ကြောင်ပန်းတောရ ဆရာတော်
ရေးသားစီရင်အပ်သော
ဝိပဿနာ ခြောက်စောင်တွဲကျမ်း
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
မာတိကာ
၁။ ဝိဝဋ္ဋ ဒီပနီကျမ်း
၂။ ဝိပဿနာ ဒီပနီကျမ်း
၃။ သဘာဝ ဒီပနီကျမ်း
၄။ သုံးလောက ဒီပနီကျမ်း
၅။ ရတနာ ဒီပနီကျမ်း
၆။ ကြောင်ပန်းဟောစဉ်
.....
ကြောင်ပန်းတောရ ဆရာတော်
ရေးသားစီရင်အပ်သော
ဝိဝဋ္ဋ ဒီပနီကျမ်း
▬▬▬▬▬▬
ကျေးဇူးရှင် ကြောင်ပန်းဆရာတော် ဘုရားကြီးထံ လျှောက်လွှာ။သာစီရွာ ကျောင်းတကာကြီး ဦးမြန်၊ ကူတိုးရွာ ဘုရားတကာ သူကြီးမင်း ဦးကြီး၊ အိုင်ပေါက်ချောင်းရွာ ခုံမင်းကြီး ဦးစွန်းနှင့် တကွ၊ ကြီးပင်ချောင်းရွာ ဥပသကာ အပေါင်းတို့က ဦးခေါင်း ညွှတ်ကျိုး ရှိခိုးဝပ်တွား၍ အသနားတော်မြတ်ခံ လျှောက်ဝံ့ ပါသည်။
ယူဇနာ ရှစ်သောင်း လေးထောင်၊ နက်ကျယ်ဆောင်သော မဟာသမုဒ္ဒရာ၊ ရေမျက်နှာကို၊ ကြီးစွာသော အဟုန်၊ တောင်စုံ နှစ်ဘက်တို့ဖြင့်၊ ဝက်ဝက်ကြီး ခွဲပြီးလျှင်၊ ရေထဲ၌တည်သော၊ နဂါး၏ အဆီဦးနှောက်ကို သောက်စား သုံးဆောင် သော ရှေ့ဂဠုန် ငှက်မင်းကဲ့သို့၊ ဂမ္ဘီသာရ၊ ဓမ္မအစဉ်၊ ရေအယာဉ်တို့ဖြင့်၊ ထွေးဝင် ယှက်ကာ၊ အလွန်တရာ သိနိုင်ခဲလှစွာသော ဝိပဿနာတရားကို၊ ဂမ္ဘီတိက္ခ၊ ဉာဏအစုံ၊ ဝီရိယအဟုန်နှင့်၊ ကုန်စင် မွှေနှောက် ခွဲဖေါက် လေ့လာတော်မူသဖြင့် ပါရမီရင့်သန်၊ ဗျာဒိပ်ခံ၍ နိဗ္ဗာန် ပြည်ခွင်၊ စံဝင်တော် မူရအောင်၊ ကျင့်ဆောင်တော် မူပေသော ကြောင်ပန်းတောရ ဆရာတော်သခင် အရှင်သူမြတ် ဘုရား။
တပည့်တော်တို့မှာ၊ ဘဝများစွာ၊ သံသရာက အဝိဇ္ဇာ လွှမ်းမိုး၍၊ အကျိုးပေးသည် ခေတ်ဝယ်၊ မွန်းနစ်ခါ မတာတွယ်အောင်၊ မှောင်ဝယ် ပိတ်ဆီး၊ ဆဲ့တမီးကို၊ အပြီးတိုင်သတ်၊ မဂ်လေးရပ် ဆုထူးကို၊ ဆွတ်ခူးပန်းသွင်၊ ဆင်ယင်လိုလှပါ သောကြောင့်၊ ဝိဝဋ္ဋ တရားကို သေချာစွာ ရေးသား၍၊ ပေးသနားတော်မူပါ အရှင် သူမြတ်ဘုရား။ ။ လျှောက်လွှာ။
ကောင်းလှပြီ။ တကာ - မောင်မြစ် လျှောက်ထားသဖြင့်၊ ရေးသား၍ ထုတ်သော “ဝိဝဋ္ဋ ဒီပနီ” စာအုပ်တွင် ကျဉ်းစနိုး ထင်သောကြောင့် ၎င်းစာအုပ်မှာ ထမ်မံ ဖြည့်စွက်၍သာ ရေးပေးအံ့သတည်း။
နိဒါန်း
ကျေးဇူးရှင် ကြောင်းပန်းတောရ ဆရာတော် ဘုရားကြီး ရေးသားစီရင်တော်မူ အပ်သော --
၁။ ဝိဝဋ္ဋဒီပနီကျမ်း
၂။ ဝိပဿနာဒီပနီကျမ်း
၃။ သဘာဝဒီပနီကျမ်း
၄။ သုံးလောက ဒီပနီကျမ်း
၅။ ရတနာ ဒီပနီကျမ်း
၆။ ကြောင်ပန်းဟောစဉ်ကျမ်း
ပေါင်း (၆)ကျမ်းရှိရာ အစိတ်စိတ် အမြွှာမြွှာ တကွဲတပြား အထားအသိုမှစ၍ ယိုယွင်း ပျက်စီးလျက်နေသည် ဖြစ်ရကား၊ ဝိပဿနာအလုပ်သည် သဘော ဉာဏ်၏ အရာ သက်သက်ဖြစ်၍ နက်နက် နဲနဲ သိနားလည်ရန် လိုအပ်သည် ဖြစ်သောကြောင့်၊ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဟောတော်မူသော တရားကို မနာ, မကြားရ၊ စာကိုသာ ကြည့်ရှု ရရုံမျှရှိသော သူတို့၏စိတ်တွင် ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား၊ မရှိကြမည်ကို စိုးရိမ်မကင်းရှိကြသည်လည်း တကြောင်း ၎င်းဆရာတော် ဘုရားကြီး ရေးသားစီရင်တော်မူသော ကျမ်းများ တိမ်ကော ပပျောက်၍သွားမည်ကို စိုးရိမ်မကင်းရှိကြသည်လည်း တကြောင်း၊ သို့စသော အကြောင်းတို့ကြောင့် ဆရာတော်ဘုရား ကြီး၏ တပည့်တကာ အပေါင်းတို့ နှိုးဆော် တိုက်တွန်းချက်အရ၊ ဆရာတော်ဘုရားကြီး၏ သဒ္ဓိဝိဟာရိက တပည့် ရဟန်းတော်မြတ်တို့ အထပ်ထပ် ပြင်ဆင် အမိန့်ပေးတော်မူသည့်အတိုင်း ကျွန်ုပ် မောင်ကြီးဘေ ကိုယ်တိုင် ကြည့်ကြပ် ကြိုးပန်း ဝါယမစိုက်ထုတ်၍ “ဝိပဿနာကျမ်း ခြောက်စောင်တွဲ” ဟူသော အမည်ဖြင့် တပေါင်းတည်းပြုလုပ် ပုံနှိပ်လိုက်ပါသည်။
မောင်ကြီးဘေ။
မုံရွာ
၁၂၈၉-ခု၊ တော်သလင်းညွှန်း (၁၅) ရက်။
၁ဝ-၉-၁၉၂၇
နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။
ဝိဝဋ္ဋ ဒီပနီကျမ်း
▬▬▬▬▬▬
သဒ္ဓါသည် --
၁။ အာဂမ သဒ္ဓါ၊
၂။ အဓိဂမ သဒ္ဓါ၊
၃။ သြကပ္ပန သဒ္ဓါ၊
၄။ ပသာဒ သဒ္ဓါ၊
အားဖြင့် လေးပါး အပြား ရှိ၏။ ထိုလေးပါးတို့တွင်--
(၁) သမ္မာသမ္ဗောဓိ အလောင်းတော်ကြီး သုံးပါးတို့အား ဗျာဒိပ်ခံသည်မှ စ၍၊ ဘဝတိုင်း, ကမ္ဘာတိုင်း အစဉ်မပြတ်လာသော သဒ္ဓါကို အာဂမသဒ္ဓါ ဆိုသည်။
(၂) အရိယာ ရှစ်ယောက်တို့၏ သောတပတ္တိမဂ် ခဏမှ စ၍၊ လောကုတ္တရမဂ္ဂဖလ သမ္မာဒိဋ္ဌိနှင့် ပြုသော သဒ္ဓါကို အဓိဂမသဒ္ဓါ ဆိုသည်။
(၃) မဂ်ဖိုလ် နိဗ္ဗာန်သို့ ရအောင်, ရောက်အောင်၊ ကျေးဇူးပြုသော --
နာမရူပ ပရိဂ္ဂဟ သမ္မာဒိဋ္ဌိ၊
ဟေတု ပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိ၊
ဝိပဿနာ ဉာဏဒဿနသမ္မာ ဒိဋ္ဌိ
နှင့် ပြုသောသဒ္ဓါကို သြကပ္ပန သဒ္ဓါဆိုသည်။
(၄) မဂ်ဖိုလ် နိဗ္ဗာန်သို့ မဆိုက်မကပ် လူနတ်တို့ ချမ်းသာကို သာယာခြင်း၊ ကမ္မသကတာ သမ္မာဒိဋ္ဌိနှင့် ပြသော သဒ္ဓါကို ပသာဒ သဒ္ဓါဆိုသည်။
ယခုကာလ သာသနာတော် သမယ၌ ထိုပသာဒ သဒ္ဓါနှင့်၊ ခုရော နောင်ခါ ကောင်းအောင်သာ ဟု ပြုကြသမျှ ကုသလကမ္မပထ သင်္ခါရကို ဗာလုဿုက္က ဆိုရမည်။ ဗာလုဿုက္က ဆိုသည်ကား..၊ “ဗာလာနံ ဥဿုက္ကောတိ ဗာလုဿုက္ကော” ဟု ဝိဂြိုဟ်ပြု။
ဗာလာနံ၊ လူ့အဖျင်း, လူ့အဖြုံး, လူ့အသုန်း, လူ့အသွန်၊ လူ့အခွံ, လူ့အကာ, လူ့ချူချူ ချာချာ၊ သံသရာမှာ မသိဆုံး၊ အမိုက်တုံး အမိုက်ခဲ၊ အမိုက်မွဲ မှန်လှ၊ လူ့ဗာလတို့၏။
ဥဿုက္ကော၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန် ဟူသော အကျိုးမများ အလကားသား ရောင်ဝါး၍ အားထုတ်မှုတည်း။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဗာလုဿုက္ကော၊ ဗာလုဿုက္က မည်၏။
ဤ ဝိဂြိုဟ်အတိုင်း အဟုတ်အမှန်ကို မသိသော သူတို့သည်၊ မဂ်, ဖိုလ် နိဗ္ဗာန် ဟူသော အကျိုးမပြီး အချည်းနှီး အလကားသား ပြုမှားသမျှသော ကာယကံမှု ဝစီကံမှု မနောကံမှုတို့သည် ဗာလုဿုက္က မည်ကုန်၏။
အဘယ့်ကြောင့်နည်းဟူမူကား။ ခွေး, ဝက်, ကျွဲနွား အပါယ် ဘုံသားတို့က နိဗ္ဗာန်သို့ ရအောင်, ရောက်အောင် ကြံဆောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ရှာကြ။ မတတ်နိုင်ရှာကြ၊ ယုတ်နိမ့်လှသော ဒုဂ္ဂတိဘုံဘဝကသည် မြင့်မြတ်လှစွာသော လူ့ ဘောင်, လူ့ရွာ, သာသနာကို လွန်စွာ တောင့်တ၍၊ နောက်နောက် ဘဝကောင်း အောင်ဟု လုံ့လပြု၍၊ လူကောင်း, နတ်ကောင်း, ဘဝကောင်းကို တောင်းရှာကြ ပေသည်။ ထိုသို့ ယုတ်နိမ့်လှသော ဒုဂ္ဂတိ ဘုံဘဝသား ခွေး, ဝက်, ကျွဲနွား, အပါယ် ဘုံသားတို့က တောင့်တရှာကြသော၊ လူကောင်း, နတ်ကောင်းဆုကို ယခုအခါ မြင့်မြတ်လှစွာသော လူ့ဘောင် လူ့ရွာ သာသနာ၌ ကြိမ်ကြိုက်ကြသော သူခပ်သိမ်း တို့က၊ ဘဝကောင်းကို တောင်းဘွယ်ကိစ္စ မရှိလှဟု သိကြရမည်။
စောဒနာကား --
ထို ဆိုအပ်ခဲ့ပြီးသော ကမ္မသကတာ သမ္မာဒိဋ္ဌိနှင့် ပြုသော ပသာဒ သဒ္ဓါသည် အဘယ့်ကြောင့် နိဗ္ဗာန်သို့ မရောက် မဆိုက် သနည်းဟု စောဒနာ ထုတ်ရာ၏။
အဖြေကား --
လောကတံထွာ ဓမ္မတာသဘာဝ သာသနာပ၌ရှိသော ကမ္မသကတာ သမ္မာဒိဋ္ဌိသည်၊ ခန္ဓာငါးပါး၊ တရားအစု၊ ဓာတ်အနုကို၊ ကိုယ်ဟုစွဲကပ်၊ အမြဲမှတ်သည့်၊ အတ္တဝါဒုပါဒါန် ဟူသော အတ္တဒိဋ္ဌိ ထင်ရှား ရှိနေသည့် အတွက်၊ သာယာခြင်း လောဘ တဏှာ သမုဒယသစ္စာသာ ဖြစ်သောကြောင့် စင်စစ်မှာ ဒုက္ခသစ္စာသာ ဖြစ်လေကုန်၏။
သိသာခြားနား ထင်ရှားစေဦးအံ့ --
ထိုအတ္တဒိဋ္ဌိသည်လည်း -
၁။ အတိသြဠာရိက အတ္တဒိဋ္ဌိ၊
၂။ သြဠာရိက အတ္တဒိဋ္ဌိ၊
၃။ သုခုမ အတ္တဒိဋ္ဌိ၊
၄။ အတိသုခုမ အတ္တဒိဋ္ဌိ
အားဖြင့် လေးပါး အပြား ရှိ၏။ ထိုလေးပါးသော အတ္တဒိဋ္ဌိကို သာသနာတော် သမ္မာဒိဋ္ဌိ တရားလေးပါး နှင့် သတ်အပ်၏။ သတ်ရမည်။
လေးပါးဟူသော်ကား
၁။ နာမရူပပရိဂ္ဂဟ သမ္မာဒိဋ္ဌိ၊
၂။ ဟေတုပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိ၊
၃။ ဝိပဿနာ ဉာဏဒဿန သမ္မာဒိဋ္ဌိ၊
၄။ လောကုတ္တရ မဂ္ဂဖလ သမ္မာဒိဋ္ဌိ
အားဖြင့်၊ ဘုရားသာသနာ ခေတ်အခါမှာမှ ရှိသော ဤလေးပါးသော သမ္မာဒိဋ္ဌိ တို့ဖြင့် သတ်အပ်ကုန်၏။ သတ်ရမည်။
သတ်ဟန်ကား
“ဣဓ အသုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဓော” အစ ရှိသော ဓမ္မသင်္ဂဏီ ပါဠိတော်မြတ်နှင့် အညီ၊ ဤ လောက၌ အကြား အမြင်မရှိ အရိယာမြတ်တို့ကို ပညာဖြင့် မြင်လေ့မရှိသော ပုထုဇ္ဇန်သည် ခန္ဓာငါးပါး ရုပ်နာမ် တရားတို့ကို ငါ, ဟူ၍၎င်း၊ ကိုယ်, ဟူ၍၎င်း၊ အသက် ဟူ၍၎င်း၊ ပုဂ္ဂိုလ် သတ္တဝါ ဟူ၍၎င်း မှတ်ယူ စွဲလမ်းခြင်း၊ အလွန် ရုန်းရင်းသော အတိသြဠာရိက အတ္တဒိဋ္ဌိကို ရုပ်နာမ်တရားတို့၏ အသီးသီးသော သဘောလက္ခဏာတို့ကို ကောင်းစွာဆင်ခြင် သိမြင်ခြင်း တည်းဟူသော နာမရူပ ပရိဂ္ဂဟ သမ္မာဒိဋ္ဌိဖြင့် သတ်အပ်၏။ သတ်ပါ။
ဤစကားရပ်၌ နာမရူပပရိဂ္ဂဟဉာဏ်၊ နာမရူပ ဝဝတ္ထနဉာဏ်၊ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် ဟူသော အမည်စုသည် သဘောအားဖြင့် ဤ နာမရူပပရိဂ္ဂဟ သမ္မာဒိဋ္ဌိ၏ အမည်စု ချည်းသာ ဟူ၍ မှတ်ပါ။
အရိယာမြတ်တို့တရား၌ မသိမလိမ္မာသော၊ အဆုံးအမကို မရသော ပုထုဇ္ဇန်သည် ကုသိုလ် အကုသိုလ် ကံကို စီမံပြုလုပ်တတ်သော ပုဂ္ဂိုလ်သတ္တဝါ ရှိ၏။ ထိုကံ၏ အကျိုးတရားကို ခံစားတတ်သော ပုဂ္ဂိုလ် သတ္တဝါ ရှိ၏ ဟု ထင်မှတ်စွဲယူခြင်း၊ အတန်ငယ် ရုန့်ရင်းသော သြဠာရိက အတ္တဒိဋ္ဌိကို ရုပ်နာမ်တရားတို့၏ အကြောင်း ပစ္စယ ပဋိစ္စသမုပ္ပါဒ်ကို သိမ်းဆည်းဆင်ခြင် သိမြင်ခြင်း တည်းဟူသော ဟေတုပစ္စယ ပရိဂ္ဂဟသမ္မာဒိဋ္ဌိဖြင့် သတ်အပ်၏။ သတ်ရမည်၊
ဤ၌လည်း ပစ္စယပရိဂ္ဂဟဉာဏ်၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိဉာဏ် ဟူသော အမည်စုသည် သဘောအားဖြင့် ဤ ဟေတုပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိ၏ အမည်စုချည်းသာ ဟူ၍ မှတ်ပါ။
အလုံးစုံသော ဒိဋ္ဌိ ဟူသမျှတို့၏ မူလဗီဇ အနုသယ ဖြစ်သော သိမ်မွေ့သော သုခုမအတ္တဒိဋ္ဌိကို ရုပ်နာမ်တရားတို့၏ အနိစ္စ ဒုက္ခ, အနတ္တ လက္ခဏာတို့ကို သိမ်းဆည်း ဆင်ခြင်ခြင်း၊ အထူးသိမြင်ခြင်း တည်းဟူသော ဝိပဿနာ ဉာဏဒဿန သမ္မာဒိဋ္ဌိဖြင့် သတ်အပ်၏။ သတ်ပါ။
အလွန် သိမ်မွေ့လှစွာသော အတိသုခုမ အနုသယ ဖြစ်သော ဝိစိကိစ္ဆာ အတ္တဒိဋ္ဌိကို၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် တည်းဟူသော လောကုတ္တရ မဂ္ဂဖလသမ္မာဒိဋ္ဌိဖြင့် သတ်အပ်၏။ သတ်ရမည်။ သတ်ပါ။
ဤကဲ့သို့ သတ်ကြ၍ ဒါန, သီလ, ဘာဝနာ ပြုမှသာ၊ ပါရမီဆယ်ပါး ဝိဝဋ္ဋ ဖြစ်ပွား၍ နိဗ္ဗာန်သို့ သွားရမည်။ ဤသို့ လိုကား...၊ ပါရမီဆယ်ပါး၊ မဂ္ဂင်ရှစ်ပါး၊ မြတ် တရားကို သတိမထား မသိသောအားဖြင့်၊ လူကောင်း နတ်ကောင်း ဘဝကောင်းကို တောင်းတ ပြီးလျှင် ကုသလ ကမ္မပထတရား၊ ပုညကြိယာ ဆယ်ပါးကို ပြုမှားသောသူများသည် မြတ်စွာဘုရား၏ ရန်သူပုန်နှင့် တူကုန်၏။
တူဟန်ကား
အကုသိုလ်ဆယ်ပါး၊ ပုညကြိယာ ဆယ်ပါး၊ မဟဂ္ဂုတ်ကုသိုလ်ကိုးပါး၊ ဤနှစ်ဆဲ့ ကိုးပါးသော သာသနာပ တရားတို့သည်၊ စကြာဝဠာအနန္တ, ကမ္ဘာအနန္တ၊ သတ္တဝါ တည်ထောင်စကပင် လောကတံထွာ ဓမ္မတာတရား သတ္တဝါ ဖြစ်ပွားသော တရား ဖြစ်၍ ဘုရား၏ ရန်သူအစစ် ဧကန်ဖြစ်၏။
သိသာ စေဦးအံ့ --
အကုသလ ကမ္မပထတရား ဆယ်ပါးကို ပြုမှားမိလျှင်၊ အပါယ်လေးဘုံ၌ ဧကန် စင်စစ် ဖြစ်မည်ဟူ၍မှတ်။ ထိုအကုသလ ကမ္မပထတရား ဆယ်ပါးကို ပြုမှား ခြင်းကြောင့်၊ နိဗ္ဗာန်သို့လည်းမသွား၊ အခြားသော ဘုံတို့၌လည်းမဖြစ်၊ အပါယ် လေးဘုံ၌သာ ဖြစ်သည်။
ထို့အတူ ကုသလကမ္မပထတရား ပုညကြိယာဆယ်ပါးကို ပြမှားမိလျှင် လူ့ဘုံ, နတ်ဘုံမှာသာ ဖြစ်သည်။ ထို ပုညကြိယာ ဆယ်ပါးကို ပြုမှားခြင်းကြောင့် နိဗ္ဗာန် သို့လည်းမသွား၊ အပါယ်လေးပါး၌လည်း မကျ၊ ဗြဟ္မာ့ဘုံသို့လည်း မဆိုက်၊ လူ့ဘုံ, နတ်ဘုံ၌သာ ဖြစ်သည်။
ထို့အတူ မဟဂ္ဂုတ်ကုသိုလ် ကိုးပါးကို့ ပြုမှားခြင်းကြောင့်၊ ဗြဟ္မာ့ဘုံ နှစ်ဆယ်၌သာ ဖြစ်သည်။ ထိုမဟဂ္ဂုတ်ကံကြောင့် နိဗ္ဗာန်သို့လည်း မသွား၊ အခြားသော ဘုံတို့၌ လည်းမဖြစ်၊ စင်စစ်အားဖြင့် (ဥပမာပုံ) သူကမောင်းဆုံနှင့် သူ့ မောင်းချောက် အလား ကဲ့သို့၊ သူ့ဘုံနှင့် သူ့ကံတရား၊ လောကတံထွာ ဓမ္မတာအားဖြင့် ဖြစ်ပွား၍သာ နေသည်။ ထို့ကြောင့် နိဗ္ဗာန်ကို ဆုတောင်းသော သူတော်ကောင်းတို့အား ထိုကံ နှစ်ဆဲ့ကိုးပါးကို ရှောင်ရှားနိုင်မှ ဘုံသုံးဆဲ့တစ်က လွတ်ကြမည်။ ထိုဘုံသုံးဆဲ့တစ်၌ မဖြစ်သည်ကို နိဗ္ဗာန်ဆိုသည်။
တနည်းကား --
ကာမ တဆဲ့တဘုံ၊ ရူပ တဆဲ့ခြောက်ဘုံ၊ အရူပ လေးဘုံအားဖြင့် သုံးဆဲ့တဘုံကို မျိုးစေ့စိုက်ပျိုးရာ လယ်ယာမြေနှင့် တူ၏ဟူ၍ မှတ်။ ဒုစရိုက် ဆယ်ပါးကြောင့် ဖြစ်သော အကုသိုလ်ကံတဆယ် ပုညကြိယာ ဆယ်ပါးကြောင့် ဖြစ်သော ကုသိုလ်ကံ တဆယ်၊ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းကြောင့် ဖြစ်သော ရူပါဝစရကုသိုလ်ကံ ငါးခု၊ အရူပါဝစရကုသိုလ်ကံ လေးခု အားဖြင့်၊ ကံပေါင်း နှစ်ဆဲ့ကိုးခုကို သုံးဆဲ့တဘုံတည်း ဟူသော လယ်ယာတွင်း၌ ကြဲအပ်သော မျိုးစေ့ကဲ့သို့ မှတ်။
အဝိဇ္ဇာအရင်းဖြာ၍ တဏှာ အဖေါ်သဟဲ ရသဖြင့် စေတနာကံကြောင့် ဖြစ်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ကို မျိုးစေ့မှ ဖြစ်သော အပင်နှင့် တူ၏ ဟူ၍မှတ်။ ထို သတ္တဝါတို့၏ ဖြစ်လေရာရာ ဘဝတိုင်း, ဘဝတိုင်းတို့၌ အသစ်အသစ်၊ ပြုပြန်သော ကောင်းမှုကံ၊ မကောင်းမှုကံကို လယ်ယာ၏ အတွင်း၌ ပေါက်ရောက်သော အပင်၏ အသီးအနှံက မျိုးစေ့ဖြစ်ပြန်သလို အတူ၊ နောင်အသစ် ဖြစ်ဘို့ရန် တဖန် ဖြစ်ပြန် တော့သည် ဟူ၍မှတ်။
ဥပမာပုံ
သစ်စေ့ကြောင့် သစ်ပင်၊ သစ်ပင်ကြောင့် သစ်စေ့ စသည်ကဲ့သို့၊ ထို ကံ နှစ်ဆဲ့ကိုးပါးကြောင့် သတ္တဝါ, သတ္တဝါကြောင့်၊ ထိုကံနှစ်ဆဲ့ကိုးပါး၊ ဤသို့ အားဖြင့် စကြာဝဠာအနန္တ၊ ကမ္ဘာအနန္တ၊ သတ္တဝါ တည်ထောင်စကပင်၊ လောကတံထွာ ဓမ္မတာတရား သတ္တဝါ ဖြစ်ပွားသော တရားဖြစ်၍၊ ဘုရား၏ ရန်သူ အစစ်ဧကန် ဖြစ်၏ဟု ဆိုပေသည်။
ရန်သူဟူသောစကား၌ ဥပမာအား မြေစိုက်ဘုရား တည်ထားသောအခါ ရှေးဦးစွာ ငြမ်း သစ်သားကို ကောင်းမွန်စွာ ချီနှောင်ရစ်တုပ် ပြုလုပ်ရာ၏။ ဤသို့ ပြုလုပ်ပြီးနောက် အုဌ်, ကျောက်, အင်္ဂတေ၊ အထွေထွေ ကိစ္စ၊ ရှေ့ချထီးတင်ပြီးသော ကာလ၊ ထိုငြမ်းကို အသုံးမကျ အကုန်လုံး စွန့်ပစ်လိုက်ရ လေကုန်၏။
ဤသို့ ထီးတင်ရှေ့ချ ဘုရားကိစ္စ ပြီးသည်ကာလ၊ ထိုငြမ်းကိုမှ မပယ် မပစ်ကြမူ ထိုဘုရား၏ ရန်သူအစစ် ထိုငြမ်းဖြစ်၏။
အဘယ့်ကြောင့်နည်း ဟူမူကား ထိုငြမ်းသစ်သားသည် ဘုရားကို ကွယ်ကာ၍ ထားသဖြင့် ဘုရားကိုမှ ကြည်ညိုခွင့် မရရုံမျှ မကလေသေး၊ တုပ်ချီသော လျှော်မျှင် ဆွေး၍များ ကျခဲ့လျှင် ထိုဘုရားကိုပင် ပျက်စီးကွဲအက်အောင် ချိုးဖျက်သော ရန်သူကြီး သက်သက် ဖြစ်လေကုန်၏။
ထို့တူပမာဏ --
သာသနာပ အခါကာလ နိဗ္ဗာန်တရား၊ သစ္စာလေးပါးကို ဟောကြားနိုင်သူ ဘယ်တဆူမျှ မပြူမပေါက်ကြ၍ အပါယ်လေးပါးသို့ မလားမရောက် ရစေခြင်း၊ လူ့ဘောင် လူ့ရွာ သာသနာ၌ ကြိမ်ကြိုက်ရစေခြင်း အကျိုးငှာသာ၊ ပုညကြိယာ ဆယ်ဖြာကို လွန်စွာသော ဥဿာဟဖြင့် ပြုလုပ်ကြရပေသည်။
ဤသို့ သာသနာပ အခါကာလက ပြုကျင့်ခဲ့ကြ၍၊ ယခုအခါ လူ့ဘောင်လူ့ရွာ သာသနာ၌ ကြိမ်ကြိုက်ကြပေ ကုန်သော ရဟန်း, ရှင်လူ, သူခပ်သိမ်းတို့မှာ ပုညကြိယာ ဆယ်ဖြာကို လွန်စွာ ကြောက်ကြ၍ နိဗ္ဗာန်ရောက်တရား ပါရမီ ဆယ်ပါး ဝိပဿနာ တရားကို အားထုတ်ကြကုန်ရာသည်။
ဤစကားရပ်၌ မြေစိုက်ဘုရား တည်ထားသောအခါ ငြမ်းသစ်သားကြောင့်သာ ဘုရားကိစ္စ ပြီးစီးထမြောက် ရပေသည်။ ထိုသို့ ဘုရားကိစ္စ ပြီးစီးသောကာလ၌ကား ထို ငြမ်းသစ်သားသည် ဘုရား၏ရန်သူ ဖြစ်သလိုအတူ ယခုအခါ လူ့ဘောင်, လူ့ရွာ သာသနာ၌ ကြိမ်ကြိုက် ရခြင်းသည်ကား ပုညာဘိသင်္ခါရ သာသနာပတရား ကုသလကမ္မပထ ပုညကြိယာဆယ်ပါး၏ ကျေးဇူးကြီးပါပေတည်း။ ယခုအခါ သာသနာတော်တရား မဂ္ဂင်ရှစ်ပါးနှင့် ကြိမ်ကြိုက်သော အခါ၌ကား သစ္စာလေးတန် မဂ်ဖိုလ်ဉာဏ်၏ ရန်သူအစစ် ပုညကြိယာဖြစ်၏ဟူလို။
တနည်းကား --
သမုဒ္ဒရာပြင်ကျယ် ရေပင်လယ်မှာ နစ်မွန်းမြောပါးသော သတ္တဝါများသည် သင်္ဘော, လှေဖေါင်ဖြင့် ယူဆောင်မည့်သူ မလာသေးသမျှ ကာလပတ်လုံး သူကောင်ပုတ် ကိုသာ အားထုတ်လျက် ဘက်ကြရ တွယ်ကြရ၏။ အကြင်အခါ သင်္ဘော, လှေဖေါင်ဖြင့် ယူဆောင်မည့်သူ လာ၏။ ထိုအခါ သူကောင်ပုတ်ကို လွှတ်လျက် သင်္ဘော လှေဖေါင်သို့ တက်စီးကြသောသူ လူအပေါင်းတို့သည်၊ ကမ်းတဘက်သို့ ရောက်ကြလေကုန်၏။
ထိုသို့ သင်္ဘော, လှေဖေါင်ဖြင့် ယူဆောင်မည့်သူ လာပါလျက်နှင့်မှ မတက်မစီးကြဘဲ၊ သူကောင်ပုတ်ကိုသာ တဖက်ထဲ ဖက်ကြသောသူ ဟူသမျှမှာ ဘယ်တော့ ဘယ်အခါ ဘယ်ကမ္ဘာ ဘယ်ကာလမှ ကမ်းတဘက်သို့ မရောက်ရ၊ မဆိုက်ရသော သူမိုက်တို့ ဟူ၍ချည်းသာ မှတ်ရာ၏။
ဥပမာ-ဥပမေယျ ဟပ်၍ပြသော်ကား
သမုဒ္ဒရာ ပြင်ကျယ် ရေပင်လယ်နှင့်ကား သံသရာ တူသည်။
ထိုရေပင်လယ်မှာ နစ်မွန်း မြောပါး၍ နေကြသောသူ ဟူသမျှနှင့်ကား သတ္တဝါများ တူချေသည်။
အောက်သို့ နစ်မြုပ်သည်နှင့်ကား အပါယ်လေးပါး တူသည်။
ကမ်းတဘက်သို့ ရောက်အောင် မပို့မဆောင် နိုင်သော်လည်း အောက်သို့ မနစ် မမြုပ်စေရအောင် ထမ်းဆောင် ပေသော သူကောင်ပုပ်နှင့်ကား၊ နိဗ္ဗာန်သို့ ရအောင် ရောက်အောင် မပို့မဆောင် နိုင်သော်လည်း အပါယ် ဘဝသို့ မကျမဆိုက်။ လူ့ဘောင် လူ့ရွာ သာသနာ၌ ကြိမ်ကြိုက်ရအောင် ပို့ဆောင်ပေသော ကုသလ-ကမ္မပထ သာသနာပတရား ပုညကြိယာဆယ်ပါး တူသည်။
ကမ်းတဘက်နှင့်ကား နိဗ္ဗာန်တူသည်။
သံင်္ဘော, လှေ ဖေါင်နှင့်ကား သာသနာတော်တရား ပါရမီဆယ်ပါး၊ မဂ္ဂင်ရှစ်ပါး ဝိပဿနာတရားတူသည်။
သင်္ဘော လှေမှူး နှင့်ကား မြတ်စွာဘုရား တူသည်။
ပုညကြိယာဆယ်ပါးနှင့် ပါရမီဆယ်ပါး အထူးကား
ကုသလကမ္မပထ ကုသိုလ်၊ ဝဋ္ဋနိဿိတကုသိုလ် ပုညာဘိသင်္ခါရကုသိုလ်၊ ပုညကြိယာ ကုသိုလ်၊ ဉာဏဝိပ္ပယုတ်ကုသိုလ် စသည်တို့မှာ အတူတူသာ မှတ်ပါ။ ထို့ကြောင့် ဒါန,သီလစသော ကုသိုလ်ကောင်းမှုပြုလျှင် ပုညကြိယာချည်းပင် ဟု မထင်နှင့် မမှတ်လင့်။ ခုရော နောင်ခါ ကောင်းအောင်သာဟု သမုဒယသစ္စာ၊ သာယာခြင်း လောဘတဏှာပါသော မဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ်လေးခုနှင့် ပြုပြုသမျှသော ကုသိုလ်မှသာ ပုညကြိယာ ဆိုပါ။
ပါရမီကုသိုလ်၊ မဂ်ကုသိုလ်၊ ဝိဝဋ္ဋကုသိုလ်၊ ဉာဏသမ္ပယုတ်ကုသိုလ် စသည်တို့မှာ အတူတူသာ မှတ်ပါ၊ ထို့ကြောင့် ကာမ ရူပ အရူပ ဟူသော ဘုံသုံးရွာမှာ သာယာခြင်း လောဘတဏှာ သမုဒယသစ္စာကို တဒင်္ဂပဟာန်အားဖြင့် ပျောက်ကင်းမှု၊ ဝိက္ခမ္ဘနပဟာန်အားဖြင့် ခွာရှဲမှု၊ သမုစ္ဆေဒပဟာန် အားဖြင့် ပြတ်စဲ ချုပ်ငြိမ်းမှုကို ဖြစ်စေလျက်၊ တဏှာမဘက် ဝဋ်မှထွက်လိုသောဆန္ဒ၊ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် လေးခုနှင့် ပြုပြုသမျှသော ကောင်းမှုကုသိုလ်ကို ပါရမီကုသိုလ် ဆိုသည် ဟူလို၊
ထို အကုသိုလ် ဆယ်ပါး၊ ပုညကြိယာ ဆယ်ပါး၊ မဟဂ္ဂုတ်ကုသိုလ် ကိုးပါး၊ ဤ နှစ်ဆဲ့ကိုးပါး၊ သင်္ခါရ ဖြစ်ပွားသော စေတနာကံတရားကို ပျက်ပြား ပျောက်ကုန် စေခြင်းငှာ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ အစရှိသော မဂ္ဂင်ရှစ်ပါးမြတ်တရားကိုသာ စတုကင်္ဂုတ္တရပါဠိတော်၌ ဟောတော်မူသည်။
ထို့ကြောင့် ဒါန, သီလ ဘာဝနာ ပြုကြသော အခါ မဂ္ဂင်တရားကိုယ် ကုသိုလ်ဇော ပြည့်လျှံ၍ “ဣဒံမေ ပုညံ အာသဝက္ခယံ၊ ဝဟံဟောတု” ပြုကြပါကုန်။ ဤကဲ့သို့ ပြုကြလျင်”ဒုက္ခံ တေဘုမ္မိကံ ဝဋ္ဋံ” ဟူသည်နှင့်အညီ အလုံးစုံသော ရုပ်နာမ်သင်္ခါရ ဟူသမျှသည် သုခမဘက် သက်သက်ဒုက္ခချည်းသာဟု မြင်သော ဉာဏသမ္ပယုတ် ကုသိုလ်စိတ်နှင့်ယှဉ်သော မဂ္ဂင်ရှစ်ပါး ကံသည် တရွေ့ရွေ့ ရင့်သဖြင့် မဂ်စိတ္တုပ္ပဒ်နှင့် ယှဉ်သောအခါ နိဗ္ဗာန်သို့ ရောက်ကြောင်း စင်စစ် မှန်သည်။
ဤသို့ ဒါန သီလ စသည်ပေါင်းစု ကုသိုလ်ကောင်းမှု ပြုသော သူတို့သည် မိမိတို့၏ အကျိုးစီးပွား သတ္တဝါ အများတို့၏ အကျိုးစီးပွားကို ပြုသောသူ၊ ကျင့်သောသူ မည်ပါပေ၏။ အဘယ်ကဲ့သို့ မည်သနည်း ဟူမူကား။ တဆုပ်တခဲ နဲများမဆို ဒါနကုသိုလ်ကို ပြုသောသူသည် ဒါန ကုသိုလ်ရှင် စ င်စစ်ကြီး ဖြစ်ပါပေ၏။
ထိုဒါန ကုသိုလ်ရှင်သည် နိဗ္ဗာန်သို့မရသေး မရောက်သေးသမျှ ဖြစ်လေရာရာ ဘဝတိုင်း ဘဝတိုင်းတို့၌၊ ထိုဒါန ကုသိုလ်ရှင်ကို တွေ့တွေ့သမျှ မြင်မြင်သမျှသော သတ္တဝါ အများတို့က လှူဒါန်းချင်ရ၊ ပေးကမ်းချင်ရ၊ လှူဒါန်းမှု ပေးကမ်းမှုပြုကြ၊ လှူဒါန်းပေးကမ်းမှု ဝတ္ထု ပစ္စယက အခန့်သင့် ရှိနှင့်ရပေသည်။
ထိုပဋ္ဌမဒါန ကုသိုလ်ရှင်ကို လှူဒါန်း ပေးကမ်း သမျှသောသူ၊ ဒုတိယ ဟူဟူသမျှ တို့သည်လည်း ဒါနကုသိုလ်ရှင် ချည်းပင် ဖြစ်ကြပြန်လေကုန်၏။ ထို့တူမခြား တတိယ, စတုတ္ထ စသော သတ္တလောက တလောကလုံးအား နှံ့ပြားအောင် မျှော်လေ၊ ကြည့်လေ၊သိလေ။ ဤကဲ့သို့ ပမာဏနှင့် ကုသိုလ်ဟူသမျှ ကိုလည်း စေ့စေ့စုံစုံ အကုန် မျှော်ကြလေ၊ သိကြလေ။
ထို့တူပမာဏ --
ဤကဲ့သို့ နည်းနယ သဲလွန်စဖြင့် အကုသိုလ် ဟူသမျှကိုလည်း စိစိငင သိကြလေ၊ ကြည့်ကြလေ။ မျှော်ကြလေ။ သဘောဉာဏ်၏ အရာပေတည်း၊
ထိုဉာဏ်သည်လည်း --
ယခုဘဝ အလိုနှင့် အတိုသာ မြင်သောဉာဏ်၊
နောက်ဘဝ အနေနှင့် အရှည်ကို မြင်သောဉာဏ်၊
သံသရာ ဝဲဃယက် အဆက်ဆက်ဟု အရှည့်ထက် အရှည်ကို မြင်သောဉာဏ်၊
နိဗ္ဗာန် သုဉ်းအောင် အဆုံးတိုင် မြင်နိုင်သော ဉာဏ်
အားဖြင့် အစားစား ရှိ၏။
ဥပမာကား --
ဖုံမှုံ့ဖွဲဖြင့် ခွဲ၍ပစ်ခြင်း၊ ဗူးကွဲကိုင်စွဲ နွှဲ၍ပစ်ခြင်း၊ အိုးချမ်းကွဲဖြင့် နွှဲ၍ပစ်ခြင်း၊ လေးပေါ့ ကြီးငယ်ခြင်းမရှိ ပကတိ အခန့်တော်သော သံလုံးခဲလုံးဖြင့် နွှဲ၍ပစ်ခြင်း စသည်တို့နှင့် တူလှ၏ဟု၊ သိကြရမည် ဟူလိုသည်။
ယခုကာလ သူငါကစ ပုထုဇ္ဇန် ဟူသမျှတွေသည် ယေဘုယျအားဖြင့် ဒါန, သီလ, ဘာဝနာ တရားကို ပြငြားသော်လည်း ပါရမီဆယ်ပါး၊ မဂ္ဂင် ရှစ်ပါး ဝိပဿနာ တရားကို သတိမထား မသိသောအားဖြင့် သာသနာပတရား ပုညကြိယာ ဆယ်ပါးကို ပြုမှားခြင်းကြောင့် ဘုံသုံးပါးဝယ် တလယ်လယ်သာ ဖြစ်၍နေကြသည်၊
ဥပမာကား --
မြစ်လယ်ရေကြော လှေပိန်းကောတို့သည် စုန်မြှောသောအခါ အောက်က ရေရွက်ကို ချ၍ စုန်ရ မြှောရလေ၏။ အထက်သို့ ဆန်တက်သောအခါ အထက်ကလေရွက်ကို ဖြန့်ကြက်၍ အညာသို့ ဆန်တက်ရလေ၏။ ထိုအညာသို့ ဆန်တက်လိုသော လှေကြီးမှာ သတိမထား မေ့လျော့သော အားဖြင့် အောက်က ချထားသော ရေရွက်ကိုကား မရုတ် မသိမ်းဘဲလျက် အထက်က လေရွက်ကိုသာ ဖြန့်ခါ ဖြန့်ခါ အညာသို့ ဆန်တက်မည် စိတ်စော၍ မြစ်လယ်ရေကြောမှာ တပေါ ပေါနေလေ၏။ ထိုအခါ ကမ်းပါးတလျှောက် မြေညွတ်မလောက်သောသူ လူအများတို့က အညာသွား လှေခမြာ အထက်သို့ ဆန်တက်ရှာပြီဟု နှလုံးပြု၍ အံ့ဩ ထောမဏာ ကြလေကုန်၏။ လှေကြီးမှာမူကား အညာသို့ မသွား၊ အောက်ရွက်၏ သဘောအားဖြင့် တမြောထဲ မြောသွားလေ၏။
ထို့တူပမာဏ --
ဒါန, သီလ၊ စသည်ပေါင်းစု၊ ကုသိုလ်ကောင်းမှု ပြုကြသော်လည်း ခုဘဝနောက်ဘဝ ကောင်းချင်လှ၍ တောင့်တ သာယာခြင်း ကိလေသာဝဋ် တည်းဟူသော လောဘ တဏှာ၊ အောက်ရွက်၏ ဥပမာ၊ သမုဒယသစ္စာကို မပယ်မခွါလျှင် ပါရမီဆယ်ပါး၊ မဂ္ဂင်ရှစ်ပါး၊ အညာတည်းဟူသော နိဗ္ဗာန်တရားသို့ မသွား မရောက်မူ၍၊ မြစ်လယ် ရေကြော လှေပိန်းကောသည် စုံမြှော၍သာ နေသကဲ့သို့။
ထို့တူပမာဏ -- သတ္တဝါ ဟူသမျှတွေသည် ဇာတိဇရာ ဗျာဓိမရဏဖြင့် စတဲ့ရင်း ဆုံးတဲ့ရင်း၊ ဖြစ်ထဲ့ရင်း၊ ပျက်ထဲ့ရင်း၊ ဤသို့ စသည်ဖြင့် ကြဉ်လည်၍ နေရသည်ကား အခြားမဟုတ်၊ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနဉ္စာဘိသင်္ခါရ တရား တို့ကို ပြုမှားသော အာသဝေါကြောင့်သာ ဝဋ်ပင်လယ် တကြောမှာ တပေါပေါ နေကြရသည်။
ထို့ကြောင့် ကုသိုလ် ကောင်းမှုကို ပြုရမည် ဆိုသော်လည်း အလွန်ပင် သိတတ်ခဲ မြင်တတ်ခဲ, ပြုတတ်ခဲ့ ကျင့်တတ်ခဲသည်။ အဘယ့်ကြောင့်နည်း။ ကုသိုလ် ကေါင်းမှုကို ပြုပြန်ကလည်း ပုညာဘိသင်္ခါရ၊ အာနဉ္စာဘိသင်္ခါရ ဖြစ်ပွား၍ နိဗ္ဗာန်သို့ မသွား။ ထိုကုသိုလ်တရားကို မပြုဘဲများ၊ အကုသိုလ်တရားကို ပြုငြားအံ့၊ အပုညာဘိသင်္ခါရ ဖြစ်ပွား၍၊ အပါယ်လေးပါးသို့ သွားရမည် ဆက်ဆက်၊ သို့အတွက်ကြောင့် ကုသိုလ်ကောင်းမှု အပြုရ၊ အကျင့်ရ အလွန်ပင် ခက်ကြသည်။
ဥပမာကား --
အမျိုးတို့ ဘာသာအားဖြင့် မဒိုင်ကိုသာ စားသော လူမျိုးတို့သည် ရှိကုန်ရာ၏။ ထိုမဒိုင်စား လူမျိုးတို့သည်၊ မဒိုင်ကိုသာ လွှာခါ လွှာခါ စားကြလေကုန်၏။ ထိုသို့ စားခဲ့၍ ဝမ်းထဲသို့ ရောက်လျှင်ပင် မဒိုင်တောက်၍ စားသမျှလူတွေ အကုန်လုံး သေကြလေကုန်၏။ အချို့သော သူတို့ကား၊ ထို မဒိုင်တုံး မဒိုင်သားကို တောက်တတ်သော အစာပါတကားဟု မစားကြဘဲ ရှောင်လွှဲသော သူတို့ သည်လည်း အစာပြတ်လတ် ငတ်မွတ် ပြော့ခွေ၍ အကုန်လုံး သေကြ လေကုန်၏။
ထိုအခါ လူလိမ္မာ ပညာရှင်တယောက် ပေါ်ပေါက်၍၊ ထိုနေရာသို့ ရောက်လာ၏။ ထိုပညာရှင်သည် ဤသို့ဆင်ခြင်၏။ အော့ဖတ် အံဖတ်နှင့် အူပြတ်၍ သေသော မသာတွေကို မြင်လျှင် ဤမသာများကား မဒိုင်တုံး မဒိုင်သားကို မိုက်မှား၍ စားသောက်သောကြောင့် ရူးနောက်၍ သေသော မသာတွေဟုဆိုလေ၏။
ဟိုအပါး၌ ခါးရှိုက် ဗိုက်ကတ်နှင့် အာဟာရ ပြတ်လတ် အစာငတ်၍ သေသော မသာတွေကိုမြင်လျှင် ထိုမသာများကား မဒိုင်တုံး မဒိုင်သားကို မိုက်မှားသော အားဖြင့် မစားဘဲ, မသောက်ဘဲ, ရှောင်လွှဲ၍ နေကြသောကြောင့် သေရသော မသာတွေဟု ဆိုလေ၏။
ထိုအခါ လူလိမ္မာ ပညာရှင်သည် ထိုမဒိုင်တုံး မဒိုင်သားကို ပါးပါး လွှာစေ၍ ခုနစ်ရေ၊ ရှစ်ရေ စိမ်လေ၏။ စင်လေ၏။ ထိုသို့ ခုနစ်ည ရှစ်ည ရေစိမ်ပြီး၊ ရေစင်ပြီးမှ မဒိုင်သေသောကာလ စားသောက်ကြလျှင် အန္တရာယ် တစိ ဘေးမရှိသည်ကို သိ၍ ဤသို့သော နည်းနာနယနှင့် စားသောက်ကြဟု ပြသ ပြောဆိုလေ၏။
ဥပမာ ဥပမေယျဟပ်၍ ပြသော်ကား --
မဒိုင်စား လူမျိုးနှင့်ကား သတ္တဝါများ တူသည်။
မဒိုင်သား မဒိုင်တုံးနှင့်ကား ဒါန, သီလ စသော ကုသိုလ်တရား တူသည်။
ရေမစင် ရေမစိမ်ရသော၊ အဆိပ်အတောက် ပြည့်ဝသော မဒိုင်ရိုင်း မဒိုင်စိမ်းနှင့်ကား မဟာကုသိုလ်ဉာဏဝိပ္ပယုတ် စိတ်လေးခုနှင့် ပြုပြုသမျှ သာသနာပ တရား ပုညကြိယာ ဆယ်ပါးတူသည်။
ရေစိမ်ပြီး ၊ရေစင်ပြီးသော အဆိပ်အတောက် ကင်းရှင်းသော မဒိုင်ရင် မဒိုင်သေ နှင့်ကား မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်လေးခုနှင့် ပြုပြု သမျှသော သာသနာတော်တရား ဒါနပါရမီ စသည် ဆယ်ပါး၊ မြတ်တရား တူသည်။
ခုနစ်ည ရှစ်ည စိမ်ရ, စင်ရသော ရေနှင့်ကား ဗောဇ္ဈင် ခုနစ်ပါး၊ မဂ္ဂင်ရှစ်ပါး၊ ဝိပဿနာတရား တူသည်။
မဒိုင်၏ အဆိပ်အတောက် ကင်းပျောက် ကုန်ငြိမ်းအောင် နည်းနာနယ ပြသ ပြောဆို လာသော လူလိမ္မာ ပညာရှင်နှင့်ကား မြတ်စွာဘုရား တူသည်။
ထို့ကြောင့် - အဆိပ်အတောက် ပြည့်ဝ မဒိုင်ရိုင်း မဒိုင်စိမ်းနှင့် တူလှသော မဟာကုသိုလ် ဉာဏဝိပ္ပယုတ် စိတ်လေးခုနှင့် ပြုပြုသမျှ ကုသလ ကမ္မပထတရား ပုညကြိယာ ဆယ်ပါးကို သာသနာတော် အခါများ၌ ကောင်းသော တရားဟု ပြောမှား, ဟောမှား, ပြုကျင့် မှားသော သူများသည် သာသနာပ လူများ အပါယ် ဘုံသား ခွေး, ဝက်, ကျွဲနွားများနှင့် အလားတူ ဆုယူမှားကြောင်းကို “ကတမာ စ ဘိက္ခဝေ မိစ္ဆာပဋိပဒါ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” စသည်ဖြင့် သံယုတ် ပါဠိ တော်၌ ဟောတော်မူ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ကတမာစ၊ အဘယ်သို့ ပြောဟော ပြုကျင့် ခြင်းသည်လျှင်။
မိစ္ဆာပဋိပဒါ၊ မှားသော ပြောဟော ပြုကျင့်ခြင်း မည်သနည်း။
အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာလုံး အမိုက်ဖုံး၍ အမိုက်တုံး, အမိုက်ခဲ အမိုက်မဲ ရောင်ရမ်း ပညာကန်း၍ ဘာမှန်းမသိလေခြင်းကြောင့်။
သင်္ခါရာ၊ ပြုလိုရာပြုမိ ပါရမီမျိုးစေ့ အဖြစ်သို့ မဆိုက် မထိသော ဝဋ္ဋနိဿိတကုသိုလ် အကုသိုလ် သင်္ခါရတို့တည်း။
ထို့ကြောင့် --
ယံဟိကိဉ္စိ ဘဝတ္တယသင်္ခါတံ ဝဋ္ဋံပတ္ထေတွာ ပဝတ္တိတံ၊ အန္တမသော ပဉ္စဘိညာ အဋ္ဌဝါပန သမာပတ္တိယော၊ သဗ္ဗတံ ဝဋ္ဋပက္ခိယံ ဝဋ္ဋသီသန္တိ၊ ဝဋ္ဋသီသတ္တာ မိစ္ဆာ ပဋိပဒါဝ ဟောတိ။
(သံယုတ်ပါဠိတော်လာ မိစ္ဆာပဋိပဒါသုဘ်အဋ္ဌကထာ။)
ဟိသစ္စံ၊ ထိုစကား မှန်၏။
ဘဝတ္တယသင်္ခါတံ၊ ဘဝ သုံးပါးဟု ဆိုအပ်သော။
ဝဋ္ဋံ၊ တေဘုမ္မိက ဝဋ်ဒုက္ခကို။
ပတ္ထေတွာ၊ သာယာ ခင်မင် နှစ်သက် တောင့်တ၍။
ပဝတ္တိတံ၊ ဖြစ်စေအပ်သော။
အန္တမသော၊ မြတ်ထွဋ် လွန်ဖုံး အထက်ဆုံးအားဖြင့်။
ပဉ္စဘိညာ၊ ကုသိုလ် အဘိညာ ငါးပါးတို့သော်လည်း ဖြစ်သော။
အဋ္ဌဝါပန သမာ ပတ္တိယော၊ သမာပတ် ရှစ်ပါးတို့သည်မူလည်း ဖြစ်သော။
ယံကိဉ္စိ၊ အကြင် အမှတ်မရှိ တစုံတခုသော ကံသည်။
အတ္ထိ၊ ရှိ၏။
တံသဗ္ဗံ၊ ထို အလုံးစုံသော ကံသည်။
ဝဋ္ဋပက္ခိယံ၊ ဝဋ်၏ အပင်း အသင်း၊ ဝဋ်ဆင်းရဲဘက်သာတည်း။
ဝဋ္ဋသီသံ၊ ဝဋ်ဆင်းရဲ အကြောင်း ဝဋ်ဦးခေါင်းနှင့် အလားတူ၏။
ဣတိတသ္မာ ဝဋ္ဋသီသတ္တာ၊ ထိုဝဋ်၏ အကြောင်း ဝဋ်ဦးခေါင်း ဖြစ်သောကြောင့်။
မိစ္ဆာပဋိပဒါဝ၊ လမ်းမှား-လမ်းလွဲသော ပြောခြင်း ဟောခြင်း၊ ပြုကျင့်ခြင်းသည် သာလျှင်။
ဟောတိ၊ ဖြစ်၏။
သည်ကိုရည်၍ --
“ဒီပါနာထာ ပတိဋ္ဌာစ တာဏာ လေနာစ ပါဏိနံ” စင်စစ်ကြီး မှန်ပါပေသော ကျေးဇူးရှင် မဟာထေရ်မွန် ပညာတန်ခွန် သီလဝံအကျော် လယ်တီဆရာတော် ဘုရားကြီးသည်-
ဘဝနောင်ခါ၊ သံသရာဝယ်၊
လူ့ရွာနတ်ငြမ်း၊ စည်းစိမ်သွမ်းကို၊
ချမ်းသာအတိ၊ အထဲငြိလျက်၊
ဂတိနောင်ကို၊ ကောင်းစေလိုဟု၊
ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊
ကျိုးကျိုးစားစား၊ ပြုတုံငြားက၊
ဆယ်ပါးပုည အာနဉ္ဇဟု၊
ဘဝနှီးရင်း၊ ပွားတုံလျှင်းသည်၊
ဝဋ်ခင်း ဝဋ်နွယ် ရှည်သတည်း။
စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် လင်္ကာမြတ်၌ စပ်တော်မူပေသည်။
ထို့ကြောင့်-
သေယျထာပိ ဘိက္ခဝေ အပ္ပမတ္တ ကောပိ ဂူထော ဒုဂ္ဂန္ဓော ဟောတိ၊ ဧ၀ မေဝ ခေါ အဟံ ဘိက္ခဝေ အပမတ္တကမ္ပိ ဘဝံနဝဏ္ဏေမိ၊ အန္တိမသော အစ္ဆရာ သင်္ဃာတမတ္တံပိ။
ဟု အင်္ဂုတ္တရပါဠိတော်၌ ဟောတော်မူ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အပ္ပမတ္တကောပိ၊ အနည်းငယ်မျှသော်လည်း ဖြစ်သော။
ဂူထော၊ မစင်ကျင်ကြီးသည်။
ဒုဂ္ဂန္ဓော၊ မကောင်းသော အနံ့ရှိသည်။
ဟောတိ သေယျ ထာပိ၊ ဖြစ်သကဲ့သို့။
ဧဝမေဝခေါ၊ ဤအတူလျှင်။
အပ္ပမတ္တကမ္ပိ၊ နည်းငယ်တိုလျ မကြာလှသည် သော်လည်းဖြစ်သော။
အန္တမသော၊ ယုတ်ညံ့ ဖျင်းသုဉ်း အောက်ထစ်ဆုံးအားဖြင့်။
အစ္ဆရာသင်္ဃာတမတ္တံပိ၊ မျက်တောင်တယှက် လျှပ်စစ်တပျက် လက်ပြစ်တစွက် ကာလ တခဏမျှသော်လည်း ဖြစ်သော။
ဘဝံ၊ ဘဝ၌ ဖြစ်ရခြင်းကို။
အဟံ၊ ငါဘုရားသည်။
နဝဏ္ဏေမိ၊ ချီးမွမ်းတော်မမူ။
ထို့ကြောင့် – ကာမ ရူပ အရူပ ဟူသော ဘဝသုံး ပါးကို မီးကျီးတွင်း သုံးတွင်းနှင့် တူသည် ဟူ၍၎င်း၊ ရှားနှစ်တံကျင်၊ သံတံကျင်၊ ရှေ့တံကျင်တို့နှင့် တူသည် ဟူ၍၎င်း။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ အကျယ် မိန့်ဆိုတော်မူ၏။
ထို့ကြောင့် သာသနာပ အခါကာလမှ ပြုကြရသော မဟာကုသိုလ် ဉာဏဝိပ္ပယုတ် စိတ်လေးခုနှင့် ပြုပြုသမျှသော ကုသလကမ္မပထတရား၊ ပုညကြိယာ ဆယ်ပါးကို သာသနာတော် အခါများ၌ ကောင်းသော တရားဟု ပြောမှား, ဟောမှား, ပြုကျင့် မှားသော သူများသည် -
ဥပမာကား --
ခရု ယောက်သွားတွေကို တသီတင်း တသီတင်း၌ တတင်း, နှစ်တင်း ရေနွေး ပြုတ်ဖြော၍ သင်တို့ရော နတ်ရွာသွား၊ ငါကား နိဗ္ဗာန်ဟု ရည်သန် တောင့်တ၍ ပြုမိမှားသော တိတ္ထိများနှင့် အလားတူ၏။
အဘယ့်ကြောင့်နည်းဟူမူ - မီးကျီးတွင်း သုံးတွင်းသို့သက် ဆင်းသောသူ၊ ရှားနှစ် တံကျင်၊ သံတံကျင်၊ ရှေ့တံကျင် သုံးချောင်း၏ အချွန်ဝသို့ ခုန်ချသောသူတို့သည် သေရခြင်း, ဆင်းရဲသို့ ရောက်ကြရသည် ချည်းသာ ဖြစ်သကဲ့သို့ ထို့အတူ ဘဝသုံးပါးကို ရကုန်သော သတ္တဝါများသည် ဇာတိ ဇရာ ဗျာဓိမရဏ စသော ဘေးဒုက္ခတို့နှင့် တွေ့ကြုံကြရသည်ချည်းသာ ဖြစ်သောကြောင့်တည်း။
ထို့ကြောင့်-
ဒုက္ခာဒီသု၊ အညာဏေန၊ အာရဘေ၊ ဒုက္ခဟေတဝေါ။
နိရောဓာဒိ၊ အညာဏေန၊ ယညာမယ တပါဒိကေ။
အပိစ မရုပ္ပပါတံ ဒီပစ္စိံ၊ မဓုလိတ္တဿ လေဟနံ။
ဂူထကီဠံ ဝီသံ ခါဒံ၊ ပိသာစ နဂရံယထာ။
ဗာလော ကရောတိ သင်္ခါရေ၊ တိဝိဓေ၊ ဒုက္ခဟေတုကေ။
တသ္မာသတိ အဝိဇ္ဇာယ၊ ဘာဝတော ပစ္စယောမတော။
(ဝိသုဒ္ဓိမဂ် အဋ္ဌကထာ)
ဒုက္ခာဒီသု၊ ဒုက္ခ, သမုဒယ သစ္စာနှစ်ပါးတို့၌။
အညာဏေန၊ မသိခြင်းကြောင့်။
ဒုက္ခ ဟေတဝေါ၊ ဒုက္ခ၏ အကြောင်း ဇနက သင်္ခါရတို့ကို။
အာရဘေ-အာရဘတိ၊ အားထုတ် မိုက်မှား၏။
နိရောဓာဒိ အညာဏေန၊ နိရောဓ မဂ္ဂ သစ္စာနှစ်ပါးကို မသိခြင်းကြောင့်။
ယညာ မယတပါဒိကေ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း ဟုမှတ် များစွာသတ်၍ ယဇ်ပူဇော်ခြင်း၊ ခုရော နောင်ခါ ကောင်းအောင်သာဟု ပြုကျင့်ခြင်း စသည် တို့ကို။
အာရဘေ-အာရဘတိ၊ အားထုတ်မိုက်မှား၏။
အပိစ၊ တနည်းလည်း။
မရုပ္ပပါတံ၊ နတ်သမီးကို အလိုရှိ၍ ချောက်ကမ်းသို့ ခုန်ချခြင်းကို။
အာရဘတိ ယထာ၊ အားထုတ် မိုက်မှားသကဲ့သို့၎င်း။
ဒီပစ္စိံ၊ ဆီမီးလျှံသို့ ပိုးဖလံဝင်ခြင်းကို။
အာရဘတိ ယထာ၊ အားထုတ် မိုက်မှားသကဲ့သို့၎င်း။
မဓုလိတ္တဿလေဟနံ၊ ပျားရည်လူးထား သံလျက်သွားကို၊ လျင်လျားစုံမက် လျှာဖြင့် လျက်ခြင်းကို။
အာရဘတိ ယထာ၊ အားထုတ် မှားသကဲ့သို့၎င်း။
ဂူထကီဠံ၊သူငယ်ဉာဏ်မော့ မစင်ပြော့ကို ကိုင်ဆော့ကစားခြင်းကို။
အာရဘတိ ယထာ၊ အားထုတ် မှားသကဲ့သို့၎င်း။
ဝီသံခါဒံ၊ စိတ်ပျက် ငြင်ငြို သေချင်လို၍၊ အဆိပ်ကို စားခြင်းကို။
အာရဘတိ ယထာ၊ အားထုတ် မှားသကဲ့သို့၎င်း။
ပိသာစနဂရံ၊ မျက်စိလှည့်ရှုပ် ဘန်ဆင်းလုပ်သည့် မြေဘုတ်မြို့လမ်းသို့ သွားခြင်းကို။
အာရဘတိ ယထာ၊ အားထုတ် မှားသကဲ့သို့၎င်း။
ဗာလော၊ မိုက်မည်းသည်းထန် ပုထုဇ္ဇန်သည်။
ဒုက္ခ ဟေတုကေ၊ ဒုက္ခ၏အကြောင်း ဖြစ်ကုန်သော။
တိဝိဓေ၊ သုံးပါးအပြား ရှိကုန်သော။
သင်္ခါရေ၊ အကုသိုလ်ဆယ်ပါး၊ ပုညကြိယာဆယ်ပါး ၊ မဟဂ္ဂုတ်ကုသိုလ် ကိုးပါး ဤနှစ်ဆဲ့ကိုးပါး သင်္ခါရတရားတို့ကို။
ကရောတိ၊ ပြောဟော ပြု ကျင့်မိမှား၏။
တသ္မာ၊ ထို့ကြောင့်။
အဝိဇ္ဇာယ၊ အဝိဇ္ဇာမှောင်လုံး မှောင်ခဲကြီးသည်။
သတိ၊ လေးမဂ်ဉာဏ်ဖြင့် မလှန်မပယ် သန္တာန်ဝယ် ရှိသေးလတ်သော်။
ဘာဝတော၊ အကုသလ ကမ္မပထတရား ဆယ်ပါး၊ ကုသလကမ္မပထတရား ပုညကြိယာ ဆယ်ပါး၊ မဟဂ္ဂုတ်ကုသိုလ် ကိုးပါး ဖြစ်ပွားခြင်းကြောင့်။
ပစ္စယော၊ ကျေးဇူးပြု၏ဟူ၍။
မတော၊ သိအပ်၏။
ထို့ကြောင့်-
အပ္ပမတ္တကမ္မိဟိ၊ ပဏ္ဏမုဋ္ဌိဒါန ကုသလံဝါ ဟောတု၊ မဟန္တံ ဝေလာမ ဒါနာ ဒိ ကုသလံဝါ၊ သစေဝဋ္ဋ သမ္ပတ္တိံ၊ ပတ္ထေတွာ၊ ဝဋ္ဋနိဿိတဝသေန၊ မိစ္ဆာ ပဌပိတံ ဟောတိ၊ ဝဋ္ဋမေဝအာဟရိတုံ၊ သက္ကောတိ၊ နောဝိဝဋ္ဋံ၊ ဣဒံမေဒါနုံ၊ အာသဝက္ခယာ၊ ဝဟံ ဟောတူတိ၊ ဧဝံပန၊ ဝိဝဋ္ဋံပတ္ထေန္တေန၊ ဝိဝဋ္ဋဝသေန၊ သမ္မာပဌပိတံ၊ အရဟတ္တမ္ပိ ပစ္စေကဗောဓိဉာဏမ္ပိ၊ သဗ္ဗညုတဉာဏမ္မိ၊ ဒါတုံ သက္ကောတိယေဝ၊ အရဟတ္တံ၊ အပ္ပတွာ၊ ပရိယောသာနံ၊ နဂစ္ဆတိ။
(သံယုတ် အဋ္ဌကထာ။ )
ဟိသစ္စံ၊ ထိုစကားမှန်၏။
အပ္ပမတ္တကမ္ပိ၊ အနည်းငယ်မျှသော်လည်း ဖြစ်သော။
ပဏ္ဏမုဋ္ဌိဒါန ကုသံလံဝါ၊ ဟင်းရွက် တဆုပ်မျှ လှူရသော ကုသိုလ်သည် မူလည်း။
ဟောတု၊ ဖြစ်စေ။
မဟန္တံ ၊ ကြီးကျယ်ခန်းနား များပြားစွာသော။
ဝေလာမဒါနာဒိ ကုသလံဝါ၊ အလောင်းတော် ဝေလာမပုဏ္ဏား အလားတူ အလှူ အစရှိသော ကုသိုလ်သည်မူလည်း။
ဟောတု၊ ဖြစ်စေ။
ဝဋ္ဋသမ္ပတ္တိံ၊ တေဘုမ္မိက ဝဋ်တွင်း၌ လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ စည်းစိမ်ကို။
ပတ္ထေတွာ၊ တောင့်တ၍။
ဝါ၊ သာယာခင်မက် နှစ်သက်စွဲမိ အထဲငြိ၍။
ဝဋ္ဋနိဿိဘဝသေန၊ ဝဋ်ဒုက္ခကို မှီသည်၏ အစွမ်းဖြင့်။
မိစ္ဆာ၊ မှားယွင်း ချွတ်ချော်။
ပဌပိတံ၊ ဖြစ်စေအပ်သည်။
သစေဟောတိ၊ အကယ်၍ဖြစ်အံ့။
ဝဋ္ဋမေဝ၊ ဝဋ်ဆင်းရဲသို့သာလျှင်။
အာဟရိတုံ၊ ဆောင်ခြင်းငှာ။
သက္ကောတိ၊ စွမ်းနိုင်၏။
ဝိဝဋ္ဋံ၊ ဝဋ်ကင်းရာနိဗ္ဗာန်သို့။
အာဟရိတုံ၊ ရောက်အောင် ပို့ဆောင်ခြင်းငှာ။
နောသက္ကာတိ၊ မစွမ်းနိုင်။
မေ၊ ငါ၏။
ဣဒံဒါနံ၊ အလှူဒါန ပုည စေတနာသည်။
အာသဝက္ခယာဝဟံ၊ အာသဝေါလေးတန်ကုန်ရာ မှန်သော နိဗ္ဗာန်ရောက်အောင် ပို့ဆောင်သည်။
ဟောတု၊ ဖြစ်ပါစေသတည်း။
ဣတိဧဝံပန၊ ဤသို့ကား။
ဝိဝဋ္ဋံ၊ ဝဋ်ကင်းရာ နိဗ္ဗာန်ကို။
ပတ္ထေန္တေန၊ တောင့်တလျက်။
ဝိဝဋ္ဋဝသေန၊ ဝဋ်ကင်းရာနိဗ္ဗာန်ကို ရည်သန်သော ဆန္ဒ၏ အစွမ်းဖြင့်။
သမ္မာ၊ ကောင်းစွာ။
ပဌပိတံ၊ ဖြစ်စေအပ်သော ကောင်းမှုကုသိုလ်သည်။
အရဟတ္တမ္ပိ၊ ပကတိသာဝက မဟာသာဝက၊ အဂ္ဂသာဝက ရဟန္တာ အဖြစ်ကို လည်းကောင်း။
ပစ္စေက ဗောဓိဉာဏမ္ပိ၊ ပစ္စေကဗောဓိ ဉာဏ်ကိုလည်းကောင်း။
သဗ္ဗညုတဉာဏပ္ပိ၊ သဗ္ဗညုတဉာဏ်ကိုလည်းကောင်း။
ဒါတုံ၊ ပေးခြင်းငှာ။
သက္ကောတိယေဝ၊ စွမ်းနိုင်တော့သည် သာလျှင်တည်း။
အရဟတ္တံ၊ အရဟတ္တ ဖိုလ်သို့။
အပ္ပတွာ၊ မရောက်စေမူ၍။
ပရိယောသာနံ၊ ဘဝစက်ရဟတ် လမ်းခုလပ်တွင်၊ စသတ်ကုန်ခမ်း အကျိုး၏ ဆုံးခန်းခြင်းသို့။
နဂစ္ဆတိ၊ မရောက်။
ထို့ကြောင့်-
ဇာတိဇရာ၊ ဗျာဓိ မရဏ၊ သောက ပရိဒေဝ၊ ဒုက္ခ ဒေါမနဿ၊ ဥပါယာသ၊ ဒုက္ခ ဒုက္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ အစရှိသော အနပ္ပကမ်း၊ ဘေးဘျမ်း အန္တရာယ်၊ ကြောက်ဘွယ်သရဲ၊ ဆင်းရဲဒုက္ခတို့နှင့် တွေ့ကြုံရသော၊ ဘဝသုံးဖြာ ဘုံသုံးရွာမှာ လူနတ်ဗြဟ္မာ သတ္တဝါအကျိုးပေးကို မှိုင်တွေးဝေနောက် သေမတတ် ကြောက်မုန်း၍ စိတ်နှလုံး ဒုးဒုးကြီး ချပြီးလျှင် ခုဘဝ နောင့်ဘဝ ကောင်းချင်လှသော တောင့်တ သာယာခြင်း၊ ကိလေသဝဋ် တည်းဟူသော လောဘတဏှာ၊ သမုဒယသစ္စာကို တဒင်္ဂပဟန်အားဖြင့် ပျောက်ကင်းမှု ဝိက္ခမ္ဘနပဟာန် အားဖြင့် ခွာရှဲမှု၊ သမုစ္ဆေဒ ပဟာန် အားဖြင့် ပြတ်စဲချုပ်ငြိမ်းမှုကို ဖြစ်စေ၍၊ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်လေးခုနှင့် ဒါန, သီလ, စသည် ပေါင်းစု ကုသိုလ်ကောင်းမှုပြုခြင်းသည်သာလျှင် သမ္မာပဋိပဒါ မည်ကြောင်းကို ....
ကတမာစ ဘိက္ခဝေ သမ္မာပဋိပဒါ၊ အဝိဇ္ဇာယ တွေဝ အသေသ ဝိရာဂ နိရောဓာ၊ သင်္ခါရ နိရောဓော”
စသည်ဖြင့် (သံယုတ်ပါဠိတော်၌ဟောတော်မူ၏။)
ဘိက္ခဝေ၊ ရဟန်းတို့။
ကတမာစ၊ အဘယ်သို့ ပြောခြင်း ဟောခြင်း ပြုကျင့်ခြင်းသည်သာလျှင်။
သမ္မာပဋိပဒါ၊ နိဗ္ဗာန်ရောက်ကြောင်း မတိမ်းစောင်းသော အပြောကောင်း အဟော ကောင်း အပြုကောင်း အကျင့်ကောင်း မည်သ နည်း။
အဝိဇ္ဇာယတွေဝ အဝိဇ္ဇာယတုဧဝ၊ မမြင်နိုင်စွမ်း ပညာကန်းအောင် ဖုံးလွှမ်းကွယ်ကာ တတ်သော အဝိဇ္ဇာ မောဟ၏ သာလျှင်။
အသေသဝိရာဂနိရောဓာ၊ မကြွင်းမကျန် လေးမဂ်ဉာဏ်ဖြင့် ခွန်းလှန်ပယ်သိမ်း ချုပ်ငြိမ်းခြင်းကြောင့်။
သင်္ခါရနိရောဓော၊ အကုသလကမ္မပထ တရားဆယ်ပါး ကုသလကမ္မပထတရား ပုညကြိယာဆယ်ပါး မဟဂ္ဂုတ်ကုသိုလ်ကိုးပါး သင်္ခါရတရားတို့၏ချုပ်ငြိမ်းခြင်းတည်း။
ဤသို့ ခုရော နောင်ခါ ကောင်းချင်ရှာသော သာယာခြင်း ကိလေသဝဋ် ပြတ်စဲလျှင်၊ အကုသိုလ်ဆယ်ပါး ပုညကိရိယာ ဆယ်ပါး၊ မဟဂ္ဂုတ် ကုသိုလ်ကိုးပါး၊ ဤ နှစ်ဆဲ့ ကိုးပါးသော ကမ္မဝဋ်တရားတို့သည်၊ ကံမဖြစ်ဘဲ ကံမမြောက်ဘဲ ပြတ်စဲ၏။ သတ္တဝါဖြစ်ပွားသော ထို နှစ်ဆဲ့ကိုးပါးသော ကမ္မဝဋ်တရား ပြတ်စဲလျှင် ဝိပါကဝဋ်ဟု ဆိုအပ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် မလည်မပတ် ပြတ်စဲချုပ်ငြိမ်း လေကုန်၏။ ဤသည်ကား ဝဋ်သုံးပါး၏ ထွက်မြောက်ရာ နိဗ္ဗာန်ဟုမှတ်။
ထို့ကြောင့် --
ယံ ပနကိဉ္စိ ဝိဝဋ္ဋံနိဗ္ဗာနံ ပတ္ထေတွာ ပဝတ္တိတံ၊ အန္တမသော ဥလုင်္ဂ ယာဂု ဒါနံပိ ပဏ္ဏမုဋ္ဌိ ဒါနမတ္တမ္ပိ၊ သဗ္ဗံတံ ဝိဝဋ္ဋ နိဿိတံ ဝိဝဋ္ဋ ပက္ခိကန္တိ၊ ဝိဝဋ္ဋပက္ခိ ကတ္တာ သမ္မာ ပဋိပဒါဝဟောတိ။
(သံယုတ်အဋ္ဌကထာ သမ္မာပဋိပဒါသုတ်အဖွင့်။ )
ဝိဝဋ္ဋံံ၊ ဝဋ်ကင်းရာဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊
ပတ္ထေတွာ၊ တောင့်တ၍။
ပဝတ္တိတံ၊ ဖြစ်စေအပ်သော။
အန္တမသော၊ ယုတ်ညံ့ဖျင်းသုဉ်း အောက်ထစ်ဆုံးအားဖြင့်။
ဥလုင်္ဂ ယာဂုဒါနံပိ၊ တမှုတ်မပို တဟင်းချိုမျှသော ယာဂုအလှူသည်မူလည်းဖြစ်သော။
ပဏ္ဏမုဋ္ဌိ ဒါနမတ္တမ္ပိ၊ ဟင်းရွက်တဆုပ် အလှူမျှသည်မူလည်းဖြစ်သော။
ယံပန ကိဉ္စိ၊ အကြင် အမှတ်မရှိ တစုံတခုသော ကံသည်ကား။
အတ္ထိ၊ ရှိ၏။
တံသဗ္ဗံ ၊ထိုအလုံးစုံသော ကံသည်။
ဝိဝဋ နိဿိတံ၊ ဝဋ်ကင်းရာမှန် နိဗ္ဗာန်ကိုမှီ၏။
ဝိဝဋ္ဋ ပက္ခိကံ၊ နိဗ္ဗာန်အဘို့၌ဖြစ်၏။
ဣတိ တသ္မာ ဝိဝဋ္ဋ ပက္ခိကတ္တာ၊ ထိုနိဗ္ဗာန်အဘို့၌ ဖြစ်သောကြောင့်။
သမ္မာပဋိပဒါဧဝ၊ လမ်းမှန် လမ်းကောင်း နိဗ္ဗာန်ရောက်ကြောင်း မတိမ်းစောင်းသော ပြောဟော ပြုကျင့် ကောင်းချည်းသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
“နိဗ္ဗာနံ ပတ္ထေတွာ” ဟူသော အဋ္ဌကထာ၏ သဘောကား။ နိဗ္ဗာန်ကို ရပါလို၏ ဘုရားဟု ပါးစပ်စကားဖြင့် ဆိုသည်မဟုတ်။ ပရမတ်နှစ်ဓာတ် အစစ်ကိုသိမှ ရှိသမျှ ရုပ်နာမ်စုကို တခုစီခွဲခြမ်း၍ စွဲလမ်းသော ဒိဋ္ဌိဓာတ်ကို ပရမတ်ဉာဏ်ဖြင့် ရှာသော် ဗြဟ္မာ, နတ်, လူမပိုင် မဆီဆိုင် အလေ့ပေါက် သူ့အလျောက် ဖြစ်မစဲ၊ မမြဲသည့် ဓာတ်အစုကို အတတ်ရှုမြင်လာသော် ငါ၏ကိုယ် မဆိုထားဘိ ငါတကားစွဲဘို့ရန်မျှ ရှာကြံ၍ဘယ်မတွေ့၊ သိမ်မွေ့သော ဝိပဿနာတရား သစ္စာလေးပါးကို ပိုင်းခြား၍ သိမြင်မှသာ နိဗ္ဗာန်ကို တောင်းရာကျသည်။
ယခုကာလ သူ ငါကစ ပြောဟော ထင်မြင်မှား၍ပင် နေကြသည်ကား
အရင်က ကောင်းလို့ ယခုကောင်းပြီ။ ယခုကောင်းမှလည်း နောင်ကောင်းမည် တစတစ တဘဝထက် တဘဝပ၊ (ဥပမာန) သစ်ပင်ကို တက်ကြလျှင် - အမြစ်က မတက်ဘဲများနှင့် အဖျားသို့ ရောက်နိုင်ပါမည်လား။ သစ္စာလေးပါး တရား ဆိုသည်ကား - မြတ်စွာဘုရားသော်မှ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကျင့်ရသေးသည်။ ယခုကာလ မိန်းမယောက်ျား ပုထုဇ္ဇန်များနှင့် သစ္စာလေးပါး ဝိပဿနာ တရားနှင့် လားလားမျှ မထိုက်သေး၊ မတန်သေးဟု နှလုံးဆွေး နှလုံးမြေ့ နှလုံးညို့, နှလုံးပုတ်ကြီးတွေ၏ သဘောနှင့် သူရော ငါရော ပြောဟော မိကြပေသည်။
အဖြေကား --
သာသနာတော်ခေတ် ယခုကာလမို့ဖြစ်၊ သာသနာပကျမှ ဘယ်ကဖြစ်မည်ဟု ဖြေ။ သိသာစေဦးအံ့။ အလွန်တရာ ခက်ခဲနက်နဲ သိမ်မွေ့လှစွာသော သစ္စာလေးပါး မြတ်တရားကို ဘယ်သူမဆို အလိုလို ကိုယ်တော်တိုင် သိမြင်အောင် ကျင့်ဆောင်တော် မူရသော မြတ်စွာဘုရားမှာသာ လေးသင်္ချေနှင့် ကမ္ဘာတသိန်း သင်္ချေနှစ်ဆယ်, ကမ္ဘာတသိန်း ကျင့်မှ သိမြင် ဟောပြောနိုင်သည် မှန်ပါ၏။ ဟုတ်ပါ၏။ ယခုအခါ လူ့ဘောင် လူ့ရွာ သာသနာ၌ ကြိမ်ကြိုက် ကြပေကုန်သော ရဟန်း, ရှင်လူ သူခပ်သိမ်းတို့မှာကား ပညာရှိက ယခုဘဝ ယခုတခဏနှင့်ပင် သိမြင် ဟောပြောနိုင်ပါ၏။
ဥပမာကား --
မြစ်တဘက်မှသည် မြစ်တဘက်သို့ လှေတက်နှင့်ကင်း၍ ကူးမြောက် ပေါက်ရောက် ခြင်းငှာ လွန်စွာ ခဲယဉ်း၏။ ထိုအခါ တဦးသော သူဋ္ဌေးကြီးသည် ထိုမြစ်ကို သူခပ်သိမ်းတို့အား ကူးသွား ပေါက်ရောက် နိုင်စေခြင်းငှာ သံတံတားကြီးကို ခင်းထား ပြုလုပ်ရာ၏။
ထို သူဋ္ဌေးကြီးမှာ အသပြာ ငွေ, ကုဋေများစွာနှင့် နှစ်ပေါင်း များစွာ၊ လပေါင်း များစွာ၊ ရက်ပေါင်း များစွာ ပြုလုပ်ရှာမှ ထိုသံတံတားကြီး ပြီးစီးထမြောက် နိုင်ပေသည်။ ထိုသို့ ပြီးစီး ထမြောက်သော အခါ သွားလာ ကူးသန်းကြသော သူခပ်သိမ်းတို့မှာမူကား များစွာ မခဲယဉ်းလှ၊ မပင်ပန်းလှ၊ တခဏမျှနှင့်ပင် ကူးမြောက် ပေါက်ရောက်နိုင်ကြ ပါကုန်၏။
ဥပမာ ဥပမေယျ ဟပ်၍ ပြသော်ကား
မြစ် အဏ္ဏဝါနှင့် သံသရာတူသည်။
သံတံတားကြီးနှင့် သစ္စာလေးပါးတရား တူသည်။
ထိုသံတံတားကို ခင်းထား ပြုလုပ်ရှာသော သူဋ္ဌေးကြီးနှင့်ကား မြတ်စွာဘုရား တူသည်။
ထိုသံတံတားကို ကူးသွားကြသောသူ ဟူသမျှနှင့်ကား အရိယာသာဝကတို့ တူကြသည် ဟူ၍မှတ်ပါ။
ထိုသစ္စာလေးပါးတို့တွင် နိဗ္ဗာန်ဟူသော နိရောဓသစ္စာ သည်သာလျှင် လိုရင်းဆုံးကြီး ဖြစ်ပေသည်။ ထိုနိရောဓသစ္စာကို ဖြစ်လိုလျှင် မဂ္ဂသစ္စာကို ပွားရမည်။ ထိုမဂ္ဂ သစ္စာကို ပွားများလိုလျှင် သမုဒယသစ္စာ သာယာခြင်း လောဘတဏှာကို ပယ်ခွာရမည်။
ထိုသမုဒယသစ္စာ သာယာခြင်း လောဘတဏှာကို ပယ်ခွာလိုလျှင် ဒုက္ခသစ္စာကို ပိုင်းခြားထင်ထင် သိမြင်အောင် အားထုတ် ရမည်။ ထို့ကြောင့် ဒါန, သီလ, ဘာဝနာ ပြုကြသောအခါ ဒုက္ခသစ္စာကို သိမြင်မှသာ သမုဒယခွာရှား မဂ္ဂသစ္စာပွားများ၍ နိဗ္ဗာန် ဟူသော နိရောဓ ချုပ်ငြိမ်း ကြမည်။
ထို့ကြောင့် ဒုက္ခသစ္စာတရားကို ထင်ရှားအောင် ပြပေအံ့ --ဒုက္ခဆိုသည်ကား ဆင်းရဲသည် မကောင်းသည် နာကျင်သည် အစရှိသော စကားစု သည် အတူတူသာမှတ်ပါ။ ဥစ္စာရတနာ၊ ဉာတကာတို့ ပျက်စီးခြင်း၊ မိမိကိုယ်မှာ အတွင်းအပ ဘေးရန်ထိမှ ဒုက္ခ-ဒုက္ခ သိကြသည်ကား နိဗ္ဗာန်သို့ ရနိုင် ရောက်နိုင်သော ဒုက္ခသစ္စာမျိုး မဟုတ်။
ခွေး, ဝက်တို့ကပင် သိကြသော ခွေးသိ ဒုက္ခမျိုး၊ ဝက်သိ ဒုက္ခမျိုးသာ ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ ခွေး, ဝက်, တို့ကို ရိုက်နှက်သောအခါ လွန်စွာ မြည်အော် ခြင်းသည် နာလှ၏၊ နာလှ၏၊ ဒုက္ခ ဒုက္ခဟု ဆိုသည်မည်၏။ လူတို့နှင့်ကား၊ သည်အရာမှာ ဘာသာချင်းသာ ထူးခြား ကွဲလွဲကြသည်။ ဥပမာကား ကုလားလူမျိုး တို့က ရေကို “ပါဏီ”ခေါ်သည်။ မြန်မာတို့က “ရေ”ခေါ်သည်။ ဤအတူသာ ဟူ၍မှတ်ပါ။
နိဗ္ဗာန်သို့ ရနိုင် ရောက်နိုင်သော ဒုက္ခ သစ္စာမျိုးကား --“ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဟူသော သံယုတ်ပါဠိတော်နှင့် အညီ “သုခဟူသည် မြူမျှမကွက် အဆက်ဆက်ကျင် သက်သက်ဒုက္ခ ဓာတ်မှန်ရသည်” ဟု လူ ရှင် ရဟန်း ကူးသန်းကြသည့် လမ်းခွ အောက်မှာ ကျောက်ဖျာ ဖိထားသော၊ပတ္တမြားတွင်းကြီးကို လူခပင်းတို့အား သုံးစားစေခြင်းငှာ ထိုကျောက်ဖျာကို လှန်ပေရှာသော ဝိဇ္ဇာဓိုရ်သွင် ကျေးဇူးရှင် မဟာထေရ်မြတ် ပဋိစ္စသမုပ္ပါဒ် လင်္ကာမြတ်၌ စပ်တော်မူပေသည်။
လိုရင်းကား -- အကောင်း ဟူသော သဘောနှင့် မရောမယှက်၊ အကောင်းသုခနှင့် မယှဉ်မစပ်၊ အကောင်းသုခ မရှိ၊ မကောင်းအတိသာ ရှိသည်ကို ဒုက္ခသစ္စာဆိုသည်။
ထိုစကားကို ထင်ရှားအောင် ပြဦးအံ့ --
နေဝသညာ နာသညာယတန ဗြဟ္မာ့ဘုံက အထက်ကို မြေလည်းမရှိ၊ ရေလည်းမရှိ၊ သစ်ပင်သတ္တဝါလည်းမရှိ၊ အဇဋာကာသ ကောင်းကင်ခေါ်သော အဆုံးမရှိသော လဟာပြင်ကြီး အတိသာ ဖြစ်၍နေသည်။
နှစ်သိန်း လေးသောင်း အထုရှိသော ဤ မဟာပထဝီ မြေကြီး၏ လေးသိန်း ရှစ်သောင်းထူသောရေထုသည် အောက်က ရှိ၏။ ထိုရေ၏အောက်က ကိုးသိန်း, ခြောက်သောင်း ထူသော လေထုသည် ရှိ၏။ ထိုလေ၏ အောက်၌ မြေလည်းမရှိ၊ ရေလည်းမရှိ၊ သစ်ပင် သတ္တဝါလည်းမရှိ၊ ဘယ်ဟာ တစိမျှ လုံးလုံး မရှိသော အဇဋာကာသ ဟူသော အဆုံးမရှိသော လဟာပြင်ကြီးအတိသာဖြစ်၍ နေ၏။
ရှေ့-နောက် ဝဲယာ ရှစ်မျက်နှာ ဖီလာမှာလည်း အဆုံးမရှိ။ ဤသို့ ဝဲယာ ရှေ့နောက်၊ ထက်အောက် ဖီလာ၊ ဆယ်မျက်နှာ အဆုံးမရှိသော လဟာပြင်ကြီး အတိကိုသာ ဩကာသလောက ဆိုသည်။
ထို ဝဲ, ယာ, ရှေ့ နောက် ထက်အောက် ဖီလာ ဆယ်မျက်နှာအားဖြင့် ဆုံး စ ပိုင်းခြား ကမ်းကရနား မရှိ၊ လဟာပြင်ကြီး အထိသာ ဖြစ်သော ဩကာသလောကကြီး၏ နယ်တခွင် တပြင်လုံး အဆုံးမရှိကြီးထဲမှာ သစ်ပင်, မြေ,ရေ, လ စသော နေ,လ အနိန္ဒြိယဗဒ္ဓ အဝိညာဏက ရှိသမျှကိုပင် သင်္ခါရ လောကဆိုသည်။
အနိန္ဒြိယဗဒ္ဓ အဝိညာဏက ရှိသမျှကိုလည်း သတ္တလောက ဆိုသည်။
ဤလောကသုံးပါးမှာ စောဒနာကား။ ဩကာသ လောကမှာ တည်ရာကိုသာ ပြသင့်ပါသည်။ လဟာပြင့် ကောင်းကင်ကို မပြသင့်ဟု စောဒနာ၏။
အဖြေကား။
ကောင်းကင် လဟာပြင် အစစ်မှ တည်ရာဖြစ်မည်ဟု ဖြေ။
သိသာ စေဦးအံ့
လူတို့သည် မြို့ရွာတိုင်းပြည်မှာ တည်၏။ ထိုလူတို့သည် အပေါ်စီး သမ္ဗန္ဓီသာဖြစ်၏။ မြို့ရွာ တိုင်းပြည်သည် လူတို့၏ တည်ရာ အခံသမ္ဗာန် ဖြစ်၏။ ထို့အတူ မြို့ရွာ တိုင်းပြည်သည် မြေပြင်မှာ တည်၏။ ထိုမြေပြင်မှာ တည်သော တော, တောင်, သမုဒ္ဒရာ, မြို့ရွာ တိုင်းပြည်သည် အပေါ်စီး သမ္ဗန္ဓီသာ ဖြစ်ပြန်၏။
မြေကြီးသည် တည်ရာ အခံသမ္ဗန် ဖြစ်၏။ ဤမဟာပထဝီ မြေကြီးသည် ရေထုပေါ်၌ တည်၏။ ထိုပထဝီသည် သမ္ဗန္ဓီသာ ဖြစ်ပြန်၏။ ရေထုသည် အခံသမ္ဗန် ဖြစ်လာပြန်၏။ ထိုရေသည်လည်း လေထုပေါ်၌ တည်ရ၏။ ထိုရေသည် အပေါ်စီး သမ္ဗန္ဓီသာ ဖြစ်ပြန်၏။ လေသည် တည်ရာ အခံသမ္ဗန်ဖြစ်လာပြန်၏။
ထိုလေထုသည်လည်း ဝဲယာ ရှေ့-နောက်၊ ထက်အောက်ဖီလာ ဆယ်မျက်နှာ အဆုံးမရှိသော လဟာပြင်ကြီး အတိမှာ တည်ရ၏။ ထိုလဟာပြင်ကြီးထဲမှာ တည်နေသော လေသည်လည်း အပေါ်စီး သမ္ဗန်သည်သာ ဖြစ်လာပြန်၏။ ဝဲ ယာ ရှေ့နောက်၊ ထက်အောက်ဖီလာ၊ ဆက်မျက်နှာ အဆုံးမရှိသော လဟာပြင်ကြီးသည် တည်ရာ အခံသမ္ဗန် ဖြစ်၏။
ထိုလဟာပြင်သည် အဘယ်မှာ တည်သနည်းဟု မေးရန်မရှိ။ ထို့ကြောင့် သတ္တ သင်္ခါရ နှစ်လောကတို့၏ တည်ရာဖြစ်သော ဝဲယာ ရှေ့-နောက်၊ ထက် အောက် ဖီလာ ဆယ်မျက်နှာ အဆုံးမရှိသော လဟာပြင်ကြီးမှာမှ ဩကာသလောက သေတ္တုကျ၏။
ထို့ကြောင့် အပေါ်စီး သမ္ဗန္ဓီ မှန်သမျှကို ဩကာသ လောကဟု မဆိုထိုက်၊ မဆိုသင့်၊ မဆိုလင့်။ အခံသမ္ဗန်အရ တည်ရာမှန်မှ သြကာသလောက ဟု ဆိုရမည် ဟူလိုသည်။
ထပ်၍တဖန် စောဒနာ ပြန်သည်မှာ
အနိစ္စလက္ခဏာ တင်သောအခါ သြကာသလောကမှာ မပါ မဝင်ပါတကား ဟူငြားအံ့။ အဖြေကား။ ဝိပဿနာ တင်သောအခါ ထို ဩကာသလောကမှာ အနတ္တ လက္ခဏာသာ ဟောတော်မူရာ ဒေသနာတော် အစဉ်မှာ ပါဝင်သည်။
ဒေသနာတော် အစဉ်ကား၊ “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” ဟု ဟောတော်မူသည်။ ပရမတ္ထ သဘာဝ အသင်္ခတလောကဖြစ်၍ အနတ္တလက္ခဏာသာ ဟောတော်မူသည်၊ ပရမတ္ထအားဖြင့် သင်္ခတဖြစ်သော သင်္ခါရ တရားတို့ကိုသာ အနိစ္စာ၊ ဒုက္ခာ၊ အနတ္တာဟု ဟောတော်မူသည်။
ဤစောဒနာကား သင်္ခတ၊ အသင်္ခတ ပရမတ္ထတရား ဤနှစ်ပါးကို ဉာဏ်မဝါးနိုင် ဉာဏ်မငုံနိုင် ဉာဏ်မမှီနိုင်သည့် အတွက်နှင့် ထွေးယှက် ရောင်ဝါး၍သာ နေတတ်ပါသည်။ သတိမူပါ။
လိုရင်းကား --
ဩကာသလောကမှာ ဝဲ,ယာ ရှေ့ နောက်၊ ထက်အောက်ဖီလာ ဆယ်မျက်နှာတွင် ဘယ်နေရာမှာဟု မထင်လင့်။ မမှတ်လင့်။ သတ္တလောက၊ သင်္ခါရလောကဟု ခေါ်ရသော သင်္ခါရတရားတို့၏ ဖြစ်ပျက်ရာဟူသော တည်ရာကိုသာ ဩကာသ လောက ဆိုသည်။
ထက်အောက် အဇဋာ ကောင်းကင်မှာ စကားကြိယာတွင်သာ ပါဝင်သော ပညတ် မျှသာ ဖြစ်သည်။ ထိုပညတ်မျှဖြစ်သော ကောင်းကင်ဟူသော ဝေါဟာရ အတွက်နှင့် ဩကာသလောကဆိုသည် မဟုတ်။ ပရမတ္ထ သဘာဝ အတိပါကဋ အလွန်ပင် ကြီးကျယ် ထင်ရှားလှသော ရုပ်နာမ်သင်္ခါရတို့၏ ဖြစ်ပျက်ရာ အသင်္ခတဓမ္မ ဖြစ်သော လဟာပြင် လောကကြီးကိုသာ ဩကာသ လောက ဆိုသည်ဟု မှတ်ပါ။ ဤ အရာဌာန၌ သူငါကစ ယေဘုယျအား ထင်မှတ်ကြသည်ကား --
- ဣန္ဒြိယဗဒ္ဓ ဟူသော သတ္တဝါကို သတ္တလောက။
- အနိန္ဒြိယဗဒ္ဓ ဟူသော လေ, မြေ စသော အဝိညာဏကကို ဩကာသလောက။
- ထိုဣန္ဒြိယ၊ အနိန္ဒြိယ နှစ်ပါးမျှကိုပင် သင်္ခါရလောက-
ဟု ပြောစမှတ် ပြုကြပေသည်။
ဤကဲ့သို့ ဟူငြားအံ့ ဣန္ဒြိယ၊ အနိန္ဒြိယ ဖြစ်သော သဝိညာဏက, အဝိညာဏက ဟု ခေါ်ရသော သင်္ခတတရားတို့၏ ဖြစ်ပျက်ခြင်း တည်ရာ လဟာပြင်ကြီးသည် လောက သုံးပါးထဲမှာ မပါမဝင်ဘဲ နေလေရာ၏။ ထိုသို့ကား မဟုတ်၊ ပါဝင်ရလိမ့်မည်။
အဓိပ္ပါယ် အကျဉ်း လိုရင်းအဖြောင့်ကား --
ထိုလဟာပြင်ကြီးသည် ဖြစ်ပျက်ခြင်းမငွေ့၊ ဥပါဒ် ဌီ ဘင် အစဉ် မဝှေ့ပါသောကြောင့် သင်္ခါရ လောကဟု မဆိုရ။ သတ္တလောကမှာ ပဂေဝ။ ထို့ကြောင့် သတ္တ သင်္ခါရ နှစ်လောက တည်းဟူသော သင်္ခတတရားတို့၏ ဖြစ်ပျက်ရာဌာန အသင်္ခတလောက လဟာပြင်ကြီးမှာမှ ဩကာသလောက သေတ္တုကျသည် ဟူလို။
ဤအရာမှာ “ကိံ ဗာဟုလ္လေန” ဟူသည်နှင့် လျော်ညီစွာ ဂန္ထဂရုသာ များစွာ ဆိုသဖြင့် အကျိုးမရှိရာ။ ကြိုက်တာကိုသာ ယူလိုရာယူပါ။
ဤသို့ ဝဲယာရှေ့နောက်၊ ထက်အောက်ဖီလာ၊ ဆယ်မျက်နှာအားဖြင့် ဆုံးစပိုင်းခြား ကမ်းကရနားမရှိသော ဩကာသလောကကြီး၏ နယ်တခွင့် တပြင်လုံး အဆုံး မရှိကြီးထဲမှာ သတ္တ သင်္ခါရ နှစ်လောကဟူသော သဝိညာဏက၊ အဝိညာဏက ဥဿုံ အလုံးစုံသည် ရွေ့တုံ မဖြစ်၊ တဆစ်တရပ် တစပ်တသင်း နှမ်းအိုးကင်းထက် နှမ်းစေ့ကြက်သို့ ချုပ်ပျက် ကြေကွဲသည် ဖြစ်၍လည်း အမြဲမရှိသော သဘော။
ထို ဖြစ်ပျက်မှန်လှ ရုပ်နာမ် သင်္ခါရတို့သည် မတည်တန့်နိုင် ယိမ်းယိုင် ပိန်ခြောက် သေပျောက်ချုပ်ခန်း၍ မိတ်ကျွမ်းဝင်ဟန် သေကြောင်း ကြံသော ရန်သူအသွင် ဘင် နှင့် ဥပါဒ်၊ ထပ်ထပ်နှိပ်စက် သုံးချက် ဒုက္ခ၊ သံသာရ၏၊ မူလကြောင်းစ သင်္ခါရဝတ္တ၊ ဝဋ်ဒုက္ခဖြစ်ခြင်းကြောင့် ဆင်းရဲသော သဘော။
ထို ရုပ်နာမ် နှစ်ဖြာသည် အလိုမပါ၊ စီရင်ရာမပြီး၊ အချည်းနှီးမှန်လှ၊ ဓုဝ, သုဘ, သုခ, အတ္တ ဟူသော သာရ လေးလုံးမှ ကင်းသုဉ်းသည် ဖြစ်၍လည်း ကိုယ်မဟုတ်သော သဘောမျှသာဖြစ်သည်။ ဤသို့ မမြဲ၊ဆင်းရဲစွာလှ စိုးမရသော ဓာတ်စု ဓာတ်ခဲ၊ ဓာတ်မွဲ ဓာတ်ယုတ်၊ ဓာတ်ပုတ် ဓာတ်သိုး၊ ဓာတ်ဆိုး ဓာတ်ညစ်သာ ဖြစ်၍ စင်စစ်မှာ ဒုက္ခသစ္စာသာ ဖြစ်သည်၊
လိုရင်းကား --
သတ္တောကာသ သင်္ခါရ ဟူသော ဤလောက သုံးရပ်မှာ ရုပ်ဓာတ် နာမ်ဓာတ်အားဖြင့် နှစ်ပါးသာ ရှိသည်။ ထိုရုပ်နာမ် နှစ်ပါး၌လည်း အကောင်းသုခ သဘောနှင့် မရောမယှက် သက်သက် မကောင်း အတိသာ ရှိသည်ကို ဒုက္ခဆိုသည်။
ထို ဒုက္ခသစ္စာသာဖြစ်သော ရုပ်နာမ် သင်္ခါရ ပဝတ္တဝဋ်ဒုက္ခတို့၏ မလည်မပတ် ရပ်ရာ၊ ကင်းရာ ကုန်ရာ ငြိမ်းရာ ချုပ်ရာကို နိဗ္ဗာန် ဆိုသည်။ ထို နိဗ္ဗာန်မှာလည်း အကောင်း အမွန် ချမ်းသာသုခ မရှိ၊ ဒုက္ခအတိသာ ဖြစ်သော ရုပ်ဓာတ် နာမ်ဓာတ် ကင်းရှင်း လှသောကြောင့် အကောင်း သုခဟု ဆိုရသည်။
စောဒနာရန် ရှိ၏
“နိဗ္ဗာနံ ပရမံ သုခံ” ဟူ၍၎င်း၊ “နတ္ထိ သန္တိ ပရံ သုခံ” ဟူ၍၎င်း၊ ဟောတော်မူသည် မဟုတ်လောဟု စောဒနာကို ဖြေဆိုပေအံ့။ ဤလောက၌ မရှည်လျှင် အတို ဆိုသကဲ့သို့၎င်း၊ မဖြူလျှင် အညို ဆိုသကဲ့သို့၎င်း၊ မမဲလျှင် အဖြူ၊ ဟူသကဲ့သို့၎င်း၊ ထို့အတူ လူ, နတ်, ဗြဟ္မာ, သတ္တဝါသင်္ခါရ ရှိသမျှဥဿုံ အလုံးစုံသော လောကမှာ ချမ်းသာသုခဟူ၍ ဘိတ်မရှိ၊ သက်သက်မရှိ၊ အလျှင်းမရှိ၊ မကောင်း အတိသာရှိ၍ နေခြင်းကြောင့် ဒုက္ခသစ္စာဆိုသည်။
နိဗ္ဗာန်မှာ ပုထုဇ္ဇန် အန္ဓတို့ ခင်မင်တမ်းတကြသော ဝေဒယိတ ချမ်းသာ သုခ ရှိသည် မဟုတ်။ ဆင်းရဲသဘော၊ မကောင်းသဘော ဆင်းရဲဓာတ်၊ မကောင်းဓာတ်တို့၏ ကင်းပြတ် ကုန်ငြိမ်းရာကိုသာ သန္တိသုခ ဆိုသည်ဟု မှတ်ပါ။
ဤစကားရပ်မှာ
အကောင်းအမွန် ချမ်းသာသုခဟူသည် ပစ္စုပ္ပန်ဖြစ်သော ယခုဘဝ၊ ယခုသာသနာ ယခုကမ္ဘာမှာမှ ချမ်းသာသုခ မရသည်၊ မရှိသည်မဟုတ် အတိတ်လွန်လေပြီး ဖြစ်သော ရှေးရှေးသောဘဝ၊ ရှေးရှေးသော သာသနာ၊ ရှေးရှေးသော ကမ္ဘာ၊ သတ္တဝါ တည်ထောင်သည်မှစ၍ ယနေ့ ထက်ထိ ဘယ်တော့ ဘယ်ခါ၊ ဘယ်ကမ္ဘာ ဘယ် သာသနာတော် တုန်းကမှ အကောင်းအမွန် ချမ်းသာသုခ ဟူသည် အဏုမြူမျှ မပေါ်လာခဲ့ဘူးဘူး။ မရှိခဲ့ဘူးဘူး။
ထို အတိတ် ပစ္စုပ္ပန်ကာလ နှစ်ပါးသာ အကောင်းသုခ မရသည်၊ မရှိသည်မဟုတ်။ လာလတ္တံ့သော အနာဂါတ မှာလည်း ဘယ်တော့ ဘယ်ခါ, ဘယ်ကမ္ဘာ, ဘယ် သာသနာတော် ကျတော့ ချမ်းသာသုခ ဟူသည် အဏုမျှ ပေါ်လာလိမ့်မတဲ့လည်း မဟုတ်ဘူး။ မပေါ်လာဘူး။ မပေါ်လာနိုင်ဘူး။
အဘယ့်ကြောင့်နည်း။ အကောင်းအမွန် ချမ်းသာသုခ ဟူသည် ပင်ကိုယ်ရင်းသဘော ပကတိကိုကပင် လုံးလုံး မရှိ၊ သက်သက် မရှိ၊ ဘိတ်မရှိ၊ အလျင်းမရှိ၊ စင်စင်ကြီး ကင်းရှင်း လှသောကြောင့်တည်း။
ဤအရာ၌ ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့မှာ ပစ္စုပ္ပန် သတ္တဝါတို့၏ သန္တာန်ကိုသာ လိုရင်းပါပေတည်း။ ထိုသတ္တဝါတို့၏ သန္တာန်မှာမှလည်း မိမိ၏အဇ္ဈတ္တသန္တာန် သည်သာလျှင် လိုရင်းဆုံးကြီးပါပေတည်း။
သို့သော်လည်း အနိမိတ္တ၊ အပ္ပဏိဟိတ၊ သုညတ တရားတို့ကို များစွာထူးချွန် အလွန်သိထင် မြင်လွယ်စေ ခြင်းငှါသာ ဝဲ ယာ, ရှေ့ နောက် ထက်အောက်ဖီလာ၊ ဆယ်မျက်နှာ သိမ်းကြုံး၍ အားလုံးကုန် ရှိသမျှ ခေတ် သုံးဝ ကာလသုံးရပ်နှင့်တကွ သဝိညာဏက၊ အဝိညာဏက ရှိသမျှဥဿုံ အလုံးစုံကို အကုန်ပြလိုက်ပေသည်။
ထိုလောကသုံးပါးတို့တွင် သတ္တလောကနှင့် သင်္ခါရလောကမှာ- အနိစ္စ သဘော၊ ဒုက္ခသဘော၊ အနတ္တ သဘောဖြစ်သည်။ နိဗ္ဗာန်နှင့် တကွ ဩကာသလောကမှာ မူကား - အနတ္တ သဘောမျှသာ ဖြစ်ပေသည်။ အနိစ္စ သဘော၊ ဒုက္ခ သဘောကား မရှိပေ။ မဟုတ်ပေ။
ထို့ကြောင့် အနိစ္စနှင့် ဒုက္ခ၏ နယ်ကား သတ္တ သင်္ခါရ နှစ်လောကသာ ရနိုင်သည်၊ ရောက်နိုင်သည်၊ ရှိနိုင်သည်။ အနတ္တ၏ နယ်မှာမူကား နိဗ္ဗာန်ပညတ်၊ ပရမတ်ရှိသမျှ သုံးလောကဥဿုံ အလုံးစုံဟူသမျှ အနတ္တ၏နယ်ချည်း၊ အနတ္တ၏ သဘောချည်းသာ ဟူ၍ မှတ်ပါ။
ဤသို့ မမြဲ၊ ဆင်းရဲစွာလှ၊ စိုးမရသော ဓာတ်စု ဓာတ်ခဲ၊ ဓာက်မွဲ ဓာတ်ယုတ်၊ ဓာတ်ပုတ် ဓာတ်သိုး၊ ဓာတ်ဆိုး ဓာတ်ညစ် သာဖြစ်သော အနိစ္စ, ဒုက္ခ, အနတ္တ သဘောမျှကိုသာ အပါယ်လေးရွာ၊ လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ ခိုလှုံသည့် သုံးဆဲ့ တဘုံဟုခေါ်ရုံခါမျှ၊ ထင်ရုံခါမျှ ထင်မြင်ပြောဆိ ကြရသော သနိမိတ္တတရားမျှသာ ဖြစ်ပေသည်။
လူ နတ် ဗြဟ္မာ,သတ္တဝါများကို မဆိုထားပါနှင့်၊ ဘုံသုံးပါးမှာ အမြတ်ဆုံးအားဖြင့် မြတ်စွာဘုရား သော်မှလည်း အကြိတ်အခဲ အဆံအမာ, အနှစ်သာရနှင့် အဟုတ်အမှန် ရှိသည်မဟုတ်။ ခေါ်ရုံခါမျှ, ထင်ရုံ ခါမျှ ထင်မြင်ကြရသော သနိမိတ္တ တရားမျှသာ ဖြစ်ပေသည်။
“သင်္ခတာ ဓမ္မာ၊ အသင်္ခတာ ဓမ္မာ” ဟူသော ဒေသနာတော်မြတ်နှင့် လျော်ညီစွာ၊ အပါယ်လေးရွာ လူ, နတ်, ဗြဟ္မာ, သတ္တဝါရှိသည်ဟု ထင်မှားမှု, မြင်မှားမှု ဤသို့ စသော အထင်အမြင် ပျောက်ကွယ်မှသာလျှင် ဒုက္ခခပ်သိမ်းတို့၏ ကင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြ ရကြသည်။ ထို့ကြောင့် --
အနိမိတ္တဉ္စ ဘာဝေဟိ၊ မာနာနုသယ မုဇ္ဇဟ။တတောမာနာဘိသမယာ၊ ဝုပသန္တော စရိဿတ်။
ဟု (ရာဟုလောဝါဒသုတ် ပါဠိတော်) ၌ ဟောတော်မူ၏။
ရာဟုလ၊ ချစ်သား ရာဟုလာ။
အနိမိတ္တဉ္စ၊ လုံးလုံးလျောင်းလျောင်း ပေါင်း၍တည်ဟန် သဏ္ဌာန် အကောင်အထည် ကဲ့သို့ လောဘတဏှာနှင့် ယူအပ်သော သိကြောင်းခြင်းရာ၊သညာ၏ အမှတ်အသား ဖြစ်သော အလုံးစုံသော အရိပ်နိမိတ် ပျောက်ကွယ်သော ဝိပဿနာတရားကို။
ဘာဝေဟိ၊ ပွားလော့။
မာနာနုသယံ၊ ငါ-ငါဟု ထင်မြင်မှု ကိန်းဝပ် ကပ်တွယ်၍ နေသည်ကို။
ဥဇ္ဇဟ၊ ခွာပစ်စွန့်လွှတ်လော့။
တတော မာနာဘိသမယာ၊ ထို ငါ-ငါဟူသော အထင်အမြင်ကို ပယ်စွန့်မှသာလျင်။
ဝုပသန္တော၊ မီးဆဲ့တဆူ အပူချုပ်သိမ်း ငြိမ်းသည်ဖြစ်၍။
စရိဿတိ၊ ဧဧမြမြ လှည့်လည်ရလတ္တံ့။
လိုရင်းကား --
ချစ်သားရာဟုလာ ... ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် လူ နတ်, ဗြဟ္မာ, သတ္တဝါ ရှိသည် ဟု ထင်မှားမှု၊ မြင်မှားမှုဟူသော အရိပ်နိမိတ် ပျောက်ကွယ်သော ဝိပဿနာ တရားကို ပွားလော။ ငါ-ငါဟု ထင်မြင်မှ သက္ကာယကို ပယ်စွန့်မှသာလျှင် ဧမြ ချမ်းသာမည်ဟု ဟောတော်မူသည်။
ဤလောက၌ အရပ်ရှိလျှင် အရိပ် ထင်သကဲ့သို့။ ထို့အတူ ငါ-ငါဟု ထင်မြင်မှ သက္ကာယဒိဋ္ဌိ ရှိသေးသမျှ ကာလပတ်လုံး ၊ကောင်း မကောင်းအာရုံ သုံးဆဲ့တဘုံ ထင်လာကုန်မည်။ (ဥပမာကား၊) ပဒါးရှိသော မှန်ကို ကြည့်သောအခါ မှန်ထဲမှာ မျက်နှာရိပ်ထင်လာသကဲ့သို့ ပဒါးမရှိသောမှန်ကို ကြည့်သောအခါ မှန်ထဲမှာ မျက်နှာရိပ် မထင်လာသကဲ့သို့၊ ထို့အတူ ငါဟူသော သက္ကာယဒိဋ္ဌိတရား မရှိသော၊ ဘုရား ရဟန္တာများမှာ လောဘ တဏှာနှင့် ယူအပ်သော အလုံးစုံ ကောင်း မကောင်း အာရုံ သုံးဆဲ့တဘုံ မရှိကုန်သည် သာလျှင်တည်း။
ဤအရာမှာ စက္ခု သောတ ဃာန ဇိဝှါ ကာယ မန ဟူသော ပသာဒအကြည် ခြောက်မျိုးသည် မှန်နှင့် တူ၏။ ငါဟူသော သက္ကာယတရားသည် ပဒါးနှင့် တူ၏။ အလုံးစုံ ကောင်း မကောင်းအာရုံ သုံးဆဲ့တဘုံသည် မှန်ရိပ်နှင့် တူ၏။ ဤကား “အနိမိတ္တဉ္စ ဘာဝေဟိ” ဟူသော ပါဠိတော်၏ အဓိပ္ပါယ်ကျဉ်း။ အကျယ်ကိုလိုမူ ကျေးဇူးရှင်ကြီးဘုရား ရေးသားတော်မူသော ဘာဝနာဒီပနီ၊ အနတ္တဒီပနီ၊ အာဟာရ ဒီပနီ စသည်မှာ ယူပါ။
“မာနာနုသယ မုဇ္ဇဟ” ဟူသော အဓိပ္ပါယ်ကား၊ ဤကိုယ်ခန္ဓာ တခုလုံးမှာ နာမ်ခန္ဓာ တရားလေးပါး တို့သည် အာရုံ ထိရာတိုင်းမှာ ဖြစ်ပေါ်၏။ ဖြစ်ပေါ်ပုံကား - ခြေသန်းဖျား၌ ယားယံသောအခါ ထိုခြေသန်းဖျားမှာ နာမ်ခန္ဓာလေးပါး တဖွားဖွား ဖြစ်ပေါ်၏။ ထို ခြေသန်းဖျားမှာ ဖြစ်ပေါ်၍နေခိုက် ကြွင်းသော တကိုယ်လုံးမှာ နာမ်မရှိ၊ အသက်မရှိ၊ အသေကောင်ကြီး ပကတိ ဖြစ်၍နေ၏။ ထိုခြေသန်းဖျားမှ ပျောက်ကွယ် သေဆုံး၍ ဟဒယဝတ္ထုမှာ ဖြစ်ပေါ်၏။ထိုဟဒယဝတ္ထု၌ ဖြစ်ပေါ်ခိုက် ကြွင်းသော တကိုယ်လုံးမှာ နာမ်မရှိ၊ အသက်မရှိ၊ အသေကောင်ကြီး ဖြစ်၍နေ၏။ မြင်အောင် ကြည့်ပါ။
ဤအတူ --
ခြေသလုံး, ပေါင်, ခါး တကိုယ်လုံး နှံ့ပြားအောင်ကြည့်လေ။ သိလေ။ ငါမြင်သည်ဟု ထင်သည်မှာ ရူပါရုံနှင့် ဆုံမိသောအခါ စက္ခုအကြည်မှာ စက္ခုဝိညာဏ်စိတ် ဟူသော နာမ်ခန္ဓာ ဖြစ်ပေါ်၏။ ထို စက္ခုပသာဒရုပ် အကြည်မှာ စိတ္တက္ခဏတချက် စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်ခိုက် ကြွင်းသော တကိုယ်လုံးမှာ နာမ်မရှိ၊ အသက်မရှိ၊ အသေကောင်ကြီးအထိ ဖြစ်၍ နေ၏။
ထိုစက္ခုမှ ချုပ်ကွယ်၍ ဟဒယဝတ္ထုမှာ ဖြစ်ပေါ်၏၊ ဤသို့ ဌာနနှစ်ခု ဖြစ်ပေါ်မှ အကြား အကြားမှာ အသက်ဟု ထင်မှတ် စွဲယူကြသော နာမ်ခန္ဓာလေးပါး အပိုင်း အပိုင်း၊ ပြတ်၍ ပြတ်၍ နေသည်ကို သေသည်ကို မြင်အောင်ကြည့်ပါ။ “မုံ့ညက် ဆင့်ခတ်၊ ဝါဂွမ်းဖတ်သို့ အထပ်ထပ် ကြည့်ပါ။ သဘောဉာဏ်အရာ လွန်စွာလိုလှပါသည်။ သတိထားပါ။”
ဤအတူ --
ဟဒယဝတ္ထုနှင့် သောတ, ဟဒယဝတ္ထုနှင့် ဃာန, ဟဒယဝတ္ထုနှင့် ဇိဝှါ, ဟဒယဝတ္ထု နှင့် ကာယ, ဤနည်းအတိုင်း ဟဒယဝတ္ထုကို တဘက်၊ တကိုယ်လုံးရှိသမျှ ငါးဒွါရကို တဘက်ထား၍ တကိုယ်လုံး နှံ့ပြားအောင် ကြည့်နိုင်ပါလျှင် သိမြင်နိုင်ပါလျှင် နာမ်ခန္ဓာသန္တတိ အရိပ် နိမိတ်သည် ပျောက်ကွယ်လတ္တံ့။ ပျောက်ကွယ်အောင် ကြည့်ပါ။
ယခင် ဆိုအပ်ခဲ့ပြီးသော “အနိမိတ္တဉ္စ ဘာဝေဟိ” ၌ ရုပ်၏ အရိပ်နိမိတ်ကို ပြခဲ့ပေသည်။ ယခုပြဆိုခဲ့သော “မာနာနုသယ မုဇ္ဇဟ” ၌ နာမ်၏ အရိပ်နိမိတ်ကို ပြပေသည်။ ထိုရုပ်နာမ်တို့၏ အရိပ် နိမိတ်ကိုပင် သတ္တဝါဟု၊ ငါဟု ထင်မှတ်မှား၍ နေကြသည်။ ဤအရာများကို ယာပိုထ်လေးပါး သတိထား၍ စဉ်းစားပါ။
ထင်ရှားစေဦးအံ့ --
ငါမြင်သည်ဟု ဆိုရာ၌ စက္ခု မည်သည် တနေ့အဘို့တွင်ပင် အခါများစွာ ဖြစ်ပေါ်မှု၊ အခါများစွာ ပျောက်ကွယ် သေဆုံးမှုရှိ၏။ ထို တနေ့ အဘို့တွင် အခါများစွာ ပျောက်ကွယ် သေဆုံး၍ နေသော စက္ခုကို ငါဟူ၍ ငါ့ကိုယ်ဟူ၍ စွဲဆိုခြင်းငှာ မသင့်။ ငါမဟုတ်၊ ကိုယ်မဟုတ်ဟု သိအပ်၏။
အဘယ့်ကြောင့်နည်း။ စက္ခုကို ငါမြင်သည်ဟု ဆိုသောသူအား ငါသည် တနေ့ အဘို့တွင် အခါများစွာ ဖြစ်ပေါ်၏။ အခါများ စွာ ပျောက်ကွယ် သေဆုံး၏ ဟူ၍ ဆိုရာ ကျချေ၏။ ငါနှင့် ငါ့ကိုယ်မှာ တဘဝလုံး တသက်လုံးမှာမှ တငါသာ ယူ၏။ တကိုယ်သာ ထင်၏။ တသက်သာဟု ထင်မှတ် စွဲယူကြ၏။ ဓမ္မသဘာဝက တခြား သတ္တဝါများ၏ အထင်အမြင် အပြုအမူ အယူအစွဲက တခြား၊ ခုတ်ရာတပါး၊ ရှရာတခြား၊ နေကြသည်။
(ကြပ်ကြပ်ကြီး စဉ်းစား၍ ကြည့်ပါ၊ ဤအရာက သဘောစူးရှ ဉာဏ်လိုလှ၏။)
ထို့ကြောင့် စက္ခုကို ငါဆို၍မသင့်။ ငါမဟုတ်၊ကိုယ် မဟုတ် ဧကန်မုချ အနတ္တဟု သိအပ်လှ၏။ ဤစစ်တမ်းအတိုင်း ဒွါရခြောက်ပါး၊ အာရုံခြောက်ပါး၊ ဝိညာဏ် ခြောက်ပါး၊ ဖဿခြောက်ပါး၊ ဝေဒနာ ခြောက်ပါး၊ တဏှာခြောက်ပါး၊ ပေါင်းခြောက်ပါး ခြောက်လီကို အစဉ်အတိုင်း စစ်တမ်းထုတ်၍-
“စက္ခုံ အတ္တာတိယော ဝဒေယျ တံ နဥပပဇ္ဇတိ” အစရှိသော (ဥပရိပဏ္ဏာသ ဆဆက္ကသုတ်ပါဠိတော်၌) အကျယ်ဟောတော်မူသည်။ စက္ခုရူပါရုံ၊ စက္ခုဝိညာဏ်၊ စက္ခုသမ္ဖဿ၊ စက္ခုသမ္ဖဿဇာဝေဒနာ၊ ရူပတဏှာ၊ စက္ခုဆိုင်ရာ ခြောက်ပါး၊ သောတ စသည်တို့မှာလည်း ဆိုင်ရာ ခြောက်ပါးစီ ထုတ်လေ။ တရားပေါင်း သုံးဆဲ့ခြောက်ပါးဖြစ်၏။ ထို့ကြောင့်-
နဝတ္ထာ ရမ္မဏာ နာမံ၊ နာပိစုဘိန္နမန္တရာ။ဟေတုံပဋိစ္စသမ္ဘောတိ၊ သဒ္ဒေါပဟတာယဘေရိယာ ဒဋ္ဌဗ္ဗာ သင်္ခတာပုဗ္ဗာ၊ ပရန္တေသု ဝိဝိတ္တတော။
သုဘဒ္ဓုဝ သုခတ္တတ္တ၊ သုညတော ဟေတုဝုတ္တိတော။
စက္ခာဒီ ဘေရီ အာဒါသ၊ တိလာဓရာရဏီယထာ။
ဒဏ္ဍာဒီဝိယရူပါဒိ၊ စိတ္တံ သဒ္ဒါဒယော ယထာ။
အနက်ကား --
- ဝတ္ထာရမ္မဏာ၊ စက္ခု သောတ စသောမှီရာ၊ ရူပသဒ္ဒစသော အာရုံမှ။
- နာမံ၊ နာမက္ခန်တရားသည်။
- နသမ္ဘောတိ၊ ထွက်လာ၍ဖြစ်သည် မဟုတ်။
- ဥဘိန္နံ၊ ဝတ္ထုအာရုံ နှစ်ပါးစုံတို့၏။
- အန္တရာပိစ၊ အကြား၌လည်း။
- နသမ္ဘောတိ၊ ဖြစ်သည်မဟုတ်။
- ပဟဘာယ၊ တီးခတ် ရိုက်နှက်အပ်သော။
- ဘေရိယာ၊ စည်၏။
- သဒ္ဓေါ ယထာ၊ အသံကဲ့သို့။
- ဟေတုံ၊ စက္ခု ရူပ အာလောက မနသိကာရ စသော အကြောင်းကို။
- ပဋိစ္စ၊ စွဲ၍။
- သမ္ဘောတိ၊ အသစ် အသစ် ဖြစ်ပေါ်လာ၏။
သင်္ခတာ၊ သင်္ခတဓာတ်တို့ကို။
- ပုဗ္ဗာပရန္တေသု၊ ဥပါဒ်မှရှေ့ ဘင်မှနောက် အစွန်းနှစ်ဘက်တို့၌။
- ဝိဝိတ္တတော၊ ကင်းဆိတ်ကွယ်ဘိ မရှိလုံးလုံး သုဉ်းသောအားဖြင့်၎င်း။
- သုဘဒ္ဓုဝ သုခတ္တတ္တသုညတော၊ တင့်တယ်မြဲစွာ ချမ်းသာ စိုးရသော အဖြစ်မှ ကင်းဆိတ်သောအားဖြင့်၎င်း။
- ဟေတုဝုတ္တိတော၊ အကြောင်းရှိမှ ဖြစ်ရသောအားဖြင့်၎င်း။
- ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
စက္ခာဒီ၊ စက္ခုဓာတ် စသည်တို့ကို။
- ဘေရီ အာဒါ သတိလာ ဓရာရဏီယထာ၊ စည်ကြီးမှန်ပြင်၊ နှမ်းသွင် ပွတ်ခုံတို့ကဲ့သို့။
- ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
ရူပါဒီ၊ ရူပဓာတ် စသည်တို့ကို။
- ဒဏ္ဍာဒီဝိယ၊ စည်လက်ခတ် မျက်နှာ ကျည်ပွေ့ ပွတ်ကျေ တို့ကိုကဲ့သို့။
- ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
စိတ္တံ၊ ပဉ္စဝိညာဏဓာတ်ငါးပါးကို။
- သဒ္ဒါဒယော ယထာ၊ စည်သံ, မျက်နှာရိပ်, ဆီ, မီးတို့ကဲ့သို့။
- ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
ထို့ကြောင့် --
ကမ္မဿကာရကော နတ္ထိ၊ ဝိပါကဿစ ဝေဒကော။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝံ တံ သမ္မဒဿနံ။
အနက်ကား --
- ကမ္မဿ၊ ကုသိုလ်, အကုသိုလ်ကံကို။
- ကာရကော၊ ပြုလုပ်တတ်သော သတ္တဝါသည်။
- နတ္ထိ၊ မရှိ။
- ဝိပါကဿ၊ ကုသိုလ် အကုသိုလ်ကံ၏ အကျိုးတရားကို။
- ဝေဒကောစ၊ ခံစား စံစားတတ်သော သတ္တဝါသည်လည်း။
- နတ္ထိ၊ မရှိ။
- သုဒ္ဓဓမ္မာ၊ ပုဂ္ဂိုလ် သတ္တဝါနှင့် မရောမယှက် ဖြစ်ပျက်မှန်လှ ရုပ်နာမ် သင်္ခါရ ပဝတ္တ ဝဋ်ဒုက္ခတရား သက်သက်မျှသည် သာလျှင်။
- ပဝတ္တန္တိ၊ ဖြစ်ကုန်၏။
- ဧဝံ၊ ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်း။
- ဧတံဒဿနံ၊ ဤမြင်ခြင်းသည် သာလျှင်။
- သမ္မဒဿနံ၊ မဖောက်မပြန် ဝိပဿနာဉာဏ်ဖြင့် မချန်မချွင်း ဝဇီရိန်စင်း မိုးကြိုး ခွင်းသို့ သင်္ခါရခပင်းကို ပြာမကြွင်းအောင် လင်းလင်း ချင်းချင်း ထင်းထင်းကြီး မြင်ခြင်း မည်၏။
နွေလအခါ လှည်းမောင်း၍ သွားရာမှ ထောင်းထောင်းထသော ဖုံမှုန့်တွေသည် ရှိ၏။
ထိုဖုံမှုန့်ကလေးတမှုန့်ကို ရထမြူ ခေါ်သည်၊
ထိုရထမြူကို တဆဲ့ခြောက်စိတ် စိတ်, တစိတ်ကို တဇ္ဇာရီမြူ ခေါ်သည်။
ထို တဇ္ဇာရီမြူကို တဆဲ့ခြောက်စိတ် စိတ် တစိတ်ကို ပရမာမြူ ခေါ်သည်။
ထို ပရမာမြူကို ခုနစ်စိတ်စိတ် တစိတ်ကို အဏုမြူခေါ်သည်။
ထိုအဏုမြူကို ပထဝီ အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ ဟူသော အဋ္ဌကလာပ်ရုပ် ခေါ်သည်။
ထို ရှစ်ခုသော ရုပ်တို့၏ အသီး အသီးသော သဘောတရားတို့ကို သာလျှင် ပရမတ်နှစ် ရုပ်ဓာတ်စစ် ဆိုသည်။ ထိုပရမတ်နှစ် ဓာတ်စစ်၏ အရိပ်အရောင်မျှ ကိုသာ ပုဂ္ဂိုလ် သတ္တဝါဟု ပုထုဇ္ဇန်တို့ ထင်မြင် စွဲလမ်း၍ နေကြသည်။
သိသာစေဦးအံ့
သစ်ပင်ရိပ်သည် သစ်ပင်ကိုစွဲ၍ ဖြစ်၏။ ထိုသစ်ပင်သည်လည်း ပရမတ်နှစ် ဓာတ်စစ် ဟူသော အဋ္ဌကလာပ်ရုပ်စုကို စွဲ၍ ပေါ်လာသော အရိပ်သာလျှင်တည်း။
ဤသို့အားဖြင့် သစ်ပင်၌ရှိသော အဋ္ဌကလာပ်ရုပ်စုတို့သည် အရိပ်နှစ်မျိုး ပေါ်လာ၏။ ဥပမာကား - မှန်ကြောင့် ဖြစ်သော မှန်ရောင်သည် မှန်ပြင်မှာ ထင်လာသကဲ့သို့၊ ထို့အတူ ပရမတ်နှစ် ဓာတ်စစ်ကြောင့်ဖြစ်သော သစ်ပင် ဟူသော ပဌမအရိပ်သည် အဋ္ဌကလာပ်စုကို မှီ၍ပေါ်လာ၏။ ဒုတိယ အရိပ်ဟူသော သစ်ပင်ရိပ်ကား၊ မြေပြင်မှာ ထင်လာ၏။
ထို့အတူ လူ, အစရှိသော သတ္တဝါတွေကား ပဌမအရိပ်သာလျှင်တည်း။ မှန်ပြင် မြေပြင်မှာ ထင်လာသော လူရိပ်ကား ဒုတိယ အရိပ်သာလျှင်တည်း။ ဤလောက၌ သူငါကစ ပုထုဇ္ဇန် ဟူသမျှတွေသည် ထိုဒုတိယအရိပ်ကိုသာ အရိပ်ဟု သိကြသည်။ ပဌမအရိပ်ကိုကား အရိပ်ဟူ၍မျှ မသိကြလေကုန်။ ထို့ကြောင့် အကောင် အထည်ဟန် သဏ္ဌာန်နိမိတ် အရိပ်အသွင် မြင်မြင်သမျှ ထင်ထင်သမျှသည် ပရမတ်နှစ် ဓာတ်စစ်၏ အရိပ်အရောင်မျှချည်း ဟူ၍သာ မှတ်ပါ။
ထို့ကြောင့် --
“သတ္တော ကာသ သင်္ခါရ” ဟူသော ဤလောကသုံးတန်၌ ကုသိုလ် အကုသိုလ်ကံကို စီမံပြုလုပ်တတ်သော ပုဂ္ဂိုလ်သတ္တဝါ မရှိ၊ ထိုကံ၏အကျိုးတရားကို ခံစားတတ်သော ပုဂ္ဂိုလ်, သတ္တဝါမရှိ၊ ဇာတိ အာဏာ ဝိသယ ခေတ်သုံးဝ၌ ဖြစ်ပျက်မှန်လှ ရုပ်နာမ် သင်္ခါရ ပဝတ္တ၊ ဝဋ်ဒုက္ခတရား သက်သက်မျှသာရှိ၏ဟု အဟုတ်အမှန်ကို မသိကြ။
အဝိဇ္ဇာ ဗလဝ အားကြီးလှသောကြောင့် ပုဂ္ဂိုလ် သတ္တဝါ၊ ငါ-သူတပါး၊ ယောက်ျား မိန်းမ, ရှိ၏ဟု ထင်မှတ် ပြောဆိုကြသည်မှာ၊ (ဥပမာန) ဥမ္မတ္တက၊ စိတ်ကို အစိုးမရသော သူရူးတို့သည် ပကတိ မရှိ မမြင်သည်ကိုပင် ဝိပ္ပလ္လာသ ဖောက်ပြန်သော အားဖြင့် အကယ်ထင်၍ ပျော်ရွှင်ပြုံးရယ် ကြောက်မက်ဘွယ် ဖြစ်သည်နှင့် တူသည်တချက်။
အိပ်မက်ထဲမှာ ကြည့်ရ ကြားရ စားသောက်တွေ့ထိရသော မျက်လှည့် ရုပ်ပမာဏ ဤလောကကို လောဘတဏှာဖြင့် သာယာသော သတ္တဝါများမှာ သင်တုံးသွား၌ ပျားရည်စက်ကို လျက်မှားသော ယောက်ျားမိုက်နှင့် တူသည် ဟူ၍ မှတ်ပါ။
ခုဘဝ, နောက်ဘဝ, တောင့်တ သာယာသမျှမှာ ခံစား စံစားချင်၍သာ ဖြစ်သော လောဘ တဏှာသာတည်း။ ခံစား, စံစား ဟူသည်ကား-အကြင်အမှု၊ အကြင် ဝတ္ထုကို အာရုံပြု၍ သောမနဿဖြစ်ပွား၏။ ထိုအမှု, ထိုဝတ္ထုသည် ခံစား,စံစားရသော အမှုဝတ္ထုဟု ထင်ရုံခါမျှသာ ထင်ရ၏။
ပီတိသောမနဿ မဖြစ်ပွားသောသူမှာ သိကြားမင်းကြီး၏ စည်းစိမ်ပင် ဖြစ်ငြား သော်လည်း ထင်ရုံခါမျှမှ ခံစားစံစားဘွယ် မရှိသော ဝတ္ထုမည်၏။ ခံစားစံစားဘွယ် ရှိ-မရှိ ဟူသောစကားမှာ သတ္တဝါ များ၏ စရိုက်စိတ် အခံကို လိုက်၍ ထင်ခြင်းမျှသာ ဖြစ်သည်။
တဏှာအငတ် အာသာဓာတ်ပူး ကာမရစ်မူးသော ပုထုဇ္ဇန် စိတ်မျိုးတို့သည် လောဘတရား တဏှာပွား၍ စားသောက်ပျော်ပါး ခံစားစံစားရသော အမှုဝတ္ထုရှိ၏ဟု ထင်မှတ်မှား၍ နေကြကုန်၏။
အနာဂါမ် ရဟန္တာစိတ်မျိုး သူတော်ကောင်းတို့မှာ တဏှာလောဘ သောမနဿ ကင်းလွတ်၍ စားသောက်ပျော်ပါး ခံစားစံစားခြင်း မရှိသည်ကိုပင် မြင်တော်မူကြ ပေကုန်၏။
ထို့ကြောင့်- ဒါန, သီလ, ဘာဝနာ ပြုကြသောအခါ ဘုံသုံးရွာ အကျိုးပေးကို မှိုင်တွေးဝေနောက် သေမတတ် ကြောက်ကြ၍ ခုဘဝ, နောက်ဘဝ ကောင်းချင် လှသော တောင့်တ သာယာခြင်း၊ ကိလေသဝဋ် တည်းဟူသော လောဘ တဏှာကို တဒင်္ဂပဟာန် အားဖြင့် ပျောက်ကင်းမှု၊ ဝိက္ခမ္ဘနပဟာန် အားဖြင့် ခွါမှု၊ သမုစ္ဆေဒ ပဟာန်အားဖြင့် ပြတ်စဲ ချုပ်ငြိမ်းမှုကို ဖြစ်စေ၍ ဒါန သီလ, ဘာဝနာ တရားတို့ကို အားထုတ်ကြကုန်ရာသည်။
ထို သာယာခြင်း ကိလေသာဝဋ် ပြတ်စဲလျှင် အကုသလ ကမ္မပထတရား ဆယ်ပါး၊ ကုသလကမ္မပထတရား ဆယ်ပါး၊ မဟဂ္ဂုတ်ကုသိုလ်ကံကိုးပါး၊ ဤနှစ်ဆဲ့ကိုးပါးသော ကမ္မဝဋ်တရားမွဲ၊ ကံမဖြစ်ဘဲ ကံမမြောက်ဘဲ ပြတ်စဲ၏။ ထိုကမ္မဝဋ်ပြတ်စဲလျှင်-ဝိပါကဝဋ်ဟု ဆိုအပ်သော ခန္ဓာငါးပါး ရုပ်နာမ် တရားတို့သည် မလည်မပတ် ပြတ်စဲ ချုပ်ငြိမ်းလေကုန်၏။ ဤသည်ကား-ဝဋ်သုံးပါး၏ ထွက်မြောက်ရာ နိဗ္ဗာန်မှတ်ပါ။
ဤကဲ့သို့များ တရားစစ် တရားမှန်ကို ဟောပြန်ကလည်း လောကဓံအရ ပုထုဇ္ဇန် သဘာဝ သူငါကစ ပြောပြန်ကြသည်ကား- ဘုရား ရဟန္တာများ၏ တရားကို ဟောထားသလို ယခုကာလ မိန်းမ, ယောက်ျား, ပုထုဇ္ဇန်များ၏ တရားမဟုတ်ဟု နှုတ်စသွက်သွက်နှင့် ပေါ့ပျက်ပျက် ပြောမှားသော မိစ္ဆာစကားကို ခြားနားအောင် ဖြေပေအံ့။
ဤပရမတ်နှစ် ဓာတ်စစ်စစ်ကား သစ္စာလေးပါး ဝိပဿနာ တရားသည် နိဗ္ဗာန်ကို ရပြီးသား ဘုရား ရဟန္တာများ၏ တရားပင် မဟုတ်ပေ။ ယခုကာလ သာသနာတော် သမယ၌ ကြိမ်ကြိုက်ကြပေကုန်သော မိန်းမ ယောက်ျား ပုထုဇ္ဇန်များ၏ တရားသာ ဟုတ်ပေသည်။
ထိုသစ္စာလေးပါး ဝိပဿနာတရားသည် နိဗ္ဗာန်ကို ရပြီးသား ဘုရား ရဟန္တာများ၌ ထိုတရား အသုံးမကျ၊ အကုန်လုံး စွန့်ပစ်ပြီး ဖြစ်ကြပြီ။ နိဗ္ဗာန် မရသေးသော မိန်းမ, ယောက်ျား ပုထုဇ္ဇန်များကသာ ထိုတရား အသုံးကျ၍ အားထုတ်လုံ့လ ဝီရိယနှင့် ပြုကျင့်ကြရပေသည်။
ဥပမာကား --
ရောဂါဘယ နှိပ်စက်လှသော ဒုက္ခသည်တွေသည် ရှိရာ၏။ ထိုရောဂါကို အမြစ် အရင်းနှင့်တကွ ကျွတ်လွတ် ပျောက်ငြိမ်းစေနိုင်သော ဆေးခါးကြီးသည်လည်း ရှိရာ၏။ ထိုအခါ အချို့သော ရောဂါသည်တို့သည် ထို ဆေးခါးကြီးကို နေ့မနား ညမနား တွင်တွင်ကြီး စားသောအခါ မကြာမြင့်မှီ ထိုရောဂါသည် အမြစ်အရင်း နှင့်တကွ ကျွတ်လွတ် ပျောက်ငြိမ်းကြလေကုန်၏။
ထိုသို့ရောဂါဘယ ပျောက်ငြိမ်းကြသောသူတို့က ထိုဆေးကို အသုံးမကျ အကုန်လုံး စွန့်ပစ်လိုက်ကြလေကုန်၏။ ရောဂါဘယ မပျောက်ကြသေးသော ရောဂါသည်တို့မှ ထိုဆေးအသုံးကျ၍ ကိုးကွယ်မှီဝဲ အမြဲ သုံးစွဲ၍ နေကြရပေသည်။ ဤအတူဟူ၍သာ မှတ်ပါ။
- ရောဂါသည် နှင့်ကား သတ္တဝါများ တူသည်။
- ကိလေသာ ဆယ်ပါးသည် ရောဂါနှင့်တူသည်။
- သစ္စာ လေးပါး ဝိပဿနာ တရားသည် ဆေးခါးကြီးနှင့် တူသည်။
- ဆေးသမားကြီးနှင့်ကား မြတ်စွာဘုရား တူသည်။
- ရောဂါဘယ အမြစ်အရင်းနှင့်တကွ ကျွတ်လွတ် ပျောက်ငြိမ်းကြသော သူ ဟူသမျှ နှင့်ကား နိဗ္ဗာန်ရသော အရိယာ သာဝကတို့နှင့် တူကြပေသည်။
တဖန် စောဒနာပြန်သည်ကား
ဘုရား, ရဟန္တာများသာ မြင်နိုင်ရာသော နိဗ္ဗာန်တရားကို ယခုကာလ မိန်းမ, ယောက်ျား ပုထုဇ္ဇန်များ မြင်နိုင်ပါမည်လား ဟူသော စကားကို ဖြေဆိုပေအံ့။
ကထံပန အာဒိကမ္မိကော နိရောဓမဂ္ဂသစ္စာနိ၊
ပရိဂ္ဂဏှာတီတိ၊ အနုဿဝါဒိသိဒ္ဓမာကာရံ၊ ပရိဂ္ဂဏှာတိ။
(မဟာသတိပဋ္ဌာနသုတ် ဋီကာပါဌ်)
- ကထံပန၊ အဘယ်သို့လျှင်။
- အာဒိကမ္မိကော၊ မဂ်ဖိုလ်ကို မရသေးသော အာဒိကမ္မိက ပုဂ္ဂိုလ်သည်။
- နိရောဓမဂ္ဂသစ္စာနိ၊ နိရောဓသစ္စာ မဂ္ဂသစ္စာတို့ကို။
- ပရိဂ္ဂဏှာတိ၊ အာရုံပြု၍ သိမ်းဆည်းနိုင်သနည်း။
- ဣတိ၊ ဤကား အမေးတည်း။
- အနုဿဝါဒိသိဒ္ဓံ၊ တဆင့်ကြားခြင်း အစရှိသည်ဖြင့် ပြီးသော။
- အာကာရံ၊ နိရောဓ မဂ္ဂသစ္စာ၏ အခြင်းအရာ အရိပ်အရောင် အတုမျကို။
- ပရိဂ္ဂဏှာတိ၊ အာရုံပြု၍ သိမ်းဆည်းနိုင်၏။ ။ အနက်။
ဥပမာကား --
ကြောက်မက်ဘွယ်သော တစ္ဆေကြီးချောက်၍ တွေ့မြင်ရသောသူက စေ့စေ့စုံစုံ သေသေချာချာ သိသာ နားလည်အောင် ပြောဆိုလျှင် နားထောင်သော သူတို့က တဆင့်စကား ကြားသော အနုဿဝ အားဖြင့် အစစ်ဖြစ်သော တစ္ဆေကြီး၏ အခြင်းအရာ အရိပ်အရောင် အလုံးစုံကို အာရုံပြု၍ အစစ်ဖြစ်သော တစ္ဆေကြီးကို ကိုယ်တိုင် တွေ့ရမြင်ရသကဲ့သို့ ကြက်သီး မွေးညှင်း ထ၍ ကြောက်လန့်ခြင်း ဖြစ်သကဲ့သို့။
ထို့တူပမာ “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” ဟု ဟောတော်မူသော ဒေသနာတော်မြတ်ကို အစဉ်လျှောက်၍ ဇာတိ, အာဏာ, ဝိသယ ခေတ်သုံးဝ၌ သဝိညာဏက အဝိညာဏက ဥဿုံ အလုံးစုံသော သင်္ခါရတရား ဆိုသည်ကား ရုပ်နာမ် တရား နှစ်ပါးမျှသာဖြစ်သည်။ ထိုရုပ်နာမ်နှစ်ပါးသည် အထည်ဝတ္ထု အကျိတ်အခဲ အဆံအမာ အနှစ်သာရနှင့် အဟုတ်အမှန် ရှိသည် မဟုတ်သောကြောင့် မမြဲသော သဘော မျှသာဖြစ်သည်။
ထိုဖောက်ပြန် ပျက်စီးတတ်သော သဘောမျှသာ ဖြစ်သောကြောင့် ဆင်းရဲသဘော မကောင်းသဘော ဖြစ်သည်။ ထိုမကောင်းစွာသော ဆင်းရဲသဘော ဖြစ်သော ကြောင့်လည်း အလိုမပါ စီရင်ရာမပြီး အချည်းနှီးမှန်လှ ဓုဝ, သုဘ, သုခ, အတ္တ ဟူသော သာရလေးလုံးမှ ကင်းသုဉ်းလှသောကြောင့် အစိုးမရ အနတ္တ သဘော မျှသာ ဖြစ်သည်။
ဤသို့မမြဲ ဆင်းရဲစွာလှ စိုးမရသော သဘောမျှကို ပိုင်ပိုင်ကြီး နိုင်နိုင်ကြီး သိမြင်မှု တည်းဟူသော ပရိညာကိစ္စ၊
သာယာခြင်း သာတအစေးကို အကြွင်းမဲ့ပယ်ခြင်း တည်းဟူသော ပဟာန ကိစ္စ၊
မိမိကိုယ်မှာ လောဘ, ဒေါသ, မောဟ တို့၏ ချုပ်ငြိမ်းခြင်းကို ကိုယ်တွေ့ဒိဋ္ဌ တွေ့ကြုံ ဆိုက်တိုက်ရခြင်း တည်းဟူသော သစ္ဆိကရဏ ကိစ္စ၊
အဆင့်ဆင့် တိုးတက်ပွားများမှု ဟူသော ဘာဝနာ ကိစ္စ၊
ဤပရမတ္ထ ကိစ္စကြီး လေးပါးနှင့် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်သော သူမှသာ သဒ္ဓမ္မသဝန အတိဒုလ္လဘကို ရသောသူမည်၏။ ထိုကဲ့သို့ မသိ မမြင်သောသူမှာ ကြားရုံခါမျှသာ ကြားသည်၊ မရသောသူမည်၏။ အပါယ်ဘုံသား များလည်း ကြားရုံများဖြင့် ကြားကြပေလိမ့်မည်။ သတိမူပါ။
ထို့တူမခြား --
သစ္စာလေးပါး မြတ်တရားကို သိမြင်သောသူမှသာ သာသနာတော်၌ ကြုံကြိုက် သောသူ မည်သည်။ ထိုကဲ့သို့ မသိမြင်သောသူမှာ သာသနာတော်၌ ကြုံရုံသာကြုံ၍ မကြိုက်သောသူ မည်၏။ ကြုံရုံများဖြင့် မိစ္ဆာယူမှား ယခုကုလားများလည်း ကြုံပါ၏။ ထို သစ္စာလေးပါး မြတ်တရားကို သိမြင်သော သူသည် ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်စသော အရိယာ အရှင်များနှင့်တကွ မြတ်စွာဘုရားကို ဖူးမြင် ရသောသူ မည်ပါပေ၏။
ယခု ဂေါတမ တဆူသာ မကပါပေ။ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင် တို့ကိုလည်း ဖူးမြင် ရသောသူ မည်ပါပေ၏။ (ဥပမာကား) ဇမ္ဗူဒီပါ ကျွန်းမြေပြင်မှာ ရှိကြသောသူ ဟူသမျှတို့သည် မျက်နှာချင်းကို ရွှေလမင်းမှာ မျက်စိအာရုံ ဆုံကြသကဲ့သို့။ ထို့အတူ သတ္တလောက တည်ထောင်သည်မှစ၍ ပွင့်ပွင့်သမျှသော ဘုရားရှင်တို့နှင့်တကွ အရိယာ ဟူသမျှတို့သည် ထိုသစ္စာလေးပါး မြတ်တရားမှာသာ တရားအာရုံ ဆုံကြသည်။
ထို့ကြောင့်-
ဓမ္မံ ဟိ သော ဘိက္ခဝေ ဘိက္ခု န ပဿဘိ ဓမ္မံ အပဿန္တော မံ နပဿတိ၊ ဓမ္မံ ဟိသော ဘိက္ခဝေ ဘိက္ခု ပဿတိ၊ ဓမ္မံ ပဿန္တော မံပဿတိ။
ဟု (ဣတိဝုတ် ပါဠိတော်၌ ဟောတော်မူ၏။)
- ဟိ၊ ထို ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲကိုင်၍ ဖဝါးခြေထပ် မပြတ်စဉ်စိုက် လိုက်ပါလျက် ငါဘုရားနှင့် စကြာဝဠာတပါး ခြားသည်ပမာဏ ဝေးကွာလှ၏ ဟု ဆိုသော စကားသည် မှန်၏။
- ဘိက္ခဝေ၊ ရဟန်းတို့။
- သောဘိက္ခု ၊ ထိုရဟန်းသည်။
- ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။
- နပဿတိ၊ မသိမြင်။
- ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။
- အပဿန္တော၊ မသိမြင်သောရဟန်းသည်။
- မံ၊ ငါဘုရားကို။
- နပဿတိ၊ မဖူးမြင်ရ။
- ဟိ၊ ထိုငါဘုရားနှင့် စကြာဝဠာတပါး ကွာခြား၍ နေငြားသော်လည်း ငါဘုရား၏ ဒူးတော်ကို ဖက်၍ နေသည်နှင့်တူ၏ဟု ဆိုသော စကားသည် မှန်၏။
- ဘိက္ခဝေ၊ ရဟန်းတို့။
- သောဘိက္ခု၊ ထိုရဟန်းသည်။
- ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။
- ပဿတိ၊ သိမြင်၏။
- ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။
- ပဿန္တော၊ သိမြင်သော ရဟန်းသည်။
- မံ၊ ငါဘုရားကို။
- ပဿတိ၊ ဖူးမြင်ရ၏။
ဘုရား, တရား, နှစ်ပါးကို မတွေ့မမြင်ရလျှင် သံဃာကိုလည်း မတွေ့ မမြင်ရသည် သာလျှင် ဖြစ်သတည်း။
တောင်ဆီ မင်ဆေးဖြင့် ရေးပြအပ်သော လဝန်း ငွေရိပ်၊ သိကြားနှိပ်သည့် ယုန်ရေး တံဆိပ်နှင့် တူသော ဝဋ်နခမ်းသတ်၍ “ဝိဝဋ္ဋဒီပနီ” ကျမ်းမြတ်ကို ကျက်မှတ် သိမြောက် နိဗ္ဗာန်မှောက်သို့ ခုဘဝ, နောက်ဘဝ, ရောက်ကြပါစေကုန်သတည်း။
၁၂၇၁-ခုနှစ်၊ နယုန်လဆန်း တဆဲ့ငါးရက် ဗုဒ္ဓဟူးနေ့တွင် နောက်ထပ်ပြင်ဆင် ပြီးအောင် မြင်သည်။ နတ်လူ သာဓု-သာဓု ခေါ်စေသောဝ်။
ဝိဝဋ္ဋ ဒီပနီကျမ်း ပြီး၏။ကြောင်ပန်းတောရ ဆရာတော်
ရေးသားစီရင်အပ်သော
ဝိပဿနာ ဒီပနီကျမ်း
ကြောင်ပန်းတောရ ဆရာတော်ဘုရားကြီးထံ လျှောက်လွှာ။
ဘုတလင် ဌာနာ ရာဇဝတ်အုပ်မင်း-မောင်စံရ၊ စာဇင်-မောင်ညှာ၊ ၎င်း စာဇင် မောင်ထွန်းတင် တို့နှင့်တကွ ဘုတလင် မြို့မဆရာဝန် မောင်ဘိုးဘေ၊ ကျောင်းတကာ ဦးရွှေဝတို့က သုံးလီဒွါရ ပဏာမဖြင့် သာစွတင်ချီ အဉ္ဇလီကို ရွှင်ကြည်သဒ္ဓါ လေးမြတ်စွာဖြင့် ဟတ္ထာ ဆယ်ချောင်း ထိပ်မှာ လောင်း၍ ဦးခေါင်း ညွှတ်ကြိုး ရှိခိုးဝပ်တွား အသနားတော်မြတ် ခံလျှောက်ဝံ့ပါသည်။
စတုပါရိ သုဒ္ဓိလေးဝ မြူကင်းလသို့ ဆွဆွဖြူဆွတ် ပွတ်သစ်သင်္ခါ ကဲ့ပမာလို လေးဖြာပထ ဣရိယ၌ မျှတင်ရွှင်ပြုံး သီတင်းသုံး နေထိုင်တော်မူပေသော ဆရာတော်သခင် အရှင်သူမြတ်ဘုရား။
အထက်ပါ တကာ, အပေါင်းတို့သည် အရှင်ဘုရား၏ ဓမ္မစက်ရိန္ဒမာ ကျမ်းရွှေစာကို တသက်လျာအဆုံး စွဲသုံး လေ့လာလိုပါသောကြောင့် “တရား” တည်း ဟူသော ရွှေမိုဃ်း ထစ်ကြိုးသွန်ချတော်မူပါမည့် အကြောင်း ဆယ်ချောင်း လက်စုံ ကြာပဒုံကို သာစုံ တင်ခါ လျှောက်ဝံ့ပါသည် ဆရာသခင် အရှင်သူမြတ်ဘုရား။
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။
ဝိပဿနာ ဒီပနီကျမ်း
ဝတ္တုကာမော အဟံအဇ္ဇ၊ ပစ္စယာကာရဝဏ္ဏနံ၊
ပတိဋ္ဌံ နာဓိဂစ္ဆာမိ၊ အဇ္ဈောဂါဠှောဝသာဂရံ။
အဟံ၊ ငါသည်။ အဇ္ဇ၊ ယခု။ ပစ္စယာကာရဝဏ္ဏနံ၊ ပဋိစ္စသမုပ္ပါဒ် အဖွင့် သံဝဏ္ဏနာအဋ္ဌကထာကို။ ဝတ္တု ကာမော၊ ဖွင့်ဆိုလိုပါလျက်။ သာဂရံ၊ ရှစ်သောင်း လေးထောင် နက်ဝှမ်းဆောင်သည် တောင်ခွေပတ်ချုပ် ရေသမုဒ်ကို။ အဇ္ဈောဂါဠှောဣဝ၊ ကူးဆင်းသက်ဝင် ယုန်ငယ်သွင်သို့။ ပတိဋ္ဌံ၊ ထောက်တည်မှီရာ သံဝဏ္ဏနာနည်းကို။ နာဓိဂစ္ဆာမိ၊ မရနိုင်ပါတကား ဟူ၍ ပဋိစ္စသမုပ္ပါဒ် ဖွင့်ခါနီးတွင် အဋ္ဌကထာ ဆရာကြီးပင် ငြီးညူတော်မူပေသည်။
ဤတူပမာ --
ယခုအခါ လျှောက်လွှာမှာ ပါလာသော ဝိပဿနာတရား ဆိုသည်ကား အလွန်တရာ ခက်ခဲ နက်နဲ သိမ်မွေ့လှစွာသော သဘောဖြစ်ပေသည်။ သို့သော်လည်း လျှောက်ထားကြသော ဒါယကာတို့နှင့် တကွ ဝေနေယျအများ ကျိုးစီးပွား အလို့ငှာ ကိုယ် ဉာဏ်မှီသမျှဖြင့်သာ ပြပါအံ့သတည်း။
ဤယခု ဝိပဿနာမှမှာ သတိလွန်စွာ လိုတတ်ပါသည်။ သတိရှိကြစေ။ ထို သတိသည် ဤလောက၌ ပဋ္ဌာနကြီးအတိ ဖြစ်လှ၏။ ထို့ကြောင့် သတိပဋ္ဌာန်ဟု ဟောတော်မူသည်။ သတိပဋ္ဌာန် ဆိုသည်ကား၊
“ဘူသံတိဋ္ဌတီတိ ပဋ္ဌာနံ၊ သတိဧဝပဋ္ဌာနံ သတိပဋ္ဌာနံ”ဟု ဝိဂြိုဟ်ပြု။
ဘူသံ၊ လွန်စွာ။ တိဋ္ဌတိ၊ တည်တတ်၏။ ဣတိ၊ ထို့ကြောင့်။ ပဋ္ဌာနံ၊ ပဋ္ဌာနမည်၏။ သတိဧဝ၊ သတိသည်ပင်လျှင်။ ပဋ္ဌာနံ၊ လွန်စွာ တည်သည်တည်း။ သတိ ပဋ္ဌာနံ၊ သတိသည်ပင်လျှင် လွန်စွာတည်သည်။
လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာ တည်သောသတိဟု ဆိုလိုသည်။
ထိုသတိကိုပင် “သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ” ဟု ဟောတော်မူသည်။
ထို သတိသမ္ဗောဇ္ဈင်ကို “စတုသစ္စဓမ္မေသုဋ္ဌု ဗဇ္ဈတီတိသမ္ဗောဓိ၊ သမ္ဗောဓိယာ အင်္ဂေါသမ္ဗောဇ္ဈင်္ဂေါ” ဟု ဝိဂြိုဟ်ပြု။
စတုသစ္စဓမ္မေ၊ သစ္စာလေးပါး မြတ်တရားတို့ကို။ သုဋ္ဌု၊ကောင်းစွာ။ ဗုဇ္ဈတိ၊ သိမြင်တတ်၏။ ဣတိ၊ ထို့ကြောင့်။ သမ္ဗောဓိ၊ သမ္မောဓိမည်၏။
လောကုတ္တရာမဂ်ဉာဏ်ကို ဆိုသည်။
သမ္ဗောဓိယာ၊ မဂ်ဉာဏ်၏။ အင်္ဂေါ၊ အကြောင်း အင်္ဂါသည်။ သမ္ဗောဇ္ဈင်္ဂေါ၊ သမ္ဗောဇ္ဈင် မည်၏။
ထို့ကြောင့် သင်္ဂါယနာတင် ရဟန္တာအရှင် မြတ်တို့သည်–
သံသာရေသံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။
သတ္တ ဓမ္မေစ ဗောဇ္ဈင်္ဂေ၊ မာရသေနာပ မဒ္ဒနေ။
ဗုဇ္ဈိတွာ ယေစိမေသတ္တာ၊ တိဘဝါမုတ္တကုတ္တမာ။
အဇာတိ မဇရာဗျာဓိံ၊ အမတံနိဗ္ဘယံဂတာ။
ဟု ဟောတော်မူသည်။
၁။ သတိ သမ္ဗောဇ္ဈင်၊
၂။ ဓမ္မဝိစယ သမ္ဗောဇ္ဈင်၊
၃။ ဝီရိယ သမ္ဗောဇ္ဈင်၊
၄။ ပီတိ သမ္ဗောဇ္ဈင်၊
၅။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊
၆။ သမာဓိ သမ္ဗောဇ္ဈင်၊
၇။ ဥပေက္ခာ သမ္ဗောဇ္ဈင် အားဖြင့် ခုနစ်ပါးတည်း၊
သတိပဋ္ဌာန်၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမာဓိမဂ္ဂင် ခေါ်သော သတိစေတသိက်သည် သတိ သမ္ဗောဇ္ဈင် မည်၏။
ဝိမံသိဒ္ဓိပ္ပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိမဂ္ဂင် ခေါ်သော ပညာစေတသိက်သည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။
ဒိဋ္ဌိဝိသုဒ္ဓိအစရှိသော ပညာဝိသုဒ္ဓိငါးပါး၊ အနုပဿနာ ဉာဏ်သုံးပါး၊ ဝိပဿနာဉာဏ် ဆယ်ပါးသည် ဓမ္မဝိစယ သမ္ဗောဇ္ဈင် မည်၏လည်းဟူ။
ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန် ရှုမှုကို ဓမ္မဝိစယ ဆိုသည်။
သမ္မပ္ပဓာန်၊ ဝီရိယိဒ္ဓိပ္ပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမ မဂ္ဂင်ခေါ်သော ဝီရိယ စေတသိက်သည် ဝီရိယ သမ္ဗောဇ္ဈင် မည်၏။
ကာယဂတာသတိ စသော ဝိပဿနာတရား ထင်မြင်မှု တိုးပွား၍ လာသောအခါ ဝမ်းမြောက်ခြင်း နှစ်သက်ခြင်းသည် ပီတိ သမ္ဗောဇ္ဈင်မည်၏။
ကိုယ်စိတ်နှစ်တန် ပူပန်ခပ်သိမ်း ကင်းငြိမ်းခြင်းသည် ပဿဒ္ဓိ သမ္ဗောဇ္ဈင် မည်၏။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ စေတသိက်ပင်တည်း။
သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင်ဟု ဆိုအပ်သော သမာဓိတရားသည် သမာဓိ သမ္ဗောဇ္ဈင်မည်၏။
သမထအရာ စိတ္တဝိသုဒ္ဓိအရာ ဖြစ်သော ပရိကမ္မသမာဓိ၊ ဥပစာရသမာဓိ၊ သမာပတ် ရှစ်ပါးဟု ဆိုအပ်သော အပ္ပနာသမာဓိသည် လည်းကောင်း။ ပညာဝိသုဒ္ဓိအရာ ဖြစ်သော သုညတသမာဓိ၊ အနိမိတ္တသမာဓိ၊ အပ္ပဏိဟိတ သမာဓိသည် လည်းကောင်း။ သမာဓိသမ္ဗောဇ္ဈင် မည်၏လည်းဟူ။
ဝိပဿနာဉာဏ်နှင့် ယှဉ်သော သမာဓိ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် ယှဉ်သော သမာဓိကို သုညတ သမာဓိ စသည်ခေါ်၏။
ကမ္မဋ္ဌာန်းအလုပ်မျိုး အချိုးအစားမကျ၍ ကြောင့်ကြ ဗျာပါရတို့ကား များစွာ ရှိကုန်၏။ အချိုးအစား ဟန်ရပန်ရ အကုန်ကျသောအခါ ကြောင့်ကြ ဗျာပါရ ကင်းရှင်းခြင်း ဟူသော တတြမဇ္ဈတ္တတာ စေတသိက်သည် ဥပေက္ခာ သမ္ဗောဇ္ဈင်မည်၏။
အညီအမျှ အားရှိကြကုန်သော ဤသမ္ဗောဓိ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသောအခါ၌ စကြာမင်းတို့၏ အင်္ဂါ ရတနာခုနှစ်ပါးနှင့် ပြည့်စုံသော လေးကျွန်းသနင်း စကြာ မင်းကြီးသည် လူ့လောကတွင် အတုမရှိသော စည်းစိမ်ချမ်းသာကြီးကို ခံစား စံစားရ သကဲ့သို့၊ ထို့အတူ ဝိပဿနာခွင့်သို့ ဝင်ကြသော ယောဂီပုဂ္ဂိုလ်တို့သည်လည်း ဤသာသနာတော်မြတ်ကြီး၏ စီးပွားတွင် သုံးလောက၌ အတုမရှိ သမဏ စည်းစိမ် မြတ်ကြီးကို ခံစား စံစားကြလေကုန်၏။
ထို့ကြောင့်--
သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါသဂ္ဂပရိဏာမိံ။လ။ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂ နိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါသဂ္ဂပရိဏာမိံ။
ဟု ဟောတော်မူ၏။ (ဗောဇ္ဈင်္ဂ ဝိဘင်း ပါဠိတော်။)
ဝိဝေကနိဿိတံ၊ သင်္ခါရ ပလိဗောဓခပ်သိမ်း ကင်းငြိမ်းရာကိုမှီသော။ ဝိရာဂနိဿိတံ၊ ရာဂကင်းငြိမ်းရာကို မှီသော။ နိရောဓနိဿိတံ၊ ဝဋ်ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာကို မှီသော။ ဝေါသဂ္ဂပရိဏာမိံ၊ ဥပဓိလေးပါးကို စွန့်ငြိမ်းရာကို မှီသော။ သတိသမ္ဗောဇ္ဈင်္ဂံ၊ သတိသမ္ဗောဇ္ဈင်ကို။ ဘာဝေတိ၊ ပွားများ၏။
ဘဝသုံးဖြာ၌ သာယာခြင်းကို မပြုမူ၍ ယခုဘဝ၌ပင်လျှင် သက္ကာယဒိဋ္ဌိ အပြီးတိုင် ချုပ်ငြိမ်းလို၍ ဝိဝဋ္ဋ ဖြစ်သည်ကို ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ ဆိုသည်။ ဗောဇ္ဈင်၊ သမ္ဗောဇ္ဈင်၊ သမ္ဗောဓိအင်္ဂါ ဆိုသည်မှာ နည်းတူသာမှတ်ပါ။
ထို့ကြောင့် လက်သန်း အဋ္ဌကထာ အရှင်အနုရုဒ္ဓါဆရာသည် “အနိစ္စံခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန, အနတ္တာအသာရကဋ္ဌန” ဟု မိန့်တော်မူ၏။ (သင်္ဂြိုဟ်ပါဌ်။)
ခယဋ္ဌေန၊ ကုန်တတ်သော သဘောသို့ ရောက်ခြင်းကြောင့်။ အနိစ္စံ၊ အမြဲမရှိ။ ဘယဋ္ဌေန၊ ဘေးဟူသော အကြောင်းကြောင့်။ ဒုက္ခံ၊ ဆင်းရဲ၏။ အသာရကဋ္ဌေန၊ အတ္တ တည်းဟူသောအနှစ် မရှိခြင်းကြောင့်။ အနတ္တာ၊ ကိုယ်မဟုတ်။ ။ ၎င်းအနက်။
ပါဌ်လျှောက် အဓိပ္ပါယ်မှာ --
“အနိစ္စံခယဋ္ဌေန” - ဟူသည်ကား သတ္တောကာသ သင်္ခါရမှာ ဇာတိ အာဏာ ဝိသယ ခေတ်သုံးဝ၌ သဝိညာဏက အဝိညာဏက ရှိသမျှဥဿုံ အလုံးစုံသည် ရွေ့တုံမဖြစ်၊ တဆစ်တရပ် တစပ်တသင်း နှမ်းအိုးကင်းထက် နှမ်းစေ့ကျက်သို့ ချုပ်ပျက် ကျေကွဲသည် ဖြစ်၍လည်း အမြဲမရှိ၊ ဤမမြဲသော သဘောမှတပါး အသီးအခြား၊ လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူ၍ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်းမရှိ၊ စင်စင်ကြီး ကင်းရှင်းလှ၏။ ဤမမြဲတဲ့ သဘောရဲ့ကိုသာ လူ နတ်, ဗြဟ္မာ, သတ္တဝါဟု ထင်ရုံခါ မျှသာ ထင်မြင် ပြောဆိုကြရ၏။
“ဒုက္ခံဘယဋ္ဌေန” ဟူသည်ကား ထိုဖြစ်ပျက်မှန်လှ ရုပ်နာမ် သင်္ခါရတို့သည် မတည်တန့်နိုင်၊ ယိမ်းယိုင် ပိန်ခြောက် သေပျောက်ချုပ်ခမ်း၍ မိတ်ကျွမ်းဝင်ဟန် သေကြောင်းကြံသော ရန်သူအသွင် ဘင်နှင့် ဥပါဒ်၊ ထပ်ထပ်နှိပ်စက် သုံးချက်ဒုက္ခ သံသာရ၏ မူလကြောင်းစ သင်္ခါရပဝတ္တ ဝဋ်ဒုက္ခ ဖြစ်ခြင်းကြောင့် ဆင်းရဲလည်း ဆင်းရဲလှပေ၏။
ဤ ဆင်းရဲလှသော သဘောမှတပါး အသီးအခြား လူ, နတ်, ဗြဟ္မာ သတ္တဝါ ဟူ၍ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျှဉ်းမရှိ၊ စင်စင်ကြီး ကင်းရှင်းလှ၏။ ဤဆင်းရဲတဲ့ သဘောရဲ့ကိုသာ လူ နတ် ဗြဟ္မာ သတ္တဝါဟု ထင်ရုံခါမျှသာ ထင်မြင် ပြောဆို ကြရ၏။
“အနတ္တာအသာရကဋ္ဌေန” ဟူသည်ကား ထို ရုပ်နာမ်နှစ်ဖြာသည် အလိုမပါ စီရင်ရာမပြီး အချည်းနှီး မှန်လှ၊ ဓုဝ, သုဘ, သုခ, အတ္တ, ဟူသော သာရလေးလုံးမှ ကင်းသုဉ်းသည် ဖြစ်၍လည်း ကိုယ်မဟုတ်။ ထို အနတ္တ သဘောမှတပါး အသီးအခြား လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူ၍ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျှဉ်းမရှိ၊ စင်စင်ကြီး ကင်းရှင်းလှ၏။ ထိုကိုယ်မဟုတ်တဲ့ သဘောရဲ့ကိုသာ လူ, နတ်, ဗြဟ္မာ, သတ္တဝါဟု ထင်ရုံခါမျှသာ ထင်မြင် ပြောဆိုကြရ၏။
ဤသို့မမြဲ ဆင်းရဲစွာလှ စိုးမရသော ဓာတ်စု, ဓာတ်ခဲ ဓာတ်ခွဲ ဓာတ်ယုတ်, ဓာတ်ပုတ်, ဓာတ်သိုး, ဓာတ်ဆိုး ဓာတ်ညစ်သာဖြစ်၍၊ စင်စစ်မှာ ဒုက္ခသစ္စာသာ ဖြစ်သော ဤလောက၌ လူ နတ်, ဗြဟ္မာ, သတ္တဝါ မရှိဟု သိရမည့် အချက် ရှိကြသည့်အတွက်က ဖြစ်ပျက်မှန်လှ ရုပ်နာမ်သင်္ခါရ ပဝတ္တ ဝဋ်ဒုက္ခသဘောမျှ စင်စင်ကို မြင်ရမည် ဟူလိုသည်။
ဤကား “အနိစ္စံခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန,အနတ္တာအသာရကဋ္ဌန” ဟူသော သင်္ဂြိုဟ်ပါဌ်၏ အဓိပ္ပါယ်တည်း။
ထို သင်္ဂြိုဟ်ကို ဖွင့်ဆိုတော်မူသော ဝီရိယကံ သူမဆံ ဉာဏ်မတူကြ သီလသမာ ပညာဂုဏ်ထူး ကျေးဇူးထိုထို သီဟိုဠ်တိုင်တိုင် ရခိုင်တလိုင်း တိုင်းတိုင်း ပြည်ပြည် လယ်တီဘုရား မြတ်တရားဟု နားမှာစိမ့်စိမ့် ကိုယ်လုံးအိမ့်၍ သိမ့်သိမ့်တုံခတ် ပဲ့တင် ထပ်မျှ နှံ့စပ်ဆူဆူ သီတင်းကြူလှိုင် မွှေးကြိုင်တော်မူသော (ကျေးဇူးရှင်ဘုရား) ရေးသားတော်မူသော အနတ္တ ဝိဘာဝနာကို သိသာရုံမျှ ပြပါအံ့။
အနတ္တာ အသာရကဋ္ဌေနာတိ ဧတ္ထ နအတ္တာ အနတ္တာ၊ အသာရကဋ္ဌေနာတိ အသာရဘာဝေန၊ သာရောတိစ ဝဿသတံပိ ဝဿသဟဿံပိ၊ ယာဝဇီဝံ အဇိယျမာနော အမိယျမာနော သဘာဝေါ ဝုစ္စတိ။
သတ္တ သန္တာနပရိယာပန္နံရူပံ သတ္တဿသာရော နဟောတိ၊ ခဏေခဏေ ဘိဇ္ဇနတော၊ နဟိသတ္တောနာမ ခဏခဏေဘိဇ္ဇတိ၊ ရူပံပန ခဏေခဏေဘိဇ္ဇတေ ဝါတိ ဣတိရူပံ ခဏေ ခဏေ ဘိဇ္ဇန ဓမ္မတ္တာသတ္တဿသာရော နဟောတိ အသာရတ္တာစရူပံ သတ္တဿအတ္တာနဟောတိ အနတ္တာဧဝ ဟောတီတိ။
တတြာယံဒီပနာ၊ ယထာလောကေ ဒါရုပတ္တောတိ ဝုတ္တေဒါရုသဗ္ဗေနပတ္တဿ သာရံဒဿေတိ၊ ဒါရုမယော ပတ္တောဒါရု ပတ္တောတိ ဒီပနတော၊ ပတ္တသဒ္ဒေန ဘာဇန ဇာတိ ဝိသေသံ ဒဿေတိ၊ ဒါရုမယာနံ အညဝတ္ထူနံ နိဝတ္တနတော၊ နစေတ္ထ ဒါရုတော ပတ္တောအညောတိဝါ အနညောတိဝါ ဝတ္တဗ္ဗော၊ ယဒိအညောတိ ဝဒေယျ၊ ဒါရုမှာ ဝိသုံကတွာ ပတ္တော လဗ္ဘမာနော သိယာ၊ နစလဗ္ဘတိ၊ ဒါရု ဝိကတိမတ္တတ္တာ အထ အနညောတိ ဝဒေယျ၊ ဒါရုတိဝုတ္တေ သဗ္ဗတ္ထပတ္တော ဝိညာယေယျ၊ နစဝိညာယတိ၊ အပတ္တာနံ ဒါရုမယာနံ ဝတ္ထူနံ ဝိဇ္ဇမာနတ္တာ၊ အယမေတ္ထပဒသောဓနာ။
ဧတ္တာဝတာ ဒါရုသာရောပတ္တော ဒါရုပတ္တောတီတိ သိဒ္ဓေါဟောတိ၊ ယောစဓမ္မောယဿ ဓမ္မဿ သာရော ဟောတိ၊ သောဟေဝ တဿ အတ္တာနာမ၊ ဣတိ ဒါရု တဿ ပတ္တဿ သာရဋ္ဌေန အတ္တာနာမာတိ ကတွာ ဒါရုမယော ပတ္တော ဒါရုပတ္တောတိ လောကေဝုစ္စတိ။ ဧသနယောမတ္တိကာပတ္တ၊ သီလာပတ္တ၊ အယောပတ္တ၊ လောဟပတ္တ ရဇတပတ္တ၊ သုဝဏ္ဏပတ္တ၊ မဏိပတ္တေသု။ ဧဝမေဝံ အယံသတ္တောရူပသာရော, ဝေဒနာသာရော, သညာသာရော, သင်္ခါရသာရော, ဝိညာဏသာရောတိ ကတွာ ရုပါဒယော ပဉ္စက္ခန္ဓဓမ္မာ သတ္တဿအတ္တာနာမ ဟောန္တိ။
ယာဝစ တေ ဓမ္မာဇီဝန္တိ၊ ဘာဝ သတ္တာဝဿသတံပိ ဝဿသဟဿံဝိဇီဝန္တိ၊ ယာ ဝ စ သတ္တာဇီဝန္တိ၊ တာဝတေမ္မော ဝဿသတံပိ ဝဿသဟဿံပိ ဇီဝန္တိ မိစ္ဆာ ဒဿနံ။ တေသံ ဓမ္မာနံ ခဏေ ခဏေ ခယဝယဘေဒံ ပစ္စက္ခတော ပဿန္တဿ ပန တေသံ သတ္တဿ အသာရ ဘာဝေါ အနတ္တဘာဝေါစ သုဋ္ဌု ဝိဇိတော ဟောတိ၊ သတ္တ ပုဂ္ဂလ အတ္တဇီဝါနဉ္စ သဗ္ဗသော နတ္ထိဘာဝေါ သုဋ္ဌုဝတောဟောတိ။ ဣဒံ သမ္မဒဿနံ။
ဟု ဖွင့်တော်မူ၏။ (အနတ္တဝိဘာဝနာပါဌ်)
အနက်ကား --
အနတ္တာ အသာရကဋ္ဌေနာတိဧတ္ထ၊ အနတ္တာအသာရကဋ္ဌေန ဟူသော ဤစကား၌။ အတ္တာ၊ သတ္တဝါတို့၏ အတ္တသည်။ ဝါ၊ သတ္တဝါတို့၏ ကိုယ်သည်။ န၊ မဟုတ်။ ဣတိ၊ ထို့ကြောင့်။ အနတ္တာ၊ အနတ္တ မည်၏။ အနတ္တာ၊ သတ္တဝါတို့၏ အတ္တမဟုတ်။ ဝါ၊ သတ္တဝါတို့၏ ကိုယ်မဟုတ်။
အသာရကဋ္ဌေနာတိ၊ အသာရကဋ္ဌေန ဟူသည်ကား။ အသာရဘာဝေန ၊ အနှစ် အမာမျိုး မဟုတ်သည်၏ အဖြစ်ကြောင့်။ စ၊ ဆက်၍ ပြဆိုအံ့။ သာရောတိ၊ သာရ ဟူသည်ကား။ ဝဿသတံပိ၊ အနှစ် တရာပတ်လုံး လည်းကောင်း။ ဝဿသဟဿံပိ၊ အနှစ် တထောင်ပတ်လုံး လည်းကောင်း။ ယာဝဇီဝံ၊ အသက် ရှည်သမျှ ကာလပတ်လုံး။ အဇိယျမာနော၊ မရင့်မရော်သော။ အမိယျမာနော၊ မသေမပျောက်သော။ သဘာဝေါ၊ နိစ္စသဘောကို။ ဝုစ္စတိ၊ ဆိုအပ်၏။ သတ္တ သန္တာနပရိယာပန္နံ၊ သတ္တဝါ၏ သန္တာန်၌ အကြုံးဝင်သော။ ရူပံ၊ ရုပ်တရားစုသည်။ သတ္တဿ၊ သတ္တဝါ၏။ သာရော၊ အမာခံ အထယ်ခံဖြစ်သော အနှစ်အသားသည်။ န ဟောတိ၊ မဟုတ်။ ကသ္မာ၊ အဘယ့်ကြောင့်နည်း ဆိုသော်။ ခဏေ ခဏေ၊ ခဏတိုင်း ခဏတိုင်း၌။ ဘိဇ္ဇနတော၊ ပျက်ခြင်းကြောင့်တည်း။ ဟိသစ္စံ၊ မှန်၏။ သတ္တော နာမ၊ သတ္တဝါ မည်သည်။ ခဏေ ခဏေ၊ ခဏတိုင်း ခဏတိုင်း၌။ နဘိဇ္ဇတိ၊ ပျက်ရိုးမရှိ။ ရူပံပန၊ ရုပ်တရားစုသည်မူကား။ ခဏေ ခဏေ၊ ခဏတိုင်း ခဏတိုင်း၌။ ဘိဇ္ဇတေဝ၊ အမြဲ ပျက်သည်သာလျှင်တည်း။ ဣတိ၊ ဤကား သတ္တဝါ အလား, ရုပ်အလား တခြား တလမ်းစီ နေကြပုံတည်း။
ဣတိ၊ ဤသို့လျှင်။ ရူပံ၊ ရုပ်တရားစုသည်။ ခဏေ ခဏေ၊ ခဏတိုင်း ခဏတိုင်း၌။ ဘိဇ္ဇန ဓမ္မတ္တာ၊ အမြဲ ပျက်စီးခြင်း သဘောရှိသည်၏ အဖြစ်ကြောင့်။ သတ္တဿ၊ သတ္တဝါ၏။ သာရော၊ အမာခံ အထယ်ခံ အနှစ်အသားသည်။ န ဟောတိ၊ မဟုတ်။ အသာရတ္တာစ၊ အနှစ် အမာမျိုး မဟုတ်သည်၏ အဖြစ်ကြောင့်လည်း။ ရူပံ၊ ရုပ်တရားစုသည်။ သတ္တဿ၊ သတ္တဝါ၏။ အတ္တာ၊ အမာခံ အထယ်ခံဖြစ်သောကိုယ် မည်သည်။ န ဟောတိ၊ မဟုတ်။ အနတ္တာဧဝ၊ အနတ္တသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤကား အနတ္တာအသာရကန ဟူသော ပုဒ်၏အနက်တည်း။
တတြ၊ ထို အကျဉ်းဖြစ်သော အနက်၌။ အယံ၊ ဤ ဆိုလတ္တံ့သည်ကား။ ဒီပနာ၊ အကျယ် ပြချက်တည်း။ ယထာ၊ ဥပမာကား။ လောကေ၊ လောက၌။ ဒါရုပတ္တောတိ၊ သစ်သားခွက်ဟူ၍။ ဝါ၊ သစ်သားသပိတ် ဟူ၍။ ဝုတ္တေ၊ ဆိုကြရာ၌။ ဒါရုသဒ္ဒေန၊ ဒါရုသဒ္ဒါဖြင့်။ ပတ္တဿ၊ ခွက်၏။ သာရံ၊ အမာခံဖြစ်သော အသားကို။ ဒဿတိ၊ ပြဆို၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဆိုသော်။ ဒါရုမယော၊ သစ်သားဖြင့်ပြီးသော။ ပတ္တော၊ ခွက်တည်း။ ဒါရူပတ္တော၊ သစ်သားဖြင့် ပြီးသောခွက်။ ဣတိ ဒီပနတော၊ ဤသို့သော အနက်ကို ဒါရုသဒ္ဒါဖြင့် ပြခြင်းကြောင့်တည်း။
ဒါရုသဒ္ဒါကို ကြားရသဖြင့် ဤခွက်ကား ရွှေသားခွက် မဟုတ်၊ ငွေသားခွက် မဟုတ်၊ သစ်သားခွက်တည်းဟု ခွက်၏ အမာခံအသားကို သိရသောကြောင့် ဒါရုသဒ္ဒါ ဖြင့် ခွက်၏ သာရကို ပြသည်ဟူလို။ ဤသာရမျိုးကိုလည်း လောက၌ အသားဟူ၍ ခေါ်သည်။
ပတ္တသဒ္ဒေန၊ ပတ္တသဒ္ဒါဖြင့်။ ဘာဇနဇာတိဝိသေသံ၊ ခွက်မျိုး အထူးကို။ ဒဿေတိ၊ ပြ၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်း ဆိုသော်။ ဒါရုမယာနံ၊ သစ်သားဖြင့် ပြီးကုန်သော။ အညဝတ္ထူနံ၊ ခုတင်ညောင်စောင်း စသော ဝတ္ထုတို့ကို။ နိဝတ္တနတော၊ နစ်စေသောကြောင့်တည်း။
ဒါရု ဟူ၍သာ ဆိုခဲ့လျှင် ခုတင်ညောင်စောင်း စသည် တို့နှင့်လည်းဆိုင်၏။ ပတ္တဟုဆိုလျှင် ထိုဝတ္ထုတို့နှင့်မဆိုင်ပြီ။ ထို့ကြောင့် ပတ္တသဒ္ဒါဖြင့် ခွက်ဟူသော သဏ္ဌာန် အထူးကို ပြသည်ဟူလို။
ပတ္တသဒ္ဒါကား ထိုခွက်၏ အသားကို ပြသောသဒ္ဒါမဟုတ်၊ ခွက်ဟူသော သဏ္ဌာန် အထူးကိုသာ ပြသည်။ ဒါရုသဒ္ဒါသည်သာလျှင် ထိုခွက်၏ အသားကို ပြသည်ဟု သဒ္ဒါနှစ်ပါး အနက်နှစ်ပါး ခြားနားချက်တည်း။
စ၊ ဆက်ဦးအံ့။ ဧတ္ထ၊ ဤဒါရုပတ္တ၌။ ပတ္တော၊ ခွက်သဏ္ဌာန်ကို။ ဒါရုတော၊ သစ်သားမှ။ အညောတိဝါ၊ တခြား ဟူ၍လည်းကောင်း။ အနညောတိဝါ၊ တခြားမဟုတ် ဟူ၍လည်းကောင်း။ န ဝတ္တဗ္ဗော၊ မဆိုသင့်။ န အညောတိ၊ သစ်သားတခြား ခွက်သဏ္ဌာန် တခြားဟူ၍။ ယဒိဝဒေယျ၊ အကယ်၍ ဆိုငြားအံ့။ ဒါရုမှာ၊ ထိုခွက်၌ ရှိသော သစ်သားမှ။ ဝိသုံကတွာ၊ အသီးအခြား ပြ၍။ ပတ္တော၊ ခွက်ကို။ လဗ္ဘမာနော၊ ရအပ်သည်။ သိယာ၊ ဖြစ်ရာ၏။ နစလဗ္ဘတိ၊ အသီးအခြား ရအပ်သည်လည်း မဟုတ်။ ကသ္မာ၊ အဘယ့်ကြောင့်နည်း ဆိုသော်။ ဒါရုဝိကတိမတ္တတ္တာ၊ သစ်သား၏ တည်ပုံ အမူအရာထူးမျှသာ ဖြစ်သောကြောင့် တည်း။
အသီးအခြား ဆိုခဲ့သော် သစ်သားမှာလည်း သူ့ ဓာတ်နှင့်သူ ခွက်မှာလည်း သူ့ဓာတ်နှင့်သူ ဖြစ်ကြရာ၏။ ထိုသို့ကား မဟုတ် သစ်သားခွက် ဟူသည် ပြုပြင်၍ ထားအပ်သော သစ်သား၏ သဏ္ဌာန် အထူးမျှသာ ဖြစ်၏။ ထို့ကြောင့် သစ်သား တခြား ခွက်တခြား မဆိုသင့်-ဟူလို။
အနညောတိ၊ တခြားစီမဟုတ်ဟူ၍။ အထဝဒေယျ၊ အကယ်၍ဆိုငြားအံ့။ ဒါရူတိ၊ သစ်သားဟူ၍။ ဝုတ္တေ၊ ဆိုခဲ့သည်ရှိသော်။ သဗ္ဗတ္ထ၊ အလုံးစုံသော အရာတို့၌။ ပတ္တော၊ ခွက်ကို။ ဝိညာယေယျ၊ သိအပ်ရာ၏။ နစဝိညာယတိ၊ သိလည်းမသိအပ်။ ကသ္မာ၊ အဘယ့်ကြောင့်နည်း ဆိုသော်။ အပတ္တာနံ၊ ခွက်မှ တပါးကုန်သော။ ဒါရုမယာနံ၊ သစ်သားဖြင့် ပြီးကုန်သော။ ဝတ္ထူနံ၊ ခုတင် ညောင်စောင်း အစရှိသော ဝတ္ထုတို့၏။ ဝိဇ္ဇမာနတ္တာ၊ ထင်ရှား ရှိပြန်သောကြောင့်တည်း။ အဓိပ္ပါယ်လွယ်ပြီ။ အယံ၊ ဤသည်ကား။ ဧတ္ထ၊ ဤ ဒါရုပတ္တောဟူသော ပုဒ်နှစ်ခု၌။ ပဒသောဓနာ၊ ပုဒ်အနက်သွားခြင်း ရှင်းလင်းခဏ်းတည်း။
ဧတ္တာဝတာ၊ ဤမျှသော ရှင်းလင်းချက်ဖြင့်။ ဒါရုသာရော၊ သစ်လျှင် အနှစ်အသားရှိသော။ ပတ္တာ၊ ခွက်သဏ္ဌာန်ကို။ ဒါရုပတ္တောတိ၊ သစ်ခွက်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဣတိ အတ္ထော၊ ဤသို့သော အနက်သည်။ သိဒ္ဓေါ၊ ထင်ရှားသည်။ ဟောတိ၊ ဖြစ်၏။ ယောစဓမ္မော၊ အကြင်တရားသည်။ ယဿဓမ္မဿ၊ အကြင်အမှီတရား၏။ သာရော၊ အနှစ်အသားဟူသောအမာခံသည်။ ဟောတိ၊ ဖြစ်၏။
သောယေဝ၊ ထိုအနှစ်အသား အမာခံဖြစ်သော တရားသည်သာလျှင်။ တဿ၊ ထိုအမှီတရား၏။ အတ္တာနာမ၊ အတ္တမည်၏ ကိုယ်မည်၏။ ဣတိ၊ ထို့ကြောင့်။ ဒါရု၊ သစ်သားသည်။ တဿပတ္တဿ၊ ထိုခွက်၏။ သာရဋ္ဌေန၊ အနှစ်အသား ဖြစ်သောကြောင့်။ အတ္တာနာမ၊ ခွက်၏ အတ္တမည်၏ ခွက်၏ကိုယ်မည်၏။ ဣတိကတွာ၊ ဤသို့အကြောင်းပြု၍။ ဒါရုမယော၊ သစ်သားအထိ ပြီးသော။ ပတ္တော၊ ခွက်ကို။ ဒါရုပတ္တောတိ၊ ဒါရုပတ္တဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ မတ္တိကာပတ္တ၊ မြေခွက်။ သီလာပတ္တ၊ ကျောက်ခွက်။ အယောပတ္တ၊ သံခွက်။ လောဟပတ္တ၊ ကြေးခွက်။ ရဇတပတ္တ၊ ငွေခွက်။ သုဝဏ္ဏပတ္တ၊ ရွှေခွက်။ မဏိပတ္တေသု၊ ပတ္တမြား ခွက်တို့၌လည်း။ ဧသနယော၊ ဤသစ်သားခွက် အတူပင်တည်း။
မြေကိုပြုလုပ်သောခွက်၌ မြေသည် ထိုခွက်၏အသား ဖြစ်၍ ထိုခွက်၏ အတ္တမည်၏။ ကိုယ်မည်၏ စသည်ဖြင့် ဆိုလေ။ အတ္တ ခေါ်ပုံကို ထင်ရှားအောင် ပြသော ဥပမာစု ပေတည်း။
ရူပကာယ, နာမကာယ ဟူရာ၌ ကာယသဒ္ဒါ၏ အနက်ဖြစ်သော ကိုယ်ဟူသော ဝေါဟာရသည်မူကား - အနှစ်သာရ ဟူသော အနက်သွားမျိုး မဟုတ်၊ အပေါင်း ဟူသော အနက်သွားမျိုး ပေတည်း။ အနတ္တာ ကိုယ်မဟုတ် ဆိုရာ၌ ထိုကိုယ် ကိုယ် မဟုတ်ဟု ဆိုလိုသည် မဟုတ်။ ထို ကိုယ်ကား သမူဟတည်း။
လူအပေါင်းကို ဇနကာယ ခေါ်သည်။
နတ်အပေါင်းကို ဒေဝကာယ ခေါ်သည်။
ရုပ် အပေါင်းကို ရူပကာယ ခေါ်သည်။
နာမ်အပေါင်းကို နာမကာယခေါ်သည်။
အဟုတ်အမှန်ပင်တည်း။
ရုပ်သည် ပုဂ္ဂိုလ်၏အတ္တတည်း။
ပုဂ္ဂိုလ်၏ အနှစ်အသားတည်း။
ပုဂ္ဂိုလ်၏ ကိုယ်တည်း။
အမာခံတည်း။ အထည်ခံတည်း။
ဧရာတည်တည်း ဟု စွဲလမ်းကြသော ကိုယ်သည် သာလျှင် မဟုတ်မမှန် ဖြစ်သတည်း။ ဤကား အတ္တ၏ အနက်သွားကို ထင်ရှားအောင် ပြဆိုသော ဥပမာ စကားရပ်တည်း။
ဧဝမေဝံ၊ ဤဥပမာစုတို့နှင့် တူစွာသာလျှင်။ အယံ သတ္တော၊ ဤသတ္တဝါ အပေါင်းသည်။ ရူပသာရော၊ ခက်မာမှု, ကွဲစေးမှု,အစရှိသော ရုပ်တရားလျှင် အနှစ် အသားရှိ၏။ ဝေဒနာ သာရော၊ ဆင်းရဲမှု ချမ်းသာမှု ခံစားစံစားမှု ဟူသော ဝေဒနာလျှင် အနှစ်အသား ရှိ၏။ သညာသာရော၊ သိမှု, မှတ်မှု, တတ်မှု, လိမ္မာမှု ဟူသော သညာလျှင် အနှစ်အသား ရှိ၏။ သင်္ခါရသာရော၊ ကိုယ်အင်္ဂါ ပြုပြင်မှု, နှုတ်အင်္ဂါ ပြုပြင်မှု, စိတ်အင်္ဂါ ပြုပြင်မှု ဟူသော စေတနာလျှင် အနှစ်သာရ ရှိ၏။ ဝိညာဏသာရော၊ မြင်မှု, ကြားမှု နံမှု, လျက်မှု, တွေ့ထိ မှန်းသိမှု အထွေထွေ အလာလာ ကြံဘန်မှု ဟူသော ဝိညာဏ်လျှင် အနှစ်အသားရှိ၏။ ဣတိကတွာ၊ ဤသို့ အနှစ်သာရဟု နှလုံးပြု၍။ ရူပါဒယော၊ ရုပ်အစရှိကုန်သော။ ပဉ္စက္ခန္ဓဓမ္မာ၊ ငါးပါးသော ခန္ဓာတရားတို့သည်။ သတ္တဿ၊ သတ္တဝါ၏။ အတ္တာနာမ၊ ကိုယ်မည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယာဝစ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ တေဓမ္မာ၊ ထိုခန္ဓာငါးပါး တရားတို့သည်။ ဇီဝန္တိ၊ မချုပ်မပျက် အသက်ရှည်ခါ တည်နေကုန်၏။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ သတ္တာ၊ သတ္တဝါတို့သည်။ ဝဿသတံပိ၊ အနှစ်တရာပတ်လုံး၎င်း။ ဝဿသဟဿံပိ၊ အနှစ်တထောင်ပတ်လုံး၎င်း။ ဇီဝန္တိ၊ အသက်ရှည်ကြကုန်၏။ ယာဝစ၊ အကြင်မျှလောက်သော ကာလပတ်လုံးလည်း။ သတ္တာ၊ သတ္တဝါတို့သည်။ ဇီဝန္တိ၊ အသက်ရှည်ကုန်၏။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ တေဓမ္မာ၊ ထိုခန္ဓာငါးပါး တရားတို့သည်။ ဝဿသတံပိ၊ အနှစ်တရာ တိုင်အောင်၎င်း။ ဝဿသဟဿံပိ၊ အနှစ်တထောင် တိုင်အောင်၎င်း။ ဇီဝန္တိ ၊အသက်ရှည်ကုန်၏။ ဣတိ ဣဒံ၊ ဤသို့ မြင်ခြင်း, ယူခြင်းသည်။ မိစ္ဆာဒဿနံ၊ မှောက်မှားသော အတ္တဒိဋ္ဌိ အမြင်ပေတည်း။
လောက၌ သစ်သားခွက် စသည်တို့၌ သစ်သား စသည်တို့သည်သာလျှင် ခွက်၏ အနှစ်သာရ အတ္တကိုယ်ထည် ဖြစ်ပေရကား။ သစ်သား မြေ ကျောက်, ရွှေ ပတ္တမြားတို့ အသက်ရှည်သမျှ ခိုင်ခန့်စွာ တည်နေသမျှ ကာလပတ်လုံး ခွက်သည် အသက်ရှည်သကဲ့သို့ --
ထို့အတူ ခန္ဓာငါးပါးတို့သည် သတ္တဝါတို့၏ အနှစ်သာရ အတ္တကိုယ်ထည် ဖြစ်ပေ ရကား ခန္ဓာငါးပါးတို့ မချုပ်မပျက် အသက်ရှည်သမျှ ကာလပတ်လုံး သတ္တဝါတို့၏ အသက် ရှည်ကြကုန်၏ ဟူသော အထင်အမြင် အစွဲအလမ်းကြီးသည် အတ္တဒိဋ္ဌိ မည်၏။ သက္ကာယဒိဋ္ဌိမည်၏၊ ဟူလိုသည်။
တေသံ ဓမ္မာနံ၊ ထိုခက်မာမှု ဖွဲ့စေးမှု အစရှိကုန်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ခဏေ ခဏေ၊ ခဏတိုင်း ခဏတိုင်း၌။ ခယဝယ ဘေဒံ၊ ကုန်ခန်းခြင်း, ကွယ်ပျောက်ခြင်း, ပျက်စီးခြင်းကို။ ပစ္စက္ခတော၊ ဒိဋ္ဌပစ္စက္ခအားဖြင့်။ ပဿန္တဿပန၊ မြင်နိုင်သော ပညာရှိ သူမြတ်အားကား။ တေသံ၊ ထို ခန္ဓာငါးပါးတို့၏။ သတ္တဿ၊ သတ္တဝါ၏။ အသာရဘာဝေါစ၊ အနှစ်အသား မဟုတ်သည်၏ အဖြစ်သည်၎င်း။ အနတ္တဘာဝေါစ၊ကိုယ်ထည် မဟုတ်သည်၏ အဖြစ်သည်၎င်း။ သုဋ္ဌု၊ ကောင်းစွာ။ ဝိဝိတော၊ ထင်လင်းသည်။ ဟောတိ၊ ဖြစ်၏။ သတ္တပုဂ္ဂလ, အတ္တဇီဝါနဉ္စ၊ သတ္တဝါ, ပုဂ္ဂိုလ်,အတ္တဇီဝတို့၏လည်း။ သဗ္ဗသော၊ အချင်းခပ်သိမ်း။ နတ္ထိဘာဝေါ၊ မရှိသည်၏ အဖြစ်သည်။။ သုဋ္ဌု၊ ကောင်းစွာ။ ဝိဒိတော၊ ထင်လင်းသည်။ ဟောတိ ၊ဖြစ်၏။ ဣဒံ၊ ဤသည်ကား။ သမ္မဒဿနံ၊ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်အမြင်ပေတည်း။
လိုရင်းကား --
ဤလောက၌ သစ်သားခွက်, မြေခွက် ကျောက်ခွက်, သံခွက်, ကြေးခွက်, ငွေခွက်, ရွှေခွက် ပတ္တမြားခွက်အားဖြင့် အစားစား ရှိ၏။ ထိုစကား၌ သစ်သားဖြင့် ပြုလုပ်သော ခွက်ကို သစ်သားခွက် ဟူ၍ ဆိုအပ်၏။ ဤအတူ မြေခွက် ကျောက်ခွက်, သံခွက် စသည် တို့ကိုလည်း ဆိုအပ်၏။
သစ်သားခွက်၌ ခွက်ဟူသော ဝေါဟာရ ပတ္တ သဒ္ဒါသည် ခွက်၏ ပုံဟန်သဏ္ဌာန်မျှ ကိုသာ ပြနိုင်၏။ အသားရင်း အထည်ကိုယ်၊ အမျိုးမှန် မမှန်၊ အဘိုးတန် မတန် ကိုကား ထိုခွက်ဟူသော ဝေါဟာရပတ္တသဒ္ဒါက မပြနိုင်။
အမျိုးမှန်-မမှန်၊ အဘိုးတန် မတန်ကိုကား သစ်သားဟူသော ဒါရုသဒ္ဒါကို ကြားမှ သာလျှင် ခွက်၏ အမျိုးမှန်-မမှန်၊ အဘိုးတန် မတန်ကို သိနိုင်ကုန်၏။
သစ်ခွက်၌ သစ်သားသည် ခွက်ဟူသော ပုံဟန်သဏ္ဌာန်အထူး၏ တည်ရာဝတ္ထုရင်း အထည်ကိုယ် ဖြစ်၏။ သစ်သားမှတပါး အသီးအခြား ခွက်ဟူ၍ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်းမရှိ၊ ဤခွက်ဟူသော ပုံဟန်သဏ္ဌာန်၏ တည်ရာ ဖြစ်သော သစ်သားကိုသာလျှင် ခွက်ဟူ၍ ဆိုအပ်၏။ သတိမူပါ။
ဤသစ်သားသည် အကြင်မျှလောက် ခိုင်ခန့်၏။ ထိုမျှလောက် ခွက်သည်လည်း ခိုင်ခန့်၏။ ဤသစ်ခွက်သည် သစ်သား အားလျော်စွာ အဘိုးတန်၏ ဂုဏ်ရှိ၏။ အသုံး ဝင်၏ဟု သိအပ်၏။ မြေခွက်, ကျောက်ခွက်, သံခွက် စသည်တို့မှာလည်း ဤနည်း အတူသာ မှတ်ပါ။
အကြင်သူသည် သစ်သားကိုပြုလုပ်သော သစ်သားခွက်၌ ခွက်ဟူသော ပုံဟန် သဏ္ဌာန်အထူး၏ တည်ရာဖြစ်သော သစ်သားကို မူကား သိမြင်ကြကုန်၏။ ဤ သစ်သား၏ တည်ရာဝတ္ထုရင်း အထည်ကိုယ်ဖြစ်သော အဋ္ဌကလာပ် ရုပ်ဓာတ်တရား တို့ကိုကား မသိမမြင်ကြကုန်။
သိမြင်ရမည်ကား ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ ဂန္ဓ ရသ, သြဇာ ဟူသော အဋ္ဌကလာပ် ရုပ်ဓာတ်တရား တို့သည် ဤသစ်သား၏ တည်ရာ ဝတ္ထုရင်း အထည်ကိုယ် ဖြစ်၏။ ထိုအဋ္ဌကလာပ် ရုပ်ဓာတ်တရားမှတပါး အသီးအခြား သစ်သားဟူ၍ သက်သက်မရှိ၊ ဘိက်မရှိ၊ အလျှဉ်းမရှိ၊ ဤသစ်သား၏ တည်ရာ ဖြစ်သော အဋ္ဌကလာပ် ရုပ်ဓာတ်တရား တို့ကိုသာလျှင် သစ်သားဟူ၍ ဆိုအပ်၏။ ဤအဋ္ဌကလာပ် ရုပ်ဓာတ် တရားတို့သည် အကြင်မျှလောက် ခိုင်ခန့်၏။ ထိုမျှလောက် သစ်သားသည် ခိုင်ခန့်၏ဟု သိအပ်၏။
ထို့တူမခြား ခန္ဓာ ငါးပါး၊ ရုပ်နာမ် တရားဖြင့် ပြီးသော သတ္တဝါများသည် ဤခန္ဓာငါးပါး ရုပ်နာမ် တရားတို့သည်သာလျှင် အထည်ကိုယ်ဝတ္ထုရင်း ဖြစ်၏။ ဤခန္ဓာငါးပါး ရုပ်နာမ် တရားမှတပါး၊ အသီးအခြား လူ နတ်, ဗြဟ္မာ, သတ္တဝါဟူ၍ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်းမရှိ စင်စင်ကြီး ကင်းရှင်းလှ၏။
ဤခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကိုသာလျှင် လူ နတ်, ဗြဟ္မာ သတ္တဝါဟု ထင်ရုံခါမျှသာ ထင်မြင်ပြောဆိုကြရ၏။ ယခုပြဆိုခဲ့သည့် အချက် သစ်သားခွက် ပမာဏ၌ --
ခွက်ဟူသော ဝေါဟာရနှင့် လူ, နတ်, ဗြဟ္မာ, သတ္တဝါ ဟူ၏။
သစ်သား ဟူသော ဝေါဟာရစကားနှင့် ရူပက္ခန္ဓာတရား တူ၏။
ဤအရာမှာ အဋ္ဌကလာပ်ရုပ်ဓာတ်တရား အသက်ရှည်သမျှ ရူပက္ခန္ဓာလည်း အသက် ရှည်သည်မှန်၏။ ဤရူပက္ခန္ဓာ အသက်ရှည်သမျှမှာ သတ္တဝါ အသက်ရှည်သည်ဟု ထင်လျှင် မှား၏။ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ ဖြစ်၏။ အဘယ့်ကြောင့်နည်း ဆိုလျှင် ပင်ကိုယ်ရင်းသဘော ပကတိကိုက သတ္တဝါမရှိ သည်ကိုပင် သတ္တဝါဟု အထင်စွဲ လွဲခြင်းကြောင့်တည်း။ များများကြီး သတိထားပါ။
ထင်ရှားစေဦးအံ့ -
ဤသတ္တဝါများသည် ရေမြှုပ်စိုင် ရေမြှုပ်ခဲနှင့် တူသော ဤရူပက္ခန္ဓာတရားသည် သာလျှင် အထည်ကိုယ် ဝတ္ထုရင်းဖြစ်၏။ ဤရူပက္ခန္ဓာ တရားမှတပါး အသီးအခြား လူ နတ်, ဗြဟ္မာ, သတ္တဝါ ဟူ၍ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျှဉ်းမရှိ၊ စင်စင်ကြီး ကင်းရှင်းလှ၏။ ဤ ရူပက္ခန္ဓာတရား ကိုသာလျှင် လူနတ်, ဗြဟ္မာ, သတ္တဝါဟု ထင်ရုံခါမျှသာ ထင်မြင် ပြောဆိုကြရ၏။
။ သတိမူပါ။
ဤသတ္တဝါများသည် ရေပွက်နှင့်တူသော ဝေဒနာက္ခန္ဓာ တရားသည်သာလျှင် အထည်ကိုယ် ဝတ္ထုရင်း ဖြစ်၏။ ဤဝေဒနာက္ခန္ဓာ တရားမှတပါး အသီးအခြား လူ, နတ် ဗြဟ္မာ, သတ္တ ဝါဟူ၍ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်း မရှိ၊ စင်စင်ကြီး ကင်းရှင်းလှ၏။ ဤ ဝေဒနာက္ခန္ဓာတရား ကိုသာလျှင် လူ နတ်, ဗြဟ္မာ, သတ္တဝါဟု ထင်ရုံခါမျှသာ ထင်မြင် ပြောဆိုကြရ၏။
ဤသတ္တဝါများသည် တံလျှပ်နှင့်တူသော သညာက္ခန္ဓာတရား သည်သာလျှင် အထည်ကိုယ် ဝတ္ထုရင်း ဖြစ်၏။ ဤသညာက္ခန္ဓာ တရားမှတပါး အသီးအခြား လူ နတ် ဗြဟ္မာ, သတ္တဝါ ဟူ၍သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်းမရှိ၊ စင်စင်ကြီး ကင်းရှင်းလှ၏။ ဤ သညာက္ခန္ဓာ တရားကိုသာလျှင် လူ, နတ်, ဗြဟ္မာ, သတ္တဝါဟု ထင်ရုံခါမျှသာ ထင်မြင်ပြောဆိုကြရ၏။
ဤသတ္တဝါများသည် ငှက်ပျောတုံးနှင့် တူသော သင်္ခါရက္ခန္ဓာ တရားတို့သည် သာလျှင် အထည်ကိုယ် ဝတ္ထုရင်းဖြစ်၏။ ဤသင်္ခါရက္ခန္ဓာတရား တို့မှတပါး အသီးအခြား လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူ၍ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်းမရှိ၊ စင်စင်ကြီး ကင်းရှင်းလှ၏။ ဤသင်္ခါရက္ခန္ဓာ တရားတို့ကိုသာလျှင် လူ, နတ်, ဗြဟ္မာ, သတ္တဝါဟု ထင်ရုံခါမျှသာ ထင်မြင် ပြောဆို ကြရ၏။ သတိမူပါ။
ဤသတ္တဝါများသည် မျက်လှည့်ရုပ်နှင့် တူသော ဝိညာဏက္ခန္ဓာ တရားသည် သာလျှင် အထည်ကိုယ် ဝတ္ထုရင်းဖြစ်၏။ ဤဝိညာဏက္ခန္ဓာ တရားမှတပါး အသီး အခြား လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူ၍ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်း မရှိ၊ စင်စင်ကြီး ကင်းရှင်းလှ၏၊ ဤ ဝိညာဏက္ခန္ဓာ တရားကိုသာလျှင် လူ, နတ်, ဗြဟ္မာ, သတ္တဝါဟု ထင်ရုံခါမျှသာ ထင်မြင် ပြောဆိုကြရ၏။
ဤခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့သည် ရေမြှုပ် ရေပွက် စသည်တို့နှင့် တူသည်၏ အဖြစ်ကို -
ဖေဏပိဏ္ဍောပမံရူပံ၊ ဝေဒနာပုပ္ဖုဠောပမာ။
မရီစိကုပမာသညာ၊ သင်္ခါရာကဒလူပမာ။ ။
မာယူပမာနံ ဝိညာဏံ၊ ဒဋ္ဌဗ္ဗံ သာရဒဿိနာ။
ဟု ဟောတော်မူ၏။
ရူပံ၊ ဘူတရုပ်လေးခု စတုဝီသာ ဥပါဒါဟု၊ အဋ္ဌာဝီသ ရုပ်စုမျှလျက် ဂါဟစွဲငုတ် ဤကိုယ်ပုပ် ရုပ်စု ရုပ်ခဲကြီးသည်။
ဖေဏပိဏ္ဍောပမံ၊ ပထဝီထင်းချောင်း ပျောင်းအိအာပေါ တေဇောချမ်းပူ လူလူ လွင့်ထ ဝါယောမှသည် စ၍များမြောင် တောင်တမျှရှိ ကြီးဘိတမူ သုံးယူမဖြစ် အနှစ်မရှိ အကာတိသာ ပြစ်စရာ ပမာရေမြှုပ်နှင့် တူ၏။
ဝေဒနာ၊ မျက်စိအာရုံ နားအာရုံနှင့် အာရုံရသာ ခံစားပါလည်း အရာမရောက် ခါခါ ပျောက်သည့် ခြောက်ပါးသော ဝေဒနာအစုသည်။
ပုပ္ဖုဠောပမာ၊ ဆင်းရဲချမ်းသာ ရံခါလျစ်လျူ ဆူလည်ရုတ်ယက် လျင်စွာပျက်၍ သုံးကွက် သုံးရာ မထင်လာ ပမာရေပွက်နှင့် တူ၏။
သညာ၊ ဣတ္တိပုရိသ သတ္တဇီဝါ ထင်မှတ်ပါလည်း မှတ်ရာမမြဲ အထင်လွဲသော သညာအစုသည်။
မရီစိကုပမာ၊ ရေဟုထင်မှတ် ကြိုးပမ်းလတ်၍ တမတ်မားမား လိုက်လေငြားလည်း တောသားသမင် မောဟိုက်သွင်သို့ ဝိညာဏ်ဇီဝ သတ္တဆိတ်ညံ ပဉ္စကံကို။
အဟံမမ၊ ထင်မှားရအောင် များလူပေါင်ကို ရုပ်ဆောင်လှည့်ပတ် အတွေးကပ်သည့် တံလျှပ်နှင့်တူ၏။
သင်္ခါရာ၊ ဝိတက်, ဝိစာ စေတနာက ဖဿမှသည် စ၍ရေတွက် နှစ်မဘက်သည့် သင်္ခါရက္ခန္ဓာ အပေါင်းတို့သည်။
ကဒလူပမာ၊ အနှစ်တွေ့နိုး အားအံကြိုး၍ အကြိုးတလျောက် ထက် အောက်, တွင်းပြင် ရှာသော်လျှင်လည်း တပင်လုံးသာ ကုန်လေပါသည် အကာ လုံးလုံး၊ အနှစ် သုဉ်းသည့် ငှက်ပျောတုံးနှင့် တူ၏။
ဝိညာဏံ၊ စက္ခု သောတ ဃာန ဇိဝှါ ကာယနှလုံး မှီအုံးခိုနေ လူကိုမွှေသည့် ခြောက်ထွေသော ဝိညာဏ်အစုသည်။
မာယူပမာနံ၊ ကျောက် အုဌ်ခဲကို ဖောက်လွှဲပြုပြင် ရွှေစင်မြသား ပတ္တမြား အရောင် ဟန်ဆောင်ပြုလုပ် မျက်လှည့်ရုပ်နှင့် တူ၏။
ဣတိ၊ဤသို့။
သာရဒဿိနာ၊ အနှစ်ကို မြင်သိသော ပညာရှိသည်။
ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
ဤ “ဖေဏပိဏ္ဍောပမသုတ်” - ဒေသနာတော်မြတ်ကား။ ခန္ဓာငါးပါး၊ ရုပ်နာမ်တရား တို့၌ အနှစ်သာရ ဘာမျှမရှိသော သဘောကို ဟောတော်မူသည်။
(ဤ ရုပ်ဓာတ် နာမ်ဓာတ်တရားတို့၏ အစိတ်စိတ်သော သဘောကိုကား ကျေးဇူးရှင်ကြီးဘုရား ရေးသားတော်မူသော လက္ခဏဒီပနီ၊ ဝိဇ္ဇာမဂ္ဂ ဒီပနီ၊ အာဟာရ ဒီပနီ၊ ဘာဝနာ ဒီပနီ စသည်တို့မှာ ပညာနှင့်သာ အခါခါကြည့်ပါ။)
ယခုအခါ ဝိပဿနာ သဘောကို ထိထိမိမိ သိစေ ခြင်းငှါ၊ ရုပ်နာမ်သင်္ခါရ ဟူသမျှခပင်းတို့ ဖြစ်ခြင်း ပျက်ခြင်း၏ တည်ရာဌာနကို သိသာရုံမျှ ပြဦးအံ့။
နှစ်သိန်းလေးသောင်း အထုရှိသော ဤမဟာပထဝီ မြေကြီး၏ အောက်က လေးသိန်း ရှစ်သောင်းထူသော ရေထုသည် ရှိ၏။
ထိုရေထု၏အောက်က ကိုးသိန်း ခြောက်သောင်း ထူသော လေထုသည် ရှိ၏။
ထို လေထု၏ အောက်၌ မြေလည်းမရှိ၊ ရေလည်းမရှိ၊ သစ်ပင် သတ္တဝါလည်းမရှိ၊ ဘယ်ဟာတစိမျှ လုံးလုံး မရှိသော ဟဇ္ဇဋာကာသ ဟူသော အဆုံးမရှိသော လဟာပြင်ကြီးအတိ ဖြစ်၍နေ၏
ထို ဟဇ္ဇဋာကာသ ဟူသော အောက်ကောင်းကင်ကို ထင်စွာပြဦးအံ့။
ခြောက်တိုင် လေးရာတွင်းကို တယူဇနာ ဆိုသည်ဟုမှတ်ပါ။ အလျား တယူဇနာ၊ အနံတယူဇနာ၊ ထက်အောက်ထု တယူဇနာ ထူသော ကျောက်ဖျာကြီးကို ထိုအောက် ကောင်းကင်၌ ချလိုက်သောအခါ လ, နှစ်, ကပ်, ကမ္ဘာ လွန်စွာကြာလျှင် ထိုကျောက်ဖျာသည် အောက်သို့ကျရင်းသာ လမ်းမှာ ကုန်လေရာ၏။
ထိုကုန်ရာ အရပ်က ဒုတိယ ကျောက်ဖျာ ဆက်၍သာ ချပါ။ ထို့တူပမာဏ တတိယ, စတုတ္ထ, ကျောက်ဖျာတွေ အသင်္ချေမက အဆက်ဆက် ချသော်လည်း ထိုလဟာ ပြင်ကြီးအတိမှာ ကုန်ဆုံး၏ ဟု မရှိရာ။ ဤတူပမာ ထက်အဇ္ဇဋာနှင့် ရှစ်မျက်နှာ ဖီလာကိုလည်း သိရမည်။
(ဤအရာ၌ လောကသုံးပါးနှင့်တကွ အနိစ္စ၊ ဒုက္ခ၊ အနတ္တ နယ်ကိုပြသော ဒုတိယ ရေးထုတ်သော “ဝိဝဋ္ဋဒီပနီ” စာအုပ်မှာ စာမျက်နှာနံပါတ် နှစ်ဆဲ့ခုနစ် ကစ၍ ပညာနှင့်သာ ယူပါ။)
ဤလဟာပြင် တခွင်လုံး အဆုံးမရှိကြီးထဲမှာ ဇာတိ အာဏာ ဝိသယ, ခေတ်သုံးဝ၌ ရှိရှိသမျှသော ရုပ်ခပင်းကို လိုရင်းအချုပ် စု၍ဆုပ်သော် ရုပ်အဋ္ဌဝီသ နှစ်ဆဲ့ရှစ်ခုသာ ရ၏။ ထိုနှစ်ဆဲ့ရှစ်ခုသော ရုပ်တို့တွင် ဥပါဒါန် ရုပ် နှစ်ဆဲ့လေးပါးတို့ထက် ပထဝီ အာပေါ တေဇော ဝါယော ဟူသော ဘူတရုပ် လေးပါး တို့သည်သာလျှင် လိုရင်း ပဓာန ဖြစ်ပေသည်။ ဤမဟာဘုတ် လေးပါး တို့တွင်လည်း ပထဝီ ဓာတ်တလုံး ကိုသာ ရှေးဦးစွာ အစ ပဌမလိုရင်းဆုံးကြီးဖြစ်လှ၍ ဤပထဝီဓာတ်၏ သဘာဝကို ပြပေအံ့။
ဤအရာ၌ ဝိပဿနာ ယောဂီ ပုဂ္ဂိုလ်တို့မှာ ပစ္စုပ္ပန် သတ္တဝါတို့၏ သန္တာန်ကိုသာ လိုရင်း ပါပေတည်း။ ထိုသတ္တဝါတို့၏ သန္တာန်မှာမှလည်း မိမိ၏ အဇ္ဈတ္တ သန္တာန် သည်သာလျှင် လိုရင်းဆုံးကြီးပါပေတည်း။
သို့သော်လည်း အနိမိတ္တ အပ္ပဏိဟိတ သုညတ တရားများကို များစွာထူးချွန် အလွန် သိထင် မြင်လွယ် စေခြင်းငှာသာ ဝဲယာ ရှေ့-နောက် ထက်အောက် ဇီလာ ဆယ်မျက်နှာ သိမ်းကြုံ၍ အားလုံးကုန်ရှိသမျှကို သိသာ ရအောင် ပြလိုက်ပေသည်။
ဤ လူတကောင်လုံးကို ပရမာအနုမြူတွေဖြစ်အောင် ထောင်းထုကြိတ်ချေသော် (ဥပမာအား) တတင်းသား ရှိရာ၏။
ထို တတင်းသားမှာ ပထဝီဓာတ်-တတင်း ရှိ၏။
အာပေါဓာတ်-တတင်းရှိ၏။
တေဇောဓာတ်-တတင်း ရှိ၏။
ဝါယောဓာတ်-တတင်းရှိ၏။
ဤဓာတ်လေးပါးကို အားလုံးကုန်ပေါင်း၍ ချင့်သော်လည်း တတင်းသား သည် သာလျှင်ရှိ၏။ ထိုဓာတ်လေးပါး တတင်းသား မှာပင် အနိစ္စလည်း တတင်း ရှိ၏။ ဒုက္ခလည်း တတင်း ရှိ၏။ အနတ္တလည်း တတင်းရှိ၏။ ထိုတတင်းစီ ရှိကြသော ဓာတ်လေးပါး၊ လက္ခဏာရေး သုံးပါးတို့ကို ပေါင်း၍ ချင့်သော်လည်း တတင်းသားသာ ရှိ၏။
(ဤတူပမာဏ ရုပ်ခန္ဓာဟူသမျှကိုလည်း သိကြလေ။)
ထိုပရမာနုမြူကို ပထဝီ,အာပေါ, တေဇော, ဝါယော ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ ဟူသော အဝိနိဗ္ဘောဂ အဋ္ဌကလာပ်ရုပ်ဓာတ် ခေါ်သည်။ ဤ ရှစ်ခုသော ရုပ်တို့၏ အသီး အသီးသော သဘောလက္ခဏာတို့ ကိုသာလျှင် ပရမတ်နှစ် ရုပ်မာတ်စစ်ဆိုသည်။
အဘယ့်ကြောင့် ဓာတ်မည်သနည်း ဟူမူကား “အတ္တနောသဘာဝံ ဓာရေတီတိ ဓာတု” ဟူသည်နှင့်အညီ မိမိ၏သဘောကို ဆောင်တတ်သည်၏ သတ္တိကြောင့် ဓာတ်မည်၏။ အဘယ်ကို ဆောင်သနည်း ဟူမူကား။ (ဥပမာအား)ကျောလုံးဝန်းပြား၊ ရှားမီးတခဲ ရဲရဲဉာဏ်ထဲမှာ ကြည့်၍ထား၊ ဤမီးခဲမှ ထွက်သောမီး၏ ပူစွမ်းတွေသည် ရှိန်ရှိန် ရှိန်ရှိန်၊ လစ်လစ် လစ်လစ်နှင့် ဖြစ်၍ပျက်သည်ကို မြင်လတ္တံ့။ မြင်အောင် ကြည့်ပါ။
ထိုမီးသည် မိမိ၏ ပူစွမ်းသတ္တိ ရှိသမျှကို သူ့သဘာဝတရား သူ့သဘောအားဖြင့် ရပ်နားခြင်းမရှိ၊ ပူစွမ်းသတ္တိကို ဆောင်ဘိသံကဲ့သို့။ ထို့အတူ ပထဝီဓာတ်သည် မိမိ၏ခိုင်မာ ကြမ်းထန်းခြင်း သဘောသတ္တိ ရှိသမျှကို သူ့သဘာဝတရား သူ့သဘောအားဖြင့် ရပ်နားခြင်းမရှိ၊ မာမာ ဟူသောသူ သဘောကို လစ်လစ် လစ်လစ်နှင့် ဖြုတ်ဖြုတ် ဖြုတ်ဖြုတ် ဖြစ်၍ ချုပ်၏။ ဤသို့ ဆောင်သော ဖြစ်ချုပ် သဘောတရားကို ခြားနားစွာ မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။
(ဤကဲ့သို့ ကြည့်ကြသော်လည်း ပရမတ္ထ သဘာဝ မြိမြိကို ထိထိမိမိ သိမြင် ခဲလှ၏။)
ပရမတ်မှန်က ပရမာနုမြူ တခြမ်းကို အစိတ် တသန်းစိတ်၍ တစိတ်စာမျှ သဏ္ဌာန် ပညတ်ဒြပ်အသွင် ထင်စရာ မြင်စရာမရှိ၊ လစ်လစ် သုတ်သုတ် သိမ့်သိမ့် လှုပ်သော သဘော မြဲမြံမျှမှသာ ပရမတ်ဟု မှတ်ပါ။
သဏ္ဌာန်နိမိတ်၊ အရိပ်အသွင်နှင့် ပြောစရာ ပြစရာ ဧရာ တည်မတည်၊ သည်ဟာဟု ဟိုဟာဟု၊ တခုခု နိမိတ်နှင့် အရိပ်သွင်ဟန်၊ ထင်ခဲ့ပြန်လျှင် ပညတ်ခံ လာပြီဟူ၍သာ မှတ်ပါ။ ဤကဲ့သို့ သဏ္ဌာန်ပညတ် ဒြပ်အသွင်နှင့်ထင်မြင် ခဲ့လျှင် တကဲ့အနိစ္စပင် မဟုတ်သေး၊ တကဲ့ဒုက္ခမှာ ဝေးစွ၊ တကဲ့ အနတ္တမှာ ပဂေဝ၊ ရှမ်းသိ၊ ကရင်သိမျှသာ မှတ်ပါ။။
(ဤအရာက သဘောစူးရှ၊ ဉာဏ်လိုလှ၏။ ကြပ်ကြပ်ကြီး သတိမူပါ။)
တကဲ့ ပရမတ် ဆတ်ဆတ်ကို တကယ် ထိထိ မိမိနှင့် တကယ် သိမြင်လျှင် ဘယ်အနိစ္စ ဒုက္ခ၊ ဘယ်အနတ္တဟု ရှုဘွယ်ရာမရှိ တကယ်ကြီး ပြီးစီးပါ၏။ လိုရင်းကား - ပရမတ်ဆတ်ဆတ် ဓာတ်ကိုပေါက်လျှင် ဝိသုဒ္ဓိခုနစ်ပါး၊ ဝိပဿနာတရားဟု တခမ်းတနား အခြားလုပ်ဘွယ်မရှိ၊ အကုန်လုံးပြီးစီးပါ၏။
ဤအရာတွင် ဝိပဿနာတင်လျှင် မမြဲသောသဘောကို ဘယ်လိုပင်မြင်မြင်၊ ဘယ်ဟာမမြဲဟု ရှုလျှင် မဟုတ်သောနည်း မမှန်သောနည်း ဒိဋ္ဌိပြုတ်နှင့် အဝေးကြီး။ ဟုတ်မှန်သောနည်းမှာ ထိုမမြဲတဲ့သဘောကိုသာ ဘယ်ဟာဆိုသည်ဟု ရှုမြင်လျှင် အဟုတ်မြင်၊ အမှန်မြင်၊ သောတာပန်ဟုသာ မှတ်ပါ။
ဤရုပ်၏ သဘာဝက ပြာကျအောင် စင်စင်၊ တကယ် မြင်လျှင် အနာဂါမ်ပင် ဖြစ်နိုင်ပါ၏။ နာမက္ခန္ဓာ နာမ်အရာက ပြာကျမှသာ အရဟတ္တဖိုလ်ကို ရသည်ဟု ဆိုပါ။
ဤသာသနာမှာ သောတာပန်အချက် ခက်သည်ဟု မထင်နှင့်။ သာသနာပမှာမှ ပြောသမျှ မကထက်မက ခက်သည် ဟူလို။
ယခင် ဆိုအပ်ခဲ့ပြီးသော ပထဝီဓာတ်သည် ရပ်နားခြင်းမရှိ၊ မာမာ ဟူသော အဗျာပါရ၊ သဘာဝစစ် လစ်လစ် ဖြုတ်ဖြုတ်နှင့် ရှိန်ရှိန် သုတ်သုတ် သိမ့်သိမ့်လှုပ်သော သဘောမျှကိုသာ မြင်အောင် ကြည့်ပါ။ ထိုမြင်သောအခါ စိတ်ထဲမှာ ဤမာမာ ဟူသော သဘောတရားသည် လူလား, နတ်လားဟု မေးစစ်ရာ၏။
ဤကဲ့သို့ လူ, နတ်, ဗြဟ္မာ, သတ္တဝါ ဟုတ်ပါ၏လားဟု စစ်တမ်း ထုတ်၍ မေးလျှင်၊ ထိုအခါ ဉာဏ်ထည်းမှာ ဤခိုင်မာ ကြမ်းထမ်းသော သဘော လက္ခဏာသည် ငါမဟုတ်၊ ကိုယ်မဟုတ်၊ လူ နတ်, ဗြဟ္မာ, သတ္တဝါ မဟုတ်ပဲ၊ သုတ်သုတ်မမြဲ ဆင်းရဲစွာလှ စိုးမရသော ကလေကဝ အလေ့ပေါက် သင်္ခါရကို မြင်လိမ့်မည်။ မြင်အောင် ကြည့်ပါ။ ကြပ်ကြပ်သတိမူပါ။
ထို့အတူ။ စေးဖွဲ့ ယိုတွဲ၊ ယိချွဲ ပြောင်းအိသော အာပေါဓာတ် သဘောသည် ငါမဟုတ်၊ ကိုယ်မဟုတ်၊ လူ့ နတ်, ဗြဟ္မာ, သတ္တဝါမဟုတ်ပဲ၊ သုတ်သုတ်မမြဲ၊ ဆင်းရဲ စွာလှ စိုးမရသော ပေါက်သောက် ကလေကဝ သင်္ခါရကို မြင်လိမ့်မည်။ မြင်အောင် ကြည့်ပါ။
ထို့အတူ လှပတင့်တယ် အရွယ်အိုမင်း အရေ တွန့်လိပ်ခြင်း စသည်ဖြင့် ရင့်ကျက် စေတတ်သော ခိုးရှိန် ဆူနွေး တုန်ဧ ပူလောင်သော တေဇောဓာတ် သဘောသည် ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတပါး, ယောက်ျား မိန်းမ မဟုတ်ပဲ၊ သုတ်သုတ်မမြဲ၊ ဆင်းရဲစွာလှ စိုးမရသော အလေ့ပေါက် ကလေကဝ ဗေါက်သောက် သင်္ခါရကို မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။
ထို့အတူ တောင့်တင်းခိုင်ခန့် ထောက်ပံ့ရွေ့တွာ လှုပ်ရှားသော ဝါယောဓာတ် သဘောသည် ငါမဟုတ်၊ ကိုယ်မဟုတ်၊ လူမဟုတ် နတ်မဟုတ်ပဲ၊ သုတ်သုတ်မမြဲ၊ ဆင်းရဲစွာလှ စိုးမရသော အလေ့ပေါက် ကလေကဝ သင်္ခါရကို မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။
(သတိမူပါလျှင် မြင်စရာ လွန်စွာကောင်း၏။)
ဤကဲ့သို့ မြင်သောအခါ ဝိပဿနာဉာဏ်ပညာ ဟူ၍သာမှတ်ပါ။ ဤဝိပဿနာဉာဏ် အမြင် ကြည်လင် သန့်ရှင်းသောအခါမှ အနိမိတ္တ ဖြစ်သောအနိစ္စ၊ အပ္ပဏိဟိတ ဖြစ်သောဒုက္ခ၊ သုညတဖြစ်သော အနတ္တသို့ ဆိုက်ရောက်မည်။ ဤသဘာဝဓမ္မော၊ အမှုန်မှ မနှောတဲ့၊ သုညတ သဘောတရားကို ခြားနားစွာ သိမြင်မှသာ ပရမတ် ပညတ် နှစ်ပါး ကွဲပြားမည်။ သတိမူပါ။
ဤအရာမှာ --
“သင်္ခါရာဝ သင်္ခါရေ ဝိပဿန္တိ၊ သမ္မသန္တိ၊ ဝ ဝတ္ထပေန္တိ၊ ပရိဂ္ဂဏှန္တိ၊ ပရိစ္ဆန္ဒန္တိ”
ဟူသည်နှင့် အညီ သင်္ခါရ တရားတို့သည် သာလျှင် သင်္ခါရတရားတို့ကို ရှုကုန်၏။ သုံးသပ်မှတ်သား သိမ်းဆည်း ပိုင်းခြားကုန်၏ ဟူသော မြင်ခြင်းသည် သာလျှင် သစ္စာလေးချက်ကို တပြိုင်နက် မြင်နိုင်သော သောတာပတ္တိ မဂ်ဖိုလ်စသော ပုဂ္ဂိုလ်ဆိုသည်ဟုမှတ်ပါ။ သောတာပန်ပုဂ္ဂိုလ် ဆိုသော်လည်း ချိုပေါက်သည်မဟုတ်။ တရားကို သိမြင် ယုံကြည်၍ ဒိဋ္ဌိ ဝိစိကိစ္ဆာမျှကိုသာ ပယ်သည်။ ချစ်ခင် သာယာမှု ဆိုသော် ဝိသာခါ စသည်ကိုမြှော်။
ဤသို့ သိမြင်ယုံကြည် နားလည်မှတ်သား ပွားများ ဆင်ခြင်မှ နိဗ္ဗာန်ကို ရကြမည်။ ဤကဲ့သို့ မရှုမဆင်ခြင် မသိမြင် မယုံကြည်လျှင် (ဤလောက၌ မိဘတို့အား ချစ်ကြငြားလည်း မိဘနှင့်မူ အယူကွဲပြား ဘစကားကို နားမထောင်လူ ရန်သူ ဖြစ်လေ၊ အမွေမရ ပမာဏသို့ ဘုရာ့စကား မြတ်တရားကို နားမဝင်ဘိ မသိလျှင် သူပုန်၊ မယုံလျှင် ရန်သူ၊ အတူလိုနေ မဂ်ဖိုလ်မွေကို မရလေငြား ဆင်းရဲပွားသည် အများလူတို့ သိစေဘို့။)
ထို့ကြောင့်-
ဣတိနေကေဟိ နာမေဟိ၊ ကိတ္တိတာယာ မဟေသိနာ။
ဝုဋ္ဌာနဂါမိနီ သန္တာ၊ ပရိသုဒ္ဓါ ဝိပဿနာ။
ဝုဋ္ဌာတုကာမော သံသာရ၊ ဒုက္ခပင်္ကာ မဟဗ္ဘယာ။
ကရေယျသံတတံတတ္ထ၊ ယောဂံပဏ္ဍိတဇာတိကော၊
ဟု (အဋ္ဌကထာ မိန့်၏။)
ဣတိ၊ ဤသို့။
အနေကေဟိ နာမေဟိ၊ များစွာသော အမည်တို့ဖြင့်။
ဝုဋ္ဌာနဂါမိနီ၊ မဂ်သို့ ရောက်ကြောင်း ဖြစ်သော။
သန္တာ၊ မီးဆဲ့တဆူ အပူခပ်သိမ်း ငြိမ်းစေတတ်သော။
ပရိသုဒ္ဓါ၊ စင်ကြယ်စွာသော။
ယာဝိပဿနာ၊ အကြင်မဂ်၏တည်ရာ ဝိပဿနာကို။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
ကိတ္တိတာ၊ ဟောကြား ချီးမွမ်းတော်မူအပ်ပြီ။
မဟဗ္ဘယာ၊ ကြောက်ဘွယ်ခမန်း ဘေးဘျမ်း ဧရာ လွန်ကြီးစွာသော။
သံသာရဒုက္ခပင်္ကာ၊ သံသရာဝဲဆင်းရဲ ပရပိုင် ရွှံ့ညွန်အိုင်မှ။
ဝုဋ္ဌာတုကာမော၊ ကူးတက်ထမြောက် မဂ်သို့ရောက်လိုသော။
ပဏ္ဍိတဇာတိကော၊ တိဟိတ် ပဋိသန် ဇာတိဉာဏ်ရှိသော အမျိုးကောင်းသား သ္မီးသည်။
တတ္ထ၊ ထိုဝိပဿနာ၌။
သတတံ၊ နေ့ရောညဉ့် ပါ ဘယ်ခါမပြတ်။
ယောဂံ၊ ပွားများစီးဖြန်းခြင်းကို
ကရေယျ၊ ပြုရာ၏။
ဤ ရုပ်နာမ် နှစ်သွယ်ကို အပုတ်ကောင်သဘွယ် ရန်သူနှယ်သို့ တွယ်တာ ငဲ့ကွက်ခြင်းကို မပြုမူ၍ ရှုကြရမည် ဟူလိုသည်။
တနည်းကား --
ဤရုပ်ခန္ဓာ နာမ်ခန္ဓာ နှစ်ပါးတို့တွင် ရုပ်ခန္ဓာ သည်သာလျှင် သဏ္ဌာန်ပညတ် ဒြပ် အသွင်ဟု ထင်မြင် ပြောဆိုကြရသည်။
ဤရုပ်ခန္ဓာကို လူသဏ္ဌာန် ဆိုသည်ကား ဦးခေါင်း, ခြေလက် မျက်နှာ ရင်, ဝမ်း စသော သဏ္ဌာန် အမျိုးမျိုးတို့ကို ဆိုသည်။ ထို လူသဏ္ဌာန် ဖြစ်၍နေသော ရုပ်ခန္ဓာ၌ ပထဝီဓာတ်စု ခိုင်မာ ကြမ်းထမ်းမှု ဟူသော သဘောတရားတို့သည် ထင်ရှားရှိကုန်၏။
ထို ခိုင်မာ ကြမ်းထမ်းသော သဘောတရားတို့သည် ဆတ်ဆတ်သော ပရမတ် ပထဝီ ဓာတ်တို့သာ မည်ကုန်၏။ ထိုပထဝီဓာတ် ခိုင်မာကြမ်းထမ်းမှု အမူအရာစုသည် ငါမဟုတ်, ကိုယ်မဟုတ်, လူမဟုတ် နတ်မဟုတ်၊ သုတ်သုတ်မမြဲ၊ ဆင်းရဲစွာလှ၊ စိုးမရသော အနိစ္စ, ဒုက္ခ, အနတ္တ, သဘောမျှသာဟု မြင်လိမ့်မည်။ မြင်အောင် ကြည့်ပါ။
ထို့အတူ - စေးဖွဲ့ ယိုဖွဲ့၊ ယိချွဲ ပြောင်းအိသော သဘောမှ အမူအရာစုသည် ဆတ်ဆတ်သော ပရမတ် အာပေါဓာတ်တို့သာ ဖြစ်ကုန်၏။ ထိုအာပေါဓာတ်သည် ငါမဟုတ်, ကိုယ်မဟုတ်၊ လူ, နတ်, ဗြဟ္မာ, သတ္တဝါ မဟုတ်ပဲ၊ အတည်မမြဲ ဆင်းရဲစွာလှ စိုးမရသော ပရမတ် အာပေါဓာတ် သဘောမျှသာ ဟု မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။
ထို့တူပမာဏ လှပတင့်တယ် အရွယ်အိုမင်း အရေတွန့်လိပ်ခြင်း စသည်ဖြင့် ရင့်ကျက်စေတတ်သော ခိုးရှိန် ဆူနွေး၊ တုန်ဧ ပူလောင်သော သဘောမှ အမူအရာ စုသည် ပရမတ်ဆတ်ဆတ် တေဇောဓာတ်တို့သာ ဖြစ်ကုန်၏။ ထိုတေဇောဓာတ် သည် ပုဂ္ဂိုလ်,သတ္တဝါ, ငါ သူတပါး ယောက်ျား, မိန်းမ, မဟုတ်သော ပရမတ် တေဇော ဓာတ်သာဟု မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။
ထို့တူမခြား ထောက်ပံ့ ရွေ့တွား၊ လှုပ်ရှားခြင်း သဘောမှု အမူအရာစုသည် ပရမတ် ဆတ်ဆတ် ဝါယောဓာတ်တို့သာ ဖြစ်ကုန်၏။ ထိုပရမတ် ဝါယောဓာတ်သည် ငါမဟုတ်၊ ကိုယ်မဟုတ်၊ လူ, နတ်, ဗြဟ္မာ, သတ္တဝါ မဟုတ်သော ပရမတ်ဆတ်ဆတ် ဝါယောဓာတ်မျှသာဟု မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။
(ဤကား မဟာဘုတ် ဟုခေါ်သော ဘူတရုပ် ဓာတ်ကြီးလေးပါးတည်း။)
ထို့အတူ ဤရူပက္ခန္ဓာ၌ရှိသော --
အဆင်းသည် ဝဏ္ဏ ဓာတ်မည်၏။ ထို ဝဏ္ဏခာတ်သည် ငါမဟုတ်၊ ကိုယ် မဟုတ်၊ ပရမတ်ဆတ်ဆတ် ဝဏ္ဏဓာတ်မျှသာမည်ကုန်၏။
အနံ့သည် ဂန္ဓဓာတ်မည်၏။ ထိုအနံ့သည်လည်း ငါ မဟုတ်၊ ကိုယ်မဟုတ်၊ ပရမတ် ဆတ်ဆတ် ဂန္ဓဓာတ်မျှသာ မည်ကုန်၏။
အရသာသည် ရသဓါတ် မည်၏။ ထိုရသသည် ငါမဟုတ်၊ ကိုယ်မဟုတ်၊ လူ, နတ်, ဗြဟ္မာ, သတ္တဝါ မဟုတ်သော ပရမတ်ဆတ်ဆတ် ရသဓာတ်မျှသာ မည်၏
ဓာတ်ဆီစုသည် ဩဇာဓာတ်မည်၏။ ထိုဓာတ်ဆီစုသည် ငါမဟုတ်၊ ကိုယ်မဟုတ်၊ ပရမတ်ဆတ်ဆတ် သြဇာဓာတ် မျှသာ မည်ကုန်၏။
ဤ ရုပ်ဓာတ်သဘောတို့သည် ပုဂ္ဂိုလ်. သတ္တဝါ, ငါ, သူတပါး၊ ယောက်ျား မိန်းမ, မဟုတ်။ သုတ်သုတ်မမြဲ၊ ဆင်းရဲစွာလှ စိုးမရသော ပရမတ်ဆတ်ဆတ် ရုပ်ဓာတ် သဘောမျှသာ ဖြစ်သည်ဟု မြင်လိမ့်မည်၊ မြင်အောင်ကြည့်ပါ။
(ဤသည်ကား၊ ရူပက္ခန္ဓာ၌ ရုပ်ဓာတ်ကို ပေါက်အောင် ရှုမြင်သော သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပညာရှိတို့ သိမြင်ပုံတည်း။)
နာမ်ခန္ဓာ လေးပါးတို့မှာမူကား --
ပုံသဏ္ဌာန်မရှိ၊ အစဉ်သန္တတိသာရှိ၏။ မြင်မှုအစဉ်သည် ဒဿနသန္တတိ မည်၏။ ထိုမြင်မှု စက္ခုဝိညာဏ်၊ ဒဿနသန္တတိ အစဉ်သည်၊ ငါမဟုတ်၊ ကိုယ်မဟုတ်၊ လူမဟုတ်၊ နတ်မဟုတ်သော ပရမတ်ဆတ်ဆတ် နာမ်ဓာတ် သဘောမျှသာ ဖြစ်၏။
စက္ခာယတနကိုမှီသော ထိုစက္ခုဝိညာဏ် ဒဿမ သန္တတိအစဉ် မြင်သောအခါ၊ ကောင်း မကောင်း အလတ်ဖြစ်သော အာရုံ၌ ခံစားတတ်သော သဘော မျှသည် ဝေဒနာစေတသိက် မည်၏။ ထိုဝေဒနာ စေတသိက်သည်၊ ငါမဟုတ်၊ ကိုယ်မဟုတ် သော ပရမတ် ဆတ်ဆတ် နာမ်ဓာတ် သဘောမျှသာဖြစ်၏။
ထိုစက္ခုဝိညာဏ် မြင်သောအခါ အာရုံကို အကျဉ်းအားဖြင့် သိမှတ်ခြင်း လက္ခဏာ သညာစေတသိက်သည် ငါမဟုတ် ကိုယ်မဟုတ်သော ပရမတ်ဆတ်ဆတ် မှတ်တတ်သော နာမ်ဓာတ်သဘောမျှသာ ဖြစ်သည်။
အာရုံကို နှိုးဆော် စေ့စပ်တတ်သော သဘောလက္ခဏာသည် ငါမဟုတ် ကိုယ်မဟုတ်, သုတ်သုတ်မမြဲ ဆင်းရဲစွာလှ စိုးမရသော ဆတ်ဆတ် ပရမတ်သဘော ဖဿ စသော သမ္ပယုတ် တရားနှင့်တကွ စေတနာ စေတသိက်မျှသာ ဖြစ်သည်။
ထို့အတူ - သောတဝိညာဏ် ကြားမှု အစဉ်သည် သဝနသန္တတိ မည်၏။ ထိုသဝန အစဉ်မျှသာဖြစ်သော သောတဝိညာဏ်စိတ်သည် ငါမဟုတ်, ကိုယ်မဟုတ်, လူမဟုတ်, နတ်မဟုတ်သော ပရမတ်ဆတ်ဆတ် နာမ် ဓာတ်သဘောမျှသာ ဖြစ်သည်။
ဃာနဝိညာဏ် နံမှုအစဉ်သည် ဃာယနသန္တတိ မည်၏။ ထိုနံမှု အစဉ်မျှသာဖြစ်သော ဃာနဝိညာဏ်စိတ်သည် ငါမဟုတ်၊ ကိုယ်မဟုတ်၊ လူ,နတ်, ဗြဟ္မာ, သတ္တဝါ မဟုတ်သော ပရမတ်ဆတ်ဆတ် နာမ်ဓာတ် သဘောမျှသာဖြစ်သည်။
ဇိဝှါဝိညာဏ် လျက်မှုအစဉ်သည် သာယနသန္တတိ မည်၏။ ထိုလျက်မှုအစဉ်မျှသာ ဖြစ်သော ဇိဝှါဝိညာဏ်စိတ်သည် မိန်းမလည်းမဟုတ်၊ ယောက်ျားလည်း မဟုတ် ပုဂ္ဂိုလ် သတ္တဝါလည်း မဟုတ်၊ ငါမဟုတ်၊ ကိုယ်မဟုတ်သော ပရမတ် ဆတ်ဆတ် နာမ်ဓာတ် သဘောမျှသာ ဖြစ်သည်။
တွေ့ထိမှုအစဉ် ကာယဝိညာဏ်စိတ်သည် ဖုသန သန္တတိ မည်၏။ တွေ့ထိမှု အစဉ်မျှသာ ဖြစ်သော ထိုကာယ ဝိညာဏ်စိတ်သည် ပုဂ္ဂိုလ်မဟုတ်, သတ္တဝါမဟုတ်, မိန်းမ ယောက်ျား, ငါ, သူတပါး, မဟုတ်သော အလေ့ပေါက် ကလေကဝ ဗေါက်သောက် သင်္ခါရ ပရမတ်ဆတ်ဆတ် နာမ်ဓာတ်သဘောမျှသာ ဖြစ်သည်။
မနောဝိညာဏ် ကြံစည်မှုအစဉ်သည် စိန္တနသန္တတိ မည်၏။ ထို ကြံစည်မှု အစဉ်မျှသာ ဖြစ်သော မနောဝိညာဏ်စိတ်သည် ငါမဟုတ်၊ ကိုယ်မဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ပဲ၊ အိပ်မက်ထည်းတွင် မြင်မက်သို့ မျက်လှည့်ရဲ့ပမာဏ နာမ်ဓာတ် သဘော မျှသာဖြစ်၏။
ကပ်ငြိတွယ်တာ သာယာသမျှမှာ လောဘစေတသိက်ကသာ သာယာခင်မက် နှစ်သက် တွယ်တာသည်။ ထိုသာယာသော သမုဒယ လောဘ စေတသိက်သည် လူမဟုတ်၊ နတ်မဟုတ်၊ ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ ငါမဟုတ်၊ ကိုယ်မဟုတ်သော ပရမတ် ဆတ်ဆတ် နာမ်ဓာတ် သဘောမျှသာဖြစ်သည်။
ဤအတူ ကြမ်းထမ်းမှု အမူအရာစုသည် ဒေါသစေတသိက်မျှသာ ဖြစ်၏။ ဤ ဒေါသစေတသိက် ကြမ်းထမ်းမှု အမူအရာစုသည် ငါမဟုတ်၊ ကိုယ်မဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်သော ပရမတ်ဆတ်ဆတ် နာမ်ဓာတ် သဘောမျှသာဖြစ်သည်၊
မသိမလိမ္မာမှု ဟူသမျှမှာ မောဟ စေတသိက်သာ ဖြစ်သည်။ ပုဂ္ဂိုလ် သတ္တဝါ မသိမလိမ္မာဟူ၍ မရှိ၊ ထိုမသိမလိမ္မာမှု ဟူသမျှမှာ ဆတ်ဆတ်သော ပရမတ်သဘော မောဟစေတသိက်မျှသာ ဖြစ်သည်။
ငါထင်မှု၊ ကိုယ်ထင်မှု၊ လူထင်မှု၊ နတ်ထင်မှု ဟူသမျှမှာ ဒိဋ္ဌိစေတသိက်ကသာ ထင်သည်။ ထိုအမှားကိုပင် အမှန်ထင်သော ဒိဋ္ဌိသဘော သူ့သဘာ၀ ဓမ္မသင်္ခါရမှာ ငါ မဟုတ်၊ ကိုယ်မဟုတ်၊ လူ နတ်, ဗြဟ္မာ, သတ္တဝါ မဟုတ်သော ပရမတ်ဆတ်ဆတ် နာမ်ဓာတ် သဘောမျှသာ ဖြစ်၏။
ထို့ကြောင့် -
ကမ္မဿကာရကော နတ္ထိ၊ ဝိပါကဿစ ဝေဒကော။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝံ တံ သမ္မဒဿနံ။
အနက်ကား --
ကမ္မဿ၊ ကုသိုလ် အကုသိုလ်ကံကို။
ကာရကော၊ ပြုလုပ်တတ်သော သတ္တဝါသည်။
နတ္ထိ၊ မရှိ။
ဝိပါကဿ၊ ကုသိုလ် အကုသိုလ်ကံ၏ အကျိုးတရားကို။
ဝေဒကောစ၊ ခံစား စံစားတတ်သော သတ္တဝါသည်လည်း။
နတ္ထိ၊ မရှိ။
သုဒ္ဓဓမ္မာ၊ ပုဂ္ဂိုလ် သတ္တဝါနှင့် မရောမယှက် ဖြစ်ပျက်မှန်လှ ရုပ်နာမ်သင်္ခါရတို့သည် သာလျှင်။
ပဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း။
ဧတံဒဿနံ၊ ဤ မြင်ခြင်းသည်သာလျှင်။
သမ္မဒဿနံ၊ မဖောက်မပြန် ဝိပဿနာဉာဏ်ဖြင့် ဟုတ်မှန်စွာမြင်ခြင်း မည်၏။
ဤကဲ့သို့ သိမြင်မှသာလျှင် ပညာသိ, ပညာထင် ပညာမြင်ဟူ၍သာ မှတ်ပါ။ လူ, နတ်, ဗြဟ္မာ, သတ္တဝါ ရှိသည်ဟု သိမြင်မှုမှာ ဝိညာဏ်သိ, ဝိညာဏ်ထင်, ဝိညဏ်မြင် ဟူ၍သာ မှတ်ပါ။
အကျဉ်းချုပ်လင်္ကာ မှတ်စရာကား
ဝိညာဏ်ပညာ၊ သိရာအမှု၊
မြင်နှစ်ခုတွင်၊ ဝိညာဏ်မြင်ပုံ၊
နွားမ,မြုန်သား၊ နွားငယ်အားဖြင့်၊
နိမ့်မြင့် ဆူကြုံ၊ ငြင်းခုံအလား၊
ပုံမခြားတည်း၊ အများသူငါ၊
မိစ္ဆာယူလွဲ၊ ငရဲကြီးလှ၊ ကုသိုလ်ရဟု၊
ပြုကြရှောင်ကြဉ်၊ ဝိညာဏ်မြင်တည်း၊
မှားပင်မှားဘိ၊ မှားခေါင်ထိ၏။
ဉာဏ်သိသဘော၊ ပညာဇောမှာ၊
သတ္တောကာသ သင်္ခါရမှ၊
လောကဝေါဟာ၊ ပညတ်သာလျက်၊
ဖြစ်နှင့်ပျက်မျှ၊ သဘာဝသာ၊
အဗျာပါရ၊ ဧကတ္တနှင့်၊
နာနတ္တနည်း၊ ဧဝံနည်းသာ၊
ဓမ္မတာဟု၊ ဖြူခါစင်စင်၊
ပညာမြင်မှ၊ ကြည်လင်လှသည်၊
မြင်ကြ အများ၊ မှန် အမှား။
ခြောက်ပါးဝိညာဏ်၊ သိထင်မြင်နှင့်၊
သုံးအင် ကမ္မ၊ ပြသမျှမှာ၊
သမုဒယ၊ ဒုက္ခသစ္စာ၊ ဖြစ်လေရာ၏။
ပညာသိမှ၊ ဒွါရသုံးခု၊
ပြုပြုသမျှ၊ မဂ္ဂ သစ္စာ၊
နိရောဓာကျ၊ ဖြစ်လေရသည်၊
သစ္စာ့အပြား၊ မှန်လေးပါး။
ဤကဲ့သို့ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို ပေါက်အောင် ရှုမြင်သော သမ္မာဒိဋ္ဌိ မဂ္ဂင်သည် ပညာရှိတို့ သိမြင်ပုံတည်း။ ဤကဲ့သို့ စာပေကို ကြည့်၍သော်၎င်း၊ သူတပါး ဟောသော တရားကိုကြား၍သော်၎င်း၊ မိမိစိတ်၌ ခြိုက်ခနဲသိမြင်လျှင် သောတာပန်ပင်ဟုသာ မှတ်ပါ။
ဤလောက၌ ရုပ်ဓာတ် နာမ်ဓာတ်မှတပါး လူ နတ်, ဗြဟ္မာ သတ္တဝါ ဟူ၍မရှိ၊ ယခု မျက်စိမြင် နားကြားရှိ၍ နေသည်ကား။ (ဥပမာမှာ) တစ္ဆေ ချောက်သောအခါ၊ ထိုတစ္ဆေက မိန်းမ ယောက်ျား ကျွဲနွား, ဆင် မြင်း ကဲ့သို့ ဖန်ဆင်း၍ ပြရာတွင် တကဲ့ရုပ်သွင် အဟုတ်ထင်၍ ကြောင်ကြောင်ကြီးပင် မြင်ကြရ၏။ ထို့အတူ သုံးဆဲ့တဝ ဘုံဌာန၌ မိန်းမ ယောက်ျား၊ လူ နွား စသော သတ္တဝါများသည် ထို တစ္ဆေရုပ်နှင့်မခြား တသားတည်း တူလှပေ၏။
တူဟန်ကား --
ယခုလောက မိန်းမ, ယောက်ျား, ဆင်, မြင်း, ကျွဲနွား ဆိုသည်ကား ပထဝီ, အာပေါ တေဇော, ဝါယော ဟူသော ဓာတ်လေးပါးကိုသာ မိန်းမ ယောက်ျား စသောအားဖြင့် ထင်မှားကြရပေသည်။ တစ္ဆေ ဖန်ဆင်း၍ပြသော မိန်းမ, ယောက်ျား စသည်များ မှာလည်း ပထဝီ, အာပေါ, တေဇော, ဝါယောဟူသော ဓာတ်လေးပါးကိုပင် မိန်းမ ယောက်ျား ဟု အထင်အမြင်အားဖြင့် မှားကြရပေသည်။
ဤသို့လျှင် သတ္တလောက တလောကလုံးကိုပင် တစ္ဆေရုပ်၊ မိန်းမ တစ္ဆေရုပ်၊ ယောက်ျား တစ္ဆေရုပ်၊ ကျွဲနွားနှင့် တသားတည်း တသဘောတည်း တထည်တည်းပင် ဟု တကယ် သိမြင်ရမည် ဟူလိုသည်။
ဥပမာ-ဥပမေယျ ဟပ်၍ ပြသော်ကား --
ယခု လောက၊ မိန်းမ, ယောက်ျားနှင့် တစ္ဆေ ဘန်ဆင်း၍ ပြသောမိန်းမ, ယောက်ျားနှင့် တသားတည်း၊ တသဘောတည်း၊ တထည်တည်း စင်စစ် တကယ် ဖြစ်၏။ တဏှာ၊ မာန၊ ဒိဋ္ဌိမှာ တစ္ဆေနှင့်သာ တူသည်ဟူ၍မှတ်ပါ။
ဥပမာ တနည်းကား --
စစ်ဗာရီကုလား ခရီးအားဖြင့် စီးသွားသော မြင်းများနှင့်လည်း တူပါ၏။ တူဟန်ကား။ နွေခါများ၌ မြက်ခြောက်တွေအား မြင်းမစား၍ ထိုမြက်ခြောက်ကိုပင် ရေဆွတ်ပြီးလျှင် ထိုမြင်းတို့အား မျက်မှန်စိမ်းတပ်၍ တဖန် ကျွေးပြန်လေ၏။ ထိုအခါ မြင်းအပေါင်း တို့သည် ဗိုက်ဖေါင်း၍ သွားအောင် ဝမ်းသာအားရနှင့် စားကြလေကုန်၏။
မျက်မှန်စိမ်း ချွတ်မိ၍ ပကတိမျက်စိနှင့် ကြည့်သောအခါ၊ ထို မြက်ခြောက်မှာ အာသာမစွဲ အထဲမငြိ ပကတိမြင်ခါမျှဖြင့်သာ ကြည့်ကြလေကုန်၏။
ဥပမာ ဥပမေယျဟပ်၍ ပြသော်ကား --
မာရ်နတ်သားသည် စစ်ဗာရီကုလားနှင့်တူ၏။
သတ္တဝါများသည် မြင်းနှင့်တူ၏။
သုံးဆဲ့တထွေ အာရုံတွေသည် မြက်ခြောက်တွေနှင့် တူ၏။
တဏှာ, မာန, ဒိဋ္ဌိ တရားသည် မျက်မှန်စိမ်းနှင့် အလားတူ၏။
မျက်မှန်စိမ်းချွတ်၍ ကြည့်သော ပကတိမျက်စိနှင့် မြင်သောအခါမှာ ဝိပဿနာ ပညာ မျက်စိနှင့်တူ၏။
ဤတဏှာ, မာန, ဒိဋ္ဌိ သဘောရှိ၍ နေကြသော သူငါကစ ပုထုဇ္ဇန်မှန်သမျှမှာ ကာယကံ, ဝစီကံ မနောကံ ကြံဖန်မှုနှင့် ဘယ်လိုပင် ပြုငြားသော်လည်း မျက်စေ့ လည်သော ယောက်ျားသည် ခရီးမှားကို သွားသလိုသာ မှတ်ပါ။
မျက်စေ့လည်သော ယောက်ျား ဟူသည်ကား အရှေ့ကိုအနောက်၊ တောင်ကို မြောက်ဟု၊ ဖြောင့်ဖြောင့် တကယ် မျက်စေ့လည်သောသူ၊ လူတယောက်သည် အရှေ့ကိုပင် အနောက်ထင်၏။ ထို မိမိအထင် မြင်သည့် အတိုင်းနှင့် မဆိုင်းမနား ခရီးမှားသို့ သွားလေ၏။
ထို မျက်စေ့လည်သောသူကို မျက်စေ့မလည်သော သူတို့က အခါခါအား ပြောပါ များလျှင် ထို မျက်စေ့လည် တကယ်ပင် မပြေသေးသော်လည်း၊ ပြောပြကြသော သူတို့အား ယုံကြည်သည်လည်းတပါး မိမိစိတ်အားဖြင့် စဉ်းစားခြင်း ရှိသည်လည်း တချက်၊ သို့အတွက်ကြောင့် ထို မျက်စေ့လည်သော သူသည်၊ မျက်စေ့လည်မှန်းကို သိလေ၏။
ထို မျက်စေ့လည်မှန်းကို သိသောသူသည်၊ အရှေ့ကို တည့်တည့် ရှေးရှုကြည့်၍၊ မိမိ၏ မျက်စေ့က အနောက်ဟူ၍ပင် ကြောင်ကြောင်ကြီးမြင်၏။ ထို မိမိ၏ စိတ်ထည်း ကလည်း အရှေ့မုချဟု ဧကန်တည့်တည့် သိလည်းသိ၏။ ထိုသူတယောက်တွင် အရှေ့မြင် အနောက်မြင် နှစ်မျိုးပင် ထင်မြင်လေ၏။
ဥပမာ ဥပမေယျ ဟပ်၍ပြသော်ကား --
လူနတ် ဗြဟ္မာ သတ္တဝါခပဲ့၊ ငရဲ တိရစ္ဆာန် ဧကန်ရှိ၏ဟု ထင်မြင်ကြသော သူငါကစ ပုထုဇ္ဇန်ဟူသမျှတွေသည် မျက်စေ့လည်သော သူနှင့် တူလှပေ၏။
ပြောပြကြသော ပညာရှိလူ မျက်စေ့မလည်သော သူများနှင့်ကား ဘုရားစသော သူတော်ကောင်းတို့နှင့် တူ၏။
မျက်စေ့လည်မှန်းကို သိသောအခါနှင့်ကား သူတော်ကောင်းတို့ ဟောကြားတော် မူသော တရားတော်ကို ယုံကြည်သည်လည်း တပါး၊ မိမိ၏ ဉာဏ်မျက်စိအား ဝတ်ထား၍ ဝိပဿနာ တရားကို ပွားများသည်လည်း တချက်၊ သို့အတွက်ကြောင့် မိမိ၏ ဉာဏ်မျက်စိမှာ ပုဂ္ဂိုလ်၊ သတ္တဝါ ငါ သူတပါး၊ ယောက်ျား, မိန်းမဟူ၍ သက်သက်မရှိ၊ ဘိတ် မရှိ၊ အလျဉ်းမရှိ၊ ပင်ကိုယ်ရင်း သဘော ပကတိကိုက စင်စင်ကြီး မရှိသည်ကိုပင် ပညာမြင်နှင့် ကြည်ကြည် လင်လင် ရှင်းရှင်းလင်းလင်း ထင်းထင်းကြီး မြင်တော်မူ ကြသော ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်း တို့နှင့် တူကြပေ၏။
စက္ခု အစရှိသော ဝိညာဏ် မြင်၏ သတ္တိကလည်း လူနတ် ဗြဟ္မာ, သတ္တဝါသည် ဧကန္တ တည့်တည့်ရှိ၏။ ကြောင်ကြောင်ကြီးပင် မြင်၍နေ၏။
ဤကဲ့သို့ ပြဆိုခဲ့သည့် အတိုင်းကို ဉာဏ်ပညာ ဆနှိုင်း၍ နေ့တိုင်း ဆင်ခြင်လျှင် သိမြင်ယုံကြည် နားလည်ပါ လိမ့်မည်။ မဆင်ခြင်၍ မသိမမြင် မယုံကြည်လျှင် (ဤလောက၌၊ မိဘတို့အား၊ ချစ်ကြငြားလည်း၊ မိဘနှင့်မူ၊ အယူကွဲပြား၊ ဘစကားကို၊ နားမထောင်လူ၊ ရန်သူဖြစ်လေ၊ အမွေမရ၊ ပမာဏသို့။ ။ ဘုရာ့စကား၊ မြတ်တရားကို၊ နားမဝင်ဘိ၊ မသိလျှင် သူပုန်၊ မယုံလျှင် ရန်သူ၊ အတူလိုနေ ၊မဂ်ဖိုလ် မွေကို၊ မရလေငြား၊ ဆင်းရဲပွားသည်၊ အများလူတို့၊ သိစေဘို့။) ဟု စပ်ဆိုခဲ့ပေသည်။
သိရမည်မှာ --
“သတ္တောကာသ သင်္ခါရ” ဟူသော ဤလောကသုံးရပ်မှာ လူနတ်ဗြဟ္မာ,သတ္တဝါမရှိ၊ ငါမရှိ ကိုယ်မရှိဟု သိရမည် အချက်၊ ရှိကြသည် အတွက်က ဖြစ်ပျက်မှန်လှ ရုပ်နာမ်သင်္ခါရပဝတ္တ၊ ဝဋ်ဒုက္ခသဘောမျှ စင်စင်ဟု မြင်ရမည်ဟူလိုသည်။
လိုရင်းကား --
လူရှိသည်၊ နတ်ရှိသည်၊ လူ့ပြည် ရှိသည်၊ နတ်ပြည်ကျမည်၊ ငရဲကျသည်၊ ငရဲ ခံရမည်၊ ဤသို့ အစရှိသော အထင်အမြင်စုသည် စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ် ဟူသော ဝိညာဏ် ခြောက်ပါး၏ သဘော၊ သမ္မာမယှဉ် မိစ္ဆာဝင်သော ဝိညာဏ်သိ ဝိညာဏ်ထင် ဝိညာဏ်မြင် ဟူ၍သာမှတ်ပါ။
ထို ဝိညာဏ်မြင်ကိုပင် မရှိဘူးဟု မထင်နှင့်။ ရှိပုံမှာ- အိပ်မက်သောအခါ မည်သူ၏ မျက်လုံး၊ မည်သူ၏ မျက်တောင်ကို ကြောင်ကြောင်ကြီး မြင်ရသလိုပင် အလွန်လျှင် ကြီးကျယ်၊ တကယ်ပင် ထင်ရှားလှသော ဝိညာဏ် မြင်၏ သဘောကလည်း သတ္တ လောကကြီးပါပေတည်း။
“သင်္ခတာဓမ္မာ အသင်္ခတာဓမ္မာ” ဟူသော ဒေသနာတော်မြတ်ကြီး၏ အရကလည်း၊ ဖြစ်ပျက်မှန်လှ ရုပ်နာမ် သင်္ခါရပဝတ္တ ဝဋ်ဒုက္ခသဘောမျှ မြိမြိသာရှိသည်။ ဤသို့ လူ, နတ်, ဗြဟ္မာ၊ သတ္တဝါခပဲ၊ ငရဲမရှိဟု၊ သိမြင်မှုမှာလည်း ဝိပဿနာဉာဏ်ယှဉ်၊ သမ္မာယှဉ်သော၊ ပညာသိ၊ ပညာထင်၊ ပညာမြင်ဟူ၍သာ မှတ်ပါ။
ထို့ကြောင့် --
ဒုက္ခမေဝဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိဝေတိစ။
နာညတြဒုက္ခာသမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။
အနက်ကား --
ဟိသစ္စံ၊ မှန်၏။
ဒုက္ခ မေဝ၊ ဆင်းရဲသက်သက်သည်သာလျှင်။
သမ္ဘောတိ၊ အကြောင်းအားလျော်စွာ ဖြစ်၏။
ဒုက္ခံဧဝ၊ ဆင်းရဲသက်သက် သည်သာလျှင်။
တိဋ္ဌတိ၊ ခဏဋ္ဌီ ပဗန္ဓဌီ အားဖြင့် တည်၏။
ဝေတိစ၊ ချုပ်လည်း ချုပ်၏။
ဒုက္ခာ၊ ဒုက္ခကို။
အညတြ၊ ကြဉ်ထား၍။
ကိဉ္စိဓမ္မဇာတံ၊ ပုဂ္ဂိုလ် သတ္တဝါ ခေါ်ဆိုဘွယ်ရာ တစုံတခုသော တရားသဘောသည်။
နသမ္ဘောတိ၊ ဖြစ်သည် မရှိ။
ဒုက္ခာ၊ ဒုက္ခမှ။
အညံ၊ တပါးသော။
ကိဉ္စိဓမ္မဇာတံ၊ ပုဂ္ဂိုလ်သတ္တဝါ ခေါ်ဆိုဘွယ်ရာ တစုံတခုသော တရားသဘောသည်။
န နိရုဇ္ဈတိ၊ ချုပ်သည်မရှိ။
ထို့ကြောင့်--
(ဝိညာဏ်ပညာ၊ သိရာအမှု၊
မြင်နှစ်ခုတွင်၊ ဝိညာဏ်မြင်ပုံ၊
နွားမ, မြုန်သား၊ နွားငယ်အားဖြင့်၊
နိမ့်မြင့် ဆူကြုံ၊ ငြင်းခုံအလား၊
ပုံမခြားတည်း၊ အများသူငါ၊
မိစ္ဆာယူလွဲ၊ ငရဲကြီးလှ၊ ကုသိုလ်ရဟု၊
ပြုကြရှောင်ကြဉ်၊ ဝိညာဏ်မြင်တည်း၊
မှားပင်မှားဘိ၊ မှားခေါင်ထိ၏။
ဉာဏ်သိသဘော၊ ပညာဇောမှာ၊
သတ္တောကာသ သင်္ခါရမှ၊
လောက ဝေါဟာ၊ ပညတ် သာလျက်၊
ဖြစ်နှင့် ပျက်မျှ၊ သဘာဝသာ၊
အဗျာပါရ၊ ဧကတ္တနှင့်၊
နာနတ္တနည်း၊ ဧဝံနည်းသာ၊
ဓမ္မတာဟု၊ ဖြူခါစင်စင်၊
ပညာမြင်မှ၊ ကြည်လင်လှသည်၊
မြင်ကြ အများ၊ မှန် အမှား။
ခြောက်ပါးဝိညာဏ်၊ သိထင်မြင်နှင့်၊
သုံးအင် ကမ္မ၊ ပြုသမျှမှာ၊
သမုဒယ၊ ဒုက္ခသစ္စာ၊ ဖြစ်လေရာ၏။
ပညာသိမှ၊ ဒွါရသုံးခု၊
ပြုပြုသမျှ၊ မဂ္ဂသစ္စာ၊
နိရောဓာကျ၊ ဖြစ်လေရသည်၊ ၊သစ္စာ့အပြား၊ မှန်လေးပါး။)
ဟု စပ်ဆိုခဲ့ပေသည်။
ဤကဲ့သို့ အစစ်ဧကန် အမှန်အားဖြင့် လူနတ်ဗြဟ္မာ သတ္တဝါခပဲ့၊ ငရဲမရှိသည်ကိုပင် သိမြင်၍သာ ထားပါ။ ပါပဓမ္မ ပါပကမ္မ ပါဏာတိပါတ စသော အမှုတို့မှာ မပြုရာ။
(ဥပမာမှာ) ညဉ့်အခါ ပွဲသဘင်ကပြရာ၌ တခုသော အရုပ်က တခုသောအရုပ်ကို နှိပ်စက်သော အခါ မဟုတ်ဘဲလျက် အဘယ့်ကြောင့် နှိပ်စက်သနည်း ဟု ထို နှိပ်စက်သော အရုပ်၌ မဟုတ်သည့် အတွက်နှင့် ရိုက်နှက်ခြင် စသောအမှုကို မပြုသင့်။ မပြုနှင့်။
ပြုကြလျှင် ဘာသာ ဖျက်ဆီးမှုပုဒ်မက မုချ ထောင်တွင်း သံခြေချင်းနှင့် သိုင်းကွက်ကျ နင်းရမည်။ ဤကဲ့သို့ ပမာဏ ဖြစ်ပျက်ခြင်း, သဘာဝမျှဖြစ်သော ဤလောက၌ ဝိညာဏ်ခြောက်ရပ်က ဇာတ်ပြ၍နေကြသော သတ္တလောကမှာ ပါဏာတိ ပါတစသော မကောင်းမှု အကုသိုလ်စုကို မပြသင့်။ မပြနှင့်။
ပြုလျှင် ပါပဓမ္မ ပါပကမ္မမှတဲ့ ယခုပင် အပါယ်အိုးသို့ ဂျွမ်းထိုးကြီး သွားကြ၍ ရောရုဝ ငရဲအောက်၌ အိမ်ဆောက်၍ နေရမည်။ ရီးတီးရားတား အထင်မှား၍ ရောင်လို့များ မပေါ့နှင့်၊ ကော့၍ ကွေးမြဲ တာပန္နငရဲထဲ အိုးမဲခဲမုချ ဧကန္တကို မယုံဘူးလ ပါဠိတော် ပြလိုက်မည်။
“တာနိဿတသ္မိံ သမယေ အဇ္ဈော လဗ္ဘန္တိ”
အစရှိသော မုက္ခမံသုတ္တန်တရားက အလွန်လျှင် ထင်ရှားလှ၍ များစွာပင် မပြပြီ။ သင်္ခေပသဘော အဓိပ္ပါယ် ပြောရလျှင် လောဘ, ဒေါသ, မောဟ, ဝိတက်၊ တရားပျက်စရိုက်နှင့် အဓမ္မအမှုမိုက် ဘဝတိုင်းပြုလိုက်သော ဒုစရိုက် အသင်္ချေ တို့သည် ထင်စေရန် မြင်စေရန်၊ အတန်တန် အနဲနဲ၊ ရှစ်ပြည်ထောင် ငရဲလည်း တကတဲ ဟင်းလင်း၊ ဆဲ့နှစ်သင်း ပြိတ္တာနယ်၊ သူရကာယ် တိရစ္ဆာန်၊ နိမိတ်တွေ ဆော်ဘန်လျက် တော်လှန်ခွင့် မပေးဘဲ အရေးကုန် ထင်လာကြ၍ ယမတော, ယမက၊ အမည်ရသော ယမမင်း, စေတမန်တို့က ထိုသူ့အိမ် ဝင်းခြံ အတွင်းပြင် ဝန်းရံ၍ လှံကိုယ်စီ ဓားကိုယ်စီနှင့် ချီလဟဲ တုပ်လဟဲ၊ ဆွဲမရောင် ငင်မရောင်၊ အကောင်တွေ ကြောက်ခမန်း၊ သည်စခန်း အဆိုက်တွင်၊ ကြောက်လိုက်တဲ့ ဖြစ်နဲမှာ အူအသဲ ဆတ်ဆတ်တုန်၊ သို့ဖြစ်ပုံ သဘောလာကို မနောမှာ ခါခါဆ၍ ပါပဓမ္မ၊ ပါပကမ္မမှု တို့ကို မပြုသင့်။ မပြနှင့်ဟု ဆိုလိုသည်။
ဤအရာမှာ သူငါကစ ဓမ္မကထိက ပြုလုပ်ကြလျှင်၊ (ဥပမာအား၊) အလမ္ပာယ် သမားနှင့် အလားတူရာသည်။ အလမ္ပာယ်သမား ဆိုသည်ကား နဂါးတဘက် ဂဠုန်တဘက် နှစ်ချက်ပင် ပြရသည်။ လက်ဝဲအချက် နဂါးဘက်က ပြလွန်းလှလျှင် ပါးပျဉ်းထောင်လိုက် ကိုက်၍မနေ လူသေတတ်သည်။ လက်ျာအချက် ဂဠုန်ဘက်က ပြလွန်းလှလျှင် စိတ်လျော့ ပြော့ခွေ မြွေသေတတ်သည်။
ဥပမာ ဥပမေယျ ဟပ်၍ ပြသော်ကား --
မြတ်စွာဘုရားသည် အလမ္ပာယ်သမားကြီးနှင့် အလားတူ၏။
သတ္တဝါတွေသည် မြွေနှင့်တူ၏။
သုတ်ဝိနည်းတရားသည် လက်ဝဲအချက် နဂါးဘက်နှင့်တူ၏။
အဘိဓမ္မာ ဝိပဿနာသည် လက်ျာအချက် ဂဠုန်ဘက်နှင့်တူ၏။
(တနည်းကား)
လက်ဝဲမခြား ဝိညာဏ်မြင်တရားက နဂါးနှင့် တူ၏။
ဝိပဿနာ လက်ျာဘက်ကြုံ ပညာမြင်ပုံက၊ ဂဠုန်နှင့် တူ၏။
ယခုကာလ သူငါကစ ဓမ္မကထိက ပြုလုပ်ကြသူ ရှင်ရှင်, လူလူ ဟူသမျှမှာ အလမ္ပာယ်သမားကြီး၏ သား၊ အလမ္ပယ်သမားများနှင့် မခြား အလားတူ၏ ဟူလိုသည်။
ဤအဓိပ္ပါယ်အကျ သူ ငါကစ ယေဘုယျမှာ --
ဤ လောကခပဲသည် လက်ဝဲဘက် အားလုံး၊ မဆုံးမတုံး တရုံးရုံးနှင့် တအုံးအုံး တောက်လျှမ်း၍ ကြောက်ခမန်း လိလိ ရှိကြကုန်၏။
ဝိပဿနာ လက်ျာကဖြင့် ချိချိနဲ့နဲ့နှင့် သဲ့သဲ့မြိမြိမျှ အနိုင်ရှိ ရှိကြသည်။ တဏှာမာန၊ ဒိဋ္ဌိဂါဟ၊ ပပဉ္စ မောက်လှမ်း၍ ဝိပဿနာလမ်းက ပျောက်ခမန်း နေရပုံကို သတိမူ ကြပါကုန်၊
ဤယခု ပြဆိုခဲ့သော အလမ္ပာယ် ဥပမာမှာ ခန္ဓာ အာယတန ဓာတ်တို့ကို
ပါဠိဘာသာအတိုင်းနှင့် သရုပ်တရားကိုယ် ကွဲကွဲပြားပြား ရှိရုံခါမျှ ရေးပြ ပြောဟော ခြင်းသည် ဥဂ္ဂဟ မည်၏။
အနက်မြန်မာ နေရာတကျ ပြောပြ ရေးသားခြင်းသည်၊ ပရိပုစ္ဆာမည်၏။
ကိုယ်တွေ့ဒိဋ္ဌဟူသော ဥဒါဟရုဏ်, ပုံသဏ္ဌာန် သက်သေ သာဓက တို့နှင့် နေရာတကျ ပြောဟော ပြသ ရေးသားသမျှမှာ ဝိနိစ္ဆယမည်၏။
ဤသို့ ဥဂ္ဂဟ၊ ပရိပုစ္ဆာ၊ ဝိနိစ္ဆယ သုံးပါးတို့ဖြင့် ခန္ဓာ အာယတန ဓာတ်၊ ပဋိစ္စသမုပ္ပါဒ် စသည်တို့တွင် တပါးပါးကိုပင် ကွဲကွဲပြားပြားကြီး ရှင်းလင်းစွာ ပညာမျက်စိနှင့် သိမြင်သောသူ ရှင်ရှင်လူလူ ဟူဟူသမျှမှာ ကလျာဏပုထုဇ္ဇန် ပညာမြင် ဝေနေယျပုဂ္ဂိုလ် ဆိုသည်ဟု မှတ်ပါ။
ထိုသို့ မဟုတ်လျှင် အန္ဓပုထုဇ္ဇန် ဝိညာဏ်မြင် သတ္တဝါဟူ၍သာ မှတ်ပါ။
သတ္တဝါနှင့် ဝေဏေယျ ကွဲပြားပုံကို နောက်မှာမှ ခြားနားစွာ ပြဆိုပါအံ့။
ယခင် ဆိုအပ်ခဲ့ပြီးသော ဤလောကပွဲသဘင် ကပြရာတွင် သူ့စခန်းကုန်လျှင်ဝင်၊ သူ့စခန်းကျလျှင် ထွက်၍ ကပြကြသလို အတူ -
ရူပါရုံ မှန်သမျှကို စက္ခုဝိညာဏ် စိတ်က ဒဿန သန္တတိ မြင်မှု အစဉ်မျှ ဖြစ်၍ ချုပ်၏။
သဒ္ဒါရုံ မှန်သမျှကို သောတဝိညာဏ်စိတ်က သဝနသန္တတိ ကြားမှုအစဉ်မျှဖြစ်၍ ချုပ်၏။
ဂန္ဓာရုံ မှန်သမျှကို ဃာနဝိညာဏ်စိတ်က ဃာယနသန္တတိ နံမှုအစဉ်မှ ဖြစ်၍ချုပ်၏။
ရသာရုံ မှန်သမျှကို ဇိဝှါဝိညာဏ်စိတ်က သာယနသန္တတိ လျက်မှု အစဉ်မျှဖြစ်၍ ချုပ်၏။
ဖေါဋ္ဌဗ္ဗာရုံ မှန်သမျှကို ကာယဝိညာဏ်စိတ်က ဖုသနသန္တတိ တွေ့ထိမှု အစဉ်မျှ ဖြစ်၍ ချုပ်၏။
ထို ပစ္စုပ္ပန် အာရုံမှတပါး လောကီအာရုံ မှန်သမျှကို မနောဝိညာဏ်စိတ်က သန္တတိ ကြံစီမှု အစဉ်မျှဖြစ်၍ ချုပ်၏၊
ဤ လောကပွဲသဘင်မှာ နေထွက်၍ လာသောအခါ ဇာတ်သိမ်း၍သာ သွားရလေ ကုန်၏။ ထို့အတူ ပရမတ် ဆတ်ဆတ်ဖြစ်သော ရုပ်ဓာတ်စု နာမ်ဓာတ်စုဖြစ်ပျက်မှု အစဉ်သည် ပညိန္ဒြေနေမင်း ထွန်းလင်း ထွက်ပေါ်သော အခါမှ လူ နတ်ဗြဟ္မာ သတ္တဝါခပဲ ငရဲဥဿုံ အလုံးစုံ အကုန် သုံးဆဲ့တဘုံ ဇာတိမြို့ ဇာတ်ကုန် သိမ်း၍ ငြိမ်းရသည်ကို နိဗ္ဗာန်ဆိုသည်။
ပွဲသဘင် ဟူသောအရာမှာ-
ရဇ္ဇုယောဂါ ဒါရုယန္တံ၊ သဗျာပါရံဝခါယတိ။
ဧဝံ သုညံ နာမရူပံ၊ အညမည သမာယုတံ။
အနက်ကား --
ရဇ္ဇုယောဂါ၊ ကြိုးနှင့် ပေါင်းဖော်မိခြင်းကြောင့်။
ဒါရုယန္တံ၊ ကြိုးယန္တရားဖြင့် ငွါးငွါးလှုပ်သော သစ်သားရုပ်သည်။
သဗျာပါရံ ဣဝ၊ သွားလာ ကခုန် ဗျာပါရရှိပုံ ယောင်ယောင်။
ခါယတိယထာ၊ မဟုတ်ပဲနှင့် အလွဲပင် ထင်ရသကဲ့သို့။
ဧဝံ၊ ဤအတူ။
သုညံ၊ သတ္တ ဇီ၀ ဗျာပါရ ကင်းဆိတ်သော။
နာမရူပံ၊ နာမ်ရုပ်တရား နှစ်ပါးသည်၊
အညမညသမာယုတံ၊ အချင်းချင်း ပေါင်းယှဉ်ကြသည်ဖြစ်၍။
သဗျာပါရံ ဣဝ၊ သွားခြင်း ရပ် ထိုင်ခြင်း လျောင်းခြင်းဟု ဆိုအပ်သော ယာပိုထ် လေးရပ် လှုပ်ရှားတတ်သကဲ့သို့။
ခါယတိ၊ မဟုတ်ပဲနှင့် အလွဲပင်ထင်ရ၏။
(အဓိပ္ပါယ်အရမှာ ပြခဲ့ပြီ၊)
မာယာမရီစိဂန္ဓဗ္ဗ၊ နဂရံသုပိနန္တကံ။
ဖေဏကာလာတစက္ကံဝ၊ အသာရာကဒလီယထာ။
အနက်ကား --
မာယာဣဝ၊ မျက်လှည့်ရုပ်ကဲ့သို့၎င်း။
မရီစိဣဝ၊ တံလျှပ်ကဲ့သို့၎င်း။
ဂန္ဓဗ္ဗ နဂရံ ဣဝ၊ မြူးတူးကစားချင်၍ ကောင်းကင်၌ ဖန်ဆင်းအပ်သော ဂန္ဓဗ္ဗနတ်မြို့ ကဲ့သို့၎င်း။
သုပိနန္တကံ ဣဝ၊ စားရယောင်ယောင် သောက်ရယောင်ယောင် နတ်လှည့် ဆောင်သည့် သန်းခေါင်အိပ်မက် ကဲ့သို့၎င်း။
ဝါ၊ ဘယ်သူရဲ့ မျက်လုံး ဘယ်သူရဲ့မျက်တောင်ကို ကြောင်ကြောင်ကြီး မြင်မက်တဲ့ သန်းခေါင်အိပ်မက် ကဲ့သို့၎င်း၊
ဖေဏကံဣဝ၊ ရေမြုပ်စိုင် ကဲ့သို့၎င်း။
အလာတစက္ကံ ဣဝ၊ မီးစက်ဝိုင်းကဲ့သို့၎င်း။
ကဒလီယထာ၊ ငှက်ပျောတုံးကဲ့သို့၎င်း။
အသာရာ၊ အနှစ်သာရ ဘာမျှမရှိကုန်။
ပါဌ်လျှောက် အဓိပ္ပါယ်ကား --
မာယာဆိုသည်မှာ မျက်လှည့်ပြသော ရွှေသည် အသုံးရ အသုံးဝင် တကဲ့ရွှေပင် မဟုတ်သော်လည်း၊ မျက်မြင်ထင်ရှား ကြောင်ကြောင်ကြီး ရွှေကိုပင်မြင်ရသကဲ့သို့၊ ထို့အတူ ဝိညာဏ် လှည့်စားသော သတ္တဝါများကို မျက်လှည့်ရုပ်နှင့် မခြား တသားတည်း တူသည်ကို ဆိုသည်ဟုမှတ်ပါ။
မရီစိ ဟူသည်ကား - ထုံး အိုင် အင်းနှင့် ရေတွင်းရေကန် ရှာကြံမရ ပူပြင်းလှ၍ တံလျှပ်ကိုပင် ရေထင်မှားသော သမင်များကဲ့သို့၎င်း၊ လင်းလတ်ကို ရေထင်၍ သောင်ပြင်မှာ တံငါလုပ်သဖြင့် မြုံးစုတ်ခါမျှ ငါးမရသော တံငါမိုက်ကဲ့သို့၎င်း။ “သင်္ခတာ ဓမ္မာ၊ အသင်္ခတာ ဓမ္မာ” ဟူသော ဒေသနာတော်မြတ်ကြီးမှာ-သတ္တဝါ စင်စင် မရှိသည်ကိုပင် လူနတ်ဗြဟ္မာ သတ္တဝါရှိသည်ဟု ထင်မှား မြင်မှားမှုကြောင့် သမုဒယနှင့် ပြုကြသော ကုသိုလ်မှု၊ အကုသိုလ်မှုကို ဆိုသည်ဟု မှတ်ပါ။
(ဤအရာမှာ - မဂ်ဖိုလ်နိဗ္ဗာန်ကို ရပါလို၏ဟု ဆိုလျှင်ပင် လင်းလတ် ရေထင် အတွင်းဝင် သကဲ့သို့ရှိ၏။ သတိမူပါ။)
သိသာလိုလျှင် ကျေးဇူးရှင်ကြီးဘုရား ရေးသားတော်မူသော --
ဝိညာဏ်ခြောက်ဖြာ၊ သူ့ရှိန်ဝါကြောင့်၊
ငါငါ သူသူ၊ လူပ် နတ်ပဲ၊ အထင်လွဲလျက်၊
ငရဲ အပါယ်၊ အသွယ်သွယ်လျှင်၊
ဝဋ်နွယ် ရှည်လျား၊ တမားမားသည်၊
ခြောက်ပါးဝိညာဏ် စွမ်းရည်တည်း။
စသော ပဋိစ္စသမုပ္ပါဒ် လင်္ကာမြတ်ကို ပညာနှင့်သာ အခါခါကြည့်ပါ။
“ဂန္ဓဗ္ဗနဂရံ” ဟူသည်ကား မြူးတူး ကစားချင်၍ ကောင်းကင်၌ ဖန်ဆင်းအပ်သော ဂန္ဓဗ္ဗနတ်မြို့ကို ဝင်းဝင်း, ပြောင်ပြောင်နှင့် ကြောင်ကြောင်ကြီးပင် မြင်ရသော်လည်း အကြိတ်အခဲ အဆံအမာ အနှစ်သာရ အသားအထည်နှင့် တကယ်မရှိသကဲ့သို့၊ ထို့အတူပင် ဝိညာဏ်မြင်သော သုံးဆဲ့တရွာ လူနတ်ဗြဟ္မာ သတ္တဝါများကို အသား အထည်နှင့် တကယ်အနှစ်အစစ် မရှိဟု ဆိုလိုသည်။
“သုပိနန္တကံ” ဟူသည်ကား - အိပ်မက်ထည်းတွင် လူ, နွား ကိုပင်ကြောင့် ကြောင်ကြီး ထင်မြင်ရသော်လည်း နိုးသောအခါ ဘယ်ဟာတစိမျှ မရှိသကဲ့သို့ ထို့အတူ သံသရာ ညဉ့် တာရှည် အိပ်ပျော်၍ နေရာမှာ တဏှာဒိဋ္ဌိဖြင့် ထင်မြင် ကပ်ငြိခြင်း ရှိသော်လည်း ပညိန္ဒြေ နေမင်း ထွန်းလင်း ထွက်ပေါ်သော အခါမှ လူနတ် ဗြဟ္မာ, သတ္တဝါခပဲ ငရဲ မရှိဟု သိလိမ့်မည် ဟူလိုသည်။
“ဖေဏကံ ကဒလီ” ဟူသည်ကား - ရေမြှုပ်စိုင် ငှက်ပျောတုံးတို့မှာ အနှစ်သာရ ဘာမျှ မရှိသကဲ့သို့ ထို့အတူ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့မှာ - အနှစ်သာရ ဟူသော အကြိတ်အခဲ အဆံအမာ အားဖြင့် အသားအထည်နှင့် တကယ်မရှိသည်ကို သိရမည် ဆိုလိုသည်။
“အလာတစက္က”ဆိုသည်ကား သူငယ်လက်ဆော့ ဝါးခြမ်းပျော့အား အဖျား၌ မီးရှိလျှင် မီးချည်ခင် ထင်မှတ်အောင် သူ့လက်နှင့် ရမ်းသိုင်း၍ မီးစက်ဝိုင်း အသွင် ထင်ရ သကဲ့သို့ ထို့အတူ အန္ဓပုထုဇ္ဇန် ဝိညာဏ်မြင်နှင့် လူ,နွားဟု ထင်မှားမှု ရှိသော်လည်း ဝိပဿနာဉာဏ်ရှင် ပညာရှင်တို့က ဖြစ်ပျက်စဉ်တရား သင်္ခါရမှတပါး လူ နွား မရှိဟု ဟောကြားသော တရားကို နားမျှ မဝင် ဒေါသယှဉ်သည်မှာ ...၊
ဥပမာကား --
လေးငါးနှစ်ရွယ် သူငယ်တို့သည် ဝါးခြမ်းပြားကို နွားလုပ်၍ ကစားရာ ထိုသူငယ်မှာ တကဲ့နွားသွင် တကယ်ထင်၍ အလွန်ပင်ပျော်ရွှင်လေ၏။ ထိုအခါ သက်နှစ်ဆယ်ရွယ် သူငယ်တို့က ဤသို့ ဆိုကြ၏။ လေးငါးနှစ်သား သူငယ်များတို့ ... သင်တို့နွားကား မဟုတ်သောနွား ဝါးခြမ်းပြားဟု ခိုးဝှက်၍ ချိုးဖျက် ကြလေကုန်၏။
ထိုအခါ လေးငါးနှစ်ရွယ် သူငယ်၏ သဘောက အလွန်ပင် နှမြောလှ၍ မဆည်နိုင် ကြံမရ လက်မှိုင်ချ၊ တဖိုဖို တရှိုက်ရှိုက် ငိုပြီးလျှင် ယိုမျက်ရည် စက်လက်နှင့် ခင်မက်သော သဘောအားဖြင့် တက်မြော၍များ သွားလေ၏။ သတိရခါမှ ထ၍ တဖန် သည် ရန်ညှိုး ထန်းပိုးပြန်မည်ဟု သူခိုး၏ပြစ်ဒါဏ်ကို အစိုးရထံ၌ အပ်နှံလေ၏။
ဤသို့လျှင် အကြီးအငယ် ထိုသူငယ်တို့အား အမှုဖြစ်ပွားကြရာ မင်းစိုးရာဇာတို့က ဥပဒေပုဒ်မနှင့် ဒီကရီချသည်မှာ- - တကဲ့နွားစစ် မဟုတ်သည် ဖြစ်၍ စင်စစ်အသပြာ တထွက်တာသော်လည်း အလျော်ကို မစီရင်၊ ထောင်တွင်လည်းမချ တကျွန်း သို့လည်း မပါရသည်မှာ တကဲ့နွားစစ် မဟုတ်သည်၏ အဖြစ်ကြောင့်တည်း။ သို့သော်လည်း ကလေးတို့ တံထွာ ဓမ္မတာစရိုက် သူကြိုက်သောအမှုကို သင်မပြုနှင့်၊ မပြုသင့်ဟု တားမြစ်လေ၏။
ဥပမာ-ဥပမေယျ ဟပ်၍ ပြသော်ကား
လေးငါးနှစ်သား သူငယ်များနှင့်ကား သူငါကစ အမှားကိုပင် အမှန်ထင်သော ဝိညာဏ်သိ ဝိညာဏ်မြင် ပုထုဇ္ဇန်အန္ဓ တွေနှင့် တူလှ၏။
သက်နှစ်ဆယ်ရွယ် သူငယ်များနှင့်ကား ဝိပဿနာတရားကို ကောင်းစွာ ဆင်ခြင် ပညာမြင်သူ ရှင် လူ အပေါင်း သူတော်ကောင်းတို့နှင့် တူလှပေ၏။
အစိုးရများနှင့်ကား ဓမ္မိဿရိယဘုရား အလားတူ၏။
တားမြစ်ဆိုသည်မှာ - အာဏာ ဒေသနာကို မှတ်ပါ။
လိုရင်းကား --
ဝါးခြမ်းပြားကို နွားထင်၍ ပျော်ရွှင်မှုမှာ၊ ကလေးတို့တံထွာ ဓမ္မတာအစစ်ဧကန်ဖြစ်၏။ ထို့တူပမာ ရုပ်နာမ် နှစ်ဖြာကို သတ္တဝါဟု ထင်မှားမှု မြင်မှားမှု ဟူသော စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန အားဖြင့် ဝိညာဏ်ခြောက်ပါး နာမ်တရား ကလည်း ပရမတ် စင်စစ် ဧကန်ဖြစ်၏။
သက္ကော ကာသ သင်္ခါရ ဟူသော ဤလောကတွင် ဖြစ်ပျက်စဉ်သဘာဝ ရုပ်နာမ် သင်္ခါရမှတပါး လူ နတ် ဗြဟ္မာ, သတ္တဝါမရှိဟု အမှန်ကိုပင် သိမြင်မှုကလည်း သမ္မာဒိဋ္ဌိအစစ် ပညာဖြစ်၍ ပရမတ်စင်စစ် ဧကန်ဖြစ်၏။
သိစေလိုရင်းကား --
အမှားပရမတ်, အမှန်ပရမတ် အားဖြင့် ပရမတ္ထတရား နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင် လူဟု နွားဟု ထင်မှားမှု၊ မြင်မှားမှု ဟူသော ဝိညာဏ်ခြောက်ပါး၊ စိတ်တရားကလည်း ပရမတ်မှား ဖြစ်၍ မတားမြစ်နိုင်။ ထို စိန္တန ဝိညာဏ်အစဉ် သန္တတိကို မသိနှင့်၊ မထင်နှင့်၊ မမြင်နှင့်ဟု တားမြစ်သော်လည်း မဖြစ် မရ။
အဘယ့်ကြောင့်နည်း ပရမတ်သဘော ဖြစ်လေသောကြောင့်တည်း။ ဤအရာမှာ အာရမ္မဏိကဖြစ်သော ထင်မြင်တတ်တဲ့ ဝိညာဏ်ခြောက်ရပ်ကသာ ပရမတ်ပါ။ ထင်မြင်အပ်တဲ့ လူ, နွား, စသော အာရုံ သုံးဆဲ့တဘုံမှာ ပညတ်မျှသာဟု သိမြင်မှု ကလည်း သမ္မာဒိဋ္ဌိဉာဏအမှန်ကိုသိသော ပညာဆတ်ဆတ် ပရမတ်ပေတည်း။
ဤအရာမှာ သတိမူလိုက်ပါ
ဝိညာဏ်မြင်ဆိုသည်မှာ ဝိညာဏ်မြင်က အပါယ်ဘဝသို့ မချ မဆိုက်၊ ဒိဋ္ဌိကသာ အပါယ်လေးရွာသို့ရောက်အောင် ပို့ဆောင် ပစ်ချသည် (ဥပမာကား။) သူ ငါကစ ဒိဋ္ဌိ မကွာကြသော ပုထုဇ္ဇန် မှန်သမျှမှာကို ကျည်ဆံပါသော အမြောက် သေနတ်နှင့် ပစ်ခတ်သောအခါ သတ္တဝါ သေသလိုသာ မှတ်ပါ။ ဝိစိကိစ္ဆာ၊ ဒိဋ္ဌိကွာသော အရိယာ များမှာ အသံသာ ပေါက်၍ အဆံမရောက်သော သင်္ကြန်အမြောက်နှင့်သာ တူသည်ဟု မှတ်ပါ။
ဝိညာဏ်မြင် အမှားဆိုသည်ကား “မဉ္စာဃောသေန္တိ” ကဲ့သို့မှတ်ပါ။
သက်သေကား --
ပညတ်တရားအနေနဲ လူ နွား,တွေဟု ထင်မြင်မှုကား သဗ္ဗညု ဘုရားရှင်သော်လည်း ထင်မြင်တော်မူပေသည်။ အဘယ့်ကြောင့်နည်း ဆိုလျှင် သဗ္ဗညုဘုရားရှင်မှာလည်း ဝိညာဏ်ခြောက်ပါးနှင့်ပင် ထို ဝိညာဏ်ရှိလျှင် ထင်မြင်မည် ဟူလိုသည်။ သို့သော်လည်း ထင်မြင်ခြင်းကား ကွာခြား၏။
ဥပမာကား --
မျက်လှည့်သမားက မျက်လှည့်ပြရာတွင် လူကြီး လူငယ်ပင် ကြည့်ကြလေ၏။ ထို မျက်လှည့်ပြ ရွှေကို လူကြီးတွေက မလိုချင် မရချင်သည်မှာ ပကတိကိုက ထိုမျက် လှည့်ပြရွှေသည် အသုံးမကျ၊ သုံးမရသော အလကားဟာပင်ဟု သိမြင်ခြင်းကြောင့် တည်း။
သူငယ်တို့မှာမူကား မျက်လှည့်သမား ပေးထားသော ထိုမျက်လှည့်ပြ ရွှေကိုပင် အသုံးရ အသုံးဝင် တကဲ့ရွှေ သူထင်၍ ချိုရွှင်သော မျက်နှာထားနှင့် အနားက လူခပဲကို ဟိန်းခြင်း, ဟဲခြင်း, မောင်းမဲ မာန်ဝင်၍ လက်ထည်းတွင် စိစိလောဘ ပီတိနှင့် တစိမ့်စိမ့် ကြည့်ရင်းပင် ပကတိမြေစင် ကျောက်ခဲကို သူမြင်မှ မြှားထောင့် စူးဝင် တောသမင် မျောက်ကဲ့သို့ အာလျာ သွေ့ခြောက် စိတ်ရူးနောက်အောင် မဆောက် တည်နိုင် ကြံမှိုင်ပူဆွေး ငိုကြွေးမြည်တန်းကြ၍ အလွန်လျှင် ပင်ပန်းလှလေ၏။ ဤဥပမာကား သတ္တဝါများနှင့် တသားတည်း နေ၏။
ဥပမာ ဥပမေယျကို ဟပ်၍ ပြသော်ကား
ဝိညာဏ် ခြောက်ပါးသည် မျက်လှည့်သမားနှင့် တူ၏။
သုံးဆဲ့တထွေ လောကီအာရုံတွေသည် မျက်လှည့်ရွှေနှင့် တူ၏။
မျက်လှည့်ရုပ်အနေနှင့် မျက်လှည့်ကြည့်ပေသော လူကြီးတွေနှင့်ကား ဝိပဿနာ မြင်သူ ရှင်လူတို့နှင့် တူကြပေ၏။
ထိုမျက်လှည့်ရွှေကိုပင် အသုံးရ အသုံးဝင်သော ရွှေစင် ရွှေသား အထင်မှားသည့် သူငယ်များနှင့်ကား ဤလောက၌ စိတ်ကိုအစိုးမရသော ဥမ္မတ္တကတို့သည် ပကတိ မရှိ မမြင်သည်ကိုပင် ပိပ္ပလ္လာသ ဖောက်ပြန်သောအားဖြင့် အကယ်ထင်၍ ပျော်ရွှင် ပြုံးရယ် ကြောက်မက်ဘွယ် ဖြစ်ကြသော ဥမ္မတ္တကသွင် အန္ဓပုထုဇ္ဇန်ဝိညာဏ်မြင်နှင့် တူ၏။
ထို ဥမ္မတ္တကသွင် ဝိညာဏ်မြင် ဆိုသည်ကား -- ဤ လောက၌ ဥမ္မတ္တကသည် ဘယ်ဟာတစိမျှ မရှိမမြင်သော ကောင်းကင်ပြင်ကို ကြည့်လျှင် သူ့စိတ်တွင် ထင်မြင် သည်မှာ ပျော်စရာ, ရွှင်စရာ, ကြောက်စရာ, လန့်စရာ, အထွေထွေ အလာလာ အသွယ်သွယ် အဝဝကို ကြောင်ကြောင်ကြီးပင် မြင်ရ၏။ အဟုတ်မြင် တကယ်မြင် သူ့မှာပင် ထင်မြင်ရ၏။ ထို့ကြောင့် သုံးဆဲ့တဝ ဘုံဋ္ဌာန၌ သူငါကစ သက္ကာယဒိဋ္ဌိ ရှိကြသမျှ သတ္တလောက တလောကလုံးမှာ ဥမ္မတ္တကချည်းသာ ဟူ၍မှတ်ပါ။
ထိုဥမ္မတ္တကသည်လည်း “ပုထုဇ္ဇနော ဥမ္မတ္တကော” ဟု ဟောတော်မူသော အရူးမျိုး ရှစ်ပါးကား -
- အာရုံခြောက်ပါး ဘုံသုံးပါး၌ ကပ်ငြိတပ်မက် နှစ်သက် သာယာခြင်း၊ ကာမတဏှာ အစရှိသောသုံးပါး၊ တဆဲ့ရှစ်ပါး၊ သုံးဆဲ့ခြောက်ပါး၊ တရာ့ရှစ်ပါး အပြားရှိသော လောဘုမ္မတ္တကသည် လောဘရူးမည်၏။
- အာရုံကို ဖျက်ဆီး ပြစ်မှား ကြမ်းထမ်းခြင်း လက္ခဏာရှိသော အဃာတကိုးပါး။ တဆဲ့ရှစ်ပါး၊ တဆဲ့ကိုးပါး အပြားရှိသော ဒေါသုမ္မတ္တကသည် ဒေါသရူး မည်၏။
- ပဋိစ္စသမုပ္ပါဒ အစရှိသောအာရုံကို ဟုတ်မှန်စွာ မသိမမြင်ခြင်း လက္ခဏာရှိသော မောဟုမ္မတ္တကသည် မောဟရူး မည်၏။
- အာရုံကိုမသင့် ဖောက်ပြန်မှားသောအားဖြင့် မြင်ခြင်း၊ အယူမှားခြင်း၊ စွဲလမ်းခြင်း လက္ခဏာရှိသော သက္ကာယ ဒိဋ္ဌုမတ္တကသည် ဒိဋ္ဌိရူး မည်၏။
- နှလုံးမဧ တနွေးနွေးနှင့် ပူဆွေး စိုးရိမ်သမျှ သောကုမ္မတ္တကသည် သောကရူး မည်၏၊။
- ဓာတ်သည်းခြေပျက်၍ ရူးသော ပိတ္တုမ္မတ္တကသည် သည်းခြေရူး မည်၏။
- နတ်, ဘီလူး ဇော်ဂနီ ပူးဝင်သော ယက္ခုမ္မတ္တကသည် နတ်ရူး မည်၏။
- ယစ်မျိုးသောက်စား၍ မူးရစ်ကြသော မဇ္ဇုမ္မတ္တကသည် သူရာရူး မည်၏။
ထို ဥမ္မတ္တက ရှစ်ပါးတို့တွင် ဒိဋ္ဌုမ္မတ္တက ဟူသော သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ၊ အတ္တာနုဒိဋ္ဌိ၊ အတ္တဝါဒုပါဒါန် အားဖြင့် လေးပါးသော အမည်တို့သည် တရားကိုယ်မှာ တခုတည်းသာ ဟူ၍ မှတ်ပါ။
ထိုအတ္တဒိဋ္ဌိသည် --
- အတိသြဠာရိကအတ္တဒိဋ္ဌိ၊
- သြဠာရိကအတ္တဒိဋ္ဌိ၊
- သုခုမအတ္တဒိဋ္ဌိ၊
- အတိသုခုမ အတ္တဒိဋ္ဌိ
အားဖြင့် လေးပါး အပြားရှိ၏။
(ထို အတ္တဒိဋ္ဌိ လေးပါး၏ သဘာဝကို ပယ်သတ်ပုံနှင့် တကွ ဒုတိယ ရေးထုတ်သော ဝိဝဋ္ဋ ဒီပနီ စာအုပ်မှ မျက်နှာ နံပါတ် (နှစ်) ကစ၍ ပညာနှင့်သာ ယူပါ)။
သုဂမ္ဘီရမိဒံဌာနံ၊ သုဏိပုနမိဒံပဒံ။
သုဒုဇ္ဇာနမိဒံဌာနံ၊ သုဒုဗ္ဗောဓမိဒံပဒံ။
သုဒုဒ္ဒသမ္ပိ ပဿန္တိ၊ ပဏ္ဍိတဓမ္မကောဝိဒါ။
သုဒုဗ္ဗောဓမ္မိဗုဇ္ဈန္တိ၊ ဝိညုနောအတ္ထကောဝိဒါ၊
(အနတ္တ ဝိဘာဝနာပါဌ်။)
ဣဒံဌာနံ၊ ဤဝိပဿနာ အနတ္တအရာသည်။
သုဂမ္ဘီရံ၊ အလွန်နက်နဲ၏။
ဣဒံပဒံ၊ ဤ ဝိပဿနာအလုပ် အနတ္တပုဒ်သည်။
သုဏိပုနံ၊ အလွန်သိမ်မွေ့၏။
ဣဒံဌာနံ၊ ဤ ဝိပဿနာ အနတ္တအရာသည်။
သုဒုဇ္ဇာနံ၊ အလွန်သိနိုင်ခဲ၏။
ဣဒံ ပဒံ၊ ဤဝိပဿာအလုပ် အနတ္တပုဒ်သည်။
သုဒုဗ္ဗောဓံ၊ အလွန် ထိုးထွင်းနိုင်ခဲ၏။
ဓမ္မကောဝိဒါ၊ အကြောင်းတရား၌ လိမ္မာကြကုန်သော။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
သုဒုဒ္ဒသမ္ပိ၊ အလွန် မြင်နိုင်ခဲသော တရားကိုလည်း။
ပဿန္တိ၊ မြင်ကြကုန်၏။
အတ္တကောဝိဒါ၊ အကျိုးတရား၌ လိမ္မာကြကုန်သော။
ဝိညုနော၊ ပညာရှိတို့သည်။
သုဒုဗ္ဗောဓမ္မိ၊ အလွန် သိနိုင်ခဲသော တရားကိုလည်း။
ဗုဇ္ဈန္တိ၊ သိကြကုန်၏။ ။ ၎င်း အနက်။
ဤအနတ္တအရာသည် အလွန် သိမ်မွေ့နက်နဲ သိနိုင်ခဲသော အရာဖြစ်၍ သတ္တဝါ များမှာ မသိမမြင်နိုင်ရာ၊ ထို အနတ္တတရားနှင့် သတ္တဝါများနှင့် အရာမဟုတ်သကဲ့သို့ ရှိ၏။ အကြောင်းကျိုးသိမြင် ပညာရှင် ဖြစ်ကြသော ဝေဏေယျတို့မှသာလျှင် ထို အနတ္တသဘာဝကို သိမြင်နိုင်ကြပေကုန်၏။ ယခင် ဆိုအပ်ခဲ့ပြီးသော သတ္တဝါ ဝေဏေယျ အားဖြင့် နှစ်ပါးတို့တွင် ဝေဏေယျဆိုသည်ကား...
အတ္တသန္တာနေစေဝ ပရသန္တာနေစ အနုသယကိလေသံ ဝိသေသေန အမတရသေန နိယတိ အသင်္ခတ မနုတ္တရံ ဒဿယိတွာ ဝိနာသေတီတိ ဝေဏေယျော။
ဟူသည်နှင့်အညီ။
ယေပုဂ္ဂလာ၊ အကြင် ပုဂ္ဂိုလ်တို့သည်။
ဝိသေသေန၊ ထူးမြတ်လှစွာသော။
အမတရသေန၊ အရဟတ္တဖိုလ် တည်းဟူသော ဓမ္မရတနာ မြိုက်ရသာဖြင့်။
အသင်္ခတံ၊ ပြုပြင်ခြင်းကင်းသော။
အနုတ္တရံ၊ မိမိထက် လွန်မြတ်သော တရားမရှိသော နိဗ္ဗာန်ကို။
ဒဿယိတွာ၊ သိမြင်၍။
အတ္တသန္တာနေစေဝ၊ မိမိသန္တာန်၌၎င်း။
ပရသန္တာနေစ၊ သူတပါးတို့၏ သန္တာန်၌၎င်း။
အနုသယ ကိလေသံ၊ ကိန်းအောင်း၍ ညစ်ညူးစေတတ်သော ကိလေသာတို့ကို။
နိယတိ ဝိနာသေတိ၊ ဖျက်ဆီးတတ်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
တေပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့သည်။
ဝေဏေယျော၊ ဝေဏေယျမည်၏။
ဤဝိဂြိုဟ် သဘောကား --
သတ္တောကာသ သင်္ခါရ ဟူသော ဤလောကသုံးရပ်၌ လူနတ်ဗြဟ္မာ သတ္တဝါ မရှိ၊ ငါမရှိ၊ ကိုယ်မရှိ၊ သိရမည့်အချက် ရှိကြသည့်အတွက်က ဖြစ်ပျက်မှန်လှ ရုပ်နာမ် သင်္ခါရပဝတ္တ၊ ဝဋ်ဒုက္ခသဘောမျှ စင်စင်ဟု ဝိပဿနာဉာဏ်ယှဉ် သမ္မာယှဉ်သော ပညာမြင် ပညာသိမှ ဝေဏေယျဟု ဆိုရမည် ဟူလိုသည်။
အဘယ့်ကြောင့် သတ္တဝါဆိုသနည်း။
“တေသံ ဇာတီနံ သန္တာနေ အဝိဇ္ဇာတဏှာယ ပရိယော နန္ဒိတွာ ဗန္ဓိတွာကာမဂုဏေ အာဒိနဝံ အပ္ပဿန္တော မစ္ဆာ ဗာလာသဒိသံ ဟုတွာ ဒဠှံသဉ္စတိ ပရိတဿ တီတိဝါသတ္တာ။”
ဟူသည်နှင့်အညီ။
ယေပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။
တေသံဇာတီနံ၊ ထိုသို့သဘောရှိသော ဇာတိတို့၏။
သန္တာနေ၊ ခန္ဓာငါးပါးသန္တာန်၌။
အဝိဇ္ဇာတဏှာယ၊ အဝိဇ္ဇာတဏှာဖြင့်။
ပရိယောနန္ဒိတွာ၊ အဖန်ဖန် မြှေးယှက်သောကြောင့်။
ဗန္ဓိတွာ၊ ဖွဲ့ခြင်းကြောင့်။
ကာမဂုဏေသု၊ ကာမဂုဏ် ငါးပါးတို့၌။
အာဒီနဝံ၊ ကြီးစွာသော အပြစ်ကို။
အပ္ပဿန္တော၊ မသိမမြင်သော။
မစ္ဆာ ဗာလသဒိသံ၊ သေဘေးကိုမမြင် သံမြှားချိပ်၌ရှိသောအစာကို သာယာ မှားသော ငါးမိုက်နှင့် တူသည်။
ဟုတွာ၊ ဖြစ်၍။
ရူပါဒိ အာရမ္မဏံ၊ ရူပါရုံစသော သုံးပါးသောဘုံ လောကီအာရုံကို။
ဒဠှံ၊ မြဲမြံစွာ။
သဉ္စတိ၊ စွဲလမ်းတပ်မက်တတ်၏။
ဝါ- ပရိတဿတိ၊ ပူပန်တတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
သတ္တာ၊ သတ္တဝါ မည်၏။
လိုရင်းမှာ --
လူ့ရွာနတ်လမ်း၊ စည်းစိမ်သွမ်းကို၊ ချမ်းသာအတိ၊ အထင်ငြိသော ဝိညာဏ်သိ၊ ဝိညာဏ်မြင် အန္ဓပုထုဇ္ဇန်ကို ခန္ဓာ ငါးပါးဟူသော သံသရာ၏ ခန္ဓာငါးပါး အနှောင် အဖွဲ့သည်၊ ဖွဲ့ချည် တုပ်နှောင် မြဲအောင် ချုပ်ထားအပ်၏။ သံသရာဝဋ် တည်း ဟူသော ဤမှာဘက်ကမ်းကိုလည်း မမြင်၊ နိဗ္ဗာန်ဟူသော ဟိုမှာ ဖက်ကမ်းကိုလည်း မမြင်၊ အိုသည်, သေသည် တိုင်အောင်ပင် ကိလေသာ အနှောင်အဖွဲ့ မလွတ်၊ ထိုကိလေသာ အနှောင်အဖွဲ့နှင့်သာ ဤဘဝမှသည် တမလွန် ဘဝသို့ သွားရသော သူကို သတ္တဝါဆိုသည် ဟူလို။
ယခုအခါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့မှာ ဗုဒ္ဓဘာသာဟု ဆိုပါလျက်နှင့် တရားတော် မြတ်ကို မသိမမြင် မယုံကြည်လျှင် ဗုဒ္ဓဘာသာ လူမျိုးမျှသာ ဟုတ်သည်။ မိမိမှာ ဗုဒ္ဓဘာသာမဟုတ်။ အဘယ့်ကြောင့်နည်း...။
သေယျထာပိ ဘိက္ခဝေ အပ္ပမတ္တကောပိ ဂူထော ဒုဂ္ဂန္ဓော ဟောတိ၊ ဧဝမေဝခေါ အဟံ ဘိက္ခဝေ အပ္ပမတ္တကမ္ပိ ဘဝံနဝဏ္ဏေမိ၊ အန္တမသော အစ္ဆရာ သင်္ဃာတမတ္တမ္ပိ။
(အင်္ဂုတ္တရပါဠိတော်။)
ဘိက္ခဝေ၊ ရဟန်းတို့။
အပ္ပမတ္တကောပိ၊ အနည်းငယ်မျှသော်လည်း ဖြစ်သော။
ဂူထော၊ မစင်ကျင်ကြီးသည်။
ဒုဂ္ဂန္ဓော၊ မကောင်းသောအနံ့ရှိသည်။
ဟောတိ သေယျထာပိ၊ ဖြစ်သကဲ့သို့။
ဧဝ မေဝခေါ၊ ဤအတူသာလျှင်။
အပ္ပမတ္တကောပိ၊ နည်းငယ်တိုလျ မကြာလှသည်သော်လည်း ဖြစ်သော။
အန္တမသော၊ ယုတ်ညံ့ဖြင်းသုံး အောက်ထစ်ဆုံး အပိုင်းအခြား အဖို့အားဖြင့်။
အစ္ဆရာသင်္ဃာတ မတ္တမ္ပိ၊ မျက်တောင်တယှက် လျှပ်စစ်တပျက် လက်ပြစ် တစွက် ကာလ တခဏမျှသော်လည်း ဖြစ်သော။
ဘဝံ၊ ဘဝ၌ဖြစ်ရခြင်းကို။
အဟံ၊ ငါဘုရားသည်။
နဝဏ္ဏေမိ၊ ချီးမွမ်းတော်မမူ။
ဟု။ ဟောတော်မူသောကြောင့် မြတ်စွာဘုရား၏ အယူတော်က တခဏမျှ သော်လည်း ဘဝသုံးဖြာ ဘုံသုံးရွာ၌ ဖြစ်ရခြင်းကို နှစ်သက်တော်မမူ။ သတ္တဝါများ ကလည်း လူ့ရွာနတ်လမ်း၊ စည်းစိမ်သွမ်းကို၊ ချမ်းသာအတိ၊ အထင်တော်တို့က ငြိကြသောအယူ ဤသို့အားဖြင့် အယူနှစ်ပါးမတူ၊ ခြားနားကွဲပြားကြ၏။
ထို့ကြောင့်-
(ဤလောက၌၊ မိဘတို့အား၊ ချစ်ကြငြားလည်း၊ မိဘနှင့်မူ၊ အယူကွဲပြား၊ ဘ,စကားကို၊ နားမထောင်လူ၊ ရန်သူ ဖြစ်လေ၊ အမွေ မရ၊ ပမာဏသို့။
ဘုရာ့စကား၊ မြတ်တရားကို၊ နားမဝင်ဘိ၊ မသိလျှင် သူပုန်၊ မယုံလျှင် ရန်သူ၊ အတူလိုနေ၊ မဂ်ဖိုလ် မွေကို၊ မရလေငြား၊ ဆင်းရဲပွားသည်၊ အများလူတို့၊ သိစေဘို့။)
ဟု စပ်ဆိုခဲ့ပေသည်။
ဤလောက၌ မိကောင်းဘခင် သားသ္မီးပင် မှန်ကြပါသော်လည်း အမှောင့်ပယောဂ ပူးဝင်၍ မိဘစကားကိုပင် နားမဝင်သော ဥမ္မတ္တက သားသ္မီးများနှင့် အလား တူပေသည်။ ဤယခုကာလ သူငါကစ ပုထုဇ္ဇန် မှန်သမျှမှာ တဏှာဂါဟ၊ မာနဂါဟ၊ ဒိဋ္ဌိဂါဟအားဖြင့် ဤဂါဟသုံးပါး သံသာရ ပပဉ္စတရားတို့သည် အတင်းအကြပ် ဖမ်းပူးစွဲ ကပ်အပ်သည်ဖြစ်၍ နိစ္စသညာ၊ နိစ္စစိတ္တ၊ နိစ္စဒိဋ္ဌိ၊ သုခသညာ၊ သုခစိတ္တ၊ သုခဒိဋ္ဌိ၊ အတ္တသညာ၊ အတ္တစိတ္တ၊ အတ္တဒိဋ္ဌိ အားဖြင့် ဝိပ္ပလ္လာသ ဖောက်ပြန်ကြ၍ သူငါကစ သက္ကာယဒိဋ္ဌိ ရှိသမျှမှာ ဗုဒ္ဓဘာသာ မဖြစ်။ စင်စစ်မှာ မိစ္ဆာအယူ ဘုရားရှင်၏ ရန်သူတွေနှင့်သာ တူကြပေသည်။ များများကြီး သတိထားကြပါကုန်။ သတိမူကြပါကုန်။
ဤယခုကာလ သူငါကစ မိစ္ဆာဓမ္မဖြစ်တတ်ကြသည်ကား မဂ်ဖိုလ်ကို ရထိုက်သော ခေတ်ကာလ မဟုတ်ဟု ထင်မှတ်မှားခြင်း၊ သူတပါးတို့ ဝိပဿနာ တရားမြင်ကိုပင် ဝိညာဏ်မြင်ဟု ထင်မှတ်မှားခြင်း၊ ယခုကာလ ရှိကြသူတို့ကို ဒွိဟိတ်ပုဂ္ဂိုလ်ဟု ထင်မှတ်မှားခြင်း၊ ရုပ်နာမ်ဓမ္မ သဘာဝကို ထိထိမိမိသိအောင် သဘောနှင့် ဝိပဿနာ ပြောဟောရာမှာ သူတပါးတို့ နာနိုင်အောင်လည်း ဟောပါ။ သတ္တဝါနုကလေးများကို မြတ်စွာဘုရားပင် အထိုက်အလိုက် စရိုက်ကိုကြည့်၍ ဟောရပါသေးသည်။ ဤသို့ စသော ပြောမှု ဆိုမှု အကုသလ မိစ္ဆာဓမ္မ ပါပ ဖြစ်ကြသည် ဓမ္မအန္တရာယ်မှုကို ပြုတတ်လှသောကြောင့် များများကြီး ရှောင်ရှားကြရမည်။
မှန်မှားသိမှ မှတ်ရာသည်၊
ကြံအားရှိမှ တတ်ရာသည်၊
ဉာဏ်သွားရှိမှ မြတ်ရာသည်၊
မစပ်မယှဉ် အဖတ်တင်၊
ငြိုငြင်တတ်လှသည်။ (သတိမူကြပါကုန်)။
ထို့ကြောင့်-
သစေ သမ္မာ ဝိဟရေယျုံ၊ နဆိန္ဒေယျုံ ဝိဘာသဝါ၊
တသ္မာ သမ္မာ ဝိဟရေယျုံ၊ သံဆိန္ဒိတွာ နသံသယံ။
အနက်ကား -
သမ္မာ၊ ကောင်းစွာ။
သစေဝိဟရေယျုံ၊ အကယ်၍ နေကြကုန်သည်ဖြစ်အံ့။
ဝိတာသဝါ၊ ရဟန္တာပုဂ္ဂိုလ်တို့သည်။
လောကေ၊ လောက၌။
နဆိန္ဒေယျုံ မပြတ်ကုန်ရာ။
တသ္မာ၊ ထို့ကြောင့်။
သံသယံ၊ ကျွတ်ထိုက်သောပုဂ္ဂိုလ် ဟုတ်လေလော မဟုတ်လေလော။ တိဟိတ် ပုဂ္ဂိုလ် ဟုတ်လေလော မဟုတ်လေလော စသော ယုံမှားခြင်း ဝိစိကိစ္ဆာစိတ် နှစ်ဖြာကို။
သံဆိန္ဒိတွာ န၊ ဖြတ်၍ ဖျောက်၍။
သမ္မာ၊ ဘုရားဆုံးမ ဩဝါဒကို ချွတ်ယွင်းမပါ ကောင်းမွန်စွာ။
ဝိဟရေယျုံ၊ နေကုန်ရာ၏။
ဣမေစ သုဘဒ္ဒဘိက္ခူ သမ္မာဝိဟရေယျုံ။
အသုညောလောကေ အရဟန္တေဟိ အဿ။
အနက်ကား --
သုဘဒ္ဒ၊ သုဘဒ်။
ဣမေစဘိက္ခူ၊ ဤရဟန်းတို့သည်ကား။
သမ္မာ၊ ကောင်းစွာ။
ဝိဟရေယျုံ၊ နေကုန်ငြားအံ့။
လောကေ၊ လောက၌။
အရဟန္တေဟိ၊ ရဟန္တာတို့မှ။
အသုညော၊ မဆိတ်မကင်းသည်။
အဿ၊ ဖြစ်ရာ၏။
ထို့ကြောင့်-
ဣမိနာပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓသာသော လဒ္ဓပတိဋ္ဌော၊ နိယတ ဂတိကော စူဠသောတာပန္နော နာမဟောတိ။
ဟု (အဋ္ဌကထာ မိန့်တော်မူ၏)
ဣမိနာပနဉာဏေန၊ ဤဝိပဿနာ ဉာဏ်ပညာနှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
ဝိပဿကော၊ အကြောင်းပစ္စယ ဇနကဟိတ် နိမိတ်မကင်း ပြုပြင်လျင်းက ပါက အကျိုး ဖြစ်ပွားတိုး၏၊ ကြောင်းမျိုးမသွေ ပျက်စီးချေသော် ကျိုးနေမလွဲ ပျက်စမြဲဟု ကြောင်းကျိုးရှုလျက် ဖြစ်ပျက်ထွေထွေ ဉာဏ်ဖြင့်ဘွေ၍ သဗ္ဗေသင်္ခါရာ အနိစ္စာ သဗ္ဗေသင်္ခရာ ဒုက္ခာ သဗ္ဗေဓမ္မာ အနတ္တာဟု လေ့လာရှုမြင် ဆင်ခြင် ပွားများသော ယောဂီပုဂ္ဂိုလ်သည်။
ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား သာသနာတော်မြတ်၌။
လဒ္ဓသာသော၊ ရအပ်သော သက်သာရာရှိသည်ဖြစ်၍။
လဒ္ဓပတိဋ္ဌော၊ ရအပ်သော ထောက်တည်ရာ ရှိသည်ဖြစ်၍။
နိယတဂတိကော၊ အပါယ်လေးရပ် မကပ်ငြိဘဲ မြဲသော ဂတိရှိသော။
စူဠသောတာပန္နောနာမ၊ စူဠသောတာပန် မည်သည်။
ဟောတိ၊ ဖြစ်၏။
ထို့ကြောင့် -
တဿ တတ္ထ သုခိနော ဓမ္မပဒါနိ ပိလဝန္တိ၊ ဒန္ဒော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထ သောသတ္တော ခိပ္ပမေဝ ဝိသေသဘာဂီ ဟောဟိ။
ဟု ဟောတော်မူ၏။
တဿ၊ ထိုပုဂ္ဂိုလ်အား။
တတ္ထ၊ ထိုနတ်ဘဝ၌။
သုခိနော၊ ချမ်းသာသည်ဖြစ်၍။
ဓမ္မပဒါနိ၊ လူ့ဘဝက လေ့ကျက်၍ ထားကုန်သော တရားအစုတို့သည်။
ပိလဝန္တိ၊ တဖွားဖွား ပေါ်ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အဿ၊ ထိုသူအား။
သတုပ္ပါဒေါ၊ တရားကို အမှတ်ရသော သတိ ဖြစ်ခြင်းသည်။
ဒန္ဒော၊ နှေးသေး၏။
အထ၊ စင်စစ်သော်ကား။
သောသတ္တော၊ ထိုနတ်ဘဝသို့ ရောက်သော သတ္တဝါသည်။
ခိပ္ပမေဝ၊ လျင်မြန်စွာလျှင်။
ဝိသေသဘာဂီ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် နိဗ္ဗာန်ပျံ့ပြူး တရားထူးကို ရဖို့ရှိသည်။
ဟောတိ၊ ဖြစ်၏။
“ဒန္ဒော ဘိက္ခဝေ သတုပ္ပါဒေါ” ဆိုသည်ကား အသိဉာဏ် လျင်မြန်ခွင့်နှင့် ထောက်စာ သော် သတိဖြစ်မှုက နှေးရာသေး၏။ ရှေးလူ့ဘဝက လေ့ကျက်ခဲ့သော တရား အစုကို အမှတ်ရသည်နှင့် တပြိုင်နက် သောတာပတ္တိ မဂ်ဖိုလ်စသော ပုဂ္ဂိုလ်ဖြစ်၏ ဟူလို။
ပုညေနေတေန နိဗ္ဗာနံ၊ လဒ္ဓါ သန္ဒိဋ္ဌိကံ ဣဓ။
ပရမတ္ထံ အာရာဓေန္တေု၊ ဇနာ သဗ္ဗေပိ သုဗ္ဗတာ။
ဧတေန ပုညေန၊ ဝိပဿနာတရားကို ရေးသား ပြုစုရသော ဤကောင်းမှုကြောင့်။
ဣဓ၊ ယခု ပစ္စက္ခ မျက်မှောက်ဒိဋ္ဌ ဤဘဝ၌။
သန္ဒိဋ္ဌိကံ၊ ကိုယ်တွေ့မျက်မြင် ထင်ထင် လျားလျားကြီး ရှိနေသော။
နိဗ္ဗာနံ၊ ဒုက္ခခပ်သိမ်းတို့၏ ကင်းငြိမ်းခြင်းဟူသော သန္ဒိဋ္ဌိက နိဗ္ဗာန်ကို။
လဒ္ဓါ၊ ယခုဘဝ ကိုယ်တွေ့ဒိဋ္ဌ ရကုန်ကြ၍။
သုဗ္ဗတာ၊ စင်ကြယ်ကောင်းမြတ် ချီးမွမ်းအပ်သော ဝိပဿနာတရားကို မနေမနား အားထုတ်ကြကုန်၍။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
ဇနာ၊ လူ,နတ်,ဗြဟ္မာ, သတ္တဝါတို့သည်။
ဣဓေဝ၊ ဤပစ္စက္ခ ခုဘဝဝယ် ဂေါတမနွယ်ဖွား ရှင်တော်ဘုရား လက်ထက် အာဏာစက်၌ပင်လျှင်။
ပရမတ္ထံ၊ အထွဋ်အမြတ် ဆတ်ဆတ်ကြီး ပရမတ်ဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာရာဓေန္တု၊ အလိုပြည့်၍ ကိုယ်တွေ့ဉာဏ်မြင် အစဉ်ပေါက်ရောက် ပြီးမြောက် ခံစံကြပါစေကုန်သတည်း။
ဝါ၊ အလိုပြည့်၍ ကိုယ်တွေ့ညဏ်မြင် ဖွေးသန့်စင်လျက် ကြည်လင်ခပ်သိမ်း ငြိမ်းကြီး ငြိမ်းကြပါစေကုန်သတည်း။
၁၂၇၂-ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက် နေ့တွင် ပြီးစီး အောင်မြင်သည်။
နတ်လူ သာဓု ခေါ်စေသောဝ်။
ကြောင်ပန်းတောရ ဆရာတော်
ရေးသားစီရင်အပ်သော
သဘာ၀ ဒီပနီကျမ်း
မုံရွာမြို့မ အမိန့်တော်ရ မောင်ဘိုးဘေနှင့်တကွ အမိန့်တော်ရ မောင်ဘိုးလှ၊ ဘုတလင်မြို့မ ဆရာဝန် မောင်ဘိုးဘေတို့က၊ ရိုသေစွာ ဝပ်တွား၍ အသနားတော် မြတ်ခံ လျှောက်ဝံ့ပါသည်၊ သုဒ္ဓိလေးအင် ဖွေးဖွေးစင်သည့် အရှင်သူမြတ်ဘုရား။
အကြောင်းမှာ- “ယေပိ ဒီဃာယုကာ ဒေဝါ၊ သုတွာ တေသတ္ထု ဒေသနံ” ကျမ်းဂန်ပါဠိ လာရှိသည်နှင့် လျော်ညီစွာ အသက်ရှည်ကြာ နေရပါသော ဒေဝါ နတ်များသည် မြတ်စွာဘုရား၏ အနိစ္စတရားကို ကြားနာပြန်လျှင် ဆင်နပန်ညှိုး ပုဆိုးနွမ်းပါး ချိုင်းကြား ချွေးထွက် ကိုယ်ရောင်ပျက်နှင့် နန်းထက်မမွေ့ စုတေ့ကြောင်းဟိတ် ငါးနိမိတ်မြင် နတ်တို့သွင်မျှ ပမာဏသို့ တပည့်တော်တို့မှာ သံသရာညွန် ခန္ဓာဝန်ကို လွန်စွာပျင်းမုန်း စိတ်နှလုံး ဒုံးဒုံးကြီးချ ငြီးငွေ့လှ၍ သတ္တဇီဝါ ယူမိစ္ဆာကြောင့် ဖြစ်ပျက်မှန်စွာ သံသရာညွတ် ခန္ဓာဝဋ်မှ လွတ်သောတရား သဘောသွားကို သေချာစွာ ရေးသား၍ ပေးသနားတော်မူပါ၊ အရှင်သူမြတ်ဘုရား။
---နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။
သဘာ၀ ဒီပနီကျမ်း
ကိစ္ဆေန မေ အဓိဂတံ၊ ဟလံ ဒါနိ ပကာသိတုံ။
ရာဂဒေါသပရေတေဟိ၊ နာယံဓမ္မောသုသမ္ဗုဓော။
မေမယာ၊ ငါဘုရားသည်။
ကိစ္ဆေန၊ သင်္ချေလေးထပ် တသိန်းကပ်စင် ငြိုငြင်စွာရှာဖွေမှ။
အဓိဂတံ၊ ရအပ်သော။
ဓမ္မံ၊ နိဗ္ဗာန်တရားကို။
ဒါနိ၊ ယခုအခါ။
ပကာသိတုံ၊ သုံးဘုံသူအား ဟောကြားခြင်းငှာ။
ဟလံ၊ မသင့်လှပြီ။
ရာဂဒေါသပရေတေဟိ၊ ရာဂ ဒေါသ နှိပ်စက်အပ်ကုန်သော သတ္တဝါတို့သည်။
အယံဓမ္မော၊ ဤသဘောတရားကို။
နသုသမ္ဗုဓော၊ အလွယ်တကူ မသိနိုင်ရာ -
ဟု သဗ္ဗညုမြတ်စွာသည် သဟံပဋိ ဗြဟ္မာကြီး လျှောက်လာနီးမှာ ငြီးတော်မူသော ဂါထာ။ ။ သတိမူပါ။
ဤလူ့ပြည်ရွာ မဟာစက္ကဝတ် အထွဋ်သနင်း မင်းဖြစ်တော်မူလျှင် ကျွန်းခွင်လေးရပ်၌ လှည့်ပတ် နှိမ်နင်းသော စကြာမင်းတို့တံထွာ ဓမ္မတာကဲ့သို့ ထို့တူပမာ ဤ သာသနာတော်ဝယ်၊ (လယ်တီဆရာတော်ဘုရားသည်) ဝေဏေယျအများ သတ္တဝါ တို့အား သနားလှစွာသော ကရုဏာဖြင့် မြို့ရွာခရိုင် နိုင်ငံဝေးနီး အသီးသီးသို့ မငြီးမငွေ့ ကြွသွားတော်မူပြီး၍ ပစ္စုပ္ပန်၌ ဖြစ်သော အကျိုးစီးပွား၊ တမလွန်၌ ဖြစ်သော အကျိုးစီးပွား၊ မဂ်ဖိုလ်နိဗ္ဗာန် တည်းဟူသော ပရမတ္ထ အကျိုးစီးပွားတို့၌ ဟောကြားညွှန်ပြ ဆုံးမတော် မူတတ်သော သတ္တိကြောင့်....
ဒိဋ္ဌဓမ္မိက သမ္ပရာယိက မဂ္ဂဖလ နိဗ္ဗာနသင်္ခါတေသု ပရမတ္ထဓမ္မေသုဝေဏေယျာနံ အာဘုသောစရတီတိ အာစရိယော။
ဟူသည်နှင့် လျော်ညီစွာ “ဆရာတော်သခင် ကျေးဇူးရှင်ဘုရား” သင်ကြား တော်မူသော သြဝါဒစက် မိန့်တော်ချက်ကို သံမှိုနှက်သို့ ဦးထိပ်ထက် ပန်ရွက်၍ ဉာဏ်သက်ရာသမျှ သဘာဝကို ပြပါအံ့သတည်း။
ကြောင်းကျိုး ဟုတ်သည် မဟုက်သည်ကို ကြံစည် နုံ့နှေး အတွေးမရှိ လျင်စွာ သိသော ပညာရှိအပေါင်း သူတော်ကောင်းတို့သည် “သဘာဝဒီပနီ”ဤစာအုပ်မှာ အယုတ္တဋ္ဌာနာ တွေ့အပ်ပါလျှင် ရွှေဟင်္သာ မျက်လုံးကဲ့သို့ ရွှင်ပြုံးချိုသာ သင့်မြတ် ရာတွင် မြင်တော်မူ၍ ယူပါစေသတည်း။ ဤအရာကား ဂန္ထန္တရ ကောဝိဓမှာ ယုတ္တာယုတ္တ မရှုပ်ထွေးရအောင် လေးငါးခေါက်သာ မွှေနှောက်တော်မူပါ။ ဤမျှလောက်နှင့်မှ မပေါက်ငြားအံ့၊ ချောက်ချား လှုပ်ရှား၍သာယူပါ။
သတိမူရန်မှာ --
ဒိဋ္ဌဓမ္မိကတ္ထ သမ္ပရာယိကတ္ထ ပရမတ္ထ ဖြစ်သော ဒေသနာတော်မြတ်သည် အာဏာ တော်ကြီး ဝိနည်းနှင့်တကွ ဝေဏေယျဇ္ဈာသယ သဘောနှင့် ဟောတော်မူသော ဝေါဟာရဒေသနာ၊ အချို့သော သုတ္တန်မှာ ပုဂ္ဂလဓိဋ္ဌာန်သာ မှတ်ပါ။ အချို့သော သုတ္တန်နှင့်တကွ သတ္တဝါကို ဆံလွှာခန့်မျှ မညှာဘဲ ပြသော ပရမတ္ထသဘာဝဒေသနာ အဘိဓမ္မာကို ဓမ္မဓိဋ္ဌာန်သာ မှတ်ပါ။
ထိုနှစ်ပါးတွင် ပုဂ္ဂလဓိဋ္ဌာန်၏အရကို 'ဝိဝဋ္ဋဒီပနီ' စာအုပ် ထုတ်ပြပြီးဖြစ်၍ ယခု ထုတ်သော သဘာဝဒီပနီ ဤစာအုပ်က ဓမ္မဓိဋ္ဌာန်အရကိုသာ ယေဘုယျမှာ ပြသည် ဟု မှတ်ပါ။
ဤသာသနာ ခုခါသမယ သူငါကစ သံဝေဂတရား ဖြစ်ပွားရန်မှာ...
ဂင်္ဂါယဝါဠုကစုဏ္ဏံ၊ ပရာဇေတွာ တထာဂတာ။
အနေကာ သသာဝကေဟိ၊ ပရိနိဗ္ဗာယိံသု အနာသဝါ။
တထာ ပစ္စေကဗုဒ္ဓါနံ၊ ဧတ္တကာနမဗ္ဗန္တရံ။
အပ္ပဝိဋ္ဌော သြဟာရယိ၊ တွံလဇ္ဇာသိရေဝတ။
ကဒါလဒ္ဓါသိပုနတွံ၊ ဧဝရူပံသု သမယံ။
ဂင်္ဂါယ၊ အစီရဝတီ မဟီဂင်္ဂါ ယမုနာ စသော မြစ်ကြီးငါးသွယ်, မြစ်ငယ် ငါးရာထဲ၌။
ဝါဠုကစုဏ္ဏံ၊ သဲမှုန့် သဲလုံးတွေကို။
ပရာဇေတွာ၊ ရှုံးစေတော်မူ၍။
အနေကာ၊ အသင်္ချေချေ ဆကဲရေလည်း လွန်လေမရှိ များစွာဘိကုန်သော။
အနာသဝါ၊ ကာမာသဝ စသည်ဥဿုံ အလုံးစုံ ကင်းကုန်သည်ဖြစ်၍။
တထာဂတာ၊ ရှင်တော်ဘုရားသခင်တို့သည်။
သသာဝကေဟိ၊ နှစ်ဆဲ့လေးသင်္ချေနှင့် ကုဋေ ခြောက်ဆယ် ဗိုလ်ခြေ တသိန်း တွက်ကိန်း များလှ ဝေဏေယျ အပေါင်းနှင့်တကွ။
ပရိနိဗ္ဗာယိံသု၊ နိဗ္ဗူယူသိမ်း ငြိမ်းတော်မူကြကုန်လေပြီ။
သပ္ပုရိသ၊ သူတော်ကောင်း။
သုဏာဟိ၊ တရားတော် စကား နှုတ်ချိုပျားကို နားစေ့စေ့ ထောင်ကုန်လော့။
ဧတ္တကာ၊ ဤမျှအတိုင်းအရှည် ရှိကုန်သော။
ပစ္စေကဗုဒ္ဓါနံ၊ ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏။
အဗ္ဗန္တရံ၊ အပေါင်းအသင်း အတွင်းသို့။
အပ္ပဝိဋ္ဌော၊ မဝင်နိုင်ဘဲ ရှောင်လွှဲ ဖယ်သုံ ကုန်စေခဲ့၍။
ဩဟာရယိ၊ ဖြစ်ပျက်မှန်စွာ သံသရာမှာ ကမ္ဘာ၏ သစ်ငုတ်ကဲ့သို့ မပြုတ်နိုင် မကျွတ်နိုင် မြဲခိုင်ပါဘိ ယခုထက်ထိ ကျန်ရစ်ရ၏။
ဟေ၊ ခန္ဓာငါးပါး ဟူသော သံသရာ၏ အနှောင်အဖွဲ့သည် ဖွဲ့ချည်တုပ်နှောင် မြဲအောင် ချုပ်ထားအပ်သော ယောက်ျား, မိန်းမတို့။
တဝ၊ သင်သည်။
ဓီ၊ စက်ဆုပ်ဘွယ်သည်။
အတ္ထု၊ ဖြစ်ပြီ။
တွံ၊ သင်သည်။
လဇ္ဇာသိရေပတ၊ တဏှာ၏နောက် ခေါက်ခေါက်ခါခါ သံသရာမှာ ရှက်စရာ ကောင်းစွ တကား။
ဣဒါနိ၊ ဤသာသနာတော်နေဝန်း ထွန်းလင်းလှစွာ ခုအခါ၌။
နဝမခဏံ၊ ဘုရားပွင့်တော်မူသောခဏ၊ မဇ္ဈိမဒေသ၌ ဖြစ်ရသောခဏ၊ သမ္မာဒိဋ္ဌိကို ရသောခဏ စက္ခု, သောတ မချို့တဲ့သော ခဏကို ရပါလျက်နှင့်။
စေပမတ္တော၊ တရားကိုလည်း မလေ့၊ မသိ၍လည်း မကြောက်လှ၊ နောက်ကြွကြွ ရောင်ရောရောနှင့် ပြောင်ချောချောဟန်ပန် အကယ်၍ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ တန်တန် နေပြန်သည်ဖြစ်အံ့။
ကဒါစိ၊ ဘယ်တော့ ဘယ်ခါ ဘယ်ကမ္ဘာမှာမှ။
ပုန၊ တဖန်။
ဧဝရူပံ၊ ဤသို့ သဘောရှိသော။
သုသမယံ၊ အခါကောင်းအခါမြတ်ကြီးကို။
လဒ္ဓါသိ၊ ရချေဦးမည်နည်း။
ဣတိ၊ ဤသို့။
အတ္တာနံ၊ မိမိ ကိုယ်ကို။
စောဒေတွာ၊ တစိမ့်စိမ့်အောက်မေ့ တငွေ့ငွေ့ဆင်ခြင် အပြစ်တင်ခါ စောဒနာ၍။
တုမှေ၊ သင်တို့သည်။
ဝိပဿနာယ၊ အနိစ္စ ဒုက္ခ, အနတ္တ, ဟူသော ဝိပဿနာ ကမ္မဋ္ဌန်းကို။
ရုဇ္ဈထ၊ အားကုန်သွန်၍ အလွန်ကြိုးပန်းကြကုန်လော့။
ဟူသောအရ သံဝေဂဖြစ်ပွါး၍ ဝိပဿနာတရားကို အားထုတ်ဆင်ခြင် အလုပ်ခွင်သို့ ဝင်သော သူမှာ (ဥပမာကား) မြင့်မိုရ်တောင်ထိပ်၌ အိပ်လိုသော ယောက်ျားသည် မြင့်မိုရ်တောင်ကြီး အဘယ်မှာ ရှိသနည်းဟု မေးလေရာမူ။ သိသောသူက မြင့်မိုရ်တောင် ဆိုဒါ မြောက်မှာ ရှိသည်ဟု ပြောလေငြားလျှင် မြင့်မိုရ်တောင်သွား ယောက်ျားသည် ဤသို့သိရာ၏။
မြောက်ဆုံးမှ မြင့်မိုရ်တောင်သို့ ရောက်မည်။ မြင့်မိုရ်တောင်သို့ ရောက်မှလည်း မြောက်ဆုံးမည်ဟု သိသောအားဖြင့် ဖနောင့်နှင့်တင်ပါး တသားတည်းသာ သွားလေ ရာ၏။ မြင့်မိုရ်တောင်ထိပ်သို့ ရောက်သောအခါ ရှေ့နောက် ဝဲယာ လေးမျက်နှာ တို့သည်၊ အရှေ့ အနောက် မြောက် ခေါ်စရာမရှိ၊ တောင်အရပ် အတိသာ ရှိသကဲ့သို့ ထို့တူပမာဏ --
အနိမိတ္တ အပ္ပဏိဟိတ သုညတ ဖြစ်သော နိဗ္ဗာန်တရားကို လိုလားသော အမျိုးကောင်း သားသ္မီးများမှာ ဝိပဿနာဖြစ်သော အနိစ္စစစ်, ဒုက္ခစစ်, အနတ္တစစ်ကို သိမြင်မှသာ သုံးဆဲ့တရွာ သတ္တဝါ၌ သာယာသော အရိပ် နိမိတ်ခပင်း အကုန် ကင်းမည်။
---ဥပမာ ဥပမေယျ ဟတ်၍ ပြသော်ကား
နိဗ္ဗာန်ကို လိုလား၍ ဝိပဿနာတရားကို အားထုတ် ကြသောသူ ရှင်ရှင် လူလူ ဟူဟူ သမျှတို့သည် မြင့်မိုရ်တောင်သွား ယောက်ျားနှင့် တူ၏။
လေးကျွန်းလုံးမြောက် မြင့်မိုရ်ဆောက် စကားကဲ့သို့ အရဟတ္တမဂ်ဖိုလ် တရားသည် မြင့်မိုရ်တောင်ထိပ်နှင့်မခြား အလားဘူ၏။
ဘုံသုံးဖြာမှာ သာယာအပ်သော သတ္တဝါ အရိပ် နိမိတ်နှင့်တကွ ဓုဝ, သုဘ, သုခ, အတ္တ, သာရလေးလုံး ကင်းသုဉ်းခြင်းသည် မြင့်မိုရ်တောင်ထိပ်သို့ ရောက်၍ အရှေ့ အနောက် မြောက်ဆုံး မြောက်သုဉ်းသည်နှင့် တူ၏။
မြင့်မိုရ်ထိပ်ပေါ်မှာ အိပ်ပျော်သည်နှင့်ကား၊ နိဗ္ဗာန်ရ ဘုရား ရဟန္တာများနှင့်တူ၏။
မြင့်မိုရ်စကားကို ပြောကြားသော သူနှင့်ကာ၊ နိဗ္ဗာန်တရားကို ဟောကြားတော် မူသော ဘုရားစသော သူတော်ကောင်း အပေါင်းနှင့်တူ၏။
ယခုအခါ မြင့်မိုရ်ထိပ်ပေါ်မှာ အိပ်ပျော်သည်နှင့် မခြား နိဗ္ဗာန်တရားကို လိုလားသော အမျိုးကောင်း သားသ္မီးများမှာ သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေသင်္ခါရာ ဒုက္ခာ၊ သဗ္ဗဓမ္မာ အနတ္တာဟု ရှုအပ်၏။ ဤ သဗ္ဗေသင်္ခါရာ ဟူသောပုဒ်မှာ သဝိညာဏက သင်္ခါရ, အဝိညာဏက သင်္ခါရအားဖြင့် နှစ်ပါးတို့ထွင် အဝိညာဏက သံင်္ခါရ ဆိုသည်မှာ ...။
ဆာယာ အာတပေါ အာလောကော အန္ဓကာရော အဗ္ဘော မဟိဓုမော ရဇော၊ စန္ဒမဏ္ဍလဿ၊ ဝဏ္ဏနိဘာ၊ သူရိယမဏ္ဍလဿ ဝဏ္ဏနိဘာ၊ တာရကာနံ ဝဏ္ဏနိဘာ၊ အာဒါသမဏ္ဍလဿ ဝဏ္ဏနိဘာ၊ မဏိသင်္ခမုတ္တ ဝေဠုရိယဿ ဝဏ္ဏနိဘာ၊ ဇာတရူပ ရဇတဿ ဝဏ္ဏနိဘာ။
(ဓမ္မသင်္ဂဏီပါဠိတော်။)
ဆာယာ၊ အရိပ်တည်းဟူသော ရူပါရုံ။
အာတပေါ၊ နေပူတည်းဟူသော ရူပါရုံ။
အာလောကေ၊ အလင်းတည်းဟူသော ရူပါရုံ။
အန္ဓကာရော၊ အမိုက်မှောင် တည်းဟူသောရူပါရုံ။
အဗ္ဘော၊ တိမ်တိုက်၌ တည်သော ရူပါရုံ။
မဟိ၊ ဆီးနှင်း၌တည်သောရူပါရုံ။
ဓုမော၊ မီးခိုး၌ တည်သောရူပါရုံ။
ရဇော၊ မြူ၌တည်သောရူပါရုံ။
စန္ဒ မဏ္ဍလဿ၊ လဝန်း၏။
ဝဏ္ဏနိဘာ၊ အဆင်းအရောင် တည်းဟူသော ရူပါရုံ။
သူရိယမဏ္ဍလဿ၊ နေဝန်း၏။
ဝဏ္ဏနိဘာ၊ အဆင်းအရောင် တည်းဟူသော ရူပါရုံ။
တာရကာနံ၊ ကြယ်အပေါင်းတို့၏။
ဝဏ္ဏနိဘာ၊ အဆင်း အရောင် တည်းဟူသော ရူပါရုံ။
အာဒါသမဏ္ဍလဿ၊ ကြေးမုံဝန်း၏။
ဝဏ္ဏနိဘာ၊ အဆင်းအရောင် တည်းဟူသောရူပါရုံ။
မဏိသင်္ခမုတ္တ ဝေဠုရိယဿ၊ ပတ္တမြား ခရုသင်း, ပုလဲ, ကျောက်မျက်ရွဲ၏။
ဝဏ္ဏနိဘာ၊ အဆင်း အရောင်တည်းဟူသော ရူပါရုံ။
ဇာတရူပရဇတဿ၊ ရွှေငွေ၏။
ဝဏ္ဏနိဘာ၊ အဆင်းအရောင်တည်းဟူသော ရူပါရုံ။ ။ ၎င်းအနက်။
ဤကား - အဝိညာဏကသင်္ခါရတည်း။
သဝိညာဏကသင်္ခါရမှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ စသည်ဖြင့် ဟောတော်မူသည်။
ဤသို့ စသော သဝိညာဏက၊ အဝိညာဏက ရှိရှိသမျှ ရုပ်နမ်ဓမ္မသင်္ခါရ ဟူသမျှမှာ ....။
အနုပ္ပန္နာ ပုပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာစ နိရုဇ္ဈရေ။
နိစ္စံ နဝါဝသင်္ခါရာ၊ ဒီပဇာလသမူပမာ - ဟု ရှုအပ်၏။
သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရတို့သည်။
အနုပ္ပန္နာဧဝ၊ ရှေး၌ မဖြစ်ဘူးကုန်ဘဲသာလျှင်။
ဥပ္ပဇ္ဇန္တိ၊ ယခုအသစ် ပေါ်ဖြစ်လာကုန်၏။
ဥပ္ပန္နာစ၊ ဖြစ်ကုန်ပြီး၍လည်း။
နိရုဇ္ဈရေ၊ ခဏချက်ခြင်း ချုပ်ကင်းကုန်ပျောက်ကုန်၏။
သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရတို့သည်။
နိစ္စံနဝါဧဝ၊ အမြဲ အသစ်အသစ်တို့သည် သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရတို့သည်။
ဒီပဇာလသမူပမာ၊ ဆီမီးလျှံတမျှ တူသောဥပမာ ရှိကုန်၏။ ။ ၎င်းအနက်။
အဓိပ္ပါယ် အမြွက်ကား --
လောင်ဘက် ပျက်ဘက်နှင့်တကွ ဤစကြာဝဠာ ကမ္ဘာပျက်ရာ မီးဖျက်သောအခါ သံဝဋ္ဋကပ်မှာ လူ့ပြည်နတ်ရွာ ပဋ္ဌမဈာန်ဗြဟ္မာသို့ ရောက်အောင် မီးတောက်သား မီးတောက်ခဲကြီးအတိ ဖြစ်၍နေ၏။ “မီး” ဆိုသော်လည်း ထင်း, သစ်သား စသော အိမ်, ကျောင်း, မြို့ ရွာကို လောင်သလိုပမာ လောင်စာများမရှိ ပဋ္ဌမဈာန် ဗြဟ္မာသို့ ထိအောင် ပူစွမ်းတွေ အိရွသလို မမြဲအနိစ္စ သဘာဝဖြစ်နဲ သင်္ခါရခပဲကို ဉာဏ်ထဲတွင် စိစိ စိုက်၍ကြည့်လျှင် သိမြင်လိမ့်မည်၊ မြင်အောင်ကြည့်ပါ။
ရေဖျက်သောအခါ လေဖျက်သောအခါ ကမ္ဘာပြုမိုဃ်း ရွာသောအခါ တို့မှာလည်း နည်းတူသာမှတ်ပါ။
ယခုအခါ ဝိဝဋ္ဋဌာယီကပ်မှာလည်း နေရောင် လရောင် ကြယ်ရောင် မှောင်မိုက် အစရှိသော ရုပ်နာမ် သင်္ခတ သင်္ခါရ ဟူသမျှကို နေ့ညဉ့် မခြား သံဝဋ္ဋကပ်အား မီးတောက်သား မီးတောက်ခဲ မီးရဲရဲပူစွမ်းတွေဖြစ်ပျက်၍ နေသလို ယခုဖြစ်ပျက် သည်ကိုပင် ဉာဏ်ထဲတွင် ရှင်းရှင်း လင်းလင်းကြီး မြင်လိမ့်မည်၊ မြင်အောင် ကြည့်ပါ။
အနိစ္စလက္ခဏာမှာ “သင်္ခတာဓမ္မာ ဒေသနာအရ” သဘာဝကို ပြာကျမှသာ ဝိပဿနာ သဘောဟု ပြောရမည်။
ထို့ကြောင့် --
“အနိစ္စသညိနောမေဃိယ အနတ္တသညာ သဏ္ဌာတိ” ဟု ဟောတော်မူ၏။ ဤအရာ ဒုက္ခမှာ အတွင်းဝင်သာ မှတ်ပါ။ ဤပါဠိတော်အရဖြင့် သင်္ခတနယ်တွင် ဝိပဿနာ ခွင်သို့ ဝင်သောခဏ ဒုက္ခနှင့်အနတ္တမှာ အနိစ္စ၏အရောင်တင် အမွှန်းတင်သာမှတ်ပါ။ ဤအနိစ္စ, ဒုက္ခ အနတ္တနှင့် သတ္တောကာသ သင်္ခါရ ဟူသော လောက သုံးဖြာကို ဥပမာဟတ်စပ်၍ ပြောလျှင် အနတ္တသဘောနှင့် ဩကာသ လောကသည် မြို့ရွာ တိုင်းပြည် ဆိုသည်နှင့် တူ၏။
ဒုက္ခသဘောနှင့် သတ္တလောကသည် အိမ် ကျောင်း, နန်းတော် ခေါ်သည်နှင့်တူ၏။ အနိစ္စသဘောနှင့် သင်္ခါရလောကသည် သစ်သားတွေနှင့် မခြား အလားတူ၏။ သတိမူပါ။
ဤအရာက အနိစ္စသဘာဝ ပဓာနဖြစ်ကြောင်းကို....
ဝိသေသတောပန ဣမသ္မိံ ညာဏေ၊ အနိစ္စလက္ခဏ ဒဿနမေဝ ပဓာနံ၊ တသ္မိံ။ ဒိဋ္ဌေယေဝ ဣတရာနိ ကမေန၊ ဒိဋ္ဌာနိ ဟောန္တိ။
စသည်ဖြင့် .... (ပရမတ္ထဒီပနီဋီကာ ကမ္မဋ္ဌန်းပိုင်းမှာ ယူပါ။)
ဝိသေသတောပန၊ အထူးအားဖြင့်ကား။
ဣမသ္မိံ ညာဏေ၊ ဤဝိပဿနာ ဉာဏ်အရာ၌။
အနိစ္စလက္ခဏ ဒဿနမေဝ၊ အနိစ္စလက္ခဏာကို မြင်ခြင်းသည်သာလျှင်။
ပဓာနံ၊ လိုရင်းဖြစ်သော ပဓာနသဘောသည်။
ဟောတိ၊ ဖြစ်၏။
တသ္မိံ၊ ထိုအနိစ္စလက္ခဏာကို။
ဒိဋ္ဌေယေဝ၊ မြင်၍သာလျှင်။
ဣတရာနိ၊ ဤမှတပါးသော လက္ခဏာတို့ကို။
ကမေန၊ အစဉ်အားဖြင့်။
ဒိဋ္ဌာနိ၊ မြင်အပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဤဋီကာပြရိပ်က အနိစ္စသဘာဝကို ပြာချရမည် ဆိုလိုသည်၊ ပြာချပုံကို ပြမည်။ ဤ အလေ့ပေါက် သဘာဝရုပ်နာမ် သင်္ခါရ ပရမတ္ထ သဘောမျှကို အဘယ့်ကြောင့် လောကဟု ပြောရသနည်း။
‘လုဇ္ဇတိ ပလုဇ္ဇတိတိ လောကော’ ယောဓမ္မသမူဟော၊ အကြင် တရား အပေါင်းသည်။
လုဇ္ဇတိ ပလုဇ္ဇတိ၊ ဖရိုဖရဲ ပြိုကွဲပျက်ပြားတတ်၏။
ဣတိ၊ ထို့ကြောင့်။
သောဓမ္မသမူဟော၊ ထိုတရားအပေါင်းသည်။
လောကော၊ လောကမည်၏။
ဤဝိဂြိုဟ်သဘောက သဝိညာဏကလောက အဝိညာဏကလောက သင်္ခါရ မှန်သမျှကို သံဝဋ္ဋကပ်နှင့် မခြား မီးတောက်သား မီးတောက်ခဲကြီးတမူ တူသည် စင်စစ် လစ်လစ် ဖြုတ်ဖြုတ်နှင့် မှိန်ရှိန် သုတ်သုတ် သိမ့်သိမ့်လှုပ်လျက် ဖြစ်၍ ပျက်သော ပရမတ္ထ သဘာဝထူးမျှကိုသာ ပညတ်အရာ သတ္တဝါ တင်စား၍ ထင်မှား ရသော ဝိညာဏ်မြင်တရားကို ခြားနားစွာ မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။
သိသာခြားနား ထင်ရှားစေဦးအံ့ --
လောက သုံးပါးဆိုသည်ကား။- ဝဲယာရှေ့နောက် ထက်အောက် ဖီလာ ဆယ်မျက်နှာ အားဖြင့် ဆုံးစပိုင်းခြား ကမ်းကရနား မရှိမရသော လဟာပြင်ကြီး အတိမျှကိုသာ ဩကာသ လောကဟု ပြောကြရသည်။
(ဤ ဩကာသလောကဝယ် အကျယ်ကို လိုမူ ဒုတိယ ရေးထုတ်သော “ဝိဝဋ္ဋ ဒီပနီ” စာအုပ်မှာ မျက်နှာ နံပါတ် သုံးဆဲ့လေးကစ၍ ပညာနှင့်သာယူပါ။)
ထိုသြကာသ လောကထဲမှာ မမြဲသောသင်္ခါရ သဘာဝဓမ္မ အမူအရာမျှ ရုပ်နာမ် သင်္ခတကို သင်္ခါရ လောကဟု ပြောကြရသည်။ ဤမမြဲသော သင်္ခတ သဘောမျှ သင်္ခါရ လောကထဲမှာမှ ပရမတ္ထသဘာဝက အထူးအချွန် အလွန် ဆန်းကြယ်လှ၍ ဣန္ဒြိယဗဒ္ဓသင်္ခါရ အနိန္ဒြိယဗဒ္ဓ သင်္ခါရဟူ၍၎င်း။ သဝိညာဏကသင်္ခါရ အဝိညာဏက သင်္ခါရဟူ၍၎င်း ပရမတ္ထ သဘာဝတရားက အလွန်များပြားလှသော သဘောအားဖြင့် ထူးခြားကွဲလွဲ အနဲနဲ ဆန်းကြယ်လှ၍ ဣန္ဒြိယဗဒ္ဓ သဝိညာဏက သင်္ခါရကို သတ္တလောကဟု သနိမိတ္တသဘောနှင့် ပြောကြရသည်။ ပေါင်း သုံးလောက ဖြစ်၏။
(ဥပမာ) မြို့ရွာ တိုင်းပြည် ဆိုသည်ကား - နန်းတော် အိမ်တော် စသော လူနေ အိမ်ခြေ တည်နေရာကိုသာ မြို့ရွာ တိုင်းပြည် ဆိုသည်။
အိမ်, ကျောင်း, နန်းတော် ခေါ်သည်ကား သစ်သားတွေကို ဆိုသည်။ သစ်သားမှ တပါး အခြားလည်း အိမ်မရှိ။ ထိုသစ်သား အပေါင်း၏ အမူအရာထူးမျှကိုသာ အိမ်ဟူသော ဝေါဟာရနှင့် ပြောကြရသည်။ ထို့ကြောင့် မဟုတ်လော ....။
ကဋ္ဌာဒယောဧဝဟိ ဂေဟာကာရေန သဏ္ဌိတာ၊ ဂေဟန္တိ။
ရထာကာရေန သဏ္ဌိတာ ရထောတိ ဝုစ္စတီတိ။
(ပရမတ္ထဒီပနီဋီကာ ပစ္စည်းပိုင်းမှာ ယူပါ။)
ဟိသစ္စံ၊ မှန်၏။
ကဋ္ဌာဒယောဧဝ၊ သစ်သားအစ ရှိသည်တို့ကိုပင်လျှင်။
ဂေဟာကာရေန၊ အိမ် အခြင်းအရာအားဖြင့်။
သဏ္ဌိတာ၊ တည်သည်တို့ကို။
ဂေဟန္တိ၊ အိမ်ဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
ရထာကာရေန၊ ရထား အခြင်းအရာအားဖြင့်။
သဏ္ဌိတာ၊ တည်သည်တို့ကို။
ရထောတိ၊ ရထားဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
ဣတိ၊ ဤသို့မှတ်အပ်၏။
ဤအရာမှာ အိမ်နှင့်သစ်သား ကွဲပြားမှသာ သတ္တဝါနှင့် ဖြစ်ပျက်မှုတရား ကွဲပြားမည်။
(ဥပမာကား) အုဌ်, အင်္ဂတေစုကို စေတီဘုရားဟု ထင်ရှားသော မုက္ခမံ သုတ္တန် တရားနှင့် ရုပ်နာမ်နှစ်ပါး တရားအနု ဓာတ်အစု ဖြစ်ပျက်မှုကို သတ္တဝါဟု ထင်မြင်မှု ကား ရထားအခြင်းအရာကို ရထားဆိုသကဲ့သို့ ထို့တူပမာ အိမ်အခြင်းအရာကိုသာ အိမ်ဆိုသည်။ သစ်သားကို အိမ်ဆိုသည်မဟုတ်။
သစ်သားတခြား အိမ်တခြားလည်း မဟုတ်၊ ထိုသစ်သားနှင့် ကင်း၍လည်း အိမ်မဖြစ်။ အိမ်မရှိဟု သိရာ၏။ သတိမူပါ။ ထို့တူပမာ သတ္တဝါဆိုသည်မှာ ဖြစ်ပျက်စဉ် သင်္ခါရ ပရမတ္ထ အရိပ်အရောင် အမူအရာ ဟူသော သဘောထူးမျှကိုသာ သတ္တဝါဆိုသည်။ ဖြစ်ပျက်မှု ခန္ဓာငါးပါး၊ ရုပ်နာမ်တရားကို သတ္တဝါဆိုသည် မဟုတ် သတိမူပါ။
ဤအရာက “ ဒကေရာဇိ ပုဗ္ဗုလောဝ” စသည်နှင့် ညီစွာ ရေပြင်မှာ တုတ်သေးနှင့် ရေးလုပ်သော အရုပ်မှာ ရေးသားသော သူသာလျှင် အရုပ်အသွင် စိတ်ကမှန်း တန်း၍ ထင်မြင်သော အရုပ်ကဲ့သို့ ထို့တူပမာဏ ဤလောကမှာ သတ္တဝါဟူသော ပညတ် ပါးစပ်ဝနှုတ် ဖျားမျှဖြင့် ပြောကြရသည်။ သတိထားပါ။
ဤဖြစ်ပျက်စဉ် သင်္ခါရတရားသည် အကယ်၍များ သတ္တဝါဖြစ်ငြားအံ့၊ နေရောင်, လရောင်, ကြယ်ရောင်, မှောင်မိုက် စသော ဖြစ်ပျက်စဉ်သဘာဝ သင်္ခါရတွေသည် သတ္တဝါဖြစ်လေရာ၏။ ဖြစ်၍နေလိမ့်မည်။ သတိမူပါ။
ဖြစ်ပျက်မှုမှတခြား သတ္တဝါ တခြားလည်း မဟုတ်၊ ဖြစ်ပျက်မှုနှင့် ကင်း၍လည်း သတ္တဝါ မဖြစ်။ မရှိဟု သိရာ၏။ သိသာ၏ဟူလို...
(သိပါ၏ ဆိုသော်လည်း သဘောချိုတတ်သည်၊ သတိမူပါ။)
---ဥပမာ ဥပမေယျ ဟတ်၍ပြသော်ကား
သြကာသလောကသည် မြို့ရွာတိုင်းပြည်နှင့် တူ၏။
သင်္ခါရ လောကသည် သစ်သားတွေနှင့် တူ၏။
သတ္တ လောကသည် ထိုသစ်သား အပေါင်း၏ အမူအရာထူးမျှကိုသာ အိမ်, ကျောင်း, နန်းတော် ခေါ်သည်နှင့်တူ၏။
(ဤအရာမှာ ဉာဏ်ကုန်လွှတ်၍ ကြည့်ပါ)။
လိုရင်းမှာ လေထု, ရေထု မြေထု, မြူနု, မြူကြမ်းမှ စ၍ အဝိညာဏက သဝိညာဏက ဟူသော သဘာဝဓမ္မ အမူအရာမျှ ရုပ်နာမ် သင်္ခါရတို့၏ ဖြစ်ပျက်ရာ ဌာနကို သြကာသ လောကဟု ပြောကြရသည်။
ထိုဖြစ်ပျက်စဉ် ဟူသော အမူအရာ သဘာဝ ရုပ်နာမ်ဟူသမျှကို သင်္ခါရလောကဟု ပြောကြရသည်။
ထိုမမြဲသော သဘောမျှ သင်္ခါရလောကထဲမှာမှ ပရမတ္ထသဘာဝက အထူးအချွန် အလွန် ဆန်းကြယ်လှ၊ ဣန္ဒြိယဗဒ္ဓ သဝိညာဏက ဟူသော အမူအရာမျှ ရုပ်နာမ် သင်္ခါရကိုသာ သတ္တဝါ ဟူသော ဝေါဟာရနှင့် သတ္တလောကဟု ပါးစပ်ဝ နှုတ်ဖျားမျှဖြင့် ပြောကြရသည်။ လိုရင်းအနှစ် အရင်းစစ်လျှင် လဟာပြင်ကြီးထဲမှာ အမူအရာ ကိရိယာမျှ သဘာဝခပဲ မမြဲသဘောသာရှိသည်။
ဤအရာ အကျဉ်းသင်္ခေပါ မှတ်စရာမှာ - ကုသလာဓမ္မာ၏အရ ဖြူစင် ကြည်လင် သောသဘောမျှ၏ ဖြစ်ရာပျက်ရာကို လူ့ရွာ, နတ်ရွာ, ဗြဟ္မာခေါ်သည်။ အကုသလာ ဓမ္မာ၏အရ မည်းညစ်သော သဘောမျှ၏ ဖြစ်ရာ ပျက်ရာကို အပါယ်လေးရွာ ခေါ်သည်။ ထိုဖြူစင်မည်းညစ် ဖြစ်ပျက်စဉ် သဘောကို သင်္ခတာဓမ္မာဟု ဟောတော် မူသည်။ မည်းဖြူမဘက် ဖြစ်ပျက်ခပ်သိမ်းတို့ ကင်းငြိမ်းရာ သဘောကို အသင်္ခတာဓမ္မာ ဟု ဟောတော်မူသည်။
ဤ သင်္ခတာဓမ္မာ၏အရ အနိစ္စဖြစ်သော မမြဲသဘောမှာ ပြောစရာ ပြစရာ ဘယ်ဟာ တစိ ရှိသည်ဟု ထင်လျှင် မဟုတ်သောနည်း၊ မမှန်သောနည်း၊ ဒိဋ္ဌိပြုတ်ရန် အရေးနှင့် အဝေးကြီး။ ဒိဋ္ဌိပြုတ်ရန် ဟုတ်မှန်သောနည်းက ထို မမြဲသော သဘောမျှ ဓမ္မပုဉ္ဇ သဘာဝကိုသာ ဘယ်ဟာ ဟူသော ဝေါဟာရ ပါးစပ်ဝ နှုတ်ဖျားမျှဖြင့် ပြောရသည်ဟု ရှုမြင်မှသာ ယခင်ပြအပ်သော ပရမတ္ထဒီပနီဋီကာ ဆိုသော အလိုကျမည်။ ဤအနိစ္စ သဘောအစစ်ကို ပြောလျှင် အနွယ်ဖြစ်သော သစ်ညွန့် သဘောသည် ရှေ့တည်သော သစ်ကိုင်းကို ညွတ်ရိုင်းမျှော်တန်း ဓာတ်လှမ်း သဘော သင်္ခတဟူသော ဖြစ်ဟန်သည် --
“ပဗ္ဗံ ပဗ္ဗံ သန္ဓိ သန္ဓိ ဩမိ ဩမိ ဟုတွာ တတ္တက ပါလေ ပက္ခိတတိလာပိယ တဋ တဋ ယန္တာသင်္ခါရာ ဘိဇ္ဇန္တိ”
စသည်နှင့် ညီစွာ အဆစ်ဆစ် အစပ်စပ် အပိုင်းပိုင်း ပြတ်သော သဘောဖြစ်၍ ချစ်ချစ် ရဲရဲပူသော အိုးကင်းထည်း၌ ထည့်အပ်သော နှမ်းတို့ကဲ့သို့ ဖြစ်ဖြစ် ဟူသံ ဆူညံ ပျက်ပြား ဉာဏ်နားမှကြား၊ ဉာဏ်မျက်စိတွင်မှ မြင်ရသော ပရမတ္ထအမူအရာမျှ ကိရိယာသဘာဝကိုသာ သင်္ခါရဆိုသည်။ ဤအနိစ္စ သင်္ခါရဟု ဓမ္မပုဉ္ဇ သဘာဝစု ကိုသာ လေထု, ရေထု မြေထု စသည်ဟု ဆိုရသည်။
(ဤသို့နက်နဲ ခက်ခဲသော အရာမှာ သတ္တဝါများ သိထင်ရှားအောင် ရေးသားပြောမြင် အင်မတန်ခက် သဘောနက်ဘိ ပညာရှိတို့ သိစေဘို့ရန် ဉာဏ်အချက်မို့ အမြင်ခက် အပြောခက် သဘောနက်လို့ လက်တို့သည်)။
ဤကဲ့သို့ ပြာကျ ဒိဋ္ဌမြင်သိမှ “အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ” ပါဠိတော် အရနှင့် ပဌမ ဖလဋ္ဌာန်၊ သောတာပန်စစ် စသည်ဖြစ်မည်။
ထို့ကြောင့်-
အနိဓာနဂတာ ဘင်္ဂါ၊ ပုဉ္ဇော နတ္ထိ အနာဂတေ။
နိဗ္ဗတ္တာ ယေပိ တိဋ္ဌန္တိ၊ အာရဂ္ဂေ သာသပူပမာ
ဟု ဟောတော်မူ၏။
ဘင်္ဂါ၊ ချုပ်ပျက်ကုန်ပြီးသော ရုပ်နာမ်သင်္ခါရတို့သည်။
အနိဓာနဂတာ၊ ငြိမ်းလေပြီးသည့် ဆီမီးပမာ သိုမှီးရာမရသော အဖြစ်သို့ ရောက်လေကုန်ပြီ။
အနာဂတေ၊ မဖြစ်သေးမီ အနာဂါတ်၌။
ပုဉ္ဇော၊ လာ၍ဖြစ်ဘို့ရာ အပုံအစုသည်။
နတ္ထိ၊ မရှိနှင့်လေ။
ယေပိ၊ အကြင်ပစ္စုပ္ပန် ရုပ်နာမ် သင်္ခါရတို့သည်လည်း။
နိဗ္ဗတ္တာ၊ ဖြစ်ပေါ်လာကုန်သည် ဖြစ်၍။
တိဋ္ဌန္တိ၊ တည်ရကုန်၏။
တေပိ၊ ထိုပစ္စုပ္ပန် ရုပ်နာမ် သင်္ခါရတို့သည်လည်း။
အာရဂ္ဂေ၊ အပ်သွား ပွတ်ဆောက်ဖျား၌။
သာသပူပမာ၊ မုန်ညင်းစေ့တမူ တူသော ဥပမာ ရှိကုန်သည်ဖြစ်၍။
တိဋ္ဌန္တိ၊ တည်ရကုန်၏။ ။ အနက်။
ဥပမာ -
တကောင်းကင်လုံးက တရုံးရုံး နိမိတ်ပြ၍ တဟုန်းဟုန်း ကြိတ်ထသလိုပင် မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။ ဤသြကာသ လောကကြီး၏ နယ်တခွင် တပြင်လုံး အဆုံးမရှိကြီးထဲမှာ မမြဲသော သဘောမျှ သင်္ခါရ လောကသည် သံဝဋ္ဋ ကပ်ကြီး ထိန်ထိန်ငြီး၍ မီးထသည်ပမာဏ ရှိန်ရှိန် သုတ်သုတ် သိမ့်သိမ့်လှုပ်မစဲ မမြဲသော သဘောမျှကို လောကဆိုသည်။
ဤစကားမှာ မဟာသမုဒ္ဒရာထဲအား နည်းများသောရေ မရှိချေသို့ ထိုတူပမာဏ၊ သြကာသ လောကထဲအား သင်္ခါရခပဲ မမြဲသောတရား နည်းများမရှိ ပကတိဓမ္မ သဘာဝအားဖြင့် ပစ္စယာကာရ တဆဲ့နှစ်ပါးဟူသော ပဋိစ္စသမုပ္ပါဒ်နည်း၊ နှစ်ဆဲ့လေး ပစ္စည်း ဟူသော ပဋ္ဌာန်းနည်း၊ ပစ္စည်း သဘာဝ ဧကတ္တ, နာနတ္တ၊ အဗျာပါရ ဧဝံဓမ္မတာ နည်းလေးဖြာအမြဲ မစဲမလစ် အသစ်အသစ် ဖြစ်ပျက်၍ နေသည်မှာ သဘာဝသစ္စာသာ မှတ်ပါ။
ဤအရာမှာ – မှောင်မိုက်သောအခါ တခုသော တိုက်ခန်းမှာ မှောင်တည်းဟူသော အဋ္ဌကလာပ် ရုပ်ဓာတ်သင်္ခါရ အနိစ္စသည် တိုက်ခန်းတွင်းမှာ တင်းကြမ်း ပြည့်နှက် ဖြစ်ပျက်၍နေ၏။ ထိုတိုက်ခန်းမှာ သံစုံစသည် နာရီသံက ဆူညံသော သဒ္ဒနဝက ကလာပ်၊ ရုပ်ဓာတ်သင်္ခါရ အနိစ္စကလည်း တင်းကြမ်းပြည့်နှက် ဖြစ်ပျက်ထပ်မံ နေလေပြန်၏။ သတိမူပါ။
ထိုတိုက်ခန်းမှာ နံ့သာဆီကတိုး အမျိုးမျိုး မွှေးကြိုင် လှိုင်စေခါလည်း နည်းတူသာ မှတ်ပါ။ ဤအရာမှာ - ထိုတိုက်ခန်းမှာ ပဋ္ဌမ မီးထွန်း၍ပြီးမှ ဒုတိယ, တတိယမီး စသည်မှာလည်း ပညာနှင့်သာမြင်ပါ။
ထို့ကြောင့်–
ယထာပနရတ္တန္ဓကာရေ အန္တောလေဏေ မဟန္တော တမောခန္ဓော ဇာယတိ၊ ဒီပံ ဇာလေန္တဿပန ဒီပေါ ဘာသော ဧကက္ခဏေဧဝ သကလံ အန္တောလေဏံ၊ ဖရမာနော ဥဒေတိ၊ တမောခန္ဓော ဝေတိ၊ အာလောကဿ ဥဒယော ဟောတိ၊ တမော ခန္ဓဿ ဝယော ပုနဒီပေ နိဗ္ဗာပိယ မာနေ တမောခန္ဓဿ ဥဒယော ဟောတိ။ အာလောကဿဝယော ဧဝမေဝံသရီရေ နာနာဥတုဝသေနဝါ နာနာဟာရဝသေနဝါ နာနာ စိတ္တ ဝသေနဝါ နာနိရိယာပထ ဝသေနဝါ နာနာ ပယောဂ ဝသေနဝါ ဥဒယပက္ခာနံ ဝယပက္ခာနဉ္စ နာနာ သန္တတီနံ ဥဒယဉ္စ ဥဒယတော ဝယဉ္စ ဝယတော သုဒိဋ္ဌံ ကတွာ သမနုပဿ နုပဿန္တဿာတိ အတ္ထော။
ပရမတ္ထဒီပနီဋီကာ။ (အကျယ်ကိုလိုမူ ကမ္မဋ္ဌန်းပိုင်းမှာယူပါ)။
ရတ္တန္ဓကာရေ၊ ညဉ့်မိုက်သောအခါ၌။
အန္တောလေဏေ၊ လိုဏ်တွင်း၌။
မဟန္တော၊ ကြီးသော။
တမော ခန္ဓော၊ မိုက်မှောင်စုသည်။
ဇာယတိ၊ ဖြစ်၏။
ဒီပံ၊ ဆီမီးကို။
ဇာလေန္တဿပန၊ ညှိထွန်းသည် ရှိသော်ကား။
ဒီပေါ ဘာသော၊ ဆီမီးရောင်သည်။
ဧကက္ခဏေဧဝ၊ တပြိုင်နက်သာလျှင်။
သကလံ၊ အလုံးစုံသော။
အန္တောလေဏံ၊ လိုဏ်တွင်းကို။
ဖရမာနော၊ နှံ့သည် ဖြစ်၍။
ဥဒေတိ၊ တက်၏။
တမောခန္ဓော၊ မိုက်မှောင်စုသည်။
ဝေတိ၊ ကွယ်ပျောက်၏။
အာလောကဿ၊ အလင်း၏။
ဥဒယော၊ ဖြစ်ပွားခြင်းသည်။
ဟောတိ၊ ဖြစ်၏။
တမောခန္ဓဿ၊ မိုက်မှောင်စု၏။
ဝယော၊ ကွယ်ပျောက်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ပုန၊ တဖန်။
ဒီပေ၊ ဆီမီးကို။
နိဗ္ဗာပိယမာနေ၊ ငြိမ်းစေအပ်သည် ရှိသော်။
တမော ခန္ဓဿ၊ မိုက်မှောင်စု၏။
ဥဒယော၊ ဖြစ်ပွားခြင်းသည်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့၎င်း၊
အာလောကဿ၊ အလင်း၏။
ဝယောယထာ၊ ကွယ်ပျောက်ခြင်းကဲ့သို့ ၎င်း။
ဧဝမေဝံ၊ ဤအတူသာလျှင်။
သရီရေ၊ ကိုယ်၌။
နာနာ ဥတုဝသေနဝါ၊ အထူးထူးသော ဥတု၏အစွမ်းဖြင့်၎င်း။
နာနာ ဟာရဝသေနဝါ၊ အထူးထူးသော အာဟာရ၏ အစွမ်းဖြင့်၎င်း။
နာနာ စိတ္တဝသေနဝါ၊ အထူးထူးသော စိတ်၏ အစွမ်းဖြင့်၎င်း။
နာနိရိယာပထ ဝသေနဝါ၊ အထူးထူးသော ဣရိယာပုထ်၏ အစွမ်းဖြင့်၎င်း။
နာနာ ပယောဂ ဝသေနဝါ၊ အထူးထူးသော ပယောဂ၏ အစွမ်းဖြင့်၎င်း။
ဥဒယပက္ခာနဉ္စ၊ ပွားစီးသောအဘို့ ရှိသည်လည်း ဖြစ်ကုန်သော။
ဝယပက္ခာနဉ္စ၊ ကွယ်ပျောက်သော အချို့ရှိသည်လည်း ဖြစ်ကုန်သော။
နာနာ သန္တတီနံ၊ အထူးထူးသော အစဉ်သန္တတိတို့၏။
ဥဒယဉ္စ၊ ဖြစ်ပွားခြင်းကိုလည်း။
ဥဒယတော၊ ပွားစီးသော အနေအားဖြင့်။
ဝယဉ္စ၊ ကွယ်ပျောက်ခြင်းကိုလည်း။
ဝယတော၊ ကွယ်ပျောက်သော အနေအားဖြင့်။
သုဒိဋ္ဌံ၊ ကောင်းစွာ မြင်အပ်သည်ကို။
ကတွာ၊ ပြု၍။
သမနုပဿန္တဿ၊ အဖန်ဖန် ရှုသောပုဂ္ဂိုလ်အား။
ဣတိ၊ ဤသည်လျှင်။
အတ္ထော၊ လိုရင်းအချက် အနက်သဘောတည်း။
ဤအရာမှာ - ဥပမာတင်၍ မြင်သာအောင် ပြမည်။ ဤလောကကြီးသည် တအိုးလုံး မီးရဲ၍နေသော ဓာတ်မီးအိုးကြီးထဲမှာ ဓာတ်မီး၏ ပူစွမ်းတွေသည် ရှိန်ရှိန် သုတ်သုတ် သိမ့်သိမ့် လှုပ်မစဲသော တေဇောဓာတ်မီး ရဲရဲကြီးသည် ပူစွမ်းတွေ ထိန်ထိန်ငြီးသော ရှိန်ရှိန်မီး သဘောနှင့်သာ လွန်စွာတူသည်။
---ဥပမာ ဥပမေယျ ဟတ်၍ ပြသော်ကား
ဤခန္ဓာကိုယ်သည် တအိုးလုံး မီးရဲ၍နေသော ဓာတ်မီးအိုးကြီးနှင့်သာ လွန်စွာတူ၏။
ရုပ်နာမ်ခပဲ မမြဲသောသဘာဝ အနိစ္စမှာ ဓာတ်မီး၏ ပူစွမ်းတွေနှင့်သာ လွန်စွာတူ၏။
တနည်း -
မှောင်မိုက်သောအခါ တခုသော တိုက်ခန်းမှာ မီးထွန်းလေရာ ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, သြဇာ ဟူသော အဋ္ဌကလာပ် ရုပ်ဓာတ် မီးရောင်တွေသည် ထိုတိုက်ခန်းလုံးမှာ ပြည့်လေရာ၏။ ဤ၌လည်း ယခင် ဆိုအပ်ခဲ့ပြီးသော ဓာတ်မီးအိုးကြီးနှင့်သာ လွန်စွာတူသည်။
ထိုမီးကို ငြိမ်းသောအခါ မှောင်မိုက်၍ လာ၏။ ထို မှောင်တည်း ဟူသော အဋ္ဌကလာပ် ရုပ်ဓာတ်မှာလည်းယခင်ဆိုအပ်ခဲ့ပြီးသော ဓာတ်မီးအိုးကြီးလိုသာ မှတ်ပါ။
တနည်းမှာ --
ဤစကြာဝဠာ တခုလုံးသည် ရဲရဲပြီးသော ဓာတ်မီးအိုးနှင့်သာ လွန်စွာတူသည်။ နေရောင် လရောင်, ကြယ်ရောင်, မှောင်မိုက်စသော သင်္ခါရခပဲ မမြဲသော အနိစ္စ သဘာဝမှာ ပူစွမ်းတွေ ထိန်ထိန်ထ၍ ရှိန်ရှိန်ကြွသော ဓာတ်မီး၏ သဘာဝနှင့်သာ လွန်စွာ တူသည်။
တနည်းမှာ --
ဝဲယာရှေ့နောက် ထက်အောက်ဖီလာ ဆယ်မျက်နှာအားဖြင့် ဆုံးစပိုင်းခြား ကမ်းကရနား မရသော ဩကာသ လောကကြီးသည် ဓာတ်မီးအိုးကြီးနှင့်သာ လွန်စွာတူသည်။ သဝိညာဏက၊ အဝိညာဏက ရှိသမျှဥဿုံ၊ အလုံးစုံသဗ္ဗ သင်္ခါရခပဲ၊ မမြဲသောသဘာဝသည် ဓာတ်မီးအိုးကြီးထဲမှာ ရဲရဲပြီးသော ဓာတ်မီး နှင့်သာ လွန်စွာတူသည်။ ထို့တူပမာဏ အမူအရာမျှကို ရုပ်နာမ်ဟု ဆိုရသော အနိစ္စ သဘာဝမှာ လျှပ်စစ်၏ ပမာဏနှင့်လည်း တူလှသောသဘောကို....
အဒဿနတော အာယန္တိ၊ ဘင်္ဂါဂစ္ဆန္တျ ဒဿနံ။
ဝိဇ္ဇုပ္ပါဒေါဝ၊ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ၊
(နိဒ္ဒေသ ပါဠိတော်။)
အဒဿနတော၊ မမြင်ရရာ။
အနာဂတ၊ အဘာဝ အဖြစ်မှ။
အာယန္တိ၊ လာ၍အသစ် ပေါ်ဖြစ်လာကုန်၏။
ဘင်္ဂါ၊ ချုပ်ပျောက်ပျက်စီးကုန်ပြီးသော ရုပ်နာမ်သင်္ခါရ တို့သည်လည်း။
အဒဿနံ၊ မမြင်ရရာ အဘာဝစစ် အတိတ်အဖြစ်သို့။
ဂစ္ဆန္တိ၊ ရောက်လေကုန်၏။
အာကာသေ၊ ပဇ္ဇုံရိုက်ချုန်း ချိမ့်အုံးထက်ခွင် မိုဃ်းကောင်းကင်၌။
ဝိဇ္ဇုပ္ပါဒေါဣဝ၊ ပြိုးပြက်လျှံလင်း လျှပ်စစ်၏ ဖြစ်ခြင်းကဲ့သို့။
ဥပ္ပဇ္ဇန္တိ စ၊ ဖြစ်လည်းဖြစ်ကုန်၏။
ဝယန္တိ စ၊ ပျက်လည်း ပျက်ကုန်၏။ ။ ၎င်းအနက်။
ဤကဲ့သို့ ပမာဏ မမြဲသောသဘာဝ သင်္ခါရခပင်းကို ပြာမကြွင်းအောင် လင်းလင်းချင်းချင်း ထင်းထင်းကြီး မြင်လိမ့်မည်။ မြင်အောင် ကြည့်ပါ။ မြင်ရအောင်ဟာ အာသာထံသဲ မမြင်မနေဘူးဟဲ အံကြိတ်ခဲ၍ လွန်ကဲ အားသစ် ရမည်။
ဤသာသနာတော်အခါ သောတာပန် ဆိုသည်မှာ သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိ၊ အဂ္ဂသာဝက၊ မဟာသာဝက တို့ကဲ့သို့ ပါရမီကို ငဲ့ဖို့ရာမရှိ၊ နိဗ္ဗာန်ကို ရပါလို၏ဟု ဆုတောင်းကြသမျှ ပကတိသာဝကတို့မှာ ဂရုပြုလျှင် ယခု သောတာပန်စစ် သကဒါဂါမ်ပင် ဖြစ်ပါ၏။ အနာဂါမ်ခေတ် ရှိသည်ကို ကြည့်လေ။
ဣမေစ သုဘဒ္ဒ ဘိက္ခု၊ သမ္မာ ဝိဟရေယျုံ။
အသုညော လောကေ၊ အရဟန္တေဟိ အဿ။
သုဘဒ္ဒ၊ သုဘဒ်။
ဣမေစ ဘိက္ခု၊ ဤရဟန်းတို့သည်ကား။
သမ္မာ၊ ကောင်းစွာ။
ဝိဟရေယျ၊ နေကုန်ငြားအံ့။
လောကေ၊ လောက၌။
အရဟန္တေဟိ၊ ရဟန္တာတို့မှ။
အသုညော၊ မဆိတ်ကင်းသည်။
အဿ၊ ဖြစ်ရာ၏။
ဤပါဠိတော်အရ ယခုကာလ သူငါကစ ဒုလ္လဘနှင့် ကြံကြ၍ ခဏငါးပါး စုံရခြင်းကား နိဗ္ဗာန်တရားသည်၊ (ဥပမာအား) ခံတွင်းအပါး မုဆိတ်ကြားမှ ပျားလာ၍ စွဲသလို မခဲမငြို မြိုရုံမျှ လိုကြသည်။ ဤကဲ့သို့ ဝိပဿနာမျိုးကို ဉာဏ်မတိုးဝံ့ တိုတွန့်ပေခွေ၍ ဉာဏ်ဝေဉာဏ်ပြား ဉာဏ်မသွားက ဉာဏ်မဝါးနိုင် ဉာဏ်မငုံနိုင် ဉာဏ်မမှီနိုင် ဉာဏ်မပိုင်လျှင် ဉာဏ်မှိုင် ဉာဏ်မူး ဉာဏ်မစူးလျှင် မဟုတ်ဘူး ထင်တတ်သည်။ ဤအရာဝယ် အဓိပ္ပါယ် သဘောကို လင်္ကာနှင့်ပြောမည်။
(ဤလောက၌၊ မိဘတို့အား၊ ချစ်ကြငြားလည်း၊
မိဘနှင့်မူ၊ အယူကွဲပြား၊
ဘ,စကားကို၊ နားမထောင်လူ၊
ရန်သူဖြစ်လေ၊ အမွေမရ ပမာဏသို့။
ဘုရာ့စကား၊ မြတ်တရားကို၊ နားမဝင်ဘိ၊
မသိလျှင် သူပုန်၊ မယုံလျှင် ရန်သူ၊
အတူလိုနေ၊ မဂ်ဖိုလ် မွေကို၊
မရလေငြား၊ ဆင်းရဲ ပွားသည်၊
အများလူတို့၊ သိစေဘို့)။ သတိမူပါ။
ယခုအခါ ဝိပဿနာတရားကို အားထုတ်ကြသော အမျိုးကောင်း သားသ္မီးများမှာ “အနိမိတ္တဉ္စဘာဝေဟိ” ပါဠိတော်အရ ဩကာသလောကထဲမှာ တစုံတရာ ဘယ်ဟာဟူသော သဘောနှင့် ပြောစရာမရှိ။ ကြည့်စရာမရ။ မမြဲသော သဘာဝက သံဝဋ္ဋကပ်ကြီး ထိန်ထိန်ငြီးသော မီးတောက်ကြီးမျှ ပမာဏလို သဘာဝအစဉ်မျှကို မြင်ရမည်ဟူလို။
ထိုသို့ မြင်ရသောသူအား လောကီ လုပ်ရပ်သမားများ “ကျပ်ချိန် ပျောက်လျှင် နိဗ္ဗာန်ဝင်” စကားကဲ့သို့ ထို့တူမခြား လောကုတ္တရာဖြစ်သော ဝိပဿနာတရားမှာ-သတ္တဝါအရိပ် နိမိတ်ခပင်း အကုန်ကင်းမှ အနိမိတ္တ ဖြစ်ကြမည်။ သို့မှ အပ္ပဏိဟိတ၊ သုညတဟု ဆိုရသည်၊ ကြပ်ကြပ်ကြီး သတိမူရမည်။
ဤသင်္ခါရခပဲ မမြဲသော သဘောက ယခုအခါ ယခုကမ္ဘာမှာမှ မမြဲသော လောက မဟုတ်။ အတိတ် လွန်လေပြီး ဖြစ်သော ရှေးရှေးသောအခါ ကမ္ဘာဘာက သဘာဝဓမ္မ ဤလောက တည်ထောင်သည်မှစ၍ ယနေ့ထက်ထိ မြဲ၏ဟူသော အချက်က အမြွက်လေသမျှ မရခဲ့ဘူးဘူး။ မရှိခဲ့ဘူးဘူး။ မပေါ်လာခဲ့ဘူးဘူး။
ဤအတိတ် ပစ္စုပ္ပန် ကာလနှစ်ပါးမှာသာ မြဲသော သဘောမရှိ၊ မမြဲအတိ ဖြစ်နေဘိသည် မဟုတ်။ လာလတ္တံ့သော အနာဂါတ်မှာလည်း ဘယ်တော့ ဘယ်ခါ ဘယ်ကမ္ဘာကျတော့ မြဲသောသဘော ရပ်နားတည် ငြိမ်သောသဘောက အမြွက် လေသမျှသော် ပေါ်လာလိမ့်မတဲ့လည်း မဟုတ်ဘူး။ မပေါ်လာဘူး။ မပေါ်လာနိုင်ဘူး။ အဘယ့်ကြောင့်နည်း။ မြဲသောသဘော၊ တည်ကြည် ငြိမ်သက်သော သဘောက အမြွက်လေသမျှ ပကတိကိုက လုံးလုံးမရှိ၊ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်းမရှိ၊ စင်စင်ကြီး ကင်းရှင်းလှခြင်းကြောင့်တည်း။ ဤကား --
သဗ္ဗေသင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ။
အထနိဗ္ဗိန္ဒတိဒုက္ခေ၊ ဧသမဂ္ဂေါဝိသုဒ္ဓိယာ။
ဟူသော (ဓမ္မပဒပါဠိတော်၏ အဓိပ္ပါယ်တည်း။)
ဒုက္ခဆိုသည်ကား ... “တေဘူမိကံ ဝဋ္ဋံ ဒုက္ခံ၊” ဟူသောအရ။
ဒုက္ခမေဝဟိ သမ္တောတိ၊ ဒုက္ခံ တိဋ္ဌတိဝေတိစ။
နာညတြဒုက္ခာသန္တောတိ၊ နာညံဒုက္ခာနိရုဇ္ဈတိ။ ဟု ရှုအပ်၏။
ဟိသစ္စံ၊ မှန်၏။
ဒုက္ခမေဝ၊ ဆင်းရဲသက်သက်သည် သာလျှင်။
သမ္ဘောတိ၊ အကြောင်း အားလျော်စွာဖြစ်၏။
ဒုက္ခံဧဝ၊ ဆင်းရဲ သက်သက်သည်သာလျှင်။
တိဋ္ဌတိ၊ ခဏဌီ ပဗန္ဓဌီအားဖြင့် တည်၏။
ဝေတိစ၊ ချုပ်လည်းချုပ်၏။
ဒုက္ခာ၊ ဒုက္ခကို။
အညတြ၊ ကြဉ်ထား၍။
ကိဉ္စိ ဓမ္မ ဇာတံ၊ ပုဂ္ဂိုလ်သတ္တဝါ ခေါ်ဆိုဘွယ်ရာ တစုံတခုသော တရားသဘောသည်။
နသမ္ဘောတိ၊ ဖြစ်သည်မရှိ။
ဒုက္ခာ၊ ဒုက္ခမှ။
အညံ၊ တပါးသော။
ကိဉ္စိ ဓမ္မဇာတံ၊ ပုဂ္ဂိုလ်သတ္တဝါ ခေါ်ဆိုဘွယ်ရာ တစုံတခုသော တရားသဘောသည်။
နနိရုဇ္ဈတိ၊ ချုပ်သည်မရှိ။ ။ အနက်။
အဓိပ္ပါယ်အကျဉ်း လိုရင်းကား
အကောင်းအမွှန် ချမ်းသာသုခဟူသည် ပစ္စုပ္ပန်ဖြစ်သော ယခုဘဝ၊ ယခု သာသနာ၊ ယခုကမ္ဘာမှာမှ ချမ်းသာသုခ မရသည် မရှိသည်မဟုတ်၊ အတိတ်လွန်လေပြီး ဖြစ်သော ရှေးရှေးသောအခါ ကမ္ဘာဘာက ဤသင်္ခါရ ပရမတ္ထသဘာဝက ပဋ္ဌမ တည်ထောင်သည်မှစ၍ ယနေ့ထက်ထိ ဘယ်တော့ ဘယ်ခါ, ဘယ်ကမ္ဘာ, ဘယ် သာသနာတော်တုံးကမှ အကောင်းအမွန် ချမ်းသာသုခဟူသည် အနုမြူမျှ မပေါ်လာခဲ့ဘူးဘူး၊ မရှိခဲ့ဘူးဘူး။
ထိုအတိတ် ပစ္စုပ္ပန် ကာလ နှစ်ပါးမှာသာ အကောင်းသုခ မရသည်၊ မရှိသည်မဟုတ် လာလတ္တံ့သော အနာဂါတ်မှာလည်း ဘယ်တော့ ဘယ်ခါ, ဘယ်ကမ္ဘာ ဘယ်သာသနာကျတော့ ချမ်းသာ သုခဟူသည် အနုမြူမျှ ပေါ်လာလိမ့်မတဲ့လည်း မဟုတ်ဘူး၊ မပေါ်လာဘူး၊ မပေါ်လာနိုင်ဘူး၊
အဘယ့်ကြောင့်နည်း ...၊ အကောင်း အမွန် ချမ်းသာသုခ ဟူသည်။ ပင်ကိုယ်ရင်း သဘော ပကတိကိုကပင် လုံးလုံးမရှိ၊ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်းမရှိ၊ စင်စင်ကြီး ကင်းရှင်းလှသောကြောင့်တည်း။
ဤကား --
သဗ္ဗေသင်္ခါရာ ဒုက္ခာတိ ယဒါပညာယ ပဿတိ အထနိဗ္ဗိန္ဒတိ ဒုက္ခေ ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ၊
ဟူသော (ဓမ္မပဒပါဠိတော်၏ အဓိပ္ပါယ်တည်း)။
အနတ္တ ဆိုသည်ကား --
ဒုက္ခမေဝတ္ထိနောဒုက္ခီ၊ ကိရိယာဝန ကာရကော၊ နိဗ္ဗူတီဝ နိဗ္ဗူတောန မဂ္ဂေါဝ ဂမကောနိဓ၊ ဟု ရှုအပ်၏။
ဣဓ၊ ဤသာသနာတော် အလို၌။
ဒုက္ခမေဝ၊ ဆင်းရဲ သက်သက်သည်သာလျှင်။
အတ္ထိ၊ ရှိ၏။
ဒုက္ခီ၊ ဆင်းရဲခံရသော ပုဂ္ဂိုလ်သတ္တဝါသည်။
နောအတ္ထိ၊ မရှိ။
ကိရိယာဝ၊ ဆင်းရဲကိုပြခြင်း အမူအရာ သမုဒယ တဏှာသည်သာလျှင်။
အတ္ထိ၊ ရှိ၏။
ကာရကော၊ ပြုတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်။
နအတ္ထိ၊ မရှိ။
နိဗ္ဗူတီဧဝ၊ ငြိမ်းခြင်းနိဗ္ဗာန် သည်သာလျှင်။
အတ္ထိ၊ ရှိ၏။
နိဗ္ဗူတော၊ ငြိမ်းတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်။
နအတ္ထိ၊ မရှိ။
မဂ္ဂေါဝ၊ လမ်းသည်သာလျှင်။
အတ္ထိ၊ ရှိ၏။
ဂမကော၊ သွားသောသူသည်။
နအတ္ထိ၊ မရှိ။ ။ အနက်။
အဓိပ္ပါယ်မှာ...
ဂင်္ဂါယဝါဠုကံစုဏ္ဏံ၊ ပရာဇေတွာ တထာဂတေ။ အနေကသသာဝကေဟိ၊ ပရိနိဗ္ဗာယီသုံအနာသဝါ။
စသည်နှင့်ညီစွာ။ အစီရဝတီ၊ မဟီဂင်္ဂါ၊ ယမုနာ စသော မြစ်ကြီးငါးသွယ် မြစ်ငယ် ငါးရာထဲ၌ ရှိရှိသမျှသော သဲမှုန့် သဲလုံးတွေကို ရှုံးစေတော်မူ၍ သမ္မာသမ္ဗောဓိ ဘုရားရှင်တို့သည် များစွာပင် ပွင့်တော်မူကြ လေကုန်ပြီ။ ထိုဘုရားရှင် တဆူ တဆူ မှာလျှင် နှစ်ဆဲ့လေးသင်္ချေနှင့် ကုဋေခြောက်ဆယ်၊ ဗိုလ်ခြေတသိန်း တွက်ကိန်း များလှ ဝေဏေယျတို့သည် နိဗ္ဗာန်သို့ ရရောက်ကြလေကုန်ပြီ။
ဤကဲ့သို့ ပမာဏ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့နှင့်တကွ သာဝက ဟူဟူသမျှတို့သည် နိဗ္ဗူယူသိမ်း ငြိမ်းကြကုန်သော်လည်း သတ္တလောက ထဲမှာ သတ္တဝါခပဲ့က မည်မျှနည်းပြီး မည်မျှလျော့သည်ဟု မရှိကုန်၊ မလျော့ကုန်၊ မတိုးကုန်၊ မဆုတ်ကုန်။
ဤကဲ့သို့ နည်းခြင်း များခြင်း တိုးခြင်း ဆုတ်ခြင်း မရှိသည်ကိုပင် သိမြင်ရမည် ဟူလိုသည်။ အဘယ့်ကြောင့်နည်း။ လျော့နည်းတိုးဆုတ်ဘို့ရာ ပုဂ္ဂိုလ် သတ္တဝါဟူ၍ အနုမြူမျှမှ ပကတိကိုကမရှိ၊ မရသော သစ္စာသဘော ဖြစ်လေသောကြောင့်တည်း။
ဤအရာမှာ သစ္စာဆိုသည်ကား --
ထင်ရှား မရှိသော အဝိဇ္ဇမာနတရားစင်စစ် ဖြစ်ပါလျက်နှင့်လည်း ဤလောက၌ သတ္တ, ပုဂ္ဂလ, အတ္တဇီဝဟု ဝန်ခံကြသောအရာ ဝစီသစ္စာ ဝိရတီသစ္စာ သမ္မုတိ သစ္စာမှာ လောကသစ္စာသာ မှတ်ပါ။ ဝိဇ္ဇမာနအရာ သဘာဝသစ္စာ အရိယသစ္စာမှာ ပရမတ္ထသစ္စာသာ မှတ်ပါ။
ထိုနှစ်ပါးတို့တွင် လောကသစ္စာ သမ္မုတိသစ္စာ ထင်မြင်အပ်သည့် ပညတ်မျှသာ သတ္တဝါသည် ကမ္ဘာဘာတွေ အသင်္ချေယျာ အကြာအကြာမှာ သတ္တဝါက တယောက် တယောက်ကျနှင့် တွဲစပ်နှုတ်ပစ်လျှင် သတ္တဝါကုန်ဆုံး၍ သတ္တလောကမှာ သုဉ်းလေရာ၏။ ဤကဲ့သို့ လောက မသုဉ်းရ၊ မသုဉ်းကောင်း၊ မဆိတ်ကောင်းဟုသာ မှတ်ပါ။
ဤအရာမှာ - အစဉ်အလာ ဓမ္မတာအယူ သူငါကစ ယေဘုယျ ထင်မှတ် ကြသည်ကား။ (ဥပမာအား) တစပ်ထည်း တည်နေသော သမုဒ္ဒရာ လေးစင်းရေဝယ် တခုသော ဝါဂွမ်းငယ်ဖြင့် တို့၍ ကမ်းပေါ်သို့ ညှစ်ပစ်သောအခါ ထိုသမုဒ္ဒရာထည်းမှာ မည်မျှနည်း၏၊ မည်မျှလျော့၏ဟု မသိရာသကဲ့သို့။ ထို့တူ ပမာဏ သတ္တလောက သတ္တဝါက များပြားလှ၍ ဘယ်မျှလောက် ဘုရားပွင့်ကြငြားလည်း သတ္တလောကတွင် အရာမထင်ဟု ယူရန်ရှိ၏။ ယူကြ၏။
ဤစကားမှာ - ဝိပဿနာ ဟုတ်မှန်သောအရာ သဘာဝသစ္စာ အရိယာသစ္စာ ပရမ သစ္စာနှင့်ဖြင့် မသင့် မဟုတ်၊ မသင့်ပုံ မဟုတ်ပုံကား အဝိဇ္ဇမာန တရားအတိ ထင်ရှားမရှိသော သမ္မုတိသစ္စာ ဝစီသစ္စာ လောကသစ္စာ ထင်မြင်အပ်သည့် ပညတ်မျှသာ သတ္တဝါကို တင်းခြင့်, တောင်းခြင့် ကဲ့သို့၎င်း၊ ချိန်ဝန်ပိဿာကဲ့သို့၎င်း အထည်အဖတ်, ဒြပ်သဘောနှင့် ပြောသောကြောင့်တည်း။
သတိမူရန်မှာ။ သတ္တဝါသည် ဤကဲ့သို့ အခြင့်အချိန် အတုံးအတစ် အနှစ်အသား ရှိခဲ့ငြားအံ့။ ပုဂ္ဂိုလ်သတ္တဝါအား ဘယ်လောက်ပင် များများ “ပုဗ္ဗကောဋိန ပညာယတိ” စကားတော်ကို မြှော်ပါလျှင် သိသင့်ရာ၏။
အဓိပ္ပါယ်ကား .... မြတ်စွာဘုရားသည် ဘုရားဖြစ်သည့်နေ့မှ လောက၏အစကို ရှုမြော်တော်မူသော ရွှေဉာဏ်တော်သည် ယနေ့ထက်ထိ သွားတုံး, လိုက်တုံး လောက၏ အစကလည်းမဆုံး မတုံး၊ ဤကဲ့သို့ ရွှေဉာဏ်တော်နှင့် လောကမဆုံး နှစ်ပါးလုံးတို့ ယနေ့ထက်ထိ သွားတုံး, လိုက်တုံး စ,မဆုံးသည်ကို မြော်မိပါလျှင် သတ္တဝါ ကုန်ဆုံး၍ သတ္တလောကမှာ သုဉ်းလေရာ၏ဟု သိလိမ့်မည် ဟူလိုသည်။
(ဤအချက်ကား - ဉာဏ်ရင့်ကြီးများ ဉာဏ်ကျက်စားပုံ ဉာဏ်ကုန် လွှတ်ဘွယ် ဉာဏ်ကြီးကြယ်တို့ စမ္ပယ်ကွန့်မြူး ဉာဏ်အထူးရွှင် ဉာဏ်ကြည်လင်ခြင်း ဉာဏ် သန့်ရှင်း၍ ညဏ်ပွင့်လင်းရာ အကွက် အချက်နှင့်တကွ သဲလွန်စကို ပြလိုက်သည်။) သတိမူပါ။
ယခုအခါ သူသူငါငါတို့ သိရာဘို့မှာ “သင်္ခတာဓမ္မာ အသင်္ခတာဓမ္မာ” ဟူ၍၎င်း၊ “ကုသလာဓမ္မာ အကုသလာ ဓမ္မာ” ဟူ၍၎င်း ဟောတော်မူသော ဒေသနာတော်မြတ်၊ ဆတ်ဆတ်သောအချက် ပရမတ် အထွက်မှာ သတ္တဝါ အမြွက်နှင့် သက်သက်မျှ မဆက်ဆံသော ရုပ်နာမ် သင်္ခါရ၊ ပရမတ္ထ သဘောမျှကိုသာ ဟောတော်မူသည်။
ထိုပရမတ္ထ၏ အမူအရာဟူသော သဘောထူးမျှကိုသာ ပညတ်အရာ သတ္တဝါဟူသော ဝေါဟာရသဘောနှင့် ထင်မြင် ပြောဆိုကြရသည်။ ဥပမာကား- အလွန်ကောင်းသော ပတ္တမြား, စိန်ကျောက်သည် ထွန်းတောက်သော ရောင်ဝါ လွန်စွာရှိ၏။ ထို အရောင်သည် ကျောက်မဟုတ်၊ ကျောက်သည် အရောင်မဟုတ်၊ ကျောက်တခြား အရောင် တခြားလည်း မဟုတ်၊ ကျောက်နှင့် ကင်း၍လည်း ထိုအရောင် မဖြစ်၊ ထိုကျောက်မှထွက်သော ကျောက်ရောင်သည် ကျောက်၏ သဘာဝထူးမျှသာ ဟု သိရာ၏။ သိသာ၏ဟူလို။
ထို့တူပမာဏ ရုပ်နာမ်သင်္ခါရ ပရမတ္ထ၏ သဘာဝထူးမျှကိုသာ သတ္တဝါဆိုသည်၊ ခန္ဓာငါးပါး ရုပ်နာမ်တရားကို သတ္တဝါဆိုသည် မဟုတ်၊ ခန္ဓာငါးပါးတခြား သတ္တဝါ တခြားလည်းမဟုတ်၊ ခန္ဓာငါးပါး ရုပ်နာမ် တရားနှင့် ကင်း၍လည်း သတ္တဝါတပါး အခြားမရှိ၊ ထို ခန္ဓာဓမ္မ သင်္ခတဓာတ် ဆတ်ဆတ်သော ပရမတ္ထ၏ သဘာဝထူး မျှကိုသာ ပညတ်သဘောမျှ သတ္တဝါဟူသော ဝေါဟာရနှင့် သတ္တလောကဟု ပြောကြရသည်။
ဥပမာ ဥပမေယျ ဟပ်၍ပြသော်ကား
ကျောက်နှင့်ကား ပရမတ္ထ သဘာဝတရား တူသည်။
သတ္တဝါနှင့် အရောင် တူလှပေသည်။
ထို့ကြောင့် မဟုတ်လော --
အနိဗ္ဗတ္တေန နဇာဘော ပစ္စုပ္ပန္နေန ဇီဝတိ၊ စိတ္တဘင်္ဂါ မတော လောကော ပညတ္တိ ပရမတ္တိယာ၊
ဟု ဟောတော်မူ၏။
အနိဗ္ဗတ္တေန၊ ဖြစ်ဆဲမဟုတ်သော အတိတ်အနာဂါတ်စိတ်ဖြင့်။
နဇာတော၊ သတ္တဝါ ဖြစ်သည် မဟုတ်။
ပစ္စုပ္ပန္နေန၊ ဖြစ်ဆဲစိတ်ဖြင့်သာလျှင်။
ဇီဝတိ၊ အသက်ရှည်သည် မည်၏။
စိတ္တဘင်္ဂါ၊ ဘင်သို့ရောက်၍ စိတ်တိုင်း ချုပ်ပျောက်ခြင်းကြောင့်။
လောကော၊ ပညတ်သဘောမျှ သတ္တလောကသည်။
မတော၊ ခါခါထပ်ထပ် ဆတ်ဆတ် သေသည်မည်၏။
ဧဝံသန္တေပိ၊ သို့စဉ်ပုံသေ သေ၍ပင်နေသော်လည်း။
ပညတ္တိ၊ တည်ဆဲ တည်ဆဲ စိတ်ကိုစွဲလျက် အသက်ရှင်၏ ဟူသော စကားဖြစ်ခြင်း၏ အရာ သန္တာနပညတ်သည်။
ပရမတ္ထိယာ၊ “ပရမတ္ထဘူတာ၊ နာမဂေါတ္တံ နဇီရတိ” ဆိုဘိသည်နဲ အမြဲနိယတ်ပရမတ် ကဲ့သို့ ဖြစ်၍နေ၏။ ။ အနက်။
ဤလောက၏ သဘာဝဖြစ်ခြင်းကို လိုရင်းအနှစ် အရင်းစစ်လျှင် အကြောင်းနှင့် အကျိုးသာ ရှိသည်ဟူလို။ ထိုအကြောင်း ဆတ်ဆတ် ပရမတ္ထ သဘာဝကိုသာ ပရမတ္ထသစ္စာ ဆိုသည်။ ထို ပရမတ္ထ သဘာဝတရား ဆိုသည်ကား ပရမာနုမြူ တခြမ်းကို အစိပ်တသန်း စိပ်၍ တစိပ်စာမျှ အထည်, အဖတ်, မရအပ်သော သဘောမျှမှသာ ပရမတ္ထသစ္စာဟု မှတ်ပါ။
ဤလောကမှာ လွန်စွာများပြား အမျိုးမျိုးအစားစား အကျိုးတရားတွေ ဖြစ်ပွား၍ နေသော လေထု ရေထု မြေထု, မြူနု, မြူကြမ်းမှစ၍ သတ္တ သင်္ခါရ ရှိရှိသမျှကို လောကသစ္စာ ဆိုသည်။
(ဥပမာ) ပညာမှသာ သိမြင်ရာသော အကြောင်းမျှသာဖြစ်သော ပရမတ္ထသစ္စာသည် အနုသယနှင့် တူ၏။ ဝိညာဏ်သညာ သိမြင်ရာသော အကျိုး လောကသစ္စာသည် ပရိယုဋ္ဌ ဝိတိက္ကမနှင့် တူ၏။ ထို အနုသယပမာ ပရမတ္ထသစ္စာ ဟူသော အကြောင်း ကြောင့်သာ ပရိယုဋ္ဌဝိတိက္ကမနှင့်တူသော အကျိုးလောကသစ္စာ သတ္တဝါအလုံးသည် ဘယ်တုန်းကစခဲ့၍ အဆုံး ဘယ်မှ ကျမည်နည်း ဟူငြားအံ့။
(ဥပမာန) နေ လရောင်က ဘယ်မှစ၍ ဘယ်ကျ ဆုံးမည်နည်းဟု မေးသကဲ့သို့ ရှိ၏။ အရောင်ကိုမေးက နေ လကိုဖြေမှသိရမည်။ ကမ္ဘာဦးက ထို နေ, လတို့ ပေါ်ကြလျက် ကမ္ဘာပျက်မှ ထိုနေ လတို့ ကွယ်ပသည်ဟု ဖြေရမည်။
ဥပမာ ဥပမေယျဟတ်၍ ပြသော်ကား
ဤသတ္တဝါ တွေမှာ နေ, လရောင်နှင့်သာ လွန်စွာတူ၏။
ပရမတ္ထ သဘာဝတရားမှာ နေ,လနှင့်မခြား အလားတူ၏။
သံသရာနှင့်ကမ္ဘာတူ၏ဟု ဖြေ။
သိစေလိုရင်းက ထာဝရ ကမ္ဘာ့တန်းဆာ နေ,လ တို့မှာ ပြောင်ပြောင် လက်လက် ပေါ်ထွက်သော ရောင်ဝါသည် ကမ္ဘာပျက်မှ ထို နေ,လတို့ ကြေမွပျက်ဆုံး၍ အရောင် သုဉ်းသကဲ့သို့ ထို့တူပမာန ဓမ္မနိယာမအားဖြင့် ပစ္စယာကာရ တဆဲ့နှစ်ပါးဟူသော ပဋိစ္စသမုပ္ပါဒ်နည်း၊ နှစ်ဆဲ့လေးပစ္စည်း ဟူသော ပဋ္ဌာန်းနည်း၊ ပစ္စည်း သဘာဝ၊ ဧကတ္တ၊ နာနတ္တ၊ အဗျာပါရ၊ ဧဝံဓမ္မတာ နည်းလေးဖြာ ဆတ်ဆတ် ပရမတ္ထ သဘာဝ ရောင်သာ ထွက်ပေါ်လာသော လောကသစ္စာ သတ္တဝါမှာ သံသရာဆုံး ပရမတ္ထ သဘာဝတုံးှ၊ သတ္တဝါသုဉ်းမည် ဟူလိုသည်။
ထို့ကြောင့် မဟုတ်လော --
သုညတောလောကံအဝေက္ခဿု၊ မောဃရာဇာ သဒါသတော။ အတ္တာနုဒိဋ္ဌိံ ဥဟစ္စ၊ ဧဝံမစ္စုတရောသိယာ။ ဧဝံလောကံအဝေက္ခန္တံ၊ မစ္စုရာဇာနပဿတိ။
ဟု ဟောတော်မူ၏။
မောဃရာဇာ၊ မောဃရာဇာရဟန်း။
သဒါ၊ အခါခပ်သိမ်း။
သတော၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍။
အတ္တာနုဒိဋ္ဌိံ၊ ငါဟူ၍ ကိုယ်ဟူ၍ ပြေးသွားသော နှစ်ဆယ်သော သက္ကာယဒိဋ္ဌိကို။
ဥပဟစ္စ၊ စွန့်ခွာပယ်နှုတ်၍။
လောကံ၊ ဖြစ်ပျက်မှန်စွာ သံသရာဟူသော သင်္ခါရလောကကို။
သုညတော၊ အနှစ် ကင်းဆိတ်သောအားဖြင့်။
အဝေက္ခဿု၊ ပညာစက္ခုဖြင့် မြင်အောင်ရှုလော့။
ဧဝံ၊ ဤသို့ရှုမြင်သည်ရှိသော်။
မစ္စုတရော၊ သေမင်းကို လွန်မြောက်သည်။
သိယာ၊ ဖြစ်ရာ၏။
ဧဝံ၊ ဤသို့။
လောကံ၊ ဖြစ်ပျက်သဘောမျှ သင်္ခါရ လောကကို။
အဝေက္ခန္တံ၊ ဝိပဿနာ ပညာစက္ခု မြင်အောင်ပြု၍ ရှုမြင်သောသူကို။
မစ္စုရာဇာ၊ သေမင်းသည်။
နပဿတိ၊ မမြင်နိုင်။
ဤကဲ့သို့ အနှစ်သာရ ဘာမျှမရှိဟု သိသောအခါ ပညတ်မျှသာ သတ္တဝါသည် (ဥပမာ) ရာဇဂြိုဟ်ပြည်မှာ ဇီဝကဆရာ ဆွမ်းကြွေးသောအခါ ရဟန္တာအရှင်သခင် စူဠပန်သည် ကျောင်းရာမ်အတွင်း မလပ်ဟင်းရအောင် ရဟန်းတထောင် တန်ခိုး ရောင်ကျင်း၍ ဖန်ဆင်းလေရာ ပင့်လာသော ဒါယကာသည် မြတ်စွာဘုရား မိန့်တော် အားဖြင့် လျှောက်ထား ကိုင်ငင်သော် သင်္ဃာတော် တထောင် ပျောက်၍ ရှင်စူဠပန် တယောက်ထည်းသာ ကျန်သောအခါ ကျောင်းတိုက်ကြီးမှာ ဆိတ်ညံသလိုသာ မှတ်ပါ။
ဥပမာ ဥပမေယျ ဟတ်၍ပြသော်ကား
သြကာသလောကသည် ကျောင်းတိုက်ကြီးနှင့် တူ၏။
စူဠပန္ထက ရဟန္တာမြတ်တပါးက အနုသယအလား အကြောင်း ဖြစ်သော ပရမတ္ထ တရားနှင့်တူ၏။
တန်ခိုးရောင်ပြ ရဟန်းတထောင်က ပရိယုဋ္ဌဝိတိက္ကမမျိုး အကျိုးသဘောမျှ သတ္တ လောကနှင့် တူ၏။
ပင့်လာသော ဒါယကာနှင့်ကား ယခုအခါ ဝိပဿနာ တရားကို အားထုတ်ကြသူ ရှင်ရှင် လူလူ ဟူဟူသမျှနှင့် တူကြ၏။
လက်ကို ကိုင်သောအခါ ရဟန်းများစွာ ပျောက်ဆုံးသည်နှင့်ကား ပရမတ္ထ သဘာဝကို သိမြင်သောအခါ သတ္တဝါ သုဉ်းသည်နှင့် မခြား အလားတူ၏။
ထို့ကြောင့် မဟုတ်လော-
ကံနုသတ္တောတိပစ္စေသိ၊ မာရဒိဋ္ဌိဂတံနုတေ။ သုဒ္ဓသင်္ခါရပုဉ္ဇာယံ၊ နယိဓသတ္တုပလဗ္ဘတိ။
ဟူ၍ (သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်၌ ဟောတော်မူ၏။)
ခန္ဓေသု၊ ခန္ဓာငါးပါးတို့တွင်။
ကံ၊ အဘယ်ခန္ဓာတရားကို။
သတ္တောတိ၊ သတ္တာဝါဟူ၍။
ဇာနာသိနု၊ သိမှတ်သနည်း။
အညော၊ ခန္ဓာငါးပါးမှ တပါးသော။
ဧကော၊ တခုသော။
သတ္တော၊ သတ္တဝါသည်။
အတ္ထိ၊ ရှိပါ၏။
ဣတိပစ္စေသိ၊ ဤသို့ ထင်မှတ်သည်ဖြစ်အံ့။
တေ၊ သင်အား။
မာရဒိဋ္ဌိဂတံနု၊ မာရ်မင်း၏လက်နက်ဟူသော မိစ္ဆာအယူသည်။
ဟောတိ၊ ဖြစ်၏။
အယံ၊ ဤသတ္တဝါသည်ကား။
သုဒ္ဓသင်္ခါရပုဉ္ဇော၊ သက်သက်သော သင်္ခါရတရားအစု သာတည်း။
ဣဓ၊ ဤခန္ဓာငါးပါး ရုပ်နာမ်တရား၌။
သတ္တော၊ သတ္တဝါကို။
နဥပလဗ္ဘတိ၊ မရအပ်။
ပါဌ်လျှောက် အဓိပ္ပါယ်ကား
မြေသော အမူအရာ ကိရိယာမျှ ဓမ္မပုဉ္ဇသန္တာန ဖြစ်သော သဘောတရား ခန္ဓာ ငါးပါးတို့တွင် သင်သည် အဘယ်ခန္ဓာကို သတ္တဝါ ဆိုမည်နည်း။ ဤခန္ဓာဓမ္မ ရုပ်နာမ် သင်္ခါရကို ပုဂ္ဂိုလ် သတ္တဝါဟု မဆိုသင့် မဆိုလင့်။ ထိုခန္ဓာငါးပါး ရုပ်နာမ်တရားမှတပါး အခြားလည်း ပုဂ္ဂိုလ်သတ္တဝါဟု ယခုလည်းမရှိ။ ဤသင်္ခါရလောက တည်ထောင် သည်မှ စ၍လည်း ယနေ့ထက်ထိ မရှိခဲ့ ဘူးဘူး။ မပေါ်လာခဲ့ဘူးဘူး။
ထိုဖြစ်ပျက် မှန်စွာ သံသရာဆုံး သင်္ခါရတုံးသည် တိုင်အောင်လည်း ပုဂ္ဂိုလ် သတ္တဝါဟူက အမြွက် လေသမျှသော် ပေါ်လာလိမ့်မတဲ့လည်း မဟုတ်ဘူး၊ မပေါ်လာဘူး၊ မပေါ်လာနိုင်ဘူး ဟုသာ မှတ်ပါ။ ဤ လောကမှာ သတ္တဝါဟု၊ ကြောင်ကြောင်ကြီး မြင်ထင်၍နေ သည်မှာ သွေး, သည်းခြေ, လေ, သလိပ်ကြမ်း၊ ငန်းဖမ်းသော သူနာတွင် မြင်သလိုပမာ မိစ္ဆာမြင် ဟူ၍သာ မှတ်ပါ။
ဤဖြစ်ပျက်စဉ်သဘောမျှ ရုပ်နာမ်ဟူသော သင်္ခါရလောကမှာ သတ္တဝါမြင် မိစ္ဆာဝင်၍ ထင်စရာအများ မှားစရာနိမိတ် ယောင်ယောင်ရိပ်မှာ ပုဂ္ဂိုလ်သတ္တဝါနှင့် မရောမဖက်၊ အပြောခက် သက်သက်မျှသော ပရမတ္ထ သဘောက အထူးအချွန် အလွန် ဆန်းကြယ်လှ၍ ထိုပရမတ္ထ၏ အမူအရာမျှ ဤဟာဗျာပါရဟူသော သဘောထူးမျှ ကိုသာ သတ္တဝါဟူသော ဝေါဟာရ သဘောနှင့် ထင်မြင်ပြောဆိုကြရသည်။
(ဤအရာမှာ ပညာတံခွန် သီလဝန်တဆူ သဘောဖြူတို့မှာ အကျယ်ကိုလိုမူ ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော်လာ ထေရဝဂ် တတိယသုတ်မှာ ယူပါ။)
ဤစကားကို ထင်ရှားအောင် ပြဦးမည်။
သတ္တောကာသ သင်္ခါရအားဖြင့် လောကသုံးပါးတို့တွင် သဝိဉာဏက အဝိညာဏက ရုပ်နာမ်ဟူသမျှ ခပ်သိမ်းသော ဥပါဒ် ဌီ ဘင် ဖြစ်ပျက်စဉ် သင်္ခါရတို့သည် ပရမတ္ထ သဘာဝဟူသော အကြောင်းကြောင့် အဆုံးလည်းမရ အစလည်းမရှိ၊ နိယာမအားဖြင့် မသုဉ်းကောင်း မဆိတ်ကောင်းသော တည်ခြင်း ရှိကုန်၏။
(ဤအချက်ကား အရေးကြီးလှ၏။ ဤသာသနာ ဤအရာက လိုရင်းဆုံးကြီး ဖြစ်ကြ၏)။ သတိမူပါ။
ဤ ရုပ်နာမ်ဟူသော အမူအရာမျှ ဥပါဒ် ဌီ ဘင် နိယာမ ဖြစ်ပျက်စဉ်သည် သင်္ခါရလောက မည်၏။ ဥပါဒ် ဌီဘင် အမူအရာ သဘာဝမျှ သင်္ခါရ ဖြစ်ပျက်စဉ်၏ ဖြစ်ရာ ပျက်ရာ တည်ရာသည် ဩကာသလောက မည်၏။
ဤ ဥပါဒ် ဌီ ဘင် အမူအရာ သဘာဝမျှ ရုပ်နာမ်ဟူသော ဖြစ်ပျက်စဉ် သင်္ခါရလောက ပရမတ္ထဟူသော သဘောထူးက ဤ သင်္ခါရလောကသည် အမြဲမရှိသည်ဖြစ်၍ အနိစ္စ, ဒုက္ခ, အနတ္တ, ဟူ၍၎င်း၊ သတ္တလောကနှင့် ဩကာသလောကမှာ မြဲစရာ မမြဲစရာမရှိ အနတ္တအတိ မျှသာဟူ၍၎င်း၊ စသည်ဖြင့် သိမှတ် ကြံဖန်သောအရာ၊ ဤဟာ ဗျာပါရ သဘောမျှကိုသာ သတ္တဝါဟူသော ဝေါဟာရ ပါးစပ်ဝ, နှုတ်ဖျားမျှဖြင့် သတ္တလောကဟု ပညတ်သဘောနှင့် ပြောကြရသည်။
ဤကဲ့သို့သော မုချသဘောကို ပြောဆို ကြံဖန်ရာမှာ ပုဂ္ဂိုလ် သတ္တဝါ ဟူသော စိတ်သညာသဘောနှင့် ရောဖက်ထွေးယှက်၍ သက်သက်မျှ ပြောဆို ကြံဖန်ခြင်းငှာ မထိုက်မရာ။
“ဓမ္မာ နိသတ္တ နိဇ္ဇီဝ သဘာဝါ” ဟူသည်နှင့်ညီစွာ ပုဂ္ဂိုလ်သတ္တဝါ စိတ်သညာရိပ် နိမိတ်သဘော မရောမဖက် အပြောခက် သက်သက်မျှသော ဓမ္မသဘောကိုသာ ပြောဆို ကြံဖန်ရာသည်။ ထိုသို့မဟုတ် ပုဂ္ဂိုလ် သတ္တဝါ စိတ်သညာနှင့် ထင်ရာ သဘော ပြောဆိုကြံဖန်လျှင် သမ္မာမစင် မိစ္ဆာယှဉ်သော စိတ်သညာတွင် ပညတ် ဝင်၍ ထင်ခြင်တတ်တိုင်း အလှိုင်းများစွာ ရှေ့ကမ္ဘာ နောက်ကမ္ဘာ ထွေထွေရာရာ ပညတ်လာ၍ သတ္တဝါ မပျောက် ရောက်တတ်ရာဝယ် ပညတ်တွယ်လျှင် လောကနယ်လျှောက်၍ ပရမတ်သို့မပေါက် လောကုတ္တရာသို့ မရောက်ဘဲသာ နေတတ်ပါသည်။ သတိမူပါ။
လိုရင်းသဘောက - ဤလောကမှာ ပရမတ်နှင့် ပညတ်မျှသာ ရှိသည်ဟူလို။ ထိုပရမတ်နှင့် ပညတ်တရား နှစ်ပါးတို့တွင် ပုဂ္ဂိုလ်, သတ္တဝါ စသော အမည်နာမ ဟူသမျှမှာ ဝစီသစ္စာ၊ သမ္မုတိသစ္စာ၊ ဝိရတီသစ္စာ၏သဘော လောကသစ္စာ နှုတ်ဖျား မျှသာ ဝေါဟာရသစ္စာ ခေါ်ဝေါ်အပ်သော ပညတ်မျှ ပါးစပ်ဝတွင်သာ မှတ်ပါ။
မြင်ခြင်း ကြားခြင်း စသောကိစ္စ၊ လုလ္လ၊ ဤဟာ ဗျာပါရဟူသော အားထုတ်ခြင်း ကြောင့်ကြစိုက်ခြင်း စသော သိမှတ် ကြံဖန်သမျှမှာ ပရမတ္ထသစ္စာ အရိယသစ္စာ သဘာဝ သစ္စာသာမှတ်ပါ။ ထို့ကြောင့် --
ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတောပဘံ။
ဟု (ဗြဟ္မနိမန္တနသုတ်၌ ဟောတော်မူသည်။)
ဝိညာဏံ၊ ‘သိတတ်’ဟူသော ပရမတ္ထ သဘာဝထူးဖြင့်သာ သိအပ်စွာ၏။
အနိဒဿနံ၊ ရှေ့နောက်ကာလ ရပ်ဌာနနှင့် သဏ္ဌာန်ပမာဏ ညွှန်ပြခြင်းငှာ မထိုက်။
အနန္တံ၊ ဘယ်တုံးကစ အဆုံးဘယ်ကျဟု အစ, အဆုံး နှစ်ပါးလုံး မရှိမရ။
သဗ္ဗတောပဘံ၊ ခပ်သိမ်းသောအရပ်၌ ပရမတ္ထ သဘာဝရှိန် ထိန်ထိန် လင်းလင်း ဝင်းဝင်း တောက်ရှိ၏။
ဤအရာမှာ သတိမူပါ။ သိတတ်ဟူသော ပရမတ် သဘောဖြင့်သာ သိအပ်စွာသည်။ သတ္တဝါက သိသည် မဟုတ်ဟူသော သဘောကို ...။
ကောပနေတ္ထ၊ သတ္တကာရောကိံ၊ သတ္တကိစ္စန္တိ။ ဇီဝယောဂေါ၊ သတ္တကာရော၊ ဤဟာစ၊ ဗျာပါရောစ၊ သတ္တကိစ္စံ။
(ပရမတ္ထဒီပနီဋီကာ သမုစ္စည်းပိုင်းမှာ ပညာနှင့်သာယူပါ။)
ဧတ္ထ၊ ဤအရာ၌။
သတ္တာကာရော၊ သတ္တဝါဟု မိစ္ဆာဝင်၍ ထင်မြင်စရာ အခြင်းအရာသည်။
ကောပန၊ အဘယ်နည်း။
သတ္တကိစ္စံ၊ သတ္တဝါဟု ခေါ်ရသော သတ္တကိစ္စ ပြီးဆုံးခြင်းသည်။
ကိံ၊ အဘယ်နည်း။
ဣတိ၊ ဤကား အမေးတည်း။
ဇီဝယောဂေါ၊ အသက်နှင့်ယှဉ်ခြင်းသည် (ဝါ) ကုသိုလ်, အကုသိုလ် ဟူသော သဘောသည်။
သတ္တာကာရော၊ သတ္တဝါခေါ်တွင် မိစ္ဆာဝင်၍ ထင်စရာအများ မှားစရာနိမိတ် ယောင်ယောင်ရိပ်သော အခြင်း အရာမည်၏။
ဤဟာစ၊ အားထုတ်ခြင်းသည်၎င်း။
ဗျာပါရောစ၊ ကြောင့်ကြစိုက်ခြင်းသည်၎င်း။
သတ္တကိစ္စံ၊ သတ္တဝါဟု ခေါ်ရသော သတ္တကိစ္စ ပြီးဆုံးခြင်းမည်၏။
အဓိပ္ပါယ်မှာ --
သတ္တဝါ၏ အခြင်းအရာ ဆိုသည်ကား - လောက၏ အလိုမှာ “အသက်” ဟု ဆိုသည်။ သာသနာဓမ္မ၏ အလိုမှာ “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ” ဒေသနာအရ ကုသိုလ်, အကုသိုလ် ဟူသော ပရမတ္ထ သဘာဝထူးမျှကိုသာ ပညတ်မျှသာ သတ္တဝါ၏ အခြင်းအရာ ဆိုသည်ဟုမှတ်ပါ။
ထို့ကြောင့် --
ယေဓမ္မာ သတ္တပညတ္တိယာ ပဋ္ဌာနင်္ဂဘူတာဟောန္တိ၊
(ပရမတ္ထဒီပနီဋီကာ။)
ယေဓမ္မာ၊ အကြင် သဘောတရားတို့သည်။
သတ္တပညတ္တိယာ၊ သတ္တဝါဟူသော ပညတ်ခြင်း၏။
ပဋ္ဌနင်္ဂဘူတာ၊ ပြဋ္ဌာန်းသော အင်္ဂါဖြစ်၍ ဖြစ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဤအရာသည် ဉာဏ်မမှီနိုင်, ဉာဏ်မပိုင်လျှင် မိစ္ဆာဒိဋ္ဌိ သက္ကာယဒိဋ္ဌိကိုပင် လည်၍ ဝင်တတ်သည်၊ သတိမူပါ။ ဤအရာမှာ - သင်္ခတာဓမ္မာ၊ ဒေသနာအရ သဘာဝကို ပြသည်ဟု မှတ်ပါ။ အသင်္ခတာဓမ္မာ ဒေသနာအရမှာ -
“နိဗ္ဗာနံ ပန နိဗ္ဗာနန္တိ ပဝုစ္စတီတိ သမ္ဗန္ဓော။လ။ မဟေသယောဗုဒ္ဓါ”
ဟူသော ပရမတ္ထဒီပနီဋီကာ ရုပ်ပိုင်းမှာ ယူပါ။ ဤအရာမှာ လွန်စွာခဲယဉ်းသည်။ အဘယ်မျှ ခဲယဉ်းသနည်း ...
လေးသင်္ချေနှင့် ကမ္ဘာတသိန်း ခဲယဉ်းသည်၊
ရှစ်သင်္ချေ နှင့်ကမ္ဘာတသိန်း၊
တဆဲ့ခြောက် သင်္ချေနှင့် ကမ္ဘာတသိန်း၊
သင်္ချေနှစ်ဆယ် ကမ္ဘာတသိန်း ခဲယဉ်းသည်။
ဤကား-ပညာဓိက၊ သဒ္ဓါဓိက၊ ဝီရိယာဓိကဟူသော အထူး အလွန် တံခွန်ကြီးမှာမှ - ဤမျှသာ ခဲရင်းသည်။ သူငါတို့အား သတ္တဝါများမှာ သံသရာနှင့်အမျှ ခဲယဉ်းကြသည်။ ထို့ကြောင့် --
သစ္စံ သတ္တော ပဋိသန္ဓိ၊ ပစ္စယာကာရ မေဝစ။ ဒုဒ္ဒသာ စတုရောဓမ္မာ၊ ဒေသေတုံစ သုဒုက္ကရာ - ဟု၊ သိအပ်၏။
သစ္စံ၊ သစ္စာလေးပါး၎င်း။
သတ္တော၊ သတ္တဝါဟု ခေါ်ရသော သတ္တကိစ္စပြီးခြင်း၎င်း။
ပဋိသန္ဓိစ၊ ပဋိသန္ဓေ၎င်း။
ပစ္စယာကာရော ဧဝစ၊ ပစ္စည်းတရားတို့၏ ကျေးဇူးပြုသောအဖြစ်၎င်း။
စတုရောဓမ္မာ၊ လေးပါးသောတရားတို့ကို။
ဒုဒ္ဒသာ၊ အလွန် မြင်နိုင်ခဲကုန်၏။
ဒေသေတုံစ၊ သူတပါး၌ ခြိုက်ခနဲ သဘောကျအောင် ဟောပြောပြသ ရေးသားရခြင်း သည်ကား။
သုဒုက္ကရာ၊ လွန်ထက် လွန်မင်း ခဲယဉ်းကုန်၏။ ။ အနက်။
ဤသို့ နက်နဲ ခက်ခဲသောအရာမှာ - ရှင်းခနဲ လင်းခနဲ ဉာဏ်ထဲတွင် မမြင်တဲ့ သော်လည်း မိမိစိတ်မှာ မလျှော့သာ အခါခါ အဖန်ဖန်သာ ကြံပါ၊ ကြည့်ပါ၊ သိပါ လိမ့်မည်။
(ဤသာသနာ ဤအရာက ပဓာနကြီးအစစ် ဖြစ်လှ၍သာ အခါခါမှာသည်၊ သတိမူပါ)။
ဖလပ္ပဿုတ္တိယာဧဝ၊ သိဒ္ဓါဘုဉ္ဇတိ သမ္မုတိ။ ဖလုပ္ပါဒေန ရုက္ခဿ၊ ယထာဖလတိ သမ္မုတိ - ဟု သိအပ်၏။
ဖလုပ္ပါဒေန၊ အသီးဖြစ်လာသဖြင့်။
ရုက္ခဿ၊ သစ်ပင်၏။
ဖလတိ သမ္မုတိယထာ၊ သီးတတ်၏ဟု ပညတ် ခေါ်ဝေါ်အပ်သကဲ့သို့။
ဖလဿ၊ သုခ,ဒုက္ခ ဟူသော အကျိုး၏။
ဥပ္ပတ္တိယာဧဝ၊ ဓမ္မပုဉ္ဇသန္တာနမှာ ဖြစ်လာခြင်းကြောင့်သာလျှင်။
ဘုဉ္ဇတိသမ္မုတိ၊ ခံစားတတ်သော သတ္တဝါဟု သမ္မုတိအမှတ် ပညတ်ခြင်းသည်။
သိဒ္ဓါ၊ ပြီး၏။
ဤအရာမှာ ဥပမာပြောရလျှင် --
သတ္တဝါဟူသော ဤလောကဖြစ်စဉ်သည် သစ်ပင်ကြောင့် သစ်စေ့၊ သစ်စေ့ကြောင့် သစ်ပင် စသော ကမ္ဘာ့တံထွာကဲ့သို့၊ ထို့တူပမာ ရုပ်ဓါတ်နာမ်ဓါတ် ဟူသော အမူအရာ ကိရိယာမျှကိုသာ သတ္တဝါဟု ပညတ်ရသည်။ ထိုပညတ်မျှသာ သတ္တဝါကြောင့် အကုသလ ကမ္မပထတရားဆယ်ပါး၊ ကုသလကမ္မပထတရား ဆယ်ပါး၊ မဟဂ္ဂုတ်ကုသိုလ် ကိုးပါး ဟူသော ကံနှစ်ဆဲ့ကိုးပါး ဖြစ်ပွား၏။
ထို ကံ နှစ်ဆဲ့ကိုးပါးကြောင့်သာ ပညတ်အပ်သော သတ္တဝါ၊ ထို ပညတ်မျှသာ သတ္တဝါကြောင့် ထို ကံနှစ်ဆဲ့ကိုးပါး ဤသို့အားဖြင့် ပညတ်တရား သတ္တဝါများသည် ဥပမာအား - ဘီးနှစ်ခုတပ်သော ရထားကဲ့သို့ မရပ်မနား မတန့်စားဘဲ အဝိဇ္ဇာ တဏှာ ဟူသော ဘဝစက် နှစ်ပါးဖြင့် တသွားထဲ သွားရသည်ကား ဆုံးစပိုင်းခြား ကမ်းကရနား မရှိကြလေ။
ဧဝံကမ္မေ ဝိပါကေစ၊ ဝတ္တမာနေ သဘေတုကေ။ ဗီဇရုက္ခာဒိကာနံဝ၊ ပုဗ္ဗကောဋိနနာယတိ။ ဟု သိလေ။
ဧဝံ၊ ဤသို့။
သဟေတုကေ၊ အကြောင်းနှင့်တကွသော။
ကမ္မေစ၊ ကံနှစ်ဆဲ့ကိုးပါးသည်၎င်း။
ဝိပါကေစ၊ အကျိုး ဝိပါက်သည်၎င်း။
ဝတ္တမာနေ ၊ မပြတ်ပုံသေဖြစ်၍ နေသည်ရှိသော်။
ဗီဇရုက္ခာဒိကာနံ၊ မျိုးစေ့နှင့် သစ်ပင်တို့၏။
ပုဗ္ဗကောဋိ၊ ရှေးအစွန်းကို။
နနာယတိဣဝ၊ မသိအပ်သကဲ့သို့။
တေသံ၊ ထိုသတ္တဝါသမုတ် ကံဝိပါက် ဟူသော နာမ်ရုပ်တို့၏။
ပုဗ္ဗကောဋိ၊ ရှေးအစွန်းကို။
နနာယတိ၊ မသိအပ်ချေ။
များများကြီး သတိမူပါ၊ သတိထားပါ။
ဤအရာမှာ ကမ္ဘာဦးစ ပဌမသစ်ပင် သစ်စေ့တို့သည် ဥတုဟူသော တေဇောဓာတ်၏ သဘာဝထူးမျှက သစ်စေ့သစ်ပင် အစဉ်ဖြစ်သကဲ့သို့ ထို့တူပမာဏ ပစ္စယာကာရ တဆဲ့နှစ်ပါး ဟူသော ပဋိစ္စသမုပ္ပါဒ်နည်း နှစ်ဆဲ့လေးပစ္စည်း ဟူသော ပဋ္ဌာန်းနည်း၊ ပစ္စည်းသဘာဝ ဧကတ္တ၊ နာနတ္တ၊ အဗျာပါရ၊ ဧဝံဓမ္မတာ၊ နည်းလေးဖြာ ဟူသော အနုသယမျှ ပရမတ္ထ သဘာဝကြောင့်သာ ပရိယုဋ္ဌာန ပရမတ္ထသဘာဝ၊ ဤဟာ ဗျာပါရ ဟူသော အမူအရာ ကိရိယာ၊ ရုပ်နာမ် နှစ်ဖြာကိုသာ ဝိတိက္ကမ လောက သစ္စာပညတ်မျှသာ သတ္တဝါဟု မှတ်ပါ။
ထိုပါးစပ်ဝ နှုတ်ဖျားမျှသာ သတ္တဝါမှာ အာသဝ လေးပါးကြောင့် သောက စသည် ဖြစ်ရကား အကျိုး သောကစသည်ဖြစ်လျှင် မကင်းကောင်း၍ အကြောင်း အာသဝ ဖြစ်တော့သည်။ ဤအာသဝတရားဖြစ်ပွါးလျှင် “အာသဝ သမုဒယာ၊ အဝိဇ္ဇာ သမုဒယော” ဟု ဟောတော်မူသည်နှင့် ညီစွာ အဝိဇ္ဇာ ဖြစ်တော့သည်။
ဤအဝိဇ္ဇာ ဖြစ်ကလည်း ကုသလာ, ကုသလ၊ ကမ္မပထ သင်္ခါရစသည်ဖြင့် အကျိုးနှင့် အကြောင်းဆက်၍ ဘဝစက် မပြတ်ဟန်ကို အဖန်ဖန်သာ ကြံပါ၊ ကြည့်ပါ။
အနာဒိဒံဘဝ စက္ကံ၊ ဝိတကာရက ဝေဒကံ။ သုဘနိစ္စသုခတ္တေဟိ၊ သုညံ ကိလိဋ္ဌတာဒိတော၊ ဟု သိအပ်၏။
ဣဒံဘဝစက္ကံ၊ ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သည်။
အနာဒိ၊ အစမရှိ။
ဝီတကာရကဝေဒကံ၊ ပြုပြင်ဖန်ဆင်း တတ်သောသူ ခံစားတတ်သောကိုယ် ဟူသည် မှကင်း၏။
ကိလိဋ္ဌတာဒိတော၊ ညစ်ညူးခြင်း စသော အကြောင်းကြောင့်။
သုဘနိစ္စသုခတ္တေဟိ၊ တင့်တယ်မြဲစွာ ချမ်းသာစိုးရခြင်းတို့မှ။
သုညံ၊ ဆိတ်၏။
ထို့ကြောင့်--
ခန္ဓဘေဒေါဝ မရဏံ၊ ဇာတိတပ္ပါတုဘာဝတော။ ခန္ဓာနဉ္စ ပဋိပါဋိ၊ ဓာတုအာယတနာ နစ။ အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ၊ သံသာရောတိ ပဝုစ္စတီတိ။ သာမညံဝါ သဘာဝေါဝေါ၊ ဣဒံသင်္ခါရလက္ခဏံ။ သင်္ခါရာဒယော ဝတ္တန္တိ၊ အဝိဇ္ဇာဒီဟိ ဟေတူဟိ။
(ဓမ္မသင်္ဂဏီ အဋ္ဌကထာ.)
ခန္ဓဘေဒေါဝ၊ ခန္ဓာ၏အဆုံးစွန် ချုပ်ပျက်ခြင်းသည်သာလျှင်။
မရဏံ၊ သေခြင်းမည်၏။
တပ္ပါတု ဘာဝတော၊ ထိုခန္ဓာတို့၏ အစစွာ ထင်ရှား ဖြစ်ပေါ်လာခြင်းသည်သာလျှင်။
ဇာတိ၊ ပဋိသန္ဓေနေခြင်း မည်၏။
ခန္ဓာနဉ္စ၊ ခန္ဓာတို့၏၎င်း။
ဓာတု အာယတနာနဉ္စ၊ ဓာတ်အာယတနတို့၏၎င်း။
အဗ္ဗောစ္ဆိန္နံ၊ မပြတ်ပုံသေ။
ဝတ္တမာနာ၊ ဖြစ်၍နေသော။
ပဋိပါဋိ၊ အစဉ်ကို။
သံသာရောတိ၊ သံသရာဟူ၍။
ဣတိ၊ ဤသို့။
ပဝုစ္စတိ၊ အပြားအားဖြင့် ဆိုအပ်၏။
သာမညံဝါ၊ အနိစ္စ, နမန, ရုပ္ပန စသော ဆက်ဆံသော သဘောသည်၎င်း။
သဘာဝေါဝါ၊ နမန, ရုပ္ပန, ဖုသန, ကက္ခဠစသော မိမိ၏သဘောသည်၎င်း။
ဣဒံ၊ သာမည ဝိသေသ သဘောသည်။
သင်္ခါရလက္ခဏံ၊ သင်္ခတတရားတို့၏ လက္ခဏာတည်း။
အဝိဇ္ဇာ ဒီတိ၊ အဝိဇ္ဇာ အစရှိကုန်သော။
ဟေတူဟိ၊ အကြောင်းတို့ကြောင့်။
သင်္ခါရာဒယော၊ သင်္ခါရအစရှိသည်တို့သည်။
ဝတ္တန္တိ၊ ဖြစ်ကုန်၏။ ။အနက်။
အဓိပ္ပါယ်မှာ - အနက်အတိုင်းသံ။ (ဥပမာကား။)
နှုတ်ဖျားပါးစပ်၊ ပညတ်တရား၊ ဤ သတ္တဝါများသည် ပန်းချီသမား ရေးထားသော မိန်းမ ယောက်ျား ဆင် မြင်း ကျွဲနွား စသောအားဖြင့် ကားရုပ်များနှင့်မခြား အလားတူ၏။
တူဟန်ကား - ဤပန်းချီရေး ဆေးရုပ်မှာ မျက်နှာ, ရင်, ခါး, မေး, နှုတ်ဖျား စသော ခြေလက် အင်္ဂါ နှာခေါင်း, မျက်ခုံး, မျက်နက်, မျက်လုံးတို့ဖြင့် ရွှင်ပြုံး ချိုသာ ကိုးဖြာသော ဟန်မူရာသည် လူနှင့်သာ လွန်စွာ တူ၏။
ထိုပန်းချီရေး ဆေးရုပ်မှာ ပညာနှင့် စေ့စေ့ကြည့်သောအခါ ဤသို့ သိရာ၏။ လောကသစ္စာအတိ သမ္မုတိမျှရှိသော ဝေါဟာရသမုတ် ဤအရုပ်သည် ဆေးမဟုတ် ဆေးလည်း အရုပ်မဟုတ်။
အဘယ့်ကြောင့်နည်း။ ထို ဆေးစုကို အရုပ်ဟု ဆိုခဲ့မူ အဖြူ အနီ, အနက် စသော ဆေးခွက်စုကို အရုပ်ဟု ဆိုရလိမ့်မည်။ ဆိုရာကျသည်။ ဤသို့လည်း မဟုတ်၊ သတိထား၍ စဉ်းစားပါ။ ဆေးတခြား အရုပ်တခြားလည်း မဟုတ်။
အဘယ့်ကြောင့်နည်း။ ဆေးနှင့် ကင်း၍လည်း ဤအရုပ်မှာ မဖြစ်လာခြင်းကြောင့် တည်း။ ထိုဆေး၏ အမူအရာ ပေါ်လာသော သဘောထူးမျှကိုသာ အရုပ်ဟူသော သိကြောင်းခြင်းရာ အားဖြင့် သညာမှတ်သော ဝိညာဏ်ဓာတ် သဘောနှင့် ထင်မြင် ပြောဆိုအပ်သော ထိုအရုပ်သည် အထည်ဒြပ် အဖတ်အနှစ်၊ အစစ်မရှိဟု သိရမည် ဟူလိုသည်။
ဤကဲ့သို့ အတုံးအတစ် အနှစ်အမာ မဟုတ်ပါသော ထို အရုပ်ကောင် ကြောင်ကြောင် ရှိကလည်း လောကသစ္စာရှိ၊ သမုတိဖြစ်၍လည်း ရှိရှိကြီး ရှိပေသည်။ ရှိဆိုသည်ကား မျက်မြင်ထင်ရှား မျက်လှည့်ရုပ်မျှ ပမာဏကဲ့သို့ ပရမတ္ထသဘာဝက ဆောင်ပြ၍ ကြောင်ကြောင်ကြီး မြင်ရကြားရသော လောကသစ္စာ တရားအထိကို အများ အရှိဟု ဆိုကြသည်။
မရှိဆိုသည်ကား - အိပ်မက်တွင် မြင်ကြားသော ဓာတ်ရှင်ရုပ်အလား၊ ဓာတ်ပြား၏ စကားကဲ့သို့ အသားအထည် အတုံးအတစ် အနှစ်အမာ မရှိသည်ကိုသာ ဝိပဿနာနှင့် အကြည့်၊ ပရမတ္ထသစ္စာသို့ အထိမှ မရှိဟုဆိုရမည်။ သတိမူပါ။
ဤအရာမှာ - အရုပ်နှင့်ဆေး မထွေးရပဲ ကွဲပြားမှသာ ပုဂ္ဂိုလ်, သတ္တဝါနှင့် ရုပ်နာမ် နှစ်ပါး ကွဲပြားမည်။ ကွဲပြားပုံကား - အုဋ္ဌ်အင်္ဂတေစုကို စေတီဘုရားဟု ထင်ရှားသော မုက္ခမံ၊ ကျမ်းသုတ္တန်နှင့် ဟုတ်မှန်တိတိ လောကအလယ် ပညတ်နယ် တကယ်ရှိသို့ ထို တူမခြား ရုပ်နာမ်နှစ်ပါး တရားအနု ဖြစ်ပျက်မှုဓာတ်အစုကို သတ္တဝါဟု ထင်မြင်မှုကား သစ်သားအမူ ဆောက်အဦကို ဤလောကလူ ရထားဟူသို့ ထို့တူပမာဏ ဓမ္မပုဉ္ဇ သန္တာန ဟူသော အမူအရာ ကိရိယာ ဤဟာဗျာပါရ ရုပ်နာမ် သင်္ခတ ပရမတ္ထ သဘောမျှကိုသာ စိတ်သညာအလိုမှာ သတ္တဝါ ဟူသော ဝေါဟာရ သဘောနှင့် ပြောကြရသည်၊
ဤအရာမှာ-
ယထာပိ အင်္ဂသမ္ဘာရာ၊ ဟောတိ သဒ္ဓေါ ရထောဣတိ။ ဧဝံ ခန္ဓေသု သန္တေသု၊ ဟောတိ သတ္တောတိ သမ္မုတိ။ ဟု ရှုအပ်၏။
အင်္ဂသမ္ဘာရာ၊ ဝင်ရိုးစက်ဘီးစသော အစိပ် အဆောက်အဦကြောင့်။
ရထောတိ၊ ရထားဟူ၍။
ဝါ၊ လှည်းဟူ၍။
သဒ္ဒေါ၊ ခေါ်ဝေါ်ခြင်း ဝေါဟာရ ပညတ်သည်။
ဟောတိယထာ၊ ဖြစ်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
ခန္ဓေသု၊ ခန္ဓာငါးပါးတို့သည်။
သန္တေသု၊ စည်းဝေးပေါင်းဆုံရှိကုန်လပ်သော်။
သတ္တောတိသမ္မုတိ၊ သတ္တဝါဟု ပညတ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။ ။ အနက်။
လိုရင်းမှာ --
ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး ယောက်ျား မိန်းမမဟုတ်သော နာမ်ရုပ်နှစ်ခုတို့၏ အစုသာတည်းဟု သန္နိဋ္ဌာန်ကျ သိမြင်ရမည် ဟူလိုသည်။ ဤ နာမ်ရုပ် နှစ်ခု သင်္ခါရ အစုကို စိတ်သညာမှာ သတ္တဝါဟု ထင်မြင်မှုကလည်း ဘယ်တော့ဘယ်ခါ ဘယ် သာသနာ ဘယ်ကမ္ဘာကျတော့ ဝိညာဏ်၏သဘော သတ္တဝါ ဟူသော ထင်မြင်ချက်က ပျောက်ပျက်ကုန်ဆုံး၍ သုဉ်းလိမ့်မည် လည်းမဟုတ်ဘူး။ မသုဉ်းဘူး၊ မသုဉ်းနိုင်ဘူး။
အဘယ့်ကြောင့်နည်း -- ဤ ဝိညာဏ် ပရမတ်က သတ္တဝါဟူသော လောက နိယာမ ထင်မြင်အပ် ထင်မြင်တတ်သော အာရုံ အာရမ္မဏိက သဘာဝ တရားကလည်း အလွန် ထင်ရှားလှသော ပရမတ်ဆတ်ဆတ် ဟူသော သစ္စာ့သဘော ဖြစ်လေသော ကြောင့်တည်း။
ဥပမာ ဥပမေယျ ဟပ်၍ပြသော်ကား
သြကာသ လောကကြီးသည် ကားပေါင် စက္ကူပိတ်နှင့် တူ၏။ သင်္ခတာဓမ္မာ ဒေသနာအရ အနုသယပမာဏ ပရမတ္ထ သဘာဝကြောင့်သာ ဖြစ်ပေါ်လာသော ပရိယုဋ္ဌာန် သဘောမျှ သင်္ခါရ လောကသည် ဆေးနှင့် တူ၏။
အကျိုးဖြစ်သော သတ္တလောက၊ ဝိတိက္ကမ သတ္တဝါဟူ သမျှသည် အရုပ်နှင့်မခြား တသားတည်း တရောတည်း တသဘောတည်း တူလှ၏။
ထို့ကြောင့်မဟုတ်လော --
“ဒိဋ္ဌံဝေါဘိက္ခဝေ စရဏံ နာမ စိတ္တန္တိ။လ။ စိတ္တညေဝ စိတ္တ တရန္တိ” ဟူသော သံယုတ်ပါဠိတော်၏အရကို ဖွင့်ပြတော်မူသော—
တတ္ထ စရဏံနာမ စိတ္တန္တိ၊ ယတ္ထ ဝိစိတြာနိ ဒိဗ္ဗ ဝိမာနာဒီနိ စိတ္တကမ္မာနိ ကတွာ ဣဒဉ္စိ ဒဉ္စပုညံ ကရောန္တာ ဣဓစိဓစ နိဗ္ဗတ္တာတိ ဒဿေန္တာ ဝိစရန္တိ၊
(အစရှိသော (ပရမတ္ထဒီပနီဋီကာ စိတ်ပိုင်းမှာယူပါ။))
တတ္ထ၊ ထိုပါဠိတော်၌။
စရဏံ နာမစိတ္တန္တိ၊ ကား။
ယတ္ထ၊ အကြင် ပြပုံကား၌။
ဝိစိတြာနိ၊ ဆန်းကြယ်ကုန်သော။
ဒိဗ္ဗဝိမာနာဒီနိ၊ နတ်ဗိမာန် အစရှိကုန်သော။
စိတ္တကမ္မာနိ၊ ဆန်းကြယ်သော အမှုတို့ကို။
ကတွာ၊ ပြ၍။
ဣဒဉ္စိဒဉ္စပုညံ၊ ဤမည်သော ကောင်းမှု ဤမည်သောကောင်းမှုကို။
ကရောန္တာ၊ ပြကုန်သောသူတို့သည်။
ဣဓစိဓစ၊ ဤမည်သော ဗိမာန် ဤမည်သော ဗိမာန်၌လည်း။
နိဗ္ဗတ္တာ၊ ဖြစ်ရကုန်၏။
ဣတိ၊ ဤသို့။
ဒဿေန္တာ၊ ပြကုန်လျက်။
ဝိစရန္တိ၊ လှည့်လည်ကြကုန်၏။
လိုရင်းသဘောက - သတ္တောကာသ သင်္ခါရအားဖြင့် လောကသုံးပါး (အနုသယဘုံ၊ ပရိယုဋ္ဌာနဘုံ၊ ဝိတိက္ကမဘုံ) အားဖြင့် သုံးပါး။ (ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်) အားဖြင့် သုံးပါးတို့တွင် “ကုသလာဓမ္မာ၊ အကုသလာ ဓမ္မာ” ဒေသနာအရ ကုသိုလ်, အကုသိုလ်ကံ ဖြစ်ဘို့ရန် ဟူသော ဆတ်ဆတ်သော ပရမတ္ထသဘာဝက ဘုံအားဖြင့် ဝါသနာ အနုသယဘုံ၊ ဝဋ်အားဖြင့် ကိလေသဝဋ်သာ မှတ်ပါ။
ကာယကံမျှ ဝစီကံမျှ မနောကံ ကြံဘန်မှုနှင့် ပြုကျင့်ပြောဆို၍ ကုသိုလ်, အကုသိုလ်ကံ ပေါ်လာပြန်လျှင် ဘုံအားဖြင့် ပရိယုဋ္ဌာနဘုံ၊ ဝဋ်အားဖြင့် ကမ္မဝဋ်၊ လောကအားဖြင့် သင်္ခါရလောကသာ မှတ်ပါ။ ထိုကုသိုလ် အကုသိုလ်ကို သင်္ခါရ ကြောင့်သာ လူ့ပြည် နတ်ရွာ ဗြဟ္မာ ငရဲ၊ အနဲနဲ ဖြစ်ကြသမျှမှာ ဝဋ်အားဖြင့် ဝိပါကဝဋ်၊ ဘုံအားဖြင့် ဝိတိက္ကမဘုံ၊ လောကအားဖြင့် သတ္တလောကသာ မှတ်ပါ။
(ဥပမာ) အိပ်မက်ဘို့ရာ အကြောင်း အင်္ဂါသည် သဘာဝ ဆတ်ဆတ် ပရမတ္ထ အနုသယနှင့် တူ၏။ အိပ်မက် ဖြစ်ပေါ်လာမှုမှာ ပရိယုဋ္ဌာန သင်္ခါရနှင့်တူ၏။ နိုးသောအခါ အိပ်မက်ရုပ်မှာ ဝိတိက္ကမ ပညတ်မျှသာ သတ္တဝါနှင့်တူ၏။
ဤအရာမှာ --
ထင်ရှားစွာသော အိပ်မက်သည် မည်သူ၏ မျက်လုံး၊ မည်သူ၏ မျက်တောင်ကို ကြောင်ကြောင်ကြီးပင် မြင်မက်လေရာ နိုးသောအခါ ရက်,လ နှစ်မှာ ဘယ်လောက် ပင်ကြာကြာ ထိုအိပ်မက်ကောင်ကိုသာ ကြောင်ကြောင်ကြီး ထင်မြင်ရသကဲ့သို့။ ထို့တူပမာ -- စိတ်သညာမှာ လောကသစ္စာ ပညတ်မျှသာ သတ္တဝါဟု ကြောင်ကြောင်ကြီး ထင်၍ မြင်မှုကိုသာ အိပ်မက်ရုပ်ဟု ဆိုသည်။ ဥပါဒ် ဌီ ဘင်၊ ဖြစ်ပျက်စဉ် သင်္ခါရဓမ္မ ခန္ဓာငါးပါး ရုပ်နာမ်တရားကို အိပ်မက်ရုပ် ဟု ဆိုသည် မဟုတ်။ သတိထားပါ။
ဤအရာက မုချဆတ်ဆတ် ပရမတ္ထအရ သဘာဝဓမ္မကို ပြာချ၍ ပြောလျှင် သတ္တောကာသ နှစ်လောကမှာ - ဥပါဒ် ဌီ ဘင်ဟူသော အနိစ္စသဘောလည်း မရှိ၊ ဒုက္ခသဘောလည်း မရှိ၊ အနတ္တ သဘာဝ အတိမျှသာ မှတ်ပါ။ ဥပါဒ် ဌီ ဘင်, အစဉ် သဘောအမူအရာ ကိရိယာမျှ ဟူသော ရုပ်နာမ်သင်္ခတ သင်္ခါရလောကမှာမှ အနိစ္စ ဒုက္ခ အနတ္တ သဘာဝအတိ ရှိသည်ဟု မှတ်ပါ။
(ဤကဲ့သို့သော သဘောသကံ၊ အဟုတ်အမှန်ကို ကြံဖန်ရာ၌ အခိုက်အတန့်မျှသာ။ ပုဂ္ဂိုလ် သတ္တဝါ စိတ်သညာနှင့် မရောမဘက် သက်သက်သောဓမ္မ သဘာဝမျှကိုသာ၊ ကြံပါ ကြည့်ပါ၊ သိပါ၊ မြင်ပါ စိတ်မချ၍သာ အခါခါမှာသည်။)
ဤအရာက သမုတ်ပညတ်ကြသော ဝေဏေယျဇ္ဈာသယ၊ သဘော လောကသစ္စာမျှ မုက္ခမံ သုတ္တာန်ပြသော ပုဂ္ဂလဓိဋ္ဌာန်အရနှင့် ဤသတ္တလောကသည် အတည်မမြဲ ဆင်းရဲစွာလှ စိုးမရဟု ရှုသော်လည်း သင့်လျော်ပါ၏။ အဘယ့်ကြောင့်နည်း။
(ဥပမာ) အိမ်ကျောင်း စသည်မှာ မီးလောင်သောအခါ အိမ်, ကျောင်းမှာ လောင်စရာမရှိ သစ်သားကိုသာ လောင်သည်။ သို့သော်လည်း ထို သစ်သားကို မီးလောင်ရာမှာ အိမ်, ကျောင်း ဟူသော အမူအရာ ပါသောကြောင့် အိမ်, ကျောင်းကို လောင်သည်ဟု ဆိုသော်လည်း လျော်သကဲ့သို့တည်း။
လိုရင်းကြီးမှာ - ဘယ်နည်းနှင့်မဆို ပုဂ္ဂိုလ်, သတ္တဝါ အစစ် သတ္တဝါအစစ် အနှစ်အမာ ဘယ်ဟာတစိမျှမရှိဟု အသိကိုသာ လိုရင်းပါ။ ပဓာနသဘောမှာ - ဤလောကသစ္စာ ပညတ်မျှသာ သတ္တဝါကို တကယ်အစစ် အနှစ်အမာ အထည်အဖတ် သဏ္ဌာန် ဒြပ်နှင့် သတ္တဝါဟု မဟုတ်မမှန်ကိုပင် မိစ္ဆာဝင်၍၊ ဒိဋ္ဌိ ယှဉ်သော ဝိညာဏ်ခြောက်ဖြာ သိမြင်ရှာသည်။
ဤအရာတွင်--
ခြောက်ပါး ဝိညာဏ်၊ သိထင်မြင်နှင့်၊
သုံးအင်ကမ္မ၊ ပြုသမျှမှာ၊
သမုဒယ၊ ဒုက္ခသစ္စာ၊ ဖြစ်လေရာ၏။
ပညာသိမှ၊ ဒွါရသုံးခု၊ ပြုပြုသမျှ၊
မဂ္ဂသစ္စာ၊ နိရောဓာကျ၊ ဖြစ်လေရသည်၊
သစ္စာ့အပြား၊ မှန်လေးပါး။
ဤသို့အားလျှင် အဟုတ်မြင် အမှန်သိက သမ္မာဒိဋ္ဌိ ဉာဏ်မျက်စိမှ သဝိညာဏက, အဝိညာဏက ရှိရှိသမျှ ရူပ, သဒ္ဒ စသည် ဥဿုံ အာရုံ ခြောက်ပါးကလည်း ပရမတ္ထသဘာဝ စက္ခု, သောတ, စသော ဝိညာဏ် ခြောက်ပါး၊ အာရမ္မဏိက တရားကလည်း ပရမတ္ထ သဘာဝ၊ သာယာမှု လောဘ၊ ကြမ်းထမ်းမှု ဒေါသ၊ မိုက်မဲမှု မောဟ၊ ငါထင်မှု၊ ကိုယ်ထင်မှု၊ လူထင်မှု၊ နတ်ထင်မှု၊ ဒိဋ္ဌိ စေတသိက်ကလည်း ပရမတ္ထသဘာဝ၊ ဤသို့စသော ပရမတ္ထချင်း ပရမတ္ထ၊ အာရုံ အာရမ္မဏိက သဘာဝချင်း သဘာဝ။ ထိခိုက်ကြသော ဒဿနသဘော၊ သဝနသဘော၊ ဃာယန သဘော၊ သာယနသဘော၊ ဖုသန သဘောမှု သဘောစုကလည်း၊ သူ့ပရမတ္ထ၊ သဘာဝတရား ယာကာရ တဆဲ့နှစ်ပါး ဟူသော ပဋိစ္စသမုပ္ပါဒ်နည်း။ နှစ်ဆဲ့လေး ပစ္စည်း ဟူသော ပဋ္ဌာန်းနည်း၊ ပစ္စည်းသဘာဝ ဧကတ္တ နာနတ္တ အဗျာပါရ ဧဝံဓမ္မတာ နည်း လေးဖြာအမြဲ သဘာ၀ ခပဲတို့ အလေ့ပေါက် ဖြစ်နဲကို ဉာဏ်ထဲတွင် ရှင်းရှင်း လင်းလင်းကြီး ဝင်လာ၍ --
“သင်္ခါရာဝ သင်္ခါရေ ဝိပဿန္တိ၊ သမ္မသန္တိ၊ ဝဝတ္ထပေန္တိ၊ ပရိဂ္ဂဏှန္တိ၊ ပရိစ္ဆိန္နန္တိ” ဟူသည် နှင့်မခြား သင်္ခါရ တရားတို့သည်သာလျှင် သင်္ခါရတရားတို့ကို ရှုကုန်၏။ သုံးသပ် မှတ်သား၊ သိမ်းဆည်း ပိုင်းခြားကုန်၏ ဟု သစ္စာလေးချက်ကို တပြိုင်နက်မြင်၏။ မြင်လိမ့်မည်၊ မြင်အောင်ကြည့်ပါ။
ဤအရာမှာ --
”ပုထုဇ္ဇနာနံဝါ သညာအာသာ ဒုက္ခဇန နတော၊ ရိတ္တမုဋ္ဌိပိယ” ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာ မိန့်၏။
အကျယ်ကို လိုမူ (ပရမတ္ထဒီပနီဋီကာ သမုစ္စည်းပိုင်းမှာ ယူပါ။)
ဝါ၊ ဥပမာနှင့် သိသာခြားနား တနည်းကား။
ပုထုဇ္ဇနာနံ၊ ပညာစက္ခုံ မစုံမလင် မမြင်လမ်းပန်း အန္ဓအသွင် ပုထုဇ္ဇန်တို့၏။
သညာ၊ သိမှတ်ခြင်း သညာကို။
အာသာဒုက္ခ ဇနနတော၊ ဝဋ်ဒုက္ခကို တောင့်တခြင်းဖြစ်စေတတ်သောကြောင့်။
ရိတ္တမုဋ္ဌိဝိယ၊ အချည်းနှီးသော လက်ဆုပ်ကဲ့သို့။
ဒဋ္ဌဗ္ဗာ၊ ရှုမှတ်အပ်ကုန်၏။
မကျဉ်းမကျယ် ပါဌ်လျှောက် အဓိပ္ပါယ်မှာ --
ဘယ်ဟာ တစိမျှမရှိ ပကတိသော လက်ကိုဆုပ်၍ ကြည့်သောအခါ ရှိယောင်ယောင် ရှိရိပ်ရိပ်မှာ စိတ်သညာမကင်း အတွင်းက မရှင်းမလင်း ကြသကဲ့သို့၊ ထို့တူပမာ ပုထုဇ္ဇန်သညာ ဓမ္မတာသဘောသည် ဤလောကသုံးဖြာ ဘုံသုံးရွာမှာ အာသာ မပြယ် စွဲတွယ်ငြိကပ် ပရမတ် သဘော လောဘမူ ဓာတ်တောင်း၍ အကောင်း ရှိယောင်ယောင် ရှိရိပ်ရိပ်မှာ စိတ်သညာ အတွင်းက မရှင်းမကင်းကြ သည်ကို ဝဋ်ဒုက္ခ၌ တောင့်တခြင်းဆိုသည်။ သတိမူပါ။
ဤအချက်ကို သိလိုပါလျှင် မိမိလက်ကိုသာ ဆုပ်၍ ပြီးခါ အတန်ငယ် ကြည့်ပါ။ ဖြန့်၍ ကြည့်သောအခါ သိပါလိမ့်မည်။ သိပုံကား-
“ဆုပ်၍ကြည့်မြင် - ပုထုဇ္ဇန်များ၊
ဖြန့်၍ကြည့်ကား - အရိယာများ “ ဟု
ခြားနားပါလိမ့်မည်။ ဤကဲ့သို့ အမျိုးမျိုး လက်ညှိုးထိုး လက်ဆုပ်နှင့် ပုတ်နှက် ရိုက်ခတ် အထပ်ထပ် အခါခါ မြင်သာအောင်ပြ၍မှ မရိပ်မိလှ မသိကြလျှင် ဤသာသနာက မျိုးစ မျဉ်းစ ဘိတ်မရ စိတ်ချတော့ဟု မည်သူ့ကိုမျှ မဆိုကြနှင့် ဟူလိုသည်။ သတိမူပါ။
ဤ အဋ္ဌကထာ ဋီကာအာဘော် အလိုတော်မှာ - ဘယ်ဟာတစိမျှ မရှိမမြင်သော ကောင်းကင်ကိုသာ သတ္တဝါ ခေါ်သည်၊ ငါ,ခေါ်သည်၊ ကိုယ်, ခေါ်သည် ဟု ဆိုတော်မူသည်။ ဤအဋ္ဌကထာ ဋီကာပြဘော် အလိုတော်က - “ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗဘောပဘံ” ဟူသော ဗြဟ္မနိမန္တနသုတ် ပါဠိတော်အရကို ပြတော်မူသည်။ အနက်လွယ်ပြီ။
ဤအရာမှာ သတ္တ, ပုဂ္ဂလ, အတ္တ, ဇီဝနှင့် မရောမဖက် အပြောခက် သက်သက် မျှသော သဘာတရားက ဤကား မြဲ၏။ ဤကားမမြဲ အနဲနဲစသော သိမှတ်ကြံဖန် နာမ်ဓာတ်ဟူသော အမူအရာ၊ ဤဟာဗျာပါရ ကိရိယာထူးမျှ ပရမတ္ထ သဘောကို ဝိညာဏံ ဟူသော ပုဒ်က ဟောသည်။
ဤ ပရမတ္ထသဘာဝသည် ရှေ့နောက်ကာလ ရပ်ဌာနနှင့် သဏ္ဌာန်ပမာဏ ညွှန်ပြခြင်းငှါ မရမရှိသော သဘောကို အနိဒဿနံ ဟူသောပုဒ်က ဟောသည်။ ထို ပရမတ္ထ သဘာဝထူးမျှသည် “အနိဓာနဂတာ ဘင်္ဂါ ပုဉ္ဇောနတ္ထိ အနာဂတေ” ဟူသော အရ ဘယ်တုံးက စခဲ့၍ အဆုံးဘယ်မှ ကျပါမည်ဟု အစ, အဆုံး နှစ်ပါးလုံးမရှိ၊ ပကတိ မရသော သဘောကို အနန္တ ဟူသော ပုဒ်ကဟောသည်။ ခပ်သိမ်းသော အရပ်၌ ဆတ်ဆတ်သော ပရမတ္ထ သဘာဝရောင် ပြောင်ပြောင် လင်းလင်း ဝင်းဝင်း တောက် ရှိသော သဘောကို “သဗ္ဗတော ပဒံ” ဟူသောပုဒ်က ဟောသည်။
ဤပုဒ်အရ ခပ်သိမ်းသော အရပ်၌ ပရမတ်သဘော ရှိ၏ ဟူသော စကားမှာ၊ (ဥပမာကား) ပတ္တမြား မရှိသော ကုလားကို မြန်မာက ဤသို့ မေးရာ၏။ ကုလား သင့်မှာ ပတ္တမြားရှိ၏လားဟု မေးသောအခါ ကုလားက ငါ့မှာ ပတ္တမြား မရှိဘူး ရှိတယ်ဟု ပြောလေရာ၏။
ထိုကုလား၏ စကားသည် ပတ္တမြား မရှိဒါ သူ့မှာရှိသည်ကား လွန်စွာထင်ရှား ရှိပေသည်။ ဤကုလားမှာ မရှိဒါ လွန်စွာပင် ထင်ထင်ကြီး ရှားရှားကြီး ရှိသကဲ့သို့ --
ထို့တူမခြား ပရမတ္ထတရားမှန်က ပရမာဏုမြူ တခြမ်းကို အစိပ်တသန်းစိပ်၍ တစိပ်စာမျှ သဏ္ဌာန်ဒြပ် အဖတ်အရည် မရှိ မရသော ပရမတ္ထ သဘောသည် ခပ်သိမ်းသော အရပ်၌ ရှိ၏ဟု ဟောတော်မူသည်။ သတိထားပါ။
ရှိပုံမှာ --
ရှေးရှေးသောအခါ ကမ္ဘာဘာက ပြုခဲ့ကြသော ပရမတ်စစ် ဓာတ်နှစ်စေတနာသည် ထိုပြုစဉ် အခါကပင် စိတ္တက္ခဏ တချက်မျှ ခဏငယ်သုံးချက်ဖြင့် ချုပ်ပျက် ကွယ်သုဉ်း ပျောက်ဆုံးခဲ့ပြီး ဖြစ်ပါလျက်နှင့်လည်း ထိုစေတနာသည် ကမ္ဘာဘာတွေ အသင်္ချေချေ လွန်ဆုံးလေလည်း ကျေပျက်ခြင်းမရှိ၊ ဒိဋ္ဌိ တဏှာ မာန, ဟူသော ပပဉ္စမ္မေ ဂါဟနင်း၍ အတင်းအကြပ် ဖမ်းပူး စွဲကပ်ရာကို သတ္တဝါဟုခေါ်ရသော ဓမ္မပုဉ္ဇသန္တာနမှာ မိုဃ်းပေါ်ကျပမာ ဘာသာအလျောက် အလေ့ပေါက် လာတဲ့၍ ရုတ်တရက်ကျ အမျိုးမျိုး အသီးသီး အကျိုးကြီးရသော ကမ္မပစ္စည်း အနည်းနည်း အသွယ်သွယ် လွန်ဆန်းကြယ်သော သဘော အဖုံဖုံသည် မကုန်နိုင်နည်း လက်ခုတ်တီး၍ အံ့ဩဘွယ်ကြီး ပါပေတည်း။
ထို့ကြောင့် မဟုတ်လော - “ကမ္မဝိပါကော အစိန္တိယော” ဟူသောအရ ပရမတ္ထ သဘာဝ သစ္စာသဘော အတောမသတ်သော လောကဓာတ်ကြီး၏ အကြောင်း ပစ္စည်း ပညတ်မကပ် ပရမတ်ထီးထီး အသီးဆတ်ဆတ် ပြောဟောအပ်သော သဘောမြတ်ကြီး ပါပေတည်း။ သတိမူပါ။
ဤကဲ့သို့ ဆတ်ဆတ် တတ်အပ်ထင်ထင် လောကီ လောကုတ္တရာ အဖြာဖြာလျှင် အရာရာရှင်းလင်း ကျပ်ချိန် ပျောက်ကင်း၍ လက္ခဏာ သုံးကွင်းတို့ ဆုံးခြင်းအနေကို တြင်းသုံးဆိုပေ၊ နဝင်းသုံး အကြေမှာလည်း သိပါလေ... ဉာဏ်ကဝေတို့၊
(ဤဆိုအပ်ခဲ့ပြီးသော နှစ်ဆဲ့လေးနည်း ပစ္စည်းအရာဝယ် အကျယ်ကိုလိုမူ သဘောဖြူတို့မှာ နာနာပ္ပကာရပစ္စယာ၊ နာနာဝိဘဇနာနိဝါ အစဖြာသော အဋ္ဌကထာ သင်္ဂဟ ဝိဂြိုဟ်ပြဂါထာ လာသည်နှင့်ညီစွာ ပစ္စုပ္ပန်တရားတို့အား သစ်ပင်တို့ဝယ် အမြစ်နှယ်မခြား ဟိတ်ခြောက်ပါး တရားဟူသော သဘော အထူးထူး ကျေးဇူးပြနည်း ဟေတုပစ္စည်း အစရှိသော နှစ်ဆဲ့လေးပစ္စည်း အသီးသီး၊ အနည်းနည်း အဖုံဖုံ မကုန်နိုင်သောသဘော အဆန်းဆန်းကို ပဋ္ဌာန်းကျမ်းကြီးမှာ ပညာနှင့်သာယူပါ။)
ထိုအခါ မဟာသမုဒ္ဒရာ ရေမျက်နှာကို ကြီးစွာသော အဟုန် တောင်စုံနှစ်ဘက်တို့ဖြင့် ဝက်ဝက်ကြီး ခွဲပြီးလျှင် ရေထဲ၌တည်သော နဂါး၏အဆီ ဦးနှောက်ကို သောက်စား သုံးဆောင်သော ရွှေဂဠုန် ငှက်မင်းကဲ့သို့ ထို့တူ ပမာဏ အမူအရာမျှ သဘာဝ ဖြစ်သော ရုပ်နာမ်ဓမ္မ သင်္ခါရအပေါင်း၏ ကြေားကျိုးဖြစ်ပျက်စက် သမုပ္ပါဒ် တရားမြတ်ကို အတတ်ထင်ထင် သိမြင်ပါလိမ့်မည်။ သိမြင်ကြပါစေသတည်း။
ယခင်ကပြခဲ့သော ဗြဟ္မနိမန္တနသုတ် ပါဠိတော်လာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာအလို ပရမတ္ထဒီပနီဋီကာဆိုသော သဘောအရ သတ္တောကာသ၊ သင်္ခါရဟူသော လောက သုံးဖြာကို ဥပမာဆင်၍ မြင်သာအောင်ပြမည်။
ဤဟာ ဗျာပါရ, စသော အမူအရာမျှ သဘာဝကို နာမ်ရုပ် ဆိုသည်။ ထို နာမ်ရုပ်ဟူသော ဥပါဒ်, ဌီ, ဘင်, ဖြစ်ပျက်စဉ်ကို သင်္ခတဆိုသည်။ ထိုမမြဲသဘော သင်္ခါရဟူသော တရားအပေါင်းသည် အကြောင်းပရမတ္ထ သဘာဝကြောင့်သာ ဆုံးစ မရှိ နိယာမအားဖြင့် တည်ခြင်း ရှိကုန်၏။
ဤအရာမှာ များစွာ သတိထားပါ။ ဤအမူအရာမျှ သဘာဝကိုရုပ်နာမ်ဟု ခေါ်ရသော ဥပါဒ် ဌီ ဘင်, ဖြစ်ပျက်စဉ်သည် သင်္ခါရလောကမည်၏။ ဤအမူရာ ကိရိယာမျှ ရုပ်နာမ်သဘာဝ သင်္ခါရဟူသော ဖြစ်ပျက်စဉ် သဘောမျှ၏ ဖြစ်ရာ ပျက်ရာ တည်ရာသည်၊ ဩကာသ လောကမည်၏။
ထိုသင်္ခတ အမူအရာမျှ ဤဟာ ဗျာပါရ ပရမတ္ထသဘောထူးက ဤလဟာပြင်ကြီး ထဲမှာမမြဲသော သဘောနှင့် မြဲစရာ မမြဲစရာမရှိသော သဘောအတိသာ ရှိသည်ဟု သိမှတ်ကြံဖန်ခြင်းစသော အမူအရာကိရိယာ ဟူသော ပရမတ္တသဘောထူးမျှကိုသာ သတ္တလောကဟု ပြောကြရသည်။
(ဤအရာမှာ ပညာနှင့်သာ ခါခါ ဖန်ဖန်ကြံပါ ကြည့်ပါ၊ သိပါလိမ့်မည်။ သိကြပါစေ သတည်း။)
ဥပမာကား --
ဤလောကသုံးပါးသည် လဟာပြင် ကောင်းကင်ကြီးမှာ တိမ်ရုပ်နှင့်သာ လွန်စွာ တူသည်။ တူဟန်ကား - ထက်ကောင်းကင်ဘွေ ထိုတိမ်တွေသည် တမြူဏုနှင့် တမြူဏုှ၊ တခုနှင့် တခု၊ တစုနှင့် တစုမှာ လွန်ထက်လွန်စွာ ကွာခြားလျက် ရှိငြားသော်လည်း ကြည့်သောသူ၏ မျက်စိမှာမူ လူကဲ့သို့၎င်း၊ ဆင်, မြင်း ကျွဲ နွား စသည်များကဲ့သို့၎င်း ပေါင်းစပ်၍ပင် ဝိညာဏ်၏သဘောနှင့် ထင်မြင်ပြောဆို ကြရသည်။
ပညာမြင်မှာမူကား.. ထက်ကောင်းကင်ဘွေ ထိုတိမ်တွေသည် တဖြန့်တခြား ကျွဲ နွား, မဟုတ် အရုပ်ဟူ၍ မရှိ ပကတိသော သဘောအမျိုးမျိုး အခိုး အငွေ့မျှ သဘာဝ ဟု ပညတ်မခံ သဏ္ဌာန်မရှိ အမှန်တိတိ သဘာဝ မြဲမြဲကို သိမြင်လေ၏။
---ဥပမာ ဥပမေယျ ဟပ်၍ ပြသော်ကား
သြကာသ လောကသည် လဟာပြင် ကောင်းကင်ကြီးနှင့် တူ၏။
သင်္ခါရ လောကသည် ပရမတ္ထဟူသော သဘော အမျိုးမျိုးဖြစ်၍ အခိုးငွေ့ရှိန် ထိန်ထိန်ထသော တိမ်တွေနှင့် တူလှ၏။
သတ္တလောကသည် အထင်အစွဲ အလွဲအမှား ဆင် မြင်း ကျွဲ နွား, စသောအားဖြင့် တိမ်ရုပ်နှင့်မခြား တသားတည်း တရောတည်း တသဘောတည်း မပြား အလား တူ၏။
ဤအရာတွင် လင်္ကာဆင်၍ မြင်သာအောင်ပြမည်။
အမှန်လေးပါး၊ တရားကိုရှာ၊ များဗိုလ်ပါတို့၊
ငါငါ,ငါ့ကိုယ်၊ မဆိုစသာ၊ ဤခန္ဓာကို၊
တဏှာ ဒိဋ္ဌိ၊ မာနငြိ၍၊
ဟုတ်လိ နိုးနိုး၊ အားမကိုးလင့်၊
ကြောင်းကျိုး အစဉ်၊ ဝိညာဏ်နာမ်ရုပ်၊
ဖြစ်ချုပ်မပြတ်၊ ဥပါဒ် ဌီ ဘင်၊
အစဉ်အလာ၊ သင်္ခါရာမှု၊ ပမာပြုသော်၊
သူ့သဘာဝါ၊ သံသရာမှာ၊
ခန္ဓာမီးခိုး၊ တိမ်ရုပ်မျိုးတည့်၊
တစိုးတစိ၊ မြဲမရှိဘူး၊
ဖြစ်မိဖြစ်ရာ၊ သူ့ဘာသာလိုက်၊
ခါခိုက်တန့်မျှ၊ ခဏဖြစ်စဉ်၊
မိုဃ်းကောင်းကင်၌၊
ခုဆင်, ခုမြင်း၊ ရွေ့ရွေ့ယွင်းလျက်၊
ကြည့်တွင်းမမှန်၊ ဤရုပ်နာမ်တို့၊
ဖောက်ပြန်တုံဘိ၊ လေလိုက်အိသို့၊
ခဏိကမျှ၊ အနိစ္စဖြင့်၊
ဒုက္ခအစု၊ ပုပုရွရွ၊
အနတ္တသာ၊ သဘာဝါကို၊
ခန္ဓာသမုတ်၊ နာမ်ရုပ်နှစ်ဖြာ၊ မှတ်စရာမှာ၊
သတ္တဝါနှင့်၊ ကိုယ်ငါမစပ်၊ အိပ်မက်အပ်သည့်၊
တံလျှပ် သဘွယ်၊ အနည်းငယ်မျှ၊
ဓုဝ, သုဘ၊ သုခ, အတ္တ၊
ရှာမရသည်၊ ဗောက်သောက်တည်း။
ဤကဲ့သို့ အထဲမကြွင်း တွင်းရောပြင်ပါ ရှင်းလင်းစွာ မြင်သည်ကိုသာ သောတာပတ္တိမဂ်ဖိုလ် စသော ပုဂ္ဂိုလ် ဆိုသည်။ ထိုအခါ မိမိစိတ်မှာ ကိလေသာ ဟူ၍ပင် မသိနိုင်ရာ။ လွန်ထက်လွန်စွာ သိမ်မွေ့သောတဏှာ၊ နိကန္တိသာတ၊ သဘာဝက၊ ဝိပဿနာ အချက်၌၊ တွယ်တာငဲ့ကွက်၊ နှစ်သက်တတ်စွမ်းသော ဥဒ္ဓစ္စ, မောဟမူ၊ လောဘမူ၊ စိတ္တုပ္ပါဒ်ကို မဂ်ဖိုလ်ဟု မှတ်မှား၍၊ “မဟာနာဂမထေရ် အလားကဲ့သို့” ဝိပဿနာတရားမြင်တွင် အမှားဝင်၍ ထင်တတ်သည်။ သတိမူပါ။
ဤအရာမှာ --
ဒိဋ္ဌိ တဏှာ မာန ဟူသော ဂါဟသုံးပါးတို့တွင် --
ငါမြင်ပြီတဲက အထဲပါ ငြိကြလျှင် ဒိဋ္ဌိဂါဟ မည်၏။
ငါ မြင်နိုင်တကားဟု ထောင်လွှား စွဲလမ်းချက်က မာနဂါဟ မည်၏။
သာယာ တတ်စွမ်းသမျှမှာ တဏှာဂါဟ မည်၏။
ဤဂါဟသုံးချက် ဥပက္ကိလေသက ပွဲဦးထွက်တတ်လှသည်။ သတိမူပါ။ သတိထားပါ။
ဤကဲ့သို့ ထင်လာလျှင် “သင်္ခါရာ ဝ သင်္ခါရေ ဝိပဿန္တိ” ဟုသတိပြုရမည်။ သတိလွန်စွာ လိုတတ်ပါသည်။ ဤကဲ့သို့ တရားစစ်, တရားနှစ်ကို ထိထိကြီး သိသောအခါ မိမိစိတ်မှာ ဝိစိကိစ္ဆာ ဒိဋ္ဌိလာ၍ စောဒနာကား အလွန်တရာ ထင်ရှားလှစွာသော သတ္တဝါခပဲကို အိပ်မက်ထဲက မျက်လှည့်ရုပ်မျှ ပမာဏကဲ့သို့၎င်း၊ နေ,လရောင်မျှ ကျောက်ရောင်နှင့် ပြသဖြင့် မသင့်လှပါတကားဟု မိမိစိတ်မှာပင် မိစ္ဆာဝင်၍ ထင်လာငြားအံ့။ ထိုအခါ မိမိစိတ်မှာ သမ္မာဒိဋ္ဌိ ဉာဏ်မျက်စိနှင့် သင့်ပါ၏ ဟု ဖြေ။
အဘယ့်ကြောင့်နည်း။
“သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာ” ဟူသော ဒေသနာတော်မြတ်မှာ ပုဂ္ဂိုလ်သတ္တဝါနှင့် မရောမယှက်၊ ရှိမဲ့ချက်ကုန် ဇီဝသုဉ်သော လုံးစုံသဗ္ဗ သင်္ခါရခပဲသည် ရှိန်ရှိန် သုတ်သုတ်၊ သိမ့်သိမ့်လှုပ်မစဲ၊ မမြဲသော သဘာဝ ဆင်းရဲစွာလှ စိုးမရသော သဘောမျှဟု ဟောတော်မူသည်တရပ်။
“အနိမိတ္တဉ္စ ဘာဝေဟိ” အစရှိသော ဒေသနာတော်မြတ်မှာလည်း လုံးလုံး လျောင်းလျောင်း ပေါင်း၍တည်ဟန်၊ သဏ္ဌာန် အကောင်အထည်ကဲ့သို့ လောဘ တဏှာနှင့် သာယာသဖြင့် ယူအပ်သော လူ နတ်, ဗြဟ္မာ,သတ္တဝါ, အရိပ်နိမိတ်ခပင်း ကင်းရှင်းသော တရားကို ပွားလောဟု ဟောတော်မူသည် တရပ်။
“အနိစ္စသညိနောမေဃိယ၊ အနတ္တသညာ သဏ္ဌာတိ” အစရှိသော ဒေသနာ မှာလည်း ဝဲယာ ရှေ့နောက် ထက်အောက်ဖီလာ ဆယ်မျက်နှာအားဖြင့် ဆုံးစ ပိုင်းခြား ကမ်းကရနား မရသော သြကာသလောက၏ နယ်အပြင်မှာ ဗြဟ္မာ နတ်လူ မပိုင်၊ မဆီဆိုင် အလေ့ပေါက် သူ့အလျောက်ဖြစ်မစဲ မမြဲသော ဓာတ်အစုကို အတတ်ရှု မြင်လာသော် ငါ၏ကိုယ် မဆိုထားဘိ ငါ တကားစွဲဘို့ရန်မှာ ရှာကြံ၍ဘယ်မတွေ့ သိမ်မွေ့သော သဘာဝ၊ ခယ,ဝယ၊ မရဏဘင်္ဂ၊ အထင်္ဂမ သင်္ခါရ၊ အနိစ္စသဘော သေတ္တုကျသော အနိမိတ္တသဘောမျှကို ဒဿနကိစ္စနှင့် ဒိဋ္ဌမြင်မှ အနတ္တသညာ အလိုလို တည်လာမည်ဟု ဟောတော်မူသည် တရပ်။
ဤသို့စသော မုက္ခမံ သုတ္တန်ဒေသနာတော်မြတ် အရပ်ရပ်တို့ကို၎င်း ထို သုတ်ဝိနည်း တို့ထက် ထူးကဲလွန်မြတ်လှစွာ သတ္တဝါကို ဆံလွှာခန့်မျှ မညှာဘဲပြသော သဘာဝဓမ္မ ပရမတ္ထဒေသနာမှာ “သင်္ခတာဓမ္မာ၊ အသင်္ခတာဓမ္မာ” စသည်ဖြင့်သာ ဟောတော်မူသည်။
ထိုဒေသနာတော်မြတ်မှာလည်း သတ္တဝါအချက်က အမြွက်လေသမျှမှ မရှိ မရသော ပရမတ္ထ သဘောမျှကိုသာ ဟောတော်မူသည်တရပ်၊
“ကုသလာဓမ္မာ အကုသလာဓမ္မာ” စသည်မှာလည်း သူ, ငါကစ ထင်မှတ်ကြသည်မှာ ကုသလာ ဓမ္မာကို ကုသိုလ်ဆိုတာ လူ့ပြည် နတ်ရွာ ဗြဟ္မာကို ဆိုသည်ဟု အထင်အမြင် အပြုအမူ အယူအစွဲ အလွဲကြီး၌ အမျိုးလိုက် အရိုးလိုက် အစဉ်ကြီးစိုက်၍ အကြိုက်ကြီး အလိုက်ကြီး အမိုက်ကြီး အမဲကြီးက အမြဲကြီး မြဲကြ အစွဲကြီး စွဲလှ၍ အလွဲကြီး လွဲကြ ပေသည်။
ယခုအခါ ဥပမာဟပ်၍ မှတ်စရာမှာ မဟော်သဓာဇာတ်လာ တဆဲ့ကိုး ပြဿနာတွင် ထန်းပင်ထက်ဖျား ငှက်သိုက်ကြားက ပတ္တမြား ရတနာ ရေထဲမှာ ရဲရဲ အရောင်မျှ စွဲသည်ကို ရေထဲကပတ္တမြားဟု အမှားတွင်မဟာ ဉာဏ်မပါသော ဆရာရှေ့သွား သေနက အယူမှား၍ တိုင်းသူပြည်သား လူအများတွေ ညွတ်ခြေခွေလဲ ထဲရင်ကွဲသို့ အသဲကြေ သေချင်စော်နံခမန်း လွန်ယိနွမ်း၍ ပင်ပန်း ဆင်းရဲသည်နှင့် တူ၏။ သတိမူပါ။
---ဥပမာ ဥပမေယျ နှစ်ချက်ဆင့်ထပ် ဟပ်၍ပြလျှင်
နွေအခါတွင် မြေပြင်နှင့်တူသော သြကာသ လောကကြီးသည် ရေနှင့်တူ၏၊
ခိုးငွေ့ရှိန်ဟတ် တံလျှပ်ကို ဖြစ်စေတတ်သော တေဇောဓာတ် အပေါင်းကဲ့သို့ အကြောင်းမျှဖြစ်သော သင်္ခတဓာတ် ပရမတ္ထ သဘာဝတရားသည် ပတ္တမြားနှင့်တူ၏။
ရှိန်ရှိန် သုတ်သုတ် သိမ့်သိမ့်လှုပ်မျိုး အကျိုးဖြစ်ပွား တံလျှပ်နှင့်မခြား သင်္ခါရ တရားသည် ရေထဲမှာပြောင်သော ပတ္တမြားရောင်နှင့်တူ၏။
အတ္တဇီဝ ထင်မှတ်ကြ၍ ကာယဝစီ မနောညီ သုံးလီကမ္မ ပြပြန်ကြကား တံလျှပ် တွေအား ရေမှတ်မှားသော သမင်များနည်း လောကကြီး၌ နည်းပေးလမ်းပြ သူ, ငါကစ ယေဘုယျပင် အမြင်မဖြောင့် အညင်ထောင့်၊ မှောင့်ထက်မှောင်ကြ ဆရာ ဟူသမျှ ဉာဏ်သုံးထောင့်တွေက သေနကနှင့် တူလှ၏။
(သုံးထောင့် ဆိုသည်ကား မှန်ကွက်မကျသော ပုထုဇ္ဇန်ဉာဏ်ကို ဆိုသည်။)
တိုင်းသူ ပြည်သားနှင့် သတ္တဝါများတူသည် မဟော်သဓာနှင့် ဘုရားတူသည်။
ဤတူပမာ --
အကုသလာဓမ္မာ ဒေသနာမှာလဲ အကုသိုလ်ဆိုလျှင်ပဲ ငရဲကြီးရှစ်သွယ် အပါယ် လေးပါးကိုပင် အထင်အမြင် အယူအစွဲက အမြဲကြီး မြဲကြ၍ အလွဲကြီးလွဲခဲ့ကြသည်။ ယခုကာလလည်း လွဲဆဲလွဲတုန်း သံသရာမဆုံး မတုံးသမျှ ပတ်လုံးလည်း လွှဲလိမ့်အုံး၊ မသုဉ်းသမျှမှာလည်း လွဲလတံ့သာ မှတ်ပါ။
ဤကဲ့သို့ မှတ်စရာမှာ ပညတ်အရာ သတ္တဝါခပဲတို့ လွဲကြသော သဘောကလည်း လောကတံထွာ ဓမ္မတာ အမြဲနည်း။ ဤအရာမှာ တခါထဲပြီး မဟာအလွဲတော်ကြီး သည်အပြီး မသတ်သော လောကဓာတ်ကြီးဟု ပရမတ်ဆတ်ဆတ် ပညာဓာတ်က ဝိညာဏ်ခြောက်ရပ် ဒိဋ္ဌိကပ်သော ပရမတ္ထအားဖြင့် သဘာဝတရားတွေ မှား၍နေဟု သေသေချာချာ မှတ်ပါ။
အဘယ့်ကြောင့်နည်း။
“အတ္တနော သဘာဝံ ဓာရေ တီတိ ဓာတု” ဟု ဝိဂြိုဟ်ပြုအရကို သတိပြုကြ။ သဘာဝ ဓမ္မ သူ့ပရမတ္ထ သဘော သူ့လောကတံထွာ သူ့ဓမ္မတာအလျောက် သူ့အလေ့ ပေါက်သဘော ဖြစ်လေသောကြောင့်တည်း။ သတိထား၍ စဉ်းစားပါ။
ကုသလာဓမ္မာ ဟူသည်မှာ- “ကုသလာ အနဝဇ္ဇ သုခ ဝိပါကလက္ခဏာ၊ ဓမ္မာ နိသတ္တနိဇ္ဇီဝသဘာဝါ။”
(ဓမ္မသင်္ဂဏီ အဋ္ဌကထာ။)
ကုသိုလ် ဆိုသည်မှာ ဖြူစင် ကြည်လင်မှုမျှသာ အကုသိုလ်မှာလည်း မည်းမြစ်သော သဘောမျှသာ မှတ်ပါ။ ဤပါဠိတော်လာ အဋ္ဌကထာမှာ သတ္တဝါ အချက်က အမြွက်လေသမျှ မရှိမပါသော ထိုအဘိဓမ္မာ ဒေသနာတော်မြတ်နှင့် ယခင် ဆိုအပ်သော သုတ္တန် ဒေသနာတော်မြတ် ဤနှစ်ရပ်ကို နှီးနှောရောစပ်သောအခါ၊ (ဥပမာ၊) ယမုနာမြစ်ရေနှင့် ဂင်္ဂါမြစ်ရေ နှစ်ထွေအား ရောလေငြားက ခွဲခြားမရ ပမာဏသို့။
ထို့တူအလား သုတ်အဘိဓမ္မာ တရားသည် ခွဲခြား၍ မရဘဲ တသားထဲ တရောထဲ တသဘောထဲ ကျသဖြင့် သတ္တောကာသ သင်္ခါရဟူသော လောကသုံးပါးတို့တွင် သြကာသ လောက၏ နယ်တခွင် တပြင်လုံး အဆုံးမရှိကြီးထဲမှာ လူ, နတ်, ဗြဟ္မာ, သတ္တဝါ, ဟူသည် ကိုယ် ဟူသည်နှင့် ဆံချည်ခြမ်းမျှ မရောမယှက် အပြောခက် သက်သက်မမြဲ ဆင်းရဲစွာလှ စိုးမရသော ရုပ်နာမ်သင်္ခတ သင်္ခါရလောက ဖြစ်ပျက်သော သဘောမျှသာ ပစ္စယာကာရ တဆဲ့နှစ်ပါး ဟူသော ပဋိစ္စသမုပ္ပါဒ်နည်း၊ နှစ်ဆဲ့လေး ပစ္စည်းဟူသော ပဋ္ဌာန်းနည်း၊ ပစ္စည်းသဘာဝ၊ ဧကတ္တ နာနတ္တ၊ အဗျာပါရ၊ ဧဝံ ဓမ္မတာ၊ နည်းလေးဖြာ ဟူသောအရ သဘောမျှကိုပင် မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။
ဤအရာဝယ် -
မျက်စိလည်သောသူမှာ ထို မျက်စိလည် ပြေသောအခါ ချာခနဲ, လင်းခနဲ, ရှင်းခနဲ သွားသကဲ့သို့၎င်း၊ ကြောက်မက်ဘွယ်ရာ အိပ်မက်ကိုသာ မက်သောသူမှာ နိုးသော အခါ ဟာခနဲ ဟင်းခနဲ ပျောက်ကွယ်၍ အကြောက်ပြယ်သကဲ့သို့၎င်း၊ အချည်းနှီးသော လက်ဆုပ်ကို ဖြန့်၍ကြည့်သောအခါ ဟာခနဲ ရှင်းခနဲ, လင်းခနဲ သွားသကဲ့သို့၎င်း ဒဿနကိစ္စနှင့် ဒိဋ္ဌမြင်မှ စိတ်ချရမည်။ သတိမူပါ။
ဤ မြင်သောအခါ သမ္ဓိန္ဒြေအားကြီး ကဲလွန်သော ယောဂီမှာ - အနိစ္စာနုပဿနာ ထက်သန်လှ၍ နိစ္စ သုခ အတ္တ နိမိတ်ကို ပယ်ခွါလျက် သင်္ခါရ နိမိတ် အကြွင်းမဲ့ ကင်းဆိတ်သော နိဗ္ဗာန်သို့ညွတ်စဉ် ဘဝင်ပြတ်လျက် အနုလောမဉာဏ် ဂေါတြဘူဉာဏ်သို့တက်၍ မဂ်ဖိုလ်သို့ ချဉ်းကပ် တစပ်ထည်း သွားသည်ဖြစ်အံ့ နိဗ္ဗာန်သည် အနိမိတ္တနိဗ္ဗာန် မည်၏။
သမာဓိန္ဒြေ အားရှိကဲလွန် ထူးချွန် ထက်သန်သော ယောဂီမှာ ဒုက္ခာနုပဿနာ ထက်သန်လှ၍ တဏှာပဏီဓိကို စွန့်ခွာလျက် တဏှာအကြွင်းမဲ့ ကင်းဆိတ်သော နိဗ္ဗာန်သို့ညွှတ်စဉ် ဘဝင်ပြတ်လျက် အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်သို့တက်၍ မဂ်ဖိုလ်သို့ ချဉ်းကပ် တစပ်တည်း သွားသည်ဖြစ်အံ့၊ နိဗ္ဗာန်သည် အပ္ပဏိဟိတနိဗ္ဗာန် မည်၏။
ပညိန္ဒြေ အားရှိကဲလွန် ထူးချွန် ထက်သန်သော ယောဂီမှာ အနတ္တာနုပဿနာ ထက်သန်လှ၍ သတ္တသညာကို ပယ်ခွါလျက် အတ္တကင်းဆိတ်သော နိဗ္ဗာန်သို့ ညွှတ်စဉ် ဘဝင်ပြတ်လျက် အနုလောမဉာဏ် ဂေါတြဘူဉာဏ်သို့တက်၍ မဂ်ဖိုလ်သို့ ချဉ်းကပ် တစပ်တည်း သွားသည်ဖြစ်အံ့၊ နိဗ္ဗာန်သည် သုညတနိဗ္ဗာန် မည်၏။
ဤအနုပဿနာ သုံးပါးတို့တွင် တပါးပါး များသော ပုဂ္ဂိုလ်အားလည်း ဣန္ဒြေ သုံးပါး တို့တွင်လည်း တပါးပါး အားကြီးတတ်သည်။ သတိမူပါ။
ယခင် ပြအပ်ပြီးသော ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံဓမ္မတာ နည်းအားဖြင့် လေးပါးတို့တွင် မျိုးစေ့၏ အညွန့်အညှောက် စသည်ဖြစ်၍ သစ်ပင် အဖြစ်သို့ ရောက်သည်ပမာ အဝိဇ္ဇာစသော အကြောင်းတရားတို့၏ သင်္ခါရစသော အကျိုးတရားတို့နှင့် အစဉ်မပြတ်စပ်ခြင်းသည် ဧကတ္တနည်းမည်၏။
တနည်း --
နာနာက္ခဏိက ကမ္မ စသော အကြောင်း ပစ္စည်းတရားတို့သည် ဝိပါကစသော အကျိုး ပစ္စယုပ္ပါန် တရားတို့နှင့် အစဉ်မပြတ် စပ်ခြင်း၊ အဝိဇ္ဇာ စသော အကြောင်းတရား သည် သင်္ခါရစသောအကျိုးတရားနှင့် မပြတ်စပ်ခြင်း သဘောတခု ဧကန် ထင်ရှား ရှိနေခြင်းသည် ဧကတ္တနည်း မည်၏။
ဤ ဧကတ္တနည်းကို အသိမှန်လျှင် ပညာမြင် ဥစ္ဆေဒဒိဋ္ဌိပျောက်၏။ အသိချော်လျှင် ဝိညာဏ်မြင် သဿတဒိဋ္ဌိ ရောက်၏။
အဝိဇ္ဇာ စသည်တို့၏ သဘော အသီးအခြားသည် နာနတ္တနည်း မည်၏။ (တနည်း) ကမ္မနှင့် ဝိပါကသည် အကြောင်းအကျိုး စပ်ကြသော်လည်း သဘောချင်း အသီး အသီး တမျိုးစီဖြစ်၏။ ကမ္မသည် ဝိပါကမဟုတ်၊ ဝိပါကသည် ကမ္မမဟုတ်။
ဤတူပမာ - အဝိဇ္ဇာနှင့် သင်္ခါရမှာလည်း ဤနည်းအတိုင်း ခွဲစိပ်ရမည်။ ဤကဲ့သို့ ဓမ္မတို့၏ အချင်းချင်း စပ်ကြသော်လည်း သဘော အသီးသီး ဖြစ်ပုံသည် နာနတ္တနည်း မည်၏။ ဤ နာနတ္တနည်းကို အမြင်မှန်လျှင် ပညာမြင် သဿတဒိဋ္ဌိပျောက်၏။ အမြင်ချော်လျှင် ဝိညာဏ်မြင် ဥစ္ဆေဒဒိဋ္ဌိ ရောက်၏။
သင်္ခါရစသည်ကို ငါသည် ဖြစ်စေအပ်၏ဟု အဝိဇ္ဇာ စသည်တို့၏ ပယောဂ၊ ဗျာပါရ မရှိခြင်းသည် အဗျာပါရ နည်းမည်၏။ တနည်း - ကမ္မပစ္စည်းက ငါသည် ဝိပါကကို ဖြစ်စေမည်။ ဖြစ်အောင်ပြုမည်ဟု ကတ္တုသတ္တိ ဗျာပါရ ပယောဂမရှိခြင်း၊ အဝိဇ္ဇာ ကလည်း ငါသည် သင်္ခါရကို ဖြစ်အောင် ပြမည်ဟူ၍ ပယောဂ မရှိခြင်းသည် အဗျာပါရနည်း မည်၏။ ဤ အဗျာပါရနည်းကို အသိမှန်လျှင် ပညာမြင် အတ္တဝါဒုပါဒါန် အတ္တဒိဋ္ဌိပျောက်၏။ အသိချော်လျှင် ဝိညာဏ်မြင် အကိရိယဒိဋ္ဌိ ရောက်၏။
နို့ရည် စသည်မှ နို့ဓမ်း စသည်သာ ဖြစ်သကဲ့သို့ အဝိဇ္ဇာစသည်ကြောင့် သင်္ခါရ စသည်သာ ဖြစ်ခြင်းသည် ဧဝံဓမ္မတာနည်း မည်၏။ (တနည်း) ထိုသို့ တရားတို့၏ ကတ္တုသတ္တိ ပယောဂဗျာပါရ မရှိသော်လည်း ပေါက်လွှတ်တတ်တိုင်း ရောက်တတ် ရာရာ ဖြစ်လိုရာဖြစ်ရသည် မဟုတ်။ ကမ္မပစ္စည်းကြောင့် ဝိပါကသာ ဖြစ်ရ၏။ အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်ရ၏၊ စသည်ဖြင့် အလျော်နှင့်လျော်စွာ ဓမ္မတာ တရားတို့၏ ထုံးတန်း အလေ့အတိုင်း ဖြစ်ခြင်းသည်၊ ဧဝံဓမ္မတာနည်းမည်၏။
ဤ ဧဝံဓမ္မတာနည်းကို အမြင်မှန်လျှင် ပညာမြင် အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ ပျောက်၏။ အမြင်ချော်လျှင် ဝိညာဏ်မြင် အဟေတုကဒိဋ္ဌိ နိယတဝါဒ ရောက်လေ၏။
ဤနည်းလေးပါးဖြင့် ပဠာန်းနည်း ပဋိစ္စသမုပ္ပါဒ် နည်းနှင့်ချည်း တွေ့တွေ့သမျှကို ကြံရမည်။ ကြံပါ။
ဤအရာမှာ--
ဝိဇ္ဇမာနပရမတ္ထ သဘာဝ အရိယသစ္စာ ပညာမြင် အဟုတ်အမှန်နှင့် အဝိဇ္ဇမာန သမုတိမျှ လောကသဘော ပြောလွဲစွဲထင် ဝိညာဏ် မြင်ဓာတ် ပညတ်တရား မှားထက် မှားကို ထင်လျားအောင် လင်္ကာဆောင်၍ မြင်သာအောင်ပြမည်။
ဝိညာဏ် ပညာ၊ သိရာအမှု၊ မြင်နှစ်ခုတွင်၊
ဝိညာဏ်မြင်ပုံ၊ နွားမမြီသား၊ နွားငယ်အားဖြင့်၊
နိမ့်မြင့်ဆူကြုံ၊ ငြင်းခုံအလား၊ ပုံမခြားတည်း။
အများသူငါ၊ မိစ္ဆယူလွဲ၊ ငရဲကြီးလှ၊ ကုသိုလ်ရဟု၊
ပြုကြရှောင်ကြဉ်၊ ဝိညာဏ်မြင်တည်း၊
မှားပင် မှားဘိ၊ မှားခေါင်ထိ၏။
ဉာဏ်သိသဘော၊ ပညာဇောမှာ၊
သတ္တေ္ဘကာသ၊ သင်္ခါရမှ၊
လောကဝေါဟာ၊ ပညတ်သာလျက်၊
ဖြစ်နှင့်ပျက်မျှ၊ သဘာဝသာ၊
အဗျာပါရ၊ ဧကတ္တနှင့်၊
နာနတ္တနည်း၊ ဧဝံနည်းသာ၊
ဓမ္မတာဟု၊ ဖြူခါ စင်စင်၊
ပညာမြင်မှ၊ ကြည်လင်လှသည်၊
မြင်ကြ အများ၊ မှန်မမှား။
ဤသည်ကား...
သဗ္ဗေဓမ္မာ အနတ္တာတိ၊ ယဒါပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ။
ဟူသော၊ (ဓမ္မပဒ ပါဠိတော်၏ အဓိပ္ပါယ်တည်း။)
ယခင်က ပြခဲ့သော သမုတိသစ္စာ၊ ပရမတ္ထသစ္စာ၏ သဘောမှာ-
ပရမတ္ထတောတိ ပရမတ္ထသစ္စတော၊ ဒ္ဓေဟိသစ္စာနိ သမ္မုတိသစ္စံ ပရမတ္တ သစ္စန္တိ၊ တတ္ထ သတ္တ ပုဂ္ဂလ အတ္တဇီဝါဒိကာ၊ ပညတ္တိအတ္ထာ သဘာဝတော အဝိဇ္ဇမာနယေဝ ဟောန္တိ၊ ယထာဘူတဉာဏ ရဟိတာနံ ပန မဟာဇနာနံ စိတ္တေ မဟန္တ မဟန္တာပိ ဟုတွာ ဝိဇ္ဇမာနာဝ ပညာယန္တိ၊ တေစ မဟာဇနာ သမဂ္ဂါ တေသံ ဧကန္တေန အတ္ထိဘာဝံ ဂဟေတွာ တထာ တထာ ဝေါ ဟရန္တိ သမ္ပဋိစ္ဆန္တိ စ၊ တသ္မာ တေမဟာဇနေဟိ သမဂ္ဂေဟိ သမ္မသတ္တာ တတော ယေဝစ ဝစီသစ္စ ဝိရတီ သစ္စာနံ ဝတ္ထုဘူတတ္တာ သမ္မုတိသစ္စန္တိ ဝုစ္စန္တိ၊ တသ္မိံ သမ္မုတိ သစ္စေ ဌတွာ သမ္မာပဋိ ပဇ္ဇန္တာ သဗ္ဗ လောကိယ သမ္ပတ္တိယော တံတံ ဗောဓိ သမ္ဘာရဓမ္မေစ အာရာဓေန္တိ၊ မိစ္ဆာပဋိပဇ္ဇန္တာ အပါယပူရကာ ဟောန္တိ၊ ဧဝံ မဟန္တံ ဟိ သမ္မုတိသစ္စန္တိ။
ပရမတ္ထသစ္စံပနပတွာ တံသစ္စမေဝ နဟောတိ၊ တံဟိသယံ အဝိဇ္ဇမာနံယေဝ သမာနံ မဟာဇနေ ဝိဇ္ဇမာနံ တွေဝ ဂဏှာပေတိ၊ သက္ကာယ ဒိဋ္ဌိ ဒွါသဓိဒိဋ္ဌိ တိဝိဓမိစ္ဆာ ဒိဋ္ဌီနံ ဝတ္ထုဘူတံ ဟုတွာ ဗာလဇနာနံ ဝဋ္ဋဒုက္ခတော နိယျာတုံ နဒေတိ၊ ဧဝံ ဝိပရိတံဟိ သမ္မုတိသစ္စံ ဧဝံ မဟာသာဝဇ္ဇဉ္ဇာတိ။
(ပရမတ္ထဒီပနီဋီကာ။)
ပရမတ္တတောတိ၊ ပရမတ္ထတော ဟူသည်ကား။
ပရမတ္ထ သစ္စတော၊ ပရမတ္ထသစ္စာအားဖြင့်။
ဟိသစ္စံ၊ မှန်၏။
သစ္စာနိ၊ သစ္စာတို့သည်။
သမ္မုတိသစ္စံ၊ သမုတိသစ္စာ၎င်း။
ပရမတ္ထသစ္စံ၊ ပရမတ္ထသစ္စာ၎င်း။
ဣတိ၊ ဤသို့။
ဒွေ၊ နှစ်ပါးတို့သည်။
ဟောန္တိ ၊ဖြစ်ကုန်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။
သတ္တ, ပုဂ္ဂလ၊ အတ္တ ဇီဝါဒယော၊ သတ္တ, ပုဂ္ဂလ အတ္တဇီဝ အစရှိကုန်သော။
ပညတ္တိအတ္ထာ၊ ပညတ်အနက်တို့သည်။
သဘာဝတော၊ သဘောအားဖြင့်။
အဝိဇ္ဇမာနာယေဝ၊ ထင်ရှား မရှိကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ပန၊ ထိုသို့ပင် မရှိငြားသော်လည်း။
ယထာဘူတ ဉာဏရဟိတာနံ၊ ယထာဘူတဉာဏ်မှ ကင်းကုန်သော။
မဟာဇနာနံ၊ လူအပေါင်းတို့၏။
စိတ္တေ၊ စိတ်၌။
မဟန္တ မဟန္တာပိ၊ အလွန်ကြီးကျယ် ထင်ရှားကုန်သည်လည်း။
ဟုတွာ၊ ဖြစ်၍။
ဝိဇ္ဇမာနာဝ၊ ထင်ရှား ရှိကုန်သကဲ့သို့သာလျှင်။
ပညာယန္တိ၊ ထင်ရကုန်၏။
တေစ မဟာဇနာ၊ ထိုလူအပေါင်းတို့သည်လည်း။
သမဂ္ဂါ၊ အညီအညွတ်။
တေသံ၊ ထို သတ္တ, ပုဂ္ဂလ, အတ္တ ဇီဝ အစရှိသည်တို့၏။
ဧကန္တေန၊ စင်စစ်အားဖြင့်။
အထိ ဘာဝံ၊ ရှိသည်၏ အဖြစ်ကို။
ဂဟေတွာ၊ ယူ၍။
တထာ တထာ၊ ထိုထို အခြင်းအရာအားဖြင့်။
ဝေါဟရန္တိ စ၊ ခေါ်လည်း ခေါ်ဝေါ် ကြကုန်၏။
သမ္ပဋိစ္ဆန္တိ စ၊ ဝန်ခံလည်း ဝန်ခံကြကုန်၏။
တသ္မာ၊ ထို့ကြောင့်။
တေ၊ ထို သတ္တ, ပုဂ္ဂလ, အတ္တဇီဝ, အစရှိသော ပညတ်အနက် တို့ကို။
သမဂ္ဂေဟိ၊ ညီညွတ်ကုန်သော။
မဟာဇနေဟိ၊ လူအပေါင်းတို့သည်။
သမ္မဘတ္တာစ၊ သမုတ်အပ်သည်၏ အဖြစ်ကြောင့်၎င်း။
တတောယေဝ၊ ထိုသို့ သမုတ်ခြင်းကြောင့်သာလျှင်။
ဝစီသစ္စ ဝိရတီသစ္စာနံ၊ ဝစီသစ္စာ ဝိရတီသစ္စာတို့၏။
ဝတ္ထုဘူတတ္တာစ၊ တည်ရာ၏ အဖြစ်ကြောင့်၎င်း။
သမ္မုတိသစ္စန္တိ ၊သမုတိသစ္စာဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
တသ္မိံ သမ္မုတိသစ္စေ၊ ထိုသမုတိသစ္စာ၌။
ဌတွာ၊ တည်၍။
သမ္မာပဋိပဇ္ဇန္တာ၊ ကောင်းစွာ ကျင့်ကြကုန်သော သူတို့သည်။
သဗ္ဗ လောကိယ သမ္ပတ္တိယော၊ အလုံးစုံသော လောကီ စည်းစိမ် ချမ်းသာတို့ကို၎င်း။
တံ တံ ဗောဓိသမ္ဘာရဓမ္မစ၊ ထိုထို ဗောဓိ အဆောက်အဦးဖြစ်သော ဒါန, သီလ၊ စသည်အပြား တရားတို့ကို၎င်း။
အာရာဓေန္တိ၊ ပြီးစေကုန်၏။
မိစ္ဆာ ပဋိပဇ္ဇန္တာ၊ ဖောက်ပြန်စွာ ကျင့်ကြကုန်သော သူတို့သည်။
အပါယ ပူရကာ၊ အပါယ်၌ပြည့်ကြကုန်သည်။
ဟောန္တိ၊ဖြစ်ကုန်၏၊
ဟိသစ္စံ၊ မှန်၏။
သမ္မုတိသစ္စံ၊ သမုတိသစ္စာသည်။
ဧဝံ မဟန္တံ၊ ဤမျှလောက်ကြီးကျယ်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ပရမတ္ထသစ္စံ၊ ပရမတ္ထသစ္စာသို့။
ပတွာပန၊ ရောက်သော်ကား။
တံ၊ ထိုသမုတိသစ္စာသည်။
သစ္စမေဝ၊သစ္စာသည်သာလျှင်။
နဟောတိ၊ မဖြစ်။
ဟိသစ္စံ၊မှန်၏။
တံ၊ ထိုသမုတိသစ္စာသည်။
သယံ၊ မိမိသည်။
အဝိဇ္ဇမာနံ ယေဝ၊ ထင်ရှားမရှိသည်သာလျှင်။
သမာနံ၊ ဖြစ်လျှက်။
မဟာဇနေ၊ လူများ အပေါင်းတို့ကို။
ဝိဇ္ဇမာနံတွေဝ၊ ထင်ရှားရှိသည် ဟူ၍သာလျှင်။
ဂဏှာပေတိ၊ ယူစေ၏။
သက္ကာယဒိဋ္ဌိ ဒွါသဋ္ဌိဒိဋ္ဌိ တိဝိဓ မိစ္ဆာဒိဋ္ဌီနံ၊ နှစ်ဆယ်သော သက္ကာယဒိဋ္ဌိ၊ ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိ၊ သုံးပါးအပြားရှိသော မိစ္ဆာဒိဋ္ဌိတို့၏။
ဝတ္ထုဘူတံ၊ တည်ရာဖြစ်၍ ဖြစ်သည်။
ဟုတွာ၊ ဖြစ်၍။
ဗာလဇနာနံ၊ မလိမ္မာသော သူတို့အား။
ဝဋ္ဋဒုက္ခတော၊ ဝဋ်ဆင်းရဲမှ။
နိယျာတုံ၊ ထွက်မြောက်ခြင်းငှာ။
နဒေတိ၊ မပေး။
ဟိသစ္စံ၊ မှန်၏။
သမ္မုတိသစ္စံ၊ သမုတိသစ္စာသည်။
ဧဝံဝိပရိတဉ္စ၊ ဤမျှလောက် ဖောက်ပြန်ခြင်း ရှိသည်၎င်း။
ဧဝံ မဟာသာဝဇ္ဇဉ္ဇ၊ ဤမျှလောက် အပြစ်ကြီးသည်၎င်း။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။ သတိမူပါ။
(ဤအရာဝယ် အကျယ်ကိုလိုသူ သဘောဖြူတို့မှာ ပါဠိအဋ္ဌကထာ ဒေသနာ သဘာဝ အတိဂမ္ဘီရ ကိလိဋ္ဌကို ဝိနိစ္ဆယနှုန်း အဆုံးအဖြတ် နိဂုံးသတ်၍ ပြတော်မူအပ်သော ဤ ပရမတ္ထဒီပနီဋီကာမှာ ပညာနှင့်သာ အခါခါယူပါ။ )
နေရုသမံပရမတ္ထ၊ ဋီကာဒိံ သုဓုပီဠိယ။
မေဒိနီမသိယာ လိချံ၊ ပဿေ သသင်္ကနိစ္ဆယံ။
နေရုသမံ၊ နေရု မည်သီး ရွှေတောင်ကြီး မခြား အလားတူထသော။
ပရမတ္ထဋီကာဒိံ၊ ပရမတ္ထဒီပနီ ဋီကာကြီး အစရှိသော ကျမ်းကို။
သုန္တု၊ ကောင်းစွာ။
ပီဠိယ၊ ညှစ်ယူ၍။
မေဒိနီ မသိယာ၊ တောင်ဆီမှင်ဆေးဖြင့်။
လိချံ၊ ရေးသားစီရင်အပ်သော။
သသင်္ကနိစ္ဆယံ၊ လ,ဝန်း ငွေရိပ် သကြားနှိပ်သည့် ယုန်ရေးတံဆိပ်နှင့် တူသော အဆုံးအဖြတ်ကို။
ပဿေ၊ ရှုရာ၏။
ဤမျှတည်းသာ သမုဒ္ဒရာပြင်ကျယ် ရေပင်လယ်မှာ သွယ်သွယ်ရတနာ များလှစွာကို လွယ်ခါမနှေး လူတွေဋ္ဌေးအောင် ယူ၍ပေးသို့၎င်း၊ မဟာပထဝီ ဤမြေဆီကို မြှောက်ချီ ပြောင်းပြန် ချက်ခြင်းလှန်၍ နိုင်ငံမြို့ကျေး လူဘဝေးကို သုတ်သုတ်မနှေး ထုတ်ယူ ကျွေးသို့၎င်း၊ ထို့တူအညီ ဂမ္ဘီလေးဝ နယလေးဖြာ နက်ကျယ်စွာသော ဓမ္မက္ခန္ဓာ ဒေသနာမှ ဖွေရှာယူညှစ် သဘောနှစ်ကို စီစစ်၍ ပြအပ်သော (သဘာဝဒီပနီ) ဤတွင် ပြီးပြီ။
တောင်ဆီ မှင်ဆေးဖြင့် ရေးပြအပ်သော လ, ဝန်းငွေရိပ် သိကြားနှိပ်သည့် ယုန်ရေး တံဆိပ်နှင့်တူသော ဝဋ်နခမ်းသတ် ဤကျမ်းမြတ်ကို ကျက်မှတ် သိမြောက် နိဗ္ဗာန် မှောက်သို့ ခုဘဝ နောက်ဘဝ ရောက်ကြပါစေကုန်သတည်း။
ဤစာပြီးဖြစ် သက္ကရာဇ်ကား။ ၁၂၇၃-ခုနှစ် ပြာသိုလပြည့် ဗုဒ္ဓဟူးနေ့ နံနက်၊ နေအထွက်တွင် ပြီးအောင်မြင်သည်။
နတ်, လူ သာဓု - ခေါ်စေသောဝ်။
သဘာဝ ဒီပနီကျမ်း ပြီး၏။ကြောင်ပန်းတောရ ဆရာတော်
ရေးသားစီရင်အပ်သော
သုံးလောက ဒီပနီကျမ်း
ကျေးဇူးရှင် ကြောင်ပန်း ဆရာတော်ဘုရားကြီးထံ လျှောက်လွှာ။မုံရွာမြို့ ဒိစတြိတ်နယ်၊ ကန်ပြားကြီး ရွာအရပ်၌ တရားဟောတော်မူခိုက် အောက် စာရင်းပါ ဓမ္မဒါန ကုသိုလ်ရှင် ဒါယကာ-ဒါယိကာမ အများတို့က သုံးလီဒွါရ ပဏာမ ဖြင့် သာစွတင်ချီ အဉ္စလီကို ရွှင်ကြည်သဒ္ဓါ လေးမြတ်စွာဖြင့် ဟတ္ထာဆယ်ချောင်း ထိပ်မှာလောင်း၍ ဦးခေါင်း ညွတ်ကျိုး ရှိခိုးဝပ်တွား အသနားတော်မြတ်ခံ လျှောက်ဝံ့ပါသည်။ စတုပါရိ သုဒ္ဓိလေးဝ မြူကင်း ‘လ’သို့ ဆူဆူ ဖြူဆွတ် ပွတ်သစ် သင်္ခါ ကဲ့ပမာသို့ လေးဖြာပထ ဣရိယ၌ မျှတရွှင်ပြုံး သီတင်းသုံး နေထိုင်တော် မူပေသော ကြောင်ပန်းတောရမှီ မဟာထေရ် အရှင်သူမြတ်ဘုရား။
ဘုရားတပည့်တော်တို့အား မဟာပထဝီ အောက်မြေဤကို မြှောက်ချီပြောင်းပြန် ချက်ခြင်းလှန်၍ နိုင်ငံမြို့ကျေး လူတဝေးကို ကျွေးမွေးသည့်ဟန် ဉာဏ်ဖြင့်မြင်သိ အတိ ဝိသိဋ္ဌ သဘာဝအချက် တရားနက်တို့ကို ဉာဏ်စက်မြမြ ကိုယ်တော်တိုင် ရသကဲ့သို့ များလှကုန်စင် လူရှင်ပေါရယ် အသွယ်သွယ်ဖို့အားလည်း အလွယ်တကူ နည်းယူကျန ရကြီးရစေ မေတ္တာတော်ချွေပြီးလျှင် သုံးထွေသော လောက ရုပ်နှင့်နာမ် သဘာဝကို တကာ-တကာမ တစုတို့ ကျင့်မှတ်လို၍ မြင့်မြတ်သည့် ရိန္ဒမာ ကျမ်းရွှေစာကို တသက်လျာအဆုံး စွဲကာ သုံးလိုပါသောကြောင့် တရား တည်း ဟူသောရွှေမိုဃ်း ထစ်ကျိုးသွန်းချတော် မူပါမည့်အကြောင်း ဆယ်ချောင်း လက်စုံ ရွှေကြာငုံကို သာစုံတင်မြှောက် လျှောက်ဝံ့ပါသည် မဟာထေရ် အရှင်သူမြတ်ဘုရား။
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။သုံးလောက ဒီပနီကျမ်း
မာဝေါခဏံ ဝိရာဓေထ၊ ခဏာတီတာဟိ သောစရေ။
သဒတ္တေဝါယမေယျာထ၊ ခဏောဝေါပဋိပါဒိကော။
(အပါဒါန် ပါဠိတော်)
ဘောန္တော၊ အိုသူတော်ကောင်းတို့။
ဝေါ၊ သင်တို့သည်။
ခဏံ၊ အရိယသစ္စာ သာသနာဓမ္မ မြတ်ခဏကို။
မာဝိရာဓေထ၊ ချော်လွန်၍များ မသွားကြစေကုန်လင့်။
ဟိ၊ အဘယ့်ကြောင့်နည်း။
ခဏာတီတာ၊ ခဏကို လွန်ကုန်သော သူတို့သည်။
သောစရေ၊ တောက်ခေါက် နောင်တပူပန် စိုးရိမ်ရကုန်၏။
သဒတ္ထေ၊ ကိုယ်ကျိုး ကိုယ်စီးပွား၌။
ဝါယမေယျာထ၊ လုံ့လမယုတ် အရအမိ ကြိုးကုတ်၍ အားထုတ် ကြကုန်ရာ၏။
ဝေါ၊ သင်တို့အား။
ခဏော၊ ဗုဒ္ဓုပ္ပါဒ မြတ်ခဏသည်။
ပဋိပါဒိကော၊ ယခုဘဝ ခုခဏ၌ ဆိုက်ရောက် ရရှိကြပြီ။
လိုရင်းမှာ --
ဘဝများစွာ ကမ္ဘာဘာက သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ အာသီသနှင့် ဒါန သီလ စသော စရဏစု ကုသိုလ်မှုတို့ကို ပြုစုကျိုးစား၍ အားထားခဲ့ကြသည့်အတိုင်း ယခုဘဝ၌ အရိယသစ္စာ သာသနာဓမ္မ မြတ်သမယနှင့် တွေ့ကြုံဆိုက်တိုက် ရရှိကြပြီ။ ခုဘဝ-ခုနေ့ အလိုပြည့်၍ ကိုယ်တွေ့ ကြုံရသော ဒုလ္လဘအခါ အရိယ သစ္စာမှာ သုံးဖြာသော ဘုံအထွဋ် ညွှတ်တတ်သော လောဘဟိတ် စိတ်တဏှာကို ပယ်ခွါရမည်ဟု အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာ ဝိဇ္ဇာသုံးဝ ဆုံးမတော် မူအပ်သော အရိယသစ္စာ သာသနာဓမ္မ မြတ်ခဏမှာ ....
သဟဿမပိစေဝါစာ၊ အနတ္ထပဒသဉှိတာ။
ဧကံ အတ္ထပဒံသေယျော၊ ယံသုတွာဥပသမ္မတိ။
(ဓမ္မပဒပါဠိတော်။)
အနတ္ထပဒသဉှိတာ၊ တောဘွဲ့ တောင်ဘွဲ့ အကျိုး မဲ့မျှ သမုဒယပုဒ်နှင့် စပ်သော။
ဝါစာ၊ စကားသည်။
သဟဿမပိ၊ ပိုဒ်ပေါင်းတထောင် များမြောင်စွာ ရှိသည်လည်း။
စေဟောတိ၊ အကယ်၍ ဖြစ်အံ့။
ပါပိကာ၊ ယုတ်မာစွာ၏။
ယံ၊ အကြင်ပုဒ်ကို။
သုတွာ၊ ကြားနာသည်ရှိသော်။
ဥပသမ္မတိ၊ ကိလေသာမှ ငြိမ်း၏။
တံအတ္ထပဒံ၊ ထိုကိလေသာကုန်ငြိမ်းရာ အနက်ပါသော အရိယသစ္စာ ဝိဇ္ဇာပုဒ်သည်။
ဧကံပိ၊ တပုဒ်ပင် ဖြစ်သော်လည်း။
သေယျော၊ မြတ်၏။
လိုရင်းက --
အရိယသစ္စာ ဤသာသနာတော်ခဏမှာ ဝစီကာယနှင့် ဒါန, သီလစသော စရဏ ကုသိုလ်မှုတို့ကို ပြုကြသောအခါ မနောကံအရာ ဝိပဿနာဟု ဝိဇ္ဇာမှု မပါလျှင် အနတ္ထပုဒ်အရ လောဘဟိတ်နှင့် ပြုကြသမျှ သမုဒယမှာ ဒုက္ခသစ္စာ ဖြစ်စရာ ချည်းသာဟု သိရာ၏။
အဘယ့်ကြောင့်နည်း။ ရှေးရှေးသော သူတော်ကောင်း အလောင်းတော် ဟူသမျှတို့၏ ဝစီ ကာယ မနအမှု ဒါန, သီလ, စသော စရဏစုမှာ ဝိပဿနာဟု ဝိဇ္ဇာမှုနှင့် သမုဒယသစ္စာ လောဘဟိတ် တဏှာကို ပယ်ခွါ၍ မဂ္ဂသစ္စာဟု ပွားများနှင့် ပြုအပ်သောကြောင့်သာ ဥပသမဓာတ် ပေါ်လာသော နိရောဓသစ္စာ မြတ်ပရမတ် ကိုသာ နိဗ္ဗာန်ဆိုသည်။
ထိုအနုသယမျှ သမုဒယ လောဘဟိတ်မြုံ ကုန်ငြိမ်းသော ဥပသမ နိရောဓဓာတ် အမြတ်စစ်စစ် ပရမတ်နှစ်က သုံးလူသင်းကျစ် ဘုရား ဖြစ်မှ တရားစစ်ပေါ်လာသော ဝိဇ္ဇာဝိမုတ္တိ သစ္ဆိကိရိယ အရိယသစ္စာ ဒေသနာတော်မြတ်မှာ သဗ္ဗေဓမ္မာ အနတ္တာ၏ အရ၊ အစစပညတ် ပရမတ်ရှိသမျှ သုံးလောကဥဿုံ အတ္တမြုံသည့် သုညဓာတ် ချည်းသာ မှတ်ရမည်။
ထို့ကြောင့် ....။ သံယုတ်ပါဠိတော်၌ --
သုညမိဒံ အတ္တေနဝါ အတ္တနိယေနဝါ၊
တသ္မာ သုညောလောကောတိ ဝုစ္စတိ။
ဟု ဟောတော်မူ၏။
ဣဒံ၊ ဤလောကသည်။
အတ္တေနဝါ၊ ငါဟူသော အတ္တမှ၎င်း။
အတ္တနိယေနဝါ၊ ငါ့ဥစ္စာမှ၎င်း။
သုညံ၊ ဆိတ်၏ သုဉ်း၏။
တသ္မာ၊ ထို့ကြောင့်။
လောကော၊ လောကကို။
သုညောတိ၊ သုဉ်း၏ဟူ၍။
ဝုစ္စတိ၊ ဟောအပ်၏။
ထို ဒေသနာတော်မြတ်က ဖြစ်ပျက်သဘောမျှ ဤ လောကသည် ဓုဝ, သုဘ, သုခ, အတ္တ, သာရ-သုဉ်းအပ် သုညဓာတ် ပရမတ်ဘာသာ သူ့ဓမ္မတာကို ကုသလာဓမ္မာ, အကုသလာဓမ္မာ, အဗျာကတာ ဓမ္မာဟု ဟောတော်မူသည်။ ထိုတွင် ကုသလာဓမ္မာ ၏အရ ကုသိုလ်ဟု ဆိုအပ်သော သင်္ခါရ သယံဇာတ အနိစ္စဓာတ် သမုပ္ပါဒ်တရားပဲ တင်ခတ် အလားကဲ့သို့ ဖြစ်ပွားပေါ်ရှိပုံကို သိသာရုံမျှ သဲလွန်စကိုပြမည်။
ဒါနတခုကို ပြုသောသူသည် မိမိ၏ အကျိုးစီးပွား သတ္တဝါ အများအပြားတို့၏ အကျိုး စီးပွားကို ပြုကျင့်သည်မည်၏။
အကျိုးစီးပွား ဟူသည်ကား
သတ္တဝါများကို အပါယ်လေးပါးမှ ထုတ်ဆယ် ကယ်တင်သည်မည်၏၊ သတ္တဝါတို့အား လူနတ်တို့ စည်းစိမ် ရိပ်ငြိမ်ချမ်းသာကို ရရာရကြောင်း အမှုကို ပြုကျင့်သည် မည်၏။ မည်ပုံကား။ ထိုဒါနရှင်ကို ဖြစ်လေရာရာ ဘဝတိုင်း ဘဝတိုင်းတို့၌ မြင်မြင်သမျှ တွေ့တွေ့သမျှသော သတ္တဝါ အများအပြားတို့က ထိုသဒ္ဓါဓာတ် ပရမတ် ကုသိုလ် ဟိတ်က တံဆိပ်ရိုက်မှန်ပြ၍ (ဥပမာန) သံလိုက်နှင့် အပ်ထုပ်ကို မအုပ်ပဲ ပြသကဲ့သို့၊ ဟဒယရုပ်ဓာတ်မှာ ပဲ့တင်ခတ်ဆူ လွှမ်း၍ လှူဒါန်းချင် ပေးကမ်းချင်ရ ကုသိုလ် ဆိုသော သင်္ခါရ အနိစ္စဓာတ် သဒ္ဓါပရမတ် သမုပ္ပါဒ်နည်းက - မီးကူးသည့် ပမာဏ၊ ကောင်းကင်ထိပ်က နိမိတ်ပြ၍ ကျိတ်ထသလို သဒ္ဓါစိတ်ကြွ အနိစ္စဆူလွှမ်း၍ လှူဒါန်း ပေးကမ်း ကြလေကုန်၏။
ထို ပဋ္ဌမဒါနရှင်ကို လှူဒါန်း ပေးကမ်းကြသူ ဒုတိယ ဟူဟူသမျှ တို့သည်လည်း ဥပနိဿယ သတ္တိထူးဖြင့် ကျေးဇူးပြုအပ်သော ကုသလသမုပ္ပါဒ် တံဆိပ်ခတ်၍ သဒ္ဓါခေါ်သော အနိစ္စဓာတ်၊ မီးကူးအပ်သို့ ပရမတ်ပွားစီး ဒါနရှင်ချည်းပင် ဖြစ်ကြပြန်လေကုန်၏။
ထို့တူမခြား တတိယ, စတုတ္ထ, အစရှိသော ဟေတုပစ္စယ သဘာဝမဆုံး တလောကလုံးအား သဒ္ဓါဓာတ် ပရမတ်တရား မီးကူးသည့်အလားကဲ့သို့ အဆင့်ဆင့် ပြန့်ပွား နှံ့ပြား ဖြစ်ရှိပုံကို အကုန်မှန်တင် ဉာဏ်ကုန်နှင်၍ မြင်ကြလေ။
မြင်ကြပုံမှာ။ ဒါနမှုပြုသောအခါ မိမိအကျိုးမျှကိုသာ သိကြ၍ ပြုရသည်ထက်၊ သတ္တဝါ အများတို့၏ ဟိတရွယ်ကိုး အကျိုးစီးပွား ကုသိုလ်တရား ဖြစ်ပေါ်ပေါက်ပွား အများ ရှိကြသည်ကို ပီတိပါမောဇ္ဇတရား ပွားများမှုနှင့် ပြုရလျှင် အတ္တ, ပရ၊ ဒိဋ္ဌသမ္ပရာ နှစ်ဖြာ နှစ်ဦး ကျေးဇူးမဆုံး တလောကလုံး၏ ကုသလမှု ဟေတုပစ္စယ အာနိသံသ အမျိုးမျိုး ကျိုးရင်းကျိုးဖျား အလွန်ပင် ပွားများမှ အာသီသနှင့် ပြုကြရမည် ဟူလိုသည်။
လိုရင်းမှာ - တယောက်သောသူက တကြိမ်မျှပြုရသော ဒါနမှုကုသိုလ်သည် သတ္တဝါ အများအပြားတို့၏ သဒ္ဓါ ဆိုသော ကုသိုလ်တရား အလွန်ပွားစီး ပဋ္ဌာန်းနည်း သမုပ္ပါဒ် နည်းက ဧကတ္တ နာနတ္တ အဗျာပါရ ဧဝံဓမ္မတာ သယံဇာ ဟူသော သံသရာမှာ တံထွာအနှုန်း မျှော်မဆုံးအောင် တရုန်းရုန်း သဘာဝအနိမိတ္တ အနိစ္စက အတိထာဝရ ကြီးကျယ်လှ၏ဟု သိကြရမည် ဟူလိုသည်၊
ဤကဲ့သို့ ဒါန၏ပမာဏနှင့် သီလစသော သဘာဝ ထိုထို၊ ကုသိုလ်ဆိုသမျှ သင်္ခါရ တို့ကိုလည်း စေ့စေ့စုံစုံ အကုန်မြှော်ကြည့် သိမြင်ကြစေ ဉာဏ်ကဝေတို့။
ဤနည်းပမာဏ သဲလွန်စနှစ် အကုသလာဓမ္မာ ဒေသနာအရ အနိစ္စဓာတ် ပရမတ် မှာလည်း မိမိတခု မကောင်းမှုကို အကြောင်းပြု၍ သတ္တဝါများ အပါယ်လားခြင်း၊ အသက်တိုခြင်း၊ ရောဂါများခြင်း၊ ဥစ္စာစီးပွား ပျက်ပြား ငတ်မွတ်ခြင်း၊ အစရှိသော အကုသိုလ်ဖြစ်ပွား လောကကြီးအား နှိပ်စက်မှုကလည်း ဥပနိဿယပစ္စည်း ပါပကမ္မ၊ ပါပဓာတ် သမုပ္ပါဒ်မှာလည်း သံလိုက်နှင့်အပ် ပဲ့တင်ခတ်တံဆိပ်နည်း မီးကူးသည့် ပမာဏ အနိမိတ္တ အနိစ္စဓာတ် ပရမတ် နှံ့စပ်ကုန်စင် ဉာဏ်ကုန်နှင်၍ မြင်ကြလေ။ ။ သတိမူပါ။
သဘောအရာ ဘယ်စာမဆို စာကိုကြည့်သော ခဏမှာ မိမိအလိုမျှနှင့်သာ မကြည့်ပါနှင့်။ စာ၏အလို သဘောကိုသာ ပညာနှင့်ထိမိ ပိုင်ပိုင်ကြီး သိကြအောင် အခါခါကြည့်ရမည်။ သို့မှသာ ထိုစာပြသော သဘာဝကို ပြာကြအောင် ထိမိ အဟုတ် သိမည်။
(မသိစွမ်းခင်၊ သိပြီးထင်၍၊
ပုထုဇ္ဇန်လမ်း၊ သဘောတမ်းဖြင့်၊
ဒိဋ္ဌိအစွမ်း၊ တဏှာမာန၊
ဂါဟဖမ်း၍၊ ချီးမွမ်းလိုနှိပ်၊
ခြည်ဆောင်ရိတ်၊ ငြိတ်သောစိတ်တို့ကို၊
ပိတ်ဆို့ပယ်ရှား၊ သတိထား၍၊
တားမြစ်ကြပါလေ၊ ဉာဏ်ကဝေတို့။)
ယာနိသောတာနိ လောကသ္မိံ၊
သတိတေသံ နိဝါရဏံ။
သောတာနံ သံဝရံဗြူမိ၊
ပညာယေတေ ပိဓိယရေ။
လောကသ္မိံ၊ လောက၌။
ယာနိသောတာနိ၊ အကြင် အဝိဇ္ဇာတဏှာ ကိလေသာ ရေအယာဉ်တို့သည်။
သန္တိ၊ ရှိကုန်၏။
သတိ၊ သတိသည်။
တေသံ၊ ထိုကိလေသာ ရေအယာဉ်တို့ကို။
နိဝါရဏံ၊ ဆည်းကန့်ခွါပစ် တားမြစ်ခြင်းတည်း။
သောတာနံ၊ အဝိဇ္ဇာတဏှာ အစဖြာသော ကိလေသာ ရေအယာဉ်တို့ကို။
သံဝရံ၊ သမုစ္ဆေဒ ပဟာနဖြင့် တစမကြွင်း ပိတ်ဆို့ခြင်းကို။
ဗြူမိ၊ ဟော၏။
ဧတေသောတာ၊ ထိုကိလေသာ ရေအယာဉ်တို့ကို။
ပညာယ၊ မဂ်ပညာဖြင့်။
ပိဓိယရေ၊ ပိတ်ဆို့အပ်ကုန်၏။
လိုရင်းမှာ --
တဒင်္ဂ၊ ဝိက္ခမ္ဘန၊ သမုစ္ဆေဒ၊ ပဟာနဖြင့် ပိတ်ဆို့ပယ်ရှား သတိထား၍ တားမြစ်ပုံမှာ၊ သီလ သမာ ပညာခေါ်သော သိက္ခာ သာသနာတော်မြတ်ကြီး သုံးပါးတွင် သက္ကာယဒိဋ္ဌိ၏ အစီးအပွား ဒုစ္စရိတဝီတိက္ကမကို ပိတ်ဆို့ပယ်ရှား တားမြစ်အပ်သော သီလက္ခန္ဓ မဂ္ဂင်သုံးပါး ဟူသည်ကား -
“ပါဏာတိပါတာ ဝေရမဏီ၊ အဒိန္နဒါနာ ဝေရမဏီ၊ ကာမေသု မိစ္ဆာစာရာ ဝေရမဏီ” ဟူသော ကာယဒုစရိုက် သုံးပါးကို ပယ်ရှား တားမြစ်ခြင်းသည် သမ္မာကမ္မန္တမဂ္ဂင် မည်၏။
“မုသာဝါဒါ ဝေရမဏီ၊ ပိသုဏဝါစာ ဝေရမဏီ၊ ဖရုသဝါစာ ဝေရဏီ၊ သမ္ဖပ္ပလာပဝါစာ ဝေရမဏီ” ဟူသော ဝစီဒုစရိုက်လေးပါးကို ပယ်ရှား တားမြစ်ခြင်းသည် “သမ္မာဝါစာမဂ္ဂင်”မည်၏။
ဤ ဒုစရိုက် ခုနစ်ပါးတို့ကို တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန် အားဖြင့် ပယ်ရှား တားမြစ်၍ ကောင်းစွာ အသက်မွေးခြင်းသည် သမ္မာအာဇီဝ မဂ္ဂင်မည်၏။
ဤသမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ကိုပင် သီလက္ခန္ဓမဂ္ဂင် ခေါ်သည်။
သမာဓိက္ခန္ဓမဂ္ဂင် ခေါ်သော “သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ” ဟူသော မဂ္ဂင်သုံးပါးဖြင့် သက္ကာယဒိဋ္ဌိ၏ အစီးအပွား မနောဒုစရိုက် သုံးပါး၊ ပရိယုဋ္ဌာန တရားကို ပယ်ရှား တားမြစ်ခြင်းငှါ စိတ်သညာသိ အာနာပါန အစရှိသော ပညတ်သဘာဝ သမထကို လုပ်လိုလျှင် သမာဓိခိုင်မြဲရုံမျှသာ အားထုတ်ရမည်။
ပညာက္ခန္ဓာမဂ္ဂင်ခေါ်သော သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဤမဂ္ဂင် နှစ်ပါးဖြင့် ရုပ်နာမ်ဒုက္ခ အနိစ္စ၏ သမုဒယ ဖြစ်သော လောဘဟိတ် အနုသယကို ပယ်ရှား တားမြစ်ခြင်းငှာ ပညာတရားက ဤသည်ကား - ဝိဇာနန, သဉ္ဇာနန၊ စိတ်သညာဓာတ် သိမှတ်အပ်သော ပညတ်တရား၊ ဤသည်ကား ပဇာနန ပညာမှသာ သိမြင်ရာသော သင်္ခတဓာတ်, အသင်္ခတဓာတ် ပရမတ်တရားဟု ကွဲပြား ထိမိ အဟုတ်သိလျှင် ကျင့်, ကြဉ်, သိ-မသိ ဝိသုဒ္ဓိခုနစ်ပါး ဝိပဿနာတရားဟု အခြားမရှိ အနတ္တ, ပရ ရိတ္တ တုစ္ဆ သုည၏အရ အရိယသစ္စာ ဝိပဿနာ ခဏမှာသာ ပညာမြင်ဟုတ်နည်းက လုပ်-မလုပ်လည်း အချည်းနှီးဟု ပြီးစီးပါ၏။
ဤအရာမှာ အရိယသစ္စာ သာသနာတော်မြတ် ပေါ်အပ်သော အခါကိုသာ မြှော်ပါ။ သိသာစေအံ့။ ဤ အချည်းနှီး ပြီးစီးသည်မှာ ဘုံသုံးရွာကို မြုံပါချီ၍ပြမည်။ စဆုံးမရ ဧကတ္တ၊ နာနတ္တ၊ အဗျာပါရ၊ ဧဝံဓမ္မတာ၊ သယံဇာဟူသော သံသရာဓမ္မ တည်ထောင်သည်မှစ၍ ယနေ့သို့ကျအောင် အလေ့ဘာသာ အာရုံဓမ္မ အနိစ္စမှာ ရသရှာသည့် တဏှာတြိ၊ အာရမ္မဏိက ခေါ်သော စိတ်အလိုမျှကိုသာ ဣဋ္ဌာ နိဋ္ဌိဟု အနိစ္စ၏ အရိပ်မျှကိုသာ နိမိတ်ဆိုသည်။
လိုရင်းက -- အာရုံအာရမ္မဏိက အတ္ထိပစ္စယ၏ သတ္တိမျှကို သန္တတိ, သမူဟ, သဏ္ဌာနပညတ် ဟူသော အရိပ်နိမိတ်မျှကိုသာ တင့်တယ်ဘွယ်ရာ၊ မင်္ဂလာသုဘ၊ သုခဣဋ္ဌဟု အနိစ္စဓမ္မ စိတ်အလိုမျှ တွေ့ကြုံ ခံစားခဲ့ကြသော သုခဆူကြွ ဟူသမျှ တို့သည် ယခုနေ့, ညအိပ်မက်ချင်၍မှ ရှာတာမရ အချည်းနှီးတွေချည်း ဖြစ်ခဲ့ ကြပြီ။
(ဤအရာက ဉာဏ်စူး ဉာဏ်ရှ ဉာဏ်ကြီး လိုလှသည်။)
ဤပစ္စုပ္ပန် ရုပ်နာမ်ရှိသမျှ၊ ဝိသယမဆုံး၊ တလောကလုံးလည်း၊ ဓုဝ, သုဘ, သုခ, အတ္တ, သာရကင်းပြီး၊ ဖျင်းသိမ်နည်းသည့် အချည်းနှီးတွေချည်း သည်သာလျှင် တည်း။ သတိထား။
ယခုကစ၍၊ ပရမတ်တံထွာ၊ ဤဟာ ဗျာပါရစု၊ ကာယကံ, ဝစီကံ မနောကံမှု ပြုကြလတံ့သော ကုသလာ ကုသလ၊ အနတ္တဓာတ်၊ ပရမတ် အနှုံးက တအုံးအုံး အနိစ္စ ဒုက္ခ သဘော၊ မသုဉ်းအပ် မဆိတ်အပ်သော အနာဂတ် သံသရာကြီးမှာလည်း အချည်းနှီး တွေချည်း ဖြစ်လတ္တံ့ သည်သာတည်း။
ဤ တိတ်နာဂတံ၊ ပစ္စုပ္ပန်မှာလည်း၊ အချည်းနှီးမျှ၊ အနိစ္စဓာတ်၊ သမုပ္ပါဒ်ရောင်၊ ဒုက္ခနှောင်တဲ့၊ သုံးဆဲ့တဆောင်၊ ဘုံပြောင်ပြောင်မှာ၊ လောင်စာရဲသည့် ရုပ်နာမ်ခပဲ တုစ္ဆခဲမို့၊ အနဲနဲဒုက္ခစု၊ ရိတ္တသဘော မမြဲသော အနိစ္စမှုတွေကို-
စက္ခု ဘိက္ခဝေ အာဒိတ္တံ၊ ကေနအာဒိတ္တံ၊ ရာဂဂ္ဂိနာ အာဒိတ္တံ၊ ဒေါသဂ္ဂိနာအာဒိတ္တံ၊ မောဟဂ္ဂိနာအာဒိတ္တံ ဇာတိယာ ဇရာယ မရဏေန။
အစရှိသော အာဒိတ္တသုတ္တန်ကို အဖန်ဖန်မြှော်ပါ။
ပြဆိုခဲ့သော အရိယသစ္စာ ဤအရာ ဝိပဿနာပုဂ္ဂိုလ်မှာ - “အတီတံနနွာဂမေယျ၊ နပဋိကင်္ခေအနာဂတံ။” မုက္ခမံလာ ပစ္စုပ္ပန်သတ္တဝါကိုသာ လိုရင်းပါပေတည်း၊
ထိုသတ္တဝါတို့၏ သန္တာန်မှာမှလည်း မိမိ၏ အဇ္ဈတ္တ သန္တာန်ကိုသာလျှင် လိုရင်းဆုံးကြီး ပါပေတည်း။
သို့သော်လည်း အနိမိတ္တ, အပဏိဟိတ, သုညတ, တရား တို့ကို များစွာထူးချွန်၊ အလွန်သိထင်၊ မြင်လွယ်စေခြင်းငှါ ကာလသုံးဖြာ ဘုံသုံးရွာကို မြုံပါချီ၍ ပြလိုက်ပေသည်။
ဤအရာတွင် အရှင်ဝပ္ပ ရဟန္တာဖြစ်စက ဥဒါန်းမြွက်ဟတော်မူသော အရာမှာ၊
(ထေရာအဋ္ဌကထာ၌)
ပဿတိ ပဿောပဿန္တံ၊ အပဿန္တဉ္စ ပဿတိ။
အပဿန္တော အပဿန္တံ၊ ပဿန္တဉ္စ နပဿတိ။
ပဿော၊ မြင်သောသူသည်။
ပဿန္တဉ္စ၊ မြင်သောသူကိုလည်း။
ပဿတိ၊ မြင်၏။
အပဿန္တဉ္စ၊ မမြင်သောသူကိုလည်း။
ပဿတိ၊ မြင်၏။
အပဿန္တော၊ မမြင်သောသူသည်။
အပဿန္တဉ္စ၊ မမြင်သောသူကို၎င်း။
ပဿန္တဉ္စ၊ မြင်သောသူကို၎င်း။
နပဿတိ၊ မမြင်။
အဓိပ္ပါယ်မှာ --
မျက်စိအမြင်ရှိသော သူမှသာ သူတပါးမျက်စိ ရှိ-မရှိ၊ မြင်-မမြင်ကို သိမြင်သည်။ အမြင်မျက်စိ မရှိသူက နေ,လကိုပင် မမြင်ရ၊ မြင်ကြသူတို့ကို ပြောပြလျှင် နေ လ ကို၎င်း၊ ထိုမြင်သူတို့၏ မျက်စိကို၎င်း မော်၍ကြည့်သော်လည်း မိမိမှာ မြင်စရာမျက်စိ မရှိ၍ပင် မမြင်သကဲ့သို့ မှတ်လေ။
လိုရင်းက -- ပဇာနန အပြားအားဖြင့် အကြွင်းမဲ့ မြင်အပ် ပညာဓာတ် ပရမတ်မျက်စိ ရှိသောသူမှသာ သူတပါးတို့ မှန်မှားသော တရား သိ-မသိ၊ မြင်-မမြင်ကိုပင် သိမြင် ယုံကြည်နိုင်သည်။
ထို့ကြောင့် --
သုဒုဒ္ဒသံပိပဿန္တိ၊ ပဏ္ဍိတာ ဓမ္မကောဝိဒါ။
သုဒုဗ္ဗောဓံပိ ဗုဇ္ဈန္တိ၊ ဝိညုနောအတ္ထကောဝိဒါ။
ဟု သိမြင်ယုံကြည်ရမည်။
ဓမ္မကောဝိဒါ၊ အကြောင်းတရား၌ လိမ္မာကြကုန်သော။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
သုဒုဒ္ဒသံပိ၊ အလွန် မြင်နိုင်ခဲသော တရားကိုလည်း။
ပဿန္တိ၊ မြင်ကြကုန်၏။
အတ္ထကောဝိဒါ၊ အကျိုးတရား၌ လိမ္မာကြကုန်သော။
ဝိညုနော၊ ပညာရှိတို့သည်။
သုဒုဗ္ဗောဓံပိ၊ အလွန် သိနိုင်ခဲသော တရားကိုလည်း။
ဗုဇ္ဈန္တိ၊ သိကြကုန်၏။
လိုရင်းက -
ပညတ်နှင့်တကွ ပရမတ္ထ သဘာဝတရားကို အပြားအားဖြင့် ပဇာနနအလင်း အကြွင်း မဲ့သိ ပညာရှိသူမြတ်တို့မှ ပိုင်းခြားကုန်စင် သိမြင်တော်မူအပ်သော အသာရကဋ္ဌ အသာမိကဋ္ဌ, အဝသဝတ္တနဋ္ဌ အနက်မျှဖြစ်သော အနတ္တ၊ ပရရိတ္တ၊ တုစ္ဆ၊ သုညဓာတ်၊ ဆတ်ဆတ်သော ပရမတ်နှင့် ပညတ်တရား ဤနှစ်ပါးတွင် ပညတ်ဆိုသည်ကား-အထက်နှင့်အောက်၊ ရှေ့နှင့်နောက်၊ တောင်မြောက် စသည်တို့မှာ ပျက်ကွက် ဖောက်ပြန်တတ်သောကြောင့် ပညတ်ဆိုသည်။
ဖောက်ပြန် ပျက်ကွက်ပုံကား - “လေးကျွန်းလုံး မြောက်၊ မြင့်မိုရ်ဆောက်” စကား၌၊ မြောက်သို့သွားလေရာ မြင့်မိုရ်ထိပ်သို့ စိတ်ရောက် သောအခါ မြောက်ခေါ်စရာမရှိ ဖောက်ပြန်ဘိ၍ ကြည့်လေရာရာ ရှစ်မျက်နှာမှာ တောင်အထိသာ ရှိလေရာ၏။ ဤ မြင့်မိုရ်ထိပ်မှ ဆင်း၍တဖန် သွားပြန်လေရာ ဒုတိယစကြာဝဠာ အတွင်းသို့ပေါက် စိတ်ရောက်သောအခါ မြောက်ခေါ်စရာ ပေါ်၍လာ၏။
ဤတူပမာဏ --
တတိယ၊ စတုတ္ထ အစရှိသော စကြာဝဠာအနန္တ ဝိသယမဆုံး တလောကလုံးအား မြင်ကြား ကြံသိ အစရှိသော ဝိဇာနန၊ သဉ္ဇာနန၊ စိတ်သညာမှာ လိမ္မာတတ်သိ ပညတ်ရှိဟူသမျှ အစစ ဖောက်ပြန်ပုံကို အကုန်မြှော်ကြည့် သိမြင်ကြစေ။
ဝိပဿနာလုပ်သောသူတို့ သတိမူရန်မှာ
နိသတ္တ၊ နဇ္ဇီဝ၊ ရုပ်နာမ်သင်္ခါရ အမူအရာ ကြိယာမျှ အနိမိတ္တ အနိစ္စလျှင် အစဉ်ဆက်စပ် မျှင်မပြတ်ကို သန္တတိပညတ် ဆိုသည်။ ဤအနိစ္စ သဘာဝခပဲ အနဲနဲတွေ လေ, ရေ, မြေထု၊ ကြောင်းကျိုးမှုစပ် အတ္ထိပစ္စယ ဓာတ်သဘာဝ ပေါင်းစုမျှကို သမူဟပညတ် ဆိုသည်၊
ဤသဘာဝ အနိစ္စပေါင်းစု ကြောင်းပြု အတ္ထိ၊ ပစ္စယသတ္တိ၊ စရှိစုံပြန်လျှင် လူပုံ, နတ်ဟန် တိရစ္ဆာန် စသောပုံဟန်သဏ္ဌာန် မှန်သမျှကို‘သဏ္ဌာနပညတ်’ဆိုသည်။ ဤသို့ စသည်ဖြင့် ခေါ်ဝေါ်အပ်သော ဓမ္မပုဉ္ဇ အတ္ထပညတ်စုကို ခေါ်ဝေါ်ကြောင်း မည်နာမနှင့် သိကြောင်းခြင်းရာ ပရမတ်စဉ်လာ သညာ မှတ်အပ်သော သဒ္ဒ ပညတ်မှုက ခုခံ၍နေတတ်သည်။(သတိထား)။
ပရမတ်ဆိုသည်ကား
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ် လေးတန်က မဖောက်ပြန်တတ် မြဲမှန်အပ် မြတ်သော ကြောင့် ပရမတ် ဆိုသည်။ မဖောက်မပြန် မြဲမှန်ပုံက “ရုပ္ပတီတိရူပံ”အရ၊ အတည်မမြဲ ဆင်းရဲစွာလှ စိုးမရ၍ ဖောက်ပြန်သော အနိစ္စ သဘောမျှကို ရုပ် ဆိုသည်။
ထိုရုပ်သည် တိတ်, နာဂတံ, ပစ္စုပ္ပန် ဟူသော တသံသရာလုံးမှာ တရံတခါမျှ အနိစ္စသဘော မမြဲသော အချက်က ပျက်ကွက်ခြင်း မရှိဘဲ သီတ, ဥဏှ, စသည် ခပဲကြောင့် တဖောက်ပြန်ထဲ ဖောက်ပြန်၊ တမမြဲထဲ မမြဲသော သဘောအလျဉ်သည် အစဉ်ထာဝရ မြဲမှန်အပ် မြတ်သောကြောင့် ထို ရုပ်ဓာတ်ကို ပရမတ် ဆိုသည်။
ထိုရုပ်ဓာတ်မှာလည်း “မာ” ဟူသော ပထဝီသဘောက ဘဝကမ္ဘာ အသင်္ချေ ကြာသော်လည်း တခါတရံမှ မဖောက်မပြန် မြဲမှန်သော လက္ခဏာဓာတ်ကို ပရမတ် ဆိုသည်။ ထို့တူပမာဏ သဲလွန်စနှင့် အာဗန္ဓန၊ အာပေါ အစရှိသော ရုပ်ဟူသမျှ အနိစ္စကို စေ့စေ့စုံစုံ အကုန်မြှော်ကြည့်၊ သိမြင်ကြစေ။
(ရုပ်ခန္ဓာ ပြီး၏။)
နာမ်ခန္ဓာမှာအထူးသိသော ဝိညာဏ်သိ၊ ကောင်းစွာ မမေ့အပ်၊ မှတ်မိသော သညာသိ၊ အပြား အားဖြင့် အကြွင်းမဲ့သိသော ပညာသိအားဖြင့် သုံးပါးတို့တွင် ဝိညာဏ်သိ ဆိုသည်မှာ - ရူပါရုံကို မြင်မှုအခြင်းအရာအားဖြင့် သိခြင်း၊ သဒ္ဒါရုံကို ကြားမှုအခြင်းအရာ အားဖြင့် သိခြင်းစသည်၎င်း၊ ဟုတ်မှန်သော အာရုံကို ဟုတ်မှန်သော အားဖြင့်၎င်း၊ မဟုတ် မမှန်သောအားဖြင့်၎င်း သိခြင်း၊ မဟုတ်မမှန်သော အာရုံကိုလည်း ဟုတ်မှန်သော အားဖြင့်၎င်း၊ မဟုတ်မမှန်သော အားဖြင့်၎င်း သိခြင်း၊ ဣဋ္ဌာရုံကို ဣဋ္ဌအားဖြင့်၎င်း၊ အနိဋ္ဌအားဖြင့်၎င်း သိခြင်း၊ အနိဋ္ဌာရုံကိုလည်း ဣဋ္ဌအားဖြင့်၎င်း၊ အနိဋ္ဌ အားဖြင့်၎င်း၊ သိခြင်း စသည်ကို ဝိညာဏ်သိ, စိတ်သိ ဆိုသည်။
ထို့ကြောင့် --
တိဝိဓံဟိဇာနနံ ဝိဇာနနံ သဉ္ဇာနနံ ပဇာနနန္တိ။ တတ္ထ ဝိဇာနနံ ဝုတ္တပ္ပကာရံ သဉ္ဇာနနံ နာမ သုဋ္ဌုဇာနနံ။ ကာလန္တရေပိ အပမုဿမာနံ ကတွာဇာန နန္တိအတ္ထော။ ပဇာနံ နာမ ပကာရတောဇာနနံ။ ယတ္တ ကံဇာနိတဗ္ဗံ ဟောတိ တတ္တကံသဗ္ဗေ အသေ သတောဇာနနန္တိ အတ္ထော။ ဧကသ္မိံ ပိ ဉေယျဓမ္မေ သဘာဝတော ဟေတုတော ပစ္စယတောဖလတော အာဒီနဝတော အာနိသံသတော အနိစ္စတော ဒုက္ခတောတိ အာဒိနာ ဗဟုံဇာနိတဗ္ဗံအတ္ထိ။ တံသဗ္ဗံ အသေသတော ဇာနနန္တိ ဝုတ္တံဟောတိ။
ဉာဏပရိယန္တံဉေယံျ၊ ဉေယျပရိယန္တိဉာဏန္တိ ဟိ ဝုတ္တံ။ ဣဒံသဗ္ဗညုတညာဏ- ဝသေနဝုတ္တံ။ ဣဒဉ္စ အဘိဓမ္မေ သတ္တပကရဏာနိ ဒိသွာ ဝိသေသတော။ သတ္တမံ မဟာပဋ္ဌာနပကရနံ ဒိသွာ ဝေဒိတဗ္ဗံ။
သာဝကဉာဏေပန ယတ္တကံဇာနန္တော ကိလေသက္ခယံ ပါပုဏာတိ။ တတ္တကံဇာနနံ ပဇာနနံနာမ ဣဒံပန အဘိဓမ္မေ ဝိဘင်္ဂေသုတ္တန္တဘာဇနိယာနိ ပဉ္စသုတ္တန္တ နိကာယေစဒိသွာ၊ ဝေဒိတဗ္ဗံ။ လောကိယ မဟာဇနာနံ ဉာဏေယတ္တကံ ဇာနန္တော အဟိတံ အပနေတိ ဟိတံဥပနေတိ။ တတ္တကံဇာနနံ ပဇာနနံ နာမ။ (ပါဠိ)
ဟိ၊ ချဲ့ဦးအံ့။
ဇာနနံ၊ သိခြင်းသည်။
ဝိဇာနနံ၊ အထူး သိခြင်း၎င်း။
သဉ္ဇာနနံ၊ ကောင်းစွာသိခြင်း၎င်း။
ပဇာနနံ၊ အပြားအားဖြင့် သိခြင်း၎င်း။
ဣတိ၊ ဤသို့။
တိဝိဓံ၊ သုံးပါး အပြားရှိ၏။
တတ္ထ၊ ထိုသုံးပါးသော သိခြင်းတို့တွင်။
ဝိဇာနနံ၊ အထူးသိခြင်းသည်။
ဝုတ္တပ္ပကာရံ၊ ဆိုအပ်ပြီးသော အပြားရှိ၏။
သဉ္ဇာနနံနာမ၊ သညာသိ မည်သည်ကား။
သုဋ္ဌုဇာနနံ၊ ကောင်းစွာ သိခြင်းတည်း။
ကာလန္တရေပိ၊ ကာလတပါး၌လည်း။
အပမုဿမာနံ၊ မမေ့မလျော့သည်ကို။
ကတွာ၊ ပြု၍။
ဇာနနံ၊ သိခြင်းတည်း။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ပဇာနနံနာမ၊ ပညာသိ မည်သည်ကား။
ပကာရတော၊ အပြားအားဖြင့်။
ဇာနနံ၊ သိခြင်းတည်း။
ယတ္တကံ၊ အကြင်မျှလောက်ကို။
ဇာနိတဗ္ဗံ၊ သိသင့် သိထိုက်သည်။
ဟောတိ၊ ဖြစ်၏။
တတ္တကံ၊ ထိုမျှလောက် သိသင့်သိထိုက်သော။
သဗ္ဗံ၊ အလုံးစုံသော တရားကို။
အသေသတော၊ အကြွင်းမဲ့အားဖြင့်။
ဇာနနံ၊ သိခြင်းတည်း။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ဧကသ္မိံပိ၊ တခုတည်းလည်း ဖြစ်သော။
ဉေယျဓမ္မေ၊ သိအပ်သော တရား၌။
သဘာဝတော၊ သဘောအားဖြင့်၎င်း။
ဟေတုကော၊ မူလအကြောင်းအားဖြင့်၎င်း။
ပစ္စယတော၊ အထောက်အပံ့ အားဖြင့်၎င်း။
ဖလတော၊ အကျိုးရင်းအားဖြင့်၎င်း။
အာဒီနဝတော၊ အပြစ်အားဖြင့်၎င်း။
အာနိသံသတော၊ အကျိုးဆက်အားဖြင့်၎င်း။
အနိစ္စတော၊ မမြဲသောအားဖြင့်၎င်း။
ဒုက္ခတော၊ ဆင်းရဲသော အားဖြင့်၎င်း။
ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။
ဗဟုံ၊ များစွာသော။
ဇာနိတဗ္ဗံ၊ သိသင့် သိထိုက်သောအရာသည်။
အတ္ထိ၊ ရှိ၏။
တံသဗ္ဗံ၊ ထိုအလုံးစုံသော အရာဋ္ဌာနကို။
အသေသတော၊ အကြွင်းမဲ့အားဖြင့်။
ဇာနနံ၊ သိခြင်းတည်း။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုအပ်သည်။
ဟောတိ၊ ဖြစ်၏။
ဟိသစ္စံ၊ ထိုစကား မှန်၏။
ဉေယျံ၊ သိအပ်သော ဉေယျဓံတရားသည်။
ဉာဏပရိယန္တံ၊ ဉာဏ်တော်လျှင် အဆုံးအပိုင်းအခြားရှိ၏။
ဉာဏံ၊ ဉာဏ်တော်သည်လည်း။
ဉေယျပရိယန္တံ၊ ဉေယျဓံ တရားလျှင် အဆုံး အပိုင်းအခြားရှိ၏။
ဣတိ၊ ဤသို့။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏၊
ဣဒံ၊ ဤပါဠိတော်ကို။
သဗ္ဗညုတညာဏဝသေန၊ သဗ္ဗညုတ ဉာဏ်တော်၏အစွမ်းဖြင့်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
စ၊ ဆက်၍ ဆိုဦးအံ့။
ဣဒံဋ္ဌာနံ၊ ဤသဗ္ဗညုတဉာဏ်တော်၏ အရာကို။
အဘိဓမ္မေ၊ အဘိဓမ္မာ ပိဋကတ်၌။
သတ္တပကရဏာနိ၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို။
ဒိသွာ၊ တွေ့မြင်ရ၍။
ဝိသေသတော၊ အထူးအားဖြင့်။
သတ္တမံ၊ ခုနစ်ဆင့်မြောက်သော။
မဟာပဋ္ဌာန ပကရဏံ၊ ပဋ္ဌာန်းကျမ်းကြီးကို။
ဒိသွာ၊ တွေ့မြင်ရသောကြောင့်။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ပန၊ သမ္မာသမ္ဗောဓိဉာဏ်မှတပါး သာဝကဉာဏ်ကို ဆိုဦးအံ့။
သာဝကဉာဏေ၊ သာဝကဉာဏ်၌။
ယတ္တကံ၊ အကြင်မျှ အတိုင်းအရှည်ရှိသော သဘောတရားကို။
ဇာနန္တော၊ သိသည်ရှိသော်။
ကိလေသက္ခယံ၊ ကိလေသာ၏ ကုန်ခြင်းသို့။
ဝါ၊ ကိလေသာ၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့။
ပါပုဏာတိ၊ ဆိုက်ရောက်၏။
တတ္တကံ၊ ထိုမျှလောက် အတိုင်းအရှည်ရှိသော သဘောတရားကို။
ဇာနနံ၊ သိခြင်းသည်။
ပဇာနနံနာမ၊ ပညာသိမည်၏။
ပန၊ ဆက်၍ဆိုဦးအံ့။
ဣဒံ ဋ္ဌာနံ၊ ဤသာဝကဉာဏ်၏ အရာကို။
အဘိဓမ္မေ၊ အဘိဓမ္မာ ပိဋကတ်၌။
ဝိဘင်္ဂ၊ ဝိဘင်းပါဠိတော်၌။
သုတ္တန္တဘာဇနိယာနိစ၊ သုတ္တန္တဘာဇနီ နည်းတို့ကို၎င်း။
ပဉ္စသုတ္တန္တ နိကာယေစ၊ ငါးသွယ်သော သုတ္တန်နိကာယ်တို့ကို၎င်း။
ဒိသွာ၊ တွေ့မြင်ရသောကြောင့်။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
လောကိယမဟာဇနာနံ၊ လောက၌ ရှိကြကုန်သော လူအများတို့၏။
ဉာဏေ၊ ဉာဏ်၌။
ယတ္တကံ၊ အကြင်မျှ အတိုင်းအရှည် ရှိသော အရာဋ္ဌာနကို။
ဇာနန္တော၊ သိသည်ရှိသော်။
အဟိတံ၊ အကျိုးစီးပွား မရှိသည်ကို။
အပနေတိ၊ ပယ်နိုင်၏။
ဟိတံ၊ အကျိုးစီးပွားကို။
ဥပနေတိ၊ ဆောင်နိုင်၏။
တတ္တကံ၊ ထိုမျှ အတိုင်းအရှည်ရှိသော အရာဋ္ဌာနကို။
ဇာနနံ၊ သိခြင်းသည်။
ပဇာနနံနာမ၊ ပညာသိမည်၏။ (အနက်။)
ဤပြဆိုခဲ့ပြီးသော ဝိဇာနန၊ သဉ္ဇာနန၊ ပဇာနန အားဖြင့် သုံးပါးတို့တွင် ရူပ, သဒ္ဒ, စသော အာရုံကို အရကြံစည်ယူတတ် “သိ” ဟူသော စိတ်ဓာတ်က ဘဝကမ္ဘာ အသင်္ချေကြာသော်လည်း တခါတရံမျှ မဖောက်မပြန် မြဲမှန်သော ဝိညာဏ်ဓာတ်ကို ပရမတ်ဆိုသည်။ လိုရင်း သဘောက လောဘစိတ်, ဒေါသစိတ်, မောဟစိတ်, အစရှိသော စိတ်ဟူသမျှ မိမိတို့၏ သဘာဝက ဘဝကမ္ဘာ့ အသင်္ချေကြာသော်လည်း တရံတခါမျှ မဖောက်မပြန် မြဲမှန်သောဓာတ်ကို ပရမတ်ဆိုသည်။
(ဝိညာဏက္ခန္ဓာ ပြီး၏။)
ထို သိဟူသော ဝိညာဏသဘောမျှမှာမှ မှီတွယ်ရာ တရားတွေ့ထိခံစား မှတ်သား စေ့ဆော်ခြင်း အစရှိသော စေတသိက်တရား ငါးဆဲ့နှစ်ပါးတို့တွင် အာရုံ ခြောက်ပါး၊ ဘုံသုံးပါး၌ ကောင်းမကောင်း အလတ်အားဖြင့် ခံစားသမျှ၊ ဒုက္ခ,ဒုက္ခ သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခဟူ သော ဒုက္ခသစ္စာအချက်က ပျက်ကွက်ခြင်း မရှိဘဲ သုံးဆဲ့တဆောင် ဘုံပြောင်ပြောင်မှာ လောင်စာရဲရဲ အစဉ်မြဲသော ဒုက္ခဆတ်ဆတ် ဝေဒနာဓာတ်ကို ပရမတ် ဆို၏။
(ဝေဒနာက္ခန္ဓာ ပြီး၏။)
သညာက္ခန္ဓာ ဆိုသည်ကား
ကုသိုလ် အကုသိုလ် နှစ်ပါး၌ပင် ကြားမြင် ကြံသိသမျှ အစစ၌ ကျွမ်းကျင် မှတ်မိ တတ်သိလိမ္မာခြင်းကို သညာဆိုသည်။ အယုတ်အားဖြင့် အကုသိုလ်အရာမှာ မုဆိုး တံငါတို့၏ အလိမ္မာ, ကျား၏အသိ ကြောင်၏အသိ, အစရှိသည်တို့၏ အလိမ္မာတို့ကို သညာဆိုသည်။ (သတိထား။)
အလတ်အားဖြင့် ကုသိုလ်အရာမှာ စာပေကျမ်းဂန် စသည်တို့ကို ဆောင်အံမှတ်မိ တတ်သိ လိမ္မာသည်ကို သညာဆိုသည်။ အမြတ်အားဖြင့် ဘုရားရဟန္တာတို့တွင် ပကတိ သာဝက ရဟန္တာတို့၏ သညာတော်မှာ ကမ္ဘာ ရာထောင်ကိုလည်း မှတ်မိ သိမြင်တော်မူရာ၏။
မဟာသာဝကတို့၏ သညာတော်မှာ ကမ္ဘာတသိန်း ကိုလည်း မှတ်မိ သိမြင်တော် မူရာ၏။ အဂ္ဂသာဝကတို့၏ သညာတော်မှာ တသင်္ချေနှင့် ကမ္ဘာတသိန်းကိုလည်း မှတ်မိ သိမြင်တော်မူရာ၏။
ပစ္စေကဗုဒ္ဓါတို့၏ သညာတော်မှာ နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းကိုလည်း မှတ်မိ သိမြင်တော်မူရာ၏။ သမ္မာသမ္ဗုဒ္ဓ ဘုရားတို့၏ သညာတော်မှာ - လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ်သင်္ချေ၊ တဆဲ့ခြောက်သင်္ချေ၊ သင်္ချေ နှစ်ဆယ် ကမ္ဘာတသိန်း စသည်ဖြင့် မှတ်မိသိမြင်တော်မူသမျှကို သညာဆိုသည်။ (သတိမူပါ။)
ဤလောကမှာ သတ္တဝါတို့၏ အရေးအရာတွင် ဤ သညာ၏ အလိမ္မာသည် ကောင်းမကောင်း အရာတို့မှာ အချုပ်အချာ လွန်စွာနယ်ကျယ်ပုံကို အကုန် မြှော်ကြည့် သိမြင်ကြလေ။
(သညာက္ခန္ဓာ ပြီး၏။)
သင်္ခါရက္ခန္ဓာဆိုသည်မှာ
ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာစု၊ ပြုပြင်မှု ဟူသမျှကို သင်္ခါရက္ခန္ဓာ ဆိုသည်။ သရုပ်တရားကိုယ်မှာ ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ငါးဆယ်ကို ဆိုသည်။ လိုရင်းက - ဒုစရိုက်ဆယ်ပါးနှင့်တကွ သုစရိုက်ဆယ်ပါး အပြားသုံးဆယ်၊ ပုညကြိယာ ဝတ္ထုဆယ်ပါး အပြားသုံးဆယ်၊ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်တို့လည်း သင်္ခါရက္ခန္ဓာတို့ချည်းတည်း။ (သင်္ခါရက္ခန္ဓာပြီး၏။)
ဤခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဘဝကမ္ဘာ အသင်္ချေကြာသော်လည်း အနိစ္စ ဒုက္ခ အနတ္တဟူသော သစ္စာအချက်က မပျက်မကွက် မဖောက်မပြန် မြဲမှန်သော ရုပ်နာမ်နှစ်ရပ် ပရမတ်ကိုသာ --
သဗ္ဗေသင်္ခါရာ အနိစ္စာတိ၊ ယဒါပညာယ ပဿတိ၊
အထနိဗ္ဗိန္ဒတိဒုက္ခေ၊ ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ။ ။
သဗ္ဗေသင်္ခါရာဒုက္ခာတိ၊ ယဒါပညာယ ပဿတိ၊
အထနိဗ္ဗိန္ဒတိဒုက္ခေ၊ ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ။ ။
သဗ္ဗေဓမ္မာ အနတ္တာတိ၊ ယဒါပညာယ ပဿတိ၊
အထနိဗ္ဗိန္ဒတိဒုက္ခေ၊ ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ။ ။
(ဓမ္မပဒ ပါဠိတော်)
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရတို့သည်။
အနိစ္စာ၊ အမြဲမရှိကုန်။
ဣတိ၊ ဤသို့။
ယဒါ၊ အကြင်အခါ၌။
ပညာယ၊ ပညာဖြင့်။
ပဿတိ၊ မြင်၏။
အထ၊ ထိုသို့ မြင်သောအခါ၌။
ဒုက္ခေ၊ သံသရာ ဝဋ်ဆင်းရဲ၌။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဧသ ဧသော၊ ဤသို့ ငြီးငွေ့ခြင်းသည်။
ဝိသုဒ္ဓိယာ၊ ကိလေသာ စင်ကြယ်ခြင်း၏။
မဂ္ဂေါ၊ အကြောင်းတည်း။
(ကြွင်းအနက်ကား ထင်ရှား၏။)
ဤ အနိစ္စ, ဒုက္ခ, အနတ္တ, ဟူသော သဘာဝထုံး သယံဇာတ ဓမ္မနှုန်းက၊ဆုံး, စ, မရှိ၊ အဘိနိယာမ ထာဝရသဘော မသုဉ်းအပ် မဆိတ်အပ်၊ မြတ်သောပရမတ်နှင့် ထွေးလုံး ရစ်ပတ်သော ပညတ်သဘောမျှ၊ သတ္တော ကာသ သင်္ခါရ ဟူသော လောကသုံးရပ်က၊ အဇ္ဈတ္တ မရ၊ ကာရက, ဝေဒက, သတ္တ, ပုဂ္ဂလ, အတ္တ, ဇီဝ, မရှိ၊ ပကတိအလျောက် အလေ့ပေါက် တံထွာ ဓမ္မတာစဉ်လာတွေကို “သင်္ခါရေ ပရတောပဿ” ဟု ရှုမြင်အပ်သော ပရမတ်သဘောကို သာမညပြောမှု သင်္ခတ သင်္ခါရ အနိစ္စဓာတ် ပရမတ်ဆိုသည်မှာ အတူတူသာ မှတ်လေ။
ဝိသေသ, သဘောက ဘင်ခဏကို အနိစ္စ ဝီတိက္ကမ ဆိုသည်။ ဥပါဒ်, ဌီ ခဏကို သင်္ခါရ ပရိယုဋ္ဌာန ဆိုသည်။ သမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်း၊ ပစ္စည်းပြမျှ သမုဒယကို အနုသယ ဆိုသည်။ ထိုပစ္စည်းပေါင်းမျှ အကြောင်း သမုဒယကြောင့် အကျိုးအနိစ္စကို “လုဇ္ဇတိ ပလုဇ္ဇတိတိ လောကော”။ ဟူသောအရ ရုပ်လောက၊ နာမ်လောက ဆိုသည်။ လူ့လောက၊ နတ်လောက၊ ဗြဟ္မလောက၊ အပါယ်လောက ဆိုသည်။
ထင်ရှားစေအံ့။ ဤလောကအား အမှန်အမှားကို နှစ်ပါးလုံးမသိရာမှာ အဝိဇ္ဇာသာ မှတ်လေ။ ဒိဋ္ဌိကြီး သုံးပါးကဲ့သို့ သမုတိအရာ စိတ်သညာ ဓာတ်သိမှတ်အပ်သော ပညတ်ကို ပယ်ရှား၊ ပရမတ် တဘက်သတ်များမှာလည်း နွားတဘက်သာ က,သော လှည်းနှင့်မခြား ဆေးကြောင့်ဖြစ်သော အနာ၏အလားကဲ့သို့ အပိဇ္ဇာတရား အမှား ချည်းသာ မှတ်လေ။
လိုရင်းမှာ --
မဂ်ပညာ ဖိုလ်ပညာ ဝိပဿနာဉာဏ် မပါလျှင် အဝိဇ္ဇာက ပဋ္ဌာနချည်းသာ မှတ်လေ။
ထို့ကြောင့် --
ပါပပက္ခံ ပန ပတွာ သောဉာဏဂတိကော ဟောတီတိ၊ ဒဋ္ဌဗ္ဗော တထာဟေသ ပါဠိယံ မိစ္ဆာ ဉာဏန္တိဝုတ္တော၊ အဋ္ဌကထာသုစ၊ မိစ္ဆာဉာဏန္တိ ပါပကြိယာသု ဥပါယ စိန္တာဝသေန ပဝတ္တော မောဟောတိ ဝုတ္တံ အဝိဇ္ဇာယ စ အပဋိပတ္တိ မိစ္ဆာ ပဋိပတ္တိဝသေန ဒုဝိဓဘာဝေါ ဝုတ္တော။
(ပရမတ္ထ ဒီပနီ ဋီကာကြီး။)
ပါပပက္ခံပန၊ မကောင်းသော ပက္ခသို့ကား။
ပတွာ၊ ရောက်သည်ရှိသော်။
သော၊ ထိုမောဟသည်။
ဉာဏဂတိကော၊ ဉာဏ်အလားရှိသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။
တထာတံဝစနံ၊ ထိုစကားသည်။
ဟိသစ္စံ၊ မှန်၏။
ဧသ,ဧသော၊ ဤမောဟကို။
ပါဠိယံ၊ ပါဠိတော်၌။
မိစ္ဆာဉာဏန္တိ၊ မိစ္ဆာဉာဏ်ဟူ၍။
ဝုတ္တော၊ ဟောတော်မူအပ်၏။
အဋ္ဌကထာသုစ၊ အဋ္ဌကထာတို့၌လည်း။
မိစ္ဆာဉာဏန္တိ၊ မိစ္ဆာဉာဏ် ဟူသည်ကား။
ပါပကြိယာသု၊ မကောင်းသော အမူအရာတို့၌။
ဥပါယ စိန္တာဝသေန၊ အကြောင်း ဥပါယ်တမည်ကို ကြံသည်၏ အစွမ်းအားဖြင့်။
ပဝတ္တော၊ ဖြစ်သော။
မောဟော၊ မောဟတည်း။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုအပ်၏။
စ၊ ဆက်ဦးအံ့။
အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏။
အပဋိပတ္တိမိစ္ဆာ ပဋိပတ္တိဝသေန၊ အမှန်ကိုမသိခြင်း အမှားကို သိခြင်း၏ အစွမ်း အားဖြင့်။
ဒုဝိဓဘာဝေါ၊ နှစ်ပါးပြားသော အဖြစ်ကို။
ဝုတ္တော၊ ဟောတော်မူအပ်၏။
လိုရင်းမှာ --
ပရမတ်သစ္စာသို့ မဆိုက်မထိ၊ အရိယသစ္စာကို မသိကြသော လောကအလယ် ပညတ်နယ်ရှိ သမုတိသစ္စာမှာ သံသရာနစ်မွမ်း ပစ္စုပ္ပန် ညစ်နွမ်းသော အပြစ်ရှိ အသိမျိုး အတတ်မျိုးတို့၌ တတ်သိလိမ္မာမှ မိန်းမ, ယောက်ျား, လူပါးတွေ, ရှင်ပါးတွေ ပြု၍နေကြသောအရာမှာ အဝိဇ္ဇာက, ပဋ္ဌာနကြီးသာ မှတ်လေ။
သိသာစေအံ့
ဥပမာန ဤ လောကရှိ မျက်လှည့် အတတ်မျိုးသည် ပကတိက ကျောက်, အုတ်ခဲ ကိုပင် မမြင်သာအောင် ကွယ်ကာ ဖုံးလွှမ်းသော သဘောတရပ်၊ ထို ကျောက်, အုတ်ခဲကိုပင် ရွှေစင်မြသား ပတ္တမြား ထင်အောင် ဟန်ဆောင်တတ်သော သဘော တရပ်၊ ဤမျက်လှည့်ပြ ပမာဏကဲ့သို့။
အဝိဇ္ဇာက ဘုံသုံးရွာမှာ ဇာတိ ဇရာ မရဏ အစရှိသော အာဒီနဝကိုပင် မမြင် ကန်းအောင် ဖုံးလွှမ်းတတ်သော သဘောတရပ်၊ ထို ဘုံသုံးရွာကို သာယာဘွယ် အများ ထင်မှတ်မှားအောင် လှည့်ပတ်ဆောင်သော သဘောတရပ်။
ဤမျက်လှည့်ပြ ပမာဏကဲ့သို့ အဝိဇ္ဇာမောဟကြောင့် လောဘသာတ သမုဒယက ကာမ ရူပ အရူပဟု တုစ္ဆ သုံးဆောင် ဘုံပြောင်ပြောင်မှာ “ရာဂဂ္ဂိနာအာဒိတ္တံ ဒေါသဂ္ဂိနာအာဒိတ္တံ” အစခံသော သုတ္တန်ဒေသနာ လောင်စာညီးညီး မီးပုံကြီးမှာ ရသာရှာသည့် တဏှာဆိုးက မိုးမမြင် လေမမြင် အဆင်အခြင် မရှိ၊ ဖိစီး လွှမ်းမိုး စုတ်ထိုးမရ၊ နွားငယ်မ ရေချပမာ အရာရာမှာ တဏှာသုံးသွယ် ဆဲ့ရှစ်တွယ်၍၊ သုံးဆယ့်ခြောက်က ရာရှစ်ကျအောင်၊ တဏှာလောင်မှာ တထောင့်ငါးရာ၊ အာသာ ငတ်သော လောဘဟိတ်ဓာတ်၊ ပရမတ်ချယ်လယ်၊ ဓာတ်သွယ်နွယ်က၊ ရပ်တယ်မရ၊ ဆန်းကြယ်လှ၏။
ဤအဝိဇ္ဇာနှင့် တဏှာ ဆန်းကြယ် အမြစ်တွယ်၍ သွယ်နွယ်လေရာ စေတနာက ဒေဝ,မနုဿ နိရယနှင့် ပေတ,တိရစ္ဆာန် ငါးတန်ပစ်ချ ဘုံသုံးရွာမှာ ဇာတိဇရာ ဗျာဓိမရဏ အနိစ္စစစ် ဒုက္ခဖြစ်၍ နေကြ၏။
ထို့ကြောင့်--
တသ္မိံ သမ္မုတိသစ္စေ ဌတွာ သမ္မာပဋိပဇ္ဇန္တာ သဗ္ဗလောကိယ သမ္ပတ္တိယော တံတံဗောဓိသမ္ဘာရ ဓမ္မေစ အာရာဓေန္တိ မိစ္ဆာပဋိပဇ္ဇန္တာ အပါယ ပူရကာ ဟောန္တိ ဧဝံမဟန္တံဟိ သမ္မုတိသစ္စန္တိ။
(ပရမတ္ထ ဒီပနီဋီကာကြီး။)
တသ္မိံသမ္မုတိသစ္စေ၊ ထိုသမ္မုတိသစ္စာ၌။
ဌတွာ၊ တည်၍။
သမ္မာပဋိပဇ္ဇန္တာ၊ ကောင်းစွာ ကျင့်ကြကုန်သော သူတို့သည်။
သဗ္ဗလောကိယ သမ္ပတ္တိယော၊ အလုံးစုံသော လောကီစည်းစိမ် ချမ်းသာတို့ကို၎င်း။
တံတံဗောဓိ သမ္ဘာရဓမ္မေစ၊ ထိုထိုဗောဓိ အဆောက်အဦး ဖြစ်သော ဒါန, သီလ, စသော တရားတို့ကို၎င်း။
အာရာဓေန္တိ၊ ပြီးစေကုန်၏။
မိစ္ဆာပဋိပဇ္ဇန္တာ၊ ဖောက်ပြန်စွာ ကျင့်ကြကုန်သော သူတို့သည်။
အပါယပူရကာ၊ အပါယ်၌ ပြည့်ကြကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဟိသစ္စံ၊ မှန်၏။
သမ္မုတိသစ္စံ၊ သမ္မုတိသစ္စာသည်။
ဧဝံမဟန္တံ၊ ဤမျှလောက်ကြီးကျယ်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
လိုရင်းက --
စိတ်သညာမှာ အဝိဇ္ဇာနှင့် တဏှာ မူလကြောင့် မာန၊ ဘူတ၊ ဒိဋ္ဌိ ပရမတ်က၊ သတ္တ, ပုဂ္ဂလ, အတ္တ ဇီဝ-ဟု ဝန်ခံကြသောအရာ တံထွာ သဘာဝ ဤ လောကမှာ စိတ်သညာသိ သမုတိသစ္စာ၌ ကောင်းစွာ တည်ကြ၍ ဒါန, သီလ, ဘာဝနာကိစ္စ၊ လူ့ကိစ္စ၊ ရှင့်ကိစ္စ၊ ကျင့်ကိစ္စ၊ ကြဉ်ကိစ္စ၊ ဤဟာ ဗျာပါရစု အစစ ဟူသမျှ၊ စရဏမှုကို ကောင်းစွာ ပြုကြကုန်သော သူတို့က လူနတ်တို့သုခ သမ္မုတိချမ်းသာမျှ စည်းစိမ်နှင့် တကွ သမ္မာသမ္ဗုဒ္ဓ ပစ္စေကဗုဒ္ဓ သာဝက ဖြစ်ကြကုန်၍၊ နိဗ္ဗာန်သို့ ရကြ ရောက်ကြလေကုန်၏။
ဖောက်ပြန်စွာ ကျင့်ကြကုန်သောသူတို့က အပါယ်သို့ကျ သက္ကာယဒိဋ္ဌိ အစရှိသော ဇာတိဇရာ၊ ဗျာဓိမရဏ၊ ဝဋ်ဒုက္ခမှ မလွတ်ရ, မထွက်မြောက်ရ၊ ဤမျှလောက်ပင် စိတ် သညာသိ၊ သမုတိနယ် လောကလယ်မှာ လွန်မင်းစွာ ကြီးကျယ်ပါသော်လည်း အရိယသစ္စာ မဂ်ပညာ ပေါက်ရောက် သောအခါ၊ (ဥပမာမှာ) စကြာဝဠာ တခုလုံးလျက် ပြည့်နှက် မောက်လွှမ်းသော ယမ်းတိုက်ကြီးကို မီးရှို့ သည့်ပမာဏ။
အရိယသစ္စံနာမ သဗ္ဗေသံ တေဘူမကဓမ္မာနံ ဧကန္တ ဒုက္ခဘာဝေါ တဏှာယ ဧကန္တ ဒုက္ခသမုဒယ ဘာဝေါ နိဗ္ဗာနဿေဝ ဒုက္ခနိရောဓဘာဝေါ၊ အဋ္ဌင်္ဂိကဿ မဂ္ဂဿေဝ ဒုက္ခနိရောဓမဂ္ဂဘာဝေါစာတိ၊ ဣဒမေဝဟိ ပရိသုဒ္ဓဗုဒ္ဓီနံ အရိယာနံ ဉာဏေန အစလမာနံ သဗ္ဗကာရပရိပုဏ္ဏံ နိပ္ပရိယာယသစ္စံ ဟောတီတိ တေသုဣဓ သမ္မုတိသစ္စံ နိဝတ္တေန္တော ပရမတ္ထတောတိ ဣဒမာဟ။
(ပရမတ္ထဒီပနီဋီကာကြီး။)
အရိယသစ္စံနာမ၊ အရိယသစ္စာ မည်သည်ကား။
သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။
တေဘူမကဓမ္မာနံ၊ တေဘူမကတရားတို့၏။
ဧကန္တ ဒုက္ခဘာဝေါစ၊ ဒုက္ခစင်စစ်၏ အဖြစ်သည်၎င်း။
တဏှာယ၊ တဏှာ၏။
ဧကန္တ ဒုက္ခသမုဒယဘာဝေါစ၊ ဒုက္ခအစစ် ပွားရာပွားကြောင်း၏ အဖြစ်သည်၎င်း။
နိဗ္ဗာနဿေဝ၊ နိဗ္ဗာန်၏သာလျှင်။
ဒုက္ခနိရောဓဘာဝေါစ၊ ဒုက္ခချုပ်ရာ၏ အဖြစ်သည်၎င်း။
အဋ္ဌင်္ဂိကဿ၊ အင်္ဂါရှစ်ပါးရှိသော။
မဂ္ဂဿေဝ၊ မဂ်၏သာလျှင်။
ဒုက္ခနိရောဓမဂ္ဂဘာဝေါစ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း၏ အဖြစ်သည်၎င်း။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ဟိသစ္စံ၊ မှန်၏။
ဣဒမေဝ၊ ဤအရိယသစ္စာသည်သာလျှင်။
ပရိသုဒ္ဓဗုဒ္ဓီနံ၊ စင်ကြယ်သော အသိဉာဏ် ရှိကုန်သော။
အရိယာနံ၊ အရိယပုဂ္ဂိုလ်တို့၏။
ညာဏေန၊ ဉာဏ်ဖြင့်။
အစလမာနံ၊ တုန်လှုပ်ခြင်း မရှိသော။
သဗ္ဗာကာရပရိပုဏ္ဏံ၊ အလုံးစုံသော အခြင်းအရာနှင့် ပြည့်စုံသော။
နိပ္ပရိယာယသစ္စံ၊ မုချသဘော ဆတ်ဆတ်သော သစ္စာမည်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့မှတ်အပ်၏။
တေသု၊ ထိုသမုတိသစ္စာ ပရမတ်သစ္စာအားဖြင့် နှစ်ပါးတို့တွင်။
ဣဓ၊ ဤအရာ၌။
သမ္မုတိသစ္စံ၊ သမုတိသစ္စာကို။
နိဝတ္တေန္တော၊ စွန့်ခွာပယ်ပစ် နစ်စေလိုသည် ဖြစ်၍။
ပရမတ္ထတောတိဣဒံ၊ ပရမတ္ထတော ဟူသော ဤစကားကို။
အာဟ၊ ဆို၏။
လိုရင်းမှာ --
ပညာမြင်သိ အရိယသစ္စာ ဝိဇ္ဇာပေါက်၍ ရောက်သောအခါ ပရိညာ၊ ပဟာန၊ သစ္ဆိကရဏ၊ ဘာဝနာကိစ္စ ပရမတ်ဓမ္မ၊ လေးဋ္ဌာနနှင့်ချ၍ ကြည့်က မရှိမရ၊ သက်သက်မျှ မဆိုင်၊ မစပ်သော ပညတ်မျှသာ စိတ်သညာသိ၊ မျက်လှည့်ပမာ၊ လူ့ချမ်းသာ, နတ်ချမ်းသာမှာ၊ သစ္စာမမည် ဆိုလိုသည်။
ထိုပရမတ်သစ္စာမှာလည်း သဘာဝသစ္စာ, အရိယသစ္စာ, အားဖြင့် နှစ်ပါးတို့တွင် ဤ သာသနာတော်၌ ကြိမ်ခိုက်အခါ လိုရင်းသို့ အဆိုက်မှာ - အရိယသစ္စာသာလျှင် မုချစင်စစ် သစ္စာဖြစ်သည်။
လိုရင်းက --
ဒုက္ခသစ္စာမျှ သင်္ခတဓမ္မ အနိစ္စကို ဆ၍သာ အသင်္ခတ နိရောဓသစ္စာကို နိစ္စ, သုခဓာတ် ဆိုအပ်သလို အကုသိုလ်ကို ဆ၍သာ ကုသိုလ်ဆိုအပ်သော အနိစ္စ သဘောမျှ ဇာတိ ဇရာ မရဏ အစရှိသော လောကမှောင်တွင် လ,ရောင် အသွင် စိတ်သညာသိ သမုတိသစ္စာကို စွန့်ခွာပယ်ပစ် နစ်စေလိုသောကြောင့် အရိယသစ္စာ ပညာအလင်း နေမင်းနှင့် တူသော ပရမတ္ထတော ဟူသော စကားကို မိန့်ဆိုတော် မူသည်။
အကျယ်ကိုလိုမူ..။ (ပရမတ္ထဒီပနီ ဋီကာကြီးမှာ ပညာနှင့်သာ ယူလေ။)
သိသာစေအံ့
ဤလောကမှာ၊ သမုတိသစ္စာ ပရမတ်သစ္စာအားဖြင့် နှစ်ပါး၊ ဝိညဏ်မြင်, ပညာမြင် အားဖြင့် နှစ်ပါးတို့တွင် သမုတိသစ္စာ စိတ်သညာသိ မျက်စိမြင် နားကြား စသော အားဖြင့် လူ့ပြည်နတ်ရွာ၊ ဗြဟ္မာငရဲ အနဲနဲ ရှိအပ်၊ သိမြင်မှတ်သော ပညတ် တွေသည်။ (ဥပမာန) ရေပြင်မှာ တုတ်သေးနှင့် ရေးလုပ်သော အရုပ်မှာ ထိုရေးသော သူသာလျှင် သူ့သညာမြင် အရုပ်အသွင် သူ့စိတ်တမ်း မှန်း၍ထင်၊ သူ့ စိတ်တွင် မြင်သော အရုပ်ကဲ့သို့။ ထို့တူပမာ စိတ်သညာ ဓာတ် ပရမတ်တွင် သိမှတ်ထင်၍ မြင်ကြံသမျှ လောက အရှိမှာ သမုတိသစ္စာ ဆိုသည်။ ( သတိမူပါ။)။
ပရမတ်သစ္စာ ပညာမြင်မှာ --
သဏ္ဌာန်နှင့် မစပ် ကောင်းမကောင်း အလတ်၊ ပြတတ်ပြုအပ်၊ ယုတ်မြတ်မရှိ ပကတိထီးထီး၊ ဟင်းလင်းကြီးထဲမှာ၊ မမြဲ ဖြစ်ပေါ်ရန်၊ အကြောင်းမျှနှင့် အကျိုး အနိစ္စမှာ၊ ထာဝရသာဟု လွန်စွာသန့်ရှင်း၊ လင်းကြီးလင်း၏။ ဤအလင်းဓာတ်ကိုသာ ပရမတ်အရိယာ ပညာမြင် ဆိုသည်။ ဤ ပရမတ်အရိယာ ပညာမြင်နှင့် ပညတ်အရှိ သမုတိအစဉ် ဝိညာဏ်မြင်က (ဥပမာန) ဥပါဒ်နှင့် ဘင်သည် ညီမျှသကဲ့သို့။ အညီအမျှ သိမြင်ရမည်။
မြင်ပုံကား။ ညဉ့် မှောင်မိုက်ခန်း မီးကို ရမ်းက လျင်မြန်လှသော သဘောအတွက် အစဉ်ဆက်စပ်၊မျှင်မပြတ်သော သန္တတိပညတ်ကိုပင် အမြင်ကနှေးထိုင်း အသိက သေးမှိုင်းသော စိတ်သညာ အတိုင်းနှင့် မီးစက်ပိုင်းထင် ကြောင်ကြောင်မြင်ကဲ့သို့။
ထို့အတူ အနိစ္စဓာတ် စဉ်မပြတ်ကို လူနတ် တိရစ္ဆာန် ပုံသဏ္ဌာန်သာ ဟန်မူရာကို သတ္တဝါစွဲ အနဲနဲအဖြာဖြာ စိတ်သညာတွင် သိမြင်မှတ်သော ပရမတ် အရပ်နှင့် ပညတ် အရိပ် ထင်နိမိတ်ကလည်း မီးနှင့် မီးရောင် နည်းသဖွယ် သမုတိနယ် လောကလယ်မှာ တကယ်လည်း ဟုတ်၏။ မှန်၏။
အရိယသစ္စာ ပညာမြင်မှာ --
ပရမတ် အနိစ္စက မျက်တောင်တခတ်မျှ ထိုခဏမှာ သိန်းကုဋေမက လျင်မြန် လှသော်လည်း (ဥပမာန) ဝိသယခေတ် ဖြစ်ပျက် သင်္ခါရ အနိစ္စနယ် မကွယ်မသုဉ်း မဆုံးကျယ်ခြင်းမှာ အနတ္တ၏ နယ်အတွင်းသာ ဖြစ်လာရသို့၎င်း၊ ထိုထို သဘာဝ အစစလဲ သြကာသထဲက မလွဲရသို့၎င်း၊ သင်္ခတဓာတ်တွင် အမြတ်ဘုရင် ပညာမြင်မှာ အစဉ်မစပ် အမျှင်ပြတ်၍ ယုတ်မြတ်မရ ကြောင်းနှင့်ကျိုးမျှ အနိစ္စဟု နိမိတ်လွတ်ကင်း ကြည်လင်ရှင်း၍ လင်းကြီးလင်း၏ သတိမူပါ။
ဤ ပရမတ်သစ္စာ ပညာမြင်နှင့် သမုတိအစဉ် ဝိညာဏ်မြင်မှာ (ဥပမာကား။)
ပုလင်းမဲ၏ အထဲကို အစိမ်း, အနီ, စသည် ထည့်၍ကြည့်သောအခါ အတွင်းမှာ မမြင်ရ၊ ပြင်ပအဆင်း ပုလင်းကိုသာ မြင်ကြရ၏။ ပုလင်းဖြူကို အစိမ်း, အနီ, စသည် ထည့်၍ ကြည့်သောအခါ စိမ်း နီ, စသောအဆင်း အတွင်းပြည့်ဝ ရှိသမျှကို၎င်း ပြင်ပပုလင်း အဆင်းကို၎င်း ကုန်စင်ပြောင်အောင် ကြောင်ကြောင်ကြီးလျှင် နှစ်မြင်ပင် မြင်၏။ မြင်အောင် ကြည့်ပါ။
ဥပမာနှင့် ဥပမေယျ ဟပ်၍ ပြသော်
စိတ်သညာသိ သမုတိမှတ် ပညတ်မျှမြင် ပုထုဇ္ဇန်ခပ်က အမြင်မရဲ အထင်လွဲ၍ အထဲမရှင်း ပုလင်းမဲကြည့် ဝိညာဏ်သိနှင့် တူ၏။ ပုလင်းဖြူ ကြည့်ပမာ ပရမတ် ပညတ် နှစ်ရပ်မြင်မှာ ပရမတ်အရိယာ ပညာမြင်နှင့် တူ၏။
လိုရင်းမှာ --
သမုတိသစ္စာ, ပရမတ်သစ္စာကို ဝိညာဏ် ပညာ၊ မြင်နှစ်ဖြာက ချိန်ခွင်လျှာပမာဏ ညီမျှအောင်ပင် ပေါင်ဝင်မြင်မှသာ သမ္မာမြင် ဆိုပါ။ သို့မဟုတ်ပါ။ အရာရာမှာ လျော့မိစ္ဆာ သာဒိဋ္ဌိ ရှိသမျှကို သိကြပါလေ၊ ဉာဏ်ကဝေတို့။
သိသာစေအံ့ --
လောကီသမ္မာဒိဋ္ဌိ သမုတိသစ္စာ ဝိညာဏ်သိ ဟူသည်မှာ အတူတူသာ မှတ်လေ။ သာသနာ သမ္မာဒိဋ္ဌိ ပရမတ်သစ္စာ ပညာသိ ဟူသည်မှာ အတူတူသာ မှတ်လေ။
ထင်ရှားစေအံ့ --
ပရမတ်သစ္စာ ပညာမပါသော ဉာဏဝိပ္ပယုတ် ကုသိုလ်က သမုဒယ ငြိ၍ သက္ကာယဒိဋ္ဌိ အစရှိသော သံသရာညွတ် ခန္ဓာဝဋ်က မလွတ်သော တရား၊ ဘုရား ပစ္စေကဗုဒ္ဓါ၊ သာဝကလောင်းတို့ လမ်းကြောင်းအညီ ပါရမီအလုပ် မဟုတ်သော ကြောင့်တည်း။ တချို့ကလည်း လောကီ သမ္မာဒိဋ္ဌိ သမုတိသစ္စာကြီးကိုပင် မထီမဲ့မြင်ကာလ၊ ဒါန, သီလ, ပယ်ရမလို၊ ဒိဋ္ဌိ တဏှာ, မာန, ပို၍ ပုဂ္ဂိုလ်ရွေးမှတ်၊ ပရမတ် တဘက်သတ်များမှာလည်း အမှားချည်းသာမှတ်လေ။
အဘယ့်ကြောင့်နည်း --
“နတ္ထိဒိန္နံ၊ နတ္ထိယိဋ္ဌံ” စသော ကံကံ၏ အကျိုးကို ပယ်ခွာသော မိစ္ဆာဒိဋ္ဌိ ငြမ်းဖြစ်၍ သုဂတိစခန်း ဘုရား ပစ္စေကဗုဒ္ဓါ သာဝကလောင်းတို့ လမ်းကြောင်းညီမျှ ဒါနပါရမီ၊ အစချီသော ပုညစာဂီ ပါရမီလမ်း ပိတ်ပိတ်ကန်း၍ အပါယ် တလမ်းသာ ဖြစ်သော ကြောင့်တည်း။
လိုရင်းကြီးကား။
ဤလောကမှာ ဓမ္မတို့တံထွာ မနေသာသော ဤဟာ ဗျာပါရမှု ကာယဒွါရ, ဝစီဒွါရစု ဒါန သီလ စရဏမှုကို ပြုကြသောအခါ မနောကံအရာ ဝိပဿနာ ဉာဏသမ္ပယုတ်ဟု ဝိဇ္ဇာနှင့် ပြုကြမှသာ သံသရာညွတ် ခန္ဓာဝဋ်က လွတ်ကြမည်။
ထို့ကြောင့်--
ဣဒံမေဒါနံ အာသဝက္ခယာ ဝဟံဟောတူတိ ဧဝံပန ဝိဝဋ္ဋံ ပတ္တေန္တေန ဝိဝဋ္ဋဝသေန သမ္မာ ပဌပိတံ အရဟတ္တံပိ ပစ္စေကဗောဓိ ဉာဏံပိ သဗ္ဗညုတ ဉာဏံပိ ဒါတုံ သက္ကောတိယေဝ။
(အဋ္ဌကထာ။)
မေ၊ ငါ၏။
ဣဒံဒါနံ၊ ဤအလှူကုသိုလ်သည်။
အာသဝက္ခယာ ဝဟံ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာနိဗ္ဗာန်ကို ဆောင်သည်။
ဟောတု၊ ဖြစ်ပါစေသတည်း။
ဣတိဧဝံ၊ ဤသို့။
ဝိဝဋ္ဋံ၊ ဝဋ်ကင်းရာဖြစ်သော နိဗ္ဗာန်ကို။
ပတ္တေန္တေန၊ တောင်းတသဖြင့်။
ဝိဝဋ္ဋဝသေန၊ ဝိဝဋ္ဋ၏အစွမ်းဖြင့်။
သမ္မာ၊ ကောင်းစွာ။
ပဌပိတံပန၊ ထားအပ် ဖြစ်စေအပ်သော ကုသိုလ်သည်ကား။
အရဟတ္တံပိ၊ အရဟတ္တဖိုလ်ကို၎င်း။
ပစ္စေကဗောဓိဉာဏံပိ၊ ပစ္စေကဗောဓိဉာဏ်ကို၎င်း။
သဗ္ဗညုတဉာဏံပိ၊ သဗ္ဗညုတဉာဏ်ကို၎င်း။
ဒါတုံ၊ ပေးခြင်းငှာ။
သက္ကောတိ ယေဝ၊ စွမ်းနိုင်သည်သာတည်း။
။ အနက်။
ပုညကြိယာနှင့် ပါရမီတရား
ထူးခြား ကွဲလွဲသည်မှာမဟာကုသိုလ် ဉာဏဝိပ္ပယုတ် စိတ်လေးခုနှင့် ပြုသော ကုသိုလ်ကို ပုညကြိယာ ဆိုသည်။ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်လေးခုနှင့် ပြသော ကုသိုလ်ကို ပါရမီဆိုသည်။
ဤသာသနာတော်၌ ကြိမ်ခိုက်ခဏမှာ အဝိဇ္ဇာကြောင့် ဖြစ်သော သင်္ခါရ ပုညကြိယာ ခပဲက ဝဋ်ဆင်းရဲ အကြောင်း ဝဋ်ဦးခေါင်းနှင့်မခြား အလား တူသောကြောင့် လူကောင်း, နတ်ကောင်း, မတောင်းသင့်ကြောင့်ကို ...
ယံဟိကိဉ္စိ ဘဝတ္တယသင်္ခါတံ ဝဋ္ဋံ ပတ္ထေတွာ၊ ပဝတ္တိတံ အန္တမသော ပဉ္စာဘိညာ အဋ္ဌဝါပန သမာပတ္တိယော သဗ္ဗံတံ ဝဋ္ဋပက္ခိယံ ဝဋ္ဋသီသန္တိ ဝဋ္ဋသီသတ္တာ မိစ္ဆာပဋိပဒါဝ ဟောတိ။
(အဋ္ဌကထာ)
ဟိသစ္စံ၊ မှန်၏။
ဘဝတ္တယသင်္ခါတံ၊ ဘဝသုံးပါးဟု ဆိုအပ်သော။
ဝဋ္ဋံ၊ တေဘူမက ဝဋ်ဒုက္ခကို။
ပတ္ထေတွာ၊ တောင်းတ၍။
ပဝတ္တိတံ၊ ဖြစ်စေအပ်သော။
အန္တမသော၊ အထက်ဆုံးအားဖြင့်။
ပဉ္စာဘိညာ၊ ကုသိုလ်အဘိညာ ငါးပါးတို့သော်လည်း ဖြစ်သော။
အဋ္ဌဝါပန သမာပတ္တိယော၊ သမာပါတ် ရှစ်ပါးတို့သည် မူလည်း ဖြစ်သော။
ယံကိဉ္စိ၊ အကြင်အမှတ်မရှိ တစုံတခုသော ကံသည်။
အတ္ထိ၊ ရှိ၏။
တံသဗ္ဗေ၊ ထိုအလုံးစုံသော ကံသည်။
ဝဋ္ဋပက္ခိယံ၊ ဝဋ်၏အပင်းအသင်း ဝဋ်ဆင်းရဲ ဘက်သာတည်း။
ဝဋ္ဋသီသံ၊ ဝဋ်ဆင်းရဲ၏ အကြောင်း ဝဋ်ဦးခေါင်းနှင့် အလားတူ၏။
ဣတိတသ္မာ ဝဋ္ဋသီသတ္တာ၊ ထိုဝဋ်၏အကြောင်း ဝဋ်ဦးခေါင်း ဖြစ်သောကြောင့်။
မိစ္ဆာပဋိပဒါဝ၊ လမ်းမှားသော အလေ့အကျင့်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ထို့ကြောင့် --
ကာမ, ရူပ, အရူပ, ဟူသော ဘဝသုံးပါးကို မီးကျီးတွင်း သုံးတွင်း နှင့်မခြား ရှားနှစ်တံကျင် သံတံကျင် ရွှေတံကျင်တို့၏ အချွန်ဝသို့ ခုန်ချသောသူ တို့နှင့် တူသည်။
(ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ မိန့်ဆိုတော်မူသည်။)
ဤအရာ စောဒနာမှာ -
ဘူရိဒတ်ဇာတ်၌ “တံဝိမာနံ အဘိဇ္ဈာယ” စသည်ဖြင့် ဟောတော်မူသည် တရပ်၊ “အဘိဇ္ဈာယာတိ ပတ္ထေတွာ” ၎င်းဇာတ် အဋ္ဌကထာ စမ္ပေယျဇာတ်မှာလည်း “မနုဿလောကံ အဘိပတ္တယာနော” စသည်ဖြင့် ဟောတော်မူသည် တရပ်။
သင်္ခပါလဇာတ်မှာလည်း “အဟဉ္စလဒ္ဓါန မနုဿ ယောနိံ၊ ကာဟာမိ ဇာတိမရဏဿ အန္တံ”။
အဟဉ္စ၊ ငါသည်လည်း။
မနုဿယောနိံ၊ လူ့ဘဝကို။
လဒ္ဓါန၊ ရ၍။
ဝါ၊ ရသည်ရှိသော်။
ဇာတိမရဏဿ၊ ပဋိသန္ဓေ နေခြင်း, သေခြင်း၏။
အန္တံ၊ အဆုံးကို။
ကာဟာမိ၊ ပြုရလတ္တံ့။
ဟု ဟောတော်မူသည် မဟုတ်လော။ စောဒနာလေ။
အဖြေမှာ --
ဟုတ်မှန်ပါ၏။ မှန်ပုံက - ဤ ကာဟာမိပုဒ်အရ ဆန္ဒတော် ပြုကြသည်ကား ဤ လူ့ပြည်မှတပါး ပါရမီအထူး ဆည်းပူးရန် တရား အခြား မရှိသောကြောင့် အလောင်းတော်မြတ် (ဘူရိဒတ် နဂါးမင်း၊ စဉေယျ နဂါးမင်း၊ သင်္ခပါလ နဂါးမင်း) တို့က အပါယ်ဘဝ၌ ဖြစ်ခိုက်ကျ၍သာ ပါရမီသမ္ဘာရ ဆန္ဒတော် အလိုနှင့် လူ့ဘဝကို ရည်ညောင်း၍ ဟောင်းတတော်မူကြသည်။ နတ် ဗြဟ္မာ အပေါင်းတို့ကလည်း တောင်းတကြ၏။ တောင်းရ၏။ ထိုလူ့ဘဝမှာမှလည်း သာသနာပ လူ့ဘဝက သာသနာတော်သမယ လူ့ ဘဝကို တောင်းတသော်လည်း လျော်ပါ၏။
ယခုဘဝ သာသနာခဏ ကြိမ်ခိုက်ကြသူ ရှင်လူတို့က သမ္မာသမ္ဗုဒ္ဓဆု၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက ဆုမှတပါး တောင်းသမျှ အမှား၊ အပါယ်ဘုံသား နဂါးများနှင့် အလားတူ ဆုယူမှားကြောင်းကို --
ကတမာစ ဘိက္ခဝေ မိစ္ဆာပဋိပဒါ၊
အဝိဇ္ဇာပစ္စယာ သင်္ခါရာ။
။ စသည်ကို မြော်လေ။
ဘိက္ခဝေ၊ ရဟန်းတို့။
ကတမာစ၊ အဘယ်သို့ပြုကျင့်ခြင်းသည်သာလျှင်။
မိစ္ဆာပဋိပါ၊ မှားသော ပြုကျင့်ခြင်း မည်သနည်း။
အဝိဇ္ဇာပစ္စယာ၊ ပညာကန်း၍ ဘာမှန်းမသိခြင်းကြောင့်။
သင်္ခါရာ၊ ဉာဏဝိပ္ပယုတ်နှင့်သာ ပြုလိုရာ ပြုမိ ပါရမီမျိုးစေ့အဖြစ်သို့ မဆိုက်မထိသော ဝဋ္ဋနိဿိတ ကုသိုလ်၊ အကုသိုလ်သင်္ခါရတို့တည်း။ (သတိမူပါ။)
ဤအရာတွင်--
“သမတိံသ သမတိံသာနိ သုစရိတဓမ္မ ပုညကြိယ ဝတ္ထု ပါရမိယောတိ ဣမေ နဝုတိဓမ္မာ နိဗ္ဗာနတ္ထာယ ဥပနိမိဘဏ္ဍာနာမ”
ဟူသော။ (ဧကနိပါတ်ဇာတ် ဋီကာလာသောအရ။)
သုစရိုက် ၃၀၊ ပုညကြိယာဝတ္ထု ၃ဝ၊ ပါရမီ ၃၀ အားဖြင့် နိဗ္ဗာန်ရောက်ဘွယ် ကြွေးကိုးဆယ် ဆိုသည်ကား ထင်ရှားစေအံ့။
ကာယ ဒုစရိုက်သုံးပါး၊ ဝစီ ဒုစရိုက်လေးပါး၊ မနောဒုစရိုက် သုံးပါးအားဖြင့် ဆယ် ပါးသော ဒုစရိုက်တို့တွင် တပါးတပါး၌ ကြဉ်ရှောင်ခြင်း ဝိရတီသည် သမ္ပတ္တဝိရတီ, သမာဒါနဝိရတီ, သမုစ္ဆေဒဝိရတီအားဖြင့်၊ သုံးပါး သုံးပါးစီ ပြားသောကြောင့် သုစရိုက် သုံးဆယ်ဖြစ်၍ အပါယ်ဆင်းရဲမှ ကင်းလွတ်ခြင်း အကျိုးရှိ၏။
ဒါန သီလ ဘာဝနာ အပစာယန ဝေယျာဝစ္စ ပတ္တိဒါန ပတ္တာနုမောဒန ဓမ္မသဝန ဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မ ဟူသော ပုညကြိယာဝတ္ထု၊ ဆယ်ပါးတို့တွင် အဋ္ဌသာလိနီ ပြသည့်အတိုင်း တပါးပါး၌ ကာယကံ ဝစီကံ မနောကံ အားဖြင့် သုံးပါး၊ သုံးပါးစီ ပြားသောကြောင့် ပုညကြိယာ ဝတ္ထုကလည်း သုံးဆယ်ဖြစ်၍ လူ, နတ်, ဗြဟ္မာတို့ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်း အကျိုးရှိ၏။
ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီ အားဖြင့် ဆယ်ပါး ရှိသည်တွင် -
ဒသပါရမိယော၊
ဒသဥပပါရမိယော၊
ဒသပရမတ္ထပါရမိယောတိ
သမတိံသ ပါရမိယော
ဟူသောအရ - ပါရမီသုံးဆယ် ဆိုသည်မှာ --
၁။ ရွှေ ငွေ ဥစ္စာ ပြည်ရွာ တိုင်းကား သားမယားတို့ကို စွန့်၍ ပေးလှူသောဒါန၊
၂။ ဖြည့်ကျင့်သော သီလ၊
၃။ ဖြည့်ကျင့်သော နိက္ခမ၊
၄။ ဖြည့်ကျင့်သော ပညာ၊
၅။ ဖြည့်ကျင့်သော ဝီရိယ၊
၆။ ဖြည့်ကျင့်သော ခန္တီ၊
၇။ ဖြည့်ကျင့်သော သစ္စာ၊
၈။ ဖြည့်ကျင့်သော အဓိဋ္ဌာန်၊
၉။ ဖြည့်ကျင့်သော မေတ္တာ၊
၁၀။ ဖြည့်ကျင့်သော ဥပေက္ခာ
တို့သည် ဓနပရိစာဂ ဒသပါရမီဖြစ်၍ သာဝက ရဟန္တာဖြစ်ခြင်း အကျိုးရှိ၏။
ဤဆယ်ပါးနှင့် တကွ ခြေ, လက်, အင်္ဂါ၊ နား, နှာ ခေါင်း, စသော ကိုယ်အင်္ဂါကို စွန့်၍ ပေးလှူသောဒါန၊ ဖြည့်ကျင့်သောသီလ အစရှိသည်တို့သည် အင်္ဂပရိစာဂ ဒသပါရမီ ဖြစ်၍ “ပစ္စေကဗုဒ္ဓါ”သာဖြစ်ခြင်း အကျိုးရှိ၏။
ဤနှစ်ဆယ်နှင့်တကွ အသွေး, အသား, နှလုံး, သည်းပွတ်တော်တို့ကို ချိုးဖဲ့ ဖြတ်ခုတ် ထုတ်နုတ်လျက် အသက်ကို စွန့်၍ ပေးလှူသော ဒါန၊ ဖြည့်ကျင့်သောသီလ အစရှိသည်တို့သည် အာယုပရိစာဂ ဒသပရမတ္ထပါရမီဖြစ်၍ သမ္မာသမ္ဗောဓိဖြစ်ခြင်း အကျိုးရှိ၏။
။ သတိထား။
ဤ သူ့အကြောင်းနှင့်သူ အကျိုး အမျိုးမျိုး အသီးသီး ဆိုခဲ့ပြီးသော သုစရိုက်- ၃ဝ၊ ပုညကြိယာဝတ္ထု- ၃၀၊ ပါရမီ- ၃ဝ အားဖြင့် ပေါင်းကိုးဆယ်တွင် ပုညကြိယာနှင့် ပါရမီက မတူကြသည်မှာ ရဟန္တာအရှင်နှင့် ပုထုဇဉ် သင်္ဃာသည် ပကတိအခါတွင် အမြင်မှာ တူပါသော်လည်း အထဲက သဘောချင်းက ဘဝဂ်နှင့် အဝီစိမက ဝေးကွာ ကြသည်။ ပုညကြိယာနှင့် ပုထုဇဉ်သင်္ဃာ၊ ရဟန္တာနှင့် ပါရမီဆယ်ဖြာ လွန်စွာ တူသည်။ ထို့ကြောင့် --
တဏှာဝသေန ဘဝဘောဂတ္ထာယ ပဝတ္တိတံ ဟီနံ၊ အတ္တနော ဝိမောက္ခတ္ထာယ ပဝတ္တိတံ မဇ္ဈိမံ၊ သဗ္ဗသတ္တဝိမောက္ခတ္ထာယ ပဝတ္တိတံ ပါရမိတာသီလံ ပဏီတံ။
(ဝိသုဒ္ဓိမဂ် အဋ္ဌကထာ။)
တဏှာဝသေန၊ တဏှာ၏ အလိုနှင့်တကွ။
ဘဝဘောဂတ္ထာယ၊ ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိအကျိုးငှာ။
ပဝတ္တိတံ၊ ဖြစ်စေအပ်သော ကုသိုလ်လေ့သည်။
ဟီနံ၊ အယုတ်တည်း။
အတ္တနော၊ မိမိ၏။
ဝိမောက္ခတ္ထာယ၊ သံသရာမှ လွတ်ခြင်းအကျိုးငှာ။
ပဝတ္တိတံ၊ ဖြစ်စေအပ်သော ကုသိုလ်လေ့သည်။
မဇ္ဈိမံ၊ အလတ်တည်း။
သဗ္ဗသတ္တဝိမောက္ခတ္ထာယ၊ ခပ်သိမ်းသော သတ္တဝါတို့ကို သံသရာမှ လွတ်စေခြင်း အကျိုးငှာ။
ပဝတ္တိတံ၊ ဖြစ်စေအပ်သော။
ပါရမိတာသီလံ၊ ကမ်းတဘက် ရောက်သော ကုသိုလ်လေ့သည်။
ပဏီတံ၊ အမြတ်တည်း။
လိုရင်းက --
“တဏှာဝသေန ဘဝဘောဂတ္ထာယ” ဟူသည်မှာ- တဏှာ၏အလိုနှင့် ဘဝဘောဂကို သာယာ၍ ပြုသမျှ ဉာဏဝိပ္ပယုတ် ကုသိုလ်မှုက “အာယူဟနဋ္ဌ, နိဒါနဋ္ဌ, သံယောဂဋ္ဌ, ပလိဗောဓဋ္ဌ” ဟူသော သမုဒယသစ္စာ ပါသောကြောင့် ပီဠနဋ္ဌ သင်္ခတဋ္ဌ သန္တာပဋ္ဌ ဝိပရိဏာမဋ္ဌ ဟူသော ဒုက္ခသစ္စာ အကျိုးကိုသာ ပေးစွမ်းနိုင်သော ဒါနမယ၊ သီလမယ၊ ဘာဝနာမယ၊ အစရှိသော ပုညကြိယာ ကုသိုလ်လေ့က ဟီနသာ ဖြစ်၍ ပါရမီမမြောက်။ သတိမူပါ။
အတ္တနောဝိမောက္ခတ္ထာယ ဟူသည်မှာ - မိမိသည်သာ သံသရာဝဋ်မှ ကျွတ်လွတ်ခြင်း အကျိုးငှာ၊ ဉာဏသမ္ပယုတ်ကုသိုလ်လေ့ပါရမီက နိယျာနဋ္ဌ, ဟေတွဋ္ဌ, ဒဿနဋ္ဌ, အဓိပတေယျဋ္ဌ ဟူသော မဂ္ဂသစ္စာမြတ် ပွားအပ်သောကြောင့် နိဿရဏဋ္ဌ ပဝိဝေကဋ္ဌ အသင်္ခတဋ္ဌ အမတဋ္ဌဟူသော နိဗ္ဗာန်ရ ပစ္စေကဗုဒ္ဓါ သာဝကမျှသာ ဖြစ်၍ မဇ္ဈိမ မည်၏။
သဗ္ဗသတ္တဝိမောက္ခတ္ထာယ ဟူသည်မှာ ခပ်သိမ်းသော သတ္တဝါတို့ကို သံသရာဝဋ်မှ ကျွတ်လွတ်စေခြင်း အကျိုးငှာ၊ ပါရမီကုသိုလ်လေ့က သမ္မာသမ္ဗုဒ္ဓဖြစ်၍ ပဏီတ မည်၏။
ဤ ဟီန မဇ္ဈိမ ပဏီတ အားဖြင့် အပြား ၃၀ ကို ဇာတ်သက်သေနှင့်တကွ အလိုရှိမူ (စရိယာ ပိဋက အဋ္ဌကထာ သီလက္ခန် ဋီကာကြီးမှာ ယူလေ။)
သိသာစေအံ့ --
ဒိဋ္ဌဓမ္မိကဋ္ဌ ဟူသော ခုဘဝအကျိုး၊ သမ္ပရာယိကဋ္ဌ ဟူသော တမလွန်ဘဝမှာ အကျိုးရှိရာ စိတ်သညာသိ သမုတိသစ္စာမှာ ဒါန, သီလ, စရဏကို ဝစီကာယနှင့် ဖြောင့်မှန်စွာကျင့်ကြ၍ ပရမတ္ထဟူသော လောကုတ္တရာ အကျိုးငှာ၊ မနောကံအရာ ဝိပဿနာ ဝိဇ္ဇာမှုနှင့် ထို ဒါန, သီလ, စရဏ စုကိုပင် တွင်တွင် လိုက်စား၊ ရင်ခွင် ပိုက်ထား၍ ဘုရားပွင့်မှ ကြားသိရသည့် အရိယသစ္စာ လောဘဟိတ် တဏှာကို ပယ်ခွာသော သာသနာ သမ္မာဒိဋ္ဌိ၌ ဆိုက်ရောက်ခြင်းငှာ အမောဟဟိတ်အရာ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်မြတ် ပရမတ်သစ္စာ ကြုံခဲစွာကို လေ့လာသိမှ အတိဒုလ္လဘ သဒ္ဓမ္မသဝန အလင်းရသူ မြန်ခင်းဇမ္ဗူ၊ မှန်ကင်းထူတဲ့ လူ့ထက်လူပါ၊ ယခုအခါ သူသူငါပင် ပရမတ်သစ္စာ ပညာမြင်ကို အသိလို ချိုရိပ်ရိပ်က တဆိပ်မျှ ရှိကြ၍ ထိုပရမတ္ထ သဘာဝကို အားထုတ်ကြပါကုန်။
ထို့ကြောင့် - ဓမ္မပဒ ပါဠိတော်၌ --ယောစ ဝဿသတံဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
ဟု ဟောတော်မူသည်။
ယောစ၊ အကြင်သူသည်ကား။
ဥဒယဗ္ဗယံ၊ ဖြစ်ပျက်မှန်လှ ရုပ်နာမ်သင်္ခါရကို။
အပဿံ-အပဿန္တော၊ မရှုမမြင်ဘဲ။
ဝဿသတံ၊ အနှစ်တရာပတ်လုံး။
ဇီဝေ၊ အသက်ရှည်ငြားအံ့။
နသေယျော၊ မမြတ်။
ဥဒယဗ္ဗယံ၊ ခန္ဓာငါးဝ အနိစ္စဓာတ် ပရမတ်ကို။
ပဿတော ၊ရှုမြင်သော ပုဂ္ဂိုလ်၏။
ဧကာဟံ၊ တရက်မျှ။
ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။
သေယျော၊ မြတ်၏။
ထို့ကြောင့် --
သတဉ္စဝိဝဋံဟောတိ၊ အာလောကောပဿတာမိဝ။
သန္တိကေနံ ဝိဇာနန္တိ၊ မဂ္ဂါမဂ္ဂဿ ကောဝိဒါ။
(သုတ္တနိပါတ် ပါဠိတော်)
ပဿတံ၊ မြင်စွမ်းနိုင်ထ ပဇာနန ဉာဏ်စ ရှိကုန်သော။
သတဉ္စ၊ သူမြတ်တို့မှာမူကား။
အာလောကော ဣဝ၊ နေ, လ, ရာထောင် ထွန်းလင်းပြောင်သို့။
ဝိဝဋံ၊ ပွင့်လင်းထင်ရှားသည်။
ဟောတိ၊ ဖြစ်၏။
မဂ္ဂါမဂ္ဂဿ၊ ကြောင်းကျိုး ဟုတ်သည် မဟုတ်သည်၌။
ကောဝိဒါ၊ လိမ္မာကုန်သော ပုဂ္ဂိုလ်မြတ်တို့သည်။
နံ၊ ထို ကြောင်းနှင့်ကျိုးမျှ အနိစ္စဓာတ် ပရမတ်ကို။
သန္တိကေ၊ မျက်မှောက် အနီး၌။
ဝိဇ္ဇာနန္တိ ၊ သိမြင်ကြကုန်၏။
ထို ပုဂ္ဂိုလ်မြတ်တို့သာ သိမြင်တော် မူအပ်သော သတ္တောကာသ သင်္ခါရအားဖြင့် လောကသုံးပါးတို့တွင် “တတ္ထဣန္ဒြိယဗဒ္ဓါနံ ခန္ဓာနံ သမူဟော သန္တာ နောစ သတ္တလောကော” ဟူသောအရ သတ္တလောက ဆိုသည်ကား -- ခေါ်ဝေါ်အပ်သော ဓမ္မပုဉ္ဇ ဝိဇ္ဇာမာန ဣန္ဒြိယဗုဒ္ဓ ဟူသော ခန္ဓာသမူဟ အစဉ်မျှကိုသာ ခေါ်ဝေါ်ကြောင်း မည်သညာနှင့်၊ အဝိဇ္ဇမာန သမုတိသစ္စာတွင် ဧဝံဓမ္မတာ သတ္တဝါဟု ခေါ်ဆိုမှုကို သိအပ်၏၊ လိုရင်းမှာ -- ကုသိုလ်, အကုသိုလ်အမူအရာ ဤဟာ ဗျာပါရကိုသာ သတ္တဝါ ခေါ်သည်။ (ထင်ရှားစေအံ့။)
ဒုက္ခမေဝတ္ထိနော ဒုက္ခီ၊ ကိရိယာဝ နကာရကော၊
နိဗ္ဗုတီဝ နိဗ္ဗုတောန၊ မဂ္ဂေါဝ ဂမကောနိဓ။
ဣဓ၊ ဤသာသနာတော် အလို၌။
ဒုက္ခမေဝ၊ ဒုက္ခသစ္စာသည်သာလျှင်။
အတ္ထိ၊ ရှိ၏။
ဒုက္ခံ၊ ဆင်းရဲသော သတ္တဝါသည်။
နောအတ္ထိ၊ မရှိ။
ကိရိယာဝ၊ ပြုတတ်သော သမုဒယသစ္စာသည်သာလျှင်။
အတ္ထိ၊ ရှိ၏။
ကာရကော၊ ပြုတတ်သော သတ္တဝါသည်။
နတ္ထိ၊ မရှိ။
နိဗ္ဗုတီဝ၊ နိရောဓသစ္စာသည်သာလျှင်။
အတ္ထိ၊ ရှိ၏။
နိဗ္ဗုတော၊ ငြိမ်းတတ်သောသတ္တဝါသည်။
နအတ္ထိ၊ မရှိ။
မဂ္ဂါဝ၊ မဂ္ဂသစ္စာသည်သာလျှင်။
အတ္ထိ၊ ရှိ၏။
ဂမကော၊ သွားတတ်သော သတ္တဝါသည်။
နအတ္ထိ၊ မရှိ။
ဤအရာ၌ --
ကဋ္ဌာဒယောဧဝဟိဂေဟာကာရေန သဏ္ဌိတာဂေဟန္တိ။ အစရှိသော ပရမတ္ထဒီပနီ ဋီကာ လာသည်အရ လိုရင်းက - သစ္စာလေးရပ် ပရမတ်တွင် ရုပ်နာမ်ဒုက္ခ အနိမိတ္တ အနိစ္စမှာ သတ္တာကာရ စပ်တည်ရာစု၊ ဤဟာ ဗျာပါရမှကိုသာ ဧဝံဓမ္မတာ သတ္တဝါရှိ သမုတိကို သိရမည်ဟူလိုသည်။
ထို့ကြောင့် --
ကောပနေတ္ထ သတ္တာကာရော ကိံသတ္တကိစ္စန္တိ၊ ဇီဝယောဂေါ သတ္တာကာရော၊ ဤဟာစ ဗျာပါရောစ သတ္တကိစ္စံ။
(ပရမတ္ထဒီပနီဋီကာကြီး။)
ဧတ္ထ၊ ဤအရာ၌။
သတ္တာကာရော၊ သတ္တဝါ အခြင်းအရာသည်။
ကောပန၊ အဘယ်နည်း။
သတ္တကိစ္စံ၊ သတ္တကိစ္စသည်။
ကိံ၊ အဘယ်နည်း။
ဣတိ၊ ဤကား အမေးတည်း။
ဇီဝယောဂေါ၊ အသက်နှင့် ယှဉ်ခြင်းသည်။
ဝါ၊ ကုသိုလ်, အကုသိုလ် သဘောသည်။
သတ္တာကာရော၊ သမုတိသစ္စာ သတ္တဝါတွင် မိစ္ဆာဝင်၍ ထင်စရာအများ မှားစရာနိမိတ် ယောင်ယောင်ငြိတ်သည့် ရိပ်သောအခြင်းအရာ မည်၏။
ဤဟာစ၊ အားထုတ်မှုသည်၎င်း။
ဗျာပါရောစ၊ ကြောင့်ကြ စိုက်မှုသည်၎င်း။
သတ္တကိစ္စံ၊ သတ္တဝါဟု သိကြောင်းခြင်းရာ သညာမှတ်အပ်သော သတ္တကိစ္စ မည်၏။
လိုရင်းက --
သတ္တဝါဟူသော အခြင်းအရာ အသက် ဆိုသည်မှာ ကုသလာကုသလ၊ သင်္ခါရ ကမ္မပထကိုသာ ပရမတ်စဉ်လာ သတ္တဝါ ထင်စရာ ခြင်းရာပေါ်၌ အသက်ခေါ်သည်။ (ဤသာသနာ ဤအရာမှာ လွန်စွာ အရေးကြီးသည်။) သတိမူပါ။
ထိုသတ္တဝါ၏ တံခွန်ပြ ထို ကမ္မပထ သင်္ခါရလုပ် အားထုတ် ကြောင့်ကြသည်ကို သတ္တကိစ္စ ဆိုသည်။
ထို့ကြောင့် --
ယေဓမ္မာ သတ္တပညတ္တိယာ ပဋ္ဌာနင်္ဂ ဘူတာ ဟောန္တိ။
(ပရမတ္ထဒီပနီဋီကာကြီး။)
ယေဓမ္မာ၊ အကြင် ကုသိုလ်, အကုသိုလ် သင်္ခါရ၌ ကြောင့်ကြစိုက်လုပ် အားထုတ်မှု တရားတို့သည်။
သတ္တပညတ္တိယာ၊ စိတ်သညာဓာတ် ပရမတ်စဉ်လာ သတ္တဝါတွင် ထင်မှတ်အပ်သော ပညတ်ခြင်း၏။
ပဋ္ဌာနင်္ဂဘူတာ၊ ပြဋ္ဌာန်းသော အင်္ဂါဖြစ်၍ ဖြစ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
လိုရင်းမှာ --
ဧဝံဓမ္မတာ သတ္တဝါရှိ သမုတိမှာ ခန္ဓာ အာယတန ဓာတ်ဟူသော ပရမတ် သဘောထူးမျှကိုသာ သတ္တဝါဟူသော လောက၏ ဖြစ်စဉ်သည် သစ်ပင်ကြောင့် သစ်စေ့၊ သစ်စေ့ကြောင့် သစ်ပင်၊ အစဉ် တံထွာတို့မှာ ကမ္ဘာဦးစ ပဌမတွင် သစ်ပင်, သစ်စေ့တို့သည် ဥတုတေဇော သဘောထူးက သစ်စေ့ သစ်ပင် အစဉ်ဖြစ်သကဲ့သို့ ထို့တူပမာ သတ္တဝါမှာ သမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း ပစ္စည်းသမုဒယ လောဘစိတ်၌ ပါသော လောဘဟိတ်မျှ သင်္ခတကြောင့်သာ၊ အကျိုးဒုက္ခသစ္စာ၊ ရုပ်နာမ်သင်္ခါရ အနိစ္စဖြစ်သည်။ ထိုအနိစ္စ၏ အမူအရာ ကိရိယာမျှ ဤဟာ ဗျာပါရဓာတ် ပရမတ် သဘောထူးကိုသာ ပညတ်အရာသတ္တဝါဟုဆိုသည်။
ထိုသတ္တဝါမှာ အာသဝလေးပါးကြောင့် သောက စသည် ဖြစ်ရကား အကျိုး သောက စသည်ဖြစ်လျှင် မကင်းကောင်း၍ အကြောင်းအာသဝ ဖြစ်တော့သည်။ ဤအာသဝ ဖြစ်ကလည်း “အာသဝသမုဒယာ အဝိဇ္ဇာ- သမုဒယော” အရ အဝိဇ္ဇာ ဖြစ်ရသည်။
ဤ အဝိဇ္ဇာဖြစ်ကလည်း သင်္ခါရအမျိုးမျိုး၊ ကျိုးကြောင်း ဆက်စပ် ဘဝစက်မပြတ် သည်မှာ အဝိဇ္ဇာနှင့် တဏှာ ပါမှသာ ကုသလာကုသလ၊ သင်္ခါရ ကမ္မပထ မြောက်သည်။ ဤ သင်္ခါရမှသာ ဝိညာဏ်အင်္ဂါ အစဖြာ၍ သတ္တဝါ ဖြစ်သည်။
ဝတ္တုကာမော အဟံအဇ္ဇ၊ ပစ္စယာကာရဝဏ္ဏနံ။
ပတိဋ္ဌံ နာဓိဂစ္ဆာမိ၊ အဇ္ဈောဂါဠောဝ သာဂရံ။
အဟံ၊ ငါသည်။
အဇ္ဇ၊ ယခု။
ပစ္စယာကာရဝဏ္ဏနံ၊ ပဋိစ္စသမုပ္ပါဒ်အဖွင့် သံဝဏ္ဏနာ အဋ္ဌကထာကို။
ဝတ္တု ကာမော၊ ဖွင့်ဆိုလိုပါလျက်။
သာဂရံ၊ ရှစ်သောင်းလေးထောင် နက်ဝှမ်း ဆောင်သည့် တောင်ခွေပတ်ချုပ် ရေသမုဒ်ကို။
အဇ္ဈောဂါဠောဣဝ၊ ကူးဆင်း သက်ဝင် ယုန်ငယ်သွင်သို့။
ပတိဋ္ဌံ၊ ထောက်တည်မှီရာ သံဝဏ္ဏနာနည်းကို။
နာဓိဂစ္ဆာမိ၊ မရနိုင်ပါတကား။
ဟူ၍ ပဋိစ္စသမုပ္ပါဒ် ဖွင့်ခါနီးတွင် အဋ္ဌကထာဆရာကြီးပင် ညီးညူတော်မူပေသည်။ ဤအရာ၌ “အဝိဇ္ဇာပစ္စယာသင်္ခါရာ” စသည်ကို မြှော်ပါ။ မြော်ပုံမှာ အဝိဇ္ဇာကြောင့် သင်္ခါရကမ္မပထ အတိတ်ဘဝက ဖြစ်ခဲ့ကြသော အကြောင်းအင်္ဂါ နှစ်ပါးကြောင့်သာ ယခု အကျိုးခန္ဓာငါးပါး၊ ဝိညာဏ် နာမ်ရုပ်ဟူသော ပစ္စုပ္ပန် အင်္ဂါနှစ်ပါး ဖြစ်ပွားလာ၏။
ထို ဝိညာဏ် နာမ်ရုပ် နှစ်သွယ်မှမှီတွယ်၍ သဠာယတန ဖဿ ဝေဒနာ ဟူသော အရောင်တင်အင်္ဂါသုံးပါး ဖြစ်ပွားလာ၏။ ဤ အင်္ဂါစုတွင် ပုထုဇ္ဇန်နှင့် ရဟန္တာ သိသာပုံကား - အဝိဇ္ဇာ တဏှာ အကုန် ကွာသော ရဟန္တာများမှာ တစုံတရာသော တိတ် နာဂတံ ပစ္စုပ္ပန်မှာ ခန္ဓာအာရုံကို သာယာခြင်း ကင်းကုန်သည်ဖြစ်၍ ကာယ ဝစီစု မနောမှုက ဘယ်လိုပင် ပြုကြပြုကြ “ကုသလာကုသလံ ဇဟံ” အရ ကုသိုလ်, အကုသိုလ်သင်္ခါရ မဖြစ်ကြဟု သိမှတ်ရမည် ဟူလိုသည်။
ဤအဝိဇ္ဇာနှင့် တဏှာမူလ နုသယမြူ ကင်းတော်မူကြသော ရဟန္တာများကိုသာ “အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော” စသည်ဖြင့် ဟောတော်မူသည်။ သတိမူပါ။
ပုထုဇ္ဇန်သူငါ အဝိဇ္ဇာရှိသမျှ သတ္တဝါများက ကာယဝစီစု မနောမှုနှင့်ပြုကြသမျှမှာ တဏှာ, ဥပါဒါန ကမ္မဘဝ ဟူသော ဗာလပုထုဇ္ဇန်တို့၏ တံခွန်ပြ အင်္ဂါသုံးပါး ဖြစ်ပွားလာ၏။
ဖြစ်ပွားပုံကား။ ကာမ, တဆဲ့တဘုံ၊ ရူပတဆဲ့ခြောက်ဘုံ၊ အရူပ လေးဘုံအားဖြင့် သုံးဆဲ့တဘုံကို မျိုးစေ့စိုက်ပျိုးရာ လယ်ယာ မြေကဲ့သို့ မှတ်။ ဒုစရိုက်ဆယ်ပါးကြောင့် ဖြစ်သော အကုသိုလ်ကံ တဆယ်၊ ပုညကြိယာဝတ္ထု ဆယ်ပါးကြောင့် ဖြစ်သော ကုသိုလ်ကံ တဆယ်၊ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းကြောင့် ဖြစ်သော ရူပါဝစရ ကုသိုလ်ကံ ငါးခု၊ အရူပါဝစရ ကုသိုလ်ကံ လေးခုအားဖြင့်၊ ကံပေါင်း နှစ်ဆဲ့ကိုးခုကို သုံးဆဲ့တဘုံ တည်းဟူသော လယ်ယာတွင်း၌ ကြဲအပ်သော မျိုးစေ့ကဲ့သို့မှတ်။
အဝိဇ္ဇာတဏှာ အရင်းပါ၍ စေတနာ ကံကြောင့် ဖြစ်သော သတ္တဝါတို့ကို မျိုးစေ့မှ ဖြစ်သော အပင်ကဲ့သို့ မှတ်။ ထိုသတ္တဝါတို့၏ ဖြစ်လေရာရာ ဘဝတိုင်း ဘဝတိုင်း၌ အသစ်အသစ် ပြုပြန်သော ကောင်းမှုကံ မကောင်းမှုကံကို လယ်ယာ၏အတွင်း၌ ပေါက်ရောက်သော သစ်ပင်၏ အသီးအနှံက မျိုးစေ့ ဖြစ်ပြန်သလို အတူ၊ နောင် အသစ်ဖြစ်ဘို့ရန် တဖန်ဖြစ်ပြန်တော့သည် မှတ်လေ။
ထိုကံ နှစ်ဆဲ့ကိုးပါး ဖြစ်ပွားခြင်းကြောင့်သာ ပညတ်အပ်သော သတ္တဝါ၊ ထို သတ္တဝါကြောင့်သာ ထိုကံနှစ်ဆဲ့ကိုးပါး၊ ဤသို့အားဖြင့် စိတ်သညာဓာတ် ပရမတ် အရပ်ကြောင့် ဖြစ်သော အရိပ်အသွင် နိမိတ်ထင်အပ် ပညတ်အရာ သတ္တဝါမှာ (ဥပမာကား) များစွာသတိထား။ သမုဒ္ဒရာ အိုင် အင်း တွင်း ကန် ထွေထွေ ရေရှိသမျှ ခွက် ဖလား မြက်ဖျား၌ရောက်၊ နှင်းပေါက်ရေမှာ နေ,လ ရိပ်ထင် မြင်သည့်ပမာ သတ္တဝါသာ မှတ်လေ။
ဥပမာ ဥပမေယျဟပ်၍ ပြသော်ကား --
ဧကတ္တ၊ နာနတ္တ၊ အဗျာပါရ၊ ဧဝံတံထွာ၊ ဓမ္မတာဓာတ်၊ သမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်း၊ ပစ္စည်းပြုသမျှ သင်္ခတ ပရမတ်က လနှင့် တူ၏။ နေ,လရောင်နှင့် ရုပ်နာမ် သင်္ခါရ အနိစ္စဓာတ် ပရမတ်တူ၏။ ထိုအနိစ္စမှာမှလည်း ဣန္ဒြိယ ဗဒ္ဓအနိစ္စမှ စက္ခု၊ သောတ စသော ဝတ္ထုရုပ် ခြောက်ပါးက မြက်ဖျား၌ရောက် နှင်းပေါက်ရေတွေနှင့် တူ၏။ ထို နှင်းပေါက်ရေတွင် နေအသွင်၊ လအသွင်၊ အရိပ် ထင်သည်နှင့်ကား ဝတ္ထုရုပ်တွင် လူ့အသွင်၊ ရှင့်အသွင် သစ်ပင်စသော သဏ္ဌာန်အရိပ် နိမိတ်အထင် မြင်ကြံသမျှ အစစနှင့် တူလှ၏။
(ဤ ဥပမာကို အခါခါ ကြံ ကြည့်၍သာ သိပါ မြင်ပါ။ သိကောင်းပါ၏။)
သတိမူရန်မှာ --
ထိုနှင်းပေါက်ရေ အသင်္ချေချေ ရှိ၍နေသော်၎င်း၊ မရှိချေသော်၎င်း၊ နေ,လမှာ သွား လာရောင်လင်း ယိုယွင်းမရှိ ပကတိကဲ့သို့ ထို့အတူ ပရမတ် တည်ထောင်သည်မှစ၍ အမှန်ဘာသာ သယံဇာနှုန်း သံသရာဆုံးသည် တိုင်အောင်လည်း နိဗ္ဗာန်ကို ရ, မရ ဆိုသော ပုဂ္ဂိုလ်သတ္တဝါ အတွက်နှင့် အနိစ္စဓာတ် ပရမတ်အမြဲက လျော့နဲ တိုးဆုတ်ခြင်း မရှိ၊ ပကတိ အတိုင်းသာမှတ်လေ။
အဘယ်ကြောင့်နည်း --
ရေတွက် လျော့နဲ တိုးဆုတ်သံနှင့် ဖောက်ပြန်သဘော ပြောကြံသမျှ အစစမှာ ပညတ်မျှချည်းသာ မှတ်လေ။ လိုရင်းက -- သတ္တဝါအစ ရှိသော ပညတ်နှင့် ရုပ်နာမ် ဟူသော အနိစ္စဓာတ်ပရမတ်မှာ ချိန်ဝန်, ပိဿာကဲ့သို့၎င်း၊ တင်းချင့်, တောင်းချင့် ကဲ့သို့၎င်း၊ အဖတ်, အနှစ်က စစ်စစ်မရအပ်၊ မရှိအပ်ဟု သိတတ်ကြစေ ဉာဏ်ကဝေတို့။
ဤအရာကို သညာရှေ့ဆောင် ပညာရောင်နှင့် ပြောင်ပြောင် စင်စင် ကြောင်ကြောင် မြင်၍ အထင်အလွဲ လူရှင်ခပဲ အစွဲအတိမ်း အကုန်သိမ်း၍ ငြိမ်းကြပါစေကုန် သတည်း။
ဤအရာက အရေးကြီးလှ၍ တနည်း ပြဦးမည်။
မှန်ကြောင့်ဖြစ်သော မှန်ရောင်သည် မှန်ပြင်မှာ ထင်လာသကဲ့သို့ ထို့အတူ ပရမတ်နှစ် အနိစ္စဓာတ်စစ်ကြောင့် ဖြစ်သော သစ်ပင်, လူ, ရှင်, အစရှိသော အသွင် ပုံဟန် သဏ္ဌာန်ဒြပ် ပညတ်နိမိတ် ပဋ္ဌမအရိပ်သည် အဋ္ဌကလာပ် အနိစ္စ ဓာတ်စုမှာပင် ထင်လာ၏။ ပေါ်လာ၏။
ဒုတိယ အရိပ်ဟူသော ဒြပ်နိမိတ်၏ တံဆိပ် ရေးသွင် သစ်ပင်ရိပ် လူရိပ်စသည်ကား မြေပြင်ရေပြင်မှာ ထင်လာ၏။
သတိမူပါ။
ဤလောကမှာ သူငါကစ ပုထုဇ္ဇန် ဟူသမျှတွေသည် ထို ဒုတိယအရိပ်ကိုသာ အရိပ်ဟု သိကြသည်။ ပဋ္ဌမဖြစ်သော သစ်ပင်, လူ, ရှင်, စသော မြင်ကြံသမျှ အစစ ကိုကား အရိပ်ဟူ၍မျှ မသိမထင် မမြင်ကြလေကုန်။
ထို့ကြောင့်- လုံးလုံး လျောင်းလျောင်း ပေါင်း၍ တည်ဟန် သဏ္ဌာန်အကောင် အထည် ကဲ့သို့ သိကြောင်း ခြင်းရာနှင့် စိတ်သညာဓာတ် သိမှတ်သမျှ အစစ ဝိသယ မဆုံး၊ တလောကလုံးသည် အနိစ္စဓာတ် ပရမတ်၏ အရိပ် အရောင်ချည်းသာ မှတ်လေ။
ဤအနိစ္စ၏ အရိပ်မျှသာ သတ္တဝါက ဘယ်တုံးကစ၍ ဘယ်ကျမှ ဆုံးမည်နည်းဟု စောဒနာလေ။
အဖြေမှာ --
ထာဝရ ကမ္ဘာ့တန်းဆာ နေ,လ၏ ရောင်ဝါသည် ကမ္ဘာပျက်မှ ထိုနေ,လတို့ ကြေမွပျက်ဆုံး အရောင်သုဉ်းသကဲ့သို့။ ထို့အတူ အနိစ္စဓာတ် ပရမတ် အရောင်သာ ဖြစ်ပေါ်လာသော လောကသစ္စာ သတ္တဝါမှာ သံသရာဆုံး ပရမတ်တုံးမှ သတ္တဝါ သုဉ်းမည်၊ အရပ်ဆုံးမှ အရိပ်တုံးသကဲ့သို့ ပရမတ်သုဉ်းမှ ပညတ်ဆုံးမည် ဟူလိုသည်။
ထို့ကြောင့် မဟုတ်လော --
အနိဗ္ဗတ္တေန နဇာတော ပစ္စုပ္ပန္နေန ဇီဝတိ။
စိတ္တဘင်္ဂါ မတော လောကော ပညတ္တိ ပရမတ္ထိယာ။
အနိဗ္ဗတ္တေန၊ ဖြစ်ဆဲမဟုတ်သော အတိတ် အနာဂါတ်စိတ်ဖြင့်။
နဇာတော၊ သတ္တဝါ ဖြစ်သည်မဟုတ်။
ပစ္စုပ္ပန္နေန၊ ဖြစ်ဆဲစိတ်ဖြင့်သာလျှင်။
ဇီဝတိ၊ အသက်ရှင်သည်မည်၏။
စိတ္တဘင်္ဂါ၊ ဘင်သို့ရောက်၍ စိတ်တိုင်း ချုပ်ပျောက်ခြင်းကြောင့်။
လောကော၊ ဖြစ်ပျက်သဘောမျှ ဤလောကသည်။
မတော၊ ခါခါ ထပ်ထပ် ဆတ်ဆတ်သေ၏။
ဧဝံသန္တေပိ၊ သို့စဉ်ပုံသေ သေ၍ပင် နေသော်လည်း။
ပညတ္တိ၊ တည်ဆဲ... တည်ဆဲ... စိတ်ကို စွဲလျက် အသက်ရှင်၏ဟု သမုတိအများ ပရမတ်တရားချင်း ပရမတ်တရား စကား၏အရာ သတ္တဝါဟူသော ပညတ်သည်။
ပရမတ္ထိယာ၊ ပရမတ္ထဘူတာ နာမဂေါတ္တံ နဇီရတိ ဆိုဘိသည့်နဲ အမြဲနိယတ် ပရမတ်ကဲ့သို့ ဖြစ်၍ နေ၏။
ဤပညိန္ဒြေအရာ ဆုတ်ဆိုင်းမရှိ ဟုတ်တိုင်းသိသော အရိယသစ္စာ သာသနာတွင် ပုထုဇ္ဇန်မှာ မိမိမျက်စိကိုပင် မိမိမမြင်ရသကဲ့သို့ နေကြ၏။ မှန်နှင့်ကြည့်လျှင် သိမြင်ပါ၏။ ဆိုရာရှိလည်း မျက်စိ မရှိသောသူမှာ မှန်ချပ်တရာ ရှေ့ ဝဲယာ ကာပါသော်လျှင် မမြင်ရလို့။ ထို့တူပမာဏ - ထာဝရ, ထာဝစဉ် မိမိတို့ ကိုယ်ထင် ကိုယ်လုပ်၍ နေကြသော ဒုက္ခသစ္စာမျှ အနိစ္စဓာတ် ပရမတ်တွေကို သဗ္ဗေ ဓမ္မာ အနတ္တာ ဟု ပညာစက္ခုနှင့် မရှုမမြင်သော ပုထုဇ္ဇန်ကိုသာ....။
ပုထုဇ္ဇနာနံ ဝါသညာ အာသာ ဒုက္ခ ဇာနနတော ရိတ္တမုဋ္ဌိဝိယ။ ( အဋ္ဌကထာ။)
ဝါ၊ တနည်းကား။
ပုထုဇ္ဇနာနံ၊ ပုထုဇ္ဇန်တို့၏။
သညာ၊ သိမှတ်ခြင်း သညာကို။
အာသာဒုက္ခဇနနတော၊ ဝဋ်ဒုက္ခကို တောင်းတခြင်းကို ဖြစ်စေတတ်သောကြောင့်။
ရိတ္တမုဋ္ဌိဝိယ၊ အချည်းနှီးသော လက်ဆုပ်ကဲ့သို့။
ဒဋ္ဌဗ္ဗာ၊ ရှုမှတ်အပ်၏။
အဓိပ္ပါယ်မှာ --
ဘယ်ဟာတစိမှ မရှိသော ပကတိ လက်ကိုဆုပ်၍ ကြည့်သောအခါ ရှိယောင်ယောင် ရှိရိပ်ရိပ်မှာ စိတ်သညာ အတွင်းက မကင်းမရှင်းကြ။ ပမာနသို့ ထို့အတူ အဝိဇ္ဇာ တဏှာယှဉ်သော ပုထုဇ္ဇန်သဘောက ရူပ, သဒ္ဒ, အစရှိသော ဤလောက၌ လောဘဟိတ် သာတ သဘာဝဓာတ်တောင်း၍ အကောင်း ရှိယောင်ယောင် ရှိရိပ်ရိပ်မှာ စိတ်သညာ အတွင်းက မရှင်းမလင်း မကင်းကြကို ဝဋ်ဒုက္ခ၌ တောင်းတ ဆိုသည်။
ဤအရာမှာ --
မိမိလက်ကိုသာ အတန်ငယ် ဆုပ်၍ ကြည့်ပါ၊ ဖြန့်၍ ကြည့်သောအခါ သိပါလိမ့်မည်။ သိပုံမှာ၊ ဆုပ်၍ကြည့်မြင် ပုထုဇ္ဇန်များ ဖြန့်၍ ကြည့်ကား အရိယာများဟု ခြားနားပါလိမ့်မည်။
ဤအဋ္ဌကထာ သဘောက “ပုထုဇ္ဇနော ဥမ္မတ္တကော” ဟူသောအရ -လောဘုမ္မတ္တက, ဒေါသုမ္မတ္တက,မောဟုမ္မတ္တက, ဒိဋ္ဌုမ္မတ္တက, သောကုမ္မတ္တက ပိတ္တုမ္မတ္တက, ယက္ခုမ္မတ္တက မဇ္ဈမ္မတ္တက, အားဖြင့် ရှစ်ဋ္ဌာနဖြစ်၍ သက္ကာယဒိဋ္ဌိ ရှိသမျှ တလောကလုံးမှာ ဥမ္မတ္တကချည်းသာ မှတ်လေ။
ထိုရှစ်ပါးတို့တွင် ဒိဋ္ဌုမ္မတ္တက ဟူသော သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ၊ အတ္တာနုဒိဋ္ဌိ၊ အတ္တဝါဒုပါဒါန်အားဖြင့် အမည်လေးပါးသည် တရားကိုယ်မှာ တခုတည်းသာ မှတ်လေ။ ထို အတ္တဒိဋ္ဌိသည် အတိသြဠာရိကအတ္တဒိဋ္ဌိ, သြဠာရိကအတ္တဒိဋ္ဌိ,သုခုမ အတ္တဒိဋ္ဌိ,အတိသုခုမအတ္တဒိဋ္ဌိ အားဖြင့် လေးပါးတို့ကို သာသနာ သမ္မာဒိဋ္ဌိတရား လေးပါးတို့နှင့် သတ်အပ်၏။
သတ်ဟန်ကား -
ဣဓ အဿုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝိ အရိယဓမ္မဿ အကောဝိဒေါ။
အစရှိသော (ဓမ္မသင်္ဂဏီ ပါဠိတော်အရ။)
ဤလောက၌ အကြားအမြင်မရှိ အရိယာမြတ်တို့ကို ပညာဖြင့် မြင်လေ့မရှိသော ပုထုဇ္ဇန်သည် သဘာဝဓမ္မ၊ အနိစ္စတရား၊ ခန္ဓာငါးပါးတို့ကို ငါဟူ၍၎င်း၊ ကိုယ်ဟူ၍၎င်း၊ အသက်ဟူ၍၎င်း၊ ပုဂ္ဂိုလ်သတ္တဝါ ဟူ၍၎င်း၊ မှတ်ယူစွဲလမ်းခြင်း၊ အလွန်ရုန့်ရင်းသော အတိသြဠာရိက အတ္တဒိဋ္ဌိကို နာမ်ရုပ်တရားတို့၏ အသီး အသီးသော သဘော လက္ခဏာတို့ကို ကောင်းစွာ သိမြင်သော နာမရူပ ပရိဂ္ဂဟ သမ္မာဒိဋ္ဌိဖြင့် သတ်အပ်၏။
ဤစကားမှာ နာမရူပပရိဂ္ဂဟဉာဏ်၊ နာမရူပ ဝဝတ္ထာနဉာဏ်၊ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် ဟူသော အမည်စုသည် သဘောအားဖြင့် ဤနာမရူပပရိဂ္ဂဟ သမ္မာဒိဋ္ဌိ၏ အမည်စု ချည်းသာ မှတ်လေ။
အရိယာမြတ်တို့ တရား၌ မသိမမြင်ကြ အဆုံးအမကို မရသော ပုထုဇ္ဇန်သည် ကုသိုလ်, အကုသိုလ်ကံကို စီမံ ပြုလုပ်တတ်သော ပုဂ္ဂိုလ် သတ္တဝါရှိ၏။ ထိုကံ၏ အကျိုးတရားကို ခံစားတတ်သော ပုဂ္ဂိုလ် သတ္တဝါ ရှိ၏ဟု ထင်မှတ်စွဲယူခြင်း၊ အတန်ငယ် ရုန့်ရင်းသော သြဠာရိက အတ္တဒိဋ္ဌိကို ရုပ်နာမ် တရားတို့၏ အကြောင်း ပစ္စယသမုပ္ပါဒကို ကောင်းစွာ သိမြင်သော ဟေတုပစ္စယ ပရိဂ္ဂဟ သမ္မာဒိဋ္ဌိဖြင့် သတ်အပ်၏။ ဤ၌လည်း ပစ္စယပရိဂ္ဂဟဉာဏ်၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိဉာဏ် ဟူသော အမည်စုသည် သဘောအားဖြင့် ဤ ဟေတုပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိ၏ အမည်စု ချည်းသာ မှတ်လေ။
အလုံးစုံသော ဒိဋ္ဌိဟူသမျှတို့၏ မူလဗီဇာ အနုသယ သိမ်မွေ့လှသော သုခုမ အတ္တဒိဋ္ဌိကို ရုပ်နာမ်တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို ကောင်းစွာ သိမြင်သော ဝိပဿနာ ဉာဏဒဿန သမ္မာဒိဋ္ဌိဖြင့် သတ်အပ်၏။
အလွန် သိမ်မွေ့စွာလှ အတိသုခုမ အနုသယ ဖြစ်သော ဝိစိကိစ္ဆာ အတ္တဒိဋ္ဌိကို မဂ်ဉာဏ်, ဖိုလ်ဉာဏ် တည်းဟူသော လောကုတ္တရ မဂ္ဂဖလသမ္မာဒိဋ္ဌိဖြင့် သတ်အပ်၏။ သတ်ရမည်။
လိုရင်းမှာ--
ပရမတ်သစ္စာကို မသိမမြင် ဒိဋ္ဌိယှဉ်သော ပုထုဇ္ဇန်တို့၏ စိတ်သညာက ဘယ်ဟာ တစိမျှ မရှိမမြင်သော ကောင်းကင်ကိုပင် ပျော်ရွှင်ပြုံးရယ် ကြောက်မက်ဘွယ်ရာ ထင်မှတ်လာသော ဥမ္မတ္တကပမာ လောဘဟိတ် တဏှာနှင့် ဘာဘ၁ ခေါ်သည်၊ သတ္တဝါ ခေါ်သည်၊ ငါခေါ်သည်၊ ကိုယ်ခေါ်သည်ဟု ဆိုတော်မူသည်။
အဘယ်ကြောင့် ဆိုတော်မူသနည်း။
ပစ္စုပ္ပန်နှင့် တိတ် နာဂတံ မဆက်ဆံသော ဝေါဟာရမတ္တ သတ္တလောက ပညတ်မျှမှာ ပရိညာ, ပဟာန သစ္ဆိကရဏ, ဘာဝနာ, ဟူသော ပရမတ်ကိစ္စ လေးဋ္ဌာနနှင့် ချ၍ကြည့်က မရှိ မရ၊ သက်သက်မျှ မဆိုင်မစပ်သော ထိုထို လူနတ် ပညတ်မျှမှာ ရှာကြံပါလျှင် အဝိဇ္ဇာနှင့် တဏှာ မာန ဂါဟပြင်းထန် သဏ္ဌာန်အရိပ် နိမိတ်အမြင် ထင်လွဲစွဲမှား ဥမ္မတ္တကအလား ဒုက္ခတရား အလွန်ပွား၍ များသောကြောင့်တည်း။
ရုပ်ဓာတ် နာမ်ဓာတ် ပရမတ်ကိုသာ ရှာကြံပါလျှင် ကောင်းကင်ကြီးကို မီးမငြိသို့ ထို့တူပမာဏ “အနိမိတ္တဉ္စ ဘာဝေဟိ” ပါဠိတော်အရ ပရမတ္ထ သဘာဝက ပရ ရိတ္တ, တုစ္ဆခဲမို့ တဏှာမစွဲ အထဲမငြိ သမုဒယ မရှိမျှကို အပဏိဟိတ ဆိုသည်။ အတ္တ, အတ္တနိယမြုံ ကင်းကုန်မျှကို သုညတ ဆိုသည်။ ဤ ရုပ်နာမ်သင်္ခါရ အနိစ္စဓာတ် ပရမတ်၏ အမူအရာ ကိုသာလျှင် သတ္တဝါထင်သူငါမြင်မှာ သညာ မှတ်သိ၊ ပညတ် ရှိဟု ဤသို့သိရာ၏။
ပါဏာတိပါတ, အစရှိသော ဒုစရိုက်မှု ပြုသူခပဲမှာ ငရဲသို့ကျရောက်သည် ဟူသော ဒေသနာတော်ကို ယုံပါ၏လော။ မေးသောအခါ မိရိုး,ဖလာ ဆရာအစဉ် လူတိုင်းပင် ယုံပါ၏ ဆိုရာတွင် အနိစ္စဓာတ် ပရမတ်မြင် ပုဂ္ဂိုလ် သတ္တဝါ ဘယ်ဟာတစိ မရှိသည်ကိုပင် သိမြင်မှသာ ထိုဒေသနာတော်ကို ယုံရာကျမည်။
အဘယ်ကြောင့်နည်း။
ပုဂ္ဂိုလ် သတ္တဝါမှာ အနှစ် အထယ်နှင့် တကယ်ရှိက ထိုအဝီစိစသော ငရဲ ရှစ်သွယ်ကို အထယ် ရောက်အောင် ဘယ်အပေါက် ဘယ်တွင်းက ဆင်းကြမည်မေး။
ထိုအခါ အနှစ်ဒြပ် နိမိတ်မကပ်သော အနိစ္စဓာတ် ပရမတ်သာ ရောက်အပ်ပါသည်ဟု ဆိုရာ၏။ ဆိုဘို့သာ ရှိသည်။ ထို့တူပမာ လူ,နတ်, ဗြဟ္မာ ခေါ်ဆိုရာ ကုသိုလ် မှာလည်း ဤနည်းကိုမှီ၍သာ သိရာ၏။
ထို ကုသိုလ်, အကုသိုလ်, သင်္ခါရ သုံးဆဲ့တမြုံမှာ စေတနာပင် ကံဟုန်နှင်က ပဲ့တင်ခ,၍ ကျရောက်ပုံကို ပြမည်။ (သတိထား)
ပရမတ်မှန်က အနိမိတ္တတရားချည်းဖြစ်၍ အခြား အဆီး ဝေးနီးသော ခရီးကာလ မရအပ်၊ မရှိအပ်။ ထိုပရမတ်တရား သွားရောက်သည်မှာ သွားခေါ်လာသော “တမာန်” ကို ရေမန်းတိုက်လျှင် ထိုရေသည် သူနာ၏ ဝမ်းဗိုက်သို့ မဆိုက် ရောက်သော်လည်း ထိုသူနာမှာ ရောဂါပျောက်သကဲ့သို့။
ထို့တူပမာ သတ္တဝါခေါ်ရ ဓမ္မပုဉ္ဇ၏ ဤဘဝက ရုပ်နာမ်နှစ်ဖြာသည် ထိုထိုဘဝသို့ မကျမဆိုက် မလိုက် မရောက်သော်လည်း သမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်း၊ ပစ္စည်း သကတ် မျှင်မပြတ်သော သင်္ခတပရမတ် ပဲ့တင်ခတ်၍ ဓာတ်ရောက်သည် ဟူလို။
သိသာစေအံ့
ရှေးရှေးသောအခါ ကမ္ဘာဘာက ပြခဲ့ကြသော ပရမတ်စစ်၊ ဓာတ်နှစ်စေတနာသည် ထိုပြုစဉ်အခါကပင် စိတ္တက္ခဏ တချက်မျှနှင့် ချုပ်ပျက် ကွယ်သုဉ်း ပျောက်ဆုံးခဲ့ပြီး ဖြစ်ပါလျက်နှင့်လည်း ထိုစေတနာသည် ကမ္ဘာဘာတွေ လွန်ဆုံးလေလည်း မကြေ မပျက်ကြ၊ ဤဘဝ၌ ဓမ္မပဉ္ဇ သဏ္ဌာနမှာ မိုဃ်းပေါ်ကျပမာ ဘာသာအလျောက် အလေ့ပေါက်လာတဲ့၍ ရုတ်တရက်ကျ အမျိုးမျိုး အသီးသီး အကျိုးကြီးရ ကမ္မပစ္စည်း နည်းအသွယ်သွယ် လွန်ဆန်းကြယ်သော သဘောအဟုန် အဖုံဖုံသည် မကုန်နိုင်နည်း၊ လက်ခုပ်တီး၍ အံ့ဩမပြီး ပဋ္ဌာန်းကျမ်းကြီးမှာ ပညာနှင့်သာ ယူကြပါလေ ဉာဏ်ကဝေတို့။
ထို့ကြောင့် - မဟုတ်လော။ “ကမ္မဝိပါကော အစိန္တိယျော” ဟူသောအရ သစ္စသဘော အဆုံးမသတ် မသုဉ်းအပ်သော လောကဓာတ်ကြီး၏၊ အကြောင်းပစ္စည်း ပညတ် မကပ် ပရမတ်ထီးထီး အသီးဆတ်ဆတ် ပြောဟောအပ်သော သဘောမြတ်ကြီး ပါပေတည်း။
ဤအရာကို အခါခါ သတိမူပါ။ ဘဝများစွာ ကမ္ဘာဘာက “သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ” အာသီသမျှ ပြခဲ့ကြသည့်အတိုင်း ဤပရမတ္ထ ဒဿနတွင် သစ္စာလေးအင် နိဗ္ဗာန်လွင်ကို အမြင်ပေါက်၍ ရောက်ကြပါစေကုန်သတည်း။
ဤအရာမှာ --
သင်္ခတာဓမ္မာ ဒေသနာအရ သဘာဝကို ပြသည်ဟု မှတ်ပါ။ အသင်္ခတာဓမ္မာ ဒေသနာအရမှာ “နိဗ္ဗာနံ ပန နိဗ္ဗာနန္တိ ပဝုစ္စတီတိ သမ္မန္ဓော။လ။ မဟေသယောဗုဒ္ဓါ”
ဟူသော (ပရမတ္ထ ဒီပနီဋီကာ ရုပ်ပိုင်းမှာယူပါ။)
ဤအရာမှာ လွန်စွာ ခဲယဉ်းသည်။ အဘယ်မျှ ခဲယဉ်းသနည်း။ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ခဲယဉ်းသည်။ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ တဆဲ့ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း၊ သင်္ချေနှစ်ဆယ် ကမ္ဘာတသိန်း ခဲယဉ်းသည်။
ဤကား ပညာဓိက,သဒ္ဓါဓိက ဝီရိယာဓိက ဟူသော အထူးအလွန် တံခွန်ကြီးမှာမှ ဤမျှသာ ခဲယဉ်းသည်။ သူ,ငါတို့အား သတ္တဝါများမှာ သံသရာနှင့်အမျှ ခဲယဉ်း ကြသည်။
ထို့ကြောင့်--
သစ္စံသတ္တော ပဋိသန္ဓိ၊ ပစ္စယာကာရမောစ၊
ဒုဒ္ဒသာစတုရောဓမ္မာ၊ ဒေသေတုံစ သုဒုက္ကရာ။ ဟု၊ သိအပ်၏။
သစ္စံ၊ သစ္စာလေးပါး၎င်း။
သတ္တော၊ သတ္တဝါဟု ခေါ်ရသော သတ္တကိစ္စ ပြီးခြင်း၎င်း။
ပဋိသန္ဓေစ၊ ပဋိသန္ဓေ၎င်း။
ပစ္စယာကာရောဧဝစ၊ ပစ္စည်းတရားတို့၏ ကျေးဇူးပြုသော အဖြစ်၎င်း။
စတုရောဓမ္မာ၊ လေးပါးသောတရားတို့ကို။
ဒုဒ္ဒသာ၊ အလွန် မြင်နိုင်ခဲကုန်၏၊
ဒေသေတုံစ၊ သူတပါး၌ ခြိုက်ခနဲ သဘောကျအောင် ပြောဟော ပြသ ရေသား ရခြင်းသည်ကား။
သုဒုက္ကရာ၊ လွန်ထက်လွန်မင်း ခဲယဉ်းကုန်၏။
သစ္စာလေးပါးဆိုသည်ကား --
ဥပါဒ် ဘင်မျှ ရုပ်နာမ် သင်္ခါရ အနိစ္စကိုသာ ဒုက္ခသစ္စာ ဆိုသည်။ ထိုရုပ်နာမ် အပေါင်း၏ ဖြစ်ကြောင်းဖြစ်နည်း ပစ္စည်းပြုမျှ လောဘစိတ်၌ပါသော လောဘဟိတ် ကြောင့်သာ ထိုလောဘစိတ်ကို သမုဒယသစ္စာဆိုသည်။ ထို လောဘဟိတ်မြုံ ကုန်ငြိမ်းရာကိုသာ နိရောဓသစ္စာဆိုသည်။ ထို ဒုက္ခ သမုဒယ, နိရောဓကို, ပရိညာ, ပဟာန, သစ္ဆိကရဏမှာ ဘာဝနာကို မဂ္ဂသစ္စာ ဆိုသည်။
ထိုသစ္စာလေးပါးသည်သာလျှင် ဘဝကမ္ဘာ အသင်္ချေ ကြာသော်လည်း တခါတရံမျှ မဖောက် မပြန်တတ်၊ မြဲမှန်အပ် ဆတ်ဆတ်ရှိကိုပင် သိမြင်သောဓာတ်ပရမတ်ကို သောတာပတ္တိ မဂ်ဖိုလ်စသော ပုဂ္ဂိုလ်ဟု ဆိုသည်။ ခေါ်သည်။
ဤအရာမှာ ဒိဋ္ဌိ, တဏှာ, မာန, ဟူသော ဂါဟသုံးဖြာတွင် ငါမြင်ပြီတဲက အထဲပါ ငြိကြလျှင် ဒိဋ္ဌိ ဂါဟမည်၏။ ငါမြင်နိုင်တကားဟု ထောင်လွှား စွဲလမ်းချက်က မာန ဂါဟမည်၏။ သာယာတပ်စွမ်းသမျှက တဏှာဂါဟ မည်၏။ ဤဂါဟသုံးချက် ဥပက္ကိလေသက ပွဲဦးထွက်တတ်လှသည်။ (ဥပမာန) “ထောင်မှူးအိမ်က မီးထတော်မမူပါနှင့်” ပညာရှိဟူပေ၊ သဘောဖြူတွေ ဉာဏ်ကဝေတို့။ သတိမူပါ။
လိုရင်းက --
ရုပ်နာမ်ခေါ်သော အနိစ္စဓာတ်ပရမတ်နှင့် သတ္တဝါ ခေါ်သော ပညတ်မျှမှား (ဥပမာန) အရပ်က မားကနဲမှာ အရိပ်ကလဲ ဘွားခနဲကဲ့သို့၊ ထို့တူပမာ - ကုသိုလ်, အကုသိုလ်ဓာတ် ပရမတ် ဖြုတ်ခနဲမှာ အထယ်အဖတ်နှင့် သတ္တဝါမဟုတ်ပါသော်လဲ ပညတ်အရာ ဗြဟ္မာ, ငရဲမှာ ငုတ်ခနဲသာ မှတ်လေ။ ပရမတ်နှင့် အရပ်တူ၏။ ပညတ်နှင့် အရိပ်သတ္တဝါ လွန်စွာတူ၏။
ထို့ကြောင့် ကုသလာ ဓမ္မာ၏အရ ဖြူစင်သောအနိစ္စ၏ ဖြစ်ရာပျက်ရာကိုသာ လူ့ပြည် နတ်ရွာ ဗြဟ္မာဟု ဆိုသည်။ ခေါ်သည်။ အကုသလာ ဓမ္မာ၏အရ မည်းညစ်သော အနိစ္စ၏ ဖြစ်ရာ ပျက်ရာကိုသာ အပါယ်လေးရွာဟု ခေါ်သည်။ ဆိုသည်။
ထို သတ္တဝါဟု ခေါ်ဆိုမှုက ပန်းချီ ပန်းပု ထုလုပ် ရေးထားသော ဆေးသစ်သားကို ယောက်ျားရုပ်, မိန်းမရုပ် သမုတ်သည့်ပမာဏ ရုပ်နာမ်သင်္ခါရ အနိစ္စ၏ အရိပ် နိမိတ်မျှကိုသာ သတ္တဝါဟု ခေါ်ဆိုမှုကို သိရာ၏။
တနည်းပြမူ --
လွမ်းတ,သူမှာ စိတ်သညာသွေး စိတ်ဆောင်ပေး၍ တရေးရေး ထင်မိ, မြင်မိ၊ ကြောင်ကြောင်ရှိ အသွင် စိတ်အထင်မျှ၊ တနည်းပြလျှင် ဥဂ္ဂဟတွင် ကသိုဏ်းခွင်မှာ ထင်မြင်သည့် ပမာဏ အနိစ္စဓာတ် ပရမတ်၏၊ အတ္ထိပစ္စယ သတ္တိမျှဟုန် အာရုံ အာရမ္မဏိက သဘာဝချင်း သဘာဝ အနိစ္စနာမ် စိတ်ကြံသဘောကို --
“ဒိဋ္ဌံဝေါ ဘိက္ခဝေ စရဏံနာမစိတ္တန္တိ။ လ။ စိတ္တညေဝ စိတ္တတရန္တိ” ဟူသော သံယုတ်ပါဠိတော်အရ။
တတ္ထ စရဏံနာမစိတ္တန္တိ ယတ္ထဝိစိတြာနိ ဒိဗ္ဗဝိမာနာဒီနိ စိတ္တကမ္မာနိ ကတွာ ဣဒဉ္စိဒဉ္စပုညံ ကရောန္တေ ဣဓစိဓစ နိဗ္ဗတ္တာတိ ဒဿေန္တာဝိစရန္တိ။
အစရှိသော (ပရမတ္ထဒီပနီ ဋီကာကြီး။)
တတ္ထ၊ ထိုသံယုတ်ပါဠိတော်၌။
စရဏံနာမစိတ္တန္တိ၊ ဟူသည်ကား။
ယတ္ထ၊ အကြင်ပြပုံကား၌။
ဝိစိတြာနိ၊ ဆန်းကြယ်ကုန်သော။
ဒိဗ္ဗဝိမာနာဒီနိ၊ နတ်ဗိမာန်အစ ရှိကုန်သော။
စိတ္တကမ္မာနိ၊ ဆန်းကြယ်သော အမှုတို့ကို။
ကတွာ၊ ပြု၍။
ဣဒဉ္ဇိ ဒဉ္စပုညံ၊ ဤမည်သော ကောင်းမှု၊ ဤမည်သောကောင်းမှုကို။
ကရောန္တော၊ ပြုကုန်သောသူတို့သည်။
ဣဓစိဓစ၊ ဤမည်သောဗိမာန်၊ ဤမည်သော ဗိမာန်၌လည်း။
နိဗ္ဗတ္တာ၊ ဖြစ်ရကုန်၏။
ဣတိ၊ ဤသို့။
ဒသေန္တာ၊ ပြကုန်လျက်။
ဝိစရန္တိ၊ လှည့်လည်ကြကုန်၏။
ဤပါဠိတော်လာ ဤဋီကာလိုတော်ရိပ်က အနိစ္စမျှ ဓမ္မပုဉ္ဇ သန္တာနကိုပင် သာတ ယှဉ်၍ မြင်လေသူက ဤရှင်,၍လူ ဤမူ နေ,လ စသည်အထင် သာယာနှင့် မြင်လျှင် အဝိဇ္ဇာယှဉ် ဒိဋ္ဌိဝင်၍ စိတ်သညာပြ သိသာလှ၏။ ဒုဿီလ, သုသီလ စသည် ပြုလျှင်လည်း ထိုအမှုနှင့် ထိုသူကိုပင် တော်, မတော်ထင် ကိုယ်, ငါနှင့်မြင်လျှင် အဝိဇ္ဇာယှဉ် စိတ်သညာပြ ထင်ရှားလှ၏။
ထင်ရှားပုံကား --
“ကုသလာဓမ္မာ၊ အကုသလာဓမ္မာ” ဒေသနာတော်မှာ ကုသလာဓမ္မာကို ကုသိုလ် ဆိုတာ လူ, နတ်, ဗြဟ္မာ, သတ္တဝါ, ဖြစ်သည်ဟု အပြုအမူ အယူအစွဲ၌ အမျိုးရိုးလိုက် အစဉ်စိုက်၍ စရိုက်မြဲစွဲ အလိုက်လွဲသည်။ အကုသလာဓမ္မာ ဒေသနာမှာလဲ အကုသိုလ် အမြင်စွဲက လွဲကြသည်။ ယခုလည်း လွှဲဆဲ လွဲတုန်း၊ သံသရာမဆုံး လွဲလိမ့်အုံးမှတ်၊ ထိုလွှဲပရမတ် အလွဲဓာတ်က ဧကတ္တ, နာနတ္တ, အဗျာပါရ ဧဝံတံထွာ ဓမ္မတာပင်၊ အဝိဇ္ဇာယှဉ် ဒိဋ္ဌိဝင်သော စိတ်သညာပွဲ ထင်မြင် မြဲသာဟု ပညာဓာတ်က ပိုင်းဖြတ်မှုနှင့် ရှုသောအခါ-
ကုသလာ အနဝဇ္ဇသုခဝိပါက လက္ခဏာ၊ ဓမ္မာ နိဿတ္တ နိဇီဝသဘာဝါ။
(ဓမ္မသင်္ဂဏီအဋ္ဌကထ)ာ အကုသိုလ်မှာလည်း နည်းတူသိလေ။
ထို့ကြောင့် --
အထခေါ ဓမ္မဿေဝ ဝိသေသနံ ဟောတိ၊ တသ္မာ ယေကေစိ လောကေ ကုသလာတိ ဝုစ္စန္တိ၊ သဗ္ဗေ တေ ဓမ္မာဧဝ ဟောန္တိ၊ နပုဂ္ဂလာ နသတ္တာ နအတ္တာ နဇီဝါ နမနုဿော နဒေဝါ နဗြဟ္မာတိ ဝုတ္တံ ဟောတိ၊ အကုသလပဒေ တပ္ပဋိပက္ခဝသေန အတ္တောစ အဓိပ္ပါယောစ ဝတ္တဗ္ဗော။ ။ (ပါဌ်။)
အထခေါ၊ စင်စစ်ဧကန် အမှန်သော်ကား။
ဓမ္မသေဝ၊ သတ္တဝါမဟုတ် အသက်ဇီဝ မဟုတ်သော တရားသက်သက်၏သာလျှင်။
ဝိသေသနံ၊ အထူးတင်ပြ ဝိသေသနပုဒ်သည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
ယေ ကေစိ၊ ခပ်သိမ်းသော အလိမ္မာတို့ကို။
လောကေ၊ လောက၌။
ကုသလာတိ၊ ကုသိုလ်တို့ဟူ၍။
ဝုစ္စန္တိ ၊ ခေါ်ဝေါ်ပညတ် ပြောဆိုအပ်ကုန်၏။
သဗ္ဗေ၊ အလုံးစုံကုန်သော။
တေ၊ ထိုလောက၌ ကုသိုလ်ဟု ဆိုကြသော အလိမ္မာတို့သည်။
ဓမ္မာဧဝ၊ တရားတို့သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
နပုဂ္ဂလာ၊ ပုဂ္ဂိုလ်မဟုတ်ကုန်။
နသတ္တာ၊ သတ္တဝါမဟုတ်ကုန်။
နအတ္တာ၊ ကိုယ်မဟုတ်ကုန်။
နဇီဝါ၊ အသက်ဇီဝ မဟုတ်ကုန်။
နမနုဿော၊ လူမဟုတ်။
နဒေဝေါ၊ နတ်မဟုတ်။
နဗြဟ္မာ၊ ဗြဟ္မာမဟုတ်။
ဣတိ အယံအဓိပ္ပါယော၊ ဤသို့သော အဓိပ္ပါယ်သည်။
ဝါ၊ အဓိပ္ပါယ်ကို။
ဝုတ္တံဝုတ္တော၊ ဆိုအပ်ဆိုလိုသည်။
ဟောတိ၊ ဖြစ်၏။
အကုသလပဒေ၊ အကုသလာဓမ္မာ ဟူသောပုဒ်၌။
တပ္ပဋိပက္ခဝသေန၊ ထိုကုသိုလ်၏ ဆန့်ကျင်ဘက်၏ အစွမ်းဖြင့်။
အတ္ထောစ၊ အနက်ကို၎င်း။
အဓိပ္ပါယောစ၊ အဓိပ္ပါယ်သဘောကို၎င်း။
ဝတ္တဗ္ဗော၊ ဆိုအပ် ဆိုထိုက်၏။ ။ အနက်။
လိုရင်းမှာ --
ကုသလာကုသလ အဗျာကတ သင်္ခါရ သဘောစုက လောကတံထွာ သူ့ဘာသာ အလျောက်၊ သူ့အလေ့ပေါက်ထာဝရ အနိစ္စဓာတ် ပရမတ်တွေကို “သင်္ခါရေ ပရတောပဿ၊ သဗ္ဗေဓမ္မာ အနတ္တာ” ဟု ရှုမြင်သောအခါ လေးသစ္စာ၌ ခြိုက်ခနဲဝင်း ဟင်းခနဲအလင်းတွင် ရှင်းရှင်းကြီး ကြည်လိမ့်မည်။ ဤ လင်းကြည်သောဓာတ် ပရမတ်မှာ သတ္တဝါသုဉ်း အတ္တမြုံ၍ ကိစ္စကုန်ကိုသာ အရိယာဆိုသည်။
ဤရာအမှာ --
ဘုရားရှေ့လက်ထက်တော်က ရဟန်းကိစ္စ ကုန်ကြပြီလော မေးသောအရာမှာ သတိမူပါ။ ရဟန္တာများ သက်တော်ထင်ရှား ရှိတော်မူစဉ်က အဝိဇ္ဇာကြောင့် သင်္ခါရ ဟူသော ပုထုဇ္ဇန် လူ, ရှင်တို့ ပြုကြသော သမုဒယကိစ္စသာ ကုန်တော်မူကြသည်။ သဒ္ဓါ သတိ အစရှိသော ကရုဏာ၊ ပညာကိစ္စမှာ အနုပါဒိသေသ မဟာနိဗ္ဗာနဓာတ် မှသာ ပရမတ်ကိစ္စ ကုန်တော်မူကြသည်။ သိသာပါ၏။
ဤ သမုတိသစ္စာတွင် သတ္တဝါထင်သည်မှာ ဥပမာန ဇောတိက၏ ပြာသာဒ်ကို လှည့်ကြည့်သောအခါ ဗိမ္ဗိသာရမင်းကြီးသည် ပတ္တမြားညိုဖြင့်ပြီးသော တိုက်ခန်းကြီး အရောက်တွင် အောက်တခွင်က ပတ္တမြားရောင်ကိုပင် ချောက်ထင်မှား၍ မသွားတဲ့ဝံ့ တိုတွန့်ပိန်ကြုံ ဒူးတုန်လန့်ထိတ် သူ့စိတ်မှာပင် ချောက်ကြီး မြင်၍ ရင်ခုန်နောက်တွန့် ကြောက်ရွံ့သည်နှင့် တူ၏။
ဥပမာ ဥပမေယျ ဟပ်၍ပြသော်ကား
ပတ္တမြားနှင့် ပရမတ်တရား တူ၏။
သတ္တဝါစသော ပညတ်တရားက အရောင်တောက်သည့် ချောက်နှင့်မခြား အလား တူ၏။
ထို့ကြောင့် မဟုတ်လော --
စိတ္တေန နိယျတိလောကော၊ စိတ္တေန နိယျတိပဇာ။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမန္ဓဂူ။
ဟု ဟောတော်မူ၏။
လောကော၊ သတ္တလောကကို။
စိတ္တေန၊ စိတ်သည်။
နိယျတိ၊ ဆောင်အပ်၏။
ပဇာ၊ သတ္တဝါကို။
စိတ္တေန၊ စိတ်သည်။
နိယျတိ၊ ဆောင်အပ်၏။
သဗ္ဗေဝ၊ အလုံးစုံသော သတ္တဝါတို့သည်သာလျှင်။
စိတ္တဿ၊ စိတ်ဟုဆိုအပ်သော။
ဧကဓမ္မဿ၊ တခုသောတရား၏။
ဝသံ၊ အလိုသို့။
အနုဂူ၊ အစဉ်တစိုက် လိုက်ကြရကုန်၏။
လိုရင်းက --
ကုသလာကုသလ ဣဋ္ဌာ နိဋ္ဌပေါင်း ကောင်း မကောင်းမှာ စိတ်အလိုမျှချည်းသာ မှတ်လေ။ ထိုစိတ်အလိုမျှ သတ္တလောကသည် အုဌ်, အင်္ဂတေစုကို စေတီဘုရားဟု ထင်ရှားသော မုက္ခမံ ကျမ်းသုတ္တန်နှင့် ဟုတ်မှန်တိတိ လောကအလယ် ပညတ် နယ်မှာ တကယ်ရှိသို့ ထို့တူပမာဏ သတ္တာကာရ ရှိသော အနိစ္စ၏ ဤဟာ, ဗျာပါရ ဓာတ်စုမျှကိုသာ ခေါ်ဆိုမှက သစ်သားအမူ ဆောက်အဦကို ဤလောက လူ ရထား ဟူကြ ဝေါဟာရသို့ အနိစ္စ အမူအရာ ကိရိယာမှု ကုသလာ ကုသလ ဤဟာ,ဗျာပါရစုကိုသာ သတ္တဝါဟု သမုတိအရ ကျင့်ကိစ္စ ကြဉ်ကိစ္စမှု ဝစီကာယ ဒါန, သီလ၊ စရဏစုကို သမုတိသစ္စာနှင့် ချည်းသာ အရာရာမှာ ဖြောင့်မှန်စွာ ပြုကျင့်ပြောဆိုရမည်။
ပရမတ်သစ္စာ ဝိဇ္ဇာဟူသော သဘောအလင်းမှာ မနောတွင်းကသာ အနိစ္စတံထွာကို “သဗ္ဗေသင်္ခါရာ အနိစ္စာ၊ ဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာ” ဟု ရှုမြင်ကြပါ။
ဧတ္တာဝတာ သဗ္ဗော သတ္တလောကော ရိတ္တော တုစ္ဆော သုညောတိ ပညာယတိ၊ သုဒ္ဓသင်္ခါရ ဓမ္မရာသိမတ္တမေဝ အဝသိဋ္ဌံ ဟောတိ။
ဧတ္တာဝတာ၊ ဤမျှသော အစီအစဉ်ဖြင့်။
သဗ္ဗော၊ အလုံးစုံသော။
သတ္တလောကော၊ သမုတိ သဘောမျှ သမူဟ, သဏ္ဌာန, သတ္တလောကသည်။
ရိတ္တော၊ ကွယ်ပျောက်၏။
တုစ္ဆော၊ အချည်းနှီးဖြစ်၏။
သုညော၊ ဆိတ်၏။
ဣတိ၊ ဤသို့။
ပညာယတိ၊ ထင်၏။
သုဒ္ဓသင်္ခါရ ဓမ္မရာသိမတ္တမေဝ၊ သက်သက်သော ရုပ်နာမ်သင်္ခါရ အနိစ္စမျှသည် သာလျှင်။
အဝသိပ္ပံ၊ ကြွင်းကျန်သည်။
ဟောတိ၊ ဖြစ်၏။
(ဤကား-သတ္တလောက၊ သဲလွန်စကို ပြချက် ပြီး၏။)
သင်္ခါရလောက ဆိုသည်ကား --
စင်စစ် ဒုက္ခသစ္စာ ဖြစ်သော ဣန္ဒြိယ အနိန္ဒြိယ ရုပ်နာမ်သင်္ခါရ အမူအရာ ကိရိယာမျှ အနိစ္စဓာတ် ပရမတ်ကို သင်္ခါရလောက ဆိုသည်။ ဤအရာတွင် အဝိဇ္ဇာယှဉ် စိတ်သညာဓာတ် သိမှတ်အပ်သော ပညတ်အနိစ္စ သာသနာပအနိစ္စ၊ ဝိဇာနနု သဉ္ဇာနန လောကရှိမှု သမုတိစုက ခုခံ၍ နေတတ်သည်။
ထို့ကြောင့်--
ဟတ္ထတော ဟိ တတ္တကေဝါ သရာဝေဝါ ကိသ္မိဉ္စိ ဒေဝဝါ ပတိတွာ ဘိန္နေ အဟောအနိစ္စန္တိ ဧဝံ အနိစ္စံပါကဋံနာမ။ (အဋ္ဌကထာ။)
ဟိ၊ အဝိဇ္ဇာယှဉ် စိတ်သညာဓာတ် သိမှတ်အပ်သော သာသနာတွင်း, သာသနာပ အနိစ္စတရား ထင်ရှားသည်ကို ဆိုအံ့။
ဟတ္ထတော၊ လက်မှ။
တတ္တကေဝါ၊ ပူသော ဝတ္ထုတို့သည်၎င်း။
သရာဝေဝါ၊ အင်စလောင်း တို့သည်၎င်း။
ကိသ္မိဉ္စိ ဒေဝဝါ၊ တစုံတခုသော ဝတ္ထုတို့သည်၎င်း။
ပတိတွာ၊ လွတ်ကျ၍။
ဘိန္နေ၊ ကွဲသည်ရှိသော်။
အဟောအနိစ္စန္တိ၊ ဪ.. အနိစ္စဟူ၍ဆို၏။ ယောင်၏။
ဧဝံ၊ ဤသို့။
အနိစ္စံ၊ အဝိဇ္ဇာယှဉ် စိတ်သညာသိ သမုတိမျှ သာသနာပ အနိစ္စသည်။
ပါကဋံနာမ၊ ထင်ရှားသည် မည်၏။
လိုရင်းက --
သာသနာတွင်း, သာသနာပ ထင်ရှားလှသော ပညတ်အနိစ္စသည် စကြာဝဠာအနန္တ ကမ္ဘာ အနန္တ သံသရာနှင့်အမျှ ထာဝစဉ် ထာဝရ ရှိကြ သိကြသော သမုတိအနိစ္စ၊ ထိုအနိစ္စ မြင်ကာမျှနှင့် နိဗ္ဗာန်မရ ဆိုလိုသည်။
ထို့ကြောင့်--
ယော ခေါ ဝက္ကလိဓမ္မံ နပဿတိ သော မံ နပဿတိ။
ဝက္ကလိ၊ ဝက္ကလိရဟန်း။
ခေါ၊ စင်စစ်။
ယော၊ အကြင် သူသည်။
ဓမ္မံ၊ ရုပ်နာမ်သဘာဝ အနိစ္စကို။
နပဿတိ၊ မမြင်။
သော၊ ထိုသူသည်။
မံ၊ ငါဘုရားကို။
နပဿတိ၊ မဖူးမြင်ရ။
ဘုရား, တရား နှစ်ပါးကိုပင် မတွေ့မြင်လျှင် သံဃာကိုလည်း မတွေ့မြင်ရ ဆိုရာကျသည်။ ထိုရုပ်နာမ်သဘာဝ အနိစ္စဓာတ် ပရမတ်သစ္စာ သိသောသူ ဟူသမျှမှာ ဤ သာသနာတွင် ဘုရားရှင်၏၊ ရွှေရင်တော်နှစ် သားတော်စစ်ကြီး သမီးတော်စစ်တွေ ဖြစ်ပေသည်နှင့် လျော်ညီစွာ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန် အစရှိသော အရိယာများနှင့် တကွ၊ ဘုရားရှင်ကို ဖူးမြင်ရသည် မည်ကြပေ၏။
ယခု ဂေါတမတဆူသာ မကပေ၊ ဂင်္ဂါဝါဠု သဲစုအမျှ ပွင့်တော်မူကြသော ဘုရားရှင်တို့ ကိုလည်း ဖူးမြင်ရသည် မည်ကြကုန်၏။
ဥပမာကား --
ဤဇမ္ဗူဒီပါ ကျွန်းမြေပြင်မှာ ရှိကြသောသူ ဟူသမျှတို့သည် မျက်နှာချင်းကို ရွှေလမင်းတွင် အမြင်အာရုံ ဆုံသည့်ပမာဏ၊ သတ္တလောက တည်ထောင်သည်မှ စ၍ဆင့်ဆင့် ပွင့်ပွင့်သမျှသော ဘုရားရှင်တို့နှင့်တကွ သာဝကတို့မှာ သစ္စာလေးရပ်၊ ပရမတ်အာရုံ ဆုံကြပေသည်။
ထို့ကြောင့် --
ဓမ္မေဟိ သော ဘိက္ခဝေ၊ ဘိက္ခုပဿတိ၊ ဓမ္မံပဿန္တော မံပဿတိ။
(ဣတိဝုတ် ပါဠိတော်။)
ဟိ၊ ထိုစကားမှန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သောဘိက္ခု၊ ထို ရဟန်းသည်။
ဓမ္မံ၊ ရုပ်ဓာတ်, နာမ်ဓာတ် ပရမတ်သစ္စာကို။
ပဿတိ၊ မြင်၏။
ဓမ္မံ၊ အနိစ္စဓာတ် ပရမတ်သဘောကို။
ပဿန္တော၊ မြင်သောသူသည်။
မံ၊ ငါ ဘုရားကို။
ပဿတိ၊ ဖူးမြင်ရ၏။
လိုရင်းက --
ပရမတ်သဘာဝ အရိယသစ္စာ သာသနာ သမ္မာဒိဋ္ဌိ တရားရှိ သိမြင်လျှင် ဘုရားရှင် ဂုဏ်ရောင်ထူးကို ပညာမြင် ပြောင်ပြောင်နှင့် ကြောင်ကြောင်ကြီး သဘာဝ ထူးသမျှ စူးရှ၍ ဖူးကြရပေသည်။
ဖူးရ ဆိုသည်မှာ....။ ပရမတ်ထူးမြတ်ကို ပရမတ်ထူးလတ်က ယူတတ်မှုမှ အာရုံ အာရမ္မဏိက သဘာဝချင်း, သဘာဝ ပေါင်းဆုံမှမျှ သဘာဂကို ဖူးရဆိုသည်။
ထို အာရုံ အာရမ္မဏိက ရုပ်နာမ်တရားတို့တွင် ရုပ်ဆိုသည်ကား- ဖောက်ပြန်သော အမူအရာ ကြိယာမျှ အနိစ္စဓာတ် ပရမတ်ကို ရုပ်ဆို၏၊
သိသာစေအံ့ --
ဤ လူတကောင်လုံးကို ပရမတ်မြူတွေ ဖြစ်အောင် ထောင်းထု ကြိတ်ချေသော်၊ (ဥပမာအား) တတင်းသား ရှိရာ၏။ ထိုတတင်းမှာ - ပထဝီ တတင်း, အာပေါ, တေဇော, ဝါယော, တတင်းစီ ရှိကြသော ဓာတ်လေးပါး ပေါင်း၍ ချင့်သော်လည်း တတင်းသာ ရှိရာ၏။
ထို ဓာတ်လေးဖြာမှာပင် အနိစ္စ, ဒုက္ခ, အနတ္တ တတင်းစီရှိကြ၏။ ထိုတတင်းစီ ရှိကြသော ဓါတ်လေးပါး လက္ခဏာရေး သုံးပါးတို့ကို ပေါင်း၍ ချင့်သော်လည်း တတင်းသာ ရှိရာ၏။
ဥပမာကား --
နွား,ဆိတ်,စသည် နို့ရည်တဆယ်မူ အဖြူတဆယ်၊ အညှီတဆယ်၊ အဆိမ့်တဆယ်၊ အချို တဆယ်၊ လေးသွယ်ပေါင်းမှ တဆယ်ဟူသို့မှတ်။
ထို အနိစ္စပေါင်းစု ကြောင်းပြုအတ္ထိ ပစ္စယသတ္တိ စရှိထွေထွေ ကုဋေသိန်းသောင်း မက ညောင်းအောင် ပေါင်းဖွဲ့ရာမူ ပရမာဏု မြူတခုသာ မှတ်ကြရာ၏။
ထိုပရမတ်မြူကို ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, ဟူသော အဝိနိမ္ဘောဂ အဋ္ဌကလာပ် ခေါ်သည်။ ထိုရှစ်ခုသော ရုပ်တို့၏ အသီး အသီး သော သဘောလက္ခဏာတို့ကိုသာလျှင် အနိစ္စ ပရမတ် ရုပ်ဓာတ်စစ်ဆိုသည်။
ဓာတ်ဆိုသည်ကား -“အတ္တနောသဘာဝံဓာရေ တီတိဓာတု” လိုရင်းမှာ-သတ္တဝါအလို ပုဂ္ဂိုလ်အကြိုက် မလိုက်မစား မငဲ့ငြားဘဲ၊ ကြောင်းအားလျော်စွာ သူ့ခြင်းရာနှင့် သူ့သဘာဝ သူ့ ကိစ္စရှိ ပကတိဟူသော မိမိ၏ သဘောကို ဆောင်တတ်သောကြောင့် ဓာတ်မည်၏။
ဆောင်ပုံကား-
ရှားမီးတခဲ ရဲရဲဉာဏ်ထဲမှာ ကြည့်၍ထား၊ ဤမီးခဲမှထွက်သော ပူသဘောတွေသည် ရှိန်ရှိန် သုတ်သုတ် သိမ့်သိမ့်လှုပ်ရွ၊ ပူစွမ်းသတ္တိ ရှိရှိသမျှဟူ ပူအလောင်ကို ဆောင်သကဲ့သို့။ ထို့တူအညီ ပထဝီသည် မိမိ၏ ခိုင်မာ ကြမ်းထမ်းသော သဘော သုတ်သုတ် ဖြစ်၍ချုပ်၏၊ ပထဝီဓာတ် ဆောင်ပုံ။
ဤ မာ, ပရမတ် ဓာတ်ဥပါဒ်ကို ဥပစယရုပ် ဆိုသည်။
ဤ မာ,ဓာတ်တရား ဖြစ်ပွားစဉ်ကို သန္တတိရုပ်ဆိုသည်။
ဤ မာ,သဘောက အားပျော့သောခဏ ရင့်ရော်မျှကို ဇရတာရုပ်ဆိုသည်။
ထို မာ, ချုပ်ကွယ်မျှ ဘင်ခဏကို အနိစ္စတာရုပ် ဆိုသည်။
ဤလက္ခဏရုပ် လေးပါးတို့ကိုလည်း ဓာတ်တပါးစီအားဖြင့် ကွဲပြားအောင် မြင်ရမည်။ ဤအရာ မာ,ဟူသော ပထဝီသဘောနှင့် လက္ခဏ ရုပ်လေး သဘောအားဖြင့် ဤငါးသဘော ရောထွေး၍ မနေစေလင့်၊ သဘာဝတရားက တခြားစီ။ ဤပထဝီပြ သဲလွန်စနှင့် အာပေါ, အစရှိသော ရုပ်ဓာတ်တို့ကို သိကြလေ။
ထို့ကြောင့်--ဝိဇာနနဘာဝေ ဝိညာဏေ ဇီဝသညီနံ သညာ သမုဟနတ္ထံ့ဝိ အဋ္ဌာရသေဝ ဝုတ္တာ။
(ဝိဘင်း အဋ္ဌကထာ။)
ဝိဇာနနဘာဝေ၊ သိခြင်းသဘောရှိသော။
ဝိညာဏေ၊ သိသဘာဝ အနိစ္စ၌။
ဇီဝသညီနံ၊ အသက်ဟု မှတ်ထင်သူတို့၏။
သညာသမုဟနတ္ထံပိ၊ မိစ္ဆာသညာကို ပယ်ခွါခြင်း အကျိုးငှာလည်း။
အဋ္ဌာရသေဝ၊ တဆဲ့ရှစ်ရပ် ဓာတ်တို့ကိုသာလျှင်။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။
နာမ်တရားဆိုသည်ကား --
အာရုံကိုအရ ဟပ်ယူသိမျှ အနိစ္စကို စိတ် ဆိုသည်။
ထိုသိ,သဘာဝ အနိစ္စမှာမှ မှီတွယ်ရတရား တွေ့ထိခံစား၊ မှတ်သား စေ့ဆော်ခြင်း စသော အားဖြင့် ငါးဆဲ့နှစ်ပါးကို စေတသိက် ဆိုသည်။
သတိမူရန်မှာ ... ဝိညာဏဓာတ်မှု တခုနှင့် စေတသိက နာမဓာတ်မှု ငါးဆဲ့နှစ်ခု အားဖြင့် သိမှုတရား ငါးဆဲ့သုံးပါး သဘောပြားကို ဓာတ်တပါးစီ အားဖြင့် ကွဲပြားအောင် မြင်ရမည်။
ထို့ကြောင့် –
‘စက္ခုံ အတ္တာတိယော ဝဒေယျ၊ တံနဥပပဇ္ဇတိ'
အစ ရှိသော ဥပရိပဏ္ဏာသ၊ (ဆ ဆက္ကသုတ် ပါဠိတော်။)
စက္ခု, ရူပါရုံ, စက္ခုဝိညာဏ်, စက္ခုသမ္ဖဿ, စက္ခုသမ္ဖဿဇာဝေဒနာ, ရူပတဏှာ, စက္ခုဆိုင်ရာ ခြောက်ပါး၊ သောတ, စသည်တို့သည်လည်း ဆိုင်ရာ ခြောက်ပါးစီ မှတ်လေ။
ထို ခြောက်ပါးစီမှာ အဇ္ဈတ္တိ ကာယတနနှင့် ဗာဟိရာယတနစု ထိခိုက်မှုကြောင့် စက္ခု စသော သိမှုဝိညာဏ် အနိစ္စ ဖြစ်စဉ်က တီးမှမြည်ပြန် စည်သံ စသည်တို့ကဲ့သို့ မဖြစ်မှီကလည်း မရှိနှင့်၊ ဖြစ်လာပြီးနောက်၊ ချုပ်ပျောက် ကွယ်သုဉ်း ကုန်ဆုံး မှုကြောင့် အာဂန္တုဓာတ်၊ ကျောက်နှင့်မီးခတ် ထိဆတ်မိလျှင် မီးဖြစ်စဉ်ကဲ့သို့၎င်း။ တိမ်, နှစ်ခုဆတ် လျှပ်စစ်အသွင် ဖြစ်ပျက်စဉ်ကဲ့သို့၎င်း။
ရှုအပ်သည်မှာ-
နဝတ္ထာရမ္မဏာ နာမံ၊ နာပိစုဘိန္နမန္တရာ။ ဟေတုံ ပဋိစ္စ သမ္ဘောတိ၊ သဒ္ဒေါပပာတာယ ဘေရိယာ။ စက္ခာဒီ ဘေရိအာဒါသ၊ တိလာဓရာ ရဏီယထာ။ ဒဏ္ဍာဒီဝိယ ရူပါဒီ၊ စိတ္တံ သဒ္ဒါဒယောယထာ။ ဒဋ္ဌဗ္ဗာ သင်္ခတာပုဗ္ဗာ၊ ပရန္တေသု ဝိဝိတ္တတော၊ သုဘဒ္ဓုဝသုခတ္တတ္တ၊ သုညတောဟေတုဝုတ္တိတော။ ။ (ပါဌ်၊)
ဝတ္ထာရမ္မဏာ၊ စက္ခုစသော မှီရာ ရူပ,သဒ္ဒ စသော အာရုံမှ။
နာမံ၊ နာမက္ခန် တရားသည်။
နသမ္ဘောတိ၊ ထွက်လာ၍ ဖြစ်သည်မဟုတ်။
ဥဘိန္နံ၊ ဝတ္ထုအာရုံ နှစ်ပါးစုံတို့၏။
အန္တရာပိစ၊ အကြား၌လည်း။
နသမ္ဘောတိ၊ ဖြစ်သည်မဟုတ်။
ပပာတာယ၊ တီးခတ် ရိုက်နှက်အပ်သော။
ဘေရိယာ၊ စည်၏။
သဒ္ဒေါယထာ၊ အသံကဲ့သို့။
ဟေတုံ၊ စက္ခု ရူပ အာလောက မနသိကာရ စသော အကြောင်းကို။
ပဋိစ္စ၊ စွဲ၍။
သန္တောတိ၊ ဖြစ်ပေါ်လာ၏။
စက္ခာဒီ၊ စက္ခုဓာတ် စသည်တို့ကို။
ဘေရိအာဒါသ တိလာဓရာ ရဏီယထာ၊ စည်ကြီးမှန်ပြင် နှမ်းသွင်ပွတ်ခုံ တို့ကိုကဲ့သို့။
ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
ရူပါဒီ၊ ရူပဓာတ် စသည်တို့ကို။
ဒဏ္ဍာဒီဝိဟ၊ စည်လက်ခတ် မျက်နှာ ကျည်ပွေ့ ပွတ်ကျေတို့ကိုကဲ့သို့။
ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
စိတ္တံ၊ မြင် ကြား နံ သိ, အစရှိသော ဝိညာဏ်ကို။
သဒ္ဒါ ဒယောယထာ၊ စည်သံ မျက်နှာရိပ် ဆီ-မီး တို့ကိုကဲ့သို့။
ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
သင်္ခတာ၊ သင်္ခတဓာတ်တို့ကို။
ပုဗ္ဗာ ပရန္တေသု၊ ဥပါဒ်မှရှေ့ ဘင်မှနောက် အစွန်းနှစ်ဘက်တို့၌။
ဝိဝိတ္တတော၊ ကင်းဆိပ်ကွယ်ဘိ မရှိလုံးလုံး သုဉ်းသောအားဖြင့်၎င်း။
သုဘဒ္ဒုဝသုခတ္တတ္တ သုညတော၊ တင့်တယ်မြဲစွာ ချမ်းသာ စိုးရသော အဖြစ်မှ ကင်းဆိတ်သော အားဖြင့်၎င်း။
ဟေတုဝုတ္တိတော၊ အကြောင်းရှိမှ ဖြစ်ရသောအားဖြင့်၎င်း။
ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
လိုရင်းက --
* အကြောင်းနှင့်တကွ ဖြစ်သည်၏အဖြစ်၊ * အကြောင်းတရားတို့သည် ပေါင်း၍ပြုပြင် စီရင်အပ်သည်၏အဖြစ်၊ * အကြောင်းကို စွဲမှီရမှသာ ဖြစ်သည်၏ အဖြစ်၊
စင်စစ် ရုပ်နာမ်ဓမ္မ အနိစ္စက။
စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ (လ) မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏန္တိ ဧဝံ ဝုတ္တံ၊ တံတံ ဝိညာဏုပ္ပတ္တိယာ ပစ္စယဝိသေသဘူတံ ဒွိန္နံဒွိန္နံ အာယတနာနံ သန္နိပါတကိစ္စံ။
ဟု မိန့်တော်မူသည်။
စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ (လ) မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏန္တိ၊ မနော ဝိညာဏံ ဟူ၍။
ဧဝံ၊ ဤသို့။
ဝုတ္တံ၊ ဟောတော်မူအပ်သော။
တံတံ ဝိညာဏုပ္ပတ္တိယာ၊ ထိုထို ဝိညာဏ် ဖြစ်ခြင်း၏။
ပစ္စယ ဝိသေသဘူတံ၊ အကြောင်းထူးဖြစ်၍ ဖြစ်သော။
ဒွိန္နံဒွိန္နံ အာယတနာနံ၊ နှစ်ပါး နှစ်ပါးကုန်သော အာယတနတို့၏။
သန္နိပါတကိစ္စံ၊ ပေါင်းဆုံးရောထွေး စုဝေးခြင်း ကိစ္စပင်တည်း။
လိုရင်းကား --
မြက်ဖျား၌ ရောက်သော နှင်းပေါက်ရေနှင့် နေ,လ၏ အရောင်သည် ပေါင်းဆုံမှု ကိစ္စကြောင့် တောက်ပပြောင်ပြောင် အရောင်လက်လက် ပေါ်ထွက်သည့်ပမာဏ စက္ခုပသာဒနှင့် ရူပါရုံ ပေါင်းဆုံမှု ကိစ္စကြောင့် သိမြင်ဓမ္မ အနိစ္စကိုပင် စက္ခုဝိညာဏ် ဆိုသည်။ ခေါ်သည်။ သတိထား။ သောဘ, ပသာဒ, စသည်နှင့် သဒ္ဒါရုံ, စသည်မှာလည်း နည်းတူသာမှတ်လေ။
ထို စက္ခု ရူပ, အစရှိသော ပစ္စုပ္ပန် ရုပ်နာမ်ရှိသမျှ စကြာဝဠာ အနန္တ၊ အနိစ္စက (ဥပမာန) နံဘေးကပြ ထိပ်အစ၌ ထုံးတို့လိုက်သည့် ဂျင်လည်အခိုက် မဏ္ဍိုင် စိုက်တွင် မျက်စိမြင်နှင့် မနောသိ ကြည့်သလိုပမာ ပညတ်နှင့် ပရမတ်ကို အတပ် မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။
ဥပမာ ဥပမေယျ ဟပ်၍ပြလျှင်
အရိယာသစ္စာ ပညာမြင် ပရမတ်က အနိမိတ္တ အနိစ္စဖြစ်၍ မလည်သည့် ပကတိပြင်မှာ ထုံးတို့ရာရှိ မနောသိနှင့်တူ၏။
သမုတိတွင် ပုံဟန်သွင်နှင့် ဝိညာဏ်မြင်အပ် ပညတ် လူ, ရှင်သည် ဂျင်လည်ချက်ကြောင့် ထုံးစက်ကွင်းရှိ မျက်စိကြည့်နှင့် တူ၏။ မြင်အောင်ကြည့်ပါ။
လိုရင်းက --
ဩကာသ လောကထဲမှာ ထာဝစဉ် ထာဝရ အနိစ္စဓာတ် နည်းများ မရှိအပ်သော ပရမတ်တရား ထင်ရှားရှိ၏ဟု သိအပ်သည်မှာ...
ဝိညာဏံ အနိဒသနံ၊ အနန္တံ သဗ္ဗတောပဘံ။
(ဗြဟ္မနိမန္တနသုတ် ပါဠိတော်။)
ဝိညာဏံ၊ အနိစ္စဓာတ် ပရမဟ်ဖြင့်သာ သိအပ်စွာ၏။
အနိဒဿနံ၊ အနိစ္စဓာတ် ပရမတ်၏ နောက်ကာလ ရပ်ဋ္ဌာနနှင့် သဏ္ဌာန်ပမာဏ ညွှန်ပြခြင်းငှာ မထိုက်။
အနန္တံ၊ အနိစ္စဓာတ် ပရမတ်အလုံး ဘယ်တုန်းကစ ဆုံးဘယ်မှဟု အစ,အဆုံး၊ နှစ်ပါးလုံး မရှိအပ်။
သဗ္ဗတောပဘံ၊ ဘယ်ခါမပြတ် ခပ်သိမ်းရပ်၌ အနိစ္စဓာတ် ပရမတ်တရား ထင်ရှား ရှိန်ရှိန် ထိန်ထိန် လင်းလင်း ဝင်းဝင်းတောက် ရှိ၏။
ထို့ကြောင့်–
ဝိသေသတောပန ဣမသ္မိံဉာဏေ အနိစ္စလက္ခဏ ဒဿနမေဝ ပဓာနံ၊ တသ္မိံ ဒိဋ္ဌေယေဝ ဣတရာနိ ကမေန ဒိဋ္ဌာနိဟောန္တိ။
စသည်ဖြင့်။ (ပရမတ္ထဒီပနီ ဋီကာကြီး။)
ဝိသေသတောပန၊ အထူးအားဖြင့်ကား။
ဣမသ္မိံ ဉာဏေ၊ ဤဝိပဿနာဉာဏ်အရာ၌။
အနိစ္စလက္ခဏ ဒဿနမေဝ၊ အနိစ္စလက္ခဏာကို မြင်ခြင်းသည်သာလျှင်။
ပဓာနံ၊ လိုရင်းသဘောသည်။
ဟောတိ၊ ဖြစ်၏။
တသ္မိံ၊ ထိုအနိစ္စလက္ခဏာကို။
ဒိဋ္ဌိယေဝ၊ မြင်၍သာလျှင်။
ဣတရာနိ၊ ဤမှတပါးသော လက္ခဏာဖို့ကို။
ကမေန၊ အစဉ်အားဖြင့်။
ဒိဋ္ဌာနိ၊ မြင်အပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဤဋီကာပြရိပ်က “အနိမိတ္တဉ္စဘာဝေဟိ” ပါဠိတော်အရ သြကာသထဲမှာ တစုံတရာ ဘယ်ဟာ ဟူသော ပြောစရာမရ၊ မမြဲသောအနိစ္စသဘောက သံဝဋ္ဋကပ်ကြီး ထိန်ထိန် ညီးညီး၊ မီးထသည့်ပမာဏ ရှိန်ရှိန် သုတ်သုတ် သိမ့်သိမ့်လှုပ်ရွ အနိမိတ္တ အနိစ္စကို ဒိဋ္ဌမြင်သိက “အနိစ္စ သညိနော မေဃိယ အနတ္တ သညာသဏ္ဌာတိ” ပါဠိတော်အရ ဝိပဿနာခဏ၌ ဩကာသလောကနှင့် သတ္တလောကမှာ အနိစ္စ, ဒုက္ခမရှိ၊ အနတ္တ အတိမျှ မှတ်ရမည်။
၍ ရုပ်နာမ်ဟူသော သင်္ခါရ လောကမှသာ အနိစ္စ ဒုက္ခ အနတ္တရှိသည်၊ ဤအရာ သတ္တဝါသည် အတည်မမြဲ ဆင်းရဲစွာလှ၊ စိုးမရဟု ရှုသော်လည်း လျော်ပါ၏။ လျော်ပုံက အိမ်, ကျောင်း, စသည်မှာ မီးလောင်သောအခါ၊ အိမ်, ကျောင်းမှာ လောင်စရာမရှိ သစ်သားကိုသာ လောင်သည်။ သို့သော်လည်း သစ်သားကို မီးလောင်ရာမှာ အိမ်, ကျောင်း, မူရာပါသောကြောင့် အိမ်, ကျောင်း, လောင်ကို ဆိုသော်လည်း လျော်သကဲ့သို့တည်း။ လိုရင်းကြီးမှာ - ဘယ်နည်းနှင့်မဆို ပုဂ္ဂိုလ် သတ္တဝါမှာ အနှစ်, အမ, မရှိဟု အသိကိုသာ လိုရင်းပါ။
ထို့ကြောင့် -
သုညတောလောကံအဝေက္ခဿု၊
မောဃရာဇ သဒါ သတော၊
အတ္တာနုဒိဋ္ဌိံ ဥဟစ္စ။
မောဃရာဇ၊ မောဃရာဇရဟန်း။
သဒါ၊ အခါခပ်သိမ်း။
သတော၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍။
အတ္တာနုဒိဋ္ဌိံ၊ ငါကိုယ် ထင်ရှိ သက္ကာယဒိဋ္ဌိကို။
ဥပဟစ္စ၊ စွန့်ခွာပယ်နုတ်၍။
လောကံ၊ ဖြစ်ပျက်သဘောမျှ သင်္ခါရ လောကကို။
သုညတော၊ အနှစ် ကင်းဆိတ်သောအားဖြင့်။
အဝေက္ခဿု၊ ပညာစက္ခုနှင့် မြင်အောင်ရှုလော့။
လိုရင်းက --
(၁) သင်္ခတာဓမ္မာ ဒေသနာ အရ ကုသိုလ်ကံ, အကုသိုလ်ကံ ဖြစ်ရန် ဟူသော သမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်း၊ ပစ္စည်းပြမျှ သမုဒယက ဘုံအားဖြင့် ဝါသနာနုသယဘုံ ခေါ်သည်။ ဝဋ်အားဖြင့် ကိလေသဝဋ် ခေါ်သည်။
(၂) သတ္တဝါတို့သန္တာန်မှာ ကုသိုလ်, အကုသိုလ်ကံ ပေါ်လာပြန်လျှင် ဘုံအားဖြင့် ပရိယုဋ္ဌာနဘုံ ခေါ်သည်။ ဝဋ်အားဖြင့် ကမ္မဝဋ် ခေါ်သည်။ လောကအားဖြင့် သင်္ခါရလောက ခေါ်သည်။
(၃) ထိုကုသလာ ကုသလကြောင့် အဗျာကတ ခန္ဓာငါးဝ အနိစ္စကို ဝဋ်အားဖြင့် ဝိပါကဝဋ် ခေါ်သည်။ ဘုံအားဖြင့် ဝီတိက္ကမဘုံ ခေါ်သည်။ လောကအားဖြင့် သတ္တလောက ခေါ်သည်။
အချုပ် သဘောက --
ဩကာသထဲမှာ နဲများ မရအပ်သော အနိမိတ္တ အနိစ္စဓာတ် ပရမတ် ဖြစ်ပျက် သည်မှာ၊ (ဥပမာကား ) အနွယ်ဖြစ်သော သစ်ညွန့် သဘောသည် ရှေ့တည်သော သစ်ကိုင်းကို ညွတ်ရှိုင်း မျှော်တန်း ဓာတ်လှမ်းသော သဘောမျှကဲ့သို့။ ထို့ပမာ - အမူအရာ ကိရိယာသင်္ခါရ ရုပ်နာမ်ဓမ္မ အနိစ္စ၏၊ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် ဟူသည်ကား မှတ်အပ်သော သင်္ခါရဓာတ် ပရမတ်အနိစ္စသည် လက္ခဏ မည်၏။
ထို သင်္ခါရ ရှိန်ရှိန် သုတ်သုတ် သိမ့်သိမ့်လှုပ်ရွ သူ့ကိစ္စသည် ရသမည်၏။
ရှုမြင်အပ်သော ရုပ်နာမ် သင်္ခါရ ဓမ္မပုဉ္ဇ လေ, ရေ, မြေထု သတ္တဝါ စသည်ဟု လောကထုသည် ပစ္စုပဋ္ဌာန်မည်၏။
အကြောင်းနည်းဟု ပစ္စည်းပြမျှ သင်္ခတဓာတ် ပရမတ်သည် ပဒဋ္ဌာန်မည်၏။
ဥပမာကား --
ဤလောကမီးမှာ ပူခြင်း သဘောရင်းသည် မီး၏လက္ခဏ မည်၏။
ဝတ္ထုတပါးကို လောင်မှုကိစ္စသည် မီး၏ရသ မည်၏။
အခိုးအလျှံနှင့်တကွ ထကြွ ပြောင်ရွှန်း ထွန်းတောက် ခြင်းသည် မီး၏ ပစ္စုပဋ္ဌာန် မည်၏။
မီးခြစ်မီးခတ် စသောမီးဖြစ်ခြင်း အကြောင်းရင်းသည် မီး၏ ပဒဋ္ဌာန်မည်၏။
ဥပမာ ဥပမေယျ ဟပ်၍ပြလျှင်
မီး၏သဘောရင်း ပူခြင်းနှင့် သင်္ခါရဓမ္မအနိစ္စ မမြဲခြင်း သဘောရင်းနှင့် တူ၏။
ဝတ္ထုတပါးကို လောင်မှုကိစ္စနှင့် သင်္ခါရဓာတ် ပရမတ် ကိစ္စသည် ရှိန်ရှိန် သုတ်သုတ်၊ သိမ့်သိမ့်လှုပ်ရွ ရသမစဲ၊ မမြဲခြင်းနှင့်တူ၏။
အခိုးအလျှံနှင့်တကွ ထကြွပြောင်ညီး မီးတောက်ကြီးနှင့် ရုပ်နာမ်သင်္ခါရ ရှိသမျှတွေ လေ, ရေ, မြေဟူ၊ လူ, ရှင်, သစ်ပင် မြင်ကြံသမျှ ဓမ္မဉ္ဇ သဏ္ဌာနနှင့် တူလှ၏။
မီးဖြစ်ခြင်း အကြောင်းရင်းနှင့် ပြဆိုခဲ့သော ပစ္စည်းပြုမျှ သင်္ခတဓာတ် ပရမတ်နှင့် တူ၏။
ထို့ကြောင့် -
အနုပ္ပန္နာ ပုပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာစ နိရုဇ္ဈရေ။
နိစ္စံနဝါဝ သင်္ခါရာ၊ ဒီပဇာလသရူပမာ။ ဟု ရှုအပ်၏။
သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရတို့သည်။
အနုပ္ပန္နာဧဝ၊ ရှေးက မဖြစ်ဘူးကုန်ဘဲသာလျှင်။
ဥပ္ပဇ္ဇန္တိ၊ ယခု အသစ် ပေါ်ဖြစ်လာကုန်၏။
ဥပ္ပန္နာစ၊ ဖြစ်ကုန်ပြီး၍လည်း။
နိရုဇ္ဈရေ၊ ခဏချက်ခြင်း ချုပ်ကင်း ကွယ်ပျောက်ကုန်၏။
သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရတို့သည်။
နိစ္စံနဝါဝ၊ အမြဲ အသစ်အသစ် တို့သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရတို့သည်။
ဒီပဇာလသမူပမာ၊ ဆီးမီးလျှံတမူ တူသောဥပမာ ရှိကုန်၏။
(အဓိပ္ပါယ် သဘောက ပြောပြခဲ့ပြီ။ )
ဧတ္တာဝတာ သဗ္ဗော သင်္ခါရလောကော ရိတ္တော တုစ္ဆော သုညောတိ ပညာယတိ၊ သုဒ္ဓသင်္ခါရဓမ္မ ရာသိမတ္တမေဝ အဝသိဋ္ဌံ ဟောတိ။
ဧတ္တာဝတာ၊ ဤမျှသော အစီအစဉ်ဖြင့်။
သဗ္ဗော၊ အလုံးစုံသော။
သင်္ခါရလောကော၊ လှည်း, လှေ, အိမ်, ကျောင်း, အပေါင်း သမူဟ၊ သမုတိသစ္စ၊ သင်္ခါရ လောကသည်။
ရိတ္တော၊ ကွယ်ပျောက်၏။
တုစ္ဆော၊ အချည်းနှီးသာဖြစ်၏။
သုညော၊ သာရလေးလုံး သုဉ်းဆိတ်၏။
ဣတိ၊ ဤသို့။
ပညာယတိ၊ ထင်၏။
သုဒ္ဓသင်္ခါရ ဓမ္မရာသိမတ္တမေဝ၊ သက်သက်သော ရုပ်နာမ်သင်္ခါရ အနိစ္စသည် သာလျှင်။
အဝသိဋ္ဌံ၊ ကြွင်းကျန်သည်။
ဟောတိ၊ ဖြစ်၏။
(ဤကား သင်္ခါရလောက သဲလွန်စကို ပြချက်ပြီး၏။)
ဩကာသ လောကဆိုသည်မှာ -
ပရမတ္ထဩကာသ, သမုတိသြကာသ အားဖြင့် နှစ်ပါးတို့တွင် ပရမတ်သစ္စ ဩကာသကို ပြဦးအံ့။ ရုပ်နာမ်သင်္ခါရ အနိစ္စတည်ရာကို သြကာလဆိုသည်။ သိသာစေအံ့။
နေဝသညာနာသညာယတန ဗြဟ္မာဘုံက အထက်ကို မြေ, ရေ, သတ္တဝါမရှိ၊ ဟင်းလင်းအတိသာ ဖြစ်သည်။
နှစ်သိန်း လေးသောင်း အထုရှိသော ဤမြေ၏အောက်က လေးသိန်းရှစ်သောင်း ထူသော ရေရှိ၏။
ထိုရေ၏အောက်က ကိုးသိန်း ခြောက်သောင်းထူသော လေရှိ၏။
ထိုလေ၏အောက်၌ မြေ ရေ, သတ္တဝါမရှိ၊ ဟင်းလင်းအတိသာ ဖြစ်သည်။
ထို့ကြောင့်-
အယံအာနန္ဒမဟာပထဝီ ဥဒကေ ပတိဋ္ဌိတာ၊ ဥဒကံ ဝါတေပတိဋ္ဌိတံ၊ ဝါတောအာကာသဋ္ဌောဟောတိ။
(သုတ်မဟာဝါ ပါဠိတော်)
အာနန္ဒ၊ အာနန္ဒာ။
အယံမဟာပထဝီ၊ ဤမဟာပထဝီ မြေကြီးသည်။
ဥဒကေ၊ ရေ၌။
ပတိဋ္ဌိတာ၊ တည်၏။
ဥဒကံ၊ ရေသည်။
ဝါတေ၊ လေ၌။
ပတိဋ္ဌိတံ၊ တည်၏။
ဝါတော၊ လေသည်။
အာကာသဋ္ဌော၊ ကောင်းကင်၌ တည်သည်။
ဟောတိ၊ ဖြစ်၏။
လိုရင်းမှာ --
ဝဲယာ ရှေ့နောက်၊ ထက်အောက် ကင်းသည့် ဟင်းလင်းကိုသာ ရုပ်နာမ်သင်္ခါရ အနိစ္စ တည်ရာ သြကာသဆိုသည်။ စောဒနာကား။ ဩကာသ လောကမှာ တည်ရာကိုသာ ပြသင့်ပါသည်။ လဟာပြင် ကောင်းကင်ကို မပြသင့်ဟု စောဒနာလေ။ အဖြေကား၊ ပရမတ်သစ္စာမှာ လဟာပြင်စစ်မှ တည်ရာဖြစ်မည် ဖြေ။
သိသာစေအံ့ --
မြို့ရွာတိုင်းပြည်သည် မြေပြင်မှာ တည်၏။ ထိုမြေပြင်မှာ တည်နေသော တော, တောင်, သမုဒ္ဒရာ, မြို့ရွာ, တိုင်းပြည်သည် အပေါ်စီးသမ္ဗန္ဓီသာ ဖြစ်၏။ မြေကြီးမှာ တည်ရာ အခံသမ္ဗန်ဖြစ်၏။
ထို့အတူ မြေထုသည် ရေထုပေါ်၌တည်၏။ ရေထုသည် လေထု ပေါ်၌တည်၏။ ထို လေထုသည်လည်း ကောင်းကင် လဟာပြင်ကြီးမှာ တည်ရ၍ အပေါ်စီး သမ္ဗန္ဓီသာဖြစ်၏။
ထို လဟာပြင်သည် လေ, ရေ, မြေ, စသော ရုပ်နာမ် သင်္ခါရ အနိစ္စတည်ရာ အခံသမ္ဗန်ဖြစ်၏။ ထိုလဟာပြင်သည် အဘယ်မှာ တည်သနည်းဟု မေးရန် မရှိ၍ အနိစ္စဓာတ်၊ ပရမတ်တည်ရာ ဤလဟာထီး ဟင်းလင်းကြီးမှ ဩကာသ ဆိုသည်။
တဖန် စောဒနာရန်မှာ --
အနိစ္စ လက္ခဏာ တင်သောအခါ သြကာသမှာ မပါလာဟု စောဒနာလေ။
အဖြေမှာ။ ဝိပဿနာ တင်သောအခါ “သဗ္ဗေဓမ္မာ အနတ္တာ” တွင် ပါဝင်သည်။ ဤစောဒနာကား။ ရေထဲမှာ တည်နေသော ငါးတွေသည် မိမိတို့ တည်နေသော ထိုရေကိုမှမမြင်ကြသို့။ ထို့အတူပင် မိမိတို့ကိုယ်ထင်ကြ၊ ကိုယ်မှတ်ကြသော အနိစ္စ တည်ရာ ဤလဟာဓာတ် ပရမတ်ကို၎င်း။
အနုသယမျှ အကြောင်းသမုဒယ သင်္ခတဓာတ် ပရမတ်ကို၎င်း။
ပရိယုဋ္ဌာနဝီတိက္ကမ အကျိုးသင်္ခါရ အနိစ္စဓာတ် ပရမတ်ကို၎င်း။
ကြောင်းကျိုး ခပ်သိမ်း ကင်းငြိမ်းသဘော နိရောဓမျှ အသင်္ခတဓာတ် ပရမတ်ကို၎င်း။
ဤသို့ စသောအားဖြင့် ဉာဏ်မသွားသော စောဒနာသာ မှတ်လေ။
ဤသြကာသမှာ ဝဲယာ ရှေ့နောက် ထက်အောက် ဖီလာ ဆယ်မျက်နှာတွင် ဘယ်နေရာမှာဟု မထင်နှင့် မမှတ်လင့်။ စင်စစ် ဒုက္ခသစ္စာဖြစ်သော ရုပ်နာမ်သင်္ခါရ အနိစ္စဓါတ် ပရမတ်တည်ရာ ဤလဟာကိုသာ ဩကာသ ဆိုပါ။
ထက်အောက် အဇဋာ ကောင်းကင်ဆိုသည်မှာ စကားကိရိယာတွင်သာ ပါဝင်သော ပညတ်မျှသာ ဖြစ်သည်။ ထိုပညတ်မျှ ဝေါဟာရကို သြကာသဟု ပြသည်မဟုတ်။ ဆုံးစပိုင်းခြား ကမ်းကရနားမရှိ၊ ဟင်းလင်းကြီး အတိမျှ အနိစ္စ၏ တည်ရာကိုသာ ဩကာသ ဆိုသည်။
လိုရင်းသဘောက --
မသုဉ်းကောင်း မဆိတ်ကောင်းသော လောကသုံးပါးတွင် ထိုဟင်းလင်းကြီးသည် ဖြစ်ပျက်ခြင်းမငွေ့ ဥပါဒ်, ဌီ, ဘင်, အစဉ်မဝှေ့သောကြောင့် သင်္ခါရလောကဟု မဆိုရ။ ကုသလာ ကုသလဟူသော သတ္တာကာရနှင့် ဤဟာ ဗျာပါရ ဟူသော သတ္တကိစ္စက မရှိ၊ မရသောကြောင့်လည်း သတ္တလောကမှာ ပဂေဝ။ ထို့ကြောင့် ဒုက္ခသစ္စာမျှ အနိစ္စ၏တည်ရာ ဤလဟာဓာတ် ပရမတ်ကိုသာ သြကာသဆိုသည်။
ဤကား - ပရမတ္ထသစ္စသဘောနှင့် ပြောပြသော ဩကာသတည်း။
သမုတိသစ္စသဘောက --
တတ္ထ ဣန္ဒြိယဗဒ္ဓါနံခန္ဓာနံ သမူဟော သန္တာနောစ သတ္တလောကော၊ အနိန္ဒြိယဗဒ္ဓါနံ ရူပါဒီနံသမူဟော သန္တာနောစ သြကာသ လောကော၊ ဥဘယေပိ ခန္ဓာ သင်္ခါရလောကော၊
မဟာဋီကာ လာသောအရ အနိန္ဒိယ ဗဒ္ဓဖြစ်သော စကြာဝဠာ မဟာပထဝီ တိုင်းပြည်, မြို့ရွာ စသည်ကို ဩကာသလောက ဆိုသည်။
ထို့ကြောင့် -
လောကိယ မဟာဇနေဟိ သမ္မတော သဗ္ဗော ဩကာသလောကော ရိတ္တော တုစ္ဆော သုညောတိ ပညာယတိ။
လောကိယမဟာဇနေဟိ၊ လောကီလူများတို့သည်။
သမ္မတော၊ ထင်ရှားရှိသည်ဟု သမုတ်အပ်သော။
သဗ္ဗော၊ အလုံးစုံသော။
သြကာသလောကော၊ စကြာဝဠာ မဟာပထဝီ တိုင်းပြည်မြို့ရွာ အစရှိသော သမုတိသစ္စ ဩကာသလောကသည်။
ရိတ္တော ၊ကွယ်ပျောက်၏။
တုစ္ဆော၊ အချည်းနှီးဖြစ်၏။
သုညော၊ ဆိတ်၏။
ဣတိ၊ ဤသို့။
ပညာယတိ၊ ထင်၏။
(ဤကား ဩကာသလောက သဲလွန်စကို ပြချက်ပြီး၏။)
ဤလောကသုံးဖြာကို ဥပမာတင်၍ မြင်သာအောင် ပြမည်။
(ဥပမာကား) ဤလောကသုံးပါးသည် တိုင်းပြည် မြို့ရွာမှာ သစ်သား အပေါင်းကိုသာ အိမ် ကျောင်း, နန်းတော် ခေါ်သည်နှင့် တူ၏။
ဥပမာ ဥပမေယျ ဟပ်၍ပြသော်ကား
ဩကာသ လောကသည် လူနေအိမ်ခြေ တည်နေရာ မြို့ရွာ တိုင်းပြည်နှင့်တူ၏။
သင်္ခါရ လောကသည် သစ်သားတွေနှင့် တူ၏။
သတ္တလောကသည် ထိုသစ်သား အပေါင်း၏ အမူအရာထူးမျှကိုသာ အိမ်, ကျောင်း, နန်းတော် ခေါ်သည်နှင့် တူ၏။
တနည်းကား --
ဤလောကသုံးပါးသည် ကောင်းကင်မှာ တိမ်ရုပ်နှင့် တူ၏။
တူဟန်ကား။ ထက်ကောင်းကင်ဗွေ ထိုတိမ်တွေသည် တမြူဏုနှင့် တမြူဏု၊ တခုနှင့် တခု၊ တစုနှင့်တစုမှာ လွန့်ထက်လွန်စွာ ကွာခြားလျက် ရှိငြားသော်လည်း ကြည့်သောသူ၏ မျက်စိမှာမူ လူကဲ့သို့၎င်း၊ ဆင်, မြင်း ကျွဲနွား စသည်များကဲ့သို့၎င်း ပေါင်းစပ်၍သာ စိတ်သညာတွင် ကြောင်ကြောင်ကြီး မြင်၏။
ပညာမြင် အနေမှာ ထက်ကောင်းကင်ဗွေ ထိုတိမ်တွေသည် တဖြန့်တခြား ကျွဲနွား မဟုတ်၊ အရုပ်မရှိ ပကတိအမျိုးမျိုး ဓာတ်ခိုးအလျှံ သဏ္ဌာန်မရှိ သဘာ၀ မြည့်မြည့်ကို သိမြင်လေ၏။
ဥပမာ ဥပမေယျဟပ်၍ပြသော်ကား
သြကာသ လောကသည် လဟာထီးထီး ကောင်းကင်ကြီးနှင့် တူ၏၊
ရုပ်နာမ်အနိစ္စ သင်္ခါရလောကသည် သဘောအမျိုးမျိုး ခိုးငွေ့ရှိန်ထ တိမ်တွေနှင့် တူလှ၏။
ပညတ်သဘောမျှ သတ္တလောကသည် ထင်လွဲစွဲမှား ဆင်, မြင်း ကျွဲ နွား, စသော အားဖြင့် တိမ်ရုပ်နှင့်မခြား တသားတည်းဟူ၏။
ဤလောကသုံးဖြာကို ဝါစာသိလိဋ္ဌ နှုတ်ရ လွယ်စေခြင်းငှာ လင်္ကာနှင့် ပြမည်။
(၁) အမှန်လေးပါး၊ တရားကိုရှာ၊ များဗိုလ်ပါတို့၊ ငါငါ, ငါ့ကိုယ်၊ မဆိုစသာ၊ ဤခန္ဓာကို၊ တဏှာဒိဋ္ဌိ၊ မာနငြိ၍၊ ဟုတ်လိနိုးနိုး၊ အားမကိုးလင့်၊ ကြောင်းကျိုးအစဉ်၊ ဝိညာဏ်နာမ်ရုပ်၊ ဖြစ်ချုပ်မပြတ်၊ ဥပါဒ် ဌီ ဘင်၊ အစဉ်အလာ၊ သင်္ခါရာမှာ၊ ခန္ဓာမီးခိုး၊ တိမ်ရုပ်မျိုးထင်၊ မိုးကောင်းကင်မှာ၊ ခုဆင်,ခုမြင်း၊ ရွေ့ရွေ့ယွင်းလို့၊ ကြည့်တွင်းမမှန်၊ ဖောက်ပြန်တုံဘိ၊ ဤတိမ်တိုက်မှာ၊ လေလိုက်အိသို့၊ ခဏိကမျှ၊ အနိစ္စနှင့်၊ ဒုက္ခအစု၊ ပုပုရွရွ၊ အနတ္တသာ၊ သဘာဝါကို၊ ခန္ဓာသမုတ်၊ နာမ်ရုပ်နှစ်ဖြာ၊ သစ္စာဒုက္ခ၊ သဘာဝဓာတ်၊ ပရမတ်မှာ၊ သတ္တဝါနှင့်၊ ကိုယ်, ငါမစပ်၊ အိပ်မက် အပ်သည့်၊ တံလျှပ် သဘွယ်၊ အနည်းငယ်မျှ၊ ဓုဝသုဘ၊ သုခတ္တစင်၊ ပညာမြင်မှာ၊ ရှာလျှင်မရ၊ အနိစ္စ၏၊ လက္ခဏ,ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်မျှ ဓာတ်မှန်ကျ၍၊ ပရ ရိတ္တ၊ ဓမ္မထုံးစံ၊ ပစ္စုပ္ပန်နှင့်၊ တိတ် နာဂတံ၊ မကျန်အလုံး၊ အနတ္တ၏ဓမ္မနှုန်း၊ ဆုံးသဘောကျ၊ သုံးလောကကုန်၊ လုံးစုံသဗ္ဗ၊ သင်္ခတာသင်္ခတ၊ သဘာဝ သည်၊ တုစ္ဆမျှချည်း၊ သုညတည်း။
(၂) တုစ္ဆ,သုည၊ ဘုရာ့စကား၊ မြဟ်တရားကို၊ နားမဝင်ဘဲ၊ မသိလျှင်သူပုန်၊ မယုံလျှင်ရန်သူ၊ အတူလိုနေ မဂ်ဖိုလ်မွေကို၊ မရလေကြ၊ ဒုက္ခအတိ၊ မုချသိလော၊ သဘောထုတ်ပြ၊ ပုဗ္ဗကောဋိ၊ နနာယတိ၊ စရှိသွယ်သွယ်၊ အဓိပ္ပါယ်ကား၊ ဘုရားအစစ်၊ ဖြစ်သည့်နေ့မှ၊ အနိစ္စ တည်ရာ၊ ဤလဟာကို၊ ခါခါရှုမျှော်၊ ရွှေဉာဏ်တော်ကြည့်၊ ခုထက်ထိအား၊ သွားတုန်း လိုက်တုန်း၊ မဆုံးသည်သာ၊ သြကာသာ,က၊ လဟာဟင်းလင်း၊ မဆုံးခြင်းမှာ၊ ယင်း နှစ်ဖြာလုံး၊ နိဂုံးမကျ၊ ဆုံးမရသည်၊ လောကတည်ခြင်း၊ ဟာ ဟင်းလင်း။
(၃) ဟင်းလင်းမဆုံး နိဂုံးမသတ်၊ ခပ်သိမ်းရပ်၌၊ ပရမတ်ရောင်၊ တပြောင်ပြောင်နှင့်၊ ကြောင်ကြောင် သဘော၊ သဗ္ဗတောပဘံ၊ ရုပ်နာမ်ဓမ္မ၊ အနိစ္စကို၊ လောက ဆို၏။ ထိုအနိစ္စ၊ ဒုက္ခသဘော၊ လောကအပေါင်း၊ ပြုပြင်ကြောင်းကား၊ ဆဲ့နှစ်ပါးတည်း၊ ပစ္စည်းများမြတ်၊ သမုပ္ပါဒ်နည်း၊ နှစ်ဆဲ့လေးပစ္စည်း၊ ပဋ္ဌာန်းနည်းဟု၊ သမုဒယ၊ သင်္ခတက၊ သြကာသပြည့်၊ တင်းကြမ်းရှိသည်၊ သိကြအကြောင်း ပစ္စည်းပေါင်း။
(၄) ပစ္စည်းအပေါင်း၊ အကြောင်းရှိက၊ သင်္ခါရမျိုး အကျိုးမျှသာ၊ စကြာဝဠာပေါင်း၊ တသောင်းဇာတိ၊ နှံ့ဘိအာဏာ၊ ကုဋေမှာသိန်း၊ တွက်ကိန်း ဖြာဖြာ၊ ရှစ်မျက်နှာလုံး၊ မဆုံးဝိသယ၊ အနန္တသာ၊ ဆက်ခါဆက်ခါ၊ စကြာဝဠာတွေ၊ အာကာဗွေမှာ၊ လေတမ်း ခွန်များ၊ တိမ်တွေလားသို့၊ မခြားမြင်ကြ၊ သင်္ခါရနှုန်း၊ အကုန်လုံးကို၊ သိမ်းကျုံး၍ပြ၊ သတ္တုချလျှင်၊ ဥပါဒ်, ဘင်ကျ၊ အနိစ္စဧကန်၊ ဒုက္ခမှန်ကို၊ ရုပ်နာမ်ပြောရ၊ သင်္ခါရ လောက၊ သဘောမျှသည်၊ တုစ္ဆ အလုံး၊ သုညနှုန်း။
(၅) နှုန်းသဘာဝ၊ အနတ္တကို၊ ရုပ်နာမ်ဆို၏။ ပုဂ္ဂိုလ်မရ၊ အနိစ္စဓာတ်၊ ပရမတ်မှာ၊ သတ္တဝါပို၊ ငါ့ဟာဆို ပိုပေါ်ပို၏။ အဆိုအစွဲ၊ လွဲထက်လွဲကြ၊ ထဲကမှာမူ၊ သူငါ ကစ၊ နမွဲမ, အလွဲကသို့၊ ထိုမှတန်၊ လွဲကြသည့်ဟန်၊ ပုံတတန်မှာ၊ တရားခံလဲ၊ မရှိဘဲကို၊ မှုစွဲဆို ထိုတရားလိုမ၊ ဆ,ခမြာနော်၊ မလှပေါ်၍၊ အလျော်မရ၊ ဆိုသော်ကျ၏။ လောကအရှိ၊ သမုတိသာ၊ အရာရာမှာ၊ တဏှာအငတ်၊ အာသာဓာတ်က၊ လူနတ် စည်းစိမ်၊ အကြိမ်ကြိမ်ကို၊ တင်းတိမ်မရှိ၊ ဝိညာဏ်သိက၊ ဒိဋ္ဌိအလို၊ အမှားပို၍၊ တရားလိုမ၊ ဆိုရာကျသည်၊ မှတ်ကြအလုံး၊ သတ္တနှုန်း။
(၆) သတ္တနှုန်းမှ၊ အသုံးကျသည်၊ အနိစ္စဓာတ်၊ ပရမတ်နှင့်၊ ပညတ်အရှိ၊ သမုတိသာ၊ အရာရာပင်၊ ပညာမြင်နှင့်၊ ဝိညာဏ်သိမှု၊ ဤနှစ်ခုတွင်၊ ဝိညာဏ်မြင်ပုံ၊ နွားမ, မြုံသား၊ နွားငယ်အားဖြင့်၊ နိမ့်မြင့် ဆူကြုံ၊ ငြင်းခုံအလား၊ ပုံမခြားပ၊ အများသူငါ၊ ဓမ္မတာစွဲ၊ ငရဲကြီးလှ၊ ကုသိုလ်ရဟု၊ ပြုကြ ရှောင်ကြဉ်၊ ဝိညာဏ် မြင်သိ၊ သမုတိက၊ စရဏသာ၊ မှတ်ကြရာလော၊ သဘောဝိဇ္ဇာ၊ အရိယာ၏၊ သစ္စာမနော၊ ပညာဇောမှာ၊ သတ္တောကာသ၊ သင်္ခါရမှ၊ လောကဝေါဟာ၊ ပညတ်သာလျက်၊ ဖြစ်နှင့်ပျက်လမ်း၊ ပဋ္ဌာန်းနယ၊ ပဋိစ္စဓာတ်၊ သမုပ္ပါဒ်မှာ၊ အဗျာပါရ၊ ဧကတ္တနှင့်၊ နာနတ္တနည်း၊ ဧဝံနည်းသာ၊ ဓမ္မတာဟု၊ ပြုခါစင်စင်၊ ပညာမြင်မှ၊ ကြည်လင်လှသည်၊ မြင်ကြ အများ မှန်အမှား။
(၇) အမှန်အမှား၊ ဤနှစ်ပါးတွင်၊ ဒိဋ္ဌိယှဉ်က၊ အမြင်မိစ္ဆာ၊ ဘုံသုံးရွာမှာ၊ သူငါတို့အား၊ အထင်မှား၍၊ ငါးပါးခန္ဓာ၊ သဘာဝါကို၊ တဏှာသုံးသွယ်၊ ဆဲ့ရှစ်တွယ်၍၊ သုံးဆယ့်ခြောက်က၊ ရာရှစ်ကျအောင်၊ တဏှာနှောင်တဲ့၊ သုံးဆယ့်တဆောင်၊ ဘုံပြောင်ပြောင်မှာ၊ လောင်စာညီးညီး၊ ကမ္ဘာမီးသို့၊ တနည်းများမြောင်၊ တထောင့် ငါးရာ၊ တဏှာပါ၍၊ သုံးဖြာဒွါရ၊ ပြသမျှက၊ သမုဒယ၊ ဒုက္ခသစ္စာ၊ ဤအရာမှာ၊ နှစ်ဖြာ ရုပ်နာမ်၊ ဟုတ်မှန်လိမ္မာ၊ ပရိညာတွင်၊ မဂ္ဂင်ပြောရ၊ နိရောဓသည်၊ သစ္စအပြား၊ မှန်လေးပါး။
ယသ္မာဧကော ပုရိသော ဧကာယအင်္ဂုလိယာ သမုဒ္ဒေါဒကံ ဂဟေတွာ မဟာဇနဿမုခေ ပက္ခိပိတွာစတူသု မဟာသမုဒ္ဒေသု ဥဒကဿလောဏ ဘာဝံ သညာပေန္တောဝိယ။
ယသ္ခာ၊ အကြင်ကြောင့်။
ဧကော၊ တယောက်သော။
ပုရိသော၊ ယောက်ျားသည်။
ဧကာယ၊ တချောင်းသော။
အင်္ဂုလိယာ၊ လက်ညှိုးဖြင့်။
သမုဒ္ဒေါဒကံ၊ သမုဒ္ဒရာရေကို။
ဂဟေတွာ၊ ယူ၍။
မဟာဇနဿ၊ လူများအပေါင်း၏။
မုခေ၊ ခံတွင်း၌။
ပက္ခိပိတွာ၊ ထည့်၍။
စတူသု၊ လေးစင်းကုန်သော။
မဟာသမုဒ္ဒေသု၊ မဟာသမုဒ္ဒရာတို့၌။
ဥဒကဿ၊ ရေ၏။
လောဏဘာဝံ၊ ငံသည်၏ အဖြစ်ကို။
သညာပေန္တောဝိယ၊ သိစေသောသူကဲ့သို့တည်း။
နေရုသမံ ပရမတ္ထ၊ ဋီကာဒိံ သုဋ္ဌုပီဠိယ။
မေဒိနိမသိယာလိချံ၊ ပဿေသ သင်္ကနိစ္ဆယံ။
နေရုသမံ၊ နေရုမည်သီး ရွှေတောင်ကြီး မခြား အလားတူထသော။
ပရမတ္ထဋီကာဒိံ၊ ပရမတ္ထဒီပနီ ဋီကာကြီး အစရှိသောကျမ်းကို။
သုဋ္ဌု၊ ကောင်းစွာ။
ပီဠိယ၊ ညှစ်ယူ၍။
မေဒိနိမသိယာ၊ တောင်ဆီမှင်ဆေးဖြင့်။
လိချံ၊ ရေးသားစီရင်အပ်သော။
သသင်္ကနိစ္ဆယံ၊ လ,ဝန်း ငွေရိပ် သကြားနှိပ်သည့် ယုန်ရေးတံဆိပ်နှင့် တူသော လောကသုံးရပ် အဆုံးအဖြတ်ကို။
ပဿေ၊ ရှုရာ၏။
တောင်ဆီမှင်ဆေးဖြင့် ရေးပြအပ်သော လဝန်းငွေရိပ် သိကြားနှိပ်သည့် ယုန်ရေး တံဆိပ်နှင့် တူသော ဝဋ်နခမ်းသတ် “သုံးလောကဒီပနီ” ဤ ကျမ်းမြတ်ကို ကျက်မှတ် သိမြောက် နိဗ္ဗာန်မှောက်သို့ ခုဘဝ နောက်ဘဝ ရောက်ကြပါစေကုန်သတည်း။
သုံးလောက ဒီပနီကျမ်း ပြီး၏။ကြောင်ပန်းတောရ ဆရာတော်
ရေးသားစီရင်အပ်သော
ရတနာ ဒီပနီကျမ်း
▬▬▬▬▬▬
ကျေးဇူးရှင် ကြောင်ပန်း ဆရာတော်ဘုရားကြီထံ လျှောက်လွှာ။
မုံရွာဒိစတြိတ် ဘုတလင်အုပ်စုပါ ကြည်းပင်ချောင်းရွာ၊ ဒါယကာ-ငပြူး၊ ဒါယိယာမ-မိဒါလီတို့က ရိုသေစွာ လျှောက်ဝံ့ပါသည်ဘုရား။
ပုထုဇ္ဇနောတိဧတ္ထ၊ ဒုဝေပုထုဇ္ဇနာဝုတ္တာ၊ ဗုဒ္ဓေနာ ဒိစ္စဗန္ဓုနာ၊ အန္ဓော ပုထုဇ္ဇနော ဧကော၊ ကလျာဏေကော ပုထုဇ္ဇနော၊ တတ္ထဟိယဿခန္ဓဓာတု အာယတနာဒီသု ဥဂ္ဂဟ ပရိပစ္ဆာ သဝန ဓာရဏ ပစ္စဝေက္ခဏာနိ နတ္ထိ၊ အယံအန္ဓပုထုဇ္ဇနော၊ ယဿတာနိအတ္ထိ၊ သောကလျာဏ ပုထုဇ္ဇနော။
အနက်ကား --
ပုထုဇ္ဇနောတိဧတ္ထ၊ ပုထုဇ္ဇနော ဟူသောပုဒ်၌။
အန္ဓော၊ အဝိဇ္ဇာအားဖြင့် ဉာဏ်အမြင်ကာဏ်းသော။
ပုထုဇ္ဇနော၊ ပုထုဇ္ဇန် ပုဂ္ဂိုလ်သည်။
ဧကော၊ တယောက်။
ကလျာဏော၊ သုတမယဉာဏ်ရှိသဖြင့် ကောင်းသော အကျင့်ရှိသော။
ပုထုဇ္ဇနော၊ ပုထုဇ္ဇန် ပုဂ္ဂိုလ်သည်။
ဧကော၊ တယောက်။
ဣတိ၊ ဤသို့။
အာဒိစ္စဗန္ဓုနာ၊ နေမင်း၏ အဆွေဖြစ်တော်မူသော။
ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
ပုထုဇ္ဇနာ၊ ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့ကို။
ဒုဝေ၊ နှစ်ပါးတို့ဟူ၍။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။
ဟိဝိတ္ထာရေမိ၊ ချဲ့၍ ဆိုဦးအံ့။
တတ္ထ၊ ထိုနှစ်ပါးသော ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့တွင်။
ယဿ၊ အကြင် ပုထုဇ္ဇန်ပုဂ္ဂိုလ်အား။
ခန္ဓဓာတု အာယတနာဒီသု၊ ခန္ဓာ အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ် သတိပဋ္ဌာန် စသည်တို့၌။
ဥဂ္ဂဟ ပရိပုစ္ဆာ သဝန ဓာရဏ ပစ္စဝေက္ခဏာနိ၊ သင်ခြင်း မေးမြန်းခြင်း နာခြင်း မှတ်ဆောင်ခြင်း ဆင်ခြင်ခြင်းတို့သည်။
နတ္ထိသန္တိ၊ မရှိကုန်။
အယံ၊ ဤပုထုဇ္ဇန်ပုဂ္ဂိုလ်သည်။
အန္ဓပုထုဇ္ဇနော၊ အဝိဇ္ဇာအားဖြင့် ဉာဏ်အမြင်ကာဏ်းသော အန္ဓပုထုဇ္ဇန်ပုဂ္ဂိုလ် မည်၏။
ယဿ၊ အကြင် ပုထုဇ္ဇန်ပုဂ္ဂိုလ်အား။
တာနိ၊ ထိုခန္ဓာ အာယတန, ဓါတ်, သစ္စာ စသည်တို့၌ သင်ခြင်း၊ မေးမြန်းခြင်း၊ နာခြင်း၊ မှတ်ဆောင်ခြင်း ဆင်ခြင်ခြင်းတို့သည်။
အတ္ထိသန္တိ၊ ရှိကုန်၏။
သော၊ ထို ပုထုဇ္ဇန်ပုဂ္ဂိုလ်သည်။
ကလျာဏ ပုထုဇ္ဇနော၊ ကောင်းသော ပဋိပတ် အကျင့်ရှိသော ကလျာဏပုထုဇ္ဇန် ပုဂ္ဂိုလ်မည်၏။
ဤသို့ အဋ္ဌကထာဋီကာ လာရှိသည်နှင့် ညီစွာ တပည့်တော် - တပည့်တော်မတို့ကို အစဖြာ၍ ဒါယကာ,ဒါယိကာမ အပေါင်းတို့သည် ကလျာဏပုထုဇ္ဇန် အဖြစ်သို့ ရောက်နှိုင်ကြစေ၊ မေတ္တာစွေ၍ ငါးထွေခန္ဓာ နှစ်ဖြာနာမ်ရုပ် သမုဒ်ပမာ သံသရာမှာ ခြာခြာပတ်ရစ် မြုတ်ခါ နှစ်သော တပည့်တော်တို့အား သနားသဖြင့် ဖွင့်လှစ် သေချာ တဏှာ ဒိဋ္ဌိ မာန်တြိကို မိမိရရ ဖြတ်နိုင်ကြအောင် ဆုံးမစေရာ စေတနာဖြင့် ဆယ်ဖြာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးတောင်းပန်ပါ၏ အရှင်ဘုရား။
ကြည်းပင်ချောင်းရွာ ဒါယကာ ပွဲစားကြီး မောင်ပြူးနှင့် ဒါယိကာမ, ပွဲကတော်-မယ်ဒါလီတို့က ချိုပျော့သာယာ မရှောင်သာအောင် တညောင် ငြာငြာ အပါးကိုလာ တစာစာနှင့် အခါခါတောင်းပန်ကြ၍ သမုဒ္ဒရာပြင်ကျယ် ရေပင်လယ်မှာ သွယ်သွယ် ရတနာ များလှစွာကို လွယ်ခါမနှေး လူတွေ ဋ္ဌေးအောင် ယူပေးသည့်ပမာ ဘုရားရတနာ, တရားရတနာ, သံဃာရတနာတို့ကို ဓမ္မက္ခန္ဓာ ဒေသနာမှ ဖွေရှာယူညှစ် သဘောနှစ်ကို စီစစ်ပြီးခါ “ရတနာဒီပနီ” မည်သညာနှင့် စီစဉ်ခါ ရေးပေအံ့သတည်း။
.
နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။
ရတနာ ဒီပနီကျမ်း
▬▬▬▬▬▬
ယံ ကိဉ္စိဝိတ္တံ ဣဓဝါ ဟုရံဝါ၊ သဂ္ဂေသုဝါ ယံရတနံ ပဏီတံ နနောသမံ အတ္ထိတထာဂတေန၊ ဓမ္မိဗုဒ္ဓေ ရတနံပဏီတံ။
(ဓမ္မေ၊ သံဃေ၊ ထို့အတူ။ )
ဣဓဝါ၊ ဤလူ့ပြည်၌၎င်း။
ဟုရံဝါ၊ နဂါး,ဂဠုန်အစ ရှိသည်တို့၏ ပြည်၌၎င်း။
သဂ္ဂေသုဝါ၊ နတ်ပြည်တို့၌၎င်း။
ယံ ကိဉ္စိ၊ အလုံးစုံသော။
ဝိတ္တံ၊ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော။
ယံရတနံ၊ အကြင်ရတနာသည်။
အတ္ထိ၊ ရှိ၏၊
တထာဂတေန၊ မြတ်စွာဘုရားနှင့်။
သမံ၊ တူသော။
နံ၊ ထိုရတနာသည်။
နောအတ္ထိ၊ မရှိ။
ဗုဒ္ဓေ၊ မြတ်စွာဘုရား၏။
ဣဓမ္မိရတနံ၊ ဤရတနာ၏အဖြစ်သည်လည်း။
ပဏီတံ၊ မြတ်၏။
လိုရင်းသဘောကျ - ဤလောကမှာ ဘုရားရတနာ တရားရတနာ သံဃာရတနာမြတ် နှင့်တူ၍ မြတ်သော ရတနာမရှိ။ ထိုရတနာ မြတ်သုံးပါးကို သတ္တဝါတို့အား သိ ထင်ရှားအောင် ဟောကြားပြသ ဆုံးမသြဝါဒ ပေးသနားတော် မူလိုလှ၍ လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ တဆဲ့ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း၊ သင်္ချေနှစ်ဆယ် ကမ္ဘာတသိန်း ရှာမှရအပ်သော ဘုရား တရား, သံဃာ, ရတနာမြတ်သုံးပါးကိုသာ လေးဆဲ့ငါးဝါ ကာလပတ်လုံး ကောင်းကင် မြစ်ကြီး ယိုစီးဘိသကဲ့သို့ ဟောတော်မူသည်။ ထိုရတနာ မြတ်သုံးပါးတို့တွင် ဘုရားရတနာ ဆိုသည်မှာ။
သကတ်ဘုရား။
ဒြပ်ဘုရား။
ရုပ်ဘုရား။
နာမ်ဘုရား တို့တွင်...
သကတ်ဘုရား ဆိုသည်မှာ.... အရဟတာ အစလာသော ကိုးဖြာဥစ္ဆောင်း၊ ဂုဏ်တော်ပေါင်းကို ဆိုသည်။
နာမ်ဘုရား ဆိုသည်မှာ... ရွှေဉာဏ်တော်မြတ်ကြီးကိုဆိုသည်။
ဒြပ်ဘုရား, ရုပ်ဘုရား ဆိုသည်မှာ မြတ်စွာဘုရား၏ ရူပကာယ ပုံဟန် သဏ္ဌာန်တော် မြတ်ကြီးကို ဆိုသည်။
ထို ခန္ဓာပဉ္စက သဘာဝတရား မြတ်စွာဘုရားကို ဆွမ်းတော်, ရေချမ်းတော်, ပန်းတော် ဆီမီး စသည်ဖြင့် လှူဒါန်းပူဇော် ဖူးမျှော်ကြသောအခါ မြတ်စွာဘုရား၏ ကိုယ်တော်စား,ကိုယ်တော်ပွား ကိုယ်တော်နှင့် မခြားသော ရုပ်ရှင်တော်ဘုရား၊ ရုပ် ပွားတော်၊ ဆင်းထုတော်မြတ်ကို၊ လှူဒါန်းပူဇော် ဖူးမျှော်ကြသောအခါ၊ (ဥပမာကား) မှန်ကြည့်သော သူများနှင့် အလားတူ၏။
တူပုံက --
မှန်ကြည့်သောသူမှာ မှန်ရိပ်ကိုသာ ကြည့်သည်။ မှန်ကိုမကြည့်ဟု သိရာ၏။ အဘယ့်ကြောင့်နည်း၊ မှန်ကိုကြည့်သောအခါ၊ သည်အနားက ဆံချည်ကြောင်း ကွဲကြောင်း, စသည်ဟု ဂရုပြု၍ ကြည့်သောအခါ မှန်ရိပ်ကိုမမြင်ရ၊ မှန်ကိုသာ မြင်ရသည်။ မှန်ရိပ်ကို ဂရုပြ၌ ကြည့်သောအခါ မှန်သား မှန်ပြင်ကိုပင် မမြင်ရ၊ မှန်ရိပ်ကိုသာ ထင်ရှားစွာ မြင်ကြရာ၏။
ထို့တူမခြား --
ကျောက်, ကြေး, အင်္ဂတေ၊ ငွေ သစ်သား, အစရှိသော ရုပ်ပွားတော်မြတ်ကို လှူကပ် ပူဇော် ဖူးမျှော် ကြသောအခါ ဘုရားစစ်ကိုသာ ဘုရားစစ်ကိုသာ လှူဒါန်းပူဇော် ဖူးမျှော်ကြသည်။ ကျောက်, ကြေး အင်္ဂတေ၊ သစ်သားကို မမြင်ကြ။ မဖူးကြ။
.
ဥပမာ ဥပမေယျ ဟပ်၍ပြသော်ကား
မှန်ပြင် မှန်သားနှင့် ကျောက်, ကြေး အင်္ဂတေ၊ ရွှေ ငွေ သစ်သား ကိုယ်တော်စား, ကိုယ်တော်ပွား၊ ကိုယ်တော်နှင့် မခြားသော ရုပ်ရှင်တော်ဘုရားရုပ်ပွား တူလှ၏။
မှန်ရိပ်နှင့်ကား ဂေါတမမြတ်စွာ ဘုရားစစ် ဘုရားနှစ်ကြီးနှင့် တူလှ၏။
မှန်ကြည့်သော သူနှင့်ကား ဆွမ်းတော်, ပန်းတော်, ရေချမ်းတော်, မီးပူဇော်ကြ, ဖူးမျှော်ကြသော ရဟန်းရှင်လူ ခပ်သိမ်းသူတို့နှင့် တူလှ၏။
ထို ပြဆိုအပ်ခဲ့ပြီးသော ဘုရား, တရား, သံဃာ, ရတနာ မြတ်သုံးပါးဟူသည်ကား သမုတိသစ္စာအလိုမှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာအားဖြင့် သုံးပါး ရှိ၏။ ဟုတ်၏။ မှန်၏။
ပရမတ်သစ္စာ အလိုအားဖြင့်ကား ဘုရားရတနာ ဆိုသည်မှာ တရားတော် ရတနာ မြတ်ကြီး၏ စုဝေးရာ၊တည်ရာကိုသာလျှင် ဘုရား ရတနာဟု ဆိုသည်။ ခေါ်သည်။
ထို မြတ်စွာဘုရား၏ ဆုံးမသြဝါဒ ပေးတော်မူသမျှ သီလ, သမာ, ပညာအားဖြင့် ကောင်းမြတ်ဖြောင့်စင်း သင့်မြတ် ရိုသေအပ် စသည် ဥဿုံ ကိုးပါးဂုဏ်တို့နှင့် ပြည့်စုံတော်မူသည်ကိုသာ သံဃာတော်ဟုဆိုသည်။ ခေါ်သည်။
.
ဤအရာမှာ ဘုရားသံဃာကို ပယ်ရတော့မှာလား ဟူငြားအံ့။
မပယ်ရ၊ မပယ်ပုံက မြတ်စွာဘုရားကြီးသည် ဓာတ်ဖြူဓာတ်စင် ဓာတ်ကြည်လင်, ဓာတ်ဘုရင် တရားခဲကြီးပင်တည်း။ သံဃာတော်မြတ်များ ဆိုသည်ကား၊ တရားတော်မြတ်ခဲကြီးတွေချည်းတည်း။
ထို့ကြောင့် မဟုတ်လော-
ဓမ္မေဟိ သောဘိက္ခဝေ၊ ဘိက္ခုနပဿတိ။
ဓမ္မံ အပဿန္တော၊ မံ နပဿတိ။
ဓမ္မေဟိ သောဘိက္ခဝေ၊ ဘိက္ခုပဿတိ။
ဓမ္မံ ပဿန္တော၊ မံ ပဿတိ။
(ဣတိဝုတ် ပါဠိတော်)
ဟိ၊ ထို ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲကိုင်၍ ဖဝါးခြေထပ် မပြတ်စဉ်စိုက် လိုက်ပါလျက် ငါဘုရားနှင့် စကြာဝဠာတပါး ခြားသည်ပမာဏ ဝေးကွာလှ၏ ဟု ဆိုသော စကားသည် မှန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သောဘိက္ခု ၊ ထိုရဟန်းသည်။
ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။
နပဿတိ၊ မသိမြင်။
ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။
အပဿန္တော၊ မသိမြင်သောရဟန်းသည်။
မံ၊ ငါဘုရားကို။
နပဿတိ၊ မဖူးမြင်ရ။
ဟိ၊ ထိုငါဘုရားနှင့် စကြာဝဠာတပါး ကွာခြား၍ နေငြားသော်လည်း ငါဘုရား၏ ဒူးတော်ကို ဖက်၍ နေသည်နှင့်တူ၏ဟု ဆိုသော စကားသည် မှန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။
ပဿတိ၊ သိမြင်၏။
ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။
ပဿန္တော၊ သိမြင်သော ရဟန်းသည်။
မံ၊ ငါဘုရားကို။
ပဿတိ၊ ဖူးမြင်ရ၏။
လိုရင်းက --
ရုပ်နာမ်သဘာဝ အနိစ္စဓာတ် ပရမတ်သစ္စာ သိသောသူ ဟူသမျှမှာ ဤသာသနာတွင် ဘုရားရှင်၏ ရွှေရင်တော်နှစ် သားတော်စစ်ကြီး သ္မီးတော်စစ်တွေ ဖြစ်ပေသည်နှင့် လျော်ညီစွာ ရှင်သာရိပုတ္တရာ, ရှင်မဟာမောဂ္ဂလာန် အစရှိသော အရိယာများနှင့် တကွ ဘုရားရှင်ကို ဖူးမြင်ရသည် မည်ကြပေ၏။
ယခု ဂေါတမတဆူသာ မကပေ။ ဂင်္ဂါဝါဠု သဲစုအမျှ ပွင့်တော်မူကြသော ဘုရားရှင် တို့ကိုလည်း ဖူးမြင်ရသည် မည်ကြပေ၏။ (ဥပမာကား) ဤဇမ္ဗူဒီပါ ကျွန်းမြေပြင်မှာ ရှိကြသောသူ ဟူသမျှတို့သည် မျက်နှာချင်းကို ရွှေလမင်းတွင် အမြင်အာရုံ ဆုံသည့် ပမာဏ၊ သတ္တလောက တည်ထောင်သည်မှ စ၍ဆင့်ဆင့် ပွင့်ပွင့်သမျှသော ဘုရားရှင်တို့နှင့်တကွ သာဝကတို့မှာ သစ္စာလေးရပ် ပရမတ်အာရုံ ဆုံကြပေသည်။
ဤ ပညိန္ဒြေအရာ အရိယသစ္စာ သာသနာတွင် ပုထုဇ္ဇန်မှာ မိမိမျက်စိကိုပင် မိမိ မမြင်သကဲ့သို့ နေကြ၏။ မှန်နှင့် ကြည့်လျှင် သိမြင်ပါ၏ ဆိုရာရှိလည်း မျက်စိ မရှိသောသူမှာ မှန်ချပ်တရာ ရှေ့ဝဲယာ ကာပါသော်လျှင် မမြင်ရသို့။ ထို့တူပမာဏ ထာဝရ ထာဝစဉ် မိမိတို့ပင် ကိုထင်၍ ကိုယ်လုပ်၍နေကြသော ဒုက္ခသစ္စာ သာသနာ သမ္မာဒိဋ္ဌိ တရားရှိ သိမြင်လျှင် ဘုရားရှင် ဂုဏ်ရောင်ထူးကို ပညာမြင် ပြောင်ပြောင်နှင့် ကြောင်ကြောင်ကြီး သဘာဝ ထူးသမျှ စူးရှ၍ ဖူးကြရပေသည်။ ဖူးရ ဆိုသည်မှာ ပရမတ်ထူးမြတ်ကို ပရမတ်ထူး လပ်က ယူဟပ်မှုမျှ အာရုံ အာရမ္မဏိက သဘာဝခြင်း သဘာဝ ပေါင်းဆုံမှုမျှ သဘာဝကို ဖူးရဆိုသည်။
.
သံဃာတော် ဆိုသည်မှာ ဥပမာကား။
ချစ်လှစွာသော အဘ, သေ၍ သွားသည်ကို လွန်မင်းစွာ လွမ်းတ၍နေတုန်း အခါကို တရာလောက် ငါးဆယ်လောက် ဧည့်သည်တွေ ရောက်လာသောအခါ တွေ့မြင် ရာမှာ ဘယ်မြို့ ဘယ်ရွာကဟု မသိသော ဧည့်သည်တွေထဲမှာ တယောက်သော ဧည့်သည်သည် သေသော အဘ၏ ရုပ်သွင်နှင့် အင်မတန် တူသည်ကိုမြင်ရလျှင် ထိုအဘနှင့် တူသော ဧည့်သည်ကိုပင် ကြည်ရွှင်သော မျက်နှာမျက်စိနှင့် ကြည့်၍မဝ ရှု၍မဝ သဒ္ဓါလှ၍၊ ရော့-စားပါအုံး ရွှင်ပြုံးကာ ပေးသောအခါ ထို ဧည့်သည်ကြီးက လက်ကိုတန်း၍ လှမ်းလိုက်သည်တွင် ဧည့်သည်ကိုလည်း မြင်၏။ ဧည့်သည်ကြီး လက်ကိုလည်း မြင်၏။ သို့သော်လည်း ပေးလိုက်သော ဝတ္ထုမှာ သေသော အဘ ကိုသာ ပေးရက်နေသည်။ ပေးရာကျသည်။ ပေးလိုက်သည်။ သတိထားကြ။
.
ဥပမာ ဥပမေယျ ဟပ်၍ ပြသော်ကား
ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန် စသော အရိယာ သံဃာတော်မြတ်များက သေသော အဘနှင့် မခြား တသားတည်း တူ၏။
ယခုကာလ သူငါကစ ပုထုဇ္ဇန် သံဃာတော်မြတ်တို့က ဧည့်သည်နှင့်မခြား အလား တူကြ၏။
ဤကဲ့သို့ တူလှသည်ကို သိရာ၏။ သိသာ၏ဟူလို။
သိပါ၏ ဆိုသော်လည်း သဘော ချိုတတ်သည်။ သတိမူလိုက်။
ဤအရာမှာ ဧည့်သည်ကြီးက ဖုံပျာထဲမှာ အနဲနဲ အမျိုးမျိုး ဂျွမ်းထိုး၍နေသော်လည်း ဧည့်သည်ကြီးကိုသာ ဖုံလူးသည်။ ပျာလူးသည်။ သေသောအဘမှာ ဖုံပျာမလူး။ အထူးသတိထား။
.
တရားဆိုသည်ကား။
သင်္ခတတရား
အသင်္ခတ တရား
စိတ်တရား စေတသိက် တရား
ရုပ်တရား
နိဗ္ဗာန် တရားတို့တွင် ...။
သင်္ခတဆိုသည်မှာ ပြုပြင်မှုကို ဆိုသည်။ အသင်္ခတ ဆိုသည်မှာ ပြုပြင်မှုကို မဆို။
(*မှတ်ချက်: မူရင်းစာသားတွင် အသင်္ခတသည်လည်း ပြုပြင်မှုကို ဆိုသည်ဟု ပါသဖြင့် အနက်အဓိပ္ပာယ်အရ ပြင်ဆင်ဖော်ပြသည်*)
ထင်ရှားစေဦးအံ့ --
ပညတ်မကပ် ပရမတ် ထီးထီး၊ အသီးဆတ်ဆတ် ပြောဟောအပ်သော သင်္ခတဓာတ် အသင်္ခတဓာတ် ပရမတ်ကိုပြမည်။ များစွာ သတိမူပါ။
ဝဲယာရှေ့နောက် ထက်အောက်ဖီလာ ဆယ်မျက်နှာ ဘယ်ဟာတစိမှ သက်သက်မရှိ၊ ဘိတ်မရှိသော ပကတိ ထီးထီး ဟင်းလင်းကြီး အဇဋာကဲ့သို့ ဟာလာကြီး ဟောလောကြီး အထိ အစမရှိ၊ အဆုံးမရှိ၊ ပကတိ ရှင်းရှင်း ဟင်းလင်းကြီးထဲမှာ သင်္ခတ ပရမတ်တရား အသင်္ခတပရမတ်တရား ထင်ရှားရှိနေပုံက၊ --
(ဥပမာန) မာတုဂါမ မွေးဖွားစ သူငယ်မကလေးမှာ ကြီးရင့်သောအခါ တယောက် နှစ်ယောက် တကျိပ်လောက် ပေါက်ဖွားလတ္တံ့သော သဘောတရား ထင်ရှား ပါရှိ၏။ သတိမူပါ။ ငါးဆယ်ကျော် ခြောက်ဆယ်တွင်း အိုမင်းသောအခါ ပေါက်ဖွားရာသော သဘာဝ ထုံးတမ်း ကုန်ခန်းသိမ်းယုတ် ငြိမ်းချုပ်သဘောကလည်း ထင်ရှားပါ၏။ သတိထား။
.
ဥပမာ ဥပမေယျ ဟပ်၍ ပြသော်ကား
အရွယ်ရောက်လျှင် ပေါက်ဖွားလတ္တံသော သဘောနှင့်ကား သင်္ခတဓာတ် ပရမတ်တရား တူသည်။
ရင့်ရော်အိုမင်း၍ ပေါက်ဖွားရာသော ဘောထုံးတမ်း ကုန်ခန်းသိမ်းယုတ် ငြိမ်းချုပ် သဘောနှင့်ကား အသင်္ခတဓာတ် မဟာနိဗ္ဗာန်မြတ် ပရမတ်တရားတူသည်။
ဤသို့ နက်နဲ ခက်ခဲသောအရာမှာ သတ္တဝါများ သိထင်ရှားအောင် ရေးသားပြောမြင် အင်မတန်ခက် သဘောနက်ဘိ ပညာရှိတို့ သိစေဘို့ရန် ဉာဏ်အချက်မို့ အမြင်ခက်အပြောခက် သဘောနက်လို့ လက်တို့သည်။
ဤ အချက်ကား - ဉာဏ်ရင့်ကြီးများ ဉာဏ်ကျက်စားပုံ ဉာဏ်ကုန်လွှတ်ဘွယ် ဉာဏ်ကြီးကျယ်တို့ စမ္ပာယ်ကွန့်မြူး ညဏ်အထူးရွှင် ဉာဏ်ကြည်လင်ခြင်း ဉာဏ် သန့်ရှင်း၍ ဉာဏ်ပွင့်လင်းရာ အကွက်ကို အချက်နှင့်တကွ သဲလွန်စ ပြလိုက် ပေသည်။ သတိမူကြ။
ထို သင်္ခတတရား၊ အသင်္ခတတရား, နှစ်ပါးတို့တွင် သင်္ခတတရား ဆိုသည်ကား - စိတ်တရား၊ စေတသိက်တရား၊ ရုပ်တရားကို သင်္ခတ ဆိုသည်။ ယခုအခါ ဝိပဿနာ အရာမှာ ခန္ဓာငါးပါး ရုပ်နာမ်တရားကိုသာ လိုရင်း ဖြစ်ပေသည်။
.
ခန္ဓာငါးပါး ဟူသည်ကား။
၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သညာက္ခန္ဓာ
၄။ သင်္ခါရက္ခန္ဓာ
၅။ ဝိညာဏက္ခန္ဓာ အားဖြင့် ငါးပါးတို့တွင် –
ရူပက္ခန္ဓာဆိုသည်မှာ ရုပ်တရားကို ဆိုသည်။ ရုပ်ဆိုသည်က (ဘူတ, ဟူပေ၊ မြေ, ရေ, လေ, မီး၊ ဓာတ်ကြီးလေးတန်၊ အမာခံ၍၊ အရံရုပ်သေး၊ နှစ်ဆဲ့လေးနှင့်၊ ပေါင်းထွေးမျှညီ၊ အဋ္ဌဝီသ၊ ရုပ်ကာယဟု) စသည်ဖြင့် “ ကျေးဇူးရှင်ကြီးဘုရား ရေးသားတော်မူသည်”။
လိုရင်းသဘောက
ပထဝီ, အာပေါ, တေဇော ဝါယော, ဟူသော မာ, ဖွဲ့, ပူ, အေး လှုပ်ရှားရေး၊ လေးသဘောကို ဘူတရုပ် ဆိုသည်။ ထို ဓာတ်ကြီး လေးပါးသည် အညီအမျှ သဘာဝ ဖြစ်ကြပေကုန်၏၊
ထိုဓာတ်ကြီးလေးပါး၏ သဘာဝပေါင်း၊ ကုဋေ သိန်းသောင်းမက ညောင်းအောင် ပေါင်ဆုံရောထွေး စုဝေးမိက ဝဏ္ဏဟူသော အဆင်းအရောင် ဖြစ်သည်။
ထို ဓာတ်ကြီး လေးပါး၏ အနံ့ကို ဂန္ဓဓာတ်ဟု ဆိုသည်။
ထို ဓာတ်ကြီး လေးပါး၏ အရသာကို ရသဓာတ်ဟု ဆိုသည်။
ထို ဓာတ်ကြီး လေးပါး၏ အဆီ အစေးကို သြဇာဓာတ်ဟုဆိုသည်။
လိုရင်းမှာ --
နေ့အခါ နေရောင်၊ ညအခါလရောင်၊ ကြယ်ရောင်၊ မီးရောင်၊ မှောင်မိုက် စသည်တို့မှာ ဓာတ်ကြီးလေးပါးမှထွက်သော ဝဏ္ဏဓာတ်ပရမတ်ဟူ၍မှတ်။ ဓာတ်ကြီးလေးပါး မရှိက ဝဏ္ဏစသည် မရှိသည်ကို သိရမည်။ ထိုအရောင်အလင်း အဆင်းဝဏ္ဏကို မြင်က ဓာတ်ကြီးလေးရပ် ပရမတ်ကို အတတ်ပြောင်စင် ကြောင်ကြောင်ကြီး မြင်ရမည်။
ဤစာအုပ်မှာ ယေဘုယျအား ဝိပဿနာဓူရကိုသာ ပြသည်။ ဂန္ထဓူရနှင့် ကြံကြည့်က မရော မနှောမိဘဲ သဘောကွဲလွဲ၍ နေလိမ့်မည်။ သတိမူပါ။
နေ့ဆိုသည်ကား --
ဓာတ်ကြီး လေးပါး၏ အရောင်အလင်းကို အစွဲပြု၍ နာမ်တရားက နေ့ဟုဆို၏။ ခေါ်၏။ ညဉ့် ဆိုသည်ကား။ ဓာတ်ကြီး လေးပါး၏ အရောင် မှောင်ရုပ်ကြီးကို အစွဲပြု၍ နာမ်တရားက ညဉ့် ဟုဆို၏။ ခေါ်၏။ ထိုအလင်းရုပ် အမှောင်ရုပ်ကို လွှတ်၍ လွှဲ၍ နေ့ညဉ့် မရှိ။ ထိုနေ့ညဉ့် ဆိုသည်မှာ နာမ်ရုပ်ဟူ၍သာ မှတ်။
အဘယ့်ကြောင့်နည်း။ နာမ်ရုပ်ပြင်မှတပါး ဘယ်ဟာ ဘယ်ဟာ၊ ဘဟာမှ အခြား မရှိသောကြောင့်တည်း။ ထို အလင်းရုပ်, အမှောင်ရုပ်ကြီးသည် ဤဘလောကလုံး၌ အပြည့်ရှိ၏။ ထို လင်းမှောင်သော ဥပါဒါန်ရုပ် ရှိသမျှ ဓာတ်လေးပါး အရှိက သိသာလှ၏။
ထိုမှောင်ရုပ် မှောင်ဓာတ်၏ ချုပ်ဆုံး ကွယ်ပျောက်သော အချက်ကို လျှပ်စစ်ဖြင့် ပိုင်းခြား၍ ကြည့်သည်ရှိသော် လျှပ်စစ် တပျက်ခန့်မျှ မတည်တန့်နိုင်ဟု သိရာ၏။ သိသာ၏။ သိပါ၏ဆိုသော်လည်း သဘောချိုတတ်သည်။ သတိမူပါ။
.
ယခုအခါ ဥပမာနှင့်တကွ နာမ်ကိုပြမည်။ များစွာ သတိထား။
သမုဒ္ဒရာ, အိုင်အင်း၊ တွင်းကန်တွေထွေ၊ ရေရှိသမျှ ခွက် ဖလား မြက်ဖျား၌ရောက် နှင်းပေါက် ရေမှာ နေ,လရိပ်ထင် မြင်သည့်ပမာ အိမ်, ကျောင်း တုံးဖျာ၊ ဘုံသုံးရွာ စသော သတ္တဝါသာ မှတ်လေ။
.
ဥပမာ ဥပမေယျ ဟပ်၍ပြသော်ကား
ဧကတ္တ၊ နာနတ္တ၊ အဗျာပါရ၊ ဧဝံတံထွာ၊ ဓမ္မတာဓာတ်၊ သမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်း၊ ပစ္စည်းပြုမျှ၊ သင်္ခတ ပရမတ်က နေ,လ,နှင့်တူ၏။
နေ, လရောင်နှင့် ရုပ်နာမ် သင်္ခါရ အနိစ္စဓာတ် ပရမတ်တူ၏။
ထိုအနိစ္စမှာမှလည်း ဣန္ဒြိယ ဗဒ္ဓအနိစ္စမှ စက္ခု, သောတ, စသော ဝတ္ထုရုပ် ခြောက်ပါးက မြက်ဖျား၌ရောက် နှင်းပေါက်ရေတွေနှင့် တူ၏။
ထိုနှင်းပေါက်ရေတွင် နေအသွင် လအသွင် အရိပ် ထင်သည်နှင့်ကား ဝတ္ထုရုပ်တွင် လူ့အသွင်၊ ရှင့်အသွင် သစ်ပင်စသော သဏ္ဌာန်အရိပ် နိမိတ်အထင် မြင်ကြံသမျှ အစစနှင့် တူလှ၏။
ဤဥပမာကို အခါခါကြံကြည့်၍သာ သိပါ။ မြင်ပါ။ သိကောင်းပါး၏။
.
သတိမူရန်မှာ --
ထိုနှင်းပေါက်ရေ အသင်္ချေချေ ရှိ၍နေသော်၎င်း၊ မရှိချေသော်၎င်း နေလမှာ သွားလာ ရောင်လင်း ယိုယွင်းမရှိ ပကတိကဲ့သို့။ ထို့အတူ ပရမတ် တည်ထောင်သည်မှစ၍ အမှန်ဘာသာ သယံဇာနှုန်း သံသရာ ဆုံးသည်တိုင်အောင်လည်း နိဗ္ဗာန်ကို ရ. မရ ဆိုသော ပုဂ္ဂိုလ်သတ္တဝါအတွက်နှင့် အနိစ္စဓာတ် ပရမတ် အမြဲက လျော့နဲ တိုးဆုတ်ခြင်း မရှိ၊ ပကတိအတိုင်းသာ မှတ်လေ။
အဘယ့်ကြောင့်နည်း။ ရေတွက်လျော့နဲ တိုးဆုတ်သံနှင့် ဖောက်ပြန်သဘော ပြောကြံသမျှ အစစမှာ ပညတ်မျှချည်းသာ မှတ်လေ။
လိုရင်းက --
သတ္တဝါ အစရှိသော အမည်နာမ ပညတ်မျှနှင့် ရုပ်နာမ်ဟူသော အနိစ္စဓာတ် ပရမတ်မှာ ချိန်ဝန်ပိဿာကဲ့သို့၎င်း၊ တင်းချင့် တောင်းချင့်ကဲ့သို့၎င်း အဖတ် အနှစ်က စစ်စစ် မရအပ်၊ မရှိအပ်ဟု သိတတ်ကြစေ၊ ဉာဏ်ကဝေတို့။
ဤအရာကို သညာရှေ့ဆောင် ပညာရောင်နှင့် ပြောင်ပြောင် စင်စင် ကြောင်ကြောင် မြင်၍၊ အထင်အလွဲ လူရှင်ခပဲ အစွဲအတိမ်း အကုန်သိမ်း၍ ငြိမ်းကြပါစေကုန် သတည်း။ ဤကဲ့သို့သော သဘောအရာက သာသနာတော် ခဏမှာမှ ကြားနာ သိမြင်ကြရသည်။
ထို့ကြောင့် --
မာဝေါခဏံ ဝိရာဓေထ၊ ခဏာတီတာဟိ သောစရေ။
သဒတ္ထေဝါယမေယျာထ၊ ခဏောဝေါ ပဋိပါတိကော။
(အပါဒါန် ပါဠိတော်)
ဘောန္တော။ ။ အို- သူတော်ကောင်းတို့။
ဝေါ၊ သင်တို့သည်။
ခဏံ၊ အရိယသစ္စာ သာသနာဓမ္မ မြတ်ခဏကို။
မာဝိရာဓေထ၊ ချော်လွန်၍များ မသွားကြစေကုန်လင့်။
ဟိ၊ အဘယ့်ကြောင့်နည်း။
ခဏာတီတာ၊ ခဏကို လွန်ကုန်သော သူတို့သည်။
သော စရေ၊ တောက်ခေါက်နောင်တ ပူပန်စိုးရိမ်ရကုန်၏။
သဒတ္ထေ၊ ကိုယ်ကျိုးကိုယ်စီးပွား၌။
ဝါယမေယျာထ၊ လုံ့လမယုတ် အရအမိ ကျိုးကုတ်၍ အားထုတ်ကြကုန်ရာ၏။
ဝေါ၊ သင်တို့အား။
ခဏော၊ ဗုဒ္ဓုပ္ပါဒ မြတ်ခဏသည်။
ပဋိပါတိကော၊ ယခုဘဝ ခုခဏ၌ ဆိုက်ရောက် ရရှိကြပြီ -
ဟု ဟောတော်မူသောအရ ကိုယ်ကျိုး ကိုယ်စီးပွား ဆိုသည်ကား ဒါန, သီလ, ဘာဝနာ တရားပင်တည်း၊ ထိုတရားကို အားထုတ်ခွင့် အားထုတ်ထိုက်နှင့် ဆိုက်ရောက် ရရှိကြပြီ ဟူလိုသည်။
ထို မိမိတို့ပြုသမျှ ဒါန, သီလ, ဘဝနာ ကုသိုလ်က မိမိမှတပါး သူတပါးတို့မရ။ မရပုံက အမိ အဘ ဆွေမျိုး ညာတကာ အစဖြာ၍ မိမိတို့၏ ခေါင်းသန်း အဝတ်သန်းမှစ၍ မရ။ မိမိကိုယ်ထဲ၌-
အသီတိကိမိကုလာနံ၊ ရောဂါနန္တရဗာဟိရံ။
သာဓာရဏော ဝသာတေသံ၊ ကာယော မစ္စုံ နိဂစ္ဆတိ။
ကာယော၊ ကိုယ်သည်။
အသီတိကိမိကုလာနံ၊ အရေထူပါး အသားကြောရိုး ရိုးတွင်းခြင်ဆီ ကပ်မှီ စားသောက် သေပျောက်မွေးဖွား နာဖျားကြီးငယ် ကျင်စွန့်ပယ်သည့် ရှစ်ဆယ် များတောင်း ပိုးမျိုးပေါင်းတို့နှင့်လည်း။
သာဓာရဏော၊ ဆက်ဆံချေ၏။
တေသံ၊ ထိုပိုးမျိုးရှစ်ဆယ်တို့၏။
ဝသာ၊ ပျက်ခြင်းဟူသော အစွမ်းဖြင့်လည်း။
ကာယော၊ ကိုယ်သည်။
မစ္စုံ၊ သေခြင်းသို့။
နိဂစ္ဆတိ၊ ရောက်တတ်ချေ၏။
အန္တရဗာဟိရံ-အန္တရဗာဟိရာနံ၊ ကိုယ်တွင်း ကိုယ်ပ၌ ဖြစ်ကုန်သော။
ရောဂါနံ ရောဂါဘယာနံ၊ စက္ခုရောဂါစသော အရာမကသော အနာ မြွေကင်း, သန်း, စသော အရာမကသော ဘေးတို့နှင့်လည်း။
သာဓာရဏော၊ ဆက်ဆံချေ၏။
တေသံ၊ ထို ရောဂါဘေးတို့၏။
ဝသာ၊ အစွမ်းဖြင့်လည်း။
ကာယော၊ ကိုယ်သည်။
မစ္စုံ၊ သေခြင်းသို့။
နိဂစ္ဆတိ၊ ရောက်တတ်ချေ၏။
ဟူသောအရ - တုဏှိပိုး၊ မဟာတုဏှိပိုး၊ ဇဝါပိုး စသည်ဖြင့် အမျိုးပေါင်းရှစ်ဆယ် ဟူရာဝယ် တမျိုး တမျိုးမှာ အကောင်ငယ် တရာကျ ထားလျှင်ပင် ပိုးကောင်ပေါင်း ရှစ်ထောင် ရှိရာ၏။ ထိုပိုးကောင် ရှစ်ထောင်ကို မိမိကိုယ်တခုဟု ထင်မှုစွဲယူလျက်ပင် ရှိကြ၏။ ထိုသို့ စွဲယူငြားသော်လည်း မိမိမဟုတ်၊ သူတပါးသာ ဖြစ်လေသောကြောင့် ထိုမိမိပြုသမျှ ဒါန,သီလ,ဘာဝနာကို ထို ပိုးကောင်တွေက မရ၊ မိမိပြုသမျှ ဒါနကို မိမိသည်သာလျှင် ရသည်။ ဤအရာကား၊ နေ့,ညဉ့် မခြား များများကြီး သတိထားပါ။
ယခုအခါ အလွန်တရာ မြင့်မြတ်လှစွာသော အနုတ္တရ အလှူခံနှင့် တွေ့ကြုံကြ၍ ဒါနတရားက များစွာ အရေး ကြီးကြသည်။ အရေးကြီးပုံမှာ ရေတွင်း, ဥပမာဖြင့် သိကြရမည်။ ရေတွင်း ဥပမာက အဘယ်နည်း။
ဤလောကမှာ ရေတွင်းတို့ မည်သည် ရေကြောင်းကြီး၊ ရေကြောင်းလတ်၊ ရေ ကြောင်းငယ် ထွက်ရာဝယ် အကြင်ရေကြောင်းသည် တတောင်တက်၏၊ နှစ်တောင် တက်၏ စသည်ဖြင့် ရေထွက် ရေတက်လေ၏။ အကြင်မျှလောက် ကာလပတ်လုံး တတောင်တက်အောင် ရေထွက်၏။ ထိုမျှလောက် ကာလပတ်လုံး ခပ်ချင်တိုင်းခပ်၊ သုံးချင်တိုင်း သုံးသော်လည်း မရော့နိုင်။ မနဲနိုင်။
အဘယ့်ကြောင့်နည်း။ ရေကြောင်းက ရေထွက်သောအခါ ဖြစ်လေသောကြောင့် တည်း။ အကြင်အခါ ရေကြောင်းပိတ်၍ ရေကြောင်း ကန်း၏။ ထိုအခါ ခပ်သော်လည်း ရေမရှိ၊ မခသော်လည်း ရေမရှိ။
ဤတူပမာ -- သူငါကစ၊ ရဟန်း, ရှင်လူ၊ ဟူသမျှမှာ ကာမာဝစရ ကုသလရှိန်စော် အာနုဘော် အခွင့်ပေး အရေးရ၍ အကြင်မျှလောက် ကာလပတ်လုံး အရာအထောင် စသည်ဖြင့် ရည်တတ်၏။ ထိုမျှလောက် ကာလပတ်လုံး လှူချင်တိုင်းလှူ၊ ပေးချင်တိုင်း ပေးသော်လည်း မခွဲနိုင်၊ မကုန်နိုင်၊ မခန်းနိုင်။
အဘယ့်ကြောင့်နည်း၊ ကုသိုလ်က အကျိုးပေးသောအခါ ဖြစ်လေသောကြောင့် တည်း။ အကြင်အခါ ကုသိုလ်ကံ မှိန်မှေး၊ သိန်သေး ကုန်ခန်း၏။ ထိုအခါ မလှူ မတန်းသော်လည်း မွဲ၊ မပေး မကမ်းသော်လည်း မွဲ။ ဤကဲ့သို့သော ကမ္မသကတာ သမ္မာဒိဋ္ဌိကိုပင် နဖူးလက်တင် ဆင်ခြင်စဉ်းစား များများကြီး သတိထားကြပါကုန်၊
.
ဥပမာ ဥပမေယျ ဟပ်၍ ပြသော်ကား
ရှေးကံဟောင်းသည် ရေကြောင်းက ထွက်လေသော ရေနှင့် တူ၏။
လှူမလှူ ဟူသည် ရေခပ် မခပ် စသည်တို့နှင့် တူ၏ဟု သိလေ မှတ်လေ။
.
ယခုအခါ သာသနာတော်ဒါန ဖြစ်ရအောင်ပင် ဝိပဿနာယှဉ်၍ ပြဦးအံ့။
မြတ်စွာဘုရား ရွှေလက်ထက်တော်က ညီတော်အာနန္ဒာကို အရှင်ပုဏ္ဏ ရဟန္တာ မြတ်က၊ (ဥပမာန) မှန်ရိပ်ပြ၍ ဟောရာမှာ ညီတော် အာနန္ဒာ ပဌမဖလဋ္ဌာန် သောတာပန်ဖြစ်သည်။
မှန်ရိပ် ဆိုသည်ကား - ဤလောက၌ မှန်ကြည့်၍ ခေါင်း, နား မျက်နှာ, အစဖြာ၍ တန်းဆာ ဆင်ကြသောအခါ၊ မှန်ထဲမှာ မိမိမျက်နှာ မှန်ရိပ်ကိုသာ မြင်ကြရာ၏။ ထိုမှန်ရိပ် မျက်နှာသည် မိမိမျက်နှာလည်း မဟုတ်၊ သူတပါးတို့၏ မျက်နှာလည်း မဟုတ်၊ ထို မိမိ သူတပါးတို့ မဟုတ်သော မျက်နှာ မှန်ရိပ်ကိုပင် ကြောင်ကြောင် မြင်ရလေ၏။ ထိုမြင်ရသော အရိပ်ကိုသာကြည့်၍ ထိုအရိပ် ခေါင်း နား, မျက်နှာမှာ ဘယ်နေရာက ဘာလိုသည်ဟု ပြုပြင် ဆင်ယင်ကြသကဲ့သို့။
ထို့အတူ ဤလောက၌ မှန်ရိပ်နှင့်တူသော ရဟန်း, ရှင်လူ ခပ်သိမ်းသူတို့ကို မြင်ရာမှာ သံဃာတော်မြတ်ကို မြင်သောအခါ သံဃာတော်မြတ်နှင့် ထိုက်တန် အပ်သော ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး, လေးပါးသော ပစ္စည်းတို့တွင် ထို သံဃာတော်မြတ် လိုအပ်သော ပစ္စည်းကို ဝန်နှင့်အား မြှားနှင့်လေးကဲ့သို့ မနှေး မြန်စွာ လှူဒါန်းရာ၏။
ဤအရာမှာ --
အလှူပေး ပုဂ္ဂိုလ်လည်း မှန်ရိပ်ပမာဏ နာမ်ရိပ်မျှ။
အလှူခံ ပုဂ္ဂိုလ်လည်း မှန်ရိပ်ပမာဏ နာမ်ရိပ်မျှ။
အလှူထည် ဝတ္ထုလည်း မှန်ရိပ်ပမာဏ နာမ်ရိပ်မျှ -
ဟု ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်ဖြင့် လှူတတ်ကြစေ။
ဤတူပမာ ဖုံးတောင်းယာစကာ အစဖြာ၍ သိကြရမည် ဟူလိုသည်။
.
ဥပမာ ဥပမေယျ ဟပ်၍ ပြသော်ကား
မှန်အပြင်နှင့် စက္ခုအကြည် ဟဒယအကြည် တူ၏။
အရိပ်မျက်နှာနှင့် စက္ခုအကြည် ဟဒယအကြည်မှာ ဖြစ်ပေါ်ကြသော “လူ”ဟု၊ “ရှင်”ဟု နာမ်ဓာတ်စု တူ၏။
ဖြစ်ပေါ်မှုကား နာမ်ဓာတ်တို့၏ ဇာတိ ဓမ္မ တည်း။
ချုပ်ပျောက်မှုကား၊ နာမ်ဓာတ်စု၏ မရဏဓမ္မကြီးပေတည်း။
ရေအကြည် စသည်တို့၌ ပေါ်သော အရိပ်တို့ နှင့်လည်း တူပါ၏။
နေရောင်, မီးရောင်တို့၌ ပေါ်သော လူရိပ်, သစ်ပင်ရိပ် တို့နှင့်လည်း တူပါ၏။
သစ်ပင်ရိပ်မှာ သစ်ပင်နှင့် ပုံဟန် သဏ္ဌာန်တူ၏။
မြေအပြင် နှင့် စက္ခုအကြည် ဟဒယ အကြည်တူ၏။
နေနှင့် ရှေးကံဟောင်း တူ၏။
အရိပ်နှင့် စက္ခုအကြည် ဟဒယအကြည်မှာ ပေါ်သော နာမ် ဓါတ်စု တူသည်။
ဤစက္ခု ပမာဏကဲ့သို့ --
သောတနှင့် ဟဒယဝတ္ထု၊
ဃာနနှင့် ဟဒယဝတ္ထု၊
ဇိဝှါနှင့် ဟဒယဝတ္ထု၊
ကာယနှင့် ဟဒယ ဝတ္ထု-
တို့ကို ရှုမျှော် စဉ်းစား သတိထား၍ ဤလောက၌ ဘုံသုံးရွာ တုံး, ဖျာစသော တလောကလုံးကိုပင် ပြောင်ပြောင်စင်စင် ကြောင်ကြောင်ကြီးပင် မြင်ကြ သိကြပါစေ ကုန်သတည်း။
ထို မိမိတို့ ပြုကြသော ဒါန၏အကျိုးကို မိမိတို့ ခံစံကြရအောင် သီလက သာလွန်၍ အရေးကြီးပြန်သည်။
အဘယ့်ကြောင့်နည်း။ ပါဏာတိပါတ စသည်ကို မရှောင်ကြဉ်လျှင် ထို ပါဏာတိပါတ အတွက် ငရဲကျ၍ တက်သောအခါ အသက်တိုခြင်း စသော အကျိုးကို ပေးတတ် သောကြောင့် ဒါန၏အတွက်နှင့် သူဋ္ဌေးသမီး သူဋ္ဌေးသား၊ ရှင်ဘုရင်သမီး, ရှင်ဘုရင်သား ဖြစ်ငြားသော်လည်း ပါဏာတိပါတ အတွက်နှင့် ဝိပါက်အကျိုး ပေး၍ မွေးသေ, မွေးသေ, အကျိုးပေးလေသောကြောင့် လူ့စည်းစိမ်ကို မခံစံရ။ လူ ချမ်းသာကို မခံစားရ၊ မစံ စားရ စသည်ဖြင့် သိကြလေ။
ထို့ကြောင့် သီလက သာလွန်၍ အရေးကြီးသည်။ ထိုသီလသည် နိယတသီလ, အနိယတသီလအားဖြင့် နှစ်ပါး၊ ထိုတွင် အနိယတသီလ ဆိုသည်မှာ - ငါးပါးသီလ ရှစ်ပါးသီလစသော ယခုကာလ ဆောက်တည်ကြသော သီလကို ဆိုသည်။ နိယတ သီလဆိုသည်မှာ သက္ကာယဒိဋ္ဌိ ကျွတ်လွတ်ကြသော အရိယာများ၏ သီလကို ဆိုသည်။
ထို့ကြောင့် မိမိတို့ပြုသမျှ ဒါန၏အကျိုးကို ဖွံ့ဖွံ့ကြီး ဖြိုးဖြိုးကြီး ခံစား စံစားရအောင် နိယတသီလကို အားထုတ်ရမည်။ နိယတသီလ ဆိုသည်မှာ သက္ကာယဒိဋ္ဌိ ပြုတ်ကျွတ် လွတ်ငြိမ်းမှသာ နိယတသီလ ဖြစ်ကြမည်။ ထို့ကြောင့် ဒါန၏ အကျိုးကို ခံစား စံစားရအောင် သီလကို အားထုတ်ရသည်။
သည်သီလ မြဲကြအောင် သက္ကာယ ဒိဋ္ဌိပြုတ်ကို အလိုရှိရသည်။ သည် သက္ကာယဒိဋ္ဌိ ပြတ်အောင်သာ ဝိပဿနာတရားကို အားထုတ်ရသည်။ များများကြီး အရေးလုပ်၍ အားထုတ်ဟန်မှာ....။
နိရုဒ္ဓါတီတသင်္ခါရာ၊ ပစ္စုပ္ပန္နာစ ဘိဇ္ဇရေ။
အနာဂတာဘိဇ္ဇိဿန္တိ၊ သဗ္ဗေတေဘာယိတဗ္ဗကာ။
အတီတ သင်္ခါရာ၊ အတိတ် ရုပ်နာမ်သင်္ခါရတို့သည်။
နိရုဒ္ဓါ၊ ချုပ်လေကုန်၏။
ပစ္စုပ္ပန္နာစ၊ သန္တတိပစ္စုပ္ပန် ရုပ်နာမ် သင်္ခါရတို့သည်လည်း။
ဘိဇ္ဇရေ၊ ပျက်ပြားကုန်ဆဲ။
အနာဂတာ၊ အနာဂါတ် သင်္ခါရတို့သည်လည်း။
ဘိဇ္ဇိဿန္တိ၊ ပျက်စီးကုန်လတ္တံ့။
ဧတေသဗ္ဗေ၊ ထိုအလုံးစုံသော ရုပ်နာမ် သင်္ခါရတို့သည်။
ဘာယိတဗ္ဗကာ၊ ကြောက်မက်ဘွယ်ရာ တို့ချည်းတည်း။ ဟူ၍ မြင်အောင်ရှုပါ။
မြင်သောအခါ (ဥပမာမှာ) သတ်ပြီး သတ်ဆဲ သားကြီး, သားလတ်တို့ကို မြင်၍၊ သတ်လတ္တံ့ သားငယ်၌ တွယ်တာငဲ့ကွက်ခြင်း အာလယကို စွန့်သောအမိ ကဲ့သို့၎င်း၊
သားကိုးယောက် သေပြီး၍ လက်၌ရှိသော ဒသမသားလည်း သေဆဲကိုမြင်၍ ဝမ်းတွင် ရှိသော ဧကာဒသမသား၌ ချစ်ခြင်း အာလယ မရှိသော သားမတင်သော မိန်းမကဲ့သို့၎င်း၊
ထို့တူမခြား - သည်ခန္ဓာ ငါးပါး၏ အပြစ်ဒေါသ အာဒိနဝကို ရှုကြည့်ရာ၏။ ရှုပုံမှာ-ခန္ဓာငါးပါး ရှိသည်တွင် ရူပက္ခန္ဓာကြီးသည် အယုတ်တမာ ဆိုးညစ်စွာသော ရန်သူကြီး မည်၏။ မည်ပုံက “နတ္ထိကာယ သမောဝေရီ” ဟူသည်နှင့်အညီ၊ လူ့ဒုလ္လဘ၌ ကြုံကြသော အခါမှာ လူမိုက်, လူလိမ္မာ ဤနှစ်ဖြာတွင် ရှင်ဘုရင်ဘဝ ရကြသည်နှင့် တူလှ၏။ တူပုံမှာ....။
ဥပမာကား --
တခုသောမြို့မှာ မကြာ မကြာပင် ရှင်ဘုရင်က နတ်ရွာစံ ကံတော်ကုန်လှ၍ ဤသို့ တိုင်ပင် ကြကုန်၏။ တိုင်ပင်ပုံမှာ - ငါတို့မြို့ရွာ၌မကြာခင် မကြာခင် ရှင်ဘုရင်က မမြဲလှသောကြောင့်၊ တလ, တလ, မဲချ၍ မဲကျသော သူမှသာ ရှင်ဘုရင် လုပ်ကြရာ၏ ဟု တိုင်ပင်ခြင်း ပြုကြသောအခါ၊ အများ အများက ဝိုင်းအုံဖျဖျ ညီညာလှ၍ ဥပဒေ ပြကြလေကုန်၏။
ထိုဥပဒေအရ မဲချရာ၌ လူမိုက်တယောက် မဲပေါက် မဲကျ၍ပင် ရှင်ဘုရင် ဖြစ်လေ၏။ ထိုလူမိုက် ဘုရင်သည် ဤသို့ ဆိုလေ၏။ မင်းကြီးများ.. ရွှေတိုက်, ငွေတိုက်ကို သော့ရိုက်၍ထားကြ ငါ့ဘို့ရာ တည တညမှာ အရက်တပုလင်း တပုလင်း ဆက်သွင်း ကြရမည်။ ပွဲလမ်း သဘင်ကလည်း ကပြကြရမည်။
ဤသို့ စသောအာဖြင့် ရူပ, သဒ္ဒ စသည်အာရုံ ကာမဂုဏ်ကို ခုံတမင်မင် ခင် တများများ ခံစား စံစား၍ ကုသိုလ်ကောင်းမှု၌ မပြုတဲ့ပြင် မတဲ့သောသူကို မြင်လျှင် ယခုပင် အရာချ၊ ယခုပင် သတ်၍ ပြစ်လိုက်ကြ စသည်ဖြင့် အဓမ္မ အမှုမိုက်ကို ရှင်ဘုရင် ဖြစ်ခိုက်၌ ကာယကံ, ဝစီကံ မနောကံမှု ဒုစရိုက်အသင်္ချေ ဖြစ်၍သာ နေလေ၏၊ ဤကဲ့သို့ တနေ့ တနေ့နှင့်ပင် ရှင်ဘုရင် လစေ့၍ ထိုစေ့သော ခဏတွင် နင်ဆင်းဟဲ့ဆိုလျက် ရိုက်နှက်၍ ချလေ၏။
ထို ရှင်ဘုရင် မရှိသောအခါ မဲချရာ၏။ ထိုအခါ လူလိမ္မာတယောက် မဲပေါက် မဲကျ၍ပင် ရှင်ဘုရင် ဖြစ်လေ၏။ ထိုဘုရင် လိမ္မာသည် ဤသို့ ဆင်ခြင်စဉ်းစား၏။ ငါကား ဘုရင်ဖြစ်ရသည်မှာ တလမျှသာ။ လစေ့သောအခါ ရွှေတိုက်, ငွေတိုက်, စသည်တို့မှာ ငါ့ဟာ မဟုတ်ဟု သတိပြုသောအားဖြင့် စဉ်းစားမိ၍ မင်းကြီးများ ... ရွှေတိုက် ငွေတိုက်ကို ဖွင့်၍ထား။ အရပ်လေးမျက်နှာ ရှစ်မျက်နှာတို့၌ မဏ္ဍပ် တင်းကုတ် ဆောက်လုပ်၍ သူတပါးတို့ အလိုရှိသမျှ လှူဒါန်းခြင်း ဒါနမှုကို ပြုလေ ကုန်၏။
သီလမှမှာမူကား မိမိလုံခြုံရုံမျှမက တိုင်းသူ ပြည်သား လူအများကို ဂရုဓမ္မတရား ငါးပါး တည်ကြရမည်။ မတည်သောသူတို့အား ဒဏ်တတ်မည်ဟု စည်လည် မောင်းခတ်လေ၏။ ထိုအခါ တိုင်းသူ ပြည်သား လူအများတို့သည်၊ အဝတ်အစား လုံလောက်ရုံမျှမက ဂရုဓမ္မ သီလဖြူစင် အများ အများတို့ပင် ကြည်လင်ရွှင် ချမ်းသာ ကြလေကုန်၏။
ဥပမာ ဥပမေယျမှာ သိသာပါ၏။
ယခုအခါ ကာမသုဂတိ ခုနစ်ရွာ ဟူသော လူချမ်းသာကို ရရှိကြသော လူရည်တတ် သူဋ္ဌေး သူကြွယ် ကုန်သွယ် လယ်လုပ်စသော မင်းစိုးရာဇာ သူငါမဟူ ရှင်လူ အပေါင်းတို့မှာ ( ဥပမာကား) ငှားနွားနှင့်သာ တူကြလှပါပေ၏။
တူဟန်ကား --
တောင်သူယောက်ျား နှစ်ယောက်သားတို့သည် နွားတကောင်လျှင် တဆယ်ကျ အားဖြင့် တကောင်စီ ငှားကြလေကုန်၏။ တယောက်သော တောင်သူမိုက်မှာမူကား၊ ငှားနွားကိုပင် ကိုယ်ပိုင် နွားကဲ့သို့ များစွာ ချစ်ခင်၍ မခိုင်းရက်၊ မစေရက်၊ မြက်ကောင်း ရေကောင်းနှင့် ကျွေးမွေးပြုပြင် နေ့ရှည်လများ ထို ငှားနွားကို ပြုပြင် ရင်းပင၊ နွားရှင်က လစေ့ကြ၍ ငါ့နွားပေးပါ၊ တောင်းလာသောအခါ ထိုနွား၏ အတွက်နှင့် အခွန်ဘဏ္ဍာ မတက်၍ ငွေတဆယ် သက်သက် ကြွေးဟူလျက်ပင် ကြွေးတင်ခံ၍ ပြန်ပေးရလေ၏။
တဦးသော တောင်သူ လူလိမ္မာမူကား - ထိုနွားကို ကျွေးမွေး၍ အခွန်ဘဏ္ဍာ တိုးတက်အောင်သာ များစွာ ခိုင်းစေသောအခါ အသပြာတရာ တိုးတက်လာ၏။ ထိုအခါ နွားရှင်က လစေ့ကြ၍ တောင်းလာသောအခါ ထိုနွားပါ အသပြာ တဆယ်နှင့် ပေးအပ်လိုက်၏။ ထို မြတ်စွန်းလေသော ငွေတရာတွင် မိမိမှာ ကိုးဆယ်ပင် ကျန်ရှိ၍၊ မြတ်စွန်းတွန်းကား ကျေးဇူး များလေ၏။
(ဤအရာမှာ။ နိဗ္ဗာန်ရောက်ဘွယ် ကြွေးကိုးဆယ်အရ သုံးလောက ဒီပနီမှာယူကြ။)
ဥပမာ ဥပမေယျ ဟပ်၍ ပြသော်ကား
ဤခန္ဓာကိုယ်ကြီးသည် ငှားနွားနှင့်မခြား အလားတူလေ၏။ သေမင်းသည် နွားရှင်နှင့် တူလေ၏။ တောင်သူ လူမိုက်သည် သေမင်း၏အစာ ဤခန္ဓာကို တဏှာ ဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် အထင်မှား၍ အစားနှင့် အလိုလိုက်၊ အဝတ်နှင့် အလိုလိုက် အိပ်ရာနေရာ စသည်တို့နှင့် အလိုလိုက်သော လူပါးတွေ, ရှင်ပါးတွေ ပြု၍နေကြသော မိန်းမ, ယောက်ျား၊ ရဟန်း, ရှင်လူ၊ ခပ်သိမ်းသူတို့သည် တောင်သူ လူမိုက်နှင့်မခြား အလား တူလေ၏။
တောင်သူ လူလိမ္မာနှင့်ကား မိမိ မိမိတို့၏ အဝတ်အစားက မျှတရုံထား၍ ဒါန, သီလ, ဘာဝနာ တရားကို များစွာပြသော မိန်းမ, ယောက်ျား၊ ရဟန်း, ရှင်လူ ခပ်သိမ်း သူတို့နှင့်ကား တောင်သူ လူလိမ္မာနှင့် မခြား အလားတူ။
ထို့ကြောင့်--
နာဟံက္ခစိ၊ နကဿစိ ကိဉ္စနတသ္မိံ။
နစပရော ကွစနိ၊ နမမကိဉ္စနတသ္မိံ ဟု ရှုအပ်၏။
ကွစိ၊ တစုံတခုသော ဋ္ဌာန, ကာလ သဘာဝဓမ္မ အဇ္ဈတ္တ ဗဟိဒ္ဓ၌။
အဟံ၊ ငါဟု ဆိုဘွယ်ရာ ကိုယ်ဟူသည်။
န၊ မရှိလုံးလုံး သုဉ်းချေ၏တကား။
ကဿစိ၊ တစုံတယောက်သော သူတပါး၏။
ကိဉ္စနတသ္မိံ ကိဉ္စန ဘာဝေ၊ မိဘ, သားမြေး ကျွန်, ကြေးဆရာ ဉာတကာ မျိုးဆွေ အန္တေ ဝါသိက စသည်ဖြင့် ကြောင့်ကြစိုးရိမ် အပ်သောအဖြစ်၌။
ဥပနေတဗ္ဗော၊ ဆောင်ထား သိမှတ်အပ်သော။
ကဿစိ၊ တစုံ တယောက်သော သူတပါး၏ သား မြေး, မိဘ စသည် ဆိုဘွယ်ရာ ငါဟူသော ကိုယ်သည်။
ကွစနိ၊ တစုံတခုသော ဋ္ဌာန, ကာလ သဘာဝ ဓမ္မ အဇ္ဈတ္တ ဗဟိဒ္ဓ၌။
န၊ မရှိလုံးလုံး သုဉ်းချေ၏ တကား။
စ၊ ငါသာ မရှိသည် မဟုတ်သေး။
ကွစနိ၊ တစုံတခုသော ဋ္ဌာန, ကာလ သဘာဝဓမ္မ အဇ္ဈတ္တ ဗဟိဒ္ဓ၌။
ပရော၊ သူတပါးဟု ဆိုဘွယ်ရာ ကိုယ်ဟူသည်လည်း။
န၊ မရှိ လုံးလုံး သုဉ်းချေ၏တကား။
မမ၊ ငါ၏။
ကိဉ္စနတသ္မိံ ကိဉ္စနဘာဝေ၊ မိဘ, သား, မြေး၊ ကျွန်, ကြေးဆရာ၊ ညာတကာမျိုးဆွေ အန္တေ ဝါသိက စသည်ဖြင့် ကြောင့်ကြစိုးရိမ်အပ်သော အဖြစ်၌။
ဥပနေတဗ္ဗော၊ ဆေါင်ထား သိမှတ်အပ်သော။
မမ၊ ငါ၏မိဘ, စသည် ဆိုဘွယ်ရာ သူတပါး ဟူသောကိုယ်သည်။
န၊ မရှိလုံးလုံး သုဉ်းချေ၏တကား။
ဤသို့ အဖို့လေးပါးဖြင့် သုညတာကာရကို သိမ်းဆည်းဆင်ခြင် မြင်သောအခါ၊ ချစ်ကြင်လှစွာသော မယားကို မုန်းထားပြစ်မြင် ကွာကြဉ်ပြီးနောက် တစုံတယောက် သော ယောက်ျားနှင့် စကားပြီရွှင် နေချင်တိုင်း နေသော်လည်း မမုန်း မချစ် လစ်လျူသာ ဖြစ်သကဲ့သို့။ ထို့တူမခြား ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ငါဟု ထင်မှတ်စွဲယူခြင်း၊ ငါ၏ဥစ္စာဟု ထင်မှတ်စွဲယူခြင်း မရှိ၊ ပကတိ လစ်လျူသာ ဖြစ်လေ၏။
ထိုအခါ --
ဘဝေဝါဟံဘယံဒိသွာ၊ ဘဝဉ္စဝိဘဝေသိနံ။
ဘဝံ နာဘိဝဒိံ ကိဉ္စိ နန္ဒိဉ္စ နဥပါဒိယိံ။
အဟံ၊ ငါသည်။
ဘဝေ၊ သံသရာ၌။
ဘယံ၊ ဇာတိစသည် များလှသောင်းသောင်း ဘေးအပေါင်းတို့ကို။
ဒိသွာဧဝ၊ မြင်သောကြောင့်သာလျှင်။
ဘဝဉ္စ၊ ကာမ,ရူပ, အရူပဟူသော ဘဝသုံးပါးကို၎င်း။
ဝိဘဝေသိနဉ္စ၊ ဘဝကင်းမည် ရှာကြံစည်လည်း၊ ဆုံလည်နွားမျှ နစ်မွန်းကြသော သူအပေါင်းကို၎င်း။
ဒိသွာ၊ မြင်၍။
ကိဉ္စိဘဝံ၊ တစုံတခုသောဘဝကို။
နာဘိဝဒိံ၊ တဏှာဒိဋ္ဌိအားဖြင့် မယူသတည်း။
နန္ဒိဉ္စ၊ ဘဝတဏှာ ကိုလည်း။
နဥပါဒိယိံ၊ မစွဲလမ်းသတည်း။
ဤကဲ့သို့ မြင်သည်ကိုသာ သောတာပတ္တိ မဂ်ဖိုလ် စသောပုဂ္ဂိုလ်ဟု ဆိုသည်။ ခေါ်သည်။
ထင်ရှားစေဦးအံ့ -
ဤခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ငါဟူ၍ ကိုယ်ဟူ၍ မှတ်မှား၍ လာကြသော တသံသရာလုံးက အဝိဇ္ဇာ မောဟကြောင့် လောဘသာတ သမုဒယက ကာမရူပ အရူပဟု တုစ္ဆသုံးဆောင် ဘုံပြောင်ပြောင်မှာ “ရာဂဂ္ဂိနာ အာဒိတ္တံ၊ ဒေါသဂ္ဂိနာ အာဒိတ္တံ” အစခံသော သုတ္တန်ဒေသနာ လောင်စာငြီးငြီး မီးပုံကြီးမှာ ရသရှာသည့် တဏှာဆိုးက မိုဃ်းမမြင် လေမမြင် အဆင်အခြင်မရှိ ဖိစီးလွှမ်းမိုး စုပ်ထိုးမရ နွားငတ်မ ရေချပမာ၊ အရာရာမှာ တဏှာသုံးသွယ် ဆဲ့ရှစ်တွယ်၍ သုံးဆယ့်ခြောက်က ရာရှစ်ကျအောင် တဏှာလောင်မှာ တထောင့်ငါးရာ အာသာ ငတ်သော လောဘဟိတ်ဓာတ် ပရမတ်ခြယ်လှယ် ဓာတ်သွယ်နွယ်က ရပ်တည် မရ ဆန်းကြယ်လှ၏။
ဤအဝိဇ္ဇာနှင့် တဏှာဆန်းကြယ် အမြစ်တွယ်၍ သွယ်နွယ်လေရာ စေတနာက ဒေဝမနုဿ နိရယနှင့် ပေတ တိရစ္ဆာန် ငါးတန်ပစ်ချ ဘုံသုံးရွာမှာ ဇာတိ ဇရာ ဗျာဓိမရဏ အနိစ္စစစ် ဒုက္ခဖြစ်၍ နစ်ကြသည်။ သတိမူပါ။
ထိုကြောင့် - မြတ်စွာဘုရား သမ္မပ္ပဓာန်တရား လေးပါးကို ဟောတော်မူသည်။
လေးပါးဟူသည်ကား --
* ဖြစ်ပြီးသောအကုသိုလ်ကို ပယ်ခွါရအောင် ဝီရိယလုံ့လ ဥဿဟဖြင့် အားထုတ်ကြရမည်။
* မဖြစ်သေးသော အကုသိုလ်ကို မဖြစ်ကြရအောင် အားထုတ်ကြရမည်။
* မဖြစ်ဘူးသေးသော ကုသိုလ် တရားကို ဖြစ်ကြရအောင် အားထုတ်ကြရမည်။
* ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ပွားများ မြင့်မြတ်အောင် အားထုတ်ကြရမည်ဟု ဟောတော်မူသည်။
ထို လေးပါးတွင် မဖြစ်သေးသော ကုသိုလ်တရား ဆိုသည်ကား၊ မဂ်ကုသိုလ်ကို ဆိုသည်။ လိုရင်းက ပဋ္ဌမဖလဋ္ဌာန် သောတာပန် ပုဂ္ဂိုလ်မှာ ဖြစ်ပြီးသော အကုသိုလ် ဟောင်း အတွက်နှင့် မစိုးရိမ်ရ မကြောင့်ကြရပြီ။ မဖြစ်သေးသော အကုသိုလ် အတွက်နှင့်လည်း ဖြစ်မိ ပြုကျင့် မိလိမ့်မည်ကိုလည်း မစိုးရိမ်ရ၊ မကြောင့် ကြရပြီ။ ဖြစ်ပြီးသော ဝဋ္ဋနိဿိတကုသိုလ် ဟူသမျှတို့သည်လည်း ဝိဝဋ္ဋချည်း နိဗ္ဗာန်သွားချည်း ဖြစ်ကြလေကုန်၏။
သိစေလိုရင်းက --
ဒိဋ္ဌဓမ္မိကဋ္ဌဟူသော ခုဘဝအကျိုး သမ္ပရာယိကဋ္ဌ ဟူသော တမလွန်ဘဝမှာ အကျိုးရှိရာ စိတ်သညာသိ သမုတိသစ္စာမှာ ဒါန, သီလ, စရဏကို ဝစီကာယနှင့် ဖြောင့်မှန်စွာ ကျင့်ကြ၍ ပရမတ္ထဟူသော လောကုတ္တရာ အကျိုးငှာ မနောကံအရာ ဝိပဿနာ ဝိဇ္ဇာနှင့် ထိုဒါန, သီလ, စရဏကိုပင် တွင်တွင်လိုက်စား ရင်ခွင်ပိုက် ထားကြ၍ ဘုရားပွင့်မှ ကြားသိရသည့် အရိယသစ္စာ လောဘဟိတ် စိတ်တဏှာကို ပယ်ခွါသော သာသနာ သမ္မာဒိဋ္ဌိ၌ ဆိုက်ရောက်ခြင်းငှာ အမောဟ ဟိတ်အရာ၊ စိတ်, စေတသိက် ရုပ် နိဗ္ဗာန်မြတ် ပရမတ်သစ္စာ ကြံခဲစွာကို လေ့လာသိမှ အတိဒုလ္လဘ သဒ္ဓမ္မသဝန၊ အလင်းရသူ၊ မြန်ခင်းဇမ္ဗူ မှန်ကင်းထူတဲ့ လူ့ထက်လူပါ ယခုအခါ သူသူ ငါပင် ပရမတ်သစ္စာ ပညာမြတ်ကို အသိလို ချိုရိပ်ရိပ်က တဆိတ်မျှ ရှိကြ၍ ထိုပရမတ္ထ သဘာဝကိုပင် မမြင် မနေဘူးဟဲ့၊ အံကြိတ်ခဲ၍ လွန်ကဲ အားသစ် ကြပါကုန်။
အားသစ်ဟန်ကား
ပရမတ္ထတော သတ္တာနံ၊ ပရိတ္တော ဇီဝိတက္ခဏော။
ဧကနေမိပ္ပဒေသေန၊ ရထစက္ကံဝ ဝတ္တတိ။
သတ္တာနံ၊ သတ္တဝါတို့၏။
ဇီဝိတက္ခဏော၊ အသက်ဝိညာဏ်ရှည်သော ကာလသည်။
ပရမတ္ထတော၊ အစဉ်ပဗန် တည်ဟန်မချပ် ဆတ်ဆတ်သော ပရမတ္ထအားဖြင့်။
ပရိတ္တော၊ စိတ္တက္ခဏ တချက်သာဖြစ်၍ စင်စစ် နည်းငယ်လှစွာ၏။
ရထစက္ကံ၊ ရထား, လှည်းဘီးစက်သည်။
ဧကနေ မိပ္ပဒေသေန၊ လေးသစ်တဝါး အနားအကွပ် တစိပ်ဖြင့်။
ဝတ္တတိဣဝ၊ မြေ၌နင်းခါ သွားလာရပ်တည် ဖြစ်သည်ပမာကဲ့သို့တည်း။
အဓိပ္ပါယ်ကျဉ်း လိုရင်းက --
ပရမတ် သဘာဝ ဥပါဒ် ဘင်မျှ အနိစ္စသဘော အစစ်ကိုပြောလျှင် အနွယ် ဖြစ်သော သစ်ညွန့်သဘောသည် ရှေ့တည်သော သစ်ကိုင်းကို ညွတ်ရှိုင်းမျှော်တမ်း ဓာတ်လှမ်း သဘောမျှ သင်္ခတဟူသော ဖြစ်ဟန်သည်။
ပဗ္ဗံ ပဗ္ဗံ၊ သန္ဓိ သန္ဓိ၊ ဩဓိ ဩဓိ ဟုတွာ။
တတ္တကပါလေ၊ ပက္ခိတတိလာဝိယ။
တဋ တဋ၊ ယန္တာ၊ သင်္ခရာဘိဇ္ဇန္တိ၊
တသ္မာ အနိစ္စာ, ဒုက္ခာ, အနတ္တာ, စသည်နှင့်ညီစွာ အဆစ်ဆစ် အစပ်စပ် အပိုင်းပိုင်း ပြတ်သော သဘောဖြစ်၍ ချစ်ချစ် ရဲရဲပူသော အိုးကင်းထဲ၌ ထည့်အပ်သော နှမ်းတို့ကဲ့သို့ ဖြစ်ဖြစ်ဟူသံ ဆူညံပျက်ပြား ဉာဏ်နားမှကြား ဉာဏ်မျက်စိတွင်မှ မြင်ရသော ပရမတ္ထ အမူအရာမျှ ကြိယာ သဘာဝကိုသာ သင်္ခါရဆိုသည်။
ဤအနိစ္စ သင်္ခါရဟု ဓမ္မပုဉ္ဇ သဘာဝစုကိုသာ သူဟု ငါဟု လေထု, ရေထု, မြေထု, စသည်ဟု ဆိုရသည်၊ ဤကဲ့သို့ သဘာဝဒိဋ္ဌ မြင်သိက “အနိစ္စ သညိနော မေဃိယ၊ အနတ္တသညာ သဏ္ဌာတိ” ပါဠိတော်အရနှင့် ပဋ္ဌမဖလဋ္ဌာန် သောတာပန်စစ် စသည် ဖြစ်မည်။
ဤအရာမှာ -- ဒိဋ္ဌိ, တဏှာ, မာန, ဟူသော ဂါဟ သုံးဖြာတွင် ငါမြင်ပြီတဲက အထဲပါ ငြိကြလျှင် ဒိဋ္ဌိဂါဟ မည်၏။
ငါမြင်နိုင်တကားဟု ထောင်လွှား စွဲလမ်းချက်က မာနဂါဟ မည်၏။
သာယာ တတ်စွမ်းသမျှက တဏှာဂါဟမည်၏။
ဤ ဂါဟသုံးချက် ဥပက္ကိလေသက ပွဲဦး ထွက်တတ်လှသည်။
(ဥပမာန) ထောင်မှူးအိမ်က မီးထတော် မမူကြပါနှင့်၊ ပညာရှိဟူပေ သဘောဖြူတွေ ဉာဏ်ကဝေတို့ သတိမူပါ။
စလ္လာသီတိ သဟဿာနိ၊ ကပ္ပံတိဋ္ဌန္တိ ယေမရူ။
နတွေဝတေပိတိဋ္ဌန္တိ၊ စိတ္တေဟိ သမောဟိတာ။
ယေမရူ၊ အကြ င် နတ်တို့သည်။
စုံလ္လာသီတိ သဟဿာနိ ကပ္ပံ၊ မဟာကပ် ရှစ်သောင်းလေးထောင် တိုင်တိုင်။
တိဋ္ဌန္တိ၊ တည်ကုန်၏။
တေပိ၊ ထိုနေဝသညာနာသညာယတန နတ်တို့သည်လည်း။
ဒွိစိတ္တေဟိ၊ စိတ္တက္ခဏနှစ်ချက်တို့နှင့်။
သမောဟိတာ၊ တကွဖြစ်ကုန်၍။
နတွေဝတိဋ္ဌန္တိ၊ မတည်ကုန်သည်သာလျှင်တည်း။
လိုရင်းက --
ရုပ်နာမ်နှစ်ရပ် ပရမတ်ကို သိစေလိုသည်။
သိဟန်ကား။ ဤတလောကလုံးမှာ ဘုံသုံးရွာတွင် စိတ် စေတသိက်, ရုပ်, နိဗ္ဗာန်, အားဖြင့် ပရမတ်တရား လေးပါးရှိ၏။ လေးပါးပြင် မရှိ၊ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်းမရှိ၊ ထိုပရမတ် လေးပါး ရှိသည်တွင် (နိဗ္ဗာန် ပညတ် နှစ်ရပ်ဓမ္မ၊ ဖြစ်ကင်းပ၊ ကာလဝိမုတ်ကြုံ) ဟူသောအရ နိဗ္ဗာန်နှင့် ပညတ်မှာ ဝိပဿနာ အရာအားဖြင့် အသုံးမကျဟု သိရမည်။
ဝိပဿနာ အသုံးကျသည်မှာ စိတ်, စေတသိက်, ရုပ် အားဖြင့် သုံးပါးရှိ၏။
ထိုစိတ် စေတသိက် ရုပ်ပြင်မှတပါး ရှုဘွယ်မရှိ၊ ထို့ကြောင့် ဝိပဿနာအရာမှာ မြင်မြင်သမျှ ကြားကြားသမျှ နံနံသမျှ လျက်လျက်သမျှ တွေ့ထိသမျှ စသည်တို့မှာ စိတ် စေတသိက် ရုပ်ချည်းသာဟု သိမှတ်ရမည်။
သိမှတ်ပုံကား
မိမိလက် စသည်ကိုမြင်လျှင် စိတ်, စေတသိက်, ရုပ်, ဟူ၍သာမှတ်။ သစ်ပင်, သစ်ရွက်, တုံး, ဖျာ, စသည်ကိုမြင်လျှင် စိတ်, စေတသိက်, ရုပ်,ဟူ၍မှတ်။ ဤသို့ စသည်ဖြင့် စက္ခုဆိုင်ရာ, သောတဆိုင်ရာ စသည်တို့ကို အကုန်အစင် ဉာဏ်ကုန် နှင်၍ မြင်ကြလေ၊ သိကြလေ။ အဘယ့်ကြောင့်နည်း။ စိတ်, စေတသိက်, ရုပ်ပြင်မှ တပါး အခြား မရှိသောကြောင့်တည်း။
ဤအရာမှာ –
သစ်ပင်, တုံး, ဖျာ, စသည်တို့မှာ အဝိညာဏက အသက်မရှိ၍ မသိကြ၊ လူ, နတ် စသည်တို့မှာသ အသက်ရှိ၍ ထိုလူနတ်စသော သဝိညာဏကတို့က ခေါ်ဆိုရသော တုံး, ဖျာ, စသောစကား မဟုတ်လား ဟူငြားအံ့။ ဤစကားမှာ၊ ဂန္ထဓူရ အလိုအားဖြင့် ဟုတ်မှန် ပြောဆိုသင့်၏။
ဝိပဿနာနှင့်ဖြင့် မသင့်။ မသင့်ပုံက စိတ်, စေတသိက်, ဟူသော နာမ်တရားသည် တုံး ဖျာ, စသည်တို့မှာမရှိ။ သူငါ စသော သတ္တဝါမှာသာ စိတ်, စေတသိက်, ဟူသော နာမ်တရား ရှိသည်ဟု ထင်လွဲ စွဲမှားခြင်းသည် ဒိဋ္ဌိစေတသိက် ဟူ၍ သာမှတ်။ အထူး သတိထား။
ပညာမြင်မှာမူကား ပရမတ်တရားမှန်က ဘယ်နေရာဘယ်ဋ္ဌာန သဏ္ဌာန် ပမာဏမရှိ မရအပ်သော ပရမတ်တရား ထင်ရှားရှိကြောင်းကို-
ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတောပဘံ။
(ဗြဟ္မနိမန္တနသုတ် ပါဠိတော်)
ဝိညာဏံ၊ အနိစ္စဓာတ် ပရမတ်ဖြင့်သာ သိအပ်စွာ၏။
အနိဒဿနံ၊ အနိစ္စဓာတ် ပရမတ်၏ ရှေ့နောက်ကာလ ရပ်ဋ္ဌာနနှင့် သဏ္ဌာန်ပမာဏ ညွှန်ပြခြင်းငှာ မထိုက်။
အနန္တံ၊ အနိစ္စဓာတ် ပရမတ်အလုံး ဘယ်တုံးကစ ဆုံးဘယ်မှဟု အစ အဆုံး နှစ်ပါးလုံး မရှိအပ်။
သဗ္ဗတော ပဘံ၊ ဘယ်ခါမပြတ် ခပ်သိမ်းရပ်၌ အနိစ္စဓာတ် ပရမတ်တရား ထင်ရှား ရှိန်ရှိန် ထိန်ထိန် လင်းလင်း ဝင်းဝင်းတောက်ရှိ၏။
လိုရင်းက --
ခပ်သိမ်းရပ်၌ ပရမတ်တရား ရှိဟူသော စကားမှာ၊ (ဥပမာကား) ပတ္တမြားမရှိသော ကုလားကို မြန်မာက ဤသို့မေးရာ၏။ “ကုလား ... သင့်မှာ ပတ္တမြား ရှိ၏လားဟု” မေးသောအခါ၊ ကုလားက “ငါ့မှာ ပတ္တမြား မရှိဘူး၊ ရှိတယ်ဟု” ပြောလေရာ၏
ထိုကုလား၏ စကားသည် ပတ္တမြားမရှိဒါ သူ့မှာ ရှိသည်ကား လွန်စွာ ထင်ရှား ရှိသကဲ့သို့။ ထို့တူမခြား ပရမတ်တရားမှန်က ပရမာဏုမြူတခြမ်းကို အစိတ် တသန်း စိတ်၍ တစိတ်စာမျှ သဏ္ဌာန်ဒြပ် အဖတ်အထည် တကယ် မရှိအပ်သော ပရမတ္ထ သဘောသည် ခပ်သိမ်းသော အရပ်၌ ရှိ၏ဟု ဟောတော်မူသည်။
ရှိပုံမှာ --
ရှေးရှေးသောအခါ ကမ္ဘာဘာက ပြုခဲ့ကြသော ပရမတ်စစ် ဓာတ်နှစ် စေတနာသည် ဆိုပြုစဉ် အခါကပင် စိတ္တက္ခဏတချက်မျှနှင့် ချုပ်ပျက်ကွယ်သုဉ်း ပျောက်ဆုံးခဲ့ပြီး ဖြစ်ပါလျက်နှင့်လည်း ထိုစေတနာသည် ကမ္ဘာဘာတွေ လွန်ဆုံးလေလည်း မကြေ မပျက်ကြ။
ဤဘဝ၌ ဓမ္မပုဉ္ဇ သဏ္ဌာနမှာ မိုဃ်းပေါ်ကျပမာ ဘာသာ အလျောက် အလေ့ပေါက် လာတဲ့၍ ရုတ်တရက်ကျ အမျိုးမျိုး အသီးသီး၊ အကျိုးကြီးရ ကမ္ဘာပစ္စည်း နည်းအသွယ်သွယ် လွန်ဆန်းကြယ်သော သဘောအဟုံ အဖုံဖုံသည် မကုန်နိုင်နည်း လက်ခုတ်တီး၍ ပဋ္ဌာန်းကျမ်းကြီးမှာ ပညာနှင့်သာ ယူကြပါလေ ဉာဏ်ကဝေတို့။
ထို့ကြောင့် မဟုတ်လော -
“ကမ္မဝိပါကော အစိန္တိယျော” ဟူသောအရ သစ္စသဘော အဆုံးမသတ် မသုံးအပ်သော လောကဓာတ်ကြီး၏ အကြောင်းပစ္စည်း ပညတ်မကပ် ပရမတ် ထီးထီး အသီးဆတ်ဆတ် ပြောဟောအပ်သော သဘောမြတ်ကြီး ပါပေတည်း။ ဤအရာမှာ “သင်္ခတာဓမ္မာ” ဒေသနာအရ သဘာဝကို ပြသည်ဟု မှတ်ပါ။”
“အသင်္ခတာဓမ္မာ” ဒေသနာ အရမှာ။
နိဗ္ဗာနံပနနိဗ္ဗာနန္တိ ပဝုစ္စတီတိ သမ္ဗန္ဓော။ လ။ မဟေသယောဗုဒ္ဓါ။
ဟူသော.... (ပရမတ္ထဒီပနီဋီကာ ရုပ်ပိုင်းမှာယူပါ။)
ထင်ရှားစေဦးအံ့ --
စက္ခုဝိညာဏ်စိတ် ဆိုသည်မှာ ရူပါရုံနှင့် စက္ခုပသာဒ ပေါင်းဆုံ ရောထွေး စုဝေးမှု မျှကြောင့် မြင်သိမှုကို စက္ခုဝိညာဏ်ဟု ဆိုသည်။ ထို စက္ခုဝိညာဏ်သည် ရူပါရုံ ထဲကလည်း မဟုတ်။ စက္ခု ပသာဒထဲကလည်း မဟုတ်။ ထိုပသာဒ ရူပါရုံနှစ်ပါးစုံ အကြားထဲကလည်းမဟုတ်၊
ဥပမာပုံ - တခုသောဝတ္ထုနှင့် တခုသော ဝတ္ထုကို ရိုက်နှက်ရာမှာ ထိုရိုက်နှက်သော ဒါဏ်ချက်ကြောင့်သာ နာကြင်မှု အတွက်နှင့် ထွက်ပေါ်သော အသံကဲ့သို့။ ထို့တူပမာဏ - ရူပါရုံ, စက္ခုပသာဒ, ပေါင်းဆုံမှ ကိစ္စကြောင့်၊ ပေါ်ထွက်သော သင်္ခါရ အနိစ္စကိုပင် စက္ခုဝိညာဏ်ဟု ဆိုသည်၊ ခေါ်သည်။
ထင်ရှားစေဦးအံ့ --
ဤလောက၌ မရဏဓာတ် ပရမတ်သဘောသည် လောကနှင့်အမျှ မရဏတရား ထင်ရှား ပြည့်နက်ရှိ၏။ ထို မရဏတရားသည် သတ္တဝါတွေ သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ၊ ထိုအသေက သေစေတတ်သော သဘော, သေစရာသဘော, သေမဟာ့သဘော, သေမဲ့သဘောက, ထာဝစဉ် ထာဝရ၊ သဘာဝမျှ မရဏဓာတ် ပရမတ်တရား ထင်ရှားရှိန်ရှိန် ထိန်ထိန်လင်းလင်း ဝင်းဝင်းတောက် ရှိသည်ကို သိစေ လိုသည်။
ထို့တူပမာဏ စက္ခုပသာဒ ရူပါရုံ၊ ပေါင်းဆုံ ထိခတ်မှုကြောင့် ဖြစ်သော မြင်သိ သဘောမျှ စက္ခုဝိညာဏဓာတ် ပရမတ်သည် သိစေတတ်သော သဘော သိစရာ့ သဘော, သိမဟာ့သဘော, သိမဲ့သဘောက ရူပါရုံ စက္ခုပသာဒ ပေါင်းဆုံ ရောထွေး စုဝေးမှမျှကြောင့် သိဟူသော အမူအရာ ကြိယာဓာတ် သမုပ္ပါဒ်ကိုပင် စက္ခုဝိညာဏ်ဟု ဆိုသည်။ ခေါ်သည်။
ထို့အတူ --
* သောတပသာဒနှင့် သဒ္ဒါရုံ,
* ဃာနပသာဒ နှင့် ဂန္ဓာရုံ,
* ဇိဝှါပသာဒနှင့် ရသာရုံ,
* ကာယပသာဒနှင့် ဖေါဋ္ဌဗ္ဗာရုံ,
* ဟဒယဝတ္ထုနှင့်ဓမ္မာရုံ -
ပေါင်းဆုံ ရောထွေး စုဝေးမှုဟူသော သမုပ္ပါဒ်ဓာတ် ပရမတရား ထင်ရှား ရှိန်ရှိန်၊ ထိန်ထိန် လင်းလင်း ဝင်းဝင်းတောက်အပ် ခပ်သိမ်းသောအရပ်၌ ပရမတ် သဘာဝ ထာဝစဉ် ထာဝရ ထင်ရှားလှသည်ကိုပင် ပြောင်ပြောင် စင်စင် ကြောင်ကြောင်ကြီး မြင်စေလိုသည်။
ဥပမာမြင်စေရန် ပဲ့တင်သံကဲ့သို့တည်း
ပဲ့တင်သံ ဟူသည် အဘယ်နည်း။ တောကြီး တောင်ကြီး စသည် တို့၏အနီး၌ နေ၍ ဟေ့... စသည်ဖြင့် ခေါ်ငင်ပြန်လျှင် ထိုအသံကလည်းတခြား၊ တောတောင်ယံမှ ကျူးကျော်သံကလည်းတခြား၊ ထို ကျူးကျော်သော ပဲ့တင်သံသည် တောတောင်ယံ ထဲမှာလည်း မရှိ။ ထိုသူ၏ခေါ်သံလည်း မဟုတ်။ ထိုသူခေါ်သော အသံနှင့် တောတောင်ယံ၏ အကြားကလည်း မဟုတ်။ ထို ပဲ့တင်သံသည် ထိုတောတောင်၏ ဓာတ်ထူးနှင့် ထိုအနီး၌ ခေါ်သောသူ၏ အသံနှင့် ပေါင်းဆုံရောထွေး စုဝေးမှု ဒါဏ်ချက်ကြောင့် ပေါ်ထွက်သော ပဲ့တင်သံကဲ့သို့တည်း။
ဤအရာက သဝိညာဏက အဝိညာဏက သိသာလှ၏။ သိသာပုံက -
ပဲ့တင်သံ ထွက်နိုင်သော အရပ်ဋ္ဌာနနှင့် သဝိညာဏက တူကြ၏။
ပဲ့တင်သံ မထွက်နှိုင်သော အရပ်ဋ္ဌာနနှင့် အဝိညာဏက တူကြ၏။
ဤအရာမှာ သိသာမှတ်လွယ် အဓိပ္ပါယ်ကျဉ်း လိုရင်းကိုပြမည်။
မြင်ကြား စရှိ၊ ကြံသိသမျှ၊ သင်္ခါရက၊ အနိမိတ္တ အနိစ္စဧကန်၊ ဒုက္ခမှန်သည့်၊ ပစ္စုပ္ပန်ကို၊ ရုပ်နာမ်ပြောရ၊ ဓမ္မဆတ်ဆတ်၊ ပရမတ္ထ၊ သစ္စသဘော၊ ပညာဇောပင်၊ ဝိညာဏ်မြင်ကြံ လောကမှန်မှာ၊ တောသံ တောင်သံ၊ ပဲ့တင်သံသို့၊ သူဟန် ငါဟန်၊ ထင်မြင်ပြန်၍၊ ဖန်ဖန်ခါခါ၊ ဉာဏ်ပညာမှာ၊ ရှာသော်နှယ်မူ၊ ဘယ်လူဘယ်ဝါ၊ ဘယ်ဘယ်ဟာမှ၊ ရှာဘာမရ၊ မုချသဘော၊ စင်စစ်ပြောက၊ ခဏမမြဲ၊ ဆင်းရဲစွာလှ၊ စိုးမရသည့်၊ ဓမ္မအမှန်၊ သယံဇာတ၊ ထာဝရခာဘ်၊ ပရမတ္ထ၊ ရှိသမျှက၊ အနိမိတ္တ၊ အရိယသစ္စာ၊ မြတ်ဓမ္မာသည်၊ ပမာ နေ,လ ထင်ရှားတည်း။
သတိမူလိုက်ကြ --
ဝိပဿနာ ရှုသော ခဏမှာ ဤ တလောကလုံးကို မလို၊ မိမိကိုယ်၌ ရှုခိုက်ခဏ ရုပ်နာမ် သင်္ခါရ အနိစ္စက အတိတ် အနာဂါတ်မရ၊ ပစ္စုပ္ပန်ခဏ ဥပါဒ်, ဘင်မျှ အနိစ္စကိုသာ ဒုက္ခသစ္စာဟု ရှုရမည်။
လိုရင်းသဘာဝ ပညာမြင် အနိစ္စက ဘုရား ရဟန္တာများမှာ မမြဲသဘောမျှသာ ထာဝစဉ်ထာဝရ တိုးဆုတ် နည်းများ မရှိ၊ ပကတိသော သယံဇာတ သဘာဝကြီးကိုပင် ပြောင်ပြောင်စင်စင် မြင်တော်မူကြရာ၏။
ပုထုဇ္ဇန် သူငါတို့က မနေ့က ငါပင်၊ ခုနေ့ဟု ထင်၏။ အခုတင်က ငါပင်၊ အခုရှိသည်ဟု ထင်လွဲ စွဲမှား၍ နေကြ၏။ စင်စစ်မှာမူကား မမြဲဟုမြင်လျှင်လည်း မမြဲသာ ရှိသည်။ မြဲသည်ဟု ထင်လျှင်လည်း မမြဲသာရှိသည်။
လိုရင်းက -- ထင် မထင်မှာ ပဓာနမဟုတ်။ မမြဲသဘာဝ ထာဝရကြီးကိုပင် ပြောင်ပြောင်စင်စင် ကြောင်ကြောင်မြင် ရှင်းလင်းသောအခါ အနိမိတ္တ အနိစ္စအရာ ဒုက္ခ သစ္စာကိုပင် မြင်သောသူမည်၏။
ဤသို့လျှင် အဟုတ်မြင် အမှန်သိက သမ္မာဒိဋ္ဌိ၊ ဉာဏ်မျက်စိမှ သဝိညာဏက၊ အဝိညာဏက၊ ရှိရှိသမျှ ရူပ,သဒ္ဒ, စသည်ဥဿုံ အာရုံ ခြောက်ပါးကလည်း ပရမတ္ထ သဘာဝအနိစ္စ၊ စက္ခု သောတ, စသော ဝိညာဏ်ခြောက်ပါး၊ အာရမ္မဏိက တရားကလည်း ပရမတ္ထသဘာဝ အနိစ္စ။
သာယာမှု လောဘ၊ ကြမ်းထမ်းမှု ဒေါသ၊ မိုက်မဲမှု မောဟ၊ ငါထင်မှု ကိုယ်ထင်မှု၊ လူထင်မှု၊ နတ်ထင်မှု၊ ဒိဋ္ဌိစေတသိက်ကလည်း ပရမတ္ထသဘာဝ အနိစ္စ။ ဤသို့ စသော ပရမတ္ထချင်း ပရမတ္ထ၊ အာရုံ အာရမ္မဏိက သဘာဝချင်း သဘာဝ၊ ထိခိုက်ကြသော ဒဿနသဘော၊ သဝနသဘော၊ ဃာယနသဘော၊ သာယန သဘော၊ ဖုသန သဘောမှ သဘောစုကလည်း သူ့ပရမတ္ထ သူ့သဘာဝတရား ပစ္စယာကာရ တဆဲ့နှစ်ပါး ဟူသော ပဋိစ္စသမုပ္ပါဒ်နည်း၊ နှစ်ဆဲလေးပစ္စည်း ဟူသောပဋ္ဌာန်းနည်း။ ပစ္စည်း၊ သဘာဝ၊ ဧကတ္တ၊ နာနတ္တ၊ အဗျာပါရ၊ ဧဝံဓမ္မတာ နည်းလေးဖြာအမြဲ ထာဝစဉ် ထာဝရ၊ သဘာဝ ခပဲတို့၊ အလေ့ပေါက် ဖြစ်နဲကို ဉာဏ်ထဲတွင် ရှင်းရှင်း လင်းလင်းကြီး ဝင်လာ၍။
သင်္ခါရာဝ သင်္ခါရေဝိပဿန္တိ၊ သမ္မသန္တိ။
ဝဝတ္ထာပေန္တိ၊ ပရိဂ္ဂဏှန္တိ၊ ပရိစ္ဆိန္ဒန္တိ။ ဟု ရှုအပ်၏။
သင်္ခရာဝ၊ သင်္ခါရတရားတို့သည်သာလျှင်။
သင်္ခါရေ၊ သင်္ခါရ တရားတို့ကို။
ဝိပဿန္တိ၊ ရှုမြင်ကုန်၏။
သမ္မသန္တိ၊ သုံးသပ်ကုန်၏။
ဝဝတ္ထာပေန္တိ၊ မှတ်သားကုန်၏၊
ပရိဂ္ဂဏှန္တိ၊ သိမ်းဆည်းကုန်၏၊
ပရိစ္ဆိန္ဒန္တိ၊ ဆုတ်ဆိုင်းမရှိ ဟုတ်တိုင်းသိ၍ ရှိမဲ့ချက်ကုန် ဇီဝသုံသည့် လုံးစုံသဗ္ဗ သင်္ခါရတရားတို့ကို ပိုင်းခြားထင်ထင် ရှုမြင်ကုန်၏။
ဟူသည်နှင့်မခြား သင်္ခါရ တရားတို့သည်သာလျှင် သင်္ခါရတရားတို့ကို ရှုကုန်၏။ သုံးသပ် မှတ်သား သိမ်းဆည်း ပိုင်းခြားကုန်၏ဟု “ကြမ်း, လပ်, အနု, သုံးခုသော မိုဃ်းတိမ်ကို လေသုံးကြိမ် ပယ်ရှား၍ ပုဏ္ဏား လကို မြင်သကဲ့သို့” သစ္စာ လေးချက်ကို တပြိုင်နက် မြင်၏။ မြင်လိမ့်မည်။ မြင်အောင်ကြည့်ပါ။ ဤကဲ့သို့ မြင်သည်ကိုသာ သောတာပတ္တိ၊ မဂ်,ဖိုလ်, စသော ပုဂ္ဂိုလ်ဟုဆိုသည်၊ ခေါ်သည်။ သတိမူပါ။
ထင်စွာပြဦးအံ့ --
ဝိပဿနာ ရှုသော ခဏမှာ အနိစ္စမမြဲ ဆိုလျှင်ဘဲ ခန္ဓာငါးပါးဖြစ်၏။
အဘယ့်ကြောင့်နည်း၊ အသံမှာ ရူပက္ခန္ဓာ ပြောဆိုမည်ဟု ကြံစည်မူကား နာမ်ခန္ဓာ လေးပါး။ ဤကား ခန္ဓာငါးပါး ဖြစ်၏။
ထင်ရှားစေဦးအံ့ --
စက္ခုနှင့် ရူပါရုံ၊ ပေါင်းဆုံ ရောထွေးစုဝေးမှုမျှ အနိစ္စမျှကိုသာ ရုပ်နာမ်ခန္ဓာ ခေါ်သည် ဟု ရှုပါ။ မြင်ပါ။ မြင်ပုံမှာ...
ရူပါရုံသည် ရူပက္ခန္ဓာ၊
ရူပါရုံဟု သိမှုမှာ ဝိညာဏက္ခန္ဓာ၊
“ဖဿော၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြိယံ၊ မနသိကာရော စေတိ၊ သတ္တိမေစေတသိကာသဗ္ဗ စိတ္တသာဓာရဏာ နာမ။” ဟူသောအရ -
ဝေဒနာ ဝေဒနာက္ခန္ဓာ၊
သညာ သညာက္ခန္ဓာ၊
ဖဿ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြိယ၊ မနသိကာရ၊ ဤစေတသိက် ငါးခုမှာ သင်္ခါရက္ခန္ဓာ အားဖြင့် ပေါင်းသော် ခန္ဓာငါးပါးဖြစ်၏။
လိုရင်းက --
ရူပက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ အားဖြင့် ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့သည် ရှိန်ရှိန် သုတ်သုတ် သိမ့်သိမ့် လှုပ်မမြဲ ဆင်းရဲစွာလှ စိုးမရသော ထာဝစဉ် ထာဝရ ရော့နည်း တိုးဆုတ်ခြင်းမရှိ၊ ပကတိသဘာဝ အနိစ္စကိုသာ ဒုက္ခသစ္စာဆိုသည်။ ဤအရာမှာ ဗဟိဒ္ဓကိုမလို၊ မိမိအဇ္ဈတ္တမှာ မိမိကိုယ်ကိုသာ ရှုပါ။ မြင်ပါ။ မြင်ပုံကား - သူတပါးဟု မြင်ကြားမှု စသည်ကား မိမိခန္ဓာငါးပါး အနိစ္စတရားသာတည်း။
ဗြဟ္မာပြည်, ငရဲပြည်ဟု သိသည်ကား မိမိခန္ဓာငါးပါး အနိစ္စတရား သာတည်းဟု ရှုမြင်ရမည်။ သည်အနား ဟိုအနား၊ သူတပါးက အစဖြာ၍ ဗြဟ္မာ, ငရဲ၊ အနဲနဲ အဖြာဖြာ ဘုံသုံးရွာ အနိစ္စ၊ ရှိ မရှိက မိမိမှာ အသုံးမကျ၊ မကျပုံက ဘုံသုံးရွာ စသော တလောကလုံးမှာ မနောဝိညာဏ်ကသာ ထင်ရုံခါမျှ ထင်ကြရသည်။ ဗဟိဒ္ဓမှာ ဘုံသုံးရွာ စသည်မရှိ၊ ဘုံသုံးရွာဟု သိမှကိုပင် မနောဝိညာဏ်ဟု သဗ္ဗညု ဘုရားက အများ သိအောင်ပင် ပညတ်တင်၍ ဟောတော်မူသည်။
ဤအရာက ဝိပဿနာကို ပြသည်။ လိုရင်းက မိမိ အဇ္ဈတ္တ အနိစ္စကိုသာ ရုပ်နာမ် ခေါ်သော ဒုက္ခသစ္စာမျှ ပကတိသဘာဝကြီးကို မြင်စေလိုသည်။ မြင်ပုံမှာ “ဒကေ ရာဇိ” ဟူသောအရ။ ဒကေ၊ ရေအပြင်၌။ ရာဇိဝိယစ၊ အရေးအသား ကဲ့သို့၎င်း။ စသည်နှင့်ညီစွာ ရေပြင်မှာ ဒုတ်သေးနှင့် ရေးလုပ်သော အရုပ်မှာ ထိုရေးသော သူသာလျှင် သညာမြင် အရုပ်အသွင်၊ သူ့စိတ်တန်း မှန်း၍ထင်၊ သူ့စိတ်တွင် မြင်သော အရုပ်ကဲ့သို့။ ထို့တူပမာဏ ငါဟုထင်မှု သူဟုထင်မှု ယောက်ျားဟု ထင်မှု၊ မိန်းမဟု ထင်မှုစသော သတ္တဝါက စိတ်ထင်မျှဟု သိရမည်။ ရေပြင်ပမာဏကဲ့သို့ ရုပ်နာမ်နှစ်ဖြာဒုက္ခသစ္စာကို မြင်စေလိုသည်။ သတိမူပါ။
ထို့ကြောင့် မဟုတ်လော-
အဒဿနတော အာယန္တိ၊ ဘင်္ဂါ ဂစ္ဆန္တျ ဒဿနံ။
ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ။
ဟု ဟောတော်မူ၏။
အဒဿနတော၊ မမြင်ရရာ အနာဂတ အဘာဝ အဖြစ်မှ။
အာယန္တိ၊ လာ၍အသစ် ပေါ်ဖြစ်လာကုန်၏။
ဘင်္ဂါ၊ ချုပ်ပျက်ကုန်ပြီးသည် ရှိသော်လည်း။
အဒဿနံ၊ မမြင်ရရာ အဘာဝစစ် အတိတ်အဖြစ်သို့။
ဂစ္ဆန္တိ၊ ရောက်လေကုန်၏။
အာကာသေ၊ ပဇ္ဇုန် ရိုက်ချုန်း ချိမ့်အုံးထက်ခွင် မိုဃ်းကောင်းကင်၌။
ဝိဇ္ဇုပ္ပါဒေါဣဝ၊ ပြိုးပျက်လျှံလင်း လျှပ်စစ်၏ ဖြစ်ခြင်းကဲ့သို့။
ဥပ္ပဇ္ဇန္တိ စ၊ ဖြစ်လည်း ဖြစ်ကုန်၏။
ဝယန္တိစ၊ ပျက်လည်း ပျက်ကုန်၏။
ဟူသော အနိစ္စ ဓမ္မသဘောကိုသာ ပြောဆို ကြံဖန်ရာသည်။ ထိုသို့မဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါ စိတ်သညာနှင့် ထင်ရာသဘော ပြောဆိုကြံဖန်လျှင် သမ္မာမစင်၊ မိစ္ဆာ ယှဉ်သော စိတ်သညာတွင် ပညတ်ဝင်၍ ထင်ချင် တတ်တိုင်း အလှိုင်းများစွာ ရှေ့ကမ္ဘာ နောက်ကမ္ဘာ၊ ထွေထွေ ရာရာ ပညတ်လာ၍ သတ္တဝါမပျောက် ရောက် တတ်ရာဝယ် ပညတ်တွယ်လျှင် လောကနယ်လျှောက်၍ ပရမတ်သို့မပေါက်၊ လောကုတ္တရာသို့ မရောက်ဘဲသာ နေတတ်ပါသည်။ သတိမူပါ။
လိုရင်းက --
ဝိညာဏ်မြင်နှင့်၊ ပညာမြင်က၊ ညီမျှအောင်ပင်၊ မြင်စေလိုသည်၊ ဝိညာဏ်မြင်ကို ပြမည်။ ညဉ့် မှောင်မိုက်ခန်း၊ မီးကိုရမ်းက၊ လျှင်မြန်လှသော၊ သဘောအတွက်၊ အစဉ် ဆက်စပ်၊ မျှင်မပြတ်သော၊ သန္တတိပညတ်ကိုပင်၊ အပြင်က နှေးထိုင်း၊ အသိက သေးမှိုင်းသော၊ စိတ်သညာအတိုင်းနှင့်၊ မီးစက်ဝိုင်းထင် ကြောင်ကြောင် မြင်ကဲ့သို့၊ ထို့အတူ အနိစ္စဓာတ် စဉ်မပြတ်ကို၊ လူ, နတ်, တိရစ္ဆာန် ပုံသဏ္ဌာန်သာ၊ ဟန်မှုရာကို၊ သတ္တဝါစွဲ၊ အနဲနဲ အဖြာဖြာ စိတ်သညာတွင်၊ သိ, မြင်, မှတ်သော၊ ပရမတ် အရပ်နှင့်၊ ပညတ်အရိပ်၊ ထင်နိမိတ်ကလည်း၊ မီးနှင့် မီးရောင် နည်းသဘွယ်၊ သမုတိနယ် လောကလယ်မှာ တကယ်လည်း ဟုတ်၏၊ မှန်၏။ သတိမူပါ။
အရိယသစ္စာ၊ ပညာမြင်မှာ၊ ပရမတ် အနိစ္စက မျက်တောင်ခပ်မျှ ထိုခဏမှာ၊ သိန်းကုဋေမက၊ လျင်မြန်လှသော်လည်း (ဥပမာန) ဝိသယခေတ်၊ ဖြစ်ပျက်သင်္ခါရ အနတ္တ၏ အနိစ္စနယ်၊ မကွယ်မသုဉ်း၊ မဆုံးကျယ်ခြင်းမှာ၊ နယ်အတွင်းသာ၊ ဖြစ်လာရသို့၎င်း။ ထိုထို သဘာဝ အစလဲ၊ သြကာသထဲက မလွဲရသို့၎င်း၊ သင်္ခတဓါတ်တွင် အမြတ်ဘုရင်၊ ပညာမြင်မှာ အစဉ်မစပ်၊ အမျှင်ပြတ်၍ ယုတ်မြတ် မရ၊ ကြောင်းနှင့် ကျိုးမျှ၊ အနိစ္စဟု၊ နိမိတ်လွတ်ကင်း၊ ကြည်လင်ရှင်း၍၊ လင်းကြီး လင်း၏။ ဤ လင်းကြည်သောဓာတ် ပရမတ်ကိုသာ သောတာပတ္တိ မဂ်ဖိုလ် စသော ပုဂ္ဂိုလ်ဟု ဆိုသည်၊ ခေါ်သည်။ သတိမူပါ။
လိုရင်းသဘောက --
လောကဓမ္မ၊ ဌာန ဖြာဖြာ၊ အရာရာမှာပင်၊ ဝိညာဏ်ပညာ၊ မြင်နှစ်ဖြာက၊ ချိန်ခွင် လျှာပမာဏ၊ မသာမလို၊ မပိုမလျော့အောင်ပင်၊ ပေါင်ဝင် မြင်ရမည်။ ပေါင်ဝင် ဆိုသည်မှာ၊ (ဥပမာန) ဥပါဒ်နှင့် ဘင်သည် ညီမျှသကဲ့သို့။ အညီအမျှ သိမြင်ရမည်။ သိစေလိုရင်းကား၊ ထိုသတ္တဝါဟု ခေါ်ဆိုမှုက၊ ပန်းချီပန်းပု ထုလုပ် ရေးထားသော ဆေးသစ်သားကို ယောက်ျားရုပ်, မိန်းမရုပ်၊ သမုတ်သည့်ပမာဏ၊ ရုပ်နာမ် သင်္ခါရ၊ အနိစ္စ၏၊ အရိပ်မျှသာ သတ္တဝါဟု ခေါ်ဆိုမှုကို သိရာ၏။
တနည်းကား --
ထင်ရှားစွာသော အိပ်မက်သည် မည်သူ၏ မျက်လုံး၊ မည်သူ၏ မျက်တောင်ကို ကြောင်ကြောင်ကြီးပင် မြင်မက်လေရာ၊ နိုးသောအခါ ရက်, လ နှစ်မှာ ဘယ့်လောက်ပင် ကြာကြာ ထို အိပ်မက်ကောင်ကိုသာ ကြောင်ကြောင်ကြီးထင် မြင်သကဲ့သို့။
ထို့တူပမာ။ စိတ်သညာမှာ၊ လောကသစ္စာ၊ ပညတ်မျှသာ၊ သတ္တဝါဟု ကြောင်ကြောင်ကြီး ထင်မြင်မှုကိုသာ အိပ်မက်ရုပ်ဟု ဆိုသည်။ ဥပါဒ်, ဌီ, ဘင်၊ ဖြစ်ပျက်စဉ် သင်္ခါရ၊ ခန္ဓာငါးပါး၊ ရုပ်နာမ်တရားကို အိပ်မက်ရုပ်ဟု ဆိုသည်မဟုတ်။ သတိထားပါ။
တနည်းပြမူ - လွမ်းတသူမှာ၊ စိတ်သညာသွေး၊ စိတ်ဆောင်ပေး၍၊ တရေးရေး ထင်မိ မြင်မိ၊ ကြောင်ကြောင်ရှိ အသွင်၊ စိတ်အထင်မျှ။
တနည်းပြလျှင်၊ ဥဂ္ဂဟတွင်၊ ကသိုဏ်းခွင်မှာ၊ ထင်သည် ပမာဏ၊ အနိစ္စဓာတ်၊ ပရမတ်၏၊ အတ္တိပစ္စယ၊ သတ္တိမျှဟုန် အာရုံ အာရမ္မဏိက၊ သဘာဝချင်း သဘာဝ၊ အနိစ္စနာမ် စိတ်ကြံ သဘောကို “ဒိဋ္ဌံဝေါ ဘိက္ခဝေ စရဏံနာမ စိတ္တန္တိ ။လ။ စိတ္တညေဝ စိတ္တတြန္တိ “ ဟူသော(သံယုတ် ပါဠိတော်အရ။)
တတ္ထ စရဏံနာမစိတ္တန္တိ ယတ္ထ ဝိစိတြာနိ ဒိဗ္ဗဝိမာနာ ဒီနိ၊ စိတ္တကမ္မာနိ ကတွာ ဣဒဉ္စိဒဉ္စပုညံ ကရောန္တာ ဣဓစိဓစ နိဗ္ဗတ္တာတိ ဒဿေန္တာ ဝိစရန္တိ။
စသည်ဖြင့် အကျယ်ကိုလိုမူ သဘောဖြူတို့မှာ ပါဠိ အဋ္ဌကထာ ဒေသနာသဘာဝ အတိဂမ္ဘီရ ကိလိတ္ထကို ဝိနိစ္ဆယနှုန်း အဆုံးအဖြတ်ကို နိဂုမ်းသတ်၍ ပြတော် မူအပ်သော (ဤပရမတ္ထ ဒီပနီဋီကာမှာ) ပညာနှင့်သာ အခါခါ ယူပါ။
တတ္ထ၊ ထိုသံယုတ်ပါဠိတော်၌။
စရဏံနာမစိတ္တန္တိ၊ ဟူသည်ကား။
ယတ္ထ၊ အကြင်ပြပုံကား၌။
ဝိစိတြာနိ၊ ဆန်းကြယ်ကုန်သော။
ဒိဗ္ဗဝိမာနာဒီနိ၊ နတ်ဗိမာန် အစရှိကုန်သော။
စိတ္တကမ္မာနိ၊ ဆန်းကြယ်သော အမှုတို့ကို။
ကတွာ၊ ပြ၍။
ဣဒဉ္စိဒဉ္စပုညံ၊ ဤမည်သော ကောင်းမှု၊ ဤမည်သော ကောင်းမှုကို။
ကရောန္တာ၊ ပြကုန်သောသူတို့သည်။
ဣဓစိဓစ၊ ဤမည်သောဗိမာန်၊ ဤမည်သော ဗိမာန်၌လည်း။
နိဗ္ဗတ္တာ၊ ဖြစ်ရကုန်၏။
ဣတိ၊ ဤသို့။
ဒဿေန္တာ၊ ပြကုန်လျက်။
ဝိစရန္တိ၊ လှည့်လည်ကြကုန်၏။
ဤပါဠိတော်လာ ဤဋီကာ လိုတော်ရိပ်က အနိစ္စမျှ ဓမ္မပုဉ္ဇ သန္တာနကိုပင် သာတ ယှဉ်၍ မြင်လေသူက ဤရှင် ဤလူ ဤမူ နေ,လ စသည်အထင် သာယာနှင့်မြင်လျှင် အဝိဇ္ဇာယှဉ် ဒိဋ္ဌိဝင်၍ စိတ်သညာပြ သိသာလှ၏။ ဒုဿီလ, သုသီလ စသည်ပြုလျှင် ထိုအမှုနှင့် ထိုသူ့ကိုပင် တော်, မတော်ထင် ကိုယ်ငါနှင့် မြင်လျှင် အဝိဇ္ဇာယှဉ်၊ စိတ်သညာပြ ထင်ရှားလှ၏။ စသည်ဖြင့် အကျယ်ကိုလိုမူ သုံးလောကဒီပနီမှာ ကြည့်လေ။
ဣတိနေကေဟိနာမေဟိ၊ ကိတ္တိတာယာမဟေ သိနာ။
ဝုဋ္ဌာနဂါမိနီသန္တာ၊ ပရိသုဒ္ဓါဝိပဿနာ။
ဝုဋ္ဌာတုကာမောသံသာရ၊ ဒုက္ခပင်္ကာ မဟဗ္ဘယာ။
ကရေယျသတတံတတ္ထ၊ ယောဂံပဏ္ဍိတဇာတိကော။
(အဋ္ဌကထာ နုသာသနီ။)
ဣတိ၊ ဤသို့။
အနေကေဟိနာမေဟိ၊ များစွာသော အမည်တို့ဖြင့်။
ဝုဋ္ဌာနဂါမိနီ၊ မဂ်သို့ရောက်ကြောင်း ဖြစ်သော။
သန္တာ၊ ကိလေသာဟူ မီးပူခပ်သိမ်းကို ငြိမ်းအေးစေတတ်သော။
ပရိသုဒ္ဓါ၊ ထက်ဝန်းကျင် စင်ကြယ်စွာသော။
ယာဝိပဿနာ၊ မဂ်၏တည်ရာ အကြင် ဝိပဿနာကို။
မဟေသိနာ၊ သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာပြီးတော်မူသော ဘုရားမြတ်သည်။
ကိတ္တိတာ၊ ဟောကြား ချီးမွမ်းတော်မူအပ်ပြီ။
မဟဗ္ဘယာ၊ ကြောက်ဘွယ်ခမန်း ဘေးဘျမ်းကြီးစွာသော။
သံသရဒုက္ခပင်္ကာ၊ သံသရာဝဲ ဆင်းရဲ ပရပိုင် ရွှံ့ညွန်အိုင်မှ။
ဝုဋ္ဌာတုကာမော၊ ကူးတက်ထမြောက် မဂ်သို့ရောက်လိုသော။
ပဏ္ဍိတဇာတိကော၊ တိဟိတ် ပဋိသန် ဇာတိဉာဏ် ကြီးပေသော အမျိုးကောင်း သားသ္မီးသည်။
တတ္ထ၊ ထိုမဂ်၏ တည်ရာ ဂုဋ္ဌာနဂါမိနီ ဝိပဿနာ၌။
သတတံ၊ နေ့ရောညဉ့် ပါ အခါမပြတ်။
ယောဂံ၊ ပွားများ စီးဖြန်းခြင်းကို။
ဝါ၊ အရိုးကြေကြေ အရေခြောက်ခြောက် နောက်မတွန့်ဆုတ် အားထုတ်ခြင်းကို။
ကရေယျ၊ ပြုရာ၏။ ပြုပါလေလော့။
နေရုသမံ ပရမတ္ထဋီကာဒိံ သုဓုပီဠိယ။
မေဒိနိမသိယာ လိချံ၊ ပဿေသသင်္ကနိစ္ဆယံ။
နေရုသမံ၊ နေရု မည်သီး ရွှေတောင်ကြီး မခြား အလားတူသော။
ပရမတ္ထဋီကာဒိံ၊ ပရမတ္ထဒီပနီ ဋီကာကြီး အစရှိသောကျမ်းကို။
သုဋ္ဌု၊ ကောင်းစွာ။
ပီဠိယ၊ ညှစ်ယူ၍။
မေဒိနိမသိယာ၊ တောင်ဆီမင်ဆေးဖြင့်။
လိချံ၊ ရေးသားစီရင်အပ်သော။
သသင်္ကနိစ္ဆယံ၊ လဝန်း ငွေရိပ် သိကြားနှိပ်သည့် ယုန်ရေးတံဆိပ် နှင့် တူသော ရတနာသုံးရပ် ဆုံးအဖြတ်ကို။
ပဿေ၊ ရှုရာ၏။
ဤမျှတည်းသာ၊ သမုဒ္ဒရာပြင်ကျယ်၊ ရေပင်လယ်မှာ၊ သွယ်သွယ် ရတနာ၊ များလှစွာကို၊ လွယ်ကာမနှေး၊ လူတွေဋ္ဌေးအောင်၊ ယူ၍ပေးသို့၊ ထို့တူညီစွာ၊ ဓမ္မက္ခန္ဓာ၊ ဒေသနာမှ၊ ဖွေရှာယူညှစ်၊ သဘောနှစ်ကို၊ စီစစ်၍ အပ်သော “ရတနာဒီပနီ” ဤတွင် ပြီးပြီ။
တောင်ဆီ မင်ဆေးဖြင့် ရေးပြအပ်သော လ,ဝန်း ငွေရိပ် သိကြားနှိပ်သည့် ယုန်ရေး တံဆိပ်နှင့် တူစွာ “ရတနာဒီပနီ” ကျမ်းမြတ်ကို ကျက်မှတ်သိမြောက် နိဗ္ဗာန် မှောက်သို့ ခုဘဝ, နောက်ဘဝ ရောက်ကြ ပါစေကုန်သတည်း။
ရတနာ ဒီပနီကျမ်း ပြီး၏။
ကြောင်ပန်းတောရ ဆရာတော်
ရေးသားစီရင်အပ်သော
ကြောင်ပန်းဟောစဉ်
▬▬▬▬▬▬▬
ကျေးဇူးရှင် ကြောင်ပန်းဆရာတော်ဘုရားကြီးထံ လျှောက်လွှာ။
ဘူမဏ္ဍလိပ်၊ ဇမ္ဗူရိပ်တွင် လျှံထိပ် ဖြိုးမောက်၊ ဗောဓိအောက်၌၊ အံ့လောက် ကဲဆန်း၊ ပလ္လင်နန်းထက်၊ ရန်စက်ကိလေ၊ မဂ်ဖြင့်ချွေသည့်၊ ပရမေဦးဂိန်၊ မာရဇိန်သည်၊ ဇီဝိန်စဲချုပ်၊ အနုပ္ပါဒ၊ နိဗ္ဗာနသို့၊ မြန်းကြွပြီးနောက်၊ တည်ဆောက်ဣဋ္ဌက၊ သရီရဓါတ်၊ မွေရှင်မြတ်တို့၊ ကိန်းဝပ်ပျော်ရာ၊ ဘုတလင်နဂရာတွင်၊ တရားပိုင် မြို့အုပ်မင်း-ဦးမူနှင့်၊ မင်းကတော် မယ်တုပ်တို့က၊ ဂါရဝတရားဖြင့် အသနားခံ လျှောက်ဝံ့ပါ သည်။
လေးလီသီလ၊ သာဇီဝ ဝတ်ထည်၌၊ ဂန္ဓူရ ရွှေချည်ကို၊ သမာမီ ရွှေပိုး၊ အမောဟီ ရွှေချိုးဖြင့်၊ သီထိုးကာ ခြုံဆိုင်း၍၊ ရုံသိုင်းတော်မူလေ့ရှိပါသော ဆရာတော်သခင် အရှင် သူမြတ်ဘုရား။
အဝိဇ္ဇာမှောင်၊ ပိတ်ကာနှောင်သည့်၊ လူ့ဘောင် ရှည်ကြာ၊ တပည့်တော် တပည့်တော်မတို့မှာ၊ အဝိဇ္ဇာ မြူမှေး၊ ကိလေသာ ညစ်ကြေးကို၊ မဂ်သီတာရေဧဖြင့်၊ အကြွင်းမဲ့ လျှော်ဆေး၍၊ ဘေးကုန်သည့် ရပ်ဌာန်၊ ပြည်နိဗ္ဗာန်သို့၊ လျင်မြန်စွာ ရောက်ရပါစေခြင်းငှါ၊ ဝိပဿနာ ဒေသနာကို၊ သေချာစွာ ရေးသား၍၊ ပေးသနား တော်မူပါအရှင်ဘုရား။
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။
ကြောင်ပန်းဟောစဉ်
▬▬▬▬▬▬▬
တရားတော်မြတ်ကို နာတတ်ခဲကြသည်။ တရားနာကြသောအခါ (ဥပမာမှာ) မျက်စိ မမြင်သောသူကို မြင်သောသူက ဒုတ်ဆွဲ၍သွားရာမှာ၊ ထိုမျက်စိမမြင်သောသူသည်၊ မိမိကိုင်သောဒုတ်ကို အရေးမလုပ်၊ အသုံးမကျ အလိုမရှိ။
အဘယ့်ကြောင့်နည်း။ ထိုဒုတ်မှာ ထိုင်ရင်းဖြစ်စေ၊ အိပ်ရင်းဖြစ်စေ၊ ကိုင်၍နေက အသုံးမကျ။ ထိုဒုတ်၏ နိမ့်မှု၊ မြင့်မှု၊ ကွေ့လှဲမှုဟူသော ဒုတ်၏ အရိပ်ကိုသာ အာရုံပြုသကဲ့သို့။
ထို့တူပမာ --
တရားနာသောအခါ အသံမှာ အရေးမလုပ်၊ အသုံးမကျ၊ ထိုအသံ၌ ပါသော အရိပ်ကိုသာ ထိထိမိမိ အဟုတ်သိအောင် နာကြရမည်။ မှတ်သား ကြရမည်၊
အဘယ့်ကြောင့် ရူပါရုံ,သဒ္ဒါရုံ စသည်တို့က အသုံးမကျသနည်း။ အသံမှာ ပထဝီ, အာပေါ, တေဇော ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, သြဇာ, သဒ္ဒနဝက၊ ကလာပ်မျှ ရုပ်သဘာဝမှာ အနိမိတ္တ အနိစ္စသာဖြစ်၍ အသုံးမကျ၊ အသံ၌ပါသော အရိပ်မျှကိုသာ နာကြရမည်။
ဤတလောကလုံးမှာ ရုပ်ရိပ်, နာမ်ရိပ်မျှသာ ရှိသည်၊ ထိုရုပ်နာမ်၏ အရိပ် အရောင် မျှကို အကောင်အထယ် တကယ်ထင်မှား၍ အများအများ ဒုက္ခဖြစ်၍နေကြသည်။
သိသာစေအံ့။ မှန်ကြောင့် ဖြစ်သော မှန်ရောင်သည်၊ မှန်ပြင်မှာ ထင်လာသကဲ့သို့။ ထို့အတူ နာမ်ဓာတ် ပရမတ္ထ အနိစ္စကြောင့် ဖြစ်သော ယောက်ျား, မိန်းမ အစရှိသော ခြေလက်,အင်္ဂါ၊ မျက်နှာ, ရင်,ဝမ်း, အစ ရှိသော သဏ္ဌာန်နိမိတ် ပဋ္ဌမနာမ်ရိပ်သည် အဋ္ဌကလာပ် အနိစ္စဖြစ်သော ရုပ်ဓာတ်ပေါ်မှာ ထင်လာ၏။ ဒုတိယ အရိပ်ဟူသော ဒြပ်နိမိတ် တံဆိပ်ရေးသွင် သစ်ပင်ရိပ် လူရိပ်, စသော ရုပ်ရိပ်ကား၊ မြေပြင် ရေပြင်မှာ ထင်လာ၏။ များစွာသတိမူကြ။
ဤလောကမှာ သူ ငါကစ ပုထုဇ္ဇန် ဟူသမျှတွေသည် ဤ ရုပ်ရိပ် ဟူသော ဒုတိယ အရိပ်ကိုသာ အရိပ်ဟူ၍ သိမှတ်ကြသည်။ ပဋ္ဌမ အရိပ်ဟူသော သစ်ပင်, လူရှင်၊ မျက်နှာ, ရင်, ဝမ်း, အစရှိသော အင်္ဂါကြီးငယ် အသွယ် သွယ်သော ပဋ္ဌမ နာမ်ရိပ် ကိုကား အရိပ်ဟူ၍မျှမသိကြ၊ မရိပ်မိကြကုန်သတည်း။ သတိမူလိုက်ကြ။
ထို့ကြောင့် - လုံးလုံး လျောင်းလျောင်း၊ ပေါင်း၍ တည်ဟန်၊ သဏ္ဌာန် အကောင် အထည်ကဲ့သို့၎င်း။ အကောက် အကွေ့၊ အချိုင့် အဟိုက်၊ နက်တိမ် တိုရှည် စသည်၎င်း။ ငယ် ကြီး, ထီး, မစသော သိကြောင်းခြင်းရာနှင့် စိတ်သညာဓာတ် သိမှတ်သမျှ တလောကလုံးသည် အနိစ္စနာမ်ဓာတ် ပရမတ်၏ အရိပ်အရောင် မျှချည်းဟု သိလေ။ မှတ်လေ။
ထင်ရှားစေဦးအံ့ --
မျက်စိနှင့် ကြည့်ရာမှာ မိန်းမကို မမြင်ရ။ ယောက်ျားကို မမြင်ရ။ သစ်ပင် လူရှင်၊ အင်္ဂါ ကြီးငယ်ကို မမြင်ရ။ ရုပ်ရုံ ဝဏ္ဏ အဆင်းအရောင် မျှကိုသာ မြင်ရသည်။ ပါးပြင်, မျက်နှာ၊ အင်္ဂါကြီးငယ်။ အသွယ်သွယ်ဟူသမျှ၊ အိမ်, ကျောင်း တုံး,ဖျာ, စသည် တို့မှာ မနောဝိညာဏ်ကသာ ထင်ရုံကာမျှ ထင်ကြရသည်။ ထိုမနောဝိညာဏ်စိတ်၏ အရိပ်မျှဟု သိကြရမည်။ မှတ်ကြရမည်။
ထိုမနောဝိညာဏ်စိတ်၏ အရိပ်မျှ မိန်းမ ယောက်ျား ခြေလက်, အင်္ဂါစသည်တို့မှာ လှသည်၊ အလွန်လှသည်၊ အရုပ်ဆိုးသည်၊ မကောင်းသည် စသည်တို့မှာ “ကုသလာ ဓမ္မာ၊ အကုသလာဓမ္မာ” စသည်ကို မြော်လေ၊
ကုသလာ အနဝဇ္ဇ သုခဝိပါက လက္ခဏာ၊
ဓမ္မာ နိသတ္တနိဇ္ဇီဝသဘာဝါ။
(အဋ္ဌကထာအရ။)
ဤသူလှသည်၊ အစိုးရမင်းဖြစ်သည်၊ ပစ္စည်းဘဏ္ဍာ ပေါများသည်၊ ချစ်ဘွယ်, မင်ဘွယ်ကောင်းသည် စသည်တို့မှာ အနိစ္စမဟုတ်၊ ဒုက္ခမဟုတ်၊ အနတ္တမျှသာ ဖြစ်သည်။ (ရုပ် နာမ် ဓမ္မမှာသာ အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုရမည်။)
ဤအရာမှာ ဥပမာပြဦးအံ့ --
မြစ်အရှေ့ဘက်ကမ်းက လူတယောက်သည်၊ မတ်တတ်ရပ်သောအခါ အရှေ့ လောကဓာတ်က နေကြဲကြဲထွက်စမှာ ထိုလူရိပ်က မြစ်လယ် ရေပေါ်မှာ ထင်ရှားစွာ မြင်ကြလေ၏။ ထိုလူရိပ်မှာ မပြောင်းမရွှေ့ ပြကတေ့ တည်၍ နေလေ၏။
ရေမှာမူကား မရပ်မနား မတန့်စားဘဲ တသွားတည်း စီးဆင်း၍နေ၏။ ဤအရာမှာ “နဒီသောတောဝိယ” စသည်ကို မြော်ကြ။
ဥပမာ ဥပ မေယျဟပ်၍ ပြသော်ကား
ယောက်ျား, မိန်းမ လူရှင် စသည်တို့က မြစ်ကြီးပမာဏ တူလှ၏။
နေ့ညဉ်မပြတ် နိစ္စပါတ်တတွေတွေ စီးဆင်း၍ နေသော မြစ်ရေအလျဉ်နှင့်ကား ရုပ်နာမ်ဓမ္မ အနိစ္စ တူကြ၏။
ထိုအနိစ္စ ရုပ်ဓာတ်ပေါ်မှာ တည်နေသော အရုပ်ဆိုး အလှမှာ ရှေးရှေးသော ဘဝသံသရာ ကမ္ဘာဘာက ပြုခဲ့ကြသော ကုသိုလ်, အကုသိုလ်၏ အကျိုးမျှဖြစ်သော အရုပ်ဆိုး အလှက ရေပေါ်မှာတည်နေသော အရိပ်ပမာဏ တူလှသည်။
ဤအရာမှာ ကုသိုလ် အကုသိုလ်ကြောင့် ဖြစ်သော အရုပ်ဆိုး အလှမှာ အနိစ္စ ဒုက္ခ မရအပ်။ အနတ္တသာ ရအပ်သည်။
အရုပ်ဆိုးသည် လှသည်ဟု သိသော နာမ်တရားမှာမူကား အနိစ္စ, ဒုက္ခ, အနတ္တ, ရှိသည်။ သတိမူကြ။
ကုသိုလ် အကုသိုလ်ရိပ်မျှ အလှ အရုပ်ဆိုးမှာသာ အနိစ္စ,ဒုက္ခ မရသည်။ ရေပေါ်မှာ ထင်သော လူရိပ်မှာ အနိစ္စဒုက္ခ အနတ္တ ဖြစ်၏။
အဘယ့်ကြောင့်နည်း၊ လူမှာရှိသော အဋ္ဌကလာပ် ရုပ်ဓာတ် မမြဲသမျှ အရိပ်မမြဲဟု သိရသည်။
ဤအရာမှာ ဥပမာနှင့်တကွ ထင်စွာပြဦးအံ့။
ဦးခေါင်း ခြေလက်၊ မျက်နှာ, ရင်ဝမ်း၊ ယောက်ျား မိန်းမစသော ပဋ္ဌမနာမ်ရိပ်ကို၎င်း၊ ခေါင်းရိပ် လက်နှိပ် လူရိပ် စသော ဒုတိယ ဟူသော ရုပ်ရိပ်ကို၎င်း။ အလှ အလိမ္မာ၊ မင်းစိုးရာဇာ စသော ကုသိုလ်ရိပ်၊ ရုပ်ဆင်းမလှ မိုက်မဲ ယုတ်ညံ့စွာ ဟူသော အကုသိုလ်ရိပ်ကို၎င်း၊ ထို နာမ်ရိပ်, ရုပ်ရိပ်,ကုသိုလ် အကုသိုလ်ရိပ်အားဖြင့် အရိပ် သုံးပါးကို သိမြင်သောသူမှာ မက်ဘွယ်၊ မုန်းဘွယ်၊ တောင့်တ, ကြောင့်ကြဘွယ် မရှိ။ မရှိပုံမှာ။
ဥပမာကား --
တောင်မြောက် တန်းတန်း၊ လမ်းခရီးမှာ၊ အရှေ့လောကဓါတ်ကနေ ထွက်တက်လာ သောအခါ၊ ထိုတောင်မြောက်လမ်းကို သွားရာ၏။ ထိုလမ်း၏ အနောက်ဘက်က ဆူးချုံ၊ မီးပုံ၊ မစင်တောလည်း ပါများရာ၏။ ထိုလမ်းကို သွားသောသူ၏ အရိပ်သည် ထို ဆူးချုံ မီးပုံစသည်ကို ဖြတ်သွားရာ ထိုသူ၏ စိတ်မှာ အရိပ်၏အတွက် သက်သက်မျှ မစိုးရိမ်။ မကြောင့်ကြ။
ဤတူပမာဏ -- ဘုရားရဟန္တာဟူသမျှက ယောက်ျား မိန်းမ၊ အလှ, အရုပ်ဆိုး၊ အမျိုးမျိုး စသည်အတွက်နှင့် မက်ဘွယ်၊ မုန်းဘွယ်မရှိ၊ ပကတိသောကရုဏာ အားဖြင့် သနားတော် မူကြပေသည်။ ဤကဲ့သို့သော သဘောအရာက သာသနာတော် ခဏမှာမှ ကြားနာ သိမြင် ကြရသည်။ ထို့ကြောင့်-
အဇ္ဇေဝကိစ္စံ အာတပ္ပံ၊ ကောဇညာ မရဏံသုဝေ။
နဟိနော သင်္ကရန္တေန၊ မဟာသေနေန မစ္စနာ။
(ဘဒ္ဒေကရတ္တသုတ် ပါဠိတော်။)
အနက်ကား --
အဇ္ဇေဝ၊ ယနေ့သည်ပင်လျှင်။
အာတပ္ပံ၊ အားထုတ်ဘွယ်ဖြစ်သော ကမ္မဋ္ဌာန်းဘာဝနာ ဒါန, သီလ, စသည်ပေါင်းစု ကုသိုလ်ကောင်းမှုကို။
ကိစ္စံ၊ မြန်မြန်ကြီး ပြုအပ်၏။
ဝါ၊ ကိုယ်လုံးပိန်ခြောက် မီးတောက်ခမန်း ကြိုးပမ်းရာ၏။
သုဝေ၊ နက်ဖြန်သဘက် တရက်ရက်၌။
မရဏံ၊ သေအံ့သောအဖြစ်ကို။
ဝါ၊ သေလိမ့်မည့် သေရမည့်အဖြစ်ကို။
ကော၊ ရဟန်း, ရှင်လူ အဘယ်သူသည်။
ဇညာ၊ သိနိုင်ပါအံ့နည်း။
ဝါ၊ သိနိုင်လိမ့်မတုံး၊
မဟာသေနေန၊ အတွင်းအပ များလှစွာသော စစ်သည်ရှိသော။
တေနမစ္စုနာ၊ ထိုသေမင်းနှင့်။
နော၊ ငါတို့အား။
သင်္ကရံ၊ နေ့ရက် ချိန်းချက်ခြင်းသည်။
နဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။
လိုရင်းက --
ယနေ့ နက်ဖြန်၊ သေရှင် မသိ၊ ဝိပရိနာမ သင်္ခါရဂိုဏ်း၊ တရားရိုင်းတွေနှင့်၊ သိုင်းဝိုင်း ကျယ်ကွန့်၊ မလွန့်စသာ၊ နေ့လား ညလား၊ သွားမည်ဆက်ဆက်၊ ခက်ချီ ခက်ချီ၊ နှလုံးမည်လျက်၊ တလည် ရေးရေး၊ တနွေးနွေး နေရသော၊ ခန္ဓာငါးပါး၊ တရားအယုတ်၊ မြူအနုတ်ကို၊ ကိုယ်လုပ်၍ ငါလုပ်၍၊ နေရသောကြောင့်၊ နှစ် လ၊ ရက် နေ့၊ အရွှေ့ အပြောင်း၊ ရွှေ့ညောင်း ကြာလင့်၍ မနေသင့်၊ မနေနှင့်။ အဘယ်ကြောင့်နည်း။ ရွေ့ညောင်း ကြာလင့်၍ နေကြလျှင်၊ ဒါန,သီလ,ဘာဝနာမှ ပြုခွင့် မရမည်များကို–
ပမာတန္တု၊ ပုံပြု၍ဆိုသော်၊ မုဆိုး၏ မြှားဦးမှာ၊ ပြုံးပျော်သည့် ယုန်နောက်၊ တံငါ၏ ပိုက်အောက်တွင်၊ လောက်လက်သည့် ငါးကြင်း၊ ကြောင်ပါး၏ရှေ့ခင်းတွင်၊ မြူးဆင်းသည့်ကြွက်မွဲ မြွေဟောက်၏ တွင်းထဲမှာ၊ ပျော်ရဲသည့် ဖားသူငယ်၊ ခြင်္သေ့၏ ရှေ့နယ်တွင်၊ စမ္ပယ်သည့် သားသမင်ကဲ့သို့၊ သေမင်း၏ ခံတွင်းဝမှာ၊ သူငါ ကစ၊ တလလ တမားမားနှင့်၊ လားလားမှ မပေါ့သာ၊ မလျော့သာဟု သတိပြုကြ။
အဘယ့်ကြောင့်နည်း --
ဘဝများစွာ၊ ကမ္ဘာဘာက “သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ” အာသီသနှင့် ဒါန, သီလ, စသော စရဏစု၊ ကုသိုလ်မှုတို့ကို ပြုစုကြိုးစား၍ အားထား ခဲ့ကြသည့်အတိုင်း၊ ယခုဘဝ၌၊ အရိယ သစ္စာ၊ သာသနာဓမ္မ၊ မြတ်သမယနှင့်၊ တွေ့ကြုံဆိုက်တိုက် ရရှိကြပြီ။ ခုဘဝ,ခုနေ့၊ အလိုပြည့်၍၊ ကိုယ်တွေ့ ကြုံရသော ဒုလ္လဘအခါ၊ အရိယသစ္စာမှာ၊ သုံးဖြာသော ဘုံအထွဋ်၊ ညွှတ်တတ်သော လောဘဟိတ် စိတ်တဏှာကို ပယ်ခွာရမည်ဟု အနိစ္စ ဒုက္ခ အနတ္တ,လက္ခဏာ၊ ဝိဇ္ဇာသုံးဝ၊ အဆုံးအမ သြဝါဒကို သာသနာဆိုသည်။
ထို သာသနာတွင်းသို့ ရောက်ကြသော ရဟန်း, ရှင်လူ၊ သူခပ်သိမ်းတို့မှာ၊ မေ့မေ့ လျော့လျော့၊ ပေါ့ပေါ့တန်တန် မနေသင့်။ မနေနှင့်။ အဘယ်ကြောင့်နည်း။ သာသနာတော်က ကုန်လုကြပြီ။ ကွယ်လုကြပြီ။ သတိမူကြ။
ကွယ်ပုံက --
သာသနာတော် ငါးထောင်၊ ထားတော်မူခဲ့သည်တွင်၊ အလွန် သာသနာ နှစ်ထောင့် လေးရာ ကျော်လွန်ပြီ။ ကြွင်းကျန်သော သာသနာတော် နှစ်ထောင့် ငါးရာကျော် ကျန်ရှိသေး၏။ ထို နှစ်ထောင့် ငါးရာကျော် သာသနာတော်တွင် မိမိနှင့်ဆိုင်ရာ သာသနာမှာ၊ မိမိမသေမှီ ကာလကလေး သာသာသနာ နှင့်ဆိုင်သည်။ ယခုနှစ် သေလျှင် သာသနာ တနှစ်သာ ရှိတော့သည်၊ ကွယ်တော့မည်၊ ရှေ့လသေလျှင် သာသနာ မိမိမှာ တလသာ ရှိတော့သည်။ ကွယ်တော့မည်။ သတိထား။ နက်ဖြန် သေလျှင် သာသနာ နက်ဖြန်ခါ ကွယ်မည်။ များများကြီး သတိထား။ ထိုသာသနာ တွင်းမှာမှ၊ ဒါနတရားက များစွာသာ၍ အရေးကြီးကြသည်။
အရေးကြီးပုံမှာ --
သာသနာပဒါန၊ သာသနာတော်တွင်းဒါန နှစ်ပါးတို့တွင် သာသနာပ ဒါနက များစွာ ပြုခဲ့ကြလှလေပြီ။ သာသနာတွင်း ဒါနက အနုတ္တရ သင်္ဃာတော်၊ အလှူခံတတ်၊ ပုဂ္ဂိုလ်မြတ်နှင့် ဆည်းကပ် လှူဒါန်းခြင်းငှာ၊ လွန်မင်းစွာ ခဲယဉ်းလှလေသည်။ တွေ့ကြုံ ရခြင်း ခဲယဉ်းလှလေသည်။
အဘယ်ကြောင့်နည်း။ အင်္ဂုရနတ်သား, ဣန္ဒက နတ်သားများ၏ ဝတ္ထုကို ထောက်ရှု၍ သိကြလေ။
အနုတ္တရ အလှူခံ ဆိုသည်မှာ
သံဃာတော်မြတ်ကို ဆိုသည်။
ယခုအခါ၊ သာသနာတော်ထမ်း ရဟန်းတော် ခုရှိတဲ့၊ သမုတိ ထေရ်သင်္ဃာတို့ကို ကြည်လင်စွာ အမြတ်ဆ၍၊ အရဟတ်ဓဇအနွယ် လာသမို့ ပရမတ္ထ အကယ်သာဟု၊ ဘွယ်ရာစွာ သဘောကျ ပြီးလျှင်၊ အလောဘဟိတ် ခြေခံ၍၊ စိတ်နေပရမံ၊ သောမနသ် ပွားကြ၍၊ ဇောတရသ် ပတ္တမြား ပမာဆောင်သော်၊ သဒ္ဓါရောင် ဖြူကာ ဆွနှင့်၊ လှူဒါန-ဒါတဗ္ဗေတို့ကို၊ သာဟတ္ထ ကံကာယဖြင့်၊ ပရံပရာဘဝ, အခြေပြုစေဘို့၊ မြေအထု, ဘူပထဗျာကို၊ သူအပါ သက်သေညွှန်းပြီးလျှင်၊ ရေသွန်း၍ လှူဒါန်းရမည် ဟူလိုသည်။
သံဃာတော် ဆိုသည်မှာ၊ (ဥပမာကား)
ချစ်လှစွာသော အဘ, သေ၍ သွားသည်ကို လွန်မင်းစွာ လွမ်းတ၍နေတုန်း အခါကို တရာလောက် ငါးဆယ်လောက် ဧည့်သည်တွေ ရောက်လာသောအခါ တွေ့မြင် ရာမှာ ဘယ်မြို့ ဘယ်ရွာကဟု မသိသော ဧည့်သည်တွေထဲမှာ တယောက်သော ဧည့်သည်သည် သေသော အဘ၏ ရုပ်သွင်နှင့် အင်မတန် တူသည်ကိုမြင်ရလျှင် ထိုအဘနှင့် တူသော ဧည့်သည်ကိုပင် ကြည်ရွှင်သော မျက်နှာမျက်စိနှင့် ကြည့်၍မဝ ရှု၍မဝ သဒ္ဓါလှ၍၊ ရော့-စားပါအုံး ရွှင်ပြုံးကာ ပေးသောအခါ ထို ဧည့်သည်ကြီးက လက်ကိုတန်း၍ လှမ်းလိုက်သည်တွင် ဧည့်သည်ကိုလည်း မြင်၏။ ဧည့်သည်ကြီး လက်ကိုလည်း မြင်၏။ သို့သော်လည်း ပေးလိုက်သော ဝတ္ထုမှာ သေသော အဘ ကိုသာ ပေးရက်နေသည်။ ပေးရာကျသည်။ ပေးလိုက်သည်။ သတိထားကြ။
ဥပမာ ဥပမေယျ ဟပ်၍ ပြသော်ကား
ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန် စသော အရိယာ သံဃာတော်မြတ်များက သေသော အဘနှင့် မခြား တသားတည်း တူ၏။
ယခုကာလ သူငါကစ ပုထုဇ္ဇန် သံဃာတော်မြတ်တို့က ဧည့်သည်နှင့်မခြား အလား တူကြ၏။
ဤကဲ့သို့ တူလှသည်ကို သိရာ၏။ သိသာ၏ဟူလို။
သိပါ၏ ဆိုသော်လည်း သဘော ချိုတတ်သည်။ သတိမူလိုက်။
ဤအရာမှာ ဧည့်သည်ကြီးက ဖုံပျာထဲမှာ အနဲနဲ အမျိုးမျိုး ဂျွမ်းထိုး၍နေသော်လည်း ဧည့်သည်ကြီးကိုသာ ဖုံလူးသည်။ ပျာလူးသည်။ သေသောအဘမှာ ဖုံပျာမလူး။ အထူးသတိထား။
ယခုအခါ အလွန်တရာ မြင့်မြတ်လှစွာသော အနုတ္တရအလှူခံနှင့် တွေ့ကြုံကြ၍ ဒါနတရားက များစွာ အရေးကြီးကြသည်။
ထိုမိမိတို့ ပြုကြသော ဒါန၏ အကျိုးကို မိမိတို့ ခံစံ ကြရအောင် သိလက သာလွန်၍ အရေးကြီးပြန်သည်။
အဘယ်ကြောင့်နည်း၊ ပါဏာတိပါတစသည်ကို မရှောင်ကြဉ်လျှင်၊ ထို ပါဏာတိပါတ, အတွက် ငရဲက တက်သောအခါ၊ အသက်တိုခြင်း စသော အကျိုးကို ပေးတတ် သောကြောင့် ဒါန၏အတွက်နှင့် သူဋ္ဌေးသ္မီး သူဋ္ဌေးသား၊ ရှင်ဘုရင်သ္မီး,ရှင်ဘုရင်သား ဖြစ်ငြားသော်လည်း ပါဏာတိပါတအတွက်နှင့် ဝိပါက်အကျိုးပေး၍ မွေးသေ မွေးသေ အကျိုးပေးလေသောကြောင့်၊ လူ့စည်းစိမ်ကို မခံစံရ။ လူ့ချမ်းသာကို မခံစားရ၊ မစံစားရ စသည်ဖြင့် သိကြလေ။
ထို့ကြောင့် - သီလက သာလွန်၍ အရေးကြီးသည်။ ထိုသီလသည်။ နိယတသီလ၊ အနိယတသီလ အားဖြင့် နှစ်ပါးတို့တွင် အနိယတ ဆိုသည်ကား။ ငါးပါး သီလ, ရှစ်ပါးသီလစသော၊ ယခုကာလ ဆောက်တည်ကြသော သီလကိုဆိုသည်။ နိယတ သီလဆိုသည်မှာ သက္ကာယဒိဋ္ဌိ ကျွတ်လွတ်ကြသော အရိယာများ၏ သီလကို ဆိုသည်။
ထို့ကြောင့် မိမိတို့ပြုသမျှ ဒါန၏အကျိုးကို ဖွင့်ဖွင့်ကြီး ဖြိုးဖြိုးကြီး ခံစား, စံစား ရအောင် နိယတသီလကို အားထုတ်ရမည်။ နိယတသီလဆိုသည်မှာ သက္ကာယဒိဋ္ဌိ ပြုတ်ကျွတ် လွတ်ငြိမ်းမှသာ နိယတသီလ ဖြစ်ကြမည်။
ထို့ကြောင့် ဒါန၏အကျိုးကို ခံစား, စံစား ရအောင် သီလကို အားထုတ်ရမည်။ သည် သီလ မြဲကြအောင် သက္ကာယဒိဋ္ဌိပြုတ်ကို အလိုရှိရသည်။ သည် သက္ကာယဒိဋ္ဌိ ပြတ်အောင်သာ ဝိပဿနာတရားကို အားထုတ်ရသည်၊ များများကြီး အရေးကြီး လှသည်။
ဝိပဿနာ အားထုတ်ရာမှာ သည်ခန္ဓာ ငါးပါး၏ အပြစ်ဒေါသ, အာဒိနဝကို ရှုကြည့်ရာ၏။ ရှုပုံမှာ .... ခန္ဓာငါးပါး ရှိသည်တွင် ရူပက္ခန္ဓာကြီးသည်၊ အယုတ်တမာ ဆိုးညစ်စွာသော ရန်သူကြီးမည်၏။ မည်ပုံက “နတ္ထိကာယ သမောဝေရီ” ဟူသည်နှင့် အညီ ဤခန္ဓာကိုယ်ကြီးကို အကြောင်းပြ၍ ယေဘုယျအား အပါယ်သွား များကြသည်။
ဤခန္ဓာကိုယ်ကြီးကို ကျွေးရေး မွေးရေး ထိန်းကြောင်းရေးနှင့် ငွေကြေးဥစ္စာ၊ ရရာ ရကြောင်း ဆိုးကောင်း ယုတ်မြတ် အရပ်ရပ်မှာ ဧခါ ပူခါ မနေသာဘဲ ဖွေရှာလုပ်ကြံ တရံမကင်း ပင်ပန်းရခြင်းမှာ ဤခန္ဓာ ကိုယ်ကြီးကြောင့်သာဟု မှတ်ရာ၏။ မှတ်ပါ။
ဤခန္ဓာကိုယ်ကြီးကို အကြောင်းပြု၍၊ အဘယ်သူသည်၊ ငါ့ကို မျက်စောင်းထိုးသည်။ ရန်ညှိုးထားသည်။ ငါ့ကို ပစ္စည်းဘဏ္ဍာ မရအောင်၊ ပျက်အောင် စီးအောင် ကုန်ခန်းအောင်၊ ပြုကျင့်ပြောဆိုသည်။ အရာနိမ့်အောင်၊ ဂုဏ်နိမ့်အောင်၊ ပြောဆို ပြုကျင့်သည်ဟု စသည်ဖြင့် အပါယ်လားကြောင်း မကောင်းမှုဖြစ်သည်မှာ၊ ဤခန္ဓာ ကိုယ်ကြီးကြောင့်သာဟု သိပါ။ မှတ်ပါ။
(ရူပက္ခန္ဓာပြီး၏။)
ဝေဒနာက္ခန္ဓာမှာ - ဝေဒနာကြောင့်ချည့်သာ သူငါကစ မကောင်းမှု များကြသည်။ များပုံက၊ ရူပက္ခန္ဓာမှာ အနာရမ္မဏဖြစ်သည်။ စက္ခုသမ္ဖဿဇာဝေဒနာ အစ ဖြာ၍၊ ကောင်းကောင်းလှလှမှ ကြည့်ချင်သည်။ လှသောအဆင်းကို မြင်ကြည့်သောအခါ၊ မျက်စိ ကောင်းမှု၊ မျက်စိ ချိုမှု၊ မျက်စိကြည့်၍ မိန်မှု၊ ဆိမ့်မှု၊ အိမ့်မှု စသော ဝေဒနာကြောင့်သာ သူငါကစ၊ ဆင်းရဲပင်ပန်းကြသည်၊ သောတ, စသည်မှာလည်း နည်းတူသာ မှတ်လေ။
ထိုဝေဒနာက္ခန္ဓာဟု ဆိုအပ်သော ဝေဒနာကြောင့်သာ ခုကောင်းချင်၊ နောင် ကောင်းချင်မှုနှင့် ပြုကြသော ကုသိုလ် ဟူသမျှမှာ၊ ဝေဒနာတရားက အကောင်း ခံစားချင်၍သာ နိဗ္ဗာန်တရားကို တားရက်နေသည်။ ဤသို့ စသည်ဖြင့်၊ ဝေဒနာက္ခန္ဓာ၊ ဝေဒနာ၏အပြစ် အာဒိနဝကို သိကြလေ။
(ဝေဒနက္ခန္ဓာ ပြီး၏။)
သညာက္ခန္ဓာမှာ ထိုဝေဒနာတရားသည် ခံစားရုံမျှသာ ခံစားနိုင်သည်။ မမှတ်မိ၊ မသိတတ်၊ သညာကသာ မြင်ဘူးသည်။ ကြားဘူးသည်။ မွှေးကြိုင်ဘူးသည် စားသောက်၍ မြိန်ရှက်ဘူးသည်။ တို့လို့ ကောင်းဘူးသည်။ ထိလို့ကောင်းဘူးသည်၊ စသည်၎င်း၊ ဤသူသည် ငါ့ကို ဘယ်လိုပြုကျင့် ပြောဆို ကဲ့ရဲ့ဘူးသည်ဟု ဤသူကို မိမိ မြင်သော်၎င်း။ ဤသူ၏ စကားကို သူတပါးတို့က ပြောသံ ကြားသော်၎င်း။ တစိမ့်စိမ့်အောင့်မေ့၊ တငွေ့ငွေ့ အမှတ်ရ၍ လောဘ,ရာဂ၊ ဒေါသ,မာန၊ ပွ, ကြွ, ရွ, ထ လာသောအပြစ် ဒေါသ ဟူသမျှမှာ သညာကြောင့်ချည့်သာ မှတ်ရမည်။ မှတ်ကြ၊ ဤသို့ စသည်ဖြင့် သညာ၏ အပြစ်ဒေါသ အာဒိနဝတို့ကို သိကြလေ၊
(သညာက္ခန္ဓာ ပြီး၏။)
သင်္ခါရက္ခန္ဓာဆိုသည်မှာ ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ငါးဆယ်ကိုပင် ဆို၏။ ထိုသင်္ခါရက္ခန္ဓာသည်၊ သညာမှာ မှတ်သားရုံ မှတ်မိရုံသာ တတ်နိုင်သည်။ စေတနာမှသာ “ စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ” ဟူသည်နှင့်အညီ၊ သင်္ခါရက္ခန္ဓာ စေတနာမှသာ၊ လူ့ဘဝ နတ်ဘဝ, အပါယ်ကျအောင် ဆောင်ပို့နိုင်သည်။ ထို့ကြောင့်.. ဇာတိ, ဇရာ, မရဏ၊ တွေ့ကြုံသမျှမှာ၊ စေတနာ ပြစ်ချ၍ချည့်သာ မှတ်ကြ၊ မှတ်ရမည်။ ဤသို့ စသည့်ဖြင့် သင်္ခါရက္ခန္ဓာ၏ အပြစ်ဒေါသ အာဒိနဝတို့ကို သိကြလေ။
(သင်္ခါရက္ခန္ဓာ ပြီး၏။)
ဝိညာဏက္ခန္ဓာမှာ “ မနော ပုဗ္ဗင်္ဂမာဓမ္မာ၊ မနော သေဋ္ဌာ၊ မနောမယာ” စသည်ဖြင့် ၎င်း။ “စိတ္တေ နိယျတိ လောကော စိတ္တေန နိယျတိ ပဇာ” အစဖြာ၍ ဟောတော်မူ အပ်သော ဒေသနာနှင့်ညီစွာ စိတ်ဆောင်ရာ လိုက်ပါကြရသည်။ ထို့ကြောင့် “မာယူပဉ္စ ဝိညာဏံ” ဟူ၍၎င်း။ “ပါပသ္မိံ ရမတေ၊ မနော။” မနော၊ စိတ်သည်။ ပါပသ္မိံ၊ မကောင်းရာ၌။ ရမတေ၊ မွေ့လျော်၏။ ဟူသောအရ ဝိညာဏက္ခန္ဓာ၏ အပြစ်ဒေါသ အာဒိနဝကို သိကြလေ။
(ဝိညာဏက္ခန္ဓာ ပြီး၏။)
ထိုခန္ဓာငါးပါး၊ ရုပ်နာမ် တရားတို့ကို၊ ငါဟူ၍၊ ကိုယ်ဟူ၍၊ မှတ်မှား၍ လာကြသော၊ တသံသရာလုံးက၊ သူငါကစ၊ ဒုက္ခဖြစ်၍ နစ်ကြသည်။ ထို့ကြောင့်၊ ခန္ဓာငါးပါး၊ ရုပ်နာမ် တရားကို မေးစစ်ရာ၏။ စစ်တမ်းထုတ်ပုံက၊ ဟဲ့ ... ခန္ဓာငါးပါး၊ ရုပ်နာမ်တရား၊ နင့်ကို ငါဘဲ၊ အထင်လွဲ၍၊ သံသရာမှာ၊ ဒုက္ခဖြစ်၍၊ နစ်ခဲ့လှပြီ၊ ယခုအခါ သာသနာမှာ၊ နင့်အလို, နင့်စရိုက်၊ နှင့်အကြိုက်ကို မလိုက်ပြီ နင့်ကို စီရင်မည်။
ထိုအခါ၊ ခန္ဓာငါးပါးက အစစ်ခံ ထွက်သည်မှာ၊ ကျွန်တော် - ကျွန်တော်တို့မှာ၊ ဝိပါကဝဋ်မျိုး အကျိုးမျှသာ ဖြစ်ပါသည်။ အကြောင်း ကမ္မဝဋ်ကြောင့်သာ ဖြစ်ရပါသည်ဟု၊ အစစ်ခံထွက်လေ၏။
ထိုအခါ၊ ကမ္မဝဋ်ကို စစ်ရာ၏။ စစ်ပုံက၊ ဟဲ့...ကမ္မဝဋ် နှင်... အဘယ်နည်း။ နင် အဘယ့်ကြောင့် ပြုပြင်၍နေသနည်း ဟု မေးစစ်သောအခါ၊ အကုသိုလ် ကမ္မပထ တရား ဆယ်ပါး၊ ကုသိုလ် ကမ္မပထတရား ဆယ်ပါး။ မဟဂ္ဂုတ် ကုသိုလ်ကံ ကိုးပါး အားဖြင့် ကံ နှစ်ဆယ့်ကိုးပါးသည်၊ ကမ္မဝဋ် ဖြစ်လေ၏။ ထိုကမ္မဝဋ်ကို စစ်သောအခါ ကမ္မဝဋ်က၊ ကျွန်တော် ကျွန်တော်တို့မှာ၊ ကိလေသာဝဋ်ကြောင့်သာ ဖြစ်ရပါသည်ဟု အစစ်ခံထွက်လေ၏။
ထိုအခါ ကိလေသာဝဋ်ကို စစ်ရာ၏။ စစ်တမ်း ထုတ်ပုံကား။ ဟဲ့.... ကိလေသာဝဋ်၊ နင် အဘယ်နည်းဟု မေးသောအခါ ကိလေသာဝဋ်က ကျွန်တော်မှာ၊ သာယာသော လောဘ, တဏှာသာ ဖြစ်ပါသည်ဟု ဆို၏။ အဘယ့်ကြောင့် သာယာသနည်းဟု မေးသောအခါ၊ လောဘ, တဏှာက၊ ကျွန်တော်ချည်း ဖြစ်နိုင်သည် မဟုတ်ပါ။ အဝိဇ္ဇာ ရှိသော်သာ ထိုအဝိဇ္ဇာက ရုပ်နာမ် သင်္ခါရ ဘုံသုံးရွာ ဒုက္ခသစ္စာကို ဖုံးလွှမ်း ကွယ်ကာ၍ အကောင်းသုခ,ဟု သူပြပါသည်။ ထိုပြသော သုခကိုပင် ရချင်သည်။ ကောင်းချင်သည်ဟု၊ ကျွန်တော် လောဘက သာယာ တောင့်တ ခင်မက်ရပါသည်။
(ဥပမာန) မြွေ၏ဥခေါင်းကို ကိုင်သောသူ၏ လက်မောင်းကို မြွေ၏ကိုယ် ရစ်ပတ် သကဲ့သို့။ ထို့အတူ အဝိဇ္ဇာရှိသော သူမှသာ ဝဋ်သုံးရပ် ဆက်စပ်၍ ဘဝ ဆက်မပြတ်သည်။ ထို့ကြောင့်...
“အဝိဇ္ဇာတဏှာဝသေန ဒွေမူလာနိ” ဟု အမြစ်နှစ်ပါး ဆင်းသည်၊ ထို့ကြောင့် အဝိဇ္ဇာကို ဝိဇ္ဇာ ဖြစ်အောင် အရေးက ပေါ့ပေါ့ နှေးနှေး၊ သေးသေး အကြံ၊ ဉာဏ် သာမန်နှင့် မတန်မရာ၊ ဤသာသနာမှာမှ ဒိဋ္ဌိတရား ဝိစိကိစ္ဆာ တရားကို ပယ်သတ် နိုင်ကြမည်။ ထိုသက္ကာယဒိဋ္ဌိ၊ ငါထင်မှု၊ ကိုယ်ထင်မှု၊ ပုထုဇ္ဇန်အခြေ၊ ခုအနေများနှင့် စုတေ၍ သွားခဲ့လျှင်၊ ယခုဘဝ ငယ်စဉ် တောင်ကျေး၊ အကလေးက သူငယ်တို့သုံး၊ အမြင်တုံး၍ ခြံပုန်းပိုးရှေ့၊ သတ်ခြင်းစသည်မှ ပြုကျင့်မိကြလိမ့်မည်။
ဘဝ ဘဝသံသရာ၊ ကမ္ဘာဘာက ပြုကျင့်ခဲ့ကြသော အကုသိုလ်ပေါင်း ကျွေးဟောင်းအနန္တ တွေက၊ “ကြွက်ငယ်လောင်း တကောင်ကို၊ ကြောင်တထောင် လုသကဲ့သို့” အမှုအားလျော်စွာ၊ ပါယ်လေးရွာ ငရဲသို့ ခုဆွဲ၍ ချမည်ဟု၊ ချောင်း၍ နေသည်။
အဘယ်က ချောင်း၍နေသနည်း။ ငါထင်မှုကလေးထဲက ချောင်း၍နေသည်။ အောင်း၍ နေသည်။ ထို ငါထင်မှုနှင့် သေ၍ သွားလျှင်၊ ထိုအကုသိုလ်ပေါင်း၊ ကျွေးဟောင်းအနန္တ၊ ပေးကြမည်ကိုလည်း၊ ကြောက်ရသည် တဋ္ဌာန၊ ထို အဟောင်း အကုသိုလ်ထက်ပင်၊ ငါထင်မှုနှင့် သေ၍ သွားလျှင်၊ ဘဝ ဘဝ၊ရောက်ရာ ရောက်ရာမှာ၊ ငါထင်မှ အတွက်နှင့် အမိ,ကိုလည်း သတ်ရာ၏။ အဘ,ကိုလည်း သတ်ရာ၏။ စသည်ဖြင့်၊ အကုသိုလ်မှုတို့ကို ပြုကျင့်မိလိမ့် မည်ကိုလည်း၊ သာလွန်၍ ကြောက်ကြရမည်။ ကြောက်ရသည်။
အဘယ်ကြောင့်နည်း။
အကုသိုလ်မှု မည်သည်မှာ ငါ,ထင်မှု၊ ကိုယ်, ထင်မှု၊ သက္ကာယဒိဋ္ဌိရှိမှသာ အပါယ် ကျအောင် ပြုကျင့်နိုင်သည်။ ငါ,ထင်မှု မရှိလျှင် အပါယ် ဘဝသို့ မကျနိုင်၊ မရောက်နိုင်သည်။
သောတာပတ္တိမဂ် ခဏမှာ ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်သည်၊ ဒိဋ္ဌိပြုတ်လျှင် ဝိစိကိစ္ဆာမှာ “ရေပေါ်မုံ့လုံးကို စားသုံးဘို့ရာ ဝယ်သောအခါ၊ အထဲက ထန်းလျက်ဘိုး ငွေတိုး၍ မပေးရသလို” အတူမှတ်ရမည်။
ထို့ကြောင့်... ငါ,ထင်မှု၊ ကိုယ်ထင်မှု၊ သက္ကာယဒိဋ္ဌိ ကျွတ်လွတ်အောင် အားထု တ် ရမည်။ ထိုသက္ကာယကို ပယ်ခွာမည် ဆိုသော်လည်း သာသနာ ခဏမှာသာ ထို သက္ကာယကို ပယ်ခွာနိုင်သည်။ သာသနပမှာ၊ ပစ္စေကဗုဒ္ဓါ ဘုရားတပါးကို ချန်ထား၍၊ ဘယ်သူ ဘယ်နတ်, ဘယ်ဗြဟ္မာ, ဘုံသုံးရွာမှာ၊ သက္ကာယကို ပယ်ခွာနိုင်သောသူ မရှိဟူ၍ မှတ်ရမည်။
ထို့ကြောင့် - ငါထင်မှု၊ ကိုယ်ထင်မှုနှင့် မသေဝံ့ သေဝံစရာမရှိ၊ အကယ်၍ကား-သည်နှစ်, လ, မသေသေးကြငြားအံ့။
ထို ငါ့အထင်၊ ကိုယ့်အထင်နှင့်၊ မသေခင် ရှင်၍နေလျှင်၊ မျက်စိဖွင့်မှု၊ နားစွင့်မှုမှာ၊ ငါနှင့် မျက်စိဖွင့်လျှင် အတဲ့ကိုမြင်လျှင် လောဘ, အကုသိုလ်။ မတဲ့ကိုမြင်လျှင်၊ ဒေါသ,အကုသိုလ်။ နားစွင့်ရာမှာလည်း ငါထင်မှုနှင့်နားကြားလျှင် အတဲ့ကိုကြားလျှင် လောဘ အကုသိုလ်။ မတဲ့ကိုကြားလျှင် ဒေါသ အကုသိုလ်၊ စသည်ဖြင့် သိကြလေ။
ထို့ကြောင်-ငါထင်မှုနှင့် မသေဝံ့ မရှင်ဝံ့ ဖြစ်၍နေကြသည်။ များစွာသဘိထား။
ထို့ကြောင့် ... မြတ်စွာဘုရား၊ သမ္မပ္ပဓာန်တရား လေးပါးကို ဟောတော်မူသည်။
လေးပါးဟူသည်ကား
ဖြစ်ပြီးသော အကုသိုလ်ကို ပယ်ခွာရအောင် ဝီရိယလုံ့လ, ဥဿာဟဖြင့် အားထုတ် ကြရမည်။
မဖြစ်သေးသော အကုသိုလ်ကို မဖြစ်ကြရအောင် အားထုတ်ကြရမည်။
မဖြစ်ဘူးသေးသော ကုသိုလ်တရားကို ဖြစ်ကြရအောင် အားထုတ်ကြရမည်။
ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ပွားများ မြင့်မြတ်အောင် အားထုတ်ကြရမည် ဟု ဟောတော်မူသည်။
ထိုလေးပါးတို့တွင် မဖြစ်သေးသော ကုသိုလ်တရား ဆိုသည်ကား၊ မဂ်ကုသိုလ်ကို ဆိုသည်။ လိုရင်းက ပဋ္ဌမ ဖလဋ္ဌာန် သောတာပန် ပုဂ္ဂိုလ်မှာ အကုသိုလ်ဟောင်း အတွက်နှင့် မစိုးရိမ်ရ၊ မကြောင့်ကြရပြီ။ မဖြစ်သေးသော အကုသိုလ် အတွက် နှင့်လည်း ဖြစ်မိ ပြုကျင့်မိလိမ့်မည် ကိုလည်း မစိုးရိမ်ရ၊ မကြောင့်ကြရပြီ။ ဖြစ်ပြီးသော ဝဋ္ဋနိဿိတကုသိုလ် ဟူသမျှတို့သည်လည်း၊ ဝိဝဋ္ဋချည်း နိဗ္ဗာန်သွားချည်း ဖြစ်ကြလေကုန်၏။ ထို့ကြောင့် သာသနာခဏ ဝိပဿနာဓမ္မ အနိစ္စ, ဒုက္ခ, အနတ္တ တရားကို များစွာ အားထုတ်ကြရမည်။
အားထုတ်ဟန်ကား။
ပရမတ္ထတော သတ္တာနံ၊ ပရိတ္တော ဇီဝိတက္ခဏော ဧကနေမိပ္ပဒေသေန၊ ရထစက္ကံဝ ဝတ္တတိ။
သတ္တာနံ၊ သတ္တဝါတို့၏။
ဇီဝိတက္ခဏော၊ အသက်ဝိညာဉ်ရှင်သော ကာလသည်။
ပရမတ္ထတော၊ အစဉ် ပဗန် တည်ဟန်မချပ် ဆတ်ဆတ်သော ပရတ္ထအားဖြင့်။
ပရိတ္တော၊ စိတ္တက္ခဏ တချက်သာဖြစ်၍ စင်စစ်နည်းငယ်လှစွာ၏။
ရထစက္ကံ၊ ရထား လှည်းဘီးစက်သ ည်။
ဧကနေမိပ္ပဒေသေန၊ လေးသစ်တဝါး အနားအကွပ် တစိပ်ဖြင့်။
ဝတ္တတိဣဝ၊ မြေ၌နင်းခါ သွားလာရပ်တည် ဖြစ်သည်ပမာကဲ့သို့တည်း။
ယေနိရုဒ္ဓါ မရန္တဿ၊ တိဋ္ဌမာနဿ ဝါ ဣဓ။
သဗ္ဗေပိ သဒိသာ ခန္ဓာ၊ ဂတာ အပ္ပဋိသင်္ခယာ။
မရန္တဿ၊ သေသောသူ၏။
နိရုဒ္ဓါ၊ စုတိရောက်၍ ချုပ်ပျောက်လေကုန်သော။
ယေခန္ဓာဝါ၊ အကြင် ခန္ဓာငါးပါးတို့သည်၎င်း။
ဣဓ၊ ဤပဝတ္တိအခါ၌။
တိဋ္ဌမာနဿ၊ ထင်ရှား တည်ရှိသောသူ၏။
နိရုဒ္ဓါ၊ ဘင်သို့ ရောက်၍ ချုပ်ပျောက်လေကုန်သော။
ယေခန္ဓာ ဝါ၊ အကြင်ခန္ဓာတို့သည်၎င်း။
သန္တိ၊ ရှိကုန်၏။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
တေခန္ဓာ၊ ထိုချုပ်ပျောက် လေကုန်သော သေသူ ရှင်သူ နှစ်ပါးတို့၏ ခန္ဓာတို့သည်။
သဒိသာ၊ စင်စစ် တူမျှကုန်၏။
အပ္ပဋိသန္တိယာ၊ တဖန် ပြန်နစ် ပေါ်ဖြစ် စေ့စပ်ခြင်း မရှိကုန်ဘဲ။
ဂတာ၊ ကင်းပျောက် ကွယ်ရှား ချုပ်သွားကုန်၏။
ထို့ကြောင့် -
စုလ္လာသီတိ သဟဿာနိ၊ ကပ္ပံတိဋ္ဌန္တိ ယေမရူ။
နတွေဝ တေပိ တိဋ္ဌန္တိ၊ ဒွိစိတ္တေဟိ သမောဟိတာ၊
ယေမရူ၊ အကြင်နတ်တို့သည်။
စုလ္လာသီတိ သဟဿာနိ ကပ္ပံ၊ မဟာကပ် ရှစ်သောင်း လေးထောင် တိုင်တိုင်။
တိဋ္ဌန္တိ၊ တည်ကုန်၏။
တေပိ၊ ထိုနေဝသညာနာသညာယတန နတ်တို့သည်လည်း။
ဒွိစိတ္တေဟိ၊ စိတ္တက္ခဏ နှစ်ချက်တို့နှင့်။
သမောဟိတာ၊ တကွ ဖြစ်ကုန်၍။
နတွေဝ တိဋ္ဌန္တိ၊ မတည်ကုန်သည် သာလျှင်တည်း။
အဓိပ္ပါယ်ကျဉ်း လိုရင်းက --
ဤအနိစ္စသဘော အစစ်ကို ပြောလျှင်၊ အနွယ်ဖြစ်သော သစ်ညွန့် သဘောသည်၊ ရှေ့တည်သော သစ်ကိုင်းကို ညွှတ်ရှိုင်းမျှော်တန်း ဓာတ်လှမ်းသော သဘော ပမာဏ၊ ပရမတ္ထ အမူအရာ ကြိယာမျှ ဓမ္မပုဉ္ဇ သဘာဝစုကိုသာ လေထု, ရေထု, မြေထု, စသည်ဟု ဆိုရသည်။
ထင်ရှားစေဦးအံ့ --
ဤတလောကလုံးမှာ၊ ဘုံသုံးရွာတွင်၊ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်အားဖြင့် ပရမတ် တရား လေးပါးရှိ၏။ လေးပါးပြင် မရှိ။ သက်သက်မရှိ၊ ဘိတ်မရှိ၊ အလျဉ်းမရှိ။ ထို ပရမတ်လေးပါး ရှိသည်တွင် (နိဗ္ဗာန်ပညတ်၊ နှစ်ရပ်ဓမ္မ၊ ဖြစ်ကင်းပ၊ ကာလဝိမုတ်ကြုံ) ဟူသောအရ၊ နိဗ္ဗာန်နှင့် ပညတ်မှာ ဝိပဿနာ အရာအားဖြင့် အသုံးမကျဟု သိရမည်။
ဝိပဿနာ အသုံးကျသည်မှာ၊ စိတ်, စေတသိက်, ရုပ်အားဖြင့် သုံးပါးရှိ၏။ ထို စိတ်, စေတသိက်, ရုပ်ပြင်မှ တပါး ရှုဘွယ်မရှိ။ ထို့ကြောင့် ဝိပဿနာအရာမှာ မြင်မြင်သမျှ ကြားကြား သမျှ၊နံနံသမျှ လျက်လျက်သမျှ၊ တွေ့ထိသမျှ စသည်တို့မှာ စိတ်, စေတသိက်, ရုပ်ချည့်သာဟု သိမှတ်ရမည်။
သိမှတ်ပုံက --
မိမိလက် စသည်ကိုမြင်လျှင် စိတ်, စေတသိက်, ရုပ်ဟူ၍သာမှတ်။ သစ်ပင်, သစ်ရွက်, တုံး, ဖျာ, စသည်ကိုမြင်လျှင် စိတ်, စေတသိက်, ရုပ်ဟူ၍မှတ်။ ဤသို့ စသည်ဖြင့် စက္ခုဆိုင်ရာ သောတဆိုင်ရာ စသည်တို့ကို အကုန်အစင် ဉာဏ်ကုန်နှင်၍ မြင်ကြလေ။ သိကြလေ။ အဘယ့်ကြောင့်နည်း။ စိတ်,စေတသိက်, ရုပ်ပြင်မှ တပါး၊ အခြား မရှိသောကြောင့်တည်း။
(ဤအရာမှာ ပညာရှိသူ သဘောဖြူတွေ သိကြပါလေ၊ ဉာဏ်ကဝေတို့။ သတိမူကြပါ။)
ဤအရာမှာ၊ သစ်ပင်, တုံး, ဖျာ, စသည်တို့မှာ၊ တုံး,ဖျာ, အဝိညာဏ အသက်မရှိ၍ မသိကြ။ လူ,နတ်,စသည်တို့မှာသာ၊ အသက်ရှိ၍၊ ထို လူ,နတ်, စသော သဝိညာဏ တို့က ခေါ်ဆိုရသော တုံး, ဖျာ, စသော စကား မဟုတ်လား ဟူငြားအံ့။
ဤစကားမှာ - ဂန္ထဓူရ အလိုအားဖြင့် ဟုတ်မှန် ပြောဆိုသင့်၏။ ဝိပဿနာနှင့်ဖြင့် မသင့်။ မသင့်ပုံက စိတ်, စေတသိက်, ဟူသော နာမ်တရားသည်၊ တုံး,ဖျာ, စသည်တို့မှာမရှိ။ သူ,ငါစသော သတ္တဝါမှာသာ စိတ်, စေတသိက်, ဟူသော နာမ်တရား ရှိသည်ဟု ထင်လွဲ စွဲမှားခြင်းသည် ဒိဋ္ဌိစေတသိက် ဟူ၍သာမှတ်ပါ။ အထူး သတိထား။ ပညာမြင်မှာမူကား။ ပရမတ်တရားမှန်က ဘယ်နေရာ ဘယ်ဌာန သဏ္ဌာန်ပမာဏ၊ မရှိမရအင် သော ပရမတ်တရား ထင်ရှာ ရှိကြောင်းကို...
ဝိညာဏံ အနိဒဿနံ အနန္တ သဗ္ဗတောပဘံ။
(ဗြဟ္မနိမန္တနသုတ် ပါဠိတော်)
ဝိညာဏံ၊ အနိစ္စဓာတ် ပရမတ်ဖြင့်သာ သိအပ်စွာ၏။
အနိဒဿနံ၊ အနိစ္စဓာတ် ပရမတ်၏ ရှေ့နောက်ကာလ ရပ်ဋ္ဌာနနှင့် သဏ္ဌာန်ပမာဏ ညွှန်ပြခြင်းငှာ မထိုက်။
အနန္တံ၊ အနိစ္စဓာတ် ပရမတ်အလုံး ဘယ်တုန်းကစ ဆုံးဘယ်မှဟု အစ, အဆုံး နှစ်ပါးလုံးမရှိအပ်။
သဗ္ဗတော ပဘံ၊ ဘယ်ခါမပြတ် ခပ်သိမ်းရပ်၌ အနိစ္စဓာတ် ပရမတ်တရား ထင်ရှားရှိန်ရှိန် ထိန်ထိန်လင်းလင်း ဝင်းဝင်းတောက်ရှိ၏။
ထို့ကြောင့် မဟုတ်လော...
အနိဗ္ဗတ္တေန နဇာတော၊ ပစ္စုပ္ပန္နေန ဇီဝတိ။
စိတ္တဘင်္ဂါ မတောလောကော၊ ပညတ္တိ ပရမတ္ထိယာ။
အနိဗ္ဗတ္တေန၊ ဖြစ်ဆဲမဟုတ်သော အတိတ်အနာဂါတ်စိတ်ဖြင့်။
နဇာတော၊ သတ္တဝါဖြစ်သည်မဟုတ်။
ပစ္စုပ္ပန္နေန၊ ဖြစ်ဆဲစိတ်ဖြင့်သာလျှင်။
ဇီဝတိ၊ အသက်ရှင်သည်မည်၏။
စိတ္တဘင်္ဂါ၊ ဘင်သို့ရောက်၍ စိတ်တိုင်း ချုပ်ပျောက်ခြင်းကြောင့်။
လောကော၊ ခေါ်ဝေါ်ကာမျှ သတ္တလောကသည်။
မတော၊ ခါခါထပ်ထပ် ဆတ်ဆတ်သေသည် မည်၏။
ဧဝံသန္တေပိ၊ သို့စဉ်ပုံသေ သေ၍ပင် နေသော်လည်း။
ပညတ္တိ၊ တည်ဆဲ တည်ဆဲ စိတ်ကို စွဲလျက် အသက်ရှင်၏ဟူသော စကား ဖြစ်ခြင်း၏ အရာ အစဉ် သဘာဝ သန္တာန ပညတ်သည်။
ပရမတ္တိယာ ပရမတ္ထ ဘူတာ၊ နာမဂေါတ္တံ နဇီရတိ၊ ဆိုဘိသည်နဲ အမြဲနိယတ် ပရမတ်ကဲ့သို့ ဖြစ်၍နေ၏။
အဓိပ္ပါယ်ကျဉ်းလိုရင်းမှာ --
“ဒကေရာဇိ ပုဗ္ဗုလောဝ” စသည်နှင့် ညီစွာ ရေပြင်မှာ ဒုတ်သေးနှင့် ရေးလုပ်သော အရုပ်မှာ ထို ရေးသော သူသာလျှင် သူ့သညာမြင် အရုပ်အသွင်၊ သူ့ စိတ်တမ်း မှန်း၍ထင် သူ့စိတ်တွင် မြင်သော အရုပ်ကဲ့သို့။ ထို့တူပမာဏ ယောက်ျား, မိန်းမ စသော သတ္တဝါက စိတ်ထင်မျှဟု သိကြရမည် ဟူလိုသည်။ သတိထားပါ။ အခါခါ စဉ်းစားပါ။
လိုရင်းသဘောက၊ သြကာသ လောကကြီးထဲမှာ။ အထယ်ဒြပ် ပုံဟန်သဏ္ဌာန်နှင့် ဆို၍၊ တစုံတခုမျှ နိမိတ် မရှိ။ သတိထား။ ဦးခေါင်း, ခြေလက်၊ မျက်နှာ ရင်ဝမ်း နှုတ်ခမ်း, မေးပါး စသောအားဖြင့် နာမ်၏ သဘော၊ ရုပ်၏ သဘောမှာ၊ မာဖွဲ့ ပူနွေး၊ လှုပ်ရှားရေး၊ လေးသဘောနှင့်၊ အဆင်း အနံ့ ရသ သြဇာ၊ ရှစ်ဖြာသော အဋ္ဌကလာပ် စသော ရုပ်၏ သဘော၊ ထိုရုပ်နာမ်သည်၊ အနိမိတ္တ မမြဲသော အနိစ္စသဘာဝ တွေသာဟု ရှုရမည်။
ဤကဲ့သို့သိမြင်ပါလျှင်၊ ငါထင်မှု ကိုယ်ထင်မှုသဘော တတ်စွမ်း ငြိတွင်ခြင်းသဘော၊ ကြမ်းထမ်း ပြစ်မှားခြင်း သဘောနှင့်တကွ၊ မီးဆဲ့တဆူ အပူခပ်သိမ်း ငြိမ်း၏။ ထိုမီးဆဲ့တဆူ အပူခပ်သိမ်း ငြိမ်းအောင် ရှုဆင်ခြင် သည်ကို အနိမိတ္တာနုပဿနာ ဉာဏ်ဟု ခေါ်သည်။ ထို အနိမိတ္တာနုပဿနာဉာဏ် ရင့်သန်လျှင် အပဏိဟိတာ နုပဿနာဉာဏ်သို့ ဆိုက်လေ၏။
အပဏိဟိတာ နုပဿနာဉာဏ် ဆိုသည်ကား သြကာသလောကထဲမှာ လှပတင့်တယ်၊ ဖွယ်ရာ လျောက်ပတ်၊ ကောင်းမြတ်ချမ်းသာ မင်္ဂလာကြက်သရေ မက်ဘွယ်တွေ ရှိသည်ဟု သာယာ သိမ်းပိုက်မှုတွေ ဖြစ်ပေါ်နေသော သဘောကို ငြိမ်းအောင် ရှုဆင်ခြင်သည်ကို အပဏိဟိတာ နုပဿနာဉာဏ်ဟု ဆို၏။
ထို အနိမိတ္တာနုပဿနာဉာဏ်၊ အပဏိဟိတာ နုပဿနာဉာဏ်သို့ ဆိုက်ရောက်လျှင် သုညတာနုပဿနာဉာဏ်သို့ ဆိုက်၏။
ဆိုက်ပုံကား --
ဤ လောကကြီးမှာ လူရော နတ်ပါ၊ ဗြဟ္မာမကျန်၊ ပုထုဇ္ဇန် ဟူသမျှတို့က၊ ခိုင်မြဲမှုအနှစ်၊ တင့်တယ်မှုအနှစ်၊ ချမ်းသာမှုအနှစ်၊ အရှည် ခန့်ခိုင်၊ တည်တန့် နိုင်သည်ဟု ထင်မှတ်စွဲလမ်း သာယာ သိမ်းပိုက်ကြသော အမှုတွေဟာ ဘာမှမဟုတ်၊ အိပ်မက်ရုပ်လို၊ ထင်ရုံကာမျှသာ၊ ထင်မြင်ပြောဆိုရသည်ဟု ရှုကြည့်သော ဉာဏ်ကို သုညတာနုပဿနာဉာဏ်ဟု ဆိုသည်။
အဘယ့်ကြောင့်နည်း။ နဂိုရ်ရင်း ပကတိကိုက အနှစ်သာရ ဆိတ်သုဉ်းလှ သောကြောင့်တည်း။
ဤ လောကကြီးမှာ အမှန်နှင့်အမှား ဤနှစ်ပါးကို ကွဲပြားမှုက လိုကြသည်။ ချိုကြသည်။ လိုရင်းသဘောက။
အမှန် အမှား၊ ဤနှစ်ပါးတွင် ဒိဋ္ဌိ ယှဉ်က၊ အမြင်မိစ္ဆာ၊ ဘုံသုံးရွာမှာ၊ သူ, ငါ တို့အား၊ အထင်မှား၍၊ ငါးပါးခန္ဓာ၊ သဘာဝါကို၊ တဏှာ သုံးသွယ်၊ ဆဲ့ရှစ်တွယ်၍၊ သုံးဆယ့် ခြောက်က၊ ရာရှစ်ကျအောင်၊ တဏှာနှောင်တဲ့၊ သုံးဆယ့်တဆောင်၊ ဘုံပြောင်ပြောင်မှာ၊ လောင်စာငြီးငြီး ကမ္ဘာမီးသို့၊ တနည်း များမြောင်၊ တထောင့်ငါးရာ၊ တဏှာပါ၍၊ သုံးဖြာဒွါရ၊ ပြသမျှက၊ သမုဒယ၊ ဒုက္ခသစ္စာ၊ ဤအရာမှာ၊ နှစ်ဖြာရုပ်နာမ် ဟုတ်မှန်လိမ္မာ၊ ပရိညာတွင်၊ မဂ္ဂင်ပြောရ၊ နိရောဓသည်။ သစ္စအပြား မှန်းလေးပါး။
အမှန်လေးပါး၊ တရားကိုရှာ၊ များဗိုလ်ပါတို့၊ ငါ ငါ ငါ့ကိုယ်၊ မဆိုစသာ၊ ဤခန္ဓာကို၊ တဏှာဒိဋ္ဌိ၊ မာနငြိ၍ ဟုတ်လိနိုးနိုး၊ အားမကိုးနှင့်၊ ကြောင်းကျိုး အစဉ်၊ ဝိညာဏ် နာမ်ရုပ်၊ ဖြစ်ချုပ်မပြတ်၊ ဥပါဒ် ဌီ ဘင်၊ အစဉ် အလာ၊ သင်္ခါရာမှာ၊ ခန္ဓာမီးခိုး၊ တိမ်ရုပ်မျိုးထင်၊ မိုဃ်းကောင်းကင်မှာ၊ ခုဆင်, ခုမြင်း, ရွေ့ရွေ့ ယွင်းကို၊ ကြည့်တွင်းမမှန်၊ ဖောက်ပြန်တုံဘိ၊ ဤ တိမ်တိုက်မှာ၊ လေလိုက်၏သို့၊ ခဏိကမျှ၊ အနိစ္စနှင့်၊ ဒုက္ခအစု၊ ပုပုရွရွ၊ အနတ္တသာ၊ သဘာဝါကို၊ ခန္ဓာသမုတ်၊ နာမ်ရုပ်နှစ်ဖြာ မှတ်စရာမှာ၊ သစ္စာဒုက္ခ၊ သဘာဝဓာတ်၊ ပရမတ်မှာ၊ သတ္တဝါနှင့်၊ ကိုယ်ငါမစပ်၊ အိပ်မက်အပ်သည့်၊ တံလျှင်သဖွယ်၊ အနည်းငယ်မျှ၊ ဓုဝ,သုဘ၊ သုခတ္တစင်၊ ပညာ မြင်မှာ၊ ရှာလျှင်မရ၊ အနိစ္စ၏၊ လက္ခဏ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်မျှ၊ ဓာတ်မှန်ကျ၍၊ ပရရိတ္တ၊ ဓမ္မထုံးစံ၊ ပစ္စုပ္ပန်နှင့်၊ တိတ်နာဂတံ၊ မကြံအလုံး၊ အနတ္တ၏ဓမ္မနှုန်း၊ ဆုံးသဘောကျ၊ သုံးလောကကုန်၊ လုံးစုံသဗ္ဗ၊ သင်္ခတာသင်္ခတ၊ သဘာဝသည် တုစ္ဆမျှချည်း သုညတည်း။
(၁) ယခင် ဆိုအပ်ခဲ့ပြီးသော သစ္စာလေးပါး ဟူသည်ကား၊ ဥပါဒ်ဘင်မျှ၊ ရုပ်နာမ် သင်္ခါရ အနိစ္စကိုသာ ဒုက္ခသစ္စာ ဆိုသည်။
(၂) ထိုဒုက္ခပေါင်း၏ ဖြစ်ကြောင်းဖြစ်နည်း၊ ပစ္စည်းပြုမျှ၊ လောဘစိတ်၌ ပါသော လောဘဟိတ်ကြောင့်သာ ထိုလောဘစိတ်ကို သမုဒယသစ္စာ ဆိုသည်။
( ၃ ) ထိုလောဘဟိတ်မြုံ ကုန်ငြိမ်းရာကိုသာ နိရောဓသစ္စာဆိုသည်။
(၄) ထိုဒုက္ခ သမုဒယ နိရောဓကို ပရိညာ ပဟာန သစ္ဆိကရဏမှာ ဘာဝနာကိုသာ မဂ္ဂသစ္စာ ဆိုသည်၊
ထိုသစ္စာလေးပါးကို တခြားစီထင်၍ မနေနှင့်။ ဤ တလောကလုံးမှာ ဒုက္ခသစ္စာ တပါးတည်းသာ ရှိသည်။ သူ ငါတို့အား ပုထုဇ္ဇန် များကသာ ဒေသနာစကား သရုပ်အားဖြင့် လေးပါးဟု ပြောသင့်၏။
အနုသာသနီစကား အရိယာများမှာ ဒုက္ခသစ္စာ တပါးတည်းသာ ရှိရာ၏။
အဘယ့်ကြောင့်နည်း။ ဧကောဓမ္မော ဟူသော အရာမှာ “မဂ္ဂဘိညာသကိံမတာ” သစ္စာလေးချက်၊ တပြိုင်နက်၊ မဂ်၏ကိစ္စသာ။ သတိမူပါ။
ထို့ကြောင့် -
ဒုက္ခမေဝဟိ သမ္ဘောတိ၊ ဒုက္ခံတိဋ္ဌတိ ဝေတိစ။
နာညတြဒုက္ခာသန္တောတိ၊ နာညံဒုက္ခာ နိရုဇ္ဈတိ။
အနက်ကား -
ဟိသစ္စံ၊ မှန်၏။
ဒုက္ခမေဝ၊ ဒုက္ခသစ္စာတရား သက်သက်သည်သာလျှင်။
သမ္ဘောတိ၊ အကြောင်းအားလျော်စွာဖြစ်၏။
ဒုက္ခံဧဝ၊ ဒုက္ခသစ္စာ သက်သက်သည်သာလျှင်။
တိဋ္ဌတိ၊ ခဏဌီ, ပဗန္ဓဌိ အားဖြင့်တည်၏။
ဝေတိစ၊ ခဏနိရောဓ, စုတိနိရောဓ အားဖြင့် ချုပ်လည်း ချုပ်၏။
ဒုက္ခာ၊ ဒုက္ခသစ္စာကို။
အညတြ၊ ကြဉ်ထား၍။
ကိဉ္စိဓမ္မဇာတံ၊ ပုဂ္ဂိုလ်သတ္တဝါ ခေါ်ဆိုဘွယ်ရာ တစုံတခုသော တရားသဘောသည်။
နသမ္ဘောတိ၊ ဖြစ်သည်မရှိ။
ဒုက္ခာ၊ ဒုက္ခသစ္စာမှ။
အညံ့၊ တပါးသော။
ကိဉ္စိဓမ္မဇာတံ၊ ပုဂ္ဂိုလ်သတ္တဝါ ခေါ်ဆိုဘွယ်ရာ တစုံတခုသော တရားသဘောသည်။
နနိရုဇ္ဈတိ၊ ချုပ်သည်မရှိ။
သတိမူလိုက်ကြ။ ဝိပဿနာ ရှုသောခဏမှာ ဤ တလောကလုံးကို မလို။ မိမိကိုယ်၌ ရှုခိုက်ခဏ ရုပ်နာမ် သင်္ခါရ အနိစ္စက အတိတ် အနာဂါတ် မရ၊ ပစ္စုပ္ပန်ခဏ ဥပါဒ် ဘင်မျှ အနိစ္စကိုသာ ဒုက္ခသစ္စာဟု ရှုရမည်။
လိုရင်း သဘာဝပညာမြင် အနိစ္စက ဘုရား ရဟန္တာများမှာ မမြဲသဘောမျှသာ။ ထာဝစဉ် ထာဝရ တိုးဆုတ်, နည်းများ မရှိ၊ ပကတိကိုပင် ပြောင်ပြောင်စင်စင် မြင်တော်မူကြ၏။
ပုထုဇ္ဇန် သူငါတို့က မနေ့က ငါပင် ကနေ့ဟု ထင်၏။ အခုတင်က ငါပင်၊ အခု ရှိသည် ဟု ထင်လွဲ စွဲမှား၍ နေကြ၏။ စင်စစ်မှာမူကား မမြဲဟုမြင်လျှင်လည်း မမြဲသာရှိသည်။ မြဲသည်ဟု ထင်လျှင်လည်း မမြဲသာရှိသည်။ လိုရင်းက ထင်-မထင်မှာ ပဓာန မဟုတ်။
မမြဲသဘာ၀ ထာဝရကြီးကိုပင် ပြောင်ပြောင် စင်စင် ကြောင်ကြောင်မြင် ရှင်းလင်း သောအခါ အနိမိတ္တ အနိစ္စအရာ ဒုက္ခ သစ္စာကိုပင် မြင်သောသူမည်၏။ သတိမူကြ။
ထို့ကြောင့်—
ဒဋ္ဌဗ္ဗာ သင်္ခတာ ပုဗ္ဗာ၊ ပရန္တေသု ဝိဝိတ္တတော။
သုဘ, ဓုဝ, သုခတတ္တ၊ သုညတော ဟေတုဝုတ္တိတော။
သင်္ခတာ၊ သင်္ခတဓာတ်တို့ကို။
ပုဗ္ဗာပရန္တေသု၊ ဥပါဒ်မှ ရှေ့၊ ဘင်မှနောက် အစွန်းနှစ်ဘက်တို့၌။
ဝိဝိတ္တတော၊ ကင်းဆိတ်ကွယ်ဘိ မရှိလုံးလုံး သုဉ်းသောအားဖြင့်၎င်း။
သုဘ, ဓုဝ, သုခ တတ္တသညတော၊ တင့်တယ်မြဲစွာ - ချမ်းသာ စိုးရသော အဖြစ်မှ ကင်းဆိတ်သောအားဖြင့်၎င်း။
ဟေတုဝုတ္တိတော၊ အကြောင်းရှိမှ ဖြစ်ရသော အားဖြင့်၎င်း။
ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
လိုရင်းက --
အကြောင်းနှင့်တကွ ဖြစ်သည်၏ အဖြစ်၊ အကြောင်းတရားတို့သည် ပေါင်း၍ပြုပြင် စီရင်အပ်သည်၏အဖြစ်၊ အကြောင်းကို စွဲမှီရမှသာ ဖြစ်သည်၏ အဖြစ်၊ စင်စစ် ရုပ်နာမ်ဓမ္မ အနိစ္စမှာ-
အနုပ္ပန္နာ ဝုပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာစ နိရုဇ္ဈရေ။
နိစ္စံနဝါဝ သင်္ခါရာ၊ ဒီပဇာလသမူပမာ။
ဟု ရှုအပ်၏။
သင်္ခါရာ၊ ဥပါဒ်, ဘင်မျှ ရုပ်နာမ်သင်္ခါရတို့သည်။
အနုပ္ပန္နာဧဝ၊ ရှေးက မဖြစ်ဘူးကုန်ဘဲသာလျှင်။
ဥပ္ပဇ္ဇန္တိ၊ ယခုအသစ် ပေါ်ဖြစ်လာကုန်၏။
ဥပ္ပန္နာစ၊ ဖြစ်ကုန်ပြီး၍လည်း။
နိရုဇ္ဈရေ၊ ခဏချက်ခြင်း ချုပ်ကင်း ကွယ်ပျောက်ကုန်၏။
သင်္ခါရာ၊ ဥပါဒ်,ဘင်မျှ ရုပ်နာမ် သင်္ခါရတို့သည်။
နိစ္စံနဝါဝ၊ အမြဲအသစ်အသစ်တို့သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သင်္ခါရာ၊ ဥပါဒ်,ဘင်မျှ ရုပ်နာမ် သင်္ခါရတို့သည်။
ဒီပဇာလသမူပမာ၊ ဆီမီးလျှံတမူ တူသောဥပမာ ရှိကုန်၏။
လိုရင်းသဘောကား --
တွေ့မြင်ကြားစရှိ၊ ကြံသိသမျှ သင်္ခါရက၊ အနိမိတ္တ၊ အနိစ္စဧကန်၊ ဒုက္ခမှန်သည့်၊ ပစ္စုပ္ပန်ကို၊ ရုပ်နာမ်ပြောရ၊ ဓမ္မဆတ်ဆတ်၊ ပရမတ္ထ၊ သစ္စသဘော၊ ပညာဇောပင်၊ ဝိညာဏ် မြင်ကြံ၊ လောကမှန်မှာ၊ တောသံ တောင်သံ၊ ပဲ့တင်သံသို့၊ သူဟန် ငါထန်၊ ထင်မြင်ပြန်၍၊ ဖန်ဖန်ခါခါ၊ ဉာဏ်ပညာမှာ၊ ရှာသော် နှယ်မူ၊ ဘယ်လူ ဘယ်ဝါ၊ ဘယ်ဘယ်ဟာမှ၊ ရှာတာမရ၊ မုချသဘော၊ စင်စစ်ပြောက၊ ခဏမမြဲ၊ ဆင်းရဲစွာလှ၊ စိုးမရသည့်၊ ဓမ္မအမှန်၊ သယံဇာတ၊ ထာဝရဓာတ်၊ ပရမတ္ထ၊ ရှိသမျှက၊ အနိမိတ္တ၊ အရိယသစ္စာ၊ မြတ်ဓမ္မာသည်၊ ပမာ နေ,လ ထင်ရှားတည်း။
တောင်ဆီ မင်ဆေးဖြင့် ရေးပြအပ်သော လ,ဝန်း ငွေရိပ် သကြားနှိပ်သည့် ယုန်ရေး တံဆိပ်နှင့်တူသော ဝဋ်နခမ်းသတ် ဤကျမ်းမြတ်ကို ကျက်မှတ်သိမြောက် နိဗ္ဗာန် မှောက်သို့ ခုဘဝ,နောက်ဘဝ ရောက်ကြပါစေကုန်သတည်း။
ဤစာပြီးဖြစ် သက္ကရာဇ်ကား ၁၂၈၇-ခုနှစ် နှောင်းကဆုန်လဆန်း (၄) ရက်၊ ဗုဒ္ဓဟူးနေ့ သင်္ကြန် အကြတ်ရက်တွင်၊ ပြီးအောင်မြင်သည်၊
နတ်,လူ သာဓု ခေါ်စေသောဝ်။
ဤတွင် ခြောက်စောင်တွဲကျမ်း ပြီး၏။
Comments
Post a Comment