်တို့သို့ ရောက်၍ ဝသဝတ္တီနတ် ဖြစ်ကြလေကုန်၏၊

ဤနည်းတူ တဖြည်းဖြည်း ခန်း၍ ခန်း၍ လျော့ကျ လာ၍ အစဉ်အတိုင်း --

နိမ္မာနရတိ နတ်ဘုံ ဖြစ်ပေါ်တည်ထောင်လေ၏၊
တုသိတာ နတ်ဘုံ ဖြစ်ပေါ် တည်ထောင်လေ၏၊
ယာမာနတ်ဘုံ ဖြစ်ပေါ် တည်ထောင်လေ၏၊

ဤဆိုအပ်ပြီးသော ဘုံစုကား ကောင်းကင်၌တည်သော အာကာသဋ္ဌ ဘုံစုတည်း။

စကြဝဠာ ဖြစ်ပေါ်တည်ထောင်၍လာပုံကို ပြခြင်း

ဤနည်းတူ တပည့်တို့ - ထိုရေတို့သည် တဖြည်းဖြည်း ခန်း၍ ခန်း၍ လျော့ကျ
လာသဖြင့် တာဝတိံသာ နတ်ဘုံတည်နေရာ မြင့်မိုရ်တောင် ထိပ်ဖျားအရပ်သို့
ရောက်လျှင် ထိုမြင့်မိုရ်တောင် ဖြစ်မည့်နေရာ၌ ရေတို့သည် ပြစ်ချွဲကုန်၏
လွန်စွာ ပြစ်ချွဲကုန်၏၊ မြေမှုန့်တပြည် ရေနှစ်ပြည် ရောမွှေ၍ ထားဘိသကဲ့သို့နေ၏၊

ထိုထက်အလွန် တဖြည်းဖြည်း ပြစ်၍ ပြစ်၍သွားသဖြင့် ကာလကြာလျှင်
ရွှံ့ပြစ်ချွဲကြီး ရွှံ့လွှာ ခဲကြီးဖြစ်၍ သွား၏၊ ဤရွှံ့လွှာခဲကြီးကား လှည်းဘီးလို
ဝိုင်းဝိုင်းကြီး။ တပည့်တို့ - အကျယ်လည်း စတုရန်း ယူဇနာ ရှစ်သောင်း
လေးထောင် ကျယ်၏၊ ဤ ရွှံ့လွှာခဲကြီး၏ နံဘေးထက်ဝန်းကျင် ရေစုကား
လွန်စွာကြည်၏ ကျဲ၏

ထို့နောင် ကာလကြာလျှင် ဤရေကြည် ရေကျဲတို့သည် ခန်းလျက် လျော့ကျ၍ လာ၏၊
မြင့်မိုရ် ရွှံ့လွှာခဲကြီးကား မလျော့ကျဘဲ ခဲတည်မြဲနေရာ၌ တည်၍ အောက်သို့
တိုး၍ ခဲလျက် ထူ၍ ထူ၍ လိုက်၏၊ ရေကြည် ရေကျဲ၊ တို့သည် ဤကဲ့သို့
လျော့ကျ လာသဖြင့် စကြ၀ဠာတံတိုင်း ထိပ်ဖျားနှင့် အမျှ လောက်ရောက်လျှင်
စကြဝဠာ တံတိုင်း ဖြစ်မည့်နေရာ၌ ရေတို့သည် ပြစ်ချကုန်၏၊ ကြာလျှင်
ရွှံ့လွှာရွှံ့ခဲ ဖြစ်ပြန်၏၊ ကြွင်းသော နေရာတို့၌ ရေတို့သည် လွန်စွာ ကြည်၏ ကျဲ၏။

တောင်စဉ်ခုနစ်ထပ်ကိုပြခြင်း

ရှေးနည်းတူ တပည့်တို့ - ရွှံ့တို့ကား ကျန်ရစ်၍ ရေကြည် ရေကျဲတို့သာ ခန်းလျက်
လျော့ကျလာ သဖြင့် အစဉ်အတိုင်း ရေပြင်ခြားလျက် ခြားလျက် –

၁။ ယုဂန္ဓိုရ်တောင်
၂။ ဣသိန္ဓိုရ်တောင်
၃။ ကရဝိကတောင်
၄။ သုဒဿနတောင်
၅။ နေမိန္ဓရတောင်
၆။ ဝိနတကတောင်
၇။ အဿကဏ်တောင်

ဟု တောင်စဉ်ခုနစ်ထပ် ရွှံ့လွှာ ရွှံ့ခဲတို့သည် ဖြစ်ပေါ်ကြကုန်၏

ကျွန်းကြီးလေးကျွန်းတို့၏ ဖြစ်ပေါ်ပုံ
သမုဒ္ဒရာအိုင်တို့၏ ပမာဏကိုပြခြင်း

ထို့နောင် ဟိမဝန္တာတောင် ရွှံ့ခဲ ဟိမဝန္တာအောက်ငယ်သော တောင်ကြီး တောင်ငယ်
ရွှံ့ခဲ, ကျွန်းမြေ, ရွှံ့လွှာ, ရွှံ့ခဲတို့သည်လည်း အစဉ်အတိုင်း ဖြစ်ပေါ်၍ လာကြကုန်၏။
ဟိမဝန္တာ ရွှံ့ခဲအတွင်း၌ အိုင်ကြီး ခုနစ်အိုင် ဖြစ်မည့် နေရာတို့၌၎င်း၊
သမုဒ္ဒရာဖြစ်မည့် နေရာတို့၌၎င်း ပကတိရေကြည် ရေကျဲ အတိုင်းပင် နေလေ၏။

အဿကဏ်တောင်၏ ပြင်ဘက်ကို ပတ်လည်ဝိုင်း၍ နေသော သမုဒ္ဒရာနှင့်
စကြဝဠာ ခြေရင်းက သမုဒ္ဒရာသည် မြင့်မိုရ်တောင်မှ ထောင့်လေးထောင့်
အရပ်တို့၌ အချင်းချင်း တစပ်တည်း တဆက်တည်း နေကြ၏၊

ဤ သမုဒ္ဒရာ နှစ်ခုတို့၏အကြား မြင့်မိုရ်တောင်မှ လေးပါးသော မျက်နှာအရပ်တို့၌
ကျွန်းငယ်ငါးရာစီ အခြံအရံနှင့်တကွ ကျွန်းကြီးလေးကျွန်းတို့၏ ဖြစ်ပေါ်ကုန်၏။

အရှေ့ကျွန်း အနောက်ကျွန်းတို့ကား ယူဇနာ ခုနစ်ထောင်စီ ကျယ်၏။
မြောက်ကျွန်း ရှစ်ထောင်ကျယ်၏။
တောင်ကျွန်း တသောင်း ကျယ်၏။

တောင်စဉ် သမုဒ္ဒရာတို့၏ ပမာဏကို ပြခြင်း

တပည့်တို့ - ရေနှစ်ဆ ထည့်၍ ကျိုအပ်သော ဖယောင်းရည်တွေသည် အေးအောင်
ထားသောအခါ ရေအပြင်သို့ တက်လျက် အပေါ်ရံ မှစ၍ အောက်သို့
တဖြည်းဖြည်း ခဲ၍ သွားဘိသကဲ့သို့၎င်း၊ ထို့နည်းအတူ ကျိုအပ်သော
အမဲဆီရည်တွေသည် အေးအောင် ထားသောအခါ ရေအပြင်သို့ တက်လျက်
အပေါ်ရံမှစ၍ အောက်သို့ တဖြည်းဖြည်း ခဲ၍ သွားဘိသကဲ့သို့၎င်း၊

ထို့အတူ ဤဆိုအပ်ခဲ့ပြီသော မြင့်မိုရ် ရွှံ့ခဲ အစရှိသော ရွှံ့လွှာ ရွှံ့ခဲတို့သည်
အပေါ်ရံမှ စ၍ အောက်သို့ တိုး၍ ခဲလျက် ထူ၍ ထူ၍ သွားသဖြင့်
မဟာပထဝီ ကျွန်းမြေပေါ်မှ အောက်သို့ ခြောက်ရာ ငါးဆဲ့ခြောက် ယူဇနာ
တဂါဝုတ်လောက် ထူသော နက်သောအခါ
ကျွန်းမြေနှင့် အဿကဏ်တောင်
မြေအခြေချင်း စပ်လျက် တခုတည်း တလုံးတည်းဖြစ်၍ အောက်သို့ တိုး၍ ခဲလျက်
ထူ၍ ထူ၍ သွားလေ၏။

ထို့ကြောင့် ဤ အဿကဏ်တောင်သည် ရေထဲသို့ ခြောက်ရာ့ ငါးဆဲ့ခြောက် ယူဇနာ
တဂါဝုတ် နစ်သည်
။ ရေမှအပေါ်သို့လည်း ထိုမျှလောက်ပင် ပေါ်တက်သည် ဟု ဆိုအပ်၏။
ထုလည်း ထိုမျှလောက်ပင် ထူ၏။

ဤသို့ တောင်နစ်ပုံကို ပြသဖြင့် ဤတောင်၏ ပြင်ဘက် ခြေရင်းကရှိသော
ဗဟိသမုဒ္ဒရာသည် ထိုခြောက်ရာ့ ငါးဆဲ့ ခြောက်ယူဇနာ တဂါဝုတ် နက်သည်
ဟူသော စကားသည် မပြောဘဲလျက် အလိုလို အဝုတ္တသိဒ္ဓိအားဖြင့်
ပြီးလေတော့၏။ အကျယ်လည်း ထိုမျှလောက်ပင် ကျယ်၏၊

ဝိနတကတောင်သည် အဿကဏ်တောင်ထက် တပိုးတိုး၍ ရေထဲသို့ နစ်၏။
ရေမှပေါ်တက်၏။ ထုလည်းထူ၏။ ဤ၌လည်း သမုဒ္ဒရာ၏ အနက် အကျယ်
ပမာဏသည် ဤဝိနတကတောင် နက်သလောက်ပင်နက်၏ ဟူသောစကားသည်
မပြောဘဲနှင့် အလိုလို အဝုတ္တသိဒ္ဓိအားဖြင့် ပြီးလေတော့၏။
အကျယ်လည်း ထို နက်သလောက်ပင် ကျယ်၏။

ဤနည်းအတူ တပည့်တို့ - မြင့်မိုရ်ခြေရင်းက သမုဒ္ဒရာနှင့် မြင့်မိုရ်တောင်အထိ
ကြွင်းသောသမုဒ္ဒရာ ကြွင်းသောတောင်စဉ်တို့သည် အစဉ်အတိုင်း တပိုး တပိုး
တိုး၍ တိုး၍ နက်ကြ၊ ကျယ်ကြကုန်၏။ ရေထဲသို့ နစ်ကြ ရေမှ ပေါ်တက်ကြကုန်၏။
ထို့ကြောင့် နေမိဇာတ် ပါဠိတော်၌

ဧတေ သီဒန္တရေ နဂါ၊ အနုပုဗ္ဗ သမုဂ္ဂတာ။
မဟာရာဇာန မာဝါသာ၊ ဒေဝယက္ခနိသေဝိတာ။
ဟု မာတလိနတ်သား နေမိမင်းကြီးအား ပြောကြား လေ၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။
သီဒန္တရေသီဒါတို့၏ အကြားအကြား၌။
ဧတေနဂါ၊ ဤတောင်စဉ်တို့သည်။
အနုပုဗ္ဗသမုဂ္ဂတာ၊ အစဉ်အတိုင်း တပိုးတပိုး တိုး၍တိုး၍ ရေမှပေါ်တက်ကြကုန်၏။
မဟာရာဇာနံ၊ စတုမဟာရာဇ်နတ်မင်းကြီးတို့၏။
အာဝါသာ၊ နေရာဖြစ်ကုန်၏။
ဒေဝယက္ခနိသေဝိတာ၊ ဘီလူးအပေါင်း နတ်အပေါင်းတို့သည် နေထိုင် မှီဝဲအပ် ကုန်၏။

ဤတောင်စဉ်တို့၏ အကြား အကြား၌ ခုနစ်တန်သော သမုဒ္ဒရာရေတို့သည်
အလွန် ကြည်လင် ကုန်၏။ သိမ်မွေ့ကုန်၏။ ထိုသို့ ကြည်လင် သိမ်မွေ့ခြင်းကြောင့်
အလွန် ပေါ့သော ဥဒေါင်းမွှေး ငယ်ကလေးများပင် ကျသော်လည်း ရေပေါ်၌
တည်၍ မနေနိုင်ဘဲ နစ်ရ၏။ ဤသို့ နစ်စေတတ်သော သတ္တိကြောင့်။

“သီဒါ ပေန္တီတိသီဒါ”။

ယေသမုဒ္ဒါ၊ အကြင်ခုနစ်တန်သော သမုဒ္ဒရာတို့သည်။
သီဒါပေန္တိ၊ အလွန် ပေါ့သောဝတ္ထုကိုပင် နစ်စေတတ်ကုန်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
တေ သမုဒ္ဒါ၊ ထိုခုနစ်တန်သော သမုဒ္ဒရာတို့သည်။
သီဒါ၊ သီဒါ မည်ကုန်၏။

ဟူသော ဝစနတ္ထနှင့်အညီ သီဒါဟူ၍ ခေါ်ဆိုအပ်ကုန်၏။ တောင်တို့၏အတွင်း၌
နေခြင်းကြောင့် အန္တောသမုဒ္ဒရာ ဟူ၍လည်း ခေါ်ဆိုအပ်ကုန်၏။
သီဒါ ခုနစ်တန် တောင်စဉ် ခုနစ်ထပ်တို့ သည်ကား မြင့်မိုရ်တောင်ကို
အစပြု၍ အစဉ် အတိုင်း အထပ်ထပ်ဝိုင်း၍ စုပ်၍ စွပ်၍နေသော ရေကွင်း
တောင်ကွင်းကြီးတွေ

တပည့်တို့ - ကျွန်းမြေမှအောက်သို့ ယူဇနာရှစ်သောင်း နှစ်ထောင် နက်သောအခါ
ကျွန်းမြေနှင့် စကြဝဠာ တံတိုင်းမြေစပ်လျက် တခုတည်း တလုံးတည်းဖြစ်၍ သွား၏။
ထို့ကြောင့် စကြဝဠာ တံတိုင်းသည် ရေထဲသို့ ရှစ်သောင်း နှစ်ထောင် နစ်၏
ရေမှလည်း ထိုမျှလောက်ပင် ပေါ်တက်၏ဟု ဆိုအပ်၏။ အထုလည်း
ထိုရေထဲသို့ ရေနစ်သလောက်ပင်ထူ၏။

ဤသို့ စကြဝဠာ နစ်ပုံကိုဆိုသဖြင့် ဤစကြဝဠာ ခြေရင်း၌ရှိသော ဗဟိသမုဒ္ဒရာသည်
ရှစ်သောင်း နှစ်ထောင်နက်၏ ဟူသောစကားသည် အလိုလို မပြောဘဲနှင့် ပြီးလေတော့၏။
အကျယ်လည်း ထိုနက်သလောက်ပင် ကျယ်၏။

တပည့်တို့ - တောင်စဉ်တို့၏ အတွင်း၌ရှိသော သီဒါဟု ခေါ်ဆိုအပ်သော
အန္တောသမုဒ္ဒရာ, အဿကဏ်တောင်မှ ပြင်ဘက် စကြဝဠာတံတိုင်းထိ
တည်ရှိ သော ဗဟိသမုဒ္ဒရာ ဤအလုံးစုံသော သမုဒ္ဒရာတို့သည် ဤကဲ့သို့
နံဘေး ထက်ဝန်းကျင်မှ၎င်း၊ အောက်မှ၎င်း မြေကြီးကန့်ခြား ဆို့ပိတ် လိုက်သော
အခါမှ ငန်သောအရသာ လွန်ကဲလျက် ရေငန်အတိ ဖြစ်၍ သွားကြကုန်၏

ဟိမဝန္တာ တောင်ပေါ်၌ အိုင်ကြီးခုနစ်အိုင် ရေတို့ကား ငန်သော အရသာမရှိဘဲ
အလွန် ကြည်လင် သိမ်မွေ့လျက် ချိုမြိန်ကောင်းမြတ်လေ၏
နတ်တို့ပင် သုံးဆောင်သင့်အောင် ချိုမြိန် ကောင်းမြတ် လေ၏။

အသူရာဘုံနှင့် ငရဲကြီးရှစ်ထပ်တို့ ဖြစ်ပေါ်တည်ဆောက်ပုံ

တပည့်တို့ - အောက်ရေထဲသို့ ရှစ်သောင်း လေးထောင် စူးဝင်သော မြင့်မိုရ်တောင်ခြေ အဆုံးတွင် ရေမခဲခင်က ရေ၏အတွင်း၌ လေပြင်းမုန်တိုင်းကြီး ထလျက် ရေတို့ကို တိုက်လွှင့် ဖယ်ရှား၍ ထက်ဝန်းကျင် ယူဇနာ တသောင်း တိုင်တိုင် ကျယ်အောင် လေခဲ လေပြင်ကြီးဝပ်၍ နေလေ၏၊

နောင် အထက် အောက် နံဘေးတို့မှ ရေတွေ ခဲ၍သွားသောအခါ ဤလေပြင် လေခဲကြီးသည် ချုပ်ပျောက်ငြိမ်သက်၍ သွားသဖြင့် ဥမင်လိုဏ်ခေါင်းကြီးဖြစ်၍ အသူရာတို့နေရာ ဘုံဖြစ်လေ၏၊

ဤငါတို့ ဇမ္ဗူဒီပါ ကျွန်းမြေမှ အောက်သို့ ယူဇနာ တသောင်း ငါးထောင်မျှလောက် နက်သောနေရာ၌ လေပြင်းမုန်တိုင်း ထပြီးလျှင် ဝပ်၍နေရာ သိဉ္ဇိုဝ်းငရဲဘုံကြီး ဖြစ်လေ၏၊

ဤနည်းတူ တပည့်တို့ - အောက်သို့ ယူဇနာ တသောင်း ငါးထောင်စီ ခြားလျက် ထက်ဝန်းကျင် ယူဇနာတသောင်း တိုင်တိုင် ကျယ်အောင် လေဥမင် ထွင်း၍ ထွင်း၍ ကာလသုတ်, သံဃာတ, ရောရုဝ, မဟာရောရုဝ, တာပန, မဟာတာပန, အဝီစိ-ဟု ကြွင်းငရဲကြီး ဘုံခုနစ်ထပ် ဖြစ်လေကုန်၏။

ထို့ပြင် ဝသုန္ဓရာနတ်တွေ, နဂါးတွေနေစရာ မထင်ရှားသော ဥမင်လိုဏ်ငယ် တွေလည်း မဟာပထဝီ မြေကြီးထဲ၌ များစွာ ရှိကုန်သေး၏။

အဝီစိငရဲကြီးမှ မြေပေါ်သို့ ယူဇနာ တသိန်း နှစ်သောင်း ကွာခြား၏။ ဤ တသိန်း နှစ်သောင်းကား ဖုံမြေဟူသော ပံသုပထဝီဖြစ်ရန် ရွှံ့ခဲတည်း၊ ဤအဝီစိငရဲကြီးမှ အောက်သို့ ကျောက်မြေဟူသော သိလာပထဝီ ဖြစ်ရန် ယူဇနာ တသိန်း နှစ်သောင်း တိုင်အောင် ရေတွေခဲ၍သွား၏။ ဤသိလာပံသု နှစ်ခုကိုပေါင်း၍ မဟာပထဝီမြေကြီး သည် နှစ်သိန်း လေးသောင်း အထုရှိ၏ဟု ဆိုအပ်၏။

တပည့်တို့ - ရေနှစ်ဆထည့်၍ ကျိုအပ်သော ဖယောင်းရည် အမဲဆီရည်တို့၌ ဖယောင်းအဆီတို့သည် ရေပေါ်သို့တက်လျက် အကုန်ခဲ၍ သွားသောအခါ နှစ်ဆ များသော ရေကျဲတို့သည် အဆီအနှစ်မှ ကင်းလျက် အောက်၌ ကျန်၍ ဖယောင်းခံ အဆီခံရေဖြစ်၍ နေလေဘိသကဲ့သို့ ထို့အတူ -

ဤကမ္ဘာပြု မိုဃ်းရေ၌ အဆီ အနှစ်တို့သည် အထက်သို့ တက်လျက် စကြဝဠာကြီး ဖြစ်အောင် ခဲ၍ သွားသဖြင့် သိလာပထဝီမှ အောက်၌ ရေမခဲဘဲ အဆီအနှစ်မှ ကင်းသော ပကတိ ရေကျဲ ကြက်တက်ရည်သာ ကျန်လျက် စကြဝဠာခံ ရေဖြစ်၍ နေလေ၏။

ဤစကြဝဠာခံ ရေ၏အထုကား မဟာပထဝီ မြေကြီးထက် တပိုးများ၏။ လေးသိန်း ရှစ်သောင်း ရှိ၏။ ဤရေအောက်၌ ရေကိုခံသော ကိုးသိန်း ခြောက်သောင်း အထု ရှိသော လေပြင်ကြီးရှိ၏။ ဤလေပြင် လေထုအောက်၌ မှောင်ရုပ် မီးကလာပ်တွေ ပြည့်၍ နေသော အနန္တ အဇဋာကာသ ကောင်းကင်ကြီး သာ ရှိတော့၏။

မြင့်မိုရ်တောင်၏ အခြင်းအရာကို ပြခြင်း

တပည့်တို့- - မြင့်မိုရ် ရွှံ့ခဲအစရှိသော ဤဆိုအပ်ခဲ့ပြီးသော အလုံးစုံသော ရွှံ့ခဲတို့သည် ရှေးရှေးကမ္ဘာ၌ ဖြစ်ကြပုံနှင့် ထပ်တူ --

ရွှေဖြစ်တန်သော နေရာ၌ ရွှေ,
ငွေဖြစ်တန်သောနေရာ၌ ငွေ,
ကျောက်ဖြစ်တန်သော နေရာ၌ ကျောက်,
သံဖြစ် တန်သော နေရာ၌ သံ,
သဲဖြစ်တန်သော နေရာ၌ သဲ,
မြေဖြစ်တန်သော နေရာ၌ မြေ,
တောဖြစ်တန်သော နေရာ၌ တော,

အစရှိသည်တို့ဖြင့် မြင့်မိုရ်ထိပ်မှ စလျက် အောက်သို့ အစဉ်အတိုင်း ဖြစ်ကုန်၏။ တပည့်တို့ - မြင့်မိုရ်တောင်ကြီး -

အရှေ့ဘက်ခြမ်းကား ငွေသားအတိ ပြီး၏။
မြောက်ဘက်ခြမ်းကား ရွှေသားအတိ ပြီး၏။
အနောက်ဘက်ခြမ်းကား ဖလ်သားအတိ ပြီး၏။
တောင်ဘက်ခြမ်းကား ပတ္တမြားညိုအတိပြီး၏။
ဖုံမှုန့်မြေ ရွှံ့မြေဟူ၍ မရှိပြီ။
ဤလေးပါးသော ရတနာကျောက်မြေတို့ဖြင့်သာ ပြီး၏။

ထို့ကြောင့် မာတလိနတ်သား နေမိမင်းကြီးအား ရထားပေါ်က အချတွင် “အရဇံဘူမိမက္ကမ” ဟု လျှောက်တင်လေ၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။
အရဇံ၊ ဖုံမရှိသော။
ဘူမိံ၊ ရတနာကျောက်မြေပေါ်ကို။
အက္ကမ၊ နင်းကြွတော်မူလော့။

ဤ ငွေ ရွှေ ဖလ် ပတ္တမြား ဟူသော လေးပါးသော ရတနာကျောက်တို့၏ အရောင် တို့သည် မိမိတို့ ရှိရာ အရပ်၌ရှိသော သမုဒ္ဒရာတို့ကို မိမိတို့နှင့် အဆင်း အရောင် တူစေလျက် စကြဝဠာ တံတိုင်းသို့ ခိုက်အောင် ပြန့်နှံ့ ကြကုန်၏။ ဆီးနှင်း မြူ တိမ် ကင်းစင်သောအခါ ကောင်းကင်၌ ညိုညို မြင်ရသည်ကား ပတ္တမြားညို မြင့်မိုရ်၏ အရောင်ပင်တည်း။ အခိုးတို့နှင့် ရော၍မြင်လျှင် ဖြူပြာပြာနေ၏။

ယူဇနာ ရှစ်သောင်း လေးထောင် ကျယ်သော ဤမြင့်မိုရ်ထိပ် အလယ်၌ သိကြား နတ်တို့ နေစရာ သုဒဿနမည်သော မြို့ကြီး, ယူဇနာတသောင်းကျယ်စွာ မြို့ရိုးနှင့် တကွ ကျုံးနှင့်တကွ ဖြစ်ပေါ်ရ၏။ တမျက်နှာ တမျက်နှာ၌ တံခါး နှစ်ရာ့ငါးဆယ်စီ ပေါင်း မြို့တံခါး တထောင်ရှိ၏။

သိကြားဘုရင်စံရာ တပါးသော နတ်တို့စံစရာ သတ္တဝါမှ ဆိတ်သော ဘုံဗိမာန် တွေလည်း ဖြစ်ပေါ်ကြ လေကုန်၏။ နန္ဒဝန်, စိတ္တလတာ, ဖာရုသက အစရှိသော ဥယျာဉ် ပန်းမာလ် တို့လည်း ပေါက်ကြ လေကုန်၏။ ကြာငါးပါးဖြင့် ပြွမ်းသော မြစ်တွေ ရေကန် တွေလည်း ရှိကြလေကုန်၏။

သစ်ပင်ကြီးခုနစ်ပင်ကို ပြခြင်း

မြင့်မိုရ်တောင်ထိပ်၌ ရှေးဦး ပထမပေါက်သော သစ်ပင်ကား ပင်လယ်ကသစ်ပင် တည်း။ ၁။ ဤကသစ်ပင်ကြီးသည် ပင်မလုံးပတ် တဆဲ့ငါးယူဇနာ ရှိ၏။ မြေမှ ခွဆုံအထိ ယူဇနာ ငါးဆယ်ရှိ၏။ ခွဆုံမှခေါင်ကိုင်းအဆုံး ယူဇနာ ငါးဆယ် ရှိ၏။ လေးမျက်နှာ ဖြာသော ကိုင်းတို့လည်း ယူဇနာ ငါးဆယ်စီ ရှိကြ၏။ ထို့ကြောင့် ယူဇနာ တရာမြင့်၏၊ ပြန့်ကျယ်၏၊ ကမ္ဘာပျက်မှ ပျက်စီး၏။

ထိုကသစ်ပင်ကြီး အတူ တပါးသောသစ်ပင်တို့ မပေါက်မီ ရှေးဦးပထမ ကမ္ဘာဦးက ပေါက်၍ ကမ္ဘာ ပျက်မှ ပျက်စီးသော သစ်ပင်ကြီးတို့ကား မြင့်မိုရ်တောင် ခြေရင်း၌ ပဌမအထပ်ဟူသော အာလိန်၌ နဂါး, ဒုတိယအထပ်ဟူသော အာလိန်၌ ဂဠုန်၊

၂။ ထိုဂဠုန်ပြည်၌ လက်ပံပင်ကြီး
၃။ အသူရာပြည်၌ သခွပ်ပင်ကြီး
၄။ အရှေ့ကျွန်း ဟိမဝန္တာ မြောက်သမုဒ္ဒရာ ကမ်းထိပ်ကျွန်းဦး၌ ကုက္ကိုပင်ကြီး
၅။ မြောက်ကျွန်း ဟိမဝန္တာ မြောက်သမုဒ္ဒရာ ကမ်းထိပ် ကျွန်းဦး၌ ပဒေသာပင်ကြီး
၆။ အနောက်ကျွန်း ဟိမဝန္တာ မြောက်သမုဒ္ဒရာ ကမ်းထိပ်ကျွန်းဦး၌ ထိမ်ပင်ကြီး
၇။ တောင်ကျွန်း ဟိမဝန္တာ မြောက်သမုဒ္ဒရာ ကမ်းထိပ်ကျွန်းဦး၌ သပြေပင်ကြီး

ဟု ကသစ်ပင်နှင့်တကွ ပေါင်း သစ်ပင်ကြီး ခုနစ်ပင်ရှိ၏။
ထို့ကြောင့် လောကဝိဒူ ပညာရှိတို့သည် -

ပါဋလီ သိမ္ဗလီ ဇမ္ဗူ၊ ကဒမ္ဗော ပါရိဆတ္တကော။
သိရီသော ကပ္ပရုက္ခော စ၊ ကပ္ပဋ္ဌာ သတ္တိ မေ ဒုမာ။

ဟု မိန့်ဆိုကြကုန်၏။

ပါဋလီ စ၊ အသူရာပြည်၌ ရှေးဦး ပဌမပေါက်သော သခွပ်ပင်သည်၎င်း။
သိမ္ဗလီ စ၊ ဂဠုန်ပြည်၌ ရှေးဦး ပဌမပေါက်သော လက်ပံပင်သည်၎င်း။
ဇမ္ဗူ စ၊ တောင်ကျွန်း၌ ရှေးဦး ပဌမပေါက်သော သပြေပင်သည်၎င်း။
ကဒမ္ဗော စ၊ အနောက်ကျွန်း၌ ရှေးဦး ပဌမပေါက်သော ထိမ်ပင်သည်၎င်း။
ပါရိဆတ္တကော စ၊ တာဝတိံသာ၌ ရှေးဦး ပဌမပေါက်သော ကသစ်ပင်သည်၎င်း။
သိရီသော စ၊ အရှေ့ကျွန်း၌ ရှေးဦး ပဌမပေါက်သော ကုက္ကိုပင်သည်၎င်း။
ကပ္ပရုက္ခော စ၊ မြောက်ကျွန်း၌ ရှေးဦး ပဌမပေါက်သော ပဒေသာပင်သည်၎င်း။
ဣမေ သတ္တ ဒုမာ၊ ဤသစ်ပင်ကြီး ခုနစ်ပင်တို့သည်။
ကပ္ပဋ္ဌာ၊ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျ ကပ်ပတ်လုံး တည်ကြကုန်၏။

ဤသစ်ပင်ကြီး ခုနစ်ပင်တို့ကား ပင်မ လုံးပတ် အကျယ် အပြန့် အနိမ့် အမြင့် အလုံးစုံ တူကြ၏။

တာဝတိံသာနတ်ဘုံ ဖြစ်ပေါ် တည်ထောင်ပုံကို ပြခြင်း

တပည့်တို့ - ဤမြင့်မိုရ်တောင်ထိပ်မြေ အရပ်သည် အလုံးစုံသော မြေအရပ်တို့ မဖြစ်ပေါ်မီ ရှေးဦးပဌမ ဖြစ်ပေါ်၏၊ ထိုကြောင့် ဤမြင့်မိုရ်တောင်ထိပ် မြေအရပ်ကို -

“တာဝ ပဌမံ တိသတိ ပါတု ဘဝတီတိ တာဝတိံသော”

ယောဘူမိ ပဒေသော၊ အကြင်မြင့်မိုရ်တောင်ထိပ် မြေအရပ်သည်။
တာဝ ပဌမံ၊ တပါးသောမြေတို့ မဖြစ်ပေါ်မီ ရှေးဦးစွာ။
တိသတိ ပါတုဘဝတိ၊ ဖြစ်ပေါ်၏။
ဣတိ တသ္မာ၊ ထိုကြောင့်။
သော ဘူမိပဒေသော၊ ထိုမြင့်မိုရ်တောင်ထိပ် မြေအရပ်သည်။
တာဝတိံသော၊ တာဝတိံသ မည်၏”

ဟူသော ဝစနတ္ထနှင့်အညီ တာဝတိံသဟု ကမ္ဘာဦးသူ နတ်လူ ပညာရှိတို့ ခေါ်ဆို သမုတ်ကြကုန်၏။

တာဝတိံသ အရပ်၌ဖြစ်သော နတ်ဘုံသည် တာဝတိံသာ နတ်ဘုံမည်၏။ ဤ တာဝတိံသာနတ်ဘုံ နေရာတကျ ဖြစ်ပေါ်ပြီးသောအခါ အထက်ဗြဟ္မာပြည်မှ ဗြဟ္မာ သတ္တဝါတို့သည် အာယုက္ခယစသော မရဏုပ္ပတ္တိ သုံးပါးတို့တွင် တပါးပါးဖြင့် စုတေ သေဆုံး၍ သတ္တဝါမှ ဆိတ်သော ဤတာဝတိံသာ နတ်ဘုံသို့ ရောက်၍ နတ်ဖြစ်ကြ လေကုန်၏။

စတုမဟာရာဇ်နတ်ဘုံ ဖြစ်ပေါ်တည်ထောင်ပုံကို ပြခြင်း

စကြဝဠာ တံတိုင်းကြီးလည်း အထူးထူးသော ရတနာ ကျောက်တို့ဖြင့် ပြီးသော ကျောက်တံတိုင်းကြီး ဖြစ်လေ၏၊ ယုဂန္ဓိုရ်တောင်ကြီးလည်း အထူးထူးသော ရတနာ ကျောက်တို့ဖြင့် ပြီးသော ကျောက်တောင်ကြီး ဖြစ်လေ၏၊ ကြွင်းသော တောင်စဉ် တို့လည်း ထိုနည်းတူ ဖြစ်ကြလေ၏၊

ယုဂန္ဓိုရ် တောင်ထိပ်လောကပါလ နတ်မင်းကြီး လေးယောက်တို့ နေစရာ ဥယျာဉ် ပန်းမာလ် နှင့်တကွ သတ္တဝါ ဆိတ်သော ဘုံဗိမာန်တို့သည် ဖြစ်ပေါ်ကြလေ ကုန်၏၊ နတ်မင်းကြီး လေးပါးမှ ကြွင်းသော တပါးသော နတ်တို့နေစရာ ဘုံဗိမာန် တွေလည်း ဖြစ်ပေါ်ကြလေကုန်၏။

နေ, လ နက္ခတ်တို့ ဖြစ်ပေါ်လာပုံကို ပြခြင်း

ဤယုဂန္ဓိုရ် တောင်ထိပ်နှင့်အမျှ ကောင်းကင် တပြင်လုံး၌လည်း သတ္တဝါမှ ဆိတ်သော နေ လနှင့် တကွ ကြယ်ဗိမာန်တွေသည် ဘွားကနဲ ဘွားကနဲဖြစ်ပေါ်ကြ ကုန်လျက် တမိုဃ်းလုံး နှံ့အောင် ဖြစ်ပေါ်ကြကုန်လျက် မြင့်မိုရ်တောင်ကို လက်ျာရစ် လှည့်၍ မြှား၏လျင်ခြင်းထက် ဆယ်ဆမက လျင်မြန်စွာ ပြေးသွားကြကုန်၏၊

ဤနေ လ နက္ခတ်တို့ ဖြစ်ပေါ်ရာ ကောင်းကင်ပြင်နှင့်တကွ ယုဂန္ဓိုရ် တောင်ထိပ်အရပ်ကို လောကပါလ နတ်မင်းကြီး လေးယောက်တို့နေရာ စိုးအုပ်ရာဖြစ်၍ စတုမဟာရာဇ် နတ်ဘုံဟု ခေါ်ဆိုသမုတ်အပ်၏၊ ဤစတုမဟာရာဇ် နတ်ဘုံ နေရာတကျ ဖြစ်ပေါ်ပြီးသောအခါ အထက် ဗြဟ္မာဘုံမှ ဗြဟ္မာသတ္တဝါတို့သည် အာယုက္ခယ စသော မရဏုပ္ပတ္တိသုံးပါးတို့တွင် တပါးပါးဖြင့် စုတေသေဆုံး ၍ သတ္တဝါမှဆိတ်သော ဤစတုမဟာရာဇ်နတ်ဘုံသို့ရောက်၍ နတ်ဖြစ်ကြလေ၏။

ဘုံစဉ်တို့၏ အကွာအခြား ပမာဏကို ပြခြင်း

စတုမဟာရာဇ် နတ်ဘုံမှ လူ့ပြည်သို့လည်း ယူဇနာ လေးသောင်း နှစ်ထောင် ကွာခြား၏။
အထက်တာဝတိံသာသို့လည်း လေးသောင်း နှစ်ထောင်ပင် ကွာခြား၏၊
ဤနည်းတူ အထက်, အထက် နတ်ဘုံတွေလည်း လေးသောင်း နှစ်ထောင်စီချည်း ကွာခြားကြ၏၊

အထက်ဆုံး ဝသဝတ္တီနတ်ဘုံမှ ဗြဟ္မာပြည်သို့ ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင် က္ခာခြား၏၊ ဤနည်းတူ အထက် အဆင့်ဆင်သော ဗြဟ္မာဘုံတွေလည်း ငါးသန်း ငါးသိန်း ရှစ်ထောင်စီချည်း က္ခာခြားကြ၏။

သမုဒ္ဒရာ အသူရာပြည်တို့၌ အထူးထူးအထွေထွေ ဖြစ်ပေါ်ပုံကိုပြခြင်း

သမုဒ္ဒရာထဲ၌လည်း ရွှေ ငွေ, စိန်, မြ, ပတ္တမြား, သံ, ဖလ် အစရှိသော အထူး ထူးသော ရတနာကျောက်တွေ ဖြစ်ကြလေကုန်၏၊ စကြရတနာကြီးလည်း ဖြစ်လေ၍ ကျောက်ခေါင်း, ကျောက်လိုဏ်တွေလည်း ဖြစ်လေ၏၊ ကျောက်ခဲ သလဲတွေလည်း ဖြစ်လေ၏၊ အသူရာပြည်၌လည်း ရွှေ ငွေ, စိန်, မြ ပတ္တမြား အစရှိသော ရတနာ ကျောက်မြေအတိ ပြီးလေ၏၊ ဥယျာဉ်ပန်းမာလ်နှင့် တကွ သတ္တဝါမှ ဆိတ်သော နတ်ဘုံဗိမာန်တွေလည်း ပေါက်လေကုန်၏၊

အသူရာဘုံ နေရာတကျ ဖြစ်ပြီးသောအခါ ရှေးနည်းတူ ဗြဟ္မာသတ္တဝါတို့ စုတေပြီးလျှင် ရောက်လာ၍ အသူရာနတ် ဖြစ်ကြလေကုန်၏။ ဤအသူရာနတ်ကို တာဝတိံသာနတ်နှင့် အသက် တမ်းချင်း, အဆင်းအရောင်ချင်း, ဘုန်းတန်ခိုးချင်း တူသောကြောင့် တာဝတိံသာနတ်သို့ သင်္ဂြိုဟ် ရေတွက် အပ်ကုန်၏။ တာဝတိံသာ နတ်တို့လောက် ရဲရင့်ခြင်း သူရသဘော မရှိခြင်းကြောင့်ကား အသူရာဟု အမည် တွင်ကြလေ၏။

ငရဲကြီးရှစ်ထပ်၌ အထူးထူး အထွေထွေ ဖြစ်ပေါ်ပုံကိုပြခြင်း

ငရဲကြီးရှစ်ထပ်၌ကား များသောအားဖြင့် အလုံးစုံ သံမြေတွေချည်း ပြီးလေကုန်၏။ အလုံးစုံ မီးဟုန်းဟုန်း တောက်၍နေသော နေရာတွေသာ များလေကုန်၏။ အလုံးစုံ တွင်းတွေ ကျင်းတွေ ဖုတွေ ထစ်တွေ ဆူးငြောင့်ခလုတ်တွေ သင်ဓုန်းသွားစီသော မြေတွေသာ များလေကုန်၏။ ရေတွေလည်း ကျိုက်ကျိုက်ဆူ ပူသော မြစ်ရေ ချောင်းရေတွေသာ ရှိလေကုန်၏။ သစ်ပင်တွေလည်း သန်လျက်ပင်တွေ မီးဟုန်းဟုန်း တောက်၍နေသော သံဆူးပင်တွေသာ ပေါက်လေကုန်၏။

ငရဲကြီးရှစ်ထပ်၌ ထောင်ကြီးရှစ်လုံးကိုပြခြင်း

ဤငရဲကြီးရှစ်ထပ်၌ ငရဲသူ အကျဉ်းသားတို့ လှောင်ထား ခံနေစရာ ထောင်ကြီး တလုံးစီလည်း ရှိ၏။ ထို့ကြောင့် သံကိစ္စရှင်ရသေ့သည် ဤသို့ဟောတော်မူ၏။

၁။ စတုက္ကဏ္ဏာ စတုဒွါရာ၊ ဝိဘတ္တာ ဘာဂသော မိတာ။
အယောပါကာရ ပရိယန္တာ၊ အယသာ ပဋိကုဇ္ဇိတာ။

၂။ တေသံ အယောမယာ ဘူမိ၊ ဇလိတာ တေဇသံယုတာ။
သမန္တာ ယောဇနသတံ၊ ဖုဋာ တိဋ္ဌန္တိ သဗ္ဗဒါ။

သံကိစ္စဇာတ်ပါဠိတော်။

၁။ အယောပါကာရ ပရိယန္တာ၊ သံတံတိုင်းတို့ဖြင့် ရံအပ်ကုန်သော။
အယသာ၊ သံဖြင့်။
ပဋိကုဇ္ဇိတာ၊ ဂဟေလုံစပ် ဖုံးပိတ်အပ်ကုန်သော ငရဲကြီးရှစ်ထပ်၌ ထောင်ကြီး ရှစ်လုံးတို့သည်။
စတုက္ကဏ္ဏာ၊ ထောင့်လေးတောင့် ရှိကုန်၏။
စတုဒွါရာ၊ တမျက်နှာ၌ တပေါက်စီ အားဖြင့် သံတံခါး လေးပေါက်စီလည်း ရှိကုန်၏။
ဘာဂသော၊ အဗ္ဗုဒ နိရဗ္ဗုဒ အစရှိသော အစုစု အဘို့တို့အားဖြင့်။
ဝိဘတ္တာ၊ ဝေဖန်အပ်ကုန်၏။
မိတာ၊ ပေတရာလမ်းဖြင့်ခြားလျက် တိုင်းတာ နှိုင်းယှဉ်အပ်ကုန်၏။

၂။ တေသံ၊ ထို တောင်ကြီး ရှစ်လုံးတို့၏။
အယောမယာ၊ သံဖြင့် ပြီးကုန်သော။
ဘူမီ၊ မြေတို့သည်။
တေဇသံယုတာ၊ မီးခိုးမီးလျှံနှင့်ယှဉ်ကုန်၏။
ဇလိတာ၊ ပြောင်ပြောင် တောက်လောင်ကုန်၏။
အစ္စီ၊ မီးလျှံတို့သည်။
သမန္တာ၊ ထက်ဝန်းကျင်သို့။
ယောဇနသတံ၊ ယူဇနာတရာတိုင်တိုင်။
ဖုဋာ၊ ပြန့်နှံ့ဆိုက်ထိ၍။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
တိဋ္ဌန္တိ၊ တည်လေကုန်၏။

ဟိမဝန္တာ တော တောင်တွေကိုပြခြင်း

လူ့ပြည်ကျွန်းမြေ၌ကား အချို့ သောနေရာ၌ တောင်၊ အချို့သောနေရာ၌ မြေညီ၊ အချို့သော နေရာ၌ ကုန်းတွေ ဖြစ်ကြကုန်၏။ တောင်တို့၌လည်း အချို့ကား မြေတောင် အချို့ကား ကျောက်တောင်တွေ ဖြစ်ကြကုန်၏။

ဟိမဝန္တာ တောင်ကား များသောအားဖြင့် ကျောက်အတိ ပြီး၏။ အကျယ် ယူဇနာ သုံးထောင် ရှိ၏၊ အမြင့်ယူဇနာ ငါးရာ ရှိ၏။ ကျောက်တောင် ထွဋ်ပေါင်း ရှစ်သောင်း လေးထောင် ရှိ၏။ နေရုမည်သော တောင်ထွဋ်ကား ရွှေစင်အတိ ပြီး၏။ ရွှေရောင် တခဲနက်ထွက်၏။ ဤသို့ရွှေရောင်တခဲနက်ထွက်၍ ထွန်းတောက်ခြင်းကြောင့် ဤ နေရုတောင်သို့ ရောက်သော ကျီး, ဗျိုင်း အစရှိသော ငှက် အလုံးစုံ တို့သည်ပင် ရွှေတုံး ရွှေခဲကဲ့သို့ အရောင်အဆင်း ရှိကြကုန်၏။

ကေလာသမည်သော တောင်ထွဋ်ကြီးကား ငွေသားအတိ ပြီး၏။

ကာလမည်သော တောင်ထွဋ်ကား ပတ္တမြားညိုအတိ ပြီး၏။

စိတြတောင်ထွဋ်ကား ရွှေ ငွေ စိန်, မြ ပတ္တမြား, ဖလ်, မှန်စသော အထူးထူးသော ရတနာ ကျောက်တို့ဖြင့် ပြီး၏။

သုဒဿနမည်သော တောင်ထွဋ်လည်း ရှု၍မငြီးနိုင်အောင် အထူးထူးသော ရတနာကျောက်တို့ဖြင့် ပြီး၏။

ဝေပုလ္လတောင်၌ကား ပတ္တမြားကျောက် ပေါများ၏။ ဤဝေပုလ္လတောင်က ပတ္တမြား ကျောက်ကို အတောင်ခြောက်ဆယ် ရှိသော ဝါးဖျားမှာ တင်၍ထားလျှင် ထက်ဝန်းကျင် တယူဇနာ အတွင်း၌ အရောင်ထွန်းလင်း၏။ နေထွက်ဘိသကဲ့သို့ မှတ်ရ၏။ သို့ကလောက် အရောင် အဝါ ကောင်း၏။

ဂန္ဓမာဒန တောင်၌ကား ရွှေဂူ ငွေဂူ, ဖလ်ဂူ, စိန်ဂူ, မှန်ဂူ မြဂူ ပတ္တမြားဂူတွေ ပေါ၏။
သစ်ပင်လည်း အလွန်မွှေးကြိုင် ကောင်းမြတ်သော နံ့သာပင်ချည်း ပေါက်၏။

သူယောင်ပင် အကြောင်းကို ပြခြင်း

ဟိမဝန္တာတောင်၌ --
ဘယ်ရတနာမျိုး ဘယ်ကျောက်မျိုးဖြင့် မရှိပြီဟူ၍ မရှိ၊
ဘယ် သစ်ပင်မျိုးဖြင့် မပေါက်ဟူ၍ မရှိ၊
ဘယ်နံ့သာမျိုး ဘယ်ပန်းမျိုး ဘယ် သစ်ပင် မျိုးတို့ဖြင့် မရှိပြီဟူ၍ မရှိ၊
အလုံးစုံ ရှိ၏။ အလုံးစုံ ပြည့်စုံ၏။

နတ်သ္မီးကဲ့သို့ လှပတင့်တယ်သော မိန်းမရုပ်သီးသော သူယောင်ပင် သူယောင်တောကြီးတောင် ရှိ၏။ ဤသူယောင်ပင်တွေကား ဟိမဝန္တာပေါ် တောင်ဘက်စောင်း တဏှာဝဍ္ဎနတောင်၌ ပေါက်ကုန်၏။ ဟိမဝန္တာနှင့် မြောက်က ကျွန်းဦး သပြေပင်ကြီး ဤနှစ်ခု အကြားမှာလည်း ပေါက်ကုန်၏၊

ထိုသူယောင်သီးတို့သည် ဆွတ်ပြီးသည်နောက် လေးငါးလလောက်ကြာမှ ပုပ်ရိ ပျက်စီးကုန်၏။ ထိုသူယောင်မ ဖမ်းစားမိသော သူတို့သည်လည်း လေးလလောက် ကြာမှ သတိရနိုင်ကြကုန်၏။

အိုင်ကြီး ခုနစ်အိုင်နှင့်, အနဝတတ်အိုင်၏ အခြင်းအရာကို ပြခြင်း

အိုင်ကြီး ခုနစ်အိုင် တို့သည်လည်း အချို့လည်း အောက်ခြေနားမှာ တည်ကြ၏။ အချို့လည်း တောင်ခုလပ်မှာ တည်ကြ၏။ အနဝတတ် အိုင်ကြီးမူကား တောင်ထိပ် တည့်တည့်ဝယ် ကေလာသ, ကာလ, စိတြ, သုဒဿန, ဂန္ဓမာဒန ဟူသော တောင်ထွဋ်ငါးလုံးတို့၏ အကြား၌တည်၏။

အရှေ့ဘက် ခြင်္သေ့ခံတွင်း
မြောက်ဘက် မြင်းခံတွင်း,
အနောက်ဘက် ဆင်ခံတွင်း
တောင်ဘက် နွားခံတွင်း နှင့်
တူကုန်သော ပြွန်လေးခုလည်း ရှိကုန်၏။

ခြင်္သေ့ပြွန်မှ ထွက်သော ရေတို့သည် အရှေ့အရပ် တိဘက်နိုင်ငံဆီသို့ မြစ်တွေ ဖြစ်လျက် စီးသွား၍ အရှေ့သမုဒ္ဒရာသို့ ဝင်ကြလေကုန်၏။

မြင်းပြွန်မှထွက်သော ရေတို့သည် မြောက်အရပ် လူမရှိသော ဘီလူးတို့နေရာသို့ မြစ်တွေဖြစ်လျက် စီးသွား၍ မြောက်သမုဒ္ဒရာသို့ ဝင်ကြလေကုန်၏။

ဆင်ပြွန်မှ ထွက်သော ရေတို့သည် အနောက်အရပ် အင်္ဂလိပ် နိုင်ငံဆီသို့ မြစ်တွေဖြစ်လျက် စီးသွား၍ အနောက်သမုဒ္ဒရာသို့ ဝင်ကြလေကုန်၏။

နွားပြွန်မှ ထွက်သော ရေတို့သည်ကား ထွက်ရာ နွားပြွန်ဝ၌ တွေ့ပြီးလျှင် အနဝတတ်အိုင်ကြီးဆီသို့ ဦးလှည့်လျက် လက်ျာရစ် ဝဲနှစ်ပတ် သုံးပတ် လှည့်၏။ ထိုဝဲ လည်သော နေရာကို အာဝဋ္ဋဂင်္ဂါဟု ခေါ်ကြ၏။

မြစ်ကြီးငါးစင်း ဖြစ်ပေါ်ပုံကို ပြခြင်း

ထိုအာဝဋ္ဋဂင်္ဂါမှ တောအရပ် ကဏ္ဌမည်သော ကျောက်ဖျာပေါ်သို့ ယူဇနာ ခြောက်ဆယ်လောက် စီးသွား၏။ ထိုအရပ်ကို ကဏ္ဏဂင်္ဂါဟု ခေါ်ကြ၏။ ထိုကဏ္ဍဂင်္ဂါမှ တောင်ဘက် အနိမ့်ချောက်ထဲသို့ မြေသို့မထိဘဲ ကောင်းကင် ခရီးဖြင့် ယူဇနာ ခြောက်ဆယ်လောက် သွား၍ အောက် တိရင်္ဂလ မည်သော ကျောက်ဖျာပေါ်သို့ ကျ၏။

ဤကောင်းကင် ခရီးဖြင့် စီးသွားသော ရေစိုင် ရေလုံးကြီးကား လုံးပတ် နှစ်ယူဇနာ တဂါဝုတ်လောက် တုတ်၏။ ဤကောင်းကင်ခရီးဖြင့် စီးသွားသောရေကို အာကာသ ဂင်္ဂါဟု ခေါ်ကြ၏။ ဤအာကာသ ဂင်္ဂါမှ ကျရာ တိရင်္ဂလကျောက်ဖျာ၌ ယူဇနာ ငါးဆယ်လောက် ကျယ်သော ချောက်ကြီး ထူးအိုင်ကြီး ဖြစ်၏။ ဤထူးအိုင်ကြီးကို တိရင်္ဂလ ရေကန်ဟု ခေါ်ကြ၏။

ဤတိရင်္ဂလရေကန်မှ တောင်ဘက် ကျောက်ကမ်းပါးကို ချိုးဖောက်လျက် တောင် အရပ်သို့ ယူဇနာ ခြောက်ဆယ်လောက် စီးသွား၏။ ထိုအရပ်ကို ဗဟလဂင်္ဂါဟု ခေါ်ကြ၏။ ဤဗဟလင်္ဂါမှ တောင် အရပ်သို့ မြေထဲသို့ ငုပ်လျှိုးလျက် ဥမင်ထွင်း၍ ယူဇနာ ခြောက်ဆယ်လောက် သွား၏။ ထိုအရပ်ကို ဥမင်္ဂဂင်္ဂါဟုခေါ်ကြ၏။

ဥမင်္ဂဂင်္ဂါမှ အထွက်တွင် ဝိဇ္ဇာမည်သော တောင်ကြီးသို့ တိုက်၍ ရေငါးစိုင်ကွဲလျက် တစိုင်ကား ဂင်္ဂါ, တစိုင်ကား ယမုနာ, တစိုင်ကား အစိရဝတီ, တစိုင်ကား မဟီ, တစိုင်ကား သရဘူဟု မြစ်ကြီး ငါးစင်းဖြစ်လျက် တောင်အရပ်သို့ စီးသွား၍ တောင်သမုဒ္ဒရာသို့ ဝင်ကြလေကုန်၏။

ဤမြစ်ကြီးငါးသွယ် စီးသွားရာအရပ် အထက်ပိုင်းကို ရေငါးသွယ်ရှိသော အရပ် ဖြစ်သောကြောင့် ပဉ္စဇလဟု ဆိုလိုလျက် ဇ, ကိုချေ၍ စ, အစိတ် အ,ကို အာဒီဃပြု၍ ပဉ္စာလအရပ် ပဉ္စာလတိုင်းဟု ခေါ်ဆို သမုတ်ကြ၏။

နောက်လူများကား ဇလ၏ ပရိယာယ် အာပသဒ္ဒါနှင့် တွဲ၍ ပဉ္စာပီတိုင်းဟု ခေါ်ကြ၏။ ယခုကာလ လူများကား အက္ခရာကို ဖောက်ပြန်စေ၍ ပံချာပီတိုင်းဟု ခေါ်ကြသေး၏။

သစ်ပင်စသော ရုပ်ဓာတ်တွေ ဖြစ်ပုံကို ပြခြင်း

မြေညီအရပ် ကုန်းအရပ်တို့၌လည်း --

အချို့သော နေရာတို့၌ မြေဖြူ၏၊
အချို့သော နေရာတို့၌ မြေနီ၏၊ ဝါ၏၊ မည်းနက်၏၊
အချို့သောနေရာတို့၌ မြေငန်၏၊ ရေလည်းငန်၏၊
အချို့သောနေရာတို့၌ အဆီဖြစ်သော နံစော်သော ရေရှိ၏၊

အချို့သော နေရာတို့၌ ရွှေကျောက်, ငွေကျောက်, စိန်ကျောက်, မြကျောက်, ပတ္တမြားကျောက်ငယ် ပေါများ၏။

အချို့သော နေရာတို့၌ ကြေးကျောက်, သံကျောက်, ဆေးဒန်းကျောက်, ဒုတ္ထာကျောက်, ထုံးကျောက် ပေါများ၏။

အချို့သောနေရာတို့၌ စကျင်ကျောက်, တောင်ဦးကျောက် ဂဝံကျောက်, လိပ်သဲ ကျောက်, ဓားသွေးကျောက်, မှတ်ကျောက် မီးခတ်ကျောက် ကျောက်ဖြူ ကျောက် စရစ်ခဲ, သလဲ ပေါများ၏၊

အချို့သောနေရာတို့၌ အထူးထူးသော မြက်မျိုး အထူးထူးသော စပါးမျိုး ပေါက်၏၊

အချို့သော နေရာတို့၌ အထူးထူးသော နွယ်မျိုး အထူးထူးသော ဆူးပင်မျိုး ဆူးချိုမျိုး အထူးထူးသော သစ်ပင်မျိုး ပေါက်၏၊

အချို့သောသစ်ပင် အနှစ်ရှိ၏၊ အချို့မရှိ၊ အရွက် အသီး, အပွင့်, အထူးထူး အပြားပြား ရှိကြ၏၊

အချို့သစ်ပင် ချဉ်၏၊ အချို့ သစ်ပင် ငန်၏၊ ဖန်၏၊ ခါး၏၊ စပ်၏၊ ချို၏၊ ဆိမ့်၏၊

အချို့သစ်ပင် စားကောင်း၏၊ အချို့ မစားကောင်း တောက်တတ်၏၊ မူးတတ်၏၊ သေတတ်၏၊

အချို့ သစ်ပင် နူးညံ့၏၊ အတွေ့အထိ ကောင်း၏၊ အချို့ သစ်ပင် အတွေ့အထိ မကောင်း၊ ကြမ်းတန်း၏၊ ယားတတ်၏၊ နာကျင်တတ်၏၊

အချို့နေရာ၌ လွင်တီးပြင် ဖြစ်၏၊ အချို့နေရာ၌ တောအုပ်ဖြစ်၏၊ ဂနိုင်ပိတ်ပေါင်းကြီး ဖြစ်၏။

တပည့်တို့ - စကြဝဠာ၌ ဤအလုံးစုံ ဆိုအပ်ခဲ့ပြီးသောအတိုင်း ကြွင်းသော ကုဋေ တသိန်းသော စကြဝဠာတို့လည်း ထပ်တူ တပြိုင်တည်းပင် ဖြစ်၍ လာကြကုန်၏။

ကမ္ဘာကိုဖန်ဆင်းသော လက်သည်ကို မေးမြန်းရှာဖွေခြင်း

တပည့်တို့ - အသို့နည်း၊ ဤစကြဝဠာ ကမ္ဘာလောကကြီးကို ဘယ်သူ ဖန်ဆင်း သနည်း၊ ဘာအလို့ငှါ ဖန်ဆင်းရသနည်း၊ ရေဆီ ခဲလျှင် ဖယောင်းခဲ အမဲဆီခဲတို့ကဲ့သို့ ရိုးရိုး တပြင်တည်း မခဲဘဲ, အဘယ့်ကြောင့် တတောင် တခြား, ရေတသန့်, ကုန်းတသန့် နေရသနည်း၊ ဘယ်သူပြုပြင်သနည်း၊

ဘယ်အဂ္ဂိယ ဆရာ ဘယ်ဝိဇ္ဇာဓိုရ်ဆရာ ဘယ်တက္ကသိုလ်ဆရာ ချက်၍ ပြုပြင်၍ ရွှေတွေ ငွေတွေ, ကျောက်တွေ, ဖလ်တွေ မှန်တွေ သံတွေ ဖြစ်ရသနည်း၊ ဘယ် ဗိသုကာလက်သမား ဆောက်လုပ် ပြုပြင်၍ နတ်ဗိမာန်တွေ နေ လ နက္ခတ် ကြယ်ဗိမာန်တွေ လိုဏ်ဂူတွေ ဖြစ်ရသနည်း၊ ငရဲ၌ ထောင်ကြီးတွေ ဖြစ်ရသနည်း၊

ဘယ်သူ တွန်းလှိမ့် နှင်စိုင်း၍ နေ, လ, နက္ခတ်, ကြယ်ဗိမာန်တွေ မရပ်မနား ပြေးသွားရသနည်း၊ ထိုသို့ ပြေးသွားရာ၌လည်း ဘယ်သူ မျဉ်းပစ်၍ ညှပ်သွင်း၍ ပေးခြင်းကြောင့် မိမိတို့ သွားမြဲဝီထိမှ မရွှေ့ပြောင်းရသနည်း၊

ဘယ် လှည်းသမား ရထားဆရာပြုလုပ်၍ စကြဝဠာတိုင်း စကြဝဠာတိုင်း ဇမ္ဗူကျွန်း၏ အရှေ့ သမုဒ္ဒရာထဲ၌ အကန့်တထောင်ရှိသော စကြာဘီးကြီး စကြာရတနာကြီး ဖြစ်ရသနည်း၊

ဘယ်စားဖိုသည် စားတော်ကဲ ဆားခတ်၍ သမုဒ္ဒရာရေတွေ ငန်ရသနည်း၊ ကျွန်းမြေ တကွက်တလေ၌ မြေတွေ, ရေတွေ ငန်ရသနည်း၊ အိုင်ကြီး ခုနစ်အိုင်၌ကား ဘယ်သူ ဆားမခတ်၍ မငန်ဘဲ ချိုမြိန် ကောင်းမြတ်ရသနည်း၊ ရေနံချောင်းအရပ်၌ ဘယ် ဆေးဆရာ ဆေးခတ်၍ အဆီဖြစ်သော နံစော်သော ရေတွေ ဖြစ်ရသနည်း၊

ဘယ်ဥယျာဉ်မှူး စိုက်၍ ဥယျာဉ်တွေ သစ်ပင်တွေ ပေါက်ရသနည်း၊ ဘယ်ပန်းထိမ် ဆရာ ပြုပြင်၍ သစ်ခက်, သစ်ရွက်, သစ်ပွင့်တို့၌ ကွေ့ကောက်တွေ လက်ခြားတွေ ခွေးသွားစိတ်တွေ, အလွှာလွှာ အလွှာလွှာ အထပ်ထပ်တွေ စသည် ဖြစ်ရသနည်း၊ ဘယ်မြှားသမား ပန်းထိမ်ဆရာ ချွန်၍ ပြုပြင်၍ ဆူးတွေ ကွေ့ကောက်ရသနည်း၊ ဖြောင့်ရသနည်း၊ ထက်ရသနည်း၊

ဘယ် ဝိဇ္ဇာဓိုရ် တက္ကသိုလ်ဆရာ ဆေးခတ်ပြုပြင်၍ မန်ကျည်း, သရက်, ရှောက် သံပုရာ စသည်တို့ ချဉ်ရသနည်း၊ မယ်ဇလီ, တမာ စသည်တို့ကား ခါးရသနည်း၊ ဒူးရင်း, ပိန်းနဲ, ငှက်ပျောဩဇာ စသည်တို့ကား ချိုရသနည်း၊ အရသာ အမျိုးမျိုး အနံ့ အမျိုးမျိုး, အဆင်းအမျိုးမျိုး ဖြစ်ရသနည်း၊

ဘယ် တောင်သူကြီး ခုတ်ထွင်၍ အချို့နေရာ၌ ကွင်းပြင်လဟာတွေ ဖြစ်ရသနည်း၊ အချို့နေရာ၌ကား ဘယ်သူ မခုတ်ထွင်၍ တောချုံတွေ ဂနိုင်ပိတ်ပေါင်းတွေ ဖြစ်ရသနည်း၊ ဘယ်တောင်သူ လယ်ထွန်သမား စိုက်ပျိုးကြဲချ၍ စပါးပြောင်း, ပဲ လူး, ဆပ် ဗူး, ဖရုံ စသည်တို့ ပေါက်ရသနည်း၊ ဘယ်နွားထိန်းသမား စိုက်ပျိုး၍ အထူးထူး သော မြက်တွေ ပေါက်ရသနည်း၊

ဘယ်ပန်းထိမ်ဆရာ ပန်းဘဲဆရာ ပြုလုပ်၍ ငရဲကြီးရှစ်ထပ်၌ သံဖြင့်ပြီးသော လက်ပံ ဆူးပင်တွေ သန်လျက်ပင်တွေ သံကြိမ် နွယ်တွေ သံတံစို့တွေ, သင်ဓုန်းသွားတွေ, သံအိုး, ကြေးအိုးတွေ ဖြစ်ရသနည်း၊ ဘယ်သူ မီးတိုက်၍ထားသောကြောင့် ငရဲကြီး ရှစ်ထပ်လုံး မီးတွေ အမြဲတောက် လောင်၍ နေရသနည်း၊

တပည့်တို့ - ဤစကြဝဠာ လောကကြီးကို အဘယ်သူ ပြုပြင် ဖန်ဆင်းအပ်သနည်း၊ အကယ်၍ ပြုပြင်ဖန်ဆင်းသောသူ မရှိငြားအံ့၊ ဤကဲ့သို့ ထူးထူးထွေထွေ နေရာတကျ မဖြစ်နိုင်ရာ၊ ပြုပြင် ဖန်ဆင်းသောသူ ရှိ၍သာ ဤကဲ့သို့ ထူးထူးထွေထွေ နေရာတကျ ဖြစ်နိုင်၏၊ ထိုပြုပြင် ဖန်ဆင်း တတ်သော လက်သည်ကို ဧကန်စင်စစ် ရခြင်းငှါ အလိုရှိအပ်၏။

၁၈။ ကေနဿု နိမ္မိတော လောကော၊ ကေနဿု အဘိသင်္ခတော။
အဝဿံ ဣစ္ဆိတဗ္ဗော ဝ၊ မာပကော ပဏ္ဍိတေဟိ သော။

သေက္ချဘာသိတဂါထာ။

သိဿာ၊ တပည့်တို့။
လောကော၊ စကြဝဠာ ကမ္ဘာလောကကြီးကို။
ကေန၊ အဘယ်သူသည်။
နိမ္မိတော၊ ဖန်ဆင်းအပ်သနည်း။
ကေန၊ အဘယ်သူသည်။
အဘိသင်္ခတော၊ ထူးထူးထွေထွေ ဖြစ်အောင် ပြုပြင်အပ်သနည်း။
သော မာပကော၊ ထိုပြုပြင် ဖန်ဆင်းတတ်သော လက်သည်ကို။
ပဏ္ဍိတေဟိ၊ လောကဝိ ပညာရှိတို့သည်။
အဝဿံ၊ မချွတ်ဧကန်။
ဣစ္ဆိတဗ္ဗော ဝ၊ ရခြင်းငှါ အလိုရှိအပ်သည် သာလျှင်တည်း။

ကမ္ဘာကိုဖန်ဆင်းသော လက်သည်ကို ထုတ်ပြခြင်း

တပည့်တို့ - ဤစကြဝဠာ ကမ္ဘာလောကကြီးကို ပြုပြင် ဖန်ဆင်းသောသူကား အခြားသူ မဟုတ် စိတ်တည်း။

စိတ်သည် စကြဝဠာ ကမ္ဘာလောကကြီးကို ပြုပြင် ဖန်ဆင်း၏၊ ဖြစ်စေ၏၊ အဘယ်သူ၏ စိတ်နည်း ဆိုသော် အထက်ထက် ဗြဟ္မာဘုံသို့ ရောက်ကြပြီးသော အရိယာ သေက္ခပုဂ္ဂိုလ်တို့သည်ကား အောက်အောက် ဘုံသို့ ဤစကြဝဠာ လောကထဲသို့ ပြန်၍ မဖြစ်လာကြပြီ။

ထို့ကြောင့် ထိုအရိယာ သေက္ခပုဂ္ဂိုလ် တို့ကို ချန်ထား၍ ဤစကြဝဠာ ကမ္ဘာလောက ထဲသို့ ပြန်၍ ဖြစ်လာလတ္တံ့သော အလုံးစုံသော ပုထုဇန်သတ္တဝါတို့၏ စိတ်စု ပေတည်း။

ကမ္ဘာကိုဖန်ဆင်းပုံကို ပြခြင်း

ထိုစိတ်သည်လည်း မိမိကိုယ်တိုင် ပြုလုပ်ဖန်ဆင်းသည်မဟုတ်၊ မိမိအလို ရှိသမျှ အလုံးစုံကို ကံအား ပြောကြား၍ ကံကို ပြုလုပ်ဖန်ဆင်းစေ၏။

ထိုကံသည်လည်း စိတ်ပြောကြားတိုင်း အမိန့်ပေးတိုင်း အလုံးစုံကို အကုန်မှတ်၍ မီးဓာတ် ဟူသော ဥတုအား ထိုအလုံးစုံကို အကုန်ပြောကြား၍ ဥတုကို အပြုလုပ် ခိုင်း၏၊ စီရင်စေ၏၊ ဖန်ဆင်းစေ၏။

ဥတုသည် ထိုကံ ပြောကြားတိုင်း ကံစီရှင်တိုင်း အလုံးစုံကို အကုန်မှတ်၍ မိမိ ကိုယ်တိုင် ပြုလုပ် ဖန်ဆင်း၏၊ ဖြစ်စေ၏။ ထိုစကားသည် မှန်၏။

တပည့်တို့ - စိတ်အလို ကံအာနုဘော်တို့နှင့် စပ်သော ဥတုသည်သာလျှင် စကြဝဠာ ကမ္ဘာလောကကို ပြုပြင်ဖန်ဆင်း၏၊ ဖြစ်စေ၏။ စိတ်အလို ကံအာနုဘော်တို့နှင့် မစပ်သော အထက်အောက် အဇဋာကာသ ကောင်းကင်တို့၌ရှိသော ဥတုတို့မူကား စကြဝဠာ ကမ္ဘာလောကကို မဖန်ဆင်းကြပြီ၊ မဖြစ်စေကြပြီ။

စိတ်သည် အရှင်သခင်နှင့် တူ၏၊
ကံသည် လက်သမားဆရာကြီးနှင့် တူ၏။
ဥတုသည် လက်သမားဆရာကြီး၏လက်ထောက် တပည့်ကြီးနှင့် တူ၏။

စိတ်, ကံ, ဥတု, ဤတရား သုံးပါးတို့သည် အနက်သဘော အားဖြင့် ဤသို့တိုင်ပင် ပြောဆိုကြသည် မည်၏။

တိုင်ပင်ပြောဆိုကြပုံ

တပည့်တို့ - ဆရာကြီး မောင်ကံ ငါကိုယ်တော်မြတ်၏ အလိုဆန္ဒ အလုံးစုံကို မောင်မင်း သိပြီ မဟုတ်လော၊ မကြာစေနှင့် အလုံးစုံ ပြည့်စုံပလေစေဟု စိတ်သခင် အမိန့်ပေးလတ်သော် --

အာမ အယျစိတ္တ မာ သောစိ၊ သဗ္ဗံ ပူရယိဿာမိ။

အယျစိတ္တ၊ အရှင်စိတ်။
အာမ၊ အိမ်း သိပါ၏။
မာသောစိ၊ မစိုးရိမ်လင့်။
သဗ္ဗံ၊ အလိုဆန္ဒ အလုံးစုံကို။
ပူရယိဿာမိ၊ ပြည့်စုံစေအံ့။

ဟု ဝန်ခံပြီးလျှင် အလုံးစုံသော သတ္တဝါတို့၏ ကံတို့သည် တညီတညွတ်တည်း စုရုံး စည်းဝေးကြ၍ အချင်းတို့ ... ငါတို့သခင် အရှင်စိတ်မင်း၏ အလိုဆန္ဒ အလုံးစုံကို ပြည့်စုံအောင် တပည့်ကြီး ငဥတုကို စီရင် ခိုင်းစေကြကုန်အံ့ဟု တိုင်ပင် ပြောဆို ကြပြီးလျှင် တပည့် မောင်ဥတု - ငါတို့သခင်များ ဗြဟ္မာ့ပြည်မှာ အနေကြာ၍ ပျင်းရိ ငြီးငွေ့တော်မူသဖြင့် အောက်သို့ ပြန်လည်လိုကြပြီ၊ ငါတို့ သခင်များ နေစရာ စကြငဠာ ကမ္ဘာလောကကြီးကို မကြာခင်ပြီးစီးအောင် ပြုဘိလေတော့ဟု တိုက်တွန်း စေခိုင်းလေသော်-

အာမ အာစရိယ အဟံ ဥတု နာမ ဣမသ္မိံ ဌာနေ န ဘာရိယံ။

အာစရိယ၊ ကံဆရာကြီး။
အာမ၊ အိမ်း ကောင်းပြီ။
အဟံ ဥတု နာမ၊ အကျွန်ုပ် ဥတုမည်သည်ကား။
ဣမသ္မိံဌာနေ၊ ဤကဲ့သို့ စကြဝဠာ ကမ္ဘာလောကကို ဖြစ်စေမှု အရာ၌။
န ဘာရိယံ၊ ဝန်မလေး။

ဟု ဝန်ခံပြီးလျှင် ကမ္ဘာပြုမိုဃ်းကြီး ရွာ၍ ချ၏။ သတ္တဝါတို့၌ စိတ်အလို အတိုင်း ကံဆရာကြီး စီရင်စေခိုင်းတိုင်း နေရာတကျ အာကာသဋ္ဌ ဗြဟ္မာဘုံဗိမာန် နတ်ဘုံဗိမာန်တို့ကို ဘွားကနဲ ဘွားကနဲ ပေါက်ဖွား ဖြစ်ပေါ်စေ၏။ နေရာတကျ ရေကို ခဲစေ၏၊ ဥမင်လိုဏ်ခေါင်း ဖြစ်စေ၏။

တပည့် မောင်ဥတု - ငါတို့သခင်များ နောင် တန်ခိုးကြီးသော နတ်ဖြစ်သောအခါ သန့်သန့်ပြန့်ပြန့် တင့်တယ်လှပစွာ နေလို သုံးဆောင်လိုကြသည်။ ထိုအလိုအတိုင်း ပြည့်စုံအောင် ပြုဘိလော့ဟု ကံဆရာ စေခိုင်းခြင်းကြောင့် မြင့်မိုရ်တောင် အစရှိသော နတ်တို့နေရာတို့၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း အလုံးစုံကို ဖြစ်စေ၏။

ငါတို့သခင်များ နောင်ပကတိ ကိုယ်ရောင်မရှိသော လူစသော သတ္တဝါ ဖြစ်ကြသောအခါ အလင်းကို အလိုရှိသည်၊ ထွန်းလင်းသော ဝတ္ထုကို ဖြစ်ပေ့စေ ဟု စေခိုင်း ခြင်းကြောင့် နေ, လ, နက္ခတ်, ကြယ်တာရာတို့ကို လျင်မြန်စွာ ပြေးစွမ်းနိုင်သော အဟုန်နှင့်တကွ ဘွားကနဲ, ဘွားကနဲ ပေါက်ဖွားဖြစ်ပေါ်စေ၏။

ငါတို့သခင်များ ရေနေ ရေကြိုက် သတ္တဝါ ဖြစ်ကြလိမ့်မည်၊ ရေတွေ ဖြစ်ပေစေဟု စေခိုင်းခြင်းကြောင့် သမုဒ္ဒရာတွေ, အိုင်ကြီးတွေ, မြစ်တွေ ဖြစ်ရ၏။ အချို့ကား ရေချိုကြိုက်သည်၊ အချို့ကား ရေငန်ကြိုက်သည်၊ လူတို့သည် ဆားချက်၍ သုံးလိုသည်၊ အချို့လည်း ကျောင်း အိမ် စသည် သုတ်ရန် မီးထွန်းရန် ရေဆီ ရေနံကြိုက်သည်၊ ဖြစ်ပေ့စေဟု စေခိုင်းခြင်းကြောင့် အိုင်ကြီးတွေ မြစ်တွေ ချိုရ၏၊ သမုဒ္ဒရာတွေကား ငန်ရ၏၊ ကျွန်းမြေတကွက် တလေမှာလည်း မြေတွေ ရေတွေ ငန်ရ၏၊ ရေနံချောင်းအရပ်၌ ရေဆီ ရေနံတွေ ဖြစ်ရ၏။

ငါတို့သခင်များ ရွှေ ငွေ စသော ရတနာကို ကြိုက်သည် ဖြစ်ပေ့စေ၊ ထိုသို့ ဖြစ်စေရာ၌ ငါတို့သခင်များ အယုတ်, အလတ်, အမြတ်သုံးမျိုး ဖြစ်ကြလိမ့်မည်၊ ထိုသုံးမျိုးနှင့် ထိုက်တန်အောင် ရတနာလည်း သုံးမျိုးပင် ဖြစ်ပေ့စေ ဟု စေခိုင်းခြင်းကြောင့် -

ရွှေကောင်း, ရွှေလတ်, ရွှေညံ့
ငွေကောင်း, ငွေလတ် ငွေညံ့,
ကျောက်ကောင်း, ကျောက်လတ်, ကျောက်ညံ့

အစရှိသည်ဖြင့် သုံးမျိုး သုံးမျိုးသော အထူးထူးသော ရတနာတို့ကို ဖြစ်စေ၏။

ငါတို့ သခင်များ စကြာရတနာ ကြိုက်သည် ဖြစ်ပေ့စေဟု စေခိုင်းခြင်းကြောင့် ကမ္ဘာတိုင်း, ကမ္ဘာတိုင်း, စကြဝဠာတိုင်း စကြဝဠာတိုင်း ဇမ္ဗူကျွန်း၏ အရှေ့သမုဒ္ဒရာ ထဲ၌ ရတနာကျောက်သား အတိပြီးသော စကြာရတနာ ဘီးကြီး ဖြစ်ရ၏။

ငါတို့သခင်များ တောင်ကြိုက်သည်၊ ကုန်းကြိုက်သည်၊ မြေညီကြိုက်သည်၊ အနိမ့်ကြိုက်သည် ဖြစ်ပေ့စေဟု စေခိုင်းခြင်းကြောင့် စေခိုင်းတိုင်း ဖြစ်စေ၏။

ငါတို့သခင်များ ကျောက်မြေကြိုက်သည်၊
ဖုံမြေကြိုက်သည်၊ မြေဖြူ မြေနီ စသည် ကြိုက်သည်၊
ကျောက်ဖျာ, ကျောက်ခဲ, သဲ, ကြိုက်သည်၊
ကွင်းပြင် ကြိုက်သည်၊ တော ကြိုက်သည်၊
ချုံကြိုက်သည်၊ ဆူးချုံ ဆူးပင် ကြိုက်သည်၊
ငြောင့်ထောင်ခြင်း စသည် ပြုရန် ဆူးရှည် ဆူးထက်ကြိုက်သည်၊
အထူးထူး အပြားပြား ငြိတွယ်စေရန် ဆူးတို ဆူးကောက် ကြိုက်သည်၊
သစ်ဝါး ကြိုက်သည်၊ နွယ်ကြိုက်သည်၊
စပါးကြိုက်သည်၊ မြက်ကြိုက်သည်၊
အရွက်, အပွင့်, အသီး ကြိုက်သည်၊
အဖြူ အဝါ စသည်ကြိုက်သည်၊ အမွှေးအကြိုင် ကြိုက်သည်၊
ထို အမွှေးကို ဖျက်လိုသော သူတို့သည်၎င်း၊ ယင်တို့သည်၎င်း၊ အပုပ်နံ့ကြိုက်သည်၊
အချို, အချဉ် စသည် ကြိုက်သည်၊
အယားပင် အယားဓာတ် ကြိုက်သည်၊
အမူးပင် အမူးဓာတ် ကြိုက်သည်၊
လတ်တလော သေစေတတ်သော အဆိပ်ပင် အဆိပ်ဓာတ် ကြိုက်သည်၊
အလွန် အာနုဘော် ထက်သော အတွန့် အရုံးပင် အတွန့် အရုံးဓာတ် အလှုပ်ပင် အလှုပ်ဓာတ် ဆွဲငင်ပင် ဆွဲငင်ဓာတ် ဆေးပင် ဆေးဓာတ် ကြိုက်သည်၊
ဂမုန်းဆေးပင် ကြိုက်သည် ဖြစ်ပေ့စေ။ မိန်းမ ကြိုက်သည်၊
မိန်းမသီးသစ်ပင် ဖြစ်ပေ့စေ။ ယောက်ျားကြိုက်သည်။
ယောက်ျား အသွင်သဏ္ဌာန် ဥ အမြစ်ရှိသောသစ်ပင် ဖြစ်ပေ့စေ။ ငရဲကြိုက်သည်။
ငရဲကြီး ငရဲငယ် ဖြစ်ပေ့စေ။

ဤသို့ အစရှိသည်ဖြင့် ကံဆရာ စေခိုင်းခြင်းကြောင့် စေခိုင်းတိုင်း ဖြစ်စေ၏။

ငရဲကိုအလိုရှိသောသူကို ပြခြင်း

တပည့်တို့ - ဤစကားရပ်တို့၌ ငရဲကိုကား ဘယ်သူကြိုက်သနည်း၊ ဘယ်သူ အလိုရှိသနည်း ဆိုသော် တပည့်တို့ - တဦးသောသူသည် တဦးသောသူကို နှိပ်စက် ညှဉ်းဆဲ၏၊ ထို အနှိပ်စက်ခံရသော သူသည် မိမိကို နှိပ်စက် ညှဉ်းဆဲတတ်သော ထိုရန်သူကို ကြီးစွာသော ဘေးဖြင့် နှိပ်စက်ခြင်းငှါ ကြီးစွာသော ဘေးကို အလိုရှိသဖြင့် ဘေးတကာတို့တွင် အကြီးဆုံးဖြစ်သော ငရဲကို အလိုရှိသည်ပင် ဖြစ်၏။

ထို့ကြောင့် လောက၌ ငါမနိုင် နိုင်သူပေါ်ပါစေဟု ကျိန်ကြ၏၊ မိမိ၏ရန်သူကို နှိပ်စက် ညှဉ်းဆဲ နိုင်သောသူကို တောင့်တကြ၏၊ သူတပါးကို နှိပ်စက် ညှဉ်းဆဲတတ်သော ထို ဒုဿီလကို အနှိပ်စက် နိုင်ဆုံး အညှဉ်းဆဲ နိုင်ဆုံးသောသူကား ငရဲကြီး ငရဲငယ် တို့ပင်တည်း။ ထို့ကြောင့် ဤအနှိပ်စက် ခံရသောသူတို့သည် ငရဲကို ကြိုက်၏၊ အလိုရှိ၏၊ ထို့ကြောင့် ဘုရားရှင်သည်-

သပတ္တော သပတ္တဿ ဧဝံ ဣစ္ဆတိ အဟောဝတာယံ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျာတိ။

ဟူ၍ သတ္တင်္ဂုတ္တရ ပါဠိတော် သပတ္တကန္တ သုတ်၌ ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
သပတ္တော၊ ဆန့်ကျင်ဘက် ရန်သူတဦးသည်။
သပတ္တဿ၊ မိမိ၏ ဆန့်ကျင်ဘက် ရန်သူတဦးအား။
အယံ၊ ဤငါ၏ရန်သူသည်။
ကာယဿဘေဒါ၊ ကိုယ်ခန္ဓာပျက်စီးပြီးသည်မှ။
ပရံမရဏာ၊ သေပြီးသည်မှ နောက်၌။
အပါယံ၊ ချမ်းသာကင်းသော။
ဒုဂ္ဂတိံ၊ မကောင်းသောသူတို့ လားရာဖြစ်သော။
ဝိနိပါတံ၊ ဖရိုဖရဲ ပျက်စီး၍ ကျရာဖြစ်သော။
နိရယံ၊ ငရဲသို့။
ဥပပဇ္ဇေယျ၊ ကျရောက်ပါမူကား။
အဟောဝတ၊ သြော် ကောင်းလေစွ။
ဣတိ ဧဝံ ဤသို့။
ဣစ္ဆတိ၊ အလိုရှိ၏။

တပည့်တို့ - ဤ ပါဠိတော်၌လည်း ငရဲသို့ ကျရောက်ခြင်းကို အလိုရှိသဖြင့် ကျရောက်ရာဌာန ဖြစ်သော ငရဲကို ရှေးဦးစွာ အလိုရှိသည်ပင်ဖြစ်၏။

ဥပမာကား လောက၌ မင်းတို့သည် မိမိ၏ရန်သူ ဓားပြကို ထောင်ချလိုသော် ရှေးဦးစွာ ထောင်ကို အလိုရှိရဘိသကဲ့သို့တည်း၊ တပည့်တို့ ဤငရဲကြီးတွေကား မင်းဆိုးလျှင် ငါကချမည် ငါဆိုးလျှင် မင်းကချဟု အချင်းချင်း အပြန်အလှန် ချစရာ သဘောတူ တည်ထားသော ဘုံဘာသက ထောင်ကြီးတွေပင်တည်း၊

ဤပုထုဇန်သတ္တဝါတို့သည် အချင်းချင်း ညှင်းဆဲ၍ အချင်းချင်း အပြန်အလှန်ချ၍ ဤငရဲထောင်ကြီး တွေထဲ၌ ကျဘူး ခံကြရဘူးသော သူချည်းပင်တည်း။ ငရဲသို့ ကျရောက်စေတတ်သော ကမ္မပထ မြောက်သော အကုသိုလ် ဒုစရိုက်ကို ပြုသော သူသည်လည်း မိမိ စိတ်သန္တာန်၌ အကုသိုလ်တရား ဖြစ်ပေါ်လာသည်ကို မပယ်ရှား မနှင်ထုတ်ဘဲ သည်းခံ နှစ်သက်၍နေလျှင် ထိုအကုသိုလ်၏ အနိဋ္ဌဖလ ဒုက္ခအကျိုးကိုလည်း နှစ်သက်သည်ပင်ဖြစ်၍ ထိုအနိဋ္ဌဖလ ဒုက္ခတရားတို့ ဖြစ်စေ တတ်သော ငရဲကိုလည်း အလိုရှိသည်ပင် မည်၏၊ အလိုရှိသည်ပင် ဖြစ်၏။

ကွေ့ငယ်စသော အယားပင် အယားဓာတ်ကိုကား- သူတပါးကို ယားအောင် ပြုလိုသော သူတို့ သည်၎င်း၊ ဆေးဆရာ ဝိဇ္ဇာဓိုရ် တက္ကသိုလ်တို့သည်၎င်း အလိုရှိကြ၏၊

ဆေး, ဆေးခြောက်, ပဒိုင်း, ဘိန်း စသော အမူးပင် အမူးဓာတ် ဆီမီးတောက် ပလောင်သေ စသော အဆိပ်ပင်၊ စိန်စသော အဆိပ်ဓာတ် တို့ကိုကား - မိမိမူးလို သေလိုသော သူတို့သည်၎င်း၊ သူတပါးကို မူးအောင် သေအောင် ပြုလိုသော သူတို့သည်၎င်း၊ ဆေးဆရာ ဝိဇ္ဇာဓိုရ် တက္ကသိုလ်တို့ သည်၎င်း အလိုရှိကြကုန်၏၊

ဆူးပင် ဆူးချုံကိုကား- ထိုဆူးပင် ဆူးချုံကိုမှီ၍ ဘေးကင်းကြသော ထိုဆူးပင် ဆူးချုံကို အသုံး ချကြသော သတ္တဝါတို့ အလိုရှိကြ၏၊

တပည့်တို့ - အကယ်၍ ဆူးပင် ဆူးချုံသည် မရှိငြားအံ့၊ ထိုဆူးပင် ဆူးချုံကို မှီခိုရမှ ဘေးကင်း ကြရှာသော သတ္တဝါတို့သည် အကုန် ဘေးရောက်၍ ကုန်ရာ၏၊ သေကြေ ပျက်စီး၍ ကုန်ရာ၏၊ ထို့ကြောင့် တပည့်တို့ - စကြဝဠာခံ လေ ရေနှင့်တကွ စကြဝဠာနှင့်တကွ စကြဝဠာအတွင်း ရှိရှိသမျှ အဆိုး အကောင်း အလုံးစုံကိုပင် သတ္တဝါတို့သည် အလိုရှိကြသည်ချည်းပင်တည်း။

တပည့်တို့ - တိုတို လိုရင်း အကျဉ်းချုံးအားဖြင့်ကား ဤပုထုဇန် သတ္တဝါတို့၏ စိတ်သည် ထူးထူး ပြားပြား ဆန်းဆန်းကြယ်ကြယ်နှင့် ပြည့်စုံသော အာရုံ ခြောက်ပါးကို ချစ်ခင်နှစ်သက်၏၊ အလိုရှိ၏၊ တောင့်တ၏၊

ထိုစိတ် ချစ်ခင် နှစ်သက်၍ အလိုရှိသောအတိုင်း ကံသည် စီရင်စေခိုင်းအပ်သည် ဖြစ်၍ ဥတုသည် အယုတ် အလတ် အမြတ် သုံးမျိုးသုံးမျိုးသော သတ္တဝါတို့နှင့် ထိုက်တန်အောင် အယုတ်, အလတ်, အမြတ်ဟု သုံးမျိုးသုံးမျိုးသော ထူးထူးပြားပြား ဆန်းဆန်း ကြယ်ကြယ်နှင့် ပြည့်စုံသော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံဟု အာရုံခြောက်ပါးခဲကြီး ဖြစ်သော စကြဝဠာ ကမ္ဘာ လောကကြီးကို ပြုပြင်ဖန်ဆင်း၏၊ ဖြစ်စေ၏၊

ရှည်ရှည်, တိုတို, ပုပု ဝိုင်းဝိုင်း, လုံးလုံး, ပြားပြား, အထောင့်, တခဲနက်, အလွှာလွှာ, ကွေ့ကောက်, လက်ခြား, ခွေးသွားစိတ် အစရှိသော အသွင်သဏ္ဌာန်ကိုလည်း ရုံပါရုံသို့သွင်း၍ ရူပါရုံဟူ၍ပင် မှတ်ရမည်။

✨ သိဒ္ဓိဆယ်ပါးကိုပြခြင်း

တပည့်တို့ --

၁။ အနာရောဂါကင်းခြင်း အာရောဂျသိဒ္ဓိ
၂။ အိုသော အဖြစ်မှ ပျိုရွယ်၍လာခြင်း ယောဗ္ဗနသိဒ္ဓိ
၃။ အသက်ရှည်ခြင်း အာယုသိဒ္ဓိ
၄။ ဓားပြီး လှံပြီး သေနတ်ပြီး နှိမ်းပြီးစသော ကာယသိဒ္ဓိ
၅။ ချစ်ခြင်း ပိယသိဒ္ဓိ
၆။ ရွှေငွေဖြစ်ခြင်း ဓနသိဒ္ဓိ
၇။ မြေကြောရှုံ့ခြင်း ပထဝီသိဒ္ဓိ
၈။ ရေပေါ်၌ သွားနိုင်ခြင်း ဥဒကသိဒ္ဓိ
၉။ ကောင်းကင်၌ သွားနိုင်ခြင်း အာကာသသိဒ္ဓိ
၁၀။ အထူးထူး အပြားပြား တန်ခိုး ပြနိုင်ခြင်း ဣဒ္ဓိဝိဓသိဒ္ဓိ

ဤသိဒ္ဓိတို့၏ အလို့ငှါဟု ရည်မှန်း၍ ဆေးပင် ဆေးဓာတ် တို့ကို အလိုရှိသောအခိုက် ထိုဆေးပင် ဆေးဓာတ်တို့သည် ဓမ္မာရုံသဘော၌ တည်သဖြင့် ဓမ္မာရုံကို အလိုရှိသည် ဖြစ်၏၊

အလွန်ရူပါရုံကောင်းသော ရွှေကိုပင်သော်လည်း ထိုသိဒ္ဓိတို့၏ အလို့ငှါ အလိုရှိသော အခိုက် ထို ရွှေသည် ဓမ္မာရုံ သဘော၌ တည်သဖြင့် ဓမ္မာရုံကို အလိုရှိသည် ဖြစ်၏။ ဤသိဒ္ဓိ ဆယ်ပါးတို့ကို ပြီးစီးစေနိုင်သော မြစ်ချင်းပြီး ဆေးပင်တွေကား ဟိမဝန္တာ၌ လွန်စွာပေါများသည်။

တပည့်တို့- ဤသိဒ္ဓိအပြင် ဓမ္မာရုံကို အလိုရှိမှု အရာဌာနတွေ များစွာ ရှိကုန်သေး၏။

တပည့်တို့ - ဥပမာဆိုသော် ဇေတဝန် ကျောင်းတော်ကြီးကို လက်သမားတွေ ဆောက်လုပ်ငြား သော်လည်း ဤဇေတဝန် ကျောင်းတော်ကြီး ဖြစ်ရမှု၌ လက်သမားသည် ပဓာနမဟုတ်၊ အဘိုး လက်ခပေး၍ အဆောက်လုပ်ခိုင်းသော အနာထပိဏ် သူဌေးသာလျှင် ပဓာန ဖြစ်သောကြောင့် အနာထပိဏ် သူဌေး ဆောက်လုပ် လှူဒါန်းသော ကျောင်းတော်ကြီးဟု ဆိုရဘိသကဲ့သို့၎င်း၊

ရွှေတိဂုံဘုရားကြီးကို ပန်းရန်ဆရာတွေ ပြုလုပ် တည်ထားငြားသော်လည်း ဤ ရွှေတိဂုံ ဘုရားကြီး ဖြစ်ရမှု၌ ပန်းရန်ဆရာသည် ပဓာနမဟုတ်၊ အဘိုးလက်ခပေး၍ အပြု လုပ်ခိုင်းသော ဥက္ကလာပ မင်းကြီးသာလျှင် ပဓာနဖြစ်၍ ဥက္ကလာပမင်းကြီး ပြုလုပ်တည်ထားသော ဘုရားကြီးဟု ဆိုရဘိ သကဲ့သို့၎င်း၊

မန္တလေးမြို့ ကျောက်စာတော်ကြီးကို ပန်းပု လက်သမားတွေ ပြုလုပ်ငြားသော်လည်း ဤကျောက်စာ တော်ကြီး ဖြစ်ရမှု၌ ပန်းပုလက်သမားသည် ပဓာနမဟုတ်၊ အဘိုး လက်ခပေး၍ အပြုလုပ်ခိုင်းသော မင်းတုန်းမင်းကြီး သာလျှင် ပဓာနဖြစ်၍ မင်းတုန်းမင်းကြီး ပြုလုပ်ကိုးကွယ်သော ကျောက်စာ တော်ကြီးဟု ဆိုဘိရ သကဲ့သို့၎င်း၊ ထို့အတူ

တပည့်တို့ - ဤတောတောင် မြေစကြဝဠာ ကမ္ဘာလောကကြီးကို ကံစီရင် အပ်သည်ဖြစ်၍ ဥတုသည် ပြုပြင်ဖန်ဆင်းသော်လည်း ဖြစ်စေငြားသော်လည်း ထိုတော, တောင်, ရေ, မြေ, စကြဝဠာ, ကမ္ဘာ လောကကြီး ဖြစ်ရမှု၌ ထိုဥတု ကံတို့သည် ပဓာနမဟုတ်၊ အာရုံခြောက်ပါးကို ချစ်ခင်နှစ်သက်၍ လိုချင်တောင့် တသော သတ္တဝါတို့၏ စိတ်သည်သာလျှင် ပဓာန ဖြစ်သောကြောင့် ဤတော, တောင်, ရေ, မြေ စကြဝဠာ ကမ္ဘာလောကကြီးကို စိတ်သည် ပြုပြင် ဖန်ဆင်းအပ်၏၊ စိတ်သည် ဖြစ်စေ အပ်၏ဟု ဆိုရ၏၊ ထိုစကားသည် မှန်၏၊

တပည့်တို့ - အကယ်၍ အာရုံခြောက်ပါးကို နှစ်သက်ချစ်ခင် လိုချင်တောင့်တ တတ်သော စိတ်သည် လောက၌ မရှိငြားအံ့၊ စကြဝဠာ ကမ္ဘာလောကကြီးသည် ဘယ်နံရော အခါမှ ဖြစ်မည်မဟုတ်၊ အထက်အောက် အဇဋာကာသ ကောင်းကင် ကြီးတို့ကဲ့ သို့ အဇဋာကာသ ကောင်းကင်ကြီး အတိသာ ဖြစ်၍ နေလေရာ၏။ ၁၉။

စိတ္တေန နိမ္မိတော လောကော၊ စိတ္တေန အဘိသင်္ခတော။
တံယေဝ မာပကော သိဿာ၊ ဉာတဗ္ဗံ ပဏ္ဍိတေဟိ ဝေါ။

သေက္ချဘာသိတဂါထာ။

သိဿာ၊ အို-တပည့်တို့။
လောကော၊ တော, တောင်, ရေ မြေ စကြဝဠာ ကမ္ဘာလောကကြီးကို။
စိတ္တေန၊ စိတ်သည်။
နိမ္မိတော၊ ဖန်ဆင်းအပ်၏။
လောကော၊ တော တောင် ရေ မြေ စကြဝဠာ ကမ္ဘာလောကကြီးကို။
စိတ္တေန၊ စိတ်သည်။
အဘိသင်္ခတော၊ ထူးထွေအံ့ဘွယ် လွန်ဆန်းကြယ်အောင် ပြုပြင် စီရင်အပ်၏။
သိဿာ၊ အို-တပည့်တို့။
ပဏ္ဍိတေဟိ၊ ငါဆရာ ပေးသနားအပ်သော လောကဝိ ဉာဏ်ပညာဖြင့် ပညာရှိ ကုန်သော။
ဝေါ၊ သင်တို့သည်။
တံယေဝ၊ ထိုစိတ်ကိုသာလျှင်။
မာပကော၊ ပြုပြင် ဖန်ဆင်းတတ်သော လက်သည်ဟူ၍။
ဉာတတ္ထံ၊ သိအပ်၏။
ဝါ၊ သိကြကုန်လော့။

ထို့ကြောင့်ပင်လျှင် လောကန္တဂူ လောကဝိဒူ လောကပါရဂူ ဖြစ်တော်မူသော သဗ္ဗညုဘုရားရှင်သည်-

စိတ္တေန နိယျတိ လောကော၊ စိတ္တေန ပရိကဿတိ။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ။

ဟူ၍ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်၌ ဟောတော်မူပေ၏။

လောကော၊ လောကကို။
စိတ္တေန၊ စိတ်သည်။
နိယျတိ၊ ဖြစ်အောင်ဆောင် အပ်၏။
နိယျတိ၊ ဖျက်လည်း ဖျက်ဆီးအပ်၏။
လောကော၊ လောကကို။
စိတ္တေန၊ စိတ်သည်။
ပရိကဿတိ၊ ပြုပြင်၏။
စိတ္တဿ၊ စိတ်ဟုဆိုအပ်သော။
ဧကဓမ္မဿ၊ တခုတည်းသောတရား၏။
ဝသံ၊ အလိုသို့။
သဗ္ဗေဝ၊ အလုံးစုံသော တရားတို့သည်ပင်လျှင်။
အနွဂူ၊ အစဉ်လိုက်ကြရကုန်၏။

ဤအရာ၌ မိလိန္ဒမင်းကြီး၏ဆရာ အရှင်နာဂသေန မထေရ်၏ ဗျာကရဏ၌ကား သမုဒ္ဒရာရေ ကြာလို့ ငန်သတဲ့၊ တပည့်တို့။

---

📏 စကြဝဠာ၏အတိုင်းအရှည် ပမာဏကိုပြခြင်း

တပည့်တို့ - စိတ်သည် ပြုပြင်တန်ဆင်းအပ်သော စကြဝဠာ ကမ္ဘာလောကကြီး၏ တည်နေပုံကိုကား ဤသို့ သိရာ၏။

တပည့်တို့ -
လက်သစ် နှစ်ဆဲ့လေးသစ်ကို တတောင်၊
ခုနစ်တောင်ကို တတာ၊
တာနှစ်ဆယ်ကို တဥသဘ၊
ဥသဘ ရှစ်ဆယ်ကို တဂါဝုတ်၊
လေးဂါဝုတ်ကို တယူဇနာဟု ခေါ်ဆိုအပ်၏။
တာငါးရာကို တကောသဟု ခေါ်၏၊
နှစ်ကောသတိုင်လျှင် တာတထောင် ရှိ၏၊
ထိုတာ တထောင်ကို ဗဟ္မာတို့မှာ အတိုင်ဖွဲ့၏၊ သမုတ်၏၊
ဆယ်တိုင်လျှင် တာပေါင်း တသောင်းရှိ၍ တသောင်းခရီးဟု ခေါ်ဆို၏။
တယူဇနာ ခရီးသည် ဗဟ္မာတိုင် ခြောက်တိုင်နှင့် လေးရာတွင်း ရှိ၏၊

“တာလေးရာကို လေးရာတွင်း ငါးရာကို ငါးရာတွင်း စသည်ခေါ်၏”၊

တပည့်တို့ - စကြဝဠာ တခု တခုသည် အလျား အနံ ပမာဏအားဖြင့် ယူဇနာ တသန်း နှစ်သိန်း သုံးထောင် လေးရာ့ ငါးဆယ် ကျယ်၏၊ အဝန်းပမာဏကား ယူဇနာ သုံးသန်း ခြောက်သိန်း တသောင်း သုံးရာ ငါးဆယ် ရှိ၏၊ ပုံသဏ္ဌာန်ကား ဝိုင်းဝိုင်း စက်စက် နေ၏၊ အထောင့်မရှိ၊ ဝိုင်းဝိုင်း စက်စက် ကျောက်ခွက်ကြီးနှင့် တူ၏။

---

🌌 စကြဝဠာ၏ယှဉ်တွဲ၍နေပုံကို ပြခြင်း

ဤယခု ပြဆိုခဲ့ပြီးသော ဖြစ်အတူ - တည်အတူ - ပျက်အတူ ဖြစ်ဖော် ပျက်ဖက် စကြဝဠာတို့၏ အရေအတွက်ကား ကုဋေပေါင်း တစ်သိန်းရှိ၏၊ ဤစကြဝဠာ ကုဋေတသိန်းကို မဟာလောကဓာတ် တခုဟု မှတ်ရမည်၊

တပည့်တို့ - ဤမဟာလောကဓာတ်တခု၏ အတွင်း၌ စကြဝဠာတို့သည်ကား တသောင်းစီ တသောင်းစီ ပူးတွဲ၍ နေကြ၏။ ကျောက်ဖျာကြီးတခုတည်းကို အပြည့် အနှံ့ စပ်ကာ စပ်ကာ ကျောက်ခွက်ပေါင်း တသောင်းထွင်း၍ ထားသည်နှင့်အတူ တသားတည်းနေအောင် ပူးတွဲကြ၏၊

ဤစကြဝဠာ တသောင်းတွဲ၍ တခုတခုကိုကား မဇ္ဈိမလောကဓာတ် တခုတခုဟု မှတ်ရမည် တပည့်တို့။ ဤမဇ္ဈိမ လောကဓာတ်တခုနှင့် တခုတို့ကား မြစ်ထဲ၌ လှေတွေ စပ်ကာ ယှဉ်ကာ နေဘိ သကဲ့သို့ စပ်ကာ ယှဉ်ကာသာ နေကြ၏၊ တသားတည်းနေအောင် မပူးတွဲကြပြီ၊ ထို့ကြောင့် စကြဝဠာ တခုလည်လျှင် မိမိနှင့် ပူးတွဲဘက် မဇ္ဈိမလောကဓာတ် တခုလုံးပါ အကုန်လည်၍ လိုက်၏၊ တွဲဘက် မဟုတ်သော မဇ္ဈိမ လောကဓာတ်တို့ကား လည်၍ မလိုက်ကြပြီ။

---

🔄 စကြဝဠာ၏လည်ပုံကို ပြခြင်း

အဘယ်အခါ ဤကဲ့သို့ မဇ္ဈိမလောကဓာတ် လည်ဘူးလေသနည်း ဆိုသော် တပည့်တို့ - ဤ ငါတို့ ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်၏ ဗျာဒိတ်ပန်းကို ပန်ဆင်ပြီးလျှင် ဘုရားဖြစ်ခြင်း၏အကြောင်း ပါရမီ ဆယ်ပါး တရားတို့ကို မိမိဘာသာ စုံစမ်းရှာဖွေ၍ တွေ့မြင် ရပြီးသော ခဏ၌ ထိုပါရမီ ပဝိစယဉာဏ်တော်၏ အာနုဘော်ကြောင့် ဤငါတို့ မဇ္ဈိမလောကဓာတ် သည် အိုးထိန်းစက်ကဲ့သို့ လည်ဘူးလေ၏။ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည် --

၁။ ဣမေ ဓမ္မေ သမ္မသန္တော၊ သဘာဝရသ လက္ခဏေ။
ဓမ္မတေဇေန ဝသုဓာ၊ ဒသသဟဿီ ကမ္ပထ။

၂။ စလတိ ရဝတိ ပထဝီ၊ ဥစ္ဆုယန္တံဝ ပီဠိတံ။
တေလယန္တံ ယထာစက္ကံ၊ မေဒနီ သမ္ပကမ္မထ။

ဟူ၍ ဗုဒ္ဓဝင်ပါဠိတော်၌ ဟောတော်မူပေ၏။

၁။ ဘိက္ခဝေ၊ ရဟန်းတို့။
အဟံ၊ ငါဘုရားသည်။
တဒါ၊ ထိုသုမေဓာ ရှင်ရသေ့ ဖြစ်သောအခါ၌။
သဘာဝ ရသ လက္ခဏေ၊ ကိစ္စ ရသ သဘောလက္ခဏာနှင့် ပြည့်စုံကုန်သော။
ဣမေ ဓမ္မေ၊ ဤဒါနအစရှိသော ပါရမီဆယ်ပါး တရားတို့ကို။
သမ္မသန္တော၊ ရှာဖွေ သုံးသပ်သည်ရှိသော်။
ဓမ္မတေဇေန၊ ထိုပါရမီကို ရှာဖွေသုံးသပ်သော ပါရမီပဝိစယ ဉာဏ်ပညာ၏ တန်ခိုးကြောင့်။
ဒသသဟဿီ၊ စကြဝဠာ တသောင်းရှိသော။
ဝသုဓာ၊ မဇ္ဈိမလောကဓာတ် မြေချပ် မြေပြင်ကြီး တခုလုံးသည်။
ကမ္ပထ၊ တုန်လှုပ်လေ၏။

၂။ ပထဝီ၊ စကြဝဠာ တသောင်းရှိသော မဇ္ဈိမလောကဓာတ် မြေချပ်မြေပြင် ကြီးသည်။
စလတိ၊ တုန်လှုပ်၏။
ရဝတိ၊ ပြင်းထန်စွာ မြည်လည်းမြည်၏၊
ပီဠိတံ၊ ကြိတ်အပ်သော။
ဥစ္ဆုယန္တံဝ၊ ကြံညှစ် ယန္တရားကဲ့သို့၎င်း။
တေလယန္တံ ယထာ၊ ဆီကြိတ်ယန္တရား နှမ်းဆုံကဲ့သို့၎င်း။
စက္ကံ ယထာ၊ အိုးထိန်းစက်ကဲ့သို့ ၎င်း။
ဘမန္တီ၊ လည်လျက်။
မေဒနီ၊ မဇ္ဈိမလောကဓာတ် မြေချပ်မြေပြင်ကြီးသည်။
သမ္ပကမ္ပထ၊ ပြင်းစွာ အပြားအားဖြင့် တုန်လှုပ်လေ၏။

ပစ္ဆိမဘဝိက ဘုရားလောင်း ဖွားမြင်သောအခါ ဘုရားဖြစ်သောအခါ စသည် တို့၌လည်း နည်းတူပင် လည်လျက် တုန်လှုပ်ရသည် တပည့်တို့။ ဤမဇ္ဈိမ လောကဓာတ်တို့၏ အတွင်း၌ စကြဝဠာ တခုတခုတို့ကား စူဠလောကဓာတ် တခု တခုဟု မှတ်ရမည် တပည့်တို့။

---

⚫ လောကန္တရိက် ငရဲဘုံကိုပြခြင်း

စူဠလောကဓာတ် မဇ္ဈိမလောကဓာတ်တို့ကား အဝိုင်းကြီးတွေ့ဖြစ်၍ အချင်းချင်း သုံးခု လေးခု အဆိုင်တွင် သုံးထောင့်ကွက် လေးထောင့်ကွက်တွေ ပေါ်လျက် အောက် စကြဝဠာခံ ရေကျအောင် အပေါက် ထိုးယိုနေ၏၊ ဤအရပ်သည် လောကန္တရိက် ငရဲသူတို့၏ဖြစ်ရာ ဒုက္ခခံရာ လောကန္တရိက် ငရဲဘုံမည်၏။

---

🔢 လောကဓာတ်သုံးပါးကို ပြခြင်း

တပည့်တို့ - ဤသို့ စကြဝဠာ တခုသည် စူဠလောကဓာတ်တခု၊ စူဠလောကဓာတ် တသောင်းသည် မဇ္ဈိမလောကဓာတ်တခု၊ မဇ္ဈိမလောကဓာတ်ပေါင်း ဆယ်ကုဋေသည် ဖြစ်ဖော် ဖြစ်ဖက် မဟာ လောကဓာတ်တခု ဖြစ်၏၊ ဤမဟာ လောကဓာတ် တခု၏ အတွင်း၌ စူဠလောကဓာတ်ပေါင်း ကုဋေတသိန်းရှိ၏။

---

🌟 ဘုရားပွင့်ရာ လောကဓာတ်ကို စီစစ်၍ပြခြင်း

တပည့်တို့ ဤမဟာလောကဓာတ်၏ အတွင်း၌ လူ့ပြည်မှ သဗ္ဗညုဘုရားတို့သည် ပွင့်တော်မူကြ ကုန်၏၊ ထိုသို့ ပွင့်တော်မူသော အခါလည်း ဤမဟာလောကဓာတ်၏ အလည်ခေါင် ဗဟိုတည့်တည့် မဇ္ဈိမ လောကဓာတ်၌သာ ပွင့်တော်မူကြ၏၊ တပါးသော မဇ္ဈိမ လောကဓာတ်တို့၌ ပွင့်တော် မမူကြကုန်၊

ထိုသို့ပွင့်ရာ မဇ္ဈိမလောကဓာတ်၌လည်း အလည်ခေါင် ဗဟိုတည့်တည့် စူဠ လောကဓာတ်၌သာ ပွင့်တော်မူကြ၏၊ တပါးသော စူဠလောကဓာတ်တို့၌ ပွင့်တော် မမူကြကုန်၊ ဤသို့ပွင့်ရာ စူဠလောကဓာတ်၌လည်း ကျွန်းကြီးလေးကျွန်း ရှိသည်တွင် ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း၌သာလျှင် ပွင့်တော်မူကြကုန်၏၊ ကြွင်းသုံးကျွန်းတို့၌ ပွင့်တော်မမူကြကုန်။

---

🚫 လောကဓာတ်တခုအတွင်း၌
ဘုရားနှစ်ဆူ မပွင့်ကြောင်း

ထိုသို့ ပွင့်တော်မူကြသော အခါ၌ကား - တကာလတည်း၌ ဘုရားနှစ်ဆူ ပြိုင်၍ ပွင့်ရိုးဓမ္မတာ မရှိ၊ တဆူပြီးမှ တဆူ ရှေ့နောက်သာလျှင် ပွင့်တော်မူကြကုန်၏၊ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည်-

အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊ ယံ ဧကိဿာ လောက ဓာတုယာ ဒွေ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အပုဗ္ဗံ အစရိမံ ဥပ္ပဇ္ဇေယျုန္တိ၊ နေတံ ဌာနံ ဝိဇ္ဇတိ။

ဟူ၍ ဧကင်္ဂုတ္တရ ပါဠိတော် စသည်တို့၌ ဟောတော်မူပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ဧကိဿာ လောကဓာတုယာ၊ တခုသော မဟာ လောကဓာတ်အတွင်း၌။
အရဟန္တော၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော။
ဒွေသမ္မာသမ္ဗုဒ္ဓါ၊ နှစ်ဆူသော သဗ္ဗညုဘုရားတို့သည်။
အပုဗ္ဗံ အစရိမံ၊ မရှေးမနှောင်း။
ယံ ဥပ္ပဇ္ဇေယျုံ၊ အကြင်ဖြစ်ကုန်ရာ၏။
ဧတံ၊ ဤသို့ဖြစ်ခြင်းသည်။
အဌာနံ၊ အကြောင်းမဟုတ်။
အနဝကာသော၊ အရာမဟုတ်။
ဣတိဧတံ ဌာနံ၊ ဤသို့ဖြစ်ခြင်းအကြောင်းသည်။
န ဝိဇ္ဇတိ၊ မရှိ။

---

⛰️ မဟာပထဝီမြေကြီး တိုးတက်ပုံကိုပြခြင်း

တကမ္ဘာတည်း၌ ပွင့်ကြသော ဘုရားတဆူနှင့်တဆူ စပ်ကြား၌ကာလ ဘယ့်ကလောက် ကြာအောင် ခြားရလေသနည်းဆိုသော် တပည့်တို့ - မဟာပထဝီမြေကြီးသည် အသစ် တိုး၍ တိုး၍ အနှစ် တရာလျှင် လက်တသစ် အပေါ်သို့ တက်၏၊ ရွှေဘုရား၏ သာသနာကုန်သော နေ့မှစ၍ မဟာပထဝီ မြေကြီး တယူဇနာတိုင်အောင် အပေါ်သို့ တက်မှ နောက်ဘုရားတဆူပွင့်၏။ သို့ကလောက် ကာလကြာအောင် ခြားရ၏။

---

💡 သုညကမ္ဘာ - အသုညကမ္ဘာတို့ကို ခွဲခြား၍ပြခြင်း

ဘုရားမပွင့်သော ကမ္ဘာကို ဘုရားမှ ဆိတ်ခြင်းကြောင့် သုညကမ္ဘာဟုခေါ်၏၊
ပွင့်သောကမ္ဘာကိုကား ဘုရားမှ မဆိတ်ခြင်းကြောင့် အသုညကမ္ဘာဟု ခေါ်၏၊
ထိုဘုရားပွင့်သော အသုညကမ္ဘာသည်လည်း --

တဆူပွင့်လျှင် သာရကမ္ဘာ
နှစ်ဆူပွင့်လျှင် ဝရကမ္ဘာ
သုံးဆူပွင့်လျှင် မဏ္ဍကမ္ဘာ
လေးဆူပွင့်လျှင် သာရမဏ္ဍကမ္ဘာ
ငါးဆူပွင့်လျှင် ဘဒ္ဒကမ္ဘာ - ဟု ငါးပါးအပြားရှိ၏၊
ငါးဆူထက်လွန်၍ကား မပွင့်ပြီ။

ဤယခုကမ္ဘာကား ငါးဆူပွင့်သော ဘဒ္ဒကမ္ဘာတည်း။ ကမ္ဘာပေါ် ဖြစ်သည်ဆိုသော် အကယ်၍ ဘုရားတဆူသာ ပွင့်သောကမ္ဘာ ဖြစ်ငြားအံ့၊ ကမ္ဘာဦးအစ လူ့ပြည် ကျွန်းမြေပေါ်စအခါ၌ ရှစ်ပါးသော ပရိက္ခရာ တစုံသီးသော ပဒုမာကြာ တပင် ပေါက်၏၊ နှစ်ဆူပွင့် နှစ်စုံ၊ သုံးဆူပွင့် သုံးစုံ၊ လေးဆူပွင့် လေးစုံ၊ ငါးဆူပွင့် ငါးစုံသီးသော ပဒုမာကြာ တပင်သာ ပေါက်၏၊

ထိုပရိက္ခရာတို့ကို ဘုရားပွင့်မည့် ကမ္ဘာလော မပွင့်မည့် ကမ္ဘာလောဟု ပုဗ္ဗနိမိတ် အကြည့်အရှု လာကြသော သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည် တွေ့မြင်၍ အလွန်လျှင် ဝမ်းမြောက် ဝမ်းသာ ယူထား ပြီးလျှင် နောင် ပစ္ဆိမဘဝိက ဘုရားလောင်းတို့ တောထွက်သောအခါ ကပ်လှူကြကုန်၏၊

ပစ္စေကဗုဒ္ဓါ လူအရိယာတို့သည်လည်း ဤ သဗ္ဗညုဘုရားတို့ပွင့်ရာ စူဠလောကဓာတ် တောင်ကျွန်း၌ သာလျှင် ဖြစ်ကြ ပွင့်ကြကုန်၏၊ နတ် ဗြဟ္မာ အရိယာတို့မူကား ဘုရားပွင့်ရာ မဇ္ဈိမ လောကဓာတ် ဟူသော စကြဝဠာ တသောင်းလုံး အတွင်း၌ ပင်လျှင် ဖြစ်နိုင် ပွင့်နိုင်ကြကုန်၏။ ကြွင်းသော မဇ္ဈိမ လောကဓာတ်တို့၌ကား မဖြစ်နိုင်ကြကုန်၊ မပွင့်နိုင်ကြကုန်။

ဤ လူ နတ် ဗြဟ္မာ အရိယာတို့သည် သဗ္ဗညုဘုရားတို့၏ တပည့်တွေသာတည်း။

---

🌿 ပစ္စေကဗုဒ္ဓါတို့၏ပွင့်ပုံကို ပြခြင်း

ပစ္စေကဗုဒ္ဓါတို့သည်ကား သုညကမ္ဘာ အသုညကမ္ဘာ နှစ်ပါးစုံ၌ပင်လျှင် သဗ္ဗညုတ ဘုရားရှင်တို့၏ သာသနာပအခါ၌ ဆရာမလို မိမိအလိုလို ကိုယ်တော်တိုင် အသီး အခြား ဖြစ်ကြ ပွင့်ကြကုန်သော ဘုရားငယ်တို့ပေတည်း၊ တဆူတည်းလည်း ပွင့်၏။ နှစ်ဆူ သုံးဆူ တရာ နှစ်ရာသည်လည်း ပြိုင်၍ ပွင့်ကြကုန်၏၊

စကြာမင်းတို့မူကား ကမ္ဘာတိုင်း, ကမ္ဘာတိုင်း စကြဝဠာတိုင်း, စကြဝဠာတိုင်း တောင်ကျွန်း, တောင်ကျွန်းတို့၌သာလျှင် ဖြစ်ကြ၍ လေးကျွန်းလုံးကို အစိုးရ ကြကုန်၏၊ ထိုသို့ ဖြစ်သောအခါ စကြဝဠာတခုအတွင်း၌ စကြာမင်းနှစ်ပါးကား ပြိုင်၍ မဖြစ်ကြပြီ။

---

👑 မဟာလောကဓာတ်ကို ပြခြင်း

တပည့်တို့ - ဥပမာဆိုသော် ဘုရင်မင်းတပါး၏ စံရာမြို့ရိုးအတွင်း နန်းတော်၏ ဥပစာကဲ့သို့ ဤ ငါတို့စကြဝဠာ စူဠလောကဓာတ် တခုသည် ဓမ္မရာဇ် မင်းမြတ် ဖြစ်တော်မူသော သဗ္ဗညုဘုရား တဆူ တဆူ၏ ပျော်စံရာ မြို့ရိုးတွင်းနန်းတော်၏ ဥပစာမည်၏၊

ဘုရင်မင်းတပါး၏ စံရာ မြို့ရိုး ဥပစာကို ပြင်ဘက် ထက်ဝန်းကျင်မှ ခြံရံ၍ နေကြသော အရှေ့ပြင်, အနောက်ပြင်, တောင်ပြင်, မြောက်ပြင်ရပ်စု အိမ်စုကဲ့သို့ ဤ ငါတို့ စကြဝဠာ စူဠလောကဓာတ်ကို ပြင်ဘက်ထက်ဝန်းကျင်မှ ပူးတွဲလျက် ခြံရံ၍ နေကြသော တခုယုတ် တသောင်းသော စကြဝဠာ စူဠ လောကဓာတ်တို့သည် ဓမ္မရာဇမင်းမြတ် ဖြစ်တော်မူသော သဗ္ဗညုဘုရား တဆူ တဆူ၏ ပျော်စံရာ မြို့ရိုးတွင်း ဥပစာကို ပြင်ဘက်ထက်ဝန်းကျင်မှ ခြံရံ၍နေကြသော အရှေ့ပြင်, အနောက်ပြင်, တောင်ပြင်, မြောက်ပြင်, အရှပ်စု, အိမ်စုတို့ မည်၏။

ဘုရင်မင်းတပါး၏စံရာ အရှေ့ပြင်, အနောက်ပြင်, တောင်ပြင်, မြောက်ပြင် ရပ်စု, အိမ်စုနှင့်တကွ တမြို့လုံးကို ထက်ဝန်းကျင်မှ ခြံရံ၍နေကြသော အမတ်ငယ်တဦး အုပ်စိုးရသော ပန်းချီ, ကမ်းနီ, အလုံ, ဒီပဲရင်း အစရှိသော ဇနပုဒ် တခု တခုတို့ကဲ့သို့ ဤငါတို့ မဇ္ဈိမလောကဓာတ်ကို ထက်၀န်းကျင်မှ ခြံရံ၍ နေကြသော မဇ္ဈိမ လောကဓာတ်တို့သည် ဓမ္မရာဇ်မင်းမြတ် ဖြစ်တော်မူသော သဗ္ဗညုဘုရား တဆူ တဆူ၏ ပျော်စံရာ မဇ္ဈိမလောကဓာတ် တည်းဟူသော မြို့တော်ကြီးကို ထက်ဝန်းကျင်မှ ခြံရံ၍ နေကြသော ဇနပုဒ်တွေ မည်ကုန်၏၊

ပန်းချီ ကမ်းနီ, အလုံ, ဒီပဲရင်း အစရှိကုန်သော များစွာသော ဇနပုဒ်တို့၏ အစု အဝေးတခုသည် ဘုရင်မင်းတပါး၏ ပိုင်ဆိုင်ရာ အုပ်စိုးရာ အာဏာနှံရာ တိုင်းနိုင်ငံ တခု ဖြစ်ဘိသကဲ့သို့ ဆယ်ကုဋေ မျှလောက် များစွာသော မဇ္ဈိမ လောကဓာတ် တည်းဟူသော ဇနပုဒ်တို့၏ အစုအဝေးကြီးဖြစ်သော မဟာလောကဓာတ်ကြီး တခုသည် ဓမ္မရာဇ်မင်းမြတ် ဖြစ်တော်မူသော သဗ္ဗညုဘုရား တဆူ တဆူ၏ ပိုင်ရာ ဆိုင်ရာ အုပ်စိုးရာ အာဏာနှံ့ရာ တိုင်းနိုင်ငံကြီး တခု မည်၏။

ထိုစကားသည် မှန်၏၊

တပည့်တို့ - ရတနသုတ်, ခန္ဓသုတ်, မောရသုတ်, ဓဇဂ္ဂသုတ်, အာဋာနာဋိယသုတ် ပရိတ်တော်တို့ကို ဟောတော်မူသော ငါတို့ သဗ္ဗညုဘုရားရှင်၏ ပရိတ် အာဏာတော်သည် ဤမဟာလောကဓာတ် အတွင်း အကုန်နှံ့တော်မူ၏။ ဤမဟာ လောကဓာတ် အတွင်းရှိ နတ် ဗြဟ္မာတို့သည် လက်အုပ် ချီလျက် ဦးခေါင်းဖြင့် ထိုပရိတ် အာဏာတော်ကို ခံယူကြရကုန်၏။

ဘုရင်မင်းသည် မိမိ၏တိုင်းနိုင်ငံအတွင်း အချို့သော ဇနပုဒ် အရပ်ဒေသသို့ ကိုယ်တိုင် အဆုံးအမ တရံတခါ သွားရောက်လေဘိ သကဲ့သို့ ထို့အတူ တပည့်တို့ - ဤငါတို့ ဓမ္မရာဇ်မင်းမြတ် ဖြစ်တော် မူသော သဗ္ဗညုဘုရားရှင်သည် မိမိ၏ အာဏာနှံ့ရာ တိုင်းနိုင်ငံအတွင်း အချို့သော လောကဓာတ် ဇနပုဒ်တို့သို့ တရားဓမ္မ ဟောပြောဆုံးမခြင်းငှါ တရံတခါ ကြွသွားတော်မူ၏။

---

♾️ အနန္တလောကဓာတ်ကို ပြခြင်း

ဤနည်းတူ တပည့်တို့ - ဤငါတို့ မဟာလောကဓာတ်အပြင် တဆူ တဆူသော တပါးသော ဘုရား တို့၏ ပိုင်ရာ အုပ်စိုးရာ အာဏာနှံ့ရာ တိုင်းနိုင်ငံကြီးတွေ ဖြစ်သော မဟာလောကဓာတ်ကြီး တွေသည်ကား အရပ်ရှစ်မျက်နှာတို့၌ အသင်္ချေ အနန္တ များပြားစွာ ရှိကုန်၏။

လောကဓာတ် အဆုံးမရှိ၊ ဤအဆုံးမရှိ များပြားသော မဟာလောကဓာတ်တွေ အကုန်လုံးကိုကား အနန္တလောကဓာတ် တခုဟု မှတ်ရမည်။ တပည့်တို့ - ထို့ကြောင့် လောကဓာတ်သည် စူဠလောကဓာတ်, မဇ္ဈိမလောကဓာတ်, မဟာလောကဓာတ်, အနန္တလောက ဓာတ်ဟု လေးပါးအပြား ရှိသည်ကိုလည်း ကောင်းစွာ သိအပ် မှတ်အပ်၏။

ထိုအဆုံးမရှိ အသင်္ချေအနန္တ များပြားသော တပါးသော မဟာလောကဓာတ်တို့၏ ပျက်စီး ဖြစ်ပေါ် တည်ထောင်ပုံ အခြင်းအရာ အလုံးစုံကို၎င်း၊ ထိုမှတပါးသော မဟာလောကဓာတ်တို့၌ စကြာမင်း၏ ဖြစ်ပုံ လူနတ်ဗြဟ္မာ အရိယာတို့ ဖြစ်ပုံ, ပစ္စေကဗုဒ္ဓါတို့ ဖြစ်ပုံ ပွင့်ပုံ, သဗ္ဗညုဘုရားတို့ ဖြစ်ပုံ ပွင့်ပုံ အခြင်းအရာ အလုံးစုံကို၎င်း ဤငါတို့ မဟာလောကဓာတ်၌ ဆိုအပ်ပြီးသော နည်းအတိုင်းပင် မှတ်ရမည် သိရမည်၊ တပည့်တို့။

---

🙏 မဟာလောကဓာတ်တခု၌ ဘုရားတဆူစီပွင့်ပုံ

တပည့်တို့ - အကြွင်းအကျန်မရှိ အလုံးစုံသော အနန္တမဟာ လောကဓာတ်တို့၌ အဘယ့်ကြောင့် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သည် ဖြစ်ကြ ပွင့်ကြရလေကုန်သနည်း ဆိုသော် တပည့်တို့ - ဤ သတ္တလောက၌ အိုဘေး, နာဘေး, သေဘေး တို့သည် အမြဲထင်ရှားရှိကုန်၏။

ထိုအိုဘေး, နာဘေး, သေဘေး, သုံးပါးတို့သည် မဖြစ်ချင် မနေရ၊ မပွင့်ချင် မနေရအောင် မပြတ်မလပ် တိုက်တွန်း နှိုးဆော်အပ်ကုန်သည် ဖြစ်၍ မပြတ်မလပ် လွန်စွာ ဖိစီး နှိပ်စက်အပ် ကုန်သည် ဖြစ်၍ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သည် ဖြစ်ကြရကုန်၏၊ ပွင့်ကြရကုန်၏၊ ထို စကားသည် မှန်၏။

တပည့်တို့ - အကယ်၍ သတ္တလောက၌ အိုဘေး, နာဘေး သေဘေး, သုံးပါးတို့သည် ထင်ရှား မရှိကုန်ငြားအံ့၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ဘယ်အခါမှ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သည် ဖြစ်ကြရမည် ပွင့်ကြရမည် မဟုတ်၊

အကြင့်ကြောင့်ကား တပည့်တို့ - ထို အိုဘေး, နာဘေး, သေဘေး သုံးပါးတို့သည် ထင်ရှားရှိကုန်၏။ ထို့ကြောင့် လောက၌ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သည် ရှေးအခါ၌လည်း ဖြစ်ကြ ပွင့်ကြ လေကုန်ပြီ။ ယခုအခါလည်း ဖြစ်ကြ ပွင့်ကြကုန်ဆဲ၊ နောက်အခါ၌လည်း ဖြစ်ကြ ပွင့်ကြကုန်လတ္တံ့။ ၂ဝ။

ဇရာမရဏ ဒုက္ခေဟိ၊ စောဒိတာ ဘူသပီဠိတာ။
သဗ္ဗာသု လောကဓာတူသု၊ ဥပ္ပဇ္ဇန္တိ မဟေသိနော။

သေက္ချဘာသိတဂါထာ။

သိဿာ၊ အို-တပည့်တို့။
ဇရာမရဏဒုက္ခေဟိ၊ အို နာ သေရေး ဒုက္ခဘေး တို့သည်။
စောဒိတာ၊ မပြတ်မလပ် တိုက်တွန်း နိုးဆော်အပ်ကုန်သည်ဖြစ်၍။
ဘူသပီဠိတာ၊ မပြတ်မလပ် ပြင်းစွာ ဖိစီးနှိပ်စက် အပ်ကုန်သည်ဖြစ်၍။
သဗ္ဗာသု၊ အကြွင်းအကျန်မရှိ အလုံးစုံကုန်သော။
လောကဓာတူသု၊ အနန္တမဟာလောက ဓာတ်တို့၌။
မဟေသိနော၊ မြတ်စွာဘုရားတို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်တော်မူကြကုန်၏၊ ပွင့်တော်မူကြကုန်၏။

တပည့်တို့ - ဤဘုရားတဆူ တဆူ၏ အုပ်စိုးရာ အာဏာနှံ့ရာ တိုင်းနိုင်ငံ ကြီးတွေဖြစ်သော အနန္တ မဟာလောကဓာတ်ကြီးတွေ တခုနှင့်တခု အကြား အကြားတို့၌ ယူဇနာ ကိုးသိန်း ခြောက်သောင်း မျှလောက်သော လေထုကြီးတွေ ခြား၍ ခြား၍ နေကုန်၏၊ ဤလေထုကြီးတွေကို အနန္တ မဟာလောကဓာတ် တခုနှင့် တခုကို ပိုင်းခြားတတ် သောကြောင့် လောကန္တရိက လေဟု မှတ်ရမည်။

တပည့်တို့- ဤသို့ လေထုကြီးတွေ ခြား၍ ခြား၍နေသဖြင့် မဟာလောကဓာတ် တခုနှင့်တခုသည် မနီးစပ်ကြပြီ။ မဟာလောကဓာတ်ကို ခံ၍နေသော ရေချင်းလည်း မနီးစပ်ကြပြီ၊ ထိုသို့ မနီးစပ်ဘဲ လေထုကြီးတွေ ခြား၍ ခြား၍ နေခြင်းကြောင့် အမှတ်မရှိ တခုခုသော မဟာလောကဓာတ်ကို မီးလောင်သော်လည်း ဤမီး လောင်သော မဟာလောကဓာတ်၏ ထက်ဝန်းကျင်၌ ရှိနေကြသော တပါးသော မဟာလောကဓာတ်တို့သို့ မီးမကူးပြီ၊

မီးလောင်ရာအရပ် အကုန်နှံ့လျက် ဗြဟ္မာပြည်တိုင်အောင် ပြည့်၍နေသော ကမ္ဘာပြု မိုဃ်းရေ တို့လည်း ထက်ဝန်းကျင်ရှိ တပါးသော မဟာလောကဓာတ်တို့သို့ ပြန့်နှံ့ လွှမ်းမိုး၍ မသွားပြီ။

ဤကား စိတ်သည် ပြုပြင်ဖန်ဆင်းအပ်သော လောကကြီး၏ တည်နေပုံတည်း။

---

🧑‍🤝‍🧑 ကမ္ဘာဦးအခါ လူ့ပြည်၌
လူတို့ဖြစ်လာပုံကို ပြခြင်း

တပည့်တို့ - ဤသို့ စိတ်သည် ပြုပြင် ဖန်ဆင်းအပ်သည် ဖြစ်၍ ဖြစ်ပေါ် တည်ထောင်၍လာသော လောကကြီးဝယ် ဤလူ့ဘုံ၌ လူတို့သည် အဘယ် အခါ၌ ဖြစ်လာ, ရောက်လာကုန်သနည်း ဆိုသော် တပည့်တို့ - နေ, လ, နက္ခတ် တာရာတို့ မဖြစ်ပေါ်လာမီ အတန်ကြာက အထက် ဗြဟ္မာဘုံတို့မှ ဗြဟ္မာ သတ္တဝါတို့သည် --

အသက်တမ်းကုန်ခြင်း အာယုက္ခယ
ကံကုန်ခြင်း ကမ္မက္ခယ
အသက်တမ်း ကံနှစ်ပါးစုံပြိုင်၍ကုန်ခြင်း ဥဘယက္ခယ

ဤသုံးပါးသော မရဏုပ္ပတ္တိ တို့တွင် တပါးတပါးဖြင့် စုတေသေဆုံး၍ ဤလူ့ပြည် ကျွန်းမြေပေါ် ဥပပတ် ပဋိသန္ဓေအားဖြင့် လူသတ္တဝါ ဖြစ်၍ ဖြစ်၍ လာကြကုန်၏။

---

👶 ကမ္ဘာဦး လူတို့ဖြစ်ပုံ အခြင်းအရာကို ပြခြင်း

ထိုကမ္ဘာဦးသူ လူတွေကား --
ယောက်ျားအသွင် သဏ္ဌာန်လည်း မပါ ယောက်ျားလည်း မဟုတ်၊
မိန်းမ အသွင်သဏ္ဌာန်လည်း မပါ မိန်းမလည်း မဟုတ်ကြပြီ၊
ဗြဟ္မာကြီးတွေ အသွင်သဏ္ဌာန်ကဲ့သို့ တုံးချောကြီးတွေတည်း၊

အဝတ်ပုဆိုးလည်း မဝတ်ကြပြီ၊ အစာအာဟာရကိုလည်း မှီဝဲခြင်းမရှိဘဲ အာဘဿရ ဗြဟ္မာတို့ကဲ့သို့ ပီတိဘက္ခဖြင့်သာလျှင် အတန်ကြာကာလကို လွန်စေကြကုန်၏။ ဗြဟ္မာကြီးတို့ကဲ့သို့ ကောင်းကင်၌ လည်း သွားနိုင်သော ကမ္မဇိဒ္ဓိ တန်ခိုးနှင့်လည်း ပြည့်စုံကြကုန်၏။ နေ, လ, နက္ခတ် အရောင် အလင်း တို့လည်း မရှိဘဲလျက် မိမိတို့၏ ကိုယ်ရောင် အလင်းတို့ဖြင့်သာလျှင် အမိုက်မှောင်ကို ပယ်ဖျောက် လျက် သွားလာ လှည့်လည်၍ နေကြကုန်၏။

ထို့နောင် အတန် ကြာကာလကို လွန်သောအခါ မြေအပြင်၌ ဟိုဘကွက် သည်တကွက် ခဲပြင်၍ နေသော အလွန်ကောင်းသော အဆင်း အနံ့ အရသာနှင့် ပြည့်စုံသော မြေဆီ မြေလွှာတို့ကို တွေ့မြင်ဖန်များလျှင် အနံ့တို့သည် လှိုင်ဖန် များလျှင် ထိုမြေဆီ မြေလွှာတို့၏ အဆင်း အနံ့တို့၌ ချစ်ခင်သာယာသော တဏှာ အားကြီးစွာ ဖြစ်ပေါ်လာသဖြင့် ထိုကမ္ဘာဦးသူ လူတို့လည်း ထိုမြေဆီ မြေခဲတို့ကို လက်ဖြင့် ကိုင်ယူ၍ နမ်းပြီးလျှင် ခံတွင်းသို့ ခွံ့လေသော် ကောင်းမှန်းသိလျက် နှစ်သက် ချစ်ခင်သော ရာဂစိတ် ဖြစ်ပေါ်လာသဖြင့် ဝမ်းသို့ မျိုသွင်း စားသောက်ကြလေကုန်၏၊ မပြတ်အမြဲ မှီဝဲ စားသောက်ကြလေကုန်၏။

---

☀️ ကမ္ဘာဦးက နေ, လ,
နက္ခတ်တို့ ဖြစ်ပေါ်ပုံကို ပြခြင်း

ထို ရသပထဝီ မြေဆီခဲကို မှီဝဲ စားသောက်လေလျှင် ရုန့်ရင်းသော ရုပ်တို့သည် ဖြစ်ပေါ်လာသဖြင့် ကိုယ်ရောင်တို့သည် ညှိုးမှိန် ကွယ်ပျောက်၍ အမိုက်မှောင်ကြီးအတိ ဖြစ်သဖြင့် အလွန် ကြောက်ရွံ့ခြင်း ဖြစ်ကြဆဲအခါ ထိုသူတို့ ကြောက်ရွံ့ခြင်းကို ပယ်ဖျောက်လျက် ရဲရင့်ခြင်းကို ဖြစ်စေလျက် ယူဇနာ ငါးဆယ် အလျား အနံ ကျယ်သော နေဝန်း နေဗိမာန်ကြီးသည် ဖြစ်ပေါ်လာ၏။

ထိုအခါ ထိုကမ္ဘာဦးသူတို့သည် ဤဗိမာန်ကြီးသည် ငါတို့အား ရဲနှင့်ခြင်းကို ဖြစ်စေလျက် ပေါ်လာ ပေ၏။ ထို့ကြောင့် သူရိယဟု အမည်တွင်စေ သတည်းဟု နေဗိမာန်ကို သူရိယဟု အမည် မှည့်ကြလေကုန်၏။

ထိုဗိမာန်သည် တနေ့လုံး ထွန်းလင်းလျက် အနောက်သို့ဝင်၍ ကွယ်လေလျှင် မှောင်အတိ ဖြစ်ပြန်၍ ကြောက်ရွံ့ခြင်း ဖြစ်ကြပြန်လျက် ငါတို့အား တပါးသော အရောင် အလင်းကို ရပါမူကား ကောင်းလေစွဟု အရောင်အလင်းကို တောင့်တဆဲ အခါ ထိုသူတို့၏ အလိုဆန္ဒကို သိဘိသကဲ့သို့ နက္ခတ်တာရာ ကြယ်အပေါင်းနှင့်တကွ လေးဆယ်ကိုးယူဇနာ ကျယ်သော လဝန်း လဗိမာန်ကြီးသည် ဖြစ်ပေါ်၍လာလေ၏။

ထိုအခါ ထိုကမ္ဘာဦးသူတို့သည် ဤဗိမာန်ကြီးသည် ငါတို့၏ အလိုဆန္ဒကို သိဘိ သကဲ့သို့ ဖြစ်ပေါ်၍ လာပေ၏။ ငါတို့သည် တောင့်တအပ်၏။ ထို့ကြောင့် စန္ဒဟု အမည်တွင်စေသတည်းဟု လဗိမာန်ကို စန္ဒဟု အမည်မှည့် ကြလေကုန်၏။

ထို နေ, လ, နက္ခတ်တို့ ဖြစ်ပေါ်လာသောအခါ လ,သည် နေ,နှင့် သမသတ်နေလျက် ဥတ္တရ ဖရဂုဏီ နက္ခတ်နှင့်ယှဉ်၍ ပေါ်ထွက်လာခြင်းကြောင့် ဖဂ္ဂုဏပုဏ္ဏမီဟု ခေါ်ဝေါ်သမုတ်ကြ၏။ ထိုဖဂ္ဂုဏပုဏ္ဏမီကို ငါတို့ ဗဟ္မာမှာ တပေါင်းလပြည့်နေ့ဟု ခေါ်ဆို၏။ ထိုအခါမှစ၍ အစဉ်အတိုင်း နေ့ ညဉ့်, ပက္ခ, လ, ဥတုနှစ်တို့သည် ထင်ရှားလေကုန်၏။ အရပ် ဒိသာတို့လည်း ထင်ရှား ဖြစ်လေကုန်၏။

---

👩‍❤️‍👨 မိန်းမ ယောက်ျား စတင်ဖြစ်ပေါ်လာပုံကို ပြခြင်း

ထိုကမ္ဘာဦးသူတို့သည် အာဟာရကို မှီဝဲခြင်းကြောင့် ရုပ်အထူးထူးဖြစ်သဖြင့် အချို့သောသူတို့သည် အဆင်းလှကုန်၏။ အချို့သောသူတို့သည် အဆင်းမလှကုန်၊ ထိုအခါ အဆင်းလှသော သူတို့သည် အဆင်းညံ့သော သူတို့ကို မထီ လေးစား အောက်မေ့ကြကုန်၏၊ ထိုသို့မထီလေးစား အောက်မေ့ခြင်း အတိမာနကြောင့် ရသ ပထဝီ မြေဆီတို့သည် ကွယ်လေကုန်၏။

ထိုမြေဆီကွယ်လျှင် ဘူမိပပ္ပဋကမည်သော မြေဖူးမြေငုံတို့သည် တောင်ပို့ကြီးတွေ ကဲ့သို့ ပေါက်လာ ကုန်၍ ထိုမြေဖူး မြေငုံတို့ကို စားကြလေကုန်၏။ ထိုမြေငုံတို့လည်း ရှေးနည်းတူ အလွန်မာန်မူခြင်း အတိမာနကြောင့် ကွယ်ပြန်လေလျှင် ပဒါလတာ မည်သော နွယ်ချိုမျိုးတို့သည် ပေါက်လာကုန်၍ ထိုနွယ်ချိုကို စားကြလေကုန်၏။

ထိုနွယ်ချိုတို့သည် ရှေးနည်းတူ အတိမာနကြောင့် ကွယ်ပြန်လေလျှင် အခွံအဖုံး ဖွဲလည်း မကပ်သော သလေးဆန်သား သီးသော စပါးတို့သည် ပေါက်လာကုန်၍ ထို သလေးဆန်တို့ကို ယူ၍ အိုးဖြင့် ချက်၍ စားကြလေကုန်၏။ ထိုသလေးဆန် ထမင်းသည်ကား-ဟင်းတို့ဖြင့် မရောစွက်ရပြီ၊ အချို အချဉ် အစရှိသော အကြင် အကြင် အရသာကို အလိုရှိ၏။ ထိုအလိုရှိသော အရသာသည် ဖြစ်လေ၏။

ဤသို့ ရုန့်ရင်းကြမ်းတန်းသော သလေးထမင်း အာဟာရကို မှီဝဲစားသောက် သောအခါ ကျင်ကြီး, ကျင်ငယ်တို့သည် ဖြစ်ကုန်၍ ထိုကျင်ကြီး, ကျင်ငယ် ထွက်စရာ အမာဝ ပြွန်ပေါက် ပြွန်တံတို့သည် ပေါက်ကွဲ ပေါ်ထွက်လာကုန်၏၊ မိန်းမ ဖြစ်ထိုက်သောသူအား မိန်းမ, ယောက်ျား ဖြစ်ထိုက်သော သူအား ယောက်ျား အသွင်သဏ္ဌာန် အင်္ဂါကြီးငယ် ဘာဝရုပ်တို့သည် ဖြစ်ပေါ်လာလေကုန်၏၊ ထိုအခါမှ ရှက်ကြောက်ခြင်း ဖြစ်ကြ၍ ပဒေသာပင်မှ အဝတ်တို့ကို ဆွတ်ယူ၍ ဝတ်ရုံ ဖုံးလွှမ်းကြ ကုန်၏၊ ကမ္ဘာဦးအခါ၌ကား ကျွန်းတိုင်းမှာပင် ပဒေသာပင် ရှိကြ၏၊ နောက်အခါ၌ကား မြောက်ကျွန်း ၌သာ အမြဲ ရှိလေတော့၏။

---

🏠 အာဂါရိယ-အနာဂါရိယ
လူနှစ်မျိုးကွဲပြားကြောင်း

ထိုအခါ ယောက်ျားသည် မိန်းမကို အခါလေးမြင့် တစိန်းစိန်း ကြည့်၏၊ မိန်းမသည်လည်း ယောက်ျားကို အခါလေးမြင့် တစိန်းစိန်း ကြည့်၏၊ ဤသို့ တဦးနှင့်တဦး ကြည့်ရှု ကြံစည်ဖန် များသောအခါ ကာမရာဂတို့သည် အားကြီစွာ ဖြစ်ပေါ်လာသဖြင့် မေထုနအမှုကို ပြုကြလေကုန်၏၊ ထိုသို့ မေထုနအမှုကို ပြုသောသူတို့ကို မပြုသော ပညာရှိတို့မြင်လျှင် “ဓီ ဝသလာ,ဓီ-ဝသလာ”။

ဝသလာ၊ သူယုတ်တို့။
ဓီ၊ ထွီ ရွံ့စရာ။
ဝသလာ၊ သူယုတ်တို့။
ဓီ၊ ထွီ ရွံ့စရာ။ “

ဟု တံထွေးထွေးလျက် ကဲ့ရဲ့လျက် ခဲနှင့်လည်း ပေါက်ကြကုန်၏၊ တုတ် လှံတံနှင့်လည်း ရိုက်ကြကုန်၏၊ ထိုအခါ ကဲ့ရဲ့ခြင်း ပစ်ခတ် ရိုက်နှက်ခြင်း ဘေးတို့မှ လွတ်၍ ချမ်းသာစွာ မေထုန အမှုကိုပြုရန် ပုန်းကွယ်စရာ အိမ်တို့ကို ဆောက်လုပ် ကြ၍ အိမ်၌ နေကြကုန်၏၊ မေထုနအမှုကို မပြုသောသူတို့ကား အိမ်မဆောက်ဘဲ သစ်ပင်ရင်း လွင်တီးခေါင် စသည်တို့၌သာ နေကြကုန်၏၊ ထိုအခါ အိမ်၌နေသော အာဂါရိယလူ, အိမ်၌မနေသော အနာဂါရိယလူဟု လူနှစ်မျိုး ကွဲပြား၍ သွားကုန်၏။

---

🍚 သိုမှီးသိမ်းဆည်း၍ သလေးခင်းကို ခွဲဝေကြခြင်း

ထိုအိမ်နေ လူအပေါင်းတို့တွင် ပျင်းရိသော လူတယောက်သည် သလေးခင်းသို့ အခါခါ မသွား ရအောင် တခါတည်း ပြီး နှစ်ရက်စာ သုံးရက်စာလောက် ယူခဲ့၍ အိုးဖြင့် လှောင်၍ထားလေ၏၊ ထိုသူ၏ အတုသို့လိုက်၍ ကြွင်းသော လူပျင်းတို့သည်လည်း လေးငါးရက်စာမက ယူခဲ့၍ သိုမှီး လှောင်ထားကြလေကုန်၏၊

ထိုအခါ ထိုသို့ အပိုအမို သိုမှီးလှောင်ထားခြင်း သန္နိဓိအမှုကို ပြုခြင်းကြောင့် သလေး ဆန်တို့သည် ဖွဲကပ်၍ အခွံဖုံး၍ လာလေကုန်၏၊ သလေးပင် တို့လည်း ရှေးအခါ ယနေ့ရိတ်ယူသော နေရာ၌ နက်ဖြန် ပကတိ ပေါက်မြဲ ပေါက်၍ သီး၍နေ၏၊ ဤသန္နိဓိအမှုကို ပြုပြီးသောအခါ၌ကား ရိတ်ပြီး သော နေရာ၌ ပကတိ ပေါက်၍ သီး၍ မနေပြီ၊ အငုတ်တွေ အတိုင်းသာ ပေါက်နေ လေတော့၏၊

ထိုအခါ လူအပေါင်းတို့သည် စုဝေးကြလျက် အို-လူအပေါင်းတို့ သတ္တဝါတို့၌ ယုတ်မာသော တရား တို့သည် ဖြစ်ပေါ်၍ လာကုန်သဖြင့် ယခု ငါတို့အား ကောင်းမြတ်ခြင်း အလုံးစုံတို့သည် ဆုတ်ယုတ်၍ ကုန်လေပြီဟု မှိုင်ငေး ညည်းညူ ကြပြီးလျှင် သလေးခင်းကို အညီအမျှ ခွဲဝေ၍ သူ့အခင်း ငါ့အခင်းဟု အပိုင်းအခြား ထားကြလေကုန်၏။

---

👑 ကမ္ဘာဦးက သမ္မတမင်းမြှောက်ပုံအကြောင်း

ထိုသို့ အပိုင်းအခြား ထားပြီးသည်နောက် လူတယောက်သည် သူတပါး၏ အခင်းမှ သလေးစပါးကို ဥစ္စာရှင်တို့မပေးဘဲ ခိုးယူလေ၏၊ ထိုခိုးယူသည်ကို ဥစ္စာရှင်တို့ တွေ့မြင်၍ တကြိမ် နှစ်ကြိမ် မောင်းမဲ တားမြစ်၏၊ သုံးကြိမ်မြောက် ခိုးယူပြန်သော အခါ၌ကား ရောင်ကိုဆွဲပြီးလျှင် ထောင်းထု ရိုက်နှက် လေကုန်၏၊

ထိုအခါ လူအပေါင်းတို့သည် အကုန်စည်းဝေးကြ၍ အို-လူအပေါင်းတို့ လောက၌ လူဆိုး, လူညစ်တို့သည် ပေါ်ပေါက်၍လာကုန်ပြီ၊ ထိုကဲ့သို့ လူဆိုးလူညစ်တို့ကို နှိပ်နင်း ဆုံးမခြင်းငှါ ချီးမြှောက်တန်သောသူကို ချီးမြှောက်ခြင်းငှါ တဦးသောသူကို အကြီးအကဲ တင်ထား မင်းမြှောက်ကြ ကုန်အံ့၊

ထိုမင်းအား ငါတို့၏ သလေးခင်းမှ ဆယ်ဘို့တဘို့တို့ကို ငါတို့ နှစ်စဉ်ပေးကြကုန်အံ့ဟု အညီအညွတ် သဘောတူ တိုင်ပင်ကြပြီးလျှင် သင့်လျော် လျောက်ပတ်သော လူတယောက်ကို ရွေးကောက်၍ မင်းမြှောက်ကြလေကုန်၏၊ ထိုအခါ ထိုမင်းမြှောက် ခံရသော သူကား ငါတို့၏ ဘုရားလောင်းတော် တည်း။

ထိုမင်းသည် ဤကဲ့သို့ လူအများသည် မင်းဟု သမုတ်အပ်သောကြောင့် မဟာသမ္မတ ဟု အမည် ရလေ၏၊ လယ်မြေတို့ကို အစိုးရခြင်းကြောင့် ခတ္တိယ ဟု အမည်ရ၏၊ တရားဖြင့် သူတပါးတို့ကို တပ်မက် ချစ်ခင်စေတတ်သောကြောင့် ရာဇာ ဟု အမည်ရ၏၊

ဤမင်းမှ ကြွင်းသော အာဂါရိယ လူတို့သည်ကား လယ်လုပ်ခြင်း, ကုန်သွယ်ခြင်း အသီးအသီး မိမိတို့၏ အမှုတို့ကို ပြုလုပ်ကြခြင်းကြောင့် ဝေဿ ဟု အမည်ရကြ လေကုန်၏၊ မိမိအိမ်၌ အကြီး အမှူး အစိုးရသော အိမ်ရှင်ဖြစ်ခြင်းကြောင့် ဂဟပတိ ဟူ၍လည်း အမည်ရကြလေကုန်၏၊

နောက်ကာလမြင့်သောအခါ ဝေဿ မည်သော လူထဲမှ ဆင်းရဲနွမ်းပါးခြင်း စသော တစုံတခုသော အကြောင်းကြောင့် ကျွန်အဖြစ် အမှုလုပ်အဖြစ်တို့သို့ ရောက်ကြ ကုန်သော သူဆင်းရဲတို့သည်ကား ယုတ်ညံ့သေးငယ်သော အလုပ်အကိုင် အကျင့် အကြံ အသက်မွေးခြင်း ရှိသောကြောင့် သုဒ္ဒ ဟု အမည်ရလေကုန်၏။

ဤကဲ့သို့ အာဂါရိယလူမျိုးထဲမှ ရာဇမျိုး, ဝေဿမျိုး, သုဒ္ဒမျိုးဟု အမျိုးသုံးပါး ကွဲပြား၍ သွားကုန်၏။

---

🧘 ကမ္ဘာဦးက ဗြာဟ္မဏလူမျိုး ဖြစ်ပုံအကြောင်း

အိမ်၌မနေသော အနာဂါရိယ လူမျိုးသည်ကား ဗြဟ္မစရိယ သီလနှင့် ပြည့်စုံ ကြခြင်းကြောင့် အာဂါရိယလူမျိုးတို့ထက် မြတ်ကုန်၏။ ထို့ကြောင့် ဗြာဟ္မဏဟု အမည်ရကြကုန်၏။ ဗြာဟ္မဏသဒ္ဒါ အမြတ်ဟောတည်း။ တနည်းကား မေထုန ဓမ္မစသော မကောင်းမှုတို့ကို ကုသိုလ် ရေအယဉ်၌ မျှောတတ်ခြင်းကြောင့် ဗြာဟ္မဏ ဟု အမည်ရကြကုန်၏။

ဗြာဟ္မဏ လူမျိုးတို့သည်ကား အာဂါရိယ လူမျိုးတို့၏အိမ်တို့၌ တောင်းရမ်း အလှူခံခြင်း ဘိက္ခာစရိယအကျင့်ဖြင့် အသက် မွေးမြူကြကုန်၏။ အာဂါရိယလူတို့က ရိုသေကောင်းမွန်စွာ လှူဒါန်း ပူဇော်ကြရ၏။ ဤဗြာဟ္မဏလူမျိုးတို့သည် အချို့လည်း ဘိက္ခာစရိယဖြင့် အသက် မွေးမြူကြလျက် အချို့လည်း သစ်ဥသစ်သီး ပဝတ္တဖလဖြင့် အသက်မွေးမြူကြလျက် တော, တောင်, သစ်ပင်ရင်း, လွင်တီးခေါင်တို့၌ နေ၍ ကသိုဏ်း အစရှိသော ကမ္မဋ္ဌာန်းတရားတို့ကို အားထုတ်ကြ သဖြင့် လောကီဈာန် အဘိညာဉ်တို့ကို ရကြကုန်၏။

ထိုသို့ ဈာန် အဘိညာဉ်တို့ကို ရသဖြင့် လောက၌ ကောင်းစွာ သိမြင်လိမ်မာကြ၍ လောက၏ အကျိုးငှါ သာမ, ယဇု, ဣရု ဟူသော ဗေဒင် သုံးပုံတို့ကို ဖြစ်စေကြကုန်၏။ ဟောပြောကြ လေကုန်၏။ အက္ခရာ, ပုဒ်ပါဌ်, ဝါကျ အမည်နာမ တို့၌ ကောင်းစွာ လိမ်မာကြစေခြင်းအကျိုးငှါ သဒ္ဒါကျမ်း ဆန်းကျမ်း, အလင်္ကာကျမ်း, အဘိဓာန်ကျမ်းတို့ကိုလည်း ဖြစ်စေကြကုန်၏။ ဟောပြော ကြလေကုန်၏။

နောက်အခါ အိမ်၌နေသော အချို့သောသူတို့လည်း မိမိတို့၏ အာဂါရိယ လူ့ဘောင်မှထွက်၍ အနာဂါရိယ ဗြာဟ္မဏဘောင်သို့ဝင်၍ သဒ္ဒါကျမ်းတို့နှင့်တကွ ဗေဒင်သုံးပုံတို့ကို သင်ကြလေကုန်၏။ ဈာန် အဘိညာဉ် တရားတို့ကိုလည်း ရအောင် အားထုတ်ကြ လေကုန်၏။

ထိုဈာန် အဘိညာဉ်ကို ရအောင် အားထုတ်ကြသော ဗြာဟ္မဏတို့သည် အချို့လည်း ဆံကျစ်ထုံးလျက် ရသေ့လုပ်၍ အားထုတ်ကြကုန်၏။ အချို့လည်း ဦးခေါင်း ပြည်းလျက် ပရိဗိုဇ်ရဟန်းလုပ်၍ အားထုတ်ကြ၏။

နောက် ကာလကြာမြင့်သောအခါ ဗေဒင် ကျမ်းဂန်တတ် ဗြာဟ္မဏတို့သည် ဈာန် အဘိညာဉ်တို့ကို ရအောင် အားမထုတ်နိုင်၍ ရသေ့ ရဟန်းမလုပ်ဘဲ တောထဲ တောင်ထဲ၌ မနေဘဲ ဝတ်ဖြူဝတ်လျက် ရောင်ချောထုံး၍ မြို့ဦး ရွာဦး၌ ကျောင်းထိုင်၍ ရွာသူ သားငယ်တို့ကို ဗေဒင် ကျမ်းဂန်ပို့ချ၍သာ နေကြလေကုန်၏။

ထိုသို့နေသော ဗြာဟ္မဏတို့သည် ဈာန်ကို မရခြင်းကြောင့် “အဈာယကော၊ ဈာန်မရသောသူ” ဈာန်မရသောသူဟု အခေါ် ခံကြရလေကုန်၏။ ယုတ်ညံ့သော အမည် တွင်ကြလေကုန်၏။

နောက်ကာလ ကြာမြင့်သောအခါ ဇဒွေဘော်ဆောင်၍ ”အဇ္ဈာယကော၊ ဗေဒင် ရွတ်အံတတ်သောသူ” ဗေဒင်ရွတ်အံ တတ်သောသူဟု အနက်တမျိုးပြောင်း၍ မြင့်မြတ်သောဂုဏ် အမည်တွင်ကြပြန် လေ၏။

ကမ္ဘာဦးက အမျိုးလေးပါး ဖြစ်ပေါ်ပုံအကြောင်း

ဤအဇ္ဈာယက ဗြာဟ္မဏတို့သည် နောင်ကာလ ကြာမြင့်သောအခါ ဗြဟ္မစရိယ သီလ၌ မတည်နိုင် သဖြင့် သား မယားရှာ၍ အာဂါရိယ လူမျိုးထဲသို့ပင် ရောက်ကြရ၍

၁။ ရာဇ၊ မင်းမျိုး
၂။ ဗြာဟ္မဏ၊ ပုဏ္ဏားမျိုး
၃။ ဝေဿ၊ သူကြွယ်မျိုး
၄။ သုဒ္ဒ၊ သူဆင်းရဲမျိုး

ဟု အမျိုးလေးပါးတို့သည် ပေါ်ပေါက်ဖြစ်ပွား၍ သွားကုန်၏။

လူအမျိုးမျိုး ကွဲပြား၍ သွားကြောင်း

ကမ္ဘာဦးသူ ဖြစ်ကြကုန်သော ရသေ့ ရဟန်းနှင့် တကွ, ဤအမျိုးလေးပါး တို့သည် ကမ္ဘာဦးအခါ၌ ဘာသာမကွဲပြားကြပြီ။ မာဂဓဘာသာ တခုတည်းသာ ရှိ၏။ မာဂဓ ဘာသာ တခုတည်းသာ ပြောဆိုကြ၏။ နောင်ကာလ ကြာမြင့်သောအခါ၌ကား- အရပ်ဒေသ, ဥတု, ရေမြေသို့ လိုက်၍ ဘာသာအမျိုးမျိုး ဇာတ်အမျိုးမျိုး ကွဲပြား၍ သွားကြကုန်၏။

ဗဟ္မလူမျိုး ကွဲခြားဖြစ်ပေါ်လာပုံအကြောင်း

ထိုသို့ သွားရာ၌ ဤ ငါတို့ဗဟ္မာ ဇာတ်ကွဲစအခါ ရှေးဦးစွာသော ပညာရှိ အာဒိပုရိသ တို့သည် မိမိတို့၏အမျိုးဇာတ်ကို ကြီးပွားစေခြင်းငှါ ကောင်းမြတ်သော အမည်နာမ ဖြစ်စေခြင်းငှါ ငါတို့၏ အမျိုးဇာတ်သည် တနေ့တခြား စည်ကား ကြီးပွားတတ်၏။ ထို့ကြောင့် ဗဟ္မာဟု တွင်စေသတည်းဟု အမည် မှည့်ကြလေကုန်၏။

ဗဟ္မသဒ္ဒါ၏ အနက်သဘောကို ပြခြင်း

တပည့်တို့ - ဤဗဟ္မာဟူသောသဒ္ဒါသည် ဗဟဓာတ်ဝုဒ္ဓိ၊ ကြီးပွားခြင်းအနက် ဟော။ မာ ပစ္စည်းဗဟ္မာဗဟ္မာနောဟေဗဟ္မေဟေဗဟ္မာနော စသည်ဖြင့် ဗြဟ္မသဒ္ဒါအတူ ဝိဘတ်ခုနစ်သွယ်ဖြင့် ရုပ်ပြီးကောင်းသော ပုလ္လိင်အာကာရန္တရာဇာဒိဂိုဏ်းတည်း။ ဗြော ဗဿ ဟူသော ယောဂဝိဘာဂဖြင့် ဗ-ကို ဗြ-ပြုလျှင် ဗြဟ္မာဟု ပုဒ်ပြီး၏။

ထို့ကြောင့် ဗဟ္မာလူမျိုး ဗြဟ္မာလူမျိုးဟု ခေါ်လိုရာ ခေါ်ရ၏။

ဤကား လူ့ပြည်၌ လူတို့ဖြစ်လာပုံကို ပြဆိုချက်တည်း။

အပါယ်လေးဘုံ စဦးပဌမဖြစ်ပေါ်ပုံ အကြောင်း

ဤလူ့ဘုံ နတ်ဘုံ ခြောက်ထပ်တို့မှ လူ, နတ်သတ္တဝါတို့သည် အာယုက္ခယ, ကမ္မက္ခယ, ဥဘယက္ခယ, ဥပစ္ဆေဒက ဟူသော မရဏုပ္ပတ္တိလေးပါးတို့တွင် တပါးပါး ဖြင့် စုတေ သေဆုံးသောအခါမှ အချို့သော သတ္တဝါတို့သည် အကုသိုလ်ကံ ကြောင့် အပါယ်ဘုံသို့ ရောက်ကြ၍ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဟု အပါယ်လေးဘုံ ဖြစ်ပေါ် တည်ထောင်လေ၏။

ထိုသို့ ဖြစ်ပေါ်တည်ထောင်ရာ၌ ရှေးဦးစွာ ဖြစ်ကြသော တိရစ္ဆာန်တို့သည် ဥပပတ် သံသေဒဇ နှစ်ပါး အားဖြင့်သာလျှင် ဖြစ်ကြရလေကုန်၏။ တပည့်တို့-ကမ္ဘာပြုမိုဃ်း ရွာမှုမှ စ၍ ဤဆိုအပ်ခဲ့ပြီးသော အလုံးစုံသည်ကား အလုံးစုံသော ရုပ်ဓာတ် သင်္ခါရတို့၏ ဖြစ်ပေါ် မှုဟူသော ဥဒယသဘောကို ပြဆိုချက်တည်း။

လူတို့၏အသက်တမ်း ဆုတ်ပုံ အကြောင်း

တပည့်တို့ - ဤရုပ်ဓာတ် သင်္ခါရတရားတို့သည် ဤကဲ့သို့ဖြစ်ပြီးလျှင် တဖန် ပျက်စီးပြန်၏။ အဘယ် ကဲ့သို့ ပျက်စီးလေသနည်း ဆိုသော် တပည့်တို့ - ကမ္ဘာဦး အခါ၌ကား လူတို့၏ အသက်သည် ကျွန်းတိုင်းမှာပင် အသင်္ချေတိုင်အောင် နေရ၏။ ထိုအသင်္ချေယျတမ်းမှသည် သတ္တဝါတို့၏ သန္တာန်၌ အကုသိုလ်တရား တဖြည်းဖြည်း စည်ကားတိုးပွား၍ လာခြင်းကြောင့် ဥတု အာဟာရတို့သည် ဖောက်ပြန် သောင်းကျန်း ယုတ်ညံ့ ကြမ်းတန်း၍ လာသဖြင့် လူတို့၏ အသက်တမ်းသည် တဖြည်းဖြည်း ဆုတ်ယုတ်၍လာ၏

ထိုသို့လာရာ၌ မြောက်ကျွန်းသားတို့သည် တထောင်တမ်းသို့ကျလျှင် မတိုးမဆုတ် အမြဲတန့်ရပ်၍ တည်ကုန်၏။ အရှေ့ကျွန်း အနောက်ကျွန်းသားတို့ကား ငါးရာတမ်း သို့ကျလျှင် မတိုးမဆုတ် တန့်ရပ်၍တည်ကုန်၏။ တောင်ကျွန်းသားတို့မူကား ဆယ်နှစ်တမ်းသို့ ကျအောင် ဆုတ်ယုတ်၍ လာကုန်၏။ တရာတမ်း၌ သလေးဆန် သလေးထမင်းသည် မင်းသုံးမင်းဆောင် ဖြစ်ဘိသကဲ့သို့ ထိုဆယ်နှစ်တမ်းအခါ၌ လူးဆန်, လူးထမင်းသည် အကောင်းဆုံး မင်းသုံး မင်းဆောင် ဖြစ်လေ၏။

အန္တရကပ်တိုက်ပုံ အကြောင်း

ငါးနှစ်ရွယ်ရှိသော မိန်းကလေးသည် အချိန် အရွယ်ရောက်သဖြင့် လက်ထပ်မင်္ဂလာ ဆောင်လောက်၏၊ သားနှင့် အမိလည်း မှားယွင်းကြလေတော့၏။ သ္မီးနှင့် အဘလည်း မှားယွင်းကြလေတော့၏။ မောင်နှင့် နှမလည်း မှာယွင်းကြ လေတော့၏။ ခွေး, ဝက်တို့ကဲ့သို့ ဟီရီ သြတ္တပ္ပဟူသော လောကပါလ တရားမှ ကင်းကြလေတော့၏။ ရာဂ, ဒေါသ, မောဟတရား အလွန် အားကြီးလေကုန်၏၊

ထိုအခါ ရာဂလွန်ကဲစွာအားကြီးလျှင် ရောဂါဘေး နှိပ်စက်ခြင်း ဟူသော ရောဂန္တရကပ်
ဒေါသ လွန်ကဲစွာ အားကြီးလျှင် ဓား, လက်နက်ဘေး နှိပ်စက်ခြင်း ဟူသော သတ္ထန္တရကပ်
မောဟကြီးစွာ လွန်ကဲလျှင် ငတ်မှတ်ဘေး နှိပ်စက်ခြင်း ဟူသော ဒုဗ္ဘိက္ခန္တရကပ်

ဤကပ်သုံးပါးတို့တွင် တပါးပါးသော ကပ်သည် ခုနစ်ရက်ပတ်လုံး အားကြီးစွာ နှိပ်စက်၍ လူတို့သည် သေကြ ပျက်စီးကြလေကုန်၏။ ယခု ရောက်လတ္တံ့သော ဆယ်နှစ်တမ်း၌ကား သတ္တန္တရကပ် တိုက်လတ္တံ့။

တပည့်တို့ - ထိုအခါ တဦးသောသူက ဓားနှင့် ခုတ်မည်ဟု လာလျှင် တဦးသော သူကလည်း အနား၌ ဓားရှိလျှင်ဓား၊ ဓားမရှိလျှင် ထင်းချောင်း ဖြစ်စေ၊ ဝါးခြမ်းဖြစ်စေ၊ မြက်ပင်ဖြစ်စေ၊ တစုံတခုသော ဝတ္ထုကို ကိုင်ယူလျှင် လက်သို့ရောက်က ဓားဖြစ်လေ၍ အချင်းချင်း ခုတ်သတ်၍ သေကြကုန်လတ္တံ့။

ထိုခုနစ်ရက်ပတ်လုံး ကပ်ဘေးပြင်းစွာ နှိပ်စက်သောအခါ ရှေးဘုန်း ရှေးကံ ရှိကြသော အဆင်အခြင် ဉာဏ်ပညာနှင့် ပြည့်စုံကြသော သေဘေးမှ ကြောက်ရွံ့ကြသော အချို့သော သူတို့သည် တော ချုံ ဂနိုင် ပိတ်ပေါင်းသို့ ထွက်ပြေး ပုန်းအောင်း၍ နေကြသဖြင့် လူမျိုးမပြတ်ရုံ တရွာမှ တယောက် နှစ်ယောက် စသည်ဖြင့် အနည်းငယ်မျှသာ ကြွင်းကျန်လေတော့၏။

ဆယ်နှစ်တမ်းမှ တက်၍လာပုံ အကြောင်း

ထိုကြွင်းကျန် ပုန်းအောင်း၍နေသော သူတို့သည် ခုနစ်ရက် လွန်လျှင် တော ချုံ ဂနိုင် ပိတ်ပေါင်းမှ ထွက်၍ မိမိတို့နေရာ နိဂုံးသို့ ဆင်းသက်လာသောအခါ တဦးနှင့်တဦး တွေ့မြင်ကြလျှင် လည်ဖက်၍ ငိုကြပြီးသော် အချင်းတို့ လူတွေကား သေ၍ ကုန်ကြလေပြီ၊ ငါတို့ အနည်းငယ်မျှသာ ကြွင်းကျန် တော့၏။

ထိုငါတို့သည် တဦးနှင့်တဦး --
ခိုက်ရန်ဒေါသ မဖြစ်ကြကုန်အံ့၊
တဦးနှင့် တဦး မေတ္တာတရား ပွားများကြကုန်အံ့၊
ကရုဏာတရား ပွားများကြကုန်အံ့၊
မုဒိတာတရား ပွားများကြကုန်အံ့၊
ငါးပါးသီလကို စောင့်ထိန်းကြကုန်အံ့၊
တဦးနှင့်တဦး ရိုသေကြကုန်အံ့၊ စောင်မ, ကြည့်ကြကုန်အံ့

ဟု ပြောဆိုကြပြီးလျှင် အညီအညွတ် စုဝေး၍ ရွာတည်၍ နေကြလေကုန်၏။
ဤကဲ့သို့ ကုသိုလ်တရား၏ အာနုဘော်ကြောင့် -

ထို ဆယ်နှစ်တမ်းသူတို့မှ မွေးဖွားသော သားသ္မီးတို့သည် အသက်နှစ်ဆယ် နေရ၏။
ထိုနှစ်ဆယ်မှ မွေးဖွားသော သားသ္မီးတို့ကား လေးဆယ်
ထိုလေးဆယ်မှ မွေးဖွားသော သားသ္မီးတို့ကား ရှစ်ဆယ်
ထိုရှစ်ဆယ်မှ မွေးဖွားသော သားသ္မီးတို့ကား တရာ့ခြောက်ဆယ် အသက်ရှည်၏။

ကပ်အပြားကိုခွဲ၍ ပြခြင်း

ဤနည်းတူ တပည့်တို့ - ထပိုး တပိုးတိုးလျက် အသင်္ချေယျကျအောင် တက်၍ သွား၏။ တက်ကပ်၌ အလျင်အမြန် တက်သည်။

တပည့်တို့ - ဆုတ်ကပ်၌ မူကား တဖြည်းဖြည်း ဆုတ်၏။ ထိုသို့ တဖြည်းဖြည်း ဆုတ်ယုတ်မှုကိုကား ယခု ကိုယ်တွေ့မျက်မြင်ပင် ဖြစ်ကြ၏။ ရှေး ဝေဿန္တရာ မင်းကြီးတို့ ဖြစ်တုန်းအခါက တရာတမ်းဟာ ဘုရားပွင့်သည်ကျအောင် ရှိသေး၏။ ယခုလည်း တရာတမ်းပင် ဆိုရသေး၏။

ဤကဲ့သို့ လူတို့၏ အသက်တမ်းသည် အသင်္ချေယျမှသည် ဆယ်နှစ်တမ်း, ဆယ်နှစ်တမ်းမှသည် အသင်္ချေယျကျအောင် အန္တရကပ်တခု မည်၏၊

ဤအန္တရကပ် အတွင်း၌ လူတို့၏ရောက်ရာ ရောက်ရာ အသက်တမ်းသည် အာယုကပ် တခုတခု မည်၏။

ကမ္ဘာပျက်မည့်အခါကို ပြခြင်း

ရှေးနည်းတူ အသင်္ချေယျမှသည် ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှသည် အသင်္ချေယျ ဟု အဖန်ဖန် ဆုတ်ချည် တက်ချည် သွားသဖြင့် အန္တရကပ်ပေါင်း ခြောက်ဆဲ့လေး ကပ်သည် အသင်္ချေယျတမ်းသို့ ဆိုက်၍စေ၏။

ထိုအသင်္ချေယျ တမ်း၌ ကုသိုလ်တရား တိုးတက်စည်ကားဆဲ သမ္ပတ္တိအခါဖြစ်၍ ပျက်စီးခြင်း မဖြစ်နိုင်သဖြင့် တဖန် အသင်္ချေယျမှဆုတ်၍အလာ တထောင်တမ်း သို့အကျတွင် ကမ္ဘာပျက်၏

ထိုသို့ အနည်းငယ် ပိုသော်လည်း မပြောဆို မရေတွက်လောက်သဖြင့် အန္တရကပ် ခြောက်ဆဲ့လေးကပ် စေ့လျှင် ကမ္ဘာပျက်သည်ဟူ၍ပင် ဆိုရသည်၊

တပည့်တို့ - ဤကဲ့သို့ အရေအတွက်၌ အနည်းငယ် ယုတ်လျော့သော်၎င်း၊ အနည်းငယ် ပိုလွန် သော်၎င်း၊ထို အယုတ် အပိုတို့ကို မပြောစလောက် ဖြစ်၍ အချို့သောနေရာ၌ ဂဏန်းသင်္ချာ အရာ၌ လိမ်မာကြကုန်သော ပညာရှိတို့သည် မပြောမဆို မရေမတွက်ကြပြီ။

ကမ္ဘာပျက်ပုံ အကြောင်းအရာ

တပည့်တို့ - ထိုကမ္ဘာ ပျက်ရာ၌ -
အချို့သောကမ္ဘာသည် မီးဖျက်၍ ပျက်၏။
အချို့သော ကမ္ဘာသည် ရေဖျက်၍ ပျက်၏၊
အချို့သော ကမ္ဘာသည် လေဖျက်၍ ပျက်၏၊

ထိုသို့ ပျက်သောအခါ၌လည်း မီးလောင်၍ချည်း မခြားမလပ် စပ်ကာ, စပ်ကာ ခုနစ်ကမ္ဘာပျက်၏၊ ထိုနောင် ရှစ်ခုမြောက်သော ကမ္ဘာသည် ရေဖျက်၍ ပျက်၏၊ ထိုနောင် မီးဖျက်သော ကမ္ဘာ ခုနစ်ကြိမ် လာပြန်၏၊ ထိုနောင် ရှစ်ခုမြောက် ရေဖျက်သော ကမ္ဘာတကြိမ် လာပြန်၏၊

ဤနည်းတူ မီးဖျက် ကမ္ဘာ ခုနစ်ကြိမ်၊ ရေဖျက်ကမ္ဘာ တကြိမ်အားဖြင့် ဖျက်၍ ဖျက်၍ သွားသဖြင့် အကြင်အခါ ခြောက်ဆဲ့လေးကမ္ဘာ စေ့၏၊ ပြည့်၏၊ ရေဖျက်နေကြ ဖြစ်သော ထို ခြောက်ဆဲ့ လေးခုမြောက် ကမ္ဘာသည် ရေမဖျက်ဘဲ လေဖျက်၍ ပျက်၏

ထိုနောင် တဖန် မီးဖျက်ကမ္ဘာ ခုနစ်ကြိမ် ရေဖျက်ကမ္ဘာတကြိမ်ဟု ရှေးနည်းတူ လာ၍ အကြင်အခါ ခြောက်ဆဲ့လေးကမ္ဘာ စေ့ပြန်၏။ ထို ခြောက်ဆဲ့လေးခုမြောက် ကမ္ဘာသည် ရေမဖျက်ဘဲ လေဖျက်၍ ပျက်၏

ဤကဲ့သို့ချည်း အဖန်ဖန် ပျက်စီး၍နေ၏၊ ထိုကဲ့သို့ ပျက်စီးပုံကို ရည်၍–

သတ္တသတ္တဂ္ဂိနာ ဝါရာ၊ အဋ္ဌမေ အဋ္ဌမေ ဒကာ။
စတုသဋ္ဌိ ယဒါ ပုဏ္ဏာ၊ ဧကော ဝါယုဝရော သိယာ။
အဂ္ဂိနာ ဘဿရာ ဟေဋ္ဌာ၊ အာပေန သုဘကိဏှတော။
ဝေဟပ္ဖလတော ဝါတေန၊ ဧဝံ လောကော ဝိနဿတိ။

ဟူ၍ အဋ္ဌကထာ ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။

သတ္တသတ္တဝါရာ၊ ခုနစ်ကြိမ် ခုနစ်ကြိမ်။
အဋ္ဌိနာ၊ မီးဖြင့်။
လောကော၊ လောကသည်။
ဝိနဿတိ၊ ပျက်၏။
အဋ္ဌမေ အဋ္ဌမေ၊ ရှစ်ကြိမ်မြောက် ရှစ်ကြိမ်မြောက် ကမ္ဘာ၌။
ဝါ၊ ကမ္ဘာသည်။
ဒကာ ဒကေန၊ ရေဖြင့်။
ဝိနဿတိ၊ ပျက်၏။
ယဒါ၊ အကြင် အခါ၌။
စတုသဋ္ဌိ၊ ခြောက်ဆဲ့လေးကမ္ဘာသည်။
ပုဏ္ဏာ၊ ပြည့်ကုန်၏။
တဒါ၊ ထိုအခါ၌။
ဧကော ဝါယုဝါရော၊ လေဖျက်သော ကမ္ဘာတကြိမ်သည်။
သိယာ ဟောတိ၊ ဖြစ်၏။

အာဘဿရာ၊ အာဘဿရာဘုံမှ။
ဟေဋ္ဌာ၊ အောက်၌။
အဂ္ဂိနာ၊ မီးဖြင့်။
ဝိနဿတိ၊ ပျက်၏။
သုဘကိဏှတော၊ သုဘကိဏှဘုံမှ။
ဟေဋ္ဌာ၊ အောက်၌။
အာပေန၊ ရေဖြင့်။
ဝိနဿတိ၊ ပျက်၏။
ဝေဟပ္ဖလတော၊ ဝေဟပ္ဖိုလ်ဘုံမှ။
ဟေဋ္ဌာ၊ အောက်၌။
ဝါတေန၊ လေဖြင့်။
ဝိနဿတိ၊ ပျက်၏။
ဧဝံ၊ ဤသို့။
လောကော၊ လောကသည်။
ဝိနဿတိ၊ ပျက်စီး၏။ .

ကမ္ဘာပျက်ပုံ အခြင်းအရာ

ပျက်စီးပုံ အခြင်းအရာကိုကား ဤသို့သိရမည် တပည့်တို့။

အကြင်အခါ အန္တရကပ် ခြောက်ဆဲ့လေးကပ် စေ့၍ တထောင်တမ်းသို့ အကျတွင် ကမ္ဘာပျက်၏၊ ထိုပျက်သော အခါ မပျက်မီ အနှစ်တသိန်းလောက်က ဗြဟ္မာကြီးတွေ ပြောကြားသဖြင့် ကမ္ဘာပျက်မည့်အကြောင်းကို သိကြကုန်သော ကာမာဝစရ လောကဗျူဟာနတ်တို့သည် လူ့ပြည်သို့ လာ၍ နီသောအဝတ်ကို ဝတ်လျက် နီသော ပန်းကို ပန်လျက် ဆံပင်ဖားရားချလျက် ငိုကြွေးလျက် အလွန်သနား ထိတ်လန့်ဘွယ်သော အသွင်ကို ဆောင်၍ လူ့ ပြည်ခရီးသို့ လှည့်လည်၍ အို-လူအပေါင်းတို့- ဤနေ့မှစ၍ နောက်သို့ အနှစ်တသိန်းတိုင်လျှင် ကမ္ဘာပျက်လတ္တံ့

မီးဖျက်မည့် ကမ္ဘာဖြစ်လျှင် မီးဖျက်ပုံ အခြင်းအရာကို ပြော၏၊
ရေဖျက်မည့် ကမ္ဘာ ဖြစ်လျှင် ရေဖျက်ပုံ အခြင်းအရာကို ပြော၏၊
လေဖျက်မည့် ကမ္ဘာဖြစ်လျှင် လေဖျက်ပုံ အခြင်းအရာကို ပြော၏။

အို-လူအပေါင်းတို့ ဤကမ္ဘာပျက်ဘေး ကြီးမှ လွတ်ခြင်းငှါ ဗြဟ္မာပြည်သို့ ရောက်ရအောင် --

ကုသိုလ်ကောင်းမှုကို မမေ့မလျော့ အားထုတ်ကြကုန်လော့၊
အမိ အဘတို့ကို ကောင်းမွန်စွာ လုပ်ကျွေးကြကုန်လော့၊
အသက်ဂုဏ်ကြီးသော သူတို့ကို ကောင်းမွန်စွာ ရိုသေကြကုန်၊
သီလ သီတင်း ဆောက်တည်ကြကုန်၊
တဦးနှင့်တဦး မေတ္တာတရား ပွားများကြကုန်၊
ကရုဏာတရား, မုဒိတာတရား, ဥပေက္ခာတရား ပွားများကြကုန်၊
ကုသိုလ် ဈာန်တရားတို့ကို ပွားများ အားထုတ်ကြကုန်၊
မမေ့မလျော့ ကြကုန်နှင့် -

ဟု ပြောကြား၍ မိမိတို့နေရာ နတ်ပြည်သို့ ပြန်သွားကြကုန်၏၊ ထိုသို့ ပြောကြားရာ၌လည်း မဟာ လောကဓာတ်အတွင်း၌ ကိုယ့် စကြာဝဠာ၌ ကိုယ့်နတ်အားဖြင့် စကြဝဠာတိုင်းမှာပင် ပြောကြား ကြသည်ဟု မှတ်ရမည် တပည့်တို့။

ထိုအခါ လူအပေါင်းတို့သည် နတ်တို့ ပြောသံကို ကြားသိရ၍ အလွန် ထိတ်လန့် ကြောက်ရွံ့ကြ သဖြင့် ကုသိုလ်ကောင်းမှုကို လွန်စွာ အားထုတ်ကြကုန်၏၊ ဗြဟ္မဝိဟာရတရား ကသိုဏ်းတရားတို့ကို လွန်စွာ အားထုတ်ကြကုန်၏၊ ထိုအခါ အချို့သောသူတို့သည် ထိုမျက်မှောက် ဘဝ၌ပင်လျှင် ဈာန်ကိုရ၍ စုတေသောအခါ ဗြဟ္မာပြည်သို့ ရောက်ကြကုန်၏

မျက်မှောက်ဘဝ၌ ဈာန်ကို မရနိုင်သော သူတို့လည်း စုတေသောအခါ ထိုအားထုတ် ကြသော ကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်ကြ၍ နတ်ပြည်မှ ဈာန်ကိုရအောင် အားထုတ်၍ စုတေ သောအခါ ဗြဟ္မာပြည်သို့ ရောက်ကြလေကုန်၏၊ နတ်ပြည်၌ နတ်အပေါင်းတို့လည်း ဈာန်ကို ရအောင် အားထုတ်၍ စုတေသောအခါ ဗြဟ္မာပြည် ချည်း ရောက်ကြလေကုန်၏၊

ကြယ်နတ်သား, လနတ်သား, နေနတ်သားတို့လည်း ဈာန်ကိုရအောင် အားထုတ်၍ စုတေသောအခါ ဗြဟ္မာပြည်သို့ချည်း ရောက်ကြလေကုန်၏၊ ကြယ်ဗိမာန် လဗိမာန် နေဗိမာန်တို့သည် သတ္တဝါမရှိဘဲ အခေါင်း ချည်းဖြစ်လျက်သာ သွားမြဲတိုင်းသွား၍ နေကြကုန်၏

ပျက်စီးလတ္တံ့သော အောက် အောက်ဗြဟ္မာဘုံ၌ ဗြဟ္မာကြီးတွေလည်း အထက် အထက်ဈာန်တို့ကို ရအောင် အားထုတ်၍ စုတေ သေဆုံးသောအခါ မပျက်စီးမည့် အထက်ဗြဟ္မာ ဘုံသို့ချည်း ရောက်ကြ လေကုန်၏။

မိစ္ဆာဒိဋ္ဌိတို့ အပါယ်မှ ကမ္ဘာမပျက်မီ လွတ်ရကြောင်း

ထိုအခါ အပါယ်လေးဘုံ သတ္တဝါတို့သည်လည်း မိမိတို့ ရှေးကပြုခဲ့ဘူးသော အပရာပရိယဝေဒနိယ ကုသိုလ်ကံ ထောက်မသဖြင့် အကုန်လုံး အပါယ်လေးဘုံမှ လွတ်၍ လူ့ဘုံ, နတ်ဘုံ, သုဂတိဘဝသို့ ရောက်ကြ၍ ဈာန်တရားရအောင် အားထုတ်ကြ၍ ဗြဟ္မာပြည်သို့ချည်း ရောက်ကြကုန်၏

အပရာပရိယ ဝေဒနိယကံမှ ကင်းသော သတ္တဝါဟူ၍ မရှိဘူး တပည့်တို့ - ထိုအခါ အပရာပရိယ-ဝေဒနိယ ကုသိုလ်ကံသည် ထောက်မမြဲ ဓမ္မတာဖြစ်၏။ နိယတမိစ္ဆာဒိဋ္ဌိ ငရဲသူများလည်း ထိုအခါ လွတ်ပမည်လော ဆိုသော် လွတ်သည် တပည့်တို့။

သံသာရ ခါဏုကော ဟေသ ဗာလော ပထဝီဂေါပကော”။

ဧသ ဧသော ဗာလော၊ ဤနိယတမိစ္ဆာဒိဋ္ဌိ ဗာလကောင်သည်။
သံသာရခါဏုကော ဟိ၊ သံသရာက ဘယ်တော့အခါမှ မကျွတ်လွတ်ရဘဲ သံသရာ၌ အမြဲကျင်လည်၍ နေသော သံသရာသစ်ငုတ်သာလျှင်တည်း။
ပထဝီဂေါပကော ဟိ၊ ကမ္ဘာဝေ၍ တောင်မှ မိုးပေါ် ဗြဟ္မာပြည်သို့ မတက်ရဘဲ မြေကြီး၌ မြေကြီးတည်ရာ၌ အမြဲ ကျန်ရစ်၍နေရသော မြေစောင့်ကောင်သာတည်း ဟု ဆိုတတ်ကြ၏၊

ဤကဲ့သို့ မဆိုရဘူး၊ တပည့်တို့ - နောင်ကျွတ်ချိန် တန်သောအခါ တရားကို အားထုတ်၍ ရဟန္တာဖြစ်၍ သံသရာမှ ထွက်မြောက်နိုင်သည်၊ ထွက်မြောက်ရသည်၊ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည်–

အရိယာ မိစ္ဆတ္တနိယတေ ပဟီနေ ကိလေသေ ပစ္စဝေက္ခန္တိ၊ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ၊ မိစ္ဆတ္တနိယတေ ခန္ဓေ အနိစ္စတော ဝိပဿန္တိ-

ဟူ၍ ပဋ္ဌာန်းပါဠိတော်၌ ဟောတော်မူပေ၏။

အရိယာ၊ ရှေးအခါက နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်ခဲ့ဘူးသော အရိယာပုဂ္ဂိုလ်တို့သည်။
ပဟီနေ၊ မဂ်ဖြင့် မိမိကိုယ်တိုင် ပယ်အပ်ပြီးကုန်သော။
မိစ္ဆတ္တနိယတေ ကိလေသေ၊ နိယတမိစ္ဆာဒိဋ္ဌိ ကိလေသာတို့ကို။
ပစ္စဝေက္ခန္တိ၊ ပစ္စဝေက္ခနာ ဇောဖြင့် ဆင်ခြင်ကုန်၏။
ပုဗ္ဗေ၊ ရှေးမိစ္ဆာဒိဋ္ဌိ ဖြစ်စဉ်အခါ၌။
သမုဒါစိဏ္ဏေ၊ မိမိသန္တာန်၌ ဖြစ်ဘူးကုန်သော။
ကိလေသေ၊ နိယတမိစ္ဆာဒိဋ္ဌိ ကိလေသာတို့ကို။
ဇာနန္တိ၊ ပုဗ္ဗေနိဝါသဉာဏ်ဖြင့် ပြန်၍ သိကုန်၏။
မိစ္ဆတ္တနိယတေ ခန္ဓေ၊ မိမိသန္တာန်၌ ဖြစ်ဘူးကုန်သော နိယတမိစ္ဆာဒိဋ္ဌိ ကိလေသ ခန္ဓာတို့ကို။
အနိစ္စတော၊ အနိစ္စအားဖြင့်။
ဝိပဿန္တိ၊ ဝိပဿနာရှုကုန်၏။

တပည့်တို့ - ထိုကဲ့သို့ မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်သည် ဤလူ့အဖြစ်၌သာ မိမိတို့ ဉာဏ်ပညာ နုန့်၍ မသိနိုင် သဖြင့် ကံ,ကံ၏အကျိုးကိုပယ်၍ အပါယ်ငရဲသို့ ကျရောက်သောအခါ ကံ၏အကျိုးကို ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံခံစားရလေ၍ မြင်လည်းမြင်ရ ကြားလည်း ကြားရလေ၍ ထိုမိစ္ဆာအယူကို အပါယ်ငရဲသို့ ရောက်လျှင် ရောက်ခြင်း အချို့လည်း စွန့်ကြသည်။ အချို့လည်း အတန်ကြာမှ ပစ်စွန့်နိုင်ကြသည်။

သုရဋ္ဌမြို့ ပိင်္ဂလမင်းကြီး၏ နန္ဒကမည်ရှိသော မိစ္ဆာဒိဋ္ဌိအမတ်ကြီးသည် အပါယ်ဘုံသို့ ရောက်လျှင် ရောက်ခြင်း အယူကိုစွန့်သည်။ ထိုသို့ စွန့်ကြသော်လည်း အပါယ်ငရဲ မှကား အပြစ်ကံအားလျော်စွာ ခံပြီးမှ လွတ်ရ၏။

ဤကမ္ဘာတွင် ဖြစ်သော နာရဒဇာတ်တော်နိယတမိစ္ဆာဒိဋ္ဌိ ဂုဏကဿပကြီးသည် အပါယ်ငရဲသို့ ကျလေပြီး၍ ဤငါတို့ ဘုရားလက်ထက် နိယတမိစ္ဆာ အယူရှိသော ပုရာဏကဿပ ဖြစ်လာပြန်၏။

တပည့်တို့ - ဤကဲ့သို့ နိယတမိစ္ဆာဒိဋ္ဌိ ပုဂ္ဂိုလ်တို့သည် ကမ္ဘာမဝေမီအတွင်း မကြာခင်လည်း လွတ်၏။ ကမ္ဘာဝေခါနီးမှလည်း လွတ်၏။ ကမ္ဘာဝေတော့မည်ဆဲဆဲ ကပ္ပကောလာဟလ ဖြစ်သောအခါမူကား ဧကန်မုချ လွတ်ရလေတော့၏။ ဘယ်မျှ လောက်ကြာအောင် ခံရသည်ဟူ၍ အမြဲ နိယာမ မရှိ။ အပြစ်ရှိသလောက် ခံရ၍ သူလွတ်ချိန် တန်သောအခါ လွတ်၏။ မြေစောင့်ကောင် မဖြစ်။

ထိုသို့ အမြဲနိယာမ မရှိခြင်းကြောင့် မြတ်စွာဘုရားလည်း ဘယ့်လောက်ကြာအောင် ခံရသည်ဟူ၍ မဟော၊ အပါယ်ငရဲသို့ ကျရောက်သည် ခံရသည် ဟူ၍သာ ဟောတော်မူ၏။

သံဃဘေဒကပုဂ္ဂိုလ်၏ ငရဲ၌ခံရသောကပ်ကို ပြခြင်း

သံဃဘေဒက ပုဂ္ဂိုလ်မူကား-

အာပါယိကော နေရယိကော၊ ကပ္ပဋ္ဌော သံဃဘေဒကော။

ဟု ကပ်ပတ်လုံး ငရဲ၌ တည်သည်ဟူ၍ စူဠဝါပါဠိတော်, ဣတိဝုတ်ပါဠိတော် တို့၌ ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
သံဃဘေဒကော၊ သံဃာကို သင်းခွဲသော သံဃဘေဒက ပုဂ္ဂိုလ်သည်။
အာပါယိကော၊ အပါယ်ဘုံသို့ ကျရောက်၏။
နေရယိကော၊ ငရဲ၌ဖြစ်၏။
ကပ္ပဋ္ဌော၊ ငရဲ၌ ကပ်ပတ်လုံး တည်၏။

တပည့်တို့ - ဤပါဠိတော်ဝယ် ကပ္ပဋ္ဌော၊ ကပ်ပတ်လုံး တည်သည်ဟူရာ၌ ကမ္ဘာ တည်မှုနှင့် တပြိုင်နက်တည်း သံဃာသင်းခွဲမှု ဖြစ်နိုင်သည် မဟုတ်။ ကမ္ဘာတည်လျှင် တည်ခြင်း ငရဲသို့ ကျနိုင်သည် မဟုတ်။ အကြင်အခါမှ သံဃာကို သင်းခွဲ၍ ငရဲသို့ ကျ၏။

ထိုငရဲသို့ ကျသောနေ့မှစ၍ အကြင်မျှလောက် ကပ်ကမ္ဘာသည် မပျက်စီးသေးဘဲ တည်နေ၏။ ထိုတည်နေသော ကပ်ကမ္ဘာပတ်လုံး ငရဲမှ မလွတ်ရဘဲ ငရဲ၌တည်၍ ခံရ၏။ အကြင်အခါ ကပ်ကမ္ဘာပျက်တော့မည် ဆဲဆဲ ကပ္ပကောလာဟလ ဖြစ်၏။ ထိုအခါ ငရဲမှ လွတ်ရ၏။

ဤကဲ့သို့သော ကပ်ပတ်လုံး တည်မှုကို ရည်၍ -
ကပ္ပဋ္ဌော သံဃဘေဒကော” ဟူ၍၎င်း,
ကပ္ပံနိရယမှိ ပစ္စတိ”ဟူ၍၎င်း
ဟောတော်မူသည် တပည့်တို့။

ထို့ကြောင့် ကမ္ဘာဝေ၍တောင်မှ ငရဲက မလွတ်ရဘဲ အမြဲခံ၍နေရသော သူဟူ၍ တစုံတယောက်မျှ မရှိ။ အကုန်လုံး လွတ်ကြ၏။ အကုန်လုံး ဗြဟ္မာဘုံသို့ချည်း ရောက်ကြ၏။ ဗြဟ္မာဘုံသို့ချည်း ရောက်သလော၊ တပါးသော မဟာလောကဓာတ် စကြဝဠာသို့ကား မကူးပြီလောဆိုသော် မကူးကောင်းပြီ။

ကိုယ့်လောကဓာတ် စကြဝဠာ၌သာ အမြဲကျင်လည်ရ၏ ဖြစ်ရ၏ဟူသော အမြဲ နိယာမကား မရှိ၊ ထိုသို့ မရှိသော်လည်း တခုသော မဟာလောကဓာတ် အတွင်းက သတ္တဝါသည် တပါးသော မဟာလောကဓာတ်သို့ ကူးပြောင်းခဲသည်

တပည့်တို့ - သတ္တဝါတို့မည်သည် မိမိတို့ ကြားဘူး, ရောက်ဘူး, ဖြစ်ဘူးသော အရပ် ၌သာ ဖြစ်ကြ၏။ မကြားဘူး, မရောက်ဘူး မဖြစ်ဘူးသော အရပ်၌ ဖြစ်ခဲ၏။

ထိုသို့ ဖြစ်ခဲကြောင်းကို ရောဟိတသဝတ္ထု, အဋ္ဌင်္ဂုတ္တရ ပါဠိတော်လာ ဒါနုပပတ္တိသုတ် စသည်တို့ကို ထောက်၍ သိရမည် တပည့်တို့။

ကမ္ဘာပျက်ပုံ အခြင်းအရာကို ပြခြင်း

၁။ တပည့်တို့ - ဤကဲ့သို့ ကပ္ပကောလာဟလဖြစ်၍ ကာမသတ္တဝါတို့သည် ဗြဟ္မာပြည်သို့ တက်ကြဆဲအခါ လူ့ပြည်၌လူမကုန်ခင် အနှစ်တသန်းလောက် ကျလျှင် ကမ္ဘာပျက်မိုဃ်းကြီး သည်းထန်စွာတကြိမ် ရွာ၏

ထိုအခါ ကြွင်းကျန်သေးသောလူတို့သည် မျိုးတို့ကို ထုတ်၍ ကြဲကြကုန်၏။ ထို ကြဲသောမျိုးတို့သည် အိမ်သို့ပြန်၍ မဝင်ပြီ။ အပြီးတိုင် မိုဃ်းခေါင်လေတော့၏။ ထိုအခါ လူတို့သည် သေကြေပျက်စီး၍ နတ်ပြည်သို့ ရောက်၍ ဈာန်ကိုရအောင် အားထုတ်ပြီးလျှင် ဗြဟ္မာ့ပြည်သို့ ရောက်ကြကုန်၏။

ထို ကမ္ဘာဖျက်မိုဃ်းကြီး သည်းထန်စွာ တကြိမ် ရွာပြီးသည်နောက် မိုဃ်းကောင်းကင်သည် မြင်းဟီသကဲ့သို့ မြည်ဟိန်း၍ တပေါက် မျှမကျဘဲ အပြီးတိုင် မိုဃ်းပြတ်လေပြီးသည်နောက် အနှစ် တသိန်းလောက် တိုင်သောအခါ အကယ်၍ မီးဖျက်မည့် ကမ္ဘာဖြစ်အံ့၊ မဟာလောကဓာတ်ကြီး အတွင်း စကြရဠာတိုင်းမှာပင် နေနှစ်စင်း ထွက်လာ၏။ ထိုနောင် အစဉ်အတိုင်း သုံးစင်း, လေးစင်း, ငါးစင်း, ခြောက်စင်း, ခုနစ်စင်း ထွက်၍ စကြဝဠာခံရေနှင့် တကွ စကြဝဠာ မဟာလောကဓာတ် ကြီးကို မီးတွေလောင်၍ နေဗိမာန်ဘုံနှင့် တကွ နတ်တွေ, ပဌမဈာန် ဗြဟ္မာ့ဘုံတို့ကိုပါ လောင်၍ လောင်စာကုန်သော အခါ မီးလျှံစဲလေ၏။ အထက် ကောင်းကင်နှင့် အောက်ကောင်းကင် တစပ်တည်း စပ်လျက် ဟင်းလင်းအပြင် ကောင်းကင် အမိုက်မှောင်ကြီးအတိ ဖြစ်၍ တည်လေ၏

၂။ အကယ်၍ ရေဖျက်မည့်ကမ္ဘာဖြစ်အံ့အလွန်ခါးသော အလွန်ငန်သော ရေငန် မိုဃ်းကြီ ရွာ၍ စကြာဠာ မဟာလောကဓာတ်ကြီးကို အကုန်လုံး ကြေမွစေ၍ အရည်ဖြစ်စေ၍ နတ်ဘုံ, ပဌမဈာန်, ဒုတိယဈာန် ဗြဟ္မာ့ဘုံတို့ကိုပါ ကြေမွစေ၍ အရည်ဖြစ်စေပြီးလျှင် စကြဝဠာခံရေနှင့် တကွ ထိုကမ္ဘာဖျက် ရေငန်တို့သည် အလျင် အမြန် ကွယ်ချုပ်လေ၏။ အထက် ကောင်းကင်နှင့် အောက် ကောင်းကင် တစပ် တည်းစပ်လျက် ဟင်းလင်းအပြင် ကောင်းကင် အမိုက်မှောင်ကြီးအတိ ဖြစ်၍ တည်လေ၏

၃။ အကယ်၍ လေဖျက်မည့် ကမ္ဘာဖြစ်အံ့အလွန်ပြင်းထန်သော လေတို့သည် ထ၍ ဖုံမှုန့်, မြေခဲ, ကျောက်ခဲတို့ကို ကောင်းကင်သို့ လွင့်စေ၏။
ကြာလျှင် ကျောက်ဖျာ, ကျောက်ထွဋ်, တောင်ထွဋ်တွေကိုပါ ကောင်းကင်သို့ လွင့်စေ၏။
ဟိမဝန္တာတောင်, စကြဝဠာတောင်, မြင့်မိုရ်တောင်တို့ကိုပါ လွင့်စေ၏။
စကြဝဠာ မဟာပထဝီမြေကြီးပါ ပစိတ်ပမွ ချိုးဖဲ့လျက် ကောင်းကင်သို့ လွင့်စေ၏။
စကြဝဠာခံ ရေတို့ကိုလည်း ဖရိုဖရဲ ကောင်းကင်သို့ လွင့်စေ၏။
ကြယ်ဗိမာန်, နေဗိမာန်, နတ်ဘုံဗိမာန်, ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, ဗြဟ္မာဘုံဗိမာန် တို့ကိုလည်း ဘီလာအောက်ထက် လွင့်မိလွင့်ရာ လွင့်စေ၏။

ကမ္ဘာဖျက်လေသည် လွှင့်အပ်သည်ဖြစ်၍ ပျက်စီးသော ဤမဟာလောကဓာတ် အတွင်း၌ ကောင်းကင်သို့ လွှင့်လေသော အလုံးစုံသော အစိုင်အခဲ အထည်ဝတ္ထု တွေသည် စကြဝဠာ ချင်းချင်း အားဖြင့်၎င်း၊ မြင့်မိုရ်ချင်းချင်း အားဖြင့်၎င်း၊ မြင့်မိုရ်နှင့် စကြဝဠာအားဖြင့်၎င်း၊ မြင့်မိုရ်နှင့် ဘုံဗိမာန်အားဖြင့် ၎င်း အမှတ်မရှိ တခုနှင့်တခု ထိခိုက်ကြ၍ မှုန့်မှုန့်ညက်ညက် ကြေမှု ပျောက်ပျက်မှု ကြလေကုန်၏။

ထိုအခါ ကမ္ဘာဖျက်လေတို့သည် ခဏခြင်း ငြိမ်သက်၍ ချုပ်ပျောက်ကြလေကုန်၏။ အထက် ကောင်းကင်နှင့် အောက်ကောင်းကင် တစပ်တည်း စပ်လျက် ဟင်းလင်း အပြင် ကောင်းကင် အမိုက်မှောင်ကြီးအတိ ဖြစ်၍ တည်လေ၏

အသင်္ချေယျကပ် - မဟာကပ်တို့ကို ခွဲ၍ပြခြင်း

တပည့်တို့ - ဤကမ္ဘာဖျက် မိုဃ်းကြီး ရွာသည်မှစ၍ ဟင်းလင်းအပြင် ကောင်းကင် အတိ ဖြစ်သည့် တိုင်အောင်သည် ပျက်စီးဆဲဖြစ်သော တခုသော သံဝဋ္ဋအသင်္ချေယျ ကပ်မည်၏။

ဟင်းလင်းအပြင် ကောင်းကင်အတိ ဖြစ်သည် မှစ၍ ကမ္ဘာပြု မိုဃ်းကြီး ရွာသည် တိုင်အောင်သည် ပျက်ပြီး၍ တည်နေသော တခုသော သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ် မည်၏။

ကမ္ဘာပြုမိုဃ်းကြီး ရွာသည်မှစ၍ နေ, လ, နက္ခတ် ပေါ်သည်တိုင်အောင်သည် ပျက်ပြီး၍ တဖန် ဖြစ်ပြန် ဆဲဖြစ်သော တခုသော ဝိဝဋ္ဋအသင်္ချေယျကပ် မည်၏။

နေ, လ, နက္ခတ် ပေါ်သောနေ့မှစ၍ တဖန် ကမ္ဘာဖျက် မိုဃ်းကြီး ရွာသည် တိုင်အောင်သည် ဖြစ်ပြီး၍ တည်နေသော တခုသော လူနေ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျ ကပ် မည်၏။

အသင်္ချေယျကပ် လေးခုသည် အဓွန့်ကာလ အကြာ ပမာဏ ညီမျှကြ၏။ အန္တရကပ် ခြောက်ဆဲ့လေးကပ်စာစီချည်း ရှိကြ၏၊

ဤအသင်္ချေယျကပ် လေးခု အပေါင်းသည် တခုသော မဟာကပ် မည်၏။

ဤမဟာကပ်တခုကိုပင် တကမ္ဘာ ဟူ၍ ခေါ်၏။

ဤကဲ့သို့ ကပ်ကမ္ဘာဖွဲ့ပုံ ခေါ်ပုံကိုလည်း ကောင်းမွန်စွာသိကြ၊ မှတ်ကြ၊ တပည့်တို့။

တပည့်တို့ - အောက်က ပြဆိုဟောကြားခဲ့ပြီးသောအတိုင်း ဖြစ်ပေါ်တည်ရှိ၍ နေသော ဤကမ္ဘာ ကိုကား ဤ မီး ရေ လေအဖျက်သုံးပါးတို့တွင် မီးဖျက်လတ္တံ့။ တပည့်တို့ - ဤ ယခုအခါကား အန္တရကပ် ဆဲ့တကပ်လွန်၍ ဆဲ့နှစ်ကပ်တွင်းသို့ ရောက်ပြီ

ယခု ရောက်လတ္တံ့ ဆယ်နှစ်တမ်းမှ တက်၍ အသင်္ချေယျသို့ကျလျှင် ဆဲ့နှစ်ကပ် လုံးလုံး ပြည့်၍ နောင်ကို ငါးဆဲ့နှစ်ကပ်အလွန် တထောင်တန်းသို့ ကျသောအခါ လောကဗျူဟာနတ်တို့ ကြွေးကြော် ပြောကြားခြင်းဟူသော ကပ္ပကောလာဟလ ဖြစ်ပြီးလျှင် ကမ္ဘာပျက်လတ္တံ့

တပည့်တို့ - ထိုသို့ ပျက်စီးပုံကို မြတ်စွာဘုရားရှင်သည် အနိစ္စဝိပဿက တောနေရဟန်း ငါးရာ တို့အား အကျယ်ဝိတ္ထာရအားဖြင့် ဟောကြားတော်မူလေလျှင် တရားတော်၏ အဆုံး၌ ထိုရဟန်း ငါးရာတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏

တပည့်တို့ - မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ကမ္ဘာပျက်ပုံအခြင်းအရာ ဤ သတ္တသူရိယ သုတ်ကို ငါဆရာ ထုတ်ဆောင်ဟောပြမည်၊ သင်တပည့်တို့သည် ကောင်းစွာ နာကြကုန်၊ အနက် အဓိပ္ပါယ်ကို ထိုးထွင်း သိမြင်အောင် ကောင်းစွာနှလုံး သွင်းကြကုန်။ စကြဝဠာ လောကဓာတ်ကြီး၏ တည်၍နေပုံကိုလည်း အောက်က ပြဆိုခဲ့သောအတိုင်း ပြန်၍ အောက်မေ့ကြကုန်လော့၊ ထုတ်ဆောင် ဟောပြတော့အံ့။

ကမ္ဘာပျက်ပုံကို ဟောပြသော သတ္တသူရိယသုတ်

၁။ ဧဝံ မေ သုတံ၊ အကျွန်ုပ် အာနန္ဒာသည်။ ဤသို့ ကြားလိုက်ရ၏။ ဧကံ သမယံ၊ တပါးသော အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝေသာလိယံ၊ ဝေသာလီပြည်၌။ အမ္ဗပါလိ ဝနေ၊ အမ္ဗပါလိ တကာမသည် လှူဒါန်းအပ်သော သရက်ပင်စည် ဥယျာဉ်တော်၌။ ဝိဟရတိ၊ နေတော်မူ၏။
တတြ ခေါ ဘဂဝါ၊ ထိုသို့နေတော်မူသောအခါ၌ မြတ်စွာဘုရားသည်။ ဘိက္ခူ၊ ငါးရာမျှကုန်သော အနိစ္စဝိပဿက တောရ ဘုန်းတော်ကြီး ရဟန်းတွေကို။ အာမန္တေသိ၊ ခေါ်တော်မူ၏။ ဘိက္ခဝေါတိ၊ “ချစ်သား ရဟန်းတို့”ဟု (ခေါ်တော်မူ၏)။ ဘဒ္ဒန္တေတိ၊ “အရှင်ဘုရား”ဟု (ထူးပြီးလျှင်)။ တေ ဘိက္ခူ၊ ထိုငါးရာမျှကုန်သော ရဟန်းတို့သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ပစ္စဿောသုံ၊ ရှေးရှုဦးခိုက်၍ နာကြကုန်၏။ ဘဂဝါ ဧတဒဝေါစ၊ မြတ်စွာဘုရားက ဤစကားတော်ကို မိန့်မြွက်တော်မူ၏။

အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ရဟန်းတို့၊ သင်္ခါရတရားတို့သည် မမြဲကုန်။ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ရဟန်းတို့၊ သင်္ခါရတရားတို့သည် မခိုင်ခံ့ကုန်။ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ၊ ရဟန်းတို့၊ သင်္ခါရတရားတို့သည် သာယာအပ် သာယာထိုက်သော သဘောမရှိကုန်။
ယာဝဉ္စိဒံ ဘိက္ခဝေ၊ ရဟန်းတို့၊ အလွန်လျှင်။ သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရားတို့၌။ နိဗ္ဗိန္ဒိတုံ၊ ပျင်းမုန်း ငြီးငွေ့ခြင်းငှါ။ အလမေဝ၊ သင့်လှတော့သည် သာလျှင်တည်း။ ဝိရဇ္ဇိတုံ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းငှါ။ အလံ၊ သင့်လှတော့သည် သာလျှင်တည်း။ ဝိမုစ္စိတုံ၊ လွတ်ခြင်းငှါ။ အလံ၊ ထိုက်လှတော့သည်သာလျှင်တည်း။

သိနေရု ဘိက္ခဝေ ပဗ္ဗတရာဇာ၊ ရဟန်းတို့၊ တောင်တကာတို့၏ မင်းဖြစ်သော မြင့်မိုရ်တောင်ကြီးသည်။ စတုရာသီတိ ယောဇန သဟဿာနိ၊ ယူဇနာ ရှစ်သောင်း လေးထောင်တိုင်တိုင်။ မဟာသမုဒ္ဒေ၊ မဟာသမုဒ္ဒရာ၌။ အဇ္ဈောဂါဠှော၊ နစ်၏။ စတုရာသီတိ ယောဇနသဟဿာနိ ဝိတ္ထာရေန၊ စတုရန်း အကျယ်အပြန့်အားဖြင့် ယူဇနာ ရှစ်သောင်း လေးထောင်တို့ တိုင်တိုင် ရှိ၏။ စတုရာသီတိယောဇနသဟဿာနိ၊ ယူဇနာ ရှစ်သောင်း လေးထောင်တို့ တိုင်တိုင်။ မဟာသမုဒ္ဒါ၊ မဟာသမုဒ္ဒရာမှ။ အဇ္ဈုဂ္ဂတော၊ ပေါ်တက်၏။

ဟောတိ ခေါ သော ဘိက္ခဝေ သမယော၊ ရဟန်းတို့၊ ထိုကမ္ဘာဖျက် မိုဃ်းကြီးရွာပြီးနောက် အပြီးတိုင် မိုဃ်းပြတ်၍ များစွာသော နှစ်အရာ အထောင်တို့ပတ်လုံး မိုဃ်းမရွာသော အခါကြီးသည်။ ဖြစ်သည်သာလျှင်တည်း။ ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန၊ အမှတ်မရှိသော ရှည်လျားလှစွာသော အဓွန့်ကာလ၏ လွန်သောအခါ၌။ ဗဟူနိ ဝဿာနိ ဗဟူနိ ဝဿသတာနိ ဗဟူနိ ဝဿသဟဿာနိ ဒေဝေါ န ဝဿတိ၊ များစွာသော နှစ်၊ နှစ်တရာ၊ နှစ်အထောင်တို့ပတ်လုံး မိုဃ်းသည် မရွာ။

ဒေဝေ ခေါ ပန ဘိက္ခဝေ အဝဿန္တေ၊ ရဟန်းတို့၊ စင်စစ်လျှင် မိုဃ်းသည် မရွာသည်ရှိသော်။ ယေကေစိ ဣမေ ဗီဇဂါမ ဘူတဂါမ ဩသဓိတိဏဝနပတယော၊ ဤဗီဇဂါမ် ဘူတဂါမ်ဖြစ်သော မြက်သစ်ပင်အပေါင်း ဆေးပင်အပေါင်း မြက်မျိုးဖြစ်သော ထန်းပင်, ပေပင် စသော တောစိုးသစ်ပင်ကြီးတို့သည်။ တေ ဥဿုဿန္တိ ဝိသုဿန္တိ န ဘဝန္တိ၊ ထိုအပင်တို့သည် သွေ့ခြောက်ကုန်၏၊ အထူးသဖြင့် သွေ့ခြောက်ကုန်၏၊ ဘာတပင်မျှရှိသည် မဖြစ်ကုန်။
ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ရဟန်းတို့၊ သင်္ခါရတရားတို့သည် အဲသည်လို မမြဲကုန်။ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ရဟန်းတို့၊ အဲသည်လို မခိုင်ခံ့ကုန်။ ဧဝံ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ၊ ရဟန်းတို့၊ အဲသည်လို သာယာဘွယ် မရှိကုန်။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ၊ ရဟန်းတို့၊ အလွန်လျှင် အလုံးစုံသော သင်္ခါရတရားတို့၌ ပျင်းမုန်းငြီးငွေ့ခြင်းငှါ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းငှါ၊ လွတ်ခြင်းငှါ သင့်လှတော့သည် သာလျှင်တည်း။

၂။ ဒုတိယနေ ပေါ်ထွက်ခြင်း

ဟောတိ ခေါ သော ဘိက္ခဝေ သမယော၊ ရဟန်းတို့၊ ထိုနေနှစ်စင်းပေါ်ထွက်လာသော အခါသည်။ ဖြစ်သည်သာလျှင်တည်း။ ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန၊ အမှတ်မရှိသော မြက် သစ်ပင် မရှိသည့်နောက် ရှည်လျားလှစွာသော အဓွန့်ကာလ၏ လွန်သောအခါ၌။ ဒုတိယော သူရိယော၊ နှစ်ခုမြောက် ဒုတိယနေသည်။ ပါတု ဘဝတိ၊ ပေါ်ထွက်လာ၏။ (အဟောင်းနေ အနောက်သို့ဝင်လျှင် အသစ်နေ အရှေ့က ပေါ်ထွက်လာ၏။ ညဉ့်ဟူ၍ မရှိပြီ။)

ဒုတိယဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ရဟန်းတို့၊ နှစ်ခုမြောက်သော နေ၏ ပေါ်ထွက်လာခြင်းကြောင့်။ ယာကာစိ ကုန္နဒိယော ကုသုမ္ဘာ၊ အမှတ်မရှိ အလုံးစုံကုန်သော မြစ်ငယ်တို့သည်၎င်း၊ ထူးငယ် အိုင်ငယ်တို့သည်၎င်း။ တာ ဥဿုဿန္တိ ဝိသုဿန္တိ နဘဝန္တိ၊ ထိုမြစ်ငယ် ထူးငယ် အိုင်ငယ်တို့သည် ခန်းခြောက်ကုန်၏၊ အထူးသဖြင့် ခန်းခြောက်ကုန်၏၊ ရေတစက်မျှ ရှိသည်မဖြစ်ကုန်။
ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ

၃။ တတိယနေ ပေါ်ထွက်ခြင်း

ဟောတိ ခေါ သော ဘိက္ခဝေ သမယော၊ ရဟန်းတို့၊ ထိုနေသုံးစင်း ပေါ်ထွက်လာသော အခါသည်။ ဖြစ်သည်သာလျှင်တည်း။ ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန၊ အမှတ်မရှိသော ဒုတိယ နေ ပေါ်ထွက်ပြီးသည့်နောက် ရှည်လျားလှစွာသော အဓွန့် ကာလ၏ လွန်သောအခါ၌။ တတိယော သူရိယော၊ သုံးစင်းမြောက်သော နေသည်။ ပါတု ဘဝတိ၊ ပေါ်ထွက်လာ၏။

တတိယဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ရဟန်းတို့၊ သုံးစင်းမြောက်သော နေ၏ ပေါ်ထွက်လာခြင်းကြောင့်။ ယာကာစိ မဟာနဒိယော၊ အမှတ်မရှိ အလုံးစုံကုန်သော မြစ်ကြီးတို့သည်။ သေယျထိဒံ၊ မြစ်ကြီးတို့ဟူသည်ကား။ ဂင်္ဂါ၊ ယမုနာ၊ အစိရဝတီ၊ သရဘူ၊ မဟီ၊ ဤငါးစင်းတည်း။ တာ ဥဿုဿန္တိ ဝိသုဿန္တိ န ဘဝန္တိ၊ ထိုမြစ်ကြီးတို့သည် ခန်းခြောက်ကုန်၏၊ အထူးသဖြင့် ခန်းခြောက်ကုန်၏၊ ရေတစက်မျှ ရှိသည်မဖြစ်ကုန်။
ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ

၄။ စတုတ္ထနေ ပေါ်ထွက်ခြင်း

ဟောတိ ခေါ သော ဘိက္ခဝေ သမယော၊ ရဟန်းတို့၊ ထိုနေလေးစင်း ပေါ်ထွက်လာသော အခါသည်။ ဖြစ်သည်သာလျှင်တည်း။ ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန၊ အမှတ်မရှိသော တတိယနေ ပေါ်ထွက်ပြီးသည့်နောက် ရှည်လျားလှစွာသော အဓွန့်ကာလ၏ လွန်သောအခါ၌။ စတုတ္ထော သူရိယော၊ လေးစင်းမြောက်သော နေသည်။ ပါတု ဘဝတိ၊ ပေါ်ထွက်လာ၏။

စတုတ္ထဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ရဟန်းတို့၊ လေးစင်းမြောက်သော နေ၏ ပေါ်ထွက်လာခြင်းကြောင့်။ ယေ တေ မဟာသရာ၊ အကြင် အိုင်ကြီးတို့သည်။ ယတော မဟာ နဒိယော ပဝတ္တန္တိ၊ အကြင် အိုင်ကြီးတို့မှ မြစ်ကြီးတို့သည် အစအမွန်ဖြစ်၍ စီးကုန်၏။ သေယျထိဒံ၊ အိုင်ကြီးတို့ ဟူသည်ကား။ အနောတတ္တာ၊ သီဟပပါတာ၊ ရထကာရာ၊ ကဏ္ဏမုဏ္ဍာ၊ ကုဏာလာ၊ ဆဒ္ဒန္တာ၊ မန္ဒာကိနီ၊ ဤခုနစ်အိုင်တည်း။ တာ ဥဿုဿန္တိ ဝိသုဿန္တိ န ဘဝန္တိ၊ ထိုအိုင်ကြီး ခုနစ်အိုင်တို့သည် ခန်းခြောက်ကုန်၏၊ အထူးသဖြင့် ခန်းခြောက်ကုန်၏၊ ရေတစက်မျှ ရှိသည်မဖြစ်ကုန်။
ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ

၅။ ပဉ္စမနေ ပေါ်ထွက်ခြင်း

ဟောတိ ခေါ သော ဘိက္ခဝေ သမယော၊ ရဟန်းတို့၊ ထိုနေငါးစင်း ပေါ်ထွက်လာသောအခါသည်။ ဖြစ်သည်သာလျှင်တည်း။ ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန၊ အမှတ်မရှိသော စတုတ္ထနေ ပေါ်ထွက်ပြီးသည်နောက် ရှည်လျားလှစွာသော အဓွန့်ကာလ၏ လွန်သောအခါ၌။ ပဉ္စမော သူရိယော၊ ငါးစင်းမြောက်သော နေသည်။ ပါတု ဘဝတိ၊ ပေါ်ထွက်လာ၏။

ပဉ္စမဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ရဟန်းတို့၊ ငါးစင်းမြောက်သော နေ၏ ပေါ်ထွက်လာခြင်းကြောင့်။ ယောဇနသတိကမ္ပိ၊ ယူဇနာ တရာလောက်လည်း။ မဟာသမုဒ္ဒေ ဥဒကံ ဩဂစ္ဆတိ၊ မဟာသမုဒ္ဒရာ၌ ရေသည် လျော့လေ၏။ ဒွိ ယောဇနသတိကာနိပိ ... သတ္တ ယောဇနသတိကာနိပိ၊ ယူဇနာ နှစ်ရာမှသည် ခုနစ်ရာလောက်တိုင်လည်း။ မဟာသမုဒ္ဒေ ဥဒကာနိ ဩဂစ္ဆန္တိ၊ မဟာသမုဒ္ဒရာ၌ ရေတို့သည် လျော့ကုန်၏။

သတ္တ တာလမ္ပိ ... တာလမတ္တမ္ပိ၊ ထန်းခုနစ်ပြန်မှသည် တစ်ပြန်မျှလောက်လည်း။ မဟာသမုဒ္ဒေ ဥဒကံ သဏ္ဌာတိ၊ မဟာသမုဒ္ဒရာ၌ ရေသည် တည်လေတော့၏။ သတ္တ ပေါရိသမ္ပိ ... ပေါရိသမတ္တမ္ပိ၊ ခုနစ်သူ (လက်ခုပ်ခုနစ်ဖေါင်) မှသည် တစ်ဖေါင်မျှလောက်လည်း။ အဍ္ဎပေါရိသမ္ပိ၊ လက်ခုပ် တဖေါင် ထက်ဝက်လောက်လည်း။ ကဋိမတ္တမ္ပိ၊ ခါးမျှလောက်လည်း။ ဇဏ္ဏုကမတ္တမ္ပိ၊ ဒူးဆစ်မျှလောက်လည်း။ ဂေါပ္ဖကမတ္တမ္ပိ၊ ခြေကျဉ်းဝတ် မျှလောက်လည်း။ မဟာသမုဒ္ဒေ ဥဒကံ သဏ္ဌာတိ၊ မဟာသမုဒ္ဒရာ၌ ရေသည် တည်လေတော့၏။

သေယျထာပိ ဘိက္ခဝေ၊ ရဟန်းတို့၊ ဥပမာ ဆိုသည်ရှိသော်။ သရဒသမယေ ထုလ္လဖုသိတကေ ဒေဝေ ဝဿန္တေ၊ တန်ဆောင်မုန်းလအခါ၌ ထူထဲသော မိုဃ်းပေါက် ရှိသော မိုဃ်းဖွဲသည် ရွာသည်ရှိသော်။ တတ္ထ တတ္ထ ဂေါပ္ဖကပဒေသေသု ဥဒကာနိ ဌိတာနိ ဟောန္တိ၊ ထိုထို အရပ်တို့၌ ခြေကျဉ်းဝတ်မျှလောက် နက်သော နေရာတို့၌ ရေတို့သည် တည်ကုန်သည်။ ဧဝမေဝ ခေါ ဘိက္ခဝေ၊ ရဟန်းတို့၊ ဤအတူပင်လျှင်။ တတ္ထ တတ္ထ ဂေါပ္ဖကမတ္တာနိ မဟာသမုဒ္ဓေသု ဥဒကာနိ ဌိတာနိ ဟောန္တိ၊ ထိုထို အရပ်တို့၌ ခြေကျဉ်းဝတ် မျှလောက်ကုန်သော ရေတို့သည် မဟာသမုဒ္ဒရာ၌ တည်ကုန်သည်။

ပဉ္စမဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ရဟန်းတို့၊ ငါးစင်းမြောက်သော နေ၏ ထွက်ပေါ်လာခြင်းကြောင့်။ အင်္ဂုလိပဗ္ဗမတ္တမ္ပိ၊ လက်တဆစ်မျှလောက်လည်း။ မဟာသမုဒ္ဒေ ဥဒကံ န ဟောတိ၊ မဟာသမုဒ္ဒရာ၌ ရေသည် ရှိသည်မဖြစ်။
ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ

၆။ ဆဋ္ဌမနေ ပေါ်ထွက်ခြင်း

ဟောတိ ခေါ သော ဘိက္ခဝေ သမယော၊ ရဟန်းတို့၊ ထိုနေခြောက်စင်း ပေါ်ထွက်လာသော အခါသည်။ ဖြစ်သည်သာလျှင်တည်း။ ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန၊ အမှတ်မရှိသော ပဉ္စမနေ ပေါ်ထွက်ပြီးသည်နောက် ရှည်လျားစွာသော အဓွန့် ကာလ၏ လွန်သောအခါ၌။ ဆဋ္ဌော သူရိယော၊ ခြောက်စင်းမြောက်သော နေသည်။ ပါတု ဘဝတိ၊ ပေါ်ထွက်လာ၏။

ဆဋ္ဌဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ရဟန်းတို့၊ ခြောက်စင်း မြောက်သောနေ၏ ပေါ်ထွက်လာခြင်းကြောင့်။ အယဉ္စ မဟာပထဝီ၊ ဤမဟာပထဝီ မြေကြီးသည်၎င်း။ သိနေရု စ ပဗ္ဗတရာဇာ၊ မြင့်မိုရ်တောင်ကြီးသည်၎င်း။ ဓုမာယန္တိ သံဓုမာယန္တိ သမ္ပဓုမာယန္တိ၊ အခိုးမွဲမွဲ၊ ညိုပြာပြာ၊ မည်းမည်း ပုပ်ပုပ် ထွက်ကုန်၏။
သေယျထာပိ ဘိက္ခဝေ၊ ရဟန်းတို့၊ ဥပမာဆိုသည်ရှိသော်။ ကုမ္ဘကာရာ ဝါဋော၊ အိုးဖုတ်သော အိုးကျင်း အိုးပုံကို။ အာလေပိတော၊ မီးတိုက်သည်ရှိသော်။ ပဌမံ ဓုမေတိ သံဓုမေတိ သမ္ပဓုမေတိ၊ မီးမတောက်ခင် ရှေးဦးစွာ အခိုးမွဲမွဲ၊ ညိုပြာပြာ၊ မည်းမည်း ပုပ်ပုပ် ထွက်၏။ ဧဝမေဝ ခေါ ဘိက္ခဝေ၊ ရဟန်းတို့၊ ဤအတူပင်လျှင်။ ဆဋ္ဌဿ သူရိယဿ ပါတုဘာဝါ အယဉ္စ မဟာပထဝီ သိနေရု စ ပဗ္ဗတရာဇာ ဓုမာယန္တိ သံဓုမာယန္တိ သမ္ပဓုမာယန္တိ
ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ

၇။ သတ္တမနေ ပေါ်ထွက်ခြင်း

ဟောတိ ခေါ သော ဘိက္ခဝေ သမယော၊ ရဟန်းတို့၊ ထိုနေ ခုနစ်စင်း ပေါ်ထွက်လာသော အခါသည်။ ဖြစ်သည်သာလျှင်တည်း။ ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန၊ အမှတ်မရှိသော နေခြောက်စင်း ပေါ်ထွက်ပြီးသည်နောက် ရှည်လျားစွာသော အဓွန့်ကာလ၏ လွန်သောအခါ၌။ သတ္တမော သူရိယော၊ ခုနစ်စင်း မြောက်သော နေသည်။ ပါတု ဘဝတိ၊ အကြင်ပေါ်ထွက်လာ၏။

သတ္တမဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ရဟန်းတို့၊ ခုနစ်စင်းမြောက်သော နေ၏ ပေါ်ထွက်လာခြင်းကြောင့်။ အယဉ္စ မဟာပထဝီ သိနေရု စ ပဗ္ဗတရာဇာ၊ ဤမဟာပထဝီ မြေကြီးသည်၎င်း၊ မြင့်မိုရ်တောင်ကြီးသည်၎င်း။ အာဒိပ္ပန္တိ ပဇ္ဇလန္တိ ဧကဇာလာ ဘဝန္တိ၊ ရဲရဲ ညီးညီး မီးခဲကြီး ဖြစ်ကုန်၏၊ အလျှံပြောင်ပြောင် တောက်ကုန်၏၊ မဟာလောကဓာတ်ကြီး အတွင်း၌ တစပ်တည်း တခုတည်းသော မီးတောက် မီးလျှံတို့ ဖြစ်လေကုန်၏။

ဣမိဿာ စ ဘိက္ခဝေ မဟာပထဝိယာ သိနေရုဿစ ပဗ္ဗတရာဇဿ ဈာယမာနာနံ ဍယှမာနာနံ အစ္စိ၊ ရဟန်းတို့၊ တောက်လောင် လောင်ကျွမ်းအပ်ကုန်သော ဤမဟာပထဝီ မြေကြီး၏၎င်း၊ မြင့်မိုရ်တောင်ကြီး ၏၎င်း မီးတောက် မီးလျှံသည်။ ဝါတေန ခိတ္တာ ယာဝ ဗြဟ္မလောကာပိ ဂစ္ဆတိ၊ လေဟုန် မြှောက်တင် ပစ်လွှင့်အပ်သည်ဖြစ်၍ ပထမဈာန် ဗြဟ္မာ့ဘုံတိုင်အောင်လည်း တက်ပြေး စွဲလောင်လေ၏။

သိနေရုဿ ဘိက္ခဝေ ပဗ္ဗတရာဇဿ ဈာယမာနဿ ဍယှမာနဿ ဝိနာသမာနဿ မဟတာ တေဇောခန္ဓေန အဘိဘူတဿ၊ ရဟန်းတို့၊ တောက်လောင် လောင်ကျွမ်း၍ ပျက်စီး၍နေသော၊ ကြီးစွာသော မီးအစု နှိပ်စက်အပ်သည်ဖြစ်သော မြင့်မိုရ်တောင်ကြီး၏။ ယောဇနသတိကာနိပိ ... ပဉ္စ ယောဇနသတိကာနိပိ ကူဋာနိ ပလုဇ္ဇန္တိ၊ ယူဇနာ တစ်ရာမှသည် ငါးရာလောက်လည်း ရှိကုန်သော ကျောက်လွှာချပ် ကျောက်ထွဋ်ကြီးတွေသည် ပလုန်းကနဲ ပြိုကွဲ ပျက်စီးကုန်၏။

ဣမိဿာ စ ဘိက္ခဝေ မဟာပထဝိယာ သိနေရုဿ စ ပဗ္ဗတရာဇဿ ဈာယမာနာနံ ဍယှမာနာနံ၊ ရဟန်းတို့၊ တောက်လောင် လောင်ကျွမ်းအပ်ကုန်သော ဤမဟာပထဝီမြေကြီး၏၎င်း၊ မြင့်မိုရ်တောင်ကြီး၏၎င်း။ နေဝ ဆာရိကာ ပညာယတိ၊ န မသိ၊ ပြာလည်း မထင်၊ မီးသွေးလည်း မထင်။ သေယျထာပိ ဘိက္ခဝေ သပ္ပိဿ ဝါ တေလဿ ဝါ ဈာယမာနဿ ဝါ ဍယှမာနဿ ဝါ နေဝ ဆာရိကာ ပညာယတိ၊ န မသိ၊ ရဟန်းတို့၊ ဥပမာ ဆိုသည်ရှိသော် ထောပတ်၏၎င်း၊ ဆီ၏၎င်း တောက်လောင် လောင်ကျွမ်းအပ်သည်ရှိသော် ပြာလည်း မထင်၊ မီးသွေးလည်း မထင်။ ဧဝမေဝ ခေါ ဘိက္ခဝေ ... နေဝ ဆာရိကာ ပညာယတိ၊ န မသိ၊ ဤအတူပင်လျှင် (မြေကြီးနှင့် မြင့်မိုရ်တောင်ကြီး၏) ပြာလည်း မထင်၊ မီးသွေးလည်း မထင်။
ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ

တတြ ဘိက္ခဝေ၊ ရဟန်းတို့၊ ထိုအနိစ္စသဘောတို့၌။ အယဉ္စ မဟာပထဝီ သိနေရုစ ပဗ္ဗတရာဇာ ဍယှိဿန္တိ ဝိနဿိဿန္တိ န ဘဝိဿန္တိ၊ ဤမဟာပထဝီ မြေကြီးသည်၎င်း၊ မြင့်မိုရ်တောင်ကြီးသည်၎င်း လောင်ကျွမ်း ပျက်စီး၍ ဘာတခုမျှရှိသည် မဖြစ်ကုန်လတ္တံ့။ အညတြ ဒိဋ္ဌပဒေဟီတိ၊ ဤသို့ ဖောက်ပြန်ပျက်စီးပုံကို လှလှကောင်းမွန်စွာ ထင်ပြီး မြင်အပ်ပြီးသော နိဗ္ဗာန်ရှိကုန်သော အရိယာပုဂ္ဂိုလ်တို့ကို ကြဉ်ထား၍။ ကော မန္တာ၊ အဘယ်သူသည် သိနိုင်လိမ့်မည်နည်း။ ကော သန္ဓာတာ၊ အဘယ်သူသည် ယုံကြည်နိုင်လိမ့်မည်နည်း။

သတ္တင်္ဂုတ္တရပါဠိတော်လာ သတ္တသူရိယသုတ်။ (ပြီး၏။)

နိဂုံးချုပ် မြန်မာနိဿယ အကျဉ်း

၁။ ဘန္တေကဿပ၊ အရှင်မဟာကဿပ။ ဣဒံသုတ္တံ မေ ဧဝံ သုတံ၊ အကျွန်ုပ် အာနန္ဒာသည်။ ဤသတ္တသူရိယသုတ်ကို ဤသို့ ကြားလိုက်ရ၏။ ဧကံ သမယံ ဘဂဝါ ဝေသာလိယံ အမ္ဗပါလိဝနေ ဝိဟရတိ၊ တပါးသော အခါ၌ မြတ်စွာဘုရားသည် ဝေသာလီပြည်၌ အမ္ဗပါလိ ဥယျာဉ်တော်၌ နေတော်မူ၏။ တတြ ခေါ ဘဂဝါ ဘိက္ခဝေတိ ဘိက္ခူ အာမန္တေသိ၊ ထိုအခါ၌ မြတ်စွာဘုရားသည် "ချစ်သား ရဟန်းတို့"ဟု ရဟန်းတွေကို ခေါ်တော်မူ၏။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ၊ "အရှင်ဘုရား"ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားသံကို နာကြကုန်၏။ ဘဂဝါ ဧတဒဝေါစ၊ မြတ်စွာဘုရားက ဤစကားတော်ကို မိန့်မြွက်တော်မူ၏။

ဘိက္ခဝေ၊ သင်္ခါရာ အနိစ္စာ၊ ရဟန်းတို့၊ သင်္ခါရတရားတို့သည် မမြဲကုန်ဘိက္ခဝေ၊ သင်္ခါရာ အဓုဝါ၊ ရဟန်းတို့၊ သင်္ခါရတရားတို့သည် မခိုင်ခံ့ကုန်ဘိက္ခဝေ၊ သင်္ခါရာ အနဿာသိကာ၊ ရဟန်းတို့၊ သင်္ခါရတရားတို့သည် သာယာဘွယ် မရှိကုန်
ယာဝဉ္စိဒံ ဘိက္ခဝေ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ အလမေဝ၊ ဝိရဇ္ဇိတုံ အလံ၊ ဝိမုစ္စိတုံ အလံ၊ ရဟန်းတို့၊ အလွန်လျှင် အလုံးစုံသော သင်္ခါရတရားတို့၌ ပျင်းမုန်း ငြီးငွေ့ခြင်းငှါ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းငှါ၊ လွတ်ခြင်းငှါ သင့်လှတော့သည်သာလျှင်တည်း

ဘိက္ခဝေ၊ ပဗ္ဗတရာဇာ သိနေရု စတုရာသီတိ ယောဇန သဟဿာနိ မဟာသမုဒ္ဒေ အဇ္ဈောဂါဠှော ... အဇ္ဈုဂ္ဂတော၊ ရဟန်းတို့၊ တောင်မင်း မြင့်မိုရ်တောင်ကြီးသည် ယူဇနာ ရှစ်သောင်း လေးထောင် နစ်၏၊ ယူဇနာ ရှစ်သောင်း လေးထောင် အကျယ်ရှိ၏၊ ယူဇနာ ရှစ်သောင်း လေးထောင် ပေါ်၏။
ဟောတိ ခေါ သော ဘိက္ခဝေ သမယော၊ ရဟန်းတို့၊ များစွာသော နှစ်တို့ပတ်လုံး မိုဃ်းမရွာသော အခါကြီးသည်။ ဖြစ်သည်သာလျှင်တည်း။ ဒေဝေ ခေါ ပန ဘိက္ခဝေ အဝဿန္တေ၊ မိုဃ်းသည် မရွာသည်ရှိသော်။ ယေ ကေစိ ဣမေ ဗီဇဂါမ ဘူတဂါမ ဩသဓိတိဏ ဝနပတယော၊ ဤဗီဇဂါမ် ဘူတဂါမ်ဖြစ်သော မြက်သစ်ပင်အပေါင်းတို့သည်။ တေ ဥဿုဿန္တိ ဝိသုဿန္တိ န ဘဝန္တိသွေ့ခြောက်ကုန်၏၊ အထူးသဖြင့် သွေ့ခြောက်ကုန်၏၊ ရှိသည် မဖြစ်ကုန်ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ။ (အစရှိသည်ဖြင့် ဟောတော်မူ၏။)

၂။ ဟောတိ ခေါ သော ဘိက္ခဝေ သမယော ... ဒုတိယော သူရိယော ပါတု ဘဝတိ၊ ရဟန်းတို့၊ နှစ်ခုမြောက် ဒုတိယနေ ပေါ်ထွက်လာသော အခါသည်။ ဖြစ်၏။ ဒုတိယဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ဒုတိယနေကြောင့်။ ယာကာစိ ကုန္နဒိယော ကုသုမ္ဘာ၊ တာ ဥဿုဿန္တိ ဝိသုဿန္တိ နဘဝန္တိ၊ မြစ်ငယ် ထူးငယ် အိုင်ငယ်တို့သည် ခန်းခြောက်ကုန်၏၊ ရေတစက်မျှ မဖြစ်ကုန်။

၃။ ဟောတိ ခေါ သော ဘိက္ခဝေ သမယော ... တတိယော သူရိယော ပါတု ဘဝတိ၊ ရဟန်းတို့၊ သုံးစင်းမြောက်သော တတိယနေ ပေါ်ထွက်လာသော အခါသည်။ ဖြစ်၏။ တတိယဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ တတိယနေကြောင့်။ ယာကာစိ မဟာနဒိယော ... တာ ဥဿုဿန္တိ ဝိသုဿန္တိ န ဘဝန္တိမြစ်ကြီး ငါးစင်းတို့သည် ခန်းခြောက်ကုန်၏

၄။ ဟောတိ ခေါ သော ဘိက္ခဝေ သမယော ... စတုတ္ထော သူရိယော ပါတု ဘဝတိ၊ ရဟန်းတို့၊ လေးစင်းမြောက်သော စတုတ္ထနေ ပေါ်ထွက်လာသော အခါသည်။ ဖြစ်၏။ စတုတ္ထဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ စတုတ္ထနေကြောင့်။ ယေ တေ မဟာသရာ ... တာ ဥဿုဿန္တိ ဝိသုဿန္တိ န ဘဝန္တိ၊ မြစ်ကြီးတို့၏ အစအမွန်ဖြစ်သော အိုင်ကြီး ခုနစ်အိုင်တို့သည် ခန်းခြောက်ကုန်၏

၅။ ဟောတိ ခေါ သော ဘိက္ခဝေ သမယော ... ပဉ္စမော သူရိယော ပါတု ဘဝတိ၊ ရဟန်းတို့၊ ငါးစင်းမြောက်သော ပဉ္စမနေ ပေါ်ထွက်လာသောအခါသည်။ ဖြစ်၏။ ပဉ္စမဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ပဉ္စမနေကြောင့်။ မဟာသမုဒ္ဒေ ဥဒကံ ဩဂစ္ဆတိမဟာသမုဒ္ဒရာ၌ ရေသည် တဖြည်းဖြည်း လျော့နည်းသွား၏အင်္ဂုလိပဗ္ဗမတ္တမ္ပိ မဟာသမုဒ္ဒေ ဥဒကံ န ဟောတိ၊ လက်တဆစ်မျှလောက်လည်း ရေသည် ရှိသည်မဖြစ်။

၆။ ဟောတိ ခေါ သော ဘိက္ခဝေ သမယော ... ဆဋ္ဌော သူရိယော ပါတု ဘဝတိ၊ ရဟန်းတို့၊ ခြောက်စင်းမြောက်သော ဆဋ္ဌမနေ ပေါ်ထွက်လာသော အခါသည်။ ဖြစ်၏။ ဆဋ္ဌဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ ဆဋ္ဌမနေကြောင့်။ အယဉ္စ မဟာပထဝီ သိနေရု စ ပဗ္ဗတရာဇာ ဓုမာယန္တိ သံဓုမာယန္တိ သမ္ပဓုမာယန္တိဤမြေကြီးနှင့် မြင့်မိုရ်တောင်ကြီးသည် အခိုးမွဲမွဲ၊ ညိုပြာပြာ၊ မည်းမည်း ပုပ်ပုပ် ထွက်ကုန်၏

၇။ ဟောတိ ခေါ သော ဘိက္ခဝေ သမယော ... သတ္တမော သူရိယော ပါတု ဘဝတိ၊ ရဟန်းတို့၊ ခုနစ်စင်းမြောက်သော သတ္တမနေ ပေါ်ထွက်လာသော အခါသည်။ ဖြစ်၏။ သတ္တမဿ ဘိက္ခဝေ သူရိယဿ ပါတုဘာဝါ၊ သတ္တမနေကြောင့်။ အယဉ္စ မဟာပထဝီ သိနေရု စ ပဗ္ဗတရာဇာ အာဒိပ္ပန္တိ ပဇ္ဇလန္တိ ဧကဇာလာ ဘဝန္တိဤမြေကြီးနှင့် မြင့်မိုရ်တောင်ကြီးသည် ရဲရဲ ညီးညီး မီးခဲကြီး ဖြစ်ကုန်၏၊ မီးလျှံ တခုတည်း ဖြစ်လေကုန်၏အစ္စိ ဝါတေန ခိတ္တာ ယာဝ ဗြဟ္မလောကာပိ ဂစ္ဆတိ၊ မီးလျှံသည် လေဟုန်ဖြင့် ပထမဈာန် ဗြဟ္မာ့ဘုံတိုင်အောင် တက်ပြေး စွဲလောင်လေ၏။ သိနေရုဿ ... ကူဋာနိ ပလုဇ္ဇန္တိ၊ မြင့်မိုရ်တောင်ကြီး၏ ကျောက်ထွဋ်ကြီးတွေသည် ပြိုကွဲ ပျက်စီးကုန်၏နေဝ ဆာရိကာ ပညာယတိ၊ န မသိ၊ ပြာလည်း မထင်၊ မီးသွေးလည်း မထင်။
တတြ ဘိက္ခဝေ ကော မန္တာ ကော သန္ဓာတာ အညတြ ဒိဋ္ဌပဒေဟီတိ၊ ရဟန်းတို့၊ ထိုပျက်စီးပုံ၌ နိဗ္ဗာန်ကို မြင်ပြီးသော အရိယာပုဂ္ဂိုလ်တို့ကို ကြဉ်ထား၍ အဘယ်သူသည် သိနိုင် ယုံကြည်နိုင်လိမ့်မည်နည်း။

ဤသုတ်ဝယ် အဆုံးစကားရပ်၌ အရိယာ သောတာပန် အဖြစ်သို့ရောက်မှသာလျှင် သင်္ခါရတရား တို့၏ အနိစ္စသဘောကို အကြွင်းအကျန်မရှိ အပြီးတိုင် ဆုံးကမ်းတိုင် သိမြင်နိုင်သည်။ ပုထုဇန်တို့ကား ထိုကဲ့သို့ မသိမြင်နိုင်သေး။ ထို့ကြောင့် “ကော မန္တာ ကော သန္ဓာတာ အညတြ ဒိဋ္ဌပဒေဟိ” ဟူသော စကားကို ဟောတော်မူသည်ဟု မှတ်ရမည်။

ဧဝံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈနတော၊ သာဓဝေ သင်္ခါရာ အနိစ္စာ။
ဧဝံ ဟုတွာ အဘာဝတော၊ သာဓဝေ သင်္ခါရာ အနိစ္စာ။

သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။ သင်္ခါရ တရားတို့သည်။ ဧဝံ ဥပ္ပဇ္ဇိတွာ၊ ဤသို့ဖြစ်ပြီး၍။ ဧဝံ နိရုဇ္ဈနတော၊ ဤသို့ ချုပ်ခြင်းကြောင့် မမြဲသော အနိစ္စတရားတို့သည် သာလျှင်တည်းသာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။ သင်္ခါရ တရားတို့သည်။ ဧဝံ ဟုတွာ၊ ဤသို့ဖြစ်ပြီး၍။ ဧဝံ အဘာဝတော၊ ဤသို့ ဘာမျှ မရှိခြင်းကြောင့် မမြဲသော အနိစ္စတရားတို့သာလျှင်တည်း

တပည့်တို့ - ဤသင်္ခါရ တရားတို့သည် ကမ္ဘာပျက်သောအခါမှသာ ပျက်သည် မဟုတ်။ ကမ္ဘာမပျက်မီ အတွင်းမှာလည်း ပျက်စီးသည်ပင်တည်း။ ထိုသို့ ပျက်စီးပုံကိုလည်း မြတ်စွာဘုရားရှင်သည် ဤသို့ ဟောတော်မူပေ၏။ သင်တပည့်တို့သည် ကောင်းစွာ နာကြကုန်လော့။ အနက်အဓိပ္ပါယ်ကို ထိုးထွင်း သိမြင်အောင် ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ ထိုသုတ်တော်မြတ်ကို ငါဆရာ ထုတ်ဆောင် ပြောပြပေအံ့။

သင်္ခါရတို့၏ မမြဲပုံကိုပြသော ဝေပုလ္လသုတ်

၁။ ဧဝံ မေ သုတံ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ၊ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ။

အနမတဂ္ဂါယံ ဘိက္ခဝေ သံသာရော ပုဗ္ဗကောဋိ န ပညာယတိ အဝိဇ္ဇာ နီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရိတံ။ ဘူတပုဗ္ဗံ ဘိက္ခဝေ ဣမဿ ဝေပုလ္လဿ ပဗ္ဗတဿ ပါစိနဝံသောတေဝ သမညာ ဥဒပါဒိ။ တေန ခေါ ပန ဘိက္ခဝေ သမယေန မနုဿာနံ တိဝရာတေဝ သမညာ ဥဒပါဒိ၊ တိဝရာနံ ဘိက္ခဝေ မနုဿာနံ စတ္တာလီသ ဝဿသဟဿာနိ အာယုပ္ပမာဏ အဟောသိ။ တိဝရာ ဘိက္ခဝေ မနုဿာ ပါစိနဝံသံ ပဗ္ဗတံ စတူဟေန အာရောဟန္တိ စတူဟေန သြရောဟန္တိ။ တေန ခေါ ပန ဘိက္ခဝေ သမယေန ကကုသန္ဓော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဥပ္ပန္နော ဟောတိ။ ကကုသန္ဓဿ ဘိက္ခဝေ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ဝိဓုရ သဉ္ဇီဝံနာမ သာဝကယုဂံ အဟောသိ အဂ္ဂဘဒ္ဒယုဂံ။ ပဿထ ဘိက္ခဝေ သာ စေဝိမဿ ပဗ္ဗတဿ သမညာ အန္တရဟိတာ၊ တေ စ မနုဿာ ကာလင်္ကတာ၊ သော စ ဘဂဝါ ပရိနိဗ္ဗုတော။ ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ။ အလံ ဝိမုစ္စိတုံ။

၂။ ဘူတပုဗ္ဗံ ဘိက္ခဝေ ဣမဿ ဝေပုလ္လဿ ပဗ္ဗတဿ ဝင်္ကတော တေဝ သမညာ ဥဒပါဒိ။ တေန ခေါ ပန ဘိက္ခဝေ သမယေန မနုဿာနံ ရောဟိ တသာ တေဝ သမညာ ဥဒပါဒိ။ ရောဟိတသာနံ ဘိက္ခဝေ မနုဿာနံ တိံသ ဝဿ သဟဿာနိ အာယုပ္ပမာဏံ အဟောသိ။ ရောဟိတသာ ဘိက္ခဝေ မနုဿာ ဝင်္ကတံ ပဗ္ဗတံ တီဟေန အာရောဟန္တိ၊ တီဟေန ဩရောဟန္တိ။ တေန ခေါ ပန ဘိက္ခဝေ သမယေန ကောနာဂမနော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဥပ္ပန္နော ဟောတိ။ ကောနာဂမနဿ ဘိက္ခဝေ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ဘိယျော သုတ္တရံ နာမ သာဝကယုဂံ အဟောသိ အဂ္ဂဘဒ္ဒယုဂံ။ ပဿထ ဘိက္ခဝေ သာ စေ ဝိမဿ ပဗ္ဗတဿ သမညာ အန္တရ ဟိတာ၊ တေ စ မနုဿာ ကာလင်္ကတာ၊ သော စ ဘဂဝါ ပရိနိဗ္ဗုတော။ ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ။

၃။ ဘူတပုဗ္ဗံ ဘိက္ခဝေ ဣမဿ ဝေပုလ္လဿ ပဗ္ဗတဿ သုပဿာနာမ သမညာ ဥဒပါဒိ။ တေန ခေါ ပန ဘိက္ခဝေ သမယေန မနုဿာနံ သုပ္ပိယာ တေဝ သမညာ ဥဒပါဒိ။ သုပ္ပိယာနံ ဘိက္ခဝေ မနုဿာနံ ဝီသတိဝဿသဟဿာနိ အာယုပ္ပမာဏံ အဟောသိ။ သုပ္ပိယာ ဘိက္ခဝေ မနုဿာ သုပဿံ ပဗ္ဗတံ ဒွီဟေန အာရောဟန္တိ၊ ဒွီဟေန ဩရောဟန္တိ။ တေန ခေါ ပန ဘိက္ခဝေ သမယေန ကဿပေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဥပ္ပန္နော ဟောတိ၊ ကဿပဿ ဘိက္ခဝေ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ တိဿ ဘာရဒွါဇံနာမ သာဝကယုဂံ အဟောသိ အဂ္ဂဘဒ္ဒယုဂံ၊ ပဿထ ဘိက္ခဝေ သာစေဝိမဿ ပဗ္ဗတဿ သမညာ အန္တရဟိတာ၊ တေ စ မနုဿာ ကာလင်္ကတာ၊ သော စ ဘဂဝါ ပရိနိဗ္ဗုတော၊ ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနုဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ။

၄။ ဧတရဟိ ခေါ ပန ဘိက္ခဝေ ဣမဿ ဝေပုလ္လဿ ပဗ္ဗတဿ ဝေပုလ္လော တေဝ သမညာ ဥဒပါဒိ။ ဧတရဟိ ခေါ ပန ဘိက္ခဝေ ဣမေသံ မနုဿာနံ မာဂဓကာတေဝ သမညာ ဥဒပါဒိ။ မာဂဓကာနံ ဘိက္ခဝေ မနုဿာနံ အပ္ပကံ အာယုပ္ပမာဏံ ပရိတ္တံ လဟုကံ၊ ယော စိရံ ဇီဝတိ သော ဝဿသတံ၊ အပ္ပံ ဝါ ဘိယျော။ မာဂဓကာ ဘိက္ခဝေ မနုဿာ ဝေပုလ္လံ ပဗ္ဗတံ မုဟုတ္တေန အာရောဟန္တိ၊ မုဟုတ္တေန ဩရောဟန္တိ။ ဧတရဟိ ခေါ ပနာဟံ ဘိက္ခဝေ အရဟံ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဥပ္ပန္နော၊ မယှံ ခေါ ပန ဘိက္ခဝေ သာရိပုတ္တ မောဂ္ဂလာနံ နာမ သာဝကယုဂံ အဂ္ဂဘဒ္ဒယုဂံ၊ ဘဝိဿတိ ဘိက္ခဝေ သော သမယော၊ ယာယေဉ္စ ဝိမဿ ပဗ္ဗတဿ သမညာ အန္တရဓာယိဿတိ၊ ဣမေ စ မနုဿာ ကာလင်္ကရိဿန္တိ၊ အဟဉ္စ ပရိနိဗ္ဗာယိဿာမိ။ ဧဝံ အနိစ္စာ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အဓုဝါ ဘိက္ခဝေ သင်္ခါရာ၊ ဧဝံ အနုဿာသိကာ ဘိက္ခဝေ သင်္ခါရာ။ ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုန္တိ ။

ဣဒ မဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော။ အထာပရံ ဧတ ဒဝေါစ သတ္ထာ။
ပါစိနဝံသော တိဝရာနံ၊ ရောဟိတသာန ဝင်္ကတော။
သုပ္ပိယာနံ သုပဿောသိ၊ မာဂဓာနဉ္စ ဝေပုလ္လော။
အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒ ဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါတိ။

နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ဝေပုလ္လသုတ်။

📌 နိဿယ (အနက်အဓိပ္ပာယ်)

၁။ ပထမပိုဒ် အနက်

ဘန္တေကဿပ၊ အရှင်မဟာကဿပ။
မေ၊ အကျွန်ုပ် အာနန္ဒာသည်။
ဣဒံ သုတ္တံ၊ ဤဝေပုလ္လသုတ်ကို။
ဧဝံ၊ ဤသို့။
သုတံ၊ ကြားနာရ၏။
ဧကံ သမယံ၊ တပါးသောအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌။
ဂိဇ္ဈကူဋေ၊ လင်းတနှင့်တူသော အထွဋ်ရှိသောကြောင့် ဂိဇ္ဈကုဋ် အမည်ရှိသော။
ပဗ္ဗတေ၊ တောင်၌။
ဝိဟရတိ၊ နေတော်မူ၏။
တတြ ခေါ၊ ထိုသို့ နေတော်မူသောအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဘိက္ခဝေါ၊ ချစ်သားရဟန်းတို့။
ဣတိ၊ ဤသို့။
ဘိက္ခူ ၊ ရဟန်းတို့ကို။
အာမန္တေသိ၊ ခေါ်တော်မူ၏။
ဘဒ္ဒန္တေ၊ အရှင်ဘုရား။
ဣတိ၊ ဤသို့ ထူးပြီးလျှင်။
တေ ဘိက္ခူ ၊ ထိုရဟန်းတို့သည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဝစနံ၊ မိန့်တော်မူမည့်စကားသံကို။
ပစ္စသောသုံ၊ ရှေးရှု ဦးခိုက်၍ နာကြကုန်၏။
ဘဂဝါ မြတ်စွာဘုရားက။
ဧတံ၊ ဤ အနမတဂ္ဂါယံ ဘိက္ခဝေ သံသာရော အစရှိသော စကားတော်ကို။
အဝေါစ၊ မိန့်မြွက်တော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
အယံ သံသာရော၊ ဤသတ္တဝါတို့ ဖြစ်စဉ်တည်းဟူသော သံသရာကြီးသည်ကား။
အနမတဂ္ဂေါ၊ မသိအပ် မသိနိုင်သောအစရှိ၏။
အဝိဇ္ဇာ နီဝရဏာနံ၊ အဝိဇ္ဇာနီဝရဏသည် ဖုံးလွှမ်းအပ်ကုန်လျက်။
တဏှာသံယောဇနာနံ၊ တဏှာ သံယောဇဉ်ကြိုးတို့ဖြင့် နှောင်ဖွဲ့ အပ်ကုန်သည် ဖြစ်၍။
သန္ဓာဝတံ၊ ဤလူ့ဘဝမှသည် ထိုတပါးသောဘဝသို့, ထိုတပါးသော ဘဝမှသည် ဤလူ့ဘဝသို့ တပြောင်းပြန်ပြန် ပြေးသွား၍ နေကြကုန်သော။
သံသရတံ၊ ဤလူ့ဘဝမှသည် ထိုတပါးသော ဘဝသို့, ထိုတပါးသော ဘာမှသည် ဤလူ့ဘဝသို့ တပြောင်း ပြန်ပြန် ကျင်လည်၍ နေကြကုန်သော။
သတ္တာနံ၊ သတ္တဝါတို့၏။
ပုဗ္ဗကောဋိ၊ ရှေ့အစွန်းသည်။
န ပညာယတိ၊ မထင်။
ဘိက္ခဝေ၊ ရဟန်းတို့။
ဘူတပုဗ္ဗေ၊ ရှေး၌ ဖြစ်ဘူးသည်ကား။
ဣမဿ ဝေပုလ္လဿ ပဗ္ဗတဿ၊ ဤမြောက်နားက ဝေပုလ္လတောင်၏။
ပါစိနဝံသောတော- ပါစိနဝံသောတိဧဝ၊ ပါစိနဝံသ ဟူ၍သာလျှင်။
သမညာ၊ အမည်သည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
တေန ခေါ ပန သမယေန၊ ထိုဝေပုလ္လတောင် ပါစိနဝံသ အမည်တွင်တုန်းအခါက။
မနုဿာနံ၊ ဤမဂဓတိုင်း၌ဖြစ်သောလူတို့၏။
တိဝရာတေဝ၊ တိဝရာ ဟူ၍သာလျှင်။
သမညာ၊ အမည်သည်။
ဥဒပါဒိ၊ ထင်ရှား ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
တိဝရာနံ မနုဿာနံ၊ တိဝရာမည်သော လူတို့၏။
စတ္တာလီသဝဿသဟဿာနိ၊ အနှစ် လေးသောင်းတို့သည်။
အာယုပ္ပမာဏံ၊ အသက်တမ်းပမာဏသည်။
အဟောသိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
တိဝရာ မနုဿာ၊ တိဝရာမည်သော လူတို့သည်။
ပါစိနဝံသံ ပဗ္ဗတံ၊ ပါစိနဝံသတောင်ကို။
စတူဟေန၊ တောင်တက်လမ်းခရီး သုံးညအိပ် လေးရက်ဖြင့်။
အာရောဟန္တိ၊ တက်ရကုန်၏။
စတူဟေန၊ တောင်ဆင်းလမ်းခရီး သုံးညအိပ် လေးရက်ဖြင့်။
ဩရောဟန္တိ၊ ဆင်းရကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
တေန ခေါ ပန သမယေန၊ ထိုအခါတုန်းက။
သမ္မာသမ္ဗုဒ္ဓေါ၊ ဉေယျဓံတရား ငါးပါးတို့ကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် ကောင်းမွန်စွာ သိတော်မူပြီးသော။
ဝါ၊ သိတော်မူပြီးသည်ဖြစ်၍။
အရဟံ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။
ကကုသန္ဓော ဘဂဝါ၊ ကကုသန် မြတ်စွာဘုရားသည်။
လောကေ၊ လောက၌။
ဥပ္ပန္နော၊ ပွင့်တော်မူသည်။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သမ္မာသမ္ဗုဒ္ဓဿ၊ ဉေယျဓံတရား ငါးပါးတို့ကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် ကောင်းမွန်စွာ သိတော်မူပြီးသော။
ဝါ၊ သိတော်မူပြီးသည်ဖြစ်၍။
အရဟတော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။
ကကုသန္ဓဿ ဘဂဝတော၊ ကကုသန် မြတ်စွာဘုရား၏။
ဝိဓုရ သဉ္ဇီဝံနာမ၊ ဝိဓုရ သဉ္ဇီဝ အမည်ရှိသော။
သာဝကယုဂံ၊ တပည့်အစုံသည်။
အဟောသိ၊ ဖြစ်၏။
အဂ္ဂဘဒ္ဒယုဂံ၊ ကောင်းမြတ်သော အဂ္ဂသာဝက အစုံတည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ပဿထ၊ ရှုစမ်းကြကုန်လော့။
ဣမဿပဗ္ဗတဿ၊ ဤဝေပုလ္လတောင်၏။
သာစေဝသမညာ၊ ထိုပါစိနဝံသဟူသော အမည်သည်လည်း။
အန္တရဟိတာ၊ ကွယ်ပျောက်လေပြီ။
တေ စ မနုဿာ၊ ထို တိဝရာမည်သော လူတို့သည်လည်း။
ကာလင်္ကတာ၊ သေကြလေကုန်ပြီ။
သော စ ဘဂဝါ၊ ထိုကကုသန် မြတ်စွာဘုရားသည်လည်း။
ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။

ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဧဝံ အနိစ္စာ၊ အဲသည်လို မမြဲကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရား တို့သည်။
ဧဝံ အဓုဝါ၊ အဲသည်လို မခိုင်ခံ့ကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဧဝံ အနဿာသိကာ၊ အဲသည်လို မခိုင်မြဲ ပျက်စီး၍ သွားတတ်ခြင်းကြောင့် သာယာဘွယ် မရှိကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
ယာဝဉ္စ၊ အလွန်လျှင်။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရားတို့၌။
နိဗ္ဗိန္ဒိတုံ၊ ပျင်းမုန်း ငြီးငွေ့ခြင်းငှါ။
အလမေဝ၊ သင့်လှတော့သည်သာလျှင်တည်း။
ဝိရဇ္ဇိတုံ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းငှါ။
အလံ၊ သင့်လှတော့သည် သာလျှင်တည်း။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရားတို့မှ။
ဝိမုစ္စိတုံ၊ လွတ်ခြင်းငှါ။
အလံ၊ ထိုက်လှတော့သည်သာလျှင်တည်း။

၂။ ဒုတိယပိုဒ် အနက်

ဘိက္ခဝေ၊ ရဟန်းတို့။
ဘူတပုဗ္ဗံ၊ ရှေးကဖြစ်ဘူးသည်ကား။
ဣမဿ ဝေပုလ္လဿ ပဗ္ဗတဿ၊ ဤဝေပုလ္လတောင်၏။
ဝင်္ကတောတေဝ၊ ဝင်္ကပါ ဟူ၍သာလျှင်။
သမညာ၊ အမည်သည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
တေန ခေါ ပန သမယေန၊ ထိုပေပုလ္လတောင် ဝင်္ကပါအမည်တွင်တုန်းအခါက။
မနုဿာနံ၊ ဤမဂဓတိုင်း၌ ဖြစ်သော လူတို့၏။
ရောဟိတသာ တေဝ၊ ရောဟိတသ ဟူ၍သာလျှင်။
သမညာ၊ အမည်သည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ရောဟိတသာနံ မနုဿာနံ၊ ရောဟိတသ မည်သောလူတို့၏။
တိံသ ဝဿသဟဿာနိ၊ အနှစ် သုံးသောင်းတို့သည်။
အာယုပ္ပမာဏံ၊ အသက်တမ်း ပမာဏသည်။
အဟောသိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ရောဟိတာ မနုဿာ၊ ရောဟိတသ မည်သော လူတို့သည်။
ဝင်္ကတံ ပဗ္ဗတံ၊ ဝင်္ကပါတောင်ကို။
တီဟေန၊ တောင်တက်လမ်း ခရီး၌ နှစ်ညအိပ် သုံးရက်ဖြင့်။
အာရောဟန္တိ၊ တက်ရကုန်၏။
တီဟေန၊ တောင်ဆင်း လမ်းခရီး၌ နှစ်ညအိပ်သုံးရက်ဖြင့်။
ဩရောဟန္တိ၊ ဆင်းရကုန်၏။
ဘိက္ခဝေ၊ရဟန်းတို့။
တေန ခေါ ပန သမယေန၊ ထိုအခါတုန်းက။
သမ္မာသမ္ဗုဒ္ဓေါ၊ ဉေယျဓံ တရားငါးပါးတို့ကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် ကောင်းမွန်စွာ သိတော်မူပြီးထသော။
ဝါ၊ သိတော်မူပြီးသည်ဖြစ်၍။
အရဟံ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။
ကောနာဂမနော ဘဂဝါ၊ ကောနာဂုမ် မြတ်စွာဘုရားသည်။
လောကေ၊ လောက၌။
ဥပ္ပန္နော၊ ပွင့်တော်မူသည်။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သမ္မာသမ္ဗုဒ္ဓဿ၊ ဉေယျဓံ တရား ငါးပါးတို့ကို ပိုင်းခြား ထင်ထင် ကိုယ်တော်တိုင် ကောင်းမွန်စွာ သိတော်မူပြီးသော။
ဝါ၊ သိတော် မူသည်ဖြစ်၍။
အရဟတော၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော။
ကောနာဂမနဿ ဘဂဝတော၊ ကောနာဂုမ် မြတ်စွာဘုရား၏။
ဘိယျော သုတ္တရံနာမ၊ ဘိယျောသ ဥတ္တရ အမည်ရှိသော။
သာဝက ယုဂံ၊ တပည့်အစုံသည်။
အဟောသိ၊ ဖြစ်၏။
အဂ္ဂဘဒ္ဒယုဂံ၊ ကောင်းမြတ်သော အဂ္ဂသာဝကအစုံတည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ပဿထ၊ ရှုစမ်းကြကုန်လော့။
ဣမဿ ပဗ္ဗတဿ၊ ဤဝေပုလ္လတောင်၏။
သာစေဝ သမညာ၊ ထိုဝင်္ကပါဟူသော အမည်သည်လည်း။
အန္တရဟိတာ၊ ကွယ်ပျောက်လေပြီ။
တေ စ မနုဿာ၊ ထိုရောဟိတသမည်သော လူတို့သည်လည်း။
ကာလင်္ကတာ၊ သေကြလေကုန်ပြီ။
သော စ ဘဂဝါ၊ ထိုကောနာဂုမ် မြတ်စွာဘုရားသည်လည်း။
ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။

ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဧဝံ အနိစ္စာ၊ အဲသည်လို မမြဲကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရား တို့သည်။
ဧဝံ အဓုဝါ၊ အဲသည်လို မခိုင်ခံ့ကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဧဝံ အနဿာသိကာ၊ အဲသည်လို မခိုင်မြဲ ပျက်စီး၍ သွားတတ်ခြင်းကြောင့် သာယာဘွယ် မရှိကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
ယာဝဉ္စ၊ အလွန်လျှင်။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရားတို့၌။
နိဗ္ဗိန္ဒိတုံ၊ ပျင်းမုန်း ငြီးငွေ့ခြင်းငှါ။
အလမေဝ၊ သင့်လှတော့သည်သာလျှင်တည်း။
ဝိရဇ္ဇိတုံ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းငှါ။
အလံ၊ သင့်လှတော့သည် သာလျှင်တည်း။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရားတို့မှ။
ဝိမုစ္စိတုံ၊ လွတ်ခြင်းငှါ။
အလံ၊ ထိုက်လှတော့သည်သာလျှင်တည်း။

၃။ တတိယပိုဒ် အနက်

ဘိက္ခဝေ၊ ရဟန်းတို့။
ဘူတပုဗ္ဗံ၊ ရှေးကဖြစ်ဘူးသည်ကား။
ဣမဿ ဝေပုလ္လဿ ပဗ္ဗတဿ၊ ဤဝေပုလ္လတောင်၏။
သုပဿောတေဝ၊ သုပဿ ဟူ၍သာလျှင်။
သမညာ၊ အမည်သည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
တေန ခေါ ပန သမယေန၊ ထိုဝေပုလ္လတောင် သုပဿအမည် တွင်တုန်းအခါက။
မနုဿာနံ၊ ဤမဂဓတိုင်း၌ဖြစ်သော လူတို့၏။
သုပ္ပိယာ တေဝ၊ သုပ္ပိယာ ဟူ၍သာလျှင်။
သမညာ၊ အမည်သည်။
ဥဒပါဒိ၊ ထင်ရှား ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သုပ္ပိယာနံ မနုဿာနံ၊ သုပ္ပိယာမည်သောလူတို့၏။
ဝီသတိဝဿသဟဿာနိ၊ အနှစ် နှစ်သောင်းတို့သည်။
အာယုပ္ပမာဏံ၊ အသက်တမ်း ပမာဏသည်။
အဟောသိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သုပ္ပိယာမနုဿာ၊ သုပ္ပိယာ မည်သော လူတို့သည်။
သုပဿံ ပဗ္ဗတံ၊ သုပဿတောင်ကို။
ဒွီဟေန၊ တောင်တက်လမ်းခရီး၌ တညအိပ် နှစ်ရက်ဖြင့်။
အာရောဟန္တိ၊ တက်ရကုန်၏။
ဒွီဟေန၊ တောင်ဆင်းလမ်းခရီး၌ တညအိပ် နှစ်ရက်ဖြင့်။
ဩရောဟန္တိ၊ ဆင်းရကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
တေန ခေါ၊ ထိုအခါတုန်းက။
သမ္မာသမ္ဗုဒ္ဓေါ၊ ဉေယျဓံတရား ငါးပါးတို့ကို ပိုင်းခြား ထင်ထင် ကိုယ်တော်တိုင် ကောင်းမွန်စွာ သိတော်မူပြီးသော။
ဝါ၊ သိတော်မူ ပြီးသည်ဖြစ်၍။
အရဟံ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော။
ကဿပေါ ဘဂဝါ၊ ကဿပ မြတ်စွာဘုရားသည်။
လောကေ၊ လောက၌။
ဥပ္ပန္နော၊ ပွင့်တော်မူသည်။
ဟောတိ၊ ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
သမ္မာသမ္ဗုဒ္ဓဿ၊ ဉေယျဓံတရား ငါးပါးတို့ကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် ကောင်းမွန်စွာ သိတော်မူပြီးသော။
ဝါ၊ သိတော်မူပြီးသည် ဖြစ်၍။
အရဟတော၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော။
ကဿပဿ ဘဂဝတော၊ ကဿပမြတ်စွာဘုရား၏။
တိဿဘာရဒွါဇံ နာမ၊ တိဿ ဘာရဒွါဇ အမည်ရှိသော။
သာဝကယုဂံ၊ တပည့်အစုံသည်။
အဟောသိ၊ ဖြစ်၏။
အဂ္ဂဘဒ္ဒယုဂံ၊ ကောင်းမြတ်သော အဂ္ဂသာဝက အစုံတည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
ပဿထ၊ရှုစမ်းကြကုန်လော့။
ဣမဿ ပဗ္ဗတဿ၊ ဤဝေပုလ္လတောင်၏။
သာစေဝ သမညာ၊ ထို သုပဿဟူသော အမည်သည်လည်း။
အန္တရဟိတာ၊ ကွယ်ပျောက်လေပြီ။
တေ စ မနုဿာ၊ ထိုသုပ္ပိယာမည်သော လူတို့သည်လည်း။
ကာလင်္ကတာ၊ သေကြလေကုန်ပြီ။
သော စ ဘဂဝါ၊ ထို ကဿပ မြတ်စွာဘုရားသည်လည်း။
ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဧဝံ အနိစ္စာ၊ အဲသည်လို မမြဲကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရား တို့သည်။
ဧဝံ အဓုဝါ၊ အဲသည်လို မခိုင်ခံ့ကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဧဝံ အနဿာသိကာ၊ အဲသည်လို မခိုင်မြဲ ပျက်စီး၍ သွားတတ်ခြင်းကြောင့် သာယာဘွယ် မရှိကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
ယာဝဉ္စ၊ အလွန်လျှင်။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရားတို့၌။
နိဗ္ဗိန္ဒိတုံ၊ ပျင်းမုန်း ငြီးငွေ့ခြင်းငှါ။
အလမေဝ၊ သင့်လှတော့သည်သာလျှင်တည်း။
ဝိရဇ္ဇိတုံ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းငှါ။
အလံ၊ သင့်လှတော့သည် သာလျှင်တည်း။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရားတို့မှ။
ဝိမုစ္စိတုံ၊ လွတ်ခြင်းငှါ။
အလံ၊ ထိုက်လှတော့သည်သာလျှင်တည်း။

၄။ စတုတ္ထပိုဒ် အနက်

ဘိက္ခဝေ၊ ရဟန်းတို့။
ဧတရဟိ ခေါ ပန၊ ဤယခုအခါ၌ကား။
ဣမဿ ဝေပုလ္လဿ ပဗ္ဗတဿ၊ ဤ ဝေပုလ္လတောင်၏။
ဝေပုလ္လာတွေဝ၊ ဝေပုလ္လဟူ၍သာလျှင်။
သမညာ၊ အမည်သည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣမေသံ မနုဿာနံ၊ ဤတိုင်း၌ဖြစ်သော လူတို့၏။
မာဂဓကာတွေဝ၊ မာဂဓဟူ၍သာလျှင်။
သမညာ၊ အမည်သည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
မာဂဓကာနံ မနုဿာနံ၊ မာဂဓမည်သော လူတို့၏။
အာယုပ္ပမာဏံ၊ အသက်တမ်းပမာဏသည်။
အပ္ပကံ၊ နည်း၏။
ပရိတ္တံ၊ သေးငယ်၏။
လဟုကံ၊ မကြာမရှည် လျင်မြန်၏။
ယော၊ အကြင်သူသည်။
စိရံ၊ ရှည်မြင့်စွာ။
ဇီဝတိ၊ အသက်ရှည်၏။
သော၊ ထိုရှည်မြင့်စွာ အသက်ရှည်သောသူသည်။
ဝဿသတံ၊ အနှစ်တရာ သာလျှင်တည်း။
အပ္ပံ ဝါ ဘိယျော၊ အနည်းငယ် တဆယ်စ နှစ်ဆယ်စ တရာ့ထက်ပိုလွန်သူ ပိုလွန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
မာဂဓကာ မနုဿာ၊ မာဂဓမည်သော ယခုရှိလူတို့သည်။
ဝေပုလ္လ ပဗ္ဗတံ၊ ဝေပုလ္လတောင်ကို။
မုဟုတ္တေန၊ တမုဟုတ်လောက်ဖြင့်။
ဝါ၊ နှစ်ပါဒ်ခွဲ နှစ်ပါဒ်လောက်ဖြင့်။
အာရောဟန္တိ၊ အောက်ခြေမှ ထိပ်ပေါ်သို့ရောက်အောင် တက်ရကုန်၏။ တက်နိုင် ကုန်၏။
မုဟုတ္တေန၊ တမုဟုတ်လောက်ဖြင့်၊
ဝါ၊ နှစ်ပါဒ်ခွဲ နှစ်ပါဒ်လောက်ဖြင့်။
ဩရောဟန္တိ၊ ထိပ်ပေါ်မှ အောက်ခြေသို့ရောက်အောင် ဆင်းရကုန်၏။ ဆင်းနိုင် ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧတရဟိ ခေါ ပန၊ ဤယခုအခါ၌ကား။
သမ္မာသမ္ဗုဒ္ဓေါ၊ ဉေယျ ငါးတန် ဓမ္မက္ခန်ကို အမှန် ကိုယ်တိုင် သိစ္စမ်းတော်မူနိုင်သော။
ဝါ၊ သိစွမ်းတော်မူနိုင်သည်ဖြစ်၍။
အရဟံ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော။
အဟံ၊ ငါဘုရားသည်။
လောကေ၊ လောက၌။
ဥပ္ပန္နော၊ ဖြစ်တော်မူ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
မယှံ ခေါ ပန၊ ငါဘုရား၏ကား။
သာရိပုတ္တ မောဂ္ဂလာနံ နာမ၊ သာရိပုတ္တရာ,မောဂ္ဂလာန်ဟု အမည်ရှိသော။
သာဝကယုဂံ၊ တပည့်အစုံသည်။
ဟောတိ၊ ဖြစ်၏။
အဂ္ဂဘဒ္ဒယုဂံ၊ ကောင်းမြတ်သော အဂ္ဂသာဝက အစုံတည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣမဿ ပဗ္ဗတဿ၊ ဤဝေပုလ္လတောင်၏။
ယာစေဝ သမညာ၊ အကြင်ဝေပုလ္လ ဟူသောအမည်သည်လည်း။
ယံ အန္တရဓာယိဿတိ၊ အကြင် ကွယ်ပျောက်လတ္တံ့ ။
ဣမေ စ မနုဿာ၊ ဤမာဂဓမည်သော လူတို့သည်လည်း။
ယံ ကာလင်္ကရိဿန္တိ၊ အကြင်သေကြကုန်လတ္တံ့ ။
အဟဉ္စ၊ ငါဘုရားသည်လည်း။
ယံ ပရိနိဗ္ဗာယိဿာမိ၊ အကြင်ပရိနိဗ္ဗာန်ပြုလတ္တံ့ ။
သော သမယော၊ ထိုဝေပုလ္လတောင်အမည် ကွယ်ပျောက်သော အခါသမယ,
မာဂဓ မည်သူ လူတွေ လည်း သေပျောက်ကြသော အခါသမယ,
ငါဘုရားလည်း ပရိနိဗ္ဗာန် ပြုသော အခါသမယသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။

ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဧဝံ အနိစ္စာ၊ အဲသည်လို မမြဲကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရား တို့သည်။
ဧဝံ အဓုဝါ၊ အဲသည်လို မခိုင်ခံ့ကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဧဝံ အနဿာသိကာ၊ အဲသည်လို မခိုင်မြဲ ပျက်စီး၍ သွားတတ်ခြင်းကြောင့် သာယာဘွယ် မရှိကုန်။
ဘိက္ခဝေ၊ ရဟန်းတို့။
ယာဝဉ္စ၊ အလွန်လျှင်။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရားတို့၌။
နိဗ္ဗိန္ဒိတုံ၊ ပျင်းမုန်း ငြီးငွေ့ခြင်းငှါ။
အလမေဝ၊ သင့်လှတော့သည်သာလျှင်တည်း။
ဝိရဇ္ဇိတုံ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းငှါ။
အလံ၊ သင့်လှတော့သည် သာလျှင်တည်း။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရားတို့မှ။
ဝိမုစ္စိတုံ၊ လွတ်ခြင်းငှါ။
အလံ၊ ထိုက်လှတော့သည်သာလျှင်တည်း။

ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဣဒံ၊ ဤသို့သော စကားတော်ကို။
အဝေါစ၊ မိန့်မြွက် ဟောကြားတော်မူ၏။
သုဂတော၊ ကောင်းသောစကားကို ဆိုတော် မူတတ်သော။
သတ္ထာ၊ မြတ်စွာဘုရားသည်။
ဣဒံ၊ ဤစုဏ္ဏိယ စကားတော်ကို။
ဝတွာန၊ မိန့်မြွက် ဟောကြားတော်မူပြီး၍။
အထာပရံ၊ ထိုစုဏ္ဏိယစကားမှ တပါးသော။
ဧတံ၊ ဤသို့သော ဂါထာစကားတော်ကို။
အဝေါ စ၊ ဟောတော် မူပြန်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
တိဝရာနံ၊ တိဝရမည်သောလူတို့၏။
သမယေ၊ ဖြစ်တုန်း အခါက။
အယံ ပဗ္ဗတော၊ ဤမြောက်နားက တောင်ကြီးသည်။
ပါစိနဝံသော၊ ပါစိနဝံသ အမည်ရှိသည်။
အာသိ၊ ဖြစ်လေ၏။
ရောဟိတသာနံ၊ ရောဟိတသ မည်သောလူတို့၏။
သမယေ၊ ဖြစ်တုန်းအခါက။
ဝင်္ကတော၊ ဝင်္ကပါအမည် ရှိသည်။
အာသိ၊ ဖြစ်လေ၏။
သုပ္ပိယာနံ၊ သုပ္ပိယမည်သော လူတို့၏။
သမယေ၊ ဖြစ်တုန်းအခါက။
သုပဿော၊ သုပဿအမည်ရှိသည်။
အာသိ၊ ဖြစ်လေ၏။
မာဂဓာနံ၊ မာဂဓမည်သော လူတို့၏။
သမယေ စ၊ ဖြစ်တုန်း ယခုအခါ၌ကား။
ဝေပုလ္လော၊ ဝေပုလ္လအမည်ရှိသည်။
ဟောတိ၊ ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
အနိစ္စာဝတ၊ သြော် အမြဲမရှိကုန်စွတကား။
ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိကုန်၏။
ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။
နိရုဇ္ဈန္တိ၊ ချုပ်တတ်ကုန်၏။
တေသံ၊ ထိုသင်္ခါရတရားတို့၏။
ဝူပသမော၊ ချုပ်ငြိမ်းရာဌာန အမတမှန် မြတ်နိဗ္ဗာန်သည်ကား။
သုခေါ၊ အလွန်တရာချမ်းသာလှပေ၏။
ဣတိ၊ ဤတွင် ဝေပုလ္လသုတ်ပြီး၏။

ဝေပုလ္လသုတ်ပြီး၏။

📚 ဤကမ္ဘာ၌ ဘုရားလေးဆူတို့ပွင့်ရာ ကာလကိုပြခြင်း

တပည့်တို့ - ဤသုတ်၌ ဘုရားလေးဆူတို့ ပွင့်တော်မူရာ လေးသောင်းတမ်း သုံးသောင်းတမ်း နှစ်သောင်းတမ်း တရာတမ်းဟု ဟောတော်မူရာ၌ အန္တရကပ် တကပ်ထည်းဟူ၍ မမှတ်ကြနှင့်။ အစဉ်အတိုင်း အန္တရကပ် တကပ်စီတည်း။

ကမ္ဘာဦးမှစ၍ ရေသော် ကိုးခုမြောက်သော အန္တရကပ် ဆုတ်တုန်းအခါ လေးသောင်းတမ်း၌ ကကုသန်ဘုရား ပွင့်တော်မူ၏။ ထိုအခါတုန်းက ဝေပုလ္လတောင်သည် လေးယူဇနာလောက် မြင့်သဖြင့် လေးရက်တက် လေးရက်ဆင်း ခရီးရှိ၏။ ဤ၌ ရက်ဆိုသော်လည်း နာရီသုံးဆယ်စေ့ နေ့ခရီးကို မှတ်ရမည်။

တပည့်တို့ - ထို့နောင် ဆယ်ခုမြောက်သော အန္တရကပ် ဆုတ်တုန်းအခါ သုံးသောင်း တမ်း၌ ကောနာဂုမ်ဘုရား ပွင့်တော်မူ၏။ ထိုအခါ ဘုရားနှစ်ဆူအကြား ကာလ၌ မြေကြီး တယူဇနာအပေါ်သို့ တက်၏။ ဝေပုလ္လတောင်သည် တယူဇနာ မြေတွင်းသို့ မြုပ်၍ သုံးယူဇနာလောက်သာ မြင့်သဖြင့် သုံးရက်တက် သုံးရက်ဆင်း ခရီးရှိ၏

ထို့နောင် ဆဲ့တခုမြောက်သော အန္တရကပ် ဆုတ်တုန်းအခါ နှစ်သောင်းတမ်း၌ ကဿပဘုရား ပွင့်တော်မူ၏။ ထိုအခါ ဝေပုလ္လတောင်သည် တယူဇနာ မြေတွင်းသို့ မြုပ်ပြန်၍ နှစ်ယူဇနာ လောက်သာ မြင့်သဖြင့် နှစ်ရက် တက် နှစ်ရက်ဆင်း ခရီးရှိ၏

ထို့နောင် ဆဲ့နှစ်ခုမြောက်သော အန္တရကပ် ဆုတ်တုန်းအခါ၌ ငါတို့ဘုရားသခင်သည် အကယ်၍ တသောင်းတမ်း၌ ပွင့်ငြားအံ့ ဝေပုလ္လတောင်သည် တယူဇနာ မြေမြုပ်ပြန်၍ တယူဇနာ မြင့်သဖြင့် တရက်တက် တရက်ဆင်း ခရီးရှိရာ၏။

ထိုသို့ကားမဟုတ် မြတ်စွာဘုရားရှင်သည် ဉာဏ်ပါရမီ မရင့်သန်သေးသဖြင့် အတန်ကြာ ကာလကို လွန်စေ၍ တရာတမ်းသို့ကျမှ ပွင့်တော်မူ၏

ထို့ကြောင့် ဝေပုလ္လတောင်သည် တယူဇနာ မမြင့်ဘဲ တမုဟုတ်တက် တမုဟုတ်ဆင်း ခရီးမျှလောက် သာ မြင့်လေတော့၏။

⏱ အချိန်ကာလ နာရီတို့ကို စိတ်၍ပြခြင်း

တပည့်တို့ - ဤအရာဝယ် မုဟုတ်ဟုဆိုရာ၌ ငါတို့ဗဟ္မာမှာ --

  • လူတို့မျက်စိ ဆယ်မှိတ်ကို တခဏ။ ၁။
  • ဆယ်ခဏကို တလယ။ ၂။
  • ဆယ်လယကို တခရာ။ ၃။
  • ဆယ်ခရာကို တပြန်။ ၄။
  • ခြောက်ပြန်ကို တဗီဇနာ။ ၅။
  • ဆဲ့ငါး ဗီဇနာကို တပါဒ်။ ၆။
  • လေးပါဒ်ကို တနာရီ။ ၇။
  • နာရီ ခြောက်ဆယ်ကို တရက်။ ၈။
  • ရက်သုံးဆယ်ကို တလ။ ၉။
  • ဆဲ့နှစ်လကို တနှစ်။ ၁၀။ ဟု သုံးစွဲခေါ်ဆို ကြ၏။

ပါဠိတော်ကျမ်းဂန်တို့၌ကား ခဏ။ လယ။ မုဟုတ်။ ပုဗ္ဗနှ၊ တမနက်။ မဇ္ဈနှိက၊ တနေ့လယ်။ သာယနှ၊ တညနေ။ ဟု လာ၏။

ထို့ကြောင့် ဗဟ္မာခေါ် အားဖြင့် ဆယ်လယစေ့ ခရာ ကာလကို အစပြု၍ တနာရီ ကာလတိုင်အောင် ဤအတွင်း အခါကာလကို မုဟုတ်နယ်ဟု မုဟုတ်ကာလချည်း မှတ်ရာ၏။ ဆယ်မုဟုတ်ကို ဆယ်နာရီစေ့ နေ့၏ သုံးဘို့တဘို့ တမနက်ဟု မှတ်ရာ၏။

န ဟိ သဗ္ဗေသု ဌာနေသု၊ ပုရိသောယေဝ ပဏ္ဍိတော။
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ မုဟုတ္တ မပိ စိန္တယေ။

ပါဌဇာတ်ပါဠိတော်၊ အပဒါန်ပါဠိတော်တို့၌ လာသောဂါထာ။

သဗ္ဗေသု ဌာနေသု၊ အလုံးစုံသော အရာဌာနတို့၌။
ပုရိသော ယေဝ၊ ယောက်ျားသည်သာလျှင်။
ပဏ္ဍိတော၊ ပညာရှိသည်။
၊ မဟုတ်။
ဣတ္ထီပိ၊ မိန်းမသည်လည်း။
ပဏ္ဍိတာ၊ ပညာရှိသည်။
ဟောတိ၊ ဖြစ်၏။
အယံ၊ ဤ သုလသာသည်။
ဝါ၊ ဤကုဏ္ဍလကေသာသည်။
မုဟုတ္တံ၊ တမုဟုတ်ခြင်း။
စိန္တယေ အပိ၊ ရန်သူကို နိုင်အောင် ကြံနိုင်ပေစွ။

တပည့်တို့ - ဤဂါထာ၌ တခရာလောက် ကာလကို တမုဟုတ်ဟု ဆို၏။ ဤ ယခုသုတ် တောင်တက် ရာ၌ကား နှစ်ပါဒ်ခွဲ နှစ်ပါဒ်မျှလောက် ကာလကို တမုဟုတ်ဟု ဟောတော်မူ၏။

⏳ တကမ္ဘာတွင်း သင်္ခါရတို့၏ ပျက်စီးပုံ

တပည့်တို့ - ဤကဲ့သို့ သင်္ခါရတရားတို့သည် ကမ္ဘာမပျက်မီလည်း ပျက်စီးသည် ပင်တည်း။ ထို နည်းတူ ကြည့်စမ်းကြ တပည့်တို့ - ရှုစမ်းကြ၊ မာဂဓမည်သူ လူတွေနှင့်တကွ ရဟန်းသံဃာ တပည့် အပေါင်းနှင့်တကွ မြတ်စွာဘုရားရှင် လွန်လေပြီးသည့်နောက် သေလက္ခရာရုဠှ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တိုင်အောင် ဤအတွင်း၌ ရဟန်းပုဏ္ဏား တိုင်းသူပြည်သားတို့နှင့်တကွ မြို့ပေါင်း များစွာ မင်းပေါင်းများစွာ မြို့အဆက်ဆက် မင်းအဆက်ဆက်တို့သည် သေ ပျောက် ပျက်စီး၍ ကုန်လေပြီ။ အမည် ဝေါဟာရမျှသာ ကျန်ရှိလေတော့၏။ ထို အမည် ဝေါဟာရသည်လည်း နောင် ကြာမြင့်သောအခါ ကွယ်ပျောက်လတ္တံ့ ။

တပည့်တို့ - သင်္ခါရ တရားတို့သည် ဤကဲ့သို့ မမြဲပြီ။ ဖြစ်ပြီးလျှင် ပျက်စီးတတ်၏။ ကြည့်စမ်းကြ တပည့်တို့ - ရှုစမ်းကြ။ မင်းတုန်းမင်းကြီးသည်လည်း မိမိနှင့် အရွယ် တူမျှသော တိုင်းသူပြည်သား ရဟန်းပုဏ္ဏားတို့နှင့်တကွ သေပျောက် ပျက်စီးလေပြီ။ အမည် ဝေါဟာရမျှသာ ကျန်ရှိလေတော့၏။ ထိုအမည် ဝေါဟာရသည်လည်း နောင်ကြာမြင့်သောအခါ ကွယ်ပျောက်လတ္တံ့။

တပည့်တို့ - သင်္ခါရတရားတို့သည် ဤကဲ့သို့ မမြဲပြီ။ ဖြစ်ပြီးလျှင် ပျက်စီးတတ်၏။

တပည့်တို့ - ဥပမာ ဆိုသည်ရှိသော် ဤမဟာပထဝီ မြေကြီးကို အကုန်လုံး ဇီးစေ့ လောက် ဇီးစေ့လောက် လုံး၍ ဤကား ငါ့အမိတည်းဟု တလုံးချ။ ဤကား ငါ့အမိ၏ အမိတည်းဟု တလုံး ချလျက် ဤနည်းတူ ရေတွက်၍ သွားလျှင် ဇီးစေ့လောက် မြေလုံးတွေသာ ကုန်ရာ၏။ သတ္တဝါ တဦး၏ အမိ အဆက်ဆက်တို့သည် မကုန်နိုင်ရာပြီ။ အဘယ့်ကြောင့်နည်း ဆိုသော် တပည့်တို့ - သံသရာ အဓွန့် ကာလကြီး၏ အလွန်ရှည်လျားသောကြောင့်တည်း။

ကြည့်စမ်းကြ၊ တပည့်တို့- ရှုစမ်းကြ။ သင်တပည့်တို့၏ အမိကိုသော်၎င်း၊ သင်တပည့် တို့၏ အမိ၏ အမိကိုသော်၎င်း အစပြု၍ ရှေးရှေးဖြစ်သော အမိအဆက်ဆက်တို့သည် သေကြေ ပျက်စီး၍ ကုန်လေပြီ။ တပည့်တို့ - သင်္ခါရတရားတို့သည် ဤကဲ့သို့ မမြဲပြီ။ ဖြစ်ပြီးလျှင် ပျက်စီးတတ်၏။

တပည့်တို့ - ဥပမာဆိုသည် ရှိသော် မဟာပထဝီ မြေပေါ်၌ ရှိရှိသမျှသော မြက်, ထင်း, သစ်ပင်, သစ်ခက် သစ်ရွက်တွေကို အကုန်စု၍ လက်လေးသစ်လောက် လက်လေးသစ်လောက် ပိုင်းဖြတ်၍ ဤကား ငါ့အဘတည်းဟု တခုချ။ ဤကား ငါ့အဘ၏ အဘတည်းဟု တခုချလျက် ဤနည်းတူ ရေတွက်၍သွားလျှင် လက်လေးသစ် လောက်သော မြက် ထင်း သစ်ပင် သစ်ခက် သစ်ရွက်တွေသာ ကုန်ရာ၏။ သတ္တဝါတဦး၏ အဘ အဆက်ဆက်တို့သည် မကုန်နိုင်ကုန်ရာပြီ။ အဘယ်ကြောင့် နည်းဆိုသော် တပည့်တို့ - သံသရာ အဓွန့် ကာလကြီး၏ အလွန် ရှည်လျားသောကြောင့်တည်း။

ကြည့်စမ်းကြ တပည့်တို့ - ရှုစမ်းကြ။ သင်တပည့် တို့၏ အဘကိုသော်၎င်း၊ သင် တပည့်တို့၏ အဘ၏ အဘကိုသော်၎င်း အစပြု၍ ရှေးရှေးဖြစ်သော အဘ အဆက်ဆက်တို့သည် သေပျောက် ပျက်စီး၍ ကုန်လေပြီ။

တပည့်တို့- သင်္ခါရတရား တို့သည် ဤကဲ့သို့ မမြဲပြီ၊ ဖြစ်ပြီးလျှင် ပျက်စီးတတ်၏။

ကြည့်စမ်းကြ တပည့်တို့ - ရှုစမ်းကြ။ သင် တပည့်တို့၏ ဆရာကိုသော်၎င်း၊ သင်တပည့်တို့၏ ဆရာ၏ ဆရာကိုသော်၎င်း အစပြု၍ မြတ်စွာဘုရားအထိ ရှေးရှေး ဖြစ်သော များစွာသော ဆရာ အဆက်ဆက်တို့သည် သေပျောက်ပျက်စီး၍ ကုန်လေပြီ၊

တပည့်တို့ သင်္ခါရတရားတို့သည် ဤကဲ့သို့ မမြဲပြီ၊ ဖြစ်ပြီးလျှင် ပျက်စီးတတ်၏။

ဧကဿေကေန ကပွေန၊ ပုဂ္ဂလဿဋ္ဌိသဉ္စယော။
သိယာ ပဗ္ဗတသမော ရာသိ၊ ဣတိ ဝုတ္တံ မဟေသိနာ။

နိဒါနဝဂ္ဂသံယုတ် ပါဠိတော်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဧကေန ကပ္ပေန၊ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ် တခုအတွင်း၌။
သံသရတော၊ တပြောင်းပြန်ပြန် ကျင်လည်ရသော။
ဧကသ ပုဂ္ဂလဿ၊ တဦးသော ပုဂ္ဂိုလ်၏။
အဋ္ဌိသဉ္စယော၊ အရိုးပေါင်းသည်။
အဋ္ဌိရာသိ၊ အရိုးအစုအပုံသည်။
သစေ အဝိနဿ၊ အကယ်၍ မပျက်စီးဘဲ နေငြားအံ့။
ပဗ္ဗတသမော၊ ဝေပုလ္လတောင်ကြီးနှင့် အကြီးပမာဏ တူမျှသည်။
သိယာ၊ ဖြစ်ရာ၏။
ဣတိ၊ ဤသို့။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

တပည့်တို့ - ဤပါဠိတော်မြတ်နှင့်အညီ ဤကမ္ဘာလောကဝယ် လွန်ခဲ့ပြီးသော အန္တရကပ် ဆဲ့နှစ်ခု အတွင်း၌ ဖြစ်လေကုန်ပြီးသော သင်တပည့်တို့၏ ဘဝပေါင်း ခန္ဓာကိုယ်ပေါင်း အရိုးစုပေါင်းတို့သည် များလှလေကုန်ပြီ။

ကြည့်စမ်းကြ၊ တပည့်တို့၊ ရှုစမ်းကြ။ ထိုများလှလေကုန်သော သင်တပည့်တို့၏ ဘဝခန္ဓာ အရိုးစု တို့သည် သေပျောက် ပျက်စီး၍ ကုန်လေပြီ။ တပည့်တို့- သင်္ခါရတရားတို့သည် ဤကဲ့သို့ မမြဲပြီ၊ ဖြစ်ပြီးလျှင် ပျက်စီးတတ်၏။

ကြည့်စမ်းကြ၊ တပည့်တို့- ရှုစမ်းကြ။ လွန်လေကုန်ပြီးသော -
ထိုထိုအမိ အဆက်ဆက်
အဘ အဆက်ဆက်
ဆရာ အဆက်ဆက်
ဘဝခန္ဓာ အဆက်ဆက်
တို့၏ လက်ထက်၌ ဖြစ်ပေါ် တည်ရှိ ကုန်သော အဝတ် သင်္ကန်း အိမ် ကျောင်း စပါး ပြောင်း ပဲ အစာ အာဟာရ မြက်ပင် ချုံနွယ် သစ်ပင် တော ဥယျာဉ်စသော ဗဟိဒ္ဓ သင်္ခါရ တရားတို့သည်လည်း များသောအားဖြင့် ထိုထို လွန်လေပြီးသော ... လက်ထက် လက်ထက်တို့၌သာလျှင် ပျက်စီး ချုပ်ပျောက်ကြလေကုန်ပြီ။

တပည့်တို့ - သင်္ခါရတရားတို့သည် ဤကဲ့သို့ မမြဲပြီ၊ ဖြစ်ပြီးလျှင် ပျက်စီးတတ်၏။

တပည့်တို့ - ဤယခု တည်ရှိ၍နေသော သင်တို့ ငါတို့ကို အစပြု၍ အလုံးစုံသော လူတွေသည်လည်း ဧကန်စင်စစ် သေပျောက် ပျက်စီးကြကုန်လတ္တံ့။ သုံးဆယ့်တဘုံ၌ ယခုတည်ရှိ၍နေသော အလုံးစုံသော သတ္တဝါတို့သည်လည်း ဧကန်မုချ သေပျောက် ပျက်စီးကြကုန်လတ္တံ့။ တပည့်တို့ အလုံးစုံသော ဘုံဘဝဘို့သည် မမြဲပြီ၊ ဖြစ်ပြီးလျှင် ဧကန်စင်စစ် ပျက်စီးရ၏။ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည်--

၁။ ဥက္ခိတ္တာ ပုညတေဇေန၊ ကာမရူပဂတိံ ဂတာ။
ဘဝဂ္ဂတမ္ပိ သမ္ပတ္တာ၊ ပုနဂစ္ဆန္တိ ဒုဂ္ဂတိံ။

၂။ တာဝ ဒီဃာယုကာ သတ္တာ၊ စဝန္တိ အာယုသင်္ခယာ။
နတ္ထိ ကောစိ ဘဝေါ နိစ္စော၊ ဣတိဝုတ္တံ မဟေသိနာ။

၃။ တသ္မာ ဟိ ဓီရာ နိပကာ၊ နိပုဏာ အတ္ထစိန္တကာ။
ဇရာမရဏမောက္ခာယ၊ ဘာဝေန္တိ မဂ္ဂမုတ္တမံ။

၄။ ဘာဝယိတွာ သုစိံ မဂ္ဂံ၊ နိဗ္ဗာနောဂဓဂါမိနိံ။
သဗ္ဗဘဝေ ပရိညာယ၊ ပရိနိဗ္ဗန္တိ အနာသဝါတိ။

ဟူ၍ ဟောတော်မူပေ၏။

အဘိဓမ္မာဝိဘင်း ပါဠိတော်။

၁။ ဒေဝသံဃာ၊ အို-နတ်အပေါင်းတို့။
ပုညတေဇေန၊ ကောင်းမှုတေဇော် အာနုဘော်သည်။
ဥက္ခိတ္တာ၊ မြှောက်တင်အပ်ကုန်သည်ဖြစ်၍။
ကာမရူပ ဂတိံ ဂတာ၊ ကာမဘုံ ရူပဘုံသို့ ရောက်ကြကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်၎င်း။
ဘဝဂ္ဂတမ္ပိ၊ ဘဝဂ်ဟု ဆိုအပ်သော နေဝသညာနာသညာယတနဘုံ သို့လည်း။
သမ္ပတ္တာ၊ ရောက်ကြလေကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်၎င်း။
ပုန၊ တဖန်။
ဒုဂ္ဂတိံ၊ အပါယ်ဘုံသို့။
ဂစ္ဆန္တိ၊ ရောက်ကြပြန်လေကုန်၏။

၂။ တာဝ၊ ထိုကမ္ဘာကြီး ရှစ်သောင်းလေးထောင်မျှလောက်။
ဒီဃာယုကာ၊ ရှည်သော အသက်ရှိကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်လည်း။
အာယုသင်္ခယာ၊ အသက်တမ်း၏ ကုန်ခြင်းကြောင့်။
စဝန္တိ၊ စုတေ သေဆုံးရလေကုန်၏။
နိစ္စော၊ မပျက်စီးဘဲ အမြဲတည်နေသော။
ကောစိ ဘဝေါ၊ တစုံတခုသော ဘဝမည်သည်။
နတ္ထိ မရှိ။
ဣတိ၊ ဤသို့။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

၃။ တသ္မာ၊ ထို့ကြောင့်သာလျှင်။
နိပကာ၊ ရင့်သောသတိ ရှိကုန်သော။
နိပုဏာ၊ သိမ်မွေ့သော ဉာဏ်ပညာ ရှိကြကုန်သော။
အတ္ထစိန္တကာ၊ မိမိအကျိုးကို ရှုမျှော် ကြံစည်လေ့ ရှိကြကုန်သော။
ဓီရာ၊ ပညာရှိတို့သည်။
ဇရာမရဏ မောက္ခာယ၊ အိုနာ သေရေး ဒုက္ခဘေးတို့မှ လွတ်ခြင်းငှါ။
ဥတ္တမံ၊ မြင့်မြတ်သော။
မဂ္ဂံ၊ မဂ်တရားကို။
ဘာဝေန္တိ၊ ပွားများစေကြကုန်၏။

၄။ တေ၊ ထိုပညာရှိတို့သည်။
နိဗ္ဗာနောဂဓဂါမိနိံ၊ နိဗ္ဗာန်သို့သက်ဝင် ဆိုက်ရောက်စေတတ်သော။
သုစိံ၊ ကောင်းမြတ် စင်ကြယ်စွာထသော။
မဂ္ဂံ၊ မဂ်တရားကို။
ဘာဝယိတွာ၊ ပွားများစေကြကုန်၍။
သဗ္ဗဘဝေ၊ အလုံးစုံသော ဘုံဘဝတို့ကို။
ပရိညာယ၊ ပိုင်းခြား၍ သိခြင်းကြောင့်။
ဝါ၊ ဒုက္ခအမှန်တည်းဟု ပိုင်ပိုင်နိုင်နိုင် သိခြင်းကြောင့်။
အနာသဝါ၊ အာသဝေါတရား ကင်းကြကုန်သည် ဖြစ်၍။
ပရိနိဗ္ဗန္တိ၊ ဘာတခုမျှမဖြစ် စင်စစ် ပျောက်ငြိမ်းရလေကုန်၏။

တပည့်တို့ - ယခု ဖြစ်ပေါ်တည်ရှိ၍နေသော အဝတ်သင်္ကန်း အိမ် ကျောင်း စပါး ပြောင်း ပဲ အစာ အာဟာရ မြက်ပင် ချုံ နွယ် သစ်ပင် တော ဥယျာဉ် ပဲ စသော ဗဟိဒ္ဓသင်္ခါရတို့သည်လည်း ဖြစ်ပြီးလျှင် ဧကန်စင်စစ် ချုပ်ပျောက်ကြကုန်လတ္တံ့။

တပည့်တို့ - ယခု ပျက်စီး ချုပ် ပျောက်လေပြီးသော အတိတ်ကမ္ဘာ အတိတ်ဘဝခန္ဓာ အတိတ် သင်္ခါရတရားတို့ကဲ့သို့ ယခုမဖြစ်သေးဘဲ နောင်ဖြစ် လတ္တံ့သော အနာဂတ် ကမ္ဘာ အနာဂတ်ဘဝခန္ဓာ အနာဂတ် သင်္ခါရတို့သည်လည်း ဖြစ်ပြီးလျှင် ဧကန်မုချ ပျက်စီး ချုပ်ပျောက်ကြကုန်လတ္တံ့။

တပည့်တို့ ... သင်္ခါရ တရားတို့သည် ဤကဲ့သို့ မမြဲပြီ။ ဖြစ်ပြီးလျှင် ပျက်စီးတတ်၏။

ဧဝံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈနတော သာဓဝေ သင်္ခါရာ အနိစ္စာ၊ ဧဝံ ဟုတွာ အဘာဝတော သာဓဝေ သင်္ခါရာ အနိစ္စာ။ ဧဝံ အနိစ္စတ္တာ သာဓဝေ သင်္ခါရာ အနဿာသိကာ။ ယာဝဉ္စိဒံ သာဓဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ။ အလံ ဝိရဇ္ဇိတုံ ဝိမုစ္စိတုန္တိ။ အနိစ္စာ သဗ္ဗသင်္ခါရာ၊ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈရေ။ တေသု တံ နိဗ္ဗိန္ဒေယျာထ၊ ဝိရဇ္ဇေယျာထ သာဓဝေါတိ။

သေက္ချဘာသိတ အနိစ္စသုတ်။

သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
သင်္ခါရာ၊ သင်္ခါရ တရားတို့သည်။
ဧဝံ ဥပ္ပဇ္ဇိတွာ၊ ဤသို့ဖြစ်ပေါ်ပြီး၍။
ဧဝံ နိရုဇ္ဈနတော၊ ဤသို့ ချုပ်ပျောက်ခြင်းကြောင့်။
အနိစ္စာ၊ မမြဲကုန်။
သာဓဝေ၊ အို- တပည့်အပေါင်း သူတော်ကောင်းတို့။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဧဝံ ဟုတွာ၊ ဤသို့ ဖြစ်ပေါ်ပြီး၍။
ဧဝံ အဘာဝတော၊ ဤသို့မရှိခြင်းကြောင့်။
အနိစ္စာ၊ မမြဲကုန်။
သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
သင်္ခါရာ၊ သင်္ခါရတရား တို့သည်။
ဧဝံ အနိစ္စတ္တာ၊ ဤသို့ မမြဲသည်၏ အဖြစ်ကြောင့်။
အနဿာသိကာ၊ သာယာဘွယ် မရှိကုန်။
သာဓဝေ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
ယာဝဉ္စ၊ အလွန်လျှင်။
သဗ္ဗသင်္ခါရေသု၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ အလုံးစုံသော သင်္ခါရ တရားတို့၌။
နိဗ္ဗိန္ဒိတုံ၊ ပျင်း မုန်း ငြီးငွေ့ခြင်းငှါ။
အလမေဝ၊ သင့်လှတော့သည်သာလျှင်တည်း။
ဝိရဇ္ဇိတုံ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းငှါ။
အလံ၊ သင့်လှတော့သည်သာလျှင်တည်း။
သဗ္ဗသင်္ခါရေသု၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ အလုံးစုံသော သင်္ခါရ တရားတို့မှ။
ဝိမုစ္စိတုံ၊ လွတ်ခြင်းငှါ။
အလံ၊ ထိုက်လှတော့သည်သာလျှင်တည်း၊

သာဓဝေါ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
သဗ္ဗသင်္ခါရာ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ အလုံးစုံသော သင်္ခါရတရားတို့သည်။
အနိစ္စာ၊ မမြဲကုန်။
ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပေါ်ပြီး၍။
နိရုဇ္ဈရေ၊ ချုပ်ပျောက်တတ်ကုန်၏။
တံ-တသ္မာ၊ ထို့ကြောင့်။
ဝေါ၊ သင်တပည့်တို့သည်။
တေသု သဗ္ဗသင်္ခါရေသု၊ ထိုအလုံးစုံသောသင်္ခါရတရားတို့၌။
နိဗ္ဗိန္ဒေယျာထ၊ ပျင်း မုန်း ငြီးငွေ့ကုန်ရာ၏။
ဝိရဇ္ဇေယျာထ၊ ချစ်ခင်တပ်မက်ခြင်း ကင်းကုန်ရာ၏။
ဣတိ၊ ဤတွင် သေက္ချဘာသိတအနိစ္စသုတ် ပြီး၏၊

သေက္ချဘာသိတ အနိစ္စသုတ်အနက် ပြီး၏။

ရုပ်တို့၏ ဆက်လက်ဖြစ်ပုံကို ပြခြင်း

တပည့်တို့ - ထိုသင်္ခါရ တရားတို့သည်ကား ဘဝဆုံး၍သေသော အခါမှသာ ပျက်စီးသည်မဟုတ်၊ မသေမီ တဘဝအတွင်းမှာလည်း ပျက်စီးသည်ပင်တည်း။

တပည့်တို့ - ထိုသို့ပျက်စီးပုံကို ငါဆရာ ဟောကြားမည်၊ သင်တပည့်တို့သည် ကောင်းစွာနာကြကုန်၊ အနက် အဓိပ္ပါယ်ကို ထိုးထွင်း သိမြင်အောင် ကောင်းစွာ နှလုံးသွင်းကြကုန်၊ အောက် အဘိဓမ္မာနည်း ဓာတ်ခွဲခန်း၌ ဟောကြားခဲ့ပြီးသောအတိုင်း ပရမတ္ထ ရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေ နေပုံကိုလည်း နားလည်၍ သိ၍ ထားကြကုန်လော့၊ ဟောကြားတော့အံ့။

တပည့်တို့ - ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတို့သည် ကံ, စိတ်, ဥတု အာဟာရ ဟူ၍ လေးပါး အပြားရှိ၏။ ထိုလေးပါးတို့တွင် --

ကံဟူသည်ကား ကုသိုလ် အကုသိုလ် စေတနာကိုခေါ်သည်၊ တပည့်တို့ - ကုသိုလ် အကုသိုလ် စေတနာကို ကံဟုမှတ်ကြ၊
စိတ်ဟူသည်ကား ဝိညာဏဓာတ်ကိုခေါ်သည်၊ ဝိညာဏဓာတ်ကို စိတ်ဟုမှတ်ကြ။
ဥတုဟူသည်ကား သာမညတရား ကိုယ်အားဖြင့် ရုပ်ကလာပ် တိုင်း ရုပ်ကလာပ် တိုင်းမှာ ပါရှိသော မီးဓာတ်ကိုခေါ်သည်၊ မီးဓာတ်ကို ဥတုဟု မှတ်ကြ။
အာဟာရဟူသည်ကား သာမညတရားကိုယ်အားဖြင့် ရုပ်ကလာပ်တိုင်း ရုပ်ကလာပ် တိုင်းမှာ ပါရှိသော ပထဝီဓာတ် အာပေါဓာတ်နှစ်ပါး၏ အဆီကလေး ကိုခေါ်သည်၊ အဆီကလေးကို အာဟာရ ဟု မှတ်ကြ။ တပည့်တို့- ဤအဆီ အာဟာရကိုပင်လျှင်-

“အဝတိ ရက္ခတိစ ဇနေတိ စာတိ ဩဇာ”

အဝတိရက္ခတိစ၊ ဧကာဗဒ္ဓအားဖြင့် အတူတကွဖြစ်သော ရုပ်တို့ကို ထက်သန် ရွှင်လန်းအောင်လည်း စောင့်ရှောက် ထောက်ပံ့တတ်၏။
ဇနေတိစ၊ ရုပ်ကို ဖြစ်လည်းဖြစ်ပေါ် စေတတ်၏။
ဣတိတသ္မာ၊ ထိုနှစ်ပါးသော သတ္တိကြောင့်။
ဩဇာ၊ ဩဇာမည်၏။

ဟူသော ဝစနတ္ထနှင့်အညီ ဩဇာဟူ၍လည်း ခေါ်သည်။

တပည့်တို့ - ဓာတ်လေးပါး အစုအခဲဖြစ်သော ပရမတ္ထရုပ်ကလာပ်ရုပ်မှုန့် ကလေး တခုတခု၌ ဖြစ်ပေါ်ဆဲကာလကို ဥပါဒ်ခဏ၊ ပျက်ကွယ်ဆဲ ကာလကို ဘင်ခဏ၊ ဖြစ်ပြီး၍ မပျက်ခင်အကြား နှင့်ဆွေးဆဲကာလကို ဌီခဏဟူ၍ သုံးပါး သုံးပါးရှိကုန်၏။ ဤကဲ့သို့ ခဏသုံးပါးကိုလည်း သိမှတ်ကြ။

၁။ တပည့်တို့ - အကြင်အခါ၌ ကံသည် ရုပ်ကလာပ်ကို ဖြစ်ပေါ်စေ၏၊ ပေါက်ဖွား လိုက်၏။ ဤရုပ်ကို ကံမှ ပေါက်ဖွားသော ရုပ်ဖြစ်ခြင်းကြောင့် ကမ္မဇရုပ်ဟု မှတ်အပ်၏၊ ကံ၏ သားဟူ၍လည်း မှတ်အပ်၏။
၂။ ဤကံ၏ သားကလာပ်၌ ပါရှိသော တေဇောဓာတ်ဟူသော ဥတု၊ အဆီ ဩဇာ ဟူသော အာဟာရ တို့သည် မိမိတို့ ဌီခဏသို့ ရောက်လျှင် ရုပ်ကလာပ် တခုစီ ဖြစ်စေကြ၏၊ ပေါက်ဖွားလိုက်ကြ၏။ ဤရုပ်နှစ်ခုတို့ကား ကံလျှင် အထောက်အပံ့ အကြောင်းရင်းရှိသော ဥတု အာဟာရတို့မှ ပေါက်ဖွား သော ရုပ်တို့ဖြစ်ခြင်းကြောင့် ကမ္မပစ္စယဥတုဇရုပ် ကမ္မပစ္စယအာဟာရဇရုပ် မည်ကုန်၏၊ ကံ၏ မြေးလည်း မည်ကုန်၏။
၃။ ဤကံ၏ မြေးကလာပ်နှစ်ခု၌ ပါရှိသော ဥတု အာဟာရ ရုပ်တို့သည်လည်း မိမိတို့ ဌီခဏသို့ ရောက်လျှင် ရုပ်ကလာပ်တခုစီကို ဖြစ်စေကြပြန်၏၊ ပေါက်ဖွားကြပြန်၏။ ဤရုပ်လေးခုတို့လည်း ကမ္မပစ္စယဥတုဇရုပ် ကမ္မပစ္စယ အာဟာရဇ ရုပ်တို့ပင် မည်ကုန်၏၊ ကံ၏ မြစ်လည်း မည်ကုန်၏။
၄။ ဤကံ၏ မြစ်ကလာပ် လေးခု၌ရှိသော ဥတု အာဟာရတို့လည်း ရှေးနည်းတူ သားကလာပ်ကို ဖြစ်စေကြပြန်၏၊ ပေါက်ဖွားကြပြန်၏။

ဤနည်းတူ တပည့်တို့ - ကမ္မဇ ဥတု အာဟာရတို့ကို အစပြု၍ ထိုဥတု အာဟာရတို့သည် တဆက်တိုင်အောင်၎င်း၊ နှစ်ဆက်တိုင်အောင်၎င်း၊ ဆယ်ဆက် တိုင်အောင်၎င်း၊ အဆက်တရာ တထောင်တိုင်အောင်၎င်း၊ အသင်္ချေ မရေတွက် နိုင်အောင်၎င်း အားညံ့လျှင် ညံ့လိုက် အဆက်နည်းစွာ အားကောင်းလျှင် ကောင်းလိုက် အဆက်များစွာ သားကလာပ် အဆက်ဆက် ပေါက်ဖွား၍ ပေါက်ဖွား၍ သွားပြီးလျှင် တဖြည်းဖြည်း အားကုန်၍ အဆုံးကလာပ်သို့ ကျသောအခါ သားကလာပ် မပေါက်ဖွားဘဲ မြုံ၍ အဆက်အနွယ် ပြတ်၍ ပျောက်ကွယ်၍ သွားကြကုန်၏

အဇ္ဈတ္တစတုဇရုပ်တို့၏ သမူဟဖွဲ့စည်းပုံကို ပြခြင်း

တပည့်တို့ - ထိုဥတု အာဟာရတို့သည် အကြောင်းရင်းဖြစ်သော ကံအား ညံ့လျှင်လည်း အားညံ့ကြကုန်၏။ အကြောင်းရင်း ကံအားကောင်းလျှင်လည်း အားကောင်းကြကုန်၏။ ထိုကံမှတပါး အားညံ့အောင် အားကောင်းအောင် ထောက်ပံ့ တတ်သော အကြောင်းတို့သည်လည်း အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ပါးစုံသော သန္တာန်၌ အရာမက များပြားစွာ ရှိကုန်သေး၏။ ထိုအကြောင်းတို့ ထောက်ပံ့လျှင်လည်း ဤ ဥတု အာဟာရတို့သည် အားညံ့ခြင်း အားကောင်းခြင်း ဖြစ်ကြကုန်၏။

တပည့်တို့ - ကြမ်းပိုး, သန်း, ကမြင်းနီစသော သေးငယ်သော သတ္တဝါတို့ ရုပ်၌ ကံအားညံ့ခြင်း ကြောင့်၎င်း၊ ကံမှတပါးသော အထောက်အပံ့ အကြောင်း နည်းခြင်း ကြောင့်၎င်း ဤ ကမ္မဇ ဥတု အာဟာရတို့သည် အားညံ့သဖြင့် အလွန် အဆက် နည်းကုန်၏လူနတ်စသော ကြီးမားသော သတ္တဝါ တို့ရုပ်၌ ကံအား ကောင်းခြင်း ကြောင့်၎င်း၊ ကံမှတပါးသော အထောက်အပံ့ အကြောင်းတို့များ ခြင်းကြောင့်၎င်း, အားကောင်းသဖြင့် အလွန် အဆက်များကုန်၏

အရွယ်အားဖြင့်ကား အလျင်အမြန် ဘွားကနဲကြီးမား၍ သွားသော အကောင်အထည်တို့အား ပဋိသန္ဓေအခါ၌ပင် အစွမ်းကုန် အဆက်များ၍ သွား၏။ တဖြည်းဖြည်း ကြီးမားသော အကောင် အထည်တို့အားကား ပဋိသန္ဓေအခါ၌ အားကောင်းအောင် ထောက်ပံ့တတ်သော အပေါင်းအဘော် ရုပ်နည်းခြင်းကြောင့် အားညံ့သဖြင့် အလွန် အဆက်နည်း၏၊ အဆက် နှစ်ဆက်လောက်သာ ဆက်၏
ထိုနောက် ထောက်ပံ့တတ်သော အပေါင်းအဖော် ရုပ်တို့ တဖြည်းဖြည်းများ၍ များ၍လာသဖြင့် အားအဆင့်ဆင့်ကောင်း၍ အကောင်အထည် လုံးရပ်သဏ္ဌာန် အကြီးအတိုး ရုပ်သော ပဌမအရွယ် လွန်သည်တိုင်အောင် အဆက်အဆင့်ဆင့် တိုး၍ များ၍ များ၍ သွား၏
အလယ် မဇ္ဈိမအရွယ်၌ကား အဆက်မတိုး မယုတ် တန့်ရပ်၏။ နောက်ဆုံး ပစ္ဆိမအရွယ်သို့ ကျသောအခါ၌ကား အထောက်အပံ့ အကြောင်းတို့ တဖြည်းဖြည်း နည်း၍သွားသဖြင့် တဖြည်းဖြည်း အားညံ့၍ တဖြည်းဖြည်း အဆက်လျော့၍ လျော့၍ နည်း၍ နည်း၍ သွား၏

စုတိစိတ် ကျခါနီးအခါ ကုန်ဆဲဖြစ်သော အလွန် အားညံ့သော ကံမှ ပေါက်ဖွား လိုက်၍ နောက်ဆုံး ပိတ်ဖြစ်ပေါ်လာသော ကမ္မဇ ဥတု အာဟာရတို့ကား အလွန် အားညံ့ ခြင်းကြောင့် လွန်စွာ အဆက်နည်း၏။ တချို့လည်း အဆက်ကို မဆိုထားဘိ ရုပ်ကိုပင် မဖြစ်စေနိုင်ကြပြီ၊ မပေါက်ဖွား နိုင်ကြပြီ။

တပည့်တို့ - လွန်စွာ အဆက်နည်း၏။ ရုပ်ကိုပင် မဖြစ်စေနိုင်ကြပြီ ဟူသော ဤ စကားကိုလည်း ကမ္မက္ခယအားဖြင့် စုတေသော သူတို့၏ ရုပ်ကိုရည်၍ ငါဆရာ ဟောကြားသည်။ ကမ္မက္ခယမဟုတ် ဥပစ္ဆေဒကအားဖြင့် ရုပ်အဆက် များတုန်း အရွယ်၌ လတ်တလော လည်ပင်းပြတ်၍ သေသောသူ စသည် တို့၌ကား ဤ နောက်ဆုံးပိတ် ဖြစ်ပေါ်လာသော ကမ္မ ဥတု အာဟာရတို့မှ အတန်ငယ်များစွာ ဆက်လက်၍ သွားသေး၏
ထိုလည်ပင်း ပြတ်လေသော သူအား စုတိစိတ် မကျခင် ကိုယ်မှလွတ်၍ တခြား ဖြစ်လေပြီးသော ဦးခေါင်း၌လည်း ကမ္မဇ ဥတု အာဟာရတို့မှ များစွာပင် ဆက်လက်၍ သွားကြသေး၏။ ကမ္မဇ ဥတု အာဟာရသာမဟုတ် ကမ္မဇရုပ် တောင်ပင် အနည်းငယ်ကာလ ဖြစ်သေး၏

ကမ္မဇရုပ်ဖြစ်လျှင်လည်း ထိုကမ္မဇရုပ်၌ မှီသော ဝိညာဏ်သည်လည်း အကြောင်း ပြည့်စုံက အနည်းငယ်ဖြစ်နိုင်သေး၏၊ စုတိစိတ် ကျထိုက်သော ဦးခေါင်းအင်္ဂါမှ တပါးသော လက်ပြတ် ခြေပြတ် အိမ်မြှောင်အမြီးပြတ် စသည် တို့၌ကား အဘယ် ဆိုဘွယ်ရှိတော့အံ့နည်း။ အတန်ငယ်ကာလ ဖြစ်နိုင်တော့သည် သာလျှင်တည်း

ဤအိမ်မြှောင်မြီး စသည်တို့ လှုပ်ရှားမှုမှာကား ကြောက်ရွံ့သော ဒေါသစိတ်ကြောင့် ဖြစ်သော ဝါယောလွန်ကဲသော စိတ္တပစ္စယ ဥတုဇ အာဟာရဇရုပ်တို့၏ သတ္တိတည်း၊ ထို့ကြောင့် ဤလက်ပြတ် ခြေပြတ် အမြီး ပြတ်တို့ကို ကမ္မဇရုပ်တို့ မချုပ်ခင် ပူပူလောလော ရုတ်တရက် နေရာကျပြန်၍ ဆက်လျှင် ပကတိအတိုင်းပင် ဖြစ်နိုင်သေး၏

ထိုကဲ့သို့ ပိုင်းပိုင်းပြတ် မဟုတ်ဘဲ ကိုယ်မှ မလွတ်စေဘဲ အူကိုဆွဲ၍ ထုတ်မှု မျက်လုံး ကိုဆွဲ၍ ထုတ်မှု စသည်တို့၌ကား အဘယ်မှာ ဆိုဘွယ်ရှိတော့မည်နည်း။ ပကတိအတိုင်း ဖြစ်နိုင်တော့သည် သာလျှင်တည်း။ ၁။

တပည့်တို့ - ဤကဲ့သို့ ကမ္မဇရုပ်,ကမ္မပစ္စယ ဥတုဇ ကမ္မပစ္စယ အာဟာရဇရုပ် တို့၏ဖြစ်ပုံကို ကောင်းမွန်သေချာစွာ သိကြ မှတ်ကြကုန်။ ဤကမ္မ ပစ္စယဥတုဇရုပ် ကမ္မပစ္စယ အာဟာရဇ ရုပ်တို့ကိုလည်း အကြောင်းရင်းဖြစ်သော ကံကို အစွဲပြု၍ ကံမျိုး ကံနွယ်ဖြစ်၍ အခေါ်အမှတ် လွယ်စေခြင်းငှါ ကမ္မဇရုပ် ဟူ၍ပင် ခေါ်မှတ်ကြရမည်။

၁။ တပည့်တို့ - အကြင်အခါ၌ စိတ်သည် ရုပ်ကလာပ်ကို ဖြစ်ပေါ်စေ၏။ ပေါက်ဖွားလိုက်၏။ ဤရုပ်ကို စိတ်မှ ပေါက်ဖွားသော ရုပ်ဖြစ်ခြင်းကြောင့် စိတ္တဇရုပ်ဟု မှတ်အပ်၏။ စိတ်၏သား ဟူ၍လည်း မှတ်အပ်၏။
၂။ ဤစိတ်၏ သားကလာပ်၌ ပါရှိသော ဥတု, အာဟာရတို့သည် မိမိတို့ ဌီခဏသို့ ရောက်လျှင် ရုပ်ကလာပ် တခုစီကို ဖြစ်စေကြ၏၊ ပေါက်ဖွားလိုက်ကြ၏။ ဤရုပ် နှစ်ခုတို့ကား စိတ်လျှင် အထောက်အပံ့ အကြောင်းရင်းရှိသော ဥတု အာဟာရတို့မှ ပေါက်ဖွားသောရုပ် ဖြစ်ခြင်းကြောင့် စိတ္တပစ္စယ ဥတုဇရုပ် စိတ္တပစ္စယအာဟာရဇ ရုပ်တို့ မည်ကုန်၏။ စိတ်၏ မြေးလည်း မည်ကုန်၏။
၃။ ဤစိတ်၏ မြေးကလာပ်နှစ်ခု၌ပါရှိသောဥတု အာဟာရတို့သည်မိမိတို့ ဌီခဏသို့ ရောက်လျှင် ရုပ်ကလာပ်တခုစီကို ဖြစ်စေကြပြန်၏၊ ပေါက်ဖွားကြပြန်၏၊ ဤရုပ် လေးခုတို့လည်း စိတ္တပစ္စယ ဥတုဇရုပ် စိတ္တပစ္စယ အာဟာရဇ ရုပ်တို့ပင်မည်ကုန်၏၊ စိတ်၏ မြစ်လည်း မည်ကုန်၏။
၄။ ဤစိတ်၏ မြစ်ကလာပ်လေးခု၌ပါရှိသော ဥတုအာဟာရ တို့သည်လည်း ရှေးနည်းတူ သား ကလာပ်ကို ဖြစ်စေကြပြန်၏၊ ပေါက်ဖွားကြပြန်၏။ ဤနည်းတူ တပည့်တို့ - စိတ္တဇဥတု အာဟာရ တို့ကို အစပြု၍ ထိုဥတုအာဟာရ တို့သည်လည်း တဆက်တိုင်အောင်၎င်း၊ နှစ်ဆက်တိုင်အောင်၎င်း၊ ဆယ်ဆက် တိုင်အောင်၎င်း၊ အဆက်တရာ တထောင် တိုင်အောင်၎င်း၊ အသင်္ချေ မရေတွက် နိုင်အောင်၎င်း၊ အားညံ့လျှင် ညံ့လိုက် အဆက်နည်းစွာ အားကောင်းလျှင် ကောင်းလိုက် အဆက် များစွာ သားကလာပ် အဆက်ဆက် ပေါက်ဖွား၍ ပေါက်ဖွား၍ သွားပြီးလျှင် တဖြည်းဖြည်း အားကုန်၍ အဆုံးကလာပ်သို့ ကျသောအခါ သားကလာပ် မပေါက်ဖွားနိုင်ဘဲ ပြု၍ အဆက် အနွယ်ပြတ်၍ ပျောက်ကွယ်၍ သွားကြကုန်၏

တပည့်တို့ - ဤစိတ္တဇ ဥတု အာဟာရတို့သည်လည်း အကြောင်းရင်းဖြစ်သော စိတ်ကြောင့်၎င်း၊ စိတ်မှတပါးသော အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ပါးစုံသော သန္တာန်၌ အရာမက များစွာသော အကြောင်း တို့ကြောင့်၎င်း အားညံ့ခြင်း အားကောင်းခြင်း ဖြစ်ကြရ ကုန်၏

တပည့်တို့ - အားညံ့သောစိတ်မှ ပေါက်ဖွား၍ ဥတု အဆက်ဆက်အားဖြင့် ပေါက်ဖွား၍ ပြင်ပသို့ ထွက်လာသော ထွက်သက်လေသည် နှာခေါင်းမှ ပြင်ဘက်သို့ အနည်းငယ်မျှသာ ပြေးသွား၏။ အကယ်၍ နှာခေါင်းမှ အပြင်ဘက်သို့ နှမ်းလုံး တထောက်လောက် သွားငြားအံ့၊ ထိုနှမ်းလုံး တထောက်လောက်တိုင်လျှင် ရုပ်ကလာပ် အဆက်ပေါင်း ကုဋေ သိန်း သန်း မကပြီ။ ပြင်ပသို့ လက်တဆစ် လောက် တမိုက်လောက် တထွာလောက် သွားရာတို့၌ကား အဘယ်မှာ ရုပ် အဆက်ပေါင်း ရေတွက်နိုင်တော့မည်နည်း

စိတ်ကိုသန်သန်ထား၍ ထွက်သက်လေ ထုတ်သောအခါ ခံတွင်းဖြင့် လေမှုတ်သော အခါတို့၌ ပြင်ပသို့ တတောင်လောက် သုံးလေးတောင်လောက်သွားရာ တို့၌ကား အဘယ်မှာ ရုပ်အဆက်ပေါင်း ရေတွက်နိုင်တော့မည်နည်း။ တဥသဘ နှစ်ဥသဘ စသည် လောက်ပြေးအောင် နဂါးလေမှုတ်ရာ တို့၌ကား အဘယ်မှာ ရေတွက်နိုင်တော့မည်နည်း

စိတ်ကိုသန်သန်ထား၍ အားကုန်ဟစ်၍ ခေါ်သောအခါ စိတ္တပစ္စယ ဥတုဇ အဆက်ဆက်အားဖြင့် နှစ်ရာတွင်း သုံးရာတွင်း စသည် လောက်အသံပြေးသွားရာ တို့၌ကား အဘယ်မှာ ရုပ်အဆက်ပေါင်း ရေတွက်နိုင် တော့မည်နည်း။ ကုသမင်း, သုဒဿနနဂါးမင်း စသည်တို့ ဇမ္ဗူဒိပ် တကျွန်းလုံး ကြားအောင် ကြွေးကြော်ရာ တို့၌ကား အဘယ်မှာ ရုပ်အဆက်ပေါင်း ရေတွက် နိုင်တော့မည်နည်း

သိခီဘုရားရှင်၏ တပည့် လက်ျာရံ အဘိဘူမထေရ်မြတ် ဗြဟ္မာ့ပြည်ကနေ၍ စူဠလောကဓာတ် တထောင်လုံး ကြားအောင် အရုဏဝတီ သုတ်ကို ဟောရာ တို့၌ကား အဘယ်မှာ ရုပ်အဆက်ပေါင်း ရေတွက်နိုင်တော့မည်နည်း

တပည့်တို့ - ထိုထက် စိတ်ထက်သန်တော်မူသော သဗ္ဗညုဘုရားရှင်တို့ မူကား အလိုရှိလျှင် မိမိ တိုင်းနိုင်ငံ မဟာလောကဓာတ်ကြီး အကုန်လုံးကြားအောင် တရား ဟောတော်မူနိုင်၏

တပည့်တို့ - ဤကဲ့သို့ အကြောင်းရင်းဖြစ်သော စိတ်အားညံ့လျှင် ညံ့လိုက် ဥတုအား ညံ့၍ ရုပ် အဆက် နည်း၏စိတ်အား ကောင်းလျှင် ကောင်းလိုက် ဥတုအားကောင်း၍ ရုပ်အဆက်များ၏

ဤဗဟိဒ္ဓသို့ ထွက်လာသော ရုပ်တို့အတူပင် တပည့်တို့ - ကိုယ်အတွင်း၌ဖြစ်၍ နေသော စိတ္တဇ ဥတု အာဟာရတို့ အားညံ့ အားကောင်းအားဖြင့် ရုပ်အဆက် နည်းမှု အဆက်များမှု တို့သည် ဖြစ်ကုန်သည်ပင်တည်း။ ရာဂစိတ်ကြောင့် ရုပ်ဖြစ်ပေါ် တိုးပွား၍ လာရာတို့၌ ရာဂစိတ်ထက်သန်လျှင် ဥတု အာဟာရ တို့လည်း ထက်သန်အားကောင်း၍ ရုပ်အဆက်များသဖြင့် ခဏချင်း တင်းကြပ်စွာ တိုးပွား၍ လာ၏ရှည်မြင့်စွာလည်း ဆက်လက်၍ တည်နေ၏
ရာဂစိတ် မထက်သန်လျှင် ဥတု အာဟာရတို့လည်း အားညံ့၍ ရုပ်အဆက် နည်းသဖြင့် ဖြည်းဖြည်းလျော့လျော့သာ တိုးပွား၏။ ရှည်မြင့်စွာလည်း ဆက်လက်၍ မတည်၊ ခဏချင်း ချုပ်ပျက်လွယ်၏။ တွန်း-မှု မ-မှု အစရှိသော ကာယိကဝီရိယ အမှု တို့၌ ဝီရိယစိတ်ပျော့လျှင် ပျော့လိုက်, သန်လျှင် သန်လိုက် အားလျော့လွယ်မှု အားလျော့ခဲမှုတို့သည် ရုပ်အဆက်နည်းမှု အဆက်များမှုတို့ပင်တည်း

တပည့်တို့ - တန်ခိုးရှင်များသည် အလွန် ထက်သန် အားကောင်းသော အဘိညာဉ် စိတ်ဖြင့် နေလတို့ကိုလှမ်း၍ ကိုင်တွယ်သုံးသပ်ခြင်းငှါ လက်မောင်းကို ကြီးမား ရှည်လျားအောင်ဖန်ဆင်းရာ ကိုယ်ကို ဗြဟ္မာပြည်သို့ရောက်အောင် ကြီးမားစွာ ဖန်ဆင်းရာ စသည်တို့၌ သာလွန်၍ ရုပ်အဆက် များ၏။ ဆက်လက်တိုးပွား၍ သွားပုံလည်း ထင်ရှား၏

တပည့်တို့ - ဤကဲ့သို့ အဇ္ဈတ္တ သန္တာန်၌လည်း အကြောင်းအားလျော်စွာ ရုပ်အဆက် နည်းမှု အဆက်များမှုတို့သည်ဖြစ်ကုန်၏။ တပည့်တို့ - ဤကဲ့သို့ စိတ္တဇရုပ်, စိတ္တပစ္စယဥတုဇရုပ်, စိတ္တပစ္စယ အာဟာရဒရုပ် တို့၏ ဖြစ်ပုံကို ကောင်းမွန်သေချာစွာ သိကြ မှတ်ကြကုန်။ ဤစိတ္တပစ္စယဥတုဇ ရုပ် စိတ္တပစ္စယအာဟာရဇရုပ်တို့ကိုလည်း အကြောင်းရင်းဖြစ်သောစိတ်ကို အစွဲ ပြု၍ စိတ်မျိုး စိတ်နွှယ်ဖြစ်၍ အခေါ်အမှတ် လွယ်စေခြင်းငှါ စိတ္တဇရုပ် ဟူ၍ပင် ခေါ်မှတ်ကြရမည်။ ၂။

ဥတုဇ

တပည့်တို့ ဥတုဟူရာ၌ ရုပ်ကို ဖြစ်စေတတ်သော အရင်းခံ ပဓာန ဥတုကို ဤသို့ သိမှတ်ရာ၏။

၁။ ကမ္ဘာပြု မိုဃ်းရေကိုဖြစ်စေတတ်သော အရင်းခံ ဥတုဟူသည်ကား မှောင်ရုပ် မီးကလာပ်၌ ပါရှိသော တေဇောဓာတ်တည်း။ ထိုတေဇောဓာတ်ကို ကမ္ဘာပြု မိုဃ်းရေကိုဖြစ်စေတတ်သော အရင်းခံ ဥတုဟု မှတ်ရာ၏။
၂။ စကြဝဠာ ကမ္ဘာမြေကြီးကို ဖြစ်စေတတ်သော အရင်းခံ ဥတုဟူသည်ကား ကမ္ဘာပြု မိုဃ်းရေ ကလာပ်၌ ပါရှိသော တေဇောဓာတ်တည်း။
၃။ စဦးပဌမပေါက်သော မြက်, သစ်ပင်စုတို့ကို ဖြစ်စေတတ်သော အရင်းခံ ဥတု ဟူသည်ကား မြေကြီးကလာပ်၌ ပါရှိသော တေဇောဓာတ်တည်း။ အကယ်၍ ရေပေါ်မှပေါက်သော သစ်ပင်ဖြစ်အံ့၊ ရေကလာပ်၌ ပါရှိသော တေဇောဓာတ်တည်း။
၄။ ထို စဦးပဌမ ပေါက်သော မြက်သစ်ပင်တို့မှ အစေ့မျိုး အဆစ်မျိုး စသည် ပြားလျက် ထိုမျိုးတို့ကို စိုက်၍ နောက်မှပေါက်သော မြက်သစ်ပင်စုကို ဖြစ်စေ တတ်သောအရင်းခံ ဥတုဟူသည်ကား ထိုမျိုးစေ့ အဆံကလာပ်၌ ပါရှိသော တေဇောဓာတ်တည်း။
၅။ ထိုသစ်စေ့ သစ်မြစ်တို့ ရေကိုစုတ်ယူခြင်းသည်ကား လူများ အစာ အာဟာရ စားသောက်သည်နှင့် တူ၏။ ထိုစုတ်ယူအပ်သော ရေကလာပ်၌ပါရှိသော တေဇော ဓာတ်သည်လည်း သစ်ပင် ဟူသောရုပ်ကို ဖြစ်စေ၏။
၆။ ကောင်းကင်၌ ဖြစ်ပေါ်သော အဝိညာဏက သဝိညာဏကရုပ်တို့ကို ဖြစ်စေတတ်သောအရင်းခံ ဥတုဟူသည်ကား ထိုမိမိတို့ဖြစ်ရာ အရပ်၌ရှိသော မီးကလာပ်တို့၌ပါရှိသော တေဇောဓာတ်တည်း။
၇။ သံသေဒဇရုပ်တို့ကို ဖြစ်စေတတ်သော အရင်းခံ ဥတုဟူသည်ကား ထို မိမိတို့ဖြစ်ရာ စိုစွတ်သော ရေကလာပ်၌ ပါရှိသော တေဇောဓာတ်တည်း။
၈။ ဂဗ္ဘသေယျက ရုပ်တို့ကိုဖြစ်စေတတ်သော အရင်းခံ ဥတုဟူသည်ကား အမိ အဘတို့၏ သုက်ရည် သွေးရည် ဟူသော ဥတုရည်ကလာပ်၌ ပါရှိသော တေဇောဓာတ်တည်း။ ထိုသုက်ရည် သွေးရည် ဟူသော ဥတုရည်ကလာပ်၌ ပါရှိသော ဂဗ္ဘသေယျကရုပ်ကို ဖြစ်စေတတ်သော အရင်းခံ ဥတုဟု သိမှတ်ရာ၏။

တပည့်တို့ - ဤကဲ့သို့ ရုပ်ကို ဖြစ်စေတတ်သော အရင်းခံ ဥတုကို ကောင်းမွန် သေချာစွာ သိမှတ်ကြ။

၁။ တပည့်တို့ - အကြင်အခါ၌ ထိုအရင်းခံဥတုသည် ရုပ်ကလာပ်ကို ဖြစ်ပေါ်စေ၏။ ပေါက်ဖွား လိုက်၏။ ဤရုပ်ကို ဥတုမှ ပေါက်ဖွားသော ရုပ်ဖြစ်ခြင်းကြောင့် ဥတုဇရုပ်ဟု မှတ်အပ်၏။ ဥတု၏ သားဟူ၍လည်း မှတ်အပ်၏။
၂။ ဤဥတု၏ သားကလာပ်၌ပါရှိသော တေဇောဓာတ်ဟူသောဥတု။ အဆီ ဩဇာ ဟူသော အာဟာရတို့သည် မိမိတို့ ဌီခဏသို့ရောက်လျှင် ရုပ်ကလာပ် တခုစီကို ဖြစ်စေကြ၏။ ပေါက်ဖွား လိုက်ကြ၏။ ဤရုပ်နှစ်ခုတို့ကိုကား ဥတုလျှင် အထောက် အပံ့ အကြောင်းရင်းရှိသော ဥတု အာဟာရ တို့မှ ပေါက်ဖွားသောရုပ် ဖြစ်ခြင်းကြောင့် ဥတုပစ္စယဥတုဇရုပ် ဥတုပစ္စယအာဟာရဇရုပ်တို့ မည်ကုန်၏။ ဥတု၏ မြေးလည်း မည်ကုန်၏။
၃။ ဤဥတု၏ မြေးကလာပ် နှစ်ခု၌ ပါရှိသော ဥတု အာဟာရတို့သည် လည်း မိမိတို့ ဌီခဏသို့ ရောက်လျှင် ရုပ်ကလာပ်တခုစီကို ဖြစ်စေကြပြန်၏၊ ပေါက်ဖွားကြပြန်၏။ ဤရုပ်လေးခုတို့လည်း ဥတုပစ္စယဥတုဇရုပ် ဥတုပစ္စယ အာဟာရဇရုပ်တို့ပင် မည်ကုန်၏၊ ဥတု၏ မြစ်လည်းမည်ကုန်၏။
၄။ ဤဥတု၏ မြစ်ကလာပ် လေးခု၌ ပါရှိသော ဥတု အာဟာရတို့သည်လည်း ရှေးနည်းတူ ရုပ်ကလာပ်ကို ဖြစ်စေကြပြန်၏၊ ပေါက်ဖွားကြပြန်၏။

တပည့်တို့ - ဤနည်းတူ ဥတုဇ ဥတု အာဟာရတို့ကို အစပြု၍ ထိုဥတု အာဟာရ တို့သည်လည်း -

တဆက်တိုင်အောင်၎င်း,
နှစ်ဆက်တိုင်အောင်၎င်း
ဆယ်ဆက် တိုင်အောင်၎င်း,
အဆက် တရာ တထောင် တိုင်အောင်၎င်း,
အသင်္ချေ မရေတွက် နိုင်အောင်၎င်း,
တခဏပတ်လုံး၎င်း, တခရာပတ်လုံး၎င်း,
တနာရီပတ်လုံး၎င်း, တနေ့ပတ်လုံး၎င်း,
တရက်ပတ်လုံး၎င်း, တလပတ်လုံး၎င်း,
တနှစ်ပတ်လုံး၎င်း, ဆယ်နှစ်ပတ်လုံး၎င်း,
အနှစ်တရာ တထောင်ပတ်လုံး၎င်း,
အနှစ် အသင်္ချေယျပတ်လုံး၎င်း, တကမ္ဘာပတ်လုံး၎င်း
ထိုထက်အလွန် ကြာမြင့်စွာသော ကာလပတ်လုံး၎င်း,

အားညံ့လျှင်ညံ့လိုက် အဆက်နည်းစွာအားကောင်းလျှင် ကောင်းလိုက် အဆက် များစွာသော ကလာပ်အဆက်ဆက် ပေါက်ဖွား၍ ပေါက်ဖွား၍ သွားပြီးလျှင် တဖြည်းဖြည်း အားကုန်၍ အဆုံး ကလာပ်သို့ ကျသောအခါ သားကလာပ် မပေါက်ဖွားနိုင်ဘဲ မြုံ၍ အဆက် အနွယ်ပြတ်၍ ပျောက်ကွယ်၍ သွားကြကုန်၏

တပည့်တို့ - ဤဥတုဇ ဥတု အာဟာရတို့သည်လည်း အကြောင်းရင်းဖြစ်သော ဥတုကြောင့်၎င်း, ဥတုမှ တပါးသော အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်ပါးစုံ၌ အရာမက များစွာသော အကြောင်း တို့ကြောင့်၎င်း အားညံ့ခြင်း အားကောင်းခြင်း ဖြစ်ကြကုန်၏

တပည့်တို့ - ဤဥတုဇရုပ်တို့၌ အကြင်အခါ၌ သန်းဖို သန်းမတို့၏ ဥတုသည် သန်းမ၏ ဝမ်း၌ သန်းငယ်ဟူသော ဂဗ္ဘသေယျက ရုပ်ကို ဖြစ်ဆဲ၊ ထိုဖြစ်ဆဲအခါ၌ ထိုသန်းမကို လူကလည်း ချေဆဲ တုတ်ဆဲဖြစ်အံ့၊ ထိုအခါ ဤသန်းမဝမ်း၌ ဂဗ္ဘသေယျက ဥတုဇရုပ်သည် အားညံ့၍ တဆက် နှစ်ဆက် စသည်လောက်သာ ဆက်လက်နိုင်တော့၏
ဤကဲ့သို့သော အရာဌာန စသည်တို့၌ ဥတုဇရုပ်တို့ အဆက်နည်းမှုကို သိရမည်။ အဆက်များမှုကား ထင်ရှား၏။ ရေ, မြေ, သစ်ပင်, သတ္တဝါကောင်စသော ထို ဥတုဇရုပ်တို့သည် မိမိတို့သန္တာန် သမူဟကလာပ် ချုပ်ပျက် ကွယ်ပျောက်သည် တိုင်အောင် များစွာ ဆက်လက်၍ ဖြစ်ကြကုန်၏

တပည့်တို့ - ဤဥတုဇရုပ်တို့တွင် ဂဗ္ဘသေယျက ဥတုဇရုပ်၌ အကယ်၍ အမိဥတုက ထက်လည်း ထက်သန်သည် ဖြစ်အံ့၊ ရှေးဦးစွာလည်း ဥတုဇရုပ်ကို ဖြစ်ပေါ်စေ၍ အုပ်စိုးမိငြားအံ့၊ အမိနှင့် အဆင်းသဏ္ဌာန်တူ၏။ အကယ်၍ အဘဥတုက ထက်သန်ငြားအံ့၊ ရှေးဦးစွာလည်း ဥတုဇရုပ်ကို ဖြစ်ပေါ်စေ၍ အုပ်စိုးမိငြားအံ့၊ အဘနှင့် အဆင်းသဏ္ဌာန်တူ၏လူနှင့် တိရစ္ဆာန် စပ်၍ ဖြစ်ရာ၌ အဆင်းသဏ္ဌာန် တူမှုမှာကား ကံအာနုဘော်တည်းယောကျ်ားဖြစ်မှု မိန်းမဖြစ်မှုလည်း ကံအာနုဘော် တည်း၊ ဥတုအာနုဘော် မဟုတ်

တပည့်တို့ ဤကဲ့သို့ ဥတုဇရုပ် ဥတုပစ္စယဥတုဇရုပ် ဥတုပစ္စယအာဟာရဇရုပ်တို့၏ ဖြစ်ပုံကို ကောင်းမွန် သေချာစွာ သိကြ၊ မှတ်ကြကုန်။ ဤဥတုပစ္စယဥတုဇရုပ် ဥတုပစ္စယအာဟာရဇရုပ် တို့ကိုလည်း အကြောင်းရင်းဖြစ်သော ဥတုကို အစွဲပြု၍ ဥတုမျိုး ဥတုနွယ်ဖြစ်၍ အခေါ်အမှတ် လွယ်စေခြင်းငှါ ဥတုဇရုပ်ဟူ၍ပင် ခေါ်မှတ်ရမည်။ ၃။

အာဟာရဇ

၁။ တပည့်တို့ - အာဟာရအရာ၌ ရုပ်ကိုဖြစ်စေတတ်သော အရင်းခံပဓာန အာဟာရဟူသည်ကား စားသောက် မျိုသွင်းအပ်သော အစာ အာဟာရ၏ အရည်ကလာပ်၌ ပါရှိသော ပါစကမီး၊ ပေါင်းနွေး အပ်ပြီးသော အဆီဩဇာတည်း။ ထိုအဆီဩဇာကို ရုပ်ကို ဖြစ်စေတတ်သော အရင်းခံ ပဓာန အာဟာရ ဟု သိမှတ်ကြ။

တပည့်တို့ - အကြင်အခါ၌ ထိုအရင်းခံ ပဓာန အာဟာရသည် ရုပ်ကလာပ်ကို ဖြစ်စေ၏၊ ပေါက်ဖွားလိုက်၏။ ဤရုပ်ကို အာဟာရမှ ပေါက်ဖွားသော ရုပ် ဖြစ်ခြင်းကြောင့် အာဟာရဇရုပ်ဟု မှတ်အပ်၏၊ အာဟာရ၏ သားဟူ၍လည်း မှတ်အပ်၏။

၂။ ဤအာဟာရ၏ သားကလာပ်၌ ပါရှိသော တေဇောဓာတ် ဟူသော ဥတု အဆီဩဇာဟူသော အာဟာရတို့သည် မိမိတို့ ဌီခဏသို့ရောက်လျှင် ရုပ်ကလာပ် တခုစီကို ဖြစ်ပေါ်စေကြ၏၊ ပေါက်ဖွား လိုက်ကြ၏။ ဤရုပ်ကလာပ် နှစ်ခုတို့ကား အရင်းခံ အာဟာရလျှင် အထောက်အပံ့ အကြောင်း ရင်းရှိသော အာဟာရမှ ပေါက်ဖွားသော ရုပ်ဖြစ်ခြင်းကြောင့် အာဟာရပစ္စယ ဥတုဇရုပ် အာဟာရပစ္စယ အာဟာရဇရုပ်တို့ မည်ကုန်၏၊ အာဟာရ၏ မြေးလည်းမည် ကုန်၏။
၃။ ဤအာဟာရ၏ မြေးကလာပ် နှစ်ခု၌ ပါရှိသော ဥတုအာဟရတို့ သည်လည်း မိမိတို့ ဌီခဏသို့ ရောက်လျှင် ရုပ်ကလာပ် တခုစီကို ဖြစ်စေကြပြန်၏၊ ပေါက်ဖွား ကြပြန်၏။ ဤရုပ်လေးခုတို့လည်း အာဟာရပစ္စယဥတုဇရုပ် အာဟာရပစ္စယ-အာဟာရဇရုပ်တို့ပင် မည်ကုန်၏၊ အာဟာရ၏ မြစ်လည်း မည်ကုန်၏။
၄။ ဤအာဟာရ၏ မြစ်ကလာပ် လေးခု၌ ပါရှိသော ဥတု အာဟာရတို့ သည်လည်း ရှေးနည်းတူ ရုပ်ကလာပ်ကို ဖြစ်စေကြပြန်၏၊ ပေါက်ဖွားကြ ပြန်၏။

တပည့်တို့ - ဤနည်းတူ အာဟာရဇ ဥတုအာဟာရတို့ကို အစပြု၍ ထိုဥတု အာဟာရတို့သည် --

တဆက်တိုင်အောင်၎င်း, နှစ်ဆက်တိုင်အောင်၎င်း
ဆယ်ဆက် တိုင်အောင်၎င်း,
အဆက်တရာ တထောင် တိုင်အောင်၎င်း,
အဆက် အသင်္ချေ မရေတွက်နိုင်အောင်၎င်း,
တခဏပတ်လုံး၎င်း, တခရာပတ်လုံး၎င်း,
တနာရီ ပတ်လုံး၎င်း, တနေ့ပတ်လုံး၎င်း,
တရက်ပတ်လုံး၎င်း, တလပတ်လုံး၎င်း,
တနှစ်ပတ်လုံး၎င်း,
ထိုထက်အလွန် ကြာမြင့်စွာသော ကာလပတ်လုံး၎င်း

အားညံ့လျှင် ညံ့လိုက် အဆက်နည်းစွာ, အားကောင်းလျှင် ကောင်းလိုက် အဆက် များစွာ သားကလာပ် အဆက်ဆက် ပေါက်ဖွား၍ ပေါက်ဖွား၍ သွားပြီးလျှင် တဖြည်းဖြည်း အားကုန်၍ အဆုံးကလာပ်သို့ ကျသောအခါ သားကလာပ် မပေါက်ဖွား နိုင်ဘဲ မြုံ၍ အဆက်အနွယ်ပြတ်၍ ပျောက်၍ ကွယ်၍သွားကုန်၏

တပည့်တို့ - ဤ အာဟာရဇ ဥတု အာဟာရတို့သည်လည်း အကြောင်းရင်း ဖြစ်သော အာဟာရ ကြောင့်၎င်း၊ ထို အာဟာရမှ တပါးသော အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ပါးစုံသော သန္တာန်၌ အရာမက များစွာသော အကြောင်းတို့ကြောင့်၎င်း အားညံ့ခြင်း အားကောင်းခြင်း ဖြစ်ကြကုန်၏

ကျွဲ နွား တိရစ္ဆာန်တို့ သောက် မျိုသွင်းအပ်သော အာဟာရထက် လူတို့စားသောက် မျိုသွင်းအပ်သော အာဟာရသည် ထက်သန် အားကောင်း၍ အဆက်များ၏။ ထို လူတို့ အာဟာရ၌လည်း ပြောင်း ပဲ လူး ဆပ် ဟင်းသီး ဟင်းရွက် အာဟာရထက် ကောက်ကြီး သလေး ငါး အမဲ နွားနို့ ဆီဦး ထောပတ် အာဟာရတို့က သာ လွန်၍ အားကောင်းသဖြင့် အဆက်များ၏။ ထိုထက် ဆေးဒန်း သံ ပြဒါးပြာ အာဟာရတို့က သာလွန်၍ အားကောင်းသဖြင့် အဆက်များ၏။ ထိုထက် နတ် နဂါးများ စားသောက် မျိုသွင်းအပ်သော နတ်ဩဇာ အာဟာရတို့က သာလွန်၍ အားကောင်းသဖြင့် အဆက်များ၏

တပည့်တို့ - ဤ အာဟာရသည် ခံတွင်းမှ စားသောက် မျိုသွင်းမှသာမဟုတ် ကိုယ်၌ လိမ်းကျံ အပ်သော အာဟာရရည်သည်လည်း ကိုယ်တွင်း အူတွင်းသို့ စိမ့်ဝင်၍ ပါစကမီး ပေါင်းနွေးပြီးလျှင် ကိုယ်၌ ပြန့်နှံ၍ အာဟာရဇရုပ်ကို ဖြစ်စေနိုင်၏။ ပါစကမီး မပေါင်းနွေးမိသော်ကား မဖြစ်စေတတ်၊ မဖြစ်စေနိုင်။

ထို့ကြောင့် အာဟာရ မစားနိုင်သော လူမမာတို့အား ဗိုက်ကို ထမင်းအုံ၍ အာဟာရ ကိစ္စကို ပြီးစေရ၏သဗ္ဗညုဘုရားရှင် အာဟာရကိုဖြတ်၍ ပဓာန အလုပ်ကို လုပ်စဉ်အခါ နတ်တို့ နတ်ဩဇာကို ချက်ပေါက် အမွေးတွင်းတို့မှ သွင်း၍ ဘုရားရှင်အား အာဟာရကိစ္စကို ပြီးစေကြ၏အမိစားသောက် မျိုသွင်းအပ်သော အာဟာရရည်သည်လည်း ပဋိသန္ဓေတည်နေသော သူငယ် ကိုယ်တွင်းသို့ ချက်ကြော ချက်ပေါက်မှ စိမ့်ဝင်၍ အာဟာရဇရုပ်ကို ဖြစ်စေ၏။ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည်–

သတ္တဝါတို့၏ အမိဝမ်း၌ မျှတပုံကိုပြခြင်း

ယဉ္စဿ ဘုဉ္ဇတိ မာတာ၊ အန္နံ ပါနဉ္စ ဘောဇနံ။
တေန သော တတ္ထ ယာပေတိ၊ မာတုကုစ္ဆိဂတော နရော။

ဟူ၍ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ ဟောတော်မူ၏။

အဿ၊ ထိုသူငယ်၏။
မာတာ၊အမိသည်။
ယဉ္စ အန္နံ၊ အကြင်ထမင်းကို၎င်း။
ယံ ပါနဉ္စ ဘောဇနံ၊ အကြင်သောက်ဘွယ် စားဘွယ်ကို၎င်း။
ဘုဉ္ဇတိ၊ စားသောက်၏။
မာတုကုစ္ဆိဂတော၊ အမိဝမ်း၌ ဖြစ်ဆဲဖြစ်သော။
နရော၊ သတ္တဝါသည်။
တေန၊ ထိုမိခင် စားသောက်အပ်သော အာဟာရဖြင့်။
တတ္ထ၊ ထိုအမိဝမ်းတွင်း၌။
ယာပေတိ၊ အာဟာရကိစ္စကို ပြီးစေ၍ မျှတရ၏။

တပည့်တို့ - ဤစားသောက် မျိုသွင်းအပ်သော ကဗဠီကာရ အာဟာရ ဟူသော ဗဟိဒ္ဓအာဟာရ သည်၎င်း၊ ဟောကြားခဲ့ပြီးသော ကမ္မဇအာဟာရ, စိတ္တဇအာဟာရ, ဥတုဇအာဟာရဟူသော အဇ္ဈတ္တိက အာဟာရတို့သည်၎င်း ဤအဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးသော အာဟာရတို့သည် အချင်းချင်း တွေ့ထိပေါင်းဆုံ၍ အချင်းချင်းမှ အထောက်အပံ့ ကျေးဇူးကို ရမှသာလျှင် အားရှိ၍ ရုပ်ကို ဖြစ်စေနိုင်၏။ အချင်းချင်းမှ အထောက်အပံ့ ကျေးဇူးကို မရကြလျှင် ရုပ်ကို မဖြစ်စေနိုင်။

အချင်းချင်းမှ အထောက်အပံ့ ကျေးဇူးကို ရကြငြားသော်လည်း မီးချည်း သန့်သန့် လွန်ကဲသော ကလာပ်၊ လေလွန်ကဲသော ကလာပ်တို့၌ ပါရှိသော အာဟာရ တို့သည်ကား အလွန်အားနည်း ခြင်းကြောင့် ရုပ်ကို မဖြစ်စေနိုင်ကြပြီ။ ထို့ကြောင့် အဇ္ဈတ္တိက အာဟာရ မရှိသော ဗဟိဒ္ဓရုပ်တို့၌ လည်း အာဟာရဇရုပ် မရှိဗဟိဒ္ဓ အာဟာရကို မမှီဝဲမမျို သွင်းသောဗြဟ္မာစသော သတ္တဝါတို့အား လည်း အာဟာရဇရုပ် မရှိဗဟိဒ္ဓအာဟာရကို မှီဝဲမျိုသွင်းသော သူတို့၌လည်း ထို ဗဟိဒ္ဓ အာဟာရ မပြန့်နှံ့ရာ မရောက်ရာ ကိုယ်အစိတ် အင်္ဂါ ရုပ်စုတို့၌လည်း အာဟာရဒရုပ် မရှိဟု မှတ်ရာ၏။

ထိုစကားသည် မှန်၏၊

တပည့်တို့ - တကြိမ် တခါမျှ အာဟာရကို မမျိုသွင်းဘူးသောသူအား ရှေးဦးစွာ မိမိတံထွေး အစရှိသော အနည်းငယ်မျှသော အာဟာရကို မျိုသွင်းလျှင် ထို အနည်းငယ်မျှသောအာဟာရသည် ကိုယ်အတွင်း အနည်းငယ်မျှ အရပ်၌သာ ပြန့်နှံ့နိုင်၏။ ထိုပြန့်နှံ့ရာအရပ်၌သာ အာဟာရဇ ရုပ်ကို ဖြစ်စေ၍ရှိ၏။ မပြန့်နှံ့ရာအရပ်၌ အာဟာရဇရုပ် မရှိပြီ

နန္ဒောပနန္ဒ နဂါးကို ဆုံးမခြင်းငှါ မြင့်မိုရ်တောင်ကို တဆဲ့လေးပတ် ပတ်မိအောင် ကြီးမားစွာ နဂါးအသွင် ဖန်ဆင်းအပ်သော အရှင်မောဂ္ဂလာန်၏ ကိုယ်ခန္ဓာ အတ္တဘောကြီး၌၎င်း၊ ဗြဟ္မာ့ပြည်သို့ ထိအောင် ကြီးမားစွာ ဖန်ဆင်းအပ်သော ဣဒ္ဓိမာ ပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာ အတ္တဘောကြီး၌၎င်း၊ နေ, လ, တို့ကို ကိုင်တွယ် သုံးသပ်ခြင်းငှါ ကြီးမားရှည်လျားစွာ ဖန်ဆင်းအပ်သော ဣဒ္ဓိမာပုဂ္ဂိုလ်၏ လက်မောင်း ကြီး၌၎င်း၊ တမြုံ့မျှလောက်သော နွားနို့ရည်သည် သမုဒ္ဒရာကို အကုန်မနှံ့နိုင်ဘိ သကဲ့သို့ တနပ်စာ,တနေ့စာ စားသောက်အပ်သော နှစ်လက်ခုပ်မျှလောက်သာ ရှိသော အာဟာရရည်သည် အကုန်မပြန့်နှံ့နိုင်၍ အာဟာရဇရုပ်တို့ အကုန်အနှံ့ မရှိပြီ

တပည့်တို့ - ဤကဲ့သို့ ကြီးမားစွာ ဖန်ဆင်း တိုးပွားစေအပ်သော လက်မောင်း အစရှိသည်တို့၌ စိတ္တဇရုပ်ကို ရှေ့သွားပြု၍ ထိုစိတ္တဇရုပ် ဥတုဇရုပ်တို့သာလျှင် များစွာ တိုးပွား၍ သွား၏ကမ္မဇရုပ်သည်လည်း အကြင်မျှ လောက် စိတ္တဇရုပ်, ဥတုဇရုပ်တို့ တိုးပွား၍ သွား၏။ ထိုမျှလောက် အပြည့်အနှံ့ ပင်လိုက်၍ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းကြောင့်ပင်လျှင် တွေ့ထိမှန်း သိ၏

တပည့်တို့ - ဤကဲ့သို့ အာဟာရဇရုပ်, အာဟာရပစ္စယဥတုဇရုပ်, အာဟာရပစ္စယ အာဟာရဇရုပ်တို့ ဖြစ်ပုံကို ကောင်းမွန်သေချာစွာ သိကြ မှတ်ကြကုန်၊ ဤ အာဟာရပစ္စယ ဥတုဇရုပ်, အာဟာရပစ္စယ အာဟာရဇရုပ်တို့ကိုလည်း အကြောင်းရင်း ဖြစ်သော အာဟာရကို အစွဲပြု၍ အာဟာရမျိုး အာဟာရနွယ် ဖြစ်၍ အခေါ်အမှတ် လွယ်စေခြင်းငှါ အာဟာရဇရုပ်ဟူ၍ပင် ခေါ်ကြ မှတ်ကြရမည်။ ၄။

တပည့်တို့ - ဤကဲ့သို့ ကံ, စိတ်, ဥတု, အာဟာရဟူသော လေးပါးသော အကြောင်း ဖြစ်ကုန်သော လေးမျိုးသော ရုပ်တို့ကို ဖြစ်ပုံနှင့်တကွ ကောင်းမွန် သေချာစွာ သိကြ မှတ်ကြကုန်

တပည့်တို့ - ဗဟိဒ္ဓသန္တာန်ဥတုဇရုပ် တမျိုးတည်းသာလျှင်တည်းသတ္တဝါ သန္တာန်ဟု ဆိုအပ်သော အဇ္ဈတ္တသန္တာန်၌ကား စိတ်မရှိသော အသညသတ် ဗြဟ္မာကိုယ်ကမ္မဇရုပ်, ဥတုဇရုပ် နှစ်မျိုး တို့သည်သာလျှင် သမူဟကလာပ် ဖွဲ့စည်းပေါင်းရော၍ ဖြစ်ကြ၏
စိတ်ရှိသော အာဟာရကို မမျိုသွင်းသော ဗြဟ္မာ စသော သတ္တဝါတို့ကိုယ်ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ် သုံးမျိုးတို့သည်သာလျှင် သမူဟကလာပ် ဖွဲ့စည်းပေါင်းရော၍ ဖြစ်ကြ၏
အာဟာရကို မျိုသွင်းသော သတ္တဝါတို့ ကိုယ်၌မူကား ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ် လေးမျိုးလုံးပင် သမူဟကလာပ် ဖွဲ့စည်းပေါင်းရော၍ ဖြစ်ကြ၏။ လူးစေ့ ဆပ်စေ့, နှမ်းစေ့, မုန်ညှင်းစေ့, လေးမျိုးတို့ကို မွှေနှောက် ပေါင်းရော၍ ထားဘိသကဲ့သို့ ပေါင်းရော၍ နေကြ၏

တပည့်တို့ - ဤရုပ်လေးမျိုးတို့ အချင်းချင်း သမူဟကလာပ် ဖွဲ့စည်းပေါင်း ရောမိကြ ပုံကား အကြင်အခါ၌ သတ္တဝါသည် ရှေးဘဝ၌ စုတိစိတ်ကျပြီး၍ မိမိပြုခဲ့သော အတိတ်ကံကြောင့် နောက်ဘဝ အမိဝမ်း သားအိမ်တွင်းဝယ် စုဝေး၍နေသော မိဘတို့၏ ဥတုရည်အလယ်၌ ကမ္မဇ ရုပ်ကလာပ် ရုပ်ရှည်မှုန့် ကလေးနှစ်ခု သုံးခု တို့သည် တလုံးတည်း တပြိုင်တည်း ရှေးဦးစွာ ပေါ်လာကြ၏၊ ထိုဖြစ်ပေါ်လာသော ရုပ်ကလာပ်တို့ ဥပါဒ်ခဏကို လွန်၍ ဌီခဏသို့ အဆိုက်တွင် ထို အမိအဘတို့ ဥတုရည်မှ ဥတုဇကလာပ် ရုပ်ရည်မှုန့်ကလေးတွေ ကမ္မဇရုပ်နှင့် ရောတွယ်၍ ပေါက်ဖွား ဖြစ်ပေါ်ကြ၏၊ ကမ္မဇရုပ်နှင့် တလုံးတည်း ဖြစ်၍သွား၏။ တပည့်တို့။

ဥပမာကား မိမိအတွင်းသို့ ကျရောက်သော စိုစွတ်သော ထန်းလျက်ခဲကလေးကို ခြောက်သွေ့သော မုံ့မှုန့်ကလေးတွေ ဝိုင်း၍ ကပ်ဘွယ်ဘိသကဲ့သို့၎င်း၊ မိမိ အတွင်းသို့ ကျရောက်လာသော ခြောက်သွေ့ သော မုံ့မှုန့်ခဲကလေးကို အကုန်အနှံ့ ဆီရည် ဆီကလာပ်ကလေးတွေ စိမ့်ဝင်ကြဘိသကဲ့သို့၎င်း၊ မိမိ အတွင်းသို့ ကျရောက်လာသော နို့ရည်ပေါက်အတွင်းသို့ ရေရှည် ရေကလာပ် ကလေးတွေ ပေါင်းရော စိမ့်ဝင်ကြဘိသကဲ့သို့ ၎င်းတည်း။

တပည့်တို့ - ထိုဥတုဇ ရုပ်ကလာပ်တို့ ဥပါဒ်ခဏကို လွန်၍ ဌီခဏသို့ အဆိုက်တွင် စိတ်မှ စိတ္တဇ ရုပ်ရည်မှုန့်ကလေးတွေ ထိုကမ္မဇ ဥတုဇရုပ်ခဲကလေးနှင့် ရောတွယ်၍ ပေါက်ဖွား ဖြစ်ပေါ်လာကြ၏ရုပ်သုံးမျိုး တလုံးတည်း ဖြစ်၍ သွား၏

တပည့်တို့ - အာဟာရဇရုပ်တို့မှာမူကား အကြင်အခါ၌ ပါစကမီး၏ တည်ရာ အူ-ဟူသော ကောဋ္ဌာသဖြစ်၏၊ ထိုအခါမှ ပါစကမီး ဖြစ်ပေါ်လာ၏၊ ထိုပါစကမီး ဖြစ်ပေါ် လာပြီးသည်နောက် အကြင်အခါ၌ အမိစားသောက်အပ်သော အာဟာရရည်သည် စိမ့်ဝင်ပြန့်နှံ့၏၊ ထိုအခါမှ ဖြစ်ကြ၏။

တပည့်တို့ - ဤကဲ့သို့ ရုပ်လေးမျိုးတို့ အချင်းချင်း သမူဟကလာပ်ဖွဲ့စည်း ပေါင်းမိကြ၏ရုပ်နှစ်မျိုး သုံးမျိုးတို့ အချင်းချင်း သမူဟကလာပ် ဖွဲ့စည်း ပေါင်းမိကြပုံလည်း ဤနည်းတူပင် တပည့်တို့- ဖြစ်ရာဌာန ဥတုမျှသာ ထူးတော့၏၊

တပည့်တို့ - ဤကဲ့သို့ ရုပ်နှစ်မျိုး သုံးမျိုး လေးမျိုးတို့အချင်းချင်း သမူဟ ကလာပ် ဖွဲ့စည်း ပေါင်းမိကြပုံကိုလည်း ကောင်းမွန်သေချာ သိမှတ်ကြ

ရုပ်တို့၏ ရှည်မြင့်စွာ မတည်ပုံကို ဥပမာဖြင့်ပြခြင်း

တပည့်တို့ - လေးပါးသော အကြောင်းကြောင့် ဖြစ်ကုန်သော ဤလေးမျိုးသော ရုပ်ကလာပ် ရုပ်မှုန့် ကလေးတွေသည် ဖြစ်ပြီးလျှင် ခဏခြင်း ပျက်စီး၍ ပျက်စီး သွားကြ၏၊ မမြဲပြီ

တပည့်တို့ - ကံ စိတ် ဥတု အာဟာရ ဟူသော လေးပါးသော တရားတို့သည် အသီးအသီး မိမိ တို့ကြောင့်ဖြစ်သော ရုပ်တို့အား ဖြစ်ပေါ်စေခြင်း ဟူသော ဇနက သတ္တိထက်သန် ရွှင်လန်းအောင် ထောက်ပံ့ခြင်း ဟူသော ဥပတ္ထမ္ဘကသတ္တိ နှစ်ပါးတို့ဖြင့် ကျေးဇူးပြုကြ၏၊
မိမိမှကြွင်းသော သုံးပါး သုံးပါးသော အကြောင်းကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊ မိမိ၏မြေး မြစ်စသော ရုပ်တို့အား၎င်း၊ ထက်သန် ရွှင်လန်းအောင် ထောက်ပံ့ခြင်း ဥပတ္ထမ္ဘက သတ္တိတပါးဖြင့် ကျေးဇူးပြုကြ၏၊ အဇ္ဈတ္တ သကသန္တာန်ရုပ်တို့အား ဗဟိဒ္ဓ ပရသန္တာန် ကံ စိတ် ဥတုတရား သုံးပါး တို့ကလည်း ထက်သန် ရွှင်လန်းအောင် ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြုကြ၏။

တပည့်တို့ - ဤကဲ့သို့ ရုပ်တခု ဖြစ်ပေါ်လာမှု၌ အကြောင်းတို့သည် ဖြစ်ပေါ်စေတတ်သော ဇနက အကြောင်း ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း ဟု နှစ်ပါးရှိကုန်၏။ တပည့်တို့- ဤ အကြောင်းတရား နှစ်ပါးတို့သည်လည်း ဖြစ်ပြီးလျှင် ခဏခြင်းပျက်စီး၍ ပျက်စီး၍ သွားကြ၏၊ မမြဲပြီ

အခါးပင် မျိုးစေ့မှ ပေါက်ဖွားသော သစ်ပင်ငယ်သည် အချိုမဖြစ်နိုင်ဘဲ အမြဲမုချ ခါးရ လေဘိသကဲ့သို့ သေတတ်သော အမိကြီးမှ မွေးဖွားသောသားသည် အမြဲမနေ ဧကန်မချွတ် သေရဘိသကဲ့သို့၊ တပည့်တို့- ဤမမြဲသော အကြောင်းကြောင့် ဖြစ်သောရုပ်သည် အဘယ်မှာ မြဲခြင်း ဖြစ်နိုင်တော့ မည်နည်းခဏခြင်း ပျက်စီး၍ ပျက်စီး၍ သွားလေတော့သည် သာပ

တပည့်တို့ - ဤရုပ်တို့၏ အသက်သည် အလွန်တို၏၊ ပျက်စီးမှု အလွန်လျင်မြန်၏

ရုပ်သက်တို့၏ တိုလျလျင်မြန်မှုကို ပြခြင်း

တပည့်တို့ - လောက၌ မန်ကျည်းပင်နှင့် ကြက်ဆူပင်သည် ကြက်ဆူပင်က သာလွန်၍ အသက်တို၏၊ ပျက်စီးမှုလျင်မြန်၏။ အဘယ့်ကြောင့်နည်း ဆိုသော် တပည့်တို့ - ကြက်ဆူပင်၌ မန်ကျည်းပင်၌ကဲ့သို့ ခိုင်မြဲစရာ အနှစ်အမာ မရှိပြီ။ ထို့ကြောင့် မန်ကျည်းပင်ထက် ကြက်ဆူပင်က သာလွန်၍ အသက် တို၏၊ ပျက်စီးမှု လျင်မြန်၏။

ကြက်ဆူပင်လောက်မျှ ခိုင်မြဲစရာ အနှစ်အမာမရှိသော ပတိုင်းပင်က ထို ကြက်ဆူပင်ထက် သာလွန်၍ အသက်တို၏။ ပတိုင်းပင်လောက်မျှ ခိုင်မြဲစရာ အနှစ်အမာမရှိသော မြက်ပင်တို့က ထိုပတိုင်းပင်ထက် သာလွန်၍ အသက်တို၏
မြက်သစ်ပင်လောက်မျှ ခိုင်မြဲစရာ အနှစ်အမာမရှိသော ရေမြှုပ်ခဲက ထိုမြက် သစ်ပင်ထက် သာလွန်၍ အသက်တို၏။ ရေမြှုပ်ခဲလောက်မျှ ခိုင်မြဲစရာ အနှစ် အမာမရှိသော ရေပွက်က ထို ရေမြှုပ်ခဲထက်ပင် သာလွန်၍ အသက် တို၏

တပည့်တို့ - ဤရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေသည်ကား ထိုရေပွက်လောက်မျှ ခိုင်မြဲစရာ အနှစ်အမာမရှိပြီ။ ထို့ကြောင့် ရေပွက်ထက် အဆ သိန်း သန်း ကုဋေမက သာလွန်၍ အသက် တိုကြကုန်၏ပျက်စီးမှု အလွန်လျင်မြန် ကြကုန်၏

တပည့်တို့ - ဤရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေသည် အကယ်၍ သန်းဦးခေါင်း လောက် ကြီးငြားအံ့၊ သုံး လေး ခရာလောက် အသက်ရှည်ရာ၏။ ကြာမြင့်စွာ တည်ရာ၏။ အကယ်၍ အဏုမြူလောက် ကြီးငြားအံ့၊ လက်ဖျစ်တတွက်မျှ ကာလ လောက် အသက်ရှည်ရာ၏။ ကြာမြင့်စွာ တည်ရာ၏။
အကယ်၍ ပရမာဏုမြူလောက် ကြီးငြားအံ့၊ လက်ဖျစ်တတွက် ကာလကို အစိတ် တရာ တထောင် စိတ်၍ တစိတ်စာမျှလောက် အသက်ရှည်ရာ၏။ ကြာမြင့်စွာ တည်ရာ၏။

တပည့်တို့ - ဤရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေသည်ကား ဤပရမာဏုမြူလောက် မကြီးကြပြီ၊ ပရမာဏုမြူထက် အဆ သိန်းသန်းကုဋေ သာလွန်၍ သေးငယ်ကြ၏။ များစွာစုလျှင် အထည် ဝတ္ထု ဖြစ်ကောင်း ရကောင်းသော အထည်ဝတ္ထု သဘောပင် ဖြစ်သော်လည်း ဤကဲ့သို့ အလွန်တရာ သေးငယ်ခြင်းကြောင့် ကြိယာကလေးတွေ မျှသာ ဟူ၍ပင် ခေါ်ဆိုသင့်တော့၏။

တပည့်တို့ - ထို့ကြောင့် ဤရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေသည် ပရမာဏုမြူ လောက်မျှ အသက်မရှည် ကြပြီ၊ ကြာမြင့်စွာ မတည်ကြပြီလက်ဖျစ်တတွက် ကာလအတွင်း၌ပင် အကြိမ်ပေါင်း ကုဋေငါးထောင်မက ဖြစ်ပျက်၍ ဖြစ်ပျက်၍ သွားကြ၏

တပည့်တို့ - ရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေသည် လက်ဖျစ်တတွက် ကာလ အတွင်း၌ပင် အကြိမ်ပေါင်း ကုဋေငါးထောင်မက ချုပ်ပျက်၍ သွားကြသည် ဟူသော ဤစကားကို ရှေးဦးစွာ ဩကပ္ပန သဒ္ဓါဖြင့် သက်ဝင်ယုံကြည်ကြ၊ မရွှေ့ မပြောင်း ကောင်းမွန်စွာ မှတ်သားကြ၊ ထိုသို့ မှတ်သားယုံကြည်ပြီးလျှင် ထိုချုပ်ပျက်၍နေမှုကို လင်းလင်းထင်ထင် မိမိတို့ကိုယ်တိုင် သိမြင်ရသဖြင့် သဒ္ဓါ ယုံကြည်ခြင်း ကင်းပျောက်လျက် ဉာဏ်အမြင် ပေါ်ပေါက်လာအောင် ငါဆရာ ဟောပြအံ့၊

တပည့်တို့ - ထင်မြင်အောင် ကြည့်ရှုကြကုန်လော့

တထာ တုမှေ ဝိပဿေထ၊ ယထာ သက္ချေန ဒဿိတံ။
အက္ခမှိ အာသတ္တံ အဗ္ဘံ၊ ဝိဒ္ဓံသေဿာမိ သာဓုနံ။

သေက္ချဘာသိတဂါထာ။

သိဿာ၊ အကောင်းဆုံးကို မြင်လိုကြဘိ အို-တပည့်တို့။
သက္ချေန၊ သေကျွတောင်ဆရာ ငါသည်။
ယထာ၊ အကြင်အခြင်းအရာအားဖြင့်။
ဒဿိတံ၊ ဟောပြအပ်၏။
တထာ၊ ထိုငါဆရာဟောပြသောအတိုင်း။
တုမှေ၊ သင်တပည့်တို့သည်။
ဝိပဿေထ-ဝိပဿထ၊ ထင်မြင်အောင် ကြည့်ရှုကြကုန်လော့။
သာဓုနံ၊ သင် တပည့်အပေါင်း သူတော်ကောင်းတို့၏။
အက္ခိမှိ၊ ဉာဏ်မျက်စိ၌။
အာသတ္တံ၊ အနမတဂ္ဂ သံသရာမှ မပြတ်အမြဲ ကပ်စွဲ၍နေသော။
အဗ္ဘံ၊ အဝိဇ္ဇာဟူသော တိမ်လွှာကို။
အဟံ၊ ငါသည်။
ဝိဒ္ဓံသေဿာမိ၊ ပယ်ဖျက် လွှင့်ဖျောက်ပေအံ့။

တပည့်တို့ - ဤရုပ်တို့၏ ဖြစ်ပျက်မှုကို အနုမှသည်အရင့်၊ အရင့်မှသည် အဆွေးအားဖြင့် ဖြစ်၍ သွားသော တနုပက္ကဇိဏ္ဏအားဖြင့် ဤသို့ရှုရာ၏

👶 သတ္တဝါတို့၏ အမိဝမ်း၌ ဖြစ်စဉ်ကို ပြခြင်း

ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ။
အဗ္ဗုဒါ ဇာယတေ ပေသိ၊ ပေသိ နိဗ္ဗတ္တတေ ဃနော။
ဃနာ ပသာခါ ဇာယန္တိ၊ ကေသာ လောမာ နခါပိ စ။

ကာယော၊ ရူပကာယသည်။
ဂမ္ဘေ၊ အမိဝမ်း၌။
ပဌမံ၊ ရှေးဦးစွာ။
ကလလံ၊ ကလလရေကြည်သည်။
ဟောတိ၊ ဖြစ်၏။
ကလလာ၊ ကလလ ရေကြည်မှ။
ပရံ၊ နောက်၌။
အဗ္ဗုဒံ၊ ရေပြစ် ရေချွဲ အမြှုပ်ခဲသည်။
ဟောတိ၊ ဖြစ်၏။
အဗ္ဗုဒါ၊ ရေပြစ် ရေချွဲ အမြှုပ်ခဲမှ။
ပရံ၊ နောက်၌။
ပေသိ၊ နုဖတ်ကျိချွဲ သားတစ်ခဲသည်။
ဟောတိ၊ ဖြစ်၏။
ပေသိ-ပေသိယာ၊ နုဖတ် ကျိချွဲ သားတစ်ခဲမှ။
ပရံ၊ နောက်၌။
ဃနော၊ ကြက်ဥတူစွာ မာမာ လုံးလုံး အသားတုံးခဲသည်။
နိဗ္ဗတ္တတေ၊ ဖြစ်၏။
ဃနာ၊ ကြက်ဥတူစွာ မာမာ လုံးလုံး အသားတုံးခဲမှ။
ပရံ၊ နောက်၌။
ပသာခါ၊ ခြေနှစ်ချောင်း လက်နှစ်ချောင်း ဦးခေါင်းဖြစ်စရာ ခက်မငါးဖြာတို့သည်။
ဇာယန္တိ၊ ဖြစ်ကုန်၏။
ကေသာ လောမာ နခါ ပိ စ၊ ဆံ အမွေး လက်သည်း ခြေသည်းတို့သည်လည်း။
ဇာယန္တိ၊ ဖြစ်ပေါ်ကုန်၏။

💧 ကလလရေကြည် စသည်တို့၏တည်ပုံကို ပြခြင်း

၁။ ကလလရေကြည်

တပည့်တို့ - ဤကဲ့သို့ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၌ ဣန္ဒကဘီလူးအား မြတ်စွာဘုရား ဟောကြားတော်မူသည်အတိုင်း သင်တပည့်ဘို့၏ ရူပကာယသည် အမိဝမ်း၌ ရုပ်သုံးမျိုး ပေါင်းဆုံ ရောထွေးလျက် အရည်ကျဲ ကလလ ရေကြည် အားဖြင့် ရှေးဦးစွာ ဖြစ်၏။ ဤကလလရေကြည်၏ ကြည်လင်ပုံ အဆင်းသဏ္ဌာန် နေပုံကား နှမ်းဆီ ထောပတ်ကြည် ပေါက်ကလေးကဲ့သို့ နေ၏။ ထို့ကြောင့် သံယုတ္တဘာဏက ဆရာတို့သည်–

တိလတေလဿ ယထာ ဗိန္ဒု၊ သပ္ပိမဏ္ဍော အနာဝိလော။
ဧဝံ ဝဏ္ဏပဋိဘာဂံ၊ ကလလံ သမ္ပဝုစ္စတိ။

ဟူ၍ မိန့်ဆိုတော်မူကြကုန်၏။

တိလတေလဿ၊ နှမ်းဆီ၏။
ဗိန္ဒု ယထာ၊ အပေါက်ကဲ့သို့၎င်း။
အနာဝိလော၊ မနောက်ကျုသော။
သမ္ပိမဏ္ဍော ယထာ၊ ထောပတ်ကြည်ပေါက်ကဲ့သို့ ၎င်း။
ဧဝံ ဝဏ္ဏပဋိဘာဂံ၊ ဤကဲ့သို့ အဆင်းသဏ္ဌာန်တူသော အရည်ကျဲကို။
ကလလံ၊ ကလလရေကြည်ဟူ၍။
သမ္ပဝုစ္စတိ၊ ကောင်းစွာ ခေါ်ဆိုအပ်၏။

တပည့်တို့ - ကလလရေကြည်သည် ခြောက်ရက် ခုနစ်ရက်တို့ပတ်လုံး ဖြစ်၍ ထိုခြောက်ရက် ခုနစ်ရက် တို့ကိုလွန်လျှင် ရေပြစ်ချွဲ အမြှုပ်အခဲ ဖြစ်၍ သွား၏။ ထိုအမြှုပ်အခဲဖြစ်၍ သွားသောအခါ ကလလရေကြည်ဖြစ်သော ရုပ်တို့သည် အကုန်လုံး မရှိဘူး။

တပည့်တို့ - အဘယ်ကြောင့်နည်းဆိုသော် တပည့်တို့ အကယ်၍ ကလလရေကြည် ရုပ်တို့သည် မပျက်စီးဘဲ အမြဲတည်ရှိ၍ နေသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် ဤ ခြောက်ရက် ခုနစ်ရက် လွန်သော အခါ၌လည်း အရည်ကျဲအတိုင်းပင် နေရာ၏။ ထိုသို့ကားမဟုတ် ပြစ်၍ ချွဲ၍ အမြှုပ်ခဲဖြစ်၍ သွား၏။ ထို့ကြောင့် ဤအမြှုပ်ခဲဖြစ်၍ လာသောအခါ ကလလရေကြည် ရုပ်တို့သည် အကုန်လုံး မရှိပြီ။ ချုပ်ပျက် ကွယ်ပျောက်၍ ကုန်လေ၏

တပည့်တို့ - ဤကဲ့သို့ ရှေးဦးစွာ ကလလရေကြည် ရုပ်၏ အဗ္ဗုဒ ရုပ်နှင့် အစဉ် တစပ်တည်း မသွားစေဘဲ မနေစေဘဲ အစဉ်သန္တတိကို ပိုင်းပိုင်းပြတ်အောင် ဖြတ်ပြီးလျှင် ဤကလလရေကြည် ရုပ်တို့၏ ခဏိကအားဖြင့် ဖြစ်ပျက်၍နေမှု ဥဒယဝယ သဘောကို ဤသို့ အနုစိတ်အားဖြင့် သိမြင်ရာ၏။

တပည့်တို့ - အရည်ကျဲ ကြက်ဥသည် ဖိဝပ်၍ နေသော အမိ၏ ကိုယ်ငွေ့အပူကြောင့် တဖြည်းဖြည်း မြေဓာတ်လွန်ကဲလျက် ပြစ်ချွဲ၍ ဖန့်၍ မာ၍ လာရဘိသကဲ့သို့ မီးနှင့် ကင်လျက်လည်း မီးပူကြောင့် တဖြည်းဖြည်း မြေဓာတ် လွန်ကဲလျက် ပြစ်ချွဲ၍ ဖန့်၍ မာ၍ လာရဘိသကဲ့သို့ ထိုအတူ ဤ ကလလရေကြည်ရုပ်သည် အမိ၏ ဥသ္မာ မီးရှိန်အပူကြောင့် နဂိုပကတိ ရေကျဲအတိုင်း မဖြစ်နိုင်ဘဲ မြေဓာတ်လွန်ကဲလျက် ပြစ်ချွဲ ဖန့်၍ မာ၍ လာရဘိ၏။ လာပုံကား -

တပည့်တို့ - စဦးပဌမ ဖြစ်ပေါ်သော ကမ္မဇ, ဥတုဇ,စိတ္တဇ အားဖြင့် သုံးမျိုးသော ကလလရေကြည် ရုပ်ကလာပ် ရုပ်ရှည်မှုန့်ကလေးတွေသည် ဖြစ်ပေါ်ပြီးလျှင် ဟောင်းမြင်း ဆွေးမြေ့လျက် ချုပ်ပျက် ကွယ်ပျောက်၍ သွားကြကုန်၏။ ထိုချုပ်ပျက် ကွယ်ပျောက်သော နေရာ၌ ကံ, စိတ်, ဥတုဟူသော အကြောင်း သုံးပါးကြောင့် အသစ်သော ရုပ်ကလာပ် ရုပ်ရည်မှုန့် ကလေးတွေ ဖြစ်ပေါ်လာကြ၏။

ထိုသို့ ဖြစ်ပေါ်လာရာ၌ ရှေးချုပ်ပျက် ကွယ်ပျောက်လေသော ရုပ်တို့ကဲ့သို့ အရည် လွန်ကဲသော ရုပ်မဟုတ်၊ အမိ၏ ဥသ္မာမီးပူ မြိုက်ခြင်းကြောင့် အတန်ငယ် မြေဓာတ် အဖတ်လွန်ကဲသော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာရ၏။ အဖတ်လွန်ကဲသော ရုပ်မှုန့်ကလေးတွေလည်း ဖြစ်ပေါ်ပြီးလျှင် ဟောင်းမြင်း ဆွေးမြေ့လျက် ချုပ်ပျက် ကွယ်ပျောက်၍ သွားကြပြန်၏။

ထို ချုပ်ပျက် ကွယ်ပျောက်သော နေရာ၌ အကြောင်း သုံးပါးကြောင့် ရုပ်သစ် ဖြစ်ပေါ်လာ ပြန်သောအခါ သည့်ထက် အဖတ်လွန်ကဲသော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကြ၏။ ထိုသည့်ထက် အဖတ်လွန်ကဲသော ရုပ်မှုန့်ကလေးတွေလည်း ဖြစ်ပေါ် ပြီးလျှင် ဆွေးမြေ့လျက် ချုပ်ပျက် ကွယ်ပျောက်၍ သွားကြပြန်၏။

ထိုချုပ်ပျက် ကွယ်ပျောက်သော နေရာ၌ အကြောင်းသုံးပါးကြောင့် ရုပ်သစ် ဖြစ်ပေါ်လာ ပြန်သော အခါ သည့်ထက်ပင် အဖတ်လွန်ကဲသော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ် လာရ၏။ အရည်နည်း၍ အဖတ်များလျှင် အပြစ်ချ၏။

တပည့်တို့ - ဤကဲ့သို့ သည့်ထက် အဖတ်လွန်ကဲသည်ထက် အဖတ်လွန်ကဲသော အားဖြင့် အဖတ် လွန်ကဲဖန် များသောအခါ အရည်နည်း၍ ပြစ်ချွဲသော အမြှုပ်ခဲ အဗ္ဗုဒရုပ် ဖြစ်၍သွား၏။

တပည့်တို့ - ဤကလလ ရေကြည် ရုပ်တို့သည် ခြောက်ရက် ခုနစ်ရက် လွန်ခါမှ ဘွားကနဲ တခါတည်း အမြှုပ်ခဲဖြစ်၍ သွားသည်မဟုတ်၊ ဤကဲ့သို့ ဖြစ်စမှစ၍ အရည်လွန်ကဲသော ရုပ်မှုန့်တွေ အဆင့်ဆင့် ချုပ်ပျောက်လျက် အဖတ်လွန်ကဲ ရုပ်မှုန့်တွေ အဆင့်ဆင့်လွန်ကဲလျက် အဆင့်ဆင့်ဖြစ်ပေါ်၍ ကုန်သဖြင့် အလွန် ပြစ်ချွဲ၍ ကုန်ခါမှ အဗ္ဗုဒ အမြှုပ်ခဲဟု ထင်ရှားစွာ ဖြစ်လေသည်။

တပည့်တို့ - ဥပမာ ဆိုသည်ရှိသော် အရည်ကျဲ ကြက်ဥကို မီးကင်လျှင် ကြာသောအခါ အခဲဖြစ်၍ သွား၏။ ထိုသို့ အခဲဖြစ်၍ သွားရာ၌ ထိုအခဲဖြစ်သောအခါမှ ဘွားကနဲ တခါတည်းခဲ၍ သွားသည်မဟုတ်။ မီးပူ ထိစမှစ၍ အစဉ်အတိုင်း မရပ်မနား အဆင့်ဆင့် မြေဓာတ် လွန်ကဲလျက် လွန်ကဲလျက် ပြစ်ချွဲခဲ၍ သွားဘိသကဲ့သို့၎င်း၊ ရေကို အိုးဖြင့်ထည့်၍ နေပူ၌ထားလျှင် ကြာသောအခါ တစက်မျှမရှိ အကုန်လုံး ခန်းခြောက်၍သွား၏။ ထိုသို့ ခန်းခြောက်၍ သွားရာ၌ ထိုခန်းခြောက်၍ အကုန်လုံး မရှိသောအခါမှ ဘွားကနဲ တခါတည်း ခန်းသည် မဟုတ်၊ နေပူ၌ ထားစမှစ၍ အစဉ်အတိုင်း မရပ်မနား တဖြည်းဖြည်း ခန်း၍ ခန်း၍ သွားဘိသကဲ့သို့၎င်း၊ ထို့အတူ

တပည့်တို့ - ပဌမ ဖြစ်စမှစ၍ ရေလွန်ကဲသော ရုပ်မှုန့်ကလေးတွေ အဆင့်ဆင့် မရပ်မနား ချုပ်ပျောက်လျက် မြေဓာတ် လွန်ကဲသော ရုပ်မှုန့်ကလေးတွေ အဆင့်ဆင့် မရပ်မနား ဖြစ်ပေါ်၍ အလွန် ပြစ်ချွဲ၍ ကုန်သဖြင့် အဗ္ဗုဒ အမြှုပ်ခဲဟု ထင်ရှားစွာ ဖြစ်လေသည်။ ဤအမြှုပ်ခဲ ဖြစ်သော အခါ ဤအတွင်း၌ ကလလ ရေကြည် ရုပ်တို့ အဆင့်ဆင့် ဖြစ်ပေါ်၍ ဖြစ်ပေါ်၍ ချုပ်ကွယ်လေသော အကြိမ်ပေါင်း အသင်္ချေ မရေတွက်နိုင်ပြီ

တပည့်တို့ - ဤကလလရေကြည် ရုပ်သည် ဤကဲ့သို့ ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်၍ သွားငြားသော်လည်း ဖြစ်ပေါ်စေတတ်သော အကြောင်းတွေက များသဖြင့် ဖြစ်ပေါ်သော ရုပ်တို့က များခြင်းကြောင့် တိုး၍ ကြီး၍ ကြီး၍ လာ၏

ပဌမ ဖြစ်စ ရုပ်သုံးမျိုး ပေါင်းတွဲမိစအခါ၌ အလွန် သေးငယ်၏။ မျက်စိဖြင့် ကြည့်၍ မမြင်ကောင်းပြီ။ တခဏလောက် တလယလောက် ကြာလျှင်ကား မျက်စိဖြင့် မြင်ကောင်းလောက်အောင် တဇ္ဇာရီ ရထရေဏုမြူတို့လောက် ကြီး၍လာ၏ ဤခြောက်ရက် ခုနစ်ရက်စေ့၍ အမြှုပ်ခဲဟု ခေါ်လောက် သော အခါ၌ကား ဇီးစေ့လောက် ကြီး၍လာ၏

၂။ ပေသိ

တပည့်တို့ - ဤမြေအမြှုပ်ခဲသည်လည်း ခြောက်ရက် ခုနစ်ရက်လောက် ကြာလျှင် အလွန်ပြစ်ချွဲ၍ အတန်ငယ်ဖန့်၍ အမဲသွေးခဲကလေးကဲ့သို့ ပေသိဟု ခေါ်အပ်သော သွေးခဲ သားတစ်ခဲကလေးဖြစ်၍ သွား၏။ အဆင်းလည်းနီ၍ သွေးအဆင်း ဖြစ်၍လာ၏။ အကြီးပမာဏလည်း ဇီးဖြူသီး နှစ်လုံး သုံးလုံး လောက်ကြီး၍လာ၏

တပည့်တို့ - ဤသွေးခဲ သားတစ်ခဲ ဖြစ်လာသောအခါ အမြှုပ်ခဲဟူသော အဗ္ဗုဒရုပ် တို့သည် အကုန်လုံးမရှိပြီ။ ချုပ်ပျက် ကွယ်ပျောက်၍ ကုန်လေ၏။ တပည့်တို့-ဤ အမြှုပ်ခဲ အဗ္ဗုဒရုပ်တို့ ချုပ်ပျက် ကွယ်ပျောက်ကြပုံ လည်း ကလလရေကြည်ရုပ်တို့၏ အတူပင်တည်း။

၃။ ဃန

တပည့်တို့ - ဤပေသိခေါ်သော သွေးခဲ သားတစ်ခဲ ကလေးသည်လည်း ခြောက်ရက် ခုနစ်ရက်လောက်ကြာလျှင် အလွန်ဖန့်၍ အတန်ငယ်မာ၍ ရင့်၍ ချောချော လုံးလုံး အမဲသားတုံး ကဲ့သို့ ဃနဟုခေါ်ဆိုအပ်သော အသားတုံးခဲကလေး ဖြစ်၍ သွား၏။ ပမာဏကား ကြက်ဥငယ်ငယ် လောက် ကြီး၏။ ကြက်ဥ နှင့်ပင် သဏ္ဌာန်လည်း တူ၏။ ထို့ကြောင့် သံယုတ္တဘာဏကဆရာ တို့သည်-

ယထာ ကုက္ကုဋိယာ အဏ္ဍံ၊ သမန္တံ ပရိမဏ္ဍလံ။
ဧဝံ ဃနဿ သဏ္ဌာနံ၊ နိဗ္ဗတ္တံ ကမ္မပစ္စယာ။

ဟူ၍ မိန့်ဆိုတော်မူကြကုန်၏။

ကုက္ကုဋိယာ၊ ကြက်မ၏။
သမန္တံ၊ ထက်ဝန်းကျင်မှ။
ပရိမဏ္ဍလံ၊ ဝန်းသော လုံးသော။
အဏ္ဍံ ယထာ၊ အဥကဲ့သို့။
ဧဝံ၊ ဤအတူ။
ဃနဿ၊ အသားတုံးခဲ၏။
သဏ္ဌာနံ၊ အသွင်သဏ္ဌာန်သည်။
ကမ္မပစ္စယာ၊ ကံဟူသော အထောက်အပံ့ အကြောင်းကြောင့်။
နိဗ္ဗတ္တံ၊ ဖြစ်လေ၏။

တပည့်တို့ - ဤအသားတုံးခဲ ဖြစ်၍လာသောအခါ ပေသိခေါ်သော သွေးခဲ သားတစ်ခဲ ရုပ်တို့သည် အကုန်လုံးမရှိပြီ၊ ချုပ်ပျက်ကွယ်ပျောက်၍ ကုန်လေ၏

၄။ ပသာခ

တပည့်တို့ - ဤဃနခေါ်သော အသားတုံးခဲသည်လည်း ခြောက်ရက် ခုနစ်ရက် ပတ်လုံး ရင့်၍ ခြောက်ရက် ခုနစ်ရက်လွန်လျှင် ဤဃန အသားတုံးမှ ခြေ လက် ဦးခေါင်းတို့ ဖြစ်စရာ ခက်မ ငါးဖြာခေါ်သော အဖု အတက် ငါးခုတို့သည် ထွက်ပေါ်၍လာကုန်၏၊ တပည့်တို့ - ဤ ခက်မငါးဖြာ ပေါက်၍လာသောအခါ အသားတုံး ဃနရုပ်တို့သည် အကုန်လုံးမရှိပြီ၊ ချုပ်ပျက်ကွယ်ပျောက်၍ ကုန်လေ၏

၅။ အင်္ဂါစုံလင်ခြင်း

တပည့်တို့ - ဤခက်မငါးဖြာတို့သည် ခုနစ်ရက် နှစ်လီတို့ပတ်လုံး တိုးပွား ကြီးထွား၍ ကလလသတ္တာဟမှစ၍ ရေလျှင်ရှစ်ခုမြောက် ကိုးခုမြောက်သတ္တာဟ တို့၌ ခြေ လက် ဦးခေါင်းတို့၏ အသွင်သဏ္ဌာန်တို့သည် ဖြစ်ပေါ်ကုန်၏။ ထိုအခါ ၌ပင် အရေ အကြော အရိုး, အူစသော ကောဋ္ဌာသ တို့သည်လည်း အသီး အသီး ဖြစ်ကြကုန်၏။ ဒွါရကိုးပေါက်တို့သည်လည်း ဖြစ်ပေါ်ကုန်၏။

ဤဦးခေါင်း အင်္ဂါစသည်တို့သည် ခုနစ်ရက်ပတ်လုံး အပြည့်အစုံဖြစ်၍ ရင့်၍ တဆဲ့တခု မြောက်သော ဧကာဒသမသတ္တာဟစက္ခုအကြည်, သောတအကြည်, ဃာနအကြည်, ဇိဝှါအကြည်တို့သည် ဖြစ်ပေါ်ကုန်၏။

ထိုနောင် တဖြည်းဖြည်း တိုးပွား ကြီးရင့်၍ ခုနစ်ရက်အလီပေါင်း သုံးဆယ်ကျော် လေးဆယ်လောက်၊ လအားဖြင့် ခုနစ်လ ရှစ်လလောက်တိုင်လျှင် ဆံ အမွေး, လက်သည်း ခြေသည်း, သွားတို့သည် ပေါက်ကုန်၏။ ကိုးလ ဆယ်လတိုင်လျှင် သင်တပည့်တို့သည် အမိဝမ်းမှ ဖွားမြင်ခဲ့ကြ၏

တပည့်တို့ - ဤဖြစ်ပုံအစဉ်၌ အမိဝမ်းမှ ဖြည်းဖြည်းမှ ဖွားမြင်သော သတ္တဝါမှာလည်း ဖြည်းဖြည်း တိုးပွားကြီးနှင့်၏။ ဖြည်းဖြည်းဖြစ်၏။ မြန်မြန် ဖွားမြင်သော သတ္တဝါ မှာလည်း မြန်မြန် တိုးပွား ကြီးရင့်လွယ်၏။ မြန်မြန် ဖြစ်လွယ်၏။ ဤကဲ့သို့သော အထူးကိုလည်း သိမှတ်ကြ။

တပည့်တို့ - ဤအမိဝမ်းမှဖွားမြင်၍ ပြင်ပသို့ရောက်သောအခါ အမိဝမ်းတွင်း၌ ဖြစ်သော သင် တပည့်တို့၏ တကိုယ်လုံး ရုပ်ခဲကြီးသည် အကုန်လုံးမရှိပြီ။ အမိ ဝမ်းတွင်းမှ ပြင်ပသို့ မထွက်လာပြီ။ အမိဝမ်းတွင်း၌ပင် ချုပ်ပျက်ကွယ်ပျောက်၍ ကုန်လေ၏

၆။ အမိဝမ်းမှ ဖွားမြင်စ ရုပ်နှင့် ရှေးရုပ်တို့၏ ချုပ်ပျက်ပုံ

တပည့်တို့ - သင်တပည့်တို့၏ အမိဝမ်းမှ ဖွားမြင်စက တကိုယ်လုံး ရုပ်ခဲကြီးသည်လည်း ယခု မရှိပြီ။ ထိုဖွားမြင်စအခါ၌ပင် ချုပ်ပျက်ကွယ်ပျောက်၍ ကုန်လေ၏၊ ရှေးရှေး နှစ် ကာလဖြစ်သော တကိုယ်လုံး ရုပ်ခဲကြီးသည်လည်း ယခုနှစ် ယခုအခါ အကုန်လုံး မရှိပြီ။ထိုရှေးရှေးနှစ်၌ပင် ချုပ်ပျက် ကွယ်ပျောက်၍ ကုန်လေ၏

၇။ ရုပ်အစဉ်တို့၏ ခဏိကအားဖြင့် ဖြစ်ပျက်ပုံ

တပည့်တို့ - အကယ်၍ ပေသိခေါ်သော သွေးခဲ သားတစ်ခဲရုပ်သည် မပျက်စီးဘဲ အမြဲတည်ရှိ၍ နေသည်ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် ရင့်မာသော အသားတုံ ဃနရုပ် မဖြစ်နိုင်ရာ။ အကယ်၍ ဃနရုပ်သည် မပျက်စီးဘဲ အမြဲတည်ရှိ၍ နေသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် အတန်ငယ် ရင့်မာသော ပသာခ ရုပ် မဖြစ်နိုင်ရာ

အကယ်၍ အမိဝမ်းတွင်းရှိ ဖြစ်သောရုပ်သည် မပျက်စီးဘဲ အမြဲတည်ရှိ၍ နေသည် ဖြစ်ငြားအံ့၊ ပြင်ဘက်သို့ ထွက်လာသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် ဤဖွားမြင်၍ ပြင်ပသို့ရောက်သော အခါ၌လည်း အမိဝမ်းတွင်း ရှိသကဲ့သို့ နုဖတ် ကျိချွဲကလေးသာ နေရာ၏။ ရင့်မာစွာမဖြစ်နိုင်၊ ရင့်မာစွာ မဖြစ်နိုင်ရာ။

အကယ်၍ အမိဝမ်းမှ မွေးဖွားစကရုပ်သည် မပျက်စီးဘဲ အမြဲ တည်၍ ယခု ရှိ၍နေသည် ဖြစ်ငြားအံ့၊ ထိုသို့ ဖြစ်ခဲ့လျှင် ယခုလည်း မွေးဖွားစ အခါ၌ကဲ့သို့ နုထွတ်ထွတ်ကလေးသာ နေရာ၊ အလွန် ရင့်မာခြင်း မဖြစ်ရာ။ အကယ်၍ ရှေးရှေး နှစ်ကရုပ်သည် မပျက်စီးဘဲ အမြဲတည်၍ ယခုရှိ၍နေသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် ယခုနှစ် ယခုလည်း ရှေးရှေးနှစ်တုန်းကလို နုပျိုစွာသာ နေရာ၏။ အလွန်ရင့်မာခြင်း မဖြစ်ရာ။ ထိုသို့ကား မဟုတ်၊ အဆင့်ဆင့် ရင့်မာ၍ ရင့်မာ၍ လာ၏

ထို့ကြောင့် တပည့်တို့ - ပေသိရုပ်သည် ဃနရုပ်ဖြစ်သောအခါသို့ မပါပြီဃနရုပ်သည် ပသာခရုပ်ဖြစ်သော အခါသို့ မပါပြီ။ အမိဝမ်းတွင်း၌ ဖြစ်သော အဗ္ဘန္တရိကရုပ်သည် မွေးဖွား၍ ပြင်ဘက်သို့ ကျသောအခါသို့ မပါပြီမွေးဖွား စကရုပ်သည် ယခုမပါပြီ၊ မရှိပြီရှေးရှေးနှစ်က ဖြစ်သော ရုပ်သည် ယခုနှစ် ယခု အခါသို့ မပါပြီ။ ထိုရှေးရှေး အခါ၌ပင် ချုပ်ပျက်ကွယ်ပျောက်၍ ကုန်ကြလေ၏

တပည့်တို့ - ယခုဖြစ်ဆဲ ရုပ်သည်လည်း ယခုအခါ၌ပင် ချုပ်ပျက်ကွယ် ပျောက်ကြ၏။ နောင်နှစ် နောင်အခါသို့ မပါ မလိုက်လတ္တံ့။ တပည့်တို့ အကယ်၍ ယခုဖြစ်ဆဲရှိဆဲ ရုပ်သည် မပျက်စီးဘဲ အမြဲတည်၍ နှောင်နှစ် နောင် အခါသို့ ပါလိုက်သည်ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် နောင်နှစ် နောင်အခါ၌ လည်း ယခုအခါ၌ကဲ့သို့ ရင့်မာစ္စာသာ နေရာ၏။ အိုမင်း ဆွေးမြေ့ခြင်း မဖြစ်ရာ။ ထိုသို့ ကားမဟုတ်။ အိုမင်းဆွေးမြေ့စွာ ဖြစ်ကုန်လတ္တံ့

ထို့ကြောင့် တပည့်တို့ - ယခုဖြစ်ဆဲ ရှိဆဲ ရုပ်သည်လည်း ယခုအခါ၌ပင် ချုပ်ပျက် ကွယ်ပျောက် ကြ၏

တပည့်တို့ - ဤပေသိ ဃန အစရှိသော ရှေးရှေးရုပ်၊ ယခုဖြစ်ဆဲရုပ် နောင် ဖြစ်လတ္တံ့သော ရုပ်တို့၏ ခဏိကအားဖြင့် ဖြစ်ပျက်၍နေမှု ဥဒယဝယ သဘောကို ဤသို့ အနုစိတ်အားဖြင့် သိမြင်ရာ၏။ ကြက်ဥကို မီးကင်လျှင် တဖြည်းဖြည်း ဖန့်၍ မာ၍သွားဘိသကဲ့သို့၎င်း၊ ရွှံ့ကိုနေလှန်းလျှင် မီးကင်လျှင်တဖြည်းဖြည်းဖန့်၍ ရင့်မာ၍ သွားဘိသကဲ့သို့၎င်း ထို့အတူ -

တပည့်တို့ - သင်တပည့်တို့၏ ပေသိအစရှိ သော ဤကိုယ်ကောင် ရုပ်မှုန့်ခဲကြီးသည် အမိဝမ်းတွင်း နေစဉ်အခါ၌ ဗဟိဒ္ဓက အမိ၏ ဥသ္မာမီးရှိန် အပူမြိုက်ခြင်းကြောင့်၎င်း မွေးဖွားပြီး၍ ပြင်ဘက်သို့ ရောက်သောအခါ ဗဟိဒ္ဓက သီတမီးရှိန် ဥဏှမီးရှိန် တို့သည်မြိုက်ခြင်းကြောင့်၎င်း၊ မိမိအတွင်း သန္တာန်က ဇီရဏမီးရှိန် မြိုက်ခြင်းကြောင့်၎င်း၊ သင်္ခါရတရားတို့၏ အစဉ်ပဗန္ဓ အားဖြင့်လည်း ဖြစ်ပြီးလျှင် ရင့်မြဲ ဆွေးမြေ့မြဲ ဓမ္မတာသဘော ဖြစ်ခြင်းကြောင့်၎င်း တဖြည်းဖြည်း ရင့်မာ၍ ရင့်မာ၍ လာ၏။ လာပုံကား-

တပည့်တို့ - ပေသိခေါ်သော သွေးခဲ သားတစ်ခဲ ရုပ်နုမှုန့်ကလေးတွေသည် ဖြစ်ပေါ်ပြီးလျှင် ဟောင်းမြင်း ဆွေးမြေ့လျက် ချုပ်ပျက် ကွယ်ပျောက်၍ သွားကြကုန်၏။ ထိုချုပ်ပျက် ကွယ်ပျောက် သောနေရာ၌ အကြောင်းတို့ကြောင့် အသစ်သော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကြ၏။

တပည့်တို့ - ထိုသို့ ဖြစ်ပေါ်လာရာ၌ ယခင်ချုပ်ကွယ်လေသော ရုပ်မှုန့်ကလေး တွေကဲ့သို့ အလွန် နုသော ရုပ်မှုန့်မဟုတ်၊ ဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ကြောင့် အတန်ငယ်ရင့်သော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာရ၏၊ ထိုအတန်ငယ်ရင့်သော ရုပ်မှုန့်ကလေးတွေ လည်းဖြစ်ပေါ်ပြီးလျှင် ဟောင်းမြင်း ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြ၏

ထိုချုပ်ကွယ်သော နေရာ၌ အကြောင်းတို့ကြောင့် ရုပ်သစ် ပေါ်လာရသောအခါ သည့်ထက်ရင့်သော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကြ၏။ ထိုသည့်ထက် ရှင့်သော ရုပ်မှုန့်ကလေးတွေလည်း ဖြစ်ပေါ်ပြီး လျှင် ဟောင်းမြင်း ဆွေးမြေ့ လျက် ချုပ်ကွယ်၍ သွားကြပြန်၏။ ထိုချုပ်ကွယ်သောနေရာ၌ အကြောင်း တို့ကြောင့် ရုပ်သစ် ဖြစ်ပေါ်လာပြန်သောအခါ သည့်ထက်ပင် ရင့်သော ရုပ်မှုန့် ကလေးတွေ ဖြစ်ပေါ်လာကြ၏။

တပည့်တို့ - ဤကဲ့သို့ သည့်ထက်ရင့် သည့်ထက်ရင့်အားဖြင့် ရေခန်းပုံ ဥပမာ ကဲ့သို့ မရပ်မနား အဆင့်ဆင့် ရင့်၍ ရင့်၍ လာခြင်းကြောင့် အတန်ကြာလျှင် ပေသိရုပ်ထက် အတန်ငယ်ရင့်သော ဃနရုပ်ဟု ခေါ်ရ၏၊ ထို့ထက် အတန်ကြာလျှင် ဃနရုပ်ထက် အတန်ငယ်ရင့်သော ပသာခရုပ် အဗ္ဘန္တရိကရုပ်ဟု ခေါ်ရ၏။

ထို့ထက် အတန်ကြာပြန်လျှင် အဗ္ဘန္တရိကရုပ်ထက် အတန်ငယ်ရင့်သော မွေးဖွား ပြီးသော ဝိဇာတ ရုပ်ဟု ခေါ်ရ၏။ ထို့ထက် အတန်ကြာပြန်လျှင် ဖွားမြင်စ ဝိဇာတရုပ်ထက် အတန်ငယ်ရင့်သော တနှစ်သား အခါလည်သား ရုပ်ဟု ခေါ်ရ၏။ ထို့ထက် ကြာပြန်လျှင် ပဌမအရွယ်ရုပ်, ဒုတိယ အရွယ်ရုပ်, တတိယ အရွယ်ရုပ် ဟု အစဉ်အတိုင်း ဖြစ်၍သွား၏။

တပည့်တို့ - ဤတတိယအရွယ်သို့ ကျ၍ အရင့်မာဆုံး ရုပ်မှုန့်ကလေးတွေသည် ဖြစ်ပေါ်ပြီးလျှင် ဟောင်းမြင်း ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြ၏။ ထို ချုပ်ကွယ်သော နေရာ၌ အကြောင်း တို့ကြောင့် ရုပ်သစ်ဖြစ်ပေါ်လာသောအခါ အတန်ငယ်ဆွေးမြေ့သော ရုပ်မှုန့် ကလေးတွေ ဖြစ်ပေါ် လာကြ၍ ထိုအတန်ငယ် ဆွေးမြေ့သော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာပြီးလျှင် ဟောင်းမြင်း ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြ၏

ထိုချုပ်ကွယ်သောနေရာ၌ အကြောင်းတို့ကြောင့် ရုပ်သစ်ဖြစ်ပေါ် လာပြန်သောအခါ သည့်ထက် ဆွေးမြေ့သော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကြ၏။ ထိုသည့်ထက် ဆွေးမြေ့သော ရုပ်မှုန့် ကလေးတွေလည်း ဖြစ်ပေါ်ပြီးလျှင် ဟောင်းမြင်း ဆွေးမြေ့ လျက် ချုပ်ကွယ်၍ သွားကြပြန်၏။ ထိုချုပ်ကွယ်သော နေရာ၌ အကြောင်းတို့ကြောင့် ရုပ်သစ်ဖြစ်ပေါ်လာပြန်သော အခါသည့်ထက်ပင် ဆွေးမြေ့သောရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကြ၏။

တပည့်တို့ - ဤကဲ့သို့ သည့်ထက်ဆွေးမြေ့ သည့်ထက် ဆွေးမြေ့ အားဖြင့် ရေခန်းပုံကဲ့သို့ မရပ်မနား အဆင့်ဆင့် ဆွေးမြေ့၍ ဆွေးမြေ့၍ သွား၏။ အလွန် ဆွေးမြေ့ဖန် များသောအခါ သွားတွေ ကျိုး၍ကုန်၏။ ထိုထက်အလွန် ဆွေးမြေ့ဖန် များသောအခါ သေကြေပျက်စီး၏။ သေပြီးသည့်နောက် အသား, အကြော,အရေ, ဆံပင် မွေးညှင်း, အရိုးတို့သည် မှုန့်မှုန့်ညက်ညက် လက်ဖြင့် ချေမွရအောင်ပင် ဆွေးမြေ့ လျက် အစတုံး ချုပ်ပျက်ကွယ်ပျောက်၍ သွားကြကုန်၏

တပည့်တို့ - ဤကဲ့သို့ ကလလရေကြည်မှစ၍ သင်တပည့်တို့၏ ကိုယ်ကောင် သမူဟရုပ်ခဲကြီး၌ ပရမတ္ထရုပ်ကလာပ် ရုပ်မှုန့်ကလေး အသစ်အသစ် ဖွားဖွား ဖွားဖွား ဖြစ်ပေါ်၍နေမှု ဥဒယ သဘော ဖြစ်ပေါ်ပြီးလျှင် ဟောင်းမြင်း ဆွေးမြေ့လျက် ရိပ်ရိပ် ရိပ်ရိပ် ချုပ်ကွယ်၍နေမှု ဝယ သဘောတို့ကို ယခုငါဆရာ ဟောပြောခဲ့ပြီးသော အတိုင်း ရှေဦးစွာ သညာဖြင့်မှတ်၍ ဝိညာဏ်ဖြင့်သိ၍ ထိုသိသော မှတ်မိသော အတိုင်း ဉာဏ်မျက်စိဖြင့် လင်းလင်း ခြင်းခြင်း ထင်မြင်၍ လာအောင် အဖန်ဖန် ကြံစည်ကြည့်ရှုကြ။ ကြံစည်ကြည့်ရှုဖန် များသောအခါ ထင်မြင်၍လာလိမ့်မည်

တပည့်တို့ - အရိယာတို့၏ အဆုံးအမ တရားတို့၌ မလိမ်မာသော ပုဂ္ဂိုလ်တို့မှာကား- ဤ ကလလရေကြည် အရည်ဘဲ ခဲမာ၍လာ၏။ ဤ အခဲဘဲ ရင့်မာတိုးပွား၍ အကောင်ကလေး ဖြစ်၍ လာ၏။ ဤဝမ်းထဲကအကောင် ကလေးဘဲ ပြင်ဘက်သို့ ထွက်၍လာ၏။ ဤမွေးဖွားစက အကောင် ကလေး ဖြစ်သော ရုပ်ဘဲ ရင့်၍ ရင့်၍ ကြီး၍လာ၏။ ဤရင့်မာသောရုပ်ဘဲ အိုမင်းဆွေး မြေ့၌သွား၏ဟု တခုတည်း မှတ်ထင်၍ နေကြသည်

တပည့်တို့ - သင်တပည့်တို့မှာ အရိယဓမ္မ အကောဝိဒ ပုဂ္ဂိုလ်တို့ကဲ့သို့ မမှတ်ထင်ကြနှင့်၊ ယခု ငါဆရာဟောပြခဲ့ ပြီးသောအတိုင်း အပိုင်းပိုင်းပြတ်၍ နေပုံကို ထင်မြင်အောင် ကြည့်ရှုကြ

တပည့်တို့ - သင်တပည့်တို့ကသာ စားကာ သောက်ကာ ပြောဟောကာ ချမ်းချမ်း သာသာ ရပ်နား၍ နေကြ၏။ ရုပ်တို့မူကား မရပ်မနားကြပြီ၊ ဖြုတ်ဖြုတ် ဖြုတ်ဖြုတ်နှင့် ပျက်ဆဲပင်တည်းရင့်ဆဲ ပင်တည်း။ သင် တပည့်တို့ကသာ စိတ်ချ လက်ချ အိပ်၍ နေကြ၏။ ရုပ်တို့ကမူကား မအိပ်ကြပြီ။ ဖြုတ်ဖြုတ် ဖြုတ်ဖြုတ်နှင့် ပျက်ဆဲပင်တည်းရင့်ဆဲပင်တည်း

တပည့်တို့ - ဤ မိမိကိုယ်၌ ရုပ်တို့ဖြစ်ပျက်၍ နေပုံကို ကြည့်ရှုဘိသကဲ့သို့ သူတပါးကိုယ်၌ ရုပ်တို့ဖြစ်ပျက်၍ နေပုံကိုလည်း ကြည့်ရှုကြ။ မိမိကိုယ်၌ ဖြစ်ပျက်ပုံကိုမြင်လျှင် သူတပါးကိုယ်၌ ဖြစ်ပျက်ပုံတို့ ကိုလည်း မြင်နိုင်တော့သည် ပင်တည်း

ဤသတ္တဝါ သန္တာန် အဇ္ဈတ္တရုပ်တို့ ဖြစ်ပျက်ပုံကိုမြင်လျှင် ရေ မြေ, တော, တောင်, သစ်ပင် စသော ဗဟိဒ္ဓရုပ်တို့ ဖြစ်ပျက်ပုံကိုလည်း မြင်နိုင်တော့သည်ပင်တည်း။ တပည့်တို့- ဤဗဟိဒ္ဓရုပ်၌ သစ်ပင်တို့ သည်လည်း အနုမှသည် အရင့်, အရင့်မှသည် အဆွေးအမြေ့အားဖြင့် ဖြစ်ပျက်နေသည်ပင်တည်း။ သတ္တဝါသန္တာန်၌ကဲ့သို့ ထင်မြင်အောင် ကြည့်ရှုကြ

စကြဝဠာကြီး တခုလုံးသည်လည်း အရည်မှသည် ရွှံ့ပျော့အဖတ်နု, အဖတ်နုမှသည် အဖတ်ရင့်, အရင့်မှသည် အလွန်ရင့်မာ, အလွန်ရင့်မာမျိုးသည် ကာလ ရှည်ကြာအောင် များစွာ ဆက်လက်၍ ကမ္ဘာပျက်သောအခါ ဆွေးမြေ့၍ အစတုံး ချုပ်ကွယ် ပျောက်ပျက်လတ္တံ့

တပည့်တို့- ထင်မြင်အောင် ကြည့်ရှုကြကုန်လော့

တပည့်တို့ - ဤသို့ အနိစ္စရှု၍ ထင်မြင်ရာ၌လည်း မိမိရုပ်ကို အနိစ္စထင်မြင်မှ သာလျှင် ကိစ္စပြီးစီး၏။ မိမိရုပ်ကို အနိစ္စမထင်မြင်ဘဲလျက် သူတပါးရုပ် ဗဟိဒ္ဓ ရုပ်တို့ကို အနိစ္စ ထင်မြင်ရုံမျှဖြင့် ကိစ္စမပြီးပြီ။ ထိုသို့ပင်ဖြစ်သော်လည်း သူတပါးရုပ် ဗဟိဒ္ဓရုပ်တို့ကို ထင်မြင်လျှင်လည်း မိမိရုပ်ကိုလည်း ထင်မြင်နိုင်တော့၏

ထို့ကြောင့်ဘဲ တပည့်တို့ - သူတပါး သေကြေပျက်စီးသည်ကို တွေ့မြင်၍ ငါလည်း ဤသူကဲ့သို့ သေကြေပျက်စီးရလတ္တံ့။ ငါ၏ ရုပ်သည်လည်း မမြဲပါကလားဟု မိမိ ကိုယ်ကို သူတပါးနှင့် ထပ်တူဆောင်ရွက်လျက် အနိစ္စ ထင်မြင်၍ အရိယာ အဖြစ်သို့ ရောက်လေသော သူတို့သည်ကား မရေတွက်နိုင်အောင် များပြားကုန်၏

တပည့်တို့ - အောက်က ထုတ်ပြခဲ့သော သတ္တသူရိယသုတ်၌ ရဟန်းငါးရာတို့ သည်လည်း ဗဟိဒ္ဓရုပ်တို့ အနိစ္စဖြစ်ပုံကို ကြားနာရှုမြင်၍ မိမိရုပ်ကို ဗဟိဒ္ဓနှင့် ထပ်တူဆောင်၍ အနိစ္စ ထင်မြင်ကြသဖြင့် ရဟန်းကိစ္စ ပြီး၍သွားကြ၏။ ထိုပြင် သစ်ရွက်ကြွေကျ ပျက်စီးသည်ကိုမြင်၍ ကြာပန်း ညှိုးနွမ်းပျက်စီးသည်ကို မြင်၍ ထိုဗဟိဒ္ဓရုပ်နှင့် မိမိရုပ်ကို ထပ်တူဆောင်၍ အနိစ္စ ထင်မြင်ကြသဖြင့် ရဟန်းကိစ္စ ပြီး၍သွားသောသူ, ပစ္စေကဗုဒ္ဓါဖြစ်၍ သွားသောသူတို့သည်လည်း အတိုင်းမသိ များကုန်၏

၁။ ဘုရားရှင် လက်ထက်ကလည်း တပည့်တို့- ထေရိကာမည်သော သာဝတ္ထိမြို့သူ တကာမ တယောက်သည် သီတင်းနေ့ ဥပုသ်စောင့်လျက် ဘုရားအထံမှ အနိစ္စ တရားကိုနာခဲ့၍ အိမ်သို့ ကျသောအခါ တနေ့သ၌ ဆီ ထောပတ် များစွာ ထည့်၍ ဟင်းချက်၏။ ဟင်းရွက်ခြောက်တို့ကိုလည်း ခတ်၏။ ထိုဟင်းရွက်ခတ်ဆဲ၌ ဟင်းအိုးဝေဖိတ်၍ ဆီထောပတ်တို့ကြောင့် မီးတောက်ထလျက် ဟင်းအိုး ဟင်းရွက် တို့သည် အကုန်လုံးလောင်ကျွမ်း၍ သွားကုန်၏

ထိုသို့လောင်ကျွမ်း၍ သွားသည်ကိုမြင်လျှင် ငါ၏ ကိုယ်ခန္ဓာသည်လည်း ဤဟင်းအိုး ကဲ့သို့ ကွဲပျက် လတ္တံ့။ ငါ၏ရုပ်သည်လည်း ဤဟင်းအိုး ဟင်းရွက်ကဲ့သို့ ဇရာမီး မရဏမီးတို့သည် အမြဲလောင်၍ ခဏခြင်းချုပ်ပျက်၍ ချုပ်ပျက်၍ နေချေ၏ဟု မိမိရုပ်ကို ဟင်းအိုး ဟင်းရွက်ရုပ်တို့နှင့် ထပ်တူ ဆောင်လျက် အနိစ္စရှုလေလျှင် ထင်မြင်၍ ခဏခြင်း မီးဖိုဆောင်ထဲ၌ပင် အနာဂါမ် တည်၍ သွားလေ၏

ထို့နောင် လူ့ဘောင်မှ ထွက်၍ ဘုရားအထံ၌ ရဟန်းပြုပြီးလျှင် အထက် မဂ် ဖိုလ် အလို့ငှါ ဝိပဿနာကို တယောက်ထည်း အားထုတ်၍ နေသည်ကို ဇေတဝန် ကျောင်းတော် ဂန္ဓကုဋိတိုက်မှ မြတ်စွာဘုရား မြင်လေလျှင် အရောင်တော်ကို လွှတ်လျက် ကိုယ်တော်ကို ထင်ရှားပြ၍ -

သုခံ သုပ္ပါဟိ ထေရိကေ၊ ကတွာ စောလေန ပါရုတာ။
ဥပသန္တော ဟိ တေ ရာဂေါ၊ သုက္ခဍာကံဝ ကုမ္ဘိယံ။

ထေရီဂါထာ ပါဠိတော်

ထေရိကေ၊ အို-ချစ်သ္မီးထေရိကာ။
တွံ၊ သင်သည်။
စောလေန၊ ဖန်ရည် ဆိုးစွတ် ပံသုကူအဝတ်ကို။
ကတွာ၊ ချုပ်ဆိုးခြင်းကိုပြု၍။
ပါရုတာ၊ ဝတ်ရုံလျက်။
သုခံ၊ ချမ်းချမ်းသာသာ။
သုပ္ပါဟိ၊ အိပ်လော့-နေလော့။
ဟိ၊ အဘယ်ကြောင့်နည်းဆိုသော်။
ကုမ္ဘိယံ၊ သင်ချက်အပ်သော ဟင်းအိုး၌။
သုက္ခဍာကံဝ၊ ဟင်းရွက်ခြောက်ကဲ့သို့။
တေ၊ သင်အား-သင်၏။
ရာဂေါ၊ လုံးစုံဒုက္ခ ဘေးဘယကို ဖြစ်စေတတ်သော ကာမရာဂသည်။
ဥပသန္တော၊ မဂ်ဉာဏ်မီးကြောင့် အပြီးတိုင်လောင်ကျွမ်း ချုပ်ငြိမ်းလေပြီ

ဟူ၍ ဩဘာသဂါထာကို အားပေး ဟောကြားသောအခါ အလွန်တရာ အားတက် ဝမ်းမြောက်လျက် ဝိပဿနာကို တိုးပွားစေ၍ ဂါထာ၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်၍ သွားလေ၏

တပည့်တို့ - ဤကဲ့သို့ ဗဟိဒ္ဓရုပ်ကို အနိစ္စထင်မြင်လျှင်လည်း မိမိကိုယ်ခန္ဓာကိုလည်း ထင်မြင်နိုင် တော့၏

ထို့ကြောင့် သင်တပည့်တို့သည်လည်း မိမိသန္တာန်, သူတပါးသန္တန်, ဗဟိဒ္ဓသန္တာန်၌ ရှိသော အလုံးစုံသော ရုပ်ကိုပင် အနိစ္စထင်မြင်အောင် ကြည့်ရှုကြ။ ကြည့်ရှုဖန် များသောအခါ ထင်မြင်၍ လာလိမ့်မည်

🍛 ရုပ်တို့၏ဖြစ်ပျက်ပုံကို အာဟာရအားဖြင့် ရှုပုံကိုပြခြင်း

၂။ တပည့်တို့ - ရုပ်တို့၏ ဖြစ်ပျက်မှုကို အာဟာရအားဖြင့်လည်း ဤသို့ ကြည့်ရှုရာ၏။ တပည့်တို့ - ဝမ်းထဲ၌ အစာအာဟာရ နည်းလျှင် တကိုယ်လုံးရှိ ရုပ်တို့သည် ညှိုနွမ်းခြောက်သွေ့စွာ ဖြစ်ကြကုန်၏။ အာဟာရဇရုပ်နည်းသဖြင့် တကိုယ်လုံး၌ ရုပ်တွေနည်း၍ ချောင်၍ ဟာ၍ ကုန်ခြင်း ကြောင့် လူလည်း မောပန်းချည့်နဲ့၏။ ဝမ်းထဲ၌ အစာအာဟာရများလျှင် တကိုယ်လုံးရှိ ရုပ်တို့သည် ရွှင်လန်း စိုရွှမ်းစွာ ဖြစ်ကြကုန်၏။ အာဟာရဇရုပ်တွေ များ၍လာသဖြင့် တကိုယ်လုံး၌ ရုပ်တွေပြည့်၍ တောင့်တင်း၍ နေခြင်းကြောင့် လူလည်း မမော ပန်းပြီ မချည့်နဲ့ပြီ အားရှိ၏

တပည့်တို့ - ဤကဲ့သို့ အစာအာဟာရနည်း၍ ရုပ်တွေ့ညှိုးနွမ်း ခြောက်သွေ့စွာ ဖြစ်ကုန်သောအခါ အစာအာဟာရ များတုန်းက ရွှင်လန်း စိုရွှမ်းသော တကိုယ်လုံး ရုပ်တွေသည် အကုန်လုံး မရှိပြီချုပ်ပျက် ကွယ်ပျောက်၍ ကုန်လေ၏။ အစာ အာဟာရများ၍ ရုပ်တွေ ရွှင်လန်း စိုရွှမ်းစွာဖြစ်၍ ကုန်သောအခါ အစာ အာဟာရ နည်းတုန်းက ညှိုးနွမ်းခြောက်သွေ့သော တကိုယ်လုံးရုပ်တွေသည် အကုန်လုံးမရှိပြီချုပ်ပျက်ကွယ်ပျောက်၍ ကုန်လေ၏

တပည့်တို့ - အကယ်၍ ရွှင်လန်း စိုရွှမ်းသောရုပ်သည် မပျက်စီးဘဲ အမြဲတည်ရှိ၍ နေသည် ဖြစ်ငြားအံ့။ ထိုသို့ဖြစ်ခဲ့လျှင် ညှိုးနွမ်းခြောက်သွေ့စွာ မဖြစ်နိုင်ရာ။ ညှိုးနွမ်းခြောက်သွေ့သော ရုပ်သည်လည်း မပျက်စီးဘဲ အမြဲတည်ရှိ၍ နေသည် ဖြစ်ငြားအံ့။ ထိုသို့ဖြစ်ခဲ့လျှင်လည်း ရွှင်လန်း စိုရွှမ်းစွာ မဖြစ်နိုင်ရာ။ ထိုသို့ကားမဟုတ် ဖြစ်ကားဖြစ်၏။ ထို့ကြောင့် တပည့်တို့ - ဤ ရွှင်လန်း စိုရွှမ်းသောရုပ် ညှိုးနွမ်း ခြောက်သွေ့သော ရုပ်တို့သည် အကုန်လုံး မမြဲကြပြီချုပ်ပျက် ကွယ်ပျောက်၍သာ ကုန်ကြလေ၏

တပည့်တို့ - ဤ ညှိုးနွမ်းသောရုပ် ရွှင်လန်းသောရုပ်တို့ ချုပ်ကွယ်ကြသော အခါမှာလည်း ရွှင်လန်းသော ရုပ်မှုန့်ကလေးတွေ ချုပ်၍ ညှိုးနွမ်းသော ရုပ်မှုန့် ကလေးတွေ သည့်ထက် ညှိုးနွမ်း သည့်ထက် ညှိုးနွမ်းခြင်းအားဖြင့် ရေခန်းပုံကဲ့သို့ မရပ်မနား အမျိုးမျိုး အဆင့်ဆင့်ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံ၊ ညှိုးနွမ်းသော ရုပ်မှုန့်ကလေးတွေ ချုပ်၍ ရွှင်လန်းသော ရုပ်မှုန့်ကလေးတွေ သည့်ထက်ရွှင်လန်း သည့်ထက် ရွှင်လန်းခြင်းအားဖြင့် မရပ်မနား အမျိုးမျိုး အဆင့် ဆင့်ဖြစ်၍ဖြစ်၍ ချုပ်ကွယ်ပုံတို့ကို အောက်က ဟောကြားခဲ့ပြီးသော နည်းကိုမှီ၍ နေရာကျသိ၍ ထင်မြင်အောင် ကြည့်ရှုကြ

တပည့်တို့ - ဤအစာ အာဟာရကို စားသောက် မျိုသွင်းရာ၌ မသင့် မတင့်သော အစာ အာဟာရကို စားသောက်ခြင်းကြောင့် ဤကိုယ် သမူဟကလာပ်ကြီး၌ အအေး အမျိုးမျိုး အပူအမျိုးမျိုး အညောင်း အမျိုးမျိုး အကိုက်အမျိုးမျိုး အနာအမျိုးမျိုး ရောဂါအမျိုးမျိုးတို့ ဖြစ်ပေါ်လာသော အခါတို့၌လည်း ရုပ်မှုန့်ကလေးတွေ မရပ်မနား အမျိုးမျိုး အဆင့်ဆင့်ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံကိုလည်း ရှေး နည်းတူပင် ထင်မြင်အောင် ကြည့်ရှုကြ

တပည့်တို့ - ဗဟိဒ္ဓရုပ်တို့တွင် သစ်ပင်ဟူသော ဗဟိဒ္ဓရုပ်သည် ရေဟူသော အစာအာဟာရကို မှီဝဲရလျှင် ရွှင်လန်း စိုရွှမ်းစွာဖြစ်၏။ မမှီဝဲရလျှင် ညှိုးနွမ်း ခြောက်သွေ့စွာ ဖြစ်၏။ ထိုသို့ ဖြစ်သောအခါတို့၌ ညှိုးနွမ်းသော ရုပ်မှုန့်ကလေးတွေ ချုပ်၍ ရွှင်လန်းသော ရုပ်မှုန့်ကလေးတွေ သည့်ထက်ရွှင်လန်း သည့်ထက် ရွှင်လန်း အားဖြင့် မရပ်မနား အမျိုးမျိုး အဆင့်ဆင့်ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံ ရွှင်လန်းသော ရုပ်မှုန့်ကလေးတွေ ချုပ်၍ ညှိုနွမ်းသော ရုပ်မှုန့်ကလေးတွေ သည့်ထက် ညှိုးနွမ်း သည့်ထက် ညှိုးနွမ်းအားဖြင့် မရပ်မနား အမျိုးမျိုး အဆင့် ဆင့်ဖြစ်၍ ဖြစ်၍ ချုပ်ကွယ် ကြပုံကိုလည်း ထင်မြင်အောင် ကြည့်ရှုကြ

🌡 ရုပ်တို့၏ ဖြစ်ပျက်ပုံကို ဥတုအားဖြင့် ရှုပုံကိုပြခြင်း

၃။ တပည့်တို့ - ရုပ်တို့၏ ဖြစ်ပျက်မှုကို ဥတုအားဖြင့်လည်းဤသို့ ကြည့်ရှုကြရာ၏။ တပည့်တို့ - ဗဟိဒ္ဓက အမျိုးမျိုးသော သီတဥတု, ဥဏှဥတုတို့နှင့် တွေ့ကြုံ ခြင်းကြောင့် ထိုဗဟိဒ္ဓဥတုတွေ အားပေးခြင်းကြောင့် ဤကိုယ်သမူဟ ကလာပ် ကြီးသည် အအေးခဲ, အချမ်းခဲ အအိုက်ခဲ, အပူခဲဖြစ်၍ ဖြစ်၍ နေ၏။

တပည့်တို့ - ထိုသို့ ဖြစ်သော အခါတို့၌ အိုက်ပူသော ရုပ်မှုန့်ကလေးတွေ ချုပ်၍ အေးသော ရုပ်မှုန့် ကလေးတွေ သည့်ထက်အေး သည့်ထက်အေးအားဖြင့် မရပ်မနား အမျိုးမျိုး အဆင့်ဆင့်ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံ အေးသော ရုပ်မှုန့်ကလေးတွေ ချုပ်၍ နွေးသော ရုပ်မှုန့်ကလေးတွေ သည့်ထက်နွေး သည့်ထက်နွေး အားဖြင့် မရပ်မနား အမျိုးမျိုး အဆင့်ဆင့် ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံတို့ကို ရှေးနည်းကို မှီ၍ နေရာကျ သိ၍ ထင်မြင်အောင် ကြည့်ရှုကြ

တပည့်တို့ - ထိုဗဟိဒ္ဓဥတုရုပ်တို့နှင့် တွေ့ကြုံရာ၌ မသင့်မတင့်သော ဥတုတို့နှင့် တွေ့ကြုံခြင်းကြောင့် ဤကိုယ် သမူဟကလာပ်ကြီးနှင့် အအေး အမျိုးမျိုး အပူ အမျိုးမျိုး အညောင်း အမျိုးမျိုး အကိုက် အမျိုးမျိုး အနာအမျိုးမျိုး ရောဂါအမျိုးမျိုးတို့ ပေါ်လာသောအခါတို့၌လည်း ရုပ်မှုန့်ကလေးတွေ အမျိုးမျိုး အဆင့်ဆင့် ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံကိုလည်း ထင်မြင်အောင် ကြည့်ရှုကြ

တပည့်တို့ - သစ်ပင်, တော, တောင်, ရေ မြေ ကျောက်သံ အစရှိသော ဗဟိဒ္ဓရုပ် တို့သည်လည်း ဗဟိဒ္ဓဥတုတွေ အားပေးခြင်းကြောင့် အအေးဖြစ်ချည် အပူဖြစ်ချည် ဖောက်ပြန် ဖောက်ပြန်၍ နေကြကုန်၏။ ရွှေ ငွေ သံကြေး ခဲ ချိပ်, ဖယောင်း စသော ရုပ်တို့မှာကား အရည်ဖြစ်ချည် အဖတ်ဖြစ်ချည် အားဖြင့်လည်း ဖောက်ပြန်၍ ဖောက်ပြန်၍ နေကြကုန်၏

တပည့်တို့ - ဤကဲ့သို့ အမျိုးမျိုးဖောက်ပြန်သွားသော အခါတို့၌ ရုပ်မှုန့်ကလေးတွေ မရပ်မနား အမျိုးမျိုး အဆင့်ဆင့် ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံကိုလည်း ရှေးနည်းကို မှီ၍ နေရာကျသိ၍ ထင်မြင်အောင် ကြည့်ရှုကြ

💭 ရုပ်တို့၏ဖြစ်ပျက်ပုံကို စိတ်အားဖြင့် ရှုပုံကိုပြခြင်း

၄။ တပည့်တို့ - ရုပ်တို့၏ ဖြစ်ပျက်မှုကို စိတ်အားဖြင့်လည်း ဤသို့ ကြည့်ရှု ကြရာ၏။

တပည့်တို့ - ရွှင်လန်း ဝမ်းမြောက်သော သောမနဿစိတ် ဖြစ်သောအခါ တကိုယ်လုံးရှိ ရုပ်တို့သည် ရွှင်လန်း စိုရွှမ်းစွာ ဖြစ်ကြကုန်၏။ နှလုံးမသာသော ဒေါမနဿစိတ် ဖြစ်သောအခါ တကိုယ်လုံးရှိ ရုပ်တို့သည် ညှိုးနွမ်း ခြောက်သွေ့စွာ ဖြစ်ကြကုန်၏။ ဝမ်းမမြောက်, ဝမ်းမနည်း, အလယ် အလတ် ဥပေက္ခာစိတ် ဖြစ်သောအခါ တကိုယ်လုံးရှိ ရုပ်တို့သည် မညှိုးမလန်း အလယ် အလတ်အားဖြင့် ဖြစ်ကြကုန်၏

အားကြီးသော ရာဂစိတ် ဖြစ်သောအခါ အားကြီးသော ဝီရိယစိတ် ဖြစ်သောအခါ အားကြီးသော အကြံအစည် ဝိတက်စိတ် ဖြစ်သောအခါတို့၌ တကိုယ်လုံးရှိ ရုပ်တို့သည် ကြွရွလှုပ်ရှားစွာ ပူအိုက်စွာ ဖြစ်တတ်၏။ ကြံစည်၍ အကြံမပိုင်နိုင်လျှင် တကိုယ်လုံး ချွေးလုံးကြီးများ ကျအောင်ပင်အိုက်၍ ပူ၍ လာတတ်၏

သမာဓိစိတ် ဖြစ်သောအခါ တကိုယ်လုံးရှိ ရုပ်တို့သည် ငြိမ်သက်စွာ ငြိမ်းချမ်းစွာ ဖြစ်ကြကုန်၏။ အားကောင်းသော သမာဓိနှင့် ယှဉ်သော ပညာစိတ် ဖြစ်သောအခါ တကိုယ်လုံးရှိရုပ်တို့သည် အလွန် ရွှင်လန်း ကြည်လင်စွာ ဖြစ်ကြကုန်၏အရောင်တောက်ပစွာ ဖြစ်ကြကုန်၏ကိုယ်ရောင်များတောင် ထွက်တတ်၏

ပူပန်သော ဒေါသစိတ်၊ မြင်ပြင်းသော ဒေါသစိတ်တို့ကား ရုပ်ပူကို ဖြစ်စေတတ်၏။ ကြောက်ရွံ့ ထိတ်လန့်သော ဒေါသစိတ်၊ စိတ်နာသော ဒေါသစိတ်၊ သနားသော အသည်းနာသော ကရုဏာစိတ်၊ နှစ်သက်သော ပီတိ စိတ်တို့ကား ရုပ်အေးကို ဖြစ်စေတတ်၏။ အေးအားကြီးလျှင် နှလုံးသွေးပြစ်ချွဲ၍ စိတ်နုန့်လျက် မေ့တတ်၏။ သေတောင် သေတတ်၏

သင်္ခါရဘေးကို ကြောက်ရွံ့ ထိတ်လန့်သော ဉာဏသံဝေဂစိတ်လည်း ရုပ်အေးကိုပင် ဖြစ်စေတတ်၏။ တပည့်တို့ - ဉာဏသံဝေဂစိတ် ဖြစ်ပေါ်လာသောအခါ ကြက်သီး တဖြန်းဖြန်း ကျောတချမ်းချမ်းနှင့် နေတတ်၏

တပည့်တို့ - ဤကဲ့သို့ အမျိုးမျိုးသော စိတ်တို့ကြောင့် ဤကိုယ် သမူဟကလာပ်ကြီး၌ ရုပ်တွေ အမျိုးမျိုး ဖြစ်ပေါ်လာ သောအခါတို့၌လည်း ရုပ်မှုန့်ကလေးတွေ မရပ်မနား အမျိုးမျိုး အဆင့်ဆင့် ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံကို ရှေးနည်းကိုမှီ၍ နေရာကျသိ၍ ထင်မြင်အောင် ကြည့်ရှုကြ

ရုပ်တို့၏ ဖြစ်ပျက်ပုံကို ဣရိယာပထအားဖြင့် ရှုပုံ

၅။ တပည့်တို့ - ရုပ်တို့၏ ဖြစ်ပျက်မှုကို ဣရိယာပုထ်အားဖြင့်လည်း ဤသို့ ကြည့်ရှုရာ၏။ တပည့်တို့ - သင်တပည့်တို့သည် ယခု ငါ၏ အထံ၌ တရားနာအံ့ သောငှါ ရှေးဦးစွာ ဆောင့်ကြောင့် ဖြစ်စေ, ညာဘက် တင်ပါးနှင့်ဖြစ်စေ ဘယ်ဘက် တင်ပါးနှင့်ဖြစ်စေ တစုံတခုဖြင့် ထိုင်နေကြ၏။

အကယ်၍ ဆောင့်ကြောင့် ထိုင်သည်ဖြစ်အံ့၊ ထိုဆိုင်စအခါ ခြေဖဘဝါး ခြေသားလုံး တို့သည် ပူသည် နာကျင်သည် ဟူ၍မရှိ၊ နောင်ထိုင်၍ အတော် ကြာသောအခါ ပူ၍နာကျင်လာ ကုန်၏။ ထိုပူ၍ နာကျင် ၍လာကုန်သောအခါ ထိုင်စက ခြေဖဝါးကြီး ခြေသား လုံးကြီး ခြေထောက်ကြီး တခုလုံး မရှိဘူး။

တပည့်တို့ - အဘယ့်ကြောင့်နည်း ဆိုသော် တပည့်တို့ - အကယ်၍ ထိုင်စက ခြေဖဝါးကြီး ခြေသားလုံးကြီး ခြေထောက်ကြီးသည် မပျက်စီးဘဲ အမြဲ တည်ရှိ၍ နေသည်ဖြစ်ငြားအံ့၊ ထိုသို့ ဖြစ်ခဲ့လျှင် ထိုင်စဉ်တုန်းကလို မပူဘဲ မနာကျင်ဘဲ နေရာ၏။ ထိုသို့ကားမဟုတ် ပူ၍ နာကျင်၍ လာကုန်၏။ ထို့ကြောင့် ဤပူ၍ နာကျင်၍ လာသောအခါ ထိုင်စက ခြေဖဝါးကြီး ခြေသားလုံးကြီး ခြေထောက်ကြီးတခုလုံး မရှိပြီ။ ချုပ်ပျက်ကွယ်ပျောက်၍ ကုန်လေ၏။

တပည့်တို့ - ဤခြေထောက်ကြီး ချုပ်ပျက်ကွယ်ပျောက်၍ သွားပုံကို ဤသို့ အနုစိတ်အားဖြင့် သိမြင်ရာ၏။ တပည့်တို့ - ထင်းချောင်းငယ်ငယ်ကို ထင်းချောင်း ကြီးကြီးဖြင့် ညှပ်ဖိ၍ကြိတ်လျှင် ထင်းချောင်းငယ်သည် မီးလွန်ကဲ၍ မီးထွက်၍ လာရဘိသကဲ့သို့၎င်း၊ ကျောက်ခဲငယ်ကို ကျောက်ခဲ ကြီးကြီးဖြင့် ညှပ်ဖိ၍ကြိတ် လျှင်ကျောက်ခဲငယ်သည် မီးလွန်ကဲ၍ မီးထွက်၍ လာဘိသကဲ့သို့၎င်း၊ ထိုအတူ ဤအောက်စပ် ခြေဖဝါး ခြေသားလုံးရှိ ရုပ်တို့သည် လေးလှစွာသော အထက် တကိုယ်လုံးရှိ ရုပ်တို့က အောက် ကြမ်း မြေ ဖျာ ဟူသော ရုပ်ကြမ်း ရုပ်မာကြီးနှင့် ညှပ်လျက် ဖိ၍ စီး၍ ကြိတ်ခြင်းကြောင့် နဂိုပကတိအတိုင်း မဖြစ်နိုင်ဘဲ မီးလွန်ကဲ၍ မီးခဲဖြစ်၍ လာကြကုန်၏။

လာပုံကား တပည့်တို့ - ထိုင်စတုန်းက ခြေဖဝါး ခြေသားလုံးဖြစ်၍ နေသော ရုပ်ကလာပ် ရုပ်မှုန့် ကလေးတွေသည် ဖြစ်ပေါ်ပြီးလျှင် ဟောင်းခြင်း ဆွေးမြေ့လျက် ချုပ်ပျက် ကွယ်ပျောက်၍ သွားကြ ကုန်၏။ ထိုချုပ်ပျက် ကွယ်ပျောက်သောနေရာ၌ အကြောင်းလေးပါးကြောင့် အသစ်သော ရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကုန်၏။

တပည့်တို့ - ထိုသို့ ဖြစ်ပေါ်လာရာ၌ ရှေးချုပ်ကွယ်လေသော ရုပ်တို့ကဲ့သို့ ရုပ်အေး မဟုတ် ညှပ်ဖိသော ဒဏ်ချက်ကြောင့် အတန်ငယ် နွေးသော ရုပ်မှုန့် ကလေးတွေ ဖြစ်ပေါ်လာကြရ၏။ ထိုရုပ်နွေးကလေးတွေလည်း ဖြစ်ပေါ်ပြီးလျှင် ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြပြန်၏။ ထိုချုပ်ကွယ်သော နေရာ၌ အကြောင်း လေးပါးကြောင့် ရုပ်သစ် ဖြစ်ပေါ်လာသောအခါ သည့်ထက် နွေးသော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ် လာကြ၏။

ထို သည့်ထက်နွေးသော ရုပ်မှုန့်ကလေးတွေလည်း ဖြစ်ပေါ်ပြီးလျှင် ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြ ပြန်၏။ ထိုချုပ်ကွယ်သော နေရာ၌ အကြောင်း လေးပါးကြောင့် ရုပ်သစ် ဖြစ်ပေါ်လာ သောအခါ သည့်ထက်ပင်နွေးသော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ် လာကြ၏။ နွေးဖန်များလျှင် အပူဖြစ်၏။ တပည့်တို့- ဤကဲ့သို့ သည့်ထက် နွေး သည့်ထက် နွေးအားဖြင့် နွေးဖန်များသောအခါ ရုပ်ပူ မီးခဲတွေဖြစ်၍ ပူလှ ချည့် နာကျင်လှချည့်ဟု ထင်ရှားစွာ သိလောက်အောင် ဖြစ်ကုန်၏။

တပည့်တို့ - မီးဓာတ်မည်သည် အဟုန်ထွက်မြဲ ပါမြဲဓမ္မတာတည်း။ မီးဓာတ် လွန်ကဲ ထက်သန် သောအခါ အဟုန်လေဓာတ်လည်း အတန်ငယ် လွန်ကဲထက် သန်၍ တိုးဝှေ့ခြင်းကြောင့် ညောင်းခြင်း နာကျင်ခြင်းဖြစ်သည်။ တပည့်တို့ ထိုရုပ်ပူတွေဖြစ်၍ ခြေဖဝါးကြီး ခြေသားလုံးကြီး ခြေထောက်ကြီး တခုလုံးပူ၍ နာကျင်ကုန်သောအခါ ထိုပူမှန်း နာကျင်မှန်းသိသောအခါမှ ရုပ်ပူတွေ ဘွားကနဲ တခါတည်း ဖြစ်ပေါ်လာသည် မဟုတ်။ အောက်က ဟောပြောခဲ့ပြီးသော ရေခန်းပုံကဲ့သို့ ထိုင်စမှ စ၍ ဤကဲ့သို့ ရုပ်အေးတွေချုပ်၍ ရုပ်နွေးတွေ မရပ်မနား အမျိုးမျိုး အဆင့်ဆင့် ဖြစ်ပေါ်၍ အလွန် နွေးအားကြီးသော ရုပ်မီးခဲတွေဖြစ်၍ ကုန်သည်။ ထိုသို့ ရုပ်မီးခဲတွေဖြစ်၍ ပူမှန်း နာကျင်မှန်း သိသောအခါ ဤအတွင်း၌ အဆင့်ဆင့် ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်လေသော ခြေထောက်ပေါင်း အသင်္ချေ မရေတွက်နိုင်အောင် များလှပြီ တပည့်တို့။

တပည့်တို့ - ဤကဲ့သို့ ခြေထောက်ဖြင့် ထိုင်၍ ပူလှ နာကျင်လှသောအခါ တမျိုး ပြောင်းလဲလျက် ညာဘက်တင်ပါးဖြင့် ထိုင်လိုက်၏။ ထိုသို့ ထိုင်လိုက်၍ အတော် ကြာသောအခါ ခြေဖဝါး ခြေသားလုံး ခြေထောက်တို့သည် မပူပြီ မနာကျင်ပြီ။ ထိုမပူ မနာကျင်သောအခါ ပူ၍ နာကျင်၍နေသော ခြေဖဝါးကြီး ခြေသားလုံးကြီး ခြေထောက်ကြီး တခုလုံး မရှိပြန်ဘူး။

တပည့်တို့ - အဘယ့်ကြောင့်နည်းဆိုသော် တပည့်တို့ - အကယ်၍ ပူသော နာကျင်သော ခြေဖဝါးကြီး ခြေသားလုံးကြီး ခြေထောက်ကြီးတို့သည် မပျက်မစီး အမြဲတည်ရှိ၍နေသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် တင်ပါးဖြင့်ထိုင်၍ အတော်ကြာသောအခါ၌လည်း ပူ၍ နာကျင်၍ပင်နေရာ၏။ ထိုသို့ကားမဟုတ်၊ မပူပြီ မနာကျင်ပြီ။ ထို့ကြောင့် ဤမပူ မနာကျင်သောအခါ ပူ၍ နာကျင်၍နေသော ခြေဖဝါးကြီး ခြေသားလုံးကြီး ခြေထောက်ကြီး တခုလုံး မရှိပြီ၊ ချုပ်ပျက် ကွယ်ပျောက်၍ ကုန်လေ၏။

ချုပ်ကွယ်ပျောက်ပုံကား တပည့်တို့ - တင်ပါးဖြင့် ထိုင်လိုက်သောအခါ ခြေဖဝါး ခြေသားလုံး, ခြေထောက်၌ အပိဒဏ်သက်သာ၍သွား၏။ ထိုသို့တင်ပါးဖြင့် ထိုင်လိုက်သောအခါ ခြေဖဝါး, ခြေသားလုံး, ခြေထောက်၌ အပူဆုံး အနာကျင် ဆုံးဖြစ်သော ရုပ်မှုန့်ကလေးတွေသည် ဖြစ်ပေါ် ပြီးလျှင် ဆွေးမြေ့လျက် ချုပ် ကွယ်၍ သွားကြကုန်၏။

ထိုချုပ်ကွယ်သောနေရာ၌ အကြောင်းလေးပါးကြောင့် ရုပ်သစ်ဖြစ်ပေါ်လာသောအခါ အပိဒဏ် သက်သာခြင်းကြောင့် အတန်ငယ် အပူ လျော့သော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကြ၏။ ထို အတန်ငယ် အပူလျော့သော ရုပ်မှုန့်ကလေးတွေလည်း ဖြစ်ပေါ်ပြီးလျှင် ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြပြန်၏။ ထိုချုပ်ကွယ်သော နေရာ၌ အကြောင်းလေးပါးကြောင့် ရုပ်သစ် ဖြစ်ပေါ်လာ သောအခါ သည့်ထက် အပူလျော့သော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကြ၏။

ထိုသည့်ထက် အပူလျော့သော ရုပ်မှုန့်ကလေးတွေလည်း ဖြစ်ပေါ်ပြီးလျှင် ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြပြန်၏။ ထိုချုပ်ကွယ်သောနေရာ၌ အကြောင်း လေးပါးကြောင့် ရုပ်သစ်ဖြစ်ပေါ် လာပြန်သောအခါ သည့်ထက်ပင် အပူလျော့သော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကြ၏။ အပူ လျော့ဖန်များလျှင် အအေးဖြစ်၏။

တပည့်တို့ - ဤကဲ့သို့ သည့်ထက် အပူလျော့သည့်ထက် အပူလျော့ အားဖြင့် အပူလျော့ဖန်များ သောအခါ နဂိုပကတိအတိုင်း ညီမျှသော ရုပ်အေးတွေဖြစ်၍ ကုန်သဖြင့် မပူပြီ မနာကျင်ပြီ။ ဤ မပူ မနာကျင်သောအခါ၌ ဤအတွင်း၌ အဆင့်ဆင့် ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်လေသော ခြေထောက်ပေါင်း အသင်္ချေ မရေတွက်နိုင်ဘူး တပည့်တို့။

တပည့်တို့ - ဤကဲ့သို့ ခြေဖဝါးကြီး ခြေသားလုံးကြီး ခြေထောက်ကြီးဟု ခေါ်ဆိုရသော သမူဟ ရုပ်ကလာပ်ကြီး၌ ပရမတ္ထရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေ အသစ် အသစ် ဘွားကနဲ ဘွားကနဲ ဖြစ်ပေါ်လာမှု ဖြစ်ပေါ်ပြီးလျှင် ဟောင်းမြင်း ဆွေးမြေ့၍ ရိပ်ကနဲ ရိပ်ကနဲ ချုပ်ကွယ်၍ သွားမှုတို့ကို ထင်မြင်အောင် ကြည့်ရှု ကြ။

တပည့်တို့ - ဤကဲ့သို့ ညာဘက်တင်ပါးဖြင့် ထိုင်၍ အတော်ကြာပြန်သောအခါ ဤညာဘက် တင်ပါးကြီးသည်လည်း ပူ၍ နာ၍ ကျင်၍လာပြန်၏။ ထိုပူ၍ နာကျင်၍လာသောအခါ ထိုင်စက မပူ မနာကျင်သော ညာဘက်တင်ပါးကြီး တခုလုံး မရှိပြန်ဘူး-တပည့်တို့။
တပည့်တို့ - ထိုညာဘက် တင်ပါးဖြင့် ထိုင်၍ ပူလှ နာကျင်လှသောအခါ တမျိုးပြောင်းလဲလျက် ဘယ်ဘက်တင်ပါးဖြင့် ထိုင်ပြန်၏။ ထိုသို့ထိုင်၍ အတော်ကြာပြန်သောအခါ ညာဘက် တင်ပါးကြီးသည် မပူပြီ၊ မနာကျင်ပြီ။ ထိုမပူ မနာကျင်သောအခါ ပူ၍ နာကျင်၍နေသော ညာဘက် တင်ပါးကြီး တခုလုံး မရှိပြန်ဘူး တပည့်တို့။

တပည့်တို့ - ဤကဲ့သို့ ညာဘက် တင်ပါးဟူသော သမူဟရုပ်ကလာပ်ခဲကြီး၌ ပရမတ္ထရုပ်ကလာပ် ရုပ်မှုန့်ကလေး တွေ မရပ်မနား အမျိုးမျိုး အဆင့်ဆင့် ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံလည်း ခြေထောက်ရုပ်တို့ အတူပင်တည်း။ ခြေထောက်၌ ဟောကြားခဲ့ပြီးသော နည်းအတိုင်းပင် ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ - ထိုသို့ ဘယ်ဘက်တင်ပါးဖြင့် ထိုင်၍ အတော်ကြာပြန်သောအခါ ထိုဘယ်ဘက် တင်ပါးကြီးသည်လည်း ပူ၍ နာကျင်၍လာပြန်၏။ ထိုပူ၍ နာကျင်၍ လာပြန်သောအခါ ထိုင်စက မပူ မနာကျင်သော ဘယ်ဘက် တင်ပါးကြီးတခုလုံး မရှိပြန်ဘူး တပည့်တို့။

တပည့်တို့ - ထိုသို့ထိုင်၍ ကြာလှသောအခါ ခါးတွေအောင့်၍ နာကျင်၍ ကုန်၏။ ဗိုက်တွေအိုက်၍ ပူ၍ကုန်၏။ ကျောတွေ အောင့်၍ကုန်၏။ ကုပ်တွေ ဆက်တွေ ဦးခေါင်းတွေ လေး၍ကုန်၏။ ထိုအခါ ထိုင်စက မအောင့်မနာကျင်သော မပူ မအိုက်သော မအောင့်သော မလေးသော ခါးတွေ ဗိုက်တွေ ကျောတွေ ကုပ်တွေ ဆက်တွေ ဦးခေါင်းတွေ မရှိဘူး တပည့်တို့။

တပည့်တို့ - တဖန် တတောင် ထောက်လျက် ဒူးတုပ်၍ ထိုင်ပြန်၏။ ထိုသို့ထိုင်၍ အတော်ကြာလျှင် ဒူးတွေ ပေါင်တွေ တတောင်တွေ လက်မောင်းတွေ ပူ၍ နာကျင်၍ ကုန်၏။ ထိုအခါ ထိုင်စကမပူ မနာ မကျင်သော ဒူးတွေ ပေါင်တွေ တတောင်တွေ လက်မောင်းတွေ မရှိဘူး တပည့်တို့။

တပည့်တို့ - ဘယ်ဘက်တင်ပါးမှစ၍ ဤဆိုအပ် ခဲ့ပြီးသော အလုံးစုံသော သမူဟကလာပ်ကြီးတို့၌ ပရမတ္ထရုပ်ကလာပ် ရုပ်မှုန့် ကလေးတွေ မရပ်မနား အမျိုးမျိုး အဆင့်ဆင့် ဖြစ်၍ ဖြစ်၍ ချုပ်ကွယ် ကြပုံ ကိုလည်း ခြေထောက်ရုပ်တို့ အတူပင်တည်း။ ခြေထောက်၌ ဟောကြားခဲ့ပြီးသောနည်း အတိုင်းပင် ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ - ထိုသို့ထိုင်လျက် တရားနာ၍ ညောင်းလှသဖြင့် တဖန်ထလျက် မတ်တတ်ရပ်၍ နာပြန်၏။ ထိုသို့ရပ်၍ အတော်ကြာပြန်သောအခါ ခြေဖဝါးတွေ ဒူးတွေ ပေါင်တွေပူ၍ တောင့်၍ နာကျင်၍ကုန်၏။ ထိုအခါ ရုပ်စက ခြေဖဝါးတွေ ဒူးတွေ ပေါင်တွေမရှိဘူး တပည့်တို့။ တကိုယ်လုံး ကြီးပါ မရှိဘူး။ ထိုင်သော ဣရိယာပုထ်၌ ဖြစ်ပျက်ပုံအတူပင်တည်း။ ထင်မြင်အောင်ကြည့်ရှုကြ။

တပည့်တို့- သင်တပည့်တို့သည် ငါဆရာ အထံသို့ တရားနာအံ့သောငှါ တောင် အောက်မှ ဤ သေက္ချတောင်ပေါ်သို့ တက်၍လာကြ၏။ ထိုသို့လာ၍ ဤတောင် ပေါ်တောင်ထိပ်သို့ ရောက်သော အခါ အလွန်တရာ အိုက်၍ပူ၍ နာကျင် မောပန်း၍ကုန်၏။ ချွေးတွေလည်း ထွက်၍ကုန်၏။ ထိုအခါ တောင် မတက်ခင်က တောင်တက်စက မအိုက်မပူသော နာမကျင် မမောမပန်းသော တကိုယ်လုံး ကောင်ကြီး မရှိဘူး။ တပည့်တို့- ဤတောင်ပေါ်သို့ မပါဘူး။
အဘယ်ကြောင့် နည်းဆိုသော် -

တပည့်တို့ - အကယ်၍ တောင်အောက်က တောင်တက်စက ကိုယ်ကောင်ကြီးသည် မပျက်စီးဘဲ အမြဲတည်ရှိလျက် ဤတောင်ပေါ်သို့ ပါသည်ဖြစ် ငြားအံ့၊ ထိုသို့ ဖြစ်ခဲ့လျှင် တောင်အောက်တုန်းကလို တောင်တက်စကလို မအိုက်ဘဲ မပူဘဲ မနာကျင်ဘဲ မမောပန်းဘဲ နေရာ၏။ ထိုသို့ကားမဟုတ်။ အိုက်၍ပူ၍ နာကျင်၍ မောပန်း၍ကုန်၏။ ထို့ကြောင့် တောင်အောက်က တောင်တက်စက ကိုယ်ကောင်ကြီး တခုလုံး အကုန်မရှိပြီ။ ဤတောင်ပေါ်သို့မပါပြီ။ ချုပ်ပျက် ကွယ်ပျောက်၍ ကုန်လေ၏
တပည့်တို့- ချုပ်ပျက် ကွယ်ပျောက်ပုံကို ဤသို့ အနုစိတ်အားဖြင့် သိမြင်ရာ၏။

တပည့်တို့ - တောင်ပေါ်သို့ မတက်ခင် ထိုင်၍ရပ်၍ နေစဉ်အခါ၌ ရုပ်တို့သည် မလှုပ်မရှား ငြိမ်သက်စွာ နေကြ၏။ တောင်ပေါ်သို့ တက်တော့မည်ဟု ခြေလှမ်း လိုက်၏။ ကိုယ်လည်းနွှဲရ လှုပ်ရတော့၏။ ခြေလှမ်းတိုင်း လှမ်းတိုင်း ခြေရော လက်ရော ကိုယ်ရော ဦးခေါင်းရော အကုန်လုံး လှုပ်ရလေတော့၏။ ခြေကိုနာနာ ဆောင့်၍နင်းလျှင် ဓိတ်ကနဲ ဓိတ်ကနဲ ဦးခေါင်းသို့ကျအောင် တကိုယ်လုံး တုန်၍ သွား၏။ သွက်သွက်ခါ၍ သွား၏။

တပည့်တို့- ထိုသို့လှုပ်ရှားသောအခါ တကိုယ်လုံးရှိ ရုပ်ကလာပ် ရုပ်မှုန့်ကလေး တွေသည် တခုနှင့် တခု တိုးဝှေ့မိကြ၏၊ ထိခိုက်မိကြ၏၊ တိုက်ခိုက်မိကြ၏၊ အထက် အထက် ရုပ်တွေကလည်း အောက် အောက် ရုပ်တွေကို ဖိ၍ ဖိ၍ ကြိတ်မိ၏၊ တပည့်တို့။

ဤကဲ့သို့ အချင်းချင်း တိုးဝှေ့ တိုက်ခိုက်မိသော ဖိကြိတ်မိသော ဒဏ်ချက်ကြောင့် နဂိုပကတိအတိုင်း မဖြစ်နိုင်ဘဲ မီးလွန်ကဲ၍ မီးခဲဖြစ်၍ လာရ၏။ တပည့်တို့ - ဥပမာဆိုသည် ရှိသော် သဲတွေ ကျောက်ခဲ တွေကို ကြုတ်ထဲ စည်ပိုင်းထဲသို့ ထည့်၍ အားကောင်းသော ယောက်ျား အားကုန်ကိုင်၍ အမျိုးမျိုး လှုပ်ခလောက်သည်ရှိသော် သဲတွေ ကျောက်ခဲတွေသည် အချင်းချင်း တိုးဝှေ့ တိုက်ခိုက်မိသော ဒဏ်ချက်ကြောင့် ပူ၍ မီးပွင့်၍ ကုန်၏။

ထို့အတူ တပည့်တို့ - ဤတကိုယ်လုံးရှိ ရုပ်တို့သည် အချင်းချင်း တိုးဝှေ့ တိုက်ခိုက်မိသော ဖိကြိတ် မိသော ဒဏ်ချက်ကြောင့် မီးလွန်ကဲ၍ မီးခဲဖြစ်၍လာရ၏။ လာပုံကား ပဌမခြေ လှမ်းလိုက်၍ လှုပ်ရှားသောအခါ နဂိုမလှုပ်ရှားဘဲ ငြိမ်သက်၍ နေသော တကိုယ်လုံးရှိ ရုပ်မှုန့်ကလေးတွေသည် ဖြစ်ပေါ်ပြီးလျှင် ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြကုန်၏။

ထိုချုပ်ကွယ်သော နေရာ၌ အကြောင်းလေးပါးကြောင့် ရုပ်သစ် ဖြစ်ပေါ်လာသော အခါ လှုပ်ရှား သဖြင့် တိုးဝှေ့တိုက်ခိုက်မိသော ဖိကြိတ်မိသော ဒဏ်ချက်ကြောင့် အတန်ငယ်နွေးသော ရုပ်မှုန့် ကလေးတွေ ဖြစ်ပေါ်လာကြ၏။ ထိုရုပ်မှုန့်ကလေး တွေလည်း ဖြစ်ပေါ်ပြီးလျှင် ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြပြန်၏။ ထို ချုပ်ကွယ်သော နေရာ၌ အကြောင်း လေးပါးကြောင့် ရုပ်သစ် ဖြစ်ပေါ်လာသောအခါ သည့်ထက်နွေးသော ရုပ်မှုန့် ကလေးတွေ ဖြစ်ပေါ်လာကြ၏။

ထိုသည့်ထက်နွေးသော ရုပ်မှုန့် ကလေးတွေ လည်း ဖြစ်ပေါ်ပြီးလျှင် ဆွေးမြေ့လျက် ချုပ်ကွယ်၍ သွားကြပြန်၏။ ထိုချုပ်ကွယ်သော နေရာ၌ အကြောင်းလေးပါးကြောင့် ရုပ်သစ်ဖြစ်ပေါ်လာ ပြန်သောအခါ သည့်ထက်နွေးသော ရုပ်မှုန့်ကလေးတွေ ဖြစ်ပေါ်လာကြ၏။ နွေးဖန်များလျှင် အပူဖြစ်၏။ တပည့်တို့ - ဤကဲ့သို့ သည့်ထက်နွေး သည့်ထက် နွေးအားဖြင့် နွေးဖန်များသောအခါ ရုပ်ပူ မီးခဲတွေဖြစ်၍ ကုန်သဖြင့် အိုက်၍ ပူ၍ နာကျင်၍ကုန်၏။

မီးဓာတ် ထက်သန် အားကောင်းသောအခါ အဟုန် လေဓာတ်တွေလည်း ထက်သန်များပြား၍ ပါးစပ် နှာခေါင်းတို့နှင့် မဆန့်ဘဲ နားထဲမှလည်း ထွက်၍ ကုန်၏။ ထိုလေဓာတ်တွေ တိုက်လွှင့်ခြင်း ကြောင့်လည်း ရုပ်တွေသာလွန်၍ တိုးဝှေ့ တိုက်ခိုက်မိ ကြ၏။ ကမ္ဘာလေဖျက်ရာကဲ့သို့ တကိုယ်လုံးရှိ ရုပ်တို့သည် အချင်းချင်း တိုးဝှေ့ တိုက်ခိုက်မိကြ၍ ကြေမွ၍ ကြေမွ၍ ချုပ်ကွယ်ကြကုန်၏
ကမ္ဘာမီးလောင်ရာ၌ကဲ့သို့ တကိုယ်လုံးရှိ ရုပ်တို့သည် မီးတွေ့မြိုက်၍ လောင်၍ ချုပ်ကွယ်ကြကုန်၏။ ပေါင်းချောင် ပေါင်းအိုးစလောင်းမှ ချွေးပြန်ကျဘိသကဲ့သို့ မီးရှိန်ကြောင့် တကိုယ်လုံးရှိ ရုပ်တို့မှ ချွေးပြန်ကျလျက် ယိုစီးသဖြင့် ချွေးတွေ ထွက်၍ကုန်၏။
တပည့်တို့ - ထိုအခါ အဖြစ်ကနည်း၍ အပျက်ကများခြင်းကြောင့် တကိုယ်လုံး၌ ရုပ်တွေနည်း၍ ချောင်၍ ဟာ၍ ကုန်သဖြင့် ဟိုက်၍ ချည့်၍ မောပန်း၍ ကုန်၏။

တပည့်တို့ - ဤကဲ့သို့ သွားခြင်း ဣရိယာပုထ်၌လည်း တကိုယ်လုံးရှိ ရုပ်မှုန့် ကလေးတွေ ရေခန်း ပုံကဲ့သို့ မရပ်မနား အမျိုးမျိုး အဆင့်ဆင့် ဖြစ်၍ဖြစ်၍ ချုပ်ကွယ်ကြပုံကို ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ သင်တပည့်တို့သည် ယခုလွန်ခဲ့သော မနေ့ညက လျောင်း၍ အိပ်ကြ ကုန်၏။ အကယ်၍ ရှေးဦးစွာ ညာဘက် နံစောင်းဖြင့် အိပ်ကြငြားအံ့၊ ထိုသို့အိပ်၍ အတော် ကြာသောအခါ ညာဘက် နံစောင်း ကိုယ်တခြမ်းလုံး အကုန်အိုက်၍ ပူ၍ နာကျင်၍ ကုန်၏။ ထိုအခါ အိပ်စက ညာဘက် နံစောင်း ကိုယ်တခြမ်းလုံး မရှိဘူး
တပည့်တို့ တဖန်တမျိုး ပြောင်းလဲလျက် ဘယ်ဘက် နံစောင်းဖြင့် အိပ်ပြန်၏။ ထိုသို့အိပ်၍ အတော် ကြာပြန်သောအခါ ဘယ်ဘက်နံစောင်း ကိုယ်တခြမ်းလုံး အကုန်အိုက်၍ ပူ၍ နာကျင်၍ ကုန်၏။ ထိုအခါ အိပ်စက ဘယ်ဘက် နံစောင်း ကိုယ်တခြမ်းလုံး မရှိဘူး

တပည့်တို့ - တဖန် တမျိုးပြောင်းလဲလျက် ပက်လက် အိပ်ပြန်၏။ ထိုသို့အိပ်၍ အတော်ကြာ ပြန်သောအခါ နောက်ကျောဘက် ကိုယ်တခြမ်းလုံး အကုန် အိုက်၍ ပူ၍ နာကျင်၍ ကုန်၏။ ထိုအခါ အိပ်စက နောက်ကျောဘက် ကိုယ်တခြမ်းလုံး မရှိဘူး တပည့်တို့။
တဖန်တမျိုးပြောင်းလဲလျက် အကယ်၍ မှောက်ခုံ အိပ်ပြန်ငြားအံ့၊ ထိုသို့အိပ်ပြန်၍ အတော်ကြာပြန်သောအခါ ရှေ့ဝမ်းဘက် ကိုယ်တခြမ်းလုံး အကုန် အိုက်၍ ပူ၍ နာကျင်၍ ကုန်၏။ ထိုအခါ အိပ်စက ရှေ့ဝမ်းဘက် ကိုယ်တခြမ်းလုံး မရှိဘူး တပည့်တို့။

တပည့်တို့ - ဤ လျောင်းခြင်း ဣရိယာပုထ်၌လည်း အထက်ကိုယ် တခြမ်းလုံးက ဖိကြိတ်သော ဒဏ်ချက်ကြောင့် အောက်ကိုယ် တခြမ်းလုံးရှိ ရုပ်မှုန့်ကလေးတွေ သည့်ထက်နွေး သည့်ထက်နွေး အားဖြင့် မီးလွန်ကဲလျက် မရပ်မနား အမျိုးမျိုး အဆင့်ဆင့် ဖြစ်၍ ဖြစ်၍ ချုပ်ကွယ်ကြပုံကို ထင်မြင်အောင် ကြည့်ရှုကြ။

၅။ တပည့်တို့ - ဤကဲ့သို့ တနုပက္ကတိဏ္ဏအားဖြင့်၎င်း၊ အာဟာရအားဖြင့်၎င်း၊ ဥတုအားဖြင့်၎င်း၊ စိတ်အားဖြင့်၎င်း, ဣရိယာပုထ်အားဖြင့်၎င်း၊ ရုပ်တို့၏ ဖြစ်ပျက်မှုကို ကြည့်ရှုကြ၏။

တပည့်တို့ - အရိယာတို့၏ တရား၌ မလိမ်မာကြသော အရိယဓမ္မ အကောဝိဒ ပုဂ္ဂိုလ်တို့သည် ဖောက်ပြန်စေတတ်သော တစုံတခုသော အကြောင်းကြောင့် -

  • ဤ အေးသော ရုပ်ဘဲ ပူ၍သွား၏။
    ပူသော ရုပ်ဘဲ အေး၍သွား၏။
  • ဤမနာကျင်သော ရုပ်ဘဲ နာကျင်၍သွား၏။
    ဤ နာကျင်သော ရုပ်ဘဲ မနာကျင်ဘဲ ဖြစ်၍သွား၏။
  • ဤ ရွှင်လန်းသော ရုပ်ဘဲ ညှိုးနွမ်း၍ သွား၏။
    ဤညှိုးနွမ်းသော ရုပ်ဘဲ ရွှင်လန်း၍ သွား၏

ဟု အမျှင်မပြတ်ဘဲ တခုတည်း မှတ်ထင်၍ နေကြ၏။ သင်တပည့်တို့မှာကား ထိုကဲ့သို့ မမှတ်ထင်ကြနှင့်။ ယခု ငါဆရာ ဟောပြခဲ့ပြီး သောအတိုင်း အပိုင်းပိုင်း ပြတ်၍ နေပုံကို ရှေးဦးစွာ သညာဖြင့် မှတ်၍ ဝိညာဏ်ဖြင့် သိ၍ ထိုသိသော မှတ်မိသောအတိုင်း ဉာဏ်မျက်စိဖြင့် ထင်မြင် အောင် ကြည့်ရှုကြ

ရုပ်အဆက် အပိုင်းပိုင်း ပြတ်ပုံကို ပြခြင်း

တပည့်တို့ - အကြင်အခါ၌ ရုပ်ဟောင်း ချုပ်ကွယ်သော နေရာ၌ အကြောင်းတို့ ချုပ်၍ ရုပ်သစ် မဖြစ်ပေါ်လာအံ့၊ ထိုအခါ၌ အဆက် အပိုင်းပိုင်းပြတ်၍ အထည်ဝတ္ထု သမူဟ ရုပ်ခဲကြီးတို့သည် ကွယ်ပျောက်၍ သွားကြကုန်၏။

တပည့်တို့ - တာဝတိံသာဝယ် သုဗြဟ္မာ နတ်သား၏ အလုပ်အကျွေး အခြွေအရံ နတ်သ္မီးငါးရာ တို့သည် နန္ဒဝန်ဥယျာဉ် ပန်းပင်ပေါ်၌ ပန်းဆွတ်ရင်း မတ်တတ် အကြောင်းတို့ ချုပ်၍ ရုပ်သစ် မဖြစ်ပေါ်လာသောကြောင့် အဆက် အပိုင်းပိုင်း ပြတ်၍ ပန်းဆွတ်စရာ လက်တွေ ခြေတွေ ခေါင်းတွေ ကိုယ်တွေမရှိဘဲ ဖြစ်၍ အကုန်လုံး ကွယ်ပျောက်၍ သွားကြသည်။

ထို့ပြင် အချို့သော နတ်သ္မီး နတ်သားတို့လည်း ထိုနန္ဒဝန် ဥယျာဉ်ထဲ၌ ကာမဂုဏ် တို့ဖြင့် မွေ့လျော် ပျော်ပါး မည့်ဆဲဆဲတွင် ရုပ်အဆက် အပိုင်းပိုင်းပြတ်၍ ပျော်ပါးစရာ လက်တွေ ခြေတွေ ခေါင်းတွေ ကိုယ်တွေ မရှိဘဲ ဖြစ်၍ သွားကြ၏။ အချို့သော နတ်တို့လည်း တဦးနှင့်တဦး ခိုက်ရန် ဖြစ်ကြဆဲ ရန်တွေ့ဆဲ၌ ရုပ်အဆက် အပိုင်း ပိုင်းပြတ်၍ ရန်တွေ့စရာ လက်တွေ့ ခြေတွေ ခေါင်းတွေ ကိုယ်တွေ မရှိဘဲ ဖြစ်၍ သွားကြ၏။

ထို့အတူ တပည့်တို့ - သင်တပည့်တို့သည်လည်း အမိဝမ်း၌ ကလလသတ္တာဟ အစေ့တွင် အကယ်၍ အကြောင်းတို့ ချုပ်၍ ရုပ်သစ် မဖြစ်ပေါ်ငြားအံ့၊ အဗ္ဗုဒရုပ်သို့ မရောက်ဘဲ နေရာ၏။ အကယ်၍ အမိဝမ်း၌ ကိန်းစဉ်အခါ ရုပ်သစ် မဖြစ်ပေါ် လာငြားအံ့၊ ထိုအခါ အမိသည် ကိုယ်ဝန် သားငယ် မရှိဘဲ ပေါ့ပါး၍ သွားရာ၏။ အကယ်၍ ဖွားမြင်ဆဲအခါ၌ ရုပ်သစ် မဖြစ်ပေါ်လာဘဲ အဆက် ပြတ်၍ သွားငြားအံ့၊ ထိုအခါ အမိသည် ဖွားမြင်စရာ သားမရှိဘဲ ဒုက္ခပြေ ငြိမ်း၍ သွားရာ၏။

အကယ်၍ သင်တပည့်တို့သည် အမိ ရင်ခွင်ထက် နို့စို့ဆဲ ခဏ၌ ရုပ်သစ် မဖြစ်ပေါ် လာဘဲ အဆက် ပြတ်၍ သွားငြားအံ့၊ ထိုအခါ သင်တပည့်တို့၏ အမိသည် နို့တိုက် စရာ သားမရှိဘဲ ဖြစ်၍သွားရာ၏။ အကယ်၍ လည်း သင်တပည့်တို့၏ အမိ ကိုယ်ကောင် ရုပ်ခဲကြီး၌ ရုပ်သစ် မဖြစ်ပေါ်လာဘဲ အဆက်ပြတ်၍ သွားငြားအံ့၊ ထိုအခါ သင်တပည့်တို့သည် စို့စရာနို့မရှိဘဲ အမိကောင်ကြီးမရှိဘဲ ဖြစ်၍သွားရာ၏။

သင် တပည့်တို့သည် ယခု လွန်ခဲ့သော မနေ့ညက နက်ဖြန်ခါ ဘုန်းကြီးကို ဖူးမြင်မည်၊ ဘုန်းကြီး တရားကို နာမည်ဟု ကြံစည်စိတ်ထား၍ အိပ်ကြ၏၊ ထို အိပ်ပျော်ဆဲခဏ၌ အကယ်၍ အကြောင်း တို့ချုပ်၍ ရုပ်သစ် မဖြစ်ပေါ်လာဘဲ အဆက်ပြတ်၍ သွားငြားအံ့၊ ထိုအခါ နံနက်ထစရာ လက်တွေ ခြေတွေ ခေါင်းတွေ ကိုယ်တွေ မရှိဘဲနေရာ၏။

အကြောင်းတို့ မချုပ်သေး၍ ရုပ်သစ်တွေ ဆက်လက်၍ ဖြစ်ပေါ်ပေသေးခြင်းကြောင့် နံနက် ထစရာ အကောင်ကြီး ရှိပေသေး၏။ တရားနာ လာရကြပေသေး၏။
တပည့်တို့ - တရား နာအံ့သောငှါ ဤတောင်ပေါ်သို့ တက်၍လာသောအခါ၌ အကယ်၍ လမ်းမတ်တတ်တွင် ရုပ်သစ် မဖြစ်ပေါ်ဘဲ အဆက်ပြတ်၍ သွားငြားအံ့၊ ထိုအခါ တောင်ပေါ်သို့ တက်စရာ လက်တွေ ခြေတွေ ခေါင်းတွေ ကိုယ်တွေမရှိဘဲ နေရာ၏။ ဘုန်းကြီး ထံသို့ မရောက်ကြဘဲ နေရာ၏။

ယခု တရားနာဆဲ၌ အကယ်၍ ဘုန်းကြီး၏ ကိုယ်ကောင်ရုပ်ခဲကြီး၌ ရုပ်သစ် မဖြစ်ပေါ်လာဘဲ အဆက်ပြတ်၍ သွားငြားအံ့၊ ထိုအခါ သင်တပည့်တို့သည် တရား ဟောမည့်သူ မရှိဘဲ တရား မနာကြရဘဲ နေရာ၏။ အကယ်၍လည်း သင် တပည့်တို့၏ ကိုယ်ကောင် ရုပ်ခဲကြီး၌ ရုပ်သစ် မဖြစ်ပေါ်လာဘဲ အဆက်ပြတ်၍ သွားငြားအံ့၊ ထိုအခါ ဘုန်းကြီးမှာ တရား နာမည့်သူ မရှိဘဲ တရား မဟောရဘဲ နေရာ၏။

တပည့်တို့ - ဤတရားနာ ပရိသတ်ထဲ၌ အချို့သော သတို့သ္မီးငယ်တို့သည် ရွှေလက်ကောက်, စိန်လက်စွပ်, စိန်နားဍောင်း, ပတ္တမြား လက်စွပ်, ပတ္တမြား နားဍောင်းတွေ ဝတ်ဆင်လျက် နေကြ၏။ တပည့်တို့ - ထို သတို့သ္မီးတို့အား အကယ်၍ ရွှေလက်ကောက်၌ရှိသော ဥတုတို့သည် ရုပ်သစ် သားကလာပ်ကို မဖြစ်စေဘဲ မပေါက်ဖွားခဲ့ဘဲ မြုံလျက် ချုပ်ကွယ်၍ သွားငြားအံ့၊ ထိုအခါ လက်၌ လက်ကောက်မရှိဘဲ လက်ချည်းသက်သက် ကျန်ရစ်နေရာ၏။

အကယ်၍ လက်စွပ်၌ရှိသော ဥတုတို့သည် ရုပ်သစ် သားကလာပ်ကို မဖြစ်စေဘဲ မပေါက်ဖွားခဲ့ဘဲ မြုံလျက် ချုပ်ကွယ်၍ သွားငြားအံ့၊ ထိုအခါ လက်၌ လက်စွပ်မရှိဘဲ လက်ချည်းသက်သက် ကျန်ရစ်၍ နေရာ၏။ အကယ်၍ နားဍောင်း၌ရှိသော ဥတုတို့သည် ရုပ်သစ် သားကလာပ်ကို မဖြစ်စေဘဲ မပေါက်ဖွားခဲ့ဘဲ မြုံလျက် ချုပ်ကွယ်၍ သွားငြားအံ့၊ ထိုအခါ နား၌ နားချောင်းမရှိဘဲ နားပေါက်ချည်း သက်သက် နေလေရာ၏။

အကယ်၍လည်း ထိုသတို့သ္မီး ကိုယ်ကောင် ရုပ်ခဲကြီး၌ ရုပ်သစ်မပေါ်လာဘဲ အဆက် ပြတ်၍ သွားငြားအံ့၊ ထိုအခါ ဝတ်ဆင်သော လက်ကောက် လက်စွပ် နားဍောင်း တို့သည် တည်စရာ လက် နားတို့ မရှိသဖြင့် အောက် မြေကြီးသို့ ကျကြလေရာ၏။

တပည့်တို့ - ငါးထောင်မျှလောက်သော ဤတရားနာ ပရိသတ် ရုပ်ခဲကြီးတို့၌ အကြောင်းတို့ ချုပ်၍ ရုပ်သစ် မဖြစ်ပေါ်လာဘဲ အဆက် အပိုင်းပိုင်းပြတ်၍ သွားငြားအံ့၊ ထိုအခါ ဤမဏ္ဍပ်အတွင်း လူ မရှိဘဲ တလင်းပြင်ချည်းသက်သက် ကျန်ရစ်၍ နေလေရာ၏။

အကယ်၍လည်း ဤမြေကြီး၌ရှိသော ဥတုတို့သည် ရုပ်သစ် သားကလာပ်ကို မဖြစ်စေဘဲ မပေါက်ဖွားခဲ့ဘဲ မြုံလျက် ချုပ်ကွယ်၍ သွားကြငြားအံ့၊ ထိုအခါ ရုပ်ဆက် အပိုင်းပိုင်းပြတ်၍ မြေကြီး မရှိသဖြင့် ငါးထောင်မျှလောက်သော ဤတရားနာ ပရိသတ်တို့သည် အဆုံးမရှိ နက်သော ကောင်းကင်ချောက်ကြီးထဲသို့ ကျကြလေ ရာ၏။

တပည့်တို့ - ဟိုတောင်နားက သမုဒ္ဒရာရေတွေ၌ရှိသော ဥတုတို့သည် အကယ်၍ ရုပ်သစ် သားကလာပ်ကို မဖြစ်စေဘဲ မပေါက်ဖွားခဲ့ဘဲ မြုံလျက် ချုပ်ကွယ်၍ သွားကြငြားအံ့၊ ထိုအခါ ဟိုတောင်နား၌ ကြည့်၍ မဆုံးအောင် ကျယ်နက်သော တွင်းကြီး ချောက်ကြီးဖြစ်၍ နေလေရာ၏။

အကယ်၍ ကောင်းကင် နေ, လ, ကြယ်, ဗိမာန်တို့၌ရှိသော ဥတုတို့သည် ရုပ်သစ် သားကလာပ်ကို မဖြစ်စေဘဲ မပေါက်ဖွားခဲ့ဘဲ မြုံလျက် ချုပ်ကွယ်၍ သွားကြငြားအံ့၊ ထိုအခါ အမိုက် မှောင်ကြီးအတိ ဖြစ်၍နေလေရာ၏။

တပည့်တို့ - ယခုအခါ အကယ်၍ တလောကလုံး၌ရှိသော ရုပ်ကို ဖြစ်စေ တတ်သောကံ စိတ်တရား နှစ်ပါးတို့သည်လည်း အစတုံး ချုပ်ပျက်၍ မရှိဘဲ ဖြစ်၍ နေငြားအံ့၊ ဥတု အာဟာရတရား နှစ်ပါးတို့ သည်လည်း ရုပ်သစ် သားကလာပ်ကို မဖြစ်စေဘဲ မပေါက်ဖွားခဲ့ဘဲ မြုံလျက် ချုပ်ကွယ်၍ သွားငြားအံ့၊ တလောကလုံး ဟင်းလင်းအပြင် ကောင်းကင်ကြီး အတိဖြစ်၍ သွားလေရာ၏။ အထက် ကောင်းကင်နှင့် အောက်ကောင်းကင် တစပ်တည်းဖြစ်၍ နေလေရာ၏။

တပည့်တို့ - ဤကဲ့သို့ ရုပ်ဟောင်း ချုပ်ပျက် ကွယ်ပျောက်သော နေရာ၌ အကြောင်းတို့ကြောင့် ရုပ်သစ်ဆက်လက်၍ ဖြစ်နေခြင်းကြောင့်သာ ဤအထည် ဝတ္ထု သမူဟရုပ်ခဲကြီးတွေ ရှိ၍နေသည်။ အကြောင်းကုန်၍ ရုပ်သစ် မဖြစ်ပေါ် လာလျှင် အဆက် အပိုင်းပိုင်းပြတ်၍ အထည်ဝတ္ထု၊ သမူဟ ရုပ်ခဲကြီးတွေ မရှိဘဲ ဖြစ်၍သွားသည်ဟု သိ၍ မိမိသန္တာန် သူတပါးသန္တာန် အဇ္ဈတ္တဗဟိဒ္ဓအားဖြင့် များစွာ ကုန်သော အလုံးစုံသော သမူဟရုပ်ခဲကြီးတွေ၌ ရုပ်မှုန့်ကလေးတွေ အပိုင်း အပိုင်းပြတ်၍ နေပုံကို ဟောကြားခဲ့ပြီးသော နည်းအတိုင်း ထင်မြင်အောင် ကြည့်ရှုကြ

သမူဟရုပ်ခဲကြီး အတွင်းသို့ အာကာသပေါက်မှ ဉာဏ်ကို မဝင်ဝင်အောင် သွင်း၍ စုံစမ်းဆင်ခြင်ကြ၊ နှိုင်းချိန်ကြည့်ရှုကြ။ ကြည့်ရှုဖန် များသောအခါ သင်တပည့်တို့၏ ဉာဏ်မျက်စိ၌ ရုပ်မှုန့်ကလေးတွေ အသစ်, အသစ် ဖွားဖွား, ဖွားဖွား, ဖြစ်ပေါ်၍လာမှု ဖြစ်ပေါ်ပြီးလျှင် ရိပ်ရိပ် ရိပ်ရိပ် ကွယ်ပျောက်၍ သွားမှုတို့သည် ထင်မြင်လာလိမ့်မည်။ ရှေ့ရုပ် နောက်ရုပ် တခုတည်းမဟုတ်ဘဲ အပိုင်းပိုင်း ပြတ်မှုလည်း ထင်ရှား၍ လာလိမ့်မည်။

တပည့်တို့ - ဤကဲ့သို့ ကြည့်ရှု၍ ဖြစ်ပျက်မှုတို့ထင်မြင်၍ လာရာမှာလည်း ကြည့်ရှုသော ယောဂီပုဂ္ဂိုလ်၏ စိတ်မသန်ခင် ဉာဏ်ပညာ မထက်သန်ခင် ရှေးဦးစွာ အခါမှာ မိုဃ်းကြီး ရွာသောအခါ၌ ရေပွက်ကလေးတွေ ဖြစ်ပြီး ပျက်သွားသာလောက် ကောင်းကင်၌ လျှပ်စစ်တွေဖြစ်ပြီး ပျက်သွားသာလောက် မြန်အောင် ထင်မြင် နိုင်သည်။ ထိုထက် စိတ်ဉာဏ် ထက်သန်သောအခါ ဆောက်သွားပေါ်သို့ မုန်ညင်းစေ့ ကလေးတွေကို တင်လိုက်လျှင် တင်ပြီး လိမ့်ကျသွားသာလောက် မြန်အောင် ထင်မြင်နိုင်သည်။

ထို့ထက် စိတ်ဉာဏ် ထက်သန်သောအခါ၌ကား ရုပ်တို့၏ အဖြစ်အပျက် မြန်လှ၍ ဖြစ်ပေါ်လာလိုက် ကွယ်ငုပ်သွားလိုက်အားဖြင့် မရှေး မနှောင်းကဲ့သို့ နေ၍ တပြိုင်နက် ဖြစ်ပေါ်ဆဲ ကွယ်ချုပ်ဆဲ ရုပ်တို့ကလည်း ရှိသည်ဖြစ်၍ ဖြစ်ပေါ်မှု ကွယ်ချုပ်မှု နှစ်ပါးစုံကို တပြိုင်တည်း မြင်၍မြင်၍ သွားသဖြင့် တံလှပ်တွေ ရိပ်ရိပ် ရိပ်ရိပ် သိမ့်သိမ့် သိမ့်သိမ့်နှင့် နေဘိသကဲ့ မလှုပ်ရှားသော်လည်း လှုပ်ရှားဘိသကဲသို့ ဖြစ်၍ ရိပ်ရိပ် ရိပ်ရိပ် သိမ့်သိမ့် သိမ့်သိမ့်နှင့်နေအောင် ထင်မြင်တော့သည်

အနိစ္စရှုမြင်၍ မဂ်ကိစ္စပြီးပုံကို ပြခြင်း

တပည့်တို့ - ကြည့်ရှုသော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် ရုပ်တို့ဖြစ် ပျက်မှု မြန်သလောက်ကို အကုန် အမှီ လိုက်၍မြန်အောင် မြင်နိုင်သည် မဟုတ် ဤရေပွက်, လျှပ်စစ်, မုန်ညင်းစေ့, တံလှပ်တို့ မြန်သလောက်သာ မြန်အောင် မြင်နိုင်သည်။ ဤမျှလောက် မြန်အောင် ထင်မြင်နိုင်လျှင်ပင် တပည့်တို့-အနိစ္စ ဝိပဿနာ ဉာဏ်သည် အထွတ် အစွန်းသို့ ရောက်တော့သည်ကိစ္စပြီးဆုံးအောင် ရွက်ဆောင် နိုင်တော့သည်။ ထို့ကြောင့်ဘဲ တပည့်တို့

ယထာ ပုပ္ဖုဠကံ ပဿေ၊ ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။

ဟူ၍ ဓမ္မပဒ ပါဠိတော်၌ မြတ်စွာဘုရား ဟောကြားတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ပုပ္ဖုဠကံ၊ ရေပွက်ကို။
ပဿေ ယထာ၊ ရှုမြင်ဘိသကဲ့သို့၎င်း။
မရီစိကံ၊ တံလှပ်ကို။
ပဿေ ယထာ၊ ရှုမြင်ဘိသကဲ့သို့၎င်း။
ဧဝံ၊ ဤအတူ။
လောကံ၊ ရုပ်, နာမ်, ခန္ဓာ, သင်္ခါရလောကကို။
အဝေက္ခန္တံ၊ ရှုမြင်သောသူကို။
မစ္စုရာဇာ၊ သေမင်းသည်။
န ပဿတိ၊ မမြင်နိုင်။

ရွာသို့ မရောက်သေးသော်လည်း ရွာ၏အနီး ဥပစာသို့ ရောက်လျှင်ပင် ရွာကို ရောက်ပြီဟု ပြောဆိုရဘိသကဲ့သို့။ ထို့အတူ တပည့်တို့ - ဤပါဠိတော်၌ သေမင်း မမြင်နိုင်ဘူးဟူသော စကားကို ဤရေပွက် တံလှပ်တို့ ဖြစ်ပျက်ပုံလောက် ရုပ်, နာမ်, ခန္ဓာတို့ ဖြစ်ပျက်ပုံကို မြန်အောင် မြင်နိုင်သည် သေမင်း မမြင်နိုင်ရာ နိဗ္ဗာန်သို့ မရောက်ရသေးသော်လည်း ရောက်တော့မည် ဆဲဆဲဖြစ်၍ နိဗ္ဗာန်နှင့် အလွန် နီးလှတော့သည်ဖြစ်၍ သမီပူပစာအားဖြင့် ဟောတော်မူသော စကားတော်ဟု မှတ်ကြ။ ထို့ကြောင့် တပည့်တို့ - သင်တပည့်တို့သည် ဤရေပွက် လျှပ်စစ် မုန်ညင်းစေ့ တံလှပ်တို့ ဖြစ်ပျက်ပုံကဲ့သို့ ရုပ်တို့ ဖြစ်ပျက်ပုံ မြန်စွာ ထင်မြင်လာအောင် ကြည့်ရှုကြ။ ကြည့်ရှုဖန်များသောအခါ ထင်မြင်၍ လာလိမ့်မည်။

တပည့်တို့ - ဤသို့ထင်မြင်၍ လာသောအခါ
ငါ-ဟူသောတရားမှ သတ္တဝါတဦး၌ တငါတည်းသာ
ငါ-ဘယ်နှစ် ဘယ်ကာလက မွေးဖွား၏။
ငါ-ရှေ့နှစ် ရှေ့နှစ်ကာလက ဘာလုပ်ခဲ့၏။
မနေ့က ငါဘာလုပ်ခဲ့၏။
နက်ဖြန်ခါ ငါ-ဘာလုပ်ရမည်။
ငါဘယ်ကိုသွားရမည်။
ငါဘယ်တော့ သေရမလဲ
ဟု တဘဝလုံးမှာလည်း တငါတည်းသာ
ငါ-ရှေးဘဝက ဘာဖြစ်ခဲ့လေမှန်း၊
ငါစ၍ ဖြစ်ခဲ့ရသာ ဘယ်လောက်ကြာပြီဟူ၍မှန်းမသိ။
ငါ.နောက်ဘဝ ဘယ်သို့ သွားရောက် ရမည် မသိ။
ငါ-နတ်ပြည်သို့ ရောက်ချင်၏။
ငါ-ဘုရားဖြစ်၍ နိဗ္ဗာန်သို့ရောက် ချင်၏။
ငါ-ပစ္စေကဗုဒ္ဓါဖြစ်၍ သာဝကရဟန္တာဖြစ်၍ နိဗ္ဗာန်သို့ ရောက်ချင်၏။

အစရှိသည်ဖြင့် တသံသရာလုံးမှာလည်း တငါတည်းသာ ရှိ၏။ အမြဲ တည်၍နေ၏။ ဘယ်အခါမှ ငါနှစ်ခု မဖြစ်ဘူး။ ငါအပိုင်းအပိုင်း ပြတ်၍ ငါဟောင်း ငါသစ်ဟူ၍ မဖြစ်စဘူး မရှိစဘူးပြီ
ရုပ်တို့မှာမူကား အပိုင်းပိုင်း ပြတ်၍ နေသဖြင့် ငါဖြစ်ပုံ နေပုံက တလမ်း ရုပ်တို့ ဖြစ်ပုံက တလမ်း အားဖြင့် မညီမညွတ်ကြဘဲ တထပ်တည်း မကျဘဲ တလွဲစီ တခြားစီ တလမ်းစီ နေခြင်းကြောင့် -

ထိုရုပ်ကို ငါဟု မှတ်ထင်စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘဲ ထိုရုပ်ထဲ၌ ငါကောင်ကို ရှာ၍မရဘဲ ဟင်- ငါမဟုတ်ဘဲကလား, ဟင်- ငါမရှိဘဲကလား ဟု ငါဟူသော ကိုယ်ကောင် ကင်းပျောက်၍ သွားတော့သည် တပည့်တို့။ သွားလိမ့်မည် တပည့်တို့။ ဤကဲ့သို့ ထင်မြင်၍ ငါပျောက်၍ သွားပုံကို ရည်တော်မူ၍ ဥဒါန်းပါဠိတော် နဝင်္ဂုတ္တရပါဠိတော်တို့၌ လာသော မေဃိယသုတ်၏ အစိတ် ပါဠိဝယ်-

အနိစ္စသညိနော မေဃိယ၊ အနတ္တသညာ သဏ္ဌာတိ။
အနတ္တသညီ အသ္မိမာနသမုဂ္ဃါတံ၊ ပါပုဏာတိ ဒိဋ္ဌေဝဓမ္မေ နိဗ္ဗာနံ။

ဟူ၍ အရှင်မေဃိယရဟန်းအား မြတ်စွာဘုရား ဟောကြားတော်မူပေ၏။

မေဃိယ၊ ချစ်သားမေဃိယ။
အနိစ္စသညိနော၊ သင်္ခါရတရားတို့သည် မမြဲပြီဟု ကောင်းစွာ သိမြင်မှတ်သားသော အနိစ္စသညာ ထင်သော သူအား။
အနတ္တသညာ၊ သင်္ခါရတရားတို့ကို တရားတို့၌ ကိုယ်မဟုတ်ပါကလား ကိုယ်မရှိပါ ကလားဟု ကောင်းစွာသိမြင် မှတ်သားသော အနတ္တသညာသည်။
သဏ္ဌာတိ၊ အလိုလို ထင်ပေါ်၍ တည်လာတော့၏။
မေဃိယ၊ ချစ်သားမေဃိယ။
အနတ္တ သညီ၊ အနတ္တသညာ ထင်သောသူသည်။
အသ္မိမာနသမုဂ္ဃါတံ၊ ငါဟူသော မာန်မာန၏ ကင်းပြတ်ခြင်းသို့။
ပါပုဏာတိ၊ ရောက်လေတော့၏။
ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ဘဝ၌ပင်လျှင်။
နိဗ္ဗာနံ၊ သဥပါဒိသေသနိဗ္ဗာန်သို့။
ပါပုဏာတိ၊ ရောက်ရတော့၏။

တပည့်တို့ - ဤကဲ့သို့ ငါပျောက်၍ သွားသောအခါ အလုံးစုံသော ရုပ်ကို ငါဟူသော ကိုယ့်အနေ နှင့်၎င်း, ငါ့ဟာဟူသော ကိုယ့်ဥစ္စာအနေနှင့်၎င်း, ချစ်ခင် တပ်မက်ခြင်း လည်း ကင်းကြကုန်လတ္တံ့

တပည့်တို့ - ဤသို့ သောအကြောင်းကို စွဲ၍ “နေသော ဟမသ္မိ နေတံ မေ၊ ဧဝံတတ္ထ ဝိရဇ္ဇတိ”ဟူ၍ ဥဒ္ဒေသဝါရ၌ ငါဆရာ ဟောကြားပေ၏။

တပည့်တို့ - မြတ်စွာဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ ကိန်းအောင်း မွေ့လျော် စံနေတော်မူစဉ်အခါ ရဟန်းတို့ကို ခေါ်တော်မူ၍-

အနိစ္စသုတ်

ရူပံ ဘိက္ခဝေ အနိစ္စံ။ ယောပိ ဟေတု ယောဝိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော။ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတော ဘဝိဿတိ။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိံပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမှီတိ ဉာဏံ ဟောတိ၊ ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီတိ။

ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်လာ အနိစ္စသုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ရူပံ၊ ရုပ်သည်။
အနိစ္စံ၊ မမြဲပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။
ရူပဿ၊ ရုပ်၏။
ဥပ္ပါဒါယ၊ ဖြစ်ပေါ်လာရခြင်း၌။
ယောပိ ဟေတု၊ အကြင်ဖြစ်စေ တတ်သော ကံ, စိတ်, ဥတု, အာဟာရ ဟူသော ဇနကအကြောင်းသည်၎င်း။
ယောပိ ပစ္စယော၊ အကြင် ထောက်ပံ့တတ်သော ကံ, စိတ်, ဥတု, အာဟာရ ဟူသော ဥပတ္ထမ္ဘက အကြောင်းသည်၎င်း။
အတ္ထိ၊ ရှိ၏။
သောပိ၊ ထိုနှစ်ပါးစုံသော အကြောင်းသည်လည်း။
အနိစ္စော၊ မမြဲပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။
အနိစ္စ သမ္ဘူတံ၊ မမြဲသော အကြောင်း တရားကြောင့် ဖြစ်ပေါ်လာသော။
ရူပံ၊ ရုပ်သည်။
နိစ္စံ၊ မြဲသည်။
ကုတော ဘဝိဿတိ၊ အဘယ်မှာဖြစ်နိုင်တော့မည်နည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝံ ပဿံ၊ ဤသို့ရုပ်တို့၏ အကြောင်းနှင့်တကွ မမြဲသော အနိစ္စသဘောကို ရှုမြင်သော။
သုတဝါ၊ အနိစ္စရှုပုံနည်း၌ သိကျွမ်းလိမ်မာသဖြင့် အကြားအမြင်နှင့် ပြည့်စုံသော သုတဝါပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်သော။
အရိယ သာဝကော၊ ငါဘုရား၏တပည့်သည်။
ရူပသ္မိံပိ၊ ရုပ်၌လည်း။
နိဗ္ဗိန္ဒတိ၊ ပျင်းမုန်း ငြီးငွေ့၏။
နိဗ္ဗိန္ဒံ၊ ပျင်းမုန်းငြီးငွေ့သည်ရှိသော်။
ဝိရဇ္ဇတိ၊ ငါကောင်ပျောက်လျက် ချစ်ခင်တပ်မက်ခြင်း ကင်းလေ၏။
ဝိရာဂါ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းကြောင့်။
ဝိမုစ္စတိ၊ အာသဝေါတရားတို့မှ ကျွတ်လွတ်လေ၏။
ဝိမုတ္တသ္မိံ၊ အာသဝေါတရားတို့မှ ကျွတ်လွတ်ပြီးသည်ရှိသော်။
ဝိမုတ္တမှီတိ၊ ငါသည်အာသဝေါတရား တို့မှ ကျွတ်လွတ်ပေပြီဟူ၍။
ဉာဏံ၊ သိသောဉာဏ်သည်။
ဟောတိ၊ ဖြစ်လေ၏။
မေ၊ ငါ့အား။
ဇာတိ၊ တဖန်ဘဝ၌ ပဋိသန္ဓေနေရခြင်းဇာတိသည်။
ခီဏာ၊ ကုန်၏။
မေ၊ ငါသည်။
ဗြဟ္မစရိယံ၊ မြတ်သော မဂ်အကျင့်ကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီ။
ဣတ္ထတ္တာယ၊ ဤအာသဝေါ တရားတို့မှ ကျွတ်လွတ်ပါရခြင်း ပဋိသန္ဓေနေရခြင်း ဇာတိ၏ကုန်ပါစေခြင်း အကျိုးငှါ။
အပရံ၊ ယခုကျင့်သုံး အပ်ပြီးသော မဂ် အကျင့်မှတပါး ကျင့်သုံးပြုလုပ်ရန် ကိစ္စသည်။
န အတ္ထိ၊ မရှိတော့ပြီ။
ဣတိ၊ ဤသို့လည်း။
ပဇာနာတိ၊ သိလေ၏။

ဤကဲ့သို့ ဟောကြားတော်မူလေလျှင် ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားတော်မူသော အတိုင်း ရုပ်တရားတို့၏ မမြဲသော အနိစ္စသဘောကို ထင်မြင်အောင် ကြည့်ရှုကြ၍ ငါဟူသော ကိုယ်ကောင် ကင်းပျောက်လျက် အာသဝေါတရားတို့မှ ကျွတ်လွတ်၍ နိဗ္ဗာန်သို့ ရောက်ကြလေပြီ။ ထို့ကြောင့် တပည့်တို့ - သင် တပည့်တို့သည်လည်း ထိုရဟန်းတို့ကဲ့သို့ အနိစ္စထင်မြင်၍ ငါဟူသော ကိုယ်ကောင် ကင်းပျောက်လျက် အာသဝေါတရားတို့မှ ကျွတ်လွတ်၍ နိဗ္ဗာန်သို့ ရောက်ရအောင် ယခု ငါဆရာ ဟောကြားခဲ့ပြီးသော နည်းအတိုင်း ကြိုးစား၍ ကြည့်ရှုကြ ကြိုးစား၍ အားထုတ်ကြ။

အနိစ္စနယ ဝိပဿနာသုတ်

၁။ အဟုတွာ ယေ ဝုပ္ပဇ္ဇန္တိ၊ န ကုတောစိပိ အာဂတာ။
ဟုတွာ အန္တရဓာယန္တိ၊ န တု ကတ္ထစိ ပုဉ္ဇိတာ။

၂။ သင်္ခါရာ အနိစ္စာ သိဿာ၊ အတိဣတ္တရ ကာလိကာ။
ပုပ္ဖုဠမရီစိကာ သမာ၊ အာရဂ္ဂေ သာသပူပမာ။
အာကာသေ ဝိဇ္ဇုလတာဝ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ။

၃။ ဧဝံ အနိစ္စတံ ပဿေထ၊ သာဓဝေါ နယကောဝိဒါ။
တနုပက္ကဇိဏ္ဏတောစာ၊ ဟာရတော ဥတုစိတ္တတော။
ဣရိယာပထတော ဝါ ပိ၊ ရူပဘေဒံ ဝိပဿထ။

၄။ ပဿိတွာန ရူပီသု၊ ဝိရတ္တာ ဟောထ သာဓဝေါ။
ဧဝံ ဝိရတ္တာ မေ သိဿာ၊ မစ္စုဓေယျံ တရိဿထာတိ။

သေက္ချဘာသိတ အနိစ္စနယ ဝိပဿနာသုတ်။

၁။ သိဿာ၊ အို-တပည့်တို့။
သင်္ခါရာ၊ ရုပ်နာမ် သင်္ခါရ တရားတို့သည်ကား။
အဟုတွာယေဝ၊ ရှေးအဘို့က မဖြစ် မရှိမူ၍သာလျှင်။
ဥပ္ပဇ္ဇန္တိ၊ အကြောင်းကြောင့် ဘွားကနဲ ဘွားကနဲ ဖြစ်ပေါ်လာကုန်၏။
ကုတောစိ၊ တစုံတခုသော အရပ်ဌာနမှ။
အာဂတာ၊ လာကုန်သည်။
၊ မဟုတ်ကုန်။
ဟုတွာ၊ ဖြစ်၍ပေါ်ပြီး၍ကား။
အန္တရဓာယန္တိ၊ ချုပ်ပျက် ကွယ်ပျောက်လေကုန်၏။
ကတ္ထစိ၊ တစုံတခုသော အရပ်ဌာန၌။
ပုဉ္ဇိတာ၊ နောင်တဖန် ဖြစ်ပေါ် လာဘို့ရန် စုပုံ၍ နေကုန်သည်။
န တု၊ မဟုတ်ကုန်။

၂။ သိဿာ၊ အို-တပည့်တို့။
သင်္ခါရာ၊ ရုပ် နာမ် သင်္ခါရ တရားတို့သည်။
အနိစ္စာ၊ ဤကဲ့သို့ ဖြစ်ပြီးလျှင် ချုပ်ပျက် ကွယ်ပျောက်၍ သွားခြင်းကြောင့် မမြဲကုန်။
အတိဣတ္တရကာလိကာ၊ အလွန်တိုသော ကာလနှင့်လည်း ယှဉ်ကြကုန်၏။
ပုပ္ဖုဠမရီစိကာသမာ၊ ရေပွက် တံလှပ်တို့နှင့် ဖြစ်ပျက်ပုံ တူကြကုန်၏။
အာရဂ္ဂေ၊ ပွတ်ဆောက်ဖျား၌။
သာသပူပမာ၊ တင်ထားလိုက်သော မုန်ညင်းစေ့တို့နှင့်လည်း ဥပမာတူကြကုန်၏။
အာကာသေ၊ ရေးခြစ်မထင် မိုးကောင်းကင်၌။
ဝိဇ္ဇုလတာဝ၊ လျှပ်စစ်နွယ်တို့ကဲ့သို့။
ဥပ္ပဇ္ဇန္တိ စ၊ ဖြစ်လည်း ဖြစ်ပေါ်လာကုန်၏။
ဝယန္တိ စ၊ ပျက်လည်း ပျက်ကွယ်ကြကုန်၏။

၃။ နယကောဝိဒါ၊ ဆရာ့ထံမှ နည်းနာကျအောင် လှလှကောင်းမွန်စွာ သင်ကြား အပ်ပြီးသည်ဖြစ်၍ ဝိပဿနာ ရှုနည်း၌ သိပ်သည်းသေချာ ကောင်းမွန်စွာ လိမ်မာကြ ကုန်သော။
သာဓဝေါ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ သင်တပည့်တို့သည်။
ဧဝံ အနိစ္စတံ၊ သင်္ခါရတရားတို့၏ ဤကဲ့သို့ ဖြစ်ပျက်၍ နေသော မမြဲသော အဖြစ်ကို။
ပဿေထ-ပဿယျောထ၊ ထင်မြင်အောင် ကြည့်ရှုကုန်ရာ၏။
တနုပက္က ဇိဏ္ဏတော စ၊ အနုမှသည်အရင့်၊ အရင့်မှသည် အဆွေးအားဖြင့် ဖြစ်၍သွားပုံ အားဖြင့်၎င်း။
အာဟာရတော စ၊ အာဟာရ အားဖြင့်၎င်း။
ဥတုစိတ္တတော စ၊ ဥတုအားဖြင့်၎င်း,စိတ်အားဖြင့်၎င်း။
ဣရိယာပထတောဝါပိ၊ ဣရိယာပုထ်အားဖြင့်၎င်း။
ရူပဘေဒံ၊ ရုပ်တို့၏ ဖြစ်ပျက်ပုံကို။
ဝိပဿထ၊ ကြည့်ရှုကြကုန်လော့။

၄။ သာဓဝေါ၊ အို-တပည့် အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ သင် တပည့်တို့သည်။
ပဿိတွာန၊ ရုပ်တို့၏ ဖြစ်ပျက်မှုကို ရှုမြင်ကြကုန်၍။
ရူပီသု၊ ရုပ်တရားတို့၌။
ဝိရတ္တာ၊ ငါဟူသော ကိုယ့်အနေနှင့်၎င်း, ငါ့ဟာဟူသော ကိုယ့်ဥစ္စာ အနေနှင့်၎င်း ချစ်ခင်တပ်မက်ခြင်း ကင်းကြကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော့။
ဧဝံဝိရတ္တာ၊ ဤသို့ ချစ်ခင်တပ်မက်ခြင်း ကင်းကြကုန်သည်ရှိသော်။
မေသိဿာ၊ ငါ့တပည့်တို့သည်။
မစ္စုဓေယျံ၊ သုံးဆယ့်တဘုံ တည်းဟူ သော သေမင်းနိုင်ငံကြီးကို။
တရိဿထ၊ လွန်မြောက်ကြကုန်လတ္တံ့။
ဣတိ၊ ဤတွင် သေက္ချဘာသိတ အနိစ္စနယ ဝိပဿနာသုတ် ပြီး၏။

ဣတိ အနိစ္စေန သုညတ နယော။

အနိစ္စေန၊ အနိစ္စအားဖြင့်။
သုညတနယော၊ ရုပ်ဓာတ်တို့ကို အတ္တ အတ္တနိယ ပျောက်ကင်း ကွယ်သုံး၍ သွားအောင် ကြည့်ရှုပုံ သုညတနည်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

အနိစ္စသုညတနည်း ပြီး၏။

🙏 ဒုက္ခအားဖြင့် သုညတရှုပုံ

တပည့်တို့ - ဤရုပ်ဓာတ်တို့ကို”နေသော ဟမသ္မိ နေတံမေ၊ ဧဝံတတ္ထ ဝိရဇ္ဇတိ” ဟူသော ဥဒ္ဒေသအရ ငါဟူသောအတ္တ၊ ငါ့ဟာဟူသော အတ္တနိယ ပျောက်သုံး၍ သွားအောင် အနိစ္စအားဖြင့် ကြည့်ရှုကြပုံ သုညတနည်းကို ပြဆိုဟောကြားပြီး၍ ယခုတဖန် ဤရုပ်ဓာတ်တို့ကို ပင်လျှင် ဒုက္ခအားဖြင့် အတ္တ အတ္တနိယ ပျောက်သုဉ်း၍ သွားအောင်ကြည့်ရှုပုံ သုညတနည်းကို ပြဆိုဟောကြားဦးအံ့။

ဥပ္ပါဒေါ ဇာတိ အက္ခာတော၊ ဘင်္ဂေါဝုတ္တော ဝယောတိ စ။
အညထတ္တံ ဇရာ ဗျာဓိ၊ ဌိတိယံ နာမရူပိနံ။

သေက္ချဘာသိတဂါထာ။

၂၃။ သိဿာ၊ အို-တပည့်တို့။
နာမရူပီနံ၊ နာမ် ရုပ်တို့၏။
ဇာတိ၊ ဖြစ်ပေါ်လာခြင်းဇာတိကို။
ဥပ္ပါဒေါ၊ ဥပါဒ်ဟူ၍။
ဝါ၊ ဥပ္ပါဒေါ၊ ဖြစ်ပေါ်လာခြင်း ဥပါဒ်ကို။
ဇာတိ၊ ဇာတိဟူ၍။
ဝုတ္တော၊ ဟောကြားအပ်၏။
ဘင်္ဂေါ၊ ပျက်စီးခြင်းကို။
ဝယောတိစ၊ မရဏဟူ၍။
ဝယဟူ၍၊ ဝုတ္တော၊ ဟောကြားအပ်၏။
ဌိတိယံ၊ ဌီခဏ၌။
ဇရာဗျာဓိ၊ ဟောင်းနှင့် ဆွေးမြေ့ခြင်း နာကျင်ခြင်း ဇရာ-ဗျာဓိစုကို။
အညထတ္တံ၊ သစ်သစ်လတ်လတ် ဥပါဒ်အတိုင်း မနေဘဲ တပါးသော အခြင်းအရာအားဖြင့် ဖောက်ပြန်ခြင်း အညထတ္တဟူ၍။
ဝါ၊ အညထတ္တံ၊ သစ်သစ်လတ်လတ် ဥပါဒ်အတိုင်း မနေဘဲ တပါးသော အခြင်းအရာအားဖြင့် ဖောက်ပြန်ခြင်း အညထတ္တကို။
ဇရာဗျာဓိ၊ ဟောင်းနှင့် ဆွေးမြေ့ခြင်း နာကျင် ခြင်း ဇရာဗျာဓိ ဟူ၍။
ဝုတ္တော၊ ဟောကြားအပ်၏။

💡 ရုပ်တရားတို့၏ ဇာတိဒုက္ခကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေကို တခုတခု၌ --

၁။ ဖြစ်ပေါ် ခြင်း ဇာတိဘေး၊
၂။ ဟောင်းရင့်ဆွေးမြေ့ခြင်း ဇရာဘေး၊
၃။ ထိုဇရာဘေး ထိသဖြင့် နာကျင်ခြင်း ဗျာဓိဘေး၊
၄။ ချုပ်ပျက် ကွယ်ဆုံးခြင်း မရဏဘေး

ဟု ဘေးကြီး လေးပါးစီ ရှိကြကုန်၏။
ထို့ကြောင့်ဘဲ တပည့်တို့-မြတ်စွာဘုရားရှင်သည်–

ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊
ဒုက္ခဿ သော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာ မရဏဿ ပါတုဘာဝေါ။

ဟူ၍ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်၌ ဟောကြားတော်မူပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ရူပဿ၊ ရုပ်၏။
ယော ဥပ္ပါဒေါ၊ အကြင် ရှေးဦးစွာ ဥပါဒ်ဟု ဖြစ်ပေါ်လာခြင်းသည်။
အတ္ထိ၊ ရှိ၏။
သော၊ ထိုဖြစ်ပေါ်လာခြင်းသည်။
ဒုက္ခဿ၊ ဇာတိဒုက္ခ၏။
ဥပ္ပါဒေါ၊ ဖြစ်ပေါ်ခြင်းပေတည်း။
ရူပဿ၊ ရုပ်၏။
ယာ ဌိတိ၊ အကြင် တည်ခြင်းသည်။
ယာ အဘိနိဗ္ဗတ္တိ၊ အကြင် ဥပါဒ် ဌီအားဖြင့် ခဏနှစ်ပါး ပြည့်စုံစွာ ဖြစ်ပေါ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
သာ၊ ထိုတည်ခြင်း ဖြစ်ခြင်းသည်။
ရောဂါနံ၊ အနာရောဂါဘေးတို့၏။
ဌိတိ၊ စွဲကပ်၍ တည်ခြင်းပေတည်း။
ရူပဿ၊ ရုပ်၏။
ယောပါတုဘာဝေါ၊ အကြင် ခဏ သုံးပါးပြည့်စုံစွာ ထင်ရှားဖြစ်ပေါ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
သော၊ ထိုဖြစ်ပေါ်ခြင်းသည်။
ဇရာမရဏဿ၊ ဟောင်းရင့် ဆွေးမြေ့ခြင်း ချုပ်ပျက် ကွယ်ဆုံးခြင်း ဇရာဘေး မရဏဘေးစု၏။
ပါတုဘာဝေါ၊ ထင်ရှားဖြစ်ပေါ်ခြင်းပေတည်း။

တပည့်တို့ - လတ်လတ် ဆတ်ဆတ် သစ်ရွက်စိုကလေးတွေကို ရဲရဲညိသော မီးကျီးထဲသို့ ချလိုက်လျှင် ညှိုးနွမ်း တွန့်လိမ်လျက် ဆွေးမြေ့လျက် ပျက်ကွယ်၍ သွားကြဘိ သကဲ့သို့၎င်း၊ သစ်သစ်လတ်လတ် နှမ်းစေ့ကလေးတွေကို လောလော ပူသော အိုးခင်းထဲသို့ ထည့်လိုက်လျှင် ညှိုးနွမ်း ဆွေးမြေ့လျက် ဖျစ်ဖျစ်မြည်လျက် ပျက်ကွယ်၍ သွားကြဘိသကဲ့သို့၎င်း၊ ထို့အတူ ဤရုပ်ကလာပ် ရုပ်မှုန့်ကလေး တွေသည် ဖြစ်ပေါ်ပြီးလျှင် ဇရာမီးလောင်၍ ညှိုးနွမ်းတွန့်လိမ်လျက် နာကျင် ဆွေးမြေ့လျက် ဖျစ်ဖျစ်မြည်လျက် ပျက်၍ ပျက်၍ သွားကြကုန်၏။

တပည့်တို့ - ဤကဲ့သို့ ဇာတိဘေး ဇရာဘေး ဗျာဓိဘေး မရဏဘေးတို့သည် အမြဲ ဖိစီး နှိပ်စက်၍နေသော ဇရာမီး၊ မရဏမီးတို့သည် အမြဲလောင်၍နေသော ဤ ရုပ်ကလာပ် ရုပ်မှုန့် ကလေးတွေသည် ကောင်းသောသဘော ကောင်းသော အကွက် သက်သာသော သဘော သက်သာသော အကွက် ချမ်းသာသော သဘော ချမ်းသာသော အကွက်ဟူ၍ အဘယ်မှာ ရှိရှာကြတော့မည်နည်း။ ချမ်းသာမဘက် သက်သက်နာကျင် ဆင်းရဲသော ဒုက္ခခဲ ဒုက္ခတုံး ကလေးတွေ အစစ်သာ ဖြစ်ကြလေတော့သည်သာပ။

တပည့်တို့ - ဤသို့သော အကြောင်းကြောင့် ရုပ်သည် နာကျင် ဆင်းရဲသော ဒုက္ခခဲ ဒုက္ခတုံး ဒုက္ခ တရားပင်တည်း။ တပည့်တို့ - ရုပ်၏ ဖြစ်ပေါ်လာရမှု၌ အကြောင်းတို့သည် ဖြစ်စေတတ်သော ဇနကအကြောင်း၊ ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းဟု နှစ်ပါးအပြားရှိ၏။

ထိုနှစ်ပါးသော အကြောင်းတရားစု သည်လည်း ဇာတိဘေး ဇရာဘေး ဗျာဓိဘေး မရဏဘေးတို့သည် အမြဲ ဖိစီး နှိပ်စက်အပ်သည်ဖြစ်၍ ဇရာမီး မရဏမီးတို့သည် အမြဲ လောင်အပ်သည်ဖြစ်၍ နာကျင် ဆင်းရဲသော ဒုက္ခခဲ ဒုက္ခတုံး ဒုက္ခတရား ပင်တည်း။

အခါးပင်မျိုးစေ့မှ ပေါက်ဖွားသော သစ်ပင်ငယ်သည် အချို မဖြစ်နိုင်ဘဲ အမြဲမုချ ခါးရလေဘိ သကဲ့သို့ ထို့အတူ တပည့်တို့ - ဤနာကျင်ဆင်းရဲသော ဒုက္ခ တရားကြောင့် ဖြစ်ပေါ်လာသော ရုပ်သည် အဘယ်မှာ ချမ်းသာသော သုခတရား ဖြစ်နိုင်တော့မည်နည်း၊ ဟုတ်နိုင်တော့မည်နည်း၊ ချမ်းသာ မဖက် သက်သက် နာကျင်ဆင်းရဲသော ဒုက္ခတရားအစစ်သာ ဟုတ်လေတော့သည်သာပ။

☸️ ဒုက္ခထင်မြင်၍ မဂ်ကိစ္စပြီးပုံကိုပြခြင်း

ထို့ကြောင့်ဘဲ တပည့်တို့ - ဝဇိရာအမည်ရှိသော ရဟန္တာထေရီမသည်–

ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။

ဟူ၍ သဂါထာဝဂ္ဂ သံယုတ် ပါဠိတော်၌ မာရ်နတ်သားအား ဟောကြားတော်မူ၏။

မာရ၊ မာရ်နတ်။
လောကေ၊ လောက၌။
ဟိ၊ စင်စစ်။
ဒုက္ခမေဝ၊ ဒုက္ခတရားသည်သာလျှင်။
သန္တောတိ၊ ဥပါဒ်ဟု ပေါ်ဖြစ်လာ၏။
ဒုက္ခံ၊ ဒုက္ခတရားသည်သာလျှင်။
တိဋ္ဌတိ၊ ဌီဟုတည်၏။
ဝေတိ စ၊ ဘင်ဟုပျက်ကွယ်၏။
ဒုက္ခာ၊ ဒုက္ခတရားမှ၊ ဒုက္ခတရားကို။
အညတြ၊ ကြဉ်ထား၍။
ကိဉ္စိ၊ တစုံတခုသော တရားသဘောမည်သည်။
န သန္တောတိ၊ ဥပါဒ်ဟု မဖြစ်ပေါ်လာ။
ဒုက္ခာ၊ ဒုက္ခ တရားမှ။
အညံ၊ တပါးသော ဥပါဒ်ဟု မဖြစ်ပေါ်လာသော တစုံတခုသော တရားသဘော မည်သည်။
န နိရုဇ္ဈတိ၊ မချုပ်ပျက်ပြီ၊

တပည့်တို့ - ဤကဲ့သို့ ရုပ်တို့၏ နာကျင်ဆင်းရဲပုံ ဒုက္ခလက္ခဏာကို ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ - ဤကဲ့သို့ ရုပ်တို့၏ ဒုက္ခလက္ခဏာကို ထင်မြင်လျှင် ဒုက္ခဝိပဿနာဉာဏ်သည် အထွတ် အစွန်းသို့ ရောက်တော့သည်ပင်တည်း။ ကိစ္စပြီးဆုံးအောင် ရွက်ဆောင်နိုင်တော့သည်ပင်တည်း။

ထို့ကြောင့်ဘဲ တပည့်တို့ - မြတ်စွာဘုရားရှင်သည် ဒုက္ခသုတ်၌-

ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိံပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗတ္တံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ။

ဟူ၍ ဟောတော်မူလေသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝံ ပဿံ၊ ဤကဲ့သို့ ရုပ်တို့၏ ဒုက္ခလက္ခဏာကို ထင်မြင်သော။
သုတဝါ၊ အကြားအမြင်နှင့်ပြည့်စုံသော။
အရိယသာဝကော၊ ငါဘုရား၏ တပည့်သည်။
ရူပသ္မိံပိ၊ ရုပ်၌လည်း။
နိဗ္ဗိန္ဒတိ၊ ပျင်းမုန်း ငြီးငွေ့၏။
နိဗ္ဗိန္ဒံ၊ ပျင်းမုန်း ငြီးငွေ့သည်ရှိသော်။
ဝိရဇ္ဇတိ၊ ငါကောင် အတ္တပျောက်လျက် ချစ်ခင်တပ်မက်ခြင်းကင်း၏။
ဝိရာဂါ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းကြောင့်။
ဝိမုစ္စတိ၊ အာသဝေါတရားတို့မှ ကျွတ်လွတ်၍ သွား၏။

ထို့ကြောင့် တပည့်တို့ - သင်တပည့်တို့သည် ဤကဲ့သို့ ရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေ၏ နာကျင် ဆင်းရဲ၍ နေပုံလက္ခဏာကို ထင်မြင်အောင် ကြည့်ရှုကြ။ ကြည့်ရှု သောအခါ ထင်မြင်၍လာလိမ့်မည်။ တပည့်တို့ - ဤသို့ ကြည့်ရှု၍ ထင်မြင်၍ လာသောအခါ ငါဟူသော ကိုယ်ဟူသော တရားမှာ အစိုးရသော အလိုသို့လိုက်သော တရားတည်း။ ဤရုပ်သည်ကား ဘေးမထိနှင့်၊ ဘေးမတွေ့နှင့် ဘေးနှင့်ပင် တွေ့ထိသော်လည်း မဖောက်ပြန်နှင့် မနာကျင်နှင့် မဆင်းရဲနှင့် ဒုက္ခခဲမဖြစ်နှင့် သုခခဲဖြစ်ဟု ဘယ်သူမှ အာဏာပေး၍မရ။ ဘယ်သူမှ အစိုးမရ ဘယ်သူ့အလိုကိုမှ အနည်းငယ်မျှမှ မလိုက်ပြီ

ဤသို့ အစိုးမရ အလိုသို့ မလိုက်သောအဖြစ်သည် ထင်ရှား၍လာသဖြင့် ကိုယ်ဟု ငါဟု မှတ်ထင် စွဲလမ်းခြင်းငှါ မသင့်ဘဲ မထိုက်ဘဲ ကိုယ်ဟု ငါဟုမှတ်ထင် စွဲလမ်းခြင်းငှါ မဖြစ်နိုင်ဘဲ ဟင် -ဤရုပ်သည် ငါမဟုတ် ပါဘဲကလား။ ဟင်-ဤရုပ်ထဲ၌ ငါမရှိပါဘဲကလားဟု ငါပျောက်၍သွားတော့သည်တပည့်တို့။ သွားလိမ့်မည် တပည့်တို့။ ဤကဲ့သို့ ဖြစ်ပုံထင်ပုံ သဘောအတိုင်း ရုပ်တို့၏ ကိုယ်မဟုတ်သော အနတ္တအဖြစ်ကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားရှင်သည်-

ရူပံ ဘိက္ခဝေ အနတ္တာ၊ ရူပဉ္စဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ န ယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လဘေထ စ ရူပေ ဧဝံမေရူပံ ဟောတု၊ ဧဝံမေရူပံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ၊ အာဗာဓာယ သံဝတ္တတိ၊ န စ လဘတိ ရူပေ၊ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာအဟောသီတိ။

ဟူ၍ ပဉ္စဝဂ္ဂီရဟန်းတို့အား ဟောကြားတော် မူပေ၏။

(ဝိနည်း မဟာဝါပါဠိတော် ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်၌ လာသော အနတ္တလက္ခဏသုတ်၏ အစိတ်ပါဠိ။)

ဘိက္ခဝေ၊ ရဟန်းတို့။
ရူပံ၊ ရုပ်သည်။
အနတ္တာ၊ ငါဟု ဆိုအပ်သောကိုယ် မဟုတ်။
ဘိက္ခဝေ၊ ရဟန်းတို့။
ဟိသစ္စံ၊ ထိုကိုယ်မဟုတ်ဟု ဆိုအပ်သော စကားသည် အမှားမဖြစ် စင်စစ်မှန်၏။
ဣဒဉ္စရူပံ၊ ဤရုပ်သည်။
အတ္တာ၊ ကိုယ်သည်။
အဘဝိဿ၊ အကယ်၍ ဖြစ်ငြားအံ့။ ဟုတ်ငြားအံ့။
ဣဒံရူပံ၊ ဤရုပ်သည်။
အာဗာဓာယ၊ နာကျင်စွာ။
နသံဝတ္တေယျ၊ မဖြစ်ရာ။
ဝါ၊ တနည်းကား။
အာဗာဓာယ၊ စွဲလမ်းသော သူအား နာကျင်ခြင်းငှါ။
ဝါ၊ စွဲလမ်းသောသူကို နာကျင်စေခြင်းငှါ။
န သံဝတ္တေယျ၊ မဖြစ်ရာ။
ရူပေ၊ ရုပ်၌။
မေ၊ ငါ၏။
ရူပံ၊ ရုပ်သည်။
ဧဝံ၊ ဤသို့ ငါအလိုရှိသလို။
ဟောတု၊ ဖြစ်စေသား။
မေ ရူပံ၊ ငါ၏ ရုပ်သည်။
ဧဝံ၊ ဤသို့ ငါအလိုမရှိသလို။
မာ အဟောသိ၊ မဖြစ်စေသား။
ဣတိ၊ ဤသို့ အလိုအတိုင်း အာဏာပေး၍ စီရင်၍ တောင့်တ၍လည်း။
လဘေထ၊ ရရာ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ယသ္မာ စ ခေါ၊ အကြင်ကြောင့်လျှင်။
ရူပံ၊ ရုပ်သည်။
အနတ္တာ၊ ကိုယ်မဟုတ်။
တသ္မာ၊ ထိုသို့ ကိုယ်မဟုတ်ခြင်းကြောင့်။
ရူပံ၊ ရုပ်သည်။
အာဗာဓာယ၊ နာကျင်စွာ။
သံဝတ္တတိ၊ ဖြစ်၏။
ဝါ၊ တနည်းကား။
အာဗာဓာယ၊ စွဲလမ်းသော သူအား နာကျင်ခြင်းငှါ။
ဝါ၊ စွဲလမ်းသော သူကို နာကျင်စေခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။
ရူပေ၊ ရုပ်၌။
မေ ရူပံ၊ ငါ၏ရုပ်သည်။
ဧဝံ၊ ဤသို့ ငါအလိုရှိသလို။
ဟောတု၊ ဖြစ်စေသား။
မေ ရူပံ၊ ငါ၏ရုပ်သည်။
ဧဝံ၊ ဤသို့ ငါအလိုမရှိသလို။
မာ အဟောသိ၊ မဖြစ်စေသား။
ဣတိ၊ ဤသို့ အလိုအတိုင်း အာဏာပေး၍ စီရင်၍ တောင့်တ၍လည်း။
န စ လဘတိ၊ မရပြီ။

တပည့်တို့ - ဤကဲ့သို့ ငါပျောက်၍သွားသောအခါ အလုံးစုံသော ရုပ်၌ ငါဟူသော ကိုယ်အနေနှင့်၎င်း။ ငါ့ဟာ ဟူသော ကိုယ့်ဥစ္စာအနေနှင့်၎င်း ချစ်ခင် တပ်မက်ခြင်း လည်း ကင်းကြကုန်လတ္တံ့။ တပည့်တို့ - ဤသို့သော အကြောင်းကို စွဲ၍”နေသော ဟမသ္မိ နေတံမေ၊ ဧဝံ တတ္ထဝိရဇ္ဇတိ”ဟူ၍ ဥဒ္ဒေသဝါရ၌ ငါဆရာ ဟောကြားပေ၏။

တပည့်တို့ - ဤကဲ့သို့သော ဒုက္ခလက္ခဏာကို ထင်မြင်မှသာလျှင် ယခု ဟောပြီးသော အတိုင်း အနတ္တလက္ခဏာလည်း အလိုလို ထင်မြင်၍ လာလျက် ကိစ္စပြီးဆုံး၍ သွားနိုင်သည်။ ဆူးငြောင့်စူး၍ နာကျင်မှု ဓားလှံစူး၍ နာကျင်မှု, မီးလောင်၍ နာကျင်မှု, အနာပေါက်၍ နာကျင်မှု, အမှတ်မရှိ တစုံတခုသော ဘေးဒဏ်ထိ၍ နာကျင်မှု ဟူသော ကာယိကဒုက္ခဝေဒနာကို ထင်မြင်၍ ကိစ္စပြီးဆုံး၍ သွားနိုင်သည် မဟုတ်။

ထိုကဲ့သို့သော ကာယိကဒုက္ခကို ထင်မြင်မှုသည် ဝိပဿနာဉာဏ် ထင်မြင်မှုပင် မဟုတ်။ ထိုကဲ့သို့သော ဒုက္ခကိုကား သာသနာတွင်း သာသနာပ အခါခပ်သိမ်း၌ပင် အလုံးစုံသော သတ္တဝါ တို့သည် ကိုယ်တိုင် တွေ့ကြုံ ခံစားကြရ၍ ထင်မြင်ကြဖူးသည် ချည်းပင်တည်း။ အပါယ်ဘုံသား တို့မှာကား မပြတ်မလပ် အမြဲပင် ထင်မြင်၍ နေကြ၏။

တပည့်တို့ - ဤဟောကြားခဲ့ပြီးသော ဝိပဿနာဉာဏ်၏ အာရုံဖြစ်သော ဒုက္ခလက္ခဏာကိုလည်း ရုပ်မှုန့်ကလေးတွေ ခဏိကအားဖြင့် ဖြစ်ပျက်၍ နေမှု ဟူသော အနိစ္စလက္ခဏာကို ထင်မြင်မှာ သာလျှင် ထင်မြင်နိုင်၏။ အနိစ္စလက္ခဏာကို မထင်မြင်နိုင်လျှင် ဤရုပ်မှုန့်ကလေးတွေ နာကျင် ဆင်းရဲ၍ နေပုံဟူသော ဒုက္ခလက္ခဏာကို မထင်မြင်နိုင်ပြီ။

ထို့ကြောင့် သင်တပည့်တို့သည် ရုပ်၏ ဒုက္ခလက္ခဏာကို ထင်မြင်လိုလျှင် အောက်က ပြောဟောခဲ့ ပြီးသောအတိုင်း အနိစ္စ လက္ခဏာကိုသာလျှင် ထင်မြင်အောင် ကြည့်ရှုကြ။ အနိစ္စလက္ခဏာကို ထင်မြင်လျှင် ဤဒုက္ခလက္ခဏာသည် သင် တပည့်တို့အား အလိုလိုထင်၍ လာလတ္တံ့

ဖြစ်ပျက်မှု အနိစ္စကိုထင်မြင်၍ နေသောသူအား ဤဖြစ်ခြင်းပျက်ခြင်း ဇာတိဘေး, မရဏဘေး, ဆွေးမြေ့ခြင်း နာကျင်ခြင်း ဇရာဘေး, ဗျာဓိဘေးတို့ မပြတ်မလပ် နှိပ်စက်၍နေသဖြင့် နာကျင် ဆင်းရဲသော အခြင်းအရာ ဒုက္ခလက္ခဏာသည် အဘယ်မှာ မထင်ချင်ဘဲ နေနိုင်တော့မလဲ တပည့်တို့။ ဧကန်မချွတ် ထင်၍ လာလေ တော့သည်သာပ

တပည့်တို့ - ဤဒုက္ခလက္ခဏာ ထင်မြင်လာသောအခါ ယခု ဟောကြားခဲ့ပြီးသော အတိုင်း အနတ္တလက္ခဏာလည်း အလိုလိုထင်၍လာလျက် ကိစ္စပြီးဆုံး၍ သွားလတ္တံ့။ တပည့်တို့ - မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်း မွေ့လျော် စံနေတော်မူစဉ် ရဟန်းတို့ကို ခေါ်တော်မူ၍-

ရူပံ ဘိက္ခဝေ ဒုက္ခံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ ဒုက္ခော။ ဒုက္ခသမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတောသုခံ ဘဝိဿတိ၊ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိံပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမှီတိ ဉာဏံ ဟောတိ၊ ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီတိ။

ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်လာ ဒုက္ခသုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ရူပံ၊ ရုပ်သည်။
ဒုက္ခံ၊ ချမ်းသာမဘက် သက်သက် နာကျင် ဆင်းရဲသော ဒုက္ခတရားတည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ရူပဿ၊ ရုပ်၏။
ဥပ္ပါဒါယ၊ ဖြစ်ပေါ်လာရခြင်း၌။
ယောပိ ဟေတု၊ အကြင် ဖြစ်စေတတ်သော ကံ စိတ် ဥတု အာဟာရဟူသော ဇနက အကြောင်းသည်၎င်း။
ယောပိ ပစ္စယော၊ အကြင် ထောက်ပံ့တတ်သော ကံ စိတ် ဥတု အာဟာရ ဟူသော ဥပတ္ထမ္ဘက အကြောင်းသည်၎င်း။
အတ္ထိ၊ ရှိ၏။
သောပိ၊ ထိုနှစ်ပါးစုံသော အကြောင်းတရားသည်လည်း။
ဒုက္ခော၊ ချမ်းသာမဘက် သက်သက် နာကျင်ဆင်းရဲသော ဒုက္ခတရားပင်တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဒုက္ခသမ္ဘူတံ၊ နာကျင် ဆင်းရဲသော ဒုက္ခတရားကြောင့်ဖြစ်သော။
ရူပံ၊ ရုပ်သည်။
သုခံ၊ ချမ်းသာသော သုခတရားသည်။
ကုတော ဘဝိဿတိ၊ အဘယ်မှာ ဖြစ်နိုင်တော့မည်နည်း၊ ဟုတ်နိုင်တော့မည်နည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝံ ပဿံ၊ ဤသို့ ရုပ်တို့၏ အကြောင်းနှင့်တကွ နာကျင် ဆင်းရဲသော ဒုက္ခ သဘောကို ရှုမြင်သော။
သုတဝါ၊ ဒုက္ခဝိပဿနာ ရှုနည်း၌ သိကျွမ်းလိမ်မာသဖြင့် အကြားအမြင်နှင့် ပြည့်စုံသော သုတဝါပုဂ္ဂိုလ် ဟု ခေါ်ဆိုအပ်သော။
အရိယသာဝကော၊ ငါဘုရား၏တပည့်သည်။
ရူပသ္မိံပိ၊ ရုပ်၌လည်း။
နိဗ္ဗိန္ဒတိ၊ ပျင်းမုန်း ငြီးငွေ့၏။
နိဗ္ဗိန္ဒံ၊ ပျင်းမုန်း ငြီးငွေ့သည်ရှိသော်။
ဝိရဇ္ဇတိ၊ ငါကောင်ပျောက်လျက် ချစ်ခင်တပ်မက်ခြင်း ကင်းလေ၏။
ဝိရာဂါ၊ ချစ်ခင် တပ်မက်ခြင်း ကင်းခြင်းကြောင့်။
ဝိမုစ္စတိ၊ အာသဝေါတရားတို့မှ ကျွတ် လွတ်လေ၏။
ဝိမုတ္တသ္မိံ၊ အာသံဝေါတရားတို့မှ ကျွတ်လွတ်သည်ရှိသော်။
ဝိမုတ္တမှီတိ၊ ငါသည် အာသဝေါတရားတို့မှ ကျွတ်လွတ်ပေပြီ ဟူ၍။
ဉာဏံ၊ သိသော ဉာဏ်သည်။
ဟောတိ၊ ဖြစ်လေ၏။

မေ၊ ငါ့အား။
ဇာတိ၊ တဖန်ဘဝ၌ ပဋိသန္ဓေ နေရခြင်းဇာတိသည်။
ခီဏာ၊ ကုန်ပြီ။
မေ၊ ငါသည်။
ဗြဟ္မစရိယံ၊ မြတ်သော မဂ်အကျင့်ကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီ။
ဣတ္ထတ္တာယ၊ ဤအာသဝေါတရားတို့မှ ကျွတ်လွတ်ပါရခြင်း ပဋိသန္ဓေဇာတိ၏ ကုန်ပါစေခြင်း အကျိုးငှါ။
အပရံ၊ ဤ ယခု ကျင့်သုံးအပ်ပြီးသော မဂ်အကျင့်မှ တပါး ကျင့်သုံးပြုလုပ်ရန် ကိစ္စသည်။
န အတ္ထိ၊ မရှိတော့ပြီ။
ဣတိ၊ ဤသို့လည်း။
ပဇာနာတိ၊ သိလေ၏။

ဤကဲ့သို့ ဟောကြားတော်မူလေလျှင် ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားတော်မူသော အတိုင်း ရုပ်တို့၏ နာကျင်ဆင်းရဲသော ဒုက္ခသဘောကို ထင်မြင်အောင် ကြည့်ရှု၍ ငါဟူသော ကိုယ်ကောင် ကင်းပျောက်လျက် အာသဝေါတရားတို့မှ ကျွတ်လွတ်၍ နိဗ္ဗာန်သို့ရောက်ကြလေပြီ

ထို့ကြောင့် တပည့်တို့ - သင်တပည့်တို့သည်လည်း ထိုရဟန်းတို့ကဲ့သို့ ဒုက္ခ လက္ခဏာကို ထင်မြင်၍ ငါ-ကောင်ပျောက်လျက် အာသဝေါတရားတို့မှ ကျွတ်လွတ်၍ နိဗ္ဗာန်သို့ ရောက်ရအောင် ယခု ငါဆရာ ဟောကြားခဲ့ပြီးသောအတိုင်း ကြိုးစား၍ ကြည့်ရှုကြ ကြိုးစား၍ အားထုတ်ကြ

၁။ ဥပ္ပါဒါဘိ နဝါကာရ၊ မတိက္ကမ္မ တတောပရံ။
ဇရာဇဇ္ဇရိတာ ဟုတွာ၊ ဘဉ္ဇမာနာ ကထံ သုခါ။

၂။ ဇာယန္တာပိ စ နိယျန္တာ၊ မိယျန္တာ စ နိရန္တရံ။
နိရောဓာယာဘိဓာဝန္တာ၊ ဘင်္ဂဂတာ ကထံသုခါ။

၃။ သင်္ခါရာ ဒုက္ခိတာ သိဿာ၊ ဇာတိမရဏ ပီဠိတာ။
သန္တတ္တေ တိလပဏ္ဏာဝ၊ အာတုရန္တိ န သုခိနော။

၄။ ဧဝံ ဒုက္ခတံ ပဿေထ၊ သာဓဝေါ နယကောဝိဒါ။
ပဿိတွာန ရူပီသု၊ ဝိရတ္တာ ဟောထ သာဓဝေါ။
ဧဝံ ဝိရတ္တာ မေ သိဿာ၊ မစ္စုဓေယျံ တရိဿထာတိ။

သေက္ချဘာသိတ ဒုက္ခနယ ဝိပဿနာသုတ်။

၁။ သိဿာ၊ အို-တပည့်တို့။
သင်္ခါရာ၊ ရုပ် နာမ်သင်္ခါရ တရားတို့သည်။
ဥပ္ပါဒါဘိနဝါကာရံ၊ အသစ်သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်ခြင်းကို။
အတိက္ကမ္မ၊ လွန်၍။
တတော၊ ထိုဥပါဒ်ခဏမှ။
ပရံ၊ နောက်၌။
ဇရာ၊ အိုမင်း ဆွေးမြေ့ရကုန်၏။
ဇဇ္ဇရတာ၊ အိုမင်း ဆွေးမြေ့ခြင်းသို့ ရောက်ကုန်သည်။
ဟုတွာ၊ ဖြစ်၍။
ဘဉ္ဇမာနာ၊ ပျက်စီးသေဆုံး၍ နေရပါသည်ကို။
ကထံသုခါ၊ အဘယ်မှာ ချမ်းသာရှိကုန်အံ့နည်း။

၂။ သိဿာ၊ အို-တပည့်တို့။
သင်္ခါရာ၊ နာမ် ရုပ် သင်္ခါရ တရားတို့သည်။
ဇာယန္တာပိ စ၊ ဖြစ်ပေါ်လာကုန်၍လည်း။
ဇိယျန္တာ၊ အိုမင်းဆွေးမြေ့ရကုန်၏။
နိရန္တရံ၊ မပြတ်မလပ်။
မိယျန္တာ စ၊ သေလည်း သေဆုံးပျက်စီးရကုန်၏။
နိရောဓာယ၊ ချုပ်ပျက်သေဆုံးခြင်းငှါ။
အဘိဓာဝန္တာ၊ ရှေ့ရှုမနား ပြေးသွားကြကုန်၍။
ဘင်္ဂဂတာ၊ ပျက်စီးသေဆုံးခြင်းသို့ ရောက်၍ နေရပါသည်ကို။
ကထံ သုခါ၊ အဘယ်မှာ ချမ်းသာရှိကုန်အံ့နည်း။

၃။ သိဿာ၊ အို-တပည့်တို့။
သင်္ခါရာ၊ ရုပ်နာမ် သင်္ခါရ တရားတို့သည်။
ဇာတိမရဏပီဠိတာ၊ ဇာတိဘေး ဇရာဘေး ဗျာဓိဘေး မရဏဘေးတို့သည် မပြတ်မလပ် နှိပ်စက်အပ် ကုန်သည် ဖြစ်၍။
ဒုက္ခိတာ၊ လွန်စွာ ပင်ပန်း ဆင်းရဲကြရှာကုန်၏။
သန္တတ္တေ၊ လောလောပူသော သံအိုးခင်းထဲ၌။
တိလပဏ္ဏာဝ၊ ထည့်ချအပ်သော နှမ်းစေ့ သစ်ရွက်စိုကလေးတွေကဲ့သို့။
အာတုရန္တိ၊ လွန်စွာ နာကျင်ကြရှာကုန်၏။
န သုခိနော၊ အနည်းငယ်မျှ သုခချမ်းသာ မရှိကြကုန်။

၄။ နယကောဝိဒါ၊ ဆရာ့ထံမှ နည်းနာကျအောင် လှလှကောင်းမွန်စွာ သင်ကြားအပ်ပြီးသည်ဖြစ်၍ ဒုက္ခဝိပဿနာ ရှုနည်း၌ သိပ်သည်းသေချာ ကောင်းစွာ လိမ်မာကြကုန်သော။
သာဓဝေါ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ သင်တို့သည်။
ဧဝံ ဒုက္ခတံ၊ ဤသင်္ခါရတရားတို့၏ နာကျင် ဆင်းရဲသော ဒုက္ခသဘောကို။
ပဿေထ-ပဿထ၊ ကြည့်ရှုကြကုန်လော့။
သာဓဝေါ၊ အို-တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ သင်တို့သည်။
ပဿိတွာန၊ ရှုမြင်ကြကုန်၍။
ရူပီသု၊ ရုပ်တို့၌။
ဝိရတ္တာ၊ ငါဟူသော ကိုယ်အနေ အားဖြင့်၎င်း၊ ငါ့ဟာဟူသော ကိုယ့်ဥစ္စာ အနေ အားဖြင့်၎င်း၊ ချစ်ခင် တပ်မက်ခြင်း ကင်းကြကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော့။
ဧဝံ ဝိရတ္တာ၊ ဤသို့ ချစ်ခင်တပ်မက်ခြင်း ကင်းကြကုန်သည်ရှိသော်။
မေ သိဿာ၊ ငါ့တပည့်တို့သည်။
မစ္စုဓေယျံ၊ သုံးဆယ့်တဘုံ တည်းဟူသော သေမင်းနိုင်ငံကြီးကို။
တရိဿထ၊ လွန်မြောက်ကြကုန်လတ္တံ့။

ဣတိ ဒုက္ခေန သုညတ နယော။

ဒုက္ခနေ၊ ဒုက္ခအားဖြင့်။
သုညတနယော၊ ရုပ်ဓာတ်တို့ကို အတ္တ အတ္တနိယ ပျောက်ကင်း ကွယ်သုန်း၍ သွားအောင် ကြည့်ရှုပုံ သုညတနည်းသည်။
ဣတိ၊ ဤတွင်ပြီးပြီ။

ဒုက္ခသုညတနည်း ပြီး၏

👤 အနတ္တအားဖြင့် သုညတရှုပုံ

တပည့်တို့ - ဤရုပ်ဓာတ်တို့ကို “နေသော ဟမသ္မိနေတံမေ၊ ဧဝံတတ္ထ ဝိရဇ္ဇတိ” ဟူသော ဥဒ္ဒေသအရ ငါဟူသော အတ္တ ငါ့ဟာဟူသော အတ္တနိယ ပျောက်သုံး၍ သွားအောင် ဒုက္ခအားဖြင့် ကြည့်ရှုပုံ သုညတနည်းကို ပြဆိုဟောကြားပြီး၍ ယခုတဖန် ဤရုပ်ဓာတ်တို့ကို ပင်လျှင် အနတ္တအားဖြင့် အတ္တ အတ္တနိယ ပျောက် သုဉ်း၍သွားအောင် ကြည့်ရှုပုံ သုညတနည်းကို ပြဆိုဟောကြားဦးအံ့။

🔍 ကာယာဒိကိုယ် အတ္တကိုဝ်နှစ်မျိုးခွဲ၍ ပြခြင်း

ကာယော၊ ကိုယ်။
သရီရံ၊ ကိုယ်။
ဒေဟော၊ ကိုယ်။
တနု၊ ကိုယ်။
ဗိမ္ဗံ၊ ကိုယ်။
ဗောဒ္ဓေါ၊ ကိုယ်။ ဝါ၊ ဗိုက်။
သမုဿယော၊ ကိုယ်။
ကိုယ်ဟော သဒ္ဒါစု။

တပည့်တို့ - ဤကာယ၊ သရီရ၊ ဒေဟ၊ တနု၊ ဗိမ္ဗ၊ ဗောဒ္ဓ၊ သမုဿယ သဒ္ဒါတို့ ဟောအပ်သော ကိုယ်ဟူသည်ကား ဆံအမွေး အစရှိသော ဒွတ္တိံသာကာယတို့ အစုအဝေး ဖြစ်သော ပရမတ္ထအားဖြင့် ထင်ရှားရှိသော တလံမျှလောက်သော ဤ ရူပကာယကိုယ်တည်း။ ထို့ကြောင့်-

ပူတိကာယော နိရတ္ထကော”ဟူ၍၎င်း
တဝ သရီရံ နဝသောတံ”ဟူ၍ ၎င်း
သော ဟိတွာ မာနုသံ ဒေဟံ”ဟူ၍၎င်း
ဟိတွာ ဂစ္ဆတိ သန္တရံ” ဟူ၍၎င်း
နယိဒံ အတ္တကတံဗိမ္ဗံ”ဟူ၍၎င်း
အညံ ဗောဒ္ဓံ ပဝီသတိ” ဟူ၍၎င်း
အန္တိမာယံ သမုဿယော” ဟူ၍၎င်း ပါဠိတော် အရပ်ရပ်တို့၌ လာ၏။

ကာယာဒိသဒ္ဒါ ဟောအပ်သော ဤရူပကာယကိုယ်ကို။ နကာယော၊ နတ္ထိ ကာယော၊ ကိုယ်မဟုတ် ကိုယ်မရှိဟု မပယ်အပ် မပယ်ကောင်း။ လောက၌ ဧကန် ကိုယ်ဟုတ်သည် ထင်ရှားရှိသည်။

အတ္တာ၊ ကိုဝ်။ ကိုဝ် ဟောသဒ္ဒါတခု။ တပည့်တို့ - ဤအတ္တသဒ္ဒါ ဟောအပ်သော ကိုဝ်ဟူသည်ကား။ ကာယာဒိသဒ္ဒါ ဟောအပ်သော ရူပကာယ ကိုယ်မျိုး မဟုတ်။ အဘယ်လို ကိုဝ်နည်းဆိုသော် -

အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စဒါနံ ဒေတိ

အတ္တာနဉ္စ၊ ကိုဝ်ကို၎င်း။
ပရဉ္စ၊ သူတပါးကို၎င်း။
အနုပဟစ္စ၊ မထိပါးစေ၍။
ဒါနံ၊ အလှူကို။
ဒေတိ၊ ပေးလှူ၏။

နေဝတ္တာနုက္ကံ သေတိ၊ နောပရံဝမ္ဘေတိ

အတ္တာနံ၊ ကိုဝ်ကို။
နေဝဥက္ကံသေတိ၊ မမြှောက်ပင့်။
ပရံ၊ သူတပါးကိုလည်း။
နောဝမ္ဘေတိ၊ မရှုတ်ချ။

ဥဘိန္နမတ္ထံ စရတိ၊ အတ္တနော စ ပရဿ စ

အတ္တနော စ၊ ကိုဝ်၏၎င်း။
ပရဿ စ၊ သူတပါး၏၎င်း။
ဥဘိန္နံ၊ နှစ်ဦး နှစ်ဝသောသူတို့၏။
အတ္ထံ၊ အကျိုးကို။
စရတိ၊ ပြုကျင့်၏။

အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရောသိယာ

အတ္တဟိ၊ ကိုဝ်သည်သာလျှင်။
အတ္တနော၊ ကိုဝ်၏။
နာထော၊ ကိုးကွယ်ရာပေတည်း။
ကောဟိ၊ အဘယ်မည်သော။
ပရော၊ သူတပါးသည်။
နာထော၊ ကိုဝ်၏ ကိုးကွယ်ရာသည်။
သိယာ၊ ဖြစ်နိုင်လိမ့်မည်နည်း။

ဤသို့ အစရှိသည်ဖြင့် ပါဠိတော် အရပ်ရပ်တို့၌လာသော ပရသဒ္ဒါသည် ဟောအပ်သော သူတပါး ဟူသော အနက်နှင့် တွဲဘက် ပြန်ဘက်ဖြစ်သော မိမိဟုဆို အပ်သော ကိုဝ်တည်း။

အတ္တပရ။ ကိုဝ်၊ သူ။ တွဲဘက်။
ကိုဝ်မဟုတ် သူ။ သူမဟုတ် ကိုဝ်။ ပြန်ဘက်။

✍️ ကိုဝ်နှင့် ငါ အနက်သဘောတူကြောင်းကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ရူပကာယကိုယ်မိမိဟူသောကိုဝ်ဟု ကိုနှစ်မျိုးရှိသည်ကို ခွဲ၍မှတ်ကြ၊ “အတ္တောအက္ခရသညာတော” ဟူသော ကစ္စည်းသုတ်နှင့် အညီ အနက်ကို အက္ခရာဖြင့် ကောင်းမွန် သေချာစွာ မှတ်ရသောကြောင့် ကိုနှစ်မျိုးကို ကွဲပြားစေခြင်းငှါ ရူပကာယကိုယ်ကို။ ကာယသဒ္ဒါ၏ နာမသတ် အနက်အတိုင်း ယသတ်နှင့်ရေးရမည်။ ရေးကြ။

အတ္တသဒ္ဒါအနက် မိမိဟူသည့် ကိုဝ် ကိုကား ဝသတ်၍ ရေးရမည်။ ရေးကြ။ ဤကိုဝ်ကိုပင်လျှင် ငါဟူ၍လည်း ခေါ်သည်။ ကိုဝ်နှင့် ငါ အသံမျှ သဒ္ဒါမျှသာ ကွဲပြားသည်၊ အနက်မှာ တခုတည်းသာ တည်း။ ထိုစကားသည် မှန်၏။

တပည့်တို့ -
အကြင်အနက်ကို အတ္တသဒ္ဒါ ဟော၏။
ထို အနက်ကိုပင်လျှင် အမှသဒ္ဒါ ဟော၏။
အကြင် အနက်ကို အမှသဒ္ဒါ ဟော၏။
ထိုအနက်ကိုပင်လျှင် အတ္တသဒ္ဒါ ဟော၏။
အမှသဒ္ဒါ အတ္တသဒ္ဒါ နှစ်ခုသည် တခုတည်းသော အနက်သဘော၌ ဆိုက်ကြ၏

ထို့ကြောင့်ပင်လျှင် ဓမ္မသေနာပတိ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် “ရူပံ အတ္တတော သမနုပဿတိ”ဟူသော ပုဒ်ကိုဖွင့်ရာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌-

ရူပံ အတ္တတော သမနုဿတီတိ ယံ ရူပံ သော အဟံ၊ ယော အဟံ တံ ရူပံ၊
ရူပဉ္စ အတ္တာနဉ္စ အဒွယံ သမနုပဿတိ။

ဟူ၍ အတ္တသဒ္ဒါ နေရာ၌ အမှသဒ္ဒါ၏ ကာရိယဖြစ်သော အဟံ သဒ္ဒါနှင့် လဲလှယ်၍ ဖွင့်ပြ ဟောကြား တော်မူသည်။

အနက်ကား။
ရူပံအတ္တတော သမနုပဿတီတိ၊ ရုပ်ကိုကိုဝ်ဟု ရှုသည်ဟူရာ၌ကား။
ယံ ရူပံ၊ အကြင်ရုပ်သည်။
သော အဟံ၊ ထိုငါတည်း။
ယော အဟံ၊ အကြင်ငါသည်။
တံ ရူပံ၊ ထိုရုပ်ပင်လျှင်တည်း။
ဣတိ၊ ဤသို့။
ရူပဉ္စ၊ ရုပ်ကို၎င်း။
အတ္တာနဉ္စ၊ ကိုဝ်ကို၎င်း။
အဒွယံ၊ နှစ်မျိုးမဟုတ် တခုတည်း။
သမနုပဿတိ၊ ရှု၏။

ဓမ္မပဒ ပါဠိတော်၌ မြတ်စွာဘုရားရှင်သည်-

ပုတ္တာ မတ္ထိ ဓနာ မတ္ထိ၊ ဣတိ ဗာလော ဝိဟညတိ။
အတ္တာ ပိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တော ကုတောဓနံ။

ဟူ၍ အမှသဒ္ဒါနေရာ၌ အတ္တသဒ္ဒါနှင့် လဲလှယ်၍ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤလောက၌။
ဗာလော၊ ရုပ်နာမ်ခန္ဓာ၌ မလိမ်မာသော သူမိုက်သည်။
မေ၊ ငါ့အား။
ပုတ္တာ၊ သားတို့သည်။
အတ္ထိ၊ ရှိကုန်၏။
မေ၊ ငါ့အား။
ဓနာ၊ ဥစ္စာတို့သည်။
အတ္ထိ၊ ရှိကုန်၏။
ဣတိ၊ ဤသို့ မှတ်ထင် မြည်တမ်းလျက်။
ဝိဟညတိ၊ စိုးရိမ်ပင်ပန်း၏။
ဘိက္ခဝေ၊ ရဟန်းတို့။
တဿ၊ ထိုဗာလအား။
အတ္တနော၊ ကိုဝ်၏။
အတ္တာပိ၊ ကိုဝ်သော်မှလည်း။
နတ္ထိ၊ မရှိပြီ။
ကုတော ပုတ္တော၊ အဘယ်မှာ ငါ့သား ငါ့သားဟု ခေါ်ဆိုစရာ ကိုဝ့်သားဟူ၍ ရှိနိုင်တော့မည်နည်း။
ကုတော ဓနံ၊ အဘယ်မှာ ငါ့ဥစ္စာ ငါ့ဥစ္စာဟု ပြောဆိုစရာ ကိုဝ့်ဥစ္စာဟူ၍ ရှိနိုင်တော့မည်နည်း။

အောက်က သုတ္တန် သုညတနည်း၌ ထုတ်ပြခဲ့သော နတုမှာကသုတ်၌လည်း နတုမှာကံ အဖြစ်ကို ထင်ရှားအောင် ဥပမာ ပြတော်မူရာ “အမှေဇနောဟရတိဝါ၊ ဒဟတိဝါ၊ ယထာပစ္စယံဝါ ကရောတီတိ” ဟု ဘုရားရှင်က မေးတော်မူလျှင် ရဟန်းတို့က “နောဟေတံ ဘန္တေ၊ တံကိဿဟေတု၊ န ဟိ ဧတံ ဘန္တေ အတ္တာဝါ အတ္တနိယံဝါတိ” ဟူ၍ အမှသဒ္ဒါ နေရာ၌ အတ္တသဒ္ဒါနှင့် လဲလှယ်၍ ဖြေဆို လျှောက်ကြားတော်မူကြသည်။

တပည့်တို့ - ထိုသုတ်၌ ဥပမာပြ အမှေ ဟူသော သာမိပုဒ်ကို မြင်သဖြင့် နတုမှာကံ ဟူသော ပုဒ်ကို နံဝိဘတ်၏ ကာရိယ အာကံ မဟုတ် “နတုမှေစ တုမှာနဉ္စာတိ နတုမှာကံ” ဟု ဝိဂြိုဟ်ပြု၍ပြီးသော အာကံ ပစ္စည်းဟူ၍ မှတ်ရမည်။ သာမိ၊ သန္တက နှစ်ပါးစုံကိုပင် ပယ်တော်မူသည်။

ထို့ကြောင့် “အမှေ ဇနော”ဟု သာမိမျှကိုပင် မေးငြားသော်လည်း ဖြေသော ရဟန်းတို့က”နဟိ ဧတံ ဘန္တေ အတ္တာဝါ အတ္တနိယံ ဝါ”ဟု သာမိ သန္တက နှစ်ပါး စုံကိုပင် ဖြေကြားတော်မူကြသည်။

ထို့ကြောင့် “နတုမှာကံ” ဟူသောပုဒ်ကို -
တုမှာကံ၊ သင်ချစ်သားတို့၏။
နသန္တကံ၊ ဥစ္စာမဟုတ်ဟု သန္တကတွင်ရွေ့ အနက် မပေးအပ်။

နတုမှာကံ၊ သင်ချစ်သားတို့လည်း မဟုတ်၊
သင်ချစ်သားတို့ ဥစ္စာလည်းမဟုတ် ဟု သာမိ သန္တက နှစ်ပါးလုံးပါအောင် ဝိဂြိုဟ်အရ အတိုင်း အနက် ပေးရမည်။

အတ္တ၊ အတ္တနိယ နှစ်ပါးလုံးကိုပင် ပယ်သော သုတ်ဖြစ်သည်။

တပည့်တို့ - ဤကဲ့သို့ အတ္တသဒ္ဒါ အမှသဒ္ဒါနှစ်ခုသည် တခုသော အနက် သဘော၌ ဆိုက်ကြ၏။ ထို့ကြောင့် ငါနှင့်ကိုဝ် အတူတူတခုတည်းပင် အသံမျှ သဒ္ဒါမျှသာ ကွဲသည်ဟု မှတ်ကြ။

ပရသဒ္ဒါ ဟောအပ်သော အနက်ကိုပင် တုမှသဒ္ဒါ ဟောသည်။
ထို့ကြောင့် အမှနှင့် တုမှလည်း တွဲဘက် ပြန်ဘက်တည်း

အဟံတွံ၊ ငါ။ နင်။ တွဲဘက်။
ငါမဟုတ်နင်။ နင်မဟုတ်ငါ။ ပြန်ဘက်။

အတ္တငါ မာနငါ နှစ်မျိုးခွဲ၍ပြခြင်း

တပည့်တို့ - အမှသဒ္ဒါ၏ အနက်ဖြစ်သော ဤငါသည်လည်း ဒိဋ္ဌိဖြင့်စွဲဆိုသော ဒိဋ္ဌိငါ။ မာနဖြင့် စွဲဆိုသော မာနငါဟု ငါနှစ်မျိုးရှိသည်။

ထိုနှစ်မျိုးတို့တွင် သူတပါးနှင့် ယှဉ်ပြိုင်သောအခါ သူတပါးအောက်က မနေလိုဘဲ သူတပါးအောက် မညံ့လိုဘဲ သူတပါးအပေါ်ကိုလွှမ်းချင် မော်ချင် ကြားချင် သာချင်သောစိတ် ဖြစ်သောအခါ သူတပါးနှင့် မဖက်ပြိုင်ဘဲလျက် မိမိကိုယ်ကို မိမိအား တက်ကြွသော စိတ်ဖြစ်သော အခါတို့၌ ခန္ဓာငါးပါးကို အားကိုး အားထားသော အခြင်းအရာဖြင့် ငါဟုစွဲဆိုသော ငါကို မာနငါဟု မှတ်ရမည်။

မိမိကိုယ်ကို ဓာတ်စု ဓာတ်ခဲအနေနှင့် မမှတ်ဘဲ မြက်မှိုက်ထင်းချောင်း တုတ် ခနောင်းအနေနှင့် မမှတ်။ လှုပ်ရှားတတ် သွားလာတတ် သိတတ် ကြံတတ် အမှု ကိစ္စကို ပြုလုပ်တတ်သော သတ္တဝါကောင် အနေဖြင့် မှတ်ထင်၍ စွဲဆိုသော ငါကို ဒိဋ္ဌိငါဟုမှတ်ရမည်။

ပုထုဇဉ် သတ္တဝါတို့မှာ ဤဒိဋ္ဌိငါ မာနငါ နှစ်ပါးလုံးပင်ရှိသည်။ သက္ကာယဒိဋ္ဌိ ကင်းပြီးသော အရိယာ သေက္ခပုဂ္ဂိုလ်တို့မှကား ဒိဋ္ဌိငါမရှိပြီ။ မာနငါသာရှိတော့၏။

ထို့ကြောင့် ဘုရားရှင် လက်ထက်က အနာဂါမ် တည်ပြီးသော အရှင်ခေမက မထေရ်သည်-
အပိ စ မေ အာဝုသော ပဉ္စသု ဥပါဒါနက္ခန္ဓေသု၊ အသ္မီတိ အဓိဂတံ။ အယ မဟမသ္မီတိ စ န သမနုပဿာမိ။
ဟူ၍ အရှင်ဒါသကမထေရ်အား ဟောကြားတော်မူသည်။
ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော်လာ ခေမကသုတ် အစိတ်ပါဌ်။

အနက်ကား။
အာဝုသော၊ ငါရှင်ဒါသက။
အပိ စ၊ စင်စစ်သော်ကား။
မေ၊ ငါအား။
ပဉ္စသု ဥပါဒါနက္ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာငါးပါးတို့၌။
အသ္မီတိ၊ ငါဟူ၍။
အဓိတံ၊ အားထားပြု၍ မာနအားဖြင့် စွဲဆိုခြင်းဖြစ်သေး၏။
အယံ၊ ဤခန္ဓာ ငါးပါးသည်။
အဟံ၊ ငါကောင်သည်။
အသ္မိ၊ ဟုတ်၏။
ဣတိစ-ဣတိပန၊ ဤသို့ ဒိဋ္ဌိအားဖြင့်ကား။
န သမနုပဿာမိ၊ မသုံးသပ်ပြီ၊ မရှုပြီ။

အရိယာပုထုဇဉ်တို့ ငါပြောဆိုပုံကို ပြခြင်း

မာနကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်တို့မှာကား မာနငါလည်း မရှိပြီ။ ဒိဋ္ဌိငါ မာနငါ နှစ်ပါးလုံးပင် ကင်းလေတော့၏။ ထိုသို့ ဖြစ်ခဲ့လျှင် အရိယာ ပုဂ္ဂိုလ် တို့သည် ငါ ငါ ဟူ၍ ပြောဆိုကြသည် မဟုတ်လော၊ ဝိသာခါစသည်တို့လည်း ငါ့လင်, ငါ့သား, ငါ့သမီး, ငါ့မြေး, ငါ့ဥစ္စာစသည်ဖြင့် ပြောဆိုကြသည် မဟုတ်လော၊ အရိယာရဟန်း ပုဂ္ဂိုလ်တို့သည်လည်း “အဟံ အာဝုသော အဟံ အာဝုသော” စသည်ဖြင့် ငါ ငါဟူ၍ ပြောဆိုကြသည် မဟုတ်လော၊ ဘုရားရှင်သည်လည်း -

“အဟံ ဟိ အရဟာ လောကေ၊ အဟံ သတ္ထာ အနုတ္တရော”

ဥပက၊ ဥပက။
ဟိ၊ စင်စစ်။
ဝါ၊ အဟုတ်။
အဟံ၊ ငါသည်။
လောကေ၊ လောက၌။
အရဟာ၊ ရဟန္တာတည်း။
အဟံ၊ ငါသည်။
အနုတ္တရော၊ အတုမရှိ သော။
သတ္ထာ၊ ဗြဟ္မာ နတ်လူတို့၏ ဆရာတည်း။

ဤသို့ စသည်ဖြင့် ငါငါ ဟူ၍ ပြောဆိုသည် မဟုတ်လော ဟူမူ၊ ဟုတ်၏။

တပည့်တို့ - ပြောဆို၏။ ထိုသို့ ပြောဆိုငြားသော်လည်း ပုထုဇဉ်တို့မှာ စိတ်ထဲက ကိုလည်း တကယ့်ကို ငါကောင်ဘဲဟု မှတ်ထင်စွဲလန်းလျက် ငါငါဟု ပြောဆိုကြသည်။ အရိယာပုဂ္ဂိုလ်တို့မှာကား နှုတ်ဖြင့်သာ ငါငါဟု ပြောဆိုကြသည်။ စိတ်ထဲ၌မူကား တကယ့်ကို ငါကောင်ဘဲဟု မှတ်ထင်စွဲလမ်းခြင်း မရှိကြပြီ။

တပည့်တို့ - ဥပမာဆိုသည်ရှိသော် လူ့ ကာမဂုဏ်ကို ခင်မင်ခြင်းကြောင့် လူသေ ကောင်ထဲသို့ ဝင်၍ လူမနှင့် ပေါင်းဖော်၍နေသော ဘုတ်ကောင်သည် မိမိပူးဝင် အပ်သော လူသေကောင်ကြီးကို ရွက်ဆောင်၍ လူ့အမူအရာ အလုံးစုံကို ပြု၍ ငါ့လက်, ငါ့ခြေ, ငါ့ကိုယ်, ငါ့ဦးခေါင်း, ငါ့ကိုမထိနှင့် ငါ့ကို မရိုက်နှင့် ဘယ်သူလဲ ငါဘဲ အစရှိသည်ဖြင့် လူသေကောင်ကြီးကိုပင် ငါငါဟု စွဲဆို ပြောကြား၏။

ထိုသို့ ပြောငြားသော်လည်း ဤအကောင် အထည်ကြီးကား ငါမဟုတ် လူသေ ကောင်ကြီးတည်း။ ငါကား ဘုတ်တည်း။ လူသေကောင်နှင့် မိမိကို ပိုင်းပိုင်း ခြားခြား ခွဲခြမ်း၍သိသည်။ လူသေကောင်ကို ဘယ်အခါမှ ငါဘဲဟု မှတ်ထင် စွဲလမ်းခြင်းမရှိပြီ။ ဤလူသေကောင်ကြီးသည် ငါများ ဟုတ်လေရော့ သလားဟု ယုံမှားခြင်းမျှပင် မဖြစ်ပြီ။

ထို့အတူ တပည့်တို့ - သောတာပန် သကဒါဂါမ်, အနာဂါမ်ပုဂ္ဂိုလ်တို့သည် ခန္ဓာ ငါးပါး၌ တစုံ တခုသော ချမ်းသာသုခ သာယာဘွယ်ကို ခင်မင်ခြင်းကြောင့် ခန္ဓာငါးပါးကို ရွက်ဆောင်၍ ခန္ဓာငါးပါးကိုပင် ငါငါဟု ပြောဆိုကြ၏။ ထိုသို့ ပြောဆိုငြားသော်လည်း ဤခန္ဓာငါးပါးကြီးသည် ငါမဟုတ် ငါဟူသော သတ္တဝါကောင် မဟုတ်။ ငါဟူသော သတ္တဝါကောင် သည် ဘယ်မှာမှ မရှိ။ ဤခန္ဓာငါပါးကြီးကား သက်သက် အကြောင်းကြောင့် ဖြစ်၍နေသော သင်္ခါရ အစုအပုံကြီးသာတည်း။

ငါငါဟု ပြောဆိုမှုသည် သက်သက်ဝေါဟာရ ပညတ်မျှသာတည်းဟု ခန္ဓာငါးပါးကို ပိုင်းပိုင်းခြားခြား ခွဲခြမ်း၍ သိသည်။ ခန္ဓာငါးပါးကို ဘယ်တော့အခါမှ ငါဘဲဟု မှတ်ထင် စွဲလမ်းခြင်းမရှိပြီ။ ဤခန္ဓာ ငါးပါးသည် ငါများ ဟုတ်လေရော့သလားဟု ယုံမှားခြင်းမျှပင် မဖြစ်ကြပြီ။ ထို့ကြောင့်ဘဲ တပည့်တို့-မြတ်စွာဘုရားရှင်သည်–

အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊ ယံဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကိဉ္စိဓမ္မံ အတ္တတော ဥပဂစ္ဆေယျ၊ နေတံ ဌာနံ ဝိဇ္ဇတိ။
ဟူ၍ ဧကင်္ဂုတ္တရပါဠိတော် စသည်တို့၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဒိဋ္ဌိသမ္ပန္နော၊ သစ္စာလေးပါးကို သိမြင်သောဉာဏ်နှင့် ပြည့်စုံသော။
ပုဂ္ဂလော၊ အရိယာပုဂ္ဂိုလ်သည်။
ကိဒ္ဓိဓမ္မံ၊ တစုံတခုသော တရားကို။
အတ္တတော၊ ကိုဝ်အားဖြင့်။
ဝါ၊ ကိုဝ်ဟူ၍။
ယံ ဥပဂစ္ဆေယျ၊ အကြင် စွဲလမ်း ကပ်ရောက်ရာ၏။
ဧတံ၊ ဤသို့ စွဲလမ်း ကပ်ရောက်ခြင်းသည်။
အဋ္ဌာနံ၊ အကြောင်းမဟုတ်။
အနဝကာသော၊ အရာမဟုတ်။
ဧတံဌာနံ၊ ဤသို့ စွဲလမ်း ကပ်ရောက်ခြင်း အကြောင်းသည်။
နဝိဇ္ဇတိ၊ မရှိ။

တပည့်တို့ - ဥပမာဆိုသည်ရှိသော် အာဏာပိုင် မင်းဧကရာဇ်က ခိုင်းခြင်းကြာင့် အလွန်တရာ တတ်မြောက် လိမ်မာလှစွာသော ပယောဂမှော်ဆရာသည် တုသိတာ နတ်သားကိုခေါ်၍ လူသေကောင်ထဲသို့ ပူးဝင်စေ၍ လူယောင်ဆောင်၍ နေရမည်ဟု အမိန့်အာဏာ ပေး၍ ထား၏။

တပည့်တို့ - ဤတုသိတာ နတ်သားသည် ပယောဂဆရာ၏ အာဏာအတိုင်း လူသေကောင်ထဲသို့ ဝင်၍ လူယောင်ဆောင်၍ လူအများတို့နှင့် တူအောင် လူသေကောင်ကြီးကို ငါငါဟု ပြောဆိုငြား သော်လည်း ဤအကောင် အထည်ကြီး သည် ငါမဟုတ် လူသေကောင်ကြီးတည်း။ ငါကား နတ်တည်းဟု လူသေကောင်နှင့် မိမိကို မရောမယှက် ခြားနား၍ သိသည်၊ လူသေကောင်ကို ငါဘဲဟူ၍ အဘယ်သောအခါမှ မှတ်ထင် စွဲလမ်းခြင်းမရှိ။ ငါများဟုတ်လေရော့ သလားဟု ယုံမှားခြင်းမျှပင် မဖြစ်ပြီ။

ယူဇနာ တရာကပင် လူနံ့ကို နံသော မကောင်းဆိုးဝါးကို အလွန်စက်ဆုပ်တတ်သော အလွန်သန့်ပြန့် စင်ကြယ်သော ထိုတုသိတာ နတ်သားသည် ပယောဂ ဆရာ၏ အာဏာကြောင့်သာ လူသေကောင် ကြီးနှင့် နေရသည်၊ လူသေကောင်ကြီးကို အနည်းငယ်မျှ မခင်မင်ပြီ၊ လူသေကောင်ကြီး၌ အနည်းငယ်မျှမှ မပျော်ပြီ၊ အလွန် စက်ဆုပ် ပျင်းမုန်း၏၊ ပယောဂဆရာက ထွက်တော့ သွားတော့ဟု ခွင့်လွှတ်လျှင် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ထွက်၍သွား၏။

ထို့အတူ တပည့်တို့ - တဏှာဟူသော မင်းဧကရာဇ်က ခိုင်းခြင်းကြောင့် ကံ- ဟူသော ပယောဂ မှော်ဆရာ သွင်း၍ထားအပ်သဖြင့် လူသေကောင်နှင့်တူသော ခန္ဓာ ငါးပါးကြီးထဲ၌ နေရသော ရဟန္တာပုဂ္ဂိုလ်တို့သည် ခန္ဓာငါးပါးကြီးကို ရွက်ဆောင်လျက် သတ္တဝါကောင် ယောင်ဆောင်၍ သတ္တဝါအများနှင့် တူအောင် ခန္ဓာငါးပါးကြီးကို ငါငါဟု ပြောဆိုငြားသော်လည်း ခန္ဓာနှင့် ငါကို မရောမယှက် ခွဲခြမ်း၍ သိမြင်တော်မူကြသည်။

ဘယ်တော့အခါမှ ခန္ဓာကို ငါဘဲဟု မှတ်ထင် ခြင်း မရှိကြပြီ၊ ခန္ဓာငါးပါးကြီး၌လည်း အနည်းငယ်မျှမှမပျော်မွေ့ကြပြီ၊ အလွန် စက်ဆုပ် ရွံမုန်းတော်မူကြ၏။ ထိုသို့ မုန်းငြားသော်လည်း ရှေးကံပေးသဖြင့် ရရှိပြီးသားဖြစ်ခြင်းကြောင့် ခန္ဓာငါးပါးကြီးကို ရွက်ဆောင်၍ သတ္တလောက၏ အကျိုးငှါ၎င်း၊ သူတော်ကောင်းတရားကို ရွက်ဆောင် စောင့်ရှောက်ခြင်းငှါ၎င်း၊ အကဲ့ရဲ့မှ လွတ်စေ ခြင်းငှါ၎င်း တသက်လုံး ကျွေးမွေး စောင့်ရှောက်၍ နေတော်မူကြသည်။

နောင်အသက် ကံကုန်၍ သေဆုံးရတော့မည်ဆိုလျှင် လူသေကောင်ထဲမှ ထွက်ရသော တုသိတာ နတ်သားကဲ့သို့၎င်း၊ သတ်ရာကားတိုင်မှ လွတ်ခွင့်ရ၍ ချမ်းသာစွာ လွတ်လေသော သူကဲ့သို့၎င်း ဤခန္ဓာဝန်ထုပ်ကြီးကို ငါစွန့်ရပေတော့မည်ဟု ဤခန္ဓာဒုက္ခခဲဘေးကြီးမှ ငါလွတ်ရပေတော့မည်ဟု အလွန်တရာ နှစ်သက် ဝမ်းမြောက်တော်မူကြသည်။ ထို့ကြောင့်ဘဲ တပည့်တို့ - အဓိမုတ္တ အမည် ရှိသော ရဟန္တာမထေရ်မြတ်သည် ထေရဂါထာ ပါဠိတော်၌—

ပါရဂူ အနုပါဒါနော၊ ကတကိစ္စော အနာသဝေါ။
တုဋ္ဌော အာယုက္ခယာ ဟောတိ၊ မုတ္တော အာဃာတနာ ယထာ။
ဟူ၍ ခိုးသားငါးရာတို့အား ဟောကြားတော်မူသည်။

အာဝုသော၊ ဒါယကာတို့။
အနုပါဒါနော၊ သင်္ခတအလုံးစုံကို အကုန်ချစ်ခင် စွဲလမ်းခြင်း ကင်းတော်မူသည် ဖြစ်၍။
ပါရဂူ၊ သဥပါဒိသေသ နိဗ္ဗာန်တည်း ဟူသော ကမ်းတဘက်သို့ ရောက်တော်မူပြီးသော။
ကတကိစ္စော၊ ပြုအပ်ပြီးသော မဂ်ကိစ္စရှိသော။
အနာသဝေါ၊ ရဟန္တာပုဂ္ဂိုလ်သည်။
အာယုက္ခယာ၊ အသက်ကံ ကုန်သည်ရှိသော်။
တုဋ္ဌော၊ အလွန်တရာ နှစ်သက် ဝမ်းမြောက်တော်မူသည်။
ဟောတိ၊ ဖြစ်၏။
ကော ဝိယ၊ ဝမ်းမြောက် နှစ်သက်ပုံ အဘယ်သူကဲ့သို့နည်း ဆိုသော်။
အာဃာတနာ၊ သတ်ရာကားတိုင်မှ။
မုတ္တော ယထာ၊ လွတ်ခွင့်ရ၍ ချမ်းသာစွာ လွတ်လေသော သူကဲ့သို့တည်း။

တပည့်တို့ - ဤကဲ့သို့ အရိယာ ရဟန္တာပုဂ္ဂိုလ်တို့သည် ခန္ဓာငါးပါးကို ငါကောင် သတ္တဝါဘဲဟု မှတ်ထင်စွဲလမ်းခြင်း မရှိကြပြီ။ လောကထဲ၌နေသည့်အခါ လောက နှင့် မဆန့်ကျင်အောင် လောက အကျိုးကို ရွက်ဆောင်၍ဖြစ်အောင် လောက ဝေါဟာရ အမည်နာမကိုသိ၍ လောကဝေါဟာရကို မပျက်စေဘဲ ထိုလောက ဝေါဟာရ အမည်နာမမျှဖြင့်သာလျှင် နှုတ်က ပြောဆိုတော်မူကြ၏။ ထိုစကားသည် မှန်၏။

တပည့်တို့ - အကယ်၍ ငါရယ် သူရယ်ဟု အမှတ်အသား မထားဘဲ မပြောဆိုဘဲ လောကအသုံးအစွဲ ဝေါဟာရကို ဖျက်၍ ခန္ဓာစားသည်, ခန္ဓာ သွားသည်, ခန္ဓာ အိပ်သည်, ခန္ဓာပြောသည်, ခန္ဓာ၏ဥစ္စာ စသည်ဖြင့် ပြောဆိုငြားအံ့၊ တဦးနှင့်တဦး အနက်အဓိပ္ပါယ် သိအောင် တတ်နိုင်တော့မည် မဟုတ်ပြီ၊

ထို့ကြောင့်ပင်လျှင် တပည့်တို့ - မြတ်စွာဘုရားရှင်သည်-

ယော ဟောတိ ဘိက္ခု အရဟံ ကတာဝီ ခီဏာသဝေါ အန္တိမဒေဟဓာရီ။ အဟံ ဝဒါမီတိပိ သော ဝဒေယျ၊ မမံ ဝဒန္တိတိပိ သော ဝဒေယျ၊ လောကေ သမညံ ကုသလော ဝိဒိတွာ ဝေါဟာရ မတ္တေန သော ဝေါဟရေယျ။
ဟူ၍ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ တဦးသော နတ်သားအား ဟောကြားတော်မူပေ၏။

ယက္ခ၊ အရိယာတို့ ငါ့သပိတ် ငါ့သင်္ကန်း စသည်ဖြင့် ငါငါဟု ပြောဆိုသည်ကို သက္ကာယဒိဋ္ဌိ စွဲလမ်းခြင်း ရှိသည်ဟု မှတ်ထင်ယုံမှား၍ လျှောက်ကြား မေးမြန်းလာသော အို-နတ်သား။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
ကတာဝီ၊ ပြုအပ် ပြီးသော မဂ်ကိစ္စရှိသော။
ခီဏာသဝေါ၊ အာသဝေါ ကုန်ပြီးသော။
အန္တိမဒေဟဓာရီ၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ထသော။
အရဟံ၊ ရဟန္တာသည်။
ဟောတိ၊ ဖြစ်၏။
သော၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။
အဟံ၊ ငါသည်။
ဝဒါမိ၊ သူတပါးတို့အား ဟောပြော၏။
ဣတိပိ၊ ဤသို့ ငါသူဟူ၍လည်း။
ဝဒေယျ၊ ပြောဆိုရာ၏။
သော၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။
မမံ၊ ငါ့ကို။
ပရေ၊ သူတပါးတို့သည်။
ဝဒန္တိ၊ ခေါ်ဝေါ်ပြောဆိုကြကုန်၏။
ဣတိပိ၊ ဤသို့ ငါ သူဟူ၍လည်း။
ဝဒေယျ၊ ပြောဆိုရာ၏။
ယက္ခ၊ အို-နတ်သား။
ကုသလော၊ ခန္ဓာ အာယတန ဓာတ် သစ္စာတို့၌ လိမ်မာတော်မူပြီးသော။
သော၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။
လောကေ၊ လောက၌။
သမညံ၊ အမည်နာမ ဝေါဟာရပညတ်ကို။
ဝိဒိတွာ၊ သိ၍။
ဝေါဟာရမတ္တေန၊ စိတ်ထဲက တကယ့်ကို ငါကောင်ဘဲ သူကောင်ဘဲဟု မှတ်ထင် စွဲလမ်းခြင်းမရှိဘဲ အမည်နာမ ဝေါဟာရမျှဖြင့်သာလျှင်။
ဝေါဟရေယျ၊ ခေါ်ဝေါ်ပြောဆိုရာ၏။

တပည့်တို့ - ဤကဲ့သို့ အရိယာတို့ ငါပြောပုံ ပုထုဇဉ်တို့ ငါပြောပုံကိုလည်း ခွဲခြမ်း၍ သေချာစွာ သိမှတ်ကြ။ ထိုငါကိုလည်း ဒိဋ္ဌိငါ မာနငါဟု နှစ်မျိုး ရှိသည်ကိုလည်း ခွဲခြမ်း၍ သေချာစွာ သိမှတ်ကြ။

တပည့်တို့ - ငါနှစ်မျိုးတို့တွင် ဒိဋ္ဌိငါကို ရည်၍ ကိုဝ်နှင့်ငါ အနက်သဘော အတူတူ တခုတည်းပင်။ အသံမျှ သဒ္ဒါမျှသာ ကွဲပြားသည်ဟု ငါဆရာ ဟောကြားသည်။

ထို့ကြောင့် တပည့်တို့ “နေတံမမ နေသောဟမသ္မိ။ နေသော မေ အတ္တာ” ဟု ပါဠိတော် အရပ်ရပ်တို့ ပယ်ချက် သုံးပုဒ် သုံးပုဒ် လာရာ၌-

“နေတံမမ”ဧတံ၊ ဤခန္ဓာငါးပါးသည်။
မမ၊ ငါ၏။
နသန္တကံ၊ ဥစ္စာမဟုတ် -ဟု
ဤပဌမ ပယ်ချက်ကို ခန္ဓာငါးပါးကို ငါ၏ ဥစ္စာဟု၊ ဥစ္စာအတ္တနိယ အနေနှင့် ချစ်ခင် စွဲလမ်းသော တဏှာကို ပယ်ချက်ဟုမှတ်ကြ။

“နေသောဟမသ္မိ”ဧသော၊ ဤခန္ဓာငါးပါးသည်။
အဟံ၊ ငါသည်။
နအသ္မိ၊ မဟုတ် ဟု။
ဒုတိယပယ်ချက်ကို ခန္ဓာငါးပါးကို အားထားသော အခြင်းအရာအားဖြင့် ငါဟု စွဲလမ်းသော မာနကို ပယ်ချက်ဟု မှတ်ကြ။

“နေသောမေ အတ္တာ” ဧသော၊ ဤခန္ဓာငါးပါးသည်။
မေ၊ ငါ၏။
အတ္တာ၊ ကိုဝ်သည်။
န၊ မဟုတ် ဟု။
ဤတတိယ ပယ်ချက်ကိုကား ခန္ဓာငါးပါးကို ငါကောင်ဘဲ ကိုဝ်ကောင်ဘဲဟု မှတ်ထင် စွဲလမ်းသော ဒိဋ္ဌိကိုပယ်ချက်ဟုမှတ်ကြ။

တပည့်တို့ - ဤဒိဋ္ဌိပယ်ချက်၌ ငါနှင့်ကိုဝ် အနက်တရားကိုယ် တခုတည်းပင် ဖြစ်ငြားသော်လည်း မာနပယ်ချက် ပုဒ်နှင့်ပုဒ်ချင်း ထပ်၍ တူ၍ မနေစေခြင်းငှါ၎င်း။ အနက်တူကို သိစေခြင်းငှါ၎င်း၊

အတ္တာ ဟိ အတ္တနော နာထော။
အတ္တာပိ အတ္တနော နတ္ထိ၊ သိလာပုတ္တကဿ သရီရံ
ဟူသော စကားများကဲ့သို့ အနက် တရားကိုယ်နှစ်ခု မကွဲပြားသော်လည်း ကွဲပြားဘိ သကဲ့သို့ပြု၍ အဘေဒ ဘေဒူပစာအားဖြင့် ပြောဆိုသော ပရိယာယ် စကားဟူ၍ မှတ်ရမည် မှတ်ကြ။ ထို့ကြောင့်ဘဲ တပည့်တို့ - မာန ပယ်ချက် ပုဒ်မပါသော အချို့သော ပါဠိတော် တို့၌-

ရူပံ ဝေဒယိတံ သညံ၊ ဝိညာဏံ ယဉ္စ သင်္ခတံ။
နေသော ဟမသ္မိ နေတံ မေ၊ ဧဝံ တတ္ထ ဝိဇ္ဇရတိ။
ဟု ဒိဋ္ဌိပယ်ချက်ပုဒ်ကို “နေသောဟမသ္မိ” ဟူ၍ပင် ဘုရားရှင် ဟောတော်မူသည်။

ဤပါဠိတော် နည်းအတိုင်းပင် ဆဓာတုဝိဘင်္ဂသုတ် ဥဒ္ဒေသဂါထာ၌ ဒိဋ္ဌိပယ်ချက်ကို “နေသောဟမသ္မိံ” ဟူ၍ပင် ငါဆရာလည်း ဟောကြားပေ၏။

တပည့်တို့ - ဤသို့ ဆိုအပ်ခဲ့ပြီးသည်ကား အနတ္တပုဒ်၌ အတ္တသဒ္ဒါ၏ ကိုဝ်ဟူသော အနက်အမှန်ကို ကောင်းမွန်သေချာစွာ ပြောဆို ဆုံးဖြတ်ချက်တည်း။

သက္ကာယဒိဋ္ဌိ စွဲလမ်းပုံကို ပြခြင်း

တပည့်တို့ - ယခုအခါ အနတ္တလက္ခဏာကို ကောင်းမွန်လွယ်ကူစွာ ထင်ရှား သိမြင်နိုင်စေခြင်းငှါ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတို့နှင့် တကွ အတ္တဒိဋ္ဌိ စွဲယူပုံကို ပြဆို ဟောကြားဦးအံ့။

တပည့်တို့ - ဤပုထုဇဉ် သတ္တဝါတို့သည် ဥပါဒိဏ္ဏကဖြစ်သော ဤရုပ် နာမ် နှစ်ပါးကိုပင် ငါကောင်ဘဲ ကိုဝ်ကောင်ဘဲဟု မှတ်ထင်စွဲလမ်းကြ၏။ အချို့လည်း ဤ ရုပ်နာမ်နှစ်ပါးသည် ငါကောင် ကိုဝ်ကောင် မဟုတ်၊ ဤရုပ်နာမ် နှစ်ပါးအတွင်း၌ ငါဟူသော ကိုဝ်ဟူသော သတ္တဝါကောင်ကလေး အသီးအခြား ရှိသည်ဟု မှတ်ထင် စွဲလမ်းကြ၏။

စွဲလမ်းပုံနှစ်မျိုး

ဤနှစ်မျိုးသော စွဲလမ်း ထင်မြင်မှုသည် မဟုတ်မမှန်သော မှားသော စွဲလမ်း ထင်မြင်မှုဖြစ်၍ မိစ္ဆာဒိဋ္ဌိမည်၏။ ဤဒိဋ္ဌိကို ပရမတ္ထ အားဖြင့် ထင်ရှားရှိသော ရုပ်နာမ် ခန္ဓာ အစု အပေါင်း၌ဖြစ်သော ဒိဋ္ဌိဖြစ်၍

“သံဝိဇ္ဇမာနေ ကာယေပဝတ္တာဒိဋ္ဌိ သက္ကာယဒိဋ္ဌိ”

သံဝိဇ္ဇမာနေ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော။
ကာယေ၊ ရုပ်နာမ် ခန္ဓာ အစုအပေါင်း၌။
ပဝတ္တာ၊ ဖြစ်သော။
ဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိတည်း။
ဣတိတသ္မာ၊ ထိုကြောင့်။
သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ မည်၏။
ဟူသော ဝစနတ္ထနှင့်အညီ သက္ကာယဒိဋ္ဌိဟု ခေါ်သည်။

၁။ တပည့်တို့ - ဤသက္ကာယဒိဋ္ဌိ စွဲလမ်းပုံ နှစ်မျိုးတို့တွင် ရုပ်နာမ် ခန္ဓာမှ အသီးအခြား ငါကောင် ကိုဝ်ကောင် သတ္တဝါကလေး ရှိသည်ဟူသော အယူဝါဒ၌ အနံ့ရှိသော ပန်းကဲ့သို့ ဆီရှိသောနှမ်းကဲ့သို့ ဤ ငါကောင်ကလေးအား ရုပ်နာမ်ရှိ၏။ ရုပ်နမ်ကား ငါကောင်ကလေး၏ ဥစ္စာတည်း။ အနံ့နှင့်ပန်း ဆီနှင့်နှမ်းကဲ့သို့ ဤငါကောင် ကလေးသည် ရုပ်နာမ်နှင့်ရောနှောပြန့်နှံ့၍ တည်နေ၏ဟု မှတ်ထင်စွဲယူပုံတမျိုး။
၂။ ငါကောင်ကလေး၌ ရုပ်နာမ် တည်နေ၏။ မီးခိုးသည် မီးအိမ်ပျံကို ဆောင်ယူ၍ ထားဘိသကဲ့သို့ ဤငါကောင် ကလေးသည် ရုပ်နာမ်ကို တန်ခိုး အစွမ်းဖြင့် ရွက်ဆောင်၍ထား၏ဟု ငါကောင်ကို တည်ရာ အာဓာရ ရုပ်နာမ်ကို တည်တတ်သော အာဓာရီထား၍ မှတ်ထင်စွဲယူပုံတမျိုး။
၃။ ရုပ်နာမ်၌ ငါကောင် တည်နေ၏။ ကိုယ်ဝန်ဆောင် အမိသည် သားငယ်ကို ရွက်ဆောင်၍ ထားဘိ သကဲ့သို့ ရုပ်နာမ်သည် ငါကောင်ကလေးကို ရွက်ဆောင်၍ ထား၏။ ရုပ်နာမ်သည် ငါကောင် ကလေး၏ တည်နေရာ အိမ်တည်းဟု ရုပ်နာမ် ကိုတည်ရာ အာဓာရ, ငါကောင်ကိုတည်တတ်သော အာဓာရီထား၍ မှတ်ထင် စွဲယူပုံ တမျိုးအားဖြင့် မှတ်ထင်စွဲယူပုံ အခြင်းအရာ သုံးမျိုးပြား၏။

ရုပ်နာမ်ကိုပင် ငါကောင်ဘဲဟု မှတ်ထင်စွဲယူပုံနှင့်တကွ အားလုံးပေါင်းသော် သက္ကာယဒိဋ္ဌိ စွဲယူပုံ လေးမျိုးပြား၏၊ လေးပါးဖြစ်၏။

ဤလေးပါးကို ရုပ်နာမ် နှစ်ပါးနှင့်မြှောက် သက္ကာယဒိဋ္ဌိ ရှစ်ပါးဖြစ်၏။

ခန္ဓာငါးပါးနှင့်မြှောက် သက္ကာယ ဒိဋ္ဌိ နှစ်ဆယ်ဖြစ်၏။

ဓာတ်ခြောက်ပါးနှင့်မြှောက် သက္ကာယဒိဋ္ဌိ နှစ်ဆဲ့လေးပါး ဖြစ်၏။

အာယတန တဆဲ့နှစ်ပါးနှင့်မြှောက်,
ဓာတ်တဆဲ့ရှစ်ပါးနှင့်မြှောက်,
ရုပ် အဋ္ဌဝီသ၊ နာမ် တေပညာသတို့နှင့်မြှောက်,
ရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေနှင့် မြှောက်,
သက္ကာယဒိဋ္ဌိ အသင်္ချေယျဖြစ်၏။

တပည့်တို့- ဤကဲ့သို့ သက္ကာယဒိဋ္ဌိ ပြားပုံပွားများပုံနှင့်တကွ အရင်းခံ စွဲလမ်းပုံ နှစ်ပါးကို ကောင်းမွန် သေချာစွာ သိမှတ်ကြ။

တပည့်တို့ - ဤသက္ကာယဒိဋ္ဌိ စွဲလမ်းခြင်းရှိသော ပုထုဇဉ် သတ္တဝါတို့တွင် ပညာ ဉာဏ်နည်း၍ အကြံကြီးသော အချို့သောသူတို့သည် ဤငါကောင် သတ္တဝါကို အမျိုးမျိုး ကြံဆစွဲယူသဖြင့် ဒိဋ္ဌိအမျိုးမျိုး ဖြစ်ပွားကုန်၏။

ဖြစ်ပွားပုံကား -

အဆေဇ္ဇော ဘေဇ္ဇောသိ ဇီဝေါ၊ အဋ္ဌံသော ဂုဠမဏ္ဍလော။
ယောဇနာနံ သတာပဉ္စ၊ ကော ဇီဝံ ဆေတု မရဟတိ။

ဇီဝေါ၊ ငါဟု ကိုဝ်ဟု ခေါ်ဆိုအပ်သော အသက်ကောင် သတ္တဝါကလေးသည်၊ သတ္တဝါကောင် အသက်ခဲကလေးသည်။
အဆေဇ္ဇော၊ တစုံတယောက်သောသူ ပြတ်တောက်အောင် မဖြတ်နိုင်သည်။
အဘေဇ္ဇော၊ တစုံတယောက် သောသူ ကြေမှုပျက်စီးအောင် မတတ်နိုင်သည်။
အသိ၊ ဖြစ်၏။
ဇီဝေါ၊ ကိုဝ်ကောင်သတ္တဝါ အသက်ခဲ ကလေးသည်။
အဋ္ဌံသော၊ ရှစ်မြှောင့် ရှိ၏။
ဂုဠမဏ္ဍလော၊ ဇီးသီးကဲ့သို့ ဝိုင်းဝိုင်း လုံးလုံးကလေးတည်း။
ယောဇနာနံ၊ ယူဇနာတို့၏။
ပဉ္စသတာ၊ ငါးရာတိုင်တိုင်။
ဖရတိ ၊တန်ခိုးအစွမ်း ပြန့်နှံ့နိုင်၏။
ဧဝမာနုဘာဝံ၊ ဤကဲ့သို့ တန်ခိုးအာနုဘော်ရှိသော။
ဇီဝံ၊ ကိုဝ်ကောင် သတ္တဝါ အသက်ခဲကလေးကို။
ကော၊ အဘယ်သူသည်။
ဆေတုံ၊ ဖြတ်တောက်ခြင်းငှါ။
အရဟတိ၊ ထိုက်အံ့နည်း၊ စွမ်းနိုင်အံ့နည်း။

ဤကား ပေတငတ္ထု ပါဠိတော်လာ မိစ္ဆာဒိဋ္ဌိတို့ ကိုဝ်ကောင် သတ္တဝါ အသက်ခဲ ကလေးကို ကြံဆ စွဲယူပုံ ဂါထာ တပည့်တို့။

တပည့်တို့ - ဤဂါထာ၌ ဇီဝ အသက် ဆိုသော်လည်း သတ္တဝါကောင်လေးကိုပင် မှတ်ရမည်။ ဤသတ္တဝါ ကောင်လေးသည် မြေကြီးခဲ ကျောက်ခဲတို့လို အသေမဟုတ်၊ ကြံတတ် သိတတ် အမှုကိစ္စကို ပြုလုပ်တတ်သော အရှင်ကောင် ကလေးတည်း။ ထို့ကြောင့် ဇီဝ အသက်ကောင် အသက်ခဲကလေးဟူ၍ ခေါ်သည်။

သတ္တနှင့်ဇီဝ အတူတူပင် မှတ်ကြ။ ထို့ကြောင့်ဘဲ တပည့်တို့ - ပါဏဟူသောပုဒ်ကို အသက်ဟူ၍၎င်း၊ သတ္တဝါဟူ၍၎င်း အနက်ပေးချင်ရာ ပေးရသည်။ ရှေးက ငါတို့ ဘုရားအလောင်း သုဇာတလုလင်၏ အဘပုဏ္ဏားကြီးသည်လည်း အသက် ဇီဝ ကင်းပြီးသော နွားအိုသေကောင်ကို “ဂတဇီဝံ, ဇရဂ္ဂဝံ” ဟုမဆိုဘဲ “ဂတသတ္တံ ဇရဂ္ဂဝံ” ဟူ၍ ဆိုသည်။ ဆိုကြောင်းကား ဇာတ်ပါဠိတော် ပေတဝတ္ထု ပါဠိတော်တို့၌ လာသည်။

ဂတသတ္တံ-ဝိဂတသတ္တံ၊ အသက် သတ္တဝါ ကင်းလေပြီးသော။
ဇရဂ္ဂဝံ၊ နွားအိုသေကောင်ကို။
တွံ၊ သင်ချစ်သားသည်။
လပသိ၊ မြက်စားလော့ မြက်စားလော့ ဟု ဆိုဘိ၏ဟု အနက်ပေး။

တပည့်တို့ - ဤပေတဝတ္ထု ပါဠိတော်လာ ကိုဝ်ကောင် သတ္တဝါ အသက်ခဲ ကြံဆ စွဲယူပုံသည် ရုပ် နာမ်ခန္ဓာမှ အသီးအခြား ကိုင်ကောင် သတ္တဝါကလေး ရှိသည်ဟု စွဲယူသော သက္ကာယဒိဋ္ဌိ အယူပင်တည်း။ ငါတို့ ဗဟ္မာလူမျိုးတို့မှာလည်း ဤစွဲယူပုံ နည်းအတိုင်းပင် စွဲယူကြသည်။

ဤ အသက်ခဲကလေးကို အသက် ဟူ၍၎င်း လိပ်ပြာဟူ၍၎င်း ခေါ်ကြသည်။ ရှစ်မြှောင့်ရယ် ဝိုင်းဝိုင်း လုံးလုံး ကလေးရယ်ဟူ၍ အထူးအထွေကိုကား မကြံကြဘူး။ လိပ်ပြာလှတယ် အရုပ်ဆိုး တယ်ဟူ၍ကား အချို့ပြောဆိုကြလေသေး၏။

ဥစ္ဆေဒဒိဋ္ဌိကို ပြခြင်း

ယတော ကိရ ဘော အယံ အတ္တာ ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ၊
ဝိနဿတိ၊ န ဟောတိ ပရံမရဏာ။

ဘော၊ အို - အချင်းတို့။
အယံအတ္တာ၊ ဤအသက်ခဲဟူသော ကိုဝ်ကောင် သတ္တဝါကလေးသည်။
ယတော ကာယဿ ဘေဒါ၊ အကြင်ခန္ဓာကိုယ် ပျက်စီးသောအခါ၌။
ဥဇ္ဇတိ၊ ပြတ်တောက်လေ၏။
ဝိနဿတိ၊ ပျက်စီးလေ၏။
ပရံမရဏာ၊ သေသည်မှနောက်၌။
န ဟောတိ၊ ဘာတခုမျှ မဖြစ်ပြီ။
ဤကား - ဣတိဝုတ်ပါဠိတော်လာ မိစ္ဆာဒိဋ္ဌိတို့ ဥစ္ဆေဒဒိဋ္ဌိ ယူပုံတည်း။

တပည့်တို့ - ဤကဲ့သို့ မသေခင် တဘဝအတွင်း၌ ပြတ်တောက် ပျက်စီးခြင်း မရှိ ခိုင်မြဲသော အသက်ခဲ ကိုဝ်ကောင် သတ္တဝါကလေးရှိသည်ဟု ယူ၍ ခန္ဓာကိုယ် ပျက်စီး၍ သေသောအခါ၌ ထိုကိုဝ်ကောင် သတ္တဝါကလေးသည် အပြီးတိုင် ပြတ်တောက် ပျက်စီးလေတော့သည်။ ဘယ်ဘဝကိုမျှ မရောက်ပြီ ဘာကောင်မျှ မဖြစ်ပြီဟု ပြတ်တောက်စရာ သတ္တဝါကောင်ရှိ၍ သတ္တဝါကောင် ပြတ်တောက်သည် ဟု ယူဆခြင်းကြောင့် ဤဒိဋ္ဌိကို ဥစ္ဆေဒဒိဋ္ဌိဟု ခေါ်သည်။ ဥစ္ဆေဒ ဒိဋ္ဌိဟု မှတ်ကြ။

ယတော ခေါ ဘောန္တော အယံ အတ္တာ ရူပီ စာတုမဟာဘူတိ ကော မာတာပေတ္တိကသမ္ဘဝေါ။ ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံမရဏာ။

သုတ်သီလက္ခန်ပါဠိတော်လာ မိစ္ဆာဒိဋ္ဌိတို့ ဥစ္ဆေဒဒိဋ္ဌိယူပုံပါဠိ။

အနက်ကား

ဘောန္တော၊ အို - အချင်းတို့။
ရူပီ၊ ရုပ်လည်းရှိသော။
စာတုမဟာဘူတိကော၊ မဟာဘုတ်လေးပါးနှင့်လည်း ပြည့်စုံသော။
မာတာပေတ္တိကသမ္ဘဝေါ၊ အမိ, အဘတို့၏ သုက် ဥတုတို့ကြောင့် ဖြစ်သော။
အယံ အတ္တာ၊ ဤကိုဝ်ကောင် သတ္တဝါသည်။
ယတော ကာယဿ ဘေဒါ၊ အကြင် ခန္ဓာကိုယ် ပျက်စီးသောအခါ၌။
ဥစ္ဆိဇ္ဇတိ၊ ပြတ်တောက်လေ၏။
ဝိနဿတိ၊ ပျက်စီးလေ၏။
ပရံမရဏာ၊ သေပြီးသည်မှ နောက်၌။
န ဟောတိ၊ ဘယ်ဘဝ ကိုမျှ မရောက်။ ဘာတခုမျှ မဖြစ်ပြီ။

တပည့်တို့ - ဤဥစ္ဆေဒဒိဋ္ဌိယူပုံကား ရုပ် နာမ် ခန္ဓာမှ အသီးအခြား အသက်ခဲ ကိုဝ်ကောင် သတ္တဝါကလေး ရှိသည်ဟု မယူဆဘဲ ဤရုပ်နာမ် ခန္ဓာကိုပင် ကိုဝ်ကောင် သတ္တဝါဟု စွဲယူသော သက္ကာယဒိဋ္ဌိ ပုဂ္ဂိုလ်တို့၏ ယူပုံတည်း။

တပည့်တို့ - ဤဆိုအပ်ပြီးသော ဥစ္ဆေဒဒိဋ္ဌိကို တဘဝကုန်သဖြင့် ပြတ်တောက် ပျက်စီးသော ဧကဘဝ ဥစ္ဆေဒဒိဋ္ဌိ ဟု မှတ်ကြ တပည့်တို့ ဥစ္ဆေဒဒိဋ္ဌိယူပုံ တနည်း ကိုလည်း ဤသို့သိရာ၏။

စုလ္လာသီတိမဟာကပွေ၊ သဗ္ဗေ သုဇ္ဈန္တိ သံသရံ။
အနာဂတေ တမှိ ကာလေ၊ သညတောပိ နသုဇ္ဈတိ။
စရိတွာပိ ဗဟုံ ဘဒြံ၊ နေဝ သုဇ္ဈန္တိ နာဂတေ။
ပါပေဉ္စပိ ဗဟုံ ကတွာ၊ တံ ခဏံ နာတိဝတ္တရေ။

နာရဒဇာတ်ပါဠိတော်လာ မိစ္ဆာဒိဋ္ဌိတို့ ဥစ္ဆေဒဒိဋ္ဌိယူပုံဂါထာ။

စူလ္လာသီတိမဟာကပွေ၊ ကမ္ဘာကြီး ရှစ်သောင်း လေးထောင်တိုင် ရောက်သော အခါ၌။
သဗ္ဗေ၊ အလုံးစုံသော ကိုဝ်ကောင် သတ္တဝါတို့သည်။
သံသာရံ၊ ဤဘဝ ထိုဘဝ တပြောင်းပြန်ပြန် ကျင်လည်ရခြင်း တည်းဟူသော သံသရာကို။
သုဇ္ဈန္တိ၊ စင်ကြယ် လွန်မြောက်ကြကုန်၏။
တမှိ ကာလေ၊ ထိုကမ္ဘာကြီး ရှစ်သောင်း လေးထောင်သော အခါကာလသည်။
အနာဂတေ၊ မဆိုက်ရောက်လာခင်။
ဝါ၊ မစေ့ခင်။
သညတောပိ၊ သံသရာမှ ကျွတ်လွတ်ချင်ပါသည်ဟု ဘယ်လိုပင် တရားကို စောင့်စည်း ပွားများ အားထုတ်ငြားသော်လည်း။
န သုဇ္ဈတိ၊ မစင်ကြယ်နိုင်။ မထွက်မြောက်နိုင်။

ဘဒြံ၊ ကုသိုလ်ကောင်းမှုကို။
ဗဟုံ၊ များစွာ။
စရိတွာပိ၊ ပြုကျင့်ကုန်၍လည်း။
အနာဂတေ၊ ထိုကမ္ဘာကြီး ရှစ်သောင်းလေးထောင်အခါ မဆိုက်ရောက်လာခင်။
နေဝသုဇ္ဈန္တိ၊ မစင်ကြယ်နိုင် မထွက်မြောက်နိုင် ကုန်သည်သာလျှင် တည်း။
စေပိ၊ အကယ်၍လည်း။
ပါပံ၊ မကောင်းမှု အကုသိုလ်ကို။
ဗဟုံ၊ များစွာ။
ကတွာ၊ ပြုကုန်ငြားသော်လည်း။
တံ ခဏံ၊ ထိုကမ္ဘာကြီးရှစ်သောင်း လေးထောင်စေ့သောအခါကို။
နာတိဝတ္တရေ၊ မလွန်နိုင်ကြကုန်၊ လွန်၍မနေနိုင်ကြကုန်။

တပည့်တို့ - “စုလ္လာသီတိမဟာကပ္ပုနော သဟဿာနိ”ဟု အယူဝါဒနည်းတူ ပေတဝတ္ထုပါဠိတော်၌ လာသည်ကို ထောက်၍ ဤစူဠာသီတိ မဟာကပ္ပေ၌ ရှစ်လုံးဖွဲ့ဂါထာဖြစ်၍ သဟဿပုဒ် ကြေသည်ဟူ၍ မှတ်ကြ။

တပည့်တို့ - ဥစ္ဆေဒ ဒိဋ္ဌိအယူကား ထိုအသက်ခဲ ကိုဝ်ကောင် သတ္တဝါကလေးသည် ကမ္ဘာကြီး ရှစ်သောင်းလေးထောင် တိုင်အောင်သောအခါ မစေ့ခင် တစုံ တယောက်သောသူ ပြတ်တောက် ပျက်စီးအောင် မတတ်နိုင်ကောင်းဘဲ အမြဲ ကျင်လည်၍ နေရသည်။ ကမ္ဘာကြီး ရှစ်သောင်းလေးထောင် စေ့လျှင် အလုံးစုံ ပြတ်တောက် ပျက်စီး၍ အပြီးတိုင် ငြိမ်းရလေတော့သည်။

ထိုအချိန်ကာလမစေ့ခင် သံသရာစက် ပြတ်ချင်ပါသည်ဟု ဘယ်လိုတရားကို ပြုကျင့် အားထုတ်ငြားသော်လည်း မပြတ်ရ။ ထိုအချိန်ကာလစေ့လျှင် တရားကို အား မထုတ်ဘဲ အကုသိုလ်တွေကို ပြုကျင့်၍ နေငြားသော်လည်း နိယာမ သဘောဖြစ်၍ အလိုလို သံသရာစက် ပြတ်ရလေတော့သည်။ ဘယ်လိုပင် ဖြစ်ချင်ငြားသော်လည်း မဖြစ်ရပြီ။ ဧကန်မုချ ပြတ်တောက် ပျက်ဆုံး၍ သံသရာလက်စ တုံးလေတော့သည် ဟု ယူသည်။

ဥစ္ဆေဒဒိဋ္ဌိနှစ်မျိုးကိုပြခြင်း

တပည့်တို့ - ဤဥစ္ဆေဒဒိဋ္ဌိ အယူကား တဘဝနှင့် မပြတ်ဘဲ ကမ္ဘာကြီး ရှစ်သောင်း လေးထောင်စေ့မှ ဘဝများစွာရှိမှ ပြတ်သော ဥစ္ဆေဒဒိဋ္ဌိဖြစ်၍ အနေကဘဝ ဥစ္ဆေဒဒိဋ္ဌိဟု မှတ်ရမည်။

တပည့်တို့ - ဤကဲ့သို့ ဧကဘဝ ဥစ္ဆေဒဒိဋ္ဌိ၊ အနေကဘဝ ဥစ္ဆေဒဒိဋ္ဌိ ဟု ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုး ရှိသည်ကို ကောင်းမွန်သေချာစွာ သိမှတ်ကြ။

ဥစ္ဆေဒဒိဋ္ဌိပြီး၏။

ယထာ ဂါမတော နိက္ခမ္မ၊ အညံ ဂါမံ ပဝီသတိ။
ဧဝမေဝ စ သော ဇီဝေါ၊ အညံ ကာယံ ပဝီသတိ။
ယထာ ဂေဟတော နိက္ခမ္မ၊ အညံ ဂေဟံ ပဝီသတိ။
ဧဝမေဝ စ သော ဇီဝေါ၊ အညံ ဗောဒ္ဓံ ပဝီသတိ။

ပေတဝတ္ထုပါဠိတော်လာ သဿတဒိဋ္ဌိယူပုံ ပါဠိ။

ယထာ၊ ဥပမာ ဆိုသည်ရှိသော်။
ပုရိသော၊ လူတယောက်သည်။
ဂါမတော၊ ရွာတရွာမှ။
နိက္ခမ္မ၊ ထွက်သွား၍။
အညံဂါမံ၊ တပါးသော ရွာတခုသို့။
ပဝီသတိ ယထာ၊ ဝင်လေဘိသကဲ့သို့။
ဧဝမေဝစ၊ ဤအတူပင်လျှင်။
သောဇီဝေါ၊ ထိုငါဟု ကိုဝ်ဟု ခေါ်ဆိုအပ်သော အသက်ကောင် ကလေးသည်။
မရဏကာလေ၊ သေသောအခါ၌။
ဣတော၊ ဤခန္ဓာကိုယ်ထဲမှ။
နိက္ခမ္မ၊ ထွက်သွား၍။
အညံကာယံ၊ တပါးသော မိမိကိုယ်ထဲသို့။
ပဝီသတိ၊ ဝင်စားလေ၏။

ယထာ၊ ဥပမာ တနည်းလည်း။
ပုရိသော၊ လူတယောက်သည်။
ဂေဟတော၊ အိမ်တခုမှ။
နိက္ခမ္မ၊ ထွက်သွား၍။
အညံဂေဟံ၊ တပါးသော အိမ်တခုသို့။
ပဝီသတိ ယထာ၊ ဝင်လေဘိသကဲ့သို့။
ဧဝမေဝ စ၊ ဤအတူပင်လျှင်။
သောဇီဝေါ၊ ထိုကိုဝ်ကောင် အသက်ခဲကလေးသည်။
မရဏကာလေ၊ ခန္ဓာအိမ်ဆွေးမြေ့ သေပျက်သောအခါ၌။
ဣတော၊ ဤခန္ဓာအိမ်ဟောင်းထဲမှ။
နိက္ခမ္မ၊ ထွက်သွား၍။
အညံ ဗောဒ္ဓံ၊ တပါးသောအမိကိုယ်ထဲ ဗိုက်ထဲသို့။
ပဝီသတိ၊ ဝင်စားလေ၏။
ဝါ၊ ရေမှုတ်ထဲက အမှိုက်ယောင်ဆောင်၍ ဝင်စားလေ၏။

သဿတဒိဋ္ဌိကို ပြခြင်း

တပည့်တို့ - ဤဒိဋ္ဌိအယူကား အသက်ခဲဟူသော ကိုယ်ကောင် သတ္တဝါကလေး သည် တစုံတယောက်သောသူ ပြတ်တောက်ပျက်စီးအောင် မတတ်နိုင်ကောင်းဘဲ အမြဲ နိစ္စဓူဝဖြစ်၍ ခန္ဓာအိမ်ဟောင်းလျှင် ပြောင်းရွှေ့ ထွက်သွားလျက် တပါးသော အမိကိုယ်ထဲ ဗိုက်ထဲသို့ဝင်၍ ခန္ဓာအိမ်သစ် တည်ထောင်၍ သွားလာ၍ နေသည်။ ဘယ်အခါမှ အဆုံးမရှိဘဲ အမြဲထာဝရ ပြောင်းသွားကျင်လည်၍သာ နေသည်ဟု ယူသည်။

တပည့်တို့ - ဤကဲ့သို့ အသက်ခဲ ကိုဝ်ကောင် သတ္တဝါကလေးသည် ပျက်စီး ပြတ်တောက်ခြင်း မရှိဘဲ အမြဲ နိစ္စဓူဝဖြစ်၍ အဆုံးမရှိ အမြဲ ထာဝရ ကျင်လည် တည်ရှိ၍ နေသည်ဟု ယူခြင်းကြောင့် ဤအယူကို သဿတ ဒိဋ္ဌိဟု ခေါ်သည်။ သဿတဒိဋ္ဌိဟု မှတ်ကြ။

တနည်း သဿတဒိဋ္ဌိယူပုံကား

ယံ ခေါ ဣဒံ ဝုစ္စတိ စက္ခုံဣတိပိ သောတံဣတိပိ ဃာနံဣတိပိ ဇိဝှါဣတိပိ ကာယောဣတိပိ၊ အယံ အတ္တာ အနိစ္စော အဓုဝေါ အသဿတော ဝိပရိဏာမဓမ္မော။ ယဉ္စ ခေါ ဣဒံ ဝုစ္စတိ စိတ္တန္တိ ဝါ မနောတိ ဝါ ဝိညာဏံတိ ဝါ၊ အယံ အတ္တာ နိစ္စော ဓုဝေါ သဿတော အဝိပရိဏာမဓမ္မော သဿတိသမံ တထေ၀ ဌဿတီ တိ။

သုတ်သီလက္ခန်ပါဠိတော်လာ မိစ္ဆာဒိဋ္ဌိတို့ သဿတဒိဋ္ဌိယူပုံ ပါဠိ။

ယံ ခေါ ဣဒံ၊ အကြင်တရားသဘောကို။
စက္ခုံ ဣတိပိ၊ မျက်စိအကြည် ဟူ၍လည်း။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ယံ ခေါ ဣဒံ၊ အကြင်တရားသဘောကိုကား။
သောတံ ဣတိပိ၊ နားအကြည်ဟူ၍လည်း။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ယံ ခေါ ဣဒံ၊ အကြင်တရားသဘောကိုကား။
ဃာနံ ဣတိပိ၊ နှာခေါင်းအကြည် ဟူ၍လည်း။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ယံ ခေါ ဣဒံ၊ အကြင်တရားသဘောကိုကား။
ဇိဝှါ ဣတိပိ၊ လျှာအကြည် ဟူ၍လည်း။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ယံ ခေါ ဣဒံ၊ အကြင် တရားသဘောကိုကား။
ကာယော ဣတိပိ၊ ကာယအကြည် ဟူ၍လည်း။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
အယံ အတ္တာ၊ ဤ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟူသော ငါကောင် ကိုဝ်ကောင်စုသည်။
အနိစ္စော၊ မမြဲပြီ။
အဓုဝေါ၊ မခိုင်ခံ့ပြီ။
အသဿတော၊ အခါခပ်သိမ်း ထင်ရှားတည်ရှိ၍ မနေပြီ။
ဝိပရိဏာမဓမ္မော၊ ဆွေးမြေ့ဖောက်ပြန်ခြင်း သဘောရှိ၏။
ယဉ္စ ခေါ ဣဒံ၊ အကြင် တရားသဘောကိုကား။
စိတ္တန္တိ ဝါ၊ စိတ်ဟူ၍၎င်း။
မနောတိ ဝါ၊ မနဟူ၍၎င်း။
ဝိညာဏန္တိ ဝါ၊ ဝိညာဏ်ဟူ၍၎င်း။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏ ။
အယံ အတ္တာ၊ ဤဝိညာဏဟူသော ငါကောင် ကိုဝ်ကောင်သည်ကား။
နိစ္စော၊ ပျက်စီးခြင်းမရှိ မြဲ၏။
ဓုဝေါ၊ ခိုင်ခံ့၏။
သဿတော၊ အခါခပ်သိမ်း ထင်ရှားတည်ရှိ၍ မြဲ၏။
အဝိပရိဏာမဓမ္မော၊ ဆွေးမြေ့ဖောက်ပြန်ခြင်းသဘော မရှိ။
သဿတိသမံ၊ မြဲသည်ဖြစ်၍။
တထေဝ၊ ထိုတည်ရှိမြဲတိုင်းသာလျှင်။
ဌဿတိ၊ တည်ရှိ၏။

တပည့်တို့ - ဤသဿတဒိဋ္ဌိ ယူပုံကား နာမ်ရုပ် ခန္ဓာမှတပါး အသက်ခဲ သတ္တဝါကောင် အသီးအခြားရှိသည်ဟု မယူဘဲ ရုပ်နာမ်ခန္ဓာကိုပင် ငါဟူသော သတ္တဝါ ကောင်ဘဲဟု မှတ်ထင်စွဲယူသော သက္ကာယဒိဋ္ဌိပုဂ္ဂိုလ်တို့ ယူပုံတည်း။

ဤယူပုံသည် ရုပ်နာမ်ခန္ဓာကိုပင် ငါကောင်ကိုဝ်ကောင် သတ္တဝါဟုယူ၍ ရုပ်ဖြစ်သော သတ္တဝါကား မမြဲ၊ ဝိညာဏ်ဟုခေါ်ဆိုအပ်သော နာမ်ဖြစ်သော ကိုဝ်ကောင် သတ္တဝါ ကောင်ကား မြဲသည်ဟု ယူသည်။

တပည့်တို့ - အသက် လိပ်ပြာအယူ ရှိကြသော ငါတို့ဗဟ္မာလူမျိုးတို့တွင် အချို့သော သူတို့သည် နိဇီဝ၊ လိပ်ပြာကောင် အသက်ခဲ ဇီဝမရှိ၊ ရုပ်နာမ်သာရှိသည်ဟု ဟောတော်မူအပ်သော ဘုရားရှင်၏ တရားတော်ကို ကြားနာရသဖြင့် လိပ်ပြာကောင် အသက်ခဲ အယူကိုစွန့်၍ ရုပ်နာမ်ကိုပင် ကိုဝ်ကောင် သတ္တဝါဟု စွဲယူကြလျက် ရုပ်ကားမမြဲ နာမ်ကားမြဲသည်ဟု ဤပါဠိတော်လာ ယူပုံနည်း အတိုင်းပင် စွဲယူကြသည်။

ထို့ကြောင့်ဘဲ တပည့်တို့ - ငါတို့ဗဟ္မာလူမျိုး တချို့တို့သည် ရှေ့ဘဝ နောက်ဘဝ ဝိညာဏ်ကူးပြောင်းပုံကို ပိုးလောက်လမ်း ကူးသွားပုံကဲ့သို့ ကူးသွားသည် “လောက်လမ်းသဘွယ် ဝိညာဏ် တွယ်သည်” ဟု ပြောဆိုကြသည်။

တပည့်တို့ - ဤသို့စွဲယူရာ၌ ငါတို့ ဗဟ္မာလူမျိုးတို့မှာ ဘုရားတရားတော်ကို ကြားနာရသဖြင့် အနုပါဒိသေသ နိဗ္ဗာန်စံခြင်း ဟူသော နိဗ္ဗာန်အဆုံးရှိသည်ဟု ယူသည်။ ဤပါဠိတော်လာ သာသနာတော်ပ သဿတဒိဋ္ဌိဆရာတို့ ယူပုံမှာကား - ဝိညာဏ်ဟူသော သတ္တဝါကောင်သည် ဘယ်တော့မှ အဆုံးမရှိပြီဟု ယူသည်။ ဤကား သဿတဒိဋ္ဌိ ယူပုံတည်း။

တပည့်တို့ - ဤဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိ နှစ်ပါးတို့တွင် လောက၌ လူဝင်စားဟု ခေါ်ကြသော တဘဝ နှစ်ဘဝစသည် မှတ်မိကြသော ဇာတိဿရဉာဏ်ကို ရသော သူတို့သည်လည်း ရှိကြသောကြောင့် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် တို့နှင့် ပြည့်စုံကြသော တန်ခိုးရှင်တွေကလည်း ရှိကြသောကြောင့် ဥစ္ဆေဒဒိဋ္ဌိကိုကား အယူနည်းကြ၏။ သတ္တဝါတို့သည် ဤဘဝ ထိုဘဝ တပြောင်းပြန်ပြန်ကျင်လည် ပြောင်းရွှေ့၍ နေကြသည်ဟု သဿတဒိဋ္ဌိကိုသာ အယူများကြသည်။

တပည့်တို့ - ဤသဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတို့ကိုကား မှတ်ထင် စွဲယူသောအတိုင်း မဟုတ်မမှန် ဖောက်ပြန် မှားယွင်းသောကြောင့် မိစ္ဆာဒိဋ္ဌိ အယူဟူ၍ မှတ်ရမည် မှတ်ကြ။ ဤသတ္တဝါ ခန္ဓာကိုယ်၌ ငါဟု ဆိုအပ်သော ကိုဝ်ကောင် အသက်ခဲမရှိ၊ ရုပ် နာမ် နှစ်ပါးမျှသာ ရှိသည်။

ဤရုပ် နာမ်သည် လည်း ငါကောင် ကိုဝ်ကောင် သတ္တဝါ မဟုတ်။ အဝိဇ္ဇာ, တဏှာ, ကံ စသည်တို့ ကြောင့်ဖြစ်၍ နေသော သက်သက် သင်္ခါရတရား အစုမျှသာ ဖြစ်သည်။ အကြောင်းဖြစ်သော အဝိဇ္ဇာ, တဏှာ, ကံ တို့ကို ကုန်အောင်လုပ်၍ ကုန်လျှင် အကျိုးဖြစ်သော ဤရုပ် နာမ် နှစ်ပါးတို့သည် မဖြစ်ပြီ၊ သံသရာစက် ပြတ်လေတော့သည်။

အဝိဇ္ဇာ, တဏှာ, ကံတို့ မကုန်ဘဲရှိနေလျှင် အကျိုး ရုပ် နာမ်တို့ သည် ဘယ်အခါမှ ပြတ်ခြင်းမရှိ။ အမြဲဖြစ်ပေါ် တည်ရှိ၍နေသည် ဤကဲ့သို့ သိမြင် မှတ်ယူခြင်းကိုကား အဟုတ် အမှန် ကောင်းမွန်စွာ သိမြင် မှတ်ယူခြင်း ဖြစ်၍ လောကုတ္တရာ သမ္မာဒိဋ္ဌိ ဘုရားအယူတော်ဟူ၍ မှတ်ကြ။

တပည့်တို့ - လောက၌ သတ္တဝါဟူ၍မရှိ။ ရုပ် နာမ်သင်္ခါရမျှသာ ရှိသည် ဟူသော ဤလောကုတ္တရာ သမ္မာဒိဋ္ဌိ ဘုရားအယူတော်ကိုကား သာသနာတော်တွင်း၌ ဘုရားရှင်၏ တရားတော်ကို နာကြား နားလည်သောသူမှသာလျှင် သိနိုင် ယုံကြည်နိုင်သည်။

ဘုရားရှင် တရားတော်ကို မနာကြားရသော သာသနာပ အခါ၌ကား သတ္တဝါဟူသော ငါကောင် ကိုဝ်ကောင် အသက်ကောင် ရှိသည်ဟူ၍ သတ္တဝါတိုင်းပင် မှတ်ထင် စွဲယူရမြဲ ဓမ္မတာဖြစ်သည်၊ ထိုသို့စွဲယူရာ၌ ဥစ္ဆေဒဒိဋ္ဌိကို ယူလျှင်ကား လုံးလုံးမှား၏။ ဤဥစ္ဆေဒဒိဋ္ဌိကို ယူလျှင် ကံ, ကံ၏ အကျိုးတို့ကိုလည်း ပယ်ရှားတားမြစ်ခြင်း ဖြစ်လေတော့၏။ အလွန် ကြောက် ရွှံ့ဘွယ် စက်ဆုပ်ဘွယ်ကောင်းသော ဒိဋ္ဌိဖြစ်၏။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည် မှားယွင်းသော အယူဝါဒထဲတွင် ဤ ဥစ္ဆေဒဒိဋ္ဌိ အယူကို အသာဆုံး အလွန်ကဲဆုံး ခေါင်ညွန့်ထိပ်ဖျားဆုံး ဟူ၍ အင်္ဂုတ္တရပါဠိတော်၌ ဧတဒဂ်ထား၍ ဟောတော်မူသည်။ ဧတဒဂ်ဆိုသည်ကား ယုတ်သောအရာမှာ ဖြစ်စေ၊ မြတ်သော အရာမှာဖြစ်စေ၊ အသာဆုံး အလွန်ဆုံး ခေါင်ညွန့် ထိပ်ဖျားကို ဆိုသည်။ တပည့်တို့ - အမြတ်ဆုံးဟူ၍ မမှတ်ကြနှင့်။

ဥစ္ဆေဒဒိဋ္ဌိကို မဟုတ်ဘဲ သဿတဒိဋ္ဌိကိုယူ၍ ဤသတ္တဝါတို့သည် --
ခွေးသတ္တဝါလည်း ခွေးချည်းဖြစ်၊
ဝက်သတ္တဝါလည်း ဝက်ချည်းဖြစ်၊
ကြက်သတ္တဝါလည်း ကြက်ချည်းဖြစ်၊
ငှက်သတ္တဝါလည်း ငှက်ချည်းဖြစ်၊
လူသတ္တဝါလည်း လူချည်း ဖြစ်၊
နတ်သတ္တဝါလည်း နတ်ချည်းဖြစ်သည်
စသည်ဖြင့် သူ့ဇာတ်နှင့် သူအားဖြင့်၎င်း, ထိုသို့ဇာတ် နိယာမမရှိဘဲ အစီအရင် ကံကင်းလျက် ဖြစ်ချင်းတိုင်း ဖြစ်သည် ဟူ၍၎င်း, ဤကဲ့သို့ ကံကိုပယ်၍ ယူလျှင်သာ အလွန်မှားသော အမှားဖြစ်သည် ကံကိုမပယ်ဘဲ ဤသတ္တဝါတို့သည် ကံစီရင်တိုင်း ကံအားလျော်စွာ ဖြစ်ကြသည်။ မကောင်းသော ကံကိုပြုလျှင် မကောင်းသော ဘုံဘဝ အမိငမ်း၌ ဖြစ်ရသည်။ ကောင်းသောကံကိုပြုလျှင် ကောင်းသောဘုံဘဝ အမိဝမ်း၌ ဖြစ်ရသည်ဟု ယူခြင်းမူကား လောကုတ္တရာ သမ္မာဒိဋ္ဌိကို ထောက်၍သာ အမှား ဖြစ်သည်။ လောကီမှာဖြင့် အမှန်ပင်တည်း။

ကမ္မဝါဒီလောကီ သမ္မာဒိဋ္ဌိဟူ၍ပင် မှတ်ရမည်။ ဘုရားလောင်းများလည်း ရုပ် နာမ်ကို ကောင်းမွန်စွာ မသိမြင်ခင် ဤအတိုင်းပင် မှတ်ထင်စွဲယူ၍ ပါရမီကို ဖြည့်ကျင့် ဆည်းပူး တော်မူရသည်။ အရိယာ ဘုရားအဖြစ်သို့ရောက်မှ လောကုတ္တရာ သမ္မာဒိဋ္ဌိ အဖြစ်သို့ ရောက်တော်မူရသည်။

တပည့်တို့ - သက္ကာယဒိဋ္ဌိ အရင်းခံရှိသောသူတို့ သည် ဤကဲ့သို့ ဒိဋ္ဌိအမျိုးမျိုး စွဲယူပွားများ၍ ကုန်၏။ ဤသဿတ ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးမှကြွင်းသော ခြောက်ဆယ်သော ဒိဋ္ဌိအယူတို့သည် ဤသက္ကာယဒိဋ္ဌိ အရင်းခံ ရှိခြင်းကြောင့် ဖြစ်ပွားမှုချည်းပင်တည်း။

ဤကား ဒိဋ္ဌိပွားများပုံနှင့် တကွ အတ္တဒိဋ္ဌိစွဲလမ်းပုံကို ပြဆိုချက်တည်း။

ရုပ်နာမ်ကို သတ္တ - အတ္တဟု စွဲယူကြောင်းကို ပြခြင်း

တပည့်တို့ - ဤ ဥပါဒိဏ္ဏကဖြစ်သော ရုပ်နာမ်တို့ကို အဘယ့်ကြောင့် သတ္တဝါ ဟူ၍ မှတ်ထင်စွဲလမ်းရပါသနည်း၊ အဘယ့်ကြောင့် သူတပါးမဟုတ် ကိုဝ်ဘဲ ငါဘဲ ဟူ၍ မှတ်ထင်စွဲလမ်း ရပါသနည်း ဆိုသော် တပည့်တို့ - ဤရုပ်နာမ် တရားတို့က တခုချင်းဖြစ်၍မနေဘဲ တလုံးတည်း တခဲတည်း သမူဟပေါင်းစုလျက် ဃနကြီး ဖြစ်၍ အကြောင်းများစွာ ပေါင်းစု ညီညွတ်သဖြင့် လှုပ်ရှားခြင်းစသော အမူအရာ ဗျာပါရ ထင်ရှား၍နေသည်။ ထို့ကြောင့် အရှင်ကောင် အသက်ကောင် သတ္တဝါကောင်ဟု မှတ်ထင် စွဲလမ်းသည်။

သူတပါးကိုတော့ --
ထိုင်စမ်းဟဲ့လို့ဆိုပေမဲ့ သူထိုင်ချင်မှထိုင်တယ်၊
ထစမ်းဟဲ့လို့ဆိုပေမဲ့ သူထချင်မှထတယ်၊
သွားစမ်းဟဲ့လို့ ဆိုပေမဲ့ သူသွားချင်မှသွားတယ်၊
ငိုဟဲ့လို့ ဆိုပေမဲ့ သူငိုချင်မှ ငိုတယ်၊
ရယ်လို့ ဆိုပေမဲ့ သူရယ်ချင်မှရယ်တယ်၊
မျက်တောင်ခတ်စမ်းလို့ ဆိုပေမဲ့ သူခတ်ချင်မှ ခတ်တယ်၊
လျှာထုတ်စမ်းလို့ဆိုပေမဲ့ သူထုတ်ချင်မှထုတ်တယ်၊
စကားပြောစမ်းလို့ ဆိုပေမဲ့သူပြောချင်မှပြောတယ်၊
ကြံစမ်းလို့ဆိုပေမဲ့သူကြံချင်မှကြံတယ်၊
တွေးစမ်းလို့ဆိုပေမဲ့ သူတွေးချင်မှ တွေးတယ်၊
သိစမ်းလို့ဆိုပေမဲ့ သူသိချင်မှ သိတယ်။

ဤကဲ့သို့ သူတပါးကိုကား မိမိက အစိုးမရဘူး တပည့်တို့။

မိမိ၏ရုပ်နာမ် အစုအခဲဖြစ်သော ကိုယ်ကြီးကိုမူကား --
ကိုဝ်ထိုင်ချင် ထိုင်နိုင်တယ်၊ ကိုဝ်ထချင် ထနိုင်တယ်၊
ကိုဝ်သွားချင် သွားနိုင်တယ်၊ ကိုဝ်ငိုချင် ငိုနိုင်တယ်၊
ကိုဝ်ရယ်ချင် ရယ်နိုင်တယ်၊
ကိုဝ်မျက်တောင်ခတ်ချင် ခတ်နိုင်တယ်၊
ကိုဝ်လျှာထုတ်ချင် ထုတ်နိုင်တယ်၊
ကိုဝ်စကားပြောချင် ပြောနိုင်တယ်၊
ကိုဝ်ကြံချင် ကြံနိုင်တယ်၊
ကိုဝ် တွေးချင် တွေးနိုင်တယ်၊
ကိုဝ်သိချင် သိနိုင်တယ်၊

ကိုဝ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာ အလုံးစုံတို့၌ ကိုဝ့်အလိုအတိုင်း ပြီးစီးတယ်၊ ကိုဝ့်အလိုသို့ လိုက်တယ်၊ ကိုဝ်အစိုးရတယ်၊ ဤကဲ့သို့ ကိုဝ်အစိုးရမှု အတွက်နှင့် သူတပါးမဟုတ်ဘဲ ကိုဝ်ဘဲဟု မှတ်ထင်စွဲလမ်းတယ် တပည့်တို့။

တပည့်တို့ - ဤကဲ့သို့ အတ္တပုဒ်၏ အနက်မှန်ကို၎င်း၊ ဒိဋ္ဌိပွားပုံနှင့် တကွ အတ္တဒိဋ္ဌိ စွဲလမ်းပုံကို၎င်း၊ သတ္တဝါဘဲ အတ္တဘဲဟု မှတ်ထင်စွဲလမ်းခြင်း အကြောင်းကို၎င်း ပြဆိုဟောကြားပြီး၍ ယခုအခါ အနတ္တလက္ခဏာကို ပြဆိုဟောကြားတော့အံ့၊ တပည့်တို့ - ကောင်းစွာ နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြ ကုန်လော့။

တပည့်တို့ - ဤကဲ့သို့ စွဲလမ်း၍နေရာ၌ ဤရုပ်နာမ်တို့ကို အစိတ်စိတ် ဓာတ်ခွဲ၍ ရှုလိုက်လျှင် ဃနကြီးပြိုကွဲ ပျောက်ပျက်လျက် အမူအရာ ဗျာပါရ ကင်းသော အသေ သက်သက်ဖြစ်သော သုဒ္ဓဓာတုအနေ, သုဒ္ဓသင်္ခါရဓမ္မ အနေနှင့် ထင်လေတော့သည်။ အရှင်ကောင် အသက်ကောင် သတ္တဝါကောင် ဟူ၍ ဘယ်မှာမှ ရှာ၍မရပြီ မတွေ့ပြီ။

ဤသို့ သတ္တဝါကင်းပျောက်၍ သွားသောအခါ ငါဘဲ ကိုဝ်ဘဲဟု မှတ်ထင်စွဲလမ်းစရာ ဘာမျှမရှိသဖြင့် ဟင် - ဓာတ်တွေထဲ၌ ငါမရှိ ပါဘဲကလား၊ ဟင် - ဓာတ်တွေ ငါမဟုတ်ပါဘဲကလားဟု စိတ်ဖြစ်လျက် ငါဟု မှတ်ထင် စွဲလမ်းတတ်သော သက္ကာယဒိဋ္ဌိ အမြစ်ပါကျွတ်ကျ ကင်းပြတ်၍သွားတော့သည် တပည့်တို့။

ဤသို့ရှု၍ သက္ကာယဒိဋ္ဌိ ကင်းပြတ်လေသော ပုဂ္ဂိုလ်တို့သည်ကား မရေတွက်နိုင်အောင် များပြားသည်။ ပက္ကုသာတိမင်းကြီး ရုပ်ဓာတ်ငါးပါးကို ဓာတ်အနေနှင့်ရှု၍ ဝိညာဏဓာတ်ကို အနိစ္စအနေနှင့်ရှု၍ အနာဂါမ် အဖြစ်သို့ ရောက်သည်။

ရောက်လျှင် ရောက်ချင်း စုတေ သေဆုံး၍ အဝိဟာ ဗြဟ္မာဘုံသို့ရောက်လေလျှင် ဤနည်းအတိုင်းပင် ရှု၍ ခဏချင်း အရဟတ္တဖိုလ်သို့ ရောက်လေသည်။

အဝိဟံ ဥပပန္နာသေ၊ ဝိမုတ္တာ သတ္တ ဘိက္ခဝေါ။
အဝိဟံ၊ အဝိဟာဘုံသို့။
ဥပပန္နာ၊ရောက်ကြ ဖြစ်ကြလေကုန်သော။
ဝိမုတ္တာ၊ ဗြဟ္မာပြည်သို့ ရောက်လျှင် ရောက်ချင်း ကိလေသာမှ လွတ်ကြလေကုန်သော။
ဘိက္ခဝေါ၊ ရဟန်းတို့သည်ကား။
သတ္တ၊ ခုနစ်ပါးတို့ပေတည်း။

ဟူ၍ ထေရာအဋ္ဌကထာ ဆရာမြတ်တို့ မိန့်ဆိုအပ်သော ရဟန်း ခုနစ်ပါးထဲတွင် တပါး အပါအဝင် ဖြစ်လေသည်။ ဘုရားရှင်၏ ဖွားဘက်တော် ဆန္ဒမထေရ်လည်း ဤရုပ်တရားတို့ကို သုဒ္ဓသင်္ခါရဓမ္မနှင့် ထင်အောင် ပဋိစ္စသမုပ္ပါဒ်နည်း အတိုင်းရှု၍ သောတာပန်အဖြစ်သို့ရောက်သည်။

တပည့်တို့ - ဤကဲ့သို့ ဓာတ်အားဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုနည်းကို အပ္ပနာသို့မရောက်၊ ဥပစာရ သမာဓိမျှသာဖြစ် နိုင်သော သမထဘာဝနာဟူ၍ မမှတ်ကြနှင့်၊ မှတ်လျှင် အလွဲအမှားတည်း၊

ယခု ဆိုခဲ့ပြီးသော အတိုင်း မဂ်ဖိုလ် ပေါက်အောင် ရွက်ဆောင်နိုင်သော အနတ္တ လက္ခဏာ ဝိပဿနာ ဘာဝနာဟူ၍ သန္နိဋ္ဌာန်ကျမှတ်ကြ။ ဓမ္မအားဖြင့်ရှုမှု ဓာတ်အားဖြင့်ရှုမှု အလုံးစုံကို အနတ္တလက္ခဏာ ဝိပဿနာကမ္မဋ္ဌာန်းချည်း ဟူ၍ မှတ်ကြ။

တပည့်တို့ - ဤကဲ့သို့ ဓာတ်အားဖြင့် ရှုပုံ ရှုနည်းကိုကား အောက်သုတ္တန် သုညတနည်း အဘိဓမ္မာ သုညတနည်းတို့၌ ဘုရားရှင် ဟောကြားတော်မူသော အတိုင်း သဘောလည်း ဟုတ်မှန်သောအတိုင်း ငါဆရာ ဟောကြားခဲ့ပြီ။ ယခုကား အစိုးမရသဖြင့် ကိုဝ်မဟုတ်၊ သူတပါးအားဖြင့် ရှုပုံကို ပြဆို ဟောကြားအံ့။

အနတ္တပုဒ်ကို ဝိဂြိုဟ်ပြု၍ ပြခြင်း

“ရူပံ န အတ္တာ အနတ္တာ” ဟူ၍ ဝိဂြိုဟ်ပြုရမည်။ တပည့်တို့ -
ရူပံ၊ ရုပ်သည်။
အတ္တာ၊ ကိုဝ်သည်။
၊ မဟုတ်။
အနတ္တာ၊ ကိုဝ်မဟုတ် - ဟု အနက်ပေး။

ကိုဝ်မဟုတ်လျှင် အဘယ်နည်း ဆိုသော် - ပရော၊ သူတပါးတည်း။

တပည့်တို့ - သူတပါးဆိုသော်လည်း မုချဆတ်ဆတ်မှာ ကိုဝ် အလိုသို့ မလိုက်သဖြင့် အစိုးမရခြင်း ကြောင့် သူတပါးနှင့်တူသော သူတပါးအားဖြင့် ရှုအပ်သော သက်သက်သော သင်္ခါရဓမ္မဟူ၍ မှတ်ရမည်။

တပည့်တို့ - ဤရုပ် နာမ်တရားတို့ကို မိမိ တောင့်တတိုင်း စီရင်တိုင်း စေခိုင်းတိုင်း မရသဖြင့် မိမိအလိုသို့ မလိုက်သဖြင့် အစိုးမရခြင်းကြောင့် ကိုဝ်မဟုတ်ဘူး သူတပါးဘဲဟု ရှု၍ သူတပါးနှင့် တူစွာ သူတပါး အနေအားဖြင့်ထင်လျှင် ကိစ္စပြီးတော့သည်။ ထိုစကားသည် မှန်၏။

တပည့်တို့ - ရုပ်နာမ်တို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုရမှုသည် ရုပ် နာမ်တို့၌ ချစ်ခင်ခြင်း တဏှာကင်းပြတ်စေခြင်း အကျိုးငှါ ရှုရသတည်း။ ထိုချစ်ခင်သော တဏှာသည် မိမိနာမ် ရုပ်တို့ကို ကိုဝ်ဟု မှတ်ထင် စွဲလမ်း၍ မရက်မစက် လွန်စွာ နှစ်သက် ချစ်ခင်သည်၊ ထို့ကြောင့် လောက၌ “အတ္တသမာ ပေမာနတ္ထိ” ကိုဝ်ထက် ချစ်အပ်သောသူမရှိ ကိုဝ်သာလျှင် အချစ်ခင်ဆုံးဟူ၍ ဆိုကြသည်။

“အတ္တာဟိ ပရမော ပိယော”
အတ္တာဟိ၊ ကိုပ်သာလျှင်။
ပရမော၊ လွန်ကဲသော။
ပိယော၊ အချစ်ခင်ဆုံးတည်း

ဟူ၍ သတ္တင်္ဂုတ္တရပါဠိတော်၌ ဘုရားရှင်လည်း ဟောတော်မူသည်၊ ဟောသော အတိုင်းလည်း ဟုတ်သည်၊ မိမိရုပ်နာမ်မှတပါးသော ရုပ်နာမ်တို့ကိုကား ကိုဝ်ဟု မှတ်ထင်စွဲလမ်းသော မိမိ ရုပ်နာမ်အား ကျေးဇူးပြုတတ်သော အထောက်အပံ့ အခြွေအရံ ပရိက္ခရာ ဥစ္စာ အတ္တနိယ အနေနှင့် ချစ်ခင်သည်၊ ချစ်ခင်သော်လည်း ကိုဝ်လောက် မချစ်ခင်ဘူး၊ ထိုချစ်ခင်သော တဏှာသည် ကိုဝ်က အရင်းခံတည်း၊ ရုပ်နာမ်တို့ကို သူတပါးနှင့် တူအောင် ရှု၍ တူ၍ တူ၍ ကိုဝ်မဟုတ်သော အဖြစ်ကို သိလျှင် ကိုဝ်ပျောက်လျှင် ကိုဝ့်ဥစ္စာဟူ၍လည်း မရှိနိုင်ဘူး မဖြစ်နိုင်ဘူး၊

တပည့်တို့ - ဤကဲ့သို့ ကိုဝ်ဟူသော အတ္တ ကိုဝ့်ဟာဟူသော အတ္တနိယ ကင်းပျောက်လျှင် မရှိလျှင် အတ္တအနေ အတ္တနိယ အနေနှင့် ချစ်ခင်တပ်မက်သော တဏှာသည် အဘယ်မှာ တည်နိုင်တော့မလဲ တပည့်တို့ - အမြစ်ပါကျွတ်ကျ ကင်းပြတ်လေတော့သည်သာပ၊ ကိစ္စ ပြီးလေတော့သည်သာပ။

ထို့ကြောင့်ဘဲ တပည့်တို့ - အဂ္ဂသာဝက ဖြစ်တော်မူသော အရှင်မောဂ္ဂလာန် မဟာထေရ်သည် - ထေရဂါထာပါဠိတော်မြတ်၌–

၁။ သုခုမံ တေ ပဋိဝိဇ္ဈန္တိ၊ ဝါလဂ္ဂံ ဥသုနာ ယထာ။
ယေ ပဉ္စက္ခန္ဓေ ပဿန္တိ၊ ပရတော နော စ အတ္တတော။

၂။ ယေ စ ပဿန္တိ သင်္ခါရေ၊ ပရတော နော စ အတ္တတော။
ပစ္စဗျဓိံသု နိပုဏံ၊ ဝါလဂ္ဂံ ဥသုနာ ယထာ။
ဟူ၍ တပည့်များအား ဟောကြားတော်မူပေသည်။

အာဝုသော၊ ငါ့ရှင်တို့။
ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။
ပဉ္စက္ခန္ဓေ၊ ခန္ဓာငါးပါးတို့ကို။
ပရတော၊ သူတပါးအားဖြင့်။ ဝါ၊ သူတပါးဟူ၍။
ပဿန္တိ၊ ရှုကြကုန်၏။
အတ္တတော၊ ကိုဝ်အားဖြင့်။ ဝါ၊ ကိုဝ်ဟူ၍။
နောစ ပဿန္တိ၊ မရှုကြကုန်၏။
တေ၊ ထိုပုဂ္ဂိုလ်တို့သည်။
ဝါလဂ္ဂံ၊ သားမြီးဖျားကို။
ဥသုနာ၊ မြှားဖြင့်။
ပဋိဝိဇ္ဈတိ ယထာ၊ မချွတ်မလွဲ မှန်စွဲဖောက်ထွင်းနိုင်လေဘိ သကဲ့သို့။
သုခုမံ၊ နက်နဲသောသိမ်မွေ့သော နိဗ္ဗာန်တရားမြတ်ကို။
ပဋိဝိဇ္ဈန္တိ၊ ထိုးထွင်းသိမြင်ကြကုန်၏။

၂။ အာဝုသော၊ ငါ့ရှင်တို့။
ယေ၊ အကြင် ပုဂ္ဂိုလ်တို့သည်။
သင်္ခါရေ၊ သင်္ခါရတရားတို့ကို။
ပရတော၊ သူတပါးအားဖြင့်။ သူတပါးဟူ၍။
ပဿန္တိ၊ ရှုမြင်ကြကုန်၏။
အတ္တတော၊ ကိုဝ်အားဖြင့်။ ကိုဝ်ဟူ၍။
နော စ ပဿန္တိ၊ မရှုကြကုန်။
တေ၊ ထိုပုဂ္ဂိုလ်တို့သည်။
ဝါလဂ္ဂံ၊ သားမြီးဖျားကို။
ဥသုနာ၊ မြှားဖြင့်။
ပဋိဝိဇ္ဈတိ ယထာ၊ မချွတ်မလွဲ မှန်စွဲဖောက်ထွင်း နိုင်လေဘိသကဲ့သို့။
နိပုဏံ၊ နက်နဲသိမ်ဓမ္မသော နိဗ္ဗာန်တရားမြတ်ကို။
ပစ္စဗျဓိံသု၊ ထိုးထွင်း သိမြင်ကြလေကုန်၏။

အနတ္တလက္ခဏာကို ပြခြင်း

မြတ်စွာဘုရားရှင်လည်း ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ မဂ်ဖိုလ်သို့ ရောက်အောင် ရှုရန် တောလေးဆယ် ဟု ခေါ်ကြသော ဝိပဿနာ လေးဆယ်ကို ဟောရာ၌။ “အနတ္တတော၊ ပရတော” ဟူ၍ ဟောတော်မူသည်။

အနတ္တတော၊ ကိုဝ်မဟုတ်သောအားဖြင့်။ ဝါ၊ ကိုဝ်မဟုတ်ဟူ၍။
ပရတော၊ သူတပါးအားဖြင့်။ ဝါ၊ သူတပါးဟူ၍။
ပဿေယျ၊ ရှုရာ၏ ဟု အနက်ပေး။

ထို့ကြောင့် တပည့်တို့ သင်တပည့်တို့သည် ဤမိမိရုပ် နာမ်တို့ကို။ အတ္တ၊ ကိုဝ်ဟူ၍ မရှုကြနှင့်။ အနတ္တ၊ ကိုဝ်မဟုတ်။ ပရ၊ သူတပါးဟူ၍။ သူတပါး အနေထား၍ ရှုရမည်၊

တပည့်တို့ - မြတ်စွာဘုရားရှင်သည် မိမိ ရုပ် နာမ်တို့ကို အစိုးရသည် အထင်နှင့် သူတပါး မဟုတ်ဘူး၊ ကိုယ်ဘဲ ငါဘဲ မှတ်ထင် စွဲလမ်း၍ လာခဲ့ကြသော ပဉ္စဝဂ္ဂီ ရဟန်းတို့ကို ခေါ်တော်မူ၍ “ရူပံ ဘိက္ခဝေ အနတ္တာ”ဟူ၍ ဟောတော်မူပေ၏။

ဝိနည်း မဟာဝါ ပါဠိတော် ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်တို့၌ လာသော အနတ္တ လက္ခဏသုတ်၏ အစဆုံး ပဌမဝါကျ တပည့်တို့။

ဘိက္ခဝေ၊ ရဟန်းတို့။
ရူပံ၊ ရုပ်သည်။
အနတ္တာ၊ အစိုးမရခြင်းကြောင့် ကိုဝ်မဟုတ်၊ သူတပါးပင်တည်း။

တဖန် ကိုယ်မဟုတ်သော အဖြစ်ကို ထင်လင်း သိမြင်အောင် အစိုးမရပုံကို အကြောင်း ယုတ္တိနှင့်တက္ခ အကျယ်ချဲ့၍ ပြတော်မူလိုသော မြတ်စွာဘုရားရှင်သည်—

ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လမ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ၊ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ။
ဟူ၍ ဒုတိယ ဝါကျကို ဟောတော်မူပြန်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ဟိ၊ စင်စစ်။ ဝါ၊ အဟုတ်။
ဣဒဉ္စရူပံ၊ ဤရုပ်သည်။
အတ္တာ၊ ကိုဝ်သည်။
အဘဝိဿ၊ အကယ်၍ ဖြစ်ငြားအံ့။
ဧဝံ၊ ဤသို့ ဖြစ်ခဲ့သည်ရှိသော်။
ဣဒံရူပံ၊ ဤရုပ်သည်။
အာဗာဓာယ၊ နာကျင်ခြင်းငှါ။ ဝါ၊ နာကျင်စွာ။
န သံဝတ္တေယျ၊ မဖြစ်ရာ။
ရူပေ၊ ရုပ်၌။
မေ၊ ငါ၏။
ရူပံ၊ ရုပ်သည်။
ဧဝံ၊ ဤသို့ ငါအလိုရှိသလို။
ဟောတု၊ ဖြစ်စေသား ဖြစ်စေ ဖြစ်ဟဲ့။
ဧဝံ၊ ဤသို့ ငါအလို မရှိသလို။
မာ အဟောသိ၊ မဖြစ်စေသား မဖြစ်နှင့် မဖြစ်နှင့်ဟဲ့။
ဣတိ၊ ဤသို့ တောင့်တ၍ စီရင်၍ အာဏာပေး၍လည်း။
လဗ္ဗေထ၊ ရအပ်ရာ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ယသ္မာစ၊ အကြင်ကြောင့်လျှင်။
ခေါ၊ စင်စစ်။
ရူပံ၊ ရုပ်သည်။
အနတ္တာ၊ ကိုဝ်မဟုတ်။
တသ္မာ၊ ထိုသို့ ကိုဝ်မဟုတ်ခြင်းကြောင့်။
ရူပံ၊ ရုပ်သည်။
အာဗာဓာယ၊ နာကျင်ခြင်းငှါ။ ဝါ၊ နာကျင်စွာ။
သံဝတ္တတိ၊ ဖြစ်၏။
ရူပေ၊ ရုပ်၌။
မေ၊ ငါ၏။
ရူပံ၊ ရုပ်သည်။
ဧဝံ၊ ဤသို့ ငါအလိုရှိသလို။
ဟောတု၊ ဖြစ်စေသား ဖြစ်စေ ဖြစ်စေဟဲ့။
ဧဝံ၊ ဤသို့ ငါအလိုမရှိသလို။
မာ အဟောသိ၊မဖြစ်စေသား မဖြစ်နှင့် မဖြစ်နှင့်ဟဲ့။
ဣတိ၊ဤသို့ ကိုဝ့်အလိုအတိုင်း တောင့်တ၍ စီရင်၍ အာဏာပေး၍လည်း။
န စ လဗ္ဘတိ၊ မရအပ်ပြီ။

တဖန် အနည်းငယ်မျှမှ အလိုသို့ မလိုက်ပုံ အစိုးမရပုံကို လွန်စွာ ထင်လင်း သိမြင် စေခြင်းငှါ အနိစ္စ ဒုက္ခတို့ဖြင့် ပြလိုသော မြတ်စွာဘုရားသည်–

တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါ တိ အနိစ္စံ ဘန္တေ၊ ယမ္ပနာ နိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ၊ ဒုက္ခံ ဘန္တေ၊ ယမ္ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ ကလ္လန္နုတံ သမနုပဿိတုံ၊ ဧတံ မမ၊ ဧသော မဟသ္မိ၊ ဧသော မေ အတ္တာတိ၊ နောဟေတံ ဘန္တေ။
ဟူ၍ တတိယ ဝါကျကို ဟောတော်မူပြန်၏။

ဘိက္ခဝေ၊ ပဉ္စဝဂ္ဂီ ခေါ်တွင်မည်သား ရဟန်းများတို့။
တုမှေ၊ သင်တို့သည်။
တံ၊ ထိုငါမေးလတ္တံ့သော စကားကို။
ကိံ မညထ၊ အဘယ်သို့ မှတ်ထင် အောက်မေ့ကြမည်နည်း။
ရူပံ၊ ရုပ်သည်။
နိစ္စံဝါ၊ မြဲသော နိစ္စတရားလော။
အနိစ္စံဝါ၊ မမြဲသော အနိစ္စတရားလော။
ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။
တေဘိက္ခူ၊ ထိုရဟန်းတို့က။
ဘန္တေ၊ အရှင်ဘုရား။
အနိစ္စံ၊ မမြဲသော အနိစ္စ တရားပါတည်း။
ဣတိ၊ ဤသို့။
အဝေါစုံ၊ နားတော် လျှောက်ကြလေကုန်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ယံ၊ အကြင်ရုပ်သည်။
အနိစ္စံ၊ မမြဲ။
တံ၊ ထိုမမြဲသော ရုပ်သည်။
ဒုက္ခံ ဝါ၊ နာကျင်ဆင်းရဲသော ဒုက္ခတရားလော။
သုခံ ဝါ၊ ချမ်းသာသော သုခတရားလော။
ဣတိ၊ ဤသို့ မေးတော်မူပြန်သည်ရှိသော်။
တေဘိက္ခူ၊ ထိုရဟန်းတို့က။
ဘန္တေ၊ အရှင်ဘုရား။
ဒုက္ခံ၊ ဖြစ်ခြင်း ပျက်ခြင်းတို့သည် အမြဲ နှိပ်စက်အပ်သည်ဖြစ်၍ နာကျင်ဆင်းရဲသော ဒုက္ခတရား ပါတည်း။
ဣတိ၊ ဤသို့။
အဝေါစုံ၊ နားတော်လျှောက်ကြလေကုန်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ယမ္ပန၊ အကြင်ရုပ်သည်ကား။
အနိစ္စံ၊ မမြဲ။
ဒုက္ခံ၊ နာကျင်ဆင်းရဲ၏။
ဝိပရိဏာမဓမ္မံ၊ ဆွေးမြေ့ ဖောက်ပြန်ခြင်းသဘောရှိ၏။
တံ၊ ထိုမမြဲသော ဆင်းရဲသော ဆွေးမြေ့ ဖောက်ပြန်ခြင်း သဘောရှိသောရုပ်ကို။
တုမှေ၊ သင်ချစ်သားတို့က။
ဧတံ၊ ဤ ရုပ်သည်။
မေ၊ ငါ၏။
သန္တကံ၊ ဥစ္စာပင်တည်း။
ဧသော၊ ဤရုပ်သည်။
အဟံ၊ ငါသည်။
အသ္မိ၊ ဖြစ်၏ - ဟုတ်၏။
ဧသော၊ ဤရုပ်သည်။
မေ၊ ငါ၏။
အတ္တာ၊ ကိုဝ်တည်း။
ဣတိ၊ ဤသို့။
သမနုပဿိတုံ၊ ရှုမှတ် သုံးသပ်ခြင်းငှါ။
ကလ္လန္နု၊ သင့်နိုင်ပါ၏လော။
ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။
တေဘိက္ခု၊ ထို ရဟန်းတို့သည်။
ဘန္တေ၊ အရှင်ဘုရား။
ဧတံ၊ ဤသို့ ရှုမှတ်သုံးသပ်ခြင်းငှါ။
နော ဟိ၊ မသင့်နိုင်ပါဘုရား။
ဣတိ၊ ဤသို့။
အဝေါစုံ၊ နားတော်လျှောက်ကြလေကုန်၏။

ဤသို့ လျှောက်ကြားလေပြီးသော် မြတ်စွာဘုရားရှင်သည် ထို့ကြောင့် ချစ်သား ရဟန်းတို့ - ဤအလုံးစုံသောရုပ်ကို ငါလည်းမဟုတ်,ငါ့ဥစ္စာလည်းမဟုတ် ဟု ရှုကြဟု ဆုံးမတိုက်တွန်းသော စတုတ္ထဝါကျကို ဟောတော်မူ၏။ ခန္ဓာငါးပါးလုံး၌ နည်းတူချည်း ဟောတော်မူ၍ အနတ္တလက္ခဏာ သုတ်ဒေသနာကို ပြီးဆုံးစေ၏။ ဒေသနာ၏ အဆုံး၌ တရားနာကြသော ပဉ္စဝဂ္ဂီရဟန်း ငါးပါးတို့သည် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန္တာဖြစ်ကြလေကုန်၏။

တပည့်တို့ - ဤအနတ္တလက္ခဏသုတ်တော်မြတ်ကို ကောင်းမွန်ကြေပြွန်စွာ ကျက်ဆောင်၍ ထားကြ။

အနတ္တ၊ ကိုဝ်မဟုတ်သော။ ပရ၊ သူတပါးနှင့်တူသောအဖြစ်ကို လင်းလင်း ထင်ထင် သိမြင်အောင် ဤအနတ္တလက္ခဏ သုတ်တော်မြတ်အတိုင်း အလိုသို့ မလိုက်ပုံကို အစိုးမရပုံကို ငါဆရာ အကျယ်ချဲ့၍ ဟောပြမည်။

တပည့်တို့ - သင် တပည့်တို့သည် ကောင်းမွန်စွာ နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြ ကုန်လော့၊ ကြည့်ရှု သိမြင်ကြကုန်လော့။

တပည့်တို့ - သတ္တဝါတို့မည်သည် ဘယ်သူမဆို ကိုဝ့်ကိုဝ်ကို နာကျင်ချင်တဲ့သူ ဟူ၍ မရှိဘူး။ ဤရုပ်တို့မူကား နာကျင်စရာအကြောင်း ဆိုက်တိုက်လာလျှင် နာကျင်သည်

တပည့်တို့ - ယခုဘဲ ခေါင်းထဲကကိုက်တယ် ခဲတယ် နာကျင်တယ်၊
ယခုဘဲ ကိုယ်ထဲက ကိုက်တယ် အောင့်တယ် နာကျင်တယ်၊
ယခုဘဲ လက်က ညောင်းတယ် ကိုက်တယ် နာကျင်တယ်၊
ယခုဘဲ ခြေထောက်က ညောင်းတယ် ကိုက်တယ် နာကျင်တယ်၊
ယခုဘဲ မျက်စိထဲက ကျိန်းတယ် စပ်တယ် နာကျင်တယ်၊
ယခုဘဲ နားထဲက ယားတယ် ကိုက်တယ် နာကျင်တယ်၊
ယခုဘဲ ပါးစပ်ထဲက သွားကကိုက်တယ် နာကျင်တယ်။

ဤတကိုယ်လုံး၌ အမှတ်မရှိ တခုခုသော နေရာကသော်၎င်း, တကိုယ်လုံးကြီး သော်၎င်း ယခုဘဲ ဘယ်လိုဖြစ်လာတယ်၊ အေးလာတယ်၊ ချမ်းလာတယ်၊ အိုက်လာတယ်၊ ပူလာတယ်၊ ယားလာတယ်၊ စပ်လာတယ်၊ ညောင်းလာတယ်၊ ကိုက်လာတယ်၊ အောင့်လာတယ်၊ အင့်လာတယ် - ဟု နာကျင်ခြင်း ဖြစ်တယ် တပည့်တို့။

အဇ္ဈတ္တက နာကျင်စရာ အကြောင်းတို့ကြောင့် ကိုးဆဲ့ခြောက်ပါးသော အနာ ရောဂါတွေဖြစ်၍ နာကျင်မှု၊ ဗဟိဒ္ဓက အချမ်းအပူ မြွေ ကင်း, သန်း, ဆူးငြောင့်, ခလုတ်, တုတ်, ဓား, မြှား လှံ - အစရှိသော နာကျင်စရာ အကြောင်းတို့နှင့် တွေ့ကြုံ ထိပါး၍ နာကျင်မှု ဟူ၍ နာကျင်မှုတို့သည် များစွာ ဖြစ်ကြကုန်၏။

တပည့်တို့ - သတ္တဝါတို့မည်သည် ဘယ်သူမဆို ကိုဝ့်ကိုဝ်ကို နာကျင်ချင်တဲ့သူမှ မရှိဘဲကဘဲ။ ဤရုပ်သည် အကယ်၍ ကိုဝ်ဟုတ်ခဲ့လျှင် ကိုဝ်ကိုဝ်ကို မနာကျင်ဘဲ နေမှာပ။ ဘယ်သူ ကိုဝ့်ကိုဝ်ကို နာကျင်ချင်လိမ့်မလဲ။

အကယ်၍ ခေါင်းကိုက်လာလျှင် ငါမကိုက်ဘူးဟဲ့ မနာကျင်ဘူးဟဲ့ဆိုပြီး မကိုက်ဘဲ မနာကျင်ဘဲ နေမှာပ။ ကိုယ်ထဲက, လက်က, ခြေက, မျက်စိက, နားက, ပါးစပ်က အမှတ်မရှိ တစုံတခုသော နေရာက တကိုယ်လုံးက အေး၍, ချမ်း၍, အိုက်၍ ပူ၍, ယား၍, စပ်၍, ကျိန်း၍, အောင့်၍, အင့်၍, ညောင်း၍, ကိုက်၍ နာကျင်၍ လာလျှင် ငါမအေးဘူးဟဲ့, မချမ်းဘူးဟဲ့, မအိုက်ဘူးဟဲ့, မပူဘူးဟဲ့, မယား ဘူးဟဲ့ မစပ်ဘူးဟဲ့, မကျိန်းဘူးဟဲ့, မအောင့်ဘူ•ဟဲ့, မအင့်ဘူးဟဲ့, မညောင်းဘူးဟဲ့ မကိုက်ဘူးဟဲ့ မနာကျင်ဘူးဟဲ့လို့ဆိုပြီး မအေးဘဲ နေမှာပ၊ မချမ်းဘဲ , နေမှာပ မအိုက်ဘဲနေမှာပ၊ မပူဘဲ, မယားဘဲ, မစပ်ဘဲ မကျိန်းဘဲ, မအောင့်ဘဲ မအင့်ဘဲ, မညောင်းဘဲ, မနာကျင်ဘဲ, နေမှာပ၊ နေလို့မဖြစ်ဘူး တပည့်တို့။

သူ့အကြောင်း ဆိုက်တိုက်လာခဲ့လျှင် အေးသာဘဲ၊ ချမ်းသာဘဲ၊ အိုက်သာဘဲ၊ ပူသာဘဲ၊ ယားသာဘဲ၊ စပ်သာဘဲ၊ ကျိန်းသာဘဲ၊ အောင့်သာဘဲ၊ အင့်သာဘဲ၊ ညောင်းသာဘဲ၊ ကိုက်သာဘဲ၊နာကျင်သာဘဲ၊ ထို့ကြောင့် တပည့်တို့ - ဤရုပ်သည် ကိုဝ်မဟုတ်ဘူး

တပည့်တို့ - သတ္တဝါတို့မည်သည် ဘယ်သူမဆို ယုတ်ညံ့သည်ကို မကြိုက်ဘူး၊ ကောင်းမြတ်သည် ကိုမှ ကြိုက်သည်။ ဤရုပ်တို့မူကား ယုတ်ညံ့စရာ အကြောင်း ဆိုက်တိုက်လာခဲ့လျှင် ယုတ်ညံ့သည် တပည့်တို့ - ခါးကုန်းခြင်း သွားကျိုးခြင်း ဆံဖြူခြင်း မျက်စိမွဲခြင်း နားလေးခြင်း အသားအရေ ရင့်ရော်ခြင်း တွန့်ခြင်း ဆွေးမြေ့ခြင်း အိုမင်းခြင်းဟူသော ယုတ်ညံ့မှုတို့သည် ဖြစ်ကုန်သည်။

တပည့်တို့ - သတ္တဝါတို့မည်သည် ဘယ်သူမဆို ကိုဝ့်ကိုဝ်ကို ယုတ်ညံ့ချင်တဲ့သူမှ မရှိဘဲ ကဘဲ၊ ဤရုပ်သည် အကယ်၍ ကိုဝ်ဟုတ်ခဲ့လျှင် ကိုဝ်ကိုဝ်ကို မယုတ်ညံ့ဘဲ နေမှာပ၊ ဘယ်သူ ကိုဝ့်ကိုဝ်ကို ယုတ်ညံ့ချင်လိမ့်မလဲ။

အကယ်၍ အဆင်း အရုပ်ဆိုးခဲ့လျှင် ငါအရုပ်မဆိုးဘူး လှမယ့်လို့ ဆိုပြီး အရုပ် မဆိုးဘဲ လှနေလိုက်မှာပ၊ ခါးကုန်း၍လာလျှင် ငါခါးမကုန်းဘူးဟဲ့လို့ ဆိုပြီး ခါးမကုန်းဘဲ နေမှာပ၊ သွားကျိုး၍ ဆံဖြူ၍ မျက်စိမွဲ၍ နားလေး၍ အသားအရေ ရင့်ရော်၍ တွန့်၍ ဆွေးမြေ့၍ အိုမင်း၍လာလျှင် ငါမကျိုးဘူးဟဲ့ မဖြူဘူးဟဲ့ မကွဲဘူးဟဲ့ မလေး ဘူးဟဲ့ မရင့်ရော်ဘူးဟဲ့ မတွန့်ဘူးဟဲ့ မဆွေးမြေ့ဘူးဟဲ့ မအိုမင်းဘူးဟဲ့လို့ဆိုပြီး သွားမကျိုးဘဲ ဆံမဖြူဘဲ မျက်စိမမှုဘဲ နားမလေးဘဲ အသားအရေ မရင့်ရော်ဘဲ မတွန့်ဘဲ မဆွေးမြေ့ဘဲ မအိုမင်းဘဲ နေမှာပ။ နေလို့ မဖြစ်ဘူး တပည့်တို့။

သူ့အကြောင်း ဆိုက်တိုက်လာခဲ့လျှင် ခါးကုန်းသာဘဲ သွားကျိုးသာဘဲ ဆံဖြူသာဘဲ မျက်စိမွဲသာဘဲ နားလေးသာဘဲ အသားအရေ ရင့်ရော်သာဘဲ တွန့်သာဘဲ ဆွေးမြေ့ သာဘဲ အိုမင်းသာဘဲ၊ ဤကဲ့သို့ ကောင်းမြတ်ခြင်း ဆုတ်ယုတ်၍ ယုတ်ညံ့ခြင်းတွေ ဖြစ်တော့သာဘဲ၊ ထို့ကြောင့် တပည့်တို့ - ဤရုပ်သည် ကိုဝ်မဟုတ်ဘူး

တပည့်တို့ - သတ္တဝါတို့သည် သူတပါးကိုတော့ ကိုဝ်ကအစိုးမရဘူး။ ကိုဝ့်ကိုဝ် ကိုတော့ ကိုဝ်အစိုးရတယ်။ ထို့ကြောင့် လောက၌ ကိုဝ့်စိတ်ကိုမှ ကိုဝ်အစိုး မရလျှင်ကိုဝ့်ကိုဝ်ကိုမှ ကိုဝ်အစိုးမရလျှင် ဥမ္မတ္တက အရူးလို့ဆိုကြတယ် တပည့်တို့၊

ကိုဝ့်ကိုဝ်ကိုမှ ကိုဝ်အစိုးရ နေသာကဘဲ၊ ဤရုပ်သည် အကယ်၍ ကိုဝ်ဟုတ်ခဲ့လျှင် ရုပ်၌ ကိုဝ်အလိုရှိတိုင်း တောင့်တ၍ စီရင်၍ အာဏာပေး၍ ရမှာပ၊ ရုပ်ဘဲ ကိုင့်အလိုသို့ လိုက်စေနိုင်မှာပ၊ ရုပ်သည် ကိုဝ် အလိုရှိတိုင်း ဖြစ်ရမှာပ၊

အကယ်၍ နာကျင်စရာ အကြောင်းတို့ဖြင့် တွေ့ကြုံ၍ ရုပ်သည် အေးခြင်း ပူခြင်း, ယားခြင်း, စပ်ခြင်းစသော နာကျင်မှု ဖြစ်လာလျှင် ငါအေးစေသတည်း မပူစေသား, မယားစေသား, မစပ်စေသား, မနာကျင်စေသားဟု တောင့်တ၍ ရမှာပ၊ ငါအအေး ပျောက်စေ၊ အပူပျောက်စေ၊ ငါမယားစေနှင့် မစပ်စေနှင့် မနာကျင်စေနှင့်ဟု စီရင်၍ ရမှာပ၊ အကယ်၍ အနုအားဖြင့် တောင့်တ၍ စီရင်၍ မရခဲ့လျှင်လည်း ငါမအေးနှင့်ဟဲ့ မပူနှင့်ဟဲ့ မယားနှင့်တဲ့ မစပ်နှင့်ဟဲ့ မနာကျင်နှင့်ဟဲ့လို့ အပြင်းအထန် အာဏာပေး၍ ရမှာပ၊

ခါးကုန်းခြင်း သွားကျိုးခြင်း စသော ယုတ်ညံ့မှုဖြစ်ခဲ့လျှင်လည်း ငါခါးမကုန်းစေသား မကုန်းစေနှင့် မကုန်းနှင့်ဟဲ့၊ ငါသွားမကျိုးစေသား မကျိုးစေနှင့် မကျိုးနှင့်ဟဲ့၊ ငါယုတ်ညံ့စွာ မဖြစ်စေသား မဖြစ်စေနှင့် မဖြစ်စေနှင့်ဟဲ့လို့ တောင့်တ၍ စီရင်၍ အာဏာပေး၍ရမှာပ၊ ငါဟူသော ရုပ်သည် ရုပ်ဟူသော ငါသည် သည်လိုဖြစ်စေသား ဟိုလိုဖြစ်စေသား သည်လိုဖြစ်စေ ဟိုလိုဖြစ်စေ သည်လို ဖြစ်ဟဲ့ ဟိုလိုဖြစ်ဟဲ့လို့ ကိုဝ်အလိုရှိသလို တောင့်တ၍ စီရင်၍ အာဏာပေး၍ ရမှာပ၊ မရဘူး တပည့်တို့။

ဤရုပ်သည် သူနာကျင်စရာ အကြောင်းနှင့် တွေ့ကြုံလျှင် နာကျင်၍ သွားတော့ သာဘဲ၊ သူယုတ်ညံ့စရာအကြောင်းနှင့် တွေ့ကြုံလျှင် ယုတ်ညံ့၍ သွားတော့သာဘဲ၊ အကြောင်းအား လျော်စွာသာ ဖြစ်တော့သာဘဲ၊ အကြောင်း၏ စကားကိုသာ နားထောင်တော့သာဘဲ၊ ကိုဝ်က အေးဟဲ့လို့ ဆိုပေမဲ့ သူပူစရာအကြောင်းနှင့် တွေ့လျှင် ပူသွားတော့သာဘဲ၊ ကိုဝ်က ပူဟဲ့လို့ ဆိုပေမဲ့ သူအေးစရာအကြောင်းနှင့် တွေ့လျှင် အေးသွားတော့သာဘဲ၊ ကိုဝ့် အလိုအတိုင်းတောင့်တ၍ စီရင်၍ အာဏာပေး၍ ဘယ့်လောက်မှမရဘူး။ ကိုဝ့် စကားကို ဘယ့်လောက်မှ နားမထောင်ဘူး။ ဤရုပ်အပေါ်၌ ကိုဝ်အစိုးရမှု ဘယ့်လောက်မှမရှိဘူး

အဲသည်တော့ ဤရုပ်သည် ထဟဲ့ဆိုထိုင် ထိုင်ဟဲ့ဆို ထခြင်း စသည်ဖြင့် ကိုဝ့်အလိုအတိုင်း တောင့်တ၍ စီရင်၍ အာဏာပေး၍ မရဘဲ၊ ကိုဝ့်အလိုကို ဘယ်လောက်မှမလိုက်တဲ့၊ ကိုဝ် ဘယ်လောက်မှ အစိုး မရဘဲ၊ ကိုဝ့်စကားကို ဘယ့်လောက်မှ နားမထောင်တဲ့၊ ကိုဝ့်ကိုကပ်ဖဲ အရွဲ့ ပြုလုပ်နေတဲ့ သူစိမ်း သူတပါးကြီးနှင့် တူလေတော့သည်သာပ၊ သူတပါး ကြီးသာ ဟုတ်လေ တော့သည် သာပ၊ အဘယ်မှာ ကိုဝ် ဟုတ်နိုင်တော့မလဲ၊ ကိုဝ်မဟုတ်ဘူး တပည့်တို့၊ ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ - အနတ္တလက္ခဏသုတ်၌ “ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ”ဟူ၍ မေနှင့်ရူပံကို သမ္ဗန်, သမ္ဗန္နံ ထား၍ သာမိ, သန္တက ထား၍ ဟောသောစကားကို ရုပ်ကို ကိုဝ်ဟု စွဲလမ်းသဖြင့် ငါနှင့်ရုပ်သည် တရားကိုယ် မကွဲ တခုတည်းဖြစ်၍ အဘေဒဘေဒူပစာအားဖြင့် ဟောသော ပရိယာယ် စကားဟူ၍ မှတ်ကြ။

ထို့ကြောင့် ယခု အနက်သဘော အဓိပ္ပါယ်ကို ဟောပြရာ၌ ငါသည် သည်လို ဖြစ်စေသား, ဟိုလိုဖြစ်စေသား စသည်ဖြင့် သဘောအဖြောင့် အတိုင်း ငါဆရာ ဟောကြားသည်။

တပည့်တို့ - သူတပါးကိုတော့ ကိုဝ်က ထစမ်းဟဲ့လို့ဆိုပေမဲ့ သူထချင်မှထတယ်၊ ထိုင်စမ်းဟဲ့လို့ ဆိုပေမဲ့ သူထိုင်ချင်မှ ထိုင်တယ် စသည်ဖြင့် တောင့်တ၍ စီရင်၍ အာဏာပေး၍ မရဘူး၊ ကိုဝ်အစိုး မရဘူး။ ကိုဝ့်ကိုဝ်ကိုတော့ ကိုဝ်ထချင် ထနိုင်တယ်၊ ကိုဝ်ထိုင်ချင် ထိုင်နိုင်တယ် စသည်ဖြင့် ကိုဝ်တောင့်တ၍ စီရင်၍ အာဏာ ပေး၍ ရသည်။ ကိုဝ့်အလိုအတိုင်း ပြီးစီးသည်၊ ကိုဝ့်အလိုသို့ လိုက်သည်၊

ကိုဝ် အစိုးရသည် ဟု မှတ်ထင်ရာမှာလည်း အနိစ္စသဘောကို မမြင်တဲ့ ပုထုဇဉ်တို့၏ မျက်မြင် စိတ်ထင်မှာသာ ထတဲ့ရုပ်ဘဲ ထိုင်သည်။ ထိုင်တဲ့ရုပ်ဘဲ ထသည်စသည် ဖြင့် မှတ်ထင်၍ နေသည်။

စင်စစ်မူကား ထတဲ့ရုပ်သည် မထိုင်ဘူး။ ထိုင်တဲ့ ရုပ် သည် မထဘူး။ ထတဲ့ရုပ်သည် ထရင်းပင် ပျက်တာဘဲ ထိုင်တဲ့ရုပ်သည် ထိုင် ရင်းပင် ပျက်တာဘဲ။ မိမိတို့ဖြစ်ရာက ဘယ်ကိုမှ မရွှေ့ပြောင်းဘူး။ ဘယ်သူ့ အလိုကိုမှ မလိုက်ဘူး တပည့်တို့။

ဇာတိဘေး ဇရာဘေး ဗျာဓိဘေး မရဏဘေး ထိ၍ ဇရာမီး မရဏမီးလောင်၍ မချိမဆံ့ ခဏခြင်း ခဏခြင်း ပျက်စီး၍နေကြ သော ဤရုပ်မှုန့်ကလေးတွေသည် မိမိဖြစ်သော နေရာမှ အဘယ်ကို ရွှေ့ပြောင်း နိုင်ရှာကြလိမ့်မလဲ။ အဘယ်သူ့ အလိုကို လိုက်နိုင်ရှာလိမ့်မလဲ မလိုက်နိုင်ဘူး တပည့်တို့။

ဤကဲ့သို့ သင်္ခါရတရားတို့၏ ဘယ်သူ့အလိုကိုမှ အနည်းငယ်မျှမှ မလိုက်သော အဖြစ်သည် အနိစ္စ သဘောကို ထင်မြင်သော သူတို့မှာကား ကောင်းစွာ ထင်ရှား၏။ သင်တပည့်တို့သည် ထင်မြင်အောင် ကြည့်ရှုကြ ကုန်လော့။

တပည့်တို့ - ဤ ရုပ်တရားတို့၏ ကိုဝ်မဟုတ်သော အဖြစ်ကို အကြောင်းအား ဖြင့်လည်း ဆိုဦးအံ့။

တပည့်တို့ - ဤရုပ်ဖြစ်ခြင်း၏အကြောင်းတို့သည် ကံ, စိတ်, ဥတု အာဟာရဟူ၍ လေးပါးရှိကုန်၏။ ထိုလေးပါးသော အကြောင်းတို့သည် ရုပ်တို့ဖြစ်ပေါ်လာအောင် ဇနကသတ္တိ ဥပတ္ထမ္ဘကသတ္တိ နှစ်ပါးတို့ဖြင့် ကျေးဇူးပြုကြ၏။ ဤ လေးပါးသော အကြောင်းတို့ကြောင့် ရုပ်တို့ ဖြစ်ပေါ်လာရ၏။

တပည့်တို့ - ဤ ရုပ်ဖြစ်ကြောင်း လေးပါးတို့တွင် ကံကို သင်တပည့်တို့က ငါဘဲ ကိုဝ်ဘဲလို့ မှတ်ထင်ကြမလား။ ကံသည် သင်တပည့်တို့ မဟုတ်ဘူး။ ကိုဝ်မဟုတ်ဘူး။ အကြောင်းကြောင့် ဖြစ်၍နေသော သက်သက် သင်္ခါရတရားတည်း။

စိတ်ကိုကော သင်တပည့်တို့က ငါဘဲ ကိုဝ်ဘဲလို့ မှတ်ထင်ကြမလား။ စိတ်သည် လည်း သင်တပည့်တို့ မဟုတ်ဘူး၊ ကိုဝ်မဟုတ်ဘူး။ အကြောင်းကြောင့် ဖြစ်၍ နေသော သက်သက် သင်္ခါရတရားပင်တည်း။

အမိအဘတို့၏ သုက်ရည် သွေး ရည်ဟူသောဥတုကိုကော သင်တပည့်တို့က ငါဘဲ ကိုဝ်ဘဲလို့ မှတ်ထင်ကြမလား။ ဤဥတုရည်သည်လည်း သင်တပည့်တို့ မဟုတ်ဘူး၊ ကိုဝ်မဟုတ်ဘူး။ ထမင်း ဟင်း စသော အကြောင်းကြောင့်ဖြစ်၍ နေသော သက်သက် သင်္ခါရတရားပင်လျှင်တည်း။

ထမင်းဟင်း စသော အစာအာဟာရကိုကော သင်တပည့်တို့က ငါဘဲ ကိုဝ်ဘဲလို့ မှတ်ထင်ကြမလား၊ မမှတ်ထင်ကြနှင့်၊ ဤထမင်းဟင်းစသော အစာ အာဟာရ သည်လည်း သင်တပည့်တို့ မဟုတ်ဘူး၊ ကိုဝ်မဟုတ်ဘူး။ အကြောင်းကြောင့်ဖြစ်၍ နေသော သက်သက်သော သင်္ခါရတရားပင်လျှင်တည်း။

တပည့်တို့ - ရုပ်သည် ကိုဝ်မဟုတ်ဘူး။ ရုပ်ကိုဖြစ်စေတတ်သော ဤအကြောင်း တရားစုသည်လည်း ကိုဝ်မဟုတ်ဘူး

တပည့်တို့ - အခါးပင်မျိုးစေ့က ပေါက်ဖွားသော သစ်ပင်ငယ်သည် အချိုမဖြစ်နိုင်ဘဲ အမြဲမုချ ခါးရလေဘိသကဲ့သို့ ဤကိုဝ် မဟုတ်သော အကြောင်းကြောင့် ဖြစ်ပေါ် သော ရုပ်သည် အဘယ်မှာ ကိုဝ်ဟုတ် နိုင်တော့မလဲ။ ကိုဝ့်အလိုသို့ မလိုက်တဲ့ ကိုဝ့်စကားကို နားမထောင်သို့ ကိုဝ် အစိုးမရတဲ့ သူစိမ်း သူတပါးကြီးသာ ဟုတ်လေတော့သည် သာပ၊ သူတပါးကြီး နှင့်သာ တူလေတော့သည် သာပ။

ထို့ကြောင့်ဘဲ တပည့်တို့ - “ရူပံ အနတ္တာ အနတ္တတော ပရတော နောစ အတ္တတော၊ သင်္ခါရေ ပရတော ပဿ” ဟူ၍ဘုရားရှင် အရှင်မောဂ္ဂလာန်, အရှင်အာနန္ဒာတို့ ဟောတော်မူကြပေသည်။ ထင်မြင်အောင်ရှုကြ တပည့်တို့။ အရှင်အာနန္ဒာ ဟောသော ပါဠိကိုလည်း -

သင်္ခါရေ၊ သင်္ခါရတရားတို့ကို။
ပရတော၊ သူတပါးအားဖြင့် သူတပါးဟူ၍။
ပဿ၊ ရှုလော့ - ဟု အနက်ပေး။

တပည့်တို့ - ဤရုပ်တို့၏ ကိုဝ်မဟုတ်သောအဖြစ်ကို လွန်စွာထင်ရှား သိမြင်အောင် ဥပမာဖြင့် ပြဆိုဦးအံ့၊

တပည့်တို့ - မိန်းမ, ယောက်ျားတို့၏ သုက်ရည် သွေးရည်ဟူသော ဥတုရည် ငါးတင်းသား မစင်ထဲမှ အဆီရည် ငါးတင်းသား အားလုံးပေါင်း ဆယ်တင်းသားကို ကြီးစွာသော အိုးဖြင့် ထန်းလျက်ချက်ဘိ သကဲ့သို့ လက်ကော်ရ ဖန့်အောင်ကျို၍ အတွင်း၌ လူဝင်၍နေလောက်အောင် အခေါင်းထား၍ ကြီးစွာသော သူရဲရုပ်ကြီး လုပ်ရမည်၊ မျက်စိပေါက် နားပေါက် နှာခေါင်းပေါက် ပါးစပ်ပေါက်တို့၌ လည်း လူထိုင်၍ နေလောက်အောင် ကြီးမားစွာ လုပ်ရမည်၊ လက်မောင်း အခေါင်း, ခြေထောက် အခေါင်းတို့၌လည်း လူဝင်၍ နေလောက်အောင်လုပ်ရမည်။

ကိုင်း - တပည့်တို့ - သင်တပည့်တို့သည် ဤသူရဲရုပ်ကြီးထဲသို့ ဝင်စမ်းကြ၊ဝင်ပြီးလျှင် လှုပ်ရှား၍ ဤသူရဲရုပ်ကြီးဟာငါဘဲလို့ သင်တပည့်တို့ မှတ်ထင်နိုင်ကြပမလား။ ခြေထောက် အခေါင်းထဲသို့ဝင်၍ လှုပ်ရှားပြီးလျှင် ဤခြေထောက် ကြီးဟာ ငါဘဲလို့ မှတ်ထင်နိုင်ကြပမလား။ လက်မောင်း အခေါင်း ထဲသို့ဝင်၍ လှုပ်ရှားလျက် ဤလက်မောင်းကြီးဟာငါဘဲလို့ မှတ်ထင်နိုင်ကြပမလား။ မျက်စိ ပေါက်ထဲသို့ ဝင်ထိုင်၍ လှုပ်ရှားစေ၍ ဤမျက်စိကြီးဟာ ငါဘဲလို့ မှတ်ထင်နိုင်ကြပမလား။ နားပေါက် ထဲသို့ဝင်ထိုင်၍ ဤနားကြီးဟာ ငါဘဲလို့ မှတ်ထင်နိုင်ကြပမလား။ နှာခေါင်းပေါက်ထဲသို့ဝင်ထိုင်၍ ဤနှာခေါင်းကြီးဟာ ငါဘဲလို့ မှတ်ထင် နိုင်ကြပမလား။ ပါးစပ်ပေါက်ထဲသို့ ဝင်ထိုင်၍ လှုပ်ရှားစေ၍ ဤပါးစပ်ကြီးဟာ ငါဘဲလို့ မှတ်ထင်နိုင်ကြပမလား။ အမှတ်မရှိ တစုံတခုသော ကိုယ်အင်္ဂါအစိတ် မှာနေ၍ လှုပ်ရှားစေ၍ ဤလှုပ်ရှားတဲ့ ကိုယ်အင်္ဂါအစိတ်ဟာ ငါဘဲလို့ မှတ်ထင်နိုင်ကြပမလား။ အကယ်၍ မှတ်ထင်ခဲ့လျှင် အလွဲအမှား မဖြစ်ကြပေဘူးလား။ ထိုမှတ်ထင်သောသူကို ပညာရှိတို့က အရူးလို့ မဆိုကြပေဘူးလား။

တပည့်တို့ - ဤသူရဲရုပ်ကြီးဟာ သင်တပည့်တို့ မဟုတ်ဘူး၊ ယောက်ျား မိန်းမတို့၏ ဥတုခဲ ချေးဆီကြီးတည်း။ ဤဥတု ချေးဆီကြီးကို သင်တပည့်တို့က ငါဘဲလို့ အဘယ်မှာ မှတ်ထင်ခြင်းငှါ သင့်နိုင်လိမ့်မလဲ၊ မသင့်ဘူး တပည့်တို့။ မမှတ်ထင်ကြနှင့် တပည့်တို့။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ နေစဉ် ရဟန်းတို့ကို ခေါ်တော်မူ၍ -

ဂဏ္ဍောတိ ခေါ ဘိက္ခဝေ ဣမဿေတံ စာတုမဟာဘူတိကဿ ကာယဿ အဓိဝစနံ၊ မာတာပေတ္တိကသမ္ဘဝဿ ဩဒနကုမာသု ပစယဿ။
ဟူ၍ ဟောတော်မူပေ၏။

နဝင်္ဂုတ္တရပါဠိတော်လာ ဂဏ္ဍောပမသုတ်၏ အစိတ်ပါဠိ။

ဘိက္ခဝေ၊ ရဟန်းတို့။
ဂဏ္ဍောတိ၊ ကိုးပေါက်သော အမာဝတွေ ရှိသော အိုင်းအမာဗူးကြီးဟူသော။
ဧတံ၊ ဤအမည်သည်။
မာတာပေတ္တိက သမ္ဘဝဿ၊ အမိ,အဘတို့၏ သုက်,ဥတုကြောင့်ဖြစ်သော။
ဩဒနကုမာသုပစယဿ၊ ထမင်းတွေ ဟင်းတွေ မုယောမုံ့တွေကြောင့် ကြီးပွား၍နေသော။
စာတုမဟာဘူတိကဿ၊ လေးပါးသော မဟာဘုတ်တို့၏ အစုအခဲဖြစ်သော။
ဣမဿ ကာယဿ၊ ဤကိုယ်ကြီး၏။
အဓိဝစနံ၊ အမည်ပေတည်း။

ဤကဲ့သို့ ဘုရားရှင်ဟောတော်မူအပ်သော စကားတော်နှင့်အညီ တပည့်တို့ - သူရဲရုပ်ကြီးဟူသည် အခြားမဟုတ်ဘူး။ သင် တပည့်တို့၏ ကိုယ်ကောင်ရုပ်ခဲကြီးပင်တည်း

တပည့်တို့ - အမိဝမ်း၌ ဖြစ်သော ဂဗ္ဘသေယျက သတ္တဝါတို့ ကိုယ်၌ ကမ္မဇရုပ်, စိတ္တဇရုပ်တို့သည် နည်းကုန်၏။ အလှောက်အစွက်မျှသာ ပါရှိကုန်၏။ ဥတုဇရုပ်, အာဟာရဒရုပ်တို့သည် များကုန်၏။ ထို့ကြောင့် ယေဘုယျအားဖြင့် သင်တပည့်တို့၏ ကိုယ်ကောင်ကြီးသည် အမိ, အဘတို့၏ ဥတုခဲ ချေးဆီခဲကြီးပင်တည်း

နွားနို့နှင့် နို့ဓမ်း ဒိန်ခဲသည် အရင်း အဖျားမျှသာ ကွဲသည် အတူတူ တမျိုးတည်း တခုတည်းပင် ဖြစ်ဘိသကဲ့သို့ ကြံရည်နှင့် ကြံသကာ ထန်းရည်နှင့် ထန်းလျက် တို့သည် အရင်း အဖျားမျှသာ ကွဲသည်။ အတူတူ တမျိုးတည်း တခုတည်းပင် ဖြစ်ဘိသကဲ့သို့ ထို့အတူ -

တပည့်တို့ - သင်တပည့်တို့၏ ကိုယ်ကောင်ကြီးသည် အမိ, အဘတို့၏ သုက်ဥတုခဲကြီးပင်တည်း။ အရင်း အဖျားမျှသာ ကွဲသည်။ ထမင်းဟောင်း ဟင်းဟောင်း မုံ့ဟောင်းဟူသော မစင်ထဲမှ ထွက်တဲ့ မစင်ဆီခဲကြီးပင်တည်း။ အရင်းအဖျားမျှသာ ကွဲသည်။

အဲသည်တော့ သင်တပည့်တို့က ဤကိုယ်ကောင် ဥတုခဲ ချေးဆီကြီးထဲသို့ ဝင်၍ ဤခေါင်းကြီးဟာ ငါဘဲ၊ ဤကိုယ်ကြီးဟာ ငါဘဲ၊ ဤလက်တွေဟာ ငါဘဲ၊ ဤ ခြေထောက် တွေဟာ ငါဘဲ၊ ဤမျက်စိဟာ ငါဘဲ၊ ဤနားဟာ ငါဘဲ. ဤနှာခေါင်းဟာ ငါဘဲ၊ ဤပါးစပ်ဟာ ငါဘဲ၊ဤလျှာကြီးဟာ ငါဘဲလို့ မှတ်ထင် စွဲလမ်းခြင်းငှါ အဘယ်မှာ သင့်နိုင်တော့မလဲ မသင့်နိုင်ဘူး။ တပည့်တို့ - မမှတ်ထင်ကြနှင့်

ဤကိုယ်ကောင် ရုပ်ခဲကြီးသည် သင် တပည့်တို့ - မဟုတ်ဘူး။ ဥတုခဲ ချေးဆီခဲ ကြီးပင်တည်း။ သူရဲရုပ်ကြီးနှင့် တထပ်တည်းတူအောင် ထင်မြင်အောင် ကြည့်ရှုကြ။ တပည့်တို့ - အတ္တပုဒ်၏ အနက် မှန်ကို၎င်း၊ ဒိဋ္ဌိပွားများပုံနှင့်တကွ အတ္တဒိဋ္ဌိ စွဲလမ်းပုံကို၎င်း၊ သတ္တဝါဘဲ ကိုဝ်ဘဲဟု စွဲလမ်းခြင်း အကြောင်းကို၎င်း၊ ကောင်းမွန် သေချာစ္စာသိ၍ ဤကဲ့သို့ အနတ္တလက္ခဏာကို ထင်မြင်အောင် ကြည့်ရှုကြ၊ ကြည့်ရှုဖန်များသောအခါ ထင်မြင်၍ လာလိမ့်မည်။

တပည့်တို့ - ဤကဲ့သို့ ကြည့်ရှု၍ အရုပ်ကြီး၏ ကိုဝ်မဟုတ်သော အဖြစ်ကို လင်းလင်း ထင်ထင် သိမြင်သောအခါ ဤရုပ်ကြီးကို ငါဟု ကိုဝ်ဟု မစွဲလမ်းနိုင်ဘဲ ဤရုပ်ကြီး ထဲ၌ ငါကောင် ကိုဝ်ကောင်ကိုရှာ၍ မရဘဲ ဟင် - ဤရုပ်ကြီးဟာ ငါမဟုတ်ပါဘဲကလား။ ဟင် ဤရုပ်ကြီးထဲ၌ ငါမရှိပါဘဲကလားဟု စိတ်ဖြစ် လျက် ငါပျောက်၍ သွားလိမ့်မည်

ဤသို့ ငါပျောက်၍ သွားသောအခါဤ ရုပ်ကြီးကို ငါဟူသော ကိုဝ်အနေနှင့်၎င်း၊ ငါ့ဟာဟူသော ကိုဝ့်ဥစ္စာအနေနှင့်၎င်း ချစ်ခင်တပ်မက်ခြင်းလည်း ကင်းကြကုန်လတ္တံ့။ ဤသို့သော အကြောင်းကို စွဲ၍ “နေသောဟမသ္မိနေတံမေ၊ ဧဝံတတ္ထဝိရဇ္ဇတိ” ဟူ၍ ဥဒ္ဒေသဝါရ၌ ငါဆရာ ဟောကြားပေ၏။

တပည့်တို့ - မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်၌ ကိန်းအောင်း မွေ့လျော် စံနေတော်မူစဉ် အခါ ရဟန်းတို့ကို ခေါ်တော်မူ၍—

🙏 အနတ္တလက္ခဏာထင်မြင်၍ မဂ်ကိစ္စပြီးပုံကိုပြခြင်း

ရူပံ ဘိက္ခဝေ အနတ္တာ၊ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနတ္တာ၊ အနတ္တသမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတော အတ္တာ ဘဝိဿတိ၊ ဧဝံ ပဿံ ဘိက္ခဝေ သုတဒါ အရိယသာဝကော ရူပသ္မိံပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္နံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမှီတိ ဉာဏံ ဟောတိ၊ ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတီတိ။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်လာ အနတ္တသုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ရူပံ၊ ရုပ်သည်။
အနတ္တာ၊ မိမိအလိုသို့ မလိုက်သဖြင့် အစိုးမရခြင်းကြောင့် မိမိမဟုတ် ငါမဟုတ် ကိုဝ်မဟုတ်။
ရူပဿ၊ ရုပ်၏။
ဥပ္ပါဒါယ၊ ဖြစ်ပေါ်လာခြင်း၌။
ယောပိ ဟေတု၊ အကြင် ဖြစ်စေတတ်သော ဇနက အကြောင်းသည်၎င်း။
ယောပိ ပစ္စယော၊ အကြင် ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းသည်၎င်း၊
အတ္ထိ၊ ရှိ၏။
သောပိ၊ ထိုနှစ်ပါးစုံသော အကြောင်းသည်လည်း။
အနတ္တာ၊ ကိုဝ်မဟုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
အနတ္တသမ္ဘူတံ၊ ကိုဝ်မဟုတ်သော အကြောင်းကြောင့် ဖြစ်သော။
ရူပံ၊ ရုပ်သည်။
အတ္တာ၊ ကိုဝ်သည်။
ကုတော ဘဝိဿတိ၊ အဘယ်မှာ ဖြစ်နိုင်တော့အံ့နည်း။ အဘယ်မှာ ဟုတ်နိုင်တော့အံ့နည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝံ ပဿံ၊ ဤကဲ့သို့ ရှုမြင်သော။
သုတဝါ၊ အနတ္တဝိပဿနာ ရှုနည်း၌ သိကျွမ်း လိမ္မာသဖြင့် အကြားအမြင်နှင့် ပြည့်စုံသော သုတဝါ ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်သော။
အရိယသာဝကော၊ ငါဘုရား၏တပည့်သည်။
ရူပသ္မိံပိ၊ ရုပ်၌လည်း။
နိဗ္ဗိန္ဒတိ၊ ပျင်းမုန်း ငြီးငွေ့၏။
နိဗ္ဗိန္နံ၊ ပျင်းမုန်း ငြီးငွေ့သည်ရှိသော်။
ဝိရဇ္ဇတိ၊ ငါကောင်ပျောက်လျက် ချစ်ခင်တပ်မက်ခြင်းကင်း၏။
ဝိရာဂါ၊ ချစ်ခင်တပ်မက် ခြင်း ကင်းခြင်းကြောင့်။
ဝိမုစ္စတိ၊ အာသဝေါတရားတို့မှ ကျွတ်လွတ်၍သွား၏။
ဝိမုတ္တသ္မိံ၊ အာသဝေါ တရားတို့မှ ကျွတ်လွတ်ပြီးသည်ရှိသော်။
ဝိမုတ္တမှီတိ၊ ငါသည် အာသဝေါတရားတို့မှ ကျွတ်လွတ်ပေပြီ ဟူ၍။
ဉာဏံ၊ သိသောဉာဏ် သည်။
ဟောတိ၊ ဖြစ်၏။
မေ၊ ငါအား။
ဇာတိ၊ နောက်တဖန်ဘဝ၌ ပဋိသန္ဓေ နေရခြင်း ဇာတိသည်။
ခီဏာ၊ ကုန်ပေပြီ။
မေ၊ ငါသည်။
ဗြဟ္မစရိယံ၊ မြတ်သော မဂ်အကျင့်ကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီးပြီ။
ကရဏီယံ၊ အာသဝေါတရားတို့မှ ကျွတ်လွတ်စေခြင်းငှါ ပဋိသန္ဓေ ဇာတိ၏ကုန်ခြင်းငှါ ပြုလုပ်ရန် ကိစ္စကို။
မေ၊ ငါသည်။
ကတံ၊ ပြုလုပ်အပ်ပြီးပြီ။
ဣတ္ထတ္ထာယ၊ ဤအာသဝေါ တရားတို့မှ ကျွတ်လွတ်ပါရခြင်း ပဋိသန္ဓေဇာတိ၏ ကုန်ပါစေခြင်း အကျိုးငှါ။
အပရံ၊ ဤယခု ကျင့်သုံးပြုလုပ်အပ်ပြီးသော မဂ်အကျင့်မှတပါး ကျင့်သုံးပြုလုပ်ရန် ကိစ္စသည်။
နအတ္ထိ၊ မရှိတော့ပြီ။
ဣတိ၊ ဤသို့လည်း။
ပဇာနာတိ၊ သိလေ၏။

ဤသို့ ဟောကြားတော်မူလေလျှင် ထိုတရားနာသော ရဟန်းတို့သည် မြတ်စွာဘုရား ဟောကြား တော်မူသောအတိုင်း ဤရုပ်ကြီး၏ ကိုဝ်မဟုတ်သော အနတ္တ အဖြစ်ကို လင်းလင်းထင်ထင်သိရှိကြ၍ ဤရုပ်ကြီး၌ ချစ်ခင်တပ်မက်ခြင်း ကင်းကြလျက် အာသဝေါတရားတို့မှ ကျွတ်လွတ်၍ နိဗ္ဗာန်သို့ ရောက်ကြလေပြီ။

ထို့ကြောင့် တပည့်တို့ - သင် တပည့်တို့သည်လည်း ထိုရဟန်းတို့ကဲ့သို့ ဤ ရုပ်ကြီး၏ ကိုဝ်မဟုတ်သော အနတ္တအဖြစ်ကို လင်းလင်းထင်ထင် သိမြင်၍ ဤရုပ်ကြီး၌ ချစ်ခင်တပ်မက်ခြင်း ကင်းလျက် အာသဝေါ တရားတို့မှ ကျွတ်လွတ်၍ နိဗ္ဗာန်သို့ ရောက်ရအောင် ယခု ငါဆရာ ဟောကြားသော နည်းလမ်းအတိုင်း ကြိုးစား၍ ကြည့်ရှုကြ၊ ကြိုးစား၍ အားထုတ်ကြ။

📚 အနတ္တနယ ဝိပဿနာသုတ်

၁။ ရိတ္တာ တုစ္ဆာ စ သုညာ စ၊ ဝိဝိတ္တာ သာရဝဇ္ဇိတာ။
သလက္ခဏပရိစ္ဆိန္နာ၊ ဓမ္မာ နတ္ထေတ္ထ ပုဂ္ဂလော။

၂။ အရူပနိဿိတံ ရူပ၊ မရူပံ ရူပနိဿိတံ။
ဇစ္စန္ဓပီဌသပ္ပီဝ၊ အညမညံ ပတိဋ္ဌိတံ။

၃။ စိတြံ ယန္တံ နိဇီဝမ္ပိ၊ သဇီဝံ ဝိယ ဒိဿတိ။
တထေဝ နာမရူပံပိ၊ နိဇီဝဉ္စ နိရီဟကံ။

၄။ ယန္တ သုတ္တေန ယန္တံဝ၊ ကာယယန္တံ ပဝတ္တတိ၊
နာမာဝကဍ္ဎိတံ တတ္ထ၊ နတ္ထိ အတ္တာ သယံဝသီ။

၅။ သုဒ္ဓသင်္ခါရ ပုဉ္ဇောယံ၊ နေတ္ထ သတ္တောပလဗ္ဘတိ။
တံ တံ ပစ္စယမာဂမ္မ၊ ဒုက္ခက္ခန္ဓောဝ ဇာယတိ။

၆။ ဧဝံ အနတ္တတံ ပထ၊ သာဓဝေါ နယကောဝိဒါ။
ပဿိတွာန ဓာတူသု၊ ဝိရတ္တာ ဟောထ သာဓဝေါ။
ဧဝံ ဝိရတ္တာ မေသိဿာ၊ မစ္စုဓေယျံ တရိဿထာတိ။

သေက္ချဘာသိတ အနတ္တနယ ဝိပဿနာသုတ်။

၁။ သိဿာ၊ အို - တပည့်တို့။
ဓမ္မာ၊ ရုပ်, နာမ်, သင်္ခါရ တရားတို့သည်။
ရိတ္တာ၊ သူတပါး မဟုတ် ငါဟု ကိုဝ်ဟု မှတ်ထင်စွဲလမ်းစရာ ကိုဝ့်အလိုသို့ လိုက်သော ဝသဝတ္တန သဘောလည်း ဆိတ်ကုန်၏။
တုစ္ဆာ စ၊ ဝသဝတ္တန သဘောမှ ဆိတ်သဖြင့် ဘာမျှမရှိ အချည်းနှီးသာ ဖြစ်ကုန်၏။
သုညာ စ၊ အလိုသို့ လိုက်စေတတ်သော ကိုဝ်ဟူသော သတ္တဝါကောင်မှလည်း သုဉ်းကုန်၏။
ဝိဝိတ္တာ၊ သတ္တဝါဟု ခေါ်ဆိုအပ်သော အသက်ခဲ ဇီဝမှလည်း ကင်းကုန်၏။
သာရဝဇ္ဇိတာ၊ ထိုအသက် ဇီဝဟူသော အနှစ်သာရသည် ကြဉ်အပ်ကုန်၏။
သလက္ခဏ ပရိစ္ဆန္နာ၊ မိမိတို့ သဘော လက္ခဏာတို့ဖြင့်သာလျှင် ပိုင်းခြားအပ်ကုန်၏။
ဧတ္ထ၊ ဤလောက၌။
ပုဂ္ဂလော၊ ကိုဝ်ဟု သူဟု ခေါ်ဆိုအပ်သော ပုဂ္ဂိုလ် သတ္တဝါကောင်သည်။
သစ္စတော၊ အမှန်မုချ ပရမတ္ထအားဖြင့်။
နတ္ထိ၊ မရှိသည်သာလျှင်တည်း။

၂။ သိဿာ၊ အို - တပည့်တို့။
ရူပံ၊ ရုပ်တရားသည်။
အရူပနိဿိတံ၊ နာမ်တရားကိုမှီ၏။
အရူပံ၊ နာမ်တရားသည်။
ရူပနိဿိတံ၊ ရုပ်တရားကို မှီ၏။
ဇစ္စန္ဓ ပီဌသပ္ပီဝ၊ ငကန်းနှင့် ငကျိုး အဆွေခင်ပွန်း နှစ်ဦးတို့ကဲ့သို့။
တံ၊ ထို ရုပ်, နာမ် နှစ်ပါးသည်။
အညမညံ၊ အချင်းချင်း။
ပတိဋ္ဌိတံ၊ တည်ကြ မှီကြ၏။

၃။ သိဿာ၊ အို - တပည့်တို့။
စိတြံ၊ ကောင်းမွန် ဆန်းကြယ်လှစွာသော။
ယန္တံ၊ နာရီအိမ်ကြီးကို။
နိဇီဝံပိ၊ အသက် မရှိငြားသော်လည်း။
အဇီဝံဝိယ၊ တလှုပ် လှက်လှက် သွား၍နေသဖြင့် အရှင်စက်စက် အသက်ရှင်ဘိသကဲ့သို့။
ဒိဿတိ၊ မှတ်ထင်ရ၏။
တထေဝ၊ ထိုနာရီအိမ်ကြီး အတူပင်လျှင်။
နာမရူပံပိ၊ နာမ်, ရုပ်ကိုလည်း။
နိဇီဝဉ္စ၊ အသက်ခဲ မရှိပါဘဲလျက်။
နိရီဟကံ၊ လှုပ်ရှားထကြွ ဗျာပါရလည်း မရှိပါဘဲလျက်။
သဇီဝံ ဝိယ၊ အရှင်စက်စက် အသက်ဇီဝ ရှိသကဲ့သို့။
ဒိဿတိ၊ မှတ်ထင်ရ၏။

၄။ သိဿာ၊ အို - တပည့်တို့။
ယန္တသုတ္တေန၊ ယန္တရားကြိုးကြောင့်။
ယန္တံ၊ ရုပ်သေးရုပ်သည်။
ပဝတ္တတိ ဣဝ၊ လှုပ်လှုပ်ရှားရှား ဖြစ်နိုင်လေဘိသကဲ့သို့။
ဧဝံ၊ ဤအတူ။
နာမာဝကဍ္ဎိတံ၊ နာမ်တရားသည် အာနုဘော်ဖြင့် ဆွဲငင်အပ်သည် ဖြစ်၍။
ကာယယန္တံ၊ လေးဖြာဘုတ်ဆောင် ဤကိုယ်ကောင် တည်းဟူသော ယန္တရား စက်ရုပ်ကြီး သူရဲရုပ်ကြီးသည်။
ပဝတ္တတိ၊ လှုပ်လှုပ်ရှားရှား ဖြစ်နိုင်လေ၏။
တတ္ထ၊ ထိုကိုယ်ကောင် ယန္တရားရုပ်ကြီး သူရဲရုပ်ကြီး၌။
သယံဝသီ၊ ကိုဝ့်အလိုသို့ လိုက်စေတတ်သော။
အတ္တာ၊ ကိုဝ်သည်။
နတ္ထိ၊ မရှိပြီ။

၅။ သိဿာ၊ အို - တပည့်တို့။
အယံ၊ ဤလူကောင်, နတ်ကောင်, ဗြဟ္မာကောင်, သတ္တဝါကောင် ဖြစ်၍နေသော ခန္ဓာကိုယ်ကြီး သည်ကား။
သုဒ္ဓသင်္ခါရ ပုဉ္ဇော၊ အကြောင်းတရားသည် ပြုပြင်အပ်သော အကြောင်းတရားတို့ ပြုပြင်မှ ဖြစ်ပေါ်သော သက်သက် သင်္ခါရ အစု အပုံကြီးသာလျှင်တည်း။
ဧတ္ထ၊ ဤလောက၌။
သတ္တော၊ ကိုဝ်ဟု သူဟု အတွင်းပြင် ပိုင်းခြား သတ်မှတ်၍ ခေါ်ဆိုစရာ ပုဂ္ဂိုလ်သတ္တဝါကို။
သစ္စတော၊ အမှန်မုချ ပရမတ္ထအားဖြင့်။
န ဥပလဗ္ဘတိ၊ မရအပ်။
တံ တံ ပစ္စယံ၊ ထိုထို တဏှာ အာဟာရ အစရှိသော အကြောင်းတရားစုကို။
အာဂမ္မ၊ အကြောင်းပြု၍။
ဒုက္ခက္ခန္ဓောဝ၊ ဒုက္ခခဲကြီးသည်သာလျှင်။
ဇာယတိ၊ လူကောင်, နတ်ကောင်, ဗြဟ္မာကောင်, သတ္တဝါကောင် ဖြစ်၍ နေဘိ၏။

၆။ နယကောဝိဒါ၊ ဆရာ့ထံမှ နည်းနာကျအောင် လှလှ ကောင်းမွန်စွာ သင်ကြား အပ်ပြီးသည်ဖြစ်၍ အနတ္တ ဝိပဿနာ ရှုနည်း၌ ကောင်းစွာ လိမ်မာကြကုန်သော။
သာဓဝေါ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ သင်တို့သည်။
ဧဝံ၊ ဤကဲ့သို့။
အနတ္တတံ၊ ရုပ်နာမ် သင်္ခါရတရားတို့၏ ကိုဝ်မဟုတ်သော အနတ္တသဘောကို။
ပဿေထ - ပဿထ၊ ထင်မြင်အောင် ကြည့်ရှုကြကုန်လော့။
သာဓဝေါ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ သင်တို့ သည်။
ပဿိတွာန၊ ကြည့်ရှု သိမြင်ကြကုန်၍။
ဓာတူသု၊ ရုပ်ဓာတ်တို့၌။
ဝိရတ္တာ၊ ငါဟူသော ကိုဝ်အနေနှင့်၎င်း ငါ့ဟာဟူသော ကိုဝ့်ဥစ္စာ အနေနှင့်၎င်း ချစ်ခင် တပ်မက်ခြင်း ကင်းကြကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော။
ဧဝံ ဝိရတ္တာ၊ ဤသို့ ချစ်ခင် တပ်မက်ခြင်း ကင်းကြကုန်သည် ရှိသော်။
မေ သိဿာ၊ ငါ့တပည့်တို့သည်။
မစ္စုဓေယျံ၊ သုံးဆယ့် တဘုံတည်းဟူသော သေမင်းနိုင်ငံကြီးကို။
တရိဿထ၊ လွန်မြောက်ကြကုန်လတ္တံ့ ။

ဣတိ အနတ္တေန သုညတနယော။

အနတ္တေန၊ အနတ္တ အားဖြင့်။
သုညတနယော၊ ရုပ်ဓာတ်တို့၌ ငါဟူသော အတ္တ၊ ငါ့ဟာဟူသော အတ္တနိယ ကွယ်ပျောက် ကင်းသုဉ်း၍ သွားအောင် ကြည့်ရှုပုံ သုညတနည်းသည်။
ဣတိ၊ ဤတွင်ပြီးပြီ။

✨ သေက္ချဘာသိတ တိလက္ခဏသုတ်

အသာရကဋ္ဌေန သာဓဝေ သင်္ခါရာ အနိစ္စာ၊ အဘိဏှ သမ္ပဋိပီဠနဋ္ဌေန သာဓဝေ သင်္ခါရာ ဒုက္ခာ၊ အဝသဝတ္တနဋ္ဌေန သာဓဝေ သင်္ခါရာ အနတ္တာ၊ ယာဝဉ္စိဒံ သာဓဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိမ္မိတုံ အလံ ဝိရဇ္ဇိတုံ အလံ ဝိမုစ္စိတုန္တိ ။

သေက္ချဘာသိတ တိလက္ခဏသုတ်။

သာဓဝေ၊ အို - တပည့် အပေါင်း သူတော်ကောင်းတို့။
သင်္ခါရာ၊ ရုပ်နာမ် သင်္ခါရတရားတို့သည်။
အသာရကဋ္ဌေန၊ ခိုင်မြဲစရာ အနှစ်အမာ အနှစ်သာရ မရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စာ၊ အမြဲမရှိကုန်။
သာဓဝေ၊ အို - တပည့် အပေါင်း သူတော်ကောင်းတို့။
သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရ တရားတို့သည်။
အဘိဏှသမ္ပဋိပီဠနဋ္ဌေန၊ ဖြစ်ခြင်း ပျက်ခြင်း အိုခြင်း နာကျင်ခြင်းတို့သည် မပြတ် မလပ် နှိပ်စက်အပ် သည်၏ အဖြစ်ကြောင့်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
သင်္ခါရာ၊ ရုပ်နာမ် သင်္ခါရ တရားတို့ သည်။
အဝသဝတ္တနဋ္ဌေန၊ အစိုးရသည်ဟု ပြောဆို ထင်မှတ်စရာအလိုသို့ လိုက်ခြင်း မရှိသည်၏ အဖြစ်ကြောင့်။
အနတ္တာ၊ ကိုဝ်မဟုတ်ကုန်။
သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
ယာဝဉ္စ၊ အလွန်လျှင်။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော ရုပ် နာမ် သင်္ခါရတရားတို့၌။
နိဗ္ဗဇ္ဇိတုံ၊ ပျင်းမုန်း ငြီးငွေ့ခြင်းငှါ။
အလမေဝ၊ သင့်လှတော့သည်သာလျှင်တည်း။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော ရုပ် နာမ် သင်္ခါရတရားတို့၌။
ဝိရဇ္ဇိတုံ၊ ချစ်ခင် တပ်မက်ခြင်း ကင်းခြင်းငှါ။
အလံ၊ သင့်လှတော့သည်သာလျှင်တည်း။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော ရုပ် နာမ် သင်္ခါရ တရားတို့မှ။
ဝိမုစ္စိတုံ၊ ကျွတ်လွှတ်ခြင်းငှါ။
အလံ၊ သင့်လှထိုက်လှ တော့သည်သာလျှင်တည်း။
ဣတိ၊ ဤတွင် သေက္ချဘာသိတ တိလက္ခဏသုတ် ပြီး၏။

🛑 ရူပကဏ္ဍ နိဋ္ဌိတော

ဣတိ၊ ဤတွင်ရွေ့လျှင်။
ရူပကဏ္ဍာ၊ ရုပ်ဓာတ်ကို ဝိပဿနာရှုပုံ အပိုင်းသည်။
နိဋ္ဌိတော၊ ပြီးဆုံးခြင်းသို့ ရောက်ပြီ။

ရူပကဏ္ဍ ပြီး၏။

🧠 နာမကဏ္ဍ ဝိညာဏဓာတ်အကြောင်း

တပည့်တို့ - ဤကဲ့သို့ ရုပ်ဓာတ်တို့ကို “နေသော ဟမသ္မိ နေတံ မေ၊ ဧဝံ တတ္ထ ဝိရဇ္ဇတိ” ဟူသော ဥဒ္ဒေသအရ ငါဟူသောအတ္တ၊ ငါ့ဟာဟူသော အတ္တနိယ ကွယ်ပျောက် ကင်းသုဉ်း၍ သွားအောင် ငါးပါးသော နည်းတို့ဖြင့် ကြည့်ရှုပုံ သုညတနည်းကို ပြဆိုဟောကြားပြီး၍ ထိုရုပ်ဓာတ်ငါးပါးမှ ကြွင်းသော နာမ် ဓာတ်ဖြစ်သော ဝိညာဏဓာတ်ကို ယခုအခါ ပြဆိုဟောကြားတော့မည်၊ သင် တပည့် တို့သည် ကောင်းစွာ နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားတော့အံ့။ တပည့်တို့ - ဝိညာဏဓာတ်ဆိုသာ အဘယ်သင်းနည်း ဆိုသော်—

ဝိညာဏ်ကို ဝိဂြိုဟ်ဖြင့် ပြခြင်း

ဝိဇာနာတီတိ ခေါ ဘိက္ခဝေ တသ္မာ ဝိညာဏန္တိ ဝုစ္စတိ။

ဘိက္ခဝေ၊ ရဟန်းတို့။
ယံ၊ အကြင် တရားသဘောသည်။
ဝိဇာနာတိ၊ သိတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ခေါ၊ စင်စစ်။
တံ၊ ထို သိတတ်သော သဘောကို။
ဝိညာဏန္တိ၊ ဝိညာဏ်ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။

ဟူသော ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်လာ ဘုရားရှင်၏ ဝိဂြိုဟ်တော်နှင့်အညီ သိတတ်သော သဘော ကလေးကို ဝိညာဏ်ဓာတ်ဟူ၍ ခေါ်သည်။ ဤဝိညာဏ် ကလေးကိုပင်လျှင် မကြံအပ် မကြံစည် နိုင်ရာ အလွန်တရာ ဆန်းကြယ်သော သဘောကလေးဖြစ်၍ စိတ်ဟူ၍လည်း ခေါ်သည်။ အထည်ဝတ္ထုမရှိ၊ သိခြင်း ကြိယာသတ္တိကလေးမျှသာဖြစ်၍ “မနနံ မနော” မနနံ၊ သိခြင်း ။မနော၊ သိခြင်း ဟူသော ဝစနတ္ထနှင့်အညီ မနောဟူ၍လည်း ခေါ်သည်။ မနောတဲ့ ဝိညာဏ်တဲ့ စိတ်တဲ့ ဆိုသာ တရားကိုယ် သဘောတခုတည်းသာတည်း။ တပည့်တို့ - အမည်မျှ သဒ္ဒါသာကွဲသည်။

တပည့်တို့ - မန ဟူ၍ စိတ် ဟူ၍ ခေါ်ဆိုအပ်သော ဤဝိညာဏ်ကလေးကို အလွန်တရာ ဆန်းကြယ် နက်နဲ သိမ်မွေ့သော တရားကလေးဖြစ်၍ သာမည ပုဂ္ဂိုလ်တို့ မသိနိုင် မမြင်နိုင်ဘူး။ အလွန်တရာ စူးရှနက်နဲ သိမ်မွေ့သော ထူးသော ဉာဏ်ရှိသော ပုဂ္ဂိုလ်တို့မှသာလျှင် သိမြင်နိုင်သည်။ ထို့ကြောင့် သင်တပည့်တို့အား စူးရှနက်နဲသိမ်မွေ့သော ထူးသောဉာဏ်ကို ရစေ၍ သိမြင်နိုင်လောက်အောင် ငါဆရာ ဟောကြားပြဆိုအံ့။ ဟောကြား ပြဆိုသောအတိုင်း သိမြင်အောင် နာကြ၊ နှလုံးသွင်းကြ ကုန်လော့။

၂၄။ ဝိညာဏံ စိတြံ စိတ္တံ၊ ဝိညာဏေဟေဝ ဇာနိယံ။
သုဒေသိတံ ဝိညာဏေန၊ ဉာတတ္ထံ ဝိညာဏေဟိ တံ။
သုဒုဒ္ဒသံ သုနိပုဏံ၊ နိပုဏေဟေဝ ပဿိယံ။
သုဒဿိတံ နိပုဏေန၊ ဒဋ္ဌဗ္ဗံ နိပုဏေဟိ တံ။

သေက္ချဘာသိတဂါထာ။

သိဿာ၊ အို - တပည့်တို့။
စိတြံ၊ အလွန်တရာ ဆန်းကြယ်သည်ဖြစ်၍။
စိတ္တံ၊ စိတ်ဟု ခေါ်ဆိုအပ်သော။
ဝိညာဏံ၊ ဝိညာဏ်ကို။
ဝိညာဏေဟေဝ၊ ထူးသောဉာဏ်ရှိသော ပုဂ္ဂိုလ်တို့မှသာလျှင်။
ဇာနိယံ၊ သိအပ် သိထိုက် သိနိုင်ကောင်း၏။
ဝိညာဏေန၊ ထူးသော ဉာဏ်ရှိတော်မူသော သင်တို့ဆရာ ငါသည်။
သုဒေသိတံ၊ ကောင်းစွာ ဟောအပ်လတ္တံ့ သော။
တံ၊ ထိုဝိညာဏ်ကို။
ဝိညာဏေဟိ၊ ငါဆရာ ပေးသနားအပ်သဖြင့် ထူးသောဉာဏ်ရှိကြကုန်သော သင် တပည့်တို့သည်။
ဉာတဗ္ဗံ၊ သိအပ်၏။
ဝါ၊ ဟောကြားသောအတိုင်း သိကြကုန်လော့။
သိဿာ၊ အို - တပည့်တို့၊
သုနိပုဏံ၊ အလွန်နက်နဲ သိမ်မွေ့သော။
သုဒုဒ္ဒသံ၊ အလွန်နက်နဲသိမ်မွေ့ ခြင်းကြောင့် အလွန် မြင်နိုင်ခဲသော။
ယံ၊ အကြင် ဝိညာဏ်ကို။
နိပုဏေဟေဝ၊ နက်နဲသိမ်မွေ့သော ဉာဏ်ရှိသောပုဂ္ဂိုလ်တို့မှသာလျှင်။
ပဿိယံ၊ မြင်အပ် မြင်ထိုက် မြင်နိုင်ကောင်း၏။
နိပုဏေန၊ နက်နဲသိမ်မွေ့သော ဉာဏ်ရှိတော်မူသော သင်တို့ဆရာ ငါသည်။
သုဒဿိတံ၊ ကောင်းစွာပြအပ်လတ္တံ့သော။
တံ၊ ထိုဝိညာဏ်ကို။
နိပုဏေဟိ၊ ငါဆရာ ပေးသနားအပ်သဖြင့် နက်နဲ သိမ်မွေ့သော ဉာဏ်ရှိကြကုန်သော သင် တပည့် တို့သည်။
ဒဋ္ဌဗ္ဗံ၊ မြင်အပ်၏။
ဝါ၊ ဟောပြသောအတိုင်း ထင်မြင်ကြကုန်လော့။

🌟 ဝိညာဏ်ဓာတ်၏ သဘောလက္ခဏာကို ပြခြင်း

တပည့်တို့ - ဤဝိညာဏဓာတ်ဟူသော စိတ်ကလေး၏ သဘောလက္ခဏာ နေပုံ အခြင်းအရာ အဘယ်သို့နည်းဆိုသော်၊ ဤစိတ်ကလေးသည် အာရုံကိုသိခြင်း ကြိယာ သတ္တိသဘောကလေး။ တပည့်တို့ - အထည်ဝတ္ထု မရှိဘူး။ ထို့ကြောင့်

“အသရီရံ ဂုဟာသယံ”ဟူ၍ ဓမ္မပဒပါဠိတော်၌ ဘုရားရှင် ဟောတော်မူသည်။

ဂုဟာသယံ၊ နှလုံးဗူး လိုဏ်တွင်း၌ ကိန်းဝပ်တည်နေသော။
ဣဒံ၊ ဤစိတ်ကလေးသည်။
အသရီရံ၊ ဝတ္ထု အထည်ကိုယ် မရှိဟု အနက်ပေး။

ဤစိတ်ကလေးသည် အညစ်အကြေးမဟုတ်။ ညစ်နွမ်းသော သဘောမဟုတ်။ ဖြူဖြူစင်စင် ပြောင်ပြောင် လက်လက် သဘောကလေး တပည့်တို့။ ထို့ကြောင့် “ပဏ္ဍရံ” ဟူ၍၎င်း။ “ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ” ဟူ၍၎င်း။ အဘိဓမ္မာပါဠိတော် အင်္ဂုတ္တရပါဠိတော်တို့၌ ဘုရားရှင် ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ စိတ္တံ၊ ဤစိတ်ဟူသော ဓာတ်သဘောကလေးသည်။
ပဏ္ဍရံ၊ ညစ်နွမ်းသော ညစ်မှေးသော သဘောမဟုတ် ဖြူစင်သော သဘောတည်း။
ပဘဿရံ၊ ပြိုးပြိုး ပြက်ပြက် လင်းသော သဘောတည်း။
(ပါဠိတော်အနက်)

စေတသိက်တို့ကို ပြခြင်း

  1. ဖြူစင် ပြောင်လင်းသော စိတ်ဓာတ်ကလေး၌ အာရုံ၏ သဘောကို တွေ့ထိခြင်း ဖဿ သဘော။
  2. အာရုံ၏ သဘောကို ခံစားခြင်း ဝေဒနာ သဘော။
  3. အာရုံကို မှတ်သားခြင်း သညာ သဘော။
  4. မိမိနှင့် အတူနေ တရားတို့ကို စေ့ဆော်တိုက်တွန်းခြင်း စေတနာသဘော။

အစရှိသော သဘောမျိုးပေါင်း ငါးဆဲ့နှစ်ခုတို့သည် အမြဲစွဲကပ် မှီတွယ်၍ နေကြသည်။ တပည့်တို့ - ဤစိတ်၌ စွဲကပ်မှီတွယ်၍နေကြသော ငါးဆဲ့နှစ်မျိုးသော သဘောကလေးတွေကို စိတ်၌ မှီတွယ် စွဲကပ်၍ နေခြင်းကြောင့် -

“စေတသိ နိယုတ္တာ စေတသိကာ”

စေတသိ၊ စိတ်၌။
နိယုတ္တာ၊ စွဲကပ်မှီတွယ်၍ နေကြသော တရားတို့တည်း။
ဣတိတသ္မာ၊ ထို့ကြောင့်။
စေတသိကာ၊ စေတသိက်တို့ မည်ကုန်၏။

ဟူသော ဝစနတ္ထနှင့် အညီ စေတသိက် ဟူ၍ ခေါ်သည်။

💎 စိတ်,စေတသိက်ကို ပတ္တမြားလုံးဖြင့် ဥပမာပြပုံ

တပည့်တို့ - ဥပမာဆိုသည်ရှိသော် တန်ခိုးနှင့် ပြည့်စုံသော ဣဒ္ဓိမာ ပုဂ္ဂိုလ်သည် အညို အမဲ, အဖြူ အနီ, အဝါ, အစိမ်း အစရှိသော အရောင်ကြိုးပေါင်း ငါးဆဲ့နှစ်မျိုးရှိသော ပတ္တမြား ကျောက်လုံး တခုကို ဖန်ဆင်းပြုလုပ်၍ ထိုအမျိုး မျိုးသော အရောင်တို့ကို ထစေတတ်သော မှန်ပြောင်း အမျိုးမျိုး တို့ကိုလည်း ဖန်ဆင်းပြုလုပ်၍ အဖြူရောင်ကို ထစေတတ်သော မှန်ပြောင်းနှင့်ပြလိုက်လျှင် အဖြူရောင် ထ၏။ ထွန်းလင်း၏။

ထိုအဖြူရောင်နှင့် လိုက်လျောနိုင်သော သဘောတူသော အရောင်တို့သည်လည်း ထကြကုန်၏။ ထွန်းလင်းကြကုန်၏၊ ထိုအခါ ထိုအဖြူရောင်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သော အမည်း အမှောင်ရောင်သည် မထနိုင်ဘဲ ပတ္တမြားဓာတ်ခဲ၌ ဝပ်၍ ကွယ်ငုပ်၍ နေ၏။ ထိုအမည်း အမှောင်နှင့် လိုက်လျောနိုင်သော သဘော တူသော အရောင်တို့သည်လည်း ဝပ်၍ ကွယ်ငုပ်၍ နေကြကုန်၏။

အကြင်အခါ အမည်း အမှောင်ရောင်ကို ထစေတတ်သော မှန်ပြောင်းနှင့် ပြလိုက်လျှင် အမည်း အမှောင်ရောင်ထ၏။ ထွန်းလင်း၏။ ထိုအမည်း အမှောင်နှင့် လိုက်လျောနိုင်သော သဘောဟူသော အရောင်တို့သည်လည်း ထကြကုန်၏။ ထွန်းလင်းကြကုန်၏။ ထိုအခါ အမည်းအမှောင်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သော အဖြူရောင်သည် ဝပ်၍ ကွယ်ငုပ်၍ သွား၎င်း၏။

ထိုအဖြူနှင့် လိုက်လျောနိုင်သော သဘောတူသော အရောင်တို့သည်လည်း ဝပ်၍ ကွယ်ငုပ်၍ သွားကြကုန်၏။ ထို့အတူ အကြင် အမှတ်မရှိ တခုခုသော အရောင်ကို ထအောင်ပြု၍ ထလျှင် ထွန်းလင်းလျှင် ထိုထသော ထွန်းလင်းသော အရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြသော အရောင် တို့သည် ဝပ်၍ ကွယ်ငုပ်၍ နေကြရကုန်၏ ။

ဤဥပမာအတူ တပည့်တို့ - ဝိညာဏ်ဟူသော စိတ်ဓာတ်ကလေး တခု၌ စေတသိက်ဟူသော အရောင်ပေါင်း သဘောကလေးပေါင်း ငါးဆဲ့ နှစ်ခုလုံး အကုန်လုံး စွဲကပ် မှီတွယ်၍ နေကြကုန်၏။

  • ပတ္တမြား ကျောက်လုံးနှင့် စိတ်ဓာတ်ကလေး တူ၏။
  • အရောင်ကြိုးတို့နှင့် စေတသိက် ခေါ်တဲ့ သဘောတွေ တူကြကုန်၏။

ပတ္တမြားကျောက်လုံး၌ တခုသော အရောင်ထလျှင် ထွန်းလင်းလျှင် ထိုထသော အရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အရောင်တို့သည် ဝပ်ရ ကွယ်ငုပ်ရလေဘိ သကဲ့သို့ ထို့အတူ တပည့်တို့ - ဤစိတ်ဓာတ်ကလေး၌ စေတသိက် ငါးဆဲ့နှစ်ပါးလုံး စွဲကပ်မှီတွယ်၍ နေကြငြားသော်လည်း ငါးဆဲ့နှစ်ပါးလုံး တပြိုင်တည်းကား စိတ်သန္တာန်၌ ထင်ရှားစွာ မထနိုင်ကြ မပေါ်နိုင်ကြပြီ။ စိတ်သန္တာန်၌ သူ့အကြောင်း တွေ့ဆုံလာ၍ တခုသော တရား ထင်ရှားပေါ်လာလျှင် ထိုထင်ရှား ပေါ်ထလာသော တရားနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သော တရားတို့သည် စိတ်သန္တာန်၌ ဝပ်၍ ကွယ်ငုပ်၍ နေကြကုန်၏။

လောဘတရားကား နှစ်သက်လိုချင်သော စွဲလမ်းသော သဘောတည်း။
ဒေါသတရားကား မနှစ်သက်ဘဲ ရွံသော မုန်းသော မြင်ပြင်းသော ခြောက်သွေ့သော သဘောတည်း။

လောဘနှင့် ဒေါသသည် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ကြ၏။ ထို့ကြောင့် အယောနိသော မနသိကာရ လောဘနိယ အာရုံဟူသော မှန်ပြောင်းနှင့် ပြလိုက်လျှင် စိတ်သန္တာန်၌ လောဘဟူသော အရောင် ထ၏ ထွန်းလင်း၏။ ထိုလောဘနှင့် လိုက်လျောနိုင်သော သဘောတူသော ဒိဋ္ဌိ မာန အစရှိသော စေတသိက် အရောင်တို့သည်လည်း ထကြကုန်၏။ ထွန်းလင်းကြကုန်၏။ ထိုအခါ နောက်လိုက်ငယ်သား အပင်း အသင်းနှင့်တကွ ဒေါသဟူသော စေတသိက် အရောင်သည် စိတ်သန္တာန်၌ ဝပ်၍ ကွယ်ငုပ်၍ သွား၏။

အကြင်အခါ၌ အယောနိသော မနသိကာရ ဒေါသနိယ အာရုံမှန် ပြောင်းနှင့် ပြလိုက်လျှင် ဒေါသ ဟူသောအရောင် ထ၏ ထွန်းလင်း၏။ ထိုဒေါသ နှင့် လိုက်လျော နိုင်သော သဘောတူသော ဣဿာ မစ္ဆရိယ အစရှိသော စေတသိက် အရောင်တို့သည်လည်း ထကြကုန်၏ ထွန်းလင်းကြကုန်၏။ ထိုအခါ နောက်လိုက်ငယ်သား အပင်းအသင်းနှင့်တကွ လောဘရောင်သည် ဝပ်၍ ကွယ်ငုပ်၍ သွား၏။

မောဟတရားကား လောဘနှင့်လည်း လိုက်လျောနိုင်၏။ ဒေါသနှင့်လည်း လိုက်လျောနိုင်၏။ ထို့ကြောင့် လောဘရောင်နှင့်လည်း ပြိုင်၍ ထ၏ ထွန်းလင်း၏။ ဒေါသရောင်နှင့်လည်းပြိုင်၍ ထ၏ ထွန်းလင်း၏၊ လောဘ ဒေါသနှင့် မဆိုင်ဘဲ မိမိနှင့်သာဆိုင်သို့ တွေဝေစရာ မောဟနိယ အာရုံမှန် ပြောင်းနှင့် ပြလိုက်လျှင် လောဘ ဒေါသတို့ မပါဘဲ မိမိချည်းတည်းလည်း ထ၏ ထွန်းလင်း၏။ ထိုမောဟနှင့်လိုက်လျောနိုင်သော သဘောတူသော ဝိစိကိစ္ဆာ ဥဒ္ဓစ္စ အစရှိသော စေတသိက် အရောင်တို့သည်လည်း ထကြကုန်၏ ထွန်းလင်း ကြကုန်၏။

တပည့်တို့ - နောက်လိုက်ငယ်သား အပင်း အသင်းနှင့်တကွ ဤလောဘ, ဒေါသ, မောဟ အရောင်တို့သည် ညစ်ထေးသော ခြောက်သော မည်းမှောင်သော အရောင်တို့တည်း။ မကောင်း ယုတ်မာသော သဘောတရားတို့တည်း။ ထို့ကြောင့် ဤလောဘ အစရှိသောတရားတို့သည် -

“နကုသလာ အကုသလာ”

ကုသလာ၊ ကောင်းမြတ်သော သဘောတရားတို့သည်။
၊ မဟုတ်ကုန်။
ဣတိတသ္မာ၊ ထို့ကြောင့်။
အကုသလာ၊ အကုသိုလ်တရား မည်ကုန်၏။

ဟူသော ဝစနတ္ထနှင့်အညီ အကုသိုလ်တရားဟူ၍ ခေါ်သည်။

တပည့်တို့ - အလောဘ အဒေါသ, အမောဟ, သဒ္ဓါ, သတိ အစရှိသော သဘော တရားတို့ကား ဖြူစင်သော စိုရွှမ်းသော ပြောင်လင်းသော အရောင်တို့တည်း၊ သဘောတို့တည်း။ ထို့ကြောင့် အကုသိုလ်အရောင်တို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်ကြ၏။

အထူးအားဖြင့် လောဘနှင့် အလောဘ၊ ဒေါသနှင့် အဒေါသ၊ မောဟနှင့် အမောဟခေါ်သော ဉာဏ်ပညာတို့သည် ဖြောင့်ဖြောင့် ကြီးဆန့်ကျင်ဘက် ဖြစ်ကြကုန်၏။ ဤအလောဘ အစရှိသော တရားတို့သည် လောဘအစရှိသော ညစ်ကျု ယုတ်မာသော တရားတို့ကို ပယ်ရှား ဖျက်ဆီး တတ်ကုန်၏။ ထို့ကြောင့် -

“ကုစ္ဆိတေ ပါပဓမ္မေ သလယန္တိ ဝိဒ္ဓံသေန္တီတိ ကုသလာ”

ယေ၊ အကြင် အလောဘ အစရှိသောတရားတို့သည်။
ကုစ္ဆိတေ၊ အပြစ်ဒေါသများခြင်းကြောင့် စက်ဆုပ်ဘွယ် ကောင်းကုန်သော။
ပါပဓမ္မေ၊ လောဘ ဒေါသ အစရှိသော မကောင်း ယုတ်မာသော တရားတို့ကို။
သလယန္တိဝိဒ္ဓံသေန္တိ၊ ပယ်ရှား ဖျက်ဆီးတတ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
တေ၊ ထို အလောဘ အစရှိသော တရားတို့သည်။
ကုသလာ၊ ကုသိုလ်တို့ မည်ကုန်၏။

ဟူသော ဝစနတ္ထနှင့်အညီ ဤ အလောဘ အစရှိသော တရားတို့ကို ကုသိုလ်တရား ဟူ၍ ခေါ်သည်။

တပည့်တို့ - စိတ်သန္တာန်၌ လောဘစသော အကုသိုလ် အညစ် အမှေးရောင်တို့ ထင်ရှား ပေါ်ထ၍ နေလျှင် ပေါ်ထ၍နေလျှင် အလောဘ စသော ကုသိုလ် အဖြူအလင်း ရောင်တို့သည် ဝပ်၍ ကွယ်ငုပ်၍ နေကြကုန်၏။

အကြင်အခါ ယောနိသော မနသိကာရ ပသာဒနိယစသော အာရုံ မှန်ပြောင်းနှင့် ပြလိုက်လျှင် အလောဘ အဒေါသအစရှိသော ဖြူစင် ပြောင်လင်းသော စေတသိက်ရောင် ကုသိုလ်ရောင်တို့သည် ထကြကုန်၏ ထွန်းလင်းကြကုန်၏။ ထိုအလောဘ အဒေါသတို့နှင့် လိုက်လျောနိုင်သော သဘော တူသော တရားတို့လည်း ထကြကုန်၏ ထွန်းလင်းကြကုန်၏။ ထိုအခါ လောဘ ဒေါသစသော အကုသိုလ် အညစ် အမှေး အမည်း ရောင်တို့သည် ဝပ်၍ ကွယ်ငုပ်၍ သွားကြကုန်၏။

တပည့်တို့ - ဖဿ, ဝေဒနာ, သညာ, စေတနာ, ဝိတက်, ဝိစာရ, ဝီရိယ, ဆန္ဒ, ပီတိ အစရှိသော စေတသိက်တို့သည်ကား စင်စစ်အားဖြင့် မိမိတို့သည် ကုသိုလ်လည်း မဟုတ်ကြ၊ အကုသိုလ်လည်း မဟုတ်ကြပြီ။ မဟုတ်သော်လည်း ကုသိုလ် အကုသိုလ် တရားတို့နှင့် လိုက်လျောနိုင်ကြ၍ ကုသိုလ် တရားတို့နှင့်လည်း ပြိုင်၍ ထကြ ထွန်းလင်းကြကုန်၏။ အကုသိုလ်တရားတို့နှင့်လည်း ပြိုင်၍ ထကြ ထွန်းလင်းကြကုန်၏။

ကုသိုလ်တရားတို့နှင့် ပြိုင်၍ ထခိုက် ကုသိုလ်တရားတို့နှင့် သဘောလည်း တူကြလေ၍ ကုသိုလ် တရားဟူ၍ပင် ခေါ်ဆိုရလေတော့၏။ အကုသိုလ်တရားတို့နှင့် ပြိုင်၍ထခိုက် အကုသိုလ်တရား တို့နှင့်ပင် သဘောလည်း တူကြလေ၍ အကုသိုလ် တရားဟူ၍ပင် ခေါ်ဆိုရလေတော့၏။ ထို့ကြောင့် ဤဖဿဝေဒနာ စသော တရားတို့ကို လူဆိုး လူကောင်း နှစ်ဦးနှင့် ပေါင်းသင်းသောသူနှင့် တူသော အညသမာန်း စေတသိက်ဟူ၍ အဋ္ဌကထာ ဆရာတို့ အမည်ပေးကြကုန်သည် တပည့်တို့။

ဤကဲ့သို့ စိတ်သန္တာန်၌ တခုသောတရား ထင်ရှား ပေါ်ထလာလျှင် ဤ ပေါ်ထလာသော တရားနှင့် လိုက်လျောနိုင်သော သဘောတူသော တရားတို့လည်း ထကြ ထွန်းလင်းကြကုန်၏။ မလိုက်လျော နိုင်သော သဘောမတူသော ဆန့်ကျင်ဘက်ဖြစ်သော တရားတို့ကား မပေါ်ထလာနိုင်ပြီ၊ ဝပ်၍ ကွယ်ငုပ်၍သာ သွားကြလေတော့၏။

တပည့်တို့ - တရံတခါလည်း ဤစိတ်သည် တစုံတခုသော အကြောင်းကြောင့် အားငယ်၏ သေးငယ်၏။ ထိုစိတ်အားငယ်သော သေးငယ်သောအခါ စိတ်သန္တာန်၌ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ, ဝိတက်, ဝိစာရ, ဝီရိယ အစရှိသော အားကောင်းသော ထွားကျိုင်းသော စေတသိက်တို့သည် မထနိုင် မထွန်းလင်းနိုင်ပြီ၊ ဝပ်၍ ကွယ်ငုပ်၍ နေကြလေကုန်၏။ စိတ်ကဲ့သို့ အားကောင်းခြင်း, အားညံ့ခြင်း, သေး ငယ်ခြင်း, ကြီးထွားခြင်း အစားစားဖြစ်၍ စိတ်နှင့် လိုက်လျောနိုင်တဲ့ ဇွဲကောင်းတဲ့ ဖဿ ဝေဒနာ သညာ စေတနာ စသောတရားတို့သာ အမြဲထလျက် ထွန်းလင်းလျက် ပါရှိကြလေတော့၏။

တပည့်တို့ - ဤကဲ့သို့ စိတ်သန္တာန်၌ စေတသိက်တို့ တမျိုးတမျိုး ထင်ရှား ပေါ်ထကြပုံကို ကောင်းမွန်သေချာစွာ သိမှတ်ကြ။ ထိုသို့ ထင်ရှားပေါ်ထကြ ရာ၌ စိတ်တခုတည်းကိုပင်လျှင် --

  • လောဘထင်ရှား ပေါ်ထသော အခိုက်ကို လောဘမူစိတ်ဟု ခေါ်သည်။
  • ဒေါသထင်ရှား ပေါ်ထသော အခိုက်ကို ဒေါသမူ စိတ်ဟု ခေါ်သည်။
  • မောဟထင်ရှား ပေါ်ထသော အခိုက်ကို မောဟမူစိတ်ဟု ခေါ်သည်။
  • အကုသိုလ်တရားတို့ ထင်ရှား ပေါ်ထသော အခိုက်ကို အကုသိုလ်စိတ်ဟု ခေါ်သည်။
  • အလောဘ အဒေါသစသော ကုသိုလ်တရားတို့ ထင်ရှား ပေါ်ထသော အခိုက်ကို ကုသိုလ်စိတ်ဟု ခေါ်သည်။

အာသဝေါကုန်ပြီးသော ပုဂ္ဂိုလ်သန္တာန်၌ ဤကုသိုလ်စိတ်ကိုပင်လျှင် အကုသိုလ် ပါပဓမ္မကို ပယ်ရှား ဖျက်ဆီးမှု အလုပ်ကိစ္စ မရှိခြင်းကြောင့် သန်စွမ်းသော အမူအရာ ကြိယာဗျာပါရကလည်း ရှိခြင်းကြောင့် ထိုအမူအရာ ကြိယာဗျာပါရရှိမှုကိုစွဲ၍ ကြိယာစိတ်ဟုခေါ်သည်။

တစုံတခုသော အကြောင်းကြောင့် စိတ်သည် သေးငယ် အားညံ့၍ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ, ဤဟိတ်တရား ခြောက်ပါး မထနိုင် မထွန်းလင်းနိုင်ဘဲ ဝပ်၍ ကွယ်ငုပ်၍နေသော အခိုက်ကို ဟိတ်တရား မထင်ရှားသောကြောင့် အဟိတ်စိတ်ဟူ၍ခေါ်သည်။

ထိုအဟိတ် မထင်ရှားသို့ အခါမှာလည်း အပြုအမူ ကြိယာဗျာပါရရှိသော စိတ်ကို ကြိယာစိတ်ဟူ၍ ခေါ်သည်။

အပြုအမူ ကြိယာဗျာပါရ ကင်းသောစိတ်ကို ကံ၏ အာနုဘော် အစွမ်းအားလျော်စွာ ငြိမ်သက်စွာ ဖြစ်၍နေခြင်းကြောင့် ဝိပါက်စိတ်ဟူ၍ ခေါ်သည်။

ဤဝိပါက်စိတ်ထဲ၌ အလောဘ စသော ဟိတ်တရားစုပါလျှင် သဟိတ်ဝိပါက်စိတ် ဟုခေါ်သည်။

ဤအလောဘ စသော ဟိတ်သုံးပါးတို့ ထင်ရှားပေါ်ထသော စိတ်ကိုပင်လျှင် ကာမဘုံ ကာမတဏှာ ကို မလွန်လျှင် ကာမာဝစရ စိတ်ဟူ၍ခေါ် သည်။

ကာမဘုံ ကာမတဏှာကို လွန်၍ ရူပဘုံ ရူပတဏှာနယ်၌ တည်ခိုက်ကို ရူပါဝစရစိတ်ဟူ၍ခေါ်သည်။

ဤရူပဘုံကိုလွန်၍ အရူပဘုံ အရူပတဏှာနယ်၌ တည်ခိုက်ကို အရူပါဝစရစိတ်ဟူ၍ ခေါ်သည်။

ဤကာမ ရူပ အရူပဟူသော လောကသုံးပါးကိုလွန်လျှင် လောကုတ္တရာစိတ် ဟူ၍ခေါ်သည်။

ဈာန်ကိစ္စပြီးစီး အောင် ပြုစွမ်းနိုင်ဘဲ ဈာန်တရားတို့ ထင်ရှားသော အခိုက်ကို ဈာန်စိတ်ဟူ၍ ခေါ်သည်။

မဂ်ကိစ္စကို ပြီးစီးအောင် ပြုစွမ်းနိုင်ဘဲ မဂ်တရားတို့ ထင်ရှားသော အခိုက်ကို မဂ်စိတ်ဟူ၍ ခေါ်သည်။

မဂ်တရားတို့ ထင်ရှားငြားသော်လည်း ပြုဘွယ်ကိစ္စမရှိခဲ့လျှင် မဂ်၏ အာနုဘော် အစွမ်းအားလျော်စွာ ဖြစ်ခိုက်ကို ဖိုလ်စိတ်ဟူ၍ခေါ်သည်။

လူတယောက်တည်းကိုပင်လျှင် --

  • ဖြူသောအဝတ်ကို ဝတ်ဆင်လျှင် မောင်ဖြူ,
  • အနီဝတ်လာလျှင် မောင်နီ,
  • အဝါဝတ်လာလျှင် မောင်ဝါ
  • အပြာဝတ်လာလျှင် မောင်ပြာ,
  • အညိုဝတ်လာလျှင် မောင်ညို,
  • အမည်းဝတ်လာလျှင် မောင်မည်း ဟု ခေါ်ဆိုဘိသကဲ့သို့၊

ထို့အတူ တပည့်တို့ - ဤစိတ်တခုတည်းကိုပင်လျှင် ဤကဲ့သို့ တစုံတခု အကြောင်းကိစ္စ အခိုက်အတံ့ ကိုစွဲ၍ အမည်အမျိုးမျိုး ခေါ်ဆိုရသည်။ ဤကဲ့သို့ စိတ်တခုတည်းကိုပင်လျှင် အမည်အမျိုးမျိုး ခေါ်ဆိုရပုံကိုလည်း ကောင်းမွန် သေချာစွာ သိမှတ်ကြ။

တပည့်တို့ - ဓမ္မသင်္ဂဏီပါဠိတော်၌–

ကတမေ ဓမ္မာ အကုသလာ။ ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ။ သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။လ။ ဓမ္မာရမ္မဏံဝါ၊ ယံယံဝါ ပနာရဗ္ဘ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ။လ။ လောဘော ဟောတိ၊ မောဟော ဟောတိ၊ မိစ္ဆာဒိဋ္ဌိ ဟောတိ။

ဟူ၍ ဟောတော်မူသည်။

ကတမေဓမ္မာ၊ အဘယ်တရားတို့သည်။
အကုသလာ၊ အကုသိုလ်မည်ကုန်သနည်း။
ယသ္မိံ သမယေ၊ အကြင်အခါ၌။
သောမနဿသဟဂတံ၊ သောမနဿ ဝေဒနာနှင့် တကွဖြစ်သော။
ဒိဋ္ဌိဂတသမ္ပယုတ္တံ၊ မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်သော။
အကုသလံစိတ္တံ၊ လောဘမူအကုသိုလ် ပဌမစိတ်သည်။
ရူပါရမ္မဏံဝါ၊ ရူပါရုံကို၎င်း။ လ။
ဓမ္မာရမ္မဏံဝါ၊ ဓမ္မာရုံကို၎င်း။
ယံ ယံ ဝါ ပန၊ အကြင်ကြင် အာရုံကိုလျှင်။
အာရမ္ဘ၊ အာရုံပြု၍။
ဥပ္ပန္နံ၊ ဖြစ်ပေါ်သည်။
ဟောတိ၊ ဖြစ်၏။
တသ္မိံသမယေ၊ ထိုအခါ၌။
ဖဿော၊ အာရုံကို တွေ့ထိခြင်း သဘောဟူသော ဖဿသည်လည်း။
ဟောတိ၊ ထင်ရှားပေါ်ဖြစ်၏။
ငေဒနာ၊ အာရုံကို ခံစားခြင်း သဘောဟူသော ဝေဒနာသည်လည်း။
ဟောတိ၊ ထင်ရှားပေါ်ဖြစ်၏။
သညာ၊ အာရုံကိုမှတ်သားခြင်းသဘောဟူသော သညာသည်လည်း။
ဟောတိ၊ ထင်ရှား ပေါ်ဖြစ်၏။
စေတနာ၊ မိမိနှင့် အတူတကွ ပေါ်ဖြစ်သော သမ္ပယုတ်တရားတို့ကို စေ့ဆော် တိုက်တွန်းခြင်း သဘောဟူသော စေတနာသည်လည်း။
ဟောတိ၊ ထင်ရှား ပေါ်ဖြစ်၏။ လ။
လောဘော၊ အာရုံကိုလိုချင် တပ်မက်ခြင်း သဘောဟူသော လောဘသည်လည်း။
ဟောတိ၊ ထင်ရှားပေါ်ဖြစ်၏။
မောဟော၊ အာရုံသဘောကို မသိမလင်း တွေဝေမိုက်မဲခြင်း သဘောဟူသော မောဟသည်လည်း။
ဟောတိ၊ ထင်ရှားပေါ်ဖြစ်၏။
မိစ္ဆာဒိဋ္ဌိ၊ မှားသောအားဖြင့် ထင်မြင်ခြင်း သဘောဟူသော မိစ္ဆာဒိဋ္ဌိသည်လည်း။
ဟောတိ၊ ထင်ရှားပေါ်ဖြစ်၏။

ဤသို့အစရှိသည်ဖြင့် ဘယ်စိတ်၌ စေတသိက် ဘယ်လောက် ဘယ်စိတ်၌ စေတသိက် ဘယ်လောက် ယှဉ်သည်ဟု သရုပ်ထုတ်၍ ထုတ်၍ ဟောတော်မူခြင်း သည် ယခု ငါဆရာ ဟောကြားခဲ့ပြီးသော အတိုင်း စိတ်သန္တာန်၌ သူ့အကြောင်း တိုက်ဆိုင်လာ၍ ထင်ရှားပေါ်ထသော တရားတို့ကို ကောက်၍ ကောက်၍ ဟောပြဘော်မူသာဟူ၍ မှတ်ကြ။

ဤအဘိဓမ္မာ ပါဠိတော်၌ စိတ်နှင့် စေတသိက် သမ္ပယုတ် ဝိပ္ပယုတ် ဖြစ်ကြသည်ဟု ဟောတော်မူရာ မှာလည်း ထင်ရှားပေါ်ထခိုက်ကို ရည်၍ သမ္ပယုတ်, ဝပ်ခိုက် ကွယ်ငုပ်ခိုက်ကို ရည်၍ ဝိပ္ပယုတ်ဟု ဟောတော်မူသည်ဟူ၍ မှတ်ကြ။

ထိုစေတသိက်တို့၏ ကျေးဇူးပြုပုံကို ပြခြင်း

တပည့်တို့ - စေတသိက်က ငါးဆဲ့နှစ်ခု စိတ်ကတခု အားလုံးပေါင်း တေပညာသ၊ ငါးဆဲ့သုံးပါးသော နာမ်တရားတို့သည် ရှေးရှေးနာမ်က နောက်နောက် နာမ်အား အနန္တရ သမနန္တရ ကျေးဇူးပြုကြ ရာမှာလည်း စိတ်ကလဲ စိတ်ကိုသာ အနန္တရ သမနန္တရ ကျေးဇူးပြုသည်၊ ဖဿ ဝေဒနာစသည်တို့အား မပြုဘူး။
ဖဿကလဲ ဖဿကိုသာ ကျေးဇူးပြုသည်၊ စိတ် ဝေဒနာ သညာ စ သည်တို့အား မပြုဘူး။ ဝေဒနာ ကလဲ ဝေဒနာကိုသာ ကျေးဇူးပြုသည်၊ စိတ်, ဖဿ, သညာ, စသည်တို့အား မပြုဘူး။ကြွင်းသော စေတသိက်တို့လည်း ထို့နည်းတူဘဲ။

တပည့်တို့ - အသီးအသီး မိမိတို့ သဘောဇာတိချင်းချင်းအားသာ ကျေးဇူးပြုကြသည်။ တခြား တပါးသော သဘောဇာတိအား ကျေးဇူးမပြုကြပြီ။ ထိုစကားသည် မှန်၏။

တပည့်တို့ - အကယ်၍ စိတ်ဟူသော ဝိဇာနနသဘောက ဖဿအား ကျေးဇူးပြုသည် ဖြစ်ငြားအံ့၊ နောက်နာမ်ဓာတ်ထဲ၌ ဖုသနသဘောဟူသော ဖဿသည် ဝိဇာနန သဘောဟူသော ဝိညာဏ်ဖြစ်၍ သွားရာ၏။ နောက်နာမ် ဓာတ်ထဲ၌ ဖဿမပါဘဲ ဖဿမျိုးပြတ်၍ သွားရာ၏။ ဝိဇာနန သဘောဟူသော ဝိညာဏ်သော်လည်း ဖုသနသဘော ဖဿဖြစ်၍ သွားရာ၏။ အကယ်၍ ဖဿက ဝေဒနာအား ကျေးဇူးပြုသည် ဖြစ်ငြားအံ့၊ နောက်နာမ်ဓာတ်ထဲ၌ ဝေဒိယန သဘောဟူသော ဝေဒနာသည် ဖုသနသဘော ဖဿဖြစ်၍ သွားရာ၏။ နောက်နာမ်ဓာတ်ထဲ၌ ဝေဒနာမပါဘဲ ဝေဒနာမျိုးပြတ်၍ သွားရာ၏။ ဖုသနသဘော ဖဿသော်လည်း ဝေဒိယနသဘော ဝေဒနာဖြစ်၍ သွားရာ၏။

အကြင်ကြောင့်ကား တပည့်တို့ - ဤနာမ် တေပညာသတို့သည် မိမိမှတခြား တပါးသော သဘော ဇာတိအား အနန္တရ သမနန္တရ ကျေးဇူးမပြုကြပြီ။ အသီး အသီး မိမိတို့သဘော ဇာတိချင်းချင်း အားသာလျှင် ကျေးဇူးပြုကြ၏။

ထို့ကြောင့် ဤဝိဇာနန ဖုသန ဝေဒိယနစသော သဘောမျိုး နာမ်တရားတို့သည် သံသရာ တည်စကစ၍ သံသရာဆုံးသည်တိုင်အောင် မိမိတို့ သဘောဇာတိ အစဉ် အဆက် မပြတ်ဘဲ မပျက်ဘဲ ဆက်လက်၍ သွားကြ၏။ ရှေးရှေးကထုံခဲ့သော ဝသီ ဝါသနာတို့သည်လည်း ပါ၍ လာနိုင်ကြ၏။

ဝိဇာနန သဘောဟူသော စိတ်ကို အဆင့်ဆင့် ထက်သန်ကြီးထွားအောင် ပွားအောင် ပွားများ၍လည်း ထက်သန်ကြီးထွားခြင်းသို့ ရောက်နိုင်လေတော့၏။ သဒ္ဓါကို ဝီရိယကို သတိကို သမာဓိကို ပညာကို အဆင့်ဆင့် ထက်သန် ကြီးထွားအောင် ပွားများ၍လည်း ထက်သန်ကြီးထွားခြင်းသို့ ရောက်နိုင်လေ တော့၏။ ပါရမီတွေကို အဆင့်ဆင့် ထက်သန်ရင့်မာအောင် ပွားများအားထုတ်၍လည်း ထက်သန် ရင့်မာခြင်းသို့ ရောက်နိုင်လေတော့၏။

အချို့သော စေတသိက်တို့
ပြတ်သွားပုံကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ အသီးအသီးမိမိတို့ သဘောဇာတိ မပျက်ရမပျက်ရအောင် ကျေးဇူးပြုကာ မျိုးပေးကာ ဆက်လက်၍လာကြသောနာမ် တေပညာသတို့တွင် သောတာပတ္တိမဂ်ဇောသို့ အထိတွင် စိတ်သန္တာန်၌ ဒိဋ္ဌိ ဝိစိကိစ္ဆာနှစ်ပါးလျော့၏၊ ကင်းရှင်း၏၊ မျိုးပြတ်၏။ ဒိဋ္ဌိ ဝိစိကိစ္ဆာတို့၏ သံသရာ ပြတ်ဆုံး၏။ နာမ် ဧကပညာသ ငါးဆဲ့တပါးသာ ကျန်ရှိတော့၏။

သကဒါဂါမိမဂ်ဇော၌ မလျော့သေး။

အနာဂါမိမဂ်ဇောသို့ အထိတွင် ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စဟု လေးပါး လျော့ပြန်၏၊ ကင်းရှင်း ပြန်၏၊ မျိုးပြတ်ပြန်၏။ ထိုလေးပါးတို့၏ သံသရာ ပြတ်ဆုံး၏၊ နာမ် သတ္တစတ္တာလီသ လေးဆယ့် ခုနစ်ပါးသာ ကျန်ရှိတော့၏။

အရဟတ္တမဂ်ဇောသို့ အထိတွင် လောဘ မောဟ မာန အဟိရီက အနောတ္တပ္ပ ထိန မိဒ္ဓ ဥဒ္ဓစ္စဟု ရှစ်ပါးလျော့ပြန်၏၊ ကင်းရှင်းပြန်၏၊ မျိုးပြတ်ပြန်၏၊ ထိုရှစ်ပါးတို့၏ သံသရာ ပြတ်ဆုံး၏။ နာမ် ဧကူနစတ္တာလီသ၊ တခုယုတ် လေးဆယ် သုံးဆယ့်ကိုးပါးသာ ကျန်ရှိလေတော့၏၊

ဤကြွင်းကျန်သော နာမ် ဧကူနစတ္တာလီသတို့သည် ရဟန္တာပုဂ္ဂိုလ်တို့၏ စုတိစိတ် အဆုံးသို့ ဆိုက်ထိမှ အကုန်လုံး ကင်းပြတ် ပျောက်ဆုံး ကြလေတော့၏။ ထို နာမ်ဓာတ်၏ သံသရာ လက်စ တုံးလေတော့၏။

တပည့်တို့ - စိတ်ဓာတ်၌ စွဲကပ် မှီတွယ်၍ နေကြသော စေတသိက်ငါးဆဲ့နှစ်ပါး တို့တွင် ဤဒိဋ္ဌိ ဝိစိကိစ္ဆာ စသော တဆဲ့လေးပါးသော စေတသိက်တို့ကို စိတ်သန္တာန်၌ မျိုးပြတ် ကင်းရှင်းအောင် မရှိအောင်ပြု၍ ဖြစ်ကောင်း၏။ ကင်းရှင်းအောင် ပြုသင့် ပြုထိုက်၏။ ကင်းရှင်းအောင် ပြုရန် နည်းလမ်းကို ဘုရားရှင် ဟောကြားတော်မူ၏။

ဤကဲ့သို့ စိတ်သန္တာန်မှနှင်ထုတ်၍ ဖြစ်ကောင်းသော တရားတို့ဖြစ်၍ ဤဒိဋ္ဌိ ဝိစိကိစ္ဆာစသော စေတသိက်တို့ကို အာဂန္တုက တရားတို့ ဟူ၍လည်း မှတ်အပ် ကုန်၏။ စိတ်၌ အမြဲမယှဉ်နိုင်သော အနိယတ ယောဂီ စေတသိက်တို့ဟူ၍လည်း ခေါ်ဆိုမှတ်သားအပ်ကုန်၏။

ကြွင်းသော စေတသိက် သုံးဆယ့်ရှစ်ပါးတို့ကိုကား စိတ်သန္တာန်၌ မျိုးပြတ် ကင်းရှင်းအောင် ပြု၍ မဖြစ်ကောင်းပြီ။ ကင်းရှင်းအောင် ပြုလဲမပြုသင့် မပြုထိုက်ပြီ။ မပြုသင့် မပြုထိုက်ခြင်းကြောင့် ကင်းရှင်းအောင်ပြုရန် နည်းလမ်းကိုလည်း ဘုရားရှင် မဟောခဲ့ပြီ။

ဝိတက် ဝိစာရစသော ဈာန်အင်္ဂါတို့ကို ပယ်မှုမှာ စိတ်သန္တာန်၌ ဝပ်ရုံကွယ်ငုပ်ရုံမျှ ပြုမှုတည်း။ ဤကဲ့သို့ စိတ်သန္တာန်မှ နှင်ထုတ်၍ မဖြစ်ကောင်း မရကောင်းသော တရားကိုယ်ဖြစ်၍ ဤကြွင်းသော စေတသိက် သုံးဆယ့်ရှစ်ပါး တို့ကို အာဝါသိက တရားတို့ဟူ၍လည်း ခေါ်ဆို မှတ်သား အပ်ကုန်၏။

ဘယ်တော့မှ မကင်းကွာဘဲ စိတ်၌ အမြဲယှဉ်သော တရားတို့ဖြစ်၍ နိယတယောဂီ စေတသိက် တို့ဟူ၍လည်း ခေါ်ဆိုမှတ်သားအပ်ကုန်၏။

စိတ်ဓာတ်၏ ကုသိုလ်
အကုသိုလ် မဟုတ်ပုံကို ပြခြင်း

တပည့်တို့ - ပဏ္ဍရ ပဘဿရ ဖြစ်သော ဤစိတ်ဓာတ်ကလေးသည် အနိယတ ယောဂီ အာဂန္တုက ဖြစ်သော အကုသိုလ် အညစ်တရားတို့ကြောင့် ညစ်နွမ်း မှေးမှိန်၍ နေရ၏။ အညစ်အကြေး မြှေးကပ် ဖုံးလွှမ်းသော ပတ္တမြားတုံး ကလေးကဲ့သို့ အရောင် မတောက်ပနိုင်ပြီ။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည် -

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊
တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။

ဟူ၍ ဧကင်္ဂုတ္တရ ပါဠိတော်၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ စိတ္တံ၊ ဤဝိညာဏ် ဟူသော စိတ်ဓာတ်ကလေးသည်။
ပဘဿရံ၊ ပြိုးပြိုးပြက် ထွန်းလင်းတောက်ပသော သဘောတည်း။
တဉ္စခေါ၊ ထိုပြိုးပြိုးပြက် ထွန်းလင်း တောက်ပသော စိတ်သည်လည်း။
အာဂန္တု ကေဟိ၊ ဧည့်သည် အာဂန္တု ဖြစ်ကုန်သော။
ဥပက္ကိလေသေဟိ၊ မိမိတို့လည်း ညစ်နွမ်း သူတပါးကိုလည်း ညစ်နွမ်းစေတတ်သော အကုသိုလ် တရားတို့ကြောင့်။
ဥပက္ကိလိဋ္ဌံ၊ မှေးမှိန်ညစ်နွမ်း၍ နေရ၏။

တပည့်တို့ - သဒ္ဓါပညာစသော ကုသိုလ်တရားတို့ကား ဖြူစင်ပြောင်လင်းသော သဘောတို့တည်း။ အထူးအားဖြင့် ပညာကရားသည် အတုမရှိ ဖြူစင်ပြောင်လင်း၏။

စိတ်ဓာတ်ကလေး၌ ဖြူစင် ပြောင်လင်းသာ ကုသိုလ်တရား ပညာတရားတို့ အုပ်စိုး ပေါ်ထ၍ နေလျှင် မိမိသဘော မူလရင်းက ဖြူစင်ပြောင်လင်းသော စိတ်ဓာတ်ကလေးသည် အတိပဏ္ဍရ အလွန် ဖြူစင်၏။ အတိပဘဿရ၊ အလွန် ပြိုးပြိုးပြက် ထွန်းလင်း တောက်ပ၏။

ပညာ အားကြီးစွာ ပေါ်ထလာလျှင် ဤစိတ် ပညာတို့၏ အာနုဘော်ကြောင့် တကိုယ်လုံး ရုပ်တွေ ကြည်လင်၏။ ကိုယ်ရောင်များတောင် ထွက်တတ်၏။

တပည့်တို့ - ကုသိုလ် အကုသိုလ်တရားတို့၏ မှီတွယ်ရာ ပဏ္ဍရ ပဘဿရ ဖြစ်တဲ့ ဤစိတ်ဓာတ် ကလေးသည် ကုသိုလ်တရားလော အကုသိုလ်တရားလော ဟူမူ ကုသိုလ်လဲ မဟုတ်ဘူး တပည့်တို့။ အကုသိုလ်လဲ မဟုတ်ဘူး။

ကုသိုလ် အကုသိုလ်တို့နှင့် ယှဉ်ခြင်းကြောင့် ထိုယှဉ်သော ကုသိုလ် အကုသိုလ် တို့ဖြင့် မှတ်၍ ကုသိုလ်စိတ် အကုသိုလ်စိတ်ဟု ခေါ်ဆိုရ သည်။

သဘောစင်စစ်မှာ ဤစိတ်ကလေးသည် အာရုံကို သိခြင်း ဝိဇာနန သဘောမျှ သာတည်း။ ပဏ္ဍရ ပဘဿရ သဘောမျှသာတည်း။ ကုသိုလ် အကုသိုလ် မဟုတ်ပြီ။ အလောဘ လောဘ စသ စသည်တို့မှသာလျှင် ကုသိုလ် အကုသိုလ်တရား တို့ပေတည်း။

တပည့်တို့ - ဥပမာ ဆိုသည်ရှိသော် ရေနှင့်ဖျော်၍ ပန်းချီဆေးရေးရာ၌ --
ကား၌ စိမ့်ဝင် တွယ်ကပ်မှုကား ရေကိစ္စတည်း။
ကား၌ အဖြူ အနီ အကြောင် အကျား ထင်မှုကား ဆေးကိစ္စတည်း။
ရေသည် အဖြူ အနီ အကြောင် အကျား ထင်အောင် မတတ်နိုင်။
အဖြူ အနီ အကြောင် အကျား မဟုတ်ပြီ။
ဆေးတို့မှ သာလျှင် အဖြူ အနီ အကြောင် အကျား ထင်အောင် တတ်နိုင်ကြ၏။
အဖြူ အနီ အကြောင် အကျားတို့ပေတည်း။

ထို့အတူ တပည့်တို့ - ကုသိုလ်အာရုံ အကုသိုလ်အာရုံတို့ကို သိမှု တွယ်မှုကား စိတ်ကိစ္စတည်း။ ထိုကုသိုလ် အကုသိုလ် အာရုံတို့၌ သုစရိုက်မှု ဒုစရိုက်မှုထင်အောင် ပြီးစီးအောင်ပြုမှုကား အလောဘ လောဘစသည်တို့၏ ကိစ္စတည်း။

စိတ်သည် သုစရိုက်မှု ဒုစရိုက်မှု ထင်အောင် ပြီးစီးအောင် မတတ်နိုင်။ သုစရိုက် ဒုစရိုက် ကုသိုလ် အကုသိုလ် တရားမဟုတ်၊ အလောဘ လောဘ စသည်တို့မှ သာလျှင် သုစရိုက်မှု ဒုစရိုက်မှု ထင်အောင် ပြီးစီးအောင် တတ်နိုင်ကြ၏။ သုစရိုက် ဒုစရိုက် ကုသိုလ် အကုသိုလ် တရားတို့ပေတည်း။

ဥပမာ တပါးလည်း အဆိပ်ကို ရေနှင့်ဖျော်၍ သောက်ရာ --
တကိုယ်လုံး ပြန့်နှံ့မှုကား ရေကိစ္စတည်း။
တကိုယ်လုံး ဒုက္ခဖြစ်မှုမှာ အဆိပ်ကိစ္စတည်း။
ရေသည် တကိုယ်လုံး ဒုက္ခဖြစ်အောင် မတတ်နိုင်။
ဒုက္ခကို ဖြစ်စေတတ်သော အဆိပ် မဟုတ်။
အဆိပ် မှသာလျှင် တကိုယ်လုံး၌ ဒုက္ခဖြစ်အောင် တတ်နိုင်၏။
ဒုက္ခကိုဖြစ်စေတတ်သော အဆိပ်ပေတည်း။

ထို့အတူ တပည့်တို့ - အကုသိုလ် ဒုစရိုက်အာရုံကို သိမှုတွယ်မှုကား စိတ်ကိစ္စ တည်း။ အကုသိုလ် ဒုစရိုက်မှုကို ထင်အောင် ပြီးစီးအောင် အပါယ ဒုက္ခ စသည်ဖြစ်အောင် ပြုမှုကား နောက်လိုက် ခြွေရံ သင်းပင်းနှင့် တကွ လောဘ, ဒေါသ, မောဟတို့၏ ကိစ္စပေတည်း။

စိတ်သည် အကုသိုလ်ဒုစရိုက်မှုကို ထင်အောင် ပြီးစီးအောင် အပါယဒုက္ခစသည် ဖြစ်အောင် မတတ်နိုင်။ ဒုစရိုက်ကိုထင်အောင် ပြီးစီးအောင် အပါယဒုက္ခစသည် ဖြစ်အောင် ပြုတတ်သာ အကုသိုလ် မဟုတ်။ ခြွေရံ သင်းပင်းနှင့်တကွ လောဘ, ဒေါသ, မောဟတို့မှသာလျှင် ထိုအမှုတို့ကို ဖြစ်အောင် ပြုတတ်သာ အကုသိုလ် တရားတို့ပေတည်း။

တပည့်တို့ - တကိုယ်လုံး အဆိပ်တက်၍ နေရာ၌ ထိုအဆိပ် ပျောက်ကင်းအောင် ဆေးကို ရေနှင့် ဖျော်၍ သောက်ပြန်ရာ တကိုယ်လုံး ပြန့်နှံမှုကား ရေကိစ္စပင် လျှင်တည်း။ ထိုအဆိပ်တို့ကို ကင်းပျောက်စေမှုမှာ ဆေးကိစ္စတည်း။ ရေသည် အဆိပ်ကို ကင်းပျောက်အောင် မတတ်နိုင်။ အဆိပ် ကင်းပျောက်စေ တတ်သော ဆေးမဟုတ်။ ဆေးမှသာလျှင် အဆိပ်ကို ကင်းပျောက်စေနိုင်၏။ ကင်းပျောက်စေ နိုင်သော ဆေးတည်း။

ထို့အတူ တပည့်တို့ - ကုသိုလ် သုစရိုက် အာရုံကိုသိမှု တွယ်မှုကား စိတ်ကိစ္စတည်း။ ကုသိုလ် သုစရိုက်မှု ထင်အောင် ပြီးစီးအောင် အဆိပ်နှင့်တူတဲ့ ဒုစရိုက်မှု အပါယ ဒုက္ခမှုတို့ကို ကင်းပျောက် အောင် ပြုမှုကား ခြွေရံ နောက်လိုက် သင်းပင်း နှင့်တကွ အလောဘ, အဒေါသ, အမောဟတို့၏ ကိစ္စတည်း။

စိတ်သည် ကုသိုလ် သုစရိုက်မှု ထင်အောင် ပြီးစီးအောင် အဆိပ်နှင့် တူတဲ့ ဒုစရိုက်မှု အပါယ ဒုက္ခတို့ကို ကင်းပျောက်အောင် မတတ်နိုင်။ ကင်းပျောက်အောင် တတ်စွမ်း နိုင်သာ ကုသိုလ်တရား မဟုတ်။ ခြွေရံနောက်လိုက် သင်းပင်းနှင့်တကွ အလောဘ, အဒေါသ, အမောဟ တရားတို့မှသာလျှင် သုစရိုက်မှု ထင်အောင် ပြီးစီးအောင် အဆိပ်နှင့်တူသဲ ဒုစရိုက်မှု အပါယဒုက္ခမှုတို့ကို ကင်းပျောက် အောင် ပြုစွမ်းနိုင်၏။ ထိုအမှုတို့ကို ပြုစွမ်းနိုင်သာ ကုသိုလ် တရားတို့ပေတည်း။

တပည့်တို့ - ဤကဲ့သို့ စိတ်၏ သဘောကိစ္စ ကုသိုလ် အကုသိုလ်တို့၏ သဘော ကိစ္စတို့ကို အသီး အသီး ကွက်ခြား၍ သိမှတ်ကြ။

တပည့်တို့ - ဤပန်းချီဆေး ဥပမာ၊ အဆိပ်ရည် ဥပမာ၊ အဆိပ်ပျောက်ဆေးရည် ဥပမာတို့၌ ရေနှင့် တွဲဘက်ရမှ ရေရှေ့ဆောင်၍ ပေးမှသာလျှင် ပန်းချီဆေးတို့ အဆိပ်တို့ အဆိပ်ပျောက်ဆေးတို့ မိမိတို့သည် ကိစ္စကို ပြီးစီးအောင် ပြုနိုင်ကြသည်။ ရေနှင့် မတွဲဘက်ရလျှင် ရှေ့ဆောင်၍ မပေးလျှင် မိမိတို့ကိစ္စကို ပြီးစီးအောင် မပြုနိုင်ကြပြီ။

ထိုသို့ဖြစ်၍ ရေသည် မိမိသဘော မူလရင်းက ပန်းချီဆေး အဆိပ် အဆိပ်ပျောက်ဆေး မဟုတ်ငြား သော်လည်း ပန်းချီဆေး အဆိပ် အဆိပ်ပျောက်ဆေးတို့နှင့် ပေါင်းရောမိသောအခါ ရှေ့ဆောင် ကိစ္စဖြင့် ထိုပန်းချီဆေး အဆိပ် အဆိပ်ပျောက်ဆေးတို့နှင့် လိုက်လျောလေတော့၏။ သဘောတူလေ တော့၏။ ပန်းချီဆေးဟူ၍ပင် အဆိပ်ဟူ၍ပင် အဆိပ်ပျောက်ဆေး ဟူ၍ပင် ခေါ်ဆို ရေတွက်ခြင်းသို့ ရောက်လေတော့၏။

ထို့အတူ တပည့်တို့ - ဤကုသိုလ် အကုသိုလ်တရား တို့သည်လည်း စိတ်နှင့် တွဲဘက်ရမှ စိတ် ရှေ့ဆောင်၍ ပေးမှသာလျှင် မိမိတို့ ကိစ္စကို ပြီးစီးအောင် ပြုနိုင်ကြသည်။ စိတ်နှင့် မတွဲဖက်ရလျှင် စိတ်ရှေ့ဆောင်၍ မပေးလျှင် မိမိကိစ္စတို့ ပြီးစီးအောင် မပြုနိုင်ကြပြီ။

ထိုသို့ဖြစ်၍ စိတ်သည် မိမိသဘော မူလရင်းက ကုသိုလ် အကုသိုလ် မဟုတ်ငြားသော်လည်း ကုသိုလ် အကုသိုလ် တရားတို့နှင့် ပေါင်းရောမိသော အခါ ရှေ့ဆောင် အကြီးအမှူးကိစ္စဖြင့် ထိုကုသိုလ် အကုသိုလ် တရားတို့နှင့် လိုက်လျောလေတော့၏။ သဘောတူလေတော့၏။

ဖဿ, ဝေဒနာ, ဝိတက် ဝိစာရ စသည်တို့ကဲ့သို့ လူဆိုး လူကောင်း နှစ်ဦးနှင့် ပေါင်းသင်းသော သူနှင့် တူသော အညသမာန်း တရားပင် ဖြစ်လေတော့၏။ ကုသိုလ် အကုသိုလ် ဟူ၍ ခေါ်ဆိုရေတွက်ခြင်း သို့ ရောက်လေတော့၏။

ထို့ကြောင့်ဘဲ တပည့်တို့ - လောဘ, ဒေါသ, မောဟ တို့နှင့်အတူတကွ ထင်ရှား ပေါ်ထသောစိတ် စေတသိက် အားလုံးကုန်ကို ဣမေဓမ္မာ အကုသလာ - ဟူ၍ အလောဘ, အဒေါသ, အမောဟ တို့နှင့် အတူတကွ ထင်ရှားပေါ်ထသော အကုသလဝိဒ္ဓံသန ကိစ္စရှိသော စိတ် စေတသိက် အားလုံးကုန်ကို ဣမေဓမ္မာ ကုသလာ - ဟူ၍ ဓမ္မသင်္ဂဏီ ပါဠိတော်၌ ဘုရားရှင် ဟောတော်မူသည်။

ဣမေ ဓမ္မာ၊ ဤ လောဘ, ဒေါသ, မောဟတို့နှင့် အတူတကွ ထင်ရှား ဖြစ်ပေါ်ကြသော စိတ် စေတသိက် တရားတို့သည်။
အကုသလာ၊ အကုသိုလ် တရားတို့ပေတည်း။

ဣမေဓမ္မာ၊ အကုသလ ဝိဒ္ဓံ သနကိစ္စ ရှိသော အလောဘ, အဒေါသ, အမောဟ တို့နှင့် အတူတကွ ထင်ရှားဖြစ်ပေါ် ကြသော စိတ် စေတသိက် တရားတို့သည်။
ကုသလာ၊ ကုသိုလ်တရားတို့ပေတည်း ဟု (အနက်ပေး) ။

စိတ်ဓာတ်၏ရှေ့သွား ဖြစ်ပုံကို ပြခြင်း

တပည့်တို့ - ရေသည် အဆိပ်ဆေးတို့နှင့် ပေါင်းရောမိသောအခါ ထိုအဆိပ် ဆေးတို့၏ အကြီးအမှူး ရှေ့သွားခေါင်းတည် ဆရာကြီးပင် ဖြစ်ဘိသကဲ့သို့ ထို့အတူ စိတ်သည်လည်း ကုသိုလ် အကုသိုလ် တို့နှင့် ပေါင်းရောမိသောအခါ ထိုကုသိုလ် အကုသိုလ်တို့၏ အကြီးအမှူး ရှေ့သွားခေါင်းတည် ဆရာကြီးပင် ဖြစ်လေတော့၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ဧကင်္ဂုတ္တရ ပါဠိတော် မနောပုဗ္ဗင်္ဂမသုတ်၌ –

ယေကေစိ ဘိက္ခဝေ ဓမ္မာ အကုသလာ အကုသလဘာဂိယာ အကုသလပက္ခိကာ၊ သဗ္ဗေ တေ မနောပုဗ္ဗင်္ဂမာ၊ မနော တေသံ ဓမ္မာနံ ပဌမံ ဥပ္ပဇ္ဇတိ၊ အနွဒေဝ အကုသလာ ဓမ္မာ၊ ယေကေစိ ဘိက္ခဝေ ဓမ္မာ ကုသလာ ကုသလဘာဂိယာ ကုသလပက္ခိကာ။ သဗ္ဗေ တေ မနော ပုဗ္ဗင်္ဂမာ၊ မနော တေသံ ဓမ္မာနံ ပဌမံ ဥပ္ပဇ္ဇတိ၊ အနွဒေဝ ကုသလာ ဓမ္မာတိ။

ဟူ၍ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ယေကေစိ၊ အမှတ်မရှိ အလုံးစုံကုန်သော။
အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။
အကုသလဘာဂိယာ၊ အကုသိုလ် အဖို့၌ ပါဝင်ကြကုန်သော။
အကုသလ ပက္ခိကာ၊ အကုသိုလ်၏ အပင်းအသင်း ဖြစ်ကြကုန်သော။
ဓမ္မာ၊ သဘောတရားတို့သည်။
သန္တိ၊ ရှိကုန်၏။
တေ သဗ္ဗေ၊ ထိုအလုံးစုံသော တရားတို့သည်။
မနောပုဗ္ဗင်္ဂမာ၊ စိတ်လျှင် အကြီးအမှူး ရှေ့သွားရှိကြကုန်၏။
မနော၊ စိတ်သည်။
တေသံ ဓမ္မာနံ၊ ထိုအကုသိုလ်တရားတို့၏။
ပဌမံ၊ ရှေးဦးစွာ။
ဥပ္ပဇ္ဇတိ၊ အာရုံ၌ စွဲကပ်တွယ်ဖြစ်၏။
အကုသလာ ဓမ္မာ၊ ခြွေရံ သင်းပင်းနှင့်တကွ လောဘ ဒေါသစသော အကုသိုလ် တရားတို့သည်။
အနွဒေဝ၊ နောက်လိုက် ငယ်သားတို့သာလျှင်တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ယေကေစိ၊ အမှတ်မရှိ အလုံးစုံကုန်သော။
ကုသလာ၊ ကုသိုလ်ဖြစ်ကုန်သော။
ကုသလ ဘာဂိယာ၊ ကုသိုလ်အဖို့အစု၌ ပါဝင်ကြကုန်သော။
ကုသလ ပက္ခိကာ၊ ကုသိုလ်၏ အပင်းအသင်း ဖြစ်ကြကုန်သော။
ဓမ္မာ၊ သဘောတရားတို့သည်။
သန္တိ၊ ရှိကုန်၏။
တေ သဗ္ဗေ၊ ထိုအလုံးစုံသော တရားတို့သည်။
မနောပုဗ္ဗင်္ဂမာ၊ စိတ်လျှင် အကြီးအမှူး ရှေ့သွားရှိကြကုန်၏။
မနော၊ စိတ်သည်။
တေသံ ဓမ္မာနံ၊ ထိုကုသိုလ်တရားတို့၏။
ပဌမံ၊ ရှေးဦးစွာ။
ဥပ္ပဇ္ဇတိ၊ အာရုံ၌ စွဲကပ်တွယ်ဖြစ်၏။
ကုသလာ ဓမ္မာ၊ ခြွေရံ သင်းပင်းနှင့်တကွ အလောဘ အဒေါသစသော ကုသိုလ် တရားတို့သည်။
အနွဒေဝ၊ နောက်လိုက် ငယ်သားတို့သာလျှင်တည်း။

စိတ်ယဉ်ကျေးက
အကျိုးများကြောင်းကို ပြခြင်း

တပည့်တို့ - ဤစိတ်ကလေးသည် ကုသိုလ် အကုသိုလ်၏ အဖော်သဟဲ အကြီးအမှူး ရှေ့သွား ခေါင်းတည် ဖြစ်ခြင်းကြောင့် အကုသိုလ်တရားတို့နှင့် ပေါင်းရောမိလျှင် အကုသိုလ်တရားတို့နှင့် လိုက်လျော၍ သဘောတူ၍ အလွန်တရာ ဆိုးညစ် ကြမ်းကြုတ်၍ ကြီးစွာသော အကျိုးမဲ့ ဆင်းရဲဒုက္ခကို ဖြစ်စေတတ်သည်။ စိတ်ထက် အကျိုးမဲ့ ဆင်းရဲဒုက္ခကို ဖြစ်အောင် ပြုတတ်သော တရားဟူ၍ လောက၌ မရှိ။

ကုသိုလ်တရားတို့နှင့် ပေါင်းရောမိပြန်လျှင်လည်း ဤစိတ်ကလေးသည် ကုသိုလ် တရားနှင့် လိုက်လျော၍ သဘောတူ၍ အလွန်တရာ နူးညံ့ ယဉ်ကျေး၍ ကြီးစွာသော ကောင်းကျိုး ချမ်းသာကို ဖြစ်စေတတ်သည်၊ စိတ်ထက် ကောင်းကျိုး ချမ်းသာကို ဖြစ်အောင် ပြုတတ်သော တရားဟူ၍လည်း လောက၌ မရှိ။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ဧကင်္ဂုတ္တရ ပါဠိတော် အတ္ထာနတ္ထ သံဝတ္တနသုတ်၌ -

နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ။ ယံ ဧဝံ အဒန္တံ မဟတော အနတ္ထာယ သံဝတ္တတိ။ ယထယိဒံ ဘိက္ခဝေ စိတ္တံ၊ စိတ္တံ ဘိက္ခဝေ အဒန္တံ မဟတော အနတ္ထာယ သံဝတ္တတိ၊ နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ ဒန္တံ မဟတော အတ္ထာယ သံဝတ္တတိ။ ယထယိဒံ ဘိက္ခဝေ စိတ္တံ၊ စိတ္တံ ဘိက္ခဝေ ဒန္တံ မဟတော အတ္ထာယ သံဝတ္တတီတိ။

ဟူ၍ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ စိတ္တံ၊ ဤစိတ်သည်။
အဒန္တံ၊ မနူးညံ့ မယဉ်ကျေးသည်ရှိသော်။
မဟတော အနတ္ထာယ၊ ကြီးစွာသော အကျိုးမဲ့ငှါ။
သံဝတ္တတိ ယထာ၊ ဖြစ်ဘိသကဲ့သို့။
ဧဝံ၊ ဤအတူ။
ယံ၊ အကြင် တရားသည်။
အဒန္တံ၊ မနူးညံ့ မယဉ်ကျေးသည်ရှိသော်။
မဟတော အနတ္ထာယ၊ ကြီးစွာသော အကျိုးမဲ့ငှါ။
သံဝတ္တတိ၊ ဖြစ်၏။
အညံ၊ စိတ်မှတပါးသော။
တံ ဧကဓမ္မမ္ပိ၊ ထိုကြီးစွာသော အကျိုးမဲ့ခြင်းငှါ ဖြစ်နိုင်သော တခုသော တရား ကိုမျှလည်း။
အဟံ၊ ငါဘုရားသည်။
န သမနုပဿာမိ၊ သမန္တစက္ခုဖြင့် ရှာဖွေကြည့်ရှု၍ မြင်တော်မမူ။
ဘိက္ခဝေ၊ ရဟန်းတို့။
စိတ္တံ၊ စိတ်သည်။
အဒန္တံ၊ မနူးညံ့ မယဉ်ကျေးသည်ရှိသော်။
မဟတော အနတ္ထာယ၊ ကြီးစွာသော အကျိုးမဲ့ငှါ။
သံဝတ္တတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ စိတ္တံ၊ ဤစိတ်သည်။
ဒန္တံ၊ နူးညံ့ ယဉ်ကျေးသည်ရှိသော်။
မဟတော အတ္ထာယ၊ ကြီးစွာသော အကျိုးငှါ။
သံဝတ္တတိယထာ၊ ဖြစ်ဘိသကဲ့သို့။
ဧဝံ၊ ဤအတူ။
ယံ၊ အကြင် တရားသည်။
ဒန္တံ၊ နူးညံ့ယဉ်ကျေး သည်ရှိသော်။
မဟတော အတ္ထာယ၊ ကြီးစွာသောအကျိုးငှါ။
သံဝတ္တတိ၊ ဖြစ်နိုင်၏။
အညံ၊ စိတ်မှတပါးသော။
တံ ဧကဓမ္မမ္ပိ၊ ထိုကြီးစွာသောအကျိုးငှါ ဖြစ်နိုင်သော တခုသော တရားကိုမျှလည်း။
အဟံ၊ ငါဘုရားသည်။
န သမနုပဿာမိ၊ သမန္တစက္ခုဖြင့် ရှာဖွေကြည့်ရှု၍ မြင်တော်မမူ။
ဘိက္ခဝေ၊ ရဟန်းတို့။
စိတ္တံ၊ စိတ်သည်။
ဒန္တံ၊ နူညံ့ယဉ်ကျေးသည်ရှိသော်။
မဟတော အတ္ထာယ၊ ကြီးစွာသောအကျိုးငှါ။
သံဝတ္တတိ၊ ဖြစ်၏။

ထိုကြောင့် တပည့်တို့ - ကောင်းကျိုး ချမ်းသာကို အလိုရှိကြသော ပညာရှိတို့သည် အကုသိုလ် တရားတို့ကြောင့် ဆိုးညစ် ကြမ်းကြုတ်၍နေသော မိမိတို့၏ စိတ်ကလေးကို ကုသိုလ်တရားတို့ဖြင့် နူးညံ့ ယဉ်ကျေးအောင် နှိပ်ကွပ် ဆုံးမကြကုန်၏။

ဒုန္နိဂ္ဂဟံ သုဒုဒ္ဒမံ၊ ယထာ ကာမနိပါတိနံ။
စိတ္တံ ဒမေန္တိ ပဏ္ဍိတာ၊ စိတ္တံ ဒန္တံ သုခါဝဟံ။

သေက္ချဘာသိတဂါထာ

သိဿာ၊ အို - တပည့်တို့။
ယထာကာမနိပါတိနံ၊ အာရုံဟူသမျှ၌ အလိုရှိတိုင်း ပြေးသွား ကျရောက်လေ့ရှိသော။
ဒုန္နိဂ္ဂဟံ၊ အလိုရှိတိုင်း မပြေးသွားနိုင်အောင် အလွန်နှိပ်ကွပ်ရ ခက်ခဲသော။
သုဒုဒ္ဒမံ၊ နူးညံ့ ယဉ်ကျေးအောင် အလွန် အဆုံးမရ ခက်ခဲသော။
စိတ္တံ၊ မိမိတို့၏ စိတ်ကို။
ပဏ္ဍိတာ၊ အပြစ်အကျိုးကို မြော်မြင်ကြ ကုန်သော ပညာရှိတို့သည်။
ဒမေန္တိ၊ နူးညံ့ယဉ်ကျေးအောင် ဆုံးမကြကုန်၏။
သိဿာ၊ အို - တပည့်တို့။
စိတ္တံ၊ စိတ်သည်။
ဒန္တံ၊ နှိပ်ကွပ်ဆုံးမ၍ နူးညံ့ယဉ်ကျေးသည် ရှိသော်။
သုခါဝဟံ၊ အတုမရှိ ချမ်းသာကို ရွက်ဆောင်နိုင်၏။ ၂၅။

တပည့်တို့ - ဤကဲ့သို့ ဝိညာဏ်ဟူသော စိတ်ဓာတ်ကလေး၏ သဘော လက္ခဏာ အခြင်းအရာ ဓာတ်နရတ်ကို ကောင်းမွန်သေချာစွာ သိမှတ်ကြ။ ဤကား စိတ်ဓာတ်ကလေး၏ သဘောသကန် ဓာတ်နရုတ်ကို ပြဆိုချက်တည်း။

စိတ်ဓာတ်၏အိမ်ကို ဖန်ဆင်းပုံကို ပြခြင်း

တပည့်တို့ - ဤစိတ်ဓာတ်ကလေးသည် အဘယ်၌ တည်၍ အဘယ်လို ဖြစ်၍ နေသနည်းဟု ဆိုသော် ဟောပြမည်၊ တပည့်တို့ - ကောင်းမွန်စွာနာကြ သိမှတ်ကြ ကုန်လော့။

တပည့်တို့ - ဤစိတ်ဓာတ်ကလေးသည် အလွန်တရာ ဆန်းကြယ်သည် အလွန်တရာ တန်ခိုး အာနုဘော်အစွမ်းသတ္တိ ကြီးမား ထက်မြက်သည်၊ လောက၌ စိတ်ဓာတ်ထက် ဆန်းကြယ်သာဟူ၍ တန်ခိုးအာနုဘော် အစွမ်းသတ္တိကြီးမား ထက်မြက်သာဟူ၍ တခုမျှမရှိပြီ။

တပည့်တို့ - ဤကဲ့သို့ အတုမရှိ ဆန်းကြယ်သော အတုမရှိ တန်ခိုးအာနုဘော် အစွမ်းသတ္တိ ထက်မြက်သော အတုမရှိ ဆင်းရဲ ချမ်းသာကို ရွက်ဆောင်နိုင်သော ဤစိတ်ဓာတ်ကလေးသည် အာရုံခြောက်ပါးကို အလွန်တရာ နှစ်သက် စုံမက်၏။ ကြိုက်၏။ လိုချင်၏။ အာရုံကင်း၍ ခွဲ၍ နေခြင်းငှါ မတတ်နိုင်ပြီ။

ထို့ကြောင့် တပည့်တို့ - ဤစိတ်ဓာတ်ကလေးသည် ဗဟိဒ္ဓ၌ မိမိခံစားဖို့ရာ ဆန်းဆန်းကြယ်ကြယ်နှင့် ပြည့်စုံသော အယုတ်အလတ် အမြတ် သုံးပါးနှင့် ပြည့်စုံသော စကြဝဠာ ကမ္ဘာလောက တည်းဟူသော အာရုံခြောက်ပါးခဲကြီးကို ဖန်ဆင်းပြုလုပ်၏။ အဇ္ဈတ္တ၌လည်း မိမိနေဖို့ရာ ခံလည်း ခံစား သုံးဆောင်ဖို့ရာ အာရုံခြောက်ပါးခဲ ဟူသော ရုပ်ကောင် ခန္ဓာအိမ်ကို လည်း ဖန်ဆင်းပြုလုပ်၏။

တပည့်တို့ - ဤစိတ်ကလေးသည် ဗဟိဒ္ဓရုပ်တွေကို ကံဆရာကြီးကို စေခိုင်း၍ ကံဆရာကြီးက တဆင့် တပည့် မောင်ဥတုကို စေခိုင်း၍ မောင်ဥတုကို ပြုလုပ် စေသည်။ ဤအဇ္ဈတ္တရုပ်ကောင် ခန္ဓာအိမ်ကိုကား ခပ်ကြမ်းကြမ်းစုကို တပည့် ငဥတု အာဟာရတို့ကို ပြုလုပ်စေသည်၊ အချောအမှုန် အနုအနယ်တို့ကို ကံဆရာကြီးကိုယ်တိုင် ပြုလုပ်စေသည်။ မိမိလည်း ကူညီ၍ ဝင်၍ပြုလုပ်သည်။

တပည့်တို့ - စိတ်သခင် နေဖို့ရာ ခန္ဓာအိမ် ဆောက်လုပ်တဲ့ ဤ ကံလက်သမား ဆရာကြီးသည် အလွန်တရာ လိမ်မာ တတ်မြောက်သည်၊ အလွန်တရာ လက်ရာမြောက်သည်၊ ဝိသုကြုံနတ်သား ထက်ပင် သာလွန်၍ လိမ်မာ တတ်မြောက်သည်၊ ဤ ကံ ဤ ကံ ဆရာကြီး ဖန်ဆင်းပြုလုပ် ရာမှာလည်း စိတ်သည် အလိုအတိုင်း အမိန့်ပေးတိုင်း ပြုလုပ်ရတယ်၊

တပည့်တို့ -
စိတ်သခင်နေဖို့ရာ အကောင်အထည် ခန္ဓာအိမ်ကြီး အလယ်၌ နှလုံးဗူးလိုဏ်ကလေး ပြုလုပ်၍ ထို နှလုံးဗူးလိုဏ်အတွင်း၌ နှလုံးသွေး ဟူသော ဟဒယဝတ္ထု၊ ရုပ်ပလ္လင် ပြုလုပ်ရသည်၊
စိတ်သခင် ရူပါရုံကို ထွက်၍ ခံစားစရာ ရူပါရုံဝင်လာစရာ မျက်စိအကြည် တံခါးပြုလုပ်ရသည်၊
သဒ္ဒါရုံကို ထွက်၍ ခံစားစရာ သဒ္ဒါရုံဝင်လာစရာ နားအကြည် တံခါး ပြုလုပ်ရသည်၊
ဂန္ဓာရုံကိုထွက်၍ ခံစားစရာ ဂန္ဓာရုံ ဝင်လာစရာ နှာခေါင်းအကြည် တံခါး ပြုလုပ်ရသည်၊
ရသာရုံကိုထွက်၍ ခံစားစရာ ရသာရုံ ဝင်လာစရာ လျှာအကြည် တံခါးပြုလုပ်ရသည်၊
ဖောဋ္ဌဗ္ဗာရုံကို ထွက်၍ ခံစားစရာ ဖောဋ္ဌဗ္ဗာရုံ ဝင်လာစရာ ကိုယ်အကြည် တံခါး ပြုလုပ်ရသည်။

ဤစိတ်သခင် နေဖို့ ခန္ဓာအိမ်၌ အကြည်မှန်တံခါး ငါးပေါက်ရှိသည်၊

တပည့်တို့ - ဤစိတ်ကလေးသည် ခန္ဓာအိမ်ဆောက်ရန် ကံလက်သမားကို ငှါးသောအခါ နုတေး ညံ့ဖျင်းသော ကံ လက်သမားကို ငှါးခိုင်းမိလျှင်လည်း ခန္ဓာအိမ်ကိုပင် ကောင်းအောင် မလုပ်နိုင်ဘူး၊ တပည့်တို့ - တံခါးပေါက် ပြည့်စုံအောင် မတတ်နိုင်ဘူး၊ လှပ ချောမွန်အောင် မလုပ်နိုင်ဘူး၊ အဘယ် ခန္ဓာအိမ်များနည်း ဆိုသော် သုဂတိ အဟိတ်ပုဂ္ဂိုလ်များ၏ ခန္ဓာအိမ် တပည့်တို့။

တပည့်တို့ - ဤစိတ်သခင်သည် တရံတခါလည်း ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ တို့ကို မကြိုက်ဘူး၊ မခံစားချင်ဘူး၊ ရွံသည်၊ မုန်းသည်၊ ထိုအခါ စိတ်သခင် မကြိုက်ခြင်းကြောင့် အလိုမရှိခြင်းကြောင့် ထိုဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့ ဝင်ရောက်စရာ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည် တံခါး တို့ကို ကံဆရာကြီးက မပြုလုပ်ဘူး။ အကြည်မှန်တံခါး မတတ်ဘူး။ တံခါးနေရာ အသွင် သဏ္ဌာန်မျှသာ ပြုလုပ်သည်။ အဘယ် ခန္ဓာအိမ်များမှာနည်းဆိုသော် ရူပါဝစရဗြဟ္မာ ခန္ဓာအိမ် များမှာ တပည့်တို့။

တရံတခါလည်း ဤ စိတ်သခင်သည် ရုပ်ကို မကြိုက်ဘူး၊ ရုပ်နှင့်မနေချင်ဘူး၊ ရှုံသည်၊ မုန်းသည်။ ထိုအခါ စိတ်သခင် မကြိုက်ခြင်းကြောင့် အလိုမရှိခြင်းကြောင့် ကံဆရာကြီးသည် ရုပ်ခန္ဓာအိမ်ကိုဘဲ မဆောက်လုပ်ရဘူး။ တပည့်တို့ - ထိုစိတ်ကလေးသည် ရုပ်ခန္ဓာ အိမ်ကို မမှီဘဲ မိမိချည်း ကောင်းကင်မှာတည်၍ နေသည်။ အဲသည် စိတ်ကလေးကို အရူပ ဗြဟ္မာဟု ခေါ်ကြသည် တပည့်တို့။

တရံတခါလည်း ဤစိတ်ကလေးသည် ထင်ထင်ရှားရှား ဖြစ်ပေါ်၍ နေရသာ သိသိ နေရသာ ပျင်းတယ် တပည့်တို့။ ပင်ပန်းတယ် မောတယ် ရွံတယ် ပျင်းမုန်း ငြီးငွေ့တယ်။ ထို့ကြောင့် ကမ္ဘာ ငါးရာမျှလောက် ကာလကြာအောင် များလည်း မဖြစ်ပေါ်ဘဲ ကွယ်ငုပ်၍ တွတ်တူပုန်း၍နေသည်။ ထိုအခါ ကံဆရာကြီးမှာ ရုပ်ခန္ဓာ အိမ်ကိုသာ ဆောက်လုပ်၍ ထားရလေတော့တယ် တပည့်တို့။ စိတ်ကလေးမပါဘူး၊ မရှိဘူး။ အဘယ်ခန္ဓာအိမ်နည်းဆိုသော် အသညသတ် ဗြဟ္မာ ခန္ဓာအိမ် တပည့်တို့။

တချို့စိတ်ကလေးများလည်း ရုပ်နှင့်လည်း မနေချင်ဘူး၊ အာရုံတွေကိုလည်း မခံစားချင်ဘူး၊ တခါတည်း အပြီးတိုင် ရွံသည် မုန်းသည်။ မိမိလည်း ထင်ရှား ဖြစ်ပေါ်နေရသာ ပျင်းတယ်၊ ပင်ပန်းတယ်၊ မောတယ်၊ ရွံတယ်၊ ငြီးငွေ့တယ်၊ သိသိပြီး မနေချင်ဘူး။ ထိုအခါ စိတ်ကလေး မဖြစ်ပေါ်လာဘူး တပည့်တို့ - တခါတည်းအပြီး ကွယ်ငုပ် ကင်းပျောက်၍ သွားလေတော့သည်၊ ဘယ်တော့မှ မပေါ်ရှိလာဘူး။ တပည့်တွေနှင့် တကွ ကံဆရာကြီးများလည်း စိတ်သခင် အလိုမရှိခြင်းကြောင့် ရုပ်ခန္ဓာအိမ်ကိုလည်း မဆောက်လုပ်ရဘူး။ ကျွေးမွေး ချီးမြှောက်မည့် စိတ်သခင် မရှိခြင်းကြောင့် မိမိလည်းမရှိဘဲ ကင်းပျောက်ရလေ တော့သည်။ အဘယ်ပုဂ္ဂိုလ်၏ စိတ်နည်း ဆိုသော် ဘုရား ရဟန္တာ ပုဂ္ဂိုလ်များ၏ စိတ် တပည့်တို့။

စိတ်ဓာတ်ကလေး၏ မှီနေရာဌာနကို ပြခြင်း

တပည့်တို့ - ဤစိတ်ကလေးသည် ဤကဲ့သို့ မှီနေစရာ ခန္ဓာအိမ်ပြုလုပ်၍ နှလုံဗူးလိုဏ်တွင်း၌ ကံဆရာကြီး ဖန်ဆင်း ပြုလုပ်အပ်သော ဟဒယဝတ္ထု ရုပ်ဟူသော နှလုံးသွေး ရုပ်ရည်မှုန့်ကလေး ပေါ်မှာ မှီတွယ်၍ နေသည်။

ဤ နှလုံးသွေးရုပ်ရည် မှုန့်ကလေးပေါ်သို့ အဘယ်အခါ၌ စိတ်ကလေး ရောက်၍လာသနည်း ဆိုသော် ရုပ်ဖြစ်စအခါ အစဆုံး အခါကဘဲ ရောက်၍လာသည်။ အစဆုံး ပဌမ ကလလရေကြည် တည်စက ကံကြောင့် ရုပ်ရည်မှုန့်ကလေး သုံးခု အမိဝမ်း သားအိမ် အတွင်းမှာ ဖြစ်ပေါ်လာကြရာ ထိုရုပ်ရည် မှုန့်ကလေး သုံးခုတို့တွင် တခုသော ရုပ်ရည်မှုန့်ကလေး အပေါ်မှာ ဤစိတ်ကလေး မှီတွယ်လျက် ရုပ်နှင့် တပြိုင်တည်းပင် ပါ၍လာသည်။ ဤစိတ်မှီတွယ်ရာ ရုပ်ရည်မှုန့်ကလေးဘဲ နှလုံး သွေးဖြစ်၍ လာသည် တပည့်တို့။ ရုပ်ရည်မှုန့်ကလေးတွေလည်း များ၍များ၍ လာသည်။

တပည့်တို့ - ဤစိတ်ကလေးသည် ဤကဲ့သို့ နှလုံးဗူး လိုဏ်တွင်း၌ ကိန်းဝပ် နေထိုင်လျက် စက္ခုဒွါရ မျက်စိအကြည်တံခါးရူပါရုံဝင်လာ ထိခိုက်လာလျှင် နှလုံးဗူး လိုဏ်တွင်းမှ ထွက်ခဲ့၍ စက္ခုအကြည် တံခါးသို့ ရောက်၍ ထိုထိခိုက် လာသော ရူပါရုံကို ခံစားပြီးလျှင် နှလုံးဗူး လိုဏ်တွင်းသို့ ရောက်၍ ဝင်၍နေပြန်၏။

တဖန် သောတဒွါရ နားအကြည်တံခါးသဒ္ဒါရုံဝင်လာ ထိခိုက်လာလျှင် နှလုံးဗူးလိုဏ်တွင်းမှ ထွက်ပြန်၍ သောတ အကြည် တံခါးသို့ ရောက်၍ ထိုထိ ခိုက်လာသော သဒ္ဒါရုံကို ခံစားပြီးလျှင် နှလုံးဗူး လိုဏ်တွင်းသို့ပင် ပြန်၍ဝင်နေ ပြန်၏။

ဃာနဒွါရ နှာခေါင်းအကြည် တံခါးဂန္ဓာရုံ
ဇိဝှါဒွါရ လျှာအကြည် တံခါးရသာရုံ
ကာယဒွါရ ကိုယ်အကြည် တံခါးဖောဋ္ဌဗ္ဗာရုံတို့

ထိခိုက်လာလျှင်လည်း ရှေးနည်းအတူဘဲ တပည့်တို့ - ထွက်၍ ထွက်၍ ခံစားပြီးလျှင် နှလုံးဗူးလိုဏ် တွင်းသို့ပင် ပြန်၍ဝင်နေ၏။

စိတ်ဓာတ်ကလေး၏
ဤကိုယ်ထဲ၌ ဖြစ်နေပုံကို ပြခြင်း

တပည့်တို့ - ဤစိတ်ကလေး၏ ဖြစ်၍ တည်၍နေပုံသည် အဘယ်နှင့် တူသနည်းဆိုသော် ငါးပါးသော နေရာအရပ်၌ ပင့်ကူ ချည်မျှင်တွေ တန်းလျက် အိမ်ဖွဲ့၍ မိမိကား အလယ်ချက်မ၌နေလျက် တခုခုသော အစွန်၌ ဖြစ်စေ၊ လိပ်ပြာဖြစ်စေ အမှတ်မရှိ တစုံတခုသော ပိုးကောင်သည် ငြိတွယ် မိသည်ရှိသော် မိမိ ချည်ကြိုး တို့ဖြင့် လျှောက်သွား၍ ထိုတွယ်ငြိ မိနေသော ပိုးကောင်ကို ဖမ်းစားပြီးလျှင် တဖန် မိမိနေရာ အလယ်ချက်မသို့ ပြန်၍ ပြန်၍ နေသော ပင့်ကူကြီးနှင့် တူ၏။

ဤကဲ့သို့ ပင့်ကူနှင့် တူသည်ဟူ၍ အဋ္ဌကထာ ဆရာတို့ ဥပမာ ပြဆိုကြကုန်၏။ ဝလ္လိယ မထေရ်သည်ကား တံခါးငါးပေါက် ရှိသော အိမ်ခန်းတွင်းသို့ ဝင်၍ အလယ်ချက်မ၌ နေလျက် တံခါး ငါးပေါက်တို့သို့ လှည့်လည် ပြေးသွား၍နေသော မျောက်နှင့် တူသည်ဟူ၍ ဥပမာ ထားတော်မူပြီးလျှင် ထိုမျောက်နှင့်တူသော - မိမိစိတ်ကို နှိပ်ကွပ် ဆုံးမတော် မူခြင်းငှါ ထေရဂါထာ ပါဠိတော်၌ –

၁။ မက္ကဋော ပဉ္စဒွါရာယံ၊ ကုဋိကာယံ ပသဂ္ဂိယ။
ဒွါရေန အနုပရိယေတိ၊ ဃဋ္ဋယန္တော မုဟုံ မုဟုံ။

၂။ တိဋ္ဌ မက္ကဋ မာဓာဝိ၊ န ဟိတေ တွံ ယထာ ပုရေ။
နိဂ္ဂဟိတောသိ ပညာယ၊ နေဝ ဓူရံ ဂမိဿသိ။

ဟူသော နှစ်ဂါထာတို့ကို မြွက်ဆိုတော်မူ၏။

မက္ကဋော၊ စိတ်တည်းဟူသော မျောက်မိုက်သည်။
ပဉ္စဒွါရာယံ၊ စက္ခု သောတ စသည် ငါးပါး အကြည်မှန် တံခါးလည်း ရှိထသော။
ကုဋိကာယံ၊ ကံလက်သမား ဆောက်လုပ်ထားဘိ ရုပ်ကုဋိ၌။
ပသဂ္ဂိယ၊ ဥရမဇ္ဈေ လယ်ချက်ဘွေဝယ် သက်ဝင်တွယ်၍။
မုဟုံ မုဟုံ၊ လျင်စွာ လျင်စွာ။
ဃဋယန္တော၊ လှုပ်ရှားကြွကြွ အားယူဆလျက်။
ဒွါရေန၊ စက္ခု သောတ စသည် ငါးပါး မှန်တံခါးဖြင့်။
အနုပရိယေတိ၊ မရပ်မတည် လှည့်လည် ပြေးသွား၏။

မက္ကဋ၊ မရပ်မတည် လှည့်လည် ပြေးသွားသော လှည့်လည်ကမြင်းသော ဟယ် - မျောက်မိုက်။
တိဋ္ဌ၊ ရပ်ဘိလော့။
မာ ဓာဝိ၊ မပြေးလင့်။
တေ၊ သင့်အား။
ပုရေယထာ၊ ရှေးအခါ၌ကဲ့သို့။
န ဟိ၊ မဟုတ်ပြီ။
ဒါနိ၊ ယခု။
တွံ၊ သင်သည်။
ပညာယ၊ ပညာတည်းဟူသော တံဖျာ ကြိမ်လုံးဖြင့်။
နိဂ္ဂဟိတော၊ ငါနှိပ်ကွပ် ဆုံးမအပ်ပြီးသည်။
အသိ၊ ဖြစ်လတ်ပြီ။
တွံ၊ မရပ်မတည် လှည့်လည်ပြေးသွားသော သင်မျောက်မိုက်သည်။
ဒူရံ၊ ငါးဖြာအာရုံ ကာမဂုဏ်တည်းဟူသော ခရီးဝေးသို့။
နေဝ ဂမိဿသိ၊ မသွားရတော့သည် သာလျှင်တည်း။

တပည့်တို့ - ဤစိတ်ကလေးသည် ဤပင့်ကူတို့ မျောက်တို့နှင့် တူသည်၊ ဤ စိတ်ကလေးက မျောက်ထက်ပင် သာလွန်၍ လျှပ်ပေါ် လော်လည် မတည် မကြည် ဆော့သေး ပြေးသွားသေးသည်။

တပည့်တို့ - ဤပင့်ကူတို့ မျောက်တို့ ပိုးကောင်မိတွယ်ရာသို့ တံခါးပေါက်သို့ ပြေးသွားရာမှာ ဤ တကောင်တည်း ပင်လျှင် ပြေးသွား ဆိုက်ရောက်ကြသည်။ ဤစိတ် ကလေးကတော့ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက် အားဖြင့် အလွန်တရာ အသက်တိုသည်ဖြစ်၍ စိတ္တက္ခဏ တချက်တည်းဖြင့် ငါးဒွါရသို့ ရောက်အောင် မပြေးသွားနိုင်ဘူး။ စိတ္တက္ခဏ အဆက်ဆက်သွားမှ ရောက်နိုင်သည်။ စိတ္တက္ခဏ အဆက်ဆက် အားဖြင့်သာ ငါးဒွါရသို့ ပြေးသွား၍ နေသည်။ ထိုသို့ စိတ္တက္ခဏ အားဖြင့် ပြေးသွား၍ နေပုံကို ဟောပြအံ့၊ တပည့်တို့ - ကောင်းစွာနာကြ သိမှတ်ကြ ကုန်လော့။

တပည့်တို့ - စိတ်၏ ဖြစ်ပေါ်ဆဲ ခဏကလေးကို ဥပါဒ် ခဏ, ပျက်ကွယ်ဆဲ ခဏကလေးကို ဘင်ခဏ ထိုဥပါဒ် ဘင်နှစ်ခုတို့၏အကြား ကာလကလေးကို ဌီခဏ ဟုခေါ်သည်။ ဌီဆိုသော်လည်း ကြာကြာ တည်နေတာ မဟုတ်ဘူး။ တပည့်တို့ - ဤကဲ့သို့ အကြား ကာလကလေးကိုပင် ခေါ်ရသည်။

ဥပါဒ်, ဌီ ဘင်, ခဏသုံးပါးသည် ကာလ အကြာ အတူတူမှတ်။ ဤ ဥပါဒ်, ဌီ, ဘင်, ခဏငယ် သုံးပါးနှင့် ပြည့်စုံသော စိတ်တချက်ကို စိတ္တက္ခဏတခုဟူ၍ မှတ်ကြ။

ကုသိုလ် စေတနာ အကုသိုလ် စေတနာကို ကံဟူ၍ မှတ်ကြ။

ထိုကံကို ပြုစဉ်အခါ ဆွမ်း, သင်္ကန်း, ပန်း, နံ့သာ, ဘုရားစေတီ, အလှူခံ ပုဂ္ဂိုလ်, ဓားလှံ လက်နက်, သတ်အပ်သော ပုဂ္ဂိုလ် အစရှိသော ထိုကံမြောက်ဖို့ရာ အဆောက်အဦစုကို ကမ္မနိမိတ် ဟူ၍ မှတ်ကြ။

ထိုကံသည် စီရင်ပို့ချအပ်သဖြင့် ရောက်လတ္တံ့သော ဘုံဘဝ၌ ရှိသော နတ်ဘုံဗိမာန် အမိဝမ်းရေ ငရဲထိန်းမီးလျှံ စသော မိမိထင်မြင်ရသော အာရုံစုကို ဂတိနိမိတ် ဟူ၍ မှတ်ကြ။

ရှေးဘဝစုတိစိတ် ကျပုံကို ပြခြင်း

တပည့်တို့ - သတ္တဝါတို့အား ရှေးဘဝ သေခါနီးအခါ၌ ဤကံ, ကမ္မနိမိတ်, ဂတိ နိမိတ် သုံးပါးတို့တွင် တပါးပါးသော နိမိတ်အာရုံသည် စိတ်၌ထင်လာ၏။

စိတ်သည် အိပ်မက်မြင်ဘိသကဲ့သို့ ထိုထင်လာသော နိမိတ်အာရုံကို အာရုံပြု၍ ထင်မြင်၍ ဖြစ်၏။ထိုနိမိတ်ကို အာရုံပြု၍ ထင်မြင်၍ ဖြစ်သော မရဏာ သန္နဇောစိတ်၏ အခြားမဲ့၌ ထိုရှေးဘဝ ရုပ်ခန္ဓာ နှလုံးဗူလိုဏ်တွင်း၌ အဆုံးစွန် စိတ်တချက် ဖြစ်၍ ချုပ်၏။ ထိုရုပ်ခန္ဓာအိမ်ထဲ၌ စိတ်မရှိပြီ။ ဤအဆုံးစွန် ဖြစ်၍ ချုပ်သောစိတ်ကို ရှေးဘဝမှ နောက်ဘဝသို့ ရွှေ့ပြောင်းတော့မည့် အခြင်းအရာနှင့် ဖြစ်၍ ချုပ်သော စိတ်ဖြစ်ခြင်းကြောင့် “စဝနံစုတိ” စဝနံ၊ ရွေ့လျောခြင်း။ စုတိ၊ ရွေ့လျောခြင်း ဟူသော ဝစနတ္ထနှင့်အညီ စုတိစိတ်ဟူ၍ ခေါ်သည်။

စုတိနောင်စိတ် ဖြစ်ပုံကို ပြခြင်း

တပည့်တို့ - မရဏာသန္နဇော ငါးချက်တို့သည် ပဌမဇော၏ အခြားမဲ့၌ ဒုတိယဇော၊ ဒုတိယဇော၏ အခြားမဲ့၌ တတိယဇော၊ တတိယဇော၏ အခြားမဲ့၌ စတုတ္ထဇော၊ စတုတ္ထဗေဒ၏ အခြားမဲ့၌ ငါးခုမြောက် ပဉ္စမဇော၊ ထိုပဉ္စမဇော၏ အခြားမဲ့စုတိစိတ်ဟု အနန္တရ သမနန္တရ အဆက်ဆက် ကျေးဇူးပြုလျက် အခြားအလပ်မရှိ စိတ်အစဉ်စပ်၍ ဖြစ်ဘိသကဲ့သို့ ထို့အတူ ထိုစုတိစိတ်အခြားမဲ့၌ ထိုစုတိစိတ်နှင့် တစပ်တည်းစပ်လျက် ဤပစ္စုပ္ပန်ဘဝ၌ စိတ်ဖြစ်ပေါ် လာရောက်၏။

ဤပစ္စုပ္ပန် ဘဝ၌ ရှေးဦးစွာ ဖြစ်ပေါ်လာရောက်သော စိတ်ကို ရှေးဘဝနှင့် ဆက်စပ်၍ ဖြစ်သော စိတ်ဖြစ်ခြင်းကြောင့် ပဋိသန္ဓေစိတ်ဟု ခေါ်သည်။

ပဋိသန္ဓေစိတ်သည် အရူပဘုံမှာ ဖြစ်အံ့၊ ရုပ်ကို မမှီပြီ။ မိမိချည်း ကောင်းကင်မှာ တည်ဖြစ်၍ နေ၏။

ရုပ်ရှိသောဘုံမှာဖြစ်လျှင် ကံကြောင့် မိမိနှင့် အတူတကွ ဖြစ်ပေါ်သော ဟဒယ ဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်၏။ အာရုံမှာ ရှေးဘဝ စုတိခါနီးအခါ မရဏာသန္နဇော၌ ကံသည် ထင်စေအပ်သော ထင်လာ နိမိတ်သုံးပါးတို့တွင် တပါးပါးသော နိမိတ်ကို အာရုံပြု၏။ ဤပဋိသန္ဓေ စိတ် ဥပါဒ်, ဌီ, ဘင် ဟု ချုပ်ပျက်လျှင် ဤပဋိသန္ဓေစိတ်အခြားမဲ့ပဋိသန္ဓေ စိတ်သည် ပြုအပ်သော နိမိတ်အာရုံ ကိုပင်လျှင် အာရုံပြု၍ စိတ်တချက် ဖြစ်ပေါ် ပြန်၏။ ဤဖြစ်ပေါ်သောစိတ် ချုပ်ပြန်လျှင် ထိုအာရုံ ကိုပင်လျှင် အာရုံပြု၍ စိတ်တချက် ဖြစ်ပေါ်ပြန်၏။

ဤနည်းတူ တပည့်တို့ - နောက်ကိုလည်း ပဋိသန္ဓေစိတ်သည် ပြုအပ်သော အာရုံကိုပင်လျှင် အာရုံပြု၍ စိတ်အဆက်ဆက် ဖြစ်၍ သွားလေ၏။ ပဋိသန္ဓေစိတ်မှာ မိမိ အရင် ဖြစ်နှင့်သော ဟဒယ ဝတ္ထုရုပ် မရှိသောကြောင့် မိမိနှင့် တပြိုင်နက် ဖြစ်ပေါ် လာသော ဟဒယဝတ္ထုရုပ်ကိုပင် မှီတွယ် ရသည်။ ဤပဋိသန္ဓေ စိတ်၏ နောက်နောက်၌ ဖြစ်သော စိတ်အဆက်ဆက်တို့ သည်ကား မိမိ၏ ရှေးရှေး အနန္တရ စိတ်နှင့် ပြိုင်၍ ဖြစ်ပေါ်သော ဝတ္ထုရုပ်ကို မှီတွယ်ကြ၏။

စက္ခုဒွါရဝီထိ

တပည့်တို့ - ပဋိသန္ဓေစိတ်သည် ပြုအပ်သော နိမိတ်အာရုံကို အာရုံပြု၍ ဤ ပဋိသန္ဓေစိတ် နောင် အဆက်ဆက် ဖြစ်၍သွားသော စိတ်စုကို ဤပစ္စုပ္ပန်ဘဝ၌ ဘဝမပြတ်အောင် မြစ်ရေယဉ်ကဲ့သို့ ဆက်လက်၍ သွားသော စိတ်ဖြစ်ခြင်း ကြောင့်”ဘဝဿ အင်္ဂံ ဘဝင်္ဂံ”

ဘဝဿ၊ ဘဝ၏။
အင်္ဂံ၊ အယဉ်မပြတ်အောင် ဆက်သော စိတ်အင်္ဂါတည်း။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ဘဝင်္ဂံ၊ ဘဝင်မည်၏။
ဟူသော ဝစနတ္ထနှင့်အညီ ဘဝင်စိတ်ဟုခေါ်သည်။

ဤပဋိသန္ဓေစိတ် ဘဝင်စိတ်စုကို ကံပေးသော နိမိတ်အာရုံကိုယူ၍ ကံပစ်ချရာဘဝ၌ ကံအား ကောင်းလျှင် ကောင်းလိုက် ကံအားညံ့လျှင် ညံ့လိုက် ကံပြုပြင်သောအတိုင်း ကံစီရင်သော အတိုင်း ကံအစွမ်းအားလျော်စွာဖြစ်သော စိတ်စုဖြစ်ခြင်းကြောင့် ကံ၏အကျိုး ဝိပါက်စိတ်ဟု ခေါ်သည်။

ဤဝိပါက်စိတ်အစဉ်သည် ကံပေးသော အတိတ် အာရုံကို အာရုံပြုလျက် မြစ်ရေ အယဉ်၌ မျောပါ လေသော ဖက်ရွက်ထုပ် ကလေးကဲ့သို့ အလွန် အမူအရာ ဗျာပါရကင်းလျက် အလွန် ငြိမ်သက်စွာ ဖြစ်၍ နေခြင်းကြောင့် ထိုဘဝင်စိတ်ဖြစ်၍ နေသောအခါ ပုဂ္ဂိုလ်သည် ဘာမှန်းမှ မသိပြီ။ ဤသို့ နေသည်ကို အိပ်ပျော်နေသည် မျောနေသည် မေ့နေသည်ဟု လောက၌ ခေါ်ကြသည်။ ဤကဲ့သို့ နှလုံးသွေး ဟဒယဝတ္ထုရုပ်ပေါ်၌ ဘဝင် ခေါ်သော နဂိုပကတိမူလရင်း စိတ်အစဉ်ဖြစ်၍ နေပုံကို ကောင်းမွန် သေချာစွာ သိမှတ်ကြ တပည့်တို့။

တပည့်တို့ - စိတ်သခင် နေဖို့ရာ ကံဆရာ ဆောက်လုပ်အပ်သော ရုပ်ခန္ဓာ အိမ်သည် တံခါး ငါးပေါက်တို့နှင့် ပြည့်စုံစွာ ကြီးရင့်၍ အမိဝမ်းမှ ဖွားမြင်ပြီး သည်ရှိသော် အကြင်အခါ၌ စက္ခုအကြည် တံခါး၌ ဗဟိဒ္ဓက ရူပါရုံ ထင်လာ ထိခိုက်လာ၏။ ထိုစက္ခုအကြည် တံခါးမှာ ထင်လာ ထိခိုက်လာ သည်နှင့် မရှေး မနှောင်း တပြိုင်နက် ထိုရူပါရုံသည် နှလုံးဗူးလိုဏ်တွင်း မူလ ဘဝင်စိတ်မှာလည်း ထင်၏။ ထိခိုက်၏။ စက္ခု ဘဝင်နှစ်ချက်၌ ရူပါရုံ ထင်မှု ထိခိုက်မှု မရှေးမနှောင်း တပြိုင်နက် ကျပုံမှာ သစ်ပင်၌ ငှက်နားသောအခါ သစ်ကိုင်း၌ ငှက်နားမိသည် နှင့် တပြိုင်နက် သစ်ကိုင်းရိပ်၌ ငှက်ရိပ် နားမှုသည် မရှေး မနှောင်း တပြိုင်နက် ကျဘိသကဲ့သို့ ဥပမာကို မှတ်ကြ။

ထိုသို့ ဘဝင်စိတ်၌ ထင်လာ ထိခိုက်လာသောအခါ ဖြောင့်ငြိမ်စွာသွား၍နေခိုက် တုတ်နှင့် တို့ထိလိုက်၍ တွန့်လှုပ်၍ သွားသော ဆင်ကျင်တန်း ကဲ့သို့၎င်း၊ တီကောင် ကဲ့သို့၎င်း၊ ကံပေးသော အတိတ်အာရုံကို အာရုံပြု၍ ဆွဲတွယ်၍ ငြိမ်သက်စွာ ဖြစ်၍နေသော ဘဝင်စိတ်သည် လှုပ်ရှား၍ သွား၏။ လှုပ်ရှားဆိုသည်ကား မိမိဆွဲတွယ်ရင်း အတိတ်အာရုံဟောင်းကို လွှတ်၍ ယခုထင်လာ ထိခိုက်လာသော အာရုံသစ်ကို အာရုံပြုလို ဆွဲတွယ်လိုသော အခြင်းအရာအားဖြင့် ဖြစ်မှုတည်း။

ထိုရူပါရုံ အထင်အထိ ခံရသော စိတ်သည် မိမိအာရုံပြုမြဲ ဆွဲတွယ်မြဲတိုင်းသော အတိတ် အာရုံဟောင်းကို မလွှတ်တည့်နိုင်ဘဲ လွှတ်လိုသော အာရုံသစ်ကို ဆွဲတွယ်လိုသော အခြင်းအရာ အားဖြင့် လှုပ်ရှားလျက်သာလျှင် တကြိမ် နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ ပဌမအကြိမ်ကို ဘဝင်္ဂစလန ဟု ခေါ်သည်၊

ဒုတိယ အကြိမ် ကံပေးသော အာရုံဟောင်းကိုယူလျက် ဆွဲတွယ်လျက် ငြိမ်သက်စွာ ဖြစ်ခြင်း ဟူသော ဝိပါက ဘဝင်သဘော ထိုစိတ်တွင် အပြတ်ဖြစ်ခြင်းကြောင့် ဘဝင်္ဂုပစ္ဆေဒ ခေါ်သည်။

ထို့နောင် ထိုစိတ်သည် ဟဒယဝတ္ထုရုပ်၌ မှီလျက်ပင် ကံပေးသော အတိတ် အာရုံဟောင်းကို လွှတ်၍ယခုထင်လာသော အာရုံသစ်ကို အာရုံပြုလျက် ဆွဲတွယ်လျက် ဖြစ်၍ ချုပ်၏။ ဤစိတ်ကို အာရုံသစ်ကို သင်း - ဘာလဲဟု ဆင်ခြင်သော အာဝဇ္ဇန ကိစ္စရှိခြင်းကြောင့် အာဝဇ္ဇန်း စိတ်ဟု ခေါ်သည်။
ကံပေးသော အတိတ် အာရုံဟောင်းကိုယူလျက် ဆွဲတွယ်လျက် ငြိမ်သက်စွာ ဖြစ်ခြင်းဟူသော ဘဝင် ဝိပါက်သဘောကို လွန်၍ အာရုံသစ်ကို သင်း - ဘာလဲဟု ရှေးဦးစွာ ဆင်ခြင်ခြင်းဟူသော အမူအရာ ကြိယာဗျာပါရကလေး ရှိခြင်းကြောင့် ကြိယာစိတ် ဟူ၍လည်း ခေါ်သည်။ ၁။

ထို့နောင် ထိုစိတ်သည် အာရုံသစ်ကို အဝေး ဟဒယဝတ္ထုရုပ်ကနေ၍ ဆင်ခြင် ဆွဲတွယ်ရသာ အားမရခြင်းကြောင့် ရူပါရုံသစ်ရှိရာ စက္ခုအကြည် ဟူသော စက္ခုဝတ္ထု အပေါ်သို့ ရောက်လာ၍ မှီ၍ ရူပါရုံကို လင်းလင်း ထင်ထင် မြင်ခြင်းကိစ္စဖြင့် ဆွဲတွယ်လျက် ဖြစ်၍ချုပ်၏။
ဤစိတ်ကို ရူပါရုံကို လင်းလင်း ထင်ထင်မြင်သော စိတ်ဖြစ်ခြင်းကြောင့် ဒဿနစိတ် ဟု ခေါ်သည်။ စက္ခုဝတ္ထု ပေါ်မှာမှီ၍ ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ်စိတ် ဟူ၍လည်း ခေါ်သည်။
မိမိ နေနေကျ ဟဒယဝတ္ထုရုပ်ပေါ်မှသည် နေနေကျမဟုတ်သော ဤစက္ခုဝတ္ထုပေါ် ခရီးဝေးသို့ ပြောင်းရွှေ့လာရခြင်းကြောင့်၎င်း၊ ဤစက္ခုအကြည် ဟူသော မှီရာဝတ္ထု ကလည်း ညံ့ခြင်း ကြောင့်၎င်း၊ ဤစက္ခုဝိညာဏ်စိတ်သည် အလွန် အားညံ့ သေးငယ်၏။ အမူအရာ ကြိယာဗျာပါရ ကင်း၏။ ထိုသို့ အလွန်အားညံ့ သေးငယ်လျက် အမူအရာ ကြိယာဗျာပါရ ကင်းခြင်းကြောင့်၎င်း၊ ထိုစိတ်ပေါ်၌ သုခ ဒုက္ခကို ဖြစ်စေတတ်သော ကံအာနုဘော် အစီအရင် လွန်စွာ ထင်ရှားသော ကြောင့်၎င်း ဤစက္ခု ဝိညာဏ်စိတ်ကို ကံ၏အကျိုး ဝိပါက်စိတ် ဟူ၍လည်း ခေါ်သည်။ ၂။

ထို့နောင် ထိုစိတ်သည် မိမိ နေနေကျ မဟုတ်သော နေရာသစ် စက္ခု ဝတ္ထုပေါ်မှသည် နေနေကျ ဟဒယ ဝတ္ထုရုပ်ပေါ် နေရာဟောင်းသို့ ပြန်လည် လာရောက်၍ မှီ၍ ထိုရူပါရုံကိုပင်လျှင် ဆွဲတွယ် လျက် ဖြစ်၍ချုပ်၏။ ဤစိတ်ကို မိမိစက္ခုဝတ္ထုပေါ်၌ စက္ခုဝိညာဏ်စိတ် ဖြစ်စဉ်ဘဝက မြင်ခဲ့သော ထိုရူပါရုံကို မိမိနေရာဟောင်းသို့ ပြန်ရောက်သော်လည်း မလွတ် မပျောက်အောင် ဆုပ်ကိုင် ခံလင့်သော သမ္ပဋိစ္ဆန ကိစ္စရှိလျက် ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း စိတ်ဟု ခေါ်သည်။ ၃။

ထို့နောင် ထိုစိတ်သည် မိမိ သမ္ပဋိစ္ဆိုင်း ဖြစ်စဉ်အခါ ဘဝက မပျောက် မလွတ်အောင် ဆုပ်ကိုင် ခံလင့်၍ လက်ရှိဖြစ်ဘူးသော ထိုရူပါရုံကိုပင်လျှင် ဆွဲတွယ်လျက် ဤရူပါရုံသည် ကောင်းသော ဣဋ္ဌလော၊ မကောင်းသော အနိဋ္ဌလောဟု စုံစမ်းစစ်ဆေးသော သန္တီရဏ ကိစ္စရှိလျက် ဖြစ်၍ချုပ်၏။ ဤစိတ်ကို ဤသို့ စုံစမ်း စစ်ဆေးသော သန္တီရဏ ကိစ္စ ရှိခြင်းကြောင့် သန္တီရဏစိတ်ဟု ခေါ်သည်။
ဤသမ္ပဋိစ္ဆိုင်း သန္တီရဏ စိတ်တို့ သည်လည်း ကံအာနုဘော် အစီအရင် ထင်ရှားခြင်း ငြိမ်သက်စွာ ဖြစ်ခြင်းဟူသော ဝိပါက်သဘောပင် ဖြစ်ကြ၏။ ထိုကြောင့် ထို စိတ်တို့ကိုလည်း ကံ၏အကျိုး ဝိပါက်စိတ်တို့ ဟူ၍ပင်ခေါ်ဆိုသည်။
နေရာသစ် ခရီးဝေးမှ ကူးပြောင်း၍ ရောက်လာစ ဖြစ်ခြင်းကြောင့်၎င်း၊ အလွန် အားညံ့သေးငယ်သော စက္ခုဝိညာဏ်ဘဝမှ ကူးပြောင်းခဲ့ရသည် ဖြစ်ခြင်းကြောင့်၎င်း၊ သမ္ပဋိစ္ဆိုင်းစိတ်က သန္တီရဏစိတ် အောက် အားညံ့သေးငယ်၏။ ၄။

ထို့နောင် ထိုစိတ်သည် မိမိ သန္တီရဏ ဖြစ်စဉ်အခါက စုံစမ်း စစ်ဆေးပြီးသော ထိုရူပါရုံကိုပင်လျှင် ဆွဲတွယ်လျက် ထိုရူပါရုံကို ဣဋ္ဌဖြစ်လျှင် သင်း - ဣဋ္ဌဘဲဟု, အနိဋ္ဌဖြစ်လျှင် သင်း - အနိဋ္ဌဘဲ ဟု ဆုံးဖြတ် ပိုင်းခြားခြင်း ကိစ္စရှိလျက် ဖြစ်၍ ချုပ်၏။ ဤစိတ်ကို ဤသို့ဆုံးဖြတ် ပိုင်းခြားခြင်း ဝေါဋ္ဌဗ္ဗန ကိစ္စရှိခြင်း ကြောင့် ဝုဋ္ဌောစိတ်ဟု ခေါ်သည်။
မှေးမှိန် ငြိမ်သက်စွာ ဖြစ်ခြင်းဟူသော ဝိပါက်သဘောကို လွန်၍ အာရုံ၏ အရသာကို ခံစားလိုသော သန်စွမ်းသော အမူအရာ ကြိယာဗျာပါရ ရှိခြင်းကြောင့်ကြိယာစိတ် ဟူ၍လည်းခေါ်သည်။ ၅။

ထို့နောင် ထိုစိတ်သည် မိမိဝုဋ္ဌော ဖြစ်စဉ်အခါက သင်း - ဣဋ္ဌဘဲ အနိဋ္ဌဘဲဟု ဆုံးဖြတ် သတ်မှတ်ပြီးသော ထိုရူပါရုံကိုပင်လျှင် ဆွဲတွယ်၍ ထိုရူပါရုံ၏ ဣဋ္ဌ အရသာ အနိဋ္ဌအရသာကို ခံစားလျက် ခုနစ်ကြိမ်လောက် ဖြစ်၍ ချုပ်၏။ ထိုစိတ်စုံကို သန်စွမ်းသော အဟုန်ရှိခြင်းကြောင့် ဇောစိတ်ဟု ခေါ်သည်။
ဤနေရာဝယ် “ဇဝေါ၊ ဇဝနံ” အဟုန်ဆိုရာ၌ လျင်မြန်သော အဟုန်ကိုမမှတ်ရဘူး တပည့်တို့။ ခပ်သိမ်းသော ပုဂ္ဂိုလ်တို့၏ ခပ်သိမ်းသော စိတ်တိုင်းပင်လျှင် ဥပါဒ် ဌီ ဘင်, ကာလ အတူတူ ချည်းပင်လျှင်တည်း။ ထို့ကြောင့် သန်စွမ်း သောအဟုန်ဟု မှတ်ရမည်။
ထိုသို့ သန်စွမ်းခြင်းကြောင့် ဤဇောစိတ်တို့၌ သာလျှင် သန်စွမ်း အားကောင်းသော ခြွေရံ သင်းပင်း နှင့်တကွ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ ဟူသော ဟိတ်တရားတို့သည် ထင်ပေါ်နိုင်ကြကုန်၏။ ကုသိုလ်ကိစ္စ အကုသိုလ် ကိစ္စတို့ကိုလည်း ပြီးစီး စေနိုင်ကြ၏။
အာဝဇ္ဇန်းမှစ၍ ဝုဋ္ဌောစိတ် တိုင်အောင်သော စိတ်တို့သည်ကား အားညံ့ သေးငယ်ခြင်းကြောင့် ဟိတ်တရား မထင်ပေါ်နိုင်၊ ထို့ကြောင့် ထိုစိတ်တို့ကို အဟိတ်စိတ်ဟု ခေါ်ဆိုအပ်ကုန်၏။

တပည့်တို့ - ထိုဇော ခုနစ်ချက်တို့တွင်လည်း ပဌမဇောထက် ဒုတိယဇော ထက်သန် အားကောင်း၏။ ဒုတိယထက် တတိယ, တတိယထက် စတုတ္ထဇော ထက်သန် အားကောင်း၏
ထိုစိတ်သည် မိမိယူရင်းစွဲ ကံပေးသော အတိတ် အာရုံကို လွှတ်၍ ရူပါရုံသစ်ကို ဆွဲတွယ်လျက် လူတက်ပြီး ဖြစ်လာရသာ ကြာသဖြင့်၎င်း ထိုရူပါရုံကလည်း အိုဆွေးသဖြင့်၎င်း ဤစတုတ္ထဇောမ ှနောက်သို့ တဖြည်းဖြည်း အားညံ့သေးငယ်၍ သွား၏။
စတုတ္ထ ဇောအောက် ပဉ္စမဇောက အားညံ့ သေးငယ်၍ သွား၏။
ပဉ္စဇောအောက် ဆဋ္ဌဇောကအားညံ့ သေးငယ်၏
ဆဋ္ဌဇောအောက် သတ္တမဇောက အားညံ့သေးငယ်၏။ ၁၂။

ထို့နောင် ထိုစိတ်သည် အားညံ့သော သတ္တမဇောဘဝမှ ကူးပြောင်း၍ ထက်သန်သောအဟုန် ဇဝန သဘော ကင်းလျက် ထိုဇောတို့ ဆွဲတွယ် ခံစားသော အာရုံကိုပင် ဆွဲတွယ်၍ တကြိမ် နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ ဤဇောနောင် တကြိမ် နှစ်ကြိမ်ဖြစ်၍ ချုပ်သော စိတ်ကို ထိုဇောဆွဲတွယ်သော အာရုံလျှင် ဆွဲတွယ်ရာ အာရုံ ရှိခြင်းကြောင့် တဒါရုံစိတ် ဟု ခေါ်သည်။
အမူအရာ ကြိယာ ဗျာပါရ ကင်းလျက် သန်စွမ်းသော အဟုန် ဇဝန သဘောလည်း ကင်းလျက် ကံအာနုဘော် အစီအရင်အတိုင်း မှေးမှိန် ငြိမ်သက်စွာ ဖြစ်ခြင်းကြောင့် ကံ၏ အကျိုး ဝိပါက်စိတ် ဟူ၍လည်း ခေါ်သည်။
တဒါရုံသည် တကြိမ်လည်းဖြစ်၏၊ နှစ်ကြိမ် လည်းဖြစ်၏။ အကယ်၍ နှစ်ကြိမ်ဖြစ်အံ့၊ ပဌမအကြိမ် အောက် ဒုတိယအကြိမ်က အားညံ့ သေးငယ်၏။ ဤတဒါရုံနောင် ဖြစ်သောစိတ်က တဒါရုံအောက် အားညံ့သေးငယ်၏။ ၁၄။

ဘဝင်္ဂစလန၏ရှေ့ အနန္တရစိတ်၏ ဥပါဒ်နှင့်အတူ ပြိုင်လျက် ဥပါဒ်ခဲ့၍ ထိုမိမိနှင့် တပြိုင်တည်း ဖြစ်ပေါ်သော ဘဝင်စိတ်တချက်ကို လွန်၍ ဘဝင်္ဂစလန သို့ကျမှ စိတ်၌ထင်လာသော ထိုရူပါရုံသည် ဤဒုတိယ တဒါရုံနှင့်ပြိုင်၍ ချုပ်၏။ ထို့ကြောင့် ရုပ်သက်သည် စိတ္တက္ခဏ တဆဲ့ခုနစ်ချက်စာ ရှည်၏ဟု သိမှတ်ရာ၏။

ထိုတဒါရုံနောက် ထိုစိတ်သည် မိမိ၌ ရူပါရုံ ထင်လာသဖြင့် ထိုထင်လာသော အသစ် ရူပါရုံကို သုံးဆောင် ခံစားခြင်းငှါ ဆွဲတွယ်လျက် တဆဲ့လေးကြိမ် လောက်ဖြစ်၍ သွားမိလျှင် ထိုရူပါရုံကလည်း ကုန်ခန်း ချုပ်ပျောက်လေခြင်းကြောင့် မောလည်း မောပန်းလျှင် မိမိဆွဲတွယ်မြဲဖြစ်သော ကံပေးသော အတိတ် အာရုံကိုပင်လျှင် ဆွဲတွယ်လျက် နဂိုပကတိ မူလရင်း ဝိပါက်ဘဝင် အတိုင်းဖြစ်၍ သွားလေ၏။
ဤသို့ဖြစ်၍ သွားပြန်သည်ကို “ဘဝင်္ဂပါတော” တဒါရုံနောင် ဘဝင်ကျ၍ သွားလေ၏ ဟု ခေါ်ဆိုသည်။ ဤသို့ မြစ်ရေအယဉ်ကဲ့သို့ ဘဝင်စိတ် အဆက်ဆက်ဖြစ်၍ သွားပြန်စဉ် အကြင်အခါ၌ တဖန် ရူပါရုံ အသစ်သည် ထင်လာ ထိခိုက်လာပြန်အံ့၊ ထိုသို့ ထင်လာပြန်လျှင် ရှေးနည်းတူပင်။

၁ - ဘဝင်္ဂစလန
၂ - ဘင်္ဂုပစ္ဆေဒ
၃ - အာဝဇ္ဇန်း
၄ - စက္ခုဝိညာဏ်
၅ - သမ္ပဋိစ္ဆိုင်း
၆ - သန္တီရဏ
၇ - ဝုဋ္ဌော
၈ - ဇော။ ၉ - ဇော။ ၁၀ - ဇော။ ၁၁ - ဇော။ ၁၂ - ဇော။ ၁၃ - ဇော။ ၁၄ - ဇော။
၁၅ - တဒါရုံ။ ၁၆ - တဒါရုံ။ ဘဝင်၊ ဘဝင် နဂိုပကတိ မူလရင်း စိတ်အတိုင်း ဖြစ်၍သွားပြန်၏၊
ဤကား စက္ခုဒွါရသို့ စိတ်ဖြစ်သွားပုံတည်း။

ကြွင်းသောဒွါရငါးပါးတို့နှင့် ဝီထိကျပုံကို ပြခြင်း

တပည့်တို့ -

သောတဒ္ဓါရ ဘဝင် နှစ်ဌာန၌ သဒ္ဒါရုံ ထင်ထိခိုက်လာသောအခါ,
ဃာနဒွါရ ဘဝင် နှစ်ဌာန၌ ဂန္ဓာရုံ ထင် ထိခိုက်လာ သောအခါ,
ဇိဝှါဒွါရ ဘခင် နှစ်ဌာန၌ ရသာရုံ ထင် ထိခိုက်လာသောအခါ,
ကာယဒွါရ ဘဝင် နှစ်ဌာန၌ ဖောဋ္ဌဗ္ဗာရုံ ထင် ထိခိုက်လာသော အခါတို့၌
ထိုထင်လာထိခိုက်လာသော အာရုံတို့ကို အာရုံပြု၍ စိတ်ဖြစ်ပုံသည်လည်း ဤ စက္ခုဒွါရ၌ ဖြစ်ပုံနည်း အတိုင်းပင်တည်း။

တပည့်တို့ - ဤကဲ့သို့ စိတ်ဖြစ်ရာ၌ အာဝဇ္ဇန်းမှစ၍ တဒါရုံသို့ ကျအောင် စိတ်အစဉ်ကို ဝီထိစိတ်ဟု ခေါ်သည်။ ကြွင်းသောစိတ် အစဉ်ကို ဘဝင်စိတ် အစဉ်ဟု ခေါ်သည်။

တပည့်တို့ - ဤဘဝင်စိတ် ဝီထိစိတ်အစဉ် ဖြစ်ရာ၌ အတူ ဥပမာကား လူတယောက်သည် သရက်ပင် အောက်၌ ခေါင်းမြီးခြုံလျက် အိပ်ပျော်၍နေစဉ် မိမိနားရင်းနား၌ သရက်သီးမှည့် ကြွေကျသံဖြင့်နိုး၍ ဘာလဲ ဟု ဆင်ခြင်ပြီးလျှင် ခေါင်းမြီးခြုံကိုဖွင့်၍ ကြည့်သဖြင့် မြင်၍ လှမ်းယူ ဆုပ်ကိုင်ပြီးလျှင် နယ်ချေ သုံးသပ်၍ နမ်း၍ ကောင်းလိမ့်မှန်းကိုသိ၍ စားပြီးလျှင် ခံတွင်း၌ ကျန်ရှိသော အကတ် အသတ်ကို တံထွေးဖြင့်ရောလျက်မျို၍ တဖန် ခေါင်းမြီးခြုံလျက် အိပ်မြဲ အိပ်ပြန်၏။ ဤကား ဥပမာတည်း။

တပည့်တို့ - ဤဥပမာ၌ -

ထိုယောက်ျား ခေါင်းမြီးခြုံလျက် အိပ်ပျော်၍ နေသည်နှင့် ဘဝင်စိတ်အစဉ် ဖြစ်၍နေမှုတူ၏
သရက်သီး ကြွေသံဖြင့် နိုးသည် နှင့် အာရုံထင်လာခြင်းကြောင့် ဘဝင် နှစ်ကြိမ် လှုပ်မှု တူ၏
နိုးပြီးလျှင် ဤအနား၌ ကျသာ ဘာများဖြစ်ပါလိမ့်မလဲဟု ဆင်ခြင်သည်နှင့် အာဝဇ္ဇန်း ဖြစ်မှုတူ၏
ဆင်ခြင်ပြီးလျှင် ခေါင်းမြီးခြုံကိုဖွင့်၍ ကြည့်သဖြင့် သရက်သီးကို မြင်သည်နှင့် စက္ခုဝိညာဏ်ဖြစ်မှု တူ၏
မြင်ပြီးလျှင် ထိုသရက်သီးကို လှမ်းယူ ဆုပ်ကိုင်သည်နှင့် သမ္ပဋိစ္ဆိုင်းဖြစ်မှု တူ၏
ဆုပ်ကိုင်၍ နယ်ချေ သုံးသပ်သာနှင့် သန္တီရဏဖြစ်မှု တူ၏
နယ်ချေ သုံးသပ်ပြီး၍ နမ်းသာ ကောင်းလိမ့်မှန်းသိသာနှင့် ဝုဋ္ဌောဖြစ်မှု တူ၏
စားသည်နှင့် ဇောဖြစ်မှု တူ၏
စားပြီး၍ ခံတွင်း၌ အကတ် အသတ်တို့ကို တံထွေးနှင့် ရောလျက် မျိုသွင်းသည်နှင့် တဒါရုံဖြစ်မှု တူ၏
မျိုသွင်းပြီးလျှင် ခေါင်းမြီးခြုံလျက် တဖန်ပြန်၍ အိပ်ပျော်ပြန်သည်နှင့် တဒါရုံ နောင် ဘဝင်ကျ၍ သွားပြန်မှု တူ၏

တပည့်တို့ - ဤကဲ့သို့ ပဉ္စဒွါရတို့သို့ စိတ် အဆက်ဆက်အားဖြင့် ဖြစ်သွားပုံကို ကောင်းမွန်သေချာစွာ သိမှတ်ကြ။

တပည့်တို့ - ဤ ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗဟူသော ပဉ္စာရုံတို့သည်၎င်း၊ ဤငါးပါးသော ပဉ္စာရုံမှ ကြွင်းသော အလုံးစုံသော သင်္ခတ အသင်္ခတ ပညတ်တရား တို့သည် ဓမ္မာရုံမည်၏။
ဤဓမ္မာရုံ တို့သည်၎င်း၊ ပဉ္စဒွါရ၌ မထင်ဘဲ မထိခိုက်ဘဲ အကြင်အခါ ဘဝင်စိတ် သက်သက်၌သာ ထင်လာ ထိခိုက်လာငြားအံ့၊ ထိုအခါ ဘဝင် နှစ်ကြိမ်လှုပ်လျက် ဖြစ်၍ ပြတ်ပြီးလျှင် ထိုထင်လာသော အာရုံကို ဆွဲတွယ်လျက် အာဝဇ္ဇန်း ခုနစ်ကြိမ် တဒါရုံ တကြိမ် နှစ်ကြိမ် ဘဝင် ဘဝင်ဟု ဖြစ်သွား၏။
ဤကား မနောဒွါရ၌ စိတ်ဝီထိ ဖြစ်ပုံတည်း။

ဘဝင်စိတ်ကို မနောဒွါရ ခေါ်သည်။

တပည့်တို့ - ဤကဲ့သို့ မနောဒွါရ၌သာ အာရုံထင်လာ၍ ထိုအာရုံကို ဆွဲတွယ်လျက် ပဉ္စဒွါရသို့ မကူးရောက်ဘဲ ဟဒယ ဝတ္ထုရုပ်ပေါ်၌သာ ဖြစ်၍နေသော ဝီထိမို့ ဤ ဝီထိကို မနောဒွါရ ဝီထိဟု ခေါ်သည်။

ဤမနောဒွါရဝီထိ၌ အတူဥပမာကား လူတယောက်သည် သရက်ပင် အောက်၌ ပါးစပ်ဟလျက် ပက်လက်အိပ်ပျော်၍နေစဉ် ပါးစပ်ထဲသို့သရက်သီးမှည့် ကြွေကျ၍ နိုးပြီးလျှင် သြော် - သရက်သီး ကိုး - ဟု ဆင်ခြင် သိမှတ်၍ စားပြီးလျှင် ခံတွင်းရှိ အကတ်အသတ်ကို တံထွေးနှင့်ရောလျက်မျိုပြီးလျှင် တဖန်အိပ်ပျော်၍ သွားပြန်၏။ ဤကား ဥပမာတည်း။

တပည့်တို့ - ဤဥပမာ၌ ထိုယောကျ်ား ပါးစပ်ဟလျက် ပက်လက် အိပ်ပျော်၍ နေတာနှင့် ဘဝင်ကျ၍နေမှု တူ၏
ပါးစပ်ထဲသို့သရက်သီး ကြွေကျ၍ နိုးသာနှင့်အာရုံထင်လာ၍ ဘဝင်လှုပ်မှု တူ၏
နိုးပြီး၍ သြော် - သရက်သီးကိုး - ဟု ဆင်ခြင်သိမှတ်သာနှင့် အာဝဇ္ဇန်းဖြစ်မှု တူ၏
စားသာနှင့် ဇောဖြစ်မှု တူ၏
စားပြီးလျှင် ခံတွင်း၌ အကတ်အသတ် အကျန်ကို တံထွေးနှင့် တကွ ရောမျိုသာနှင့် တဒါရုံဖြစ်မှု တူ၏
မျိုပြီးလျှင် တဖန်အိပ်ပျော်ပြန် သည်နှင့် ဘဝင်ကျ၍ သွားပြန်မှု တူ၏
တပည့်တို့ - ဤကဲ့သို့ မနောဒွါရစိတ် အဆက်ဆက် ဖြစ်နေပုံကိုလည်း ကောင်းမွန် သေချာစွာ သိမှတ်ကြ။

စိတ်ဓာတ်ကလေး၏ အစဉ် သန္တတိကို ပြခြင်း

တပည့်တို့ - ပုဂ္ဂိုလ်တဦး၌ စိတ်နှစ်ခု မရှိဘူး။ စိတ်တခုတည်းသာ ရှိသည်၊

တပည့်တို့၊ ငါတို့ ဘုရားအလောင်းတော် အရှင်သုမေဓာသည်ပင်လျှင် နောင် တေမိမင်း ဖြစ်လာသည်။
တေမိမင်းသည်ပင်လျှင် နောင် နေမိမင်း ဖြစ်လာသည်။
နေမိမင်းသည်ပင်လျှင် နောင် ဝေဿန္တရာမင်း ဖြစ်လာသည်။
ဝေဿန္တရာ မင်းသည်ပင်လျှင် နောက်ဘဝ သန္တုသိတ နတ်သား ဖြစ်လာသည်။
သန္တုသိတ နတ်သားသည်ပင်လျှင် နောက်ဘဝ သိဒ္ဓတ်မင်းသား ဖြစ်လာသည်။

တနည်းမှာ --

ရှင်သုမေဓာသည်ပင်လျှင် နောင် တေမိမင်း ဖြစ်လာသည်။
နေမိမင်းဖြစ်လာသည်။
ဝေဿန္တရာမင်းဖြစ်လာသည်။
သန္တုသိတ နတ်သား ဖြစ်လာသည်။
သိဒ္ဓတ်မင်းသား ဘုရားဖြစ်လာသည်။
သိဒ္ဓတ် မင်းသား ဘုရားသည်ပင်လျှင် ရှေးက သန္တုသိတ နတ်သား ဖြစ်ခဲ့သည်။ ဝေဿန္တရာနေမိတေမိအရှင်သုမေဓာ ဖြစ်ခဲ့သည်။

ထို့ကြောင့်ဘဲ တပည့်တို့ - မြတ်စွာဘုရားရှင်သည် –

အဟံ တေန သမယေန ဇဋိလော ဥဂ္ဂတာပနော

ဟူ၍ ဗုဒ္ဓဝင် ပါဠိတော်၌ ဟောတော်မူပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
အဟံ၊ သိဒ္ဓတ်မင်းသား ငါဘုရားသည်။
တေန သမယေန၊ ထို ဒီပင်္ကရာဘုရား ပွင့်စဉ်အခါတုံးက။
ဥဂ္ဂတာပနော၊ ထက်မြက် ကျော်စောသော အကျင့် ရှိသော။
ဇဋိလော၊ သုမေဓာ ရှင်ရသေ့သည်။
အဟုံ၊ ဖြစ်ဘူး၏။

တပည့်တို့ - ဤကဲ့သို့ တဦးတည်းသော ပုဂ္ဂိုလ် သတ္တဝါသည်ပင်လျှင် အဆက်ဆက် ကူးပြောင်း ဖြစ်ပေါ်၍ သွားဘိသကဲ့သို့ ထို့အတူ ပုဂ္ဂိုလ်တဦး၌ ဤတခုတည်းသော စိတ်သည်ပင်လျှင် ရှေးဘဝ၌ စုတိစိတ်ဖြစ်၍ ချုပ်ပျက် ပြီးလျှင် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေစိတ် ဖြစ်လာသည်။ ဤပဋိသန္ဓေစိတ် သည်ပင်လျှင် မိမိချုပ်ပျက်ပြီးလျှင် ဘဝင် အဆက်ဆက်ဖြစ်၍ သွားသည်။

ဘဝင်စိတ်သည် ပင်လျှင် နောက် အာဝဇ္ဇန်းဖြစ်သည်။
အာဝဇ္ဇန်း စိတ်သည်ပင်လျှင် နောက် စက္ခုဝိညာဏ် သောတ ဃာန ဇိဝှါ ကာယဝိညာဏ် ဖြစ်လာသည်။
ပဉ္စဝိညာဏ်သည်ပင်လျှင် နောက် သမ္ပဋိစ္ဆိုင်းဖြစ်လာသည်။
သမ္ပဋိစ္ဆိုင်း သည်ပင်လျှင် နောက် သန္တီရဏ ဖြစ်လာသည်။
သန္တီရဏသည်ပင်လျှင် နောက် ဝုဋ္ဌော ဖြစ်လာသည်။
ဝုဋ္ဌောသည်ပင်လျှင် နောက် ပဌမဇော ဖြစ်လာသည်။လ။
သတ္တံမဇောသည်ပင်လျှင် နောက်တဒါရုံ ဖြစ်လာသည်။
တဒါရုံသည်ပင်လျှင် နောက်ဘဝင် အဆက်ဆက် ဖြစ်လာသည်။

တနည်းမှာ -

ပဋိသန္ဓေစိတ်သည်ပင်လျှင် နောက် ဘဝင်အဆက်ဆက် ဖြစ်လာသည်၊ အာဝဇ္ဇန်းစသော ဝီထိ စိတ် အဆက်ဆက် ဖြစ်လာသည်။ ဝီထိစိတ် နောင်ဘဝင် အဆက်ဆက်ဖြစ်၍ သွားပြန်လေသည်။ ထိုသို့သွားစဉ် ခြောက် ဒွါရ၌ အာရုံ ထင်လာပြန်လျှင် ဝီထိစိတ် အဆက်ဆက် ဖြစ်ပြန်သည်။ ဝီထိစိတ် နောင် ဘဝင် အဆက်ဆက်ဖြစ်၍ သွားပြန်လေသည်။

ပဋိသန္ဓေစိတ်သည် ပင်လျှင် ဤကဲ့သို့ တဘဝလုံး ဘဝင်စိတ်တလှည့် ဝီထိစိတ် တလှည့်အားဖြင့် ဖြစ်၍ ဤပစ္စုပ္ပန် ဘဝအဆုံး၌ စုတိစိတ်ဖြစ်၍ ချုပ်ပြီးလျှင် နောက်ဘဝ၌ ပဋိသန္ဓေစိတ်ဟု ဖြစ်၍ သွားပြန်လေ၏။

တပည့်တို့ ဤကဲ့သို့ ဤတခုတည်းသော စိတ်ကလေးသည် ပင်လျှင် သံသရာ တည်စမှစ၍ သံသရာ ဆုံးသည်တိုင်အောင် အနန္တရပစ္စယသတ္တိ သမနန္တရပစ္စယသတ္တိ ဟူသော မျိုးအဆက်ဆက် ကျလျက် အဆက်ဆက် ဖြစ်၍ သွားလေသည်။

တဦးတည်းသော ပုဂ္ဂိုလ်သည်ပင်လျှင် ဘဝအဆက်ဆက် ကျင်လည် ဖြစ်သွားရာ၌ ရှင်သုမေဓာ တေမိ နေမိ ဝေဿန္တရာ စသည်ဖြင့် အမည် အမျိုးမျိုးရ၍ သွားလေဘိသကဲ့သို့ ထို့အတူဘဲ တပည့်တို့ - ဤ တခုတည်းသော စိတ်ဓာတ် ကလေးသည်ပင်လျှင် စိတ္တက္ခဏ အဆက်ဆက်ဖြစ်၍ သွားရာ၌ ဆိုအပ်ခဲ့ပြီးသော တစုံတခုသော အကြောင်းကိစ္စ တည်ရာဌာနတို့ကိုစွဲ၍ ပဋိသန္ဓေစိတ် ဘဝင်စိတ် အာဝဇ္ဇန်းစိတ် စက္ခုဝိညာဏ်စိတ် စသည်ဖြင့် အမည်အမျိုးမျိုးရ၍ သွားလေသည်။

ဤပုဂ္ဂိုလ် ဥပမာနှင့် တထပ်ထည်းတူအောင် ထင်မြင်အောင် ကြည့်ကြ တပည့်တို့။
အလွန်တူသည် တပည့်တို့။

သိဒ္ဓတ်မင်းသား ဘုရားရှင်သည် ပင်လျှင် ရှေးက နေမိ တေမိ သုမေဓာရှင်ရသေ့ စသည် ဖြစ်ခဲ့ဘူး ဘိသကဲ့သို့ ဤနောက် စုတိစိတ်ကလေးသည်ပင် ရှေးက ဇောစိတ် ဝုဋ္ဌောစိတ် အာဝဇ္ဇန်း စိတ် ပဉ္စဝိညာဏ်စိတ် စသည် ဖြစ်ခဲ့ဘူးပြီ။

ဤနောက်နောက် စိတ်ကလေးသည် ပင်လျှင် ရှေးရှေးစိတ် ဖြစ်ခဲ့ဘူးပြီ။
ထို့ကြောင့်ပင်လျှင် တပည့်တို့ - မြတ်စွာဘုရားရှင်သည်

ဣဒံ ပုရေ အစရိ စာရိကံ

ဟူ၍ သာနုသာမဏေအား ဟောကြား တော်မူပေ၏။

ဣဒံ၊ ဤယခုရှိနေသော စိတ်ကလေးသည်။
ပုရေ၊ ရှေးအခါက။
စာရိကံ၊ အာရုံခြောက်ပါးတို့သို့ အလိုရှိတိုင်း ပြေးသွား လှည့်လည်ခြင်းသို့။
အစရိ၊ လှည့်လည် ပြေးသွားဘူးလှလေပြီဟု အနက်ပေး။

တပည့်တို့ - ဤကဲ့သို့ ပုဂ္ဂိုလ်တဦး၌ စိတ်ဓာတ် တခုတည်းသာရှိ၍ ထို တခုတည်းသော စိတ်ဓာတ် သည်ပင်လျှင် အမည်အမျိုးမျိုးရလျက် အနန္တရ သမနန္တရ ပစ္စယ - သတ္တိဟူသော မျိုးကျလျက် စိတ္တက္ခဏ အဆက်ဆက်အားဖြင့် ဖြစ်သွား၍ နေပုံကိုလည်း ကောင်းမွန် သေချာစွာ သိမှတ်ကြ။ စိတ္တက္ခဏ တချက် တချက်သည် စိတ်၏ တဘဝ တဘဝဘဲ ဟူ၍လည်း သိမှတ်ကြ တပည့်တို့။

စိတ်ဓာတ်ကလေးအား ကံ သင်္ခါရတို့ ကျေးဇူးပြုပုံကို ပြခြင်း

အဘိဓမ္မာ ပါဠိတော်၌ -

သင်္ခါရပစ္စယာ ဝိညာဏံ၊ ဘဝပစ္စယာ ဇာတိ၊ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

သင်္ခါရပစ္စယာ၊ ကံ သင်္ခါရဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ကမ္မဘဝ ဟူသောအကြောင်းကြောင့်။
ဇာတိ၊ ပဋိသန္ဓေစိတ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ကုသလာကုသလံ ကမ္မံ၊ ကုသိုလ်ကံ အကုသိုလ်ကံစုသည်။
ဝိပါကာနံ ခန္ဓာနံ၊ ဝိပါက် နာမ်ခန္ဓာ တို့အား၎င်း။
ကဋတ္တာရူပါနံ၊ ကမ္မဇရုပ်တို့အား၎င်း။
ကမ္မပစ္စယေန၊ ကမ္မပစ္စယ သတ္တိဖြင့်။
ပစ္စယော၊ ကျေးဇူးပြုသည်။
ဟောတိ၊ ဖြစ်၏။

ဤသို့ ဟောတော်မူခြင်းကြောင့် စိတ်ဓာတ်ကို ကံက ဖန်ဆင်းသည်။ ကံပြုလုပ်သည်။ အဟောင်း စိတ်ဓာတ် ချုပ်ပျက်လျှင် ကံက ရှေးကမဖြစ်ဘူး မရှိဘူးသေးသော အသစ် အသစ်သော စိတ်ဓာတ်ကို ဖန်ဆင်း ပြုလုပ်၍ ချလိုက်သည်ဟု မှတ်ထင်၍မနေကြနှင့်၊ မဟုတ်ဘူးတပည့်တို့။

ကံက စိတ်ဓာတ်ခဲကို မဖန်ဆင်းတတ်ဘူး မပြုလုပ်တတ်ဘူး။ ဤနဂိုပကတိ ရှိရင်းဖြစ်တဲ့ စိတ်ဓာတ်ကလေး အနန္တရသမ နန္တရ ပစ္စယသတ္တိ ဟူသော မျိုးအညှောက်ဖြင့် စိတ္တက္ခဏ ဘဝ အဆက်ဆက် ပြေးသွား၍ နေရာမှာသာ စောင့်ရှောက် ထောက်ပံ့၍ ပြုပြင်စီရင်၍ လိုက်သည်။ ကံက ကဋတ္တာရုပ်တို့ကို ဖန်ဆင်း ပြုလုပ်ခြင်း ဖြစ်စေခြင်း ဇနကသတ္တိဖြင့် ကျေးဇူးပြုဘိသကဲ့သို့ စိတ်ဓာတ်တို့ကို ဖန်ဆင်း ပြုလုပ်ခြင်း ဖြစ်စေခြင်း ဇနကသတ္တိဖြင့် ကျေးဇူး မပြုနိုင်ဘူး

လယ်မြေသည် ကောက်ပင်အား ပေါက်ရောက် သန်စွမ်းနိုင်အောင် ထောက်ပံ့မှု ဥပတ္ထမ္ဘက သတ္တိဖြင့်သာ ကျေးဇူးပြုဘိသကဲ့သို့ ဤကဲ့သို့ စောင့်ရှောက်ထောက်ပံ့မှု ပြုပြင် စီရင်မှု ဥပတ္ထမ္ဘက သတ္တိဖြင့်သာ ကျေးဇူးပြုနိုင်သည်။

ထို့ကြောင့်ဘဲ တပည့်တို့ မြတ်စွာဘုရားရှင်သည် -

ကမ္မံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ၊ တဏှာသ္နေဟော

ဟူ၍ သံယုတ် ပါဠိတော်၌ ဟောတော်မူပေ၏။

ကမ္မံ၊ ကံသည်။
ခေတ္တံ၊ လယ်မြေတည်း။
တဏှာ၊ တဏှာသည်။
သ္နေဟော၊ မိုဃ်းရေတည်း။
ဝိညာဏံ၊ ရှေးရှေးဝိညာဏ်သည်။
ဗီဇံ၊ နောက်နောက် ဝိညာဏ်ဖြစ်ရန် မျိုးစေ့တည်း။

တပည့်တို့ - ကံက ဝိညာဏ်အား ဤကဲ့သို့ စောင့်ရှောက် ထောက်ပံ့ခြင်း ပြုပြင် စီရင်ခြင်း ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြု၍ ထိုစိတ်သည် ဤကဲ့သို့ ကံ၏ကျေးဇူးကို ခံရမှသာလျှင် အဆက်ဆက်ဖြစ်၍ သွားနိုင်ခြင်းကြောင့် သင်္ခါရပစ္စယာ ဝိညာဏံ စသော ဤစကားတော်ကို ဟောကြားတော်မူသည်။ ဥပတ္ထမ္ဘကသတ္တိကို ရည်၍ ဟောတော်မူသည်ဟု မှတ်ကြ။

တပည့်တို့ - ဤကံ၏ကျေးဇူးခံ စိတ်ထဲတွင်လည်း ကံစောင့်ရှောက် ထောက်ပံ့ချက် ပြုပြင် စီရင်ချက် အားကြီးတဲ့ စိတ်စုကို သုတ္တန်နည်းမှာ ထင်ရှားသည်ကို လိုက်၍ ကံသင်္ခါရ အကျိုးဝိပါက်စိတ်ဟူ၍ ကံစောင့်ရှောက် ထောက်ပံ့ချက် ပြုပြင် စီရင်ချက် အားမကြီးတဲ့ စိတ်စုကို ကံသင်္ခါရ၏ အကျိုးမဟုတ်သော ကုသိုလ်စိတ် အကုသိုလ်စိတ် ကြိယာစိတ်ဟူ၍ ဟောတော်မူသည်။

သိမ်မွေ့ နက်နဲသော အဘိဓမ္မာနည်းမှာကား - ဤကုသိုလ် အကုသိုလ် ဝိပါက် ကြိယာအလုံးစုံသော စိတ်ကိုပင်လျှင် ကံ၏ ကျေးဇူးချည်း ဖြစ်ကြသောကြောင့် ကံသင်္ခါရ၏ အကျိုး ဝိပါက်တွေ ချည်းပင်တည်းဟု ဟောတော်မူသည်။

တပည့်တို့ - ကံ၏ ကျေးဇူးကိုခံလျက် အဆက်ဆက် ပြေးသွားလေသော ဤ စိတ်ဓာတ် ကလေး သည် ကံပြုပြင်တိုင်း ကံစီရင်တိုင်း ခံရရှာသည်။ ဘဝ အကူး အကူးမှာ ကံပစ်ချရာ ကံနေရာ ချပေးရာ ဖြစ်နေရရှာသည်။ ကံပေးသော အမွေကို ယူရရှာသည်။ ဤစိတ်ဓာတ်ကလေးအား ကံသာလျှင် ကိုးကွယ် မှီခိုရာ အားကိုးရာ လည်းလျောင်းရာ ရှိသည်။

ထို့ကြောင့်ဘဲ တပည့်တို့ - မြတ်စွာဘုရားရှင်သည် -

သတ္တော သံသာရမာပါဒိ၊ ကမ္မံ တဿပရာယနံ

ဟူ၍ သံယုတ်ပါဠိတော်၌ နတ်သားတဦးအား ဟောကြားတော်မူသည်။

ဒေဝပုတ္တ၊ နက်နဲပဉှာ မေးလျှောက်လာသော အို - နတ်သား။
သတ္တော၊ သတ္တဝါသည်။
ဝါ၊ သတ္တဝါဟု ခေါ်ဆိုအပ်သော စိတ်ဓာတ်ကလေးသည်။
သံသာရံ၊ ဥပပတ္တိဘဝ ဟူသော ဘဝကြမ်း ဘဝကြီးအားဖြင့်၎င်း။ စိတ္တက္ခဏ ဟူသော ဘဝနု ဘဝငယ် အားဖြင့်၎င်း၊ တပြောင်းပြန်ပြန် ကျင်လည်ပြေးသွားခြင်းသို့။
အာပါဒိ၊ ရောက်လေ၏။
တဿ၊ ထိုပြေးသွားလေသော သတ္တဝါ စိတ်ဓာတ်ကလေးအား။
ကမ္မံ၊ မိမိပြုခဲ့ဘူး၍ မိမိ၌ မှီကပ် လိုက်ပါ၍ လာသော ကံသည်။
ပရာယနံ၊ ကိုးကွယ် လည်းလျောင်းရာပေတည်း။

စိတ်ဓာတ်၏ ကျင်လည်ပြေးသွား၍ နေပုံကိုပြခြင်း

တပည့်တို့ - ဤစိတ်ဓာတ်ကလေးသည် ဤကဲ့သို့ စိတ္တက္ခဏ ဘဝအဆက်ဆက် အားဖြင့် မပျင်းမရိ မမောမပန်း အဘယ်ကြောင့် ကျင်လည် ပြေးသွား၍ နေနိုင်ပါသနည်းဆိုသော် ဤစိတ်ဓာတ် ကလေး၌ လောဘဟူသော တဏှာအဖော် ရှိသည် တပည့်တို့။ ထိုတဏှာအဖော်က စိတ်ဓာတ် ကလေးကို မပျင်းအောင် ဖျော်ဖြေ၍ လိုက်သည်
ထို့ကြောင့် ဤစိတ်ဓာတ်ကလေးသည် သံသရာ၌ ပျင်းမုန်း ငြီးငွေ့ခြင်း မရှိဘဲ ပျော်မွေ့လျက် အားရှိလျက် ဘဝ အဆက်ဆက် ကူးပြောင်း ပြေးသွား၍ နေနိုင်သည်။ ထိုတဏှာအဖော် ရှိနေသမျှ ကာလပတ်လုံး သံသရာကို မလွန်နိုင်ဘူး၊ အင်မတန် ပျော်မွေ့၍နေသည်။

အကြင်အခါ တဏှာအဖော်မရှိအံ့၊ ထိုအခါ အဖော်သေကွဲသော လွန်းကြင်ငှက် အောက်ချင်းငှက်ကဲ့သို့ မကြာခင် သေပျက် ကွယ်ဆုံးလေတော့သည်။ ထို့ကြောင့်ဘဲ တပည့်တို့ - မြတ်စွာဘုရားရှင်သည် သုတ္တနိပါတ် ပါဠိတော်လာ ဒွယတာနုပဿနာ သုတ်၌ -

၁။ တဏှာ ဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါန သံသရံ။
ဣတ္ထိဘာဝညထာ ဘာဝံ၊ သံသာရံ နာတိဝတ္တတိ။

၂။ ဥစ္ဆိန္နဘဝတဏှဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
ဝိက္ခိဏော ဇာတိသံသာရော၊ နတ္ထိ တဿ ပုနဗ္ဘဝေါတိ။

ဟူ၍ ဟောတော်မူပေ၏။

၁။ ဘိက္ခဝေ၊ ရဟန်းတို့။
တဏှာ ဒုတိယော၊ တဏှာအဖော်ရှိသော။
ပုရိသော၊ သတ္တဝါသည်။
ဝါ၊ သတ္တဝါဟု ခေါ်ဆိုအပ်သော စိတ်ဓာတ်ကလေးသည်။
ဒီဃံ၊ ရှည်လျားလှစွာသော။
အဒ္ဓါနံ၊ အဓွန့် ကာလပတ်လုံး။
သံသရံ သံသရန္တံ၊ တပြောင်းပြန်ပြန် ကျင်လည် ပြေးသွားလျက်။
ဣတ္ထဘာဝညထာ ဘာဝံ၊ ဤလူ့ဘဝ လူ့ဘဝမှတပါးသော ဘဝဟု ဆိုအပ်သော။
သံသာရံ၊ သံသရာကို။
နာတိ ဝတ္တတိ၊ မလွန်နိုင်။

၂။ ဘိက္ခဝေ၊ ရဟန်းတို့။
ဥစ္ဆိန္နဘဝ တဏှဿ၊ ကင်းပြတ်ပြီးသော ဘဝ တဏှာရှိသော။
ဝါ၊ ဘဝတဏှာ သေကွဲ ကင်းပြတ်လေပြီးသော။
သန္တစိတ္တဿ၊ ငြိမ်သက်သော စိတ်ရှိထသော။
ဘိက္ခုနော၊ ရဟန်းအား။
ဝါ ဘိက္ခုနော၊ ကိလေသာကို ချိုးဖဲ့ဖျက်ဆီးပြီးသည်ဖြစ်၍။
ဥစ္ဆိန္န ဘဝတဏှဿ၊ သေကွဲ ကင်းပြတ်ပြီးသော ဘဝတဏှာရှိသော။
သန္တစိတ္တဿ၊ ငြိမ်သက် ငြိမ်းချမ်းသော စိတ်ဓာတ်ကလေးအား။
ဇာတိသံသာရော၊ တပြောင်းပြန်ပြန် ဖြစ်ခြင်း ဇာတိ သံသရာသည်။
ဝိက္ခီနဏော၊ ကုန်လေပြီ။
တဿ၊ ထိုရဟန်းအား။
ဝါ၊ ရဟန်းဟု ခေါ်ဆိုအပ်သော စိတ်ဓာတ်ကလေးအား။
ပုနဗ္ဘဝေါ၊ နောင်တဖန်ဖြစ်ခြင်းသည်။
နတ္ထိ၊ မရှိပြီ။

စိတ္တံ ခေါ သာဓဝေ သာမိကော၊ တဏှာ ဒုတိယိကာ၊ ကမ္မံ ဝဍ္ဎကီ သံဝိဓာယကော၊ ဣမေသံ ခေါ သာဓဝေ တိဏ္ဏံ ဓမ္မာနံ ဂတိ ဧဝံ ဒဋ္ဌဗ္ဗာတိ။

သေက္ချဘာသိတ တယောဓမ္မသုတ်။

သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
စိတ္တံ ခေါ၊ စိတ်သည်လျှင်။
သာမိကော၊ အရှင်သခင်တည်း။
တဏှာ၊ တဏှာသည်။
ဒုတိယိကာ၊ စိတ်သခင်၏ တိုးတိုးဖော်တည်း။
ကမ္မံ၊ ကံသည်။
သံဝိဓာယကော၊ စောင့်ရှောက်ထောက်ပံ့ ပြုပြင်စီရင်တတ်သော။
ဝဍ္ဎကီ၊ စိတ်သခင်၏ လက်သမားဆရာကြီးတည်း။
သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
ဣမေ သံ ခေါ တိဏ္ဏံဓမ္မာနံ၊ ဤသုံးပါးသော တရားတို့၏။
ဂတိ၊ အလားကို။
ဝါ၊ သဘောသကန် ဓာတ် နရတ်ကို။
ဧဝံ၊ ဤဟောကြားခဲ့ပြီးသော အတိုင်း။
တုမှေဟိ၊ သင်တပည့်တို့သည်။
ဒဋ္ဌဗ္ဗာ၊ သိမြင်မှတ်သားအပ်၏။
ဝါ၊ သိမြင်မှတ်သားကြကုန်လော့။

ဤကား - သဘောအဓိပ္ပါယ်နှင့်တကွ စိတ်ဓာတ်ကလေး၏ ရုပ်ကို မမှီမူ၍၎င်း၊ မှီမူ၍၎င်း ဖြစ်၍ နေပုံကို ပြဆိုချက်တည်း။

ဤတွင် သဘောသကန် ဓာတ် နရတ်နှင့်တကွ ဖြစ်နေပုံ အခြင်းအရာ သဘော အဓိပ္ပါယ်နှင့်တကွ စိတ်ဟု ခေါ်ဆိုအပ်သော ဝိညာဏဓာတုဝိဘင်္ဂ အခဏ်း ပြီး၏

ဝိညာဏဓာတ် ဝိဘင်္ဂအခဏ်း ပြီး၏။

အနိစ္စအားဖြင့် သုညတရှုပုံ

တပည့်တို့ - ဤကဲ့သို့ ဝိညာဏဓာတ်ကို ခွဲခြမ်းဝေဖန်၍ ပြဆိုဟောကြားပြီး၍ ယခုအခါ ဤ ဝိညာဏဓာတ်ကို “နေသော ဟမသ္မိ နေတံမေ၊ ဧဝံ တတ္ထ ဝိရဇ္ဇတိ” ဟူသော ဥဒ္ဒေသအရ ငါဟူသော အတ္တ, ငါ့ဟာဟူသော အတ္တနိယ ကွယ်ပျောက် ကင်းသုဉ်း၍ သွားအောင် အနိစ္စအားဖြင့် ကြည့်ရှုပုံ သုညတနည်းကို ပြဆို ဟောကြားမည်။ သင် တပည့်တို့သည် ကောင်းစွာနာကြကုန်လော့ ကောင်းစွာ သိမြင်အောင် ကြည့်ရှုကြကုန်လော့၊ ဟောကြားတော့အံ့။

နာမ်တရားတို့ ကျေးဇူးပြုကြပုံကို ပြခြင်း

တပည့်တို့ - ဤစိတ်ဓာတ်သည် ဥပါဒ်ဟု ဖြစ်ပေါ်ပြီးလျှင် ချုပ်ကွယ်၍ သွား၏။ ထိုသို့ချုပ် ကွယ်သောအခါ အချင်းခပ်သိမ်း အကြွင်း အကျန်မရှိ အကုန်လုံး ချုပ်ကွယ်၍ မသွားဘူး၊ နောက် စိတ်ဓာတ်လုံး ဖြစ်ပေါ်ရန် ကြိယာသတ္တိ အထူးကလေး အနံ့အသက်ကလေး ကြွင်းကျန် ချန်ထားခဲ့သည်

စိတ်ကလည်း စိတ်ဖြစ်ဖို့ရာ,
ဖဿကလည်း ဖဿဖြစ်ဖို့ရာ,
ဝေဒနာကလည်း ဝေဒနာ ဖြစ်ဖို့ရာ,
သညာကလည်း သညာဖြစ်ဖို့ရာ,

အောက်ပြဆိုခဲ့ပြီးသော အတိုင်း အလုံးစုံသော နာမ်တရားတို့သည် အသီးအသီး မိမိတို့သဘော ဇာတိ အစဉ် ဖြစ်ဖို့ရာ ကြိယာသတ္တိ အထူးကလေး အနံ့ အသက်ကလေး ကြွင်းကျန် ချန်ထားခဲ့သည်

ဤကြွင်းကျန်ရစ်သော ကြိယာ သတ္တိ အထူးကလေး အနံ့အသက် ကလေးသည် နာမ်ဓာတ်လုံး စိတ်ဓာတ်လုံး ဥပါဒ်ဟု ပေါ်ဖြစ်လာသည်။ ဤစိတ် ဓာတ်လုံး ချုပ်ကွယ်ပြန်လျှင်လည်း ရှေးနည်းတူ ကြိယာ သတ္တိအထူးကလေး အနံ့အသက် ကလေး ကြွင်းကျန်ရစ်၍ ဤ ကြွင်းကျန်ရစ်သော နာမ်ဓာတ် ကြိယာသတ္တိ အထူးကလေး နာမ်ဓာတ် အနံ့သက်ကလေးသည် နာမ်ဓာတ်လုံး စိတ်ဓာတ်လုံး ဥပါဒ်ဟု ပေါ်ဖြစ်ပြန်သည်

ဤကဲ့သို့ သံသရာ တည်စမှစ၍ သံသရာဆုံးသည် တိုင်အောင် အဆက်ဆက်ဖြစ်၍ သွားသည် တပည့်တို့ - ရှေးရှေး စိတ်ဓာတ်လုံးကား မျိုးစေ့တည်း၊ ဤကြိယာ သတ္တိ အထူးကလေး အနံ့အသက် ကလေးကား အညှောက်တည်းနောက်နောက် စိတ်ကား အညှောက်မှဖြစ်သဲ အပင်တည်း၊ ဤသဘောကို ပြခြင်းငှါ “ဝိညာဏံဗီဇံ” ဟု ဟောတော်မူသည်။

စိတ်ဖြစ်ပျက်မှုကို အဘိဓမ္မာနည်းရှုပုံကို ပြခြင်း

တပည့်တို့ - ဤကြိယာ သတ္တိ အထူးကလေး အနံ့အသက်ကလေးကို အနန္တရ သမနန္တရ ပစ္စယ သတ္တိဟု ခေါ်သည်။ အနန္တရ သမနန္တရ ပစ္စယ သတ္တိဟု သိမှတ်ကြ။ ရှေးရှေး စိတ်ဓာတ်လုံးကား ဤ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်သော အကြောင်း ပစ္စည်းတရားတည်း။ နောက်နောက် စိတ်ဓာတ် လုံးကား ကျေးဇူးခံ အကျိုး ပစ္စယုပ္ပန် တရားတည်း၊ ဤသဘောကို ပြခြင်းငှာ -

ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ စေတသိကာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရ သမနန္တရ ပစ္စယေန ပစ္စယော။

ဟူ၍ ပဋ္ဌာန်းပါဠိတော်၌ ဘုရားရှင် ဟောတော်မူသည်။

ယေသံ ယေသံ ဓမ္မာနံ၊ အကြင် အကြင် စိတ်စေတသိက် တရားတို့၏။
အနန္တရာ၊ အခြားမဲ့၌။
စိတ္တစေတသိကာ၊ စိတ် စေတသိက် ဖြစ်ကုန်သော။
ယေ ယေ ဓမ္မာ၊ အကြင်အကြင် တရားတို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
တေ တေ ဓမ္မာ၊ ထိုရှေးရှေးစိတ် စေတသိက် တရားတို့သည်။
တေသံ တေသံ ဓမ္မာနံ၊ ထိုနောက်နောက် စိတ်စေတသိက် တရားတို့အား။
အနန္တရ သမနန္တရ ပစ္စယေန၊ အနန္တရ သမနန္တရ ပစ္စယသတ္တိဖြင့်။
ပစ္စယော ဥပကာရကော၊ အသီးအသီး မိမိတို့သဘော ဇာတိချင်းချင်း ကျေးဇူးပြုသည်။
ဟောတိ၊ ဖြစ်၏။

တပည့်တို့ - ဤကဲ့သို့ ရှေ့စိတ် မျိုးစေ့မှ နောက်စိတ်ဖြစ်, ဤနောက်စိတ် မျိုးစေ့မှ တဖန် နောက်စိတ် ဖြစ်လျက် အစဉ်မပြတ် ဆက်လက်၍ သွားခြင်းကြောင့် ရှေးရှေးက ထုံခဲ့သို့ ဝသီ ဝါသနာတွေ ရှေးရှေးပြုခဲ့တဲ့ ကံတွေ စိတ်သန္တာန်၌ ပါ၍ လိုက်နိုင် လေတော့သည်၊ ရှေးရှေးက ဖြည့်ဆည်းပူးခဲ့တဲ့ ပါရမီတွေလည်း တဖြည်းဖြည်း ရင့်သန်၍ သွားလေတော့သည်၊

စိတ်ကိုကြီးထွားအောင် ပွားများ၍လည်း ကြီးထွားခြင်းသို့ ရောက်နိုင်လေတော့သည်။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဣန္ဒြေတွေကို ကြီးထွားအောင် ပွားများ၍လည်း ကြီးထွားခြင်းသို့ ရောက်နိုင်လေတော့သည်။

တပည့်တို့ - ဤစိတ်ဓာတ် အဆက် ဆက်ဖြစ်၍ သွားရာ၌ အတူဥပမာကား ညဉ့်မှောင်မိုက်အခါ ခဇ္ဇောပနက ပိုးစိမ်းဖြူ မြန်မြန် အတောင် ခတ်လျက် ပျံသွား၍ နေတာနှင့် အလွန်တူသည်

ပိုးစိမ်းဖြူ ဝင်းကနဲ ဖြစ်မှုနှင့် အာရုံကို ဆွဲထလျက် ဥပါဒ် ဌီ ဘင် ဟု ခဏတ္တယ သမင်္ဂီ စိတ်ဓာတ်လုံး ပေါ်ဖြစ်မှု တူ၏။
ပိုးစိမ်းဖြူ မဝင်းဘဲ မှိန်ကွယ်၍ သွားမှုနှင့် အနန္တရ သမန္တရ ပစ္စယသတ္တိ ဆက်မှု တူ၏
ထိုပိုးစိမ်းဖြူ တဖန် ဝင်းကနဲ ဖြစ်ပြန်သာနှင့် အာရုံကို ဆွဲထလျက် နောက်တဖန် စိတ်ဓာတ်လုံး ဖြစ်ပြန်မှုတူ၏

ခဇ္ဇောပနကံ ဣဒံ စိတ္တံ၊ ဆသု ဒွါရေသု သဉ္စရံ။
ယထာဘူတံ ဝိပဿန္တိ၊ ပဏ္ဍိတာ ဇုတိ ဉာဏိနော။

သေက္ချဘာသိတ ဂါထာ။

သိဿာ၊ အို - တပည့်တို့။
ခဇ္ဇောပနကံ၊ ညဉ့်မှောင်မိုက်အခါ ပျံသွားသော ပိုးစိမ်းဖြူနှင့်လည်း တူထသော။
ဆသုဒွါရေသု၊ ခြောက်ပါးသော ဒွါရတို့၌။
သဉ္စရံ၊ မရပ်မနား လှည့်လည်ပြေးသွား၍ နေသော။
ဣဒံ စိတ္တံ၊ ဤဝိညာဏ် စိတ်ဓာတ်ကလေးကို။
ဇုတိဉာဏိနော၊ ထွန်းလင်းသော ဉာဏ်ရောင်ရှိကြကုန်သော။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
ယထာဘူတံ၊ ဟုတ်မှန်သော အတိုင်း။
ဝိပဿန္တိ၊ သိမြင်တော်မူကြကုန်၏။ ၂၆။

တပည့်တို့ - ဤပိုးစိမ်းဖြူ ဥပမာ၌ အစဉ်မပြတ် တကောင်တည်း ဖြစ်ခြင်းကြောင့် အဆက်ဆက် ဝင်းဝင်း, ဝင်းဝင်း ဟူသမျှသည် ဤပိုးစိမ်းဖြူချည်းဘဲဟု ဆိုရသည်၊ ထိုသို့ ဆိုရငြားသော်လည်း ရှေ့ဝင်းဝင်းဟာ နောက်ဝင်းဝင်း မဟုတ်ဘူး၊ ဤ နောက်ဝင်းဝင်းဟာလည်း ရှေ့ဝင်းဝင်း မဟုတ်ဘူးတခြားစီ အပိုင်းအပိုင်းပြတ်၍ နေသည်

ထို့အတူဘဲ တပည့်တို့ - ဤစိတ်ဓာတ်ကလေး၌လည်း အနန္တရ, သမနန္တရ သတ္တိဖြင့် အကြောင်း အကျိုး ဆက်စပ်လျက် အစဉ်မပြတ် သဘောတခုတည်း ဖြစ်ခြင်းကြောင့်သာ ရှေးရှေ စိတ်ဟာဘဲ နောက်နောက်စိတ်ဘဲ၊ ဤနောက်နောက် စိတ်ဟာဘဲ ရှေးရှေးစိတ်ဘဲဟု ဆိုရသည်

ထိုသို့ ဆိုရငြားသော်လည်း ရှေးရှေးစိတ္တက္ခဏဟာ နောက်နောက် စိတ္တက္ခဏ မဟုတ်ဘူးနောက် နောက် စိတ္တက္ခဏဟာ ရှေးရှေး စိတ္တက္ခဏ မဟုတ်ဘူးခဏတ္တယ သမင်္ဂီဖြစ်တဲ့ စိတ်ဓာတ်လုံး စိတ္တက္ခဏကား တခြားစီ အပိုင်းပိုင်းပြတ်၍ နေသည်၊ အောက်ကပြဆိုခဲ့တဲ့ ရှင်သုမေဓာစသော ပုဂ္ဂိုလ် ဥပမာမှာလည်း ဤနည်းတူ တခုတည်းလည်းဖြစ်ပုံ တခုတည်းမဟုတ်ဘဲ တခြားစီ အပိုင်း အပိုင်း လည်း ပြတ်ပုံကို သိကြ။

တပည့်တို့ - ဤပိုးစိမ်းဖြူ ဥပမာနှင့်တူစွာ အောက်က ပြဆိုခဲ့ပြီးသော ဘဝင်စိတ်, ဝီထိစိတ်အစဉ် တို့ကို သိမှတ်၍ ခြောက်ဒွါရ၌ စိတ်ဓာတ် ဝိညာဏ် ဖြစ်၍ နေပုံကို သိကြ။ ထင်မြင်အောင်လည်း ကြံတွေး ကြည့်ရှုကြ။

ပိုးစိမ်းဖြူ ဝင်းကနဲဖြစ်ပြီး ကွယ်၊ ဝင်းကနဲဖြစ်ပြီး ကွယ် ကွယ်သွားဘိသကဲ့သို့ ဤစိတ်ဓာတ် ဝိညာဏ်ကလေး လှစ်ကနဲဖြစ်ပေါ်ပြီး ပျက်ကွယ်၊ လှစ်ကနဲဖြစ်ပေါ်ပြီး ပျက်ကွယ်၍ ပျက်ကွယ်၍ သွားပုံ အခြင်းအရာများကို ထင်မြင်အောင် ကြည့်ရှုကြ။

ငါးဒ္ဓါရသို့ မသွားတဲ့အခါ နှလုံးဗူး လိုဏ်တွင်း နှလုံးသွေးခေါ်တဲ့ ဟဒယဝတ္ထု ရုပ်ရှည်မှုန့်ကလေး တွေ များစွာတွင် တခုခုသော ရုပ်မှုန့်ကလေးပေါ်၌ အာရုံ ခြောက်ပါးတွင် တပါးပါးသော အာရုံကို ဆွဲတွယ်လျက် လှစ်လှစ် လှစ်လှစ် လှစ်လှစ် လှစ်လှစ်နှင့် ဖြစ်ပျက်၍ နေပုံကို ထင်မြင်အောင် ကြံတွေးကြည့်ရှုကြ။

ဤကား အဘိဓမ္မာနည်းအားဖြင့် စိတ္တက္ခဏ အစဉ်အတိုင်း ဖြစ်ပျက်မှုကို ကြည့်ရှုပုံတည်း။

စိတ်ဓာတ်ကလေး၏ ဖြစ်ပျက်မှု လျင်မြန်ပုံကိုပြခြင်း

တပည့်တို့ - ဤစိတ်၏ ဖြစ်ပျက်မှုသည် အလွန်လျင်မြန်သည်၊ ရုပ်တို့ကား လက်ဖျစ်တတွက် အတွင်းမှာ အကြိမ်ပေါင်း ကုဋေငါးထောင်မက ဖြစ်ချုပ် နိုင်သည်၊ စိတ်က ဤရုပ်ထက် တဆဲ့ခုနစ်ဆ သာလွန်၍ ဖြစ်ပျက်မှု လျင်မြန်သည်။ လောက၌ စိတ်ထက် ဖြစ်ပျက်မှု လျင်မြန်သော တရားဟူ၍ တခုမျှ မရှိဘူး တပည့်တို့။

ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည် ဧကင်္ဂုတ္တရ ပါဠိတော်လာ စိတ္တလဟုပရိဝတ္တ သုတ်၌ -
- နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ။ ယံ ဧဝံ လဟု ပရိဝတ္တံ ယထယိဒံ စိတ္တံ၊ စိတ္တံ ဘိက္ခဝေ လဟုပရိဝတ္တံ၊ ယာဝဉ္စိဒံ ဘိက္ခဝေ ဥပမာပိ နသုကရာ ယာဝ လဟုပရိဝတ္တံ စိတ္တန္တိ ။
ဟူ၍ ဟောတော်မူလေသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံစိတ္တံ၊ ဤစိတ်သည်။
လဟုပရိဝတ္တံ ယထာ၊ ပေါ့ပါးလျင်မြန်သော ပြောင်းလွှဲဖြစ်ပျက်ခြင်း ရှိဘိသကဲ့သို့။
ဧဝံ၊ ထို့အတူ။
ယံ၊ အကြင်တရားသည်။
လဟုပရိဝတ္တံ၊ ပေါ့ပါး လျင်မြန်သော ပြောင်းလွှဲဖြစ်ပျက် ခြင်း ရှိ၏။
အညံ၊ စိတ်ကိုချန်ထား၍ စိတ်မှတပါးသော။
တံဧကဓမ္မမ္ပိ၊ ထိုပေါ့ပါး လျင်မြန်သော ပြောင်းလွှဲဖြစ်ပျက်ခြင်းရှိသော တခုသော တရားကိုမျှလည်း။
အဟံ၊ ငါဘုရားသည်။
န သမနုပဿာမိ၊ သမန္တစက္ခုဖြင့် ရှာဖွေကြည့်ရှု၍ မြင်တော်မမူ။
ဘိက္ခဝေ၊ ရဟန်းတို့။
စိတ္တံ၊ စိတ်သည်။
လဟုပရိဝတ္တံ၊ အလွန်ပေါ့ပါး လျင်မြန်သော ပြောင်းလဲဖြစ်ပျက်ခြင်း ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
စိတ္တံ၊ စိတ်သည်။
ယာဝ လဟုပရိဝတ္တံ၊ အကြင်မျှလောက် ပေါ့ပါးလျင်မြန်စွာ ပြောင်းလဲ ဖြစ်ပျက်ခြင်း ရှိ၏။
တံ၊ ထိုဖြစ်ပျက်မှု ပေါ့ပါး လျင်မြန်ပုံကို။
ဥပမာပိ၊ ဥပမာပြခြင်းငှါလည်း။
ယာဝဉ္စ၊ အလွန်လျှင်။
န သုကရာ၊ မလွယ် ခဲယဉ်း၏။

တပည့်တို့ - ဤစိတ်ဓာတ်သည် ဤကဲ့သို့ ဖြစ်ပျက်မှု အလွန်လျင်မြန်သောကြောင့် ရှေ့စိတ် ဘင်စွန်းနှင့် နောက်စိတ် ဥပါဒ်စွန်းသည် အလွန်တရာ နီးစပ်လျက် တဆက်ထည်းကဲ့သို့ ဖြစ်၍ နေခြင်းကြောင့် ဖြစ်ပျက်မှုကို အလွန်တရာ သိမြင်နိုင်ခဲသည်။ ဖောက်ပြန် ပျက်စီးခြင်း မရှိဘိ သကဲ့သို့ပင် မှတ်ထင်ရသည်။

ဤအဘိဓမ္မာ ရူပုံနည်းအတိုင်း စိတ်ဖြစ်စဉ်အဘိုင်း စိတ္တက္ခဏတိုင်း ကိုလည်း ဝိပဿနာရှုတဲ့ ယောဂီပုဂ္ဂိုလ်၏ ဉာဏ်သည် အမှီလိုက်၍ မရှုမြင်နိုင်ဘူး။ ရှုမည်ဟု စိတ်ကူးလိုက်လျှင် ဤ စိတ်ကူးတုန်း လက်ဖျစ်တတွက် ကာလအတွင်းမှာပင် စိတ္တက္ခဏပေါင်း ကုဋေတသိန်းမက ဖြစ်ပျက်၍ သွားကုန်ပြီ။ ထို့ကြောင့် ဤဝိပဿနာရှုတဲ့ နေရာမှာ အဘိဓမ္မာနည်းအားဖြင့် ရှုလို့ မဖြစ်ဘူး၊ ထင်မြင်အောင် မရှုနိုင်ဘူး၊ မရှုရဘူး။ သုတ္တန် ဝိပဿနာနည်း အားဖြင့်သာ ရှုမှုဖြစ်သည်၊ ရှုရသည်။

ထို့ကြောင့် တပည့်တို့ - ယခု ပြဆိုခဲ့ပြီးသော အဘိဓမ္မာနည်းကို ပဋိသမ္ဘိဒါဉာဏ် ရင့်သန်ဖို့ရာ ဉာဏ်ပညာကြီးဖို့ရာ သိအောင် နားလည်အောင်သာ လုပ်၍ ထားလိုက်ကြ။ ဝိပဿနာ ရှုဖို့ရာ သုတ္တန် ဝိပဿနာနည်းကို ပြဆို ဟောကြားအံ့။

စိတ်တခုတည်းက ခြောက်ပါး ပိုင်းဖြတ်ပုံကို ပြခြင်း

တပည့်တို့ - အလယ်ခေါင် ချက်မ၌နေလျက် ငါးပါးသော အရပ်ဌာနသို့ ပျံရွေ့ ပြေးသွား၍ နေသော ပိုးစိမ်းဖြူကို မျောက်ကို ခြောက်ရပ် ခြောက်ဌာန တို့ဖြင့် ပိုင်းဖြတ်သတ်မှတ်၍ အမိဖမ်းဘိသကဲ့သို့ ထို့အတူ --

နှလုံးဗူး လိုဏ် အလယ်ခေါင် ချက်မ၌နေလျက် ဖြစ်ပျက်မှန်း မသိသာအောင် လွန်စွာ အဖြစ် အပျက် မြန်၍ ရှေ့နောက် အလွန်စေ့စပ်၍ ငါးပါးသော အရပ်ဌာနသို့ ပြေးသွား ၍နေသော စိတ်ဓာတ် ဝိညာဏ်ကို ခြောက်ရုပ် ခြောက်ဌာနတို့ဖြင့် ပိုင်းဖြတ် သတ်မှတ်၍ အမိဖမ်း၍ တပည့်များအား ပေးညွှန်ပြတော်မူလိုသော မြတ်စွာ ဘုရားရှင်သည်—

ကတမဉ္စ ဘိက္ခဝေ ဝိညာဏံ၊ ဆယိမေ ဘိက္ခဝေ ဝိညာဏကာယာ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇိဝှါဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံ ဝုစ္စတိ ဝိညာဏံ။
ဟူ၍ ဟောတော်မူပေ၏။

ခန္ဓဂ္ဂ သံယုတ်ပါဠိတော်လာ သတ္တဌာန ကုသလသုတ်၏ အစိတ်ပါဠိ။

ဘိက္ခဝေ၊ ရဟန်းတို့။
ဝိညာဏံ၊ ဝိညာဏ်သည်။
ကတမဉ္စ၊ အဘယ်နည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဝိညာဏကာယာ၊ ဝိညာဏ်အစုတို့သည်။
စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်၎င်း။
သောတဝိညာဏံ၊ သောတဝိညာဏ်၎င်း။
ဃာနဝိညာဏံ၊ ဃာနဝိညာဏ်၎င်း။
ဇိဝှါဝိညာဏံ၊ ဇိဝှါဝိညာဏ်၎င်း။
ကာယဝိညာဏံ၊ ကာယဝိညာဏ်၎င်း။
မနောဝိညာဏံ၊ မနောဝိညာဏ်၎င်း။
ဣမေ ဆ၊ ဤခြောက် ပါးတို့ပေတည်း။
ဣဒံ၊ ဤခြောက်ပါးကို။
ဝိညာဏံ၊ သိတတ်သော သဘော ဖြစ်ခြင်းကြောင့် ဝိညာဏ်ဟူ၍။
ဝုစ္စတိ၊ ခေါ်ယူအပ်၏။

တပည့်တို့ - ဤဝိညာဏ်ခြောက်ပါးတို့သည် အဘယ်ကို သိသနည်းဆိုသော်—

  1. စက္ခုဝိညာဏ်သည် အဆင်း ရူပါရုံကို သိသည်။
  2. သောတဝိညာဏ်သည် အသံ သဒ္ဒါရုံကို သိသည်။
  3. ဃာနဝိညာဏ်သည် အနံ့ ဂန္ဓာရုံကို သိသည်။
  4. ဇိဝှါဝိညာဏ်သည် အရသာဟူသော ရသာရုံကို သိသည်။
  5. ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံကို သိသည်။
  6. မနောဝိညာဏ်သည် ဤငါးပါးသော ပဉ္စာရုံနှင့်တကွ ဓမ္မာရုံကိုသိသည်။

တပည့်တို့ - ဤကဲ့သို့ ဝိညာဏ်ခြောက်ပါးတို့ကို ကောင်းမွန် သေချာစွာ သိမှတ်ကြ။

စက္ခုအကြည်ကို ပြခြင်း

၁။ ယခုအခါ ဝိညာဏ်ခြောက်ပါးတို့၏ ဖြစ်ပျက်ပုံ ဥဒယ ဝယ အနိစ္စ သဘောကို အစဉ်အတိုင်း ဟောပြမည်။ ကောင်းမွန်စွာ နားလည်အောင်နာ၍ ထင်မြင်အောင် ကြည့်ရှုကြကုန်လော့၊ ဟောပြတော့အံ့။

တပည့်တို့ - စက္ခုဝိညာဏ်သည် အဘယ်လို အကြောင်းကြောင့် အဘယ်၌ မှီ၍ အဘယ်လိုဖြစ်၍ ပျက်စီး၍ နေသနည်းဆိုသော် - တပည့်တို့ လူတို့၏ မျက်စိ အလယ်၌ ပဲနောက်စေ့လောက် အကြည်ကွက်ကလေး ရှိသည်။

တပည့်တို့ - ဥပမာကား ကျွန်းသားလုံးကို ချောညက်အောင် ကော်ဖတ်စား၍ ကျောက်စား၍ ချောညက်လျှင် အရောင်တင် မှတ်ကျောက်ဖြင့် နာနာဖိနှိပ်၍ ပွတ်တိုက်လိုက်သောအခါ အကြည် အလင်းကွက်ကလေး ဖြစ်ပေါ်လာ၏။ လက်ပြလျှင် လက်ရိပ်ထင်၏။

တပည့်တို့ - ထိုအကြည် အလင်းကလေးသည် ကျွန်းသားမဟုတ်ဘူး။ ကျွန်းသားကား မာမာ အထည်ဝတ္ထုတည်း။ ထိုအကြည် အလင်းကား မှတ်ကျောက်ဖြင့် တိုက်လိုက် ခါမှ ဖြစ်ပေါ်လာသော အကြည်အလင်း သဘောတမျိုးတည်း။ အထည်ဝတ္ထုလည်း မရှိဘူး။ ကျွန်းသားကလွှတ်၍ ကျွန်းသားမှ အသီးအခြား ဖြစ်ကောင်း ရကောင်းသော သဘောလည်း မဟုတ်ဘူး။ ဤကျွန်းသားနှင့် အကြည်ကို ကွဲအောင်ခွဲ၍သိကြ တပည့်တို့။

ထို့အတူ တပည့်တို့ - မျက်လုံးသား၌ ကြည်နေသော အကြည် အလင်းကွက် ကလေးကို မာဂဓမှာ စက္ခုပသာဒဟု ခေါ်သည်။ ဗဟ္မာမှာ မျက်စိအကြည်ဟု ခေါ်သည်။

အစ္ဆော၊ အကြည်။
မဏ္ဍော၊ အကြည်။
ပသာဒေါ၊ အကြည်။
အကြည်ဟော သဒ္ဒါစု။

အကြည်ဟော မဏ္ဍသဒ္ဒါ၏ နာမသတ် အနက်အားဖြင့်၊ မဏ္ဍော၊ မဏ်ဟု ခေါ်သည်။ ထိုမဏ်ကိုပင်လျှင် ဟထိုးနှင့် မှဏ်ဟု ခေါ်သည်။

ဤစက္ခုမှဏ် အကြည်ကွက်သည် အကောင်ငယ်လျှင် ငယ်လိုက် ငယ်၏။ အကောင်ကြီးလျှင် ကြီးလိုက် ကြီး၏။ ယခု လူတို့မှာကား ပဲနောက်စေ့လောက် ကြီး၏။

တပည့်တို့ - ကျွန်းသား၌ အကြည်ကွက်ကဲ့သို့ ဤစက္ခု၊ အကြည်သည် မျက်လုံးသား မဟုတ်ဘူး၊ မျက်လုံးသားကိုလွှတ်၍ မျက်လုံးသားမှ အသီးအခြား လည်း ဖြစ်ကောင်း ရကောင်းသော သဘော မဟုတ်ဘူး၊ မျက်လုံးသားကား မာမာ အထည်ဝတ္ထုတည်း။

ဤစက္ခုအကြည် အလင်းကား မျက်လုံးသားကို မှီ၍စွဲ၍ ကြည်နေသော အကြည် အလင်း သဘော တမျိုးတည်း။ အထည်ဝတ္ထု၊ မရှိပြီ။ မျက်လုံးသား၏ ကြည်ခြင်း သတ္တိကလေးမျှတည်း။ မျက်လုံး သားဖြစ်၍ နေသော ဓာတ်ကြီးလေးပါးခဲ ရုပ်မှုန့် ကလေးတွေ၏ ကြည်ခြင်း သတ္တိကလေးမျှတည်း။ ကျွန်းသား အကြည်ကွက်နှင့် တူအောင် ကြည့်ကြ။

တပည့်တို့ - ပသာဒရုပ် ပသာဒရုပ်ဟု ဆိုတယ်လို့ အဆိုင်အခဲ အထည် ဝတ္ထု ရှိသည်ဟူ၍ မမှတ်ထင်ကြနှင့်။

တပည့်တို့ - မျက်လုံးသားသည်လည်း ကြက်သွန် ဥခွံများကဲ့သို့ အလွှာအလွှာ အထပ်ထပ်တွေ နေ၏။ ဤ ပဲနောက်စေ့လောက် စက္ခုအကြည်ကွက်သည် အတွင်းသို့ မျက်လွှာ ခုနစ်လွှာထိအောင် ကြည်၍ သွား၏။

တပည့်တို့ - ဤစက္ခုအကြည် ပသာဒရုပ်ကို အဆင်းရူပါရုံ စက္ခုဝိညာဏ် ဟူသော အာရုံ အာရမ္မဏိက တရားနှစ်ပါးတို့၏ ဆိုက်ရောက် ဝင်ထွက်ရာ ဖြစ်ခြင်းကြောင့် စက္ခုဒွါရဟူ၍လည်း ခေါ်သည်။ စက္ခုဝိညာဏ်၏ မှီနေရာ ဖြစ်ခြင်းကြောင့် စက္ခုဝတ္ထုဟူ၍လည်း ခေါ်သည်။ ဤကဲ့သို့ အမည်ခေါ်ပုံကို လည်း မှတ်ကြ။

တပည့်တို့ - ကျွန်းသား အကြည်ကွက်၌ လက်ရိပ်ပြလျှင် လက်ရိပ် ထင်ဘိသကဲ့သို့ မှဏ်၏ ရှေ့ဥပစာ၌ ရှိကြသော ဝတ္ထုတို့သည် မှဏ်၏ အတွင်း၌ အရိပ်ထင်ကြဘိ သကဲ့သို့ ထို့အတူ စက္ခုမှဏ် အကြည် ရှေ့ဥပစာ၌ ရှိကြသော သက်ရှိ သက်မဲ့ အလုံးစုံသော ဝတ္ထုတို့သည် အရောင်အလင်း အာလောက ရှိခဲ့လျှင် ထိုစက္ခုမှဏ်ကြည်၏ အတွင်း၌ အရိပ်ထင်ကြရကုန်၏။

တပည့်တို့ - အောက်က ပြဆိုခဲ့သော လူရိပ် သစ်ပင်ရိပ်စသော အရိပ်ကား မှောင်ရုပ် အရိပ်တည်း။ ဤယခု စက္ခုမှဏ် အကြည်အတွင်း၌ ထင်သောအရိပ်ကား အဆင်း ဝဏ္ဏ ရူပါရုံ အရိပ်တည်း။

စက္ခုအကြည်၌ အာရုံထင်ပုံကို ပြခြင်း

တပည့်တို့ - တစုံတခုသောဝတ္ထုကို ဓာတ်ရိုက်ရာ၌ကဲ့သို့ ထိုအဆင်းဝဏ္ဏ ရူပါရုံရိပ်သည် ပြင်မျက်လွှာ မှဏ်ချပ်စုကို ဖောက်ဝင်သွား၍ အတွင်း မျက်လွှာ မှဏ်ချပ်စု၌ ထိခိုက်၏။ ရပ်နား မှီနေ၏။ အတွင်းမျက်လွှာ မှဏ်ချပ်စုကား ရူပါရုံရိပ် ရပ်နားမှီနေဖို့ မှဏ်ချပ်တည်း။ ပြင်စပ် မျက်လွှာ မှဏ်ချပ်စုကား ရူပါရုံရိပ်ကို ဆွဲငင်ဖို့ မှဏ်ချပ်တည်း။

တပည့်တို့ - အဆင်းဝဏ္ဏနုန့်သော ငုပ်သော ဤအကြည်ဓာတ် မှဏ်မျိုးသည် အဆင်းဝဏ္ဏ ရူပါရုံကို ခဏခြင်း မိမိထံသို့ ရောက်အောင် ဆွဲငင်တတ်သော တန်ခိုးသတ္တိ ရှိသည်။

တပည့်တို့ ဤကဲ့သို့ စက္ခုမှဏ်၌ ရူပါရုံရိပ် ထိခိုက်သောအခါ ကျွန်းသား အကြည်ကွက်ကို မီးမှဏ်နှင့် ပြသောအခါ ကျွန်းသား အကြည်ပေါ်၌ လူလူ လူလူ မီးခိုးထွက် ဘိသကဲ့သို့ ကျောက်ခဲကို မီးခတ်သံနှင့် ထိခတ်သောအခါ ကျောက်ခဲပေါ်၌ ဖွားဖွား ဖွားဖွား မီးပွင့်ဘိသကဲ့သို့ ထိုဆိုက်ရောက် ထိခိုက်လာသော အဆင်းဝဏ္ဏ ရူပါရုံကို သိခြင်းသိခြင်းဟု သိခြင်း သဘောတွေ ထိခိုက်အပ်သော စက္ခုအကြည် ပေါ်၌ တခုခုသော အကြည်ရုပ်မှုန့်ကလေးကိုမှီ၍ ဖြစ်ပေါ်သည်။ ဤ သိခြင်း သဘောကို သိတတ်သော သဘောမို့ ဝိညာဏ်ခေါ်သည်။ စက္ခုပေါ်၌ ဖြစ်ပေါ်သော ဝိညာဏ်မို့ စက္ခုဝိညာဏ် ခေါ်သည်။

သမ္ပတ္တ အသမ္ပတ္တ ရွေးချယ် စီစစ်၍ပြခြင်း

တပည့်တို့ - ခြင်္သေ့တို့သည် တစုံတယောက်က ပစ်လိုက်လို့ မိမိ၌ ခဲထိခိုက် လာလျှင် ထိုခဲကို အကြောင်းခံ၍ ခဲကို မကြည့်ဘဲ ခဲနှင့်ပစ်သော သူကိုသာ လှမ်း၍ အာရုံပြုဘိ ကြည့်ဘိ မြင်ဘိသကဲ့သို့ ထို့အတူ ဤစက္ခုဝိညာဏ်သည်လည်း စက္ခုအကြည်၌ ဆိုက်ရောက် ထိခိုက်လာသော ရူပါရုံရိပ်ကို အကြောင်းခံ၍ ထိုဆိုက်ရောက် ထိခိုက်လာသော ရူပါရုံရိပ်ကို အာရုံမပြုဘဲ ထိုရူပါရုံရိပ်၏ ထွက်လာရာ အရင်းခံ အထည်ဝတ္ထု ရူပါရုံကို လှမ်း၍ အာရုံ ပြုသည်၊ သိသည်၊ မြင်သည်။ထို့ကြောင့် စက္ခုဝိညာဏ်သည် မိမိဆီသို့ မဆိုက်ရောက်လာသော ရူပါရုံကို အာရုံပြုသည်၊ ယူသည်၊ အသမ္ပတ္တဂါဟ တည်းဟု ဆိုရသည်။

တပည့်တို့ - ဤကဲ့သို့ ထင်လာ ထိခိုက်လာသာက တခြား၊ အာရုံပြုအပ်သာက တခြား ဖြစ်ငြား သော်လည်း ဤထိခိုက် ဆိုက်ရောက်လာသော ဝဏ္ဏရိပ် ရူပါရုံ သည်လည်း ထွက်လာရာ အရင်းခံ အထည်ဝတ္ထုမှ ထွက်လာသာ ဖြစ်ခြင်းကြောင့် အစဉ်တစပ်တည်းဖြစ်၍ ထိုအရင်းခံ အထည်ဝတ္ထု၊ ရူပါရုံနှင့် တခြားစီမဟုတ်၊ အတူတူ တခုတည်းပင်ဟု ဆိုရသည်။

မီးခဲမှထွက်လာသော မီးကလာပ်ကလေး တွေနှင့် တွေ့ထိ၍ ပူသည်ကို အစဉ် တစပ်တည်းဖြစ်၍ ဤမီးကလာပ်ကလေးတွေ ကိုလည်း မီးခဲနှင့် အတူတူ တခုတည်း ထား၍ မီးပူသည်ဟု ခေါ်ဆို မှတ်သားရဘိသကဲ့သို့ မှတ်ကြ။

ထို့ကြောင့် စက္ခုဝိညာဏ်သည် မိမိဆီသို့ ထိခိုက် ဆိုက်ရောက်လာသော ရူပါရုံကိုပင် အာရုံပြုသည်၊ ယူသည်၊ သမ္ပတ္တဂါဟပင်လျှင် တည်းဟု ဆိုရသည်။ ထို့ကြောင့်ဘဲ တပည့်တို့ - ထိုဆိုက်ရောက် ထိခိုက်လာသော အဆင်းဝဏ္ဏ ရူပါရုံကို သိခြင်း သိခြင်းဟု သိခြင်း သဘောတွေ ဖြစ်ပေါ်သည်ဟု ငါဆရာ ဟောကြားမိန့်ဆိုပေ၏။

တပည့်တို့ - ဤကဲ့သို့ စက္ခုဝိညာဏ် သောတဝိညာဏ်စသော ပဉ္စဝိညာဏ်တို့ ကိုသာ မိမိဆီသို့ ဆိုက်ရောက်လာသော အာရုံကို အာရုံပြု မပြု။ ယူမယူ။ သမ္ပတ္တဂါဟ အသမ္ပတ္တဂါဟ ရွေးချယ်ရန် ရှိသည်။ စက္ခုပသာဒစသော ပသာဒရုပ် ငါးခုတို့မှာကား သမ္ပတ္တဂါဟ အသမ္ပတ္တဂါဟ ရွေးချယ်ရန် မရှိပြီ။ အကုန်လုံး သမ္ပတ္တဂါဟ ရုပ်ချည်းပင်တည်း။ သပ္ပဋိဃ ရုပ်ချည်းပင်တည်း။

ပဉ္စာရုံတို့သည် အသီး အသီး မိမိတို့ အကြည်ပသာဒမှဏ်ချပ်သို့ ထိခိုက် ဆိုက်ရောက်ကြသည် ချည်းပင်တည်း၊ ပူပြင်းသော ရူပါရုံဆိုက်ရောက် ထိခိုက်ဖန် များလျှင် စက္ခုဓာတ်မှဏ်ပါပူ၍ ကျိန်း၍ စူး၍ လာ၏၊ မျက်ရေကျ၍လာ၏၊ ပြင်းထန်သော အသံ သဒ္ဒါရုံ ဆိုက်ရောက် ထိခိုက်ခဲ့လျှင် သောတ ဓာတ်မှဏ်ပါ ကွဲပေါက်၍ သွား၏။

တပည့်တို့ - ကျွန်းသားပေါ် ကျောက်ခဲပေါ်၌ ဖြစ်ပေါ်သော မီးခိုး မီးပွင့်တို့သည် နဂိုပကတိက ရှိနေတာ မဟုတ်ဘူး။ မီးမှဏ်နှင့် ပြခါမှ မီးခတ်နှင့် ခတ်ခါမှ ကျွန်းသားကို၎င်း, မီးမှဏ်ကို၎င်း, ကျောက်ခဲကို၎င်း, မီးခတ်သံကို၎င်း နှစ်ပါးစုံကိုစွဲ၍ ဖြစ်ပေါ်လာကြဘိသကဲ့သို့ စည်သံတို့သည် နဂိုကမရှိဘဲ တီးခတ်ခါမှ စည်မျက်နှာ ကို၎င်း, စည်တီးကောက်ကို၎င်း နှစ်ပါးစုံကိုစွဲ၍ ဖြစ်ပေါ် လာကြဘိသကဲ့သို့ ထို့အတူ ဤစက္ခုဝိညာဏ်သည် ရူပါရုံ မထိခိုက်ခင် နဂို ပကတိက ရှိနေသည် မဟုတ်။ ရူပါရုံထိခိုက်ခါမှ စက္ခုအကြည်ကို၎င်း ရူပါရုံတို့ကို၎င်း နှစ်ပါးစုံစွဲ၍ ဖြစ်ပေါ်လာသည်။ ထိုစကားသည် မှန်၏။

တပည့်တို့ - အကယ်၍ နဂိုပကတိ စက္ခုအကြည်ပေါ်၌ အမြဲရှိ၍ နေခဲ့လျှင် ရူပါရုံ မထိခိုက်လာ ဘဲနှင့်လည်း အဖြူ အနီစသော အဆင်းရူပါရုံကို မြင်သိ၍ နေလေရာ၏၊ မနေပြီ။ ထို့ကြောင့် နဂိုပကတိက ရှိ၍ နေသည်မဟုတ် ရူပါရုံ ထိခိုက်လာခါမှ စက္ခု ရူပါရုံ နှစ်ပါးစုံသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် -

“စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”
ဟူ၍ သံယုတ် ပါဠိတော် စသည်တို့၌ ဟောတော်မူပေ၏။

စက္ခုဉ္စ၊ စက္ခု အကြည်ကို၎င်း။
ရူပေ စ၊ ရူပါရုံတို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
စက္ခု ဝိညာဏံ၊ စက္ခုဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။

စက္ခုဝိညာဏ်၏ ဖြစ်ပုံ ပျက်စီးပုံတို့ကို ပြခြင်း

တပည့်တို့ - စည်သံတို့ မီးခိုး မီးပွင့်တို့သည် ဖြစ်ပေါ်ပြီးလျှင် ခဏခြင်း ချုပ်ပျက်၍ သွားကြဘိ သကဲ့သို့ ဤစက္ခု ဝိညာဏ်သည် ဖြစ်ပေါ်ပြီးလျှင် ခဏခြင်း ချုပ်ပျက်၍ သွား၏။ အမြဲတည်ရှိ၍ မနေပြီ။ ထိုစကားသည် မှန်၏။

တပည့်တို့ - အကယ်၍ ဤစက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာပြီးလျှင် မပျက်စီးဘဲ အမြဲတည်ရှိ၍ နေသည် ဖြစ်ငြားအံ့။ ထိုသို့ ဖြစ်ခဲ့လျှင် အဖြူထိခိုက်လာ၍ အဖြူ သိပြီးလျှင် အဖြူနှင့် မထိခိုက်စေဘဲ ခွဲလွှဲလိုက်သော အခါမှာလည်း ထိုအဖြူကိုပင် သိမြင်၍ နေလေရာ၏။ အနီထိခိုက်လာ၍ အနီကို သိမြင်ပြီးလျှင် အနီနှင့် မထိခိုက်စေဘဲ ခွဲလွှဲလိုက်သောအခါမှာလည်း ထိုအနီကိုပင် သိမြင်၍ နေလေရာ၏။ မနေပြီ။ ထို့ကြောင့် ဖြစ်ပေါ်ပြီးလျှင် အမြဲတည်ရှိ၍ မနေပြီ။ ခဏခြင်း ချုပ်ပျက်၍ သွား၏။ စည်သံ၊ မီးခိုး၊ မီးပွင့်တို့နှင့် တထပ်ထည်း တူအောင် ကြည့်ရှုကြ။

တပည့်တို့ - သူ့အကြောင်း ထိခိုက်လာမှ ဖြစ်ပေါ်၍ သူ့အကြောင်း ချုပ်လျှင် မရှိလျှင် ချုပ်ပျက်၍ သွားသည်။ အဖြူထိခိုက်လာ၍ အဖြူကို သိမြင်သော ဝိညာဏ်သည် မပျက်စီးဘဲ မြဲနေခဲ့လျှင် အဖြူမှလွဲ၍အနီကို ကြည့်လိုက်သော အခါမှာလည်း အဖြူကိုပင် သိမြင်၍ နေလေရာ၏။ အနီကို ထိခိုက်လာ၍ အနီကို သိမြင်သော ဝိညာဏ်သည် မပျက်စီးဘဲ မြဲနေခဲ့လျှင် အနီမှလွှဲ၍ အဝါကို ကြည့်လိုက်သော အခါမှာလည်း အနီကိုပင် သိမြင်၍ နေလေရာ၏။ မနေပြီ။ ထို့ကြောင့် သူ့အာရုံနှင့် သူ့ဝိညာဏ် သူ့အာရုံနှင့် သူ့ဝိညာဏ် အားဖြင့် အပိုင်း အပိုင်းပြတ်၍ နေသည်။

တပည့်တို့ - ထင်မြင်အောင် ကြည့်ရှုကြ။

အဖြူကို သိမြင်တဲ့ဝိညာဏ် အဖြူတွင် ချုပ်ခဲ့တာဘဲ။
အနီကို သိမြင်တဲ့ဝိညာဏ် အနီတွင်ချုပ်ခဲ့တာဘဲ။
အဝါကို သိမြင်တဲ့ဝိညာဏ် အဝါတွင် ချုပ်ခဲ့တာဘဲ။
အပြာကို သိမြင်တဲ့ဝိညာဏ် အပြာတွင် ချုပ်ခဲ့တာဘဲ။
အညိုကို သိမြင်တဲ့ ဝိညာဏ် အညိုတွင် ချုပ်ခဲ့တာဘဲ။
ခွေးကို သိမြင်တဲ့ ဝိညာဏ် ခွေးတွင် ချုပ်ခဲ့တာဘဲ။
ဝက်ကို သိမြင်တဲ့ဝိညာဏ် ဝက်တွင် ချုပ်ခဲ့တာဘဲ။
ကြက်ကို သိမြင်တဲ့ဝိညာဏ် ကြက်တွင် ချုပ်ခဲ့တာဘဲ။
ငှက်ကို သိမြင်တဲ့ဝိညာဏ် ငှက်တွင် ချုပ်ခဲ့တာဘဲ။
လကို သိမြင်ခဲ့ ဝိညာဏ် လတွင် ချုပ်ခဲ့တာဘဲ။
ယောက်ျားကို သိမြင်တဲ့ဝိညာဏ် ယောက်ျားတွင် ချုပ်ခဲ့တာဘဲ။
မိန်းမကို သိမြင်တဲ့ဝိညာဏ် မိန်းမတွင် ချုပ်ခဲ့တာဘဲ။
ရဟန်းကို သိမြင်တဲ့ဝိညာဏ် ရဟန်းတွင်ချုပ်ခဲ့တာဘဲ။
ကျောင်းကို သိမြင်တဲ့ဝိညာဏ် ကျောင်းတွင် ချုပ်ခဲ့တာဘဲ။
ဘုရားကို သိမြင်တဲ့ဝိညာဏ် ဘုရားတွင် ချုပ်ခဲ့တာဘဲ။
အိမ်ကို သိမြင်တဲ့ဝိညာဏ် အိမ်တွင် ချုပ်ခဲ့တာဘဲ။
တောကို သိမြင်တဲ့ဝိညာဏ် တောတွင် ချုပ်ခဲ့တာဘဲ။
တောင်ကို သိမြင်တဲ့ဝိညာဏ် တောင်တွင်ချုပ်ခဲ့တာဘဲ။
သစ်ပင်ကို သိမြင်တဲ့ဝိညာဏ် သစ်ပင်တွင် ချုပ်ခဲ့တာဘဲ။
တုံးကို သိမြင်တဲ့ဝိညာဏ် တုံးတွင် ချုပ်ခဲ့တာဘဲ။
တိုင်ကို သိမြင်တဲ့ဝိညာဏ် တိုင်တွင် ချုပ်ခဲ့တာဘဲ။
နေကို သိမြင်တဲ့ဝိညာဏ် နေတွင် ချုပ်ခဲ့တာဘဲ။
လကို သိမြင်တဲ့ဝိညာဏ် လတွင် ချုပ်ခဲ့တာဘဲ။
နက္ခတ်တာရာ ကြယ်ကို သိမြင်တဲ့ဝိညာဏ် ကြယ်တွင် ချုပ်ခဲ့တာဘဲ။
မီးကို သိမြင်တဲ့ဝိညာဏ် မီးတွင် ချုပ်ခဲ့တာဘဲ။
ရေကို သိမြင်တဲ့ဝိညာဏ် ရေတွင် ချုပ်ခဲ့တာဘဲ။ လ။
ရွှေကို သိမြင်တဲ့ ဝိညာဏ် ရွှေတွင် ချုပ်ခဲ့တာဘဲ။

လမ်းခရီး သွားသောအခါများမှာ လမ်းတလျှောက်လုံး ကျောက်ခဲကလေးတွေ ခဲလုံးကလေးတွေ မြက်ပင်ကလေးတွေ မြက်ခြောက်ကလေးတွေ ဖက်ရွက် ကလေးတွေ စသောအားဖြင့် အမျိုးစုံ မရေတွက်နိုင်အောင် များစွာကို သိမြင်၍ လာ၏။

ထိုသို့ သိမြင်၍ လာသောအခါတို့၌ သူ့ဝတ္ထုနှင့် သူ့ဝိညာဏ် သူ့ ဝတ္ထုနှင့် သူ့ဝိညာဏ် အပိုင်းအပိုင်း ပြတ်နေရစ်၏။ ပဌမ ခြေလှမ်းအတွင်း၌ သိမြင်သော ဝိညာဏ်သည် ဒုတိယ ခြေလှမ်းကျအောင် မပါ။ ပဌမ ခြေလှမ်းအတွင်း တွင်သာ ချုပ်ရစ်၏။

ဒုတိယ ခြေလှမ်းအတွင်း၌ သိမြင်သော ဝိညာဏ်သည် တတိယ ခြေလှမ်းကျအောင် မပါ။
ဒုတိယ ခြေလှမ်းအတွင်းတွင်သာ ချုပ်ရစ်၏။

ရှေ့ရှေ့ ခြေလှမ်း အတွင်း၌ သိမြင်သော ဝိညာဏ်သည် နောက်နောက် ခြေလှမ်း ကျအောင် မပါ။
ရှေ့ရှေ့ ခြေလှမ်း အတွင်းတွင်သာ ချုပ်ရစ်၏။

တပည့်တို့ - ဤကဲ့သို့ သူ့အာရုံနှင့် သူ့ဝိညာဏ် သူ့အာရုံနှင့် ဝိညာဏ် အပိုင်းအပိုင်း သူ ပြတ်၍ နေပုံကို ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ - အရိယာတို့၏ တရား၌ မလိမ်မာကြသော အရိယဓမ္မ အကောဝိဒ ပုဂ္ဂိုလ်တို့မှာ -

ဤအဖြူကို သိမြင်တဲ့ ဝိညာဏ်ဘဲ အနီကိုသိမြင်တယ်။
ဤအနီကို သိမြင်တဲ့ ဝိညာဏ်ဘဲ အဖြူကို သိမြင်တယ်။ အဝါကို သိမြင်တယ်။
ဤပဌမ ခြေလှမ်းအတွင်း၌ သိမြင်တဲ့ ဝိညာဏ်ဘဲ ဒုတိယ ခြေလှမ်းအတွင်းမှာ သိမြင်တယ်။
ဤယနေ့ သိမြင်တဲ့ ဝိညာဏ်ဘဲ နက်ဖြန်ခါ သိမြင်တယ်။
ရှေးရှေးက သိမြင်တဲ့ ဝိညာဏ်ဘဲ နောက်နောက်၌ သိမြင်တယ်-

ဟု တခုတည်း မှတ်၍ နေကြသည်။ အမြဲနိစ္စ ရှိ၍ နေသည်ဟု မှတ်ထင်၍ နေကြသည်။

သင် တပည့် တို့မှာကား ထိုကဲ့သို့ မမှတ်ထင်ကြနှင့်။ ယခု ငါဆရာ ဟောကြားခဲ့ပြီးသော အတိုင်း အပိုင်းပိုင်းပြတ်၍ နေပုံကို ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ - ဤတခုတခုသော ဝတ္ထုရူပါရုံကို သိမြင်နေဆဲ ခဏမှာလည်း အဖြူကို သိမြင်နေဆဲ ခဏမှာလည်း ကျောက်ခဲနှင့် မီးခတ်သံ မပြတ်ထိခတ်၍နေလျှင် မီးပွင့် အသစ်အသစ် တဖွားဖွား မပြတ်ပွင့်၍ နေဘိသကဲ့သို့ ထိုရူပါရုံကို အဖြူ မလွဲမခြင်း ထိုရူပါရုံ ထိုအဖြူကို သိခြင်း သိခြင်းဟု စက္ခုဝိညာဏ် အသစ် အသစ် တဖွားဖွား မပြတ်ပေါ်၍ နေသည်။

လက်ဖျစ်တတွက် ကာလမျှလောက် ကြာလျှင် စက္ခုဝိညာဏ် အကြိမ်ပေါင်း တကုဋေမက ဖြစ်ပျက်၍ သွားပြီ။ ဤကဲ့သို့ ဖြစ်ပျက်၍နေရာ၌ ကျောက်ခဲပေါ်၌ မီးပွင့်ကလေးတွေကို ရှုဘိသကဲ့သို့ စက္ခုအကြည် ရုပ်မှုန့်ကလေး တခု တခု အပေါ်၌ စက္ခု ဝိညာဏ်ကလေး လှစ်လှစ် လှစ်လှစ် လှစ်လှစ် လှစ်လှစ်နှင့် ဖြစ်ပေါ် ဖြစ်ပေါ်ပြီး ပျက်ကွယ် ပျက်ကွယ်သွားပုံကို ထင်မြင်အောင် ကြည့်ရှုကြ။ အဖန်ဖန် ကြံစည် ကြည့်ရှုကြ။ ကြည့်ရှုဖန် များသောအခါ ထင်မြင်၍ လာသည်၊ လာလိမ့်မည်။

တပည့်တို့ - ဤကဲ့သို့ စက္ခုဝိညာဏ်သည် ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ပျက်ကွယ်၍ ပျက်ကွယ်၍ သွား၏ မမြဲပြီ။ တပည့်တို့ - ဤစက္ခုဝိညာဏ် ဖြစ်ပေါ် လာရခြင်း၌ အနန္တရ သမနန္တရ သတ္တိဖြင့် ကျေးဇူးပြုသော ရှေးစိတ်ဟူသော ဇနက အကြောင်း၊ အဝိဇ္ဇာ, တဏှာ, ကံ, စက္ခုအကြည် ရူပါရုံ စသော အထောက် အပံ့ ဥပတ္ထမ္ဘက အကြောင်းဟု အကြောင်းနှစ်ပါး ရှိ၏။ ထိုနှစ်ပါးစုံသော အကြောင်း တရားသည်လည်း ဖြစ်ပြီးလျှင် ပျက်စီး၍ ပျက်စီး၍ သွား၏ မမြဲမြံ၊

တပည့်တို့ - အခါးပင်မျိုးစေ့မှ ပေါက်ဖွားသော သစ်ပင်သည် အချို မဖြစ်နိုင်ဘဲ အမြဲမုချ ခါးရလေဘိ သကဲ့သို့, သေတတ်သော အမိကြီးမှ မွေးဖွားသော သားသည် အမြဲ မနေရဘဲ ဧကန်မချွတ် သေဆုံးရလေဘိသကဲ့သို့ ဤမမြဲသော အကြောင်းစုကြောင့် ဖြစ်ပေါ်လာသော စက္ခုဝိညာဏ်သည် အဘယ်မှာမြဲခြင်း ဖြစ်နိုင်တော့မည်နည်း။ ခဏခြင်း ခဏခြင်း ပျက်စီး၍ပျက်စီး၍သာ သွားလေ တော့သည်သာပ။

တပည့်တို့ - ဤကဲ့သို့ စက္ခုဝိညာဏ်၏ ဖြစ်ပျက်၍နေပုံ အနိစ္စသဘောကို ထင်မြင်အောင် ကြည့်ရှုကြ။

စက္ခုဝိညာဏ်ကို ပြဆိုခန်း ပြီး၏။

သောတအကြည် သောတဝိညာဏ်တို့ကို ပြခြင်း

၂။ တပည့်တို့ - သောတဝိညာဏ်သည် အဘယ်အကြောင်းကြောင့် အဘယ်၌မှီ၍ အဘယ်လိုဖြစ်၍ ပျက်စီး၍ နေသနည်းဆိုသော် တပည့်တို့ - နားပေါက် အတွင်း၌ လက်တဆစ် သာသာလောက် နက်သော အရပ်၌ ကြေးနီအဆင်း ကဲ့သို့ နီမြန်းသော သိမ်မွေ့သော အမွေးနုကလေးတွေ ပေါက်သော နေရာသည် ရှိ၏။ အမွေးနု ကလေးတွေက နားပေါက်ကိုလှည့်၍ ပေါက်သဖြင့် လက်စွပ်ကွင်း ကဲ့သို့ သဏ္ဌာန်နေ၏။ ဤအမွေးကလေးတွေ ပေါက်သော နေရာအရပ် အသား၌ သောတအကြည်ကွက် ရှိ၏။

ဤသောတပသာဒ သောတအကြည် သည်လည်း အလုံးအခဲ အထည်ဝတ္ထု ရှိသည်မဟုတ်။ နားတို့၏ကြည်ခြင်း သတ္တိကလေးမျှ တည်း။ နားသားဖြစ်၍နေသော ဓာတ်ကြီးလေးပါးခဲ ရုပ်မှုန့် ကလေးတွေ၏ ကြည်ခြင်း သတ္တိကလေးမျှတည်း။

တပည့်တို့ - ဤသောတအကြည်ကား စက္ခု အကြည်ကဲ့သို့ ဝဏ္ဏနုန့်သော ငုပ်သော အကြည်မျိုး မဟုတ်။ အသံ သဒ္ဒါရုံ အထင်ခံနိုင်အောင် ကြည်သော ကြည်ပုံ တမျိုးတည်း။

ထိုနည်းတူဘဲ တပည့်တို့ - နောက်နောက် အကြည်တို့လည်း အသီး အသီး မိမိတို့ အာရုံ အထင်ခံ နိုင်အောင် ကြည်ကြသော ကြည်ပုံ တမျိုးစီချည်းတည်း။ ဒွါရ ဝတ္ထု အမည်ရပုံမှာ စက္ခု နည်းတူ မှတ်ကြ။

တပည့်တို့ - မိုဃ်းသံ, လေသံ, စည်သံ, တုံးသံ, လူသံ, ခွေးသံ, ကြက်သံ ငှက်သံ အစရှိသော အသံ သဒ္ဒါရုံတို့သည် ဤသောတအကြည်၌ ထင်ကြ ဆိုက်ရောက် ထိခိုက်ကြကုန်၏၊ ထိုသို့ ထိခိုက်လာ သောအခါ ကျွန်းသား၌ မီးခိုးထွက်ဘိသကဲ့သို့ ကျောက်ခဲပေါ်၌ မီးပွင့်ဘိသကဲ့သို့ ထိုထိခိုက်လာသော အသံ သဒ္ဒါရုံကို သိခြင်း သိခြင်းဟု သိခြင်းသဘောတွေ အသံ ထိခိုက်အပ်သော သောတအကြည် ပေါ်၌ တခုခုသော သောတအကြည် ရုပ်မှုန့်ကလေးတွေကို မှီ၍ ဖြစ်ပေါ်သည်။ ဤသိခြင်း သဘောကို သိတတ်သော သဘောမို့ ဝိညာဏ်ဟု ခေါ်သည်။ သောတပေါ်၌ ဖြစ်သောဝိညာဏ်မို့ သောတဝိညာဏ် ဟုခေါ်သည်။

တပည့်တို့ - ဤ သောတဝိညာဏ်သည်လည်း စက္ခုဝိညာဏ်ကဲ့သို့ မိမိဆီသို့ ထိခိုက် ဆိုက်ရောက် လာသော အသံကို အာရုံမပြုဘူး။ ထိုအသံ၏ ထွက်လာရာ အရင်းခံ အသံကိုသာ လှမ်း၍ အာရုံပြုသည် သိသည် ကြားသည်။

တောင်,စေတီ စသည်ခြား၍ ဖြောင့်ဖြောင့် မလာနိုင်ဘဲ ထိုခြားသော ဝတ္ထုကို လှည့်ကွင်း၍ လာရသဖြင့် ထိုအရင်းခံအသံ မထင်ရှားခဲ့လျှင် လမ်းခရီး၌ ထင်ရှားရာ အသံကိုလည်း ဖြတ်၍ဖမ်း၍ အာရုံပြု၏။ ထိုစကားသည် မှန်၏။

တပည့်တို့ - စေတီကြီး၏ အရှေ့ဘက်ကနေသော သူသည် အနောက်ဘက်ကနေ၍ မိမိကို ခေါ်သောအသံကို မြောက်ဘက်မှသော်၎င်း၊ တောင်ဘက်မှသော်၎င်း လာသော အသံကိုသာ ထင်ရှားရာ လမ်းတွင်ဖြတ်၍ အာရုံပြုခြင်းကြောင့် တောင်ဘက် မြောက်ဘက်မှ ခေါ်သည်ဟု မှတ်ထင်ရသည်။

ထို့ကြောင့် ဤသောတဝိညာဏ်သည်လည်း စက္ခုဝိညာဏ်ကဲ့သို့ အသမ္ပတ္တဂါဟ တည်း။ သမ္ပတ္တဂါဟ လည်း ဟုတ်၏။ ဟုတ်ပုံ အကြောင်း ယုတ္တိမှာ စက္ခုဝိညာဏ်၌ ဆိုခဲ့ပြီးသော နည်းကိုမှီ၍ သိမှတ်ကြ။

တပည့်တို့ - ဤသောတဝိညာဏ်၏ ဖြစ်ပျက်ပုံသည်လည်း စက္ခုဝိညာဏ် ဖြစ်ပျက်ပုံနှင့် တထပ်ထည်းပင်တည်း၊ စက္ခုဝိညာဏ်၌ ဆိုခဲ့ပြီးသော နည်းကို မှီ၍ သိမှတ် ကြည့်ရှုကြ။

“သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ”
ဟူသော သံယုတ်ပါဠိတော်ကိုလည်း ကျက်မှတ်ကြ။ အနက်မှာ၊

သောတဉ္စ၊ သောတအကြည်ကို၎င်း။
သဒ္ဒေ စ၊ အသံ သဒ္ဒါရုံ တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
သောတဝိညာဏံ၊ သောတဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။

လူသံ, ခွေးသံ, ကြက်သံ, ငှက်သံ, မိုဃ်းသံ, လေသံ စသည်ဖြင့် သူ့အာရုံနှင့် သူ့ဝိညာဏ်, သူ့အာရုံနှင့် သူ့ဝိညာဏ်အားဖြင့် အပိုင်းအပိုင်း ပြတ်အောင် ဖြတ်ကြ။ ခရီးစင်္ကြံ သွားသောအခါများမှာ အမှတ်မရှိ အမျိုးမျိုးသော အသံကိုသော်လည်း ကြားလိမ့်မည်။ မိမိခြေသံကိုသော်လည်း ကြားလိမ့်မည်။ ထိုအခါ ပဌမ ခြေလှမ်း အတွင်း၌ အသံကိုကြားသိသော ဝိညာဏ်သည် ဒုတိယ ခြေလှမ်းသို့ ကျအောင် မပါဘူး။ ဒုတိယ ခြေလှမ်းအတွင်း၌ အသံကို ကြားသိ သောဝိညာဏ်သည် တတိယ ခြေလှမ်းသို့ကျအောင် မပါဘူး။ သူ့ခြေလှမ်းနှင့် သူ့ဝိညာဏ်,သူ့ခြေလှမ်းနှင့် သူ့ဝိညာဏ် အပိုင်း အပိုင်း ပြတ်အောင်ဖြတ်ကြ။

တခုသောအသံကို ကြားသိနေဆဲ ခဏမှာလည်း လက်ဖျစ်တတွက် ကာလ မျှလောက် ကြာလျှင်ပင် သောတအကြည် ရုပ်မှုန့်ကလေးတွေ တခုခုအပေါ်၌ မီးပွင့်ကလေးတွေကဲ့သို့ ဖြစ်ပျက်၍ ဖြစ်ပျက်၍ သွားလေသော သောတဝိညာဏ် အကြိမ်ပေါင်း တကုဋေမကပြီ၊ ထင်မြင်အောင်ကြည့်ရှုကြ။ တပည့်တို့ - အဖန်ဖန် ကြံစည်ကြည့်ရှုကြ။ ကြည့်ရှုဖန် များသောအခါ ထင်မြင်၍လာသည်၊ လာလိမ့်မည်။

သောတဝိညာဏ် ပြီး၏။

ဃာနအကြည် ဃာနဝိညာဏ်တို့ကို ပြခြင်း

၃။ တပည့်တို့ ဃာနဝိညာဏ်သည် အဘယ်လို အကြောင်းကြောင့် အဘယ်၌ မှီ၍ အဘယ်လိုဖြစ်၍ ပျက်စီး၍နေပါသနည်းဆိုသော် တပည့်တို့ နှာခေါင်းပေါက်အတွင်း လက်တဆစ်လောက် ရောက်သောအခါ နှာခေါင်းပေါက် နှစ်ခု အဆုံးတွင် ဆိတ်ခွါရာကဲ့သို့ အသွင်သဏ္ဌာန်ရှိ၏။ ထို နေရာ၌ ဃာန အကြည် တည်ရှိ၏။

တပည့်တို့ - ဤဃာန အကြည်သည်လည်း အလုံးအခဲ အထည် ဝတ္ထုမရှိပြီ။ နှာခေါင်းသား၏ ကြည်ခြင်း သတ္တိကလေးမျှတည်း။ နှာခေါင်းသား ဖြစ်၍နေသော ဓာတ်ကြီးလေးပါးခဲ ရုပ်မှုန့်ကလေး တွေ၏ ကြည်ခြင်းသတ္တိ ကလေးမျှတည်း။

တပည့်တို့ - ပန်းနံ့ မစင်နံ့စသော ကောင်းသော အနံ့ မကောင်းသောအနံ့ အမျိုးမျိုးသောအနံ့ ဂန္ဓာရုံတို့သည် ဤဃာန အကြည်၌ ဆိုက်ရောက် ထိခိုက်ကြ ကုန်၏။ ထိုအခါ ကျွန်းသားပေါ်၌ မီးခိုး ထွက်ဘိသကဲ့သို့ ကျောက်ခဲပေါ်၌ မီးပွင့်ဘိသကဲ့သို့ ထိုထိခိုက်လာသော အနံ့ ဂန္ဓာရုံကို သိခြင်း သိခြင်းဟု သိခြင်းသဘောတွေ ဂန္ဓာရုံ ထိခိုက်အပ်သော ဃာနအကြည်ကွက်ပေါ်၌ တခုခုသော သာနအကြည် ရုပ်မှုန့်ကလေးကို မှီ၍ ဖြစ်ပေါ်၏။ ဤသိခြင်းသဘောကို သိတတ်သောသဘောမို့ ဝိညာဏ်ဟုခေါ်၏။ ဃာနပေါ်၌ ဖြစ်ပေါ်သော ဝိညာဏ်မို့ ဃာနဝိညာဏ်ဟုခေါ်၏။

တပည့်တို့ - ဤဃာနဝိညာဏ်သည်ကား မိမိဆီသို့ ထိခိုက် ဆိုက်ရောက်လာသော ဂန္ဓာရုံကိုမှ အာရုံပြုသည် နံသည် သိသည် ယူသည်၊ ထို့ကြောင့် သမ္ပတ္တဂါဟ သာလျှင်တည်း။

တပည့်တို့ - ဤဃာနဝိညာဏ်၏ ဖြစ်ပျက်ပုံသည်လည်း စက္ခုဝိညာဏ် သောတ ဝိညာဏ်တို့ ဖြစ်ပျက်ပုံနှင့် တထပ်တည်းပင်တည်း။ စက္ခုဝိညာဏ် သောတ ဝိညာဏ်တို့၌ ဆိုခဲ့ပြီးသော နည်းကို မှီ၍ သိမှတ် ကြည့်ရှုကြ။

“ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ” ဟူသော သံယုတ် ပါဠိတော်ကိုလည်း ကျက်မှတ်ကြ။ အနက်မှာ၊

ဃာနဉ္စ၊ ဃာနအကြည်ကို၎င်း။
ဂန္ဓေ စ၊ အနံ့ ဂန္ဓာရုံတို့ကို၎င်း
ပဋိစ္စ၊ စွဲ၍။
ဃာနဝိညာဏံ၊ ဃာနဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။

စပယ်နံ့ နှင်းဆီနံ့ သရဖီနံ့, ဒေါနနံ့, စကားဝါနဲ့ မြတ်လေးနံ့ ရေမွှေးနံ့ စန္ဒကူးနံ့ သနပ်ခါးနံ့, ထမင်းနံ့ ဟင်းနံ့ မစင်နံ့ ရွံ့ပုပ်နံ့ မီးခိုးနံ့ လူနံ့, ခွေးနံ့ အစရှိသည်ဖြင့် သူ့အာရုံနှင့် သူ့ဝိညာဏ် သူ့အာရုံနှင့် သူ့ဝိညာဏ် အားဖြင့် အပိုင်း အပိုင်း ပြတ်အောင် ပိုင်းဖြတ်ကြ။

တခုသော အနံ့ ဂန္ဓာရုံကို နံနေဆဲ ခဏမှာလည်း လက်ဖျစ်တတွက် ကာလ မျှလောက်ကြာလျှင် ဃာနအကြည် ရုပ်မှုန့်ကလေးတွေ တခုခုအပေါ်၌ ကျောက်ခဲ ပေါ်၌ မီးပွင့်ကလေးတွေကဲ့သို့ ဖြစ်ပျက်၍ ဖြစ်ပျက်၍ သွားလေသော ဃာနဝိညာဏ် အကြိမ်ပေါင်း တကုဋေ မကပြီ။ ထင်မြင်အောင် ကြည့်ရှုကြ။ တပည့်တို့ - အဖန်ဖန် ကြံစည်ကြည့်ရှုကြ။ ကြည့်ရှုဖန်များသောအခါ ထင်မြင်၍ လာလိမ့်မည်။

ဃာနဝိညာဏ် ပြီး၏။

ဇိဝှါအကြည် ဇိဝှါဝိညာဏ်တို့ကို ပြခြင်း

၄။ တပည့်တို့ ဇိဝှါဝိညာဏ်သည် အဘယ်လို အကြောင်းကြောင့် အဘယ်၌ မှီ၍ အဘယ်လိုဖြစ်၍ ပျက်စီး၍ နေပါသနည်း ဆိုသော် တပည့်တို့ - လျှာကို လေးပိုင်း ပိုင်း၍ အရင်းတပိုင်း အဖျားတပိုင်း ကို ပယ်၍ ကြွင်းသော အလယ် နှစ်ပိုင်းဝယ် လျှာလယ် အပေါ်အပြင်၌ ဇိဝှါ အကြည် တည်ရှိ၏။

တပည့်တို့ ဤဇိဝှါအကြည်သည်လည်း အလုံးအခဲ အထည်ဝတ္ထု မရှိပြီ။ လျှာသား၏ ကြည်ခြင်း သတ္တိကလေးမျှတည်း။ လျှာသားဖြစ်၍နေသော ဓာတ်ကြီးလေးပါးခဲ ရုပ်မှုန့်ကလေးတွေ၏ ကြည်ခြင်းသတ္တိကလေးမျှတည်း။

တပည့်တို့ - အချိုအချဉ် အစရှိသော အမျိုးမျိုးသော ရသာရုံတို့သည် ဤဇိဝှါ အကြည်၌ ဆိုက်ရောက် ထိခိုက်ကြကုန်၏။ ထိုအခါ ကျွန်းသားပေါ်၌ မီးခိုး ထွက်ဘိသကဲ့သို့ ကျောက်ခဲပေါ်၌ မီးပွင့်ဘိ သကဲ့သို့ ထိုထိခိုက်လာသော ရသာရုံကို သိခြင်း သိခြင်းဟု သိခြင်းသဘောတွေ ရသာရုံ ထိခိုက် အပ်သော ဇိဝှါအကြည် ကွက်ပေါ်၌ တခုခု သော ဇိဝှါအကြည် ရုပ်မှုန့်ကလေးကို မှီ၍ ဖြစ်ပေါ်၏။ ဤသိခြင်း သဘောကို သိတတ်သော သဘောမို့ ဝိညာဏ်ဟု ခေါ်သည်။ ဇိဝှါပေါ်၌ဖြစ်သော ဝိညာဏ်မို့ ဇိဝှါဝိညာဏ်ဟု ခေါ်သည်။

တပည့်တို့ - ဤဇိဝှါဝိညာဏ်သည်လည်း သမ္ပတ္တဂါဟတည်း။ တပည့်တို့ - ဤဇိဝှါဝိညာဏ် ဖြစ်ပျက် ပုံသည်လည်း စက္ခုဝိညာဏ် စသည်တို့ ဖြစ်ပျက်ပုံနှင့် တထပ်တည်းပင်တည်း။ စက္ခုဝိညာဏ် စသည်တို့၌ ဆိုခဲ့ပြီးသော နည်းကိုမှီ၍ သိမှတ် ကြည့်ရှုကြ။

“ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ” ဟူသော သံယုတ် ပါဠိတော်ကိုလည်း ကျက်မှတ်ကြ။ အနက်မှာ၊

ဇိဝှဉ္စ၊ ဇိဝှါအကြည်ကို၎င်း။
ရသေ စ၊ အချို အချဉ် စသော ရသာရုံတို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
ဇိဝှါဝိညာဏံ၊ ဇိဝှါဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။

အချိုအဆိမ့်, အချဉ်, အငန်, အဖန်, အခါး, အစပ်, အချိုမှာလည်း အချို အမျိုးမျိုး အဆိမ့်မှာလည်း အဆိမ့်အမျိုးမျိုး အစရှိသည်ဖြင့် သူ့အာရုံနှင့် သူ့ဝိညာဏ် သူ့အာရုံနှင့် သူ့ဝိညာဏ်အားဖြင့် အပိုင်းပိုင်း ပြတ်အောင်ဖြတ်ကြ၊ တခုခုသော ရသာရုံကို သိနေဆဲ ခဏမှာလည်း လက်ဖျစ်တတွက် ကာလမျှ လောက်ကြာလျှင် ဇိဝှါအကြည် ရုပ်မှုန့်ကလေးတွေ တခုခုအပေါ်၌ ကျောက်ခဲ ပေါ်၌ မီးပွင့်တွေကဲ့သို့ ဖြစ်ပျက်၍ ဖြစ်ပျက်၍ သွားလေသော ဇိဝှါ ဝိညာဏ် အကြိမ်ပေါင်း တကုဋေမကပြီ။ ထင်မြင်အောင် ကြည့်ရှုကြ၊ တပည့်တို့။ အဖန်ဖန် ကြံစည်ကြည့်ရှုကြ။ ကြည့်ရှုဖန် များသောအခါ ထင်မြင်လာလိမ့်မည်။

ဇိဝှါဝိညာဏ် ပြီး၏

ကာယအကြည် ကာယဝိညာဏ်တို့ကို ပြခြင်း

၅။ တပည့်တို့ - ကာယဝိညာဏ်သည် အဘယ်လို အကြောင်းကြောင့် အဘယ်၌မှီ၍ အဘယ်လိုဖြစ်၍ ပျက်စီး၍ နေပါသနည်းဆိုသော် တပည့်တို့ - ဆံ အမွေး ခြေသည်းဖျား လက်သည်းဖျား ရင့်မာသော အရိုး ခြောက်သွေ့သော အရေ ပါစကမီး၏ တည်ရာတို့ကို ချန်ထား၍ ကြွင်းသော တကိုယ်လုံး၌ ကာယ အကြည်သည် အပြည့်အနှံ့ တည်ရှိ၏။

မြမြထက်သော သိမ်မွေ့သော အပ်သွားနှင့် ထိုး၍ စမ်း၍ နာမှန်း သိသမျှအရပ်၌ အကုန်လုံး ကာယ အကြည်တွေ အပြည့်အနှံ့ ရှိ၏။ ဣတ္ထိနိမိတ် ပုရိသနိမိတ်တို့၌ကား ဝိသေသ ကာယိကသုခကို ဖြစ်စေ တတ်ဖြစ်စေနိုင်သော အထူးအချွန် အလွန်ကြည်သော ဝိသေသ ကာယအကြည်လည်း ရှိ၏။

တပည့်တို့ - ဤကာယ အကြည်သည်လည်း အလုံးအခဲ အထည်ဝတ္ထု မရှိပြီ။ ဤကိုယ်ကောင် ရုပ်ခဲကြီး၏ ကြည်ခြင်း သတ္တိကလေးမျှတည်း။ ကိုယ်ကောင်ဖြစ်၍ နေသော ဓာတ်ကြီးလေးပါး ရုပ်မှုန့်ကလေးတွေ၏ ကြည်ခြင်း သတ္တိကလေးမျှတည်း။

တပည့်တို့ - ဤစက္ခု သောတ ဃာန ဇိဝှါ ကာယ အကြည်ငါးပါးတို့သည်ကား ကမ္မဇ ရုပ်တို့တည်း။ ကံဆရာကြီး ပြုလုပ်တပ်ထားသောအကြည်မှဏ် တံခါးတို့တည်း။

တပည့်တို့ - ဖောဋ္ဌဗ္ဗာရုံတို့သည် --
နုမှု ကြမ်းမှုဟူသော ပထဝီဖောဋ္ဌဗ္ဗ
ပူမှု အေးမှုဟူသော တေဇောဖောဋ္ဌဗ္ဗ,
ကြွရွမှု ထောက်ကန် တောင့်တင်းမှု တိုးဝှေ့မှု ဟူသော ဝါယောဖောဋ္ဌဗ္ဗ
ဟူ၍ ဖောဋ္ဌဗ္ဗ သုံးမျိုးရှိသည်။

တပည့်တို့ - ဤသုံးမျို သော ဖောဋ္ဌဗ္ဗာရုံသည် ကာယအကြည်၌ ဆိုက်ရောက် ထိခိုက်၏။ ထိုအခါ ကျွန်းသားပေါ်၌ မီးခိုးထွက်ဘိသကဲ့သို့ ကျောက်ခဲပေါ်၌ မီးပွင့်ဘိသကဲ့သို့ ထိုထိခိုက်လာသော ဖောဋ္ဌဗ္ဗာရုံကို သိခြင်း သိခြင်းဟု သိခြင်း သဘောတွေ ဖောဋ္ဌဗ္ဗာရုံ ထိခိုက်အပ်သော ကာယ အကြည်ပေါ်၌ တခုခုသော ကာယ အကြည် ရုပ်မှုန့်ကလေးကို မှီ၍ ဖြစ်ပေါ်သည်။ ဤသိခြင်း သဘောကို သိတတ်သော သဘောမို့ ဝိညာဏ်ဟု ခေါ်သည်။ ကာယပေါ်၌ ဖြစ်ပေါ်သော ဝိညာဏ်မို့ ကာယဝိညာဏ်ဟုခေါ်သည်။

တပည့်တို့ - ဤကာယဝိညာဏ်သည်လည်း သမ္ပတ္တဂါဟပင်တည်း။

တပည့်တို့ - သီတတေဇော ဖောဋ္ဌဗ္ဗဖြစ်သော လက်အေးကြီးနှင့် ကျောကို ထိလိုက် ကိုင်လိုက်လျှင် ထိုထိအပ်သော ကျောပြင် တခုလုံးအတွင်း ကာယ အကြည် ရုပ်မှုန့် ကလေးတွေပေါ်၌ ကာယ ဝိညာဏ် ဖြစ်ပေါ်၍ အေးသည် အေးသည်ဟု သိသည်။

တပည့်တို့ - ဝိညာဏ်သည်ကား တပြိုင်တည်းခဏ၌ နှစ်ခုပြိုင်၍ မဖြစ်ဘူး။ မဖြစ်သော်လည်း အလွန် အဖြစ်အပျက်မြန်လှ၍ ငါးဒွါရ ခြောက်ဒွါရ၌ တပြိုင် တည်းပင် ဖြစ်ဘိသကဲ့သို့ မှတ်ထင် ရသည်။ လက်အေး ထိရာ ကျောတပြင် လုံးမှာလည်း ဝိညာဏ်တွေ တပြိုင်နက် အပြည့်ဖြစ်နေဘိ သကဲ့သို့ မှတ်ထင်ရသည်။

ဝိညာဏ် သည်နေရာမှာဖြစ်ခိုက် ဟိုနေရာမှာ မရှိဘူး။
ဟိုနေရာမှာဖြစ်ခိုက် သည်နေရာမှာ မရှိဘူး။
သည်ဒါရမှာဖြစ်ခိုက် ဟိုဒွါရမှာ မရှိဘူး။
ဟိုဒွါရမှာဖြစ်ခိုက် သည်ဒွါရမှာမရှိဘူး။
တပည့်တို့ - ကောင်းကောင်း မှတ်ကြ။

တပည့်တို့ - ဤလက်အေးကိုသိတဲ့ ဝိညာဏ်သည် လက်အေးမထိလာခင်က မရှိဘူး။ ကျောက်ခဲ မီးခတ်သံနှစ်ခု မထိခိုက်ခင်က မီးပွင့်မရှိဘဲ နှစ်ခုထိခိုက် ခါမှ ကျောက်ခဲ မီးခတ်သံ နှစ်ခုကိုစွဲ၍ မီးပွင့်ဖြစ်လာဘိသကဲ့သို့ ဤလက်အေး ထိခိုက်လာခါမှ လက်အေး ဖောဋ္ဌဗ္ဗာရုံ ကျောကာယအကြည် နှစ်ပါးစုံကို စွဲ၍ အကြောင်းပြု၍ ဖြစ်ပေါ်လာသည်။ ထိုစကားသည် မှန်၏။

တပည့်တို့ - အကယ်၍ လက်အေး မထိလာခင်ကလည်း အအေးကိုသိတဲ့ ဝိညာဏ်ကျော၌ အမြဲ တည်ရှိ၍ နေခဲ့ပါလျှင် လက်အေး မထိလာဘဲနှင့်လည်း အေးသည် အေးသည်ဟု သိ၍ နေလေရာ၏။ မနေပြီ။ ထို့ကြောင့် နဂိုပကတိက ရှိ၍ နေသည် မဟုတ်ဘူး။ ထိခိုက်လာခါမှ ဖောဋ္ဌဗ္ဗ ကာယအကြည် နှစ်ပါးစုံကိုစွဲ၍ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် –

ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ” ဟူ၍ သံယုတ်ပါဠိတော် စသည်တို့၌ ဟောတော်မူပေ၏။

ကာယဉ္စ၊ ကာယအကြည်ကို၎င်း။
ဖောဋ္ဌဗ္ဗေ စ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
ကာယဝိညာဏံ၊ ကာယဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။

တပည့်တို့ - မီးပွင့်တို့သည် ဖြစ်ပေါ်ပြီးလျှင် ခဏခြင်းချုပ်ကွယ်၍ သွားကြဘိ သကဲ့သို့ ဤကာယဝိညာဏ်သည် ဖြစ်ပေါ်ပြီးလျှင် ခဏခြင်း ချုပ်ပျက် ကွယ်ပျောက်၍ သွားလေ၏။ ထို စကားသည် မှန်၏။

တပည့်တို့ - အကယ်၍ ဤလက်အေးကိုသိသို့ ကာယဝိညာဏ်သည် ဖြစ်ပေါ်ပြီးလျှင် မပျက်ဘဲ အမြဲ တည်ရှိ၍ နေခဲ့ပါလျှင် လက်အေးနှင့် မထိစေဘဲ ခွါရုပ်လိုက်သော အခါမှာလည်း အေးသည် အေးသည်ဟု သိမြဲတိုင်းပင် သိ၍ နေလေရာ၏၊ မနေပြီ။ ထို့ကြောင့် ဖြစ်ပေါ်ပြီးလျှင် အမြဲတည်ရှိ၍ မနေပြီ။ ခဏခြင်းချုပ်ပျက်၍ သွား၏။ စည်သံ မီးခိုး မီးပွင့်တို့နှင့် တထပ်ထည်းတူအောင် ကြည့်ရှုကြ။

တပည့်တို့ - သူ့အကြောင်း ထိခိုက်လာခါမှ ဖြစ်ပေါ်၍ သူ့အကြောင်းချုပ်လျှင် မရှိလျှင် ချုပ်ပျက်၍ သွားသည်။လက်ပူ ထိခိုက်လာ၍ လက်ပူကိုသိသော ဝိညာဏ်သည် မပျက်စီးဘဲ မြဲနေခဲ့ပါလျှင် လက်ပူနှင့် မထိစေဘဲ ခါွရုပ်လိုက်သော အခါမှာ လည်း ပူသည် ပူသည်ဟု သိ၍ပင် နေလေရာ၏။

နုသော ပထဝီ ဖောဋ္ဌဗ္ဗတ္ထု ထိခိုက်လာ၍ နုသည်ဟု သိသောဝိညာဏ်သည် မပျက်စီးဘဲ နေခဲ့ပါလျှင် ထိုနုသော ဝတ္ထုနှင့် မထိစေဘဲ ခွဲခွါလိုက်သော အခါမှာလည်း နုသည် နုသည် ဟု သိ၍ပင် နေလေ ရာ၏၊ မနေပြီ။ ထို့ကြောင့် သူ့အာရုံနှင့် သူ့ဝိညာဏ် သူ့အာရုံနှင့် သူ့ဝိညာဏ်အားဖြင့် အပိုင်း အပိုင်းပြတ်၍ နေသည်၊ တပည့်တို့ သူ ထင်မြင်အောင် ကြည့်ရှုကြ။

အေးသော ဝတ္ထုကို သိတဲ့ဝိညာဏ် ထိုအအေးတွင် ချုပ်ခဲ့တာဘဲ။
ပူသော ဝတ္ထုကို သိတဲ့ဝိညာဏ် ထိုအပူတွင် ချုပ်ခဲ့တာဘဲ။
နုသောဝတ္ထုကို သိတဲ့ဝိညာဏ် ထိုအနုတွင် ချုပ်ခဲ့တာဘဲ။
ကြမ်းသော ဝတ္ထုကိုသိတဲ့ ဝိညာဏ် ထိုအကြမ်းတွင် ချုပ်ခဲ့တာဘဲ။
တိုးဝှေ့သည်ဟု လေကိုသိတဲ့ဝိညာဏ် ထိုလေတွင် ချုပ်ခဲ့တာဘဲ။
ထောက်ကန် တောင့်တင်းသည်ကို လေခေါင်းအုန်း မွေ့ရာ ပုဆိုးစို ဥဖေါင်း စသောလေကို သိတဲ့ဝိညာဏ် ထိုလေတွင် ချုပ်ခဲ့တာဘဲ။
ကိုယ်ချင်း ထိ၍ သိတဲ့ဝိညာဏ် ထိုကိုယ်တွင် ချုပ်ခဲ့တာဘဲ။
လက်ထိ၍ သိတဲ့ဝိညာဏ် ထိုလက်တွင် ချုပ်ခဲ့တာဘဲ။
ခြေထိ၍ သိတဲ့ဝိညာဏ် ထိုခြေတွင် ချုပ်ခဲ့တာဘဲ။
ပုဆိုးထိ၍ သိတဲ့ဝိညာဏ် ထိုပုဆိုးတွင် ချုပ်ခဲ့တာဘဲ။
အင်္ကျီထိ၍ သိတဲ့ဝိညာဏ် ထိုအင်္ကျီတွင် ချုပ်ခဲ့တာဘဲ။
ပုဝါထိ၍ သိတဲ့ဝိညာဏ် ထိုပုဝါတွင် ချုပ်ခဲ့တာဘဲ။
အဝတ်ထိ၍ သိတဲ့ဝိညာဏ် ထိုအဝတ်တွင် ချုပ်ခဲ့သဘဲ။
သင်္ကန်းထိ၍ သိတဲ့ ဝိညာဏ် ထိုသင်္ကန်းတွင် ချုပ်ခဲ့တာဘဲ။

တပည့်တို့ - ဗဟိဒ္ဓက အကြင် အကြင် အမှတ်မရှိ အမျိုးမျိုးသော ပထဝီ ဖောဋ္ဌဗ္ဗဝတ္ထု၊ တေဇော ဖောဋ္ဌဗ္ဗဝတ္ထု၊ ဝါယောဖောဋ္ဌဗ္ဗဝတ္ထုတို့နှင့် တွေ့ထိ၍ သိသောဝိညာဏ်သည် ထိုထိုဝတ္ထုတွင် ချုပ်ခဲ့တာဘဲ။

ပဌမခြေလှမ်းအတွင်း၌ တွေ့ထိမှန်းသိသော ဝိညာဏ် ထိုပဌမ ခြေလှမ်းအတွင်းတွင် ချုပ်ရစ်တာဘဲ။ ဒုတိယခြေလှမ်းအတွင်း၌ တွေ့ထိမှန်း သိတဲ့ဝိညာဏ် ထိုဒုတိယ ခြေလှမ်း အတွင်းတွင် ချုပ်ရစ် တာဘဲ။ ထိုရှေးရှေး ခြေလှမ်းအတွင်း၌ တွေ့ထိမှန်း သိတဲ့ဝိညာဏ် ရှေးရှေးခြေလှမ်းတွင် ချုပ်ရစ် တာဘဲ။ နောက်နောက် ခြေလှမ်းသို့ မပါပြီ။

တပည့်တို့ ဤကဲ့သို့ သူ့အာရုံနှင့် သူ့ဝိညာဏ် သူ့အာရုံနှင့် သူ့ဝိညာဏ် အပိုင်းအပိုင်းပြတ်၍ နေပုံကို ထင်မြင် အောင် ကြည့်ရှုကြ။

တပည့်တို့ - ကာယအကြည်တွေကလည်း တကိုယ်လုံး အပြည့်အနှံ့ရှိသည်။ ပထဝီ တေဇော ဝါယောဟူသော ဖောဋ္ဌဗ္ဗာရုံတွေကလည်း တကိုယ်လုံး အပြည့် အနှံ့ ရှိသည်။ နဂိုပကတိအတိုင်းရှိ၍ နေကြသော ဖောဋ္ဌဗ္ဗာရုံတို့သည်ကား ကာယ အကြည်နှင့် နီးစပ်ပူးကပ်၍ နေကြငြားသော်လည်း စဦးပဌမ ကလလ ရေကြည် တည်ကတည်းက အတူတကွ နေလာကြသာဖြစ်၍ ယဉ်နေခြင်းကြောင့် ကာယ အကြည်၌ ဝိညာဏ်ဖြစ်ပေါ်လောက်အောင် ထိခိုက်မှု မရှိကြပြီ။

အကြင်အခါ တကိုယ်လုံး အတွင်း၌ တစိတ်တဒေသ တခုခုသောနေရာ၌၎င်း၊ တကိုယ်လုံး၌ သော်၎င်း၊ ဥတု၊ အာဟာရ၊ ဥပက္ကမ ဣရိယာပုထ် စသည်တို့ကြောင့် နဂိုပကတိက မရှိဘူးသော အာဂန္တုက ဖောဋ္ဌဗ္ဗ ရုပ်ထူးတို့သည် ဖြစ်ပေါ်လာရှိကြ ကုန်ငြားအံ့။ ထိုအခါ အာဂန္တုက ရုပ်ထူး ဖောဋ္ဌဗ္ဗတို့သည် ကာယအကြည်၌ ထိခိုက်၍ ထိုထိခိုက်အပ်သော ကာယအကြည်ပေါ်၌ ကာယ ဝိညာဏ်တွေ ဖြစ်ပေါ်သည်။

ထို့ကြောင့် တကိုယ်လုံး အတွင်း၌လှုပ်သည်၊ ရွေ့ရှားသည်၊ ပူသည်၊ အေးသည်ဟု သိသည်။

ခြေဖဝါးထဲက ပူမှု၊အေးမှု၊ ယားမှု၊ ကိုက်မှု၊ ညောင်းမှု၊ နာကျင်မှု။
ခြေသားလုံးထဲက ပူမှု အေးမှု၊ ယားမှု၊ ကိုက်မှု၊ ညောင်းမှု၊ နာကျင်မှု၊
ပေါင်ထဲက ပူမှု၊ အေးမှု၊ ယားမှု၊ ကိုက်မှု၊ ညောင်းမှု၊ နာကျင်မှု။
ခါးထဲက ပူမှု၊ အေးမှု၊ ယားမှု၊ ကိုက်မှု၊ ညောင်းမှု၊ နာကျင်မှု။
ကိုယ်ထဲက ပူမှု၊ အေးမှု၊ ယားမှု၊ ကိုက်မှု၊ ညောင်းမှု၊ အောင့်မှု၊ အင့်မှု၊ နာကျင်မှု။
လက်ထဲက ပူမှု၊ အေးမှု၊ ယားမှု၊ ကိုက်မှု၊ ညောင်းမှု၊ အောင့်မှု၊ အင့်မှု၊ နာကျင်မှု။
ခေါင်းထဲက ပူမှု၊ အေးမှု၊ ယားမှု၊ ကိုက်မှု၊ ညောင်းမှု၊ အောင့်မှု၊ အင့်မှု၊ နာကျင်မှု။
မျက်စိထဲက ပူမှု၊ အေးမှု၊ ယားမှု၊ ကိုက်မှု၊ ကျိန်းမှု၊ စပ်မှု၊ အောင့်မှု၊ အင့်မှု၊ နာကျင်မှု။
နားထဲက၊ နှာခေါင်းထဲက၊ ပါးစပ်ထဲက၊ လျှာထဲက၊ သွားက၊ မေးထဲက၊ အာခေါင်က၊
လည်ချောင်းက ပူမှု၊ အေးမှု၊ ယားမှု၊ ကိုက်မှု၊ အောင့်မှု၊ အင့်မှု၊ နာကျင်မှု
အလုံးစုံတို့သည် အတွင်း ကာယအကြည်ပေါ်၌ အတွင်းရှိ အာဂန္တုက ဖောဋ္ဌဗ္ဗာရုံတွေ ထိခိုက်၍ ကာယဝိညာဏ်တွေ ဖြစ်မှုချည်းဘဲ တပည့်တို့။

ဤကဲ့သို့ တကိုယ်လုံး အတွင်း၌ အခံရခက်မှု မသက်သာမှုတို့သည် ကာယ ဝိညာဏ်၌ ပါရှိသော ဒုက္ခဝေဒနာ စေတသိက်ပင်တည်း။ ညောင်း ကိုက် ယားယံ ရာတို့၌ အနင်းအနှိပ်ခံခြင်း စသည် တို့ကြောင့် အခံရသက်သာ ချမ်းမြမှု ကောင်းမှု တို့သည် ကာယဝိညာဏ်၌ ပါရှိသော သုခဝေဒနာ စေတသိက် ပင်လျှင်တည်း။

တပည့်တို့ - ဤကဲ့သို့ ပြင်းထန်သော ဖောဋ္ဌဗ္ဗာရုံ ထိခိုက်လာ၍ ဖြစ်ပေါ်သော ကာယဝိညာဏ်၌ကား ဝိညာဏ်၏ ဖောဋ္ဌဗ္ဗာရုံကို သိခြင်းကိစ္စမထင်ရှားပြီ။ အခံရ ခက်မှု အခံရကောင်းမှု ဒုက္ခဝေဒနာ သုခဝေဒနာသာ ထင်ရှားလေတော့၏။ ဤ ဝေဒနာသည်လည်း ကာယဝိညာဏ် စိတ်ဓာတ်နှင့် တခုတည်း တလုံးတည်း ဖြစ်၍ ဤဝေဒနာကိုပင် ကာယဝိညာဏ်တွေဘဲဟု မှတ်ထား၍ ရှုကြ တပည့်တို့။

ဗဟိဒ္ဓက ဖောဋ္ဌဗ္ဗာရုံတွေ ထိခိုက်လာခြင်းကြောင့်၎င်း၊ ဤတကိုယ်၌ ပြင်စပ် ကရော အတွင်းကရော ပူမှု အေးမှု ယားမှု ကိုက်မှု အစရှိသော အခံရခက်မှု အခံရကောင်းမှု အလုံးစုံတို့သည် ကာယ ဝိညာဏ်တွေ ဖြစ်ပေါ်လာမှုချည်းတည်း။ ဖြစ်ပေါ်ပြီး လျှင်လည်း ခဏခြင်း ပျက်စီး၍ ပျက်စီး၍ သွားကြ၏။

မီးခတ်ရာ ကျောက်ခဲပေါ်၌ မီးပွင့်ကလေးတွေ ဖြစ်၍ ဖြစ်၍ ပျက်စီး၍ သွားကြပုံ ကဲ့သို့ ထိုဖောဋ္ဌဗ္ဗာရုံ ထိခိုက်ရာ ကာယအကြည်ပေါ်၌ ကာယဝိညာဏ်ကလေး လှစ်လှစ် လှစ်လှစ် လှစ်လှစ် လှစ်လှစ်နှင့် ဖြစ်ပေါ်၍ ဖြစ်ပေါ်၍ ပျက်စီး၍ နေပုံကို ထင်မြင်အောင် ကြည့်ရှုကြ။ ကာယဝိညာဏ် ဖြစ်ပေါ်၍ ပူသည်ဟု သိသောအခါ လက်ဖျစ်တတွက် ကာလမျှလောက်ကြာလျှင် ထိုနေရာ၌ ဖြစ်ပျက်၍ သွားလေသော ကာယဝိညာဏ် အကြိမ်ပေါင်း တကုဋေ မကပြီ။

တပည့်တို့ - ဤကာယဝိညာဏ်ကို ရှုသောအခါ အောက်ပါရုပ်တို့၏ အာဟာရ ဥတု, စိတ္တ, ဣရိယာပထ အားဖြင့် ဖြစ်ပျက်ပုံကို ရှုတာနှင့် တလုံးတည်း တပြိုင်တည်း ရော၍ ရှုကြ။ သူ့ရုပ်မှုန့်နှင့် သူ့ဝိညာဏ် သူ့ရုပ်မှုန့်နှင့် သူ့ဝိညာဏ် တခါတည်း ပါသွားအောင် ထည့်လိုက်ကြ ကြည့်ရှုကြ။ တပည့်တို့ - ဤကာယ ဝိညာဏ်သည် ဖြစ်ပြီးလျှင် ခဏခြင်း ပျက်စီး၍ ပျက်စီး၍ သွား၏၊ မမြဲပြီ။

တပည့်တို့ - ဤကာယဝိညာဏ် ဖြစ်ပေါ်လာရခြင်း၌ အနန္တရ သမနန္တရ ပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသော ရှေ့စိတ်ဟူသော ဇနကအကြောင်း အဝိဇ္ဇာ, တဏှာ, ကံ, ကာယအကြည်, ဖောဋ္ဌဗ္ဗာရုံ စသော အထောက်အပံ့ ဥပတ္ထမ္ဘကအကြောင်းဟု အကြောင်းတို့သည် နှစ်ပါးရှိကုန်၏။ ထိုနှစ်ပါးစုံသော အကြောင်းသည်လည်း ဖြစ်ပြီးလျှင် ခဏခြင်းပျက်စီး၍ ပျက်စီး၍ သွား၏ မမြဲမြံ တပည့်တို့။

အခါးပင် မျိုးစေ့က ပေါက်ဖွားသော သစ်ပင်သည် အချိုမဖြစ်နိုင်ဘဲ အမြဲမုချ ခါးရ လေဘိသကဲ့သို့ သေတတ်သော အမိကြီးမှ မွေးဖွားသောသားသည် အမြဲမနေရဘဲ ဧကန်မချွတ် သေရလေဘိသကဲ့သို့ ဤမမြဲသော အကြောင်းကြောင့် ဖြစ်ပေါ် လာသော ကာယဝိညာဏ်သည် အဘယ်မှာ မြဲခြင်း ဖြစ်နိုင်တော့မည်နည်း။ မမြဲခြင်းသာ ဖြစ်လေတော့သည်သာပ။ ခဏခြင်း ခဏခြင်း ပျက်စီး ပျက်စီး ၍သာ ဖြစ်လေတော့သည်သာပ။

တပည့်တို့ ဤကဲ့သို့ ကာယဝိညာဏ်၏ ဖြစ်ပျက်နေပုံ အနိစ္စသဘောကို ထင်မြင်အောင် ကြည့်ရှုကြ။

ကာယဝိညာဏ် ပြီး၏။

ပဉ္စဝိညာဏ် ငါးပါးတို့ကို ပြခြင်း

တပည့်တို့ - ဝိပဿနာရှု ဆိုသာ လင်းလင်း ထင်ထင် ဒိဋ္ဌပစ္စက္ခ ထင်မြင်အောင် ရှုရသည်၊ လိုရင်း ပဓာန ဖြစ်သော တရားကိုရှု၍ ထင်မြင်လျှင်လည်း ကိစ္စပြီးစီး တော့သည် တပည့်တို့။ လက်ဖျစ် တတွက်မျှ ကာလအတွင်း၌ပင်လျှင် ပဉ္စဒွါရ ဝီထိပေါင်း ကုဋေ ရာထောင်မက ဖြစ်၍သွားသည်။

သို့ကလောက် လျင်မြန်စွာ ဖြစ်၍သွားရာ၌ --
သင်းကား အာဝဇ္ဇန်းတည်း။
သင်းကား စက္ခုဝိညာဏ်တည်း။
သောတ, ဃာန, ဇိဝှါ, ကာယဝိညာဏ်တည်း။
သင်းကား သမ္ပဋိစ္ဆိုင်းတည်း။
သင်းကား သန္တီရဏတည်း
စသည်ဖြင့် စိတ္တက္ခဏတိုင်းကိုလည်း ယောဂီပုဂ္ဂိုလ်၏ ဉာဏ်အမှီ လိုက်နိုင်တော့သည် မဟုတ်။ ထိုအာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း စသော စိတ်တို့၏ ကိစ္စကလည်း ထင်ရှားတော့သည် မဟုတ်။ မြင်ခြင်း ကြားခြင်း စသော ပဉ္စဝိညာဏ်တို့ကသာ ထင်ရှားစွာ ပေါ်နိုင်တော့၏။

ထို့ကြောင့် ဤဝိပဿနာရှုနည်း၌ မထင်ရှားသော စိတ်စုကို ချန်ထား၍ ထင်ရှားသော ပဉ္စဝိညာဏ် တို့ကိုသာ ကြည့်ရှုရသည်၊ ကြည့်ရှုရန် ဘုရားရှင် ထုတ်ပြ ဟောကြား တော်မူသည် တပည့်တို့။

တနည်းမှာကား -
အာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းစသော ပဉ္စဒွါရ၌ ဖြစ်ကြသော စိတ်တို့သည် အသီးအသီး မိမိတို့ကိစ္စကား မထင်ရှားကြ၊ ဝီထိအဆုံး၌ မြင်ခြင်း ဒဿနကိစ္စ ကြားခြင်း သဝနကိစ္စစသော ပဉ္စဝိညာဏ်တို့၏ ကိစ္စတခုသာ ထင်ရှားတော့၏။ ပဉ္စဒွါရိက စိတ်အားလုံးကုန်သည် ဤပဉ္စဝိညာဏ်တို့၏ ကိစ္စတခု ပြီးစီးဖို့ ထင်ရှားဖို့အလို့ငှါသာလျှင် ဖြစ်ကြရ၏၊

အလွန်လျင်မြန်ခြင်းကြောင့် စိတ္တက္ခဏစဉ်ကိုလည်း ပိုင်းဖြတ် ခွဲခြမ်း နိုင်တော့သည် မဟုတ်။ ထိုကြောင့် ဤဝိပဿနာ ရှုနည်း၌ ရူပါရုံကိုမြင်၍ စက္ခုဒွါရ၌ ဖြစ်သမျှ အလုံးစုံသော စက္ခုဒွါရိက စိတ်တို့ကို ဒဿနကိစ္စရှိသော စက္ခုဝိညာဏ်သို့ သွင်း၍ စက္ခု ဝိညာဏ်နှင့် တခုတည်း တလုံးတည်း ထား၍ စက္ခုဝိညာဏ်ဟူ၍ပင် ခေါ်မှတ်ရသည်။

အသံကိုကြား၍ သောတဒွါရ၌ ဖြစ်သမျှသော အလုံးစုံသော သောတဒွါရိကစိတ်တို့ကို သဝနကိစ္စ ရှိသော သောတဝိညာဏ်သို့သွင်း၍ သောတဝိညာဏ် နှင့် တခုတည်း တလုံးတည်းထား၍ သောတ ဝိညာဏ်ဟူ၍ပင် ခေါ်မှတ်ရသည်။

အနံ့ကိုနံ၍ ဃာနဒွါရ၌ ဖြစ်သမျှသော အလုံးစုံသော ဃာနဒ္ဓါရိကစိတ်တို့ကို ဃာယန ကိစ္စရှိသော ဃာနဝိညာဏ်သို့ သွင်း၍ ဃာနဝိညာဏ်နှင့် တခုတည်း တလုံးတည်း ထား၍ ဃာနဝိညာဏ်ဟူ၍ပင် ခေါ်မှတ်ရသည်။

ရသာရုံကို သိ၍ ဇိဝှါဒ္ဓါရ၌ ဖြစ်သမျှသော အလုံးစုံသော ဇိဝှါဒွါရိကစိတ်တို့ကို သာယနကိစ္စ ရှိသော ဇိဝှါဝိညာဏ်သို့သွင်း၍ ဇိဝှါဝိညာဏ်နှင့် တခုတည်း တလုံးတည်း ထား၍ ဇိဝှါဝိညာဏ်ဟူ၍ပင် ခေါ်မှတ်ရသည်။

ဖောဋ္ဌဗ္ဗာရုံကို သိ၍ ကာယဒွါရ၌ ဖြစ်သမျှသော အလုံးစုံသော ကာယဒွါရိက စိတ်တို့ကို ဖုသနကိစ္စ ရှိသော ကာယ ဝိညာဏ်၌သွင်း၍ ကာယဝိညာဏ်နှင့် တခုတည်း တလုံးတည်းထား၍ ကာယ ဝိညာဏ်ဟူ၍ပင် ခေါ်မှတ်ရသည်။

ဤကဲ့သို့ ခေါ်မှတ်၍ ပဉ္စဝိညာဏ်၌ သုခ ဒုက္ခ ဥပေက္ခာဝေဒနာသုံးပါး အကြောင်း အားလျော်စွာ ယှဉ်ပုံကို မြတ်စွာဘုရား ဟောတော်မူသည်။

ပဉ္စဝိညာဏ်ပြီး၏။ ၅။

မနောဝိညာဏ် မနောအကြည်ကိုပြခြင်း

တပည့်တို့ - မနောဝိညာဏ်သည် အဘယ်လို အကြောင်းကြောင့် အဘယ်၌ မှီ၍ ပျက်စီး၍ နေပါသနည်းဆိုသော်။ တပည့်တို့ - နှလုံးဗူးလိုဏ်တွင်း နှလုံးသွေးဟု ခေါ်ဆိုအပ်သော ဟဒယဝတ္ထု၊ ရုပ်ရှည်မှုန့်ကလေးတွေ တခုခုပေါ်၌ ပဏ္ဍရ ပဘဿရ ဖြစ်အောင် အလွန်လင်းပြောင် ကြည်လင် သော မနောအကြည်သည် ရှိ၏၊ ဤမနော အကြည်ကို အဘိဓမ္မာနည်း၌ ဘဝင်စိတ်ဟု ခေါ်၏။

အတိတ်က ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟု နိမိတ်အာရုံ သုံးပါးတို့တွင် တပါးပါးကို အာရုံပြု၍ ဖြစ်နေ၏။ ဤဘဝင် မနောအကြည်များစွာ ဆက်လက်၍ ဖြစ်နေဆဲအခါ ပုဂ္ဂိုလ်သည် ဘာမှန်းမှ မသိပြီ၊ ထိုအခါ အိပ်ပျော်နေသည် မြောနေသည် မေ့နေသည်ဟု ခေါ်၏။

တပည့်တို့ - ရူပါရုံ, သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဤအာရုံငါးပါး တရားမှ ကြွင်းသော သင်္ခတ အသင်္ခတ ပညတ်ဟု ရှိရှိသမျှ အလုံးစုံသော တရားတွေကို ဓမ္မာရုံဟုခေါ်သည်၊

တပည့်တို့ - အကြင်အခါ ထိုဓမ္မာရုံတို့သည် ဤမနော အကြည်၌ ထင်လာ ထိခိုက် လာ၏။ ထိုအခါ စည်သံ မီးခိုးမီးပွင့်တို့အကြောင်းကြောင့် ဖြစ်ပေါ်လာကြဘိသကဲ့သို့ ထိုထင်လာ ထိခိုက်လာသော ဓမ္မာရုံကို သိခြင်း သိခြင်းဟု သိခြင်းသဘောတွေ ဟဒယဝတ္ထု ရုပ်မှုန့်ကလေးတွေ တခုခုအပေါ်၌ ဖြစ်ပေါ်လာသည်။ ဤသိခြင်း သဘောကို သိတတ်သော သဘောမို့ ဝိညာဏ်ဟု ခေါ်သည်။ မနောဒွါရ၌ ဖြစ်ခြင်းကြောင့် မနောအကြည်ကို စွဲ၍ ဖြစ်ခြင်းကြောင့် မနောဝိညာဏ်ဟု ခေါ်သည်။

ဤမနောဝိညာဏ်ကို အဘိဓမ္မာနည်း၌ မနောဒွါရဝဇ္ဇန်း ဇော တဒါရုံ စိတ်ဟု ခေါ်သည်။ မနောဒွါရ ဝီထိစိတ်ဟု ခေါ်သည်။

တပည့်တို့ - ဤမနောဝိညာဏ်သည် ဓမ္မာရုံ မထင်လာ မထိခိုက်လာခင်က မရှိဘူး။ စည်သံ မီးခိုး မီးပွင့်တို့ကဲ့သို့ မနောအကြည်၌ ဓမ္မာရုံ ထင်လာ ထိခိုက်လာခါမှ ထိုမနောအကြည် ဓမ္မာရုံအကြောင်း နှစ်ပါးကို စွဲ၍ ဖြစ်ပေါ်လာသည်၊ ထိုစကားသည် မှန်၏။

တပည့်တို့ - အကယ်၍ ဤမနောဝိညာဏ်သည် ဓမ္မာရုံ မထင်လာ မထိခိုက်လာခင် နဂိုပကတိက ရှိ၍နေခဲ့လျှင် အခါခပ်သိမ်း ဝမ်းထဲ နှလုံးထဲက သိ၍ သိ၍သာ နေလေရာ၏။မေ့ခြင်း မြောခြင်း အိပ်ပျော်ခြင်းဟူ၍ မဖြစ်ရာ၊ အမြဲသိ၍ သိ၍ကား မနေပြီ၊ မေ့ခြင်း မြောခြင်း အိပ်ပျော်ခြင်းကား ဖြစ်၏။ ထို့ကြောင့် နဂိုပကတိက ရှိ၍ နေသည်မဟုတ် ဓမ္မာရုံထင်လာ ထိခိုက် လာခါမှ မနောအကြည် မ္မာရုံ အကြောင်း နှစ်ပါးကို စွဲ၍ ဖြစ်ပေါ်လာသည်၊ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် –

မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ

ဟူ၍ သံယုတ် ပါဠိ တော် စသည်တို့၌ ဟောတော်မူပေ၏။

မနဉ္စ၊ မနော အကြည်ကို၎င်း။
ဓမ္မေ စ၊ ဓမ္မာရုံတို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
မနောဝိညာဏံ၊ မနောဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။

တပည့်တို့ - အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာကြသော စည်သံ မီးခိုး မီးပွင့် တို့သည် ဖြစ်ပေါ်ပြီးလျှင် ခဏခြင်း ပျက်ကွယ်၍ သွားကြဘိသကဲ့သို့ အကြောင်း ကိုစွဲ၍ ဖြစ်ပေါ်လာသော ဤမနော ဝိညာဏ်သည် ဖြစ်ပေါ်ပြီးလျှင် ခဏခြင်း ပျက်ကွယ်၍ ပျက်ကွယ်၍ သွား၏။ ထိုစကားသည် မှန်၏။

တပည့်တို့ - အကယ်၍ တခုခုသော ဓမ္မာရုံကို သိ၍ ဖြစ်ပေါ်လာသော ဤမနော ဝိညာဏ်သည် ဖြစ်ပေါ်ပြီးလျှင် မပျက်စီးဘဲ အမြဲတည်ရှိ၍ နေခဲ့လျှင် အခါခပ်သိမ်း ထိုဓမ္မာရုံ ကိုပင် သိ၍ နေလေ ရာ၏။ အခြားတပါးသော ဓမ္မာရုံကို သိမှုလည်း မဖြစ်နိုင်ရာ၊ မေ့ခြင်း မြောခြင်း အိပ်ပျော်ခြင်းလည်း မဖြစ်ရာ။ အမြဲသိ၍ မနေပြီ။ တခြား တပါးသော ဓမ္မာရုံကိုလည်း ပြောင်းကူး၍ သိခြင်းဖြစ်၏။ မေ့ခြင်း မြောခြင်း အိပ်ပျော်ခြင်းလည်း ဖြစ်၏။

ထို့ကြောင့် တခုခုသော ဓမ္မာရုံကို သိ၍ ဖြစ်ပေါ် လာသော ဤမနောဝိညာဏ်သည် ဖြစ်ပေါ်ပြီးလျှင် ခဏခြင်း ပျက်ကွယ်၍ ပျက်ကွယ်၍ သွား၏။ အမြဲတည်ရှိ၍ မနေပြီ။

တပည့်တို့ - ညဉ့်အိပ်ပျော်၍ နေသောအခါ မနောဝိညာဏ် မရှိသဖြင့် ဘာမှန်းမှ မသိပြီ။ နှလုံးဗူး လိုဏ်တွင်း ဟဒယဝတ္ထု ရုပ်မှုန့်ပေါ်၌ ပိုးစိမ်းဖြူ တခုခုသော ဝတ္ထုပေါ်၌နား၍ မပြတ်မြန်မြန် အတောင်ခတ်လျက် ဝင်းဝင်း ဝင်းဝင်းနှင့် နေဘိသကဲ့သို့ မနောအကြည်ကလေးသာ လှစ်လှစ် လှစ်လှစ် လှစ်လှစ် လှစ်လှစ်နှင့် ဖြစ်၍နေသည်။

ထိုသို့နေဆဲအခါ ရူပါရုံသော်၎င်း သဒ္ဒါရုံသော်၎င်း ဂန္ဓာရုံသော်၎င်း ရသာရုံသော်၎င်း ဖောဋ္ဌဗ္ဗာရုံ သော်၎င်း ဓမ္မာရုံသော်၎င်း အာရုံခြောက်ပါးတို့တွင် အမှတ်မရှိ တခုခုသော အာရုံသည် ဤမနော အကြည်ကလေး၌ ထင်လာအံ့၊ အကယ်၍ နက္ခတ် တာရာ ကြယ်အဆင်းသည် ထင်လာအံ့၊

ထိုအခါ ကျောက်ခဲ မီးခတ်သံ ထိခိုက်လျှင် မီးပွင့် ဖြစ်လာဘိသကဲ့သို့ ထင်လာသော ကြယ်အဆင်းကို သိမြင်ခြင်း သိမြင်ခြင်းဟု သိမြင်ခြင်းသဘော မနောဝိညာဏ် အားပျော့ အားနုနဲ့ ကလေးတွေ အကြိမ် ပေါင်း ကုဋေ သိန်းသန်းမက ဖြစ်ပေါ်သည်။ ထိုသို့ဖြစ်သော်လည်း ဤမနောဝိညာဏ် ကလေးတွေက အလွန်အားပျော့ အားနုန့်ခြင်းကြောင့် အမှတ်သညာ မမှတ်နိုင်သေးပြီ၊ သတိ မရနိုင်သေးပြီ။

ထို့နောင် အားကောင်း ထက်သန်သော မနောဝိညာဏ်ကြီးတွေ ဆက်လက်၍ ဖြစ်ပေါ်လာသဖြင့် အမှတ်ရ၍ သတိရ၍ ဪ - ငါကြယ်တွေကို မြင်ရပါကလား၊ ကြယ်တွေကို မြင်ရတယ်လို့ အိပ်မက် မက်ပါသကိုဟု ဝမ်းမြောက်ဝမ်းသာ သိ၍ နိုးလာ၏။

တပည့်တို့ - ဤကဲ့သို့ ဘဝင်တွေများစွာ ဖြစ်နေဆဲ၌ အာရုံတခုခု ထင်လာ၍ အမှတ် သညာ သတိ နုန့်နဲ့သော အားငယ်သော မနောဝိညာဏ်ကလေးတွေ ဖြစ်ပေါ် လာသာကို လောက၌ အိပ်မက် မက်တယ်လို့ ခေါ်ကြသည်။ အမှတ် သညာ သတိ ထက်သန်သော သန်စွမ်း အားကောင်းသော မနောဝိညာဏ်ကြီးတွေ ဖြစ်ပေါ် လာတာကို နိုးလာသည်ဟု ခေါ်သည်။

တပည့်တို့ - ဤမနောဝိညာဏ်တွေ ဖြစ်ပေါ်၍ အိပ်မက် မက်သောအခါ နိုးသောအခါ မနော အကြည်တွေမရှိပြီ။ ချုပ်ကွယ်၍ ကုန်လေ၏။ ထိုစကားသည် မှန်၏။

တပည့်တို့ - အကယ်၍ မနောအကြည်သာလျှင် အမြဲဖြစ်လျက် ကည်ရှိ၍ နေခဲ့လျှင် ဤကဲ့သို့ အိပ်မက် မက်ခြင်း နိုးခြင်း မဖြစ်ရာ၊ ဘာကိုမှမသိဘဲ အမှတ် သတိ မရဘဲသာ နေရာ၏၊ မနေပြီ။ ထို့ကြောင့် ဤမနောဝိညာဏ်တွေ ဖြစ်၍ အိပ်မက် မက်သောအခါ နိုးသောအခါ မနောအကြည်တွေ မရှိပြီ၊ ချုပ်ကွယ်၍ ကုန်လေ၏။

တပည့်တို့ - ဤကဲ့သို့ အိပ်မက် မက်၍ နိုး၍ လာပြီးလျှင် ငါ့အား ဤကဲ့သို့ အိပ်မက် မက်လျှင် ဤကဲ့သို့သော ကောင်းကျိုးချမ်းသာ ဖြစ်လတ္တံ့ စသည်ဖြင့် ကောင်းကျိုး ချမ်းသာဟူသော ဓမ္မာရုံ သည်၎င်း၊ ကောင်းကျိုး ချမ်းသာပေးအောင် ဘုရားဂုဏ် စသည်ကို အောက်မေ့ခြင်း စသည်ဖြင့် ဘုရားဂုဏ်ဟူသော ဓမ္မာရုံသည်၎င်း၊ ထိုကွယ်လွန်လေပြီးသော ကြယ်ဟူသော ရူပါရုံသည်၎င်း၊ ထိုမှတပါးသော အာရုံ တို့သည်၎င်း၊ မနောအကြည်၌ အဖန်ဖန် ထင်လာ၍ ထိုထင်လာသော အာရုံတွေကို သိခြင်း သိခြင်းဟု သိခြင်းသဘော မနောဝိညာဏ်ကြီးတွေ အတန်ကြာ ကာလဖြစ်၍ နိုးလျက်နေ၏။

ထိုနောင် အတန်ကြာလျှင် ထိုအာရုံတွေ မထင်လာခြင်းကြောင့် မနောဝိညာဏ် မဖြစ်သဖြင့် ဘာကိုမှ မသိဘဲ အိပ်ပျော်၍ သွားပြန်၏။ မနောအကြည်သာဖြစ်၍ နေလေပြန်၏။ ထိုသို့ အိပ်ပျော် ပြန်သောအခါ အိပ်မက် မက်သော နိုးသော မနောဝိညာဏ်ကြီးတွေ အကုန်လုံး မရှိပြီ၊ ချုပ်ကွယ်၍ သွားကြကုန်၏။ ထိုစကားသည် မှန်၏။

တပည့်တို့ - အကယ်၍ ဤအိပ်မက်ကို အိပ်မက်အကြောင်း ကို သိ၍ သိ၍ ကြံ၍ ကြံ၍ နေသော မနောဝိညာဏ်ကြီးတွေ ဖြစ်ပြီးလျှင် မပျက်စီးဘဲ အမြဲတည်ရှိ၍ နေခဲ့ပါလျှင် အဘယ်မှာ အိပ်ပျော်ပြန်ခြင်း ဖြစ်နိုင်မည်နည်း အိပ်မက်ကို၎င်း၊ အမှတ်မရှိ တခုခုကိုသော်၎င်း သိ၍ သိ၍ ကြံ၍ ကြံ၍သာ နေလေရာ၏၊ မနေပြီ။ ထို့ကြောင့် ထို အိပ်ပျော်ပြန်သောအခါ မနောဝိညာဏ်တွေ မရှိပြီ။ ချုပ်ကွယ်၍ သွားကြကုန်၏။

တပည့်တို့ - ထို့နောင် နံနက်မိုးသောက်သောအခါ ကြက်သံ လူသံစသော အသံသည် သောတ အကြည်၌ ထိခိုက်၍ သောတဒွါရ ဝီထိကျ၍သော်၎င်း၊ မနောအကြည် သက်သက်၌ တခုခုသော ဓမ္မာရုံ ထင်လာ၍ သော်၎င်း၊ ထိုထင်လာသော ဓမ္မာရုံကို သိခြင်း သိခြင်းဟု သိခြင်း ကြံစည်ခြင်း သဘော မနောဝိညာဏ်ကြီးတွေ ဖြစ်ပေါ်လာ၍ နိုးသည်ဟု ဖြစ်၏။ ထို့နောင် ဒွါရ ခြောက်ပါး၌ အာရုံခြောက်ပါးတို့ မပြတ်မလပ် တလှည့်စီ ထင်လာ ထိခိုက်လာ၍ ဝိညာဏ်ခြောက်ပါးတို့ မပြတ် မလပ် တလှည့်စီ ဖြစ်၍ နေသဖြင့် တနေ့လုံး နိုး၍နေ၏။

တပည့်တို့ - ဤမနောဝိညာဏ်သည်ကား အာရုံခြောက်ပါးလုံးကိုပင် အာရုံပြုနိုင်၍ ရူပါရုံစသော ပဉ္စာရုံတို့သည် ပဉ္စဒွါရ၌ မထိခိုက်ဘဲ မနောအကြည် သက်သက်၌သာ ထင်လာအံ့။ ထိုအခါ ပဉ္စာရုံတို့ကို သိသော ကြံသော မနောဝိညာဏ် ဖြစ်ပေါ် လာသည်။ အကြင်အခါ ဓမ္မာရုံတို့သည် မနောအကြည်၌ ထင်လာအံ့။ ထိုအခါ ဓမ္မာရုံကို သိသော ကြံသော မနောဝိညာဏ် ဖြစ်ပေါ်လာသည်။

မျက်စိကလည်း မမြင်ဘဲ
နားကလည်း မကြားဘဲ
နှာခေါင်းကလည်း မနံဘဲ
လျှာကလည်း ချိုချဉ်စသည်ကို မသိဘဲ
ကိုယ်ကလည်း တခုခုကို တွေ့ထိမှန်းမသိဘဲ
ဝမ်းထဲက ကြံကြံ တွေးတွေး သိသိနေသမျှသည် အာရုံ ခြောက်ပါးတို့တွင် တပါးပါးသော အာရုံသည် မနောအကြည်၌ထင်လာ၍ ထိုထင်လာသော အာရုံကို ကြံတဲ့ တွေးတဲ့ သိတဲ့ မနောဝိညာဏ်တွေ ဖြစ်နေမှုချည်းတည်း။

ထို့နောင် နေ့ကုန်၍ ညဉ့်အခါကျပြန်လျှင် အာရုံခြောက်ပါး မထင်လာ၍ ဝိညာဏ် ခြောက်ပါးဖြစ်ခြင်း မရှိခြင်းကြောင့် ဘာမှန်းမှမသိဘဲ အိပ်ပျော်၍ နေလေပြန်၏။ မနောအကြည်သာ ဖြစ်၍ နေလေပြန်၏။

ထိုအခါ နေ့အခါက ကြံတွေး သိသိနေခဲ့ မနောဝိညာဏ်တွေ မရှိကြပြီ။ ဖြစ်ပြီးလျှင် ချုပ်ကွယ်၍ ချုပ်ကွယ်၍ ကုန်ကြလေ၏။

တပည့်တို့ - ဤကဲ့သို့ မနောဝိညာဏ်၏ ဖြစ်မှုကိုသိ၍ --
မနေ့က မနောဝိညာဏ်သည် ယနေ့သို့ မပါဘူး။
ယနေ့ မနောဝိညာဏ်သည် နက်ဖြန်သို့ မပါဘူး။
ညဉ့်က မနောဝိညာဏ်သည် နေ့သို့ မပါဘူး။
နေ့က မနောဝိညာဏ်သည် ညဉ့်သို့ မပါဘူး။
အပိုင်းအပိုင်း ပြတ်၍နေသည်။

ထိုနေ့အခါ ညဉ့်အခါတို့၌ ဖြစ်လေသမျှသော မနောဝိညာဏ် သည်လည်း သူ့အာရုံနှင့် သူ့ဝိညာဏ် သူ့အာရုံနှင့် သူ့ဝိညာဏ်အားဖြင့် အပိုင်းအပိုင်း ပြတ်၍ နေသည်။ ဤကဲ့သို့ အပိုင်းအပိုင်း ပြတ်၍ နေပုံကို ထင်မြင် အောင် ကြည့်ရှုကြ။ အပိုင်းအပိုင်း ပြတ်အောင်ဖြတ်ကြ။

ရူပါရုံကို ကြံတွေး စိတ်ကူးတဲ့ သိတဲ့ မနောဝိညာဏ် ထိုရူပါရုံတွင် ချုပ်တာဘဲ။
သဒ္ဒါရုံကို ကြံတွေး စိတ်ကူးတဲ့ သိတဲ့ မနောဝိညာဏ် ထိုသဒ္ဒါရုံတွင် ချုပ်တာဘဲ။
ဂန္ဓာရုံကို ကြံတွေး စိတ်ကူးတဲ့ သိတဲ့ မနောဝိညာဏ် ထိုဂန္ဓာရုံတွင် ချုပ်တာဘဲ။
ရသာရုံကို ကြံတွေး စိတ်ကူးတဲ့ သိတဲ့ မနောဝိညာဏ် ထိုရသာရုံတွင် ချုပ်တာဘဲ။
ဖောဋ္ဌဗ္ဗာရုံကို ကြံတွေး စိတ်ကူးတဲ့ သိတဲ့ မနောဝိညာဏ် ထိုဖောဋ္ဌဗ္ဗာရုံတွင် ချုပ်တာဘဲ။
ဓမ္မာရုံကို ကြံတွေး စိတ်ကူးတဲ့ သိတဲ့ မနောဝိညာဏ် ထိုဓမ္မာရုံတွင် ချုပ်တာဘဲ။

လူကို ကြံတွေး စိတ်ကူးတဲ့ သိတဲ့ မနောဝိညာဏ် ထိုလူတွင် ချုပ်တာဘဲ။

နတ်ကို ဗြဟ္မာကို ယောက်ျားကို မိန်းမကို သတ္တဝါကို ကြံတွေး စိတ်ကူးတဲ့ သိတဲ့ မနောဝိညာဏ် ထိုသတ္တဝါတွင် ချုပ်တာဘဲ။

ဘုရားကို အာရုံပြုသို့ မနောဝိညာဏ် ထိုဘုရားတွင် ချုပ်တာဘဲ။

တရားကို, သံဃာကို သီလကို စာဂကို နတ်ကို နိဗ္ဗာန်ကို သေခြင်းကို ဒွတ္တိံသာကာရကို ထွက်သက်ဝင်သက်ကို ကြံတွေး အောက်မေ့တဲ့ သိတဲ့ မနောဝိညာဏ် ထိုထွက်သက် ဝင်သက်တွင် ချုပ်တာဘဲ။

ပထဝီဓာတ်ကို အာပေါဓာတ်ကို တေဇောဓာတ်ကို ဝါယောဓာတ်ကို အာကာသဓာတ်ကို ဝိညာဏဓာတ်ကို ကြံတွေးအောက်မေ့တဲ့ သိတဲ့ မနောဝိညာဏ် ထိုဝိညာဏဓာတ်တွင် ချုပ်တာဘဲ။

ရုပ်ကို နာမ်ကို အနိစ္စကို ဒုက္ခကို အနတ္တကို ကြံတွေးအောက်မေ့တဲ့ သိတဲ့ မနောဝိညာဏ် ထို အနတ္တတွင် ချုပ်တာဘဲ။

ဈာန်ကို အဘိညာဉ်ကို မဂ်ကို ဖိုလ်ကို နိဗ္ဗာန်ကို ကြံတွေး အောက်မေ့တဲ့ သိတဲ့ မနောဝိညာဏ် ထို နိဗ္ဗာန်တွင် ချုပ်တာဘဲ တပည့်တို့။

အကြင်အကြင် အမှတ်မရှိ တခုခုကို ကြံတွေး စိတ်ကူးတဲ့ သိတဲ့ မနော ဝိညာဏ်သည် ထိုထို မိမိကြံတွေး စိတ်ကူးအပ် သိအပ်သော အာရုံတွင် ချုပ်တာဘဲ။

တပည့်တို့ - ဤကဲ့သို့ မနောဝိညာဏ်ကို သူ့အာရုံနှင့် သူ့ဝိညာဏ်အားဖြင့် အာရုံနှင့်လည်း ပိုင်းပိုင်း ပြတ်အောင် ဖြတ်၍ရှုကြ။ ထို့ပြင် ဤမနောဝိညာဏ်သည် ဖြစ်ပေါ်လာသောအခါ --

ရံခါ လောဘ ရာဂနှင့်ယှဉ်သော မနောဝိညာဏ် ဖြစ်ပေါ်လာ၏။
ရံခါ ဒေါသနှင့်ယှဉ်သော မနောဝိညာဏ် ဖြစ်ပေါ်လာ၏။
ရံခါ မောဟနှင့်ယှဉ်သော မနောဝိညာဏ် ဖြစ်ပေါ်လာ၏။
ရံခါ ဒိဋ္ဌိနှင့် ရံခါ မာနနှင့်
ရံခါ ဣဿာနှင့် ရံခါ မစ္ဆရိယနှင့်
ရံခါ ဝိစိကိစ္ဆာနှင့် ရံခါ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စနှင့်
ရံခါ ပျင်းရိခြင်း တန္ဒီနှင့်
ရံခါ ငိုက်မြည်းထိုင်းမှိုင်းခြင်း အိပ်ချင်ခြင်း ထိနမိဒ္ဓနှင့်ယှဉ်သော မနောဝိညာဏ် ဖြစ်ပေါ်လာ၏။

ရံခါ နောက်ကျုခြင်း အကုသိုလ်နှင့် ယှဉ်သော မနောဝိညာဏ် ဖြစ်ပေါ်လာ၏။
ရံခါ ကြည်လင် ရွှင်လန်းခြင်း ကုသိုလ်နှင့်ယှဉ်သော မနောဝိညာဏ် ဖြစ်ပေါ်လာ၏။
ရံခါ သဒ္ဓါနှင့် ယှဉ်သော မနောဝိညာဏ် ဖြစ်ပေါ်လာ၏။
ရံခါ သတိနှင့် ရံခါ ဟိရီဩတ္တပ္ပနှင့်
ရံခါ ပညာနှင့် ရံခါ မေတ္တာနှင့်
ရံခါ ကရုဏာနှင့် ရံခါ မုဒိတာနှင့်
ရံခါ ဥပေက္ခာနှင့် ရံခါ ပီတိနှင့်
ရံခါ သမာဓိနှင့် ရံခါ ဝိတက်နှင့်
ရံခါ ထိတ်လန့် ခြင်း ဉာဏသံဝေဂနှင့်
ရံခါ သောမနဿနှင့်
ရံခါ ဒေါမနဿနှင့် ရံခါ ဥပက္ခာနှင့်
ရံခါ စိုးရိမ်ပူပန်ခြင်း သောကနှင့်ယှဉ်သော မနောဝိညာဏ် ဖြစ်ပေါ်လာ၏။

ရံခါ မစိုးရိမ် မပူပန်ခြင်း ငြိမ်းချမ်းခြင်း ပီတိ ပဿဒ္ဓိ သုခနှင့်ယှဉ်သော မနောဝိညာဏ် ဖြစ်ပေါ်လာ၏။

တမျိုးသော မနောဝိညာဏ် ဖြစ်ပေါ်လာလျှင် တမျိုးသော မနောဝိညာဏ် ချုပ်ပျက် သွားပြီ။ မရှိဘူး တပည့်တို့ - ဤကဲ့သို့ စေတသိက် အမျိုးမျိုးတို့ဖြင့် မှတ်၍လည်း ဤမနောဝိညာဏ်၏ အပိုင်းအပိုင်း ပြတ်၍ နေပုံကို ထင်မြင်အောင် ကြည့်ရှုကြ။

ဤစေတသိက် အမျိုးမျိုးတို့နှင့် ယှဉ်လျက် ဘယ်ဟာကိုမဆို အမှတ်မရှိ တခုခုကို ကြံတွေး အောက်မေ့၍ စိတ်ကူး၍ သိ၍နေဆဲ ခဏမှာလည်း လက်ဖျစ် တတွက်မျှ ကာလလောက် ကြာလျှင်ပင် ဖြစ်ပျက်၍ သွားလေသော မနောဝိညာဏ် အကြိမ်ပေါင်း ကုဋေထောင်သောင်း မကပြီ။ ဤကဲ့သို့ ခဏိကအားဖြင့် ဖြစ်ပျက်၍ နေပုံကိုလည်း မိမိတို့ဉာဏ် လျင်မြန်သလောက် အမှီ လိုက်နိုင်သမျှ လိုက်၍ ကြည့်ရှုကြ။

မီးခတ် မပြတ်ခတ်၍ နေသောအခါ ကျောက်ခဲပေါ် မီးပွင့်ကလေးတွေ ဖွားဖွား ဖွားဖွားနှင့် မပြတ်ဖြစ်ပေါ် ပျက်ကွယ်၍ နေဘိသကဲ့သို့ ဟဒယဝတ္ထု၊ ရုပ်ရှည်မှုန့်ကလေးတွေ တခုခုအပေါ်၌ မနောဝိညာဏ် ကလေး လှစ်လှစ် လှစ်လှစ် လှစ်လှစ် လှစ်လှစ်နှင့် မပြတ်ဖြစ်ပေါ် ပျက်ကွယ်၍ နေသည်။ထင်မြင်အောင် ကြည့်ရှုကြ။ တပည့်တို့ - အဖန်ဖန် ကြံစည် ကြည့်ရှုကြ။ ကြည့်ရှုဖန် များသောအခါ ထင်မြင်၍ လာသည် လာလိမ့်မည်။

တပည့်တို့ - အရိယာတို့၏ တရား၌ မလိမ်မာကြသော အရိယဓမ္မအကောဝိဒ ပုဂ္ဂိုလ်တို့မှာကား --
သည်ဟာကို ကြံတွေး အောက်မေ့တဲ့ သိတဲ့ ဝိညာဏ်ဘဲ
ဟိုဟာကို ကြံတွေး အောက်မေ့တယ် သိတယ်၊
ဟိုဟာကို ကြံတွေး အောက်မေ့တဲ့ သိတဲ့ ဝိညာဏ်ဘဲ
သည်ဟာကို ကြံတွေး အောက်မေ့တယ် သိတယ်၊
နံနက်က ကြံတွေး အောက်မေ့တဲ့ သိတဲ့ ဝိညာဏ်ဘဲ
နေ့လယ်ခါ ညနေခါ ညဉ့်အခါ ကြံတွေး အောက်မေ့တယ် သိတယ်။
ယနေ့ ကြံတွေး အောက်မေ့တဲ့ သိတဲ့ ဝိညာဏ်ဘဲ
နက်ဖြန်ခါ ကြံတွေး အောက်မေ့တယ် သိတယ်။
ရှေးရှေး ကြံတွေး အောက်မေ့တဲ့ သိတဲ့ ဝိညာဏ်ဘဲ
နောက်နောက်၌ ကြံတွေး အောက်မေ့တယ် သိတယ်
ဟု အမျှင်မပြတ် တခုတည်း နိစ္စထင်မှတ်၍ နေကြသည်။

သင်တပည့်တို့ မှာကားဤကဲ့သို့ မထင်မှတ်ကြနှင့်။ ယခု ငါဆရာ ဟောကြားခဲ့ပြီးသော အတိုင်း အပိုင်းအပိုင်း ပြတ်၍နေပုံကို သိ၍ ထင်မြင်အောင် ကြည့်ရှုကြ။ ခဏိကအားဖြင့် ဖြစ်ပျက်၍ နေပုံ ကိုလည်း ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ - ဤမနောဝိညာဏ်သည် ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ပျက်စီး၍ သွား၏၊ မမြဲပြီ။

တပည့်တို့ - ဤမနောဝိညာဏ် ဖြစ်ပေါ်လာရမှု၌ အကြောင်းတို့သည် အနန္တရ သမနန္တရပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသော ရှေ့မနောအကြည် ဟူသော ဇနကအကြောင်း အဝိဇ္ဇာ တဏှာ ကံ ပဉ္စာရုံ ဓမ္မာရုံ အစရှိသော အထောက်အပံ့ ဥပတ္ထမ္ဘက အကြောင်းဟု နှစ်ပါးရှိကုန်၏။ ထိုနှစ်ပါးစုံသော အကြောင်းတရား သည်လည်း ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ပျက်စီး၍ သွားကြ၏၊ မမြဲပြီ။

တပည့်တို့ - အခါးပင် မျိုးစေ့မှ ပေါက်ဖွားသော သစ်ပင်သည် အချို မဖြစ်နိုင်ဘဲ အမြဲမုချ ခါးရလေ ဘိသကဲ့သို့ သေတတ်သော အမိကြီးမှ မွေးဖွားသော သားသည် အမြဲမနေရဘဲ ဧကန်မချွတ် သေရ လေဘိသကဲ့သို့ ဤမမြဲသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော မနောဝိညာဏ်သည် အဘယ်မှာ မြဲခြင်း ဖြစ်နိုင်တော့ မည်နည်း။ မြဲခြင်းသာ ဖြစ်လေတော့သည်သာပ။ ခဏခြင်း ခဏခြင်း ပျက်စီး၍သာ သွားလေတော့သည်သာပ။

တပည့်တို့ - ဤမနောဝိညာဏ်သည်၎င်း၊ ပဉ္စ ဝိညာဏ်တို့သည်၎င်း ဤခြောက်ပါးသော ဝိညာဏ် တို့သည် ရုပ်မှုန့်ကလေးတွေကို မှီခိုအားထား၍ မှီတွယ်၍ ဖြစ်ကြရ၏။ ဤဝိညာဏ်တို့၏ အားကိုး အားထားရာ မှီတွယ်ရာ ရုပ်မှုန့်ကလေးတွေကိုကဘဲ အမြဲမတည်နိုင်ဘဲ ခဏခြင်း ခဏခြင်း ပျက်စီး၍ နေကြသည်။ ဤမမြဲသို့ ခဏခြင်း ခဏခြင်း ပျက်စီး၍နေတဲ့ တရားပေါ်မှာ မှီတွယ်၍ ဖြစ်ကြသော ဤခြောက်ပါးသော ဝိညာဏ်တို့သည် အဘယ်မှာ မြဲခြင်း ဖြစ်နိုင်ပါတော့မလဲ တပည့်တို့။ ခဏခြင်း ခဏခြင်း ပျက်စီး၍သာ သွားကြရ လေတော့သည်သာပ။

တပည့်တို့ ဤကဲ့သို့ မနောဝိညာဏ်၏ ဖြစ်ပျက်ပုံ အနိစ္စသဘောကို ထင်မြင်အောင် ကြည့်ရှုကြ။

မနောဝိညာဏ် ပြီး၏။

ဝိညာဏ်ခြောက်ပါးကို ရှု၍ ကိစ္စပြီးစီးသွားပုံကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ခြောက်ပါးသော ဝိညာဏ်တို့၏ ဖြစ်ပျက်ပုံ ဥဒယဝယ အနိစ္စသဘောကို ထင်မြင်အောင် ကြည့်ရှုကြ။ အဖန်ဖန် ကြံစည် ကြည့်ရှုကြ ကြည့်ရှုဖန်များသောအခါ ထင်မြင်၍ လာသည်၊ လာလိမ့်မည်။

ဤကဲ့သို့ ကြည့်ရှု၍ ဝိညာဏ်တို့၏ ဖြစ်ပျက်၍ နေပုံကို အပိုင်း အပိုင်း ပြတ်၍ နေပုံ အနိစ္စ သဘောကို ထင်မြင်၍ လာသော အခါ ကိုဝ်-ဟူသော ငါ-ဟူသော တရား မှာကား အဘယ်တော့အခါမှ ဖြစ်ပျက်သည်ဟူ၍ မရှိ။ အသစ် အဟောင်း ပြောင်းလဲသည်ဟူ၍ မရှိ။ ငါ - အမျိုးမျိုး ဖြစ်သည်ဟူ၍ မရှိ။

တနေ့လုံးမှာ တငါသာတည်း။
တလလုံးမှာလည်း တငါသာတည်း။
တနှစ်လုံးမှာလည်း တငါသာတည်း။
ငါငယ်ငယ်က ဘာပြုခဲ့သည်။
ငါ ယခု ဘာပြုသည်။
ငါနောင် ဘာပြုမည်။
ငါဘယ်ကိုသွားမည်။
ငါသေရလိမ့်ဦးမည် စသည်ဖြင့် တဘဝလုံး မှာလည်း တငါတည်းသာတည်း။
ငါရှေးဘဝက ဘာဖြစ်ခဲ့လေမှန်း မသိ။
ငါ ဖြစ်ခဲ့ရတာ ဘယ့်လောက် သံသရာ အဓွန့်ရှည်ပြီဟူ၍ မသိနိုင်။

ငါနောင်ကို နိဗ္ဗာန်သို့ရောက်ချင်၏၊
ဘုရားဖြစ်ချင်၏၊
ပစ္စေကဗုဒ္ဓါဖြစ်ချင်၏၊
အဂ္ဂသာဝက ဖြစ်ချင်၏ စသည်ဖြင့် တသံသရာလုံးမှာလည်း တငါတည်းသာတည်း။

ဝိညာဏ်ကမူကား အပိုင်း အပိုင်း ပြတ်၍နေ၏။ ပျက်စီး၍ ပျက်စီး၍နေ၏။ ဝိညာဏ်ဟောင်း ဝိညာဏ်သစ် ပြောင်းလဲ ပြောင်းလဲ၍ နေ၏။ လက်ဖျစ် တတွက် မျှကာလ အတွင်းမှာပင် ဝိညာဏ်ပေါင်း ကုဋေ ထောင် သောင်းမက အသစ် အဟောင်း ပြောင်းလဲ၍လည်း တငါတည်း သာတည်း။

ဝိညာဏ်ဖြစ်နေပုံက တလမ်း ငါဖြစ်နေပုံက တလမ်းအားဖြင့် တထပ်ထည်းမကျဘဲ တလမ်းစီ တကွဲစီ တခြားစီ တမျိုးစီ ဖြစ်၍ နေသဖြင့် ဝိညာဏဓာတ်ကို ငါဟူ၍ မမှတ်ထင်နိုင်ဘဲ မစွဲလမ်းနိုင်ဘဲ ဝိညာဏဓာတ်ထဲ၌ ငါကောင်ကို ရှာ၍မရဘဲ ဟင် - ဤဝိညာဏဓာတ်ဟာ ငါမဟုတ်ပါဘဲကလား ဟင် - ဤဝိညာဏ ဓာတ်ထဲ၌ ငါမရှိ ပါဘဲ ကလားဟု စိတ်ဖြစ်လျက် ငါပျောက်၍ သွားတော့သည် တပည့်တို့။

ဤသို့ အနိစ္စ ထင်မြင်၍ ငါပျောက်သွားပုံကို ရည်တော်မူ၍–

အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ။ အနတ္တသညီ အသ္မိမာနသမုဂ္ဃါတံ ပါပုဏာတိ။ ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာနန္တိ။

ဟူ၍ နဝင်္ဂုတ္တရပါဠိတော် ဥဒါန်းပါဠိတော်၌ အရှင်မေဃိယအား မြတ်စွာဘုရား ဟောကြား တော်မူသည်။

ဤပါဠိ၏အနက်ကို အောက် ရုပ်ပိုင်း အနိစ္စခဏ်းမှာ ပေးပြီး တပည့်တို့။

တပည့်တို့ - ဤကဲ့သို့ ငါပျောက်၍ သွားသောအခါ ဤဝိညာဏဓာတ်ကို ငါဟူသော ကိုဝ်အနေ နှင့်၎င်း၊ ငါ့ဟာဟူသော ကိုဝ့်ဥစ္စာ အနေနှင့်၎င်း ချစ်ခင် တပ်မက်ခြင်းလည်း ကင်းကြကုန်လတ္တံ့။

ဤသို့သော အကြောင်းကိုစွဲ၍ “နေသော ဟမသ္မိ နေတံမေ။ ဧဝံ တတ္ထ ဝိရဇ္ဇတိ”ဟူ၍ ဥဒ္ဒေသဝါရ၌ ငါဆရာ ဟောကြားပေ၏။

တပည့်တို့ - မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်၌ ကိန်းအောင်း မွေ့လျော် စံနေတော်မူစဉ် အခါ ရဟန်းတို့ကို ခေါ်တော်မူ၍ - -

ဝိညာဏံ ဘိက္ခဝေ အနိစ္စံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ဝိညာဏဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော။ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ဝိညာဏံ ကုတော နိစ္စံ ဘဝိဿတိ။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယ သာဝကော ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိဒ္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမှီတိ ဉာဏံ ဟောတိ၊ ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတီတိ။

ခန္ဓာဝဂ္ဂသံယုတ်ပါဠိတော်လာ အနိစ္စသုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဝိညာဏံ၊ ဝိညာဏ်သည်၊ ဝိညာဏဓာတ်သည်။
အနိစ္စံ၊ မမြဲပြီ။ ဖောက်ပြန်ပျက်စီးတတ်၏။
ဝိညာဏဿ၊ ဝိညာဏ်၏။
ဥပ္ပါဒါယ၊ ဖြစ်ပေါ်လာခြင်း၌။
ယောပိ ဟေတု၊ အကြင်ဖြစ်စေတတ်သော ဇနက အကြောင်းသည်၎င်း။
ယောပိ ပစ္စယော၊ အကြင်ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းသည်၎င်း။
အတ္ထိ၊ ရှိ၏။
သောပိ၊ ထိုနှစ်ပါးစုံသော အကြောင်းသည်လည်း။
အနိစ္စော၊ မမြဲပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။
အနိစ္စသမ္ဘူတံ၊ မမြဲသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော။
ဝိညာဏံ၊ ဝိညာဏ်သည်။
နိစ္စံ၊ မြဲသည်။
ကုတော ဘဝိဿတိ၊ အဘယ်မှာဖြစ်နိုင်တော့မည်နည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝံပဿံ၊ ဤသို့ရှုမြင်သော။
သုတဝါ၊ အနိစ္စ ရှုနည်း၌ သိကျွမ်းလိမ်မာသဖြင့် အကြားအမြင်များသော သုတဝါ ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်သော။
အရိယ သာဝကော၊ ငါဘုရားတပည့်သည်။
ဝိညာဏသ္မိမ္ပိ၊ ဝိညာဏ်၌လည်း၊ ဝိညာဏ ဓာတ်၌လည်း။
နိဗ္ဗိန္ဒတိ၊ ပျင်းမုန်းငြီးငွေ့၏။
နိဗ္ဗိန္ဒံ၊ ပျင်းမုန်းငြီးငွေ့သည် ရှိသော်။
ဝိရဇ္ဇတိ၊ ငါကောင်ပျောက်လျက် ချစ်ခင် တပ်မက်ခြင်း ကင်း၏။
ဝိရာဂါ၊ ချစ်ခင် တပ်မက်ခြင်း ကင်းခြင်းကြောင့်။
ဝိမုစ္စတိ၊ အာသဝေါတရား တို့မှ ကျွတ်လွတ်၍သွား၏။
ဝိမုတ္တသ္မိံ၊ အာသဝေါ တရားတို့မှ ကျွတ်လွတ်ပြီး သည်ရှိသော်။
ဝိမုတ္တမှီတိ၊ ငါသည် အာသဝေါတရားတို့မှ ကျွတ်လွတ်ပေပြီဟူ၍။
ဉာဏံ၊ သိသောဉာဏ်သည်။
ဟောတိ၊ ဖြစ်၏။
မေ၊ ငါ့အား။
ဇာတိ၊ နောင် တဖန် ဘဝ၌ ပဋိသန္ဓေနေရခြင်း ဇာတိသည်။
ခီဏာ၊ ကုန်ပေပြီ။
ဗြဟ္မစရိယံ၊ မြတ်သော မဂ်အကျင့်ကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီးပြီ။
ကရဏီယံ၊ အာသဝေါ တရားတို့မှ ကျွတ်လွတ်စေခြင်းငှါ၊ ပဋိသန္ဓေဇာတိ၏ ကုန်စေခြင်းငှါ ပြုလုပ်ရန် ကိစ္စကို။
မေ၊ ငါသည်။
ကတံ၊ ပြုလုပ်အပ်ပြီးပြီ။
ဣတ္ထတ္ထာယာတိ၊ ဤအာသဝေါ တရားတို့မှ ကျွတ်လွတ်ပါရခြင်း ပဋိသန္ဓေ ဇာတိ၏ ကုန်ပါစေခြင်း အကျိုးငှါ။
အပရံ ဤယခုကျင့်သုံး ပြုလုပ်အပ်ပြီးသော မဂ်အကျင့်မှတပါး ကျင့်သုံး ပြုလုပ်ရန် ကိစ္စသည်။
နတ္ထိ၊ မရှိတော့ပြီ။
ဣတိ၊ ဤသို့လည်း။
ပဇာနာတီတိ၊ သိလေ၏။

ဤသို့ မြတ်စွာဘုရား ဟောကြားတော် မူလေလျှင် ထိုတရားနာရသော ရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားတော်မူသောအတိုင်း အားထုတ် ကြည့်ရှုကြ၍ ဤဝိညာဏဓာတ်၏ ကိုဝ်မဟုတ်သော အဖြစ်ကို လင်းလင်း ထင်ထင် သိမြင်၍ အာသဝေါ တရားတို့မှ ကျွတ်လွှတ်ပြီးလျှင် နိဗ္ဗာန်သို့ဝင်ကြလေကုန်ပြီ။

သင် တပည့်တို့သည်လည်း ထိုရဟန်းတို့ ကဲ့သို့ ဝိညာဏဓာတ်၏ ကိုဝ်မဟုတ်သော အဖြစ်ကို လင်းလင်း ထင်ထင် သိမြင်၍ အာသဝေါ တရားတို့မှ ကျွတ်လွတ်ပြီးလျှင် နိဗ္ဗာန်သို့ ဝင်ရအောင် ယခု ငါဆရာ ဟောကြားခဲ့ပြီးသော အတိုင်း ကြိုးစား၍ ကြည့်ရှုကြ။ ကြိုးစား၍ အားထုတ်ကြ။

တပည့်တို့ - ဤနေရာ၌လည်း အနုသာသနီသုတ်ကို ဟောသင့် ဟောထိုက်၏။ ထားထိုက်၏။

ထို့ကြောင့် အောက်ရုပ် အနိစ္စပိုင်း၌ ဟောအပ်ပြီးသော အနိစ္စနယဝိပဿနာသုတ် ဟူ၍လည်း အမည် ရသော အနုသာသနီသုတ်ကို၎င်း၊ ဘုန်းကြီးတောထွက်ခါနီး အခါတုန်းက စီရင် ရေးသားအပ်သော နေက္ခမဝိဓာန ဒီပနီကျမ်း အနိစ္စပိုင်း၌ ထားအပ်သော ဂါထာတို့ကို၎င်း ဤကျမ်း ဤနေရာ၌ ဟောထားသော အနုသာသနီသုတ် အရာထား၍ ကျက်ဆောင် ကြည့်ရှုကြ ဤနေရာနှင့်လည်း ဆိုင်သော ဂါထာတို့ပင်တည်း။

ဣတိ အနိစ္စေန သုညတနယော။

အနိစ္စေန၊ အနိစ္စအားဖြင့်။
သုညတနယော၊ ဝိညာဏဓာတ်ကို ငါဟူသော အတ္တ, ငါ့ဟာဟူသော အတ္တနိယ ကွယ်ပျောက် ကင်းသုဉ်း၍ သွားအောင် ကြည့်ရှုပုံ သုညတနည်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

အနိစ္စသုညတနည်း ပြီး၏။

---

ဒုက္ခအားဖြင့် သုညတရှုပုံ

တပည့်တို့ - ဝိညာဏဓာတ်ကို “နေသောဟမသ္မိ နေတံမေ၊ ဧဝံတတ္ထ ဝိရဇ္ဇတိ” ဟူသော ဥဒ္ဒေသအရ ငါဟူသော အတ္တ,ငါ့ဟာဟူသော အတ္တနိယ ကွယ်ပျောက် ကင်းသုဉ်း၍ သွားအောင် အနိစ္စအားဖြင့် ကြည့်ရှုပုံ သုညတနည်းကို ဟော ကြားပြီး၍ ယခုတဖန် ဤဝိညာဏ ဓာတ်ကိုပင်လျှင် ဒုက္ခအားဖြင့် အတ္တအတ္တနိယ ကွယ်ပျောက်ကင်းသုဉ်း၍ သွားအောင် ကြည့်ရှုပုံ သုညတနည်းကို ပြဆို ဟောကြားဦးအံ့။

ဝိညာဏဓာတ်၏ ဇာတိ ဒုက္ခစသည်ကို ပြခြင်း

တပည့်တို့ - အောက်ရုပ် ဒုက္ခပိုင်း၌ ဟောကြားအပ်သော ဥပ္ပါဒေါ ဇာတိ အက္ခာတော ဟူသော ဂါထာနှင့်အညီ ဤဝိညာဏဓာတ်၌လည်း ဇာတိဘေး, ဇရာဘေး, ဗျာဓိဘေး, မရဏဘေး ဟု ဘေးကြီး လေးပါးရှိသည်ပင်လျှင်တည်း။ ထို့ကြောင့်ဘဲ တပည့်တို့ - မြတ်စွာဘုရားရှင်သည် -

ယော ဘိက္ခဝေ ဝိညာဏဿ ဥပ္ပါဒေါ၊ ဌိတိ၊ အဘိနိဗ္ဗတ္တိ၊ ပါတု ဘာဝေါ၊ ဒုက္ခဿ သော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ

ဟူ၍ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်၌ ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဝိညာဏဿ၊ ဝိညာဏ်၏။
ယော ဥပ္ပါဒေါ၊ အကြင် ဥပါဒ်ဟု ဖြစ်ပေါ်လာခြင်းသည်။
အတ္ထိ၊ ရှိ၏။
သော၊ ထိုဝိညာဏ်၏ ဥပါဒ်ဟု ဖြစ်ပေါ်လာခြင်းသည်။
ဒုက္ခဿ၊ ဆင်းရဲဒုက္ခ၏။ ဇာတိဒုက္ခ၏။
ဥပ္ပါဒေါ၊ ဖြစ်ပေါ်လာခြင်းပေတည်း။
ဝိညာဏဿ၊ ဝိညာဏ်၏။
ယာ ဌိတိ၊ အကြင်တည်ခြင်းသည်။
ယာ အဘိနိဗ္ဗတ္တိ၊ အကြင် ဥပါဒ်, ဌီဟု ခဏနှစ်ပါး ဖြစ်ပေါ်ခြင်းသည်။
အတ္တိ၊ ရှိ၏။
သာ၊ ထိုဝိညာဏ်၏ တည်ခြင်း ခဏနှစ်ပါး ဖြစ်ပေါ်ခြင်းသည်။
ရောဂါနံ၊ အနာရောဂါဆိုးတို့၏။
ဌိတိ၊ စွဲကပ်၍ တည်ခြင်းပေတည်း။
ဝိညာဏဿ၊ ဝိညာဏ်၏။
ယော ပါတုဘာဝေါ၊ အကြင် ခဏသုံးပါး ထင်ရှား ဖြစ်ပေါ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
သော၊ ထိုခဏသုံးပါးထင်ရှား ဖြစ်ပေါ်ခြင်းသည်။
ဇရာမရဏဿ၊ အိုဘေး, သေဘေး၏။
ပါတုဘာဝေါ၊ ထင်ရှား ဖြစ်ပေါ်ခြင်းပေတည်း။

တပည့်တို့ - လတ်လတ်ဆတ်ဆတ် သစ်ရွက်စို ကလေးတွေကို ရဲရဲငြိသော မီးကျီးထဲသို့ ထည့်ချလိုက်လျှင် ခဏခြင်း ညှိုးနွမ်း ခြောက်သွေ့လျက် တွန့်လိမ် လျက် ပျက်စီး ပျောက်ကွယ်၍ ပျောက်ကွယ်၍ သွားကြဘိသကဲ့သို့ သစ်သစ် လတ်လတ် နှမ်းစေ့ကလေးတွေကို ရဲရဲငြိသော သံအိုးကင်းထဲသို့ ထည့်ချ လိုက်လျှင် ခဏခြင်း ဖျစ်ဖျစ်မြည်လျက် ကျွမ်းလျက် ပျက်စီး ပျောက်ကွယ်၍ ပျောက်ကွယ်၍ သွားကြဘိသကဲ့သို့ ထို့အတူ ဤဝိညာဏ်သည်လည်း ဖြစ်ပေါ် ပြီးလျှင် ခဏခြင်း ဇရာမီး, မရဏမီးလောင်လျက် ပျက်စီး ပျောက်ကွယ်၍ ပျောက်ကွယ်၍သွား၏။ ထိုစကားသည် မှန်၏။

တပည့်တို့ - ပျက်စီးခြင်းသဘော ရှိသော တရားဟူသမျှသည် မပျက်စီးခင် ပျက်စီးဖို့ရာ ရင့်ရော် ဆွေးမြေ့ခြင်း ဇရာသဘောရှိမြဲ ဓမ္မတာတည်း။

တပည့်ဖို့ - ဤကဲ့သို့ ဇာတိဘေး, ဇရာဘေး, ထိုဇရာဘေးထိ၍ နာကျင်ခြင်း ဗျာဓိဘေး, မရဏဘေး တို့သည် အမြဲဖိစီး နှိပ်စက်၍နေသော ဇရာမီး, မရဏမီး တို့သည် အမြဲလောင်၍နေသော ဤဝိညာဏဓာတ်သည် အဘယ်မှာ ကောင်း သောသဘော, ကောင်းသောအကွက်, သက်သာသော သဘော, သက်သာသော အကွက်, ချမ်းသာသောသဘော, ချမ်းသာသောအကွက်ဟူ၍ ရှိနိုင်တော့ မည်နည်း။ ချမ်းသာမဘက် သက်သက်နာကျင် ဆင်းရဲသော ဒုက္ခခဲ ဒုက္ခတုံး ဒုက္ခတရားကလေး အစစ်သာ ဖြစ်လေတော့သည်သာပ၊ ဟုတ်လေတော့သည် သာပ။ ထို့ကြောင့် -

ကေဝလဿ ဒုက္ခက္ခန္ဓဿ” ဟူ၍ ဘုရားရှင် ဟောတော်မူသည်။

ကေဝလဿ၊ ချမ်းသာမဘက် သက်သက်သော။
ဒုက္ခက္ခန္ဓဿ၊ ရုပ်နာမ်ဟူသော ဒုက္ခခဲ ဒုက္ခတုံး၏ - ဟု အနက်ပေး ။

ဝိညာဏ်ကို ဒုက္ခထင်၍ ကိစ္စပြီးသွားပုံကို ပြခြင်း

တပည့်တို့ - ဤဝိညာဏ်သည် ချမ်းသာမဘက် သက်သက်နာကျင် ဆင်းရဲ သော ဒုက္ခတရားတည်း။ တပည့်တို့ - ဤဝိညာဏ်ဖြစ်ပေါ်လာရမှု၌ အကြောင်းတို့သည် ဖြစ်ပေါ်စေတတ်သော ဇနက အကြောင်း ထောက်ပံ့ တတ်သော ဥပတ္ထမ္ဘက အကြောင်းဟု နှစ်ပါးရှိကုန်၏။ ထိုနှစ်ပါးစုံသော အကြောင်းသည်လည်း ချမ်းသာ မဘက် သက်သက်နာကျင် ဆင်းရဲသော ဒုက္ခတရားပင်လျှင်တည်း။

တပည့်တို့ - အခါးပင်မျိုးစေ့မှ ပေါက်ဖွားသော သစ်ပင်သည် အချို မဖြစ်နိုင်ဘဲ အမြဲမုချ ခါးရလေဘိ သကဲ့သို့ ဤနာကျင်ဆင်းရဲသော ဒုက္ခတရားကြောင့် ဖြစ်ပေါ်လာသော ဝိညာဏ်သည် အဘယ်မှာ ချမ်းသာသော သုခတရား ဖြစ်နိုင်တော့ မည်နည်း။ ဟုတ်နိုင်တော့မည်နည်း။ ချမ်းသာမဘက် သက်သက် နာကျင် ဆင်းရဲသော ဒုက္ခတရားသာ ဖြစ်လေတော့သည်သာပ။ ဟုတ်လေတော့သည် သာပ။

တပည့်တို့ - ဤကဲ့သို့ ဝိညာဏဓာတ်၏ နာကျင် ဆင်းရဲပုံ လက္ခဏာကို ထင်မြင်အောင် ကြည့်ရှုကြ။ ဤကဲ့သို့သော ဒုက္ခလက္ခဏာကို ထင်မြင်မှသာလျှင် မဂ်ဖိုလ်သို့ ပေါက်ရောက်နိုင်သည်။ ကိစ္စပြီးဆုံးနိုင်သည်။

စိုးရိမ် ပူပန်မှု စိတ်ညစ် ညူးမှု နှလုံးမသာမှု ဟူသော စေတသိကဒုက္ခကို ထင်မြင်၍ မဂ် ဖိုလ် ပေါက်ရောက် နိုင်သည်မဟုတ်။ ထိုကဲ့သို့သော စေတသိကဒုက္ခကို ထင်မြင်မှုသည် ဝိပဿနာဉာဏ် ထင်မြင်မှုပင်မဟုတ်။ ထိုကဲ့သို့သော စေတသိက ဒုက္ခကိုကား သာသနာတွင်း သာသနာပ အခါ ခပ်သိမ်း၌ပင် သတ္တဝါတို့သည် ကိုယ်တိုင် တွေ့ကြုံ ခံစားကြဘူး သည်ချည်းတည်း။ ထင်မြင်ကြ ဘူးသည် ချည်းတည်း။ အပါယ်ဘုံသား ငရဲသူတို့ မှာကား မပြတ်မလပ် အမြဲပင်ထင်မြင်၍ နေကြသည်။

တပည့်တို့ - ဤဝိပဿနာဉာဏ်၏ အာရုံဖြစ်သော ဒုက္ခလက္ခဏာကိုလည်း အနိစ္စလက္ခဏာကို ထင်မြင်မှသာလျှင် ထင်မြင်နိုင်သည်။ အနိစ္စလက္ခဏာကို မထင်မြင်လျှင် ဤကဲ့သို့သော ဒုက္ခလက္ခဏာကို မထင်မြင်နိုင်။ အနိစ္စလက္ခဏာကို ထင်မြင်မှဖြင့်လည်း ဤကဲ့သို့သော ဒုက္ခလက္ခဏာသည် အလိုလို ထင်မြင်၍ လာလေတော့၏။

ဖြစ်ခြင်း ပျက်ခြင်း အနိစ္စသဘောကို ထင်မြင်သောသူအား ထိုဖြစ်ခြင်း ပျက်ခြင်း ဇာတိဘေး မရဏ ဘေးတို့သည် မပြတ်မလပ် အမြဲဖိစီး နှိပ်စက်အပ်သဖြင့် နာကျင် ဆင်းရဲသော အခြင်းအရာ ဒုက္ခလက္ခဏာသည် အဘယ်မှာ မထင်ချင်တယ် နေနိုင်တော့မလဲ၊

တပည့်တို့ - အလိုလိုသာလျှင် ထင်မြင်၍လာလေတော့ သည်သာပ။ ထို့ကြောင့် သင်တပည့်တို့အား ဤဝိညာဏဓာတ်၏ ဒုက္ခလက္ခဏာကို ထင်မြင်နိုင်အောင် အနိစ္စလက္ခဏာကိုသာ ထင်မြင်အောင် ကြည့်ရှုကြ။ အနိစ္စလက္ခဏာကို ထင်မြင်လျှင် ဤ ဒုက္ခလက္ခဏာသည် အလိုလို ထင်မြင်၍ လာလိမ့်မည်။

တပည့်တို့ - ဤသို့ ကြည့်ရှု၍ ဒုက္ခလက္ခဏာ ထင်မြင်၍ လာသောအခါ ငါဟူသော ကိုဝ်ဟူသော တရားကား အစိုးရသော တရားတည်း။ ဤဝိညာဏ ဓာတ်သည်ကား ဖောက်ပြန်ပျက်စီး၍နေ၏။ ဘေးထိသဖြင့် နာကျင် ဆင်းရဲ၍ နေ၏။

ဤဝိညာဏဓာတ်ကို မဖောက်ပြန်နှင့် မပျက်စီးနှင့် ဘေးမထိနှင့် ဘေးနှင့်ပင် ထိသော်လည်း မနာကျင်နှင့် မဆင်းရဲနှင့် ဒုက္ခခဲ မဖြစ်နှင့် သုခခဲ ဖြစ်ဟု ဘယ်သူမှ တောင့်တ၍ စီရင်၍ အာဏာပေး၍ မရပြီ။ ဘယ်သူ့အလိုကိုမှ မလိုက်ပြီ။ ဘယ်သူမှ အစိုးမရပြီ။

ဤကဲ့သို့ အစိုးမရသော အဖြစ်သည် ထင်ရှား၍လာသဖြင့် ဤဝိညာဏဓာတ်ကို ငါဟူ၍ မစွဲလမ်းနိုင်ဘဲ ဤဝိညာဏ ဓာတ်ထဲ၌ ငါကောင်ကို ရှာ၍မရဘဲ ဟင် - ဤဝိညာဏဓာတ်ဟာ ငါမဟုတ်ပါဘဲ ကလား၊ ဟင် ဤဝိညာဏဓာတ်ထဲ၌ ငါမရှိ ပါဘဲကလားဟု ငါပျောက်၍ သွားတော့သည်။ သွားလိမ့်မည်။

ဤကဲ့သို့ ဒုက္ခလက္ခဏာ ထင်မြင်သဖြင့် အနတ္တလက္ခဏာ ထင်မြင်၍ ငါပျောက်၍သွားပုံကို ပြတော်မူခြင်းငှါ - ဝိနည်းမဟာဝါ ပါဠိတော် ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်လာ အနတ္တလက္ခဏသုတ် ပါဠိတော်၌ -

ဝိညာဏံ ဘိက္ခဝေ အနတ္တာ။ ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿာ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ၊ လဘေထစ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟော မေ သီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ၊ န စ လဘတိ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီတိ။

ဟူ၍ ပဉ္စဝဂ္ဂီရဟန်းတို့အား မြတ်စွာဘုရား ဟောကြားတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဝိညာဏံ၊ ဝိညာဏ်သည်။
အနတ္တာ၊ ကိုဝ်မဟုတ်။
ဟိ၊ ထိုစကားသည် မှန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒဉ္စ ဝိညာဏံ၊ ဤဝိညာဏ်သည်။
အတ္တာ၊ ကိုဝ်သည်။
အဘဝိဿာ၊ အကယ်၍ ဖြစ်ငြားအံ့ ဟုတ်ငြားအံ့။
ဣဒံ ဝိညာဏံ၊ဤဝိညာဏ်သည်။
အာဗာဓာယ၊ နာကျင်ခြင်းငှါ။
ဝါ၊ နာကျင်စွာ။
န သံဝတ္တေယျ။ မဖြစ်ရာ။
ဝိညာဏေ၊ ဝိညာဏ်၌။
မေ၊ ငါ၏။
ဝိညာဏံ၊ဝိညာဏ်သည်။
ဧဝံ၊ ဤသို့ ငါအလိုရှိသလို။
ဟောတု၊ ဖြစ်စေသား။ ဖြစ်စေ။ ဖြစ်တဲ့။
မေ၊ ငါ၏။
ဝိညာဏံ၊ ဝိညာဏ်သည်။
ဧဝံ၊ ဤသို့ ငါအလို မရှိသလို။
မာ အဟောသိ၊ မဖြစ်စေသား။ မဖြစ်စေနှင့်။ မဖြစ်နှင့်ဟေ့။
ဣတိ၊ ဤသို့တောင့်တ၍စီရင်၍အာ ဏာပေး၍လည်း။
လဘေထ စ၊ ရလည်းရရာ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ယသ္မာစ၊ အကြင်ကြောင့်လျှင်။
ခေါ၊ စင်စစ်။
ဝိညာဏံ၊ ဝိညာဏ်သည်။
အနတ္တာ၊ ကိုဝ် မဟုတ်။
တသ္မာ၊ ထို့ကြောင့်။
ဝိညာဏံ၊ ဝိညာဏ်သည်။
အာဗာဓာယ၊ နာကျင်ခြင်းငှါ။
ဝါ၊ နာကျင်စွာ။
သံဝတ္တတိ၊ ဖြစ်၏။
ဝိညာဏေ၊ ဝိညာဏ်၌။
မေ၊ ငါ၏။
ဝိညာဏံ၊ ဝိညာဏ်သည်။
ဧဝံ၊ ဤသို့ ငါအလိုရှိသလို။
ဟောတု၊ ဖြစ်စေသား။ ဖြစ်စေ။ ဖြစ်ဟဲ့။
မေ၊ ငါ၏။
ဝိညာဏံ၊ ဝိညာဏ်သည်။
ဧဝံ၊ ဤသို့ ငါအလိုမရှိသလို။
မာအဟောသိ၊ မဖြစ်စေသား။ မဖြစ်စေနှင့်။ မဖြစ်နှင့် ဟဲ့။
ဣတိ၊ ဤသို့ တောင့်တ၍ စီရင်၍ အာဏာပေး၍လည်း။
န စ လဘတိ၊ မရပြီ။

တပည့်တို့ - ဤသို့ ငါပျောက်၍ သွားသောအခါ ဝိညာဏဓာတ်ကို ငါဟူသော ကိုဝ့်အနေနှင့်၎င်း၊ ငါ့ဟာဟူသော ကိုဝ့်ဥစ္စာအနေနှင့်၎င်း၊ ချစ်ခင် တပ်မက်ခြင်းလည်း ကင်းကြကုန်လတ္တံ့ ။ တပည့်တို့ - ဤသို့သော အကြောင်းကို စွဲ၍

နေသောဟမသ္မိ နေတံမေ၊ ဧဝံတတ္ထ ဝိရဇ္ဇတိ

ဟူ၍ ဥဒ္ဒေသဝါရ၌ ငါဆရာ ဟောကြားပေ၏။

တပည့်တို့ - မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်၌ ကိန်းအောင်း မွေ့လျော် စံနေတော်မူစဉ် အခါ ရဟန်းများတို့ကို ခေါ်တော်မူ၍ -

ဝိညာဏံ ဘိက္ခဝေ ဒုက္ခံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ဝိညာဏဿ ဥပ္ပါဒါယ၊ သောပိ ဒုက္ခော။ ဒုက္ခသမ္ဘူတံ ဘိက္ခဝေ ဝိညာဏံ၊ ကုတောသုခံ ဘဝိဿတိ။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယ သာဝကော ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမှီတိ ဉာဏံ ဟောတိ၊ ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတီတိ။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ဒုက္ခသုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဝိညာဏံ၊ ဝိညာဏ်သည်။
ဒုက္ခခံ၊ နာကျင်ဆင်းရဲ၏။
ဝိညာဏဿ၊ ဝိညာဏ်၏။
ဥပ္ပါဒါယ၊ ဖြစ်ပေါ်လာရခြင်း၌။
ယောပိ ဟေတု၊ အကြင်ဖြစ်စေတတ်သော ဇနက အကြောင်းသည်၎င်း။
ယောပိ ပစ္စယော၊ အကြင် ထောက်ပံ့ဘတ်သော ဥပတ္ထမ္ဘကအကြောင်းသည်၎င်း။
အတ္ထိ၊ ရှိ၏။
သောပိ၊ ထိုနှစ်ပါးစုံသော အကြောင်းသည်လည်း။
ဒုက္ခော၊ နာကျင် ဆင်းရဲ သော ဒုက္ခတရား ပင်လျှင်တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဒုက္ခသမ္ဘူတံ၊ နာကျင် ဆင်းရဲသော ဒုက္ခတရားကြောင့် ဖြစ်ပေါ်လာသော။
ဝိညာဏံ၊ ဝိညာဏ်သည်။
သုခံ၊ ချမ်းသာသည်၊ ချမ်းသာသော သုခတရားသည်။
ကုတော ဘဝိဿတိ၊ အဘယ်မှာ ဖြစ်နိုင်တော့မည်နည်း၊ ဟုတ်နိုင်တော့မည်နည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝံ ပဿံ၊ ဤကဲ့သို့ ရှုမြင်သော။
သုတဝါ၊ ဒုက္ခဝိပဿနာ ရှုနည်း၌ သိကျွမ်း လိမ္မာသဖြင့် အကြားအမြင်များသော သုတဝါ ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်သော။
အရိယသာဝကော၊ ငါဘုရားတပည့်သည်။
ဝိညာဏသ္မိမ္ပိ၊ ဝိညာဏ်၌လည်း။ ဝိညာဏ ဓာတ်၌လည်း။
နိဗ္ဗိန္ဒတိ၊ ပျင်းမုန်း ငြီးငွေ့၏။
နိဗ္ဗိန္ဒံ၊ ပျင်းမုန်းငြီးငွေ့သည် ရှိသော်။
ဝိရဇ္ဇတိ၊ ငါကောင် ပျောက်လျက် ချစ်ခင် တပ်မက်ခြင်းကင်း၏။
ဝိရာဂါ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းကြောင့်။
ဝိမုစ္စတိ၊ အာသဝေါတရားတို့မှ ကျွတ်လွတ်၍သွား၏။
ဝိမုတ္တသ္မိံ၊ အာသဝေါ တရားတို့မှ ကျွတ်လွတ် ပြီးသည်ရှိသော်။
ဝိမုတ္တမှီတိ၊ အာသဝေါ တရားတို့မှ ကျွတ်လွတ်ပေပြီ ဟူ၍။
ဉာဏံ၊ သိသောဉာဏ်သည်။
ဟောတိ၊ ဖြစ်၏။
မေ၊ ငါ့အား။
ဇာတိ၊ နောင်တဖန် ဘဝ၌ပဋိန္ဓေနေရခြင်း ဇာတိသည်။
ခီဏာ၊ ကုန်ပေပြီ။
ဗြဟ္မစရိယံ၊ မြတ်သော မဂ်အကျင့်ကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီ။
ကရဏိယံ၊ အာသဝေါ တရားတို့မှ ကျွတ်လွတ်စေခြင်းငှါ ပဋိသန္ဓေဇာတိ၏ ကုန်စေခြင်းငှါ ပြုလုပ်ရန် ကိစ္စကို။
မေ၊ ငါသည်။
ကတံ၊ ပြုလုပ်အပ်ပြီးပြီ။
ဣတ္ထတ္ထာယ၊ ဤအာသဝေါ တရားတို့မှ ကျွတ်လွှတ်ပါရခြင်း ပဋိသန္ဓေ ဇာတိ၏ ကုန်ပါစေခြင်း အကျိုးငှါ။
အပရံ၊ ဤယခု ကျင့်သုံးပြုလုပ် အပ်ပြီးသော မဂ်အကျင့်မှတပါး ကျင့်သုံးပြုလုပ်ရန် ကိစ္စသည်။
နုအတ္ထိ၊ မရှိတော့ပြီ။
ဣတိ၊ ဤသို့လည်း။
ပဇာနာတိ၊ သိလေ၏။

ဤသို့ ဟောကြားတော် မူလေလျှင် ထိုတရားနာရသော ရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားတော် မူသောအတိုင်း အားထုတ် ကြည့်ရှုသဖြင့် သိမြင်၍ အာသဝေါ တရားတို့မှ ကျွတ်လွတ်ပြီးလျှင် နိဗ္ဗာန်သို့ ဝင်ကြလေ ကုန်ပြီ။

သင် တပည့်တို့သည်လည်း ထိုရဟန်းတို့ကဲ့သို့ ဒုက္ခလက္ခဏာထင်မြင်၍ အာသဝေါ တရားတို့မှ ကျွတ်လွတ်ပြီးလျှင် နိဗ္ဗာန်သို့ ဝင်ရအောင် ယခု ငါဆရာ ဟောကြား ခဲ့ပြီးသောအတိုင်း ကြိုးစား၍ ကြည့်ရှုကြ၊ ကြိုးစား၍ အားထုတ်ကြ။

တပည့်တို့ - ဤနေရာ၌လည်း အနုသာသနီ သုတ်ကို ဟောသင့် ဟောထိုက် ၏။ ထားထိုက်၏။ ထို့ကြောင့် အောက်ရုပ် ဒုက္ခပိုင်း၌ ဟောကြားအပ်ပြီးသော ဒုက္ခနယဝိပဿနာသုတ် ဟူ၍လည်း အမည်ရသော အနုသာသနီ သုတ်ကို၎င်း၊ နေက္ခမ္မဝိဓာနဒီပနီကျမ်း ဒုက္ခပိုင်း၌ ထားအပ်သော ဂါထာတို့ကို၎င်း ဤကျမ်း ဤနေရာ၌ ဟောထားသော အနုသာသနီသုတ် အရာထား၍ ကျက်ဆောင် ကြည့်ရှုကြလေ။ ဤနေရာနှင့်လည်း ဆိုင်သည်ပင်လျှင်တည်း။

ဣတိ ဒုက္ခေန သုညတနယော။

ဒုက္ခေန၊ ဒုက္ခအားဖြင့်။
သုညတနယော၊ ဝိညာဏဓာတ်ကို အတ္တ၊ အတ္တနိယ ပျောက်ကင်းကွယ်သုဉ်း၍ သွားအောင် ကြည့်ရှုပုံ သုညတနည်းသည်။
ဣတိ၊ ဤတွင်ပြီးပြီ။

ဒုက္ခသုညတနည်းပြီး၏။

---

အနတ္တအားဖြင့် သုညတနည်း

တပည့်တို့ - ဝိညာဏဓာတ်ကို ဒုက္ခအားဖြင့် အတ္တ၊ အတ္တနိယ ပျောက်ကင်း ကွယ်သုဉ်း၍ သွားအောင် ကြည့်ရှုပုံ သုညတနည်းကို ပြဆို ဟောကြားပြီး၍ ယခု တဖန် ဝိညာဏဓာတ်ကိုပင်လျှင် အနတ္တအားဖြင့် အတ္တ၊ အတ္တနိယ ပျောက်ကင်း ကွယ်သုဉ်း၍ သွားအောင် ကြည့်ရှုပုံ သုညတနည်းကို ပြဆိုဟောကြားဦးအံ့။

ဝိညာဏ်၏ အနတ္တဖြစ်ပုံကိုပြခြင်း

တပည့်တို့ - ယခု ဒုက္ခပိုင်း၌ ထုတ်ပြခဲ့သော “ဝိညာဏံ ဘိက္ခဝေ အနတ္တာ” စသော အနတ္တလက္ခဏ သုတ်အတိုင်း ဟောပြမည်။ သင် - တပည့်တို့သည် ကောင်းစွာ နာကြကုန်လော့။ ထင်မြင်အောင် ကြည့်ရှုကြကုန်လော့။ ဟောပြတော့အံ့။

တပည့်တို့ - ဘယ်သူမဆို ကိုဝ့်ကိုဝ်ကို နာကျင်ချင်ခဲ့သူဟူ၍ မရှိဘူး။ ဤဝိညာဏ်သည်ကား ဇာတိဘေး ဇရာဘေး ဗျာဓိဘေး မရဏဘေးထိ၍ မချိမဆံ့ နာကျင် ဆင်းရဲ၍နေသည်။ ဇရာမီး မရဏမီးလောင်၍ လွန်စွာနာကျင် ဆင်းရဲ၍ နေသည်။ ရာဂမီး ဒေါသမီး မောဟမီး သောကမီး ဒေါမနဿမီးတို့ လောင်၍ လွန်စွာ နာကျင် ဆင်းရဲ၍နေသည်။

တပည့်တို့ - ဘယ်သတ္တဝါမဆို ကိုဝ့်ကိုဝ်ကို မရှိဘဲကဘဲ။ အကယ်၍ ဝိညာဏ်သည် ကိုဝ် ဟုတ်ခဲ့လျှင် ကိုဝ့်ကိုဝ်ကို မနာကျင်ဘဲနေမှာပ။ အကယ်၍ ဘေးထိလာ၍ မီးတို့ လောင်လာ၍ နာကျင်မှု ဖြစ်လာခဲ့လျှင် ငါမနာကျင်ဘူးဟဲ့လို့ဆိုပြီး မနာကျင်ဘဲ နေလိုက်မှာပ။ နေလို့မဖြစ်ဘူး တပည့်တို့။ သူ နာကျင်စရာအကြောင်း တိုက် ဆိုက်လာခဲ့လျှင် နာကျင်တာဘဲ။

အဲ - ထို့ကြောင့် တပည့်တို့ - ဤဝိညာဏ်သည် ကိုဝ် မဟုတ်ဘူး

တပည့်တို့ - ဘယ်သူမဆို ကိုဝ့်ကိုဝ်ကို ယုတ်ညံ့ချင်ခဲ့ သူဟူ၍ မရှိဘူး။ ကောင်းမြတ်ချင်တဲ့ သူချည်း သာတည်း။ ဤဝိညာဏ်သည်ကား သေးငယ် အားညံ့ခြင်း နုန့်ခြင်း ညစ်နွမ်း မှေးမှိန်ခြင်း နောက်ကျုခြင်း ထိုင်းမှိုင်း လေးလံခြင်း ပူလောင်ခြင်း စသော မကောင်းယုတ်ညံ့မှု ဖြစ်၏။

တပည့်တို့ - ဘယ်သတ္တဝါမဆို ကိုဝ့်ကိုဝ်ကို ယုတ်ညံ့ချင်ခဲ့သူမှ မရှိဘဲကဘဲ။ အကယ်၍ ဤ ဝိညာဏ်သည် ကိုဝ်ဟုတ်ခဲ့လျှင် ကိုဝ့်ကိုဝ်ကို မယုတ်ညံ့ဘဲ နေမှာပ။ အကယ်၍ သေးငယ် အားညံ့ လာခဲ့လျှင် ငါမသေးငယ်ဘူးဟဲ့။ အားမညံ့ဘူးဟဲ့လို့ ဆိုပြီး မသေးငယ်ဘဲ အားမညံ့ဘဲ ကြီးထွား အားကောင်းနေလိုက်မှာပ။

နုန့်လာခဲ့လျှင် ငါမနုန့်ဘူး ဟဲ့လို့ ဆိုပြီး မနုန့်ဘဲ ထက်သန်နေလိုက်မှာပ။ ညစ်နွမ်း မှေးမှိန်ခြင်း ဖြစ်လာခဲ့လျှင် ငါမညစ်နွမ်း မမှေးမှိန် ဘူးဟဲ့လို့ ဆိုပြီး မညစ်နွမ်းဘဲ မမှေးမှိန်ဘဲ ဖြူစင် ပြောင်လင်း နေလိုက်မှာပ။ ထိုင်းမှိုင်းလေးလံခြင်း ဖြစ်လာခဲ့လျှင် ငါ မထိုင်းမှိုင်းဘူးဟဲ့ မလေးလံဘူးဟဲ့ လို့ဆိုပြီး မထိုင်းမှိုင်းဘဲ မလေးလံဘဲ သွက်လက် ပေါ့ပါးနေလိုက် မှာပ။

ပူလောင်ခြင်း ဖြစ်လာခဲ့လျှင် ငါမပူလောင်ဘူးဟဲ့လို့ ဆိုပြီး မပူလောင်ဘဲ ငြိမ်းချမ်းနေ လိုက်မှာပ။ နေလို့မဖြစ်ဘူး တပည့်တို့။ သူယုတ်ညံ့စရာ အကြောင်း တိုက်ဆိုင် လာခဲ့လျှင် သေးငယ် အားညံ့ခြင်း နုန့်ခြင်းစသော ယုတ်ညံ့မှုတို့သည် ဖြစ်တော့ တာဘဲ။ အဲ ထို့ကြောင့်တပည့်တို့ - ဤဝိညာဏ်သည် ကိုဝ်မဟုတ်ဘူး။

တပည့်တို့ - သူတပါးကိုတော့ ကိုဝ်က အစိုးမရဘူး။ ကိုဝ့်ကိုဝ်ကိုတော့ ကိုဝ်အစိုး ရသည်။ ထို့ကြောင့်ဘဲ တပည့်တို့ - လောက၌ ကိုဝ့်စိတ်ကိုမှ ကိုဝ်အစိုး မရလျှင် ကိုဝ့်ကိုဝ်ကိုမှ ကိုဝ်အစိုး မရလျှင် ဥမ္မတ္တက အရူးလို့ ဆိုကြသည်။

တပည့်တို့ - ကိုဝ့်ကိုဝ်ကိုကိုဝ် အစိုးရနေတာကဘဲ။ အကယ်၍ ဤဝိညာဏ်သည် ကိုဝ် ဟုတ်ခဲ့ပါလျှင် ဝိညာဏ်၌ ကိုဝ်အလိုရှိတိုင်း တောင့်တ၍ စီရင်၍ အာဏာပေး၍ ရှမှာပ။ ဝိညာဏ်ကို ကိုဝ့်အလိုသို့ လိုက်စေနိုင်မှာပ။ ဝိညာဏ်သည် ကိုဝ့်အလို အတိုင်း ဖြစ်ရမှာပ။ အကယ်၍ ဝိညာဏ်အား နာကျင်မှု ဖြစ်လာခဲ့လျှင် ငါမနာကျင် စေသား ငါမနာကျင်စေနှင့်ဟု တောင့်တ၍ စီရင်၍ ရမှာပ။

အကယ်၍ အနုနှင့်မရခဲ့လျှင် ငါမနာကျင်နှင့် ဟဲ့ဟု အကြမ်းအာဏာ ပေး၍ ရမှာပ။ အကယ်၍ သေးငယ် အားညံ့ခြင်း နုန့်ခြင်းစသော ယုတ်ညံ့မှု ဖြစ်ခဲ့လျှင် ငါမသေးငယ် စေသား၊
အားမညံ့စေသား၊ ကြီးထွား အားကောင်းစေသား၊
ငါမနုန့်စေသား၊ ထက်သန်စေသား၊
ငါမယုတ်ညံ့စေသား၊ ကောင်းမြတ်စေသား၊
ငါမသေးငယ်စေနှင့်၊ အားမညံ့စေနှင့်၊
ကြီးထွား အားကောင်းပေ့စေ၊
ငါမနုန့်စေနှင့်၊ ထက်သန်ပေ့စေ၊
ငါမယုတ်ညံ့စေနှင့်၊ ကောင်းမြတ်ပေ့စေ၊
ငါမသေးငယ်နှင့်ဟဲ့၊ အားမညံ့နှင့်ဟဲ့၊
မနုန့်နှင့်ဟဲ့၊ မယုတ်ညံ့နှင့်ဟဲ့
လို့ တောင့်တ၍ စီရင်၍ အာဏာပေး၍မှာပါ။

ငါဟူသော ဝိညာဏ်သည် ဝိညာဏ် ဟူသော ငါသည် သည်လိုဖြစ်စေသား၊ ဟိုလို ဖြစ်စေသား၊ သည်လိုဖြစ်စေ၊ ဟိုလိုဖြစ်စေ၊ သည်လိုဖြစ်တဲ့၊ ဟိုလိုဖြစ်ဟဲ့ဟု ကိုဝ် အလိုရှိသလို တောင့်တ၍ စီရင်၍ အာဏာပေး၍ ရမှာပ။ မရဘူး တပည့်တို့။

ဤဝိညာဏ်သည် သူနာကျင်စရာအကြောင်း တိုက်ဆိုက်လာလျှင် နာကျင်၍ သွားတော့တာဘဲ။ သူယုတ်ညံ့စရာ အကြောင်းနှင့် တွေ့ကြုံလျှင် ယုတ်ညံ့၍ သွားတော့တာဘဲ။ အကြောင်းအား လျော်စွာသာ ဖြစ်တော့တာဘဲ။ အကြောင်း၏ စကားကိုသာ နားထောင်တော့တာဘဲ။

ကိုဝ်က မနာကျင်နှင့်ဟဲ့၊ မယုတ်ညံ့နှင့်ဟဲ့လို့ ဆိုပေမဲ့ သူနာကျင်စရာ ယုတ်ညံ့စရာ အကြောင်းနှင့် တွေ့ဆုံလျှင် နာကျင်၍ ယုတ်ညံ့၍ သွားတော့တာဘဲ။ ကိုဝ်က သည်လိုဖြစ်ဟဲ့လို့ ဆိုပေမဲ့ ဟိုလိုဖြစ်စရာ အကြောင်းနှင့် တွေ့ဆုံလျှင် ဟိုလိုဖြစ်သွား တော့တာဘဲ။ ကိုဝ်က ဟိုလိုဖြစ်စမ်းဟဲ့လို့ ဆိုပေမဲ့ သည်လိုဖြစ်စရာ အကြောင်းနှင့် တွေ့ဆုံလျှင် သည်လိုဖြစ်သွားတော့တာဘဲ။

ကိုဝ့်အလိုအတိုင်း တောင့်တ၍ စီရင်၍ အာဏာ ပေး၍ ဘယ့်ကလောက်မှ မရဘူး။ ကိုယ့်စကားကို အဲ့လောက်မှ နားမထောင်ဘူး။ ဤဝိညာဏ်အပေါ်၌ ကိုဝ်အစိုးရမှု အဲ့လောက်မှ မရှိဘူး။ အဲသည်တော့ ဤဝိညာဏ်သည် ထဟဲ့လို့ဆို ထိုင်၊ ထိုင်ဟဲ့ လို့ဆို ထခြင်း စသည်ဖြင့် ကိုဝ့်အလို အတိုင်း တောင့်တ၍ စီရင်၍ အာဏာပေး၍ မရသို့ ကိုင့်အလိုကို ဘယ့်လောက်မှ မလိုက်တဲ့ ကိုဝ်ဘယ်လောက်မှ အစိုးမရတဲ့ ကိုဝ့်စကားကို ဘယ့်လောက်မှ နားမထောင်တဲ့ ကိုဝ့်ကို ကပ်ဖဲ့ အရွဲ့ ပြုလုပ်နေတဲ့ သူစိမ်း သူတပါးကြီးနှင့် တူလေတော့သည်သာပ။ သူတပါးကြီးသာ ဟုတ်လေတော့ သည်သာပ။ အဘယ်မှာ ကိုဝ်ဟုတ်နိုင်တော့မလဲ။ ကိုဝ်မဟုတ်ဘူး တပည့်တို့။ ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ - ဤဝိညာဏ်သည် ကိုဝ်မဟုတ်ဘူး။

တပည့်တို့ - ဤဝိညာဏ်၏ ဖြစ်ပေါ်လာရခြင်း၌ အကြောင်းတို့သည် ဖြစ်စေတတ်သော ဇနက အကြောင်း ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းဟု နှစ်ပါးရှိကုန်၏။ ထိုနှစ်ပါးစုံသော အကြောင်းသည်လည်း ကိုဝ်မဟုတ်ဘူး။

တပည့်တို့ - အခါးပင် မျိုးစေ့မှ ပေါက်ဖွားသော သစ်ပင်ငယ်သည် အချို မဖြစ်နိုင်ဘဲ အမြဲမုချ ခါးရလေဘိ သကဲ့သို့ ဤကိုဝ် မဟုတ်သော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ဝိညာဏ်သည် အဘယ်မှာ ကိုဝ်ဟုတ်နိုင်တော့မလဲ။ ကိုဝ့်အလိုသို့ မလိုက်တဲ့ ကိုဝ့်စကားကို နားမထောင်တဲ့ ကိုဝ်အစိုးမရတဲ့ သူစိမ်း သူတပါးကြီးသာ ဟုတ်လေတော့သည် သာပ။ သူတပါးကြီးနှင့်သာ တူလေတော့သည်သာပ၊

ထို့ကြောင့်ဘဲ တပည့်တို့ -

ဝိညာဏံ အနတ္တာ။ အနတ္တတော၊ ပရတော။ ပရတော နော စ အတ္တတော။ သင်္ခါရေ ပရတော ပဿ

ဟူ၍ ဘုရားရှင် အရှင် မောဂ္ဂလာန် အရှင်အာနန္ဒာတို့ ဟောတော်မူကြပေသည်။

ဤပါဠိတို့၏ အနက်ကို အောက် ရုပ်အနတ္တပိုင်းက ပေးခဲ့ပြီ။

ဝိညာဏ်ကို အနတ္တထင်၍ ကိစ္စပြီးသွားပုံကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ဝိညာဏ်၏ ကိုဝ်မဟုတ်သော အနတ္တသဘောကို ထင်မြင်အောင် ကြည့်ရှုကြ။ အဖန်ဖန် ကြံစည် ကြည့်ရှုကြ။ ကြည့်ရှုဖန်များသော အခါ ထင်မြင်၍ လာသည်။ လာလိမ့်မည်။

တပည့်တို့ - ဤသို့ ကြည့်ရှု၍ အနတ္တလက္ခဏာ ထင်မြင်၍လာသောအခါ ဤ ဝိညာဏဓာတ်ကို ငါဟု မစွဲလမ်းနိုင်ဘဲ။ ဤဝိညာဏဓာတ်ထဲ၌ ငါကောင်ကို ရှာ၍မရဘဲ။ ဟင် - ဤဝိညာဏဓာတ် သည် ငါမဟုတ်ပါဘဲကလား၊ ဟင် ဤ ဝိညာဏဓာတ်သည် ငါမဟုတ် ပါဘဲကလား။ ဟင် - ဤ ဝိညာဏဓာတ်ထဲ၌ ငါမရှိ ပါဘဲကလားဟု စိတ်ဖြစ်လျက် ငါပျောက်၍ သွားတော့သည်။ သွားလိမ့်မည်။

ဤသို့ ငါပျောက်၍ သွားသောအခါ ဤဝိညာဏဓာတ်ကို ငါဟူသော ကိုဝ့်အနေနှင့်၎င်း၊ ငါ့ဟာ ဟူသော ကိုဝ့်ဥစ္စာ အနေနှင့်၎င်း ချစ်ခင် တပ်မက်ခြင်းလည်း ကင်းကြ ကုန်လတ္တံ့။ တပည့်တို့ - ဤသို့သော အကြောင်းကိုစွဲ၍ “နေသော ဟမသ္မိ နေတံ မေ၊ ဧဝံ တတ္ထ ဝိရဇ္ဇတိ” ဟူ၍ ဥဒ္ဒေသဝါရ၌ ငါဆရာ ဟောကြားပေ၏။

တပည့်တို့ - မြတ်စွာဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံနေတော် မူစဉ်အခါ ရဟန်းတို့ကို ခေါ်တော်မူ၍ -

ဝိညာဏံ ဘိက္ခဝေ အနတ္တာ၊ ယောပိ ဟေတု ယောပိ ပစ္စယော ဝိညာဏဿ ဥပ္ပါဒါယ၊ သောပိ အနတ္တာ၊ အနတ္တသမ္ဘူတံ ဘိက္ခဝေ ဝိညာဏံ၊ ကုတော အတ္တာ ဘဝိဿတိ။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယ သာဝကော ဝိညာဏသ္မိမ္မိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမှီတိ ဉာဏံ ဟောတိ၊ ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတီတိ။

ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်လာ အနတ္တသုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဝိညာဏံ၊ ဝိညာဏ်သည်။
အနတ္တာ၊ ကိုဝ် မဟုတ်။
ဝိညာဏဿ၊ ဝိညာဏ်၏။
ဥပ္ပါဒါယ၊ ဖြစ်ပေါ်လာရခြင်း၌။
ယောပိ ဟေတု၊ အကြင် ဖြစ်စေတတ်သော ဇနက အကြောင်းသည်၎င်း။
ယောပိ ပစ္စယော၊ အကြင် ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းသည်၎င်း။
အတ္ထိ၊ ရှိ၏။
သောပိ၊ ထိုနှစ်ပါးစုံသော အကြောင်းသည်လည်း။
အနတ္တာ၊ ကိုဝ်မဟုတ်။
ဘိက္ခဝေ၊ ရဟန်းတို့။
အနတ္တသမ္ဘူတံ၊ ကိုဝ် မဟုတ်သော အကြောင်းကြောင့် ဖြစ်ပေါ်လာသော။
ဝိညာဏံ၊ ဝိညာဏ်သည်။
အတ္တာ၊ ကိုဝ်သည်။
ကုတော ဘဝိဿတိ၊ အဘယ်မှာ ဖြစ်နိုင်တော့မည်နည်း။ ဟုတ်နိုင်တော့မည်နည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝံပဿံ၊ ဤသို့ ရှုမြင်သော။
သုတဝါ၊ အနတ္တ ဝိပဿနာ ရှုနည်း၌ သိကျွမ်းလိမ်မာသဖြင့် အကြားအမြင် များသော သုတဝါ ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်သော။
အရိယသာဝကော၊ ငါဘုရား တပည့်သည်။
ဝိညာဏသ္မိမ္မိ၊ ဝိညာဏ်၌လည်း။
နိဗ္ဗိန္ဒတိ၊ ပျင်းမုန်းငြီးငွေ့၏။
နိဗ္ဗိန္ဒံ၊ ပျင်းမုန်း ငြီးငွေ့သည် ရှိသော်။
ဝိရဇ္ဇတိ၊ ငါကောင် ပျောက်လျက် ချစ်ခင် တပ်မက်ခြင်း ကင်း၏။
ဝိရာဂါ၊ ချစ်ခင် တပ်မက်ခြင်း ကင်းခြင်းကြောင့်။
ဝိမုစ္စတိ၊ အာသဝေါတရား တို့မှ ကျွတ်လွတ်၍ သွား၏။
ဝိမုတ္တသ္မိံ၊ အာသဝေါတရားတို့မှ ကျွတ်လွတ် ပြီးသည်ရှိသော်။
ဝိမုတ္တမှီတိ၊ ငါသည် အာသဝေါတရားတို့မှ ကျွတ်လွတ်ပေပြီ ဟူ၍။
ဉာဏံ၊ သိသောဉာဏ်သည်။
ဟောတိ၊ ဖြစ်၏။
မေ၊ ငါ့အား။
ဇာတိ၊ နောင်တဖန် ဘဝ၌ ပဋိသန္ဓေ နေရခြင်း ဇာတိသည်။
ခီဏာ၊ ကုန်ပေပြီ။
ဗြဟ္မစရိယံ၊ မြတ်သော မဂ်အကျင့်ကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီးပြီ။
ကရဏီယံ၊ အာသဝေါ တရားတို့မှ ကျွတ်လွှတ်စေခြင်းငှါ ပဋိသန္ဓေဇာတိ၏ ကုန်စေခြင်းငှါ ပြုလုပ်ရန် ကိစ္စကို။
မေ၊ ငါသည်။
ကတံ၊ ပြုလုပ်အပ်ပြီးပြီ။
ဣတ္ထတ္ထာယ၊ ဤ အာသဝေါတရားတို့မှ ကျွတ်လွတ်ပါရခြင်း ပဋိသန္ဓေ ဇာတိ၏ ကုန်ပါစေခြင်း အကျိုးငှါ။
အပရံ၊ ဤယခု ကျင့်သုံး ပြုလုပ်အပ်ပြီးသော မဂ်အကျင့်မှ တပါး ကျင့်သုံး ပြုလုပ်ရန် ကိစ္စသည်။
နအတ္ထိ၊ မရှိတော့ပြီ။
ဣတိ၊ ဤသို့လည်း။
ပဇာနာတိ၊ သိလေ၏။

ဤသို့ ဟောကြားတော်မူလေလျှင် ထိုတရားနာရသော ရဟန်းတို့သည် မြတ်စွာဘုရား ဟောကြား တော်မူသောအတိုင်း အားထုတ် ကြည့်ရှု၍ သိမြင် ကြ၍ အာသဝေါ တရားတို့မှ ကျွတ်လွတ်ပြီးလျှင် နိဗ္ဗာန်သို့ ဝင်ကြလေကုန်ပြီ။ သင် တပည့် တို့သည်လည်း ထိုရဟန်းတို့ကဲ့သို့ အာသဝေါတရားတို့မှ ကျွတ်လွတ်ပြီးလျှင် နိဗ္ဗာန်သို့ ဝင်ရအောင် ယခု ငါဆရာ ဟောကြားခဲ့ပြီးသော အတိုင်း ကြိုးစား၍ ကြည့်ရှုကြ။ ကြိုးစား၍ အားထုတ်ကြ။

တပည့်တို့ - ဤနေရာ၌လည်း အနုသာသနီသုတ်ကို ဟောသင့် ဟောထိုက်၏၊ ထားထိုက်၏။ ထို့ကြောင့် အောက်ရုပ်အနတ္တပိုင်း၌ ဟောအပ်ပြီးသော အနတ္တနယ ဝိပဿနာသုတ် ဟူ၍လည်း အမည်ရသော အနုသာသနီသုတ်ကို၎င်း၊ နေက္ခမ္မဝိဓာန ဒီပနီကျမ်း အနတ္တပိုင်း၌ ထားအပ်သော ဂါထာတို့ကို၎င်း ဤကျမ်း ဤနေရာ၌ ဟောထားသော အနုသာသနီသုတ် အရာထား၍ ကျက်ဆောင် ကြည့်ရှုကြလေ။ ဤနေရာနှင့်လည်း ဆိုင်သော ဂါထာတို့ပင်တည်း။

ဣတိ အနတ္တေန သုညတနယော။

အနတ္တေန၊ အနတ္တအားဖြင့်။
သုညတနယော၊ ဝိညာဏဓာတ်ကို အတ္တ, အတ္တနိယ ပျောက်ကင်း ကွယ်သုဉ်း၍ သွားအောင် ကြည့်ရှုပုံ သုညတနည်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

အနတ္တသုညတနည်း ပြီး၏။

ဣတိ နာမ ကဏ္ဍော နိဋ္ဌိတော။

ဣတိ၊ ဤတွင်ရွေ့လျှင်။
နာမကဏ္ဍော၊ နာမ်ဓာတ်ကို ဝိပဿနာ ကြည့်ရှုပုံ အပိုင်းသည်။
နိဋ္ဌိတော၊ ပြီးဆုံးပြီ။ ပြီးဆုံးခြင်းသို့ ရောက်ပြီ။

ဝိပဿနာနည်း အမျိုးမျိုးကို ပေါင်း၍ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ရုပ်ဓာတ်ကို၎င်း၊ နာမ်ဓာတ်ကို၎င်း၊ အကျယ်အားဖြင့် ဓာတ်ခြောက်ပါးကို၎င်း အမျိုးမျိုးသော နည်းတို့ဖြင့် တန်ဆာဆင်လျက် အကျယ် ဝိတ္ထာရအားဖြင့် ကောင်းစွာ ဟောကြား အပ်ပြီ။ ဤ ဟောကြားအပ်ပြီးသော နည်းလမ်းအတိုင်း ထင်မြင်အောင် ကြည့်ရှုကြ။ ထိုသို့ ရှုသော အခါ ရုပ်ဓာတ်၌ နည်းငါးပါးတို့တွင် မိမိစိတ်ထဲ ဉာဏ်ထဲ၌ ထင်လွယ် မြင်လွယ်သော မိမိဉာဏ် နိုင်သော နည်းတခုခုကို ရှုကြ။

အဘိဓမ္မာ သုညတနည်းသည် အလွန် သိမ်မွေ့ နက်နဲ၏။ ထင်မြင်ရ ခက်ခဲ၏။ ထို့အောက် သုတ္တန် သုညတ နည်းက လွယ်သည်။ ထို့အောက် အနိစ္စနည်းက လွယ်သည်။ အနိစ္စနည်းကို ထင်မြင်မှ ဖြင့်လည်း ဒုက္ခနည်း အနတ္တနည်းတို့သည် အလွယ်တကူ ထင်၍ ပါ၍ လိုက်လေတော့သည်။

ပက္ကုသာတိ မထေရ်အား မြတ်စွာဘုရား ဤဓာတ်ခြောက်ပါး ကမ္မဋ္ဌာန်းကို ဟောသောအခါ ရုပ်ဓာတ်ငါးပါးကို သုတ္တန် သုညတ နည်းအားဖြင့် ဟောသည်။ နာမ်ဝိညာဏဓာတ်ကိုကား အနိစ္စ နည်းအားဖြင့် ဟောသည်။ ဤဟောသောနည်းအတိုင်း ရှုမြင်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ သွားပြီ။

ရုပ်ဓာတ်, နာမ်ဓာတ် နှစ်ပါးလုံးကို အနိစ္စနည်း အားဖြင့် ရှုမှုသည် အထင်လွယ်ဆုံး အမြင်လွယ်ဆုံးဘဲ တပည့်တို့။ အလျင်အမြန် ကိစ္စ အပြီးလွယ်ဆုံးဘဲ။ သို့သော်လည်း မိမိတို့ စိတ်ထဲ ဉာဏ်ထဲမှာ တွေ့သော နှစ်သက်သော နည်းကိုပင် ရှုကြ။ နည်းတိုင်းပင် မဂ် ဖိုလ် ဆိုက်အောင် ရွက်ဆောင် နိုင်ကြသည်ချည်းပင်တည်း။

တပည့်တို့ - ဤသို့ ဝိပဿနာ ရှုရာ၌ နာမ်ဓာတ် မပါဘဲ ရုပ်ဓာတ်ကိုချည်းရှု၍ ထင်မြင်၍လည်း မဂ်ဖိုလ်သို့ မပေါက်ရောက်ဘူး။ ရုပ်ဓာတ်မပါဘဲ နာမ်ဓာတ် ကိုချည်း ရှု၍ ထင်မြင်၍လည်း မပေါက်ရောက်ဘူး။

အဘယ်ကြောင့်နည်း ဆိုသော် သတ္တဝါတို့ ငါ - ဟု မှတ်ထင် စွဲလမ်း၍နေတာက ရုပ်, နာမ် နှစ်ပါး လုံးကိုပင် မှတ်ထင် စွဲလမ်း ကြသည်။ ထို့ကြောင့် တပါးပါးတွင် ရှု၍ ထင်မြင်ရုံ မျှနှင့် မပေါက် ရောက်ဘူး။ ရုပ်, နာမ် နှစ်ပါးလုံးကိုပင် ရှု၍ ထင်မြင်မှ သာလျှင် မဂ်ဖိုလ်သို့ ပေါက်ရောက်နိုင်သည်

နိဒါနဝဂ္ဂသံယုတ် ပါဠိတော်လာ အာဟာရသုတ်၌ ကဗဠီကာရ အာဟာရကို အနိစ္စ, ဒုက္ခ, အနတ္တ ပရိညာသုံးပါး ပိုင်နိုင်စွာ ထင်လျှင် ပုဂ္ဂိုလ်သည် အနာဂါမိ မဂ် ဖိုလ်သို့ ရောက်သည်။ အနာဂါမ် ဖြစ်သည်ဟု မြတ်စွာဘုရား ဟောတော်မူရာမှာကား အနာဂါမ်ဖြစ်၍ ကာမရာဂ ကုန်မှသာလျှင် ထိုဝတ္ထုကာမ ဖြစ်သော ကဗဠီကာရ အာဟာရကို ဒုက္ခထင်နိုင်မှု စက်ဆုပ်နိုင်မှု ဒုက္ခပရိညာ ပိုင်နိုင်မှုကို ပြခြင်းငှါ ဟောတော်မူသာတည်း။

ထိုကဗဠီကာရ အာဟာရဟူသော တစိတ်တဒေသ အနည်းငယ် ရုပ်ကလေး တခုမျှကို တိလက္ခဏာ ထင်ရုံမျှနှင့် မဂ်ဖိုလ်သို့ ပေါက်ရောက်နိုင်သည်ဟု ပြခြင်းငှါ ဟောတော်မူသာ မဟုတ်ဘူး။ ပေါက်ရောက် နိုင်သည်ဟု မမှတ်ကြနှင့်၊ အနာဂါမ် မဟုတ်ဘဲလျက် အရိယာ မဟုတ်ဘဲလျက် ဈာန်သမာပတ်ကိုရသော သာသနာပအခါ ရသေ့ ရဟန်း များပင်သော်လည်း ကာမ ရာဂ ကင်းကွာခြင်းကြောင့် ထို စားဘွယ် သောက်ဘွယ် ကဗဠီကာရ အာဟာရ၌ ဒုက္ခ ထင်နိုင်ကြသည်။ ဒုက္ခပရိညာ လွန်စွာ ပိုင်နိုင်ကြသည်။ အနိစ္စလည်း ထင်မြင်နိုင်ကြသည်၊ ထမင်း, ဟင်း, စားဘွယ် သောက်ဘွယ်ကို ဘယ်တော့မှ ငါ - ဟု မမှတ် ထင်ကြဘူး။ ထိုအာဟာရ၌ အနတ္တလည်း ထင်မြင်နိုင်ကြသည်။

တနည်းမှာ -
ထိုကဗဠီကာရ အာဟာရ ဟူသော ဝတ္ထုကာမ တစိတ်၌ ပရိညာပိုင်နိုင်လျှင် သဘော တူဖြစ်သော ကာမဂုဏ် ငါးပါးလုံး၌ပင် ပရိညာ ပိုင်နိုင်၍ ကာမရာဂကိုလည်း ဝိက္ခမ္ဘန အားဖြင့် ပရိညာပိုင်နိုင်၍ ပယ်စွန့်၍ သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့ ဈာန အနာဂါမ် ဖြစ်၍ သွားမှုကို ရည်၍ ဟောတော်မူသည်သာဟု မှတ်ကြ။

တနည်းမှာလည်း -
ကဗဠီကာရာဟာရရုပ် တစိတ်၌ ပရိညာ ပိုင်နိုင်လျှင် သဘောတူ ဖြစ်သော ရူပက္ခန္ဓာ အကုန်လုံး ၌လည်း အလွယ်တကူဖြင့် ပရိညာပိုင်နိုင်၍ ရုပ်ကိုပိုင်နိုင်လျှင်လည်း အလွယ်တကူဖြင့် သာလျှင် နာမ်ကိုလည်း ပရိညာပိုင်နိုင်၍ အနာဂါမ် ဖြစ်နိုင်မှုကို ရည်၍ ဟောတော်မူသာဟု မှတ်ကြ။

ဖဿာဟာရ, စေတနာဟာရ, ဝိညာဏာဟာရ ဟူသော နာမ်အာဟာရ သုံးပါး တို့တွင် တပါးပါးကို တိလက္ခဏာ ထင်မြင်လျှင် ကြွင်းနှစ်ပါး တို့လည်း ထင်၍ ပါဝင်၍ လိုက်လေတော့၏။ ထိုသို့ နာမ်အာဟာရ၌ တိလက္ခဏာ ထင်မြင်လျှင် အရဟတ္တမဂ် ဖိုလ်သို့ ရောက်သည်ဟု ဟောတော်မူရာ မှာလည်း နာမ်တရား၌ ထိုကဲ့သို့ ထင်မြင်နိုင်မှသာလျှင် မဂ် ဖိုလ်သို့ ရောက်နိုင်သည်ဟု နာမ်တရား တွက်တာကို ရည်၍ ဟောတော်မူသာတည်း။ မဂ်ဖိုလ် ပေါက်ရောက်အောင်တော့ ရုပ်တရား တွက်တာကလည်း ထိုကဲ့သို့ပင် ထင်မြင်၍ ပါရသေးသည်။

ထို့ပြင် ပါဠိတော်လာ ရာဟုလောဝါဒသုတ်၌ မဟာဘုတ် ဓာတ်ကြီးလေးပါးကို ငါမဟုတ် ငါ့ဥစ္စာ မဟုတ်ဟု ရှု၍ထင်မြင်လျှင် တဏှာ ကင်းပြတ်၍ အရဟတ္တဖိုလ်သို့ ရောက်သည်ဟု အရှင်ရာဟုလာ အား ဟောကြားရာမှာလည်း ရုပ်တရား၌ ထိုကဲ့သို့ ရှု၍ ထင်မြင်နိုင်မှသာလျှင် မဂ်ဖိုလ်သို့ ရောက်နိုင်သည်ဟု ရုပ်တရား တွက်တာကိုရည်၍ ဟောတော်မူသည်သာတည်း။ မဂ်ဖိုလ် ပေါက် ရောက်အောင်တော့ နာမ်တရား တွက်တာကလည်း ထိုကဲ့သို့ပင် ရှု၍ ထင်မြင်၍ ပါရသေးသည်။

ထိုနည်းတူဘဲ တပည့်တို့ - ဣတိဝုတ် ပါဠိတော်လာ ဝေဒနာသုတ်၌ ဝေဒနာ သုံးပါးကို တိလက္ခဏာ ထင်မြင်လျှင် အရဟတ္တမဂ်သို့ ရောက်သည်ဟု ဟောတော် မူသော ဝေဒနာကမ္မဋ္ဌာန်း, ထို့အတူ အာသဝကမ္မဋ္ဌာန်း, သုတ္တနိပါတ် ပါဠိတော်လာ ဒွယတာနုပဿနာသုတ်၌ ဟောတော်မူအပ်သော အဝိဇ္ဇာကမ္မဋ္ဌာန်း, သင်္ခါရ ကမ္မဋ္ဌာန်း, ဝိညာဏကမ္မဋ္ဌာန်း, ဖဿကမ္မဋ္ဌာန်း, ဝေဒနာကမ္မဋ္ဌာန်း, တဏှာကမ္မဋ္ဌာန်း, ဥပါဒါန်ကမ္မဋ္ဌာန်း အစရှိသော ရုပ်ချည်း သန့်သန့်ရှုမှု နာမ်ချည်းသန့်သန့်ရှုမှု ကမ္မဋ္ဌာန်း အလုံးစုံတို့ကို ရုပ်တွက်တာ နာမ်တွက်တာကို ရည်၍ ဟောတော်မူသာချည်း မှတ်ကြ။ မဂ်ဖိုလ် ပေါက်ရောက်အောင်တော့ ရုပ်,နာမ် နှစ်ပါးလုံးပင် စုံရသည်

ထိုသို့ ဖြစ်ပါလျက် အဘယ့်ကြောင့် ရုပ်,နာမ်နှစ်ပါးလုံး စုံအောင် ဟောတော်မမူ ပါသနည်း ဆိုသော် တပည့်တို့ - ထိုတရား နာကြသော ရဟန်းတို့က ရုပ်နာမ်နှစ်ပါး စုံကိုပင် ကြားနာရပြီးသား နားလည်ကြပြီးသား ဖြစ်ကြသည်။ ထိုသို့ နားလည်ပြီး၍ ကြည့်ရှုကြသောအခါ အချို့သောသူမှာ ရုပ်တရားကို မထင်မြင်နိုင်ဘဲ ရုပ်တရားက ခုခံ၍ ခက်၍ နေသည်။ အချို့မှာ နာမ်တရားကို မထင်မြင်နိုင်ဘဲ နာမ်တရားက ခုခံ၍ ခက်၍ နေသည်။

ထိုရဟန်းတို့အား ထိုခုခံ၍ ခက်၍နေသော တရားတို့ကို ကြပ်ကြပ် နာနာ ရှုစေခြင်းငှါ၎င်း၊ ထင်မြင်နိုင်စေခြင်းငှါ၎င်း တရား မနာရသေးသော နောင်လာ နောက်သားများလည်း ထိုခုခံ၍ ခက်၍ နေတတ်သော တရားစုကို ကြပ်ကြပ်နာနာ ရှုစေခြင်းငှါ၎င်း ထင်မြင်စေခြင်းငှါ၎င်း နှစ်ပါးစုံမဟုတ်ဘဲ ရုပ်ချည်း တပါးတည်း ကိုလည်း ကြည့်ရှုပုံကို ဟောတော်မူသည်။ နာမ်ချည်း တပါးတည်းကိုလည်း ကြည့်ရှုပုံကို ဟောတော်မူသည်။

သဠာယတနသံယုတ် ပါဠိတော်လာ ကိံသုကောပမသုတ်၌ ရဟန်းတပါးသည် မဟာဘုတ်ဓာတ်ကြီး လေးပါး ကမ္မဋ္ဌာန်းဖြင့် မဂ်ဖိုလ်သို့ ရောက်သည်ဟု လာရာ မှာလည်း ထိုဓာတ်ကြီးလေးပါးကို ကြပ်ကြပ်နာနာ ပဓာနထား၍ ရှုမြင်သဖြင့် ပေါက်ရောက်မှုကိုလည်းရည်၍ ပြောကြားသာတည်း၊ နာမ်ဓာတ်လည်း ပါရသည်ပင် မှတ်ကြ။

ထို့ကြောင့် တပည့်တို့ - သင် တပည့်တို့သည် ဝိပဿနာ ရှုကြသောအခါ ရုပ်ဓာတ်ကိုလည်း ရှုကြ၊ နာမ်ဓာတ်ကိုလည်းရှုကြ၊ ရံခါ ရုပ်ဓာတ်ကို ရှုကြ၊ ရံခါ နာမ်ဓာတ်ကို ရှုကြ၊ ရုပ်ဓာတ်တွင်လည်း ကြပ်ကြပ် ခုခံတတ်သော ပထဝီဓာတ် အာပေါဓာတ်တို့ကို ကြပ်ကြပ်ရှုကြ၊ ဝိညာဏဓာတ်မှာလည်း ကြပ်ကြပ်ခုခံတတ်သော မနောဝိညာဏ်ကို ကြပ်ကြပ်ရှုကြ၊ ဝိပဿနာရှုသော ပုဂ္ဂိုလ်တို့မှာ ဤဝိပဿနာဇော မနောဝိညာဏ်ဘဲ သာ၍ ခုခံ၍နေတတ်သည်။

တပည့်တို့ -
ရံခါ ဖြစ်ပျက်ပုံ မမြဲပုံ အနိစ္စအခြင်းအရာကို ရှုဆင်ခြင်ကြ၊ နှလုံးသွင်းကြ၊
ရံခါ နာကျင်ဆင်းရဲပုံ ဒုက္ခအခြင်းအရာကို ရှုဆင်ခြင်ကြ၊ နှလုံးသွင်းကြ။
ရံခါ ငါမဟုတ်သော အနတ္တအခြင်းအရာကို ရှုဆင်ခြင်ကြ။ နှလုံးသွင်းကြ။

အနိစ္စ အခြင်းအရာကို ကြပ်ကြပ် ရှုဆင်ခြင်ကြ။ အနိစ္စထင်လျှင် ဒုက္ခ, အနတ္တ တို့လည်း ထင်၍ လိုက်တော့သည်။ အနတ္တ အခြင်းအရာကို နှလုံးသွင်းသောအခါ ဝိပဿနာ ဇောမှတပါး တခြားသော ရုပ်, နာမ်တို့ကို ငါမဟုတ်ဘူးဟု အတော်ထင် နိုင်၏။ ကြံစည်စဉ်းစား၍ ရှု၍ရှု၍ နေတဲ့ ဝိပဿနာဇောကိုကား သင်း - ငါဘဲဟု မှတ်ထင်၍ နေတတ်သည်။ ထိုဝိပဿနာဉာဏ် ဝိပဿနာ ဇောကိုပင် ကြပ်ကြပ် ငါ.မဟုတ်ဘူးဟု ထင်မြင်အောင် ရှုကြ။

ထိုသို့ ရှုသောအခါ ရုပ်သည်လည်း ငါမဟုတ်ခဲ့၊ နာမ်သည်လည်း ငါမဟုတ်ခဲ့။ ငါဘယ်သင်း များပါလိမ့်မလဲဟု စိတ်သည် အားကိုး အားထားစရာ ငါလည်၍ ရှာသည်။ ဘယ်ကိုမှ မတွယ်ကြစေနှင့်။ ထိုသို့ အတွယ်မခံ၍ ငါပျောက်တော့မလို ဖြစ်သောအခါ တောကြီးထဲ၌ အဘကွဲသော သားငယ်ကဲ့သို့ တသက်လုံး တသံသရာ လုံးက ငါ - ဟု စွဲမှတ် အားထား၍ လာခဲ့သော ငါ ကိုရှာ၍ မရသဖြင့် ငါ ဟု တွယ်ကိုး စရာ မရှိသဖြင့် စိတ်သည်အားငယ်ပြီး စိတ်ငယ်ပြီး လဲသွားတတ်တယ်၊ သွားတယ်။ တုန်လှုပ် ထိတ်လန့်ပြီးလဲ သွားတတ်တယ်၊ သွားတယ်။ အဲသည်လို စိတ်ဖြစ်ပြီး စိတ်သည် ရှေ့သို့မတက်ဘဲ နောက်ပြန်လည်၍ ဤဝိပဿနာဇောကိုပင် သည်ဟာ ငါ ဘဲဟု ပြန်၍ တွယ်လာတတ်သည်။ တွယ်၍ တွယ်၍ နေတတ်သည်၊ နေသည် မနေကြစေနှင့်၊ မတွယ်ကြစေနှင့်

ဝိပဿနာထင်မြင်သောအခါ ဝိပဿနာ၏
ညစ်နွမ်းကြောင်း တရားတို့ ဖြစ်ပေါ်လာပုံကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ထိတ်လန့်ခြင်း ပရိတဿန, ပြန်လည် စွဲလမ်းခြင်း ဥပါဒါန ဖြစ်၍ ဖြစ်၍ နေမှုသည်လည်း ဖြစ်ပျက်မှုကိုမြင်တဲ့ ဥဒယဗ္ဗယ အနိစ္စ ဝိဇ္ဇာဉာဏ်အမြင် အားနည်းသေးခြင်းကြောင့် ဖြစ်သာတည်း။ ထိုသို့ ဖြစ်၍ ဖြစ်၍ နေသောအခါ ဖြစ်ပျက်မှု အနိစ္စသဘောကိုသာ ကြပ်ကြပ် ရှုရသည် ရှုကြ။

တပည့်တို့ - ဤသို့ ရှု၍ ဖြစ်ပျက်မှု ဥဒယဗ္ဗယ သဘောကို ကောင်းစွာ ထင်မြင်နိုင်သော အနိစ္စ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်လာခါနီးအခါ ဉာဏ်၏ ရှေ့သွား ဉာဏ်ရောင် စိတ်ရောင် အရောင် အလင်း အာလောကလည်း ဖြစ်ပေါ်၍ လာတတ်သည်။ ဤအလင်း အာလောကကို ဩဘာသဟု ခေါ်သည်။ ဝင်းဝင်း ပြောင်ပြောင် ကိုယ်မှ ထွက်တဲ့ ကိုယ်ရောင်ခြည်မျိုး မဟုတ်ဘူး တပည့်တို့။ ကိလေသာ ပါးသဖြင့် စိတ်ဉာဏ် ကြည်ခြင်းကြောင့် စိတ်ဉာဏ်လင်းသို့ အလင်း အာလောကတည်း။

ထိုအခါ ထိုယောဂီပုဂ္ဂိုလ်သည် ဒိဗ္ဗစက္ခုမာ ပုဂ္ဂိုလ်ကဲ့သို့ အဝေး၌ ကွယ်ရာ၌ ညဉ့်အခါ၌သော်လည်း ရူပါရုံတို့ကို မနောဒွါရဖြင့် ထင်ရသည်။ တပည့်တို့ - ထိုအခါ ထိုယောဂီပုဂ္ဂိုလ်အား သမထအရာ၌ ပဋိဘာဂသို့ ရောက်ခါနီးအခါ ဈာန်အင်္ဂါတွေ ပေါ်ဘိသကဲ့သို့ မဂ္ဂင်တရားတွေ ဗောဇ္ဈင်တရားတွေ ဗောဓိပက္ခိယ တရားတွေလည်း အားကောင်း၍ ထင်ရှားပေါ်၍ လာကြသည်။

ဤသို့ မိမိသန္တာန်၌ ရှေးက မစဘူး မဖြစ်စဘူး အနည်းငယ် အထူးအထွေကို တွေ့မြင်ရသောအခါ ဤတရားစုဟာ မဂ်ဖိုလ်တရားဘဲ ထင်ရဲ့၊ ငါမဂ်ဖိုလ်ကို ရတော့တာဘဲ ထင်ရဲ့လို့လဲ မှတ်ထင်ခြင်း ဖြစ်တတ်သည်။ မမှတ်ထင် ရဘူး တပည့်တို့။ မဂ်ဖိုလ် မဟုတ်သေးဘူး၊ မဂ်ဖိုလ်သို့ မဆိုက်ရောက် သေးဘူး။

တပည့်တို့ - သို့ပြီး ထိုဩဘာသကို မဂ္ဂင် ဗောဇ္ဈင် တရားတွေကိုလည်း အားရ တက်ကြွသော မာနနှင့် ယှဉ်သော တဏှာဖြင့်လည်း အာရုံပြု၍ သာယာ၍ သာယာ၍လည်း နေတတ်သည်။

ယခု ဩဘာသသို့ စိတ်ရောက်လိုက်
ယခုဉာဏ် သမ္မာဒိဋ္ဌိသို့ စိတ်ရောက်လိုက်၊
ယခု ဟိုမဂ္ဂင်သို့ ရောက်လိုက်၊ သည်မဂ္ဂင်သို့ ရောက်လိုက်၊
ဟိုဗောဇ္ဈင်သို့ ရောက်လိုက်၊ သည်ဗောဇ္ဈင်သို့ ရောက်လိုက်
အားဖြင့် စိတ်လှုပ်ရှား ပျံ့လွင့်ပြီးနေတတ်သည်။

ဤကဲ့သို့ တဏှာ, မာန, ဥဒ္ဓစ္စတွေ ဖြစ်နေသောအခါ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့က ကောင်းစွာ မထင်မြင်နိုင်ဘူး တပည့်တို့။ ထို့ကြောင့် ထိုအခါ ဤကဲ့သို့ ဖြစ်ပေါ်လာသော တဏှာ, မာန, ဥဒ္ဓစ္စ တို့ကို ဝိပဿနာဉာဏ်၏ ညစ်နွမ်းကြောင်း ဝိပဿနုပတ္တိလေသာတို့တည်းဟု သိပြီးလျှင် ထိုဩဘာသ မဂ္ဂင် ဗောဇ္ဈင် တရား တွေကိုပင် အားကိုး အားထား ဘွယ်မဟုတ်။ နှစ်သက် သာယာဘွယ် မဟုတ်။ အနိစ္စ တရားတွေတည်း။ ဒုက္ခတရားတွေတည်း။ အနတ္တတရားတွေတည်းဟု ထင်မြင်အောင် ဆင်ခြင် ကြည့်ရှု ရသည် ကြည့်ရှုကြ။

အထူးအားဖြင့် သိမြင်၍ သိမြင်၍ နေတဲ့ ဝိပဿနာဉာဏ်ကလေးကိုပင် သာ၍ အားရ တက်ကြွခြင်း မာနတဏှာဖြင့် သာယာ၍ နေတတ်သည်။ ဤဉာဏ်ကိုပင် ကြပ်ကြပ် ရှုကြ။ ဝိပဿနာဇော မနောဝိညာဏ်ဘဲဟု မှတ်၍ ဝိညာဏ်နှင့် တခုတည်း ထား၍ ကြည့်ရှုကြ။

အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ဝိပဿနုပက္ကိလေသာတို့ကို စွန့်ခွါ၍ ရုပ်, နာမ် သင်္ခါရ တရား တို့၏ ဖြစ်ပျက်ပုံ ဥဒယဝယ သဘောကိုသာ ကြည့်ရှု ဆင်ခြင်သောအခါ ထို ဖြစ်ပျက်ပုံ ဥဒယဝယ သဘောကို ဥဂ္ဂဟနိမိတ် ထင်မြင်ဘိသကဲ့သို့ ကောင်းစွာ ထင်မြင်နိုင်သော အနိစ္စဝိဇ္ဇာဉာဏ် ကောင်းစွာ ဖြစ်ပေါ်လာတော့၏။

ဤကဲ့သို့ ဖြစ်ပျက်ပုံ အနိစ္စသဘောကို ထင်မြင်၍ လာသောအခါ ထိုဖြစ်ခြင်း ပျက်ခြင်း ရင့်ရော် ဆွေးမြေ့ခြင်းတို့ မပြတ် နှိပ်စက်အပ်သဖြင့် နာကျင်ဆင်းရဲ၍ နေပုံ ဒုက္ခသဘောလည်း ကောင်းစွာ ထင်မြင်၍ လာတော့၏။ ဤကဲ့သို့ အနိစ္စ ဒုက္ခတို့ ကောင်းစွာ ထင်မြင်၍လာသောအခါ အလို လိုက်ခြင်း အစိုးရခြင်း အနည်းငယ်မျှမှ မရှိသဖြင့် ငါမဟုတ်သော ငါမရှိသော အနတ္တလက္ခဏာလည်း ကောင်းစွာ ထင်မြင်၍ လာလေတော့၏။

အောက်က ဟောကြားခဲ့ပြီးသောအတိုင်း ဟင် ငါမဟုတ် ပါဘဲကလား၊ ဟင် - ငါမရှိပါဘဲ ကလားဟု စိတ်ဖြစ်လျက် ယုံမှားခြင်း ဝိစိကိစ္ဆာနှင့်တကွ ငါဟူသော သက္ကာယဒိဋ္ဌိ ကင်းက္ခာ၍ သွားလေတော့၏။ ထိတ်လန့်ခြင်း ပရိတဿန, ပြန်လည် စွဲလမ်းခြင်း ဥပါဒါနတို့ မဖြစ်တော့ပြီ။

ရုပ် နာမ် တရားတို့ကို သက်သက် အကြောင်းကြောင့် ဖြစ်၍နေသော သုဒ္ဓဓာတု သုဒ္ဓသင်္ခါရဓမ္မသုဒ္ဓဒုက္ခပုဉ္စ အနေနှင့်သာ ထင်မြင်၍တည်လေတော့၏။ ဤကဲ့သို့ ပစ္စုပ္ပန် ရုပ်နာမ်တို့ကို ထင်မြင်သဖြင့် အတိတ် အနာဂတ် ရုပ်နာမ်တို့ကို၎င်း၊ မိမိ ရုပ်နာမ်မှအပ ဗဟိဒ္ဓရုပ်နာမ် တို့ကို၎င်း ဓမ္မန္ဓယအားဖြင့် အကုန်လုံးထင်မြင်၍ တည်လေတော့၏။

တပည့်တို့ - ဤကဲ့သို့ တိလက္ခဏာ ထင်မြင်၍ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ဤနီဝရဏ နှစ်ပါး ကင်းကွာသော အဖြစ်သို့ရောက်၍ တည်သော ယောဂီ ပုဂ္ဂိုလ်ကို အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဟု ခေါ်ဆိုရသည်။ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ဟု မှတ်ကြ။

တပည့်တို့ - ဤကဲ့သို့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်အဖြစ်သို့ ရောက်လျှင်ပင် အပုံကြီး ကျေးဇူးများပြီ အဘိုးတန်ပြီ။ မြတ်စွာဘုရား သာသနာတော်၌ သက်သာရာ ထောက်တည်ရာကို ရပြီ၊ သုဂတိအလား မြဲပြီ။ စူဠသောတာပန် ဟူ၍ပင် ခေါ်ဆိုရပြီ။ သုပ္ပဋိပန္နတာ စသော ကိုးပါးသောဂုဏ်တို့နှင့်လည်း ပြည့်စုံပြီ။

မျက်မှောက်သော ဘဝ၌ အထက် တရားအထူးသို့ မရောက်ခင် ဤအာရဒ္ဓဝိပဿက အဖြစ်နှင့်ပင် အကယ်၍ စုတေ၍ သွားခဲ့လျှင် နတ်ပြည်သို့ မချွတ် ဧကန်ရောက်၍ ရောက်လျှင်ရောက်ခြင်း သြော် - ငါသေ၍ နတ်ပြည်သို့ ရောက်လာပါပေါ့ကလားဟု သတိရသော စိတ်က နောက်ကျ၍ နေသေး၏။ ရှေးဦးစွာ မဂ်ဇော ဖိုလ်ဇောတို့ ဖြစ်ပေါ်၍ တရားအထူးကို ရ၍သွားတော့သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ် ဤကဲ့သို့ ရ၍သွားမှုကို ရည်တော်မူ၍ဘဲ တပည့်တို့

တဿ တတ္ထ သုခိနော ဓမ္မပဒါနိ ပ္လဝန္တိ။ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ။ အထခေါ သော သတ္တော ခိပ္ပမေဝ ဝိသေသဘာဂီ ဟောတိ။

ဟူ၍ စတုက္ကင်္ဂုတ္တရ ပါဠိတော်၌ မြတ်စွာဘုရား ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
တတ္ထ၊ ထိုနတ်ပြည်၌။
သုခိနော၊ ပဋိသန္ဓေ နေမှုအတွက် မပင်ပန်းသဖြင့် ချမ်းသာလေသော။
တဿ၊ ထိုအာရဒ္ဓဝိပဿက အဖြစ်နှင့် စုတေ၍ နတ်ပြည်သို့ရောက်၍ သွားလေသောသူအား။
ဓမ္မပဒါနိ၊ ဤလူ့ဘဝက အားထုတ်အပ်သော တရားလမ်းကြောင်း တရားအစုံ တွေသည်။
ပ္လဝန္တိ၊ ညဉ့်က အိပ်မက်တွေ နံနက်ထအခါ ပေါ်၍ လာကြဘိသကဲ့သို့ ထင်ထင် ရှားရှား ပေါလော ပေါ်လာကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သတုပ္ပါဒေါ၊ သြော် - ငါသေ၍ နတ်ပြည်သို့ ရောက်၍ လာပါပေါ့ကလားဟု သတိ ရမှုသည်။
အန္ဓော၊ နုန့်နှေး၍ နောက်ကျ၍ နေသေး၏။
အထခေါ၊ စင်စစ်သော်ကား။
သောသတ္တော၊ ထိုပုဂ္ဂိုလ်သည်။
ခိပ္ပမေဝ၊ နတ်ပြည်သို့ ရောက်လျှင် ရောက်ခြင်း လျင်မြန်စွာသာလျှင်။
ဝိသေသဘာဂီ၊ မဂ်ဖိုလ် တရားအထူးကို ရခြင်းအဘို့ ရှိသည်။
ဟောတိ ဖြစ်၏။

တပည့်တို့ - အာရဒ္ဓဝိပဿက ပုဂ္ဂိုလ် အဖြစ်သို့ ရောက်ရခြင်းသည် ဤကဲ့သို့ ကျေးဇူးများသည် အဖိုးတန်သည်၊ အဲသည်လို အဖိုးတန်ခြင်းကြောင့်ဘဲ တပည့်တို့ - မြတ်စွာဘုရားရှင်သည် -

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ

ဟူ၍ ဓမ္မပဒ ပါဠိတော်၌ ချီးမွမ်း ဟောကြားတော်မူပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ယော စ၊ အကြင်သူသည်ကား။
ဥဒယဗ္ဗယံ၊ ရုပ်, နာမ်, သင်္ခါရတရားတို့၏ ဖြစ်ပေါ်မှု ဥဒယ, ပျက်ကွယ်မှု ဝယ သဘောကို။
အပဿံ၊ မမြင်ဘဲလျက်။
ဝဿသတံ၊ အနှစ်တရာ ကာလပတ်လုံး။
ဇီဝေ၊ အသက်ရှည်၏။
တတော၊ ထိုဥဒယဝယ သဘောကို မမြင်သော အန္ဓဗာလပုဂ္ဂိုလ် အနှစ်တရာ အသက်ရှည်စွာ နေရသောထက်။
ဥဒယဗ္ဗယံ၊ ဖြစ်မှု ပျက်မှု ဥဒယဝယ သဘောကို။
ပဿတော၊ သမ္မာဒဿန ဉာဏစက္ခုဖြင့် ကောင်းစွာ ထင်မြင်သောသူ၏။
ဧကာဟံ၊ တနေ့ တရက် တမနက်မျှ။
ဇီဝိတံ၊ အသက်ရှည်စွာ နေရခြင်းသည်။
သေယျော၊ အဆအရာ မကစွာတည့် လွန်မြတ်ဘိ၏။

အာရဒ္ဓ ဝိပဿကပုဂ္ဂိုလ်၏ နိဗ္ဗိန္ဒကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ယုံမှားခြင်း ဝိစိကိစ္ဆာနှင့်တကွ ငါ- ဟူသော သက္ကာယ ဒိဋ္ဌိ ကင်းကွာ၍ သွားသောအခါ ထိုအာရဒ္ဓဝိပဿကပုဂ္ဂိုလ်သည် ဤခန္ဓာ ငါးပါး ဓာတ်ခြောက်ပါး ခဲကြီးကို ကိုဝ်လည်း မဟုတ်၊ ကိုဝ့် ဥစ္စာလည်း မဟုတ်ခြင်းကြောင့် အချစ်တွေ ပြယ်၍ ကုန်တော့သည်။ ဤကဲ့သို့ ချစ်ခင်ခြင်း တဏှာ ပါးခြင်း ကြောင့်၎င်း၊ ဓာတ်ခြောက်ပါး ခဲကြီးရှိက ဇာတိ ဇရာ, ဗျာဓိ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဘေးဒုက္ခတို့ ဆိုက်ရောက်သည်ကို သိမြင်ခြင်းကြောင့်၎င်း ဤဓာတ်ခြောက်ပါးခဲကြီး၌ စိတ်သည် မပျော်မွေ့ဘူး၊ ကြောက်ရွံ့ စက်ဆုပ်လျက် ပျင်းမုန်း ငြီးငွေ့လာတော့သည်။

ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။

ဆိုသောအတိုင်း နိဗ္ဗိန္ဒ ဖြစ်လာတော့သည်၊ လူသေကောင်ထဲ၌ ဝင်နေရသော တုသိတာ နတ်သားကဲ့သို့ ဖြစ်၍နေတော့သည်။ ထိုအခါ ထိုပုဂ္ဂိုလ်သည် -

ဥပ္ပါဒေါ ဘယံ၊ အနုပ္ပါဒေါ ခေမံ၊ ဥပ္ပါဒေါ ဒုက္ခံ၊ အနုပ္ပါဒေါ သုခံ။ နောစဿ နော စ မေသိယာ။ နာဘဝိဿ စ မေ ဘဝိဿတိ။ ယဒတ္တိယံ ဘူတံ၊ တံ ပဇဟာမိ။

ဥပ္ပါဒေါ၊ ဓာတ်ခြောက်ပါးခဲကြီး ဖြစ်ပေါ်ခြင်းသည်။
ဘယံ၊ ကြောက်မက်ဘွယ် ဘေးကြီးတည်း။
အနုပ္ပါဒေါ၊ ဓာတ်ခြောက်ပါးခဲကြီး မဖြစ်ပေါ်ခြင်းသည်။
ခေမံ၊ ဘေးကင်း၏။
ဥပ္ပါဒေါ၊ ဓာတ်ခြောက်ပါး ခဲကြီးဖြစ်ပေါ်ခြင်းသည်။
ဒုက္ခံ၊ ဆင်းရဲ ဒုက္ခကြီးတည်း။
အနုပ္ပါဒေါ၊ ဓာတ်ခြောက်ပါးခဲကြီး မဖြစ်ပေါ်ခြင်းသည်။
သုခံ၊ ချမ်းသာသုခကြီးတည်း။
မေ၊ ငါ့အား။
နော စေ အဿ၊ ရှေးဘဝ၌ ဤဓာတ်ခြောက်ပါးကို တွယ်တာ ချစ်ခင် လိုချင်သော တဏှာ အကယ်၍ မရှိခဲ့သည် ဖြစ်ငြားအံ့။
မေ၊ ငါ့၏။
ဣဒံ၊ ဤဓာတ် ခြောက်ပါးခဲကြီးသည်။
နော စ သိယာ၊ မဖြစ်ရာ။
မေ၊ ငါ့အား။
နာဘဝိဿ၊ ဤယခုဘဝ၌ ဤဓာတ်ခြောက်ပါး ခဲကြီးကို တွယ်တာချစ်ခင် လိုချင်သော တဏှာ မရှိသည် ဖြစ်ငြားအံ့။
မေ၊ ငါ၏။
ဣဒံ၊ ဤဓာတ်ခြောက်ပါးခဲကြီးသည်။
န စ ဘဝိဿတိ၊ နောင်မဖြစ်လတ္တံ့။
မေ၊ ငါ့အား။
ယံ၊ အကြင် အကြောင်းသမုဒယ တဏှာသည်။
အတ္ထိ၊ ရှိ၏။
ယံ၊ အကြင် အကျိုး ဓာတ်ခြောက်ပါးခဲကြီးသည်လည်း။
ဘူတံ၊ ထင်ရှားရှိသည် ဖြစ်၏။
တံ၊ ထိုအကြောင်းအကျိုး နှစ်ပါးစုံကို။
ပဇဟာမိ၊ ငါစွန့်တော့အံ့။

ဟု ဓာတ်ခြောက်ပါးခဲကြီးကို ဘေးဒုက္ခကြီးဟု ထင်မြင်၍ ဓာတ်ခြောက်ပါးခဲကြီး မရှိခြင်းသည် ဘေးကင်းသော ချမ်းသာသုခကြီးဟု သိမြင်၍ အကြောင်းနှင့်တကွ ဓာတ်ခြောက်ပါးခဲကြီးကို စွန့်လိုသောစိတ်ဖြစ်၍သာ နေတော့၏။

ထိုအာရဒ္ဓပုဂ္ဂိုလ်၏ ဝိရတ္တ ဝိမုတ္တဖြစ်ပုံ

တပည့်တို့ - ဤကဲ့သို့ ဓာတ်ခြောက်ပါး ခဲကြီး၌ မပျော်မွေ့ဘဲ ကြောက်ရွံ့ စက်ဆုပ်လျက် ပျင်းမုန်း ငြီးငွေ့၍ ဓာတ်ခြောက်ပါးခဲကြီး မရှိခြင်း၌သာလျှင် ညွတ်ကိုင်း ပျော်မွေ့၍ အကြောင်းနှင့်တကွ ဓာတ်ခြောက်ပါးခဲကြီးကို စွန့်လွှတ် လိုသော ထိုနိဗ္ဗိန္ဒ ယောဂီပုဂ္ဂိုလ်သည် ဓာတ်ခြောက်ပါးခဲကြီးကို ငါမဟုတ်၊ ငါ့ဥစ္စာလည်း မဟုတ်။ အကြောင်းကြောင့် ဖြစ်၍နေသော သက်သက်သော ဓာတုဓမ္မ တွေတည်း။ သင်္ခါရ ဓမ္မတွေတည်း။ အနိစ္စ တရားတွေတည်း။

ဒုက္ခတရားတွေ တည်းဟု အောက်က ဟောကြားခဲ့ပြီးသော နည်းလမ်းအတိုင်း အထပ်ထပ် ရှုဆင်ခြင်ဖန် များသောအခါ ဤဓာတ်ခြောက်ပါးခဲကြီးကို ပြုပြင်ဘွယ် ကြောင့်ကြ စိုက်ဘွယ် စိတ်ရှုပ်စရာ ပလိဗောဓခဲကြီး, အလွန် ကြောက်ရွံ့ဘွယ် စက်ဆုပ်ဘွယ် ဘေးခဲ မကောင်းခဲကြီး, အလွန် လေးလှသော ငန်ထုပ်ကြီး တို့ကဲ့သို့ ထင်၍ အလွန်လျှင် ငြီးငွေ့ ရွံမုန်းစိတ်သည် တခါတည်း အချစ်ပြယ်လျက် ချစ်ခင် တပ်မက်ခြင်း ကင်းလျက် ဓာတ်ခြောက်ပါးခဲကြီးကို စွန့်လွှတ်၍ ငြိမ်းချမ်းခြင်း အေးချမ်းခြင်း သန္တိသီတိ သဘာဝ နိဗ္ဗာန်သို့ ပြေးဝင်၍ နိဗ္ဗာန်ကို အာရုံပြု၍ သွားလေ တော့သည်။ စိတ်သည် အာသဝေါ တရားတို့မှ ကင်းကွာ ကျွတ်လွှတ်၍ သွားလေတော့သည်

“နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရောဂါ ဝိမုစ္စတိ” ဆိုသော အတိုင်း ဝိရတ္တ ဝိမုတ္တဖြစ်၍ သွားလေတော့သည်။

တပည့်တို့ - ဤနေရာ၌ အတူဥပမာကား ငါးဖမ်းသော ယောက်ျားသည် မြှုံးထဲ၌ အဆိပ်ထန်သော ကြီးစွာသော မြွေပွေးကြီးကို လည်ပင်း၌ ဆုပ်ကိုင် ဖမ်းမိ၍ ငါး ဟူသောအမှတ်ဖြင့် ကြီးစွာသော ငါးရံ့ကြီးကို ငါဖမ်းမိပြီဟု အလွန်နှစ်သက် ဝမ်းမြောက်ခြင်း ဖြစ်လျက် မြှုံးမှ ထုတ်ယူ၍ ကြည့်ရှုသောအခါ ငါးမဟုတ်ဘဲ မြွေဖြစ်၍နေသဖြင့် မြွေမှန်းသိ၍ ဤမြွေသည် စား၍လည်း ကောင်းသာမျိုးမဟုတ်။ ဘာမှအသုံးမကျ။
အကယ်၍ ကိုက်ခဲ့လျှင်လည်း ကြီးစွာသော ဒုက္ခသို့ ရောက်ရာ၏ဟု ဘေးရန် ဒုက္ခ အပြစ် ဒေါသတွေကို မြင်သဖြင့် ထိုယောက်ျားသည် ထိုမြွေ၌ ထိုမြွေကို ဆုပ်ကိုင်၍ ထားရခြင်း၌ မနှစ်သက် မပျော်မွေ့ဘဲ အလွန် ကြောက်ရွံ့ စက်ဆုပ်လျက် ပျင်းမုန်း ငြီးငွေ့ပြီး လိုက်၍ မကိုက်နိုင်စေခြင်းငှါ မောအောင် အားနည်းအောင် နာနာ ဆုပ်နယ်၍ နှစ်ပတ် သုံးပတ်ရမ်း၍ အားနည်းပြီးသော ထိုမြွေကို စွန့်လွှတ်၍ ပစ်လိုက်ပြီးလျှင် ဘေးကင်းရာအရပ်သို့ ဝင်ပြေး တည်ရပ်၍ နေလေဘိသကဲ့သို့၎င်း၊

အောက်က ထုတ်ပြခဲ့သော ရွှေလိမ်ထုပ်ရှင်သည် ရွှေလိမ် အမှိုက်ထုပ်ကြီးကို ဖြေ၍ကြည့်လိုက်သော အခါ ရွှေထုပ်မဟုတ် အမှိုက်ထုပ်မှန်းသိ၍ ဤအမှိုက် ထုပ်ကြီးသည် ရွှေလည်းမဟုတ်၊ ဘာမှ အသုံးမကျ အသုံးမကျသည့်အပြင် ဤ ရွှေလိမ်ထုပ်ကြီး အတွက်ကြောင့် မင်းစိုးရာဇာ သူခိုး ဒါးမြ အစရှိသော ဘေးရန်တွေ ငါ့အပေါ်သို့ လာရောက်ရာ၏ဟု ဘေးရန် ဒုက္ခ အပြစ်ဒေါသတွေကို မြင်သဖြင့် ထိုရွှေလိမ်ထုပ်ရှင်သည် ထိုလေးလှစွာသော ရွှေလိပ်ထုပ်ကြီး၌ ထိုရွှေလိမ်ထုပ် ဝန်ကြီးကို ထမ်းရွက်၍နေရခြင်း၌ မနှစ်သက် မပျော်မွေ့ဘဲ အလွန်ကြောက်ရွံ့ စက်ဆုပ်လျက် ပျင်းမုန်း ငြီးငွေ့ပြီး ထိုရွှေလိမ်ထုပ်ကြီးကို စွန့်လွှတ်၍ ပစ်လိုက်ပြီးလျှင် ဒုက္ခဝန်ငြိမ်းလျက် ဟီး - ငြိမ်းပေပေါ့ဟု ဟိန်းချလိုက်၍ ပေါ့ပါး ချမ်းသာစွာ နေလေဘိသကဲ့သို့၎င်းတည်း။

တပည့်တို့ - ဤဥပမာစု၌ ငါးဖမ်းယောက်ျား ရွှေလိမ်ထုပ်ရှင်တို့ မြွေကို အမှိုက်ထုပ်ကို ငါးဟု ရွှေဟု မှတ်ထင်၍ ဝမ်းမြောက်ဝမ်းသာ ချစ်ခင် စွဲလမ်း၍ နေတာနှင့် ဤယောဂီပုဂ္ဂိုလ် အန္ဓဗာလ အခါက ဤဓာတ်ခြောက်ပါးခဲကြီးကို ငါဘဲ ဟုမှတ်ထင်၍ ဝမ်းမြောက်ဝမ်းသာ ချစ်ခင် စွဲလမ်း၍နေမှု တူ၏။

မြှုံးထဲမှ ထုတ်ယူ၍ အထုပ်ကို ဖြေ၍ကြည့်သဖြင့် မြွေမှန်း အမှိုက်ထုပ်မှန်း သိတာနှင့် ဓာတ်ခြောက်ပါးခဲကြီးကို ဟောပြခဲ့ပြီးသော နည်းလမ်းအတိုင်း ကြည့်ရှု၍ ငါကောင် မဟုတ်မှန်းသိမှု တူ၏။

မြွေ အမှိုက်ထုပ်တို့၌ အချစ်ပြယ်၍ ဘေးရန် ဒုက္ခ အပြစ်ဒေါသတို့ကို မြင်၍ မနှစ်သက် မပျော်မွေ့ဘဲ ကြောက်ရွံ့ စက်ဆုပ်လျက် ပျင်းမုန်း ငြီးငွေ့သာနှင့် ဓာတ်ခြောက်ပါးခဲကြီး၌ အချစ်ပြယ်၍ ဘေးရန် ဒုက္ခ အပြစ်ဒေါသတို့ကိုမြင်၍ မနှစ်သက် မပျော်မွေ့ဘဲ ကြောက်ရွံ့ စက်ဆုပ်လျက် ပျင်းမုန်း ငြီးငွေ့မှု တူ၏။

မြွေ အမှိုက်ထုပ်တို့ကို ငြီးငွေ့သဖြင့် စက်ဆုပ်ရွံမုန်းသဖြင့် စွန့်ပစ်လိုက်၍ အားနည်းအောင် ဆုပ်နယ် ရမ်းဝှေ့သာနှင့် သင်းကား-ဖက်ရွက်တည်း။ ထင်းခွံ ထင်းပေါက်တည်း။ အိုးခြမ်း စသည်တည်း။ ရွှေမဟုတ်ဟု ထပ်မံ၍ ရှုတာနှင့် ဓာတ်ခြောက်ပါးခဲကြီးကို ငြီးငွေ့သဖြင့် စက်ဆုပ် ရွံမုန်းသဖြင့် စွန့်ပစ်လိုက်၍ ဤဓာတ်ခြောက်ပါးခဲကြီးသည် ငါမဟုတ်။ ငါ့ဥစ္စာ လည်းမဟုတ်။ အကြောင်းကြောင့် ဖြစ်၍နေသော သက်သက်သော သုဒ္ဓဓာတုဓမ္မတွေတည်း။ သုဒ္ဓသင်္ခါရဓမ္မတွေ တည်း။ အနိစ္စတရား တွေတည်း။ ဒုက္ခတရား တွေတည်း ဟု တိလက္ခဏာ ထပ်မံ၍ တင်မှု ရှုမှု တူ၏။

မြွေကို အမှိုက်ထုပ်ကို အလွန်စက်ဆုပ် ရွံမုန်း၍ စွန့်လွှတ်ပစ်လိုက်ပြီးလျှင် ဘေးကင်းရာ၌ ဝန်ငြိမ်း၍ ချမ်းသာစွာနေတာနှင့် ဓာတ်ခြောက်ပါးခဲကြီးကို တိလက္ခဏာ ထပ်မံတင်ရှု၍ အလွန်စက်ဆုပ် ရွံမုန်း၍ စွန့်လွှတ်လိုက်ပြီးလျှင် နိဗ္ဗာန်သို့ ပြေးဝင်မှု ဝိရတ္တ ဝိမုတ္တဖြစ်၍ သွားမှု တူ၏။

တပည့်တို့ - ဤကဲ့သို့ ဓာတ်ခြောက်ပါးခဲကြီးကို စွန့်လွှတ်၍ နိဗ္ဗာန်သို့ ပြေးဝင်၍ နိဗ္ဗာန်ကို အာရုံပြု၍ ဝိရတ္တ ဝိမုတ္တဖြစ်၍သွားသော စိတ်စုကို မဂ်စိတ် ဖိုလ်စိတ်ဟု ခေါ်သည်၊ မဂ်စိတ် ဖိုလ်စိတ်ဟု မှတ်ရမည်၊ မှတ်ကြ။

တပည့်တို့ - ဤကဲ့သို့သော အကြောင်းကိုစွဲ၍ –

နေသောဟမသ္မိ နေတံ မေ၊ ဧဝံ တတ္ထ ဝိရဇ္ဇတိ။

ဟူ၍ ဥဒ္ဒေသဝါရ၌ ငါဆရာ ဟောကြားပေ၏။

ပဏ္ဍိတော၊ ပညာရှိသော။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ဣဒံ၊ ဤဓာတ် ခြောက်ပါးခဲကြီကို။
ဧသော၊ ဤဓာတ်ခြောက်ပါးသည်။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်။
ဧတံ၊ ဤဓာတ်ခြောက်ပါးသည်။
မေ၊ ငါ၏။
န သန္တကံ၊ ဥစ္စာမဟုတ်။
ဣတိ၊ ဤသို့။
ဝိပဿတိ၊ ပညာဉာဏ်ဖြင့် ဖန်ဖန်ထပ်ထပ် မပြတ်စေ့ငု မြင်အောင်ရှု၏။
ဧဝံ၊ ဤသို့မြင်သည်ဖြစ်၍။
တတ္ထ၊ ထိုဓာတ်ခြောက်ပါးခဲကြီး၌။
ဝိရဇ္ဇတိ၊ ချစ်ခင် တပ်မက်ခြင်း ကင်း၏။ ဟု အနက်ပေး။

ပရိညာသုံးပါးကို ပြခြင်း

တပည့်တို့ - ဤကမ္မဋ္ဌာန်းလမ်းစဉ်၌ -

  1. ဉာတပရိညာ,
  2. တီရဏပရိညာ,
  3. ပဟာန ပရိညာ ဟု ပရိညာသုံးပါး ရှိသည်။

တပည့်တို့ - “ပထဝီ အာပေါ စ တေဇော စ” အစရှိသော ဥဒ္ဒေသဂါထာ ထားခဲ့သည်မှစ၍ ဤယခု မဂ်ဖိုလ် ပေါ်ဆိုက် သည်တိုင်အောင် ကမ္မဋ္ဌာန်း တရား လမ်းစဉ်ကို ဟောကြားသော အတိုင်း ကောင်းစွာ မှတ်မိအောင် သိအောင် လုပ်တဲ့ ဉာဏ်စုကို ဉာတပရိညာ ဟု ခေါ်သည်။ ဉာတပရိညာဟု မှတ်ကြ။

ဉာတပရိညာဖြင့် မှတ်မိသော သိသောအတိုင်း ကောင်းစွာ ထင်မြင်အောင် စုံစမ်း ဆင်ခြင်တဲ့ နှိုးချိန် ကြည့်ရှုတဲ့ ဉာဏ်စုကို တီရဏပရိညာဟု ခေါ်သည်။ တီရဏပရိညာဟု မှတ်ကြ။

တီရဏပရိညာဖြင့် နှိုင်းချိန်ကြည့်ရှု၍ တိလက္ခဏာကို ကောင်းစွာ ထင်မြင်သော ဉာဏ်မှ စ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် ကျအောင် ဉာဏ်စုကို ပဟာနပရိညာ ဟု ခေါ်သည်။ ပဟာနပရိညာဟု မှတ်ကြ။

တပည့်တို့ - ဤပရိညာ သုံးပါးတို့တွင် အောက်ဉာဘပရိညာ တီရဏပရိညာစုကို ပဋိပဒါနယ် ပဋိပဒါစခန်း, အထက် ပဟာန ပရိညာကို အဘိညာနယ် အဘိညာစခန်း ဟူ၍လည်း မှတ်ကြ။

တပည့်တို့ - ဤကဲ့သို့ ကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ --

ဒေါသစရိုက် ပညာစရိုက်ရှိသော ပုဂ္ဂိုလ်တို့သည် တဏှာပါးခြင်းကြောင့် ဉာဏ်လျင် ခြင်းကြောင့် တိလက္ခဏ ထင်သဖြင့် အာရဒ္ဓဝိပဿက ပုဂ္ဂိုလ် အဖြစ်သို့ ရောက်၍ ပဋိပဒါကို လွန်မြောက်လျှင် လွန်မြောက်ခြင်း နိဗ္ဗိန္ဒဖြစ်လျက် ခဏခြင်း ဓာတ်ခြောက်ပါးတို့ကို စွန့်လွှတ်နိုင်သည်။ ဝိရတ္တ ဝိမုတ္တဖြစ်၍ သွားတည့်နိုင်သည်။

ရာဂစရိုက် မောဟစရိုက် ရှိသော ပုဂ္ဂိုလ်တို့မူသည်ကား တဏှာ အားကြီးခြင်းကြောင့် ဉာဏ်နုန့် နှေးခြင်းကြောင့် တိလက္ခဏာ ထင်သဖြင့် အာရဒ္ဓဝိပဿက ပုဂ္ဂိုလ် အဖြစ်သို့ ရောက်၍ ပဋိပဒါကို လွန်မြောက်ငြားသော်လည်း လျင်မြန်စွာ ကြပ်ကြပ်ကြီး နိဗ္ဗိန္ဒ မဖြစ်တည့်နိုင်ဘူးနိဗ္ဗိန္ဒပင် ဖြစ်သော်လည်း ဓာတ်ခြောက်ပါး သင်္ခါရတရားတို့ကို ရုတ်တရက် မစွန့်လွှတ် တည့်နိုင်ဘူး။ နုန့်နှေး၍ ဒန္ဓာဘိညဖြစ်၍ နေတတ်သည်။ နေသည်။

တပည့်တို့ - ထိုသို့ ဖြစ်၍ နေသောအခါ ဤဓာတ် သင်္ခါရတို့ကို မြန်မြ နိဗ္ဗိန္ဒဖြစ်လျက် စက်ဆုပ် ရွံမုန်း၍ စွန့်လွှတ်တည့်နိုင်အောင် ဒုက္ခလက္ခဏာကို ကြပ်ကြပ် ရှုရသည်၊ သဗ္ဗလောကာနဘိရတိ-သညာကို ကြပ်ကြပ် ပွားများစေရသည်၊ လောက၌ ရှိရှိ သမျှသော ဘေးရန်တွေကို ရှာ၍ ဤ ဓာတ်ခြောက်ပါးပေါ်သို့ ချည်းတင်၍ ရှုရသည်၊ ဤကဲ့သို့ ရှုဆင်ခြင်သောအခါ လျင်မြန်စွာ နိဗ္ဗိန္ဒ ဝိရတ္တ ဝိမုတ္တဖြစ်၍ သွားတော့သည်၊

တပည့်တို့ - လောက၌ ရှိရှိသမျှသော အလုံးစုံသော ဘေးရန် ဒုက္ခတို့သည် ဤ ဓာတ်ခြောက်ပါးခဲကြီး မရှိက မဖြစ်၊ ဤဓာတ်ခြောက် ပါး ခဲကြီးရှိခြင်းကြောင့် ဖြစ်၍ ရှိ၍ နေတာတည်း။ အဲသည်တော့ ဤဓာတ် ခြောက်ပါးခဲကြီးသည် အလုံးစုံ ဘေးရန် ဒုက္ခတို့၏ စုဝေးကျရောက်ရာကြီးတည်းဤဓာတ်ခြောက်ပါးခဲကြီး သည်ပင်လျှင် အလုံးစုံသော ဘေးရန် ဒုက္ခကြီးပင်တည်း၊ တပည့်တို့ - ထင်မြင်အောင် ကြည့်ရှုကြ။

၁။ ဖေဏပိဏ္ဍူပမံ ရူပံ၊ ဝေဒနာ ပုပ္ဖုဠူပမာ။
မရီစိကူပမာ သညာ၊ သင်္ခါရာ ကဒလူပမာ။
မာယူပမဉ္စ ဝိညာဏံ၊ ဒေသိတာဒိစ္စဗန္ဓုနာ။

၂။ ယထာ ယထာ နိဇ္ဈာယတိ၊ ယောနိသော ဥပပရိက္ခတိ။
ရိတ္တကံ တုစ္ဆကံ ဟောတိ၊ ယော နံ ပဿတိ ယောနိသော။

၃။ ဣမဉ္စ ကာယံ အာရဗ္ဘ၊ ဘူရိပညေန ဒေသိတံ။
ပဟာနံ တိဏ္ဏံ ဓမ္မာနံ၊ ရူပံ ပဿထ ဆဍ္ဋိတံ။

၄။ အာယု ဥသ္မာ စ ဝိညာဏံ၊ ယဒါ ကာယံ ဇဟန္တိမံ။
အပဝိဒ္ဓေါ တဒါ သေတိ၊ ပရဘတ္တံ အစေတနံ။

၅။ ဧတာဒိသာယံ သန္တာနော၊ မာယာယံ ဗာလလာပနီ။
ဝဓကော ဧသော အက္ခာတော၊ သာရော ဧတ္ထ န ဝိဇ္ဇတိ။

၆ ။ ဧတေ ခန္ဓေ ပဝေက္ခေယျ၊ ဘိက္ခု အာရဒ္ဓဝီရိယော။
ဒိဝါ ဝါ ယဒိ ဝါ ရတ္တိံ၊ သမ္ပဇာနော ပတိဿတော။

၇။ ဇဟေယျ သဗ္ဗသညောဂံ၊ ကရေယျ သာရကတ္ထိနော။
စရေယျာ ဒိတ္တသီသောဝ၊ ပတ္တယံ အစ္စုတံ ပဒန္တိ။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်လာ ဗုဒ္ဓဘာသိတဖေဏပိဏ္ဍောပမသုတ်။

၁။ ဘိက္ခဝေ၊ ရဟန်းတို့။
ရူပံ၊ ရုပ်သည်။
ဖေဏပိဏ္ဍူပမံ၊ မြဲမြံစရာ ခိုင်မာသော အနှစ်သာရ, ကောင်းမွန် ချမ်းသာစရာ သာယာဘွယ်သော သဘော ဟူသော အနှစ်သာရ, ကိုဝ်ဟုတ်စရာ ဇီဝ ဟူသော အလိုလိုက်ခြင်း ဝသဝတ္တန သဘော ဟူသော အနှစ်သာရတို့မှ ကင်းခြင်းကြောင့် အနှစ်သာရ ဘာမျှမရှိ၊ ပေါင်းငြိစုတွဲ ရေမြှုပ်ခဲကြီးနှင့် တူသော ဥပမာရှိ၏။
ဝေဒနာ၊ ဝိညာဏ် ခြောက်ပါး၌ ပါရှိသော ခြောက်ပါးသော ဝေဒနာစုသည်။
ပုပ္ဖုဠူပမာ၊ မြဲမြံစရာ ခိုင်မာသော အနှစ်သာရ, ကောင်းမွန် ချမ်းသာစရာ သာယာ ဘွယ်သော သဘောဟူသော အနှစ်သာရ, ကိုဝ်ဟုတ်စရာ ဇီဝဟူသော အလို လိုက်ခြင်း ဝသဝတ္တန သဘော ဟူသော အနှစ်သာရတို့မှ ကင်းခြင်းကြောင့် အနှစ်သာရ ဘာမျှမဘက် ရေကြည်ပွက်နှင့်တူသော ဥပမာရှိ၏။
သညာ၊ ဝိညာဏ် ခြောက်ပါး၌ ပါရှိသော ခြောက်ပါးသော သညာစုသည်။
မရီစိကူပမာ၊ မြဲမြံစရာ ခိုင်မာသော အနှစ်သာရ, ကောင်းမွန် ချမ်းသာစရာ သာယာ ဘွယ်သဘော ဟူသော အနှစ်သာရ, ကိုဝ်ဟုတ်စရာ ဇီဝဟူသော အလိုလိုက်ခြင်း ဝသဝတ္တန သဘောဟူသော အနှစ်သာရတို့မှ ကင်းခြင်းကြောင့် အနှစ်သာရ ဘာမျှ မကပ် တံလှပ်နှင့်တူသော ဥပမာရှိ၏။
သင်္ခါရာ၊ ဝိညာဏ်ခြောက်ပါး၌ ပါရှိသော ဖဿ စေတနာ ဝိတက် ဝိစာရ အစရှိသော သင်္ခါရ တရား တို့သည်။
ကဒလူပမာ၊ မြဲမြံစရာ ခိုင်မာသော အနှစ်သာရ, ကောင်းမှုန် ချမ်းသာစရာ သာယာ ဘွယ်သော သဘောဟူသော အနှစ်သာရ, ကိုဝ်ဟုတ်စရာ ဇီဝဟူသော အလို လိုက်ခြင်း ဝသဝတ္တန သဘော ဟူသော အနှစ်သာရတို့မှ ကင်းခြင်းကြောင့် အနှစ်သာရမပါ အကာကိုမျှ ရှာမရသော ငှက်ပျောတုံး ကြီးနှင့် တူသော ဥပမာ ရှိကုန်၏။
ဝိညာဏံ၊ ခြောက်ပါးသော ဝိညာဏ်သည်။
မာယူပမံ၊ မြဲမြံစရာ ခိုင်မာသော အနှစ်သာရ ကောင်းမွန် ချမ်းသာစရာ သာယာဘွယ်သော သဘော ဟူသော အနှစ်သာရ, ကိုဝ်ဟုတ်စရာ ဇီဝဟူသော အလိုလိုက်ခြင်း ဝသဝတ္တန သဘောဟူသော အနှစ် သာရတို့မှ ကင်းခြင်းကြောင့် အနှစ်အမာ ရှာ၍မရ မျက်လှည့်ပြသော အမှုကြီးနှင့်တူသော ဥပမာရှိ၏။
ဣတိ၊ ဤသို့။
အာဒိစ္စ ဗန္ဓုနာ၊ အာဒိစ္စနွယ်ဘွား မြတ်ဘုရားသည်။
ဒေသိတာ၊ ဟောတော်မူအပ်ကုန်၏။

၂။ ယော၊ အကြင်ပညာရှိသည်။
ယထာ ယထာ၊ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။
ယောနိသော၊ သင့်မြတ် လျောက်ပတ်စွာ။
နံ၊ ထိုရုပ် နာမ်လုံးစုံ အမှိုက်ပုံကြီးကို။
နိဇ္ဈာယတိ၊ ဖန်ဖန်ထပ်ထပ် အတတ်မြင်သိ စိုက်၍ကြည့်၏။ ကြံ၏။
ဥပပရိက္ခတိ၊ စေ့စေ့စပ်စပ် ကပ်၍ဝန်းကျင် ရှုဆင်ခြင်၏။
ယောနိသော၊ အသင့်အားဖြင့်။
ပဿတိ၊ ဖန်ဖန်ထပ်ထပ် မပြတ်စေ့ငု မြင်အောင်ရှု၏။
တဒါ၊ ထိုအခါ၌။
နံ၊ ထိုရုပ်နာမ်လုံးစုံ အမှိုက်ပုံကြီးသည်။
ရိတ္တကံ၊ အနှစ်သာရ ဘာမျှမရှိ ဆိတ်လေဘိသည်။
တုစ္ဆကံ၊ သုံးချစရာ မရှိပါ၍ ဗလာထီးထီး အချည်းနှီးသည်။
ဟောတိ၊ ဖြစ်လေ၏။

၃။ ဣမဉ္ဇကာယံ၊ ရုပ်နာမ်စုဝေး ဤအမှိုက်ထွေးကြီးကိုပင်လျှင်။
အာရဗ္ဘ၊ အကြောင်းပြု၍။
ဘူရိပညေန၊ မြေထုသဘွယ် ပညာကျယ်တော်မူသော မြတ်စွာဘုရားသည်။
ဒေသိတံ၊ ရေမြှုပ်အလား စသည်များဖြင့် ပိုင်းခြားရှုမြော် မိန့်မြွက်တော်မူအပ်၏။
တိဏ္ဏံ ဓမ္မာနံ၊ အာယု ဥသ္မ ဝိညာဏနှင့် ဓမ္မဇီဝါ ဤသုံးဖြာတို့သည်။
ပဟာနံ၊ စွန့်ပစ် ကင်းပြတ် ပယ်လေအပ်သည် ဖြစ်၍။
ဆဍ္ဋိတံ၊ သုသာန်၌ စွန့်ပစ်အပ်သော။
ရူပံ၊ ရုပ်ကောင်ပုပ်ဆွေး အမှိုက်ထွေးကြီးကို။
ပဿထ၊ ရှုစမ်းကြပါလော့။

၄။ အာယု စ၊ ဇီဝိတိန္ဒြေသည်၎င်း။
ဥသ္မာ စ၊ ကိုယ်ငွေ့ ဥသ္မာမီးသည်၎င်း။
ဝိညာဏံ၊ ဝိညာဏ်သည်၎င်းး။
ဣမေ တယော ဓမ္မာ၊ အသက်ဟုခေါ်ဆိုရသော ဤသုံးပါးသော တရားတို့သည်။
ယဒါ၊ အကြင်အခါ၌။
ဣမံကာယံ၊ ကိုယ်ကောင် ပုပ်ဆွေး ဤအမှိုက်ထွေးကြီးကို။
ဇဟန္တိ၊ စွန့်ပစ်ကြကုန်၏။
တဒါ၊ ထိုအခါ၌။
အပဝိဒ္ဓေါ လူအပေါင်းတို့ စွန့်ပစ်အပ်သည်ဖြစ်၍။
သေတိ၊ သင်းချိုင်းပေါ်၌ ပျော်ပျော်ဝဝ မထဘယ်ခါ အိပ်ရရှာတော့၏။
အစေတနံ၊ စေ့ဆော် လှုပ်ရှားခြင်းလည်းမရှိ။
ပရ ဘတ္တံ၊ ကျီး, ခွေး, လင်းတ, ပိုးလောက် စသား သူတပါးတို့၏ စားအိုးစားပွဲ ထမင်းခဲကြီးသာ ဖြစ်ဘိ၏။

၅။ ဧတာဒိသီ၊ ဤသို့သဘောရှိသော။
အယံ သန္တာနော-ပဝေဏီ၊ ဤရုပ်အစဉ် အဆက်ကြီးသည်ကား။
ဧဝံ ဤဆိုအပ်ခဲ့ပြီးသော အတိုင်း။
သမ္ဘောတိ၊ ဖြစ်ဘိ၏။
အယံ၊ ဤဝိညာဏ် တရားသည်ကား။
ဗာလ လာပနီ၊ မလိမ်မာငြား လူအများကို လှည့်စားပေးမှု ပြောဆို ပြုတတ်သော။
မာယာ၊ မျက်လှည့်သမားကြီး ပေတည်း။
ဧသော၊ ဤနာမ် ခန္ဓာ ရုပ် အကောင်ပုပ် ကြီးကို။
ဝဓကော၊ သူသတ်ယောကျ်ား အာဏာသားကြီး ဟူ၍။
အက္ခာတော၊ ဟောကြားတော်မူအပ်၏။
ဧတ္ထ၊ ဤရုပ်နာမ်စုဝေးအမှိုက်ထွေးကြီး၌။
သာရော၊ ခိုင်မြဲစရာ နိစ္စသာရ, ချမ်းသာစရာ သုခသာရ, ကိုဝ်ဟုတ်စရာ အတ္တသာရ ဘာတစုံ တခုသော အနှစ်သာရသည်။
န ဝိဇ္ဇတိ၊ အလျဉ်းဧကန် အမှန်တည့်တည့် ဘိတ်မရှိသည် သာလျှင်တည်။

၆။ သမ္ပဇာနော၊ လေးဖြာသမ္ပဇဉ် ဉာဏ်နှင့်ယှဉ်သော။
ပတိဿတော၊ မမေ့မပျောက် ကောင်းစွာထင်သော သတိလည်း ရှိထသော။
အာရဒ္ဓဝီရိယော၊ ပြင်းထန် ထက်သန်သော လုံ့လဝီရိယနှင့် ပြည့်စုံသော။
ဘိက္ခု၊ ရဟန်းမြတ်သည်။
ဝါ၊ ညစ်ယုတ်မာ ကိလေသာကို ချိုးဖဲ့ ဖျက်ဆီးလိုသောသူသည်။
ဒိဝါ ဝါ၊ နေ့အခါ၌၎င်း။
ယဒိ၊ ထိုအတူ။
ရတ္တိံ ဝါ၊ ညဉ့်အခါ၌၎င်း။
ဧတေ ခန္ဓေ၊ ဤခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို။
ပဝေက္ခေယျ၊ ရိတ္တ တုစ္ဆ သဘာဝကို လှလှမြင်သိ ထင်လင်းအောင် ကြည့်ရှုရာ၏။

၇။ သာရကတ္ထိနော၊ အဘိုးတန် အနှစ်သာရကို အလိုရှိသော သူသည်။
အစ္စုတံ၊ သေကြေ ရွေ့လျောခြင်းကင်းသော ကင်းရာဖြစ်သော။
ပဒံ၊ အရိယာတို့သည် ရောက်အပ်သောကြောင့် ပဒ-ဟု အမည်ရသော နိဗ္ဗာန် တရားမြတ်ကို။
ပတ္ထယံ၊ တောင့်တလျက်။
သဗ္ဗသညောဂံ၊ အလုံးစုံသော အတွယ်အတာ သံယောဇဉ် အပေါင်းကို။
ဇဟေယျ၊ ဖြတ်တောက် ပယ်စွန့်ရာ၏။
အာဒိတ္တ သီသောဝ၊ ဦးခေါင်း ဥသျှောင် မီးတောက်လောင်သော သူကဲ့သို့။
ကရေယျ၊ ကပြာကရာ ပြုတည့်ရာ၏။
စရေယျ၊ ကျင့်တည့်ရာ၏။

၁။ ဘာရာ ဟဝေ ဆဓာတုယော၊ ဘာရဟာရော စ ပုဂ္ဂလော။
ဘာရာဒါနံ ဒုက္ခံ လောကေ၊ ဘာရ နိက္ခေပနံ သုခံ။

၂။ နိက္ခိပိတွာ ဂရုံ ဘာရံ၊ အညံ ဘာရံ အနာဒိယံ။
သမူလံ တဏှံ မဗ္ဘုယှ၊ သုခိတာ ဟောထ သာဓဝေါတိ။

သေက္ချဘာသိတဘာရသုတ်။

၁။ သာဓဝေ၊ တပည့်အပေါင်း သူတော်ကောင်းတို့။
ဆဓာတုယော၊ ဓာတ်ခြောက်ပါးတို့သည်။
ဟဝေ၊ စင်စစ်။
ဘာရာ၊ မြင့်မိုရ်တောင်ကြီးမျှမက အလွန်တရာ လေးလှစွာသော ဝန်ထုပ်ကြီးတို့ ပေတည်း။
ပုဂ္ဂလော စ၊ ဣန္ဒကဟူသော နန္ဒမာလာဟူသော ဤသို့ အစရှိသော မည်သူမည်ဝါ ဟူသော ပုဂ္ဂိုလ်စုသည်ကား။
ဘာရဟာရော၊ ဓာတ်ဝန်ထုပ်ကြီးကို ထမ်းပိုး ရွက်ဆောင်ကြသော ဝန်ထမ်းသမားစု ပေတည်း။
သာဓဝေါ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
လောကေ၊ လောက၌။
ဘာရာဒါနံ၊ ဓာတ်ဝန်ထုပ်ကြီးကို ထမ်းပိုး ယူဆောင်ရခြင်းသည်။
ဒုက္ခံ၊ အလွန်တရာ ဆင်းရဲလှစွာ၏။
ဘာရနိက္ခေပနံ၊ ဓာတ်ဝန်ထုပ်ကြီးကို စွန့်ချရခြင်းသည်။
သုခံ၊ အလွန်တရာ ချမ်းသာလှပေ၏။

၂။ သာဓဝေါ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ၊ သင်တို့သည်။
ဂရုံဘာရံ၊ ယခုရှိနေသော လေးလှစွာသော ဓာတ်ဝန်ထုပ်ကြီးကို။
နိက္ခိပိတွာ၊ စွန့်ချကြကုန်၍။
အညံ့ဘာရံ၊ တပါးသော အသစ်ဓာတ် ဝန်ထုပ်ကြီးကိုလည်း။
အနာဒိယံ-အနာဒိယန္တာ၊ မယူမဆောင်မူ၍။
တဏှံ၊ ယူလိုသော တဏှာကို။
သမူလံ၊ အနံ့အသက် အနုသယဟူသော အမြစ်နှင့်တကွ။
အဗ္ဘုယှ၊ နုတ်ပစ်ကြကုန်၍။
သုခိတာ၊ ကိုယ်ပေါ့ စိတ်ပေါ့ ဝန်မရှိဘဲ အမြဲချမ်းသာကြကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော့။

ဣတိ ဆဓာတုသမ္ပိဏ္ဍနာနုသာသနီပဗ္ဗံ

ဣတိ၊ ဤသည်ကား။
ဆ ဓာတု သမ္ပိဏ္ဍနာနုသာသနီပဗ္ဗံ၊ ရုပ်ဓာတ်, နာမ်ဓာတ် ဓာတ်ခြောက်ပါးလုံးကို ပေါင်းရုံး၍ ရှုပုံနည်းပြ ထပ်မံ၍ ဟောကြား ဆုံးမသော ဆ ဓာတု သမ္ပိဏ္ဍနာနုသာသနီပိုင်းတည်း။

တဝည့်တို့ - “ပထဝီ အာပေါစ တေဇောစ” အစရှိသော ဥဒ္ဒေသဂါထာမှစ၍ ယခု မဂ်ဖိုလ်သို့ ဆိုက်ရောက်သည်တိုင်အောင် ဟောပြအပ်ပြီးသော ဝိပဿနာ ကမ္မဋ္ဌာန်း တရားလမ်းစဉ် အကုန် လုံးကို မဂ္ဂင်ရထားဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဆိုက်ရောက်အောင် ပြေးစိုင်းပုံ ပြေးသွားပုံ နိဗ္ဗာနဂမနပိုင်း တခုဟူ၍ မှတ်ရမည်၊ မှတ်ကြ။

ဣတိ နိဗ္ဗာနဂမနပဗ္ဗံ။

နိဗ္ဗာနဂမနပဗ္ဗံ၊ မဂ္ဂင်ရထားဖြင့် နိဗ္ဗာန်မြို့တော်ကြီးသို့ ဆိုက်ရောက်အောင် ပြေးသွားပုံ နိဗ္ဗာနဂမန ပိုင်းသည်။
ဣတိ၊ ဤတွင်ပြီးပြီ။

နိဗ္ဗာနဂမနပိုင်း ပြီး၏။

၆ - နိဗ္ဗာနပဝေသနပိုင်း

▬▬▬▬▬▬▬

တပည့်တို့ - မဂ္ဂင် ရထားဖြင့် နိဗ္ဗာန်သို့ ဆိုက်ရောက်အောင် ပြေးသွားပုံ နိဗ္ဗာနဂမန ပိုင်းကို ဟောကြားပြီး၍ ယခုအခါ မဂ်ဇော, ဖိုလ်ဇော ပေါ်ပုံမှစ၍ အနုပါဒိသေသ နိဗ္ဗာန်သို့ စံဝင်ပုံ နိဗ္ဗာနပဝေသနပိုင်းကို ဟောပြမည်။ သင် တပည့်တို့သည် ကောင်းစွာ နာကြကုန်လော့ ကောင်းစွာ သိမှတ်ကြကုန်လော့။ ဟောပြတော့အံ့။

မဂ္ဂဝီထိကျလာပုံကို ပြခြင်း

တပည့်တို့ - ဓာတ်ဝန်ထုပ်ကြီးကို စွန့်ချခြင်းငှါ ပြုကျင့်၍ ဝိရတ္တ ဝိမုတ္တ ဖြစ်၍ သွားလေသော ထိုအာရဒ္ဓဝိပဿက နိဗ္ဗိန္ဒ ယောဂီပုဂ္ဂိုလ်အား အကြင်အခါ မဂ်ဇော ပေါ်တော့မည်၊ မဂ် အပ္ပနာဝီထိ ကျတော့မည်ဆိုလျှင် စိတ်သည် ဓာတ်ခြောက်ပါးကို အဖန်ဖန် တိလက္ခဏာ တင်ရှုခဲ့၍ ထိုရှုသော ဝိပဿနာ ဇော၏အဆုံး၌ ဘဝင်ကျ၍ တဖန် ဘဝင်မှထပြီးလျှင် ဓာတ်ခြောက်ပါးတွင် --

ရုပ်ဓာတ်ကိုသော်၎င်း,
နာမ်ဓာတ်ကို သော်၎င်း, တခုခုကို
အနိစ္စ အခြင်းအရာ အားဖြင့်သော်၎င်း,
ဒုက္ခ အခြင်းအရာအားဖြင့်သော်၎င်း,
အနတ္တ အခြင်းအရာ အားဖြင့်သော်၎င်း

တခုခုသော အခြင်းအရာအားဖြင့် ဆင်ခြင်လျက် အာရုံပြု၍ အာဝဇ္ဇန်း တကြိမ်ဖြစ်၍ ချုပ်၏။ ၁။

ထိုအာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုအာဝဇ္ဇန်း ဆင်ခြင်သို့ အာရုံပြုသို့ အာရုံကို ပင်လျှင် အာဝဇ္ဇန်း ဆင်ခြင်ပုံ အာရုံပြုပုံအတိုင်း တထပ်တည်း ဆင်ခြင်၍ အာရုံပြု၍ ပရိကံ ၁။ ဥပစာ ၂။ အနုလုံ ၃။ ဟု အစဉ်အတိုင်း ဇော သုံးကြိမ် ဖြစ်၍ ချုပ်၏။

တပည့်တို့ - ဤတတိယ အနုလုံဇောစိတ်သည်ကား ဓာတ်ခြောက်ပါး ရုပ် နာမ် ဒုက္ခ တရားကြီးကို အာရုံပြုလျက်ပင်လျှင် အရွံကြီး ရွံ၍ အမုန်းကြီး မုန်း၍ ဟင် - ဆိုပြီး စွန့်လွှတ်လျက် ချုပ်၍ သွားသည်။ ငါ - နောင် နင့်ကိုမချစ်ဘူး။ မကြည့်ချင် မမြင်ချင်ဘူး, အာရုံမပြုချင်ဘူး, စကားစပ်၍ တောင် မပြောချင်ဘူးဟု အနက် သဘောအားဖြင့် ဆိုလျက် ချုပ်ရင်းစွန့်၍ သွားသည်။ စွန့်ရင်း ချုပ်၍သွားသည်။ အောက်က ဟောပြခဲ့သူ့အတိုင်း စိတ်ဓာတ်၏ သဘောသကန် ဓာတ်နရတ်ကို သိထားကြ။ ပြန်၍ အမှတ်ရကြ တပည့်တို့။

တပည့်တို့ - ဤသို့ အနုလုံဇော စွန့်လွှတ်လိုက်သောအခါ ဓာတ်ခြောက်ပါး ဒုက္ခတရားကြီးကို ချစ်ခင် နှစ်သက်တတ်သော တဏှာ ရာဂနှင့်တကွ အလုံးစုံသော အကုသိုလ် ကိလေသာ အပူတရားတွေ စိတ်သန္တာန်၌ ကင်းပြတ်၍သွားသည်၊ ဤကဲ့သို့ ကိလေသာ အပူတရား ဒုက္ခတရားတွေ ကင်းပြတ်၍ သွားခြင်းကြောင့်၎င်း, ဓာတ်ခြောက်ပါး ဒုက္ခခဲ ဘေးခဲ ဝန်ထုပ်ကြီး ကျ၍ သွားခြင်း ကြောင့်၎င်း, စိတ်သန္တာန်၌ အေးမှု ငြိမ်းမှုသဘော တွေ့လာရ ပေါ်လာရသည်၊ ထိုအခါ စိတ်သည် ဟီး အေးပေပေါ့ ငြိမ်းပေပေါ့ဟု ထိုအေးချမ်းခြင်း ငြိမ်းချမ်းခြင်း သီတိသန္တိသဘောကို ရ၍ ထိ၍ တွယ်၍ ခံစား၍ ထိုအနုလုံဇော၏ အခြားမဲ့၌ ဂေါတြဘုဟု အမည်ရလျက် ဇောတကြိမ် ဖြစ်၍ ချုပ်၏။ ၄။

ထို့နောင် ထိုစိတ်သည် ဟီး - အေးပေပေါ့ ငြိမ်းပေပေါ့ဟု ဤအေးချမ်းခြင်း ငြိမ်းချမ်းခြင်း သီတိသန္တိ သဘောကိုပင်လျှင် ရှေ့ဇောထက် သာလွန်ပြီး များများကြီး ရ၍ ထိ၍ တွယ်၍ စူးစိုက်၍ မှိန်း၍ ခံစား၍ မဂ်ဟု အမည်ရလျက် ဇောတကြိမ် ဖြစ်၍ ချုပ်၏။ ၅။

ထို့နောင် ထိုစိတ်သည် ဟီး - အေးပေပေါ့။ ငြိမ်းပေပေါ့ဟု ဤ အေးချမ်းခြင်း ငြိမ်းချမ်းခြင်း သီတိသန္တိ သဘောကိုပင်လျှင် ရ၍ ထိ၍ တွယ်၍ စူးစိုက်၍ မှိန်း၍ ခံစား၍ ဖိုလ်ဟု အမည်ရလျက် ဇောနှစ်ကြိမ် ဖြစ်၍ ချုပ်၏။ ၆-၇။

တပည့်တို့ - ထိုစိတ်သည် ဤကဲ့သို့ အာဝဇ္ဇန်းမှစ၍ လူ, တက်ပြီး ဖြစ်လာခဲ့ရသာ ကြာသဖြင့် မော၍ အားကုန်၍ ဤဒုတိယ ဖိုလ်ဇော အပြီး၌ ဇောကိစ္စ မရှိဘဲ မိမိ နဂိုပကတိ မူလရင်းအတိုင်း ဘဝင်ဖြစ်၍ ဘဝင်ကျ၍ သွားပြန်လေ၏။ နားပြန်လေ၏။ ခပ်သိမ်းသော ဝီထိမှာပင် ဝီထိစိတ်အဆုံး၌ ဘဝင် ကျသွားတယ်ဆိုသာ စိတ်မောလို့ နားသာ တပည့်တို့။ ။ ပဌမ။

တပည့်တို့ - ဤကဲ့သို့ စိတ်သည် ဖိုလ်ဇောအဆုံး၌ အကြိမ်ပေါင်း သိန်း သန်း ကုဋေမက ဘဝင် ဖြစ်လျက် နား၍ အမော ပြေပြန်သောအခါ ရှေးနည်းတူ ဓာတ်ခြောက်ပါး ရုပ်နာမ် တရားကိုပင်လျှင် အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ တို့တွင် တခုခုသော အခြင်းအရာ အားဖြင့် ဆင်ခြင်၍ အာရုံပြု၍ အာဝဇ္ဇန်းဟု တကြိမ်ဖြစ်၍ ချုပ်ပြန်၏။

ထို့နောင် ထိုစိတ်သည် အာဝဇ္ဇန်း အာရုံပြုချက်အတိုင်း တထပ်တည်း ဆင်ခြင်၍ အာရုံပြု၍ ပရိကံ ဥပစာ အနုလုံဟု ဇောသုံးကြိမ် ဖြစ်၍ချုပ်၏။ ဤ အနုလုံဇော လည်း ရှေးနည်းတူဘဲ စွန့်တယ်။ အကုသိုလ် ကိလေသာတို့ကို ကင်းပြတ်စေတယ် တပည့်တို့။ ထို့နောင် ထိုစိတ်သည် ရှေးနည်းတူဘဲ အေးချမ်းခြင်း ငြိမ်းချမ်းခြင်း သီတိ သန္တိ သဘောကို ရ၍ ထိ၍ တွယ်၍ စူးစိုက်၍ မှိန်း၍ ခံစား၍ ဝေါဒါန် ၄။ မဂ် ၅။ ဖိုလ် ၆။ ဖိုလ် ၇ ဟု ဖြစ်ပြီးလျှင် ဘဝင်ကျ၍ နားပြန်လေ၏။ ။ ဒုတိယ။

ဤနည်းတူဘဲ တပည့်တို့ - နောင်ကိုလည်း မဂ္ဂဝီထိ နှစ်ကြိမ်။ အားလုံး လေးကြိမ် စေ့အောင် ဖြစ်သွား၍ နောက်ဆုံး စတုတ္ထအကြိမ် ဖိုလ်ဇောအဆုံး၌ ဘဝင်ကျ၍ နား၍ အမောပြေသောအခါ အိပ်မက်မက်၍ နိုးလာသောသူ ထိုအိပ်မက်ကို ပြန်၍ ဆင်ခြင် စဉ်းစား အောက်မေ့ဘိသကဲ့သို့ ထိုမဂ်ဝီထိကျလာသော ပုဂ္ဂိုလ်အား မဂ်ကို ဖိုလ်ကို နိဗ္ဗာန်ကို ကုန်ခန်း ကင်းရှင်း၍ သွားလေသော ကိလေသာတို့ကို ဆင်ခြင်စဉ်းစား အောက်မေ့တဲ့ စိတ်တွေ ဉာဏ်တွေ ဇောဝါရတွေ ဖြစ်လာ၏။ ထိုသို့ဖြစ်လာပုံကို ပြတော်မူခြင်းငှါ -

၁။ သေက္ခဿ သိက္ခမာနဿ၊ ဥဇုမဂ္ဂါနုသာရိနော။
ခယသ္မိံ ပဌမံ ဉာဏံ၊ တတော အညာ အနန္တရာ။

၂။ တတော အညာ ဝိမုတ္တဿ၊ ဝိမုတ္တိဉာဏ မုတ္တမံ။
ဥပ္ပဇ္ဇတိ ခယေ ဉာဏံ၊ ခီဏံ သံယောဇနံ ဣတိ။

ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဘုရားရှင် ဟောတော်မူပေ၏။

၁။ ဘိက္ခဝေ၊ ရဟန်းတို့။
ဥဇုမဂ္ဂါနုသာရိနော၊ ဖြောင့်မတ်သော နိဗ္ဗာန်ရောက်ကြောင်း မဂ်လမ်းကြောင်းကြီးကို အစဉ် လိုက်လျက်။
သိက္ခမာနဿ၊ ပြုကျင့်သော။
သေက္ခဿ၊ ယခုတင်ပင် ပြုကျင့်ဆဲဖြစ်၍ သေက္ခဟူ၍ပင် ခေါ်ဆိုအပ်သော ရဟန္တာ ပုဂ္ဂိုလ်အား။
ပဌမံ၊ ရှေးဦးစွာ။
ခယသ္မိံ၊ မဂ်၌။
ဉာဏံ၊ ဆင်ခြင်သော ပစ္စဝေက္ခဏာဇောဉာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တတော အနန္တရာ၊ ထိုမဂ်ကို ဆင်ခြင်ပြီးသည်မှ အခြားမဲ့၌။
အညာ-အညာဉာဏံ အရဟတ္တဖိုလ်ကို ဆင်ခြင်သော ဇောဉာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

၂။ ဘိက္ခဝေ၊ ရဟန်းတို့။
ဝိမုတ္တဿ၊ ကိလေသာတို့မှ ကင်းရှင်း ကျွတ်လွတ်၍ သွားလေသော ထိုရဟန္တာ ပုဂ္ဂိုလ်အား။
တတော အညာ၊ ထိုအရဟတ္တဖိုလ်ကို ဆင်ခြင်ပြီးသည်မှ။
ပရံ၊ နောက်၌။
ဥတ္တမံ၊ လွန်မြတ်သော။
ဝိမုတ္တိ ဉာဏံ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ဇောဉာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တတော၊ ထိုနိဗ္ဗာန်ကို ဆင်ခြင်ပြီးသည်မှ နောက်၌။
မေ၊ ငါ့အား။
သံယောဇနံ၊ ကိလေသာ သံယောဇဉ်အပေါင်းသည်။
ခီဏံ၊ ကုန်လေပြီ။ ကုန်ပေပြီ။
ဣတိ၊ ဤသို့ ဝမ်းမြောက် ဝမ်းသာ။
ခယေဉာဏံ၊ ကုန်လေသော ကိလေသာ၌ ဆင်ခြင်သော ဇောဉာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

တပည့်တို့ - ဤကဲ့သို့ ဆင်ခြင်ပြီးတဲ့ နောက်၌လည်း “ဝိမုတ္တသ္မိံ ဝိမုတ္တမှီတိ ဉာဏံ ဟောတိ၊ ခီဏာ ဇာတိ” စသည် ဆိုသောအတိုင်း ဟီး - ငါကိလေသာ အာသဝေါ တရားတို့မှ ကင်းရှင်းကျွတ်လွတ် ပေပေါ့၊ ပဋိသန္ဓေဇာတိ ကုန်ပေပေါ့၊ မြတ်သော မဂ်အကျင့်ကို သုံးအပ်ပြီးပေပေါ့၊ ဤကဲ့သို့ အာသဝေါ ကင်းအောင် ပဋိသန္ဓေ ဇာတိ ကုန်အောင် ပြုရန်ကိစ္စ အလုပ်ကြီးကို ငါပြုလုပ်၍ ပြီးပေပေါ့၊ ဤ အာသဝေါ ကင်းခြင်း ပဋိသန္ဓေ ဇာတိကုန်စေခြင်း အကျိုးငှါ ငါ့မှာနောက် ပြုလုပ်ဘွယ်ကိစ္စ ဘာမှ မရှိဘူး။ ဟီး - အေးပေါ့ဗျာဟု အပြီးသတ် ဆင်ခြင် ဟိန်းချသော ဇောဉာဏ်တွေလည်း ဖြစ်၏။

တပည့်တို့ - ပဌမ မဂ္ဂဝီထိ၌ ကိလေသာ ကုန်သွားဆိုသော်လည်း ကုန်တန် သရွေ့သာ ကုန်သည်။ အကြွင်းမဲ့ မကုန်သေးဘူး။ ငါးပိအိုးကို တကြိမ်တည်း ဆေးရုံမျှနှင့် အကုန်လုံး မကုန်ဘဲ အကြိမ် များစွာ ဆေးမှ ကုန်ဘိသကဲ့သို့ ထို့အတူ ဤကဲ့သို့ မဂ္ဂဝီထိ လေးကြိမ် လေးဆင့်ကျမှ စိတ်သန္တာန်၌ ကိလေသာ အကြွင်း အကျန်မရှိ။ အကုန်လုံး ကင်းရှင်း ကုန်ခန်းသည်။

တပည့်တို့ - ဤမဂ္ဂဝီထိ လေးကြိမ် လေးဆင့် ရှိသည်တွင် ပဌမမဂ်ဖိုလ်ကို နိဗ္ဗာန်သို့ ရှေးဦးစွာ ဆိုက်ရောက်သော မဂ်ဖိုလ်ဖြစ်၍ သောတာပတ္တိ မဂ်ဖိုလ်ဟု ခေါ်သည်။

ဒုတိယမဂ်ဖိုလ်ကို ဤလူ့ဘုံ ကာမဘုံသို့ အကြိမ်သာ ပဋိသန္ဓေအားဖြင့် ပြန်လာ စေတတ်သော သတ္တိရှိ၍ သကဒါဂါမိ မဂ်ဖိုလ်ဟု ခေါ်သည်။

တတိယ မဂ်ဖိုလ်ကို ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် မပြန်လာစေတတ်သော သတ္တိရှိ၍ အနာဂါမိ မဂ်ဖိုလ်ဟု ခေါ်သည်။

စတုတ္ထ အကြိမ် စတုတ္ထမဂ်ဖိုလ်ကို ရဟန္တာဖြစ်ခြင်း၏ အကြောင်းဖြစ်၍ အရဟတ္တ မဂ်ဖိုလ်ဟု ခေါ်သည်။

တပည့်တို့ - အချို့သော ပုဂ္ဂိုလ်မှာ ဤကဲ့သို့ မဂ် ဖိုလ် လေးဆင့် တရှိန်တည်း အရဟတ္တဖိုလ် ကျအောင် ဖြစ်ပေါ်ဆိုက်ရောက်၍ သွားသည်။ အကြား၌ ရပ်ဆိုင်းခြင်း မရှိ။ ပစ္စဝေက္ခဏာ ဆင်ခြင်ခြင်း မရှိ။ နောက်ဆုံး အရဟတ္တမဂ် ဖိုလ်ပြီးမှပင် ဆင်ခြင်ခြင်း ဖြစ်တော့သည်။

အချို့သော ပုဂ္ဂိုလ်မှာ တတိယ အနာဂါမိမဂ် ဖိုလ်ကျလျှင် တန့်ရပ်၍ နေသည်။
အချို့မှာ ဒုတိယ သကဒါဂါမိမဂ်ဖိုလ်ကျလျှင် တန့်ရပ်၍ နေသည်။
အချို့မှာ ပဌမ သောတာပတ္တိမဂ် ဖိုလ်ကျ ပြီးတွင်ပင် တန့်ရပ်၍ နေသည်။

ဘုရားရှင်ညီတော် အရှင်အာနန္ဒာမှာ ပဌမ သောတာပတ္တိမဂ်ဖိုလ်တွင် တန့်ရပ်နေ၍ နောက်ဖိုလ် သုံးဆင့်တော့ မရပ်မဆိုင်း တရှိန်တည်း ဖြစ်ပေါ်ဆိုက်ရောက်၍ သွားသည်။

တပည့်တို့ - ဤမဂ်ဖိုလ် လေးဆင့် ခရီး၌ တချို့မှာ တခါသာ နားရပ်သည်။ တချို့မှာ နှစ်ခါ တချို့မှာ သုံးခါ တချို့မှာ မဂ်ဖိုလ် တခုပြီး တခါ တခုပြီးတခါ အားဖြင့် လေးခါပင် နားရပ်သည်။

ဤကဲ့သို့ မဂ်ဖိုလ် အဆင့်ဆင့် ရုပ်နားရာ၌ တာလေးရာ မြင့်သော တောင်ကြီးကို တရှိန်တည်း ပြေးတက်၍ တာလေးရာအဆုံး တောင်ထိပ်သို့ကျမှ ရပ်နားသောသူ တာသုံးရာ ပြည့်မှာ နှစ်ရာပြည့်မှာ တရာပြည့်မှာ တရာ တရာ အပြည့် အပြည့် မှာ ရပ်နားကြသော သူတို့ကဲ့သို့ အတူ ဥပမာကို မှတ်ကြ။

ဤအောက်အောက် မဂ်ဖိုလ်တွင် တန့်ရပ်သို့ ပုဂ္ဂိုလ်မှာလည်း ဖိုလ်ဇော အဆုံး ဘဝင်ကျ နား၍ အပြီး၌ ကိုဝ့်သန္တာန်၌ မဂ္ဂဝီထိ ကျသွား ဖြစ်သွားပုံ အခြင်းအရာကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဇောတွေ ဖြစ်ကြသည်ပင် မှတ်ကြ။ ထိုပုဂ္ဂိုလ်စုမှာ ကိလေသာလည်း ကြွင်းကျန်သေးခြင်းကြောင့် ထိုကြွင်းကျန်တဲ့ ကိလေသာကိုလည်း ဆင်ခြင်သည်။

ဤကား မဂ္ဂဝီထိ ကျပုံကို ပြချက်တည်း။

သောတာပတ္တိမဂ်ဖိုလ်၏ အစွမ်းကြီးမားပုံကို ပြခြင်း

တပည့်တို့ - ဤမဂ်ဖိုလ် လေးဆင့် ရှိသည်တွင် အောက်ဆုံး သောတာပတ္တိ မဂ်ဖိုလ်ကို ရ၍ သောတာပန် ဖြစ်ရလျှင်ပင် အပုံကြီး ကျေးဇူးများပြီ။ အဘိုးတန်ပြီ။ ဘုရားရှင်၏ ရွှေရှင်တော်နှစ် သားတော်စစ် ဖြစ်ရပြီ။ သုပ္ပဋိပန္နတာ စသော ကိုးပါးသော ဂုဏ်တို့နှင့် ကောင်းကောင်းကြီး ပြည့်စုံပြီ။

အပါယ်လေးပါးမှလည်း အခြင်းခပ်သိမ်း ကင်းလွတ်ပြီ။ ဖြစ်လေရာရာ သုဂတိဘဝ မှာလည်း ကောင်းမြတ် ချမ်းသာတဲ့ အမျိုးထဲမှာသာ ဖြစ်ရတော့သည်။ လူမင်း, နတ်မင်း ကြီးတွေ ဖြစ်၍ ကာမဂုဏ်ချမ်းသာတွေနှင့် မွေ့လျော်ပျော်ပါး၍ တရား၌ အလွန်ပင် မေ့လျော့၍ နေငြားသော်လည်း အလွန်ဆုံး ခုနစ်ဘဝသာ ပဋိသန္ဓေ နေရတော့၏။ ခုနစ်ခုမြောက် ဘဝကျလျှင် ရဟန္တဖြစ်၍ နိဗ္ဗာန် စံလေဘော့၏။ ရှစ်ခုမြောက်သော ဘဝကို မယူပြီ။ ရှစ်ကြိမ်မြောက် ဘယ်ဘုံ ဘယ်ဘဝမှာမှ မဖြစ်တော့ပြီ။ ထို့ကြောင့်ဘဲ တပည့်တို့ - မြတ်စွာဘုရားရှင်သည် –

န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ” ဟူ၍၎င်း။

အဘဗ္ဗော အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေတုံ” ဟူ၍၎င်း။

သတ္တက္ခတ္တုံ ပရမဉ္ဇ၊ သန္ဓာဝိတွာန ပုဂ္ဂလော။
ဒုက္ခဿန္တံကရော ဟောတိ၊ သဗ္ဗသံယောဇနက္ခယာ” ဟူ၍ ၎င်း၊

သံယုတ်ပါဠိတော် စသည်တို့၌ ဟောတော်မူပေ၏။

တေ၊ ထိုအဖျင်းဆုံး အညံ့ဆုံး သောဘာပန် ပုဂ္ဂိုလ်တို့သည်။
အဋ္ဌမံဘဝံ၊ ရှစ်ကြိမ်မြောက် ဘဝကို။
န အာဒိယန္တိ၊ မယူတော့ကုန်။

သော၊ ထိုကာမဂုဏ် ကြိုက် အဖျင်းဆုံး အညံ့ဆုံး သောတာပန် ပုဂ္ဂိုလ်သည်။
အဋ္ဌမံဘဝံ၊ ရှစ်ကြိမ် မြောက်ဘဝကို။
နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှါ။
အဘဗ္ဗော၊ မထိုက်တော့ပြီ။

ဘိက္ခဝေ၊ ရဟန်းတို့။
ပုဂ္ဂလော၊ ကာမဂုဏ်ကြိုက် အဖျင်းဆုံး အညံ့ဆုံး သောတာပန် ပုဂ္ဂိုလ်သည်။
ပရမံ၊ အလွန်ဆုံးအားဖြင့်။
သတ္တက္ခတ္တုံ စ-သတ္တက္ခတ္တုံ ဧဝ၊ ခုနစ်ကြိမ်သာလျှင်။
သန္ဓာဝိတွာန၊ ကျင်လည်၍။
သဗ္ဗသံယောဇနက္ခယာ၊ နောက်ဆုံး ခုနစ်ခုမြောက်ဘဝ၌ သံယောဇဉ် အလုံးစုံ ကုန်ခန်းခြင်းကြောင့်။
ဒုက္ခဿ၊ သံသရာဝဋ်ဒုက္ခ၏။
အန္တံကရော၊ အဆုံးကို ပြုသည်။
ဟောတိ၊ ဖြစ်၏။

တပည့်တို့ - အခါတပါးလည်း မြတ်စွာဘုရားရှင်သည် လက်မ လက်သည်းပေါ်၌ ဖုံမှုန့်ကို ကော်ယူတင်ထား၍ ရဟန်းတို့ကို ပြပြီးလျှင် ချစ်သားတို့ သောတာပတ္တိ မဂ်ဖိုလ်ကိုရ၍ သောတာပန် ဖြစ်လေသော ပုဂ္ဂိုလ်အား ကုန်လေပြီးသော ဒုက္ခနှင့် ကြွင်းကျန်သေးသော ဒုက္ခ ဘယ်သင်းက များသနည်း ဆိုသော် ကုန်လေပြီးသော ဒုက္ခသည် မဟာပထဝီ မြေကြီးမှာ သဲဖုံမှုန့်ခတွေလောက် များ၏။ ကြွင်းကျန်သော ဒုက္ခသည် ဤငါဘုရားလက်သည်းပေါ်မှာရှိခဲ့ ဖုံမှုန့် လောက်သာ ရှိတော့၏ ဟု ဥပမာနှိုင်းပြ ဟောကြားတော်မူပေ၏။

သောတာပတ္တိ မဂ်ဖိုလ်သို့ ရောက်လိုက်လျှင် အဲသည်လောက် ဒုက္ခတွေလည်း ကင်းချုပ် သွားကုန်၏။ ထိုသောတာပန်ပုဂ္ဂိုလ်၌ ချီးမွမ်းဘွယ် ဂုဏ်ကျေးဇူးတွေကား ပြော၍မကုန်နိုင်အောင် များပြား၏။

တပည့်တို့ - သောတာပတ္တိဖိုလ်ကိုရ၍ သောတာပန်ဖြစ်ရလျှင် ဤကဲ့သို့ အပုံကြီး ကျေးဇူးများသည် အဘိုးတန်သည်၊ အဲသလို အဘိုးတန်ခြင်းကြောင့်ဘဲ တပည့်တို့ - မြတ်စွာဘုရားရှင်သည်–

ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။

ဟူ၍ ဓမ္မပဒပါဠိတော်၌ အနာထပိဏ် သူဌေးကြီးအား ဟောကြားတော်မူပေ၏။

ဂဟပတိ၊ သူဌေးကြီး။
ပထဗျာ၊ မြေပြင်တခုလုံး၌။
ဧကရဇ္ဇေန ဝါ၊ ဧကရာဇ် စကြာမင်းဟူသော တယောက်ထည်းသာ မင်းပြုရခြင်း ထက်၎င်း။
သဂ္ဂဿ၊ နတ်ပြည်ခြောက်ထပ်လုံးသို့။
ဂမနေန ဝါ၊ ရောက်ရခြင်းထက်၎င်း။
သဗ္ဗလောကာဓိပစ္စေန ဝါ၊ ဗြဟ္မာ့ပြည်နှင့်တကွ တလောကလုံးကို အစိုးရခြင်း ထက်၎င်း။
သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်သည်။
ဝရံ၊ မြတ်လှပေ၏။

တပည့်တို့ -
သောတာပန် ဖြစ်ရလျှင်ပင် သို့ကလောက် ကျေးဇူးများပြီ အဘိုးတန်ပြီ၊
သည့်အထက်တက်၍ သကဒါဂါမ်ဖြစ်သည် ရှိသော်ကား အဘယ်မှာ ဆိုဘွယ် ရှိတော့မည်နည်း။
သည့်အထက် တက်၍ အနာဂါမ် ဖြစ်သည် ရှိသော်ကား အဘယ်မှာ ဆိုဘွယ် ရှိတော့မည်နည်း။
သည့်အထက် အရဟတ္တဖိုလ်သို့ ကျ၍ ရဟန္တာဖြစ်သည် ရှိသော်ကား အဘယ်မှာ ဆိုဘွယ် ရှိတော့ မည်နည်း။

အတိုင်းမသိ အသင်္ချေယျ အပ္ပမေယျ ကျေးဇူး များတော့သည် သာပ။ အဘိုးတန်တော့သည်သာပ။

ဤကား မဂ်ဖိုလ်တို့၏ အကျိုး အာနိသင် ကြီးပုံ အဘိုးတန်ပုံကို ပြချက်တည်း။

၁။ တပည့်တို့ - ဤမဂ်လေးဆင့် ဖြစ်သွားရာ၌ မဂ်ပေါ်ပုံ ကိလေသာ ကုန်ပုံ ဘယ်လိုနည်းဆိုသော် တပည့်တို့ - သောတာပတ္တိ မဂ်ဇော အပေါ်တွင် သက္ကာယ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာနှစ်ပါး စိတ်သန္တာန်၌ အကြွင်းအကျန်မရှိ အကုန်လုံး ကင်းပြတ်သည် ချုပ်သည်။ ခုနစ်ဘဝအထက်၌ ဖြစ်စေတတ်သော အပါယ် လေးပါးသို့ လားစေတတ်သော ရာဂကြမ်း ဒေါသကြမ်း မောဟကြမ်း အလုံးစုံသော အကုသိုလ် ကိလေသာ အကြမ်းတို့လည်း ကင်းချုပ်ကြသည်။ ဤအကြောင်း ကိလေသာ ကင်းချုပ်သည်နှင့် တပြိုင်နက် တချက်တည်း ဤအကြောင်းကြောင့် နောင်အပါယ်၌ ခုနစ်ဘဝအထက်၌ ဖြစ်လတ္တံ့သော ဓာတ်ခြောက်ပါး အကျိုးဒုက္ခ တရားတို့လည်း ကင်းပြတ် ချုပ်ပျောက်ကြလေတော့၏၊

အဝိဇ္ဇာယ တွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊ တဏှာယ တွေဝ အသေသ ဝိရာဂ နိရောဓာ ဥပါဒါန နိရောဓော” စသည် ဆိုသောအတိုင်း ပဋိစ္စသမုပ္ပါဒ် စက်ရထားကြီး ကျိုးပြတ်လေတော့၏။

၂။ သကဒါဂါမိ မဂ်တောအပေါ်တွင် ဤလူ့ဘုံ ဤကာမဘုံသို့ တကြိမ်ထက်အလွန် ပြန်လာစေ တတ်သော အတန်ငယ် ထက်သန်သေးသော ရာဂကြမ်း ဒေါသကြမ်း မောဟကြမ်း အလုံးစုံသော အကုသိုလ် ကိလေသာ အကြမ်းတို့သည် ကင်းပြတ် ချုပ်ပျောက်ကုန်၏။ ဤအကြောင်း ကိလေသာ ကြောင့် နောင် ဖြစ်လတ္တံ့သော ဓာတ်ခြောက်ပါး အကျိုးဒုက္ခ တရားတို့လည်း ကင်းပြတ် ချုပ်ပျောက် ကြကုန်၏။ ဒုက္ခရထား ကျိုးပျက်လေ၏။

၃။ အနာဂါမိမဂ်ဇော အပေါ်တွင် ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဤလေးပါး တို့သည် အကြွင်း အကျန်မရှိ အကုန်လုံး ကင်းပြတ်ကြ၏။ ကာမဂုဏ်ကို ခံစား ချင်သော ကာမဘုံ၌ နောင် တဖန် ဖြစ်စေတတ်သော ရာဂ မောဟ အလုံးစုံသော အကုသိုလ် ကိလေသာ အကြမ်းတို့လည်း ကင်းပြတ် ချုပ်ပျောက်ကြကုန်၏။ အကျိုး ဒုက္ခတရားတွေလည်း ကင်းချုပ် ကွယ်ပျောက်ကြကုန်၏။ ဒုက္ခရထား ကျိုးပျက်လေ၏။

၄။ လေးဆင့်မြောက် အရဟတ္တမဂ်ဇော အပေါ်တွင် အလွန်အားနည်း သိမ်မွေ့စွာ ကြွင်းကျန်၍ နေသော ရူပ အရူပဘုံတို့၌ ဖြစ်စေတတ်သော ရာဂ မောဟ မာန ဥဒ္ဓစ္စ ထိန မိဒ္ဓဟူသော အကုသိုလ် ကိလေသာတို့သည် အကြွင်း အကျန်မရှိ အကုန်လုံး ကင်းပြတ် ချုပ်ပျောက်ကြလေတော့၏။ စိတ်သန္တာန်၌ ဘာတစုံတခု ကိလေသာ အညစ်အကြေးမှ မရှိတော့ပြီ။ အတုမရှိ သန့်ရှင်း စင်ကြယ်၍ သွားလေတော့၏။

ထို့ကြောင့်ပင်လျှင် မြတ်စွာဘုရားရှင်သည် -

ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏဟိ သုစိံ သမာဓိံ။
သမာဓိနာ တေန သမော န ဝိဇ္ဇတိ။

ဟူ၍ သုတ္တနိပါတ် ပါဠိတော် ရတနသုတ်၌ ဟောတော်မူ၏။

ဗုဒ္ဓသေဋ္ဌော၊ ဘုရားမြတ်သည်။
ယံသမာဓိံ၊ အကြင် အရဟတ္တမဂ်သမာဓိကို။
သုစိံ၊ ဘာ တစုံတခု ကိလေသာ အညစ်အကြေးမရှိ သန့်ရှင်းစင်ကြယ်၏ ဟူ၍။
ပရိဝဏ္ဏဃိ၊ ချီးမွမ်းတော်မူ၏။
တေန သမာဓိနာ၊ ထိုအရဟတ္တမဂ်သမာဓိနှင့်။
သမော၊ တူမျှသော သမာဓိတရားမည်သည်။
နဝိဇ္ဇတိ၊ မရှိ။

တပည့်တို့ - ဤကဲ့သို့ အကြောင်း အကုသိုလ် သမုဒယ ကင်းချုပ်သည်နှင့် တပြိုင်နက် စုတိကျပြီး နောက်၌ ဖြစ်ပေါ်လတ္တံ့သော ဓာတ်ခြောက်ပါး အကျိုး ဒုက္ခတရားတို့လည်း ကင်းချုပ်ကြကုန်၏။ ပဋိစ္စသမုပ္ပါဒ် စက်ရထားကြီးအစတုံး ကျိုးပျက်လေ၏။

တပည့်တို့ - ဤကိလေသာကုန်ရာ၌ အနုလုံဇောဘင်ခဏ၌ ကုန်သည် ဆိုသော် လည်း တုံးတိတိ တုတ်တုတ်ပြတ် မကုန်သေးဘူး၊ အပ်စာကြိုး ပြတ်ရာ၌ ပြတ်သော နေရာမှ အတန်ငယ် အမျှင်ကလေး ရှည်ထွက်သွားပြီးမှ အစတုံး ကင်းပြတ်ဘိ သကဲ့သို့၎င်း ရန်သူ၏ လည်ပင်းကို ဖြတ်လိုက်၍ လည်ပင်း ပိုင်းပိုင်း ပြတ်လျှင်ပင် သေဆဲဖြစ်၍ သေတော့သည်ဖြစ်၍ သေပြီဟူ၍ ဆိုရ၏။ ဆိုရသော်လည်း အတန်ငယ် ကာလကလေး သွားပြီးမှ အသက် တုတ်တုတ် ပြတ်လေဘိ သကဲ့သို့၎င်း၊

ထို့အတူ အနုလုံဇော စွန့်လိုက်သဖြင့် ဤအနုလုံဇော၏ ဘင်ခဏမှစ၍ ကင်းပြတ်လျက် အတန်ငယ် ကိလေသာ အနံ့အသက် အမျှင် ကလေး ထွက်သွား၍ မဂ်ဇော ဘွားကနဲ အပေါ်တွင်မှ အစတုံး ကင်းပြတ်သည်၊

ဂေါတြဘုဇော ဥပါဒ် ဌီ ဘင်ဟု ချုပ်၍ သွားသော အခါ မိမိ၏ အခြားမဲ့၌ ဖြစ်ပေါ် ရစ်ရန် အနန္တရ သမနန္တရ ပစ္စယ သတ္တိဟူသော မျိုးအညှောက်ကလေး ချန်ထား ပေးပစ်ခဲ့၏။ ထိုမျိုးအညှောက် ကလေးထဲမှာလည်း ကိလေသာ အနံ့အသက် အမျှင်ကလေး ပါရှိသေး၏။

မျိုးအညှောက် ကလေးမှ မဂ်ဟု ဘွားကနဲ စိတ်လုံးဖြစ်ပေါ်၍ အထတွင် ဥပါဒ်တွင် ဤမဂ်စိတ် လုံးထဲ၌ ပါသော မဂ္ဂင်တရားတို့၏ အရှိန်အစော် အာနုဘော် ဗလ အစွမ်းကြောင့် ထို ကိလေသာ မျိုးအညှောက်ကလေး အနံ့ အသက်ကလေး အမျှင် ကလေး တုတ်တုတ်ပြတ် တိတိပြတ် ကင်းရှင်း ချုပ်ပြတ်၍ သွားသည်။ မဂ်စိတ်လုံး ထဲသို့ မပါနိုင်တော့ပြီ။ ဤကဲ့သို့ ကိလေသာသည် ဂေါတြဘု ဘင်နှင့် ပြိုင်၍ ချုပ်သည် မဟုတ်။ မဂ်ပေါ်ဖြစ်မှ ကင်းချုပ်၍ သွားသဖြင့် ကိလေသာကို မဂ်ပယ်သည် ဟု ဆိုရသည်၊

တပည့်တို့ - ဤကဲ့သို့ မဂ်လေးဆင့်လုံး ဆိုင်ရာဆိုင်ရာ သူ့မဂ်နှင့် သူ့ကိလေသာ ပယ်ကြပုံ ကင်းရှင်း ချုပ်ပြတ်ကြပုံကို ကောင်းမွန် သေချာစွာ ကြည့်ကြ မှတ်ကြ။ ထင်မြင်အောင် ကြည့်ရှုကြ။

တပည့်တို့ - ဥပမာဆိုသည်ရှိသော် လူတယောက်သည် လေးလှစွာသော သဲလှည်းဝန်ကို နွားမ တဘက် နွားပိုက်တဘက် ကလျက် နွားမကိုကား အစာ မကျွေးဘဲ ရေမတိုက်ဘဲ နွားပိုက်ကိုသာ အစာကျွေးလျက် ရေတိုက်လျက် အဓွန့်ရှည်သော ခရီးသို့ မရပ်မနား နေ့ရက်များစွာ မောင်းလေ သော် ကြာသောအခါ နွားမသည် အားကုန်လျက် အသက်ကင်းပြတ်၍ သေလေ၏။

ကိုင်း တပည့်တို့ - အသို့နည်း၊
ဤနွားမကို ဘယ်သူသတ်သည်ဟု သင် တပည့်တို့ ဆိုကြမလဲ၊
လှည်းမောင်း ယောက်ျားသတ်သည်ဟု ဆိုကြမလား၊
သို့မဟုတ် နွား ပိုက် သတ်သည်ဟူ၍ပင် ဆိုကြမလား၊
သို့မဟုတ် သူ့ဘာသာသူ သေသည် ဟူ၍ပင် ဆိုကြမလား။

တပည့်တို့ - ဤနွားမသေရာ၌ သူ့ဘာသာသူ အားကုန်၍ အားပြတ်၍ မော၍ သေခြင်းကြောင့် သူ့ဘာသာသူ သေသည် ဟူ၍လည်း ဆိုရ၏။ တဘက်သား နွားပိုက်၏ ဝန်နှင့် အဖိအကြိတ် ဒဏ်ချက်ကို မခံနိုင်၍ သေခြင်းကြောင့် နွားပိုက်သတ်သည် ဟူ၍လည်း ဆိုရ၏။ လှည်းမောင်း ယောက်ျားက အစာရေစာ မကျွေးမွေးဘဲ ဝန်ကိုသာ ရုန်းစေသဖြင့် ညှဉ်းဆဲ၍ သေခြင်းကြောင့် လှည်းမောင်း ယောက်ျား သတ်သည် ဟူ၍လည်း ဆိုရ၏။

ထို့အတူဘဲ တပည့်တို့ - ဤကိလေသာ ကင်းပြတ် ကုန်ခန်းရာ၌ ကိလေသာသည် တီရဏပရိညာမှ စ၍ တဖြည်းဖြည်းပါး၍ ပါး၍လာလျက် မဂ်ခဏ၌ အဆုံးစွန် ပါး၍ ကင်းပြတ်၍ သွားသည်ဖြစ်၍ သူ့ဘာသာသူ ကင်းပြတ် ကုန်ခန်းသည် ဟူ၍လည်း ဆိုရ၏။

သမ္မာဒိဋ္ဌိစသော မဂ္ဂင်တရားတို့၏ အရှိန်အာနုဘော် အစွမ်းဖြင့် လွှမ်းမိုး ဖိကြိတ်သော ဒဏ်ချက်ကြောင့် တဖြည်းဖြည်း ပါး၍ ကင်းပြတ်ရသည် ဖြစ်၍ မဂ်ပယ်သည် မဂ်သတ်သည် ဟူ၍လည်း ဆိုရ၏။

ပုဂ္ဂိုလ်က မဂ္ဂင် တရားတို့ကိုသာ ကြီးထွားသန်စွမ်းအောင် အာရုံ အစာ ကျွေးမွေး၍ ကိလေသာ တရားတို့ကို အာရုံအစာ မကျွေးဘဲ ငတ်စေ၍ ညှဉ်းဆဲသဖြင့် ကင်းပြတ် ရသောကြောင့် ပုဂ္ဂိုလ် သတ်သည် ဟူ၍လည်း ဆိုရ၏။

ထို့ကြောင့်ဘဲ တပည့်တို့ - မဂ်ပုဂ္ဂိုလ်တို့သည် မဂ်ဉာဏ် သန်လျက်ဖြင့် ကိလေသာ ရန်သူတို့ကို ပယ်ဖျက် သတ်ဖြတ်တော်မူကြသည်ဟု ဆိုကြသည်။

ကိလေသာတို့ ကင်းချုပ် ကုန်ခန်းပုံကို ပြခြင်း

တပည့်တို့ ကိလေသာကုန်မှုသည် အညစ်အကြေး ထူသော ကြေးလင်ပန်း ကြေးဖလား ကြေးသပိတ် ဖုံးများကို ပွတ်တိုက်၍ အညစ်အကြေး ဖြူစင်၍ သွားပုံ နှင့်လည်း တူ၏။ အညစ်အကြေး များစွာရှိသော ရွှေငွေများကို အဖန်ဖန် မီးချ၍ အညစ် အကြေး ကုန်ပုံနှင့်လည်း တူ၏။

စိတ်ဓာတ်၌ သံသရာ တည်စမှ စ၍ စွဲကပ်လျက် ပါလာသော ထိုကိလေသာ အညစ်အကြေးတို့သည် တီရဏ ပရိညာမှစ၍ နည်းနည်း, နည်းနည်း တဖြည်းဖြည်း ပါး၍ ပါး၍ ဖြူစင်၍ လာသဖြင့် မဂ်ဇောဖြစ်ပေါ်၍ အထတွင် အစတုံး ဖြူစင် ကင်းရှင်း၍ သွားကြသည်၊ တီရဏ ပရိညာမှစ၍ အညစ် အကြေး ကုန်အောင် ပြုလုပ်ကြတဲ့ စိတ္တက္ခဏ တို့တွင် ကိလေသာ ကင်းပြတ်၍ သွားသော ထိပ်၌ဖြစ်သော ဤစိတ္တက္ခဏကို အထွတ်အထိပ် တင်၍ သူတွင်မှ ကိလေသာတို့ နောင်မဖြစ်ပြန် လာဘဲ အစတုံး အပြတ်အကင်းဖြစ်၍ မဂ်စိတ်ဟု ခေါ်သည်။

ထို့ကြောင့်ဘဲ တပည့်တို့ - မြတ်စွာဘုရားရှင်သည် ကိလေသာကို ဖြူစင် ကင်းပြတ်အောင် ပြုလုပ်ပုံကို–

အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေခဏေ။
ကမ္မာရော ရဇတဿေဝ၊ နိဒ္ဓမေ မလ မတ္တနော။

ဟူ၍ ဓမ္မပဒပါဠိတော်၌ ဟောကြားတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
မေဓာဝီ၊ ပညာရှိသည်။
အနုပုဗ္ဗေန၊ အစဉ်သဖြင့်။
ခဏေ ခဏေ၊ ခဏတိုင်း ခဏတိုင်း။
ထောကံ ထောကံ၊ အတန်ငယ် အတန်ငယ်။
ဝါ၊ နည်းနည်း နည်းနည်း။
ကမ္မာရော၊ ပန်းထိမ်သည်သည်။
ရဇတဿ၊ ရွှေငွေ၏။
မလံ၊ အညစ်အကြေးကို။
နိဒ္ဓမေဣဝ၊ အဖန်ဖန် မီးချလျက် ဖြူစင်အောင် နှင်ထုတ်ဘိသကဲ့သို့။
အတ္တနော၊ မိမိ၏။
မလံ၊ ကိလေသာ အညစ်အကြေးကို။
နိဒ္ဓမေ၊ နှင်ထုတ်ရာ၏။

ဤကား မဂ်ပေါ်ပုံ ကိလေသာ ကုန်ပုံ ချုပ်ပုံ ကင်းပြတ်ပုံကို ပြချက်တည်း။

ဖြောင့်မှန် ကောင်းမြတ်သော နိဗ္ဗာန်တရားကိုယ်ကို လက်ညှိုးထောက်၍ ပြခြင်း

တပည့်တို့ - ဤကိလေသာတို့၏ ကုန်ခြင်း ချုပ်ခြင်းသည် နိဗ္ဗာန်မဟုတ်ဘူး၊ ဤ ကိလေသာ မီးအပူ ကိလေသာ ဒုက္ခတရား ဒုက္ခာန်တို့၏ ကုန်ခန်း ချုပ်ကင်း ခြင်းကြောင့် စိတ်သန္တာန်၌ ဟီး - အေးပေပေါ့ ဟု ဆိုလောက်အောင် အင်မတန် အေးမှု ငြိမ်းချမ်းမှုကြီးကို ရသည်။ အဲသည် အေးမှု ငြိမ်းမှုမှ နိဗ္ဗာန် တပည့်တို့။ ဤအေးမှု ငြိမ်းမှုမှ တပါး မဂ်စိတ် ဖိုလ်စိတ်တို့၏ အာရုံပြုရာ ဆွဲတွယ်ရာ နိဗ္ဗာန် ဟူ၍ ဘယ်မှာမှ မရှိပြီ တပည့်တို့။

မဂ်စိတ် ဖိုလ်စိတ်တို့သည် ဤအေးမှု ငြိမ်းမှု သဘောကိုသာလျှင် သံလိုက် ကောင်းကောင်းကို အပ်တွယ်ဘိသကဲ့သို့ ခိုင်မြဲ ငြိမ်သက်စွာ တွယ်၍ စူးစိုက်၍ ဖြစ်ကြသည်၊ ဂေါတြဘု စိတ်ကိုကား ရှေးဦးစွာ တွယ်ရသည်ဖြစ်၍ အေးမှု ငြိမ်းမှု ကလည်း အားမကောင်းသေးသည် ဖြစ်၍ ကြပ်ကြပ် မခိုင်မြဲ မငြိမ်သက်သေး ခြင်းကြောင့် အပ္ပနာဟု မခေါ်အပ်၊ ဤမဂ်စိတ် ဖိုလ်စိတ်တို့ကိုမှ အာရုံထဲကို ဝင်ဘိသကဲ့သို့ ခိုင်မြဲ ငြိမ်သက်စွာ တွယ်၍ ဖြစ်ကြသောကြောင့် အပ္ပနာဇော ဟူ၍လည်း ခေါ်အပ်ကုန်၏။

မဂ်စိတ် ဖိုလ်စိတ်တို့ နိဗ္ဗာန်ကို တွယ်ပုံကို ပြခြင်း

တပည့်တို့ - ဤနေရာ၌ ဘဲ့နှယ်လဲ ဂေါတြဘုခဏ၌ ကိလေသာမှ မချုပ် မကုန် သေးဘဲနှင့် အေးမှု ငြိမ်းမှုကို ဂေါတြဘုဇော ဘဲ့နှယ် ရနိုင်မတဲ့လဲ။ တွယ်နိုင် အာရုံပြုနိုင်မတဲ့လဲ ဟူ၍ကား မစောဒနာ အပ်ဘူး။ မစောဒနာရဘူး၊ ရပြီးတည်း။ အနုလုံဇောစွန့်လိုက်၍ ဒုက္ခဝန်ထုပ် ကျသွားလျှင်ပင် အေးမှု ငြိမ်းမှုကို ရတော့သည်၊ ကိလေသာ အပူလည်း ချုပ်ဆဲဖြစ်၍ ချုပ်တော့သည် ဖြစ်၍ရတော့သည်၊ ရသော်လည်း မဂ်ဇောကျမှ သာလွန်၍ များများကြီး လုံးလုံးခဲခဲ ပိုင်ပိုင် နိုင်နိုင်ကြီး ရသည်။

တပည့်တို့ - ဤကိလေသာ တရားတို့သည်ကား “နတ္ထိ ရာဂသမော အဂ္ဂိ” စသည်ဖြင့် ဆိုသော အတိုင်း အလွန် ပူပြင်းသော မီးတွေ ဒုက္ခတွေတည်း။ အလွန် ဝန်လေးသော ဝန်ထုပ်ကြီးတွေ ဒုက္ခတရားတွေတည်း တပည့်တို့။

ဤကိလေသာ တို့၏ ပူပြင်းပုံ ဝန်လေးပုံကိုကား ဓမ္မသေနာပတိ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဤသို့ ဟောကြား တော်မူပေ၏။

ဘဝေ သာတံ န ဝိန္ဒာမိ၊ ဒယှန္တော တီဟိ အဂ္ဂီဟိ။
ဘာရိတော ရာဂဘာရေန၊ နေရုံ ဥဒ္ဓရိတော ယထာ။

အပဒါန်ပါဠိတော်

အာဝုသော၊ ငါ့ရှင်တို့။
တီဟိ အဂ္ဂီဟိ၊ ရာဂ,ဒေါသ, မောဟဟူငြား မီးသုံးပါးတို့သည်။
ဒယှန္တော၊ တောက်လောင်အပ်သည်ဖြစ်၍။
အဟံ၊ ငါသာရိပုတ္တရာသည်။
ဘဝေ၊ သံသရာဘဝ၌။
သာတံ၊ သက်သာရာကို။
န ဝိန္ဒာမိ၊ မရပါပြီ။
ရာဂဘာရေန၊ ရာဂတည်းဟူသော ဝန်ထုပ်ကြီးဖြင့်။
ဘာရိတော၊ အလွန်တရာ ဝန်လေးလှဘိ၏။
ယထာ၊ ဝန်လေးပုံ အဘယ်ကဲ့သို့နည်း ဆိုသော်။
နေရုံ၊ မြင့်မိုရ်တောင်ကြီးကို။
ဥဒ္ဓရိတော ယထာ၊ ထမ်းရွက်၍ နေဘိသကဲ့သို့တည်း။

တပည့်တို့ - ကိလေသာကို အပြစ် မထင်မြင်၍ ကိလေသာကို နှစ်သက် ချစ်ခင်၍ မစွန့်လိုဘဲ ကိလေသာနှင့် ပျော်ရွှင် နေထိုင်လိုသောသူမှာ ကိလေသာ ပါးလျှင် နည်းလျှင် မရှိလျှင် အင်မတန် ဝန်ကြီး ဒုက္ခကြီးသည်။ ကိလေသာများမှ မပြတ် ဖြစ်ပေါ်လာမှ အားကြီးမှ ဝန်ပေါ့သည် ချမ်းသာသည်။ ထို့ကြောင့်ဘဲ တပည့်တို့ - အချို့သော သူတို့သည် ကိလေသာ များစေတတ်သော အစာ အာဟာရ စသည် ကိုပင် တမင်သုံးဆောင် အားထုတ်ကြသည်။

ကိလေသာကို အပြစ်ထင်မြင်၍ စွန့်ပစ်လိုသော သူတို့မှာကား ကိလေသာ များလျှင် အင်မတန် ပူမှုကြီး ဝန်ကြီး ဒုက္ခကြီးတည်း။ ဤအရှင် သာရိပုတ္တရာ ထင်မြင်သော အတိုင်း ရာဂတခုတည်း ကိုပင် မြင့်မိုရ်တောင်ကြီးကဲ့သို့ ဝန်လေးစွာ ထင်မြင်သည်၊ ဒေါသ, မောဟ, မာန, ဒိဋ္ဌိစသော ကြွင်းသော ကိလေသာ တခု တခုသည် မြင့်မိုရ်တောင်ကြီး တခု တခုလောက်ပင် ဝန်လေးကြသည်။

တပည့်တို့ - ဤကဲ့သို့ ကိလေသာကို အပြစ်စုဟု ထင်မြင်၍ စွန့်ပယ်ခြင်းငှါ အားထုတ်၍ ထို ကိလေသာ အင်မတန် မီးခဲကြီး ဝန်ထုပ်ကြီး ဒုက္ခကြီး ကင်းချုပ် ခြင်းကြောင့် ထိုအရိယာပုဂ္ဂိုလ်အား မပြောနိုင်အောင် အင်မတန် ကြီးမားတဲ့ အေးမှု ငြိမ်းမှု သဘောကြီးကို ရသည် တပည့်တို့။

ထင်ရှားစွာ ဥပမာဖြင့် ပြဦးအံ့။ တပည့်တို့ - ရာဇဝတ်သင့်၍ နောက်ခုနစ်ရက်လည် မွန်းတည့်ချိန် တွင် သတ်စေဟု မင်းအမိန့် ပေးအပ်သော ရာဇဝတ်သား ယောက်ျားသည် ထိုအမိန့် ပေးချသည့် အခါမှစ၍ အလွန်ပူပြင်းခြင်း ဆင်းရဲခြင်း ဖြစ်၏။ တနေ့ထက် တနေ့လည်း သာလွန်၍ ပူပန်ခြင်း ဆင်းရဲခြင်း ဖြစ်၏။ ထမင်းတောင်မှ စားနိုင်တော့မည် မဟုတ်၊ ရယ်ရွှင်မှုဆိုတာ ဝေးစွ စကားတောင်မှ ပြောနိုင်တော့မည် မဟုတ် တပည့်တို့။ ထိုရာဇဝတ်သား ပူပန်ပုံ ဆင်းရဲပုံကို ထင်မြင်အောင် တွေး၍ကြည့်ကြ။

တပည့်တို့ - ထိုရာဇဝတ်သားသည် နောက်ဆုံး ခုနစ်ရက် မြောက် သတ်ရာကားတိုင် စက်တိုင်၌ အချိန်နာရီ မစေ့ခင် ဆိုင်း၍ အလွန် ပူပန် ဆင်းရဲစွာ နေဆဲအခါ အာဏာပိုင်မင်းက ဤ ရာဇဝတ်သားကို မသတ်စေ နှင့် ချမ်းသာစွာ လွှတ်စေ လွတ်စေ ဘေးမဲ့နေစေဟု အမိန့်လက်မှတ် ပေး၍ ထိုအမိန့်လက်မှတ်ကိုရ၍ ကြည့်ရှု မြင်သိသည်နှင့်တပြိုင်နက် ထိုရာဇဝတ်သား၏ စိတ်သန္တာန်၌ ဟီး - အေးပေပေါ့ ငြိမ်းပေပေါ့ ချမ်းသာပေပေါ့ဟု ဟိန်းချလောက်အောင် အင်မတန် အေးမှု ငြိမ်းချမ်းမှုကြီးကို ရဘိသကဲ့သို့ ထို့အတူဘဲ -

တပည့်တို့ - ဤယောဂီ အရိယာပုဂ္ဂိုလ်အားလည်း မပြောနိုင်အောင် ကြီးကျယ်တဲ့ ကိလေသာ မီးတွေ ဝန်တွေ ဘေးတွေ ဒုက္ခတွေ ချုပ်၍ ကျ၍ ပျောက်၍ ကင်းရှင်း၍ သွားခြင်းကြောင့် မပြောနိုင်အောင် ကြီးမားတဲ့ အင်မတန်အေးမှု ငြိမ်းမှုကြီးကို ရသည်။ အရိယာပုဂ္ဂိုလ်တို့ရသေ့ ဤအေးမှု ငြိမ်းမှု နိဗ္ဗာန်ကြီး၏ ကြီးမားပုံ ချမ်းသာပုံကို သိကြ မြင်ကြပြီလား၊ တပည့်ဘို့ - ထင်မြင်အောင် ကြည့်ရှုကြ။

နိဗ္ဗာန်တရားမြတ်၏ ချမ်းသာပုံကို ပြခြင်း

တပည့်တို့ - ဤအေးချမ်းမှု ငြိမ်းမှု သီတိ သန္တိသဘော နိဗ္ဗာန်ကြီးကိုရသော အရိယာပုဂ္ဂိုလ်ကို တဦးသောသူက မင်း အေးမှု ငြိမ်းမှု နိဗ္ဗာန်ကြီးကို ရဆို ကြီးမားလှဆို ဘယ့်လောက်ကြီးသလဲ ငါ့ကိုပြစမ်းပါဟု ဆိုလျှင်လည်း ထုတ်၍လည်း မပြနိုင်ဘူး တပည့်တို့။ ထုတ်၍ပြစရာ အလုံးအခဲ လည်း မရှိဘူး။

ထိုသို့ အလုံးအခဲ ပြစရာမရှိသဖြင့် မပြနိုင်သဖြင့် မင့် နိဗ္ဗာန် အလုံးအခဲ ဘာမှမရှိ ဘာမှပြစရာ မရှိဘဲကို, အလကားဟာ၊ ယုန်ချို လိပ်မွေး ပုဇွန်သွေးတို့လို စကားမျှသာရှိ၍ အသား မရှိတဲ့ နတ္ထိဘော အဘာဝ ပညတ်တည်း ဟူ၍ကား မဆိုထိုက် မဆိုအပ် မဆိုရဘူး၊

တပည့်တို့ - သူ့ စိတ်သန္တာန် ထဲမှာကား ထိုအေးမှု ငြိမ်းမှု သီတိ သန္တိသဘောကို စိတ်နှင့် ဉာဏ်နှင့် ဧကန်တွေ့ရသည် ခံစားရသည်၊ အဘာဝပညတ် မဟုတ်၊ ပရမတ္ထအားဖြင့် ထင်ရှားဧကန်ရှိသော သဘောတရားတည်း။ သူတပါးကို ထုတ်ပြခြင်းငှါ ဖြစ်ကောင်းသော တရားမဟုတ်၍သာ မပြနိုင်သည်။ ထို့ကြောင့် မဟုတ်လား တပည့်တို့ - -

ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဟူ၍ ဘုရားရှင် ဟောတော်မူသည်။

ဓမ္မော၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သော မဂ်ဖိုလ် နိဗ္ဗာန် တရားကို။
ဝိညူဟိ၊ အရိယာ ပညာရှိတို့သည်။
ပစ္စတ္တံ၊ အသီးအသီး မိမိတို့စိတ်သန္တာန်၌။
ဝေဒိတဗ္ဗော၊ သိအပ် ခံစားအပ်၏။ ဟု အနက်ပေး။

တပည့်တို့ - အသေအချာ စိတ်နှင့် ဉာဏ်နှင့်ရှာလျှင် မရှိဘဲ ပျောက်ကွယ်ခြင်း ဆိုတဲ့ ဖောက်ပြန်၍ သွားသော လူ, နတ်, ယောက်ျား မိန်းမ, ကျောင်း အိမ်, သစ်ပင်စသော အနက်တွေကို ပညတ်ဟူ၍ ခေါ်သည်၊ ဤကဲ့သို့ မရှိခြင်း ပျောက်ကွယ်ခြင်း ဆိုတဲ့ ဖောက်ပြန်မှုဖြစ်၍ မသွားဘဲ စိတ်ထဲ ဉာဏ်ထဲ၌ သဘောကို တွေ့ကောင်းသော အနက် သဘောတွေကို ပရမတ္ထတရားဟူ၍ ခေါ်သည်၊

ထိုပရမတ္ထတရားကား အကြောင်းတရားတို့သည် ပြုအပ်တဲ့ သင်္ခတ ပရမတ်, အကြောင်းတရားတို့ မပြုအပ်တဲ့ အသင်္ခတပရမတ် ဟူ၍ နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတို့တွင် ဤအေးချမ်းခြင်း ငြိမ်းခြင်း သီတိ သန္တိသဘော နိဗ္ဗာန်ကား အသင်္ခတ ပရမတ်တည်း။

တပည့်တို့ - ဤကဲ့သို့ နိဗ္ဗာန်ကို ကောင်းမွန်သေချာ စ္စာသိကြ။ မှတ်ကြ ထင်မြင်အောင် ကြည့်ရှုကြ။ ဤကား မဂ်အာရုံနှင့်တကွ နိဗ္ဗာန်ကို အနုစိတ် တရားကိုယ်ကောက် လက်ညှိုးထောက်၍ ပြချက်တည်း။

နိဗ္ဗာန်ကို သုတ်အမျိုးမျိုးနှင့် နှီးနှော၍ပြခြင်း

တပည့်တို့ - ယခုအခါ ဤနိဗ္ဗာန်ကို အောက် နိဗ္ဗာနကိတ္တနပိုင်းက ဟောပြခဲ့သော သုတ်တို့နှင့်၎င်း၊ ဤမှတပါးသော သုတ်တို့နှင့်၎င်း၊ ထင်ရှားရုံ အနည်းငယ် နှီးနှော တိုက်ဆိုင်၍ ပြဦးအံ့။

တပည့်တို့ - ဤအေးမှု ငြိမ်းမှုသဘော နိဗ္ဗာန်သည် အကြောင်းတရားတို့ ပြုပြင် အပ်သော ပြုပြင်ရတာ ဟုတ်ကြရဲ့လား၊ မဟုတ်ဘူး။ ထို့ကြောင့် “ဝိသင်္ခါရံ” ဟူ၍၎င်း၊ “အသင်္ခတံ” ဟူ၍၎င်း “အကတံ” ဟူ၍၎င်း ဘုရားဟောတော်မူသည်။

ရုပ် နာမ် သင်္ခတ ပရမတ်များကဲ့သို့ ဥပါဒ်အားဖြင့် ဖြစ်ပေါ်လာသည် မဟုတ်ဘူး၊ ဥပါဒ်သဘော ရှိတာ မဟုတ်ဘူး၊ ထို့ကြောင့် “အဇာတံ အဘူတံ အသမုပ္ပန္နံ ဥပ္ပါဒေါ န ပညာယတိ” ဟူ၍ ဟောတော် မူအပ်၏။

ထိုသို့ ဥပါဒ်အားဖြင့် ဖြစ်ပေါ်လာသော တရားမဟုတ်ခြင်းကြောင့် ဖောက်ပြန်ခြင်း ရင့်ဆွေးခြင်း ပျက်စီးခြင်းလည်းမရှိ။ ထို့ကြောင့် “အဝိပရိဏာမံ အဇဇ္ဇရံ အမတံ အစ္စုတံ အစ္စန္တံ အနန္တံ ဝယော န ပညာယတိ ဌိတဿ အညထတ္တံ န ပညာယတိ” ဟူ၍ ဟောတော်မူပေ၏။

ထိုသို့ ဖြစ်ပေါ်လာသော တရားမဟုတ်လျှင် ယုန်ချို လိပ်မွေး ပုဇွန်သွေးတို့ ဆိုတာလို စကားမျှသာ ရှိ၍ အသားမရှိတဲ့ နတ္ထိဘော အဘာဝ ပညတ်လားဆို အဘာဝ ပညတ်လည်းမဟုတ်၊ ပရမတ္ထ အားဖြင့် ထင်ရှားဧကန် ရှိ၏။ ထို့ကြောင့် “သန္တံ” ဟူ၍၎င်း၊ “အတ္ထိ” ဟူ၍၎င်း ဟောတော်မူအပ်၏။

တပည့်တို့ - ဤအေးမှု ငြိမ်းမှု သီတိ သန္တိဓာတ်ကြီးသည် သံသရာဘေး ရောက်၍ ကြောက်လန့် တကြား သွားလေသော ယောဂီ အရိယာ ပုဂ္ဂိုလ်တို့၏ ဆိုက်ရောက်အပ် ဆိုက်ရောက်ရာ ဖြစ်၏၊ တည်ရာ ဖြစ်၏။ မှီခိုရာ ကိုးကွယ်ရာ ပုန်းအောင်းရာ လည်းလျောင်းရာကြီး ဖြစ်၏။

ထို့ကြောင့် “ပဒ ပတ္တ ပတ္တိ” ဟူ၍၎င်း၊
အာယတန ပတိဋ္ဌ ဒီပ ဂါဓ” ဟူ၍၎င်း၊
တာဏ သေဏ သရဏ ပရာယဏ” ဟူ၍၎င်း ဟောတော်မူပေ၏။

ဤ ဂါဓ ဒီပ ပတိဋ္ဌ အာယတနဓ ဟူသော အေးမှု ငြိမ်းမှုတည်ရာကြီးသည်ကား သတ္တဝါတို့ တည်ရပ် ထိုင်နေရာ မြေတောင် ဗိမာန် ကျောင်း အိမ်စသည်များလို အလုံးအခဲ အထည်ဝတ္ထု အနေနှင့် တည်ရာလည်း မဟုတ်၊ ထို့ကြောင့် “အပတိဋ္ဌံ” ဟူ၍ ဟောတော်မူပေ၏။

ဤအေးငြိမ်းမှု အာယတန တည်ရာမြို့တော်ကြီး၌ ဓာတ်လေးပါးလည်း မရှိ၊ နေလ နက္ခတ်လည်း မရှိ၊ ပဋိသန္ဓေ နေရအောင် လာသောသူ စသည်လည်း မရှိ၊ ထို့ကြောင့် “နေဝ ပထဝီ။လ။ နဥဘောစန္ဒိမသူရိယာ နေဝအာဂတိံ ဝဒါမိ၊ နဂတိံ နဌိတိံ နစုတိံ နဥပပတ္တိ” ဟူ၍ ဟောတော်မူပေ၏။

တပည့်တို့ - လောက၌ အဝိဇ္ဇာထက် မည်းမှောင်သော အမိုက်မှောင် ဟူ၍ မရှိ၊ လကွယ် သန်းခေါင် တိမ်တောင်ပိတ်ဆည်း တောကြီးဥမင် ဤအင်္ဂါ လေးပါးနှင့် ပြည့်စုံသော အမိုက်မှောင်ကြီးထက် အဝိဇ္ဇာ အမိုက်မှောင်က သာလွန် မည်းမှောင်သည်၊ နေ တထောင် လ တထောင်တို့ဖြင့်သော်လည်း ပယ်ဖျောက်ခြင်းငှါ မတတ်နိုင်ဟု ပညာရှိတို့ မိန့်ဆိုကြကုန်၏။

သို့ကလောက် မည်းမှောင်သော အဝိဇ္ဇာ အမိုက်မှောင်ကြီးသည်လည်း ဤအေးငြိမ်းမှု နိဗ္ဗာန်ကြီးသို့ ဆိုက်ရောက်လျှင် အကုန်လုံး ကင်းပျောက်ရလေ၏။ အဲသည်တော့ ဤနိဗ္ဗာန်ကြီးသည် လောက၌ ရှိရှိသမျှသော အရောင်အလင်းတို့ထက် သာလွန်၍ အတုမရှိ ထွန်းလင်း တောက်ပသည်ဟု ဆိုရ၏။

ထို့ကြောင့် ဤနိဗ္ဗာန်ကြီးသည် နက္ခတ်တာရာနှင့် လ,နေ နှစ်ပါးတို့ မရှိငြား သော်လည်း မှောင်မိုက် ခြင်းမရှိဘဲ မိမိ၏ဂုဏ်ရောင် ဓာတ်မီးတို့ဖြင့် ပြောင်ပြောင် ဝင်းဝင်း ထွန်းလင်း တောက်ပ၍နေသည်၊ “အနန္တံ သဗ္ဗတော ပဘံ” တည်းဟု ဟောတော်မူသည်။

တပည့်တို့ - ဆဲ့တပါးသော မီးတွေ ကိလေသာတွေ ဒုက္ခတွေ အပြီးတိုင် သေငြိမ်း ကင်းချုပ်ခြင်း ကြောင့် ထိုသေငြိမ်း ကင်းချုပ်သည်နှင့် တပြိုင်နက် အေးမှု ငြိမ်းမှုသဘောကို ရ၏။ ဤအေးမှု ငြိမ်းမှု နိဗ္ဗာန် သီတိ သန္တိ ဓာတ်ကြီးသည် ထိုမီးတွေ ကိလေသာတွေ ဒုက္ခတွေ၏ အဆုံးစွန် သေငြိမ်း ကင်းချုပ်ခြင်း သင်္ခတအပူ ဘင်စွန်းနှင့်လည်း မရောယှက်ဘဲ မထိဘဲ ထိုသင်္ခတအပူ ဘင်စွန်း၏ ရှေ့က ထိပ်တည့်တည့်က ဆီး၍နေ၏။

ထိုမီးတွေ ကိလေသာတွေ ဒုက္ခတွေသည် ဤအေးမှု ငြိမ်းမှု နိဗ္ဗာန် သီတိ သန္တိ ဓာတ်ကြီး၌ ခေါင်းဆိုက်၍ ဆိုက်၍ သေငြိမ်းရ ကင်းချုပ်ကြရကုန်၏။ အဲသည်တော့ ဤအေးမှု ငြိမ်းမှု နိဗ္ဗာန်ကြီးသည် တောမီးတွေ လောင်၍လာသော တောကြီး အလယ်ခေါင် ရေအိုင်ကြီးနှင့်လည်း တူ၏။ ယမားပြင်ကျယ်ကြီး၏ ဘေးရန် ကင်းသဖြင့် ခေမာ မည်သော ဟိုဘက်ကမ်းကြီးနှင့်လည်း တူ၏။ အယုဇ္ဈဘူမိ အမည်ရသော တာဝတိံသာ သုဒဿန မြို့ကြီးနှင့်လည်း တူ၏။ ကိလေသာတို့၏ ကင်းချုပ်ရာ ဌာနကြီးလည်း ဖြစ်၏။ ဒုက္ခတွေ၏ ကင်းချုပ်ရာ ဆုံးရာဌာနကြီးလည်း ဖြစ်၏။ ထို့ကြောင့် -

နိဗ္ဗာနဒဟဒေါ ဝရော၊ ယမှိ ဂိနီ နိရုဇ္ဈရေ” ဟူ၍၎င်း၊
ယသ္မိံ ဝေရာ ဝိလီယရေ” ဟူ၍၎င်း၊
အဂတိ ယတ္ထ မာရ” ဟူ၍၎င်း၊
ယတ္ထ ရာဂေါ နိရုဇ္ဈတိ၊ ယတ္ထ ဒေါသော နိရုဇ္ဈတိ၊ ယတ္ထ မောဟော နိရုဇ္ဈတိ၊ ယတ္ထ ဒုက္ခံ နိရုဇ္ဈတိ” ဟူ၍၎င်း၊
လောကန္တံ” ဟူ၍၎င်း၊
ဧသေဝန္တော ဒုက္ခဿ” ဟူ၍၎င်း၊
သဗ္ဗုပဓိ ပဋိနိဿဂ္ဂေါ ဝဋ္ဋုပစ္ဆေဒေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ” ဟူ၍၎င်း ဟောကြားတော်မူပေ၏။

သဗ္ဗုပဓိ ပဋိနိဿဂ္ဂေါ၊ အလုံးစုံသော ဥပဓိတရားတို့ကို စွန့်ပစ်ရာ ဌာနကြီးတည်း။
ဝဋ္ဋုပစ္ဆေဒေါ၊ ဝဋ်သုံးပါးတို့၏ ကင်းပြတ်ရာ ဌာနကြီးတည်း။
တဏှာက္ခယော၊ တဏှာ၏ ကုန်ခန်းရာ ဌာနကြီးတည်း။
ဝိရာဂေါ၊ ရာဂကင်းရှင်းရာ ဌာနကြီးတည်း။
နိရောဓော၊ သမုဒယ ဒုက္ခနှစ်ပါးတို့၏ ကင်းချုပ်ရာ ဌာနကြီးပေတည်း။
နိဗ္ဗာနံ၊ ဆဲ့တပါးသော မီးတို့၏ သေငြိမ်းရာ ဌာနကြီးတည်း။
ဝါ နိဗ္ဗာနံ-နိဝါနံ၊ တဏှာမှ ကင်းလွတ်ရာ ဌာနကြီးတည်း။ ဟု အနက်ပေး ။

တပည့်တို့ - ဤအေးမှု ငြိမ်းမှု နိဗ္ဗာန် သီတိသန္တိ ဓာတ်ကြီးသည် မိမိလည်း သင်္ခတလောကနှင့် မရောဘဲ လောကကို လွန်၍ လောက၏အဆုံးစွန် ဟိုဘက်မှ ကျွတ်လွတ် ပူးကပ်၍နေ၏၊ မိမိထံသို့ ဆိုက်ရောက်သော ပုဂ္ဂိုလ်တို့ကိုလည်း လောကမှ ကျွတ်လွတ် လွန်မြောက်စေ၏။ ထို့ကြောင့် “နိဿရဏ လောကုတ္တရ” ဟူ၍ ဟောကြားတော်မူပေ၏။

ဤနိဗ္ဗာန်သို့ရောက်လျှင် သတ္တဝါတို့ ဇာတိ ဇရာ စသည်တို့မှ ကင်းလွတ်ကုန်၏။
ထို့ကြောင့် “အဇာတိ မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံဂတာ” ဟူ၍ ဟောတော်မူပေ၏။

နေ့ရက်, နှစ်, လ, ဘဝ, ကမ္ဘာများစွာ ကာလပတ်လုံး တူးနိုင်ပါမှ ကုန်တဲ့ ကိလေသာ မြေတွေကုန်မှ ဤနိဗ္ဗာန်ကြီးသို့ ဆိုက်ထိ တွေ့ရောက်ရ၏။ အလွန် ဉာဏ်သိမ်မွေ့ နက်နဲမှ တွေ့ရောက် သိမြင်အပ်၏။ အလွန်ပင်ပန်းစွာ ပြုကျင့်အားထုတ်မှ တွေ့ရောက် သိမြင်အပ်၏။ ထို့ကြောင့် “ဂမ္ဘီရ နိပုဏ ဒုဒ္ဒသ သုဒုဒ္ဒသ ဒုရနုဗောဓ” ဟူ၍ ဟောတော်မူပေ၏။

ဤအေးငြိမ်းမှု နိဗ္ဗာန်ထက် ကောင်းသာ မြတ်သာ ချမ်းသာသာ ဟူ၍ မရှိ။ ဤ အေးငြိမ်းမှု နိဗ္ဗာန်သည် သာလျှင် အကောင်းဆုံး အမြတ်ဆုံး အချမ်းသာဆုံးတည်း။ ထို့ကြောင့် “သာဓု သုန္ဒရံ အဂ္ဂံ သေဋ္ဌံ ပဏီတံ ပဝရံ ပရမံ ဥတ္တမံ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ နိဗ္ဗာနံ ပရမံ သုခံ” ဟူ၍ ဟောတော်မူပေ၏။

ဤလောက၏ ချုပ်ဆုံးရာ ဒုက္ခခပ်သိမ်း၏ ကင်းချုပ်ရာ အလွန် ကောင်းမြတ် ချမ်းသာတဲ့ ဤ အေးငြိမ်းမှု နိဗ္ဗာန်သဘောသည် ဆင်ယာဉ် မြင်းယာဉ် ခြေကျင်တို့ဖြင့် သွားရောက်အပ် သွားရောက်ကောင်းတာလည်း မဟုတ်။ ထို့ကြောင့် -
န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံဒိသံ။
ဂမနေန န ပတ္တဗ္ဗော၊ လောကဿန္တော ကုဒါစနံ။

ဟူ၍ ဟောတော်မူပေ၏။
မဂ္ဂင်ရထားဖြင့်ကား သွား၍ ရောက်အပ် ရောက်တိုက် ရောက်နိုင်ကောင်း၏။

ထို့ကြောင့် -
'သ ဝေ ဧတေန ယာနေန၊ နိဗ္ဗာနဿေဝ သန္တိကေ” ဟူ၍၎င်း၊
မဂ္ဂင်္ဂိကေန ယာနေန၊ ဧထ သိဿာ ဂမာမှသေ” ဟူ၍၎င်း ဟောကြားတော်မူပေ၏။

တပည့်တို့ - ဤအေးမှု ငြိမ်းမှု သီတိ သန္တိ သဘောကို ဘယ်အခါ၌သာ ရကောင်း ရောက်ကောင်း၏၊ ဘယ်အခါ၌ဖြင့် မရကောင်းဟူ၍ မရှိ။ ရအောင် လုပ်နိုင်သူရှိ၍ လုပ်လျှင် ဘယ်အခါမဆို အခါခပ်သိမ်း၌ပင် ရနိုင်၏။ ထို့ကြောင့် ဤငြိမ်းမှု နိဗ္ဗာန်ကြီးသည် အဘယ်အခါမဆို အခါခပ်သိမ်း ရှိနေ၏။ ထို့ကြောင့် “အနန္တံ သဗ္ဗတော ပဘံ” ဟူ၍ ဟောတော်မူအပ်၏။

အနန္တံ၊ ပျက်စီးခြင်း မရှိသော နိဗ္ဗာန်သည်။
သဗ္ဗတော၊ ခပ်သိမ်းသော အခါ၌။
ပဘံ-ပဘူတံ၊ ထင်ရှား ရှိနေ၏။ဟု အနက်ပေး။

ဤအေးငြိမ်မှု နိဗ္ဗာန်သည် အခါခပ်သိမ်း ထင်ရှား ရှိနေငြားသော်လည်း လောက၌ မြင့်မိုရ်တောင်ကြီး မရွေ့မပြောင်း ထင်ရှားတည်ရှိ နေဘိသကဲ့သို့ ဓူဝံကြယ်ကြီး မရွေ့မပြောင်း ထင်ရှားတည်ရှိ နေဘိ သကဲ့သို့ အမြဲထင်ရှား တည်ရှိနေတာ တရားမျိုးလည်း မဟုတ်။

ထို့ကြောင့် “အပတိဋ္ဌံ အပဝတ္တံ” ဟူ၍ ဟောတော်မူပေ၏။
အပတိဋ္ဌံ၊ မြင့်မိုရ်ဓူဝံ စသည်များကဲ့သို့ မရွေ့မပြောင်း ထင်ရှား တည်ရှိ၍နေသော တရားလည်း မဟုတ်။
အပဝတ္တံ၊ မြင့်မိုရ် ဓူဝံစသည် များကဲ့သို့ အစီအစဉ်ဖြင့် တည်နေသော တရားလည်း မဟုတ်။ ဟုအနက်ပေး။

တပည့်တို့ - မီးပွတ်မည့်သူရှိ၍ ပွတ်လျှင် ဘယ်အခါမဆို မီးဖြစ်နိုင် ရနိုင်သော ကြောင့် လောက၌ မီးအမြဲရှိ၏ဟု ဆိုရဘိသကဲ့သို့ သေမည့်သူ ရှိလာ၍ သေလျှင် ဘယ်အခါမဆို သေခြင်းဖြစ်နိုင် သောကြောင့် လောက၌ သေမင်း အမြဲရှိသည်ဟု ဆိုရဘိသကဲ့သို့ ထို့အတူ ဤနိဗ္ဗာန်၏ အမြဲနေပုံကို သိမှတ်ကြ တပည့်တို့။

ဤအေးငြိမ်းမှု နိဗ္ဗာန်သည် မြင့်မိုရ် ဓူဝံ စသည်များကဲ့သို့ ထင်ရှားတည်ရှိ၍ နေသော တရား မဟုတ်ခြင်းကြောင့် အရပ်မျက်နှာ တည်ရာဌာန၌လည်း မရှိ။ ဘယ် အရပ်မှာ ဘယ်နေရာမှာ အေးမှုငြိမ်းမှု နိဗ္ဗာနဓာတ်ကြီး ရှိနေ၏ဟူ၍ အရပ်မျက်နှာ တည်ရာ ဌာနတို့ဖြင့် မညွှန်းပြအပ်၊ မီးတို့ သေမင်းတို့ကို ဘယ်အရပ်မှာ ဘယ်နေရာမှာ ရှိသည်ဟု မညွှန်းပြအပ်ဘိ သကဲ့သို့တည်း။ ထို့ကြောင့် “နတ္ထိ နိဗ္ဗာနဿ ဌိတော ကာသော” ဟူ၍၎င်း၊ “အနိဒဿနံ” ဟူ၍၎င်း ဟောတော်မူပေ၏။

တပည့်တို့ - ထိုသို့ မညွှန်းအပ်သော်လည်း ဘယ်အရပ်မှာမဆို ဘယ်နေရာမှာမဆို ရအောင်လုပ်လျှင် ရအပ် ရထိုက် ရနိုင်ကောင်းသောကြောင့် ဘယ်အရပ်မှာဖြင့် ဘယ်နေရာမှာဖြင့် ထိုအေးငြိမ်းမှု နိဗ္ဗာန်မရှိဟူ၍လည်း မဆိုအပ် မပယ်အပ်။

တနည်းကား နိဗ္ဗာန်သည် နိဗ္ဗာန်ကို အာရုံပြု၍နေသော ပုဂ္ဂိုလ်ရှိရာ အရပ်မျက်နှာမှာ ရှိ၏။ ထိုပုဂ္ဂိုလ်နေတဲ့ နေရာမှာ ရှိ၏။ ထိုပုဂ္ဂိုလ်၏ မဂ်စိတ် ဖိုလ်စိတ်၌ တည်၏ ဟူ၍ အရပ်မျက်နှာ တည်ရာဌာနတို့ကို ညွှန်းပြအပ်၏။

တပည့်တို့ - ဆင်ယာဉ် မြင်းယာဉ် ခြေကျင် စသည်တို့ဖြင့် သွား၍ မရောက် ကောင်းတဲ့ ဘေးခပ်သိမ်း ရန်ခပ်သိမ်း မီးခပ်သိမ်း ဒုက္ခခပ်သိမ်းတို့၏ ကင်းငြိမ်း ချုပ်ပျောက်ရာ လောက၏ ကုန်ဆုံးရာ အနန္တဂုဏ်နှင့် ပြည့်စုံသော ဤအေးမှု ငြိမ်းမှု နိဗ္ဗာန်ပြည်ကြီး မြို့တော်ကြီး အမတဘူတာရုံတော် ကြီးသည် ဤမဂ်စိတ် ဖိုလ်စိတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ကိုယ်ထဲမှာပင် ရသည် ရှိသည် မဟုတ်ကြလော၊ ဟုတ်၏။

အဲ-ထို့ကြောင့်ဘဲ တပည့်တို့ မြတ်စွာဘုရားသည် သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ - -

အပိ စ ခေါ အာဝုသော ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောကဉ္စ ပညပေမိ၊ လောကသမုဒယဉ္စ၊ လောကနိရောဓဉ္စ၊ လောကနိရောဓဂါမိနိံ ပဋိပဒဉ္စ။

ဟူ၍ လောက၏အဆုံးသို့ ရောက်၍ မအိုမသေ ချမ်းသာစွာ နေခြင်းငှါ ရှာဖွေ ပြေးသွား၍ မတွေ့နိုင် မရောက်နိုင်သော ရောဟိတသ ဗြဟ္မာနတ်သားအား ဟောကြားတော်မူပေ၏။

အာဝုသော၊ အို ဒါယကာနတ်သား။
အပိစခေါ၊ စင်စစ်သော်ကား။
သသညိမှိ၊ သညာရှိသော။
သမနကေ၊ စိတ်ရှိသော။
ဗျာမမတ္တေ၊ တလံမျှလောက်သော။
ဣမသ္မိံယေဝ ကဠေဝရေ၊ ဤကိုယ်ကောင်ကြီး၌ပင်လျှင်။
လောကဉ္စ၊ လောကကိုလည်း။
အဟံ၊ ငါဘုရားသည်။
ပညပေမိ၊ ဟောကြား ပညတ်တော်မူ၏။
လောကသမုဒယဉ္စ၊ လောက ဖြစ်ကြောင်းကို၎င်း။
လောကနိရောဓဉ္စ၊ လောက၏ ချုပ်ဆုံးရာ ဌာနကို၎င်း။
လောကနိရောဓဂါမိနိံ ပဋိပဒဉ္စ၊ လောက၏ ချုပ်ဆုံးရာ ဌာနသို့ ရောက်ကြောင်း အကျင့်တရား ကို၎င်း။
ပညပေမိ၊ ဟောကြား ပညတ်တော်မူ၏။

တပည့်တို့ - ဤကဲ့သို့ ဤအေးငြိမ်းမှု နိဗ္ဗာန်ကို သုတ်အမျိုးမျိုးတို့နှင့်လည်း တိုက်ဆိုင် နှီးနှော ၍လည်း သိကြ မှတ်ကြ တပည့်တို့။

ဤနိဗ္ဗာန်ကို ဟောပြရာ၌ အနိဂ္ဂဟိတသုတ်, သန္တိပဒဉာဏသုတ် အစရှိသော အချို့သော သုတ်တို့မှာ အေးငြိမ်းခြင်း သဘောပေါ်သို့ မကျဘဲ မထိဘဲ မရောက်ဘဲ အေးငြိမ်းခြင်း၏ သည်ဘက် ကိလေသာ ဒုက္ခ သင်္ခတတို့၏ ချုပ်ခြင်းတွင် ဟောပြ၍ ထားသည်။ ထိုသုတ်တို့ကို ချုပ်ခြင်း၏ ဆိုက်ရာ တည်ရာ ဤအေးငြိမ်းခြင်းသဘော နိဗ္ဗာန် အနက်ကိုပင် အထိအရောက် မရ၊ နည်းအားဖြင့် ဆောင်၍ ယူရသော နေယျတ္ထ သုတ်ဟူ၍ မှတ်ကြ။

ဝေဒနာသုတ် အာသဝသုတ် စတုသစ္စသုတ် အစရှိသော အချို့သောသုတ် တို့မှာကား အေးငြိမ်းခြင်း သဘောပေါ်သို့ ကျအောင် ထိအောင် ရောက်အောင် -

ယတ္ထ စေတာ နိရုဇ္ဈန္တိ၊ ယတ္ထ စေတေ နိရုဇ္ဈန္တိ၊ ယတ္ထ ဒုက္ခံ နိရုဇ္ဈတိ၊ ယတ္ထ စ သဗ္ဗသော ဒုက္ခံ ၊ အသေသံ ဥပနိရုဇ္ဈတိ၊ ယမှိ နိရုဇ္ဈန္တိ ဘဝါနိ သဗ္ဗသော။

အစရှိသည်ဖြင့် ချုပ်ခြင်း၏ဆိုင်ရာ ခေါင်းဆိုက်၍ ချုပ်ရာဟု အသေအချာ နိဗ္ဗာန်ကို တည်ရာ အာဓာရထား၍ အာဓာရပုဒ်ဖြင့် ဟောပြတော်မူသည်။ ထိုသုတ်တို့ကိုကား ဟောသောအတိုင်း တိုက်ရိုက် အနက်ရစကောင်းသော နီတတ္ထသုတ် ဟူ၍ မှတ်ကြ၊ ဤကဲ့သို့ နိဗ္ဗာန်ဟောသုတ် တို့ကိုလည်း နေယျတ္ထ နီတတ္ထအားဖြင့် ခွဲ၍ သိမှတ်ကြ။

ဤကား ငြိမ်းခြင်းသဘော နိဗ္ဗာန်ကို အမျိုးမျိုးသော သုတ်နှင့် တိုက်ဆိုင်နှီးနှော၍ ပြချက်တည်း။

---

အရိယာပုဂ္ဂိုလ်တို့ ဖလသမာပတ် ဝင်စားပုံကို ပြခြင်း

တပည့်တို့ - “အရိယ သစ္စာန ဒဿနံ” ဟူသော မင်္ဂလာအရ မဂ္ဂဝီထိဖြင့် အသီးအသီး သစ္စာလေးပါး နိဗ္ဗာန်ကို သိမြင်ကြပြီး၍ ဖိုလ်လေးပါး၌ တည်ကြသော ဖလဋ္ဌာန် အရိယာပုဂ္ဂိုလ် လေးဦးတို့သည် “နိဗ္ဗာန သစ္ဆိကိရိယာစ” ဟူသော မင်္ဂလာဖြစ်အောင် နိဗ္ဗာန်ကို မျက်မှောက် ပြုလိုသောအခါ ဓာတ် ခြောက်ပါး ရုပ် နာမ် သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု အဖန်ဖန် ဝိပဿနာ တင်ရှုလိုက်သော အခါ စိတ်သည် ဘဝင်မှထပြီးလျှင် သင်္ခါရကို အာရုံပြု၍ အာဝဇ္ဇန်း ပရိကံ ဥပစာ အနုလုံဟု ဖြစ်၍ ချုပ်၏။

ထို့နောင် ရှေးက မဂ္ဂဝီထိ ဖြစ်တုန်းအခါက ဖြစ်ဘူး တွေ့ဘူး ရောက်ဘူးသော အလေ့ အတိုင်း နိဗ္ဗာန်ကို အာရုံပြု၍ ဂေါတြဘု ဖိုလ် ဖိုလ်ဟု ဖိုလ်ဇောတွေ စိတ်သန် သလောက် ပုဂ္ဂိုလ် အလိုရှိသလောက် များစွာ ဖြစ်၍နေ၏။ ထို့နောင် ဘဝင် ကျ၍ သင်္ခါရကို အာရုံပြုသော နဂိုပကတိ စိတ်တွေဖြစ်လျက် ဖိုလ်ဇောမှ ထ၏။

ဤသို့ ဖိုလ်ဇောတွေ ကျ၍ ဖြစ်၍ နေသောအခါ အိပ်ပျော်၍ နေသော သူကဲ့သို့ ထိုပုဂ္ဂိုလ်သည် အေးငြိမ်းမှုမှတပါး ဘာကိုမှ မသိတော့ပြီ။ အမှတ်မရတော့ပြီ။ ထိုအခါ အလွန် ကိုယ်စိတ် ချမ်းသာခြင်း ဖြစ်၏ တပည့်တို့။ ဤသို့ နေသည်ကို ဖလသမာပတ်ကို ဝင်စား၍ နေသည် ဟူ၍လည်း ခေါ်သည်။

နိဗ္ဗုတိဘုဉ္ဇမာနာ၊ ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစား၍ နေသည် ဟူ၍လည်း ခေါ်သည်။
နိဗ္ဗာနသစ္ဆိကိရိယာ၊ ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြု၍ နေသည်ဟူ၍လည်း ခေါ်သည်။ မျက်မှောက်ပြု ဆိုသည်ကား မြင်နေတာကို ခေါ်သည်။

တပည့်တို့ - အရိယာပုဂ္ဂိုလ် ဖြစ်တယ်လို့ နိဗ္ဗာန်ကို အခါခပ်သိမ်း အမြဲမြင်နေသည် ဟု မမှတ်ကြနှင့်၊ ဤကဲ့သို့ မဂ်စိတ် ဖိုလ်စိတ် ဖြစ်သောအခါ အာရုံပြု၍ နေသော အခါမှသာ မြင်၍နေသည်။ အာရုံ မပြုတဲ့ အခါမှာကား သင်္ခါရတွေကို အာရုံပြုတဲ့ အမျိုးမျိုးသော စိတ်တွေ ဖြစ်နေကြတာဘဲ၊ အကုသိုလ် မကင်းကုန်သေးသို့ အရိယာတို့မှာ အကုသိုလ် စိတ်တွေလဲ ဖြစ်တဲ့အခါ ဖြစ်နေသေး တာဘဲ တပည့်တို့။

ဤကဲ့သို့ အရိယာတို့ နိဗ္ဗာန်ကို မျက်မှောက် ပြုကြပုံ စိတ်ဖြစ်ကြပုံကိုလည်း ကောင်းမွန်စွာ သိမှတ်ကြ။ ဤကား အရိယာ ပုဂ္ဂိုလ်တို့ နိဗ္ဗာန်ကို မျက်မှောက် ပြုကြပုံ ခံစားပုံ ဖလဝီထိ ကျပုံကို ပြချက်တည်း၊

---

ရဟန္တာပုဂ္ဂိုလ်တို့ နိဗ္ဗာန် စံဝင်ပုံကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ ဓာတ်ခြောက်ပါး ရုပ် နာမ် တရားတို့ကို တိလက္ခဏာ တင်ရှု၍ မဂ်လေးဆင့် လုံးကို ရ၍ ကိလေသာ အကုန်ကင်း၍ ဝိရတ္တဖြစ်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် အကြင်အခါ သေ၏။ ထိုအခါ ရှေးရှေး ကာလက ပြုဘူး၍ စိတ်သန္တာန်၌ ပါ၍ လာသော အပရာပရိယကံ ဥပပဇ္ဇဝေဒနိယကံ ဒိဋ္ဌိဓမ္မ ဝေဒနိယကံ ဟူသော ကမ္မဘဝတွေနှင့်တကွ ယခုရှိ၍ နေသော ပစ္စုပ္ပန် ဘဝခဲကြီး ဓာတ်ခြောက်ပါး ဒုက္ခခဲကြီး အပြီးတိုင် လက်စသတ် စုတိစိတ်ချုပ်သည်နှင့် သေသည်နှင့် တပြိုင်နက်ချုပ်ကြကုန်၏။

ဤဒုက္ခကြီးတွေ ချုပ်ခြင်းကြောင့် ဟီး - အေးပေပေါ့ ငြိမ်းပေပေါ့ဟု ဆိုလောက်အောင် ဟိန်းချ လောက်အောင် မပြောနိုင်အောင် ကြီးမားတဲ့ အင်မတန်အေးမှု ငြိမ်းမှု သီတိသန္တိ ဓာတ်ကြီး နိဗ္ဗာန်ကြီးသည် ထိုဒုက္ခတွေ ချုပ်ခြင်း၏ ရှေ့ကဆီးလျက် ပူးကပ်လျက် ရှိနေ၏။ တပည့်တို့ နိဗ္ဗာန်၏ သဘောကို ရိပ်မိကြ သိကြ နားလည်ကြပြီ မဟုတ်လော။ နိဗ္ဗာန် ဆိုတာ ဒုက္ခချုပ်ခြင်း ရှေ့ကဆီး၍ နေမြဲ ရှိမြဲ ဓမ္မတာတည်း။

လူသေကောင်ထဲ ဝင်၍ နေရသော တုသိတာ နတ်သားကဲ့သို့ အလွန်ဆင်းရဲ ပင်ပန်းစွာ လေးလှ စွာသော ဓာတ်ခြောက်ပါး ဝန်ထုပ်ကြီး စက်ဆုပ်ဘွယ်ကြီး ဘေးခဲ ရန်ခဲကြီး ဒုက္ခခဲကြီးကို ထမ်းပိုး ရွက်ဆောင်၍ နေသော ထိုရဟန္တာ ပုဂ္ဂိုလ်အား ဤဝန်တွေ ဘေးရန် ဒုက္ခတွေ ကင်းချုပ်သွား သောအခါ ထိုချုပ်ခြင်း၏ ရှေ့က အေးမှု ငြိမ်းမှု သီတိသန္တိ သဘောကို နိဗ္ဗာန်ရွှေမြို့တော်ကြီးသည် အဘယ်မှာမရှိဘဲ နေနိုင်တော့မည်နည်း။ ဧကန် ထင်ရှား ပရမတ္ထအားဖြင့် ရှိတော့သည်သာပ၊ ထင်မြင်အောင် ကြည့်ကြ၊

တပည့်တို့ - ထိုရဟန္တာ ပုဂ္ဂိုလ်သည် စုတိစိတ် ချုပ်ပျက် သေဆုံးသည့် အခြားမဲ့၌ ဤအေးငြိမ်းခြင်း သီတိသန္တိဓာတ်ကြီး နိဗ္ဗာန် ရွှေမြို့တော်ကြီးသို့ ဆိုက်ရောက်လျက် သေငြိမ်း၍သွားလေသော မီးတောက်ကဲ့သို့ တခါတည်း ကွယ်ပျောက်လေတော့၏။ ဘယ်မှမသွား မရောက်တော့ပြီ၊ ဘာမှ မဖြစ်တော့ပြီ။ ထို့ကြောင့်ဘဲ တပည့်တို့ - မြတ်စွာ ဘုရားရှင်သည် -

နိဗ္ဗန္တိဓီရာ ယထယံပဒီပေါ၊ ဟူ၍၎င်း၊

၁။ အယောဃန ဟတဿေဝ၊ ဗလတော ဇာတဝေဒသော။
အနုပုဗ္ဗူ ပသန္တဿ၊ ယထာ နညာယတေ ဂတိ။

၂။ ဧဝံ သမ္မာ ဝိမုတ္တာနံ၊ ကာမဗန္ဓော သတာရိနံ။
ပညာပေတုံ ဂတိ နတ္ထိ၊ ပတ္တာနံ အစလံ သုခံ။

ဟူ၍၎င်း၊ သုတ္တနိပါတ် ပါဠိတော် ဥဒါန်းပါဠိတော်၌ ဟောတော်မူပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
အယံပဒီပေါ၊ ဝေသာလီ မင်းသားများ ညှိထွန်း၍ ထားသော ဤဆီမီးတောက်သည်။
နိဗ္ဗာတိယထာ၊ သေငြိမ်းကွယ်ပျောက်၍ သွားလေဘိသကဲ့သို့။
တထာ၊ ထို့အတူ။
ဓီရာ၊ ပညာရှိကုန်သော။
တေ၊ ထိုရဟန္တာပုဂ္ဂိုလ်တို့သည်။
မရဏကာလေ၊ သေသောအခါ၌။
နိဗ္ဗန္တိ၊ ဘာတခုမျှ မဖြစ် စင်စစ်သေငြိမ်း ကွယ်ပျောက်ကြလေကုန်၏။
ဇလတော၊ တပြောင်ပြောင် တောက်လောင်၍ နေစဉ်။
အယော ဃနဟတဿေဝ၊ သံတူဖြင့် ခတ်အပ်သည်ဖြစ်၍။
အနုပုဗ္ဗူပသန္တဿ၊ အစဉ်တစိုက် သေငြိမ်း ကွယ်ပျောက်၍ သွားလေသော။
ဇာတဝေဒသော၊ မီးတောက်၏။
ဂတိ၊ ရပ်ဆယ်မျက်နှာ လားရာဂတိကို။
နညာယတေ ယထာ၊ မသိအပ် မသိနိုင်ဘိသကဲ့သို့။
ဧဝံ၊ ဤအတူ။
ကာမဗန္ဓောဃတာရိနံ၊ ကာမဂုဏ် တည်းဟူသော အနှောင်အဖွဲ့ ဩဃကြီးကို လွန်မြောက်ကြ ကုန်၍။
သမ္မာဝိမုတ္တာနံ၊ ကိလေသာတို့မှ ကောင်းစွာ လွတ်တော်မူကုန်ပြီးသော။
ဝါ - လွတ်တော်မူကုန်သည်ဖြစ်၍။
အစလံ၊ မတုန်မလှုပ် အဟုတ်မြဲမြံသော။
သုခံ၊ နိဗ္ဗာန်ချမ်းသာသို့ နိဗ္ဗာန်မြို့တော်ကြီးသို့။
ပတ္တာနံ၊ ရောက်ကြလေကုန်သော အရှင်မြတ်တို့၏။
ပညာပေတုံ၊ သိစေခြင်းငှါ တတ်နိုင်ကောင်းသော။
ဂတိ၊ သွားရာ ရောက်ရာ လားရာ ဂတိသည်။
နတ္ထိ၊ မရှိပြီ။

---

အရိယာပုဂ္ဂိုလ်တို့ အသီးသီး နိဗ္ဗာန်မြင်ပုံကို ပြခြင်း

တပည့်တို့ - ဤနိဗ္ဗာန်ဆိုသော ကိလေသာ အပူတရား ဒုက္ခတရားတို့နှင့် ဘက်စပ်၍ ရှိရတာ ရအပ်တာတည်း။ ထိုစကားသည် မှန်၏၊၊ တပည့်တို့ - အကယ်၍ လောက၌ ကိလေသာ ဒုက္ခတို့ မရှိငြားအံ့၊ နိဗ္ဗာန်လည်း မရှိပြီ၊ ကိလေသာဒုက္ခတို့ ရှိ၍သာ နိဗ္ဗာန်လည်း ရှိရ၏။ ထို့ကြောင့် သောတာပန် ဖြစ်ရုံမျှနှင့် နိဗ္ဗာန်ကို အချင်းခပ်သိမ်း အကုန်လုံး မရသေး မရောက်သေးဘူး။ မိမိသန္တာန်၌ ကိလေသာ ဒုက္ခတို့ ကင်းချုပ် သမျှလောက် အတွက်ဘဲ အေးငြိမ်းမှု နိဗ္ဗာန်ကိုလည်း ရသေး ရောက်သေးသည်၊

သကဒါဂါမ်လည်း ထိုနည်းတူ၊
အနာဂါမ်လည်း ထိုနည်းတူ၊
ရဟန္တာအဖြစ်သို့ ရောက်သော်လည်း အကြွင်းအကျန်မရှိ အကုန်လုံးသော ကိလေသာတရား အနာဂတ် ခန္ဓာ ဒုက္ခတို့ အကြွင်းအကျန် ကင်းချုပ်မှု အတွက်ဘဲ အေးငြိမ်းမှု နိဗ္ဗာန်ကိုလည်း ရသေး ရောက်သေးသည်။ နိဗ္ဗာန်ကို အချင်းခပ်သိမ်း အကုန်လုံး မရသေး မရောက်သေးဘူး၊ ပစ္စုပ္ပန် ခန္ဓာဝန် ဒုက္ခကြီး ရှိသေးသည်။

ထိုရဟန္တာ ပုဂ္ဂိုလ်တစု သေဆုံး၍ ဤပစ္စုပ္ပန် ခန္ဓာဝန် ဒုက္ခခဲ ဘေးခဲ ရန်ခဲကြီး အပြီးတိုင် လက်စသတ် အချင်းခပ်သိမ်း ချုပ်ဆုံးသော အခါကျမှ အေးငြိမ်းမှု နိဗ္ဗာန်ကိုလည်း အချင်းခပ်သိမ်း အကုန်လုံး ဆိုက်ရောက်သည်။

ထို့ကြောင့် မဟုတ်လား တပည့်တို့ - မြတ်စွာဘုရားရှင်သည် သတ္တင်္ဂုတ္တရ ပါဠိတော်၌—

သော ဘဝေ နရဇ္ဇတိ၊ သမ္ဘဝေ၊ အထုတ္တရိပဒံ သန္တံ သမ္မာ ပညာယ ပဿတိ။
တဉ္စခွဿ ပဒံ န သဗ္ဗေန သဗ္ဗံ သစ္ဆိကတံ ဟောတိ။

အစရှိသည်ဖြင့် ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
သော၊ ထို နောစဿ နောစမေ သိယာ စသည်ဖြင့် ညည်းညူ ပြုကျင့်သော နိဗ္ဗိန္ဒယောဂီ ပုဂ္ဂိုလ်သည်။
ဘဝေ၊ သံသရာဘဝ၌၊
နရဇ္ဇတိ၊ မချစ်ခင် မတပ်မက်။
သမ္ဘဝေ၊ ဘဝဖြစ်ကြောင်း သမုဒယ၌။
န ရဇ္ဇတိ၊ မချစ်ခင် မတပ်မက်။
အထ၊ ထိုအနုလုံဇောဖြင့် အစွမ်းကုန် ချစ်ခင် တပ်မက်ခြင်း ကင်းလိုက်သော အခါ၌။
ဥတ္တရိ၊ အနုလုံဇော၏ အထက်၌။
သန္တံ၊ ငြိမ်းချမ်းခြင်းသဘော ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘောဖြစ်၍ သန္တဟု အမည်ရသော။
ပဒံ၊ နိဗ္ဗာန်ကို။
သမ္မာ၊ ကောင်းစွာ။
ပညာယ၊ ဂေါတြဘုပညာ မဂ်ပညာ ဖိုလ်ပညာဖြင့်။
ပဿတိ၊ တွေ့ရောက် သိမြင်လေ၏။
တဉ္စပဒံ၊ ထိုနိဗ္ဗာန်ကိုကား။
ခေါ၊ စင်စစ်။
အဿ၊ ထိုကိလေသာ ဒုက္ခကြွင်းကျန်သေးသော အရိယာပုဂ္ဂိုလ်သည်။
သဗ္ဗေန သဗ္ဗံ၊ အချင်းခပ်သိမ်း အကုန်လုံး။
သစ္ဆိကတံ၊ မျက်မှောက်ပြုအပ်သည်။
န ဟောတိ၊ မဖြစ်သေး။ ဟု အနက်ပေး။

---

သဥပါဒိသေသ အနုပါဒိသေသနှစ်ပါးကို ပြခြင်း

တပည့်တို့ - ဤသို့ရောက်ရာ၌ သေက္ခပုဂ္ဂိုလ်တို့ ရအပ် ရောက်အပ်သော နိဗ္ဗာန် နှင့်တကွ ရဟန္တာ ပုဂ္ဂိုလ် မသေမီ ရအပ် ရောက်အပ်သော နိဗ္ဗာန်ကို ဥပါဒိသေသ မည်သော ခန္ဓာငါးပါး လေးပါး ရှိစဉ် အခါ ရအပ် ရောက်အပ်သော နိဗ္ဗာန်ဖြစ်၍ သဥပါဒိသေသ နိဗ္ဗာန်ဟု ခေါ်သည်။ သဥပါဒိသေသ နိဗ္ဗာန်ဟုမှတ်။

ဤယခု ရဟန္တာသေပြီးမှ ရောက်အပ်သော နိဗ္ဗာန်ကိုကား ဥပါဒိသေသ မည်သော ခန္ဓာငါးပါး လေးပါး မရှိခါမှ ရောက်အပ်သော နိဗ္ဗာန် ဖြစ်၍ အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်သည်။ အနုပါဒိသေသ နိဗ္ဗာန်ဟု မှတ်ကြ။

တပည့်တို့ - ဤကဲ့သို့ နိဗ္ဗာန်နှစ်မျိုး ရှိပုံကို ပြခြင်းငှါ–

ဒုဝေ ဣမာ စက္ခုမတာ ပကာသိတာ၊
နိဗ္ဗာနဓာတူ အနိဿိတေန တာဒိနာ။
ဧကာ ဟိ ဓာတု ဣဓ ဒိဋ္ဌဓမ္မိကာ၊
သဥပါဒိသေသာ ဘဝနေတ္တိသင်္ခယာ။
အနုပါဒိသေသာ ပန သမ္ပရာယိကာ၊
ယမှိ နိရုဇ္ဈန္တိ ဘဝါနိ သဗ္ဗသော။

ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဘုရားရှင် ဟောတော်မူပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ဘဝနေတ္တိသင်္ခယာ၊ ဘဝတဏှာ၏ ကုန်ရာဖြစ်သော။
ဣဓ-ဒိဋ္ဌဓမ္မိကာ၊ ဤရဟန္တာမသေမီ မျက်မှောက်သော ဘဝ၌ ရအပ် ရောက်အပ်သော။
သဥပါဒိသေသာ၊ သဥပါဒိသေသ မည်သော နိဗ္ဗာန်သည်။
ဧကာ ဟိ ဓာတု၊ တခုသော နိဗ္ဗာနဓာတ်တည်း။
ယမှိ၊ အကြင် အနုပါဒိသေသ နိဗ္ဗာန်ကြီး၌။
ဘဝါနိ၊ ကမ္မဘဝ ဥပပတ္တိဘဝ ဒုက္ခတို့သည်။
သဗ္ဗသော၊ အချင်းခပ်သိမ်း အကုန်လုံး။
နိရုဇ္ဈန္တိ၊ ချုပ်ဆုံးကြကုန်၏။
သမ္ပရာယိကာ၊ သေဆုံးပြီးသည်နောက်မှ ရောက်အပ်သော။
သာပန အနုပါဒိသေသာ၊ ထိုအနုပါဒိသေသနိဗ္ဗာန်သည်။
ဧကာ ဟိ ဓာတု၊ တခုသော နိဗ္ဗာနဓာတ်တည်း။
ဣတိ၊ ဤသို့။
ဒုဝေ၊ နှစ်ပါးကုန်သော။
ဣမာနိ နိဗ္ဗာနဓာတူ၊ ဤနိဗ္ဗာနဓာတ်တို့ကို။
အနိဿိတေန၊ ဘာ တစုံတခုကိုမှ တဏှာအားဖြင့် မှီကပ်ခြင်း ရှိတော်မမူထသော။
တာဒိနာ၊ လာဘာလာဘ စသည်ရှစ်တန် လောကဓံကြောင့် ဖောက်ပြန် တုန်လှုပ်ခြင်းမရှိ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော။
စက္ခုမတာ၊ မြတ်စွာဘုရားသည်။
ပကာသိတာ၊ ဟောပြတော်မူအပ်ကုန်၏။

တပည့်တို့ - လောက၌ ရေမရှိဘူးဆိုလျှင် မျိုးစေ့တွေလည်း မပေါက်နိုင်ဘူး။ မျိုးပျက်ကုန်ပြီဟု ဆိုရဘိသကဲ့သို့ ထို့အတူ သဥပါဒိသေသ နိဗ္ဗာန်၌ ကံအကျိုး ပေးနိုင်ခြင်း၏ အကြောင်းတဏှာ ကုန်ခြင်းကြောင့် ကမ္မဘဝ တွေလည်း နောင် အကျိုး မပေးတော့မှာ ဖြစ်၍ ကုန်ပြီဟု ဆိုရ၍ “သဗ္ဗကမ္မက္ခယံပတ္တော” စသည်ဖြင့် ဘုရားရှင် ဟောတော်မူ၏။

ထိုသို့ ဆိုငြားသော်လည်း စင်စစ်အားဖြင့် ကမ္မဘဝသည် သဥပါဒိသေသ နိဗ္ဗာန်၌ မကုန်သေးဘူး။ ဤအနုပါဒိသေသ နိဗ္ဗာန်ကျမှ ကုန်သည် ချုပ်သည်ဟု မှတ်ကြ။ ဤကဲ့သို့ ကမ္မဘဝတွေကိုပါ သိမ်းကျုံးတော်မူခြင်းငှါ နိဗ္ဗာနဓာတု သုတ်၌ “ဘဝါနိ” ဟူ၍ဟောတော်မူသည်။ ကမ္မဘဝတွေ သဥပါဒိသေသ နိဗ္ဗာန်၌ မချုပ်မကုန် သေးခြင်းကြောင့် မဟုတ်ကြလား။

တပည့်တို့ - ရဟန္တာပုဂ္ဂိုလ်တို့ မသေမီ ရှေးက ပြုဘူးသော ကုသိုလ်ကံ အကုသိုလ် ကံတို့၏ အကျိုး သုခ ဒုက္ခအမျိုးမျိုးတွေကို ခံစားကြရသာ တပည့်တို့။ ဤကဲ့သို့ သဥပါဒိ အနုပါဒိဟု နိဗ္ဗာန်နှစ်ပါး ရှိငြားသော်လည်း နိဗ္ဗာန်၏သဘော တရားကိုယ်မှာ အပူတရားတွေ ဒုက္ခတရားတွေ ချုပ်ခြင်းကြောင့် ရအပ်သော အေးချမ်းခြင်း ငြိမ်းချမ်းခြင်း သဘော တခုတည်းပင်တည်း။ ဤနိဗ္ဗာန်တခုတည်းပင် ဟုမှတ်ကြ။

ချုပ်သော ဒုက္ခတို့အတွက် ရောက်သော ပုဂ္ဂိုလ်အတွက်ကြောင့်သာ များပြား၍ နေတာတည်း။ တပည့်တို့ - ဤအနုပါဒိသေသ နိဗ္ဗာန် ကြီးကို သိမြင်ကြပြီ မဟုတ်လော၊ ကိုင်း အသို့နည်း၊ ဤ အနုပါဒိသေသနိဗ္ဗာန် မြို့တော်ကြီးသည် ရဟန္တာတွေ များစွာ မရောက်လာခြင်း ရောက်လာခြင်း ကြောင့် လျော့ချောင်ခြင်း ပြည့်ကြပ်ခြင်း ဖြစ်နိုင်ကြပါမည်လော၊ မဖြစ်နိုင်ပြီ။

အဲ-ထို့ကြောင့် မြတ်စွာဘုရားရှင်သည် “န တေ နိဗ္ဗာန ဓာတုယာ ဦနတ္တံဝါ ပူရတ္တံဝါ ပညာယတိ” ဟူ၍ ဟောတော်မူသည်။

---

အနုပါဒိသေသနိဗ္ဗာန်၏ ချမ်းသာပုံကိုပြခြင်း

တပည့်တို့ - ဤအနုပါဒိသေသ နိဗ္ဗာန် ချမ်းသာကြီးသည် အချမ်းသာဆုံး အကောင်းဆုံးပင်တည်း။ ထို့ကြောင့် “နိဗ္ဗာန ပတ္တော သာဓု” ဟူ၍ ငါဆရာ ဟောကြားခဲ့ပြီ တပည့်တို့။

ဤကဲ့သို့ အကောင်းဆုံး အချမ်းသာဆုံးပင် ဖြစ်ငြားသော်လည်း ဘဝကို စက်ဆုပ် ရွံမုန်းတဲ့ ရုပ်နာမ် ခန္ဓာကို စက်ဆုပ် ရွံမုန်းတဲ့ ဒုက္ခ ထင်မြင်တဲ့ ပညာရှိသော ယောဂီ ပုဂ္ဂိုလ် အရိယာ ပုဂ္ဂိုလ်တို့မှ သာလျှင် ဟုတ်မှန်သောအတိုင်း ကောင်းသည် ချမ်းသာသည်ဟု နှစ်ခြိုက်စွာ ထင်မြင်နိုင်သည်။

ဘဝကိုမစက်ဆုပ် မရွံမုန်းဘဲ ဘဝနှင့် နှစ်ခြိုက်ပျော်မွေ့တဲ့ ရုပ်နာမ် ခန္ဓာကို မရွံမုန်းဘဲ ဒုက္ခမထင်ဘဲ ရုပ်နာမ်ခန္ဓာ သင်္ခတနှင့် နှစ်ခြိုက် ပျော်မွေ့တဲ့ အန္ဓဗာလ ပုထုဇန်တို့မှာကား ဤနိဗ္ဗာန်ချမ်းသာကြီးကို ချမ်းသာမဟုတ်၊ ဘာမှမသိရ ဘာမှ မခံစားရ ဆေးလိပ်ကလေးများမှ မသောက်ရ ဘာကောင်းသတဲ့ လဲ။ ဘာချမ်းသာ သတဲ့လဲ။ သက်သက်ရွံ့စရာကြီး ကြောက်စရာကြီး ဒုက္ခကြီးတည်း ဟု ထင်မှတ် ပြုလုပ် သမုတ် ခေါ်ဆိုကြသည်။

ထို့ကြောင့်ဘဲ တပည့်တို့ မြတ်စွာဘုရားရှင်သည် သုတ္တနိပါတ်ပါဠိတော်လာ ဒွယတာနုပဿနာသုတ်၌ -

၁။ ရူပါ သဒ္ဒါ ဂန္ဓာ ရသာ၊ ဖဿဓမ္မာစ ကေဝလာ။
ဣဋ္ဌာ ကန္တာ မနာပါ စ၊ ယာဝတာတ္ထီတိ ဝုစ္စတိ။

၂။ သဒေဝကဿ လောကဿ၊ ဧတေ ခေါ သုခသမ္မတာ။
ယတ္ထ စေတေ နိရုဇ္ဈန္တိ၊ တံ နေသံ ဒုက္ခသမ္မတံ။

၃။ သုခံ ဒိဋ္ဌမရိယေတိ၊ သက္ကာယဿု ပရောဓနံ။
ပစ္စနိကမိဒံ ဟောတိ၊ သဗ္ဗလောကေန ပဿတံ။

၄။ ယံ ပရေ သုခတော အာဟု၊ တဒရိယာ ဟု ဒုက္ခတော။
ယံ ပရေ ဒုက္ခတော အာဟု၊ တဒရိယာ သုခတော ဝိဒူ။

ဟူ၍ ဟောတော်မူသည်။

၁။ ဘိက္ခဝေ၊ ရဟန်းတို့။
လောကေ၊ လောက၌။
ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော။
ကန္တာ၊ နှစ်သက်အပ်ကုန်သော။
မနာပါ၊ စိတ်နှလုံးကို ရွှင်ပြုံးပွားများစေတတ်ကုန်သော။
ကေဝလာ၊ အကြွင်းအကျန်မရှိ အလုံးစုံကုန်သော။
ရူပါစ၊ ရူပါ ရုံတို့သည်၎င်း။
သဒ္ဒါ စ၊ သဒ္ဒါရုံတို့သည်၎င်း။
ဂန္ဓာ စ၊ ဂန္ဓာရုံတို့ သည်၎င်း။
ရသာ စ၊ ရသာရုံတို့သည်၎င်း။
ဖဿာ စ၊ ဖောဋ္ဌဗ္ဗာရုံတို့သည်၎င်း။
ဓမ္မာ စ၊ နိဗ္ဗာန်မှ ကြွင်းသော ဓမ္မာရုံတို့သည်၎င်း။
ယာဝတာ၊ အကြင်မျှလောက်။
အတ္ထီတိ၊ ရှိ၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

၂။ ဘိက္ခဝေ၊ ရဟန်းတို့။
သဒေဝကဿ၊ နတ်ဗြဟ္မာနှင့် တကွသော။
လောကဿ၊ အန္ဓဗာလ လူအပေါင်းသည်။
ဧတေ၊ ဤအာရုံခြောက်ပါး ဒုက္ခတရားတို့ကို။
သုခသမ္မတာ၊ ချမ်းသာသုခတွေဟု သမုတ်အပ်ကုန်၏။
ယတ္ထ စ၊ အကြင် နိဗ္ဗာန်ကြီး၌ကား။
ဧတေ၊ ဤအာရုံခြောက်ပါး ဒုက္ခတရားတို့သည်။
နိရုဇ္ဈန္တိ၊ ကြွင်းမဲ့ဥဿုံ အကုန် ချုပ်ဆုံးကြကုန်၏။
တံ၊ ထိုအာရုံခြောက်ပါး ဒုက္ခတရားတို့၏ ချုပ်ဆုံးရာ နိဗ္ဗာန်သုခကြီးကို။
နေသံ၊ ထိုအန္ဓဗာလ ဗြဟ္မာနတ်လူတို့သည်။
ဒုက္ခသမ္မတံ၊ ဘာမှမသိရ မခံစားရ သက်သက် ကြောက်စရာကြီး ဒုက္ခကြီးတည်းဟု သမုတ်အပ်၏။

၃။ ဘိက္ခဝေ၊ ရဟန်းတို့။
သက္ကာယဿ၊ အာရုံခြောက်ပါး သက္ကာယတရားကြီး၏။
ဥပရောဓနံ၊ ချုပ်ဆုံးရာဌာန နိဗ္ဗာန်ကြီးကို။
အရိယေဘိ၊ ယောဂီအရိယာ ပုဂ္ဂိုလ်တို့သည်။
သုခံ၊ အတုမရှိ ချမ်းသာ အစစ်ကြီးတည်းဟု။
ဒိဋ္ဌံ၊ သိမြင်အပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ပဿတံ၊ ဉာဏ်အမြင်နှင့် ပြည့်စုံကြကုန်သော ယောဂီ အရိယာ ပုဂ္ဂိုလ်တို့အား။
သဗ္ဗလောကေန၊ အန္ဓဗာလ တလောကလုံးကြီးနှင့်။
ဣဒံ-ဧဝံပစ္စနိကံ၊ ဤကဲ့သို့ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ကြီးသည်။
ဟောတိ၊ ဖြစ်၍နေ၏။

၄။ ဘိက္ခဝေ၊ ရဟန်းတို့။
ပရေ၊ ယောဂီ အရိယာမှ တပါးသောသူတို့သည်။
ယံ၊ အကြင်တရားကို။
သုခတော၊ ချမ်းသာ သုခကြီးဟူ၍။
အာဟု၊ ဆိုကြကုန်၏။
တံ၊ ထိုပရေကောင် အန္ဓဗာလတို့ သုခဟု ခေါ်ဆိုအပ်သော တရားကို။
အရိယာ၊ ယောဂီ အရိယာပုဂ္ဂိုလ်တို့သည်။
ဒုက္ခတော၊ ဆင်းရဲဒုက္ခကြီးဟူ၍။
အာဟု၊ မိန့်ဆိုကြကုန်၏။
ယံ၊ အကြင်တရားကို။
ပရေ၊ အန္ဓဗာလ ပရေကောင်တို့သည်။
ဒုက္ခတော၊ ဆင်းရဲဒုက္ခကြီးဟူ၍။
အာဟု၊ ထင်မှတ် ခေါ်ဆိုကြကုန်၏။
တံ၊ ထိုအန္ဓဗာလ ပရေကောင်တို့ ဒုက္ခဟု ခေါ်ဆိုအပ်သော တရားကို။
အရိယာ၊ ယောဂီအရိယာ ပုဂ္ဂိုလ်တို့သည်။
သုခတော၊ အတုမရှိ ချမ်းသာသုခကြီးတည်းဟု။
ဝိဒူ၊ သိမြင်တော်မူကြကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝံ ပစ္စနိကံ၊ ဤကဲ့သို့ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ကြီးဖြစ်၍ နေပုံကို။
ပဿ၊ ရှုစမ်းကြလော။

တပည့်တို့ - ဤသုတ်ပါဌ် အနက်ကို အရ ကျက်ဆောင်ကြ၊ အလွန်ကောင်းသည်။ ဤသုတ်ဖြင့် လည်း ဆင်ခြင်စဉ်းစား၍ ဒုက္ခသဘောကိုလည်း ထင်မြင်အောင် ကြည့်၍ ဤနိဗ္ဗာန်၏ ကောင်းပုံ ချမ်းသာပုံကို ကောင်းမွန်စွာသိကြ။ ထင်မြင်အောင် ကြည့်ကြ။

---

နိဗ္ဗာန်စံ ပုဂ္ဂိုလ်တို့ ဖြစ်မဖြစ်ကို မေးမြန်း ဖြေကြားခြင်း

တပည့်တို့ အသို့နည်း ဤနေရာ၌ သင်တပည့်တို့ကို တစုံတယောက်သူက ဘယ့်နှယ် အရှင်ဘုရားတို့ - အာသဝေါ ကုန်ပြီး ရဟန္တာပုဂ္ဂိုလ်သည် -

သေပြီးသည် နောက်၌ ဖြစ်သေးသလား၊
သို့မဟုတ် မဖြစ်ဘဲ ပြတ်တောက် ပျက်ဆုံး၍ သွားသလား၊
သို့မဟုတ် အချို့ကားဖြစ် အချို့မဖြစ်လား၊
သို့မဟုတ် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်ဘူးလဲ မဟုတ်လား၊
ဘယ့်နှယ်ဖြစ်၍ သွားပါသနည်းဟု မေးလာငြားအံ့။

သင်တပည့်တို့က ဘယ့်နှယ်ဖြေကြမလဲ တပည့်တို့။
ဤကဲ့သို့ မေးသည်ရှိသော် ဤကဲ့သို့ ဖြေကြားရာ၏။

အချင်း သူတော်ကောင်း ရုပ်ဓာတ်သည်လည်း ရဟန္တာ ပုဂ္ဂိုလ်မဟုတ်၊
နာမ်ဓာတ်သည်လည်း ရဟန္တာ ပုဂ္ဂိုလ်မဟုတ်၊
ဤရုပ်နာမ်နှစ်ပါးလုံးသည်လည်း ရဟန္တာပုဂ္ဂိုလ်မဟုတ်၊
ဤရုပ်နာမ် နှစ်ပါး၌လည်း ရဟန္တာပုဂ္ဂိုလ်ဟူ၍ မရှိ။
ဤရုပ်နာမ်နှစ်ပါးကို ကြဉ်ထား၍ အခြားတပါးမှာလည်း ရဟန္တာပုဂ္ဂိုလ်ဟူ၍ မရှိ၊

ထိုမရှိသော ပုဂ္ဂိုလ်ကို ဖြစ်သေးသလား၊
မဖြစ်ဘဲ ပြတ်တောက်၍ သွားသလား စသည်ဖြင့် မေးခြင်းသည်
အမြုံမသား သေသလား၊ မသေဘူးလား” စသည် မေးတာနှင့် တူ၏။
ကောင်းကင် ကျိုးပြတ် သွားသလား၊ မပြတ်ဘူးလား စသည် မေးတာနှင့်တူ၏။

ထို့ကြောင့် သင်မေးအပ်သော အမေး လေးခွန်းကို ဘယ်အခွန်းကိုမှ ငါ အီးလိုက်၍ ဖြေခြင်းငှါ မသင့်။ အချင်းသူတော်ကောင်း လောက၌ ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍မရှိ။ ဤဓာတ်ခြောက်ပါး ရုပ်နာမ် တရားတို့သာ ရှိသည်။ ဤရုပ်နာမ်တရားစု သည်ကား အကြောင်းကြောင့် ဖြစ်၍နေတဲ့ သက်သက် အနိစ္စတရားတည်း၊ ဒုက္ခတရားတည်း။

အမှိုက် လောင်စာကို စွဲ၍ တောက်သော မီးတောက်သည် အမှိုက် လောင်စာ ကုန်သောအခါ ငြိမ်းချုပ် ပျောက်၍ သွားလေဘိသကဲ့သို့ ထို့အတူ ဤရုပ်နာမ် ဒုက္ခတရားစုသည် အကြောင်း ကုန်ခြင်းကြောင့် ချုပ်ပျောက်၍ သွားသည်ဟု ဖြေကြားရ၏။

ဤကား အနုပါဒိသေသ နိဗ္ဗာန်၏ သရုပ်သဘောနှင့် တကွ ချမ်းသာပုံနှင့် တကွ နိဗ္ဗာန်စံဝင်ပုံကို ပြချက်တည်း။

---

နိဗ္ဗာန်စံ ပုဂ္ဂိုလ်ကို မာရ်မင်း ရှာမတွေ့ကြောင်း

တပည့်တို့ - ဓာတ်ခြောက်ပါးကို ငါမဟုတ် ငါ့ဥစ္စာလည်း မဟုတ်ဟု ရှုမြင်သဖြင့် ချစ်ခင် တပ်မက်ခြင်း တဏှာ ကင်းရှင်းပြီး၍ ဤကဲ့သို့ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်လေပြီးသော ပညာရှိ ပုဂ္ဂိုလ်ကို အိုဘေး နာဘေး သေဘေးတွေ ညှဉ်းဆဲ နိုင်ကြပါအုံးမလား။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ဘေးတွေ ညှဉ်းဆဲနိုင်ကြပါအုံးမလား။ ဇာတိ ဇရာ ဗျာဓိ စသော နောက်လိုက် စစ်သည် နှင့်တကွ သေခြင်း ဟူသော မစ္စုမာရ်မင်း ရှာ၍ တွေ့နိုင်ကြပါအုံးမလား။ မညှဉ်းဆဲနိုင်ပြီ၊ ရှာ၍မတွေ့ မရနိုင်ပြီ။ နောက်လိုက် ငယ်သား စစ်သည်နှင့်တကွ ဝသဝတ္တီ ဒေပုတ္တမာရ်မင်းကော ရှာ၍ တွေ့နိုင်ပါအုံးမလား မတွေ့နိုင်တော့ပြီ။

အရှင်ဂေါဓိက ဝတ္ထု

တပည့်တို့ - ဘုရားရှင် လက်ထက်တော်က ဂေါဓိက အမည်ရှိသော ရဟန်းတပါးသည် ရောဂေါ ဝေဒနာ ရှိခြင်းကြောင့် ဈာန်ကို ရပြီးမှ ခြောက်ကြိမ် တိုင်အောင် လျှောကျ၍ နောက် ခုနစ်ကြိမ် မြောက် ရပြန်သောအခါ သြော် - ငါသည် ရောဂါဝေဒနာ အတွက်ကြောင့် ဈာန်လျှောကျသာ ခြောက်ကြိမ်တောင်ရှိပြီ။ ယခုလည်း လျှောကျပြန်ဦးမည်။ ဈာန်လျှောကျသော အခါမှာ သေရလျှင် ကာမာဝစရ ကံမျှသာ ရှိသည်ဖြစ်၍ ဂတိမမြဲဘူး၊

ယခု ဈာန်မလျှောကျခင် သေရလျှင်ဖြင့် ငါသည် ဂတိမြဲ၏။ ဗြဟ္မာပြည်သို့ ရောက်လတ္တံ့။ ဗြဟ္မာဖြစ်လျှင် ဘုရားရှင်၏ တရားတော်ကိုလည်း နာရလတ္တံ့ အားထုတ် နိုင်လတ္တံ့။ ထို့ကြောင့် ငါ-သည် ယခု ဈာန်မလျှောကျခင် လည်ပင်းကို ဓားနှင့် လှီး၍သေတော့အံ့ဟု သန္နိဋ္ဌာန်ကျ ကြံစည် ဆုံးဖြတ်ပြီးလျှင် လှီးခြင်းငှါ အားထုတ်၏။

ထိုအခါ ထိုရှင်ဂေါဓိက၏ စိတ်အကြံအစည်ကို မာရ်နတ်သားသိ၍ သြော် - ဤဂေါဓိက ဤကဲ့သို့ သေလျှင် ဓားလှီးသောအခါ ဆင်းရဲ ဒေဝနာတွေ ဖြစ်၍ ဒုက္ခလက္ခဏာများ ထင်မြင်ပြီး မတော် ရဟန္တာ ဖြစ်သွားပြီး နိဗ္ဗာန်များ ရောက်သွား မှဖြင့် ငါ့နိုင်ငံ လောကကြီးထဲမှာ လူနည်း ကုန်လိမ့်မည်။ ဤကဲ့သို့ မဖြစ်ရအောင် ငါ့ကိုဝ်တိုင် သွားတား၍လည်း ရမှာ မဟုတ်ဘူး။ ဘုရားတားမှသာ ရမည်။ ဘုရားကို တားစေအံ့ဟု ကြံပြီးလျှင် ဘုရားရှင် အထံသို့လာ၍ ရှိခိုးဝပ်ချပြီးလျှင် အကျိုးလို ယောင်ဆောင်၍ -

အရှင်ဘုရား ယခု အရှင်ဘုရား တပည့် ရှင်ဂေါဓိကသည် မိမိဘာသာ မိမိလည်လှီး၍ သေမည်ဟု ကြံစည် အားထုတ်၍ နေပါသည်။ ထိုအရှင်ဘုရား တပည့် ရှင်ဂေါဓိက သည် ယခု မဂ် ဖိုလ်ကို မရသေးတဲ့ ပုထုဇဉ် သေက္ခမျှသာ ဖြစ်ပါသေးသည်။ အရှင်ဘုရား သာသနာတော်၌ ရဟန်းဘောင်၌လည်း ပျင်းမုန်းခြင်းမရှိ အလွန် ပျော်မွေ့ ရှာပါသည်။ တပည့်ကောင်း ဖြစ်ပါသည်။ ဤကဲ့သို့ တပည့်ကောင်း တယောက်သည် မဂ်ဖိုလ်မရသေးဘဲ ပုထုဇဉ် သေက္ခအဖြစ်နှင့် ယခုလို သေသွားရဆိုသာ လူကြားလို့ မတော်ပါဘူး ဘုရား။ တားမြစ်တော် မူပါဦးဟု လျှောက်လေ၏။

ထိုမာရ်နတ် လျှောက်မည်လာဆဲ လျှောက်ဆဲ အခါမှာပင် ရှင်ဂေါဓိကသည် မိမိကိုဝ် မိမိလည်လှီး၍ ဒုက္ခဝေဒနာတွေဖြစ်၍ ထိုဒုက္ခဝေဒနာကိုခွါ၍ သည်းခံ၍ တိလက္ခဏာ တင်ရှုသဖြင့် ထင်မြင်၍ ရဟန္တာဖြစ်ပြီးလျှင် ပြီးသည်နှင့် တပြိုင်နက် သေ၍ နိဗ္ဗာန် စံဝင်လေ၏။

ထိုအကြောင်းကို ဘုရားရှင် သိမြင်တော်မူ၍ ထိုတားမြစ်ပါဟု လျှောက်ထားလာသော မာရ်နတ်ကို သဂါထာဝဂ္ဂ သံယုတ် ပါဠိတော်၌ -
ဧဝံ ဟိ ဓီရာ ကုဗ္ဗန္တိ၊ နာဝကင်္ခန္တိဇီဝိတံ။
သမူလံ တဏှ မဗ္ဘုယှ၊ ဂေါဓိကော ပရိနိဗ္ဗုတော။
ဟူ၍ ဟောကြားလေ၏။

မာရ၊ မာရ်နတ်။ ဓီရာ၊ အကျိုးအပြစ်ကို ရှုမျှော် သိမြင်ကြကုန်သော ပညာရှိတို့သည်။ ဧဝံ ဟိ၊ အဲသည်လိုပင်လျှင်။ ကုဗ္ဗန္တိ၊ ပြုကြကုန်၏။ ဇီဝိတံ၊ အသက်ကို။ နာဝကင်္ခန္တိ၊ မနှမြောကြကုန်။ မာရ၊ မာရ်နတ်။ ဂေါဓိကော၊ ငါ့သားတော် အာဇာနည် ယောက်ျား ဂေါဓိကသည်။ တဏှ၊ တဏှာကို။ သမူလံ၊ အနုသယ မြစ်မူလနှင့်တကွ။ အဗ္ဘုယှ၊ နုတ်ပစ်၍။ ပရိနိဗ္ဗုတော၊ ယခု သင့်နိုင်ငံကို လွန်၍ ပရိနိဗ္ဗာန် စံဝင်လေပြီ။

ဤသို့ ဘုရားရှင် မိန့်ကြားလိုက်သော် ထိုမာရ်နတ်သည် ဂေါဓိကကို လှည့်ကြည့်၍ အဟုတ် သေမှန်းသိလေလျှင် အရှင်ဂေါဓိက၏ အသက် ဝိညာဏ်ကို မိမိနိုင်ငံမှ လွန်၍ မပြေးထွက်နိုင်အောင် အလျင်အမြန် ကောင်းကင် တိမ် ကွန်ချာနှင့် အုပ်၍ ဆီး၍ ဖမ်းလေ၏။ ထိုအခါ တမိုဃ်းလုံး မည်းမှောင်၍ နေလေ၏။

ဤကဲ့သို့ တိမ်ကွန်ချာနှင့် အုပ်ဆီး၍ တိမ်ကွန်ချာမှာ ငြိတွယ်တိုးမိ၍ နေလိမ့်မည် အထင်နှင့် တိမ်ကွန်ချာ အကြားမှာ လိုက်ကြည့်, လူ့ပြည်မှာ ရှောက်ကြည့်, ဂေါဓိက ကိုယ်ထဲမှာလည်းကြည့် အဘယ်ဆီမှာမှ ဂေါဓိက၏ အသက် ဝိညာဏ်ကောင် ကလေးကို ရှာ၍ ကြည့်၍မရဘူး မတွေ့ဘူး တပည့်တို့။

ထိုအခါ မာရ်နတ်သည် ဟင်-ငါ့နိုင်ငံထဲက လူတယောက် လျော့သွားပေါ့ဟု လက်မှိုင်ချလျက် မှိုင်ငေး၍သာ နေရလေတော့၏။ ဤကဲ့သို့ တပည့်တို့ ထိုနိဗ္ဗာန်သို့ ရောက်လေပြီးသော ပညာရှိ ပုဂ္ဂိုလ်ကို စစ်သည် ဗိုလ်ပါနှင့်တကွ သေမင်း မစ္စုမာရ်သာ ရှာ၍မရသည် မတွေ့သည် မဟုတ်၊ စစ်သည် ဗိုလ်ပါနှင့် တက္ခ ဒေဝပုတ္တမာရ် မင်းလည်း ရှာ၍ မရပြီ မတွေ့ပြီ။

တပည့်တို့ ဤကဲ့သို့သော အကြောင်းကိုစွဲ၍ –
ဧဝံ ဝိရတ္တံ ခေမတ္တံ၊ သဗ္ဗသညောဇနာတိဂံ။
အနွေသံ သဗ္ဗဌာနေသု၊ မာရိသေနာပိ နဇ္ဈဂါ။
ဟူ၍ ဥဒ္ဒေသဝါရ၌ ငါဆရာဟောကြားပေ၏။

ထို့ကြောင့် တပည့်တို့ - သင်တပည့်တို့သည်လည်း ဤအရှင်ဂေါဓိက အစရှိသော ပညာရှိပုဂ္ဂိုလ်မြတ် တို့လို မာရ်မင်းစစ်သည်တို့ ရှာ၍မတွေ့ မရနိုင်ရာ မမြင်နိုင်ရာ ဤအနုပါဒိသေသ နိဗ္ဗာန် ရွှေမြို့တော်ကြီးသို့ ဆိုက်ရောက်၍ တခါတည်း ကွယ်ပျောက် ရှိန်းပြီး၍ သွားရအောင် အောက်က ဟောကြား ဆုံးမခဲ့ပြီးသော နည်းလမ်းအတိုင်း ကြိုးစား၍ အားထုတ်ကြ။ ထိုသို့ အားထုတ်သည် ရှိသော် အချိန် ကျသောအခါ မုချရောက်ကြကုန်လတ္တံ့။ ကွယ်ပျောက်ရှိန်းပြီး၍ သွားကြကုန်လတ္တံ့ ။

အာမခံသုတ်

အာရဗ္ဘထေဝ သာဓဝေ ဣမိနာဝ နယေန၊ အဟံ ဝေါ ပါဋိဘောဂေ၊ ပရိနိဗ္ဗာနာယ။ တံ ကိဿဟေတု၊ သွာခါတတ္တာ သာဓဝေ တထာဂတေန ဓမ္မဿ၊ မယာ စ အနုသံခါတတ္တာ တထာဂတဒေသိတ နယေနာတိ။
ဥဇုမဂ္ဂမှိ အက္ခာတေ၊ ဂစ္ဆထ မာနိဝတ္တထ။
အတ္တနာ စောဒိယတ္တာနံ၊ နိဗ္ဗာန မဘိဂစ္ဆထ။
ယော ဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟိဿတိ။
ပဟာယ ဆဓာတုကံ ဘာရံ၊ နိဗ္ဗာနံ သော ဂမိဿတီတိ။

သေက္ချဘာသိတ ပါဋိဘောဂသုတ်၊ အာမခံသုတ်လည်း ဟူ၏။

သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။ တုမှေ၊ သင်တပည့်တို့သည်။ ဣမိနာဝ နယေန၊ ဤငါဟောကြားခဲ့ပြီးသော ကမ္မဋ္ဌာန်းနည်းလမ်းဖြင့် သာလျှင်။ အာရဗ္ဘထေဝ၊ အားသာလျှင် ထုတ်ကြကုန်လော့။ အဟံ၊ သင်တို့ဆရာ ငါသည်။ ဝေါ၊ သင်တပည့်တို့အား။ ပရိနိဗ္ဗာနာယ၊ ပရိနိဗ္ဗာန် စံဝင်ရခြင်းငှါ။ ပါဋိဘောဂေါ၊ အာမခံပုဂ္ဂိုလ်သည်။ ဘဝါမိ၊ ဖြစ်တော်မူအံ့။ တံ၊ ထိုသို့ ရဲရဲတင်းတင်း အာမခံနိုင်ခြင်းသည်။ အာမခံ ဖြစ်နိုင်ခြင်းသည်။ ကိဿဟေတု၊ အဘယ့်ကြောင့်နည်းဆိုသော်။ သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။ ဓမ္မဿ၊ ဝိပဿနာကမ္မဋ္ဌာန်း နည်းလမ်းတရားတော်မြတ်ကို။ တထာဂတေန၊ မြတ်စွာဘုရားသည်။ သွာခါတတ္တာ၊ မလွဲမမှား ထင်ရှားသေချာ ကောင်းမွန်စွာ ဟောတော်မူအပ်သည်၏ အဖြစ် ကြောင့်၎င်း။ မယာ စ၊ သေက္ချတောင်ဆရာ ငါသည်လည်း။ တထာဂတ ဒေသိတနယေန၊ ဘုရားရှင် ဟောကြားသော နည်းလမ်းအတိုင်း။ အနုသံခါတတ္တာ၊ နောက်ထပ် အတုလိုက်၍ ကောင်းစွာ ဟောကြားတော်မူအပ် သည်၏ အဖြစ် ကြောင့် ၎င်းတည်း။

သိဿာ၊ အို - တပည့်တို့။ ဥဇုမဂ္ဂမှိ၊ မကွယ်မထောင့် တကယ်ဖြောင့်သော နိဗ္ဗာန်ပြည်သွား မဂ်လမ်းခရီးကို။ အက္ခာတေ၊ ဖြောင့်မှန်လွယ်ကူစွာ ငါဆရာ ညွှန်ပြ ဟောကြားအပ်ခြင်းကြောင့်။ တုမှေ၊ အကောင်းဆုံးကို ရောက်လိုကြဘိ သင် တပည့်တို့သည်။ ဂစ္ဆထ၊ သွားကြကုန်လော့။ မာ နိုဝတ္တထ၊ နောက်သို့ မဆုတ်ကြကုန်လင့်။ အတ္တာနံ၊ မိမိကိုဝ်ကို။ အတ္တနာ၊ မိမိသည်ပင်လျှင်။ စောဒိယ၊ မသွား သွားအောင် ရှင်းဆောင်တိုက်တွန်း၍။ နိဗ္ဗာနံ၊ ဘေးခပ်သိမ်းတို့ ကုန်ငြိမ်းချမ်းသာရာ နိဗ္ဗာန် ရွှေပြည်ကြီးသို့။ အဘိဂစ္ဆထ၊ ရှေးရှုမနား သွားကြကုန်လော့။

သိဿာ၊ အို - တပည့်တို့။ ယော၊ အကြင်သူသည်။ ဣမသ္မိံ ဓမ္မဝိနယေ၊ ဤ ဘုရားရှင်၏ အဆုံးအမ တရားတော်သာသနာ၌။ အပ္ပမတ္တော၊ ဤ ဟောကြားခဲ့ပြီးသော ဆဓာတုဝိဘင်္ဂ ဓာတ်ကမ္မဋ္ဌာန်း နည်းလမ်းအတိုင်း အားထုတ်၍ မမေ့မလျော့။ ဝိဟိဿတိ၊ နေလတ္တံ့ ။ သော၊ ထိုသူသည်။ ဆဓာတုကံဘာရံ၊ လေးလှစွာသော ဓာတ်ခြောက်ပါး ဝန်ထုပ်ကြီးကို။ ပဟာယ၊ စွန့်ချ၍။ နိဗ္ဗာနံ၊ နိဗ္ဗာန်ရွှေပြည်ကြီးသို့။ ဂမိဿတိ၊ မချွတ်ဧကန် ရောက်လတ္တံ့။ ဣတိ၊ ဤတွင် သေက္ချဘာသိတ ပါဋိဘောဂသုတ် ပြီး၏။

တပည့်တို့ - ဤ ဓာတ်ခြောက်ပါးတို့တွင် ပထဝီဓာတ် အစရှိသည်မှ စ၍ ယခု နေရာသို့ ကျအောင် တရားအစဉ် အားလုံးကုန်ကို “ပထဝီ အာပေါစ တေဇောစ” စသော စသော ဥဒ္ဒေသဝါရ၏ အကျယ်ဖွင့် နိဒ္ဒေသဝါရဟု မှတ်ကြ။

ဣတိ ဆဓာတုဝိဘင်္ဂေ နိဒ္ဒေသဝါရော နိဋ္ဌိတော။

ဣတိ၊ ဤတွင်။ ဆဓာတုဝိဘင်္ဂေ၊ သေက္ချဘာသိတ ဆဓာတုဝိဘင်္ဂဓာတ်ကမ္မဋ္ဌာန်း၌ သုတ်၌။ နိဒ္ဒေသဝါရော၊ အကျယ်ဖွင့် နိဒ္ဒေသဝါရသည်။ နိဋ္ဌိတော၊ ပြီးဆုံးခြင်းသို့ ရောက်ပြီ။

ဣတိ နိဗ္ဗာနပဝေသနပဗ္ဗံ

နိဗ္ဗာနပဝေသနပဗ္ဗံ၊ မဂ္ဂင်ရထားဖြင့် နိဗ္ဗာန်သို့ ပြေးသွား ဆိုက်ရောက်၍ စံဝင်ပုံကို ဟောပြောသော နိဗ္ဗာနပဝေသနပိုင်းသည်။ ဣတိ၊ ဤတွင်ပြီးပြီ။

နိဗ္ဗာနပဝေသနပိုင်း ပြီး၏။

၇ - အာဒါသဝိဓာနပိုင်း

တပည့်တို့ - အကောင်းဆုံးကို တွေ့မြင် ဆိုက်ရောက်လိုကြသော သင်တပည့် တို့အား အလွန်တရာ ချမ်းသာ ကောင်းမြတ်သော နိဗ္ဗာန်မြို့တော်ကြီးကို မဂ္ဂင် ရထားဖြင့် ပြေးသွား စိုင်းဝင်ပုံနှင့်တကွ ကောင်းမွန်သေချာစွာ ဟောကြားပြီး၍ ယခုအခါ ထိုမဂ္ဂင်ရထားဖြင့်ပြေးသွား စိုင်းဝင်စဉ်အခါ သုဂမ္ဘီရ သုနိပုဏ သုဒုဒ္ဒသ အလွန်နက်နဲ သိမ်မွေ့သည်ဖြစ်၍ အလွန် ထင်မြင်နိုင်ခဲသော ဤနိဗ္ဗာန်မြို့တော် ကြီးကို မကြာမပန်း ချမ်းသာ လွယ်ကူသဖြင့် ထင်မြင်နိုင်အောင် -

ဓမ္မာဒါသံ ဂဟေတွာန၊ ဉာဏဒဿန ပတ္တိယာ။
ပစ္စဝေက္ခိံ ဣမံ ကာယံ၊ တုစ္ဆံ သန္တရဗာဟိရံ။

အာဝုသော၊ ငါ့ရှင်တို့။ အဟံ၊ ငါကုလ္လမထေရ်သည်။ ဉာဏဒဿနပတ္တိယာ၊ နိဗ္ဗာန်ကိုမြင်သော ဉာဏ်အမြင်ကို ရခြင်း ရောက်ခြင်းငှါ။ ဓမ္မာဒါသံ၊ သမာဓိ ဟူသော မျက်မှဏ် မှဏ်ပြောင်းကြီးကို။ ဂဟေတွာန၊ ကိုင်ယူ ချိန်တပ်၍။ သန္တရ ဗာဟိရံ၊ အတွင်းမှအပ။ တုစ္ဆံ၊ ကောင်းမွန် ချမ်းသာသော သဘောဟူ၍ ဘာမျှမရှိ သက်သက် အချည်းနှီး သာလျှင်ဖြစ်သော။ ဣမံ ကာယံ၊ ဤကိုယ်ကြီးကို။ ပစ္စဝေက္ခိံ၊ ကြည့်ရှု၏။

ဟူသော ထေရဂါထာ ပါဠိတော်လာ ကုလ္လမထေရ်၏ ဂါထာနှင့်အညီ “သမာဓိကေနာဒါသေန၊ ဧထ သိဿာ ဂမာမှသေ” ဟူသော သေက္ချဘာသိတ ဥဩမှုတ် ဥဂ္ဃေါသန ဂါထာနှင့်လည်းအညီ သမာဓိ မျက်မှဏ် မှဏ်ပြောင်းဖြင့် တပ်ချိန် ကြည့်ရှုကြရန် သမာဓိမျက်မှဏ် မှဏ်ပြောင်းပြုလုပ်ပုံ အစီအရင် သမာဓိ နည်းလမ်း သမထကမ္မဋ္ဌာန်းတို့ကို ပြဆို ဟောကြားပေအံ့။ သင်တပည့်တို့သည် ကောင်းစွာ နာကြကုန်လော့

သမထလေးဆယ်ကို အကျဉ်းသရုပ်ထုတ်ပြခြင်း

တပည့်တို့ - သမထကမ္မဋ္ဌာန်းတို့သည် -

  • ပထဝီကသိုဏ်းအာပေါကသိုဏ်းတေဇောကသိုဏ်းဝါယောကသိုဏ်းနီလကသိုဏ်းပီတကသိုဏ်းလောဟိတကသိုဏ်းဩဒါတကသိုဏ်းအာလောကကသိုဏ်းအာကာသကသိုဏ်း ဟူ၍ ကသိုဏ်းဆယ်ပါး။ ၁၀။
  • ဥဒ္ဓုမာတကအသုဘဝိနီလကအသုဘဝိပုဗ္ဗကအသုဘဝိစ္ဆိဒ္ဒကအသုဘဝိက္ခာယိတကအသုဘဝိက္ခိတ္တကအသုဘဟတဝိက္ခိတ္တကအသုဘလောဟိတက အသုဘပုဠုဝကအသုဘအဋ္ဌိကအသုဘ ဟူ၍ အသုဘဆယ်ပါး။ ၁၀။
  • ဗုဒ္ဓါနုဿတိဓမ္မာနုဿတိသံဃာနုဿတိသီလာနုဿတိစာဂါနုဿတိဒေဝတာနုဿတိဥပသမာနုဿတိမရဏာနုဿတိကာယဂတာသတိအာနပါနဿတိ ဟူ၍ အနုဿတိဆယ်ပါး။ ၁၀။
  • မေတ္တာဗြဟ္မဝိဟာရကရုဏာဗြဟ္မဝိဟာရမုဒိတာဗြဟ္မဝိဟာရဥပေက္ခာ ဗြဟ္မဝိဟာရ ဟူ၍ ဗြဟ္မဝိဟာရလေးပါး။ ၄။
  • အာကာသာနဉ္စာယတနအာရုပ္ပဝိညာဏဉ္စာယတနအာရုပ္ပအာကိဉ္စညာယတနအာရုပ္ပနေဝသညာနာသညာယတနအာရုပ္ပ ဟူ၍ အာရုပ္ပလေးပါး ။၄။
  • အာဟာရေ ပဋိကူလသညာသဗ္ဗလောက အနဘိရတိသညာ ဟူ၍ သညာနှစ်ပါး ။၂။

အားဖြင့် အားလုံးပေါင်းသော် အမျှ လေးဆယ်ရှိကုန်၏။

တပည့်တို့ - ဤလေးဆယ်သော သမထ ကမ္မဋ္ဌာန်းတို့ကို ပွားများအားထုတ်ပုံ အစီအရင်ကို အစဉ်အတိုင်း ဟောပြပေအံ့၊ သင် တပည့်တို့သည် ကောင်းမွန်စွာ နာကြ၊ နားလည် သိမှတ်ကြ ကုန်လော့

ပထဝီကသိုဏ်း ကြည့်ရှုပွားများပုံကို ပြခြင်း

တပည့်တို့ - ကသိုဏ်းဆယ်ပါးတို့တွင် ပထဝီကသိုဏ်းကို ပွားများ အားထုတ် လိုသော ယောဂီ ပုဂ္ဂိုလ်သည် ဤသို့ ပွားများ အားထုတ်ရာ၏။ ညို, ရွှေ, နီ, ဖြူ လေးဆူသော ဝဏ္ဏကသိုဏ်းတို့နှင့် မရောယှက်စေခြင်းငှါ၎င်း၊ စိတ်ကြပ်ကြပ် ပျော်မွေ့စေခြင်းငှါ၎င်း၊ နေအရုဏ်ရောင် အဆင်းရှိသော မဝါလွန်း မနီလွန်းသော မြေနီ နုံးမြေ စေးစေးကိုဘဲ အမှိုက်မပါရအောင် ညက်စွာဆင့်၍ ရေနှင့် ဖျော်လျက် ညက်စွာနယ်၍ မိမိအထွာဖြင့် တထွာလောက် အလျားအနံ ကျယ်စွာ လှည်းဘီးငယ် ကဲ့သို့ ကျောက်ပျဉ်ကဲ့သို့ အဝိုင်းမြေချပ် ပြုလုပ်၍ ကြည့်ရှုမည့်ဘက်က ချောမှုန် ညက်ညောစွာ စည်မျက်နှာကဲ့သို့ပြု၍ ကလနား၌ ယပ်ဝန်း အနားပတ်ကဲ့သို့ တပူတပြားလောက် အဖြူဖြစ်စေ အစိမ်းဖြစ်စေ ဆေးမင် အနားပတ် သုတ်လိမ်း တင်ထားအပ်၏။

အကယ်၍ ဤကဲ့သို့ပြုရန် ထိုမြေ မလောက်ခဲ့လျှင် တပါးသောမြေကို အတွင်းသား ခံ၍ ပြင်ရံက ထိုမြေနီ နုံးမြေကို ထားအပ်၏။ ရေကျင်း ဖျော်၍သော်လည်း ထိုမျှလောက် သစ်သားဝန်း, သားရေဝန်း စသည်၌ သုတ်လိမ်း၍ပြုအပ်၏။

တပည့်တို့ - ကသိုဏ်းဝန်း လုပ်ရာ၌ တထွာအောက် လျော့လိုလျှင် လက်နှစ်သစ် သုံးသစ်လောက် လျော့အပ်၏။ တထွာထက် ပိုလိုလျှင် လက်လေးသစ် ရှစ်သစ်လောက် ပိုအပ်၏။

ကသိုဏ်းဝန်း ငယ်လျှင် စိတ်နိုင်လွယ်သည် တပည့်တို့။ နိမိတ်ရလွယ်သည်။ စိတ်မူကား ကြပ်ကြပ် မကြီးထွား။

ကသိုဏ်းဝန်းကြီးလျှင် စိတ်နိုင်ခဲသည်နိမိတ်ရခဲသည်။ စိတ်မူကား ကြီးထွား၏။

တပည့်တို့ ထိုကသိုဏ်းဝန်းကို အညစ်အကြေး မစွန်းရ မပွန်းပဲ့ရအောင် ကောင်းမွန် ရိုသေစွာ ထားအပ်၏။ ဘုရားဓာတ်တော်ကဲ့သို့ ရိုသေစွာ ထားအပ်၏။ ဤကား ကသိုဏ်းဝန်း လုပ်ပုံတည်း။

ဤကဲ့သို့ ကသိုဏ်းဝန်း ပြုလုပ်ပြီးလျှင် လူရှင်မနှော ဆိတ်ငြိမ်သော နေရာ၌ တယောက်ထည်း ချမ်းသာစွာ တင်ပျဉ်ဖွဲ့ခွေ ထိုင်နေလျက် ကသိုဏ်းဝန်းကို မနီး မဝေး မဝေး ရှေ့လက်လှမ်းမှီ လောက်မှာ ငုံ့လည်းမရ မော့လည်း မမော့ ရအောင် မျက်စိနှင့် ပဏာရအောင် ထောင်ထားပြီးလျှင် ဘုရားရှင်၏ဂုဏ်များကို အနည်းငယ် အောက်မေ့ရှိခိုး၍ ငါ၏ထက်ဝန်းကျင်၌ ရှိကြသော သတ္တဝါ ခပ်သိမ်းတို့သည် ဘေးရန် ကင်းကွာ ချမ်းသာကြပါစေ။ အခါခပ်သိမ်း ကောင်းမြတ်သော အာရုံတို့ကို တွေ့မြင်ကြပါစေ ဟု အတန်ငယ် မေတ္တာပို့၍ -

ငါသည် မချွတ် ဧကန် သေရလိမ့်မည်။ ဘယ်တော့အခါ သေရမည်လည်း မသိ။ မသေခင် ကိုးကွယ်ရာကို ရအောင်လုပ်မှဟု အတန်ငယ် မရဏသညာကိုဖြစ်စေ၍ ဤကသိုဏ်း အကျင့်သည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာ ပညာရှိ သူတော်ကောင်းတို့၏ ကျင့်စဉ် လမ်းကြောင်းတည်း၊ အကျင့်တည်း ဟု အောက်မေ့ ဆင်ခြင်လျက် ကသိုဏ်းဝန်း၌ ရိုသေခြင်းကို ဖြစ်စေ၍ ဤ အကျင့်ဖြင့်ပင်လျှင် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာ အရှင်မြတ်တို့သည် အို နာ သေရေး ဒုက္ခဘေးတို့မှ လွတ်ကြလေပြီ၊ ငါသည်လည်း ဤအကျင့်ဖြင့်ပင်လျှင် အိုနာ သေရေး ဒုက္ခဘေးတို့မှ လွတ်အံ့၊

ဤအကျင့် ဤကသိုဏ်းဝန်းသည် ငါ၏ ကိုးကွယ်ရာ အစစ်တည်းဟု ဆင်ခြင်၍ ကသိုဏ်းဝန်း၌ အလွန် ချစ်နှစ်သက်လျက် အလွန် လိုချင်သော အာသာဆန္ဒဖြင့် ထိုကသိုဏ်းဝန်း မြေကြီးကို ကြည့်ရှုအပ်၏။

ထိုကသိုဏ်းဝန်း မြေကြီးကို မျက်စိနှင့် မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ် ထင်မြင်၍နေအောင် ကသိုဏ်းဝန်း၌ စိတ်ကို တစိတ်တဒေသ၌ မထားဘဲ ထိုကသိုဏ်းဝန်း တခုလုံးကို အကုန် အနှံ့ စိတ်နှင့်ငုံ၍ ကြည့်ရှုအပ်၏၊

လိပ်ကို ကျားစုတ်လျှင် အထဲကို အသားတွေ အကုန်လုံးပါ၍ လိုက်ရ၏။ အခွံသာ ကျန်ရစ်တော့၏။ ထိုလိပ်ကို ပါအောင်စုတ်ယူသော ကျား၏ စိတ်ကဲ့သို့ စိတ်ကို သန်သန် ခိုင်ခိုင်ကြီးထား၍ သတိ သညာဖြင့် ခိုင်ခိုင် မြဲမြဲမှတ်၍ ကသိုဏ်း၏ မြေကြီးဝန်း တခုလုံးကို စိတ်၌ အကုန်လုံး စွဲကပ်ထင်၍ ပါ၍လာအောင် ပြူးပြူး စိစိကြည့်ရှု၍ ယူအပ်၏

စိတ်၌ စွဲလောက် ပါလောက် ရလောက်ချိန်တန်လျှင် မျက်စိကို မှိတ်၍စမ်း၊ မျက်စိ မှိတ်သော အခါမှာလည်း ဖွင့်၍ ကြည့်နေတုန်းကလို မြေကြီးဝန်းကို ထင်မြင်၍ နေလျှင် မြေကြီးကသိုဏ်း ဥဂ္ဂဟနိမိတ် ရပြီဟူ၍မှတ်။ မရသေးလျှင် မျက်စိကို ဖွင့်၍ ကြည့်မြဲတိုင်းပင် ကြည့်ရှု၍ ယူရာ၏။

မျက်စိကို ခဏခဏမှိတ်၍လည်း မစမ်းအပ်။ ကြာနိုင်သမျှ ကြာအောင် ကြည့်ရှု၍ ယူရာ၏။ ကြည့်ရှုဖန် များလျှင် ကြာလျှင် ရ၏။

တပည့်တို့ - ဤကဲ့သို့ ဥဂ္ဂဟ နိမိတ်ရအောင် ကြည့်ရှု၍ ယူရာ၌ ပါးစပ်က “ပထဝီကသိဏံ၊ ပထဝီကသိဏံ” ဟု တတွတ်တွတ် မရွတ်ရဘူး၊ ဘယ်လိုမှ မရွတ် ရဘူး။ ပထဝီဆိုတာ မာဂဓခေါ် မာဂဓစကားတည်း။ ထိုမာဂဓသားတို့ ပထဝီဟု ခေါ်တဲ့ ဝတ္ထုကို ဗဟ္မာတို့မှာ မြေကြီးဟု ခေါ်သည်။

ဤမြေကြီး အဝန်းကို ကြည့်ရှု၍ ယူသောအခါ စိတ်ကို တခြမ်းတွင် တစိတ် တဒေသတွင် မထားမူ၍ မြေကြီးဝန်း တခုလုံး အကုန်အနှံ့ ငုံ၍ ကြည့်ရှုရသည်။ ဤသို့ အကုန်လုံးငုံ၍ အနှံ့ ကြည့်ရှုအပ် သောကြောင့် ကသိဏ ကသိုဏ်း ဟူ၍ ခေါ်သည်။ ကသိုဏ်းဟုခေါ်ရပုံကို မှတ်ကြ။

တပည့်တို့ - ဤကဲ့သို့ အကြွင်းအကျန် မရှိ အကုန်လုံး အနှံ့ငုံ၍ ကြည့်ရှု ယူအပ်ခြင်းကြောင့် ကသိဏ မည်တဲ့ ဤမြေကြီး အဝန်းကို စိတ်ထဲကသာ မြေ မြေဟု မှတ်လျက် မျက်စိနှင့် မြင်သော အတိုင်း စိတ်၌ စွဲကပ်ထင်မြင်၍ ပါလာအောင် မျက်စိဖြင့်သာ ကြည့်ရှု၍ နေရသည်။ ကြည့်ရှုသော အခါ မှာလည်း မျက်စိကို မှေးတုတ်တုတ် လုပ်၍ မကြည့်ရဘူး၊ အိပ်ချင်သည် စိတ်ပျော့သည် ရခဲသည်။

ထို့ကြောင့် မျက်စိကို ဖွင့်နိုင်သမျှ ဖွင့်၍ ကြည့်ရသည်။ မျက်တောင်ကိုလည်း မခတ်ဘဲ နေနိုင်သမျှနေ၍ ကြည့်ရသည်၊ ကြာလျှင် အိပ်ချင်၍ လာတတ်၏။ အိပ်ချင်လေလေ မျက်စိကို ပြူးလေလေ ပြူးရသည်၊

အိပ်ချင်၍လာသောအခါ ၎င်းမျက်စိကို မှေး၍ မှိန်း၍ စိတ်သညာကို ပျော့စေ၍ ကြည့်သော်၎င်း ကသိုဏ်းဝန်း နှစ်ခု ဖြစ်၍ ဖြစ်၍လည်း နေတတ်၏။ မနေစေအပ်၊ စိတ်သညာကို သန်သန် ခိုင်ခိုင်ထား၍ ကြည့်အပ်၏။ သတိပေါ့လွတ်လျက် စိတ်သည် ကသိုဏ်းဝန်း၌ မနေဘဲ တခြားအာရုံကို ပြေးသွား ကြံစည်၍ ကြံစည်၍လည်း နေတတ်၏။ မနေစေအပ်။ ကသိုဏ်း အာရုံမှ တပါး ဘယ်ကိုမှ မထွက်ပြေးစေအပ်၊ ကြပ်ကြပ် သတိပြုအပ်၏

တိဋ္ဌ မက္ကဋ မာဓာဝီ” ဟု စိတ် ဝိတက်ကို ကြပ်ကြပ် နှိပ်ကွပ်၍ ကသိုဏ်း အာရုံကိုသာ မြဲစွဲစွာ သတိဖြင့် ဖွဲ့ထားအပ်၏။ ကြာသောအခါ စိတ်မောပြီး ဝီရိယ လျော့ပြီး ပျင်းလာတတ်၏။ မပျင်းစေအပ်၊ အကျိုး အပြစ်တို့ကို ဆင်ခြင်၍ စိတ် ဝီရိယ ထက်သန် စေတတ်သော အာရုံများကို ဆင်ခြင်၍ မြင့်မိုရ်တောင်ကြီးကို ဖြိုချမည့် ယောက်ျား၏ စိတ် ဝီရိယကဲ့သို့ စိတ် ဝီရိယကို အားကောင်း ထက်သန်စေ၍ မရလျှင် မနေဘူးဟဲ့ ဟု အံသွားခဲ၍ စိတ်ခါးတောင်းကျိုက် ကြည့်ရှုရာ၏။

စိတ်မောသဖြင့် ကိုယ်ပါ မော၍ ပျင်းရိ၍ ခဏခဏ နားချင်တတ်၏။ သည့်ပြင်ဟာ တော်ရာကို ထ၍ လုပ်ချင်တတ်၏။ ခဏခဏမနားအပ် မလုပ်အပ် ကြပ်ကြပ် ဇွဲကောင်းရာ၏။ အသည်း ကောင်းရာ၏

တပည့်တို့ - ဤသို့ နိမိတ်ယူရာ၌ အချို့သောသူမှာ မကြာခင် အလွယ်တကူဖြင့်ပင် နိမိတ် ရနိုင်သည်။ အချို့သော သူတို့မှာကား ဤကဲ့သို့ ပင်ပင်ပန်းပန်း သက်စွန့် ကြိုးစား အားထုတ်မှ ကြာမှပင် ရသည် တပည့်တို့။ ဤသို့ စိတ်ထဲ၌ ယူ၍ရသော နိမိတ်ကို ဥဂ္ဂဟနိမိတ် ဟု ခေါ်သည်။

ပြင်ဘက်ကသိုဏ်းဝန်းကိုကား ပရိကမ္မ နိမိတ်ဟု ခေါ်သည်။

ဥဂ္ဂဟနိမိတ် ပရိကမ္မနိမိတ်နှင့် တထပ်ထည်းတူ၍ ဤဥဂ္ဂဟနိမိတ်ကို ရသောအခါ စိတ်သည် သံလိုက် ကောင်းကောင်းကို အပ်တွယ်ဘိသကဲ့သို့ ဤမြေကြီး ဥဂ္ဂဟနိမိတ်ကိုသာ တွယ်၍ နေတော့၏။ ဘယ်ကိုမှ များစွာ မပြေးတော့ပြီ။

မျက်စိကို ဖွင့်ထားလျှင်ကား ရှေ့တူရူရှိ အဆင်းတို့ကို မြင်၏။ မျက်စိကိုမှ မှိတ်လိုက်စေ ဘယ်ကိုမှ မမြင်ဘဲ ဤမြေကြီး ကသိုဏ်းဝန်းကြီးကိုသာ မြင်၍ နေတော့၏။ မျက်စိကို မှိတ်၍ ပက်လက် နေလျှင် မျက်နှာပေါ်က ကသိုဏ်း မြေချပ်ဝန်းကြီး မိုးလျက်နေ၏။ မှောက်၍နေလျှင် အောက်က ကြမ်းရယ် ဖျာရယ်ဟု မမှတ်ဘဲ မြေကြီးဝန်းကြီးကိုသာ မြင်၍နေတော့၏။ ရေထဲ၌ ငုပ်၍ နေလျှင်လည်း မျက်နှာရှေ့က ရေရယ်လို့ မမှတ်ဘဲ မြေချပ်ကသိုဏ်းဝန်းကြီးသာရှိ၍ မြင်၍နေ တော့၏။ မျက်နှာကို လုံလုံ လက်ဝါးပိတ်ဖုံး၍ နေလျှင်လည်း လက်ဝါးဟူ၍ အမှတ်မထားဘဲ မြေချပ် ကသိုဏ်းဝန်းကြီးကိုသာ မြင်၍နေတော့၏။

ညဉ့် အိပ်သောအခါမှာလည်း တစ္ဆေ မသာ အလွန်ကြောက်တတ်လျက် မလွဲသာ၍ မသာလောင်းကို ကိုင်တွယ်ရသဖြင့် မသာလောင်း ဥဂ္ဂဟ နိမိတ်ကြီး ထင်မြင်၍ နေသောသူကဲ့သို့ မြေချပ် ကသိုဏ်း ဝန်းကြီးကိုသာ ထင်မြင်၍ နေလေတော့၏။ အိပ်၍မပျော်နိုင်တော့ပြီ

ကြပ်ကြပ် အားထုတ်ကြည့်လေ နှလုံးသွင်းလေ မျက်စိကျယ်လေ ဖြစ်၍နေတော့၏။ အိပ်ပျော် စေချင်သဖြင့် အားထုတ်၍ နှလုံးမသွင်းဘဲနေမှ တဖြည်းဖြည်း စိတ်နုန့်၍ ကသိုဏ်းဝန်း မြေချပ်ကြီးကို မြင်ရာက မေ့ကနဲဖြစ်၍ ဘဝင်ကျ၍ အိပ်ပျော်၍ သွားလေ၏။

အိပ်ရာမှ နိုးပြန်လျှင်လည်း မြေချပ် ကသိုဏ်းဝန်းကြီးကိုပင် ထင်မြင်၍ နိုး၍လာ၏။ မျက်နှာရှေ့က မြေချပ် ကသိုဏ်းဝန်းကြီး ဆီးလျက်သာ နေတော့၏။ ဤကဲ့သို့ ဥဂ္ဂဟနိမိတ်ရ၍ အတော်ခိုင်သော ရင့်သောအခါ ခပ်မှောင်မှောင် အခန်းထဲများမှာ မျက်စိမမှိတ်ဘဲ ဖွင့်၍ထားတောင် ကသိုဏ်းမြေဝန်း ကိုသာ မြင်၍နေတော့၏။ စက္ခုဝီထိ မကျတော့ပြီ။ စင်္ကြံသွားရင်းလည်း ရှု၍ ဖြစ်တော့၏။

ဤကဲ့သို့ ဥဂ္ဂဟနိမိတ် ထင်သည်မှစ၍ အိပ်ချင် ထိုင်းမှိုင်းသော ထိနမိဒ္ဓတို့သည် အတန်ငယ် ကွာလျက် တဖြည်းဖြည်းပါး၍ ငုပ်၍ သွားကြတော့၏။ ကြွင်း နီဝရဏ တို့လည်း ထိုနည်းတူ တဖြည်းဖြည်း ပါး၍ ငုပ်၍ သွားကြတော့၏။

ဤကား ဥဂ္ဂဟနိမိတ် ထင်ပုံတည်း။

အပ္ပနာဈာန်ပေါ်ပုံကိုပြခြင်း

တပည့်တို့ - ဤကဲ့သို့ ဥဂ္ဂဟနိမိတ် ရသောအခါ ပြင်ဘက် ပရိကမ္မနိမိတ် ကသိုဏ်း ဝန်းကို တော်ရာမှာ သိမ်းထား၍ စိတ်ထဲ၌ပါသော ဥဂ္ဂဟနိမိတ်ကိုသာ အမြဲအစွဲ ကြည့်ရှုရာ၏။ ထိုသို့ အမြဲအစွဲ အားထုတ်ကြည့်ရှုဖန် များသောအခါ ဤ ဥဂ္ဂဟနိမိတ်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ အကြင်အခါ၌ အရာ အဆာ အကြောင်းပြုပ်မရှိဘဲ မှဏ်သားများကဲ့သို့ ရသစ်စ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက သာလွန်ချောညက် သိမ်မွေ့နုနယ်၍ လာ၏

အလွန် စိတ်နှစ်သက် ပျော်မွေ့ဘွယ် ကောင်းသော အဖြစ်သို့ ရောက်၍ လာ၏။ စိတ်သည် ဘယ်လောက် ပင်ကြာအောင် ကြည့်၍နေသော်လည်း ပျင်းမုန်းခြင်း အားရခြင်း မရှိနိုင်တော့ပြီ။ ထိုအခါ ထိုကဲ့သို့သော နိမိတ်ကို ပဋိဘာဂနိမိတ်ဟု ခေါ်သည်။ ပဋိဘာဂနိမိတ်ဟု မှတ်ကြ။

ထိုပဋိဘာဂနိမိတ်သို့ ကျသောအခါ --

  • ကာမဂုဏ်ကို ခံစားလိုသော ကာမစ္ဆန္ဒ နီဝရဏ
  • အမျက်ဒေါသဟူသော ဗျာပါဒနီဝရဏ
  • ငိုက်မျဉ်းထိုင်းမှိုင်းခြင်း ဟူသော ထိနမိဒ္ဓနီဝရဏ
  • ပျံ့လွင့်ခြင်း ပူပန်ခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ
  • ဤကဲ့သို့ ပထဝီကသိုဏ်းကို ကြည့်ရှုအားထုတ်လျှင် ဤကဲ့သို့ ဖြစ်သည်ဟု ဟောသော ဆရာသည် အဟုတ်ဘဲသိ၍ ဟောသာလေလား၊ မသိဘဲ စမ်းယမ်း ဟောသာလေလား၊ ဟောထားသောတရား သည် မှန်မှမှန်ပါလေလား၊ အမှားများလေ လားဟု ကမ္မဋ္ဌာန်းဆရာ၌၎င်း၊ ကမ္မဋ္ဌာန်းလမ်းကြောင်း ၌၎င်း ယုံမှားခြင်း ဝိစိကိစ္ဆာနီဝရဏ

ဤနီဝရဏ ငါးပါးတို့သည် စိတ်သန္တာန်၌ ပါးလျက် တခါတည်း ကွာ၍ ကွယ်၍ ငုပ်၍ ဝပ်၍ သွားကြ လေတော့၏။ မဖြစ်ပေါ်လာ မထလာကြတော့ပြီ၊

ကြွင်းသော အကုသိုလ် နီဝရဏ တရားတို့လည်း စိတ်သန္တာန်၌ဝပ်၍ ငုပ်၍ ကုန်ကြလေတော့၏။ မပေါ်ထလာကြတော့ပြီ။

၁။ စိတ်ကို အာရုံပေါ်သို့ ရောက်အောင် လွှင့်တင်ခြင်းသဘော ဟူသော ဝိတက်
၂။ ဝိတက်တင်၍ အာရုံပေါ်သို့ ရောက်ပြီးသော စိတ်ကို ထိုအာရုံပေါ်မှ ဆုတ်လံ၍ မလာရအောင် မကျအောင် ဝန်းဝိုင်းဖေးမ ကာဆီး ပင့်တင်ခြင်း အနုမဇ္ဇန သဘောဟူသော ဝိစာရ
၃။ နှစ်သက်ခြင်း ပီတိ
၄။ ကိုယ်စိတ် အေးမြ ရွှင်လန်းချမ်းသာခြင်း သုခ
၅။ စိတ်၏ ငြိမ်သက် တည်ကြည်ခြင်း ဧကဂ္ဂတာ

ဤ ဈာန်အင်္ဂါ ငါးပါးတို့လည်း ဝိပဿနာ အရာ၌ မဂ္ဂင်တရားတွေ ပေါ်ဘိသကဲ့သို့ အတန်ငယ် အားကောင်း ထင်ရှား၍ ပေါ်လာကြကုန်၏။ ဤ ဈာန်အင်္ဂါတို့သာ မဟုတ်၊ ဈာန်အင်္ဂါတို့နှင့် လိုက်လျောနိုင်သော ကြွင်းသော စေတသိက် တရား တို့လည်း အားကောင်း ထင်ရှား၍ ပေါ်၍ လာကြကုန်၏

ထိုအခါ သတိတရားများ အလွန်ထင်၏။ ယခုအခါမှ စ၍ အမိရင်ခွင်တွင် နောက်ဆုံးပိတ် နို့စို့သည့် အခါကျအောင် ဤအတွင်း ပြုဘူးသမျှ အမှုကိစ္စတွေကို ယခု ပြုနေရဘိသကဲ့သို့ အကုန်လုံး ပြန်၍ အမှတ်ရ၏

ဤကဲ့သို့ သတိ အားကောင်းမှု ထင်မှုကား လူတိုင်းမှာလည်း သည်လောက် မဟုတ်ဘူး။ ထိုအခါ စိတ်များလည်း အလွန်ကြီးထွား၏။ လျင်မြန်၏။ စကြဝဠာ တံတိုင်းပေါ်သို့ စိတ်နှင့် ပြေးသွား ရှောက်ပတ်လိုက်လျှင် လက်ဖျစ် တတွက် အတွင်း မှာပင် ပတ်မိ၏။ အကွင်းကြီးထင်၍ လိုက်၏။ စိတ်ရှုရာ သွားရာအရပ်မှာ မှဏ်ကို စိန်သွားနှင့် ခြစ်ရာ၌ကဲ့သို့ အကြောင်းထင်၍ လိုက်၏။

ဝိတက် သန်ပုံများမှာလည်း ရှုရာအရပ်ကို လွှတ်လိုက်တိုင်း တန်းကနဲ ပြေးရှောက်၏။ ပျော့ညွတ် ကွေးကောက်၍ မနေပြီ။

တပည့်တို့ - ဝိပဿနာလမ်း၌ ဖြစ်ပျက်မှုကို ထင်မြင်နိုင်သော ဥဒယဗ္ဗယဉာဏ် ဟူ၍လည်းခေါ်တဲ့ ဥဒယတ္ထ ဂါမိနီဉာဏ်၊ သမထလမ်း၌ ဤကဲ့သို့ ပဋိဘာဂနိမိတ် ဤအရာဌာနကို ရောက်နိုင်လျှင် ထိုပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုလ်ဟု မှတ်ကြ၊ တိဟိတ်ပုဂ္ဂိုလ်တို့မှ သာလျှင် ဤနေရာ ဌာနတို့သို့ ဆိုက်ရောက်နိုင်သည်။

တိဟိတ်ပုဂ္ဂိုလ် မဟုတ်လျှင် မဆိုက်ရောက်နိုင်ပြီ။ မဆိုက်ရောက်နိုင် တယ်လို့ အားမထုတ်လို့ မဆိုက်ရောက်သာကိုလဲ မမှတ်ရဘူး တပည့်တို့။ အားထုတ်ပါလျက် ဆိုက်ရောက်ချိန် သင့်ပါလျက် မဆိုက်ရောက်ခါမှသာ တိဟိတ်မဟုတ်ဟု မှတ်ရမည်။ အားထုတ်ရာမှာလည်း အချို့မှာ အနှစ်အစိတ် သုံးဆယ်ပင်ကြာမှ ဤနေရာတို့သို့ ရောက်နိုင်ကြသည်။ ဈာန်မဂ်ဖိုလ် တရားထူးတို့ကို ရနိုင်ကြသည်။

တပည့်တို့ - ဤတည်ရာ ဌာနတို့သည် တိဟိတ်၊ ဒွိဟိတ်ခွဲသော နေရာတို့တည်း။ ကောင်းမွန်စွာ မှတ်ကြ။

ဤနေရာဌာနတို့သို့ ဆိုက်ရောက်နိုင်၍ တိဟိတ်မှန်ခဲ့လျှင် ထိုပုဂ္ဂိုလ်သည် အလို ဆန္ဒရှိက ဈာန် မဂ်ဖိုလ် တရားထူးကို ဧကန်မချွတ် ရနိုင် ယူနိုင်တော့၏

ဤကား ပဋိဘာဂနိမိတ် ဖြစ်ပေါ်ပုံတည်း။

တပည့်တို့ - ဤသို့ ပဋိဘာဂ နိမိတ်ကို ရပြီး ရောက်ပြီးသော ယောဂီပုဂ္ဂိုလ်သည် ထိုပဋိဘာဂ နိမိတ်ကို စကြာမင်းလောင်းကိုယ်ဝန်ကို ချစ်ခင် စောင့်ရှောက်သော အမိကဲ့သို့ အလွန်ချစ်ခင် စောင့်ရှောက်လျက် မမေ့မလျော့ အထပ်ထပ် အားထုတ် ကြည့်ရှုဖန်များသောအခါ စိတ်သည် တဖြည်းဖြည်း ရင့်သန် ကြီးထွားလျက် အားကောင်းလျက် ငြိမ်သက်လျက် အကြင်အခါ၌ အာရုံကို ခိုင်မြဲစွာတွယ်၍ အာရုံထဲသို့ ငင်ဘိသကဲ့သို့ ဖြစ်၍ အာရုံကို စူးစိုက်၍ ငြိမ်၍ မှိန်း၍ ခံစား၍ ဖြစ်ပေါ်၏။ ထိုစိတ်ကို ဈာန်အင်္ဂါ ငါးပါးနှင့် ပြည့်စုံသော ပဌမဈာန်စိတ်ဟု ခေါ်သည်၊ ပဌမဈာန်စိတ်ဟု မှတ်ကြ။

တပည့်တို့ - ဤဈာန် အပ္ပနာဝီထိ ကျပုံမှာ မဂ်အပ္ပနာဝီထိ ကျပုံကဲ့သို့ပင် စိတ်သည် ရှေ့ဇောဝါရ အဆုံး ဘဝင်ကျ၍ ဘဝင်မှ ထပြီးလျှင် ဤကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံပြု၍ “အာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု, ဈာန်” ဟု ဈာန်ဇော တကြိမ်၊ ထို့နောက် ဘဝင်ကျ၍ သွား၏။ ထို့နောက် အိပ်မက်မက်သဖြင့် နိုး၍ အိပ်မက်ကို ပြန်ဆင်ခြင်သော သူကဲ့သို့ သင်းကား ဝိတက် သင်းကား ဝိစာရ စသည်ဖြင့် ဈာန်အင်္ဂါ ငါးပါးတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ဇောဝါရတွေ ဖြစ်ကုန်၏။

တပည့်တို့ - မဂ်အပ္ပနာ ဝီထိမှာ အာရုံကွဲပြား၏။ ဤဈာန် အပ္ပနာဝီထိ မှာကား အာရုံ မကွဲပြားကြပြီ။

အာရုံ မကွဲပြားဘဲလျက် အဘယ့်ကြောင့် ဈာန်ဇောမှန်း သိရသနည်း ဆိုသော် တပည့်တို့ - ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု ဟူသော ဇောလေးကြိမ် တို့မှာကား ကာမတဏှာလည်း မကင်းသေး၊ မငုပ်တတ်သေးပြီ။ ဖြစ်ကြပုံလည်း ကြပ်ကြပ် မငြိမ်သက်ကြသေးပြီ။

ဂေါတြဘု နောက်၌ဖြစ်သော ဇောတကြိမ်မှာမူကား ကာမတဏှာလည်း ကင်း၍ ပါး၍ ငုပ်၍ သွား၏။ စိတ်လုံးလည်း အလွန်ကြီးထွား၏။ ဈာန်အင်္ဂါတို့လည်း အလွန် ထင်ရှားစွာ ကြီးထွားဖြစ်ပေါ်ကြ ကုန်၏။ သံမှိုကို မြုပ်အောင် ရိုက်လိုက်လျှင် လှုပ်နှဲ၍မရ ယိမ်းယိုင်ခြင်း မရှိသကဲ့သို့ ဖြစ်ပုံလည်း အာရုံထဲကို ဝင်ဘိသကဲ့သို့ အလွန်ခိုင်မြဲစွာ တွယ်၍ စူးစိုက်၍ လှုပ်ရှား ယိမ်းယိုင်ခြင်း မရှိ အလွန်ငြိမ်သက်စွာ ဖြစ်၏

ဤသို့သော အကြောင်းကြောင့် ဈာန်ဇောမှန်း သိအပ်၏။

ဤဈာန်ဇော စေတနာကံသည် ကာမတဏှာ ကင်းခြင်းကြောင့် ကာမဘုံ၌ အကျိုး မပေးပြီ။ ကာမဘုံကိုလွန်၍ ရူပဗြဟ္မာဘုံ၌ အကျိုးပေး၏။ ထို့ကြောင့် ဤဈာန်စိတ်ကို ရူပါဝစရစိတ်ဟု ခေါ်အပ်၏။

တပည့်တို့ - ဤကဲ့သို့ ပဌမဈာန်ကို ရပြီးသော ယောဂီ ပုဂ္ဂိုလ်သည် ဤ ပဌမဈာန်ကို ကြပ်ကြပ် မြဲမြံခိုင်ခံ့အောင် အားကောင်းအောင် အဖန်ဖန် ဝင်စားအပ်၏။ ဝင်စားဆိုသည်ကား ကသိုဏ်း ပဋိဘာဂနိမိတ်ကို အဖန်ဖန်ရှု၍ ဈာန်ဇော အဖန်ဖန် ကျစေမှုတည်း။

ယခု အစအဆုံးကျသော အပ္ပနာဝီထိမှာ ဈာန်ဇော တကြိမ်သာကျ၏။ ထို့နောင် ဝင်စားဖန် များသောအခါ စိတ်အား ကောင်း သန်စွမ်း၍ တကြိမ်, နှစ်ကြိမ်, သုံးကြိမ် လေးကြိမ် စသည်ဖြင့် စိတ်သန် သလောက် ဈာန်ဇောတွေ အသင်္ချေ မရေမတွက် နိုင်အောင် များစွာပင် ကျ၍ သွား၏။ တနာရီပတ်လုံး ဈာန်ဇောချည်းကျ၍ ဖြစ်၍ နေ၏။ တနံနက်ပတ်လုံး တနေ့ပတ်လုံး, တရက် ပတ်လုံး, ခုနစ်ရက်ပတ်လုံး စသည် ကြာအောင်ပင် ဈာန်ဇောချည်း သက်သက် ကျ၍ ဖြစ်၍နေ၏။

ဝသီဘော် ၅ - ပါး

ဤကဲ့သို့ စိတ်ကို ဈာန်ကို သန်စွမ်း အားကောင်းအောင် ခိုင်ခံ့အောင် ပြုပြီးလျှင် ဤပဌမဈာန်ကို သမာပဇ္ဇနဝသီ၊ အဓိဋ္ဌာနဝသီ၊ ဝုဋ္ဌာနဝသီ၊ အာဝဇ္ဇနဝသီ၊ ပစ္စဝေက္ခဏဝသီဟု ဝသီဘော် ငါးပါးတို့ဖြင့် လေ့လာ နိုင်နင်းအောင် ပြုအပ်၏။

  1. တပည့်တို့ - ဤဝသီ ငါးပါးတို့တွင် ဈာန်ကို အလိုရှိသော ခဏ၌ အလျင်အမြန် ဝင်စားနိုင်မှုကို သမာပဇ္ဇနဝသီ ဟု ခေါ်သည်။
  2. တခဏ, တခရာ, တနာရီ, တနံနက် စသည်ဖြင့် မိမိအလိုရှိသမျှ ကာလပတ်လုံး ပိုလည်း မပိုရ လိုလည်း မလိုရအောင် ဈာန်ဇောကို ဖြစ်စေနိုင်မှု ထားနိုင်မှုကို အဓိဋ္ဌာနဝသီ ဟု ခေါ်သည်။
  3. အချိန်ကာလကို ပိုလည်းမပိုရ လိုလည်းမလိုရင် မိမိမှန်းထားသော အချိန်၌ ဈာန်ဇောမှ ထနိုင်မှုကို ဝုဋ္ဌာနဝသီ ဟု ခေါ်သည်။
  4. ဈာန်မှ ထ၍ ဈာန်အင်္ဂါတို့ကို ဆင်ခြင်ရန် ဘဝင်တွေ များစွာမကျစေဘဲ ဈာန်အင်္ဂါတို့ကို ဆင်ခြင်သော အာဝဇ္ဇန်း လျင်မြန်စွာ ဖြစ်စေနိုင်မှုကို အာဝဇ္ဇနဝသီ ဟု ခေါ်သည်။
  5. ဈာန် အင်္ဂါကို ဆင်ခြင်ပြီးလျှင် တဖန်ဈာန်ကို အလျင်အမြန် ဝင်စားရန်ဖို့ ဈာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ဇောတွေကို ခုနစ်ကြိမ်လောက် များစွာ မဖြစ်စေဘဲ လေးကြိမ်, ငါးကြိမ်မျှလောက်သာ ကျစေနိုင်မှုကို ပစ္စဝေက္ခဏဝသီ ဟု ခေါ်သည်။

ဤသို့ ဈာန်အင်္ဂါကို ဆင်ခြင်သောဇောကို အလျင်အမြန် နည်းနည်းနှင့် ပြတ်စေ၍ ဇောနောင် ဘဝင်တို့ကိုလည်း များစွာ မဖြစ်စေဘဲ နည်းနည်းနှင့် ပြတ်စေ၍ အလျင် အမြန် တဖန် ဈာန်ကို ဝင်စားနိုင်မှုကို သမာပဇ္ဇန၀သီ ဟု ခေါ်သည်။

ဤသို့ ဝသီငါးပါးကို လှည့်ခွေပတ်၍ သိအပ်၏

တပည့်တို့ - ဝသီဘော် နိုင်နင်းသော သူတကာတို့တွင် အထွဋ်အထိပ်သို့ ရောက်တော်မူသော သဗ္ဗညု ဘုရားရှင်တို့အား တန်ခိုး ယမိုက် ပြာဋိဟာကို ပြသောအခါ အလွန်လျင်မြန်စွာ ပြုရသောအခါ တို့၌ကား ပစ္စဝေက္ခဏာဇော လေးကြိမ်, ငါးကြိမ် ဇောနောင် ဈာန်၏အကြား ဘ၀င် နှစ်ကြိမ်, သုံးကြိမ်မျှသာ ဖြစ်ကုန်သည်။ ဤသည်လျှင် အနည်းဆုံး အနိုင်နင်းဆုံး ပင်တည်း။ သည်ထက်ကား နည်း၍ မဖြစ်နိုင်။

ဘုရားမှကြွင်းသော ပုဂ္ဂိုလ်တို့သည်ကား ဤမျှလောက် ဘဝင်ကို နည်းအောင် မတတ်နိုင်ကြပြီ၊ တပည့်တို့။ ဤကဲ့သို့ ဇောဘဝင်ကို နည်းအောင် အလျင်အမြန် ဖြတ်နိုင်မှု ပြောင်းလဲနိုင်မှုသည် အလွန်စိတ်ထက်သန် အားကောင်းမှ အလွန် လျင်မြန်မှ ဖြစ်နိုင်သည်။ ထို့ကြောင့် စိတ်ထက်သန် ကြီးထွားအောင် အားကောင်းအောင် ကသိုဏ်း နိမိတ်ကို ကြီးအောင် တိုးပွားစေအပ်၏

တိုးပွားစေရမည့်အခါမှာ ဤကဲ့သို့ ဈာန်ကို ရပြီးသော အခါကျမှလည်း ပွားစေအပ်၏။ ဈာန်မရခင် ပဋိဘာဂနိမိတ်သို့ ကျလျှင်လည်း ပွားစေအပ်၏ ဥဂ္ဂဟနိမိတ် အခါ၌ကား မပွားစေအပ်။ ဥဂ္ဂဟနိမိတ် အခါက ပွားလျှင် ထို ဥဂ္ဂဟနိမိတ်သည် ကြီး၍ ပွား၍ကား လိုက်၏။ စိတ်နိုင်အောင် မထိန်းနိုင် မရှုနိုင်သဖြင့် ဖြန့်ကြဲ၍ ကွဲ၍ ပျက်စီး၍ သွားတတ်သည် သွားသည်။ ထို့ကြောင့် ဥဂ္ဂဟနိမိတ်ကိုကား ကြီးအောင် နှလုံးမသွင်းအပ်၊ မပွားအပ်။ ပဋိဘာသို့ကျမှ ဈာန်ကို သော်လည်း ရပြီးမှ ကြီးအောင် ပြုအပ် ပွားအပ်၏

ပွားပုံမှာလည်း စိတ်က ကြီး-ကြီး - ကြီး-ကြီး ဟု နှလုံးသွင်းလျှင် စိတ်ထင်တိုင်း အောက်မေ့တိုင်း ပဋိဘာဂနိမိတ် ကသိုဏ်းဝန်း ကြီး၍ လိုက်သည်။ လိုက်တိုင်း တခါတည်း မကြီးစေအပ်။ တဖြည်းဖြည်း လက်တသစ်, နှစ်သစ်, လေးသစ်, ရှစ်သစ်, တတောင်, တလံ, ဆယ်လံ စသည်ဖြင့် စကြဝဠာနှင့် အပြည့်တိုင်အောင် သော်၎င်း၊ ထို့ထက် အလွန်သော်၎င်း တစတစ ကြီးပွားစေအပ်၏။ အလိုရှိ သလောက် စိတ်ထက်သန်သလောက် ကျယ်၍ ကြီး၍ လိုက်၏။

တပည့်တို့ - ဤသို့ အောက် ဈာန်ကိုရ၍ အထက်ဈာန်ကို တက်လိုသောအခါ ဤ မိမိရပြီးသော အောက်ဈာန်ကို ဤကဲ့သို့ ခိုင်မြဲ အားကောင်းအောင် ဝသီဘော် နိုင်အောင် ပြုပြီးမှ အထက်ဈာန်ကို တက်အပ် ရအောင်ပြုအပ်၏။ ဤကဲ့သို့ မပြုဘဲ တက်လျှင် အထက်ဈာန်ကိုလည်းမရ အောက်ဈာန် လည်းပျက် နှစ်ပါးစုံ လျှောကျ ပျက်စီးတတ်၏

၂။ တပည့်တို့ - ဤကဲ့သို့ ပဌမဈာန်ကို ရပြီး၍ ခိုင်မြဲ အားကောင်းအောင် ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက် ဒုတိယဈာန်ကို တက်လို ရခြင်းငှါ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် ဤယခု ငါရသော ပဌမဈာန်စိတ်သည် အောက်ကျသေး၏။ နီဝရဏ ဟူသော ရန်သူ နီးသေး၏။ ဝိတက် ပါခြင်းကြောင့် အလွန်လှုပ်ရှား ရုန့်ရင်းကြမ်းတန်းသေး၏။ အားအစွမ်း ညံ့ဖျင်းသေး၏။

ဤဝိတက်မပါလျှင် သည့်ထက် သိမ်မွေ့ ငြိမ်သက်ရာ၏။ အားအစွမ်း ကောင်းရာ၏ ဟု ဆင်ခြင်၍ ဝိတက်ကိုမုန်း၍ ဝိတက်မပါသော ဈာန်စိတ်ကို ချစ်ခင်တောင့်တ၍ ဝိတက်ကို မပါစေလိုသော ဆန္ဒဖြင့် ထိုပထဝီ ပဋိဘာဂ နိမိတ်ကိုပင်လျှင် မြေ မြေဟု စိတ်ထဲကမှတ်လျက် အဖန်ဖန် ကြည့်ရှုသောအခါ စိတ်ထဲ၌ ဝိတက်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် အကြင်အခါ ဝိတက်ငုပ်၍ ဝိတက်မပါဘဲ ပဌမဈာန် ဝီထိကျဘိသကဲ့သို့ “ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ” ဟု ဈာန်အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဈာန်ဇော ဝီထိကျလာ၏။ ဤဈာန်ကို နှစ်ကြိမ်မြောက် ရအပ် ဝင်စားအပ်သော ဈာန်ဖြစ်၍ ဒုတိယဈာန်ဟု ခေါ်ဆို မှတ်သား အပ်၏။ ဤ ဈာန်ကိုလည်း ရှေးနည်းတူ ခိုင်မြဲ အားကောင်းအောင် ဝသီဘော် နိုင်အောင် ပြုအပ်၏။

၃။ တပည့်တို့ - ဤကဲ့သို့ ဒုတိယဈာန်ကို ရပြီး၍ ခိုင်မြဲ အားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုပြီး၍ အထက် တတိယဈာန်ကို တက်လို ရခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် ဤ ဒုတိယဈာန် စိတ်သည်လည်း အောက်ကျသေး၏။ ဝိတက်ဟူသော ရန်သူနီးသေး၏။ ဤ ဝိစာရပါရှိခြင်းကြောင့် ရုန့်ရင်း ကြမ်းတန်းသေး၏။ အားအစွမ်း ညံ့ဖျင်းသေး၏။

ဤဝိစာရ မပါလျှင် သည့်ထက် သိမ်မွေ့ ငြိမ်သက်ရာ၏။ အားအစွမ်း ကောင်းရာ၏ ဟု ဆင်ခြင်၍ ဝိစာရကိုမုန်း၍ ဝိစာရမပါသော ဈာန်ကို ချစ်ခင် တောင့်တ၍ ဝိစာရကို မပါစေလိုသော ဆန္ဒဖြင့် ထိုပထဝီ ပဋိဘာနိမိတ်ကို မြေမြေဟု စိတ်ထဲက မှတ်၍ အဖန်ဖန် ကြည့်ရှုသောအခါ ဝိစာရ တဖြည်းဖြည်း သိမ်မွေ့ ၍ သိမ်မွေ့၍သွားလျက် အကြင်အခါ ဝိစာရမပါဘဲ “ပီတိ, သုခ, ဧကဂ္ဂတာ” ဟု ဈာန်အင်္ဂါ သုံးပါးနှင့် ပြည့်စုံစွာ ရှေးနည်းတူ ဈာန်ဇောဝီထိ ကျလာ၏။ ဤဈာန်ကို သုံးကြိမ်မြောက် ရအပ် ဝင်စားအပ်သော ဈာန်ဖြစ်၍ တတိယ ဈာန်စိတ်ဟု ခေါ်ဆို မှတ်သားအပ်၏။ ဤဈာန် ကိုလည်း ခိုင်မြဲ အားကောင်း အောင် ဝသီဘော်နိုင်အောင် ပြုအပ်၏။

၄။ တပည့်တို့ - ဤကဲ့သို့ တတိယဈာန်ကို ရပြီး၍ ခိုင်မြဲ အားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုပြီး၍ အထက် စတုတ္ထဈာန်ကို တက်လိုရခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် ဤတတိယ ဈာန်စိတ်သည်လည်း အောက်ကျသေး၏။ ဝိစာရဟူသော ရန်သူနီးသေး၏။ ဤ ပီတိသည် နှစ်သက်ခြင်း သဘောဖြစ်၍ ကာမရတိနှင့် နီးစပ်သော သဘောရှိ၏။ ကာမရတိ ဟူသော ရန်သူနှင့် နီး၏၊ ဤပီတိ ပါရှိခြင်းကြောင့် ရုန့်ရင်းကြမ်းတန်းသေး၏။ အားအစွမ်း ညံ့ဖျင်းသေး၏၊

ဤပီတိ မပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏၊ အားအစွမ်းလည်း ကောင်းရာ၏ ဟု ဆင်ခြင်၍ ပီတိကိုမုန်း၍ ပီတိမပါသော ဈာန်ကို ချစ်ခင်တောင့်တ၍ ပီတိကို မပါစေလိုသော ဆန္ဒဖြင့် ထိုပထဝီ ပဋိဘာဂနိမိတ်ကို မြေ မြေဟု စိတ်ထဲက မှတ်လျက် အဖန်ဖန် ကြည့်ရှုသောအခါ ပီတိသည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍သွားလျက် အကြင်အခါ ပီတိမပါဘဲ “သုခ, ဧကဂ္ဂတာ” ဟု ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံစွာ ရှေးနည်းတူ ဈာန်ဇော ဝီထိ ကျလာ၏။ ဤဈာန်ကို လေးကြိမ်မြောက် ရအပ် ဝင်စားအပ်သော ဈာန်ဖြစ်ခြင်းကြောင့် စတုတ္ထဈာန်ဟု ခေါ်ဆို မှတ်သားအပ်၏။ ဤ ဈာန်ကိုလည်း ခိုင်မြဲ အားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏။

၅။ တပည့်တို့ - ဤကဲ့သို့ စတုတ္ထဈာန်ကို ရပြီး၍ ခိုင်မြဲ အားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုပြီး၍ အထက် ပဉ္စမဈာန်ကို တက်လို ရခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် ဤစတုတ္ထ ဈာန်စိတ်သည်လည်း အောက်ကျသေး၏။ ပီတိဟူသော ရန်သူနီးသေး၏။ ဤသုခသည် ကာမရတိ, ကာမသုခတို့နှင့် နီးစပ်သောသဘော ရှိ၏။ ကာမသုခ ကာမရတိ ဟူသော ရန်သူနီး၏။ ဤသုခ ပါရှိခြင်းကြောင့် စိတ်သည် ပေါ်လွင်၏။ ရုန့်ရင်းကြမ်းတန်း သေး၏။ အားအစွမ်းလည်း ညံ့ဖျင်းသေး၏။

စိတ်ထဲ၌ အာရုံကို ကောင်းသည် ဟုခံစားသော ဤသုခ မဟုတ်ဘဲ အာရုံကို ကောင်းသည်ဟူ၍၎င်း၊ မကောင်းဘူး ဟူ၍၎င်း မခံစားဘဲ အလယ်အလတ် ခံစားခြင်း ဥပေက္ခာသဘောနှင့်နေလျှင် သည့်ထက် သိမ်မွေ့ ငြိမ်သက်ရာ၏။ အားအစွမ်းလည်း ကောင်းရာ၏ဟု ဆင်ခြင်၍ သုခကို မုန်း၍ ဥပေက္ခာကို ချစ်ခင်တောင့်တ၍ ထိုပထဝီ ပဋိဘာဂ နိမိတ်ကို မြေ မြေဟု စိတ်ထဲက မှတ်၍ အဖန်ဖန် ကြည့်ရှုသောအခါ သုခသည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် အကြင်အခါ ကောင်းသည်ဟု ခံစားခြင်း သဘောမဟုတ်ဘဲ မကောင်းဘူးဟု ခံစားခြင်း သဘောလည်း မဟုတ်ဘဲကောင်းမှု မကောင်းမှု နှစ်ဘက်သို့မကျဘဲ အလယ် အလတ် ခံစားခြင်း ဥပေက္ခာဝေဒနာ ဖြစ်လာ၍ ဧကဂ္ဂတာနှင့်တကွ ဈာန်အင်္ဂါ နှစ်ပါးနှင့် ပြည့်စုံစွာ ရှေးနည်းတူ ဈာန်ဇောဝီထိကျလာ၏။ ဤဈာန်ကို ငါးကြိမ်မြောက် ရအပ် ဝင်စားအပ်သော ဈာန်ဖြစ်ခြင်းကြောင့် ပဉ္စမဈာန်ဟု ခေါ်ဆို မှတ်သားအပ်၏။ ဤဈာန်ကိုလည်း ခိုင်မြဲ အားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏။

၁။ တပည့်တို့ - ဤကဲ့သို့ ဈာန်တို့ကို ရအောင် အားထုတ်ရာ၌ အချို့သော ပုဂ္ဂိုလ်တို့မှာ ဤကဲ့သို့ ဈာန်ငါးဆင့်ရှိသည်။ ဤနည်းကို ပဉ္စကနည်းဟူ၍ ခေါ်သည်။ အချို့သော ပုဂ္ဂိုလ်တို့မှာကား ဝိတက်နှင့် ဝိစာရကို တပေါင်းတည်း တကြိမ်တည်း ပယ်ချခဲ့၍ ဈာန်လေးဆင့်သာ ရှိသည်။ ထိုနည်းကို စတုက္ကနည်းဟူ၍ ခေါ်သည်။

ထိုစတုက္ကနည်း၌ -
တတိယဈာန်ဟာ ဒုတိယဈာန် ဖြစ်၏။
စတုတ္ထဈာန်ဟာ တတိယဈာန် ဖြစ်၏။
ပဉ္စမဈာန်ဟာ စတုတ္ထဈာန်ဖြစ်၏။

တပည့်တို့ - ပထဝီကသိုဏ်းကို ကြည့်ရှုပွားများ အားထုတ်လျှင် ဤကဲ့သို့ ပဉ္စမဈာန် ကျအောင် ဈာန်ငါးပါးလုံးကို ရနိုင်၏။ တပည့်တို့ - ဤသို့ ပထဝီကသိုဏ်းကို ကြည့်ရှု၍ရသော ဈာန်တို့ သည်လည်း မြေဝန်း ပထဝီကသိုဏ်းဝန်းကို ကြည့်ရှု၍ရသော ဈာန်ဖြစ်ခြင်းကြောင့် ပထဝီကသိဏ ဈာန်ဟူ၍ပင် အမည်ရကုန်၏။

တပည့်တို့ - ယခုလို ပထဝီကသိဏ ဈာန်ကိုရအောင် ပထဝီကသိုဏ်း နိမိတ်ကို ကြည့်ရှုယူရာမှာ ရှေးအတိတ်က နီးသောဘဝက ပထဝီကသိုဏ်းနိမိတ်ကို ရခဲ့ဖူးသော အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့သောသူမှာ ဤကဲ့သို့ မြေကြီး ကသိုဏ်းဝန်း အသေအချာ လုပ်၍ ရှုမှပင် နိမိတ်ရနိုင်သည် ဈာန်ရနိုင်သည်။ ရှေးအထုံ ဝသီ ပါရမီ အဓိကာရ ရှိသောသူမှာကား မပြုမပြင်ဘဲ ပကတိမြေပြင်, ကောက်နယ်တလင်း ထွန်၍ထားသော ထွန်တီးပြင် လယ်ကွက်တို့ကိုပင် မြေ မြေဟု နှလုံးသွင်း၍ ကြည့်ရှုလိုက်လျှင် ပထဝီကသိုဏ်းနိမိတ် ရနိုင်သည်။ ဈာန်တို့ကို ဖြစ်စေနိုင်သည်။

ပထဝီကသိုဏ်း ကြည့်ရှုပွားများ အားထုတ်ပုံ ပြီး၏။

အာပေါကသိုဏ်း စသည်တို့ကို ပွားများပုံကို ပြခြင်း

၂။ တပည့်တို့ - အာပေါဟု မာဂဓသားတို့ ခေါ်သော ရေကသိုဏ်းကို ကြည့်ရှု ပွားများ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် ရှေးအတိတ် နီးသော ဘဝက ရေကသိုဏ်းကို ရခဲ့ဘူးသော အထုံ ဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုပြင်ဘဲ ပကတိသော မြစ်, သမုဒ္ဒရာ, အိုင်, ရေကန်, ရေတွင်းတို့ကို ကြည့်ရှုရုံ မျှဖြင့် အလွယ်တကူနှင့်ပင် ရေနိမိတ် ရနိုင်၏။

ဤကဲ့သို့ အဓိကာရ မရှိခဲ့လျှင် တတောင်လောက် တောင်ဆုပ်လောက် အဝ ကျယ်သော အစောက် နက်သော အိုး, ခွက်, စည်ပိုင်းထဲ၌ ကြည်လင်စွာသော ရေကို ထည့်၍ ပထဝီကသိုဏ်း၌ ဆိုခဲ့ပြီး သောနည်းအတိုင်း ရေကို စိတ်ထဲ၌ ဥဂ္ဂဟနိမိတ် ရအောင် ကြည့်ရှုရာ၏။ ဤရေကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ် ရေနှင့်တထပ်တည်း တူ၏။ ပြင်ဘက် ရေကဲ့သို့ လှုပ်ရှားလျှင် လှုပ်ရှားသောအတိုင်း အပွက်ပါလျှင် အပျက်အတိုင်း ပါလျက်ထင်၏။

ပဋိဘာဂ နိမိတ်ကား အပျက်မရှိ၊ လှုပ်ရှားခြင်းမရှိ၊ အလွန် ငြိမ်သက်လျက် ထိုဥဂ္ဂဟ နိမိတ်ထက် အဆ အရာမက သာလွန်၍ ကြည်လင်စွာ ထင်၏။ မှဏ်ညိုသားကဲ့သို့ တသားတည်း အလွန် ကြည်လင်စွာ ထင်၏။ ဈာန်ပေါ်ပုံမှာ ပထဝီကသိုဏ်း နည်းတူဘဲ။

တပည့်တို့ - ဤ ရေကသိုဏ်းလည်း ဈာန်ငါးပါးလုံး ဖြစ်စေနိုင်၏။ တပည့်တို့ - ဤမှ နောက်၌ ကသိုဏ်းတို့ကိုရော, ကသိုဏ်းမှ ကြွင်းသော ကမ္မဋ္ဌာန်းတို့ကိုရော, အကျဉ်း နည်းပြမျှဖြင့်သာ ဟောကြားတော့အံ့၊ ထူးသော နေရာမျှကိုသာ ဟောပြတော့အံ့၊ ချုံးတော့အံ့။

အာပေါကသိုဏ်းကြည့်ရှု ပွားများအားထုတ်ပုံ ပြီး၏။

---

တေဇောကသိုဏ်း ပွားများပုံကို ပြခြင်း

၃။ တပည့်တို့ - တေဇောကသိုဏ်းကိုလည်း ရှေးက အားထုတ်ခဲ့ဘူးသော အထုံ ဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိသော မီးပုံ မီးကျီး မီးတောက် ဆီမီးတို့ကိုပင် ကြည့်ရှု နိမိတ်ရနိုင်၏။ အဓိကာရ မရှိခဲ့လျှင် မီးတောက်ကိုသော်၎င်း မီးကျီးစုကို သော်၎င်း ဖြစ်စေ၍ မပူလောက်သော အနီး၌ထား၍ အလွတ်လည်း ကြည့်ရှုရာ၏။ ဖျာ, သင်, ရိုင် စသည်ကို တထွာလောက် အပေါက် ဖောက်၍ ထိုအပေါက်ဖြင့် ကာဆီး၍သော်လည်း ကြည့်ရှုရာ၏။

ဤမီးကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်အတိုင်း မီးခဲဖြစ်လျှင် အခိုးအငွေ့ အရှိန်နှင့်တကွ မီးခဲတွေ အစိတ်စိတ် ကွဲလျက်ပင် ထင်၏။ ပဋိဘာဂ နိမိတ်မှာအခိုးအငွေ့ အရှိန်ကင်းလျက် မီးခဲတခုတည်း တသားတည်း တွေခဲလျက် ထင်၏။ မီးတောက် ဥဂ္ဂဟနိမိတ်မှာ အခိုးအငွေ့ အရှိန်နှင့်တကွ လောင်စာ ထင်းစ နှင့်တကွ လှုပ်ရှားလျက် ထင်၏။ ပဋိဘာဂနိမိတ်မှာ အခိုးအငွေ့ အရှိန်မရှိ လောင်စာ ထင်းစမရှိ ငြိမ်သက်စွာ ထင်၏။ ဈာန်ပေါ်ပုံမှာ ရှေးနည်းတူတည်း

တေဇောကသိုဏ်း ပြီး၏။

---

ဝါယောကသိုဏ်း ပွားများပုံကို ပြခြင်း

၄။ ဝါယောကသိုဏ်းကိုလည်း ရှေ့က နီးသော ဘဝက ဝါယောကသိုဏ်းကို ရခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိ ကောင်းကင်ပြင်မှာ လွှင့်တိုက်၍ နေသောလေကို ဖမ်း၍ နိမိတ် ရအောင် ယူနိုင်၏။ အဓိကာရ မရှိခဲ့လျှင် မြက်ပင်ဖျား, ပြောင်းပင်ဖျား, ကြံပင်ဖျား, ဝါးရုံပင်ဖျား, သစ်ကိုင်းဖျား, လက်လေးသစ် မျှလောက် ရှည်သော ဆံတို ဆံပင်ဖျားတို့၌ လေတဖြတ်ဖြတ် ခတ်၍ လှုပ်၍ နေသောအခါ ထိုခတ်အပ်သော မြက်ပင်ဖျား စသည်ဖြင့် မှတ်၍ ထိုခတ်လာသောလေကို ဤနေရာ၌ လေတွေ ပြေးလွှင့်၍ တိုက်၍ ရှိနေသည်ဟု နှလုံး သွင်း၍ လေကို သတိသညာဖြင့် မှတ်၍ စိတ်ကူး၍ လေ လေ ဟု ကြည့်ရှု ဖမ်းယူအပ်၏။ လေတိုက်သောအခါ ကိုယ်ကို လေတိုက်ခံ၍ သော်လည်း ထိုလေ တိုက်ထိမှန်း သိသော နေရာ၌ လေကိုနှလုံးသွင်း၍ သတိသညာဖြင့် မှတ်၍ စိတ်ကူး၍ ဖမ်းယူအပ်၏။

ဤလေကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ရေတွေကဲ့သို့သော်၎င်း၊ မီးခိုးကဲ့သို့သော်၎င်း၊ စီးသွား ပြေးလွင့်သော အခြင်းအရာအားဖြင့် လှုပ်ရှားလျက်ထင်၏။ ပဋိဘာဂ နိမိတ်ကား မလှုပ်မရှား ငြိမ်သက် စွာထင်၏။ ဈာန်ပေါ်ပုံမှာ ရှေးနည်းတူတည်း။

တပည့်တို့ - လေတွေဆိုသာ မျက်စိနှင့် မမြင်ရသော်လည်း မီးခိုးတို့ ရေတို့လို ပင်တည်း။ အောက် အဘိဓမ္မာ သုညတနည်း၌ ဟောပြခဲ့သောအဘိုင်း ဤ လေဓာတ်၏ နေပုံ အခြင်းအရာ သဘောကို သိအောင်လုပ်၍ ထားကြ။ နေပုံ အခြင်းအရာ သဘောကိုသိလျှင် ဤကဲ့သို့ ကသိုဏ်းနိမိတ်ယူရာ၌ အလျင်အမြန် အလွယ် တကူဖြင့် ထင်မြင်နိုင်သည်။

ဝါယောကသိုဏ်း ပြီး၏။

---

နီလကသိုဏ်း ပွားများပုံကို ပြခြင်း

၅။ တပည့်တို့ - နီလ အညိုကသိုဏ်းကိုလည်း ရှေးက နီးသော ဘဝက နီလ ကသိုဏ်းကို ရဘူးသော အထုံ၁သီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ညိုညို မြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏။

အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တထွာလောက် အလျား အနံ ကျယ်စွာ သစ်သားကို ယပ်ဝန်း ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာအရိုးနှင့်တကွ ကသိုဏ်း ဝန်းလုပ်၍ အညိုဆုံးဆေးကို အချောဆုံး အလှဆုံးနေအောင် သုတ်၍ အနား၌ အညိုရောင်ကို တောက်ထ စေတတ်သော အနီဖြစ်စေ အဖြူဖြစ်စေ အမှတ်မရှိ တခုခု တပူတပြားလောက် ဆေးမင် အနားပတ်တင်သား သုတ်လိမ်း၍ အညို အညို ဟု စိတ်ထဲက မှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏။

ဤနီလကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက ညိုချော ပြောင်လင်းလျက် အလွန်နှစ်သက်ဘွယ် ပတ္တမြားညို ယပ်ဝန်းကဲ့သို့ ထင်၏။ ဈာန်ပေါ်ပုံမှာ ရှေးနည်းတူတည်း။

နီလကသိုဏ်း ပြီး၏။

---

ပီတ လောဟိတ သြဒါတ ကသိုဏ်း ပွားများပုံကို ပြခြင်း

၆။ တပည့်တို့ - ပီတ အဝါကသိုဏ်း လောဟိတ အနီကသိုဏ်း ဩဒါတ အဖြူကသိုဏ်း တို့ကို လည်း ရှေးက နီးသောဘဝက ရခဲ့ဘူးသော အဓိကာရ ရှိခဲ့လျှင် မပြုပြင်ဘဲ ဝါဝါမြင်သမျှ အလုံးစုံ သော ဝတ္ထု နီနီမြင်သမျှ အလုံးစုံသော ဝတ္ထု၊ ဖြူဖြူမြင်သမျှ အလုံးစုံသောဝတ္ထုတို့ကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ် ရနိုင်၏။

အဓိကာရ မရှိခဲ့လျှင် ယခင် အညိုကသိုဏ်းဝန်းကဲ့သို့ ကသိုဏ်းဝန်း ပြုလုပ်၍ -
အဝါဆုံးဆေးကို သုတ်လျှင် အဝါကသိုဏ်း ဖြစ်၏။
အနီဆုံး ဆေးကို သုတ်လျှင် အနီကသိုဏ်း ဖြစ်၏။
အဖြူဆုံးဆေး ထုံးတို့ကို သုတ်လျှင် အဖြူကသိုဏ်း ဖြစ်၏။

မျက်စိနှင့် မြင်သော အတိုင်း အခါ အဝါ, အနီ အနီ အဖြူ အဖြူဟု စိတ်ထဲက မှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏။

အဝါကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သောအတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်ကား ထိုဥဂ္ဂဟနိမိတ်ထက် အဆအရာမက ဝါချော ပြောင်လင်းလျက် အလွန်နှစ်သက်ဘွယ် ရွှေယပ်ဝန်းကဲ့သို့ ထင်၏။

အနီကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် ကထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆ အရာမက နီချော ပြောင်လင်းလျက် အလွန်နှစ်သက်ဘွယ် ပတ္တမြားယပ်ဝန်းကဲ့သို့ ထင်၏။

အဖြူကသိုဏ်း၌ ဥဂ္ဂဟ နိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟ နိမိတ်ထက် အဆအရာမက ဖြူချော နုနယ် ပြောင်လင်းလျက် အလွန် နှစ်သက်ဘွယ်ဖြစ်၍ ထင်၏။ အဖြူ ပရိကမ္မနိမိတ်ကို ကြည့်ရှုသော အခါ အပေါ်၌ ရေကဲ့သို့ လှုပ်ရှားအိအိ အပေါ်ရောင် ရှိ၏။ ထိုအပေါ်ရောင်အတွင်းက ပေါ်လာသော အဖြူထက်ပင် ပဋိဘာဂ နိမိတ်က အဆများစွာ သာလွန်၍ ဖြူချော နုနယ် ပြောင်လင်းသေး၏။

ဈာန်ပေါ်ပုံမှာ ရှေးနည်းတူတည်း။

ပီတကသိုဏ်း, လောဟိတကသိုဏ်း, ဩဒါတ ကသိုဏ်းတို့ ပြီး၏။

၆။ ၇။ ၈။ ပထဝီစသော မဟာဘုတ် ကသိုဏ်းလေးခု နီလစသော ဝဏ္ဏကသိုဏ်း လေးခု ကသိုဏ်းရှစ်ခု ပြီး၏။

---

အာလောက ကသိုဏ်း ပွားများပုံကို ပြခြင်း

၉။ တပည့်တို့ - အာလောက အလင်းကသိုဏ်း နိမိတ်ဆိုတာ အမိုးပေါက် နံရံပေါက်များမှ နေရောင်ဝင်လာ၍ အိမ်ခန်း ကျောင်းခန်းအတွင်း ကြမ်းပြင် နံရံများမှာ ထင်သော နေရောင်ကွက်ကို ဆိုလိုသည်။ ထိုနေရောင်ကွက်ကို အလင်း အလင်းဟု စိတ်ထဲက မှတ်၍ မျက်စိနှင့် မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ် ထင်မြင်၍ ပါ၍လာအောင် ကြည့်ရှု၍ ယူရာ၏။

ဤကဲ့သို့ နေရောင်ကွက် အလင်းက ကြာရှည်မခံ၍ ရအောင် မယူနိုင်လျှင် မှဏ်ကို နေပူ၌ အခန်းတွင်းသို့ မျက်နှာလှည့်ပြထား၍ ထိုမှဏ်ရောင် အလင်းကွက်ကို ကြည့်ရှု၍ ယူရာ၏။ ညဉ့်အခါ အခန်းတွင်း နံရံ၌ တပါးမှ လာစေ၍ ထင်လာသော မီးရောင် အလင်းကွက်ကိုသော်လည်း ကြည့်ရှု၍ ယူရာ၏။

ဤအာလောက အလင်းကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်း တူစွာ မျက်စိနှင့် မြင်သောအတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟနိမိတ်ထက် သာလွန်၍ လင်းလျက် ထူထဲစွာ တွေခဲ၍ အရောင်လုံး အရောင်ခဲကြီးကဲ့သို့ ထင်၏။ ဈာန်ပေါ်ပုံမှာ ရှေးနည်းတူ တည်း။

အာလောကကသိုဏ်း ပြီး၏။

---

အာကာသ ကသိုဏ်း ပွားများပုံကို ပြခြင်း

၁၀။ တပည့်တို့ - အာကာသ ကောင်းကင် ကသိုဏ်းနိမိတ်ဆိုသာ အမိုးပေါက် နံရံပေါက် ပြူတင်းပေါက်များကိုဆိုသည်။ ကြည့်ရှုလိုသောအခါ ဝိုင်ဝိုင်းစက်စက် လှပစွာရအောင် အမိုးကို ဖြစ်စေ နံရံကို ဖြစ်စေ မိမိအထွာဖြင့် နှစ်ထွာလောက် ဝိုင်းဝိုင်းစက်စက် အပေါက်ဖေါက်၍ ထိုအပေါက်ကို ကောင်းကင် ဟင်းလင်း ကောင်းကင် ဟင်းလင်းဟု စိတ်ထဲကမှတ်၍ မျက်စိနှင့် မြင်သော အတိုင်း ဟင်းလင်း ကောင်းကင်ကွက်ကို စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါ၍လာအောင် ကြည့်ရှု၍ ယူရာ၏။ အဝိုင်းမှသာမဟုတ် လေးထောင့် ပြုတင်းပေါက်ကိုလည်း ကြည့်ရှုရပါ၏၊ ယူရပါ၏၊ နိမိတ်ရသည်သာ လိုရင်းတည်း။

ဤကောင်းကင် ကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား အမိုးစွန်း နံရံစွန်းနှင့်တကွ ထင်၏။ ပဋိဘာဂနိမိတ်မှာ အစွန်းပျောက်လျက် ကောင်းကင် ဟင်းလင်းကွက် သက်သက်ချည်း ထင်၏။ ဈာန်ပေါ်ပုံမှာ ရှေးနည်းတူတည်း။

အာကာသ ကသိုဏ်း ပြီး၏။

တပည့်တို့ - ဝဏ္ဏကသိုဏ်း၌ ကဏှ မည်းနက်သောအဆင်း, ဟရိတ စိမ်းသော အဆင်း တို့ကိုလည်း ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ ဈာန်ရနိုင်၏။ ဤ ကဏှကသိုဏ်း ဟရိတကသိုဏ်းတို့ကို နီလကသိုဏ်း ဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏။

ထိုနည်းတူ အဝါနှင့် နီးစပ်သော အလုံးစုံသော အဆင်း ကသိုဏ်းတို့ကို အဝါကသိုဏ်း ဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏။

အနီနှင့် နီးစပ်သော အလုံးစုံသော အဆင်း တို့ကို အနီကသိုဏ်းဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏။

အဖြူနှင့် နီးစပ်သော မွဲပြာပြာ ပြာစိမ်းစိမ်း စသော အလုံးစုံသော အဆင်းတို့ကို အဖြူကသိုဏ်း ဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏။

တပည့်တို့ - လောက၌ မျက်စိနှင့် မြင်မြင်သမျှ ကသိုဏ်းချည်းပင်တည်း။ အရပ် ဆယ်မျက်နှာလုံး ဘယ်အရပ်ကိုဘဲ ကြည့်ကြည့် ကသိုဏ်းချည်းတည်းပင် မြင်ရတော့၏။ နိမိတ်ရအောင်သာ ကြည့်ရှု၍ ယူကြကုန်လော့။

တပည့်တို့ - ဤကသိုဏ်းကို ကြည့်ရှုပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်းဆယ်ပါးတို့တွင် မိမိစိတ် ချစ်ခင်နှစ်သက်သော တွယ်လွယ်ပုံ ရသော တခုခုသော ကသိုဏ်းကို ရှေးဦးစွာ ကြည့်ရှု နိမိတ်ယူ၍ ဈာန်ငါးပါးလုံးကို ဖြစ်စေအပ်၏။ ပြီးမှ ကြွင်းကသိုဏ်း နိမိတ်တို့ကိုယူ၍ ဈာန်တို့ကို ဖြစ်စေရာ၏။ ကသိုဏ်းနိမိတ် တခုကိုရပြီးလျှင် ကြွင်းကသိုဏ်း နိမိတ်တို့ကို အလွယ်တကူဖြင့်ပင် ရနိုင်တော့၏။

တပည့်တို့ - အဓိကာရ မရှိသော ပကတိသော ပုဂ္ဂိုလ်မှာ --
ပထဝီကသိုဏ်းလည်း ခက်သည်၊ နိမိတ်ရခဲသည်။
ဝါယောကသိုဏ်း အာလောကကသိုဏ်း တို့လည်း ခက်သည်၊ နိမိတ် ရခဲသည်။
ရေကသိုဏ်း မီးကသိုဏ်း ကောင်းကင်ကသိုဏ်းတို့လည်း တော်တော်လွယ်၏၊
အလွယ်ဆုံးမှာ ဝဏ္ဏကသိုဏ်းတို့ သာ၍လွယ်၏၊ အလုပ်ရ အကြည့်ရ လွယ်၏၊ နိမိတ်လည်း ရလွယ်၏။

တပည့်တို့ - ဤ ဝဏ္ဏကသိုဏ်းတို့တွင်လည်း အာဒိကမ္မိက ပုဂ္ဂိုလ်အား ထိနမိဒ္ဓကို လျင်မြန်စွာ ကင်းကွာစေတတ်သော အလွန်စိတ်ဉာဏ်ကို ကြည်စေတတ်သော နိမိတ်မရခင် လမ်းခရီး၌ပင် အထည် ဝတ္ထု အဆင်း ဟူသမျှကို အလိုရှိတိုင်း မြင်စေ တတ်သော အလွန်တန်ခိုး အာနုဘော် ကြီးသော ကသိုဏ်းတို့တွင် အမြတ်ဆုံး အသာဆုံးဟူ၍ ဘုရားရှင် ဧတဒဂ် ထားတော်မူသော အဖြူ ဩဒါတကသိုဏ်းကို ရှေးဦးစွာ ကြည့်ရှု ပွားများခြင်းကို ငါတို့နှစ်သက်၏။

ဩဒါတာဟံ ဝိဝဏ္ဏေမိ၊ ဗုဒ္ဓေန ဧတဒဂ္ဂိယံ။
အနေကာနိသံသံ ဩဒါတံ၊ တံတံ ဘာဝေထ သာဓဝေါ။

သေက္ချဘာသိတဂါထာ။

သာဓဝေါ၊ အို - တပည့်အပေါင်းတို့။
အဟံ၊ သေက္ချတောင်ဆရာ ငါသည်။
ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
ဧတဒဂ္ဂိယံ၊ ကသိုဏ်းတို့တွင် အမြတ်ဆုံး အသာဆုံးဟူ၍ ဧတဒဂ်ထားတော်မူ အပ်သော။
ဩဒါတံ၊ ဩဒါတကသိုဏ်းကို ရှေးဦးစွာ ကြည့်ရှု ပွားများခြင်းကို။
ဝိဝဏ္ဏေမိ၊ ကောင်း၏ဟု အထူးနှစ်သက် ချီးမွမ်းတော်မူ၏။
သာဓဝေါ၊ အို - တပည့်တို့။
ဩဒါတံ၊ ဩဒါတ ကသိုဏ်းသည်။
အနေကာနိသံသံ၊ နိမိတ်မရခင်၌ပင်လျှင် ထိနမိဒ္ဓကို လျင်မြန်စွာ ကွာစေခြင်း ညဉ့်အခါ၌လည်း အလင်းကိုရခြင်း၊ ဝတ္ထု၊ ရူပါရုံ ဟူသမျှကို စိတ်ကူး ကြံစည်၍ ကြည့်လိုက်လျှင် အလိုရှိတိုင်း ထင်မြင် ရခြင်း အစရှိသည်ဖြင့် များသောအကျိုး အာနိသင် ရှိ၏။
တံ တသ္မာ၊ ထို့ကြောင့်။
တုမှေ၊ သင်တပည့်တို့သည်။
တံ၊ ထိုဩဒါတကသိုဏ်းကို။
ဘာဝေထ၊ ရှေးဦးစွာ ကြည့်ရှုပွားများကြကုန်လော့။

တပည့်တို့ - မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေစဉ်အခါ ရဟန်းတို့ကို ခေါ်တော်မူ၍ -

အစ္ဆရာသင်္ဃာတမတ္တံ ပိ စေ ဘိက္ခဝေ ဘိက္ခု ဩဒါတ ကသိဏံ ဘာဝေတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ ဘိက္ခု အရိတ္တဈာနော ဝိဟရတိ၊ သတ္ထုသာသနကရော ဩဝါဒပဋိကရော အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ၊ ကော ပန ဝါဒေါ ယေန ဗဟုလီ ကရောတီတိ။

ဧကင်္ဂုတ္တရ ပါဠိတော် အစ္ဆရာ သင်္ဃာတကသိဏသုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ယော ဘိက္ခု၊ အကြင်ရဟန်းသည်။
အစ္ဆရာသင်္ဃာတ မတ္တမ္ပိ၊ လက်ဖျစ်တတွက် ကာလမျှလောက်လည်း။
ဩဒါတကသိဏံ၊ အဖြူ ဩဒါတကသိုဏ်းကို။
စေ ဘာဝေတိ၊ အကယ်၍ ကြည့်ရှု ပွားများငြားအံ့။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ ဘိက္ခု၊ ဤလက်ဖျစ်တတွက် ကာလမျှလောက် ကြာအောင် ဩဒါတ ကသိုဏ်းကို ကြည့်ရှု ပွားများသော ရဟန်းကို။
အရိတ္တ ဈာနော၊ ဈာန်တရားနှင့် မကင်းဆိတ်ဘဲ။
ဝိဟရတိ၊ နေသောသူဟူ၍။
ဝုစ္စတိ၊ ငါဘုရား ဟောကြားတော်မူအပ်၏။
သတ္ထုသာသနကရော၊ ငါဘုရား သာသနာကို ထမ်းရွက်ပြုလုပ်သောသူ ဟူ၍။
ဝုစ္စတိ၊ ငါဘုရား ဟောကြားတော်မူအပ်၏။
ဩဝါဒပဋိကရော၊ ငါဘုရား အဆုံးအမကို လိုက်နာပြုကျင့်သူဟူ၍။
ဝုစ္စတိ၊ ငါဘုရား ဟောကြားတော်မူအပ်၏။
ရဋ္ဌပိဏ္ဍံ၊ တိုင်းသူပြည်သား လူအများတို့ ပေးလှူသော ဆွမ်းကို။
အမောဃံ၊ အကျိုးမကြီး အချည်းနှီးမဖြစ်စေဘဲ များစွာ အကျိုးကြီးမြတ်စေ၍။
ဘုဉ္ဇတိ၊ သုံးစွဲ စားသောက်သူ ဟူ၍။
ဝုစ္စတိ၊ ငါဘုရား ဟောကြားတော်မူအပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ယေန၊ အကြင်ကြောင့်။
ဗဟုလီ ကရောတိ၊ အကြိမ်အခါများစွာ ပွားများပြုလုပ်၏။
ဧဝံ၊ ဤသို့ အကြိမ်အခါများစွာ ပွားများ ပြုလုပ်သည် ရှိသော်ကား။
ကော ပန၊ ဆိုဘွယ် ရှိတော့မည်နည်း။

ဟူ၍ ဟောတော်မူပေ၏။

ကြွင်းသော ကသိုဏ်းတို့ကိုလည်း ထို့နည်းတူပင် ဟောတော်မူပေ၏။

ထို့ကြောင့် တပည့်တို့ - အကောင်းဆုံးကို မြင်လိုကြသော သင်တပည့်တို့သည် ဈာန်တရားနှင့် မကင်းဆိတ်ဘဲ နေသောသူ၊ ဘုရားရှင်၏ သာသနာကို ထမ်းရွက် ပြုကျင့်သောသူ၊ ဘုရားရှင်၏ အဆုံးအမကို လိုက်နာ ပြုလုပ်သောသူ၊ တိုင်းသူ ပြည်သား လူအများတို့ လှူသော ဆွမ်း, ပစ္စည်း လေးပါးတို့ကို အကျိုးကြီး အချည်းနှီး မဖြစ်စေဘဲ များစွာအကျိုးကြီးမြတ် ဖွံ့ဖြိုးစေ၍ သုံးစွဲ စားသောက်သောသူ ဖြစ်ကြ ရအောင် ယခုငါဆရာ ဟောပြခဲ့ပြီးသော နည်းအတိုင်း ဩဒါတ ကသိုဏ်းကို ကြည့်ရှု ပွားများကြကုန်လော့။

ကြွင်းသော ကသိုဏ်းတို့ ကိုလည်း ကြည့်ရှု ပွားများကြကုန်လော့။

ဣတိ ကသိဏဘာဝနာ နယော။

ကသိဏဘာဝနာနယော၊ ကသိုဏ်းကြည့်ရှု ပွားများပုံ နည်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

ကသိုဏ်းပွားနည်း ပြီး၏။

---

အသုဘ ကမ္မဋ္ဌာန်း ကြည့်ရှုပွားများပုံကို ပြခြင်း

၁။ တပည့်တို့ - အသုဘဆယ်ပါးတို့တွင် ဥဒ္ဓုမာတက အသုဘ ဟူသည်ကား သေပြီး၍ ညိုကွက် မလာခင် ဖူးဖူးရောင်သော လူသေကောင်ကို ဆိုသည်။ ဥဒ္ဓုမာတက အသုဘကို ကြည့်ရှု ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ဤကဲ့သို့ ဖူးဖူးရောင်သော လူသေကောင်ကို ကသိုဏ်းနိမိတ် ယူဘိသကဲ့သို့ မျက်စိနှင့် မြင်သောအတိုင်း စိတ်ထဲ၌စွဲကပ်ထင်မြင်၍ ပါ၍လာအောင် စက်ဆုပ် ဘွယ်သော အကောင်ပုပ်ဟု စိတ်ထဲက မှတ်၍ မျက်စိနှင့် ကြည့်၍ နိမိတ်ယူရာ၏။

ဤဥဒ္ဓုမာတက အသုဘ၌ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့် မြင်သောအတိုင်းပင် စက်ဆုပ်ဘွယ် ကြောက်မက်ဘွယ်ကြီး အတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ကြောက်မက်ဘွယ် စက်ဆုပ်ဘွယ် မရှိ၊ အလွန်ချောမွန် လှပ ပြည့်ဖြိုးစွာ နှစ်သက်ဘွယ်ဖြစ်၍ ထင်၏။ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်ပါးကိုပင် စက်ဆုပ် ဘွယ်ဟု စိတ်ထား၍ နှလုံးသွင်း၍ ရှုအပ်၏။

ကြည့်ရှုဖန် များသောအခါ ကသိုဏ်း၌ ဆိုခဲ့ပြီးသော နည်းအတိုင်း ပဌမဈာန်ဇောဝီထိ ကျလာ၏။ ပဌမဈာန်ကို ရ၏။ အာရုံ ကြမ်းတမ်းခြင်းကြောင့် အထက် ဒုတိယဈာန် ကိုကား မဖြစ်စေနိုင် မရနိုင်။

ကြွင်း အသုဘတို့လည်း ထိုနည်းတူ ပဌမဈာန်မျှကိုသာ ဖြစ်စေနိုင်ကြ၏။

ဥဒ္ဓုမာတက အသုဘ ပြီး၏။

၂။ တပည့်တို့ - ဝိနီလက ဟူသည်ကား ဖူးဖူးရောင်ပြီး၍ ကွဲပေါက်ခါနီး အညို အနီ စသည်ရောလျက် အကွက်အကွက် ပေါ်ထ ပုပ်ရိသော လူသေကောင် ပုပ်ကြီးကို ဆိုသည်။ ဤဝိနီလက အသုဘကိုလည်း ဝိနီလကဟု စိတ်ထဲက မှတ်လျက် ဥဒ္ဓုမာတက နည်းတူ နိမိတ်ယူရာ၏။ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့် မြင်သော အတိုင်းပင် စက်ဆုပ်ဘွယ် ကြောက်မက်ဘွယ် အခြင်းအရာအားဖြင့် ထင်၏။ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဘွယ် ကြောက်မက်ဘွယ် မရှိ၊ အလွန် ချောမွန်လှပစွာ နှစ်သက်ဘွယ်ဖြစ်၍ ထင်၏။

ဝိနီလကအသုဘ ပြီး၏။

၃။ တပည့်တို့ - ဝိပုဗ္ဗက ဟူသည်ကား ပုပ်ရိပြီး၍ သွေးပြည်တို့ဖြင့် အက်ကွဲ ယိုကျ၍ နေသော လူသေကောင်ပုပ်ကြီးကိုပင် ဆိုသည်။ ဤဝိပုဗ္ဗက အသုဘကိုလည်း ဝိပုဗ္ဗကဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏။ ဥဂ္ဂဟ နိမိတ်ကား မျက်စိနှင့် မြင်သောအတိုင်း စက်ဆုပ်ဘွယ် ကြောက်မက်ဘွယ် အခြင်းအရာအားဖြင့် ထင်၏။ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဘွယ် ကြောက်မက် ဘွယ် မရှိ၊ အလွန် ချောမွန်လှပစွာ နှစ်သက်ဘွယ်ဖြစ်၍ထင်၏။

ဝိပုဗ္ဗကအသုဘ ပြီး၏။

၄။ တပည့်တို့ - ဝိစ္ဆိဒ္ဒက ဟူသည်ကား နှစ်ပိုင်းပြတ်သော လူသေကောင်ကို ဆိုသည်။ ဤဝိစ္ဆိဒ္ဒက အသုဘကိုလည်း နှစ်ပိုင်းပြတ် လက်တသစ်ခန့် ကွာခြားအောင် ပူးယှဉ် စပ်ဆက်၍ ထားပြီးလျှင် ဝိစ္ဆိဒ္ဒကဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူ နိမိတ် ယူရာ၏။ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့် မြင်သော အတိုင်းပင် စက်ဆုပ် ကြောက်မက် ဘွယ် အခြင်းအရာအားဖြင့် နှစ်ပိုင်းပြတ် အတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ စက်ဆုပ် ကြောက်မက်ဘွယ် မရှိ၊ အလွန်ချောမွန်လှပစွာ နှစ်သက်ဘွယ် တခုတည်း ဖြစ်၍ ထင်၏။ အပြတ်မရှိ။

ဝိစ္ဆိဒ္ဒက အသုဘ ပြီး၏။

၅။ တပည့်တို့ - ဝိက္ခာယိတက ဟူသည်ကား ကျီး, ခွေး, လင်းတ စသည်တို့ ထိုးဆွ ကိုက်ခဲ၍ စားစရာတွေရှိသော လူသေကောင်ကို ဆိုသည်။ ဝိက္ခာယိတက ကိုလည်း ဝိက္ခာယိတကဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏။ ဥဂ္ဂဟ နိမိတ်ကား ကိုက်ခဲ ဆိတ်ကုတ်ရာနှင့် တကွ ထင်၏။ ပဋိဘာဂနိမိတ်မှာ ကိုက်ခဲ ဆိတ်ကုတ်ရာမရှိ ပြေပြစ် ချောမွန် လှပစွာ နှစ်သက်ဘွယ်ဖြစ်၍ ထင်၏။

ဝိက္ခာယိတကအသုဘ ပြီး၏။

၆။ တပည့်တို့ - ဝိက္ခိတ္တက ဟူသည်ကား ခြေတခြား လက်တခြား ကိုယ်တခြား ခေါင်းတခြား အားဖြင့် တကွဲတခြားစီ ပစ်လွှင့်၍ ထားအပ်သော လူသေကောင်ကို ဆိုသည်။ ဤဝိက္ခိတ္တကကိုလည်း တစပ်တည်း စုပုံယှဉ်ထား၍ ဝိက္ခိတ္တကဟု စိတ်ထဲက မှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏။ ဥဂ္ဂဟနိမိတ် မျက်စိနှင့်မြင်သော အတိုင်း အပိုင်းအပြတ်အတိုင်းပင် ထင်၏။ ပဋိဘာဂ နိမိတ်မှာ အပိုင်းအပြတ် အကွဲမရှိ တလုံးတည်း တဆက်တည်း တခုတည်း စပ်လျက် အလွန်နှစ်သက်ဘွယ် ဖြစ်၍ ထင်၏။

ဝိက္ခိတ္တကအသုဘ ပြီး၏။

၇။ တပည့်တို့ - ဟတဝိက္ခိတ္တက ဟူသည်ကား ခြေ, လက်, ကိုယ်, ခေါင်း တခြားစီ ဖြတ်လျက် ဓားရာချင်း ရှုပ်အောင် မွှမ်း၍ တကွဲစီ တခြားစီ ပစ်လွှင်၍ ထားအပ်သော လူသေကောင်ကိုပင် ဆိုသည်။ ဤ ဟတဝိက္ခိတ္တကသည် ဝိက္ခိတ္တကနှင့် တူ၏။ ဓားမွှမ်းရာပို၍ ဟတဝိက္ခိတ္တကဟု စိတ်ထားမှု မှတ်မှု ပဋိဘာဂနိမိတ်၌ အရာအဆာပါ မရှိမှုမျှသာ ထူးတော့၏။

ဟတဝိက္ခိတ္တကအသုဘ ပြီး၏။

၈။ တပည့်တို့ - လောဟိတက ဟူသည်ကား ထိုမှ ဤမှ သွေးယို ထွက်၍ ကိုယ်၌ အနှံ့အပြား သွေးလိမ်းကျံ၍ နေသော လူသေကောင်ကို ဆိုသည်။ ဤလောဟိတက ကိုလည်း လောဟိတကဟု စိတ်ထဲက မှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏။ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့်မြင်သော အတိုင်းပင် အရာအဆာ နှင့်တကွ စက်ဆုပ် ကြောက်မက်ဘွယ် အခြင်းအရာအားဖြင့် ထင်၏။ ပဋိဘာဂ နိမိတ်မှာ အရာအဆာ မရှိ စက်ဆုပ် ကြောက်မက်ဘွယ်မရှိ၊ လှပ ချောမောစွာ ကမ္ဗလာနီ လွှမ်းခြုံ၍ ထားဘိသကဲ့သို့ အလွန် နှစ်သက်ဘွယ် ဖြစ်၍ ထင်၏။

လောဟိတကအသုဘ ပြီး၏။

၉။ တပည့်တို့ - ပုဠဝက ဟူသည်ကား ပိုးလောက်တွေ ကျိကျိတက် ရွရွတက် ပြည့်၍နေသော လူသေကောင်ပုပ်ကို ဆိုသည်။ ဤပုဠဝကကိုလည်း ပုဠဝကဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏။ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့် မြင်သောအတိုင်းပင် အလွန် စက်ဆုပ်ဘွယ် ဖြစ်လျက် အကောင်ပုပ်နှင့်တကွ ပိုးလောက်တွေ ကျိကျိတက် သွားလာလှုပ်ရှားနေပုံ အခြင်းအရာ အားဖြင့် ထင်၏။ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဘွယ်မရှိ၊ ဖြူစွာသောထမင်းလုံး ထမင်းခဲ တို့ဖြင့် ရောပြွမ်း၍ နေဘိသကဲ့သို့ ပိုးလောက်တွေ ငြိမ်သက်စွာ တည်လျက် နှစ်သက်ဘွယ် ဖြစ်၍ ထင်၏။ ပိုးလောက် နည်းမှု များမှုအားလျော်စွာ ထင်မှုကို မှတ်အပ်၏။

ပုဠဝကအသုဘ ပြီး၏။

၁၀။ တပည့်တို့ - အဋ္ဌိက ဟူသည်ကား လူသေကောင်၏ အရိုးကို ဆိုသည်။ ဤအရိုးသည်လည်း -

၁။ အကြောဆက်မပြုတ်သေး အသွေးအသား အကတ်အသတ် ကျန်ရှိသေးသော အရိုး။
၂။ အသားမရှိ အသွေးဖြင့်သာ လိမ်းကျံလျက် အဆက်မပြုတ်သေးသော အရိုး။
၃။ အသွေးအသားမရှိ အဆက်မပြုတ်သေးသော အရိုး။
၄။ အကြောဆက်တို့ ပြုတ်ပြီး၍ တကွဲတခြားစီနေသော အရိုး

ဟူ၍ လေးပါး အပြားရှိ၏။

ဤလေးပါးသော အရိုးကို ရရာအရိုးကိုပင် ကြည့်ရှုရာ၏။
တကွဲတခြားစီ နေသော အရိုးတို့ကိုကား စု၍ရလျှင် ပေါင်းစုယှဉ်ထား၍ ကြည့်ရာ၏၊
ရသမျှပင် ကြည့်ရာ၏၊ တခုတည်း တချောင်းတည်းကိုပင်လည်း ကြည့်ရှုရာ၏။
စက်ဆုပ်ဘွယ်သော အရိုးစုဟု အရိုးစုဟု စက်ဆုပ်ဘွယ် အနေစိတ်ထား၍ ကသိုဏ်း နိမိတ် ယူဘိသကဲ့သို့ စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါ၍လာအောင် ကြည့်ရှုရာ၏။
ကြည့်ရှု၍ နိမိတ်ယူရာ၏၊

ဤအဋ္ဌိက၌ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့် မြင်သော အတိုင်းပင် စက်ဆုပ်ဘွယ် အခြင်းအရာအတိုင်း ပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ပြေပြစ်ချောမောစွာ လှပစွာ နှစ်သက်ဘွယ်ဖြစ်၍ ထင်၏။

အဋ္ဌိကအသုဘ ပြီး၏။

တပည့်တို့ - ဤအသုဘ ဆယ်ပါးတို့တွင် အကောင်အထည် မပျက်သေးသော အသုဘကောင်ကို ကြည့်ရှုရာ နိမိတ်ထင်ခါနီး အခါ၌ လူသေကောင်ကြီး ထလာဘိ သကဲ့သို့ ထ၍ မိမိဆီသို့ လွှမ်းမိုး လိုက်လာဘိသကဲ့သို့ ကြောက်အား ကြီးသဖြင့် စိတ်ထဲမှာ ထင်တတ်၏။ ထိုအခါ ကြောက်လန့်၍ နှလုံးသွေးများ ပျက်တတ် ရူးသွပ်တတ်သည်။ ကြပ်ကြပ် သတိပြုအပ်၏။

အဝိညာဏက ဖြစ်သော ဤသစ်ပင် သစ်ငုပ် သစ်တုံးသည် မထလိုက်လာ နိုင်ဘိသကဲ့သို့ အသက် ဝိညာဏ်ကင်း ပြီးသော ဤလူသေကောင်သည် အဘယ်မှာ ထလိုက်နိုင် လိမ့်မည်နည်း။ ဤကဲ့သို့ ထင်မှုသည် မောင်မင်းစိတ် ရင့်သန်၍ နိမိတ်ချခါနီးမို ထင်သာတည်း။ မကြောက်လင့်ဟု မိမိကိုင်ကို မိမိဆုံးမ၍ ကြောက်ခြင်း ကင်းစင်၍ နှစ်သက် ဝမ်းမြောက်စွာ ကြည့်ရှုရာ၏။

အကောင်အထည် အရေပါး မစုတ်သေး မပျက်သေးလျှင် ဘုတ်ဝင်၍ ဖြစ်နိုင်သေး၏။ စုတ်ပျက်လျှင် ဝင်၍ မဖြစ်၊ အကယ်၍ဘဲ ဘုတ်ဝင်၍ ထလာခဲ့လျှင် တောင်ဝှေးဖြင့် တွန်းထိုး၍ လှဲအပ်၏။ ပရိတ် မန္တာန်ဖြင့်သော်လည်း လှဲအပ်၏။ တယောက်တည်း အသုဘရှု သွားသောသူသည် တောင်ဝှေး ပရိတ် ကောင်းမွန်စွာ ဆောင်အပ်၏။ သတိ ကောင်းကောင်း ထားအပ်၏။

တပည့်တို့ - ကသိုဏ်းအာရုံတို့ကား လှမှု နှစ်သက်ဘွယ်မှု အတွက်နှင့် စိတ်တွယ်ဖို့ အာရုံတို့တည်း။ ဤအသုဘအာရုံတို့ကား ကြောက်မှု ရွံ့မှုအတွက်နှင့် စိတ်တွယ်ဖို့ အာရုံတို့တည်း။ တပည့်တို့ - အရပ်ထဲ၌ တစ္ဆေ မသာ အလွန်ကြောက်သော အချို့သော သူတို့ကား မလွှဲသာ၍ မသာလောင်း များကို ကိုင်ရလျှင် မသာလောင်းကြီး စိတ်ထဲ၌ စွဲကပ် ထင်မြင်၍ ပါ၍နေ၏၊ ညဉ့်အိပ်လျှင်လည်း စောင်း၍အိပ်လျှင် မသာလောင်းကြီး နံဘေးက မြှောင်လျက် ပက်လက်အိပ်လျှင် မသာလောင်းကြီး အပေါ်က မိုးလျက်သာ နေတော့၏။ အိပ်၍မဖြစ်၊ လူအများ ဝိုင်းဖက်၍ထားမှ အကြောက် သက်သာရာရ၍ အိပ်ပျော်တော့၏။ အဲသည်ဟာ ဥဒ္ဓုမာတက အသုဘ ဥဂ္ဂဟနိမိတ် ထင်တာ တပည့်တို့။

အသုံးမချတတ်၍ ကြောက်မက်ဘွယ် ဘေးဒုက္ခကြီး ဖြစ်သည် အသုံးချတတ်သော ယောဂီပုဂ္ဂိုလ် မှာကား ဤကဲ့သို့ ထင်လျှင် ပတ္တမြားတုံးကြီးကို ရဘိသကဲ့သို့ အင်မတန် နှစ်သက်ဘွယ် ချမ်းသာ သုခကြီး ဖြစ်၏။ ဤကဲ့သို့ ထင်မြင်သာကို မှသာ ဥဂ္ဂဟနိမိတ် ထင်သည်ဟု မှတ်ရမည်။

တပည့်တို့ မသာလောင်း ထားတဲ့ ရှိတဲ့နေရာမှာ စိတ်ထဲက လှမ်း၍ သိတာကိုလည်း ဥဂ္ဂဟနိမိတ် ထင်သည်ဟု မမှတ်ကြနှင့်၊ ဤကဲ့သို့ သိတာကို မြင်သည်ဟု မှတ်မှတ် နေတတ်သည်။ မိမိအဋ္ဌိကကို ရှုတဲ့သူတွေ မမြင်ဘဲနှင့် သိသာကို ထင်မြင်သည်ဟု ဘုန်းကြီးကို လျှောက်ဘူးတာတွေ လူရော ရဟန်းရော အပုံကြီးများပြီ၊

ထိုသို့ လျှောက်လာသော အခါတိုင်း မြင်လျှင် ကိုဝ့်အိပ်ရာနား၌ တိုတို ထွာထွာ ထားသာတွေကို လှမ်း၍ ကြည့်စမ်း မြင်ရဲ့လားဆို မြင်၏ဟု လျှောက်၏။ ကိုင်ကြည့်ရှု၍ ထားခဲ့တဲ့ စာအုပ် စာလုံး မျက်နှာနံပါတ်ကိုကော သည်က လှမ်း၍ကြည့်စမ်း မြင်ရဲ့လားဆို မြင်၏ဟု လျှောက်၏။ ကိုင်း - မြင်လျှင် ဖတ်စမ်း ခိုင်းလျှင် မဖတ်နိုင်ဘူး။

တပည့်တို့ - ထိုနည်းတူ လက်ဝါးကို မှောက်စေ၍ ကိုင်း - လက်ဝါးကို ကြည့်စမ်း မြင်ရဲ့လားဆို မြင်၏ဟု လျှောက်၏။ ကိုင်း - မြင်လျှင် လက္ခဏာကြောင်းကို ရေတွက်၍ပြစမ်း ဘယ်နှစ်ခု ရှိသနည်း ဟု မေးလျှင် မပြတတ်ဘူး။ အဲသည် သင်တို့ မြင်ဆိုတာ မြင်တာ မဟုတ်သေးဘူး သိတာတည်းဟု သိမှု မြင်မှုတို့ကို ကွဲအောင် ခွဲ၍ ပေးရဘူးလှပြီ။

တပည့်တို့ - ဤအသုဘနိမိတ်ကား ကြောက်မှ ရွံ့မှ ထင်၏။ ကြပ်ကြပ် ကြောက်တတ် ရွံ့တတ်လျှင် ကြပ်ကြပ် ထင်လွယ်၏။ မကြောက်တတ် မရွံ့တတ်သော သုဘရာဇာတို့မှာကား မထင်တော့ပြီ။ ထို့ကြောင့် နိမိတ်ယူသော ယောဂီပုဂ္ဂိုလ်သည် အသုဘတို့ကို လက်နှင့် မကိုင်အပ်။ အကျွမ်း မဝင်အပ်။ နေရာ ရွှေ့လို ပေါင်းစုလိုလျှင် သူတပါးကို ခိုင်းအပ်၏။ ခိုင်းစရာလူမရှိလျှင် တောင်ဝှေး ဖြင့်ကော်ယူ၍ ရွှေ့အပ် ပေါင်းစုအပ်၏။

တပည့်တို့ - ဤအသုဘ ဆယ်ပါးတို့သည် လူသေကောင်မှ မဟုတ်။ တိရစ္ဆာန် သေကောင် အသုဘ တို့ကိုလည်း ကြည့်ရှု၍ နိမိတ်ဈာန် ရနိုင်၏။ ပုဠဝကမှာ ပိုးလောက်ချည်း သက်သက် စုဝေး၍ နေတာ ကိုလည်း ကြည့်ရှု၍ နိမိတ်ဈာန်ရနိုင်၏။ ကုဋိတွင်း မစင်ပုံ စသည်တို့မှာလည်း ပိုးလောက်အစု ပုဠဝက အသုဘ ကြည့်ရှု၍ ရနိုင်၏၊

အသေကောင်မှ မဟုတ်။ အရှင်ကောင်မှာလည်း --
ရောင်ဖော၍ နေသောအခါ ဥဒ္ဓုမာတက,
အနာများစွာပေါက်၍ သွေး ပြည် ယိုရွဲ လူးလဲ၍ နေသောအခါ ဝိပုဗ္ဗက,
လက်ခြေပြတ် သောအခါများမှာ ဝိစ္ဆိဒ္ဒက
ဓားပြတ်ခြင်း စသည်ကြောင့် သွေးများစွာ ယိုထွက်လူးလဲ၍ နေသောအခါ လောဟိတက,
အခါခပ်သိမ်း အဋ္ဌိကအသုဘ တို့ကို ရနိုင်၏။

ဤ အသုဘ ဆယ်ပါးတို့တွင် ကြပ်ကြပ် ကြောက်မက်ဘွယ် ကောင်းတဲ့ အသုဘစု နိမိတ်ယူ၍ ရလွယ်၏။ အဋ္ဌိကမှာလည်း ပြင်ဘက်အဋ္ဌိကကို နိမိတ် ယူ၍ ရလွယ်၏။ မိမိကိုယ်တွင်း အဋ္ဌိက ကိုကား ရခဲ၏။ မိမိကိုယ်တွင်း အဋ္ဌိကကို ရအောင် ယူနိုင်လျှင်ကား အလွန်ကောင်း၏၊ ဈာန် မဂ် နှစ်ပါးလုံး လွယ်လွယ်နှင့် ရနိုင်တော့၏။

တပည့်တို့ - အသုဘဆယ်ပါးတို့ကို အသုဘအနေနှင့်ထင်အောင် စက်ဆုပ်ဘွယ်ဟု နှလုံးသွင်း၍ ရှု၍ စိတ်ထား၍ ပဌမဈာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် အထက် ဒုတိယဈာန် စသည်တို့ကို တက်လို သောအခါ ထိုမိမိရသော အသုဘနိမိတ်၌ အညို, အဝါ,အနီ, အဖြူ အဆင်းတခုခု ပါရှိလတ္တံ့။ ထိုအဆင်းတို့ကို အညို, အညိုဟု ။လ။ အဖြူ, အဖြူဟု နှလုံးသွင်း၍ ဝဏ္ဏကသိုဏ်း ဖြစ်အောင်ရှု၍ တက်ရာ၏။ အသုဘ အခါမှာ နိမိတ်ကို ကြီးအောင်မပွားအပ်။ ကသိုဏ်းဖြစ်သော အခါကျလျှင်ကား နိမိတ်ကိုလည်း ကြီးအောင်ပွားအပ်၏။

တပည့်တို့ - ဤ အသုဘရှုရာ၌ ယခု ဟောကြားခဲ့ပြီးသော နည်းအတိုင်း နိမိတ်ရအောင် ဈာန်ပေါ်အောင် ရှုမှုဟူသော သမထရှုနည်း။

ထိုအသုဘ ရှုနည်းတို့ကို တွေ့မြင်သောအခါ နိမိတ်ရအောင် ကသိုဏ်းကြည့် မကြည့်ဘဲ ဪ - ဤ သူသည် မမြဲပါဘဲကလား ဤကဲ့သို့ဖြစ်၍ သွားပါကလား ငါသည် လည်း ဤကဲ့သို့ပင် မမြဲပြီ သေရလတ္တံ့ ဤကဲ့သို့ ဖြစ်လတ္တံ့ ဟု အနိစ္စရှုမှု၊

သြော် - ဤသူသည် ဤကဲ့သို့ မတင့်မတယ် စက်ဆုပ်ဘွယ်ပါကလား မကောင်းဘွယ်ပါကလား ငါသည်လည်း ဤသူကဲ့သို့ပင် မတင့်မတယ် စက်ဆုပ်ဘွယ်တည်း၊ မကောင်းဘွယ်ပါတည်းဟု ဒုက္ခရှုမှု၊

သြော် - ဤသူသည် ဘာမှ မလှုပ်ရှားတတ် အသက်မရှိ. မြက်မှိုက် ထင်းချောင်း တုတ်ခနောင်း တို့နှင့်သာ တထပ်တည်း တူတော့၏၊ ငါသည်လည်း ဤကဲ့သို့ပင် ဘာမှမလှုပ်ရှားတတ် အသက်မရှိ မြက်မှိုက် ထင်းချောင်း တုတ်ခနောင်းတို့နှင့်သာ တထပ်တည်းတူသော အဖြစ်သို့ ရောက်လတ္တံ့ ယခုလည်း တူသည်ပင်တည်းဟု အနတ္တရှုမှု ဟူသော ဝိပဿနာ ရှုနည်းအားဖြင့် နှစ်ပါးရှိ၏။

ထိုနှစ်ပါးတို့တွင် သမထနည်း ရှုသောသူမှာ ယောက်ျားအား မိန်းမအသုဘ, မိန်းမအား ယောက်ျား အသုဘ ဟူသော ဝိသဘာဂ အသုဘအာရုံသည် အင်္ဂါကြီးငယ် အသွင်သဏ္ဌာန် မပျက်စီးသေးသော အသုဘသည် မလျောက်ပတ် မရှုအပ်၊ တပ်မက်ခြင်း ရာဂဖြစ်၍ လာတတ်၏၊ နိမိတ်မရခင်လည်း ဖြစ်လာတတ်၏၊ နိမိတ်ရပြီး၍ အကယ်၍ ဥဂ္ဂဟ နိမိတ်၌ မဖြစ်လာသော်လည်း ပဋိဘာဂနိမိတ် ကျလျှင် ရာဂဖြစ်ပေါ်လာတတ်၏၊

ဘုရားရှင် လက်ထက်က ရာဇဒတ္တမည်သော ရဟန်းတပါးအား ဤကဲ့သို့ အသုဘ ရှုရာ ပိုးလောက် တွေကျ၍ စား၍နေသော မာတုဂါမ အသုဘ၌ပင် အင်္ဂါကြီးငယ် အသွင်သဏ္ဌာန် မပျက်စီး တတ်သေးခြင်းကြောင့် ရာဂစိတ် ဖြစ်ပေါ်၍လာသည်။ ထိုမထေရ်သည် ဤကဲ့သို့ ဖြစ်ပေါ်၍ လာသောအခါ မိမိကိုယ်ကို မိမိ ကဲ့ရဲ့၍ တော်ရာအနားသို့ ဖဲခွါသွား၍ ဝိပဿနာနည်းအားဖြင့် ရှုလိုက်သော် ထမင်းအိုး တလုံးချက်လောက် အတွင်းမှာ အရဟတ္တဖိုလ်သို့ ရောက်သွားလေ၏။ ထိုရာဇဒတ္တ မထေရ်ကဲ့သို့ ရာဂစိတ်ဖြစ်၍ နေတတ်၏။

ဝိပဿနာနည်း အားဖြင့် ရှုသောသူမှာကား ဝိသဘာဂ အသုဘအာရုံသည် အထူး သာလွန်၍ လျောက်ပတ်၏။ ဝိသဘာဂ အသုဘကိုပင် တမင်ရှာ၍ ရှုအပ်၏၊ ရှုရာ၏။ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည် ရာဂစရိုက် လွန်စွာအားကြီးသဖြင့် ဝိပဿနာ နည်း အသုဘရှုသော ကုလ္လမထေရ်အား မာတုဂါမ သေကောင်ကိုပင် တမင် ဖန်ဆင်း၍ ပေးတော်မူသည်။ ပြည့်တန်ဆာမ သီရိမာကို ချစ်ကြိုက်၍ မစားနိုင် မသောက်နိုင်သော ရဟန်းကလေးကိုလည်း ထိုသီရိမာ၏ အလောင်း အသုဘကိုပင် ပြ၍ မဂ်ဖိုလ်တရားထူးကို ရစေတော်မူသည်။

တပည့်တို့ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်အခါ ရဟန်းတို့ကို ခေါ်တော်မူ၍—

အစ္ဆရာသင်္ဃာတမတ္တံ ပိ စေ ဘိက္ခဝေ ဘိက္ခု အဋ္ဌိကသညံ ဘာဝေတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ ဘိက္ခု အရိတ္တဈာနော ဝိဟရတိ၊ သတ္ထုသာသနကရော ဩဝါဒပဋိကရော အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ၊ ကောပနဝါဒေါ ယေန ဗဟုလီကရောတီတိ။

ဟူ၍ ဧကင်္ဂုတ္တရ ပါဠိတော်၌ ဟောတော်မူပေ၏။ ကြွင်းသော အသုဘတို့ကိုလည်း ထိုနည်းတူပင် ဟောတော်မူပေ၏။

ထို့ကြောင့် တပည့်တို့ - သင် တပည့်တို့သည် အကောင်းဆုံးကိုလည်း မြင်ရအောင် ဈာန်တရား နှင့်လည်း မကင်းဆိတ်သောသူ, ဘုရားရှင်၏ သာသနာကို ထမ်းရွက် ပြုကျင့်သောသူ, ဘုရားရှင်၏ အဆုံးအမကို လိုက်နာပြုလုပ်သောသူ, တိုင်းသူ ပြည်သား လူအများတို့လှူသော ဆွမ်းပစ္စည်း လေးပါးကို အကျိုးမကြီး အချည်းနှီး မဖြစ်စေဘဲ များစွာ အကျိုးကြီးမြတ် ဖွံ့ဖြိုးစေ၍ သုံးစွဲ စားသောက်သောသူ ဖြစ်အောင် ယခု ငါဆရာ ဟောပြခဲ့ပြီးသော နည်းအတိုင်း အဋ္ဌိက အသုဘကို သော်၎င်း၊ ကြွင်းအသုဘ တခုခုကိုသော်၎င်း ကြည့်ရှုပွားများကြ အားထုတ်ကြ တပည့်တို့။

ဤအစ္ဆရာ သင်္ဃာတ အသုဘသုတ်၌ အဋ္ဌိကသညံ ဟူသောပုဒ်ကို

အဋ္ဌိကသညံ၊ စက်ဆုပ်ဘွယ်သော အရိုးဟု ကြည့်ရှု မှတ်သားသော အဋ္ဌိက သညာကို။
စေ ဘာဝေတိ၊ အကယ်၍ ပွားများစေအံ့ဟု” အနက် ပေးကြ။

အကြွင်းမှာ ကသိဏသုတ်နှင့် တူပြီ။

ဣတိ အသုဘ ဘာဝနာ နယော။

အသုဘ ဘာဝနာနယော၊ အသုဘ ကြည့်ရှု ပွားများပုံ နည်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

အသုဘပွားနည်း ပြီး၏။

အနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်း ပွားများပုံကို ပြခြင်း

တပည့်တို့ - အနုဿတိ ဆယ်ပါးတို့တွင် ဗုဒ္ဓါနုဿတိ ဟူသည်ကား ဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့ကို အဖန်တလဲလဲ အောက်မေ့သော သတိကို ဆိုသည်။ ထို ဗုဒ္ဓါနုဿတိကို ပွားများလိုသော ယောဂီ ပုဂ္ဂိုလ်သည် -

၁။ ဘုရားရှင်၏ ကိလေသာဟူသော ရန်သူကို ပယ်ဖျက် သတ်ဖြတ်တော် မူနိုင်သော အစွမ်း သတ္တိတော်ဟူသော အရဟံဂုဏ်

၂။ ခပ်သိမ်းသော တရားတို့ကို ဆရာမရှိ မိမိအလိုလို မေ့ပျောက် ဖောက်ပြန်ခြင်းမရှိ၊ ကောင်းမွန်စွာ သိတော်မူနိုင်သော အစွမ်းသတ္တိတော် ဟူသော သမ္မာသမ္ဗုဒ္ဓဂုဏ်

၃။ အဘိညာဉ်တွေ ဝိပဿနာဉာဏ်တွေဟူသော ဝိဇ္ဇာတရား
အကျင့် သီလတွေ ဈာန်တွေ သဒ္ဓါ သတိစသော သူတော်ကောင်း တရားတွေဟူသော စရဏ တရား
ဤဝိဇ္ဇာတရား စရဏတရားတို့နှင့် ပြည့်စုံတော်မူခြင်းဟူသော ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်

၄။ သတ္တဝါတို့ ချမ်းသာကောင်းကျိုးဖြစ်ကြောင်း စကားကောင်းကိုသာ မမှားမယွင်း ထင်လင်း သေချာ ကောင်းမွန်စွာ ဆိုတော်မူတတ်သော အစွမ်းသတ္တိတော်ဟူသော သုဂတဂုဏ်

၅။ သတ္တဝါဟူသော သတ္တလောက, ရုပ်နာမ်ဟူသော သင်္ခါရလောက, ထို သတ္တလောက သင်္ခါရလောက နှစ်ပါး၏ တည်ရာဌာနဟူသော ဩကာသ လောက
ဤလောက သုံးပါးတို့ကို ဖြစ်ကြောင်းနှင့်တကွ ချုပ်ရာနှင့်တကွ ချုပ်ကြောင်းနှင့်တကွ ဆရာမရှိ မိမိအလိုလို ကောင်းမွန်စွာ ထိုးထွင်း၍ သိတော်မူနိုင်သော အစွမ်း သတ္တိတော်ဟူသော လောကဝိဒူဂုဏ်

၆။ ဆုံးမထိုက်သော မယဉ်ကျေးသော နာဠာဂိရိဆင်စသော တိရစ္ဆာန် ယောက်ျား၊ အင်္ဂုလိမာလ စသော လူယောကျ်ား၊ အာဠဝကစသော ဘီလူး ယောက်ျား၊ သိကြားစသော နတ်ယောက်ျား။
ငါ၊ ရာဂအရာဖြင့် ဒေါသအရာဖြင့် မောဟအရာဖြင့် မယဉ်ကျေးသော အလုံးစုံသော ဝေနေယျ သတ္တဝါတို့ကို မြင်းကို ဆုံးမတတ်သော ရထားထိန်းကဲ့သို့ အတုမရှိ ယဉ်ကျေးအောင် ဆုံးမတော် မူနိုင်သော အစွမ်း သတ္တိတော်ဟူသော အနုတ္တရ ပုရိသဒမ္မသာရထိဂုဏ်

၇။ လူ နတ် ဗြဟ္မာ သတ္တဝါတို့အား ပစ္စုပ္ပန်အကျိုး သံသရာအကျိုး လောကီအကျိုး လောကုတ္တရာ အကျိုးတို့ကို ပွားတိုး ဖြစ်ပေါ်အောင် ကောင်းစွာ သွန်သင်ပြသ ဆုံးမတော်မူပေတတ်သော အစွမ်းသတ္တိတော်ဟူသော သတ္ထာ ဒေဝမနုဿာနဂုဏ်

၈။ သစ္စာလေးပါး တရားတို့ကို ဆရာမရှိ မိမိအလိုလို ကိုယ်တော်မြတ်လည်း သိတတ်, ဝေနေယျ သတ္တဝါတို့ကိုလည်း သိစေတော်မူတတ်သော အစွမ်း သတ္တိတော်ဟူသော ဗုဒ္ဓဂုဏ်

၉။ မိမိစိတ်ကို အစိုးရခြင်း ဣဿရိယ၊
လောကုတ္တရာ တရားဟူသော ဓမ္မ၊
အခြွေအရံ အကျော်အစောဟူသော ယသ၊
ဘုန်းကြက်သရေတော်ဟူသော သိရီ၊
မိမိ၏အကျိုးစီးပွား သူတပါးတို့၏အကျို စီးပွား နှစ်ပါးစုံကို လိုလားခြင်း ကာမ၊
ထိုလိုလားတော်မူသောအတိုင်း ပြီးစီး ပြည့်စုံအောင် တတ်စွမ်းတော်မူခြင်း ပယတ္တ၊
ဤ ဘုန်းတော်ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူခြင်းဟူသော ဘဂဝါဂုဏ်

ပါဠိတော် အရပ်ရပ်တို့၌လာသော ဣတိပိသော ပါဠိ၏အရ ဤကိုးပါးသော ဂုဏ်ကျေးဇူးတော်တို့ကို ကောင်းမွန်သေချာစွာသိပြီးလျှင် သြော် - ငါတို့မှာကား ဘုရားရှင် ဟောပြသော ကိလေသာကို ပယ်ရန် နည်းလမ်းကြီးကို ရပါလျက်နှင့် ဤကိလေသာတို့ကို အလွန် အပယ်ရ ခက်ခဲ၏၊ ခဲယဉ်း၏၊ မပယ်တည့်နိုင်။

ကိလေသာ အစွမ်းကောင်းကြီးတွေကို မဆိုထားဘိဦး။ မှုန်မှုန် မွှားမွှား နုပ်နုပ် ဖွဲဖွဲ ထိန မိဒ္ဓ ကလေး ကိုမျှ မပယ်တည့်နိုင်ပြီ။ ငါသာလျှင် အပယ်ရ ခဲယဉ်းသည် မဟုတ်၊ မပယ်နိုင်သည်မဟုတ်။ လူရော နတ်ရော ဗြဟ္မာခရာ တလောကလုံးကြီးသည် လည်း ထိုကိလေသာတို့ကို အလွန် အပယ်ရ ခက်ခဲကြ၏။ ခဲယဉ်းကြ၏။ ပစ္စေကဗုဒ္ဓါ တို့ကို ချန်ထား၍ ဘယ်သူမှ မိမိတို့ ဉာဏ်စွမ်းဖြင့် မပယ်နိုင်ကြပြီ။

ဤကဲ့သို့ အလွန် အပယ်ရ ခက်ခဲတဲ့ ခဲယဉ်းတဲ့ ငါတို့ တလောကလုံးကြီး မပယ်နိုင်၍ အရှုံးခံ၍ နေရတဲ့ ဤ ကိလေသာရန်သူတို့ကို မြတ်စွာဘုရားရှင် သည်ကား ဘယ်သူ့ထံမှ နည်းနိဿယ မယူဘဲ တပည့်မခံရဘဲ မိမိ၏အစွမ်းတော် သက်သက်ဖြင့် အကြွင်းအကျန်မရှိ ပယ်ဖျက် သတ်ဖြတ်တော် မူနိုင်ပေ၏။

ဤကဲ့သို့ အလွန် အပယ်ရခက်ခဲတဲ့ ခဲယဉ်းတဲ့ ကိလေသာရန်သူတို့ကို ဆရာနည်း မခံရဘဲ မိမိဘာသာ ပယ်ဖျက် သတ်ဖြတ်တော်မူနိုင်သော ဘုရားရှင်၏ အစွမ်း သတ္တိတော်သည် အလွန် အံ့ဩဘွယ် ရှိပေစွ။ ထိုကဲ့သို့ ပယ်ဖျက် သတ်ဖြတ်တော် မူနိုင်သော ဘုရားရှင်၏ သဒ္ဓါစွမ်း, ဝီရိယစွမ်း သတိစွမ်း, သမာဓိစွမ်း, ပညာစွမ်း, အစွမ်းသတ္တိတော်သည် အလွန်ထက်မြက်ပေစွ၊ အလွန်အံ့ဩဘွယ် ရှိပေစွ။

အရဟံ ဝတ သော ဘဂဝါ

သော ဘဂဝါ၊ ထို ငါတို့၏ဆရာ မြတ်စွာဘုရားသည်။
အရဟံ ဝတ၊ ဪ-အလွန်အပယ်ရ ခဲယဉ်းသော ကိလေသာ ရှန်သူတို့ကို ဆရာနည်း မခံရဘဲ မိမိဘာသာ ပယ်ဖျက် သတ်ဖြတ်တော်မူနိုင်ပေစွတကား၊
အဟော အစ္ဆရိယံ ဝတ၊ သြော်-အံ့ဘွယ် ရှိပေစွတကား။
အမှေဟိ၊ ငါတို့ တလောကလုံးထက်။
အဘိက္ကန္တ တရော ဝတ၊ သြော်-အတိုင်းမသိ အစွမ်းသတ္တိတော် သာလွန်ပေစွ တကား။

အဘယ့်ကြောင့်ဤကဲ့သို့ ပယ်ဖျက် သတ်ဖြတ်တော် မူနိုင်ပါသနည်းဆိုသော် -

ဣတိပိ၊ ဤကဲ့သို့ ဒါန ပါရမီကို ဖြည့်ကျင့်တော် မူခြင်းကြောင့်၎င်း။
သီလ၊ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန္တိ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊
ဣတိပိ၊ ဤကဲ့သို့ ဥပေက္ခာ ပါရမီကို ဖြည့်ကျင့်တော် မူခြင်းကြောင့်၎င်း။
ဣတိပိ၊ ဤကဲ့သို့ စွန့်ခြင်းကြီး ငါးပါးကိုစွန့်ကြဲတော် မူခြင်းကြောင့်၎င်း။
ဣတိပိ၊ ဤကဲ့သို့ စရိယ သုံးပါးကို ပြုကျင့်တော် မူခြင်းကြောင့်၎င်း။
အရဟံ၊ ကိလေသာ ရန်သူတို့ကို ပယ်ဖျက် သတ်ဖြတ်တော်မူနိုင်ပေ၏

ဟု ရှေးက ပါရမီ စွန့်ခြင်း ကြီး စရိယတွေကို ပြုလုပ် ဖြည့်ကျင့်ပုံတွေကို လှမ်း၍ ဆင်ခြင် အောက်မေ့၍ ထိုပါရမီ အကြောင်း သမ္ဘာရနှင့်တကွ အရဟံဂုဏ်ကို အဖန်ဖန် ဆင်ခြင် အောက်မေ့ အပ်၏၊ အောက်မေ့ရာ၏။

တဖန် သြော်-ငါတို့မှာကား ကိုယ့်ဗိုက်ထဲ၌ ရှိသာကိုမှ ဘယ်လိုနေမှန်း မသိနိုင်၊ မြတ်စွာဘုရားရှင် သည်ကား ငါတို့တလောကလုံး မသိနိုင်တဲ့ တွေဝေနေတဲ့ ပစ္စေကဗုဒ္ဓါတို့မှသော်လည်း မသိနိုင်တဲ့ လောက၌ ရှိရှိသမျှ တရားတွေ အလုံးစုံကို ဆရာမရှိ မိမိဘာသာ မေ့ပျောက် ဖောက်ပြန်ခြင်းမရှိ ကောင်းစွာ သိတော်မူနိုင်ပေ၏။ ဤကဲ့သို့ အလွန်နက်နဲ သိမ်မွေ့တဲ့ ဆန်းကြယ် များပြားတဲ့ အလွန်သိနိုင်ခဲတဲ့ တရားတွေ အလုံးစုံကို အကုန်သိတော်မူနိုင်သော ဘုရားရှင်၏ အစွမ်း သတ္တိတော်သည် အလွန်အံ့ဩဘွယ်ရှိပေစွ။ ဤကဲ့သို့ သိနိုင်တဲ့ ဘုရားရှင်၏ သဗ္ဗညုတ ဉာဏ်စွမ်းတော်သည် အလွန်ထက်မြက် ကြီးမားပေစွ။ အတုမရှိ ထက်မြက်ကြီးမားပေစွ။ အလွန် အံ့ဩဘွယ် ကောင်းပေစွ၊

သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ

သော ဘဂဝါ၊ ထိုငါ၏ဆရာ မြတ်စွာဘုရားသည်။
သမ္မာသမ္ဗုဒ္ဓေါ ဝတ၊ ဪ-ခပ်သိမ်းသော တရားတို့ကို ဆရာမရှိ မိမိဘာသာ မေ့ပျောက် ဖောက်ပြန်ခြင်းမရှိ ကောင်းမွန်စွာ သိတော်မူနိုင်ပေစွ တကား။
အဟော အစ္ဆရိယံ ဝတ၊ ဩော်-အံ့ဩဘွယ် ရှိပေစ္စတကား။
အမှေဟိ၊ ငါတို့ တလောကလုံးထက်။
အဘိက္ကန္တတရော ဝတ၊ ဪ-အတိုင်းမသိ ဉာဏ်စွမ်းတော် ကြီးမြတ်သာလွန်ပေစွ တကား။

အဘယ့်ကြောင့် ဤကဲ့သို့ သိတော်မူပါသနည်းဆိုသော် -

ဣတိပိ၊ ဤကဲ့သို့ ဒါနပါရမီကို ဖြည့်ကျင့်တော်မူခြင်းကြောင့်၎င်း ။လ။
ဣတိပိ၊ ဤကဲ့သို့ ဥပေက္ခာ ပါရမီကို ဖြည့်ကျင့်တော်မူခြင်းကြောင့်၎င်း။
ဣတိပိ၊ ဤကဲ့သို့ စွန့်ခြင်းကြီး ငါးပါးကို စွန့်ကြဲတော်မူခြင်းကြောင့်၎င်း။
ဣတိပိ၊ ဤကဲ့သို့ စရိယ သုံးပါးတို့ကို ပြုကျင့်တော်မူခြင်းကြောင့်၎င်း။
သမ္မာသမ္ဗုဒ္ဓေါ၊ ခပ်သိမ်းသော တရားတို့ကို ဆရာမရှိ မိမိဘာသာ ကောင်းစွာ သိနိုင်ပေ၏

ဟု ရှေးက ပါရမီ စွန့်ခြင်းကြီး စရိယတွေကို ပြုလုပ် ဖြည့်ကျင့်ပုံတွေကို လှမ်း၍ ဆင်ခြင် အောက်မေ့၍ ထိုပါရမီ အကြောင်း သမ္ဘာရနှင့်တကွ သမ္မာသမ္ဗုဒ္ဓဂုဏ်ကို အဖန်ဖန် ဆင်ခြင် အောက်မေ့ အပ်၏။ အောက်မေ့ရာ၏။

တပည့်ဘို့ - ဤနည်းကို မှီး၍ ကြွင်းသော ဂုဏ်တော်တို့ကိုလည်း ပါရမီ အကြောင်း သမ္ဘာရတို့နှင့် တကွ နေရာကျ ဆင်ခြင် အောက်မေ့ရာ၏။

ဂုဏ်တော် ကိုးပါးအပြင် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူခြင်း စက္ခုမဂုဏ်၊ မာရ်ငါးပါးကို အောင်နိုင်တော်မူသော အစွမ်းသတ္တိတော် ဟူသော ဇိနဂုဏ်၊ ကိုယ်တော်အား ဆယ်ပါး ဉာဏ်တော်အား ဆယ်ပါးနှင့်ပြည့်စုံတော်မူခြင်း ဒသဗလဂုဏ်၊ ဤသို့ အစရှိသည်ဖြင့် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့သည် “အပ္ပမာဏော ဗုဒ္ဓေါ” ဆိုသောအတိုင်း အသင်္ချေ အနန္တ များပြား၏။ ထိုများပြားစွာသော ဂုဏ်တော်တို့ကို မိမိ အစွမ်းအားလျော်စွာ သိနိုင်သမျှ သိအောင်လုပ်၍ ဤဂုဏ်တော် ကိုးပါး နည်းတူပင်လျှင် ဆင်ခြင်အောက်မေ့ရာ၏။

တပါးတည်း ဆင်ခြင်အောက် မေ့ရတာထက် နှစ်ပါးလောက် ဆင်ခြင် အောက်မေ့ရတာက သာလွန်၍ စိတ်ဉာဏ်ကြည်၏။ အကျိုးအာနိသင် ကြီးမား မြင့်မြတ်၏။ နှစ်ပါးထက် သုံးပါး, သုံးပါးထက် လေးပါး စသည်ဖြင့် များများကြီး အောက်မေ့ နိုင်လေ ကောင်းလေတည်း။

ထို့ကြောင့် တပည့်တို့ - သင် တပည့်တို့သည် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတွေကို များများ သိနိုင်အောင် အောက်မေ့နိုင်အောင် ဘုရားဂုဏ်တော်တို့ကို ဟောပြခဲ့ သုတ်တွေ ပါဠိတွေ ဘုရားရှိခိုး ပါဠိတွေများကို စွမ်းနိုင်သမျှ ရအောင် ကျက်ဆောင်ကြ။ သိအောင်လုပ်ကြ။ အောက်မေ့ကြ။

ပရိတ်ကြီး အာဋာနာဋိယ သုတ်၌လည်း ဘုရားဂုဏ်တော်တွေ များစွာပါ၏။ စွမ်းနိုင်လျှင် ကျက်ဆောင်ကြ။ သိအောင်လုပ်၍ အောက်မေ့ကြ။

ဘုန်းကြီးရေးသားခဲ့ အရိယမဂ္ဂ ဒီပနီကျမ်း အနေကဇာတင် ကျမ်းတို့၌လည်း အတော်များစွာ ဘုရား ရှိခိုးသုတ်တွေ ပါဠိတွေ ထုတ်နုတ် ရေးသား၍ ထားသာ ရှိသည်။ စွမ်းနိုင်လျှင် ကျက်ဆောင်ကြ။ သိအောင်လုပ်၍ အောက်မေ့ကြ။

ရှေးပါရမီ သမ္ဘာရတွေကို ဖြည့်ကျင့်ပုံတို့ကိုလည်း အောက်မေ့တတ်အောင် သိအောင် ဗုဒ္ဓဝင်လာ အပဒါန်လာ စရိယ ပိဋကတ်လာ ဇာတ်တော်လာ ဘုရားရှင်၏ အဖြစ်အပျက် အတ္ထုပ္ပတ္တိ ဝတ္ထုတွေ ကိုလည်း စွမ်းနိုင်သမျှသိအောင် လုပ်ကြ။ အောက်မေ့ကြ။

တပည့်တို့ - ဤကဲ့သို့ မိမိတို့ သိနိုင်သလောက် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ဆင်ခြင် အောက်မေ့သည်ရှိသော် -

  • အလွန်သဒ္ဓါတရား ထက်သန်၏။
  • ဦးခေါင်းကိုဖြတ်၍ ပူဇော်ချင်အောင်ပင် သဒ္ဓါတရား ဖြစ်တတ်၏။
  • အလွန် စိတ်ဉာဏ် ကြည်၏။
  • ဉာဏ်တိုးပွား ကြီးရင့်၏။
  • အလွန် စိတ်တည်ကြည်၏။
  • ဥပစာရဈာန်ကို ရ၏။

တပည့်တို့ - ဥပစာရဈာန် ဟူသည်ကား နိမိတ်ရကောင်းသော ကမ္မဋ္ဌာန်းတို့၌ အစမှ စ၍ ပဋိဘာဂနိမိတ် ဖြစ်ပေါ်သည် တိုင်အောင် ဤအတွင်း ကြည့်ရှုပွားများသော စိတ္တုပ္ပါဒ်ကို ပရိကမ္မ ဘာဝနာဟု ခေါ်၏။

ပဋိဘာဂ ဖြစ်ပေါ်သည်မှစ၍ အပ္ပနာသို့မရောက်မီ ဤအတွင်း ကြည့်ရှုပွားများသော စိတ္တုပ္ပါဒ်ကို ဥပစာရဘာဝနာဟု ခေါ်၏။

ဈာန်စိတ်ကိုကား အာရုံထဲသို့ ဝင်ဘိသကဲ့သို့ စူးစိုက်၍ ဖြစ်ခြင်းကြောင့် အပ္ပနာဘာဝနာဟု ခေါ်၏။

ဤ ဘာဝနာသုံးပါး၌ ပရိကမ္မဘာဝနာအခိုက်၌ ပါရှိသော သမာဓိကို ဈာန်ကို ပရိကမ္မသမာဓိ ပရိကမ္မဈာန်ဟု ခေါ်၏။

ဥပစာရ ဘာဝနာ အခိုက်၌ ပါရှိသော သမာဓိကို ဈာန်ကို ဥပစာရသမာဓိ ဥပစာရဈာန်ဟု ခေါ်၏။

အပ္ပနာ ဘာဝနာ အခိုက်၌ ပါရှိသော သမာဓိကို ဈာန်ကို အပ္ပနာ သမာဓိ အပ္ပနာဈာန်ဟု ခေါ်၏။

ဤကဲ့သို့ ဘာဝနာ သုံးမျိုး သမာဓိ သုံးမျိုး ဈာန်သုံးမျိုး ရှိ၏။

တပည့်တို့ - ဤဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းသည်ကား ဘုရားဂုဏ် ကျေးဇူးတွေက အလွန် နက်နဲ သိမ်မွေ့သော ပရမတ္ထတရားတွေဖြစ်၍ နိမိတ် ရကောင်းသော တရား မဟုတ်ခြင်းကြောင့် ဤကဲ့သို့ စိတ်ဉာဏ်ကြည်လင်ခြင်း ဝမ်းမြောက်ခြင်း တည်ကြည်ခြင်း ဥပစာရဈာန်ကို ဥပစာရ သမာဓိမျှ ကိုသာ ဖြစ်စေနိုင်သည်။ အပ္ပနာဈာန် အပ္ပနာ သမာဓိကို မဖြစ်စေနိုင်ဘူး တပည့်တို့။ အပ္ပနာဈာန် ဆိုသာ နိမိတ်အာရုံ ရကောင်းသော ကမ္မဋ္ဌာန်းမှာမှ ဖြစ်နိုင်ကောင်း၏။

ဗုဒ္ဓါနုဿတိကို ပွားများ အားထုတ်ပုံ ပြီး၏။

၂။ တပည့်တို့ - ဓမ္မာနုဿတိ ဟူသည်ကား ဘုရားရှင် ဟောကြားတော် မူအပ်သော ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓဟူသော သုံးပါးသော တရားတော်မြတ်၏။ ဝါ၊ ပရိယတ္တိ ပဋိပတ္တိ ဈာန် မဂ်ဖိုလ် နိဗ္ဗာန်ဟူသော ခြောက်ပါးသော တရားတော်မြတ်၏ သွာက္ခာတတာ စသော ဂုဏ်တို့ကို အဖန်ဖန် ဆင်ခြင် အောက်မေ့သော သတိကို ဆိုသည်။

ထိုဓမ္မာနုဿတိကို ပွားများ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် တရားတော်မြတ်၏ သွာက္ခာတတာ စသော ဂုဏ်ခြောက်ပါးကို ကောင်းမွန်စွာ သိ၍ ဘုရားဂုဏ်ကို ဂုဏ်လုံးပေါ်အောင် ထင်ရှားအောင် လောကကြီးနှင့်တကွ မိမိတို့ ရနိုင်ခဲသော အဖြစ် မရနိုင်သော အဖြစ်တို့ကို ဆင်ခြင်၍ အောက်မေ့ရဘိသကဲ့သို့ ထို့အတူ တရားဂုဏ်ကိုလည်း ဂုဏ်လုံး ပေါ်အောင် အဘိုးတန်အဖြစ် ထင်ရှားအောင် သြော် - အလုံးစုံကို သိမြင်တော်မူသော ငါ၏ဆရာ မြတ်စွာဘုရားရှင် ဟောကြား တော်မူအပ်သော တရားတော်မြတ်သည်ကား မိစ္ဆာဒိဋ္ဌိဆရာများ ဟောကြားအပ်သော တရားများလို ဒုရက္ခာတ မကောင်းသဖြင့် ဟောကြားအပ်သော တရားဟု ဆိုရအောင် အလွဲ အမှားမဟုတ် ဒုက္ခဖြစ်ကြောင်း မဟုတ်၊ စင်စစ် ဖြောင့်မှန်ပေ၏။ ခပ်သိမ်းသော ဒုက္ခကို ပျောက်စေ၍ ချမ်းသာကို ဖြစ်စေတတ်ပေ၏။ ထို့ကြောင့် သွာက္ခာတ ကောင်းစွာ ဟောကြားအပ်သော တရားဟု ဆိုရအောင် အလွန်ဖြောင့်မှန် ကောင်းမြတ်ပေ၏။

၁။ “သွာက္ခာတော ဝတ သော ဓမ္မော ဘဂဝတာ

ဘဂဝတာ၊ မြတ်စွာဘုရားသည်။
သော ဓမ္မော၊ ထိုသုံးပါး ခြောက်ပါးသော တရားတော်မြတ်ကို။
သွာက္ခာတော ဝတ၊ သြော် - ကောင်းစွာ ဟောကြားအပ်၏ တကား။ ကောင်းစွာ ဟောကြား အပ်သော တရားဟု ဆိုရအောင် အလွန်ဖြောင့်မှန် ကောင်းမြတ်ပေစွတကား။
အဟော သာဓု၊ သြော် - အလွန် ကောင်းမြတ်ပေစွ တကား။
အဟော အစ္ဆရိယံ ဝတ၊ သြော် - အလွန်အံ့ဘွယ် ရှိပေစွတကား

ဟု မိစ္ဆာဒိဋ္ဌိတရားတို့နှင့် ယှဉ်၍ နှိုင်းစာဆင်ခြင် အောက်မေ့ရာ၏။ ဤနည်းကိုမှီ၍ ကြွင်းသော ဂုဏ်တို့ကိုလည်း မိစ္ဆာဒိဋ္ဌိတရား လောကီဗာဟိရတရားတို့နှင့် ယှဉ်၍ ယှဉ်၍ နှိုင်းစာ၍ နှိုင်းစာ၍ ဆင်ခြင်အောက်မေ့အပ်၏၊ အောက်မေ့ရာ၏။

၂။ တပည့်တို့ ကြွင်းသော သန္ဒိဋ္ဌိက စသောဂုဏ်တို့ဟူသည်ကား တပည့်တို့ အကြင်တရားသည် သူ့ကို ကြည့်ရှုလျှင် အကျိုးရှိ၏။ ချမ်းသာ ကောင်းကျိုးကို ဖြစ်စေ တတ်၏။ ထိုတရားသည် ကြည့်ရှုခြင်းငှါ သင့်သော ထိုက်သော သန္ဒိဋ္ဌိက တရားတည်း။

၃။ အကြင်တရားသည် မိမိကို ပြုကျင့်ကြည့်ရှု လာသောသူအား ချမ်းသာ ကောင်းကျိုးကို ဖြစ်စေရာ၏။ ပေးရာ၏။ နောက်ခဏမှ နောက်ရက်မှ နောက်လမှဟု အခါကာလကို မဆိုင်းငံ့ဘဲ ထိုမိမိကို ပြုကျင့် ကြည့်ရှုသည်နှင့် တပြိုင်နက်ပင်လျှင် ချမ်းသာ ကောင်းကျိုးကို ဖြစ်စေ၏၊ ပေး၏။ထိုတရားသည် အခါမလင့် အကျိုးကို ပေးတတ်သော ပေးသော အကာလိက တရားတည်း။

၄။ အကြင် တရားသည် သူ့ကို ကြည့်ရှုလျှင် အကျိုးရှိ၏။ ချမ်းသာ ကောင်းကျိုးကို ဖြစ်စေတတ်၏။ ပေးတတ်၏။ ထိုတရားသည် လာလှည့် ဤတရားကို ကြည့်ရှုလှည့် ဟု တိုက်တွန်းစေခိုင်းခြင်း အစီအရင်ကို ထိုက်သော။ ဝါ၊ အနုနှင့်မရလျှင် ဃဋိကာရသည် ဇောတိပါလကို ရောင်ကို ဆွဲခေါ်၍ ဘုရားတရားကို နာလှည့် ရှုလှည့် ဟု တိုက်တွန်း စေခိုင်းဘိသကဲ့သို့ တရားအံ တရားရှု ပျင်းသော သာမဏေ ကျောင်းသားများကို လာဟဲ့ အံဟဲ့ ရှုဟဲ့ဟု ရိုက်ခေါ်၍ တိုက်တွန်း စေခိုင်းဘိသကဲ့သို့ အတင်း အကြမ်းအားဖြင့်ပင်လည်း လာဟဲ့ ရှုတဲ့ဟု စေခိုင်းတိုက်တွန်းခြင်း အစီအရင်ကို ထိုက်သော ဧဟိပဿိက တရားတည်း။

၅။ သံသရာ ဝဋ်ဒုက္ခမှ လွတ်စေ၍ နိဗ္ဗာန်ချမ်းသာသို့ ပို့ဆောင်တတ်သော ဩပနေယျိက။ ဝါ၊ ဉာဏ်ဖြင့်ကပ်၍ လေ့လာ ရွက်ဆောင်အပ်သော ဩပနေယျိကဂုဏ်

၆။ ပညာရှိတို့ အသီးအသီး မိမိတို့ စိတ်သန္တာန်၌ သိအပ် ခံစားအပ်သော ပစ္စတ္တဝေဒိတဗ္ဗဂုဏ်တို့ကား သိလွယ် ထင်ရှား၏။

တပည့်တို့ - မြတ်စွာဘုရားရှင် ဟောကြားတော် မူအပ်သော သုံးပါး ခြောက်ပါးသော တရားတော်မြတ်သည် ဤခြောက်ပါးသော ဂုဏ်တို့နှင့် အကုန်လုံး ထိုက်သည် အားလျော်စွာ ပြည့်စုံကြသည် ပင်လျှင်တည်း။ ထင်မြင်အောင် ကြည့်ကြ သိကြ။

တပည့်တို့ - တရားတော်မြတ်၏ ဂုဏ်ကျေးဇူးတို့သည် “အပ္ပမာဏော ဓမ္မော” ဆိုသောအတိုင်း ဤခြောက်ပါးအပြင်လည်း အသင်္ချေ အနန္တ များပြားစွာ ရှိကုန်၏။ ဤ ပဏ္ဍိတဝေဒနိယကျမ်းကြီး တကျမ်းလုံးသည် တရားတော်မြတ်၏ ဂုဏ်ကျေးဇူးတွေကိုပင် ပြ၍လာခဲ့သည်။ တရားတော်မြတ်၏ ဂုဏ်ကျေးဇူးခဲကြီးပင်တည်း၊ ထင်မြင်အောင် ကြည့်၍ သိ၍ ဆင်ခြင် အောက်မေ့ကြ အံ့ဩ ချီးမွမ်းကြ။

ထို့ပြင် အရိယမဂ္ဂဒီပနီကျမ်း၌လည်း တရားတော် ဂုဏ်ကျေးဇူးတွေကို ဟောပြသော တရားရှိခိုး ပါဠိတွေ အတော်များစွာ ထုတ်နုတ် ရေးသားထားသာ ရှိသည်။ စွမ်းနိုင်လျှင် ကျက်ဆောင် သိမှတ်ကြ။ ဆင်ခြင်အောက်မေ့ကြ။

တရားတော် ဂုဏ်တွေကို တပါးထက် နှစ်ပါး, နှစ်ပါးထက် သုံးပါး စသည်ဖြင့် များများကြီး သိလေ အောက်မေ့နိုင်လေ အကျိုး သာလွန် ကြီးမြတ်လေတည်း။ ကောင်းလေတည်း။

တပည့်တို့ - ဤကဲ့သို့ ဆင်ခြင် အောက်မေ့သည် ရှိသော် --

  • အလွန် နှစ်သက် ဝမ်းမြောက်ခြင်း ဖြစ်၏။
  • အလွန် စိတ်ဉာဏ်ကြည်၏၊
  • အလွန် ဉာဏ်ထက်သန်ကြီးထွား၏၊
  • အလွန် စိတ်တည် ကြည်၏၊
  • ဥပစာရဈာန်ကိုရ၏။

ဓမ္မာနုဿတိ ကမ္မဋ္ဌန်းလည်း တရားတော် ဂုဏ်တွေက အလွန် နက်နဲ သိမ်မွေ့သော ပရမတ္ထဓမ္မတွေ ဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်း ကြောင့် အပ္ပနာဈာန်ကို မဖြစ်စေနိုင်

ဓမ္မာနုဿတိ ပွားပုံ ပြီး၏။

၃။ တပည့်တို့ - သံဃာနုဿတိ ဟူသည်ကား မြတ်စွာဘုရား တပည့် သံဃာတော်မြတ်၏ သုပ္ပဋိပန္နတာစသော ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ဆင်ခြင် အောက်မေ့သော သတိကို ဆိုသည်။

ထိုသံဃာနုဿတိကို ပွားများ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် သံဃာတော်မြတ်၏ သုပ္ပဋိပန္နတာ စသော ကိုးပါးသော ဂုဏ်တို့ကို ကောင်းမွန်စွာ သိ၍ သြော် - မြတ်စွာဘုရားတပည့် သံဃာတော်မြတ်သည် မိစ္ဆာဒိဋ္ဌိ ဆရာများ၏ တပည့် သံဃာတို့လို ဒုပ္ပဋိပန္န မဟုတ်။ သုပ္ပဋိပန္န ပုဂ္ဂိုလ်ပေတည်း။ သုပ္ပဋိပန္န ပုဂ္ဂိုလ် ဟု ခေါ်ဆိုရအောင် ကောင်းစွာကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံတော်မူကြပေ၏။

မိမိက သမ္မာ ပဋိပတ်နှင့် မပြည့်စုံသေးလျှင် သြော် - ငါတို့မှာကား သမ္မာပဋိပတ်နှင့် ပြည့်စုံမှုသည် အလွန်ခဲယဉ်း၏။ ခက်ခဲ၏။ ပြည့်စုံနိုင်ခဲ၏။ အပြည့်စုံကို မဆိုထားဘိဦး သမ္မာပဋိပတ် လမ်းကြောင်းကို သိမှုပင် အလွန်ခက်ခဲ၏။ သိလိမ္မာနိုင်ခဲ၏။ ဤမြတ်စွာဘုရား တပည့် သံဃာတော် မြတ်သည်ကား ဤကဲ့သို့ အလွန်ခဲယဉ်း သော သမ္မာပဋိပတ် လမ်းကြောင်းကိုလည်း ကောင်းစွာသိ လိမ်မာတော်မူကြပေ၏။ သိ လိမ်မာပြီ။ ထိုသမ္မာပဋိပတ်နှင့် ပြည့်စုံအောင် ကောင်းစွာ အားထုတ် တော်မူကြပေ၏။

ဤကဲ့သို့ အလွန်ခက်ခဲတဲ့ ခဲယဉ်းတဲ့ သမ္မာပဋိပတ်လမ်းကို သိနိုင်သော ပြည့်စုံအောင် ပြုကျင့် အားထုတ်နိုင်သော သံဃာတော်မြတ်၏ အစွမ်းသတ္တိတော်သည် အလွန် ထက်မြက် ကြီးမားပေစွ

ဤကဲ့သို့ ခက်ခဲသို့ ခဲယဉ်းသို့ သမ္မာပဋိပတ်လမ်းကို သိနိုင်တဲ့ သိပြီးပြုကျင့် အားထုတ်နိုင်တဲ့ သံဃာတော်မြတ်၏ သဒ္ဓါစွမ်း ဝီရိယစွမ်း သတိစွမ်း သမာဓိစွမ်း ပညာစွမ်း အစွမ်းသတ္တိတော်တို့သည် အလွန် ထက်မြက် ကြီးမားပေစွ အလွန် အံ့ဩဘွယ် ရှိပေစွ

သုပ္ပဋိပန္နော ဝတ ဘဂဝတော သာဝကသံဃော

ဘဂဝတော သာဝကသံဃော၊ မြတ်စွာဘုရား၏ တပည့် သံဃာတော်မြတ်သည်။
သုပ္ပဋိပန္နော ဝတ၊ သြော် - ကောင်းစွာ ကျင့်တော်မူနိုင်ကြ ပေစွတကား။ ကောင်းစွာကျင့်သော သုပ္ပဋိပန္နပုဂ္ဂိုလ်ဟု ခေါ်ဆိုရအောင် သမ္မာပဋိပတ်နှင့် ကောင်းစွာ ပြည့်စုံတော် မူကြပေစွတကား။
အဟော သာဓု၊ သြော် - အလွန် ကောင်းပေစွတကား။
အဟော အစ္ဆရိယံ ဝတ၊ သြော် - အလွန် အံ့ဘွယ်ရှိပေစွတကား

ဟု ဆင်ခြင် အောက်မေ့အပ်၏, အောက်မေ့ရာ၏။

ကြွင်းသော ဂုဏ်တို့ကိုလည်း ဤနည်းကို မှီ၍ နေရာတကျ ဆင်ခြင်အောက်မေ့ရာ၏။

တပည့်တို့ - ဤ သုပ္ပဋိပန္နဖြစ်အောင် ကျင့်သော ပုဂ္ဂိုလ်သည် ဥဇုပ္ပဋိပန္နေ ဉာယပ္ပဋိပန္န သာမိစိပ္ပဋိပန္နလည်း ဖြစ်တော့၏။

ဤ သမ္မာပဋိပတ်ကိုပင်လျှင် ဥဇုပ္ပဋိပတ် ဉာယပ္ပဋိပတ် သာမိစိပ္ပဋိပတ်ဟု ခေါ်သည်။

ဤသမ္မာပဋိပတ်ဆိုသာ ဘယ်လိုကျင့်သာကို ခေါ်သနည်း ဆိုသော် တပည့်တို့ - သမ္မာပဋိပတ် ကိုကား ဤသို့ သိရာ၏။

ယေကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဧဝရူပံ အဘိညာယ၊ ဧဝံ ရူပသမုဒယံ အဘိညာယ ဧဝံ ရူပနိရောဓံ အဘိညာယ ဧဝံ ရူပ နိရောဓဂါမိနီ ပဋိပဒံ အဘိညာယ ဧဝံ ရူပဿ အဿာဒံ အဘိညာယ ဧဝံ ရူပဿ အာဒီနဝံ အဘိညာယ ဧဝံ ရူပဿ နိဿရဏံ အဘိညာယ ရူပဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော၊ တေ သုပ္ပဋိပန္နော၊ ယေ သုပ္ပဋိပန္နာ၊ တေ ဣမသ္မိံ ဓမ္မဝိနယေ ဂါဓန္တိ။
သံယုတ်ပါဠိတော် သတ္တဋ္ဌာန ကုသလသုတ် အစိတ်ပါဠိ။

ဘိက္ခဝေ၊ ရဟန်းတို့။
ယေကေစိ၊ အမှတ်မရှိ အလုံးစုံကုန်သော။
သမဏာ ဝါ၊ ရှင်အာနန္ဒာ, ရှင်အနုရုဒ္ဓါစသော ဥပသမ္ပန္နရဟန်း အရှင်ကောဏ္ဍည အရှင် သာရိပုတ္တရာ အရှင်မောဂ္ဂလာန် အရှင်သဘိယ အရှင်ပက္ကုသာတိ အရှင်ဒါရုစိ အစရှိသော ပရိဗိုဇ် ရဟန်းတို့သည်၎င်း။
ဗြာဟ္မဏာ ဝါ၊ ရသေ့ ဘိုးသူတော် မယ်သီလ သူတော် သူမြတ်တို့သည်၎င်း။

ဝါသဒ္ဒါဖြင့် ဤသမဏ ဗြာဟ္မဏမှ ကြွင်းသော ဗုဒ္ဓဘာသာဝင် ဘုရားတပည့်တို့ လူတွေ နတ်တွေ ဗြဟ္မာတွေ အကုန်လုံးကိုယူ။

ဧဝံ၊ ဤသို့ ဟောကြားခဲ့ပြီးသောအတိုင်း။
ရူပံ၊ ရုပ်ကို။
အဘိညာယ၊ ဉာတပရိညာဖြင့် သိ၍။
ဧဝံ၊ ဤသို့ ဟောကြားခဲ့ပြီးသောအတိုင်း။
ရူပသမုဒယံ၊ ရုပ်ဖြစ်ကြောင်းကို။
အဘိညာယ၊ ဉာတပရိညာဖြင့် သိ၍။
ဧဝံ၊ ဤသို့ဟောကြားခဲ့ပြီးသော အတိုင်း။
ရူပနိရောဓံ၊ ရုပ်ချုပ်ရာဌာနကို။
အဘိညာယ၊ ဉာတပရိညာဖြင့် သိ၍။
ဧဝံ၊ ဤသို့ဟောကြားခဲ့ပြီးသော အတိုင်း။
ရူပနိရောဓ ဂါမိနီ ပဋိပဒံ၊ ရုပ်ချုပ်ရာသို့ရောက်ကြောင်း အကျင့်ကို။
အဘိညာယ၊ ဉာတပရိညာဖြင့် သိ၍။
ဧဝံ၊ ဤသို့ဟောကြားခဲ့ပြီးသောအတိုင်း။
ရူပဿ၊ ရုပ်၏။
အဿာဒံ၊ သာယာဘွယ်ကို။
အဘိညာယ၊ ဉာတပရိညာဖြင့်သိ၍။
ဧဝံ၊ ဤသို့ဟောကြားခဲ့ပြီးသော အတိုင်း။
ရူပဿး ရုပ်၏။
အာဒီနဝံ၊ အပြစ်ဒေါသကို။
အဘိညာယ၊ ဉာတပရိညာ ဖြင့်သိ၍။
ဧဝံ၊ ဤသို့ဟောကြားခဲ့ ပြီးသောအတိုင်း။
ရူပဿ၊ ရုပ်၏။
နိဿရဏံ၊ ကျွတ်လွတ် ထွက်မြောက်ရာကို။
အဘိညာယ၊ ဉာတပရိညာဖြင့်သိ၍။
ရူပဿ၊ ရုပ်၏။
နိဗ္ဗိဒါယ၊ ပျင်းမုန်းငြီးငွေ့ခြင်းငှါ။
ဝိရာဂါယ၊ ချစ်ခင်တပ်မက်ခြင်း ကင်းခြင်းငှါ။
နိရောဓာယ၊ ရုပ်၌စွဲလမ်းသော တဏှာကိုချုပ်စေခြင်းငှါ။
ပဋိပန္နာ၊ ကျင့်ကြကုန်၏။

တေ၊ ထိုသို့ ကျင့်ကြသော လူ, နတ်, ဗြဟ္မာနှင့်တကွ ဥပသမ္ပန္နရဟန်း ပရိဗိုဇ်ရဟန်း ရသေ့ ဘိုးသူတော် မယ်သီလ သူတော် သူမြတ်တို့သည်။
သုပ္ပဋိပန္နာ၊ ကောင်းစွာ ကျင့်ကြသော ပုဂ္ဂိုလ်တို့ပေတည်း။ ဝါ. ကောင်းစွာကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံကြသော သုပ္ပဋိပန္န ပုဂ္ဂိုလ်တို့ ပေတည်း။
ယေ၊ အကြင် လူ, နတ်, ဗြဟ္မာနှင့်တကွ ဥပသမ္ပန္နရဟန်း ပရိဗိုဇ် ရဟန်း ရသေ့ ဘိုးသူတော် မယ်သီလ သူတော် သူမြတ်တို့သည်။
သုပ္ပဋိပန္နာ၊ ကောင်းစွာကျင့် ကြကုန်၏။ ကောင်းစွာကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံကြကုန်၏။
တေ၊ ထို ကောင်းစွာ ကျင့်ကြသော ကောင်းစွာကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံကြ ကုန်သောလူ, နတ်, ဗြဟ္မာနှင့်တကွ ဥပသမ္ပန္န ရဟန်း ပရိဗိုဇ်ရဟန်း ရသေ့ ဘိုးသူတော်သူမြတ် တို့သည်။
ဣမသ္မိံ ဓမ္မဝိနယေ၊ ဤ ငါဘုရား သာသနာတော်၌။
ဂါဓန္တိ၊ ထောက်မှီကြကုန်၏။ ထောက်မှီရာ တည်ရာ ရကြကုန်၏။

တပည့်တို့ - ဤပါဠိတော်၌ သမဏဗြာဟ္မဏပုဒ်ကို အနက်ပေးရာ၌ လောက၌ ရဟန်းက ဥပသမ္ပန္န ပရိဗိုဇ်ဟု ဇာတ်အားဖြင့် နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတို့တွင် ဝိနည်းကံအလာ ဥပသမ္ပဒါ ရှစ်ပါးဖြင့် ပဉ္စင်းခံသော ပဉ္စင်းအဖြစ်သို့ ရောက်သော ရဟန်းကို ဥပသမ္ဗန္နရဟန်းဟုခေါ်သည်။ ဥပသမ္မန္နရဟန်း ဟု မှတ်ကြ။

ဤကဲ့သို့ ဥပသမ္ပဒါရှစ်ပါးဖြင့် ပဉ္စင်းမခံသော ပဉ္စင်းမပြုသော ရဟန်းကို ပရိုဗိုဇ်ရဟန်း ဟုခေါ်သည်။ ပရိဗိုဇ်ရဟန်းဟု မှတ်ကြ။

သဗ္ဗညုဘုရား ပစ္စေကဗုဒ္ဓါတို့ ပရိဗိုဇ် ရဟန်းတည်း။ ပဉ္စင်းမဟုတ်။ ဘုရားရှင် ပရိဗိုဇ် ရဟန်းပြုပုံကို သုတ္တနိပါတ် ပါဠိတော်လာ ပဗ္ဗဇ္ဇသုတ်ဖြင့် သိကြ။ ဘုရားရှင်နှင့်အတူ ရဟန်းပြု၍ လိုက်ကြသော ပဉ္စဝဂ္ဂီရဟန်းတို့လည်း ဘုရားရှင်လိုဘဲ ပရိဗိုဇ် ရဟန်းတို့တည်း။ နောက်မှ ပဉ္စင်းခံသည်။

ကောဏ္ဍညမထေရ် သောတာပန် ဖြစ်ပြီးမှ ပဉ္စင်းခံသည်။

ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့လည်း ပရိဗိုဇ်ရဟန်းတည်း။ ပရိဗိုဇ်ရဟန်း အဖြစ်နှင့် သောတာပန်တည်ပြီးမှ ပဉ္စင်းခံသည်။
ရှင်သဘိယ ရှင်ပက္ကုသာတိ တို့လည်း ပရိဗိုဇ် ရဟန်းတည်း။ ပရိဗိုဇ်ရဟန်း အဖြစ်နှင့်ပင် အောက် မဂ်ဖိုလ် တို့ကို ရ၍ သေပြီးလျှင် ဗြဟ္မာပြည်သို့ ရောက်ကြ၍ ရောက်လျှင် ရောက်ခြင်း ရဟန္တာ ဖြစ်ကြလေသည်။

အဝိဟံ ဥပပန္နာသေ ဝိမုတ္တာ သတ္တ ဘိက္ခဝေါ” ဟု အရှင်အာနန္ဒာတို့ ဟောကြားတော်မူအပ်သော ရဟန်းခုနစ်ပါးထဲတွင် အပါအဝင်ဖြစ်ကြကုန်၏။ ဤပါဠိ ၏အနက် အောက်ကပေးခဲ့ပြီ။

အရှင်ဒါရုစိမထေရ်လည်း ပရိဗိုဇ်ရဟန်းတည်း။ ဤအရှင်ဒါရုစိမှာ သင်္ကန်းကိုမဝတ်။ သစ်သားတွေကို လျှော်နှင့်စီ၍ ဝတ်သည်။ ဤရှင်ဒါရုစိမထေရ်သည် ပရိဗိုဇ် ရဟန်း အဖြစ်နှင့်ပင် ရဟန္တာဖြစ်၍ နိဗ္ဗာန် စံသွားတော်မူသည်။

ထို့ပြင်လည်း ဘုရားလက်ထက် ဘုရားတပည့် ပရိဗိုဇ်ရဟန်းတွေ အပုံများစွာရှိ၏။ သာသနာပ အခါ၌ကား မဟာဇနကမင်းကြီး၊ မဟာဗောဓိ ပရိဗိုဇ် အစရှိသော ရဟန်းတွေ ဘုန်းကြီးတွေဟူသမျှ ပရိဗိုဇ် ရဟန်း ချည်းတည်း။ လောက၌ သာသနာတွင်း သာသနာပ အခါခပ်သိမ်း ပရိဗိုဇ် ရဟန်း မဆိတ်ပြီ

ဘုရားလက်ထက်က ဘုရားတပည့် မဟုတ်တဲ့ ဘုရားကို ဘက်ပြိုင် ရန်မူ၍နေတဲ့ ဘုရား သာသနတိတ္ထ၌ မပါဝင်ဘဲ့ ဘုရားသာသနာမှ တပါးသော မိစ္ဆာဒိဋ္ဌိ သာသနတိတ္ထ၌ မပါဝင်တဲ့ အညတိတ္ထိယ ပရိဗိုဇ်ရဟန်းတွေလည်း ရှိသည်။

တပည့်တို့ - ဤဥပသမ္ပန္န ပရိဗိုဇ်ရဟန်း နှစ်မျိုးတို့တွင် ဥပသမ္ပန္နရဟန်းကို ဝိနည်းရဟန်း ဟု ခေါ်သည် ဝိနည်းရဟန်းဟုမှတ်ကြ။

ပရိဗိုဇ်ရဟန်းကို သုတ္တန် ရဟန်းဟု ခေါ်သည် သုတ္တန်ရဟန်းဟု မှတ်ကြ။

ဤကဲ့သို့ ရဟန်းနှစ်မျိုးကို သမဏသဒ္ဒါဟောသည်။ ထို့ကြောင့်

သမဏာဝါ၊ ဥပသမ္ပန္နရဟန်း, ပရိဗိုဇ် ရဟန်းတို့သည်၎င်း၊

ဟု ငါဆရာ အနက်ပေးသည်။

တပည့်တို့ - ဗြာဟ္မဏပုဒ်ကိုလည်း ဤနေရာ၌ ပုဏ္ဏားဟူ၍ အနက်မပေးအပ်။

အဏံ ပါပံ ဝါဟေတီတိ ဗြာဟ္မဏော၊ ဗာဟိတပါပါတိ ဗြာဟ္မဏော” ဟု ဘုရားရှင် ဟောကြားတော်မူသောအတိုင်း ရဟန်းမှကြွင်းသော မကောင်းမှု အကုသိုလ်ကို ကုသိုလ်ရေ အယာဉ်၌ မျောကြတဲ့ ရသေ့ ဘိုးသူတော် မယ်သီလ ပကတိ လူဝတ်နှင့်ပင် သားမယားကို စွန့်ခွါ၍ ကျင့်ကြံ အားထုတ်ကြည့် သူတော် သူမြတ် ဤသူတွေကို ဗြာဟ္မဏ ဟူ၍ ခေါ်သည်

ထို့ကြောင့် ရှေးဆရာမြတ်တို့သည် ဤကဲ့သို့အရာ၌ ဗြာဟ္မဏပုဒ်ကို သူမြတ်ဟု အနက်ပေးကြသည်။ များစွာသော ကျမ်းတို့ကို ပြုစုစီရင်တော် မူစွမ်းနိုင်ပေသော အတ္ထဓမ္မ သဘာဝတရားအရာတို့၌ ကောင်းစွာ သိမြင်လိမ်မာတော်မူပေသော ဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကား ဆိဒ္ဒပိဓာနနီကျမ်း၌ ဤကဲ့သို့ တရားအရာ ဗြာဟ္မဏပုဒ်ကို -

ဗြာဟ္မဏာ ဝါ၊ ရသေ့ ပရိဗိုဇ်တို့သည်၎င်း”

ဟု အနက်ပေးတော်မူသည်။ အလွန်သင့်မြတ်ပေစွ။

ဤဆရာတော်ဘုရားအနက်၌ သမဏဖြစ်သော ပရိဗိုဇ် ရဟန်းကို ဗြာဟ္မဏထဲသို့ သွင်း၍ အနက် ပေးရာမှာ -

အဏံ ပါပံ ဝါဟေတီတိ ဗြာဟ္မဏော၊ ဗာဟိတပါပါတိ ဗြာဟ္မဏော

ဟူသော ဘုရားရှင် ဝိဂြိုဟ်တော်နှင့် အညီ။

အဟမသ္မိ ဘိက္ခဝေ ဘိက္ခု ဗြာဟ္မဏော။

ဘိက္ခဝေ၊ ရဟန်းတို့။
အဟံ၊ ငါဘုရားသည်။
ဘိက္ခု၊ ရဟန်းသည်။
အသ္မိ၊ ဖြစ်၏။ ဟုတ်၏။
ဗြာဟ္မဏော၊ ဗြာဟ္မဏသည် သူမြတ်သည်။
အသ္မိ၊ ဖြစ်၏၊ ဟုတ်၏။

ဟု ဣတိဝုတ် ပါဠိတော်၌ ဘုရားရှင် မိန့်ကြားတော်မူသောအတိုင်း ဓမ္မပဒပါဠိတော် ဗြာဟ္မဏဝဂ် နှင့်လည်းအညီ ပရိဗိုဇ်ရဟန်းကြီး ရဟန်းမြတ် ဖြစ်တော်မူသော ဘုရားရှင်သည်လည်း ဗြာဟ္မဏ လည်း ဟုတ်ပါ၏။ ထို့ကြောင့် ပရိဗိုဇ်ရဟန်းကို ဗြာဟ္မဏ ပုဒ်၌လည်း သင်္ဂြိုဟ်ရေတွက် အနက် ပေးရပါ၏။

ထို့ကြောင့် တပည့်တို့ - ငါသည်လည်း ဆရာကြီးများ ပေးသောအတိုင်း သဘောလည်း ဟုတ်မှန် သောအတိုင်း ဗြာဟ္မဏပုဒ်ကို ရသေ့ ဘိုးသူတော် မယ်သီလ သူတော် သူမြတ်ဟု အနက် ပေးသည်။

ဤကား သမဏဗြာဟ္မဏပုဒ်၏ အနက် အဓိပ္ပါယ် အဆုံးအဖြတ်တည်း။

ထို့နည်းတူ တပည့်တို့ - “ယေဟိကေစိ ဘိက္ခဝေ သမဏာဝါ ဗြာဟ္မဏာဝါ ဧဝံ ဝေဒနံ အဘိညာယ” စသည်ဖြင့် ခန္ဓာငါးပါးလုံးကို ဟောပြတော်မူသည်။

ဤကဲ့သို့ ဘုရားရှင် ဟောကြားတော်မူသောအတိုင်း ခန္ဓာ ငါးပါးကို ခုနစ်ပါးသော အရာဌာနတို့၌-တို့ဖြင့် သိလိမ်မာ၍ ထိုခန္ဓာ ငါးပါးတို့ကို ငြီးငွေ့ ရွံမုန်းအောင် ချစ်ခင်တပ်မက်ခြင်း ကင်းအောင် စွန့်ပစ်နိုင်အောင် ကျင့်တာကို သမ္မာပဋိပတ်ဟု ခေါ်သည်။ သမ္မာပဋိပတ်ဟု မှတ်ကြ။

ဤကဲ့သို့ သမ္မာပဋိပတ်နှင့် ပြည့်စုံ၍ သုပ္ပဋိပန္န ဥဇု ဉာယ သာမိစိပ္ပဋိပန္နဖြစ်သော ပုဂ္ဂိုလ်သည် အာဟုနေယျ ပါဟုနေယျ စသော အကျိုးငါးပါးနှင့်လည်း ပြည့်စုံနိုင်တော့၏။ ထို့ကြောင့် -

စတ္တာရော စ ပဋိပန္နာ။ စတ္တာရော စ ဖလေဌိတာ။လ။ ဧတ္ထဒိန္နံ မဟပ္ဖလံ” ဟူ၍၎င်း။

သောတာပတ္တိဖလ သစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒတွာ အသင်္ချေယျာ၊ အပ္ပမေယျာ” အစရှိသည်ဖြင့်၎င်း ။

ဒက္ခိဏ ဝိဘင်္ဂသုတ် စသည်တို့၌ ဘုရားရှင် ဟောတော်မူသည်။

တပည့်တို့ - အာဟုနေယျစသည်တို့၌ အရပ်ဝေးကြီးမှ ငြိုငြိုငြင်ငြင် ပင်ပင် ပန်းပန်း ခဲယဉ်းစွာ ဆောင်ယူခဲ့၍ လှူအပ်သော အလှူဝတ္ထုကို အာဟုန အလှူ ခေါ်သည်။

အရပ်လေးမျက်နှာတို့မှ လာလတ္တံ့သော ချစ်ခင်အပ်သော မိတ်ဆွေဧည့်သည်တို့ကို ရည်စူး၍ထားတဲ့ ထွတ်ထွတ် မြတ်မြတ် လက်ဆောင် ဝတ္ထုအလှူကို ပါဟုန အလှူဟု ခေါ်သည်။

ကံကံ၏အကျိုးကို ယုံကြည်၍ နောင်သံသရာ၌ အကျိုးကြီးမြတ်ခြင်းကို လိုလား တောင့်တ၍ ဘယ်ဝတ္ထုမဆို ယုတ်စ္စအဆုံး ပန်းတပွင့်ဖြစ်စေ လှူခဲ့အလှူကို ဒက္ခိဏအလှူဟု ခေါ်သည်။

တပည့်တို့ - ဤအလှူသုံးပါးတို့ကို သာမညပုဂ္ဂိုလ်တို့ ခံယူသုံးဆောင်၍ အလှူရှင်က စိတ်မကြေ ချမ်းနိုင်၊ သာမညပုဂ္ဂိုလ်တို့ အလှူမခံဆိုက်။ ဤကဲ့သို့ သမ္မာပဋိပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့မှ သာလျှင် အသင်္ချေယျ အကျိုး ကြီးမြတ်ခြင်းကို ဖြစ်စေတတ် သောကြောင့် ခံယူသုံးဆောင် ထိုက်သည်။ အလှူရှင်ကလည်း စိတ် ကြေချမ်း နိုင်သည်။ သဒ္ဓါနိုင်သည် ဝမ်းမြောက်နိုင်သည်။

ထို့ကြောင့် ဤသမ္မာ ပဋိပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် --

  • အာဟုနအလှူကို ခံထိုက်သော အာဟုနေယျ
  • ပါဟုနအလှူလို ခံထိုက်သော ပါဟုနေယျ
  • ဒက္ခိဏအလှူကို ခံထိုက်သော ဒက္ခိဏေယျ

ပုဂ္ဂိုလ်ဖြစ်နိုင်ပေသည်။ သားသ္မီးတို့၏ အာဟုန အလှူဝတ္ထု ပါဟုန အလှူဝတ္ထု နှစ်ပါးကိုကား သမ္မာပဋိပတ်နှင့်ပင် မပြည့်စုံငြားသော်လည်း မိဘနှစ်ပါးတို့က ခံထိုက်၏။ အမိ အဘတို့သည် သားသ္မီးတို့၏အပေါ်၌ အာဟုနေယျ ပါဟုနေယျ ဂုဏ်တို့နှင့် ပြည့်စုံ၏။ အာဟုနေယျပုဂ္ဂိုလ် ပါဟုနေယျပုဂ္ဂိုလ် ဖြစ်ကြ၏။

ထို့ကြောင့် ဘုရားရှင်သည် “အာဟုနေယျာစ ပုတ္တာနံ၊ ပဇာယ အနုကမ္ပကာ” စသည်ဖြင့် ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူပေ၏။

သို့ အကယ်၍ ထိုအမိအဘတို့က ဝိသာခါ အနာထပိဏ် စသည်တို့လို သမ္မာပဋိပတ်နှင့် ပြည့်စုံသော သုပ္ပဋိပန္န ပုဂ္ဂိုလ်ဖြစ်ခဲ့လျှင် သားသ္မီးတို့နှင့် တကွ သတ္တဝါ ခပ်သိမ်း၏ ဒက္ခိဏအလှူကိုလည်း ခံထိုက်ကြ၏။ ဒက္ခိဏေယျ ပုဂ္ဂိုလ်လည်း ဖြစ်ကြ၏။ သမ္မာပဋိပတ်နှင့် မပြည့်စုံလျှင်ကား ဒက္ခိဏေယျပုဂ္ဂိုလ် မဖြစ်နိုင်။

တပည့်တို့ - ဤအာဟုနေယျ စသော ပုဂ္ဂိုလ်ဖြစ်မှုသည်ကား သမ္မာပဋိပတ်၏ အစွမ်းသတ္တိပင် လျှင်တည်း။ ပဋိပတ္တိ, ပဋိဝေဓ တရားတော်မြတ်၏ ဂုဏ်ကျေးဇူး ကြီးမားပုံ အာနုဘော် ကြီးမားပုံ တို့ကို ရှုစမ်းကြကုန်လော့။ ထို့ကြောင့်

တပည့်တို့ - သင်တပည့်တို့သည် သုပ္ပဋိပန္နပုဂ္ဂိုလ် စသည်ဖြစ်ရအောင် အောက်က ငါဆရာ ခန္ဓာငါးပါးကို ဓာတ်အားဖြင့် သမ္မာပဋိပတ်နည်းလမ်း ဝိပဿနာကို အကျယ် ဝိတ္ထာရအားဖြင့် ကောင်းစွာ ဟောကြားခဲ့ပြီ။ သိလိမ်မာအောင် လုပ်ကြ။ ကျင့်ကြံ အားထုတ်ကြ။ သုပ္ပဋိပန္န စသော ပုဂ္ဂိုလ်ဖြစ်ကြ၊ သုပ္ပဋိပန္နတာ စသော ဂုဏ်တို့နှင့် ပြည့်စုံကြ။

ဤကဲ့သို့ သုပ္ပဋိပန္နတာ စသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူကြသော ဘုရားရှင်၏ တပည့် သံဃာတော်မြတ်၏ ဂုဏ်တို့ကိုလည်း ယခု ဟောကြားခဲ့ပြီးသော အတိုင်း မိစ္ဆာဒိဋ္ဌိသံဃာနှင့် နှိုင်းစာ၍ နှိုင်းစာ၍ မိမိနှင့်လည်း နှိုင်းစာ၍ နှိုင်းစာ၍ အဖန်ဖန် ဆင်ခြင်အောက်မေ့ကြ။ အံ့ဩ ချီးမွမ်းကြ။

ဘုရားရှင် တပည့် သံဃာတော်မြတ်၌ ဤဂုဏ်ကိုးပါးအပြင် ဂုဏ်ကျေးဇူးတွေသည် “အပ္ပမာဏော သံယော” ဆိုသောအတိုင်း အသင်္ချေ အနန္တများစွာ ရှိကုန်သည်။ ထိုဂုဏ်တို့ကို ဟောပြသော သံဃာရှိခိုး သုတ်ပါဠိတွေ အရိယမဂ္ဂ ဒီပနီ၌ အတော် များစွာ ဘုန်းကြီးထုတ်နုတ် ရေးသား၍ ထားသာ ရှိသည်။ စွမ်းနိုင်လျှင် ကျက်ဆောင် သိမှတ်ကြ။ ဆင်ခြင် အောက်မေ့ကြ။

သံဃာတော်မြတ်၏ ဂုဏ်ကျေးဇူးတွေကို တပါးထက် နှစ်ပါး, နှစ်ပါးထက် သုံးပါး စသည်ဖြင့် များများကြီး သိနိုင်လေ ဆင်ခြင် အောက်မေ့နိုင်လေ အကျိုး သာလွန် ကြီးမြတ်လေတည်း။ ကောင်းလေတည်း။

တပည့်တို့ - ထို အရိယမဂ္ဂဒီပနီကျမ်း၌ တရားဂုဏ်ခြောက်ပါး သံဃာ့ဂုဏ်ကိုးပါး ပါဠိတို့၏ အနက်တို့လည်း ဤကျမ်း၌ ယခု ဟောကြားခဲ့ပြီးသော တရားဂုဏ် သံဃာ့ဂုဏ် အနက် အဓိပ္ပါယ်တို့နှင့် ညီအောင် အနက်လည်း ပြင်၍ ပေးကြလေဦး။

တပည့်တို့ - ဤကဲ့သို့ ဆင်ခြင် အောက်မေ့သည် ရှိသော် --

  • အလွန် နှစ်သက် ဝမ်းမြောက်ခြင်း ဖြစ်၏။
  • အလွန်စိတ်ဉာဏ်ကြည်လင်၏။
  • အလွန်ဉာဏ်ထက်သန် ကြီးထွား၏။
  • အလွန် တည်ကြည်၏။
  • ဥပစာရဈာန်ကို ရ၏။

သံဃာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း သံဃာ့ဂုဏ်ကျေးဇူးတွေက အလွန် နက်နဲ သိမ်မွေ့သော ပရမတ္ထဓမ္မတွေ့ဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်း ကြောင့် အပ္ပနာဈာန်ကို မဖြစ်စေနိုင်

သံဃာနုဿတိ ပွားများပုံ ပြီး၏။

၄။ တပည့်တို့ - သီလာနုဿတိ ဟူသည်ကား မိမိ ထိန်းသိမ်း စောင့်ရှောက် အပ်သော သီလကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။ တပည့်တို့ - လူတို့ စောင့်ရှောက်အပ်သော ဂဟဋ္ဌသီလဖြစ်စေ ရဟန်းတို့ စောင့်ရှောက်အပ်သော ပဗ္ဗဇိတ သီလပင်ဖြစ်စေ ထိုသီလတို့၌ -

အစက ဖြစ်စေ အဆုံးက ဖြစ်စေ သိက္ခာပုဒ် တပါးပါး ပျက်သောသီလသည်
အစွန်အဖျား စုတ်ပြတ်သော ပုဆိုးကဲ့သို့ ပြတ်ကျိုးသော သီလမည်၏။

အလယ်၌ သိက္ခာပုဒ် တပါးပါး ပျက်သောသီလသည်
အလယ်၌ မီးလောင် ပေါက်သော ပုဆိုးကဲ့သို့ ပေါက်သော သီလမည်၏။

သိက္ခာပုဒ် တခုခြား တခုခြား အစဉ်အတိုင်း ပျက်သော သီလသည်
နွားမ ဝါစေ့ပြောက်ကဲ့သို့ ပြောက်သောသီလမည်၏။

သိက္ခာပုဒ် နှစ်ခုကျော် သုံးခုကျော် စသည်ဖြင့် ပျက်သောသီလသည်
နွားမကဲ့သို့ ကြောင်ကျားသော သီလမည်၏။

တပည့်တို့ - ထိုသီလာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် မိမိတို့ ထိန်းသိမ်း စောင့်ရှောက်အပ်သော သီလကို ဤကဲ့သို့ မကျိုးမပေါက် မပျောက် မကျားရအောင် ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်၍ ဤမိမိ ထိန်းသိမ်း စောင့်ရှောက် အပ်သော သီလကို ဪ - ငါ၏သီလ သည် မကျိုးမပေါက် မပြောက်မကျားပေပြီ။ ကောင်းစွာ ပြည့်စုံ သန့်ရှင်းပေ၏။ အလွန် ကောင်းလေစွ၊

သံသရာဝဋ်မှ လွတ်မြောက်ရန် နီးစွာသော အကြောင်းဖြစ်၍ တဏှာ၏ကျွန်အဖြစ်မှ တော်လှန် လွတ်မြောက်ကြောင်း ဖြစ်ပေစွ၊ သူတပါးတို့ သင်၏သီလ၌ ဤကဲ့သို့ ဤကဲ့သို့ အပြစ်ဒေါသ ရှိသည်ဟု စွပ်စွဲသုံးသပ်ခြင်းငှါ မထိုက်အောင် အပြစ်မှ သန့်ရှင်းဖြူစင်ပေ၏။ ဘုရားအစရှိသော ပညာရှိ သူတော်ကောင်းတို့ ချီးမွမ်း ထိုက်အောင် စိတ်အေးချမ်း တည်ကြည်ခြင်း သမာဓိကို ဖြစ်စေနိုင်လောက်အောင် လွန်စွာ အပြစ်တို့မှ သန့်ရှင်း ဖြူစင်၏။ အလွန်ကောင်းပေစွဟု မိမိ သီလကို အဖန်ဖန် ဆင်ခြင်အောက်မေ့ အပ်၏။ အောက်မေ့ရာ၏။

ဤကဲ့သို့ အောက်မေ့သည်ရှိသော် -
အလွန်နှစ်သက် ဝမ်းမြောက်ခြင်း ဖြစ်၏။
စိတ်ဉာဏ် ထက်သန် ကြီးထွား၏၊
ကြည်လင်၏၊ တည်ကြည်၏၊
ဥပစာရဈာန်ကို ရ၏၊

သီလာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း သီလဂုဏ်ကျေးဇူးတို့၏ နက်နဲ သိမ်မွေ့ သည်ဖြစ်၍ နိမိတ် ရကောင်းသောတရား မဟုတ်ခြင်းကြောင့် အပ္ပနာဈာန်ကိုကား မဖြစ်စေနိုင်။

သီလာနုဿတိ ပြီး၏။

၅။ စာဂါနုဿတိ ဟူသည်ကား နှမြောမဖက် သဒ္ဓါသက်သက်ဖြင့် လှူဒါန်း စွန့်ကြဲအပ်သော မိမိ အလှူစာဂ၏ ဂုဏ်ကျေးဇူးကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။

ထိုစာဂါနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် တရားသဖြင့် ရရှိသော လှူဘွယ်ဝတ္ထုတို့ကို ဂုဏ်ကျေးဇူး ကြီးမြတ်သော ပုဂ္ဂိုလ်တို့၌ မလှူမီ လှူဆဲ လှူပြီး သုံးပါးသောခဏ၌ စိတ်ကို ကြည်လင် ရွှင်လန်း ဝမ်းမြောက်စေလျက် နှစ်သက် ကြည်ဖြူစွာ ပေးလှူစွန့်ပြီး၍ စွန့်ကြဲ ပေးလှူသော စိတ်စေတနာ၏ မတွန့်မတို ဖြစ်ပုံ အခြင်းအရာ နိမိတ်ကို မှတ်ယူ၍ ငါသည် မပေး မလှူလို ဝန်တိုနှမြောခြင်း မစ္ဆေရ မရှိဘဲ ကင်းရှင်းသော ဝန်တို နှမြောခြင်း မစ္ဆေရ အညစ်အကြေး ရှိသည်ဖြစ်၍ ကောင်းစွာ ပေးလှူစွန့်ကြဲရပေပြီ၊ သြော် - ကောင်းလေစွ။

ငါသည် ဖြစ်လေရာရာ ဘဝ၌ အသက်ရှည်ခြင်း အဆင်းလှခြင်း, ချမ်းသာ များခြင်း, ခွန်အား ကြီးခြင်း, ပညာကြီးခြင်း စသော အကျိုးအာနိသင် လာဘ်တို့ကို ရထိုက် ကုန်စွတကား၊ ငါသည် လူဖြစ်ကျိုး နပ်စွတကား၊ သံသရာဝဋ်မှ လွတ်မြောက်ကြောင်း အမှုကို ငါပြုရပေစွတကား၊ အဟော သာဓု ဝတ၊ ဪ - ကောင်းလေစွ တကားဟု အဖန်ဖန် ဆင်ခြင် အောက်မေ့ရာ၏။

ဤသို့ ဆင်ခြင် အောက်မေ့သည်ရှိသော် -
အလွန် နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏။
စိတ်ဉာဏ် ကြည်လင်၏၊
တည်ကြည်၏
ဥပစာရ ဈာန်ကို ရ၏။

စာဂါနုဿတိ ကမ္မဋ္ဌာန်းလည်း အလှူစာဂ ဂုဏ်ကျေးဇူးတို့၏ နက်နဲသိမ်မွေ့သည် ဖြစ်၍ နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် အပ္ပနာဈာန်ကိုကား မဖြစ်စေနိုင်။

စာဂါနုဿတိ ပြီး၏။

၆။ ဒေဝတာနုဿတိ ဟူသည်ကား နတ်တို့ကို သက်သေထား၍ နတ်တို့ကို တူပြိုင်အားကျ၍ မိမိ၌ရှိသော။ ဝါ၊ နှစ်ဦးနှစ်ဝ၌ရှိသော သဒ္ဓါစသော သူတော်ဥစ္စာ သူတော်တရားတို့ကို အားကိုး အားထား ဝမ်းမြောက်ရွှင်လန်းစွာ ဆင်ခြင် အောက်မေ့သော သတိကို ဆိုသည်။

ထို ဒေဝတာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် သြော် - အထက် မိုဃ်းပေါ်၌ စတုမဟာရာဇ်နတ်တွေ တာဝတိံသာ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတဝသဝတ္တီ နတ်တွေ ရှိကြကုန်၏။ သည့်အထက်၌လည်း ပဌမဈာန်ဗြဟ္မာ ဒုတိယဈာန်ဗြဟ္မာ စသော ဗြဟ္မာကြီး တွေလည်း ရှိကြကုန်၏။ ထိုနတ် ဗြဟ္မာကြီး တွေသည် အလွန် ဘုန်းတန်ခိုး ကြီးမားကြကုန်၏။

ထို နတ် ဗြဟ္မာကြီးတွေသည် ဤလူ့ပြည်မှာတုန်းက သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ ဩတ္တပ္ပ ဟူသော သူတော်ကောင်းဥစ္စာ၊ ဝါ၊ သဒ္ဓါ သတိ ဟိရီ ဩတ္တပ္ပ ဗာဟုဿစ္စ ဝီရိယ ပညာ ဟူသော သူတော်ကောင်း တရား ခုနစ်ပါးတို့နှင့် ပြည့်ငှကြခြင်းကြောင့် ဤလူ့ပြည်မှ စုတေသော အခါ ထိုနတ်ပြည်မှာ ဖြစ်ကြကုန်၏။

ငါ့မှာလည်း ထိုကဲ့သို့ တန်ခိုးကြီးမားစွာ နတ် ဗြဟ္မာ အဖြစ်ကို ဖြစ်စေတတ်တဲ့ သဒ္ဓါ သီလ သုတ စာဂ ပညာဟိရီ ဩတ္တပ္ပ ဟူသော အဘိုးတန် သူတော်ဥစ္စာ ရတနာ တို့သည်။ ဝါ၊ သဒ္ဓါ သတိ ဟိရီ ဩတ္တပ္ပ ဗာဟုဿစ္စ ဝီရိယ ပညာ ဟူသော အဘိုးတန် သူတော်တရားတို့သည် ရှိပါကုန်၏ တကား၊ အဟော သာဓု၊ ဩာ်. အလွန်ကောင်းလေစွ ဟု အဖန်ဖန် ဆင်ခြင် အောက်မေ့ရာ၏။

ဤသို့ ဆင်ခြင်အောက်မေ့သည်ရှိသော် -
အလွန်အားရှိ၏။
အလွန်နှစ်သက် ဝမ်းမြောက်ခြင်း ဖြစ်၏။
စိတ် တည်ကြည်၏။
ဥပစာရဈာန်ကို ရ၏။

ဒေဝတာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း သဒ္ဓါစသော တရားတို့က အလွန်နက်နဲ သိမ်မွေ့သော တရားတွေ ဖြစ်၍ နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် အပ္ပနာဈာန်ကိုကား မဖြစ်စေနိုင်။

ဒေဝတာနုဿတိ ပြီး၏။

၇။ ဥပသမာနုဿတိ ဟူသည်ကား နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကို ခေါ်သည်။ ထိုဥပသမာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် အောက် နိဗ္ဗာနကိတ္တနပိုင်း နိဗ္ဗာနပဝေသနပိုင်း တို့၌ ဟောပြခဲ့ပြီးသောအတိုင်း နိဗ္ဗာန်ကို၎င်း၊ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို၎င်း သိ၍ အဖန်ဖန် နှလုံးသွင်းရာ၏။ ဆင်ခြင် အောက်မေ့ရာ၏။

ဤသို့ ဆင်ခြင် အောက်မေ့သည်ရှိသော် -
အလွန် စိတ်ဉာဏ် ကြည်လင်၏။
ဉာဏ်ကြီးထွား၏။
စိတ်အေးချမ်း တည်ကြည်၏။
ဥပစာရဈာန်ကို ရ၏။

ဥပသမာနုဿတိ ကမ္မဋ္ဌာန်းလည်း နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတွေက အလွန် နက်နဲ သိမ်မွေ့သဖြင့် နိမိတ်ရကောင်းသောတရား မဟုတ်ခြင်းကြောင့် အပ္ပနာဈာန်ကိုကား မဖြစ်စေနိုင်။

ဥပသမာနုဿတိ ပြီး၏။

၈။ မရဏာနုဿတိ ဟူသည်ကား သေရခြင်းကို အဖန်ဖန်ဆင်ခြင် အောက်မေ့သော သတိကို ခေါ်သည်။

ထိုမရဏာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင် အောက်မေ့ရာ၏။ ဪ - ငါသည် သေခြင်းသဘော ရှိချေ၏၊ သေရခြင်းသဘောကို မလွန်နိုင်ချေ၊ ဧကန်မုချ ငါသည် သေရလိမ့်မည်၊ လောက၌ သေစရာအကြောင်း တွေလည်း အပုံကြီး များပြား၏၊ ဆင်နင်းလျှင်လည်း သေရလိမ့်မည်၊

ကျားကိုက်လျှင် ဝံကိုက်လျှင် မြွေကိုက်လျှင် ကင်းကိုက်လျှင် ပင့်ကူကိုက်လျှင် ငြောင့်စူးလျှင် သစ်ပင်ပေါ်မှကျလျှင် ကမ်းပါး တောင်ထိပ်တို့မှ ကျလျှင် ရေတွင်းသို့ ကျလျှင် ရေနစ်လျှင် မီးလောင်လျှင်လည်း သေရလိမ့်မည်၊

ခိုးသူသတ်လျှင် ဒါးမြသတ်လျှင် မင်းသတ်လျှင် မုန်းသော ရန်သူ သတ်လျှင်လည်း သေရလိမ့်မည်၊ စုန်း နတ် တစ္ဆေ မြေဘုတ်ဘီးလူး အစိမ်း သူရဲ ပယောဂ မှော်ဆရာတို့ ကိုက်ခဲဖမ်းစား ပြုစား လျှင်လည်း သေရလိမ့်မည်၊

ကိုယ်တွင်း၌ ပိုးမျိုးရှစ်ဆယ်တို့ ဆိုးညစ်သောင်းကျန်း၍ ထကြွကိုက်ခဲလျှင်လည်း သေရလိမ့်မည်၊ အစာမကျေလျှင်လည်း မသင့်သာကို စားမိလျှင်လည်း အဆိပ်ကို စားမိလျှင်လည်း သေရလိမ့်မည်၊ ကာလနာဖြစ်လျှင်လည်း ကျောက်နာဖြစ်လျှင်လည်း တစုံတခု အနာဆိုးဖြစ်လျှင်လည်း ဖျားလျှင်လည်း သေရလိမ့်မည်၊

ဓာတ်ကြီးလေးပါး မညီမညွတ် ဖောက်ပြန်လျှင်လည်း သေရလိမ့်မည်၊ သည်းခြေ ဖောက်ပြန် လျှင်လည်း သလိပ် ဖောက်ပြန်လျှင်လည်း သေရလိမ့်မည်၊ သတ္ထကလေတို့ ထကြွသောင်းကျန်း ခဲ့လျှင်လည်း လူမာပကတိ ခဏခြင်း ရှိုက် ရင်ပေါက်ကွဲ၍ ငါသည် သေရလိမ့်မည်တကား။

အကယ်၍ ခုရကလေ ထကြွ သောင်းကျန်းခဲ့လျှင်လည်း အသည်းညှာ နှလုံးညှာ စသည်တို့ ပြတ်၍ လူမာပကတိ ခဏခြင်းလည်း၍ သေရပါလိမ့်မည်တကား၊ ဝေရမ္ဘလေ ထကြွ သောင်းကျန်း ခဲ့လျှင်လည်း လူမာပကတိ ခဏခြင်း မူးလည်း၍ သေရပါ လိမ့်မည် တကား၊ ခေါင်းပေါ်သို့ မိုဃ်းကြိုး လောင်မီး ကျခဲ့လျှင်လည်း လူမာပကတိ ခဏခြင်းလည်း၍ သေရပါလိမ့်မည် တကား။

သတ္တဝါတို့၏ အသက်သည် ကံကြောင့်ဖြစ်၏၊ ဆိုအပ်ခဲ့ပြီးသော ဘေးဥပဒ်တွေနှင့် မတွေ့ဘဲ ဤအသက်ကို ဖြစ်စေခဲ့ ကံကုန်လျှင်လည်း အသက်ကင်းပြတ် သေဆုံး၏၊ ကံအားကောင်းလျှင် အသက်ရှည်၏၊ ကံအားညံ့လျှင် အသက်တို၏၊ ဘယ်သူ အသက်ကို ဖြစ်စေခဲ့ ဘယ်သူ့ကံသည် ဘယ်လောက် အားကောင်း၏၊ အားညံ့၏ ဟူ၍လည်း မသိနိုင်ပြီ။

ဪ - ငါ၏ ကံသည် ဘယ်လောက်အားကောင်းလို့ ငါ၏ အသက်သည် ရှေ့ကို ဘယ်လောက် ရှည်မည်ကိုလည်း မသိရ၊ နောက်လည်း ငါ၏ အသက်ကို အခါကာလက စား၍ စား၍ လိုက်ချေ၏။ တညဉ့် လွန်၍သွားလျှင် ငါ၏ အသက်တပိုင်း ကုန်၍သွားပြီ၊ နှစ်ညဉ့် လွန်၍သွားလျှင် ငါ၏အသက် နှစ်ပိုင်းကုန်၍သွားပြီ၊ ဤနေ့ညဉ့် ကာလသည် ငါ၏ အသက်ပိုင်းကို အပိုင်းအပိုင်း ကုန်စေ၍ စား၍ စား၍ လိုက်ချေ၏၊ ငါ၏အသက်သည် တို၍ တို၍ ကုန်ပါပြီတကား၊ ငါသည် တနေ့ထက် တနေ့ သေမင်းထံသို့ နီး၍ နီး၍ သွားပါပြီ တကား။

သြော် - ငါ၏ အသက်ကို ဖြစ်စေတဲ့ကံသည် အကယ်၍ ညဉ့်အိပ်နေဆဲ အခါ၌ ကုန်ခဲ့ငြားအံ့၊ ထိုညဉ့် အိပ်ဆဲအခါ၌ပင် အသက်လည်း ကုန်ဆုံး၍ ငါသည် အိပ်ရာမှ ထနိုင်တော့မည် မဟုတ်၊

အကယ်၍ ထိုင်နေဆဲ ခဏ၌ ကံသည် ကုန်ငြားအံ့၊ ထိုထိုင်နေဆဲ ခဏ၌ပင် အသက်ကုန်ဆုံး၍ ထိုင်ရာမှ ထနိုင်တော့မည်မဟုတ်၊

အကယ်၍ ထနေဆဲ ခဏ၌ ကံသည် ကုန်ခဲ့ငြားအံ့၊ ထိုထနေဆဲ ခဏ၌ပင် အသက် ကုန်ဆုံး၍ ထရာမှ သွားနိုင်တော့မည် မဟုတ်၊

အကယ်၍ သွားဆဲ ပဌမ ခြေလှမ်းဆဲခဏ၌ ကံသည် ကုန်ငြားအံ့၊ ထိုပဌမ ခြေလှမ်း၌ပင် အသက် ကုန်ဆုံး၍ တဖန် ဒုတိယ ခြေလှမ်းကို လှမ်းနိုင်တော့မည် မဟုတ်၊

အကယ်ပင် ထမင်းလုပ် ဆွမ်းလုပ် ဝါးနေဆဲ၌ ကံသည် ကုန်ခဲ့ငြားအံ့၊ ထိုဝါးနေဆဲ ခဏ၌ပင် အသက် ကုန်ဆုံး၍ ထိုဝါးပြီးသော ထမင်းလုပ် ဆွမ်းလုပ်ကို မျိုနိုင် တော့မည် မဟုတ်၊

အကယ်၍ ထမင်းလုပ် ဆွမ်းလုပ် မျိုဆဲခဏ၌ ကံသည် ကုန်ခဲ့ငြားအံ့၊ ထိုမျိုဆဲ ခဏ၌ အသက်ကုန်၍ တဖန် အသစ် ထမင်းလုပ် ဆွမ်းလုပ်ကို ဝါးနိုင်တော့မည်မဟုတ်၊

အကယ်၍ ထွက်သက် ရှူခိုက်၌ ကံသည် ကုန်ခဲ့ငြားအံ့၊ ထိုထွက်သက် ရှူခိုက်၌ပင် အသက်ကုန်၍ တဖန် ဝင်သက် ရှိုက်နိုင်တော့မည် မဟုတ်၊

အကယ်၍ ဝင်သက်ရှိုက်ခိုက်၌ ကံသည် ကုန်ငြားအံ့၊ ထိုဝင်သက် ရှိုက်ခိုက်၌ပင် အသက်ကုန်ဆုံး၍ ငါသည် တဖန် ထွက်သက် ရှူနိုင်တော့မည် မဟုတ်ပါပြီတကားဟု အဖန်ဖန် နှလုံးသွင်းရာ၏၊ အဖန်ဖန် ဆင်ခြင် အောက်မေ့ရာ၏။

ဤကဲ့သို့ အဖန်ဖန် ဆင်ခြင် အောက်မေ့သော ယောဂီအား မိမိသေရမှာကို မြင်၍ လွန်စွာ တိုအောင် မြင်၍ ကိုယ်ချည်း သေရမှာလို ထင်ပြီး စိတ်ငယ်၍ ကြောက်ရွံ့ တုန်လှုပ်၍လည်း သွားတတ်၏၊ ထိုသို့ မဖြစ်ရအောင် ဤသို့လည်း ဆင်ခြင် အောက်မေ့ရမည်။

န ခေါ အဟဉ္စေဝေကော မရဏဓမ္မော၊ မရဏံ အနတီတော၊ အထခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ သဗ္ဗေ သတ္တာ မရဏဓမ္မာ၊ မရဏံ အနတီတာ။

ပဉ္စင်္ဂုတ္တရပါဠိတော် အဘိဏှသုတ် အစိတ်ပါဠိ။

အဟဉ္စေဝ ဧကော၊ ငါတယောက်ထည်းသာလျှင်။
မရဏဓမ္မော၊ သေရခြင်း သဘောရှိသည်။
မရဏံ၊ သေရခြင်းကို။
အနတီတော၊ မလွန်နိုင်သည်။
နခေါ၊ မဟုတ်။
အထ ခေါ၊ စင်စစ်သော်ကား။
ယာဝဟာ၊ အကြင်မျှလောက်။
သတ္တာနံ၊ သတ္တဝါတို့အား။
အာဂတိ၊ ရှေးဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ ပဋိသန္ဓေ နေရအောင် လာခြင်း သဘောသည်။
ဂတိ၊ လာပြီး၍ ပဋိသန္ဓေ နေခြင်း သဘောသည်။
စုတိ၊ ပဋိသန္ဓေနေပြီး၍ ဖွားမြင်ပြီး၍ တဖန် စုတေခြင်း သဘောသည်။
ဥပပတ္တိ၊ ဤပစ္စုပ္ပန်ဘဝမှ စုတေသေဆုံးပြီး၍ နောက်တဖန် ပဋိသန္ဓေနေပြန်ခြင်း သဘောသည်။
အတ္ထိ၊ ရှိကြ၏။
တေ သဗ္ဗေ သတ္တာ၊ ပဋိသန္ဓေနေပြန်ခြင်း သဘောရှိကြသော အလုံးစုံသော သတ္တဝါတို့သည်လည်း။
မရဏဓမ္မာ၊ သေခြင်းသဘော ရှိကြကုန်၏။
မရဏံ၊သေရခြင်းကို။
အနတီတာ၊ မလွန်နိုင်ကြကုန်။ သေကြရကုန်လတ္တံ့ ။

ဟူ၍လည်း ဆင်ခြင်အောက်မေ့ရာ၏။

တပည့်တို့ - ဘုရားလက်ထက်တော်က မရဏာနုဿတိကို ပွားများကြတဲ့ ရဟန်း ရှစ်ပါးအကြောင်း အဋ္ဌင်္ဂုတ္တရပါဠိတော်၌လာ၏။ ထိုရဟန်းရှစ်ပါးတို့တွင် - -

၁။ တပါးမှာ တနေ့တညဉ့်လောက်သာ အသက်ရှည်စွာ နေရလိမ့်မည်ဟု ထင်၏။
၂။ တပါးမှာ တနေ့လောက်သာ အသက်ရှည်စွာ နေရလိမ့်မည်ဟုထင်၏။
၃။ တပါးမှာ နေ့ထက်ဝက်လောက်သာ။
၄။ တပါးမှာ ဆွမ်းဝအောင် တကြိမ်စားကာမျှသာ။
၅။ တပါးမှာ ဆွမ်းတကြိမ်စား ထက်ဝက်စာ ကာလမျှလောက်သာ။
၆။ တပါးမှာ ဆွမ်းလေးငါးလုပ် စားသောကာလမျှလောက်သာ။
၇။ တပါးမှာ ဆွမ်းတလုပ် ဝါးပြီး၍ မျိုပြီး ဆွမ်းတလုပ် စားပြီး ကာလ မျှလောက်သာ။
၈။ တပါးမှာ ထွက်သက် ရှူခိုက်မျှသာ အသက်ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊

တဖန် ဝင်သက် ရှိုက်ရလိမ့်မည်ဟု မထင်၊ ဝင်သက် ရှိုက်ပြန်လျှင်လည်း ထိုဝင်သက် ရှိုက်ခိုက် ဝင်ခိုက်မျှသာ အသက်ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊ တဖန် ထွက်သက် ရှူရ ထွက်ရလိမ့်မည်ဟု မထင်၊ သို့ကလောက် တိုစွာ ထင်မြင်၏။

တပည့်တို့ - ဤရဟန်းရှစ်ပါးတို့တွင် ရှေ့ခြောက်ပါးကို မရဏဿတိ အထင် လေးသေးသော မေ့မေ့ လျော့လျော့ နေသောသူ၊ နောက်နှစ်ပါးကို အထင်မြန်သော မမေ့မလျော့ နေသောသူဟု ဘုရားရှင် မိန့်တော်မူ၏။ ထို့ကြောင့် တပည့်တို့ - သင် တပည့်တို့သည်လည်း ထိုရဟန်းတို့ကဲ့သို့ ထင်မြင် နိုင်အောင် ယခု ဟောကြား ခဲ့ပြီးသော နည်းအတိုင်း အဖန်ဖန် ဆင်ခြင်အောက်မေ့ကြ၊

နေက္ခမဝိဓာနဒီပနီကျမ်း မရဏဿတိပိုင်း သိဿာနုသာသနီပိုင်း တို့၌လည်း မရဏဿတိ ဆင်ခြင် အောက်မေ့ပုံ ဂါထာတွေ များစွာရှိသည်၊ စွမ်းနိုင်လျှင် ကျက်ဆောင်ကြ၊ ဆင်ခြင်အောက်မေ့ကြ။

ထိုသို့ ဆင်ခြင်အောက်မေ့၍ ထိုရဟန်းရှစ်ပါးတို့တွင် ပဌမရဟန်းလောက် ထင်လျှင်ပင် အပုံကြီး ကောင်းပြီ၊ အဖိုးတန်ပြီ၊ တိုနိုင်သမျှ တိုစွာ ထင်မြင်နိုင်အောင် ဆင်ခြင်အောက်မေ့ကြ၊ ထိုသို့ တိုစွာထင်မြင်အောင် ကံဖြင့် ဆင်ခြင်အောက်မေ့ ရသည်၊ ကံဖြင့် ဆင်ခြင် အောက်မေ့သည် ရှိသော် ရှစ်ယောက်မြောက် နောက်ဆုံး အပ္ပမာဒဝိဟာရီ ရဟန်းကဲ့သို့ ထွက်သက် ဝင်သက် တရှူတွက် တရှိုက်တွက် ကာလမျှလောက် တိုစွာ ထင်မြင်ကြလတ္တံ့ ။

တပည့်တို့ - ဤကဲ့သို့ တလောကလုံးနှင့်တကွ မိမိ သေရလိမ့်မည်ကို အဖန်ဖန် ဆင်ခြင်အောက်မေ့ သော ယောဂီပုဂ္ဂိုလ်သည် မိမိဉာဏ်အားလျော်စွာ သေရမည်ကို ကာလတိုစွာ ထင်မြင်၏။ ဤသို့ ထင်မြင်၍ မရဏသညာ မရဏဿတိ ကောင်းစွာ တည်သည်ရှိသော် -
အလွန်စိတ်ဉာဏ် ကြည်လင်၏၊
ဉာဏ်ကြီးထွား ထက်သန်၏၊
သေရမှု မရဏတရား၌ စိတ်သည် စွဲမြဲလျက် တည်ကြည်၏၊
ဥပစာရဈာန်ကို ရ၏၊

မရဏာနုဿတိ ကမ္မဋ္ဌာန်းလည်း သေခြင်းသဘောက ဇီဝိတိန္ဒြေ၏ ချုပ်ပြတ်ခြင်း အလွန် နက်နဲ သိမ်မွေ့သော သဘောဖြစ်၍ နိမိတ် ရကောင်းသော တရား မဟုတ်ခြင်းကြောင့် အပ္ပနာဈာန်ကိုကား မဖြစ်စေနိုင်။

မရဏာနုဿတိ ပြီး၏။

၉။ ကာယဂတာသတိ ဟူသည်ကား ဆံပင်,အမွေး, လက်သည်း ခြေသည်း, သွား အစရှိသော သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသ ကာယကို အာရုံပြု၍ ဖြစ်သော သတိကို ခေါ်သည်၊

ထိုကာယဂတာသတိကို ပွားများ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် အောက် သုတ္တန် သုညတ ပိုင်း၌ ဟောပြခဲ့သော ပထဝီဓာတ် နှစ်ဆယ်၊ အာပေါဓာတ် တဆဲ့ နှစ်ပါးဟူသော ဒွတ္တိံသာကာရတို့ကို အဆင်း သဏ္ဌာန် တည်ရာဌာန အပိုင်းအခြား ပရိစ္ဆေဒ ဤလေးပါးသော အခြင်းအရာတို့ဖြင့် မှတ်၍ ဆံပင်မှသည် ကျင်ငယ်၊ ကျင်ငယ်မှသည် ဆံပင်ကျအောင် အနုလုံ ပဋိလုံအားဖြင့် မရပ်မဆိုင်း အပြေးစိုင်း နှုတ်တက်ရအောင် ကျက်၍ ရပြီးလျှင် နှုတ်ဖြင့် မရွတ်အံဘဲ စိတ်ဉာဏ်ဖြင့် သာလျှင် အနုလုံ ပဋိလုံ အစဉ်အတိုင်း အဖန်ဖန် ကြည့်ရှုရာ၏။

ထိုသို့ကြည့်ရှုဖန် များသောအခါ ထိုကောဋ္ဌာသတို့သည် ပကတိ မံသမျက်စိနှင့် မြင်ရဘိသကဲ့သို့ စိတ်ထဲ ဉာဏ်ထဲ၌ ထင်မြင်၍လာကုန်၏။ သိတာကိုလဲ မြင်တာဟု မမှတ်ရဘူး တပည့်တို့။ ဤကဲ့သို့ ထင်မြင်လျှင် ဥဂ္ဂဟ နိမိတ် ထင်ပြီဟူ၍မှတ်။

ဤသို့ ဥဂ္ဂဟနိမိတ် ထင်သောအခါ ထိုကောဋ္ဌာသတို့တွင် ကြပ်ကြပ် ထင်ရှားတဲ့ စိတ်ထဲ ဉာဏ်ထဲမှာ ကြပ်ကြပ် ထင်မြင်တဲ့ ကောဋ္ဌာသ တခုတည်းကိုသာလျှင် ကြည့်ရှု၍ နေရာ၏။ ထိုသို့ရှုရာမှာလည်း ထိုကောဋ္ဌာသကို ကသိုဏ်းဖြစ်အောင် အဆင်းကိုလည်း နှလုံးမသွင်းဘဲ သုညတဖြစ်အောင် ဓာတ်ကိုလည်း နှလုံးမသွင်းဘဲ စက်ဆုပ်ဘွယ်ဟု နှလုံးသွင်း၍ ရှူအပ်၏၊ ရှူရာ၏။

အကယ်၍ စက်ဆုပ်ဘွယ် အသုဘသဘော မထင်တည့်နိုင်လျှင် -
၁။ အဆင်းနေပုံ
၂။ အသွင်သဏ္ဌာန်နေပုံ
၃။ စက်ဆုပ်ဘွယ်သော အစာသစ်ချေးဆီကြောင့် အမိအဘတို့၏ သုက် ဥတုကြောင့် ဖြစ်မှု
၄။ စက်ဆုပ်ဘွယ် ညီစော်သောအနံ့

ဤအကြောင်းလေးပါး တို့ဖြင့် စက်ဆုပ်ဘွယ်သဘော မပေါ် ပေါ်အောင် ဆင်ခြင်၍ နှလုံးသွင်းအပ် ရှူအပ်၏။

ဤသို့ ဆင်ခြင်လျှင် စက်ဆုပ်ဘွယ် အခြင်းအရာ ပေါ်၏။ ထိုသို့ပေါ်၍ စက်ဆုပ်ဘွယ် အခြင်းအရာ အားဖြင့် နှလုံးသွင်း၍ အဖန်ဖန် ကြည့်ရှုသောအခါ ထိုကောဋ္ဌာသ ဥဂ္ဂဟနိမိတ်သည် ပြေပြစ် ချောမွေ့စွာ လှပစ္စာ နှစ်သက်ဘွယ် ပဋိဘာဂနိမိတ်ဖြစ်၍ ထင်၏။

ထိုကောဋ္ဌာသ ပဋိဘာဂနိမိတ်ကို စက်ဆုပ်ဘွယ်ဟု စိတ်ထားလျက် နှလုံးသွင်းလျက် ကြည့်ရှုဖန် များသောအခါ ဈာန်အင်္ဂါ ငါးပါးနှင့်ပြည့်စုံသော ပဌမဈာန် အပ္ပနာဇော ဝီထိ ကျလာ၏။ ပဌမဈာန်ကို ရ၏။ ထိုပဌမဈာန်ကို ထက်သန် ကြီးထွားအောင် မြဲမြံ ခိုင်ခံ့အောင် ဝသီဘော် နိုင်အောင် ပြုအပ်၏။ ထိုသို့ပြုပြီးမှသာလျှင် ဤနည်းတူ ကြွင်းသော ကောဋ္ဌာသတို့ကိုလည်း စေ့အောင် နိမိတ်ယူ၍ ပဌမဈာန်ဇောကို ကျစေအပ်၏။

ကာယ ဂတာသတိ ကမ္မဋ္ဌာန်းသည်လည်း အသုဘကမ္မဋ္ဌာန်းကဲ့သို့ အာရုံ ရုန့်ရင်းခြင်း ကြမ်းတမ်းခြင်းကြောင့် အထက် ဒုတိယဈာန်ကိုကား မဖြစ်စေနိုင်။

ဤသို့ ကာယဂတာသတိ ကမ္မဋ္ဌာန်း ကောဋ္ဌာသ အသုဘ အာရုံဖြင့် ပဌမဈာန်ကိုရပြီး ထက်သန် အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော်နိုင်အောင် ပြုပြီးသော ယောဂီပုဂ္ဂိုလ်သည် အထက် ဒုတိယဈာန် စသည်တို့ကို တက်လို ဖြစ်စေလိုသောအခါ ထိုကောဋ္ဌာသတို့ကို အဆင်းကို နှလုံးသွင်း၍ ဝဏ္ဏကသိုဏ်း ဖြစ်အောင် ရှု၍ တက်အပ်၏၊ တက်ရာ၏။

မဂ်ဖိုလ်ကို ကူးတက်လိုသောအခါ အောက်က ဟောကြားခဲ့ပြီးသောအတိုင်း ဓာတ်သုညတ အနေ ရှု၍ တက်အပ်၏၊ တက်ရာ၏။

ကာယဂတာသတိ ပြီး၏။

အာနာပါနဿတိ ပွားများအားထုတ်ပုံကို ပြခြင်း

၁၀။ အာနာပါနဿတိ ဟူသည်ကား ထွက်သက် ဝင်သက် လေကို အာရုံပြု၍ ဖြစ်သော သတိကို ခေါ်သည်။

ထိုအာနာပါနဿတိကို ပွားများအားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် စိတ်ကို သန်သန်ခိုင်ခိုင် ထား၍ ထွက်သက်ဝင်သက် လေကို မနှေးမမြန် မပျော့မပြင်း မှန်မှန် ဖြစ်စေ၍ နှာခေါင်းပေါက်၌ စိတ်ထားလျက် ထို ထွက်သက် ဝင်သက်တို့ကို တစ် နှစ် စသည်ဖြင့် မရေတွက်အပ်။

မရေတွက်မူ၍ ထိုထွက်သက် ထွက်လာလျှင် ထွက်သည် ဟူ၍သာ သိအပ်၏၊ မှတ်အပ်၏။ မသိလိုက်ဘဲ မမှတ်မိလိုက်ဘဲ မထွက်စေအပ်၊ သတိသညာဖြင့် သိလိုက် မှတ်မိလိုက်၍သာလျှင် ထွက်စေအပ်၏။

ဝင်သက် ဝင်ပြန်လျှင်လည်း ထိုနည်းတူ ဝင်သည်ဟူ၍သာ သိအပ်၏၊ မှတ်အပ်၏။ မသိလိုက်ဘဲ မမှတ်မိလိုက်ဘဲ မဝင်စေအပ်၊ သတိသညာဖြင့် သိလိုက် မှတ်မိ လိုက်၍သာလျှင် ဝင်စေအပ်၏။ ဤကဲ့သို့ ပြုလုပ်ရမည်ကို ပြတော်မူလိုသော မြတ်စွာဘုရားရှင်သည် –

“သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ”

ဟူ၍ မဟာသ တိပဋ္ဌာနသုတ် စသည်တို့၌ ဟောတော်မူပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
သော၊ ထိုအာနာပါနကို အားထုတ်သော အာဒိကမ္မိက ယောဂီပုဂ္ဂိုလ်သည်။
သတော ဝ၊ သတိရှိ၍သာလျှင်။ သတိသညာဖြင့် သိလိုက် မှတ် မိလိုက်၍သာလျှင်။
အဿသတိ၊ ထွက်သက်ရှူ၏။
သတော ဝ၊ သတိ ရှိ၍သာလျှင်။ သတိပညာဖြင့် သိလိုက် မှတ်မိလိုက်၍ သာလျှင်။
ပဿသတိ၊ ဝင်သက်ရှိုက်၏၊

တပည့်တို့ - ပွတ်ကြိုးဆွဲသော ယောက်ျားကဲ့သို့၎င်း၊ ဖိုထိုးသော ယောက်ျား ကဲ့သို့၎င်း ထို ထွက်သက် ဝင်သက် လေကိုလည်း မိမိအလိုရှိသလို ရံခါရံခါလည်း ရှူးရှဲ ရှူးရှဲ ဟု တဖြည်းဖြည်း ရှည်ရှည် မျှင်းမျှင်းလည်း ထွက်စေ ဝင်စေအပ်၏၊ ရံခါ ရံခါလည်း ရှူးရှဲ ရှူးရှဲ ရှူးရှဲဟု မြန်မြန် တိုတိုလည်း ထွက်စေ ဝင်စေအပ်၏။

ထိုသို့ ရှည်ရှည် တိုတို ဖြစ်စေသော အခါမှာလည်း ငါ၏ထွက်သက် ဝင်သက် ရှည်ရှည် ထွက်ဝင် သည်ဟု တိုတို ထွက်ဝင်သည်ဟု သတိ သညာဖြင့် သိ၍ မှတ်မိ၍ သာလျှင် ထွက်စေ ဝင်စေအပ်၏။ သတိသညာဖြင့် မသိလိုက် မမှတ်မိလိုက်ဘဲ မထွက်ဝင်စေအပ်။

ဤကဲ့သို့ ပြုလုပ်ရမည်ကို ပြတော်မူလိုသော မြတ်စွာဘုရားရှင်သည် “သေယျထာပိ ဘိက္ခဝေ ဒက္ခော ဘမကာရောဝါ” စသည်ဖြင့် ပွတ်ကြိုးဆွဲယောက်ျား ဥပမာဖြင့် ပြ၍ ဟောတော်မူပြန်၏။

တပည့်တို့ - ထိုသို့ အားထုတ်၍ နေရာ၌ အကုသိုလ် ပါပဝိတက်များ အားကြီးစွာ ဖြစ်ပေါ်၍ လာခဲ့လျှင် ရှူးရှဲ ရှူးရှဲ ရှူးရှဲ ဟု ပြင်းပြင်း သန်သန်ကြီ မြန်မြန်ကြီး ထွက်ဝင်စေရာ ဤကဲ့သို့ပြုလျှင် စိတ်သည် မောပြီး မပြေးလွင့်နိုင်ဘဲ ထွက်သက် ဝင်သက်၌သာ အာရုံပြု၍ မှီရပ်၍ တည်လေ တော့၏။ ပါပဝိတက်တို့ ခဏခြင်း ပျောက်ပျက်လေတော့၏။

ထိနမိဒ္ဓတို့ ဖိစီး၍လာလျှင် နေလျှင်လည်း ထိုနည်းတူ ပြင်းပြင်းသန်သန်ကြီး မြန်မြန်ကြီး ရှူရှိုက်ရာ၏။ ထိနမိဒ္ဓတို့ ခဏခြင်း ကွာကျ၍ စိတ်ကြည်လင် ပေါ့ပါး၍ သွားလေတော့၏။ ဤကဲ့သို့ပြု၍ ပါပဝိတက် ထိနမိဒ္ဓ အန္တရာယ်တို့ ကင်းကွာ၍ သွားသောအခါကျလျှင် ”ပဿမ္ဘယံ ကာယသင်္ခါရံ” စသည်ဖြင့် ဟောတော်မူသော အတိုင်း မနှေး မမြန် မပျော့ မပြင်း မှန်မှန် ထွက်ဝင်စေရာ၏။

တပည့်တို့ - ဤအာနာပါန အားထုတ်ပုံတို့ကို လိုရင်း အဓိပ္ပါယ်မှာ ပွတ်ကြိုး ဆွဲသောသူ ပွတ်ကြိုးကို ရှည်ရှည် တိုတို နှေးနှေး မြန်မြန်အားဖြင့် အခါကိုသိ၍ မိမိ အလိုရှိသလို ဆွဲဖိသကဲ့သို့၎င်း၊ ဖိုထိုးသောသူ ရှည်ရှည် တိုတို နှေးနှေး ပျော့ပျော့ ပြင်းပြင်းအားဖြင့် အခါကိုသိ၍ မိမိအလိုရှိသလို ထိုးဖိသကဲ့သို့၎င်း၊ ထိုထွက်သက် ဝင်သက်ကိုလည်း ဆိုအပ်ခဲ့ပြီးသောအတိုင်း ရှည်ရှည်တိုတို စသည်တို့ဖြင့် အခါကို သိ၍ မိမိအလိုရှိသလို ဖြစ်စေ၍ ထွက်စေ ဝင်စေ၍ တစ် နှစ် စသည်ဖြင့်လည်း မရေတွက်အပ်၊ မရေတွက်မူ၍ လေသွားရာ အရပ်ကိုလည်း အကုန်အဆုံး လိုက်၍ မရှုမူ၍ လွှတိုက်ဖြတ်သော ယောက်ျားသည် လွှသွားရာကို လိုက်၍ မရှူဘဲလျက် လွှသွား ထိရာ၌သာ စိတ်ကို ထား၍ ကြည့်၍ လွှသွားကို အကုန်ထင်ရှား မြင်ရလေ ဘိသကဲ့သို့ ထို့အတူ နှာခေါင်းပေါက်ဝ ၌သာ စိတ်ကိုထား၍ သတိသညာဖြင့် သိ၍ မှတ်မိ၍သာလျှင် ထွက်စေ၍ ဝင်စေ၍ ထွက်ဝင် ထွက်ဝင် ထွက်ဝင်၍ဟု သိမှတ်လျက် ထိုထွက်ဝင်၍ နေသောလေကို ဝါယောကသိုဏ်း နိမိတ် ယူသကဲ့သို့ စိတ်ထဲဉာဏ်ထဲ၌ ထင်မြင်၍ လာအောင် ကြည့်ရှူအပ်၏၊ ကြည့်ရှုရာ၏၊ ကြည့်ရှု၍ နိမိတ်ယူရာ၏၊

တပည့်တို့ - ဤအာနာပါန နိမိတ်ရအောင် ကြည့်ရှုအားထုတ်ပုံသည် နားမလည်၍ နေရာတကျ မလုပ်တတ်သောသူမှာ အလွန်ခက်၏၊ နားလည်၍ နေရာတကျ လုပ်တတ်သောသူမှာ အလွန် လွယ်၏။

တပည့်တို့ - ဤကဲ့သို့ ကြည့်ရှုဖန်များသောအခါ -
နှာခေါင်းပေါက်ထဲ၌ သွယ်တန်း၍ နေသော ကြိုးကလေးကဲ့သို့သော်၎င်း၊
တုတ်တံကလေး ကဲ့သို့သော်၎င်း၊
ကြယ်ရောင် ကဲ့သို့သော်၎င်း၊
ဆေးတံပေါက်၌ ထွက်ဝင်၍နေသော မီးခိုးကဲ့သို့သော်၎င်း၊
ပြွန်တံပေါက်၌ ထွက်ဝင်၍နေသော ရေဆိုင်လုံးကဲ့သို့သော်၎င်း

ဤသို့ စသည်ဖြင့် မိမိတို့ သညာ အားလျော်စွာ လှုပ်ရှားလျက် အာနာပါန ဥဂ္ဂဟနိမိတ် ထင်၍လာ၏။ တပည့်တို့ - ဤထွက်သက် ဝင်သက်ဆိုသာ စိတ္တဇ လေဓာတ်တည်း။ အောက် အဘိဓမ္မာ သုညတ နည်း၌ ဟောပြခဲ့သော လေဓာတ်၏ သဘောကို သိ၍ထားကြ။

ဤကဲ့သို့ လေဓာတ် သဘောကို သိသောသူအား ဤ အာနာပါနနိမိတ်သည် အခိုးကဲ့သို့သော်၎င်း၊ ရေကဲ့သို့သော်၎င်း ထင်၏။ လျင်မြန်စွာလည်း ထင်လွယ် ရှုလွယ်၏။

တပည့်တို့ - ဤသို့ ဥဂ္ဂဟနိမိတ် ရပြီးသောအခါ ထွက်သက် ဝင်သက်တို့ကို ကြောင့်ကြ မစိုက်မူ၍ မကြည့်ရှုမူ၍ ဤစိတ်ထဲ၌ ဉာဏ်ထဲ၌ ထင်မြင်၍ ရရှိ၍နေသော ဥဂ္ဂဟ နိမိတ်ကိုသာ အဖန်ဖန် ကြည့်ရှု၍ နေရာ၏၊ ဤသို့ ကြည့်ရှုဖန်များသောအခါ အလွန် ချောမွေ့ နှစ်သက်ဘွယ်ဖြစ်လျက် ငြိမ်သက်စွာ ပဋိဘာဂနိမိတ်ဖြစ်၍ ထင်၏။

ထိုအာနာပါန ပဋိဘာဂ နိမိတ်ကို အဖန်ဖန် အားထုတ် ကြည့်ရှုသောအခါ ဈာန်အင်္ဂါ ငါးပါးနှင့် ပြည့်စုံသော ပဌမဈာန် အပ္ပနာဇောဝီထိ ကျလာ၏။ ပဌမဈာန်ကို ရ၏၊ ဤပဋိဘာဂ နိမိတ်ကိုပင် ကြည့်ရှု၍ ကသိုဏ်း၌ ဆိုခဲ့ပြီးသော နည်းအတိုင်း အထက်ဈာန် တို့ကိုလည်း တက်အပ်၏၊ ဖြစ်စေအပ်၏။ ဤအာနာပါနကမ္မဋ္ဌာန်း သည် ပဉ္စမဈာန်ကျအောင် ဈာန်ငါးပါးလုံးကိုပင်ဖြစ်စေနိုင်၏။

အာနာပါနဿတိ ပွားများ အားထုတ်ပုံ ပြီး၏။

တပည့်တို့ - ဤအနုဿတိ ဆယ်ပါးတို့တွင် ဤအာနာပါနဿတိ ကာယဂတာ သတိ နှစ်ပါးတို့သည် အမြဲအစွဲ အားထုတ်အပ်သော ကမ္မဋ္ဌာန်းတို့တည်း၊

ကြွင်း ရှစ်ပါးသော အနုဿတိတို့သည်ကား အမြဲအစွဲ အားထုတ်အပ်သော ကမ္မဋ္ဌာန်းတို့ မဟုတ်၊

အပ္ပနာဈာန်ကို မဂ်ကို ရစေတတ် ဖြစ်စေတတ်သော
အမြဲအစွဲ အားထုတ်အပ်သော
ကမ္မဋ္ဌာန်း တခုခုကို အားထုတ်သောအခါ -
စိတ်ဉာဏ် ကြည်အောင် သဒ္ဓါထက်အောင်
ဝီရိယထက်အောင် အားရှိအောင်
မပြတ်မလပ် ရံဖန်ရံခါ ဆင်ခြင် အောက်မေ့ရတဲ့
အမြှောင်အပေါင် အကူအပံ့ ကမ္မဋ္ဌာန်းတို့တည်း။

အထက်၌ ဟောလတ္တံ့သော သညာကမ္မဋ္ဌာန်း တို့လည်း ဤနည်းတူ အမြှောင် အပေါင် အကူအပံ့ ကမ္မဋ္ဌာန်းတို့တည်း၊

အဘယ်ကြောင့်နည်းဆိုသော် သူတို့က -
ဈာန်အပ္ပနာကိုလည်း မဖြစ်စေတတ်၊
မဂ်အပ္ပနာကိုလည်း မဖြစ်စေတတ်၊
စိတ်ဉာဏ် ကြည်လင်ရုံမျှ
သဒ္ဓါ ဝီရိယ ထက်သန်ရုံမျှ အားရှိ ရုံမျှသာ တတ်နိုင်ကြကုန်သည်၊
ဤကဲ့သို့ စိတ်ကြည်လင်၍ အနည်းငယ် နှစ်သက် ဝမ်းမြောက်ခြင်း စိတ်ငြိမ်းချမ်းခြင်း တည်ကြည်ခြင်းမျှကိုပင် ဥပစာရဈာန်ဟု ခေါ်ရသည်၊

ဥပစာရဈာန်ဆိုတယ်လို့ အပ္ပနာကို ဖြစ်စေတတ်သော ကမ္မဋ္ဌာန်းတို့၏ ပဋိဘာဂနိမိတ် အခါ၌ ဖြစ်သော ဥပစာရဈာန်လောက် အားကောင်းသည် တည်ကြည်သည်ဟူ၍ မမှတ်ကြနှင့်၊

ဥဂ္ဂဟ နမိတ်အခါ၌ ဖြစ်သော ပရိကမ္မဈာန် မျှလောက်သာ အားကောင်းသည် တည်ကြည်သည်၊
ဈာန်အင်္ဂါလည်း ပေါ်သည်ဟူ၍ မမှတ်ကြနှင့်၊

သင်းဝိတက် သင်းဝိစာရ စသည်ဖြင့် ပဋိဘာဂနိမိတ် ဥပစာရ ဈာန်မှာလို ခွဲခြမ်း သိမြင်ရအောင် ထင်ရှားစွာမပေါ်ဘူး။ အကုသိုလ်ပါး၍ စိတ်ကြည်လင်သဖြင့် အားကောင်းရုံမျှသာ ကောင်းကြသည်။ ထို့ကြောင့် သညာနှစ်ပါးနှင့်တကွ ထို ရှစ်ပါးသော အနုဿတိတို့ကို ဥပစာရဈာန်ကို ဖြစ်စေ၏။ ရစေ၏-ဟူ၍ မဆိုဘဲ ပရိကမ္မဈာန်ကို ဖြစ်စေ၏ ရစေ၏ ဟူ၍လည်း ဆိုသင့်၏၊ ဆိုအပ်၏။

အပ္ပနာဈာန်လမ်းကို အားမထုတ်နိုင်တဲ့ အညံ့စားရဟန်းများ ဥပုသ်သည် များမှာကား ထို အမြှောင် အပေါင် ကမ္မဋ္ဌာန်း တို့ကိုလည်း စိတ်ဉာဏ် ကြည်လင်ဖို့ ကုသိုလ်အထူး ဖြစ်ဖို့ အမြဲအစွဲပင် အားထုတ် ပွားများရပါ၏၊

အပ္ပနာဈာန်၏ အထောက်အပံ့ အခြေခံ, မဂ်၏ အထောက်အပံ့ အခြေခံကား ဖြစ်နိုင်ကြ၏။ အကျိုးအာနိသင်လည်း အလွန်ပင် များပြားကြ၏။ ကြီးမား မြင့်မြတ်ကြ၏။

အထူးအားဖြင့်ကား ဗုဒ္ဓါနုဿတိသည် သာလွန်၍ အကျိုး အာနိသင် များပြား၏။ ကြီးမား မြင့်မြတ်၏။

ဓမ္မာနုဿတိ သံဃာနုဿတိ တို့နှင့်တကွ ဤ ဗုဒ္ဓါနုဿတိ၏ အကျိုးအာနိသင် များပြားပုံ ကြီးမားပုံ မြင့်မြတ်ပုံတို့ကို အရိယမဂ္ဂဒီပနီ ကျမ်း၌လည်း အနည်းငယ် အကျဉ်းအမြွက်မျှ ဘုန်းကြီး ဟောပြ၍ ထားသာ ရှိ၏။ ကြည့်ရှု၍ သိကြလေ။

တပည့်တို့ - မြတ်စွာဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်အခါ ရဟန်းတို့ကို ခေါ်တော်မူ၍ -

အစ္ဆရာ သင်္ဃာတမတ္တမ္ပိ စေ ဘိက္ခဝေ ဘိက္ခု ဗုဒ္ဓါနုဿတိံ ဘာဝေတိ၊ အဟံ ဝုစ္စတိ ဘိက္ခဝေ ဘိက္ခု အရိတ္တဈာနော ဝိဟရတိ၊ သတ္ထု သာသနကရော ဩဝါဒပဋိကရော အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ၊ ကော ပန ဝါဒေါ ယေန ဗဟုလီကရောတီတိ။

ဟူ၍ ဧကင်္ဂုတ္တရပါဠိတော်၌ ဟောတော်မူပေ၏။
ကြွင်းသော အနုဿတိ တို့ကိုလည်း ဤနည်းတူပင် ဟောတော်မူပေ၏။

ထို့ကြောင့် တပည့်တို့ - သင်တပည့်တို့သည် အကောင်းဆုံးကိုလည်း မြင်ရအောင် ဈာန်တရား နှင့်လည်း မကင်းဆိတ်သောသူ, ဘုရားရှင်၏ သာသနာကိုလည်း ထမ်းရွက်ပြုကျင့်သောသူ, ဘုရားရှင်၏ အဆုံးအမကိုလည်း လိုက်နာ ပြုကျင့် သောသူ, တိုင်းသူပြည်သား လူအများတို့ လှူသောဆွမ်း ပစ္စည်းလေးပါး တို့ကိုလည်း အကျိုးမဲ့ အချည်းနှီး မဖြစ်စေဘဲ များစွာ အကျိုး ကြီးမြတ် ဖွံ့ဖြိုးစေ၍ သုံးစွဲ စားသောက်သောသူ ဖြစ်ကြရအောင် ယခု ငါဆရာ ဟောကြားခဲ့ပြီးသော နည်းလမ်း အတိုင်း ကြိုးစား၍ကြည့်ရှုပွားများကြ ကြိုးစားအားထုတ်ကြ။

အစ္ဆရာ သင်္ဃာတ အနုဿတိ သုတ်ဗုဒ္ဓါနုဿတိံ ဟူသော ပုဒ်ကိုလည်း

“ဗုဒ္ဓါနုဿတိံ၊ ဘုရားဂုဏ်ကို အဖန်ဖန်ဆင်ခြင် အောက်မေ့သော သတိကို။
စေ ဘာဝေတိ၊ အကယ်၍ ပွားများစေအံ့”ဟု အနက်ပေးကြ။

အကြွင်း ကသိဏသုတ်နှင့် တူပြီ။

ဣတိ အနုဿတိ ဘာဝနာနယော။

အနုဿတိ ဘာဝနာနယော၊ အနုဿတိဆယ်ပါး ပွားများ အားထုတ်ပုံ ဘာဝနာ နည်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

အနုဿတိဆယ်ပါး ပွားများနည်း ပြီး၏။

ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို ပြခြင်း

တပည့်တို့ - ဗြဟ္မဝိဟာရ လေးပါးတို့တွင် မေတ္တာဗြဟ္မဝိဟာရကို ပွားများ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ ပွားများရာ၏။ တပည့်တို့ - ဤ မေတ္တာပွားများနည်းကား ကုသိုလ်ရရုံ ပွားများနည်း၊ ဈာန်အပ္ပနာ ရအောင် ပွားများနည်း ဟု နှစ်မျိုးရှိသည်။

ထိုနှစ်မျိုးတို့တွင် ကုသိုလ်ရရုံ ပွားများနည်းမှာ တကျောင်းလုံး တတိုက်လုံး တအိမ်လုံး တရွာလုံး တမြို့လုံး စသည်ဖြင့် သတ္တဝါအများကို တလုံးတည်း အာရုံ ပြု၍ ဤသတ္တဝါတွေ ချမ်းသာပါစေ, သတ္တဝါခပ်သိမ်း အကုန်လုံး ချမ်းသာပါစေ, ကိုယ်ရော စိတ်ရော ချမ်းသာပါစေ ဟု ချမ်းသာ စေလိုသော စိတ်ဆန္ဒ အဖန်ဖန် ဖြစ်ရသည် ပွားများရသည်။ ထိုသို့ဖြစ်ရာ ပွားများရာမှာလည်း−

မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု မာနသံ၊ ဘာဝယေ အပရိမာဏံ။
သုတ္တနိပါတ် ပါဠိတော်လာ မေတ္တသုတ်၏ အစိတ်ပါဠိ။

ဘိက္ခဝေ၊ ရဟန်းတို့။
မာတာ၊ အလွန် သားချစ်ခင်တတ်သော အမိသည်။
နိယံ ပုတ္တံ၊ မိမိမှ မွေးဖွားသော သားဖြစ်သော။
ဧကပုတ္တံ၊ အချိန်လွန်ခါနီးမှ ရရှိလာသော တယောက်တည်းသော သားငယ်ကို။
အာယုသာ၊ အသက်ကြောင့်။
ဝါ၊ အသက်ရှိစဉ်။
အနုရက္ခေ ယထာ၊ အလွန်သနားချစ်ခင် စောင့်ရှောက်ဘိသကဲ့သို့။
ဧဝမ္ပိ၊ ဤအတူလျှင်။
သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တဝါတို့၌။
အပရိမာဏံ၊ သတ္တဝါ ဘယ်လောက်မှ ရယ်ဟု အရေအတွက် အတိုင်း အရှည် မရှိသော။
မာနသံ၊ ချမ်းသာပါစေဟု ချမ်းသာစေလိုသော မေတ္တာစိတ်ကို။
ဘာဝယေ၊ အဖန်ဖန် ဖြစ်စေရာ၏ ပွားများရာ၏။

ဟု ဟောတော်မူသောအတိုင်း - အလွန် သား ချစ်ခင်သော အမိသည် အချိန် လွန်ခါနီးမှ ရရှိလာသော တယောက် တည်းသော သားငယ်ကို အလွန် သနားစောင့်ရှောက် ချစ်ခင်ဘိသကဲ့သို့ အဟုတ်ကို ချစ်ခင်မှ အဟုတ်ကို ချမ်းသာစေလိုတဲ့ စိတ်ဆန္ဒဖြစ်မှသာ မေတ္တာတည်း။ စိတ်ကမပါဘဲနှင့် ပါးစပ်က ချမ်းသာပါစေဟု ဆိုရုံနှင့် မေတ္တာ မဟုတ်။

စိတ်ထဲက ချမ်းသာစေလိုသို့ ဆန္ဒမရှိပါဘဲလျက်နှင့် “အဝေရာဟောန္တု အဗျာပဇ္ဇာ ဟောန္တု”စသည်ကို အနက် ပါဠိရွတ်၍ နေငြားသော်လည်း မေတ္တာ ပို့သာ မေတ္တာပွားများသာ မဟုတ်၊ စာအံ၍ နေမှုမျှသာတည်း။ ထိုစကားသည် မှန်၏။

ဦးပဉ္စင်းတွေ ဘုရားဝတ်တက်၍ မေတ္တာပို့ရွတ်၍ နေဆဲကို နောက်က ကျောင်းသား သူငယ်များ အကယ်၍ဆော့လျှင် မတော်လို့ခါးကိုလာ၍ တိုက်မိခဲ့လျှင် ဘိနပ်နှင့် ထ၍ချမည်၊ ယခု မချအားသေးလျှင် ဝတ်တက်ပြီး ချမည် ရိုက်မည်၊ သားငယ် ကလေး အမိလည်ကုပ်ကို ခွစီး၍ ဆံပင်ကိုဆွဲ၍ တုတ်ငယ်နှင့်သော်လည်း ခေါင်းကိုရိုက်၍ အမိသည် စိတ်မဆိုးနိုင်ဘိသကဲ့သို့ အကယ်၍ ထိုဦးပဉ္စင်းသည် မေတ္တာပို့ပါလျှင် မေတ္တာစိတ်ဖြစ်လျှင် ဘိနပ်နှင့် ထ၍မရိုက်နိုင်ရာ စိတ်မဆိုးနိုင်ရာ၊ ဆိုးကားဆိုး၏၊ ရိုက်၏၊

ထို့ကြောင့် ချမ်းသာစေလိုတဲ့ စိတ်ဆန္ဒမပါဘဲနှင့် ချမ်းသာပါစေ ဟူ၍သော်၎င်း၊ အဝေရာ ဟောန္တု စသည်ကို သော်၎င်း ပါးစပ်ကရွတ်မှုသည် စာအံမှုသာလျှင်တည်း။ တပည့်တို့ - မေတ္တာပို့ ဆိုသာ မေတ္တာပွားများဆိုသာ ပါးစပ်က ရွတ်ချင်ချွတ် မရွတ်ချင်နေ စိတ်ကသာ လိုရင်းတည်း၊ စိတ်ထဲကသာ အဟုတ်ကို ချမ်းသာစေလိုသို့ စိတ်ဆန္ဒဖြစ်ရသည်၊ အဲသည်ဟာ မေတ္တာပို့သာ ပွားများသာတည်း။

ကုသိုလ်ရရုံ မေတ္တာပွားများ နည်း ပြီး၏။

တပည့်တို့ - အပ္ပနာဈာန်ကိုရအောင် မေတ္တာပို့နည်း ပွားများနည်းမှာကား ဤသို့ ပွားများရာ၏။

ထိုမေတ္တာပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ငါသည်လည်း ဆင်းရဲဒုက္ခကို မုန်း၏၊ ချမ်းသာသုခကို နှစ်သက်၏၊ ချမ်းသာချင်၏၊ ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ငါလိုဘဲ ဆင်းရဲဒုက္ခကို မုန်းကြ၏၊ ချမ်းသာသုခကို နှစ်သက်ကြ၏၊ ချမ်းသာချင်ကြ၏၊ ငါလည်းချမ်းသာရလို၏၊
သတ္တဝါခပ်သိမ်းလည်း ချမ်းသာကြပါစေဟု ခပ်သိမ်းသော သတ္တဝါတို့၌ ချမ်းသာ စေလိုသော စိတ် ဆန္ဒကို ညွတ်စေ၍ ဤယခု နေ့မှစ၍ ရှေး လွန်ခဲ့ပြီးသော ၂-နှစ် ၃-နှစ်လောက် ကျအောင်သော်၎င်း၊ ငါးနှစ် ဆယ်နှစ်လောက် ကျအောင်သော်၎င်း၊ သည့်ထက် အလွန်သော်၎င်း ဤအတွင်း၌ ကိုယ်သွားဘူးသမျှ ရောက်ဘူးသမျှ နေဘူးသမျှ အရပ်တို့၌ ကိုယ်နှင့် တွေ့ဘူး မြင်ဘူး စကား ပြောဘူး အတူနေဘူး အချင်းချင်း ကျေးဇူးပြုဘူးသမျှသော သူတွေကို အကုန် ပြန်၍ စဉ်းစား၍ အမှတ်ရ၍ ဤယနေ့ တွေ့ဘူးသို့သူမှစ၍ နောက်ပြန် အစဉ် အတိုင်း ဤသူသည် ငါလိုဘဲ အသက်နှင့် အကောင်ဘဲ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ။

ဘာတစုံတခုမှ ရောဂါဝေဒနာ ဘေးရန် အန္တရာယ် မရှိပါစေနှင့် ချမ်းသာပါစေ၊ ကိုယ်ရော စိတ်ရော ချမ်းသာပါစေဟု ကိုယ်တွေ့ဘူးသမျှ သတ္တဝါတွေကို တယောက်ချင်း တယောက်ချင်း နောက်ပြန် အစဉ်အတိုင်း မေတ္တာပို့၍ သွားရာ၏။ ကိုယ်နှင့် မတွေ့မမြင်ဘူးငြားသော်လည်း အဝေးကလှမ်း၍ ကိုယ့်ကို ကျေးဇူး ပြုဘူးတဲ့ သူကိုလဲ မကျန်စေနှင့်။ ကျေးဇူးလဲ မပြုဘူးတဲ့ မတွေ့မမြင်ရဘူးတဲ့ သူကိုကား မပို့နှင့်၊ တွေ့ဘူး မြင်ဘူးတဲ့ သူကျလျှင် တိရစ္ဆာန်ကလေးတွေတောင် မချန်နှင့် အကုန်ပို့၊

ဤကဲ့သို့ နောက်ပြန် အစဉ်အတိုင်း မေတ္တာသို့သွား၍ ဟို-အရင်က ဆယ်နှစ်လောက်က တွေ့ဘူးတဲ့ အဆုံးစွန် ပုဂ္ဂိုလ်သို့ကျလျှင် ထိုသူမှတဖန် လှည့်ပြန်၍ ယခုတွေ့ဘူးတဲ့သူ ကျအောင် အနုလုံ အစဉ်အတိုင်း တယောက်ချင်း တယောက်ချင်း ပို့၍လာ၏။

တပည့်တို့ - ကာယဂတာသတိ ပွားများရာ၌ ကောဋ္ဌာသတွေကို အနုလုံ ပဋိလုံ အခေါက်ခေါက်. အပြန်ပြန် ကြည့်ရှုဘိသကဲ့သို့ ဤကဲ့သို့ ကိုယ်တွေ့ဘူးသမျှတွေကို နောက်ပြန် ရှေ့ပြန် ပဋိလုံ အနုလုံ အားဖြင့် တယောက်ချင်း တယောက်ချင်း အခေါက်ခေါက် အပြန်ပြန် မေတ္တာပို့၍ ပို့၍ သွားသည် ရှိသော် ဤသူတွေထဲ၌ တဏှာပေမ မဟုတ်ဘဲ ကုသိုလ် မေတ္တာ သက်သက်ဖြင့် ချစ်ခင်နိုင်သော အချစ်ခင်ဆုံး မေတ္တာစိတ် ကြပ်ကြပ် အသက်ဝင်ဆုံး ပုဂ္ဂိုလ်တယောက် တွေ့လတ္တံ့၊ တွေ့၏။

ထိုသို့တွေ့သောအခါ တပါးသော ပုဂ္ဂိုလ်တို့ကို မပို့ဘဲ ဤအချစ်ခင်ဆုံး မေတ္တာစိတ် ကြပ်ကြပ် အသက်ဝင်ဆုံး ပုဂ္ဂိုလ်တယောက်တည်းကိုသာ စိတ်နှင့် ဉာဏ်နှင့် စေ့စေ့ စပ်စပ် ကြည့်၍ ဤ သူသည် ငါ့အား သနားချစ်ခင်ရှာတယ်၊ ဤမည်သော ဤမည်သော ကျေးဇူးဥပကာရ ပြုဘူးရှာတယ် စောင်မရှာတယ်၊
ဤသူသည် ငါလိုဘဲ အသက်နှင့် အကောင်ဘဲ သတ္တဝါဘဲ၊ ဆင်းရဲကို မုန်းရှာတယ်၊ ချမ်းသာကို နှစ်သက်လိုချင် ရှာတယ်၊ ချမ်းသာချင် ရှာတယ်၊ ချမ်းသာပါစေ၊ ဘာတစုံတခု ရောဂါဝေဒနာ ဘေးရန် အန္တရာယ် မရှိပါစေနှင့် ကိုယ်ရော စိတ်ရော အေးအေးမြမြ ချမ်းသာပါစေ - ဟု ထိုပုဂ္ဂိုလ်ကို ခြေဖျားမှသည် ဦးခေါင်း ဦးရေ ကျအောင် ဦးခေါင်း ဦးရေမှသည် ခြေဖျားကျအောင် အပြင်ရော အတွင်းရော တကိုယ်လုံး အနှံ့ မေတ္တာစိတ်ဖြင့် ဖြန့်နှံ့ပို့သရာ၏၊

နှလုံးဗူး လိုဏ်တွင်းရှိ စိတ်ကလေးကိုလည်း မေတ္တာစိတ်နှင့် ဝင်၍ ဤသူ၏ စိတ်ကလေးသည် ပူလောင်ခြင်း ဆင်းရဲခြင်းမရှိ ချမ်းသာပါစေဟု ဖြန့်နှံ့ ပို့သရာ၏။ ဤကဲ့သို့ အဖန်ဖန် မေတ္တာစိတ် ဖြန့်နှံ့သ၍ နေရာ၏။

ဤကဲ့သို့ ပို့သ၍နေလျှင် ကြာသောအခါ ထိုပုဂ္ဂိုလ်ကို မျက်စိနှင့် မြင်ရဘိသကဲ့သို့ ထင်မြင်၍ အနီး၌ ချဉ်းကပ်၍ နေရဘိသကဲ့သို့ ထင်မြင်၍လာ၏၊ ချစ်ခင်ခြင်း မေတ္တာစိတ်လည်း အလွန်အားကြီးစွာ ဖြစ်၍ ထိုပုဂ္ဂိုလ်၌သာ တွယ်၍နေတော့၏၊ များစွာ မပြေးလွင့်တော့ပြီ၊ ထိုအခါ ဥဂ္ဂဟနိမိတ်ရပြီ ဟူ၍မှတ်၊

ဥဂ္ဂဟဖြစ်အောင် ထင်မြင်ရသော ထိုပုဂ္ဂိုလ်ကို ဤကဲ့သို့ အဖန်ဖန် မေတ္တာ စိတ်ဖြန့်နှံ့ ပို့သသည် ရှိသော် ကြာသောအခါ စိတ်သည် ထိုပုဂ္ဂိုလ်၌ တွယ်၍ အလွန် ငြိမ်သက် တည်ကြည်၍ ဈာန်အင်္ဂါ ငါးပါးနှင့် ပြည့်စုံသော ပဌမဈာန် ဇော အပ္ပနာဝီထိ ကျလာ၏၊ ပဌမဈာန်ကို ရ၏။

ထိုသို့ ပဌမဈာန်ကို ရပြီးသော ယောဂီသည် ထိုပုဂ္ဂိုလ်ကိုပင်လျှင် အာရုံပြု၍ မေတ္တာစိတ် ဖြန့်နှံ့ ပို့သ၍ ကသိုဏ်း၌ ဆိုခဲ့သောနည်းအတိုင်း အထက် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ကျအောင် တက်အပ်၏၊ ဖြစ်စေအပ်၏။ ဤသို့ တဦးသောပုဂ္ဂိုလ်ကို မေတ္တာစိတ် ဖြန့်နှံ့ ပို့သ၍ အာရုံပြု၍ စတုတ္ထဈာန်ကျအောင် ရပြီး၍ ဝသီဘော်နိုင်ပြီးသော အခါ မိမိတွေ့ဘူး၍ ပဌမက မေတ္တာပို့၍ ချန်ထားခဲ့သော ပုဂ္ဂိုလ်တွေကိုလည်း တယောက်ချင်း တယောက်ချင်း စေ့အောင် ဤနည်းတူ မေတ္တာစိတ် ဖြန့်နှံ့ပိုသ၍ အာရုံပြု၍ စတုတ္ထဈာန် ကျအောင် ဖြစ်စေအပ်၏။

ထို့နောင် မိမိ မတွေ့ဘူးသော်လည်း ကြားဘူး သမျှသော အရပ် ဆယ်မျက်နှာရှိ အလုံးစုံသော သတ္တဝါတွေကို တယောက်ချင်းသော်၎င်း၊ အပေါင်း များစွာကို တလုံးတည်း အာရုံပြု၍ ယူ၍သော်၎င်း မေတ္တာစိတ် ဖြန့်နှံ့ပို့သ၍ အာရုံပြု၍ စတုတ္ထဈာန်ကျအောင် ဖြစ်စေအပ်၏။

တပည့်တို့ - ထိုသို့ မေတ္တာပို့ရာ၌ ထိုပုဂ္ဂိုလ်ထဲတွင် မိမိမုန်းသော ငြိုးသူ ရန်ဘက်များ တွေ့ရှိ၍ ထိုရန်သူ၌ အကယ်၍ မေတ္တာဈာန် မဖြစ်နိုင်ဘဲ မဝင်စားဘဲ မုန်းတဲ့ မြင်ပြင်းတဲ့ ဒေါသစိတ်များ ဖြစ်ပေါ်၍ လာခဲ့လျှင် နေခဲ့လျှင် “န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န မာတာဘူတပုဗ္ဗော” စသော ဘုရားရှင် ဟောကြားတော်မူသော အနမတဂ္ဂ သုတ်တော်မြတ်အတိုင်း မောင်မင်း ထိုရန်သူသည် မောင်မင်း၏ ရန်သူမဟုတ်၊ ရှေးရှေးဘဝတို့က အမိ အဘ စသည်ဖြစ်၍ မောင်မင်းအား ကျေးဇူးပြုဘူးလှပြီ၊ ဤစိတ်ထဲ၌ ဖြစ်ပေါ်လာတဲ့ ဒေါသသည်သာလျှင် မောင်မင်း၏ ရန်သူတည်း။

ထိုပုဂ္ဂိုလ်သည် မောင်မင်းကို ဈာန်မှ လျှောအောင်လည်း မလုပ်။ ငရဲသို့ ကျအောင် လည်း မချ။ မောင်မင်း၏ ရန်သူမဟုတ်။ ဤ ဒေါသသည်သာလျှင် မောင်မင်းကို ဈာန်မှ လျှောကျအောင် ညှဉ်းဆဲသော ငရဲသို့ကျအောင် ချသော ရန်သူကြီးတည်း။ မောင်မင်း ရန်သူမဟုတ်သော သူကို မမုန်းနှင့် မမြင်ပြင်းနှင့်၊ ရန်သူဖြစ်သော ဤဒေါသကိုသာ မုန်းလော့ မြင်ပြင်းလော့ ပယ်ဖျက် သတ်ဖြတ်လော့ဟု မိမိကိုယ်ကို ဆုံးမ၍—

ကောဓံ ဆေတွာ သုခံ သေတိ၊ ကောဓံ ဆေတွာ နသောစတိ။
ကောဓဿ ဧကဓမ္မဿ၊ မဓုရဂ္ဂဿ ဗြာဟ္မဏ။
ဝဓံ အရိယာ ပသံသန္တိ၊ တဉှိ ဆေတွာ န သောစတိ။
သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဗြာဟ္မဏ၊ ဘယ်ဟာကို သတ်ဖြတ်ရလျှင် မစိုးရိမ် မပူပန်ရဘဲ အေးငြိမ်း ချမ်းသာစွာ နေရပါသနည်းဟု မေးလျှောက်လာသော အို-ပုဏ္ဏား။
ကောဓံ၊ အမျက်ဒေါသကို။
ဆေတွာ၊ ဖြတ်တောက်ရသည်ရှိသော်။
သုခံ၊ ချမ်းသာစွာ။
သေတိ၊ အိပ်ရ နေရ၏။
ကောဓံ၊ အမျက်ဒေါသကို။
ဆေတွာ၊ ဖြတ်တောက်ရသည်ရှိသော်။
န သောစတိ၊ ဘာမှ စိုးရိမ် ပူပန်ခြင်း မရှိရ၊ အေးချမ်းစွာ နေရ၏။
ဗြာဟ္မဏ၊ အို-ပုဏ္ဏား။
မဓုရဂ္ဂဿ၊ အပေါ်ရံ အဖျား၌သာ ချိုယောင် ထင်ရ၍ အရင်း၌ အပါယ်ငရဲဒုက္ခ ဟူသော ခါးစပ်သော အကျိုး အရသာ ရှိသော။
ကောဓဿ၊ အမျက်ဒေါသ ဟူသော။
ဧကဓမ္မဿ၊ တခုတည်းသော တရားကို။
ဝဓံ၊ သတ်ဖြတ်ခြင်းကို။
အရိယာ၊ ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့သည်။
ပသံသန္တိ၊ နှစ်သက် ချီးမွမ်းကြကုန်၏။
ဟိ၊ အဘယ့်ကြောင့် နှစ်သက် ချီးမွမ်းပါသနည်းဆိုသော်။
တံ၊ ထိုအမျက်ဒေါသကို။
ဆေတွာ၊ သတ်ဖြတ်ရသည်ရှိသော်။
န သောစတိ၊ မစိုးရိမ်ရပြီ။

ဟူ၍ ဘုရားရှင် ဟောကြားတော်မူအပ်သော စကားတော်ကိုလည်း ဆင်ခြင် အောက်မေ့၍ ကကစူပမသုတ် သပတ္တကန္တသုတ် စသည်ကိုသော်လည်း ဆင်ခြင် အောက်မေ့၍ မိမိ၏ရန်သူ အစစ်ဖြစ်သော အမျက်ဒေါသကိုသာလျှင် သတ်ဖြတ် ပြေငြိမ်းစေ၍ ထိုရန်သူပုဂ္ဂိုလ်၌ ရှေးရှေးက အမိအဘ စသည်ဖြစ်ဘူးသော အဖြစ်ကို အောက်မေ့ဆင်ခြင်၍ ယခုလည်း အမိရင်း အဘရင်း စသည်ကဲ့သို့ မှတ်လျက် မေတ္တာဈာန်ဇော ကျစေ ဖြစ်စေအပ်၏။

သို့ အကယ်၍ အမိအဘ စသည်ကဲ့သို့ မမှတ်နိုင်ဘဲ သူစိမ်းအနေနှင့် ထင်၍နေလျှင် သြော် - ဤသူလည်း ငါလိုဘဲ အသက်နှင့် အကောင်ဘဲ ဆင်းရဲဒုက္ခကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက် လိုလားရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေဟု ကိုယ်ချင်း စာ၍ မေတ္တာဈာန်ဇော ကျစေ ဖြစ်စေအပ်၏။

အကယ်၍ ဤကဲ့သို့လည်း ကိုယ်ချင်း မစာနိုင်၍ မုန်းစိတ်မပျောက်ခဲ့ဘဲ မေတ္တာ ဈာန်ဇော ထိုသူ၌ မကျနိုင်ခဲ့ငြားအံ့။ ထိုသို့ဖြစ်ခဲ့လျှင် သည့်ပြင် သူခပ်သိမ်းတို့၌ မေတ္တာဈာန်ဇော ကျစေပြီးမှ နောက်ဆုံးဘိတ်မှ ဤရန်သူ လူမုန်း၌ ကျစေအပ်၏။ ရန်သူ မဟုတ်သော သူတို့၌ မေတ္တာဈာန် ကျဖန် ဖြစ်ဖန်များ၍ မေတ္တာစိတ် ထက်သန်အား ကောင်းသောအခါ အလွန်မုန်းသော ရန်သူ၌လည်း မေတ္တာဈာန် ဖြစ်စေတတ်တော့၏။

သို့ အကယ်၍ဘဲ ဤကဲ့သို့ ဈာန်ဇော မကျစေနိုင်ငြားအံ့။ ထိုသို့ဖြစ်ခဲ့လျှင် ထိုရန်သူ လူမုန်းကို နှလုံးမသွင်းအပ် အာရုံမပြုအပ် မေတ္တာမပို့အပ်။ ဟို-တောထဲ၌ရှိနေသော မြက်မှိုက် ထင်းချောင်း တုတ်ခနောင်းတို့နှင့် အတူသာ ထားလိုက်အပ်၏။ ရှိသည် ဟူ၍ပင် မမှတ်အပ်၊ အနာရမ္မဏ ဥပေက္ခာ ပြုအပ်၏။ မေတ္တာဈာန်ဇော ကျစေနိုင်သော ထိုရန်သူမှကြွင်းသော ခပ်သိမ်းသော သတ္တဝါတို့ကို သာလျှင် မေတ္တာ ဈန်ဇော ဖြန့်နှံ့ ပို့သအပ်၏။ ၁။

မေတ္တာ ဗြဟ္မဝိဟာရ ပွားများပုံ ပြီး၏။

ကရုဏာ မုဒိတာတို့ကို ပွားများနည်း

ကရုဏာ မုဒိတာတို့ကို ပွားများနည်းသည်လည်း မေတ္တာနည်း တူပင်၊ ကုသိုလ်ရရုံ ပွားများနည်း, ဈာန် အပ္ပနာကိုရအောင် ပွားများနည်းဟု နှစ်မျိုး ရှိသည်။

ထိုနှစ်မျိုးတို့တွင် ကုသိုလ်ရအောင် ပွားများနည်းမှာ --

သားချစ်ခင် တတ်သော အမိသည် ထိုမိမိသားငယ် ဆင်းရဲဒုက္ခ ရောက်၍နေလျှင် ထိုဆင်းရဲ ဒုက္ခမှ အလွန် လွတ်စေချင်ဘိ သကဲ့သို့ အလွန်သနားခြင်း ဖြစ်ဘိသကဲ့သို့ ထိုမိမိသား စည်းစိမ်ချမ်းသာနှင့် ပြည့်ပြည့်စုံစုံ ခံစံ၍ ချမ်းချမ်းသာသာ ပျော်ပျော် ရွှင်ရွှင် နေတာကို တွေ့မြင်ရလျှင်လည်း ထိုစည်းစိမ် ချမ်းသာမှ မဆုတ်မယုတ် အလွန်ကြာမြင့်စွာ ဤစည်းစိမ် အတိုင်းသာလျှင် တည်စေချင်ဘိ သကဲ့သို့ တိုး၍သာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံစေချင်ဘိသကဲ့သို့ အလွန် နှစ်သက်ဝမ်းမြောက်ခြင်း ဝမ်းသာခြင်း ဖြစ်ဘိသကဲ့သို့ -

ထို့အတူ တယောက်ထည်းသော်လည်း ဖြစ်စေ၊ အများသော်လည်း ဖြစ်စေ၊ ဆင်းရဲ ဒုက္ခရောက်၍ နေသော သတ္တဝါကို ထိုဆင်းရဲဒုက္ခမှ လွတ်စေလိုတဲ့ စိတ်ဆန္ဒဖြင့် အလွန်သနားခြင်း ဖြစ်ရာ၏။ သနားတဲ့ ကရုဏာ စိတ်ကို အဖန်ဖန် ဖြစ်စေရာ၏ ပွားများရာ၏။

စည်းစိမ် ချမ်းသာနှင့် ပြည့်ပြည့်စုံစုံ ခံစံခမွေ့လျော်၍ ပျော်ပျော်ရွှင်ရွှင် တင့်တင့် တယ်တယ် ချမ်းသာ၍ နေသောသူကို တွေ့မြင်လျှင်လည်း ဤသူသည် ဤစည်းစိမ် ချမ်းသာမှ မဆုတ်မဟုတ်ဘဲ ဤစည်းစိမ်အတိုင်းသာ တည်ပါစေ၊ တိုးတက် ၍သာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံပါစေဟု တောင့်တလျက် အလွန် နှစ်သက် ဝမ်းမြောက်ခြင်း ဝမ်းသာခြင်း ဖြစ်ရာ၏။ ဝမ်းသာ ဝမ်းမြောက် သော မုဒိတာစိတ်ကို အဖန်ဖန် ဖြစ်စေရာ၏ ပွားများရာ၏။ မနာလိုဘဲ ငြူစူစောင်းမြောင်းခြင်း ဣဿာ တရား မဖြစ်စေအပ်။

ဤကား ကုသိုလ်ရရုံ ကရုဏာ မုဒိတာ ပွားများနည်းတည်း။

ဈာန် အပ္ပနာကို ရအောင် ကရုဏာ မုဒိတာကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် မေတ္တာကိုသာလျှင် ပွားများအပ်၏။ မေတ္တာကို ပွားများ၍ မေတ္တာဈာန်ကို ရပြီးသောအခါမူကား ထိုမိမိမေတ္တာ ဈာန်စိတ် အာရုံပြုအပ်တဲ့ မိမိ အလွန် ချစ်ခင်၍နေတဲ့ သတ္တဝါတွေထဲ၌ တဦးဦး ဆင်းရဲဒုက္ခရောက်၍နေလျှင် ထိုသူကို အလွန်သနားခြင်း ဖြစ်တော့၏၊

ဖြစ်သည်နှင့်တပြိုင်နက် ဤသူသည် ဤဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ဆင်းရဲ ဒုက္ခမှ လွတ်စေလိုသော အလွန် သနားသော ဆန္ဒဖြစ်လျက် ခဏခြင်း ကရုဏာ အပ္ပနာ ဈာန်ဇောကျလေတော့၏။ ချစ်နေရာက သနားတဲ့စိတ် ပြောင်းပေးလိုက်ရုံမျှသာ ဝန်ရှိတော့၏။ ကရုဏာဈာန်ဇော ကျလာအောင် အထူး ကြောင့်ကြစိုက်၍ အားထုတ်၍ မနေရတော့ပြီ။

ထိုမိမိ အလွန် ချစ်ခင်အပ်သော သူတို့သည် အထူးကြီး ဆင်းရဲဒုက္ခသို့ပင် မရောက်ငြားသော်လည်း ဤသူတွေ ဇာတိဘေး ဧရာဘေး မရဏဘေးတို့မှ မလွတ်ကြရှာသေးပြီ၊ ထိုဘေးတွေထဲမှာပင် နစ်မွန်း၍ နေကြရှာ၏ဟု သံသရာ ဘေးနှင့်ချီ၍ ဆင်ခြင် အောက်မေ့လိုက်လျှင်လည်း အလွန်အကဲ အားဖြင့် ပုထုဇန် သတ္တဝါတို့သည် ဒုက္ခသည်ချည်း ဖြစ်၍ကုန်သဖြင့် အလွန် သနားခြင်းဖြစ်၍ ထို ပုထုဇဉ် ပုဂ္ဂိုလ်တိုင်း၌ပင် ကရုဏာဈာန်ဇော ကျနိုင် ဖြစ်နိုင်လေတော့၏။

မိမိ အလွန် မေတ္တာသက်ဝင် ချစ်ခင်အပ်သော အလွန် သနား ကြင်နာအပ်သော ထိုပုဂ္ဂိုလ်ထဲတွင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခံစံ၍ ရွှင်လန်း ချမ်းသာစွာ နေသော သူကို တွေ့မြင်လျှင်လည်း အလွန် နှစ်သက် ဝမ်းမြောက်ခြင်း ဝမ်းသာခြင်း မုဒိတာ ဖြစ်လေတော့၏၊

ဖြစ်သည်နှင့် တပြိုင်နက် ဤသူသည် ဤစည်းစိမ် ချမ်းသာမှ မဆုတ် မယုတ် ပါစေနှင့် ဤစည်းစိမ် ချမ်းသာအတိုင်း နှစ်သက်ရွှင်လန်း ချမ်းသာစွာ တည်ပါစေဟု ထိုရပြီးသော စည်းစိမ်မှ မဆုတ်ယုတ် စေလိုသော ထိုကဲ့သို့ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၍ နေသည်ကို အလွန် နှစ်သက် ဝမ်းမြောက်သော ဝမ်းသာသော စိတ်ဆန္ဒ ဖြစ်လျက် ခဏခြင်း မုဒိတာ အပ္ပနာဈာန်ဇော ကျလေတော့၏။

ချစ်နေရာက သနားနေရာက နှစ်သက်ဝမ်းမြောက်တဲ့စိတ် ပြောင်းလဲပေး လိုက်ရုံမျှသာ ဝန် ရှိတော့၏။ မုဒိတာ ဈာန်ဇော ကျလာအောင် အထူးကြောင့်ကြ စိုက်၍ အားထုတ်၍ မနေရတော့ပြီ။ ထို မိမိ သနားချစ်ခင်အပ်သော သူတို့သည် အထူးကြီးပင် စည်းစိမ် ချမ်းသာသို့ မရောက်ငြား သော်လည်း မျက်နှာ ရွှင်ရွှင် လန်းလန်း ပြုံးပြုံး ကြည်ကြည် နေကြသည်ကို မြင်ရလျှင်ပင် အလွန် နှစ်သက် ဝမ်းမြောက်ခြင်း ဝမ်းသာခြင်း ဖြစ်၍ ထိုပုဂ္ဂိုလ်တို့၌ မုဒိတာ ဈာန်ဇော ကျနိုင် ဖြစ်နိုင်လေ တော့၏။ ဤကရုဏာ မုဒိတာတို့ကိုလည်း မေတ္တာနည်းတူ စတုတ္ထဈာန်သို့ ကျအောင် ပွားများ အပ်ကုန်၏။ ၂။ ၃။

ကရုဏာ မုဒိတာ ဗြဟ္မဝိဟာရ နှစ်ပါး ပွားများပုံ ပြီး၏။

ဥပေက္ခာ ဗြဟ္မဝိဟာရ ပွားများပုံ

တပည့်တို့ - ဤကဲ့သို့ မေတ္တာ ကရုဏာ မုဒိတာတို့ဖြင့် စတုတ္ထဈာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် အထက် ပဉ္စမဈာန်ကို တက်လိုသောအခါ အောက်က ကသိုဏ်း၌ ဆိုခဲ့ပြီးသော နည်းအတိုင်း စတုတ္ထဈာန်ကို သုခကို အပြစ်မြင်၍ မုန်း၍ ပဉ္စမဈာန်ကို ဥပေက္ခာကို သာယာချစ်ခင် လိုချင် တောင့်တ၍ တဦးဦးသော ပုဂ္ဂိုလ်၌ မေတ္တာစိတ်ဖြင့်သော်၎င်း၊ ကရုဏာ စိတ်ဖြင့်သော်၎င်း၊ မုဒိတာစိတ်ဖြင့်သော်၎င်း တခုခုဖြင့် စတုတ္ထဈာန်ကို ဝင်စား၍ ဈာန်မှထပြီးလျှင် ထိုပုဂ္ဂိုလ်ကိုပင်လျှင် အာရုံပြု၍ သြော်-ဤပုဂ္ဂိုလ်သည် ငါက ချမ်းသာပါစေဟု တောင့်တသော်လည်း သူချမ်းသာ စရာ အကြောင်းကံရှိမှ ချမ်းသာမည်။ ငါက ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု တောင့်တ သော်လည်း သူလွတ်စရာ အကြောင်းကံ ရှိမှ လွတ်မည်။

ငါက ဤစည်းစိမ် ချမ်းသာမှ မဆုတ်ယုတ်ပါစေနှင့်ဟု တောင့်တ ငြားသော်လည်း သူ မဆုတ်ယုတ်စရာ အကြောင်းကံရှိမှ မဆုတ်ယုတ်မည်။ ငါ တောင့်တ၍ ဖြစ်နိုင်သာ မဟုတ်။ သူ့ကံရှိမှဖြစ်သည်။ သူ့မှာ ကံသာလျှင် အပြုအပြင် အစီအရင်ရှိသည်။ ကံသာလျှင် ကိုးကွယ်မှီခိုရာ ဥစ္စာရှိသည်။

ကမ္မဿကာတည်းဟု စိတ်ထဲ၌ ချမ်းသာစေလိုသော ဒုက္ခမှ လွတ်စေလိုသော စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် စေလိုသော ကြောင့်ကြစိုက်ခြင်း ဗျာပါရကို ရုပ်သိမ်း၍ လျစ်လျူ၊ ဥပေက္ခာသဘောနှင့် ဆင်ခြင် ကြည့်ရှုလိုက်လျှင် ဈာန် စိတ်ထဲ၌ သုခဝေဒနာ မဟုတ်ဘဲ ဥပေက္ခာဝေဒနာဖြစ်၍ ဧကဂ္ဂတာနှင့်တကွ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန် အပ္ပနာဝီသိ ကျလာ၏။ ပဉ္စမဈာန်ကို ရ၏။ ထိုပဉ္စမဈာန်ကို အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော်နိုင်အောင် ပြုအပ်၏။

တပည့်တို့ - အောက် ဗြဟ္မဝိဟာရတို့ဖြင့် စတုတ္ထဈာန်ကို ရပြီး၍ အထက် ပဉ္စမဈာန်ကို ဖြစ်စေလို သောအခါ ဤကဲ့သို့ စိတ်ထဲ၌ သတ္တဝါတို့ကို ချမ်းသာအောင် စသည်ဖြင့် ကြောင့်ကြစိုက်ခြင်း ဗျာပါရကို ရုပ်သိမ်း၍ သူ့မှာ ကံသာလျှင် အပြုအပြင် အစီအရှင် ကိုးကွယ်ရာ ဥစ္စာရှိသည်။ ကမ္မဿကာတည်းဟု လျစ်လျူ ဥပေက္ခာဖြင့် ဆင်ခြင် ကြည့်ရှုသာကို ဥပေက္ခာ ဗြဟ္မဝိဟာရကို ပွားသည်ဟု ခေါ်သည်။ ဥပေက္ခာ ဗြဟ္မဝိဟာရကို ပွားများသာဟူ၍ မှတ်ကြ။

ဥပေက္ခာကို ပွားများရမည် ဆိုတယ်လို့ သတ္တဝါကို ဟို-တောထဲမှာ ရှိနေသို့ မြက်မှိုက် ထင်းချောင်း တုတ်ခနောင်းတို့လို အမှတ်မရဘဲ အာရုံမပြုဘဲ မေ့လျော့နေတာမျိုး မဟုတ်ဘူး အမှတ်မရတဲ့ နှလုံးမသွင်း အာရုံမပြု မေ့လျော့နေတဲ့ အနာရမ္မဏ ဥပက္ခာမျိုး မဟုတ်ဘူး။ အောက် ဗြဟ္မဝိဟာရ စတုတ္ထ ဈာန်စိတ် သက်ဝင်စွဲတွယ်၍ နေတဲ့ ထိုပုဂ္ဂိုလ်ကိုပင်လျှင် စိတ်နှင့် စွဲတွယ်သက်ဝင်၍ အာရုံပြု၍ နေရသည်၊

စိတ်ထဲမှာသာ ချမ်းသာခြင်း စသည် ဖြစ်စေလိုခဲ့ ရေကြောင့်ကြစိုက်ခြင်း ဗျာပါရ မျှကိုသာ ရုပ်သိမ်း ရသည်။ ကမ္မဿကာ အနေနှင့် ကြောင့်ကြစိုက်ခြင်း ဗျာပါရကို ရုပ်သိမ်း၍ ထိုပုဂ္ဂိုလ်ကိုပင်လျှင် လျစ်လျူ ဥပေက္ခာစိတ်နှင့် ကြည့်ရှု၍ အာရုံပြု၍ စွဲတွယ်၍ နေရသည်၊

ဤ ဥပေက္ခာ ဗြဟ္မဝိဟာရမှာ ကုသိုလ်ရရုံ ပွားများမှုဟူ၍ မရှိ၊ အောက်ဗြဟ္မဝိဟာရ စတုတ္ထဈာန်ကို မရဘဲ သတ္တဝါတို့ကို သူ့ကံနှင့်သူလေ ကမ္မဿကာတွေတည်း ဟု ရှုလို့ ကုသိုလ် မဖြစ်၊ အကုသိုလ် လည်း မဖြစ်၊ ဟို-တောထဲမှာနေတဲ့ မြက်မှိုက် ထင်းချောင်း တုတ်ခနောင်းတို့ကို လျစ်လျူရှုတဲ့ အနာရမ္မဏ ဥပေက္ခာမျိုးတည်း။ ၄။

ဥပေက္ခာဗြဟ္မဝိဟာရ ပွားများပုံ ပြီး၏။

မေတ္တာ၏ အကျိုးအာနိသင်

တပည့်တို့ - မေတ္တာကို ပွားများသော သူတို့အား ကရုဏာ မုဒိတာ ဥပေက္ခာ တို့သည် အထူး များစွာ အားမထုတ်ရဘဲ အလိုလို ပြည့်စုံလာကြတော့၏။ ထို့ကြောင့် မေတ္တာကိုသာလျှင် ရှေးဦးစွာ ပွားများ အားထုတ်အပ်၏၊ အားထုတ် ရာ၏။

ဤမေတ္တာ၏ အကျိုးအာနိသင်သည် အလွန်များပြား၏၊ ကြီးမား မြင့်မြတ်၏။ ဘဝသမ္ပတ္တိ အကျိုး ပေးသန်သော ကောင်းသော ကံတကာထဲတွင် ဤမေတ္တာကံ သည် အထွဋ်အမြတ်ဆုံး အသာဆုံး တည်း။ မေတ္တာကံကို တုပြိုင်နိုင်သော ကံဟူ၍ မရှိ။

အနုဿတိထဲတွင် ဗုဒ္ဓါနုဿတိကံလည်း ဘဝသမ္ပတ္တိ အကျိုးပေးသန်၏၊ ကြီးမား မြင့်မြတ်၏။ ထို့ကြောင့် ဘဝများစွာ နေရအုံးမည့် ဘုရားဖြစ်လိုသို့ ဘုရားဆုပန် ပုဂ္ဂိုလ်များမှာ အထူးအားဖြင့် ဤဗုဒ္ဓါနုဿတိ မေတ္တာ နှစ်ပါးကို လက်ကိုင်ထားရာ၏၊ ပွားများရာ၏။ မေတ္တာကို ပွားများလျှင် ကြွင်းသော ဗြဟ္မဝိဟာရတို့လည်း ပါ၍ လိုက်တော့၏။

တပည့်တို့ - မေတ္တာ၏ အကျိုးအာနိသင် များပြားပုံ ကြီးမား မြင့်မြတ်ပုံတို့ကို ဘုန်းကြီးတပည့် သံဃသောဘဏ အသင်းများ ဘုန်းကြီး ဟောကြားသော အတိုင်း မှတ်သား၍ ရေးသားထုံးဖွဲ့ အပ်သော ဓမ္မရာသီကျမ်းမှာ အကျယ်ဝိတ္ထာရ ရှိသည်။ ကြည့်ရှု သိမှတ်ကြလေ။ တပည့်တို့ - မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ နေစဉ် အခါ ရဟန်းတို့ကို ခေါ်တော်မူ၍ –

အစ္ဆရာသင်္ဃာတမတ္တမ္ပိ စေ ဘိက္ခဝေ ဘိက္ခု၊ မေတ္တံ စေတောဝိမုတ္တိံ ဘာဝေတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဘိက္ခု အရိတ္တဈာနော ဝိဟရတိ။ သတ္ထုသာသနကရော ဩဝါဒပဋိကရော အမောဃံ ရဋ္ဌိဏ္ဍံ ဘုဉ္ဇတိ၊ ကော ပန ဝါဒေါ ယေန ဗဟုလီကရောတီတိ။
ဟူ၍ ဧကင်္ဂုတ္တရ ပါဠိတော်၌ ဟောတော်မူပေ၏၊
ကြွင်းသော ဗြဟ္မဝိဟာရ တို့ကိုလည်း ဤနည်းတူပင် ဟောတော်မူ၏။

ထို့ကြောင့် သင် တပည့်တို့သည် အကောင်းဆုံးကိုလည်း မြင်ရအောင် --

ဈာန် တရားနှင့် မကင်းဆိတ်ဘဲ နေသောသူ, ဘုရားရှင်၏ သာသနာကို ထမ်းရွက် ပြုကျင့်သောသူ ဘုရားရှင်၏ အဆုံးအမကို လိုက်နာပြုကျင့်သောသူ တိုင်းသူ ပြည်သား လူအများတို့ လှူသောဆွမ်း ပစ္စည်းလေးပါးကို အကျိုးမဲ့ အချည်းနှီး မဖြစ်စေဘဲ များစွာ အကျိုးကြီးမြတ် ဖွံ့ဖြိုးစေ၍ သုံးစွဲ စားသောက်သော သူလည်း ဖြစ်ကြရအောင် ယခု ငါဆရာ ဟောကြားခဲ့ပြီးသော နည်းလမ်းအတိုင်း ဤ ဗြဟ္မဝိဟာရတို့ကို ကြိုးစား၍ ပွားများကြ၊ ကြိုးစား၍ အားထုတ်ကြ။

ဤအစ္ဆရာသင်္ဃာတ မေတ္တသုတ်၌ မေတ္တံ စေတော ဝိမုတ္တိံ ဟူသော ပုဒ်ကို-

“စေတောဝိမုတ္တိံ၊ စေတောဝိမုတ္တိ ဟု ခေါ်ဆိုအပ်သော။
မေတ္တံ ၊မေတ္တာ တရားကို။
စေ ဘာဝေတိ၊ အကယ်၍ ပွားများစေအံ့”ဟု အနက်ပေး။

အကြွင်း ကသိဏသုတ်နှင့် တူပြီ။

ဣတိ ဗြဟ္မဝိဟာရဘာဝနာနယော။

ဗြဟ္မဝိဟာရ ဘာဝနာနယော၊ ဗြဟ္မဝိဟာရကို ပွားများ အားထုတ်ပုံ ဘာဝနာ နည်းသည်။
ဣတိ၊ ဤတွင်ပြီးပြီ။

ဗြဟ္မဝိဟာရပွားများနည်း ပြီး၏။

အာရုပ္ပကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို ပြခြင်း

၁။ အာကာသာနဉ္စာယတန ဈာန်

၁။ တပည့်တို့ - အာရုပ္ပလေးပါးကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်း တို့ဖြင့် ပဉ္စမဈာန်ကိုရ၍ ထက်သန်အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော် နိုင်အောင်ပြုပြီး၍ ထို ကသိုဏ်းဟူသော ရုပ်တရားကို၎င်း၊ ထိုရုပ်တရားလျှင် အာရုံရှိသော ရူပဈာန်ကို၎င်း၊ အောက်ကျ သေးသည် ညံ့ဖျင်းသေးသည်ဟု အပြစ်မြင်၍ မုန်း၍ အထက် အရူပဈာန်ကို သိမ်မွေ့မွန်မြတ်၏၊ ကောင်း၏ဟု နှစ်သက်ချစ်ခင် လိုချင်တောင့်တ၍ ထိုအထက် အရူပ အာကာသာနဉ္စာယတန ဈာန်ကို ဖြစ်စေလို ရလိုသောအခါ --

အာကာသ ကသိုဏ်းမှ ကြွင်းသော ကသိုဏ်း ကိုးပါးတို့တွင် တပါးပါးကို အာရုံပြု၍ ပဉ္စမဈာန်ကို ဝင်စား၍ ဈာန်မှ ထပြီးလျှင် ထို ကသိုဏ်းဝန်းကိုပင်လျှင် အာရုံပြု၍ မျက်နှာရှေ့၌ ခင်းဖြန့်ထား၍ ထိုကသိုဏ်းဝန်းကို စေ့စေ့စပ်စပ် ကြည့်၍ ဤနေရာ၌ ကသိုဏ်းဝန်းမဟုတ် မရှိ၊ “ကောင်းကင် ဟင်းလင်းတည်း, ကောင်းကင် ဟင်းလင်းတည်း”ဟု ကသိုဏ်းကို နှလုံးမသွင်းဘဲ ကောင်းကင် ဟင်းလင်းအနေနှင့် အဖန်ဖန် နှလုံးသွင်း၍ ရှုလိုက်သည် ရှိသော် ကသိုဏ်းဝန်း ကွယ်ပျောက်၍ ထိုကသိုဏ်းဝန်းနေရာ ဟင်းလင်း ကောင်းကင်ကွက် ဖြစ်၍ထင်၏။

ဥပမာမှာ ပြုတင်းပေါက်ကို ပုဝါကားကျက်၍ ဆီးတား၍ ကြည့်ရှု၍ နေဆဲ၌ လေတိုက်၍ ပုဝါလွင့်ကျသွားသဖြင့် ပုဝါနေရာ၌ ဟင်းလင်း ကောင်းကင်ကွက်ဖြစ်၍ ထင်မြင်ရဘိသကဲ့သို့တည်း။

ဤကောင်းကင်ကွက်ကို ကသိုဏ်းကိုခွါ၍ ကွယ်ပျောက်စေ၍ ရအပ်သော ကောင်းကင်မို့ ကသိဏုဂ္ဃာဋိမ ကောင်းကင်ဟု ခေါ်၏။ ဤကသိဏုဂ္ဃာဋိမာကာသကို ကောင်းကင်ကို ဥပါဒ် ဘင် ဟူသော အစအဆုံး မရှိသော “ကောင်းကင် ဟင်းလင်း ကောင်းကင်ဟင်းလင်း”ဟုစိတ်ထဲကမှတ်၍ အဖန်ဖန် ကြည့်ရှု၍ နေသည်ရှိသော် ဥပေက္ခာ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန် အပ္ပနာ ဝီထိကျလာ၏။

ဤပဉ္စမဈာန်ကို ကသိုဏ်းဟူသော ရုပ်တရားကို မုန်းသော လွန်မြောက်သော အာရုံမပြုသော ဈာန်မို့ အရူပဈာန်ဟု ခေါ်၏။ ဥပါဒ် ဘင် ဟူသော အစအဆုံး မရှိသော ကောင်းကင်လျှင် တည်ရာ မှီတွယ်ရာ အာရုံ ရှိသောကြောင့် အာကာသာနဉ္စာယတနဈာန် ဟူ၍လည်း ခေါ်၏။

ဤ အာကာသာနဉ္စာယတန အရူပဈာန်သည်ပင်လျှင် အာကာသာနဉ္စာယတန အာရုပ္ပ မည်၏။ ပဌမရအပ် ရောက်အပ်သော အရူပဈာန်မို့ ပဌမာရုပ္ပဈာန် ဟူ၍လည်း ခေါ်၏။

၂။ ဝိညာဏဉ္စာယတန ဈာန်

၂။ ဤပဌမာရုပ္ပဈာန်ကို ထက်သန် အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက် ဒုတိယာရုပ္ပဈာန်ကို တက်လို ဖြစ်စေလိုသောအခါ အောက်ဈာန်ထက် အထက်ဈာန် သာလွန်မြင့်မြတ်၏၊ ကောင်း၏ ဟု အောက်ဈာန်ကို မုန်း၍ အထက်ဈာန်ကို ချစ်ခင်လိုချင်၍ ဤ ကသိဏုဂ္ဃာဋိမ ကောင်းကင်ကို အာရုံပြု၍ ပဌမာရုပ္ပဈာန်ကို ဝင်စား၍ ဈာန်မှထပြီးလျှင် ထိုယခုဝင်စား၍ ဖြစ်၍ ချုပ်လေပြီးသော အတိတ် ပဌမာရုပ္ပဈာန် စိတ်ဝိညာဏ်ကို ဥပါဒ် ဘင် အစအဆုံးမရှိတဲ့ ကောင်းကင်ကို အာရုံပြုသော “ဝိညာဏ် ဝိညာဏ်”ဟု စိတ်ထဲက မှတ်လျက် အဖန်ဖန် ကြည့်ရှုသည်ရှိသော် ဥပေက္ခာ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန်ဇော အပ္ပနာဝီထိ ကျလာ၏။ အရူပ ပဉ္စမဈာန်ကို ရ၏။

ဤဈာန်ကို အနန္တကောင်းကင်ကို အာရုံပြု၍ ဖြစ်သဖြင့် အနန္တမည်သော ပဌမာရုပ္ပ ဝိညာဏ်လျှင် တည်ရာ မှီတွယ်ရာ အာရုံရှိခြင်းကြောင့် ဝိညာဏဉ္စာယတနဈာန်ဟု ခေါ်၏။ နှစ်ကြိမ်မြောက် ရအပ် ရောက်အပ်သော အရူပဈာန်မို့ ဒုတိယာရုပ္ပ ဈာန်ဟူ၍လည်း ခေါ်၏။

တပည့်တို့ - နီဝရဏကင်း၍ စိတ်ဉာဏ် ကြည်သောအခါမူကား မိမိ၏ စိတ်ဖြစ်နေပုံကို လင်းလင်းခြင်းခြင်း ထင်မြင်ရသည်။ စိတ်တွေဟု ရှေ့စိတ် နောက်စိတ် အဆက်အစပ် အလွန် စေ့လျက် အလွန်မြန်စွာ ဖြစ်နေကြသာ ဖြစ်ခြင်းကြောင့် ညဉ့်အခါ မီးစကို ယမ်းရာ၌ကဲ့သို့ အတောင့်ကြီး အတန်းကြီးကဲ့သို့ ထင်မြင်ရသည်။

ထိုပဌမာရုပ္ပဝိညာဏ် ချုပ်၍ သွားပြီးငြားသော်လည်း ဝင်စား၍ နေစဉ်အခါက ကောင်းကင် ဟင်းလင်းကွက်ကို ချပ်ပြား အုန်းပတီးကုံးတောင့်ကြီးနှင့် တန်းပြီး ထိုးထားဘိသကဲ့သို့ အာရုံပြု၍ စွဲတွယ်၍ မတုန်မလှုပ် ငြိမ်သက်စွာ တန်းပြီးဖြစ်၍ နေပုံအတိုင်းကို ဤ ဒုတိယာရုပ္ပဝိညာဏ်က လင်းလင်းခြင်းခြင်း ထင်မြင်၍ အာရုံပြု၍ စွဲတွယ်၍ ဖြစ်သည်။

၃။ အာကိဉ္စညာယတန ဈာန်

၃။ ဤဒုတိယာရုပ္ပဈာန်ကို ထက်သန် အားကောင်း မြဲမြံခိုင်ခံ့ ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက် တတိယာရုပ္ပဈာန်ကို တက်လို ဖြစ်စေလိုသောအခါ အောက် ဈာန်ထက် အထက်ဈာန် သာလွန် မြင့်မြတ်၏။ ကောင်း၏ဟု။ အောက်ဈာန်ကို မုန်း၍ အထက်ဈာန်ကို ချစ်ခင် လိုချင်၍ ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြု၍ ဒုတိယာရုပ္ပဈာန်ကို ဝင်စား၍ ဈာန်မှထပြီးလျှင် ယခု ငါ အာရုံ ပြုအပ်သော ကောင်းကင်ကွက်၌ တန်းပြီးဖြစ်နေတဲ့ ဤပဌမာရုပ္ပဝိညာဏ်သည် “မရှိဘူး မရှိဘူး”ဟု ကသိုဏ်းကို ခွါရာ၌ကဲ့သို့ ထိုဝိညာဏ်ကို မရှိအောင် ပျောက်အောင် နှလုံးသွင်း၍ ရှူလိုက် ဖျောက်ဖျက်လိုက်သည် ရှိသော် ကောင်းကင်ကွက်၌ တန်းပြီးဖြစ်နေတဲ့ ထိုပဌမာရုပ္ပ ဝိညာဏ် တန်းကြီးကို မြင်နေရာက မမြင်ဘဲ ဖြစ်၍သွား၏။

ကောင်းကင်ကွက်ထဲ၌ ပဌမာရုပ္ပ ဝိညာဏ်တန်းကြီး မရှိဘဲ ဖြစ်၍ သွား၏။ ကောင်းကင်ကွက်ထဲ၌ ထိုပဌမာရုပ္ပ ဝိညာဏ်၏ မရှိသည်ကိုသာ မြင်လေတော့၏။ ဥပမာမှာ - သိမ်အပြင်၌ သံဃာ အစည်းအဝေးကို မြင်ပြီး၍ တပိုတပါး ခဏသွားစဉ် သံဃာ အစည်းအဝေးပျက်၍ ထသွားကြပြီး နောက်မှရောက်လာ၍ ကြည့်လတ်သော် သိမ်အပြင်၌ သံဃာကို မမြင်ဘဲ သံဃာ မရှိသည်ကိုသာ မြင်လေဘိသကဲ့သို့တည်း။

ထိုအခါ ထိုပဌမာရုပ္ပ ဝိညာဏ်၏ မရှိခြင်း အဘာဝပညတ်မျှကို အာရုံပြု၍ “နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စိ” “ပဌမာရုပ္ပဝိညာဏ် အနည်းငယ်မှ မရှိဘူး၊ အနည်းငယ်မှ မရှိဘူး” ဟု စိတ်ထဲက မှတ်လျက် ထိုမရှိခြင်း အဘာဝကို အဖန်ဖန် နှလုံးသွင်းလတ် ကြည့်ရှုလတ်သော် ဥပေက္ခာ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန်ဇော အပ္ပနာဝီထိ ကျလာ၏။ အရူပ ပဉ္စမဈာန်ကို ရ၏။

ဤဈာန်ကို ပဌမာရုပ္ပ ဝိညာဏ်၏ အနည်းငယ် စိုးစဉ်းမျှမရှိခြင်း အဘာဝပညတ်လျှင် တည်ရာ မှီတွယ်ရာ အာရုံရှိခြင်းကြောင့် အာကိဉ္စညာယတနဈာန်ဟု ခေါ်၏။ သုံးကြိမ်မြောက် ရအပ် ရောက်အပ်သော အရူပဈာန်မို့ တတိယာရုပ္ပဈာန် ဟူ၍လည်း ခေါ်၏။

၄။ နေဝသညာ နာသညာယတန ဈာန်

၄။ ဤ တတိယာရုပ္ပဈာန်ကို ထက်သန် ခိုင်ခံ့ ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက် စတုတ္ထာရုပ္ပဈာန်ကို တက်လို ဖြစ်စေလိုသောအခါ အောက်ဈာန်ထက် အထက်ဈာန် သာလွန် မြင့်မြတ်၏ ကောင်း၏ဟု အောက်ဈာန်ကို မုန်း၍ အထက်ဈာန်ကို ချစ်ခင် လိုချင်၍ ပဌမာရုပ္ပ ဝိညာဏ်၏ မရှိခြင်း အဘာဝပညတ်ကို အာရုံပြု၍ တတိယာရုပ္ပ ဈာန်ကို ဝင်စား၍ ဈာန်မှထပြီး လျှင် ထိုယခု ဝင်စား၍ ဖြစ်၍ ချုပ်လေပြီးသော အတိတ် တတိယာရုပ္ပဈာန် စိတ်ဝိညာဏ်ကိုပင်လျှင် ဤဝိညာဏ်သည် “အလွန် သိမ်မွေ့ငြိမ်သက်၏ သိမ်မွေ့ ငြိမ်သက်၏”ဟု စိတ်ထဲက မှတ်လျက် အာရုံပြု၍ အဖန်ဖန် နှလုံးသွင်းလတ် ကြည့်လတ်သည်ရှိသော် ဥပေက္ခာ ဧကဂ္ဂတာ ဈာန်အင်္ဂါ နှစ်ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန်ဇော အပ္ပနာဝီထိ ကျလာ၏၊၊ အရူပပဉ္စမဈာန်ကို ရ၏။

ဤဈာန်ကို ပျောက်သလောက်နီးနီး အလွန် သိမ်မွေ့၍ သွားသဖြင့် ရုန့်ရင်းသော သညာကား မရှိ၊ အလွန်သိမ်မွေ့သော သညာမျှသာ ရှိခြင်းကြောင့် နေဝသညာ နာသညာယတနဈာန်ဟု ခေါ်၏၊ လေးကြိမ်မြောက် ရအပ် ရောက်အပ်သော အရူပဈာန် ဖြစ်ခြင်းကြောင့် စတုတ္ထာရုပ္ပဈာန် ဟူ၍လည်း ခေါ်၏။ ဤဈာန်ကိုလည်း ထက်သန်အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော်နိုင်အောင် ပြုအပ်၏။

ဈာန်သမာပတ် နိရောဓသမာပတ် ဝင်စားပုံ

တပည့်တို့ - ရူပဈာန်က စတုက္ကနည်းအားဖြင့် လေးပါး ဤအရူပဈာန်က လေးပါး ဤဈာန်ရှစ်ပါးကို နီဝရဏစသော ဘေးရန်တို့မှ ကင်းစင် ကျွတ်လွတ်ခြင်းကြောင့် ဝိမောက္ခ ရှစ်ပါးဟူ၍လည်း ခေါ်သည်။ ဝင်စားအပ်ခြင်းကြောင့် သမာပတ် ရှစ်ပါး ဟူ၍လည်း ခေါ်သည်၊ ဤသမာပတ် ရှစ်ပါး ထဲကို နိရောဓ သမာပတ်ကို ထည့်သွင်းလျှင် သမာပတ် ကိုးပါးဖြစ်၏။ ဤကိုးပါးသော သမာပတ်ကို အစဉ်အတိုင်း ဝင်စားအပ်သော အနုပုဗ္ဗဝိဟာရ သမာပတ် ကိုးပါးဟူ၍ ခေါ်၏၊

ဤသမာပတ် ကိုးပါးကို ကာမရာဂ ကင်းစင်ပြီးသော ရုပ်ရှိသော အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ် နှစ်ဦးတို့မှသာလျှင် ဝင်စားနိုင်၏။

ဝင်စားပုံကား -

ရှေးဦးစွာ ပဌမဈာန်ကို တခဏမျှ ဝင်စား၍ ဈာန်မှထပြီးလျှင် ထိုပဌမဈာန်ကို အနိစ္စ ဒုက္ခ အနတ္တဟု တိလက္ခဏာ တင်ရှူအပ်၏။ ပြီးလျှင် ဒုတိယဈာန်ကို ဝင်စား၍ ဈာန်မှထ၍ ဤဒုတိယ ဈာန်ကိုလည်း ရှေးနည်းတူ တိလက္ခဏာ တင်ရှူအပ်၏။ ဤနည်းတူ အစဉ်အတိုင်း အာကိဉ္စညာယတန သမာပတ်ကိုင်အောင် သမာပတ် ခုနစ်ပါးလုံးကို ဝင်စား၍ တိလက္ခဏာ တင်ရှူ ပြီးသောအခါ နိရောဓ သမာပတ် ဝင်စားရာမှ ထ၍ ကတိုက်ကရိုက် စုတိစိတ်များ ကျမသွားရအောင် စုတိစိတ် ကျမည့်အခါများ ဝေးသေး၏လားဟု ကြည့်မျှော်၍ မိမိအလိုရှိသလောက် ကာလကို မှန်းထား၍ --

ဘယ်အခါကျလျှင် ထနိုင်စေသတည်း။
ထိုကာလအတွင်းမှာလည်း ဘုရားရှင် ခေါ်လျှင်လည်း ထနိုင်စေသတည်း။
သံဃာကိစ္စရှိ၍ ငါ့ကို တောင့်တ မြှော်လင့်လျှင်လည်း ထနိုင်စေသတည်း။
ငါ၏ သပိတ် ပရိက္ခရာ ပစ္စည်း ဘဏ္ဍာတို့ သည်လည်း ဘာတစုံတခုကြောင့်မှ မပျက်စီးနိုင် စေသတည်း

ဟု ဓိဋ္ဌာန်ခြင်း ပုဗ္ဗကိစ္စကို ပြုပြီးလျှင် နေဝသညာ နာသညာယတန သမာပတ်ကို ဝင်စားအပ်၏၊

ထိုသမာပတ် ဈာန်ဇော တကြိမ် နှစ်ကြိမ်လောက် ကျပြီးလျှင် စိတ်မဖြစ်လာဘဲ စိတ်အစဉ်ပြတ်၍ ချုပ်၍ မိမိမှန်းထားသမျှ ကာလအတွင်း စိတ်စေတသိက် မရှိဘဲ ရုပ်ချည်းသက်သက် ဖြစ်၍ နေလေတော့၏၊ ဤကဲ့သို့ စိတ် စေတသိက် ချုပ်ခြင်းသို့ ဆိုက်ရောက်၍ နေသည်ကို နိရောဓ သမာပတ် ဝင်စားသည်ဟု ခေါ်၍ ထချိန် ကျသောအခါ နိဗ္ဗာန်ကို အာရုံပြုလျက် ဖိုလ်စိတ် ဖြစ်ပေါ်လာ၍ နိရောဓသမာပတ်မှ ထ၏။

ဤကဲ့သို့ ဓိဋ္ဌာန်၍ နိရောဓသမာပတ် ဝင်စား၍ နေသော ပုဂ္ဂိုလ်ကို တတ်နိုင်လျှင် အမြောက်နှင့်ပစ် မလဲတော့ပြီ၊ မီးနှင့်ရှို့ မလောင်တော့ပြီ၊ သူနေသော ကျောင်းကိုတောင် ပျက်စီးအောင် မီးလောင်အောင် မတတ်နိုင်တော့ပြီ၊ ပစ္စည်း ဘဏ္ဍာ ပရိက္ခရာနှင့်တကွ ကာယသိဒ္ဓိ ပြီးစီး၍ နေလေတော့၏၊ မဓိဋ္ဌာန်လျှင် သူသာပြီးစီး၏၊ ပရိက္ခရာ ဘဏ္ဍာ မပြီးစီးပြီ။

ဤကား အနုပုဗ္ဗဝိဟာရ သမာပတ်ကိုးပါးကို ဝင်စားပုံတည်း။

ဈာန်၏ အကျိုးအာနိသင်

တပည့်တို့ - ဤသမာပတ် ရှစ်ပါးတို့တွင် ရူပစတုတ္ထဈာန်ကို ရသော ပုဂ္ဂိုလ်သည် ဤနာမ် ရှိခြင်းကြောင့် စိုးရိမ်ပူပန်ရ ဒုက္ခရောက်ရသည်။ နာမ်မရှိဘဲ ရုပ်ချည်း သက်သက် နေရလျှင် ဘာကိုမှ မသိရဘဲ အေးအေးချမ်းချမ်း နေရ၏။ ကောင်း၏ဟု တောင့်တ၍ နာမ်ကိုသာ အပြစ်မြင်၍ မုန်း၍ ရုပ်ကို အပြစ်မမြင်ဘဲ မမုန်းဘဲ ရုပ်နှင့် နေလိုသော စိတ်ဆန္ဒရှိလျက် ဈာန်မလျှောဘဲ စုတေခဲ့လျှင် နာမ်မရှိ ရုပ်သာ ရှိသော အသညသတ် ဗြဟ္မာ့ဘုံသို့ ရောက်၍ အသညသတ် ဗြဟ္မာ ဖြစ်ရ၏၊

ကမ္ဘာကြီးငါးရာ အသက်ရှည်၏။ ကမ္ဘာငါးရာ စေ့လျှင် စတုတ္ထဈာန် စေတနာကံကုန်၍ ထို အသညသတ် ဗြဟ္မာကောင် ရုပ်တုံးကြီး ကွယ်ချုပ် စုတေ၍ ရှေးကပြုဖူးသော ကာမ ကုသိုလ်ကံကြောင့် လူ့ဘုံ၌ ရုပ် နာမ်နှစ်ပါးစုံ ဖြစ်ပေါ်၍ လူဖြစ်ရပြန်၏။

ဤ အာရုပ္ပဈာန်ကိုရသော ပုဂ္ဂိုလ်သည်လည်း အကယ်၍ မိမိက ဤကိုယ်ခန္ဓာ ရုပ်ကောင်ကြီး ရှိလို့သာ အရိုက်ခံရ ဓားခုတ် လှံထိုးခံရ အနာပေါက်ရ ဖျားရ ဒုက္ခတွေ ရောက်ရသည်၊ ရုပ်မရှိဘဲ နာမ်ချည်းသက်သက်နေရလျှင် တစုံတခုမှ မထိခိုက်နိုင်ဘဲ အေးအေးချမ်းချမ်း နေရ၏၊ ကောင်း၏ဟု တောင့်တ၍ ရုပ်ကိုသာ အပြစ်မြင်၍ နာမ်ကိုအပြစ်မမြင်ဘဲ မမုန်းဘဲ နာမ်နှင့်နေလိုသော စိတ်ဆန္ဒ ရှိလျက် ဈာန်မလျှောဘဲ စုတေခဲ့လျှင် ရုပ်မရှိ နာမ်သာရှိသော အရူပ ဗြဟ္မာဘုံသို့ ရောက်၍ အရူပဗြဟ္မာ ဖြစ်ရ၏။

အထက်ဆုံး နေဝသညာနာသညာဘုံ၌ ကမ္ဘာကြီး ရှစ်သောင်း လေးထောင် အသက် ရှည်၏။ ကမ္ဘာအသက်တမ်း စေ့လျှင် စုတေ၍ ရုပ်နာမ်နှစ်ပါးစုံ ဖြစ်ပေါ်၍ ကာမဘုံ၌ ဖြစ်ရပြန်၏။

သို့ အကယ်၍ ပုဂ္ဂိုလ်က ထိုစတုတ္ထဈာန် အာရုပ္ပဈာန်တို့ကို ရငြားသော်လည်း နာမ်ကို မိမိ ကရဇရုပ်ကို မမုန်းဘဲ ထိုဘုံတို့ကို မတောင့်တငြားအံ့။ ထိုအသညသတ် အရူပဘုံတို့မှာ မဖြစ်၊ ရုပ်နာမ်နှစ်ပါး စုံသော ကြွင်းသော ဗြဟ္မာဘုံတို့၌သာ ဖြစ်၏။ ကာမဘုံမှာ ဖြစ်လိုလျှင်လည်း ဖြစ်၏။

တပည့်တို့ - ဤစကားရပ်စုဖြင့် ရူပဈာန်မှ အရူပဈာန်ကို တက်သောအခါ မိမိ၏ ကိုယ်ကောင် ရုပ်ခဲဟူသော ကရဇရုပ်ကို အပြစ်ရှူရ မုန်းရသာမျိုး မဟုတ်၊ အာရုံ ကသိုဏ်း ရုပ်နှင့်တကွ ရူပဈာန်က သာအောက်ကျသေးသည် ညံ့ဖျင်းသေးသည့်ဟု အပြစ်တင် ရှုရ မုန်းရသာတည်း ဟူသော အနက် အဓိပ္ပါယ်ကိုလည်း ပြ၏ သိစေ၏။

တပည့်တို့ - မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်၌ နေစဉ်အခါ ရဟန်းတို့ကို ခေါ်တော်မူ၍ –

အစ္ဆရာသင်္ဃာတမတ္တမ္ပိ စေ ဘိက္ခဝေ ဘိက္ခု အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ ဘိက္ခု အရိတ္တ ဈာနော ဝိဟရတိ သတ္ထုသာသနကရော ဩဝါဒပဋိကရော အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ၊ ကော ပန ဝါဒေါ ယေန ဗဟုလီ ကရောတီတိ။
ဟူ၍ ဧကင်္ဂုတ္တရ ပါဠိတော်၌ ဟောတော်မူပေ၏၊
ကြွင်းသော အာရုပ္ပတို့ကို လည်း ထိုနည်းတူပင် ဟောတော်မူပေ၏။

ထို့ကြောင့် သင် တပည့်တို့သည် အကောင်းဆုံးကိုလည်း မြင်ရအောင် ဈာန်တရားနှင့် မကင်းဆိတ်ဘဲ နေသောသူ, ဘုရားရှင်၏ သာသနာကို ထမ်းရွက်ပြုကျင့်သောသူ, ဘုရားရှင်၏ အဆုံးအမကို လိုက်နာ ပြုလုပ်သောသူ တိုင်းသူပြည်သား လူအများတို့ လှူသော ဆွမ်း ပစ္စည်းလေးပါး အကျိုးမကြီး အချည်းနှီး မဖြစ်စေဘဲ များစွာ အကျိုးကြီးမြတ် ဖွံ့ဖြိုးစေ၍ သုံးစွဲ စားသောက်သောသူ, ဝိမောက္ခရှစ်ပါး သမာပတ် ရှစ်ပါးတို့နှင့် ပြည့်စုံသောသူ ဖြစ်ကြရအောင် ရူပ စတုတ္ထဈာန်ကို ရပြီးလျှင် ဤ အာရုပ္ပကမ္မဋ္ဌာန်းတို့ ဈာန်တို့ကိုလည်း ယခု ငါဆရာ ဟောကြားခဲ့ပြီးသော နည်းလမ်း အတိုင်း ကြိုးစားပွားများကြ ဖြစ်စေကြ၊ ကြိုးစား၍ အားထုတ်ကြ။

ဤ အစ္ဆရာသင်္ဃာတ အာရုပ္ပသုတ်၌ အာကာသာနဉ္စာယတနံ ဟူသောပုဒ်ကို

“အာကာသာနဉ္စာယတနံ၊ အာကာသာ နဉ္စာယတနဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍ ဆိုက်ရောက်၍ ဝင်စား၍။
ဝိဟရတိ၊ အကယ်၍ နေအံ့” ဟု အနက်ပေး။

အကြွင်း ကသိဏသုတ်နှင့် တူပြီ။

ဣတိ အာရုပ္ပ ဘာဝနာနယော။

အာရုပ္ပ ဘာဝနာနယော၊ အာရုပ္ပကမ္မဋ္ဌာန်းကို ပွားများပုံ ဘာဝနာ နည်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

အာရုပ္ပဘာဝနာ ပွားများနည်း ပြီး၏။

အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်း ပွားများပုံကိုပြခြင်း

တပည့်တို့ - သညာနှစ်ပါးတို့တွင် အာဟာရေပဋိကူလသညာ ဟူသည်ကား စားသောက် မျိုသွင်း အပ်သော ကဗဠီကာရ အာဟာရ၌ စက်ဆုပ်ဖွယ်ရာဟု ကောင်းစွာ ထင်မြင်၍ တည်နေသော သညာကို ခေါ်သည်။

ထိုသညာကို ရလို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ ပွားများရာ၏။ တပည့်တို့ - ဥပမာ ဆိုသည်ရှိသော် ရှေးသောအခါ သားငယ်ကိုချီ၍ ကန္တာရခရီးကို သွားကြသော သမီးခင်ပွန်း နှစ်ဦးတို့သည် လမ်းခရီး၌ ရိက္ခာကုန်ပြတ်သဖြင့် ငါတို့အား အသက်ရှည်စွာ နေရလျှင် နောင်ခါ သားစားရလိမ့်မည်၊ ဤသားကိုသတ်၍ အသားကို စား၍ ရိက္ခာလုပ်၍ ကန္တာရကို လွန်မြောက်ကြအံ့ ဟု ကြံစည် တိုင်ပင်ကြ ပြီးလျှင် သားငယ်ကိုသတ်၍ သားငယ်၏ အသားကို စားကြကုန်၏၊ စား၍ ကန္တာရကို လွန်မြောက်ကြကုန်၏။

ထိုမိဘ နှစ်ဦးတို့ သား၏အသားကို စားကြရာ၌ --

  • ဤသား၏ အသားသည် ဇာတ်တူသား ဖြစ်ခြင်းကြောင့်၎င်း၊
  • ဆွေမျိုး၏ အသားဖြစ်ခြင်းကြောင့်၎င်း
  • ဆွေမျိုးမှာလည်း အဖျားမဟုတ် ကိုယ့်သားရင်း ဖြစ်ခြင်းကြောင့်၎င်း၊
  • အလွန် ချစ်လှစွာသော သား၏ အသားဖြစ်ခြင်းကြောင့်၎င်း၊
  • အလွန် သနားကြင်နာသော သား၏ အသားဖြစ်ခြင်းကြောင့်၎င်း၊
  • မီးမရှိ မဘုတ်မြိုက် မကင်ချက်ရဘဲ အစိမ်း ဖြစ်ခြင်းကြောင့်၎င်း၊
  • ကြမ်းကြုတ် ကြောက်မက်ဖွယ်သော လူသား ဖြစ်ခြင်းကြောင့်၎င်း၊
  • ဆားမရှိ ဆားမတို့ရခြင်း ကြောင့်၎င်း၊
  • တပါးသော အရသာ မဖက်စွက်ရခြင်းကြောင့်၎င်း

ဤသို့သော အကြောင်းတို့ကြောင့် အလွန် စက်ဆုပ်ဖွယ် ကောင်း၏။ အလွန်ပင် စက်ဆုပ်ကြ ရွံရှာကြ၏။ အနည်းငယ်မျှပင် ကောင်းသည် ကောင်းသည်ဟု နှစ်သက် သာယာခြင်း မဖြစ်ကြရှာ၊ နှစ်သက်သာယာခြင်း မရှိ၊ အလွန်စက်ဆုပ်လျက်နှင့်ပင် ကန္တာရခရီးမှ လွန်မြောက်ခြင်းငှါ စားကြ ရရှာ၏

တပည့်တို့ - ထိုသားငယ်၏ အသားကဲ့သို့ ထို့အတူ ဤစားသောက် မျိုသွင်း အပ်သော ကဗဠီကာရ အာဟာရသည်လည်း မိုဃ်းစွတ်မရှောင် နေပူမရှောင် ဘေးမရှောင် ရန်မရှောင် ဆင်းရဲငြိုငြင် ပင်ပန်း စွာ အရှာသွားရ သွား၍ရအောင် ရှာရသည့် အတွက်ကြောင့်လည်း အလွန် စက်ဆုပ်ဖွယ်ကောင်း၏

ရှာမှီးသဖြင့် ရ၍စားသောက်သော အခါလည်း ခံတွင်း၌ ဝါး၍ လျှာရည် တံထွေး ချွဲတို့ဖြင့် ရောလျက် ကောင်းသော အဆင်းသဏ္ဌာန် အနံ့တို့ ပျက်၍ ခွေးအန်ဖတ် ကဲ့သို့ ဖောက်ပြန်၍နေပုံ အခြင်းအရာအားဖြင့်လည်း ထိုအာဟာရသည် အလွန် စက်ဆုပ်ဖွယ်ကောင်း၏

ဝါးပြီးမျိုသော အခါလည်း သည်းခြေ သလိပ် သလိပ် ပုပ် ဟူသော ပြည် သွေး ဤလေးပါးသော အညစ်အကြေး အာသယတို့ဖြင့် ရောနှော လူးလဲအပ်ခြင်း ကြောင့်လည်း ထိုအာဟာရသည် အလွန် စက်ဆုပ်ဖွယ် ကောင်း၏

မျိုပြီး၍ အစာသစ်အိမ်သို့ ရောက်သောအခါလည်း ထိုအစာသစ် အိမ်သည် ဆေးကြော သုတ်သင်ခြင်းမရှိ ညစ်ထေး၍ နေသော ခွေးစာခွက် ကဲ့သို့ မွေးကတည်းက တရံတခါမျှ မဆေးကြော မသုတ်သင်ရဖူးသဖြင့် အလွန် စက်ဆုပ်ဖွယ် ကောင်းအောင် ညစ်ထေး၍နေ၏။ ဤကဲ့သို့ စက်ဆုပ်ဖွယ် ညစ်ထေး၍ နေသော တည်ရာ အစာသစ်အိမ် အတွက်ကြောင့်လည်း ထိုအစာ အာဟာရသည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏

အစာသစ်အိမ်သို့ ရောက်ပြီးသောအခါလည်း ဒွန်းစဏ္ဍားရွာနား တစီးတွင်းကဲ့သို့ သုံးဆယ့်နှစ်ပါးသော ပိုးမျိုး သံကောင်တွေဖြင့် ကျိကျိတက် ပြွမ်းလျက် ဓာတ်မီး ချက်အပ်သဖြင့် အမြှုပ် အပွက်ထလျက် အလွန် စက်ဆုပ်ဖွယ်သော အဆင်းအနံ့ ရှိလျက် ဖောက်ပြန်ကြေကျက်၍ နေ၏။ ဤကဲ့သို့ အစာသစ်အိမ် တွင်း၌ ဖောက်ပြန် ကြေကျက်လျက် တည်နေပုံ အခြင်းအရာအားဖြင့်လည်း ထို အစာအာဟာရသည် အလွန် စက်ဆုပ်ဖွယ် ကောင်း၏

အကယ်၍ မကြေကျက်ပြန်လျှင်လည်း ဝမ်းရောင်ခြင်း ရင်ပြည့်ခြင်း စသည်ကို ဖြစ်စေ၏။ ဤသို့ ဝမ်းရောင် ရင်ပြည့်ခြင်း စသည်ကို ဖြစ်စေတတ်သော အတွက် ကြောင့်လည်း ထိုအစာ အာဟာရသည် အလွန် စက်ဆုပ်ဖွယ် ကောင်း၏။ ကောင်းစွာ ကြေကျက်ပြီးလျှင်လည်း ရွှေငွေ စသော အဖိုးတန် နှစ်သက်ဖွယ် မဖြစ်၊ စင်စစ် အလွန်စက်ဆုပ်ဖွယ်သော ကျင်ငယ် ကျင်ကြီးသာ ဖြစ်လေ၏။ ဤသို့ ကျင်ငယ် ကျင်ကြီးဖြစ်၍ သွားခြင်းကြောင့်လည်း ထိုအစာအာဟာရသည် အလွန် စက်ဆုပ်ဖွယ် ကောင်း၏

ထိုအာဟာရထဲမှ ထွက်သော အဆီတို့သည်လည်း အဖိုးတန် နှစ်သက်ဖွယ် ဝတ္ထုကို မဖြစ်စေ၊ စင်စစ် စက်ဆုပ်ဖွယ်သော ဆံပင် အမွေး လက်သည်း ခြေသည်း သွား အရိုး ခြင်ဆီ စသော သုံးဆယ့်နှစ်ပါးသော အပုပ်မျိုးတို့ကိုသာ ဖြစ်စေ၏။ ယားနာ ပွေးနာ နှင်းခူနာ နူနာစသော အမျိုးမျိုးသော အနာ ရောဂါတို့ကိုလည်း ဖြစ်စေ၏။ ဤသို့ မကောင်း စက်ဆုပ်ဖွယ်သော အကျိုးကို ဖြစ်စေသော အတွက် ကြောင့်လည်း ထိုအစာအာဟာရသည် အလွန် စက်ဆုပ် ဖွယ်ကောင်း၏

ထိုအစာ အာဟာရကို ဝမ်းတွင်းသို့ မျိုသွင်းပြန်လျှင်လည်း တဖန် ပြင်ဘက်သို့ မထုတ်ရ မနေနိုင် ထုတ်ရပြန်၏၊ မိုဃ်းစွတ်မရှောင် နေပူ မရှောင် ဘေးမရှောင် ရန်မရှောင် ရှက်ရှက် ကြောက်ကြောက် ပုန်းကွယ်လျက် စက်ဆုပ်ပင်ပန်းစွာ စွန့်ထုတ်ရပြန်၏၊ ဤသို့ မနေတာဘဲ တဖန် စွန့်ထုတ်ရမှု အတွက်ကြောင့်လည်း ထိုအစာ အာဟာရသည် အလွန် စက်ဆုပ်ဖွယ် ကောင်း၏

ထိုအစာ အာဟာရ၏ အကျိုးဆက်သည် ကိုးပေါက်သော ဒွါရတို့မှ စက်ဆုပ်ဖွယ် ဝတ္ထုဖြစ်လျက် ယိုထွက်၏၊ ဤသို့ ကိုးပေါက်သော ဒွါရတို့မှ စက်ဆုပ်ဖွယ် ယိုထွက်စေသော အတွက်ကြောင့်လည်း ထိုအစာ အာဟာရသည် အလွန် စက်ဆုပ်ဖွယ် ကောင်း၏

ထိုအစာ အာဟာရသည် စားမည်ဟု ပြုသည်မှစ၍ ဒွါရကိုးပေါက်မှ ထွက်သည့်အခါ တိုင်အောင် ခွက်ကို၎င်း လက်ကို၎င်း ပါးစပ်ကို၎င်း ကိုယ်တွင်း တကိုယ်လုံးကို၎င်း ဒွါရကိုးပေါက်ဝကို၎င်း ညစ်ထပ် လိမ်းကပ် လူးလဲ၏၊ ဤသို့ လိမ်းကပ် လူးလဲမှု အတွက်ကြောင့်လည်း ထိုအစာ အာဟာရ သည် အလွန် စက်ဆုပ်ဖွယ် ကောင်း၏

ထိုအစာ အာဟာရသည် ခံတွင်းသို့ ရောက်ခါမျှဖြင့် ပင်လျှင် စိတ်ကို ညစ်နွမ်းစေ၏၊ တုန်လှုပ် ပျံ့လွင့်စေ၏၊ ဝမ်းတွင်းသို့ ရောက်လျှင်ကား ကိုယ်စိတ်နှစ်ပါးကိုပင် ထိုင်းမှိုင်း လေးလံခြင်း နုန့်ခြင်းကို ဖြစ်စေ၏၊ စိုးရိမ်ကြောင့်ကြခြင်းကိုလည်း ဖြစ်စေတတ်၏၊ အနာရောဂါ အမျိုးမျိုးတို့ကို ဖြစ်စေ၍ ပုဂ္ဂိုလ်ကို ဆင်းရဲ ပင်ပန်းစေ၏၊

အသက်ကိုသော်လည်း သေအောင်သတ်၏၊ သုက်-ဟူသော အန္တောဖောဋ္ဌဗ္ဗကို ဖြစ်စေ၍ စိတ်ကိုလည်း ညစ်နွမ်း တုန်လှုပ်စေ၏၊ ပူပန် ဆင်းရဲစေ၏၊ ဗြဟ္မစရိယ သီလကိုသော်လည်း ညှိုးနွမ်းအောင် ပျက်စီးအောင် ပြုတတ်၏မိစ္ဆာစာရ ဒုစရိုက်မှု ကိုလည်း ဖြစ်စေတတ်၏၊ ဤသို့သောအကြောင်း တို့ကြောင့်လည်း ထိုအစာ အာဟာရသည် အလွန် စက်ဆုပ် ရွံမုန်းဖွယ် ကောင်း၏ တပည့်တို့။

ထိုအစာ အာဟာရကို အကြောင်းပြု၍ အမျိုးမျိုးသော အနာရောဂါ ဆင်းရဲ ဝေဒနာတွေ ဖြစ်ရ၏၊ အမျိုးမျိုးသော အငြင်းအခုံ ခိုက်ရန် ဒေါသတွေ အကုသိုလ် ဒုစရိုက်တွေ ဘေးတွေ ရန်တွေ ဒုက္ခတွေ ဖြစ်ရ၏၊ ဤဖြစ်ဖြစ်သမျှ တို့သည် ထိုအာဟာရကြောင့် ဖြစ်တာချည်းပင်တည်း၊ အာဟာရ ဖြစ်စေသာ ချည်းပင်တည်း

တပည့်တို့ - ဆင်းရဲဒုက္ခ ဟူသမျှသည် ကြွင်း နာမ်အာဟာရ တို့နှင့်တကွ ဤ ကဗဠီကာရ အာဟာရကြောင့် ဖြစ်သာချည်းပင်တည်း။ လောက၌ ရှိရှိသမျှ အလုံးစုံသော ဘေးဒုက္ခတို့သည် ထိုအာဟာရလေးပါး တို့ကြောင့်သာလျှင် ဖြစ်ရကုန်၏။ ထိုအာဟာရတို့သည် အလုံးစုံသော ဘေးဒုက္ခတို့ကို ဖြစ်စေကြကုန်၏။ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည် -

ယံကိဉ္စိ ဒုက္ခံ သမ္ဘောတိ၊ သဗ္ဗံ အာဟာရပစ္စယာ။
အာဟာရာနံ နိရောဓေန၊ နတ္ထိ ဒုက္ခဿ သမ္ဘဝေါ။

ဟူ၍ သုတ္တနိပါတ် ပါဠိတော် ဒွယတာနုပဿနာသုတ်၌ ဟောတော်မူပေ၏။

ဘိက္ခဝေ=ရဟန်းတို့။
ယံကိဉ္စိ=အမှတ်မရှိ အလုံးစုံသော။
ဒုက္ခံ=ဘေးရန် ဒုက္ခဟူသမျှသည်။
သမ္ဘောတိ=ဖြစ်ပေါ်လာ၏။
တံ သဗ္ဗေ=ထိုဖြစ်ပေါ်လာသမျှသော အလုံးစုံသော ဘေးရန် ဒုက္ခသည်။
အာဟာရပစ္စယာ=အာဟာရ ဟူသော အကြောင်းကြောင့်။
သမ္ဘောတိ=ဖြစ်ပေါ်လာ၏။
အာဟာရာနံ=အာဟာရတို့၏။
နိရောဓေန=နောင်တဖန် မဖြစ်လာဘဲ အကြွင်းမဲ့ ချုပ်ခြင်းကြောင့်။
ဒုက္ခဿ=ဘေးရန်ဒုက္ခ ဟူသမျှ၏။
သမ္ဘဝေါ=ဖြစ်ပေါ်လာခြင်းသည်။
နတ္ထိ=မရှိပြီ။

တပည့်တို့ - ထိုကဗဠီကာရ အာဟာရသည် ဤကဲ့သို့ များစွာသော ဘေးရန် ဒုက္ခတို့ကို ဖြစ်စေတတ်သောကြောင့်လည်း အလွန် စက်ဆုပ် ရွံမုန်းဖွယ် ကောင်း၏

တပည့်တို့ - ဤ ဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ကြောင့် ထိုကဗဠီကာရ အာဟာရသည် အလွန် စက်ဆုပ် ရွံမုန်းဖွယ်ကောင်း၏၊ စက်ဆုပ် ရွံမုန်းဖွယ် ကောင်းငြား သော်လည်း အနာပျောက်ခြင်းငှါ အလွန်ခါးသော ဆေးခါးကြီးကို စားသောက် သုံးဆောင်ဘိကဲ့သို့၊ ကန္တာရကို လွန်မြောက်ခြင်းငှါ သား၏အသားကို စားရဘိ သကဲ့သို့၊ အသက်ရှည်၍ ဣရိယာပုထ်လေးပါး မျှတကျန်းမာ၍ ကိလေသာ အနာ ကင်းပျောက်ကြောင်း ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ် နိုင်ခြင်းငှါ၊ သံသရာ ကန္တာရ ခရီးခဲမှ လွန်မြောက်နိုင်ခြင်းငှါ ထိုကဗဠီကာရ အာဟာရကို စားသောက် မှီဝဲအပ်၏၊ စားသောက်မှီဝဲရာ၏၊ စားသောက် မှီဝဲရသည်

တပည့်တို့ - ဤအာဟာရေ ပဋိကူလသညာကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ဤယခု ဟောကြားခဲ့ပြီးသောအတိုင်း ထိုကဗဠီကာရ အာဟာရ၌ စက်ဆုပ် ရွံမုန်းဖွယ်သော အခြင်းအရာ စက်ဆုပ် ရွံမုန်းဖွယ်သော အကြောင်းတွေကို အဖန်ဖန် ဆင်ခြင် အောက်မေ့ရာ၏။ ဤသို့ ဆင်ခြင် အောက်မေ့ဖန် များသောအခါ စားပြီး စားဆဲ စားလတ္တံ့သော အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ သုံးပါး၌တည်သော ထိုကဗဠီကာရ အာဟာရသည် ထိုယောဂီပုဂ္ဂိုလ်၏ စိတ်ဉာဏ် သညာ၌ စက်ဆုပ်ဖွယ် ဖြစ်၍ ထင်၏၊

ထိုယောဂီ ပုဂ္ဂိုလ်၏ စိတ်ဉာဏ် သညာသည် ထိုကဗဠီကာရ အာဟာရ၌ စက်ဆုပ်ဖွယ် အဖြစ်ဖြင့် ကောင်းစွာ ထင်မြင်၍ တည်၏။ ထိုအခါ စိတ် ဉာဏ် အလွန် ထက်သန် ကြီးထွား၏၊ ကြည်လင်၏၊ တည်ကြည်၏၊ ဥပစာရဈာန်ကို ရ၏

ထိုယောဂီ ပုဂ္ဂိုလ်အား ရသတဏှာ လွန်စွာပါး၏၊ ကာမဂုဏ်ငါးပါးလုံး၌ တပ်နှစ် သက်သော တဏှာရာဂလည်း လွန်စွာပါးတော့၏။ အာဟာရကို စားသောက် မှီဝဲသော အခါလည်း ကန္တာရ ခရီးကြား သား၏အသားကို စားကြသော သူတို့ကဲ့သို့ နှစ်သက်သာယာခြင်း ကင်းလျက် သံသရာမှ လွတ်မြောက်ခြင်းငှါသာလျှင် စားသောက် မှီဝဲလေတော့၏၊ “အာဒီနဝဒဿာဝီ နိဿရဏပညော ပရိဘုဉ္ဇတိ” ဆိုသော အတိုင်း ကျလေတော့၏။

အာဟာရေ ပဋိကူလသညာ ပွားများပုံ ပြီး၏။

သဗ္ဗလောကေ အနဘိရတိသညာ ပွားများပုံကို ပြခြင်း

တပည့်တို့ - သဗ္ဗလောကေ အနဘိရတိသညာ ဟူသည်ကား သုံးဆယ့်တဘုံ အလုံး စုံသောလောက၌ နှစ်သက် ပျော်မွေ့ခြင်း မရှိ၊ ပျင်းမုန်း ငြီးငွေ့ဖွယ်ကိုသာ ကောင်းစွာထင်မြင်၍ တည်နေသော သညာကို ခေါ်သည်

ထိုသညာကို ရလို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင် ပွားများ ရာ၏။

  • သြော် ငါသည် အိုရခြင်းသဘော ရှိချေ၏၊ အိုရလိမ့်မည်၊ အိုခြင်းသဘောကို ငါမလွန်နိုင် ပါပြီတကား။
  • ဖျားနာရခြင်း သဘောလည်း ရှိချေ၏၊ ဖျားနာရလိမ့်မည်၊ ဖျားနာခြင်း သဘောကို ငါ မလွန်နိုင်ပါပြီတကား။
  • သေရခြင်းသဘောလည်း ရှိချေ၏၊ သေရလိမ့်မည်၊ သေခြင်း သဘောကို ငါ မလွန်နိုင်ပါပြီတကား။

သို့ ငါတယောက်တည်း သာလျှင် ဤကဲ့သို့ အိုခြင်း နာခြင်း သေခြင်းသဘော ရှိသည်မဟုတ်၊ သုံးဆယ့်တဘုံ အလုံးစုံသော လောကကြီး၌ ဖြစ်ဖြစ်သမျှသော အလုံးစုံသော သတ္တဝါတို့သည်လည်း အိုရခြင်းသဘော ရှိကြကုန်၏၊ အိုကြရ လိမ့်မည်၊ အိုခြင်းသဘောကို မလွန်နိုင်ကြကုန်၊

  • ဖျားနာရခြင်း သဘောလည်း ရှိကြကုန်၏၊ ဖျားနာကြရလိမ့်မည်၊ ဖျားနာရခြင်းသဘောကို မလွန်နိုင်ကြကုန်။
  • သေရခြင်း သဘောသည်လည်း ရှိကြကုန်၏၊ သေရလိမ့်မည်၊ သေခြင်းသဘောကို မလွန်နိုင်ကြပါပြီတကား။

အမိလည်း သားကို မကယ်နိုင်၊ သားလည်း အမိကို မကယ်နိုင်သို့ ဤအိုခြင်း နာခြင်း သေခြင်း ဟူသော အမာတာပုတ္တိက ဘေးကြီးတို့သည် အလုံးစုံသော လောက၌ သတ္တဝါတိုင်းကိုပင် ဖိစီးနှိပ်စက်၍ နေပါသည် တကားဟု အဖန်ဖန် ဆင်ခြင် အောက်မေ့လျက် -

ဥက္ခိတ္တာ ပုညတေဇေန၊ ကာမရူပဂတိံ ဂတာ။
ဘဝဂ္ဂတမ္ပိ သမ္ပတ္တာ၊ ပုန ဂစ္ဆန္တိ ဒုဂ္ဂတိံ။

တာဝ ဒီဃာယုကာ သတ္တာ၊ စဝန္တိ အာယုသင်္ခယာ။
နတ္ထိ ကောစိ ဘဝေါ နိစ္စော၊ ဣတိ ဝုတ္တံ မဟေသိနာ။

ဟူသော ဘုရားစကားတော်ကိုလည်း ပါဠိအနက် ရွတ်၍ အဖန်ဖန် ဆင်ခြင် အောက်မေ့အပ်၏။ ဆင်ခြင် အောက်မေ့ရာ၏။ ဤနှစ်ဂါထာ အနက်ကိုကား အောက် ရုပ်အနိစ္စပိုင်းက ပေးခဲ့ပြီ။

ထို့ပြင်လည်း --

  1. ပဋိသန္ဓေနေရခြင်း ဇာတိဘေး,
  2. အိုရခြင်း ဇရာဘေး,
  3. ဖျားနာရခြင်း ဗျာဓိဘေး,
  4. သေရခြင်း မရဏဘေး,
  5. အပါယ်လေးပါး၌ ဒုက္ခခံရခြင်း အပါယ ဒုက္ခဘေး,
  6. လွန်ခဲ့ပြီး အတိတ်ဘဝတို့က ဒုက္ခခံရသော အတီတဒုက္ခဘေး,
  7. နောင် အနာဂတ်၌ ခံရလတ္တံ့သော ဒုက္ခဟူသော အနာဂတဒုက္ခဘေး,
  8. ယခုပစ္စုပ္ပန်ဘဝ၌ စားရန် သောက်ရန် အစာအာဟာရကို ရှာမှီးရမှုအတွက်နှင့် ဒုက္ခခံရ ရောက်ရ သော အာဟာရ ပရိယေသန ဒုက္ခဘေး

ဤဘေးကြီး ရှစ်ပါးကို ကြောက်ရွှံ့ ထိတ်လန့်ဖွယ်သော အကြောင်း ဖြစ်ခြင်းကြောင့် သံဝေဂဝတ္ထု ရှစ်ပါးဟု ခေါ်၏။ ဤသံဝေဂဝတ္ထု ရှစ်ပါးတို့ကိုလည်း အဖန်ဖန် ဆင်ခြင် အောက်မေ့အပ်၏၊ အောက်မေ့ရာ၏။

အောက်ပါ ဆဲ့တပါးသော မီးတို့သည်လည်း သုံးဆယ့်တဘုံ အလုံးစုံသော လောက၌ ညီးညီးပြောင်ပြောင် တောက်လောင်၍ နေ၏

  1. ရာဂမီး
  2. ဒေါသမီး
  3. မောဟမီး
  4. ဇာတိမီး
  5. ဇရာမီး
  6. မရဏမီး
  7. စိုးရိမ်ခြင်း သောကမီး
  8. ငိုကြွေးမြည်တမ်းခြင်း ပရိဒေဝမီး
  9. ကိုယ်ဆင်းရဲခြင်းဒုက္ခမီး
  10. စိတ်ဆင်းရဲခြင်း ဒေါမနဿမီး
  11. သက်ကြီးရှိုက်တင် ပူပန်ခြင်း ဥပါယာသမီး

မဂ်ဖြင့် မပယ်ရသေးခြင်းကြောင့် ပုထုဇဉ် နတ် ဗြဟ္မာတို့မှာလည်း မီးဆဲ့တပါးလုံးပင် အကုန်ရှိ၏ ဟူ၍ပင် ဆိုအပ်၏၊ ဆိုရ၏။ ဤကဲ့သို့ သုံးဆယ့်တဘုံ အလုံးစုံသော လောကကြီး၌ ဤဆဲ့တပါးသော မီးတို့ ညီးညီးပြောင်ပြောင် တောက်လောင်၍ နေမှုကိုလည်း အဖန်ဖန် ဆင်ခြင် အောက်မေ့လျက် -

သဗ္ဗော အာဒီပိတော လောကော၊
သဗ္ဗော လောကော ပဓူမိတော။
သဗ္ဗော ပဇ္ဇလိတော လောကော၊
သဗ္ဗော လောကော ပကမ္ပိတော။

သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

သဗ္ဗော လောကော=အလုံးစုံသော လောကကြီးသည်။
အာဒီပိတော=ဆဲ့တပါးသော မီးတို့ဖြင့် ရဲရဲညိအောင် လောင်၍နေချေ၏တကား။
သဗ္ဗော လောကော=အလုံးစုံသော လောကကြီးသည်။
ပဓူမိတော=ဆဲ့တပါးသော မီးတို့၏ အဟုန်အခိုးသည် ပြင်းစွာထ၍ နေချေ၏တကား။
သဗ္ဗော လောကော=အလုံးစုံသော လောကကြီးသည်။
ပဇ္ဇလိတော=ဆဲ့တပါးသော မီးတို့ဖြင့် အလျှံပြောင်ပြောင် တောက်လောင်၍ နေချေ၏တကား။
သဗ္ဗော လောကော=အလုံးစုံသော လောကကြီးသည်။
ပကမ္ပိတော=ရှစ်ပါးသော သံဝေဂဝတ္ထု ဘေးကြီးတို့ကြောင့် ပြင်းစွာတုန်လှုပ်၍ နေချေ၏ တကား။

ဟု ဤပါဠိတော်ကိုလည်း ရွတ်၍ အဖန်ဖန် ဆင်ခြင် အောက်မေ့အပ်၏၊ ဆင်ခြင် အောက်မေ့ရာ၏။

ထို့ပြင်လည်း သုံးဆယ့်တဘုံ အလုံးစုံသော လောကကြီးကို --

  • ဇာတိဘေး ဇရာဘေး ဗျာဓိဘေး မရဏဘေး သောကဘေး ပရိဒေဝဘေး ဒုက္ခဘေး ဒေါမနဿဘေး ဥပါယာသဘေး
  • မနှစ်သက် မချစ်ခင် မုန်းသော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ နေထိုင်တွေ့ဆုံ ရခြင်း အပ္ပိယ သမ္ပယောဂဘေး
  • နှစ်သက်ချင်ခင်အပ်သော သတ္တဝါ သင်္ခါရတို့နှင့် အတူတကွ မနေရ မတွေ့ရဘဲ ကွေကွင်းရခြင်း ပိယ ဝိပ္ပယောဂဘေး
  • မိမိ အလိုရှိတာကို တောင့်တ၍ မရခြင်းကြောင့် အလိုအတိုင်း မပြည့်စုံ နိုင်ခြင်းကြောင့် ဆင်းရဲရသော ယံပိစ္ဆနလဘတိ တမ္ပိဒုက္ခဘေး
  • ခိုက်ရန်ငြင်းခုံဖြစ်ရခြင်း ဝိဝါဒဘေး

ဤဘေး ဒုက္ခတို့သည် ဖိစီးလွှမ်းမိုး နှိပ်စက်၍ နေ၏။ အလုံးစုံသော လောကကြီးသည် ဤ ဘေးဒုက္ခတွေသို့ ကျရောက်၍ နေကြ၏။ ဤကဲ့သို့ အလုံးစုံသော လောကကြီးကို ဤဘေးဒုက္ခတွေ ဖိစီးလွှမ်းမိုး၍ နှိပ်စက်၍နေမှု အလုံးစုံသော လောကကြီးသည် ဤဘေးဒုက္ခတွေ၌ တည်၍ ကျရောက်၍ နေရမှုတို့ကို အဖန်ဖန် ဆင်ခြင် အောက်မေ့လျက် -

တဏှာယ ဩဋ္ဋိတော လောကော၊ ဇရာယ ပရိဝါရိတော။
မစ္စုနာ ပိဟိတော လောကော၊ ဒုက္ခေ လောကော ပတိဋ္ဌိတော။

သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်။

လောကော=သုံးဆယ့်တဘုံ အလုံးစုံသော သတ္တလောကကြီးကို။
တဏှာယ=တပ်မက်သာယာခြင်း တဏှာတရားသည်။
ဩဋ္ဋိတော=သံသရာထဲမှ မလွတ် မထွက်နိုင်အောင် ဖွဲ့ထောင်၍ ထားအပ်ချေ၏ တကား။
ဇရာယ=ဆွေးမြေ့ အိုမင်းခြင်း ဇရာတရားသည်။
ပရိဝါရိတော=ထက်ဝန်းကျင်မှ ဝန်းဝိုင်း ခြံရံအပ်ချေ၏တကား။
လောကော=သုံးဆယ့်တဘုံ အလုံးစုံသော သတ္တလောကကြီးကို။
မစ္စုနာ=သေမင်းသည်။
ပိဟိတော=ရှေ့နောက်ဘဝ မမြင်ရအောင် ကာဆီး ပိတ်ဆို့အပ်ချေ၏ တကား။
လောကော=သုံးဆယ့်တဘုံ အလုံးစုံသော သတ္တလောကကြီးသည်။
ဒုက္ခေ=ဇာတိ ဇရာ စသည်များလှ ဘေးဒုက္ခ၌။
ပတိဋ္ဌိတော=တည်ကြ ကျရောက်၍ နေကြချေ၏ တကား။

ဟု ဤပါဠိတော်ကိုလည်း ရွတ်၍ အဖန်ဖန် ဆင်ခြင် အောက်မေ့အပ်၏၊ ဆင်ခြင် အောက်မေ့ရာ၏။

တပည့်တို့ - ဤကဲ့သို့ အဖန်ဖန် ဆင်ခြင် ကြည့်ရှုသည် ရှိသော် ထိုယောဂီ ပုဂ္ဂိုလ်၏ စိတ်ဉာဏ် သညာ၌ ထိုသုံးဆယ့်တဘုံ အလုံးစုံသော လောကကြီးသည် နှစ်သက် ပျော်မွေ့ဖွယ်မရှိ၊ ပျင်းမုန်း ဖွယ်ကြီးဖြစ်၍ ထင်၏။ ထိုယောဂီပုဂ္ဂိုလ်၏ စိတ် ဉာဏ် သညာသည် မြုံးထဲ နေရသော ငါးကဲ့သို့၊ ချိုင့်ထဲ နေရသော ငှက်ကဲ့သို့၊ ပခြုပ်ထဲ နေရသော မြွေကဲ့သို့ သုံးဆယ့်တဘုံ အလုံးစုံသော လောကကြီး၌ နှစ်သက် ပျော်မွေ့ဖွယ် မရှိ ပျင်းမုန်းဖွယ် အဖြစ်ဖြင့် ကောင်းစွာ ထင်မြင်၍ တည်လေ တော့၏။

ထိုအခါ ထိုပုဂ္ဂိုလ်၏ စိတ်ဉာဏ်သည် အလွန် ထက်သန် ကြီးထွား၏၊ အလွန် ကြည်လင်၏တည်ကြည်၏ဥပစာရဈာန်ကို ရ၏။ ထိုယောဂီပုဂ္ဂိုလ်အား ဘဝတဏှာ လွန်စွာပါး၏။ သုံးဆယ့် တဘုံ အလုံးစုံ၌ မပျော်မွေ့ဘဲ လောကမှ ထွက်မြောက်ရာ ထွက်မြောက်ကြောင်း တရားတို့၌သာလျှင် ပျော်မွေ့တော့၏

သဗ္ဗလောကေ အနဘိရတိသညာကမ္မဋ္ဌာန်းပွားများပုံ ပြီး၏။

တပည့်တို့ - အနိစ္စအကြမ်းဖြစ်သော သေခြင်းကို ရှုဆင်ခြင်မှုသည် မရဏာနုဿတိ သမထ ကမ္မဋ္ဌာန်းတခု ဖြစ်ဘိသကဲ့သို့ ဒုက္ခအကြမ်းဖြစ်သော ဤဇာတိဘေး ဇရာဘေး စသည်ကို ရှုဆင်ခြင်မှုသည်လည်း သဗ္ဗလောကေ အနဘိရတိသညာ သမထကမ္မဋ္ဌာန်းတခု ဖြစ်၏

မရဏာနုဿတိ ကမ္မဋ္ဌာန်းသည် အနိစ္စနု မဟုတ်၊ အနိစ္စကြမ်းမျှသာ ဖြစ်ခြင်းကြောင့် အာရုံ နိမိတ်လည်း ရကောင်းသော တရားမဟုတ်ခြင်းကြောင့် မဂ်အပ္ပနာလည်း မပေါ်ဖြစ်ဘဲ ဈာန်အပ္ပနာ သို့လည်း မဆိုက်ရောက်ဘဲ စိတ်ဉာဏ် ကြည်လင်ရုံ တည်ကြည်ရုံ ဥပစာရဈာန် မျှသာ ဖြစ်စေနိုင် ဘိသကဲ့သို့ ထို့အတူ -

သဗ္ဗလောကေ အနဘိရတိသညာ ကမ္မဋ္ဌာန်းသည်လည်း ဒုက္ခနု မဟုတ်၊ ဒုက္ခကြမ်းမျှသာ ဖြစ်ခြင်းကြောင့် အာရုံနိမိတ်လည်း ရကောင်းသော တရားမဟုတ် ခြင်းကြောင့် မဂ်အပ္ပနာလည်း မပေါ်ဖြစ်ဘဲ ဈာန်အပ္ပနာသို့လည်း မဆိုက်ရောက်ဘဲ စိတ်ဉာဏ် ထက်သန် ကြည်လင်ရုံ တည်ကြည်ရုံ ဥပစာရဈာန်မျှသာ ဖြစ်စေနိုင်သည်

အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းလည်း အာရုံနိမိတ် ရကောင်းသော တရား မဟုတ်ခြင်းကြောင့် အပ္ပနာဈာန်ကို မဖြစ်စေနိုင် ဥပစာရ ဈာန်မျှကိုသာ ဖြစ်စေနိုင်၏

တပည့်တို့ - အနိစ္စ ဒုက္ခတို့မှာ သတ္တဝါ ခပ်သိမ်းပင် တွေ့ကြုံထင်မြင်နိုင် ကောင်းသော အနိစ္စကြမ်း ဒုက္ခကြမ်း သမထကမ္မဋ္ဌာန်း ဖြစ်ရန် ရှိဘိသကဲ့သို့ အနတ္တမှာကား မဂ်အပ္ပနာကို မဖြစ်ပေါ်နိုင်တဲ့ သမထကမ္မဋ္ဌာန်း ဖြစ်ရန် အနတ္တကြမ်း ဟူ၍ မရှိပြီ

တပည့်တို့ - မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်မွေ့လျော် စံနေတော်မူစဉ်အခါ ရဟန်းတို့ကို ခေါ်တော်မူ၍ -

အစ္ဆရာသင်္ဃာတမတ္တမ္ပိ စေ ဘိက္ခဝေ ဘိက္ခု သဗ္ဗလောကေ အနဘိရတိသညံ ဘာဝေတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဘိက္ခု အရိတ္တဈာနော ဝိဟရတိ၊ သတ္ထုသာသနကရော ဩဝါဒပဋိကရော အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ၊ ကော ပန ဝါဒေါ ယေန ဗဟုလီကရောတီတိ။

ဟူ၍ ဧကင်္ဂုတ္တရ ပါဠိတော်၌ ဟောတော်မူပေ၏။

အာဟာရေ ပဋိကူလ သညာကိုလည်း ဤနည်းတူပင် ဟောတော်မူပေ၏။

ထို့ကြောင့် သင် တပည့်တို့သည် အကောင်းဆုံးကိုလည်း မြင်ရအောင်၊ ဈာန်တရားနှင့် မကင်းဆိတ်ဘဲ နေသောသူ၊ ဘုရားရှင်၏ သာသနာကို ထမ်းရွက် ပြုကျင့်သောသူ၊ ဘုရားရှင်၏ အဆုံးအမကို လိုက်နာ ပြုလုပ်သောသူ၊ တိုင်းသူ ပြည်သားလူအများတို့ လှူသောဆွမ်း ပစ္စည်းလေးပါး တို့ကို အကျိုးမကြီးအချည်းနှီး မဖြစ်စေဘဲ များစွာ အကျိုးကြီးမြတ် ဖွံ့ဖြိုးစေ၍ သုံးစွဲ စားသောက်သော သူတို့လည်း ဖြစ်ရအောင် ယခုငါဆရာ ဟောကြားခဲ့ပြီးသော အတိုင်း ဤသညာ ကမ္မဋ္ဌာန်း တို့ကိုလည်း ကြိုးစား၍ ပွားများကြ၊ ကြိုးစား၍ အားထုတ်ကြ

အစ္ဆရာသင်္ဃာတသညာသုတ်သဗ္ဗလောကေ အနဘိရတိသညံ ဟူသောပုဒ်ကို

“သဗ္ဗလောကေ အနဘိရတိသညံ=သဗ္ဗလောကေ အနဘိရတိသညာ ကမ္မဋ္ဌာန်းကို။ စေ ဘာဝေတိ=အကယ်၍ ပွားများစေအံ့” ဟု အနက်ပေး။

အကြွင်း ကသိဏသုတ်နှင့် တူပြီ။

ဣတိ သညာဘာဝနာနယော။

သညာဘာဝနာနယော=သညာ ကမ္မဋ္ဌန်းကို ပွားများ အားထုတ်ပုံ အစီအရင် ဘာဝနာ နည်းသည်။
ဣတိ=ဤတွင် ပြီးပြီ။

သညာပွားများနည်း ပြီး၏။

တပည့်တို့ -

  1. ကသိုဏ်း ဆယ်ပါး,
  2. အသုဘဆယ်ပါး,
  3. အနုဿတိဆယ်ပါး,
  4. ဗြဟ္မဝိဟာရလေးပါး,
  5. အာရုပ္ပလေးပါး,
  6. သညာနှစ်ပါး

အားဖြင့် အမျှလေးဆယ်သော သမထကမ္မဋ္ဌာန်းတို့ကို ပွားများ အားထုတ်ပုံ အစီအရင်နည်းသည် ဤတွင် ပြည့်စုံ ပြီးစီးပြီ

အာရဗ္ဘထေဝ သာဓဝေ ဣမိနာဝ နယေန အဟံ ဝေါ ပါဋိဘော ဂေါ ဈာနာဓိဂမာယ၊ တံ ကိဿဟေတု၊ သွာခါတတ္တာ သာဓဝေ တထာဂတေန ဓမ္မဿ၊ မယာ စ အနုသံခါတတ္တာ တထာဂတဒေသိတ နယေနာတိ၊

သေက္ချဘာသိတ ပါဋိဘောဂသုတ်၊ အာမခံသုတ်လည်း ဟူ၏။

သာဓဝေ=အို - တပည့်အပေါင်း သူတော်ကောင်းတို့။
တုမှေ=သင်တပည့်တို့သည်။
ဣမိနာဝ နယေန=ဤငါဆရာ ဟောကြားခဲ့ပြီးသော နည်းလမ်းဖြင့်သာလျှင်။
အာရဗ္ဘထေဝ=အားသာလျှင် ထုတ်ကြကုန်လော့
အဟံ=သေက္ချတောင်ဆရာ ငါသည်။
ဝေါ=သင် တပည့်တို့အား။
ဈာနာဓိဂမာယ=ဥပစာရ ဈာန် အပ္ပနာဈာန်တို့ကို ရခြင်း ရောက်ခြင်းငှါ။
ပါဋိဘောဂေါ=အာမခံသည်။
ဘဝါမိ=ဖြစ်တော်မူအံ့။
တံ=ထိုသို့ ရဲရဲတင်းတင်း အာမခံနိုင်ခြင်းသည်။
ကိဿဟေတု=အဘယ်ကြောင့်နည်းဆိုသော်။
သာဓဝေ=အို - တပည့်အပေါင်း သူတော်ကောင်းတို့။
ဓမ္မဿ=သမထကမ္မဋ္ဌာန်း တရားတော်မြတ်၏။
ဂတေန=ဆိုတိုင်းမှန်ဘိ အမှန်သိစ္စာ ကြောင်းခြင်းရာကြောင့် တထာဂတ အမည်ရတော်မူသော မြတ်စွာဘုရားရှင်သည်။
သွာခါတတ္တာ=ကောင်းစွာ ဟောကြားတော်မူအပ်သည်၏ အဖြစ်ကြောင့်၎င်း။
မယာ စ=သေက္ချတောင်ဆရာ ငါသည်လည်း။
တထာဂတ ဒေသိတနယေန=ဘုရားရှင် ဟောကြားတော်မူအပ်သော နည်းလမ်း အတိုင်း။
အနုသံခါတတ္တာ=နောက်ထပ် အတုလိုက်၍ မမှားထင်လင်း ဖြောင့်စင်းသေချာ ကောင်းစွာ ဟောကြားအပ်သည်၏ အဖြစ်ကြောင့် ၎င်းတည်း။
ဣတိ=ဤတွင် အာမခံသုတ်ပြီး၏။

အာမခံသုတ် ပြီး၏။

အဘိညာဉ်ပေါ်အောင် ဈာန်ကစားပုံကိုပြခြင်း

တပည့်တို့ - ဤသမထ လေးဆယ်တို့တွင် ကသိုဏ်း ဆယ်ပါးတို့၌ ရသော ဈာန်တို့မှသာလျှင် အဘိညာဉ်ကို ဖြစ်စေနိုင်၏၊ ကြွင်းသော ကမ္မဋ္ဌာန်းတို့သည် အဘိညာဉ်ကို မဖြစ်စေနိုင်၊ ကသိုဏ်း တို့ဖြင့် ရူပသမာပတ် လေးပါး ငါးပါးလုံးကို အကုန်ရလျှင်ပင်—

အာကိဉ္စညံ ပတ္ထယန္တာ၊ ပရိဝါရေန္တိ မံ သဒါ။
ပထဝီကမ္ပကာ ဧတေ၊ သဗ္ဗေဝ နဘစာရိနော။
စတုဗ္ဗိသ သဟဿေဟိ၊ ဆာဒိတံ ဟောတိ အမ္ဗရံ။

စသည်ဖြင့် ချီးမွှမ်းအပ်ကုန်သော အရှင်သာရိပုတ္တရာအလောင်း သုရုစိ ရသေ့ ဆရာကြီး၏ တပည့် ရသေ့နှစ်သောင်း လေးထောင် စသည်တို့ကဲ့သို့ ရှေးရှေးသော နီးသော ဘဝတို့က အဘိညာဉ်ကို လေ့လာနိုင်နင်းခဲ့ဖူးသော ဉာဏ်ကြီးသော ပုဂ္ဂိုလ်တို့မှာ အဘိညာဉ်ကို ဖြစ်စေနိုင်၏

ရှေးက မလေ့လာဖူးသော ဉာဏ်နုန့်သော သူမှာကား ဈာန်သမာပတ် ရှစ်ပါး ကိုးပါးလုံးကိုပင် ရမှ အဘိညာဉ်ကို ဖြစ်စေနိုင်သည်၊ ကသိုဏ်းဆယ်ပါးတို့ဖြင့် သမာပတ် ရှစ်ပါး ကိုးပါးကိုရသော ယောဂီ ပုဂ္ဂိုလ်သည် ဣဒ္ဓိဝိဓ ဒိဗ္ဗသောတ ပရစိတ္တဝိဇာနန ပုဗ္ဗေနိဝါသာနုဿတိ ဒိဗ္ဗစက္ခုဟူသော အဘိညာဉ် ငါးပါးတို့ကိုလည်း ရအောင် ပြုရာ၏၊ ဖြစ်စေရာ၏၊

တပည့်တို့ - ထိုအဘိညာဉ်တို့ကို ရလို ဖြစ်စေလိုသော ယောဂီပုဂ္ဂိုလ်သည် တောခုတ်ခါနီး ဓားကို ထက်သည်ထက် ထက်အောင် သွေးဘိသကဲ့သို့၊ ဝေးစွာသော အရပ်၌ ဝတ္ထုကို ကြည့်ရှုခါနီး မှန်ပြောင်းကို ကြည်သည်ထက် ကြည်အောင် ပွတ်တိုက်သကဲ့သို့၊ ဈာန်စိတ်ကို ဉာဏ်ကို ထက်သည်ထက် ထက်အောင် ကြည်သည်ထက်ကြည်အောင် ဤသို့ သွေးရာ၏၊ ပွတ်တိုက်ရာ၏၊ ဈာန်ကစားရာ၏

ဈာန်ကစားပုံကား -

စတုက္ကနည်းမှာ သမာပတ်ရှစ်ပါး၊ ပဉ္စကနည်းမှာ သမာပတ်ကိုးပါး ထိုရှစ်ပါး ကိုးပါးသော သမာပတ်တို့ကို ပဌမဈာန်မှသည် နေဝသညာနာသညာယတန ဈာန်ကျအောင် အစဉ်အတိုင်း အနုလုံချည်း အကြိမ်များများ ဝင်စားရာ၏

တဖန် နေဝသညာနာသညာယတန ဈာန်မှသည် ပဌမဈာန်ကျအောင် နောက်ပြန် အစဉ်အတိုင်း ပဋိလုံချည်း အကြိမ် များစွာ ဝင်စားရာ၏၊ တဖန် အသွားအပြန် အနုလုံ ပဋိလုံအားဖြင့်လည်း အကြိမ်များစွာ ဝင်စားရာ၏

ကသိုဏ်း ဆယ်ပါးလုံးကိုလည်း ထိုနည်းတူ ပထဝီ ကသိုဏ်းမှသည် အာကာသ ကသိုဏ်းကျအောင် အစဉ်အတိုင်း အနုလုံချည်း အကြိမ်များစွာ ဝင်စားရာ၏

အာကာသ ကသိုဏ်းမှသည် ပထဝီကသိုဏ်းကျအောင် နောက်ပြန် အစဉ်အတိုင်း ပဋိလုံချည်း အကြိမ်များစွာ ဝင်စားရာ၏၊ တဖန် အသွားအပြန် အနုလုံ ပဋိလုံ အားဖြင့်လည်း အကြိမ်များစွာ ဝင်စားရာ၏

ထိုသို့ ဈာန်ကသိုဏ်းတို့ကို -

  • အနုလုံအားဖြင့်၎င်း၊
  • ပဋိလုံအားဖြင့်၎င်း၊
  • အနုလုံပဋိလုံ အားဖြင့်၎င်း၊ ဝင်စားရာ၌
  • ဈာန်ကိုချည်းလည်း တခုကျော် တခုကျော် ဝင်စားရာ၏
  • ကသိုဏ်းကိုချည်းလည်း တခုကျော် တခုကျော် ဝင်စားရာ၏
  • ဈာန်ကသိုဏ်း နှစ်ပါးစုံ ရောလျက်လည်း တခုကျော် တခုကျော် ဝင်စားရာ၏

ဈာန်ကသိုဏ်း နှစ်ပါးစုံရောလျက် တခုကျော် တခုကျော် ဝင်စားပုံကား ပထဝီ ကသိုဏ်း၌ ပဌမဈာန်ကို ဝင်စားပြီး၍ ထပြီးလျှင် ဒုတိယ ဈာန် အာပေါကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ တေဇောကသိုဏ်း၌ တတိယ ဈာန်ကို ဝင်စားအပ်၏။

ထို့နောင် စတုတ္ထဈာန် ဝါယောကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ နီလကသိုဏ်း၌ ပဉ္စမဈာန်ကို ဝင်စားအပ်၏။ ထို့ နောင် အာကာ သာနဉ္စာယတနဈာန်ကို ချန်ထားခဲ့၍ ကျော်၍ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားအပ်၏။

ထို့နောင် အာကိဉ္စညကို ချန်ထားခဲ့၍ ကျော်၍ နေဝသညာကို ဝင်စားအပ်၏။ ထို့နောင် ထိုဈာန်မှ ထ၍ နောက်သို့ ပဋိလုံ ပြန်ဆင်းသောအခါ အာကိဉ္စညာယတန ဈာန်ကို ဝင်စားအပ်၏။

ထို့နောင် ဝိညာဏဉ္စာယတနကို ချန်ထားခဲ့၍ ကျော်၍ ပီတကသိုဏ်းကိုခွါ၍ အာကာသာနဉ္စာယတန ဈာန်ကို ဝင်စားအပ်၏။

ထို့နောင် ပဉ္စမဈာန် နီလကသိုဏ်းကို ချန်ထားခဲ့၍ ကျော်၍ ဝါယောကသိုဏ်း၌ စတုတ္ထဈာန် တေဇောကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ အာပေါကသိုဏ်း၌ ဒုတိယဈာန်ကို ဝင်စားအပ်၏။

ထို့နောင် ပထဝီ ကသိုဏ်း၌ ပဌမဈာန်ကို ဝင်စား၍ ရှေးနည်းတူ အထက်သို့တက်၍ ဝင်စားအပ်၏။

ဤကဲ့သို့ပြု၍ အောက်ကသိုဏ်း ခြောက်ခုလမ်း ကျေပြွန် နိုင်နင်းသောအခါ အထက်ကသိုဏ်း ခြောက်ခုလမ်းလည်း ကျေပြွန် နိုင်နင်းအောင် နီလကသိုဏ်း မှစ၍ အထက်ကသိုဏ်းတို့၌ ရှေးနည်းတူ ဝင်စားအပ်၏၊ ပြုအပ်၏။ နီလပီတ နှစ်ပါးတို့ကား အထက်အောက် နှစ်ပါး၌ပင် ကသိုဏ်း ခြောက်ခု စေ့အောင် အရေအတွက် ပါရမည်။

တပည့်တို့ - အကြင်အမှတ်မရှိ တခုခုသော ကသိုဏ်းကို ချန်လှပ်ထား၍ မကျေပြွန် မနိုင်နင်းခဲ့လျှင် ထိုကသိုဏ်းဖြင့် ခိပ္ပနိသန္တိ ဖြစ်အောင် ပြုအပ်သော အရာတို့၌ ခိပ္ပနိသန္တိ မဖြစ်နိုင်ဘဲ နေတတ်သည်၊ ခိပ္ပနိသန္တိ ဟူသည်ကား တန်ခိုး ဖန်ဆင်းသောအခါ အလျင်အမြန် ဖြစ်စေ ပြီးစီးစေနိုင်မှုကို ဆိုသည်။ ထို့ကြောင့် ကသိုဏ်း ဆယ်ပါးလုံးကိုပင် ကျေပြွန် နိုင်နင်းအောင် စေ့အောင် ပြုအပ်၏။ မကျန် စေအပ်။

အာကာသာနဉ္စာယတနဈာန်ကို ဝင်စားလိုသောအခါ အာကာသကသိုဏ်းနှင့် ကြိမ်၍နေလျှင် ကြွင်းသော အမှတ်မရှိ တခုခုသော ကသိုဏ်းကို ခွါ၍ ဝင်စားအပ်၏။ အထက် အရူပဈာန် သုံးခုတို့ သို့ကား ကသိုဏ်းနှင့် မဆိုင်၊ ကသိုဏ်း မလိုက်စေအပ်။ ဈာန်တိုင်း ဈာန်တိုင်း ကိုပင်လျှင် ဝင်စား၍ ထပြီးလျှင် ဈာန်အင်္ဂါတို့ကိုလည်း ဆင်ခြင်၍ ဆင်ခြင်၍ ပြီးမှ နောက်နောက်ဈာန်ကို ဝင်စားအပ်၏။ ဝင်စားရမည်။ ဤကဲ့သို့ပြုမှ ဝသီဘော် ငါးပါးလုံး နိုင်နင်းမည်

တပည့်တို့ - ဤ ပြဆိုခဲ့ပြီးသော ဈာန်ဝင်စားပုံ ကစားပုံကား နည်းပြမျှသာတည်း။ အစအဆုံးက မဟုတ်ဘဲ အလယ်ကဘဲ ဖောက်၍ ဝင်စား ဝင်စား နှစ်ခုကျော် သုံးခုကျော်ဘဲ ဝင်စား ဝင်စား မိမိ အလိုရှိသလို ဝင်စားအပ်၏၊ ကစားအပ်၏ဈာန်ကသိုဏ်းတို့၌ လေ့လာ နိုင်နင်းမှုသာ လိုရင်းတည်း

ဤကား ဈာန်ကစားပုံတည်း။

အဘိညာဉ် ငါးပါးကို ပြခြင်း

တပည့်တို့ - ဤကဲ့သို့ တဆယ့်ရှစ်ပါးသော အခြင်းအရာတို့ဖြင့် ဈာန်ကစားခြင်းကို ပြုသည်ရှိသော် ဈာန်စိတ်သည် ဉာဏ်သည် အလွန် ထက်သန်ကြီးထွား၏။ အားကောင်း၏။ မြဲမြံခိုင်ခံ့၏။ လွန်စွာ ဝသီဘော် နိုင်၏။ လွန်စွာ တည်ကြည်၏။ ကြည်လင်၏။ ထိုအခါ -

ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။ လ။ ဌိတေ အာနေဉ္ဇပ္ပတ္တေ ဣဒ္ဓိဝိဓာယ စိတ္တံ အဘိနီဟရတိ အဘိနိန္နာမေတိသော အနေက ဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ ဧကောပိ ဟုတွာ ဗဟုဓာ ဟောတိ

စသည်ဖြင့် ဟောတော်မူသောအတိုင်း တယောက်ထည်းကိုလျက် တရာ တထောင် ဖန်ဆင်းနိုင်ခြင်း မြေကိုလျှိုးခြင်း မိုးကိုပျံခြင်း စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖြစ်စေနိုင်တော့၏။ စေတောဝသီပတ္တ စိတ်အလိုအတိုင်း ပြီးစီးစေနိုင်ခြင်းသို့ ရောက်တော့၏။

တပည့်တို့ - ထို စေတောဝသီပတ္တ စိတ်အလိုအတိုင်း ပြီးစီးစေနိုင်ခြင်းသို့ ရောက်သော ဣဒ္ဓိမာ ပုဂ္ဂိုလ်သည် မိမိကိုယ်ကို တရာ တထောင် စသည်ဖြင့် ဖန်ဆင်းလိုလျှင် အကယ်၍ တရာ ဖန်ဆင်းလိုအံ့။ ဝိဇ္ဇာဓိုရ်များ ဆေးနှိုးဘိ သကဲ့သို့ တန်ခိုး နှိုးသောအားဖြင့် ရှေးဦးစွာ ပထဝီကသိုဏ်း၌ တန်ခိုးနှိုး ပဉ္စမဈာန်ကို တခဏမျှ ဝင်စား၍ နှိုး၍ ထပြီးလျှင် ငါ တရာ ဖန်ဆင်းမည်၊ ဖြစ်မည်ဟု ရည်မှန်း ဆင်ခြင်ခြင်း ပရိကံကို ပြု၍ အဘိညာပါဒက ပဉ္စမဈာန်ကို တဖန် တခဏမျှ ဝင်စား၍ ထပြီးလျှင် “သတံ ဟောမိ” ငါ တရာဖြစ်စေ ဟု အဓိဋ္ဌာန် ပြုလိုက်အပ်၏။ စေလိုက်အပ်၏။ ထိုအဓိဋ္ဌာန် အဘိညာဉ်ဇော ကျသည်နှင့် တပြိုင်နက် တရာ ဖြစ်၍သွား၏။

ဤအဓိဋ္ဌာန် အဘိညာဉ်ဇော ဝီထိကျပုံမှာ တထောင်ဟူသော နိမ္မိတရုပ်ပွားကို အာရုံပြု၍ “အာဝဇ္ဇန်း, ပရိကံ ဥပစာ, အနုလုံ, ဂေါတြဘု” ဟု ကာမစိတ်ဖြစ်၍ ဂေါတြဘု အခြားမဲ့၌ ရူပပဉ္စမဈာန် အဘိညာဉ်ဇော တကြိမ်ဖြစ်၍ ထို့နောင် ဘဝင်ကျ၍ သွား၏။ နောက် အဘိညာဉ် ဝီထိတို့မှာလည်း ထိုနည်းတူချည်း မှတ်ကြ။ သို့ အကယ်၍ တထောင် မဖြစ်လာသေးမူ ဤနည်းတူ နှစ်ကြိမ် သုံးကြိမ် စသည်ဖြင့် ပြုအပ်၏၊ ဖြစ်ပေါ်လာ၏။

အရှင်စူဠပန် စသည်တို့ကဲ့သို့ တထောင်၎င်း ထို့ထက် အလွန်၎င်း, သဘောတူ၎င်း, သဘောပြား၎င်း, ဖန်ဆင်းလိုမူ ဤမျှလောက် ရဟန်းစုက ပဌမ အရွယ် ဘယ်လို အဆင်း သဏ္ဌာန် အဝတ် သင်္ကန်း အလုပ် အကိုင်နှင့် နေစေ၊ ဤမျှလောက် ရဟန်းစုက ဒုတိယ အရွယ် ဘယ်လို အဆင်း သဏ္ဌာန် အဝတ် သင်္ကန်း အလုပ် အကိုင်နှင့် နေစေဟု မိမိအလိုရှိသမျှ ရည်မှန်း ဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဓိဋ္ဌာန်အပ်၏။ ဓိဋ္ဌာန်တိုင်း အလိုရှိတိုင်း ဖြစ်၏။

ထိုသို့ ဖန်ဆင်းသောအခါ ငါ ဘယ်လောက်ကြာအောင် ဖန်ဆင်း၍ နေမည် ဟူ၍လည်း ကာလ အပိုင်းအခြားကို မှန်းထား၍ ဖန်ဆင်းအပ်၏။ ထိုမိမိ မှန်းထားသော ကာလ စေ့လျှင် တန်ခိုးငြိမ်၍ မိမိတယောက်ထည်းပင် ဖြစ်၍ သွား၏။

သို့ အကယ်၍ မှန်းထားသော အချိန်ကာလမတိုင်မီ အကြား၌ တန်ခိုးကို သိမ်းရုပ်လိုအံ့။ ဈာန်ကိုဝင်စား၍ ထ၏။ ငါ တယောက်ထည်း အတိုင်းပင် ဖြစ်မည်ဟု ရည်မှန်း ဆင်ခြင်၍ ဈာန်ကို ဝင်စားပြီးလျှင် ထ၍ “ဧကော ဟောမိ” ငါ တယောက် ထည်းအတိုင်းပင် ဖြစ်နေစေဟု အဓိဋ္ဌာန် ပြုအပ်၏။ အဓိဋ္ဌာန် အဘိညာဉ်ဇော ကျသည်နှင့် တပြိုင်နက် နိမ္မိတရုပ်ပွားတွေ ချုပ်ကွယ်သွား၍ မိမိတယောက်ထည်း အတိုင်းပင်ဖြစ်၍ ကျန်ရှိ၍ နေတော့၏။

အရှင် မောဂ္ဂလာန်သည် နန္ဒောပနန္ဒနဂါးကို ဆုံးမသောအခါ နဂါးယောင် ဂဠုန်ယောင် ဖန်ဆင်းဘိသကဲ့သို့၎င်း, သထုံမြို့တွင်းသို့ လူကို ဖမ်းစားရန် တောင်သမုဒ္ဒရာ ပင်လယ်ထဲမှ ထွက်လာကြသော ဘီလူး ငါးရာတို့ကို အရှင် သောဏမထေရ်သည် ဘီလူးယောင် တထောင် ဖန်ဆင်း၍ လိုက်ဘိသကဲ့သို့၎င်း မိမိကိုယ်တိုင်လည်း နဂါးယောင် ဂဠုန်ယောင် စသည်လည်း ဖန်ဆင်းလိုလျှင် ဈာန်ဝင်စား၍ ထ၍ ငါ နဂါးဖြစ်မည် ဂဠုန်ဖြစ်မည် ဘီလူးဖြစ်မည် စသည်ဖြင့် ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ တဖန် ဈာန်ကိုဝင်စား၍ ထပြီးလျှင် ငါ နဂါး ဖြစ်စေ, ငါ ဂဠုန်ဖြစ်စေ, ငါ ဘီလူးဖြစ်စေ စသည်ဖြင့် အဓိဋ္ဌာန်ကို ပြုအပ်၏။ ဓိဋ္ဌာန်တိုင်း ဖြစ်တော့၏။

သို့ မိမိကိုယ်ကို မဖြစ်စေလိုဘဲ မိမိမှတပါး အသီး အခြား နဂါး ဂဠုန် ဘီလူးစသည် ဖြစ်စေလိုအံ့၊ ဖန်ဆင်းလိုအံ့၊ ဤမည်သော နေရာ၌ နဂါးကောင် ဖြစ်ပေါ်စေ, ဂဠုန်ကောင် ဖြစ်ပေါ်စေ, ဘီလူးကောင် ဖြစ်ပေါ်စေဟု ဈာန်ဝင်စား၍ ပရိကံပြု၍ တဖန် ဈာန်ဝင်စား၍ ထပြီးလျှင် အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ ဓိဋ္ဌာန်တိုင်း ဖြစ်တော့၏။

တပည့်တို့ - ဘယ်သင်းမဆို မိမိ အလိုရှိသလို ဖန်ဆင်းလို ပြုလိုလျှင် ဤနည်းတူ ရှေးဦးစွာ တန်ခိုးနှိုးဈာန်ကို ဝင်စား၍ ထ၍ မိမိ အလိုရှိသော အတိုင်း ရည်မှန်း ဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဘိညာဉ်၏ အခြေခံ တဖန် ဈာန်ကိုဝင်စား၍ ထပြီးလျှင် မိမိ အလိုရှိသောအတိုင်း ၊ အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ ဖြစ်စေဟု စေလိုက်အပ်၏။ ဓိဋ္ဌာန်တိုင်း စေလိုက်တိုင်း ဖြစ်တော့ ပြီးစီးတော့ ပြည့်စုံတော့၏။

အထူးမူကား ရေ၌ ငုပ်ချည် ပေါ်ချည် လုပ်ဘိသကဲ့သို့ မြေကြီး၌ ငုပ်ချည် ပေါ်ချည် ပြုလုပ်လိုလျှင် အာပေါကသိုဏ်း၌ ဝင်စား၍ ဤနေရာ၌ ရေဖြစ်စေဟု ဓိဋ္ဌာန် ဖန်ဆင်း၍ ပြုအပ်၏။

နံရံကို တံတိုင်းကို မြေကြီးကို ဖောက်ငုပ်လျှိုး၍ ကောင်းကင်၌ သွားဘိသကဲ့သို့ မထိမခိုက် သွားလိုလျှင် အာကာသ ကသိုဏ်း၌ ဝင်စား၍ မိမိ သွားလိုသော နေရာ၌ ဤနေရာ၌ ကောင်းကင် ဖြစ်စေဟု ဓိဋ္ဌာန်ဖန်ဆင်း၍ ဖောက်ဝင် ငုပ်လျှိုး၍ သွားအပ်၏၊

ငှက်ကဲ့သို့ မိုးကောင်းကင်သို့ ပျံတက်၍ ခြေဖြင့် နင်း၍ သွားလိုလျှင် ပထဝီ ကသိုဏ်း၌ ဝင်စား၍ မိမိသွားလိုသော မိုးကောင်း ကင်၌ ဤနေရာ၌ မြေကြီး ဖြစ်စေဟု ဓိဋ္ဌာန် ဖန်ဆင်း၍ သွားအပ်၏။

သို့ ခြေဖြင့် နင်း၍ လှမ်း၍ မသွားလိုဘဲ ရုပ်သေးထဲ၌ နတ်ရုပ် ထွက်လာဘိသကဲ့သို့ ငြိမ်ငြိမ် သွားလိုလျှင် ဝါယောကသိုဏ်း၌ ဝင်စား၍ ငါသည် ကောင်းကင်သို့ လွှင့်တက် စေဟု ဓိဋ္ဌာန်ခြင်းကိုပြု၍ သွားအပ်၏။ ထိုသို့ သွားရာတို့၌ ပကတိ သွားဘိ သကဲ့သို့ ဖြည်းဖြည်း သွားလိုလျှင် ငါ၏စိတ်သည် ကိုယ်ကဲ့သို့ ဖြည်းဖြည်း လေးလေး ဖြစ်စေဟု စိတ်ကို ရုပ်၌ ထည့်သွင်းခြင်း ညွတ်စေခြင်းကိုလည်း ပြုအပ်၏။

ရောဟိတသရှင်ရသေ့ ပြေးသွားပုံကဲ့သို့ အလိုရှိရာအရပ်သို့ အလျင်အမြန် ခဏခြင်းရောက်လိုမူ ငါ၏ကိုယ်သည် စိတ်ကဲ့သို့ ပေါ့ပါး လျင်မြန်စေဟု ရုပ်ကို စိတ်၌ထည့်သွင်းခြင်း ညွတ်စေခြင်း ကိုလည်း ပြုအပ်၏။

သီဟိုဠ်ကျွန်း ဓမ္မဒိန္န မထေရ်သည် အပဏ္ဏကသုတ်ကို ဟောရင်း ပရိသတ်တို့အား မြေကိုခွဲ၍ ငရဲကို ပြဘိသကဲ့သို့ နတ်ပြည်တို့ကိုလည်း ပြဘိသကဲ့သို့၎င်း, ရှေးက သံကိစ္စ ရသေ့ဆရာကြီး ဗြဟ္မဒတ် မင်းအား ငရဲတို့ကို ခွဲ၍ ပြဘိသကဲ့သို့ “သုစိဏ္ဏဿ ဖလံ ပဿ၊ ဣန္ဒာဒေဝါ သဗြဟ္မကာ” ဟု နတ်ဗြဟ္မာ ပြည်တွေကိုလည်း မြင်အောင် ပြဘိသကဲ့သို့၎င်း ပြလိုလျှင် အာကာသကသိုဏ်း၌ ဝင်စား၍ ဤမျှသော မြေအရပ်တို့သည် ဟင်းလင်းအပြင် ကောင်းကင် ဖြစ်စေ၊ ဤဝတ္ထုတို့သည် ထင်မြင်ရစေဟု ဓိဋ္ဌာန်ခြင်းကို ပြုအပ်၏။

တပည့်တို့ - ဤကဲ့သို့ တန်ခိုးအမျိုးမျိုး ကို ဖန်ဆင်းရာ ပြရာ ဖြစ်စေရာတို့၌ ဤကဲ့သို့ ကသိုဏ်း တို့၏ အစွမ်းတို့ကို သိ၍ မိမိ အလိုရှိသလို ပြုရာ၏၊ ကသိုဏ်းတို့၏ အစွမ်းတို့ကား -

၁။ ပထဝီကသိုဏ်း၏ အစွမ်းဖြင့် တရာ တထောင် စသည် ဖန်ဆင်းခြင်း, နဂါး ဂဠုန်ယောင် စသည် ဖန်ဆင်းခြင်း, ကောင်းကင်၌၎င်း ပေါ်၌၎င်း မြေဖန်ဆင်း၍ ခြေဖြင့်နင်း၍ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်းတို့ကို ပြုခြင်း, သစ်ပင် တော တောင် မြေ အိမ် ကျောင်း ဗိမာန် စသော အထည်ဝတ္ထု မိုဃ်းကိုရွာစေခြင်း, ပေါ့သောဝတ္ထုကို လေးစေခြင်း, တစုံတခုသော ဝတ္ထုကို ရွေ့ရှား၍ မရနိုင်အောင် ခိုင်မြဲစေခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီး ကုန်၏။

၂။ အာပေါကသိုဏ်း၏ အစွမ်းဖြင့် မြေ၌ ငုပ်မှုပေါ်မှုကို ပြုခြင်း, မိုဃ်းရွာစေခြင်း, မြစ်သမုဒ္ဒရာ စသည်ဖန်ဆင်းခြင်း, ပကတိရေကို ဆီ ပျား နို့ရည် စသည် ဖန်ဆင်းခြင်း, ကိုယ်မှ ရေစိုင် ထွက်စေခြင်း, မြေ, တောင်, ပြာသာဒ် စသည်ကို လှုပ်စေခြင်း စသည် ဖြစ်ကုန် ပြီးစီးကုန်၏။

တပည့်တို့ - မြေ တောင် ပြာသာဒ် စသည်ကို လှုပ်စေသောအခါ အာပေါကသိုဏ်း၌ ဝင်စား၍ ထိုအာပေါ ကသိုဏ်းဖြင့် လှုပ်စေသော ဝတ္ထုကို ရေပေါ်၌ ပေါလောပေါ်၍ နေသော နွားချေးချပ်ကဲ့သို့ နေအောင်ပြု၍ လှုပ်စေရသည်၊

ရှေးကမဟာနာဂထေရ်၏ တူရင်း သံဃရက္ခိတ သာမဏေကလေး သာမဏေ ပြုသောနေ့ ဆံချစဉ်၌ပင် ရဟန္တာဖြစ်၍ တန်ခိုးပါ ပြည့်စုံ၍ ထိုနေ့၌ပင် သိကြားမင်း၏ ယူဇနာတထောင် မြင့်စွာကြီးမားသော ဝေဇယန္တာ ပြာသာဒ်ကို လှုပ်စေသောအခါ ပထဝီ ကသိုဏ်း၌ ဝင်စားပြီး လှုပ်၍ မလှုပ်သဖြင့် နတ်သ္မီးတွေ ဝိုင်းသရော်ကြ၍ ပြန်ပြေးလာပြီးလျှင် ဆရာကို မေး၍ ထိုကဲ့သို့ အာပေါကသိုဏ်း၌ ဝင်စား၍ လှုပ်မှ ပြာသာဒ်ကြီး လဲလုမတတ် လှုပ်လေသည်။ နတ်သ္မီးတွေ ဝိုင်း၍ တောင်းပန်ရ၏။

၃။ တေဇောကသိုဏ်း၏ အစွမ်းဖြင့် မိမိကိုယ်မှ၎င်း တပါးသောဝတ္ထုမှ၎င်း အခိုး ထွက်စေခြင်း, မီးလျှံထစေ ထွက်စေခြင်း, မီးကျီးမိုဃ်းရွာစေခြင်း, မိမိတန်ခိုးမီးဖြင့် သူတပါး တန်ခိုးမီးကို ကုန်စေနိုင်ခြင်း, လောင်စေလိုသော ဝတ္ထုကို လောင်စေနိုင်ခြင်း, ဒိဗ္ဗစက္ခု ရှူရာ အလင်းကိုပြုခြင်း, ပရိနိဗ္ဗာန်စံသောအခါ မိမိကိုယ်ကို တေဇောဓာတ် လောင်စေခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၄။ ဝါယောကသိုဏ်း၏ အစွမ်းဖြင့် လေကဲ့သို့ လွင့်ပြေးစေခြင်း,လေးသော ဝတ္ထုကို ပေါ့စေခြင်း, လေမုန်တိုင်း ထစေခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၅။ နီလကသိုဏ်း၏ အစွမ်းဖြင့် ညိုသော အဆင်း ဝတ္ထု၊ ဖန်ဆင်းခြင်း, ပတ္တမြားညို ဖန်ဆင်းခြင်း, မှောင်ချခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၆။ ပီတကသိုဏ်း၏ အစွမ်းဖြင့် ဝါရွှေသော အဆင်း ဝတ္ထု ဖန်ဆင်းခြင်း, ရွှေ ဖန်ဆင်းခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၇။ လောဟိတကသိုဏ်း၏ အစွမ်းဖြင့် နီသော အဆင်း ဝတ္ထု ဖန်ဆင်းခြင်း, ပတ္တမြားနီ ဖန်ဆင်းခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၈။ ဩဒါတကသိုဏ်း၏ အစွမ်းဖြင့် ဖြူသောအဆင်း ဝတ္ထု ဖန်ဆင်းခြင်း, ငွေ ဖန်ဆင်းခြင်း, အမိုက်မှောင်ကို ပယ်ဖျောက်ခြင်း, ဒိဗ္ဗစက္ခုရှူရာ၌ အလင်းကို ပြုခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၉။ အာလောက ကသိုဏ်း၏ အစွမ်းဖြင့် မိမိကိုယ်မှ၎င်း တပါးသော ဝတ္ထုမှ၎င်း အရောင် ထွက်စေခြင်း, အရောင်တောက်ပသော ရုပ်ကို ဖန်ဆင်းခြင်း, အရောင် အလင်း ဖြစ်စေခြင်း, အမိုက်မှောင်ကို ပယ်ဖျောက်ခြင်း, ဒိဗ္ဗစက္ခု ရှူရာ၌ အလင်းကို ပြုခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၁၀။ အာကာသ ကသိုဏ်း၏ အစွမ်းဖြင့် ဖုံးကွယ်၍နေသော ဝတ္ထုကို ထင်ရှား မြင်ရအောင် ပေါ်အောင်ပြုခြင်း, မြေကြီးအတွင်း တောင်အတွင်းတို့၌ ကောင်းကင် ဖန်ဆင်း၍ ဣရိယာပုထ် လေးပါးပြုနိုင်ခြင်း, တံတိုင်း နံရံ တဘက် တို့သို့ မထိမငြိ ဖောက်၍ သွားနိုင်ခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

မမြင်စေလိုသော အထည် ဝတ္ထုကို မမြင်ရအောင် ကွယ်ထားခြင်း,ငယ်သော ဝတ္ထုကို ကြီးစေခြင်း, ကြီးသော ဝတ္ထုကို ငယ်စေခြင်း, နီးသောဝတ္ထုကို ဝေးစေခြင်း, ဝေးသောဝတ္ထုကို နီးစေခြင်း, သူတပါးတို့အား မေ့စေလိုသော အကြောင်းကို အမှတ်မရဘဲ သတိမေ့အောင် ပြုခြင်း စသည်တို့ကိုကား ကသိုဏ်း ဆယ်ပါးလုံး၏ အစွမ်းသည်ပင်လျှင် ဖြစ်စေ ပြီးစီးစေနိုင်ကြကုန်၏။

တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း ပြခြင်း ဣဒ္ဓိဝိဓအဘိညာဉ် ပြီး၏။

ထိုဣဒ္ဓိမာပုဂ္ဂိုလ်သည် နတ်နားကဲ့သို့ သန်း ကမျဉ်းနီတို့၏ မြည်တွန်သံ အစရှိသော အလွန် သိမ်မွေ့သော အသံ၊ ဝေးစွာသော အရပ်၌ရှိသော အသံ တို့ကို ကြားလို သောအခါ အကယ်၍ နတ်ပြည်က ပြောဆိုကြသော အသံကို ကြားလိုအံ့။ ပေါ့ပါးသော ကသိုဏ်းတို့ကို ထိုမိမိ ကြားလိုသော အသံရှိရာ အရပ်သို့ ဖြန့်၍ တန်ခိုးနှိုး ဈာန်ကို ဝင်စား၍ ထ၍ ပကတိလူ စကားပြောသံ များကို နားက ကြားရဘိသကဲ့သို့ ဤနတ်တို့ အသံကို ငါကြားအံ့ဟု ရည်မှန်း ဆင်ခြင်ခြင်း ပရိကံကို ပြု၍ တဖန် အဘိညာပါဒကဈာန်ကို ဝင်စား၍ ထပြီးလျှင် ဤနတ်တို့၏ အသံကို ငါ ကြားစေသတည်းဟု ဓိဋ္ဌာန်ခြင်းကို ပြုအပ်၏။ အဓိဋ္ဌာန် အဘိညာဉ်ဇော ကျသည်နှင့်တပြိုင်နက် ကြားရ၏။

သို့ အကယ်၍ မကြားရသေးလျှင် ဤနည်းတူ အဖန်ဖန် ဓိဋ္ဌာန်အပ်၏၊ ကြားရ၏၊ ကြမ်းပိုး, သန်း, ကမျဉ်းနီ မြည်တွန်သံ စသည်ဖြင့် ဘယ်အသံကို မဆို မိမိကြား လိုသောအခါ ဤနည်းတူချည်း ပြုအပ်၏။ ထိုသို့ အသံကို ကြားရာတို့၌ မိမိနားမလည်သော ဘာသာကွဲ စကားသံကို ကြားရလျှင် အသံကိုသာ ကြားရ၏၊ ဘာကို ဘယ်လိုဟာကို ပြောသာ ဆိုသာ ဟူ၍ကား မသိ။

ထိုအခါ ပရစိတ္တဝိဇာနန ဉာဏ်ဖြင့် ထိုစကားပြောသော သူ၏ စိတ်အလိုကို သိအောင်လုပ်၍ စကားသံ၏ အဓိပ္ပါယ်လည်း သိအပ် နားလည်စေအပ်၏။ ဤကဲ့သို့ ပကတိနားဖြင့် မကြား ကောင်းသော အသံတို့ကို ကြားနိုင်သော ဉာဏ်ကို နတ်နား ကဲ့သို့ ကြားတတ်သဖြင့် နတ်နားနှင့် တူခြင်းကြောင့် ဒိဗ္ဗသောတ အဘိညာဉ်ဟု ခေါ်၏။

ဒိဗ္ဗသောတအဘိညာဉ် ပြီး၏။

ထိုဣဒ္ဓိမာ ပုဂ္ဂိုလ်သည် သူတပါး၏၊ စိတ် အကြံအစည်ကို သိလိုသောအခါ တန်ခိုး၌ မနိုင်နင်း သေးသော အာဒိကမ္မိက ပုဂ္ဂိုလ်သည် ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် သူတပါး တို့၏ နှလုံးသွေးကို ရှေးဦးစွာ ကြည့်၍ နှလုံးသွေး နီလျှင် ရာဂစိတ်ဘဲ မည်းလျှင် ဒေါသစိတ်ဘဲ ဝါလျှင် သဒ္ဓါစိတ်ဘဲ ဖြူလျှင် ပညာစိတ်ဘဲ စသည်ဖြင့် အောက်ရုပ်ပိုင်းက ဟောပြ ပြီးခဲ့သောအတိုင်း နှလုံးသွေးကို မြင်သဖြင့် စိတ်ကိုလည်း ဘယ်လို စိတ်ဘဲဟု သာမည အနုမာနအားဖြင့် သိ၍ ဤသူ၏ စိတ် အကြံအစည်ကို ငါ သိအံ့ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဘိညာဉ် ပါဒကဈာန်ကို ဝင်စား၍ ထပြီးလျှင် ဤသူ့ စိတ် အကြံ အစည်ကို ငါသိစေသတည်းဟု ဓိဋ္ဌာန်ခြင်းကို ပြုအပ်၏။ စိတ်အကြံ အစည်ကို သိသော အဓိဋ္ဌာန် အဘိညာဉ်ဇော ကျလာ၏ သိ၏။

သို့ အကယ်၍ ပဌမ တကြိမ်ဖြင့် မသိသေး ငြားအံ့။ ဤနည်းတူ အဖန်ဖန် ပြုအပ်၏၊ သိ၏။ ဤကဲ့သို့ သိဖန်များ၍ နိုင်နင်းသော အခါကျလျှင် နှလုံးသွေးကို ကြည့်နေဖွယ် မရှိ။ တခါတည်း စိတ်ကိုပင် ကြည့်၍ သိနိုင်တော့၏။ နှလုံးသွေး မရှိတဲ့ အရူပဘုံ စိတ်တို့ကိုလည်း သိနိုင်တော့၏။

စေတောပရိယ အဘိညာဉ်ဟူ၍လည်း ခေါ်သော ပရစိတ္တဝိဇာနန အဘိညာဉ် ပြီး၏။

ထိုဣဒ္ဓိမာပုဂ္ဂိုလ်သည် မိမိ ရှေးရှေးက ဖြစ်ခဲ့ဖူးသော ဘဝအစဉ်ကို သိလို အောက်မေ့လို အမှတ်ရလိုသောအခါ တေဇော ဩဒါတ အာလောကဟု အလင်းကသိုဏ်း သုံးခုတို့တွင် တခုခု၌ တန်ခိုးနှိုးဈာန်ကို ဝင်စား၍ ထ၍ ယခု အခါမှစ၍ မိမိ နို့စိုအခါ မိမိ မွေးဖွားသောအခါ ကျအောင် နောက်ပြန် အစဉ်အတိုင်း မိမိနေဖူး ပြုဖူး ဆိုဖူးသမျှ အလုံးစုံကို ပရိကံ စိတ်ဖြင့်ပင်လျှင် ဆင်ခြင်အောက်မေ့၍ အမှတ်ရ၍ သွားအပ်၏၊ နို့စို့အရွယ် ကျအောင် ပရိကံ စိတ်မှာ ထင်ရှား အမှတ် ရနိုင်၏၊

ထို့နောင် အရင်းသို့ကျအောင် တိုး၍ တိုး၍ ဆင်ခြင်အောက်မေ့အပ်၏၊ ထို့နောင် မသိနိုင်သော နေရာသို့ကျလျှင် ဤမွေးခါစအခါ ပဋိသန္ဓေ နေဆဲအခါတို့ကို ငါသိအံ့ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကို ပြု၍ အဘိညာပါဒက ဈာန်ကို ဝင်စား၍ ထပြီးလျှင် ဤမွေးဖွားစအခါ ပဋိသန္ဓေ နေသောအခါ ကျအောင် ငါလာခဲ့သော အစဉ်ကို သိစေ အမှတ်ရစေသတည်းဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ သိနိုင်သော အဓိဋ္ဌာန် အဘိညာဉ်ဇော ကျလာ၏ သိ၏၊

ထိုနောင် ငါသည် ဘယ်ဘဝ ဘယ်အဖြစ်က လာခဲ့လေ သနည်း။ ငါလာခဲ့သော ရှေးဘဝကို သိစေ အမှတ်ရစေသတည်းဟု ပရိကံပြုလျှင် ဈာန်ကို ဝင်စား၍ ထ၍ အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ ထိုအခါ ပဋိသန္ဓေမှ အရင်းသို့တိုးလျက် ရှေးဘဝကို သိမြင် အမှတ်ရနိုင်သော အဓိဋ္ဌာန် အဘိညာဉ်ဇော ကျလာ၏၊ အကယ်၍ မသိနိုင် အမှတ်မရနိုင်သေးလျှင် ဈာန်ဝင်စား၍ ဝင်စား၍ အဖန်ဖန် ဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ သိမြင် အမှတ်ရနိုင်တော့၏။

ဤ ယခုဘဝ၌ မိမိ၏ အဖြစ်အပျက် အကြောင်းအရာ အလုံးစုံကို အကုန် သိနိုင် ဘိသကဲ့သို့ ရှေးဘ၌ မိမိ၏ အဖြစ်အပျက် အကြောင်းခြင်းရာ အလုံးစုံကို အကုန်သိနိုင် အမှတ်ရနိုင်တော့၏၊

ဤနည်းတူ ရှေးရှေးဘဝ တို့ကိုလည်း သိအောင် အမှတ်ရအောင် နောက်ပြန် အောက်မေ့၍ သိအောင်ပြု၍ သွားရာ၏၊ ထိုသို့ သွားသောအခါ မိမိတို့ စိတ်ဉာဏ် ထက်သန်သလောက် ဘဝများစွာ ကမ္ဘာများစွာ အောက်မေ့ အမှတ်ရနိုင်ကြ သိနိုင်ကြ၏၊ သာသနာပ ရသေ့ ရဟန်းတို့ အောက်မေ့ကြသောအခါ ဉာဏ်အကြီးဆုံး ပုဂ္ဂိုလ် ကမ္ဘာကြီး လေးဆယ်ကျအောင် အမှတ်ရနိုင် သိနိုင်၏၊

ရဟန္တာ ပုဂ္ဂိုလ်တို့ကား မိမိ ဆုတောင်း ပါရမီ ဖြည့်ခဲ့ရသမျှ ကာလကုန်အောင် အမှတ်ရနိုင် သိနိုင်ကြ၏၊ သဗ္ဗညုဘုရားရှင်တို့ကား ကမ္ဘာ အသင်္ချေပေါင်း အနန္တ၊ အောက်မေ့အမှတ် ရနိုင် သိနိုင်၏၊ စိတ်ဉာဏ် ထက်သန်ကြီးထွားသော ပုဂ္ဂိုလ် တို့သည် မိမိဘဝ အစဉ်ကိုသာမဟုတ် သူတပါးတို့၏ ဘဝအစဉ်ကိုလည်း အောက်မေ့ အမှတ်ရနိုင်၏ သိနိုင်ကြ၏။

ရှေးက ဖြစ်ခဲ့ဖူးသော ဘဝ ခန္ဓာ အစဉ်ကို အောက်မေ့ အမှတ်ရနိုင် သိမြင်နိုင်သော ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ် ပြီး၏။

ထိုဣဒ္ဓိမာပုဂ္ဂိုလ်သည် နတ်မျက်စိကဲ့သို့ ကွယ်ခြားရာ ဝေးရာအရပ်တို့၌ ရှိသော အဆင်းဝတ္ထုတို့ကို မြင်လိုသောအခါ အကယ်၍ နတ်ပြည်ကို မြင်လိုအံ့၊ အလင်း ကသိုဏ်း သုံးခုတို့တွင် တခုခုကို ထိုမိမိ မြင်လိုသော အရပ်သို့ ဖြန့်ခင်း၍ နှိုးဈာန်ကို ဝင်စား၍ ထ၍ ပကတိမျက်စိဖြင့် ဤအနီးရှိ အဆင်းဝတ္ထုတို့ကို မြင်ရဘိသကဲ့သို့ ဤနတ်ပြည်ကို ငါမြင်အံ့ဟု ရည်မှန်း ဆင်ခြင်ခြင်း ပရိကံကို ပြုပြီးလျှင် အဘိညာ ပါဒကဈာန်ကို ဝင်စား၍ ထပြီးလျှင် ဤနတ်ပြည်ကို ငါမြင်စေသတည်းဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ မြင်နိုင်သော အဓိဋ္ဌာန် အဘိညာဉ်ဇော ကျလာ၏ မြင်ရ၏၊

သို့ - အကယ်၍ ပဌမတကြိမ်ဖြင့် မမြင်ရသေးလျှင် ပါဒကဈာန်ကို ဝင်စား၍ ဝင်စား၍ အဖန်ဖန် ဓိဋ္ဌာန်ခြင်းကို ပြုအပ်၏ မြင်ရတော့၏၊ ငရဲကို မြင်လိုလျှင်လည်း ဤနည်းတူ ကြည့်ရှုအပ်၏ မြင်ရ၏၊ ဘယ်ဟာကိုမဆို မြင်လိုလျှင် ဤနည်းတူ ကြည့်ရှုရာ၏ မြင်ရ၏၊

ထိုသတ္တဝါတို့ကို ကြည့်ရှု၍ မြင်၍ ဤသတ္တဝါတို့သည် ဘယ်လိုကံကို ပြုခဲ့၍ ဤကဲ့သို့ စည်းစိမ် ချမ်းသာကို ရပါလိမ့်မည်နည်း၊ ဒုက္ခကို ခံရပါလိမ့်မည်နည်းဟု ကံကို ဆင်ခြင် ကြည့်ရှုလျှင် ကံကိုလည်း သိမြင်နိုင်တော့၏၊ ထိုကံကို သိမြင်နိုင်တဲ့ဉာဏ်ကို ယထာကမ္မူပဂ အဘိညာဉ်ဟု ခေါ်၏၊

ထိုသတ္တဝါတို့ကို နောင် ဖြစ်လတံ့သည် ကိုလည်း ဆင်ခြင်ကြည့်ရှုလျှင် သိမြင်နိုင်၏၊ ထိုသို့သိမြင် နိုင်သော ဉာဏ်ကို အနာဂတံသ အဘိညာဉ်ဟု ခေါ်၏၊ ဤအဘိညာဉ် နှစ်ပါးတို့ကိုလည်း ဒိဗ္ဗစက္ခု အဘိညာဉ်သို့သွင်း၍ လောကီ အဘိညာဉ်ငါးပါးဟု မိန့်ဆိုကြကုန်၏။

ဒိဗ္ဗစက္ခုအဘိညာဉ် ပြီး၏။

တပည့်တို့ - အဘိညာဉ် ငါးပါးထဲသို့ အရဟတ္တဖိုလ်ကို ထည့်၍ အဘိညာဉ် ခြောက်ပါး ဖြစ်၏၊

ဤအဘိညာဉ် ခြောက်ပါးတို့တွင် ပုဗ္ဗေနိဝါသာနုဿတိ ဒိဗ္ဗစက္ခု၊ အရဟတ္တဖိုလ် (ပု ဒိ အာ) ဟူသော အာသဝက္ခယ ဤသုံးပါးကို ဝိဇ္ဇာသုံးပါး ဟု ခေါ်၏၊

အဘိညာဉ် ခြောက်ပါးထဲကို ဝိပဿနာဉာဏ်၊ မနောမယိဒ္ဓိတန်ခိုး ဤနှစ်ပါးကို ထည့်၍ ဝိဇ္ဇာရှစ်ပါး ဟု ခေါ်၏၊

မနောမယိဒ္ဓိတန်ခိုး ဟူသည်ကား မိမိကိုယ်ထဲကို ကောင်းကင်ဟု ဆင်ခြင် ဖန်ဆင်း၍ ထိုကိုယ် အခေါင်းထဲမှ မိမိ ကိုယ်ငယ်တခုကို ဖန်ဆင်း၍ ဓားအိမ်မှဓားကို ထုတ်နုတ် ဘိသကဲ့သို့ ထုတ်နုတ်၍ ပြသောတန်ခိုးကို ခေါ်သည်၊ ဣဒ္ဓိဝိဓ တန်ခိုးပင်လျှင်တည်း၊

တပည့်တို့ - ဤကဲ့သို့ တရားတို့၏ အမည် ဝေါဟာရ ခေါ်ဝေါ်ပုံကိုလည်း သိမှတ်ကြ။

ဣတိ အဘိညာဝိဓာနနယော

အဘိညာဝိဓာနနယော၊ အဘိညာဉ်အစီအရင်နည်းသည်။
ဣတိ၊ ဤတွင်ပြီးပြီ၊

အဘိညာဉ် အစီအရင်ပွားနည်း ပြီး၏။

မှန်ပြောင်းတပ်၍ နိဗ္ဗာန်ကိုကြည့်ပုံ အာဒါသဝိဓာနပိုင်း

တပည့်တို့ - ဤကဲ့သို့ တန်ခိုး အဘိညာဉ်တို့နှင့် တကွ ဈာန်သမာပတ်တို့ကို ရပြီး၍ စိတ်ဉာဏ် အလွန်ထက်သန် ကြည်လင်လတ်သော်–

သော ဝိဝိစ္စေဝ ကာမေဟိ ။လ။ စတုတ္ထဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိသော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ။လ။ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိသော ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ -

စသည်ဖြင့် ပဉ္စင်္ဂုတ္တရ ယောဓာဇီဝေါပမသုတ်၌ ဟောတော်မူသောအတိုင်း အာသဝေါတရား၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် အလို့ငှါ စိတ်ကို ဝိပဿနာလမ်းသို့ ညွှတ်စေ တက်စေအပ်၏။

ဈာန်ကိုးပါးတို့တွင် တပါးပါးကို ဝင်စား၍ ဈာန်သမာပတ်မှ ထပြီးလျှင် အောက်က ဟောကြားခဲ့ပြီး သောအတိုင်း ဓာတ်ခြောက်ပါးတို့ကို တိလက္ခဏာ ထင်အောင် ရှူရာ၏။ မျက်မှဏ်, မှဏ်ပြောင်းဖြင့် တပ်ချိန်၍ ကြည့်သောအခါ ပကတိ မြင်နိုင်ခဲသော သိမ်မွေ့သော ဝေးသော အာရုံတို့ကိုပင် အလွယ်တကူ ချမ်းသာစွာ ထင်ထင် ရှားရှားမြင်ရဘိသကဲ့သို့ ထို့အတူ --

တပည့်တို့ - ဤကဲ့သို့ ဈာန်ကို ဝင်စား၍ ဈာန်သမာဓိကို အခြေခံ၍ ဝိပဿနာ ရှုသည်ရှိသော် အလွန် နက်နဲ သိမ်မွေ့သော အလွန်ဝေးသော အလွန်ထင်မြင်နိုင် ခဲသော တိလက္ခဏာ အာရုံတို့ကိုလည်း မပင်မပန်း ချမ်းသာ လွယ်ကူသဖြင့်သာလျှင် ထင်မြင်နိုင်တော့၏၊ အာသဝေါ တရားတို့ကို အကြွင်းမဲ့ ကုန်စေတတ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ်လာကြတော့၏၊ အလွန်နက်နဲ သိမ်မွေ့သော အလွန်ဝေးသော အလွန်ထင်မြင် နိုင်ခဲသော သစ္စာလေးပါး အာရုံ နိဗ္ဗာန် အာရုံတို့ကို ထင်မြင်နိုင်တော့၏။

တပည့်တို့ - တိလက္ခဏာ ထင်မြင်မှသာလျှင် နိဗ္ဗာန်ကို ထင်မြင်ရသည် ဖြစ်၍ တိလက္ခဏာကို ထင်မြင်အောင် ကြည့်ရှုမှုသည်လည်း နိဗ္ဗာန်ကို ကြည့်ရှုမှုပင် မည်၏။

တပည့်တို့ - ဤကဲ့သို့ ဈာန်သမာဓိကို ဝင်စား၍ အခြေခံ၍ အာသဝေါ ကုန်မှုကို ရည်တော်မူ၍ –

ပဌမံ ပါဟံ ဘိက္ခဝေ ဈာနံ နိဿာယ အာသဝါနံ ခယံ ဝဒါမိ ။လ။ နေဝသညာနာသညာယတနံ ပါဟံ ဘိက္ခဝေ ဈာနံနိဿာယ အာသဝါနံ ခယံ ဝဒါမိ

ဟူ၍ နဝင်္ဂုတ္တရပါဠိတော်၌ ဟောတော်မူပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ပဌမမ္ပိ ဈာနံ၊ ပဌမဈာန်ကိုလည်း။
နိဿာယ၊ အခြေပါဒပြု၍ အမှီပြု၍။
အာသဝါနံ၊ အာသဝေါတရားတို့၏။
ခယံ၊ ကုန်မှုကို။
အဟံ၊ ငါဘုရားသည်။
ဝဒါမိ၊ ဟောတော်မူ၏။ လ။
ဘိက္ခဝေ၊ ရဟန်းတို့။
နေဝသညာနာသညာယတနမ္ပိ ဈာနံ၊ နေဝသညာနာသညာယတန ဈာန်ကိုလည်း၊
နိဿာယ၊ အခြေပါဒပြု၍ အမှီပြု၍။
အာသဝါနံ၊ အာသဝေါတရားတို့၏။
ခယံ၊ ကုန်မှုကို။
အဟံ၊ ငါဘုရားသည်။
ဝဒါမိ၊ ဟောကြားတော်မူ၏။

ဟု အနက်ပေး။

ပေယျာလထိုးသောနေရာမှာ အလယ်ဈာန် ခုနစ်ပါးကို ထုတ်ဖော်၍ သိမှတ်ကြ။

တပည့်တို့ - ဤကဲ့သို့ ဈာန်ကို ရှေးဦးစွာ ရအောင်ပြု၍ ဈာန်ကိုအခြေပဒ ခံ၍ အားထုတ်သဖြင့် ရအပ်သော မဂ်ဖိုလ်ကို စေတောဝိမုတ္တိ မဂ် ဖိုလ် ထိုပုဂ္ဂိုလ်ကို စေတောဝိမုတ္တ ပုဂ္ဂိုလ်ဟု ခေါ်သည်။

ဤကဲ့သို့ ဈာန်ကိုရအောင် ရှေးဦးစွာမပြုဘဲ ဈာန်ကို အခြေမခံဘဲလျက် ဝိပဿနာ မဂ်လမ်း သက်သက်ကိုသာ အားထုတ်ရာ၌လည်း ရှေးရှေးသော နီးသော ဘဝက ဈာန်သမာပတ်ကို ရခဲ့ဖူးသော အဓိကာရ ရှိခဲ့လျှင် မဂ်ပေါ်လာသောအခါ ဈာန်ပါ တခါတည်းရ၍ ပါ၍လာ၏။ ဤကဲ့သို့ ဈာန်ပါ ပါ၍လာသော မဂ်ဖိုလ်ကိုလည်း စေတောဝိမုတ္တိ မဂ်ဖိုလ် ပုဂ္ဂိုလ်ကိုလည်း စေတောဝိမုတ္တ ပုဂ္ဂိုလ်ဟု ခေါ်၏။

ဤကဲ့သို့ ရှေးဦးစွာ ဈာန်ကိုလည်း မရဘဲ အခြေမခံဘဲ မဂ်ပေါ်သော အခါမှာလည်း ဈာန်မပါလာဘဲ မဂ်ချည်းသန့်သန့် ဖြစ်ပေါ်လာသော မဂ်ဖိုလ်ကို ပညာဝိမုတ္တိ မဂ်ဖိုလ်ဟု ခေါ်၏။ ထိုပုဂ္ဂိုလ်ကို ပညာဝိမုတ္တ ပုဂ္ဂိုလ်ဟု ခေါ်၏။ ဈာန် သမာဓိအစေးမှ ခြောက်သွေ့သော သုက္ခဝိပဿက ပုဂ္ဂိုလ်ဟူ၍လည်း ခေါ်၏။

ဤကဲ့သို့ အမည် ဝေါဟာရ ခေါ်ပုံကိုလည်း သိမှတ်ကြ။ ထို့ကြောင့် တပည့်တို့ - သင် တပည့် တို့သည်လည်း ကုလ္လမထေရ် စသည်တို့ကဲ့သို့လို အလွန် နက်နဲ သိမ်မွေ့ သဖြင့် အလွန်ဝေးသဖြင့် အလွန်ထင်မြင်နိုင်ခဲသော နိဗ္ဗာန်တရားမြတ်ကို ဈာန်သမာဓိကို အခြေခံ၍ ဈာန်သမာဓိ မျက်မှဏ် မှဏ်ပြောင်း တပ်၍ ကြည့်ရှုကြ၊

အပ္ပနာဈာန် သမာဓိကိုဘဲ အကယ်၍ ရှအောင် မတတ်စွမ်း နိုင်ခဲ့လျှင် ဥပစာ ဈာန်သမာဓိ မျက်မှဏ် မှဏ်ပြောင်းဖြင့်လည်း တပ်ချိန် ကြည့်ရှုရသည် ကြည့်ရှုကြ။ ဤကဲ့သို့ သမာဓိမျက်မှဏ် မှဏ်ပြောင်းဖြင့် တပ်ချိန် ကြည့်ရှုသည်ရှိသော် မပင်မပန်း ချမ်းသာ လွယ်ကူသဖြင့်သာလျှင် လောက၏ အဆုံးစွန် ဟိုဘက်၌ တည်နေသော တုနှိုင်းမရ အလွန်တရာ ချမ်းသာလှသော သေခြင်းကင်းရာ ပရမသုခ အမတ ဘူတာရုံ ရွှေမြို့တော်ကြီးကို တွေ့မြင် ဆိုက်ရောက်ကြ၍ ချမ်းသာစွာ နေကြရကုန်လတ္တံ့ ။

တပည့်တို့ - ဤသို့သော အကြောင်းကို စွဲရည်၍ - -

သုသုခံ အမတံ ပူရံ၊ လောကန္တံ ဗုဒ္ဓဒေသိတံ။
သမာဓိကေန ဒါသေန၊ ဧထ သိဿာ ဒိသာမှသေ။

ဟူ၍ ငါဆရာ ဟောကြားပေ၏။

ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော် မူအပ်သော။
လောကန္တံ၊ လောက၏ အဆုံးစွန် ဟိုဘက်၌ တည်နေထသော။
သုသုခံ၊ တုနှိုင်းမရ အလွန်တရာ ချမ်းသာလှသော။
အမတံပုရံ၊ နိဗ္ဗာန်တည်းဟူသော သေခြင်းကင်းပ အမတဘူတာရုံ ရွှေမြို့တော်ကြီးကို။
သမာဓိကေန၊ ဧကဂ္ဂတာဈာန် သမာဓိဖြင့် ပြီးသော။
အာဒါသေန၊ အရိယာတို့လက်စွဲ အမြဲဆောင်အပ် အဖိုးမပြတ်နိုင်ရာ အလွန် ကြည်လှစွာသော မှန်ပြောင်းကြီးဖြင့်။
ဒိသာမှသေ၊ စိုင်းရင်းမတ်တတ် မရပ်ချိန်ကာ ကြည့်ရှုကြကုန်အံ့။
သိဿာ၊ အကောင်းဆုံးကို မြင်လိုကြဘိ အို - တပည့်တို့။
ဧထ၊ လာကြကုန်။

တပည့်တို့ - မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ နေစဉ်အခါ ရဟန်း တို့ကို ခေါ်တော်မူ၍ –

မံသစက္ခုဿ ဥပ္ပါဒေါ၊ မဂ္ဂေါ ဒိဗ္ဗဿ စက္ခုနော။
ယတော စ ဉာဏံ ဥဒပါဒိ၊ ပညာစက္ခု အနုတ္တရံ။
ယဿ စက္ခုပဋိလာဘာ၊ သဗ္ဗဒုက္ခာ ပမုစ္စတီတိ။

ဣတိဝုတ် ပါဠိတော်လာ တိစက္ခုသုတ်

ဘိက္ခဝေ၊ ရဟန်းတို့။
မံသစက္ခုဿ၊ အမေ မွေး၍ပေးသော ပကတိ မံသစက္ခု၏။
ဥပ္ပါဒေါ၊ ဖြစ်ပေါ်ပါရှိလာခြင်းသည်။
ဒိဗ္ဗဿစက္ခုနော၊ ဒိဗ္ဗစက္ခု၏။
မဂ္ဂေါ၊ ဖြစ်ပေါ်ရနိုင်ခြင်း အကြောင်းတည်း။
ယတော စ၊ အကြင် ဒိဗ္ဗစက္ခုဟူသော အကြောင်းကြောင့်ကား။
ဉာဏံ၊ နိဗ္ဗာန်ကို သိမြင်နိုင်သော ဉာဏ်သည်၊
ဥဒပါဒိ၊ ထင်ရှား ဖြစ်ပေါ်နိုင်၏။
ဧတံ၊ ဤကဲ့သို့ ဖြစ်ပေါ်သော ဉာဏ်သည်။
အနုတ္တရံ၊ အတုမရှိ လွန်မြတ်သော။
ပညာစက္ခု၊ ပညာစက္ခုပေတည်း။ ပညာမျက်စိပေတည်း။
ယဿစက္ခု ပဋိလာဘာ၊ အကြင်ပညာစက္ခုကို ရခြင်းကြောင့်။
သဗ္ဗဒုက္ခာ၊ အလုံးစုံသော သံသရာဝဋ်ဒုက္ခမှ။
ပမုစ္စတိ၊ လွတ်ရ၏။

ဟု ဟောကြားတော်မူလျှင် ထိုတရားတော်ကို နာခံကြရသော ရဟန်းတို့သည် မြတ်စွာဘုရား နည်းညွှန်ကြားသောအတိုင်း အမေမွေး၍ ပေးသော ပကတိ အသားစိုင် မံသမျက်စိကို အရင်းခံ၍ ဒိဗ္ဗစက္ခု ပညာစက္ခုတို့ကို ရအောင် ပြုကျင့် အားထုတ်ကြ၍ ခပ်သိမ်းသော ဒုက္ခအပေါင်းမှ လွတ်ကြလေပြီ။

ထို့ကြောင့် - သင် တပည့်တို့သည်လည်း ထိုမထေရ်မြတ်တို့ကဲ့သို့ ခပ်သိမ်းသော ဒုက္ခအပေါင်းမှ ကျွတ်လွတ်ရအောင် အမေမွေး၍ပေးသော ပကတိ မံသမျက်စိကို အရင်းခံ၍ ယခု ငါဆရာ ဟောကြားခဲ့ပြီးသောအတိုင်း ဒိဗ္ဗစက္ခု ပညာစက္ခုတို့နှင့် ပြည့်စုံအောင် ပြုကျင့်ကြ၊ ကြိုးစား၍ အားထုတ်ကြ၊ တပည့်တို့။

သမထကမ္မဋ္ဌာန်း အစီအရင်သည် ဤတွင် ပြီးပြီ။

ကသိုဏ်းမှစ၍ ဤသမထ ကမ္မဋ္ဌာန်း အစီအရင် အကုန်လုံးကို အာဒါသ ဝိဓာနပိုင်း တပိုင်းဟူ၍ မှတ်ကြ။

ဣတိ အာဒါသဝိဓာနပဗ္ဗံ

အာဒါသ ဝိဓာနပဗ္ဗံ၊ နိဗ္ဗာန်ကို ကြည့်ရှုရန် သမာဓိမျက်မှဏ် မှန်ပြောင်း ပြုလုပ်စီရင်ပုံ အာဒါသဝိဓာနပိုင်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

အာဒါသဝိဓာနပိုင်း ပြီး၏။

၈ - ပဓာနဝိဓာနပိုင်း

တပည့်တို့ - နိဗ္ဗာနဂမနပိုင်း, နိဗ္ဗာနပဝေသနပိုင်း, အာဒါသဝိဓာနပိုင်း ဤသုံးပိုင်းတို့ဖြင့် ဝိပဿနာ ကမ္မဋ္ဌာန်း, သမထကမ္မဋ္ဌာန်း အစီအရင်တို့သည် ကောင်းစွာ ပြည့်စုံ ပြီးစီးပြီ။

ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ပုံကို ပြခြင်း

တပည့်တို့ - နိဗ္ဗာန်ကို အလျင်အမြန် အလိုရှိ၍ ကမ္မဋ္ဌာန်းကို ကြိုးပမ်း အားထုတ် လိုသော သံသာရဘီရုက နိဗ္ဗာနပတ္ထယန္တ ကုလပုတ္တ အမျိုးသားသည် ဤယခု ဟောကြားခဲ့ပြီးသော ကမ္မဋ္ဌာန်း နှစ်ပါးတို့တွင် ရှေးဦးစွာ ဥဒ္ဒေသ ဂါထာနှင့်တကွ ဓာတ်ခြောက်ပါးရှုပုံ ဝိပဿနာ ကမ္မဋ္ဌာန်းကို သိကျွမ်း နားလည် အောင် ပြုအပ်၏။

နှုတ်တက်အရ ကျက်တန်သာကို ကျက်ဆောင်၍၊ စိတ်ဖြင့် မှတ်ဆောင်တန်သာကို မှတ်ဆောင်၍ ကောင်းစွာ သိလိမ်မာအောင် ပြုအပ်၏။ ပြီးလျှင် သမထ ကမ္မဋ္ဌာန်းတို့ကိုလည်း နှုတ်ဖြင့် ကျက်တန်သာကို ကျက်ဆောင်၍ စိတ်ဖြင့် မှတ်ဆောင်တန်သာကို မှတ်ဆောင်၍ ကောင်းစွာ သိလိမ်မာအောင် ပြုအပ်၏။ ဤသို့ တတ်မြောက် လိမ်မာပြီးလျှင် -

အာဝါသော စ ကုလံ လာဘော၊ ဂဏော ကမ္မဉ္စ ပဉ္စမံ။
အဒ္ဓါနံ ဉာတိ အာဗာဓော၊ ဂန္ထော ဣဒ္ဓီတိ တေ ဒသ။

အာဝါသော စ၊ တိုက်တာ ကျောင်းကန် အာရာမ် အာဝါသ၎င်း။
ကုလံ၊ အလုပ်အကျွေး တကာ ဥပသကာ၎င်း။
လာဘော၊ ဘုန်းလာဘ်လာဘ၎င်း။
ဂဏော၊ တပည့် စာသင်သားအပေါင်း၎င်း။
ပဉ္စမံ၊ ငါးခုမြောက် ဖြစ်သော။
ကမ္မဉ္စ၊ ဘုရားတည်စရာ ပြင်ဆင်စရာ ကျောင်းဆောက်စရာ ပြင်ဆင်စရာ စသော နဝကမ္မ အမှုကိစ္စ၎င်း။
အဒ္ဓါနံ၊ ခရီးသွားစရာ ကိစ္စ၎င်း။
ဉာတိ၊ ဥပဇ္ဈာယ် အန္တေဝါသိက စသော သာသနာမျိုးဆွေ အမိအဘ စသော အိမ်မျိုးဆွေ၎င်း။
အာဗာဓော၊ အနာရောဂါ၎င်း။
ဂန္ထော၊ စာတက် စာချ ကျမ်းရေး ကျမ်းဆောင်မှု ဟူသော ကျမ်းဂန် စာပေ ကိစ္စ၎င်း။
ဣဒ္ဓိ၊ တန်ခိုးပြခြင်း၎င်း။
ဣတိ၊ ဤသို့။
တေ၊ ထိုကမ္မဋ္ဌာန်းကို စိတ်ချလက်ချ အားထုတ်ခွင့် မရအောင် ကန့်ကွက် နှောင့်ယှက် တတ်ကုန်သော ပလိဗောဓကြီးတို့ သည်။
ဒသ၊ ဆယ်ပါးရှိကုန်၏။

ဟု အဋ္ဌကထာ ဆရာမြတ်တို့ မိန့်ကြားသောအတိုင်း ဤပလိဗောဓကြီး တို့ကို သိ၍ ကမ္မဋ္ဌာန်းကို စိတ်ချ လက်ချ အားထုတ်ခွင့် မရအောင် နှောင့်ယှက် တတ်သော ကြောင့်ကြစိုက်ဖွယ် ထိုပလိဗောဓကြီးတို့ကိုလည်း ဖြတ်တောက် ပယ်ရှား၍ ကမ္မဋ္ဌာန်းကို ကောင်းမွန်စွာ အားထုတ်ခြင်း ပဓာနအမှုကို ပြုခွင့်ရမည့် နေရာ အရပ်သို့ ဆည်းကပ်နေထိုင်ရာ၏။

ပဓာနအမှုကို ပြုလုပ်ခွင့်ရမည့် သပ္ပါယ အရပ်ဌာနကိုကား -

၁။ မဟာဝါသံ နဝါဝါသံ၊ ဇရာဝါသဉ္စ ပန္ထနိံ။
သောဏ္ဍိံ ပဏ္ဏဉ္စ ပုပ္ဖဉ္စ၊ ဖလံ ပတ္ထိတမေဝ စ။

၂။ နဂရံ ဒါရုနာ ခေတ္တံ၊ ဝိသဘာဂေန ပဋ္ဋနံ။
ပစ္စန္တသီမာ သပ္ပါယံ၊ ယတ္ထ မိတ္တော န လဗ္ဘတိ။

၃။ အဋ္ဌာရသေတာနိ ဌာနာနိ၊ ဣတိ ဝိညာယ ပဏ္ဍိတော။
အာရကာ ပရိဝဇ္ဇေယျ၊ မဂ္ဂံ ပဋိဘယံ ယထာ။

၁။ မဟာဝါသံ၊ နာနာစ္ဆန္ဒ ဝိဝါဒများ စကားဆူလောင်သော ကျောင်းတိုက်ကြီးကို၎င်း။
နဝါဝါသံ၊ များနဝကံ မပြုပြန်ခဲ့ ကဲ့ရဲ့ရှုတ်ပစ် ကျောင်းတိုက်သစ်ကို၎င်း။
ဇရာဝါသဉ္စ၊ ပြင်ဖွယ်များတောင်း ကျောင်းတိုက်ဟောင်းကို၎င်း။
ပန္ထနိံ၊ ဧည့်သည်ခိုမှီး လမ်းခရီးနီးသော ကျောင်းကို၎င်း။
သောဏ္ဍိံ၊ ရှင် လူ ရဟန်း ရောပြွမ်းစုဆိုင် ကျောက်ရေအိုင် နီးသော ကျောင်းကို၎င်း။
ပဏ္ဏဉ္စ၊ သီချင်းဆူကြွက် ရွာသူသက်သည့် ဟင်းရွက်တောနီးသော ကျောင်းကို၎င်း။
ပုပ္ဖဉ္စ၊ ပန်းတော ကျောင်းကို၎င်း။
ဖလဉ္စ၊ သစ်သီးရှိသော ကျောင်းကို၎င်း။
ပတ္ထိတမေဝ စ၊ တောင့်တချီးမွမ်း လူစုပြွမ်းသည့် ဘုရားတန်ခိုးကြီး နီးသော လူအများ ရောက်ချင် အပ်သော သင်္ခမ်းကျောင်းသာကို၎င်း။

၂။ နဂရံ၊ မာတုဂါမ စသည် ဆူလှောင်း မြို့နီးကျောင်းကို၎င်း။
ဒါရုနာ၊ သစ် ဝါး ထင်းတောမှီသော ကျောင်းနှင့်တကွ။
ခေတ္တံ၊ လယ်တောနီးသော ကျောင်းကို၎င်း။
ဝိသဘာဂေန၊ ရဟန်း ရန်သူ ချင်းချင်းတို့နေရာ ကျောင်းနှင့်တကွ။
ပဋ္ဋနံ၊ ကုန်သည်လာအိပ် ရေဆိပ် ကုန်းဆိပ် နီးသော ကျောင်းကို၎င်း။
ပစ္စန္တသီမာ သပ္ပါယံ၊ သဒ္ဓါနည်းပါး တိုင်းစွန်ပြည်နား ရွာကိုမှီသောကျောင်း, နှစ်ပြည် ကြားညှပ် တိုင်းကျပ်ရွာကို မှီသောကျောင်း, မာတုဂါမ ယက္ခဘေးဘျမ်း ရောပြွမ်း နေလတ် မလျောက်ပတ်သော ကျောင်းသုံးပါးကို၎င်း။
ယတ္ထ၊ အကြင် ကျောင်း၌။
မိတ္တော၊ တပည့်တကာ ကလျာရွေပေါင်း မိတ်ဆွေကောင်းကို။
န လဗ္ဘတိ၊ မရအပ်။
တမ္ပိ၊ ထိုမိတ်ကောင်းမနီး အပြစ်ကြီးတောင်း နေရာကျောင်းကို၎င်း။

၃။ ဧတာနိ အဋ္ဌာရသ ဌာနာနိ၊ ဤတဆဲ့ရှစ်ရပ်တို့ကို။
ဣတိ ဝိညာယ၊ ဘာဝနာနှင့် မသင့်လျော်ဘိ ဤသို့သိ၍။
ပဏ္ဍိတော၊ ပညာရှိသည်။
ပဋိဘယံ၊ သားရဲဘီလူး ခိုးမှူးပြွမ်းဘိ ဘေးဘျမ်းရှိသော။
မဂ္ဂံ ယထာ၊ ခရီးလမ်းကိုကဲ့သို့။
အာရကာ၊ အဝေးက။
ပရိဝဇ္ဇေယျ၊ ရှောင်ကွင်းရာ၏။

ဟု အဋ္ဌကထာဆရာမြတ်တို့ မိန့်မှာ ဆုံးမတော်မူသောအတိုင်း ဤမလျောက်ပတ် မနေအပ်သော တဆဲ့ရှစ်ရပ်သော နေရာခကျောင်းတို့မှ ကြွင်းသော “ကထဉ္စ ဘိက္ခဝေ သေနာသနံ ပဉ္စင်္ဂသမန္နာဂတံ ဟောတိ” စသည်ဖြင့် မြတ်စွာဘုရားရှင် ဟောကြား ညွှန်ပြတော်မူအပ်သော ဂေါစရဂါမ်ရွာမှ ကုလလေးတာ အောက်ထစ် ငါးရာ အလွန်ဆုံး တထောင်ကွာသဖြင့် မဝေးလွန်း မနီးလွန်းခြင်း၊ လူရှင် မရောပြွမ်း အသံဆိတ်ငြိမ်ခြင်း၊ ခြင် မှက် မြွေ ကင်း သန်း နည်းပါးခြင်း ပစ္စည်းလေးပါး ရလွယ်ခြင်း၊ တပည့်တကာ အားကိုးစရာ မိတ်ဆွေ တရားအရာဖြင့် မေးမြန်း အားကိုးစရာ သီတင်းသုံးဖော် မိတ်ဆွေလည်း ရနိုင်ခြင်း ဤအင်္ဂါ ငါးပါးနှင့် ပြည့်စုံသောကျောင်းသည် ပဓာနအမှုကို ပြုလုပ်ရန် အလွန်သင့်လျော် လျောက်ပတ်သော နေရာမည်၏။ ဤကဲ့သို့သော နေရာ၌ နေထိုင်ရာ၏။

တပည့်တို့ - အဋ္ဌကထာ ဆရာမြတ်တို့ မနေအပ်ဟု ပယ်အပ်သော ဤတဆဲ့ ရှစ်ရပ် သော ကျောင်းတို့၌လည်း ပဓာနအမှုကို ပြုလုပ်ခွင့် မရအောင် နှောင့်ရှက် ဖျက်ဆီးမည့် ဘေးအန္တရာယ်ကို မြင်၍ မနေအပ်ဟု ပယ်တော်မူကြသည်။ အကယ်၍ ကလျာဏ မိတ်ဆွေကောင်းကို ရ၍သော်၎င်း၊ မိမိ၏ အစွမ်းဖြင့်သော်၎င်း၊ ထိုဘေးရန် အန္တရာယ်တို့ကို ကာဆီးပယ်ရှား တားမြစ်နိုင်၍ ပဓာန အမှုကို ပြုလုပ်ခွင့် ရငြားအံ့ နေအပ်၏၊ နေရာ၏။ မနေရဖူး ဆိုတယ်လို့ လှေနံဓားထစ် တထစ်ချ ဧကန္တိက မမှတ်အပ် အားထုတ်ခွင့် ရသည်သာ လိုရင်းတည်း

တပည့်တို့ - ဘုရားလက်ထက်တော်က မဟာဝါသဖြစ်သော ကျောင်းတိုက် ကြီးထဲ၌ ရဟန်းငယ်တပါး တိုက်တာ ဝေယျာဝစ္စ သံဃဝေယျာဝစ္စ အမှုကိစ္စတို့ကို ဘာကိုမှ မပြုဘဲ မိမိ ဆွမ်းကလေး ခံစားပြီးလျှင် သပိတ်ဆေး၍ သိမ်းဆည်း ပြီးလျှင် ကျောင်းခန်းထဲသို့ ဝင်၍ တရားကိုသာလျှင် အားထုတ်၍နေ၏။

တိုက်တာ သံဃာမထေရ်ကြီးများက ကဲ့ရဲ့ကြငြားသော်လည်း ထိုကဲ့ခဲ့ကြ သည်ကို မြက်ခြောက်မှိုက် တခုလောက်မျှ အမှုမထားဘဲ စွတ်ပေ၍ တရားကိုသာလျှင် အားထုတ်၍နေ၏။ နောင်တနေ့သ၌ ဤရဟန်းငယ်နှင့်တကွ ထိုမထေရ်ကြီးတို့ ဘုရားအထံသို့ ရောက်ကြသောအခါ ဤပဉ္စင်းကလေးဟာ အလွန် ပျင်းတယ်ဘုရား အလိုက်မသိတတ်ဖူး တိုက်သံဃာ၏ အမှုကိစ္စကို ဘာမှမပြုဖူး စားပြီးလျှင် အခေါင်းထဲဝင် အိပ်အိပ်နေတာဘဲ ဘုရားဟု လျှောက်ကြလေလျှင် ချစ်သား . သင် ယခု လျှောက်ကြသောအတိုင်း ဟုတ်သလားဟု ထိုရဟန်းငယ်ကို ဘုရားရှင်က စစ်မေးလေလျှင် တင်ပါ တပည့်တော်လဲ တပည့်တော်အလုပ်ကို လုပ်ရပါသည် ဘုရားဟု လျှောက်လေ၏။

ထိုအခါ ဘုရားရှင်သည် ပရစိတ္တဝိဇာနန ဉာဏ်ဖြင့် ထိုရဟန်းငယ်၏စိတ်ကို အလုပ်ကို ကြည့်လတ်သော် မြင်တော်မူ၍ ချစ်သားတို့ ဤပဉ္စင်းကလေးကို မကဲ့ရဲ့ကြလေနှင့်၊ အလွန် အလုပ်အကိုင် ကောင်းသို့ အလွန် ဝီရိယရှိတဲ့ ယောက်ျားမြတ်ကလေးပေတည်း။

ဤပဉ္စင်းကလေး မဝင်စားနိုင်သော ဈာန်သမာပတ် ဖလသမာပတ်ဟူ၍ ငါဘုရား ကြည့်၍ မမြင်တော့ပြီ၊ မရှိတော့ပြီ။ သင် ချစ်သားတို့သည်လည်း ဤပဉ္စင်းကလေး ကဲ့သို့ လုံ့လဝီရိယရှိကြ၊ ကိုယ့်အလုပ်ကိုသာ လုပ်ကြဟု မိန့်ကြား ဆုံးမပြီးလျှင် -

အယဉ္စ ဒဟရော ဘိက္ခု၊ အယံ မုတ္တမ ပုရိသော။
ဓာရေတိ အန္တိမံ ဒေဟံ၊ ဇေတွာ မာရံ သဝါဟနံ။

ဟူ၍ သံယုတ်ပါဠိတော်၌ ထိုရဟန်းငယ် ဦးပဉ္စင်းကလေးကို ချီးမွမ်း ဟောကြားတော်မူပေ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
အယဉ္စဘိက္ခု၊ ဤရဟန်းကလေးသည်။
ဒဟရော၊ ရဟန်းပျို၊ ပဉ္စင်းကလေးမျှသာတည်း။
အယံ၊ ဤရဟန်းပျို ပဉ္စင်းကလေးသည်။
ဥတ္တမပုရိသော၊ ယောက်ျားမြတ်ကလေးပေတည်း။
အယံ၊ ဤရဟန်းပျို ကလေးသည်။
သဝါဟနံ၊ စစ်သည်ဗိုလ်ပါနှင့်တကွသော။
မာရံ၊ မာရ်မင်းကို။
ဇေတွာ၊ အောင်မြင်၍။
အန္တိမံဒေဟံ၊ အဆုံးစွန်သော ကိုယ်ကို။
ဓာရေတိ၊ ဆောင်တော့၏။

တပည့်တို့ - ဤပဉ္စင်းကလေးကဲ့သို့ စွတ်ပေနိုင်၍ သည်းခံနိုင်၍ မိမိ ပဓာန အလုပ်ကို လုပ်ခွင့်ရလျှင် မဟာဝါသ စသော တဆဲ့ရှစ်ရပ်သော ကျောင်းတို့၌လည်း နေအပ်၏၊ နေရာ၏၊ လုပ်ခွင့်မရလျှင်ကား မနေအပ်။

တပည့်တို့ - တနည်းလည်း ထိုပလိဗောဓကို ဖြတ်တောက်ပယ်ရှင်း ငြိတွယ် ငဲ့ကွက်ခြင်း ကင်းပြီးသော ပုဂ္ဂိုလ်သည် -

သော ဝိဝိတ္တံ သေနာသနံ ဘဇတိ၊ အရညံ ရုက္ခမူလံ ပဗ္ဗတံ ကန္ဒရံ ဂိရိဂုဟံ သုသာနံ ဝနပတ္ထံ အဗ္ဘောကာသံ ပလာလပုဉ္ဇံ။

ဘိက္ခဝေ၊ ရဟန်းတို့။
သော၊ ထိုကမ္မဋ္ဌာန်းကို အားထုတ်လိုသော ပုဂ္ဂိုလ် သည်။
အရညံ၊ ရွာနှင့်ဝေးလတ် တောအရပ်သို့၎င်း။
ရုက္ခမူလံ၊ ဆိတ်ငြိမ်ရာ သစ်ပင်ရင်းသို့၎င်း။
ပဗ္ဗတံ၊ ဆိတ်ငြိမ်ရာ တောင်သို့၎င်း။
ကန္ဒရံ၊ ဆိတ်ငြိမ်ရာ တောင်ချောက်ကြားထဲ ချောင်းထဲသို့၎င်း။
ဂိရိဂုဟံ၊ တောင်ကမ်းပါးလိုဏ်သို့၎င်း။
သုသာနံ၊ လူသူကြောက်ရွံ့ မလာဝံ့ရာ သင်းချိုင်း သုသာန်သို့၎င်း။
ဝနပတ္တံ၊ ဆိတ်ငြိမ်သော တောအုပ်သို့၎င်း။
အဗ္ဘောကာသံ၊ ဆိတ်ငြိမ်ရာ လယ်ပြင် ယာပြင် လွင်တီးခေါင်သို့၎င်း၊
ပလာလပုဉ္ဇံ၊ ဆိတ်ငြိမ်ရာ ပြောင်းရိုးစင် ပြောင်းရိုးပုံ ကောက်ရိုးစင် ကောက်ရိုးပုံ သို့၎င်း။
ဝိဝိတ္တံ၊ ဆိတ်ငြိမ်သော။
သေနာသနံ၊ ကျောင်းသို့။
ဘဇတိ၊ ချဉ်းကပ် နေထိုင်၏။

ဟု ယောဓာဇီဝေါပမသုတ် စသည်တို့၌ ဘုရားရှင် ညွှန်ပြဟောကြားတော်မူ အပ်သော ပဓာနအမှု ပြုလုပ်ရန် သင့်တင့်လျောက်ပတ်သော ဤကိုးပါးသော နေရာကျောင်းတို့၌လည်း နေအပ်၏၊ နေရာ၏

တပည့်တို့ - တိုတိုလိုရင်း အကျဉ်းချုပ် အားဖြင့်ကား ဘယ်နေရာမဆို အကြင် နေရာ၌ ပဓာနအမှုကို ပြုလုပ်ခွင့် ကောင်းကောင်းရ၏။ ထိုနေရာသည် သင့်တင့် လျောက်ပတ်သော နေအပ်သော နေရာတည်းဟု ဧကန်တထစ်ချ မှတ်အပ်၏။ ထိုနေရာ၌နေ၍ အားထုတ်ရာ၏။

ကမ္မဋ္ဌာန်း ပွားများပုံ လမ်းညွှန်ချက်များ

ကမ္မဋ္ဌာန်းမှာကား အပ္ပနာ ဈာန်ကိုရအောင် အားမထုတ်နိုင်ဘဲ အားမထုတ်ချင်ဘဲ ဝိပဿနာ သက်သက်ကိုပင် အားထုတ်လိုသော သူမှာ မရဏာနုဿတိ သဗ္ဗလောကေအနဘိရတိ သညာ ဥပသမာနုဿတိတို့ကို မပြတ်မလပ် ပွားများ ဆင်ခြင်၍ အကူအပံ့ အခြေခံ၍ ဝိပဿနာနည်းတို့တွင် မိမိစိတ်ဉာဏ်နိုင်သော တွေ့သော နည်းတခုခုကို အမြဲအစွဲ ပွားများအားထုတ်ရာ၏

ဝိပဿနာယောဂီပုဂ္ဂိုလ်သည် မေတ္တာ ကရုဏာ မုဒိတာတို့ကို မပွားများအပ်၊ အပ္ပနာဈာန်ကို အခြေခံအလို့ငှါ အားထုတ်လိုသောသူမှာ မိမိစိတ်ဉာဏ်နိုင်သော တွေ့သော ဝိပဿနာနည်း တခုခုကို အမြဲအစွဲ စိတ်ထဲ၌ လက်ကိုင်ထား၍ အပ္ပနာဈာန်ကို ဖြစ်စေတတ်သော သမထ တခုခုကို အမြဲအစွဲ အားထုတ်ရာ၏

ထိုသမထထဲတွင်လည်း ရာဂစရိုက် အားကြီးသောသူမှာ အသုဘ ကာယဂတာသတိတို့ အထူး သင့်လျော် လျောက်ပတ်၏
ဒေါသစရိုက် အားကြီးသော သူမှာ မေတ္တာ ကရုဏာတို့ အထူးသင့်လျော် လျောက်ပတ်၏
မောဟစရိုက် ဝိတက်စရိုက် အားကြီးသောသူမှာ အာနာပါန အထူးသင့်လျော် လျောက်ပတ်၏
ကာယဗလနှင့် ပြည့်ဝသော ကြာကြာထိုင်နိုင်သော ကျန်းမာသောသူ ဖြစ်ခဲ့လျှင် ဘယ်သူမဆို ကသိုဏ်းတို့ အထူး သင့်လျော် လျောက်ပတ်၏။ ထိုသို့ ဖြစ်ငြား သော်လည်း မိမိတို့ ရှေးရှေးက အားထုတ် ပွားများခဲ့ဖူးသော ကမ္မဋ္ဌာန်းနှင့်ကျလျှင် ကြားလျှင်ကြားခြင်း တွေ့မြင်လျှင် တွေ့မြင်ခြင်း စိတ်ထဲမှာ နှစ်သက်၏။ ဘယ်သင်း မဆို ထိုမိမိစိတ်တွေ့သော နှစ်သက်သော တခုခု ကမ္မဋ္ဌာန်းကိုသာလျှင် အားထုတ် ပွားများအပ်၏၊ ပွားများရာ၏

အပ္ပနာဈာန်ကို ရအောင် အားထုတ်သော သမထ ယောဂီပုဂ္ဂိုလ်အား ထိုမိမိ လက်ကိုင် ကမ္မဋ္ဌာန်းကို ပွားများ အားထုတ်စဉ် ရံခါ ရံခါ ပျင်း၍ စိတ်ခြောက်သွေ့၍ အားလျော့၍ လာသောအခါတို့၌ သံဃာနုဿတိ သီလာနုဿတိ ဒေဝတာနုဿတိ တို့ကို အနည်းငယ် အနည်းငယ် ပွားများ ဆင်ခြင် အပ်၏

ဒေဝတာနုဿတိမှာလည်း ဤကဲ့သို့သော ယောဂီပုဂ္ဂိုလ်မှာ ကာမာဝစရ နတ်ဖြင့် အသုံးမကျ၊ အဘက်မဟုတ် မအောက်မေ့အပ်၊ ဗြဟ္မာနတ်တို့ကိုသာလျှင် တုပြိုင် အားကျအပ်၏၊ အောက်မေ့ အပ်၏။ ဗြဟ္မာဒေဝတာနုဿတိ ကိုသာ ပွားများ ဆင်ခြင်ရမည်၊ မရဏာနုဿတိကိုလည်း အနည်းငယ် အနည်း ငယ် ဆင်ခြင်အပ်၏။

မေတ္တာမှ ကြွင်းသော သမထကို အားထုတ်သော ပုဂ္ဂိုလ်အား မေတ္တာတို့ကိုလည်း ရံခါ ရံခါ အနည်းငယ် ပွားများရာ၏။ ထိုသမထယောဂီ ဝိပဿနာယောဂီ နှစ်ဦးလုံးသည်ပင်လျှင် အစာအာဟာရ စားသောက်ဆဲ အခါတို့၌ အာဟာရေပဋိကူလသညာကို ပွားများအားထုတ်ရာ၏။ အထူးအားဖြင့် သမထယောဂီ ပုဂ္ဂိုလ်သည် သာလွန်၍ အာဟာရေ ပဋိကူလသညာ တည်စေရာ၏၊ ပွားများရာ၏။

ထိုနှစ်ဦးသော ပုဂ္ဂိုလ်တို့သည်ပင်လျှင် ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိတို့ကိုလည်း ရံခါရံခါ ပွားများရာ၏။ အထူးအားဖြင့်ကား သမထယောဂီပုဂ္ဂိုလ်သည် ဗုဒ္ဓါနုဿတိကို ပွားများရာ၏ဝိပဿနာ ယောဂီပုဂ္ဂိုလ်သည် ဓမ္မာနုဿတိကို ပွားများရာ၏၊ သံဃာနုဿတိကိုလည်း ပွားများရာ၏၊

စာဂါနုဿတိကိုမူကား တကာ ဥပါသကာများ သာရဏိယဝတ် ဖြည့်သောရဟန်းများ အလို့ငှါ ဟောသော ကမ္မဋ္ဌာန်းတည်း။ မဟာယောဂီ ပုဂ္ဂိုလ်တို့မှာကား ထို စာဂါနုဿတိသည် အသုံးမကျ

နိမိတ် ရသောအခါ ပြုကျင့်ပုံ

တပည့်တို့ - ထိုသို့ ပွားများ အားထုတ်၍ နိမိတ်ရသော အခါကျလျှင်ကား စကြာမင်းလောင်း ကိုယ်ဝန်ကိုကဲ့သို့ ထိုနိမိတ်ကို ကောင်းစွာ စောင့်ရှောက်ရာ၏၊ ထိုအခါ...

အာဝါသော ဂေါစရော ဘဿံ၊ ပုဂ္ဂလော ဘောဇနံ ဥတု။
ဣရိယာပထောတိ သတ္တေတေ၊ အသပ္ပါယေ ဝိဝဇ္ဇယေ။
သပ္ပါယေ သတ္တ သေဝေထ၊ ဧဝဉှိ ပဋိပဇ္ဇတော။
န စိရေနေဝ ကာလေန၊ ဟောတိ ကဿစိ အပ္ပနာ။

အာဝါသော၊ နေရာ အာဝါသ၎င်း။
ဂေါစရော၊ ဆွမ်းခံရွာ၎င်း။
ဘဿံ၊ စကားပြောခြင်း၎င်း။
ပုဂ္ဂလော၊ အပေါင်းအဖော် ပုဂ္ဂိုလ်၎င်း။
ဘောဇနံ၊ အစာ အာဟာရ၎င်း။
ဥတု၊ ချမ်းပူ ဥတု၎င်း။
ဣရိယာပထော၊ ဣရိယာပုထ်၎င်း။
ဣတိ၊ ဤသို့။
ဧတေ သတ္တ၊ ထိုခုနစ်ပါးတို့ကို။
အသပ္ပါယေ၊ မိမိနှင့် မသင့် မလျောက်ပတ် သပ္ပါယ မဖြစ်သည်တို့ကို။
ဝိဝဇ္ဇယေ၊ ရှောင်ကြဉ်ရာ၏။
သတ္တ သပ္ပါယေ၊ ထိုခုနစ်ပါးတို့ကို မိမိနှင့် သင့်လျော် လျောက်ပတ် သပ္ပါယ ဖြစ်သာတို့ကို။
သေဝေထ၊ မှီဝဲရာ၏။
ဧဝဉှိ၊ ဤကဲ့သို့ ထိုခုနစ်ပါးတို့ကို မိမိနှင့် သပ္ပါယ မဖြစ်သာတို့ကို ရှောင်ကြဉ်၍ သပ္ပါယ ဖြစ်သာတို့ကို မှီဝဲ၍လျှင်။
ပဋိပဇ္ဇတော၊ ပြုကျင့်သော။
ကဿစိ၊ အချို့သော ပုဂ္ဂိုလ်အား။
န စိရေနေဝကာလေန၊ မကြာမြင့်မီသော ကာလဖြင့်သာလျှင်။
အပ္ပနာ၊ အပ္ပနာ ဈာန်ဇောသည်။
ဟောတိ၊ ဖြစ်ပေါ်လာတော့၏။

ဟု အဋ္ဌကထာ ဆရာမြတ်တို့ မိန့်ကြားသောအတိုင်း နေရာထိုင်ခင်း, ဆွမ်းခံရွာ, စကားပြောခြင်း, အပေါင်းအဖော်, အစာအာဟာရ, ချမ်းပူဥတု, သွားခြင်း ထိုင်ခြင်း စသော ဣရိယာပုထ် ဤ ခုနစ်ပါးတို့ကို မိမိနှင့် သပ္ပါယ မဖြစ်သာတို့ကို ရှောင်ကြဉ်၍ သပ္ပါယ ဖြစ်သာတို့ကိုသာ မှီဝဲ၍ ထိုနိမိတ် အာရုံကို စောင့်ရှောက်လျက် ကောင်းမွန်ရိုသေစွာ မမေ့မလျော့ ပြုကျင့်အားထုတ်ရာ၏။

ဤကဲ့သို့ အားထုတ်သည်ရှိသော် မကြာမြင့်မီလျှင် အပ္ပနာဈာန်သို့ ရောက်နိုင်တော့၏၊ ဤကဲ့သို့မပြုလျှင် ရပြီးသော နိမိတ်သည် ပျက်စီး၍ သွားတတ်၏။ ကြာ၍ သော်လည်း နေတတ်၏၊ နိမိတ်ရမှသာမဟုတ် နိမိတ်မရခင်ကစ၍ အားထုတ် ကတည်းကပင်လျှင်လည်း ဤခုနစ်ပါးသော အသပ္ပါယတို့ကို ရှောင်ကြဉ်ရာ၏။ သပ္ပါယ ဖြစ်သာတို့ကိုသာ မှီဝဲရာ၏

အထူးအားဖြင့် သမထယောဂီ ပုဂ္ဂိုလ်အား စကားများများ ပြောမှုသည် စင်စစ် မလျောက်ပတ်၊ တိရစ္ဆာန စကားကိုကား အလျင်းမပြောအပ်၊ တရားစကားကိုလည်း များစွာပြောလျှင် နိမိတ်အာရုံ ပျက်စီး၏၊ များစွာ မပြောအပ်၊ စာတွေကိုလည်း အလွန်များစွာ မရွတ်အံအပ်

တပည့်တို့ - အားထုတ်သော အခါလည်း ဆက္ကင်္ဂုတ္တရ ပါဠိတော် သီတိဘာဝ သုတ်၌ ဘုရားရှင် ဟောကြားတော်မူသောအတိုင်း စိတ်ကို ရံခါ ရံခါ ပျင်းရိ၍ လာသောအခါ ဝီရိယထက်သန်အောင် အကူအပံ့ ကမ္မဋ္ဌာန်းတို့ဖြင့် မြှောက်ပင့်၍ ရံခါ ရံခါ တက်ကြွ ပျံ့လွင့်၍ လာသောအခါ စိတ်ကို တခုတည်းသော သမာဓိ အာရုံဖြင့် နှိပ်၍ ရံခါ ရံခါ စိတ်ခြောက်သွေ့၍ လာသောအခါ သဒ္ဓါစေး ပေါက်၍ စိတ်ရွှင်လန်း၍ လာအောင် ဗုဒ္ဓါနုဿတိစသော အကူအပံ့ ကမ္မဋ္ဌာန်းတို့ဖြင့် ရွှင်လန်း စိုရွှမ်းစေ၍ ကမ္မဋ္ဌာန်း အာရုံ၌ ကောင်းမွန်စွာ ဖြစ်၍နေသောအခါ စိတ်ကို မမြှောက်မနှိပ် မရွှင်လန်း စေဘဲ လျစ်လျူရှု၍ ဈာန်အပ္ပနာ မဂ်အပ္ပနာ တရားတို့ကို အလွန်လိုချင်သော အာသာ ဆန္ဒရှိလျက် ကိလေသာ မီးငြိမ်း၍ အေးချမ်းခြင်း နိဗ္ဗာန်တရား၌ အလွန်ကြီး စိတ်ညွတ်ကိုင်း ပျော်မွေ့လျက် --

“ယတံ စရေ ယတံ တိဋ္ဌေ၊ ယတံ အစ္ဆေ ယတံ သယေ”

စသည်ဖြင့် ဣတိဝုတ်ပါဠိတော် ပဟိတတ္တသုတ်၌ ဟောတော်မူသောအတိုင်း ဣရိယာပုထ် လေးပါး၌ မမေ့မလျော့ စွဲစွဲမြဲမြဲ မဆုတ်မနစ် ကြိုးစားအားထုတ်ရာ၏၊ ဤကဲ့သို့ အားထုတ်သော ပုဂ္ဂိုလ်သည် အာရဒ္ဓဝီရိယပုဂ္ဂိုလ် ပဟိတတ္တပုဂ္ဂိုလ် ပဓာနိကပုဂ္ဂိုလ် မည်၏။

တပည့်တို့ - ဤကဲ့သို့ အားထုတ်ရာ၏၊ ဤကဲ့သို့ ပဓာန အစီအရင်ကို သိမှတ်၍ သင် တပည့်တို့သည် အားထုတ်ကြကုန်လော့

ဣတိ ပဓာနဝိဓာနပဗ္ဗံ။

ပဓာနဝိဓာနပဗ္ဗံ၊ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်းဟူသော ပဓာနအမှုကို ပြုလုပ်ပုံ အစီအရင် ပဓာနဝိဓာန အပိုင်းသည်။
ဣတိ၊ ဤတွင် ပြီးပြီ။

ပဓာနအစီအရင် ပြီး၏။

၉ - သိဿာနုသာသနီပိုင်း

တိုက်တွန်းဆုံးမသော အနုသာသနီကိုပြခြင်း

တပည့်တို့ - မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်း၌ နေစဉ်အခါ ရဟန်းတို့ကို ခေါ်တော်မူ၍ “အပဋိဝါနံ သုဒါဟံ ဘိက္ခဝေ ပဒဟာမိ၊ ကာမံ တစော စ နှာရု စ” စသည်ဖြင့် မိမိ မဆုတ်မနစ် ပဓာနအမှုကို ပြုလုပ်ပုံ ပြုလုပ်၍ အကျိုးပြီးစီးပုံကို ဟောကြားပြီးလျှင် ရဟန်းများအားလည်း ကိုယ်တော်မြတ်အတူ အားထုတ်စေရန် အားထုတ်၍ အကျိုးပြီးစီးစေရန် ဟောပြ တိုက်တွန်းတော် မူလို၍—

တုမှေ စေ ဘိက္ခဝေ အပဋိဝါနံ ပဒဟေယျာထ၊ ကာမံ တစော စ နှာရု စ အဋ္ဌိ စ အဝသိဿတု သရီရေ၊ ဥပသုဿတု မံသလောဟိတံ၊ ယန္တံ ပုရိသထာမေန ပုရိသဝီရိယေန ပုရိသပရက္ကမေန ပတ္တဗ္ဗံ၊ န တံ အပါပုဏိတွာ ဝီရိယဿ သဏ္ဌာနံ ဘဝိဿတီတိ၊ တုမှေပိ ဘိက္ခဝေ နစိရဿေဝ ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ၊ တဒနုတ္တရံ ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေ၀ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရိဿထ၊ တသ္မာ တိဟ ဘိက္ခဝေ ဧဝံ သိက္ခိတဗ္ဗံ၊ အပဋိဝါနံ ပဒဟိဿာမ၊ ကာမံ တစော စ နှာရု စ အဋ္ဌိ စ အဝသိဿတု သရီရေ၊ ဥပသုဿတု မံသလောဟိတံ၊ ယန္တံ ပုရိသထာမေန ပုရိသဝီရိယေန ပုရိသပရက္ကမေန ပတ္တဗ္ဗံ၊ တံ အပါပုဏိတွာ ဝီရိယဿ သဏ္ဌာနံ ဘဝိဿတီတိ။ ဧဝဉှိ ဝေါ ဘိက္ခဝေ သိက္ခိတဗ္ဗန္တိ ။

ဟူ၍ ဒုကင်္ဂုတ္တရ ပါဠိတော်လာ အပဋိဝါန ပဓာနသုတ်၌ ဟောတော် မူပေ၏။

ဘိက္ခဝေ၊ ချမ်းသာလိုလား အို - ချစ်သားတို့။
တုမှေ၊ သင် ချစ်သားတို့သည်။
စေ၊ အကယ်၍။
သရီရေ၊ ကိုယ်၌။
ကာမံ၊ စင်စစ်။
တစော စ၊ အရေသည်၎င်း။
နှာရု စ၊ အကြောသည်၎င်း။
အဋ္ဌိ စ၊ အရိုးသည်၎င်း။
အဝသိဿတု၊ ကြွင်းကျန်လေစေ။
မံသလောဟိတံ၊ အသား အသွေးသည်။
ဥပသုဿတု၊ ခန်းခြောက်လေစေ။
ယန္တံ၊ အကြင်တရားကို။
ပုရိသထာမေန၊ ယောက်ျားစွမ်းအားဖြင့်။
ပုရိသ ဝီရိယေန၊ ယောက်ျားဝီရိယဖြင့်။
ပုရိသ ပရက္ကမေန၊ ယောက်ျားလုံ့လဖြင့်။
ပတ္တဗ္ဗံ၊ ရသင့်ရအပ်၏၊ ရောက်သင့် ရောက်အပ်၏။

တံ၊ ထိုယောက်ျား လုံ့လ ဝီရိယစွမ်းအားဖြင့် ရသင့်ရအပ် ရောက်သင့် ရောက်အပ် သော တရားသို့။
အပါပုဏိတွ္ခာ၊ မရဘဲ မရောက်ဘဲလျက်။
ဝီရိယဿ၊ လုံ့လဝီရိယ၏။
သဏ္ဌာနံ၊ ဆုတ်နစ် တန့်ရပ်ခြင်းသည်။
န ဘဝိဿတိ၊ မဖြစ်လတ္တံ့။
ဣတိ၊ ဤသို့ စိတ်ထားရည်မှန်း၍။
အပဋိဝါနံ၊ မဆုတ်မနစ်။
ပဒဟေယျာထ၊ အားထုတ်ကြကုန်ငြားအံ့။
ဘိက္ခဝေ၊ ရဟန်းတို့။
ကုလပုတ္တာ၊ အမျိုးကောင်းသား ဖြစ်ကြကုန်သော။
တုမှေ၊ ငါဘုရားအတူ သင် ချစ်သားတို့သည်လည်း ။
ယဿတ္ထာယ၊ အကြင်အကျိုးငှါ။
အဂါရသ္မာ၊ အဂါရ လူမျိုးထဲမှ။
အနဂါရိယံ၊ အနဂါရ လူမျိုးထဲ၌။
သမ္မဒေဝ၊ ကောင်းမွန်စွာလျှင်။
ပဗ္ဗဇန္တိ၊ ဝင်၍ ရဟန်းပြုကြကုန်၏။
ဗြဟ္မစရိယ ပရိယောသာနံ၊ မြတ်သော မဂ်အကျင့်လျှင် အဆုံးရှိသော။
အနုတ္တရံ၊ အတုမရှိ လွန်မြတ်သော။
တံ၊ ထိုမိမိတို့ ရည်မှန်းရင်း အကျိုးကို။
ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော ဘဝ၌ပင်လျှင်။
န စိရဿေဝ၊ မကြာမြင့်မီသာလျှင်။
သယံ၊ ကိုယ်တိုင်။
အဘိညာ၊ သိ၍။
သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။
ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍၊ ဝင်စား၍။
ဝိဟရိဿထ၊ နေကြ ရကုန်လတ္တံ့ ။

ဘိက္ခဝေ၊ ရဟန်းတို့။
တသ္မာ၊ ထို့ကြောင့်။
ဣဟ၊ ဤငါဘုရာ့ သာသနာတော်၌။
တုမှေဟိ၊ သင်ချစ်သားတို့သည်။
မယံ၊ ငါတို့သည်။
သရီရေ၊ ကိုယ်၌။
ကာမံ၊ စင်စစ်။
တစော စ၊ အရေသည်၎င်း။
နှာရု စ၊ အကြောသည်၎င်း။
အဋ္ဌိ စ၊ အရိုးသည်၎င်း။
အဝသိဿတု၊ ကြွင်းကျန်လေစေ။
မံသလောဟိတံ၊ အသားအသွေးသည်။
ဥပသုဿတု၊ ခန်းခြောက်လေစေ။
ယန္တံ၊ အကြင်တရားကို။
ပုရိသထာမေန၊ ယောက်ျားစွမ်းအားဖြင့်။
ပုရိသဝီရိယေန၊ ယောက်ျား ဝီရိယဖြင့်။
ပုရိသပရက္ကမေန၊ ယောက်ျားလုံ့လဖြင့်။
ပတ္တဗ္ဗံ၊ ရသင့်ရအပ် ရောက်သင့် ရောက်အပ်၏။
တံ၊ ထိုယောက်ျားလုံ့လ ဝီရိယ အစွမ်းဖြင့် ရသင့်ရအပ် ရောက်သင့် ရောက်အပ် သော တရားသို့။
အပါပုဏိတွာ၊ မရဘဲ မရောက်ဘဲလျက်။
ဝီရိယဿ၊ လုံ့လဝီရိယ၏။
သဏ္ဌာနံ၊ ဆုတ်နစ် တန့်ရပ်ခြင်းသည်။
န ဘဝိဿတိ၊ မဖြစ်လတ္တံ့။
ဣတိ၊ ဤသို့ စိတ်ထား ရည်မှန်း၍။
အပဋိဝါနံ၊ မဆုတ်မနစ်။
ပဒဟိဿာမ၊ အားထုတ်ကြကုန်အံ့။
ဣတိ၊ ဤသို့။
သိက္ခိတဗ္ဗံ၊ ကျင့်အပ် အားထုတ်အပ်၏။
ဘိက္ခဝေ၊ ချမ်းသာ လိုလား အို - ချစ်သားတို့။
ဝေါ၊ သင် ချစ်သားတို့သည်။
ဧဝဉှိ၊ အဲသည်လိုလျှင်။
သိက္ခိတဗ္ဗံ၊ ကျင့်ကြံ အားထုတ်ရမည်။

တပည့်တို့ - မြတ်စွာဘုရားရှင် ဤသို့ ဟောပြတိုက်တွန်းတော် မူသောအတိုင်း ထိုမထေရ်မြတ် တို့သည် ကျင့်ကြံ အားထုတ်ကြသဖြင့် မိမိတို့ အလိုရှိအပ်သော လောကုတ္တရာ အကျိုးထူးကို ရကြ၍ ချမ်းသာရာသို့ ရောက်ကြ လေကုန်ပြီ

သင် တပည့်တို့သည်လည်း ထိုမထေရ်မြတ်တို့ကဲ့သို့ မိမိတို့ အလိုရှိအပ်သော ဈာန်မဂ်ဖိုလ် အကျိုး ထူးကို ရကြ၍ ပရမသုခံ မြတ်နိဗ္ဗာန်သို့ ရောက်ကြရအောင် ဤ အပဋိဝါန ပဓာန သုတ်တော်မြတ် ဘုရားရှင်အမိန့် အဆုံးအမတော်မြတ် အတိုင်း ကြိုးစား၍ ကျင့်ကြ၊ ကြိုးစား၍ အားထုတ်ကြ

တပည့်တို့ - ဘုရားရှင် လက်ထက်တော်က ကေသကာရီမည်သော ပျိုပျို ရွယ်ရွယ် သူငယ်မကလေး တယောက်သည် ကာယဂတာသတိကို ပရိကမ္မ ဈာန်လောက်မျှ အခြေခံ၍ ဝိပဿနာကို အပြင်းအထန် မဆုတ်မနစ် အားထုတ်လေသော် များမကြာခင် သောတာပတ္တိမဂ် ဖိုလ်သို့ ရောက်၍ ထို့နောက် မကြာမြင့်မီပင်လျှင် သေဆုံး၍ တာဝတိံသာ နတ်ပြည်၌ သိကြားမင်းကြီး၏ အချစ်တော် မိဖုယားကြီး ဖြစ်၍ ဖြစ်လေ၏။ ထိုအခါ လူတုန်းက တရားကို မဆုတ်မနစ် အားထုတ်ခဲ့၍ မဂ်ဖိုလ် အကျိုးထူးကို ရသဖြင့် မိမိအဖြစ်ကို အလွန်အားရ ဝမ်းသာလှ၍ -

ဝီရိယဿ ဖလံ ပဿ၊ သာသနေ တဿ တာဒိနော။
ကာမံ ဘိဇ္ဇတု ယံ ကာယော၊ နေဝ အတ္ထတ္ထ သဏ္ဌာနံ။

ဟူ၍ ဝိမာန ဝတ္ထု ပါဠိတော်လာ ကေသကာရီ၏ ဥဒါန်းဂါထာ၌ ဥဒါန်းကို ကျူးရှင့်လေ၏။

ဘော၊ အို - အချင်းတို့။
တဿတာဒိနော၊ ထိုမြတ်စွာဘုရားရှင်၏။
သာသနေ၊ သာသနာတော်၌။
မမ၊ ငါ့အား။ ငါ၏။
ဝီရိယဿ၊ လုံ့လဝီရိယ၏။
ဖလံ၊ မဂ်ဖိုလ်ဟူသော အကျိုးထူးကို။
ပဿ၊ ရှုစမ်းကြလော့။
အဟံ၊ ငါသည်။
တသ္မိံ ပဓာနေ၊ ထိုအားထုတ်စဉ် အခါက။
အယံကာယော၊ ဤကိုယ်ကြီးသည်။
ကာမံ၊ စင်စစ်။
ဘိဇ္ဇတု၊ ကွဲပျက်ချင် ကွဲပျက်ပေ့စေ။
မေ၊ ငါ့အား။
ဧတ္ထ၊ ဤအားထုတ်ခြင်း ပဓာနအမှုကို ပြုရာ၌။
သဏ္ဌာနံ၊ လုံ့လဝီရိယ၏ ဆုတ်နစ် တန့်ရပ်ခြင်းသည်။
နေဝ အတ္ထိ၊ မရှိသည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
ပဒဟိံ၊ အားထုတ်၏။

ဥဒါန်းဂါထာအနက်။

တပည့်တို့ - မြတ်စွာဘုရားရှင်၏ အပဋိဝါန ပဓာန အဆုံးအမ အနုသာသနီ တော်မြတ်အတိုင်း ပြုကျင့် အားထုတ်သော ဤကေသကာရီလို သင်တပည့်တို့ သည်လည်း စင်စစ် ဤကိုယ်ကြီး ကွဲပျက်ချင် ကွဲပျက်ပေ့စေ ပဓာနအမှုကို ပြုရာ၌ လုံ့လဝီရိယ၏ ဆုတ်နစ်တန့်ရပ်ခြင်း မရှိစေဘဲ မြဲမြံ ပြင်းထန်စွာ အားထုတ်ကုန်ရာ၏၊ အားထုတ်ကြ

တပည့်တို့ - သုံးတောင်ဝတ် မိန်းမကလေး များတောင် ဤကဲ့သို မဆုတ်မနစ် အားထုတ်နိုင်ပါသေး တာကဘဲ အတောင် နှစ်ဆယ်ဝတ် ယောက်ျားကြီးဖြစ်ကြသော သင် တပည့်တို့သည်မူကား အဘယ်မှာ မဆုတ်မနစ် အားမထုတ်နိုင်ဘဲ ရှိတော့မည်နည်း၊ အားထုတ်နိုင်ပါသော်ကော၊ ယောက်ျားဘဲ အားထုတ်ကြ တပည့်တို့

တပည့်တို့ - ဘုရားရှင် လွန်ပြီးသည်နောက် မူဆိုးအဖြစ်မှ အကျွတ်ရ၍ ရဟန်းပြုသော မဇ္ဈိယမထေရ်သည် ဆရာကို မေးလျှောက်၍ ဆရာမထေရ် ပြသဖြင့် အဝီစိငရဲမီး ပူပြင်းပုံကို သိမြင်ရသောအခါ အလွန်ကြောက်သဖြင့် ငရဲဘေးမှ လွတ်ခြင်းငှါ ဝိပဿနာကို အပြင်းအထန် အားထုတ်လျက် ညဉ့်နက်၍ အိပ်ချင် လာသောအခါ ရေစိမ်၍ ထားသော ကောက်ရိုး ကရွတ်ခွေကို ခေါင်းမှ စွပ်ရွက်လျက် မအိပ်ချင်အောင်ပြု၍ စင်္ကြံသွား၍ အားထုတ်စဉ်–

အာရဗ္ဘထ နိက္ကမထ၊ ယုဉ္ဇထ ဗုဒ္ဓသာသနေ။
ဓုနာထ မစ္စုနော သေနံ၊ နဠာဂါရံဝ ကုဉ္ဇရော။
ယော ဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟိဿတိ။
ပဟာယ ဇာတိသံသာရံ၊ ဒုက္ခဿန္တံ ကရိဿတိ။

ဟူသော သဂါထာဝဂ္ဂ သံယုတ် ပါဠိတော်လာ အရုဏဝတီသုတ် ဂါထာကို သာမဏေငယ်တပါး ရွတ်အံသည်ကို ကြားရလျှင် သြော် - ဤသုတ်ဟာ မြတ်စွာဘုရားရှင် ငါ့ကို ရည်၍ ဟောထားခဲ့တာ တည်းဟု အောက်မေ့လျက် အလွန် ဝမ်းသာအားရရှိ၍ မဆုတ်မနစ် အားထုတ်လေသော် ခဏခြင်း အနာဂါမိဖိုလ်သို့ ဆိုက်ရောက်၍ သွားလေ၏။ ထိုအခါ အပါယ်မှ လွတ်စေ၍ ချမ်းသာကို ဆောင်နိုင်သော တရားတော်မြတ်၏ အစွမ်းတော်ကို၎င်း မိမိ အားထုတ်ပုံကို၎င်း ဆင်ခြင် အောက်မေ့၍ အလွန် ဝမ်းသာ အားရသဖြင့် -

အလ္လံ ပလာလပုဉ္ဇာဟံ၊ သီသေနာဒါယ စင်္ကမိံ။
ပတ္တောသ္မိ တတိယံ ဌာနံ၊ အဟောနုဘာဝေါ မာရိသာ။

ဟူ၍ အင်္ဂုတ္တရ အဋ္ဌကထာဆောင် ပါဠိ ဥဒါန်းဂါထာကို ကျူးရင့်လေ၏။

မာရိသာ၊ အချင်းတို့။
အဟံ၊ ငါသည်။
အလ္လံ၊ စိုစွတ်သော။
ပလာလပုဉ္ဇံ၊ ကောက်ရိုး ကရွတ်ခွေကို။
သီသေန၊ ဦးခေါင်းဖြင့်။
အာဒါယ၊ ယူဆောင် စွပ်ရွက်၍။
စင်္ကမိံ၊ စင်္ကြံသွား၏။
အဟံ၊ ငါသည်။
တတိယံ ဌာနံ၊ သုံးဆင့်မြောက် ဌာနဖြစ်သော အနာဂါမိ ဖိုလ်သို့။
ပတ္တော၊ ရောက်သည်။
အသ္မိ၊ ဖြစ်၏။
မာရိသာ၊ အချင်းတို့။
ဓမ္မဿ၊ တရားတော်မြတ်၏။
အာနုဘာဝေါ၊ အာနုဖော်သည်။
အဟော၊ သြော် အံ့ဖွယ်ရှိစွ။

ဥဒါန်း ဂါထာအနက်။

တပည့်တို့ - အရုဏဝတီသုတ်၏ အနက်ကိုကား နေက္ခမ္မဝိဓာနဒီပနီ ကျမ်းမှာ ရှိပြီ။ ကြည့်ရှု သိမှတ်ကြလေ။ တပည့်တို့ - သင်တပည့်တို့သည်လည်း ဤမလ္လိယ မထေရ်ကဲ့သို့ ကြိုးစား၍ အားထုတ်ကြ၊ ရေစိုကရွတ်ခွေ စွပ်တန်လျှင် စွပ်၍ အားထုတ်ကြ၊

တပည့်တို့ - မိမိ၏ စိတ်ဉာဏ် စရိုက်ကို သိ၍ အကြင် အခြင်းအရာ အားဖြင့် အားထုတ်လျှင် စိတ်ဉာဏ်ကြည်လင်၏၊ များစွာ အားထုတ်ခွင့်ရ၏၊ အလုပ်တွင်၏၊ တိုး၏၊ ထိုအခြင်းအရာအားဖြင့် အားထုတ်ရသည် အားထုတ်ကြ။

တပည့်တို့ - ဘုရားရှင် လက်ထက်တော်က ပဓာနအမှုကို ပြုလုပ်သော ရဟန်းပျို တပါး တဝါတွင်းလုံး အားထုတ်ပါလျက် တရားထူးကို မရ၊ အရိပ် နိမိတ်ကိုမျှ မတွေ့ မမြင်ရသဖြင့် ဪ - ငါသည် တရားထူးကို ရထိုက်သော တိဟိတ်ဉာဏ်နှင့် ပြည့်စုံမည် မထင်ဖူး၊ ကုသိုလ်ကောင်းမှု ပါရမီတို့ကိုသာ ဖြည့်ကျင့် ဆည်းပူး၍ နေတော့အံ့ဟု ပဓာနအမှုကို လက်လွှတ်အားလျှော့၍ နေသည်ကို မြတ်စွာဘုရား သိမြင်တော်မူလျှင် ထိုရဟန်းငယ်ကို ခေါ်တော်မူ၍ --

ချစ်သား ရှေးက လှည်းကုန်သည် ငါးရာတို့သည် ရေမရှိသော သဲဖုတ် ကန္တာရခရီးသို့ ကူးသွား ကြသော် ထိုကန္တာရ အတွင်း လမ်းခရီး၌ ရေကုန်ပြတ်၍နွားရော လူရော ရေမသောက်ရသဖြင့် ထိုအရပ်၌ ပေါက်တူး တူးယွင်းကိုင်၍ ရေတူးကြလျှင် အတောင် ခြောက်ဆယ်လောက်နက်မှ ရေကိုလည်း မရဘဲ ကျောက်ဖျာကြီးခံ၍ နေလေသော် မောပန်းကြပြီးသော လူအပေါင်းတို့သည် သြော် - ငါတို့ မချွတ် သေကြေ ပျက်စီးကြရတော့မှာဘဲဟု တခါတည်း အားလျော့လျက် လက်မှိုင်ချ၍ နေကြလေလျှင် --

ကုန်သည်မှူး ပညာရှိ တယောက်သည် ရေတွင်းသို့ ဆင်း၍ ကျောက်ဖျာနား၌ နားကိုကပ်၍ ထောင်လေသော် ကျောက်ဖျာ အောက်က သွင်သွင် သွင်သွင် ရေစီးသံကို ကြားရလျှင် ခွန်အားဗလ လုံ့လ ဝီရိယနှင့် ပြည့်စုံသော လူတယောက်ကို ခေါ်၍ အချင်းယောက်ျား ဤကျောက် ဖျာအောက်၌ ဧကန် ရေရှိသည်၊ ကျောက်ဖျာကို ဖောက်ခွဲနိုင်လျှင် ဧကန် မချွတ် ရေရလတ္တံ့၊

အမောင် ဖောက်ခွဲနိုင်လျှင် ဖောက်ခဲ့လော့ဟု ပြောကြား တိုက်တွန်းလေလျှင် ထို ယောက်ျားသည် ထိုကုန်သည်မှူး ပညာရှိစကားကို ယုံကြည်၍ ခါးတောင်း ကျိုက်လျက် ပေါက်တူး တူးယွင်းကိုင်၍ ကျောက်ဖျာ ကြီးကို ခွဲဖောက်လေသော် ကြာသောအခါ ကျောက်ဖျာကြီး ပေါက်၍ ပေါက်သည်နှင့် တပြိုင်နက် ထန်းလုံးခန့်မျှ ရေစိုင် ရေကြောင်းကြီး ပေါ်ထွက် လာသဖြင့် များစွာသော ရေကို ရကြ၍ နွားရော လူရော အများ ချမ်းသာကြဖူးသည်။

ချစ်သားရဟန်း - ထိုအခါက ရေကို ရအောင် ကျောက်ဖျာကို ခွဲဖောက်နိုင်သော သူသည် အခြားသူ မဟုတ် သင် ချစ်သားပင်တည်း၊ ထိုအခါ ရေရှိမည်ဟု ပြောကြားတိုက်တွန်းသော ကုန်သည်မှူး ပညာရှိသည် အခြားသူမဟုတ် ငါဘုရား ပင်လျှင်တည်း။

ချစ်သား ရဟန်း၊ သင်သည် ဤကဲ့သို့ ရှေးကပညာရှိ၏ စကားကို ယုံကြည်လိုက်နာ၍ ဝီရိယမလျော့ဘဲ လုံ့လ ဝီရိယ ကောင်းခဲ့ခြင်းကြောင့် များစွာသောရေကို ရစေ၍ သတ္တဝါ အများကိုပါ ချမ်းသာစေဖူးပြီ။ ချမ်းသာကို ရဖူးပြီ။ ဤကဲ့သို့ ပညာရှိစကားကို ယုံကြည်လိုက်နာ၍ ဝီရိယ ကောင်းသည့် အတွက် ချမ်းသာကို ရဖူးပါလျက်နှင့် မလျှော့လုံ့လ ဝီရိယ ကောင်းဖူးပါလျက်နှင့် ယခု အတုမရှိ ပညာရှိဖြစ်တော်မူသော ငါဘုရားသည် တိဟိတ်မှန်၍ အားထုတ်က ဤမျက်မှောက် ဘဝတွင် ဈာန်မဂ်ဖိုလ် တရားထူးကို ရနိုင်၏၊

တိဟိတ်မဟုတ်က ဤမျက်မှောက်ဘဝတွင် ဈာန်မဂ်ဖိုလ် တရားထူးကို မရထိုက် မဆုတ်မနစ် အားထုတ်က သေလွန်သည့်နောက် ဒုတိယဘဝ၌ ရထိုက်၏။ ရနိုင်၏။ မဆုတ်မနစ် အားထုတ်ကြဟု ဟောကြား တိုက်တွန်းအပ်သော အဆုံးအမ သာသနာ၌ အဘယ်ကြောင့် မယုံကြည်ဘဲ ရှိသင့် မည်နည်း အဘယ်ကြောင့် လုံ့လ ဝီရိယကို လျှော့သင့်မည်နည်း။ ချစ်သား - မလျော့နှင့် အားထုတ်ဟု အကျယ်ဝိတ္ထာရ စုဏ္ဏိယစကားကို ဟောကြား ဆုံးမပြီးလျှင် -

အကိလာသုနော ဝဏ္ဏပထေ ခဏန္တာ၊ ဥဒင်္ဂဏေ တတ္ထ ပပံ အဝိန္ဒုံ။
ဧဝံ မုနိ ဝီရိယဗလူပပန္နော၊ အကိလာသု ဝိန္ဒေ ဟဒယဿ သန္တိံ။

ပါဌဇာတ်ပါဠိတော် ဝဏ္ဏပထဇာတ်။

ဘိက္ခု၊ ချစ်သားရဟန်း။
အကိလာသုနော၊ မပျင်းမရှိ အမောအပန်း ခံနိုင်ကြကုန်သော ရှေးသူဟောင်းတို့သည်။
ဥဒင်္ဂခဏ၊ မိုဃ်းရေမနီး မြေမာ အတိပြီးသော။
ဝဏ္ဏပထေ၊ သဲဖုတ်ကန္တာရခရီး၌။
ခဏန္တာ၊ ရေအလို့ငှါ တူးကြကုန်၍။
တတ္ထ၊ ထိုသို့တူးရာ ကျောက်ဖျာကို ဖောက်ခွဲနိုင်သော အခါ၌။
ပပံ၊ ပြင်းစွာသော ရေကို။
အဝိန္ဒုံ၊ သုံးဆောင်ရဖူးလေကုန်ပြီ။
ဧဝံ၊ ဤရှေးသူဟောင်းတို့ အတူ။
ဝီရိယ ဗလူပပန္နော၊ ပညာ သတိ ဝီရိယဗလနှင့် ပြည့်စုံသော။
အကိလာသု၊ မပျင်းမရှိ အမောအပန်း ခံနိုင်သော။
မုနိ၊ ရဟန်းမြတ်သည်။
ဟဒယဿ၊ စိတ်နှလုံး၏။
သန္တိံ၊ ငြိမ်းချမ်းခြင်းကို။
ဝိန္ဒေ၊ ရရာ၏။

ဟု အကျဉ်းဂါထာ အားဖြင့်လည်း ဆုံးမ တိုက်တွန်း ဟောကြားလေလျှင် ထိုပဓာနိက ရဟန်းပျိုသည် ရှေးက မိမိလုံ့ လ ဝီရိယ ကောင်းဖူးသော အကျိုး ခံစားရဖူးသော အဖြစ်ကို ကြားသိရ၍ ဆင်ခြင် အောက်မေ့လျက် အလွန် ဝမ်းသာအားရ ဝီရိယ တက်ကြွ၍ တရားနာရင်းမတ်တပ် အားထုတ် လေသော် ခဏခြင်း ဂါထာ၏ အဆုံး၌ သောတာပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက်၍ သွားလေ၏။

တပည့်တို့ - ဤဝဏ္ဏပထဇာတ်တော်လာ ပရာနိက ရဟန်းပျိုကဲ့သို့ လုံ့လ ဝီရိယကို မလျှော့ဘဲ ဓုရနိက္ခိတ္တ မဖြစ်နိုင်ကြဘဲ ကြိုးစား၍ လုံလဝီရိယရှိကြ၊ ကြိုးစား၍ အားထုတ်ကြ။ တပည့်တို့ - ငါတို့ ဗဟ္မာလူမျိုးတွေသည် ယခုကာလ ဈာန် မဂ် ဖိုလ် တရားထူးကို အားထုတ်၍ မရနိုင်ဘူးဟု ဘူးခံ၍ ဓုရနိက္ခိတ္တ ဖြစ်၍နေကြသည်၊ တပည့်တို့ - သင်တပည့်တို့သည် အားထုတ်၍ မရနိုင်ဘူးဟု ဘူးခံ၍ မနေကြနှင့်၊ အားထုတ်လျှင် ရ၏ ဟူသော အာသာဆန္ဒ ဝီရိယဝန်ကို စွန့်ချခြင်း ဓုရနိက္ခိတ္တ မဖြစ်ကြနှင့်၊ ရနိုင်သည်သာတည်း။ အားသာလျှင် ထုတ်ကြကုန်လော့။

ယာ၀ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာဝ ဒိဗ္ဗတိ။
တာဝ ဒက္ခန္တိ အာလောကံ၊ သူရိယေ အဗ္ဘုဋ္ဌိတေ ယထာ။

စသော အင်္ဂုတ္တရ အဋ္ဌကထာဆောင် ဓမ္မကထိက ထေရာဘတ သုတ်တော်မြတ် အတိုင်း သာသနာ ငါးထောင် ခေတ်သမယသည် မဂ် ဖိုလ် တရားထူးကို ရှနိုင်သော ကာလတည်း၊ တိဟိတ်ပုဂ္ဂိုလ် ရှိသော ကာလတည်း။ ယခုအခါမူကား တိဟိတ် ပုဂ္ဂိုလ်တွေ အပုံကြီး များပြားစွာ ရှိ၏။

တပည့်တို့ - ဤဓမ္မကထိက ထေရာဘတသုတ် ပါဌ်အနက်ကိုကား အရိယမဂ္ဂဒီပနီ ကျမ်းမှာ ရှိပြီ၊ ကျက်ဆောင် သိမှတ်ကြလေ။ တပည့်တို့ - မြတ်စွာဘုရားရှင်သည် ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန် စံခါနီး သုဘဒ္ဒပရိဗိုဇ်ကို ခေါ်တော်မူ၍ -

ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။

သုတ်မဟာဝါ ပါဠိတော်လာ ပရိနိဗ္ဗာနသုတ်၏ အစိတ်ပါဠိ။

သုဘဒ္ဒ၊ သုဘဒ္ဒ။
ဣမေ စ ဘိက္ခု၊ ဤငါဘုရားတပည့် ရဟန်းတို့သည်လည်း။
သမ္မာ၊ ကောင်းစွာ။
ဝိဟရေယျုံ၊ မဆုတ်မနစ် ကျင့်ကြံ အားထုတ်၍ နေရစ်ကြကုန်ငြားအံ့။
လောကော၊ လောကကြီးသည်။
အရဟန္တေဟိ၊ ရဟန္တာတို့ဖြင့်။
အသုညော၊ မဆိတ်သည်။
အဿ၊ ဖြစ်ရာ၏။

ဟု ဟောတော်မူသော စကားတော်အတိုင်း လောကထဲ၌ ရဟန္တာဖြစ်ရအောင် သေက္ခ အရိယာ ဖြစ်ရှအောင် ကြိုးစား၍ မဆုတ်မနစ် ကျင့်ကြံ အားထုတ်၍ နေကြ။

တပည့်တို့ - မြတ်စွာဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေစဉ်အခါ ရဟန်းတို့ကို ခေါ်တော်မူ၍ -

ဒုရက္ခာတေ ဘိက္ခဝေ ဓမ္မဝိနယေ ယော အာရဒ္ဓဝီရိယော၊ သော ဒုက္ခံ ဝိဟရတိ။ ယော ကုသီတော၊ သော သုခံ ဝိဟရတိ။ တံ ကိဿဟေတု၊ ဒုက္ခာတတ္တာ ဘိက္ခဝေ ဓမ္မဿ၊ သွာခါတေ ဘိက္ခဝေ ဓမ္မဝိနယေ ယော ကုသီတော၊ သော ဒုက္ခံ ဝိဟရတိ။ ယော အာရဒ္ဓ ဝီရိယော၊ သော သုခံ ဝိဟရတိ။ တံ ကိဿဟေတု၊ သွာခါတတ္တာ ဘိက္ခဝေ ဓမ္မဿ ။

ဧကင်္ဂုတ္တရပါဠိတော်လာ ဒုက္ခသုခဝိဟာရသုတ်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဒုရက္ခာတေ၊ အလွဲအမှား မကောင်းသဖြင့် ဟောကြားအပ်သော။
ဓမ္မဝိနယေ၊ ငါဘုရား သာသနာမှ တပါးသော မိစ္ဆာဒိဋ္ဌိတို့၏ အဆုံးအမ တရား သာသနာ၌။
ယော၊ အကြင်သူသည်။
အာရဒ္ဓဝီရိယော၊ မဆုတ်မနစ်၊ အပြင်းအထန် အားထုတ်သော ဝီရိယရှိ၏။
သော၊ ထိုမဆုတ်မနစ် အပြင်းအထန် အားထုတ်သော ဝီရိယ ရှိသောသူသည်။
ဒုက္ခံ၊ မောပန်းဆင်းရဲစွာ။
ဝိဟရတိ၊ နေရ၏။
ယော၊ အကြင်သူမူကား။
ကုသီတော၊ အားမထုတ်ဘဲ ခိုကပ်ပျင်းရိ၍ နေ၏။
သော၊ ထိုအားမထုတ်ဘဲ ခိုကပ် ပျင်းရှိ၍ နေသောသူသည်။
သုခံ၊ မမောမပန်း ချမ်းသာစ္စာ။
ဝိဟရတိ၊ နေရ၏။
တံ၊ ထိုသို့ ကြိုးစားအားထုတ်လျှင် ဆင်းရဲစွာနေရမှု အားမထုတ်ဘဲ ခိုကပ် ပျင်းရှိ၍ နေလျှင် ချမ်းသာစွာ နေရမှုသည်။
ကိဿဟေတု၊ အဘယ်ကြောင့်နည်းဆိုသော်။
ဘိက္ခဝေ၊ ရဟန်းတို့။
ဓမ္မဿ၊ သူတို့တရား၏။
ဝါ၊ သူတို့ တရားက။
ဒုရက္ခာတတ္တာ၊ အားထုတ်သော်လည်း အကျိုးမရှိ အလွဲအမှား မကောင်းသဖြင့် ဟောကြားအပ်သော ဒုရက္ခာတ တရားဖြစ်သည်၏ အဖြစ်ကြောင့်တည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
သွာခါတေ၊ မလွဲမမှား ကောင်းစွာ ဟောကြားအပ် သော။
ဓမ္မဝိနယေ၊ ဤငါဘုရား အဆုံးအမ တရားတော်သာသနာ၌။
ယော၊ အကြင်သူသည်။
ကုသီတော၊ အားမထုတ်ဘဲ ခိုကပ်နပ်၍ ပျင်းရှိ၍ နေ၏။
သော၊ ထိုအားမထုတ်ဘဲ ခိုကပ်နပ်၍ ပျင်းရှိ၍ စားကာ အိပ်ကာ သက်သက် သာသာ နေသော သူသည်။
ဒုက္ခံ၊ မောပန်းဆင်းရဲလျက်။
ဝိဟရတိ၊ နေရ၏။
ယော၊ အကြင်သူမူကား။
အာရဒ္ဓဝီရိယော၊ မဆုတ်မနစ် ပြင်းထန်စွာ အားထုတ်သော ဝီရိယရှိ၏။
သော၊ ထိုမဆုတ်မနစ် ပြင်းထန်စွာ အားထုတ်သော ဝီရိယရှိသော သူသည်။
သုခံ၊ မမောမပန်း ချမ်းသာလျက်။
ဝိဟရတိ၊ နေရ၏။
တံ၊ ထိုသို့ အားမထုတ်ဘဲ ခိုကပ်နပ်၍ ပျင်းရှိ၍ စားကာ အိပ်ကာ သက်သက် သာသာနေလျှင် မောပန်း ဆင်းရဲလျက်နေရမှု ကြိုးစားအားထုတ်လျှင် မမော မပန်း ချမ်းသာ စွာ နေရမှုသည်။
ကိဿဟေတု၊ အဘယ်ကြောင့်နည်း ဆိုသော်။
ဘိက္ခဝေ၊ ရဟန်းတို့။
ဓမ္မဿ၊ ငါဘုရား တရားတော်မြတ်၏။
ဝါ၊ တရားတော်မြတ်ကို။
သွာခါတတ္တာ၊ အားထုတ်လျှင် ချမ်းသာ ကောင်းကျိုးကို ဖြစ်စေတတ်သော မလွဲမမှား ကောင်းစွာ ဟောကြားအပ်သော သွာခါတ တရားဖြစ်သည်၏ အဖြစ်ကြောင့်တည်း။

ဟု ဟောတော်မူလေလျှင် ထိုတရားနာကြသော မထေရ်မြတ်တို့သည် အားထုတ်၍ မောပန်း ဆင်းရဲသာကိုပင်လျှင် မောပန်း ဆင်းရဲသာ မဟုတ်၊ ချမ်းသာ သုခကြီးပင် တည်းဟု အောက်မေ့ စိတ်ထားကြလျက် မောမှန်းမသိ မဆုတ်မနစ် ပြင်းထန်စွာ အားထုတ်ကြကုန်၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ကြ လေကုန်ပြီ။

သင် တပည့်တို့သည်လည်း ထို မထေရ်မြတ်တို့ကဲ့သို့ ဘေးခပ်သိမ်းတို့၏ ကုန်ခန်းရာ နိဗ္ဗာန် ချမ်းသာသို့ ရောက်ကြရအောင် သွာခါတ ဖြစ်တော်မူသော ဘုရားရှင်၏ အဆုံးအမ တရားတော် သာသနာမြတ်၌ ယခု ငါဆရာ ဟောကြားခဲ့ပြီးသောအတိုင်း မောမှန်းမသိ ပန်းမှန်းမသိ မဆုတ် နစ်ကြိုးစား၍ အားထုတ်ကြကုန်လော။

ယော ဟိ ကောစိ သာဓဝေ ဣမာနိ ကမ္မဋ္ဌာနာနိ ဧဝံ အာရဗ္ဘေယျ ပဏ္ဏာသဝဿာနိ၊ တဿ ဒ္ဓိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ၊ ဒိဋ္ဌေဝ ဓမ္မေ ဥတ္တရိမနုဿဓမ္မ ပဋိလာဘော၊ သတိ ဝါ ဇာတိဉာဏ ဝိရဟိတေ သုဂတိဂမနံ၊ တိဋ္ဌန္တု တာဝ သာဓဝေ ပဏ္ဏာသဝဿာနိ၊ ယော ဟိ ကောစိ သာဓဝေ ဣမာနိ ကမ္မဋ္ဌာနာနိ ဧဝံ အာရဗ္ဘေယျ တာလီသဝဿာနိ၊ တိံသဝဿာနိ၊ ဝီသတိဝဿာနိ၊ ဒသဝဿာနိ၊ တိဋ္ဌန္တု တာဝ သာဓဝေ ဒသဝဿာနိ၊ ယော ဟိ ကောစိ သာဓဝေ ဣမာနိ ကမ္မဋ္ဌာနာနိ ဧဝံ အာရဗ္ဘေယျ သတ္တဝဿာနိ၊ တတော ဝါ ဩရံ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ။ ဒိဋ္ဌေဝ ဓမ္မေ ဥတ္တရိမနုဿမ္မေ ပဋိလာဘော သတိ ဝါ ဇာတိ ဉာဏ ဝိရဟိတေ သုဂတိ ဂမနန္တိ။

တုမှေဟိ ကိစ္စံ အာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာတိ။

သေက္ချဘာသိတ ဖလပါဋိကင်္ခသုတ်။

သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
ယော ဟိ ကောစိ၊ ဘယ်သူမဆို အမှတ်မရှိ တစုံ တယောက်သော သူသည်။
ဣမာနိကမ္မဋ္ဌာနာနိ၊ ဤသမထကမ္မဋ္ဌာန်း ဝိပဿနာ ကမ္မဋ္ဌာန်းတို့ကို။
ဧဝံ၊ ဤဟောကြားခဲ့ပြီးသော အတိုင်း။
ပဏ္ဏာသဝဿာနိ၊ အနှစ်ငါးဆယ်တို့ပတ်လုံး။
အာရဗ္ဘေယျ၊ ပွားများအားထုတ်ငြားအံ့။
တဿ၊ ထိုပွားများ အားထုတ်သော သူသည်။
ဒိဋ္ဌေဝဓမ္မေ၊ ဤယခု မျက်မှောက်သော ဘဝ၌ပင်လျှင်။
ဥတ္တရိမနုဿဓမ္မပဋိလာဘော ဝါ၊ ဈာန် မဂ် ဖိုလ် တရားကို ရခြင်းသည်၎င်း။
ဇာတိ ဉာဏ ဝိရဟိတေ၊ ပဋိသန္ဓေ ဉာဏ်ကင်းခြင်းသည်။
သတိ၊ ရှိလတ်သော်။
သုဂတိဂမနံ ဝါ၊ သေပြီးသည်နာက် ဧကန်စင်စစ် သုဂတိဘဝသို့ လားရခြင်း သည်၎င်း။
ဒွိန္နံ၊ နှစ်ပါးကုန်သော။
ဖလာနံ၊ အကျိုးတို့တွင်။
အညတရံ၊ တပါးပါးသော။
ဖလံ၊ အကျိုးထူးကို။
ပါဋိကင်္ခံ၊ မချွတ်စင်စစ် ရအပ် အလိုရှိအပ်၏။

သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
ပဏ္ဏာသဝဿာနိ၊ အနှစ်ငါးဆယ်တို့သည်။
တာဝ တိဋ္ဌန္တု၊ များလှသေးသည် ရှိပေ့စေအုံး ထားလိုက်ကြအုံး။
သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
ယောဟိ ကောစိ၊ ဘယ်သူမဆို အမှတ် မရှိ တစုံ တယောက်သောသူသည်။
ဣမာနိ ကမ္မဋ္ဌာနာနိ၊ ဤသမထ ကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတို့ကို။
ဧဝံ၊ ဤဟော ကြားခဲ့ပြီးသောအတိုင်း။
တာလီသဝဿာနိ၊ အနှစ်လေးဆယ်တို့ပတ်လုံး။
အာရဗ္ဘေယျ၊ ပွားများ အားထုတ်ငြားအံ့။
တိံသဝဿာနိ၊ အနှစ်သုံးဆယ်တို့ပတ်လုံး။
ဝီသတိဝဿာနိ၊ အနှစ် နှစ်ဆယ်တို့ပတ်လုံး။
ဒသဝဿာနိ၊ ဆယ်နှစ်တို့ ပတ်လုံး။
အာရဗ္ဘေယျ၊ ပွားများ အားထုတ်ငြားအံ့။
သာဓဝေ၊ အို - တပည့် အပေါင်း သူတော်ကောင်းတို့။
ဒသဝဿာနိ၊ ဆယ်နှစ်တို့သည်လည်း။
တာဝ တိဋ္ဌန္တု၊ များလှသေးသည် ရှိပေစေအုံး ထားလိုက်ကြအုံး။
သာဓဝေ၊ အို - တပည့် အပေါင်း သူတော်ကောင်းတို့။
ယောဟိကောစိ၊ ဘယ်သူမဆို အမှတ်မရှိ တစုံ တယောက်သော သူသည်။
ဣမာနိကမ္မဋ္ဌာနာနိ၊ ဤသမထကမ္မဋ္ဌာန်း ဝိပဿနာ ကမ္မဋ္ဌာန်းတို့ကို။
ဧဝံ၊ ဤဟောကြားခဲ့ပြီးသော နည်းလမ်းအတိုင်း။
သတ္တ ဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။
တတော၊ ထို ခုနစ်နှစ်အောက်။
ဩရံ ဝါ၊ အယုတ်၎င်း။
အာရဗ္ဘေယျ၊ ပွားများ အားထုတ်ငြားအံ့။
တဿ၊ ထိုပွားများ အားထုတ်သောသူသည်။
ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်ဒိဋ္ဌ ဤဘဝ၌ပင်လျှင်။
ဥတ္တရိမနုဿဓမ္မ ပဋိလာဘော ဝါ၊ ဈာန်မဂ်ဖိုလ်တရားကို ရခြင်းသည်၎င်း။
ဇာတိဉာဏ ဝိရဟိတေ၊ ပဋိသန္ဓေဉာဏ် ကင်းခြင်းသည်။
သတိ၊ ရှိသော်။
သုဂတိဂမနံ ဝါ၊ သေပြီးသည် နောက် ဧကန်စင်စစ် သုဂတိဘဝသို့ လားရခြင်း သည်၎င်း။
ဒွိန္နံ၊ နှစ်ပါးကုန်သော။
ဖလာနံ၊ အကျိုးတို့တွင်။
အညတရံ၊ တပါးပါးသော။
ဖလံ၊ အကျိုးထူးကို။
ပါဋိကင်္ခံ၊ မချွတ်စင်စစ် ရအပ် အလိုရှိအပ်၏။

သိဿာ၊ အို - တပည့်တို့။
အာတပ္ပံ၊ အားထုတ်မှုကိုကား။
တုမှေဟိ၊ သင် တပည့်တို့သည်သာလျှင်။
ကိစ္စံ ကရဏီယံ၊ ပြုအပ်၏။
တထာဂတာ၊ အဟုတ်အမှန်ကို သိတော်မူကုန်သော ဆရာသမားတို့သည်မူကား။
အက္ခာတာရော၊ လမ်းညွှန်ပြသ ဟောကြားရုံမျှသာ တတ်နိုင်ကြကုန်၏။
ဈာယိနော၊ ကမ္မဋ္ဌာန်းကို ကြိုးပမ်း ကြည့်ရှုကြကုန်လျက်။
ပဋိပန္နာ၊ အားထုတ် ပြုကျင့်ကြ ကုန်သည်ရှိသော်။
မာရဗန္ဓနာ၊ သေမင်း၏ အနှောင်အဖွဲ့မှ။
ပမောက္ခန္တိ၊ လွတ်ကြကုန်လတ္တံ့။
ဣတိ၊ ဤတွင် ဖလပါဋိကင်္ခသုတ် ပြီး၏။

မမေ့မလျော့ ကြိုးစား၍ အားထုတ်ကြ။တပည့်တို့ - ကြိုးစား၍ အားထုတ်ကြ

ဧတ္တာဝတာ ခေါ သာဓဝေ မယာ သာဓုဉ္စ ဝေါ သမ္မာ ဒေသိတံ၊ သာဓုဂါမိနီ ပဋိပဒါ စ သမ္မာဒေသိတာ၊ ယံ ခေါ သာဓဝေ အာစရိ ယေန ကရဏီယံ သိဿာနံ ဟိတေသိနာ အနုကမ္ပကေန အနုကမ္မံ ဥပါဒါယ၊ ကတံ ဝေါ တံ မယာ၊ အတ္ထိ သာဓဝေ ဧတာနိ ပဗ္ဗတာနိ၊ ဧတာနိ သုညာဂါရာနိ ဧတာနိ ရုက္ခမူလာနိ၊ အာရဗ္ဘထ သာဓဝေ မာ ပမာဒတ္ထ၊ မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ၊ အယံ ဝေါ အမှာကံ အနုသာသနီတိ။

သေက္ချဘာသိတ သိဿာနုသာသနီသုတ်။

သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
ဧတ္တာဝတာခေါ၊ ဤမျှတည်းဖြင့်သာလျှင်။
မယာ၊ ငါသည်။
ဝေါ၊ သင်တပည့်တို့အား။
သာဓုဉ္စ၊ အကောင်းဆုံးကိုလည်း။
သမ္မာ၊ မမှားမယွင်း ထင်လင်းသေချာ ကောင်းမွန်စွာလျင်။
ဒေသိတံ၊ ဟောကြားအပ်ပြီးပြီ။
သာဓုဂါမိနီပဋိပဒါစ၊ အကောင်းဆုံးသို့ ရောက်ကြောင်း အကျင့်နည်းလမ်းကိုလည်း။
သမ္မာ၊ မမှားမယွင်း ဖြောင့်စင်းသေချာ ကောင်းမွန်စွာလျှင်။
ဒေသိဟာ၊ ဟောကြားအပ်ပြီးပြီ။
သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
သိဿာနံ၊ တပည့် အပေါင်းတို့၏။
ဟိတေသိနာ၊ အကျိုးစီးပွားကို လိုလား ရှာမှီးလေ့ရှိသော။
အနုကမ္ပကေန၊ တပည့်များအား အစဉ်သနားတတ်သော။
အာစရိယေန၊ ဆရာဖြစ်သောသူသည်။
အနုကမ္မံ၊ တပည့်များအား အစဉ်သနားခြင်းကို။
ဥပါဒါယ၊ အကြောင်းပြု၍။
ယံ ခေါ ကရဏီယံ၊ အကြင် ပြုဖွယ်ကိစ္စသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုပြုဖွယ်ကိစ္စကို။
မယာ၊ ဆရာဖြစ်သော ငါသည်။
ဝေါ၊ သင် တပည့်တို့အား။
ကတံ၊ ပြုအပ်ပြီ။
သာဓဝေ၊ အို - တပည့်အပေါင်း သူတော်ကောင်းတို့။
ဧတာနိ ပဗ္ဗတာနိ၊ ကမ္မဋ္ဌာန်းကို ကြိုးပမ်း အားထုတ်စရာ ဤသေက္ချတောင် ဘုရား သုံးဆူတောင် မောင်းတီးတောင် အစရှိသော တောတောင်ကြီးတို့သည်။
အတ္ထိ၊ ရှိကုန်၏။
ဧတာနိ သုညာဂါရာနိ၊ ဤဆိတ်ငြိမ်ရာ သုညာဂါရ ကျောင်းတို့သည်လည်း။
အတ္ထိ၊ ရှိကုန်၏။
ဧတာနိ ရုက္ခမူလာနိ၊ ဤသစ်ပင် မြစ်ရင်း ရုက္ခမူကျောင်းတို့သည်လည်း။
အတ္ထိ၊ ရှိကုန်၏။
သာဓဝေ၊ အို - တပည့် အပေါင်း သူတော်ကောင်းတို့။
အာရဗ္ဘထ၊ အားထုတ်ကြကုန်လော့။
မာ ပမာဒတ္ထ၊ မမေ့မလျော့ကြကုန်လင့်။
ပစ္ဆာ၊ နောက်အခါ၌။
ဝိပ္ပဋိသာရိနော၊ ငါအရင်က အားမထုတ်မိလေဟု နောင်တပူပန်ခြင်း ရှိကြကုန်သည်။
မာ အဟု ဝတ္ထ၊ မဖြစ်ကြကုန်လင့်။
အယံ၊ ဤသည်လျှင်။
ဝေါ၊ သင် တပည့်တို့အား။
အမှာကံ၊ ငါတို့၏။
အနုသာသနီ၊ အစဉ် အဆုံးအမပေတည်း။
ဣတိ၊ ဤတွင် သေက္ချဘာသိတ သိဿာနုသာသနီသုတ် ပြီး၏။

ဣတိ သိဿာနုသာသနီပဗ္ဗံ။

သိဿာနုသာသနီပဗ္ဗံ၊ တပည့်များအား ထပ်မံ၍ တိုက်တွန်း ဆုံးမသော သိဿာနုသာသနီပိုင်းသည်။
ဣတိ၊ ဤတွင်ပြီးပြီ။

အနုသာသနီပိုင်း ပြီး၏။

ဤတွင် ရွေ့လျှင် -

  1. သာဓုသာဝိနီပိုင်း။
  2. နိဗ္ဗာန ကိတ္တနပိုင်း။
  3. မဂ္ဂရထဝိဓာနပိုင်း။
  4. မဂ္ဂရထပေသနပိုင်း။
  5. နိဗ္ဗာနဂမနပိုင်း။
  6. နိဗ္ဗာနပဝေသနပိုင်း။
  7. အာဒါသဝိဓာနပိုင်း။
  8. ပဓာနပိုင်း။
  9. သိဿာနုသာသနီပိုင်း

ဟု ကိုးပိုင်း ကိုးကဏ္ဍရှိသော ပဏ္ဍိတဝေဒနိယဒီပနီ မည်သော ဤအနုတ္တရ ပရမသုန္ဒရ အတုလ ကမ္မဋ္ဌာန်းကျမ်းကြီးသည် ပြည့်စုံ ပြီးစီးပြီ။

နိဂုံး

၁။ နဂရေ ပန်းချီနာမမှိ၊ ဂါမေ ခေါသန္တိနာမကေ။
သမ္ဗုဏ္ဏေ ဓနဓညေဟိ၊ အဒ္ဓေ ဓရ ဝိရူဟနေ။

၂။ တေတ္တိံသ ဒွေကသာကမှိ၊ ဝိဇာတော ဟံ သုနိဗ္ဘယော။
တတ္ထ ဝဍ္ဎိတွာ ဝယောပတ္တော၊ ပဗ္ဗဇိံ တဿ သန္တိကေ။

၃။ ဘဒန္တဇဝနော ထေရော၊ ပက္ခီ ရမ္မဝနေ ဌိတော။
တေပိဋကဘာဏကောတိ၊ ဝိဿုတော ယော မုနီသဘော။

၄။ တဿာဟံ သန္တိကေ ဂဏှိံ၊ စူဠဝိနယစာတုကံ။
ကစ္စာယနံ အဘိဏှဉ္စ၊ ပရိတ္တဉ္စာပိ သင်္ဂဟံ။

၅။ တံ အာစေရံ ဘိဝန္ဒိတွာ၊ နိက္ခမ္မ တမှာ စေရတော။
ကလျာဏမိတ္တံ မဟာပညံ၊ တေပိဋကပါရင်္ဂတံ။

၆။ ဂဝေသံ ပါပုဏိံ သုဋ္ဌု၊ လယ်တီအာစေရ သန္တိကံ။
တဿာဟံ သန္တိကေ ဂဏှိံ၊ ပါဝစံ ဇိနဒေသိတံ။

၇။ ကေစိ ဂန္ထေ သယံ ပေက္ခိံ၊ ကေစိ အာစေရသန္တိကေ။
ဧဝံ ဆပဉ္စဝဿေဟိ၊ ပါပုဏိံ အတိဆေကတံ။
သဋ္ဌကထေ တေပိဋကေ၊ အပဏ္ဍိတသုဒုတ္တရေ။

၈။ တဉ္စာစေရံ ဘိဝန္ဒိတွာ၊ နိက္ခမ္မ တမှာစေရတော။
ပဓာနာယ ပဝီသိံ ဟံ၊ အရညံ ဗုဒ္ဓဝဏ္ဏိတံ။

၉။ သပ္ပါယဋ္ဌာန မေသန္တော၊ ဟေဋ္ဌိမုပရိ ဒွိရဋ္ဌေ။
ဟေဋ္ဌိမေ နဂရံ တံ ဟံ၊ ကျိုက်ထိုတိ အဘိဝိဿုတံ။
ပါပုဏိံ သောဏထေရာဒိ၊ ပတနေ သောဏ္ဏဘူမိယံ။

၁၀။ နဂရဿ အဝိဒူရေ၊ တဿ ပုရတ္ထိမေ နဂေါ။
သေက္ခာနံ အာဝါသတ္တာ စ၊ တေဟိ နိဝိဋ္ဌဌာနတ္တာ။
သိက္ခန္တတ္တာ မုနီ တမှိ၊ သေကျေ္ခာတိ၊ လဒ္ဓနာမကော။

၁၁။ တဿ မုဒ္ဓနိ ဝေဟာရေ၊ စင်္ကမေ သာဓုကာရိတေ။
ဓာတုဘာရော ရောပနာယ၊ ပဒဟေ ဓမ္မမုတ္တမံ။

၁၂။ ဧဝံပဓာနပဟီတတ္တံ၊ ရတ္တိံဒိဝ မတန္ဒိတံ၊
ဣန္ဒကော နန္ဒမာလော စ၊ ပညော, နန္ဒော စ, သုန္ဒရော။
တေစညေပိ ဗဟူ သိဿာ၊ ဣတိ မံ အဘိယာစိသုံ။

၁၃။ ဓမ္မံ ဒေသယ တွံ လိက္ခ၊ ပညဝန္တ မုနီသဘ။
လောကဿ နော စ အတ္ထာယ၊ အညာတာရော ဘဝိဿရေ။

၁၄။ တေဟိ မေဝံ ယာစိတေန၊ သေက္ချနဂဓိဝါသိနာ။
ဒေသိတော သမ္မလေခိတော၊ ဓမ္မော ယံ ဗုဒ္ဓိဝေဒိတော။

၁၅။ သုနိဋ္ဌိတော အယံ ဂန္ထော၊ နိဗ္ဘယော နိရုပဒ္ဒဝေါ။
သတ္တ ဆ ဒွေက သာကမှိ၊ မာသေ သာဝဏသံယုတေ။
ဧဝံ သဗ္ဗေပိ ပဇာယ၊ နိဋ္ဌံ ဂစ္ဆန္တု သုန္ဒရာ။

၁၆။ နေက္ခမော အရိယမဂ္ဂေါ စ၊ ပဏ္ဍိတဝေဒိတော အယံ။
ဣမေ မယာ တယော ဂန္ထာ၊ ဒေသိတာ သမ္မလေခိတာ။

၁၇။ ယာဝ တိဋ္ဌတိ သေလိန္ဒော၊ တာဝတိဋ္ဌန္တု တေ တယော။
ယာဝ ဒိဗ္ဗတိ ဘာဏုမာ၊ တာဝ ဒိဗ္ဗန္တု၊ ဘံကရာတိ။

၁။ ပန်းချီနာမမှိ၊ သုနာပရန္တ တိုင်းမချက်ဗွေ အညာပြေ၌ တောင်မြောက် ယမား ရှေ့ကား သလ္လာ နောက်မှာ ပုံတောင် ပတ်လည် ဆောင်ခြား ပန်းချီဟု ထင်ရှားသော အမည်ရှိသော။
နဂရေ၊ မြို့၌။
ဝါ၊ ပန်းချီတိုက်၌။ ပန်းချီဇနပုဒ်၌။
(ဇနပုဒ် ဟူသည်ကား အမတ်တဦးပိုင် နယ်တခုကို ခေါ်သည်)
ဓနဓညေဟိ၊ နွားမြင်း စသော သက်ရှိဥစ္စာ, ရွှေ ငွေ စိန် မြ စသော သက်မဲ့ဥစ္စာ, ပြောင်း ပဲ လူး ဆပ် ကောက်လတ် ကောက်ကြီး စသော စပါး ဤများစ္စာသော ဥစ္စာဓန စပါး ဆန်ရေတို့ဖြင့်။
သမ္ပုဏ္ဏေ၊ ကောင်းစွာ ပြည့်စုံထသော။
အဒ္ဓေ၊ ကြွယ်၀ ချမ်းသာသော။
ဓီရဝိရူဟနေ၊ ပညာရှိ ဖြစ်ထွန်းပေါက်ရောက်ရာ ဌာနလည်းဖြစ် ထသော။
ခေါသန္တိနာမကေ၊ နိဗ္ဗာန်သဖွယ် တကယ်စင်စစ် ငြိမ်းချမ်းသော ရွာဖြစ်ခြင်းကြောင့် ခေါသန္တိဟု အမည်ရှိသော။ ခေါသန္တိဟူ၍ ခေါ်ကြသော။
ဂါမေ၊ ရွာမြတ်၌–

၂-၃။ တေတ္တိံသ ဒွေကသာကမှိ၊ သက္ကရာဇ် ၁၂၃၃-ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၉-ရက်၊ စနေနေ့ ညနေ သုံးချက်တီးအချိန်၌။
အဟံ၊ ငါသည်။
သုနိဗ္ဘယော၊ ကောင်းစွာ ဘေးကင်းလျက်။
ဝိဇာတော၊ အမိဝမ်းမှ ဖွားမြင်၍။
တတ္ထ၊ ထိုမွေးဖွားရာ ခေါသန္တိရွာ၌။
ဝဍ္ဎိတွာ၊ ကြီးပွား၍။
ဝယောပ္ပတ္တော၊ ရှင်သာမဏေ ပြုလောက်ချိန် အရွယ်သို့ ရောက်လတ်သော်။
ပက္ခီရမ္မဝနေ၊ ထိုခေါသန္တိရွာ၏တောင် တတိုင်ကွာ၌ ငှက်အပေါင်းတို့ ခိုအောင်း ပျော်မွေ့ရာ သာယာ ချမ်းမြေ့သော သစ်သီးဥယျာဉ် ပန်းဥယျာဉ် အရိပ် တောအုပ်နှင့် ပြည့်စုံခြင်းကြောင့် ပက္ခီရမ္မဝန မည်သောရွာ၌။
ဝါ - ငှက်ပျောတောရွာ၌။
ဌိတော၊ ကျောင်းထိုင်ပုဂ္ဂိုလ် စာချပြုလုပ်၍ တည်နေသော။
တေပိဋက ဘာဏ ကောတိ၊ မောင်းထောင်တိုက်မှ သာမဏေလိင်ပြန်၍ မင်းဧကရာဇ် နန်းရံ၌ ပဌမ ပြန်ပြီးနောက် ပိဋကတ်သုံးပုံကို ပြန်ဆို ဟောစွမ်းနိုင် ပြန်ခြင်းကြောင့် ပိဋကတ်သုံးပုံပြန်ဟူ၍။
ဝိဿုတော၊ ထင်ရှား ကျော်စောသော။
မုနီသဘော၊ ရဟန်းမြတ် ဖြစ်တော်မူသော။
ဘဒန္တဇဝနော၊ ထက်မြက် လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်းကြောင့် အရှင်ဇဝနဟူ၍ ဘွဲ့အမည်ရတော်မူသော။
ယော ထေရော၊ အကြင်မထေရ်မြတ်သည်။
အတ္ထိ၊ ရှိတော်မူ၏။
အဟံ၊ ငါသည်။
တဿ၊ ထိုအရှင်ဇဝန မထေရ်မြတ်၏။
သန္တိကေ၊ အထံ၌။
ပဗ္ဗဇိံ၊ သာမဏေ ပဉ္စင်း ပြုလုပ်၏။

၄။ အဟံ၊ ငါသည်။
တဿ၊ ထိုဥပဇ္ဈာယ်ဆရာ အရှင်ဇဝန မထေရ်မြတ် ၏။
သန္တိကေ၊ အထံ၌။
ပရိတ္တဉ္စာပိ၊ ပရိတ်ကြီးကို၎င်း။
အဘိဏှဉ္စ၊ ပဉ္စင်္ဂုတ္တရ ပါဠိတော်လာ အဘိဏှသုတ်, အနမတဂ္ဂသုတ်, မဟာသတိပဋ္ဌာနသုတ် စသည် ကို၎င်း။
ကစ္စာယနဉ္စ၊ ကစ္စည်းကျမ်း သဒ္ဓါကြီး ရှစ်စောင်ကို၎င်း။
သင်္ဂဟဉ္စ၊ အဘိဓမ္မာ သင်္ဂြိုဟ်ကျမ်းကို၎င်း။
စူဠဝိနယစာတုကဉ္စ၊ ဝိနည်းငယ် လေးစောင်ကို၎င်း။
ဂဏှိံ၊ ပါဠိအနက် နှုတ်တက်ရွရွ အရကျက်ဆောင် သင်ယူ၏။

၅-၆။ အဟံ၊ ငါသည်။
တံ အာစေရံ၊ ထိုသာမဏေ ပဉ္စင်းပြု ငယ်ဆရာကို။
အဘိဝန္ဒိတွာ၊ ကောင်းမွန် ရိုသေစွာ ရှိခိုး၍။
တမှာ အာစေရတော၊ ထိုဆရာ့ အထံမှ။
နိက္ခမ္မ၊ ထွက်ခဲ့၍။
မဟာပညံ၊ ကြီးမြတ်သော ဉာဏ်ပညာလည်း ရှိထသော။
တေပိဋကပါရင်္ဂတံ၊ ပိဋကသုံးပုံ အလုံးစုံကို အကုန်တတ်မြောက် ကမ်းတဘက်သို့ လည်း ရောက်ထသော၊
ကလျာဏမိတ္တံ၊ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော ကလျာဏမိတ္တ ပုဂ္ဂိုလ်ကို။
ဂဝေသံ၊ စာပလွေထမ်း၍ တပါးတည်း လှည့်လည် ရှာဖွေသည်ရှိသော်။
အဟံ၊ ငါသည်။
လယ်တီအာစေရသန္တိကံ၊ မဟာပည တေပိဋက ပါရင်္ဂတ ကလျာဏမိတ္တ ဖြစ်တော်မူသော မုံရွာမြို့ လယ်တီ ဆရာတော်ဘုရား အထံသို့။
သုဋ္ဌံ၊ ကောင်းစွာ။
ပါပုဏိံ၊ ဆိုက်ရောက်၏။
အဟံ၊ ငါသည်။
တဿ၊ ထိုလယ်တီ ဆရာတော်ဘုရား၏။
သန္တိကေ၊ အထံ၌။
ဇိနဒေသိတံ၊ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော။
ပါဝစံ၊ ရူပသိဒ္ဓိ သဒ္ဒနီတိ မောဂ္ဂလာန် လောကီသဒ္ဒါကျမ်းတို့နှင့်တကွ ပိဋကတ်တော် ကို။
ဂဏှိံ၊ နားလည်တတ်မြောက်အောင် ကောင်းစွာ သင်ယူ၏၊

၇။ ကေစိဂန္ထေ၊ လွယ်သော အချို့သော ကျမ်းဂန်တို့ကို။
သယံ၊ ကိုဝ့်ဘာသာကိုဝ်။
ပေက္ခိံ၊ ကြည့်ရှု သိမှတ်၏။
ကေစိ၊ ခက်သော အချို့သောကျမ်းဂန်တို့ကို။
အာစေရသန္တိကေ၊ ဆရာတော်ဘုရားအထံ၌။
ဂဏှိံ၊ ကောင်းစွာ တတ်မြောက် လိမ်မာအောင် သင်ယူ၏။
ဧဝံ၊ ဤကဲ့သို့ ကြည့်ရှုသင်ကြား၍။
ဆပဉ္စဝဿေဟိ၊ ငါးဝါ ခြောက်ဝါတို့မျှဖြင့်လျှင်။
အပဏ္ဍိတသုဒုတ္တရေ၊ ပဏ္ဍိတ မဟုတ်သော ပုဂ္ဂိုလ်တို့သည် ကမ်းတဘက် ရောက်အောင် လွန်စွာ ကူးမြောက်နိုင်ခဲသော။
သာဋ္ဌကထေ၊ အဋ္ဌကထာနှင့် တကွသော။
တေပိဋကေ၊ ပိဋကတ် သုံးပုံ၌။
အတိဆေကတံ၊ အလွန် သိလိမ်မာသော အဖြစ်သို့။
ပါပုဏိံ၊ ရောက်၏။

၈။ အဟံ၊ ဤကဲ့သို့ ပိဋကတ်သုံးပုံ၌ ကောင်းစွာ သိလိမ်မာပြီးသောငါသည်။
တဉ္စ အာစေရံ၊ ထိုဓမ္မာစရိယ ဖြစ်တော်မူသော လယ်တီ ဆရာတော်ဘုရား ကိုလည်း။
အဘိဝန္ဒိတွာ၊ ကောင်းမွန် ရိုသေစွာ ရှိခိုးပြီး၍။
တမှာ အာစေရတော၊ ထိုလယ်တီ ဆရာတော်ဘုရား အထံမှ။
နိက္ခမ္မ၊ ထွက်ခဲ့၍။
ဗုဒ္ဓဝဏ္ဏိတံ၊ မြတ်စွာဘုရားတို့သည် နှစ်သက် ချီးမွမ်းတော် မူအပ်သော။
အရညံ၊ လူရှင်မနှော ဆိတ်ငြိမ်သော တောအရပ်သို့။
ပဓာနာယ၊ ကမ္မဋ္ဌာန်းကို ကြိုးပမ်း အားထုတ်ခြင်းငှါ။
ပဝီသိံ၊ ဝင်ခဲ့၏။

၉။ အဟံ၊ ဧကစာရ အရညဝါသီ ယောဂီ ဖြစ်ပြီးသော ငါသည်။
ဟေဋ္ဌိမုပရိ ဒွိရဋ္ဌေ၊ အထက်နိုင်ငံ အောက်နိုင်ငံ နှစ်နိုင်ငံ၌။
သပ္ပါယဋ္ဌာနံ၊ ပဓာန အမှုပြုလုပ်ရန် သင့်လျော် လျောက်ပတ် သပ္ပါယ အရပ်ဌာနကို။
ဧသံ-ဧသန္တော၊ လှည့်လည် ရှာဖွေသည်ရှိသော်။
ဟေဋ္ဌိမေ၊ အောက်နိုင်ငံ၌။
သောဏထေရာ ဒိပတနေ၊ မဇ္ဈိမဒေသ ပါဋလိပုတ်မြို့ကြီးမှ အရှင် မောဂ္ဂလိပုတ္တတိဿ မထေရ်ကြီးသည် သာသနာပြု စေလွှတ်အပ်သဖြင့် သာသနာ ပြုရန် ကောင်းကင်ယံမှ ကြွလာကြသော အရှင်သောဏ အရှင်ဥတ္တရမထေရ်တို့၏ ဆင်းသက် ကျရောက်ရာဖြစ်သော။
သောဏ္ဏဘူမိယံ၊ သထုံပြည်၌ သထုံတိုင်း၌။
ကျိုက်ထိုတိ၊ ကျိုက်ထို ဟူ၍။
အဘိဝိဿုတံ၊ အလွန်ထင်ရှား ကျော်စောသော။
ယံ နဂရံ၊ အကြင့် မြို့ငယ် နိဂုံးသည်။
အတ္ထိ၊ ရှိ၏။
တံ နဂရံ၊ ထိုကျိုက်ထိုမြို့သို့။
ပါပုဏိံ၊ ချမ်းမြေ့ ကြည်သာ ကောင်းစွာ ဆိုက်ရောက်၏။

၁၀။ တဿ နဂဿ၊ ထိုကျိုက်ထိုမြို့၏။
ပုရတ္ထိမေ၊ အရှေ့မျက်နှာ၌။
အဝိဒူရေ၊ မနီးမဝေး ကုလလေးတာ တထောင်ကွာမျှ အရပ်၌။
သေက္ခာနံ၊ သေက္ခပုဂ္ဂိုလ် ယောဂီပျိုတို့၏။
အာဝါသတ္တာ စ၊ နေထိုင်ရာ ဖြစ်သည်၏အဖြစ်ကြောင့်၎င်း။
တေဟိ၊ ထိုသေက္ခပုဂ္ဂိုလ် ယောဂီပျိုတို့သည်။
နိဝိဋ္ဌဌာနတ္တာ စ၊ လက်ဦးပဌမ တည်ထောင်သက်ဝင်၍ နေအပ်သည်၏ အဖြစ် ကြောင့်၎င်း။
တမှိ၊ ထိုတောင်၌။
မုနီ၊ နေထိုင်ကြသော ရဟန်းတို့သည်။
သိက္ခန္တတ္တာ စ၊ သိက္ခာသုံးပါးကို ကောင်းစွာပြုကျင့် အားထုတ်ကြသည်၏ အဖြစ်ကြောင့်၎င်း။
သေကျေ္ခာတိ၊ သေက္ချ ဟူ၍။
လဒ္ဓနာမကော၊ ရအပ်သော အမည်ရှိသော။
ယော နဂေါ၊ အရိပ်ရေစမ်းနှင့် ပြည့်စုံသော အကြင်တောင်သည်။
အတ္ထိ၊ ရှိ၏။

၁၁။ အဟံ၊ ငါသည်။
တဿ၊ ထိုသေက္ချတောင်၏။
မုဒ္ဓနိ၊ အလယ်ဗွေချက် တောင်ထိပ်ထက်၌။
သာဓုကာရိတေ၊ ရန်ကုန်မြို့ ပုဇွန်တောင် အိုးဖိုရပ် ဦးဘိုးကာနှင့်တကွ ကျိုက်ထို မြို့သူမြို့သား ပညာရှိ သူတော်ကောင်းတို့သည် သဒ္ဓါကြည်ဖြူ ဆောက်လှူ အပ်သော။
ဝိဟာရေ စ၊ လေးတောင် ခန်းကျယ် သက်ကယ်မြက်မိုး ရှစ်ပင်တိုင်ကျောင်း၌၎င်း။
စင်္ကမေ စ၊ အတောင်ခြောက်ဆယ် ရှည်လျားသွယ်သော သက်ကယ်မြက်မိုး စင်္ကြံ၌၎င်း။
ဝသန္တော၊ နှစ်ခြိုက် ပျော်မွေ့စွာ နေလျက်။
ဓာတုဘာရံ၊ ဓာတ်ခြောက်ပါး တည်းဟူသော ဝန်ထုပ်ကြီးကို။
ဩရောပနာယ၊ စွန့်ချခြင်းငှါ။
ဥတ္တမံ၊ မြင့်မြတ်သော။
ဓမ္မံ၊ တရားကို။
ပဒဟေ၊ အားထုတ်၏။

၁၂-၁၃။ ရတ္တိံ ဒိဝံ၊ နေ့ရော ညဉ့်ပါ။
အတန္ဒိတံ၊ မပျင်းမရိ။
ဧဝံ၊ ဤကဲ့သို့။
ပဓာနပဟိတတ္တံ၊ ခန္ဓာအသက် ငဲ့ကွက်မညှာ စွန့်စား အားထုတ်၍ နေသော။
မံ၊ ငါ့ကို။
ဣန္ဒကော စ၊ ဣန္ဒက အမည်ရှိသော အရညဝါသီ ယောဂီတပည့် ရဟန်းသည်၎င်း။
နန္ဒမာလော စ၊ နန္ဒမာလာ အမည်ရှိသော အရညဝါသီ ယောဂီ တပည့် ရဟန်း သည်၎င်း။
ပညော စ၊ ပညာအမည်ရှိသော အရညဝါသီ ယောဂီ တပည့်ရဟန်း သည်၎င်း။
နန္ဒော စ၊ နန္ဒအမည်ရှိသော အရညဝါသီ ယောဂီ တပည့် ရဟန်းသည်၎င်း ။
သုန္ဒရော စ၊ သုန္ဒရ အမည်ရှိသော အရညဝါသီ ယောဂီ တပည့် ရဟန်းသည်၎င်း ။
တေ စ၊ ထိုငါးဦးသော တပည့်တို့သည်၎င်း ။
အညေပိ စ၊ ထိုငါးဦးမှ တပါးသော ဇဝန ဇောတိက, သောဘာသ အစရှိသော ယောဂီ ရဟန်းတပည့်,
ရန်ကုန်မြို့ ပုဇွန်တောင် အိုးဖိုရပ် ဦးဘိုးကာ,
ကျိုက်ထိုမြို့ မြို့အုပ်မင်း ဦးကျော်,
ညောင်လေးပင်မြို့ မြို့အုပ်မင်း ဦးဘိုးထယ်,
အုတ်တွင်းမြို့ အမိန့်တော်ရ ဦးထင်,
လှည်းကူးမြို့ အင်စပက်မင်း ဦးဘိုးကြူး,
ပဲခူးမြို့ နယ်ပိုင် ဝန်ထောက်မင်း ဦးကျော်ငြိမ်း,
ကျောက်တန်းမြို့ နယ်ပိုင်ဝန်ထောက်မင်း ဦးကျော်ထွန်း,
ရွှေလှေရွာ ကျောင်းကြီးတကာ ဦးဘေ,
သုံးခွမြို့ မြို့အုပ်မင်း ဦးစံ,
ပြာသာဒ်ကျောင်းတကာ ဦးဘိုးကာ,
ညောင်တုံးမြို့ ကျောင်းကြီးတကာ ဦးရွှေအိုး,
မော်လမြိုင်ကျွန်းမြို့ ဘုရားကြီးတကာ ဦးဘိုးစိန်,
ဖျာပုံမြို့ မြို့အုပ်မင်း ဦးစိန်,
ငွေတိုက်ဝန်ထောက်မင်း ဦးဓူဝံ
အစရှိသော လူ တပည့်တို့သည်၎င်း။
ဗဟူသိဿာ၊ အရာ အထောင်မက များစွာသော ရဟန်းတပည့် လူတပည့် တို့သည်။
မုနီသဘ၊ ရဟန်းမြတ် ဖြစ်တော်မူသော။
ဝါ၊ အာဇီဝက အသိလောက စသော ဘေးတို့၌ ကြောက်ရွံ့ မဲ့ကင်း ရဲရင့်ခြင်းကြောင့် အာသဘမုနိ လည်း ဖြစ်တော်မူသော။
ပညဝန္တ၊ တိက္ခဇဝန ဂမ္ဘီရပုထု ဉာဏ်အစုတို့နှင့်လည်း ပြည့်စုံတော်မူထသော။
ဘန္တေ၊ အရှင်ဘုရား။
တွံ၊ အရှင်ဘုရားသည်။
နော စ၊ အကျွန်ုပ်တို့၏၎င်း။
လောကဿ စ၊ လောက၏၎င်း။
အတ္ထာယ၊ အကျိုးငှါ။
ဓမ္မံ၊ ပဏ္ဍိတဝေဒနိယ တရားတော်ကို။
ဒေသယ၊ ဟောကြားတော်မူပါ။
လိက္ခ၊ ယခု အရှင်ဘုရား ဟောကြားသော တရားအတိုင်း ဟောကြားပုံအတိုင်း ရေးလည်း ရေးသားတော်မူပါ။
အညာတာရော၊ အရှင်ဘုရား ဟောကြားသော တရားတော်ကို သိမြင်နိုင်သော သူတို့သည်။
ဘဝိဿရေ၊ ရှိသည် ဖြစ်ပါကုန်လတ္တံ့ ။
ဣတိ၊ ဤသို့။
အဘိယာစိသုံ၊ အလွန် ကောင်းမွန် ရိုသေစွာ လျှောက်ထား တောင်းပန်ကြကုန်၏။

၁၄။ တေဟိ၊ ထိုတပည့် အပေါင်းတို့သည်။
ယာစိတေန၊ ကောင်းမွန် ရိုသေစွာ လျှောက်ထား တောင်းပန်အပ်သည်ဖြစ်၍။
သေက္ချနဂဓိဝါသိနာ၊ သေက္ချတောင်၌ ယာပိုထ်မျှတစွာ နေသော။
မေ၊ ငါသည်။
ဗုဒ္ဓိဝေဒိတော၊ ပညာရှိတို့သာလျှင် သိအပ် သိသင့် သိထိုက် သိနိုင်ကောင်းသော ခံစားအပ် ခံစားသင့် ခံစားထိုက် ခံစားနိုင်ကောင်းသော။
အယံဓမ္မော၊ ဤပဏ္ဍိတဝေဒနိယ တရားတော်ကို။
သမ္မာ၊ ကောင်းစွာ။
ဒေသိတော၊ ကျိုက်ထိုမြို့, ပဲခူးမြို့ ညောင်လေးပင်မြို့ လှည်းကူးမြို့, ရွှေလှေရွာ ကျောက်တန်းမြို့ သုံးခွမြို့ ဖျာပုံမြို့ ကျိုက်လတ်မြို့, ညောင်တုံးမြို့တို့၌ နှစ်ထောင်, သုံးထောင်, လေးထောင်, ငါးထောင်, ခြောက်ထောင်, ခုနစ်ထောင်မျှလောက်သော ရဟန်းပရိသတ် လူပရိသတ်အား ဟောလည်း ဟောကြားအပ်ပြီးပြီ။
သမ္မာ၊ ကောင်းစွာ။
လေခိတော၊ ဟောသောအတိုင်း ရေးလည်း ရေးသားအပ်ပြီးပြီ။

၁၅။ အယံဂန္ထော၊ ဤပဏ္ဍိတဝေဒနိယ ကျမ်းသည်။
သတ္တ ဆ ဒွေက သာကမှိ၊ သက္ကရာဇ် ၁၂၆၇-ခုနှစ်၌။
သာဝဏသံယုတ္တေ၊ စန်းသည် သရဝဏ် နက္ခတ်နှင့် ယှဉ်သော။
မာသေ၊ ဝါခေါင်လ၌။ ဝါခေါင်လပြည့်ကျော် ၁၃-ရက် နေ့ ညဉ့်သန်းခေါင်အခါ၌။
နိဗ္ဘယော၊ အနှောင့်အယှက် ဘေးရန်ကင်းလျက်။
နိရုပဒ္ဒဝေါ၊ ဥပဒ္ဒဝေါ ကင်းလျက်။
သုနိဋ္ဌိတော၊ ကောင်းစွာ ပြီးဆုံးခြင်းသို့ ရောက်၏။
ဧဝံ၊ ဤပဏ္ဍိတဝေဒနိယကျမ်း ဘေးဥပဒ် ကင်းလျက် ချမ်းသာ ကောင်းမွန်စွာ ပြီးဆုံးခြင်းသို့ ရောက်ဘိအတူ။
ပဇာယပိ၊ သတ္တဝါအပေါင်းအားလည်း။
သဗ္ဗေ၊ အလုံးစုံကုန်သော။
သုန္ဒရာ၊ ကောင်းမြတ်သော အကျိုးစီးပွားတို့သည်။
နိစ္စံ၊ ပြီးဆုံးခြင်းသို့။
ဂစ္ဆန္တု၊ ရောက်ကြပါစေကုန်သတည်း။

၁၆။ နေက္ခမော စ၊ နေက္ခမဝိဓာနဒီပနီကျမ်း၎င်း။
အရိယမဂ္ဂေါ စ၊ အရိယမဂ္ဂဒီပနီကျမ်း၎င်း။
အယံပဏ္ဍိတဝေဒိတော စ၊ ဤပဏ္ဍိတဝေဒနိယ ဒီပနီကျမ်း၎င်း။
ဣမေ တယောဂန္ထာ၊ ဤသုံးစောင်သော ကျမ်းတို့ကို။
မယာ၊ သေက္ချတောင်ဆရာ ငါသည်။
သမ္မာ၊ ကောင်းစွာ။
ဒေသိတာ၊ နှုတ်တက်အလွတ် ဟောလည်း ဟောကြားအပ်ကုန်ပြီ။
လေခိတာ၊ ရေးလည်း ရေးသားအပ် ကုန်ပြီ။

၁၇။ သေလိန္ဒော၊ မြင်းမိုရ်တောင်မင်းသည်။
လောကေ၊ လောက၌။
ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။
တိဋ္ဌတိ၊ တည်နေ၏
တာဝ၊ ထိုမြင်းမိုရ်တောင်မင်း လောက၌ တည်ရှိ၍ နေသမျှ ကာလပတ်လုံး။
တေ တယော၊ ထိုကျမ်းသုံးစောင်တို့သည်။
တိဋ္ဌန္တု၊ တည်ရစ်စေကုန်သတည်း။
ဘာဏုမာ၊ နေမင်းသည်။
လောကေ၊ လောက၌။
ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။
ဒိဗ္ဗတိ၊ မိုက်မှောင်ကင်းအောင် ထွန်းလင်း တောက်ပ၍နေ၏။
တာဝ၊ ထိုနေမင်း လောက၌ ထွန်းလင်းတောက်ပ၍ နေသမျှကာလပတ်လုံး။
ဘံကရာ၊ လောကီ လောကုတ္တရာ ပညာအရောင် အလင်းကို ပြုတတ်ကုန်သော ဤကျမ်းသုံးစောင်တို့သည်။
ဒိဗ္ဗန္တု၊ အဝိဇ္ဇာမှောင် ကင်းစင်အောင်လျှင် ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်း တောက်ပရစ် စေကုန်သတည်း။

နိဗ္ဗာနပစ္စယော ဟောတု။

နိဋ္ဌိတော ပဏ္ဍိတဝေဒနိယဂန္ထော။

ပဏ္ဍိတဝေဒနီယ ဒီပနီကျမ်း ဤတွင်ပြီး၏။

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...