ပဋ္ဌာန်းမြတ်ဒေသနာ
▬▬ஜ۩۞۩ஜ▬▬
အရှင်နန္ဒမာလာဘိဝံသ (Ph.D)
မာတိကာ
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁)
ပဋ္ဌာန အဓိပ္ပါယ်
၂၄-ပစ္စည်း
၄-ပစ္စည်းနှင့် ချုံးခြင်း
၂-ပစ္စည်းနှင့် ချုံးခြင်း
ဟေတုပစ္စယ
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၂)
လောဘဟေတု
ဒေါသ ဟေတု
မောဟ ဟေတု
အလောဘ ဟေတု
အဒေါသ ဟေတု
အမောဟ ဟေတု
အာရမ္မဏပစ္စယော
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၃)
အာရမ္မဏပစ္စယော
နိဗ္ဗာန်အာရုံကို သိတဲ့စိတ်
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၄)
ဆန္ဒာဓိပတိ
ဝီရိယာဓိပတိ
စိတ္တာဓိပတိ
ဝီမံသာဓိပတိ
အာရမ္မဏာဓိပတိ
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၅)
အနန္တရပစ္စယော၊ သမနန္တရပစ္စယော
စိတ်စွမ်းအား
သဟဇာတပစ္စယော
အညမညပစ္စယော
နိဿယပစ္စယော
ဥပနိဿယပစ္စယော
အာရမ္မဏူပနိဿယ
အနန္တရူပနိဿယ
ပကတူပနိဿယ
ကုသိုလ်က အကုသိုလ်ကို ဖြစ်စေပုံ
ကရုဏာဒေါသ
အကုသိုလ်က အကုသိုလ်ကို ဖြစ်စေပုံ
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၆)
ပုရေဇာတပစ္စယော
ဝတ္ထုပုရေဇာတ
အာရမ္မဏပုရေဇာတ
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၇)
ပုရေဇာတပစ္စယော (အဆက်)
မနောဓာတ်နှင့် အာရုံ
မနောဓာတ်နှင့် မှီရာဝတ္ထု
ဟဒယဝတ္ထု၏ တည်ရှိရာ
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၈)
ပစ္ဆာဇာတပစ္စယော
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၉)
အာသေဝနပစ္စယော
ဝိပါက်စိတ်တွေ ဇောကိစ္စ မတပ်
ကုသိုလ်ဖြစ်ကြောင်းတရား ၄-ပါး
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁ဝ)
ကမ္မပစ္စယော
စေတနာ ၂-မျိုး
သဟဇာတကမ္မ
နာနာက္ခဏိကကမ္မ
အကုသလကမ္မ
ဣဋ္ဌာရုံ အနိဋ္ဌာရုံ သတ်မှတ်ချက်
အခုလုပ် အခုအကျိုးမပေး
ကုသလကမ္မ
ကံကိုပယ်တဲ့ကံ
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၁)
ဝိပါကပစ္စယော
ပဉှာဝါရအဆို
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၂)
အာဟာရပစ္စယော
ရုပ်အာဟာရ ဩဇရုပ်ဆိုတာ
နာမ်အာဟာရ
ပုတ္တမံသူပသုတ်
ဖဿသည် အာဟာရ
စေတနာ အာဟာရ
ဝိညာဏ အာဟာရ
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၃)
ဣန္ဒြိယပစ္စယော
ဣန္ဒြိယပစ္စည်း ၃-မျိုး
ပုရေဇာတိန္ဒြိယ
ရူပဇီဝိတိန္ဒြိယပစ္စည်း
အရူပတိန္ဒြိယပစ္စည်း
နာမဇီဝိတိန္ဒြိယပစ္စည်း
မနိန္ဒြိယ
ဝေဒနိန္ဒြိယ
သဒ္ဓိန္ဒြိယ စသည်
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၄)
ဈာနပစ္စယော
ဝိတက္က
ဝိစာရ
ပီတိ
သုခ ဧကဂ္ဂတာ
အာနာပါနနဲ့ သမထ
ပထမဈာန်
ဒုတိယဈာန်
တတိယဈာန်
စတုတ္ထဈာန်
ပဉ္စမဈာန်
သမထဈာန်နှင့် သာမန်ဈာန
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၅)
မဂ္ဂပစ္စယော
မဂ္ဂင် ၁၂-ပါး
မဂ္ဂင်တရားကိုယ် ၉-ပါး
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၆)
သမ္ပယုတ္တပစ္စယော
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၇)
ဝိပ္ပယုတ္တပစ္စယော
စိတ်နဲ့အာရုံ ဝိပ္ပယုတ်ဖြစ်သော်လည်း မဟော
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၈)
အတ္ထိပစ္စယော
၂၄-ပစ္စည်းကို ချုံ့လိုက်ရင်
အတ္ထိပစ္စည်း ၅-မျိုး
အတ္ထိပစ္စည်း ၇-ပိုင်း
အတ္ထိပစ္စယော၊ ဝိဂတပစ္စယော
.....
.....
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁)
▬▬▬▬▬▬▬▬▬▬
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲ လပြည့်ကျော် ၁၁-ရက်၊ (၂၀-၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း၊ မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
“ပဋ္ဌာန်းမြတ်ဒေသနာ” တရားခေါင်းစဉ်နဲ့ ဘုန်းကြီးတို့ ဒီဓမ္မာရုံကြီးမှာ ၅-ရက် တိတိ ဟောကြားမှာ ဖြစ်ပါတယ်၊ ဒီကနေ့ အပိုင်း-၁, နောက်ရက်များမှာ အပိုင်း-၂, အပိုင်း-၃ စသည်ဖြင့် ပဋ္ဌာန်း၂၄-ပစ္စည်း တစ်ခုစီ တစ်ခုစီ ရှင်းပြမယ်။ ဘဝနဲ့ ဘယ်လိုဆက်စပ်ယူရမယ်ဆိုတာကို သိရှိနားလည်အောင် applied လုပ်တဲ့ နည်းနဲ့ ဟောကြားမှာဖြစ်ပါတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အင်မတန်ကျယ်ဝန်းလှတဲ့ ပဋ္ဌာန်း တရားတော်ကြီးကို ဆင်ခြင် သုံးသပ်တော်မူတယ်၊ ထိုအခါ ခန္ဓာကိုယ်တော်က ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးထွက်ပေါ်လာတယ်၊ ဒါကို ဗုဒ္ဓသာသာဝင် သူတော်စင်အားလုံးတို့ ကြားဖူးနားဝ ရှိပြီးသားဖြစ်တယ်။
ဘာဖြစ်လို့ ခန္ဓာကိုယ်က ရောင်ခြည်တော်တွေ ထွက်ပေါ်လာရသလဲဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးက အင်မတန်အစွမ်းထက်တယ်၊ သိချင်တာမှန်သမျှကို သိနိုင်စွမ်း ရှိတယ်၊ ပဋ္ဌာန်းကျမ်းကြီးကလည်း ထိုဉာဏ်တော်ကြီး ကျက်စားလို့ ရအောင် အကန့်အသတ်မရှိ ကျယ်ဝန်းတယ်၊
မြတ်စွာဘုရားရဲ့ဉာဏ်တော် ကြီးသလောက် ပဋ္ဌာန်းကျမ်းကြီးက ကျယ်ဝန်းသည့် အတွက် မြတ်စွာဘုရားရဲ့ ဉာဏ်တော်ဟာ ပဋ္ဌာန်းကျမ်းကြီးမှာ အလွန်မွေ့လျော် နှစ်ချိုက်ပြီး ပီတိစိတ်တွေ တဖွားဖွား ဖြစ်ပေါ်စေတယ်၊ ထိုပီတိနဲ့ ယှဉ်သော စိတ်တွေဟာ ရှင်တော်ဘုရားရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးတော် သားတော်တွေကို ဖြူစင်ဝင်းလက်စေတယ်၊ ခန္ဓာကိုယ်က ရောင်ခြည်တွေ တဖိတ်ဖိတ်တောက်ပြီး ထွက်ပေါ်လာတယ်။
ဆိုလိုတာကတော့ “စိတ္တဇအဆင်းရောင်” Mind-born color ပေါ့နော်၊ စိတ်ကြောင့် ဖြစ်ပေါ်လာတာ၊ သာမန်ပုဂ္ဂိုလ်တွေမှာလည်း ရှိတတ်တယ်လေ၊ ပီတိဖြစ်နေတဲ့အချိန် အသားအရောင်နဲ့ ဒေါသဖြစ်နေတဲ့အချိန် အသားအရောင် မတူဘူး၊ အရောင် တလက်လက် မထွက်သော်လည်းဘဲ ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့ အသားအရောင်ဟာ အရုပ်ဆိုးပြီး ပီတိဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့ အသားအရောင်ဟာ ဝင်းလက်နေတယ်။
မြတ်စွာဘုရားရဲ့ စိတ်တော်ကျတော့ အလွန်သန့်ရှင်း စင်ကြယ်သည့်အတွက် ခန္ဓာကိုယ်မှာရှိတဲ့ စိတ္တဇရုပ်တွေဟာ အလွန်တောက်ပြောင်လာတယ်၊ စိတ္တဇရုပ်တွေ ရဲ့အစွမ်းကြောင့် ကမ္မဇရုပ် ဥတုဇရုပ်တွေဟာလည်း တောက်ပြောင်လာတယ်၊ ခန္ဓာ ကိုယ်မှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ အညစ်အကြေးကင်းတယ်၊ အရောင်တလက်လက် ဝင်းပြောင်လာတယ်၊ ဒါကြောင့်မို့ ခန္ဓာကိုယ်တော်က အသားတော်အသွေးတော်က စပြီး သက်ဆိုင်ရာ ပင်ကိုယ်ရှိတဲ့အရောင်တွေက တဖိတ်ဖိတ်တောက်လို့ ရောင်ခြည် တော် ၆-သွယ်ဆိုတာ ဖြစ်လာတယ်။
အားလုံးသိကြတဲ့အတိုင်းပဲ ရောင်ခြည်တော် ၆-သွယ်ဆိုတာ “နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘဿရ” တဲ့၊ မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အညိုရောင် အဆင်း ဆံပင်တို့ မျက်လုံးတို့ မျက်ခုံးမွှေးတို့ စသည်ဖြင့် အဲဒီမှာရှိတဲ့ အနက်ရောင် အညိုရောင်တွေက တဖိတ်ဖိတ် တောက်လာပြီး ညိုသော ရောင်ခြည် တော်တွေ ဖြစ်လာတယ်။
နောက် မြတ်စွာဘုရားရဲ့ အသားအရေက ရွှေရောင်လို ဝါဝင်းနေတဲ့ အဆင်း ရှိတယ်၊ ရွှေရောင်တဖိတ်ဖိတ် တောက်လာတဲ့အတွက် ဝါသော ရောင်ခြည်တော်၊ သွားတော် တို့က ဖြူသောရောင်ခြည်တော်တွေ ထွက်လာတယ်၊ သွေးတော်၊ နှုတ်ခမ်းတော်၊ လက်ဖဝါး ခြေဖဝါးတော်တို့က နီသောရောင်ခြည်တော်တွေ ထွက်ပေါ်လာတယ်။
“နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ”ဆိုတဲ့ ဒီအရောင်တွေမှာ တစ်ခုနဲ့ တစ်ခု အနီနဲ့အဖြူ ရောစပ်လိုက်တဲ့အခါ ပန်းရောင်ဖြစ်လာတယ်၊ အဲဒါကိုပဲ “မဉ္ဇိဋ္ဌ”လို့ ခေါ်တယ်၊ မောင်းသောရောင်ခြည်တော် လို့ မြန်မာပြန်တဲ့ ရောင်ခြည်တော်တစ်မျိုး ထွက်လာတယ်၊ အဲဒီ ရောင်ခြည်တော် ၅-မျိုး ရောယှက် ထွက်လာတဲ့အခါ “ပဘဿရ” လို့ ပြိုးပြိုးပြက်ပြက် ထွက်လာတယ်။
ဒီပဋ္ဌာန်းတရားတော်ကြီးကို ဆင်ခြင်လိုက်တဲ့အခါမှ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ဟာ အင်မတန်မှ စွမ်းရည်တွေ ထက်မြက်တောက်ပလာတယ်၊ ပဋ္ဌာန်းတရားတော်ကြီး ကလည်း အင်မတန်မှ ကျယ်ဝန်းတယ်၊ “အနန္တနယ” လို့ ဆိုတဲ့အတိုင်းပဲ မဆုံးနိုင် လောက်အောင် ကျယ်ဝန်းတဲ့ နည်းလမ်းတွေနဲ့ ဉာဏ်ကျက်စားချင် သလောက် ကျက်စားလို့ရတယ်၊
“ယာဝတကံ ဉေယျံ၊ တာဝတကံ ဉာဏံ” “သိစရာတွေ အတိုင်းအတာရှိသလောက် သိတဲ့ဉာဏ်တော်ကြီးကလည်း လိုက်ပြီး သိနေတယ်” တဲ့၊ “ယာဝတကံ ဉေယျံ၊ တာဝတကံ ဉာဏံ” လို့ ဆိုတယ်။
ဘုန်းကြီးတို့ တတွေမှာတော့ သိစရာတွေက များပြီး သိတဲ့ ဉာဏ်အားက နည်းနေတယ်၊ မြတ်စွာဘုရားကျတော့ သိစရာတွေများသလောက် ဉာဏ်တော်ကြီးက အကုန်လိုက်ပြီး သိနိုင်တယ်တဲ့၊ လောကမှာ သိစရာများတာတော့ မှန်တယ်၊ သို့သော် သိနိုင်တဲ့ဉာဏ်စွမ်းအားနဲ့ သိဖို့ဆိုတာကတော့ လူတိုင်းမရနိုင်ဘူး၊
မြတ်စွာ ဘုရားကိုယ်တော်မြတ်ကြီးကတော့ -
ယာဝတကံ ဉေယျံ - သိစရာတွေ များသလောက်၊
တာဝတကံ ဉာဏံ - ဉာဏ်တော်ကြီးက လိုက်ပြီးတော့ သိတယ်တဲ့။
ပဋ္ဌာန်းတရားတော်ကြီးကို ဆင်ခြင်လိုက်တဲ့အခါကျတော့ ဉာဏ်တော်ကြီးနဲ့ သိစရာ အာရုံတွေဟာ အံဝင်ဂွင်ကျဖြစ်လို့ အဋ္ဌကထာဆရာကြီးတွေက ဥပမာပြထားတယ်၊ အင်မတန်ကြီးမားတဲ့ ဝေလငါးကြီးတွေဟာ မြစ်ချောင်းအင်းအိုင်တွေထဲမှာဆိုရင် မလူးသာမလွန့်သာ ကုန်းပေါ်တင်ကုန်မှာပေါ့၊ ပင်လယ်နက်ကြီးထဲ ရောက်ရင် တော့ဖြင့် ဝေလငါးကြီးတွေဟာ ဂျွမ်းထိုးပြီး ကူးချင်တိုင်းကူး၊ ပင်လယ်ကြီးက အလွန်ကျယ်သည့်အတွက်ကြောင့် လူးလွန့်ပြီးတော့ ကျက်စားနိုင်တယ်တဲ့။
အဲဒါမျိုးလိုပဲ မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးဟာ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင် သုံးသပ် လိုက်တဲ့အခါမှာ ပဋ္ဌာန်းကျမ်းကြီးကလည်း ကျယ်, ဉာဏ်တော်ကြီးကလည်း ကြီး၊ အံဝင်ဂွင်ကျဖြစ်ပြီး ပီတိတွေ ဖြစ်လာတယ်၊ ဖြစ်လာတဲ့ ပီတိစိတ် စွမ်းအားက ထုတ်လုပ်လိုက်တဲ့ရုပ်ဟာ အလွန်သန့်ရှင်းစင်ကြယ်ပြီး ခန္ဓာကိုယ်က တဖိတ်ဖိတ်နဲ့ ရောင်ခြည်တော်တွေ ထွက်လာတယ်လို့ ဒီလိုဆိုတယ်။
အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့ “ရတနဃရသတ္တာဟ” အချိန် ရတနာစံ ကျောင်းတော်မှာနေထိုင်ရင်း အဘိဓမ္မာတရားကို ဆင်ခြင်သုံးသပ်တော် မူတယ်၊ ၇-ဝါမြောက်တဲ့အခါ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူတယ်၊ အဘိဓမ္မာ တရားတွေထဲမှာ အကျယ်ဝန်းဆုံး အနက်နဲဆုံး အခက်ခဲဆုံး ပဋ္ဌာန်း ကျမ်းကြီးကို နောက်ဆုံးမှဟောတယ်၊ “အနန္တနယ သမန္တပဋ္ဌာန” နည်းတွေကလည်း ဆုံးစမ ရှိအောင် နည်းမျိုးစုံတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ နည်းမျိုးစုံနဲ့ ခွဲခြမ်းစိတ်ဖြာပြီး ဟောတယ်၊ မဆုံးနိုင်အောင် ကျယ်ဝန်းများပြား လှပါတယ်။
တာဝတိံသာနတ်ပြည် တက်ပြီးဟောတဲ့ ပဋ္ဌာန်းကျမ်းကြီးဟာ ဒီကနေ့ လူ့ပြည်မှာ မှတ်တမ်းတင်ထားတဲ့ ပဋ္ဌာန်းကျမ်းထက် များစွာကျယ်ဝန်းတယ်လို့ ဆိုပါတယ်၊ လူ့ပြည်မှာရှိတဲ့ ပဋ္ဌာန်းကျမ်းက ရှင်သာရိပုတ္တရာမထေရ်မြတ် စီစဉ်ထားတဲ့ အကျဉ်း မျှသာဖြစ်တဲ့ ပဋ္ဌာန်းကျမ်းပဲ ဖြစ်တယ်၊ ဒါကြောင့် “အဘိဓမ္မေ ဝါစနာမဂ္ဂေါ နာမ သာရိပုတ္တထေရုပ္ပဘဝေါ” “လူ့ပြည်မှာ အဘိဓမ္မာကျမ်းတွေဟာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ စီရင်ပို့ချချက်ဖြစ်တယ်၊ ရှင်သာရိပုတ္တရာက စတင်လာတယ်” ဒီလိုဆိုတာ၊ တာဝတိံသာမှာ ဟောတဲ့တရားက ဒီ့ထက်မက ကျယ်ဝန်းများပြား လှပါတယ်၊ ဒီလိုမှတ်ယူကြရမယ်။
ပဋ္ဌာန်းကျမ်းကြီးရဲ့ ကျယ်ဝန်းနက်နဲပုံကို သင်ယူသူတိုင်း အကဲခပ်မိကြပါတယ်၊ ပဋ္ဌာန်းကျမ်းကြီးကို ရှေးတုန်းကတည်းက သာသနာတော်မှာ နေထိုင် ကြတဲ့ ပရိယတ် ပဋိပတ် ကျင့်ကြံကြိုးကုတ် အားထုတ်နေကြတဲ့ ဆရာတော် သံဃာ တော်တွေ လေ့လာကြ၊ သင်ယူကြတယ်၊ ပဋ္ဌာန်းကျမ်းကြီးရဲ့ ကျယ်ဝန်း နက်နဲမှု ခက်ခဲမှုတွေကို သင်ယူတဲ့ပုဂ္ဂိုလ်တိုင်း သိကြတယ်။
သီဟိုဠ်ကျွန်းမှာ မဟာတိဿဒတ္တမထေရ်ဆိုတာ ရှိတယ်၊ “ဂတိဂမိယတိဿဒတ္တ” လို့လည်း ခေါ်တယ်၊ အဲဒီမဟာတိဿဒတ္တမထေရ်ဟာ သီဟိုဠ်ကျွန်း ကနေ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကူးပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိပင်ကို ရှိခိုးပူဇော်ဖို့ သွားခဲ့တယ်၊ ထိုခေတ်က လှေသင်္ဘောစီးပြီး သွားခဲ့စဉ် ပင်လယ်ကြီးကို မြင်တော့ သူစဉ်းစားဆင်ခြင်မိတယ်၊
“ေဩာ် ဒီပင်လယ်ကြီးဟာ မျက်စိတစ်ဆုံး အင်မတန်မှ ကျယ်ပြောလှပါလား၊ လှိုင်းလုံးကြီးတွေကလည်းပဲ ကြောက်ခမန်းလိလိ”၊ အင်မတန် ကြီးမားတဲ့ လှိုင်းလုံး ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ မျက်စိတစ်ဆုံး မဆုံးနိုင်အောင်ရှိတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ရင်း ဘာသွား စဉ်းစားမိတုန်းဆိုရင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းကျမ်းကြီးနဲ့ နှိုင်းယှဉ်မိလျက်သား ဖြစ်သွားတယ်။
“ဪ - ပင်လယ်ပြင်ကြီးက ကျယ်လည်းကျယ်၊ နက်လည်း နက်တယ်၊ သို့သော် ပင်လယ်ဆိုတာ ကျယ်ပေမယ့် ဟိုဘက်ကမ်း ဒီဘက်ကမ်းဆိုတာ ရှိသေးတယ်၊ အနက်ဆိုတာကလည်း အတိုင်းအတာတစ်ခုအရ ပြောလို့ရသေးတယ်။ ပင်လယ် ကြမ်းပြင်ဆိုတာ ရှိသေးတယ်၊ မြတ်စွာဘုရား ဟောထားတဲ့ ပဋ္ဌာန်းကျမ်းကြီး ကျတော့ ဒီလိုအကန့်အသတ်ကို မရှိနိုင်လောက်အောင် ကျယ်လည်း ကျယ်၊ နက်လည်း နက်ပါပေတယ်” လို့ ဉာဏ်နဲ့ကြည့်လိုက်တယ်။
ပင်လယ်ကြီးမှာ လှိုင်းလုံးကြီးတွေရှိသလို ပဋ္ဌာန်းကျမ်းကြီးမှာလည်းပဲ အင်မတန် များပြားလှတဲ့ နည်းနိဿယတွေ ရှိတယ်၊ ပဋ္ဌာန်းတရားတော်ကြီးကို ပင်လယ်ကြီးနဲ့ နှိုင်းယှဉ် ကြည့်ရင်း “ဪ - အင်မတန် ကျယ်ဝန်းလှတဲ့ ပဋ္ဌာန်းတရားကြီးပါလား” လို့ ပဋ္ဌာန်းတရားတော်ကြီးနဲ့ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကို မှန်းဆ ကြည်ညိုတယ်၊ ပီတိတွေ တသိမ့်သိမ့်ဖြစ်ပေါ်လာတယ်။ ထိုပီတိကို ဝိပဿနာ တင်ပြီး ကြည့်ရှုဆင်ခြင် လိုက်တဲ့အခါ (သို့မဟုတ်) ထိုပီတိကိုခွာပြီး ဝိပဿနာ ကျင့်နေကျ အတိုင်း ဆင်ခြင် သုံးသပ်လိုက်တဲ့အခါ ရဟန္တာဖြစ်သွားတယ်လို့ ဒီလိုဆိုတယ်။
ဒီတော့ ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းနက်နဲမှုကို ဆင်ခြင်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ ပီတိဖြစ်မိကြမှာပါ၊ “ဪ - ဒီလောက် အံ့ဩဖွယ်ကောင်းလှတဲ့ နည်းစနစ်တွေနဲ့ မြတ်စွာဘုရား ဟောထားတာ၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးဟာ အလွန်အံ့မခန်း ပါလား” လို့ ဒေသနာတော်ကိုကြည့်ရင်း မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကို မှန်းဆ ကြည်ညိုနိုင်ကြပါတယ်။
ပဋ္ဌာန အဓိပ္ပါယ်
▬▬▬▬▬
ဒီနေရာမှာ “ပဋ္ဌာန” ကို ဘာသာမပြန်ဘဲ ပဋ္ဌာန ဆိုတဲ့ စကားလုံးအတိုင်းပဲ “ပဋ္ဌာန်း” လို့ ခေါ်နေကြတယ်၊ အဲဒီတော့ ပဋ္ဌာနရဲ့ အဓိပ္ပါယ်ကဘာလဲ၊ Literal meaning ကို သိဖို့ လိုတာပေါ့၊ “ပဋ္ဌာန” မှာ “ပ”ရဲ့အဓိပ္ပါယ်က အမျိုးမျိုး လို့ဆိုလိုတာ၊ “ဌာန” က အကြောင်းတရား၊ အမျိုးမျိုးသော အကြောင်းတရားကို “ပဋ္ဌာန” လို့ ခေါ်တယ်။ အဲဒီ အကြောင်းအမျိုးမျိုးကို ရှင်းလင်းပြတဲ့ ဒေသနာ တော်ကြီးကိုလည်း ပဋ္ဌာန - (ပဋ္ဌာန်း) လို့ ခေါ်တယ်၊ ဒါက အဓိပ္ပါယ်တစ်မျိုးနဲ့ ဖွင့်ဆိုချက်ဖြစ်တယ်။
နောက်တစ်မျိုးက “ပဋ္ဌာန” ဆိုတာ ဝိဘဇန’”ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုခြင်း” ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ မြတ်စွာဘုရားက အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာပြီး ဟောကြား လေ့ရှိတယ်၊ သာမန်ပုဂ္ဂိုလ်တွေက ကြည့်လိုက်မယ်ဆိုရင် တစ်ခုလို့ပဲ မြင်ကြတယ်၊
ဘာဖြစ်လို့လဲ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိလို့၊ ကြည့်လေ - သာမန် ပုဂ္ဂိုလ်တွေက ရေလို့ပဲ သိတယ်၊ သိပ္ပံပညာရှင်ကျတော့ H2O လို့ ပြောကြတယ်၊ ဟော ရေထဲမှာဖွဲ့စည်း ထားတဲ့ အရာနှစ်ခုကိုတွေ့တာ၊ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ပေါင်းစပ်ထားတာ၊ ရေဆိုတာ H2Oလို့ ပြောကြတယ်၊ ဒါ စမ်းသပ်ကြည့်လို့သိတာ၊
မြတ်စွာဘုရားက ရေဆိုတာကို ရုပ် ၈-ခုနဲ့ ခွဲပြထားတယ်၊ Unity of Eight material quality ရုပ်ရှစ်ခုတို့၏အပေါင်းကို ရေလို့ခေါ်တယ်၊ သူတို့က H2O ဆိုတော့ Hydrogen ၂-ခုနဲ့ Oxygen ၁-ခု - Atom ၃-ခု ပေါင်းထားတာ ရေ၊ သိပ္ပံ ပညာရှင်တွေက Atom သုံးခုကိုပဲ ရေလို့ပြောတယ်၊
မြတ်စွာဘုရားကတော့ အဋ္ဌကလာပ်ရုပ် ၈-ခုအပေါင်းကို (Unity of Eight material quality) ရေလို့ ပြောတာ၊ ပဋ္ဌာန်းအပါအဝင် ဒီအဘိဓမ္မာ ဒေသနာတော်တွေဟာ ဒီလို သဘာဝ တရားတွေကို ခွဲခြမ်းစိတ်ဖြာပြလေ့ရှိတယ်၊ အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာ ဟောတာ။
ပဋ္ဌာနကျမ်းမှာ အကြောင်းတရားတွေနဲ့ အကျိုးတရားတွေဟာ ဘယ်လို ဆက်သွယ် ပြီးတော့ အကြောင်းတရားတွေက အကျိုးတရားတွေကို ဘယ်လိုပံ့ပိုးထားတယ်၊ ဘယ်လိုဖြစ်စေတယ်၊ ဘယ်လို တည်တံ့အောင် ထောက်ပံ့ ကူညီနေတယ်ဆိုတဲ့ သဘာဝတွေကို ရှင်းပြတယ်၊
တကယ်တော့ မြတ်စွာဘုရားက သတ္တလောကကြီးနဲ့ ဩကာသလောကကြီး အကြောင်းကို ရှင်းပြတာ၊ သတ္တဝါအားလုံးဟာ ပဋ္ဌာန်း ၂၄-ပစ္စည်းထဲက အကြောင်း တရားတွေ အကျိုးတရားတွေနဲ့ နေ့စဉ်နေထိုင်နေကြတာ၊ ကိုယ်က သတိမထား မိဘူးပေါ့၊ အားလုံးရဲ့ daily life ဟာ ၂၄-နာရီမှာ ၂၄-ပစ္စည်းနဲ့ နေကြတာလို့ ပြောလို့ရတယ်၊ ၂၄-ပစ္စည်းရဲ့ အထောက်အပံ့ကင်းပြီး အသက်ရှင် နေတာ မရှိဘူး။
၂၄-ပစ္စည်းဆိုတာ မတူတာလေးတွေကို ပြောတာ၊ သို့သော် ဒီ ၂၄-မျိုးကသာ အထောက်အပံ့ ပေးနိုင်တာ မဟုတ်ဘူးတဲ့၊ တစ်မျိုးတစ်မျိုးမှာဆိုရင် အကြောင်း ပေါင်းများစွာ ပါဝင်တယ်၊ နည်းမျိုးစုံအောင် .. အကြောင်းနဲ့အကျိုး ဆက်သွယ်မှု သဘာဝတရားတွေကို ရှင်းပြတာကို ပဋ္ဌာနလို့ခေါ်တယ်။
၂၄-ပစ္စည်း
▬▬▬▬
အဲဒီ ပဋ္ဌာနကို ရှင်းပြတဲ့အခါ မြတ်စွာဘုရားက ခေါင်းစဉ် ၂၄-ခု ပေးထားတယ်၊ အားလုံးသိတဲ့အတိုင်း “ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိ ပစ္စယော” စတဲ့ ခေါင်းစီး၂၄-မျိုး ဖြစ်တယ်၊ အဲဒီမှာ ပစ္စယော ဆိုတာ ဖြစ်ပေါ်လာအောင် အကျိုးပြုတယ်, (သို့မဟုတ်) ဖြစ်ပေါ်လာတဲ့အရာကို ရပ်တည်နေအောင် အကျိုးပြုတယ် ဆိုတဲ့ အကြောင်းတရားကို ဆိုလိုတယ်၊ ဖြစ်စေမှု တည်စေမှုကို ကျေးဇူးပြုတယ်လို့ ခေါ်တာပဲ၊
“ကျွန်တော့်ကို ကျေးဇူးပြုပြီး ဘာလေး လုပ်ပေးစမ်းပါ” ဆိုတာ တစ်ခုခုလုပ်ပေး တာပဲ၊ တစ်ခုခုလုပ်ပေးတာကို ကျေးဇူးပြုတယ်လို့ ခေါ်တယ်၊ “ပစ္စယော ဥပကာရကော” လို့ ဖွင့်ဆိုတယ်၊ အဲဒီတော့ ကျေးဇူးပြုတယ်ဆိုတာ မရှိသေးတာကို ရှိအောင်လုပ်ပေးတယ်၊ ဒါက တစ်ခု၊ ရှိပြီးသားတွေကို maintain လုပ်ပေးတယ်၊ တည်တံ့နေအောင် လုပ်ပေးတယ်၊ ဒါက တစ်ခု၊ ဟောဒီနှစ်ခုကို ဆိုလိုတယ်၊ ပစ္စယရဲ့ အဓိပ္ပါယ်က ဖြစ်စေခြင်းနဲ့ တည်တံ့ စေခြင်း။
ကျေးဇူးပြုပုံကို “ဟေတု' အစရှိတဲ့ ရှေ့စကားလုံးက ဖော်ပြတာ၊ ဟေတုပစ္စယောမှာ ဟေတု ရဲ့အဓိပ္ပါယ်က (ဒိပြင်နေရာမှာ ဟေတု ဆိုတာ အကြောင်း တရားလို့ပဲ မှတ်ရတယ်၊) ဒီနေရာမှာ သာမန်အကြောင်းတရား မဟုတ်ဘူး၊ ခိုင်မြဲ စေတတ်တဲ့ အကြောင်းတရားတဲ့၊ ဖြစ်ပေါ်စေပြီး ဆက်လက်ရှင်သန်နေအောင် ထောက်ပံ့ပေးတဲ့ အကြောင်းတရားကို ဟေတု လို့ခေါ်တာ။
အာရမ္မဏဆိုတာ စိတ်ရဲ့ပျော်မွေ့ရာ၊ စိတ်ရဲ့ဖြစ်ပေါ်ရာ အကြောင်းတရား၊ အာရုံ အကြောင်းတရားတွေလို့ ဆိုလိုတယ်၊ အဓိပတိဆိုတာ ဖြစ်ပေါ်လာတဲ့ သဘာဝ တရားကို လွှမ်းမိုးထားနိုင်တဲ့ အကြောင်းတရားလို့ပြောတာ။
အနန္တရ, သမနန္တရ ဆိုတာ ရှေ့စိတ်နဲ့နောက်စိတ်, ရှေ့မှာဖြစ်တဲ့ နာမ်တရားနဲ့ နောက်မှာဖြစ်တဲ့ နာမ်တရားတွေရဲ့အကြားမှာ ဘာမှ အခြားအကွယ် မရှိဘဲ ရှေ့တရားနဲ့ နောက်တရားကြားမှာ ဘာမှ အခြားအကွယ်မရှိဘဲနဲ့ ရှေ့တရားက နောက်တရားကို ကျေးဇူးပြုတဲ့သဘောကို ပြောတာ။
အဲဒီလို ၂၄-ပစ္စည်းမှာ ဆိုင်ရာ ဆိုင်ရာ သဘာဝတရားတွေရဲ့ ကျေးဇူးပြုပုံ ကျေးဇူးပြုနည်း ၂၄-မျိုးကို ခေါင်းစီးတွေ ချမှတ်ပြီးတော့ မြတ်စွာဘုရားက ဟောတယ်၊ ပြီးတဲ့အခါ အသေးစိတ် တစ်ခုပြီးတစ်ခု ဟောတယ်။
၄-ပစ္စည်းနှင့် ချုံးခြင်း
▬▬▬▬▬▬▬
အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ၂၄-ပစ္စည်းကို အကျဉ်းချုံးရင် “အာရမ္မဏ ပစ္စည်း၊ ကမ္မပစ္စည်း၊ ဥပနိဿယပစ္စည်း၊ အတ္ထိပစ္စည်း” ဆိုတဲ့ ၄-ပစ္စည်းနဲ့ ချုံးတယ်၊ ၄-ပစ္စည်းမှာ ပစ္စည်းတွေအားလုံး အကျုံးဝင်တယ်၊ ၂၄-ပစ္စည်းကို ချုံးပြောရင် ဒီ ၄-မျိုးနဲ့ ချုံးလို့ရတယ်လို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ပြထားတယ်။
၂-ပစ္စည်းနှင့် ချုံးခြင်း
▬▬▬▬▬▬▬
ဘုန်းကြီးတို့ ဒီ ၂၄-ပစ္စည်းကို ၄-ပစ္စည်းနဲ့ ချုံးပြောတဲ့နည်းထက် ထပ်ပြီးတော့ ချုံးလို့ ရမလားလို့ စဉ်းစားကြည့်လိုက်တဲ့အခါ ထပ်ချုံးလို့ ရသေးတယ်ဆိုတာ တွေ့ရတယ်၊ ထပ်ပြီးတော့ ချုံးမယ်ဆိုရင် အတ္ထိ နဲ့ နတ္ထိ - ဒီနှစ်ခုထဲ အကုန်ဝင် သွားနိုင်တယ်။
အတ္ထိဆိုတာ အကြောင်းတရားနဲ့ အကျိုးတရား ၂-ခုစလုံး ရှိနေခိုက်မှာ အထောက် အကူပြုတယ်၊ ကျေးဇူးပြုတယ်၊ အဲဒါ အတ္ထိအမျိုးအစားလို့ ခေါ်တယ်၊ အကြောင်း တရားကလည်း ရှိနေခိုက်ဖြစ်ရမယ်၊ အကျိုးတရားကလည်း ရှိနေခိုက် ဖြစ်ရမယ်၊ အဲဒီရှိနေခိုက်မှာ ကျေးဇူးပြုတာ အတ္ထိပစ္စည်းပဲ။
နတ္ထိဆိုတာက မရှိတော့တဲ့နောက်မှာ ကျေးဇူးပြုတာ၊ သူက ရှိနေခိုက်မှာ ကျေးဇူး မပြုဘူး၊ အကြောင်းတရား လုံးဝချုပ်ငြိမ်းသွားတော့မှ အကျိုးတရားပေါ်လာတယ်၊ အဲဒါက နတ္ထိ။
အဲဒီတော့ အတ္ထိအုပ်စုနဲ့ နတ္ထိအုပ်စု နှစ်စုပဲ ရှိတယ်၊ ထပ်ချုံးလိုက်ရင် ဒီ အတ္ထိ နတ္ထိ ၂-မျိုးထဲ အားလုံးဝင်တယ်။
အတ္ထိ, နတ္ထိ စကားလုံး ၂-လုံးက အယူဝါဒရေးရာအနေနဲ့ ပတ်သက်လာလို့ ရှိရင် ဘာနဲ့ဆက်စပ်ပြီး ပြောသလဲဆိုရင် အတ္ထိဆိုတာ အတ္တလို့ ပြောတဲ့ ထင်မြင် ယူဆချက်နဲ့ ပတ်သက်တယ်။
သက်ရှိသတ္တဝါတွေမှာ Soul ဆိုတဲ့ အတ္တဆိုတဲ့အရာ ထာဝရရှိတယ်လို့ ယူဆရင် အတ္ထိ၊ ထာဝရမရှိဘူး, ဖြစ်ပြီးရင် ပျက်သွားတာပဲ၊ ဘယ်တော့မှ ပေါ်မလာတော့ဘူး၊ ထာဝရ ပြတ်စွဲတယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက် ရင် နတ္ထိတဲ့၊
အတ္ထိဆိုတာ သဿတ ဝါဒကို ရည်ညွှန်းပြီး ပြောဆိုတာ ဖြစ်တယ်၊ နတ္ထိဆိုတာ ဥစ္ဆေဒဝါဒကို ရည်ညွှန်းပြီး ပြောဆိုတာဖြစ်တယ်၊ ဒါက အယူအဆ ရေးရာနဲ့ ပတ်သက်တဲ့ အတ္ထိ, နတ္ထိ၊ ပဋ္ဌာန်းမှာလာတဲ့ အတ္ထိ, နတ္ထိက ဒီအဓိပ္ပါယ် မဟုတ်ဘူး။
အတ္ထိ ဆိုသည်မှာ အကြောင်းတရားရော အကျိုးတရားပါ နှစ်ခုလုံး ရှိနေ တဲ့အခိုက်မှာ အကြောင်းတရားက အကျိုးတရားကို ကျေးဇူးပြုတယ်၊ နတ္ထိ ဆိုတာက မရှိတော့မှ ကျေးဇူးပြုတယ်၊ ဒီသဘာဝနှစ်ခု ခွဲခြားမှတ်သား ထားရမယ်၊ ၂၄-ပစ္စည်းကို အကျဉ်းချုံးလိုက်ရင် ဟောဒီနှစ်မျိုးထဲမှာ အားလုံးဝင်သွားနိုင်တယ်။
ဟေတုပစ္စယ
▬▬▬▬▬
ကဲ ကောင်းပြီ၊ ဒီကနေ့ ဘုန်းကြီးတို့ ဟေတုပစ္စည်း အကြောင်းကိုပြောမယ်၊ အားလုံး တရားချစ်ခင် သူတော်စင်အပေါင်းတို့ ပဋ္ဌာန်းကို ရွတ်ဆိုနေကြတဲ့ပုဂ္ဂိုလ်တွေ တော်တော်များပါတယ်၊ ဘာရည်ရွယ်ချက်နဲ့ ရွတ်တယ်ဆိုတာ ရွတ်တဲ့ပုဂ္ဂိုလ်မှပဲ သိမယ်၊ သို့သော် မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ ရွတ်ဖို့တော့ လိုအပ်တယ်ပေါ့။
ရွတ်တဲ့အခါ အန္တရာယ်ကင်းဖို့ ရွတ်တာလား၊ စီးပွားတက်ဖို့ ရွတ်တာလား။ အန္တရာယ် ကင်းချင်တာလည်း လူ့ ဆန္ဒပဲ၊ စီးပွားတက်ချင်တာလည်း လူ့ဆန္ဒပဲ၊ လူ့ရဲ့ ဆန္ဒတွေက အမျိုးမျိုးပေါ့လေ၊ ပဋ္ဌာန်းကျမ်းကြီးကို ပူဇော်ချင်လို့ ရွတ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်လည်း ရှိကောင်းရှိမယ်။
အထူးသဖြင့် မြန်မာပြည်မှာ .. အဋ္ဌကထာဆရာကြီးတွေက ပြောခဲ့တဲ့ စကားကို မြန်မာလူမျိုးတွေ သိနေကြတယ်၊ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မြတ်စွာ ဘုရား ဟောခဲ့တဲ့ တရားတော်တွေ ကွယ်ပျောက်သွားလိမ့်မယ်၊ ကွယ်တဲ့အခါ အဘိဓမ္မာက စကွယ်မယ်၊ အဘိဓမ္မာ ၇-ကျမ်းမှာလည်း ပဋ္ဌာန်းကျမ်းကြီးက စကွယ်မယ်တဲ့၊ မကွယ်အောင် ပဋ္ဌာန်းပွဲတွေလုပ်ပြီး အသံမစဲ ရွတ်နေကြတာလည်း ဖြစ်ကောင်း ဖြစ်မယ်၊ ရွတ်တဲ့ပုဂ္ဂိုလ်တွေ စီမံတဲ့ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်လို့ ပြောရ မယ်ပေါ့၊ သို့သော် ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရွတ်ကြမယ် ပူဇော်ကြမယ်ဆိုရင် အင်မတန်မှ ကောင်းပါတယ်။
တချို့လည်း ပြောကြတယ်၊ ကဿပဘုရားရှင်လက်ထက်တုန်းက လှိုဏ်ဂူထဲမှာ ရဟန်းတော်တွေ အဘိဓမ္မာ သရဇ္ဈာယ်နေကြတယ်၊ အဘိဓမ္မာတရားကို ပူဇော် နေကြတယ်၊ အဘိဓမ္မာတရားရဲ့ အတိမ်အနက် အလေးအနက် အဓိပ္ပါယ် မသိကြပေမယ့် လင်းနို့သားငါးရာဟာ အဘိဓမ္မာတရားသံကိုကြားရင်း စိတ်ကြည်နူး ကြတယ်၊ အဲဒီကောင်းမှုကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်မှာ အမျိုး ကောင်းသားငါးရာ ဖြစ်ပြီး ရှင်သာရိပုတ္တရာထံက ပထမဆုံး အဘိဓမ္မာ ၇-ကျမ်းကို သင်ယူခွင့်ရတဲ့ ရဟန်းငါးရာဖြစ်လာတယ်။
အဲဒီ story ကို မြန်မာတွေ တော်တော်များများ သိထားကြတယ်၊ တချို့ကလည်း အဲဒီပဋ္ဌာန်းသံလေးကြားလို့ရှိရင် လင်းနို့သားတွေ အားကျပြီး လင်းနို့ သားတွေလိုများ ဖြစ်လာမလားလို့ တွေးကြတယ်၊ အဲဒီလောက်လေးတင် မလုပ်ပါနဲ့နော်၊ လင်းနို့ဆိုတာ တိရစ္ဆာန်ပဲ၊ ကိုယ်က တိရစ္ဆာန်အဆင့်မှ မဟုတ်ဘဲ၊ ဒီလို ရွတ်ရုံ ဖတ်ရုံ မဟုတ်ဘဲ အဓိပ္ပါယ်နားလည်မယ်ဆိုရင် ပိုမကောင်းဘူးလား၊ ပိုကောင်းတာပေါ့၊ ဒါကြောင့်မို့ အဓိပ္ပါယ်နားလည်အောင် ကြိုးစားကြရမယ်။
အန္တရာယ်ကင်းတယ်ဆိုတာ အခြားနည်းတွေနဲ့လည်း အန္တရာယ်ကင်းအောင် လုပ်လို့ ရတာပဲ၊ ပဋ္ဌာန်းကျမ်းကြီးကိုရွတ်ရင် အန္တရာယ်ကင်းတာ မဖြစ်ဘူးလို့ ပြောတာ မဟုတ်ဘူး၊ ဒီပဋ္ဌာန်းကျမ်းကြီးကို ရွတ်လိုက်ရင် ပဋ္ဌာန်းဒေသနာကြီးကို ဘုရား လက်ထက်တော်တုန်းက နာခဲ့ရတဲ့ သက်တမ်းရှည်တဲ့ နတ်တွေရှိတယ်၊
အဲဒီ နတ်တွေက “ဘုရားလက်ထက်တော်က ငါတို့နာခဲ့ရတဲ့အသံတွေ ကြားနေ ရတယ်” ဆိုပြီး သူတို့က လာနာကြမှာပါ၊ အဲဒီလို တန်ခိုးကြီးတဲ့နတ်တွေက လာနာ လို့ရှိရင် အနှောင့်အယှက်ပေးချင်တဲ့ နတ်ဆိုးတွေ ထွက်ပြေးသွားကြတာပေါ့၊ အဲဒီတော့ အန္တရာယ်ကင်းသွားတာပေါ့၊ ဒီလိုလည်း ရှိတာပေါ့။
ယခုခေတ်မှာ လူကြီးတွေလာတယ်ဆိုရင် လူရှုပ်တွေ ပြေးရသလိုပေါ့ ရှင်းပြီးသား ဖြစ်သွားတယ်လေ၊ အဲဒါလိုပဲ တန်ခိုးကြီးတဲ့နတ်တွေက လာလို့ရှိရင် အနှောင့် အယှက်ပေးချင်တဲ့ နတ်ဆိုးတွေ နတ်မိစ္ဆာတွေက ဖယ်သွားကြတယ်၊ အဲဒီကျတော့ အန္တရာယ်ကင်းတာပေါ့။
သို့သော် ကိုယ်က မကောင်းတဲ့အလုပ်လုပ်ပြီး ဟေတုပစ္စယောနဲ့ ကာကွယ် ရင်တော့လည်း သိပ်မဟုတ်လှဘူးပေါ့၊ မန္တာန်သဘောလို ယူဆပြီး ရွတ်ရင်တော့ သိပ်မကောင်းဘူးပေါ့၊ ရွတ်တယ်ဆိုတာ ရည်ရွယ်ချက် မှန်မှန်ကန်ကန်နဲ့ရွတ်မှ ကုသိုလ်ရတယ်ပေါ့နော်။
တကယ် စဉ်းစားဆင်ခြင်ပြီး ရွတ်မယ်ဆိုရင် ပဋ္ဌာန်းကျမ်းကြီးကို ရွတ်ရင်း ရွတ်ရင်းနဲ့ မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးကို ကြည်ညိုလာမယ်၊ လူ့ဘဝနေရတာ ဟာလည်းပဲ ဟောဒီလို အကြောင်းအကျိုးတွေနဲ့ပဲလို့ သဘောပေါက်လာနိုင်တယ်၊
မြန်မာစကားမှာ ပြောလေ့ရှိကြတယ် မဟုတ်လား၊ “အကြောင်းညီညွတ်ရင်” ဖြစ်တယ်ဆိုတာ။ အကြောင်းညီညွတ်အောင် လုပ်ဖို့ပဲလိုတယ်ပေါ့ အကြောင်းဆိုတာ ညီညွတ်မှဖြစ်တာ၊ အကြောင်းတရားတွေကို နားလည်လို့ရှိရင် အကြောင်းကို ညီညွတ်အောင် ဖန်တီးယူလို့ရတယ်တဲ့။
ကြည့်လေ - အကြောင်းညီညွတ်အောင် ဘယ်လိုလုပ်သလဲဆိုရင် မျိုးစေ့လေး တစ်စေ့ကို အပင်ပေါက်စေချင်လို့ရှိရင် အကြောင်းညီညွတ်အောင် လုပ်ပေးလိုက်တယ်၊ မြေကြီးထဲ ချစိုက်တယ်၊ ရေလောင်းပေးတယ်၊ ဒါ အကြောင်းညီညွတ် အောင် လုပ်ပေးတာပဲ၊ ကိုယ်က သစ်ပင်ကို မန်းမှုတ်ပြီး အပင်ပေါက်အောင် လုပ်ခိုင်းလို့မှ မရတာ၊ ဘာလုပ်ပေးရမလဲ၊ မြေနဲ့ရေနဲ့ တွေ့ပေးတယ်၊ ပိုးကောင် မွှားကောင် လေးတွေ ဖယ်ရှားပေးတယ်၊ နေရောင်ရအောင် လုပ်ပေးတယ်၊ ဒီနည်းဖြင့် မျိုးစေ့ လေးက အပင်ပေါက်လာပြီး ရှင်သန်လာတာမဟုတ်လား၊ ဒါ အကြောင်းတရားတွေ ညီညွတ်အောင် လုပ်ပေးတဲ့သဘောပဲ။
အဲဒီလိုပဲ ပဋ္ဌာန်းတရားတော်တွေရဲ့သဘာဝကို သိလို့ရှိရင် ကိုယ့်စိတ်ထဲ ဖြစ်ပေါ် လာတဲ့အခြေအနေအရပ်ရပ်ကို ဘာကြောင့်ဖြစ်တယ်ဆိုတာ နားလည် သဘော ပေါက် လာတယ်၊ ဖြစ်လာရင် ဒီအကြောင်းကြောင့် ဖြစ်တာကိုး၊ ဒီအကြောင်းကို ဖယ်လိုက်ရင် ဒီအကျိုးမရှိတော့ဘူး၊ ကိုယ်မလိုချင်တဲ့အကျိုးတွေ ထွက်နေရင် မလိုချင်တဲ့အကြောင်း တရားတွေ ရှိနေတယ်၊ အဲဒီမလိုချင်တဲ့ အကြောင်းတရားတွေကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် မလိုချင်တဲ့အကျိုးတွေလည်း ပြုတ်သွားမှာပဲ။ အကယ်၍ လိုချင်တဲ့ အကျိုးတရားတွေ မရဘူး၊ ဘာလိုနေတုန်း၊ ငါ့မှာ လိုချင်စရာ ကောင်းတဲ့အကျိုး တရားကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ မရှိသေးဘူး အဲဒီအကြောင်းတရား တွေကို ထူထောင်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်လိုချင်တဲ့ အကျိုးတရားတွေ ရရှိလာမှာပဲလေ။
လောကကြီးမှာ သေချာစဉ်းစားရင် အရာခပ်သိမ်းဟာ အကြောင်းနဲ့အကျိုး ချည်းပဲ၊ အကြောင်းအကျိုး ကင်းတဲ့အရာဆိုတာ လောကမှာမရှိဘူး၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာလည်း အကြောင်းအကျိုးကို အဓိကထားဟောလို့ ပထမ ဦးဆုံး အခြေခံအားဖြင့် သစ္စာလေးပါးလို့ ဟောတယ်။
သစ္စာလေးပါးဆိုတာ ကြည့်လေ - ဒုက္ခ၊ ဒုက္ခဆိုတာ တစ်လောကလုံးကို မြတ်စွာဘုရားက ဒုက္ခလို့ နာမည်တပ်လိုက်တယ်၊ ဘာဖြစ်လို့ ဒုက္ခလို့ နာမည်တပ် တာလဲဆိုရင် ဆင်းရဲလို့ ဒုက္ခလို့ နာမည်တပ်တာ မဟုတ်ဘူး၊ ဒီထဲမှာ ချမ်းသာတာ လည်း ပါတယ်နော်၊
ဘာလို့ ဒုက္ခလို့ နာမည်တပ်လိုက်သလဲဆိုရင် ဒု ဆိုတာ ကျေနပ်စရာ မကောင်းဘူး၊ ခ က ကိုယ်ထင်တဲ့အတိုင်း ဘာမှမရှိဘူး၊ အဲဒီအဓိပ္ပါယ်ပဲ။ ဒု ကျေနပ်စရာ မကောင်း တဲ့အပြင်, ခ ဘာမှ မရှိဘူး၊ ကိုယ်ထင်တာ တစ်ခုမှ မဟုတ်ဘူး၊
ဟုတ်တယ်လေ၊ လူတွေထင်နေတာနဲ့ တခြားစီပဲ၊ ကိုယ့် ကိုယ်ကို တွေး ပြီးတော့ “ငါ” လို့ ထင်နေတယ်၊ တကယ်တော့ “ငါ”ဆိုတာ ပြစရာ ဘာမှ မရှိဘူး၊ ပြစရာ မရှိသည့်အတွက်ကြောင့် ကျေနပ်စရာ မကောင်းဘူး၊ အဲဒီ စကားလုံး ၂-ရပ် ပေါင်းစပ်ပြီးတော့ “ဒုက္ခ” လို့ဟောတာ။
ဒုက္ခဆိုတာ
အကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတွေအားလုံးကို ရည်ညွှန်းပြီး မြတ်စွာဘုရားက ဟောထားတာ၊ အဲဒီ ဒုက္ခရဲ့ အကြောင်းတရားကို ဒုက္ခသမုဒယ လို့ အင်္ဂုတ္တရ တိတ္ထာယတနသုတ် မှာဟောတယ်၊ သစ္စာလေးပါးမှာ အဓိကအားဖြင့် တဏှာကို ဟောတယ်၊ သို့သော် အင်္ဂုတ္တရ တိတ္ထာယတနသုတ်မှာ ဒုက္ခသမုဒယကို ဟောတဲ့အခါ ပဋိစ္စသမုပ္ပါဒ်ကို ထည့်ဟောတယ်၊ တဏှာဆိုတာ အဓိကပဓာန ခေါင်းစဉ် တပ်ဟောတာ၊ တဏှာကသာ ဒုက္ခသမုဒယ ဖြစ်တာ၊ အဝိဇ္ဇာက ဒုက္ခသမုဒယ မဟုတ်ဘူးလို့ ပြောလို့မရဘူး၊ ဆင်းရဲတဲ့အကျိုး၊ လိုချင်စရာ မကောင်းတဲ့ အကျိုးတရားတွေ ထုတ်လုပ်တာ မှန်သမျှဟာ ဒုက္ခသမုဒယတွေ ချည်းပဲ၊ ဒီလို နားလည်ရမယ်။
ဒီတော့ မြတ်စွာဘုရားရဲ့တရားတော်သည် သစ္စာလေးပါးမှာ ဒုက္ခသမုဒယ ကို ဟောကတည်းက အကြောင်းတရားနဲ့ အကျိုးတရားကို ဟောတယ်ဆိုတာ ထင်ရှားတယ်၊ ရှင်သာရိပုတ္တရာ မထေရ်မြတ် ဗုဒ္ဓသာဝက မဖြစ်ခင်က သဉ္စယ ဆရာကြီးရဲ့ ပရိဗိုဇ်သာသနာမှာ ပထမဆုံးဝင်ပြီးတော့ လေ့လာတယ်၊ ပရိဗိုဇ်အဖြစ်နဲ့ နေတယ်၊ အနှစ်သာရမရှိဘူးဆိုတာသိလို့ အနှစ်သာရရှိတဲ့တရားကို ဆက်လက် ရှာဖွေတယ်။
နောက်ဆုံးမှာ ပဉ္စဝဂ္ဂီငါးဦးထဲက အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိနဲ့ တွေ့တယ်၊ ဗုဒ္ဓရဲ့ဝါဒအကျဉ်းချုပ် ပြောပြပါဆိုတော့ ဒီအကြောင်းကြောင့် ဖြစ်လာတဲ့အကျိုးကို ပြောတာပဲ၊ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”
“ဒီအကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတွေရှိတယ်၊ အဲဒီအကြောင်းကြောင့်ဖြစ်တဲ့ အကျိုးကို မြတ်စွာဘုရားက ဟောပါတယ်” လို့ ပြောတာ၊ ဒုက္ခနဲ့ သမုဒယကို မြတ်စွာဘုရားက ဟောတယ်လို့ပြောတာ၊ ဒီလိုဆိုတယ်။
ဒီလောက်လေးကြားလိုက်တာနဲ့ သူက ဉာဏ်ပွင့်သွားတယ်၊ ဘယ်လောက်ထိ ပွင့်သွားသလဲဆိုရင် မှားယွင်းနေတဲ့အယူအဆတွေ လုံးဝကင်းသွားတယ်၊ သံသယ လုံးဝကင်းသွားတယ်၊ အဲဒါကိုပဲ စာလိုပြောတော့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကွာသွားတယ်လို့ ပြောတာပေါ့၊ သောတာပန်ဖြစ်တယ်ဆိုတာ အဲဒါပဲ။
အဲဒီတော့ မြတ်စွာဘုရားရဲ့ဝါဒသည် အကြောင်းနဲ့အကျိုးကို ရှင်းပြတဲ့ဝါဒ၊ အဲဒီအကြောင်းအကျိုးကို အကျယ်ချဲ့ပြီး ပြောလိုက်တဲ့အခါ ပဋိစ္စသမုပ္ပါဒ် တဲ့၊ ထပ်ပြီးတော့ အကျယ်ချဲ့လိုက်မယ်၊ ကြည့် - “ဒုက္ခသမုဒယ က အဝိဇ္ဇာ၊ ဒုက္ခက သင်္ခါရ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ ဒုက္ခနဲ့ သမုဒယပဲ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ သင်္ခါရက ဒုက္ခသမုဒယ၊ ဝိညာဏက ဒုက္ခ” အကြောင်းနဲ့ အကျိုးပဲ။
ပဋိစ္စသမုပ္ပါဒ်က ဘာဆိုလိုတုန်းဆိုလို့ရှိရင် အကြောင်းနဲ့အကျိုးသည် တစ်ခု နဲ့တစ်ခု ဆက်စပ်နေတယ်၊ Dependent origination တစ်ခုနဲ့တစ်ခု မှီတည် နေတယ်၊ ကင်းကွာလစ်လပ်နေတာ မဟုတ်ဘူး၊ ပဋိစ္စ ဆိုတာ အကြောင်းတစ်ခုကို အမှီပြုပြီး၊ သမုပ္ပါဒ – ဖြစ်စေတယ်တဲ့၊ ဒီလို ဆိုလိုတာ၊ အကြောင်းသည်ပင်လျှင် သူ့မှာ အကြောင်းတစ်ခုရှိရသေးတယ်၊ ဒါကြောင့်မို့ ဗုဒ္ဓတရားတော်အရ အကြောင်းမဲ့ ဆိုတာ မရှိဘူး၊ First cause မရှိဘူး၊ Causeless cause ဆိုတာ မရှိဘူးလို့ဆိုတာ။
တခြားဝါဒတွေမှာ အရာရာကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ပြောမယ် ဆိုရင် ထာဝရဘုရားကျတော့ ဘယ်သူဖန်ဆင်းသလဲဆိုတော့ ဖန်ဆင်းသူ မရှိ၊ အဲဒါ causeless ပဲ၊ first cause ဆိုတာ ထာဝရဘုရားပဲ၊ ထာဝရဘုရားသည် first cause ဆိုတော့ ထာဝရဘုရားရဲ့ရှေ့က cause ရှိသေးလားဆိုတော့ မရှိတော့ဘူး၊ ပြတ်သွားတယ်။
ဗုဒ္ဓရဲ့တရားတော်မှာ အဲဒီလို မရှိဘူး၊ First cause မရှိဘူး၊ Causeless cause မရှိဘူး၊ အကြောင်းနဲ့အကျိုးသည် အပြန်အလှန် ဆက်သွယ်နေကြတယ်တဲ့၊ အကြောင်း ကလည်း အကျိုးဖြစ်သွားတာပဲ၊ အကျိုးကလည်း အကြောင်း ဖြစ်သွားတာပဲ၊ ဆောင်ရွက်မှုကိုကြည့်ပြီး ပြောတာ။
လောကမှာ လူတွေကို ကြည့်လိုက်ပေါ့၊ သာမန်အားဖြင့် ပြောမယ်ဆိုရင် အမေနဲ့ သားသမီးပဲ ပြောမယ်၊ အမေက သူက အမြဲတမ်း အမေဘက်က နေတာ ဟုတ်ရဲ့လား၊ သူ့မှာလည်းအမေရှိတယ်လေ၊ သူ့အမေနဲ့ပြောမယ်ဆိုရင် သူက သမီးပဲဖြစ်တာ၊ အမေ မဖြစ်ဘူး၊ သူ့ကို အမေလို့ခေါ်တာက သူ့ သားသမီးဘက် ကနေ ကြည့်တာ၊ သူ့ရဲ့အမေဘက်ကနေကြည့်ရင် သူက သမီးပဲ၊ သူ့သားသမီး ဘက်ကနေကြည့်မှ သူက အမေဖြစ်တာ။
ထို့အတူပဲ အကြောင်းနဲ့အကျိုးဆိုတာ အဲဒီလို သွားနေတာ၊ အကြောင်း ဘက်ကနေ ကြည့်လိုက်တဲ့အခါ အကျိုးလို့ခေါ်တယ်၊ အကျိုးဘက်ကနေ ကြည့်လိုက်ရင် အကြောင်းလို့ ခေါ်ပြန်တယ်၊ ဒါကို Mutual relation လို့ ခေါ်တယ်၊ အပြန်အလှန် ဆက်သွယ်နေတဲ့သဘောတဲ့။
အဲဒီပဋိစ္စသမုပ္ပါဒ်ကို တစ်ခါ အကျယ်ချဲ့ပြီးတော့ ဟောလိုက်တဲ့အခါမှာ ပဋ္ဌာန်းတရားဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းတရားရယ် အကျိုးတရားရယ် ဒီနှစ်ခုပဲ ဟောတယ်၊ ပဋ္ဌာန်းတရားကျတော့ အဲဒီလို မဟုတ်တော့ဘူး၊ အကြောင်း တရားကိုလည်း ထုတ်ပြတယ်၊ အကျိုးတရားကိုလည်းထုတ်ပြတယ်၊ အဲဒီ အကြောင်း တရားကနေပြီးတော့ ဒီအကျိုးတရားကို ကျေးဇူးပြုတဲ့အခါမှာ ဘယ်လိုစွမ်းရည် သတ္တိတွေ အသုံးပြုနေတယ်ဆိုတာကိုလည်း ထုတ်ပြတယ်၊ တစ်ခုပိုလာတယ်။
ပဋိစ္စသမုပ္ပါဒ်က အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုတည်း ရှင်းပြတယ်၊ ပဋ္ဌာန်း ကျတော့ အကြောင်းတရားကိုလည်း ရှင်းပြတယ်၊ ထိုအကြောင်းတရားက ထုတ်လုပ်လိုက်တဲ့ (သို့မဟုတ်) တည်စေတဲ့ အကျိုးတရားကိုလည်း ထုတ်ပြတယ်၊ အဲဒီလို ဖြစ်စေ တည်စေတတ်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိတွေကိုလည်း ထုတ်ပြတယ်၊ သူ့မှာ ဘာစွမ်းရည်တွေရှိသလဲ၊ ဘာစွမ်းရည်နဲ့ သူဟာ ဒီလို လုပ်ပေးတာလဲ၊ သတ္တိဆိုတာ ရှိတာပဲ၊ အကြောင်းတရားမှာ ဆိုင်ရာသတ္တိတွေ မရှိဘဲနဲ့ ဆိုင်ရာအကျိုးတရားကို မထုတ်လုပ်နိုင်ဘူး။
သတ္တိဆိုတာ စွမ်းနိုင်တဲ့ abilities, energy ကိုပြောတာ၊ energy စွမ်းအင် ပေါ့၊ အဲဒီစွမ်းအင်လေးတွေ အသုံးပြုပြီးတဲ့အခါကျတော့မှ ခုနက အကျိုးတရား ဆိုတာကို ဖြစ်ပေါ်လာတာ၊ အရာခပ်သိမ်းမှာ သူ့ဟာနဲ့သူ၊ အကြောင်းတရား မှာလည်း သူ့ရဲ့ energy တွေရှိတယ်၊ အဲဒီ energy တွေကြောင့် အကျိုးတရား ပေါ်လာတာ၊ ဒါ ပြောတာနော်။
ပဋ္ဌာန်းကျတော့ မြတ်စွာဘုရားက ပြည့်ပြည့်စုံစုံဟောလိုက်တယ်၊ အကြောင်း တရားကိုလည်း ဟောတယ်၊ အကျိုးတရားကိုလည်း ဟောတယ်၊ အကြောင်းတရား ရဲ့ သတ္တိကိုလည်း ဟောတယ် ဆိုတော့ သုံးမျိုးဟောထားတယ်၊ အဲဒါကြောင့် စွမ်းရည်သတ္တိတွေရဲ့ နာမည်အနေနဲ့ ၂၄-ပစ္စည်းကို မြတ်စွာဘုရားက အသုံးပြုတယ်၊ အကြောင်းတရားရဲ့စွမ်းရည်သတ္တိတွေ ထုတ်ဖေါ်ပြီး ဟောထားတော့ ပဋိစ္စသမုပ္ပါဒ် ထက် တစ်ချက်ပိုသွားတယ်၊ ပဋ္ဌာန်းတရားတော်ကြီးက ပိုပြီးတော့ ပြည့်စုံသွားတယ်။
ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့ ရှင်မဟာဗုဒ္ဓဃောသက ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းကို ရောပြီးတော့ ဖွင့်ပြတယ်၊ ပဋိစ္စသမုပ္ပါဒ်ချည်းသက်သက်ဆိုရင် ပဋ္ဌာန်းမပါဘူး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ပဋ္ဌာန်း တွဲပြလိုက်တဲ့အခါ ပိုပြီးတော့ နက်နဲတယ်၊ “ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြဖို့ ကြိုးစားတဲ့အခါ အင်မတန်နက်တဲ့ ပင်လယ်ကြီးထဲမှာ မရပ်နိုင်သလိုပဲ ရှင်းပြဖို့ အင်မတန်မှကို ကြိုးစားရပါတယ်၊ အင်မတန် ခက်ခဲပါတယ်” လို့ ရှင်မဟာဗုဒ္ဓဃောသက ဆိုတယ်။
သူ ပြောပုံပြောနည်းက အဝိဇ္ဇာကနေပြီး သင်္ခါရကို ကျေးဇူးပြုတယ်ဆိုတဲ့ နေရာမှာ ဘာသတ္တိနဲ့ ကျေးဇူးပြုသလဲဆိုတာ ပဋိစ္စသမုပ္ပါဒ်မှာ မပါဘူး၊ ပဋ္ဌာန်းက ယူပြီး ပြောလို့ရတယ်၊ အဝိဇ္ဇာသည် သင်္ခါရကို ဖြစ်စေတယ်၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”၊ ဘယ်လိုစွမ်းရည်သတ္တိတွေ အဝိဇ္ဇာမှာ ရှိသလဲ၊ ဘာကြောင့် သင်္ခါရကို သူက အထောက်အကူပြုနိုင်သလဲ၊ ကျေးဇူးပြုပုံ ကျေးဇူးပြုနည်းတွေကို ဝိသုဒ္ဓိမဂ်မှာ သေချာစွာရှင်းပြပြီး ရေးထားတာရှိတယ်၊ ဒါတောင် အကျဉ်းအားဖြင့်ရှင်းတာ။
ကောင်းပြီ - တရားဓမ္မတွေ တစ်ခုနဲ့တစ်ခု ဒီလိုပဲ .. ဆက်သွယ်နေတာ ဖြစ်သောကြောင့် ဆက်သွယ်မှုတွေ ကြည့်ကြရအောင်၊ ပဋ္ဌာန်းတရားတော်ကြီးကို ရွတ်ဖတ်ပူဇော်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲ ရွတ်ဖတ်ပူဇော်ရင်း အာရုံပြုနိုင်အောင် ပါဠိကို နည်းနည်းပဲ ရွတ်ပြမယ်။
“ဟေတုပစ္စယောတိ၊ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော”။
မြတ်စွာဘုရားက ပထမဆုံး ဟေတုပစ္စည်းကို ဟောတယ်၊ အဲဒီမှာ စာပိုဒ်တွေကို အရင်ခွဲကြည့်လိုက်၊
ဟေတူ ဆိုတာ စကားလုံးတစ်ခု၊
ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - အဲဒါက ပုဒ်စုတစ်စု၊
ဟေတုပစ္စယေန ဆိုတာ ပုဒ်တစ်ခု၊
ပစ္စယော က နောက်ဆုံးနိဂုံးစကား။
အဲဒီမှာ စကားရပ်များကို ခွဲကြည့်လိုက်ရင် -
ဟေတူ ဆိုတာ ပဋ္ဌမန္တပုဒ် norminative case၊ အဲဒါက အကြောင်းတရားကို ဖေါ်ပြတာ၊
ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ လို့ သမ္ပဒါန်ပုဒ် Dative case နဲ့ ပြတဲ့စကားက အကျိုးတရားကို ဖေါ်ပြတာ၊
ဟေတုပစ္စယေန က ပစ္စယသတ္တိကို ဖေါ်ပြတယ်၊
အပိုင်း ၃-ပိုင်း ရှိတယ်၊ ဒါ ပါဠိလိုရွတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် စဉ်းစားလို့ရအောင် ပြောတာ။
ကဲ ဟေတူပုဒ်မှာ မြန်မာက ဟေတုကို အဓိပ္ပါယ်မပြန်တော့ဘူး၊ “ဟိတ်” လို့ပဲ သုံးလိုက်ကြတယ်၊ “ဟိတ်” ဆိုတော့ ဘာမှန်းမသိဘူးပေါ့၊ စာပေဝေါဟာရ တစ်ခု ဖြစ်သွားတယ်၊ “ဟေတု” ဆိုတဲ့စကားလုံးကိုနောက်က “တု”အသံကို ဖြုတ်ထားပြီး “ဟေ” လို့ပဲ ခေါ်လိုက်ကြတယ်၊ နောက်တော့ “တ” နဲ့ သတ်ပြီးတော့ “ဟိတ်” ဆိုတဲ့အသံပီအောင် ရေးတယ်။
ဒါဖြင့် ဟေတုဆိုတာ ဘာလဲ၊ အဘိဓမ္မာမှာ ဟေတု ဆိုတဲ့စကားလုံးသုံးပြီး ဖေါ်ပြတဲ့ တရား ၆-မျိုးရှိပါတယ်တဲ့၊ အဲဒါကို ရှေးဦးစွာမှတ်ထားပါ၊ ၆-မျိုးက လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ၊ ဒီ ၆-ခု ဖြစ်တယ်။
ဒီစကားလုံးတွေကို ကြည့်မယ်ဆိုရင် လောဘ၊ အလောဘ၊ ဒေါသ၊ အဒေါသ၊ မောဟ၊ အမောဟ၊ အပြန်အလှန် အသုံးပြုထားတာကို တွေ့ရတယ်၊ ဒီနေရာမှာ “အ”ရဲ့ အဓိပ္ပါယ်က “မရှိဘူး” ဆိုတာတင် ဖေါ်ပြတာ မဟုတ်ဘူး၊ “ဆန့်ကျင်တယ်” ဆိုတာကိုပါ ပြတာ၊ လောဘဆိုတာ လိုချင်တယ်၊ အလောဘဆိုတာ လောဘ မရှိရုံကို ပြောတာ မဟုတ်ဘူး၊ အဲဒီလိုချင်တဲ့သဘောကို ဖယ်ရှား ပစ်နိုင်တဲ့သဘော။
“လောဘမရှိဘူး” ဆိုရင် အိပ်နေတဲ့အချိန်မှာ လောဘမရှိဘူးလေ၊ အဲဒါ အလောဘလို့ ပြောလို့ ရမလား? မရဘူး၊ ဒါကြောင့် လောဘကို craving လို့ ပြန်ပြီး အလောဘကျတော့ non craving လို့ ပြန်မယ်ဆိုရင် နည်းနည်းပေါ့သွား တယ်၊ non craving ဆိုတာ craving မရှိဘူး၊ ဒီအဓိပ္ပါယ် ရောက်သွားတယ်၊
မရှိရုံ သက်သက်ကိုပြောတာ မဟုတ်ဘူး၊ anti-craving ဆိုရင် craving ကို ဖျက်ဆီး ပစ်တယ်၊ ဒီအထိ စွမ်းရည်သတ္တိရှိတယ်၊ ဒါကြောင့်မို့ “အ” ကို ပဋိပက္ခ အနက်ဟော လို့ အဋ္ဌကထာဆရာတွေက ဖွင့်တာ။
မိတ္တဆိုတာ မိတ်ဆွေ, အမိတ္တ ဆိုတာ မိတ်ဆွေမဟုတ်တာလို့ဆိုရင် - ကိုယ်နဲ့ မသိတဲ့လူတွေက အများကြီး၊ သို့သော် မိတ်ဆွေမဟုတ်ဘူးဆိုတာ ရန်သူကို ပြောတာ၊ မိတ်ဆွေမဟုတ်ရုံတင် မကဘူး၊ အဲဒီလိုပဲ လောဘဆိုတာ လိုချင်တဲ့ သဘော၊ အလောဘဆိုတာ လိုချင်တဲ့သဘောရဲ့ ဆန့်ကျင်ဘက်သဘောလို့ - ဒီလို ဆိုတယ်၊ မလိုချင်ရုံသက်သက်ကို ပြောတာမဟုတ်ဘူး၊ ဒီလိုနားလည်ရမယ်နော်။
ဒေါသဆိုတာလည်း ထို့အတူပဲ၊ အင်္ဂလိပ်လိုပြန်တော့ Hatred လို့ ပြန်တယ်၊ သို့သော် မုန်းတီးခြင်းကိုသာ ဒေါသလို့ ခေါ်တာ မဟုတ်ဘူး၊ Fear ကြောက်ခြင်း လည်း ဒေါသပဲ၊ အဒေါသကျတော့ အမုန်းမရှိရုံသက်သက်ကို, အကြောက်မရှိရုံ သက်သက်ကို အဒေါသခေါ်တာ မဟုတ်ဘူး၊ အဲဒီကြောက်ရွံ့ခြင်း မုန်းတီးခြင်းကို ပယ်ဖျက်နိုင်တဲ့ သဘာဝတရားကိုမှ အဒေါသတဲ့၊ ဒါကြောင့်မို့လို့ antihatred, antifear, anti ဆိုတဲ့စကားလုံးနဲ့သုံးရင် ပိုပြီးတော့ အဓိပ္ပါယ်ထင်ရှားတယ်။
ထို့အတူပဲ မောဟဆိုတာ delusion တွေဝေတယ်၊ ဘာမှမသိဘူး၊ (ဘာမှ မသိဘူးဆိုတာ အမှားသိနေတယ် ပြောတာနော်၊ မသိဘူးဆိုတာ မဟုတ်ဘူး၊ သိနေတယ်၊ သိပေမယ့် တလွဲသိနေတာ၊) မောဟရဲ့ အဓိပ္ပါယ်က အမှားကို အမှန် ထင်နေတာတို့၊ အမှန်ကိုအမှားထင်နေတာတို့၊ အဲဒီလို တလွဲသိနေတာကို တွေဝေ တယ်လို့ ခေါ်တယ်၊ အမောဟကျတော့ အဲဒီတွေဝေမှုကို ပယ်ဖျက်နိုင်တဲ့ပညာတဲ့၊ ဒါကြောင့်မို့ မောဟ delusion, အမောဟ antidelusion, (သာမန် non-delusion လို့ ပြန်လို့ရှိရင် တွေဝေမှုကင်းရုံလေးတင်ပဲ အမောဟလို့ အဓိပ္ပါယ်ရောက်သွား နိုင်တယ်)။
ကဲ ဒီသဘာဝလေးတွေ ရှေးဦးစွာနားလည်ပြီ၊ လောဘ အလောဘ၊ ဒေါသ အဒေါသ၊ မောဟ အမောဟ၊ အကောင်းနဲ့ အဆိုးလေးတွေ တွဲပြီးတော့ ပြထား တယ်၊ အဲဒီ ၆-ခုကို ဟိတ် ၆-ပါးလို့ စာပေမှာသုံးတာပေါ့၊ အဲဒီဟိတ် ၆-ပါးသည် ဟေတုပစ္စည်း အကြောင်းတရားပဲ၊ သူက အကျိုးပြုလိမ့်မယ်။
ဘာတွေကို အကျိုးပြုသလဲဆိုတာ ကြည့်ရအောင်၊ ဟေတု ၆-မျိုးကို စီစစ် ပြီးတော့ ကြည့်ရအောင်၊ လောဘသည် သူတစ်ခုတည်း မဖြစ်ဘူး၊ သူက ဘာနဲ့ ဖြစ်သလဲ ဆိုရင် လောဘမူစိတ်နဲ့ တွဲပြီးဖြစ်တယ်၊ လောဘအခြေခံတဲ့စိတ်နဲ့ တွဲဖြစ်တယ်၊ လောဘဖြစ်ရင် အနည်းဆုံး စိတ်ကတစ်ခု၊ စေတသိက်က ၁၉-ခု၊ အမြဲတမ်း ဒီလောက်ရှိရတယ်၊ ဒါ စိတ်စေတသိက်ယှဉ်ပုံ၊ အဘိဓမ္မာသင်ထားလို့ရှိရင် သိတယ် နော်။
လောဘဖြစ်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် လောဘဖြစ်ဖို့ရာ စိတ်တစ်ခု ဖြစ်ရတယ်၊ သူနဲ့ ဖြစ်ဖေါ်ဖြစ်ဖက်တွေက ၁၉-ခုလောက် ရှိတယ်၊ ဆိုလိုတာက Universal mental properties က ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရဆိုတဲ့ ဒီသဘောတရားတွေ ပါလာတယ်၊
ပြီးတော့ ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ ပီတိ ဆန္ဒ – ဒီသဘာဝတရားတွေက သူနဲ့ အတူတူ ယှဉ်ပြီး ပါလာလိမ့်မယ်၊ ပြီးတော့ မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စဆိုတဲ့ သဘာဝတရားတွေ၊ လောဘ ဒိဋ္ဌိ (သို့မဟုတ်) မာနတို့ ပါလာမယ်၊ အဘိဓမ္မာ သင်ထားရင် နားလည်တယ်နော်။
ဆိုလိုတာက လောဘဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူနဲ့ ယှဉ်ဖေါ်ယှဉ်ဖက် တွေ ပါလာမယ်လို့ မှတ်ထားပါ၊ သူတစ်ခုတည်း မဖြစ်ဘူး၊ ရေလို့ ဆိုလိုက်တာနဲ့ H2O ဆိုတာ သိရသလိုပဲ၊ လောဘလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လောဘနဲ့ ယှဉ်တဲ့စိတ်တွေ တွဲဖက်ပါလာတဲ့ စေတသိက်တွေ ပါလာမယ်ဆိုတာ မှတ်ထား ရမယ်။
ခြုံငုံပြီးတော့ ပြောမယ်ဆိုရင် လောဘနဲ့အတူ ဖြစ်တဲ့စိတ်သည် လောဘမူ စိတ် ၈-ခု၊ စေတသိက်က ၂၂-ခု၊ (လောဘဖယ်လိုက်လို့ရှိရင် ၂၁-ခု၊) အဲဒါကို ဟေတုသမ္ပယုတ္တာနံ လို့ ဟောတာ၊ ဒီနေရာမှာ လောဘ ဆိုတဲ့ တစ်ခုတည်းကို ရည်ရွယ်ပြောမယ်ဆိုရင် လောဘဆိုတဲ့ဟိတ်နဲ့ ယှဉ်တဲ့တရား လို့ ပြောတယ်၊ ဟိတ် ၆-ပါးလုံး ရည်ရွယ်ပြီးတော့.. ပြောရင်တော့.. သဟိတ်စိတ် ၇၁-ခု ရှိတယ်၊ ဟေတုသမ္ပယုတ္တာနံ – ဟိတ်နဲ့ယှဉ်တဲ့စိတ်ပေါင်းက ၇၁-ခု ရှိတယ်၊ စေတသိက်က ၅၂-ခု၊ အပြန်အလှန် အားဖြင့်ယူတော့ ၅၂-ခု၊ အဲဒါကို ဟေတု-သမ္ပယုတ္တာနံ လို့ ခေါ်တယ်၊ ဟိတ်နဲ့ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်လာတဲ့တရား။
လောဘဖြစ်ရင် တစ်ခုတည်း မဖြစ်ဘူး၊ ဒေါသဖြစ်ရင်လည်း တစ်ခုတည်း မဖြစ်ဘူး၊ မောဟဖြစ်ရင်လည်း တစ်ခုတည်း မဖြစ်ဘူး၊ အလောဘလည်း တစ်ခု တည်း မဖြစ်ဘူးတဲ့၊ အဒေါသတို့ အမောဟတို့လည်းဖြစ်ရင် တစ်ခုတည်း မဖြစ်ဘူး တဲ့၊ ယှဉ်ဖေါ်ယှဉ်ဖက်တွေနဲ့ တွဲဖြစ်တယ်၊ ဘယ်တော့ဖြစ်ဖြစ် unity ပဲ၊ တစ်ခုတည်း ဆိုရင် မဖြစ်ဘူး၊ ပေါင်းစပ်လိုက်မှ အလုပ်ဖြစ်တာ၊ ဘယ်အရာပဲဖြစ်ဖြစ်၊ အစု အဝေးချည်းပဲ။
ရုပ်ပိုင်းဆိုင်ရာ ကြည့်လိုက်ရင် ရုပ် ၈-ခု အစုအဝေးပဲ၊ အနည်းဆုံးပြော တာ၊ နာမ်ပိုင်းဆိုင်ရာ ကြည့်ရင်လည်း နာမ် ၈-ခုရဲ့ အစုအဝေးပဲ၊ အနည်းဆုံး စိတ်တစ်ခုနဲ့ စေတသိက် ၇-ခု၊ ပေါင်း ၈-ခု ရှိရမယ်၊ ဒါထက်ပိုတာလည်း ရှိတယ်၊ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟဆိုတဲ့ ဒီဟိတ် ၆-ပါးကို အကုန်လုံး ခြုံငုံပြီးပြောလိုက်ရင် စိတ်က သဟိတ်စိတ် ၇၁-ခု၊ စေတသိက် ၅၂-ခု၊ အဲဒါသည် ဟိတ်နဲ့ယှဉ်တဲ့ သမ္ပယုတ္တဓမ္မများ ဖြစ်တယ်။
အဲဒီ ဟိတ်နဲ့ယှဉ်တဲ့ စိတ် စေတသိက်တရားတွေကို ဟောဒီ ဟိတ်လို့ အမည်ရတဲ့ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ၊ ဆိုင်ရာ ဆိုင်ရာ ဒီတရား တွေက ခိုင်မြဲနေအောင် ဖန်တီးပေးထားတယ်၊ ဒီလိုဆိုတယ်၊ ဒါက နာမ်ပိုင်းကို ပြောတာ။
တစ်ခါ ရုပ်ပိုင်းဆိုင်ရာကို ကြည့်လိုက်ရင် “တံ သမုဋ္ဌာနာနဉ္စ ရူပါနံ” တဲ့၊ စိတ်ဖြစ်တာနဲ့ တစ်ပြိုင်နက် စိတ်က ရုပ်ကို ဖြစ်စေတယ်၊ များသောအားဖြင့် စိတ် အားလုံးလိုလို (မြင်သိစိတ် ကြားသိစိတ်စတဲ့ စိတ် ၁၀-ခုနဲ့ အရူပဘုံမှာဖြစ်တဲ့ ဝိပါက်စိတ် ၄-ခု၊ အားလုံးပေါင်း ၁၄-ခုက လွဲရင် ) ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်ကို ထုတ်လုပ်ပြီးသားဖြစ်တယ်၊ စိတ္တဇရုပ်ကို ထုတ်လုပ်လိုက်တယ်။
ကြည့်လေ - မီးက လင်းလိုက်တာနဲ့ တစ်ပြိုင်နက် အလင်းရောင်ကို မထုတ်လုပ် ဘူးလား၊ ချက်ချင်းထုတ်လိုက်တာ၊ အဲဒါမျိုး၊ ကိုယ့်သန္တာန်မှာ စိတ်ဖြစ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်က ရုပ်ကို ထုတ်ပြီးသားဖြစ်တယ်၊ အဲဒီရုပ်ကို စိတ္တဇရုပ် လို့ခေါ်တာ။
ဟိတ်နဲ့ယှဉ်တဲ့ သဘာဝတရားတွေ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့က ရုပ်ကို ထုတ်လုပ်တယ်၊ အဲဒီ ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေကို ဒီနေရာမှာ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ လို့ ဆိုတာ၊ ထိုဟိတ်နဲ့ယှဉ်တဲ့ စိတ်စေတသိက်တရားတွေက ထုတ်လုပ်လိုက်တဲ့ ရုပ်တို့အားလည်း ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်၊
ဆိုလိုတာက ဟိတ်ဆိုတဲ့ စေတသိက်တရားသည် သူနဲ့ယှဉ်တဲ့ စိတ်စေတသိက် တရားတွေရယ်, သူတို့ကပေါင်းပြီးတော့ ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေရယ်၊ အဲဒါတွေကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်။
ဟိတ် ၆-ပါးကနေပြီးတော့ ကျန်တဲ့ ဟိတ်နဲ့ယှဉ်တဲ့ စိတ်စေတသိက်တရား တွေနဲ့ ဟိတ်ကြောင့်ဖြစ်လာတဲ့ ရုပ်တွေကို ကျေးဇူးပြုတယ်ဆိုတာ ဟေတုသတ္တိပဲ၊ ကျေးဇူးပြုတယ်ဆိုတာ ဘာကို ပြောတာတုန်းဆိုရင် အဲဒီသဘာဝဟိတ်တရားတွေ ရှိနေသေးသမျှ ဟောဒီ အကျိုးတရားတွေ ဆက်လက်ရှင်သန်နေမယ် လို့ ဒီလို ပြောတာ။
ဟေတုတွေရဲ့ စွမ်းရည်သတ္တိဆိုတာ ဥပမာ - သစ်ပင်မှာ အမြစ်ရှိနေသမျှ ကာလ ပတ်လုံး အဲဒီအမြစ်ကို အကြောင်းပြုပြီး အရွက်တွေထွက်လာတယ်၊ အကိုင်း တွေ ထွက်လာတယ်၊ ပွင့်ချိန် ပွင့်တယ်၊ အသီးတွေ ထွက်မယ်၊ Seasonally ပေါ့၊ အမြစ်ရှင်သန်နေသမျှ ကာလပတ်လုံး ဟောဒီသစ်ပင်သည် အရွက်ထွက်ချိန်ကျ ထွက်မယ်၊ အကိုင်းထွက်ချိန် ထွက်လိမ့်မယ်၊ အပွင့်ပွင့်ချိန်မှာ ပွင့်လိမ့်မယ်၊ အသီး သီးချိန်မှာ သီးလိမ့်မယ်၊ အကယ်၍ အဲဒါတွေ တစ်ခုမှ ဆက်ပြီးတော့ မဖြစ်စေချင် ဘူးဆိုရင် ဘာလုပ်ရမလဲ၊ အဲဒီအမြစ်ကို ဖြတ်ရမယ်၊ အဲဒီအမြစ် ဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကျန်တဲ့ အကိုင်း အခက် အလက်တွေ အပွင့်တွေ အသီးတွေ မလာ တော့ဘူး။
ဒါမျိုးလိုပဲ လောဘ ဒေါသ မောဟဆိုတဲ့ သဘာဝတရားတွေ၊ အလောဘ အဒေါသ အမောဟဆိုတဲ့ သဘာဝတရားတွေ ရှိနေသေးသမျှ ဆိုင်ရာဆိုင်ရာ အကြောင်း တွေက ဆိုင်ရာဆိုင်ရာအကျိုးတရားတွေကို ဆက်လက်ပြီး ရှင်သန်အောင် လုပ်ပေး နေမှာပဲ၊ အဲဒါကို ပြောတာ။
ကဲ apply လုပ်ကြည့်ရအောင်၊ လောဘဖြစ်တယ် ဆိုပါစို့ - ပစ္စည်းတစ်ခုခုကို လိုချင်တဲ့ လောဘစိတ်ကလေး ဖြစ်လာတယ်၊ အဲဒီလောဘဆိုတဲ့ သဘောလေး ပေါ်လာ ကတည်းက ဘာတွေတွေးနေသလဲ၊ လိုချင်တဲ့စိတ်နဲ့ပဲ တွေးမနေဘူးလား၊ အဲဒီ လိုချင်တဲ့အတွေးဆိုတာ လောဘနဲ့ ယှဉ်နေတဲ့စိတ်တွေ ဖြစ်နေတာပဲလေ၊ လိုချင်တဲ့ အတွေးတွေ သူ့မှာရှိနေတယ်၊ လောဘရှိနေသရွေ့ လိုချင်တဲ့အတွေး တွေးနေလိမ့်မယ်။
စကားပြောလိုက်တာနဲ့ တစ်ပြိုင်နက် လိုချင်ကြောင်း ပြောလိမ့်မယ်၊ သူ့ ပါးစပ်က ပြောလိုက်တဲ့အသံသည် mind born matter ပဲ၊ ပြောလိုက်တဲ့ အသံက ဘာကြောင့် ထွက်လာသလဲ၊ ဟောဒီ လိုချင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့ အသံပဲ၊ အဲဒီအသံပဲ သူက ဆက်လက်ရှိဦးမယ်၊ သူ လိုချင်စိတ် မကုန်သေးသမျှ လိုချင် ကြောင်းပဲ ပြောဦးမယ်၊ အဲဒါက ရုပ်တရားကို ဖြစ်စေပုံပဲ၊ သူ လှုပ်ရှားတာ၊ သွားတာ လာတာရော လိုချင်မှုနဲ့ ပတ်သက်တာ မဖြစ်ပေဘူးလား။
လောဘရှိနေသေးသမျှ လောဘနဲ့ပတ်သက်တဲ့ အတွေးတွေ ရှိမယ်၊ လောဘနဲ့ ပတ်သက်တဲ့ အပြောတွေ ပြောနေမယ်၊ လောဘကို အခြေပြုပြီး သွားလာ လုပ်ကိုင် လှုပ်ရှားနေမယ်၊ ဒါ ရုပ်တရားတွေ ဖြစ်နေတာ၊ ပြောဆိုနေတာရယ်၊ သွားလာ လုပ်ကိုင်နေတာ ရုပ်တရားတွေ ဖြစ်နေတာ။
ကဲ လိုချင်စိတ်ကုန်သွားပြီ၊ လောဘမရှိတော့ဘူး ဆိုကတည်းက အဲဒီ အတွေးလည်း မတွေးတော့ဘူး၊ အဲဒီ အပြောလည်း မပြောတော့ဘူး၊ အဲဒီ အလုပ်လည်း မလုပ်တော့ဘူး၊ ဒီလို ဆိုလိုတယ်နော်။
ထို့အတူပဲ ဒေါသဆိုတာ ဘယ်လောက်ထင်ရှားလဲ လူတွေမှာ၊ စိတ်တိုနေလို့ရှိရင် ကြည့် - စိတ်ဆိုးနေလို့ရှိရင် တွေးနေတယ်၊ ဘာတွေ တွေးနေသလဲ၊ မကျေနပ်တာပဲ တွေးနေတယ်၊ ဒေါသဖြစ်စရာတွေ တွေးနေတယ်၊ အဲဒါ ဘယ်သူ က ဒီအတွေးတွေ ဆက်လက်ရှင်သန်စေတာတုန်းဆိုရင် ဒေါသဆိုတဲ့ဟိတ်တရားက ဟေတုသတ္တိနဲ့ ကျေးဇူးပြုနေလို့ဖြစ်တာ။
ဘယ်လိုကျေးဇူးပြုတာတုန်းဆိုရင် ကြည့် - အမြစ်ကနေပြီးတော့ မြေဆီ ရေဆီ တွေကို စုပ်ပြီးတော့ တင်ပေးနေသည့်အတွက် ဒီသစ်ပင်ကြီးဟာ အရွက်တွေ အသီးတွေ အပွင့်တွေ ရှင်သန်နေတာလေ၊ အဲဒါလိုပဲ ဒေါသဟာ အမြစ်ပဲ၊ အဲဒီ အမြစ်ရှိနေသေးသမျှ သူဟာ မကျေနပ်တဲ့အတွေးတွေ တွေးနေမယ်၊ မကျေနပ်တဲ့ စိတ်တွေဖြစ်ပေါ်နေတယ်၊ အဲဒါက ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ ပဲ။
အဲဒီ မကျေနပ်တဲ့အပြော ပြောရုံမကဘူး, သူတစ်ယောက်တည်းဆိုရင် တက်တခေါက်ခေါက်နဲ့ ဖြစ်နေမယ်၊ အဲဒီတက်ခေါက်တဲ့အသံဟာ စိတ္တဇရုပ်ပဲနော်၊ အဲဒီအသံကို ဘယ်သူက ထုတ်လုပ်လိုက်တာတုန်း? မကျေနပ်တဲ့စိတ်တွေက ထုတ်လုပ်လိုက်တာ၊ မကျေနပ်တဲ့အတွေးတွေ တွေးမယ်၊ မကျေနပ်တဲ့ အပြောတွေ ပြောလိမ့်မယ်၊ သူ အသံဗလံတွေလည်း ပေးမယ်၊ ပြောမယ်၊ နောက်ဆုံးကျတော့ မကျေနပ်တဲ့အလုပ် ဒေါသရှိနေမယ်ဆိုရင် ခြေဆောင့်နင်းသွားမယ်၊ တံခါး ဆောင့် ပိတ်ချင် ပိတ်မယ်၊ ပစ္စည်းလွှတ်ချချင် ချလိုက်မယ်၊ ဟုတ်ရဲ့လား၊ ဒေါသ ဖြစ်လာ ကတည်းက အမူအရာတစ်ခုက ကြမ်းတမ်းနေတယ်၊ စိတ်ပြေသွားရင် အဲဒီလို မဟုတ်တော့ဘူး။
စိတ်ပြေသွားတာနဲ့ တစ်ပြိုင်နက် ကျေနပ်တဲ့အတွေးတွေ တွေးနေတယ်၊ လူတွေဟာ တစ်ခါတလေဆိုရင် အတော်ရယ်စရာကောင်းတယ်၊ စိတ်ဆိုးတဲ့အချိန် မှာဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ရိုက်တော့မလို နှက်တော့မလိုနဲ့၊ စိတ်ဆိုး လည်း ပြေသွားရော sweety တို့ honey တို့ ဖြစ်ကုန်ရော၊ အဲဒါလိုတွေ ဖြစ်သွား တယ်၊ အရင်တုန်းကတော့ sweety တို့ honey တို့ မဖြစ်ဘူး၊ Bloody hell ပဲ လုပ်တယ်၊ ဆဲလား ရိုက်လား နှက်လားပဲ၊ ဟော ဒေါသလေးလည်း ပြေသွားရော I'm so sorry လုပ်လာတယ်၊ I apologize ဖြစ်သွားကြတာ၊ so sorry ဖြစ်ကုန်ကြတယ်၊ ကြည့် ဒေါသရှိနေရင် apologize မလုပ်သေးဘူး၊ ဒီလိုဖြစ်တာ၊ အဲဒါကို မြတ်စွာဘုရားက ဟေတုသတ္တိလို့ ပြောတာ၊ ဟေတုပစ္စည်းဆိုတာ ဒါကို ပြောတာ။
အဲဒီတော့ လက်တွေ့ဘဝမှာ အရေးကြီးတာက ကိုယ့်ဟာကိုယ် “ငါ မကျေနပ်တဲ့ အတွေးတွေ ဘာကြောင့်တွေးနေတာလဲ၊ ဒီဒေါသကြောင့်၊ ငါ ဒီဒေါသ ကို ဖယ်မှ ဖြစ်မယ်”လို့ ဒီအတွေး တွေးရမှာ၊ “ငါ ဘာလို့ မကျေနပ်တဲ့အတွေး တွေး နေလဲ၊ ငါ ဘာလို့ တစ်ယောက်တည်း တက်ခေါက်နေတုန်း၊ ငါ ဘာလို့ ကြမ်းကြမ်း တမ်းတမ်းတွေ လုပ်နေလဲ” ဆိုလို့ရှိရင် “ဪ ငါ့မှာ ဒေါသရှိနေလို့” ဒီဒေါသ ဖျောက်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနကဟာတွေ မလာတော့ဘူး၊ ပျောက် သွားပြီ၊ အပြောလည်း ယဉ်ကျေးသွားပြီ၊ သွားတာလာတာလည်း ညင်သာသွားပြီ၊ ဒေါသ မရှိလို့ရှိရင် fortify လုပ်တာတွေ မရှိတော့ဘူး၊ အဲဒီသဘောကို ပြောတာ၊ ဒါ ဟေတုပစ္စည်းပဲ။
ဒေါသငြိမ်းသွားတယ်ဆိုတာ သူ့ဟာသူ အလိုအလျောက် ငြိမ်းတာ မဟုတ် ဘူး၊ ဘာဝင်လာလို့ ငြိမ်းတာတုန်းဆိုရင် အဒေါသက ငြိမ်းပေးတာ၊ တစ်ဦးကို တစ်ဦး နားလည်လာပြီးတော့ အကျိုးကို လိုလားတဲ့စိတ်ကလေး ဝင်လာတယ်၊ “ငါ လုပ်တာ မှားသွားပြီလား”၊ “ငါပြောတာ လွန်သွားသလား”၊ စဉ်းစားတာ၊ အဒေါသ ဝင်လာရင် ဒီလိုစဉ်းစားတာ။
ဒေါသဝင်တုန်းကတော့ နည်းတောင် နည်းသေးတယ်၊ အားရပါးရပြောမယ်၊ ဆဲမယ်၊ အဲဒီဒေါသလည်း ပျောက်ရော, အဒေါသ သဘော၊ မေတ္တာသဘောလည်း ရောက်လာရော ခုနကလို ဖြစ်သွားပြန်ရော။
ဒေါသပျောက်သွားတော့ ဘယ်သူရောက်လာတုန်း၊ အဒေါသက ပြန်ရောက် လာတာပဲ၊ လောဘပျောက်သွားပြန်ရင်လည်း ခုနက အလောဘက ရောက် လာပြန်ရော၊ အလောဘရောက်လာတော့ ဘာဖြစ်တုန်း၊ လှူရမယ်၊ တန်းရမယ်၊ ဘယ်သူ့ အကူအညီပေးရမလဲဆိုတဲ့ အတွေးတွေ တွေးလာတယ်၊ ကိုယ့်ပစ္စည်းကို စွန့်လွှတ်ချင်တယ်၊ ကျွေးချင်တယ်၊ မွေးချင်တယ်၊ ဒီလိုအတွေးတွေ ဝင်လာတယ်၊ ပြောဆိုလာတယ်၊ လုပ်ကိုင်လာတယ်၊ အလောဘဝင်လာလို့ရှိရင် ဒီအတွေးမျိုးတွေ တွေးလာတယ်၊ လောဘဝင်လာရင် အဲဒီအတွေးတွေ ပျောက်ကုန်ပြန်ရော။
ထို့အတူပဲ မောဟဝင်လာရင် ဘယ်လိုဖြစ်မလဲ၊ သံသယတွေ ဖြစ်လာမယ်၊ “ပဋ္ဌာန်းဆိုတာ ဘုရားဟောတာ ဟုတ်ရဲ့လား၊ ဘယ်သူပြောနိုင်မှာတုန်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း-၂၅ဝဝ ကျော်က ပဋ္ဌာန်းဟောခဲ့တာရော ဟုတ်ရဲ့လား၊ ဒါ ရွတ်နေလို့ရော ကုသိုလ်ရတယ်ဆိုတာ ဟုတ်ရဲ့လား”၊ အတွေးတွေ ဝင်လာတယ်၊ သံသယတွေ ဖြစ်လာတယ်၊ ဒါ မောဟဝင်လာတာ၊ စိတ်တွေက မတည်ငြိမ်ဘူး၊ လွင့်ပါးလာတယ်၊ ဟော မောဟမူစိတ်တွေ ဖြစ်လာတယ်၊ ဒါ မောဟရှိနေရင် အဲဒီအတွေးတွေ ဝင် နေမှာပဲ၊ ဒါမောဟက ထုတ်လုပ်နေတာနော်၊ မောဟက ထုတ်လုပ်လိုက်တဲ့အတွက် ကြောင့် သံသယတွေ ဝင်လာတယ်၊ စိတ်မငြိမ်မသက်တဲ့အတွေးတွေ တွေးလာ တယ်၊ မယုံကြည်တဲ့အတွေးတွေ ဝင်လာတယ်။
ဒီလိုမဟုတ်ဘဲနဲ့ သေချာ အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားတတ်လို့ ဉာဏ်ရလာပြီ ဆိုကတည်းက ခုနက သံသယဆိုတဲ့အတွေးတွေ မလာတော့ဘူး၊ စိတ်ပျံ့လွင့် နေတာ မရှိတော့ဘူး၊ အမောဟဆိုတဲ့ဉာဏ် ရလာတဲ့အခါကျတော့ ဒါတွေ ပျောက် သွားတယ်၊ အဲဒါကို ပြောလိုတာ၊ ဟေတုပစ္စည်းဆိုတာ ဒီအဓိပ္ပါယ်ကို ဆိုလိုတယ်။
လောဘ ဒေါသ မောဟ ဆိုတဲ့ အကြောင်းတရား ဟိတ်တရားတွေ မိမိတို့ သန္တာန်မှာ ရှိနေသမျှ အတွေးတွေလည်း ဆက်ဖြစ်နေမှာပဲ၊ ပြောမှုဆိုမှု လုပ်ကိုင်မှုတွေ ဆက်ဖြစ်မယ်၊ ဒါကို ဘယ်သူကနေပြီး ဖြစ်ပေါ်စေတာတုန်းဆိုရင် ဟောဒီ လောဘ ဒေါသ မောဟဆိုတဲ့ ဟိတ်တရားတွေကနေပြီး ဆိုင်ရာအကျိုးတရားတွေကို ရှင်သန်နေအောင် ဆက်လက်ဖြစ်နေအောင် လုပ်ပေးနေတာကို ဟေတုသတ္တိလို့ ခေါ်ပါတယ်။
အဲဒါကို မြတ်စွာဘုရားက ဟောတာနော် -
“ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော”။
ဟေတူ = လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟလို့ ဆိုတဲ့ ဟိတ်ခြောက်ပါးတရားတို့သည်၊
ဟေတုသမ္ပယုတ္တကာနံ = ထိုဟိတ် ၆-ပါး နှင့် ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တရားတို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနံ = ထိုဟိတ်နဲ့ယှဉ်တဲ့ စိတ်တရားနဲ့ ထိုစိတ်တို့ကို အကြောင်း ပြုပြီးတော့ ဖြစ်ပေါ်လာတဲ့၊
ရူပါနဉ္စ = ရုပ်တရားတို့အားလည်းကောင်း၊ ဟေတုပစ္စယေန ဟေတုပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော=ကျေးဇူးပြုတတ်သည်၊
ဟောတိ = စင်စစ်မသွေ ဖြစ်ပါပေတော့၏။
ဣတိ = ဤသို့၊
ဘဂဝါ = ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
အဝေါစ = ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။
ဤတွင်ပဲ ဒီကနေ့ အပိုင်း-၁ ပဋ္ဌာန်းမြတ်ဒေသနာတရား ပြီးဆုံးပါပြီ။
နောက်ရက်များမှာ အခြားပစ္စည်းတွေနဲ့ ဘယ်လိုဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေ တယ်ဆိုတာကို ဆက်ပြီးတော့ ဟောပေးပါမယ်၊ တရားချစ်ခင် သူတော်စင် ပရိသတ် တို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းတရားတော်ကြီးကို နာယူ မှတ်သားပြီးတော့ မိမိတို့ဘဝမှာ အကြောင်းတရားအစစ်အမှန်တွေကို သိပြီးတော့ အကြောင်းဉာဏ် အကျိုးဉာဏ်တွေကို ရရှိပြီးတဲ့အခါမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့ အကြောင်းတရားတို့ရဲ့ ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၂)
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၁၂-ရက်၊ (၂၁-၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ် အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
“ကျမ်းကြီး ပဋ္ဌာန်း, ကျမ်းငယ် ဆန်း, ကျမ်းလတ် ဓာတုကထာ” လို့ ပရိယတ္တိ စာပေ သင်ယူနေကြတဲ့ ရဟန်းသံဃာတွေရဲ့ အသိုင်းအဝိုင်းမှာ ဒီစကားပြောလေ့ ရှိကြတယ်၊ ကျမ်းကြီးထဲမှာ ပဋ္ဌာန်းကျမ်းဟာအလွန်ခက်ခဲတယ်၊ ကျယ်လည်းကျယ်၊ နက်လည်းနက်တယ်။
ပင်လယ်ကြီးထဲမှာ ဖြတ်ကူးဖို့ရာ ခဲယဉ်းသလိုပဲ ပဋ္ဌာန်းကျမ်းကြီးကို အကုန်တတ်သိ နားလည်ဖို့ဆိုတာ အလွန်ခဲယဉ်းတယ်၊ ထိုပဋ္ဌာန်း ကျမ်းကြီးရဲ့ အတိမ်အနက်ကို သိဖို့ဆိုတာလည်း အလွန်ခဲယဉ်းတယ်၊ ဒါကြောင့် တတ်နိုင်သမျှ ထောက်တည်ရာ ရသမျှလေးနဲ့ မိမိတို့ရဲ့နေ့စဉ်ဘဝမှာ ပဋ္ဌာန်း ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ဘယ်ပုံ ဆက်သွယ်နေတယ်ဆိုတာ သိရအောင် ဒီကနေ့ ပဋ္ဌာန်းမြတ်ဒေသနာအပိုင်း-၂ ကို ဆက်ပြီးဟောပါမယ်။
မနေ့တုန်းက ဟေတုပစ္စယောနဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ရှင်းပြပြီးပြီ၊ တစ်ခုစီ ထပ်ပြောရအောင်၊ စာပေအနေနဲ့ လေ့လာလိုတဲ့ပုဂ္ဂိုလ်တွေ “ပဋ္ဌာန်းမြတ် ဒေသနာ” အမည်နဲ့ ဝေငှထားတဲ့စာအုပ်လေးကိုကြည့်ပြီး ပစ္စည်းနဲ့ ပစ္စယုပ္ပန်၊ ဒီနှစ်မျိုးကို ရှေးဦးစွာ မှတ်ကြရအောင်။
ပစ္စည်းဆိုတာ အကြောင်းတရား၊ ပစ္စယုပ္ပန်ဆိုတာ ထိုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား၊ (သို့မဟုတ်) ပစ္စည်းတရားက ကျေးဇူးပြုထားတဲ့ အကျိုးတရားလို့ ဒီလိုအဓိပ္ပါယ်ရတယ်။
အဲဒီမှာ ဟိတ် ၆-ပါးသည် ဟေတုပစ္စည်း၊ ပစ္စယဆိုတဲ့စကားလုံးကို မြန်မာ လို ပစ္စည်းလို့ ပြန်လိုက်တာ၊ အကြောင်းတရားလို့ ပြောတာ၊ ပစ္စည်းဆိုတော့ ဟို ပစ္စည်း ဒီပစ္စည်းတွေနဲ့ ရောသွားနိုင်သေးတယ်နော်၊ လူသုံးကုန်ပစ္စည်းတို့ ဘာတို့ ပြောတဲ့ ဟာတွေကိုလည်း ပစ္စည်းလို့ပဲ ခေါ်တယ်။
ဒီနေရာမှာ “ပစ္စည်း” ဆိုတာ အထောက်အကူပြုတဲ့ အကြောင်းတရားကို ဆိုလိုတယ်၊ “ပစ္စယုပ္ပန်” ဆိုတာ ပစ္စယုပ္ပန္န ဆိုတဲ့စကားလုံးကလာတာ၊ “အကြောင်းတရား ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား” အကြောင်းတရားက ကျေးဇူးပြုထားတဲ့ အကျိုးတရားလို့ ဒီလိုအဓိပ္ပါယ်ရတယ်။
အဲဒီစာအုပ်က ဇယားလေးကြည့်မယ်ဆိုရင် ဟေတုပစ္စည်း ဆိုတာ ဟိတ် ၆-ပါးကို ခေါ် တယ်၊ ဟိတ် ၆-ပါးလို့ဆိုတာ အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေ သိတယ်ပေါ့၊ အဘိဓမ္မာ မသင်ဖူးဘူး ဆိုရင်တော့ ဟိတ် ၆-ပါးဆိုတာ ဘာတွေပါလိမ့်လို့ တွေးကောင်း တွေးလိမ့်မယ်၊ မနေ့က နည်းနည်းရှင်းပြီးတော့ ပြောခဲ့ပြီးပြီ။
ဟေတုရဲ့အဓိပ္ပါယ်က “အကျိုးတရားတွေကို ရှင်သန်နေအောင် ဖွံ့ဖြိုး တိုးတက် နေအောင် ခိုင်မာနေအောင် ကျေးဇူးပြုနေတဲ့ အကြောင်းတရား” လို့ အဓိပ္ပါယ် ရတယ်၊ ဟေတု ဆိုတဲ့ နာမည်နဲ့ ဟောထားတဲ့တရားဟာ ၆-မျိုး ရှိတယ်၊ အဘိဓမ္မာမှာ ဟေတုဟာ ၆-မျိုးပဲ ရှိတယ်၊
၆-မျိုးက လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟ၊ အကောင်းဘက်က ၃-မျိုး၊ အဆိုးဘက်က ၃- မျိုး၊ ဒီ ၆-မျိုး ဖြစ်တယ်၊ အဲဒီ ၆-မျိုး သောသဘာဝ တရားများသည် မိမိတို့နှင့်ယှဉ်တွဲ ဖြစ်ပေါ် လာတဲ့တရားများကို အခိုင်အမာ ဖြစ်သွားအောင် အထောက်အကူပြုတတ်တယ်၊ ဒါဟာ သူတို့ရဲ့ ဟေတုသတ္တိ ဖြစ်တယ်။
ရှေးဦးစွာ စာလိုမှတ်မယ်ဆိုရင် ဟိတ် ၆-ပါးက ပစ္စည်း၊ ပစ္စယုပ္ပန်မှာ သဟိတ်စိတ် ၇၁-ခု၊ (သဟိတ်စိတ်ဆိုတာ သ ဆိုတာ အတူတကွ၊ ဟေတု က ဟိတ်၊ ဟိတ်နဲ့ ယှဉ်တဲ့စိတ်လို့ ပြောတာ၊ ပါဠိမြန်မာရောပြီး သုံးထားတဲ့စကားလုံး ဖြစ်တယ်၊ “သဟိတ်စိတ်”ဆိုတာ ဟိတ်နဲ့ယှဉ်တဲ့စိတ်လို့ ပြောတာ၊ ဟိတ်နဲ့ယှဉ်တဲ့ စိတ်သည် ၇၁-ခု ရှိတယ်၊ ဟိတ်နဲ့မယှဉ်တဲ့ စိတ်က ၁၈-ခု ရှိတယ်၊ နှစ်ခုပေါင်း တဲ့အခါ စိတ် ၈၉-ဆိုတာ ရတယ်ပေါ့၊) ယှဉ်တဲ့စေတသိက်တွေကို ကြည့်လိုက်မယ်ဆိုရင် စေတသိက်-၅၂ ခု လုံးယှဉ်တယ်၊ ပြီးတော့ သဟိတ်စိတ္တဇရုပ်။
စိတ်ကို အဟိတ်စိတ်နဲ့ သဟိတ်စိတ်လို့ နှစ်မျိုးခွဲထားတယ်၊ ဟိတ်နဲ့ယှဉ်တဲ့ စိတ်၊ ဟိတ်နဲ့ မယှဉ်တဲ့စိတ်၊ ဟိတ်နဲ့ယှဉ်တဲ့စိတ်တွေကြောင့် ဖြစ်တဲ့ရုပ်ကို သဟိတ် စိတ္တဇရုပ်လို့ ဒီလိုပြောတာနော်။
စိတ္တဇမှာ စိတ္တ ဆိုတာ စိတ်ကြောင့်, ဇ ဆိုတာ ဖြစ်လာတာ၊ အဲဒီ အဓိပ္ပါယ်၊ စိတ်ကြောင့် ဖြစ်တဲ့ရုပ်၊ (မြန်မာပြည်မှာလည်း ဒီစကားလုံးသုံးတယ်၊ “စိတ္တဇရောဂါ” တဲ့၊ စိတ်မှာဖြစ်နေတဲ့ရောဂါ၊ စိတ္တဇရောဂါ၊ စိတ်စွဲလမ်းပြီးတော့ စိတ်မှာဖြစ်နေတဲ့ ရောဂါ၊ စိတ္တဇရောဂါ၊) ဒီနေရာမှာ စိတ္တဇရုပ်ဆိုတာ စိတ်က ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေကို စိတ္တဇရုပ်လို့ ခေါ်တယ်။
ထို့နောက် သဟိတ်ပဋိသန္ဓေကမ္မဇရုပ် တဲ့၊ ပဋိသန္ဓေစိတ်ကလည်းပဲ သဟိတ်-ပဋိသန္ဓေ ရှိတယ်၊ အဟိတ်ပဋိသန္ဓေ ရှိတယ်ပေါ့၊ သဟိတ်ပဋိသန္ဓေ ဆိုတာ ဟိတ်နဲ့ယှဉ်တဲ့ ပဋိသန္ဓေစိတ်၊ ဥပမာ - မဟာဝိပါက်စိတ် ၈-ခုနဲ့ ပဋိသန္ဓေနေလို့ရှိရင် သဟိတ်ပဋိသန္ဓေစိတ်။
လူတွေမှာ မဟာဝိပါက်စိတ် ၈-ခုဆိုတာနဲ့ ပဋိသန္ဓေနေကြတယ်၊ ရူပဗြဟ္မာ တွေမှာ ရူပါဝစရဝိပါက်စိတ် ၅-ခုနဲ့ ပဋိသန္ဓေနေတယ်၊ အရူပဗြဟ္မာတွေမှာ အရူပါဝစရ ဝိပါက်စိတ် ၄-ခုနဲ့ ပဋိသန္ဓေနေတယ်၊ အဆင့်မရှိတဲ့ လူသားတွေကျတော့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ဆိုတဲ့ အဟိတ်စိတ်နဲ့ ပဋိသန္ဓေနေကြတယ်၊ အပါယ်လေးဘုံက အပါယ်ဘုံသားအားလုံးသည် အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေကြတယ်၊
ဒီ term တွေက အဘိဓမ္မာမသင်ဖူးရင် ခက်နေတယ်၊ ခေါ်ရတာ ခက်လို့ရှိရင် ငရဲ တိရစ္ဆာန် ပြိတ္တာ တို့ရဲ့ သန္ဓေစိတ်လို့ ဒီလိုမှတ်ပါ၊ အဲဒီသန္ဓေစိတ်တွေက အတူတူပဲ၊ ငရဲသားတွေ ရဲ့သန္ဓေစိတ် တိရစ္ဆာန်တွေရဲ့ သန္ဓေစိတ် ပြိတ္တာတွေရဲ့ သန္ဓေစိတ်ရယ် အတူတူပဲ မှတ်ရမယ်၊ အဟိတ်စိတ်နဲ့ ပဋိသန္ဓေနေလို့ အဟိတ်တိရစ္ဆာန်တွေလို့ ပြောကြတယ်၊ ဒါ စာပေကနေ ထွက်ပေါ်လာတဲ့ အသုံးအနှုန်းဖြစ်တယ်။
တိရစ္ဆာန်တွေက လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟ ဆိုတဲ့ မကောင်းတဲ့ဟိတ် ကောင်းတဲ့ဟိတ်တွေနဲ့ သူတို့ပဋိသန္ဓေစိတ်မှာ ဖြစ်ပေါ်လာတာ မဟုတ်ဘူး၊ ဟိတ်မဲ့ပဋိသန္ဓေစိတ်နဲ့ နေလာတယ်လို့ ဒီလိုဆိုတယ်။
ကဲ ဟေတုသတ္တိ ဆိုတာက ရေသောက်မြစ်ရဲ့အစွမ်းနဲ့တူတယ်၊ ဘယ် သစ်ပင်က ရေသောက်မြစ်ပဲဖြစ်ဖြစ် ထိုသစ်ပင် ရှင်သန်ပြီးဖွံ့ဖြိုးတိုးတက်နေအောင်, အသီးတွေ အပွင့်တွေနဲ့ နှစ်ပေါင်းများစွာကြာအောင် ထောက်ပံ့နိုင်တယ်။ အဲဒီ ရေသောက်မြစ်ရဲ့ စွမ်းရည်သတ္တိမျိုးကို ဟေတုသတ္တိလို့ ခေါ်တယ်၊ အခိုင်အမာ ဖြစ်အောင်, ရှင်သန် နေအောင် ထောက်ပံ့ကူညီတဲ့သတ္တိသည် ထူးခြားတဲ့ သတ္တိ တစ်ခုပဲ။
လောဘဟေတု
ကဲ လောဘကို ပြောရအောင်၊ လူတိုင်းလူတိုင်းဟာ လိုချင်တဲ့စိတ် ဖြစ် တတ်ကြတယ်၊ လိုချင်တဲ့စိတ် ဖြစ်ပြီဆိုရင် ထိုလိုချင်တဲ့စိတ် တည်တံ့နေအောင် ဘယ်အရာက လုပ်သလဲဆိုရင် လိုချင်မှုဆိုတဲ့ လောဘတရားက လုပ်တယ်၊ လိုချင်တဲ့စိတ်ကို အကြောင်းပြုပြီးတော့ စိတ္တဇရုပ်တွေကို ထုတ်လုပ်ပေးနေတယ်၊ နှုတ်က ထုတ်ပြောတယ်၊ ခန္ဓာကိုယ်နဲ့ ကိုယ်ထိလက်ရောက် လုပ်တယ်ဆိုတဲ့ ကိုယ် အမူအယာ နှုတ်အမူအယာတွေ ဖြစ်ပေါ်လာတယ်။ အဲဒီလို ဖြစ်လာအောင်, ရှင်သန်နေအောင် ဘယ်သူက လုပ်သလဲ၊ ဟောဒီ လောဘက လုပ်ပေးနေတာ။ ဒါကြောင့်မို့ ဒီလောဘကို ဟေတုပစ္စယလို့ ခေါ်တယ်၊ သူ့ရဲ့အကျိုးတရားတွေ ဆက်လက်ဖြစ်ပေါ်နေအောင်, ခိုင်ခံ့နေအောင်, တည်မြဲနေအောင် သူကစွမ်းဆောင် ထားတယ်၊ အဲဒီသတ္တိကို ဟေတုသတ္တိလို့ ပြောတာပဲ။
စာလိုပြောမယ်ဆိုရင်တော့ လောဘနဲ့ လောဘမူစိတ်လို့ နှစ်မျိုးခွဲရမယ်၊ လောဘ ဆိုတာ လိုချင်တဲ့သဘောကို ပြောတာ၊ အဲဒီ လိုချင်တဲ့သဘောသည် လောဘမူစိတ်နဲ့ ယှဉ်တွဲဖြစ်တဲ့ စေတသိက်တရားသာ ဖြစ်တယ်၊ အဲဒီလောဘမူစိတ် ဖြစ်လာလို့ရှိရင် လောဘစေတသိက်တစ်ခုတည်းသာ ဖြစ်တာ မဟုတ်ဘူး၊ ကျန်တဲ့ စေတသိက် တွေလည်း ဖြစ်သေးတယ်၊
လိုချင်စိတ်လို့ လူတွေက တစ်ခုတည်း ခေါ်နေကြတယ်၊ လိုချင်တဲ့စိတ်ဆိုတာ စိတ်က ၈-ခု၊ စေတသိက်က ၂၂-ခု၊ (သို့မဟုတ်) စိတ် ၁-ခုနဲ့ စေတသိက် ၂၂-ခု၊ ပေါင်းလိုက်ရင် ၂၃-ခု၊ ၂၃-ခု ကို တစ်ခုတစ်ခု တွက်ထားလိုက်မယ်ဆိုရင် လူတွေ ပြောနေကြတဲ့ လိုချင်တဲ့စိတ်ဆိုတာ အဲဒါကိုပြောတာ။
အဲဒီ လိုချင်တဲ့စိတ်ကလေး မိမိတို့ ရင်ထဲနှလုံးထဲမှာ ခိုင်မာနေအောင် ဘယ်သူက လုပ်ဆောင်ပေးနေသလဲ၊ လိုချင်တယ်ဆိုတဲ့ လောဘကနေပြီး လုပ်ပေးတယ်၊ သူ့မှာ ဒီလိုစွမ်းရည်သတ္တိထူး ရှိတယ်လို့ပြောတာ၊ အခြားစေတသိက်တွေမှာ ဒီလိုစွမ်းရည် သတ္တိ ရှိသလားဆိုတော့ မရှိဘူး။
လောဘသည် ဟေတုသတ္တိနဲ့ကျေးဇူးပြုနိုင်တယ်၊ ဥပမာ- ဒိဋ္ဌိ ဆိုတဲ့တရား ဟာလည်း လိုချင်တဲ့စိတ်ထဲမှာ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတယ်၊ မာန ဆိုတဲ့ တရားဟာလည်း လိုချင်တဲ့စိတ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ် လာတယ်၊ အဲဒီ ဒိဋ္ဌိတို့ မာန တို့မှာ ဒီလောဘစိတ်လို ထိန်းထားနိုင်တဲ့စွမ်းရည် ရှိရဲ့လားဆိုတော့ မရှိဘူး၊ ဟေတုသတ္တိ သူတို့မှာ မရှိဘူး၊
ဥပမာ - လောဘမူစိတ် ၈-ခုမှာ ယှဉ်တွဲ ဖြစ်ပေါ် လာတဲ့ စေတသိက်တွေထဲမှာ ဖဿ ရှိတယ်၊ ဝေဒနာ ရှိတယ်၊ သညာ ရှိတယ်၊ စေတနာ ရှိတယ်၊ ဧကဂ္ဂတာ ရှိတယ်၊ ဇီဝိတိန္ဒြေ ရှိတယ်၊ မနသိကာရ ရှိတယ်၊ အဲဒါတွေက လိုချင်တဲ့စိတ်လေးကို ထိန်းထားနိုင်သလား၊ မထိန်းနိုင်ဘူး၊ လိုချင်တဲ့စိတ် ပေါ်လာလို့ရှိရင် သူတို့က ပါလာ တာပဲရှိတယ်၊ သူတို့က လိုချင်တဲ့ စိတ်ကို အခိုင်အမာဖြစ်အောင် ကျေးဇူးပြုနိုင်စွမ်း မရှိကြဘူး။
ထို့အတူပဲ ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ ပီတိ ဆန္ဒ ဆိုတဲ့ စေတသိက် တွေ၊ မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ဆိုတဲ့ စေတသိက်တွေ၊ သူတို့ကရော? (မောဟကတော့ လောဘမူစိတ်ကို ထိန်းထားတဲ့အထဲမှာပါတယ်၊ သို့သော် အဓိက ပဓာနက လောဘက ထိန်းထားတာ၊) အဲဒီမှာ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ဆိုတဲ့ တရားတွေက ဟေတုသတ္တိ မရှိသည့်အတွက်ကြောင့် ထိန်းထားနိုင်စွမ်း မရှိဘူးတဲ့၊ သို့သော် လိုချင်တဲ့စိတ်နဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာကြတာတွေချည်းပဲ။
အေး ကောင်းပြီ၊ အာရုံတစ်ခုခုကိုတွေ့လို့ မိမိတို့စိတ်ထဲမှာ လိုချင်တဲ့စိတ် ဖြစ်ပြီဆိုရင် ဟောဒီ သဘောသဘာဝတွေ ဖြစ်လိမ့်မယ်၊ လောဘမူစိတ်ရယ် စေတသိက်တွေရယ် ဖြစ်လိမ့်မယ်၊ ထိုစိတ်စေတသိက်တွေ ဖြစ်တာနဲ့တစ်ပြိုင်နက် စိတ္တဇရုပ်တွေကို ထုတ်လုပ်လိမ့်မယ်၊ အဲဒီထဲမှာ လောဘသည် မိမိနဲ့ အတူတကွ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတွေကို ရှင်သန်နေအောင် အခိုင်အမာ ရပ်တည်နေအောင် ကျေးဇူး ပြုတယ်၊ ထိန်းထားတယ်တဲ့။
အဲဒီနေရာမှာ ဒီလောဘနဲ့ ကျန်တဲ့ စိတ်စေတသိက်တွေဟာ တစ်ပြိုင်နက် ဖြစ်ကြတာ၊ လောဘက အရင်ဖြစ်ပြီးတော့ ကျန်တဲ့စိတ်စေတသိက်တွေက နောက်မှ ဖြစ်လာတာ မဟုတ်ဘူး၊ လောဘနဲ့ ကျန်တဲ့စိတ်သည် တစ်ပြိုင်နက် ဖြစ်လာတာ၊ တစ်ပြိုင်နက် ဖြစ်လာပြီး သူ့မှာ ထူးခြားတဲ့ စွမ်းရည်သတ္တိက ဘာတုန်းဆိုရင် သူနဲ့ ဖြစ်ဖေါ်ဖြစ်ဖက် သဘောတရားတွေကို ရှင်သန်နေအောင် ထိန်းထားနိုင်တာက လောဘရဲ့သတ္တိပဲတဲ့၊ တခြားစေတသိက်တွေမှာ ဒီသတ္တိမျိုးမရှိဘူးလို့ ဒီလိုပြောတာ၊ လောဘရဲ့သတ္တိထူးက ဟေတုသတ္တိထူး။
သို့သော် ဒီလောဘဆိုတဲ့ သဘာဝတရားက ယှဉ်ဖက် စိတ်စေတသိက်နဲ့ အဲဒီစိတ်က ထုတ်လုပ်ထားတဲ့ စိတ္တဇရုပ်တရားတွေကို ဟေတုသတ္တိ တစ်ခုတည်းနဲ့ ကျေးဇူး ပြုနိုင်တာလားလို့ဆိုတော့ ဟေတုသတ္တိတစ်ခုတည်းနဲ့ မဟုတ်ဘူး၊ အခြား သတ္တိ တွေလည်း ပါဝင်ပြီး ကျေးဇူးပြုနေကြတယ်၊ သို့သော် သူ့ရဲ့သတ္တိထူးကတော့ ထိန်းထားတဲ့ ဟေတုသတ္တိထူးပဲ။
ဒါဖြင့် ဘာသတ္တိတွေ ရှိသေးတုန်းဆိုတော့ လောဘမှာ လိုချင်တဲ့စိတ် စေတသိက် စိတ္တဇရုပ်တွေနဲ့ အတူအကွဖြစ်တယ်ဆိုတဲ့ သတ္တိတစ်မျိုးလည်း ရှိသေးတယ်၊ အဲဒါကို သဟဇာတသတ္တိ လို့ ခေါ်တယ်၊ သဟဇာတသတ္တိ ဆိုတာ လောဘနဲ့ ယှဉ်ဖက် စိတ်စေတသိက်၊ ထိုယှဉ်ဖက်စိတ်က ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်များသည် ပြိုင်တူဖြစ်လာကြတယ်၊ အကြောင်းက အရင်ဖြစ်ပြီးမှ အကျိုးက နောက်မှဖြစ်တာ မဟုတ်ဘူး၊ ဒီနေရာမှာ အကြောင်းနဲ့အကျိုးသည် ပြိုင်တူဖြစ်လာတာ၊ အဲဒီ ပြိုင်တူ ဖြစ်လာစေတာကိုပဲ သဟဇာတသတ္တိလို့ ပြောတယ်၊ ပြိုင်တူဖြစ်ပြီးတော့ အကျိုးပြု တယ်။
ဒါဖြင့် ပြိုင်တူဖြစ်လာပြီး အကျိုးပြုတာ ရှိသလားဆိုတော့ ရှိတယ်လေ၊ မီး လင်းလိုက်တာတဲ့တစ်ပြိုင်နက် အလင်းရောင်ရတယ်၊ မီးငြိမ်းသွားတာနဲ့တစ်ပြိုင်နက် မှောင်သွားတယ်၊ ဒါ ပြိုင်တူဖြစ်တာလို့ ခေါ်တယ်၊ အဲဒီတော့ လောဘဖြစ်လိုက် တာနဲ့ လိုချင်တဲ့စိတ်တွေ တစ်ပြိုင်နက်ဖြစ်လာတာ၊ လောဘနဲ့ လိုချင်တဲ့စိတ်ရယ် စိတ္တဇရုပ်ရယ် တစ်ပြိုင်နက်ဖြစ်တာပဲ၊ သဟဇာတသတ္တိ လို့ ခေါ်တယ်၊ သဟဇာတ ဆိုတာ သဟ က အတူတကွ၊ ဇာတ က ဖြစ်လာတာ၊ Born together အတူတကွ ဖြစ်လာတယ်၊ အတူတကွ ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတာ။
အဲဒီတော့ ဟေတုသတ္တိဆိုတာ လောဘရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခု၊ အတူတကွ ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်ဆိုတာက ကျန်တဲ့တရားတွေမှာလည်း ဒီ သတ္တိ ရှိတယ်၊ လောဘတစ်ခုတည်းမှာ ဒီသတ္တိရှိတာ မဟုတ်ဘူး၊ ကျန်တဲ့ တရားတွေမှာလည်း ရှိတယ်၊ ဒါကြောင့်မို့လို့ ဟေတုသတ္တိဆိုတဲ့ သတ္တိဝိသေသလို့ပြောတာ၊ သူနဲ့ ယှဉ်ပြိုင်ပြီးတော့ ဝင်လာတဲ့ စွမ်းရည်သတ္တိက သဟဇာတသတ္တိ၊ ဟော ယှဉ်ပြိုင် လာတယ်။
နောက်တစ်ခုက ဘာဝင်လာသေးတုန်းဆိုရင် အညမညသတ္တိ၊ အညမည ဆိုတာ reciprocal အပြန်အလှန်လို့ ဒီလို အဓိပ္ပါယ်ရတယ်၊ လောဘဖြစ်လိုက်တာ နဲ့ တစ်ပြိုင်နက် လိုချင်တဲ့စိတ်တို့ စိတ္တဇရုပ်တို့ ဖြစ်လာတယ်၊ အဲဒီလောဘနဲ့ လိုချင် တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တို့ဟာ အပြန်အလှန် အထောက်အကူပြု နေကြတယ်၊ ဘယ်လိုအပြန်အလှန် အထောက်အကူပြုသလဲဆိုရင် သုံးချောင်း ထောက်သည် တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီထားတယ်၊ တစ်ခုပျက်သွားလို့ရှိရင် ကျန်တဲ့နှစ်ခုက ပြိုလဲသွားတယ်၊
ထို့အတူပဲ လောဘက လိုချင်တဲ့စိတ်နဲ့ စိတ္တဇရုပ်တွေကို ထိန်းထားဖို့အတွက် အပြန်အလှန်ကျေးဇူးပြုနိုင်တဲ့ စွမ်းရည်သတ္တိတွေလည်း သူ့မှာ ရှိတယ်လို့ ပြောတယ်၊ အဲဒီတော့ လောဘက လိုချင်တဲ့စိတ်နဲ့ စိတ္တဇ ရုပ်တွေကို ကျေးဇူးပြုတဲ့နေရာမှာ အပြန်အလှန်သတ္တိထူးလေးလည်း သူ့မှာ ရှိတယ် လို့ ပြောတာ။
အဲဒီတော့ ၂၄-ပစ္စည်းဆိုတာ တော်တော်များများ ဆက်စပ်ပြီးတော့ နေလေ့ရှိတယ်၊ ပစ္စည်းတစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ နေကြတယ်။
ဒီနေ့မှာ လောဘရယ် လိုချင်တဲ့စိတ်ရယ် လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာ တဲ့ရုပ်ရယ်၊ သုံးအုပ်စု ခွဲကြည့်လိုက်ရအောင်၊ လောဘက အကြောင်းတရား၊ လိုချင် တဲ့စိတ်က အကျိုးတရား၊ ဒါ တစ်ခု၊ လောဘက အကြောင်းတရား၊ လိုချင်တဲ့စိတ် ကြောင့် ဖြစ်ပေါ် လာတဲ့ရုပ်က အကျိုးတရား၊ နောက်တစ်ခါ လောဘက အကြောင်း တရား၊ လိုချင်တဲ့စိတ်ရယ်, စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်က အကျိုးတရားလို့ သုံးစုခွဲလိုက်၊ သုံးစုခွဲလိုက်ရင် တစ်ခုနဲ့ တစ်ခု ယှဉ်ပြိုင်ပြီး ဝင်လာတဲ့သတ္တိတွေ မတူဘူး။
အဲဒီမှာ အားလုံးပါဝင်နိုင်စွမ်းတဲ့သတ္တိက ဘာတုန်းဆိုရင် အခုပြောခဲ့တဲ့ လောဘနဲ့ လိုချင်စိတ်ရယ်, လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်ရယ်၊ အဲဒီ ၂-ခု သည် အတူတကွဖြစ်နေတာ ဖြစ်သောကြောင့် သဟဇာတသတ္တိ၊ လောဘနဲ့ လိုချင်တဲ့ စိတ်ကျတော့ အပြန်အလှန်ရသည့်အတွက်ကြောင့် အညမညသတ္တိ တစ်ခု ပိုလာတယ်။
နောက်တစ်ခုက ဘာသတ္တိတုန်းဆိုရင် လိုချင်တဲ့စိတ်ရယ် လိုချင်တဲ့စိတ် ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်ရယ် အဲဒီနှစ်ပိုင်းကို လောဘက ဘာသတ္တိနဲ့ ကျေးဇူးပြု သေးသလဲဆိုရင် နိဿယသတ္တိ၊ ၂၄-ပစ္စည်းမှာ နိဿယပစ္စယောဆိုတာ မှီရာအနေ အထားအားဖြင့် ကျေးဇူးပြုတာတဲ့၊ လောဘဆိုတဲ့အမှီ ရှိသည့်အတွက်ကြောင့် ဒီလိုချင်တဲ့စိတ်တို့၊ လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တို့ဟာ ရှင်သန် နိုင်တာ၊ ဒီလိုဆိုတယ်။
အဲဒီတော့ လောဘဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဟေတုပစ္စည်းတင် မကဘူး၊ ခုပြောတဲ့ သဟဇာတပစ္စည်း ပါလာတယ်၊ ရံခါ အညမညပစ္စည်း ပါလာတယ်၊ နိဿယပစ္စည်း ပါလာတယ်၊ အမြဲတမ်းပါတာကတော့ သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ၊ အဲဒီ ၄-ခုက အမြဲတမ်းပါနေတယ်။
ပြန်ပြီးတော့ မှတ်ဖို့က လောဘဆိုတဲ့ အကြောင်းတရားက လိုချင်တဲ့စိတ် ရယ်၊ လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်ရယ်၊ အဲဒီနှစ်ခုကို ကျေးဇူးပြု တဲ့အခါမှာ သူ့ရဲ့သတ္တိထူးက ဟေတုသတ္တိ၊ သာမန်တခြားစိတ်တွေလို သာမန် သတ္တိအနေနဲ့ ပါဝင်တာတွေက ဘာတွေတုန်း ဆိုရင် -
- သဟဇာတသတ္တိ (အတူတူ ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်)
- နိဿယသတ္တိ (မှီရာဖြစ်ပြီးတော့ ကျေးဇူးပြုတယ်)
- အတ္ထိသတ္တိ (နှစ်ခုစလုံး ရှိနေခိုက်မှာ ကျေးဇူးပြုတယ်)
- အဝိဂတသတ္တိ (နှစ်ခုစလုံး ပျောက်မသွားခင် ကျေးဇူးပြုတယ်)
ဟောဒီ ၄-ခု ပါဝင်နေတယ်လို့ ဒီလိုဆိုတယ်။
တစ်ဖန် လောဘနဲ့ ဒီ လိုချင်တဲ့စိတ်ကလေးကိုတင် ကြည့်မယ်ဆိုရင် လောဘက အကြောင်းတရား၊ လိုချင်တဲ့စိတ်က အကျိုးတရား၊ အဲဒီအခါကျတော့ အခု သတ္တိ ၄-မျိုးအပြင် နောက်ထပ် ဘာတွေပါလာတုန်းဆိုရင် အညမည ပါလာတယ်၊ သမ္ပယုတ္တ ပါလာတယ်၊ အတူဖြစ်ခြင်း, အတူချုပ်ခြင်း, အာရုံတစ်ခုတည်းကိုသာ ယူခြင်း, မှီရာဝတ္ထုတူခြင်းလို့ ဆိုတဲ့ တူ ၄-ပါးနဲ့ ယှဉ်တွဲလို့ သမ္ပယုတ္တပစ္စယော တဲ့၊ သမ္ပယုတ္တပစ္စယောဆိုတာ တူ ၄-ပါးနဲ့ ယှဉ်တွဲထားတာ၊ တူ ၄-ပါး ဆိုတာ ဘာတုန်း၊ ဖြစ်တာ တူတယ်၊ ချုပ်တာ တူတယ်၊ အာရုံ တူတယ်၊ မှီရာဝတ္ထုတူတယ်၊ အဲဒီ အတူ ၄-ခုနဲ့ ယှဉ်တွဲနေတဲ့သဘာဝတရား။
အဲဒီလို တူတယ် ဆိုကတည်းက စိတ်စေတသိက်တွေက တစ်ခုတည်းလို ဖြစ်သွားပြီလေ၊ အတူတူဖြစ်ကြတယ်၊ အတူတူချုပ်ကြတယ်၊ အာရုံတစ်ခုတည်းကို ယူတယ်၊ မှီရာဝတ္ထုတစ်ခုတည်းကနေ ပေါက်ဖွားလာတယ်ဆိုလို့ရှိရင် လူတွေရဲ့ စိတ်မှာ သာမန်ကြည့်ရင် တစ်ခုတည်းလို့ပဲ ထင်မှာပဲ၊ နှစ်ခုလို့ မထင်ဘူး၊ ဒါကြောင့် မို့လို့ ပြောကြတယ်လေ၊ လူတွေက လိုချင်တဲ့စိတ်တွေ ဖြစ်တယ်လို့ - ဒါလောက်ပဲ ပြောတယ်၊ လိုချင်တဲ့စိတ်လို့ပဲ ပြောတယ်၊ ခွဲမပြောဘူး၊ ဘာလို့တုန်းဆိုရင် ဒါတွေက တူနေတယ်၊ တူနေသည့်အတွက်ကြောင့် တစ်ခုတည်းလို ဖြစ်နေတယ်၊ သို့သော် ကိစ္စကျတော့ မတူဘူးတဲ့၊ သူ့ function နဲ့သူ၊
နောက်တစ်ခု - လောဘက လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်ကို အထောက် အကူပြုတဲ့အခါမှာ လောဘက နာမ်တရား၊ အထောက်အကူပြုခံရတာက ထုတ်လုပ် ထားတာက ရုပ်တရားလို့ဆိုတော့ ရုပ်နဲ့နာမ် နှစ်ခုဖြစ်မသွားဘူးလား၊ အဲဒီလို ရုပ်နဲ့နာမ် နှစ်ခုဖြစ်သွားရင် ခုနက ဖြစ်အတူ၊ ချုပ်အတူ၊ အာရုံတူ၊ ဝတ္ထုတူ ဆိုတဲ့ အတူ ၄-ခုက မရတော့ဘူး၊ မရသည့်အတွက်ကြောင့် သူ့ကို ဝိပ္ပယုတ္တပစ္စယော လို့ ခေါ်တယ်။
ဝိပ္ပယုတ္တပစ္စယောဆိုတာ ရုပ်နဲ့ နာမ် အတူတကွ ယှဉ်တွဲ၍ ဖြစ်နေသော်လည်း ဖြစ်တူ၊ ချုပ်တူ၊ အာရုံတူ၊ ဝတ္ထုတူ၊ အတူ ၄-ခု မရနိုင်ဘူးတဲ့၊ မရနိုင်သည့် အတွက်ကြောင့် ဝိပ္ပယုတ္တပစ္စယောလို့ ဒီတစ်ခု ပိုလာတယ်။
အဲဒီတော့ လိုချင်တဲ့စိတ် ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကြည့် - ပါဝင်နိုင်တဲ့ ပစ္စည်း တွေက ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဟော ဒီလိုပါလာနိုင်တယ်နော်။
အဲဒီတော့ လောဘက ဝိပါက်စိတ်မှာ မယှဉ်လို့ ဝိပါကတော့ မပါနိုင်ဘူး၊ ဒီလိုလည်း မှတ်ထားရမယ်နော်၊ ဝိပါက်ဖြစ်တဲ့လောဘစိတ်ဆိုတာမရှိဘူး၊ ဟုတ်လား၊ မပါဘူး။
ဟေတုပစ္စည်းနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့ပစ္စည်းပေါင်းဟာ ၁၁- မျိုး ရှိတယ်၊ ဒါ ဖြစ်သင့်သလို ပါဝင်တာ၊ အမြဲတမ်းပါဝင်တာ မဟုတ်ဘူး၊ အဲဒီ ၁၁-မျိုးက ဘာတွေလဲဆိုရင် အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ ဣန္ဒြိယ၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ အဲဒီ ၁၁-မျိုး၊ ဟေတုပစ္စည်းပါ ထည့်လိုက် လို့ရှိရင် ၁၂-မျိုး၊ ဟေတုက သတ္တိဝိသေသ၊ ကျန်တာတွေက သတ္တိ သာမညလို့၊ ဒါတွေ အတူတူပါလာတယ်၊ ဒါ အကုန်ခြုံပြီးတော့ ပြောတာ။
ဟေတုပစ္စည်းတစ်ခုလုံးကို ခြုံပြောလိုက်ရင် ဟိတ် ၆-ပါးက ပစ္စည်း၊ သဟိတ်စိတ်-၇၁၊ စေတသိက်-၅၂ ၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်က ပစ္စယုပ္ပန်လို့ ပြောရမယ်၊ ဒါဆိုရင် ဟောဒီပစ္စည်း ၁၂-မျိုး ရတယ်။
သို့သော် လောဘချည်း ပြောရင် ဝိပါကဆိုတာ မပါနိုင်ဘူး၊ ဣန္ဒြိယဆိုတာ မပါနိုင်ဘူး၊ ဘာလို့တုန်းဆိုရင် လောဘက ဣန္ဒြေတွင်မရှိဘူးနော်၊ နောက်ပြီးတော့ မဂ္ဂ မပါနိုင်ဘူး၊ နောက် လောဘ အဓိပတိ မရှိသည့်အတွက်ကြောင့် အဓိပတိပစ္စည်း ဆိုတာ မပါနိုင်ဘူး၊ ကျန်တဲ့ဟာတွေ ပါနိုင်ပါတယ်၊ ဒီလို ခွဲခြားပြီးတော့ နားလည်ရမယ်။
ဒီတော့ လောဘကို ပစ္စည်းယူရင် ပါနိုင်တာတွေ ပြန်ပြီးတော့ တွက်ကြည့်ရအောင်၊ လောဘက ပစ္စည်း၊ လိုချင်တဲ့စိတ်စေတသိက်နဲ့ ခုနက စိတ္တဇရုပ်တွေက ပစ္စယုပ္ပန်လို့ ဆိုရင် အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြီး ကျေးဇူးပြုတဲ့ပစ္စည်း ပေါင်း ဘယ်လောက်လဲ၊ ပြန်တွက်ကြည့်မယ်ဆိုရင် ကြည့် - ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ၈-ခု ရှိတယ်၊ ဒီလို မှတ်ယူရမယ်။
အဲဒီသတ္တိ ၈-မျိုးထဲမှာ ဟေတုသတ္တိသည် သတ္တိဝိသေသ ထူးခြားတဲ့ သတ္တိတစ်ခု၊ ကျန်တာတွေက သတ္တိသာမညလို့ ဆိုတယ်၊ ကျန်တဲ့သဘာဝတရား တွေမှာလည်းပဲ ဒီသတ္တိတွေ ရှိတယ်၊ ဒါက လောဘနဲ့ ပတ်သက်ပြီးတော့ နားလည် သဘောပေါက်ဖို့။
ဒေါသ ဟေတု
ကဲ နေ့စဉ်နဲ့အမျှ ရံဖန်ရံခါ စိတ်ဆိုးကြတယ်၊ အကြောင်းမညီညွတ်လို့ ဟုတ်လား၊ နှလုံးသွင်းမှားလို့၊ မကောင်းတဲ့အာရုံတွေနဲ့တွေ့လို့၊ ကိုယ်မကြိုက်တာနဲ့ တွေ့လို့ ဒေါသဖြစ်တယ်ဆိုပါစို့၊ အရပ်ကပြောရင် စိတ်ဆိုးတဲ့စိတ်လို့ ပြောကြတယ်၊ စိတ်ဆိုး တယ်လို့ ပြောတဲ့အထဲမှာ ဒေါသပါတယ်၊ အဲဒီဒေါသနဲ့ ယှဉ်တဲ့စိတ်တွေ ပါတယ်၊ သူတို့နဲ့ယှဉ်တဲ့ စေတသိက်တွေ ပါတယ်၊ အဘိဓမ္မာအရ ပြောမယ်ဆိုလို့ ရှိရင် ဒေါသမူစိတ် ၂-ခု၊ စေတသိက်က ၂၂-ခု၊ (စိတ်ဆိုးတယ်ဆိုတာ အဲဒီထဲကပဲ၊) နောက်ပြီးတော့ အဲဒီဒေါသမူစိတ်ကနေ ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်၊ ဒီလိုရှိတယ်။
အဲဒီတော့ စိတ်ဆိုးတယ်လို့ဆိုတဲ့ထဲမှာ ဒေါသသတ္တိထူးက ဘာတုန်းဆိုရင် စိတ်ဆိုး ပြီးတော့ ဒေါသနဲ့ တွေးကြံနေတဲ့အကြံတွေ၊ ဒေါသနဲ့ယှဉ်ပြီးပြောတဲ့ အပြောတွေ၊ ဒေါသနဲ့ယှဉ်ပြီးလုပ်တဲ့ လုပ်ရပ်တွေ၊ အဲဒါတွေကို ခိုင်မြဲနေအောင် ဒေါသ နေ ထိန်းထားတာ၊ ဒါကြောင့်မို့လို့ ဒေါသမှာ အထူးဝိသေသအားဖြင့် ဟေတုသတ္တိ ဆိုတာ ရှိတယ်။
ဟေတုသတ္တိက သူနဲ့ယှဉ်ဘက်တရားတွေ ရှင်သန်နေအောင် ထိန်းပေးထားတာ၊ သစ်မြစ်များသည် သစ်ပင်ရှင်သန်နေအောင် ထိန်းသိမ်းထားသလို အဲဒီဒေါသက ဒေါသစိတ်ကို ရှင်သန်နေအောင်၊ ဒေါသကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေ ရှင်သန်နေအောင် ထိန်းပေးနေတယ်လို့ ပြောတာပဲ။
အဲဒီလို ဖြစ်နေတဲ့ထဲမှာ သာမန်အားဖြင့် သဘောတရားတွေက (ဟေတု ပစ္စယောဆိုတဲ့ သတ္တိဝိသေသအပြင်) ဘာတွေပါလာတုန်း၊ စိတ်ဆိုးတယ်ဆိုတဲ့စိတ်၊ စိတ်ဆိုးလို့ ဖြစ်ပေါ်လာတဲ့ရုပ်တွေ၊ အတူတကွဖြစ်ကြလို့ သဟဇာတပစ္စယော၊ အဲဒီ ထဲမှာ ဒေါသ, ပြီးတော့ သူနဲ့ယှဉ်တဲ့စိတ်ကို ဆိုလို့ရှိရင် အညမညပစ္စယော၊ နောက် တစ်ခု မှီရာအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် နိဿယပစ္စယော၊ ဒီလိုဖြစ်လာတာ။
တစ်ခါ ဒေါသနဲ့ သူရဲ့ယှဉ်ဘက်တရားတွေ ကြည့်မယ်၊ ရုပ်မပါဘဲနဲ့ ဆိုလို့ရှိရင် သမ္ပယုတ္တပစ္စယော၊ ရုပ်နဲ့ ဒေါသဆိုလို့ရှိရင် ဝိပ္ပယုတ္တပစ္စယော၊ ရှိနေခိုက်မှာ ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိပစ္စယော၊ မကင်းကွာသေးခင် ကျေးဇူး ပြုတယ်၊ မချုပ်သေးခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတပစ္စယော၊ ဒီ စိတ်ဆိုးတဲ့အထဲ မှာ ၂၄-ပစ္စည်းထဲက ဒါတွေ ပါနေတယ်လို့ ဒီလိုနားလည်ရမယ်၊ ဒါကို ပစ္စည်း ပြိုင်တယ်လို့ ခေါ်တယ်။
“ပစ္စည်းပြိုင်တယ်”ဆိုတာ အမျိုးတူမှပြိုင်လို့ရတယ်၊ အမျိုးမတူရင် ပြိုင်လို့ မရဘူး၊ ပစ္စည်းက သူ့အမျိုးအစားနဲ့သူရှိတယ်၊ အခုအမျိုးအစားက ဘာအမျိုးအစား လဲဆိုရင် သဟဇာတအမျိုး၊ အတူဖြစ်တဲ့အမျိုး၊ အတူမဖြစ်တဲ့အမျိုးတွေ ထည့်ပြီး ပြိုင်လို့ မရဘူး။
ဒေါသဖြစ်ပြီ စိတ်ဆိုးပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ၂၄-ပစ္စည်းထဲက ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဟောဒီ ၈-ခု ပါလာတယ်။
၂၄-ပစ္စည်းဆိုတာ ဒီလို တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီးတော့ နေတာ၊ ဒါကြောင့်မို့ conditional relation လို့ အင်္ဂလိပ်လို ဘာသာပြန်တာ၊ conditional relation တစ်ခုနဲ့ တစ်ခု အခြေအနေပေးပြီး အကြောင်းအကျိုးပြုပြီး ဆက်သွယ်နေတဲ့ သဘော တရားတွေ၊ အဲဒီထဲမှာ ဒေါသရဲ့ အရေးကြီးဆုံး သတ္တိဝိသေသက ဟေတုသတ္တိပဲ။
မောဟ ဟေတု
နောက်တစ်ခု ပြောရအောင်၊ မောဟ ဆိုတာကို ကြည့်ရအောင်၊ သာမန်အားဖြင့် လောဘဖြစ်ရင် လူတွေသိကြတယ်၊ ဒေါသဖြစ်ရင်လည်း လူတွေက သိကြတယ်၊ မောဟဖြစ်တာကျတော့ သိပ်မသိနိုင်ကြဘူး၊ မောဟဖြစ်တာက လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်နေတယ်၊ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတယ်၊ အမှားကို အမှန်ထင်နေတယ်၊ အမှန်ကို အမှားထင်နေတယ်၊ မောဟ ရဲ့ သဘောက အဲဒါ။
မောဟက မသိတာ မဟုတ်ဘူး၊ အမှန်ကိုမသိတာကို မောဟလို့ခေါ်တယ်၊ မသိတာ မဟုတ်ဘူး၊ သိတယ်၊ အမှန်ကိုမသိဘဲ အမှားကို သိနေတာ၊ ဒါကိုပဲ တွေဝေ တယ်လို့ ပြောတာ၊ အမှန်တရားကို မသိမမြင်သည့်အတွက်ကြောင့် မောဟ၊ သို့သော် မသိဘူးဆိုတာ အကုန်မသိတာ မဟုတ်ဘူး၊ သဘာဝ အစစ်အမှန်ကို မသိတာ၊ တခြားဟာကို သိနေတယ်၊ တလွဲသိနေတယ်လို့ ပြောတာနော်။
ကဲ အဲဒီမောဟက ဖြစ်လာလို့ရှိရင် အကုသိုလ်စိတ်တွေနဲ့ ယှဉ်ဖြစ်တယ်၊ မောဟမူစိတ်အပြင် အကုသိုလ်စိတ်အားလုံး ဖြစ်နိုင်တယ်၊ အကုသိုလ်စိတ်အားလုံး နဲ့ယှဉ်တယ်ဆိုပေမယ့် လောဘနဲ့ ယှဉ်တွဲလာတဲ့အခါ သူ့ရဲ့သတ္တိက နောက်ရောက် သွားတယ်၊ ဘာလို့လဲဆိုတော့ လိုချင်စိတ်က ရှေ့တန်းတက်လာလို့ ဖြစ်တယ်၊ လောဘက ရှေ့တန်းတက်လာတယ်၊ တစ်ခါ ဒေါသနဲ့ ယှဉ်တွဲလာတဲ့အခါကျတော့ စိတ်ဆိုးတဲ့ဒေါသက ရှေ့တန်းတက်လာပြီး သူက နောက်ရောက်သွားတယ်၊ သူ့ရဲ့ သတ္တိက သိပ်မပေါ်ဘူး ဖြစ်သွားတယ်။
သူ့ရဲ့သတ္တိက ဘယ်မှာပေါ်လာတုန်းဆိုရင် မောဟမူစိတ်မှာကျတော့ ပေါ်ပြီ၊ ဝိစိကိစ္ဆာတဲ့၊ အမှန်တရားနဲ့ ပတ်သက်ပြီးတော့ သံသယတွေဖြစ်ပြီဆိုရင် တွေဝေတယ်၊ မဆုံးဖြတ်နိုင်တော့ဘူး၊ ဥဒ္ဓစ္စဖြစ်လို့ စိတ်လေလွင့်နေရင်လည်း တွေဝေတယ်။
အမှန်ကို မသိတဲ့နေရာမှာ အဲဒီမောဟက မောဟမူဒွေး (မောဟမူလစိတ် နှစ်ခု)နဲ့ ယှဉ်လာပြီဆိုရင် မောဟရဲ့ စွမ်းရည်သတ္တိတွေ ပေါ်လာတယ်၊ အဲဒီလို ပေါ်လာပြီ ဆိုရင် သူ့ရဲ့သတ္တိဝိသေသကတော့ မောဟရှိနေသရွေ့ အမှန်မသိမှု သံသယတို့၊ စိတ်မငြိမ်မသက်မှုတို့ ဒါတွေဟာ ရှင်သန်နေမှာပဲ၊ နောက်ဆုံး လောဘ ရှင်သန်မှု အတွက်လည်း အထောက်အကူပြုမှာပဲ၊ ဒေါသရှင်သန်မှုအတွက်လည်း အထောက် အကူပြုမှာပဲ။
သူဝင်လာလို့ရှိရင် ခုနက ၂၄-ပစ္စည်းထဲက ဘာတွေဝင်လာမလဲဆိုရင် - ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဟော ဒီပစ္စည်း ၈-မျိုး သူနဲ့ တွဲပြီးတော့ ဖြစ်နေတာ။
အကြောင်းဆိုတာ တစ်ခုတည်း မဟုတ်ဘူး၊ အများကြီး၊ အထောက်အကူ ပြုထားတာ တစ်ခုတည်း မဟုတ်ဘူး၊ ကြည့်လေ - သစ်ပင်လေးတစ်ပင်ပေါက်ဖို့ ဆိုရင် အကြောင်းတစ်ခုတည်းမှ မဟုတ်တာ၊ မြေရှိရတယ်၊ ရေရှိရတယ်၊ အလင်း ရောင် ရှိရတယ်၊ အပူအအေးဆိုတာ ရှိရတယ်၊ ဒါတွေ စုံညီနေမှ မျိုးစေ့လေးက အပင်ပေါက်တာ၊ အကြောင်းတွေ အများကြီးပဲ။
ဒါကြောင့်မို့ မြတ်စွာဘုရားက အားလုံးကိုခြုံပြီး ဖြစ်နိုင်သမျှအကြောင်းတွေ စုပြီး ရှင်းပြတာ၊ ၂၄-ပစ္စည်းဆိုတဲ့ ခေါင်းစီးလေးတင်ပေးတာ။
အရပ်ပြော ပြောမယ်ဆိုရင် လိုချင်စိတ်ဖြစ်လာလို့ရှိရင် ဒီပစ္စည်း ၈-မျိုး ပါတယ်၊ စိတ်ဆိုးတဲ့စိတ် ဖြစ်လာလို့ရှိရင်လည်း ဒီ ၈-မျိုးပါမယ်၊ အမှန်မသိတဲ့ တွေဝေတဲ့စိတ် ပေါ်လာလို့ရှိရင် ဒီ ၈-မျိုး ပါတယ်၊ ၂၄-ပစ္စည်းထဲမှာက ဒီ ၈-မျိုး ပါတယ်ဆိုတာ သတိထားရမယ်၊ ငါ စိတ်ဆိုးပြီလို့ ကိုယ့်ကိုယ်ကို စိတ်ဆိုးရင် ကြည့်၊ ဒါတွေ ဒီလိုဖြစ်နေပြီဆိုတာ သိရမယ်၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေ ဖြစ်နေပြီလို့ သိရမယ်။
အလောဘ ဟေတု
တစ်ခါ ကောင်းတဲ့ဘက်က ကြည့်ကြဦးစို့၊ အလောဘတဲ့၊ အလောဘဆိုတဲ့ ဒီသဘာဝတရားဟာ ဖြစ်ပေါ် လာတဲ့အခါ ကောင်းတဲ့စိတ်တွေနဲ့ ယှဉ်တွဲလာတယ်၊ မဟာကုသိုလ်စိတ်တို့ ရဟန္တာပုဂ္ဂိုလ်မှာဆိုရင် မဟာကြိယာစိတ်၊ နောက် ပဋိသန္ဓေ အခါ ပဝတ္တိအခါတို့မှာ မဟာဝိပါက်စိတ်၊ ရူပဗြဟ္မာတွေရဲ့သန္တာန်ဆိုရင် ရူပါဝစရ ဝိပါက်စိတ်၊ အရူပဗြဟ္မာတွေဆိုရင် အရူပါဝစရဝိပါက်စိတ်၊ နောက် ရူပဈာန်ရတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ... ရူပါဝစရ ကုသိုလ်စိတ်၊ အရူပဈာန်ရတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အရူပါဝစရကုသိုလ်စိတ်၊ ရဟန္တာပုဂ္ဂိုလ်တွေဆိုရင် ရူပါဝစရကြိယာစိတ်၊ အရူပါ- ဝစရကြိယာစိတ်၊ မဂ်ရတဲ့ပုဂ္ဂိုလ်ဆိုရင် မဂ်စိတ်၊ ဖိုလ်ရတဲ့ပုဂ္ဂိုလ်ဆိုရင် ဖိုလ်စိတ်လို့ ဆိုတော့ အလောဘရဲ့နယ်က အကျယ်ကြီးပဲ။
အဲဒီအလောဘဆိုတဲ့ဟိတ်က သူနဲ့ အတူတကွဖြစ်တဲ့တရားတွေကို ဟေတု သတ္တိနဲ့ ကျေးဇူးပြုတယ်၊ သို့သော် မဟာကုသိုလ်စိတ်နဲ့ဖြစ်တဲ့ အလောဘသည် ရူပါဝစရ ကုသိုလ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ အရူပါဝစရကုသိုလ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ မဂ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ ဖိုလ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ မဟာကုသိုလ်စိတ်နဲ့ယှဉ်ပြီး ဖြစ်မယ်ဆိုရင် မဟာကုသိုလ်စိတ်နဲ့ပဲ ဖြစ် သူယှဉ်နိုင် တာတွေကို ပြောရင်တော့ အကုန်ယှဉ်လို့ရတယ်လို့ ဒီလိုပြောတာ။
ကဲ ကောင်းပြီ၊ ဒါနကောင်းမှုပြုဖို့ စိတ်ဝင်စားတယ်၊ လှူချင်တန်းချင်တဲ့စိတ် ဖြစ်လာပြီဆိုရင် အလောဘဖြစ်လာတယ်၊ ဒီအလောဘဖြစ်လာရင် ခုနက မဟာ ကုသိုလ်စိတ်နဲ့ ဖြစ်လာတာပဲ၊ အဲဒီအလောဘဖြစ်လို့ မဟာကုသိုလ်စိတ်ဖြစ်လာပြီ ဆိုတဲ့အချိန်မှာ အဲဒီကုသိုလ်စိတ်ကို ဘယ်သူက ထိန်းပေးထားလဲဆိုရင် အလောဘ က ထိန်းထားပေးတယ်၊
အဲဒါကြောင့်မို့ သူ့ကို ဟေတုပစ္စယောလို့ ပြောတာ၊ ဒါက သတ္တိဝိသေသ၊ သူ့ရဲ့ ထူးခြားထက်မြက်တဲ့ သတ္တိတစ်ခု၊ ဒါ့အပြင် သဟဇာတ ပစ္စယော၊ အညမည-ပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တ ပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဒီသတ္တိတွေ ပိုလာတယ်။
ကုသိုလ်စိတ်မှာဖြစ်တဲ့အချိန်မှာတော့ ဝိပါက်က မပါနိုင်ဘူး၊ ဒါ ယှဉ်ပြိုင်လာတဲ့ သတ္တိ၊ အလောဘဆိုတဲ့သဘာဝတရား ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် မဟာ ကုသိုလ်စိတ် ဖြစ်လာတယ်၊ ထိုမဟာကုသိုလ်စိတ်နဲ့ အလောဘက ထုတ်လုပ် လိုက်တဲ့ စိတ္တဇရုပ်တွေလည်း ဖြစ်လာတယ်။
အဒေါသ ဟေတု
ထို့အတူပဲ အဒေါသ - မုန်းတီးမှုကင်းပြီး မေတ္တာစိတ် သက်ဝင်လာတယ်၊ ဒေါသ ဆိုတဲ့တရားကို ဖယ်ရှားပြီး မေတ္တာစိတ်တွေ ဖြစ်လာပြီ၊ အဲဒီမေတ္တာတရားဝင် လာပြီဆိုရင် ဘာဖြစ်လဲ၊ မဟာကုသိုလ်စိတ်ဖြစ်တယ်၊ မဟာကုသိုလ်က ထုတ်လုပ် လိုက်တဲ့ စိတ္တဇရုပ်တွေ ဖြစ်လာတတ်တယ်။
အဒေါသက နေပြီးတော့ မေတ္တာပို့နေပြီဆိုရင် မေတ္တာပို့တဲ့စိတ်ထဲမှာ ဘာ ပစ္စည်းတွေ လာတုန်းဆိုရင် ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမည- ပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ယေဘုယျအားဖြင့် ဒီအတိုင်းလာတယ်။
အမောဟ ဟေတု
အမောဟဆိုတဲ့ ပညာ ဝင်လာပြီ ဆိုပါစို့၊ ခုနကလို မဟုတ်တော့ဘူး၊ အမှား အမှန်ခွဲခြားပြီး သိသွားပြီ၊ သဘာဝတရားတွေရဲ့ အစစ်အမှန်ကိုသိတဲ့ အမောဟ ဆိုတဲ့ အသိဉာဏ်ဖြစ်လာလိုက်တာနဲ့ တစ်ပြိုင်နက် မဟာကုသိုလ်စိတ် ၈-ခုကနေ ၄-ခု လျော့သွားတယ်၊ သူက ဉာဏ်နဲ့ယှဉ်တဲ့ မဟာကုသိုလ်စိတ် ၄-ခုပဲ ဖြစ်လာတယ်၊ ဉာဏ်မပါတဲ့ မဟာကုသိုလ်စိတ် မဖြစ်တော့ဘူး။
အမောဟ ဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် မဟာကုသိုလ်စိတ်နဲ့ပဲ ပြောမယ် ဆိုရင် မဟာကုသိုလ်ဉာဏသမ္ပယုတ် ၄-ခု ဖြစ်တယ်၊ မဟာကုသိုလ်ဉာဏသမ္ပယုတ် စိတ် ၄-ခုရယ် စေတသိက်ရယ်၊ အဲဒီစိတ်စေတသိက်တွေက ထုတ်လုပ်လိုက်တဲ့ စိတ္တဇ ရုပ်ရယ်လို့ ဒီလိုဖြစ်လာတဲ့အခါကျတော့ သူကျတော့ စွမ်းရည်တွေ ပိုလာတယ်။
ဒါဖြင့် ဘာတွေ ပိုလာတုန်း၊ ဒီအမောဟဆိုတာ အသိဉာဏ်၊ အသိဉာဏ် အဓိပတိတပ်တယ်၊ ဝီမံသာဓိပတိလို့ ခေါ်တယ်၊ ဒါကြောင့်မို့ အဓိပတိပစ္စည်း ပိုလာပြန်တယ်၊ နောက် ဣန္ဒြေထဲမှာ ပညိန္ဒြေဆိုတာ ရှိတယ်၊ ဒါကြောင့် ဣန္ဒြိယ ပစ္စည်းလည်း ပါလာပြန်တယ်၊ နောက်တစ်ခုက သမ္မာဒိဋ္ဌိမဂ္ဂင်ဆိုတာ ပါလာတဲ့ အတွက်ကြောင့် မဂ္ဂပစ္စည်း ပိုလာတယ်။
တွက်ကြည့်မယ်ဆိုရင် အမောဟဆိုတဲ့ အသိဉာဏ်ဝင်လာလို့ ကုသိုလ်လုပ် ပြီ ဆိုပါစို့၊ ဒါနကောင်းမှု သီလကောင်းမှု ကုသိုလ်လုပ်ပြီဆိုရင် ဘယ်ပစ္စည်းတွေ ပါလာလဲဆိုရင် ဟေတုပစ္စယော၊ အဓိပတိပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ ဣန္ဒြိယပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တ ပစ္စယော၊ ဝိပ္ပယုတ္တ ပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊
(အကယ်၍ ဝိပါက်စိတ်မှာယှဉ်တဲ့ အလောဘ အဒေါသ အမောဟ ဆိုလို့ရှိရင် ဝိပါက ထည့်လို့ ရတယ်၊ ကုသိုလ်စိတ်နဲ့ပဲပြောရင် ဝိပါက ထည့်ပြီးတော့ တွက်စရာ မလိုဘူး။)
ကြည့်လိုက် - ဟိတ် ၆-ပါးကနေပြီး ဆိုင်ရာသဘာဝတရားတွေကို ကျေးဇူး ပြုတဲ့နေရာမှာ ဟောဒီ စွမ်းရည်သတ္တိတွေကို အသုံးပြုထားတယ်၊ ဒီသတ္တိတွေ ပူးပေါင်းပါဝင်လာတယ်၊ ဒါကြောင့် ၂၄-ပစ္စည်းဆိုတာ တစ်ခုနဲ့တစ်ခု ကွင်းဆက် ဖြစ်နေတယ်၊ အကြောင်းတရားတွေ မြောက်မြားစွာ ယှဉ်တွဲပြီး ဖြစ်ပေါ်လာကြတယ်။
ကဲ အမောဟကို ပြန်ကြည့်၊ အမောဟသည် -
ကုသိုလ်စိတ်ကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုတဲ့အခါ ဟေတုပစ္စယော၊
လွှမ်းမိုးကြီးစိုးပြီးတော့ ကျေးဇူးပြုတဲ့အခါ ဝီမံသာဓိပတိမို့ အဓိပတိပစ္စယော၊
အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတဲ့အခါမှာ သဟဇာတပစ္စယော၊
မှီရာအနေနဲ့ ကျေးဇူးပြုလို့ နိဿယပစ္စယော၊
အပြန်အလှန် အနေနဲ့ ကျေးဇူးပြုလို့ အညမညပစ္စယော၊
ဆိုင်ရာကိစ္စမှာ ကြီးစိုးပြီးတော့ ကျေးဇူးပြု လို့ ဣန္ဒြိယပစ္စယော၊
လမ်းကြောင်းသဖွယ် ကျေးဇူးပြုလို့ မဂ္ဂပစ္စယော၊
ယှဉ်ဘက် အနေနဲ့ ကျေးဇူးပြုလို့ သမ္ပယုတ္တပစ္စယော၊
မယှဉ်တဲ့အနေနဲ့ ကျေးဇူးပြုတဲ့ အတွက်ကြောင့် ဝိပ္ပယုတ္တပစ္စယော၊
ရှိနေခိုက်မှာ ကျေးဇူးပြုလို့ အတ္ထိပစ္စယော၊
မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတပစ္စယော၊
ဒါတွေပါတယ်။
သဘာဝတရားတွေဟာ အခုလို အကြောင်းအကျိုးနဲ့ တစ်ခုနဲ့တစ်ခု ဆက်နွှယ် နေတာပါလားလို့ သိရမယ်။ ပဋ္ဌာန်းကျမ်းဟာ အင်မတန်မှကျယ်ဝန်းတယ်၊ တစ်ခုစီ တစ်ခုစီ ပြောနေမယ်ဆိုရင် အများကြီးပဲ၊ အလွန်ကျယ်ဝန်းတယ်၊ ဒီလို ပြောရမယ်။
ဒါ ဟေတုပစ္စည်းနဲ့ ပတ်သက်လာလို့ရှိရင် ပဋ္ဌာန်းအရကောက်ကျမ်းကြီးမှာ ပြထားတာကို ကြည့်မယ်ဆိုလို့ရှိရင် ဃဋနာဆိုတာ ရှိတယ်၊ ဖြစ်နိုင်တဲ့ပစ္စည်းတွေ အစုလိုက်ပြထားတာကို ဃဋနာလို့ ခေါ်တယ်၊ အဲဒီ ဃဋနာ တို့ သုဒ္ဓသင်္ချာတို့ကို လေ့လာရမယ်၊ ပဋ္ဌာန်းကျမ်းကြီးဟာ သိပ်ကျယ်သည်ထက် ကျယ်သွားတယ်။
အခု ဟေတုပစ္စည်းလေးကို ပင်လယ်ကမ်းစပ်က နေပြီးတော့ ကြည့်လိုက်ရင် ဟောဒီလိုမြင်ရတယ် ဆိုတာကို ပြတာ၊ ပင်လယ်ကြီးထဲ ဆင်းကြည့်ရင်တော့ ဆောက်တည်ရာရမှာ မဟုတ်ဘူးနော်၊ လှမ်းပြီးတော့ ကြည့်လိုက်လို့ရှိရင်လည်း မျက်စိတစ်ဆုံး မြင်ရမယ်။
လူတစ်ယောက်ကို “ပင်လယ်မြင်ဖူးလား”မေးရင် ဘယ်လိုပြောမလဲ၊ “မြင်ဖူးတယ်” ဖြေမှာပဲ၊ ဒါပေမယ့် သူမြင်တဲ့ပင်လယ်သည် အပြည့်အစုံ ဟုတ်လို့လား၊ မျက်စိက မြင်လို့ ရတာသည် တစ်ပိုင်းတစ်စိတ်လောက်ပဲ၊ သို့သော် သူမမြင်ရတဲ့ အပိုင်းတွေ အများကြီး မကျန်ဘူးလား။
ဒီအတိုင်းပဲ အခု ဟေတုပစ္စယောကို ကမ်းစပ်ကနေပြီးတော့ ကြည့်လိုက်တာ ဒီလောက်တော့ ဖြစ်မှာပေါ့၊ အခုလို မြင်ရတယ်၊ စွမ်းရည်သတ္တိတွေဟာ သဘာဝ တရားမှာ ဒီလိုရှိတယ်လို့ ဒါ သိရတယ်တဲ့။
အာရမ္မဏပစ္စယော
နောက်ပစ္စည်းတစ်ခုအကြောင်း ပြောရအောင်၊
ဒါလည်း အရေးကြီးတဲ့ ပစ္စည်းတရားတစ်ခု၊ သူက ဟေတုနဲ့အမျိုးမတူဘူး၊ အခုလို လောဘဖြစ်ရတာ ဒေါသ ဖြစ်ရတာ မောဟဖြစ်ရတာ, အလောဘ အဒေါသ အမောဟဆိုတဲ့ ဒီသဘာဝ တရားတွေ ဖြစ်ရတာ၊ လိုချင်တဲ့စိတ်ဖြစ်တာ မုန်းတီး တဲ့စိတ်ဖြစ်တာ အမှန်မသိတဲ့ စိတ်ဖြစ်တာ၊ လိုချင်မှုကို ပယ်ခွာတဲ့စိတ်၊ မုန်းတီးမှုကို တွန်းလှန်တဲ့ မေတ္တာစိတ်ဖြစ်တာ အမှန်သိတဲ့စိတ် ဖြစ်တာတို့ ဆိုတာတွေဟာ အကြောင်းတရား အာရုံ မရှိဘဲနဲ့ မဖြစ်ဘူးတဲ့၊ အပြင်ဘက်က အာရုံတစ်ခုခုရှိလို့ ဖြစ်တာ၊ မြင်သိစိတ်တောင်မှပဲ မျက်စိက ရူပါရုံဆိုတဲ့ အဆင်းအာရုံ မြင်လိုက်တဲ့အခါ မြင်သိစိတ်ဖြစ်လာတယ်လို့ ဆိုတယ်၊ အဲဒီရူပါရုံဆိုတဲ့ အဆင်းအာရုံကို အာရမ္မဏ-ပစ္စယောလို့ ဒီလိုပြောတယ်။
ဟေတုပစ္စည်းနဲ့ ပုံစံကွဲသွားပြီ၊ ဟေတုပစ္စည်းဆိုတာ ဖြစ်နေတဲ့ သဘာဝတရား အတွင်းသားကိုပြောတာ၊ အခု လောဘဖြစ်ဖို့ရာအတွက် အာရုံတစ်ခု လိုနေပြီ၊ လိုချင်တဲ့စိတ် ဖြစ်ဖို့အတွက် အာရုံလိုနေပြီ၊ လောဘစိတ်ဖြစ်တာဟာ မျက်စိနဲ့ အဆင်းအာရုံတစ်ခုကို မြင်လို့ လောဘဖြစ်တာ (သို့မဟုတ်) နားနဲ့ သာယာတဲ့အသံ ကြားလို့ လိုချင်တဲ့စိတ်ဖြစ်တာ၊ နှာခေါင်းကနေပြီး မွှေးကြိုင်တဲ့အနံ့ရလို့ လိုချင်တဲ့ စိတ်ဖြစ်တာ၊ လျှာကနေပြီး ကောင်းတဲ့အရသာ ခံစားရလို့ လိုချင်တဲ့စိတ် ဖြစ်တာ ဖြစ်မယ်၊ (သို့မဟုတ်) ခန္ဓာကိုယ်က အထိအတွေ့ကောင်းတာ ထိတွေ့လို့ နောက်ထပ် ထိတွေ့ချင်လို့ လိုချင်တဲ့စိတ် ဖြစ်တာလည်း ဖြစ်မယ်၊ (သို့မဟုတ်) အဲဒါတွေ တစ်ခုမှ မဖြစ်ဘဲ သက်သက်စိတ်ကူးယဉ်ပြီးတော့ မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်တယ်၊ အာရုံဘယ်နှစ်မျိုးရတုန်း၊ အာရုံ ၆-ခု ဖြစ်တယ်။
အာရုံ ၆-ပါးဆိုတာ -
မျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံ၊
နားကနေ ကြားရတဲ့ အသံအာရုံ၊
နှာခေါင်းကနေ အနံ့ရတဲ့ အနံ့အာရုံ၊
လျှာကနေ အရသာရတဲ့ အရသာ အာရုံ၊
ခန္ဓာကိုယ်က ထိတွေ့လို့ရတဲ့ အတွေ့အာရုံ၊
ဓမ္မာရုံဆိုတဲ့ ကြံသိအာရုံ -
ဆိုပြီး အာရုံ ၆-ပါးလို့၊ ဒီအာရုံ ၆-ပါးကို အာရမ္မဏပစ္စည်းတရားလို့ ဒီလိုခေါ်တာ။
အာရုံ ၆-ပါး - ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတွေ၊ အဘိဓမ္မာ အရပြောမယ်ဆိုရင် ရူပါရုံကလည်း ရုပ်တရားပဲ၊ သဒ္ဒါရုံကလည်း ရုပ်တရားပဲ၊ ဂန္ဓာရုံ, ရသာရုံဆိုတာလည်း ရုပ်တရားပဲ၊ ဖောဋ္ဌဗ္ဗာရုံဆိုတာ ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ် ဒီရုပ်သုံးခုကိုခေါ်တာ။
ခန္ဓာကိုယ်နဲ့ တစ်ခုခု စမ်းကြည့်လိုက်၊ စမ်းကြည့်ရင် မာတာကို သတိထားမိတယ်၊ ပျော့တာကို သတိထားမိမယ်၊ အဲဒါက ပထဝီ၊ စမ်းကြည့်လို့ အပူနဲ့အအေး တွေ့လိမ့်မယ်၊ အဲဒါက တေဇော၊ ထောက်ကန်တာ တွန်းတာ စမ်းမိပြီဆိုရင် ဝါယော၊ ဒီလိုပဲပြောလို့ရတယ်၊ အဲဒါကို ဖောဋ္ဌဗ္ဗာရုံ ခေါ်တာ၊ ဒါတွေက ရုပ်တရားတွေပဲ။
ဓမ္မာရုံဆိုတာ ကျန်တဲ့ရုပ်တွေ စိတ်အားလုံး၊ စေတသိက်အားလုံး၊ နိဗ္ဗာန် ပညတ်၊ အားလုံး အာရုံတွေမှန်သမျှကို (ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံက လွဲရင် ကျန်တာတွေအကုန်လုံး) ဓမ္မာရုံလို့ ခေါ်တယ်၊
(ဒါဖြင့် မင်္ဂလာဈေးဓမ္မာရုံ ကြီးကို ဓမ္မာရုံလို့ ခေါ်တာကျတော့ ဘာကြောင့် ခေါ်တာတုန်း၊ ဒါကတော့ တရား ဓမ္မကို အာရုံပြုတဲ့နေရာမို့လို့ ဓမ္မာရုံလို့ ခေါ်တာ၊ ဒါနဲ့ မတူဘူးနော်၊ တရားနာဖို့ တရားဓမ္မကို အာရုံပြုဖို့အနေနဲ့ခေါ်တဲ့ ဓမ္မာရုံလို့ခေါ်တာ)။
ရုပ်အချို့ စိတ်အားလုံး စေတသိက်အားလုံး နိဗ္ဗာန်ပညတ် ပါတယ်၊ ရှိသမျှ အာရုံတွေဟာ ဓမ္မာရုံမှာ အကုန်ဝင်သွားပါတယ်၊ သူ့ထဲ မပါတာ အဆင်းအာရုံ မပါဘူး၊ အသံအာရုံ မပါဘူး၊ အနံ့အာရုံ မပါဘူး၊ အရသာ မပါဘူး၊ ပထဝီ တေဇော ဝါယောဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ မပါဘူးတဲ့၊ အဲဒီရုပ်တွေကလွဲရင် ကျန်တာတွေအကုန်လုံး ဓမ္မာရုံပဲ။
အဲဒီ အာရုံ ၆-ပါး ပစ္စည်းတရားသည် ဘယ်သူ့ကို ကျေးဇူးပြုတုန်းဆိုတော့ စိတ်-၈၉ နဲ့ စေတသိက်-၅၂ ကို ကျေးဇူးပြုတယ်။
ပဋ္ဌာန်းပစ္စယနိဒ္ဒေသမှာ မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုရင် -
“ရူပါယတနံ စက္ခုဝိညာဏဓာတုယာ၊ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ-ပစ္စယေန ပစ္စယော”။
အဲဒီမှာ -
ရူပါယတနံ - မျက်စိက မြင်ရတဲ့ အဆင်းအာရုံသည်၊
စက္ခုဝိညာဏဓာတုယာ - စက္ခုဝိညာဏဓာတ်လို့ခေါ်တဲ့ မြင်သိစိတ်ကလေးနဲ့၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ စေတသိက် ၇-ခုတို့အား၊
အာရမ္မဏပစ္စယေန - အာရမ္မဏပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုပါတယ်
လို့ - ဒီလိုပြောတာနော်။
ဆိုလိုတာက ရူပါရုံဆိုတဲ့ အဆင်းအာရုံကို မမြင်ဘဲနဲ့ စက္ခုဝိညာဏ်စိတ်နဲ့ သဗ္ဗစိတ္တသာဓာရဏစေတသိက်လို့ ခေါ်တဲ့ မြင်သိစိတ်အစုဆိုတာ မဖြစ်နိုင်ဘူး၊ မြင်သိစိတ်အစုသည် ရူပါရုံကို အာရုံပြုပြီး ဖြစ်ပေါ်လာတာ ဖြစ်သောကြောင့် ရူပါရုံသည် မြင်သိစိတ်အစုအား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုတယ်၊ ဒီမြင်သိစိတ် အစုဟာ ဘယ်ကိုရောက်နေတုန်းဆိုရင် အဆင်းအာရုံဆီကို ရောက်နေတယ်။
မျက်စိဖွင့်ကြည့်လို့ ပန်းတစ်ပွင့်ကို မြင်လိုက်တယ်ဆိုပါစို့၊ ပန်းကို မြင်လိုက် တာနဲ့တစ်ပြိုင်နက် မြင်သိစိတ်ဖြစ်လာတယ်၊ သို့သော် ပန်းလို့ သိတာကျတော့ ဒိပြင်စိတ်တွေ အများကြီးပါသေးတယ်၊ စက္ခုဝိညာဏ်စိတ်တစ်ခုတည်း မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်က မြင်ပြီး သိပ္ပံပဲသိတာ၊ ပန်းလို့ သိတဲ့အဆင့် မရောက်သေးဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် process နဲ့ သွားတာ၊ တဖြည်းဖြည်းချင်း တိုးတက်ပြီးတော့ အသိက တစ်ခုကနေတစ်ခု ပြောင်းသွားတာ။
ဒါက အဘိဓမ္မာသင်ထားလို့ စိတ္တဝီထိ အကြောင်း နားလည်လို့ရှိရင် သိနိုင်တယ်၊ process ရဲ့သဘောလေးကို နားလည်အောင်ပြောရမယ်ဆိုရင် ဥပမာ- အိမ်ထဲမှာ တံခါးပိတ်ပြီးနေတယ်၊ မိတ်ဆွေတစ်ယောက်က တယ်လီဖုန်း မဆက်ဘဲနဲ့ ရောက်လာတယ်၊ ဘာလုပ်မလဲ၊ တံခါးလာခေါက်တယ်၊ ကိုယ်က အခန်းထဲ မှာနေတယ်၊
တံခါးခေါက်တာက ပထမဆုံးပေါ်လာတဲ့အရာ၊ တံခါးခေါက်တော့ ဘာလုပ်မလဲ၊ တံခါးထဖွင့်တယ်၊ ဖွင့်လိုက်တဲ့အခါ ဘယ်သူ့ မြင်တုန်း၊ လာတဲ့သူကို မြင်တယ်၊ မြင်တဲ့အခါ “လာပါ လာပါ” ဖိတ်ခေါ် တယ်၊ “ဘာကိစ္စနဲ့ လာတာတုန်း” မေးတယ်၊ ဘာကိစ္စနဲ့ လာတယ်ဆိုတာသိတယ်၊ သိပြီးတဲ့အခါ ကော်ဖီတို့ဘာတို့နဲ့ ဧည့်ခံတယ်၊ စကားစမည် ပြောတယ်၊ ပြီးတော့ ပြန်သွားတယ်၊ တံခါးပြန်ပိတ်တယ်၊ ဒါ process ဖြစ်စဉ်လေးတစ်ခုပဲ။
ဒီဖြစ်စဉ်လေးက တစ်ခုနဲ့တစ်ခု တူရဲ့လား၊ တံခါးခေါက်လိုက်တဲ့ အချိန်နဲ့ နောက်ပိုင်း ဖြစ်တာတွေနဲ့ တူရဲ့လား။
တံခါးခေါက်တယ်ဆိုတာက ဘာနဲ့ တူသလဲဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ် တာနဲ့ တူတယ်၊ မျက်စိကို အဆင်းအာရုံက လာတိုက်လိုက်တာ တံခါးခေါက်လိုက် တာပဲ၊ တံခါးခေါက်လိုက်တဲ့အခါ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တံခါးကို ဖွင့်ပေးလိုက်တာ၊ ဒီစိတ်က ဖွင့်ရုံလေးပဲ ဖွင့်ပေးတာ၊ သူ မမြင်ဘူး၊ တကယ်ကျတော့ သူက ဘာမှ မမြင်ဘူး၊ သူက တံခါးဖွင့်ရုံပဲ ဖွင့်ပေးတာ၊ ဒါက ပူးပေါင်းဆောင်ရွက်ပုံပဲ၊
(လူက တစ်ယောက်တည်း လုပ်တာ၊ သဘာဝတရားတွေကျတော့ တစ်ခုတည်းက လုပ်တာ မဟုတ်ဘူး။)
တံခါးခေါက်သံကြားလို့ တံခါးဖွင့်ပေးလိုက်တာနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်တာ တူတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို မြင်သလားလို့ဆိုရင် မမြင်ဘူးတဲ့၊ မြင်တာက စက္ခုဝိညာဏ်စိတ် က မြင်တာ၊ စက္ခုဝိညာဏ်စိတ်က မြင်ရုံ မြင်တာ၊ လက်ခံတာ မရှိဘူး၊ လက်ခံတာက သမ္ပဋိစ္ဆိန်း၊ အာရုံတစ်ခုအသစ်ဝင်လာရင် လက်ခံတယ်၊ အခုခေတ်လိုပြောရရင် reception ပေါ့၊ (hotel တွေ ဘာတွေ သွားရင် reception ရှိရမယ်) အာရုံကို ဒီစိတ်က လက်ခံလိုက်တာ။
လက်ခံပြီးရင် ဘာလုပ်မလဲ၊ စုံစမ်းတယ်၊ သန္တီရဏ၊ investigation လို့ ပြန်တယ်၊ အမှန်ကတော့ checking ပေါ့၊ ပြီးရင် အာရုံကို ဆုံးဖြတ်တဲ့ ဝေါဋ္ဌဗ္ဗန စိတ် ဖြစ်တယ်၊ ဆုံးဖြတ်တယ်။
ဆုံးဖြတ်ပြီးတဲ့အခါ ဇဝန – အာရုံရဲ့အရသာကို တွေ့ကြုံခံစားတဲ့ ဇော ဖြစ်တယ်၊ ဇောဖြစ်ပြီး တစ်ခါ တဒါရုံ၊ နှုတ်ဆက်တဲ့သဘော၊ နှုတ်ဆက်ပြီး ပြန်ထွက်သွားတယ်၊ ဒါ process ပဲ။ အဲဒီထဲမှာ ဇောအဆင့်ကသာလျှင် စွမ်းရည်သတ္တိ အရှိဆုံးပဲ၊ ကျန်တဲ့ဟာတွေက ရှေ့ပိုင်းက လုပ်ဆောင်ချက်တွေပဲ။
ဒီ့ထက် ပိုထင်ရှားတဲ့ဥပမာတစ်ခုပြောမယ်၊ ကားမောင်းပြီဆိုရင် နံပါတ်(၁) starter ဖွင့်လိုက်တာ မဟုတ်လား၊ အဲဒီအချိန်မှာ မောင်းလို့ရပြီလား၊ မရသေးဘူး၊ သူက စတာပဲရှိသေးတယ်၊ အဲဒီအတိုင်းပဲ ခုနက တံခါးဖွင့်တယ်၊ မြင်တယ်၊ ဘာမှ လုပ်လို့ မရသေးဘူး၊ အဲဒီအချိန်မှာ ရှေ့ပိုင်းက ဖြစ်ပျက်နေတဲ့အချိန်ပဲ၊ နောက်ဆုံး ဇောကျမှ၊ ဇောတောင်မှ ဒီဇောမဟုတ်ဘူး၊ ဝီထိစိတ်ဆိုတာ မြင်ပြီးတော့ဖြစ်လာတဲ့ ပဉ္စဒွါရိက ဝီထိစိတ်က ရှေ့ပိုင်းက တစ်ခု၊ အဲဒါကို ပြန်ပြီးတော့ စဉ်းစားတဲ့ မနောဒွါရ mind door လို့ ခေါ်တဲ့ စိတ်ထဲမှာ ပြန်ပြီးတော့ စဉ်းစားရတာ။
ပထမ မြင်သိတဲ့စိတ်အစဉ် ဖြစ်လိုက်တယ်၊ အဲဒါ -
စက္ခုဒွါရဝီထိဆိုတဲ့ eye door မှာဖြစ်တဲ့ ဝီထိစိတ်အစဉ်၊
နောက်တစ်ခု စိတ်အစဉ်က အာရုံကိုမှတ်ပြီး ပြန် စဉ်းစားတာ၊ အဲဒါက ဝီထိစဉ်တစ်ခု၊
နောက် အမည်နာမတပ်လိုက်တာ ဝီထိစဉ် တစ်ခု၊
အဓိပ္ပါယ်သိလိုက်တာ ဝီထိစဉ်တစ်ခု၊
အနည်းဆုံး ၄-ခုလောက် ဖြစ်ရတာ၊ ဒီလို ဖြစ်စဉ် ၄-ခုလောက် ဖြစ်ပြီးတော့မှ ပန်း ဆိုတာသိတာ။ ဒါတောင်မှ အရင်က ပန်းဆိုတာ သိပြီးခဲ့လို့ ဒီအဖြေရတာ၊ ပန်းမှန်း မသိခဲ့ဘူးဆိုလို့ရှိရင် ဒီအဖြေထုတ်လို့ရမှာ မဟုတ်သေးဘူး၊ စဉ်းစားနေဦးမှာ၊ အဖြေမထုတ်နိုင်ဘူး။
အာရမ္မဏပစ္စယော ဆိုတာ ကြည့် - အာရုံက မျက်စိ ဆိုတဲ့တံခါးကို ဖွင့်တယ်၊ နားဆိုတဲ့တံခါးကို လာဖွင့်တယ်၊ နှာခေါင်းဆိုတဲ့တံခါးကို လာဖွင့်တယ်၊ လျှာ ဆိုတဲ့တံခါးကို ဖွင့်တယ်၊ ခန္ဓာကိုယ်ဆိုတဲ့တံခါးကို ဖွင့်တယ်၊ စိတ်ဆိုတဲ့တံခါးကို လာဖွင့်တယ်၊ အဲဒီ လာဖွင့်ပေးတဲ့ တိုက်ခိုက်လိုက်တဲ့အာရုံကို အာရမ္မဏပစ္စယော လို့ ပြောတာပါ၊ အဲဒီလို တိုက်ခိုက်မှုမရှိဘဲ အသိစိတ်ဆိုတာ ပေါ်လာတာ မရှိဘူးတဲ့။
သုတ္တန်ပါဠိတော်တွေထဲမှာလည်း ဒီအတိုင်း ဟောတာပဲလေ၊
စက္ခုပသာဒ မှာ အဆင်းအာရုံက လာထင်တယ်၊ ထင်တဲ့အခါ မြင်သိစိတ်ဖြစ်တယ်၊
သောတပသာဒမှာ အသံလာထိခိုက်တယ်၊ ကြားသိစိတ်ဖြစ်တယ်၊
နှာခေါင်းမှာ အနံ့က လာထိတယ်၊ နံသိစိတ်ဖြစ်တယ်၊
လျှာနဲ့ အရသာတွေ့တယ်၊ လျက်သိစိတ် ဖြစ်တယ်၊
ခန္ဓာကိုယ်ကို ဖောဋ္ဌဗ္ဗအာရုံတစ်ခုခုက လာပြီးတော့ထိတယ်၊ ထိသိစိတ် ဖြစ်တယ်။
ကျန်တာတွေကျတော့ အဲဒီလို စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ ဆိုတဲ့ ဒီ organ တွေ မပါဘဲနဲ့ စိတ်ကူးသက်သက်နဲ့ သိတာကျတော့ ကြံသိစိတ်၊ ဓမ္မာရုံလို့ပြောတာ၊
အဲဒီလို သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်သွယ် နေသည့် အတွက်ကြောင့် အဲဒါကို အာရမ္မဏပစ္စယော လို့ ဟောတာပါ။
လောဘနဲ့ လိုချင်တဲ့စိတ်ဖြစ်ဖို့ဆိုတာလည်း ဒီအာရုံတစ်ခုခု လာရမယ်၊ လောဘကို ဖယ်ရှားပြီး အလောဘဆိုတဲ့စိတ် ဖြစ်ပေါ်ဖို့ရာလည်းပဲ ဒီအတိုင်းပဲ၊ စိတ်ဖြစ်ဖို့ အတွက် ဒီအာရုံတစ်ခုခု ရှိတယ်၊ အဒေါသဆိုတဲ့ မေတ္တာဖြစ်ဖို့ရာလည်း အာရုံတစ်ခုခု ရှိတယ်၊ အမောဟ အသိဉာဏ်ဖြစ်ဖို့ရာလည်း အာရုံတစ်ခုခု ရှိတယ်၊ ဒီအာရုံ ၆-ပါး သဘာဝတရားတွေဟာ စိတ်တွေကို ဖြစ်ပေါ်စေတတ်လို့ အဲဒါကို အာရမ္မဏပစ္စယော ပြောတာ။
ဒါကို ပဋ္ဌာန်းပါဠိတော်မှာ -
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဒီလို လာတာ။
ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိဂ္ဂိုန်းကို ရည်ရွယ်ပြီးတော့ မနောဓာတ်လို့ ပြောတာ၊ အဲဒီမနောဓာတ်က ရူပါရုံကိုလည်း ယူတယ်၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဒါတွေကိုလည်း ယူနိုင်တယ်။
နောက်ကျန်တာတွေကျတော့ -
ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ယံ ယံ ဓမ္မံ အာရဗ္ဘ ဆိုတာ အာရုံ ၆-ပါး ဘယ်ဟာကိုပဲဖြစ်ဖြစ် အမှီပြုတယ်၊ ဖြစ်လာတာကတော့ စိတ်နဲ့ စေတသိက် ၂-ခုပဲ၊ အာရမ္မဏပစ္စည်းရဲ့ ကျေးဇူး ပြုခံရတာက စိတ်နဲ့ စေတသိက် ၂-ခုတည်းပဲ၊ ရုပ်မပါဘူး၊ အာရုံကိုသိတာ စိတ် စေတသိက် ၂-မျိုးပဲ ရှိတယ်။
ဒါကြောင့် ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော လို့ မြတ်စွာဘုရားက ပဋ္ဌာန်းပါဠိတော်မှာ ဟောတယ်။
ဒါကြောင့် တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ အာရမ္မဏဆိုတာ သူနဲ့ဆိုင်ရာ မျိုးတစ်မျိုးပဲ၊ မတူဘူး၊ သူက စိတ်ကို ဖြစ်ပေါ်စေဖို့အတွက် အထောက် အကူပြုတဲ့ အကြောင်းတရားအနေနဲ့ အာရမ္မဏပစ္စည်းက စွမ်းရည်သတ္တိပေးတယ်၊ အဲဒီ အာရမ္မဏပစ္စည်းနဲ့ ကင်းပြီးတော့ စိတ်စေတသိက်ဆိုတာ မဖြစ်နိုင်ဘူး၊ အာရုံနဲ့ ကင်းပြီးတော့ ဖြစ်တဲ့စိတ် လောကမှာ မရှိဘူး။
အာရမ္မဏပစ္စည်း မပါဘဲနဲ့တော့ လူတွေရဲ့အသိစိတ်တွေ စေတသိက်တွေက မဖြစ်ဘူး၊ အဲဒါကြောင့်မို့ ၂၄-ပစ္စည်းမှာ ဒီကနေ့ ဟေတုပစ္စယောရယ်၊ ဟေတု- ပစ္စယောနဲ့ ဆက်သွယ်လာတဲ့ အခြားပစ္စည်းတွေရယ်၊ အာရမ္မဏပစ္စယောရယ် ဒါကို ရှင်းလင်း ဟောကြားတာ ဖြစ်ပါတယ်၊ နောက်ရက် အပိုင်း-၃ ကျရင် ရှေ့ဆက် ပြီးတော့ ပဋ္ဌာန်းပစ္စည်းများအကြောင်းကို ရှင်းလင်းဟောကြားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာဟောကြား တဲ့ပဋ္ဌာန်းကျမ်းကြီးကို ပင်လယ်ကမ်းစပ်က ပင်လယ်ကြီးကို ကြည့်ရသကဲ့သို့ ပဋ္ဌာန်း ကျမ်းကြီးရဲ့အတိမ်အနက်ကို လှမ်းပြီးတော့ ကြည့်လိုက်ရတယ်ဆိုရင်ပဲ ကျေနပ် စရာကောင်းတဲ့ ပီတိတွေ ဖြစ်နိုင်ပါတယ်၊
ပင်လယ်မမြင်ဖူးတဲ့ပုဂ္ဂိုလ်နဲ့စာလို့ရှိရင် ပင်လယ်မြင်ဖူးတယ်လို့ ပြောရသလိုပဲ ပဋ္ဌာန်း ကျမ်းကြီးအကြောင်း လုံးဝမသိဘူးတဲ့ ပုဂ္ဂိုလ်နဲ့ စာလို့ရှိရင် သိရတယ်လို့ ပြောရမယ့် အနေအထားမျိုးလေးကို ကိုယ်စီ ကိုယ်ငှ ရရှိကြပြီးတဲ့အခါ မိမိတို့ရဲ့ ရင်ထဲ နှလုံးထဲမှာ ဖြစ်တဲ့ ပီတိတရားနဲ့ ကုသိုလ် ကောင်းမှုတွေ ဆတက်ထမ်းပိုး တိုးတက် ပွားများနိုင်ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၃)
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲ လပြည့်ကျော် ၁၃-ရက်၊ (၂၂-၂-၂၀ဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီး အတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
▬▬▬▬▬▬
အာရမ္မဏပစ္စယော
▬▬▬▬▬▬
အာရမ္မဏပစ္စယောကို ပစ္စယနိဒ္ဒေသပါဠိတော်မှာ အပြည့်အစုံ ဟောထားတယ်၊ အာရမ္မဏပစ္စယောဆိုတဲ့နေရာမှာ အာရမ္မဏဆိုတာ အာ- လာရောက်ပြီး၊ ရမ္မဏ - မွေ့လျော်တယ်၊ လူတွေရဲ့စိတ်ဟာ (စိတ်လို့ပြောလိုက်ရင် စေတသိက်လည်း ပါတယ်လို့ မှတ်ထားပေါ့) ဆိုင်ရာအာရုံဆီ သွားရောက်ပြီး ပျော်မွေ့ကြတယ်၊ အာရုံမရှိဘဲ လူ့ရဲ့စိတ်ဟာ ဘယ်တော့မှ မဖြစ်ဘူး၊ နေ့စဉ်နဲ့အမျှ လူတွေရဲ့စိတ်ဟာ အာရုံပေါ်မှီပြီးဖြစ်တယ်၊ လူ့စိတ်ရဲ့အဓိကအကြောင်းတရားတစ်ခုက ဘာတုန်း ဆိုရင် ဒီ အာရမ္မဏပစ္စည်းပဲ။
အဲဒီအာရမ္မဏကိုပဲ အဓိပ္ပါယ်တစ်မျိုးနဲ့ ပြောလို့ရှိရင် “အာလမ္ဗဏ” ဆွဲကိုင်ရာလို့ ပြောနိုင်တယ်၊ စိတ်ဟာ ဘာနဲ့ တူတုန်းဆိုရင် မသန်စွမ်းတဲ့လူနဲ့ တူတယ်၊ မသန်စွမ်းတဲ့လူတစ်ယောက်ဟာ ကြိုးတန်းတို့ တုတ်တို့ အမှီပြုပြီးမှ ထလို့ ရပ်လို့ ရတယ်၊ နို့မို့ဆိုရင် သူမထနိုင်ဘူး၊ စိတ်ဟာလည်း အာရုံကို မှီတွယ်ပြီးမှသာ ထနိုင် တယ်၊ အာရုံမရှိဘဲ စိတ်မဖြစ်ဘူး။
အဋ္ဌကထာဆရာ ဥပမာပေးထားတဲ့အတိုင်း “တောင်ဝှေးကြိုးတန်း ဆွဲကိုင် လှမ်းလျက် မစွမ်းလူမှာ ထရရှာသို့” တဲ့၊ မသန်စွမ်းတဲ့လူသည် ကြိုးတန်း ကိုဆွဲပြီး ထ,ရသလို “ခုနစ်ဖြာမှတ် ဝိညာဏ်ဓာတ်တို့”.. ဆိုတော့ မြင်သိစိတ် စက္ခုဝိညာဏဓာတ်၊ ကြားသိစိတ် သောတဝိညာဏဓာတ်၊ နံသိစိတ် ဃာနဝိညာဏဓာတ်၊ လျက်သိစိတ် ဇိဝှာဝိညာဏဓာတ်၊ ထိသိစိတ် ကာယဝိညာဏဓာတ်၊ မြင်သိစိတ် ကြားသိစိတ် စသည်တို့ရဲ့ ရှေ့နောက်မှာဖြစ်တဲ့ မနောဓာတ်၊ နောက်ပြီးတော့ တွေးသိပြီးသိတဲ့ မနောဝိညာဏဓာတ်ဆိုပြီး ဝိညာဏဓာတ် ၇-ပါး ဖြစ်ကြရတယ်။
ဝိညာဏဓာတ်ဆိုပြီး ဘာဖြစ်လို့ “ဓာတု” ဆိုတဲ့ စကားလုံး သုံးသလဲဆိုရင် ဓာတုဆိုတာ ဇီဝ မဟုတ်ဘူး၊ သတ္တဝါ မဟုတ်ဘူး၊ အတ္တ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ ဓာတုရဲ့ အဓိပ္ပါယ်က ကိုယ့်သဘောကိုယ်ဆောင်တယ်၊ သူ့ရဲ့သဘာဝ သက်သက်၊ phenomenon သက်သက်ပဲလို့ပြောတာ၊ ဒါ့ကြောင့်မို့ စက္ခုဝိညာဏဓာတ် သောတဝိညာဏဓာတ် စသည်ဖြင့် စိတ်တွေကိုခေါ်တာ၊
ဓာတ်နဲ့ ခွဲလိုက်တဲ့ အခါ ၇-ခု ရတယ်၊ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှာဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်၊ အဲဒီလို ဝိညာဏဓာတ် ၇-ပါး၊ “ဝိညာဏ်ဓာတ်တို့၊ စွဲမှတ်မျှော်ရှု၊ မှီရာမှုဖြင့်၊ ကျေးဇူးပြုငြား၊ အာရုံ ၆-ပါး ပစ္စည်းတရားလည်းကောင်း” လို့ အာရုံ ၆-မျိုးကို အာရမ္မဏပစ္စယောလို့ ဆိုတယ်။
လူတွေရဲ့သန္တာန်မှာ နေ့စဉ်နဲ့ အမျှ ဘယ်အချိန်ဖြစ်ဖြစ် သန္ဓေတည်လာတဲ့ အချိန်က စပြီး နောက်ဆုံးစိတ် ဖြစ်သည်ထိအောင် အာရုံနဲ့ ကင်းတယ်လို့မရှိပါဘူး၊ အိပ်နေတဲ့ အချိန် ဘဝင်စိတ်ဖြစ်နေချိန်မှာလည်း အာရုံရှိတယ်၊ သို့သော် ထို အာရုံသည် ပစ္စုပ္ပန် အာရုံမျိုး မဟုတ်ဘူးနော်၊ ဘဝင်စိတ်လည်း အာရုံနဲ့ဖြစ်တယ်။
ဗုဒ္ဓတရားတော်အရ လူမှာ အသိစိတ်ရှိနေရင် အာရုံမဲ့စိတ်ဆိုတာ မရှိနိုင်ပါဘူး၊ တချို့က unconscious စိတ် ဆိုတာ အာရုံမဲ့နေတဲ့စိတ်လို့ ဒီလို ထင်ကောင်း ထင်လိမ့်မယ်၊ မရှိနိုင်ဘူး၊ ဆိုင်ရာဆိုင်ရာအာရုံလေးတွေတော့ စိတ်ထဲမှာ ရှိနေတာပဲ၊ အာရမ္မဏသတ္တိက ကျေးဇူးပြုတယ်၊ သို့သော် စိတ်ကလေးရဲ့ သိမ်မွေ့မှုနဲ့ ပြင်းထန်မှု ဒီလိုတော့ရှိတယ်၊ level တို့ degree တို့တော့ ကွာတာပေါ့ ထိုစိတ်ရဲ့ လှုပ်ရှားမှုဟာ အရှိန်အဟုန်ချင်းတော့ ကွာတာပေါ့။
ဘဝင်စိတ်ဆိုရင် သိပ်ပြီး သိမ်မွေ့တယ်၊ လူတွေဟာ အသက်ရှူနေတာ ဘဝင်စိတ်ကြောင့် ရှူတာ၊ ဘဝင်စိတ်ဖြစ်နေလို့ အသက်ရှူမှု ဖြစ်နေတယ်လို့ ဒီလို ပြောတာနော်၊ ဒါကြောင့်မို့ အာနာပါနဟာ စိတ္တဇဝါယောဓာတ် စိတ်ကြောင့်ဖြစ်တဲ့ ဝါယောဓာတ်လို့ ဒီလိုပြောတာ၊ အေး အသက်မရှူတောင်မှပဲ စိတ်ဆိုတာ လုံးဝ ချုပ်သွားတယ်လို့ ပြောလို့မရဘူး၊ သိပ်သိမ်မွေ့သွားတဲ့စိတ်မျိုး ဖြစ်လာတဲ့အခါ အသက်ရှူရပ်သွားတာမျိုးလည်း ရှိသေးတယ်။
အသက်ရှူရပ်သွားသော်လည်း ကမ္မဇရုပ်တွေ ရှိနေသေးသမျှ လူဟာ မသေ ဘူးလို့ ဒီလိုပြောရမယ်၊ ကမ္မဇရုပ်နဲ့ ကံကြောင့်ဖြစ်တဲ့စိတ်က ဆက်လက် ရှင်သန်နေသေး သမျှ လူ့ရဲ့ ဘဝဟာ အဆုံးမသတ်သေးဘူး။ ကမ္မဇရုပ်တွေ အဆုံးသတ် သွားပြီဆိုရင် ကံကြောင့်ဖြစ်တဲ့ ဒီပဋိသန္ဓေစိတ် ဘဝင်စိတ်ဆိုတာတွေလည်း အဆုံးသတ်သွားပြီ၊ နောက်ဆုံး စုတိစိတ်ချုပ်ပြီး ဘဝတစ်ခု အဆုံးသတ်တယ်။
လူ့တစ်ဘဝ စ,လာတဲ့အချိန်တုန်းက ပထမဆုံးစိတ်ကလေးကို ပဋိသန္ဓေ စိတ်လို့ ခေါ်တယ်၊ အဲဒီပဋိသန္ဓေစိတ်ဟာ ဘယ်သူနဲ့ယှဉ်တွဲလာတုန်းဆိုရင် ကမ္မဇရုပ်နဲ့ ယှဉ်တွဲလာတယ်၊ ကမ္မဇရုပ်နဲ့ ပဋိသန္ဓေစိတ်တို့သည် ပြိုင်တူဖြစ်လာကြတယ်၊ အဲဒီအချိန်မှာ အချင်းချင်း အပြန်အလှန် မှီခိုပြီး ပြိုင်တူဖြစ်လာကြတယ်၊ ဒါ ရုပ်နဲ့ နာမ်ရှိတဲ့ဘုံတွေမှာ ဖြစ်တာ။
လူ့ဘုံကို ဦးတည်ပြီး ပြောမယ်ဆိုရင် မိခင်ရဲ့ဝမ်းထဲမှာ ကလလရေကြည် စဖြစ်တဲ့အချိန်မှာ ပဋိသန္ဓေစိတ်ရယ် ထိုသန္ဓေစိတ်မှာယှဉ်တဲ့ စေတသိက်ရယ်၊ ဒါက တစ်ပိုင်း၊ ယှဉ်တွဲလာတဲ့ ကမ္မဇရုပ်က ရုပ်-၃၀၊ ရုပ်-၃၀ ဆိုတာ -
ကာယဒသက ကလာပ်က ရုပ်-၁ဝ ခု၊
ဘာဝဒသကကလာပ်က ရုပ်-၁ဝ ခု၊
ဝတ္ထုဒသက ကလာပ် က ရုပ်-၁၀ ခု
ဆိုပြီး ရုပ်ပေါင်း-၃၀၊ အဲဒီ ရုပ်ပေါင်း-၃၀နဲ့ ယှဉ်တွဲပြီးတော့ ပဋိသန္ဓေစိတ်က ပေါ်လာတာ။
ဒီကမ္မဇရုပ်က ပဋိသန္ဓေစိတ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံရဲ့စွမ်းအားကြောင့် ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏမှာလည်း ဖြစ်တယ်၊ နောက် ပဋိသန္ဓေစိတ်ရဲ့ ဒီ ဌီ အခိုက် မှာလည်း အသစ်ဖြစ်တယ်၊ ဘင် အခိုက်မှာလည်းအသစ်ဖြစ်တယ်၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း (စိတ်ကြောင့် ဖြစ်တာ မဟုတ်ဘူး၊) သူက ကံစွမ်းအားနဲ့ သွားနေတာ၊ စိတ်တစ်ခုမှာ သူက ၃-ခါ ၃-ခါ ထပ်ဖြစ်တယ်၊ ကမ္မဇရုပ်ကနော်။
စိတ်တစ်ခုမှာ ခဏငယ် ၃-ခုရှိတယ်၊ moment လို့ ခေါ်တယ်၊ moment ၃-မျိုး ရှိတယ်၊ ဥပါဒ်ရယ် ဌီရယ် ဘင်ရယ်၊ ဒါ စာစကားပြောတာ၊ အရပ်လို ပြော မယ်ဆိုရင် ဖြစ် တည် ပျက် နော်၊ ဖြစ်တာရယ်၊ ခဏလေးရပ်တန့်တဲ့သဘောရယ် ပျက်သွား တာရယ်၊ ရပ်တန့်တဲ့သဘောဆိုတာ အကြာကြီး မဟုတ်ဘူး၊ ဒီခဏ ၃-ခုဟာ တစ်ညီတည်းပဲ၊ ပိုပြီးတော့ မှတ်လို့ လွယ်အောင် ပြောရရင်တော့ စက္ကန့် ဆိုတာနဲ့ ပြောမယ်၊ (စက္ကန့်ဆိုတာထက် ပိုပြီးတော့ တိုတယ်လို့တော့ မှတ်ထားပေါ့၊) ၁-စက္ကန့် အတွင်းမှာဆိုရင် စိတ်ဟာ ကုဋေတစ်သိန်းလောက် ဖြစ်ပျက်နိုင်လောက် အောင် လျင်မြန်တယ်။
သို့သော် နားလည်လွယ်အောင်လို့ စက္ကန့်နဲ့ပဲ ပြောရအောင်၊ ၃-စက္ကန့် ဆိုပါစို့၊ စိတ်ကလေးတစ်ခုဟာ ၃-စက္ကန့် အသက်ရှည်တယ်ဆိုလို့ရှိရင် ဖြစ်တာက ၁-စက္ကန့်၊ တည်နေတာက ၁-စက္ကန့်၊ ပျက်သွားတာက ၁-စက္ကန့်၊ ဟော ၃-စက္ကန့်၊ အဲဒီလို စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ကမ္မဇရုပ်တွေက အသစ်အသစ်ဖြစ်လာတယ်။
ပဋိသန္ဓေစိတ်ကလည်း သူ့အာရုံနဲ့သူ လာတာပဲ၊ ဒီအာရုံက အတိတ်ဘဝက လာတဲ့ အာရုံ၊ သေခါနီး အတိတ်ဘဝမှာမြင်ခဲ့တဲ့အာရုံကို အကြောင်းပြုပြီး ကိလေသာ ရဲ့အစွမ်းနဲ့ ကံက တွန်းလွှတ်လိုက်လို့ ဘဝအသစ်တစ်ခု ရလာတာ၊ ကံက ဖန်တီး ပေးလိုက်တယ်၊ အဲဒီကံအရှိန် မကုန်မချင်း ဒီ ကမ္မဇရုပ်တွေက ဆက်လက်ပြီးတော့ ဖြစ်နေတယ်လို့ ဒီလိုပြောတာနော်၊ အဲဒီလို သူက စိတ်နဲ့ ယှဉ်တွဲပြီးတော့ လာတယ်။
နောက်ပိုင်းကျတော့ ပဋိသန္ဓေစိတ်တင် မကဘူး, တခြားစိတ်တွေပါ ပေါ်လာတယ်၊ အဲဒီစိတ်တွေဟာ ဘဝရဲ့နောက်ဆုံးအချိန် ရောက်သည်ထိအောင် သွားနေမှာပဲ၊ ဒါ ဘယ်သူ့ အရှိန်နဲ့ သွားတာတုန်းဆိုတော့ ကံအရှိန်နဲ့ သွားနေတာ၊ ကံက ရှိသေး လားဆို မရှိတော့ဘူး၊ ဒီဘဝ အသစ်လုပ်တာက အသစ်ကံ၊ ပဋိသန္ဓေကိုဖြစ်စေတဲ့ ကံက ချုပ်သွားပြီ၊ မရှိတော့ဘူး။
ဘာဥပမာနဲ့ နားလည်ရတုန်းလို့ဆိုရင် ကြည့်၊ မျိုးစေ့လေးတစ်စေ့၊ မြေကြီး ထဲ ချပြီးတော့ စိုက်လိုက်တယ်၊ စိုက်လိုက်လို့ အဲဒီမျိုးစေ့လေးက အမြစ်ကလေး ဆင်းလာပြီး အညှောက်ကလေး ထွက်လာတယ်၊ အဲဒီအစေ့လေးက ဘာဖြစ်သွားလဲ၊ ပုပ်သွားတယ်၊ ဘာကျန်ရစ်တုန်းဆို အမြစ်နဲ့အညှောက် ကျန်ရစ်တယ်၊ အဲဒီအမြစ်နဲ့ အညှောက်ကနေပြီးတော့ ပင်စည်ကြီးဖြစ်လာတာ၊ ဘယ်သူက ထိန်းနေတုန်းဆို မြေနဲ့ရေနဲ့က ထိန်းသွားတာ၊ ပင်ကိုယ်ပေါက်ဖွားစေတတ်တဲ့မျိုးစေ့က ရှိသေးလား၊ မရှိတော့ဘူး။
အဲဒါလိုပဲ လူတွေရဲ့ကံက ဒီသန္ဓေစိတ်ကို ချပေးတယ်၊ ချပေးလိုက်တဲ့ကံ သည် မရှိတော့ဘူး၊ သို့သော် ဘယ်သူတွေကနေ ဆက်ထိန်းသွားတုန်းဆိုရင် ဒီ ပစ္စုပ္ပန် အာရုံတွေတို့၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်တို့၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်တို့၊ အာဟာရတို့၊ ဒါတွေက ဆက်ပြီး ထိန်းသွားတာ၊ ကမ္မဇရုပ်ဟာ အရှိန်မကုန်မချင်း ဒီရုပ်တွေနဲ့ ဆက်သွယ်ပြီး နောက်ဆုံးစုတိစိတ် ဖြစ်သည်ထိအောင် သွားနေတယ်။
စိတ်ဆိုရင် ဘယ်စိတ်ပဲဖြစ်ဖြစ် အာရုံနဲ့ကင်းပြီးဖြစ်တဲ့စိတ်ရယ်လို့ မရှိဘူး၊ ဒါက ကျမ်းဂန်အရ ဒီလိုပဲ မှတ်ရမယ်၊ စိတ်ရှိရင် အာရုံရှိတယ်ဆိုတာ သေချာ မှတ်ရမယ့်ဟာ တစ်ခုပဲနော်၊ အင်မတန်သိမ်မွေ့တဲ့အာရုံကိုလည်း စိတ်ကယူတယ်၊ စိတ်ကသိမ်မွေ့ရင် အာရုံကလည်း သိမ်မွေ့တယ်လို့ပဲမှတ်၊ တစ်ခါတလေ စိတ် မရှိတော့ဘူးလို့ ထင်ရလောက်အောင် သိမ်မွေ့တာမျိုးရှိတယ်လေ၊ သို့သော်လည်း ရှိနေတယ်။
ဥပမာ - အိပ်ပျော်နေတဲ့အချိန် ဘဝင်စိတ်ဖြစ်နေတယ်၊ အာရုံမရှိဘူးလို့ လူက ထင်ချင်ထင်နေလိမ့်မယ်၊ သို့သော် လူက မသိဘူး၊ မသိသည့်အတွက်ကြောင့် unconscious တို့ ဘာတို့ ပြောတာ၊ ဒီဘဝင်စိတ်ဆိုတာ ယခုပစ္စုပ္ပန်အာရုံနဲ့ ဘာမျှ မဆိုင်ဘူး၊ သူက ကံရဲ့စွမ်းအားကြောင့် အတိတ်အာရုံနဲ့ သွားနေတာ၊ အဲဒီတော့ အာရုံကင်းတဲ့ စိတ်စေတသိက်ဆိုတာ မရှိဘူးလို့မှတ်ပါ။
အဘိဓမ္မာမှာ အာရုံ ၆-မျိုး ရှိတယ်၊ အာရမ္မဏပစ္စယောမှာ နားလည်ဖို့ အာရုံ ၆-မျိုးဆိုတာ ပြတာ၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ၊
ရူပါရုံဆိုတာက မျက်စိကမြင်ရတဲ့ အဆင်းအာရုံကို ခေါ်တာ၊
နားက ကြားရတဲ့ အသံကို သဒ္ဒါရုံ၊
နှာခေါင်းက အနံ့ရတဲ့အာရုံကို ဂန္ဓာရုံ၊
လျှာနဲ့ ထိတွေ့ရတဲ့အရသာကို ရသာရုံ၊
ခန္ဓာကိုယ်နဲ့ ထိတွေ့ပြီးတော့ သိတာ ဘာတုန်းဆိုရင် ပျော့သဘော မာသဘော ပထဝီရဲ့သဘော၊ အေးတယ် ပူတယ် တေဇောရဲ့သဘော၊ လှုပ်ရှားတယ် တွန်းကန် တယ် ဝါယောရဲ့သဘော၊ အဲဒါကို ဖောဋ္ဌဗ္ဗာရုံ ထိတွေ့ စရာအာရုံ၊
ကျန်တဲ့အာရုံတွေမှန်သမျှ စိတ်ဆိုတဲ့အာရုံရော နိဗ္ဗာန်အာရုံရော ကျန်တဲ့ရုပ်တရား တွေအာရုံရော အဲဒါတွေအားလုံးပေါင်းပြီးတော့ ဓမ္မာရုံလို့ ဒီလိုခေါ်လိုက်တာနော်။
ဓမ္မာရုံ ဟူရာ၌ မျက်စိ နား နှာခေါင်း လျှာ ကာယအကြည်ရုပ်များ၊ ထို အကြည်ရုပ် များတွင် ထင်လာခြင်းမရှိသောရုပ်များ၊ စိတ်အားလုံး၊ စေတသိက် အားလုံး၊ နိဗ္ဗာန်၊ ပညတ်များ ပါဝင်သည်လို့ ဓမ္မာရုံဆိုတဲ့အထဲမှာ အဲဒါတွေပါတယ်။
ပသာဒရုပ်တွေမှာ ထင်လာတဲ့အာရုံက တစ်မျိုး၊ ဆိုပါစို့ -
ရူပါရုံဆိုတာ စက္ခုပသာဒရုပ်မှာ ထင်ဟပ်လာတဲ့အာရုံကို ခေါ်တာနော်၊
သဒ္ဒါရုံဆိုတာ သောတ ပသာဒမှာ ထင်ဟပ်လာတဲ့အာရုံကို ခေါ်တာ၊
ဂန္ဓာရုံဆိုတာ ဃာနပသာဒရုပ်မှာ ထင်ဟပ်လာတဲ့အာရုံကို ခေါ်တာ၊
ရသာရုံဆိုတာ ဇိဝှာပသာဒမှာ ထင်ဟပ်လာတဲ့ အာရုံကို ခေါ်တာ၊
ဖောဋ္ဌဗ္ဗာရုံဆိုတာ ကာယပသာဒမှာ ထင်ဟပ်လာတာကို ခေါ်တာ၊
အဲဒါတွေမှာ မထင်ဟပ်ဘဲနဲ့ စိတ်နဲ့တွေ့တဲ့အာရုံတွေအားလုံးကို ဓမ္မာရုံလို့ ဒီလို ပြောတာနော်။
အာရမ္မဏပစ္စည်းကို မြတ်စွာဘုရားက ဟောတဲ့အခါမှာ “ရူပါယတနံ စက္ခုဝိညာဏ-ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” ဆိုပြီးတော့ စက္ခုပသာဒကို မှီ၍ ရူပါရုံကို အာရုံပြုပြီး ဖြစ်တဲ့စိတ်ကလေးကို အဓိက ထားပြီးတော့ မြတ်စွာဘုရားက ဟောတယ်။
ရူပါယတနံ - အဆင်းအာရုံလို့ဆိုတဲ့ ရူပါယတနသည်၊
စက္ခုဝိညာဏဓာတုယာ - စက္ခုဝိညာဏဓာတ်အားလည်းကောင်း၊
တံ သမ္ပယုတ္တကာနံ - ထို စက္ခုဝိညာဏဓာတ်နဲ့ယှဉ်တဲ့၊
ဓမ္မာနံ – စေတသိက်တရားတို့အားလည်းကောင်း၊
အာရမ္မဏပစ္စယေန− အာရမ္မဏပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော-ကျေးဇူး ပြုတတ်သည်၊
ဟောတိ - ဖြစ်၏။
ဆိုလိုတာက မြင်သိဆိုတဲ့စိတ် ပေါ်လာတာဟာ ရူပါရုံ မရှိဘဲ ပေါ်လို့ မရဘူးလို့ ပြောတာနော်၊ ဆိုပါစို့ Gas မီးခြစ်ထဲက မီးတောက်ကလေး ပေါ်လာတာဟာ ဖိခြစ်မှုဆိုတာလေး မရှိဘဲနဲ့ ပေါ်ပါ့မလား၊ သူ့ဘာသူ Gas မီးခြစ်လေး ဒီအတိုင်း ထားရင် မီးမတောက်ဘူး၊ အကြောင်းတစ်ခု ထပ်ပြီး ထည့်ရတယ်၊ လူ တစ်ယောက်ယောက်က ဖိပြီး ခြစ်လိုက်မယ်၊ အထဲထဲမှာလည်း gasကလည်း ရှိနေ မယ်၊ Condition တွေ စုံသွားပြီဆိုလို့ရှိရင် မီးတောက်ကလေးပေါ်လာတယ်။
ဒီမှာလည်းပဲ စက္ခုပသာဒဆိုတဲ့ ပသာဒရုပ်မှာ ရူပါရုံဆိုတဲ့ အာရုံနိမိတ် လာ ထင်လိုက်တာ၊ ထင်လိုက်တာနဲ့ တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်၊ ဒီ စိတ်ကို ဒဿနစိတ် မြင်စိတ်လို့ ပြောတာ၊ မြင်တယ်လို့ ဆိုပေမယ့်လို့ သူ ဘာမြင် တယ်ဆိုတာ မသိနိုင်သေးဘူး။
ဥပမာ - ပန်းပွင့်ကလေးတစ်ပွင့်ကိုကြည့်လိုက်လို့ ပန်းပွင့်ကလေးနဲ့ မျက်စိ တိုက်ဆိုင်သွားမှုလေး၊ ဒီပန်းပွင့်ဆိုတဲ့ အာရုံကို ရယူမှုကို မြင်တယ်လို့ ပြောတာ၊ တကယ်မြင်တယ်လို့ ပြောနိုင်တဲ့အဆင့်ကတော့ စိတ်ပေါင်းများစွာ ဖြစ်ပြီးမှ ပြောလို့ ရတာ၊ ဒါကြောင့် ဒီမြင်သိစိတ်လေးက ဘာမှ မသိသေးဘူး၊ ဆိုလိုတာက အမြင် တံခါးကို စ,ဖွင့်လိုက်တဲ့သဘောလောက်ပဲ ရှိသေးတယ်နော်၊ သူ ဘာမှ သိသေးတာ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆို အင်မတန်အားနည်းတယ်၊ ဒါ စိတ်ဖြစ်စဉ်လေးကို ကြည့်ရမယ်၊ စက္ခုဝိညာဏ်စိတ်က ရူပါရုံကိုမြင်တယ်လို့ဆိုတာ ပစ္စုပ္ပန် ရူပါရုံကိုသာ မြင်လို့ရတယ်။
ပစ္စုပ္ပန်ဆိုတာ ယခုလောလောဆယ်ဖြစ်တဲ့ အကြောင်းကို စွဲပြီးတော့ ဖြစ် လာတာ၊ ကြည့် - ပန်းပွင့်လေးတစ်ပွင့်ကို မြင်တယ်ဆိုပါစို့၊ ပန်းပွင့်လေးတစ်ပွင့် သည် ပထမ ဘယ်မှာလာပြီးတော့ reflect ဖြစ်သလဲ၊ မျက်လုံးထဲမှာ reflect လာ ဖြစ်တယ်၊ အဲဒီ reflect လာဖြစ်တာဟာ တိုက်ခိုက်မှုတစ်ခုနော်၊ ဥပမာ - စည်ကို တုတ်ကလေးနဲ့ ရိုက်လိုက်တဲ့အခါ အသံထွက်လာသလိုပဲ၊ ဒီအဆင်းအာရုံလေးက မျက်လုံးကိုလာပြီး reflect ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက အသိစိတ်လေး ဘွားကနဲပေါ်လာတယ်။
သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ရူပါရုံက မျက်စိကို လာတိုက်တာ ဘာမျှ မဖြစ်လောက်ဘူးလို့ ဒီလိုထင်ကောင်းထင်မယ်၊ အဲဒါက ထိခိုက်မှုလေးပဲ၊ အာရုံက ဒီမှာ လာထင်ဟပ်တာသည် ထိခိုက်မှု၊ အင်မတန်သိမ်မွေ့တဲ့ ထိခိုက်မှုပင် ဖြစ်စေကာမူ မြင်သိစိတ်ကို ပေါက်ဖွားစေနိုင်တယ်၊ ဒါဖြင့် ဒီမြင်သိစိတ် (စက္ခု ဝိညာဏ်စိတ်) က ဘယ်မှာရှိနေတာတုန်း၊ စက္ခုပသာဒရုပ်ထဲ မျက်လုံးထဲမှာ ရှိနေတာလား၊ လာပြီးတော့ တိုက်တဲ့ ရူပါရုံထဲမှာ ရှိနေတာလားဆိုတော့ ဘယ်မှာမှ မရှိဘူး။
ဘယ်လိုဥပမာနဲ့ နားလည်ရတုန်းဆိုရင် စည်ကို တုတ်ကလေးနဲ့ ရိုက်နှက် တဲ့အခါ မြည်တဲ့အသံသည် စည်ထဲမှာ ရှိတာလား (သို့မဟုတ်) တုတ်ထဲမှာ ရှိတာ လားလို့ မေးမယ်ဆိုရင် စည်ထဲမှာလည်း မရှိဘူး၊ တုတ်ထဲမှာလည်း မရှိဘူး၊ ဒါဖြင့် ဘယ်ကနေ ရောက်လာတာတုန်းဆို စည်နဲ့တုတ် ပေါင်းစပ်မိသွားလို့ ထိခိုက်မှု စွမ်းအားကြောင့် ပေါ်လာတဲ့အသံမျှသာဖြစ်တယ်၊ အဲဒီတော့ ဒီစက္ခုဝိညာဏ်စိတ်ဟာ ဘယ်မှာမှ ရှိနေတာ မဟုတ်ဘူး၊ အဆင်းအာရုံနဲ့မျက်စိ ထိခိုက်မှုကြောင့် ပေါ်လာတယ်ဆိုတာ ဘယ်လောက် ထင်ရှားသလဲနော်။
ပန်းကလေးတစ်ပွင့်ကို ကြည့်လိုက်တယ်၊ အဲဒီပန်းကလေးက မျက်လုံးကို လာပြီး တော့ ထင်ဟပ်လိုက်တာဟာ ထိခိုက်လိုက်တာပဲ၊ အဲဒီထိခိုက်မှုစွမ်းအားကြောင့် မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဏ်လေး ပေါ်လာတယ်၊ တစ်ခါထိ တစ်ခါပေါ်မယ်၊ နှစ်ခါထိ နှစ်ခါပေါ်မယ်၊ ပေါ်ပြီးရင် ပျောက်သွားပြီ၊ ပန်းလို့ သူမသိဘူး၊
သို့သော် မျက်စိထဲမှာ လာပြီးတော့ ထင်လိုက်တာလေးကို ဒီစက္ခုဝိညာဏ်စိတ်က ယူလိုက်တယ်၊ ရူပါရုံက မျက်စိမှာ လာပြီးတော့ ထင်ဟပ်မှု မရှိဘူးဆိုလို့ရှိရင် မြင်သိစိတ် ပေါ်နိုင်ပါ့မလား၊ မပေါ်နိုင်ဘူး၊ ဒါကြောင့်မို့ ရူပါရုံသည် စက္ခုဝိညာဏ် စိတ် မြင်သိစိတ် ပေါ်ဖို့ရန်အတွက် သူက ကြီးမားတဲ့စွမ်းရည်သတ္တိတစ်ခု ပေးလိုက် တာလို့ ပြောတာ။
ရူပါရုံကို မှီပြီးတော့ စက္ခုဝိညာဏ်စိတ်ကလေးက ဘွားကနဲပေါ်လာတာ၊ သူမပါရင် ပေါ်လို့ မရဘူးလို့ ဆိုလိုတာ၊ မျက်စိကတော့ ရှိနေတာပဲလေ၊ ဥပမာ - မှိတ်ထားတယ်၊ မျက်စိကို ဘာမျှ လာမထင်ဘူးဆို မြင်သိစိတ်ပေါ်ပါ့မလား၊ မပေါ်ဘူး၊ အပြင်ဘက်က အာရုံတစ်ခုတည်းနဲ့လည်း မပေါ်ဘူး။
ဒါကြောင့်မို့ သုတ္တန်တွေမှာလည်း မြတ်စွာဘုရားက “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဒီလိုပဲ ဟောတာပဲ၊ “မျက်စိနဲ့ ရူပါရုံ နှစ်ခုဆုံမိလိုက်တဲ့ အခါမှာ ဒီနှစ်ခုဆုံမိမှုကို အကြောင်းပြုပြီး မြင်သိစိတ်လေးပေါ်လာတာပါ” လို့ ဟောတယ်၊ စည်နဲ့တုတ်နဲ့ ရိုက်လိုက်လို့ အသံပေါ်လာတယ်၊ ဒီသဘောကို ပြောတာ နော်။
အဲဒီမှာ တုတ်က ဘာနဲ့တူတုန်းဆိုတော့ အာရုံနဲ့ တူတယ်၊ စည်မျက်နှာပြင်က ဘာနဲ့တူတုန်းဆို စက္ခုပသာဒရုပ်နဲ့ တူတယ်၊ တုတ်ကလေးက စည်မျက်နှာပြင်ပေါ် ကျလိုက်တာနဲ့ တစ်ပြိုင်နက် အသံလေး ပေါက်ဖွားမလာဘူးလား၊ အဲဒီတော့ တုတ်ရဲ့အခန်းကဏ္ဍကို သိရတယ်၊ တုတ်ဆိုတဲ့ဒီအရာကနေ လာထိခိုက်သည့် အတွက်ကြောင့် အသံလေးဟာ ပေါ်လာတယ်၊ ဒီအသံလေးသည် တုတ်ကိုမှီပြီး အစွဲပြုပြီး ပေါ် ရတယ်လို့ ဒီလို ပြောတာ၊ အဲဒါအာရမ္မဏသတ္တိတဲ့၊ အာရမ္မဏသတ္တိ ကြောင့် ပေါ်လာတဲ့စိတ်ကလေး။
ဒါဖြင့် ကောင်းပြီ - ပန်းကလေးတစ်ပွင့်ကို ကြည့်မယ်ဆိုရင် ဥပမာ - ပန်းအိုးထဲမှာ ပန်းတစ်ပွင့်ကိုကြည့်လိုက်၊ မျက်စိထဲမှာပေါ်လာတဲ့ ပန်း (အာရုံ)ရဲ့ သက်တမ်းက ဘယ်လောက်ရှည်မလဲ၊ ကြည့်နေမယ်ဆိုရင် ပန်းကလေးတစ်ပွင့် ပန်းအိုးထဲမှာ ထည့်ထားမယ်၊ တစ်ရက်ခံရင် တစ်နေကုန် မြင်နေရမယ်၊ နှစ်ရက်ခံရင် နှစ်ရက်လုံး မြင်နေရမယ်၊ ဘာမျှ မပြောင်းလဲဘူးလို့ ဒီလို ထင်ကောင်း ထင်လိမ့်မယ်နော်။
အဘိဓမ္မာသဘောအရ ပြောမယ်ဆိုလို့ရှိရင် မျက်စိမှာထင်လာတဲ့ ပန်းဆိုတဲ့ အဆင်း အာရုံလေးရဲ့သက်တမ်းဟာ ဘယ်လောက်ပဲ ရှိတုန်းဆိုလို့ရှိရင် နားလည် လွယ်အောင် လို့ပြောမယ်၊ သူ့ရဲ့သက်တမ်းလေးဟာ စိတ် ၁၇-ချက်နဲ့ ညီမျှတယ်၊
ဆိုလိုတာက ဘာကို ပြောတာတုန်းဆိုလို့ရှိရင် စက္ကန့်ပေါင်း-၅၁ ချက်၊ စိတ်တစ်ခု မှာ စက္ကန့်သုံးခုနဲ့ တွက်ကြည့်လိုက်၊ စိတ် ၁၇-ခုဆိုလို့ရှိရင် စက္ကန့်ပေါင်း ဘယ်လောက် ဖြစ်မတုန်း၊ ၅၁-စက္ကန့်၊ အဲဒီမျက်စိထဲမှာ လာထင်ဟပ်တဲ့ အဆင်းရူပါရုံရဲ့ သက်တမ်းသည် ၅၁-စက္ကန့်ပဲ ရှိတယ်ပေါ့၊ ဒီလို ဆိုလိုတယ်၊ ခဏငယ်-၅၁ ခု ပဲ ရှိတယ်၊
(စက္ကန့်နဲ့ ပြောတာက နားလည်အောင် ပြောတာ၊ ဒီ့ထက်တိုတယ်လို့ မှတ်ထားပေါ့၊ ပိုပြီးတော့ ရှင်းအောင်လို့ ၅၁-စက္ကန့်၊ စက္ကန့်သုံးခုသည် စိတ်တစ်ခု စက္ကန့်သုံးခုသည် စိတ်တစ်ခုနှုန်းနဲ့ တွက်လိုက်လို့ရှိရင် စိတ်ပေါင်း ၁၇-ချက် ချုပ်ပြီးတော့ ဖြစ်ပြီး ပျက်သွားပြီ၊)
ဒီရူပါရုံလေးရဲ့သက်တမ်းက အဲဒီလောက်ရှည်တယ်လို့ ဒီလို ပြောတာ၊ ရုပ်သက်က ရှည်တယ်၊ စိတ်အသက်က တိုတယ်။
စက္ခုဝိညာဏ်စိတ်က အဲဒီသက်တမ်းကာလရှိတဲ့ ပစ္စုပ္ပန်ရူပါရုံကို အာရုံ ပြုတယ်၊ ၁-စက္ကန့်က ၅၁-အထိ ဒီသက်တမ်းအတွင်းကို ပစ္စုပ္ပန်လို့ ခေါ်တယ်၊ ဒါ ပစ္စုပ္ပန်ရူပါရုံကို မြင်တယ်လို့ ပြောတာ၊ အဲဒီ ၅၁-စက္ကန့် စေ့သွားတာနဲ့ တစ်ပြိုင်နက် ချုပ်သွားပြီ၊ မရှိတော့ဘူး၊ နောက်ထပ်ပြန်မြင်တာက တွေးပြီးတော့ ကြည့်တာ၊ နောက်က စိတ်ကနေ ပြန်ပြီးတော့ကြည့်တာ။
ပြန်တွေးကြည့်တဲ့ အဆင်းအာရုံကို concept လို့ ခေါ်တယ်၊ စိတ်ထဲရဲ့ ကြံတွေးချက် သာ ဖြစ်တယ်၊ အစစ်မဟုတ်တော့ဘူး၊ အစစ်ရဲ့ သက်တမ်းလေးက (စိတ် ၁၇-ချက်) ခဏငယ် ၅၁-ချက်ပဲ ရှိတယ်၊ ပြီးတာနဲ့ သူက ချုပ်သွားပြီ၊ ဒါ ပြန်ကြည့်ရင်တော့ ပြန်မြင်တာပေါ့၊ တစ်ခါမြင်တဲ့ အဆင်းရုပ်ရဲ့ သက်တမ်းကို ပြောတာ၊ နောက်ထပ် ကြည့်တာ နောက်ထပ်သက်တမ်း၊ မရပ်မနားကြည့်နေရင် သူ့ သက်တမ်းလေးက ဒီတိုင်းပဲ သွားနေမှာပဲ၊ စိတ်ခဏငယ် ၅၁-ချက်ပြည့်ရင် ပျက်သွားပြီ၊ ဒီ့ထက်ပိုပြီးတော့ သက်တမ်းမရှည်ဘူး။
အဘိဓမ္မာအရ ဒီသဘာဝကို သိရတယ်၊ သို့သော် ဝိပဿနာ ဉာဏ်နဲ့မှ ဒီထိအောင် မြင်နိုင်တယ်တဲ့၊ ဒီလောက် လျင်လျင်မြန်မြန် ပျက်စီးနေတယ် ဆိုတာ တွေကို နောက်ကျတော့ သဘောပေါက်လာနိုင်တယ်၊
ဆိုပါစို့ - သမာဓိ ကောင်းကောင်းရပြီးတော့ ဝိပဿနာဉာဏ်တက်လာတဲ့ ယောဂီတွေမှာ ဘယ်လိုထိအောင် မြင်လာတုန်းဆိုလို့ရှိရင် ကြည့် - ယားတာတို့ နာတာတို့ ပေါ်လာတဲ့အခါမှာ သာမန်ကြည့်ရင် ယားတယ်၊ ဒလစပ်ကြီး ယားနေတယ် ထင်တယ်နော်၊ ပင်ကိုယ် လူတွေက ယားရင် ကုတ်လိုက်တာပဲ။ ယားတဲ့နေရာလေးကို . စိုက်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် အဲဒီယားမှုလေးသည် ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်ဆိုတာ တွေ့ရလိမ့်မယ်၊
သွားကိုက်နေတဲ့အခါမှာ သွားကိုက်တာ အမလေးနာလိုက်တာဆိုပြီးတော့သာ ဖြစ်နေတယ်၊ သွားကိုက်တာကို သေချာ အာရုံစူးစိုက်ပြီး ကြည့်လိုက်မယ်ဆိုရင် နာလိုက် ပျောက်လိုက်၊ နာလိုက် ပျောက်လိုက်ပဲ၊ အဲဒီမှာ အပိုင်းပိုင်းအပြတ်အပြတ် ပြတ်နေတာ၊ သူ့ ရဲ့ moment ကလေးနဲ့သူ တရစပ်ဖြစ်နေတာ။
ထို့အတူပဲ မျက်စိကမြင်ရတဲ့ အဆင်းအာရုံလေးရဲ့ သက်တမ်းသည် ၅၁-စက္ကန့် (သို့မဟုတ်) ခဏငယ်-၅၁ ချက် ရှည်တယ်၊ အဲဒီပစ္စုပ္ပန်ရူပါရုံဆိုတဲ့, မျက်စိ ထဲမှာ လာထင်ဟပ်လာတဲ့ အာရုံလေးနဲ့ စိတ်ပေါင်း ဘယ်လောက် အလုပ်လုပ်သွား ကြသလဲဆိုရင် စိတ်ပေါင်း ၁၇-ခု အလုပ်လုပ်သွားတယ်၊ အဲဒီစိတ်ပေါင်း ၁၇-ခု သည် ရူပါရုံဆိုတဲ့ အာရုံကြိုးတန်းလေးနဲ့ သူတို့က ရှင်သန်သွားကြတယ်၊ ရူပါရုံ ဆိုတဲ့ ကြိုးတန်းလေးကို ဆွဲပြီး ပေါ်လာကြတာ။
ဒီမှာ မြတ်စွာဘုရားက “ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” လို့ ဒီလို စက္ခုဝိညာဏ်စိတ် ပေါ်ပုံကို ဟောတာ။
ကဲ စက္ခုဝိညာဏ်စိတ်ရဲ့ရှေ့မှာ ဘာစိတ်ရှိတုန်းလို့ဆိုရင် စဉ်းစားကြည့်ပေါ့၊ process ဆိုတာ နေရာတိုင်းမှာ ရှိတယ်၊ ဒါလေးက သဘာဝကို သေချာကျကျနန စဉ်းစားကြည့်၊ မျက်စိကို အာရုံက လာတိုက်တဲ့အခါ လာတိုက်တိုက်ချင်း မြင်တာ မဟုတ်ဘူး၊ ဆင်ခြင်မှုဆိုတာလေး ပါသေးတယ်၊ attention ပေါ့၊ အာရုံ စိုက်လိုက်တာလေးတစ်ခု ပါလာရမယ်၊ အဲဒီမျက်စိပေါ်မှာ အဆင်းအာရုံ လာဆုံတဲ့ အခါမှာ အာရုံစိုက်တဲ့စိတ်က အရင်ပေါ်တယ်၊ မြင်တဲ့စိတ်က နောက်မှလာတာ၊
ဒါကြောင့်မို့ လူတွေ ပြောကြတယ် မဟုတ်လား၊ အထူးသဖြင့် လေယာဉ်ပျံစီးတဲ့ အခါကျရင်လေ၊ “May I have your attention please” “ကျေးဇူးပြု၍ နားဆင်ပါ” ဆိုတာ၊ နို့မို့ဆို ကြားချင်မှကြားတာလေ၊ အဲဒါ attention ပဲ၊ အဲဒီ attention ကို ဘာခေါ် တုန်းလို့ ဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်၊ မခေါ်တတ်လို့ရှိရင် အာဝဇ္ဇနလို့ အတိုခေါ်လိုက်၊ အာဝဇ္ဇနဆိုတာ နှလုံးသွင်းစိတ်လို့ ပြောရမယ်၊ (တရားနှလုံးသွင်း တဲ့စိတ် မဟုတ်ဘူး)၊ အာရုံကို တံခါးဖွင့်ပေးတဲ့စိတ်ကို ပြောတာနော်။
အဲဒီအာရုံကို တံခါးဖွင့်ပေးတဲ့စိတ်ကိုပဲ မနောဓာတ်လို့လည်း ခေါ်တယ်၊ ဒါကြောင့်မို့ “ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ ယာ တံ သမ္ပ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” ဆိုပြီး ဆက်ဟောတယ်။
အဲဒီတော့ မျက်စိကို ရူပါရုံက တိုက်ဆိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်သူ အရင် ဝင်လာတုန်းဆိုတော့ မနောဓာတ်ဆိုတဲ့ အာဝဇ္ဇန်းစိတ် အရင်ဝင်လာတယ်၊ ရူပါရုံက မျက်စိမှာ လာတိုက်လည်းပဲ သူအရင်ပေါ်တယ်၊ နားမှာ အသံက လာတိုက်လည်း သူအရင်ပေါ်တယ်၊ နှာခေါင်းမှာ အနံ့လာတိုးလည်း သူအရင်ပေါ် တယ်၊ လျှာမှာ အရသာနဲ့တွေ့လည်း သူအရင်လာပေါ်တယ်၊ ခန္ဓာကိုယ်မှာ တစ်ခုခု ထိရင်လည်း သူအရင်ပေါ်တယ်၊ သူက တံခါးဖွင့်ပေးတဲ့စိတ်။
ဆိုလိုတာက new object ကို welcome လုပ်တယ်ပေါ့၊ object တစ်ခုကို ကြိုဆိုလိုက်တာပဲ၊ ဒီ object က အသစ်ဝင်လာတဲ့ object လေ၊ အသစ်ဝင်လာ တာ၊ နဂိုရှိတဲ့ object မဟုတ်ဘူး၊ နဂိုမွေးရာပါ object က ဘာတုန်းဆိုရင် ပဋိသန္ဓေ စိတ်ရဲ့ object က မွေးရာပါ၊ အိပ်နေတဲ့အချိန် ဘဝင်စိတ်နဲ့ စုတိစိတ်တို့ကလည်း ပဋိသန္ဓေစိတ်ရဲ့ object ကို ဆက်ယူတယ်၊ ဒါကြောင့်မို့ ဘဝင်စိတ် စုတိစိတ်တွေရဲ့ object ကလည်း မွေးရာပါ၊ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တွေရဲ့ object သည် တစ်သက်တာမှာ ပြောင်းလဲလို့ မရဘူး၊ ဘဝဆိုတာ ဒါပဲ။
သို့သော် ကျန်တဲ့ object တွေက ယခုပစ္စုပ္ပန်နဲ့ ဆိုင်တယ်၊ ပစ္စုပ္ပန်အချိန်မှာ လူတွေမှာ အာရုံကိုယူတတ်တဲ့ရုပ်တွေ ရှိသည့်အတွက်ကြောင့် ထိုရုပ်တွေနဲ့ အပြင်ဘက်က အာရုံတွေ ဆက်သွယ်တယ်၊ ပဋိစ္စသမုပ္ပါဒ်လည်း ဒါ ဟောတာပဲ၊ “သဠာယတနပစ္စယာ ဖဿော”တဲ့၊ ဆက်သွယ်မိသွားတာ။
အဲဒီတော့ မျက်စိကို အဆင်းအာရုံက လာပြီး ထိလိုက်တာနဲ့ တစ်ပြိုင်နက် ခုနက အဲဒီအာရုံကို attention လုပ်တဲ့စိတ်၊ နှလုံးသွင်းတဲ့စိတ်၊ စိတ်ထဲမှာ ထည့် လိုက်တဲ့စိတ်က အာဝဇ္ဇနစိတ်၊ ဒီစိတ်က မျက်စိမှာတင် မဟုတ်ဘူး၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ်၊ ၅-ဒွါရလို့ ခေါ်တယ်၊ ဒွါရဆိုတာ တံခါး၊ လူ့ရဲ့ခန္ဓာကိုယ်မှာလည်း တံခါးပေါက်လို့ ပြောတာပဲနော်၊ ပြင်ပအာရုံတွေ ဝင်လာတဲ့ တံခါးပေါက်တွေပဲ၊ ဒီတံခါးပေါက်တွေ မရှိရင် မဝင်နိုင်ဘူး။
အဲဒီပြင်ပအာရုံတွေဝင်တဲ့ တံခါးပေါက်က နေပြီး အပြင်အာရုံတစ်ခုခု ဝင်ပြီး တိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ပထမဆုံး ဆင်ခြင်တဲ့စိတ် ပေါ်တယ်၊ အဲဒီ ဆင်ခြင်တဲ့ စိတ်ကို အာဝဇ္ဇနလို့ ခေါ်တယ်၊ အဲဒီစိတ်က ၅-ဒွါရမှာ ဆင်ခြင်တာ ဖြစ်သောကြောင့် ပဉ္စဒွါရအာဝဇ္ဇနတဲ့နော်၊ Attention conciousness in five door များသောအားဖြင့် ပြန်ကြတာ၊ Five door မှာ attention လုပ်တယ်၊ အဲဒီလို attention လုပ်ပြီးတဲ့ အခါကျမှ မြင်သိစိတ်ဆိုတာ ပေါ်လာတယ်။
ကဲ မြင်သိစိတ်က ပေါ်လာပြီ၊ attention လုပ်တဲ့စိတ်က ဘယ်မှာ ရှိနေတုန်းဆိုရင် သူက ဟဒယဝတ္ထုဆိုတဲ့ တခြားမှီရာတစ်ခုမှာ ရှိနေတယ်၊ ဟဒယဝတ္ထု ကို မှီပြီးတော့ ဖြစ်တယ်။
ဝတ္ထုရုပ် ၆-ပါး ရှိတယ်၊ စက္ခု၊ သောတ ဃာန ဇိဝှာ ကာယ ဟဒယ တဲ့၊ ဟဒယဆိုတာ ကျန်တဲ့စိတ်တွေရဲ့မှီရာဝတ္ထုလို့ ဒီလိုပဲ မှတ်ထား၊ ဒီ attention လုပ်တဲ့စိတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)က ဟဒယဝတ္ထုကို မှီဖြစ်တယ်၊ အဲဒီဟဒယဝတ္ထုမှာ ဘဝင်စိတ်ရဲ့အစဉ်ကို ဖြတ်တောက်ပြီး သူက ပေါ်လာတယ်၊ အသစ်အာရုံဝင်လာ သည့်အတွက်ကြောင့် ပေါ်လာတာ။
အသစ်အာရုံ မဝင်ရင် မူလဘဝင်စိတ်က ယူနေကျအာရုံနဲ့ အမြဲတမ်းသွား နေမှာပဲ၊ အာရုံအသစ်ဝင်လာရင် တစ်မျိုးဖြစ်တာပဲ၊ အသစ်မဝင်လို့ရှိရင် ပဋိသန္ဓေ စိတ်နဲ့တူတဲ့ ဘဝင်စိတ်အစဉ်က သွားနေတာ၊ Non-stop ပဲ။
သို့သော် အသစ်အာရုံဝင်လာတာနဲ့ ဘဝင်က cut out ဖြစ်သွားတယ်၊ ပြတ်ထွက် သွားတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် အသစ်အာရုံရဲ့ ဖိအားကြောင့် သူက ပြတ်သွားတာ၊ ပြတ်သွားပြီး နောက်ထပ်အာရုံအသစ်နဲ့ ဆက်သွယ်တဲ့စိတ်တွေ ပေါ်လာတယ်၊ ဒီလို နားလည်ရတာနော်၊ ဘဝင်စိတ်အစဉ် ပြတ်သွားတယ်။
အဲဒီအချိန်လေးမှာ ပြတ်ထွက်သွားပြီးတော့ ဒီအာရုံကို နှလုံးသွင်းဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ပေါ်လာတယ်၊ ပြီးတော့ မြင်သိစိတ် စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်။
မြင်သိစိတ်နောက် ဘာပေါ်တုန်းဆိုရင် သမ္ပဋိစ္ဆနဆိုတဲ့ လက်ခံတဲ့စိတ်၊ အာရုံကို လက်ခံလိုက်တာ၊ စိတ်မှာလည်း လက်ခံတဲ့စိတ် ရှိသေးတယ်၊ လက်ခံလိုက်တယ် ဆိုတာ အာရုံကို အသိအမှတ်ပြုလိုက်တာကို ပြောတာနော်၊ အသိ အမှတ်ပြုလိုက်တဲ့ သမ္ပဋိစ္ဆိန်းစိတ် ပေါ်တယ်။
ပါဠိစာပေနဲ့ မရင်းနှီးတဲ့ပုဂ္ဂိုလ်ဆိုရင် ဒီဝေါဟာရတွေက ခက်တယ်ပေါ့၊ သမ္ပဋိစ္ဆန ဆိုတာ လက်ခံစိတ်၊ ဒီလိုပဲ မှတ်လိုက်၊ အာရုံအသစ်ဝင်လာရင် လက်ခံ လိုက်တယ်၊ ပထမက အာဝဇ္ဇနဆိုတာ တံခါးဖွင့်ပေးလိုက်တဲ့စိတ်၊ စက္ခုဝိညာဏ် စိတ်ဆိုတာ မြင်တဲ့စိတ်၊ သမ္ပဋိစ္ဆနဆိုတာ လက်ခံတဲ့စိတ်၊ အဲဒီသမ္ပဋိစ္ဆနလို့ ခေါ်တဲ့ လက်ခံစိတ်ရယ် တံခါးဖွင့်ပေးတဲ့စိတ်ရယ် အဲဒီစိတ်နှစ်ခုကို မနောဓာတ်လို့ ခေါ်တယ်၊ သူတို့စွမ်းရည် သတ္တိတွေက အများကြီး မရှိဘူး၊ သူတို့လုပ်နိုင်တာ ဒါပဲ၊ ဒီ့ထက် ပိုမလုပ်နိုင်ဘူး၊ ဒါ သူတို့ရှေ့ပိုင်းက လုပ်တာ။
ကားမောင်းတတ်တဲ့လူတွေ သိတယ်၊ starter ဖွင့်လိုက်တဲ့အခါ battery က ဘာလုပ်တာလဲ၊ သူ့ရဲ့စွမ်းအား engine ကို စလို့ရအောင် လုပ်ပေးတာ မဟုတ်လား၊ ဒီပုံစံမျိုး၊ သူကလည်း အဲဒီလိုပဲ၊ ဖွင့်ပေးတာပဲရှိတာ၊ ဖွင့်ပေးလိုက်တဲ့အခါ သမ္ပဋိစ္ဆန ဆိုတဲ့စိတ် ပေါ်လာတယ်၊ ဒါတွေက automatically သွားတာ၊ ဒါက order of mind စိတ္တနိယာမလို့ ခေါ်တယ်၊ ဘယ်စိတ်ပြီးရင် ဘယ်စိတ်ဖြစ်ရမယ်၊ ဘယ် စိတ်ပြီး ဘယ်စိတ်ဖြစ်ရမယ်ဆိုတဲ့ process က order of mind ပဲ၊ mental order လို့ ခေါ်တယ်၊ စိတ္တနိယာမ၊ သူက နိယာမနဲ့ သွားတယ်။
ကဲ နိယာမနဲ့ သွားနေတယ်ဆိုတာ ဒိပြင်နေရာတွေ ကြည့်ပေါ့၊ ဆောင်းရာသီ ပွင့်တဲ့ပန်းက ဆောင်းလည်း ရောက်လာရော သူက အဖူးလေးတွေ အပွင့် လေးတွေ ဖြစ်လာတယ်၊ မိုးရာသီပွင့်တဲ့ပန်းကလည်း မိုးလေးကျလာတာနဲ့ အဖူးလေး အပွင့်လေး ဖြစ်လာတယ်၊ သူတို့ကို ဘယ်သူက ခိုင်းနေတုန်း၊ ဘယ်သူကမှ မခိုင်းဘူး။
မနက်မိုးလင်းရင် နေကြီးက ထွက်လာတယ်၊ ညနေကျ ဝင်သွားတယ်၊ ဘယ်သူက ခိုင်းနေတုန်း ဘယ်သူမှ မခိုင်းဘူး၊ automatically run နေတာ၊ သစ်ပင်တွေလည်းပဲ ဟေ့ ဖူးကြဟေ့၊ ပွင့်ကြဟေ့လို့ သွားနှိုးရသေးလား၊ (နှိုးရ တာတော့ လူတွေပဲ၊ မနက်တိုင်ကျ အိပ်ပျော်နေရင် နှိုးရတယ်)၊ ဒိပြင် ဟာတွေက by order ပဲ၊ ဟုတ်ရဲ့လား၊ သူ့ အကြောင်းနဲ့သူ သွားနေပြီးတော့ ဒီလို နေကြတာ၊ စိတ်မှာလည်းပဲ စိတ္တနိယာမဆိုတာ ရှိတယ်၊ အင်္ဂလိပ်လို process လို့ ခေါ်တယ်၊ ပါဠိလို ဝီထိလို့ ခေါ်တယ်၊ စိတ်ဖြစ်စဉ်တစ်ခု။
ဝီထိဆိုတာ အထူးအဆန်း မဟုတ်ဘူး၊ ဘယ်အရာပဲ ဖြစ်ဖြစ် ဖြစ်စဉ်တစ်ခုနဲ့ လာတာပဲ၊ ဘုန်းကြီးတို့တတွေရဲ့ ခန္ဓာကိုယ်က ဘယ်က စလာလဲ၊ ကလလ ရေကြည်လေးက စတာ၊ ဒီကလလရေကြည်က ဝုန်းကနဲ ဖြစ်လာတာ မဟုတ်ဘူး၊ ကလလရေကြည်ဘဝနဲ့ ၇-ရက်၊ ပြီးရင် ဘာဖြစ်လဲ၊ အဗ္ဗုဒဆိုတဲ့ အဆင့်ကို ပြောင်းတယ်၊ ၇-ရက်ပြီးရင် အဗ္ဗုဒအဆင့်ကနေပြီးတော့ ပေသိဆိုတဲ့ အဆင့်ကို ပြောင်းတယ်၊ embryology မှာလည်း ဒီအတိုင်းပဲ ပြထားတာ၊ ဗုဒ္ဓရဲ့ကျမ်းစာနဲ့ အတူတူပဲ။
ကြည့် - ပန်းပင်ကလေးတွေပဲ ကြည့်လိုက်၊ ပန်းပင်က အပွင့်ကလေး ပွင့်လာတယ်ဆိုတာ ချက်ချင်းပွင့်တာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး၊ ပထမ အဖူးအငုံ အသေးလေး ပေါ်လာတာ၊ ပြီးတော့မှ အငုံက ရင့်လာတာ၊ ရင့်လာပြီးတော့မှ ပွင့်တာ၊ ဒါ process ပဲ။
စိတ်လည်း ဒီအတိုင်းပဲ process နဲ့ပဲနော်၊ ပန်းပွင့်တစ်ပွင့်မှာ process ရှိသလိုပဲ စိတ်မှာလည်း process ရှိတယ်၊ စိတ်က သူက အပိုင်းလိုက် အပိုင်းလိုက် ပေါ်သွားတာ၊ စိတ်တွေအများကြီး၊ တစ်စိတ်တည်းလို့ မခေါ်ဘူး၊ သူ့ moment က စိတ်တစ်မျိုး၊ သူ့ moment က စိတ်တစ်မျိုး၊ အဲဒီလိုသွားတာ။
ကဲ အာရုံထင်လာပြီး မျက်စိက ပန်းပွင့်ကို မြင်တယ်ဆိုပါစို့၊ အဲဒီပန်းပွင့် ဆိုတဲ့ ရူပါရုံလေးဟာ စက္ခုပသာဒကို လာထင်ဟပ်လိုက်တာနဲ့တစ်ပြိုင်နက် တံခါး ဖွင့်ပေးတဲ့စိတ်က ဖျတ်ခနဲ ဖွင့်လိုက်ပြီ၊ ဖွင့်ပြီးရင် သူမရှိတော့ဘူး၊ သူ့ကိစ္စပြီးသွားပြီ၊ သူက ဖွင့်ပေးရုံပဲ၊ ဖွင့်ပေးပြီး သူချုပ်သွားပြီ။
ချုပ်သွားတော့ သူဖွင့်ပေးလိုက်တဲ့နောက်က follow လိုက်လာတာ ဘယ်သူ တုန်းဆိုရင် မြင်သိစိတ်၊ စက္ခုဝိညာဏ်စိတ်ကလေးက follow လိုက်လာတယ်၊ သူက လည်းပဲ 3 seconds ပဲ။ 3 seconds နဲ့ သူက ချုပ်သွားပြီ၊ သူကလည်း ရှေ့စိတ် ပြတ်သွားတာ သူ မမြင်လိုက်ဘူး၊ နောက်စိတ်ဖြစ်လာတာ သူ မမြင်လိုက်ဘူး၊ အနန္တရပစ္စယောဆိုတာ အဲဒါကို ပြောတာနော်၊ အနန္တရပစ္စယောဆိုတာ ဒီစိတ် ကလေးတွေ တစ်ခုနဲ့တစ်ခုကြားမှာ ဘာမျှအခြားမရှိဘူး၊ တစ်ခုပြီးတစ်ခု၊ ရှေ့စိတ် ချုပ်သွားမှ နောက်စိတ်ဖြစ်တယ်ဆိုတာ အနန္တရပစ္စယောပဲ။
ကြည့် - မြင်သိစိတ်က သူ့ဟာသူဖြစ်ပြီး သူ့ သက်တမ်းလေးနဲ့သူ ချုပ် သွားတယ်၊ သူချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် နောက်စိတ်က ဘွားကနဲပေါ်တယ်၊ သူ ချုပ်ခြင်း သည် အကြောင်း၊ အနန္တရသတ္တိ လို့ ခေါ်တယ်၊ သူ နေရာ ဖယ်ပေး လိုက်တာနဲ့ ဟိုကနေရာ ဝင်ယူတယ်၊ တောက်လျှောက်အစားဝင်တယ်၊ ဖယ်ပေး လိုက်ရင် အစား ဝင်လာတာပဲ ချက်ချင်း။
ပုလင်းထဲမှာ တစ်ခုခုထည့်ထား၊ အရည်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ထည့်၊ အဲဒီ အရည်တွေ သွန်ပစ်လိုက်ရင် ပုလင်းထဲ ဘာဝင်လာလဲ၊ လေဝင်လာတာပဲ၊ တစ်ခု သွားရင် တစ်ခုလာမှာပဲ၊ သေချာတယ်နော်။
အဲဒါမျိုးလိုပဲ မြင်သိစိတ်ကလေး ချုပ်သွားတာနဲ့ တစ်ပြိုင်နက် လက်ခံတဲ့စိတ် ပေါ်လာတယ်၊ သမ္ပဋိစ္ဆိန်း၊ သူကလည်း ၃-စက္ကန့်ပြည့်ရင် ချုပ်သွားတယ်၊ သူချုပ် သွားတာနဲ့ တစ်ပြိုင်နက် စုံစမ်းတဲ့စိတ် ပေါ်လာတယ်၊ သန္တီရဏ လို့ ခေါ်တယ်။
စုံစမ်းတဲ့စိတ် ချုပ်သွားတဲ့အခါ ဆုံးဖြတ်တဲ့စိတ် ပေါ်လာတယ်၊ ဒါက ဝုဋ္ဌော (ဝေါဋ္ဌဗ္ဗန)၊ အဲဒီစိတ်ချုပ်သွားတဲ့အခါ အာရုံရဲ့အရသာကို ခံစားတယ်ဆိုတဲ့စိတ်က ထပ်ထပ်ပြီး ဖြစ်တယ်၊ အဲဒီအာရုံဆိုတဲ့ ကြိုးတန်းလေးပေါ်မှာ သူက ထပ်ထပ် ထပ်ထပ် ဖြစ်တာကို ဇော (ဇဝန)လို့ ခေါ်တယ်၊ သူက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်တာ။
သူက ဘာလို့ အရှိန်ရသွားတာတုန်းဆို ရှေ့စိတ်တွေရဲ့ အားတွေကို သူရသွားလို့ပဲ၊ ရှေ့က စွမ်းအားတွေ ရှိတယ်၊ အဲဒါကြောင့်မို့ ပန်းပွင့်လေး ပွင့်တယ်ဆိုတာ ရှေ့က အဖူးလေးတုန်းက တွန်းအားလေးတွေ ရှိတယ်လေ၊ အဲဒီ တွန်းအားတွေနဲ့ သူက ပွင့်သွားတာ၊ ရင့်လာပြီးတော့ ပွင့်သွားတာ၊ အဲဒီသဘောပဲ။ ဇောဆိုတာ ၇-ခါဖြစ်ပြီး ထိုဇောရဲ့ အရှိန်ကြောင့် နောက်ကနေ လိုက်ဖြစ်သွားတဲ့ စိတ်ကို တဒါရုံ လို့ ခေါ်တယ်။
တဒါရုံကို တချို့စာအုပ်တွေက registration လို့ ပြန်တယ်၊ retentive လို့ ပြန်တာ ပိုကောင်းတယ်၊ တဒါရုံဆိုတာ ဇောရဲ့ အာရုံကို ထပ်ပြီးတော့ ခံယူတဲ့စိတ်ပဲ။
အဲဒီ တဒါရုံပြီးသွားတာနဲ့ တစ်ပြိုင်နက် စိတ်ဖြစ်စဉ်က စိတ် ၁၇-ချက် ပြည့်သွားပြီ၊ စိတ် ၁၇-ချက် ပြည့်သွားရင် ခုနက မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံက သက်တမ်းစေ့လို့ ပျောက်သွားပြီ၊ ဒါပေမယ့် လူတွေက ထပ်ထပ်မြင်နေတော့ ဒါလေး ရှိနေသေးတယ်လို့ ထင်နေတာ၊ တကယ်က ဘယ်အရာမှ မမြဲဘူး။
လျှပ်စစ်မီးဟာ တစ်စက္ကန့်အတွင်း ဘယ်နှစ်ခါငြိမ်းတယ်ဆိုတာ တွက်ထား တာ ရှိတယ်၊ ဒါပေမယ့် လူတွေကြည့်ရင် မီးငြိမ်းတယ်လို့ဆိုတာ ခုနက လုံးဝ အဆက် ပြတ်သွားမှ သိတာ၊ ဟောဒီဖန်ချောင်းလေးတွေ မီးသီးလေးတွေ ထွန်းထား အမြဲလင်းနေတာ မဟုတ်ဘူး၊ ကြားထဲမှာ ရပ်သွားတဲ့အပိုင်းလေးတွေ ရှိတယ်။
ကြည့်လေ ဘုန်းကြီးတို့တတွေပဲ ကြည့်ဦး၊ ကိုယ့်ကိုယ်ကို တစ်မိနစ်အတွင်း မျက်တောင်ဘယ်နှစ်ခါခတ်သလဲ၊ လူတွေမှာ အမြဲတမ်း မျက်တောင်ခတ်နေကြတာပဲ၊ မျက်တောင်ခတ်တဲ့အခါမှာ မှောင်မသွားဘူးလား၊ မှောင်သွားတယ်၊ သို့သော် မြင်ကွင်းပျောက်သွားသလား၊ မပျောက်ဘူး၊ ဘာဖြစ်လို့ မပျောက်လဲ မြန်လွန်းအား ကြီးလို့၊ မျက်တောင်ခတ်တယ်ဆိုတာ မျက်စိပိတ်သွားတယ်၊ ပိတ်သွားပေမယ့် ပိတ် တဲ့အတိုင်းအတာလေးက သိပ်မြန်သည့် အတွက်ကြောင့် ကိုယ့်မျက်စိထဲ ပျောက်သွား တယ်လို့ မထင်ရဘူး၊ မြင်နေတာပဲလို့ အောက်မေ့တယ်၊ ငါ ကြည့်နေတာပဲလို့ ပြောနေကြတာပဲ၊ ဟုတ်ရဲ့လား၊ မှောင်သွားတာလေးကို သူသိရဲ့လား၊ မသိလိုက်ဘူး။
အဲဒါမျိုးလိုပဲ စိတ်တွေဟာ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ပြောင်းပြီး ဖြစ် သွားတာ၊ အဲဒီလို စိတ်အစဉ်တန်းတွေက ဒီလိုဖြစ်ရတာ ဘယ်သူ့ကြောင့်တုန်း ဆိုရင် အာရမ္မဏပစ္စယော - ပေါ်လာတဲ့အာရုံလေးကြောင့် ဖြစ်တာတဲ့။
“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” မှာ မနောဓာတုယာ ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်း တံခါးဖွင့်ပေးတဲ့စိတ်ရယ်၊ သမ္ပဋိစ္ဆိန်း လက်ခံတဲ့စိတ်ရယ်၊ အဲဒီ စိတ်၂-ခုကို ရည်ညွှန်းပြီး ပြောတာ။
ကျန်တဲ့စိတ်တွေကို ရည်ညွှန်းပြီးတော့ “သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” လို့ ဟောတယ်။
သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ ဆိုတဲ့နေရာမှာ သဗ္ဗေ ဓမ္မာဆိုတာ အားလုံးအာရုံတွေ၊ ဘာအာရုံပဲဖြစ်ဖြစ်လို့ ပြောတာနော်၊ ရူပါရုံပဲဖြစ်ဖြစ် သဒ္ဒါရုံပဲ ပဲဖြစ်ဖြစ် ဂန္ဓာရုံပဲဖြစ်ဖြစ် ရသာရုံပဲဖြစ်ဖြစ် ဓမ္မာရုံပဲဖြစ်ဖြစ် အာရုံအားလုံးသည်၊ မနောဝိညာဏဓာတုယာ - မနောဝိညာဏဓာတ်အား ကျေးဇူးပြုကြတယ်၊ မနော-ဝိညာဏဓာတ် ဆိုတာ ဘာတွေပြောတာတုန်း၊ ခုနက သန္တီရဏတို့၊ ဝုဋ္ဌောတို့၊ ဇော တို့၊ တဒါရုံတို့ ကျန်တာတွေ အားလုံးကို ပြောလိုက်တာ။
အဲဒီမှာ စက္ခုဝိညာဏ်စိတ်ကို ဘာဖြစ်လို့ သီးသန့်ထုတ်ပြီးတော့ မြတ်စွာဘုရားက ဟောရတုန်းဆိုရင် သူသိနိုင်တာ ဒီအာရုံတစ်ခုတည်းပဲရှိတယ်၊ ကျန်တဲ့ စိတ်တွေက အကုန်သိတယ်၊ ဒီလိုဆိုလိုတယ် ဟုတ်လား။
ကြည့် - ပဉ္စဒွါရာဝဇ္ဇန်းဆိုတဲ့ တံခါးဖွင့်ပေးတဲ့စိတ်၊ သမ္ပဋိစ္ဆိန်းဆိုတဲ့ လက်ခံတဲ့ စိတ်ဆိုတဲ့ မနောဓာတ်တွေဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ၊ ဒီ အာရုံ ၅-ပါး ကို သူတို့ ခံယူနိုင်စွမ်း ရှိကြတယ်၊ စက္ခုဝိညာဏ်စိတ်က ရူပါရုံတစ်ခု တည်းကို သိတယ်။
ကျန်တဲ့ သန္တီရဏစတဲ့ စိတ်တွေကျတော့ အာရုံ ၆-ပါးလုံး သိတယ်၊ ရူပါရုံ ကိုလည်း သိတယ်၊ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်း သိတယ်၊ အကုန်လုံး သိတယ်၊ ကျန်တဲ့အာရုံတွေ အကုန်သိနိုင်တယ်၊ အဲဒါကြောင့်မို့လို့ စိတ်မှန်လို့ရှိရင် အာရမ္မဏရဲ့ စွမ်းရည်သတ္တိကို မှီရတယ်၊ လူတွေရဲ့ အတွေးလေးဟာ အာရုံကြိုးတန်း လေးနဲ့ လျှောက်နေတယ်လို့ ဒီလို တွေးကြည့်ပါ။
ကြည့်လေ - လူတွေဟာ အာရုံတစ်ခုခုကို စိုက်ပြီးတော့ ကြည့်နေကြတယ်၊ မျက်စိကနေကြည့်ပြီးတော့ မြင်နေကြတဲ့အချိန်မှာ တစ်နေရာက ဒေါက်ကနဲလို့ ကြားလိုက်ရင် စိတ်က အဲဒီရောက်သွားပြန်ရော၊ အဲဒီအာရုံကြိုးတန်းကို ပြောင်းပြီး တော့ လျှောက်ပြန်တယ်၊ ဟုတ်လား၊ ဒေါက်ကနဲ ကြားလိုက်တာနဲ့ အသံအာရုံ ဆီကို စိတ်က ရောက်သွားတယ်၊ အဲဒီအသံကို စိတ်က ရောက်သွားတဲ့အခါ ဒီ မြင်ကွင်း ပျောက်သွားတယ်၊ မြန်လွန်းအားကြီးလို့ မပျောက်ဘူး ထင်နေကာ၊ မြင်ကွင်း ပျောက်သွားပြီ၊ ဟိုရောက်သွားပြီ။
အဲဒီထဲမှာ နှာခေါင်းထဲက အနံ့တစ်ခုလာရင် အဲဒီ ရောက်သွားဦးမှာပဲ၊ အာရုံကြိုးတန်းလေးပေါ်မှာ စိတ်က ရောက်သွားပြန်ပြီ၊ ဟုတ်ရဲ့လား၊ ပါးစပ်ထဲက တစ်ခုခုဝါးလို့ အရသာလေးက ခါးသက်သက်ဆိုရင် သူ့ အပေါ် ရောက်သွားပြန်ပြီ၊ နောက် ထိုင်တဲ့နေရာက တစ်ခုခု မာမာခုခုကြီး ဖြစ်နေလို့ရှိရင် သူ့ဆီ ရောက်သွား ပြန်ပြီ စိတ်က၊ ဒီတော့ စိတ်ကလေးတွေ ဖြစ်နေတာဟာ အာရုံကြိုးတန်းပေါ်မှာ မှီပြီးတော့ ဖြစ်နေတယ်၊ တွေးနေရင်လည်း ဒီအပေါ်မှာပဲ တွေးနေတယ်၊ ဒါကြောင့် မို့လို့ မြတ်စွာဘုရားက အာရမ္မဏပစ္စယောလို့ ဒီလို ဟောတာပါ။
၂၄-ပစ္စည်းမှာ အာရမ္မဏဆိုတာ အလွန်အားကောင်းတယ်၊ ဘုန်းကြီးတို့ တတွေ နေ့စဉ်ရှင်သန်နေတာ ဟောဒီအာရုံနဲ့ပဲ ရှင်သန်နေကြတာ၊ အာရုံမရှိဘဲ မရှင်သန် နိုင်ဘူး၊ စိတ်တွေဖြစ်နေသမျှ အာရုံရှိနေတာချည်းပဲ၊ အဲဒီထဲမှာ ဘယ်စိတ်က ဘယ်အာရုံကို အာရုံပြုသလဲဆိုတာ အဘိဓမ္မာမှာ အသေးစိတ်ပြောတယ်၊ အဲဒါက အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကျတော့ အသေးစိတ်နားလည်ဖို့ လိုသေးတယ်နော်၊ ဘယ်စိတ်က ဘယ်အာရုံကို ပြုနိုင်တယ်၊ (အာရုံပြုတယ်ဆိုတာ ဘယ်စိတ်က ဘယ်ဟာကို သိတယ်ဆိုတာကို ပြောတာ)။
နိဗ္ဗာန်အာရုံကို သိတဲ့စိတ်
အကြမ်းဖျင်းပြောမယ်ဆိုလို့ရှိရင် နိဗ္ဗာန်ဆိုတဲ့အာရုံကို မှန်းဆပြီး သိနိုင်တဲ့ စိတ်က မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်နဲ့ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်၊ လူတွေရတာပဲ ပြောမယ်ဆိုရင် မဟာကုသိုလ်ဉာဏသမ္ပယုတ္တစိတ်က နိဗ္ဗာန်ကို မှန်းဆပြီး သိနိုင်တယ်၊ နိဗ္ဗာန်ကို တကယ်သိနိုင်တဲ့စိတ်က မဂ်စိတ်နဲ့ ဖိုလ်စိတ်ပဲ၊ အဲဒီစိတ်တွေ မရဘဲနဲ့ နိဗ္ဗာန်ကို မသိဘူးနော်။
နိဗ္ဗာန်ဆိုတဲ့အာရုံက အလွန်သိမ်မွေ့တယ်၊ ထိုအလွန်သိမ်မွေ့တဲ့ အာရုံကို အဆင့်အတန်း မြင့်တဲ့စိတ်နဲ့မှ သိလို့ ရတယ်၊ အဆင့်အတန်းနိမ့်တဲ့စိတ်တွေနဲ့ သိလို့ မရဘူး၊ အကုသိုလ်စိတ်နဲ့ နိဗ္ဗာန်ကို မသိဘူး၊ ဘဝကို တွယ်တာနေတဲ့တဏှာ လောဘအမြင်နဲ့ နိဗ္ဗာန်ကို လိုချင်သလား ဆိုလို့ရှိရင် ဘယ်သူမှ မလိုချင်ဘူးပဲ မှတ်ပေတော့။
လောကလူတွေဟာ “နိဗ္ဗာန်လိုချင်တာ လောဘလား”လို့ တချို့က မေးလေ့ ရှိတယ်နော်၊ လောဘမကင်းတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများ နိဗ္ဗာန်လိုချင်တာ ကတော့ လောဘပဲ၊ သူက ဘာ့ကြောင့် နိဗ္ဗာန်လိုချင်တာတုန်းဆို - မေးကြည့်၊ နိဗ္ဗာန် ဆိုတာ ချမ်းသာတယ်လို့ ပြောတာ၊ အဲဒီချမ်းသာတယ်ဆိုတဲ့ အသံကလေးကြောင့် သူလိုချင်တာ၊ တကယ်က ချမ်းသာတယ်ဆိုလို့ သူရချင်တာ၊ ဘယ်လိုချမ်းသာတုန်း လို့ သူဆက်ပြီးတော့ လေ့လာကြည့်လိုက်မယ်ဆိုရင် နိဗ္ဗာန် လိုချင်မှာ မဟုတ်ဘူး။ နိဗ္ဗာန်ဆိုတာ ဟောဒီခန္ဓာငါးပါးဆိုတာ မရှိတော့ဘူး၊ အားလုံးဟာ ချုပ်ငြိမ်း သွားတယ်၊ ရုပ်တွေနာမ်တွေ အားလုံးချုပ်ငြိမ်းသွားတယ်၊ အကြောင်းတွေ ရပ်သွားလို့ အကျိုးပြတ်သွားတယ်၊ ဘာမှ မဖြစ်တော့ဘူးလို့ဆိုရင် လိုချင်မှာ မဟုတ်ဘူး။
ဘုန်းကြီးတို့ငယ်ငယ်တုန်းက ဆေးလိပ်ကြိုက်တဲ့ ဒကာမကြီးတစ်ယောက်က ပြောတယ်၊ နိဗ္ဗာန်တရားဟောပြီးတော့ “ဦးဇင်း”တဲ့ “နိဗ္ဗာန်မှာ ဆေးလိပ်သောက်လို့ ရလား”တဲ့၊ “နိဗ္ဗာန်က no smoking area- ဘယ်လိုလုပ် ဆေးလိပ်သောက်လို့ ရမလဲ၊ ဆေးလိပ်မသောက်ရတဲ့ နေရာဥစ္စာပဲ”၊ အဲဒါကို သူက “ဆေးလိပ်သောက်လို့ ရရင်တော့ သွားချင်တယ်၊ ဆေးလိပ်သောက်လို့ မရဘူးဆိုရင် မသွားချင်ဘူး”တဲ့၊ သူ့အတွေးကိုက တဏှာနဲ့ တွေးတာလေ။
နိဗ္ဗာန်ဆိုတာ ချမ်းသာတယ်၊ မအိုရဘူး၊ မနာရဘူး၊ ဒီအသံတွေ ကြားတာနဲ့ သူက မအိုချင်ဘူး၊ မအိုရဘူး မနာရဘူး မသေရဘူးဆိုတာ အိုခြင်းကင်းရာ နာခြင်း ကင်းရာ သေခြင်းကင်းရာဆိုတော့ အိုတာ နာတာ သေတာတွေ မကြိုက်ဘူး၊ အဲဒါတွေ မရှိဘူးဆိုတော့ သွားချင်တယ်၊ ဘာမှမရှိဘူးဆိုရင် ဟင့်အင်းပဲ၊ ဘာဖြစ်လို့တုန်း ဆိုရင် တဏှာလောဘအမြင်နဲ့ ကြည့်တာကိုး။
ဒီတော့ နိဗ္ဗာန်ကို တကယ်အာရုံပြုပြီး သိနိုင်တဲ့စိတ်က မဂ်စိတ်နဲ့ ဖိုလ်စိတ်ပဲ သိနိုင်တယ်၊ ကိလေသာတွေ ကင်းသွားပြီး မဂ်စိတ်ဖိုလ်စိတ်နဲ့မှ နိဗ္ဗာန်ကို တကယ် အာရုံပြုလို့ရတယ်၊ နိဗ္ဗာန်ကို သိနိုင်တဲ့စိတ်ဟာ တကယ်ထက်မြက်တဲ့စိတ်ပဲ၊ အဲဒီလို ဆိုလိုတာနော်။
မဟာကုသိုလ်စိတ်က သိတယ်ဆိုတာဟာ လှမ်းမြင်တဲ့အသိပဲ၊ သေချာပေါက် သိတဲ့အသိ မဟုတ်ဘူး၊ လှမ်းမြင်တဲ့အသိ၊ ဂေါတြဘူစိတ်သည် နိဗ္ဗာန်ကို မြင်တယ် ဆိုလို့ မဟာကုသိုလ်စိတ်ကို နိဗ္ဗာန်ကိုမြင်တယ်လို့ ထည့်ထားတာ၊ တကယ်က သူက နိဗ္ဗာန်ကိုရပြီလို့ ဒီလိုပြောတာမျိုး။
အာရုံပြုတယ်ဆိုတာ ဒီစိတ်ကလေးဟာ ဆိုင်ရာ ဆိုင်ရာ အာရုံတွေပေါ် မှာ ရောက်ပြီး အဲဒီအာရုံကြိုးတန်းလေးကို အမှီပြုပြီး လူ့ရဲ့စိတ်တွေ အတွေးတွေ အကြံတွေက မှီတည်ပြီးတော့ ဖြစ်တယ်၊ ဒါကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက “အာရမ္မဏပစ္စယော” ဆိုပြီး နောက်ဆုံးကုန်အောင် “ယံ ယံ ဓမ္မံ အာရဗ္ဘ၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ” လို့ ဟောတယ်၊ ယံ ယံ ဓမ္မံ အာရဗ္ဘ ဆိုတာ ဘယ်အာရုံပဲ ဖြစ်ဖြစ် အမှီပြုပြီး၊ ယေ ယေ ဓမ္မာ ဘယ်သဘာဝတရားကို မှီပြီးတော့ ဘာတရား တွေပဲ ဖြစ်ဖြစ်၊ (ဘယ်တရားဆိုတဲ့နေရာမှာ စိတ်နဲ့ စေတသိက် နှစ်မျိုးတည်း) အာရမ္မဏပစ္စည်းရဲ့ ပစ္စယုပ္ပန်က စိတ်နဲ့ စေတသိက် နှစ်မျိုးပဲ။
သို့သော် အာရုံပစ္စည်းကျတော့ စိတ်စေတသိက်တင် မကဘူး၊ ဘာတွေပါ တုန်းဆိုရင် ရုပ်ပါတယ်၊ နိဗ္ဗာန်ပါတယ်၊ ပညတ်ပါတယ်၊ ဟော စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်၊ ဒါက အာရုံပိုင်း၊ သိတဲ့အပိုင်းကျတော့ စိတ်နဲ့ စေတသိက် နှစ်ခုပဲ၊ အဲဒါကို ခြုံမိငုံမိသွားအောင် မြတ်စွာဘုရားက ထပ်ဟောတာ၊ “ယံ ယံ ဓမ္မံ အာရဗ္ဘ၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ” ။
ယေ ယေ ဓမ္မာ ဆိုတာ စိတ္တစေတသိကာ - စိတ်စေတသိက်တွေသာ ဖြစ်တယ်၊
တေ တေ ဓမ္မာ - ထိုအာရုံတွေက၊
တေသံ တေသံ ဓမ္မာနံ - ထိုစိတ် စေတသိက်တရားတို့အား၊
အာရမ္မဏပစ္စယေန = အာရမ္မဏပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ = ဖြစ်၏၊
ဒီလို ဟောတာ။
အဲဒီတော့ အာရမ္မဏပစ္စည်းဆိုတာ ဆိုင်ရာဆိုင်ရာအာရုံတွေကို ပြောတာ၊ လောကီ အာရုံကျတော့ တစ်မျိုးပေါ့၊ ဥပမာ - အသံကြားလိုက်လို့ရှိရင် အသံအာရုံ တစ်ခု တည်းကို ယူနိုင်တဲ့စိတ်က သောတဝိညာဏ်စိတ်နော်၊ အဲဒီ သောတဝိညာဏ်စိတ် ဖြစ်ပြီဆိုရင် မဖြစ်ခင် ဘယ်သူလာတုန်း၊ တံခါးဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်တယ်၊ အဲဒီနောက်မှာ ဘယ်သူလာတုန်းဆိုရင် လက်ခံတဲ့စိတ် ဖြစ်တယ်၊ အဲဒီ နောက်မှာ စုံစမ်းတဲ့စိတ် ဖြစ်တယ်၊ အဲဒီနောက်မှာ ဆုံးဖြတ်တဲ့စိတ် ဖြစ်တယ်၊ အဲဒီ နောက်မှာ ဒီအာရုံရဲ့ အရသာကိုသိတဲ့ ဇောစိတ် ဖြစ်တယ်၊ အဲဒီနောက်မှာ ထိုဇောအရှိန်ကပ်ပါသွားတဲ့ တဒါရုံဆိုတာ ဖြစ်တယ်၊ သူတို့၂-ခု ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် ဒီအာရုံရဲ့သက်တမ်းက ကုန်သွားပြီ၊ ကုန်သွားတော့ သူတို့ရဲ့လုပ်ငန်း လည်း ပြီးစီးသွားပြီလို့ ပြောတာ။
လုပ်ငန်းပြီးစီးသွားလို့ ခုနက ပန်းဆိုတဲ့ ဒီသရုပ်ကလေးကို ဖော်ဖို့ “ငါမြင် တာ ပန်း” လို့ ပြောရမယ့်အဆင့်ရောက်အောင် mind door မှာ စိတ်တွေ ထပ်ဖြစ်ဦးမယ်၊ အတွေးနဲ့ ခုနက ငါမြင်လိုက်တာ ဘာလေးလဲဆိုတာ ပြန်တွေးလိုက်တယ်၊ အာရုံပြန်ယူလိုက်တယ်၊ အဲဒါကျတော့ အတိတ်အာရုံလို့ ခေါ်တယ်၊ ပစ္စုပ္ပန် မဟုတ်တော့ဘူး၊ ပစ္စုပ္ပန်က ပြီးသွားပြီ၊ မရှိတော့ဘူး။
ခုနက မျက်စိထဲထင်တဲ့အာရုံက ပျက်သွားပြီ၊ ပျက်သွားတော့ စိတ်ကနေ မှတ်ယူတဲ့ အတွေးအာရုံကို သွားယူလိုက်တယ်၊ ယူလိုက်ပြီးတော့ ဘာစိတ်တွေ ဖြစ်တုန်းဆိုရင် ခုနက နှလုံးသွင်းတဲ့ မနောဒွါရာဝဇ္ဇန်းဆိုတဲ့စိတ် ဖြစ်တယ်၊ ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် ဇော, တဒါရုံ ဒီလိုဖြစ်တယ်၊ အဲဒါပြီးတဲ့အခါကျတော့ သူက ဘာဖြစ်တုန်းဆိုရင် အတိတ်ကို လှမ်းပြီးတော့ ဘာပါလိမ့်လို့ဆိုတဲ့ စဉ်းစားတဲ့စိတ် ဖြစ်တယ်။
အဲဒါပြီးသွားရင် နောက်တစ်ခါ လာပြန်ရော process တစ်ခု၊ အဲဒီ process တစ်ခု ကျတော့ ပန်းဆိုတဲ့နာမည်လေးကို သူက ရလာတယ်၊ အဲဒီ process ပြီးပြီဆိုတော့မှ “ဪ ပန်းဆိုတာ ဒါပဲ” လို့ ဆိုတာကို သိလာတာ၊ နောက်ဆုံးကျမှ သိတာ၊ ဒါလည်း ကြိုတင်ပြီးသိထားမှသိတာ၊ အနည်းဆုံး ဝီထိ ၄-ခု လို့ ပြောတာ နော်။
မျက်စိက အဆင်းအာရုံကို မြင်လိုက်ရင် ထိုအဆင်းအာရုံနဲ့ စတင်ပြီး အလုပ် လုပ်တဲ့စိတ်အစဉ်က တစ်ခု၊ ဒါ ပစ္စုပ္ပန်အာရုံနဲ့ process တစ်ခု၊ တစ်ခါ အဲဒီ အတိတ်ကို ပြန်ပြီးတော့ တွေးတဲ့ process ဝီထိစိတ်အစဉ်က တစ်ခု၊ အဲဒီအထဲမှာ အမည်ကို ဖော်ထုတ်နိုင်တဲ့ process က တစ်ခု၊ အကောင်အထည်ဒြပ်ကိုသိတဲ့ process က တစ်ခုလို့ ဆိုတယ်၊ အနည်းဆုံး ၄-ခု။
၄-ခုလို့ ဆိုလို့ရှိရင် ပထမဆုံး စိတ်အစဉ်က စိတ်ပေါင်း ၁၇-ချက်ပါတယ်၊ ဒုတိယဟာက သူက မနောဒွါရာဝဇ္ဇန်းရယ် ဇော ၇-ကြိမ်ရယ် တဒါရုံ ၂-ကြိမ်ရယ် ဆိုလို့ရှိရင် သူက ၉-ကြိမ် ဖြစ်မယ်၊ အဲဒီလို ၉-ကြိမ် ၃-ခါလောက်ဖြစ်မှ ပန်း ဆိုတာ သိတယ်၊ ဒါလည်း နဂိုက သိခဲ့ပြီးမှ ပန်းဆိုတာကို သူအကောင်အထည် ဖော်နိုင်တယ်၊ ဒီလောက်အဆင့်တွေ သွားနေရတာ၊ ဟုတ်ပါ့မလား၊ အခုမြင် အခုသိ တယ်လို့ ဒီလို ထင်ကောင်းထင်လိမ့်မယ်ပေါ့၊ မဟုတ်ဘူး၊ process က အဲဒီ အတိုင်းပဲသွားတယ်။
အဲဒီ process ကို ဖြတ်တောက်ပစ်လို့ မရဘူး၊ ကားမောင်းတာပဲကြည့်၊ အစဉ် အတိုင်းသွားတာလေ၊ ပန်းပင်လေးတွေ ဖူးတာပွင့်တာလည်း အစဉ်အတိုင်း သွားတာပဲ၊ ဆိုပါစို့ - စဉ်းစားကြည့်၊ မျိုးစေ့ကလေးတစ်ခုကို မြေကြီးထဲမှာ ချစိုက် လိုက်တယ်၊ ၇-ရက်လောက်နေမှ အညှောက်ထွက်မယ် အမြစ်ကလေးဆင်းမယ် ဆိုလို့ရှိရင် အဲဒီအညှောက်သည် ၇-ရက်ကြာမှ ဘွားကနဲထွက်တာလား၊ (သို့မဟုတ်) ဒီအစေ့ကလေးဟာ ဒီကနေ့နဲ့ နက်ဖြန်ခါ အခြေအနေပြောင်းတာလား၊ တကယ် တော့ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ပြောင်းနေတာ၊ တစ်ရက်နဲ့ တစ်ရက် မတူဘူး၊ စောင့်ကြည့်နေ develope ဖြစ်လာတာ၊ ပြောင်းလဲမှုကလေးတွေက အဲဒီ ကြားထဲမှာ ရှိနေတယ်၊ အချိန်နဲ့အလိုက် ပြောင်းလဲမှုလေးတွေ ရှိနေတယ်။
ဘုန်းကြီးတို့တတွေရဲ့ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ၊ စက္ကန့်နဲ့အလိုက် ပြောင်း လဲမှုတွေ ရှိနေတယ်၊ သို့သော် copy တွေ အလားတူတွေက လာနေသည့်အတွက် ကြောင့် လူက ပြောင်းနေတာကို မမြင်ဘူး၊ ဝိပဿနာဉာဏ်နဲ့ ကြည့်နိုင်မှ မြင်တာ၊ တကယ်ကတော့ copy တွေပေါ့။
မမြင်တာ ကြာတဲ့အခါကျ “အတော်အိုသွားပါလား” လို့ ပြောကြတယ်၊ ဟုတ်ရဲ့လား၊ အကြာကြီးနေမှ ပြောင်းလဲတာကိုတော့ သိတယ်လေ၊ အမှန်ကတော့ တစ်နေ့တည်း ပြောင်းသွားတာ မဟုတ်ဘူး၊ နေ့တိုင်းပြောင်းနေတာ၊ နေ့တိုင်းဆိုတဲ့ အထဲမှာ second by second, minute by minute ဒီလိုပြောင်းနေတာ၊ ဒါတွေကို process လို့ ခေါ်တယ်။
ဒိပြင်ဟာ မပြောနဲ့ process ဆိုတာ စိတ်တောင် မကဘူး၊ လမ်းလျှောက် တာလည်း process ရှိတာပဲ၊ လမ်းလျှောက်တော့မယ်ဆိုလို့ရှိရင် ဘာက စ,လဲ သိ လား၊ ကိုယ့်ဟာကိုယ် လျှောက်ကြည့်ပေါ့၊ ဘယ်က စလာလဲ၊ ခြေထောက်တစ်ဖက် မြှောက်မယ်၊ ဟိုတစ်ဖက်ကို ချပြီးမှ နောက်တစ်ဖက်မြှောက်မယ်၊ ဒါ process ပဲ လေ၊ ၂-ခုစလုံး မြှောက်သွားလို့မှ မရတာ၊ တစ်လှမ်းစီ တစ်လှမ်းစီ သွားနေတာ ဒါ process ပဲ၊ သူ့ အစဉ်အတိုင်း သွားနေတာ၊ ဒါအားလုံးဟာ အကုန်လုံးဖြစ်စဉ်လေး တစ်ခုပဲ။
နောက်တစ်ခု - ထမင်းစားတာပဲ ကြည့်လေ၊ ထမင်းပွဲကြီး ပြင်ထားတယ်၊ ဇွန်းနဲ့ ခက်ရင်းနဲ့၊ အဲဒီမှာ မျက်စိက အရင်ကြည့်လိုက်တယ်၊ ဘယ်ဟာ အရင်နှိုက် ရမလဲ၊ ဒါ process ပဲ၊ ပြီးပြီဆိုတဲ့အခါ စိတ်ကတွေးထားတဲ့အတိုင်း ဇွန်းလေး ကိုင်လိုက်တယ်၊ ကိုင်ပြီးရင် ကော်လိုက်ပြီ၊ ဒါ process တွေပဲလေ၊
မကိုင်ခင် ကော်လို့မှ မရတာ၊ ပထမ ကိုင်ရမယ်၊ ကိုင်ပြီး ကော်တယ်၊ ကော်ပြီး သယ်လာတယ်၊ အဲဒီကော်နေတုန်းမှာ ပါးစပ်ကြီးက ဟမထားဘူး၊ သယ်လာပြီးတော့ ပါးစပ်နား ရောက်မှ ပါးစပ်က ဟပေးတာလေ၊ ဒါ process ပဲ၊ ပါးစပ်က ဟပေးတော့ ပါးစပ် ထဲကို ထည့်လိုက်တယ်၊ မထည့်ခင်က သွားက ဝါးမနေသေးဘူး၊ ထည့်လိုက်မှ သူက ဝါးတာ၊ သွားနဲ့ လျှာနဲ့ အလုပ်လုပ်ကြတယ်၊ ပြီးတော့ မြိုချလိုက်တယ်၊ ဒါ လူက လုပ်ပေးတဲ့ process ။
ဗိုက်ထဲ ရောက်သွားပြီဆိုလို့ရှိရင် အစာအိမ်တို့ အူတို့ကနေ ဆက်ပြီးတော့ လုပ်သွားတာ၊ နောက်ဆုံး toilet ရောက်သွားတယ်၊ ဒါတွေ အကုန်လုံး process တွေပဲ။
ရုပ်မှာ process ရှိသလို စိတ်မှာလည်း အာရုံလေးတစ်ခုနဲ့ ပတ်သက်ပြီး အလုပ်လုပ်ကြတာဟာ တစ်ခုနဲ့ တစ်ခု မတူဘူး၊ စွမ်းအားတွေ မြင့်မြင့် မြင့်မြင့် လာတယ်၊ ဒါကြောင့်မို့လို့ ဇောဆိုတဲ့အဆင့် ရောက်တဲ့အခါကတော့ စိတ်စွမ်းအား တွေ တအားမြင့်သွားပြီ၊ အရှိန်တက်သွားတဲ့အချိန်ပဲ၊ ရှေ့ပိုင်းက အစပျိုးလာတာ၊ အစပျိုးပြီး နောက်ဆုံးအဆင့်ရောက်ပြီးရင် ဘာဖြစ်သွားလဲ၊ ပြန်ကျသွားတယ်၊ ဒါထုံးစံပဲ။
ခဲလေး ကောင်းကင်ကို မြှောက်ကြည့်ပါလား၊ မြှောက်လိုက်လို့ရှိရင် သူ တက်သွားမယ်၊ တက်သွားပြီးရင် ဘာဖြစ်မလဲ၊ ရပ်တယ်၊ ရပ်ပြီးရင် ပြန်ကျမယ်၊ အဲဒီသဘောပဲ၊ အာရုံလေးတစ်ခုနဲ့ စိတ်နဲ့ တွေ့တဲ့အခါကျတော့ တက်သွားလိုက် တယ်၊ ပြီးရင် ပြန်ကျတယ်၊ ဒီပုံစံနဲ့ သွားနေတာ။
အားလုံးဟာ အာရမ္မဏပစ္စယောအရ စိတ်များဟာ အာရုံဆိုတဲ့ ကြိုးတန်းကို အမှီပြုပြီးတော့ လျှောက်လှမ်းနေတာလို့၊ အာရုံဆိုတာ မပေါ်ဘဲနဲ့ စိတ်ဆိုတာ ဘယ်တော့မှ မပေါ်ဘူး၊ အာရုံနဲ့ဝတ္ထုနဲ့ ထိခိုက်မှသာလျှင် ပေါ်တယ်လို့ ဒီလို သဘောကျထားရင် တို့တတွေ နေ့စဉ်ဘဝမှာ အာရမ္မဏပစ္စယောနဲ့ နေနေရတာ ပါလားလို့ဆိုတာ သဘောပေါက်လာမှာပဲ၊ ပဋ္ဌာန်းနဲ့ နေနေတာ။
ကဲ အဲဒီနေရာမှာ အာရမ္မဏပစ္စယော လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီအာရုံလေးနဲ့ အလုပ်လုပ်တဲ့စိတ်၊ ပြောပါစို့ - အဲဒီအာရုံလေးရဲ့သက်တမ်းဟာ ၁၇-ချက်လို့ဆိုတော့ ရေတွက်ပြီးတော့ ကြည့်ရအောင်၊
၁၇-ချက်ကို ရေတွက်ကြည့် လိုက်မယ်ဆိုရင် တံခါးဖွင့်ပေးတဲ့စိတ်တစ်ခုနော်၊ နောက်ပြီးတော့ မြင်တဲ့စိတ်က တစ်ခု၊ လက်ခံတဲ့စိတ်က တစ်ခု၊ စုံစမ်းတဲ့စိတ်က တစ်ခု၊ ဆင်ခြင်တဲ့စိတ်က တစ်ခု၊ ၅-ခု ရှိသွားပြီ၊ ဇောက ၇-ခုဆိုတော့ ဘယ်လောက် ရှိသွားပြီလဲ၊ ၁၂-ခု၊ တဒါရုံက ၂-ခု ဆိုရင် ၁၄-ခု၊
သူ့ရဲ့ သက်တမ်းက ဘယ်ကစတုန်းလို့ဆိုရင် ရှေ့နားမှာ အတီတ ဘဝင်၊ (ဘဝင်စိတ်က သူ့ဖာသူ run နေတာ၊) အဲဒီ run နေတဲ့အထဲမှာ အာရုံ အသစ်က ဝင်ပြီး တိုက်လိုက် တဲ့အခါမှာ သူက လှုပ်သွားတယ်၊ မပြတ်သေးဘူး၊ ချက်ချင်းပြတ်တောက် မသွားဘူး၊ ဝင်တိုက်လိုက်တဲ့အချိန်မှာ သူက အရှိန်နဲ့ သွားနေလို့ လွန်သွားတဲ့ဘဝင်စိတ်က တစ်ခု၊ လှုပ်သွားတဲ့ဘဝင်စိတ်က တစ်ခု၊ ပျက်သွားတဲ့ ဘဝင်စိတ်က တစ်ခု၊ အဲဒီ ၃-ခု ထည့်လိုက်ရင် ဘယ်လောက်ဖြစ်လဲ၊ ၁၇-ချက်။
အာရုံလေးရဲ့သက်တမ်းက အဲဒီလွန်သွားတဲ့ဘဝင်စိတ်လေးနဲ့ ပြိုင်ပြီးတော့ ဖြစ်တာ၊ သူမွေးဖွားတဲ့အချိန်က အဲဒီအချိန်၊ သို့သော် အာရုံက စိတ်ထဲကို မရောက် သေးဘူး၊ ဘဝင်စိတ်က အဲဒီအာရုံကို ဂရုမစိုက်ဘူး၊ သူနဲ့ အာရုံနဲ့ မဆိုင်ဘူး။
ဘဝင်စိတ်ဆိုတာ အတိတ်ဘဝက အာရုံနဲ့ပဲ သက်ဆိုင်တယ်၊ ယခုပစ္စုပ္ပန်မှာ ဝင်လာတဲ့ ဒီအဆင်းအာရုံလေးကို ဘဝင်စိတ်က မယူနိုင်ဘူး၊ သို့သော် အာရုံရဲ့ တိုက်ခိုက်မှု စွမ်းအားကြောင့် ဘဝင်စိတ်လေးက လှုပ်သွားတယ်၊ နောက် ပြတ်ထွက် သွားတယ်၊ ပြတ်ထွက်သွားပြီဆိုတော့မှ အာရုံက ဝင်လာတာ၊ ဝင်လာတော့မှ နောက်ကစိတ် တွေက အဲဒီအာရုံနဲ့ အလုပ်လုပ်သွားကြတာ၊ တစ်နေကုန် လုပ်ရင် တစ်နေကုန် ဆက်ဖြစ်နေမှာပဲ။
ဒီအာရုံလေးကို သဘောကျရင်လည်း ဆက်တွေးနေမှာပဲ၊ စိတ်အစဉ်တွေဟာ မပြတ်အောင် ဆက်တွေးနေမှာပဲ၊ တစ်နေကုန် စဉ်းစားရင် တစ်နေကုန်ပဲ၊ တစ်နာရီစဉ်းစားရင် တစ်နာရီပဲ၊ ဒါက repeatation ပဲ၊ ထပ်ထပ် ထပ်ထပ်ပြီးတော့ ဒီလို သွားနေမှာပဲ၊ စလိုက် ဆုံးသွားလိုက်၊ စလိုက် ဆုံးသွားလိုက်၊ အပြန်အလှန် အဲဒီလိုဖြစ်နေတာ၊ စိတ်မှန်သမျှဟာ အာရုံဆိုတဲ့ကြိုးတန်းကိုမှီပြီး လျှောက်လှမ်း ကြရတာတဲ့၊ အာရုံကြိုးတန်းမပါဘဲ စိတ်ဟာ မဖြစ်နိုင်ဘူးလို့ ဒီလိုပြောတာပါ၊ အဲဒါကိုပဲ အာရမ္မဏပစ္စယောလို့ ဟောတာ။
ဒီနေရာမှာ အတီတဘဝင်စိတ်နဲ့စပြီး မွေးဖွားလာတဲ့အာရုံကို ခဏငယ် ၁၂-ခု ကြာမှ တံခါးဖွင့်ပေးတယ်၊ နောက်ပြီးတော့ ခဏငယ်-၁၅ ခု လောက်ကြာမှ မြင်သိစိတ် ကလေးက ပေါ်လာတယ်၊ ဒီတော့ အာရုံကအရင်ဖြစ်လို့ ပုရေဇာတပစ္စယော လို့ ဆိုတာ။
အဲဒီအာရုံလေးက ရှိနေတုန်းပဲ၊ mental process မှာ သူ့ရဲ့သက်တမ်းက မကုန်သေးဘူး၊ ၁၇-ချက် သွားမှာမို့ ရှိနေသေးတယ်၊ ရှိနေတုန်း ဖြစ်သောကြောင့် အတ္ထိပစ္စယော၊ မကင်းကွာသေးဘူး၊ ပျောက်မသွားသေးဘူး၊ ဒါကြောင့် အဝိဂတ ပစ္စယော၊ ဒီလို ၄-ပစ္စည်း၊ အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ၊ ဒီထဲမှာ ပါဝင် လာတယ်၊ ဒီစွမ်းရည်သတ္တိတွေနဲ့ သွားတာ။
မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးသည် စက္ခုဝိညာဏ်စိတ်ထက် စိတ်အစဉ်တန်းတစ်ခုလုံးကို အကျိုးပြုတယ်ဆိုတဲ့နေရာမှာ အခုပုံစံနဲ့ အကျိုးပြု တာနော်၊ အဲဒီအာရုံလေးက ကြိုတင်ဖြစ်နှင့်သည့်အတွက်ကြောင့် ပုရေဇာတ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိ၊ ပျောက်မသွားခင်ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတ၊ ကြိုးတန်းသဖွယ် အထောက်အကူပြုနေတာ ဖြစ်သော ကြောင့် အာရမ္မဏ၊ ဒီလိုနားလည်ရတယ်။
အသံကြားတာလည်း ဒီအတိုင်းပဲ၊ နှာခေါင်းက အနံ့ရရင်လည်း ဒီအတိုင်း ပဲ၊ ကိုယ့်ဟာကိုယ် ထမင်းစားရင်းလည်း အာရုံစိုက်လို့ရပါတယ်၊ လျှာနဲ့ အရသာနဲ့၊ တချို့အရသာက သိပ်မထင်ရှားဘူးပေါ့၊ ထင်ရှားချင်လို့ရှိရင် ငရုပ်သီးစားလိုက်ပေါ့၊ အဲဒီအခါကျလို့ရှိရင် ပိုပြီးတော့ထင်ရှားလာမယ်၊ ရသာရုံကနော်၊ ရသာရုံက ထင်ရှား လာပြီဆိုလို့ရှိရင် စိတ်က အဲဒီရောက်သွားမှာပဲ၊ အဲဒီလို အာရုံတွေနဲ့ စိတ်တွေဟာ အခုလို မှီတွယ်ပြီး ဖြစ်တယ်ဆိုတာကို မြတ်စွာဘုရားက ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ဟောကြားတာ ဖြစ်ပါတယ်၊ ပဋ္ဌာန်းကျမ်းမှာ အခု ပစ္စယနိဒ္ဒေသဆိုတာ မကျဉ်း မကျယ် ဟောတာ၊ နောက်ထပ် ချဲ့လိုက်လို့ရှိရင် ပဥှာဝါရ ဆိုတာ အကျယ်ကြီး လာသေးတယ်။
တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ အာရမ္မဏပစ္စယော နဲ့ ပတ်သက်ပြီး အခြေခံအားဖြင့်တော့ နားလည်သွားပြီလို့ ယူဆပါတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မဟာ လူတွေရဲ့သန္တာန်မှာဖြစ်နေတဲ့ သဘာဝတွေကို ထင်ရှားသိသာ လာအောင် ဟောကြားခြင်း ဖြစ်ပါတယ်၊ သဘာဝကို မသိသေးသမျှ အသိဉာဏ် ဆိုတာကို မရနိုင်ပါဘူး၊ သဘာဝကို အစစ်အမှန်ကို သိမှသာလျှင် အသိဉာဏ်လို့ ခေါ်တယ်၊ အဲဒီအသိဉာဏ်ကို ရရှိမှသာလျှင် တွယ်တာမှုဆိုတဲ့ တဏှာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်၊ တွယ်တာမှုတဏှာကို ဖယ်ရှားနိုင်မှ သောကဆိုတာ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်၊ သောကမဖယ်ရှားပဲ စိတ်ငြိမ်းချမ်းမှုဆိုတာ လုံးဝမရနိုင်ပါဘူး၊
ဒါ့ကြောင့်မို့ သောကအပူအပင်တွေကင်းပြီး စိတ်ငြိမ်းချမ်းမှုဆိုတဲ့ ထာဝရ အငြိမ်းဓာတ် ရနိုင်ဖို့အတွက် ဓမ္မအသိဉာဏ်ရရှိမှသာလျှင် ဖြစ်နိုင်တယ်၊ အတွယ် အတာကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ပြီး အသိဉာဏ်ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၄)
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲ လပြည့်ကျော် ၁၄-ရက်၊ (၂၃-၂-၂၀ဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း-၄ မှာ လွှမ်းမိုးကြီးစိုးတဲ့ အဓိပတိပစ္စည်း အကြောင်းကို ရှင်းလင်းပြီး ဟောကြားပါ့မယ်။
အဓိပတိဆိုတာ လွှမ်းမိုးကြီးစိုးခြင်းလို့ အဓိပ္ပါယ်ရတယ်၊ သဘာဝတရား ၄-ခုဟာ လူ့ရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးထားတတ်တယ်၊ ကျန်တဲ့သဘာဝတရားတွေက ဒီလောက် မလွှမ်းမိုးဘူး၊ တဖန် အချို့အချို့သောအာရုံများက စိတ်ကို လွှမ်းမိုးကြီးစိုး နိုင်ခြင်း မရှိဘူး၊ အချို့အချို့သောအာရုံများက လူ့ရဲ့စိတ်ကို လွှမ်းမိုး ကြီးစိုးနိုင်တယ်၊ ဒါကြောင့်မို့ “အဓိပတိပစ္စယော- အတူဖြစ်ပြန်၊ ရုပ်နှင့်နာမ်ကို၊ ဧကန်လွှမ်းမိုး၊ ကြီးစိုးနိုင်ဘိ၊ အဓိပတိတရား” လို့ဆိုတာပါ။
ကြီးစိုးနိုင်တဲ့ အဓိပတိတရားဆိုတာ ဆန္ဒ ဝီရိယ ဝီမံသ စိတ္တ တို့ဖြစ်တယ်၊ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒီစေတသိက် ၃-မျိုးနဲ့ စိတ်ဟာ ဆိုင်ရာနာမ်တရားတွေကို ဟာ စိတ်ပေါင်း ဘယ်လောက်ယှဉ်တုန်းဆိုရင် အကုသိုလ်စိတ်တွေမှာလည်း ယှဉ်တယ်၊ ကုသိုလ်စိတ်တွေမှာလည်း ယှဉ်တယ်၊ ကြိယာစိတ်တွေမှာလည်း ယှဉ်တယ်၊ ၆၉-မျိုးသော စိတ်တွေမှာ ယှဉ်တယ်၊ သို့သော် အဓိပတိအနေနဲ့ ဖြစ်နိုင်တာတော့ အားလုံးမှာ မဟုတ်ဘူးတဲ့၊ အကုန်လုံးမှာ အဓိပတိမဖြစ်ဘူး၊ (ဒီမှာ သရုပ်တွေကိုတော့ မပြောတော့ဘူး။)
ဆန္ဒသည် ဆန္ဒနဲ့အတူအကွဖြစ်ပေါ်လာတဲ့စိတ်တွေ, ထိုစိတ်က ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေကို သူက လွှမ်းမိုးချုပ်ကိုင်ထားနိုင်တယ်၊ ဘယ်လိုများ လွှမ်းမိုး ချုပ်ကိုင်ထားနိုင်တာတုန်းလို့ဆိုလို့ရှိရင် ဆန္ဒဆိုတဲ့သဘောလေးကို အရင်ကြည့်။
ဆန္ဒဟာ လောဘမူစိတ်မှာ ယှဉ်သည့်အတွက် လောဘနဲ့ယှဉ်ပြီးလည်း ဖြစ်လာ တတ်တယ်၊ လောဘဆန္ဒ တဏှာဆန္ဒလို့ ခေါ်တယ်၊ လိုချင်တဲ့ဆန္ဒနော်၊ ဆန္ဒဟာ ဒေါသမူစိတ်မှာယှဉ်ပြီး ဒေါသနဲ့တွဲလာလို့ရှိရင် မုန်းတီးရန်လိုတဲ့ဆန္ဒ၊ သတ်ချင် ဖြတ်ချင် ရိုက်ချင် နှက်ချင်တဲ့ဆန္ဒ ဖြစ်တယ်၊ ယှဉ်တွဲတဲ့သဘာဝတရားနဲ့ သူက ချုပ်ကိုင်ပြီးတော့ လွှမ်းမိုးပြီး ကြီးစိုးတာ။
ကုသိုလ်စိတ်မှာ အလောဘတို့ အဒေါသတို့ အမောဟတို့နဲ့ ယှဉ်တွဲပြီးတော့ လာတဲ့အခါဆိုလို့ရှိရင် ဒါနကောင်းမှုပြုလိုတဲ့ဆန္ဒ၊ သီလဆောက်တည်လိုတဲ့ ဆန္ဒ၊ ဘာဝနာတရား ပွားများအားထုတ်လိုတဲ့ဆန္ဒ၊ ဈာန်စိတ်တွေနဲ့ ယှဉ်တွဲလာတဲ့ အခါ ကာမဂုဏ်အာရုံတွေကို လုံးဝဖယ်ရှားပြီး ဈာန်တရားနဲ့ ပျော်မွေ့လိုတဲ့ဆန္ဒ၊ မဂ်စိတ်ဖိုလ်စိတ်တွေနဲ့ ယှဉ်တဲ့အခါ ကိလေသာတွေကို လုံးဝဖယ်ရှားပစ်လိုတဲ့ဆန္ဒ၊ ဒီလို ဆန္ဒက ဆိုင်ရာဆိုင်ရာ သဘာဝတရားတွေနဲ့ ယှဉ်တွဲလာတဲ့အတိုင်း လွှမ်းမိုး ကြီးစိုးထားတယ်၊ သာမန်ဆန္ဒ မဟုတ်ဘူး၊ အလွန်ပြင်းထန်တဲ့ဆန္ဒ။
ဆန္ဒဟာ ရံဖန်ရံခါ လောဘနဲ့ ရောထွေးတတ်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် မြန်မာလိုပြန်တဲ့အခါ “ချင်” နဲ့ ပြန်တာကိုး၊ လိုချင်တယ်၊ စားချင်တယ်၊ သွားချင် တယ်၊ လောဘနဲ့ယှဉ်တွဲရင် လောဘသဘော ပါတာပေါ့၊ သို့သော် ဆန္ဒတိုင်းဟာ လောဘနဲ့ တွဲလားလို့ဆို မဟုတ်ဘူး၊ လူတစ်ယောက်ကို ရိုက်ချင်တယ်ဆိုရင် လောဘ ဟုတ်ပါ့မလား၊ မဟုတ်ဘူး၊ သတ်ချင်တယ် ဖြတ်ချင်တယ် ဆိုရင်ရော၊ လောဘ မဟုတ်ဘူး၊ အဲဒီ”ချင်”က ဒေါသနဲ့ တွဲလာတာ။
သူများပစ္စည်းကို လိုချင်တယ်၊ နှစ်သက်တယ်၊ တပ်မက်တယ်၊ ရယူချင်တယ် ဆိုတာကျတော့ လောဘနဲ့တွဲတယ်၊ ကောင်းမှုကုသိုလ်ပြုချင်တယ်ဆိုရင် အလောဘ နဲ့၊ လူတွေချမ်းသာစေချင်ကယ်ဆိုရင် အဒေါသနဲ့ တွဲလာတာ၊ အမှန်တရားကို သိချင်တယ်ဆိုရင် အမောဟနဲ့ တွဲလာတယ်၊ ဒီ”ချင်”က လောဘနဲ့ မတူဘူးပေါ့။
တစ်ခါတစ်ရံ ဆန္ဒက အစွမ်းသတ္တိထက်လာပြီဆိုလို့ရှိရင် လောဘကိုလည်း အနိုင်ယူနိုင်တယ်၊ ကြည့်လေ - လူတစ်ယောက် ဆန္ဒပြင်းပြလာပြီဆိုလို့ရှိရင် သိန်းချီ လှူနိုင်တယ်၊ စိတ်ဆန္ဒရှိရင် လုပ်တာပဲ၊ လောဘက ဘာမှ မတတ်နိုင်တော့ဘူး၊ ဘုရားအလောင်းတွေဆိုရင် ကြည့်၊ ဘုရားဖြစ်ချင်တဲ့ဆန္ဒ ဖြစ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဒါနကောင်းမှု လုပ်တဲ့အခါမှာ သူပိုင်သမျှ ပစ္စည်းတွေ အကုန်လုံး အိတ်သွန်ဖာမှောက်လှူတယ်၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတွေသားတွေ ထုတ်လှူ နိုင်တယ်၊ နောက်ဆုံး အသက်ပါလှူနိုင်တယ်၊ လောဘကိုတောင်မှ ဟောဒီ ဆန္ဒက ဖယ်ရှားပစ်နိုင်တယ်၊ လွှမ်းမိုးလာပြီဆိုလို့ရှိရင် ဆန္ဒက လောဘထက် အားကောင်း တယ်၊ လောဘက အဓိပတိမဟုတ်ဘူး၊ ပျော့ညံ့တယ်၊ ဟောဒီဆန္ဒကမှ အဓိပတိတဲ့။
ဘုရားအလောင်းတော်တွေ ဗျာဒိတ်ရတယ်ဆိုတာ သာမန်အနေအထားနဲ့ မရဘူး၊ ဘုရားဖြစ်ချင်တဲ့ဆန္ဒဟာ သူတို့စိတ်ကို လွှမ်းမိုးပြီးနေပြီဆိုလို့ရှိရင် ဗျာဒိတ် ရတယ်၊ ဒါကြောင့်မို့လို့ ဘုရားအလောင်းတွေ ဗျာဒိတ်ရဖို့ရာ အင်္ဂါ ၈-ချက်ဆိုတာ ရှိတယ်။
“မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ၊
ပဗ္ဗဇ္ဇာ ဂုဏသမ္ပတ္တိ၊ အဓိကာရောစ ဆန္ဒတာ”
မနုဿတ္တဆိုတာ လူသားဖြစ်ရမယ်၊
လိင်္ဂသမ္ပတ္တိက အမျိုးသားဖြစ်ရမယ်၊
ဟေတု - တိဟိတ်ပဋိသန္ဓေနေခြင်း အကြောင်းတရားတွေ လုံလောက်ပြီးသား ရှိရမယ်၊
သတ္ထာရ ဒဿနံ -- ဘုရားနဲ့ တွေ့ရမယ်၊
ပဗ္ဗဇ္ဇာ -ရသေ့ရဟန်းအဖြစ် ရှိရမယ်၊
ဂုဏသမ္ပတ္တိ - အဘိညာဉ်ဂုဏ်နှင့် ပြည့်စုံခြင်း ရှိရမယ်၊ ဈာန်တရားတွေကို ရ,ထားတဲ့ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံပြီးသားပုဂ္ဂိုလ် ဖြစ်ရမယ်၊
အဓိကာရ - ကုသိုလ် ကောင်းမှု လွန်လွန်ကဲကဲပြုတာဖြစ်ရမယ်၊
ဆန္ဒ – ပြင်းပြတဲ့ဆန္ဒ ရှိရမယ်၊
သုမေဓာ ရသေ့ ဗျာဒိတ်ရတာဟာ ဒီအင်္ဂါရပ်တွေနဲ့ညီလို့။
ဒါဖြင့် ဘုရားဖြစ်ချင်တဲ့ဆန္ဒဟာ ဘယ်လောက်ပြင်းလဲ၊ သာမန်ပုဂ္ဂိုလ်တွေလို ဖြစ်ချင်ရုံ သက်သက် မဟုတ်ဘူး၊ သူက ဘယ်လောက်ထိအောင် ဘုရားဖြစ်ချင် သလဲဆိုရင် ကြည့်၊ တစ်ဘက်က ကြည့်လိုက်မယ်ဆိုရင် ဒီပင်္ကရာမြတ်စွာဘုရားနဲ့ တွေ့တဲ့အခါမှာ သူက ဈာန်အဘိညာဉ်ရ တန်ခိုးရှင်ရသေ့ဖြစ်နေတာ၊ ဘုရားတရား နာပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရအောင်ကြိုးစားမယ်ဆိုရင် ရဟန္တာဖြစ်နိုင်တာ ပေါ့၊ သို့သော် ဘုရားဖြစ်ချင်တဲ့ဆန္ဒကြောင့် လက်လွှတ်လိုက်တယ်၊ မဂ် ဖိုလ် နိဗ္ဗာန်ကို မယူဘူး၊ ဒီ လက်လွှတ်တယ်ဆိုတာ နည်းတဲ့သတ္တိ မဟုတ်ဘူး၊ ဘဝပေါင်း မြောက်မြားစွာ အိုရဦးမယ်၊ နာရမယ်၊ သေရဦးမယ်ဆိုတာ သူသိတယ်၊ အကယ်၍ သာ ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ တရားဓမ္မနာပြီး ရဟန္တာဖြစ်လိုက်မယ်ဆိုရင် တစ်ခါပဲ သေမယ်၊ တစ်ခါတည်း သေတာကို အခါပေါင်းမြောက်မြားစွာ သေတာနဲ့ သူလဲနိုင်တယ်၊ ဆန္ဒလို့ ပြောရမယ်။
အဋ္ဌကထာဆရာကြီးက ပိုပြီးနားလည်အောင် ဘယ်လိုပြောတုန်းဆိုရင် ဘုရားဖြစ်ဖို့ ဆန္ဒဟာ ဘယ်လောက်ထိအောင် ကြီးကျယ်သလဲ ဆိုရင်တဲ့ - စကြဝဠာ တိုက်ကြီး တစ်တိုက်လုံးအပြည့် ရဲနေတဲ့မီးကျီးခဲတွေ ထည့်ထား၊ အဲဒီ မီးကျီးခဲ ပင်လယ်ကြီးကို ဖြတ်ပြီး ဟိုဘက်ကိုရောက်အောင်သွားနိုင်ရင် ဘုရားဖြစ်မယ်ဆိုရင် သွားမယ်တဲ့၊ အဲဒီလောက်ထိအောင် ဆန္ဒပြင်းတယ်။
စကြဝဠာကြီးတစ်ခုလုံးအပြည့် မြမြထက်နေတဲ့လှံသွားတွေ ထောင်ထားတယ်၊ အဲဒီလှံသွားတွေပေါ်ကနင်းပြီး ဟိုဘက်ကိုရောက်အောင် သွားနိုင်ရင် ဘုရား ဖြစ်မယ်လို့ အာမခံမယ်ဆိုရင် သူသွားမှာပဲတဲ့၊ ဒါ ဆန္ဒပြင်းပုံကို ပြောပြတာနော်၊ အဲဒီလို မီးကျီးခဲဖြတ်ရုံနဲ့ ဘုရားဖြစ်မှာတော့ မဟုတ်ဘူးပေါ့၊ လှံသွားပေါ် လမ်းလျှောက်ပြတာနဲ့ ဘုရားတော့ဖြစ်မှာ မဟုတ်ဘူးပေါ့နော်၊ ဆန္ဒပြင်းထန်ပုံက အဲ့ဒီလောက်ထိ ပြင်းထန်တာ။
သုမေဓာသူဌေးသားက ပစ္စည်းဥစ္စာ အင်မတန်ချမ်းသာတယ်၊ ရွှေတိုက် ငွေတိုက် ဘဏ္ဍာတိုက်တွေ မက်မောစရာပဲ၊ သို့သော် အဲဒါတွေကို လိုချင်သူယူ ဆိုပြီး တိုက်ခန်းတွေဖွင့်ပြီး လှည့်မကြည့်ဘဲ သွားနိုင်တယ်၊ စာထဲမှာ ဥပမာပေးထားတာ လူတွေမှာ လှည့်မကြည့်ဘဲသွားတာ တစ်ခုရှိတယ်၊ ဘာလဲလို့ဆိုရင် ထွေးထုတ် လိုက်တဲ့တံတွေး၊ ဟုတ်ရဲ့လား၊ ဘယ်သူမှ လှည့်ကြည့်မနေဘူး၊
(နည်းနည်း ပါးပါး တော့ကြည့်မှာပေါ့ ငါ့တံတွေးထဲများ သွေးများပါမလားလို့ ဒါက ချောင်းဆိုးရင်တော့ သွေးပါမှာ ကြောက်လို့ ကြည့်တာ၊ ပြန်ယူဖို့တော့ မကြည့် တော့ဘူး၊)
အဲဒီလို ရတနာ ပစ္စည်းတွေကို တိုက်ခန်းဖွင့်ပြီးသွားတာ၊ လှည့်ကို မကြည့်ဘူး၊ လိုချင်သူယူဆိုပြီး စွန့်ပစ်ထားခဲ့တယ်။
အဲဒါ ဘယ်အရာက စွန့်လွှတ်တာတုန်းဆို ဆန္ဒက စွန့်လွှတ်တာ၊ တရား ကျင့်လိုတဲ့ ဆန္ဒသည် လောဘကို ဖယ်ရှားနိုင်တဲ့စွမ်းအား ရှိတယ်၊ ဒါကြောင့်မို့ အဓိပတိဆန္ဒလို့ ခေါ်တာ၊ သူနဲ့ အတူတူဖြစ်တဲ့စိတ်တွေကို လွှမ်းမိုးထားတာ၊ ဒါက ကောင်းတဲ့ အဓိပတိပေါ့၊ မဟာကုသိုလ်စိတ်နဲ့ယှဉ်တဲ့ အဓိပတိ။
ကိုယ်မစားရချင် နေပေ့စေ၊ ဒုက္ခရောက်နေတဲ့သူတွေ သွားကယ်တယ်၊ ကိုယ်စားမယ့် အစားအစာထဲက ကိုယ်အငတ်ခံပြီး သူများကိုကျွေးတယ်၊ ဒါလည်း ဆန္ဒပဲ၊ ဆန္ဒပြင်းလာပြီဆိုရင် အကုန်လုပ်နိုင်တယ်၊ ကောင်းတဲ့ကိစ္စတွေမှာလည်း အကုန်၊ မကောင်းတဲ့ကိစ္စမှာရောဆိုရင် မကောင်းတဲ့ကိစ္စလည်း လုပ်နိုင်တယ်၊ ဆိုပါစို့- လောဘနဲ့ တွဲလာတဲ့ဆန္ဒကျတော့ကြည့်၊ မရရအောင်ကိုယူတယ်၊
ချောတိုင် တက်တဲ့လူတွေ ကြည့်ပေါ့၊ ဒီလောက်ချောပြီး ညစ်ပတ်နေတာ၊ ဒီအပေါ် မရရအောင် တက်တယ်၊ လိုချင်တဲ့ဆန္ဒကြောင့်ပဲ၊ ဒါ ဘာဟုတ်သေးလဲ၊ ဒိပြင် လောဘနဲ့ ယှဉ်တွဲလာလို့ရှိရင် ဟောဒီဆန္ဒက လွှမ်းမိုးလာပြီဆိုရင် သူက ဘာမဆို လုပ်ရလုပ်ရ အကုန်လုပ်တယ်၊ ပိုက်ဆံရမယ်ဆိုရင် ဘာမဆိုလုပ်တယ် ဆိုတဲ့လူတွေ ရှိတာပေါ့၊ ဒါ လောဘနဲ့တွဲလာတဲ့ ဆန္ဒတဲ့။
၅၅၀-ဇာတ်ထဲက ကုသဇာတ်ဆိုတာ ရှိတယ်၊ မင်းကုသကြီးအကြောင်း ကြားဖူးကြ ပါလိမ့်မယ်၊ လောဘနဲ့တွဲလာတဲ့ဆန္ဒကြောင့် ထီးနန်းကိုစွန့်ပြီး ထမင်းချက်သမား လည်း လုပ်တာပဲ၊ ဖျာယက်သမားလည်း လုပ်တာပဲ၊ ဘုရင်ဖြစ်ပါလျက် ဒီလို ဒုက္ခတွေခံတာ၊ ဒီပြင်းထန်တဲ့လောဘနဲ့ တွဲလာတဲ့ဆန္ဒကြောင့် ဒုက္ခခံပြီး လုပ်တာ ပဲ၊ အဲဒါမျိုး ဘယ်သူက လုပ်နိုင်မှာတုန်း၊ ဆန္ဒကြောင့် လုပ်တာပေါ့၊ အဲဒါ လွှမ်းမိုး ထားတာ၊ ဟောဒီဆန္ဒသည် မင်းကုသရဲ့စိတ်ကို လွှမ်းမိုးထားတာ၊ ဒါ လောဘနဲ့ တွဲတဲ့ဆန္ဒ။
ဒေါသနဲ့ တွဲတဲ့ဆန္ဒကလည်း ထို့အတူပဲ၊ လူတစ်ယောက်ကို မုန်းပြီဆိုရင် အဲဒါတစ်ခုခုလိုက်ပြီး ဒုက္ခပေးနေတယ်၊ အဲဒီအမုန်းစိတ်သည် နှစ်-၁၀၀ လည်း ပျောက်တာ မဟုတ်ဘူး၊ သတ်ချင်ဖြတ်ချင် ဒုက္ခပေးချင်တယ်၊ ကြည့်လေ- ဒေဝဒတ် ရဲ့ ပဋိဃဆန္ဒ၊ ဒေါသဆန္ဒ၊ အမုန်းဆန္ဒဟာ ဘယ်လောက်အထိ ပြင်းထန်သလဲ ဆိုရင် ဘုရားအလောင်းတော်နဲ့ ဒေဝဒတ်အလောင်းတို့ သေရိဝဇာတ်မှာ ရွဲကုန်သည် ဘဝတုန်းက သူ့ နယ် ကိုယ့်နယ်ခွဲပြီး ရွဲ့တွေ ရောင်းကြတယ်၊ တောင်ပိုင်းကို ငါရောင်းမယ်၊ မြောက်ပိုင်းကို မင်းရောင်းပေါ့ ငါက တောင်ပိုင်းက ထွက်သွားပြီဆို တောင်ပိုင်းကို မင်း ဝင်လို့ရတယ်၊ ဟော မြောက်ပိုင်းက ဒီလူက ထွက်သွားရင်လည်း ကျန်တဲ့လူက မြောက်ပိုင်းကို ဝင်လို့ရတယ်။
အဲဒီမှာ ဟိုးရှေးတုန်းက မျိုးရိုးစဉ်ဆက်က သူဌေးဖြစ်ခဲ့ပေမယ့် အခု ဆင်းရဲ သွားတဲ့ အဘွားအိုကြီးနဲ့မြေးလေးတို့ဟာ တဲကုတ်ကလေးမှာနေကြတယ်။ ဒေဝဒတ်အလောင်း ရွဲကုန်သည်က သူတို့ကို ဆင်းရဲသားဆိုတော့အထင်သေးတာပေါ့၊ အဲဒီ သူတို့အိမ်မှာ ဒီအတိုင်းပစ်ထားတဲ့ ဟောင်းနွမ်းပြီး အညှိတက်နေတဲ့ ရွှေခွက်ကြီး တစ်ခွက်ရှိတယ်၊
မြေးလေးက ရွဲလိုချင်တော့ ရွှေခွက်ကြီးကို ရွှေခွက်မှန်းမသိဘဲ အဲဒီခွက်ကြီးနဲ့ ရွဲကလေးလဲပါလို့ဆိုတော့ ရွဲကုန်သည်က ကြည့်တယ်၊ တစ်သိန်း တန်တဲ့ ရွှေခွက်ကြီး ဖြစ်နေတယ်၊ သူ့မှာပါလာတဲ့ ရွဲ့ရဲ့တန်ဖိုးတောင် တစ်သိန်းမရှိဘူး၊ သို့သော် သူက မရိုးသားဘူး၊ အလကားရချင်တယ်၊ ရတုန်း မယူလိုက်ဘဲနဲ့ ပစ်ထား ခဲ့တယ်၊ ဘာမျှ တန်ဖိုးမရှိဘူးဆိုပြီး ပစ်ချထားလိုက်တယ်၊ ဟန်လုပ်ပြီး ထွက်သွားတာပေါ့။
ဒါနဲ့ သူတို့သဘောတူထားတဲ့အတိုင်း ဘုရားအလောင်းရွဲကုန်သည်က အဲဒီဘက် ရောက်လာတယ်၊ “အင်း ဒီလူကတော့ သဘောကောင်းပုံရတယ်” ဆိုပြီး အဘွားအိုကြီးက ပြောကြည့်တယ်၊ “ပါလာတဲ့ရွဲလေး ဟောဒီခွက်ကြီးနဲ့လဲပါ” လို့ ပြောတယ်။
.
ဘုရားလောင်းက တကယ်ရိုးသားဖြောင့်မတ်တယ်၊ “အမေကြီး”တဲ့၊ “ဒီ ရွှေခွက်ကြီး က တစ်သိန်းတန်တယ်၊ ကျွန်တော့်ပါတဲ့ပစ္စည်းက ဒီလောက်မတန်ဘူး” တဲ့၊ ဒီတော့ အဘွားကြီးက “ကဲကွယ် ဒါက မင်းထိုက်လို့ မင်းရတာ၊ ခုန ရွဲကုန်သည် တစ်ယောက်က ပြောတယ်၊ နှစ်ပြားဖိုးမှ မတန်ဘူးလို့ပြောပြီး ပစ်ချသွားတယ်၊ မင်း ရှိတာသာ ပေးခဲ့ပါတော့”လို့ ပြောတယ်။
ဘုရားအလောင်းက ဘယ်လောက် သဘောကောင်းတုန်းဆိုရင် သူရောင်းလို့ ရတဲ့ငွေတွေလည်း အားလုံးပေးခဲ့တယ်၊ လက်ကျန်ရွဲတွေလည်း အကုန်လုံးပေးခဲ့ တယ်၊ သူ့ကို ထမ်းပိုးလေးတစ်ချောင်းတော့ပေးပါ ဆိုပြီးတော့ အဲဒီထမ်းပိုးလေး ယူပြီး အဲဒီရွှေခွက်ကြီးယူပြီး မြန်မြန်သွားတယ်၊ သူကလည်း ဟိုကောင်ရဲ့သဘော သိတယ်၊ မြစ်ဖြတ်ကူးပြီးတော့ ဟိုဘက်ကမ်းကို ရောက်အောင်သွားတယ်။
ဒေဝဒတ်အလောင်း ရွဲကုန်သည်ကလည်း သူ့ရွှေ့ခွက်ပါသွားပြီဆိုတာ သိတော့ နောက်ကလိုက်လာပြီး ရွဲတွေပစ်ထားခဲ့ပြီးတော့ ထမ်းပိုး ထမ်းပြီးတော့ လိုက်လာတာ၊ “ဒီကောင် ရိုက်သတ်မယ်” ဆိုပြီးတော့၊ ဒေါသ နဲ့ယှဉ်တဲ့ ဆန္ဒနော်၊ ရိုက်ချင်တဲ့ဆန္ဒနဲ့ လိုက်လာတာ၊ ဟိုက ကမ်းက ခွါသွားပြီ၊ ခွါသွားတော့ လှေသမားကို လှမ်းခေါ်တယ်၊ ဘုရားအလောင်းကလည်း “လှေသမား မကပ်နဲ့ မကပ်နဲ့၊ ဒီလူ သူ ရိုက်လိမ့်မယ်၊ ပိုက်ဆံပိုပေးမယ် ရှေ့သာဆက်သွားပါ” ဆိုတော့ အဲဒါနဲ့ အဲဒီမကျေမနပ်နဲ့ နောက်ဆုံး သေသွားတဲ့အထိအောင် ဖြစ်သွားတယ် မဟုတ်လား။
အဲဒီ ဒေါသအမုန်းတရားက မုန်းလို့၊ မုန်းရုံတင် မဟုတ်ဘူး၊ သတ်ချင် ဖြတ်ချင်တဲ့ စိတ်ဟာ ဘယ်ထိပါလာတုန်းဆို ဒေဝဒတ်ဘဝ ရောက်သည်ထိအောင် ပါလာတယ်၊ လွှမ်းမိုးကြီးစိုးထားပုံကို ကြည့်ပါ၊ ဘုရားဖြစ်လာတဲ့ ဘဝအထိလည်း သတ်ဖို့ အမျိုးမျိုး ကြိုးစားတယ်လေ၊
လေးသမား လက်ဖြောင့်တပ်သားတွေ ခေါ်ပြီးတော့ သူကိုယ်တိုင်စီမံတယ်၊ “ရဟန်းဂေါတမ ဘယ်နားမှာ နေတယ်၊ တစ်ယောက်က ဒီလမ်းကသွား၊ သွားပြီး လို့ရှိရင် မင်း အဲဒီမှာ ရဟန်းဂေါတမကို လေးနဲ့ပစ်ခဲ့၊ ပစ်ပြီးရင် မင်း ဘယ်လမ်းက ပြန်ခဲ့” လို့ မှာထားတာ၊ သူက ဒီလေးသမားကို လက်စဖျောက်ချင်တယ်၊
အဲဒီပထမ ဆုံး လွှတ်လိုက်တဲ့ လက်ဖြောင့်လေးသမားကို “မင်း ဘယ်လမ်းက ပြန်ခဲ့” လို့ မှာပြီးတော့ အဲဒီလမ်းမှာကျတော့ လက်ဖြောင့်လေးသမားနှစ်ယောက် ချထားတယ်၊ “လေးသမားတစ်ယောက် လာလိမ့်မယ်၊ အဲဒီကောင်ကို မင်းတို့ ဖျောက်လိုက်” အဲဒီ နှစ်ယောက်ကိုလည်း တခြားလမ်းက ပြန်ခိုင်းတယ်၊
သူတို့ပြန်လာတဲ့လမ်းမှာ ၄-ယောက် လွှတ်ထားတယ်၊ မလွတ်နိုင်အောင်လို့ နှစ်ဆတိုးတိုးထားတယ်၊ “အဲဒီလူ ၂-ယောက်လာလိမ့်မယ်၊ မင်းတို့ သေအောင်သာ ပစ်သတ်”၊ ၄-ယောက်ပြန်လာ၊ ၄-ယောက်ကိုလည်းပဲ သူက ချိန်းလိုက်တယ်၊ ဘယ်လမ်းက ပြန်လာခဲ့”၊ အဲဒီလမ်း မှာလည်း လူ ၈-ယောက် ချထားတယ်၊ အဲဒီနည်းနဲ့ တရားခံမပေါ်အောင် လုပ်ထားတာ။
အဲဒီ သတ်ချင်တဲ့ဆန္ဒဟာ မပြေပျောက်နိုင်အောင် သူ့စိတ်ကို လွှမ်းမိုးကြီးစိုး ထားတယ်တဲ့၊ ဒါက ဒေါသနဲ့ယှဉ်တဲ့ဆန္ဒလို့ ပြောတယ်၊ အဲဒါကို မြတ်စွာဘုရားက ဟောတာ - “ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော” တဲ့။
လောဘနဲ့ယှဉ်တဲ့ ဆန္ဒကလည်း လိုချင်တာကို မရရအောင် ကြိုးစားတယ်၊ ဒေါသနဲ့ယှဉ်တဲ့ ဆန္ဒကလည်း သတ်ဖို့ ကြိုးစားတယ်၊ နှစ်ပေါင်းကြာတောင် ဘဝ သံသရာက ပါလာတဲ့ အမုန်းဆန္ဒတွေ မဖြေဖျောက်နိုင်ဘူးတဲ့၊ လွှမ်းမိုးကြီးစိုး နေတယ်။
ထို့အတူပဲ ကုသိုလ်ဆန္ဒတွေ၊ ကုသိုလ်စိတ်နဲ့ ယှဉ်လာလို့ရှိရင် ဒါနကောင်းမှု ပြုချင်တဲ့ပုဂ္ဂိုလ်တွေ၊ ဥပမာမယ် - သိဝိမင်းကြီးတို့ဆိုရင် မျက်လုံးတောင်မှ ဖောက် ပြီးတော့ လှူတယ်၊ ဝေဿန္တရာမင်းကြီးဆိုရင် အကုန်လှူတယ်၊ သားသမီးတွေလည်း လှူတယ်၊ ဆင်ကြီးလှူလိုက်လို့ ပြဿနာတက်ပြီး တောနှင်ထုတ်ခံရတယ်၊ တောထဲ ရောက်တဲ့အခါ သားသမီးတွေ လှူသေးတယ်၊ နောက်ဆုံးမှာ ဇနီးဖြစ်တဲ့ မဒီဒေဝီကို လှူလိုက်တယ်၊ သူက မလျှော့နိုင်ဘူး၊ လှူချင်တဲ့ဆန္ဒကို ဘယ်သူကမျှ လာပြီး တော့ ဖျက်လို့ မရဘူး၊ ဒါ ဆန္ဒာဓိပတိလို့ ခေါ်တယ်၊ သူ့ဆန္ဒက လောဘကိုတောင် လွှမ်းမိုးကြီးစိုးထားနိုင်တယ်။
ထို့အတူပဲ တရားဓမ္မနဲ့ ပျော်မွေ့လိုတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လောက် လောကီ စည်းစိမ်တွေရှိရှိ ထိုလောကီစည်းစိမ်တွေကို မျက်ကွယ်ပြုပြီး လောကီစည်းစိမ်တွေ ကို renounce လုပ်နိုင်တယ်၊ ဘုရားလောင်း တောထွက်သွားတာ ကြည့်လေ၊ တောမထွက်ခင်က စကြဝတေးမင်း ဖြစ်လိမ့်မယ်လို့ အဟောရောက်ထားတယ်၊ စကြဝတေးမင်းရဲ့ စည်းစိမ်ကိုတောင်မှပဲ လှည့်မကြည့်ဘူး၊ ဘာဖြစ်လို့လဲဆိုရင် အဲဒီကုသိုလ်ဆန္ဒ ပြင်းထန်လို့ပဲ၊ အဲဒီဆန္ဒရဲ့စွမ်းအားကြောင့် လောကမှာ လိုချင်စရာ တွေ မှန်သမျှ အကုန် give up လုပ်သွားတယ်၊ ဒါကြောင့်မို့လို့ ဆန္ဒဆိုတာ လွှမ်းမိုး ကြီးစိုးလာပြီ ဆိုလို့ရှိရင် လောဘကိုတောင်မှ ဖယ်ရှားပစ်နိုင်တယ်၊ စွမ်းအားသတ္တိ အင်မတန် ထက်ပါတယ်လို့ပြောတာ။
ဆန္ဒကို တစ်နေရာမှာ ဣဒ္ဓိပါဒ်လို့ ဟောတာ ရှိသေးတယ်၊ ဣဒ္ဓိဆိုတာ အစွမ်းတန်ခိုး၊ ပါဒက အကြောင်းတရား၊ အစွမ်းတန်ခိုးရခြင်းရဲ့ အကြောင်းတရား၊ အကျိုးတစ်ခုကို ဖြစ်ပေါ်စေနိုင်တဲ့အစွမ်းတန်ခိုး၊ အဲဒီ အစွမ်းတန်ခိုး ရခြင်းရဲ့ အကြောင်းကလည်းပဲ ဆန္ဒပဲ။
မြတ်စွာဘုရား ၄၅-ဝါ သီတင်းသုံးပြီးတော့ နောက်ဆုံးဝါ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဖို့ ၁၀-လအလိုလောက် ဝေသာလီပြည်နားက ဝေဠုဝရွာကလေးမှာ ဝါကပ်တဲ့အချိန်မှာ ရောဂါအပြင်းအထန်ဖြစ်တယ်၊ အဲဒီရောဂါက နောက်ဆုံးမှာ အသက်ပျောက်သွား လောက်တဲ့ ရောဂါ၊ ကုလို့ မရဘူး၊ incurable ပေါ့၊ မရဏန္တိကဝေဒနာလို့ ခေါ်တယ်၊ သေခြင်းမှာ အဆုံးသတ်သွားမယ်၊ (သို့မဟုတ်) သေဖို့ နီးသွားမယ့်ရောဂါမျိုး။
အဲဒီရောဂါဖြစ်တဲ့အခါ မြတ်စွာဘုရားက နောက် ၁၀-လမှာ သုဘဒ္ဒဆိုတဲ့ ပရိဗိုဇ်ကြီးနဲ့ တွေ့ပြီးတော့ တရားဟောဖို့ ရှိနေသေးတယ်၊ သုဘဒ္ဒပရိဗိုဇ်ကြီးက ခုချိန်လည်း တွေ့ဦးမှာ မဟုတ်သေးဘူး၊ တွေ့လို့ တရားဟောရင်လည်း သူ နားလည်ဦးမှာ မဟုတ်သေးဘူး၊ နောက် ၁၀-လ လောက်မှ သူက mature ဖြစ်မယ်၊ ဘုရားက သုဘဒ္ဒကြီးကို စောင့်ရမယ်၊ ဘုရားက ကိုယ့်အတွက်ဆိုရင်တော့ စောင့်မယ် မဟုတ်ဘူး၊
အခု သုဘဒ္ဒကြီးကို ငဲ့ညှာပြီးတော့ မြတ်စွာဘုရားက အဲဒီ မရဏန္တိကလို့ ခေါ်တဲ့ incurable ရောဂါကြီးကို ဣဒ္ဓိပါဒ် ၄-ပါးကို ပွားပြီးတော့ တားထားလိုက်တယ်၊ ဆန္ဒနဲ့ တားလိုက်တယ်၊ ဝီရိယနဲ့ တားတယ်၊ ဝီမံသနဲ့ တားတယ်၊ စိတ္တနဲ့ တားတယ်၊ ဣဒ္ဓိပါဒ် ၄-ပါး၊ အဲဒါကို ဆန္ဒ ဝီရိယ ဝီမံသ စိတ္တဆိုတဲ့ ဒီသဘာဝတရား ၄-မျိုးကို ထိန်းပြီးတော့ ဖလသမာပတ် ဝင်စားတယ်၊ အဲဒီ ဖလသမာပတ်ကို အာယုသင်္ခါရလို့ ခေါ်တယ်။
ဟောဒီ ဣဒ္ဓိပါဒ် ၄-ပါးကို ကျကျနနပွားထားတဲ့ပုဂ္ဂိုလ်သည် သက်တမ်း စေ့အောင် နေလို့ရတယ်တဲ့၊ သက်တမ်းကျော်အောင်လည်း နေလို့ရတယ်၊ ဒါက သဘာဝတရား၊ ခုခေတ်တော့ တချို့က ယုံကြည်တယ်၊ ဓာတ်လုံးအောင်လို့ရှိရင် နေလို့ရတယ်လို့ ပြောတယ်၊ ဟုတ်လား မဟုတ်ဘူးလားတော့ မသိဘူး၊ စစ်ကိုင်းက ဆရာတော်ကြီး တစ်ပါးတော့ အသက်-၇ဝနဲ့ ပျံတော်မူသွားရှာတယ်၊ ထိုးလိုက်ရတာ ဓာတ်လုံး၊ လှိုဏ်ဂူထဲမှာ၊ အမြဲတမ်း “ရှိထုတ် ရှိထုတ်”နဲ့ ရှိတာတွေလည်း ကုန်ရော။
အဲဒီဆရာတော်ကြီး တစ်ရက်မှာ နေမကောင်းတော့ သွားမေးတယ်၊ အိပ်ရာထဲမှာ ပက်လက်ကလေး၊ ဘေးနားမှာ လက်ကိုင်ပုဝါအနွမ်းလေးနဲ့ ဓာတ်လုံးကလေးတွေ အင်းကလေးတွေ ထားတယ်၊ အဲဒါကို ရေစိမ်သောက် ရောဂါပျောက်မလားလို့၊ ဘုန်းကြီးသွားတော့ပြောတယ်၊ “ငါ့ကွာ”တဲ့ “နေမကောင်းဖြစ်တယ်၊ ဓာတ်လုံး ရေစိမ်သောက် အင်း ရေစိမ်သောက်၊ ပျောက်ပါဘူးကွာ၊ ဆရာဝန်ခေါ်ရတာပဲ”၊ (ဒါ သူပြောသွားတဲ့စကားအတိုင်း ပြောတာ၊) “ဒီဓာတ်လုံးကလေး အောင်ဖို့၊ ဒီအင်းကလေးတွေ အောင်ဖို့ ငါ့မယ် မီးလွတ်အစားအစာတွေ စားရတယ်၊ ရှိတာလေး ကုန်ရော” တဲ့။
ဖိုဆွဲလိုက်ရင် “ရှိထုတ် ရှိထုတ်”လို့ အသံကြားရတယ်၊ အဲဒီဆရာတော်ကြီး ပြောတာ “ငါ ဒီတစ်ခါ နေကောင်းရင် ဘုရားကြိုက်တာပဲ လုပ်တော့မယ်၊ ဒါတွေ မလုပ်တော့ဘူး”၊ အဲဒီလို ပြောတယ်၊ နောက် ဆရာဝန်က ဆေးလာထိုးတော့ နေကောင်းသွားတယ်။
၂-လလောက်ကြာတော့ ဘုန်းကြီး တစ်ခေါက်ရောက်သွားတယ်၊ ဘယ်ရောက် နေပြန်တုန်းဆို လှိုဏ်ဂူထဲသွားပြီး ရှိထုတ်လုပ်နေပြန်ရော၊ “ဘယ့်နှယ့်လဲ ဆရာတော် ရှိထုတ်လုပ်နေပြန်ပြီလား” လို့ဆိုတော့ “အောင်တော့မှာကွ” တဲ့၊ ဒါလည်း ပြောမယ်ဆို ဆန္ဒပဲနော်၊ လွှမ်းမိုးကြီးစိုးထားပုံကြည့်၊ “ငါအောင်တော့ မှာ” တဲ့၊ “ဒါ အောင်လို့ရှိရင် အရိမေတ္တေယျဘုရား ဒီခန္ဓာကိုယ်နဲ့ ဖူးရမှာ” တဲ့၊ သို့သော် အသက် ၇၀-ကျော်နဲ့ ပျံတော်မူသွားတယ်။
ဒါကတော့ အမှန်တရားပါ၊ အဲဒီ ဆရာတော်ကြီးကိုယ်တိုင် ပြောသွားတာ၊ ဘုန်းကြီးတို့နဲ့ အင်မတန်ရင်းနှီးတဲ့ ဆရာတော်၊ ဆရာသမားလိုနေတာဆိုတော့ သူက ပြောပြတာ၊ အဲဒါကိုပဲ ပြောကြဦးမလား၊ “အသေထွက်”တို့၊ “အရှင်ထွက်”တို့၊ ထွက်တာတော့ ထွက်သွားတာပဲ၊ သေချာတယ်၊ လူတွေရဲ့စိတ်ဆန္ဒဆိုတာ အလွန် ပြင်းတယ်၊ လွှမ်းမိုးကြီးစိုးထားတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ၁၀-လတိတိ အာယုသင်္ခါရနဲ့ ဖမ်းထိန်း လိုက်တယ်၊ ၁၀-လအတွင်း မသေနိုင်ဘူး၊ ဒီရောဂါ ပြန်မပေါ် စေရဘူး၊ ထိန်းထားတာ၊ ၁၀-လ ပြည့်လို့ ဖြေလွှတ်လိုက်တဲ့အချိန်ကျတော့ မြတ်စွာဘုရား ရောဂါပြန်ဖြစ်တာပဲ၊ တောက်လျှောက် ဆန္ဒကို စွန့်လွှတ်လိုက်တယ်၊ အာယုသင်္ခါရ ဖလသမာပတ် ဝင်စားတာကို စွန့်လွှတ်လိုက်တယ်၊ အဲဒါကို အာယုသင်္ခါရ လွှတ် တယ်လို့ ခေါ်တယ်၊ ဖလသမာပတ်ဝင်စားပြီးတော့ ထိန်းထားတာ မလုပ်တော့ဘူး၊ ရောဂါကို မထိန်းသည့် အတွက်ကြောင့် ရောဂါပိုပြင်းလာတယ်ပေါ့၊ နောက်ဆုံး သက်တော်-၈၀ လုပ်စရာ အလုပ် လုပ်ပြီးတဲ့အခါ နောက်ဆုံးည သုဘဒ္ဒပုရိဗိုဇ်ကြီး ကို တရားဟောပြီး ပရိနိဗ္ဗာန် စံသွားတယ်တဲ့။
အဲဒီဣဒ္ဓိပါဒ် ၄-ပါးထဲမယ် ဆန္ဒဆိုတာ ပါတယ်၊ လွှမ်းမိုးကြီးစိုးနိုင်တဲ့ စွမ်းအား သတ္တိတွေ ရှိတယ်၊ ဒါကြောင့်မို့ ဆန္ဒတရားဟာ အင်မတန်မှ ပြင်းထန်တယ်၊ အဓိပတိထဲမှာ လွှမ်းမိုးနိုင်တဲ့သဘာဝတရားတစ်ခု။
ဒါ့ကြောင့်မို့ လူတွေက ပြောကြတယ်၊ ဆန္ဒရှိရင် ကြံသမျှ ဖြစ်တယ်၊ “ဆန္ဒဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ”၊ ဆန္ဒရှိနေမှ ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောကြတယ်ပေါ့နော်၊ ဆန္ဒရှိလို့ ရှိလျှင် ဘာမဆိုဖြစ်နိုင်တယ်။
ဝီရိယာဓိပတိ
နောက်တစ်ခုက ဆန္ဒလိုပဲ သူက ဆိုင်ရာဆိုင်ရာကို ကြီးစိုးထားနိုင်တဲ့ဝီရိယ ဆိုတာ ရှိသေးတယ်၊ အဲဒါကို မြတ်စွာဘုရားက -
“ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော” ။
ဝီရိယာဓိပတိ - ဝီရိယလို့ဆိုတဲ့ ကြီးစိုးလွှမ်းမိုးထားနိုင်တဲ့ သဘာဝတရား တစ်ခုသည်၊
ဝီရိယသမ္ပယုတ္တကာနံ - ဝီရိယနှင့်ယှဉ်ဖက်ဖြစ်ပေါ်လာကြတဲ့၊
ဓမ္မာနံ - စိတ်စေတသိက်တို့အားလည်းကောင်း၊
ဝီရိယနဲ့ယှဉ်တယ်ဆိုတာ ဖြစ်တာလည်း အတူတူဖြစ်တယ်၊ ချုပ်သွားတော့ လည်း အတူတူချုပ်တယ်၊ အာရုံလည်း တစ်ခုတည်းကိုယူတယ်၊ မှီရာဝတ္ထုကလည်း တစ်ခုတည်းပဲ၊ အဲဒီ ၄-ချက်ညီတာကို ယှဉ်တယ်လို့ ပြောတာနော်၊ အဲဒီတော့ တစ်ခုတည်းလို ဖြစ်တယ်၊ သမ္ပယုတ္တဆိုတာ တစ်ခုတည်းအဖြစ် ယှဉ်တွဲထားတာကို ပြောတာ။
ဝီရိယသမ္ပယုတ္တကာနံ - ဝီရိယနှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်လာတတ်တဲ့၊
ဓမ္မာနံ - စိတ်စေတသိက်တရားတို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနဉ္စ - ထိုဝီရိယနှင့် ယှဉ်တွဲဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တို့ကြောင့် ဖြစ်ပေါ်လာတဲ့၊
ရူပါနံ - ရုပ် တရားတို့အားလည်းကောင်း၊
အဓိပတိပစ္စယေန - အဓိပတိပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - စင်စစ်မသွေ ဖြစ်ပါလေတော့၏။
ဆန္ဒက လွှမ်းမိုးသလိုပဲ ဝီရိယကလည်းပဲ လွှမ်းမိုးထားနိုင်တယ်၊ တချို့ကျတော့ လုံ့လဝီရိယအလွန်ကောင်းတယ်၊ ဆိုပါစို့ - ဝီရိယက စိတ်ကိုလွှမ်းမိုးထားတာ ကြည့်၊ ဇာတ်တော်ကြီး ၁၀-ဘွဲ့ထဲမှာ ဇနကမင်းကြီးရဲ့စိတ်ကို ဝီရိယက လွှမ်းမိုးထားပုံလေး ကြည့်ပေါ့၊ ပင်လယ်ကြီးဆိုတာ ကမ်းလည်း မမြင်ရဘူး၊ မှန်းသမ်းပြီးတော့သာ ကူးနေရတာ၊ ကမ်းမမြင် လမ်းမမြင် လှိုင်းလုံးတွေကလည်း အင်မတန်ကြီး၊ ငါး လိပ်မကန်းတွေရဲ့ဘေးရန်ကလည်း ရှိတယ်၊ တကယ်ကြည့်မယ်ဆိုရင် မျှော်လင့်ချက် ဘာမျှမရှိဘူး၊ မရှိပေမယ့်လို့ ဝီရိယလွှမ်းမိုးထားသည့်အတွက်ကြောင့် ပင်လယ်ထဲမှာ လက်ပစ်ကူးနေတာ။
ပင်လယ်ထဲ လက်ပစ်ကူးပြီးနေတာ မရောက်နိုင်ဘူးဆိုတာလည်း သူသိတာပဲ၊ ကမ်းမျှမမြင်တဲ့နေရာကြီးတစ်ခုကို၊ ဘယ်စခန်းရောက်လို့ ဘယ်လမ်းပေါက်မှန်းမှ မသိတဲ့နေရာ၊ အဲဒီ ပင်လယ်ကြီးထဲမှာ လက်ပစ်ကူးနေတာ ဝီရိယ ဆိုတဲ့ အဓိပတိက လွှမ်းမိုးထားလို့တဲ့၊ သူ လှုပ်ရှားနိုင်တယ်၊ မစဉ်းစားဘူး၊ နတ်သမီးက လာမေး တယ်လေ၊ ဒီကမ်းမမြင်ရတဲ့နေရာကြီးကို လက်ပစ်ကူးလို့ ရောက်မယ်လို့ ထင်လို့လား လို့ မေးတယ်၊ ဒါတွေ သူ မစဉ်းစားဘူးတဲ့၊ သူလုပ်ရမယ့်ကိစ္စကိုပဲ သူ လုပ်တယ်တဲ့၊ ရောက်တာ မရောက်တာ သူနဲ့မဆိုင်ဘူး၊ ကူးတာ သူ့တာဝန်။
နောက်ဆုံးမှာ သူက အကျိုးကျေးဇူးကို ပြောပြတယ်၊ “ကြည့် - သူနဲ့ တူတူ ပါလာတဲ့ သင်္ဘောသားတွေ တစ်ယောက်မျှ မရှိကြတော့ဘူး၊ သူတို့က လုံ့လ မထုတ်ကြဘူး၊ ဘာလုပ်တုန်းဆိုရင် တစ်ခါတည်း ဒူးထောက်ပြီး အရှင်နတ်မင်းကြီး ကယ်တော်မူပါ လုပ်နေတာကိုး၊ ကိုယ့်ဝီရိယမှကိုယ်မထုတ်တာ၊ နတ်ကိုလှမ်းတမ်းတ၊ နတ်လှမ်း တမ်းတရင်း ငါးပါးစပ်ထဲ ရောက်သွားကြတယ်။
ဘုရားလောင်းမဟာဇနကမင်းကတော့ ဒါတွေ တမ်းတမနေဘူး၊ သူ ဘာလုပ် သင့်တယ်ဆိုတာတွေကို လုပ်တယ်၊ သူ့ ရဲ့လုံ့လဝီရိယကို သူအားထားတယ်၊ ဒါကြောင့်မို့ ဒီ လုံ့လဝီရိယက သူ့စိတ်ကို ဘယ်လောက်လွှမ်းမိုးထားသလဲလို့ဆိုရင် ပင်လယ်ကမ်းခြေကို သူရောက်မယ် မရောက်ဘူး လုံးဝမစဉ်းစားဘူး၊ လုပ်ရမှာ သူ့ တာဝန်၊ မလုပ်ဘဲ သေသွားရင် သူရှက်စရာချည်းပဲ၊ ဒါပဲ သူတွေးတယ်၊ ဒိပြင် ဘာမျှမတွေးဘူး။
ယောက်ျားတွေ အားထုတ်သင့်တဲ့ လုံ့လဝီရိယကို အားမထုတ်ဘူးလို့ အပြောခံရမှာ သူကြောက်တယ်၊ ကြိုးပမ်းအားထုတ်မယ် ဆိုတဲ့စိတ်နဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်ကူးနေတာ၊ ၇-ရက်တိတိ ဖြတ်ကူးလာတာ၊ နောက်ဆုံးမှာ နတ်သမီး ကယ်လို့ ဘုရင်အဖြစ် ရောက်သွားတယ်ဆိုတဲ့ ဇာတ်လမ်းပေါ့၊ အဲဒီမှာလည်း ဒါ ဝီရိယာဓိပတိ လို့ ခေါ်တယ်၊ ဝီရိယကနေ လွှမ်းမိုးကြီးစိုးထားတာ။
ဒီနေရာမှာလည်း ကြည့် - ဝီရိယာဓိပတိဆိုတာ လောဘနဲ့ တွဲလာလို့ရှိရင် ဘာဖြစ်လဲ၊ ညဉ့်နက်အောင်ထိအောင် မအိပ်မနေ သူခိုးကြီးဖြစ်တာပေါ့၊ အင်မတန် အန္တရာယ် များတဲ့ တိုက်ကြီးတွေကို ပိုက်လုံးကနေ တက်တယ်၊ ဒါက ကြည့် လောဘနဲ့ တွဲလာတဲ့ဝီရိယနော်၊ ချောင်းနေတာ၊ ပစ္စည်းဥစ္စာရချင်တော့ အဲဒါ ချောင်းပြီးတော့ ကြိုးစားနေတယ်။
ဒေါသနဲ့တွဲတဲ့ ဝီရိယကလည်း ထို့အတူပဲ၊ ကိုယ်မုန်းတဲ့လူတစ်ယောက်ကို ဒုက္ခ လိုက်ပြီးတော့ ပေးနေတာ၊ ဘယ်လောက် ဝေးတဲ့နေရာ ရောက်ရောက် ဇာတ်လမ်း တွေမှာတော့ ရှိတာပေါ့နော်၊ ဘယ်လောက်ဝေးဝေး လိုက်ပြီးတော့ ဒုက္ခ ပေးတာ၊ အဲဒါ ဒေါသနဲ့တွဲတဲ့ ဝီရိယ။
ကုသိုလ်နဲ့တွဲတဲ့ ဝီရိယကျတော့ လှူဖို့တန်းဖို့ ကြိုးစားတာ၊ နောက်ပြီးတော့ အများကောင်းကျိုးအတွက် ဆောင်ရွက်တာ၊ အမောဟနဲ့တွဲတဲ့ ဝီရိယက ပညာ လိုက်စားတာတို့၊ အဲဒီလို ဝီရိယာဓိပတိကလည်း စိတ်ကို လွှမ်းမိုးထားပြီးတော့ လူ့ရဲ့ဘဝတစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်တယ်၊ အဲဒါ အဓိပတိပစ္စယောလို့ ပြောတာ နော်။
---စိတ္တာဓိပတိ
နောက်တစ်ခုက စိတ္တာဓိပတိ၊
“စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊ အဓိပတိပစ္စယေန ပစ္စယော”။
စိတ္တာဓိပတိ - စိတ်လို့ဆိုရတဲ့ လွှမ်းမိုးကြီးစိုးတတ်တဲ့ သဘာဝတရားသည်၊
စိတ္တသမ္ပယုတ္တကာနံ – စိတ်နဲ့ ယှဉ်၍ဖြစ်တတ်တဲ့၊
ဓမ္မာနံ – စိတ်စေတသိက်တရား တို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနဉ္စ – ထိုစိတ်နှင့် စေတသိက်တရားတို့ကြောင့် ဖြစ်ပေါ်လာတဲ့၊
ရူပါနံ - ရုပ်တရားတို့အား လည်းကောင်း၊
အဓိပတိပစ္စယေန - အဓိပတိပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော – ကျေးဇူးပြုတတ်သည်၊
ဟောတိ - စင်စစ်မသွေ ဖြစ်ပါပေတော့၏။
မြတ်စွာဘုရားက တစ်ခါတစ်ရံကျတော့ စိတ်သက်သက်ကို ဟောတယ်၊ ဆန္ဒ မဟုတ်ဘူး၊ ဝီရိယ မဟုတ်ဘူး၊ စိတ်ဓာတ်ကိုက ခိုင်မာတာ၊ စိတ်ဓာတ်ကိုက လွှမ်းမိုးကြီးစိုးထားတာ၊ စိတ်က အားလုံးချုပ်ကိုင်ထားလိုက်သည့်အတွက်ကြောင့် စေတသိက်တွေလည်း သူ့နောက် အကုန်ပါလာရတယ်။
ဒါကြောင့်မို့လို့ လူတွေ တစ်ခါတစ်ခါပြောတယ်၊ ဒီလူက စိတ်ဓာတ်သိပ်မာ တယ်၊ စိတ်ဓာတ်က ပြင်းထန်တယ်နဲ့ ပြောကြတယ်လေ၊ အဲဒီတော့ စိတ်ကလည်းပဲ ဒီလို လွှမ်းမိုးကြီးစိုးတာ၊ သဘာဝတရားတွေ အားလုံးကို ချုပ်ကိုင်ထားနိုင်တယ်၊ ချုပ်ကိုင် ထားနိုင်လို့ ဒါ အဓိပတိသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတာ။
---ဝီမံသာဓိပတိ
နောက်တစ်ခုက -
“ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊ အဓိပတိပစ္စယေန ပစ္စယော”။
ဝီမံသာဓိပတိ - အသိဉာဏ်လို့ဆိုတဲ့ လွှမ်းမိုးကြီးစိုးတတ်တဲ့သဘာဝတရားသည်၊
ဝီမံသသမ္ပယုတ္တကာနံ – ဝီမံသ အသိဉာဏ်နှင့် ယှဉ်၍ ဖြစ်ပေါ် လာတတ်တဲ့၊
ဓမ္မာနံ - စိတ်စေတသိက်တရားတို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုစိတ်စေတသိက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရားတို့အားလည်းကောင်း၊
အဓိပတိပစ္စယေန - အဓိပတိပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - စင်စစ်မသွေ ဖြစ်ပါပေတော့၏။
တစ်ခါတစ်ရံကျတော့ ဉာဏ်က လွှမ်းမိုးထားတယ်၊ ကမ္မဋ္ဌာန်းထိုင်တဲ့အခါမှာ ဉာဏ်က လွှမ်းမိုးထားတယ်၊ ပညာလိုက်စားတဲ့ အခါမှာ တစ်ခါတလေ ဉာဏ်က လွှမ်းမိုး ထားတယ်၊ အသိဉာဏ်က အားလုံးကို လွှမ်းမိုးထားတယ်။
ရှင်သာရိပုတ္တရာမထေရ်မြတ်တို့ဆို အသိဉာဏ်က ဘုရားအရာမေးတဲ့ မေးခွန်း တောင်မှ ဖြေနိုင်လောက်အောင် သူ့ ဉာဏ်ရည်ဉာဏ်စွမ်းက အလွန်ထက်တယ်၊ အားလုံးကို ဉာဏ်က အုပ်စိုးထားလိုက်တယ်၊ ဘယ်လိုမေးခွန်းတွေမေးမေး ဉာဏ်ရည် ဉာဏ်သွေးက အလွန်ထက်ပြီးတော့ ဉာဏ်ထဲမှာ အကုန်လာလာပြီးတော့ ထင်တယ်၊ ဖြေစရာတွေ ကွက်ကွက်ကွင်းကွင်း သိသာတယ်၊ ဉာဏ်ရည်ဉာဏ်သွေးက လွှမ်းမိုး ထားတာတဲ့။
အဲဒီ ဝီမံသဆိုတာ ဟေတုပစ္စည်းနဲ့ ပြောမယ်ဆိုလို့ရှိရင် အမောဟပဲ၊ အမောဟ ဆိုသည့်အတွက်ကြောင့် သူက ဟေတုသတ္တိပါ ပါဝင်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒီ ဝီမံသပိုင်းရောက်တဲ့အခါကျတော့ ခုနက လောဘဆိုတာ မပါဘူး၊ ဒေါသ ဆိုတာ မပါတော့ဘူး၊ အဲဒီ ဝီမံသာဓိပတိကျတော့ အကောင်းပိုင်းသက်သက်။
ခုနတုန်းက ဆန္ဒာဓိပတိ ဝီရိယာဓိပတိ တို့ကျတော့ အကုသိုလ်လည်း ပါတယ်၊ ကုသိုလ်လည်း ပါတယ်၊ ဝီမံသာဓိပတိကျတော့ ကောင်းတဲ့ကုသိုလ်ပိုင်းပဲ ပါတယ်၊ အကုသိုလ်တွေ မပါတော့ဘူး၊ အမောဟဆိုတော့ အသိပညာနဲ့ လာတာ၊ ပညာရပ်က လွှမ်းမိုးပြီးတော့ထားသည့်အတွက်ကြောင့် သိစရာရှိတာတွေ အကုန်လုံး သိနေတယ်၊ ဘယ်အရာကိုမျှ ချွင်းချွင်းချန်ချန်မရှိဘဲ အားလုံးကို အကုန်အစင် သိနိုင်တယ်။
ပညာကလွှမ်းမိုးထားလို့ အဓိပတိသတ္တိတင် ရှိတာမဟုတ်ဘူး၊ အမောဟ ဆိုတော့ ဟေတုသတ္တိ၊ သူနဲ့ ယှဉ်ဖက်တရားတွေကို ခိုင်မာအောင်လည်း လုပ်ထား နိုင်သေးတယ်၊ ဒီကျတော့ ဟေတုပစ္စည်းပါလာတယ်၊ ခုနတုန်းက ဆန္ဒာဓိပတိတို့ ဝီရိယာဓိပတိတို့ စိတ္တာဓိပတိတို့တုန်းက ဟေတုပစ္စည်းမပါဘူး၊ အခုကျတော့ သတ္တိ တစ်ခု ထပ်တိုးတယ်။
သဟဇာတဖြစ်သည့်အတွက်ကြောင့် ဆန္ဒသည် ဆန္ဒနဲ့ယှဉ်တဲ့စိတ်ကို ပြိုင်တူ ဖြစ်တယ်ဆိုတော့ သဟဇာတသတ္တိလည်း ရှိတယ်၊ အပြန်အလှန်ရသည့်အတွက် ကြောင့် အညမညသတ္တိ ရှိတယ်၊ မှီရာဖြစ်သည့်အတွက်ကြောင့် နိဿယသတ္တိ ရှိတယ်၊ ရှိနေတုန်း ကျေးဇူးပြုတတ်သည့်အတွက်ကြောင့် အတ္ထိသတ္တိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတသတ္တိလို့ ဒီလို ပြောလို့ရတာပေါ့၊ ပါဝင်လာတဲ့ပစ္စည်းတွေ အများကြီးရှိတယ်ပေါ့၊ ဒါက အကြမ်းဖျင်းပြောပြတာနော်။
စိတ္တာဓိပတိကျတော့ ဘာတွေထိအောင် ပါဝင်လာတုန်းဆို အာဟာရ ပစ္စယောတို့ပါ ပါလာတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ စိတ်ဆိုတာ ဝိညာဏပဲ၊ ဝိညာဏနဲ့ စိတ်နဲ့ သွားပြီးတော့ တူလို့ ပါလာတယ်၊ ဝီမံသကျတော့ ဘာတွေပါလာ တုန်းဆို ဣန္ဒြိယတို့လည်း ပါလာနိုင်တယ်၊ မဂ္ဂတို့လည်း ပါလာနိုင်တယ်၊ ဘာဖြစ်လို့ တုန်းဆို ပညိန္ဒြေရှိတယ်၊ ပညာနဲ့ ပတ်သက်တာတွေ၊ တရားဓမ္မဟာ တစ်ခုနဲ့တစ်ခု ပတ်သက် လာတာတွေကို ကြည့်ပြီးတော့ ၂၄-ပစ္စည်းဟာ အားလုံးသဘာဝချင်းတူပြီ ဆိုရင် ပါတာပဲ အကုန်လုံးနော်။
ဒီ၂၄-ပစ္စည်းဆိုတာ မြတ်စွာဘုရားက ဘာကို သရုပ်ဖော်တာတုန်းလို့ဆို “သင်္ခါရ” ကို သရုပ်ဖော်တာပဲ၊ သင်္ခါရတို့ သင်္ခတတို့မှာ သံဆိုတာ အကြောင်းတရား တွေက စုပေါင်းပြီးတော့၊ ခါရ (သို့မဟုတ်) ခတ ပြုလုပ်ထားတဲ့ အကျိုးတရားတွေ အကြောင်းတရားတွေ မြောက်မြားစွာပေါင်းစုပြီး လုပ်ဆောင်ထားတာလို့ ဒီလို ပြောတာ။
ဒါကြောင့်မို့ ပစ္စည်းဆိုတာ တစ်ခုတည်း မဟုတ်ဘူး၊ ၂၄-ပစ္စည်းမှာ ပစ္စည်း တစ်ခုတည်းတင် ပြောတာမဟုတ်ဘူး၊ ကျန်တဲ့သတ္တိတွေ, ပါဝင်ဆောင်ရွက်ထားတဲ့ သတ္တိတွေ မြောက်မြားစွာရှိတယ်ပေါ့၊ စွမ်းရည်သတ္တိချင်း မတူကြဘူး၊ ဘာဖြစ်လို့ မတူလဲဆိုတော့ function ချင်း မတူဘူးပေါ့၊ သူ့ရဲ့ စွမ်းရည်သတ္တိလေးတွေ မတူကြဘူး။
ဘယ်နေရာပဲဖြစ်ဖြစ် ဒီတိုင်းပဲလေ၊ လူတွေမှာ မျက်စိပါတယ်၊ နားပါတယ်၊ နှာခေါင်းပါတယ်၊ လျှာပါတယ်၊ ခန္ဓာကိုယ်ပါတယ်၊ ခြေတွေလက်တွေပါတယ်၊ တစ်ခု နဲ့တစ်ခု ဆောင်ရွက်တာချင်း တူမှမတူဘဲ၊ မျက်စိက မြင်မှုကိစ္စမှာ ဆောင်ရွက်တယ်၊ ဒိပြင်နေရာမှာ သူမစွမ်းနိုင်ဘူး၊ သူ မကြားနိုင်ဘူး၊ မျက်စိက အနံ့မရဘူး၊ သူ အရသာမသိဘူး။
ဒါကြောင့်မို့ ဟင်းလေး ကောင်းမလားလို့ နှိုက်ကြည့်လိုက်လို့ရှိရင် ကောင်း မကောင်း ဆိုတာ လျှာကမှ အဆုံးအဖြတ်ပေးတာ၊ မျက်စိနဲ့ကြည့်တော့ ကောင်းမယ် ထင်တယ်၊ လျှာထဲ ရောက်တော့ မကောင်းတာတွေ အများကြီးတွေ့တယ်၊ ချိုမယ် ထင်ပြီး သွားနှိုက်လိုက်တာ အခါးဖြစ်ချင် ဖြစ်နေတယ်၊ အဲဒီတော့ မျက်စိက မသိနိုင်ဘူး၊ လျှာကမှ တကယ်အရသာကို သိတာ။
ခန္ဓာကိုယ်နဲ့ ထိတွေ့ ရမယ့်ဟာကလည်း ခန္ဓာကိုယ်ကမှ သိတယ်၊ မျက်စိက မသိဘူး၊ ဒီတော့ function တွေက မတူဘူး၊ မတူသည့်အတွက်ကြောင့် သဘာဝ တရားတွေကလည်း သူ့ဆိုင်ရာဆိုင်ရာ စွမ်းရည်သတ္တိတွေချင်းမတူကြဘူးလို့ ဒီလို မှတ်ရမယ်။
အကျိုးတရားတစ်ခုကို အထောက်အကူပြုတယ်ဆိုတဲ့နေရာမှာ စွမ်းရည် သတ္တိတွေ မြောက်မြားစွာ ပေါင်းပြီး လုပ်ဆောင်တာ၊ အဲဒါကို သင်္ခါရ (သို့မဟုတ်) သင်္ခတလို့ ခေါ်တာ၊ အကြောင်းတရားတွေ စုပေါင်းပြီးတော့ လုပ်ကိုင်ထားတာ။ ဒါက အဓိပတိပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ဆန္ဒာဓိပတိ ဝီရိယာဓိပတိ စိတ္တာဓိပတိ ဝီမံသာဓိပတိလို့ အဓိပတိတရား ၄-ပါး၊ ဒီတရား ၄-ပါးက သဟဇာတမျိုးဖြစ်လို့ သဟဇာတာဓိပတိလို့ ခေါ်တယ်၊ အကြောင်းတရားနဲ့ အကျိုးတရားသည် ပြိုင်တူ ဖြစ်တယ်၊ born together သဟဆိုတာ အတူတကွ၊ ဇာတဆိုတာ ဖြစ်လာတယ်၊ အတူတကွဖြစ်လာပြီးတော့ ကျေးဇူးပြုတာတွေ၊ ဒီလိုမှတ်ရတယ်။
---အာရမ္မဏာဓိပတိ
နောက်တစ်ခါ အာရမ္မဏာဓိပတိ ဆိုတာက စိတ်ကို လွှမ်းမိုးကြီးစိုးထားနိုင်တဲ့ အာရုံအနေနဲ့ ကျေးဇူးပြုတာ၊ အဲဒီ အာရမ္မဏာဓိပတိကလည်း အာရုံတိုင်းက စိတ်ကို မလွှမ်းမိုးနိုင်ဘူး၊ စိတ်ကို လွှမ်းမိုးနိုင်တဲ့အာရုံဆိုတာ အမြင့်ကနေ စပြီး ပြောမယ်ဆိုရင် ကြည့် - သောတာပန်တို့၊ သကဒါဂါမ်တို့၊ အနာဂါမ်တို့ ရဟန္တာပုဂ္ဂိုလ် တို့ရဲ့ စိတ်ကို ခန့်မှန်းပြီးတော့ ကြည့်ရအောင်။
သောတာပန်ပုဂ္ဂိုလ်က နိဗ္ဗာန်ကိုအာရုံပြုချင်ရင်ဘာလုပ်ရတုန်းဆို ဝိပဿနာ ရှူရမယ်၊ ဝိပဿနာလမ်းကြောင်းကပဲသွားရတာ၊ နိဗ္ဗာန်ကို အာရုံပြုချင်ရင် ဒီအတိုင်း တန်းပြုလို့ မရဘူး၊ ဘာဖြစ်လို့တုန်းလို့ဆိုရင် နိဗ္ဗာန်ဆိုတာ “သင်္ခါရာနံ အပ္ပဝတ္တိ၊ သင်္ခါရတရားတွေ မဖြစ်တာ နိဗ္ဗာန်” ဝိပဿနာဆိုတာ သင်္ခါရတရားတွေကို ရှုမှတ်နေ တာ၊ သင်္ခါရတရားဆိုတာ ရုပ်နဲ့နာမ်ပေါ့ အကြောင်းတရားတွေက စုပြီးတော့ ဖန်တီး ထားတာ။
အဲဒီသင်္ခါရတရားတွေကို အာရုံပြုတဲ့ ဝိပဿနာဉာဏ်က သင်္ခါရတရားတွေ ကို trace လုပ်တာ၊ လိုက်နေတယ်၊ လိုက်ရင်း လိုက်ရင်းနဲ့ သင်္ခါရတရားတွေဟာ တဖြည်းဖြည်း သိမ်မွေ့သိမ်မွေ့ သွားပြီး နောက်ဆုံး သင်္ခါရတရားတွေ ချုပ်သွားတဲ့ အဆင့်ကို ရောက်သွားတာ၊ အဲဒီအဆင့်ဟာ နိဗ္ဗာန်၊ အဲဒီရောက်မှ သူက နိဗ္ဗာန်ကို အာရုံပြုတာ။
ဆိုပါစို့ - ဝိပဿနာဉာဏ်နဲ့ဆိုတော့ ပထမ သူက ဘာ စ,ကြည့်တာတုန်း ဆိုလို့ရှိရင် သတ္တဝါဆိုတဲ့ လူတွေရဲ့ အတွေးအထင်တွေကို ဖယ်ရှားလိုက်ပြီးတော့ ရုပ်နဲ့ နာမ် နှစ်ခုပဲ ရှိတယ်ဆိုတာ မြင်လာတယ်၊ နာမရူပပရိစ္ဆေဒဉာဏ်၊ အဲဒီရုပ်နဲ့ နာမ် ဟာလည်းပဲ သူ့ဟာသူ ဖြစ်နေတာ မဟုတ်ဘူး၊ ဆိုင်ရာအကြောင်းတရားတွေ ရှိတယ်ဆိုတာ မြင်လာတယ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ အဲဒီမြင်လာပြီးသား ရုပ်နာမ် တွေဟာ ဖြစ်ပြီး ပျက်သွားတယ်ဆိုတဲ့သဘောတွေကို သူ သုံးသပ်မိလာတယ်၊ သမ္မသနဉာဏ်၊ သုံးသပ်မိလာတဲ့အခါကျတော့ ရုပ်နဲ့ နာမ်တွေဟာ ဖြစ်ပြီး ပျက် နေတယ်ဆိုတာ သူမြင်လာတယ်၊ ဒါကို ဥဒယဗ္ဗယဉာဏ်လို့ ခေါ်တယ်။
ဖြစ်ပျက်သိတဲ့အသိဉာဏ်က မြန်လာတဲ့အခါကျတော့ ဖြစ်တာတောင် မမြင် တော့ဘူး၊ အပျက်ချည်းပဲ မြင်တယ်၊ ဒါ ဘင်္ဂဉာဏ်၊ အဲဒီအပျက်တွေချည်း မြင်လာ တဲ့အခါ ကြောက်စရာလို့ မြင်လာတာက ဘယဉာဏ်။
ကြောက်စရာကြီးပါလား၊ ပျက်နေတာချည်းပဲဆိုတော့ ပျက်နေတာကြီး ပေါ်နေရ သလို ကြောက်နေတာ၊ ကိုယ်က အားထားနေရတဲ့ အရာကြီးတစ်ခုက ထာဝရ ပျက်နေတာကြီး ပြိုပျက်နေတာကြီးဆိုတာ့ ကြောက်စရာကြီးလို့ မြင်လာတယ် - ဘယဉာဏ်။
အပြစ်တွေ မြင်လာတယ် အာဒီနဝဉာဏ်၊ ငြီးငွေ့လာတယ် နိဗ္ဗိဒါဉာဏ်၊ သင်္ခါရကြီးအပေါ်မှာ ငြီးငွေ့လာတယ်၊ ငြီးငွေ့လာတဲ့အခါကျတော့ ဒီထဲကနေ ထွက်ပြေးချင်လာတယ်၊ လွတ်ချင်လာတယ် - မုစ္စိတုကမျတာဉာဏ်။
အဲဒီတော့ လွတ်ရာလွတ်ကြောင်း၊ ဥပမာ - အိမ်ထဲမှာ လှောင်ပိတ်ခံထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အိမ်ထဲက ထွက်ချင်တယ်ဆိုရင် ဘယ်နေရာက ထွက်လို့ ရမလဲ လိုက်ရှာတယ်ပေါ့၊ အဲဒါလိုပဲ ဒီသင်္ခါရတွေက ထွက်ပေါက်ရှာတဲ့အခါမှာ ဒီထဲမှာပဲ ပြန်ရှာတယ်၊ ပြန်ရှာတာကို ပဋိသင်္ခါဉာဏ်လို့ ခေါ်တယ်။
ပြန်ရှာတော့ သူ ဘာတွေ့ သွားတုန်းလို့ဆိုလို့ရှိရင် သင်္ခါရတရားတွေဟာ ဒီအတိုင်းပဲ၊ သင်္ခါရတရားတွေပေါ်မှာ နဂိုက မုန်းတာတို့ စိတ်ပျက်စရာကောင်းတာ တို့ဆိုတဲ့ အတွေးတွေနဲ့ နေရင်းကနေ နောက်ကျတော့ “ဪ ငါ စိတ်ပျက်နေလို့ လည်း မဖြစ်ဘူး၊ ကြောက်စရာလို့ တွေးနေလို့လည်း မဖြစ်ဘူး၊ လွတ်ချင်နေလို့လည်း မဖြစ်ဘူး၊ သင်္ခါရတရားတွေရဲ့သဘာဝက ဒီအတိုင်းပဲ” လို့ စိတ်ကလေးကို ငြိမ်ငြိမ် ထားနိုင်သွားတာ၊ သင်္ခါရတရားတွေကို လိုလားတဲ့စိတ်လည်း မရှိဘူး၊ မုန်းတီးတဲ့ စိတ်လည်း မရှိဘူး၊ စိတ်ကလေးငြိမ်သွားတာ၊ ဥပေက္ခာရှုနိုင်သွားတာ သင်္ခါရုပေက္ခာ ဉာဏ်လို့ ခေါ်တယ်။
သင်္ခါရတရားတွေပေါ်မှာ ချစ်ခြင်းမုန်းခြင်း ကင်းသွားတာ၊ အရင်ကလို တွယ်တာလည်း မရှိတော့ဘူး၊ စွန့်ပစ်ချင်တာလည်း မရှိတော့ဘူး၊ စိတ်ကလေးက ငြိမ်သွားတယ်၊ အဲဒီငြိမ်သွားတဲ့စိတ်နဲ့မှ ဉာဏ်တွေက တအားတက်လာတယ်။
ချစ်ခြင်းမုန်းခြင်းက အနှောင့်အယှက်ပေးနေတယ်ဆိုတာ ဘာနဲ့ ဥပမာတူ တုန်းဆို ရေထဲကို ခဲချတဲ့အခါ လှိုင်းလေးတွေ ထနေသလိုပဲ၊ လှိုင်းလေးတွေထနေ တဲ့ရေထဲမှာ ပေါ်တဲ့အရိပ်ဟာ လှုပ်နေတယ်၊ အဲဒါလိုပဲ ငြိမ်သက်သွားတဲ့ရေပြင် ပေါ်မှာ ထင်လာတဲ့အရိပ်သည် မလှုပ်ဘူး၊ ငြိမ်သွားတယ်၊ သင်္ခါရုပေက္ခာဉာဏ် အဆင့် ရောက်သွားတဲ့အခါ မလှုပ်ဘူး၊ ငြိမ်သွားတယ်၊ အဲဒီကနေဆက်ပြီး စူးစမ်း လိုက်တဲ့အခါကျတော့ ဉာဏ်တွေ အဆင့်ဆင့်တက်ပြီး သင်္ခါရတရားတွေ မဖြစ်တဲ့ ချုပ်ဆုံးတဲ့ အင်မတန်သိမ်မွေ့နက်နဲတဲ့ နိဗ္ဗာန်ကို သူသွားတွေ့တယ်။
အဲဒီ နိဗ္ဗာန်သည် ဒီစိတ်ကို လွှမ်းမိုးကြီးစိုးထားတယ်၊ သောတာပန်ရဲ့ သောတာပတ္တိ ဖိုလ်စိတ်ကို လွှမ်းမိုးကြီးစိုးထားတယ်၊ ဘယ်လောက်ထိ လွှမ်းမိုးကြီးစိုးထားတုန်း ဆိုတော့ အဲဒီ နိဗ္ဗာန်ဆိုတာကို အာရုံပြုနေလိုက်တဲ့အချိန်မှာ တစ်နာရီ ဆိုရင် တစ်နာရီလုံး နိဗ္ဗာန်ပဲ၊ ငြိမ်ကျနေတာ၊ တစ်နေကုန်ဆို တစ်နေကုန် နိဗ္ဗာန် အာရုံနဲ့ပဲ နေတယ်၊ ငြိမ်ကျသွားတာ၊ လွှမ်းမိုးထားတာ၊ အဲဒါကို အာရမ္မဏာဓိပတိ ပစ္စည်းလို့ ခေါ်တာနော်၊ နိဗ္ဗာန်ဆိုတဲ့အာရုံသည် သောတာပတ္တိဖိုလ်ကို လွှမ်းမိုး ထားတယ်။
ထို့အတူပဲ သောတာပန်က သကဒါဂါမ်ဖြစ်အောင် လုပ်ချင်လို့ရှိရင်လည်း ဝိပဿနာ ရှုရတာပဲ၊ ဝိပဿနာရှုရင် သကဒါဂါမ်ဖြစ်တယ်၊ သကဒါဂါမ်ဖြစ်ပြီးတော့ သကဒါဂါမိ-ဖိုလ်နဲ့ နိဗ္ဗာန်ကို သွားချင်ပြန်ရင်လည်း ဝိပဿနာလမ်းကြောင်းကပဲ ပြန်သွားတာပဲ၊ ဝိပဿနာဉာဏ်သည် အဆင့် မြင့်မြင့်မြင့်မြင့်ပြီးတော့ သွားတာ၊ level တွေ degree တွေက တိုးတက်သွားတယ်၊ အဆင့်မြင့်သွားတယ်။
ထို့အတူပဲ သကဒါဂါမ်ကနေ အနာဂါမ်သွားရင်လည်း ဝိပဿနာနဲ့ပဲ သွားတယ်၊ အနာဂါမ်ကနေ ရဟန္တာဖြစ်အောင် သွားရင်လည်း ဟောဒီ ဝိပဿနာနဲ့ပဲ သွားတာပဲ၊ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်အာရုံပြုနေချင်ပါတယ်၊ ဆိုလို့ရှိရင် ဟောဒီ ဝိပဿနာကနေ သွားပြီးတော့ ခုနကလို သင်္ခါရတရားတွေကို trace, လိုက်ရင်း သင်္ခါရတရားတွေကို စူးစမ်းရင်းကနေ အသိဉာဏ်က အဆင့်မြင့်မြင့် ပြီး နောက်ဆုံး သင်္ခါရတရားတွေ ချုပ်သွားတဲ့အဆင့်လေးကို မြင်လိုက်ရတယ်၊ အဲဒီမှာပဲ စိတ်ကို လွှမ်းမိုးထားတယ်။
သာမန်အချိန်မှာ နေမယ်ဆိုလို့ရှိရင် နိဗ္ဗာန်က စိတ်ကို လွှမ်းမိုးထားတာ မရှိဘူး၊ သောတာပန်ပုဂ္ဂိုလ်လည်းပဲ ဖလသမာပတ်ဝင်စားတာ မဟုတ်ဘူးဆိုရင် လူသာမန် လိုပဲ သူလည်း မြင်စရာတွေ မြင်နေမှာပဲ၊ ကြားစရာတွေ ကြားနေမှာပဲ၊ စိတ်ကို နိဗ္ဗာန်ကနေ လွှမ်းမိုးထားသလို လွှမ်းမိုးထားနိုင်ခြင်း မရှိဘူးတဲ့၊ အဲဒါက နိဗ္ဗာန်က နေပြီးတော့ ဖိုလ်စိတ်တွေကို လွှမ်းမိုးထားပုံပေါ့။
ထို့အတူပဲ သာမန်ပုဂ္ဂိုလ်တွေကျတော့ ဈာန်အာရုံတွေကလည်းပဲ ဈာန်စိတ်ကို လွှမ်းမိုးထားနိုင်တယ်။
နောက် လောကီအာရုံတွေကလည်း လောဘစိတ်ကို လွှမ်းမိုးထားနိုင်တယ်၊ အဲဒီအပိုင်းတွေကို ဒီစာထဲမှာ စာလိုတော့ ရှင်းပြထားတယ်ပေါ့နော်၊ စာလို ရှင်းပြ ထားတာကတော့ စာသင်ထားတဲ့ပုဂ္ဂိုလ်ကျမှပဲ သဘောပေါက်မယ်။
စာလို ရှင်းပြထားတဲ့နေရာမှာ အာရမ္မဏာဓိပတိပစ္စည်းကို အပိုင်း ၄-ပိုင်းခွဲထားတယ်။
ကြည့် - အမှတ်(၁) လောကီစိတ် ၇၆-ခု၊ စေတသိက်-၄၇ ဆိုတဲ့ သဘာဝတရား တွေရယ်၊ ဣဋ္ဌနိပ္ဖန္နရုပ်၊ ဣဋ္ဌနိပ္ဖန္နရုပ်ဆိုတာ လိုချင်စရာကောင်းတဲ့ရုပ်၊
(လိုချင်စရာကောင်းတဲ့ရုပ်တွေဆိုတာ လူတွေက မျက်စိနဲ့ မြင်ရတာတို့ နားနဲ့ ကြားရတာတို့ နှာခေါင်းနဲ့ နမ်းရှူရတာတို့၊ အဲဒါတွေအားလုံးကို ပြောတာနော်၊)
လိုချင်စရာကောင်းတဲ့ရုပ်တွေက ဘယ်သူ့ကို လွှမ်းမိုးထားတုန်းဆို လောဘမူစိတ် ၈-ခုနဲ့ စေတသိက်-၂၂ ကို လွှမ်းမိုးထားတာ၊ လောဘစိတ်ကို အာရုံတွေက လွှမ်းမိုး ထားနိုင်တယ်၊ ဒါက တစ်ခု။
နောက်တစ်ခု အမှတ်(၂) မဟာကုသိုလ်စိတ် ၈-ခုကို လောကီ ကုသိုလ်စိတ်- ၁၇ ခုက လွှမ်းမိုးထားနိုင်တယ်၊ အာရုံအနေနဲ့ လောကီကုသိုလ်စိတ် ၁၇-ခုက အာရုံ၊ မဟာကုသိုလ်စိတ် ၈-ခုက အာရုံပြုတဲ့စိတ်၊ အဲဒီအာရုံပြုတဲ့စိတ်က လောကီ ကုသိုလ်စိတ်ကိုပဲ အာရုံပြုနိုင်တယ်၊ တခြားဟာ အာရုံမပြုနိုင်သည့်အတွက်ကြောင့် သူ့ကိုလည်း လွှမ်းမိုးကြီးစိုးထားနိုင်တယ်တဲ့။
နောက်တစ်ခါ အမှတ်(၃) မဟာကုသိုလ်ဉာဏသမ္ပယုတ်နဲ့ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်ကို လောကုတ္တရာစိတ် ၈-ခု နဲ့ နိဗ္ဗာန်ဆိုတဲ့အာရုံက လွှမ်းမိုး ထားနိုင်တယ်။
နောက် အမှတ်(၄) လောကုတ္တရာစိတ် ၈-ခုကို နိဗ္ဗာန်အာရုံက လွှမ်းမိုး ကြီးစိုး ထားနိုင်တယ်၊ လွှမ်းမိုးကြီးစိုးနိုင်တဲ့ အာရုံကို အပိုင်း ၄-ပိုင်းပိုင်းပြီးတော့ ပြောထား တာနော်၊ အဲဒါ အာရမ္မဏာဓိပတိပစ္စည်းလို့ခေါ်တယ်။
လွှမ်းမိုးကြီးစိုးထားပုံကတော့ အာရုံထဲမှာ စိတ်ဟာ နစ်မြုပ်သွားတယ်၊ အဲဒါကြောင့် မို့လို့ ပဋ္ဌာန်းပါဠိတော်မှာ -
“ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော”။
ယံ ယံ ဓမ္မံ ဂရုံ ကတွာ ဆိုတာ အလေးအနက် လွှမ်းမိုးထားနိုင်လောက် အောင်၊ သာမန်အာရုံပြုတာ မဟုတ်ဘူး၊ မျက်စိကနေ အဆင်းအာရုံကို မြင်တယ် ဆိုတာ တစ်ခါတလေ သာမန်ပဲ မြင်လိုက်တာလေ၊ သိပ်ဂရုမစိုက်ဘူး၊ အခု ဒီအာရုံက အဲဒီလို မဟုတ်ဘူး၊ စိတ်ကို လှမ်းချုပ်ကိုင်ထားတဲ့အာရုံမျိုး၊ လူတွေ ပြောကြတယ် မဟုတ်လား၊ မျက်စိထဲကကို မထွက်ဘူးလို့ ပြောတာလေ၊ ဟုတ်ရဲ့လား၊ မျက်စိ ထဲကကို မထွက်ဘူး၊ နားထဲကကို မထွက်ဘူး၊ လိုချင်ရင် အဲဒီလိုပဲနော်၊ နားထဲကကို မထွက်ဘူး။
ဒီအမွှေးနံ့လေး ကြိုက်လိုက်တာ၊ နှာခေါင်းထဲကကို မထွက်ဘူး၊ ဒီဟင်းလေး ကလည်း အရသာရှိလိုက်တာ၊ လျှာပေါ်ကကို မထွက်ဘူး၊ ဒီလို စိတ်ကို လွှမ်းမိုး ကြီးစိုးထားတဲ့ အာရုံမျိုး၊ အဲဒါ နံပါတ်(၁)ထဲမှာ ပါတယ်။
အဲဒါမျိုးလိုပဲ အရိယာပုဂ္ဂိုလ်တွေရဲ့စိတ်တွေကိုလည်းပဲ နိဗ္ဗာန်ဆိုတဲ့အာရုံ က လွှမ်းမိုး ကြီးစိုးထားနိုင်တယ်တဲ့၊ အဲဒါကိုပဲ မြတ်စွာဘုရားက ယံ ယံ ဓမ္မံ ဂရုံ ကတွာ ဆိုတာ အလေးအနက်ထားတာ၊ လွှမ်းမိုးထားတာ၊ အလေးအနက်ထား လိုက်တယ်၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ – စိတ်စေတသိက်တွေ ကို လွှမ်းမိုးပြီးတော့ ထားနိုင်တယ်၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော၊ အဲဒီလို အာရမ္မဏာဓိပတိအနေနဲ့ ပြောတာ။
ပြန်ပြီးတော့ အချုပ်ပြောမယ်ဆိုရင် ထက်သန်သောဆန္ဒ မိမိစိတ်ထဲ ဖြစ်လာမယ် ဆိုရင် အဲဒီဆန္ဒက စိတ်ကူးတွေးတောမှုတွေ, ပါးစပ်ကနေ ပြောဆိုနေတာတွေ, လုပ်ကိုင်လာတာတွေ အားလုံးကို လွှမ်းမိုးထားတယ်ပေါ့၊ ဒီဆန္ဒက ကြီးစိုးထားတာ။
ထို့အတူပဲ ကြီးမားကြံ့ခိုင်တဲ့ ဝီရိယတို့၊ ထက်မြက်တဲ့ အသိဉာဏ်တို့၊ ခိုင်မာတဲ့ စိတ်ဓာတ်တို့က စိတ်ကူးတာတွေ တွေးတောတာတွေ, ပြောတာဆိုတာတွေ, လုပ်ကိုင်တာတွေ အကုန်လုံးကို လွှမ်းမိုးကြီးစိုးထားတာ၊ ဒါက သဟဇာတပိုင်းက။
တစ်ခါ စွဲမက်စရာ နှစ်သက်စရာအာရုံတွေက စွဲမက်တတ်တဲ့စိတ်တွေကို လွှမ်းမိုး ကြီးစိုးထားတယ်၊ ဒါက လောဘစိတ်ကို ပြောတာ၊ အလေးအနက်ထားရမယ့် အာရုံများသည် အလေးအနက် ထားတတ်သောစိတ်များကို လွှမ်းမိုးကြီးစိုးထားတယ် နော်၊ နိဗ္ဗာန်ဆိုတဲ့အာရုံက လောကုတ္တရာစိတ်ကို လွှမ်းမိုးကြီးစိုးထားတယ်။
အဲဒီလို လွှမ်းမိုးကြီးစိုးပြီးတော့ ကျေးဇူးပြုတတ်တဲ့ အဓိပတိတရားတဲ့၊ အဲဒီ လွှမ်းမိုး ကြီးစိုးထားတဲ့ အဓိပတိသတ္တိကိုပဲ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “အဓိပတိ ပစ္စယော” လို့ ဒီလိုဟောတာပါ။
အဲဒီ အဓိပတိထဲမှာ သဟဇာတအဓိပတိမှာဆိုရင် ပါဝင်လာနိုင်တဲ့စွမ်းရည် သတ္တိ တွေက ဘာတွေတုန်းဆိုရင် ဆန္ဒာဓိပတိတို့ ဝီရိယာဓိပတိတို့မှာဆိုရင် အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ အကြမ်းဖျင်းအားဖြင့် ဒါတွေ ပါလာမယ်၊ ဒီသဘာဝတရားတွေ အကုန်ပါလာမယ်။
နိဿယဆိုတာ မှီရာဖြစ်ပြီးတော့ ကျေးဇူးပြုတာ၊ သဟဇာတဆိုတာ အတူတူ ဖြစ်ပြီး ကျေးဇူးပြုတာ၊ အညမညဆိုတာ အပြန်အလှန် အထောက်အကူ ပြုပြီးတော့ ကျေးဇူး ပြုတာ၊ အတ္ထိဆိုတာ ရှိနေတုန်း ကျေးဇူးပြုတာ၊ အဝိဂတဆိုတာ မကင်းကွာခင် ကျေးဇူးပြုတာ၊ သမ္ပယုတ္တဆိုတာ ယှဉ်တွဲနေတဲ့အချိန်မှာ ကျေးဇူးပြုတာ၊ ဝိပ္ပယုတ္တ ဆိုတာ မယှဉ်တွဲတဲ့အခါမှာ ကျေးဇူးပြုတယ်လို့ ဒီလို သဘာဝတရားတွေဟာ အကုန်လုံး စပ်ဆိုင်ပြီးတော့ ပါဝင်လာတယ်။
အဲဒီတော့ ၂၄-ပစ္စည်းဟာ ပစ္စည်းတစ်ခုတည်း မဟုတ်ဘူး၊ အားလုံးဟာ စပ်ဆိုင်ပြီးတော့ အကြောင်းတရားတွေ ပါဝင်လာတယ်။
ဒါ့ကြောင့်မို့လို့ ဘုန်းကြီးတို့ ၂၄-နာရီမှာ ၂၄-ပစ္စည်းနဲ့ နေနေကြတယ် ဆိုတာ ဒါပြောတာနော်၊ ၂၄-နာရီမှာ ၂၄-ပစ္စည်းနဲ့ နေတာ၊ ဒီထဲမှာ လွှမ်းမိုးကြီးစိုးထားတယ်၊ ဒီဟာက အဓိပတိပစ္စည်းနဲ့ ပတ်သက်တယ်။
တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့အထဲမှာ ခုပြောတဲ့ ဆန္ဒတို့ ဝီရိယတို့ ဝီမံသတို့ စိတ္တတို့ ဆိုတဲ့ ဒီ သဘာဝ တရားတွေကို မိမိတို့ရဲ့ သန္တာန်မှာ စနစ်တကျလေ့လာ ပြုစု ပျိုးထောင် ထားမယ်။
လောဘနဲ့ တွဲလာမယ့်ဆန္ဒကိုတော့ ဖယ်ရှားဖို့လိုတယ်၊ ဒေါသနဲ့ တွဲလာမယ့် ဆန္ဒကိုတော့ ဖယ်ရှားဖို့ လိုတယ်၊ ဖယ်ရှားတယ်ဆိုတာ ဆန္ဒကို ဖယ်ရှားတာ မဟုတ်ဘူး၊ လောဘကို ဖယ်ရှားရမှာနော်၊ ဒေါသကို ဖယ်ရှားရမှာ၊ လောဘ ဒေါသကို ဖယ်ရှားလိုက်ရင် ဆန္ဒသက်သက်က ဒုက္ခမပေးဘူး။
ကုသိုလ်မှာ ဆိုလို့ရှိရင် အလောဘနဲ့ တွဲလာတဲ့ဆန္ဒ၊ အဒေါသနဲ့ တွဲလာတဲ့ ဆန္ဒ၊ အမောဟနဲ့ တွဲလာတဲ့ ဆန္ဒ တွေက ကောင်းကျိုးချမ်းသာကို ဖြစ်ပွားစေမှာ၊ ဈာန်တရားတွေနဲ့ ပတ်သက်လို့ တွဲလာတဲ့ ဆန္ဒ ကလည်း ကောင်းကျိုးချမ်းသာကို ဖြစ်ပွားစေမှာပဲ။
ဝီရိယကလည်း ထို့အတူပဲ၊ ဝီမံသကျတော့ အသိဉာဏ်နဲ့ ယှဉ်လာလို့ အကောင်း သက်သက်ပါ၊ စိတ်ကလည်း အကောင်းအဆိုး နှစ်မျိုးရှိတဲ့အထဲမယ် ကောင်းတာတွေ ဖြစ်ပေါ်လာဖို့ အင်မတန်မှ အရေးကြီးပါတယ်။
အကြောင်းတရားဆိုတိုင်း အကောင်းချည်း မဟုတ်ဘူး၊ မကောင်းတဲ့ အကြောင်း တရားတွေလည်း မိမိသန္တာန်မှာ ရှိနေတယ်၊ မကောင်းတဲ့ အကြောင်း တရားတွေကို ကောင်းတဲ့အကြောင်းတရားတွေနဲ့ အစားထိုးခြင်းသည်ပင်လျှင် ဓမ္မကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ခြင်းပဲ ဖြစ်ပါတယ်နော်။
ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် အဓိပတိပစ္စယော ဆိုတဲ့ ပဋ္ဌာန်း ပါဠိတော်မှာလာတဲ့ သဘာဝတရားကို ပဋ္ဌာန်းဒေသနာတော်ကို နာယူမှတ်သား ကြပြီးလျှင် မိမိတို့သန္တာန်မှာ ရှိသင့်ရှိထိုက်တဲ့ ဆန္ဒ ဝီရိယ ဝီမံသ စိတ္တ တရားများကို ရှိစေပြီး မိမိတို့ရဲ့စိတ်ကို မကောင်းတဲ့အာရုံများရဲ့ လွှမ်းမိုးမခံရအောင် သတိထားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၅)
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပေါင်း လဆန်း ၁-ရက်၊ (၂၄-၂-၂၀ဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ်၊ မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
အနန္တရပစ္စယော၊
သမနန္တရပစ္စယော
ဒီကနေ့ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော လို့ ဒီပစ္စည်းတွေကို အကျဉ်းချုံးဟောပြီးတော့ ဥပနိဿယ-ပစ္စယောကို အကျယ်အားဖြင့် ဟောကြားပေးပါမယ်။
အနန္တရပစ္စယောဆိုတာ ရှေ့စိတ်ကနောက်စိတ်ကို အခြားအကွယ်မရှိဘဲနဲ့ ကျေးဇူး ပြုတယ်၊ အနန္တရဆိုတာ န + အန္တရ - ကြားထဲမှာ အခြားတရား မခြားဘူး ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊
Mental process လို့ ခေါ်တဲ့ ဝီထိကို ကြည့်မယ်ဆိုရင် မျက်စိကို အဆင်းအာရုံက လာတိုက်လို့ မျက်စိတံခါးကို ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဖွင့်ပေးလိုက်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ် ချုပ်သွားတာနဲ့ တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ်၊ စက္ခုဝိညာဏ်စိတ် ချုပ်သွား တာနဲ့တစ်ပြိုင်နက် သမ္ပဋိစ္ဆိန်း လက်ခံတဲ့စိတ်၊ လက်ခံတဲ့ သမ္ပဋိစ္ဆိန်းစိတ် ချုပ်သွား တာနဲ့ သန္တီရဏစိတ်၊ ဒီလို Mental process မှာ အစဉ်အတိုင်းသွားတယ်၊
အဲဒီလိုအစဉ်အတိုင်းသွားနေတဲ့အထဲမယ် ပဉ္စဒွါရာ ဝဇ္ဇန်းစိတ်ဖြစ်ပြီး ချုပ်သွားတဲ့ နောက်မှာ စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ ကြားထဲမှာ တခြားတရား မခြားဘူးလို့ ပြောတာ၊ အခြားမဲ့လို့ဆိုတာ အခြားမရှိဘူး ဆိုတဲ့အဓိပ္ပါယ် ရတယ်။
သမနန္တရပစ္စယော ကလည်း ထို့အတူပဲ၊ အခြားမရှိဘူး ဆိုတဲ့နေရာမှာ ရှေ့စိတ်က လုံးဝချုပ်ငြိမ်းသွားတာလည်း ဖြစ်ရမယ်၊ နတ္ထိပစ္စယော လုံးဝကင်းပျောက် ပြီးသား ဖြစ်ရမယ်၊ ဝိဂတပစ္စယော၊ အနန္တရပစ္စယော သမနန္တရပစ္စယော နတ္ထိပစ္စယော ဝိဂတပစ္စယောဆိုတာ Mental process နဲ့ ပတ်သက်တယ်လို့ပြောတာ၊ ရှေ့က ဖြစ်သွားတဲ့စိတ်ချုပ်သွားမှ နောက်ကစိတ် ဖြစ်တယ်၊ အဲဒီနှစ်ခုကြားမှာ ဘာမှ မခြား ဘူးလို့ ဒီလိုနားလည်ရမယ်။
ပိုပြီးတော့ အရေးပါတာက ဘာတုန်းဆိုလို့ရှိရင် ဘဝတစ်ခုအဆုံးသတ်တဲ့ နောက်ဆုံးစိတ်ကို စုတိစိတ်လို့ ခေါ်တယ်၊ ဒီဘဝရဲ့နောက်ဆုံး စုတိစိတ်ရဲ့ အခြားမဲ့ ဘဝသစ်မှာ ပဋိသန္ဓေစိတ်ဆိုတာ လာတယ်၊ အဲဒီနှစ်ခုကြားမှာလည်းပဲ ပဋ္ဌာန်း တရားတော်အရ အခြားမရှိဘူးလို့ ပြောတာနော်၊ ဘဝတော့ ခြားသွားပြီ၊ ဒါပေမယ့် စုတိစိတ်ချုပ်သွားတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေစိတ်က ဆက်တိုက်လာရတာ၊ အဲဒီလိုမှ အနန္တရပစ္စယောဆိုတဲ့ အဓိပ္ပါယ်ရတယ်။
အဲဒါမျိုးမဟုတ်ဘဲ တချို့ဗုဒ္ဓဘာသာဝင်တွေမှာ အယူအဆတစ်မျိုး ပေါ်လာတယ်၊ စုတိနဲ့ ပဋိသန္ဓေကြားမှာ ဘဝကလေးတစ်ခုရှိသေးတယ်၊ ဆိုပါစို့ - တိဗက်တွေရဲ့ အယူအဆဆိုလို့ရှိရင် လူတစ်ယောက် သေဆုံးသွားလို့ စုတိစိတ်နောက် ပဋိသန္ဓေ မယူခင် ၄၉-ရက် စောင့်ဆိုင်းနေတယ်၊ နေရာလိုက်ရှာနေတယ်ပေါ့နော် ၄၉-ရက်၊ မြန်မာတွေကျတော့ ရက်လည်ဖို့ဆိုတာကို အတွေးလွဲပြီး ၇-ရက်လို့ ပြော ကြတယ်၊ မနေပါဘူး၊ တောက်လျှောက်သွားတာနော်၊ နေလို့ရှိရင်လည်း တစ္ဆေဖြစ်လို့နေတာ၊ အဲဒါ ဘဝတစ်ခုပဲနော်၊ စုတိချုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေ၊ ဒီ နှစ်ခုကြားမှာ ဘာစိတ်မှ မခြားဘူးလို့ပြောတာ၊ အချိန်ကာလအားဖြင့်လည်း မခြားဘူး၊ စိတ်အနေ နဲ့လည်း မခြားဘူးလို့ ပြောတာ၊ အနန္တရပစ္စည်းဆိုတာ။
အဲဒါကြောင့်မို့ သေပြီးသည်၏ အခြားမဲ့၌ နောက်ထပ် စိတ်အစဉ်ဆိုတာ ပြတ်မသွားဘူး၊ ဘဝဆက် ပြတ်မသွားဘူး၊ ပြတ်မသွားသည့်အတွက်ကြောင့် on line ပေါ့၊ လူ့ရဲ့စိတ်ဟာ line ကလေးတစ်ခုလို၊ အရောင်ပြောင်းချင် ပြောင်းမယ်ပေါ့၊ အကုသိုလ်စိတ်ဖြစ်လို့ရှိရင် အမည်း line ပေါ့၊ ကုသိုလ်စိတ်ဖြစ်တဲ့အခါ အဖြူ line ဒီလို line ပြောင်းချင်တော့ ပြောင်းသွားမယ်၊ သို့သော် ပြတ်သွားတာ မရှိဘူး၊ ပြတ် သွားတာ မရှိလို့ သုမေဓာရသေ့ဘဝက ပါရမီတွေ ဖြည့်လာတာ ဂေါတမ မြတ်စွာ ဘုရားဘဝမှာ ဒီကြားထဲမှာ ဘဝအမျိုးမျိုးကြုံလိမ့်မယ်၊ ကြုံသော်လည်း ဒီ process ကြီးက ရပ်သွားတယ်၊ ပြတ်သွားတယ်ဆိုတာ မရှိဘူး။
အဲဒီ line ထဲမှာ ရှိနေသည့်အတွက်ကြောင့် ကံ,ကံ၏အကျိုးဆိုတာ ပေါ်လာတာပေါ့၊ ဒီလူရဲ့စိတ်အစဉ်ထဲမှာ အကုသိုလ်ကံဖြစ်ရင် ဒီလူနဲ့ပဲ သက်ဆိုင်တယ်၊ ဒါ ပြောတာ၊ “သဗ္ဗေ သတ္တာ ကမ္မဿကာ” ဆိုတာ၊ ကိုယ်လုပ်တာ ကိုယ့်ဥစ္စာ ဆိုတာ တကယ်ဟုတ်တာ၊ ဘာလို့တုန်းဆို ဒီline ထဲ ဝင်သွားတာ၊ ဒီ line ထဲ ဝင်သွားရင် ဒီလမ်းဒီစခန်းပဲ ရောက်မှာပဲ၊ တခြားမရောက်ဘူး၊ အဲဒါ အနန္တရပစ္စယောတို့ သမနန္တရပစ္စယောတို့ နတ္ထိပစ္စယောတို့ ဝိဂတပစ္စယောဆိုတာ သဘောပေါက်လို့ ရှိရင် ဘဝကူးတယ်ဆိုတာလည်း ကြားမှာ ဘာမှမခြားဘူးဆိုတာ သဘော ပေါက်တယ်။
စိတ်အစဉ်ဟာ ပြတ်သွားတာ မရှိဘူး၊ ရုပ်ကတော့ တချို့ ရုပ်တွေ ပြတ်သွား တာရှိတယ်၊ ကမ္မဇရုပ်ကတော့ မပြတ်ဘူးလို့ ပြောရမယ်၊ မပြတ်ဘူးဆိုပေမယ့် ဒီဘဝက ကမ္မဇရုပ်က ပါသွားတာမရှိဘူး၊ နောက်ဘဝကမ္မဇရုပ်က အသစ်၊ ဒီဘဝက ဘာမှတော့ ပါမသွားဘူး၊ သို့သော် line အနေနဲ့တော့ ဆက်စပ်နေတယ်လို့ ဒီလို မှတ်ရမယ်၊ ပါသွားတာတော့ ဘာတစ်ခုမှ မရှိဘူး၊ ရုပ်လည်း မရှိဘူး၊ နာမ်လည်း မရှိဘူး။
စိတ်စွမ်းအား
ဒါဖြင့် တချို့က မေးကြတယ်၊ ဥပမာ - သေခါနီးမှာ လက်အဖြတ်ခံရပြီး သေသွားတယ်၊ နောက်ဘဝမှာ လက်ပြတ်ကြီးဖြစ်နေတယ်၊ ဘုန်းကြီးတို့ကျောင်းမှာ ဦးဇင်းတစ်ပါးရှိတယ်၊ ခေါင်းမှာ ဓားဒဏ်ရာကြီးနဲ့၊ တစ်နေ့တော့ ဘုန်းကြီးက မြင်လို့ မေးတယ်၊ “ဒီခေါင်းက ဒဏ်ရာကြီးက ဘာဖြစ်တာတုန်း၊ ဘယ်သူက ဓားနဲ့ခုတ်ထား တာတုန်း” လို့ဆိုတော့ “မဟုတ်ဘူး” တဲ့၊ “မွေးရာပါ” တဲ့။
ဟိုဘဝက ဓားဒဏ်ရာ ဒီဘဝ ဘယ်လိုလုပ်ပါလာတုန်းဆိုရင် စိတ်စွဲလမ်းမှု ကြောင့် ဖြစ်တာ၊ ဥပါဒါန်ကြောင့် ဖြစ်တာလို့ ပြောရမယ်၊ သူ့ စိတ်ထဲမှာ ခေါင်းက ဒဏ်ရာကြီးဆိုတဲ့အမှတ်နဲ့ သေသွားသည့်အတွက်ကြောင့် နောင်ဖြစ်လာတဲ့အခါ အဲဒီဒဏ်ရာကြီးက အမှတ်အသားဖြစ်နေတယ်၊ စိတ်စွမ်းအားဆိုတာ အင်မတန် ပြင်းထန်တယ်နော်၊ စိတ်ရဲ့စွမ်းအားတစ်ခုဟာ လူကိုလည်း အသက်ရှင်စေနိုင်တယ်၊ လူကိုလည်း သေစေနိုင်တယ်။
တစ်ခါတုန်းက ကြားဖူးတယ်၊ Psychologyနဲ့ ပတ်သက်ပြီးတော့ စမ်းသပ်မှု တစ်ခုရှိတယ်၊ သေဒဏ်ပေးမယ့် ရာဇဝတ်သားတစ်ယောက်ကို ရိုက်နှက်ညှဉ်းဆဲခြင်း မပြုဘဲနဲ့ စိတ်ဘက်ဆိုင်ရာ ဒုက္ခရောက်အောင်လုပ်ပြီးသတ်တာ ရှိဖူးတယ်။
ဘယ်လိုလုပ်တုန်းဆိုလို့ရှိရင် တရားသူကြီးကအမိန့်ချတယ်၊ ဒီရာဇဝတ်သားရဲ့ လည်ချောင်းကိုဖောက်ပြီး လည်ချောင်းသွေးထုတ် သတ်ရမယ်လို့ အဲဒီလို အမိန့် ချတယ်၊ အမိန့်ချပြီးတော့ “ကဲ ဒီကောင် သတ်မယ်၊ မျက်စိကို အဝတ်နဲ့စည်း၊ ရေဇလုံ အနားနားယူထား၊ ကဲလာ ဒီကောင့်လည်ချောင်းသွေးဖောက်” ဆိုပြီးတော့ လည်ချောင်းလေးနည်းနည်း ဆတ်ကနဲနာသွားအောင် ဖောက်လိုက်ပြီး ရေဇလုံ ထဲမှာ ရေကျသံလေးပေးထားတယ်၊ တကယ်က သူ့လည်ချောင်းက သွေးတစ်စက်မှ မထွက်ဘူး၊ အဲဒီလို ရေဇလုံထဲမှာ ရေကျသံကြားတော့ “ငါ့လည်ချောင်း သွေးတွေ ထွက်ပြီး ရေဇလုံထဲ ကျနေပြီ” လို့ သူ့စိတ်ထဲမှာ အဲဒီလို အထင်ရောက်သွားတယ်၊ အဲဒီလို ထင်အောင်လည်းပဲ စီမံချထားတာ၊ အတော်လေးကြာတော့ ခေါင်းကြီး ငိုက်စိုက်ကျပြီး သေသွားတယ်။
ဒါ စိတ်နဲ့ သတ်တာနော်၊ သူ့လည်ချောင်းက တကယ်ပဲ သွေးတွေထွက်နေ ပြီလို့ သူ့စိတ်ထဲမှာထင်ပြီး စိတ်စွမ်းအားနဲ့တင်ပဲ ဒီရာဇဝတ်သားဟာ အသက်ဆုံး သွားတယ်တဲ့၊ ဇက်ကျိုးကျပြီးတော့ သေသွားတယ်၊ တကယ်တော့ သူ့လည်ချောင်း ဟာ အရေပါးလေးစုတ်ရုံလောက်လေးတင် လှီးလိုက်တာတဲ့၊ ရေသံပေးနေတာက လည်း သူ့လည်ချောင်းက သွေးထွက်တာ မဟုတ်ဘူး၊ ဒိပြင်ကနေပြီးတော့ ရေသံ ပေးထားတာ၊ ရေနဲ့ ပိုက်နဲ့၊ သို့သော် သူ့လည်ချောင်းကသွေးက ပိုက်ကနေ ပန်းထွက် ပြီးတော့ ရေဇလုံထဲကျတယ်ဆိုတဲ့ အနေအထားမျိုး၊ “ဟော ထွက်လာပြီ သွေးတွေ ထွက်လာပြီ” နဲ့ ဘေးကပြောပေးတယ်၊ အဲဒီလို ပြောပေးရင်းနဲ့ ဒီလူဟာ ဇက်ကျိုးကျပြီး သေသွားရှာတယ်၊ စိတ်စွမ်းအားဆိုတာ အလွန်ပြင်းထန်တယ်လို့ ပြောတာ နော်၊ စိတ်စွမ်းအားနဲ့ သတ်တာ။
အဲဒါကြောင့်မို့ ဘဝတစ်ခုမှာ စိတ်စွမ်းအားတွေနဲ့ ဒီလိုသွားနေကြတာ၊ ရှေ့ စိတ်က နောက်စိတ်ကို တွန်းအားပေးပြီးသွားလို့ သံသရာဘဝအစဉ်ဆက်ဟာ မပြတ် ဘူးတဲ့၊ အဲဒါကို နားမလည်လို့ရှိရင် ဘယ်လိုအယူအဆတွေ ပေါ်လာတုန်းဆိုရင် “လူ့ခန္ဓာကိုယ်ထဲမှာ ထာဝရမြဲနေတဲ့ soul ဆိုတဲ့အရာ ရှိတယ်”၊ (သို့မဟုတ်) မြန်မာတွေအခေါ်ဆို လိပ်ပြာပေါ့၊ “လိပ်ပြာလေး ထွက်သွားပြီးတော့ နောက်ခန္ဓာ ကိုယ်ထဲ ရောက်သွားတယ်” လို့ (သို့မဟုတ်) သူတို့ပြောတဲ့ spirit ပေါ့၊ ဘယ်အရာပဲ ဖြစ်ဖြစ် လူ့ ခန္ဓာကိုယ်ကနေ.. ထွက်ပြီးတော့သွားတာဆိုတာ ဘာမှ မရှိဘူးတဲ့၊ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်းမျှသာ ဖြစ်တယ်၊ အကြောင်းဆက် မပြတ် သည့်အတွက် အကျိုးအဆက်အဆက်ဖြစ်နေတယ်၊ အဲဒီသဘောတွေကို ပြောတာ၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ ရှေ့စိတ်ကလေး ချုပ်သွားမှ နောက်စိတ်ဟာ ပေါ်ခွင့်ရတယ်တဲ့။
သဟဇာတပစ္စယော
သဟဇာတပစ္စယော ဆိုတာကတော့ ပြိုင်တူဖြစ်တာကိုပြောတာ၊ ဥပမာ စိတ်နဲ့ စေတသိက်ဟာ ပြိုင်တူဖြစ်တယ်၊ born together အတူတကွ ဖြစ်ကြတာ၊ အတူတကွဖြစ်ဖက်ချင်းမှ ကျေးဇူးပြုလို့ ရသလား၊ ဖြစ်ဖြစ်ခြင်း အကျိုးကို ထုတ်လုပ် လို့ ရသလား၊ အကျိုးနဲ့ အကြောင်းသည် ပြိုင်တူဖြစ်တာဆိုတာ reasonable ဖြစ်ရဲ့လား၊ ယုတ္တိရှိရဲ့လားလို့မေးရင် ယုတ္တိရှိတယ်လေ၊ ဖယောင်းတိုင်လေးတစ်တိုင် ထွန်းလိုက်တာနဲ့ တစ်ပြိုင်နက် ကြည့် - မီးတောက် ပေါ်လာတာနဲ့ အလင်း ရောက်လာတယ် မဟုတ်လား၊ မီးတောက်က အရင်ပေါ်ပြီးမှ အလင်းက တဖြည်း ဖြည်း ဝင်လာတာ မဟုတ်ဘူး၊ မီးတောက်ကလေး ဝင်လိုက်တာနဲ့ မီးအလင်းရောင် ပေါ်လာတာဟာ တစ်ခါတည်း၊ born together ပဲ၊ အဲဒါမျိုးလိုပဲ စိတ်နဲ့ စေတသိက် တွေ born together။
မဟာဘုတ်တွေ ဖြစ်လာရင် born together ပဲ၊ အတူတကွ မွေးလာကြတာ၊ စိတ်နဲ့ စိတ္တဇရုပ်တွေဟာလည်း born together ပဲ၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်ကို ထုတ်လုပ်တယ်၊ ရုပ်ကို မထုတ်လုပ်တဲ့ စိတ်ဟာ ၁၄-ခုပဲ ရှိတယ်၊ လူ့ပြည်မှာဆိုလို့ ရှိရင် ရုပ်ကို မထုတ်လုပ်တဲ့စိတ်က ၁၀-ခုပဲ ရှိတယ်၊ ကျန်တဲ့စိတ်တွေအားလုံးဟာ စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်ကိုထုတ်လုပ်ပြီးသားပဲ၊ ရုပ်ကို မထုတ်လုပ်တဲ့ စိတ်က စက္ခုဝိညာဏ်စိတ် မြင်သိစိတ်၊ သောတဝိညာဏ်စိတ် ကြားသိစိတ်၊ ဃာနဝိညာဏ်စိတ် နံသိစိတ်၊ ဇိဝှာဝိညာဏ်စိတ် လျက်သိစိတ်၊ ကာယဝိညာဏ်စိတ် ထိသိစိတ်ဆိုတဲ့ အဲဒီစိတ် ၁ဝ-ခုကတော့ ရုပ်ကို မထုတ်လုပ်ဘူးတဲ့၊ သူတို့က စွမ်းအား နည်းတယ်၊ စွမ်းအားနည်းသည့်အတွက်ကြောင့် စက္ခုဝိညာဏ်စိတ် ပေါ်လိုက်တဲ့ အချိန်မှာ သူတို့က စိတ္တဇရုပ်ကို မဖြစ်စေဘူး၊ ကျန်တဲ့စိတ်တွေ ဘာစိတ်ပဲဖြစ်ဖြစ် သူတို့ပေါ်လာတာနဲ့ တစ်ပြိုင်နက် ခုနက မီးတောက်လေး ပေါ်လာတာနဲ့ အလင်း ရောင်ကို ထုတ်လုပ်လိုက်သလိုပဲ ဒီစိတ်ကလေး ပေါ်လာတာနဲ့ ရုပ်ကို ဖြစ်စေတယ်၊ ဒါကြောင့်မို့ လူတွေဟာ စိတ်စွမ်းအားနဲ့ ရောဂါကုစားတယ်ဆိုတာ အဲဒီသဘော။
ကောင်းတဲ့စိတ်တွေချည်း များများဖြစ်ရင် ကောင်းတဲ့ရုပ်တွေ ထုတ်မှာပေါ့၊ Healthy mind produces healthy body. Healthy mind က healthy body ကို ထုတ်လုပ်တယ်၊ ဒါ မှန်တယ်၊ သဘာဝပဲ၊ ညစ်နွမ်းတဲ့စိတ်တွေက ညစ်နွမ်းတဲ့ရုပ်ပဲ ထုတ်မှာပဲလေ၊ အဲဒါကြောင့်မို့ “စိတ်ထောင်းတော့ ကိုယ်ကြေ” လို့ ပြောကြတာပေါ့၊ ဘာဖြစ်လို့ ကိုယ်ကြေတာတုန်းဆို သူက ထုတ်နေတာကိုး၊ မကောင်းတဲ့စိတ် တွေက မကောင်းတဲ့ရုပ်တွေ ထုတ်တဲ့အခါကျတော့ unhealthy body တွေ ဖြစ်လာတယ်ပေါ့ ဖြစ်လာတော့ လူက ညှိုးနွမ်းပြီးတော့ အဲဒီလိုနေတာ၊ ဒီသဘောတွေကို ပဋ္ဌာန်းပစ္စည်းမှာလည်း ရှင်းပြတာပါ။
အညမညပစ္စယော
အညမညဆိုတာ အကြောင်းနဲ့ အကျိုးတရား အပြန်အလှန် အကျိုးပြုတဲ့ သဘော၊ သုံးချောင်းထောက်များ အပြန်အလှန် အကျိုးပြုသလို အကျိုးပြုတာ။
နိဿယပစ္စယော
နိဿယဆိုတာ မှီရာ၊ မှီရာဆိုတာ သစ်ပင်တွေဟာ မြေမရှိဘဲနဲ့ ပေါက်လို့ မရဘူး၊ မြေကြီးကို အမှီပြုပြီးတော့ ပေါက်ရတယ်၊ ရုပ်ပုံလှလှ ပန်းချီကားလေး ရေးတယ်ဆိုရင် နောက်ခံပိတ်တို့ စက္ကူတို့ မရှိဘဲ ရုပ်ပုံဟာ ပေါ်ပါ့မလား၊ ဘာမှ မရှိတဲ့ကောင်းကင်ပြင်မှာ ရေးလို့ ထင်ပါ့မလား၊ မထင်ဘူး။ အဲဒီလို ပိတ်ကားလေး ဆိုတာ ရုပ်ပုံလွှာပေါ်ခြင်းရဲ့အကြောင်းပဲ၊ အမှီပြုပေးတာ၊ သူက အထောက်အကူ ပြုပေးတာ၊ အဲဒါမျိုးကို နိဿယပစ္စယောလို့ ခေါ်တာ၊ သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုကြတယ်၊ မှီရာအနေနဲ့ အထောက်အပံ့ပေးထားလို့ နိဿယပစ္စယော လို့ခေါ်တာ။
ဥပနိဿယပစ္စယော
နိဿယပစ္စယောမှာ ဥပနိဿယပစ္စယောလို့ “ဥပ” လေး ထည့်လိုက်တယ်၊ ဥပ ဆိုတာ ပိုပြီးတော့ အင်အားကြီးတယ်ဆိုတဲ့အဓိပ္ပါယ်၊ နိဿယက မှီရာ၊ ဥပနိဿယ ဆိုတာ ပိုပြီးအားကောင်းတဲ့မှီရာလို့ အဓိပ္ပါယ်ရတယ်၊ နိဿယထက် ပိုအားကောင်း တယ်၊ ဒါကို ဥပနိဿယပစ္စယောကို “စိတ်စေတရား၊ ဤနှစ်ပါး၏။ အင်အားကြီးစွာ၊ မှီရာဖြစ်မှု၊ ကျေးဇူးပြုသည့်”။
အာရမ္မဏူပနိဿယ
ဥပနိဿယ ပစ္စည်းကို ၃-မျိုးခွဲပြီး မြတ်စွာဘုရား ဟောတယ်၊ အာရမ္မဏဥပနိဿယ တဲ့၊ အာရုံဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊ အာရုံကလည်း စိတ်ရဲ့ မှီရာပဲလေ၊ လူ့ရဲ့စိတ်အတွေးလေးတွေဟာ အာရုံကြိုးတန်းကို မှီနေကြတာ၊ လူတွေ တွေးတယ် ဆိုကတည်းက အာရုံကို တွေးတာလေ၊ စိတ်က အာရုံမပါဘဲနဲ့ မဖြစ်နိုင်ဘူး၊ အာရုံ ကြိုးတန်းကလေးနဲ့ လမ်းလျှောက်တဲ့သဘောပဲ၊ အဲဒီတော့ အာရုံပေါ်မှာ မှီပြီးတော့ ကျက်စားတယ်။
ဥပမာကြည့်လေ - မျက်စိက တစ်ခုခုမြင်လိုက်ရင် အဲဒီ မြင်တဲ့အာရုံလေး ပေါ်မှာ စိတ်ဝင်စားပြီး တွေးနေတာ၊ တွေးတဲ့စိတ်တွေအားလုံးဟာ မြင်တဲ့အာရုံ ပေါ်မှာ တွေးတာ၊ အဲဒီအမြင်အာရုံသည် စိတ်ရဲ့မှီရာဖြစ်တယ်၊ ထို့အတူပဲ နားက ကြားလိုက် လို့ရှိရင် အဲဒီအသံကိုတွေးပြီး အဲဒီအသံနဲ့ စိတ်က ဖြစ်နေတာ၊ အသံကတော့ ပျောက်သွားပြီ၊ ပျောက်သွားပေမယ့်လို့ အတွေးက မပျောက်ဘူး၊ အတွေးက အဲဒီအသံကို မှတ်ယူထားလိုက်တာ၊ မှတ်ယူထားပြီး အဲဒီအာရုံကို မှီပြီးတော့ ဒီစိတ်က ဆက်ဖြစ်နေတာ၊ အနံ့ရလိုက်ရင်လည်း ဘာအနံ့ပါလိမ့်ဆိုပြီး အတွေးက လိုက်လာ တယ်၊ အရသာခံလို့ရှိရင်လည်း “ေဩာ် ဒီအရသာလေးက ကောင်းလိုက်တာ” ဆိုတဲ့အတွေး လိုက်လာတယ်၊ “အရသာကြီးကလည်း ဆိုးလိုက်တာ” ဆိုတဲ့ အတွေးက နောက်ကလိုက်တာပဲ၊ ခန္ဓာကိုယ်အထိအတွေ့ပေါ်မှာလည်းပဲ ထို့အတူ ပဲ၊ အတွေးက နောက်ကလိုက်နေတယ်၊ အာရုံတွေပေါ်မှာ (သို့မဟုတ်) စိတ်ကူးတဲ့ အထဲမယ် ပေါ်လာတဲ့အာရုံပေါ်မှာ ဒီအတွေးက လိုက်နေတယ်။
ဒီလိုအာရုံဟာ အလွန်အားကောင်းတဲ့အာရုံမျိုး ဖြစ်လို့ရှိရင် အာရမ္မဏဥပနိဿယ လို့ ခေါ်တယ်တဲ့၊ သူက အာရမ္မဏာဓိပတိ၊ လွှမ်းမိုးကြီးစိုးတဲ့ အာရုံမျိုးလိုပဲ အင်အား ကောင်းတဲ့အာရုံမျိုးကို အာရမ္မဏဥပနိဿယ၊ ဒါကြောင့်မို့ “စိတ် စေတရား ဤ နှစ်ပါး၏ အင်အားကြီးစွာ မှီရာဖြစ်မှု ကျေးဇူးပြုသည့် အာရမ္မဏူပနိဿယ” တဲ့။
အနန္တရူပနိဿယ
နောက်တစ်ခုက “ထိုမှတစ်သီး အားကြီးလှစွာ ခြားမဲ့မှာလျှင် မှီရာစင်စစ် နောက်စိတ်ဖြစ်မှု ကျေးဇူးပြုသည့် အနန္တရူပနိဿယ”၊ အနန္တရဥပနိဿယ၊ ရှေ့စိတ်နဲ့ နောက်စိတ်မှာ ရှေ့စိတ်က အလွန်အင်အားကောင်းလို့ နောက်စိတ်လည်း အင်အား ကောင်းတယ်၊ ရှေ့ကအင်အားကောင်းမှ နောက်က အင်အားကောင်းတာ၊ သူက အင်အားကောင်းတဲ့မှီရာအနေနဲ့ ကျေးဇူးပြုတာ၊ ဒီအဓိပ္ပါယ်မျိုးကိုယူတာ၊ ရှေ့စိတ် တွေရဲ့ တွန်းအားကောင်းလို့ နောက်စိတ်ဟာလည်းကောင်းတယ်၊
ဥပမာ- လေးပစ်လိုက်တယ် (သို့မဟုတ်) လောက်လေးတွေ မြားတွေ ဘာတွေ ပစ်တယ် ဆိုပါတော့၊ ပစ်လိုက်တဲ့အရှိန်ပေါ်မှာ မူတည်ပြီးတော့ သွားတာ၊ ပစ်လိုက်တာက ခပ်ပေါ့ပေါ့ ခပ်လျော့လျော့ ဆိုလို့ရှိရင် အရှိန်က ခပ်လျော့လျော့ လေးပဲသွားမှာပဲ၊ ပစ်တဲ့အရှိန်က ပိုပြင်းထန်ရင် ပိုပြင်းထန်တယ်ပေါ့၊ ဒီလို သဘောမျိုး၊ တွန်းအားက ပိုပြီးတော့ များလာတယ်၊ အဲဒါမျိုးကို “အားကြီးလှစွာ အခြားမဲ့မှာ” - ခြားမဲ့ဆိုတာ အခြားမရှိဘူး ပြောတာ၊ “မှီရာစင်စစ် နောက်စိတ်ဖြစ်မှု ကျေးဇူးပြုသည့် အနန္တရူပနိဿယ”။
ပကတူပနိဿယ
“ထိုမှတခြား အားကြီးစွာသည့် များစွာကြောင်းစု ကျေးဇူးပြုသည့် ပကတူပနိဿယ” “ပကတိ ဥပနိဿယ” (သို့မဟုတ်) “ပကတ ဥပနိဿယ”၊ ပင်ကိုယ်က အာရုံအနေနဲ့ အားကြီးတာလည်း မဟုတ်ဘူး၊ ရှေ့စိတ်အနေနဲ့ အားကြီးတာလည်း မဟုတ်ဘူး၊ တခြားအားကြီးတဲ့အရာတွေ အားလုံးမှန်သမျှ ပကတူပနိဿယ။ ဥပနိဿယပစ္စည်း ၃-မျိုး ရှိတယ်။
လောကမှာ ဥပနိဿယပစ္စည်းနဲ့ လွတ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်နော်၊ လူတွေပြောကြတယ် - “ကျေးဇူးပြုပါ ကျေးဇူးပြုပါ”လို့၊ “ကျေးဇူးပြုတယ်” ဆိုတာ မဖြစ်သေးတာ ဖြစ်အောင်လုပ်တာနဲ့ ဖြစ်ပြီးသားတွေ တည်တံ့နေအောင် လုပ်တယ်၊ ဒါ ကျေးဇူးပြုတယ်လို့ ခေါ်တယ်။
ကဲ ကောင်းပြီ - ဥပနိဿယပစ္စယောတဲ့၊ ဒါကို ချဲ့ပြီးတော့ ပြောရအောင်၊ ဥပနိဿယပစ္စယောဆိုတာ တကယ့်ကို အားကြီးတဲ့မှီရာကြီးပဲ၊ မှီရာအနေနဲ့ ကျေးဇူး ပြုလိုက်တာ၊ ဒါကြောင့် လူတွေက ပြောကြတယ်၊ တစ်ယောက်ကြီးပွားပြီဆိုရင် “ဪ သူက ကြီးပွားမှာပေါ့ အမှီကောင်း ရ,ထားတာကိုး”၊ အမှီကောင်း ဆိုပြီး ပြောကြတာ၊ ဒီ ဥပနိဿယ ရည်ရွယ်တာပဲနော်၊ ဘယ်အရာပဲဖြစ်ဖြစ် အမှီကောင်း ရမှ၊ အမှီကောင်း မရလို့ရှိရင် မဖြစ်ဘူး၊ အမှီကောင်း ရ,ထားလို့ရှိရင် အဲဒီ ပုဂ္ဂိုလ်က သာတာပဲ၊ အင်အားကြီးတာ နည်းတာက အဓိကမဟုတ်ဘူး၊ အမှီကောင်းက ပိုအဓိကကျတယ်။
ထယ်စာခဲထဲက ငှက်ငယ်လေးအကြောင်းကိုပဲ ကြည့်၊ ထယ်စာခဲထဲက ဘီလုံးငှက် ကလေး၊ ဘီလုံးငှက်ကလေးက ကောင်းကင်ပျံတက်ပြီး ကျက်စားတဲ့အခါ သိမ်း စွန်ကြီးက သုတ်ပြီး ချီသွားတယ်၊ သုတ်ချီသွားတဲ့အခါ သူက ဘာပြောတုန်းဆို “ငါ့ကိုက လော်လီတာ၊ ငါ့ကိုက မဟုတ်တာ၊ ကိုယ့်နေရာ ကိုယ်မနေဘူးနော်၊ ဒီလို အပြင်ထွက်ပြီး ငါ လော်လော်လီလီနဲ့ ကျက်စားမိလို့ အခုလို အဖမ်းခံရတာ၊ ငါ့နေရာများဆိုရင် ငါအဖမ်းမခံရဘူး၊ ငါ့နေရာမှာ ငါနေရင် အန္တရာယ်ကင်းတယ်”။
အဲဒါပဲ တတွတ်တွတ်ပြောနေတော့ သုတ်ချီလာတဲ့သိမ်းငှက်က မခံချင်ဘူး၊ “အောင်မယ် မင်းက မလောက်လေးမလောက်စားနဲ့၊ ငါ့နေရာမှာဆို ဂရုမစိုက် ဘူးလို့ ပြောတယ်၊ မင်းနေရာ ဘယ်မှာတုန်း” လို့ပြောတော့ “ကျုပ်နေရာ ထယ်စာခဲ ပဲ” “ဒါဖြင့် သွားစမ်း မင်းနေရာ၊ အဲဒီနေရာမှာမှာကော မင်း လွတ်မယ်ထင်လား” ဆိုပြီး လွှတ်လိုက်တယ်၊ ဘီလုံးငှက်ကလေး ထယ်စာခဲနားလည်း ရောက်သွားရော ထယ်စာခဲပေါ်တက် အတောင်လေးဖြန့်ပြီး “သတ္တိရှိရင်လာခဲ့” လို့ သိမ်းငှက်ကြီးကို လှမ်းခေါ်လိုက်တယ်၊
ဟိုကောင်ကြီးက သူ့ကို ပမာမခန့် လုပ်ရမလားလို့ဆိုပြီး အတောင်တွေရုပ်သိမ်းပြီး တစ်ခါတည်း ထိုးဆင်းလိုက်တယ်၊ အနားနားရောက်ပြီ ဆိုတော့မှ အဲဒီဘီလုံးငှက် ကလေးက သုတ်ကနဲဆို မြေကြီးခဲအောက် ဝင်ပုန်းလိုက်တာ၊ သိမ်းငှက်ရဲ့ရင်အုပ်နဲ့ ထယ်စာခဲဆောင့်ပြီးတော့ မျက်လုံးထွက်ပြီး သေသွားတယ်၊ ဘီလုံးငှက်ကလေးက နိုင်လိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အမှီကောင်းလို့၊ ဒါကိုပြောတာ - ဥပနိဿယ သတ္တိဆိုတာ၊ အမှီကောင်းသွားပြီဆိုလို့ရှိရင် ကိုယ့်ထက် ဘယ်လောက် အင်အား ကောင်းတဲ့ရန်သူ ဖြစ်ဖြစ် နိုင်သွားတယ်တဲ့။
ဥပနိဿယရဲ့ ထူးခြားချက်က တခြားပစ္စည်းများနဲ့ မတူဘူး၊ ဒါကြောင့်မို့ ဥပနိဿယပစ္စယောမှာ -
“ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော”။
ရှေ့က အားကောင်းတဲ့ ကုသိုလ်ဆိုရင် နောက်ကလည်း အားကောင်းတဲ့ ကုသိုလ်လာတယ်ပေါ့၊ အာရုံတစ်ခုအနေနဲ့လည်း အားကောင်းတဲ့ကုသိုလ်လာတယ်၊ သဘာဝတရားအနေနဲ့လည်း အားကောင်းတဲ့ကုသိုလ်လာတယ်လို့၊ ကုသိုလ်ပြီးရင် ကုသိုလ်ဖြစ်တယ်ဆိုတာ ဒါသဘာဝကျတယ်ပေါ့။
သို့သော် နောက်တစ်ခုကိုကြည့် -
“ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော”၊ ဒီအချက်ကိုလည်း မှတ်သားရမယ်။
ပုရိမာ ပုရိမာ - ရှေးရှေးဖြစ်တဲ့၊
ကုသလာ ဓမ္မာ - ကုသိုလ်တရားတွေက၊
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်မှဖြစ်တဲ့ အကုသိုလ်တရား တွေကို၊
ကေသဉ္စိ ဥပနိဿယပစ္စယေန - ဥပနိဿယပစ္စည်း အချို့ဖြင့်
(အနန္တရူပနိဿယ မရဘူးတဲ့) ကုသိုလ်နဲ့ အကုသိုလ်က ဆက်ပြီးလာလို့ မရဘူး၊ ရှေ့စိတ်က ကုသိုလ်၊ နောက်စိတ်က အကုသိုလ်၊ ဒီလိုမရဘူး၊ process တစ်ခု တည်းမှာ ရှေ့စိတ် က ကုသိုလ်ဆိုရင် နောက်စိတ်က ကုသိုလ် (သို့မဟုတ်) အဗျာကတ လာလို့ရတယ်၊ ကုသိုလ်နဲ့ အကုသိုလ်ဟာ သဘာဝချင်းမတူသည့် အတွက်ကြောင့် ဆက်တိုက်လာလို့ မရဘူး။
အဲဒါကြောင့်မို့ ဆက်တိုက်မလာပေမယ့် အာရုံအနေနဲ့ ကုသိုလ်က အကုသိုလ်ကို ဖြစ်စေတယ်၊ အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတယ်၊ ပကတူပနိဿယ အနေနဲ့လည်း ဖြစ်စေတယ်၊ ဒါကို ပြောတာနော်။
ကုသိုလ်က
အကုသိုလ်ကို ဖြစ်စေပုံ
ကဲ - ကုသိုလ်က အကုသိုလ်ကို ဘယ်လိုလုပ်ဖြစ်စေတာတုန်း၊ တချို့က ကုသိုလ်လုပ်တယ်ဆို ကုသိုလ်ပဲ ရတယ်လို့ ထင်တယ်၊ ဒီနေရာမှာ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တာ ရှိတယ်၊ ဘယ်လိုဖြစ်တုန်းဆိုရင် ဆိုပါစို့ - လူတစ်ယောက်မှာ လှူချင်တန်းချင်တဲ့သဒ္ဓါတရားတွေ ဖြစ်လာတယ်၊ အဲဒီသဒ္ဓါ တရားဟာ ကုသိုလ်ပဲနော်၊ သို့သော် “ငါ့သဒ္ဓါတရားဟာ ကောင်းလိုက်တာ” လို့ သဒ္ဓါတရားကိုတွယ်တာတဲ့ လောဘစိတ်နဲ့ကြည့်တဲ့အခါ အဲဒီကြည့်တဲ့လောဘစိတ် ကျတော့ အကုသိုလ်ပဲ၊ ဒါ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာလို့ ပြောတာ၊ အဲဒီ တော့ ကုသိုလ်ကနေ အကုသိုလ်ပြောင်းသွားနိုင်တာကို သတိထားဖို့နော်၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်။
ကိုယ့်ရဲ့သီလစင်ကြယ်တာကို အကြောင်းပြုပြီးတော့ “ငါ့သီလက စင်ကြယ်တယ်” ဆိုပြီး သီလကို အကြောင်းပြုပြီး မာနဖြစ်ရင် သီလက ကုသိုလ်, မာနက အကုသိုလ်၊ ဒါ ဥပနိဿယပစ္စည်းလို့ ခေါ်တယ်၊ သဒ္ဓါကို တွယ်တာမှုဖြစ်တယ်၊ ရာဂဖြစ်တယ်၊ တစ်ခါ ကိုယ့်သဒ္ဓါတရားကို ကိုယ်ကြည့်ပြီးတော့ များများစားစား လှူလိုက်မိပြီး နောက်ကျတော့ “ငါ့သဒ္ဓါတရားကလည်းနော် ငါလှူလိုက်တာ မှားလိုက် တာ” ဆိုပြီး သဒ္ဓါတရားကို ရှုတ်ချတဲ့ဒေါသက မပေါ်နိုင်ဘူးလား၊ သဒ္ဓါကို အကြောင်းပြုပြီး ဒေါသလည်း ဖြစ်နိုင်တာပဲ။
ထို့အတူပဲ ကိုယ့်သီလ ကိုယ်ကြည့်ပြီးတော့ ကျေနပ်နေတယ်၊ နှစ်သက်နေ တယ်၊ ကျေနပ်တယ်ဆိုတာ တဏှာလောဘနဲ့ ကျေနပ်တာကို ပြောတာ၊ ကုသိုလ်စိတ်နဲ့ ကျေနပ်တာကို ပြောတာမဟုတ်ဘူးနော်၊ တဏှာစိတ်နဲ့ ကိုယ့်သီလကို ကိုယ် တွယ်တာပြီး ကျေနပ်နေပြီ၊ သာယာနေပြီ၊ လောဘတွေ ဖြစ်နေတယ်ဆိုရင် သီလ က ကုသိုလ်, ဖြစ်ပေါ်လာတဲ့လောဘက အကုသိုလ်၊ ကုသိုလ်ကနေပြီး အကုသိုလ် ကို ဖြစ်စေတယ်လို့ ဒီလိုပြောဟာ။
စာဂ - ကိုယ့်ရဲ့စွန့်ကြဲမှုကို အကြောင်းပြုပြီး “ငါ့လို ဘယ်သူမှ မလှူနိုင်ဘူး၊ ငါက လှူနိုင်တယ်” လို့ ဆိုပြီး ကိုယ့်အလှူဒါနပေါ်မှာ သိပ်ပြီး ကျေနပ်မက်မော တွယ်တာ နေတယ်ဆိုလို့ရှိရင် စာဂ ဆိုတဲ့ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်ပြန်တာပဲ။
သုတ - ကိုယ်က တရားဓမ္မတွေ နာထားတယ်၊ မှတ်လည်း မှတ်တယ်၊ စာ တွေလည်း တတ်တယ်၊ ဗဟုသုတတွေ များလာတယ်၊ အဲဒီများလာတဲ့ ဗဟုသုတ အပေါ် မာန်မာနတွေ တက်လာတယ်၊ ကိုယ့် ဗဟုသုတအပေါ် တွယ်တာမှု နှစ်သက်မှု ရာဂတွေ ဖြစ်လာတယ်ဆိုလို့ရှိရင် တရားဓမ္မသုတက ကုသိုလ်, တွယ်တာမှု ဖြစ်လာတာတို့ မာနတို့က အကုသိုလ်၊ ဒါ ကုသိုလ်ကြောင့် အကုသိုလ် ဖြစ်တာ၊ အဲဒီလို ဖြစ်လာတာ။
တစ်ခါ ဈာန်တရားကို အားထုတ်တယ်၊ ကိုယ်ရ,ထားတဲ့ဈာန်ကို သဘောကျ တွယ်တာနေတယ်၊ တပ်မက်နေတယ်ဆိုရင် ဈာန်က ကုသိုလ်, တွယ်တာတပ်မက် တာက အကုသိုလ်၊ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာ။
သို့သော် ကိုယ်ရ,ထားတဲ့ မဂ်စိတ် ဖိုလ်စိတ်ကိုတော့ ဒီလို မဖြစ်ဘူး၊ လောကုတ္တရာ တရားက အလွန်သိမ်မွေ့တာဆိုတော့ လောဘနဲ့ အာရုံပြုလို့မရဘူး၊ အဲဒါကျတော့ လက်လှမ်းမမီဘူးလို့ ပြောတယ်နော်၊ ဘယ်လို လက်လှမ်းမမီတုန်း ဆိုရင် ယင်ကောင်ကြီးဟာ မီးကျီးခဲပေါ်မှာ မနားဝံ့သလို မဂ်စိတ် ဖိုလ်စိတ်ပေါ်မှာ လောဘက မတွယ်ဝံ့ဘူး၊ လောကုတ္တရာစိတ်နား မကပ်နိုင်ဘူး၊ တဏှာက လောကီ စိတ်ကိုသာ နှစ်သက်နိုင်တာ၊ လောကုတ္တရာစိတ်ကျတော့ သူနဲ့ဘက်မဟုတ်ဘူး။
ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေဖြစ်ကြသေးတယ်တဲ့၊ ဒါကို အကြောင်းပြုပြီး -
“ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော”။
ကေသဉ္စိ ဆိုတဲ့စကားက အနန္တရ တော့ မဖြစ်နိုင်ဘူး၊ အာရမ္မဏ တော့ ဖြစ်နိုင်တယ်၊ အာရုံပြုပြီးတော့ လောဘဖြစ်မယ်၊ ဒေါသဖြစ်မယ်၊ မာန်မာနတွေ ဖြစ်မယ်၊ ဣဿာတွေ ဖြစ်မယ်၊ အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်မယ်၊ နောက်က ဖြစ်လာ သမျှသည် အကုသိုလ်တွေချည်းပဲ ဖြစ်လာသည့်အတွက်ကြောင့် ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်လို့ ဒီလိုပြောတာ။
ဒါကြောင့် တချို့က အလှူလှူပြီးတဲ့အခါ ဘာလုပ်လဲ၊ မဏ္ဍပ်တိုင် တက်ပြ တယ်လို့ ပြောတာနော်၊ သူ့ရဲ့ဒါနကောင်းမှုကို ဂုဏ်ယူပြီး မာနတွေတက်လာလို့ရှိရင် ဒါနကောင်းမှုကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာပဲ။
ကရုဏာဒေါသ
ဒီတော့ သဘာဝတရားနှစ်ခုဟာ ကုသိုလ်က သူ့သဘာဝနဲ့သူ၊ အကုသိုလ် ကလည်း သူ့ သဘာဝနဲ့သူပဲ၊ ကုသိုလ်ကို အကုသိုလ်လို့လည်း ပြောလို့မရဘူး၊ အကုသိုလ်ကို ကုသိုလ်လို့လည်း ပြောလို့မရဘူး၊ တချို့က ပြောကြတယ်၊ ဆရာ သမားတွေက (သို့မဟုတ်) မိဘတွေက သားသမီးကို ဆုံးမတယ်၊ မလိမ္မာလို့ ဒေါသနဲ့ရိုက်တာ၊ ဒါကို ကရုဏာဒေါသလို့ ခေါ်ကြတယ်၊ ဘယ်လိုလုပ် ကရုဏာ ဒေါသ ဖြစ်မှာလဲ၊ ဒေါသကရော ဘယ်လိုကရုဏာဖြစ်လဲ၊ သဘာဝနှစ်ခု မတူတာကို ပေါင်းစပ်ပြီးတော့ ပြောတာ။
ဒီလိုပြောရင်တော့ ရတယ်ပေါ့၊ သနားတဲ့အပေါ်မှာ အခြေခံပြီးတော့ ဒေါသ ဖြစ်တာ၊ အဲဒါသနားတဲ့ကရုဏာကတော့ ကုသိုလ်ပဲ၊ ဒေါသကတော့ အကုသိုလ်ပဲ လေ၊ အဲဒါကို တချို့က အပြစ်မရှိဘူးလို့ ထင်နေတယ်၊ ဒေါသဆိုရင် ဘာဒေါသပဲ ဖြစ်ဖြစ် ကရုဏာပေါ် အခြေခံထားထား ဘာအခြေခံထားထား ဒေါသက အကုသိုလ်ပဲ၊ အပိုင်းက နှစ်ပိုင်းပဲ၊ သူ့ဟာနဲ့သူ သွားတာ။
အကုသိုလ်က အကုသိုလ်အပိုင်းပဲ၊ ကုသိုလ်က ကုသိုလ်အပိုင်းပဲ၊ ကုသိုလ် နဲ့ အကုသိုလ်ဆိုတာ ရောလို့မရဘူး၊ သဘာဝချင်းကိုက အလွန်ခြားနားတယ်၊ ကုသလာ အနဝဇ္ဇ သုခဝိပါကလက္ခဏာ - ကုသိုလ်မှန်လို့ရှိရင် အပြစ်ကင်းတယ်၊ ကောင်းတဲ့ အကျိုးတွေကို ပေးနိုင်တယ်၊ ဒါ ကုသိုလ်ရဲ့ သဘာဝတရား၊ အကုသိုလ် ကျတော့ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ၊ အပြစ်ရှိတယ်တဲ့၊ သဘာဝကိုက အပြစ် ရှိတယ်၊ အပြစ်ရှိရုံတင်မကဘူး၊ ဒုက္ခဝိပါက ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ် သေးတယ်၊ ဒါ သူ့ရဲ့သဘာဝ၊ အဲဒီနှစ်ခုက ဘယ်လိုလုပ်ပေါင်းစပ်လို့ ရမလဲ၊ မရဘူး၊ တစ်ပိုင်းစီပဲ မှတ်ရမယ်၊ အကုသိုလ်ဖြစ်ရင် အကုသိုလ်အပိုင်းပဲ။
တချို့က ကောင်းမှုပြုပြီး စိတ်ပျက်တယ်။ ဥပမာ - အလှူအတန်းလှူတယ် ဆိုပါတော့၊ ဥပမာ - လမ်းမှာတွေ့တဲ့ ကိုယ်တော်တစ်ပါးကို လှူလိုက်တယ်၊ အဲဒီ ကိုယ်တော်က ဘုန်းကြီးအစစ်မဟုတ်ဘူး၊ အရေခြုံလာတဲ့ကိုယ်တော် ဆိုပါစို့၊ “ဪ ငါလှူမိတာ မှားလိုက်တာ” ဆိုတာ ကိုယ့်ဒါနကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်တာပဲ၊ ဒါလည်း လှူတုန်းကတော့ ဒါနကုသိုလ်ပဲ၊ အဲဒီဒါနကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်တာပဲ၊ အဲဒီ ဒါနကို စိတ်ပျက်သွားပြီးလို့ရှိရင် ဘာဖြစ်မတုန်း၊ အကုသိုလ်ပဲ ဖြစ်တာပဲ၊ ဒါ ဘာတုန်းဆို ဥပနိဿယပစ္စည်း၊ ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ် ဆိုတာကို ဒီလိုသတိထားရမယ်ပေါ့။
ဒီတော့ ကုသိုလ်လုပ်တိုင်း ကုသိုလ်ရတာမဟုတ်ဘူး၊ သူ့ အပိုင်းလိုက်သူ၊ ကုသိုလ် ရတဲ့အပိုင်းက ရတယ်၊ အကုသိုလ်ဖြစ်တဲ့အပိုင်းက အကုသိုလ်ပဲ၊ အဖြူနဲ့ အမည်းပဲ၊ တွဲလို့ မရဘူး။
(အဖြူနဲ့အမည်း တွဲလိုက်လို့ရှိရင် ဘာဖြစ်သွားမလဲ အကြောင်ကြီး ဖြစ်သွားမှာပေါ့။)
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - ရှေးတုန်းက ဖြစ်လာတဲ့ ကုသိုလ်တရားတွေဟာ နောက်နောက် အကုသိုလ်တရား တွေကို ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပါတယ်။
ဈာန်တရားရတယ်၊ ထိုဈာန်လျောသွားသည့်အတွက်ကြောင့် စိတ်ထဲမှာ မကျေမနပ် ဝမ်းနည်းပမ်းနည်း ဖြစ်တယ်ဆိုရင် ဈာန်တရားက ကုသိုလ်၊ ဝမ်းနည်း ပမ်းနည်း ဖြစ်တာက အကုသိုလ်၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တာပဲ၊ အားလုံးဟာ ဒီအတိုင်းပဲ သဘောပေါက်ရမယ်နော်၊ ဒါ ဥပနိဿယပစ္စယော။
ကုသိုလ်က ကုသိုလ်ကို ဖြစ်စေပုံ
ကုသိုလ်က ကုသိုလ်ဖြစ်စေတာတော့ နားလည်တယ်၊ ဆိုပါစို့ - ဒါနကို အကြောင်း ပြုပြီးတော့ ကုသိုလ်စိတ်တွေထပ်ပြီးတော့ ဖြစ်လာတယ်၊ ဒါ ကုသိုလ်ကနေ ကုသိုလ်ကို ထုတ်လုပ်တယ်လို့ပြောရမယ်၊ သီလကိုအကြောင်းပြုပြီးတော့ ကုသိုလ် ကောင်းမှုတွေ ထပ်ဖြစ်လာတယ်၊ ကုသိုလ်ကနေ ကုသိုလ်ကို ထုတ်လုပ်တယ်လို့ ပြောရမယ်။
သုတကို အကြောင်းပြုပြီးတော့ ကုသိုလ်တွေ ထပ်ဖြစ်လာတယ်၊ သုတက ကုသိုလ်ကို ဖြစ်စေတယ်လို့ ဒီလိုပြောရမယ်၊ ဒီလိုလည်း ရှိတာပဲ။
ကုသိုလ်က အဗျာကတ ဖြစ်စေတယ်ဆိုတာတော့ ဒါက ကုသိုလ်ကနေပြီးတော့ အကျိုးပေးတာတွေပေါ့၊ ရုပ်အကျိုးပေးတာ ရှိတယ်၊ နာမ်အကျိုးပေးတာ ရှိတယ်၊ နာမ်တရားထဲက ဝိပါက်ဆိုတာတွေ ထုတ်လုပ်ပေးတာတွေရှိတယ်၊ ဒါက တော့ .ထင်ရှားတယ်၊ ထားတော့။
အကုသိုလ်က အကုသိုလ်ကို ဖြစ်စေပုံ
နောက် point တစ်ခုပြောရအောင်၊
“ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော”။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးဖြစ်နှင့်တဲ့ အကုသိုလ်တရား များသည်၊
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်မှဖြစ်လာတဲ့ အကုသိုလ် တွေကို၊
ဥပနိဿယပစ္စယေန- ဥပနိဿယသတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုတယ်။
ရှေးကဟာလည်း အကုသိုလ်၊ နောက်ကဟာလည်း အကုသိုလ်၊ အာရုံ အနေနဲ့လည်း ဖြစ်နိုင်တယ်၊ အနန္တရအနေနဲ့ အကုသိုလ်ပြီးရင် အကုသိုလ်၊ ဒီလို လည်း ဖြစ်လို့ရတယ်၊ ရှေ့စိတ်က အကုသိုလ်၊ နောက်စိတ်ကလည်း အကုသိုလ်၊ အနန္တရူပနိဿယ လို့ခေါ်တယ်။
ရှေ့စိတ်က အာရုံအနေနဲ့ အကုသိုလ်ဖြစ်တယ်၊ နောက်က ပေါ်လာတာလည်း အကုသိုလ်ဖြစ်တယ်၊ ဆိုပါစို့ - ကိုယ့်ရဲ့ရာဂကို ကိုယ်ပြန်ပြီးတော့ တွယ်တာ တယ်၊ တချို့က ကိုယ့်ရဲ့ဒေါသကို ကိုယ်ပြန်ပြီးတော့ ကျေနပ်တယ်၊ လူတစ်ယောက် စိတ်ဆိုးပြီးလို့ရှိရင် တစ်ယောက်ကို နိုင်လိုက်လို့ရှိရင် ကိုယ့်ဒေါသ ကိုယ်ပြန်ချီးမွမ်း တဲ့လူ ရှိတယ်၊ ကိုယ့်ဒေါသ ကိုယ်ပြန်ကျေနပ်တယ်၊ အဲဒါဆိုရင် ဒေါသကလည်း အကုသိုလ်၊ နောက်က ကိုယ့်ဒေါသ ကိုယ်တွယ်တာတာကလည်း အကုသိုလ်ပဲ၊ အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုတယ်လို့ ဒီလိုပြောရမယ်။
အကုသိုလ်က ကုသိုလ်ကို ဖြစ်စေပုံ
ထို့အတူပဲ အကုသိုလ်ကလည်း ကုသိုလ်ဖြစ်စေနိုင်သေးတယ်တဲ့။
“ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော”။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးကဖြစ်တဲ့ အကုသိုလ်တရား တွေဟာ၊
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်လာမယ့် ကုသိုလ်တရား တွေကို၊
ကေသဉ္စိ ဥပနိဿယပစ္စယေန - ဥပနိဿယပစ္စည်းအချို့ဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်တယ်။
အချို့ဆိုတာ ခုနပြောသလို အနန္တရ မရနိုင်ဘူး၊ အကုသိုလ်ကနေပြီးတော့ ကုသိုလ် တိုက်ရိုက်ဆက်လို့ မရဘူး၊ သို့သော် အကုသိုလ်ကို အာရုံပြုပြီးတော့ ကုသိုလ် ဖြစ်တာကို ပြောတာ။
ရှေးတုန်းက သူငယ်ချင်းနှစ်ယောက် လယ်ယာလုပ်ငန်းကို လုပ်ကြတယ်၊ နှစ်ယောက်အတူ လယ်လုပ်ရင်း မောတဲ့အခါသောက်ဖို့ ရေဘူးလေးတစ်ဘူးစီ ယူလာကြတယ်၊ မောတဲ့အခါ ရေလေးသောက်လိုက်ကြတာပေါ့၊ လယ်သွားထွန် လိုက်ကြ ရေသောက်လိုက်ကြနဲ့၊ အဲဒီမှာ တခြား သူငယ်ချင်းတစ်ယောက်က ထယ်ထွန်နေတုန်း သူရေဆာလို့ ရေလာသောက်တယ်၊ သူ့ ဘူးထဲက ရေလေးက နည်းနေလို့ ဟိုလူ့ ဘူးထဲကရေကို ခိုးသောက်လိုက်တယ်၊ သူက မပန်ကြားဘဲ ရေကို ခိုးသောက်တာ၊ သူ့ ဘူးထဲကရေ ကုန်မှာစိုးလို့ သူများဘူးထဲကရေကို ခိုးသောက် တယ်၊ ခိုးသောက်ပြီးတော့ တစ်နေကုန်အလုပ်တွေလုပ်ပြီး ညနေကျတော့ ရေမိုးချိုး ကြတယ်ပေါ့။
ရေမိုးချိုးပြီးတော့ အဲဒီ ခိုးသောက်တဲ့လူက သူ့ကိုယ်သူစဉ်းစားတယ်၊ “ငါ ဒီကနေ့ ဘာများ မဟုတ်တာ လုပ်မိတုန်း”၊ ဘာမဟုတ်တာ လုပ်မိတုန်းလို့ဆိုတော့ သူက သွားတွေ့တယ်၊ ဘာသွားတွေ့တုန်းဆို ရေခိုးသောက်တာ သူ သွားတွေ့ တယ်၊ ငါ မဟုတ်တာ လုပ်ထားတယ်၊ အဲဒီတော့ ခိုးသောက်တယ်ဆိုတာ အကုသိုလ် မဟုတ်လား၊ အဲဒီအကုသိုလ်ကို ကြည့်ပြီး သူ့စိတ်ထဲမှာ သံဝေဂတွေ ဖြစ်လာတယ်၊ “ဪ ဒီအကုသိုလ်တွေ ကြီးထွားသွားမယ် ဆိုလို့ရှိရင် ငါ အပါယ်ဒုက္ခ ရောက်တော့မှာပဲ၊ ဒီအကုသိုလ်တွေနှိမ်မှပဲ” လို့ဆိုပြီး “ငါ မဟုတ်တာတွေ တော်တော် လုပ်တဲ့ကောင်ပဲ” လို့ သူ့ကိုယ်သူ မကျေမနပ်ဖြစ်ပြီး သူ့စိတ်ရဲ့ အပြစ်တွေမြင်ပြီး သင်္ခါရတရားတွေရဲ့အပြစ်ကို ဆင်ခြင်လိုက်တာ ပစ္စေကဗုဒ္ဓပါရမီ ရင့်တဲ့ပုဂ္ဂိုလ် ဖြစ်တော့ အဲဒီနားမှာ ပစ္စေကဗောဓိဉာဏ် ရသွားတယ်၊ တရား ဆင်ခြင်ရင်းနဲ့ ပစ္စေကဗောဓိဉာဏ် ရသွားတယ်။
ရသွားတဲ့အခါ ဟို ရေဘူးထဲကရေအခိုးခံရတဲ့ သူငယ်ချင်းက ရေချိုးပြီး တက်လာတဲ့အခါ “သူငယ်ချင်း အိမ်ပြန်စို့လေ” လို့ပြောတော့ “ဟာ ငါ အိမ်မပြန် တော့ဘူး၊ ငါ ပစ္စေကဗုဒ္ဓဖြစ်နေပြီ” ဆိုတော့ “မင်း မဟုတ်တရုတ်ပြောပြီ၊ ပစ္စေကဗုဒ္ဓ ဆိုတာ မင်းလိုမဟုတ်ဘူး” လို့ပြောတယ်၊ “ဟ ဒါဖြင့် ပစ္စေကဗုဒ္ဓဆိုတာ ဘယ်လို တုန်း” ဆိုတော့ “ပစ္စေကဗုဒ္ဓဆိုတာ ခေါင်းကလည်း ခေါင်းတုံးနဲ့၊ အဝတ်ကလည်း သင်္ကန်းဝတ်၊ သပိတ်လွယ်နဲ့ ဒီလိုနေတာ၊ မင်းဟာက လူဝတ်ကြီးနဲ့ ဘယ်လို ပစ္စေကဗုဒ္ဓ ဖြစ်မှာတုန်း”။
အဲဒီအချိန်မှာ သူက သတိရပြီး သူ့ခေါင်းကို ပွတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက အသွင်ပြောင်းသွားတာ၊ တစ်ခါတည်း လူ့အသွင်ပျောက်ပြီးတော့ ရဟန်း အသွင် ရောက်သွားတယ်၊ သပိတ်လွယ်လျက် ပရိက္ခရာ ၈-ပါးနဲ့ ကောင်းကင်ပေါ် ပျံတက်ပြီး သူငယ်ချင်းကို နှုတ်ဆက်ပြီး ထွက်သွားတယ်။
အဲဒါ ဘာတုန်းဆို အကုသိုလ်ကနေ ကုသိုလ်ဖြစ်တယ်လို့ ပြောတာနော်၊ အကုသိုလ် ကလည်း ဒီလိုပဲ၊ ကုသိုလ်ဖြစ်တယ်၊ ကိုယ့်ရဲ့အကုသိုလ်ကို ရှုဆင်ခြင်တာ။ နောက်တစ်ခါ လူတစ်ယောက်ဟာ ဒေါသဖြစ်တယ်၊ အဲဒီဒေါသဖြစ်ပြီး “ဪ ဒီဒေါသဟာ မကောင်းပါလား”၊ မကောင်းဘူးလို့ မြင်လိုက်ကတည်းက ဒါ ကုသိုလ် ဖြစ်ပြီ သူက၊ “ဒေါသဟာ မကောင်းပါလား၊ ဒေါသရဲ့အပြစ်တွေက အင်မတန် ကြီးလေးပါလား” လို့ ဒေါသရဲ့ အပြစ်တွေကို ဆင်ခြင်စဉ်းစားလာတာလည်း သူ ကုသိုလ်တွေရတယ်၊ ဟော ဒေါသဖြစ်တုန်းက အကုသိုလ်၊ ဆင်ခြင် စဉ်းစားတာ ကျတော့ ကုသိုလ်၊ ဒီလိုဖြစ်တာ။
ဒါကြောင့်မို့လို့ စိတ္တာနုပဿနာမှာ မြတ်စွာဘုရားက ဟောထားတာ -
“သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ၊ သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ”
ကိုယ့်စိတ်လေးဟာ တဏှာရာဂနဲ့တွဲနေရင်လည်း တဏှာရာဂနဲ့ တွဲနေတယ်လို့ သိရမယ်၊ ကိုယ့်စိတ်ကလေးဟာ ဒေါသနဲ့တွဲနေရင်လည်း ဒေါသနဲ့ တွဲနေတယ်လို့ သိရမယ်၊ သိတယ်ဆိုတာ အာရုံပြုတာကို ပြောတာ၊ ကြည့်လေ၊ “ဪ ငါ့စိတ်က ရာဂနဲ့တွဲနေပါလား” လို့ဆိုရင် ရာဂက အကုသိုလ်၊ သိလိုက်တဲ့ စိတ်ကျတော့ ကုသိုလ်၊ ရာဂဆိုတဲ့ အကုသိုလ်တရားကြောင့် သိခြင်းဆိုတဲ့ ကုသိုလ် တရား ဖြစ်လာတယ်တဲ့၊ ဒါကို ပြောတာနော်။
စိတ္တာနုပဿနာ အားထုတ်တဲ့အခါကျတော့ အကုသိုလ်ကနေပြီးတော့ ကုသိုလ် ဖြစ်တယ်၊ ရာဂကို ရှူမယ်ဆိုရင် ရာဂက အကုသိုလ်၊ အာရုံက အကုသိုလ်၊ ရှူတဲ့စိတ်က ကုသိုလ်၊ ဒေါသကို အာရုံပြုမယ်ဆိုရင် ဒေါသက အကုသိုလ်၊ ရှုတဲ့ စိတ်က ကုသိုလ်၊ စိတ္တာနုပဿနာမှာ မြတ်စွာဘုရားက ဒီလို ဟောထားတာလေ၊ ဒါ ဥပနိဿယပစ္စည်းပဲ။
ကိုယ့်သန္တာန်မှာဖြစ်လာတဲ့ ရာဂပဲဖြစ်ဖြစ် ဒေါသပဲဖြစ်ဖြစ် မောဟပဲဖြစ်ဖြစ် မာနပဲဖြစ်ဖြစ် ဣဿာပဲဖြစ်ဖြစ်၊ ရှေးသူတော်ကောင်းကြီးတွေ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ အဲဒီ လောဘ ဒေါသ မာနတရား ဣဿာတရားတွေရဲ့ အပြစ်ကို ဆင်ခြင်ပြီး တော့ အကျွတ်တရားရသွားတာတွေ အများကြီးပဲ၊ အဲဒါတွေဟာ အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားတာ။
ဒီတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားရင်တော့ ဒါ အမြတ် ရတယ်လို့ ပြောရမှာပေါ့နော်၊ ကုသိုလ်ကနေပြီးတော့ အကုသိုလ်ပြောင်း သွားမှာ ဆိုလို့ရှိရင် ရှုံးတာပဲ၊ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်ရင် ကောင်းတယ်၊ ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်တော့ မဖြစ်စေနဲ့။
လုပ်တာက ကုသိုလ်၊ ဖြစ်တာက အကုသိုလ်တဲ့၊ ဒါမျိုးတွေက မသိရင် အများကြီးပဲ၊ ဒါနကောင်းမှုလုပ်ပြီး “ငါတို့က ဒီလိုလှူတာ၊ ဒိပြင်လူတွေက ဒီလို မဟုတ်ဘူး” ဆိုရော အတ္တုက္ကံသန ပရဝမ္ဘန ဖြစ်ရော၊ “ငါတို့က ဒီလိုလှူတာ” လို့ ဆိုကတည်းက ရာဂနဲ့, မာနနဲ့ ပြောတာမျိုး၊ ကုသိုလ်နဲ့ အကုသိုလ် ရောထွေး ကုန်တယ်၊ ဥပနိဿယပစ္စည်း ဆိုတာ အဲဒါကို ပြောတာနော်။
ကောင်းပြီ - အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်တာတွေ အများကြီးရှိတယ်၊ လူတစ်ယောက်က ကြက်သတ်ပြီး ဘုန်းကြီးတွေကို ကြက်သားဟင်းနဲ့ ဆွမ်းကပ်တယ် ဆိုပါစို့၊ ကြက်သတ်တာက အကုသိုလ်၊ ဘုန်းကြီးတွေ ဆွမ်းကပ်တာကျ ကုသိုလ်၊ သူ့ဟာနဲ့သူ တစ်ပိုင်းစီကိုး၊ ဒါက အကုသိုလ်လုပ်ပြီး ကုသိုလ်ဖြစ်တယ်၊ ... အကုသိုလ်က အကုသိုလ်ပိုင်း၊ ကုသိုလ်က ကုသိုလ်ပိုင်း၊ သူ့ကျတော့ ကြက်သတ်ခြင်းက အကုသိုလ်၊ ဘုန်းကြီးတွေ ဆွမ်းကပ်တာကျတော့ ကုသိုလ်။
မုဆိုးတွေ တံငါတွေ သတ္တဝါတွေ သတ်ဖြတ်တယ်၊ ထိုသတ်ဖြတ်ပြီးတော့ ရလာတဲ့ ပစ္စည်းကို လှူတယ်၊ တစ်ပိုင်းစီပဲ မှတ်ရမယ်၊ သတ်တဲ့ဖြတ်တဲ့ အချိန်က ဘာတုန်း? အကုသိုလ်၊ လှူဒါန်းတဲ့အချိန်က ကုသိုလ်၊ ဟော သူ့အပိုင်းနဲ့သူပဲ။
တချို့က ထင်ကောင်းထင်လိမ့်မယ်၊ ဆိုပါစို့ - မုဆိုး တံငါတွေ လှူတာ ကုသိုလ် မရဘူးလို့ထင်ကောင်းထင်လိမ့်မယ်၊ မဟုတ်ဘူး၊ သူ့ အကန့်နဲ့သူ၊ သလဲသီးလိုပဲ တစ်ကန့်စီ တစ်ကန့်စီပဲ ယူရမယ်၊ ကုသိုလ်ဖြစ်ရင် ကုသိုလ်ပဲ၊ အကုသိုလ် ဖြစ်ရင် အကုသိုလ်ပဲ၊ သူ့ဟာနဲ့သူ နေတာနော်၊ ရောပစ်လို့ မရဘူးတဲ့၊ ဒါကြောင့်မို့လို့ တချို့ တံငါ မုဆိုး လုပ်ပြီး ကုသိုလ်ကောင်းမှု လုပ်သွားတာ၊ အဲဒီ ကုသိုလ် ကောင်းမှုရဲ့အကျိုး ခံစားရတဲ့ပုဂ္ဂိုလ်တွေလည်း မြောက်မြားစွာရှိတာပဲ။
ကုသိုလ်နဲ့ အကုသိုလ် ဘယ်သူက အကျိုးပေးတုန်းလို့ဆိုရင် အင်အား ပိုကောင်းတာ အကျိုးပေးတယ်၊ ကုသိုလ် အကူအညီရရင် ကုသိုလ်က အကျိုးပေးမှာပဲ၊ အကုသိုလ် အကူအညီရရင် အကုသိုလ်က အကျိုးပေးမယ်၊ ဒီနှစ်ခုစလုံးဟာ ဆိုင်ရာအကူအညီ တစ်ခုကို စောင့်မျှော်နေကြတယ်။
ကံတရားဆိုတာ ဆိုင်ရာအကူအညီတစ်ခု မပါဘဲနဲ့ ဥပမာ - မျိုးစေ့ကလေး တွေဟာ မြေရေဆိုတဲ့ တခြားအကြောင်းတရားတွေ မပါဘဲနဲ့ သူတို့ချည်း အပင် ထပေါက်လို့ မရဘူး၊ မြေနဲ့ ရေဆိုတဲ့ အကူအညီရမှ အပင်ပေါက်တာ၊ ထို့အတူပဲ ကံတရားဟာ သူ့ချည်းသက်သက် အကျိုးပေးလို့မရဘူး၊ ကုသိုလ်ကံက အခွင့်အရေးလေး ရသွားရင် ကုသိုလ်ကံက ထအကျိုးပေးမှာပဲ၊ အကုသိုလ်ကံက အခွင့်အရေး ရလာလို့ရှိရင် အကုသိုလ်က အကျိုးပေးတာ။
ဒါကြောင့်မို့ ကံနဲ့ ပတ်သက်လာလို့ရှိရင် အမှန်အကန် ဆုံးဖြတ်ဖို့ရာ တော်တော် ခဲယဉ်းတယ်၊ အမှန်အကန်ဆုံးဖြတ်ဖို့ ခက်တယ်ဆိုတာ လူတွေ မျက်စိလည်ဖို့ အများကြီးရှိတယ်လို့ ပြောတာနော်၊ သာမန်ကြည့်ပြီး ပြောမယ်ဆိုလို့ရှိရင် မျက်စိလည်ကြမှာ၊ အဲဒါကို မဟာကမ္မဝိဘင်္ဂသုတ် မှာ မြတ်စွာဘုရား ဟောထား တာရှိတယ်၊ လူတစ်ယောက်ဟာတဲ့ မကောင်းတာတွေချည်းပဲလုပ်တယ်၊ သေတော့ နတ်ပြည်ရောက်သွားတယ်ဆိုရင် ကျန်တဲ့လူတွေက ဘယ်လိုတွေးမလဲ၊ ဒီကောင် တော်တော်ဆိုးတယ်၊ အရက်သမား၊ မဟုတ်တာတွေလည်း လုပ်တယ်၊ ဒါပေမယ့် သူသေတော့ လူဝင်စားပြန်ဖြစ်တယ်တို့, နတ်ပြည်ရောက်တယ်တို့ဆိုရင် အံ့ဩစရာ မကောင်းဘူးလား၊ အကုသိုလ်တွေ အကျိုးမပေးဘူးလို့ ထင်ကောင်း ထင်မိလိမ့်ဦး မယ်နော်၊ အဲဒါက မျက်စိလည်သွားခြင်းပဲ။
ပုံသေမှတ်ထားရမှာက အကုသိုလ်က ကောင်းကျိုးပေးတာ မရှိဘူး၊ ကုသိုလ် ကလည်း မကောင်းကျိုးပေးတာ မရှိဘူး၊ ဒါ ပုံသေ၊ The law of nature ဒါ ပုံမှန်ပဲ။ သို့သော် ကုသိုလ်နဲ့ အကုသိုလ် ဘယ်သူက အရင်အကျိုးပေးမယ် ဆိုတာကိုတော့ ပြောလို့မရဘူး၊ အဲဒါ မသေချာတဲ့အရာတစ်ခုပဲ၊ မြတ်စွာဘုရားရဲ့ တပည့်တွေ ထဲမှာ သရဏာနိဆိုတဲ့ သာကီဝင်မင်းတစ်ယောက်ရှိတယ်၊ သရဏာနိ ဆိုတဲ့လူက အရက်ကလေးတမြမြနဲ့နေတာ၊ နေ့တိုင်း beer လေးနဲ့ အရက်ကလေးနဲ့နေတာ၊ သူ အရက်သောက်တာပဲ လူတွေက မြင်ကြတယ်၊
သူသေသွားတဲ့အခါကျတော့ မေးကြတယ် - “ဒီကောင် ဘယ်ရောက်သွားတုန်း၊ အရက်ချိုး ဘယ်ရောက် သွားတုန်း” မေးတော့ “ဟ ဒီကောင်က သောတာပန်တဲ့” ဆိုတော့ အံ့ဩမကုန် ဘူးလား၊ လူတွေ အံ့ဩကုန်တယ်၊ ဘုရားလက်ထက်ကနော်၊ “ဒီကောင်က သောတာပန်” ဆိုတော့ လူတွေကပြောကြတယ်”သရဏာနိလို အရက်သမားတောင် သောတာပန်ဖြစ်မှတော့ကွာ ဘယ်သူ သောတာပန် မဖြစ်ဘဲ နေမလဲ” နဲ့ ပြောကုန်ကြတယ်။
အဲဒါကို မြတ်စွာဘုရားက ရှင်းဟောတယ်၊ “မှန်တယ်” တဲ့၊ “သရဏာနိဟာ အရက်သောက်တတ်သူဖြစ်ပေမယ့်လို့ သေခါနီးကျတော့ သူ သီလလုံသွားတာ လူတွေ မသိလိုက်ကြဘူး” တဲ့၊ “သေခါနီးလေးမှာ သူက တရားထူးရသွားတာ”၊ အဲဒီ လျှို့ဝှက်ချက်ကို လူတွေက မသိလိုက်ဘူး၊ သူအရက်သောက်တာကိုပဲ သိကြတယ်၊ အဲဒါ သုတ္တန်ပါဠိတော်တွေမှာ ရှိတယ်။
ဒီတော့ လူတစ်ယောက်ကို လူဆိုးလို့ တစ်သက်လုံး သတ်မှတ်လို့ မရဘူး၊ လူကောင်းလို့လည်း တစ်သက်လုံး သတ်မှတ်လို့ မရဘူး၊ သူ့ရဲ့လုပ်ရပ်ကို ကြည့်ပြီး တော့ လူဆိုးလူကောင်း ပြောရမယ်၊ အခု လူမိုက်ကြီး ဖြစ်ပေမယ့် တော်ကြာ လူလိမ္မာ ဖြစ်ချင်ဖြစ်သွားတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အပြောင်းအလဲရှိတယ်၊ ကြည့်လေ - ကုသိုလ်ကနေ အကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကနေ ကုသိုလ်ဖြစ် တယ်၊ လုပ်နေတာက ကုသိုလ်, ဖြစ်နေတာက အကုသိုလ်၊ လုပ်နေတာက အကုသိုလ်, ဖြစ်တာက ကုသိုလ်၊ ဥပနိဿယသတ္တိဆိုတာ အဲဒါမျိုး ပြောတာ။
ဒီတော့ စိတ်ကလေးရဲ့ အခြားမဲ့မှာ ပြောင်းလဲသွားမှုဟာ မြတ်စွာဘုရားက လွဲလို့ ဘယ်သူမှမသိဘူး၊ ဒါ့ကြောင့် မဟာကမ္မဝိဘင်္ဂသုတ်မှာ ပုဂ္ဂိုလ် ၄-မျိုး ခွဲထားတယ်၊
(၁) ဒီဘဝမှာ မကောင်းတာတွေလုပ်ပြီး သေတော့ ကောင်းရာသုဂတိ ရောက်သွား တဲ့ပုဂ္ဂိုလ် ရှိတယ်တဲ့၊
(၂) မကောင်းတာတွေ လုပ်ပြီးတော့ အပါယ်ငရဲ ကျသွားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်တဲ့၊
(၃) ကောင်းတာတွေလုပ်ပြီး ငရဲကျသွားတဲ့လူတွေ ရှိတယ်၊
(၄) ကောင်းတာကိုလုပ်ပြီး ကောင်းတဲ့ဘုံကို ရောက်သွားတာရှိတယ်။
ဒီတော့ မကောင်းတာလုပ်လို့ မကောင်းတဲ့ဘုံ ရောက်သွားတာကတော့ သူ့ထိုက်နဲ့ သူ့ကံလို့ ပြောကြမှာပေါ့ ကောင်းတာတွေလုပ်လို့ ကောင်းတဲ့ဘုံ ရောက်သွားလို့ ရှိရင်လည်း ဘယ်သူကမျှ စောဒကမတက်ဘူး၊ သူကောင်းလို့ သူရောက်တယ်ပဲ။
သို့သော် ကောင်းတာလုပ်တဲ့လူက ငရဲကျသွားပြီ၊ မကောင်းတာလုပ်တဲ့လူက နတ်ပြည်ရောက်သွားပြီဆိုရင် ပြောစရာ မဖြစ်လာဘူးလား၊ ဖြစ်လာတယ်၊ သို့သော် သူ့ရဲ့သန္တာန်မှာ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွားတာ၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်သွားတဲ့အပိုင်းလေးကို လူတွေက မသိလိုက်ကြဘူး တဲ့၊ ဥပနိဿယသတ္တိဆိုတာ ဒါမျိုးကိုပြောတာ၊ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ မကောင်းမကောင်း သေခါနီးအချိန်ကလေးမှာ ကောင်းသွားတာမျိုး ရှိသေးတယ်။
ဆိုပါစို့ - တမ္ဗဒါဌိကဆိုတဲ့ လူသတ်သမား၊ သေဒဏ်ကျတဲ့သူတွေကိုသတ်ဖို့ သူ့ ကို ရာထူးပေးထားတာ၊ အနှစ် ၅၀-လုံးလုံး၊ တစ်နေ့ကို ၅-ယောက် သတ်ရ တာရှိတယ်၊ ၁၀-ယောက် သတ်ရတာ ရှိတယ်၊ အယောက်-၂ဝ သတ်ရတာ ရှိတယ်၊ လူတွေ သတ်လာတာ အနှစ်-၅ဝ၊ သို့သော် နောက်ဆုံး သူရာထူးကပြုတ်တဲ့နေ့မှာ သူ သေတယ်၊ အဲဒီနေ့မှာ ရေမိုးချိုး၊ အဝတ်အစား အကောင်းတွေ ဝတ်ပြီးတော့ ကောင်းပေ့ဆိုတဲ့ အစာစားတယ်၊
အရှင်သာရိပုတ္တရာက ကြွသွားတာ၊ အရှင် သာရိပုတ္တရာက တရားဟောတယ်၊ တရားဟောတဲ့အခါ ဝိပဿနာဉာဏ် အဆင့် တက်သွားတာ သောတာပတ္တိမဂ်နား ကပ်သွားတဲ့ ဉာဏ်မျိုးထိအောင် ရောက်သွားတယ်၊ အရှင်သာရိပုတ္တရာကို လိုက်ပို့ရင်း လမ်းမှာပဲ နွားတစ်ကောင်က ဝင်ဝှေ့လို့ သေသွားတယ်၊ “ဟ ဒီ လူသတ်သမားကြီး ဒီနေ့ပဲ ရာထူးပြုတ်တယ်၊ ဒီနေ့ပဲ အရှင်သာရိပုတ္တရာနဲ့ တွေ့တယ်၊ တွေ့ပြီးတော့ သူက ဆွမ်းကပ်လို့၊ အခု ဘယ်များ ရောက်ပါလိမ့်” မေးတော့ “တုသိတာမှာ” တဲ့၊ မျက်စိလည်စရာ မကောင်းဘူးလား၊ ကြည့် - သူ လုပ်ခဲ့တဲ့အကုသိုလ်တွေက နောက်ကျသွားပြီး ကုသိုလ်က ဝင်ပြီး အကျိုးပေး လိုက်တာ အဲဒါ။
သို့သော် ဒီလိုတော့ မအောက်မေ့နဲ့ - သူလုပ်ခဲ့တဲ့ အကုသိုလ်တွေ သူ မခံရဘူး လို့တော့ မထင်နဲ့၊ အဲဒါတွေက ရှိနေဦးမယ်နော်၊ အခွင့်အရေးကြုံလာ လို့ရှိရင် သူခံရမယ်၊ ဒါတွေက on line ပဲ၊ အကုသိုလ်ကတော့ ရှိနေမှာပဲ၊ ရံလိုက်နေမှာ၊ ဒီ အကုသိုလ်တွေက ကုန်သွားတာ မဟုတ်ဘူး၊ ခန္ဓာရှိနေသရွေ့ ဒီအကုသိုလ်တွေက အကျိုးပေးဖို့ သူ့သန္တာန်မှာ ရှိနေဦးမှာပဲ၊ အခွင့်အရေးရတာနဲ့ အကျိုးပေးမှာ။
ကြည့်လေ - အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီး အခွင့်အရေးရတာနဲ့ ဝင်အကျိုး ပေးတာ၊ ဘယ်လိုအခွင့်အရေးတုန်း၊ အရှင်မောဂ္ဂလာန်ဟာ လွန်ခဲ့တဲ့ အတိတ် ဘဝက မိဘတွေကို သတ်ခဲ့တယ်၊ အဲဒီအကုသိုလ်က နောက်က လိုက်ချောင်း နေတယ်၊ ရဟန္တာဖြစ်တဲ့ဘဝ ရောက်လာတယ်၊ ဒါ နောက်ဆုံးဘဝပဲ၊ အဲဒီ နောက် ချောင်းလို့ မရတော့ဘူး၊ ဘာလို့လဲဆို ဘဝမှ မရှိတော့တာနော်၊ ခု ဘဝ ရှိတော့ ဒီအကုသိုလ်က လိုက်ချောင်းနေတာ၊ ချောင်းနေတော့ ဘယ်လိုလုပ်ပြီးတော့ သူအခွင့်အရေးရသွား တုန်းဆို အရှင်မောဂ္ဂလာန်က တောထဲနေတာ၊ ဒါက အခွင့် အရေးရခြင်း အကြောင်းတစ်ခုပဲ၊ သံဃာတွေထဲနေရင် သူ ဒီလိုဖြစ်မှာ မဟုတ်ဘူး၊ တစ်ပါးတည်း နေတာဆိုတော့ အသတ်ခံရတာပေါ့၊ ဟုတ်တယ် မဟုတ်လား၊ သံဃာ တွေထဲမှာ နေမယ်ဆိုရင် လုပ်ရဲပါ့မလား၊ မလုပ်ရဲဘူး၊ အဲဒီ တစ်ပါးတည်းနေတာကိုက အခွင့်အရေးရခြင်း အကြောင်းတစ်ခုပဲ။
နောက်တစ်ခုက သူ့ကို ဒီလိုလူသတ်သမားတွေ လွှတ်ပြီးတော့ သတ်ရ လောက်အောင် သူ ဘာတွေလုပ်တာတုန်းလို့ဆိုတော့ အရှင်မောဂ္ဂလာန်က တန်ခိုး ကြီးတဲ့ပုဂ္ဂိုလ် ဆိုတော့ ခရီးခဏခဏသွားတယ်၊ ခရီးသွားတာ ဘယ်ကို သွားတုန်း ဆိုရင် နတ်ပြည်လည်း သွားတာပဲ၊ ငရဲလည်း သွားတာပဲ၊ ပြန်လာရင် သူက ဟောတော့တာပဲ၊ ခရီးသွားအတွေ့ အကြုံတွေကို ပြောတော့တာ၊ ဘယ်မြို့က ဘယ်သူဖြင့် မကောင်း တာတွေလုပ်လို့ ပြိတ္တာကြီး ဖြစ်နေတယ်၊ ဘယ်သူကဖြင့် ဘယ်နေရာမှာ ဘာဖြစ်နေတယ်၊ ငရဲကျနေတယ် စသည်ဖြင့် ဒီဟာတွေ ပြောတာ၊ တစ်ခါ ဘယ်သူ ကဖြင့် ကုသိုလ်ကောင်းမှုတွေ လုပ်လို့ နတ်ပြည်မှာ ရောက်နေတယ်လို့ နတ်ပြည်က ပြန်လာပြန်တော့လည်း သူက ဖောက်သည် ချတယ်။
အရှင်မဟာမောဂ္ဂလာန် ဖောက်သည်ချတဲ့ ဝတ္ထုတွေကို ဝိမာနဝတ္ထုနဲ့ ပေတဝတ္ထု ဆိုပြီးတော့ ရှိတယ်၊ ဒါ အရှင်မဟာမောဂ္ဂလာန်ရဲ့ ခရီးသွားမှတ်တမ်းလို့ ပြောချင် ပြောပေါ့၊ အရှင်မဟာမောဂ္ဂလာန် ပြန်ပြန်ဟောတာ၊ အဲဒီလို ပြန်ဟောခြင်းသည် ဘာသာခြားတွေရဲ့ မုန်းတီးမှုကို ခံရခြင်းပဲ၊ ဘာဖြစ်လို့တုန်းဆို “ဟေ့ ဘယ်ဘာသာ ကိုးကွယ်တဲ့ကောင်က ငရဲကျနေတယ်၊” ဒီလိုကိုး - သူက၊ “ဘယ် ဘာသာ ကိုးကွယ်နေလို့ သူငရဲကျတယ်”။
အဲဒီတုန်းက အများဆုံးကတော့ Brahman တွေပေါ့၊ ဗြဟ္မဏဝါဒ ကိုးကွယ်တာ၊ ဗြဟ္မဏပုဏ္ဏားတွေဆိုတာ သူတို့က ဗြဟ္မာကို ပူဇော်ချင်တဲ့အခါကျတော့ မီးပူဇော်တယ်၊
(မီးပူဇော်တယ်ဆိုတာ ခုခေတ် ရွှေတိဂုံဘုရားပေါ်သွားပြီးတော့ ဆီမီး တစ်ထောင် ပူဇော်တာမျိုး မဟုတ်ဘူး)
ထင်းမီးတို့ ဘာတို့ မီးဖိုထားပြီး အဲဒီထဲကို ထောပတ်တွေ လောင်းထည့်လိုက်၊ မန္တာန်ရွတ်လိုက်၊ မီးပူဇော်တယ်ဆိုတာ အဲဒီလို လုပ်တာ ပြောတာနော်၊ မီးကို ရှိခိုးတယ်၊ မီးထဲမှာ လောင်စာတွေ ထည့်ပေးတယ်၊ ထောပတ်တွေ ထည့်တယ်၊ အဲဒီမှာ မီးကနေ ထောပတ်ကို လောင်ပစ်လိုက်တာကို ဗြဟ္မာပြည်ရောက်တယ်လို့ သူတို့က ယူဆတယ်၊ ဗြဟ္မာအတွက် ထည့်ပေးတယ်ပေါ့၊ အဲဒီလို မီးပူဇော်တဲ့ ပုဏ္ဏားတွေက မီးကို သိပ်ပြီးတော့ ရိုသေလေးစားကြတယ်။
ပုဏ္ဏားကြီးတစ်ယောက် သေခါနီးရောက်လာတယ်၊ သေခါနီးရောက်လာတဲ့ အခါ သူတို့ပုဏ္ဏားဆရာတွေက ရောက်လာတယ်၊ “မင်း ဘာတွေမြင်တုန်း”ဆိုတော့ “မီးတောက်ကြီးမြင်တယ်” တဲ့၊ “အေး အဲဒါ မင်းမီးတောက်ကြီး၊ မင်း ဗြဟ္မာပြည် ရောက်တော့မှာပဲ”၊ အဲဒါ မီးတောက်ကြီးကြည့်ပြီး သူသေသွားတာ၊ ဘယ်ရောက် သွားလဲ၊ အဝီစိငရဲမီးဖြစ်နေတယ်၊ အဲဒီမီးက ဗြဟ္မာပြည်သွားတဲ့မီး မဟုတ်ဘူး၊ အဝီစိငရဲမီးဖြစ်ပြီးတော့ ငရဲကျသွားတယ်၊ ဒီလိုလည်း ရှိတယ်နော်၊
အာရုံနိမိတ်တွေ ထင်တဲ့အခါ မီးတွေ ထင်နေတယ်၊ “အေး မီးတွေမြင်နေလို့ရှိရင် ဗြဟ္မာပြည် မင်း ရောက်ပြီ”လို့ ဟိုက ပြောတာ၊ တကယ်သေတော့ ဘယ်ရောက် သွားလဲ၊ အဝီစိငရဲ ရောက်သွားတယ်၊ အဝီစိငရဲက မီးတောက်ကို ဗြဟ္မာပြည်က မီးတောက် ထင်နေတယ်၊ လောကကြီးကလည်း တော်တော်ထူးဆန်းတယ်။
အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ဟာ အဲဒီလို လိုက်ပြီး တရားဟောတာ ကြောင့်မို့လို့ ဘာသာခြားတွေရဲ့ မုန်းတီးရွံရှာမှုကို ခံရတယ်၊ ဒါက အခွင့်အရေး ရသွားခြင်း အကြောင်းတစ်ခုပဲ၊ သူ့လုပ်ရပ်အပေါ်မှာ အကုသိုလ်အကျိုးပေးဖို့ အတွက် အခွင့်အလမ်းတွေ ဖွင့်ပေးနေသလို ဖြစ်တယ်၊ တစ်ပါးတည်း ကာဠသိလာ ဆိုတဲ့ တောင်ထိပ်မှာ သွားပြီး သီတင်းသုံးနေတာ၊ ဒါလည်း အခွင့်အရေးရခြင်း အကြောင်း တစ်ခုပဲ။
ဒါ့ကြောင့်မို့ သူခိုးဓားပြ-၅၀၀ က အရှင်မဟာမောဂ္ဂလာန်ကို သတ်ဖို့ဆိုပြီး အဲဒီ တောင်ကြီးကို ဝိုင်းပြီးတော့ တက်တယ်၊ အရှင်မဟာမောဂ္ဂလာန်ဟာ တန်ခိုးနဲ့ နှစ်ကြိမ် ပျံထွက်သွားတယ်၊ လွတ်သွားတယ်၊ တတိယအကြိမ်ကျတော့ သူ မထွက် တော့ဘူး၊ ဘာဖြစ်လို့ မထွက်သလဲဆို “ငါ့ရဲ့ကံကြမ္မာက အကျိုး ပေးတော့မယ်” ဆိုတာသူသိတယ်၊ သိသည့်အတွက်ကြောင့် အရှင်မဟာမောဂ္ဂလာန်ဟာ အမိခံ လိုက်တယ်၊ အမိခံလိုက်တဲ့အခါကျတော့ ဝိုင်းပြီးရိုက်ကြနှက်ကြတာလေ၊ အရိုးတွေ ကြေသွားတာ၊ အမှုန့်ထောင်းပြီးသား ဖြစ်သွားတယ်၊
အရှင်မဟာမောဂ္ဂလာန်က အဲဒါကို သမာပတ်စွမ်းအားနဲ့ ပြန်ထိန်းပြီးတော့ ဘုရားကို လာကန်တော့သေးတာနော်၊ သာမန်ဆို ဘယ်ကန်တော့လို့ ရတော့မှာတုန်း၊ သမာပတ်စွမ်းအားနဲ့ ပြန်ပြီးတော့ စုစည်းလိုက်တဲ့အခါ ကြေနေတဲ့ အရိုးတွေက ပြန်ဆက်ပြီး မြတ်စွာ ဘုရားကို လာကန်တော့ပြီးတော့မှ ပရိနိဗ္ဗာန် စံသွားတယ်တဲ့၊ ဒါက အကျိုး တရားကို ခံစားရတာ၊ ဒါနောက်ဆုံးပဲတဲ့၊ ဒီ့နောက်တော့ အကုသိုလ်က လိုက်လို့ မရတော့ဘူး၊ ဘာဖြစ်လို့ လိုက်မရတာတုန်း၊ ဘဝမရှိတော့လို့။
အဲဒီဘဝကို ဘယ်သူကဖန်တီးနေတာတုန်းဆို ကံက အဓိကမဟုတ်ဘူး၊ ကိလေသာ က ဖန်တီးပေးနေတာ၊ ကံနဲ့ ကိလေသာတွေက ပေါင်းပြီးတော့လုပ်တာ၊ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားကဟောထားတာ မဟုတ်လား၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ နှစ်ခုပြောပြီးမှ ဝိညာဏဆိုတဲ့ ဘဝသစ်ကို ပေးတာ၊ ကြည့်လေ အဝိဇ္ဇာဆိုတာ ကိလေသာ၊ သင်္ခါရဆိုတာ ကံ၊ ကံနဲ့ ကိလေသာ ပေါင်းပြီးတော့မှ ဝိညာဏကို ထုတ်လုပ်တယ်လို့ ဒီလိုမှတ်ရမယ်၊ ကံ တစ်ခုတည်းက ဝိညာဏကို မထုတ်ဘူး၊ ကိလေသာတစ်ခုတည်းက ဝိညာဏကို မထုတ်ဘူး၊ ကံနဲ့ ကိလေသာပေါင်းလိုက်မှ ဒီအကျိုးတရားတစ်ခု ရတယ်တဲ့၊ ဒါကို ပြောတာနော်။
အဲဒီအထဲမှာ ကိလေသာကို ဖျက်ဆီးလိုက်တာနဲ့တစ်ပြိုင်နက် ကံက အလုပ် လုပ်လို့ မရတော့ဘူး၊ ကံက အကျိုးမပေးတော့ဘူး၊ အရှင်အင်္ဂုလိမာလ၊ သူသတ်သမားကြီးပဲ၊ သတ်လိုက်တဲ့လူတွေ နည်းတာမှ မဟုတ်ဘဲနဲ့၊ ဘာကို သူဖျက်ပစ်လိုက်တာ တုန်းဆို ကိလေသာကို ဖျက်လိုက်တာ၊ သူ ကံကို ဖျက်လို့ မရဘူးလေ၊ သူ လုပ်ခဲ့တဲ့ အလုပ်က အကျိုးပေးလို့ မရတော့ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် ကိလေသာ က ကုန်သွားပြီ၊ ကိလေသာကုန်သွားသည့်အတွက်ကြောင့် နောက်ထပ်ဘဝဆိုတာ မရှိတော့ဘူး၊ မရှိတော့သည့်အတွက်ကြောင့် သူ့ အကုသိုလ်တွေက ဒီဘဝမှာ အကျိုး ပေးတယ်၊ ဆွမ်းခံသွားတယ်၊ ဆွမ်းမရဘူး၊ ခဲတို့ တုတ်တို့ပဲ ရတယ်၊ ဒါ ဒီဘဝရတဲ့ အကျိုးတရားတွေပေါ့နော်။
ဒါကြောင့်မို့လို့ သဘာဝတရားဆိုတာ အလွန်တရာမှ ဆန်းကျယ်တယ်၊ ကုသိုလ် ကနေပြီးတော့လည်း အကုသိုလ်ကို ဖြစ်စေတတ်တယ်၊ အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတတ်တယ်၊ ဒါ ဥပနိဿယသတ္တိ။
နောက်ဆုံး မှတ်စရာက -
“ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော၊
သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော၊
ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော”။
ဥတုနဲ့ ဘောဇဉ်ကလည်း ဥပနိဿယပစ္စည်းတစ်ခုပဲတဲ့၊ တရားထူး တရားမြတ် ရဖို့ဖြစ်စေ ဒီဥတုဘောဇဉ်ကလည်း အင်မတန်မှ အရေးပါတယ်လို့ ပြောရမယ်နော်၊ ရာသီဥတုလေး ကောင်းမယ်ဆိုရင် အသိဉာဏ် ပိုပွင့်လာတယ်၊ ဒါ ဥတုကနေ အထောက်အကူပြုတာ၊ ဥပနိဿယပစ္စည်း။
ကောင်းတာလေး စားလိုက်ရလို့ ရှိရင်လည်း ပိုဉာဏ်ပွင့်သတဲ့၊ ကြည့်လေ မာတိကမာတာရဲ့ ဇာတ်လမ်းကြည့်ပေါ့၊ ကိုယ်တော်တွေက သူတို့ခန္ဓာကိုယ်နဲ့ မျှတ တဲ့ အာဟာရ ဘုဉ်းပေးရတဲ့အခါမှာ တရားထူး တရားမြတ်တွေ ရကုန်တာလေ၊ အစာအာဟာရကောင်းကောင်း မစားရတဲ့အခါ တရားအားထုတ်ပေမယ့် တရားထူး မရဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် ဥတုနဲ့ ဘောဇဉ်သည် အဆုံးအဖြတ်ပေးသေးတယ်၊ အထောက်အကူအများကြီး ဖြစ်တယ်၊ ဒါကို ဥပနိဿယပစ္စည်းလို့ ပြောတာ။
သေနာသန - မိမိနေထိုင်တဲ့အဆောက်အဦးကလည်းပဲ အထောက်အကူ ဖြစ်တယ်၊ ကောင်းတဲ့ဘက်လည်း အထောက်အကူဖြစ်တယ်၊ မကောင်းတဲ့ဘက်လည်း အထောက်အကူဖြစ်တယ်၊ ကြီးမားတဲ့အထောက်အကူတစ်ခုကို ဥပနိဿယပစ္စည်း လို့ ခေါ်တယ်။
နောက်တစ်ခု - ပုဂ္ဂိုလ်ကလည်း အထောက်အကူဖြစ်တယ်၊ ကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းသည့်အတွက် ကောင်းတဲ့နေရာ ရောက်သွားတာ၊ မကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းမိလို့ရှိရင် မကောင်းတဲ့နေရာရောက်သွားတယ်၊ beer အဖော်နဲ့ တွေ့ ရင် beer ဆိုင်ရောက်သွားမှာပဲ၊ တရားနာတဲ့အဖော်နဲ့ တွေ့ရင်တော့ ဘယ်ရောက်သွားတုန်း? တရားပွဲရောက်တာပေါ့၊ ဒါလည်း “ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော” ပဲ၊ အဲဒါတွေကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ပဋ္ဌာန်း မှာ ဥပနိဿယပစ္စယော လို့ ဒီလိုဟောတာ ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့လို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် မိမိ တို့ရဲ့ နေ့စဉ်ဘဝဟာ ဥပနိဿယပစ္စည်းကို အမှီရကြပြီးတော့ ကောင်းတဲ့ ဥပနိဿယ ပစ္စည်းတွေ မိမိတို့သန္တာန်မှာဖြစ်ဖို့ပါ၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်မဖြစ် စေကြဖို့၊ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်တော့ ဖြစ်အောင် လုပ်နိုင်ဖို့၊ အဲဒီလို ဥပနိဿယပစ္စည်းရဲ့ စွမ်းရည်သတ္တိတွေကို သိရှိနားလည်ပြီး မိမိတို့ရဲ့ သန္တာန်မှာ ဘယ်အကြောင်းတရားက ချုပ်ကိုင်ထားတယ်၊ မိမိတို့ဘဝကို လွှမ်းမိုး ထားတယ်၊ ဘယ်လိုကြိုးစားကြရမယ်ဆိုတာကို သဘောပေါက်ပြီး အကြောင်း နဲ့အကျိုးကို ကောင်းကောင်း နားလည်ပြီ ဆိုလို့ရှိရင် ဘဝခရီးလျှောက်လှမ်းဖို့ လမ်းကြောင်း ဖြောင့်လိမ့်မယ်။
ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့တဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးမှာလာတဲ့ မှတ်သားစရာ လက်တွေ့ကျတဲ့ တရားများကို လေ့လာလိုက်စားပြီး မိမိတို့ရဲ့ ဘဝစခန်းကို ကောင်းမြတ်သော လမ်းကနေပြီး လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၆)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၅-ရက်၊ (၂၁-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း၊ မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ပိဋကတ်စာပေမှာ အနက်နဲဆုံး အခက်ခဲဆုံးလို့ အသိအမှတ်ပြုထားရတဲ့ တရားဟာ ပဋ္ဌာန်းမြတ်ဒေသနာတရား ဖြစ်ပါတယ်၊ အနန္တနယလို့ ဆိုတဲ့အတိုင်း နည်းအားဖြင့် အဆုံးအပိုင်းအခြားမရှိ ကျယ်ချင်တိုင်း ကျယ်တယ်၊ ပင်လယ် သမုဒ္ဒရာကြီးနဲ့ နှိုင်းယှဉ်ပြီး ပြောရသော်လည်းပဲ ပင်လယ်သမုဒ္ဒရာထက်တောင် ကျယ်တယ်လို့ ပြောရမှာပါ၊
ပင်လယ်သမုဒ္ဒရာကြီးဆိုတာ အဆုံးအစရှိတယ်၊ ပင်လယ်ရဲ့ ဟိုဘက်ကမ်း ဒီဘက် ကမ်းဆိုတာရှိတယ်၊ ပင်လယ်ရေပြင်ရဲ့အောက် ကြမ်းပြင် ဆိုတာလည်းရှိတယ်၊ ပင်လယ်ကြီးဟာ အဆုံးမမြင်ရလောက်အောင် ကျယ်ပြောနေတာ မှန်သော်လည်း အဆုံးအပိုင်းအခြား ရှိတယ်၊
ပဋ္ဌာန်းတရားတော်ကြီးကျတော့ ပင်လယ်ရေထု ကြီးထက် အင်မတန်ကြီးမားလို့ အဆုံးအစ မရှိလောက်အောင် နည်းမျိုးစုံနဲ့ ချဲ့ချင်တိုင်းချဲ့၊ သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးနဲ့ ဉာဏ်ကစားချင်တိုင်း ကစား ဆင်ခြင်နှလုံးသွင်းလို့ မဆုံးနိုင် မကုန်နိုင်ဘူး၊ နက်လည်းနက် ကျယ်လည်း ကျယ်လှတဲ့ တရားဒေသနာတော်ကြီး ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ပဋ္ဌာန်းဒေသနာတော် ကို စာပေကျမ်းဂန်မှာ အနန္တနယ အဆုံးမဲ့နည်းစနစ်တွေ ပါဝင်တဲ့, အဆုံးမဲ့နည်းများ ရှိတဲ့ ဒေသနာတော်လို့ ဆိုတာ ဖြစ်တယ်။
လောကကြီးက ကျယ်ဝန်းသလို ထိုလောကကြီးကို ဖြစ်စေတတ်တဲ့ အကြောင်း တရားတွေ, အထောက်အကူပြုနေတဲ့ အကြောင်းတရားတွေကလည်းပဲ မျိုးစုံတယ်၊ အင်မတန်မှ ရှုပ်ထွေးပွေလိမ်နေတယ်၊ အကြောင်းအကျိုး ဆက်နွယ်နေတဲ့ သဘာဝတရားကြီးကို ဖြေရှင်းဟောပြောဖို့ဆိုတာ အလွန်တရာမှ ခဲယဉ်းတယ်၊ ဗုဒ္ဓမြတ်စွာဟာ ဖြေရှင်းဖို့ ခက်ခဲတဲ့ အကြောင်းတရား, အကျိုးတရားတွေကို တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ အကြောင်းမျိုးစုံ အကျိုးမျိုးစုံ အပြန်အလှန် အကြောင်းက အကျိုးဖြစ်လိုက်, အကျိုးက အကြောင်းဖြစ်လိုက်နဲ့ အကြောင်းတရား အကျိုးတရားတွေနဲ့ ပွေလိမ်ရှုပ်ထွေးနေတဲ့ လောကရဲ့ သဘာဝကြီးကို ၂၄-ပစ္စည်း အခြေခံထားပြီး ဖြေရှင်းပေးတော်မူခဲ့တယ်၊ မြတ်စွာဘုရား ဖြေရှင်းပေးတဲ့ တရား တောင်မှပဲ လွယ်လွယ်ကူကူနဲ့ သဘောပေါက်ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။
ဘုန်းကြီးတို့ ပဋ္ဌာန်းကျမ်းကြီးကို လေ့လာပြီးတော့ ဟောပြောတယ် ဆိုတဲ့ နေရာမှာ ပဋ္ဌာန်းကျမ်းကြီးက အလွန်နက်လို့ ရှိသမျှအလုံးစုံကို ဟောကြားနိုင်တာ မဟုတ်ဘူး၊ ပင်လယ်ကမ်းခြေသွားပြီး ပင်လယ်ဆိုတာ ဒါပဲလို့ လက်ညှိုးညွှန်ပြ ရုံလောက်သာ ပြနိုင်တာ၊ “ပဋ္ဌာန်းဆိုတာ ဒီလိုဟာမျိုးကိုခေါ်တယ်” လို့ နမူနာ သဘောလောက် ပြောရတာမျိုး ဖြစ်ပါတယ်၊ တကယ့် ပဋ္ဌာန်းတရားတော်ကြီးရဲ့ အတိမ်အနက်ကို မသိနိုင်ပါဘူး၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်သာလျှင် အတိမ်အနက်ရဲ့ အတိုင်းအတာပမာဏကို ပြသနိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ပဋ္ဌာန်းမြတ်ဒေသနာ ကို ဒီဓမ္မာရုံကြီးပေါ်မှာ ငါးညတိတိ ယခင်က ဟောခဲ့ပြီးပြီ။
အခု ဒီကနေ့ဟာ ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၆) လို့ ဒီလိုမှတ်ရပါမယ်၊ ဘုန်းကြီးတို့ ၂၄-ပစ္စည်းကို တစ်ခုစီတစ်ခုစီ ရှင်းပြပြီး ဟောတာ၊ အဲဒီလို ဟောတဲ့အထဲမှာ ပစ္စယနိဒ္ဒေသလို့ ခေါ်တဲ့ ၂၄-ပစ္စည်းကို မကျဉ်းမကျယ် ဖွင့်ပြတဲ့ အခန်းကို အဓိက ပဓာနထားပြီး ဟောကြားခဲ့တယ်၊ ထို ပစ္စယနိဒ္ဒေသ အခန်းနဲ့ ခပ်ဆင်ဆင် တူပြီး ထို ပစ္စယနိဒေသအခန်းထက် ကျယ်ဝန်းတဲ့ ပဥှာဝါရကိုလည်း တစေ့တစောင်း လှမ်းကြည့်ပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပစ္စယနိဒ္ဒေသနဲ့ ပဉှာဝါရ ဒီကဏ္ဍနှစ်ရပ်မှာ ပစ္စယနိဒ္ဒေသက အကျဉ်း၊ ပဥှာဝါရက အကျယ်လို့ ဒီလိုနားလည်ရမယ်၊ ဒီတော့ သိပ်အကျယ်ကြီးလည်း မဖြစ် ရအောင်, သိပ်ပြီးတော့ အကျဉ်းကြီးလည်း မဖြစ်ရလေအောင်, ပဋ္ဌာန်းတရားကြီးရဲ့ သဘာဝကို အနည်းငယ်ရိပ်စားမိအောင်, တို့ရဲ့နေ့စဉ်ဘဝဟာ ပဋ္ဌာန်းတရားကြီးနဲ့ ဘယ်လို ဆက်သွယ်နေတယ်ဆိုတာကို သိရှိနားလည်အောင် ဘုန်းကြီးတို့ကြိုးစားပြီးတော့ ဟောပါမယ်၊ ဟေတုပစ္စယော ကနေ ဆက်လက်ပြီးတော့ ဟောခဲ့တာ ဥပနိဿယပစ္စယောထိအောင် ရှင်းလင်းဟောပြပြီးသား ဖြစ်ပါတယ်၊ အခု ဒီကနေ့ည ပုရေဇာတပစ္စယောကို ဟောပါမယ်။
ပုရေဇာတပစ္စယော
မြန်မာနိုင်ငံမှာ တရားဓမ္မလိုက်စားတဲ့လူတွေဟာ ပဋ္ဌာန်းတရားတော်ကြီးနဲ့ အင်မတန်မှ ရင်းနှီးကြတယ်၊ ပဋ္ဌာန်းတရားတော်ကြီးက အင်မတန်မှ ခက်ခဲတယ်၊ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပူဇော်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်၊ အသံမစဲ ပဋ္ဌာန်းပွဲ တွေနဲ့ ရွတ်ဖတ်ပူဇော်နေကြတာကိုလည်း ကြားဖူးကြလိမ့်မယ်၊ တချို့ကလည်း အန္တရာယ်ကင်း ဆိုပြီးတော့ ၂၄-ပစ္စည်းကို ရွတ်နေကြတာလည်း ရှိမယ်ပေါ့နော်၊
အဲဒီအထဲမှာ ဘုန်းကြီးတို့ဘဝတစ်နေ့တာမှာ ၂၄-နာရီရှိတယ်၊ ၂၄-နာရီလုံးလုံးဟာ ၂၄-ပစ္စည်းနဲ့ စခန်းသွားနေကြတယ်၊ အဲဒီ ၂၄-ပစ္စည်း မိမိတို့ဘဝမှာ ဘယ်လို ဆက်သွယ်နေတယ် ဆိုတာကို သိရှိနားလည်ဖို့ ဒီကနေ့ “ပုရေဇာတပစ္စယော” စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှေးဦးစွာ ရှင်းရမယ်။
ပုရေဇာတ - ပုရေ ဆိုတာ ရှေးဦးစွာ ကြိုတင်ပြီးတော့ဆိုတဲ့ အဓိပ္ပါယ် ရတယ်၊ ဇာတ ဆိုတာ ဖြစ်နှင့်နေတဲ့၊ ပစ္စယ - အကြောင်းတရား၊ ပုရေဇာတ ရှေးဦးစွာကြိုတင်ပြီး ဖြစ်နှင့်နေတဲ့ အကြောင်းတရားလို့၊ အကြောင်းတရားက အကျိုးတရားထက် အရင်ကြိုတင်ဖြစ်နှင့်နေတာရှိတယ်၊ အကြောင်းတရားက အကျိုးတရားထက် နောက်မှဖြစ်တာရှိတယ်၊ အကြောင်းတရားနဲ့ အကျိုးတရားဟာ ပြိုင်တူ ဖြစ်တာ ရှိတယ်၊
ဒါကြောင့်မို့ ၂၄-ပစ္စည်းမှာ ပုရေဇာတဆိုတာ ရှိသလို -
ပစ္ဆာဇာတ - အကြောင်း တရားက အကျိုးတရားထက် နောက်မှဖြစ်လာတာလည်း ရှိတယ်၊
သဟဇာတ - အကြောင်းတရားနဲ့ အကျိုးတရားဟာ ပြိုင်တူဖြစ်လာတယ်ဆိုတာ လည်း ရှိတယ်။
အခု ပုရေဇာတဆိုတာ ကြိုတင်ဖြစ်နှင့်နေတဲ့ အကြောင်းတရားတဲ့၊ ဒါတွေက ဘုန်းကြီးတို့ခန္ဓာနဲ့ ဘုန်းကြီးတို့ပတ်ဝန်းကျင်မှာ ရှိတယ်၊ အဲဒီလို ကြိုတင် ဖြစ်နှင့်ပြီး အကျိုးတရားတွေကို အထောက်အကူပြုနေတယ်၊ ဖြစ်ပေါ်စေတယ်။
အကြောင်းတရားဆိုသည်မှာ အကျိုးတစ်ခုခုကို ဖြစ်စေတဲ့ အကြောင်းတရား ကိုလည်း ခေါ်တယ်၊ ဖြစ်စေတာ မဟုတ်ဘဲနဲ့ ဖြစ်ပေါ်နေတဲ့ အကျိုးတရားကို အထောက်အကူ ပြုနေတာကိုလည်းပဲ ခေါ်တယ်၊ ဖြစ်စေတဲ့ အကြောင်းတရားနဲ့ တည်ရှိစေတဲ့ အကြောင်းတရားလို့၊ ဒါကြောင့် ကျေးဇူးပြုတယ် ဆိုတဲ့နေရာမှာ “ဖြစ်စေတည်စေ၊ ဤနှစ်ထွေ၊ ခေါ်လေကျေးဇူးပြု” လို့ မှတ်ရမယ်၊
(ဘာသာဋီကာ ကျမ်းစာတွေရေးသွားတဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက နားလည် လွယ်အောင် မှတ်လွယ်အောင် လင်္ကာလေးနဲ့ ရေးသွားတာ၊)
ပဋ္ဌာန်းပစ္စည်းတွေက ကျေးဇူးပြုတယ်ဆိုတာ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတာက တစ်ခု၊ တည်ရှိ နေအောင် ကျေးဇူးပြုတာက တစ်ခု၊ အဲဒီနှစ်ခုနဲ့ ကျေးဇူးပြုတယ်၊ အဲဒီလို ကျေးဇူးပြုတတ်တဲ့ အကြောင်းတရားတွေဟာ အကျိုးတရားမဖြစ်ခင်က ကြိုတင်ဖြစ်နှင့်ပြီး အကျိုးတရားတွေကို ဖြစ်စေတယ်, တည်ရှိစေတယ်ဆိုတဲ့ အကြောင်းတရားမျိုးကို ပုရေဇာတပစ္စယောလို့ ခေါ်တယ်။
ဝတ္ထုပုရေဇာတ
ကဲ ဒါဖြင့် လူ့ရဲ့ခန္ဓာနဲ့ ပတ်ဝန်းကျင်ကိုကြည့်ရအောင်၊
ပုရေဇာတ ကြိုတင်ဖြစ်နှင့် ပြီးတော့ ကျေးဇူးပြုနေတယ်ဆိုတာ ဘာတွေလဲ၊ (အရပ်စကားနဲ့ ပြောကြရအောင်၊)
လူတိုင်းလူတိုင်းမှာ မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ကာယရှိတယ်၊ မျက်စိကို အမှီပြုပြီး မြင်သိစိတ်ဖြစ်ရတယ်၊ နားကို အမှီပြုပြီး ကြားသိစိတ်ဖြစ်ရတယ်၊ နှာခေါင်းကို အမှီပြုပြီး နံသိစိတ်ဖြစ်ရတယ်၊ လျှာကိုအမှီပြုပြီး လျက်သိစိတ်ဖြစ်ရတယ်၊ ကိုယ်ကာယကို အမှီပြုပြီး ထိသိစိတ် ဖြစ်ရတယ်၊ ဒါတွေက အချိန်မရွေးဖြစ်နေတာတွေ၊ တစ်ခုမဖြစ် တစ်ခုဖြစ်နေမှာပဲ။
အခု တရားနာတဲ့အချိန်ကလေးမှာပဲ ကြည့်ဦး၊ အသံကြားနေရင် ကြားသိ စိတ် ဖြစ်နေတာပဲ၊ ထိုင်နေတဲ့နေရာက အထိအတွေ့ကို ကြည့်လိုက်ရင် ထိသိစိတ် ဖြစ်လာမှာ၊ ဒီထဲမှာပဲ ကိုယ့်ရဲ့ခံတွင်းထဲက အရသာတစ်မျိုးပေါ်လာရင် အရသာ သိစိတ်တစ်မျိုး ဖြစ်နေတယ်၊ တရားနာနေရင်း အနံ့တစ်မျိုး ရလာလို့ရှိရင်လည်း နံသိစိတ်ဖြစ်ဦးမှာပဲ၊ မျက်စိဖွင့်ထားလို့ မြင်ရလို့ရှိရင်လည်း မြင်သိစိတ်တွေ ဖြစ်နေ ဦးမယ်၊ တရားနာနေတုန်းကိုပဲ ဒီသဘာဝတရားတွေ မိမိသန္တာန်မှာ ဖြစ်နေတယ် ဆိုတာ အားလုံး သတိထားမိကြတယ်။
စာလိုပြောမယ်ဆိုရင် မျက်စိဆိုတာ စက္ခုပသာဒရုပ်၊ အာယတနနာမည်နဲ့ ပြောလို့ ရှိရင် စက္ခာယတန၊ (စက္ခု+အာယတန)၊ ရူပါရုံလို့ခေါ်တဲ့ အဆင်းအာရုံလေး ကို ခံယူနိုင်စွမ်းရှိတယ်၊ (သို့မဟုတ်) အဆင်းအာရုံလေးရဲ့ ပေါ်လွင်ထင်ဟပ်ရာ ဖြစ်တဲ့ အရိပ်လာထင်တဲ့ မျက်စိအကြည်ဓာတ်ကလေးကို စက္ခုပသာဒလို့ ခေါ်တာ။
အဲဒီအကြောင်းကို ပြောမယ် - လူတိုင်းလူတိုင်းမှာ မျက်စိအကြည် ဆိုတဲ့ စက္ခုပသာဒ ရုပ်ရှိတယ်၊ အဲဒီစက္ခုအကြည်ထဲမှာ မြင်စရာအာရုံလာပြီးတော့ အရိပ် ထင်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ်ဆိုတာ ပေါ်လာတယ်၊ အခုပြောမှာက မြင်စရာအာရုံလာပြီး ထင်ပေါ်တဲ့ စက္ခုပသာဒရုပ်က မြင်သိစိတ်ကို မည်သည့် စွမ်းရည်သတ္တိတွေနဲ့ အထောက်အကူပြုနေသလဲ၊ ဒါ ပုရေဇာတသတ္တိ အနေနဲ့ ပြောတာ၊ သာမန် ဆိုလို့ရှိရင် မျက်စိရှိရင် မြင်လိုက်တာပဲ၊ မြင်လို့ရှိရင် မြင်သိစိတ်ပေါ် လိုက်တာပဲ၊ ဒီလောက်ပဲသိတယ်၊ ဘာသတ္တိ ဘာစွမ်းရည်သတ္တိနဲ့ ဘယ်ပစ္စည်းနဲ့ ကျေးဇူးပြုတယ် ဆိုတာ မြတ်စွာဘုရားဟောကြားတဲ့တရားတော်ကျမှ သိလို့ရတာ။
မြတ်စွာဘုရားက ရူပါရုံဆိုတဲ့ အဆင်းအာရုံ လာပြီးတော့ အရိပ်ထင်တဲ့ နေရာဟာ မြင်သိစိတ်ဖြစ်ဖို့ရာအတွက် ကြိုတင်ပြီးပေါ်နေတဲ့ အကြောင်းတရား လို့ ဒီလို ဟောထားတာ၊ ပုရေဇာတပစ္စည်းလို့ ဒီလိုပြောတာ၊ ကြိုတင်ပြီးတော့ ပေါ်နေတယ် ဆိုတာ ဘယ်လောက်ကြိုတင်ပြီးတော့ ပေါ်သလဲ၊ အတိုင်းအတာတစ်ခုအရ နာရီပိုင်း ကြိုတင်တာလား (သို့မဟုတ်) လ,ပိုင်း ကြိုတင်နေတာလား (သို့မဟုတ်) နှစ်,ပိုင်း ကြိုတင်နေတာလား၊ မေးစရာရှိတယ်ပေါ့။
အရာခပ်သိမ်းဟာ ထာဝရ ရွေ့လျားနေတယ်၊ လူတွေရဲ့သန္တာန်မှာ စက္ခုပသာဒ ရုပ်ဟာ ကံကြောင့် ဖြစ်လာတာ၊ အဲဒီ ကံကြောင့်ဖြစ်လာတဲ့ စက္ခုပသာဒရုပ်သည် စိတ္တက္ခဏ လို့ခေါ်တဲ့ စိတ်ရဲ့ ဖြစ် တည် ပျက် ဒီခဏငယ် ၃-ခု မှာ ဖြစ်တဲ့ အခိုက်ကလေးမှာလည်း ဖြစ်နေတယ်၊ တည်နေတဲ့ အခိုက်ကလေးမှာလည်း စက္ခုပသာဒရုပ်က ဖြစ်နေတယ်၊ ပျက်သွားတဲ့ အချိန်ပိုင်းမှာလည်းပဲ စက္ခုပသာဒ ရုပ်ကလေးက ဖြစ်နေတယ်၊ ဒါ စိတ်နဲ့ပြောတာ။
သာမန်ပြောမယ်ဆိုရင် စက္ခုပသာဒရုပ်ကို ကံတရားက ထုတ်လုပ်လိုက်တဲ့ အချိန်မှစပြီး စက္ကန့်မလပ် တရစပ် အသစ်အသစ်တွေ အမြဲတမ်းဖြစ်နေတယ်လို့ ဒီလိုမှတ်ရမယ်၊ ဒါဖြင့် အသစ်အသစ်တွေဖြစ်နေရင် အဟောင်းတွေက ဘယ်ရောက် သွားကုန်လဲ၊ သင်္ခါရရဲ့သဘောတရားအရ ရုပ်ဟာ စိတ္တက္ခဏ ၁၇-ချက်မျှသာ အသက်ရှည်နိုင်တယ်၊ ဖြစ်လိုက်တဲ့ စက္ခုပသာဒရုပ်ရဲ့သက်တမ်းသည် စိတ်နဲ့ တိုင်းတာကြည့်မယ်ဆိုရင် စိတ် ၁၇-ချက် (သို့မဟုတ်) ခဏငယ် ၅၁-ချက်၊
(သိ လွယ်အောင်ပြောရင် စက္ကန့် ၅၁-စက္ကန့်လို့ ပြောချင်ပြော၊ ဒါ သိလွယ်အောင် ပြောတာ၊ ၅၁-စက္ကန့်ထက် ပိုတိုနိုင်သေးတယ်နော်၊ စိတ်က အင်မတန်မှ မြန်သည့် အတွက်။)
ဒီတော့ အသစ်ဖြစ်တဲ့ စက္ခုပသာဒရုပ်ဟာ:၁၇-ချက်ခန့် အတိုင်းအတာလေး လောက်တွင် တည်တံ့ပြီး ပျက်စီးသွားတယ်၊ ပျက်စီးသွားတယ်ဆိုတာ ဘယ်ရောက် သွားတုန်း? လုံးဝပျက်စီးသွားတယ်၊ နောက်ထပ် အသစ်အသစ်တွေကတော့ တရစပ် ဖြစ်နေတာပဲ၊ ဟောဒီမျက်စိအကြည်ကလေး စ,ရလာတဲ့အချိန်က နေပြီးတော့ တရစပ်ဖြစ်နေတာတွေ စဉ်းစားကြည့် - ပထမဆုံးဖြစ်တဲ့ စက္ခုပသာဒသည် စိတ္တက္ခဏ ၁၇-ချက်ပြည့်တာနဲ့ ချုပ်သွားပြီ၊ ဒုတိယဖြစ်တဲ့ဟာက နောက်ထပ် ဆက်နေတယ်၊ တတိယဖြစ်တာက ဆက်နေတယ်၊ စဉ်ဆက်မပြတ်ဖြစ်နေတာလည်း တရစပ်ပဲ၊ ဖြစ်လာပြီးရင်လည်းပဲ သူ သက်တမ်းအလျောက် ပျောက်ကွယ်သွား နေတာ။
မြစ်ကို သွားကြည့်မယ်ဆိုရင် မြစ်ရေဟာ တသွင်သွင်စီးနေတာ၊ သို့သော်လည်း “တို့ငယ်ငယ်တုန်းကလည်း ဒီရေတွေ စီးနေတာ၊ ဒီကနေ့လည်း ဒီရေတွေ စီးနေတာပဲ” လို့ ဒီလိုပဲ မြင်ကြမှာ၊ ဒီရေတွေလို့ပဲလို့ ထင်လိမ့်မယ်၊ “ဒီ စက္ခုပသာဒ ရုပ်ကလေးဟာ တို့ငယ်ငယ်က မျက်လုံး ရလာကတည်းကိုက ဒီစက္ခုပသာဒ ရုပ်ကလေးဟာ ဒီအတိုင်းပဲ” လို့ ဒီလိုထင်ကြတယ်၊ သို့သော် မြစ်ရေစီးတဲ့ ရေစီးနှုန်း ထက် ပိုပြီးတော့ လျင်မြန်တဲ့နှုန်းထားနဲ့ စက္ခုပသာဒရုပ်တွေဟာ အသစ်အသစ် ဖြစ်ပြီး ပျက်စီးနေတာတဲ့၊ ထာဝရပြောင်းလွဲနေတယ်၊ သို့သော် အလားတူတွေ ထပ်ပြီးဖြစ်နေ သည့်အတွက် လူတွေက သတိမထားနိုင်ဘူး၊ သတိမမူရင် မမြင်နိုင် ဘူးပေါ့။
အဲဒီစက္ခုပသာဒရုပ်ပေါင်း မြောက်မြားစွာ ရှိတယ်နော်၊ စိတ္တက္ခဏ ခဏတိုင်း ခဏတိုင်းမှာ စက္ခုပသာဒရုပ်တွေက အသစ်အသစ် ဖြစ်နေတာ၊ အဲဒီ အသစ် အသစ် ဖြစ်နေတဲ့စက္ခုပသာဒရုပ်တွေမှာ ဘယ်စက္ခုပသာဒရုပ်က မြင်သိစိတ်ကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုနေတာလဲ၊ ဘယ်စက္ခုပသာဒကို ပုရေဇာတသတ္တိလို့ ခေါ်မှာလဲ ဆိုတော့ မြင်သိစိတ်ဖြစ်တဲ့ ဝီထိဆိုတာ ရှိတယ်၊ မြင်သိစိတ် ဖြစ်တော့ မယ်ဆိုရင် ဆိုပါစို့ ဘုန်းကြီးတို့ process ဖြစ်စဉ်လေးတစ်ခုကို စဉ်းစား ကြည့်ရအောင်၊ ဒီဖြစ်စဉ်က သာမန်နဲ့တော့ မမြင်နိုင်ဘူးပေါ့၊ စာပေကျမ်းဂန် ဗဟုသုတအရ ပြောရမှာ။
ဖြစ်စဉ်လေးတစ်ခုရှိတယ်၊ ဖြစ်စဉ်ဆိုတာ အဆန်းမဟုတ်ဘူး၊ ဘယ်ဟာပဲ ဖြစ်ဖြစ် ဖြစ်စဉ်ရှိတယ်နော်၊ မျိုးစေ့လေးတစ်ခု မြေပေါ်မှာ ချစိုက်လိုက်လို့ရှိရင် ၂-ပတ် ၃-ပတ် လောက်နေမှ အညှောင့်ထွက်လာတယ်ဆိုတာ ဝုန်းဒိုင်းထွက်လာတာ မဟုတ်ဘူး၊ ဒီကနေ့ စိုက်လိုက်တဲ့မျိုးစေ့လေးဟာ နက်ဖြန်ခါကျတော့ အခြေအနေလေး နည်းနည်း ပြောင်းလာတယ်၊ သန်ဘက်ခါကြည့်လိုက် အခြေအနေ ပိုပြောင်းလာတယ်၊ တစ်နေ့ပြီး တစ်နေ့ တစ်နေ့ပြီးတစ်နေ့ ပြောင်းလာတာ၊ ၂-ပတ် ၃-ပတ် ကြာတဲ့အခါ အညှောင့် ကလေးထွက်လာတာ၊ အဲဒါ process လို့ ခေါ်တယ်၊ ဖြစ်စဉ်လေးတစ်ခုနဲ့ သွားတယ်။
ထို့အတူပဲ မြင်သိစိတ်ဖြစ်တော့မယ်ဆိုရင် ဖြစ်စဉ်ကလေးတွေ ရှိတယ်၊ ဆိုပါစို့ - မျက်စိဖွင့်လိုက်လို့ မြင်စရာအာရုံက မျက်စိအကြည်မှာ လာပြီးထင်ဟပ် တယ်၊ အဲဒီ ထင်ဟပ်လိုက်တဲ့ ရူပါရုံကို ထင်ဟပ်လျှင် ထင်ဟပ်ချင်း စိတ်က မမှတ် နိုင်သေးဘူး၊ စက္ခုပသာဒနဲ့ ရူပါရုံ ဆုံမိတဲ့အခိုက်ကလေးကနေ မမှတ်နိုင်သေးဘူး၊ ဒီရူပါရုံကို သတိပြုမိတဲ့စိတ်က မပေါ်သေးဘူး၊ နဂိုကဖြစ်နေကျ ဘဝင်စိတ်တွေ ဖြစ်တယ်၊ အဲဒီတော့ အနည်းဆုံး ထင်ဟပ်လိုက်တဲ့အချိန်မှာ ဖြတ်ကျော်သွားတဲ့ ဘဝင်စိတ် တစ်ခု ဖြစ်လာတယ်၊ အဲဒီဘဝင်စိတ်ဟာ ဒီမျက်စိထဲမှာ ထင်လာတဲ့အာရုံနဲ့ ဘာမျှ မသက်ဆိုင်ဘူး၊ သူ့ အာရုံနဲ့သူ ပြေးနေတဲ့စိတ်ကလေး။
မျက်စိနဲ့ ရူပါရုံ ဆုံလိုက်တဲ့အခိုက်ကလေးမှာ မြင်တဲ့စိတ်က မပေါ်နိုင်သေးဘူး၊ လက်ရှိဘဝင်စိတ်တစ်ခုက ဖြတ်ကျော်သွားပြီ၊ အဲဒီဖြတ်ကျော်သွားတဲ့ ဘဝင် လေးကို အတီတဘဝင် passed ဘဝင်္ဂ လို့ ဒီလိုခေါ်တယ်၊ အဲဒီနောက် နောက်ထပ် ဒုတိယဘဝင်စိတ်တစ်ခု ဖြစ်လာတယ်၊ အဲဒီဘဝင်စိတ်ဟာ အာရုံအသစ်ကြောင့် လှုပ်ရှားယိမ်းယိုင်လာတဲ့သဘောရှိလို့ သူ့ကို ဘဝင်္ဂစလန လှုပ်ရှားတဲ့ ဘဝင်လို့ ဒီလိုခေါ်တယ်။
နောက် - တတိယဘဝင်စိတ်ကျတော့ အသစ်ထင်လာတဲ့ အာရုံရဲ့ တိုက်ခတ်မှု စွမ်းအားကြောင့် မူလဖြစ်နေတဲ့ ဘဝင်စိတ်ရဲ့အလျဉ်ဟာ ပြတ်တောက် သွားတယ်၊ အဲဒီပြတ်တောက်သွားတဲ့ ဘဝင်စိတ်ကို ဘဝင်္ဂုပစ္ဆေဒလို့ ခေါ်တယ်၊ အနည်းဆုံး ဘဝင် ၃-ခု ဖြတ်ကျော်ပြီးတော့မှ မျက်စိထဲမှာပေါ်လာတဲ့ အဆင်း အာရုံကိုသိတဲ့စိတ်က လာတာ။
စက္ခုပသာဒ မျက်လုံးနဲ့ မြင်စရာအာရုံ ဆုံလိုက်တယ်၊ အဲဒါ ဖြစ်စဉ်တစ်ခု စတင်ခြင်းပဲ၊ အဲဒီရူပါရုံနဲ့ ဒီ မျက်စိအကြည် ဆုံလိုက်တဲ့အချိန်မှာဖြစ်တဲ့ မျက်စိ အကြည်ရုပ်ဟာ မြင်သိစိတ်ရဲ့ ပုရေဇာတသတ္တိပဲ၊ ကျန်တဲ့စက္ခုပသာဒရုပ် မျက်စိ အကြည်တွေကို မပြောလိုဘူး၊ နောက်မှ ဖြစ်တာတွေလည်း မပြောဘူး၊ သူ့ထက် အရင် ဖြစ်နှင့်တာ တွေကိုလည်း မပြောဘူး။
အတီတဘဝင်ဆိုတဲ့စိတ်နဲ့ ပြိုင်တူဖြစ်လာတဲ့ စက္ခုပသာဒနဲ့ ရူပါရုံ ဆုံလိုက်လို့ မျက်စိနဲ့ အဆင်းအာရုံ ဆုံလိုက်တဲ့အချိန်မှာ ဖြစ်လာတဲ့စက္ခုပသာဒရုပ်၊ အဲဒီ စက္ခုပသာဒရုပ်သည် မြင်သိစိတ်ထက် စိတ်ဘယ်နှစ်ခုလောက် စောတုန်းဆိုရင် အတီတဘဝင် ဆိုတာက တစ်ခု၊ ဘဝင်္ဂစလန လှုပ်ရှားတဲ့ဘဝင်ဆိုတာ တစ်ခု၊ ပြတ်တောက်သွားတဲ့ဘဝင် ဘဝင်္ဂုပစ္ဆေဒဆိုတာ တစ်ခု၊ အဲဒီနောက်မှ ထင်ဟပ် လာတဲ့ ရူပါရုံကို ဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ပေါ်တယ်၊ အနည်းဆုံး ဒီစိတ် ၄-ခု လောက် ပေါ်ပြီးမှ စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်ကလာတာ။
ဒါဖြင့် စက္ခုပသာဒရုပ်က မြင်သိစိတ်ထက် အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏ ၄-ချက် စောတယ်၊ အဲဒါကို ပြောတာ၊ ပုရေဇာတ။ ရှေးဦးစွာဖြစ်နှင့်တဲ့ စက္ခုပသာဒရုပ်သည် စက္ခုဝိညာဏ်စိတ်ကို ကျေးဇူးပြုတယ်၊ ဒီဟာကို သဘောပေါက်ဖို့အတွက် အဘိဓမ္မတ္ထသင်္ဂဟ ဝီထိပိုင်းကို နားလည်ရမယ်၊ ဝီထိပိုင်းမှာ စိတ်ဖြစ်စဉ်တစ်ခုကို နားလည်အောင် အကျဉ်းချုပ် ပြောမယ်။
(ပါဠိလိုပြောရတဲ့ အခါကျတော့ ပါဠိနဲ့မရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေမှာ အခက်အခဲ တွေ့ကောင်းတွေ့လိမ့်မယ်)
ဘဝင်စိတ်ဆိုတာ မူလပဋိသန္ဓေစိတ်ကိုပဲ ခေါ်တာပဲ၊ မူလပဋိသန္ဓေစိတ် ဆိုတာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့ မဆိုင်ဘူး၊ နားကကြားရတဲ့ အသံနဲ့လည်းမဆိုင်ဘူး၊ ကံရဲ့ အရှိန်အဟုန်နဲ့ နဂိုကယူထားတဲ့ အာရုံနဲ့ သူက သွားနေတာ၊ ပိုပြီးတော့ ထင်ရှားအောင် ပြောမယ်ဆိုရင် အိပ်ပျော်နေတဲ့စိတ်ဟာ ဘဝင်စိတ်၊ အာရုံအသစ်နဲ့ မဆိုင်ဘူး၊ သူ့ဟာသူ သွားနေတာ၊ အဲဒီ သူ့ဟာသူသွားနေတဲ့စိတ်ဟာ အာရုံအသစ် ဝင်လာလို့ရှိရင် ပြတ်သွားတယ်၊ ပြတ်သွားပြီး အာရုံအသစ်နဲ့ အလုပ်လုပ်တဲ့စိတ်တွေ ပေါ်လာတယ်၊ ဒီသဘောကို မှတ်ထားရမယ်။
မြင်စရာအာရုံနဲ့ မျက်စိအကြည်ရုပ် သွားဆုံလိုက်တဲ့အခါမှာ အတီတဘဝင် ဆိုတဲ့ စိတ်တစ်ခုဟာ ဖြစ် တည် ပျက်ဆိုတဲ့ ခဏငယ် ၃-ချက်နဲ့ ပျက်သွားတယ်၊ သူ ပျက်သွားတာနဲ့ တစ်ပြိုင်နက် နောက်ထပ် ဘဝင်္ဂစလနဆိုတဲ့ ဘဝင်စိတ်တစ်ခု ထပ်ပေါ်လာတယ်၊ သူလည်း ၃-ချက်နဲ့ ပျက်သွားတယ်၊ နောက်ထပ် ဘဝင်္ဂုပစ္ဆေဒ ဆိုတဲ့ ဘဝင်စိတ် တတိယဘဝင်စိတ် ပေါ်လာတယ်၊ သူလည်း ပျက်သွားတယ်၊ အဲဒီ ဘဝင်စိတ်၃-ခုသည် ထင်ဟပ်လာတဲ့အာရုံနဲ့ ဘာမှမသက်ဆိုင်ဘူး၊ ဒီအာရုံကို သူတို့က သတိမမူဘူး၊ ဆိုလိုတာက အိပ်ပျော်နေသေးတယ်။
စပြီး ဘယ်ကျမှ နိုးလာတုန်းဆို ပဉ္စဒွါရာဝဇ္ဇန်း (မျက်စိက ထင်လာတဲ့အာရုံကို ဆင်ခြင်) စိတ် ပေါ်လာမှနိုးတာ။ အဲဒီစိတ်က စပေါ်လာတာ၊ Attending conscoiusness အာရုံအသစ်ကို attention လုပ်တယ်။
အဲဒီစိတ် ပေါ်ပြီးတဲ့နောက်မှာ ဘာပေါ်တုန်းဆိုရင် စက္ခုဝိညာဏ်စိတ် မြင်သိစိတ် ဆိုတာ ပေါ်လာတယ်၊ မြင်သိစိတ်ပေါ်လာပြီးရင် သမ္ပဋိစ္ဆိန်း ဆိုတဲ့ အာရုံကို လက်ခံ လိုက်တဲ့စိတ် ပေါ်လာတယ်၊ လက်ခံတဲ့စိတ်ပေါ်ပြီးရင် ဘာလဲ ဆိုတာကို စုံစမ်းတဲ့ သန္တီရဏစိတ် ပေါ်လာတယ်၊
ပြီးတဲ့အခါ အာရုံရဲ့ သဘာဝကို အကောင်းဆိုရင်အကောင်း, အဆိုးဆိုရင်အဆိုး ဆုံးဖြတ်ချက်ချတဲ့ ဝုဋ္ဌောဆိုတဲ့စိတ် ပေါ်လာတယ်၊ ဝုဋ္ဌောဆိုတာ တခြားစိတ် မဟုတ်ဘူး၊ မနောဒွါရာဝဇ္ဇန်းပဲ၊ သူလည်း attention ပဲ၊ အဲဒီစိတ် ပေါ်လာပြီးတဲ့ နောက်မှာ သူက အခြေအနေတစ်ခု ပေးလိုက်တယ်၊ အဲဒီနောက်မှာ အရှိန်အဟုန်နဲ့ ဖြစ်တဲ့စိတ်၊ ဇောစိတ်လို့ခေါ်တယ်။
ဇောစိတ်က ရိုးရာအားဖြင့် ၇-ကြိမ် ပေါ်လာတယ်၊ ဇောစိတ်ဟာ ဒီအာရုံနဲ့ အလုပ် လုပ်တဲ့စိတ်၊ အာရုံရဲ့ အရသာကို အတွေ့အကြုံရတဲ့စိတ်၊ ကုသိုလ်ဖြစ်ချင် လည်း ဖြစ်မယ်၊ အကုသိုလ်ဖြစ်ချင်လည်း ဖြစ်မယ်၊ ဝုဋ္ဌောစိတ်ရဲ့ ဦးတည်ချက် အတိုင်းပဲ ကုသိုလ်ဖြစ်ချင်ဖြစ်သွားတယ်၊ အကုသိုလ်ဖြစ်ချင် ဖြစ်သွားတယ်၊ မြင်တဲ့ အာရုံတ ွေပေါ်မှာ ဇောစိတ် ၇-ခု ဖြစ်တယ်၊ ဇောစိတ်ဖြစ်ပြီးတဲ့အခါ အရှိန်အဟုန် နောက်ကနေလိုက်ပါသွားတဲ့ ဘဝင်စိတ်၂-ခုကို ပိဋ္ဌိဘဝင်္ဂလို့ခေါ်တယ်၊ အဲဒီဘဝင် စိတ်ကိုတော့ နာမည်အသစ် ပေးထားတယ်၊ တဒါရုံတဲ့၊ တကယ်ကတော့ ဘဝင်စိတ်ပဲ။
အဲဒီ တဒါရုံစိတ်၂-ခု ဖြစ်လိုက်တဲ့အခါကျတော့ ခုနက မျက်စိထဲမှာ ထင်လာတဲ့ အာရုံရဲ့သက်တမ်းဟာ ကုန်သွားပြီ။ စိတ္တက္ခဏ ၁၇-ချက်ပဲ ရှိတယ်၊ ဒီ့ထက် ရှေ့ဆက်သွားလို့ မရဘူး၊ သူ့ သက်တမ်းက စေ့သွားပြီ၊ အဲဒီမှာ စိတ် ၁၇-ချက်မှာ သူ ချုပ်တယ်၊ အတီတဘဝင်ရဲ့ ဥပါဒ်ခဏမှာ စ,ဖြစ်လာတဲ့ ဒီရူပါရုံဟာ ဒုတိယ တဒါရုံစိတ်ရဲ့ ဘင်ခဏမှာ ချုပ်သွားတယ်၊ ဒါ စိတ်ဖြစ်စဉ်ကလေးတစ်ခုကို နားလည်အောင် ပြောပြတာ။
အခုပြောမယ့် ပုရေဇာတပစ္စည်းဆိုတာ အခြားဟာကို မပြောဘူး၊ အဆင်း အာရုံက မျက်စိထဲမှာ ထင်ဟပ်လာတယ်၊ အဲဒီ ထင်ဟပ်ခံရတဲ့ မျက်စိ အကြည်ရုပ် အကြောင်းကို ပြောမယ်၊ အဲဒီ မျက်စိအကြည်ရုပ်သည် ဘယ်တုန်းက အကြည်ရုပ် လဲ၊ သန်းပေါင်းများစွာရှိတဲ့ အကြည်ရုပ်တွေထဲက ဘယ်အကြည်ရုပ်တုန်းဆိုရင် အတီတ ဘဝင်နဲ့ ပြိုင်ပြီးတော့ ဖြစ်လာတဲ့အကြည်ရုပ်တဲ့၊ အဲဒီ အကြည်ရုပ်သည် အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ပဉ္စဒွါရာဝဇ္ဇန်း ဆိုတော့ စက္ခုဝိညာဏ် မဖြစ်ခင် စိတ္တက္ခဏ ၄-ခု စောတယ်၊ အဲဒီ စက္ခုပသာဒရုပ်ကို မှီပြီးတော့ မြင်သိစိတ်က ပေါ်ရတာ၊ ဒီမျက်စိအကြည်ရုပ် မဖြစ်ဘူးဆိုလို့ရှိရင် မြင်သိစိတ် မဖြစ်နိုင်ဘူး၊ ဟုတ်တာပေါ့၊ စောင်းကြိုးတို့ စောင်းအိုးတို့ မရှိလို့ရှိရင် စောင်းသံထွက်ပါ့မလား? မထွက်နိုင်ဘူး၊ စောင်းကြိုး စောင်းအိုးကို အမှီပြုပြီးတော့ စောင်းသံလေးက ထွက်ရတာ။
အဲဒါလိုပဲ မျက်စိအကြည်ရုပ်ကို မှီပြီးတော့မှ မြင်သိစိတ်ဆိုတာ ဖြစ်တာ၊ အဲဒီ မျက်စိအကြည်ရုပ်သည် စိတ္တက္ခဏ ၄-ချက်စောလို့ ပုရေဇာတ born earlier ကြိုတင်ပြီးတော့ မွေးဖွားလာတာ၊ အကြောင်းတရားက ကြိုတင်ပြီးမွေးတယ်၊ ကြိုတင်မွေးပြီး စက္ခုဝိညာဏ်စိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့၊ ကြိုတင်မွေးပြီး အထောက်အကူပြုတဲ့ အကြောင်းတရားလို့ပြောတာ။
အဲဒါကို ဗုဒ္ဓမြတ်စွာက ပဋ္ဌာန်းပါဠိတော်မှာ -
“စက္ခာယတနံ စက္ခုဝိညာဏ- ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော” လို့ ဒီလိုဟောတာ။
စက္ခာယတနံ - မျက်စိအကြည်လို့ဆိုတဲ့ စက္ခုပသာဒရုပ်သည်၊
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်လို့ဆိုတဲ့ စက္ခုဝိညာဏဓာတ် စက္ခုဝိညာဏ်စိတ် အားလည်းကောင်း၊
တံ သမ္ပယုတ္တကာနံ - ထိုစက္ခုဝိညာဏ်စိတ်နဲ့ ယှဉ်ဖော်ယှဉ်ဖက် ဖြစ်ကြတဲ့၊
ဓမ္မာနံ - စေတသိက် ၇-ခုတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန - ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - ဖြစ်ပါပေတော့၏။
အဲဒီတော့ နားလည်ရမှာက စက္ခာယတနံ ဆိုတဲ့ မျက်စိအကြည်သည်၊ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - မြင်သိစိတ်၊ မြင်သိစိတ် ပေါ်လာတဲ့အခါ မြင်သိစိတ်နဲ့ ယှဉ်တွဲပြီး ဖြစ်လာတဲ့ စေတသိက် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရ၊ ၇-ခု ရှိတယ်။
၁။ မြင်သိစိတ်ကို အာရုံနဲ့ဆက်သွယ်ပေးတာကို ဖဿလို့ ခေါ်တယ်၊
၂။ အာရုံရဲ့အရသာကို ခံစားတာကို ဝေဒနာလို့ ခေါ်တယ်၊
၃။ မှတ်တမ်းတင်တာကို သညာလို့ခေါ်တယ်၊
၄။ လှုံ့ဆော်ပေးတာကို စေတနာလို့ ခေါ်တယ်၊
၅။ အာရုံတစ်ခုတည်း ကျသွားတာ ဧကဂ္ဂတာလို့ ခေါ်တယ်၊
၆။ ဆိုင်ရာနာမ်တရားတွေ ဆိုင်ရာသက်တမ်းအတိုင်း တည်နိုင်အောင် (သို့မဟုတ်) ထပ်ပြီးတော့ဖြစ်အောင် စောင့်ရှောက်တဲ့အရာကို ဇီဝိတိန္ဒြေလို့ ခေါ်တယ်၊
၇။ အာရုံ ပေါ်မှာ နှလုံးသွင်းဆင်ခြင်တာကို မနသိကာရ လို့ ခေါ်တယ်။
အဲဒီစေတသိက်တရားတွေနဲ့ မြင်သိစိတ်ဟာ ယှဉ်တွဲပြီးတော့ ဖြစ်လာတာ ဆိုတော့ ဘယ်နှစ်ခုလဲ၊ ၈-ခု၊ ဟုတ်ရဲ့လား၊ မြင်သိစိတ်ကလေးဟာ သူတစ်ခုတည်း မဖြစ်ဘူး၊ သူအပါအဝင် စေတသိက် ၇-ခုနဲ့ ၈-ခု၊ ခုခေတ်စကားနဲ့ပြောရင် eight in one လို့ပြောမယ်၊ ၈-ခုကို တစ်စုလုပ်ထားတာနော်၊ ၈-ခု ပေါင်းထားတဲ့ တစ်စု၊ အဲဒီ ၈-ခု ပေါင်းထားတဲ့သဘာဝတရား၊ ဒီ တစ်ခုအဖြစ်လုပ်ထားတဲ့ မြင်သိစိတ်လို့ခေါ်တဲ့ ၈-ခု၊ အဲဒီ ၈-ခုကို မျက်စိအကြည်ဆိုတဲ့ စက္ခုပသာဒရုပ်က ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုတာပါ။
ဒါတွေက လူတိုင်းလူတိုင်းမှာ အတွေ့ အကြုံရှိတာ၊ သို့သော် ဒီလိုသိလား ဆိုတော့ ဘုရားဟောမှ သိရတာ၊ နို့မို့မသိဘူး၊ ငါမြင်တယ်ပဲ ပြောကြမှာ၊ အသေးစိတ် ဘယ်လိုမှ မသိဘူး၊ ကြည့် - မြတ်စွာဘုရားက အသေးစိတ်ဟောတာ၊ ဒါက မျက်စိအကြည်က မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ကျေးဇူးပြုတယ်၊ ဒီတစ်ခုတည်းကိုတင် ဟောနေတာ နော်၊ ကျန်တဲ့စိတ်တွေအကြောင်း မဟောဘူး ဒီမှာ၊ ကျန်တဲ့ စိတ်တွေ အများကြီးပဲ။
ဒီ စက္ခုဝိညာဏ်စိတ် မြင်သိစိတ်ဟာ မျက်စိအကြည်လို့ဆိုတဲ့ စက္ခုပသာဒ စက္ခုဝတ္ထုရုပ်ကို သူက အမှီပြုပြီး ဖြစ်ရတာ၊ ဒါကြောင့်မို့ မြင်သိစိတ် စက္ခုဝိညာဏ် စိတ်ရဲ့မှီရာဖြစ်တဲ့ မျက်စိအကြည် စက္ခုပသာဒရုပ်သည် ပုရေဇာတပစ္စည်း တဲ့၊ ကြိုတင်ပြီး ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုတာပါ၊ ဒါကို ပြောတာ၊ တကယ်က သူက ထုတ်လုပ်တာလားလို့ဆိုတော့ ထုတ်လုပ်တာတော့ မဟုတ်ဘူး၊ သို့သော် သူ့ပေါ်မှာ မှီပြီးဖြစ်တာ၊ တခြားအကြောင်းတွေလည်း ရှိတယ်ပေါ့။
ဥပမာ - စည်ကို တီးလိုက်တဲ့အခါမှာ စည်သံထွက်လာတယ်နော်၊ စည်သံက ဘယ်က ထွက်တာတုန်း၊ စည်တီးတဲ့လက်က ထွက်တာလား၊ (သို့မဟုတ်) စည် မျက်နှာပြင်က ထွက်တာလား၊ (သို့မဟုတ်) တီးတဲ့လူဆီက ထွက်တာလားလို့ မေးရင် ဘယ်လို ပြောမလဲ၊ စည်မျက်နှာပြင်က ထွက်လာတာ၊ စည်တီးတဲ့လက်က ထွက်တာလည်း မဟုတ်ဘူး၊ စည်က ထွက်တာလည်း မဟုတ်ဘူး။
ထို့အတူပဲ ဟောဒီ စက္ခုပသာဒအကြည်ရုပ်ရယ် အဆင်းအာရုံရယ် အဲဒီ ၂-ခု တိုက်လိုက်တဲ့အခါမှာ မြင်သိစိတ်က ဘယ်က ပေါ်လာတုန်းဆိုတော့ မျက်စိ အကြည်ကနေ ထပေါ်လာတာ၊ တိုက်တာက ဘယ်သူက တိုက်တာတုန်းဆိုတော့ မြင်စရာအဆင်းအာရုံက တိုက်တာ၊ အဆင်းအာရုံက ဘာနဲ့တူတုန်းဆိုရင် စည်တီး တဲ့လက်နဲ့ တူတယ်၊ (သို့မဟုတ်) စည်တီးတဲ့တုတ်နဲ့ တူတယ်ပေါ့၊ သူက တီးလိုက် လို့ ဟိုက ထအော်တာ၊ အခုပြောနေတာက စက္ခုဝိညာဏ်စိတ်ဖြစ်ပေါ်တဲ့နေရာကို ပြောနေတာ၊ စက္ခုဝိညာဏ်စိတ် မြင်သိစိတ်ဟာ ဘယ်အာရုံက တိုက်ခိုက်လို့ ပေါ်တယ်ဆိုတာ မပြောသေးဘူးနော်၊ ဒီတစ်ခြမ်းကိုပဲ ပြောနေတာ။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော = စက္ခုပသာဒလို့ဆိုတဲ့ ဒီရုပ်သည် မြင်သိစိတ်နဲ့ ယှဉ်ဖက်တရားတွေကို ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုပါတယ်။
ကျေးဇူးပြုတယ်ဆိုတာ အကယ်၍သာ မျက်စိအကြည်ပျက်သွားမယ်ဆိုရင် မြင်သိစိတ် ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်တော့ဘူး၊ သူမရှိရင် သူလည်း မရှိနိုင်ဘူး၊ သူရှိ မှ သူရှိတယ်၊ အကြောင်းနဲ့ အကျိုးဆိုတာ သူရှိနေလို့ သူရှိတာ၊ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက အဲဒီလို ဟောတာ၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ” “ဒါရှိလို့ ဒါရှိတာ၊” ဒါမရှိရင် ဟိုဟာ မရှိနိုင်ဘူးဆိုတဲ့သဘော။
အဲဒီမှာလည်း မျက်စိအကြည် ရှိနေသည့်အတွက်ကြောင့် မြင်သိစိတ် ပေါ်လာ နိုင်တာ၊ အဲဒီမျက်စိအကြည်သည် မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုပါတယ်၊ ပဋ္ဌာန်းရွတ်တဲ့အခါမှာ အဲဒါကို အာရုံပြုပြီးတော့ရွတ်၊ ဒါ ပုရေဇာတသတ္တိ၊ ဒါ လူ့ရဲ့ မြင်တဲ့အခန်းကဏ္ဍ ကုန်ပြီလားဆိုတော့ မကုန်ဘူး၊ point လေး တစ်ခုတင် ပြောနေ တာနော်၊ အချက်ကလေးတစ်ခုတည်းနဲ့ ပြောတာ၊ ပုရေဇာတပစ္စည်းအချက် တစ်ခုတည်း။
ကဲ နောက်တစ်ခု ပြောင်းပြီးတော့ ကြည့်ကြဦးစို့၊
ဒါ နားလည်လို့ရှိရင် နောက်ဟာတွေ နားလည်ဖို့ လွယ်သွားပြီ၊ နောက်ဟာကျတော့ နား၊ နားမှာလည်းပဲ နားအကြည်ရုပ် သောတပသာဒရုပ်ဆိုတာ ရှိတယ်၊ သောတပသာဒရုပ် နားအကြည် ဓာတ်ကို အမှီပြုပြီးတော့ အသံကိုသိတဲ့ သောတ ဝိညာဏ်စိတ် ကြားသိစိတ် ပေါ်လာတယ်၊ အဲဒီ သောတပသာဒရုပ်ဆိုတာလည်း ခုနကလိုပဲ အတီတဘဝင်နဲ့ ပြိုင်ပြီးဖြစ်လာတဲ့ သောတပသာဒရုပ်ကို ယူရမယ်၊
ကြိုတင်ပြီးတော့ဖြစ်တာ သူက၊ သောတပသာဒရုပ်ပေါင်း သန်းပေါင်းများစွာရှိတဲ့ အထဲမယ် အသံနဲ့နားနဲ့ ဆုံလိုက် တဲ့အချိန်ကလေးမှာ ပထမဘဝင်စိတ်ဖြစ်လာတယ်၊ အတီတဘဝင်စိတ်၊ အဲဒီအချိန် မှာဖြစ်တဲ့ နားအကြည်ရုပ်ကို ယူ၊ ခုနကအတိုင်းပဲ မှတ်နော်၊ အဲဒီနားအကြည်ရုပ် သည် ကြားသိစိတ်ထက် စိတ္တက္ခဏ ၄-ချက်လောက် စောတယ်၊ ကြားသိစိတ်ထက် ကြိုတင်ပြီးတော့ မွေးဖွားထားတယ်လို့ ပြောရမယ်၊ ပုရေဇာတဆိုတာ ကြိုတင်ပြီး တော့ ဖြစ်နှင့်နေတယ်၊
ဘယ်တုန်းက ဖြစ်တုန်း၊ ပထမအတီတဘဝင်စိတ် ဖြစ်တုန်းက ဖြစ်တယ်၊ အတီတ ဘဝင်ပြီးရင် ဘဝင်္ဂစလန၊ ဘဝင်္ဂစလနပြီးရင် ဘဝင်္ဂုပစ္ဆေဒ၊ ဘဝင်္ဂုပစ္ဆေဒပြီးလို့ ရှိရင် ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စဒွါရာဝဇ္ဇန်းပြီးမှ သောတဝိညာဏ်စိတ် ဆိုတာ ဖြစ်တာ၊ စိတ္တက္ခဏ ၄-ချက် စောပြီးတော့ ဖြစ်တာ၊ အဲဒါကို ပုရေဇာတလို့ ပြောတာနော်၊ ကြိုပြီး ဖြစ်နေတာ။
အဲဒါကို မြတ်စွာဘုရားက -
“သောတာယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
သောတာယတနံ - နားအကြည်လို့ဆိုတဲ့ သောတပသာဒရုပ်ဟာ၊ (မြတ်စွာ ဘုရားက အာယတနနာမည်နဲ့ ဟောထားတာ၊ အာယတနဆိုတာ base တည်ရာ မှီရာဆိုတဲ့ အဓိပ္ပါယ်၊ နားဆိုတဲ့ မှီရာတည်ရာ)၊
သောတာယတနံ - သောတ ပသာဒရုပ်လို့ဆိုတဲ့ သောတဝတ္ထုရုပ်သည်၊
သောတဝိညာဏဓာတုယာ - သောတ ဝိညာဏဓာတ်လို့ခေါ်တဲ့ ကြားသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် အတူတကွယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်တရား တို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန - ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - စင်စစ်မသွေ ဖြစ်ပါပေတော့၏။
ကြည့် - ဒီ နားအကြည်ဆိုတာ မရှိဘူးဆိုရင် ကြားသိစိတ် ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ နားအကြည်ဟာ ကြားသိစိတ်ရဲ့မှီရာအနေနဲ့ ရှေးဦးစွာဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုပါတယ်၊ ကျေးဇူးပြုတယ်ဆိုတဲ့ဟာက ဖြစ်စေတာချည်း မဟုတ်ဘူးနော်၊ ကျေးဇူးပြုတယ်ဆိုတဲ့သဘောက တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ ဖြစ်နေတာကို ပြောတာနော်။
အဲဒီအတိုင်းပဲ နောက်တစ်ခု ဆက်ပြီးတော့ စဉ်းစားကြည့်၊ မြတ်စွာဘုရားက ဒီအချက်ကလေးပဲ ဟောတာ၊ စက္ခု၊ သောတ ပြီးတော့ ဃာန၊ နှာခေါင်းထဲက အကြည်ရုပ်ကလေး -
“ဃာနာယတတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
ဃာနာယတန လို့ဆိုတဲ့ နှာခေါင်းအကြည်ရုပ်၊ အနံ့ကို ဖမ်းနိုင်တဲ့ ဃာန- ပသာဒရုပ်၊ အဲဒီ ယာနပသာဒရုပ်ဟာ (စက္ခုပသာဒလိုပဲ နားလည်ရမယ်) နံသိစိတ်ကို ကျေးဇူးပြုတယ်၊ နံသိစိတ်ဟာ ဃာနပသာဒရုပ်ကို မှီပြီးတော့မှ ဖြစ်နိုင်တယ်၊ ကြိုတင်ပြီးတော့ ဖြစ်နှင့်တာ ဖြစ်သောကြောင့် ပုရေဇာတ (ကြိုတင်ပြီးတော့ ဖြစ်နေ တာ) ကိုယ့်နှာခေါင်းထဲမှာ အနံ့ကလေးရှူမိတဲ့အချိန်မှာ ဒါလေးကို သတိထားလိုက် ပေါ့။
နံသိစိတ်ကို ဘယ်သူက ကျေးဇူးပြုတုန်းဆိုရင် ဃာနပသာဒဆိုတဲ့ နှာခေါင်း အကြည်ရုပ်က ကျေးဇူးပြုတယ်နော်၊ အကြည်ဆိုတဲ့သဘောက မှန်လို ကြည်လို့ အကြည်ခေါ်တာ မဟုတ်ဘူး၊ အာရုံကို ခံယူနိုင်စွမ်းရှိတာကို ပြောတာ၊ အာရုံကို ဖမ်းယူနိုင်တဲ့သဘောကို ပြောတာ၊ ကြည့်လေ - ခုခေတ်လိုဆို စဉ်းစားကြည့်ပေါ့၊
telephone တို့, television တို့, radio တို့ ဆိုလို့ရှိရင် သူ line နဲ့သူ ဖွင့်လိုက်ရင် အသံကို ဖမ်းယူလို့ရတယ်၊ telephone ကလည်း အဝေးကပြောတဲ့အသံတွေ ဖမ်းယူလို့ရတယ်၊ television ကလည်း အဝေးက ရုပ်သံတွေကို ဖမ်းယူလို့ရတာပဲ၊ အဲဒါလိုပဲ နှာခေါင်းထဲမှာရှိတဲ့ အကြည်ရုပ်က အနံ့ကို ဖမ်းနိုင်တယ်၊ တခြားနေရာ ကတော့ ဖမ်းမယူနိုင်ဘူးလေ။
radio ဆိုလည်း အခွံကြီးက ဖမ်းနိုင်တာမှ မဟုတ်တာ၊ ဖမ်းနိုင်တဲ့နေရာ တစ်နေရာပဲ ရှိတာပဲ၊ telephone ဆိုလည်း telephone ထဲက သူ့ဟာသူ သံလိုက် ဓာတ်တို့ ဘာတို့နဲ့ လုပ်ထားတဲ့ဟာကသာ ဖမ်းယူနိုင်တာကိုး၊ အကုန်လုံး ဖမ်းနိုင်တာမှ မဟုတ်တာ၊ လူ့ခန္ဓာကိုယ်ကြီးလည်းပဲ အကုန်လုံးက အနံ့ကို ဖမ်းယူနိုင်တာ မဟုတ်ဘူး၊ အနံ့ကိုဖမ်းနိုင်တာ နှာခေါင်း အကြည်ရုပ်ကသာ ဖမ်းယူတာ၊ အဲဒါ ကြောင့်မို့ အကြည်ရုပ်လို့ ခေါ်တာနော်၊ အာရုံတွေကို ဖမ်းယူနိုင်တယ်။
ဃာနပသာဒဆိုတဲ့ နှာခေါင်းအကြည်ရုပ်ဟာလည်းပဲ နံသိစိတ်ကို ကြိုတင် ဖြစ်နှင့် ပြီးတော့ ကျေးဇူးပြုတာဖြစ်သောကြောင့် ... ပုရေဇာတပစ္စယသတ္တိလို့ ခေါ်တယ်။
ထို့အတူပဲ ဆင်ခြင်စဉ်းစားကြည့်၊ လူတွေ နေ့စဉ်နဲ့အမျှ မနက်စာစားတယ်၊ နေ့လည်စာစားတယ်၊ ညစာစားတယ်၊ ဒီကြားထဲ ဆာရင် စားသေးတယ်၊ အစာနဲ့ ပါးစပ်နဲ့ မပြတ်ဘူး၊ စားလိုက်တဲ့အစာဟာ လျှာပေါ်ရောက်တာနဲ့ အရသာတွေ့ပြီ၊ ချိုရင် ချိုတယ်ပြောတယ်၊ ငန်ရင် ငန်တယ် ပြောတယ်နော်၊ မချိုရင်လည်း မချိုဘူး ပြောမှာပေါ့၊ ခါးရင်လည်း ခါးတယ်ပြော၊ စပ်ရင် စပ်တယ်ပြော၊ အဲဒီလို ချို ချဉ် ငန် ခါး စပ် ဖန် ဆိုတဲ့ ဒီအရသာတွေကို သိတဲ့စိတ်ကလေးက ပေါ်လာတယ်။
အရသာသိတဲ့စိတ်ဟာ အရသာက လျှာဆိုတဲ့အကြည်ရုပ်နဲ့ ထိလိုက်တဲ့ အခါမှာသာ ပေါ်လာတာ၊ အဲဒီအရသာသိတဲ့စိတ်ဟာလည်းပဲ လျှာဆိုတဲ့ ဇိဝှာပသာဒ ရုပ်ကို အမှီပြုပြီးတော့ ပေါ် ရတာတဲ့၊ လျှာမရှိရင် အရသာသိတဲ့စိတ် မဖြစ်နိုင်ဘူး။ အဲဒါကိုပဲ မြတ်စွာဘုရားက -
“ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော” ။
ဇိဝှာယတနံ – ဇိဝှာယတနလို့ခေါ်တဲ့ လျှာအကြည်ရုပ်သည်၊
ဇိဝှာဝိညာဏဓာတုယာ – ဇိဝှာဝိညာဏဓာတ်လို့ခေါ်တဲ့ လျက်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုလျက်သိစိတ်ကလေးနှင့် အတူတကွဖြစ် အတူတကွပျက် အတူတကွအာရုံပြုပြီး အတူတကွမှီကြတဲ့ စိတ်စေတသိက်ဆိုတဲ့ သဘာဝတရားတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန – ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော = ကျေးဇူးပြုတတ်ပါပေ၏။
ကျေးဇူးပြုထားတာ၊ နို့မို့ဆို သူမပေါ်နိုင်ဘူး၊ လူတွေပြောကြတယ် မဟုတ်လား၊ “သူက ကျေးဇူးပြုလို့ ဒါလေးရတာ” လို့ ပြောကြတာနော်၊ အခုလည်း ဇိဝှာ- ဝိညာဏ်စိတ် ပေါ်လာအောင် ဘယ်သူက ကျေးဇူးပြုပေးတာတုန်း၊ လျှာအကြည်က ကျေးဇူးပြုပေးတာ။
ထို့အတူပဲ မိမိတို့ကိုယ်ကာယနဲ့ တစ်ခုခုထိမယ်၊ မာမာကြမ်းကြမ်း ထိရင် လည်းပဲ မာတယ် ကြမ်းတယ် သိတယ်၊ ပျော့ပျော့အိအိ ထိရင်လည်း ပျော့တယ် သိတယ်၊ ပူတာ အေးတာ ထိရင်လည်း ပူမှန်း အေးမှန်း သိတယ်၊ အဲဒီလို ထိသိတဲ့ ကာယဝိညာဏ်စိတ်ဟာ ဘာကို မှီပြီး ပေါ်တာတုန်းဆိုတော့ ကိုယ်အကြည်ရုပ်လို့ ခေါ်တဲ့ ကာယပသာဒကို မှီပြီးပေါ်တာ၊
အကြည်ရုပ်ပျက်သွားပြီဆိုလို့ရှိရင် ထိလို့ မသိတော့ဘူးနော်၊ ကာယပသာဒရုပ်ရှိမှ သိတယ်၊ ကာယပသာဒရုပ်တွေ ပိုပြီးတော့ ကောင်းလေလေ သိတာမြန်လေလေပဲ၊ တချို့နေရာတွေမှာဆို ထုံနေရင် မသိဘူး မဟုတ်လား၊ ကာယပသာဒရုပ် ပျက်သွားလို့ ထုံနေပြီဆိုရင် - ဆိုပါစို့ - Leprosy ရောဂါမျိုးလိုဟာမျိုး ကာယပသာဒ ရုပ်ပျက်သွားတယ်၊ လူတစ်ယောက် ကာယ ပသာဒရုပ် မရှိဘူးဆိုရင် ဘယ်လောက် ထိထိ အပ်နဲ့ထိုးတာတောင် မသိတော့ ဘူးနော်၊ ဒီ ထိသိစိတ်ဆိုတာ ကာယပသာဒ အကြည်ရုပ်ကောင်းနေမှသိတာ၊ အဲဒီ ကာယပသာဒအကြည်ရုပ်သည် ထိသိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။
ဒါကို ပဋ္ဌာန်းပါဠိတော်မှာ -
“ကာယာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
ကာယာယတနံ ကိုယ်အကြည်ရုပ်လို့ဆိုတဲ့ ကာယပသာဒရုပ်သည်၊
ကာယဝိညာဏဓာတုယာ - ကာယဝိညာဏဓာတ်လို့ဆိုတဲ့ ထိသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနံ – ထို ထိသိစိတ်နှင့် အတူတကွယှဉ်ပြီး ဖြစ်ပေါ် လာတဲ့၊
ဓမ္မာနံ= စေတသိက်တရားတို့အား လည်းကောင်း၊
ပုရေဇာတပစ္စယေန – ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။
မြတ်စွာဘုရားက အကြောင်းနဲ့အကျိုးဆက်သွယ်ပြီး အထောက်အကူပြုနေ ပုံတွေကို ဟောတာ၊ ဒါတွေက ဘယ်မှာ ရှိတာတုန်း၊ ဘုန်းကြီးတို့တတွေရဲ့ ခန္ဓာ ကိုယ်ထဲမှာ ရှိတာ၊ ဒီတော့ ပဋ္ဌာန်း၂၄-ပစ္စည်းဆိုတာ တခြားဟာမှ မဟုတ်တာဘဲ၊ ဒီထဲမှာ ဖြစ်နေတာတွေကို ဟောတာ၊ ဒါတွေကို သတိထားမိဖို့လိုတယ်။
ပဋ္ဌာန်းဆိုတာ ရွတ်တဲ့အခါမှာ အဓိပ္ပါယ်သိပြီး ရွတ်ဖို့လည်း လိုသေးတယ်၊ သို့မဟုတ် လို့ရှိရင်တော့ ဘုရားဟောတဲ့တရားဆိုတဲ့ ကြည်ညိုစိတ်နဲ့ရွတ်လို့ ကုသိုလ်တော့ ရမှာပေါ့၊ သို့သော် အသိဉာဏ်မပါသည့်အတွက်ကြောင့် ဘာဆိုလိုမှန်း မသိဘူး၊ အသိဉာဏ် ပါလိုက်တဲ့အခါကျတော့ ကမ္မဋ္ဌာန်းဘာဝနာသဘောမျိုး ဖြစ်သွားတယ်၊ ဝိပဿနာကမ္မဋ္ဌာန်းဆိုတာ ရုပ်နဲ့နာမ် ကွဲကွဲပြားပြားသိတာက စရတာ။ နာမရူပ-ပရိစ္ဆေဒဉာဏ် – analytical knowledge of mind and matter.
ခု ကြည့်လေ - ရုပ်ကနေ နာမ်ကိုကျေးဇူးပြုနေတာ၊ စက္ခုပသာဒ သောတ ပသာဒ ဃာနပသာဒ ဇိဝှာပသာဒ ကာယပသာဒ ဆိုတဲ့ ဒီအကြည်ရုပ်တွေက ရုပ်တရား၊ အဲဒီ ရုပ်တရားပေါ်မှာမှီပြီး ဖြစ်လာတဲ့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်တို့ဆိုတာက နာမ်တရား၊ ဟော ရုပ်နဲ့နာမ်ဟာ ဒီလို ဆက်စပ် နေတာပါလား၊ ပုရေဇာတပစ္စည်းနဲ့ ဆက်နေတာပါလား၊ ဒီလိုသိပြီး ရုပ်နဲ့ နာမ် ကွဲပြားသွားတာကိုက နာမရူပပရိစ္ဆေဒ။
ကွဲပြားရုံတင်မကဘူး၊ ဒီအကြည်ရုပ်တွေ ရှိနေလို့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်တို့ ဖြစ်နေတာပါလားလို့ အကြောင်းအကျိုးပါ ဆင်ခြင်မိ သွားတယ်၊ ဒါ မရှိရင် ဒါ မဖြစ်နိုင်ပါလားလို့ သိမသွားဘူးလား၊ အဲဒီလို သိသွား တာက ပစ္စယပရိဂ္ဂဟဉာဏ်သက်ဝင်သွားတာပဲ၊ အဲဒီဉာဏ်နှစ်ခုဟာ အင်မတန်မှ အရေးပါတဲ့ဉာဏ်နှစ်ခု။
အရှင်မဟာဗုဒ္ဓဃောသက သူ့ရဲ့ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ဒီဉာဏ်နှစ်ခုနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ လဒ္ဓပတိဋ္ဌော တဲ့၊ သာသနာတော်မှာ ရပ်တည်ရာ ရသွားပြီ၊ လဒ္ဓဿာသော - သက်သာရာရ အသက်ရှူချောင်သွားပြီ၊ စူဠသောတာပန္နော ဒီ အသိဉာဏ်လေးကို ရလို့ရှိရင် သောတာပန် အငယ်စားလို့တောင်မှ တင်စားပြီး ပြောသွားတယ်နော်၊
ဘုရားသာသနာတော်နဲ့ ကြုံတွေ့တဲ့ အခိုက်ကလေးမှာ ဒီလောက်လေးမျှ မသိလိုက် ရဘူးဆိုရင်တော့ လူဖြစ်ရကျိုးနပ်မယ် မဟုတ်ဘူးနော်။
ပဋ္ဌာန်းရွတ်ရင်း ဒီလိုဆင်ခြင်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ကြည့်လေ- ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုသွားတာ၊ ဘုရားဟောတဲ့တရားက ဒီအချက်နှစ်ချက်ပဲ ဟောနေတာ၊ ဒိပြင်ဟာ မဟောဘူး၊ ပုရေဇာတပစ္စည်း ဘာတွေ ဟောတာတုန်း၊ အကြမ်းပြန်ပြီးတော့ ပြောမယ်ဆိုလို့ရှိရင် မျက်စိအကြည်ရုပ်က မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊
နားအကြည်ရုပ်က ကြားသိစိတ်၊ နှာခေါင်း အကြည်ရုပ်က နံသိစိတ်၊ လျှာအကြည် ရုပ်က လျက်သိစိတ်၊ ကိုယ်အကြည်ရုပ်က ထိသိစိတ်၊ ရုပ်နဲ့ နာမ်နဲ့ ဒီလိုအပြန်အလှန် ကျေးဇူးပြုသွားပုံကို ပုရေဇာတပစ္စည်း မှာ ဒီလိုဟောတာပါ၊ ဒါ တစ်ပိုင်းပဲ ရှိသေးတယ်၊ ပုရေဇာတက ဒါက စိတ်ရဲ့မှီရာ ဝတ္ထုရုပ်ပိုင်းကနေ ဟောတာ။
အာရမ္မဏပုရေဇာတ
နောက်တစ်ပိုင်း ကြည့်ကြဦးစို့၊ နောက်တစ်ပိုင်းက ဘာနဲ့ပြောရမတုန်း၊ မျက်စိ အကြည်ရုပ်သည် မြင်သိစိတ်ကို သူ့ဟာသူ ကျေးဇူးပြုတာလား၊ သို့မဟုတ် မျက်စိအကြည်ရုပ်ရှိတာနဲ့ပဲ မြင်သိစိတ်ကထပြီး ပေါ်လာတာလားဆိုတော့ မဟုတ် ဘူး၊ စည်ကြီးတော့ ရှိပါရဲ့၊ တီးမယ့်သူမရှိရင် မြည်ပါ့မလား၊ မမြည်ဘူး၊ တီးမယ့်လူ လိုနေသေးတယ်၊ အခုလည်း မျက်စိအကြည်ရုပ် ရှိတယ်၊ မြင်စရာအာရုံက လာတိုက် မှ၊ မြင်စရာအာရုံက ဟောဒီအကြည်ရုပ်နဲ့ လာပြီးတော့ မဆုံဆည်းဘူးဆိုရင် မြင်သိစိတ် ဖြစ်ပါ့မလား။
စောင်းကြိုးနဲ့စောင်းအိုး စားပွဲပေါ် တင်ထား၊ တီးမယ့်လူမရှိရင် အသံထွက်ရဲ့လား၊ မထွက်ဘူး၊ Piano ကြီး ဒီတိုင်းပဲထား၊ တီးတဲ့လူ မရှိရင် အသံမထွက်ဘူး၊ ငြိမ်နေမှာပဲ၊ မျက်စိတော့ ရှိတယ်၊ ရူပါရုံက မျက်စိကိုလာပြီးတော့ မထင်ဟပ်ဘူး ဆိုရင် မြင်သိစိတ် ပေါ်နိုင်ပါ့မလား၊ အဲဒီဥပမာကို ရှင်းရှင်းလေး မှတ်ထားရမယ်၊ စည်ဆိုတာ တီးမှအသံထွက်တယ်၊ စည်ကို လက်နဲ့တီးတယ်ဆိုလို့ရှိရင် စည်ရယ် လက်ရယ် ထိုစည်နဲ့ လက်နဲ့ပေါင်းလို့ ဖြစ်ပေါ်လာတဲ့ အသံရယ် ၃-မျိုး ရှိတယ်၊ ထို့အတူပဲ မျက်စိရယ် အဆင်းအာရုံရယ် မြင်သိစိတ်ရယ်၊ မျက်စိက စည်နဲ့တူတယ်၊ အဆင်းအာရုံက စည်တီးတဲ့လက်နဲ့ တူတယ်၊ ဖြစ်ပေါ်လာတဲ့စည်သံနဲ့ မြင်သိစိတ်နဲ့ တူတယ်လို့ ဒီလိုမှတ်ရမယ် ၃-မျိုး။
ပုရေဇာတသတ္တိမှာ မျက်စိအကြည်ရုပ်ကသာ ပုရေဇာတသတ္တိ မဟုတ်ဘူး တဲ့၊ အဲဒီအကြည်ရုပ်ကို လာပြီး ထိခိုက်လိုက်တဲ့ အာရုံကလည်း ပုရေဇာတပဲ။ ဒါ အာရုံနဲ့ဝတ္ထုတို့ ဆုံဆည်းတာ တိုက်ခိုက်တာ၊ လူတွေကတော့ မကြားလိုက်ဘူးပေါ့၊ တိုက်ခိုက်မှုက ပြင်းထန်တယ်၊ ဒီစိတ်ကလေး ပွင့်သွားလောက်အောင်ကို တိုက်ခိုက် တာနော်၊
သာမန်တိုက်တာတွေတော့ လူတွေသိတာပေါ့၊ ကားတစ်စီးတိုက်လိုက်ရင် ဝုန်းခနဲဆို ဖြစ်သွားတာ၊ သာမန်တိုက်တာပဲ လူတွေကသိတယ်၊ သို့သော် မျက်လုံးကို အဆင်းအာရုံကလာတိုက်တာ မသိလိုက်ဘူး၊ သူလည်း အရှိန်အဟုန် တအားကြီး တယ်၊ မြင်သိစိတ် ဘွားကနဲ ပေါ်လာအောင်တိုက်တာ၊ မတိုက်ဘဲနဲ့ မပေါ်ဘူး၊ တိုက်လို့ပေါ်တာနော်၊ လူမကြားနိုင်တဲ့ လူမမြင်နိုင်တဲ့ တိုက်ခိုက်မှုတွေပဲ၊ ဒါကိုလည်း ပဋိဃလို့ ခေါ်တာ၊ တိုက်ခိုက်မှုပဲ။
ကဲ ကောင်းပြီ - မျက်စိဆိုတဲ့အကြည်ရုပ်ကို အဆင်းအာရုံက လာတိုက် တယ်၊ အဲဒီအဆင်းအာရုံကရော စက္ခုဝိညာဏ်စိတ်ကို ဘာသတ္တိနဲ့ ကျေးဇူးပြုသလဲ၊ ဟောဒီပုရေဇာတနဲ့ ကျေးဇူးပြုတာ၊ သူက ဘယ်အချိန်က မွေးဖွားတာတုန်းဆိုတော့ ခုနကပြောတဲ့ ပထမဘဝင်စိတ် ဥပါဒ်တဲ့အချိန်မှာ သူက ပေါ်လာတာပဲ၊ သူလည်း စိတ္တက္ခဏ ၄-ချက် စောပြီးတော့ ပေါ်လာလို့ born earlier ပဲ၊ ကြိုတင်ပြီးတော့ မွေးဖွားလာတဲ့ အကြောင်းတရားပဲ။
အဲဒါကို မြတ်စွာဘုရားက ဟောတယ်၊ စကားလုံးပြောင်းသွားတာကို သတိထား။
“ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
ရူပါယတနံ - ရူပါယတနလို့ခေါ်တဲ့ မျက်စိမှာလာပြီး ထင်ဟပ်လာတဲ့ အဆင်းအာရုံသည်၊
စက္ခုဝိညာဏဓာတုယာ - စက္ခုဝိညာဏဓာတ်လို့ ခေါ်တဲ့ မြင်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနံ - ထိုစက္ခုဝိညာဏစိတ်နဲ့ ယှဉ်တွဲဖြစ်ပေါ်လာတဲ့၊
ဓမ္မာနံ - စေတသိက် ၇-ခုတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန = ပုရေဇာတသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူး ပြုတတ်ပါပေ၏။
စက္ခပသာဒရုပ်မှာလာပြီး ထင်ဟပ်တဲ့ မြင်စရာအာရုံအဆင်းအာရုံကလည်း မြင်သိစိတ် ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အဲဒါကိုတော့ အာရမ္မဏပုရေဇာတ လို့ခေါ်တယ်၊ အာရုံပိုင်း၊ ခုနကတုန်းက ဝတ္ထုပုရေဇာတ မှီရာအနေနဲ့ ကျေးဇူးပြု တယ်၊ အခုဟာက အာရုံအနေနဲ့ ကျေးဇူးပြုတယ်၊ သဘောကဒါပဲ၊ သို့သော် ၂-ခု စလုံးသည် born earlier ကြိုတင်ပြီးတော့ မွေးဖွားထားတာ၊ အကြောင်းတရား တွေက ကြိုတင်မွေးဖွားနေတာ။
ကဲ ဒါဆိုရင် ကျန်တာတွေလည်း သဘောပေါက်ပြီ။
“သဒ္ဒါယတနံ သောတာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
သဒ္ဒါယတနလို့ဆိုတဲ့ အသံအာရုံဟာလည်းပဲ ကြားသိစိတ်နဲ့ စေတသိက် ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။
“ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
(ဂန္ဓဆိုတာ အနံ့၊ ဃာနဆိုတာ နှာခေါင်း) ဂန္ဓာယတနံ – ဂန္ဓာယတနလို့ဆိုတဲ့ အနံ့အာရုံကလေးသည်၊ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော – နံသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို ပုရေဇာတ သတ္တိနှင့် ကျေးဇူးပြုပါတယ်၊
ကျေးဇူးပြုတယ်ဆိုတာ “ဖြစ်စေ တည်စေ ဤနှစ်ထွေ” သူရှိလို့ ဒါ ဖြစ်ရတာ၊ ဖြစ်စေတယ်ဆိုတာ သူရှိလို့ ဒါရှိရတာ။
ဆိုပါစို့ - အခုကြည့်လေ၊ လျှပ်စစ်မီးရှိလို့ အလင်းရောင် မရှိဘူးလား၊ လျှပ်စစ်မီး ငြိမ်းသွားကြည့်ပါလား၊ အလင်းရောင်ရှိသေးလား၊ မရှိဘူး၊ ဟော သူရှိလို့ သူရှိတယ် ဆိုတာ ပြောတာနော်၊ လျှပ်စစ်မီးရှိနေလို့ အလင်းရောင် ရှိနေတာလေ၊ လျှပ်စစ်မီး မရှိတော့ဘူးဆိုရင် အလင်းရောင် မရှိတော့ဘူး၊ အကြောင်းနဲ့အကျိုး ဆိုတာ ဒီသဘောကိုပြောတာ၊ ဒါ ကျေးဇူးပြုတာ၊ လျှပ်စစ်မီးက အလင်းရောင်ကို ကျေးဇူးပြု ထားတယ်၊ ပစ္စယ=ပစ္စည်းဆိုတဲ့ စကားလုံးက ဒါကိုပြောတာ၊ အထောက်အကူ ပြုနေတာ။
ထို့အတူပဲ လျှာနဲ့ကြည့် -
“ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
ရသ - အရသာ ၆-ပါး၊ ချိုတယ်၊ ချဉ်တယ်၊ ငန်တယ်၊ ခါးတယ်၊ စပ်တယ်၊ ဖန်တယ်၊ အဲဒီအရသာ ၆-ပါးဆိုတဲ့ အရသာအာရုံက လျက်သိစိတ်ကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ ဒါပြောတာ။
“ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတာပစ္စယေနပစ္စယော”။
ဖောဋ္ဌဗ္ဗ tangible object ထိလို့ရတဲ့အာရုံဆိုတာ ဘာကို ပြောတာတုန်း၊ ထိလို့ရတယ်ဆိုတာ မာတာ ပျော့တာကို ထိလို့မရဘူးလား၊ ပူတာ အေးတာရော ထိလို့မရဘူးလား၊ တွန်းကန်တာတို့ လှုပ်ရှားတာတို့ကော ထိလို့မရဘူးလား၊ ထိလို့ ရတယ်ဆိုတာ ပျော့တာ မာတာ ထိလို့ရတာက ပထဝီ၊ ပူတာ အေးတာက တေဇော၊ တွန်းကန်တာတို့ လှုပ်ရှားတာတို့က ဝါယောတဲ့၊ ဖောဋ္ဌဗ္ဗာယတနဆိုတာ တခြားဟာ ခေါ်တာ မဟုတ်ဘူး၊ ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ်၊ ဒီ ၃-ခုကို ခေါ်တာ၊ အဲဒီ ၃-ခုကို ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်တာ၊ tangible object ထိလို့ရတဲ့အာရုံ၊ ထိလို့ ရတဲ့အာရုံသည် ထိသိစိတ် ကာယဝိညာဏ်စိတ်ကို ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုပါ တယ်၊ မြတ်စွာဘုရားက ဒီလိုဟောတာ။
ဒါတွေက တခြားမဟုတ်ဘူးနော်၊ စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှာယတနံ ကာယာယတနံ ဆိုတာ အာယတန ၁၂-ပါးထဲကပဲ မဟုတ်လား၊
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ ဆိုတာလည်း အာယတန ၁၂-ပါးထဲကပဲ။
အဲဒီ ရုပ်အာယတနတွေ ပေါင်းလိုက်မယ်ဆိုရင် စက္ခာယတနံ၊ သောတာ- ယတနံ၊ ဃာနာယတနံ၊ ဇိဝှာယတနံ၊ ကာယာယတနံ ဆိုတာက ပသာဒရုပ် ၅-ခုပဲ နော်၊ ရူပါယတနံဆိုတာ ရူပါရုံ၊ သဒ္ဒါယတနံဆိုတာ အသံ၊ ဂန္ဓာယတနံဆိုတာ အနံ့၊ ရသာယတနံဆိုတာ အရသာ၊ ဖောဋ္ဌဗ္ဗာယတနံ ဆိုတာ ပထဝီ၊ တေဇော၊ ဝါယော၊ ပေါင်းလိုက်တဲ့အခါ ရုပ်ပေါင်း ဘယ်လောက်ရှိသလဲ၊ ပသာဒရုပ် ၅-ခု ရယ် ရူပရယ်၊ သဒ္ဒရယ်၊ ဂန္ဓရယ်၊ ရသရယ်၊ ပထဝီရယ်၊ တေဇောရယ်၊ ဝါယော ရယ်ဆိုတော့ ဘယ်နှစ်ခုဖြစ်သွားလဲ၊ ၁၂-ခု၊ အဲဒီ ၁၂-ခုကိုပဲ ဩဠာရိကရုပ်လို့ ခေါ်တာ၊ သိသာ ထင်ရှားတဲ့ရုပ်တွေမို့ ဩဠာရိကရုပ်။
ဒီ ဩဠာရိက ရုပ်တွေက မြင်သိစိတ်တို့ ကြားသိစိတ်တို့ လျက်သိစိတ်တို့ နံသိစိတ်တို့ ထိသိစိတ်တို့ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတာလို့ ဒီလိုဟောတာ။ ဒါ ပုရေဇာတသတ္တိတစ်ခုတည်းလို့ ပြောလိုတာ မဟုတ်ဘူး၊ တခြားပစ္စည်းတွေနဲ့ ဆိုင်တာတွေလည်း အများကြီးပဲရှိသေးတယ်၊ ဒါ ပုရေဇာတကို နားလည်အောင်လို့ ပြောတာ။
ကြည့် ဒါတွေဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ - မျက်စိရှိတဲ့လူတိုင်း မြင်သိစိတ်တွေ ဖြစ်နေကြတယ်၊ နားရှိတဲ့လူတိုင်း ကြားသိစိတ်တွေ ဖြစ်နေကြတယ်၊ နှာခေါင်း ရှိတဲ့လူ လျှာရှိတဲ့လူ ကိုယ်ကာယပသာဒရှိတဲ့လူတိုင်း နံသိစိတ်တို့ လျက်သိစိတ်တို့ ထိသိစိတ်တို့ ဖြစ်နေကြတယ်၊ ရှိနေတဲ့အကြောင်းတရားတွေ မျက်စိ နား နှာ လျှာ ကိုယ် လို့ဆိုတဲ့ အကြည်ရုပ်တွေနဲ့ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အာရုံတွေဟာ ဒီစိတ်တွေကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတာတဲ့။
ဒါကို နားလည်လိုက်တာနဲ့ တစ်ပြိုင်နက် “သြော်- မြဲနေတယ် ဆိုတာလည်း တစ်ခုမျှမရှိဘူး၊ အတ္တလို့ ပြောစရာလည်း တစ်ခုမျှမရှိဘူး၊ ကိုယ်စိုး ကိုယ်ပိုင်တာ ဆိုတာလည်း တစ်ခုမျှ မရှိဘူး၊ သူ့အကြောင်းကြောင့်သူဖြစ်တာ၊ ကိုယ်နဲ့လည်း ဘာမှ မဆိုင်ဘူး၊
ပြောမယ်ဆိုလို့ရှိရင် “အဟံ ငါ” လို့ ပြောစရာလည်း မရှိဘူး၊ “မမ ငါ့ဟာ” လို့လည်း ပြောစရာ မရှိဘူး၊ ပြောလို့ ရပါ့မလား၊ သူ့ အကြောင်းနဲ့သူ ဖြစ်နေတာ၊ “ငါ့ဟာ”လို့ သွားပြောလို့ရှိရင် တောဘဲတွေကို ငါ့ဘဲလို့ သွားစွဲတာနဲ့ တူနေမှာပေါ့၊ “ငါ့ဟာ” လို့ ပြောစရာလည်း မရှိဘူး၊ “ငါ” လို့လည်း ပြောစရာ မရှိဘူး၊ သဘာဝတရားက သူ့ အကြောင်းနဲ့ သူ့ဟာသူဖြစ်ပြီး သူ့ဟာသူ ပျက်သွားတာပဲ။
တကယ်မခိုင်မာဘူးဆိုတဲ့ သင်္ခါရတွေရဲ့သဘာဝကို ဆင်ခြင်စဉ်းစားမယ် ဆိုရင် ဘာအကျိုးရှိနိုင်တုန်းလို့ဆိုရင် တွယ်တာမှုမရှိတော့ဘူးပေါ့၊ “ငါ့ဟာ” ဆိုမှ တွယ်တာ တာလေ၊ “ငါ” ဆိုလို့ရှိရင် တွယ်တာမယ်၊ “ငါ” ဆိုတာ ဘာကို ပြောတာတုန်း ဆိုတော့ အတ္တကို ဦးတည်ပြောတာ၊ မြတ်စွာဘုရားက အမြဲတမ်း ဒီ၂-ခုကို ရှင်းတယ်၊ လူတွေက သဘာဝတရားတွေကို “အဟံ - ငါ” လို့ ပြောတယ်၊ “ငါ” လို့ ထင်ကြတယ်၊ တစ်ဖက်ကလည်း “ငါ့ဟာ” လို့ ထင်ကြတယ်။
“ငါ”ဆိုတဲ့ အထင်၊ “ငါ့ဟာ”ဆိုတဲ့ အထင်၊ ဒီအထင်တွေဟာ သက်သက် ထင်မြင်ချက်သာ ဖြစ်တယ်၊ တကယ်က “ငါ”ဆိုတာလည်း မရှိဘူး၊ စက္ခုပသာဒရုပ် သည် စက္ခုပသာဒရုပ်သာ ဖြစ်တယ်၊ “ငါ” မဟုတ်ဘူး၊ စက္ခုပသာဒရုပ်သည် အကြောင်းကြောင့် ဖြစ်နေတဲ့ အကျိုးမျှသာ ဖြစ်တယ်၊ “ငါ” မဟုတ်တာ, “ငါ့ဟာ” မဟုတ်တာတွေကို လူတွေက “ငါ” လုပ်ပြီး “ငါ့ဟာ” လုပ်နေကြတာ၊ အဲဒါကြောင့် သံသရာထဲမှာ မျက်စိလည်ပြီးတော့ ဒုက္ခပင်လယ်ဝေနေတာ၊ ငါ မဟုတ်တာကို ငါ လုပ်ပြီးတော့ ဆင်းရဲကြတယ်၊ ပင်ပန်းကြတယ်၊ ဖြစ်ရလေခြင်းလို့ သောကတွေ လာတယ်၊ ဟုတ်ရဲ့လား၊ ငါ့ဟာ မဟုတ်တာကို ငါ့ဟာလို့ ထင်ပြီးတော့ ငိုကြွေးနေကြ တယ်။
ဒါကို အရိယာသူတော်စင်တွေအနေနဲ့ ကြည့်မယ်ဆိုရင် လူတွေဟာ ရယ်စရာ အလွန်ကောင်းတယ်လို့ ပြောတာ၊ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုတာ ပုထုဇဉ် တွေဟာ အရူးတွေပဲ၊ ဘာလို့တုန်းဆို ငါ့ဟာမဟုတ်တာကို ငါ့ဟာလို့ထင်နေတယ်၊ ငါမဟုတ် တာကို ငါလို့ထင်နေတယ်၊
ထင်ရုံတင် မဟုတ်ဘူး၊ ဒါတွေအတွက် ငိုကြ တယ်၊ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတယ်၊ ဆဲကြတယ်၊ ဆိုကြတယ်၊ ရိုက်ကြတယ်၊ နှက်ကြတယ်၊ သတ်ကြ တယ်၊ ဖြတ်ကြတယ်၊ ဟော ဒါတွေနဲ့ ဖြစ်နေ တာပဲ၊ ငါ့မထိနဲ့, ငါ့ဟာ လာမထိနဲ့နဲ့ ပြောနေတယ်၊ ဘယ်မှာတုန်း “ငါ”၊ ဘယ်မှာတုန်း “ငါ့ဟာ”၊ တကယ် တရား သဘောနဲ့ကြည့်ရင် မရှိဘူး၊ သူ့ အကြောင်းနဲ့သူ ဆက်သွယ် ပြီး ဖြစ်နေတာ။ ဒီ သဘောတရားတွေကို သိဖို့ရာအတွက် မြတ်စွာဘုရားက ဟောတာပါ။
ပဋ္ဌာန်း၂၄-ပစ္စည်းဆိုတာလည်း ဝိပဿနာကမ္မဋ္ဌာန်းရှုလို့ရတဲ့ တရားတွေ ပဲ၊ နေ့စဉ်ဘဝမှာ အခုလို အကြောင်းအကျိုး ဆက်နွယ်ပြီး ဖြစ်နေတာပါလားလို့ ဆိုတာကိုသဘောကျပြီး ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော်ကြီးကို အင်မတန်မှ အံ့သြ လေးစား လေးစား ကြည်ညိုမယ်၊ ဘုန်းကြီးတို့တတွေဟာ နီးလျက်နဲ့ မမြင်နိုင်ကြဘူး၊ ဝေးလို့ မမြင်တာ ထား, နီးလျက်နဲ့ကို မမြင်နိုင်တာ၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတာတွေ ဖြစ်နေ မှန်းကို မသိတာ၊ မျက်စိလည် လမ်းမှားနေတာကိုး။
မြတ်စွာဘုရားက မျက်စိလည် လမ်းမမှားရအောင် အခုလို အဘိဓမ္မာ ဒေသနာ တော်ကြီးနဲ့ ရှင်းလင်းဖော်ပြတာ ဖြစ်တယ်။ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ပုရေဇာတပစ္စည်း မနက်ဖြန် ဆက်ဟောမယ်၊ အဲဒီ ပုရေဇာတပစ္စည်းရဲ့ သဘော သဘာဝတွေကို သိရှိနားလည်ပြီး ဓမ္မအမြင်နဲ့ ကြည့်နိုင်မယ်ဆိုရင် တွယ်တာမှုဆိုတဲ့ သမုဒယတဏှာကို ဖယ်ရှားနိုင်ကြပြီး သောက ပရိဒေဝ ဆိုတဲ့ ရင်အတွင်းက ပူလောင်တဲ့ အဆိုးတရားတွေကိုလည်း ဖယ်ရှားနိုင်ကြမှာဖြစ်ပြီး ထာဝရငြိမ်းချမ်းတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက် ပြုနိုင်ကြမှာ ဖြစ်တယ်၊
မှန်ကန်တဲ့ အတွေးတွေကိုတွေးပြီး သောက ပရိဒေဝ ဆိုတဲ့ စိုးရိမ်ခြင်း ပူပန်ခြင်း လို့ဆိုတဲ့ ရင်တွင်းရဲ့ပူဆာမှု ပူလောင်မှုတွေက ကင်းဝေးပြီးတော့ ထာဝရ ငြိမ်းချမ်းတဲ့အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၇)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၁-ရက်၊ (၂၂-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
ပုရေဇာတပစ္စယော (အဆက်)
ဗုဒ္ဓမြတ်စွာက အင်မတန်မှထင်ရှားတဲ့ လူတိုင်းလူတိုင်းမှာပါရှိနေတဲ့ မျက်စိ အကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် လို့ဆိုတဲ့ ပသာဒရုပ် ငါးပါး ဝတ္ထုရုပ်များကို ပုရေဇာတပစ္စည်းလို့ ဟောတယ်။
ထိုဝတ္ထုတွေကို အခြေပြုပြီး မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်ဆိုတာတွေ ဖြစ်ရတာ၊ ထို ရုပ်နဲ့ နာမ် သဘာဝတရားနှစ်ခု မှာ ရုပ်တရားက နာမ်တရားကို ပုရေဇာတသတ္တိနဲ့ အထောက်အကူပြုထားတယ်ဆိုတဲ့ သဘော တရားကို ထင်ရှားသိအောင် ဟောကြားထားတာ ဖြစ်တယ်။
ထို့အတူပဲ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ မျက်စိက မြင်ရတဲ့အဆင်း၊ နားက ကြားရတဲ့အသံ၊ နှာခေါင်းက နမ်းရှူရတဲ့အနံ့၊ လျှာက လျက်သိရတဲ့အရသာ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အထိအတွေ့ ဆိုတဲ့ ဒီအာရုံတွေဟာလည်း လူတွေရဲ့ နေ့စဉ်ဘဝမှာ ပသာဒရုပ်ငါးခုနဲ့ ပေါင်းစပ်ပြီး ဖြစ်ပေါ် နေကြတာဖြစ်လို့ လူတိုင်း လူတိုင်း သတိထားမိမယ်ဆိုလို့ရှိရင် အလွယ်တကူနဲ့ တွေ့ရှိနိုင်ကြတယ်၊ အဲဒီ အာရုံတွေကလည်းပဲ ပုရေဇာတသတ္တိနဲ့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်ဆိုတဲ့ နာမ်တရားတွေကို အထောက်အကူ ပြုနေတယ်လို့ ဟောထားတယ်။
မနောဓာတ်နှင့် အာရုံ
နောက်ထပ်ဟောစရာ ဘာကျန်သေးတုန်းဆိုတော့ အခုပြောခဲ့တဲ့ မြင်သိ စိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်ဆိုတာတွေတင် မကဘူး တခြားစိတ် တွေကိုလည်း အထောက်အကူ ပြုနေသေးတယ်ဆိုတာကို မြတ်စွာဘုရား က ဆက်ပြီးတော့ ဟောတယ်၊ Mental process လို့ခေါ်တဲ့ စိတ္တဝီထိ စိတ်ဖြစ်စဉ်မှာ မြင်သိစိတ်စသည် ဖြစ်ပြီးတဲ့နောက်မှာ သမ္ပဋိစ္ဆန လက်ခံတဲ့စိတ်ဆိုတာ ပေါ်လာတယ်၊ အာရုံကို လက်ခံတဲ့စိတ်ပေါ့ ထို့အတူပဲ မြင်သိစိတ်ရဲ့ရှေ့မှာ အာရုံနဲ့ပတ်သက် ပြီး နှလုံးသွင်းဆင်ခြင်ပေးတဲ့ (သို့မဟုတ်) အာရုံဘက်ကိုဦးလှည့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်၊ အဲဒီစိတ်တွေကိုရော ဟောဒီအာရုံ တွေကနေပြီး အထောက်အကူပြုနေတယ် ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတယ် ဆိုတာကို မြတ်စွာဘုရားက ထင်ရှားအောင် ဆက်ပြီးတော့ဟော။
ဒီ ပဉ္စဒွါရာဝဇ္ဇန်းဆိုတဲ့ အာဝဇ္ဇန်းစိတ်ဟာ အာရုံက ဝတ္ထုရုပ်တွေကို လာပြီး မထင်ဟပ်ဘူးဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဟောဒီ အာရုံငါးပါးထဲက တစ်ခုခုက အကြည်ရုပ်တွေပေါ်မှာလာပြီး ထင်ဟပ်ပြီဆိုရင် အဲဒီ ထင်ဟပ်လာတဲ့အာရုံကို သတိပြုမိတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ပေါ်ရတယ်၊ အဲဒီ အာရုံက ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကို ကြိုတင်ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုတာ။ အာရုံတွေက ပုရေဇာတပစ္စည်း, ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ပုရေဇာတပစ္စယုပ္ပန်။
အကြောင်းနဲ့အကျိုး ဆင်ခြင်ကြည့်၊ ဘာဖြစ်လို့ ပစ္စည်းပစ္စယုပ္ပန်ဖြစ်တာလဲ၊ မနေ့က ပြောသလို သူရှိလို့ သူရှိရတယ်၊ သူဖြစ်လို့ သူဖြစ်ရတယ်၊ ဒါဖြစ်လို့ ဟိုဟာ ဖြစ်ရတယ်၊ ဆိုလိုတာက အာရုံတွေရှိလို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ရတယ်၊ အာရုံတွေ မရှိဘူးဆိုရင် မဖြစ်ဘူး၊ ဒီသဘောပဲ၊ ဒါဟာ အကြောင်းတစ်ခုပဲပေါ့၊ ဒါရှိလို့ ဒါ ရှိနေရတယ်၊ ဒါ ဖြစ်လို့ ဟိုဟာ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအကျိုး ဆက်သွယ်နေမှု၊ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်။
ပုရေဇာတပစ္စည်းဆိုတာကလည်း ရှိခိုက် ကျေးဇူးပြုတာမို့ အတ္ထိ၊ (မရှိတော့ ရင်တော့ ကျေးဇူးမပြုတော့ဘူး၊ ဒါကြောင့်မို့လို့ အတ္ထိပစ္စည်းအမျိုးအစားထဲမှာ သူက ပါတယ်) ရုပ်နဲ့ နာမ် ဖြစ်သည့်အတွက်ကြောင့် ပေါင်းစပ်လို့ မရတဲ့ သဘာဝနှစ်ခု၊ ပေါင်းစပ်လို့ မရဘူးဆိုတာ ဆီနဲ့ရေ ပေါင်းစပ်လို့ရလား၊ အတူနေသော်လည်း ဆီက ဆီ ရေက ရေပဲ၊ နွားနို့နဲ့ရေက ရောလို့ရတယ်၊ ဆီနဲ့ ရေက ရောလို့မရဘူး၊ သဘာဝချင်း မတူဘူး၊ ထို့အတူပဲ ရုပ်နဲ့နာမ် နှစ်ရပ် အတူတကွ တည်ရှိသော်လည်း သဘာဝချင်း ခြားနားသည့်အတွက်ကြောင့် ရောလို့တော့မရဘူး၊ ဒါကိုပြောတာ၊ အဲဒါကို ဝိပ္ပယုတ္တပစ္စယော လို့ခေါ်တယ်။
ဝိပ္ပယုတ္တဆိုတာ ဆီနဲ့ ရေလို ပေါင်းလို့မရတဲ့ အရာတစ်ခု၊ သို့သော် အတူတော့ ရှိနေတယ်၊ သဘာဝချင်း မတူဘူး၊ ရောလို့မရဘူး ဆိုတဲ့အဓိပ္ပါယ်နဲ့ ပြောတာ၊ အဲဒါကို မြတ်စွာဘုရားက ဟောထားတယ်။
ဘုန်းကြီးတို့ ဒီစိတ်နှစ်ခု ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ မြင်သိစိတ်တို့ရဲ့နောက်မှာ ဖြစ်တဲ့ သမ္ပဋိစ္ဆန လို့ခေါ်တဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ အာရုံကို လက်ခံတဲ့စိတ်ဖြစ်တယ်။ အာရုံကို လမ်းဖွင့်ပေးတဲ့စိတ်နဲ့ အာရုံကို လက်ခံတဲ့စိတ် ဒီစိတ်နှစ်ခုကြားမှာ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ် ဆိုတာတွေ ဖြစ်တယ်၊ အဲဒီစိတ်နှစ်ခု အကြောင်းကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်၊
“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေနပစ္စယော”။
ရူပါယတနဆိုတဲ့ အဆင်းအာရုံပဲဖြစ်ဖြစ်၊ သဒ္ဒါယတနဆိုတဲ့ အသံပဲဖြစ်ဖြစ်၊ ဂန္ဓာယတနဆိုတဲ့ အနံ့ပဲဖြစ်ဖြစ်၊ ရသာယတနဆိုတဲ့ အရသာပဲဖြစ်ဖြစ်၊ ဖောဋ္ဌဗ္ဗာ- ယတနလို့ခေါ်တဲ့ ပထဝီ ဝါယော တေဇောဆိုတဲ့ အထိအတွေ့ အာရုံပဲဖြစ်ဖြစ်၊ အဲဒီအာရုံ တစ်ခုခုသည် မနောဓာတ်လို့ခေါ်တဲ့စိတ်၊ ထိုစိတ်မှာယှဉ်တဲ့ စေတသိက် တွေကို ကြိုတင်ဖြစ်ပြီးတော့ ရှိနေတဲ့အကြောင်းတရားအနေနဲ့ ကျေးဇူးပြုပါတယ်၊ အတူတူ မွေးဖွားလာတာ မဟုတ်ဘူး၊ အကြောင်းတရားက အကျိုးတရား မပေါ်ခင် ကြိုတင်ဖြစ်နှင့်နေတာ၊ ပုရေဇာတ born earlier.
ဒီနေရာမှာ မြတ်စွာဘုရားက ဒီစိတ်နှစ်ခုကို နာမည်ဘယ်လိုပေးလိုက်တုန်း ဆိုတော့ မနောဓာတု ဆိုတဲ့ နာမည်ပေးထားတယ်၊ မနောဓာတုဆိုတာ စိတ်ရဲ့ သဘာဝ တရား၊ စိတ်သဘောတရား၊ “မနောဓာတု၊ မနောဝိညာဏဓာတု” စိတ်တွေကို နာမည်ခွဲခြားပြီး ပေးတဲ့အခါ ဒါကို သတိထားပါ၊ မြင်သိစိတ်ကို စက္ခုဝိညာဏဓာတု၊ ဒီလိုဟောတယ်။
ဓာတု ဆိုတာ သတ္တဝါလည်း မဟုတ်ဘူး၊ ဇီဝလည်း မဟုတ်ဘူး၊ အတ္တလည်း မဟုတ်ဘူး၊ မြန်မာတွေထင်နေတဲ့ လိပ်ပြာလည်း မဟုတ်ဘူး၊ ဒီလိုပြောတယ်၊ ဘဝတစ်ခုကတစ်ခု ကူးသွားတယ်ဆိုတဲ့ လိပ်ပြာလည်း မဟုတ်ဘူး၊ သဘာဝ တရားသက်သက်မျှသာ ဖြစ်တယ်ဆိုတာကို ဓာတု ဆိုတဲ့စကားလုံးနဲ့ ရှင်းပြတယ်။
အဲဒီတော့ ဒီဓာတုဆိုတဲ့ စကားလုံးက ဘာကို ငြင်းပယ်တာတုန်းဆိုတော့ ပုဂ္ဂလကို ငြင်းပယ်တာ၊ အိန္ဒိယ Philosophy မှာသုံးတဲ့ ပုဂ္ဂလဆိုတဲ့ အယူဝါဒတစ်ခု ကို ငြင်းပယ်တာ၊ အတ္တလို့ဆိုတာကို ငြင်းပယ်တယ်၊ ဇီဝဆိုတာကို ငြင်းပယ်တယ်၊ အဲဒီတော့ ပုဂ္ဂလတို့ အတ္တတို့ ဇီဝတို့ ဆိုတာမျိုး မဟုတ်ဘူးတဲ့၊ သူ့ဟာသူ သူ့သဘော သူဆောင်နေတာ၊ ဓာတ်သဘောသက်သက်မျှ ဖြစ်တယ်၊ သူ့ကို element လို့ ဒီလိုပြန်လေ့ရှိတယ်၊ သူ့ သဘာဝသက်သက် phenomenon ပေါ့။
မြင်သိစိတ်ကို စက္ခုဝိညာဏဓာတု၊
ကြားသိစိတ် သောတဝိညာဏဓာတု၊
နံသိစိတ် ကျတော့ ဃာနဝိညာဏဓာတု၊
လျက်သိစိတ် ဇိဝှာဝိညာဏဓာတု၊
ထိသိစိတ် ကာယဝိညာဏဓာတု၊
ရှေ့က ဘာလေးတွေပါတုန်းဆို စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဆိုတဲ့ ဖြစ်ရာ ဌာန အခြေခံဝတ္ထုရုပ်ကလေးတွေ ထည့်ပြောထားတယ်၊ နောက်က ဘာပြောတုန်း ဆိုတော့ ဝိညာဏ ဆိုတဲ့စကားလုံးလေးကို သုံးထားတယ်၊ ဝိညာဏ – အာရုံကို aware လုပ်တယ်၊ သိတတ်တယ်၊ အာရုံကို သတိပြုမိတဲ့စိတ်၊ ဝိညာဏဆိုတဲ့ စကားလုံးနဲ့ သုံးခဲ့တာ၊ ဒီစိတ်တွေကို ဝိညာဏဆိုတဲ့ စကားလုံး သုံးပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိန်းစိတ်ကို မနောဓာတု ဆိုတဲ့ စကားလုံးကို သုံးတယ်၊ ဒါ အဘိဓမ္မာဆိုင်ရာ term တစ်ခု။
မနောဓာတုလို့ဆိုလိုက်ရင် နားလည်ရမှာက ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ကံတရားလည်း မဟုတ်ဘူး၊ ကံရဲ့အကျိုးလည်း မဟုတ်ဘူး၊ “ကြိယာ” လို့ ခေါ် တယ်၊ ကြိယာကို ဓမ္မသင်္ဂဏီပါဠိတော်မှာ ကြိယာ နေဝ ကုသလာ နာ ကုသလာ န စ ကမ္မဝိပါကာ၊ အဲဒါနဲ့ ရှင်းပြီးတော့ ကြိယာဆိုတာ-
နေဝ ကုသလာ - ကုသိုလ်လည်း မဟုတ်ဘူး၊
နာ ကုသလာ - အကုသိုလ် လည်း မဟုတ်ဘူး၊
န စ ကမ္မဝိပါကာ - ကံရဲ့အကျိုးလည်း မဟုတ်ဘူး
လို့ ဒီလို ဟောထားတယ်၊ အဲဒီတော့ ကံကြောင့်ဖြစ်တဲ့အကျိုး မဟုတ်ဘူးလို့ ဟောထားတယ်။
ကြိယာဆိုတာ ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး၊ ကံကြောင့်ဖြစ်တဲ့အရာလည်း မဟုတ်ဘူး၊ ကံအရာမမြောက်ဘူးဆိုရင် ကံရဲ့အကျိုး လားဆိုတော့ ကံရဲ့အကျိုးလည်း မဟုတ်ဘူး၊ ပစ္စုပ္ပန်မှာ အကြောင်းတရားတွေရဲ့ အကျိုးဆက်အနေနဲ့ သူပေါ်လာတယ်၊ ဒါကို ပြောတာ၊ အဲဒါတွေကို မနောဓာတု ဆိုတဲ့ မနောဆိုတဲ့စကားလုံးကို အသုံးပြုပြီးတော့ မြတ်စွာဘုရားက ဟောထားတယ်။
ရူပါရုံပဲဖြစ်ဖြစ် သဒ္ဒါရုံပဲဖြစ်ဖြစ် ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံပဲဖြစ်ဖြစ် အဲဒီ အာရုံငါးပါးက ဝတ္ထုရုပ်ငါးမျိုး စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဆိုတဲ့ အကြည် ရုပ်ငါးမျိုးမှာ လာပြီး ထင်ဟပ်ပြီဆိုရင် ဒီမနောဓာတုဆိုတဲ့စိတ်တွေ ပေါ်လာတယ်တဲ့၊ အဲဒီ အာရုံငါးပါးသည် မနောဓာတုဆိုတဲ့စိတ်ကို ကြိုတင်ဖြစ်နှင့်တဲ့ အကြောင်းတရား ဖြစ်လို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။
ကြိုတင်ဖြစ်တယ်ဆိုတာ ဘယ်တုန်းက ဖြစ်တာတုန်း၊ အတီတဘဝင်နဲ့ ဥပါဒ် ပြိုင်ပြီးတော့ ဖြစ်တယ်တဲ့၊ အတီတဘဝင်ဖြစ်တဲ့အချိန်မှာ ဖြစ်တာ၊ အတီတဘဝင် ပြီးတော့ ဘာလာတုန်း၊ ဘဝင်္ဂစလနတဲ့ လှုပ်ရှားတဲ့ဘဝင်၊ လှုပ်ရှားတဲ့ဘဝင်ပြီးရင် ဘာဝင်လာတာတုန်း၊ ဘဝင်္ဂုပစ္ဆေဒ ပြတ်စဲသွားတဲ့ဘဝင် လာတယ်၊ ဘဝင်စိတ် သုံးကြိမ်ဖြစ်လာတယ်၊ အဲဒီ ဘဝင်စိတ် သုံးကြိမ်နောက်မှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က လာတာ၊
ခုနကပြောတဲ့ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ဒီအာရုံဟာ စိတ္တက္ခဏသုံးကြိမ်စောပြီး ပေါ်လာတာဖြစ်သောကြောင့် ပုရေဇာတ၊ ကြိုတင်ပြီး တော့ ဖြစ်နေတာ၊ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်၊ သူ့ ရဲ့သက်တမ်းက စိတ္တက္ခဏ ၁၇-ချက်ထိအောင် သွားမှာဆိုတော့ ဖြစ်လာပြီးနောက် တည်နေတုန်းပဲ ရှိသေးတယ်၊ ပြတ်စဲပြီးတော့ မသွားသေးဘူးတဲ့၊ ဒါကြောင့်မို့ ရှိနေတုန်း ကျေးဇူးပြုတာ။ အဲဒါကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက -
“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”၊
အဲဒီ စိတ်နှစ်ခုကို ပေါင်းဟောလိုက်တာ ကြည့်၊ ဒါ ဘာနားလည်ရမလဲဆိုရင် သင်္ခါရ ဆိုတာ အကြောင်းတရားတွေက ဖန်တီးထားတာလို့ ပြောတာ၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတာတွေ အကုန်လုံး သင်္ခါရတွေချည်းပဲ၊ သံဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီး ခါရ (ကရ) လုပ်ထားတာကို ပြောတာ၊ ထာဝရဘုရားက ဖန်တီးထားတာ မဟုတ်ဘူး၊ ဘယ်သူက လုပ်ထားတာတုန်း၊ အကြောင်းတရားတွေက စုပေါင်းပြီး တော့ ပြုလုပ်ထားတာ၊ တစ်ခုတည်း မဟုတ်ဘူး၊
ကြည့်လေ - မီးခြစ်ကနေပြီး မီးတောက်ကလေး ဖြစ်လာတယ်၊ အဲဒီမီးတောက် လေးကို ဘယ်သူတွေက စုပေါင်း ပြီး လုပ်ထားတာတုန်း၊ အဲဒီထဲမှာ Gas ပါရတယ်၊ ဘီးလုံးကလေးနဲ့ အောက်က သံတုံးလေးပါရမယ်၊ ဖိပြီးခြစ်တဲ့ အားစိုက်တာလေး ပါရမယ်၊ ဒီသုံးခုပေါင်းလိုက်တဲ့ အခါကျတော့ မီးကလေးတောက်လာတာ မဟုတ်လား၊
အဲဒီ မီးကလေးဟာ ဒီ အကြောင်းသုံးခုက မွေးဖွားခဲ့တာ၊ ဒါကို သင်္ခါရ လို့ပြောတာ၊ မွေးဖွားပြီးတဲ့အခါ မှာလည်း သူ့ရဲ့ပတ်ဝန်းကျင်က လေတို့ဘာတို့ ရှိရတယ်၊ လေ မရှိရင် ငြိမ်းသွားမှာပဲ၊ သင်္ခါရတရားတွေဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီး ဖန်တီးထားတာတွေ၊ ဒါကို သင်္ခါရလို့ ခေါ်တာ။
အခုလည်း ကြည့် - ပဉ္စဒွါရာဝဇ္ဇန်းစိတ်တို့ သမ္ပဋိစ္ဆိန်းစိတ်တို့ ဆိုတာ သူ့ဟာသူ ပေါ်လာကြတာ မဟုတ်ဘူး၊ ဟောဒီအာရုံငါးပါးထဲက တစ်ခုခုက ဝတ္ထုရုပ် (သို့မဟုတ်) အကြည်ရုပ်တွေပေါ်မှာ လာပြီးတော့ ထင်ဟပ်လိုက်တာနဲ့ သူတို့ ပေါ်လာကြတယ်၊
ဒါဖြင့် ထူးခြားတာက ဘာတုန်းဆိုလို့ရှိရင် ပေါ်လာတဲ့ နေရာကျတော့ -
မြင်သိစိတ် ပေါ်လာတာက ဘယ်နေရာက ပေါ်တုန်း၊ မျက်စိအကြည်ရုပ်က ပေါ်တာ၊
ကြားသိစိတ်က ဘယ်ကပေါ်တုန်း၊ နားအကြည်ရုပ်က ပေါ်တာ၊
နံသိစိတ်က ဘယ်က ပေါ်တုန်း၊ နှာအကြည်ရုပ်က ပေါ်တာ၊
လျက်သိစိတ်က လျှာအကြည်ရုပ်က ပေါ်တာ၊
ထိသိစိတ်ကရော၊ ကိုယ်အကြည်ရုပ်က ပေါ်တာ။
အခုပြောခဲ့တဲ့ မနောဓာတ်လို့ခေါ်တဲ့ ပဉ္စဒွါရာဝဇ္ဇန်း အာရုံငါးပါးကို ဆင်ခြင်တဲ့စိတ်၊ သမ္ပဋိစ္ဆနလို့ ခေါ်တဲ့ အာရုံကိုလက်ခံတဲ့စိတ်၊ အဲဒီစိတ်နှစ်ခုကတော့ မျက်လုံးက ပေါ်တာလည်း မဟုတ်ဘူး၊ နားက ပေါ်တာလည်း မဟုတ်ဘူး၊ နှာခေါင်းက ပေါ်တာ လည်း မဟုတ်ဘူး၊ လျှာက ပေါ်တာလည်း မဟုတ်ဘူး၊ ခန္ဓာကိုယ်က ပေါ်တာလည်း မဟုတ်ဘူး၊ သူပေါ်တဲ့နေရာ သပ်သပ်ရှိတယ်၊
အဲဒီပေါ်တဲ့နေရာကို မြတ်စွာဘုရားက “ဘာ” လို့ တိုက်ရိုက် ထုတ်ဖေါ်ပြီးတော့ မဟောကြားထားဘူး၊ နောက်ပိုင်း အဘိဓမ္မာကျမ်းတွေကျတော့ အဲဒီပေါ်တဲ့နေရာကို “ဟဒယဝတ္ထု” လို့ ဟောလာတယ်၊ အဘိဓမ္မာသမိုင်း နောက်ပိုင်းမှာ ဟဒယဝတ္ထု ဆိုတာလေး ထည့်လာတယ်။
ကြည့် - မြတ်စွာဘုရားက အခုပြောခဲ့တဲ့ မနောဓာတ်တို့ မနောဝိညာဏ ဓာတ်တို့ ကျန်တဲ့စိတ်တွေ အများကြီးပေါ့၊ အခု သီးသန့်ထုတ်ပြီး ပြောနေတာ၊ ပုရေဇာတ ပစ္စည်းမှာ သတိထားလိုက်က စက္ခုဝိညာဏ်စိတ် သောတဝိညာဏ်စိတ် ဃာနဝိညာဏ် စိတ် ဇိဝှါဝိညာဏ်စိတ် ကာယဝိညာဏ်စိတ်လို့ဆိုတဲ့ ဒွေပဉ္စဝိညာဏ် ၁ဝ (သင်္ဂြိုဟ် သရုပ်ခွဲတဲ့အခါမှာ ပြောတယ်နော်) ဝိညာဏ်စိတ် ၁၀-ခု၊ မနော ဓာတ်လို့ခေါ်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု၊ သမ္ပဋိစ္ဆိန်းစိတ်က နှစ်ခု - ပေါင်းလိုက်တော့ ၃-ခု၊ ကျန်တဲ့စိတ်တွေကို မနောဝိညာဏဓာတုလို့ ခေါ်တယ်၊ မနောနဲ့ ဝိညာဏ နှစ်ခုပေါင်းစပ်ထားတော့ စွမ်းအား ပိုကြီးတယ်လို့ ပြောနိုင် တယ်ပေါ့။
စက္ခုဝိညာဏ စသည်တုန်းက ဝိညာဏတစ်ခုတည်း သုံးခဲ့တယ်၊ စက္ခုဝိညာဏ သောတဝိညာဏ ဃာနဝိညာဏ ဇိဝှါဝိညာဏ ကာယဝိညာဏ ဆိုတဲ့ ဝိညာဏ တစ်လုံးတည်းနဲ့ သုံးတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိန်းကျတော့ မနော ဆိုတဲ့ စကားလုံးတစ်ခုတည်းကို သုံးတယ်၊ ကျန်တဲ့စိတ်တွေကျတော့ စွမ်းအားထက် လို့ မနောဝိညာဏဆိုပြီးတော့ မနောရော ဝိညာဏရော နှစ်ခုစလုံး ထည့်သုံးထား တယ်၊ ပေါင်းလိုက်တဲ့အခါကျတော့ စက္ခု သောတ ဃာန ဇိဝှာ ကာယဝိညာဏက ၅-ခု၊ မနောဓာတ်က ၁-ခု၊ မနောဝိညာဏဓာတ်က ၁-ခု၊ ထည့်ပေါင်းလိုက်တော့ ၇-ခု၊ အဲဒါ စိတ်နဲ့ဆိုင်တဲ့ ဝိညာဏဓာတ် ၇-ခုလို့ ခေါ်တယ်၊ ဓာတ် ၁၈-ပါးမှာ အဲဒီအတိုင်း ဟောတယ်။
မနောဓာတ်နှင့် မှီရာဝတ္ထု
ကောင်းပြီ - မနောဓာတ်ဆိုတဲ့ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိန်းစိတ်တို့ဟာ မျက်စိ နား နှာ လျှာ ကိုယ် အကြည်ရုပ်တွေကပေါ် တာ မဟုတ်ဘူး၊ ဘယ်က ပေါ်တုန်း၊ ဟဒယ ဝတ္ထုရုပ်က ပေါ်တယ်တဲ့၊
အဲဒီဟဒယဝတ္ထုရုပ်ကို မြတ်စွာဘုရားက ဒီနေရာမှာ ဟဒယဝတ္ထု ဆိုတဲ့ စကားလုံးကို မသုံးဘဲနဲ့ ဘယ်လိုဟောတုန်းဆို-
“ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ”။
ယံ ရူပံ - အကြင် မှီရာဖြစ်တဲ့ရုပ်ကလေးကို၊
နိဿာယ - အမှီပြုပြီးမှ၊
မနောဓာတု စ - မနောဓာတ်လို့ ခေါ်ရတဲ့ စိတ်သည်လည်းကောင်း၊
မနော- ဝိညာဏဓာတု စ - မနောဝိညာဏဓာတ်လို့ ခေါ်ရတဲ့ စိတ်သည် လည်းကောင်း၊
ဝတ္တန္တိ – ဖြစ်ပေါ်၍ လာကြလေကုန်၏ တဲ့။
စက္ခုဝိညာဏ်စိတ် မြင်သိစိတ်တုန်းက ဘယ်သူ့ကိုမှီပြီး ဖြစ်တာတုန်း၊ မျက်လုံး အကြည်ကို မှီဖြစ်တယ်၊ ဒါကြောင့်မို့ စက္ခု မျက်လုံးဆိုတဲ့စကားလုံးလေးကို ရှေ့က ထည့်ပြီး ပြောထားတာနော်၊
သောတဝိညာဏ်စိတ်က နားကို မှီဖြစ်တယ်၊
ဃာနဝိညာဏ်စိတ်က နှာခေါင်းကို မှီဖြစ်တယ်၊
ဇိဝှါဝိညာဏ်စိတ်က လျှာကို မှီဖြစ်တယ်၊
ကာယဝိညာဏ်စိတ်က ခန္ဓာကိုယ်ကို မှီဖြစ်တယ်။
မနောဓာတ်တို့ မနောဝိညာဏဓာတ်တို့ကျတော့ သူတို့မှီပြီးဖြစ်တဲ့ ရုပ်ကလေး ရှိတယ်တဲ့၊ အဲဒီရုပ်ကို မြတ်စွာဘုရားက ဘာရုပ်လို့ နာမည်မပေးဘူး၊ ယံ ရူပံ - အကြင်ရုပ်လို့ ဒီလိုပဲ ပြောတယ်၊ အဲဒီတော့ အကြင်ရုပ်လို့ ပြောလိုက် ကတည်းက စက္ခု၊ သောတ ဃာန ဇိဝှါ ကာယဆိုတဲ့ ပသာဒရုပ် ၅-ခုတော့ မဟုတ်ဘူး၊ တခြား ရုပ်ဆိုတာ မသိသာဘူးလား၊ သိသာတယ်နော်။
ယံ ရူပံ - အကြင်မှီရာဖြစ်တဲ့ ရုပ်ကလေးကို၊
နိဿာယ = အမှီပြု၍၊
မနောဓာတု စ – မနောဓာတ်လို့ခေါ် ရတဲ့ စိတ်သည်လည်းကောင်း၊
မနောဝိညာဏဓာတု စ - မနောဝိညာဏဓာတ်လို့ ခေါ်ရတဲ့ စိတ်သည်လည်းကောင်း၊ ဝတ္တန္တိ - ဖြစ်ပေါ်၍ လာကြကုန်၏၊
တံ ရူပံ – ထိုမှီရာရုပ်သည်၊
မနောဓာတုယာ – မနောဓာတ် အားလည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ = ထိုမနောဓာတ်နှင့်ယှဉ်ဖြစ်တဲ့၊
ဓမ္မာနံ - စေတသိက်တရားတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန - ပုရေဇာတ ပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော – ကျေးဇူးပြုတတ်ပါပေ၏၊
ဆက်သွယ်မှု ကို ထင်ရှားအောင် မြတ်စွာဘုရားက ဟောပေးထားတယ်။
အဲဒီ ယံ ရူပံ လို့ ရည်ညွှန်းလိုက်တဲ့ရုပ်ကလေးကို နောက်ပိုင်း အဘိဓမ္မာမှာ “ဟဒယဝတ္ထု” လို့ သတ်မှတ်လိုက်တယ်၊ ဟဒယဝတ္ထုဆိုတာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ သိတယ်၊ ဟဒယဝတ္ထုဆိုတာ အဓိပ္ပါယ်နှစ်မျိုးရှိတယ်။
ဟဒယဝတ္ထုရဲ့ location ပေါ့၊ ဘယ်နေရာမှာရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး ဖွင့်ဆိုချက် တွေ အမျိုးမျိုးရှိတယ်၊ ဟဒယဆိုတဲ့စကားလုံးက နှလုံးကိုလည်း ဟောတယ်၊ စိတ်ကိုလည်း ဟောတယ်၊ နှလုံးဆိုတာ လူတွေရဲ့သန္တာန်မှာရှိတဲ့ နှလုံးသား heart organ ကို ပြောတာနော်၊ အင်္ဂလိပ်စကား heart ဆိုတာကလည်း တစ်ခါတစ်ရံ organ ဖြစ်တဲ့နှလုံးသားကို ရည်ညွှန်းတယ်၊ တစ်ခါတစ်ရံ စိတ်ကို ရည်ညွှန်းတယ်။
ပါဠိ “ဟဒယ” ဆိုတဲ့စကားလုံးကလည်း ထို့အတူပဲ၊ တစ်ခါတစ်ရံ နှလုံးသားကို ရည်ညွှန်းပြီး တစ်ခါတစ်ရံ စိတ်ကို ရည်ညွှန်းတယ်၊ ဟဒယဝတ္ထု ဆိုတာ နှလုံးသား လို့ခေါ်တဲ့ စိတ်ရဲ့ဖြစ်ရာ၊ ဝတ္ထုဆိုတာ ဖြစ်ရာတည်ရာ၊ အိမ်ဆောက်တဲ့ နေရာကို ဂေဟဝတ္ထု၊ ကျောင်းဆောက်တဲ့နေရာကို ဝိဟာရဝတ္ထု၊ ဝတ္ထု ဆိုတဲ့ စကားလုံးသည် တည်ရာမှီရာဆိုတဲ့အဓိပ္ပါယ်ကို ပြောတာ၊ ဟဒယဝတ္ထုဆိုတာ စိတ်ရဲ့ ဖြစ်ရာ၊
ဒါဖြင့် ဒီဟဒယဝတ္ထုဆိုတဲ့ ရုပ်ကလေးဟာ ဘယ်မှာရှိတာတုန်း ဆိုလို့ရှိရင် အဘိဓမ္မာအဋ္ဌကထာ ဋီကာကျမ်းတွေမှာဆိုရင် နှလုံးသားထဲ ဖြတ်သန်းစီးဆင်း နေတဲ့ သွေးရှိတယ်၊ သွေးဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့ပြီးနေတယ်ဆိုတာ နားလည် ကြတယ်။
သွေးတွေဟာ ခန္ဓာကိုယ်အနှံ့ လည်ပတ်သွားနေအောင် ဘယ်သူက ပံ့ပိုး လုပ်နေလဲ ဆို နှလုံးသားလို့ခေါ်တဲ့ heart organ က လုပ်နေတယ်၊ pump လိုပေါ့၊ နှလုံးက ညှစ်ပေးနေတာ၊ နှလုံးက ညှစ်အားတွေ ပိုများလာပြီဆိုလို့ရှိရင် သွေးတိုး ရောဂါလို့ ခေါ်တယ်၊ နှလုံးက ပုံမှန်လေးပဲ ညှစ်နေရမယ်၊ သာမန် ညှစ်ရုံလေးနဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိတဲ့ သွေးကြောတွေကနေပြီး တစ်ကိုယ်လုံး ပျံ့နှံ့ပြီး သွားတယ်၊
ပုံမှန်စီးဆင်းနေတယ်ဆိုရင် ဒါ ရောဂါမရှိဘူးလို့ပြောတာ။ သွေးလွှတ်တဲ့ အကြောလေးတွေ ကျဉ်းလာတဲ့အခါ (သို့မဟုတ်) မာတောင့် လာတဲ့အခါကျလို့ရှိရင် သွေးက သာမန်စီးဆင်းဖို့ မဖြစ်နိုင်တဲ့အခါကျရင် နှလုံးက ညှစ်အားတွေ ပိုများ လာတယ်၊ ဒါကြောင့်မို့ high bood pressure လို့ ခေါ်တယ်၊ pressure တွေ များလာတယ်၊ အဲဒါကို တိုင်းတာတာပဲ၊ သွေးတိုးရှိတယ် မရှိဘူး ဆိုတာ။
တချို့က သွေးတိုးတယ်ဆိုတာ သွေးအားတွေ တိုးလာတယ် အောက်မေ့နေတယ်၊ အဲဒီလိုမျိုး မဟုတ်ဘူး။ သွေးအားတွေ ကောင်းလာတာ သွေးတိုး မဟုတ်ဘူး၊ ခန္ဓာကိုယ်ထဲမှာ အစားအစာတွေက ဖြစ်ပေါ်လာတဲ့ သွေးတွေဟာ တစ်ကိုယ် လုံး လည်ပတ်နေတယ်၊ အဲဒီလို လည်ပတ်နေတဲ့အခါမှာ နှလုံးသားက ပုံမှန်လေး ညှစ်နေရုံနဲ့ သူ့ဖာသာ သွားလာနေလို့ရှိရင် ဒါ ရောဂါမရှိဘူး၊ ပိုပြီးတော့ ဖိပြီး လုပ်နေရပြီဆိုလို့ရှိရင် သူက ပင်ပန်းလာတယ်၊ ကြုံးရုန်းပြီးတော့ လုပ်လာရတယ်၊ အဲဒီလို ကြုံးရုန်းပြီးတော့ လုပ်လာရတာကို တိုင်းတာလို့ရှိရင် high blood pressure ဖြစ်လာတယ်ပေါ့။
ဟဒယဝတ္ထု၏ တည်ရှိရာ
စာပေကျန်းဂန်အရ ဟဒယဝတ္ထုရုပ်ဆိုတာ ဘယ်မှာရှိတုန်းဆိုတော့ ညှစ်အား ပြုနေတဲ့ pump နှလုံးသားထဲမှာ ရောက်ရှိနေတဲ့သွေး၊ အဲဒီသွေးပမာဏက ဒီလို။ လက်ဖဝါးကို ဆန့်လိုက်၊ ဆန့်ပြီး နည်းနည်းလေးတွန့်ပြီးတော့ ခုံးလိုက်၊ ခုံးလိုက်တဲ့ အခါမှာ အရည်လေးတွေ ထည့်ကြည့်လိုက်၊ အရည် ဘယ်လောက် ဆံ့သလဲ၊ အဲဒါကို တစ်လက်ဆွံ့ တစ်လက်ဖက် လို့ ခေါ်တယ်။ (ဒါ ရှေးစကား)
အဲဒီ လက်ကလေးကို တွန့်ခုံးထားတဲ့ လက်ဖဝါးလေးထဲမှာ ဆံ့နိုင် တည်နိုင်တဲ့ အရည်လေးတွေကို တစ်လက်ဆွံ့လို့ ခေါ်တယ်၊ အဲဒီနှလုံးသားထဲမှာ ရောက်နေ တဲ့သွေးတွေဟာ အဲဒီလောက်ပမာဏရှိတယ်၊ အဲဒီပမာဏရှိတဲ့သွေးထဲမှာ ပြန့်နှံ့ပြီး ဟဒယဝတ္ထုတည်နေတယ်လို့ ဒီလိုပြောတာ၊
အဲဒီတော့ သွေးကို ဟဒယဝတ္ထု ခေါ်တာ မဟုတ်ဘူး၊ နှလုံးသားကို ဟဒယဝတ္ထု ခေါ်တာလည်း မဟုတ်ဘူး၊ ဟဒယဝတ္ထု ဆိုတဲ့ ရုပ်ဟာ ကံကြောင့်ဖြစ်ပေါ်လာတာ ဖြစ်တယ်၊ အဲဒီသွေးထဲမှာ တည်ရှိနေတဲ့ ရုပ်သဘာဝ တစ်မျိုးပဲလို့ ဒီလို မှတ်ရမယ်၊ ဒါက အဓိပ္ပါယ်တစ်ခု။
---
ဒုတိယအဓိပ္ပါယ်- စိတ်၏ တည်ရာ
နောက်အဓိပ္ပါယ်တစ်ခုကျတော့ ဟဒယဆိုတာ “စိတ်”၊ နှလုံးသားကို မရည်ညွှန်းဘူး၊ ဟဒယဆိုတာ စိတ်၊ ဘယ်စိတ်တုန်းဆို မနောဓာတ်နဲ့ မနောဝိညာဏဓာတ်၊ ဒါတွေကို ရည်ညွှန်းတယ်၊ ဝတ္ထုဆိုတာ တည်ရာ၊ မနောဓာတ် မနောဝိညာဏဓာတ် ဆိုတဲ့ စိတ်တွေရဲ့တည်ရာကို ဟဒယဝတ္ထုရုပ်လို့ ခေါ်တယ်၊ ဒါက မြတ်စွာဘုရား ဟောတာနဲ့ ပိုပြီးတော့နီးစပ်တယ်လို့ ပြောရမယ်၊
မြတ်စွာဘုရားက “ယံ ရူပံ” “အကြင်ရုပ်” လို့ ဟောခဲ့တယ်၊ အေး ကောင်းပြီ၊ အဲဒီ ရုပ်ကလေးဟာ အခုခေတ် အဘိဓမ္မာမှာ ကျယ်ကျယ်ပြန့်ပြန့်နားလည်နေတယ်၊ ပြောရင် ဟဒယ ဝတ္ထုရုပ်ပေါ့၊ စိတ်ရဲ့မှီရာလို့ အဓိပ္ပါယ် ကောက်ချင်ကောက်၊ သို့မဟုတ် နှလုံးသား ထဲက သွေးထဲမှာ တည်နေတဲ့ရုပ်လို့ ပြောချင်ပြော။
အဲဒီ ဟဒယဝတ္ထုရုပ်ကိုမှီပြီးဖြစ်တဲ့ ဓာတ်တွေဟာ မနောဓာတ်နဲ့ မနောဝိညာဏဓာတ် တွေတဲ့၊ ခုနက -
စက္ခုဝိညာဏဓာတ်က စက္ခုဝတ္ထုကို မှီတယ်၊
သောတဝိညာဏဓာတ်က သောတဝတ္ထုကို၊
ဃာနဝိညာဏဓာတ်က ဃာနဝတ္ထုကို၊
ဇိဝှာဝိညာဏဓာတ်က ဇိဝှာဝတ္ထုကို၊
ကာယဝိညာဏဓာတ်က ကာယဝတ္ထုကို
သူ့ ဖာသာသူ မှီကြတယ်၊ ကျန်တဲ့စိတ်တွေကျတော့ ဟဒယဝတ္ထုကို မှီတယ်၊ ဒါကြောင့်မို့ ဝတ္ထုရုပ် ၆-ပါးလို့ ပြောတာ။
---
ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုပုံ
အဲဒီ ဝတ္ထုရုပ် ၆-ပါးဟာ မနောဓာတ် မနောဝိညာဏဓာတ်ကို ကျေးဇူးပြုတဲ့ အခါမှာ ဘယ်အခါပဲဖြစ်ဖြစ် ရှေးဦးစွာ ကြိုတင်ဖြစ်နှင့်ပြီး ရှိနေတုန်းမှာ ကျေးဇူးပြုလို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ တစ်ဖက်ကလည်း ပြန်ကြည့်မယ်ဆိုရင် အားလုံးသတိထားမိလိမ့်မယ်၊ (ဘုန်းကြီးတို့ လွန်ခဲ့တဲ့ငါးလက ဟောထားခဲ့ပြီးပြီ)
နိဿယပစ္စယောဆိုတာ မှီရာဖြစ်သည့်အတွက်ကြောင့် အခုပြောခဲ့တဲ့ ဝတ္ထုရုပ်တွေ ဟာ နိဿယပစ္စည်းပဲ၊ ကြိုတင်ပြီးတော့ဖြစ်လို့ ပုရေဇာတ၊ နာမည်အမျိုးမျိုး ပေးထား သူ့ ရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီး နာမည်ပေးတာလို့မှတ်ထား၊ ကောင်းပြီ - မနောဓာတ်ကို ကျေးဇူးပြုတယ်တဲ့၊ ပုရေဇာတသတ္တိနဲ့ ဟောဒီရုပ်ကလေးက ကျေးဇူးပြုတယ်။
ဒါမျိုး မနောဝိညာဏဓာတ်ကိုရော ဘယ်လိုကျေးဇူးပြုသလဲဆိုတာ မြတ်စွာ ဘုရားက ဆက်ဟောတယ်။
“တံ ရူပံ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိ ကာလေ ပုရေဇာတပစ္စယေန ပစ္စယော ကိဉ္စိကာလေန ပုရေဇာတပစ္စယေန န ပစ္စယော”။
ထူးထူးခြားခြား “ကိဉ္စိကာလေ” ဆိုတဲ့ စကားလုံး ထည့်ဟောထားတယ်၊ မနောဝိညာဏဓာတ်လို့ခေါ်တဲ့စိတ်တွေကို ဟောဒီမှီရာဖြစ်တဲ့ဝတ္ထုရုပ်က ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုတဲ့အခါမှာ အမြဲတမ်းကျေးဇူးမပြုပါဘူးတဲ့၊ တချို့ အခါမှာ ကျေးဇူး ပြုတယ်၊ တချို့အခါမှာ မပြုဘူး၊
ကိဉ္စိကာလေ - တချို့သောကာလမှာ၊
ပုရေဇာတ ပစ္စယေန = ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ် ပါပေ၏၊
ကိဉ္စိကာလေ - အချို့သော ကာလမှာကား၊
ပုရေဇာတပစ္စယေန ပုရေဇာတပစ္စယသတ္တိဖြင့်၊
န ပစ္စယော ဥပကာရကော = ကျေးဇူးမပြုတတ်ပါ၊
အခါခပ်သိမ်း ကျေးဇူးပြုတာ မဟုတ်ဘူး။
---
ပဋိသန္ဓေအခါနှင့် ပဝတ္တိအခါ
ဘုန်းကြီးတို့ ဒါ လွယ်လွယ်လေး စဉ်းစားကြည့်၊ စာထဲပြောတာကို အရင် မပြောသေးဘူး၊ လွယ်လွယ်လေးစဉ်းစားကြည့်၊ လူ့ရဲ့ ဘဝအစ ကြားဖူးကြလိမ့်မယ်၊ ပဋိသန္ဓေနေတဲ့အခါမှာ လူသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် ပဋိသန္ဓေနေပြီ ဆိုလို့ရှိရင် ကမ္မဇကလာပ် ၉-စည်းရှိတဲ့အထဲ ဘယ်အစည်းတွေပါတယ်လို့ ထင်လဲ၊
ကာယဒသကကလာပ်လို့ဆိုတဲ့ body နဲ့ ဆိုင်တာ တစ်စည်းပါတယ်၊ ဝတ္ထုဒသက- ကလာပ်လို့ဆိုတဲ့ ဟဒယဝတ္ထုဆိုတာ ပါတယ်၊ ဘာဝဒသကကလာပ်လို့ဆိုတဲ့ ကျားမ အခြေခံ ဣတ္ထိဘာဝ ပုမ္ဘာဝ အခြေခံဖြစ်တဲ့ရုပ်က တစ်စည်း၊ ကမ္မဇကလာပ် ၃- စည်း - ကာယဒသကကလာပ် ဝတ္ထုဒသကကလာပ် ဘာဝဒသကကလာပ်ဆိုတဲ့ ကလာပ် ၃-စည်း ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်တယ်။
အဲဒီဖြစ်နေတဲ့အချိန်မှာ ဟဒယဝတ္ထု ရှိတယ်နော်၊ ဟဒယဝတ္ထုနဲ့ ပဋိသန္ဓေ စိတ်က အတူတူဖြစ်တယ်၊ အဲဒီအချိန်မှာ ဟဒယဝတ္ထုသည် ပဋိသန္ဓေစိတ်ကို born earlier ဆိုတဲ့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုလို့ မရဘူး၊ ဘာဖြစ်လို့တုန်းဆို ပြိုင်တူ မွေးကြတာကိုး၊ Born earlier မဟုတ်ဘူး၊ Born together အဲဒီကျတော့ သဟဇာတ ဖြစ်သွားပြီ၊ ပုရေဇာတ မဖြစ်ဘူး၊
အဲဒီတော့ ဆိုလိုတာက “ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော” လို့ မြတ်စွာဘုရားဟောတာ၊ အဲဒီ ပဋိသန္ဓေအခါမှာတော့ ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုလို့ မရဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုရင် ဘဝက အခုမှ စတာ၊ ဘယ်လိုမှ ဟဒယဝတ္ထု က ကြိုပြီးတော့ ဖြစ်လို့မရဘူး၊ အဲဒီတော့ ကြိုဖြစ်နိုင်တဲ့အရာ မရှိဘူးတဲ့၊ အတူတူ ဖြစ်ကြတာ၊ အတူတူဖြစ်ပြီး ကျေးဇူးပြုလို့ သဟဇာတသတ္တိနဲ့ပဲ ကျေးဇူးပြုတယ်တဲ့၊ ပုရေဇာတသတ္တိနဲ့ ကျေးဇူးမပြုဘူး။
ဒါဖြင့် ဘယ်အချိန်မှာ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတုန်းဆိုရင် ပဝတ္တိအခါ မှာ ကျေးဇူးပြုတယ်။ လူ့ဘဝမှာ အခါနှစ်ခု ပိုင်းထားတယ်၊ ပဋိသန္ဓေအခါ နဲ့ ပဝတ္တိအခါ၊ ပဋိသန္ဓေအခါဆိုတာက ဘဝတစ်ခု စစခြင်းကို ပဋိသန္ဓေအခါလို့ ခေါ် တယ်၊ အင်မတန်မှတိုတောင်းတဲ့ အခိုက်အတန့်လေးပေါ့၊ ပဋိသန္ဓေစိတ်ပေါ်တဲ့ တိုတောင်း လှတဲ့ အခိုက်အတန့်လေး၊ စိတ္တုပ္ပါဒ် ၁-ခု ခဏငယ် ၃-ချက်ပဲ ရှိတယ်၊ ဖြစ် တည် ပျက် သုံးချက်ပဲရှိတယ်။
ဆိုပါစို့ - နားလည်အောင် မှတ်လွယ်အောင်ပြောရရင် သုံးစက္ကန့်ပဲရှိတယ်၊ (ဒါပေမယ့် သုံးစက္ကန့်ထက်တော့ တိုတယ်နော်) အဲဒီနောက်ပိုင်း သုံးစက္ကန့်ကနေပြီး လေးစက္ကန့်မြောက် ရောက်လာတာနဲ့တစ်ပြိုင်နက် ပဝတ္တိအခါ ဆက်လက်ဖြစ်နေတဲ့ အပိုင်းလို့ - ပဋိသန္ဓေပိုင်းနဲ့ ပဝတ္တိပိုင်း နှစ်ပိုင်းရှိတယ်၊ အဲဒီ ပဋိသန္ဓေပိုင်းကျတော့ born earlier ဆိုတာ မဖြစ်နိုင်ဘူး၊ Born together ပဲ ဖြစ်နိုင်တယ်တဲ့၊ ဒါကြောင့်မို့ အဲဒီအချိန်မှာ ပုရေဇာတသတ္တိနဲ့ ကျေးဇူးမပြုဘူးတဲ့။
ပဝတ္တိပိုင်းဆိုတာကျတော့ ပဋိသန္ဓေနောက်မှာ မသေမချင်းဘဲ၊ အသက် ၈ဝ နေရရင် နှစ်-၈ဝ၊ ၉ဝ-နေရရင် နှစ်-၉ဝ၊ အဲဒီကြားထဲမှာ ဖြစ်နေသမျှ ရှေးရှေး ကဖြစ်တဲ့ ဟဒယဝတ္ထုရုပ်သည် နောက်နောက်ပေါ်လာတဲ့ မနောဝိညာဏဓာတ် ဆိုတဲ့စိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ ဒါကြောင့်မို့ ပဋ္ဌာန်းအရကောက်မှာ ကျတော့
ကိဉ္စိကာလေ - အချို့သောပဝတ္တိကာလ၌၊
ပုရေဇာတ- ပစ္စယေန = ပုရေဇာတပစ္စည်းဖြင့်၊
ပစ္စယော-ကျေးဇူးပြုနေတယ်၊
ကိဉ္စိကာလေ - ပဋိသန္ဓေအခါ၌ … ဒီလိုဆိုတယ်နော်၊
ပုရေဇာတပစ္စယေန - ပုရေဇာတပစ္စယသတ္တိဖြင့်၊
န ပစ္စယော - ကျေးဇူးမပြုဘူးတဲ့။
---
ဝိပဿနာရှုခြင်းဖြင့် ကျေးဇူးပြုပုံ
ပစ္စယနိဒ္ဒေသမှာ ပုရေဇာတနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဒီလို ဟောထား တယ်၊ တရားကုန်သလားဆိုတော့ မကုန်ဘူး၊ သိသာရုံ မြတ်စွာဘုရားက ဟောတာ၊ ကျန်တာတွေ ကျန်နေသေးတယ်၊ အဲဒါကို ပဉှာဝါရ ပါဠိတော်မှာ ကြည့်၊ တခြား နည်းနဲ့လည်း ပုရေဇာတပစ္စည်း ဖြစ်နိုင်ပုံကို မြတ်စွာဘုရားက ဟောသေးတယ်။
အခုပြောတာက ဝတ္ထုရုပ် ၆-ပါးနဲ့ အာရုံ ၅-ပါး၊ စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးနဲ့ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံ ၅-ပါး။
ပုရေဇာတသတ္တိနဲ့ တခြားကျေးဇူးပြုနိုင်သေးတာ ရှိနိုင်သေးလားဆို ရှိနိုင် သေးတယ်၊ ဘယ်လိုကျေးဇူးပြုနိုင်တုန်း၊ မြင်သိစိတ်နဲ့ မဆိုင်ဘူး၊ မြင်သိစိတ်နဲ့ ကျေးဇူးပြုတာ နားလည်ပြီးပြီ၊ စက္ခုဝတ္ထုဆိုတဲ့ မျက်စိအကြည်ရုပ်သည် မြင်သိစိတ်ကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုတယ်ဆိုတာ ပြီးပြီ၊ ဆိုပါစို့ - ကမ္မဋ္ဌာန်းတရား အားထုတ်ကြတယ်၊ ကမ္မဋ္ဌာန်းရဲ့အာရုံ စက္ခုပသာဒမျက်စိအကြည်ရုပ်ကို ရှုတယ်၊ ဝိပဿနာအာရုံအနေနဲ့ စက္ခုပသာဒကို ရှုလို့ မရဘူးလား၊ ရတယ်နော်၊ မျက်စိ အကြည်ရုပ်ကို ဝိပဿနာရှုမယ်၊ ဘယ်လို ဝိပဿနာ ရှုတုန်းဆိုတော့ ဒီအကြည်ရုပ် စက္ခုပသာဒရုပ်သည် (သုတမယဉာဏ်နဲ့) စက္ခုပသာဒရုပ်ဟာ စိတ္တက္ခဏ ၁၇- ချက် ပြည့်သွားတာနဲ့ တစ်ပြိုင်နက် ပျက်သွားမယ်၊ သူ့ရဲ့သက်တမ်းဟာ ဒီလောက်ပဲ ရှိတယ်၊ မမြဲတဲ့ သဘောလေးကို ဆင်ခြင်ပြီးတော့ အဲဒါ “စက္ခုံ အနိစ္စတော ဝိပဿတိ” စက္ခုပသာဒ လေးကို မမြဲတဲ့သဘောအနေနဲ့ ဆင်ခြင်တယ်။
အဲဒီ စက္ခုပသာဒကိုပဲ ဒုက္ခ၊ ဖြစ်ပြီးပျက်နေတဲ့ သဘာဝတွေက နှိပ်စက်နေ တာ၊ ဒီဒုက္ခက စားစရာမရှိလို့ စိတ်ညစ်ရတဲ့ဒုက္ခမျိုးကို ပြောတာမဟုတ်ဘူး၊ ခေါင်း ကိုက် နားကိုက်လို့ ခန္ဓာကိုယ်ညောင်းညာကိုက်ခဲလို့ ဖြစ်တဲ့ဒုက္ခကို ပြောတာ မဟုတ်ဘူး၊ ဖြစ်မှုပျက်မှုဆိုတဲ့ သဘာဝတရားတွေရဲ့ အနှိပ်စက်ခံနေရတဲ့ ဒုက္ခကိုပြောတာ၊ ဒီစက္ခုပသာဒဟာ အမြဲတမ်းဖြစ်ပြီး ပျက်နေရတဲ့ ဖြစ်ပျက်မှုသဘာဝတရားတွေက နှိပ်စက်နေလို့ ဒုက္ခ။ အနတ္တ အတ္တမဟုတ်ဘူး။
အဲဒီ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ လက္ခဏာရေးတင်ပြီး ဝိပဿနာရှုပြီ ဆိုလို့ရှိရင် အဲဒီ ဝိပဿနာရှုတဲ့စိတ်က ဘာစိတ်ဖြစ်မလဲ? ပုထုဇဉ်တို့ သေက္ခပုဂ္ဂိုလ် တို့မှာဆိုရင် ဝိပဿနာရှုတဲ့စိတ်က မဟာကုသိုလ်စိတ် ၈-ခုထဲက တစ်ခုခုပေါ့၊ ဉာဏ်နဲ့ယှဉ်ရင် ဉာဏသမ္ပယုတ်၊ တစ်ခါတလေ ဉာဏဝိပ္ပယုတ်နဲ့ ဝိပဿနာရှုတာ လည်း ရှိတယ်တဲ့၊ ဒါကြောင့်မို့ မဟာကုသိုလ်စိတ် ၈-ခုလို့ပဲ ယေဘုယျအားဖြင့် ပြောရတယ်နော်၊ ပုထုဇဉ်တွေ ဝိပဿနာရှုမယ်၊ စက္ခုပသာဒရုပ် သောတပသာဒရုပ် ဃာနပသာဒရုပ် ဇိဝှာပသာဒရုပ် ကာယပသာဒရုပ် ဟဒယဝတ္ထုရုပ် ကို ဝိပဿနာ ရှုမယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ရှုမှတ်ဆင်ခြင်မယ်ဆိုရင် အဲဒီ ဝိပဿနာအာရုံဖြစ်တဲ့ စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ ဟဒယ ဆိုတဲ့ ရုပ်တရားက ဝိပဿနာရှုတဲ့ မဟာကုသိုလ်စိတ်အား ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါ တစ်ခုရပြန်ပြီ၊ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်။
ကြိုတင်ဖြစ်နှင့်နေတာ၊ မဖြစ်ခင်က ကြိုပြီးရှူတာ မဟုတ်ဘူး၊ ဖြစ်နေတဲ့ အခိုက် လေးမှာ ရှူတာ၊ ဖြစ်လာပြီးတဲ့နောက်မှာ ရှူတာ၊ ဒါကြောင့်မို့လို့ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယဝတ္ထုဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးက ဝိပဿနာရှုတဲ့ မဟာကုသိုလ်စိတ် ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။
ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်တွေကရော စက္ခု သောတ ဃာန ဇိဝှာ ကာယ ဟဒယဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးကို ဝိပဿနာမရှူဘူးလားဆိုတော့ ရှုတယ်၊ ဝိပဿနာ ဆိုတာ ရဟန္တာ ပုဂ္ဂိုလ်ဖြစ်ရင် ရှုစရာ မလိုဘူးလို့ တချို့က အောက်မေ့ကောင်း အောက်မေ့ လိမ့်မယ်၊ ရဟန္တာပုဂ္ဂိုလ်တွေလည်း ဒါပဲ ရှုတာပဲ၊
သောတာပန်မဖြစ်ခင် ကလည်း ဒါပဲ၊
သောတာပန်ဖြစ်ပြီးတော့လည်း ဒါပဲ၊
သကဒါဂါမ် မဖြစ်ခင်ကလည်း ဒါပဲ၊ အနိစ္စ ဒုက္ခ အနတ္တ ရှုတယ်၊
သကဒါဂါမ်ဖြစ်ပြီးရင်လည်း အနိစ္စ ဒုက္ခ အနတ္တ ပဲ၊ ဒီဝိပဿနာပဲ၊
အနာဂါမ် မဖြစ်ခင်ကလည်း ရှူတယ်၊ အနာဂါမ်ဖြစ်ပြီးတဲ့အခါမှာလည်း ရှုတယ်၊
ရဟန္တာ မဖြစ်ခင်ကလည်း ရှူတယ်၊ ရဟန္တာ ဖြစ်ပြီးတော့လည်း ရှုတယ်။
အရှင်သာရိပုတ္တရာကို အရှင်မဟာကောဋ္ဌိကက မေးတဲ့မေးခွန်းလေး ရှိတယ်၊
“အရှင်ဘုရား- ပုထုဇဉ်ပုဂ္ဂိုလ် ဘာရှုတုန်း”
“အေး အနိစ္စ ဒုက္ခ အနတ္တ ရှူတယ်၊”
“ဒါဖြင့် သောတာပန်ရော ဘာရှတုန်း”
“အေး အနိစ္စ ဒုက္ခ အနတ္တ”
“သကဒါဂါမ်၊ အနာဂါမ်တို့ရော”
“ဒီအတိုင်းပဲ၊ အနိစ္စ ဒုက္ခ အနတ္တ၊”
“ရဟန္တာရော”
“ရဟန္တာလည်း ဒီအတိုင်းပဲ” ဆိုတော့
“ရဟန္တာဆိုတာ ရှုစရာ မလိုတော့ဘူး မဟုတ်လား ဘုရား၊”
ရှင်သာရိပုတ္တရာက ဖြေတယ်၊
“ရဟန္တာလည်း ဒီလိုရှုမှ ဝိပဿနာဉာဏ်ဖြစ်ပြီး ဘဝမှာ ငြိမ်းချမ်းမှု ချမ်းသာသုခ ရတယ်” တဲ့။
ဖလသမာပတ်ဝင်စားတော့မယ်ဆိုရင် ဝိပဿနာကနေ သွားရတယ်၊ အခု မင်္ဂလာဈေး ဓမ္မာရုံကြီးပေါ် လာချင်လို့ရှိရင် ဘယ်ကတက်လဲ၊ လှေခါးကတက်တယ်၊ ဖိုလ်ဝင်စားပြီ ဆိုရင်လည်း ဝိပဿနာလှေကားက တက်ရတယ်၊ ရဟန္တာပုဂ္ဂိုလ်လည်း ဝိပဿနာ ရှုပြီးတော့မှ ဖိုလ်ကို ရောက်တယ်၊ ဘယ်လိုပဲ ဖိုလ်စိတ် ဖြစ်ပြီး ဖြစ်ပြီး ဒီကပဲ ပြန်တက်ရတယ်၊ အဲဒါကြောင့်မို့ ဝိပဿနာကို ရှူကို ရှူရတယ်လို့ ဒီလိုပြောတာ။
ကဲ ကောင်းပြီ - ရဟန္တာပုဂ္ဂိုလ်က စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယ ဆိုတဲ့ဂရုပ် ၆-ပါးကို ဝိပဿနာရှုပြီဆိုလို့ရှိရင် ရဟန္တာပုဂ္ဂိုလ်ရဲ့ ဝိပဿနာ ရှူတဲ့စိတ်ကျကာ့ မဟာကုသိုလ်စိတ်လို့ မခေါ်ဘူး၊ မဟာကြိယာစိတ်လို့ ခေါ်တယ်၊ ကြိယာစိတ်နဲ့ ရှုတယ်၊ အဲဒီတော့ မဟာကြိယာစိတ်ကိုလည်းပဲ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယ ဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးက ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုပါတယ်တဲ့၊ ဒါက ပဥှာဝါရမှာ ဟောတာ။
ထို့အတူပဲ မြင်တဲ့အဆင်းအာရုံကိုရော ဝိပဿနာရှုလို့ မရဘူးလား၊ နားက ကြားတဲ့ အသံအာရုံ၊ နှာခေါင်းနဲ့ နမ်းရှူရတဲ့အနံ့အာရုံ၊ လျှာပေါ်မှာ တွေ့ထိ ခံစားလာတဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့လာတဲ့ ဖောဋ္ဌဗ္ဗအာရုံဆိုတာ တွေကိုရော ဝိပဿနာရှုလို့ မရဘူးလား၊ ရတယ်။ စိတ်ထဲက ကြံတွေးသိရတဲ့ ဓမ္မအာရုံဆိုတဲ့ ကျန်တဲ့အာရုံတွေရော ဝိပဿနာရှုလို့ မရဘူးလား၊ ရတယ်၊ အဲဒီလို ရှုပြီဆိုလို့ရှိရင် ဝိပဿနာရှုတဲ့စိတ်ကို ဟောဒီ အာရုံ ၆-ပါးက ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ် တဲ့။
---
စိတ်များ၏ မှီရာ
စိတ်ဖြစ်ပြီဆိုလို့ရှိရင် ကုသိုလ်စိတ်ပဲဖြစ်ဖြစ် အကုသိုလ်စိတ်ပဲဖြစ်ဖြစ် ကံရဲ့ အကျိုး တရားဖြစ်တဲ့ ဝိပါက်စိတ်ပဲဖြစ်ဖြစ် လူ့ဘုံလူ့ဘဝ (သို့မဟုတ်) ပဉ္စဝေါကာရ လို့ဆိုတဲ့ ခန္ဓာ ၅-ပါးရှိတဲ့ဘုံတွေမှာ ဟဒယဝတ္ထုကို မမှီဘဲနဲ့ ဘယ်စိတ်မှ ဖြစ်လို့ မရဘူးတဲ့၊ အမှီမရှိဘဲနဲ့ မဖြစ်ဘူးလို့ ပြောတာ၊ မျက်စိအကြည်ရုပ်ကို မှီပြီးတော့ စက္ခုဝိညာဏ် စိတ်ဖြစ်တယ်ဆိုတာလို ကျန်တဲ့ မနောဓာတ် မနောဝိညာဏဓာတ် ဆိုတဲ့ စိတ်တွေက ဟဒယဝတ္ထုလို့ဆိုတဲ့ မှီစရာရုပ်ဝတ္ထုတွေကို မမှီရလို့ရှိရင် သူတို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ မှီစရာရုပ်ဝတ္ထုသည် ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါ တယ်တဲ့။
ထို ကုသိုလ်စိတ်အားလုံးဟာလည်း ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်ရတယ်၊ အကုသိုလ် စိတ်အားလုံးဟာလည်း ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်ရတယ်၊ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်ဆိုတဲ့ ဟောဒီ ဝိညာဏ်စိတ်တွေမှတစ်ပါး ကျန်တဲ့ဝိပါက်စိတ်တွေ ကြိယာစိတ်တွေကရော ဟဒယဝတ္ထုကို မှီပြီး ဖြစ်တာတဲ့၊ မမှီဘဲ ဖြစ်တဲ့စိတ်ဆိုလို့ရှိရင် အရူပဝိပါက် ၄-ခု လို့ ခေါ်တဲ့ ရုပ်မရှိတဲ့ဘုံမှာသာဖြစ်တဲ့ ဒီဝိပါက်စိတ် ၄-ခုသာ ရှိတယ်ပေါ့၊ အရူပ ဗြဟ္မာကြီးရဲ့ ပဋိသန္ဓေ ဘဝင် စုတိ အနေနဲ့ ဆောင်ရွက်တဲ့ အရူပဝိပါက်ကလွဲရင် ကျန်တာတွေက ဝတ္ထုရုပ်အမှီရှိမှ ဖြစ်တယ်ပေါ့။
မှီရာရုပ်ဝတ္ထုတွေကို အမှီပြုပြီးတော့မှ ဒီစိတ်တွေ ဖြစ်နိုင်တာ ဖြစ်သောကြောင့် ဒီစိတ်တွေကို မှီရာဝတ္ထုရုပ်တွေက ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ အာရုံတွေ ကလည်း ဒီစိတ်တွေကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်လို့ မြတ်စွာဘုရားက ပဥှာဝါရကျတော့ အသေးစိတ် တစ်ခါထပ်ပြီး ဟောတယ်။
ပစ္စယနိဒ္ဒေသနဲ့ ပဉှာဝါရ ဒီနှစ်ခုပေါင်းစပ်ပြီးတော့ ကြည့်၊ ပစ္စယနိဒ္ဒေသမှာ ချုံ့ပြီးတော့ ဟောလိုက်တယ်၊ ပဥှာဝါရမှာ ခွဲလိုက်တယ်၊ ဘယ်လိုခွဲတုန်း ကုသလ၊ အကုသလ၊ အဗျာကတ ဆိုပြီးတော့ ၃-မျိုး ခွဲဟောတယ်၊ ကုသလနဲ့ ကုသလ၊ ကုသလ နဲ့ အဗျာကတ၊ ဒီလိုသွားတယ်၊
တချို့နေရာကျတော့ -
ကုသလကနေ အကုသလ၊
ကုသလကနေ အဗျာကတ၊
ကုသလကနေ ကုသလအဗျာကတ၊
ကုသလ အကုသလအဗျာကတ
ဆိုတဲ့ ဒီသဘာဝတရား ၃-ခုကို မြတ်စွာဘုရားက ရောယှက် ပေါင်းစပ်ပြီးတော့ ဟောတယ်၊
ဘာဖြစ်လို့တုန်းဆိုတော့ အဘိဓမ္မာ ကျမ်းကြီးကို ဟောတော့မယ် ဆိုတဲ့အခါ မြတ်စွာဘုရားက မာတိကာ outline လေး တွေချတယ်၊ အဲဒီလိုချတဲ့အခါ ကုသလာ- ဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာလို့ ကုသလတိက ၃-စု အုပ်စုကလေး ခွဲပြီး အဲဒီအုပ်စုအလိုက် ရှင်းလင်း ဟောကြားသွားတာ ဖြစ်တယ်။
အဲဒီလို တိကပေါင်း ၂၂-မျိုး၊ ဒုကပေါင်း-၁၀၀ မြတ်စွာဘုရားက မာတိကာ အနေနဲ့ ခေါင်းစီးလေးတွေ ပေးပြီး အဘိဓမ္မာတရားကို ဟောတာ ဖြစ်တယ်၊
ဒါကြောင့်မို့ ပဥှာဝါရမှာ အဲဒီခေါင်းစီးနဲ့ လိုက်လျောညီထွေအောင် -
ကုသလဖြစ်တဲ့ တရားက ကုသလဖြစ်တဲ့တရားကို၊
အကုသလဖြစ်တဲ့တရားက အကုသလ ဖြစ်တဲ့ တရားကို၊
အဗျာကတဖြစ်တဲ့တရားက အဗျာကတဖြစ်တဲ့တရားကို
ဆိုင်ရာဆိုင်ရာ သတ္တိတွေနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုဟောတာ။
ဒီနေရာမှာ ပုရေဇာတပစ္စည်းက ဘာတွေတုန်းလို့ မေးလို့ရှိရင် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထု ဆိုတာ ရုပ်တရားတွေ မဟုတ်လား၊ ရုပ်တရားတွေဆိုရင် ကုသိုလ် အကုသိုလ် အဗျာကတထဲမှာ ဘယ်ထဲ ပါလဲ၊ အဗျာကတထဲပဲ ပါတယ်၊
အဲဒီတော့ အဗျာကတကနေ အဗျာကတကို ကျေးဇူးပြုတာ ဖြစ်တယ်၊ အဗျာကတ ကနေ ကုသလကို ကျေးဇူးပြုတာ ဖြစ်တယ်၊ အဗျာကတကနေ အကုသလကို ကျေးဇူးပြုတယ်၊ ဟောဒီ ၃-မျိုးပဲ ခွဲဟောတယ်၊ ဒါက ပုရေဇာတပစ္စည်းနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ပြည့်ပြည့်စုံစုံ ပစ္စယနိဒ္ဒေသနဲ့ ပဉှာဝါရ စပ်ဟပ်ပြီးတော့ ဟောတယ်။
ဒီ့ထက်အသေးစိတ် မရှိတော့ဘူးလားဆို ရှိတယ်၊ ပဋ္ဌာန်းအရကောက်ကျမ်းအတိုင်း ပြောမယ်ဆိုရင် စကားလုံးအသုံးအနှုန်းတွေကစ ကျက်မှတ်မှ ပိုပြီး သဘောပေါက် မယ်ပေါ့နော်၊ သို့သော်လည်း အခုဟာက ပဋ္ဌာန်းမြတ်ဒေသနာကို ရိပ်စားမိရုံ၊ ဘဝမှာ အခုလို အကြောင်းတရားတွေ အကျိုးတရားတွေဟာ ပြိုင်တူ ဖြစ်ပြီးတော့လည်း အထောက်အကူပြုနေပါလား၊ ကြိုတင်ဖြစ်ပြီးတော့လည်း အထောက်အကူ ပြုနေပါလား ဆိုတာတွေကို သဘောပေါက်ပြီး ဘဝဟာ အကြောင်းတရားတွေက စုပေါင်းဖန်တီးထားတဲ့ တကယ့်သင်္ခါရဖြစ်တယ်၊
သင်္ခါရဆိုရင် “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရ ဒုက္ခာ” လို့ ဆိုတယ်၊ တို့ဘဝဟာ အနိစ္စ ဒုက္ခ ပါလားဆိုတာကို အားလုံး သဘောပေါက်နိုင်တယ်၊ အဲဒီလို သဘော ပေါက်ဖို့အတွက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သင်္ခါရတရား သဘာဝ အကြောင်းအကျိုး ဆက်နွယ် နေပုံကို ပဋ္ဌာန်းကျမ်းမှာ အကျယ်တဝင့် ဟောထားတာ ဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ - ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့တဲ့ ပုရေဇာတပစ္စယောအရ ပစ္စယနိဒ္ဒေသနဲ့ ပဥှာဝါရမှာ လာရှိတဲ့ တရား ဓမ္မများကို နာယူကြရသဖြင့် ကြောင်းကျိုးဆင်ခြင်တတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ရင့်သန်ပြီး သဘာဝတရားတွေရဲ့ အစစ်အမှန်ကိုသိလို့ ထိုအကြောင်းတရား အကျိုးတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြ ပါစေသတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၈)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၂-ရက်၊ (၂၃-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ပစ္ဆာဇာတပစ္စယော
ပစ္ဆာ – နောက်မှ, ဇာတ – ဖြစ်ပြီးတဲ့အခါမှာ, ပစ္စယော - ကျေးဇူးပြုတယ်၊
နောက်မှဖြစ်ပြီး ကျေးဇူးပြုတဲ့တရားဆိုတော့ အကျိုးတရားက အရင်ပေါ်နေတယ်၊ အကြောင်းတရားက နောက်မှဖြစ်လာပြီး အကျိုးတရားကို အထောက်အကူပြုတယ်၊ အကြောင်းအကျိုးလို့ ပြောရပေမယ်လို့ သူ့ကြောင့်ဖြစ်တဲ့အကျိုးတော့ မဟုတ်ဘူး၊ အဲဒီတော့ ပဋ္ဌာန်းတရားမှာ အကြောင်းနဲ့အကျိုးလို့ ဆိုတဲ့စကားဟာ ပိုကျယ်ပြန့် တယ်လို့ ဒီလိုမှတ်ရမယ်၊ မြန်မာစကား အကြောင်းနဲ့အကျိုးဆိုလို့ရှိရင် အကြောင်း တရားသည် အကျိုးတရားကို ဖြစ်စေတတ်တယ်၊ အကျိုးတရားသည် အကြောင်း တရားကြောင့် ဖြစ်ပေါ်လာတယ်၊ ဒီလိုရှိတယ်။
အခု ဒီနေရာမှာတော့ အကြောင်းအကျိုးလို့ ခေါ်ရသော်လည်း တစ်ခုနဲ့ တစ်ခု အပြန်အလှန်ဆက်သွယ်မှု ကျေးဇူးပြုနေမှု အထောက်အကူပြုနေမှုတွေကိုပဲ ပြောတာ၊ အဲဒီလို သဘောမပေါက်ရင် ဘယ့်နှယ် အကျိုးတရားက အရင်ဖြစ်ပြီး အကြောင်းက နောက်မှဖြစ်တယ်ဆိုရင် ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိကောင်း စဉ်းစားမိလိမ့်မယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အမေအဖေထက် သားသမီးက အရင် မွေးနေတာလို ဖြစ်နေတယ်၊ အဲဒီအဓိပ္ပါယ်မျိုးကို ပြောတာမဟုတ်ဘူး၊ အပြန်အလှန် ဆက်သွယ် နေတာ အထောက်အကူပြုနေတာကို ပြောတာ၊ ကျေးဇူးပြုနေတယ် ဆိုတာ ကြိုတင်ပြီးတော့ ဖြစ်တာပဲဖြစ်စေ, နောက်မှဖြစ်တာပဲဖြစ်စေ, အတူတကွ ဖြစ်တာ ပဲဖြစ်စေ အထောက်အကူပြုနေတာတွေ ဆက်သွယ်နေတာတွေကို ဆိုလိုတယ်၊ relation ဆိုတာ ဆက်သွယ်နေတဲ့အဓိပ္ပါယ်ကိုပြောတာ။
ဒါကြောင့် ပဋ္ဌာန်းတရားတော်ဟာ အချင်းချင်း ဆက်သွယ်နေတယ်လို့ ဆိုတာ၊ အဲဒီဆက်သွယ်တဲ့ နေရာမှာ တစ်ခုကတစ်ခုကို အထောက်အကူပြုနေတယ်၊ ကျေးဇူး ပြုနေတယ်၊ ဘယ်ပုံဘယ်နည်း ကျေးဇူးပြုနေတယ်ဆိုတာတွေကို ရှင်းပြတာ၊ ထုတ်လုပ်တဲ့ အကြောင်းတစ်မျိုးတည်းကို ရှင်းပြတာ မဟုတ်ဘူး၊ ဒါကြောင့် ပစ္ဆာဇာတပစ္စယောမှာ ပစ္ဆာဇာတဆိုတာ နောက်မှပေါ်လာတဲ့တရားက အရင် ဖြစ်နှင့်တဲ့တရားကို ကျေးဇူးပြုတယ်၊ အထောက်အကူပြုတယ်လို့ ဆိုလိုတယ်။
ဒီပစ္ဆာဇာတပစ္စည်းကို အဋ္ဌကထာတွေက ဥပတ္ထမ္ဘကပစ္စည်း (အထောက် အကူပြုတဲ့ ပစ္စည်း)လို့ဒီလိုပြောတယ်၊ ဖြစ်စေတတ်တဲ့ အကြောင်းတရား, ထုတ်လုပ်တဲ့ အကြောင်းတရား မဟုတ်ဘူး၊ အထောက်အကူပြုတဲ့ အကြောင်းတရား၊ အပြန် အလှန် ဆက်သွယ်နေတဲ့သဘောကိုပြောတာ၊
အပြန်အလှန်ဆက်သွယ်နေတဲ့ သဘာဝတရားတွေဟာ ၂၄-ပစ္စည်းမှာ သဟဇာတ = ပြိုင်တူဖြစ်တယ်၊ အကြောင်း တရားနဲ့အကျိုးဟာ ပြိုင်တူဖြစ်တယ်၊ သို့မဟုတ် စာလိုပြောမယ်ဆိုရင် ပစ္စယ နဲ့ ပစ္စယုပ္ပန္နေ ဒီနှစ်ခုသည် ပြိုင်တူဖြစ်လာတာ သဟဇာတ၊ ပုရေဇာတ ဆိုတာ ပစ္စယုပ္ပဒ် ထက် ပစ္စယက ကြိုတင်ဖြစ်နှင့်တယ်၊ ပစ္ဆာဇာတ ကျတော့ ပစ္စယုပ္ပန္န ထက် ပစ္စယက နောက်မှ ဖြစ်လာတယ်၊ ဒီအဓိပ္ပါယ် မျိုးကိုပြောတာ။
သဟဇာတက born together အတူတကွဖြစ်လာတာ၊ ဒီသဘာဝတရား နှစ်ခု အကြောင်းတရားနဲ့ အကျိုးတရားဟာ အတူတကွဖြစ်လာကြတယ်၊ ပုရေဇာတ က born earlier အကြောင်းတရားက ကြိုတင် ဖြစ်နှင့်နေတာ၊ ပစ္ဆာဇာတ အကြောင်းတရားက born later နောက်မှ ဖြစ်လာတာ၊ အဲဒီတော့ ကြိုတင် ဖြစ်နှင့်တဲ့တရားပဲ ဖြစ်ဖြစ်, နောက်မှဖြစ်တဲ့တရားပဲဖြစ်ဖြစ်, ပြိုင်တူဖြစ်လာတဲ့ တရားပဲဖြစ်ဖြစ် အထောက်အကူပြုကြတယ်၊ ကျေးဇူးပြုကြတယ်လို့ ဆိုလိုတယ်။
အဲဒီတော့ လောကကြီးရဲ့သဘာဝဟာ အကြောင်းတရား အကျိုးတရားတွေ (သို့မဟုတ်) သဘာဝတရားတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီး ပွေလိမ်ရှုပ်နေ တယ်၊ Network ကွန်ယက်လို တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ရှုပ်လိမ်နေတဲ့ အကျိုး တရား အကြောင်းတရားတွေ၊ သို့မဟုတ် သဘာဝတရားတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှီတည်ပြီးတော့ ဖြစ်နေကြတယ်။
အခုပြောခဲ့တဲ့ သဟဇာတတို့ ပုရေဇာတတို့ ပစ္ဆာဇာတတို့ ပစ္စယနဲ့ ပစ္စယုပ္ပ နှစ်ခု ဖြစ်ပေါ်လာတဲ့ အချိန်ပိုင်းနဲ့ ကန့်သတ်ပြီးပြောရတဲ့ ဟောဒီပစ္စည်း ၃-မျိုးဟာ အတ္ထိဆိုတဲ့ အမျိုးအစားထဲမှာပါတယ်၊ ပြိုင်တူဖြစ်တာတော့ အထူးပြောစရာမလိုဘူး၊ ပစ္စယနဲ့ ပစ္စယုပ္ပန္နေ ပြိုင်တူဖြစ်နေရင် ရှိနေတုန်းပဲ အကျိုးပေးတယ်၊ ရှိနေတုန်းပဲ အထောက်အကူပြုနိုင်တယ်၊ မရှိတော့ရင် အထောက်အကူ မပြုတော့ဘူး၊ ဒါ အတ္ထိပစ္စည်းရဲ့သဘောပဲ၊ ရှိခိုက် ကျေးဇူးပြုတယ်။
ပုရေဇာတ - အကြောင်းတရားက ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတယ်၊ အကျိုး တရားက နောက်မှ ဖြစ်တယ်၊ ဒါက နားလည်လွယ်တယ်ပေါ့၊ ပစ္စယနဲ့ ပစ္စယုပ္ပန္နမှာ ပစ္စယက ကြိုတင်ဖြစ်နှင့်ပြီးတော့ ပစ္စယုပ္ပန္နက နောက်မှဖြစ်လာတယ်၊ ဖြစ်လာသော် လည်းပဲ ပစ္စယက မရှိတော့ဘူးဆိုရင် ကျေးဇူးမပြုဘူး၊ ရှိနေတဲ့အခိုက်မှာသာ ကျေးဇူးပြုတယ်၊ နှစ်ခုစလုံး ထင်ရှားရှိနေတဲ့အခိုက်မှာသာ ကျေးဇူးပြုလို့ အတ္ထိပဲ၊ ဟောဒီ ပစ္ဆာဇာတကလည်း အတူတူပဲ၊ ပစ္စယုပ္ပန္နဆိုတဲ့တရားက ကြိုတင်ဖြစ်နေပြီး ပစ္စယဆိုတဲ့တရားက နောက်မှဖြစ်တယ်၊ နောက်မှဖြစ်ပြီး ထင်ရှားရှိနေခိုက်မှာပဲ သူကလည်း ကျေးဇူးပြုတယ်၊ မရှိတော့ရင် ကျေးဇူးမပြုဘူးလို့ ဒါကြောင့်မို့ ဒီ ၃-မျိုး လုံး အတ္ထိအမျိုးအစားထဲမှာ ပါတယ်။
“ပစ္ဆာဇာတပစ္စယော”၊ ပစ္ဆာဇာတ - ပစ္စယုပ္ပန္နတရားထက် ပစ္စယတရားက နောက်မှ ဖြစ်လာတယ်၊ နောက်မှ ဖြစ်လာပြီးတော့ ကျေးဇူးပြုတယ်တဲ့၊ အဋ္ဌကထာ ဆရာကြီးက နားလည်အောင်လို့ ဆိုပြီးတော့ ဥပမာတစ်ခု ပေးထားတာရှိတယ်၊ နောက်မှ ဖြစ်လာတဲ့တရားက ကြိုတင်ဖြစ်နှင့်နေတဲ့ တရားကို အထောက်အကူ ပြုတယ်ဆိုတာ ဘယ်လိုမှတ်ရမလဲဆိုရင် “ဂိဇ္ဈပေါတကသရီရာနံ အာဟာရာသာ စေတနာ ဝိယ” လို့ ရှင်းပြထားတယ်၊
ဂိဇ္ဈပေါတက ဆိုတာ လင်းတငယ်လေး၊ (လဒ) လင်းတဆိုတဲ့ ငှက်၊ အကောင်ပုပ် တွေကို စားလေ့ရှိတဲ့ ငှက်တစ်မျိုး၊ အရုပ်ဆိုး အကျည်းတန်တဲ့ ငှက်ကြီးတွေ၊ ခွေးသေကောင်ပုပ်တို့ဘာတို့ ဒီလိုပုပ်နေတဲ့ အကောင်မျိုးကို အင်မတန်မှ နှစ်သက်ပြီး စားလေ့ရှိတဲ့ သားစားငှက်တစ်မျိုးပေါ့၊ သူတို့ကိုယ်တိုင် သတ်စား တာတော့ မဟုတ်ဘူး၊ သေနေတဲ့အကောင်ပုပ်တွေ့ရင် စားကြတာ၊ လင်းတကို တချို့ အရပ်က ထိုးလဆိတ် လို့ ခေါ်သတဲ့၊ ဒါတော့ ဒေသ ဝေါဟာရ ပေါ့။
ဒီကနေ့ခေတ်မှာ လင်းတ မြင်ဖူးဖို့ တော်တော်ခက်သွားတယ်၊ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက လက်ပံပင်ပေါ်မှာ လင်းတကြီးတွေ နားနေတာကို မကြာခဏ တွေ့ရတယ်၊ စစ်ကိုင်းမှာလည်း ဘုန်းကြီးတို့ကျောင်းအနီးမှာ အရပ်ခေါ် လုံးတော်ကြီး လို့ခေါ်တဲ့ ရှေးဟောင်းဘုရားပျက်ကြီးရှိတယ်၊ ပုံသဏ္ဌာန်က လုံးလုံး ကြီးမို့ လုံးတော်ကြီးလို့ခေါ်တာ၊ ဘုရားရဲ့ဘွဲ့တော်က “ရတနာဂီရိ” တဲ့၊ အင်းဝခေတ် တည်ထားတဲ့ဘုရား၊ အနန္တသူရိယအမတ်ကြီးက ဘုရင် မဟာသီဟသူရ လက်ထက်မှာ တည်ထားတယ်၊ အဲဒီဘုရားက သီဟိုဠ်စေတီရဲ့ပုံသဏ္ဌာန် ဖြစ်တယ်၊ ပြောရမယ်ဆိုရင် စစ်ကိုင်းက ကောင်းမှုတော်ဘုရားကြီးရဲ့ သဏ္ဌာန်မျိုးလို အောက်ခြေကလုံးလုံး စပါးပုံသဏ္ဌာန် အဲဒီအပေါ်ကမှ လေးဒေါင့်တိုက်။ “ဟပ္ပိယ” လို့ခေါ်တဲ့ လေးဒေါင့်တိုက်ပေါ်မှာ “ဆတ္တာဝဠိ” ခေါ်တဲ့ ထီးအဆင့်ဆင့်ကလေး တင်ထားတယ်။
အဲဒီဘုရားကြီး နှစ်ပေါင်းများစွာ ဘုရားငုတ်တိုဘဝနဲ့ တည်ရှိနေတဲ့အချိန်မှာ ဘုန်းကြီးတို့ကျောင်းဘက်ကနေ လှမ်းကြည့်လိုက်လို့ရှိရင် အဲဒီဘုရားငုတ်တို ပေါ်မှာ လင်းတကြီးတွေ နားနေတာ တွေ့လိမ့်မယ်၊ အုပ်လိုက် ရှိတယ်၊ အဲဒီမှာ လွန်ခဲ့တဲ့ ၁၃၂၀ - ပြည့်ပတ်ဝန်းကျင်မှာ လင်းတတွေ အများကြီးရှိတယ်၊ ၁၉၆၀ - ပတ်ဝန်းကျင်မှာ အဲဒီဘုရားငုတ်တိုကြီးရဲ့ဘေးမှာ ခြုံပုတ်တွေနဲ့ ကွင်းပြင်အကျယ် ကြီးရှိတယ်၊ အဲဒီကွင်းပြင်အကျယ်ကြီးထဲမှာ ခွေးသေကောင်တွေ ပစ်ထားလေ့ ရှိတယ်၊ ပစ်ထားပြီဆိုလို့ရှိရင် အဲဒီလင်းတတွေဟာ ဘုရားငုတ်တိုပေါ် ကနေ ပျံဝဲ ကျပြီးတော့ ခွေးသေကောင်ကို စားနေကြတာ မကြာခဏတွေ့ ရတယ်နော်။
ဒီကနေ့ခေတ်မှာတော့ လင်းတတွေဟာ ပျောက်သလောက် ရှိသွားပြီ၊ ဘာဖြစ်လို့ ပျောက်သွားသလဲလို့ဆိုရင် အမှတ်ထားမိတာတော့ မြန်မာပြည်မှာ ချည်မျှင်ရှည်ဝါ စီမံကိန်းချပြီး စိုက်ပျိုးတယ်၊ အဲဒီ စိုက်ပျိုးတဲ့အချိန်မှာ ပိုးသတ်ဆေး တွေ တင်သွင်းလာတယ်၊ အင်မတန်ပြင်းတဲ့ ပိုးသတ်ဆေးတွေ၊ အဲဒီ ပိုးသတ်ဆေးတွေ သုံးထားတဲ့ ချည်မျှင်ရှည်ဝါ၊ အဲဒါကို ကြွက်တွေက စားမိတဲ့အခါ ကြွက်တွေ သေတယ်၊ အဲဒီကြွက်သေကို ခွေးကစားတော့ ခွေးသေတယ်၊ ခွေးသေကောင်ကို တစ်ခါ လင်းတစားတော့ လင်းတက သေပြန်တယ်၊ သုံးသက် သေတယ်၊
အဲဒါနဲ့ လင်းတတွေဟာ ပျောက်ခြင်းမလှပျောက်သွားတယ်၊ အခု လင်းတတွေ ကြည့်ချင်လို့တောင် မရှိတော့ဘူး၊ တော်တော်များများ အရပ်ဒေသတွေမှာ လင်းတက ပျောက်သွားပြီ၊ မြို့နေတဲ့သူတွေတော့ ဘယ်မြင်ဖူးမလဲ။
အဲဒီလင်းတကို ပါဠိလို ဂိဇ္ဈ၊ ဘာဖြစ်လို့ လင်းတကို “ဂိဇ္ဈ” လို့ ခေါ်တုန်း ဆိုရင် အသားကြိုက်လို့တဲ့၊ အသားကို မက်မက်မောမော စားတတ်တယ်၊ သက်သတ်လွတ် စားတဲ့ငှက်မျိုး မဟုတ်ဘူး၊ သူက အသားစားငှက်မျိုးပေါ့၊ အသားမှ ပုပ်နေတာတွေ စားတာများတယ်၊ ငှက်မှာလည်းပဲ အသားစားငှက် ရှိတယ်၊ သက်သတ်လွတ် စားတဲ့ငှက် ရှိတယ်၊ အမျိုးမျိုးပဲ၊ များသောအားဖြင့် အသားစားတဲ့ ငှက်တွေက ပိုများတယ်၊ သို့သော် ခိုတို့ ဘာတို့ကျတော့ စပါးတို့ ဆန်တို့ ပဲတို့ ဒီလိုစားလေ့ ရှိကြတယ်၊ သတ်သတ်လွတ်စားတဲ့ငှက်လည်း ရှိတာပဲ၊ “မံသေသု ဂိဇ္ဈတီတိ ဂိဇ္ဈာ” အသားကို မက်မက်မောမော စားသောက်တတ်လို့ “ဂိဇ္ဈ”ဆိုတဲ့ စကားလုံးနဲ့ ခေါ်ကြတာ။
အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်မြို့ပတ်ဝန်းကျင် တောင်ငါးလုံးထဲမှာ ဂိဇ္ဈကူဋ ဂိဇ္ဈကုဋ် တောင်ဆိုတာ ရှိတယ်၊ အဲဒီဂိဇ္ဈကုဋ်တောင်ရဲ့ တောင်ထွဋ်ပေါ်မှာ လင်းတတွေ နားနေလို့ ဂိဇ္ဈကုဋ်တောင်လို့ ခေါ် လာခဲ့တယ်၊ တစ်နည်းအားဖြင့်တော့ လင်းတငှက် နှုတ်သီးနဲ့ ပုံသဏ္ဌာန်တူလို့ ဂိဇ္ဈကုဋ်တောင်လို့လည်း ခေါ်တယ်၊ သို့မဟုတ် လင်းတ တွေ နေထိုင်ရာ တောင်ထွဋ်ကြီးဖြစ်လို့ ဂိဇ္ဈကုဋ်လို့ ခေါ်တယ်၊ ဗုဒ္ဓစာပေထဲမှာ ဂိဇ္ဈကုဋ်တောင်ဆိုတာ နာမည်ကြီးတယ်။
အဲဒီလင်းတငှက်နဲ့ ပတ်သက်ပြီး ဒီမှာ ဥပမာပေးထားတာ။ ပစ္ဆာဇာတ ပစ္စည်းကို နားလည်ဖို့ဆိုတာ ဂိဇ္ဈပေါတကသရီရာနံ လင်းတငယ်လေးတို့ရဲ့ ခန္ဓာကိုယ်အား၊ အာဟာရာသာ စေတနာ ဝိယ – အာဟာရ၌ မျှော်လင့်တောင့်တ နေတဲ့ တဏှာနဲ့ ယှဉ်တဲ့ စေတနာတရားလိုပဲတဲ့၊ အဋ္ဌကထာဆရာကြီးက ဒီစကားလေးကို ထည့်သုံး ထားတယ်၊ ပစ္ဆာဇာတပစ္စည်းကို နားလည်ဖို့ “စားလိုတဲ့ အာသာဆန္ဒနဲ့ ယှဉ်တဲ့ စေတနာတရားသည် လင်းတငယ်ကလေးတို့ရဲ့ ခန္ဓာကိုယ်ကို အထောက်အကူ ပြုသလိုပါပဲ” တဲ့။
အဲဒီတော့ ဘယ်လို နားလည်ရမတုန်းဆို လင်းတငယ်ကလေးတွေကို မွေးဖွား လာတယ်၊ မွေးဖွားလာတော့ လင်းတငယ်ကလေးတွေရဲ့ ခန္ဓာကိုယ်ဆိုတာ အရင်ဖြစ်လာတာ၊ စားချင်တဲ့ အာသာဆန္ဒက နောက်မှဖြစ်တာပေါ့၊ စားချင်တဲ့ အာသာဆန္ဒက အရင်ဖြစ်နှင့်တဲ့ လင်းတငယ်ကလေးရဲ့ ခန္ဓာကိုယ်ကို အထောက် အကူပြုတယ်တဲ့၊ ဒီအဓိပ္ပါယ်မျိုးကို ပြောတာ။
အဲဒီမှာလည်းပဲ အဓိပ္ပါယ်အမျိုးမျိုးပြောကြတယ်၊ ဒီအဓိပ္ပါယ်နဲ့ ပတ်သက်ပြီး တော့ တချို့က ဘယ်လိုဖွင့်ဆိုတုန်းဆို တချို့ကျမ်းစာတွေမှာ ရေးထားတာကို ဗဟုသုတ အနေနဲ့ မှတ်ဖို့ တစ်ခါတလေ စာပေအယူအဆဆိုတာ မတူညီတဲ့သဘော လေးတွေ ရှိတယ်၊ ဒါက စာပေအတိုင်း နားလည်ရမှာကတော့ အစာအာဟာရကို စားလိုတဲ့ အာသာဆန္ဒနဲ့ယှဉ်တဲ့ စေတနာသည် နောက်မှဖြစ်ပြီး အရင်ဖြစ်နှင့်နေတဲ့ လင်းတငယ် ကလေးတွေရဲ့ခန္ဓာကိုယ်ကို အထောက်အကူပြုတယ်တဲ့၊
ဒါက ဘာနဲ့ တူတုန်းဆိုရင် မြန်မာစကားမှာ “မျှော်လင့်ချက်နဲ့ အသက်ရှင် နေကြတယ်” ဆိုတာ မျိုးနော်၊ မျှော်လင့်ချက်ဆိုတာ မျှော်လင့်ရုံ မျှော်လင့်တာ၊ ရမှမရသေးတာကိုး၊ မျှော်လင့်ချက်ကလေးနဲ့ အသက်ရှင်နေရသေးတယ်ဆိုတာ အသက်က အရင် လာတာ၊ မျှော်လင့်ချက်က နောက်မှ။
အေး ဒီနေရာမှာ အဓိပ္ပါယ်တစ်မျိုး ဘယ်လိုပြောကြတုန်းလို့ဆိုရင် လင်းတငယ် လေးတွေရဲ့ခန္ဓာကိုယ်ကို အစာစားလိုတဲ့ အာသာဆန္ဒနဲ့ယှဉ်လာတဲ့ စေတနာက အထောက်အကူပြုတာ၊ လင်းတငယ်ကလေးတွေဟာ ငယ်စဉ် အတောင်မစုံခင်က အသိုက်ထဲနေတဲ့အချိန်မှာ အစာမစားရှာကြရဘူးတဲ့၊ မိဘတွေက တခြားငှက် တွေလို အစာခွံ့ကျွေးရိုး ထုံးစံမရှိဘူး၊ မိဘဖြစ်တဲ့လင်းတကြီးတွေက ပျံဝဲသွားပြီး ပြန်လာ လို့ရှိရင် အစာကျွေးနိုး အစာကျွေးနိုးဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ လင်းတလေး တွေဟာ အတောင်တွေပေါက်ပြီး မိမိတို့ကိုယ်တိုင် ရှာစားနိုင်တဲ့အနေအထား ထိအောင် အစာပေါ်မှာ အာသာဆန္ဒနဲ့ယှဉ်တဲ့ စေတနာက အထောက်အကူ ပြုတယ် လို့ အဓိပ္ပါယ် ဖွင့်ဆိုကြတယ်။
အဲဒီလိုဖွင့်ဆိုချက်ဟာ မှန်မမှန်ဆိုတာတော့ တိရစ္ဆာန်တွေရဲ့အကြောင်းကို လေ့လာ ကြည့်မှသိမယ်၊ လင်းတတွေဟာ သားသမီးတွေကို အစာရှာပြီးတော့ မကျွေးဘူး ဆိုတာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ဒီကနေ့ခေတ် လင်းတတွေ အကြောင်းကို ကျကျနနလေ့လာတဲ့ပုဂ္ဂိုလ်တွေရှိတယ်၊ လင်းတဆိုတာ အလွန်မြင့်တဲ့ သစ်ပင်ကြီး တွေမှာ အသိုက်လုပ်ပြီးတော့ မွေးတာ၊ သူတို့အစာကျွေးသလား မကျွေးဘူးလား ဆိုတာ သိဖို့ခဲယဉ်းတယ်၊
ဘာဖြစ်လို့ သိဖို့ခဲယဉ်းတုန်းဆိုတော့ လင်းတကြီးတွေက စားသာ စားသွားတာ၊ ပါးစပ်က အစာချီယူသွားတာ မတွေ့ရဘူး၊ ဗျိုင်းတွေကျတော့ ငါးတွေချီချီလာတာ လူတွေကတွေ့ကြတယ်၊ အစာခွံ့တာလည်းပဲ မြင်ကြရတယ်၊ လင်းတကြီးတွေက လင်းတငယ်ကလေးတွေကိုသွားပြီး အစာခွံ့တယ် ဆိုတာကို မမြင်ကြရဘူး၊ မြင်ခဲတယ်၊ အလွန်မြင့်တဲ့သစ်ပင်တွေမှာ နေကြတာ ဆိုတော့၊ အဲဒီလို မမြင်ရတော့ ခုနက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပေါ်လာတာ။
သို့သော် လင်းတငှက်အကြောင်းကို လေ့လာတဲ့ပုဂ္ဂိုလ်တွေက ပြောကြတယ်၊ လင်းတတွေမှာ ပါးပျဉ်းပါတယ်၊ ဒါ မြင်ဖူးတဲ့သူတွေ သတိထားမိတယ်၊ လင်းတတွေက ဝအောင်စားပြီး အကုန်လုံး ဗိုက်ထဲချည်းမြိုတာ မဟုတ်ဘူး၊ လည်ချောင်းထဲမှာ တချို့ အစာအာဟာရတွေကို သူတို့က ထည့်ထားတယ်၊ လည်ချောင်းထဲမှာ ဇလုပ်ကြီးတွေပါတယ်၊
လင်းတက အစာတွေကို မြိုပြီးတော့ အဲဒီအိတ်ကြီးတွေထဲ သူတို့က အစာထည့် သွားတယ်၊ ထည့်သွားတော့ နှုတ်သီးက ဘာမှ ချီသွားတာမပါဘူး၊ ဒီအတိုင်း ပျံသန်းသွားကြတယ်၊ အသိုက်ရောက်တဲ့အခါ ကျတော့ ဆာနေတဲ့ သားသမီး တွေနားသွားပြီးတော့ ပါးစပ်ကလေး ဟပေးတယ်၊ လင်းတကလေးတွေက အဲဒီ ပါးစပ်ထဲကနေ နှိုက်ပြီးစားကြတယ်လို့ ဒါ လင်းတတွေရဲ့ အစာကျွေးပုံက အဲဒီလိုကျွေးတာ။
အဲဒီလိုဆိုတော့ လင်းတတွေက အစာမကျွေးဘူးဆိုတာ မဟုတ်နိုင်ဘူး၊ တစ်ဖက်ကလည်း ကြည့်မယ်ဆိုရင် အစာမစားဘဲ အသက်ရှင်ဖို့ ဆိုတာ မလွယ်ကူဘူးလေ၊ ဘယ်သတ္တဝါပဲဖြစ်ဖြစ် .. အစာမစားရဘဲနဲ့ အသက် ရှည်တယ် ဆိုတာ ယုတ္တိမရှိဘူးပေါ့၊ ဘယ်သတ္တဝါဖြစ်ဖြစ် အစာအာဟာရနဲ့ ကင်းပြီး တော့ ဖြစ်တာ မရှိဘူး၊ “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” လို့ ဆိုတယ်၊ သို့သော် အာဟာရ ဆိုတဲ့နေရာမှာ လူတွေစားတဲ့ အစားအစာချည့် မဟုတ်ဘူး၊ ဗြဟ္မာတွေကျ တော့ အစာမစားဘူး၊ ဘာစားတုန်းဆိုရင် ပီတိဘက္ခ ပီတိကို စားနေတာ၊ ဗြဟ္မာမှ ပီတိကို စားတာ၊ လူသားတွေထဲမှာ “ပီတိကိုစား အားရှိပါ၏” ဆိုပေမယ့် တကယ် ပီတိကို မစားနိုင်ကြပါဘူး၊ တကယ်တော့ အစာအာဟာရနဲ့ ကင်းပြီးတော့ မဖြစ်နိုင်ကြဘူး။
အဲဒီထဲမှာ လင်းတတွေဟာလည်း အစာအာဟာရနဲ့ကင်းပြီးတော့ အသက် ရှင်တယ်လို့ မဆိုပါဘူး၊ ဒါကြောင့် လင်းတတွေဟာ အခြားငှက်တွေလိုပဲ မိဘတွေ က အစာကို ရှာကျွေးတယ်ဆိုတဲ့စကားဟာ ပိုပြီးတော့ ယုတ္တိရှိတယ်၊ အစာမကျွေး ဘူး, လင်းတတွေအသက်ကြီးလာမှ ကိုယ့်ဖာသာပျံပြီး ရှာစားနိုင်မှ စားရတယ်၊ အဲဒီအချိန်ထိအောင် သူတို့ အသက်ရှင်နေတာဟာ စားလိုတဲ့ အာသာဆန္ဒကနေ အထောက်အကူပြုထားတယ်ဆိုတဲ့ ရှင်းလင်းချက်ဟာ မှန်ကောင်းမှမှန်မယ်၊ လောက ယုတ္တိနဲ့ ကြည့်ရင်လည်းပဲ ဖြစ်နိုင်ချေ သိပ်မရှိဘူးပေါ့၊ ခုနကပြောတာ ဖြစ်နိုင်ချေ ရှိတယ်၊ သားသမီးတွေကို အစာရှာကျွေးတယ်၊ လည်ချောင်းထဲမှာရှိတဲ့ လင်းတပါးပျဉ်းကြီးထဲမှာ အစာတွေ ထည့်ယူသွားတယ်၊ ဟိုရောက်တဲ့အခါ ပါးစပ် ကလေး ဟပေးတယ်၊ သားသမီးတွေက နှုတ်သီးနဲ့နှိုက်ပြီးတော့ စားကြတယ်။
ဒါဖြင့် ခုနက ဥပမာက ဘာပြောတုန်းလို့ဆို တိရစ္ဆာန်တွေဆိုတာ အစာ အာဟာရ ပုံမှန်စားရဖို့ သူတို့မှာ အင်မတန်မှ ခဲယဉ်းတယ်၊ တချို့တိရစ္ဆာန်တွေမှာ အစာအာဟာရအတွက် အင်မတန်ကြောင့်ကြစိုက်ကြရတယ်။ အဲဒီတော့ မစားရတဲ့ အချိန်က ပိုများမယ်။ မိဘတွေက အပြင်ထွက်ပြီး အစာရှာနေတယ်၊ မရသေးတဲ့ အချိန်မှာ စားလိုတဲ့အာသာဆန္ဒတွေက ရှိနေမှာပေါ့၊ အဲဒီရှိနေတဲ့ အာသာဆန္ဒတွေနဲ့ မျှော်လင့်ချက်ကလေးနဲ့ လင်းတတွေရဲ့ ခန္ဓာကိုယ်ဟာ တစ်ရက်တာတို့ နှစ်ရက်တာ တို့ ဒီလို ရှိကောင်းရှိလိမ့်မယ့်ပေါ့၊ အကြောင်းအကျိုးအားဖြင့် စားလိုတဲ့ အာသာ ဆန္ဒက အထောက်အကူပြုလို့ သူတို့အသက်ရှင်ရပ်တည်ရတယ်လို့ ပြောလို့တော့ ရတယ်၊ လုံးဝမစားဘူးလို့ ဆိုလိုတာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့။
ပစ္ဆာဇာတပစ္စည်းနဲ့ ပတ်သက်လာလို့ရှိရင် လူတွေမှာလည်း သေချာစဉ်းစား ကြည့် - ဖြစ်လာတဲ့ရုပ်ကလေးတွေကို အထောက်အကူပြုတယ်ဆိုတာ၊ နောက်မှ လာတဲ့ ဟာကလည်း ရှေ့ကဖြစ်နှင့်တာကို အထောက်အကူပြုတယ်၊ ဒါကြောင့် ပစ္ဆာဇာတပစ္စည်းဆိုတာ အထောက်အကူပြုတဲ့ပစ္စည်းတစ်ခု၊ ဒါလည်းပဲ ရုပ်နဲ့နာမ်ပဲ၊ ကြည့် - မြတ်စွာဘုရားက ပစ္ဆာဇာတပစ္စည်းကို ပစ္စယနိဒ္ဒေသမှာ ဘယ်လိုဟော တုန်း။
“ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော”။
ပစ္ဆာဇာတာ - နောက်မှဖြစ်ပေါ်လာကြတဲ့၊
စိတ္တစေတသိကာ - စိတ် စေတသိက်လို့ဆိုတဲ့ နာမ်တရားတွေဟာ၊
ပုရေဇာတဿ - ရှေးဦးစွာဖြစ်နှင့်တဲ့၊
ဣမဿ ကာယဿ – ဤရုပ်အပေါင်းအား၊
ပစ္ဆာဇာတပစ္စယေန - ပစ္ဆာဇာတပစ္စယ သတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - အထောက်အကူ ကျေးဇူးပြုလျက် ရှိပါလေတော့၏။
ရုပ်နဲ့နာမ် အပြန်အလှန်အထောက်အကူပြုနေတဲ့သဘောကိုပြောတာ။ အဲဒီထဲမှာ ကြိုတင်ဖြစ်နှင့်နေတဲ့ “ကာယ” လို့ ခေါ်တဲ့ ရုပ်အပေါင်းကိုတဲ့၊ နောက်မှ ဖြစ်လာတဲ့ စိတ်စေတသိက်ဆိုတဲ့ နာမ်တရားတွေက ပစ္ဆာဇာတသတ္တိနဲ့ အထောက်အကူ ပြုပါတယ်တဲ့၊ အထောက်အပံ့ ပေးထားပါတယ်တဲ့၊ ဒီလိုပြောတာ၊ အဲဒီတော့ အပြန်အလှန်ဆက်သွယ်မှုကို ပြောတာ။
ဒါကို အသေးစိတ် ဆင်ခြင်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ - နောက်မှဖြစ်တဲ့ စိတ်စေတသိက်တွေက၊ ပုရေဇာတဿ ဣမဿ ကာယဿ - ကြိုတင်ဖြစ်နေတဲ့ ကာယလို့ဆိုတဲ့ ရုပ်တွေကို ကျေးဇူးပြု တယ်၊ mental process, material process လို့ခေါ်တဲ့ ဖြစ်စဉ်ကြီးတစ်ခုကို နားလည်လို့ရှိရင် ဒါ လွယ်လွယ်ကူကူ နားလည်နိုင်တယ်၊ ကြိုတင်ဖြစ်နေတဲ့ ရုပ် အပေါင်းကို နောက်မှဖြစ်တဲ့ စိတ်စေတသိက်တွေက အထောက်အကူပြုပါတယ်လို့ ဆိုတဲ့နေရာမှာ ကြိုတင်ဖြစ်နှင့်နေတဲ့ ရုပ်အပေါင်းလို့ဆိုတာ ဘာကိုပြောတာလဲ။
လူ့ဘဝအစကို ပြန်စဉ်းစားကြည့်လိုက်၊ လူ့ဘဝစ,တာ သန္ဓေစိတ်ရယ် (စိတ်ဆိုရင် စေတသိက်လည်း ပါမှာပေါ့၊) ပဋိသန္ဓေစိတ်နဲ့စေတသိက်၊ သာမန် လူသား တစ်ယောက်အနေနဲ့ ပြောကြမယ်ဆိုရင် မဟာဝိပါက်စိတ် ၈-ခုထဲက တစ်ခုခု နဲ့ စေတသိက် ၃၅-က သန္ဓေစိတ်မှာ ယှဉ်တယ်၊ အဲဒါက နာမ်တရား၊ လူ့ ဘဝမှာ ဒါကစတယ်နော်၊
အဲဒီ ပဋိသန္ဓေစိတ်နဲ့ စေတသိက်ဖြစ်တဲ့အချိန်မှာ ဘာရုပ်တွေ ပါလာတုန်းဆိုတော့ အဓိကဖြစ်တဲ့ ကာယပသာဒဆိုတဲ့ရုပ် ပါလာတယ်၊ ကာယ ပသာဒသည် သူတစ်ခု တည်းနေတာ မဟုတ်ဘူး၊ သူက ဘာတွေနဲ့ ပေါင်းစပ်ထား တာတုန်းလို့ဆိုတော့ မဟာဘုတ် ၄-ပါး၊ အဆင်းရယ် အနံ့ရယ် အရသာရယ် ဩဇာရယ် ဆိုတဲ့ ရုပ် ၄-ပါးနဲ့ ပေါင်းလိုက်တော့ ၈-ခု၊ တစ်ခါ သက်ရှိဖြစ်သည့် အတွက်ကြောင့် ဇီဝိတရုပ် ထည့်လိုက် ၉-ခု၊ အဲဒီ ၉-ခုထဲမှာ ထိရင်သိနိုင်တဲ့ ကာယပသာဒ ကိုယ်အကြည် ရုပ်ကလေး ထည့်လိုက်ရင် ၁ဝ-ခု ဖြစ်သွားတယ်။
အဲဒီ ရုပ် ၁၀-ခု အစုကလေး သန္ဓေစိတ်နဲ့အတူပေါ်လာတာ၊ သူ့ကို ကလလရေကြည် လို့ ခေါ်တယ်၊ မိခင်ဖခင်တို့ရဲ့ သုက်သွေးလို့ခေါ်တဲ့ sperm နဲ့ ovum ဆိုတာ မြေနဲ့အလားသဏ္ဌာန်တူတယ်၊ sperm နဲ့ ovum ဟာ သတ္တဝါ မဟုတ်ဘူး၊ အဲဒီ sperm နဲ့ ovum ပေါင်းစပ်နေတဲ့အပေါ် မှာ ဟောဒီသန္ဓေစိတ်နဲ့ ဒီရုပ်တွေ ဖြစ်လာတာ၊ အဲဒီလိုမှတ်။
ဒါကို သဘောပေါက်လို့ရှိရင် အခုခေတ်ပြောနေတဲ့ Clone ဆိုတာလည်း နားလည်နိုင်တာပဲ၊ ဒီ sperm နဲ့ ovum ဘယ်နေရာမှာရှိရှိ သတ္တဝါက မျိုးစေ့ကျနိုင် တာပဲ၊ ဒါ သံသေဒဇဆိုတာကို ပြောလို့ ရတယ်၊ ခုခေတ်က ကြံကြံဖန်ဖန် မျိုးပွား ပြီးတော့ Clone ဆိုတာတွေလည်းလုပ်နေကြတယ်နော်၊ အဲဒီတော့ sperm နဲ့ ovum ဘယ်နေရာမှာပဲရှိရှိ သန္ဓေစိတ်ကလေးက possibility potentiality ဖြစ်နိုင်တဲ့အနေ အထားတစ်ခုပေါ်မှာ သူသန္ဓေတည်မှာပဲ၊ ဒါက တည်လို့ရရင် သန္ဓေနဲ့ sperm နဲ့ ovum က တခြားစီ၊ ခုခေတ်သိပ္ပံတွေကတော့ sperm တို့ ovum တို့ ဒါတွေကိုပဲ သူတို့က သန္ဓေလောင်းလို့ ခေါ် နေတာ၊ ဒါ soil ပဲ၊ အဲဒီအပေါ်မှာ တည်တာကမှ သန္ဓေ။
သန္ဓေဆိုတာကျတော့မှ ပဋိသန္ဓေစိတ်နဲ့ စေတသိက်ရယ်၊ ခုနကပြောတဲ့ ကာယဒသကကလာပ် ကာယနဲ့ အမှတ်ပြုထားတဲ့ ဒသကကလာပ် - ရုပ် ၁၀-ခု အပေါင်း၊ နောက် ဟဒယဝတ္ထုလို့ဆိုတဲ့ စိတ်ရဲ့မှီရာအနေနဲ့ ဆောင်ရွက်မယ့် ရုပ်ကလေးနဲ့ အပေါင်းပါ ၉-ခုရှိရင် အားလုံး ၁၀-ခု ဝတ္ထုဒသကကလာပ်၊ တစ်ဖန် male & female အမျိုးသားအမျိုးသမီး အဖြစ်အခြေခံရုပ် ဘာဝရုပ် ပါဝင်ဖွဲ့စည်း ထားတဲ့ ရုပ်က ၁ဝ-ခုဆိုတော့ အားလုံး ရုပ်ပေါင်း-၃ဝ၊ ဒီရုပ်ပေါင်း-၃၀ က ဘယ်က ရလာတာလဲဆိုတော့ ကံက ထုတ်လုပ်လိုက်တာ၊ ကံကနေ မျိုးစေ့ချပေးလိုက်တာ။
ဒါကြောင့် အဲဒီ့ရုပ်တွေကို ကမ္မဇရုပ်လို့ခေါ်တာ၊ Born of Kamma ဘယ်သူမှ မလုပ်နိုင်ဘူး၊ ကံက လုပ်ပေးလိုက်တာ၊ အဲဒီကံက လုပ်ပေးလိုက်တဲ့ ရုပ်ကလေးနဲ့အတူ သန္ဓေစိတ်ကိုရော ဘယ်သူကလုပ်ပေးတာတုန်းဆို ကံကလုပ်ပေး တာ၊ ဒါကြောင့် သန္ဓေစိတ်ကို ဝိပါကလို့ခေါ် တာ၊ ဝိပါက နဲ့ ကဋတ္တာရူပ၊ စာပေအသုံး ကဋတ္တာရူပ ဆိုတာ ကမ္မဇရုပ်ကို ပြောတာ၊ အဲဒီတော့ ကံတရားက ဖန်တီးပေး လိုက်တာ၊ ရုပ်နဲ့နာမ်နဲ့ နှစ်ခု ပေါင်းစပ်ပြီးတော့ အင်မတန် သေးငယ်တဲ့ ကလလရေကြည် ဆိုတဲ့အနေအထားတဲ့၊ မိခင်ရဲ့ ovum လို့ဆိုတဲ့ soil ပေါ်မှာ မျိုးစေ့လေးတွေချတာ။
အဲဒီထဲမှာပါလာတဲ့ရုပ်တွေကို ကြည့်လိုက်လို့ရှိရင် သန္ဓေစိတ်နဲ့အတူ ဥပါဒ် တဲ့ရုပ်တွေဟာ ကံတစ်ခုတည်းက ထုတ်လုပ်တာဖြစ်သောကြောင့် ကမ္မဇရုပ်လို့ ခေါ် တယ်၊ အဲဒီကမ္မဇရုပ်တွေကို ကံက တစ်ကြိမ်တည်းပဲ ထုတ်လုပ်တာလားလို့ မေးစရာရှိတယ်၊ မဟုတ်ဘူး၊ စိတ်ကိုတော့ ကံကဖြစ်စေပြီးတော့ ရုပ်ကျတော့ ကံက တစ်ကြိမ်တည်း ထုတ်လုပ်တာ မဟုတ်ဘူး၊ အကြိမ်ကြိမ်ထုတ်လုပ်တာ၊ အသက်- ၈ဝ-နေရမယ့်ပုဂ္ဂိုလ် ဆိုလို့ရှိရင် နှစ်ပေါင်း ၈ဝ- ထုတ်လုပ်နေမှာပဲ။
ဒီလို ထုတ်လုပ်တဲ့အခါမှာ စက္ကန့်တိုင်း စက္ကန့်တိုင်း ထုတ်လုပ်တယ်၊ ပါဠိ စာပေ အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ခဏ ခဏေတဲ့၊ every moment ပေါ့၊ ပဋိသန္ဓေစိတ်မှာ three moment ခဏလေး ၃-ခု ရှိတယ်၊ ခဏလေးက ဘာတုန်း၊ ဖြစ်ခိုက်လေးရယ်၊ ဖြစ်ပြီးတော့ တည်ခိုက်ကလေးရယ်၊ ပျက်ခိုက်ကလေးရယ်၊ ဖြစ် တည် ပျက် အခိုက် ၃-ခု ရှိတယ်၊ ဖြစ်နေတဲ့အခိုက်မှာလည်းပဲ ကံက ကမ္မဇရုပ် ကို ထုတ်လုပ်လိုက်တယ် ဆိုတော့ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏမှာ (စာလိုပြောရ အောင်) ဖြစ်နေတဲ့ အခိုက်ကလေးမှာ ကမ္မဇရုပ် ဘယ်လောက်ရှိသလဲ၊ ၃၀-ရှိတယ်၊ အဲဒီပဋိသန္ဓေစိတ်ရဲ့ ဒီခဏ တည်နေတဲ့အခိုက်ကလေးက နောက်ထပ် သူက ထုတ်လုပ်လိုက်တယ်ဆိုတော့ double ပေါ့ ၃၀-နှစ်ခါဆိုတော့ ၆၀-ဖြစ်သွားတယ်၊ တစ်ခါ ပဋိသန္ဓေစိတ်ပျက်သွားတဲ့ အချိန်ပိုင်းကို ဘင်ခဏလို့ ခေါ်တယ်၊ အဲဒီ ဘင်ခဏလေးမှာလည်း ကမ္မဇရုပ်ကို ထုတ်လုပ်တယ်ဆိုတော့ ဘယ်လောက် ဖြစ်သွားလဲ၊ ၉ဝ- ဖြစ်သွားတယ်၊ အဲဒီ နှုန်းထားနဲ့ ကမ္မဇရုပ်တွေက တိုးနေတာ၊ ဒါကြောင့်မို့လို့ ခဏ ခဏ စိတ်ရဲ့ ခဏတိုင်း ခဏတိုင်းမှာ ထုတ်လုပ်တယ်။
ဒါ စိတ်ရဲ့ဥပါဒ်ခဏမှာ ဘယ်သူက ထုတ်လုပ်တာတုန်းဆို စိတ်က ထုတ်လုပ်တာ မဟုတ်ဘူး၊ ကံက ထုတ်လုပ်နေတာ၊ ကံက အရှိန်အဝါ အင်မတန်မှ ကြီးမားတယ်၊ Energy ရှိတယ်၊ Power ရှိတယ်၊ အဲဒီ energy, powerနဲ့ ကံကနေပြီးတော့ ကမ္မဇရုပ်တွေကို စိတ်ရဲ့ခဏတိုင်းမှာ ထုတ်လုပ်ပေးနေတာ ဖြစ်သောကြောင့် ပဋိသန္ဓေစိတ်အတွင်းမှာပဲ ရုပ်ပေါင်း ၉ဝ- ထုတ်ပြီးသွားပြီ။
ထို့အတူပဲ ဘဝင်စိတ်ဖြစ်လာတဲ့အခါ နောက်ထပ် ၃၀-ထည့်၊ ထပ်ထည့် ထပ်ထည့် ထပ်ထည့် ဟော အများကြီးပဲ၊ အဲဒီနည်းနဲ့ တွက်ပြီးတော့ ကြည့်ပေတော့၊ တောင်မြို့ ဆရာတော်ဘုရားကြီးရေးတဲ့ “ဝီထိနဲ့ သုံးချက်စု ဘာသာဋီကာ” ဆိုတဲ့ အထဲမှာ “ရူပဝီထိ”အကြောင်း ရေးထားတာရှိတယ်၊
အဲဒီစာအုပ်ကို ကြည့်မယ် ဆိုလို့ရှိရင်လည်းပဲ ခုနကပြောတဲ့ ပဋိသန္ဓေခဏမှာ ရုပ်ပေါင်း-၃၀, ဋ္ဌီခဏရောက်တဲ့ အခါကျတော့ ရုပ်ပေါင်း-၆ဝ၊ ဘင်ခဏ ရောက်သွား တဲ့အခါကျ ရုပ်ပေါင်း-၉၀ ပေါ့၊ တိုးတိုးသွားပုံကို ဂဏန်းတွေနဲ့တွက်ပြီး ပြထားတာ ရှိတယ်၊ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ် အဲဒီမှာကြည့်၊
“ပဋိသန္နိ မုပါဒါယ ခဏ ခဏ သမုဋ္ဌာပေတိ” အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာ ပဋိသန္ဓေရဲ့ ဥပါဒ်ကနေစပြီးတော့ ခဏတိုင်း ခဏတိုင်း ဆိုတာကို လွယ်အောင် ပြောမယ်ဆိုလို့ရှိရင် စက္ကန့်တိုင်း စက္ကန့်တိုင်း ထုတ်တယ်၊ အဲဒီလောက် ထိအောင် သူက ထုတ်လုပ်အားကောင်းတယ်ပေါ့၊ ကံက ရုပ်တွေကို ထုတ်တယ်၊ ဒါကြောင့်မို့ လူ့ ခန္ဓာကိုယ်က ကြီးထွားလာတာ၊ နို့မို့ဆို လူ့ခန္ဓာကိုယ် ဘယ်လိုလုပ် အကောင် အထည်ကြီး ဖြစ်နိုင်မလဲနော်။
ဒါဖြင့် တိုးလာတာတွေက မပျောက်ဘူးလားဆိုရင် သူ့သက်တမ်းနဲ့သူပဲ၊ ပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှာ ထုတ်လုပ်လိုက်တဲ့ရုပ်ကလေးက ၁၇-ချက် (သို့မဟုတ်) ခဏငယ် ၅၁-ချက်ပြည့်တဲ့ နေရာမှာ သူက ချုပ်သွားတယ်၊ ချုပ်သွားပြီး နောက်ထပ် မလာတော့ဘူး၊ သူက တစ်ခါတည်းပြတ်သွားတယ်၊ ဒီခဏမှာ ထုတ်တာက သူ့ထက် တစ်ခဏ ပိုပြီးတော့ ကျန်ရစ်တယ်၊ ကမ္မဇရုပ်တွေက ထုတ်လုပ်မှုတွေကလည်း များတယ်၊ အဆင့်ဆင့် စဉ်ဆက်မပြတ် ထုတ်နေတာဆိုတော့ ပျက်တဲ့ဟာကပျက်, ဖြစ်တဲ့ ဟာကဖြစ်၊ အနိစ္စသဘောတရားဟာ ဘယ်လောက်ထင်ရှားတယ်ဆိုတာ လူတွေရဲ့ သန္တာန်မှာဖြစ်နေတဲ့ ကမ္မဇရုပ်တွေဟာ အဲဒီပုံစံနဲ့သွားတာ၊ ဒါ ပဋိသန္ဓေ ဖြစ်တဲ့အချိန်က ကမ္မဇရုပ်တွေကို ပြောတာ။
နောက်ပိုင်းမှပေါ်တဲ့ ကမ္မဇရုပ်တွေ ရှိသေးတယ်၊ စက္ခုပသာဒတို့ သောတ- ပသာဒတို့ ဃာနပသာဒတို့၊ မိခင်ရဲ့ဝမ်းထဲမှာ သန္ဓေတည်ပြီး ၁၁-ပတ်လောက်ကျမှ ဖြစ်လာတဲ့ ကမ္မဇရုပ်တွေက ရှိသေးတယ်၊ အဲဒီကမ္မဇရုပ်တွေမှာလည်းပဲ ဒီအတိုင်းပဲ စဉ်ဆက်မပြတ်ဖြစ်နေတာ၊ လူတွေရဲ့မျက်စိပသာဒအကြည်ရုပ်ကို အဲဒီနှုန်းထားနဲ့ပဲ ထုတ်လုပ်နေတယ်တဲ့၊ ပျက်တဲ့ဟာက ပျက်သွားတယ်၊ အသစ်ပေါ် လာတဲ့ဟာက အစားထိုးသွားတယ်။
ဘာနဲ့ ဥပမာတူတုန်းဆိုရင် မြစ်ရေစီးနဲ့ အလားသဏ္ဌာန်တူတယ်၊ မြစ်ကြီး သွားကြည့်ရင် ရေတွေ အမြဲတွေ့နေရမှာပဲ၊ သို့သော် ခုနကတွေ့တဲ့ရေလားဆိုတော့
မဟုတ်ဘူး၊ ခုနကတွေ့တဲ့ရေက မရှိတော့ဘူး၊ ဒါ နောက်လာတဲ့ရေ၊ ကိုယ့်မျက်လုံး လည်း အဲဒီအတိုင်းပဲ၊ စဉ်းစားကြည့် - မွေးတုန်းက မျက်လုံးလားဆို မဟုတ်တော့ ဘူး၊ အများကြီးပျက်သွားပြီ၊ နောက်ထပ် အသစ်အသစ်တွေ လာတယ်၊ သို့သော် copy တွေလေ၊ copy ဆိုတော့ ပုံတူထုတ်နေတာဆိုတော့ မသိဘူးပေါ့၊ ဒါပဲလို့ ထင်နေတာကိုး၊ မြစ်ရေဟာလည်း ဒီအတိုင်းပဲဆိုတော့ အရင်မြစ်ရေတွေ ပျောက် သွားမှန်း မသိဘူး၊ ဒီမြစ်ကြီးဟာ ဟိုးရှေးတုန်းကတည်းက ရှိနေတာပဲနဲ့ ဒီလိုပဲ ပြောကြတယ်၊ ဒီသဘောလေးကို နားလည်ထားလို့ရှိရင် သဘောပေါက်နိုင်တယ်။
ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်လာတဲ့ Kamma born matter ကမ္မဇရုပ်ဟာ ၃၀-ရှိတယ်၊ အဲဒီပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှာဆိုလို့ရှိရင် ကံက ထုတ်လုပ်တဲ့ ရုပ်တစ်မျိုး တည်းပဲ ရှိသေးတယ်၊ ပဋိသန္ဓေရဲ့ ဒီခဏကျတော့ ဥတုဇရုပ်တစ်မျိုး တိုးလာပြန်တယ်။
အဲဒီကမ္မဇရုပ်တွေထဲမှာ တေဇောဓာတ်လို့ခေါ်တဲ့ ဥတု ပါလာတယ်၊ ပဋိသန္ဓေစိတ် ကလေးနဲ့အတူ ဥပါဒ်တဲ့ ကာယဒသကကလာပ် ဝတ္ထုဒသကကလာပ် ဘာဝဒသက ကလာပ်ဆိုတဲ့ ရုပ်-၃ဝထဲမှာ တေဇောဓာတ်လို့ ခေါ်တဲ့ ဥတုပါတယ်။ အဲဒီဥတုသည် ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်လာတာ၊ ကံက ထုတ်လုပ်လိုက်တဲ့ ပဋိသန္ဓေရဲ့ ဥပါဒ် ခဏမှာ သူက ပေါ်လာတယ်၊ ပဋိသန္ဓေရဲ့ ဒီခဏရောက်တဲ့အခါ ကျတော့ သူက ရုပ်တစ်ခုကို ပြန်ပြီးတော့ မွေးဖွားပြန်တယ်၊ ပြန်ပြီးတော့ ထုတ်လုပ် လိုက်ပြန်တယ်၊ တေဇောဓာတ်က ဥတုဇရုပ်ကို ထုတ်တယ်တဲ့နော်။
ပဋိသန္ဓေစိတ်နဲ့အတူ ဥပါဒ်လာတဲ့ တေဇောဓာတ် ဥတုက ပဋိသန္ဓေရဲ့ ဒီခဏ ရောက်ပြီဆိုတဲ့အချိန်မှာ သူက စွမ်းရည်သတ္တိတွေ ဖြစ်လာတယ်၊ သူဖြစ်စ အချိန်ကတော့ မထုတ်နိုင်ဘူး၊ ဖြစ်ပြီးတော့ ခဏတစ်ခုလွန်တာနဲ့ တစ်ပြိုင်နက် သူက ဋ္ဌီခဏဆိုတာ ရောက်လာ၊ ရောက်လာတဲ့အချိန်မှာ ဥတုကြောင့်ဖြစ်တဲ့ရုပ်ကို သူက ထုတ်လုပ်လိုက်ပြန်တယ်ဆိုတော့ ရုပ်တွေအများကြီးပဲ ဖြစ်လာတယ်။
Kamma born matter က တစ်ခု၊ ပဋိသန္ဓေရဲ့ဒီခဏကျတော့ ဥတုကြောင့် ဖြစ်တဲ့ ဥတု born matter ရုပ်တစ်ခုဖြစ်လာတယ်၊ ဘယ်နှစ်ခုဖြစ်သွားလဲ၊ နှစ်ခု ဖြစ်သွားပြီ၊ အဲဒီပဋိသန္ဓေစိတ်ကတော့ ရုပ်ကို မထုတ်လုပ်နိုင်သေးဘူး၊ သို့သော် ပဋိသန္ဓေစိတ် နောက်မှာ ဖြစ်တဲ့စိတ်က ဘာခေါ်တုန်းဆို ဘဝင်စိတ်လို့ ခေါ်တယ်၊ ပထမဆုံးစိတ် ကိုသာ ပဋိသန္ဓေလို့ ခေါ်လိုက်တာ၊ နောက်စိတ်ကျတော့ နာမည်ပြောင်းပေး လိုက်တယ်၊ ဘာတုန်း “ဘဝင်္ဂ” ဘဝင်စိတ်တဲ့၊ ဘဝမှာ ရှင်သန်ဖို့အတွက် အကြောင်းဖြစ်တဲ့ စိတ်မျိုးပဲ ထပ်ဖြစ်တယ်၊ ပဋိသန္ဓေစိတ်နဲ့ ဘဝင်စိတ် ဆိုတာ အတူတူပဲလို့ ပြောတာ။
အဲဒီဘဝင်စိတ်က သူဖြစ်လာလျှင် ဖြစ်လာချင်း ရုပ်အသစ်တွေကို ထုတ် တယ်၊ အဲဒီရုပ်ကျတော့ စိတ္တဇရုပ်လို့ ခေါ်တယ်၊ ကြည့် - ပဋိသန္ဓေ ဥပါဒ်ခဏမှာ ကမ္မဇရုပ် တစ်မျိုးတည်းပဲ ရှိတယ်၊ ပဋိသန္ဓေစိတ်ရဲ့ ဒီခဏနဲ့ ဘင်ခဏ ရောက်လာတဲ့ အခါကျတော့ ဥတုဇရုပ်တွေ ပါလာပြန်ရောနော်၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ တိုးလာတယ်၊ ပထမဘဝင်စိတ်ရောက်လာတဲ့အခါကျတော့ စိတ္တဇရုပ် တိုးလာတယ်၊ ဘယ်နှစ်ခုရှိသွားပြီလဲ၊ သုံးခုဖြစ်သွားပြီ၊ ဟုတ်ရဲ့လား၊ အစာအာဟာရစားတဲ့အချိန် ကျတော့ အာဟာရဇရုပ်ဆိုတာ ပေါ်လာတယ်၊ ဟော လေးခုဖြစ်သွားပြီ။
ပုရေဇာတဿ ဣမဿ ကာယဿ လို့ဆိုတာ အဲဒီရုပ်တွေကို ပြောတာ၊ ကြည့် - ပဋိသန္ဓေရဲ့ဥပါဒ်ခဏမှာဖြစ်တုန်းက ကမ္မဇရုပ်တစ်မျိုးတည်းပဲ ရှိတယ်၊ ပဋိသန္ဓေရဲ့ ဒီခဏ ဘင်ခဏ ရောက်တဲ့အခါကျတော့ ကမ္မဇ ဥတုဇ နှစ်ခု မဖြစ်ဘူးလား၊ နှစ်ခုဖြစ်တယ်၊ ဘဝင်စိတ်ဖြစ်လာတဲ့အခါကျတော့ ဘယ်နှစ်ခုဖြစ်သွားလဲ၊ သုံးခု ဖြစ်သွားတယ်၊
အဲဒါကို ရည်ညွှန်းပြီးတော့ ပဋ္ဌာန်းအရကောက်ကျမ်းကြီးမှာ ဧကဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယ” လို့ ပါဠိနဲ့ ဆိုရိုးပြုထားတာ ရှိတယ်။
ဧကဇကာယဆိုတာ အကြောင်းတစ်ခုတည်းကြောင့်ဖြစ်တဲ့ ရုပ်၊ အဲဒါက ပဋိသန္ဓေ စိတ်ရဲ့ဥပါဒ်ခဏကို ရည်ညွှန်းပြီးတော့ ပြောတာ၊ အဲဒီဧကဇဆိုတဲ့ရုပ်ဟာ ပဋိသန္ဓေနဲ့ ဥပါဒ် ပြိုင်ပြီးတော့ဖြစ်တာ ဖြစ်သောကြောင့် born earlier ပဲ၊ ပုရေဇာတဿ ဣမဿ ကာယဿ ကြိုပြီးတော့ ဖြစ်တယ်၊ အဲဒီလို ကြိုပြီးတော့ ဖြစ်တဲ့ ကမ္မဇရုပ်ကို ဘယ်သူက အထောက်အကူပြုတုန်းဆိုလို့ရှိရင် ဘဝင်စိတ်ကနေ အထောက်အကူ ပြုတယ်တဲ့၊ ဘဝင်စိတ်က သူ့နောက်မှ ပေါ်တာနော်၊ သူ့နောက်မှ ပေါ်တဲ့ ဘဝင်စိတ်ကြောင့် သူဟာ ဆက်လက်ရှင်သန်ခွင့်ရတယ်ပေါ့၊ ဒါပြောတာ။
အကယ်၍ ဘဝင်စိတ် မဖြစ်တော့ဘူးဆိုရင် သူ ဆက်လက်ရှင်သန်ခွင့် ရပါ့မလား၊ မရနိုင်ဘူး၊ ဘဝင်စိတ်က အထောက်အကူပြုတယ်ပေါ့၊ ပစ္ဆာဇာတ ပစ္စည်းဆိုတာ အဲဒါပဲ၊ ဘဝင်စိတ်ကနေပြီး အထောက်အကူပြုထားသည့်အတွက်ကြောင့် ခုနက ထုတ်လုပ်လိုက်တဲ့ ဧကဇကာယလို့ ဆိုတဲ့ ကမ္မဇရုပ်အပေါင်းဟာ ပထမဘဝင်စတဲ့ နောက်နောက်သော စိတ်တွေက သူတို့ကို အထောက်အကူပြုထား လို့ ဆက်လက် ရှင်သန်ခွင့် ရနေကြတာ။
ထို့အတူပဲ ပဋိသန္ဓေရဲ့ ဒီခဏနဲ့ ဘင်ခဏ ရောက်တဲ့အခါကျတော့ ဥတုက ထုတ်လုပ်တဲ့ရုပ်တွေ ပေါ်လာတယ်၊ အဲဒီဥတုက ထုတ်လိုက်တဲ့ရုပ်ကို ပထမဘဝင် စိတ်က ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ပထမဘဝင်စိတ်သည် နောက်မှ ဖြစ်ပေမယ်လို့ ရှေးဦးစွာကြိုတင်ဖြစ်နှင့်တဲ့ ကမ္မဇရုပ် ဥတုဇရုပ်တို့ကို အထောက် အကူ ပြုထားပါတယ်တဲ့၊ ဒါကို ပြောတာနော်။
နောက် ပထမဘဝင်စိတ်အခိုက် ရောက်တဲ့အခါကျတော့ စိတ္တဇရုပ် ထုတ်ပြန်တယ်၊ ဘယ်နှစ်ခုဖြစ်သွားလဲ၊ သုံးခုဖြစ်သွားတယ်၊ အဲဒီသုံးခုလုံးကို ဘယ်သူ ကနေ အထောက်အကူပြုတုန်းဆို ဒုတိယဘဝင်စိတ်တွေဟာ သူ့နောက်က စိတ် တွေကနေ သူတို့ကို အထောက်အကူပြုထားပါတယ်တဲ့၊ ဆိုလိုတာကတော့ ရုပ်နဲ့ နာမ် အပြန်အလှန်ဆက်စပ်ပြီးတော့နေတယ်၊ တစ်ခုနဲ့တစ်ခု အမှီပြုပြီးတော့ နေကြ တယ်၊ တစ်ခုရှိလို့တစ်ခုရှိနေတယ်၊ တစ်ခုမရှိရင်တစ်ခုကမရှိတော့ဘူး၊ အလင်းရောင်နဲ့ လျှပ်စစ်မီး ဆက်သွယ်ပြီးနေသလိုပဲ၊ လျှပ်စစ်မီးမရှိရင် အလင်းရောင်ပျောက်သွား မယ်၊ အလင်းရောင်ပျောက်သွားရင် အမှောင်ရောက်လာမယ်၊ ဟော ဆက်သွယ်မှုတွေ ရှိနေတယ်၊ အဲဒါလိုပဲ ဒီသဘာဝတရားတွေဟာ မှီတည်ပြီးတော့ တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်သွယ်မှုတွေ ရှိနေတယ်၊ အဲဒီလို ဆက်သွယ်မှုရှိနေတဲ့အခါမှာ တစ်ခုက အရင်မွေး၊ တစ်ခုက နောက်မှမွေး၊ သို့မဟုတ် အဲဒီနှစ်ခုစလုံး ပြိုင်တူမွေး၊ ဒါကို ရည်ညွှန်းပြီးတော့ ပြောတာ၊ သဟဇာတ, ပုရေဇာတ, ပစ္ဆာဇာတ။
ဒါကြောင့်မို့ ပဋ္ဌာန်းအရကောက်ကျမ်းမှာ “ပထမဘဝင်အစရှိသော နောက် နောက်သော နာမက္ခန္ဓာတရားတွေက ရှေးရှေးသော ပဋိသန္ဓေစိတ်စသည်နှင့် ဥပါဒ် ပြိုင်သော ဧကဇကာယ ဒွိကာယ တိဇကာယ စတုဇကာယ အား” ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ ကြိုတင်ဖြစ်နှင့်တဲ့ ရုပ်တွေကို နောက်မှဖြစ်လာတဲ့ နာမ် တရားက အထောက်အကူပြုထားတယ်လို့ - ဒါ ပြောတာနော်၊ အဲဒါ ပစ္ဆာဇာတ ပစ္စည်းပဲ။
သူ့ကြောင့်ဖြစ်တာလို့ပြောတာ မဟုတ်ဘူးနော်၊ အကြောင်းတရားတွေက သူ့ဟာသူ ရှိတယ်၊ ဒီရုပ်တွေက ကံကြောင့်ဖြစ်တယ်၊ ဥတုကြောင့်ဖြစ်တယ်၊ စိတ်ကြောင့် ဖြစ်တယ်၊ အာဟာရကြောင့် ဖြစ်တယ်၊ အကြောင်းတရားက အဲဒါတွေ၊ သို့သော် နောက်မှဖြစ်တဲ့ နာမ်တရားတွေက ရှေ့ကဖြစ်နှင့်နေတဲ့ ရုပ်အပေါင်းကို ပစ္ဆာဇာတ သတ္တိနဲ့ကျေးဇူးပြုနေပါတယ်၊ တစ်သက်လုံး မသေမချင်း ဒီတိုင်းသွားတာ။
နောက်နောက်ဖြစ်လာတဲ့စိတ်က ရှေ့ရှေ့မှာ အရင်ဖြစ်လာခဲ့တဲ့ ဧကဇ ကာယ ဒွိဇကာယ တိဇကာယ စတုဇကာယဆိုတဲ့ ရုပ်အပေါင်းကို အထောက်အကူ ပြုနေတာ၊ တစ်သက်လုံး အထောက်အကူပြုနေလားဆိုတော့ စုတိစိတ် ရောက်သည် အထိ အထောက်အကူပြုနေမှာပဲ၊ ဒီလို အထောက်အကူပြုနေတာ ပစ္ဆာဇာတသတ္တိပဲ၊ နှစ်ခုစလုံး ရှိနေခိုက်ပဲ ကျေးဇူးပြုတယ်၊ မရှိတော့တဲ့နောက်မှာ ကျေးဇူးမပြုနိုင်ဘူး၊ ဒါကြောင့်မို့လို့ အတ္ထိ အဝိဂတ။
အခု ပစ္ဆာဇာတပစ္စည်းဆိုတာ ပစ္စည်းတရားက ဘာလဲဆိုရင် နာမ်တရား၊ ပစ္စယုပ္ပန်တရားက ဘာတုန်းဆိုရင် ရုပ်တရား၊ ရုပ်တရားကို နာမ်တရားကနေ အထောက်အကူပြုတယ်၊ နာမ်တရားသည် ရုပ်တရားအား ကျေးဇူးပြုတယ်၊ relate လုပ်တယ်၊ relation ဖြစ်နေတယ်၊ ဒီတော့ ရုပ်နဲ့ နာမ်ဆိုတော့ ပစ္စယနဲ့ ပစ္စယုပ္ပန်ဟာ ဒီလို relation ဖြစ်နေပေမယ့်လို့ ရောလို့ရလားဆို ရောမရဘူး၊ ရောမရလို့ ဝိပ္ပယုတ္တ၊ သူတို့ဟာ ရောယှက်သွားတဲ့အရာတော့ မဟုတ်ဘူး၊ သူ့ သဘာဝအတိုင်းသူ တစ်ခုစီ တစ်ကန့်စီပဲ၊ သဘာဝချင်းဟာ ပေါင်းစပ်လို့ မရဘူးတဲ့၊ မရပေမယ့်လို့ relation အကြောင်းနဲ့အကျိုး၊ သို့မဟုတ် သဘာဝတရားနှစ်ခုဟာ အပြန်အလှန် ဆက်စပ် နေတယ်ဆိုတာ ဒီသဘောကိုပြောတာ။
ပဋ္ဌာန်းတရားဆိုတာ လူတွေရဲ့သဘာဝကို ရှင်းပြောနေတာ၊ ကိုယ့်သန္တာန် မှာဖြစ်နေတဲ့ သဘာဝတရားတွေဟာ အခုလိုပဲ အကြောင်းအကျိုး ဆက်သွယ် နေတယ်၊ နောက်မှဖြစ်လာတဲ့ စိတ်တွေက ရှေးရှေးဖြစ်နှင့်နေတဲ့ ရုပ်တရားတွေကို အခုလိုအထောက်အကူပြုနေပါတယ်၊ အကယ်၍ နာမ်တရားတွေက အထောက် အကူ မပြုဘူးဆိုရင် ရှေးရှေးဖြစ်တဲ့ရုပ်တရားတွေက ရှင်သန်ခွင့်မရှိပါဘူးလို့ ဒါ ပြောတာနော်။
“ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော”။
ပစ္ဆာဇာတာ - နောက်မှဖြစ်လာကြတဲ့၊ ကြည့် - နောက်မှဖြစ်တယ်ဆိုတာ ပထမဘဝင် ဒုတိယဘဝင်စသည်ဖြင့် စိတ် process အတိုင်း မသေမချင်းသွားတယ်၊ စိတ်အစဉ် ပဲနော်၊ နောက်မှဖြစ်လာကြတ၊ဲ့
စိတ္တစေတသိကာ – စိတ်စေတသိက်လို့ ဆိုတဲ့၊
ဓမ္မာ – ပစ္စယဓမ္မတွေဟာ၊
ပုရေဇာတဿ ဣမဿ ကာယဿ - ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့ ဤရုပ်အပေါင်းအား၊
ပစ္ဆာဇာတပစ္စယေန – ပစ္ဆာဇာတပစ္စယ သတ္တိဖြင့်၊
ပစ္စယော ဥပကာရကော – ကျေးဇူးပြုတတ်ပါပေတော့၏၊
အပြန်အလှန် ဆက်သွယ်ပြီးတော့ ကျေးဇူးပြုနေကြတာ၊ အဲဒီသဘာဝတရားတွေ ဒါ ရုပ်နဲ့နာမ် ဒီလို အပြန်အလှန်ကျေးဇူးပြုနေတာကိုပြောတယ်။
ထို့အတူပဲ အဲဒီ စိတ်စေတသိက်တွေကို ပဉှာဝါရကျတော့ ထပ်ခွဲပြလိုက် ပြန်တယ်၊ ဘယ်လိုထပ်ခွဲပြတုန်းဆိုတော့ - စိတ်စေတသိက်ဆိုတာ အဘိဓမ္မာသင်ဖူး တဲ့သူတွေ တွေ့လိမ့်မယ်၊ ကုသိုလ်ရော မရှိနိုင်ဘူးလား၊ အကုသိုလ်ရော မရှိနိုင်ဘူးလား၊ ဝိပါက်စိတ်တွေ ကြိယာစိတ်တွေဆိုတဲ့ အဗျာကတတွေရော မရှိနိုင်ဘူးလား၊ အဲဒီ သုံးမျိုးနဲ့ ထပ်ခွဲလိုက်မယ်ဆိုလို့ရှိရင် -
“ပစ္ဆာဇာတာ ကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော”။
(ကုသလော အဗျာကတဿ = ကုသိုလ်ကနေ အဗျာကတကို ကျေးဇူးပြုတယ်၊ ရုပ်ဆိုတဲ့ အဗျာကတ၊ ထို့အတူပဲ -)
“ပစ္ဆာဇာတာ အကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော” အပြန်အလှန် ဒီလိုလာတာ။
“ပစ္ဆာဇာတာ ဝိပါကာဗျာကတာ ခန္ဓာ၊ ကြိယာဗျာကတာ ခန္ဓာ၊ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော” လို့၊
ကုသလ အကုသလ အဗျာကတ ဆိုပြီး ထပ်ခွဲပြီးတော့ ပဥှာဝါရမှာ ဒီလို ဟောထားတယ်၊ ပဥှာဝါရက ပိုအသေးစိတ်လိုက်တယ်၊ ပစ္စယနိဒ္ဒေသကတော့ ပေါင်းပြောလိုက်တာ၊
“ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော” တဲ့။
ပဋ္ဌာန်းရွတ်တဲ့အခါမှာ “ဪ ဒါတွေကို ပြောတာပါလား” လို့သိပြီး အကြောင်း အကျိုးဟာ ဘယ်လိုဆက်သွယ်ပြီးတော့နေကြတယ်၊ သဘာဝတရား တွေဟာ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ဘယ်လို ဆက်သွယ်နေတယ်ဆိုတာကျဖို့ အင်မတန်မှ အရေးကြီးပါတယ်တဲ့၊ အဲဒီလို သဘောကျမှ ပဋ္ဌာန်းတရားတော် ကြီးရဲ့ ကျယ်ပြန့်မှု နက်နဲမှုဆိုတဲ့ အနှစ်သာရပိုင်းကို သိရှိကြမှာ ဖြစ်ပါတယ်၊ သို့မဟုတ်လို့ရှိရင်တော့ နားထဲမှာ ပစ္စယေန ပစ္စယောလောက်ပဲ ကြားမယ်။
ကိုယ့်ခန္ဓာကို apply လုပ်တတ်ဖို့ လိုတယ်၊ ဒါတွေကို ပြောနေတာပါလား၊ သက်ရှိသတ္တဝါတွေထဲမှာရှိတဲ့ ရုပ်ဓမ္မနဲ့ နာမ်ဓမ္မတွေဟာ အပြန်အလှန် ဒီလို ဆက်သွယ်နေတယ်၊ ကြိုတင်ဖြစ်နှင့်နေတဲ့ ရုပ်ဓမ္မတွေကို နောက်မှဖြစ်လာတဲ့ နာမ် တရားတွေက ဒီလို အထောက်အကူပြုပြီးတော့ ကျေးဇူးပြုနေပါလား ဆိုတာကို ပစ္ဆာဇာတပစ္စည်းကို လေ့လာခြင်းဖြင့် သိရှိနိုင်ပါတယ်။
အဲဒီ ပစ္ဆာဇာတပစ္စည်းသည် အထောက်အကူပြုတယ် ဆိုတဲ့နေရာမှာ အထောက်အကူ အပြုခံရတဲ့ ရုပ်တရားကလည်း အထင်အရှားရှိရမယ်၊ အထောက်အကူပြုနေတဲ့ ပစ္စည်းတရားကလည်းပဲ အထင်အရှား ရှိနေရမယ်၊
ရှိနေခိုက်မှာ ကျေးဇူးပြုသောကြောင့် အတ္ထိ၊
မကင်းကွာခင်ထိ ကျေးဇူးပြုသောကြောင့် အဝိဂတ၊
ရုပ်နဲ့နာမ် ပေါင်းစပ်လို့မရလို့ ဝိပ္ပယုတ္တ တဲ့၊
ကြိုတင်ဖြစ်နှင့်နေတဲ့ရုပ်ခန္ဓာကို နောက်မှ ဖြစ်လာတဲ့ စိတ်စေတသိက် ဆိုတဲ့ နာမ်ခန္ဓာတွေက အထောက်အကူပြုလို့ ပစ္ဆာဇာတ တဲ့၊
ပေါင်းလိုက်တော့ ပစ္စည်း ၄-မျိုး ပါဝင်ပတ်သက်နေတယ်၊ အဓိကပစ္စည်းကတော့ ပစ္ဆာဇာတပစ္စည်းပဲ၊ ကျန်တဲ့ပစ္စည်းတွေက ပါဝင်ပတ်သက်တာပဲ။
ပစ္ဆာဇာတလို့ဆိုလိုက်သဖြင့် ရုပ်နှင့်နာမ်ဖြစ်သည့်အတွက်ကြောင့် ဝိပ္ပယုတ္တ ဆိုတဲ့ သဘော ပါလာတယ်၊ ရှိခိုက်မှာ ကျေးဇူးပြုလို့ အတ္ထိဆိုတဲ့သဘောလည်း ပါလာတယ်၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတဆိုတဲ့ပစ္စည်း လည်း ပါလာတယ်တဲ့၊ ပေါင်းလိုက်တော့ ဒီသဘာဝတရားတွေဟာ ၂၄-ပစ္စည်းထဲ ဟောဒီ ပစ္စယသတ္တိ ၄-မျိုးနဲ့ သင်္ခါရဆိုတဲ့ သဘာဝအတိုင်း အကြောင်းတရားတွေက ပေါင်းစပ်ပြီး အခုလို တို့ရဲ့ဘဝ အသက်ရှင်နေကြတာ၊ ရပ်တည်နေကြတာဟာ ဟောဒီအကြောင်းတရားတွေ ပေါင်းစပ်နေလို့ ဖြစ်နေတာပါလား၊ အကြောင်းတရားတွေ မရှိတော့ဘူးဆိုလို့ရှိရင် ပြိုကွဲသွားမှာပါလား။
ဒီတရားတွေထဲမှာ ငါလို့ ထောက်ပြစရာလည်း မရှိဘူး၊ ငါ့ဟာလို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး၊ သူ့ဟာသူဖြစ်နေတဲ့ သဘာဝတရားသက်သက်ပဲ၊ “သုဒ္ဓဓမ္မာ ပဝတ္တန္တိ” သဘာဝတရားသက်သက် ဖြစ်တယ်၊ အဲဒီသဘာဝတရားသက်သက်ကိုပဲ လူတွေက ငါဆိုပြီးတော့ ပြောနေကြတာ။
ဒါဖြင့် ငါလို့ပြောတာ ရုပ်ကို ပြောတာလား နာမ်ကို ပြောတာလားဆိုတော့ ရုပ်နာမ်က တစ်ခုမှ ငါလို့ပြောစရာ မရှိဘူး၊ ဒါဖြင့် ငါ့ဟာလို့ရော ပြောစရာရှိမလား၊ မရှိဘူး၊ ငါမှမရှိရင် ငါ့ဟာ ရှိပါ့မလား၊ မရှိဘူး၊ ဒီနှစ်ခုက ဆက်စပ်နေတယ်၊ ငါမှ မရှိဘဲနဲ့ ဘယ်လိုလုပ်ငါ့ဟာရှိမလဲ၊ သို့သော်လည်း လောကလူသားတွေက ငါ ငါ့ဟာ ဆိုတာ ဒီနှစ်ခုနဲ့ အသက်ရှင်နေကြတာ၊ အရာခပ်သိမ်းကို ငါ ငါ့ဟာနဲ့နေတာ။
ဒါကြောင့်မို့ မြတ်စွာဘုရားက “အဟံ မမ ပရိယုဋ္ဌာယီ” လူတွေဟာ ရုပ်တရား နာမ်တရားတွေပေါ်မှာ ငါ လို့ဆိုတဲ့ လွှမ်းမိုးကြီးစိုးနေမှု၊ ငါ့ဟာ လို့ဆိုတဲ့ အထင် ရောက်နေမှုတွေနဲ့ ဒီသဘာဝတရားတွေရဲ့ လွှမ်းမိုးမှုခံနေရသည့်အတွက်ကြောင့် မျက်စိလည်လမ်းမှားလို့ အမှန်တရားကို မသိနိုင်ကြဘူးတဲ့၊ အဲဒီတော့ အမှန်တရား သိနေရအောင် သဘာဝတွေကို ဆင်ခြင်စဉ်းစားဖို့ လိုအပ်ပါတယ်တဲ့။
သဘာဝတရားတွေကို သဘာဝတရားအတိုင်း ဆင်ခြင်စဉ်းစားနိုင်မယ် ဆိုလို့ရှိရင် “လောကမှာ သတ္တဝါဆိုတာ မရှိဘူးဆိုတာ ဟုတ်တယ်၊ သူ့သဘာဝ အတိုင်းပဲ၊ ငါလို့ ပြောစရာလည်း မရှိဘူး၊ ငါလို့ ပြောစရာမရှိရင် ငါ့ဟာလို့ သိမ်းပိုက်စရာလည်း မရှိဘူး၊ ပျက်သွားလည်း စိုးရိမ်စရာမရှိဘူး၊ ဖြစ်လာလည်း ဝမ်းသာစရာ မရှိဘူး” တဲ့၊ သို့သော် အဲဒီအတွေးတွေ မပျောက်နိုင်သေးသမျှ လူတွေဟာ ကိုယ့် ကိုယ်ကို တစ်ခုခုဖြစ်ပြီ ဆိုရင် စိုးရိမ်စိတ်တွေ ဖြစ်လာတယ်၊ ကောင်းတာဖြစ်ပြီဆိုရင် ဝမ်းသာနေကြတယ်၊ မကောင်းတာဖြစ်ပြီဆိုရင် စိုးရိမ်နေကြတယ်။
ဘာဖြစ်လို့ ကောင်းတာဖြစ်ရင် ဝမ်းသာတာလဲ၊ မကောင်းတာဖြစ်ရင် စိုးရိမ် နေလဲဆိုတော့ အခုပြောတဲ့အတွေးလေးတွေ မပျောက်လို့၊ ငါဆိုတဲ့ အတွေး၊ ငါ့ဟာ ဆိုတဲ့ အတွေး၊ အဲဒီအတွေးဟာ လွယ်လွယ်နဲ့တော့ ဖြေရှင်းလို့ရမှာ မဟုတ်ဘူးတဲ့၊ လွယ်လွယ်နဲ့ ဖျောက်လို့ရမှာ မဟုတ်ဘူး၊ အင်မတန် ညစ်ထေးနေတဲ့ လက်နှီးစုတ် ဟာ တစ်ကြိမ်လျှော်ရုံနဲ့တော့ ပြောင်မှာမဟုတ်ဘူး၊ ဘဝသံသရာက မည်းညစ်လာ တဲ့အရာဟာ ပြောင်အောင်ချွတ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်ပေါ့၊ ဒီအတွေး လေးကို ပြောင်းဖို့ရန် အင်မတန်မှ ခဲယဉ်းတယ်။
အမြင်ပြောင်းလို့ မရအောင် သူတို့ကလည်း ပေါင်းစပ်ပြီးတော့ လုပ်ထား တာ၊ အဝိဇ္ဇာဆိုတဲ့ မောဟတရားက မျက်စိလည်နေအောင် လုပ်ထားတယ်၊ ငါလို့ ထင်နေအောင်၊ ငါ့ဟာလို့ ထင်နေအောင် အဝိဇ္ဇာက မျက်စိလည်အောင် လုပ်ထား တော့ မျက်စိတွေလည်ပြီးတော့ မှားယွင်းတဲ့ဒိဋ္ဌိက ငါလို့ မြင်တယ်၊ တဏှာဆိုတာ ကလည်း ငါ့ဟာလို့ သိမ်းပိုက်တယ်၊ အဝိဇ္ဇာတို့ တဏှာတို့ ဒိဋ္ဌိတို့ဆိုတာ ဒါတွေက ပေါင်းစပ်ပြီးတော့ လူတွေရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးထားသည့်အတွက်ကြောင့် လူတွေဟာ ဘယ်လိုလုပ်ပြီးတော့ လမ်းမှန်ဆိုတာကို သိနိုင်မလဲ၊ သဘာဝအမှန်ကို မသိနိုင်ဘူး၊ သဘာဝအမှန်ကို မသိနိုင်သည့်အတွက်ကြောင့် နိဗ္ဗာန်လမ်းမကြီးပေါ် မတက်နိုင်ကြဘူး။
“နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရပါလို၏” လို့ ဆုသာ တောင်းနေကြတာ၊ သဘာဝအမှန်ကို မသိဘူးဆိုလို့ရှိရင် ရဖို့ခက်တယ်၊ ဒါက နိဗ္ဗာန်ကို ချမ်းသာဆိုတဲ့ စကားလုံးနဲ့ ပေါင်းလိုက်တော့ အဟုတ်ထင်လို့ တောင်းနေကြတာ၊ အမှန်ကတော့ လူတွေဟာ တကယ့်နိဗ္ဗာန်အစစ်ဆိုတာကို မမြင်ရဘူး၊ မသိရဘူး၊ ချမ်းသာဆိုတဲ့ စကားလုံးနဲ့တွဲထားရင် လူက သည်းခြေကြိုက်ကလေး ဖြစ်နေတာကိုး၊ ချမ်းသာ ဆိုရင် ချမ်းသာချင်တာကိုးနော်၊ အဲဒီသည်းခြေကြိုက်ကလေးကြောင့် “နိဗ္ဗာန်ကို ရ,ရ ပါလို၏” လို့ တောင်းနေကြတာ။
သဘာဝတရားတွေကို ဖြေရှင်းပေးနိုင်တာကတော့ အသိဉာဏ်ပဲ၊ အဲဒီ အသိဉာဏ် ဆိုတာ ဘယ်က စ,ရတုန်းဆိုတော့ အခုလို တရားနာရတယ်၊ သင်ကြား ရတယ်၊ တရား နာခြင်း သင်ကြားခြင်းဖြင့် အသိဉာဏ်ကလေးတွေ ရလာတယ်၊ “သဝနပဋိဝေဓ” ကြားနာရသည့်အတွက်ကြောင့် ထိုးထိုးပေါက်ပေါက် မြင်လာတယ်၊ အဲဒီ သဝနပဋိဝေဓက နေပြီးတော့ တကယ်လက်တွေ့ ကျင့်သုံးပြီး အကြိမ်ပေါင်း များစွာ ဆင်ခြင်တွေးတော, ဝိပဿနာဉာဏ်စဉ်တွေ မြှင့်ပြီးတော့ သမာဓိစွမ်းအားတွေ အကူအညီနဲ့ အားထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ “ဘာဝနာပဋိဝေဓ” ပဋိဝေဓ စိတ်စွမ်းအားတွေ တိုးတက်လာပြီးတော့ တကယ့်ကို ရှင်းရှင်းလင်းလင်းကြီး မြင်သွားနိုင်ပါတယ်တဲ့။
စ,တာကတော့ သုတမယဉာဏ်က စရမှာပဲ၊ သုတမယဉာဏ် ပြီးလို့ရှိရင် ဘာဝနာမယဉာဏ် ဆိုတာလာမယ်၊ ဘာဝနာမယဉာဏ် လာတဲ့အခါကျတော့မှ အမှန်အကန်ကို သေချာသိပြီး မျက်စိလည်လမ်းမှားအောင် ဒုက္ခပေးနေတဲ့ သဘာဝ တရားတွေကို လုံးဝရှင်းလင်းပစ်ပြီး မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်မှ နိဗ္ဗာန်ဆိုတာ ရှင်းရှင်းကြီးမြင်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းတရားတော်ဆိုတာ လူ့ဘဝရဲ့ အကြောင်း သဘာဝတရားတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ဖြစ်ပေါ်နေတယ် ဆိုတာကို ရှင်းလင်းပြတာ ဖြစ်သောကြောင့် တို့တတွေဟာ သဘာဝတရား တွေကို သိရှိနားလည်အောင် ကြိုးစားကြမယ် အားထုတ်ကြမယ်လို့ ကိုယ်စီ ကိုယ်စီ နှလုံးသွင်းပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၉)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၃-ရက်၊ (၂၄-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
အာသေဝနပစ္စယော
အာသေဝနဆိုတာ အဖန်ဖန်အထပ်ထပ် မှီဝဲခြင်း၊ အဖန်ဖန် အထပ်ထပ် စွမ်းရည်တွေ ရအောင် လေ့ကျင့်ခြင်း၊ အဖန်ဖန်အထပ်ထပ် ဖြစ်ပေါ်ခြင်းဆိုတဲ့ အဓိပ္ပါယ်၊ “အာ” ဆိုတာ အဖန်ဖန် အထပ်ထပ်၊ “သေဝန” မှီဝဲတယ်၊ ဖြစ်ပေါ်တယ်၊ ဘယ်အရာပဲ ဖြစ်ဖြစ် တစ်ကြိမ်တစ်ခါတည်း ဖြစ်ရင် စွမ်းရည်သတ္တိက မထက်ဘူး၊ အကြိမ်ကြိမ် အထပ်ထပ် ဖြစ်လာတဲ့အခါမှ စွမ်းရည်သတ္တိတွေက ထက်လာတယ်၊ အကြိမ်ကြိမ် လုပ်ကြရတယ်၊ စာကျက်တာတောင်မှပဲ အကြိမ်ပေါင်းများစွာ ဆိုရတယ်၊ နမော တဿ အကြိမ်ပေါင်းများစွာ ဆိုထားတဲ့အခါ စွမ်းရည်သတ္တိတွေက ထက်နေလို့ အိပ်ရာက နှိုး, ဆိုခိုင်းတောင် နမော တဿ လွဲမယ်မထင်ဘူး။
အာသေဝနသတ္တိဆိုတာ ကျေညက်နေတဲ့ စာပေတစ်ခုဟာ သတိမထားဘဲနဲ့ ရွတ်ဆိုလည်း လွဲချော်သွားတယ် မရှိဘူး၊ လမ်းကြောင်းက ဖြောင့်နေတာ၊ ဘာဖြစ်လို့ လမ်းကြောင်းက ဖြောင့်တာလဲ၊ အာသေဝန အထပ်ထပ်လုပ်ထားလို့၊ အထပ်ထပ် လုပ်ထားတော့ ခေါက်ရိုးကျိုးသွားတာ၊ ခေါက်ရိုး ကျိုးသွားတော့ စွမ်းရည်သတ္တိ တွေက ပြည့်ဝတာ။
အာသေဝနပစ္စယောဆိုတာ တူညီတဲ့အရာတစ်ခုဟာ အကြိမ်ကြိမ်အထပ် ထပ် ဖြစ်လာပြီဆိုရင် ရှေ့ကဖြစ်တဲ့ သဘာဝတရားသည် နောက်ကဖြစ်တဲ့ သဘာဝ တရားကို စွမ်းရည်သတ္တိတွေ ပေးတယ်၊ အဖန်ဖန်အထပ်ထပ် စွမ်းရည်သတ္တိတွေ ပေးထားလို့ ရှေ့စိတ်ရဲ့စွမ်းရည်သတ္တိတွေကို နောက်စိတ်က ဆက်ခံရရှိလာတယ်၊ နောက်စိတ်က အလေ့အကျင့်ရလာတယ်၊ အင်အားတွေကောင်းလာတယ်၊ ဆိုပါစို့- စာကလေးတစ်ကြောင်း ပထမ ဆိုလိုက်တယ်၊ အဲဒီ ပထမဆိုလိုက်တာဟာ နောက်ထပ် ဒုတိယဆိုတဲ့အပေါ်မှာ စွမ်းရည်သတ္တိပေးခဲ့တယ်၊ ဒါကြောင့်မို့ ဒုတိယ ကျတော့ ချောလာတာ၊ တတိယကျတော့ ပိုချောလာတာ၊ ကျေညက်လာတာ၊ တကယ်လို့သာ အဲဒီလို စွမ်းရည်သတ္တိ မပေးခဲ့ဘူးဆိုရင် ပထမဆိုပြီးတာ ဒုတိယ ပိုချောလာဖို့ အကြောင်း မရှိဘူး၊ အာသေဝနပစ္စည်းဆိုတာ အဲဒါမျိုးကိုပြောတာ၊ စွမ်းရည်သတ္တိတွေ တက်လာတယ်။
အဋ္ဌကထာမှာ အာသေဝနပစ္စည်းကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုတုန်းဆို “အနန္တရာနံ ပဂုဏ ဗလဝတာယ ဥပကာရကော” မိမိရဲ့အခြားမဲ့မှာ ဖြစ်ပေါ်လာတဲ့ သဘာဝ တရားတွေ အလေ့အကျင့်ရအောင် အင်အားကောင်းလာအောင် အထောက်အကူ ပြုတဲ့ပစ္စည်းမျိုး ကျေးဇူးပြုတဲ့ပစ္စည်းမျိုးကို အာသေဝနပစ္စည်းလို့ ခေါ်ပါတယ်၊ “အနန္တရာနံ” ဆိုတာ မိမိရဲ့ အခြားမဲ့၊ မိမိဆိုတာ ဘယ်သူ့ပြောတာတုန်း ဆိုရင် အကြောင်းတရားကိုပြောတာ၊ ထိုအကြောင်းတရားသည် မိမိနောက်မှာ ဖြစ်ပေါ် လာမည့် အကျိုးတရားလို့ဆိုတဲ့ သဘာဝတရားအား အလေ့အကျင့်ရလာ အောင်, အင်အားတွေကောင်းလာအောင် အထောက်အကူပြု ကျေးဇူးပြုပေးတယ်လို့ ဆိုတယ်။
ဥပမာပေးထားတာက စာပေကျမ်းဂန် လေ့လာတဲ့အခါမှာ ရှေးရှေး လေ့လာချက်, ရှေးရှေးသင်ယူချက်တွေက နောက်နောက်သင်ယူတာအတွက် အထောက်အကူ ဖြစ်တယ်တဲ့၊ ဟုတ်တာပေါ့ အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကြည့်ပေါ့၊ ပထမ သင်တုန်းက အဘိဓမ္မာတော့ ခက်လိုက်တာလို့ ပြောကြတယ်၊ ဟော သင်ရင်း သင်ရင်းနဲ့ လွယ်လာတယ်၊ ဘာဖြစ်လို့ လွယ်လာတာလဲ၊ ဒီအာသေဝနသတ္တိပဲ၊ ပထမအကြိမ် သင်တာထက် ဒုတိယအကြိမ် လွယ်လာတယ်၊ ဒုတိယအကြိမ်ထက် တတိယအကြိမ် လွယ်လာတယ်၊ စွမ်းရည်သတ္တိတွေ ပေးခဲ့တာ၊ ဘယ်အလုပ်ကိစ္စပဲ ဖြစ်ဖြစ် ဒီသဘောပဲ၊ ကားမောင်းတဲ့လူတွေကြည့်ဦးမလား၊ ကားမောင်းသင်ခါစက ကားဆို မရဲတရဲနဲ့မောင်းတယ်၊ အလေ့အကျင့် မရှိဘူး၊ ဟော ကားမောင်းတာ ကြာလာပြီဆိုရင် ဘာမှသတိထားစရာမလိုဘူး၊ သူ့ဟာသူ လက်ကအလိုအလျောက် သိနေသလိုပဲ၊ အရပ်ထဲမှာကလေးတွေပြောကြတယ် မဟုတ်လား၊ “လူကနေပေမယ့် ပညာက မနေဘူး” ဆိုတာ၊ အလိုအလျောက်ပဲ သူက၊ automatic ဖြစ်နေတဲ့ သဘောမျိုး ဖြစ်လာတယ်၊ အဲဒါ အာသေဝနသဘောတွေကို ပြောတာပဲ။
အာသေဝဆိုတာ အဲဒီပုံစံနဲ့ ကျေးဇူးပြုတဲ့ပစ္စည်းမျိုး၊ စတင်လေ့လာမှုသည် နောက်ထပ်လေ့လာမှုအတွက် ပဂုဏဆိုတာ အလေ့အကျင့်ရသွားတာ၊ ဗလဝ ဆိုတာက အားကောင်းလာတာ၊ အလေ့အကျင့်ရခြင်း၊ အားကောင်းလာခြင်းဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတဲ့တရားမျိုးကို အာသေဝန ပစ္စည်းလို့ ဒီလိုပြောတာ။
အာသေဝနပစ္စည်းက “မိမိ၏အခြားမဲ့၌” လို့ ဆိုသောကြောင့် အာသေဝနပစ္စည်းသည် အတ္ထိအမျိုးအစားထဲမှာ မပါဘူး၊ အတ္ထိဆိုတာ အကြောင်းတရားက ရှိနေတဲ့အခိုက်မှာ အကျိုးတရားကို ကျေးဇူးပြုတာ၊ အခုဟာ အာသေဝနပစ္စည်းဟာ မိမိမရှိတော့တဲ့နောက်မှာ မရှိတဲ့အခါမှ ကျေးဇူးပြုတာ၊ နတ္ထိအမျိုးအစားထဲမှာ ပါတယ်၊ ဘာလို့တုန်းဆိုလို့ရှိရင် ရှေ့ပိုင်းကဖြစ်တာက ရှိနေသေးရင် သူ့ရဲ့စွမ်းရည် သတ္တိတွေကို နောက်က က်ခံဖို့ ဖြစ်နိုင်ဘူး၊ သူက စွမ်းရည်သတ္တိပေးပြီး ချုပ်သွားတာ၊ အဲဒီစွမ်းရည်သတ္တိတွေကို နောက်ကဖြစ်တဲ့စိတ်က ဆက်ခံရစ်တာ၊ အဲဒါကြောင့်မို့ အာသေဝနပစ္စည်းဆိုတာ နတ္ထိ - အကြောင်းတရားမရှိတော့မှ အကျိုးတရား ဖြစ်ပေါ် လာတာ၊ ဝိဂတ - အကြောင်းတရားတွေ လုံးဝကင်းပြတ်သွားမှ ပြတ်စဲသွားမှ အကျိုးတရားက ဖြစ်ပေါ်လာတာ။
ဒါတင် မကသေးဘူး အာသေဝနပစ္စည်းဆိုတာ အနန္တရ - ကိုယ်မရှိတဲ့ နောက် အကြောင်းတရားကင်းသွားပြီးတဲ့နောက်မှာ အခြားမဲ့၊ (အခြားမဲ့ဆိုတာ အခြားမရှိ တာကို ပြောတာ၊ ကြားထဲမှာ သဘာဝတရားတွေ ခြားကွယ်ထားတာ မရှိဘူး၊) ချုပ်သွားတာနဲ့ တစ်ပြိုင်နက် အကျိုးတရားဟာ ပေါ်လာတာ၊ ဒါကြောင့်မို့ အနန္တရပစ္စည်းမျိုးလည်း ဖြစ်တယ်၊ အားကြီးတဲ့အထောက်အကူမျိုး ဖြစ်သောကြောင့် ဥပနိဿယဆိုတာလည်း ဖြစ်တယ်။
ဒါကြောင့်မို့ အာသေဝနပစ္စည်းနဲ့ မျိုးတူပြီးတော့ ယှဉ်ပြိုင်လာတဲ့ပစ္စည်းတွေ က အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတ၊ ဒီလိုပြောတာ၊ အဲဒီပစ္စည်းတွေနဲ့ သဘာဝအားဖြင့် သွားတူတယ်ပေါ့၊ ပြိုင်တယ်ပေါ့၊ ပစ္စည်းပြိုင်တယ်လို့ ခေါ်တာ၊ ပစ္စည်းပြိုင်တယ်ဆိုတာ အကြောင်းတရားတွေဟာ ပြိုင်ဆိုင်ပြီးတော့ ဖြစ်ကြတာ၊ ဒါ ဘာပြောတာတုန်းဆိုရင် ဘက်စုံ aspect လို့ပြောတာ၊ ရှုထောင့်ချင်း မတူဘူး၊ အာသေဝနရဲ့စွမ်းရည်သတ္တိနဲ့ နတ္ထိရဲ့စွမ်းရည်သတ္တိ၊ ဝိဂတရဲ့စွမ်းရည်သတ္တိ၊ အနန္တရ သမနန္တရတို့ရဲ့စွမ်းရည်သတ္တိ ကျေးဇူးပြုကြပုံချင်းက မတူကြဘူး၊ အရာဝတ္ထုတစ်ခု ကို ကြည့်လိုက်တဲ့အခါကျတော့ သူက ရှုထောင့်ချင်း မတူကြသလိုဘဲ။
ဆိုပါစို့ - တောင်ကြီးတစ်လုံးကို အရှေ့ဘက်က ကြည့်လိုက်ရင် မြင်ကွင်းက တစ်မျိုး၊ အနောက်ဘက်က သွားကြည့်ရင် မြင်ကွင်းကတစ်မျိုး၊ တောင်ဘက်က ကြည့်ရင် မြင်ကွင်းက တစ်မျိုး၊ မြောက်ဘက်ကကြည့်ရင် မြင်ကွင်းက တစ်မျိုး၊ လူ တစ်ယောက်ကိုပဲ ရှေ့ဘက်ကကြည့်ရင် တစ်မျိုး၊ နောက်ကကြည့်ရင် တစ်မျိုး၊ ဘေးဘက်ကကြည့်ရင် တစ်မျိုး၊ အဲဒါကို aspect လို့ ခေါ်တယ်၊ မြင်ရတဲ့ ပုံပန်း သဏ္ဌာန်၊ ပြုလုပ်ပုံ အခြင်းအရာ၊ တည်ရှိပုံအခြင်းအရာချင်းဟာ မတူဘူးလို့ ဒီလို ပြောတာ။
အနန္တရတို့ သမနန္တရတို့ဆိုတာ အကြောင်းတရားလို့ဆိုတဲ့ မိမိချုပ်ကွယ် သွားတာနဲ့ တစ်ပြိုင်နက် ကျေးဇူးပြုတာ၊ အဲဒီရှုထောင့်ကနေပြီးတော့ အနန္တရ သမနန္တရလို့ ခေါ်တာ၊ အခြားမဲ့ဆိုတာ အခြားအကွယ်မရှိဘဲနှင့် မိမိချုပ်သွားသည် ၏အခြားမဲ့မှာ ချက်ချင်းဆက်ပြီးတော့ အကျိုးပေးတယ်ဆိုတဲ့သဘော။ ဥပနိဿယ ဆိုတာ ကျတော့ အားကြီးသောမှီရာအနေနဲ့ ကျေးဇူးပြုတယ်လို့ပြောတာ၊ ချုပ်ကွယ် တာတွေ သူမပြောဘူး၊ ရှေ့ဖြစ်ပြီး ချုပ်သွားတဲ့ပေါ်မှာ မှီပြီးတော့မှ နောက်က ဖြစ်ရတာ၊ ရှေ့ကချုပ်သွားတဲ့ သဘာဝတရားသည် အလွန် အင်အားကောင်းတဲ့ အကြောင်း တရားဖြစ်သည်လို့ဆိုတာ၊ အကယ်၍ သူ မချုပ်ဘူး ဆိုလို့ရှိရင် နောက်က တရားက ပေါ်ခွင့်မရှိဘူး၊ အဲဒါ ဥပနိဿယ။
နတ္ထိဆိုတာ အကြောင်းတရား လုံးဝမရှိမှုဟာ သူ့ရဲ့ထူးခြားတဲ့ အရည် အသွေး တစ်ခုပဲ၊ မရှိခြင်းသည် နောက်ထပ်ပေါ်လာမယ့်တရားကို အထောက်အကူ ပြုခြင်းပဲ၊ မရှိဘူးဆိုတာ နည်းနည်းလေးများ ကျန်နေသေးတယ်လို့ ထင်ကြမှာစိုးလို့ ဝိဂတ လုံးဝကင်းပြတ်သွားတယ်လို့ ပြောတာ၊ နတ္ထိဆိုတာ မရှိတော့ဘူး၊ မဖြစ် တော့ဘူး၊ ဝိဂတ လုံးဝကင်းကွာသွားပြီလို့၊ လုံးဝကင်းကွာသွားမှ ကျေးဇူးပြုတယ်၊ အကြောင်း တရားသည် လုံးဝပျောက်ကွယ်သွားပြီ၊ ကင်းကွာသွားပြီဆိုမှ အကျိုးတရား ပေါ်လာတယ်လို့ ဒါပြောတာ။
အာသေဝနကျတော့ ခုနက အခြားမရှိတာဆိုတဲ့ ရှုထောင့်က မပြောဘူး၊ အားကြီးသောမှီရာဆိုတဲ့ ရှုထောင့်ကလည်း မပြောဘူး၊ မရှိတော့မှ ကျေးဇူးပြုတယ် ဆိုတဲ့ နတ္ထိရှုထောင့်ကလည်း မပြောဘူး၊ လုံးဝကင်းကွာသွားပြီးမှ ကျေးဇူးပြုတယ် ဆိုတဲ့ ဝိဂတရှုထောင့်ကလည်းမပြောဘူး၊ သူ့ကျတော့ ဘာလဲဆိုတော့ အဖန်ဖန် အထပ်ထပ် ဖြစ်လာအောင် စွမ်းရည်သတ္တိတွေကို ရစေတယ်လို့ပြောတာ၊ အဲဒီတော့ အကြောင်းတရားတွေက အကျိုးတရားတွေကို ကျေးဇူးပြုတဲ့နေရာမှာ စွမ်းရည်သတ္တိ တွေဟာ ကွဲပြားခြားနားမှုရှိတယ်။
မတူညီတဲ့ စွမ်းရည်သတ္တိတွေ ရှိကြတယ်၊ ထမင်းချက်တာပဲ ကြည့်ပေါ့။ ထမင်းချက်ရင် အားလုံးသိကြတဲ့အတိုင်း ထမင်းအိုးကို တည်တယ်၊ ဆန်ထည့်တယ်၊ ဆန်ချည်း ထမင်းချက်လို့ရလား၊ ဘာထည့်ရသေးတုန်း၊ ရေထည့်ရသေးတယ်၊ အဲဒီ တော့ ရေရဲ့စွမ်းဆောင်ချက် မပါဘဲနဲ့ ဒီထမင်းစေ့ ကျက်ပါ့မလား၊ ကျက်ရင်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားမှာပဲနော်၊ အခုလိုပုံစံ ဖြစ်လာမှာ မဟုတ်ဘူး၊ ရေမပါလို့ ရှိရင် ထမင်းဖြူဖြူ ဖွေးဖွေး အိအိစက်စက် နပ်နပ်ကလေး၊ ဒီလိုဖြစ်လာမှာ မဟုတ် ဘူး၊ အောက်က မီးမပါဘဲနဲ့လည်း ဒီလိုဖြစ်လာပါ့မလား၊ မီးရဲ့စွမ်းဆောင်ချက်က တစ်မျိုး၊ ရေရဲ့စွမ်းဆောင်ချက်က တစ်မျိုး၊ မီးနဲ့ ရေ ၂-ခုတည်းနဲ့ ပြီးသလားဆို မပြီး ဘူး၊ ထမင်းချက်တဲ့ ပုဂ္ဂိုလ်ရဲ့ စွမ်းဆောင်ချက်လည်း ပါတယ်၊ ထမင်းအိုးရဲ့ စွမ်းဆောင် ချက်လည်း ပါတယ်၊ အစုံပဲ၊ အကြောင်းတရားတွေကို မြောက်မြားစွာ စုဆောင်း လိုက်တဲ့ အခါကျမှ ထမင်းဆိုတဲ့အနေအထားလေး ဖြစ်လာတယ်။
သာမန်အားဖြင့် လူတွေက မစဉ်းစားကြဘူးလေ၊ ထမင်းချက်စားတယ် ဆိုတာ နေ့စဉ်တွေ့နေတာ၊ နေ့စဉ်နဲ့အမျှ ကိုယ်ကိုယ်တိုင် ချက်စားနေတာ၊ ရေက ဘာလုပ်တာတုန်း၊ မီးက ဘာလုပ်တာတုန်း၊ အိုးက ဘာအတွက် တာဝန်ယူတာတုန်း၊ ထမင်းချက်တဲ့လူက ဘယ်ဘက်က ဆောင်ရွက်တာတုန်း ဆိုတာတွေကို စဉ်းစား မိကောင်းမှ စဉ်းစားမိလိမ့်မယ်။
မြတ်စွာဘုရားက ပဋ္ဌာန်းကျမ်းကြီးမှာ လူ့ရဲ့ သဘာဝတရားတွေကို ဉာဏ်တော်ကြီးနဲ့ အသေးစိတ်သိပြီးဟောထားတာ၊ တချို့ကိစ္စတွေက မစဉ်းစားရင် ဘာမှမသိဘူး၊ စဉ်းစားမှုဟာ မှန်ကန်စွာသိမှု နားလည်မှုရဲ့ အကြောင်း အထောက် အပံ့ ဖြစ်တယ်၊ ဒါကြောင့်မို့ ကြည့် မဂ္ဂင် ၈-ပါးမှာ သမ္မာဒိဋ္ဌိပြီးတော့ ဘာဟော တာတုန်း၊ သမ္မာသင်္ကပ္ပဆိုတာ ထည့်ဟောထားတာနော်၊ အင်မတန်မှ အဓိပ္ပါယ် ရှိတယ်၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ တကယ့် logical ဖြစ်တယ်၊ အကြောင်း အကျိုး အင်မတန်မှ စစ်မှန်တယ်၊ မှန်ကန်တဲ့အတွေးမှမရှိရင် မှန်ကန်တဲ့ နားလည်မှု မရှိဘူး၊ မှန်ကန်စွာမြင်ခြင်းဆိုတာ မဖြစ်ဘူး၊ ... ဘယ်အရာပဲဖြစ်ဖြစ် မတွေးမကြံ လို့ရှိရင် သိပါ့မလား၊ မသိနိုင်ဘူး၊ ဒါကြောင့်မို့ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ ဆိုတာ တရားအားထုတ်တဲ့နေရာမှာလည်း အင်မတန်မှ အရေးပါတယ်၊ ဒီ၂-ခုကို အသိဉာဏ် ပညာက္ခန္ဓာ ပညာအစုအနေနဲ့ဟောတာ။ မဂ္ဂင် ၈-ပါးကို သီလ သမာဓိ ပညာ ၃-စု ခွဲလိုက်တဲ့အခါ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကို ပညာအစုထဲမှာ ထည့်ပြီး ဟောထားတယ်၊ နားလည်ခြင်းဆိုတာ မှန်ကန်စွာ တွေးတောခြင်းပေါ်မှာ အခြေပြုတယ်၊ ဒီသဘောကို ပြောတာ။
ထမင်းအိုးချက်တာလေးပဲ စဉ်းစားကြည့်ရင် ဆိုင်ရာဆိုင်ရာ လုပ်ငန်းတွေရဲ့ ဆောင်ရွက်မှုတွေကို သဘောပေါက်လာတယ်၊ ထို့အတူပဲ သဘာဝတရားတွေကို ဆင်ခြင်စဉ်းစားကြည့်လိုက်ရင် သဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ မိမိနဲ့ ယှဉ်တွဲလာတဲ့တရားတွေကို အထောက်အကူပြုကြတယ်တဲ့။
အကျဉ်းချုပ်အားဖြင့် နားလည်ရမှာက အာသေဝနပစ္စည်းဆိုတာ ပထမ ဝီထိလို့ ခေါ်တဲ့ mental process စိတ်ဖြစ်စဉ်ကို သဘောပေါက်ရမယ်၊ အဲဒီ စိတ်ဖြစ်စဉ်ထဲမှာ အားလုံးကြားဖူးကြလိမ့်မယ်၊ အဘိဓမ္မာသင်တဲ့အခါမှာ မြန်မာ စကားတွေထဲမှာလည်း ပါတယ်ပေါ့၊ ဇောစောတယ်ဆိုတာ၊ ဇောဆိုတဲ့စကားလုံး တော့ ကြားဖူးလိမ့်မယ်၊ ဇောဆိုတဲ့စကားလုံးက ဇဝနဆိုတာက လာတာ၊ ဇဝနရဲ့ အဓိပ္ပါယ်က အရှိန်တဲ့၊ အဟုန်တဲ့၊ မြန်တာ မမြန်တာကို ပြောတာမဟုတ်ဘူး၊ အရှိန် ရှိတယ်၊ အဟုန်ရှိတယ်၊ ဒီစိတ်ဓာတ်တွေက အရှိန်ရှိတဲ့စိတ်ဓာတ်တွေ။
အရာဝတ္ထုတစ်ခုခုကို မြင်လိုက်တဲ့အခါမှာ ပထမဦးဆုံး အဲဒီဝတ္ထုနဲ့ စတင် ပြီးတော့ နှလုံးသွင်းမိတဲ့ မျက်စိကမြင်တဲ့ အာရုံလေးတစ်ခု စတင်လက်ခံတာက (သို့မဟုတ်) တံခါး ဖွင့်ပေးတာက အာဝဇ္ဇန ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပဲ၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်က သတိပြုမိပြီး အာရုံဘက်ကို ဦးလှည့်ပေးလိုက်သည့်အတွက်ကြောင့် စက္ခုဝိညာဏ် စိတ်က မြင်တယ်၊ ဒါ ဖြစ်စဉ်ပဲနော်။ စက္ခုဝိညာဏ်စိတ်က မြင်လိုက်တဲ့ အာရုံကို သမ္ပဋိစိန်းစိတ်က လက်ခံလိုက်တယ်၊ လက်ခံပြီးတော့ ဘာလုပ်လဲ သန္တီရဏစိတ်က စုံစမ်းတယ်၊ ဝုဋ္ဌောစိတ်က ဆုံးဖြတ်ချက်ချပြီးတော့ ဇောစိတ်က အရှိန်အဟုန်တွေ ပေးတယ်၊ ဒီအာရုံနဲ့ပတ်သက်ပြီးတော့ အရှိန်အဟုန်နဲ့ ဖြစ်တယ်။
ကျန်တဲ့စိတ်တွေမှာ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ အင်မတန်တိုတောင်းတဲ့ အချိန် ပိုင်းလေးမှာ ဖြစ်ပြီး ပျက်သွားတယ်၊ သူပျက်သွားတာနဲ့တစ်ပြိုင်နက် စက္ခုဝိညာဏ် ပေါ်လာတယ်၊ စက္ခုဝိညာဏ် ပျက်သွားတာနဲ့ တစ်ပြိုင်နက် အာသေဝန ဆိုတဲ့ အလေ့အကျင့်ရတာတို့ ခုနက အင်အားကောင်းလာတာတို့ဆိုတာ မရှိဘူး၊ သူ့ အလုပ်ကလေးပဲ သူလုပ်သွားကြတာ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က သူ့ဟာသူ တံခါးဖွင့် ပေးသွားတာပဲ၊ စက္ခုဝိညာဏ်စိတ်က အဲဒီအာရုံကို မြင်လိုက်တာပဲ၊ မြင်လိုက်ပြီး သမ္ပဋိစ္ဆိန်းစိတ်ကို အင်အားကောင်းလာအောင် သူ ဘာမှလုပ်ပေးတာမရှိဘူး၊ သူ့ အလုပ်သူ ဆောင်ရွက်ပြီးတော့ ပျောက်သွားတာ၊ ပဉ္စဒွါရာဝဇ္ဇန်းရဲ့တာဝန်က တံခါး ဖွင့်ပေးတယ်၊ စက္ခုဝိညာဏ်က မြင်လိုက်တယ်၊ သမ္ပဋိစ္ဆိန်းက လက်ခံတယ်၊ သန္တီရဏက စူးစမ်းလိုက်တယ်၊ ဝုဋ္ဌောက ဆုံးဖြတ်လိုက်တယ်။
ဒီစိတ်တွေဟာ တစ်ခုနဲ့ တစ်ခု ဂုဏ အလေ့အကျင့်ရအောင် လုပ်ပေးသွား တာဆိုတာ မရှိဘူး၊ ဗလဝ အားကောင်းလာအောင် လုပ်ပေးသွားတာဆိုတာ မရှိဘူး၊ ဘယ်ကျမှ ဒီအရည်အသွေးတွေ ရှိလာတုန်းဆို ဇောကျတော့ ရှိလာတယ်၊ ကြည့်လေ သူ့ကျတော့ အာသေဝနလို့ဆိုတာနဲ့ပဲ ဇောဆိုတာ ၇-ကြိမ် ဖြစ်တယ်၊ ဒီ့ထက်တိုတောင်းတဲ့ အချိန်လည်း ရှိတယ်၊ ဇောရဲ့ ယေဘုယျသတ်မှတ်ချက်က ၇-ကြိမ်၊ ယေဘုယျအားဖြင့် ၇-ကြိမ် ဖြစ်တယ်၊ ၇-ကြိမ်ထက် ပိုပြီးတော့ ဇောစိတ် ဖြစ်တာမရှိဘူး၊ အဲဒီ ၇-ကြိမ်လုံး ဇောတွေဟာ တူညီသောသဘာဝ ရှိပြီးတော့ အထပ်ထပ်ဖြစ်စေတာ၊ ဒီတစ်မျိုး တည်းက ထပ်ထပ်ပြီးတော့ ဖြစ်တယ်ဆိုတဲ့ သဘော။
ဒါကြောင့်မို့ ပဂုဏ အလေ့အကျင့်ရသွားတယ်၊ ဗလဝအား ကောင်းလာတယ်၊ ပထမဇောက စောပြီးတဲ့အခါ သူ့ကို အမွေဆက်ခံမည့် ဒုတိယဇောကို အလေ့အကျင့် တစ်ခု ပေးထားခဲ့တယ်၊ အင်အားတစ်ခု ပေးထားခဲ့တယ်၊ ဒါကြောင့်မို့ ဒုတိယဇောက ပထမဇောထက် အင်အား ကောင်းသွားခဲ့တယ်၊ ဒုတိယဇောက တစ်ခါ တတိယဇောကို စွမ်းရည်သတ္တိတွေပေးခဲ့တယ်၊ တတိယဇောက စတုတ္ထ ဇောကို၊ စတုတ္ထဇောက ပဉ္စမဇောကို၊ ပဉ္စမဇောက ဆဋ္ဌဇောကို၊ ဆဋ္ဌဇောက သတ္တမ ဇောကို စွမ်းရည်သတ္တိတွေ ပေးခဲ့တယ်။
ဒါကြောင့်မို့ အာသေဝနပစ္စည်းဆိုတာ ဇောကို စပါယ်ရှယ်ရည်ညွှန်းထား တဲ့ပစ္စည်းပါ၊ သဘာဝတူတရားတစ်ခုဟာ အထပ်ထပ် ဖြစ်တယ်ဆိုတာ ဇောစိတ်ပဲ၊ ကျန်တာ တွေက တစ်ကြိမ်ပဲ ဖြစ်ကြတာ၊ တစ်ကြိမ်ပဲ ဖြစ်သည့်အတွက်ကြောင့် ပဂုဏ အလေ့အကျင့်ရသွားတာမျိုးကို မဆောင်ရွက်နိုင်ဘူး၊ ဗလဝ ခွန်အား ရှိလာတယ် ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ အာသေဝနဆိုတာ ဇောစိတ်တွေကို ရည်ညွှန်းတယ်၊ ဇောစိတ်နဲ့သာဆိုင်တဲ့ပစ္စည်းလို့ ဒီလိုမှတ်ထားရမယ်။
ဒါဖြင့် ကောင်းပြီ - ဇောကို ထပ်ပြီးတော့ ပြောကြရအောင်၊ ဇောဆိုတာ ဘယ်ဟာ တွေကို ဇောလို့ ခေါ်တာလဲ၊ စိတ်ရဲ့ သဘာဝနဲ့ကြည့်ပြီး အပြစ်ကင်းပြီး ကောင်းကျိုး ချမ်းသာပေးနိုင်တဲ့ ကုသိုလ်စိတ်တွေကိုလည်း ဇောခေါ်တယ်၊ အပြစ်ရှိပြီး ဆင်းရဲ ဒုက္ခပေးနိုင်တဲ့ အကုသိုလ်စိတ်တွေကိုလည်း ဇောခေါ်တယ်နော်၊ ဒီသဘာဝတရား တွေဟာ စွမ်းရည်သတ္တိတွေရှိတယ်လို့ ဒီလိုပြောတာ၊ ကုသိုလ်စိတ် ကလည်း စွမ်းရည် သတ္တိရှိတယ်။
စက္ခုဝိညာဏ်တို့ သမ္ပဋိစ္ဆိန်းစိတ်တို့ သန္တီရဏတို့ ဝုဋ္ဌောတို့ဆိုတာ ဘာမှ သိပ်စွမ်းရည် သတ္တိရှိတာ မဟုတ်ဘူး၊ ဖြစ်ရိုးဖြစ်စဉ်မို့ သူတို့က ဖြစ်သွားပြီး ကိုယ့်ဆောင်ရွက်ချက် လေးတွေ ကိုယ်ဆောင်ရွက်သွားတာပဲ ရှိတယ်၊ အာရုံနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ စွမ်းရည်သတ္တိဟာ သိပ်မထင်ရှားဘူး။
ဇောကျတော့ ဒီလိုမဟုတ်ဘူး၊ စွမ်းရည်သတ္တိတွေ ထက်လာတယ်၊ ဒါကြောင့်မို့ စာလိုပြောရင် ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇောလို့ ဒီလိုပြောတာ၊ ဝိပါက်စိတ်တွေက ဇောမထိုက်ဘူး၊ သို့သော် မဂ်စိတ်နောက်မှာဖြစ်တဲ့ ဖိုလ်စိတ် ကျတော့ ဇောထဲမှာပါတယ်၊ ကျန်တဲ့ဝိပါက်စိတ်တွေက ဇောဆိုတာ မဖြစ်ဘူး။
ဇောဆိုတာ အဘိဓမ္မာနဲ့ ပြောမယ်ဆိုရင် ကုသိုလ်စိတ်အားလုံး၊ အကုသိုလ် စိတ် အားလုံး၊ ကြိယာစိတ်က ၂၀-ရှိတဲ့ထဲမယ် ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မနောဒွါရာဝဇ္ဇန်း ၂-ခု မှတစ်ပါး ကျန်တဲ့ ၁၈-ခုသော ကြိယာစိတ်တွေက ဇော၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မနောဒွါရာဝဇ္ဇန်းဆိုတဲ့ ကြိယာစိတ်က ဇောမထိုက်ဘူး၊
အဲဒီဇောစိတ်တွေ အားလုံး ပေါင်းလိုက်တဲ့ အခါကျတော့ ဇောကိစ္စတပ်တဲ့စိတ် ၅၅-ပါး ရှိတယ်၊ ကုသိုလ်စိတ်- ၂၁၊ အကုသိုလ်စိတ်-၁၂၊ အာဝဇ္ဇန်းဒွေမှတစ်ပါး ကြိယာစိတ်-၁၈၊ ပြီးတော့ ဖိုလ်စိတ် ၄-ခု ပေါင်းထည့်လိုက်တဲ့အခါကျတော့ ၅၅-ပါး၊ စိတ် ၈၉-ပါးထဲမှာ ဇောအဖြစ် ဆောင်ရွက်တဲ့ စိတ်တွေဟာ ၅၅-ပါးပဲ ရှိတယ်၊
အဲဒီ ၅၅-ပါးထဲမှာ အာသေဝနနဲ့ ဆိုင်တာက ကုသိုလ်၊ အကုသိုလ်၊ ကြိယာ ဒါပဲ ရှိတယ်၊ ဖိုလ်စိတ်တို့ ဘာတို့ မပါဘူး၊ ဒီထဲမှာ ဝိပါက်စိတ်တွေ မပါဘူး။
ဝိပါက်စိတ်တွေ ဇောကိစ္စ မတပ်
ကဲ ဒီနေရာမှာ ဝိပါက်စိတ်တွေက ဘာဖြစ်လို့ ဇောမဖြစ်သလဲဆိုရင် ဝိပါက ဆိုတာ အကျိုးတရားတဲ့၊ ဘယ်သူ့ရဲ့ အကျိုးတရားလဲဆိုတော့ ကံတရားရဲ့ အကျိုး တရား၊ ကံက ဘယ်တုန်းကကံတုန်းဆိုတော့ အတိတ်ကကံ၊ အဲဒီကံက ထုတ်လုပ် လိုက်တဲ့ အကျိုးတရားဆိုတော့ သူ့ အနေနဲ့ လှုပ်ရှားပြောင်းလဲခွင့် ဘာမျှမရှိဘူး၊ ကံက လုပ်ပေးထားတဲ့အတိုင်း နေရတာ၊ ဘာနဲ့ ဥပမာတူတုန်းဆိုရင် မှန်ထဲမှာ ပေါ်လာတဲ့လူရဲ့မျက်နှာရိပ်လိုပဲ၊ မှန်ထဲမှာ ပေါ်လာတဲ့ရုပ်ပုံကို ပြောင်းလို့ ရလား၊ အပြင်ကဟာတော့ ပြောင်းရတာပေါ့၊ အပြင်ဆိုတာ တကယ့်လူအစစ်ရဲ့ ရုပ်က ပြောင်းလို့ရတယ်၊ မှန်ထဲမှာပေါ်တယ်ဆိုတာ အပြင်မှာအရှိအတိုင်းပဲ ပေါ်တာ မဟုတ်လား၊ မှန်ထဲမှာပေါ်တဲ့အရုပ်ဟာ ပြောင်းလဲလို့မရသလိုပဲ (အပြင်ဘက်က အရှိအတိုင်းပေါ်လာတာ၊) ဝိပါက်စိတ်တွေကလည်း ကံက ဖန်တီးလိုက်တဲ့အတိုင်း ပေါ်လာရသည့်အတွက် သူတို့အနေနဲ့ ဘာမှ ပြုပြင်ပြောင်းလဲလို့မရဘူး။
ဒါကြောင့် ဝိပါက်စိတ်တွေဟာ “သန္တ” ငြိမ်နေတယ်၊ “နိရုဿာဟ” အားထုတ်မှု ကင်းတယ်လို့ ဒီလိုပြောတာ၊ ဘာဖြစ်လို့ ငြိမ်သက်နေတာတုန်းဆိုတော့ ကံရဲ့ အရှိန်ကြောင့် ကံက ဖန်တီးထားတဲ့အတိုင်း ပေါ်လာတာ ဖြစ်သောကြောင့် သူတို့အနေနဲ့ ဆုံးဖြတ်နိုင်တာတို့ လှုပ်ရှားနိုင်တာတို့ ဆိုတာ ဘာတစ်ခုမှ မရှိဘူး၊ တကယ်ဆုံးဖြတ်နေတာက ကံပဲ၊ ကံဖန်တီးထားတဲ့အတိုင်းပဲ ... အကျိုးအနေနဲ့ ပေါ်လာတာပဲ၊ ပြောင်းလဲပြင်ဆင်လို့မရတဲ့အရာတွေ၊ ဒါကြောင့်မို့ ဝိပါက်စိတ် တွေဟာ ပြုပြင်ပြောင်းလဲလို့မရတဲ့ ကံရဲ့စွမ်းရည်၊ ကံရဲ့အရှိန်အဟုန်အရ ပေါ်လာတာတွေလို့ ပြောတာ၊ သူတို့က တခြားဝိပါက်စိတ်တွေကို အကျိုးတရား အနေနဲ့ ထုတ်လုပ်နိုင်စွမ်း မရှိကြဘူးတဲ့၊ powerless သူတို့မှာ ဘာပါဝါမျှ မရှိဘူး၊ နောက်တစ်ခုကို ဖြစ်ပေါ် စေနိုင်စွမ်း ဘာမျှမရှိဘူး၊ မရှိသည့်အတွက်ကြောင့် အခြား ဝိပါက်စိတ်တွေကို အလေ့အကျင့်ရလာအောင်တို့ အင်အားကောင်းလာအောင်တို့ လုပ်နိုင်တဲ့အနေအထား သူတို့မှာ မရှိဘူးတဲ့၊ ဒါကြောင့်မို့ ဝိပါက်စိတ်တွေဟာ အာသေဝနပစ္စည်းထဲမှာ မပါဘူး၊ အာသေဝနစွမ်းရည် သူတို့မှာမရှိဘူး၊ ဒီလို ဆိုလိုတာ။
အာသေဝနဆိုတဲ့ စွမ်းရည်သတ္တိရှိတာ ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇော တွေမှာသာ ရှိပါတယ်တဲ့၊ ကုသိုလ်ဇောကလည်း ကုသိုလ်ဇောကိုသာ အားပေးတယ်၊ သဘာဝချင်းတူတာကိုပဲ အထောက်အကူပြုတယ်၊ ကုသိုလ်ဇောက အကုသိုလ်ဇောကို အထောက်အကူမပြုဘူး၊ သဘာဝချင်းတူမှ အင်အားကောင်း အောင်လုပ်လို့ရတာ၊ ဆန့်ကျင်ဘက်သဘာဝကို အင်အားကောင်းအောင်လုပ်တယ် ဆိုတာ လောကအနေ နဲ့လည်း ယုတ္တိမရှိဘူး။
ကုသိုလ်ဇောသည် နောက်ထပ်ဖြစ်လာမည့် ကုသိုလ်တရားကို စွမ်းအားတွေ ပေးတယ်၊ အလေ့အကျင့်ရစေတယ်၊ စွမ်းရည်တွေ ထက်မြက်စေတယ်၊ အင်အား ကောင်းလာ စေတယ်ဆိုတဲ့ “ပဂုဏ ဗလဝတာယ” အနေအထားမျိုး ရလာအောင် ရှေးရှေးသော ကုသိုလ်စိတ်တွေက နောက်နောက်ပေါ်လာတဲ့ ကုသိုလ် စိတ်တွေကို ဒီလို စွမ်းရည်သတ္တိတွေကို မြင့်မားလာစေတယ်တဲ့၊ ဘယ်သတ္တိနဲ့ ဘယ်ပစ္စည်းက ဘယ်တရားကို ကျေးဇူးပြုတယ်၊ ဘယ်တရားကြောင့် ဒီလိုမြင့်မား လာရသလဲဆိုရင် အာသေဝနသတ္တိနဲ့ နောက်နောက်သော ကုသိုလ်စိတ်တွေကို စွမ်းရည်သတ္တိမြင့်မား လာစေတယ်။
ထို့အတူပဲ အကုသိုလ်ကလည်း သဘာဝချင်းတူတဲ့ အကုသိုလ်စိတ်ကို ကျေးဇူး ပြုတယ်၊ အဲဒီအကုသိုလ်ထဲမှာ ထပ်ပြီးခွဲလို့ရသေးတယ်၊ လောဘကို အခြေခံတဲ့ အကုသိုလ်စိတ်တို့၊ ဒေါသကိုအခြေခံတဲ့ အကုသိုလ်စိတ်တို့ သူ့ဟာနဲ့သူ တခြားစီပဲ၊ လောဘကို အခြေခံပြီးဖြစ်တဲ့ (ဥပမာ-လောဘဇောဆိုပါတော့) လောဘကို အခြေခံတဲ့ အကုသိုလ်ဇောက လောဘကို အခြေခံပြီးတော့ ဖြစ်တဲ့ အကုသိုလ် ဇောတွေကိုသာ စွမ်းရည်သတ္တိပေးတယ်၊ ဒေါသကို အခြေခံတဲ့ အကုသိုလ်ဇောတွေ ကို တိုက်ရိုက် အနေနဲ့ စွမ်းရည်သတ္တိ မပေးနိုင်ဘူး၊ ဒီလိုနားလည်ရမယ်၊ ဒေါသမူ ဇောကလည်းပဲ ထို့အတူပဲ၊ ဒေါသကို အခြေခံဖြစ်တဲ့ အကုသိုလ်ဇောတွေကလည်းပဲ နောက်နောက် ဖြစ်လာတဲ့ ဒေါသကို အခြေခံတဲ့ အကုသိုလ်စိတ်တွေကိုသာ စွမ်းရည် သတ္တိတွေ ပေးသွားတယ်၊ အလေ့အကျင့်ရစေတယ်၊ အင်အားကောင်းစေတယ်၊ ဟော အာသေဝနသတ္တိနဲ့ ကျေးဇူးပြုတာတွေ။
တစ်ခါ ကြိယာဇောက ကြိယာဇောတွေကို ကျေးဇူးပြုတာတွေ ရှိသေးတယ်၊ ဒါကတော့ အဓိကအားဖြင့် ရဟန္တာတွေရဲ့ သန္တာန်ကို ရည်ညွှန်းပြီး ပြောတာ၊ ရဟန္တာပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ အာသေဝနပစ္စည်း ဖြစ်တာနော်၊ ဒီတော့ ကြိယာလို့ ပြောလိုက်ရင် ကုသိုလ်ကို နာမည်ပြောင်းထားတယ်လို့ မှတ်ထားပါ၊ ရဟန္တာရဲ့ သန္တာန်မှာဖြစ်တဲ့ ကုသိုလ်ကို “ကြိယာ” လို့ ခေါ်တယ်၊ ဒီနေရာမှာ အာဝဇ္ဇန်းဒွေးက လွဲရင် ရဟန္တာသန္တာန်မှာဖြစ်တဲ့ ကုသိုလ်စိတ် (ဟသိတုပ္ပါဒ်ကျတော့ အဲဒီလို ကုသိုလ် ဆိုတာ မရှိဘူး၊ ဟသိတုပ္ပါဒ်က ရဟန္တာသန္တာန်မှာဖြစ်တဲ့ သီးသန့် ကြိယာစိတ် တစ်မျိုးပဲ၊ ဒါနဲ့ပတ်သက်လို့ ဘုန်းကြီးတို့ စဉ်းစားနေတာ၊ အဖြေရှာလို့ မတွေ့ သေးဘူး၊) ဒိပြင် ကြိယာစိတ်တွေဟာ ဥပမာ - မဟာကြိယာစိတ်၊ မဟာကြိယာစိတ် ဆိုတာ ရဟန္တာသန္တာန်မှာဖြစ်တဲ့ မဟာကုသိုလ်စိတ်ကိုပဲ မဟာကြိယာစိတ်လို့ ခေါ် တာပဲ၊ ကိလေသာဝဋ်မြစ်တွေ ပြတ်သွားတဲ့ ရဟန္တာသန္တာန်မှာ ကုသိုလ်ဖြစ်ပြီ ဆိုရင် မဟာကြိယာခေါ်တာပဲ၊ လုံးဝအတူတူပဲ။
ထို့အတူပဲ ရူပါဝစရကြိယာ၊ ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တွေ ဈာန်ရသွားတဲ့အခါ ရူပါဝစရကုသိုလ်လို့ ခေါ်တယ်၊ ရဟန္တာဖြစ်သွားပြီဆိုရင် ရူပါဝစရကုသိုလ်သည် ရူပါဝစရကြိယာ ဖြစ်သွားတယ်၊ ပုထုဇဉ်သေက္ခတွေ အရူပဈာန်ရလို့ရှိရင် အရူပါ- ဝစရကုသိုလ်လို့ ခေါ်တယ်၊ ရဟန္တာဖြစ်သွားပြီဆိုရင် အရူပါဝစရကြိယာ ဖြစ်သွား တယ်၊ ကုသိုလ်ကနေ ကြိယာဖြစ်သွားတာ။
သို့သော် ဟသိတုပ္ပါဒ်ကျတော့ ကုသိုလ်ဆိုတာ မရှိဘူး၊ ကုသိုလ်က ပြောင်း လာတာ မဟုတ်ဘူး၊ ဒါဖြင့် ဟသိတုပ္ပါဒ်ဆိုတဲ့စိတ်က ဘယ်ကနေ ပြောင်းလာ တာတုန်းလို့ မေးစရာရှိလာတယ်၊ ရဟန္တာဖြစ်မှ ပေါ်လာတဲ့စိတ်လို့ ပြောရမလို ဖြစ် နေတယ်၊ ရဟန္တာဖြစ်မှ ပေါ်လာတယ်ဆိုတော့ ရဟန္တာက ဘယ်မှာဖြစ်တာတုန်း ဆိုရင် အရဟတ္တမဂ်ရပြီး အရဟတ္တဖိုလ်ပေါ်မှ ရဟန္တာဖြစ်တာပေါ့၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ရမှ ရဟန္တာဖြစ်တယ်ဆိုရင် ဟသိတုပ္ပါဒ်သည် အရဟတ္တမဂ် အရဟတ္တ ဖိုလ် ပေါ်ပြီးတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာသာဖြစ်တာမို့ သူလည်းပဲ အရဟတ္တမဂ် အရဟတ္တ ဖိုလ်ရဲ့ အကျိုးတရားလိုလို ပြောစရာဖြစ်လာတယ်၊ အဲဒါ ဘုန်းကြီးတို့ အကြောင်း ရှာလို့ မတွေ့သေးဘူး၊ ဘယ်ကျမ်းမှာမှလည်း ဒါကို ရေးထားတာမရှိဘူး။
ဘာဖြစ်လို့ အကြောင်းရှာရတာတုန်းဆိုတော့ ကြည့်လေ - ကျန်တဲ့ကြိယာ စိတ်တွေက ကုသိုလ်တဖြစ်လဲတွေကို ခေါ်တာ၊ ဆိုပါစို့ - စာထဲမှာ ဘယ်လို ဆိုထား တုန်းဆိုရင် ပုထုဇဉ်ပုဂ္ဂိုလ်တစ်ဦးဟာတဲ့ ပထမဈာန်ရထားလို့ ဈာန်ဝင်စားနေတယ်၊ အဲဒီပထမ ဈာန်ဟာ ပထမဈာန်ကုသိုလ်ပဲ၊ သောတာပန် ဖြစ်တော့လည်း ပထမဈာန် ကုသိုလ်ပဲ၊ သကဒါဂါမ် ဖြစ်တော့လည်း ပထမဈာန်ကုသိုလ်ပဲ၊ အနာဂါမ် ဖြစ်တော့ လည်း ပထမဈာန်ကုသိုလ်ပဲ၊ အရဟတ္တမဂ်ရသွားလို့ ရဟန္တာဖြစ်သွားတဲ့ အချိန်မှာလည်းပဲ သူက မဝင်စားသေးလို့ရှိရင် ပထမဈာန်ကုသိုလ်ပဲတဲ့၊ ဝင်စားပြီ ဆိုတဲ့အခါ ကျတော့ ရဟန္တာအနေနဲ့ အသုံးချလိုက်ပြီဆိုရင် ပထမဈာန်ကုသိုလ် မဟုတ်တော့ဘူးတဲ့၊ ပထမဈာန်ကြိယာ ဖြစ်သွားပြီ၊ ဒီလိုဆိုလိုတယ်။
ဒါ ဘာဖြစ်လို့ ဒီလိုပြောတာတုန်းဆိုတော့ ကုသလဆိုတာ ကံနဲ့ ပတ်သက် တဲ့နာမည် ဖြစ်နေတယ်၊ ကြိယာဆိုတော့ ကံနဲ့ မဆိုင်တဲ့နာမည် ဖြစ်သွားပြီ၊ ဒါကြောင့် မို့ ကြိယာဆိုတဲ့ စကားလုံးကို ဓမ္မသင်္ဂဏီပါဠိတော်မှာ “နေဝ ကုသလာ နာ ကုသလာ န စ ကမ္မဝိပါကာ” - ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး၊ ကံရဲ့ အကျိုးလည်း မဟုတ်ဘူး၊ three negative ငြင်းဆိုချက် ၃-ခုနဲ့ ပြောတာ၊ “neither kusala nor akusala nor result of kamma”၊ အဲဒါ ကြိယာ။
ဒီတော့ ရဟန္တာသန္တာန်မှာ ဖြစ်သွားတဲ့ ပုထုဇဉ်ဘဝက ရထားတဲ့ဈာန်သည် ကုသိုလ်ဈာန်ပဲ၊ မဝင်စားမချင်း ကုသိုလ်ဈာန်လို့ပဲ ခေါ်တယ်တဲ့၊ ရဟန္တာဘဝမှာ ဝင်စားလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ကြိယာဖြစ်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာသန္တာန်မှာ ကိလေသာအညစ်အကြေး လုံးဝကင်းစင်သွားတော့ ကုသိုလ်တွေ အနေနဲ့က အလုပ်မရှိတော့ဘူး၊ ကုသိုလ်ရဲ့အလုပ်က ဘာတုန်းဆိုရင် အကုသိုလ် ကို ပယ်ဖျက်တဲ့အလုပ်ပဲ။
ကုသိုလ်နဲ့ အကုသိုလ်ဟာ အမြဲတမ်း တိုက်ခိုက်နေတယ်၊ ကုသိုလ်က ပဟာယက၊ အကုသိုလ်က ပဟာတဗ္ဗ၊ အကုသိုလ်က ပဟာတဗ္ဗအနေနဲ့ ရှိတယ်၊ ကုသိုလ်က ပဟာယကအနေနဲ့ ပေါ်လာတယ်၊ ပဟာတဗ္ဗဆိုတဲ့ အကုသိုလ် မရှိဘူးဆိုရင် ပဟာယကဖြစ်တဲ့ကုသိုလ် လိုသေးလား၊ မလိုတော့ဘူး၊ မလိုတော့လို့ ဖျက်သိမ်း လိုက်ပြီး ကြိယာလို့ နာမည်ပေးလိုက်တာ၊ ဒီသဘောပါပဲ။
ဆိုပါစို့ - လုပ်ငန်းကိစ္စတစ်ခု လုပ်စရာရှိလို့ အဖွဲ့အစည်းတစ်ခုဖွဲ့ထားတယ်၊ အဲဒီအလုပ်ပြီးသွားတာနဲ့ တစ်ပြိုင်နက် ဒီအဖွဲ့ဟာ ဘာမျှ အလုပ်မရှိတော့ဘူး၊ အလုပ်မရှိတော့ရင် ဒီအဖွဲ့ပျက်မသွားဘူးလား၊ ပျက်သွားတယ်၊ အဲဒီသဘောပဲ၊ ကုသိုလ်ဆိုတာ အကုသိုလ်ကို ဖယ်ရှားဖို့၊ အကုသိုလ်ကို ဖယ်ရှားစရာမရှိဘူးဆိုရင် ဒီကုသိုလ်ကို ကြိယာလို့ခေါ်တာ၊ အလုပ်လုပ်ရုံသက်သက်ပဲ၊ အကုသိုလ်ကို ဖယ်ရှားဖို့ မလိုဘူးတဲ့၊ ဒါကြောင့် “ကြိယမတ္တံ” ပြုခြင်းမျှသက်သက်တဲ့၊ ဘယ်ဟာကိုမျှ ဖယ်ရှားပစ်စရာ မလိုဘူးတဲ့။
တိုင်းပြည်တစ်ပြည်မှာ သူပုန်တွေရှိလို့ စစ်တပ်ရှိတယ်ဆိုရင် အဲဒီစစ်တပ် က သူပုန်နှိမ်နင်းဖို့ ဖွဲ့စည်းထားတာ၊ ပုန်ကန်သူတွေကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်၊ တိုင်းပြည် ငြိမ်းချမ်းရေးရသွားပြီဆိုလို့ရှိရင် ဒီစစ်တပ်က နှိမ်နင်းစရာမရှိ တော့ဘူး၊ မရှိလို့ရှိရင် ဂုဏ်ပြုတပ်ဖွဲ့ ဖြစ်သွားမှာ၊ အဲဒါမျိုးကို ခေါ်တာ၊ ကြိယာ ဆိုတာ သဘောပေါက်အောင် ပြောပြတာ၊ ကြိယာဆိုတာ အဲဒါ၊ တကယ်လုပ်ရမယ့် တာဝန်ဝတ္တရားတွေက မရှိတော့ဘူး၊ ပြီးသွားပြီ၊ တိုက်ပွဲကြီးပြီးသွားပြီဆိုတဲ့သဘော ပေါ့နော်၊ ရဟန္တာမှာ တိုက်ပွဲဆိုတဲ့ အကုသိုလ်တွေ ပယ်ဖျက်ဖို့ဆိုတဲ့ လုပ်ငန်းကြီး ပြီးသွားပြီ ဖြစ်သည်အတွက်ကြောင့်မို့ ကြိယာ ပြုရုံသက်သက်ပဲဆိုတဲ့ အဓိပ္ပါယ်၊ နာမည်ပြောင်းပေးလိုက်တာ။
အေး ကောင်းပြီ - အာသေဝနပစ္စည်းဆိုတာ ဇောတွေနဲ့ ပတ်သက်ပြီး တော့ ဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -
“ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော” ။
- ပုရိမာ ပုရိမာ - ရှေးရှေးက ဖြစ်ပေါ်၍လာကြတဲ့၊
ကုသလာ ဓမ္မာ - ကုသိုလ်တရားတွေက၊
ပစ္ဆိမာနံ ပစ္ဆိမာနံ = နောက်နောက်ဖြစ်ကြတဲ့၊
ကုသလာနံ ဓမ္မာနံ – ကုသိုလ်တရားတို့အား၊
အာသေဝနပစ္စယေန – အာသေဝနပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။
မြတ်စွာဘုရားက အဘိဓမ္မာတရား ဟောတဲ့အခါ ကုသလာဓမ္မာ, အကုသလာဓမ္မာ, အဗျာကတာဓမ္မာ ဆိုပြီး ဒီတိက်ကစပြီး မာတိကာ outline ချထားခဲ့တယ်၊ အဲဒီအစီအစဉ်အတိုင်းလာတာ၊ ပုရိမာ ပုရိမာလို့ နှစ်ထပ်ကွမ်း သုံးထား တာ၊ ရှေးရှေးလို့ ဆိုကတည်းက တစ်ခုစီ တစ်ခုစီ၊ ရှေးရှေးလို့ ပြောတဲ့ဟာက ရှေ့ ရှေ့ အားလုံးကို ခြုံငုံမိအောင် ပြောတာ၊ ပါဠိမှာ ဒီလို စကားနှစ်ထပ် သုံးလို့ရှိရင် ဝိစ္ဆာလို့ ခေါ်တယ်၊ ဝိစ္ဆာဆိုတာ အားလုံးနှံ့အောင် ပြောတာ၊ ဂါမေ ဂါမေ ဇလံ အတ္ထိ - ရွာတိုင်း ရွာတိုင်းမှာ ရေရှိတယ်၊ ပါဠိစာပေက ဂါမေ ဂါမေ၊ အင်္ဂလိပ်စာ ကျတော့ အဲဒီလိုနှစ်ထပ် ပြောတာ မရှိဘူးနော်၊ There is water in every village. Every village လို့ ပြောရင် ပြီးသွားပြီ၊ ပါဠိကျတော့ အဲဒီလို မဟုတ်ဘူး၊ ဂါမေ ဂါမေ - ရွာတိုင်း ရွာတိုင်းမှာ၊ ဇလံ အတ္ထိ - ရေရှိတယ်၊ ဒီမှာလည်းပဲ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ရှေးရှေးဖြစ်တဲ့ ကုသိုလ်တရားတွေဟာလို့၊ ကြည့် - ဒီစကားကို ကြည့်တာနဲ့ပဲ ရှေးရှေးလို့ သုံးလိုက်ကတည်းက ကုသိုလ်စိတ်တွေဟာ ထပ်တလဲလဲ ဖြစ်နေတယ် ဆိုတာ ထင်ရှားစေတယ်။
ထို့အတူပဲ ပစ္ဆိမာနံ ပစ္ဆိမာနံ- နောက်နောက်ဖြစ်တဲ့၊ ကုသလာနံ ဓမ္မာနံ - ကုသိုလ် တရားတို့အား ဆိုတော့ ခုနပြောတဲ့ ဇော၇-ကြိမ်နဲ့ စဉ်းစားကြည့်၊ ပထမ ဇောက ဘယ်သူ့ကိုကျေးဇူးပြုတုန်း၊ ဒုတိယဇောကိုပဲကျေးဇူးပြုတယ်၊ ဒီအကွက်လေး တစ်ကွက်တင်ပြောတာ၊ ပထမဇောက တတိယဇောကို ကျော်ပြီးတော့ လုပ်လို့မရဘူး၊ ဒါ ပြောတာ၊ ပထမဇောသည် ဒုတိယဇောကို၊ “အနန္တရ” ဆိုတာ ကြားထဲမှာ မခြားရဘူး၊ ပထမဇောကပစ္စည်းဆိုရင် ဒုတိယဇောက ပစ္စယုပ္ပန်၊ ဒုတိယ ဇောက ပစ္စည်းဆိုရင် တတိယဇောက ပစ္စယုပ္ပန်၊ တတိယဇောက ပစ္စည်းဆိုရင် စတုတ္ထဇောက ပစ္စယုပ္ပန်၊ စတုတ္ထဇောက ပစ္စည်းဆိုရင် ပဉ္စမဇောက ပစ္စယုပ္ပန်၊ စွမ်းရည်သတ္တိတွေက ဆင့်ကဲဆင့်ကဲ ပေးသွားတဲ့သဘော။
ဒီတော့ ပစ္စည်းတွေက ဘယ်သူတွေတုန်းဆိုရင် ဒုတိယဇောအတွက် ပထမ ဇောသည် အာသေဝနပစ္စည်း၊ တတိယဇောအတွက်ဆိုရင် ဒုတိယဇောသည် အာသေဝနပစ္စည်း၊ စတုတ္ထဇောအတွက်ဆိုရင် တတိယဇောသည် အာသေဝန ပစ္စည်း၊ ပဉ္စမဇောအတွက် ဆိုရင် စတုတ္ထဇောသည် အာသေဝနပစ္စည်း၊ ဆဋ္ဌမဇော အတွက်ဆိုရင် ပဉ္စမဇောသည် အာသေဝနပစ္စည်း၊ သတ္တမဇောအတွက်ဆိုရင် ဆဋ္ဌမ ဇောသည် အာသေဝနပစ္စည်း၊ ဒါဖြင့် သတ္တမဇောရဲ့နောက်မှာ ဇောရှိသေးလား၊ မရှိတော့ဘူး၊ ဒါကြောင့် သတ္တမဇော ကျတော့ အာသေဝနပစ္စည်းလုပ်စရာ မရှိ တော့ဘူး၊ ဒါကို ပြောတာနော်၊ ရှေးရှေး ဆိုတာ။
ဒါကြောင့်မို့ ပဋ္ဌာန်းအရကောက်ကြီးမှာ “သတ္တမဇောကြဉ်သော ရှေးရှေးသော ပထမဇောစသော” လို့ ဆိုတာ၊ သတ္တမဇောကြဉ်သော ဆိုတာ သတ္တမဇော နောက်မှာ ဇောမရှိသည့်အတွက်ကြောင့် သတ္တမဇောက ပစ္စယုပ္ပန်သာ ဖြစ်တယ်၊ ပစ္စည်း မဖြစ်နိုင်ဘူး၊ သူက နောက်ဟာကို အာသေဝနသတ္တိနဲ့ ကျေးဇူးပြုလို့ မရဘူး လို့ ပြောတာ၊ ပထမဇောက ဒုတိယဇောကို ကျေးဇူးပြုမယ်၊ ဒုတိယဇောက တတိယ ဇော၊ တတိယဇောက စတုတ္ထဇော၊ စတုတ္ထဇောက ပဉ္စမဇော၊ ပဉ္စမဇောက ဆဋ္ဌမ ဇော၊ ဆဋ္ဌမဇောက သတ္တမဇော၊ သတ္တမဇောကျတော့ ပစ္စည်းမဖြစ်တော့ဘူး၊ ဖြစ်လို့တုန်း၊ နောက်မှာ ဇောမရှိတော့လို့။
သဘာဝချင်းမတူတဲ့ တရားတစ်ခု၊ အရှိန်အဟုန်တစ်ခု မပေးနိုင်ဘူးတဲ့၊ နဂိုကတည်းက စွမ်းရည်သတ္တိချင်းမှ မတူတာ၊ စွမ်းရည်သတ္တိတူမှ ဖြစ်တာ၊ သတ္တမ ဇောနောက်မှာ ဘာလာနိုင်တုန်း၊ တဒါရုံ လာနိုင်တယ်၊ ဘဝင် လာနိုင်တယ်၊ မျိုးတူ ရဲ့လား? မတူဘူး၊ မတူသည့်အတွက်ကြောင့် အာသေဝနပစ္စည်းထဲမှာ မပါဘူး၊ ဒါပြောတာ၊ ပစ္စယုပ္ပန် အနေနဲ့သာ ရတယ်။
ကဲ တစ်ခါ ပစ္စယုပ္ပန်ပိုင်းကို ကြည့်မယ်ဆိုရင် ပထမဇောက ပစ္စည်းသာ ဖြစ်နိုင်တယ်၊ ပထမဇောရှေ့မှာ ဝုဋ္ဌော ရှိတယ် မဟုတ်လား၊ ဝုဋ္ဌောက ပထမဇောကို အာသေဝန သတ္တိနဲ့ ကျေးဇူးမပြုနိုင်လို့ ပထမဇောသည် အာသေဝနပစ္စယုပ္ပန် မဖြစ် ဘူးတဲ့၊ ဒီသဘောကို နားလည်လို့ရှိရင် ပဋ္ဌာန်းအရကောက်ကြီးကို ကြည့်လိုက်လို့ ရှိရင် သဘောပေါက်တယ်နော်၊ ပစ္စယုပ္ပန်ကျတော့ “ပထမဇောကြဉ်သော နောက်နောက် သောဇောများ” တဲ့၊ ပစ္စည်းပိုင်းရောက်တဲ့အခါကျတော့ “သတ္တမဇောကြဉ်သော ရှေးရှေးသောဇော” လို့ ဒီလိုဆိုတယ်။
ဒီတော့ ကုသိုလ်သည် ကုသိုလ်ကို၊ အကုသိုလ်သည် အကုသိုလ်ကို၊ ကြိယာသည် ကြိယာကိုလို့ ဆိုင်ရာဆိုင်ရာဇောတွေကို အာသေဝနသတ္တိနဲ့ ကျေးဇူးပြုသွား ပါတယ်တဲ့၊ ဒါက အကြမ်းဖျင်း၊ ဝီထိမှာကြည့်ရင် မျက်စိနဲ့ အဆင်းအာရုံကို မြင်တဲ့ အခါ၊ နားနဲ့ အသံအာရုံကို ကြားတဲ့အခါမှာ ကာမာဝစရဇောစိတ်တွေ ဖြစ်တယ်၊ ရိုးရာကာမာဝစရကုသိုလ်စိတ်ဆိုတာ အာရုံကို မှီတည်ပြီးတော့ ယောနိသော- မနသိကာရလေး ရှိရုံနဲ့ ဖြစ်နိုင်စွမ်း ရှိတယ်ပေါ့၊ တချို့ ကာမာဝစရစိတ်တွေကပေါ့၊ သို့သော် ဝိပဿနာတို့လို အဆင့်မြင့်တာတို့ ဥပစာရသမာဓိတို့လို အဆင့်မြင့်တာ မျိုးကျတော့ ဘာဝနာကျင့်စဉ်တစ်ခုနဲ့ကျင့်မှ ရတာပေါ့၊ သာမန်ကုသိုလ်စိတ်တွေ ကတော့ ရူပါရုံမြင်တာနဲ့လည်း ကုသိုလ်ဖြစ်နိုင်တယ်၊ သဒ္ဒါရုံကြားတာနဲ့လည်း ဖြစ်နိုင်တယ်၊ မြင်တိုင်း ဖြစ်သလားဆိုတော့ မြင်တိုင်းတော့ မဖြစ်ဘူး၊ ဖြစ်အောင်က ဘာလိုတုန်းဆိုရင် ယောနိသောမနသိကာရ လိုတယ်၊ ယောနိသောမနသိကာရ ဆိုတာ ကုသိုလ်ဖြစ်အောင် စဉ်းစားတတ်တဲ့ နှလုံးသွင်းမှုပဲ။
▬▬▬▬▬▬▬▬▬▬
ကုသိုလ်ဖြစ်ကြောင်းတရား ၄-ပါး
▬▬▬▬▬▬▬▬▬▬
အဋ္ဌသာလိနီအဋ္ဌကထာမှာ ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်း ၄-ချက် ပေးထားတယ်၊ လူတိုင်း လူတိုင်းဟာ အလွယ်တကူနဲ့ ကုသိုလ်ဖြစ်တာ မဟုတ်ဘူးတဲ့၊ ကုသိုလ်ဖြစ်ဖို့ အတွက် ဘာတွေလိုအပ်သလဲ။
နံပါတ်(၁)က “နိယမိတ”၊ စိတ်ထဲမှာ determination ရှိရမယ်၊ “ငါ့စိတ်ထဲ မှာ ကုသိုလ်ပဲ ဖြစ်စေရမယ်၊ အကုသိုလ် မဖြစ်စေရဘူး” ဆိုတဲ့ ဆုံးဖြတ်ချက်ချထား ဖို့ လိုတယ်တဲ့၊ ဒါက ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်းတရားတစ်ခုပဲ၊ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အကုသိုလ်တွေက လွှမ်းထားမှာ၊ ဆုံးဖြတ်ချက်ချထားတောင်မှပဲ သတိမေ့နေရင် အကုသိုလ်က ဝင်လာဦးမှာပဲ။
ဘာဖြစ်လို့တုန်းဆိုရင် “ပါပသ္မိံ ရမတိ မနော” - စိတ်ကိုက ခေါက်ရိုးကျိုးနေ တာ၊ အကုသိုလ်ဘက်သွားတာ၊ အလျဉ်ရနေတယ်လို့ပြောတာပေါ့၊ ချဉ်ဖတ်အိုးကြီး လိုပဲ၊ ဘာထည့်လိုက်ထည့်လိုက် ချဉ်သွားတာပဲ၊ အဲဒါ သေချာတယ်၊ ဘယ်စိတ် ပေါ်လာ ပေါ်လာ အကုသိုလ်ဘက်ပဲ သွားတာပဲ၊ သံသရာက ချဉ်ဖတ်အိုးကြီးကိုး၊ အထဲ ဝင်လာသမျှ အကုန်အချဉ်ချည်းပဲ ဖြစ်ရမယ်၊ ဒီတော့ ဒီလိုမဖြစ်အောင် လုပ်ဖို့ ဆိုရင် ဆန့်ကျင်ဘက်စိတ်ဓာတ်လေးတွေ မွေးမြူဖို့လိုတယ်၊ .. ဘာတွေတုန်းဆို နိယမိတ - ကြိုတင်ပြီးတော့ သတ်မှဘ်ထားရမယ်၊ ကိုယ့်စိတ်ထဲမှာ အကုသိုလ် ဆိုတာ မဖြစ်စေရဘူး၊ ကုသိုလ်ပဲ ဖြစ်စေရမယ်တဲ့၊ determination ရှိဖို့လိုတယ်။
နောက်တစ်ခု နံပါတ်(၂)က ဘာလိုအပ်လဲဆိုရင် “ပရိဏာမိတ” - ကိုယ့်ရဲ့ စိတ်ကလေးကို ကုသိုလ်ဘက်ကို ညွှတ်ကိုင်းထားရမယ်၊ inclination ပေါ့ incline လုပ်ပေးထားရမယ်၊ စိတ်ကို ကုသိုလ်ဘက်ကို ညွှတ်နေအောင် လုပ်ထားရမယ်၊ နောက်တစ်ခု နံပါတ်(၃)က “အာဘုဇိတ”- နှလုံးသွင်းတဲ့၊ ကုသိုလ်ကိုသာ အမြဲ attention လုပ်နေတယ်၊ နှလုံးသွင်းရှိနေတယ်၊ နောက်တစ်ခု နံပါတ်(၄)က “သမုဒါစာရ” “အလေ့အကျင့် practice ရှိရမယ်၊ ကုသိုလ်ဖြစ်ဖို့ practice ရှိရမယ်။ အခုပြောတဲ့ အချက်လေးချက်ကြောင့်သာ ကုသိုလ်ဆိုတာ ဖြစ်နိုင်တာတဲ့၊ နို့မို့ဆိုရင် ဖြစ်ဖို့မရှိဘူးတဲ့၊ သာမန်အားဖြင့် မဖြစ်နိုင်ဘူး။
ဥပမာ - အင်မတန်မှလှတဲ့ ပန်းလေးတစ်ပွင့်ကို လူ ၂-ယောက်မြင်တယ်၊ အဲဒီမြင်တဲ့လူထဲက တစ်ယောက်က ပန်းကလေးလှလို့ဆိုပြီး အမျိုးသမီးဆိုရင် ခေါင်းပန်ဖို့ စဉ်းစားမိမှာပေါ့နော်၊ “လှလိုက်တာ” ဆိုရင် အာရုံခံစားဖို့ သွားပြီး စဉ်းစားပြီ၊ ဘုရားကို ပန်းလှူနေကျပုဂ္ဂိုလ်ကတော့ “လှလိုက်တာ၊ ဒါလေးကို ဘုရား ပန်းအိုး ထိုးဦးမှပဲ” ဆို၊ ဟော တစ်ယောက်နဲ့တစ်ယောက် . စိတ်ကူးမတူဘူး၊ ဘုရားပန်းလှူနေကျ မဟုတ်တဲ့လူက ပန်းမြင်တာနဲ့ ပန်ဖို့ပဲ စဉ်းစားမယ်၊ သို့မဟုတ် အိမ်မှာအလှထားဖို့ စဉ်းစားကောင်း စဉ်းစားလိမ့်မယ်၊ ဘုရားပန်းလှူနေကျ ပုဂ္ဂိုလ် ကတော့ ပန်းလှလှလေးမြင်လိုက်တာနဲ့ ဘုရားကို သွားသတိရတယ်၊ ဒါဘာဖြစ်တာ တုန်းဆိုရင် “သမုဒါစာရ” practice အလေ့အကျင့်ရနေတာ။
ဒီလိုပဲ - ဘာအာရုံနဲ့ပဲတွေ့တွေ့ ကုသိုလ်လုပ်ဖို့ပဲ သတိရတယ်၊ အဲဒီလိုမှ အလေ့အကျင့် မရှိခဲ့ဘူး၊ နှလုံးသွင်း မရှိခဲ့ဘူး၊ determination မရှိခဲ့ဘူး၊ inclination မရှိဘူးဆိုရင် အကုသိုလ်တွေချည်းပဲ ဖြစ်ဖို့များနေတယ်ပေါ့၊ ကာမာဝစရကုသိုလ် ဆိုတာ ရူပါဝစရကုသိုလ်တို့ အရူပါဝစရကုသိုလ်တို့ မဂ်ကုသိုလ်တို့ကို ထောက်ထား မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်တယ်၊ သဘာဝအရ ဖြစ်လို့ရတယ်ပေါ့။
ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်တို့ကျတော့ သမထကျင့်စဉ်ကို ကျင့်ပြီး အောင်မြင်မှဖြစ်တာ၊ မအောင်မြင်ရင်မဖြစ်ဘူး၊ လောကုတ္တရာကုသိုလ် ဖြစ်တဲ့ မဂ်ကုသိုလ်ကျတော့ ဝိပဿနာကျင့်စဉ်ကို အောင်မြင်အောင် ကျင့်နိုင်မှ ဖြစ်တယ်၊ မကျင့်နိုင်ရင် မဖြစ်ဘူး။
အဲဒီကုသိုလ်တွေက အကျင့်နဲ့ သက်ဆိုင်သွားတယ်၊ သမထကျင့်စဉ်ကို ကျင့်ရမယ်၊ ဝိပဿနာကျင့်စဉ်ကိုကျင့်ရမယ်၊ သမထကျင့်စဉ်ကိုမကျင့်ဘဲနဲ့ သဘာဝ အတိုင်း ရူပကုသိုလ် အရူပကုသိုလ်ဆိုတဲ့ ဈာန်ကုသိုလ်တွေ လုံးဝမဖြစ်နိုင်ဘူး၊ ရိုးရာနဲ့ မဖြစ်နိုင်ဘူး၊ ကာမကုသိုလ်ကတော့ ရိုးရာပကတိအနေအထားနဲ့ကို ဖြစ်နိုင် တယ်၊ လောကုတ္တရာကုသိုလ်ရော? ဝိပဿနာကျင့်စဉ်ကိုကျင့်မှ ဖြစ်တယ်၊ သမထ ကျင့်စဉ်ကို ကျင့်ရုံနဲ့လည်း မဂ်ကုသိုလ် မဖြစ်နိုင်ဘူး။
အဲဒီကုသိုလ်စိတ်တွေဟာ mental process ဆိုတဲ့ စိတ်အစဉ်ထဲမှာ ဖြစ်ကြ ပြီဆိုရင် ရှေးရှေးစိတ်သည် နောက်နောက်စိတ်အား အာသေဝနပစ္စည်းနဲ့ စွမ်းရည်သတ္တိတွေ ပေးသွားတယ်လို့ နားလည်ထားရမှာပေါ့၊ အဲဒီ အာသေဝနသတ္တိကြောင့် ရှေ့စိတ်ထက် နောက်စိတ်က စွမ်းရည်တွေ ထက်လာတယ်၊ ရှေ့စိတ်ထက် နောက် စိတ်က စွမ်းရည်တွေ ထက်လာပြီးတော့ မြင့်မားတဲ့စွမ်းအားတွေကို ရသွားတယ်။
ကြည့် - ကံကို ခွဲတဲ့အခါကျတော့ ကုသိုလ်ပဲဖြစ်စေ အကုသိုလ်ပဲဖြစ်စေ ပထမဇောစိတ်ဟာ သူ့ရှေ့က အာသေဝနဆိုတဲ့ စွမ်းရည်သတ္တိပေးနိုင်တဲ့စိတ် မရှိ ဘူး၊ မရှိသည့်အတွက်ကြောင့် သူက အကျိုးတစ်ခုကို ထုတ်လုပ်မယ်ဆိုရင် တစ်ခု ထူထောင်မပေးနိုင်ဘူး၊ လက်ရှိဘဝမှာ အားပေးရုံလေးပဲ ရတယ်၊ ဒါကို “ဒိဋ္ဌဓမ္မ ဝေဒနိယကံ” လို့ ခေါ်တာ၊ ဒိဋ္ဌဓမ္မ ဝေဒနိယကံဆိုတာ ဒီဘဝမှာပဲ၊ ဒီဘဝ ဆိုတာ အတိတ်ကံကြောင့် ရ,ထားတဲ့ ဘဝပဲ၊ ဒိဋ္ဌဓမ္မ ဝေဒနိယ - ဒီဘဝမှာ အားဖြစ်ရုံပဲ ရှိတယ်၊ ဒီလိုဆိုလိုတာ၊ ဘဝတစ်ခု ထူထောင်နိုင်လာအောင် စွမ်းရည် သတ္တိ မရှိဘူး၊ ဘာဖြစ်လို့လဲ? သူ့ရှေ့က အာသေဝနစွမ်းရည်သတ္တိပေးနိုင်တဲ့ပစ္စည်း မရှိလို့၊ အင်အားနည်းတယ်၊ ဒီအဓိပ္ပာယ်ကို ပြောတာနော်။
ပထမဇောက ဒုတိယဇောကို အားဖြည့်လိုက်တယ်၊ ဒုတိယဇောက တတိယ ဇောကို အားဖြည့်လိုက်တယ်၊ ပထမဇောထက် ဒုတိယဇောက အားကောင်းလာ တယ်၊ ဒုတိယဇောထက် တတိယဇောက အားကောင်းလာတယ်၊ အဲဒီလို အားဖြည့် အားဖြည့် ပေးသွားလိုက်တာ နောက်ဆုံး ဆဋ္ဌမဇောကျတော့ အားတွေ အင်မတန်မှ တောင့်တင်းနေတယ်၊ အဲဒီလိုတောင့်တင်းတဲ့အားတွေ သတ္တမဇောကို ပုံပြီးတော့ ပေးလိုက်တဲ့အခါမှာ သတ္တမဇောသည် ဒီဘဝကသေရင် နောက်ဘဝမှာ ဘဝတစ်ခု ကို ထူထောင်ပေးနိုင်တဲ့ စွမ်းရည်သတ္တိတွေရသွားတယ်ပေါ့၊ ဒါ ကံပိုင်းကပြောတာ၊ ဒါ အာသေဝနစွမ်းရည်ကြောင့် ဖြစ်တာ၊ ရှိသမျှ energy တွေ သူ့ဆီမှာ သွားစုတယ်၊ ဒါကြောင့် သူက အကျိုးပေးခွင့်ရှိတာ။
သို့သော်လည်း ကံဆိုတာ အခြားအကြောင်းတရားတွေနဲ့ ပေါင်းပြီးမှ အကျိုး ပေးလို့ရတာ၊ သူ့ချည်းပဲသပ်သပ် ပေးလို့မရဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် အကြောင်း တရားတွေနဲ့ ပေါင်းပြီးမှဖြစ်တာ၊ သူတစ်ခုတည်းမဖြစ်ဘူး၊ ဒါကြောင့်မို့ အကျိုးပေးပြီ ဆိုရင် သတ္တမဇောစေတနာက ဘယ်အချိန်မှာအကျိုးပေးတုန်းဆိုရင် ဒုတိယဘဝမှာ သွားအကျိုးပေးနိုင်တယ်၊ သူ့ ကျတော့ စွမ်းအားတွေမြင့်လို့ အနီးကပ်ဆုံးဘဝမှာ အကျိုးပေးတာ။
ကျန်တဲ့ဇောတွေကျတော့ အဆင့်ဆင့်အားဖြည့်ထားတာ ဖြစ်သည့်အတွက် ကြောင့် ဆဋ္ဌဇောထိအောင် ခြုံငုံပြီးတော့ “အပရာပရိယ ဝေဒနိယကံ” တဲ့၊ အပရာ ပရိယ ဝေဒနိယ ဆိုတာ တတိယဘဝကနေစပြီးတော့ သတ်မှတ်ချက်မရှိဘူး၊ နိဗ္ဗာန် ရသည်အထိတိုင်အောင် အလှည့်အသင့် အခွင့်အခါကြုံတဲ့ဘဝမှာ အကျိုးပေးတယ်၊ ဘဝတစ်ခုထူထောင်နိုင်တယ်၊ ဒုတိယဇောကလည်းပဲ စွမ်းအားသတ္တိ ရှိရမယ်၊ တတိယဇောကလည်း စွမ်းအားသတ္တိရှိရမယ်၊ အဲဒါက generally speaking ခြုံငုံပြီးတော့ ပြောလိုက်တာ၊ ဘယ်ဇောရယ်လို့ သတ်မှတ်ပြီးတော့ မပြဘူး၊ အလယ် ငါးဇောကို ပေါင်းပြီး ပြထားတာ။
အဲဒီအလယ်ငါးဇောထဲမှာ ဘယ်သူ စွမ်းရည်သတ္တိအထက်ဆုံးလဲဆိုရင် ဆဋ္ဌမဇောက စွမ်းရည်သတ္တိအထက်ဆုံး၊ ဒုတိယဇောထက် တတိယဇောက စွမ်းရည်သတ္တိ ထက်မယ်၊ တတိယဇောထက် စတုတ္ထဇောက စွမ်းရည်သတ္တိထက်မယ်၊ စတုတ္ထ ဇောထက် ပဉ္စမဇောက စွမ်းရည်သတ္တိထက်မယ်၊ ပဉ္စမဇောထက် ဆဋ္ဌမဇောက စွမ်းရည်သတ္တိထက်မယ်၊ ဒီတော့ စွမ်းရည်သတ္တိထက်တဲ့ဇောဟာ နိဗ္ဗာန်မရမီစပ်ကြား ကြုံရာဘဝတစ်ခုခုမှာ အကျိုးပေးမှာပဲ၊ “အပရာပရိယ ဝေဒနိယကံ”ဆိုတာ တတိယ ဘဝကစပြီး နိဗ္ဗာန်ရသည်အထိ ဆိုပြီးတော့ သူ့ရဲ့အချိန်ပိုင်းက အင်မတန်မှ ကျယ်တယ်၊ ဘာဖြစ်လို့ ဒီလိုဖြစ်တာတုန်းဆိုတော့ အာသေဝနသတ္တိကြောင့်ပဲ၊ ဒီတော့ အာသေဝနနဲ့ စွမ်းရည်သတ္တိဟာ ဘယ်လောက် ကြီးမားတုန်းဆိုတာ သိသာတယ်။
ထို့အတူပဲ အကုသိုလ်ကို ကြည့်လိုက် -
“ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော”။
အကုသိုလ်ဇောတွေ ပထမဇောက စပြီးတော့ . အာသေဝနသတ္တိနဲ့ အထောက်အကူ ပြုသွားတာ နောက်နောက်ဇောတွေကို သတ္တမဇောထိအောင်၊ ဒါကြောင့်မို့ အကုသိုလ်စိတ်တွေက စွမ်းရည်သတ္တိတွေ ထက်ထက် ထက်ထက် လာပြီး ကံအရာမြောက်ပြီးတော့ အကျိုးတွေ ပေးနေတာ၊ အာသေဝနသတ္တိနဲ့ ထုံမွှမ်းထား လို့ပဲ။
နောက် ကြိယာ -
“ပုရိမာ ပုရိမာ ကြိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော”။
အဗျာကတဆိုတာ ဝိပါက်ရယ် ကြိယာရယ် ရုပ်ရယ် . နိဗ္ဗာန်ရယ်ကို ခေါ်တာ၊ အဲဒီထဲက အာသေဝနနေရာမှာ ကြိယာကိုသာ ယူထားတာ၊ ကြိယာဇော ၁၈-ခု၊ အဲဒီကြိယာဇောတွေက စွမ်းရည်သတ္တိတွေ ပေးသွားတာ၊ ရဟန္တာသန္တာန်မှာ ဖြစ်သည့်အတွက်ကြောင့် ကြိယာစိတ်နဲ့ယှဉ်တဲ့ စေတနာတရားတွေဟာ ကံအရာ မမြောက်တော့ဘူး။
ကံအရာမမြောက်ရင် အာသေဝနပစ္စည်းက ဘာလုပ်ဖို့လဲဆိုလို့ရှိရင် ပထမ စိတ်ထက် ဒုတိယစိတ်က energy ပိုထက်လာတယ်၊ ဒုတိယစိတ်ထက် တတိယ စိတ်က energy ပိုထက်လာတယ်၊ လက်ရှိဘဝမှာ စွမ်းရည်သတ္တိတွေ ဖြစ်နေတဲ့ သဘောပဲ၊ သို့သော် ကိလေသာမရှိသည့် အတွက်ကြောင့် ကံအရာ မမြောက်လို့ ခုနပြောသလို ကြိယာပထမဇောက ဒိဋ္ဌဓမ္မ ဝေဒနိယကံ, ကြိယာသတ္တမဇောက ဥပပဇ္ဇ ဝေဒနိယကံ လို့လည်း ပြောဖွယ်ရာ မရှိဘူး၊ ဘဝတစ်ခု ထူထောင်တာတွေနဲ့ ဆက်စပ်ပြီး ပြောလို့မရဘူး၊ ပြုခြင်းမျှလို့ ဒီလိုအဓိပ္ပါယ်ရတယ်။
ဒါဖြင့် ဘဝတစ်ခု ထူထောင်တယ်ဆိုတဲ့အခါမှာ အာသေဝနသတ္တိ သက် သက်နဲ့ မဟုတ်ဘူး၊ ကြိယာကျတော့ အာသေဝနသတ္တိရှိသော်လည်းပဲ ဘဝတစ်ခု ထူထောင်နိုင်စွမ်း မရှိဘူး၊ ဘာဖြစ်လို့ ထူထောင်နိုင်စွမ်းမရှိတုန်းဆိုရင် ကိလေသာ ဆိုတဲ့အဖော် မရှိလို့၊ ကံဆိုတာ ကိလေသာအဖော်ရှိမှ ဘဝတစ်ခုကို ထူထောင် နိုင်တာ။
ပဋိစ္စသမုပ္ပါဒ်ကို ကြည့် - “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဆိုတယ်၊ အဝိဇ္ဇာက ကိလေသာ၊ သင်္ခါရက ကံ၊ ကံနဲ့ ကိလေသာ၂-ခု ပေါင်းပြီး ဝိညာဏံကို ဖြစ်စေတယ်၊ ဘဝတစ်ခု စ,တယ်၊ ထို့အတူပဲ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ကို ကြည့်မယ်ဆိုရင်လည်း “တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ”၊ ကြည့် - အဲဒီမှာလည်းပဲ တဏှာတို့ ဥပါဒါန်တို့ဆိုတာ ကိလေသာ၊ ဘဝ ဆိုတာကံ၊ ဇာတိဆိုတာ ကံရဲ့ အကျိုးတစ်ခု၊ ဟုတ်ရဲ့လား၊ ဘယ်နေရာဖြစ်ဖြစ် မြတ်စွာဘုရားက ကံနဲ့ကိလေသာ ၂-ခုတွဲဟောထားတာ။
ကိလေသာမရှိဘူးဆိုရင် ကံက အလုပ်မလုပ်နိုင်ဘူး၊ ကံနဲ့ ကိလေသာ တွဲဖက် ထားရတာ၊ ဒါကြောင့်မို့ ကြည့်လေ - ကမ္မဝဋ် ကိလေသဝဋ် ဝိပါကဝဋ် လို့ ဆိုတာ၊ ကမ္မဝဋ်ကို ပယ်ရတာမဟုတ်ဘူး၊ ကိလေသဝဋ်ကို ပယ်ရတာ၊ ကိလေသဝဋ် ပယ်လိုက်လို့ရှိရင် ကံဟာ သူတစ်ခုတည်း အလုပ်မဖြစ်တော့ဘူး၊ ကိလေသာ ဆိုတဲ့ အဖော်သဟဲ မရသည့်အတွက်ကြောင့် ကံသည် လက်ကျိုးခြေကျိုးသဘော ဖြစ်သွား တယ်၊ အကျိုးတစ်ခုကို မထုတ်လုပ်တော့ဘူး၊ ဒါကြောင့် ရဟန္တာဖြစ်တယ်ဆိုတာ ကံကိုပယ်တာ မဟုတ်ဘူး၊ ကိလေသာကို ပယ်တာ၊ ကိလေသာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံသည် အလုပ်မဖြစ်တော့ဘူး၊ ကံ အလုပ်မဖြစ်လို့ ကံကိုလည်း ပယ်ပြီးသား ဖြစ်သွားတယ်။
စာပေမှာ အရဟတ္တမဂ်ကို “ကမ္မက္ခယ ကရ” “ကံကုန်ခြင်းကို ပြုတယ်” လို့ဆိုတယ်၊ တကယ်တော့ ကံကို တိုက်ရိုက်ပယ်တာမဟုတ်ဘူး၊ ကိလေသာကို ပယ်တာ၊ နားလည်ရမှာက အဲဒီလိုနားလည်ရမှာ၊ ဘာဖြစ်လို့တုန်းဆိုတော့ ပယ်အပ်တဲ့တရား ထဲမှာ ကံဆိုတာ မပါဘူး၊ ပယ်ရတဲ့တရားဟာ ကိလေသာ၊ လောဘကို ပယ်ရမှာ၊ ကံဆိုတာ စဉ်းစားကြည့် - မနေ့ကလုပ်ခဲ့တာ ဒီနေ့မှ မရှိတော့တာ၊ ဘာသွား ပယ်မှာတုန်း၊ ပယ်လို့ရလား၊ မနေ့ကဟာ ပြီးခဲ့တာ ဘာသွားပယ်ရမှာတုန်း၊ ရှိမှမရှိတာ၊ ကံဆိုတာ အဲဒါမျိုးပဲ၊ လုပ်မိပြီးတဲ့အရာတစ်ခုဟာ ကံပဲ၊ အဲဒီကံဆိုတာ ပယ်လို့မရဘူး၊ ကိလေသာကိုသာ ပယ်လို့ရတာ။
ကိလေသာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံတွေဟာ အလုပ်မဖြစ်တော့ဘူး၊ ဘုရားဟောတဲ့နေရာ ဘယ်နေရာပဲဖြစ်ဖြစ် ကိလေသာကို ပယ်တဲ့၊ ပဟာတဗ္ဗ တရားဖြစ်တဲ့ ကိလေသာကို ပယ်ရတယ်၊ ကိလေသာကို ပယ်လိုက်တဲ့အခါ ကံတွေ အဖော်မဲ့သွားတယ်၊ ကိလေသဝဋ်ကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကမ္မဝဋ်ဆိုတာ အလုပ်မဖြစ်တော့ဘူး၊ ကံတွေကို isolated လုပ်ထားလိုက်တယ်၊ ချောင်ပိတ်ခံလိုက် ရတယ်၊ ကိလေသာမပါလို့ ကံတွေက အလုပ်မဖြစ်လို့ရှိရင် ဝိပါကကို မထုတ်လုပ် နိုင်တော့ဘူး။
ရဟန္တာဖြစ်တာကို ကြည့်ပေါ့၊ ပထမဆုံး မြတ်စွာဘုရားကိုပဲ ကြည့်လိုက် - ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်မှာ သစ္စာလေးပါးကိုသိပြီး ဘုရားအဖြစ် ရောက်တယ်ဆိုတာ ကိလေသာကုန်သွားတာကိုပြောတာ၊ ကံကုန်တယ်လို့ပြောလား၊ ကိလေသာ ကုန်သွားတာကိုပဲ ပြောတာ၊ ဒါဖြင့် ဘာကျန်သေးတုန်းဆိုရင် ကံနဲ့ ကိလေသာ တွေက ပေါင်းပြီးထုတ်ထားတဲ့ ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ် ဆိုတာ ကျန်နေသေးတယ်၊ ဒါကြောင့်မို့ သဥပါဒိသေသနိဗ္ဗာန်လို့ ခေါ်တယ်၊ ဥပါဒိဆိုတာ ကံကိလေသာတွေက အကျိုးအဖြစ်ဖြင့် ရယူထားတဲ့ ဝိပါက်နာမက္ခန္ဓာဆိုတဲ့ ခန္ဓာ ကြီးဟာ၊ သေသ - ကျန်နေသေးတယ်လို့ ပြောတာ၊ ဒါဖြင့် ကုန်သွားတာက ဘာတုန်းဆိုရင် ကိလေသာပဲ ကုန်သွားတာ၊ ဒါကြောင့်မို့ ကိလေသပရိနိဗ္ဗာန်လို့လည်း ခေါ်တယ်။
ကုသိနာရုံ အင်ကြင်းပင်အစုံမှာ သက်တော် ၈၀-အရွယ် ပရိနိဗ္ဗာန်ပြုသွား တဲ့အခါ ခုနကပြောတဲ့ ကံကိလေသာတွေက ထုတ်လုပ်ထားတဲ့ ရုပ်နာမ်ခန္ဓာတွေက လည်း ကုန်သွားတယ်၊ ကုန်သွားတဲ့အပြင် အကြောင်းကင်းနေသည့်အတွက် နောက်ထပ် ဆက်စရာဘာမှမရှိတော့ဘူး၊ အဆက်ပြတ်သွားတယ်၊ ဥပမာ- ဖယောင်းတိုင် မီးတောက်ကလေးတစ်ခုဟာ ဖယောင်းဆီလည်း ကုန်သွားပြီ၊ မီးစာလည်း ကုန်သွားပြီ၊ ငြိမ်းသွားဖို့ပဲ ရှိတော့တာပေါ့၊ ဖယောင်းဆီလေး ထပ်ထည့်ဦးမယ် ဆိုရင် လင်းနေဦးမှာပဲနော်၊ အဲဒီမှာ ခုနက ကျန်နေတဲ့အရာ လုံးဝငြိမ်းသွားတာ ကျတော့ ပရိနိဗ္ဗာနလို့ ခေါ်တယ်၊ ပထမရတာက ကိလေသပရိနိဗ္ဗာန်၊ ကုသိနာရုံ မှာကျတော့ ခန္ဓပရိနိဗ္ဗာန် လို့ ခေါ်တယ်။
ကိလေသာအကြောင်းတွေလည်း ကုန်သွားပြီ၊ ကိလေသာကုန်သွားတဲ့ အတွက် ကံဆိုတာ အလုပ်မဖြစ်တော့ဘူး၊ ကံ ကိလေသာတို့က ထုတ်လုပ်ထားတဲ့ အကျိုးတရားလည်း အချိန်စေ့တဲ့အခါ ချုပ်ငြိမ်းသွားတယ်၊ ဘာကျန်သေးတုန်း? ဘာမှ မကျန်တော့ဘူး၊ အကြောင်းတရားတွေက ဖန်တီးထားတဲ့အရာဆိုတာ တစ်ခု မှ မရှိတော့ဘူး၊ သင်္ခါရဆိုတာ တစ်ခုမှ မရှိတော့ဘူး၊ ဒါ ပြောတာ၊ သင်္ခါရ မရှိဘူး ဆိုရင် ဝိသင်္ခါရ သင်္ခါရကင်းတာပဲ ရှိတော့တယ်လို့ ဆိုလိုတာ၊ သင်္ခတ မရှိလို့ရှိရင် ဘာရှိတုန်းဆိုရင် အသင်္ခတ၊ အခုလို အကြောင်းတရားတွေက ဖြစ်စေတဲ့ဟာမျိုး မဟုတ်တော့ဘူး၊ အဲဒီလို ပြောတာ။
အာသေဝနသတ္တိ ဆိုတဲ့နေရာမှာ ကြိယာချင်း အားပေးတဲ့ အာသေဝန သတ္တိပဲ၊ ကုသိုလ် အကုသိုလ်ကျတော့ ကမ္မပစ္စယောပါ ပါတာ၊ ကြိယာကျတော့ ကမ္မပစ္စယော မပါဘူးနော်၊ ကမ္မပစ္စယော မပါသည့်အတွက် ခုနက ကုသိုလ် အကုသိုလ်လို ဘဝတစ်ခုဖန်တီးတာ မရှိဘူး၊ သို့သော် အာသေဝနလို့ဆိုတဲ့ ပဂုဏ အလေ့အကျင့် ရသွားတာတို့ အင်အားကောင်းအောင် လုပ်တာတို့ အင်အား တိုးတက်မြင့်မားသွား စေတာတို့ဆိုတဲ့ စွမ်းရည်သတ္တိကိုတော့ အာသေဝနသတ္တိက ပေးပါတယ်။
အဲဒီမှာ သဘာဝမတူတဲ့အရာတွေကိုတော့ သူတို့က စွမ်းရည်သတ္တိ မပေး ဘူးတဲ့၊ သဘာဝတူတဲ့ အရာတွေကိုသာလျှင် စွမ်းရည်သတ္တိ ပေးပါတယ်လို့ အာသေဝန ပစ္စည်းမှာ ခုလိုမှတ်ကြရမှာ ဖြစ်ပါတယ်၊ ဇောစိတ်တွေဟာ အာသေဝန သတ္တိ ရှိတယ်၊ အာသေဝန စွမ်းရည်သတ္တိနဲ့ ပြည့်စုံတဲ့အရာတွေ ဖြစ်တယ်ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းတရားတော်ကြီးထဲက အာသေဝနပစ္စည်း ကို နားလည် သဘောပေါက်လို့ရှိရင် တို့တတွေရဲ့သန္တာန်မှာ ကုသိုလ်တွေ ဘာကြောင့် အားကောင်း လာသလဲ၊ အကုသိုလ်တွေ ဘာကြောင့်အားကောင်း လာသလဲ ဆိုတာကို အားလုံး သဘောပေါက်ပြီးတော့ ကုသိုလ်တွေကိုသာ အားကောင်းအောင်လုပ်ပြီး အကုသိုလ် တွေကို အားမကောင်းအောင် လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။
ကုသိုလ်တရားတွေကို ထူထောင်ပြီးတော့ အကုသိုလ်တရားတွေကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်၊ အကုသိုလ်တရားတွေကို မဖယ်ရှားနိုင်သေးသမျှ သံသရာထဲမှာ လည်ကြဦးမှာဖြစ်တယ်၊ ဒါကြောင့်မို့ အကုသိုလ်တရားတွေ ထပ်တလဲလဲဖြစ်ခြင်း ဆိုတဲ့ အာသေဝနသတ္တိကို မရစေဘဲ ကုသိုလ်တရားကိုသာ ထပ်တလဲလဲ ဖြစ်စေခြင်း ဆိုတဲ့ စွမ်းရည်သတ္တိတွေ အလေ့အကျင့်တွေ အင်အားရှိမှုတွေ ဖြစ်စေအောင် ကိုယ်စီကိုယ်စီ သတိထားပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန် သတည်း။
▬▬▬▬▬▬▬▬▬▬
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၀)
▬▬▬▬▬▬▬▬▬▬
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၄-ရက်၊ (၂၅-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
.▬▬▬▬▬
ကမ္မပစ္စယော
▬▬▬▬▬
ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ အများအားဖြင့် ကံအကြောင်းကို ပြောလေ့ ရှိကြတယ်၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း, ကံ ကံ၏ အကျိုးကို သိမြင်ခြင်းဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဟာ ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့ အခြေခံ ခံယူချက် ဖြစ်ပါတယ်၊ ကံ ကံ၏အကျိုးကို လက်မခံဘူး၊ ကံ ကံ၏အကျိုးကို ငြင်းပယ်တယ်ဆိုရင် မိစ္ဆာဒိဋ္ဌိအမြင်ပဲ၊ အကုသိုလ်မနောကံ ၃-မျိုးမှာပါတဲ့ မိစ္ဆာဒိဋ္ဌိက ဘာကိုပြောတာတုန်းဆိုရင် ကံ ကံ၏အကျိုးကို ငြင်းပယ်တာ၊ သို့မဟုတ် ကံ၏ အကျိုးကို ငြင်းပယ်တာကိုပြောတာ၊ နတ္ထိကဒိဋ္ဌိလို့ ဆိုတယ်၊ အခြား မိစ္ဆာဒိဋ္ဌိတွေနဲ့ သွားမရောစေနဲ့။
မနောကံထဲမှာပါတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ ပါဠိတော်အဖွင့်တွေထဲမှာ “ကတမာ စ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ” လို့ဆိုပြီး ရှင်းပြတယ်၊
“နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ”
ဒိန္နံ – ပေးလှူကြောင်း ဒါနစေတနာရဲ့အကျိုးတရားသည်၊
နတ္ထိ – မရှိတဲ့၊
စကားလုံး အနေနဲ့ကတော့
ဒိန္နံ – ပေးလှူခြင်းသည်၊
နတ္ထိ – မရှိတဲ့၊
ပေးလှူခြင်းကို ငြင်းပယ်တာ မဟုတ်ဘူး၊ ပေးလှူခြင်းဒါနစေတနာရဲ့အကျိုးတရားကို ငြင်းပယ်တာ၊ ဒါနကိုပဲ ဒီနေရာမှာ ၃-မျိုးခွဲပြီး ပြောတယ်၊ ယိဋ္ဌဆိုတာ ပူဇော်တာ၊ ဟုတဆိုတာ လက်ဆောင် ပဏ္ဏာပေးတာမျိုး၊ အကုန်လုံး ပေးကမ်းတာချည်းပဲ၊ ဒါနကုသိုလ် ဒါနစေတနာရဲ့ အကျိုးတရားကို ငြင်းပယ်တယ်၊ လက်မခံဘူးဆိုရင် ကံရဲ့အကျိုးတရားကို ငြင်းပယ်တာပဲ။
ပိုပြီး ထင်ရှားတာကတော့ -
“နတ္ထိ သုကဋ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊”
သုကဋ ဒုက္ကဋာနံ-ကောင်းစွာပြုအပ်, မကောင်းသဖြင့်ပြုအပ်ကုန်သော၊
ကမ္မာနံ- ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့၊
ဖလံ ဝိပါကော - အကျိုးရင်း အကျိုးဆက်ဆိုတာ၊
နတ္ထိ – မရှိဘူး၊
လုံးဝငြင်းပယ်လိုက်တာ၊ ကုသိုလ်ကံရဲ့ ကောင်းကျိုးချမ်းသာ ဆိုတာ မရှိဘူး၊ အကုသိုလ်ကံရဲ့ မကောင်းကျိုး ဆင်းရဲဆိုတာ မရှိဘူးတဲ့၊ ကံကံ၏ အကျိုးကို ငြင်းပယ်တာ။
နောက်ပြီးတော့ ဆက်လက်ငြင်းပယ်တာတွေ ရှိသေးတယ်၊ “နတ္ထိ မာတာ၊ နတ္ထိ ပိတာ” စကားလုံးအတိုင်း ပြောမယ်ဆိုရင် -
မာတာ - အမိသည်၊
နတ္ထိ – မရှိ၊
ပိတာ - အဖသည်,
နတ္ထိ - မရှိတဲ့၊
ဒီလိုပြောရမယ်၊ အမေအဖေ မရှိဘူး ပြောရင် အမေအဖေကို ငြင်းပယ်တယ်၊ အသိအမှတ် မပြုဘူး၊ ဆိုလိုတဲ့အဓိပ္ပါယ်က မာတာ ဆိုတဲ့စကားလုံးက အမိကို ရည်ညွှန်းတာ ဖြစ်သော်လည်းပဲ အဓိပ္ပါယ်ယူတဲ့အခါ မာတာ - အမိပေါ်မှာ ကျေးဇူး ပြုခြင်း စော်ကားခြင်းဆိုတဲ့ အမိနဲ့ စပ်ပြီး ဖြစ်ပေါ်လာတဲ့ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးကို ငြင်းပယ်တယ်၊ ဒီလို အဓိပ္ပါယ်ရတယ်ပေါ့၊ ဒါက ဘာတုန်းဆိုရင် materialism ပေါ့၊ နတ္ထိ ပိတာ ဆိုတာလည်း ထို့အတူပဲ၊ အဖေကို ပြုစုလို့ လုပ်ကျွေးလို့လည်း ကုသိုလ်မရဘူး၊ အဖေကို စော်ကားလို့လည်း အကုသိုလ် မဖြစ်ဘူးလို့ ဆိုလိုတယ်၊ အကျိုးတရားကို ငြင်းပယ်တယ်လို့ ဒီလိုဆိုတယ်။
“နတ္ထိ အယံ လောကော”တဲ့၊ တခြားဘဝက ပုဂ္ဂိုလ်တွေအတွက် ဤ လောကဆိုတာ မရှိဘူး၊ “နတ္ထိ ပရော လောကော” ဒီလောကမှာ ရှိနေတဲ့ပုဂ္ဂိုလ် တွေအတွက် နောင်လောကဆိုတာ မရှိဘူး၊ ဆိုလိုတာက ကိုယ့်နေရာ ကိုယ့်ဘဝမှာပဲ ပြတ်ကြတယ်လို့ ဒီလိုပြောတာ၊ ဟိုဂြိုဟ်သားက ဒီဂြိုဟ်ရောက်လာမှာ မဟုတ် ဘူးနော်၊ ဟိုဂြိုဟ်သားကလည်း သေပြီးပျောက်၊ ဒီဂြိုဟ်သားကလည်း ဒီမှာ သေပြီး ပျောက်ဆိုတဲ့ ပုံစံမျိုး၊ ဒီက လောကသားတွေကလည်း ဒီမှာပဲသေပြီး ပျောက်မှာ၊ ဟိုဘက် လောကသားတွေကလည်း ဟိုဘက်မှာပဲသေပြီး ပျောက်သွားမယ်၊ ဥစ္ဆေဒဒိဋ္ဌိလို့ ဆိုတယ်၊ materialism ဆိုတာ ဥစ္ဆေဒဒိဋ္ဌိပေါ့ အဲဒါတွေကို ငြင်းပယ်တာ။
ဘုန်းကြီးတို့ “နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ” ဆိုတဲ့အထဲမယ် ဟောထားတဲ့ အဇိတကေသကမ္မလရဲ့အယူဝါဒ၊ “နတ္ထိ သတ္တာ သြပပါတိကာ” - သေပြီးတော့ ပြန်ဖြစ်တဲ့သတ္တဝါဆိုတာ မရှိဘူးလို့ ကံ ကံ၏အကျိုးတွေကို ငြင်းပယ်တယ်၊ သတ္တဝါ တွေဟာ ဘဝတစ်ခုကနေ ဘဝတစ်ခုသွားနေတယ်ဆိုတာ ကံရဲ့စွမ်းအားနဲ့ သွားနေ တာ၊ ကံကို ငြင်းပယ်နေမှတော့ ဘယ်လိုလုပ်ပြီးတော့ ဒီသတ္တဝါ ဟိုသွား ဒီသွား ဖြစ်နေဦးမတုန်း၊ ဒါကြောင့်မို့ ကံ၏အကျိုးကို ငြင်းပယ်လိုက်တယ်။
ပြီးတော့ ဘာပြောတုန်းဆို “နတ္ထိ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ” - အဆင့်အတန်းမြင့်ပြီး ကောင်းတဲ့အကျင့်ကို ကျင့်ပြီးတော့ ဒီလောကကြီးရဲ့ အကြောင်းကို ကိုယ်တွေ့ သိမြင်ပြီးတော့ ဟောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူး၊ ဒါက ဘုရားကိုလည်း ငြင်းပယ်တယ်ပေါ့၊ အဲဒီတော့ ဒီ နတ္ထိကဝါဒကိုပဲ မနောကံအရာမှာ မိစ္ဆာဒိဋ္ဌိလို့ ပြောတာ။
“သက္ကာယဒိဋ္ဌိ” ဆိုတဲ့ မိစ္ဆာဒိဋ္ဌိတွေနဲ့ သွားမရောနဲ့ပေါ့၊ အခြေခံကျတာက ကံ ကံ၏အကျိုးကို ငြင်းပယ်မှု ဒီမိစ္ဆာဒိဋ္ဌိက ပိုပြီးတော့ အရင်းခံကျတယ်၊ ဗုဒ္ဓ ဘာသာဝင် ဖြစ်နေလင့်ကစား သက္ကာယဒိဋ္ဌိဆိုတာ မကင်းနိုင်သေးဘူးပေါ့၊ ပရိယုဋ္ဌာနလို့ ခေါ်တဲ့ လွှမ်းမိုးဖြစ်ပေါ်နေမှု မရှိပေမယ့်လို့ သက္ကာယဒိဋ္ဌိ ရှိနေတာပဲ၊ ဒီအယူဟာ အနုသယ အနေနဲ့ ဒိဋ္ဌာနုသယဆိုတာ ဘဝသံသရာက ပါလာတာ၊ သောတာပတ္တိမဂ်နဲ့မှ ပယ်ရှားနိုင်မယ်။
ဒီတော့ ကံ ကံ၏အကျိုးကို ငြင်းပယ်ခြင်းဆိုတဲ့ မနောကံအရာမှာ မိစ္ဆာဒိဋ္ဌိ၊ အဲဒီမိစ္ဆာဒိဋ္ဌိဟာ သဂ္ဂါဝရဏ-နတ်ပြည်ကိုလည်း တားတယ်၊ ဆိုလိုတာက နတ်ပြည် ရောက်ဖို့ မဖြစ်နိုင်ဘူး၊ အဲဒီအယူဝါဒရှိတဲ့ပုဂ္ဂိုလ်က ကောင်းရာသုဂတိ မရောက်ဘူး လို့ ပြောတာ၊ ဘယ်ရောက်မလဲ ကံကို ငြင်းပယ်ထားတာဆိုတော့ မဟုတ်တာ လုပ်တော့မှာပေါ့၊ သူက ကောင်းတာလုပ်လို့ ကောင်းကျိုးချမ်းသာဆိုတာ မရှိဘူး၊ မကောင်းတာလုပ်လို့ မကောင်းကျိုးရဲ့ ဆင်းရဲဒုက္ခဆိုတာ မရှိဘူးလို့ ငြင်းပယ်ထားမှ တော့ သူက ကောင်း, မကောင်း ကိုယ်ကြိုက်တာလုပ်မယ့် သဘောပဲပေါ့၊ ကိုယ် ကြိုက်တာဆိုတာ အများအားဖြင့် ဘာကြိုက်တာတုန်းဆိုတော့ မကောင်းတာ ကြိုက်တာပေါ့၊ ဒါကြောင့်မို့ ဒီမနောကံအရာမှာရှိတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ နတ္ထိကဒိဋ္ဌိကို ရည်ညွှန်းတာလို့ ဒီလိုမှတ်ရမယ်။
တချို့က ရောပြီးတော့ ရေးတတ်တယ်၊ မိစ္ဆာဒိဋ္ဌိဆိုရင် သက္ကာယဒိဋ္ဌိတွေ ရော ဘာတွေရော မနောကံမှာ သွားထည့်တယ်၊ မိစ္ဆာဒိဋ္ဌိ ၆၂-ပါးဆိုတာ ရှိသေး တယ်လေ၊ အတ္တအယူအဆတွေနဲ့ ပတ်သက်တာ၊ ဒါတွေကလည်း Philosophy သဘောမျိုးပေါ့၊ စဉ်းစားတွေးခေါ်တဲ့အခါမှာ သူ့ရဲ့အမြင်တွေဟာ မှားသွားတယ်၊ မစဉ်းစား မတွေးခေါ် ရင် ဖြစ်ချင်မှ ဖြစ်မယ်၊ ဒီဟာကတော့ အခြေခံအကျဆုံးမို့ ကံ ကံ၏အကျိုးကို ငြင်းပယ်တဲ့ ဒီမိစ္ဆာဒိဋ္ဌိကိုသာ ဒုစရိုက်ထဲမှာ ထည့်ထားတယ်၊ သက္ကာယဒိဋ္ဌိတို့က ဒုစရိုက်ထဲမှာ ထည့်တာမဟုတ်ဘူး၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိလို့ဆိုတိုင်း အတူတူလို့ မအောက်မေ့နဲ့ပေါ့။
ဒါကြောင့်မို့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ – ကံ ကံ၏အကျိုးကို လက်ခံပြီဆိုရင် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ အခြေခံကောင်းရှိတယ်လို့ ပြောရမယ်၊ ကံ ကံ၏အကျိုးကို လက်မခံဘူးဆိုရင် အခြေခံကောင်း မရှိဘူး၊ အဲဒီမိစ္ဆာဒိဋ္ဌိ ရှိနေလို့ရှိရင် မိစ္ဆာဒိဋ္ဌိသည် ဒုစရိုက်အရာဖြစ်ခြင်းကြောင့် ဒီပုဂ္ဂိုလ်အပါယ်ငရဲကျရတယ်၊ သက္ကာယဒိဋ္ဌိ ရှိလို့ အပါယ်ငရဲကျတာတော့ မဟုတ်ဘူး၊ ဒါကြောင့်မို့ ကျမ်းဂန်စာပေတွေမှာ သက္ကာယဒိဋ္ဌိကို မဂ္ဂါဝရဏ - မဂ်ကိုတားတယ်လို့ပြောတာ၊ သဂ္ဂါဝရဏ-နတ်ပြည်ကို မတားဘူးတဲ့၊ သံယုတ်ပါဠိတော်ထဲမှာ မက္ခလိဂေါသာလတပည့်တွေ နတ်ပြည် ရောက်နေတာ ရှိတယ်၊ ဗကဗြဟ္မာကြီးဆိုတာ ကြားဖူးတယ် မဟုတ်လား၊ အေး သူက မိစ္ဆာဒိဋ္ဌိပဲ၊ သူက ဗြဟ္မာကြီး ဖြစ်နေတာပဲ၊ အဲဒီမိစ္ဆာဒိဋ္ဌိက ဘာတုန်းဆိုရင် သက္ကာယဒိဋ္ဌိကို မိစ္ဆာဒိဋ္ဌိလို့ ပြောတာနော်၊ ကံ ကံ၏အကျိုးကိုတော့ သူ လက်ခံ တယ်၊ ဒါကြောင့် ဗြဟ္မာကြီး ဖြစ်နေတာပေါ့၊ အဲဒါ အခု ဘာလို့ပြောရတာတုန်း ဆိုရင် ရောနေတတ်လို့ ပြောရတာနော်။
သက္ကာယဒိဋ္ဌိတို့ အတ္တဒိဋ္ဌိတို့ စတဲ့ မိစ္ဆာဒိဋ္ဌိတွေက မိစ္ဆာဒိဋ္ဌိ ၆၂-ပါးထဲ ပါတော့ ပါတာပေါ့၊ အကျုံးဝင်တယ်၊ ဒါပေမယ့် ဒုစရိုက်အရာမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ သည် အဲဒီထဲကဟာကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ဘာကို ရည်ညွှန်းတာတုန်းဆိုရင် နတ္ထိကဒိဋ္ဌိကို ရည်ညွှန်းတာ၊ ဒါကို အဓိကထားတယ်ပေါ့၊ အဲဒီတော့ ကံ၏အကျိုး ကို ငြင်းပယ်လိုက်တယ်ဆိုလို့ရှိရင် ကံကိုလည်း ငြင်းပယ်ရာ ရောက်တယ်၊ အကျိုးကို ငြင်းပယ်မှတော့ အကြောင်းလည်း ငြင်းပယ်ပြီးသား ဖြစ်သွားတယ်။
အဲဒါကြောင့် မိစ္ဆာဒိဋ္ဌိအရာမှာ ကျမ်းဂန်စာပေမှာ နတ္ထိကဒိဋ္ဌိကို အဓိက ထားပြီးတော့ ပြောသော်လည်းပဲ နားလည်ရမှာက အကိရိယဒိဋ္ဌိ၊ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ လုပ်လို့ မရဘူး, ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ မရှိဘူး ဆိုတဲ့ ငြင်းပယ်ချက် အကိရိယဒိဋ္ဌိ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးတရား ဆိုတာ မရှိဘူးလို့ ငြင်းပယ်တာက နတ္ထိကဒိဋ္ဌိ၊ လောကကြီးမှာ သတ္တဝါတွေ ဆင်းရဲ ဒုက္ခရောက်နေ တာပဲဖြစ်စေ ချမ်းသာသုခ ရနေကြတာပဲဖြစ်စေ သတ္တဝါတွေ စင်ကြယ်တာပဲဖြစ်စေ ညစ်နွမ်းတာပဲဖြစ်စေ ဘာအကြောင်းမှ မရှိဘူးလို့ အကြောင်း ကို ငြင်းပယ်တာက အဟေတုကဒိဋ္ဌိ။ အဲဒီဒိဋ္ဌိ ၃-ခုဟာ အင်မတန်မှ အပြစ်ကြီးတယ်၊ နတ်ပြည် ရောက်ဖို့ရာတောင် မဖြစ်နိုင်တဲ့, ကောင်းရာဘုံဘဝကိုတောင် မရောက်စေနိုင်တဲ့, တားတဲ့ မိစ္ဆာဒိဋ္ဌိတွေတဲ့၊ ဒုစရိုက်အရာမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ။
သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဆိုတဲ့ ဒိဋ္ဌိတွေကျတော့ မဂ်မရအောင် တားတာ၊ မဂ်ဖိုလ် နိဗ္ဗာန် တရားထူး မရနိုင်ဘူးလို့ ပြောတာ၊ အဲဒီသက္ကာယဒိဋ္ဌိ ရှိရင်၊ အဲဒါ လည်းပဲ စာပေမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ရောထွေးသွားတတ်လို့ ဒါကို မှတ်ထားဖို့ပေါ့။
အဲဒါ ရောထွေးသွားတတ်သလို နောက်တစ်ခု သုစရိုက်နဲ့ ပတ်သက်ပြီး တော့ ဘာရှိတုန်းလို့ဆိုတော့ သမ္မာဒိဋ္ဌိ၊ သုစရိုက်နဲ့ ပတ်သက်တဲ့ သမ္မာဒိဋ္ဌိ၊ အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့ နေရာမှာလည်းပဲ အတ္ထိကဝါဒကို ပြောတာ၊ အတ္ထိက ဆိုတာ အတ္ထိ ဒိန္နံ၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ၊ ဒါနကောင်းမှုတွေရဲ့အကျိုး ရှိတယ်၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားဆိုတာ ရှိတယ်လို့ ဒီလို ကံ ကံ၏အကျိုးကို လက်ခံ တာ၊ အဲဒါ သုစရိုက်အရာမှာဖြစ်တဲ့ သမ္မာဒိဋ္ဌိကို ပြောတာ၊ အဲဒီသမ္မာဒိဋ္ဌိက ခုနက သက္ကာယဒိဋ္ဌိကို ဖယ်ရှားတဲ့ သမ္မာဒိဋ္ဌိမျိုး မဟုတ်သေးဘူး၊ အဲဒါ သုစရိုက်အခြေခံ သမ္မာဒိဋ္ဌိလို့ မှတ်ရမယ်။
ဒါကြောင့်မို့ ကံတရားဆိုတာ ရှိတယ်လို့ ဗုဒ္ဓမြတ်စွာ အတိအလင်း ဟောကြားထားလို့ ဗုဒ္ဓမြတ်စွာရဲ့ဒေသနာတော်အရ မြတ်စွာဘုရားဟာ ကမ္မဝါဒ- ကံကိုဟောပြောတယ်၊ ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ကမ္မဝါဒီဆိုတာ ကံကို လက်ခံကျင့်သုံးပြီး ကံအကြောင်းကို ဟောပြောလေ့ရှိတယ်၊ ကိရိယဝါဒီဆိုတာ ကုသိုလ်ကံ အကုသိုလ်ကံ ရှိသည့် အတွက်ကြောင့် ထို ကုသိုလ်ကံ အကုသိုလ်ကံကို လုပ်လို့ရတယ်လို့ ဟောပြောတာ၊ ဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ဝါဒဟာ ကမ္မဝါဒနဲ့ ကိရိယဝါဒ၊ ကံရှိတယ်လို့ လက်ခံ ယုံကြည်လို့ ၂၄-ပစ္စည်းမှာလည်း မြတ်စွာဘုရားက ကမ္မပစ္စယောလို့ ကံဟာ ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်ကြောင်းကို ဟောထားတယ်။
ကမ္မပစ္စယောမှာ ကမ္မဆိုတာ ပြုလုပ်ခြင်း စွမ်းဆောင်နိုင်ခြင်း၊ စွမ်းဆောင်မှု ပြုလုပ်မှုကို ဖြစ်ပေါ် စေတတ်တဲ့စေတနာမျိုး၊ သုတ္တန်ပါဠိတော်တွေထဲမှာ ကမ္မ ဆိုတာကို “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” “ချစ်သားရဟန်းတို့ - ကမ္မဆိုတာ တခြားကို ပြောတာ မဟုတ်ဘူး၊ စိတ်စွမ်းအားထဲမှာ လှုံ့ဆော်မှုကို ပေးနိုင်တဲ့ စေတနာစွမ်းအားကို ငါဘုရား ကံလို့ ဟောပါတယ်” လို့ ဒီလိုဟောထားတယ်။ (နိဗ္ဗေဓိကသုတ်၊ အင်္ဂုတ္တရပါဠိ)
▬▬▬▬▬▬
စေတနာ ၂-မျိုး
▬▬▬▬▬▬
အဲဒီဟောထားတဲ့ ဒေသနာအတိုင်းပဲ အဘိဓမ္မာပါဠိတော်မှာလည်းပဲ ကမ္မ ဆိုတာ စေတနာပဲ၊ အခု ပဋ္ဌာန်းဒေသနာတော်ကြီးမှာလည်းပဲ ကမ္မပစ္စယောဆိုတာ စေတနာကိုပဲ ပြောတာ၊ အဲဒီစေတနာကိုမှ ၂-မျိုး ခွဲတယ်တဲ့၊ .. နာနာက္ခဏိက စေတနာဆိုတာက တစ်မျိုး၊ နာနာက္ခဏိကမှာ နာနာဆိုတာ မတူညီဘူး ကွဲပြားနေ တယ်၊ ခဏဆိုတာ အချိန်ပိုင်း၊ မတူညီတဲ့အချိန်ပိုင်း၊
ဘာတွေ မတူညီတာတုန်း ဆိုတော့ စေတနာလို့ဆိုတဲ့ကံတရား ဖြစ်ပေါ်လာတဲ့ အချိန်ပိုင်းနဲ့ ထိုကံတရားက အကျိုးကို ထုတ်လုပ်တဲ့ အချိန်ပိုင်း၊ ဒီနှစ်ခုဟာ မတူဘူးလို့ ပြောတာ၊ ဒါ နာနာက္ခဏိက လို့ ခေါ်တာ၊ နာနာက္ခဏိက - မတူညီသော အခိုက်အတန့်မှာဖြစ်တဲ့ အကျိုးကို ထုတ်လုပ်တတ်တဲ့ စေတနာမျိုး ကံမျိုးတစ်မျိုး ရှိတယ်တဲ့။
နောက် သဟဇာတစေတနာ၊ သဟဇာတဆိုတာ အတူတကွဖြစ်ပြီးတော့ အကျိုးပြုတဲ့ စေတနာမျိုး၊ အတူတကွဖြစ်ပြီးတော့ ကျန်တဲ့ ယှဉ်ဘက်တရားတွေကို စွမ်းအားပေးတယ်၊ လုံ့လဗျာပါရတွေကို ထောက်ပံ့ကူညီပေးတယ်ဆိုတဲ့ စွမ်းရည် သတ္တိရှိတဲ့ စေတနာမျိုးဟာ သဟဇာတစေတနာလို့ ပဋ္ဌာန်းမှာ ဒီလို နှစ်မျိုး ခွဲလိုက်တယ်။
ပဋ္ဌာန်းမှာ နာနာက္ခဏိကစေတနာကို ကံလို့ ခေါ်သလို သုတ္တန်ပါဠိတော် တွေမှာလည်းပဲ ဒါကိုပဲ ခေါ်တာ၊ ထိုထိုသုတ္တန်တွေမှာ ကံအကြောင်း ဟောတာတွေ မှန်သမျှ နာနာက္ခဏိက လို့ဆိုတဲ့ ကံဖြစ်တဲ့အချိန်နဲ့ အကျိုးထုတ်လုပ်တဲ့အချိန် မတူညီတာဘဲ ပြောနေတာ၊ အရပ်ထဲမှာ လူတွေ ပြောနေကြတယ် - “ကံကောင်း တယ်၊ ကံမကောင်းဘူး၊ ကံတရားအတိုင်းပဲ” နဲ့ ပြောနေကြတာတွေကလည်းပဲ ဟောဒီ နာနာက္ခဏိကကမ္မကိုပဲ ရည်ညွှန်းပြီးတော့ ပြောနေကြတာ။
သဟဇာတကမ္မဆိုတဲ့ ဒုတိယ အမျိုးအစားကိုတော့ အဘိဓမ္မာမှာသာ ပြောတယ်လို့ ဒီလိုနားလည်ရမယ်၊ အဘိဓမ္မာပဋ္ဌာန်းပါဠိတော်မှာသာ သဟဇာတကမ္မ အကြောင်း ပြောတယ်၊ တခြားသုတ္တန်တွေမှာ ကံအကြောင်းပြောပြီဆိုရင် နာနာက္ခဏိကကမ္မ ပဲ။
ကံအကြောင်း ပြောတယ်ဆိုတော့ ဘယ်လိုပြောသလဲ၊ သုတ္တန်ပါဠိတော် တွေမှာ “ကမ္မဿကာ သတ္တာ”၊ သတ္တာ - သတ္တဝါတွေဟာ၊ ကမ္မဿကာ - ကံ သာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်လို့ ဒီစကားကိုဟောတယ်၊ အဲဒီကံဟာ ဘယ်ကံ ကို ရည်ညွှန်းတာတုန်းဆိုရင် ခုပြောတဲ့ နာနာက္ခဏိကကံကို ရည်ညွှန်းတယ်၊ သဟဇာတ ကို ရည်ညွှန်းတာမဟုတ်ဘူး၊ “ကမ္မဒါယာဒါ” – ကံသာလျှင် အမွေခံဥစ္စာ ရှိကြတယ်၊ “ကမ္မယောနိ”-ကံတည်းဟူသော အကြောင်းရှိကြတယ်၊ “ကမ္မဗန္ဓု” ကံတည်း ဟူသော ဆွေမျိုးရှိကြတယ်၊ “ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿန္တိ”တဲ့၊ ကောင်းတဲ့ကံပဲဖြစ်စေ၊ မကောင်းတဲ့ ကံပဲဖြစ်စေ မိမိပြုလုပ်တဲ့ကံရဲ့အကျိုးကို သတ္တဝါတွေဟာ အမွေခံကြရတယ်လို့ ဒီလိုပြောတာ၊ ဒါဟာ နာနာက္ခဏိကကမ္မကို ရည်ညွှန်းပြီးပြောတာ၊ သဟဇာတကမ္မ ကို ရည်ညွှန်းတာ မဟုတ်ဘူး။
ပဋ္ဌာန်းမှာကျတော့ နာနာက္ခဏိကကမ္မက တစ်ခု, သဟဇာတကမ္မက တစ်ခု ဆိုပြီးတော့ ကမ္မနှစ်ခု ခွဲခြားပြီးတော့ ဟောတယ်၊ သုတ္တန်ပါဠိတော်တွေအရဆိုရင် ကံဆိုသည်မှာ ကုသိုလ်စိတ်မှာယှဉ်တဲ့စေတနာ, အကုသိုလ်စိတ်မှာယှဉ်တဲ့ စေတနာ အဲဒီစေတနာသဘာဝတရားကို ကံလို့ ခေါ်တယ်လို့ မှတ်ရမယ်၊ အဘိဓမ္မာပဋ္ဌာန်း ဒေသနာတော်အရ စေတနာမှန်သမျှ ကံပဲ၊ ဝိပါက်မှာပဲယှဉ်ယှဉ် ကုသိုလ်မှာပဲ ယှဉ်ယှဉ် အကုသိုလ်မှာပဲယှဉ်ယှဉ်၊ ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ ယှဉ်ချင်တဲ့ နေရာမှာယှဉ်၊ စေတနာမှန်သမျှဟာ ကံပဲလို့ဟောတယ်၊ ဒါ မတူညီတဲ့ အချက်ပဲ၊ ကွဲပြားခြားနားစွာသိဖို့ လိုတယ်ပေါ့။
▬▬▬▬▬▬
သဟဇာတကမ္မ
▬▬▬▬▬▬
သဟဇာတကမ္မဆိုတာ တစ်စုံတစ်ခုကို ထုတ်လုပ်ပြီးတော့ အကျိုးပေးတဲ့ ကံမျိုး မဟုတ်ဘူး၊ ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -
“သဟဇာတာ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” တဲ့။
သဟဇာတာ စေတနာ - အတူအကွဖြစ်တဲ့ စေတနာတရားသည်၊
သမ္ပယုတ္တကာနံ ဓမ္မာနံ – ယှဉ်ဘက်ဖြစ်တဲ့သဘာဝတရားတို့အား လည်းကောင်း၊
တံ သမုဋ္ဌာနာနံ – ထိုယှဉ်ဘက်ဖြစ်တဲ့ သဘာဝတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အားလည်းကောင်း၊
ကမ္မပစ္စယေန - သဟဇာတ ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော = ကျေးဇူးပြုတတ်တယ်-
တဲ့၊ ဒီလိုဟောတာ။
ဒီတော့ ဒီ သဟဇာတကမ္မဆိုတာ အရပ်ထဲမှာ ပြောနေတဲ့ ကံအတိုင်းပဲ ဆိုတာနဲ့ မဆိုင်ဘူး၊ ကံကောင်းတယ်၊ ကံမကောင်းဘူးဆိုတာနဲ့ မဆိုင်ဘူး၊ စေတနာ သဘာဝတရားသည် ယှဉ်ဘက်တရားတွေအပေါ်မှာ လုံ့လဗျာပါရလို့ဆိုတဲ့ အစွမ်း သတ္တိတွေကို ပေးနေတယ်၊ စေတနာရဲ့ သဘောတရားက သူကိုယ်တိုင်လည်း အားထုတ်တယ်၊ ကျန်တဲ့သဘာဝတရားတွေကိုလည်း စည်းရုံးပြီးတော့ အားထုတ် စေတယ်၊ ဒါ စေတနာရဲ့သဘောတရား။
စေတနာမှာ အလုပ်နှစ်ခုလုပ်တယ်လို့ ပြောရတယ်၊ ပထမအလုပ်က ကိုယ်တိုင် အားထုတ်ခြင်း ဆိုတဲ့အလုပ်၊ ဒုတိယ အလုပ်က ယှဉ်ဖော်ယှဉ်ဖက် တရား ဓမ္မတွေကို အားထုတ်စေတယ် ဆိုတဲ့အလုပ်၊ ကိုယ်တိုင်က အားထုတ်ခြင်း, ယှဉ်ဘက်တရား တွေကို အားထုတ်စေခြင်းဆိုတဲ့ စွမ်းဆောင်မှုကို ရည်ညွှန်းပြီးတော့ သဟဇာတကမ္မကို ကမ္မပစ္စယောလို့ မြတ်စွာဘုရားက ဟောတာပါ။
ဒီ သဟဇာတာစေတနာကို ကမ္မပစ္စည်းလို့ ဟောထားတာက ပဋ္ဌာန်းကျမ်း ရဲ့ ထူးခြားတဲ့ ဟောပြောချက်တစ်ခုလို့ မှတ်ရမယ်၊ ဒါကတော့ များများပြောစရာ မရှိဘူး၊ စိတ်မှန်ရင် စေတနာရှိတာချည်းပဲ၊ စိတ်အားလုံးမှာ စေတနာယှဉ်တယ်၊ ဘာဖြစ် လို့တုန်း ဆိုတော့ စေတနာဆိုတာ စိတ်အားလုံးမှာယှဉ်တဲ့ စေတသိက် တရားမျိုး၊ ဘယ်စိတ်ပဲဖြစ်ဖြစ် စေတနာဆိုတာပါတယ်၊ စေတနာမပါတဲ့ စိတ်ရယ်လို့ လုံးဝမရှိဘူး၊ အဲဒီ စေတနာ ဆိုတာလည်းပဲ ဒီနေရာမှာ ကံလို့ပြောလိုက်တာ၊ ဒါက သဟဇာတကမ္မ။
နာနာက္ခဏိကကမ္မ
နာနာက္ခဏိကကမ္မကျတော့ ဒါမျိုး မဟုတ်တော့ဘူး၊ ဒါကြောင့်မို့ ပဋ္ဌာန်း ပါဠိတော်မှာ -
“ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယန ပစ္စယော” လို့ ဟောတယ်။
ကုသလာကုသလံ ကမ္မံ - ကုသိုလ်အကုသိုလ်ကံသည် (ဝါ) ကုသိုလ် အကုသိုလ် စေတနာသည်၊
ဝိပါကာနံ ခန္ဓာနံ – ကံတရားက ထုတ်လုပ်တဲ့ ဝိပါက်နာမက္ခန္ဓာတို့အား လည်းကောင်း၊
ကဋတ္တာ စ ရူပါနံ - ကဋတ္တာရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အား လည်းကောင်း၊
ကမ္မပစ္စယေန = ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။
ဒါက အများပြောနေတဲ့ ကံပဲ၊ ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ရတယ်လို့ အများပြောနေကြတဲ့ ကံပဲ၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဆိုတာလည်း ဒါကို ပြောတာ။
ကုသိုလ်ကံနဲ့ အကုသိုလ်ကံသည် ဘယ်သူ့ကို ဖြစ်စေတုန်းဆိုတော့ ဝိပါက် နာမက္ခန္ဓာဆိုတဲ့ အကျိုးတွေကို ဖြစ်စေတယ်၊ နောက် ကဋတ္တာရုပ် ဆိုတဲ့ ကမ္မဇရုပ် တွေကိုလည်း ဟောဒီကံက ဖြစ်စေတယ်နော်၊ ဘဝတစ်ခုမှာ အစပြုတဲ့အချိန်မှာ ကံကနေ ထုတ်လုပ်လိုက်တာ ဝိပါက်နဲ့ ကမ္မဇရုပ်ပဲလေ။
ပဋိစ္စသမုပ္ပါဒ်မှာ ကြည့်မယ်ဆိုလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ အပိုင်းကို ကြည့်ရမယ်၊ သင်္ခါရဆိုတာ နာနာက္ခဏိကကမ္မ - ကုသိုလ်ကံနဲ့ အကုသိုလ် ကံ၊ ထိုကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတဲ့ စေတနာက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုတဲ့ အဓိကပဋိသန္ဓေဝိညာဏ်စိတ်ကို ဖြစ်စေတယ်၊ အဲဒီပဋိသန္ဓေဝိညာဏ် စိတ်ကို ပဋိသန္ဓေအခါမှာ ဖြစ်စေပြီးတော့ ပဝတ္တိအခါမှာလည်းပဲ အဲဒီဝိပါက်တွေဟာ ကံတရားရဲ့အကျိုးအနေနဲ့ ဖြစ်ကြတယ်။
ဒီ ဝိပါကဆိုတဲ့ စကားလုံးကိုက “ဝိ” ဆိုတာ ဘာကို ပြောတာလဲ၊ “ပါက” ဆိုတာ ဘာကို ပြောတာလဲဆိုတာ မှတ်ဖို့ လိုတယ်၊ “ဝိ” ဆိုတာ မတူညီတဲ့ သဘာဝတရား၊ ဘာကို ရည်ညွှန်းတာတုန်းဆိုတော့ ကုသိုလ်နဲ့ အကုသိုလ်သည် မတူညီသောသဘာဝ ရှိတယ်၊ ကုသိုလ်နဲ့ အကုသိုလ်သည် ကွဲပြားခြားနားကြတဲ့ သဘာဝတရားတွေ ဖြစ်တယ်၊ အဲဒီကုသိုလ်နဲ့ အကုသိုလ်ကို ရည်ညွှန်းပြီး “ဝိ” လို့ ပြောတာ၊ “ပါက” ဆိုတာ အကျိုးတရားတဲ့၊ ကုသိုလ်အကုသိုလ်တွေက ထုတ်လုပ် လိုက်တဲ့ အကျိုးတရား နာမ်တရားကို “ဝိပါက” လို့ ခေါ်တယ်၊ မြန်မာစကားထဲမှာ လည်းပဲ “ဝိပါက်၊ ဝိပါက်” နဲ့ ပြောကြတယ်လေ။
ဒီနေရာမှာ ဝိပါကဆိုတဲ့ စကားလုံးက အကျိုးမှန်သမျှကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ဝိပါက်နာမက္ခန္ဓာလို့ ဆိုတဲ့အတိုင်း စေတနာရဲ့အကျိုးဖြစ်တဲ့ ဝိပါက်စိတ် စေတသိက် တွေကိုသာ ရည်ညွှန်းတယ်၊ ကျန်တာကို မရည်ညွှန်းဘူး၊ ဝိပါက်စိတ်က ၃၆-မျိုး ရှိတယ်။
အဲဒီတော့ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဆိုတဲ့နေရာမှာ ပဋိသန္ဓေအခါမှာ ဆိုရင် ဘယ်နှစ်ခု ကောက်ရတုန်းဆို - ပဋိသန္ဓေစိတ်က ၁၉-ခု ရှိတယ်၊ ဝိညာဏ အရ စိတ် ၁၉-ခုပဲ ကောက်တယ်၊ ကမ္မပစ္စည်းက ထုတ်လုပ်လိုက်တဲ့ စိတ် ၁၉-ခု ဆိုတာ ဘာတွေလဲဆိုတော့ အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊ ကုသိုလ်စိတ်ရဲ့အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊ ဝိပါက်စိတ်က ၈-ခု၊ ရူပါဝစရဝိပါက်စိတ်က ၅-ခု၊ အရူပါဝစရဝိပါက်စိတ်က ၄-ခု၊ ပေါင်းလိုက်တော့ အဲဒီ ၁၉-ခုကို ပဋိသန္ဓေစိတ် ၁၉-ခုလို့ ခေါ်တာ၊ အဲဒီပဋိသန္ဓေ စိတ် ၁၉-ခုဟာ ကုသိုလ် အကုသိုလ်စေတနာက ထုတ်လုပ်လိုက်တဲ့ အကျိုးတရားပဲ၊ ဝိပါကာနံခန္ဓာနံ ဆိုတာ ဒါပြောတာ။
နောက် ကျန်တဲ့ဝိပါက်စိတ်တွေရောဆိုတော့ ပဝတ္တိအခါမှာ ထုတ်လုပ်တယ်၊ ပဋိသန္ဓေအခါ ပဝတ္တိအခါလို့ အခါ ၂-မျိုး မှတ်ထားရမယ်၊ ဘဝတစ်ခုအစ ပြုတဲ့ အချိန်ကလေးကို ပဋိသန္ဓေ၊ ဆက်လက်ရှင်သန်ပြီးတော့ သေသည်ထိအောင် ပဝတ္တိ၊ အဲဒီနှစ်ခုလုံးမှာရှိတဲ့ အကျိုးဝိပါက်တွေ မှန်သမျှဟာ ကံက ထုတ်လုပ် တယ်တဲ့၊ ဒါက ကမ္မပစ္စယောနဲ့ဆိုင်တဲ့ အရာတွေ။
ရုပ်တရားနဲ့ ပတ်သက်ပြီး ကမ္မဇရုပ်ဆိုတာ ရှိတယ်၊ အဲဒီ ကမ္မဇရုပ်တွေက လည်းပဲ ဟောဒီကံရဲ့ အကျိုးပဲ၊ ကံကနေ ထုတ်လုပ်လိုက်တာ၊ အဓိကကျတဲ့ ကမ္မဇရုပ် (သို့မဟုတ်) ကံတစ်ခုတည်းကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်က ၉-ခု ရှိတယ်၊ မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် ဆိုတဲ့ ပသာဒရုပ် ၅-ခု၊ ဣတ္ထိဘာဝ ပုမ္ဘာဝလို့ ဆိုတဲ့ ဖိုမရုပ်က ၂-ခု၊ ဟဒယလို့ဆိုတဲ့ အချို့သောစိတ်တို့ရဲ့ မှီရာ တည်ရာဖြစ်တဲ့ရုပ်က ၁-ခု၊ နောက် ဇီဝိတရုပ်၊ ပေါင်းလိုက် တဲ့အခါကျတော့ ၉-ခု၊ အဲဒီ ၉-ခုသော ရုပ်တွေဟာ ကံသက်သက် ကြောင့်ပဲ ဖြစ်တယ်၊ ဒါ ကံကနေ ထုတ်တာ။
ဓာတ်ကြီးလေးပါးတို့ ဓာတ်ကြီးလေးပါးနဲ့ အမြဲတမ်းမှီတွဲပြီးနေတဲ့ ဥပါဒါရုပ်တို့ အဋ္ဌကလာပ် ရုပ် ၈-ခုပေါ့ အဋ္ဌကလာပ်ရုပ် ၈-ခု က ကံက ထုတ်တာ ရှိတယ်၊ စိတ်ကထုတ်တာ ရှိတယ်၊ ဥတုကထုတ်တာ ရှိတယ်၊ အာဟာရကထုတ်တာရှိတယ်၊ မတူညီဘူးပေါ့၊ အဲဒီတော့ ကံသက်သက်က ထုတ်တာတော့ ခုနက ၉-ခုပေါ့၊ အခုပြောခဲ့တဲ့ အဲဒီ ၉-ခုနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကျန်တဲ့ရုပ်ပေါ့၊ အဲဒါတွေကို ကဋတ္တာ ရုပ်လို့ ခေါ် တယ်၊ ကမ္မဇရုပ်ကို ပဌာန်းပါဠိတော်က ကဋတ္တာရုပ်လို့ သုံးတယ်။ ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -
“ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” တဲ့။
ကုသလာကုသလံ ကမ္မံ - ကုသိုလ်အကုသိုလ်စေတနာသည်၊
ဝိပါကာနံ ခန္ဓာနံ – ဝိပါက်နာမက္ခန္ဓာတို့အားလည်းကောင်း၊
ကဋတ္တာ စ ရူပါနံ - ကဋတ္တာရုပ် လို့ဆိုတဲ့ ကမ္မဇရုပ်တို့အားလည်းကောင်း၊
ကမ္မပစ္စယေန - နာနာက္ခဏိကကမ္မပစ္စယ သတ္တိဖြင့်၊
ပစ္စယောဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - ဖြစ်၏
လို့ ကမ္မပစ္စယောမှာ ကံအကြောင်းကို ဒီလိုဟောတယ်၊ ကံအကြောင်းက ပြောရမယ် ဆိုလို့ရှိရင် အင်မတန်မှ ကျယ်ပြန့်တယ်ပေါ့။
အကုသလကမ္မ
နာနာက္ခဏိကကမ္မ ဖြစ်တဲ့ . အကုသိုလ်စေတနာကိုကြည့်၊ အကုသိုလ် စေတနာနဲ့ ပတ်သက်ပြီးပြောမယ်၊ အကုသိုလ်စိတ် ၁၂-ခုလုံးဟာ စေတနာနဲ့ ယှဉ် တာချည်းပဲ၊ အကုသိုလ်စိတ် ၁၂-ခုလုံးမှာ ရှိတဲ့စေတနာသည် အကုသိုလ်ကံနော်၊ အကုသိုလ်ကံ ဘယ်နှစ်ခုရှိလဲလို့ ပြောရင် အကုသိုလ်စိတ် ၁၂-ခု ရှိသည့်အတွက်ကြောင့် စေတနာ ၁၂-ခု ရှိတယ်။
စိတ်နဲ့ ပြောမယ်ဆိုရင် လောဘမူစိတ် ၈-ခုမှာ စေတနာ ၈-ခု၊ ဒေါသမူစိတ်၂-ခုမှာ စေတနာ၂-ခု၊ မောဟမူစိတ်၂-ခုမှာ စေတနာ၂-ခု၊ ပေါင်းလိုက်ရင် ၁၂-ခု၊ အဲဒီ ၁၂-ခုထဲက မောဟမူစိတ်ထဲမှာ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်လို့ ဆိုတဲ့ နောက်ဆုံး အကုသိုလ်စိတ်မှာ ဥဒ္ဓစ္စနဲ့ ယှဉ်လာတဲ့ စေတနာ ပဋိသန္ဓေအကျိုးကို မထုတ်လုပ် ဘူးတဲ့၊ ဘဝတစ်ခုကို အကျိုးမပေးနိုင်ဘူးပေါ့။
ဒါကြောင့် ဥဒ္ဓစ္စစေတနာ မပါတဲ့ အကုသိုလ်စေတနာ ၁၁-ခုသည် အကုသလ ဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဆိုတဲ့ ပဋိသန္ဓေအကျိုးကို ထုတ်လုပ်ပါတယ်တဲ့၊ ကမ္မပစ္စယ သတ္တိနဲ့ ထုတ်လုပ်တယ်၊ ဥဒ္ဓစ္စစေတနာကတော့ ပဋိသန္ဓေ အကျိုးကို မပေးဘူးတဲ့၊ ကျန်တဲ့စေတနာတွေအကုန်လုံး ပဋိသန္ဓေအကျိုးကို ပေး နိုင်တယ်၊ သူတို့ပေးတဲ့ ပဋိသန္ဓေအကျိုးဆိုတာ ဘယ်ဝိပါက်စိတ်လဲလို့ ပြောလို့ရှိရင် အကုသလ ဝိပါက် ဥပေက္ခာသန္တီရဏစိတ်။
ပဋိသန္ဓေစိတ်ချင်း တူပါ လျက်သားနဲ့ ခံရတဲ့ဒုက္ခချင်းကျတော့ တူရဲ့လား၊ မတူဘူး၊ ဘာဖြစ်လို့ ကွဲပြား ခြားနားရသလဲ? စဉ်းစားစရာတစ်ခု၊ အကုသိုလ်က အကျိုးပေးလိုက်တဲ့ သန္ဓေ စိတ်ချင်း တူလျက်သားနဲ့ ငရဲဘုံမှာဖြစ်တဲ့ အကုသလဝိပါက် ဥပေက္ခာသန္တီရဏနဲ့ သန္ဓေနေတဲ့ ငရဲသားတွေကျတော့ နိရယဆိုတာ ချမ်းသာသုခ တစ်စက်မှမရှိတဲ့ ဘုံဘဝ၊ အင်မတန်မှ ဆင်းရဲတယ်၊ ဒါ အဆိုးဆုံးကို ပြောမယ်ဆိုရင်နော်၊ သူ့ထက် နည်းနည်း သက်သာတာက တိရစ္ဆာန်၊ အသူရကာယ်တို့ ပြိတ္တာတို့က အပါယ်ဘုံထဲ မှာ သက်သာတယ်လို့ ပြောရမယ်၊ အဲဒီထက် ဆိုးတာက တိရစ္ဆာန်၊ တိရစ္ဆာန်ထက် ဆိုးတာက ငရဲ၊ ဒီလို သွားတယ်နော်။
မြတ်စွာဘုရားက မဟာသီဟနာဒသုတ်မှာ ဟောထားတာ ရှိတယ်၊ ငရဲဘုံ ကို မီးကျီးတွင်းနဲ့ ဥပမာပေးထားတယ်၊ တိရစ္ဆာန်ဘုံရောက်တဲ့ပုဂ္ဂိုလ်တွေကျတော့ မစင်တွင်းကျတာနဲ့ တူတယ်၊ ပြိတ္တာကိုတော့ အင်မတန်မှ ပူပြင်းတဲ့နေရာမှာ အောက်ခံမြေက ကျောက်ဆူးငုတ်တွေ ထွက်ပြီးတော့ အင်မတန်မှ ကြမ်းတမ်းတဲ့မြေပေါ်မှာ ပေါက်တဲ့ အရိပ်ကျဲတဲ့သစ်ပင်၊ အဲဒီသစ်ပင်ရိပ်မှာနေရတဲ့ ဒုက္ခမျိုးနဲ့ တူတယ်လို့ ပြိတ္တာကို အဲဒီလိုဟောတယ်၊ ဥပမာပေးထားတာလေးတွေနော်။
အဲဒီတော့ သန္ဓေစိတ်ချင်းက တူလျက်သားနဲ့ ငရဲဘုံက သတ္တဝါတွေ ဘာလို့ ပိုဒုက္ခရောက်တုန်းဆိုရင် အကုသိုလ်လုပ်တဲ့စွမ်းအားချင်း မတူဘူးလို့ ဒီလို ပြောရမယ်၊ ဘယ်အရာပဲဖြစ်ဖြစ် level တို့ degree တို့ဆိုတာ ရှိတယ်နော်၊ ကုသိုလ် လုပ်လည်းပဲ ကုသိုလ်စိတ်စွမ်းအားချင်း တူရဲ့လား၊ မတူဘူး၊ ဆိုလိုတာက quality မတူဘူး၊ ကံတရားရဲ့ quality မတူဘူး။
အဲဒါလိုပဲ ကံတရားရဲ့ quality အရ ထုတ်လုပ်လိုက်တဲ့ အကျိုးတရားတွေ ဟာ quality ချင်း ကွာသွားတယ်တဲ့၊ ငရဲကျတဲ့အခါကျတော့ quality အမြင့်ဆုံး ပေါ့၊ အဲဒါကြောင့်မို့လို့ အခံရဆုံးလို့ ပြောရမှာပေါ့၊ သူ့ထက်နည်းနည်း quality လျော့ရင် တိရစ္ဆာန်ပေါ့၊ ဒီ့ထက် လျော့သွားလို့ရှိရင် ပြိတ္တာပေါ့၊ သန္ဓေစိတ်ချင်း တူပေမယ့်လို့ သူတို့ခံစားရတာချင်း မတူဘူး။
ထို့အတူပဲ ကြည့် - လူစဉ်မမီတဲ့လူတွေရဲ့သန္ဓေစိတ်ကျတော့ ကုသလ ဝိပါက် ဥပေက္ခာသန္တီရဏ လို့ ခေါ်တယ်၊ သာမန်လူသားတွေ လူစဉ်မီတဲ့လူသား တွေရဲ့ ပဋိသန္ဓေစိတ်ဟာ မဟာဝိပါက်စိတ်ပဲ၊ နတ်ပြည် ၆-ထပ်မှာဖြစ်တဲ့ နတ်တွေ ရဲ့ ပဋိသန္ဓေစိတ်ကလည်း မဟာဝိပါက်စိတ်ပဲ၊ သို့သော် ချမ်းသာသုခရတာချင်း တူကြရဲ့လား၊ မတူဘူး၊ ဒါလည်း စဉ်းစားကြည့်ပေါ့၊ ဒါဖြင့် မတူတာ ဘာဖြစ်လို့ မတူတာတုန်းလို့ အဖြေရှာရင် quality မတူဘူးလို့ ပြောရမယ်။
လူ့ဘုံလူ့ ဘဝကို မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးထားတုန်း လို့ဆိုတော့ အရိပ်ကောင်းကောင်းသစ်ပင်နဲ့ ဥပမာပေးထားတယ်၊ အင်မတန်အရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက်မှာ ထိုင်နေရပြီးတော့ “ေဩာ် အေးလိုက်တာ” ဆိုတဲ့ အနေအထားမျိုး၊ သို့သော် အရိပ်ကောင်းတဲ့ သစ်ပင်ကြီးဥပမာ။
နတ်ဘုံနတ်ပြည်ကျတော့ မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးထားတုန်း ဆိုရင် လေလုံမိုးလုံ တိုက်ခန်းကြီးမှာ မွေ့ရာကြီးနဲ့ ဆိုဖာကြီးနဲ့ ခုတင်ကြီးနဲ့ အင်မတန် ဇိမ်ရှိတဲ့ အိပ်ခန်းကြီးနဲ့ အလားသဏ္ဌာန်တူတယ်တဲ့၊ လေလုံမိုးလုံဆောက် ထားတဲ့ အိပ်ခန်းကြီးနဲ့ အလားတူတယ်။
ကဲ လေလုံမိုးလုံဆောက်ထားပြီးတော့ မွေ့ရာနဲ့ ခုတင်နဲ့ ဆိုဖာတွေနဲ့ ခုနက သစ်ပင်အောက်က အနေအထားနဲ့ တူပါ့မလား၊ မတူဘူးတဲ့၊ အဲဒီတော့ နတ်ပြည်နဲ့ လူ့ပြည်ဟာ အဲဒီလို ကွာခြားတယ်လို့ ဥပမာတွေပေးတားတာ ရှိတယ်ပေါ့၊ ဘာဖြစ်လို့ကွာတုန်းဆိုရင် ကုသိုလ်လုပ်တဲ့ quality မတူဘူးပေါ့ အကျိုးပေးတဲ့ကံက quality မတူတာ၊ ဒီသဘောလေးတွေက သတိထားစရာပေါ့။
ကဲ ကောင်းပြီ - အကုသိုလ်စေတနာက ဥပေက္ခာသန္တီရဏလို့ဆိုတဲ့ သန္ဓေ အကျိုးလေးကို ပဋိသန္ဓေအခါမှာ ပေးတယ်၊ အဲဒီပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ အကုသိုလ်စေတနာဟာ ဥဒ္ဓစ္စစေတနာမပါတဲ့ ၁၁-ခု၊ ဒါဖြင့် ဥဒ္ဓစ္စသမ္ပယုတ်စိတ်မှာ ယှဉ်တဲ့ စေတနာက ဘာဖြစ်လို့ သန္ဓေအကျိုး မပေးတာတုန်းဆိုတော့ သန္ဓေအကျိုး ပေးနိုင်လောက်တဲ့ စွမ်းရည်သတ္တိ သူ့မှာမရှိဘူး၊ ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဆိုတာ ဥဒ္ဓစ္စ လွှမ်းမိုး နေတယ်၊ ဥဒ္ဓစ္စဆိုတာ မတည်ငြိမ်ဘဲ ပျံ့လွင့်နေတဲ့ သဘောတရား၊ အဲဒီ ပျံ့လွင့် နေတဲ့စိတ်မှာယှဉ်ရတဲ့ စေတနာဟာလည်း တည်ငြိမ်မှု မရှိသည့်အတွက်ကြောင့် ပဋိသန္ဓေစိတ်တစ်ခုဖြစ်ဖို့ဆိုတဲ့ စွမ်းအားသတ္တိတွေ သူ့မှာ မပြည့်စုံဘူး၊ ဒီလိုစဉ်းစားမယ်ဆိုရင် စဉ်းစားလို့ ရနိုင်တယ်ပေါ့နော်။
ကဲ ကောင်းပြီ - သူက ပဝတ္တိအကျိုးကိုတော့ ပေးတယ်၊ အကုသိုလ် စေတနာ ၁၂-ခုလုံးသည် ပဝတ္တိအကျိုးကို ပေးတယ်၊ သူပေးတဲ့အကျိုးက ဘာတွေ တုန်းလို့ဆိုရင် စာလိုပြောရအောင် - စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိန်း၊ သန္တီရဏ၊ ၇-ခု ရှိတယ်နော် အဲဒါတွေက အကုသိုလ်က ထုတ်လုပ်တာချည်းပဲ၊ အကုသိုလ်ကထုတ်တဲ့ စက္ခုဝိညာဏ်က ဘာကို အကြောင်း ပြုပြီး ပေါ်တုန်းဆိုရင် အနိဋ္ဌာရုံကို မြင်ပြီး ပေါ်တဲ့ စိတ်၊ မကောင်းတဲ့ အာရုံ အလိုမရှိအပ်တဲ့အာရုံကို အနိဋ္ဌာရုံလို့ ခေါ်တယ်နော်။
ဣဋ္ဌာရုံ အနိဋ္ဌာရုံ သတ်မှတ်ချက်
ဒါဖြင့် အလိုမရှိအပ်ဘူး ဆိုတာကို တစ်ယောက်က အလိုရှိတယ်၊ တစ်ယောက်က အလိုမရှိဘူးဆိုရင် ဘယ်လိုလုပ် သတ်မှတ်မလဲ၊ ဒါ ယေဘုယျ စကားအနေနဲ့ ပြောရမယ်နော်၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံနဲ့ ပတ်သက်လာလို့ရှိရင် generally speaking ယေဘုယျအားဖြင့်သာ သုံးသပ်ပြီး ပြောရတယ်၊ အများစုက အကောင်းလို့ သတ်မှတ်ရင် ဣဋ္ဌာရုံ၊ အများစုက အနိဋ္ဌလို့ သတ်မှတ် ထားရင် အနိဋ္ဌာရုံလို့ ဒီလိုပဲ သတ်မှတ်ရမယ်၊ ဒါ ယေဘုယျသတ်မှတ်ချက်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် စိတ်ချမ်းသာမှုကို ဘယ်သူ့ကိုမှ မပေးနိုင်ရင် ဒါ အနိဋ္ဌာရုံအစစ်ပဲနော်၊ အဲဒီအာရုံကို မြင်ပြီးဖြစ်တဲ့ စက္ခုဝိညာဏ်စိတ်သည် အကုသိုလ် ရဲ့အကျိုးပါတဲ့၊ မကောင်းတာ မြင်ပြီးတော့ ဖြစ်ပေါ်ရတဲ့ အကုသိုလ်ရဲ့ အကျိုးစိတ်၊ အသံကလည်းပဲ ကြောက်လန့်စဖွယ် အလိုမရှိအပ်တဲ့ အသံဆိုး၊ အဲဒီအသံကို ကြားပြီး ဖြစ်ရတဲ့ သောတဝိညာဏ်စိတ်ဟာလည်း အကုသိုလ်ရဲ့ အကျိုးပဲ၊ နှစ်သက် စရာမကောင်းတဲ့ အနံ့ကို နံပြီးတော့ ဖြစ်ပေါ်လာရတဲ့ ဃာနဝိညာဏ်စိတ်၊ နှစ်သက် စရာမကောင်းတဲ့ အရသာကို ခံပြီး ဖြစ်ပေါ် လာတဲ့ ဇိဝှာဝိညာဏ်စိတ်၊ မကောင်းတဲ့ အထိအတွေ့ (ဥပမာ - ခြေထောက် ခလုတ်တိုက်ရင် မနာဘူးလား၊) အလိုမရှိအပ်တဲ့ အထိအတွေ့ကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ ကာယဝိညာဏ်စိတ်ဟာ အကုသိုလ် ရဲ့အကျိုးပဲ၊ ဒီလို သတ်မှတ်တာ။
ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ စဉ်းစားကြည့် - မြင်သိစိတ်တွေ ဖြစ်တယ်၊ ကြားသိ စိတ်တွေ ဖြစ်တယ်၊ နံသိစိတ်တွေ ဖြစ်တယ်၊ လျက်သိစိတ်တွေ ဖြစ်တယ်၊ ဖြစ်သမျှ စိတ်တွေဟာ ခုနက အလိုမရှိအပ်တဲ့ အာရုံတွေပေါ်မှာ မှီတည်ပြီး ဖြစ်တယ်ဆိုရင် ဒါ အကုသိုလ်ရဲ့အကျိုးလို့ ဒီလိုသတ်မှတ်ပါတယ်။
ကောင်းတဲ့အာရုံကို ဣဋ္ဌာရုံခေါ် တယ်၊ အဲဒီဣဋ္ဌာရုံကိုမြင်ပြီး ဖြစ်ရတဲ့ မြင်သိ စိတ်၊ ကြားပြီးဖြစ်ရတဲ့ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ်တွေကျတော့ ကုသိုလ်ရဲ့ အကျိုးလို့ ဒီလိုပြောတယ်။
အဲဒီကုသိုလ်ရဲ့အကျိုးဟာ ငရဲဘုံမှာလည်း ရှိနိုင်သေးတယ်၊ သာမန်အားဖြင့် တော့ ငရဲဘုံမှာ အနိဋ္ဌာရုံချည်းပဲ၊ သို့သော် ရှင်မဟာမောဂ္ဂလာန်လို တန်ခိုးရှင်က တရားဟောတဲ့အခါ ငရဲမီးငြိမ်းသွားတဲ့အချိန်လေးမှာ ရှင်မဟာမောဂ္ဂလာန်ကို ဖူးလိုက်ရတာဟာ ဒါ ဣဋ္ဌာရုံပဲ၊ တရားသံ ကြားလိုက်ရတာ ဒါ ဣဋ္ဌာရုံပဲ၊ အဲဒီအချိန်လေးမှာ ငရဲသားတွေရဲ့သန္တာန်မှာ ဣဋ္ဌာရုံဖြစ်နိုင်သေးတယ် ပေါ့၊ ကောင်းတဲ့အာရုံတွေကြောင့်ဖြစ်လို့ ကုသိုလ်ရဲ့ အကျိုးလို့ ဒီလို သတ်မှတ် ရတယ်။
ဒီတော့ အကုသိုလ်ရဲ့အကျိုးက ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးဆိုတော့ - ပဝတ္တိ အကျိုးကို ကြည့်လိုက်ဦးမယ်၊ အခုပြောတဲ့ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ် သမ္ပဋိစ္ဆိန်း သန္တီရဏဆိုတာ ပဝတ္တိ အကျိုးတွေ၊ အကုသလဝိပါက်စိတ် ၇-ခုလို့ ခေါ်တယ်၊ အဲဒီအကုသလဝိပါက်စိတ် ၇-ခုဟာ ဘာနဲ့ အလားသဏ္ဌာန်တူတုန်းဆိုရင် ဝေဒနာအားဖြင့် ပြောမယ်ဆိုရင် ဥပေက္ခာဝေဒနာတွေ များတယ်၊ သို့သော် ကာယဝိညာဏ်စိတ်ကတော့ ဒုက္ခသဟဂုတ်။
ဒါကြောင့်မို့ အဲဒီ အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်ကို သံကိစ္စဇာတ်မှာ “ပျားရည် ၆-စက်ထဲမှာ သံပူရည်တစ်စက် ထည့်လိုက်သလိုပဲ” လို့ ရေးထားတယ်၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်ကို ပြောတာ၊ ဒုက္ခကပဲ လွှမ်းမိုးသွားတယ်၊ ဒါကြောင့်မို့ ငရဲသားတွေက သက်သာတဲ့အချိန်ဆိုတာ မရှိဘူး၊ ဒုက္ခသဟဂုတ်က ကြီးစိုးနေတယ်။
ဖြစ်လာတဲ့အချိန်ချင်း ကွာခြားတယ်၊ ဒီဘဝနဲ့ ဟိုဘဝ ကွာတာ ရှိတယ်၊ ဟိုကမ္ဘာနဲ့ ဒီကမ္ဘာ ကွာတာ ရှိတယ်နော်၊ အဲဒါကို နာနာ ခဏိကလို့ ပြောတာ။
အခုလုပ် အခုအကျိုးမပေး
စေတနာဟာ အခုလုပ် အခုအကျိုးမပေးဘူး၊ ပဋိဋ္ဌာန်းအဋ္ဌကထာက ရှင်းတယ်၊ ကံရဲ့သဘောတရားက ကံတစ်ခုက အကျိုးပေးနေ သေးလို့ရှိရင် ထိုကံနဲ့ သဘာဝချင်းတူရင် အထောက်အကူပြုမယ်၊ သဘာဝချင်း မတူရင် အဟန့်အတားတွေ လုပ်မယ်၊ အင်အားကောင်းလာရင် ဖြတ်တောက်ပစ် တယ်၊ ဒါ ကံရဲ့သဘာဝပဲ။
အခု လူ့ဘဝဆိုတာ ကုသိုလ်ကံတစ်ခုကနေ အကျိုးပေးထားတာ၊ အခု နောက်ထပ် လုပ်တဲ့အသစ်ကံက ထိုအတိတ်က လုပ်ထားတဲ့ ကုသိုလ်ကံရဲ့ အကျိုး တရားကို ပယ်ဖျက်နိုင်စွမ်း မရှိဘူးပေါ့၊ ဒါကြောင့်မို့ နာနာ ခဏိက၊ လုပ်နေတုန်း တော့ အကျိုးမပေးသေးဘူး၊ အချိန်တန်တဲ့အခါမှ အကျိုးပေးတယ်။
တစ်နည်းအားဖြင့်ဆိုရင်တော့ တခြားအကြောင်းတွေကိုလည်း ငဲ့ရသေးတယ်၊ တခြား အကြောင်းတွေနဲ့ တွဲဖက်မှသာ အကျိုးပေးနိုင်တယ်လို့ ဒီလိုနားလည်ရတယ်။
ကုသလကမ္မ
ကုသိုလ်နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ကာမာဝစရကုသိုလ်ပဲ ပြောကြပါစို့၊ ကာမာဝစရကုသိုလ်ဆိုတာ ဒါနကောင်းမှု သီလကောင်းမှု ဘာဝနာ ကောင်းမှု၊ ဒီသုံးမျိုး၊ ကာယကံ ဝစီကံ မနောကံလို့ဆိုတဲ့ ဒီ ၃-မျိုးပေါ့၊ ကုသလ ကမ္မပထတရား ၁ဝ-ပါးကို လိုက်နာကျင့်သုံးပြီဆိုရင် ပဋိသန္ဓေအကျိုးအနေနဲ့ ဘာပေးတုန်းဆိုရင် အတော့်ကိုညံ့တဲ့ကုသိုလ်ဆိုရင် ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ဆိုတဲ့ အကျိုးပေးတယ်၊ ဆိုလိုတာက လုံးဝအဆင့်မမီတဲ့ သန္ဓေကျိုး၊ အဲဒီစိတ်နဲ့ သန္ဓေတည်လာတဲ့ ပုဂ္ဂိုလ်ဆိုရင် ပဋိသန္ဓေတည်ကတည်းက မျက်စိပါမလာဘူး၊ သန္ဓေကန်းတို့ ဆွံ့အ နားမကြားတို့ ဒါမျိုးတွေ ဖြစ်လာတယ်၊ ဆေးပညာကတော့ တခြားအကြောင်းတွေ ပြောမှာပေါ့၊ အဲဒီ တခြားအကြောင်းတွေ ဖြစ်ရတာ ဘာကြောင့်တုန်းဆိုရင် ကံကြောင့်ပဲ။
ကောင်းပြီ - ဒီ့ထက်ကောင်းတဲ့ အကျိုးတရားကျတော့ ဘာတွေတုန်းဆိုရင် မဟာဝိပါက် ၈-ခုဆိုတဲ့ ပဋိသန္ဓေပဲ၊ ဥပေက္ခာသန္တီရဏတစ်ခု၊ မဟာဝိပါက် ၈-ခု၊ ပေါင်းလိုက်လို့ရှိရင် ပဋိသန္ဓေအကျိုး ၉-ခု ပေးတယ်၊ ဒါ ပဋိသန္ဓေအခါမှာ၊ ပဝတ္တိ အခါမှာကျတော့ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုနဲ့ မဟာဝိပါက်စိတ် ၈-ခု၊ ပေါင်း လိုက်ရင် ၁၆-ခု ရှိတယ်၊ ပဝတ္တိအခါ အကျိုးတရားတွေက ပိုများတယ်၊ ဒါ ကာမာဝစရကုသိုလ်ရဲ့အကျိုးတရား။
အဲဒီ အကျိုးတရားတွေဟာ ကံဖြစ်နေတဲ့အချိန်တုန်းက မပေါ် သေးဘူးတဲ့၊ ကံတရားချုပ်ငြိမ်းသွားတဲ့အခါမှာ ပေါ်တယ်၊ ဒါကြောင့်မို့ နာနာက္ခဏိကကမ္မ၊ ကံ တရားဖြစ်တဲ့အချိန်က တစ်ချိန်၊ ဖြစ်ချုပ်ပြီးသွားတော့မှ အကျိုးပေးတာ ဖြစ်သော ကြောင့် နတ္ထိ, ဝိဂတဆိုတဲ့ပစ္စည်းမျိုးထဲမှာ ပါတယ်လို့ ဒီလိုပြောရမယ်၊ အဲဒီမှာ ပဋိသန္ဓေကျိုးက ၉-ခု၊ ပဝတ္တိအကျိုးက ၁၆-ခု၊ လူ့ပြည်နတ်ပြည်မှာ ဒီအကျိုးတရား တွေ ရတယ်၊ အဘိဓမ္မာလေ့လာမယ်ဆိုရင် ဒီထက်အသေးစိတ်တာပေါ့။
နောက်တစ်ခုကြည့်ရအောင် - ဈာန်ကုသိုလ်တွေက ဆိုင်ရာဆိုင်ရာအကျိုး တွေကို ထုတ်လို့ရှိရင် ရူပါဝစရကုသိုလ် ၅-ခုသည် ရူပါဝစရဝိပါက် ၅-ခုလို့ ဆိုတဲ့ ပဋိသန္ဓေအကျိုးကို ပေးတယ်၊ ပဝတ္တိအကျိုးလည်းပဲ အဲဒါပဲ၊ ပဋိသန္ဓေအကျိုးနဲ့ ပဝတ္တိအကျိုး နှစ်ခုအတူတူပဲ၊ အဲဒီကနေ အဆင့်မြင့်ပြီးတော့ ဈာန်တရားကို ဆက် အားထုတ်လို့ရှိရင် အရူပါဝစရကုသိုလ်ဆိုတာ ဖြစ်တယ်၊ အရူပဈာန်တွေ ရပြီး အဲဒီ အရူပဈာန်ကုသိုလ်ရဲ့အကျိုးက အရူပဝိပါက် ၄-ခုဆိုတဲ့ ပဋိသန္ဓေကျိုးနဲ့ ပဝတ္တိ အကျိုးကို ရတယ်၊ ဒါက လောကီဘက်ဆိုင်ရာ ကံတရားတွေ။
ကံကိုပယ်တဲ့ကံ
လူတွေမသိကြတဲ့ ကံတရား ရှိသေးတယ်၊ လောကုတ္တရာပိုင်း ကြည့်လိုက်၊ ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်လို့ အောင်အောင်မြင်မြင် ဖြစ်ပြီးတဲ့နောက်မှာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နောက်ဆုံးအနေအထားမှာ ဇောစိတ်တွေ ဖြစ် လာတယ်၊ နောက်ဆုံးဇောစိတ်တွေမှာ ... မဂ်ဆိုတာ ပေါ်လာ တယ်၊ အဲဒီ သောတာပတ္တိမဂ် ကိုလည်း ကံလို့ ပြောတယ်၊ အဲဒီကံကတော့ အချိန်မဆိုင်းဘူး၊ မိမိရဲ့ အခြားမဲ့မှာ အကျိုးကို ထုတ်လုပ်တယ်တဲ့၊ သူ ထုတ်လုပ်လိုက်တာ ဘာတုန်းဆိုရင် သောတာပတ္တိဖိုလ်၊ တစ်ခါတည်း ဖြစ်သွားတယ်၊ သူချုပ်သွားတာနဲ့ တစ်ပြိုင်နက် သောတာပတ္တိဖိုလ် ပေါ်လာတယ်၊ အဲဒါလည်း ကမ္မပစ္စယောပဲနော်။
သူလည်း နာနာက္ခဏိကပဲ၊ မဂ်စိတ်ဖြစ်တဲ့အချိန်နဲ့ ဖိုလ်စိတ်ဖြစ်တဲ့အချိန် ခဏချင်း မတူဘူးတဲ့၊ ဒါလည်း နာနာက္ခဏိကပဲ၊ မဂ်စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုမဂ်စိတ် သည် လောကီကုသိုလ်ကံတွေလို နောင်ဘဝ ရောက်သည်ထိအောင် ဆိုင်းမနေဘူး၊ အခုဖြစ် အခုအကျိုးကို ထုတ်လုပ်တယ်၊ ဒါလည်း အနန္တရသတ္တိပဲ၊ ကမ္မပစ္စယသတ္တိပဲ၊ မိမိရဲ့အခြားမဲ့မှာ အကျိုးပေးလို့ အနန္တရ၊ သမနန္တရ၊ မရှိတော့မှ အကျိုး ထုတ်လုပ်တာဖြစ်လို့ နတ္ထိ၊ ကွယ်ပျောက် သွားမှ အကျိုးပေးတာ ဖြစ်သောကြောင့် ဝိဂတ၊ ဒီကမ္မပစ္စည်းကလည်းပဲ နတ္ထိအမျိုး အစားထဲမှာ ပါတယ်လို့ ဒီလိုမှတ်ရတယ်။
ကံတရားတွေဆိုတော့ အကျိုးတရားကို ဖြစ်စေတဲ့နေရာမှာ အခု အဘိဓမ္မာမှာ ဟောထားတဲ့ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” လို့ဆိုတဲ့ နာနာက္ခဏိကကမ္မနဲ့ သုတ္တန်ပါဠိတော်တွေမှာ ဟောထားတဲ့ ကံတရားတွေရဲ့အကြောင်း ဒီနှစ်ခု ဆက်စပ်ပြီးတော့ လေ့လာကြည့် မယ်ဆိုရင် ကံတရားတွေရဲ့အရာဟာ အင်မတန်မှ ကျယ်ပါတယ်။
ဗုဒ္ဓဘာသာတွေ ပြောနေကြတဲ့ ကံဆိုတာ အင်မတန်မှ စွမ်းရည်သတ္တိထက်တဲ့တရား၊ အဲဒီကံတရားဟာ ဘယ်သူတွေရဲ့ လက်ထဲမှာရှိလဲဆိုရင် ကိုယ့်လက်ထဲမှာ ရှိတယ်၊ လူတွေက ကံကို လက်မြှောက် အရှုံးပေးစရာ မလိုဘူး။
အကုသိုလ်တစ်ခု လုပ်ထားမိပြီး ပြင်လို့မရတဲ့ အကုသိုလ်ဆိုတာမရှိဘူးနော်၊ ဒေဝဒတ်ကြီးဟာ အမြင့်ဆုံးအကုသိုလ်ကံကို ကျူးလွန် ထားတယ်၊ ဘုရားနဲ့ ပတ်သက်တဲ့ လောဟိတုပ္ပါဒက တို့, သံဃာနဲ့ပတ်သက်တဲ့ သံဃဘေဒက တို့ဆိုတဲ့ ဒီပြစ်မှုကြီးနှစ်ခု ကျူးလွန်ထားတယ်၊ ဒေဝဒတ်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက “အာပါယိကော နေရယ်ကော ဒေဝဒတ္တော” ဒေဝဒတ်က အပါယ်ရောက်မှာပဲ၊ ငရဲကျမှာပဲလို့ definite ပြောတယ်၊ “အတေကိစ္ဆာ” ပြင်လို့ မရတော့ဘူး၊ ကုစားလို့ မရတော့ဘူး၊ “ကပ္ပဋ္ဌော” တစ်ကမ္ဘာလုံး ငရဲခံရမယ်လို့ ဒီလိုပြောတယ်။
မြတ်စွာဘုရားက ရှင်းပြတယ်၊ ဒေဝဒတ်ရဲ့သန္တာန်မှာတဲ့ အပ်ဖျားလေးလောက် ထောက်ပြစရာနေရာမှာတောင် ဖြူစင်တဲ့သဘာဝတရားတွေ မကျန်တော့ဘူးတဲ့၊ အဲဒီလိုမကျန်လို့ ငါဘုရားက ဒီလိုဟောတာ၊ အကယ်၍ အပ်ဖျားကလေးလောက် ထောက်ပြစရာကုသိုလ်လေး ကျန်နေသေးတယ်ဆိုရင် ငါ ဒီစကားမပြောဘူးတဲ့၊ ကြည့် - ဒေဝဒတ်မှာ ကုသိုလ်တွေ လုံးဝကုန်သွားတဲ့ အဓိပ္ပါယ် မြတ်စွာဘုရား ပြောတယ်နော်၊ အဲဒီပုဂ္ဂိုလ်မျိုးမှ ငရဲကျမှာလို့ အတိအကျပြောလို့ရတယ်၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေ ငရဲကျမယ်လို့ အတိအကျပြောလို့မရဘူး၊ မြတ်စွာဘုရားရဲ့ ဒေသနာ တော်က ဒီလို၊ ကြည့် - ဟောပုံချင်း မတူဘူး။
ပါဏာတိပါတနဲ့ ပတ်သက်ပြီးတော့ နိဂဏ္ဌနာဋပုတ္တက “ပါဏာတိပါတ အမှုပြုတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ငရဲကျတယ်” လို့ ဒီလိုဟောတယ်၊ မြတ်စွာဘုရားက အဲဒီလို မဟောဘူး၊ ဗုဒ္ဓမြတ်စွာက “ပါဏာတိပါတော နိရယသံဝတ္တနိကော” “ပါဏာတိပါတအမှုသည် ငရဲ၌ ဖြစ်စေနိုင်တယ်” လို့ ဟောတာ၊ ဒါ ငရဲမှာ ဖြစ်ရမယ်လို့ မဟောဘူးနော်၊ အကုသိုလ်အမှုပြုရင် ငရဲ ကျမယ်လို့ မပြောဘူး၊ ဒီဟာက ငရဲကို ကျစေနိုင်တယ်ဆိုတဲ့စကားကို ပြောတာ၊ သေချာပေါက်ကျမယ်လို့ ပြောတာမဟုတ်ဘူး။
သင်္ခဓမသုတ်မှာဆို မြတ်စွာဘုရားဟောထားတာ ရှိတယ်၊ အကုသိုလ်က လွတ်ရာ လွတ်နည်းတွေ ရှိတယ်၊ ဘာလုပ်ရမလဲ၊ ကိုယ်လုပ်တဲ့အလုပ်ဟာ မကောင်းဘူးလို့ သိရမယ်၊ မှား တယ်လို့ မြင်ရမယ်၊ မှားတယ်လို့ မြင်ပြီး ကိုယ့်မိတ်ဆွေထံမှာဖြစ်စေ ဆရာထံမှာ ဖြစ်စေ မှားကြောင်းဝန်ခံပြီး အဲဒီအမှားမျိုး နောက်ထပ်မဖြစ်အောင် ရှောင်ကြဉ်ရမယ် တဲ့၊ ဒါအဖြေပဲ၊ ရှောင်ကြဉ်ပြီးတဲ့ အခါ ကောင်းတာတွေ ဆက်လုပ်ရမယ်၊ အဲဒါဆိုရင် ဒီကံက လွတ်သွားမှာပဲ သေချာ တယ်၊ ဒါ ကံကိုပယ်ဖျက်တာ မဟုတ်ဘူး၊ ကံက လွတ်တဲ့နည်း။
မြတ်စွာဘုရားက လောဏကပလ္လသုတ်မှာ ဆားခဲနဲ့ ဥပမာပေးထားတာ မှတ်သား စရာပေါ့၊ “ဆားခဲလေးတစ်ခဲကို သောက်ရေခွက်ထဲ ထည့်လိုက်ရင် သောက်မဖြစ် အောင် ငန်မှာပဲ၊ ဒါပေမယ့် အဲဒီပမာဏဆားခဲကို ရေကန်ထဲထည့်လိုက်၊ မြစ်ထဲ ထည့်လိုက်၊ ပျောက်သွားမှာပဲ”၊ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေ ချင်း မတူဘူး၊ ကိုယ်ကျင့်တရားကောင်းတယ်၊ သီလ သမာဓိ ပညာ ဆိုတဲ့ အခြေအနေ ကောင်းရှိတဲ့ပုဂ္ဂိုလ်က အကုသိုလ်လုပ်မိဦး .. အဲဒီ အကုသိုလ်ဟာ ပြေပျောက် သွားသလို ဖြစ်တယ်၊ ကောင်းတာတွေက လွှမ်းမိုးသွားတယ်၊ အခြေခံမကောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ ခံလေရောပဲ။
ဒါကြောင့် ကံတရားဆိုတာ ကိုယ်က အရှုံးပေးရမယ့်အရာ မဟုတ်ဘူး၊ ကိုယ်က ပြုပြင်ရမယ့်အရာသာ ဖြစ်တယ်၊ ကောင်းတဲ့အရာနဲ့ မကောင်းတဲ့အရာကို အစားထိုးရမယ်၊ ကောင်းတာနဲ့ မကောင်းတာကို ဖယ်ရှားပစ်ရမယ်၊ ကံရဲ့သဘာဝ ကို နားလည်လာပြီဆိုရင် မကောင်းတဲ့ကံတွေကို ရှောင်ရှားလို့ ကောင်းတဲ့ကံတွေကို ကြိုးစားလုပ်ကိုင်သွားမယ်ဆိုရင် သံသရာမှာ ပျော်ချင်ရင်လည်းပဲ ကောင်းတဲ့ဘဝမှာ နေရမှာပဲနော်၊ နိဗ္ဗာန်မရချင်သေးဘူး ဆိုရင် လည်း သံသရာမှာ ကောင်းတဲ့ဘဝကနေ ကောင်းတဲ့ဘဝကူးပြီး သွားလို့ရတာပဲ။
အကယ်၍ သံသရာကြီးကို ငြီးငွေ့လှပါပြီ၊ အို နာ သေ ဒီဒုက္ခကြီးတွေကို မလို ချင်တော့ဘူးဆိုရင်လည်း ကောင်းတာတွေ လုပ်ရင်းကနေပြီးတော့ ကောင်းတဲ့ ကံရော မကောင်းတဲ့ကံရော ဖယ်ရှားပစ်လိုက်တယ်၊ ကိလေသာတွေ ဖယ်ရှားပစ် လိုက်ခြင်းဖြင့် သံသရာ ဝဋ်ဆင်းရဲကလွတ်အောင် အားလုံး ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၁)
▬▬▬▬▬▬▬▬▬▬
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်နေ့၊ (၃-၉-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
ဝိပါကပစ္စယော
▬▬▬▬▬▬
“ဝိပါက”အကျိုးတရား၊ ဝိပါက ကို မြန်မာလို “အကျိုးတရား” လို့ ပြန်သလို ပါဠိစကားလုံးနောက် လိုက်ပြီးတော့ “ဝိပါက်” လို့လည်း အသုံးပြုကြသေးတယ်၊ ဝိပါက်လို့ ရေးတဲ့အခါ အသံထွက်ကို ကြည့်မယ်ဆိုရင် စာလုံးပေါင်းမှားတတ်တယ်၊ ဝိပါက ပုဒ်မှာ ကကြီးသတ်လိုက်ရုံပဲ ဝိပါက်။ ပါဠိလိုဖတ်ရင် “ပ” စောက်သံ ပီပီသသ ဖတ်ရတယ်၊ မြန်မာတွေရဲ့ အသံနေ အသံထားအတိုင်းသွားတဲ့အခါ ဝိပါက ဆိုတုန်းက ပစောက်သံ ပီသော်လည်း ဝိပါက်လို့ဆိုတဲ့အခါ “ဘ”ကုန်းသံ ဖြစ်သွား တယ်၊ ရှေ့ကစာလုံးကိုကြည့်ပြီးတော့ ဒါက အသံရဲ့ပြောင်းလဲမှုပေါ့၊ မြန်မာစကားမှာ ရှိတယ်၊ “ရေးတော့အမှန် ဖတ်တော့အသံ”၊ ဒါ ဘယ် language ဘယ် ဘာသာ စကားမှာပဲဖြစ်ဖြစ် ဒီလိုပဲရှိတယ်၊ မြန်မာဘာသာမှ မဟုတ်ဘူး၊ တခြားဘာသာ တွေမှာလည်း ရှေ့နောက်ကြည့်ပြီး အသံပြောင်းသွားတာမျိုးရှိတယ်၊ ရေးတဲ့အခါ အမှန် ရေးရတယ်၊ ဖတ်တဲ့အခါ အသံကိုလိုက်ရတယ်။
တချို့က မြန်မာစကားဟာ ရေးတဲ့အတိုင်း မဖတ်ဘူး၊ မြန်မာစကားက ခက်တယ်လို့ ပြောကြတယ်၊ ဘယ်ဘာသာစကားပဲဖြစ်ဖြစ် ရေးတဲ့အတိုင်းဖတ်တာ မဟုတ်ပါဘူး၊ အင်္ဂလိပ်စကားမှာလည်း အများကြီးရှိတာပဲ၊ ရေးတဲ့အခါ know လို့ ရေးထားပြီး ဖတ်တဲ့အခါကျတော့ “ကနိုး” လို့ မဖတ်ဘဲ “နိုး” လို့ ဖတ်တယ်၊ ဒါမျိုးတွေရှိတာပဲ၊ do ကျတော့ “ဒူး”လို့ ဖတ်တယ်၊ to ကျတော့ “တူ” တဲ့၊ but ကျတော့ “ဘတ်” တဲ့၊ put ကျတော့ “ပွတ်”တဲ့၊ ဘယ်ဘာသာ စကားပဲဖြစ်ဖြစ် အပြောင်းအလဲ လေးတွေရှိတယ်၊ ဒါကြောင့် ရေးတော့အမှန်၊ ဖတ်တော့ အသံ ဆိုတာဟုတ်တယ်။
ဒီမှာလည်း “ဝိပါက” ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုလိုက်တဲ့အခါ “ဝိဘက်” တဲ့။ “ကာလဝိဘက် နောက်ပိုးတက်” ဆိုပြီး အကျိုးဝိပါက်ကို ခံစားရတယ်၊ ဝိပါကဝဋ်က မလွတ်ကြဘူးတဲ့၊ မြန်မာစကားမှာ ပြောနေကြတယ်၊ “ဝိဘက်၊” ပ,စောက်သံ ပျောက်သွားပြီး ဘ,ကုန်းသံရောက်သွားတယ်၊ ဒါမျိုးက ဒိပြင်နေရာ တွေမှာလည်း ရှိတယ်၊ ရှေ့စကားလုံးကို ကြည့်ပြီးတော့ အသံပြောင်းလဲမှုတွေ ပေါ်တယ်၊ ဒါ သတိထားစရာလေးတွေ ပြောပြတာ။
“ပင်”ဆိုတဲ့စကားလုံးလေးကို ကြည့်၊ ပစောက်နဲ့ ရေးထားတယ်၊ “ပင်”လို့ ပီပီသသထွက်တယ်၊ ရှေ့က စကားလုံးတစ်လုံး ထည့်လိုက်လို့ရှိရင် အသံပြောင်း သွားတယ်၊ ဆိုပါစို့ - သစ်ပင်၊ ရှေ့က “သစ်” ဆိုရင် သစ်ပင်လို့ဖတ်တယ်၊ ဒါဖြင့် ရှေ့ကနေ “ပန်း”ထည့်လိုက်မယ်၊ “ပန်းဘင်” ဖြစ်သွားတယ်၊ “ပန်းပင်” ဆိုရင် ဝဲတယ်လို့ ပြောကြမှာပေါ့၊ ပီပီသသ လေးလေးနက်နက်ဖတ်ရင် “ပန်းဘင်” လို့ပဲ ဖတ်ရမယ်၊ ဟော ဒီလိုပြောင်းလဲမှုတွေ ရှိတယ်။
ဝိပါကဆိုတာ အကျိုးတရား၊ မှန်ပါတယ်၊ စကားလုံးအဓိပ္ပါယ် ပြည့်ပြည့်စုံစုံ ပြောမယ်ဆိုရင် ဝိဆိုတာက အဓိပ္ပါယ်တစ်ခု၊ ပါကဆိုတာက အဓိပ္ပါယ်တစ်ခု၊ ဝိ ဆိုတာ ဒီနေရာမှာ “မတူဘူး” ဆိုတဲ့အဓိပ္ပါယ်ပြတာ၊ တစ်ခုနဲ့တစ်ခု သဘာဝချင်း မတူတာ၊ ဝိ - သဘာဝချင်း ကွဲပြားခြားနားနေတဲ့ အကြောင်းတရားတွေ။ သဘာဝချင်းကွဲပြား ခြားနားတဲ့ အကြောင်းတရားဆိုတာ ဘာကိုပြောတာတုန်းဆိုရင် ကုသိုလ်နဲ့ အကုသိုလ်၊ ကုသိုလ်ကံနဲ့ အကုသိုလ်ကံသည် သဘာဝချင်း မတူဘူး၊
“ကုသလာ အနဝဇ္ဇ သုခဝိပါကလက္ခဏာ”၊ ကုသလဆိုတာ အပြစ်ကင်းတယ်၊ ကောင်းကျိုးချမ်းသာပေးတတ်တဲ့ အမှတ်လက္ခဏာရှိတယ်၊ “အကုသလာ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ”၊ အကုသိုလ်ကျတော့အပြစ်ရှိတယ်၊ ဒုက္ခဝိပါကလက္ခဏာ- ဆင်းရဲတဲ့ အကျိုးပေးတယ်၊ သဘာဝချင်း မတူကြဘူး၊ အဲဒီသဘာဝချင်းမတူတဲ့ ကံနှစ်ခုရဲ့ ပါက အကျိုးလို့ပြောတာ။
ဒီတော့ ဝိပါကဆိုတဲ့ စကားလုံးသည် ကုသိုလ်နဲ့လည်းဆိုင်တယ်၊ အကုသိုလ် နဲ့လည်းဆိုင်တယ်၊ ကုသိုလ်ရဲ့အကျိုးကိုလည်း ဝိပါက၊ အကုသိုလ်ရဲ့ အကျိုးကိုလည်း ဝိပါက၊ ကံတရားတွေရဲ့အကျိုးကိုလည်း ဝိပါကလို့ ခေါ်တယ်၊ ဒါကြောင့်မို့ ဝဋ် ၃-ပါး ပြောတဲ့အခါမှာ ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် လို့ ဒီလိုပြောတယ်၊ ဒီတော့ နားလည်နေရမှာက ဝိပါက ဆိုတာ အကျိုးတရား၊ သဘာဝချင်းမတူတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားလို့ပြောတာ။
ဒါဖြင့် ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားမှန်သမျှကို ဝိပါကလို့ ခေါ်သလားလို့ မေးစရာရှိတယ်၊ ဒီ ဝိပါကဆိုတဲ့စကားလုံးက ကုသိုလ်ကံ အကုသိုလ် ကံရဲ့အကျိုးဖြစ်တိုင်း ဝိပါကလို့ မခေါ်ဘူး၊ ဆိုပါစို့ - လူတွေသန္တာန်မှာ ရုပ်တရား တွေရှိတယ်၊ စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ၊ ပသာဒရုပ်ငါးခု၊ ဒီပသာဒရုပ်ငါးခုရဲ့အကြောင်းတရားက ဘာတုန်းဆိုတော့ ကံပဲ၊ အဲဒီကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေကို ဝိပါက လို့ ခေါ်လားဆိုတော့ မခေါ်ဘူး၊ ဒါဖြင့် သူတို့က ကံရဲ့အကျိုး မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်၊ ကမ္မဇရုပ်တွေက ကံရဲ့အကျိုးတွေပဲ၊ ဘာဖြစ်လို့ မခေါ် တာတုန်း၊ ဒီ ဝိပါက ဆိုတဲ့စကားလုံးက ကံနဲ့ တူတဲ့ဟာမှခေါ်တာ၊ ခုနက ကမ္မဇရုပ်တွေကျတော့ ကံနဲ့တူလားဆိုတော့ မတူဘူး။
ဘယ်လိုမတူတာတုန်းဆိုတော့ ကံက နာမ်တရား၊ စေတနာကို ကံလို့ ပြောတာ၊ စေတနာဆိုတာ စေတသိက်နာမ်တရား၊ ကမ္မဇရုပ်တွေက ရုပ်တရား၊ ဟော ရုပ်နဲ့ နာမ်နဲ့ မတူဘူးလေ၊ သဘာဝချင်း မတူဘူး၊ ဒါကြောင့်မို့ အကြောင်းဖြစ်တဲ့ အကျိုးတရားနဲ့တူတဲ့ဟာကိုသာလျှင် ဝိပါက လို့ ခေါ်တာ၊ မတူတာကို မခေါ်ဘူး။
ဒါက ဥပမာတစ်ခုနဲ့ စဉ်းစားကြည့်ရင် ရှင်းနေတာပဲ၊ ပါဠိလို ဖလ၊ မြန်မာ လို အသီး၊ အဲဒီအသီးထဲပါတဲ့ အစေ့လေးကို စိုက်လိုက်တဲ့အခါ ဘယ်နှစ်မျိုး ထွက် လာတုန်း၊ ကြည့် - အစေ့လေးက ဘာထွက်တုန်း၊ အမြစ်ထွက်တယ်၊ အညှောက် ထွက်တယ်၊ ပင်စည်ထွက်တယ်၊ အရွက်တွေ ထွက်တယ်၊ အပွင့်တွေ ထွက်တယ်၊ အသီးတွေ ထွက်တယ်၊ အဲဒီထဲမှာ အမြစ်ဟာလည်းပဲ အစေ့က ဖြစ်တာ၊ အညှောက် ကလည်းပဲ အစေ့က ဖြစ်တာ၊ ပင်စည်လည်းပဲ အစေ့က ဖြစ်တာ၊ အကိုင်းအခက် တွေလည်း အစေ့က ဖြစ်တာ၊ အရွက်တွေလည်း အစေ့က ဖြစ်တာ၊ အပွင့်လည်း အစေ့က ဖြစ်တာ၊ အသီးဟာလည်း အစေ့က ဖြစ်တာ၊ ဟော အစေ့က ဖြစ်တာတွေ အများကြီးကို အကုန်လုံးကို “ဖလ” လို့ ခေါ်သလားဆိုတော့ မခေါ်ဘူး၊ အဲဒီ အစေ့နဲ့သဏ္ဌာန်တူတဲ့ အစေ့ပါတဲ့အသီးကိုသာ ဖလလို့ ခေါ်တာ၊ အပွင့်ကို ဖလ လို့ မခေါ်ဘူး၊ လောကမှာ အကျိုးဆိုတိုင်း ဒီစကားလုံးကပြောတာ မဟုတ်ဘူး နော်၊ စဉ်းစားကြည့်ရမယ်။
အဲဒါကြောင့် အဋ္ဌကထာဆရာတွေက “ဝိပက္ကဘာဝမာပန္နာနံ အရူပဓမ္မာနံ အဓိဝစနံ” တဲ့။ ဝိပက္ကဘာဝဆိုတာ ရင့်ကျက်တဲ့အနေအထားတစ်ခုကို၊ အာပန္နာနံ - ရောက်လာတဲ့၊ အရူပဓမ္မာနံ - နာမ်တရားသက်သက်ရဲ့၊ အဓိဝစနံ - အမည်ပဲ၊ ဝိပါကဆိုတာ နာမ်တရားသက်သက်ကိုသာ ခေါ်ရတယ်၊ ဘာဖြစ်လို့တုန်း၊ အကြောင်းကံက နာမ်တရားဖြစ်လို့၊ သစ်ပင်က ဖလဆိုတာလည်း အသီးသက်သက် ကိုသာ ခေါ်လို့ရတယ်၊ ကျန်တဲ့အမြစ်ကို ဖလ မခေါ်ဘူး၊ ပင်စည်ကို ဖလ မခေါ်ဘူး၊ အကိုင်းတွေ အခက်တွေ အပွင့်တွေကို ဖလ လို့ မခေါ်ဘူး၊ အသီးတစ်မျိုးတည်းကိုပဲ ဖလ လို့ခေါ်တယ်၊ ဘာဖြစ်လို့လဲ? မျိုးစေ့နဲ့တူလို့၊ အဲဒီသဘောပဲ။ ဒီမှာလည်း နာမ်ချင်းတူတဲ့ အကျိုးတရားကိုသာလျှင် ဝိပါကလို့ ခေါ်တယ်၊ ဒါလည်း မှတ်ထား ရမယ်၊
ဒီတော့ ဝိပါက ဆိုတဲ့အကျိုးသည် နာမ်တရားကိုသာ ရည်ညွှန်းပြောတယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ကို ပြောချင်ရင် ကမ္မဖလလို့ပဲ ပြောရမယ်၊ ပါဠိတော်ကြီးတွေမှာ ကမ္မဇရုပ်ဆိုတဲ့အသုံးအစား ကဋတ္တာရုပ်လို့ သုံးတယ်၊ ကဋတ္တာရုပ်ဆိုတာ လုပ်ထားလို့ ရတာ၊ ဒီအဓိပ္ပါယ်ပဲ၊ ကဋတ္တာဆိုတာ လုပ်ထားတာ၊ ဘာကလုပ်ထား တာလဲ၊ ကံက လုပ်ထားတာ၊ ကံလုပ်ထားသည့်အတွက် ကံကထုတ်လုပ်သည့် ရုပ်လို့ပြောတာ၊ ကမ္မဇရုပ်ပဲ။
ဒီတော့ ဝိပါကပစ္စယောဆိုတဲ့ စကားလုံးလေးမှာ ဝိပါကဆိုတာ ကံတရားရဲ့ အကျိုးဖြစ်တဲ့ နာမ်တရားတွေကို ရည်ညွှန်းတယ်၊ ဝိ - သဘာဝချင်းမတူတဲ့ ကုသိုလ် ကံ အကုသိုလ်ကံတို့ရဲ့၊ ပါက - အကျိုးဖြစ်တဲ့နာမ်တရားလို့ ဒီလို အဓိပ္ပါယ် မှတ်ရ မယ်။
ကဲ ဒါဖြင့် အကျိုးဖြစ်တဲ့နာမ်တရားကို ပဋ္ဌာန်းပစ္စည်းမှာ ဘာဖြစ်လို့ ပစ္စယောလို့ ပြောတာလဲ၊ အရင်တုန်းက ရှင်းပြထားတယ်နော် - ပစ္စယ ဆိုတာ ဖြစ်စေတတ်တဲ့အကြောင်းတရား ... တည်စေတတ်တဲ့အကြောင်းတရား၊ ဒီနှစ်ခု ပြောတာ၊ ဒီတော့ အကျိုးတရားကလည်းပဲကြည့် - သူကလည်း ပစ္စယတစ်ခုပဲ၊ ပစ္စယော ဆိုတိုင်း အကြောင်းနဲ့ချည်းဆိုင်တာ မဟုတ်ဘူး၊ ဗုဒ္ဓရဲ့တရားတော်မှာ သေချာစဉ်းစားကြည့်၊ အကြောင်းသက်သက်ဆိုတာရှိလား၊ အကျိုးသက်သက် ဆိုတာရော ရှိရဲ့လား၊ မရှိဘူး၊ အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်ပဲ။
ပဋိစ္စသမုပ္ပါဒ်ကြည့်လေ၊ အဝိဇ္ဇာကိုထောက်ရင် သင်္ခါရက အကျိုးဖြစ်မနေ ဘူးလား၊ ဝိညာဏ်ကိုထောက်ရင် သင်္ခါရက အကြောင်းဖြစ်သွားတာ၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတာ သင်္ခါရက အကျိုး၊ “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုရင် သင်္ခါရက အကြောင်းဖြစ်သွားပြန်ရော၊ ဟော အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်။
ဒါကြောင့်မို့ ဗုဒ္ဓရဲ့ဝါဒက ပထမဆုံးအကြောင်းဆိုတာ မရှိဘူး၊ first cause ဆိုတာ မရှိဘူး၊ root cause ဆိုတာ မရှိဘူး၊ first cause ဆိုတာ သူ့ရဲ့ရှေ့မှာ အကြောင်း မရှိရဘူး၊ causeless cause အကြောင်းမဲ့တဲ့အကြောင်းဆိုတာလည်း မရှိဘူး၊ တခြား ဘာသာဝါဒတွေမှာတော့ ရှိတယ်လေ၊ ကမ္ဘာလောကကြီးတစ်ခုလုံး ကို God က ဖန်ဆင်းတယ်ဆိုရင် God က first cause ပဲ၊ God ကို ဘယ်သူက ဖန်ဆင်းတာတုန်းဆို မရှိတော့ဘူး၊ ပြတ်သွားပြီ၊ God က causeless cause ဖြစ် နေတယ်၊ Buddhism မှာ ဒီလို causeless cause မရှိဘူး၊ အကြောင်းနဲ့အကျိုးသည် ဆက်သွယ်ပြီးတော့ နေတယ်၊ အပြန်အလှန် ဖြစ်နေတယ်။
ဒီနေရာမှာ ဝိပါကဆိုတာ ဒီနာမည်ပေးထားရုံနဲ့ ရှုထောင့်တစ်ခုအနေနဲ့ သူဟာ အကျိုးတရား၊ သူကနေပြီးတော့ ဖြစ်စေတတ်တဲ့ အကျိုးတရားတွေကို ကြည့်ရင် သူဟာ အကြောင်းတရား ပြန်ဖြစ်သွားတယ်၊ ဒါကြောင့်မို့ ၂၄-ပစ္စည်းထဲမှာ ဝိပါကပစ္စယောလို့ မြတ်စွာဘုရား ဟောထားတာနော်။
အဘိဓမ္မာသင်ဖူးတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ကြည့်မယ်ဆိုရင် စိတ် ၈၉-ထဲမှာ ဝိပါက်စိတ်လို့ ခေါ်တဲ့စိတ် ၃၆-ရှိတယ်၊ အကုသိုလ်ရဲ့အကျိုးက ၇-ခုရှိတယ်၊ ကျန် တာတွေက ကုသိုလ်ရဲ့အကျိုး၊ အဲဒီလို စိတ် ၈၉-ထဲမှာ ဝိပါက်စိတ်တွေ ရှိတယ်၊ အဲဒီဝိပါက်စိတ်တွေဟာလည်းပဲ တစ်မျိုးတည်း ဖြစ်ကြတာ မဟုတ်ဘူး၊ ယှဉ်တဲ့ စေတသိက်တွေနဲ့ တွဲဖက်ပြီးတော့ဖြစ်တာ။
ရုပ်တရားပဲဖြစ်ဖြစ် နာမ်တရားပဲဖြစ်ဖြစ် တစ်ခုတည်း မဖြစ်ဘူး၊ အစုလိုက် ဖြစ်တယ်၊ အစုလိုက်တည်နေမှ energy ဆိုတာ ဖြစ်တယ်၊ တစ်ခုစီ ခွဲလိုက်ရင် energy မရဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် ပေါင်းစပ်မှ energy ရတယ်၊ ဒီဝိပါက်စိတ် တွေမှာလည်းပဲ energy ရှိအောင် ပေါင်းစပ်ထားတာ။
ဥပမာ - စက္ခုဝိညာဏ်စိတ်ဆိုပါတော့၊ ကုသိုလ်ရဲ့ အကျိုး ရှိမယ်၊ အကုသိုလ်ရဲ့အကျိုး ရှိမယ်၊ စက္ခုဝိညာဏ်စိတ်ဟာ သူတစ်ခုတည်း ဖြစ်လာတာ လားဆိုတော့ မဟုတ်ဘူး၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ခုနဲ့ တွဲတယ်၊ သူ့ ရဲ့ unit က ရှစ်ခုရှိတယ်၊ ရှစ်ခုအစုကို ခေါ်တယ်၊ စိတ်လို့ ပြောလိုက်တာနဲ့ စေတသိက် ၇-ခု က ပါပြီးသား၊ အဲဒီရှစ်ခုကို ခွဲစိတ်လိုက်မယ်၊ separate တစ်ခုစီ ခွဲလိုက်မယ်ဆိုရင် ပျက်သွားပြီ၊ energy မရှိတော့ဘူး၊ ကားများလိုပဲ တစ်စစီဖြုတ်ထားရင် မောင်းမရ ဘူး၊ စက်ကိရိယာတွေ တစ်ခုစီဖြုတ်ထားရင် သုံးမရဘူး၊ ဒီသဘာဝတရားတွေလည်းပဲ စုပြီးမှ စွမ်းအင်တွေဖြစ်လာတာ။
ဝိပါက်စိတ်တွေမှာ ကာမကုသိုလ်တွေရဲ့အကျိုးက အဟိတ်ကုသလဝိပါက် စိတ်က ၈-ခု၊ မဟာဝိပါက်စိတ်က ၈-ခု၊ ကာမကုသိုလ်နဲ့ ပတ်သက်တဲ့ အကျိုးတရား ၁၆-ခု ရှိတယ်၊ နောက် ဈာန်ကုသိုလ်နဲ့ပတ်သက်တဲ့ ရူပါဝစရကုသိုလ်ရဲ့ အကျိုး တရားဖြစ်တဲ့ ရူပါဝစရဝိပါက်စိတ်က ၅-ခု၊ အရူပါဝစရကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ အရူပါဝစရ ဝိပါက်စိတ်က ၄-ခု။ မဂ်လေးပါးရဲ့အကျိုးဖြစ်တဲ့ ဖိုလ်စိတ်က ၄-ခု၊ တစ်ခါတစ်ရံ ဝိပါကလို့ သုံးတယ်၊ အမြဲတမ်းသုံးတာတော့ ဖလလို့ သုံးတယ်၊ ဘာဖြစ်လို့ ဖလ လို့ သုံးတာတုန်း၊ မတူညီတဲ့အနေအထားတစ်ခုကို ပြောပြမယ်၊ ဖလ ဆိုတဲ့စကားလုံး ကလည်း အကျိုးကို ပြောတာပဲ၊ ဝိပါကကလည်း အကျိုးပဲ၊ မဂ်ရဲ့ အကျိုးကိုတော့ ဖိုလ်လို့ ခေါ်လိုက်တယ်၊ ဖလလို့ ခေါ်တယ်၊ ရံဖန်ရံခါတော့ ဝိပါကဆိုတဲ့စကားလုံး လည်း သုံးပါတယ်။ ပေါင်းလိုက်တဲ့အခါကျတော့ ဝိပါက်စိတ် သည် ၃၆-ခု ရှိတယ်။
အဲဒီဝိပါက် စိတ် ၃၆-ခုသည် ယှဉ်တဲ့စေတသိက်တွေနဲ့ တွဲပြီး ဖြစ်တယ်၊ ဒါ ပေါင်းပြီးတော့ ပြောတာ၊ ရှိတာတွေ အကုန်လုံးပြောတာ၊ ဖြစ်တာကျ အဲဒီလိုဖြစ်တာ မဟုတ်ဘူး၊ တစ်ခုစီတစ်ခုစီဖြစ်တာ၊ စိတ်ဟာ ဘယ်တော့မှ နှစ်ခုပြူး မဖြစ်ဘူး လို့ပြောတာ၊ စိတ်နဲ့ စေတသိက်ကတော့ unit ဖွဲ့တယ်၊ စိတ်တစ်ခုလျှင် ဆိုင်ရာ စေတသိက် အနည်းဆုံး ၇-ခု ရှိတယ်၊ သို့သော် စိတ်၂-ခုပေါင်းပြီးတော့ ဖြစ်တယ်လို့ မရှိဘူး။
ဆိုပါစို့ - စက္ခုဝိညာဏ်စိတ်နဲ့ သောတဝိညာဏ်စိတ် တွဲဖြစ်တာ မရှိဘူး၊ အချိန်တစ်ခုစီ၊ ခဏတစ်ခုစီပဲ ဖြစ်လို့ ရတယ်၊ သူတို့နှစ်ခုသည် ပြိုင်တူမဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့လို့ စာပေကျမ်းဂန်တွေမှာ ဆိုထားတယ် “တို့ဟာ တစ်စိတ်တည်းနဲ့ အသက်ရှင်နေတာ၊ နှစ်စိတ်နဲ့ အသက်ရှင်နေတာ မဟုတ်ဘူး”၊ စိတ်ဆိုတာ momentary ဖြစ်ပျက်အစဉ်ကလေး အခိုက်အတံ့လေးတွေ၊ စိတ်တစ်ခုပျက်သွား မှ နောက်တစ်ခုပေါ်လာတာ၊ အစဉ်အတန်းကြီးပဲ၊ လူတွေဟာ စိတ်တစ်ခုတည်းနဲ့ အသက်ရှင်နေတာ၊ ဧကစိတ္တ သမာယုတာ။
ကားလမ်းပေါ်မှာ မောင်းသွားတဲ့ကားရော၊ ကားဘီးက ကတ္တရာလမ်းပေါ် ထိနေတာက ဘီးတစ်ခုလုံး ထိနေတာလား၊ သို့မဟုတ် ဘီးရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ ထိတာလား၊ တစ်ပြိုင်နက်မှာ အစိတ်အပိုင်းလေးတစ်ခုပဲ ထိတာနော်၊ တာယာကြီးတစ်ခုလုံး ကားလမ်းပေါ်မှာ တစ်ပြိုင်နက် ထိမနေဘူး။
ထို့အတူပဲ လူတွေဟာ အသက်ရှင်နေတယ်ဆိုတဲ့နေရာမှာ တစ်စိတ်တည်း နဲ့ အသက်ရှင်နေတာ၊ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ်၊ စိတ်တစ်ခုပြီး စိတ်တစ်ခု၊ ဒီလိုပေါ်နေတာ၊ အဲဒီ ပေါ်နေတဲ့စိတ်တွေဟာ ယှဉ်ဘက်စေတသိက် တွေနဲ့ တွဲတွဲပြီးတော့ အချင်းချင်းအပြန်အလှန် အကျိုးပြုနေကြတယ်တဲ့၊ ဒါကြောင့် မို့ ဝိပါကပစ္စယောဆိုတာ ကုသိုလ်အကုသိုလ်ကို ကြည့်မယ်ဆိုရင် အကျိုးတရားပဲ၊ အပြန်အလှန် အကျိုးပြုတာကိုကြည့်ရင် အပြန်အလှန် အကြောင်းတရားတွေ ဖြစ်နေကြတယ်၊ တစ်ခုက အကြောင်းဖြစ်ရင် ကျန်တာတွေကအကျိုး၊ ဒီလိုဆိုတယ်။ အဲဒါကို ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်မှာ -
“ဝိပါကပစ္စယောတိ၊ ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော”။
ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး၊ ခုနကပြောခဲ့တဲ့ ဝိပါကဆိုတာ နာမ်နဲ့ပဲ သက်ဆိုင်တယ်၊ ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး ဝိညာဏက္ခန္ဓာဆိုတာ ဝိပါက်စိတ် ၃၆-ခုကိုပြောတာ၊ ဝေဒနာက္ခန္ဓာက ဝိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာ၊ သညာက္ခန္ဓာက ဝိပါက်စိတ်မှာယှဉ်တဲ့ သညာ၊ ကျန်တဲ့ သင်္ခါရက္ခန္ဓာလို့ဆိုတဲ့ ဝိပါက်စိတ်မှာယှဉ်နိုင်တဲ့ စေတသိက်တွေ၊ ဟော ပေါင်းလိုက်တဲ့အခါ နာမ်ခန္ဓာလေးပါးပဲ။
ဆိုပါစို့ - မိမိတို့သန္တာန်မှာ စက္ခုဝိညာဏ်ဆိုတဲ့ ဝိပါက်စိတ် ဖြစ်လာတယ်၊ အဲဒီ စက္ခုဝိညာဏ်စိတ်နဲ့ယှဉ်တွဲပြီး ဖြစ်လာတဲ့စေတသိက်မှာ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်က သညာက္ခန္ဓာ၊ ကျန်တဲ့ ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရတို့က သင်္ခါရက္ခန္ဓာ၊ ပေါင်းလိုက်ရင် နာမ်ခန္ဓာလေးပါးပဲ၊ အဲဒီဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါးသည်၊
- အညမညံ - အပြန်အလှန်၊
- ဝိပါက ပစ္စယေန - ဝိပါကပစ္စယသတ္တိဖြင့်၊
- ပစ္စယော ဥပကာရကော - ကျေးဇူးပြုနေ၏၊
ဒါကို ပြောတာ။ စက္ခုဝိညာဏ်စိတ်က ဘယ်သူတွေကို ကျေးဇူးပြုတုန်းလို့မေးရင် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရ ဆိုတဲ့ စေတသိက် ခန္ဓာ ၃-ပါးကို ကျေးဇူးပြုတယ်၊ စေတသိက် ၇-ခုကို ကျေးဇူးပြုတယ်၊ ဘာသတ္တိနဲ့ ကျေးဇူးပြုတုန်းဆိုရင် ဝိပါကသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါ ပြောတာနော်။
ဒါဖြင့် ဝိပါကသတ္တိ ဆိုတာ ဘာပြောတာလဲ၊ ဝိပါကရဲ့ သဘောတွေကို ကြည့်ရအောင်၊ ဝိပါက်စိတ်တွေဟာ နိရုဿာဟ သန္တဘာဝ၊ ဝိပါက်စိတ်တွေဟာ ဘာမှ activity မရှိဘူး၊ ကံတရားတွေလို ကုသိုလ်တို့ အကုသိုလ်တို့လို ထက်ထက် မြက်မြက် မရှိကြဘူး၊ သူက အကျိုးတရားပဲ၊ ကြိုးပမ်းအားထုတ်မှု ဘာမှမရှိဘူး၊ ရှိလို့လည်း မရဘူး၊ ကံရဲ့ပုံရိပ်တွေပဲဖြစ်တယ်။
ဆိုပါစို့ - ကိုယ့်ရဲ့ရှေ့ကနေပြီးတော့ ကြည့်မှန်ထောင်ကြည့်လိုက်၊ ထောင် ကြည့်လိုက်လို့ရှိရင် လူအစစ်က တစ်ဖက်၊ မှန်ထဲမှာပေါ်လာတဲ့အရိပ်က တစ်ဖက်၊ အဲဒီမှန်ထဲမှာ ပေါ်လာတဲ့အရိပ်ကို လူရဲ့ပုံသဏ္ဌာန်နဲ့ ခြားနားသွားအောင် ပြင်လို့ ရလား၊ မရဘူး မဟုတ်လား၊ ပကတိလူကို မပြင်ဘဲနဲ့ မှန်ထဲကပုံရိပ်ဟာ လှုပ်ရှား လို့ရလား၊ မရုဘူး၊ ဝိပါက်တွေဟာ ပုံရိပ်ပဲ၊ ပုံရိပ်ဆိုတာ
- နိရုဿာဟ - သူတို့မှာ ဘာမျှအားထုတ်နိုင်မှု မရှိကြဘူး၊ အားထုတ်နိုင်စွမ်း မရှိကြတော့၊
- သန္တ - ငြိမ်သက်နေကြတယ် (ငြိမ်းချမ်းတာ မဟုတ်ဘူးနော်) ငြိမ်နေတာကို ပြောတာ၊
နိရုဿာဟ သန္တဘာဝတဲ့၊ ပဋ္ဌာန်းအဋ္ဌကထာတို့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့က ဖွင့်တယ်၊ နိရုဿာဟ သန္တဘာဝေန - အားထုတ်မှုကင်းမဲ့ပြီး ငြိမ်နေတဲ့အနေအထားနဲ့၊ ဟော ဝိပါက် စိတ်တွေဟာ အားထုတ်မှုကင်းပြီး ငြိမ်နေတာ၊ ကံတည်းဟူသော အကြောင်း တရားကြောင့် ဖြစ်လာလို့ ကံရဲ့ ပုံရိပ်အနေနဲ့ လာထင်တာ၊ ဘာမှ သူတို့ ပြင်လို့ရတာ မဟုတ်ဘူး၊ ကံက ဖန်တီးလိုက်တဲ့အတိုင်း အရိပ်လာထင်မှာပဲ။
ဘုန်းကြီးတို့ရဲ့ ခန္ဓာကိုယ်မှာလည်း ပြင်မရတာတွေ အများကြီးရှိနေတာ၊ ကံရဲ့ပုံရိပ်တွေ ဟုတ်ရဲ့လား၊ ဒါပေမယ့် ကြံကြံဖန်ဖန် ပြင်တဲ့လူက ရှိသေးတယ် နော်၊ အသားမည်းတဲ့လူက ဖြူအောင်လုပ်တယ်၊ မလှတဲ့သူက လှအောင်လုပ်တယ်၊ အသားဖြူတဲ့လူက မည်းချင်တယ်၊ ကံရဲ့ပုံရိပ်တွေကို ကြိုးကြိုးစားစားပြင်နေ ကြတာ တွေ ရှိတယ်၊ သို့သော် ပြင်မရတာတွေ အများကြီး၊ ပြင်ရတာက ဓားနဲ့လှီးပြင်တာ တော့ ပြင်လို့ရတာပေါ့၊ ပုံပျက်တာတို့ ဘာတို့တော့ လုပ်မရဘူး။
သို့သော် ကံတရားရဲ့အကျိုးတရားဆိုတာ ပြင်လို့ ရတာ မဟုတ်ဘူး၊ ကံက လူ့ သဏ္ဌာန်ဖန်တီးလိုက်ရင် လူပဲလေ၊ တိရစ္ဆာန်သဏ္ဌာန်ဖန်တီးလိုက်ရင် တိရစ္ဆာန် ပဲ၊ နိရုဿာဟ – ကြိုးပမ်းအားထုတ်မှုကင်းမဲ့ပြီးတော့၊ သန္တ – ငြိမ်နေတဲ့သဘောလို့ ပြောတာ၊ ဒါက လှုပ်ရှားမှုကင်းမဲ့ပြီးတော့ ငြိမ်နေတဲ့သဘောလို့ ပြောတာ၊ မှန်ထဲမှာ အရိပ်ပေါ်နေတာမျိုးလို သို့မဟုတ် ပန်းချီကားချပ်ထဲက ရုပ်ပုံလွှာ သို့မဟုတ် ဓာတ်ပုံရိုက်ထားတဲ့ရုပ်ပုံလွှာ၊ ငြိမ်နေတာလေ၊ ဓာတ်ပုံဟာ ဖလင်ပေါ်မှာ ထင်နေ တာ၊ ထင်တဲ့အတိုင်းပဲ ပြင်လို့မရဘူး၊
(ဒါပေမယ့် . ကြံကြံဖန်ဖန် ပြင်ရင်တော့ နှုတ်ခမ်းမွှေးမပါတဲ့လူ နှုတ်ခမ်းမွှေးတပ်၊ ဒါက ပြင်လို့ရတယ်ဆိုတာ အပေါ်ယံတင် လုပ်နေတာ၊ ဟုတ်ရဲ့လား၊ တကယ် ကတော့ ဒါ ပြင်လို့ရတာ မဟုတ်ဘူး၊)
သဘာဝ အတိုင်း ငြိမ်နေတာ၊ အဲဒီသဘောကို ပြောတာ၊ နိရုဿာဟ သန္တဘာဝ - ဝိပါက် စိတ်တွေဟာ အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်နေတဲ့သဘောရှိတယ်။
ဒီတော့ ဝိပါက်စိတ်တွေက ငြိမ်နေတယ်ဆိုရင် ဝိပါက်စိတ်နဲ့ ယှဉ်နေတဲ့ စေတသိက် တွေကရော မငြိမ်လို့ ဖြစ်မလား၊ အကြောင်းတရားဖြစ်တဲ့ ဖိပါက်စိတ်က ငြိမ်လိုက်ပြီ ဆိုရင် ကျန်တာရော မငြိမ်ရပေဘူးလား၊ ငြိမ်သွားတယ်၊ အဲဒါကြောင့်မို့ အဋ္ဌကထာ ဆရာကြီးက ရှင်းပြတာ “နိရုဿာဟ သန္တဘာဝါယ ဥပကာရက” အကြောင်းတရားက အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်သက်နေတဲ့ အနေအထား ကြောင့် ကျန်တဲ့ယှဉ်ဘက်သဘာဝတရားတွေကိုလည်းပဲ အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်သက်သွားအောင် ပြုတယ်၊ ဒါမှ လိုက်လျော်ညီထွေ ဖြစ်မှာပေါ့၊ တစ်ခုက ငြိမ်၊ တစ်ခုက လှုပ်နေရင် ဘယ်ပေါင်းလို့ ရမလဲ၊ ရပါ့မလား၊ မရဘူး၊ ငြိမ်နေတာချင်း တူမှ ပေါင်းစပ်လို့ ရတာနော်။
ဝိပါကကနေပြီး အကျိုးပြုတဲ့ ဝိပါကပစ္စယောဆိုတာ အဲဒါ ပြောတာနော်၊ တခြားဟာကိုပြောတာ မဟုတ်ဘူး၊ အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်သက်နေတဲ့ အနေအထားဖြင့် ယှဉ်ဘက်တရားတွေကိုလည်း အားထုတ်မှုကင်းပြီးတော့ ငြိမ်သက် သွားအောင် ကျေးဇူးပြုတယ်။
ကဲ ဒီလိုဆိုလို့ရှိရင် ဝိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာနဲ့ ကုသိုလ်စိတ်မှာ ယှဉ်တဲ့ဝေဒနာ တူပါတော့မလား၊ မတူဘူး။ ဝိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာက အားထုတ်မှု မရှိဘူး၊ ငြိမ်သက်နေတယ်၊ ကုသိုလ်စိတ် အကုသိုလ်စိတ်မှာယှဉ်တဲ့ ဝေဒနာကျတော့ အားထုတ်မှုရှိတယ်၊ လှုပ်ရှားတယ်၊ မငြိမ်သက်ဘူး၊ ဒီလိုဆိုတယ်။ အဲဒါ ဘယ်သူ့ကြောင့် ဒီလိုကွဲပြားသွားတာတုန်းဆိုရင် ဒါ ဝိပါကသတ္တိ ကြောင့်ပဲ၊ ဝိပါကသတ္တိလို့ပြောတာ အဲဒါ။
အဲဒါကို ပဋ္ဌာန်းမှာ -
“ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော”။
- ဝိပါကာ – ဝိပါကလို့ဆိုတဲ့၊
- စတ္တာရော ခန္ဓာ အရူပိနော - နာမ်ခန္ဓာလေးပါးတို့ဟာ၊
- အညမညံ - အပြန်အလှန်၊
- ဝိပါကပစ္စယေန - ဝိပါကပစ္စယသတ္တိဖြင့်၊
- ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။
အပြန်အလှန် အထောက်အကူပြုတယ်၊ အပြန်အလှန် အထောက်အကူ ပြုတယ် ဆိုတာ သူက ငြိမ်သက်လို့ ကျန်တာတွေကို ငြိမ်သက်စေတယ်၊ ငြိမ်သက်အောင် လုပ်တယ်။
အပြန်အလှန်ဆိုတဲ့စကားက ဘာပြောတာတုန်း၊ ခုနတုန်းက စက္ခုဝိညာဏ် စိတ်တစ်ခုကို နားလည်ရင် ကျန်တာတွေအကုန် နားလည်တယ်၊ စက္ခုဝိညာဏ်စိတ် က ဝိပါကပစ္စယဆိုလို့ရှိရင် ဖဿ၊ ဝေဒနာ၊ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရလို့ ဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ တစ်နည်းအားဖြင့် စေတသိက်နာမ်ခန္ဓာ၃-ပါး၊ ဝိပါက်စိတ်က ဝိညာဏက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာကို ပစ္စည်းယူရင် ကျန်တဲ့ နာမ်ခန္ဓာ ၃-ပါးက ပစ္စယုပ္ပန်၊ ငြိမ်သက်အောင်လုပ်တာ၊ ကျန်တဲ့နာမ်ခန္ဓာ၃-ပါးကို ပစ္စည်းယူရင် ဝိပါကစိတ် စက္ခုဝိညာဏ်စိတ်က အကျိုး တရားဖြစ်တယ်၊ အပြန်အလှန်။ နာမ်ခန္ဓာလေးပါးထဲမှာ ၂-ခုက အကြောင်းဆိုရင် ကျန်တဲ့၂-ခုက အကျိုး၊ ဒီလိုပြောတာ။ သူတို့ကျေးဇူးပြုတာ ဘာတုန်းဆိုရင် ငြိမ်သက်အောင် ကျေးဇူပြုတာပဲ၊ လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်တယ်။
အဲဒီလို လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်နေတဲ့သဘာဝတရားတွေဟာ အပြန်အလှန် လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်နေအောင် အထောက်အကူ ပြုနေကြပါတယ်၊ ဒါကိုပဲ ဝိပါကပစ္စယောလို့ ပြောတာ၊ (ကာလဝိပါက် နောက်ပိုးတက်နဲ့ လည်း မဆိုင်ဘူး၊ ဝိပါကဝဋ်နဲ့လည်း မဆိုင်ဘူးနော်၊ ဝိပါကပစ္စယောရဲ့ အဓိပ္ပါယ်က ဒါကို ပြောတာ၊) သဘာဝတရားတွေက အချင်းချင်း အပြန်အလှန် အထောက်အကူ ပြုနေတယ်ဆိုတဲ့သဘောကိုပြောပြတာ၊ ဒီလိုဆိုလိုတယ်၊ ဒါက ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ဒီလောက်ပဲ ဟောထားတယ်။
ပဥှာဝါရအဆို
▬▬▬▬▬▬
ဒါပေမယ့် ဝိပါကပစ္စည်းက ဒီလောက်တင် အပြန်အလှန် အထောက်အကူ ပြုရုံပဲလားဆို မဟုတ်ဘူး၊ အကျိုးတစ်ခုထုတ်လုပ်တာ ရှိသေးတယ်၊ အဲဒီထုတ်လုပ် တာကိုတော့ ပစ္စယနိဒ္ဒေသမှာ မဟောဘူး၊ ပဥှာဝါရ ပဋ္ဌာန်းပါဠိတော်မှာကျတော့ ဟောတယ်၊ ဝိပါက်စိတ်တွေဖြစ်လာတဲ့အခါမှာ (ဝိပါက်စိတ်တိုင်းတော့ မဟုတ်ဘူး)၊ ခုနပြောတဲ့ စက္ခုဝိညာဏ်စိတ်၊ သောတဝိညာဏ်စိတ်၊ ဃာနဝိညာဏ်စိတ်၊ ဇိဝှါ- ဝိညာဏ်စိတ်၊ ကာယဝိညာဏ်စိတ်ဆိုတဲ့ ဒွေပဉ္စဝိညာဏ်စိတ်၊ (ဒွေပဉ္စဆိုတာ ငါးနှစ်လီကို ပြောတာနော်၊ ငါးနှစ်လီ တစ်ဆယ်)၊ စက္ခုဝိညာဏ်စိတ်က ၂-ခု ရှိတယ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ် အားလုံး ၂-ခုစီရှိတယ်၊ အားလုံးပေါင်း ၁၀၊ အဲဒီစိတ် ၁၀-ခု ဖြစ်လို့ရှိရင် အဲဒီ စိတ် ၁၀-ခု က စိတ္တဇရုပ်ကို မထုတ်လုပ်နိုင်ဘူး၊ နောက် အရူပဝိပါက် ၄-ခု၊ အရူပဘုံမှာ ဖြစ်တယ်၊ အရူပဘုံဆိုတာ ရုပ်ကင်းမဲ့တဲ့ဘုံ၊ ရုပ်မရှိတဲ့ဘုံ၊ ရုပ်ကင်းမဲ့တဲ့ဘုံမှာ ဖြစ်တဲ့စိတ် ကလည်း ရုပ်ကိုမထုတ်လုပ်ဘူး၊ ထုတ်စရာမှ မရှိတာ၊ ဘာကို ထုတ်မလဲ၊ ရုပ်မရှိတဲ့နေရာ သွားဖြစ်တယ်။
ကျန်တဲ့ဝိပါက်စိတ်တွေကျတော့ စိတ္တဇရုပ်ကို မွေးဖွားပေးလိုက်တယ်တဲ့၊ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေထဲက လူမမြင်ရတဲ့ရုပ်တွေက ဘာတုန်း၊ စိတ်ကြောင့် ဖြစ်တာ ပထဝီ ရှိတယ်၊ စိတ်ကြောင့်ဖြစ်တဲ့ ပထဝီကို ဘယ်လိုခန့်မှန်းလို့ရလဲ၊ လမ်းလျှောက်တဲ့အခါ ကြည့်၊ လမ်းလျှောက်တဲ့အခါမှာ Anatomy တို့ သိပ္ပံဆရာ တို့ကတော့ တစ်မျိုး ပြောချင်ပြောမယ်၊ ဗုဒ္ဓရဲ့အဘိဓမ္မာနယ်ကတော့ တစ်မျိုးပြော တယ်နော်၊ သူတို့က ကြွက်သားအားတို့ ဘာတို့ ပြောချင်ပြောမှာပေါ့နော်၊ လမ်းလျှောက်တဲ့အခါမှာ ရှေ့ကိုလှမ်းမယ်ဆိုတဲ့အခါမှာ ခြေထောက်ကမမြှောက်ဘူး လား၊ မြှောက်တယ်နော်၊ နောက် ခြေထောက်ကြွတော့မယ်ဆိုရင် အဲဒီ ခြေထောက်ကို အောက်ကို မချဘူးလား၊ မြှောက်လိုက်တဲ့အချိန် ဘယ်သူက မြှောက်မှုကို ထုတ်လုပ်တာတုန်းဆို စိတ်ကပဲ ထုတ်လုပ်တာ၊ ဒီအကြောတွေ လှုပ်ရှားလာအောင် ဘယ်သူက လုပ်တာတုန်း၊ စိတ်ကလုပ်တာ။
အဲဒီမှာ ခြေထောက်မြှောက်လိုက်ပြီဆိုတဲ့အချိန်လေးမှာ ဓာတ်ကြီးလေးပါးထဲမှာ ဘယ်သူတွေ ပိုလာတုန်း၊ ဓာတ်ကြီးလေးပါးက balance မဖြစ်ဘူး၊ အတိုး အဆုတ်လုပ်တယ်၊ ခြေထောက် မြှောက်လိုက်တဲ့အချိန်မှာ ပထဝီဓာတ်တွေ လျော့သွားတယ်၊ အာပေါဓာတ်တွေ လျော့သွားတယ်၊ ဒါ လူမသိဘူး၊ ဘယ်သူတွေ များလာတုန်းဆို တေဇောဓာတ်နဲ့ ဝါယောဓာတ်တွေ များလာတယ်၊ အပူနဲ့ လေ ကြောင့် အပေါ် မြောက်တက်လာတာတဲ့၊ ဟုတ်တာပေါ့၊ လေယာဉ်ပျံကြီး အပေါ် မြောက်တက်လာတာ အပူနဲ့ လေအားနဲ့ စုပ်ပြီးတက်သွားတာ မဟုတ်လား။
ခြေထောက် မြှောက်လိုက်တဲ့အခါ ပထဝီဓာတ်နဲ့ ... အာပေါဓာတ်က လျော့သွားပြီး တေဇောဓာတ်နဲ့ ပါယောဓာတ်က တိုးလာတယ်၊ တစ်ခုက လျှော့ပြီး တစ်ခုက မြှင့်တင်ပေးလိုက်တဲ့အခါမှာ ခြေထောက်ကြီးက မြောက်တက်သွားတယ်၊ ကဲ ပြန်ချလိုက်ပြီဆိုတဲ့အခါကျတော့ ခုနက ပထဝီနဲ့ အာပေါက များလာပြီး ဝါယောနဲ့ တေဇောက လျော့သွားတယ်၊ အဲဒီလို လျှော့ချည်တင်းချည် လျှော့ချည်တင်းချည် လုပ်နေတာ ဘယ်သူက လုပ်နေတာတုန်းဆို စိတ်ကလုပ်နေတာ၊ ပထဝီ အာပေါ တေဇော ဝါယောကို စိတ်က ထိန်းချုပ်ပြီးတော့ ဖြစ်ပေါ်စေတယ်။
ဒါကြောင့်မို့ စိတ္တဇပထဝီ စိတ္တဇအာပေါ စိတ္တဇတေဇောစိတ္တဇဝါယော ဆိုပြီး ဓာတ်ကြီးလေးပါးသည် စိတ်ကြောင့် ဖြစ်တယ်၊ ကံကြောင့်ဖြစ်တာရှိတယ်၊ ဥတုကြောင့်ဖြစ်တာရှိတယ်၊ အာဟာရကြောင့် ဖြစ်တာရှိတယ်၊ စိတ်ကြောင့်ဖြစ်တာ ရှိတယ်၊ အခုပြောတဲ့ မြှောက်လိုက် ချလိုက်လုပ်တဲ့ အချိန်မှာ ဒီဓာတ်ကြီးလေးပါးက စိတ်ကြောင့် ဖြစ်တာ။
ဒီ့ထက် ထင်ရှားတာတစ်ခု ပြောရဦးမယ်၊ မြင်ရတဲ့ရုပ်တစ်ခုကို ပြောမယ်၊ အသံရုပ်၊ သာမန်ပြောရင်တော့ အဲဒါ Anatomy ဆရာတွေက ပြောမယ်၊ အသံအိုး ဆိုတာ ရှိတယ်၊ ဒါတော့ အကြောင်းဆိုတာ တစ်ခုတည်း မဟုတ်ဘူး၊ အကြောင်း ဆိုတာ အများကြီးဖြစ်ရမယ်၊ စိတ်ဆိုတာ အဓိကအကြောင်း၊ စိတ်က ဘယ်လိုထုတ် ထုတ် အသံအိုး မကောင်းရင် အသံထွက်ပါ့မလား၊ မထွက်ဘူးနော်၊ အကူအညီတော့ ရှိရမှာပေါ့၊ သို့သော် ပင်မအကြောင်းကို ပြောလို့ရှိရင် စိတ်ပဲ။
ဘာကြောင့် အသံဟာ မြည်လာသလဲလို့၊ ခုနတုန်းက အသံအိုးတွေနဲ့ မပြောဘဲနဲ့ စာနဲ့ပြောမယ်ဆိုရင် လူတွေရဲ့သန္တာန်မှာ ကမ္မဇ ပထဝီဆိုတာ ရှိတယ်၊ ကံကြောင့်ဖြစ်တဲ့ ပထဝီ၊ အသံဖြစ်တဲ့နေရာမှာ အဲဒီ ကမ္မဇပထဝီရှိတယ်၊ အဲဒီ ကမ္မဇပထဝီက ဘာနဲ့ အလားသဏ္ဌာန်တူတုန်းဆိုရင် စည်နဲ့ အလားသဏ္ဌာန် တူတယ်၊ အဲဒီမှာ စိတ္တဇပထဝီ စိတ်ကြောင့်ဖြစ်လာတဲ့ ပထဝီက ဘာနဲ့ အလား သဏ္ဌာန်တူတုန်းဆိုရင် စည်တီးတဲ့တုတ်နဲ့ တူတယ်၊ စိတ္တဇပထဝီက ကမ္မဇပထဝီကို တိုက်တယ်၊ အမာအမာချင်းပေါ့၊ စိတ္တဇပထဝီကလည်း မာတယ်၊ ကမ္မဇပထဝီ ကလည်း မာတယ်၊ အဲဒီမာတဲ့အရာ၂-ခု တိုက်လိုက်တဲ့အတွက် အသံဖြစ်လာတာ၊ ကမ္မဇပထဝီနဲ့ စိတ္တဇပထဝီ အဲဒီ၂-ခု ပေါင်းစပ်လိုက်လို့ အသံ ထွက်လာတာ။
ကမ္မဇပထဝီဆိုတာ အသံအိုး နေရာပေါ့၊ ကမ္မဇပထဝီဆိုတာ ကံကနေ ဖန်တီး ပေးတာတစ်ခုပဲ၊ အဲဒါ စကားပြောလိုစိတ်နဲ့ အာရုံကြောတွေ ဘာတွေ အကုန်လုံးဟာ လှုပ်ရှားပြီးတော့ တီးခတ်လိုက်လို့ အသံဆိုတာ ထွက်လာတာ၊ သဒ္ဒရုပ်လေးဟာ စိတ်ကြောင့်ဖြစ်တာ ရှိတယ်၊ ဒါကို ပြောတာ၊ အသံလေးဟာ စိတ်ကြောင့် ဖြစ်ပေါ်လာတာ။
အသံဖြစ်ပေါ်ပုံနဲ့ ပတ်သက်ပြီးတော့ ကျမ်းဂန်တွေမှာ ဘယ်လိုရှင်းပြတုန်း၊ ကမ္မဇပထဝီနဲ့ စိတ္တဇပထဝီ ဒီ၂-ခုရဲ့တိုက်ခိုက်မှုကြောင့် အသံဆိုတာ ဖြစ်လာတာ၊ ဒီနေရာမှာ ကမ္မဇပထဝီက ညံ့နေတယ်ဆိုလို့ရှိရင်လည်း အသံက ပီပီမထွက်နိုင် ဘူး၊ စိတ္တဇပထဝီက ညံ့နေလို့ရှိရင်လည်း အသံပီပီ မထွက်ဘူး၊ ဆိုပါစို့ - လူ တစ်ယောက်ဟာ ကြောက်ကြောက်လန့်လန့်ဖြစ်နေရင် အသံတစ်မျိုးမဖြစ်ဘူးလား၊ သူ့စိတ်အနေအထားပေါ် မူတည်ပြီးနော်၊ အသံမျိုးစုံထွက်တယ်၊ ငိုတဲ့အခါ အသံ တစ်မျိုး၊ ရယ်တဲ့အခါ အသံတစ်မျိုး၊ စိတ်အခြေအနေက အသံကို ထိန်းသွားတယ်၊ အသံမျိုးစုံထွက်တယ်၊ ကြောက်လွန်းအားကြီးရင် အသံမထွက်တော့ဘူး၊ အိပ်မက် တော့ မက်ဖူးပါလိမ့်မယ်၊ ကြောက်စရာ တွေ့တဲ့အခါကျတော့ အော်တာ၊ အသံက မထွက်ဘူးနော်၊ ဒီတော့ ကမ္မဇရုပ်နဲ့ စိတ္တဇရုပ်၊ ကံကြောင့်ဖြစ်တဲ့ ပထဝီနဲ့ စိတ်ကြောင့်ဖြစ်တဲ့ ပထဝီ, ဓာတ်၂-ခုနော်၊ စိတ်ကနေ ဖန်တီးပေးနေတယ်၊ ဒီလို ပြောတာ။
ဒါကြောင့်မို့လို့ ဝိပါက်စိတ်တွေဟာလည်း ဆိုင်ရာဆိုင်ရာ ရုပ်တွေကို ထုတ်သွားတယ်တဲ့၊ သူတို့ဖြစ်တဲ့အခါ ဆိုင်ရာဆိုင်ရာရုပ်တရားတွေကို မထုတ်နိုင်တဲ့ ဝိပါက်စိတ်က ၁၄-ခုပဲ ရှိတယ်၊ ကျန်တဲ့စိတ်တွေအားလုံးက ထုတ်ကိုထုတ်တာပဲ၊ စိတ္တဇရုပ်ကို ဖြစ်စေနိုင်တာတွေချည်းပဲ။
ဒီဝိပါက်စိတ်က ဖြစ်စေတဲ့ စိတ္တဇရုပ်တွေဟာလည်း ဝိပါကသတ္တိရဲ့အကျိုး လို့ ပြောရမယ်၊ ဝိပါက်စိတ်က ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်သည် အကုသိုလ်စိတ် ကထုတ်တဲ့ စိတ္တဇရုပ်လောက် ပြင်းထန်မှာ မဟုတ်ဘူး၊ ဒီလိုတော့ ရှိတယ်နော်၊ ကုသိုလ်စိတ်ကထုတ်တဲ့ စိတ္တဇရုပ်လို လှုပ်ရှားပြင်းထန်မှာတော့ မဟုတ်ဘူး၊ သူက ငြိမ်ငြိမ်သက်သက်ကလေးပဲ ဖြစ်မယ်၊ ဘာဖြစ်လို့တုန်း ဝိပါက်စိတ်ကိုက နိရုဿာဟ သန္တဘာဝ - အားထုတ်မှုကင်းမဲ့နေတဲ့ ငြိမ်သက်တဲ့သဘော၊ အားထုတ်မှုကင်းမဲ့ပြီး တော့ ငြိမ်သက်တဲ့သဘောတရား ရှိတဲ့တရားက ထုတ်လုပ်တဲ့ အကျိုးတရားတွေကို လည်း အားထုတ်မှုကင်းမဲ့ပြီး ငြိမ်သက်တဲ့အနေအထားပဲ ထုတ်မှာပေါ့၊ ဝိပါက- ပစ္စယောဆိုတာ ဒါကို ပြောတာပါ။
ပဋိသန္ဓေအချိန်မှာလည်း ကမ္မဇရုပ်တွေနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်တာရှိတယ်၊ ပဋိသန္ဓေအခိုက်မှာဆိုလို့ရှိရင် ပဋိသန္ဓေစိတ်သည် ဝိပါက်စိတ်ပဲ၊ အဲဒီဝိပါက်စိတ်နဲ့ ယှဉ်တွဲပြီးတော့လာတဲ့ ကမ္မဇရုပ်တွေ ရှိတယ်၊ အဲဒီကမ္မဇရုပ်တွေနဲ့လည်း အပြန် အလှန် အကျိုးပြုနေကြတယ်၊ သူက ဖြစ်ပြီဆိုလို့ရှိရင် အပြန်အလှန် ကျေးဇူးပြုတာ ရှိတယ်၊ ကျေးဇူးပြုတာကိုပဲ ပစ္စယော လို့ ဒီနေရာမှာ ပြောတာပါ၊ ဒါ ဝိပါက ပစ္စယောပဲ။
ပဥှာဝါရမှာတော့ ဝိပါကဆိုတာ ကုသိုလ် အကုသိုလ် အဗျာကတ ၃-မျိုး ခွဲတဲ့အထဲမှာ အဗျာကတ၊ အဗျာကတဆိုတဲ့အဓိပ္ပါယ်က “ကုသိုလ်လို့လည်း မပြောဘူး၊ အကုသိုလ်လို့လည်း မပြောဘူး၊ တခြားနာမည်နဲ့ ပြောမယ်” ဆိုတဲ့ အဓိပ္ပါယ်၊ ဗျာကတဆိုတာက ထုတ်ဖော်ပြောဆိုတာ၊ အဗျာကတဆိုတာ ထုတ်ဖော်မပြောဘူး၊ ကုသလဆိုတာ ကုသလလို့ ထုတ်ဖော်ပြောတာ၊ ထို့အတူပဲ အကုသလဆိုတာ အကုသလလို့ ထုတ်ဖော်ပြောတာ၊ အဗျာကတကျတော့ ကုသလလို့လည်း ထုတ် မပြောဘူး၊ အကုသလလို့လည်း ထုတ်မပြောဘူးနော်၊ ဝိပါကလို့ပဲ ပြောလိုက်တယ်၊ ဒါကိုကြည့် ကုသိုလ်လို့လည်း မပြောဘူး၊ အကုသိုလ်လို့လည်း မပြောလို့ အဗျာကတလို့ ခေါ်တာနော်။
ဓမ္မသင်္ဂဏီပါဠိတော်မှာ သို့မဟုတ် အဘိဓမ္မာ ၇-ကျမ်းကို မြတ်စွာဘုရား က ဟောတော်မူတဲ့အချိန်မှာ တရားဓမ္မတွေကို သုံးစုပြုတယ်၊ “တိက” လို့ ခေါ်တယ်၊ တရားဓမ္မကို နှစ်စုပြုတာကျတော့ “ဒုက” လို့ ခေါ် တယ်၊ တိကဆိုတာ တိ ဆိုတာ သုံး၊ က ဆိုတာ အပေါင်း၊ မြန်မာတွေကတော့ “တိက” ကို တိက် လို့ ပြောတယ်၊ (တိက်ဆိုတော့ ဟိုကပ်တဲ့တိပ်တွေနဲ့ ရောကုန်မယ်၊) “ဒုက” ကျတော့ ဒုက်၊ (ရိုက်တဲ့တုတ်နဲ့ သွားရောတယ်၊) ဆိုလိုတာက တိကဆိုတာ သုံးစုအစု၊ ဒုက ဆိုတာ နှစ်စုအစု၊ ဒီလိုဆိုလိုတာ။ a set of three နဲ့ a set of two နှစ်စုအစုနဲ့ သုံးစုအစု။
အဲဒီမှာ မြတ်စွာဘုရားက ဓမ္မကို သုံးစုခွဲလိုက်တယ်၊ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတဓမ္မာ လို့ ၃-စု ခွဲတယ်၊ သုံးစုခွဲလိုက်တဲ့အထဲမှာ ဝိပါကဆိုတာ အဗျာကတထဲမှာ၊ ဒါကြောင့်မို့ “ကုသလာကုသလာ ဘာဝေန အကထိတာ”- ကုသလ အကုသလလို့မပြောဘဲနဲ့ “အညဘာဝေန ကထိတာ” တခြားနာမည်ဖြင့် ပြောအပ်တဲ့တရားလို့ ဒီလိုဆိုတယ်၊ ဒီတော့ ဝိပါကဆိုတဲ့နာမည်နဲ့ ဟောတဲ့တရား၊ “အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော” လို့ ပဉှာဝါရမှာ ဒီလိုဟောတယ်၊ အဗျာကတဓမ္မတစ်ခုသည် အဗျာကတ ဓမ္မတစ်ခုအား ဝိပါကသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့။
အဗျာကတဆိုတာ ဝိပါက်စိတ်တစ်မျိုးတည်းကို အဗျာကတ ခေါ်တာ မဟုတ်ဘူး၊ ကြိယာစိတ်ကိုလည်း အဗျာကတ ခေါ်တယ်၊ ကုသိုလ် အကုသိုလ် မဟုတ်တာတွေဆိုရင် - ဝိပါက်စိတ်ရှိတယ်၊ ကြိယာစိတ်ရှိတယ်၊ နောက် ရုပ်တရား တွေ ရှိတယ်၊ နောက်ပြီးတော့ နိဗ္ဗာန်ရှိတယ်၊ ပရမတ္ထတရား ၄-ပါးကို ကုန်အောင် ဟောလိုက်မယ်ဆိုရင် ကုသလမှာ ကုသိုလ်မှန်သမျှပါသွားပြီ၊ အကုသလမှာ အကုသိုလ်မှန်သမျှ ပါသွားပြီ၊ အဗျာကတဓမ္မမှာ ကျန်တာတွေ အကုန်ပါတယ်၊ ဝိပါက် ကြိယာ ရုပ် နိဗ္ဗာန်၊ အဲဒါကို အဗျာကတလို့ ခေါ်တယ်၊ ဒီနေရာမှာ ဝိပါကပစ္စယောဖြစ်လို့ အဗျာကတဆိုတာ ဝိပါကအဗျာကတတစ်ခြမ်း ၄-ပုံပုံ တစ်ပုံပဲ ဟောတာ။
ဒါကြောင့်မို့ အဖြေထုတ်တဲ့အခါ
“ဝိပါကော အဗျာကတော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ ဝိပါကပစ္စယေန ပစ္စယော”
- ဝိပါကအဗျာကတ ဖြစ်တဲ့ ခန္ဓာတစ်ခုသည် ခန္ဓာသုံးခုအား, ခုနပြောတဲ့ စတ္တာရော ခန္ဓာ အရူပိနောပဲ၊ နာမ်ခန္ဓာလေးခုထဲက တစ်ခုက ပစ္စည်းတရားဆိုရင် ကျန်တဲ့သုံးခုကို ကျေးဇူးပြုတယ်၊ ဧကော ခန္ဓော ဧကဿ ခန္ဓဿ၊ ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ၊ ဝိပါကပစ္စည်းက ဒါတင်လားဆိုတော့ မဟုတ်ဘူး၊ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ – အဲဒီဝိပါက်စိတ်က ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်တွေကိုပါ ဝိပါကသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ပဋိသန္ဓေ အခိုက်မှာဆိုရင် ကမ္မဇရုပ်တွေကို ကျေးဇူးပြုတယ်၊ အပြန်အလှန် ကျေးဇူးပြုနေကြတာ။
ဒီတော့ မြတ်စွာဘုရားက ပဋ္ဌာန်းပါဠိတော်မှာဟောတဲ့ ဝိပါကလို့ဆိုတာ တို့သန္တာန်မှာ ဖြစ်နေတဲ့ ဝိပါက်စိတ်တွေအကြောင်းကို ပြောတာလို့ ဒီလိုမှတ်ပါ ဝိပါက်စိတ် ၃၆-ခုလို့ ပြောတာနော်၊ အဲဒီ ၃၆-ခုလုံး ကိုယ်ပိုင်ရှိတယ်လို့တော့ မအောက်မေ့နဲ့နော်။
ကိုယ့်သန္တာန်မှာ လောလောဆယ်ရှိနေတဲ့ ဝိပါက်စိတ်တွေကို ပြောရအောင်၊ နေ့စဉ်မှာ ဘာတွေရှိနေတုန်းဆိုရင် မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဏ်စိတ်မရှိဘူးလား၊ ရှိတယ်၊ သောတဝိညာဏ်စိတ်ဆိုတဲ့ ကြားသိစိတ်ရော မဖြစ်ဘူးလား၊ နံသိစိတ် ရှိတယ်၊ လျက်သိစိတ်၊ ထိသိစိတ်၊ ဒါတွေကတော့ ဖြစ်နေတာ သေချာတယ်၊ မျက်စိ ဖွင့်ကြည့်လိုက်တာနဲ့ မြင်သိစိတ်ကလာပြီ၊ နားစွင့်လိုက်တာနဲ့ ကြားသိစိတ်က လာပြီ၊ နှာခေါင်းထဲမှာအနံ့ရတာနဲ့ နံသိစိတ်၊ လျက်တာနဲ့ လျက်သိစိတ်၊ ခန္ဓာကိုယ်နဲ့ တစ်ခုခုထိတာနဲ့ပဲ ထိသိစိတ်၊ ဒီစိတ်တွေက နိရုဿာဟ သန္တဘာဝ - ကံရဲ့ပုံရိပ် ကြောင့် ပေါ်လာတဲ့ သဘာဝတရားတွေမို့ လှုပ်ရှားမှုမရှိဘူး။
အားထုတ်မှုမရှိဘူး၊ အားထုတ်မှုမရှိဘူးဆိုတာ သူတို့ရဲ့ကိုယ်ပိုင်အားထုတ် မှု မရှိဘူးလို့ ပြောတာနော်၊ အကြောင်းတရားက ဖြစ်စေလိုက်လို့သာ ပေါ်လာတာ၊ သိပ်ငြိမ်သက် တယ်၊ သူတို့ရဲ့ ပင်ကိုယ် activity တွေ ဘာမျှမရှိဘူးလို့ ပြောတာနော်၊ ကိုယ်ပိုင် အစွမ်းအစလည်း ဘာမျှမရှိဘူး၊ ကံရဲ့ပုံရိပ်အနေနဲ့ ပေါ်လာတယ်။
ကဲကြည့် - အာရုံတစ်ခုပေါ်လာလို့ လက်ခံလိုက်တဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ ဒါလည်း ဝိပါက်စိတ်၊ စုံစမ်းတဲ့ သန္တီရဏစိတ်၊ မေးစရာရှိတာက လက်ခံတာတို့ စုံစမ်း တာတို့ ဒါ အလုပ်လုပ်တာ မဟုတ်ဘူးလားလို့၊ ကံက ခိုင်းထားတဲ့ပုံလေးပဲ၊ သူ ဒီ့ထက်ထူးပြီး မလုပ်တတ်ဘူး၊ နိရုဿာဟဆိုတာ ကိုယ့်ဟာကိုယ် ထွင်ပြီးလုပ်တာ၊ မရှိဘူးလို့ ပြောတာ၊ စက်ရုပ်လိုပဲ၊ စက်ရုပ်ဟာ သူ့ဟာသူထွင်ပြီး မလုပ်နိုင်ဘူး၊ ခိုင်းထားတဲ့ အတိုင်းပဲ၊ ဆင်ထားတဲ့အတိုင်းသာ ဖြစ်တယ်၊ ဝိပါက်စိတ်တွေဟာလည်း ဒီအတိုင်းပဲ၊ အကြောင်းတရားက ထုတ်လုပ်ထားတဲ့အတိုင်းပဲ ဖြစ်တယ်။
ဘုန်းကြီးတို့တတွေရဲ့သန္တာန်မှာ ဒွေပဉ္စဝိညာဏ်တစ်ဆယ်ဆိုတဲ့ မျက်စိ နား လျှာ ကိုယ်နဲ့ ပတ်သက်တဲ့စိတ် ၁၀-မျိုး ဖြစ်တယ်၊ အဲဒါက ဝိပါကပစ္စယော ပဲ နော်၊ ဝိပါကပစ္စယောထဲမှာ နေ့စဉ်ကြုံတွေ့နေတဲ့ဟာ၊ အပြန်အလှန် အထောက် အကူပြုနေ ကြတယ်၊ သဂ္ဂိုန်းဂိတ်၂-ခု ဖြစ်တယ်၊ သန္တီရဏစိတ် ၃-ခု ဖြစ်တယ်၊ ဒါတွေက နေ့စဉ်ဖြစ်နေတဲ့တရားတွေ၊ အဲဒါတွေက ဆိုင်ရာဆိုင်ရာ စိတ်ဖြစ်ခိုက်မှာ ဝိပါကပစ္စယောနဲ့ပဲ နေသွားကြရတယ်ပေါ့။
နောက်တစ်ခု မဟာဝိပါက်စိတ်၊ ကိုယ်ပဋိသန္ဓေနေခဲ့တာက ပထမ မဟာ ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေခဲ့တယ်ဆိုရင် အိပ်နေတဲ့အချိန်မှာ ပထမ မဟာဝိပါက် စိတ်နဲ့ပဲ အိပ်မယ်ပေါ့၊ ဘဝင်စိတ်လို့ ခေါ်တယ်၊ မဟာဝိပါက်စိတ် ၈-ခုလုံးတောင် ရှိတာ မဟုတ်ဘူး၊ အိပ်နေတဲ့အချိန်မှာ ပဋိသန္ဓေနေခဲ့တဲ့ ပထမ မဟာဝိပါက်စိတ်နဲ့ပဲ ဖြစ်နေတယ်၊ သို့သော် ပဝတ္တိအခါမှာ ဖြစ်လာလို့ရှိရင်တော့ မဟာဝိပါက်စိတ် ၈-ခုလုံး ဖြစ်တယ်။
ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ ဖြစ်နိုင်ခွင့်ရှိတာ ဘာတွေတုန်းဆိုလို့ရှိရင် အကုသလဝိပါက်စိတ် ၇-ခု ဖြစ်ခွင့် ရှိတယ်၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ခု ဖြစ် နိုင်ခွင့် ရှိတယ်၊ မဟာဝိပါက်စိတ်၈-ခု ဖြစ်ခွင့် ရှိတယ်၊ အားလုံးပေါင်းလိုက်တော့ ဘယ်လောက်လဲ? ၂၃၊ ဘုန်းကြီးတို့ရဲ့သန္တာန်မှာ နေ့စဉ်ဘဝမှာ ဝိပါကပစ္စယော ဆိုတာ ဒီဝိပါက်စိတ်၂၃-ပါးကို ပြောတာနော်။
ဈာန်ရပြီဆိုရင်တော့ ရူပဈာန်ရပြီး ရူပဗြဟ္မာဖြစ်နေတဲ့ အခိုက်ဆိုရင်တော့ ရူပါဝစရဝိပါက်စိတ် ဖြစ်ဦးမယ်၊ အရူပဈာန်ရပြီး အရူပဘုံရောက်လို့ အရူပဗြဟ္မာ ဖြစ်နေရင် အရူပဝိပါက်စိတ်တွေ ဖြစ်မယ်၊ အဲဒီတော့မှ ဖြစ်မယ်၊ အဲဒီစိတ်တွေက လူသားတွေအနေနဲ့ မဖြစ်ဘူး၊ ဝိပါက်စိတ် ၃၆-လို့ ပြောပေမယ့် ကိုယ့်သန္တာန်မှာ ရှိ တာ ခုနကပြောတဲ့ ၂၃-ပဲ၊ လူသားတွေအနေနဲ့ နေ့စဉ်နဲ့အမျှ ဝိပါကပစ္စယော ဆိုတာ အဲဒီဝိပါက်စိတ်၂၃-ခုနဲ့ စေတသိက်တွေ အပြန်အလှန်ဖြစ်နေကြတာကို ပြောတာ၊ အထောက်အကူဖြစ်နေကြတာကို ပြောတာ။
ဝိပဿနာကျင့်စဉ်ကို အောင်အောင်မြင်မြင်ကျင့်လို့ မဂ်စိတ်ဖြစ်ပြီဆိုရင် ဖိုလ်စိတ် ဆိုတာ ပေါ်လာတယ်၊ ဆိုလိုတာက သောတာပန်ဖြစ်ရင် သောတာပတ္တိဖိုလ်၊ သကဒါဂါမ်ဖြစ်ရင် သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမ်ဖြစ်ရင် အနာဂါမိဖိုလ်စိတ်၊ ရဟန္တာဖြစ်မှ အရဟတ္တဖိုလ်စိတ်ဖြစ်တယ်၊ ဖိုလ်စိတ်တွေက ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ဖြစ်တာ၊ ဖိုလ်စိတ်ဆိုတဲ့ ဝိပါက်စိတ်တွေက ဘုန်းကြီးတို့ရဲ့ သန္တာန် မှာ မဖြစ်ဘူး၊ ဖြစ်ရင်လည်း သောတာပန်ဖြစ်ရင် သောတာပတ္တိဖိုလ်ပဲ ဖြစ်မယ်၊ ကျန်တဲ့ဖိုလ် မဖြစ်ဘူး၊ သောတာပန်ဘဝကနေ တစ်ဆင့်တက်သွားလို့ သကဒါဂါမ် ဖြစ်သွားပြီဆိုရင် သကဒါဂါမိဖိုလ်ပဲ ဖြစ်တယ်၊ သောတာပတ္တိဖိုလ် မဖြစ်တော့ဘူး။
ဈာန်နဲ့ ဖိုလ်နဲ့က မတူတဲ့သဘောလေးတွေ မှတ်ရမယ်၊ ဈာန်ဆိုတာ ပထမ ဈာန် ရပြီးရင် ဒုတိယဈာန်တက်၊ တတိယဈာန်တက်၊ စတုတဈာန်တက်၊ ပဉ္စမဈာန်တက်၊ အောက်က ဈာန်က ပျောက်မသွားဘူး၊ ပြန်ဝင်စားနိုင်တယ်၊ လှေကားထစ်တွေလိုပဲ၊ လှေကားထစ်ဟာ အပေါ်ဆုံးထစ်ရောက်သွားရင် အောက်ကအထစ်တွေ ပျောက် သွားတာ ဟုတ်ရဲ့လား၊ မပျောက်သွားဘူး၊ တက်လိုက်ဆင်းလိုက် တက်လိုက် ဆင်းလိုက်၊ ဟော အောက်ဆင်းချင်လည်း ဒီလှေကားထစ်ပဲ၊ လှေကား ငါးထစ် ရှိတယ်ဆိုရင် ဒီငါးထစ် ပျောက်မသွားဘူး။
ဖိုလ်စိတ်ကျတော့ ဒီလို မဟုတ်ဘူး၊ သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ် တစ်ယောက်ဟာ သောတာပတ္တိဖိုလ်ပဲ ပိုင်ဆိုင်တယ်၊ သကဒါဂါမ်ဖြစ်သွားတာနဲ့ တစ်ပြိုင်နက်တည်း သောတာပတ္တိဖိုလ်စိတ်လို့ သူ့မှာမရှိတော့ဘူး၊ သောတာပတ္တိ ဖိုလ်ဝင်စားလို့ မရတော့ဘူး၊ သကဒါဂါမ်ဖြစ်ရင် သကဒါဂါမိဖိုလ်ပဲ ဝင်စားလို့ ရတယ်၊ ဘာဖြစ်လို့တုန်း Quality ချင်း ကွာသွားလို့၊ ဈာန်နဲ့မတူဘူး၊ လုံးဝ ပြောင်းလဲ သွားတယ်။
သောတာပတ္တိမဂ်ရဲ့စွမ်းရည်သတ္တိနဲ့ သကဒါဂါမိမဂ်ရဲ့စွမ်းရည်သတ္တိ မတူဘူး၊ သကဒါဂါမိမဂ်ရဲ့ စွမ်းရည်သတ္တိနဲ့ အနာဂါမိမဂ်ရဲ့ စွမ်းရည်သတ္တိ မတူဘူး၊ အနာဂါမိမဂ်ရဲ့ စွမ်းရည်သတ္တိနဲ့ အရဟတ္တမဂ်ရဲ့စွမ်းရည်သတ္တိ မတူဘူး၊ အဲဒီမဂ်တွေ မတူသည့်အတွက်ကြောင့် သူတို့က ထုတ်လုပ်တဲ့ အကျိုးတရားတွေလည်း မတူကြ ဘူးနော်၊ တစ်ခုစီ တစ်ခုစီ ချုပ်သွားတယ်၊ ချုပ်သွားသည့်အတွက်ကြောင့် ရှေးရှေး ဟာတွေကို လက်ခံရယူသိမ်းပိုက်ထားခြင်း မရှိဘူးတဲ့၊ ဒါ လောကုတ္တရာနဲ့ ဈာန် မတူတဲ့သဘောတွေ။
ဈာန်ဆိုတာကျတော့ ဒုတိယဈာန်ရရင်လည်း ပထမဈာန် ရှိသေးတယ်၊ ဝင်စားလို့ ရတယ်၊ လှေကားထစ်လိုပဲ၊ မြတ်စွာဘုရားဖြစ်ပြီးမှလည်း ပထမဈာန် ဝင်စားလို့ ရတာပဲ၊ လောကီဈာန် ဝင်စားလို့ရတယ်၊ တချို့က ဘုရားဖြစ်သွားပြီဆိုရင် လောကီစိတ်တွေ ဘုရားသန္တာန်မှာ မဖြစ်ဘူးလို့ ထင်နေတာ၊ ဘာဟုတ်မလဲ၊ လောကုတ္တရာစိတ် ဖြစ်တယ်ဆိုတဲ့အချိန်က ဖလသမာပတ်ဝင်စားမှ ဖြစ်တာ။
မြတ်စွာဘုရားဟာ - ဆိုပါစို့ တရားဟောနေတဲ့အချိန်၊ လူတွေနဲ့ စကား ပြောနေတဲ့ အချိန်၊ ရဟန်းတွေကို ဆုံးမနေတဲ့အချိန်မှာဆိုရင် နိဗ္ဗာန်ကို အာရုံပြုနေတာ မဟုတ်ဘူး၊ အဲဒီအချိန်မှာ ဘာစိတ်တွေ ဖြစ်နေတုန်း၊ သာမန်လူတွေလိုပဲ၊ ဘာထူးတုန်းဆိုတော့ ဘုရားမှာ အကုသိုလ်စိတ်မရှိဘူး၊ ဒါ ထူးတယ်၊ ကုသိုလ်စိတ် မရှိဘူး၊ ဘာရှိလဲ၊ ကြိယာစိတ်ပဲ ရှိတယ်၊ ကြိယာစိတ်ဆိုတော့ ကုသိုလ် အကုသိုလ်လို့ လက်ညှိုးထိုးလို့ မရဘူး၊ ဘဝတစ်ခုမှာ ဆောင်ရွက်ရုံသက်သက်ပဲ၊ ကြိယာပဲ ဖြစ်တယ်၊ သို့သော် ဘာနဲ့ အလားတူတုန်းဆိုတော့ ကုသိုလ်နဲ့ အလားတူတယ်၊ အကုသိုလ်တော့လုံးဝမရှိဘူး၊ မြတ်စွာဘုရားသန္တာန်မှာ လောကီစိတ်တွေဖြစ်တယ်၊ ဘာလောကီစိတ်တွေ ဖြစ်တာတုန်း၊ မြတ်စွာဘုရားက မျက်စိဖွင့်ကြည့်လိုက်လို့ မြင်လိုက်ပြီဆိုရင် စက္ခုဝိညာဏ်စိတ် ဖြစ်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လည်း ဖြစ်တယ်၊ ဖြစ်မှပဲ မြင်လို့ရမှာပေါ့၊ နောက်ပြီးတော့ သမ္ပဋိစ္ဆိန်းစိတ်ဖြစ်တယ်၊ သန္တီရဏစိတ် ဖြစ်တယ်။
စက္ခုဝိညာဏ်စိတ်တို့ သမ္ပဋိစ္ဆိန်းတို့ သန္တီရဏစိတ်တို့ဆိုတာ ပညာနဲ့ယှဉ်ရဲ့ လား၊ တချို့က အလွန်အကျွံတွေးတယ်၊ မြတ်စွာဘုရားသန္တာန်မှာဖြစ်တဲ့စိတ် အားလုံး သည် ဉာဏ်နဲ့ယှဉ်တယ်လို့၊ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ စက္ခုဝိညာဏ်စိတ်မှာ ဘယ်ဉာဏ်ရှိမလဲ၊ ဒါတွေက automatic သူ့ဟာသူ၊ ဒီ process ကြီးက ပြင်လို့ ရတာ မဟုတ်ဘူး၊ ဟုတ်လား၊ ဒွါရနဲ့ အာရုံတိုက်ဆိုင်လို့ သဘာဝအားဖြင့် ဖြစ်တာ၊ မြတ်စွာဘုရားက မျက်စိနဲ့မြင်လိုက်တဲ့အခါမှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တံခါးဖွင့်ပေး လိုက်တယ်၊ စက္ခုဝိညာဏ်စိတ်ကမြင်တယ်၊ သမ္ပဋိစ္ဆိန်းစိတ်က အမြင်အာရုံကို လက်ခံ လိုက်တယ်၊ သန္တီရဏက စုံစမ်းတယ်၊ ဝုဋ္ဌောက ဆုံးဖြတ်တယ်၊ ဇောဆိုတဲ့အခိုက် ကျတော့ မြတ်စွာဘုရားမှာ အသိဉာဏ်ပါလာပြီ၊ အဲဒီအချိန်ကျမှ အသိဉာဏ် ပါလာတာ။
အဲဒီနေရာမှာ အဘိဓမ္မာကျမ်းဂန်တွေမှာ ရေးထားတာတွေရှိတယ်၊ အားလုံး အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေ သိလိမ့်မယ်၊ ဟသိတုပ္ပါဒ်စိတ်ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ ဟသိတုပ္ပါဒ်စိတ်ဆိုတာ ဘုရားနဲ့ ရဟန္တာတွေမှာ ဖြစ်တယ်တဲ့၊ သို့သော် အဲဒီ ဟသိတုပ္ပါဒ်စိတ်မှာ ပညာ ယှဉ်လားဆိုလို့ရှိရင် မယှဉ်ဘူး၊ အဟိတ်စိတ်၊ ပညာမယှဉ်ဘူး၊ ဟသိတုပ္ပါဒ်စိတ်ဟာ ဘုရားသန္တာန်မှာလည်း ရယ်ရွှင်မှုကို ဖြစ်စေ တယ်၊ ရဟန္တာတွေရဲ့ သန္တာန်မှာလည်း ရယ်ရွှင်မှုကို ဖြစ်စေတယ်။
အာဝေဏိကဂုဏ်တော်ထဲမှာကြည့် “သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ” – ကာယကံမှုအားလုံးမှာ ဉာဏ်ရှေ့သွားရှိတယ်၊ ဉာဏ်နောက် လိုက်တာ ဖြစ်တယ်၊ “သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ” – ပါးစပ်က ပြောသမျှ နှုတ်မှုတွေမှာလည်း ဉာဏ်သာရှေ့သွားရှိတယ်၊ ဉာဏ်နောက်လိုက်တယ်၊ “သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ” - ဉာဏ်ရှေ့သွားရှိတယ်၊ ဉာဏ်နောက်လိုက်တယ်၊ ဟသိတုပ္ပါဒ်စိတ် ဖြစ်နေတဲ့အခိုက်မှာဆိုရင် ဉာဏ်ပါပါ့ မလား၊ မပါသည့်အတွက်ကြောင့် တချို့ အဘိဓမ္မာဆရာတွေက ဟသိတုပ္ပါဒ်စိတ် ဘုရားသန္တာန်မှာ မဖြစ်ဘူးလို့ ယူဆတယ်။
ကဲ ဟသိတုပ္ပါဒ်စိတ် မဖြစ်ဘူးလို့ ပြောချင်ရင် စက္ခုဝိညာဏ်စိတ်လည်း မဖြစ်ဘူးလို့ မပြောရပေဘူးလား၊ စက္ခုဝိညာဏ်စိတ်တို့ သောတဝိညာဏ် ဃာန- ဝိညာဏ်တို့ ဇိဝှါဝိညာဏ်တို့လည်း ဉာဏ်ပါသလား၊ မပါဘူး၊ မပါသည့်အတွက် ကြောင့် သူတို့လည်း မဖြစ်ဘူးလို့ ပြောစရာရှိလား၊ .. တစ်ခုတော့ပြောမယ်၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မနောဒွါရာဝဇ္ဇန်းစိတ် (သို့မဟုတ်) ဝုဋ္ဌောဆိုတာ ကြိယာစိတ်၊ စက္ခု သောတ ဃာန ဇိဝှါ ကာယ သမ္ပဋိစ္ဆိန်း သန္တီရဏတို့က ဝိပါက်စိတ်၊ ဟသိတုပ္ပါဒ်ကျတော့ ဇောစိတ်၊ ဇောစိတ်ဖြစ်လို့ ဉာဏ်ယှဉ်ရမယ်လို့ ဒီလိုပြောချင်တာ၊ သို့သော် ဉာဏပုဗ္ဗင်္ဂမံ လို့ဆိုတာ မပြုံးခင်က မြတ်စွာဘုရားမှာ ဉာဏ်ဖြစ်ပြီးသား၊ ဟသိတုပ္ပါဒ်စိတ် ဖြစ်တဲ့ အခိုက်ကလေးသာ ဟသိတုပ္ပါဒ်စိတ်မှာ ဉာဏ်မယှဉ် တာကို ပြောတာနော်။
ပြုံးမှုကိုပြုတဲ့ မြတ်စွာဘုရားဟာ ဆိုပါစို့ - ဆွမ်းခံကြွသွားတဲ့အချိန်မှာ လမ်းမှာ ဝက်မကလေးတစ်ကောင်ကို မြင်တော့ ပြုံးတယ်၊ ဝက်မြင်တာနဲ့ ဘာလို့ ပြုံးတာလဲ၊ ဘုန်းကြီးတို့တတွေပြုံးမိရဲ့လား၊ ဝက်မြင်တာနဲ့ ဘယ်ပြုံးမလဲ၊ ဝက် ခဏခဏ တွေ့နေတာပဲနော်၊ မြတ်စွာဘုရားက ဝက်တင် မြင်တာမှ မဟုတ်ဘဲနဲ့၊ အဲဒီ ဝက်ကလေး မြင်လိုက်တဲ့အခါ အဲဒီဝက်မကလေးဟာ တစ်ခုသောဘဝမှာ ဗြဟ္မာကြီး၊ ဗြဟ္မာ့ဘဝကနေပြီးတော့ သူဟာ သံသရာလည်လာပြီးတော့ ဝက်ဖြစ်နေတာ၊ ဟော ဘဝနှစ်ခုဟာ ခြားနားလှချည်လား၊ ဒီဝက်မလေးဟာ တစ်ချိန်တုန်းက ဗြဟ္မာ့ပြည်မှာ ဗြဟ္မာ၊ ဒါကြောင့်မို့ မြန်မာစကားမှာ အဆိုလေးတစ်ခု ရှိတယ်လေ၊
“ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း၊ ဝက်စာကျင်းမှာ တရှုတ်ရှုတ်” ဗြဟ္မာကနေ ဝက် တန်းဖြစ်တာတော့ မရှိဘူးပေါ့။
သို့သော် မြတ်စွာဘုရား ပြုံးတာဟာ “ဒီဝက်မကလေးဟာ တစ်ချိန်တုန်းက ဗြဟ္မာကြီး ပါလားဆိုတဲ့ အမြင်မြင်လို့ ပြုံးတာ၊ အဲဒီအမြင်မြင်ကတည်းက ဉာဏ် မဖြစ်ဘူးလား၊ ဝက်မလေးမြင်လို့ ပြုံးတဲ့အပြုံးသည် ဟသိတုပ္ပါဒ်နဲ့ ပြုံးတာပဲ၊ ဟုတ်ရဲ့လား၊ အဲဒါကြောင့် အဋ္ဌကထာဋီကာ ဆရာကြီးတစ်ဦးရဲ့ အယူအဆကို ကျန်တဲ့ပုဂ္ဂိုလ်တွေက လက်မခံနိုင်ဘူး၊ မြတ်စွာဘုရားရဲ့လုပ်သမျှဟာ အသိနဲ့ယှဉ် တယ်၊ ဟသိတုပ္ပါဒ်စိတ် မဖြစ်ခင်က ဉာဏ်ဖြစ်ခဲ့တာပဲ၊ အဲဒါက ဉာဏပုဗ္ဗင်္ဂမံ ဉာဏ်နဲ့အတူတူဖြစ်တယ် လို့ပြောတာမှ မဟုတ်ဘဲ ဉာဏ်ရှေ့သွားရှိလို့ပြောတာ။
“ဉာဏပုဗ္ဗင်္ဂမံ – ဉာဏ်ရှေ့သွားရှိတယ်၊
ဉာဏာနုပရိဝတ္တံ – ဉာဏ်နောက်လိုက်တယ်”
လို့ ပြောတာ၊ ဉာဏ်နဲ့အတူတူ ဖြစ်ရမယ်လို့ပြောတာ မဟုတ်ဘူးနော်။
ဒါကြောင့် လောကမှာရှိတဲ့ သဘာဝတွေပေါ်မှာ အထင်အမြင်တွေ ဖြစ်တတ်တယ်၊ မြတ်စွာဘုရားသန္တာန်မှာ လောကီစိတ်တွေ မဖြစ်ဘူးလို့ ဒီလို အောက်မေ့တတ်ကြ တယ်၊ မြတ်စွာဘုရားဟာ လောကီဈာန်တွေ မဝင်စားဘူးလို့ တချို့ ဒီလိုထင်တယ်၊ မဟုတ်ဘူး။ မြတ်စွာဘုရား လောကီဈာန်တွေ ဝင်စားတာပဲ၊ ဘာဖြစ်လို့တုန်းဆို လောကီဈာန် မပြောနဲ့ လောကီစိတ်တွေတောင် ဖြစ်နေတာ မဟုတ်လား၊ သာမန်နေရင် သာမန်စိတ်ပေါ့၊ ဘုရားသန္တာန်မှာ မဖြစ်တာ အကုသိုလ် စိတ် မဖြစ်ဘူး၊ ကုသိုလ်စိတ် မဖြစ်ဘူး၊ ကြိယာစိတ်ဖြစ်တယ်၊ ကျန်တဲ့ဝိပါက်စိတ် တွေက ပုံရိပ်တွေပဲလေ၊ ဒါက ဘဝရဲ့ကံကြမ္မာပုံရိပ်တွေပေါ့၊ ကံကြမ္မာရဲ့ပုံရိပ် မဟုတ် ရင်, ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်း မဟုတ်, ကံတရားရဲ့အကျိုးလည်း မဟုတ်တာတွေကျတော့ ကြိယာစိတ်ပေါ့၊ အဲဒီလိုစိတ်တွေဖြစ်တယ်လို့ ဒီလို သဘာဝ တရားတွေကို ရှင်းရှင်းလင်းလင်းဟောကြားထားတဲ့ မြတ်စွာဘုရားရဲ့ အဘိဓမ္မာ တရားတွေကို အခြေခံပြီး အခုလို ပဋ္ဌာန်းနဲ့ပတ်သက်ပြီး ဝိပါကပစ္စယောလို့ ဒီကနေ့ အသေးစိတ်နားလည်ပြီလို့ ထင်ပါတယ်။
ဒါကြောင့်မို့ ဝိပါကပစ္စယောဆိုတာ နိရုဿာဟ သန္တဘာဝ – အားထုတ်မှု ကင်းမဲ့ပြီး ငြိမ်သက်နေတဲ့အနေအထားနဲ့ မိမိနဲ့တွဲဖက်ပြီးတော့ ဖြစ်လာတဲ့ သဘာဝ တရားတွေကို အားထုတ်မှုကင်းမဲ့ပြီး ငြိမ်သက်သွားတဲ့ အနေအထားဖြစ်အောင် ကျေးဇူးပြုတတ်လို့ ဝိပါကပစ္စည်းလို့ခေါ်တယ်ဆိုတာ သဘောပေါက်ပြီး မိမိတို့ သန္တာန်မှာ ဖြစ်နေတဲ့ ဝိပါကသဘောတရားတွေဟာ အပြန်အလှန် ယခုကဲ့သို့ အထောက်အကူပြုပြီးတော့ ဆိုင်ရာဆိုင်ရာ အကြောင်းတွေနဲ့ ဆုံတိုင်းဆုံတိုင်း မိမိ တို့သန္တာန်မှာ ဖြစ်နေတယ်လို့ သဘာဝတရားတွေရဲ့ ဖြစ်မှုတွေကို ဆင်ခြင်စဉ်းစား ပြီး ထိုသဘာဝတရားတွေပေါ်မှာ အသိဉာဏ်တွေရောက်လို့ နောက်ဆုံးမှာ ထို သဘာဝတရားတွေရဲ့ အဖြစ်မှန်သွင်ပြင်လက္ခဏာတွေကို အားထုတ်လို့ သိမြင်တဲ့ ဉာဏ်ရလို့ ကိုယ်စီကိုယ်ငှ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၂)
▬▬▬▬▬▬▬▬▬▬
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၁-ရက်၊ (၄-၉-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
အာဟာရပစ္စယော
▬▬▬▬▬▬▬
အာဟာရပစ္စယောဆိုတာ ရုပ်နာမ်၂-ရပ်ကို တည်တံ့အောင် ထောက်ပံ့ ပေးနိုင်တဲ့ စွမ်းရည်သတ္တိလို့ ဒီလိုအဓိပ္ပါယ်ရှိတယ်၊ များသောအားဖြင့် အာဟာရ ဆိုရင် စားသောက်စရာလို့ အသိများကြတယ်၊ စားစရာအာဟာရမျှကိုသာ ဒီနေရာမှာ အာဟာရပစ္စည်းလို့ ခေါ်တာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကျိုးတရားတွေကို စွမ်းဆောင်မှုပေးနေတဲ့ အကြောင်းတရားတွေကိုလည်း အာဟာရ။ စွမ်းဆောင် တယ်ဆိုတဲ့နေရာမှာ သာမန်ထက် ထူးကဲပြီး စွမ်းဆောင်တာ၊ ဒါကြောင့်မို့ အာဟာရ ပစ္စည်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါမှာ သက်ဆိုင်ရာ အကျိုးတရားများကို လွန်စွာ စွမ်းဆောင်နိုင်တဲ့ အကြောင်းတရားလို့၊ သက်ဆိုင်ရာအကျိုးတရားများကို လွန်စွာ စွမ်းဆောင်နိုင်တဲ့ အကြောင်းတရားသည် အာဟာရပစ္စည်းလို့ ဒီလိုမှတ်ရမယ်၊ အကြောင်းတရား သာမညကို ပြောတာမဟုတ်ဘူး၊ လွန်ကဲစွာစွမ်းဆောင်နိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ အကြောင်းတရားတွေလို့ ပြောတာ။
အဋ္ဌကထာများမှာတော့ -
ရူပါရူပါနံ ဥပတ္ထမ္ဘကဋ္ဌန ဥပကာရကော - ရူပါရူပါနံ ရုပ်နာမ်၂-ပါးတို့ကို၊
ဥပတ္ထမ္ဘကဋ္ဌေန - အထောက်အပံ့ပေးတဲ့ အနေအားဖြင့်၊
ဥပကာရကော - ကျေးဇူးပြုတဲ့တရားလို့ဆိုတယ်။
ထောက်ပံ့တယ်ဆိုတာ အကျိုးတရား အခိုင်အမာရပ်တည်မှု ရှိနေအောင် ထောက်ပံ့တာ၊ လောကမှာ လူတွေလည်း ပြောကြတယ်လေ၊ လိုအပ်နေတဲ့ပုဂ္ဂိုလ် တွေကို ထောက်ပံ့တယ် ကူညီတယ်။
“ထောက်”တယ်ဆိုတာ ဆိုပါစို့ - သစ်ပင်ကြီးတစ်ပင် လဲတော့မယ်ဆိုရင် မလဲရအောင် ထောက်ပေးထားတယ်၊ ထောက်ထားသည့်အတွက် သစ်ပင်ကြီးဟာ လဲမသွားနိုင်ဘူး၊ ပြိုလဲတော့မယ့်အရာကို ထောက်ထားလို့ရှိရင် မလဲနိုင်တော့ဘူး။
“ပဲ့” တယ်ဆိုတာ ပံ့ပိုးကူညီတာ၊ လိုအပ်တဲ့အကူအညီတွေ ပေးထားသဖြင့် ဆက်လက်တည်တံ့တယ်၊ လဲပြိုသွားမယ့် သစ်ပင်ကြီး ပြိုမသွားအောင် “ထောက် ထားတာ၊ လိုအပ်ချက်တွေကြောင့် အခြေအနေယိုယွင်းသွားတာ မရှိရအောင် “ပံ့ပိုး ကူညီထားတာ၊ ဒီလိုဆိုလိုတယ်။
ဒါကြောင့် အာဟာရပစ္စည်းက ထောက်ပံ့တယ်၊ ကူညီတယ်၊ အထောက်အပံ့ ပေးတယ်၊ ဥပတ္ထမ္ဘက အခိုင်အမာ ထောက်ခံထားတယ်၊ ထောက်ပံ့ထားတဲ့ အကြောင်းတရားလို့ ဒီလိုပြောလိုတာ။
ရုပ်အာဟာရ
▬▬▬▬▬
အာဟာရပစ္စည်းကို ရုပ်အာဟာရနဲ့ နာမ်အာဟာရလို့ ၂-မျိုး ခွဲတယ်၊ ရုပ်အာဟာရ ဆိုတာကတော့ အများသိနေကြတဲ့ အစားအစာမှာ ရှိနေတဲ့ ဩဇာဓာတ်ကို ရုပ်အာဟာရလို့ ခေါ်တယ်၊ ရုပ်ဟာ အနည်းဆုံး ၈-ခု တွဲထားတယ်၊ ၈-ခုကို တစ်ခုအနေနဲ့ ဖွဲ့စည်းထားတယ်၊ မဟာဘုတ် ၄-ပါးရယ်၊ မျက်စိကမြင်ရတဲ့ အဆင်းရုပ်ရယ်၊ နှာခေါင်းနဲ့ ရှူလို့ရတဲ့ အနံ့ရုပ်ရယ်၊ လျှာနဲ့ လျက်လို့ရတဲ့ အရသာရုပ်ရယ်၊ နောက်ပြီးတော့ ဩဇာလို့ခေါ်တဲ့ ရုပ်တွေထဲမှာ စိမ့်ဝင်ပျံ့နှံ့ပြီးတော့ တည်နေတဲ့ စွမ်းရည်သတ္တိရှိတဲ့ ရုပ်တစ်မျိုးရယ်လို့ - အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ရုပ် ၈-ခု၊ အဲဒီရုပ် ၈-ခုဟာ တစ်ခုစီ ခွဲခြားလို့ မရတဲ့ရုပ်မျိုးလို့ ပြောတာ။
အဲဒီရုပ် ၈-ခုဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ထာဝရတွဲနေတဲ့ ရုပ် ၈-ခု၊ အကယ်၍ ခွဲလိုက်ပြီဆိုလို့ရှိရင် ရုပ်လို့ခေါ်စရာ မရှိတော့ဘူး၊ ဒါကြောင့်မို့ အဲဒီ ရုပ်တွေကို “အဝိနိမ္ဘောဂရုပ်” တဲ့၊ ဝိနိ ဆိုတာ တစ်ခုစီတစ်ခုစီ သီးသီးခြားခြား၊ ဘောဂ – ခွဲခြား ပစ်လိုက်တာ၊ တစ်ခုစီ တစ်ခုစီ ခွဲခြားလို့ရရင် ဝိနိမ္ဘောဂ၊ ခွဲခြားလို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်ကျတော့ “အဝိနိမ္ဘောဂ” လို့ ဒီလိုပြောတာ၊ အင်္ဂလိပ်လိုပြန်တဲ့အခါ Indivisible လို့ ပြန်တယ်၊ ခွဲလို့စိတ်လို့မရတဲ့ ရုပ်မျိုးလို့ပြောတာ။
ဘာဖြစ်လို့ ခွဲစိတ်လို့ မရသလဲလို့ဆိုရင် တစ်ခုစီ ခွဲခြားလိုက်မယ်ဆိုလို့ရှိရင် ရုပ်အဖြစ် မစွမ်းဆောင်နိုင်တော့ဘူး၊ စကားအနေနဲ့သာ တစ်ခုစီတစ်ခုစီ ပြောလို့ ရတယ်၊ အဲဒီရုပ်တွေဟာ တစ်ခုစီ တစ်ခုစီ ခွဲလိုက်တာနဲ့ ရုပ်လို့ခေါ်စရာ မရှိတော့ဘူး၊ လောကမှာ တွေ့နေရတဲ့ ဗဟိဒ္ဓမှာရှိတဲ့ သစ်ပင် တောတောင် ရေမြေ အစစ အရာရာမှာ သက်မဲ့အရာတွေမှန်သမျှ ဟောဒီ ၈-ခုနဲ့ တွဲထားတယ်။ သက်မဲ့အရာ အားလုံးလူတွေက နာမည်အမျိုးမျိုးပေးထားကြတယ်၊ မဆုံးနိုင်တဲ့အမည်နာမတွေ၊ အတွေးတွေ အထင်တွေနဲ့ အမည်အမျိုးမျိုးမှည့်ထားတာ၊ သို့သော် သဘာဝအားဖြင့် ကြည့်မယ်ဆိုရင် ဒီရုပ် ၈-ခုရဲ့ အစုအဝေးကြီးပါပဲ၊ ဘယ်နေရာပဲတွေ့တွေ့ သက်မဲ့ အရာဝတ္ထုတွေဟာ ဟောဒီရုပ် ၈-ခုရဲ့ အစုအဝေးကြီးပဲ၊ အမည်နာမတွေကတော့ ဘယ်တော့မှ ဆုံးမှာလည်း မဟုတ်ဘူး။
ပစ္စည်းတစ်ခုခု ပေါ်လာလို့ရှိရင် .အမည်နာမတွေက ထပ်ဆင့်ပြီးတော့ ပေါ်နေဦးမှာပဲ၊ လွန်ခဲ့တဲ့ အနှစ်-၄၀ လောက်က မပေါ်ခဲ့တဲ့ပစ္စည်းတွေ ဒီကနေ့ ပေါ်နေတယ်၊ အဲဒါတွေလည်း အမည်နာမတွေ ပေးနေတာ၊ နောက်ထပ် အနှစ်-၄ဝ ရဲ့ နောက်ပိုင်း မှာလည်းပဲ အခုချိန်ကမသိသေးတဲ့ ပစ္စည်းဝတ္ထုတွေ ပေါ်နေဦးမှာပဲ၊ နောက်ဘာတွေပဲ ပေါ်ပေါ် ပေါ်သမျှသည် ဟောဒီရုပ် ၈-ခုပဲလို့ ဒီလိုသတ်မှတ် ရမယ်၊ ဒီရုပ် ၈-ခုကို သဏ္ဌာန်အမျိုးမျိုး၊ အသွင်အမျိုးမျိုး အသုံးအမျိုးမျိုးနဲ့ လူတွေဟာ အမည်နာမ ခေါ်စရာတွေ မိမိတို့ဘာသာစကားနဲ့ တီထွင်ပြီး အမည်နာမတွေ ခေါ်နေကြဦးမှာပဲ၊ မဆုံးနိုင်ဘူး၊ လူရှိသမျှ အခေါ်အဝေါ်တွေ တိုးတက်နေဦးမှာ ပဲ၊ သို့သော် ဒီရုပ် ၈-ခုလို့ပဲ ဒီလိုမှတ်ရမယ်။
သြဇရုပ်ဆိုတာ
▬▬▬▬▬
အဲဒီရုပ် ၈-ခုထဲမှာ အမြဲတမ်းပါဝင်နေတဲ့ ဩဇရုပ်ဆိုတာ ရှိတယ်၊ ဘယ် မှာပဲဖြစ်ဖြစ် ပါတယ်၊ ဩဇရဲ့အဓိပ္ပါယ်က “အတ္တနော ဥဒယာ နန္တရံ ဇနေတီတိ ဩဇာ”၊
အတ္တနော ဥဒယာ နန္တရံ - မိမိဖြစ်ပေါ်လာပြီးတဲ့နောက် အခြားမဲ့မှာ၊
ဇနေတိ – အခြားရုပ်တစ်မျိုးကို ထုတ်လုပ်တတ်တယ်၊
အကျိုးတစ်မျိုးကို ထုတ်လုပ် ပေးတတ်တယ်၊ ဩဇာရဲ့အဓိပ္ပါယ်က “သြ” ဆိုတာ ကိုယ်ဖြစ်လာပြီးတဲ့နောက်၊ “ဇ” ဆိုတာ ဖြစ်စေတာ၊ သူပေါ်လာရင် တစ်ခုခုကို ဖြစ်စေ မှာပဲလို့ ဒီလိုပြောတာ၊ အဲဒီ ဩဇာဆိုတဲ့ရုပ်ဟာ နေရာတကာမှာ ရှိတယ်။
၁၉၉၈-ခုနှစ်က စွယ်တော်မြတ်ဘုရားအနီးမှာ “အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်” ကို စပြီးတော့ဖွင့်တယ်၊ ဖွင့်တဲ့အခါ နိုင်ငံခြားက လာပြီးတော့ တက်ကြတယ်၊ အဲဒီတုန်းက ဘုန်းကြီးက Visiting Professor အနေနဲ့ စစ်ကိုင်းကလာပြီး အဘိဓမ္မာသင်တန်း ပို့ချပေးတယ်၊ အဘိဓမ္မာသင်တန်းမှာ ဒီ ဩဇာအကြောင်းကို ပြောတာ၊ ဩဇာဆိုတာ Nutritive essence အာဟာရတွေရဲ့ အနှစ်၊ ရုပ်တိုင်းရုပ်တိုင်းမှာ ရှိတယ်လို့ ရှင်းပြတယ်၊ အဲဒီသင်တန်းမှာ Mexico နိုင်ငံက အမျိုးသမီးတစ်ယောက်ပါတယ်၊
(Mexico နိုင်ငံဆိုတာ တောင်အမေရိက မှာ ရှိတယ်၊ အခု ဗုဒ္ဓဘာသာတွေရှိနေပြီ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် တည်ကတည်းက ၂၀၀၅-ခုနှစ်အထိ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်သွားတဲ့ ဆရာတော် ဦးသီလာနန္ဒရဲ့ တပည့် Miss Ruty ဆိုတဲ့ အမျိုးသမီးပဲ)၊
အဲဒီ ဩဇာအကြောင်း ရှင်းပြတဲ့အခါကျတော့ “ရုပ်တိုင်း ရုပ်တိုင်းမှာ ဩဇာရှိတယ် ဆိုရင်တဲ့ မှန်တံခါးမှာရှိတဲ့ မှန်ကြီးတွေမှာ ရှိသလား” လို့ မေးတယ်။
“ဗုဒ္ဓအဘိဓမ္မာအရကျတော့ ဘယ်နေရာပဲဖြစ်ဖြစ် ရှိတာပဲ” လို့ ဘုန်းကြီး ဖြေတယ်၊ မှန်ကိုစားတဲ့သတ္တဝါ မရှိတော့ သူက ဒီမေးခွန်းမေးတယ်၊ စားတာ မစားတာနဲ့ မဆိုင်ဘူးလို့ လူက စားတာဖြစ်စေ၊ သတ္တဝါတွေက စားတာဖြစ်စေ, မစားတာဖြစ်စေ ဒါနဲ့ မဆိုင်ဘူး၊ သူ့မှာ သတ္တိရှိနေတာကတော့ မှန်တယ်။
ဆိုပါစို့ - မြေကြီးကို လူမစားဘူး၊ ဒါပေမယ့် တီကောင်က စားတယ်လို့၊ လူ မစားတဲ့အရာတွေ ဒီပြင်သတ္တဝါတွေ စားတယ်၊ စားရင် ဒီအာဟာရထဲမှာပါတဲ့ ဩဇာဓာတ်က အကျိုးကို ဖြစ်စေတယ်၊ နောက်ဆုံးမှာ အဆိပ်မှာလည်း ဩဇာ ရှိတာပဲ၊ အဆိပ်သွားစား အဆိပ်သင့်တယ်ဆိုတာ ဒါပဲပေါ့၊
အတ္တနော ဥဒယာ နန္တရံ – မိမိဖြစ်လာပြီးတဲ့နောက် အခြားမဲ့မှာဆိုရင်၊
ဇနေတိ - အကျိုးသက်ရောက် စေတယ်၊
ဒါပြောတာ အဲဒီတော့ မှန် ဆိုလို့ရှိရင်လည်း မှန်စားတဲ့သတ္တဝါရှိလို့ မှန် စားရင် သူက Nutritive essence ပဲ၊ စားတဲ့သတ္တဝါရှိရင် ဘာပဲဖြစ်ဖြစ် အကျိုး ဖြစ်ထွန်းစေတာ၊ ဩဇာရဲ့အဓိပ္ပါယ်က ကောင်းကျိုးဖြစ်စေ ဆိုးကျိုးဖြစ်စေ ရုပ်သစ် တစ်မျိုးကို ဖြစ်ပွားစေတာ၊ ဒါ ဩဇာဓာတ်လို့ ခေါ်တယ်၊ သူ့ချည်းတော့ ဖြစ်ပွား စေတာ မဟုတ်ဘူး၊ အခြားတစ်ခုခုနဲ့ ပေါင်းစပ်လိုက်ပြီဆိုလို့ရှိရင် ဖြစ်ပွားစေတယ်။
ဗုဒ္ဓအဘိဓမ္မာအရ သတ္တဝါတွေက စားတဲ့အရာဝတ္ထုပဲဖြစ်စေ၊ မစားတဲ့အရာ ဝတ္ထုပဲဖြစ်စေ ဒီသဘာဝကတော့ ရှိမြဲရှိနေတာပဲ၊ အဲဒီတုန်းက အဲဒီလို ရှင်းပြတာ၊ သူကျေနပ်သွားလား မကျေနပ်လားတော့ မသိဘူး၊ မေးတော့ မမေးတော့ဘူး၊ သူတို့က အဲဒီလို ကပ်ကပ်သပ်သပ်တော့မေးတတ်တယ်၊ အမှန်က အဲဒီလိုမေးတာ လည်းပဲ ကောင်းတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဗုဒ္ဓတရားတော်ဟာ အမေးအမြန်း ခံနိုင်တယ်၊ ဗုဒ္ဓတရားတော်က အတုအယောင်မဟုတ် အစစ်အမှန် ဖြစ်သည့် အတွက်ကြောင့် ဘယ်လိုပဲမေးမေး အဖြေကတော့ ရှိနေတာ၊ ဖြေတတ်တာ မဖြေ တတ်တာကတော့ တခြားပေါ့။
ဒီနေရာမှာ ပဋ္ဌာန်းပါဠိတော်က ဒီဩဇာဆိုတဲ့ရုပ်ကိုကြည့်ပြီး အာဟာရပစ္စယောလို့ တစ်ခုအနေနဲ့ ဟောတာ၊ အဲဒီ ရုပ်အာဟာရနဲ့ ပတ်သက်ပြီးတော့ ပဋ္ဌာန်းပါဠိတော် ဟောပုံက -
“ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော” –
မြတ်စွာဘုရားက ဒီလို ဟောတယ်၊ ဒီနေရာမှာ ကဗဠိကာရောဆိုတဲ့ စကားလုံး ထည့်ထားတာကို ကြည့်၊ ကဗဠ ဆိုတာ လူတွေက အစာစားတော့မယ် ဆိုလို့ရှိရင် ပါးစပ်နဲ့တန်ရုံ အတုံးအခဲလေးတွေ လုပ်လေ့ရှိတယ်၊ ပါးစပ်နဲ့တန်ရုံ အတုံးအခဲလေး တွေက ကဗဠ၊ ထမင်းလုပ်ဆိုတာ လက်နဲ့စားတာကို ဦးတည်ပြောတယ်၊ ဘာလို့တုန်းဆို ရှေးဟောင်းအိန္ဒိယနိုင်ငံမှာ ထမင်းစားရင် လက်နဲ့စားကြ တာမို့လား၊ လက်နဲ့ စားတဲ့အခါ ထမင်းအားလုံးစုပြီး အလုပ်အလုပ်လေးတွေ လုပ်ကြ တယ်၊ ဇွန်းနဲ့စားရင်လည်း ထမင်းလုပ်ပဲ၊ ဇွန်းထဲမှာပါတဲ့ အတိုင်းအတာလေး တစ်ခုက ဒါ အလုပ်လုပ်တာ၊ အတုံးအခဲလေးလုပ်တယ်လို့ ပြောတာ၊ အရည် သောက်ရင်တော့ အရည်ပေါ့။
ဒါဖြင့် တူနဲ့စားတော့ ဘယ်လိုလုပ်မတုန်း၊ တူနဲ့စားလည်း တူနဲ့ ကော်လို့ ရတဲ့ အတိုင်းအတာလေးတစ်ခုက ကဗဠပဲ၊ ကဗဠ ဆိုတာ ဘယ်လိုပမာဏလို့ ပြောတာ မဟုတ်ဘူး၊ ပါးစပ်ထဲထည့်ဖို့ ခံတွင်းထဲရောက်အောင်ပို့တဲ့ အတိုင်းအတာ လေးတစ်ခုကို ကဗဠ ပဲ၊ အဲဒီလိုလုပ်ပြီးမှစားတာ။ ဟုတ်ပြီ၊ လူတွေစားတာ ကဗဠ လို့ ဆိုလို့ရှိရင် နွားတွေ မြက်စားတာကျတော့ ဘယ်လိုလုပ်မတုန်း၊ နွားတွေကလည်း သူ့ပါးစပ်ဆန့်ရုံ သူစားတာ၊ ဒါ ကဗဠ ပဲပေါ့၊ ဆင်တွေက သစ်ကိုင်းတွေ ချိုးစား ရင်ရော၊ ဒါလည်း သူတို့အတွက် ကဗဠ ပဲလို့ ဒီလိုပဲတွက်ရမယ်။
ဆိုလိုတာက အာဟာရသည် သူ့ဖာသူနေတဲ့အချိန်မှာ ဆိုပါစို့ - ဟင်းရွက်ကလေး တစ်ရွက် သစ်ပင်ပေါ်မှာပဲဖြစ်စေ၊ ဟင်းပန်းကန်ထဲမှာဖြစ်စေ သူ့ဖာသူ နေနေတယ်၊ ပါးစပ်ထဲ မရောက်သေးဘူးဆိုရင် အကျိုးတစ်ခုကို ဖြစ်စေနိုင်ပါ့မလား၊ မဖြစ်စေဘူး၊ အစာအာဟာရသည် သူ့ဖာသူနေနေလို့ရှိရင် အကျိုးတစ်ခုကို မထုတ် လုပ်သေးဘူးတဲ့၊ လူတွေက ပါးစပ်ထဲထည့်ပြီ ဆိုတဲ့အခါကျမှ သက်ဆိုင်ရာအကျိုး တစ်ခု ဖြစ်စေတယ်၊ လျှာပေါ် ရောက်တာနဲ့ တစ်ပြိုင်နက် သူက အာဟာရသတ္တိက လာတော့မယ်၊ လျှာနဲ့တွေ့ပြီဆိုရင် အာဟာရသတ္တိက လာတယ်၊ ငရုပ်သီး လျှာပေါ် ရောက်ရင် စပ်ပြီ မဟုတ်လား၊ လျှာပေါ် မရောက်သေးရင်တော့ မစပ်သေးဘူးနော်၊ ဘယ်ဟာပဲဖြစ်ဖြစ် လျှာနဲ့ထိလိုက်ပြီဆိုရင်တော့ သူ့ရဲ့စွမ်းရည်သတ္တိတွေ ပြလာ တယ်။
ဒီတော့ မြတ်စွာဘုရားက အာဟာရောလို့တင် မဟောဘဲနဲ့ ကဗဋီကာရော လို့ ဟောတာက ဘာအတွက်တုန်းဆိုတော့ ဗဟိဒ္ဓ ပြင်ပမှာရှိတဲ့ အစာအာဟာရ သည် အာဟာရသတ္တိနဲ့ ကျေးဇူးမပြုဘူး၊ ထမင်းပွဲကြီးရှေ့ချ ထိုင်ကြည့်နေ၊ ဝရဲ့လား၊ မဝဘူး၊ ကဗဠိကာရ ဖြစ်လာပြီးတော့ ပါးစပ်ထဲထည့်ပြီး ဝါးပြီးစားပြီ ဆိုတော့မှ ဒီ အထဲမှာပါတဲ့ ဩဇာဓာတ်သည် ခန္ဓာကိုယ်ရဲ့အကျိုးကို သက်ရောက်လို့ အာဟာရ ပစ္စည်းတပ်တယ်လို့ ပြောတာနော်၊ ဒီအဓိပ္ပါယ်ရှိအောင်လို့ .. မြတ်စွာဘုရားက ကဗဋီကာရောလို့ ဟောတာ။
နို့မို့ဆိုရင် ကဗဋီကာရော လို့ ပြောစရာမလိုဘူး၊ .. ဘယ်လိုပြောမလဲ၊ “အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော” - ဒီလိုပဲ ဟောရမယ်၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ထမင်းပွဲမှာရှိတာ အာဟာရမဟုတ်ဘူးလား၊ လူမစားသေး ရင်ရော အာဟာရမခေါ်ဘူးလား၊ ခေါ်တာပဲ။ လူမစားသေးရင်လည်း အာဟာရပဲ၊ ပန်းကန်ထဲမှာရှိတုန်းလည်း အာဟာရပဲ၊ စားစရာအစာတွေမှန်သမျှ သူ့ဟာသူ ထုပ်ပိုးထားတဲ့အချိန်မှာလည်း အာဟာရပဲ၊ သို့သော် ကဗဋီကာရဖြစ်ပြီ လားလို့ဆို မဖြစ်သေးဘူး၊ အဲဒါ အဲဒီအဓိပ္ပါယ်ကို ရည်ညွှန်းတာ။
အာဟာရဆိုတာ စတုသမုဋ္ဌာနိက၊ ကံကြောင့်ဖြစ်တာ၊ စိတ်ကြောင့်ဖြစ်တာ၊ ဥတုကြောင့် ဖြစ်တာ၊ အာဟာရကြောင့်ဖြစ်လာတာ၊ စားသုံးလိုက်ရတဲ့ သြဇာဓာတ် သည် ဟောဒီရုပ်ခန္ဓာကြီးအား - ရုပ်ခန္ဓာလို့ဆိုတာ ဣမဿ ကာယဿ အကြောင်း ၄-ပါးကြောင့် ဖြစ်တဲ့ ရုပ်ခန္ဓာကြီး၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ် ခန္ဓာ၊ ကံ စိတ် ဥတု အာဟာရ လို့ဆိုတဲ့ အကြောင်း ၄-ပါးကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာကြီးကို ဟောဒီ ဩဇာဆိုတဲ့ရုပ်တရားက ထောက်ပံ့ပေးထားပါတယ်လို့ ဒီလိုပြောတာ၊ ဒါက စာလို ပြောနေတာ။
အရပ်လို ရှင်းရှင်းတွေးလို့ရှိရင် လူတွေဟာ ဘာနဲ့ အသက်ရှင်နေတာလဲ၊ အစာစားပြီး အသက်ရှင်နေကြတယ်၊ သတ္တဝါအားလုံး ဘာနဲ့အသက်ရှင်လဲ၊ အစာ စားပြီး အသက်ရှင်တယ်၊ စားခါနီး လူတွေက ပြောလေ့ရှိတယ်၊ “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” တဲ့၊ “သတ္တဝါတွေဟာ အာဟာရကြောင့် တည်နေကြတယ်” လို့ဆိုတယ်၊ အာဟာရမရှိဘူးဆိုလို့ရှိရင် လူတွေဟာ အသက်ရှည်တည်နေဖို့ရာ မဖြစ်နိုင်ဘူး၊ အာဟာရ ရှိကိုရှိနေရမယ်၊ အာဟာရ ရှိရုံတင် မလုံလောက်ဘူး၊ ပြည့်စုံတဲ့အာဟာရဖြစ်မှ၊ မပြည့်စုံတဲ့အာဟာရ ဖြစ်လို့ရှိရင်လည်း ပြည့်စုံတဲ့ ရုပ် တရား တည်တံ့နိုင်မှာ မဟုတ်ဘူး။
အဲဒါကြောင့် အာဟာရပစ္စယောလို့ ဟောတဲ့အခါမှာ နံပါတ်တစ်က ဒီဩဇာ ရုပ်ကို ပြောတာ၊ ဩဇာရုပ်ဆိုတာ သတ္တဝါတွေရဲ့ခန္ဓာကိုယ်ထဲ ရောက်ရှိသွားတဲ့ ဩဇာရုပ်ကို ပြောတာ၊ အဲဒီဩဇာရုပ်သည် အတွင်းမှာရှိတဲ့ ဩဇာရုပ်နဲ့ ပေါင်းစပ် ပြီးတဲ့အခါ အာဟာရဇရုပ်တွေကို ထုတ်လုပ်ပါတယ်တဲ့၊ ထုတ်လုပ်ပြီးတဲ့အခါမှာ ကံကြောင့်ဖြစ်တဲ့ ရုပ်ကိုလည်း အထောက်အကူပြုတယ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်ဆိုတာ ဘာတွေတုန်း၊ မျက်စိ နား နှာ လျှာ ကိုယ် ဟဒယလို့ ဆိုတဲ့ ရုပ်တွေ၊ ဒါတွေဟာ လည်းပဲ အစာအဟာရမှာပါတဲ့ ဩဇာဓာတ်က ထောက်ပံ့ထားလို့ မပျက်မစီး ဆက်လက်ပြီး ဖြစ်နေနိုင်ကြတာ၊ သူ့ရဲ့အထောက်အပံ့တွေ အပြည့်အဝရှိတယ်လို့ ဒီလိုပြောတာ။
ဒါကြောင့် ပဋ္ဌာန်းပါဠိတော်မှာ
“ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော”၊
ကဗဋီကာရော အာဟာရော - အလုတ် အလွေးပြုပြီးမှ စားသုံးရတဲ့အာဟာရသည် ဝါးစားလိုက်ရတဲ့အစာအာဟာရသည်၊
ဣမဿ ကာယဿ - ဤရူပကာယလို့ခေါ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးအား၊
အာဟာရ ပစ္စယေန = အာဟာရပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော – ကျေးဇူးပြုလျက် ရှိပါပေ၏။
ကျေးဇူးပြုတယ်ဆိုတာ အကျိုးပြုနေတာနော်၊ ဒါရှိလို့ ဒီရုပ်တွေ ဆက်လက်ပြီး ရှင်သန်နေတယ်၊ ဒါကတော့ လောကမှာ အလွန်ထင်ရှားတာပဲ၊ အာဟာရ ပစ္စယောက နားလည်ဖို့ လွယ်ပါတယ်။
ရုပ်အာဟာရပစ္စည်းက ဩဇာရုပ်ပဲ ဖြစ်တယ်၊ ဩဇာရုပ်သည် အာဟာရ ပစ္စည်း၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်နဲ့ ကံ စိတ် ဥတု ကြောင့် ဖြစ်တဲ့ရုပ်တွေက ပစ္စယုပ္ပန်၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်တွေကို တိုက်ရိုက်ကျေးဇူးပြုပြီး ကျန်တဲ့ရုပ် တွေကို အထောက်အကူပြုတယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ကိုလည်း ကူညီတယ်၊ ထောက်ပံ့တယ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကိုလည်း ကူညီထောက်ပံ့တယ်၊ ဥတုကြောင့် ဖြစ်တဲ့ရုပ် ကိုလည်း ကူညီထောက်ပံ့တယ်၊ ဒီဩဇာဆိုတဲ့ရုပ်က နေ့စဉ်နှင့်အမျှ ဆက်ဆက် ဆက်ဆက်ပြီး ထောက်ပံ့သည့်အတွက်ကြောင့် ၁၀-နှစ်၊ ၁၅-နှစ်၊ အနှစ် ၂၀၊ ၃၀၊ ၄၀ ဟုတ်လား၊ အသက် ၆၀၊ ၇၀၊ ၈၀၊ ဟော ဒီလိုနေသွားတာ ဒီဩဇာဓာတ်ကနေ ထောက်ပံ့သွားတာ၊ နောက်ပိုင်းမှာ ထောက်ပံ့မှုတွေ ယိုယွင်း ကျဆင်းလာတဲ့ အခါကျတော့ ဩဇရုပ်က ခန္ဓာကိုယ်ကြီးကို မထောက်ပံ့နိုင်တော့ ဘူးဆို ဘယ်သွား တုန်း၊ မထောက်ပံ့ဘူးဆို မရဏရောက်သွားတာပဲ၊ သူ ထောက်ပံ့ နေတုန်းသာ ရှင်သန်နေမှာ။
သူကလည်း ထောက်ပံ့နေရင်းကနေပြီး တဖြည်းဖြည်းတော့ ကျဆင်းလာ တာ၊ အရှိန်ဆိုတာ တဖြည်းဖြည်းကုန်လာတာပဲ၊ ဘယ်အရာပဲဖြစ်ဖြစ် အရှိန်ဟာ ရှိတယ်၊ အဲဒီအရှိန်သည် ကျဆင်းလာတဲ့အခါ သူ့ရဲ့အကျိုးဆက်တွေကလည်း မှေးမှိန်လာ တာပေါ့၊ ဖယောင်းတိုင်လေးပဲ ကြည့်ဦးလေ - မီးထွန်းထားတယ်ဆိုရင် တဖြည်းဖြည်း ဖယောင်းဆီကလျော့၊ မီးစာက တိုတိုလာတဲ့အခါ လင်းအားတွေ လျော့လျော့ လျော့လျော့သွားတယ်၊ နောက်ဆုံး ကုန်ခါနီးမှာ မှိန်မှိန်ကလေးဖြစ်ပြီး ငြိမ်းသွား တာပေါ့၊ ဒါက သဘာဝပဲလေ၊ ဘာမှ ထူးတာမဟုတ်ဘူး၊ ဒီသဘာဝပဲ။
ပန်းပွင့်လေးတစ်ပွင့်ကြည့်ဦး - ဆိုင်ရာအကြောင်းတွေ ရေဓာတ်ကလေး တွေကနေပြီး စိုစိုလေး ထောက်ပံ့ထားတဲ့အခါ ပန်းပွင့်ကလေးဟာ လန်းလန်း ဆန်းဆန်းနဲ့၊ ဟော ဟော တဖြည်းဖြည်းထောက်ပံ့မှုအားနည်းလာတဲ့အခါကျတော့ ပန်းပွင့် ကလေးက ရင့်ရင့် ရင့်ရင့်လာပြီး နောက်ဆုံးကြွေသွားတယ်၊ ဒီသဘောပဲ။
ထောက်ပံ့မှုအားနည်းလာပြီဆိုရင် အပြည့်အဝ မရသည့် အတွက်ကြောင့် နောက်ဆုံး ကျတော့ ပြိုလဲသွားတာပဲ၊ ထောက်ပံ့တယ်ဆိုတာ ပြိုလဲမသွားအောင် ရပ်တည်နိုင် အောင် ထောက်ပံ့နေတာ၊ အဲဒါကို အာဟာရပစ္စယောလို့ ဟောတာ။
ဒီအာဟာရပစ္စယောသည် သူရှိတဲ့အခိုက်သာ ထောက်ပံ့တာဖြစ်လို့ အတ္ထိ၊ သူနဲ့ မကင်းကွာမီအချိန်မှာ ထောက်ပံ့တာ ဖြစ်သောကြောင့် အဝိဂတ သတ္တိ ၃-မျိုးနဲ့ ဩဇရုပ်ဟာ ကျန်တဲ့ရုပ်ခန္ဓာကြီးကို ထောက်ပံ့ပေးထားတယ်၊ အာဟာရသတ္တိ ဆိုတာ သတ္တိတစ်ခု၊ အာဟာရသတ္တိဆိုတာ ထောက်ပံ့ထားတဲ့သတ္တိကို ပြောတာ၊ အတ္ထိဆိုတာ ရှိနေတုန်းအကျိုးပြုတာကိုပြောတာ၊ အဝိဂတဆိုတာ လုံးဝကင်းပျောက် မသွားခင် အကျိုးပြုတာကို ပြောတာ။
ဒါကြောင့်မို့ ဩဇရုပ်သည် ကျန်တဲ့ရုပ်ခန္ဓာကိုယ်အား အာဟာရသတ္တိထူးနဲ့ ကျေးဇူးပြုရုံမျှမက အတ္ထိ - ရှိနေတုန်း ကျေးဇူးပြုလိုက်တယ်၊ အဝိဂတ - မိမိ မပျောက်ကင်းအချိန်မှာ ကျေးဇူးပြုထားတယ်၊ သတ္တိ ၃-မျိုးနဲ့ ကျေးဇူးပြုနေတယ်၊ ရုပ်အာဟာရဆိုတာ သီးသန့်ပဲ၊ ဒီလိုဟာမျိုး တခြားမှာ မရှိဘူး၊ ဩဇရုပ်က ရုပ် ခန္ဓာကိုယ်ကို ထောက်ပံ့တယ်ဆိုတာ တခြားမှာ မရှိဘူး။ အာဟာရ၊ အတ္ထိ၊ အဝိဂတ ဒီ ၃-ခုနဲ့ပဲ ဆိုင်တယ်၊ ကျန်တာတွေနဲ့ မဆိုင်ဘူး၊ ဒါကြောင့်မို့ သီးသန့်မျိုးကွဲပစ္စည်း တစ်ခု၊ ၂၄-ပစ္စည်းထဲမှာ သီးသန့်တွဲလို့ ရတာ ဒီ ၃-ခုပဲ ရှိတယ်၊ ဒါက ရုပ်အာဟာရ။
နာမ်အာဟာရ
▬▬▬▬▬
နာမ်အာဟာရဆိုတာ ရှိသေးတယ်နော်၊ နာမ်အာဟာရ ဆိုတာ ဘာတုန်း -
“ဖသော ဒုတိယော၊ မနောသေဉ္စတနာ တတိယာ၊ ဝိညာဏံ စတုတ္ထံ”
ပါဠိမှာ ရှိတယ်၊ ကဗဠိကာရ အာဟာရက ပထမ၊ ဒုတိယက ဖဿ၊ တတိယက မနောသေဉ္စတနာ၊ ဒီနေရာမှာ မနောဆိုတဲ့စကားလုံး ထည့်ပြောထားတာ စေတနာ ပါပဲ၊ မနောသေဉ္စတနာ စိတ်ထဲမှာရှိတဲ့ စွမ်းအားပြည့်တဲ့စေတနာ၊ ဖဿရယ်၊ စေတနာရယ်၊ ဝိညာဏ်ရယ်ပေါ့၊
အဲဒီ ၃-မျိုးဟာ ကျန်တဲ့နာမ်တရားတွေရဲ့ စွမ်းဆောင်မှုထက် သူတို့က လွန်ကဲတဲ့ စွမ်းဆောင်မှု ရှိတယ်တဲ့၊ ဒါကြောင့် အာဟာရလို့ ခေါ်တယ်၊ ဒီနေရာမှာ စွမ်းဆောင် တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ယူရမယ်၊ စားရတယ်ဆိုတဲ့ အာဟာရမျိုးနဲ့ မဆိုင်ဘူးနော်၊ အာဟာရဆိုတာကိုက စွမ်းဆောင်မှုဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ လွန်လွန်ကဲကဲ အကျိုးတရားကို စွမ်းဆောင်ထားနိုင်တဲ့တရား။
နောက်တစ်ခုက အာဟာရဆိုတာ အကြောင်းတရားကို ပြောတာ၊ စားတဲ့ အစာတစ်မျိုးတည်းကိုသာ အာဟာရခေါ်တာ မဟုတ်ဘူး၊ အကြောင်းတရား မှန်သမျှ ဘာကြောင့် အာဟာရလို့ ခေါ်တုန်းဆိုတော့ “အာ” ဆိုတာ လွန်လွန်ကဲကဲ၊ “ဟာရ” ဆိုတာ ဆောင်ထားတာ၊ အကျိုးတရားတွေ ပြိုလဲမသွားအောင် လွန်လွန် ကဲကဲ ဆောင်ထားတဲ့အရာ၊ ဆောင်ထားတယ်ဆိုတာ ထိန်းထားတာ၊ အဲဒါကြောင့် အကြောင်းတရားကိုလည်း အာဟာရခေါ်တယ်။
“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် ကလေးတွေရှိတယ်၊ “အာဟာရ”ကို အစာလို့ယူပြီး သဗ္ဗေ သတ္တာ - သတ္တဝါမှန်သမျှ ဟာ၊ အာဟာရဋ္ဌိတိကာ - အစာအာဟာရကြောင့် တည်နေတယ် လို့ ဆိုလို့ရှိရင် မပြည့်စုံဘူး၊ ဗြဟ္မာတွေ အစားစားသလား၊ မစားဘူး၊ ဒါဆို ဗြဟ္မာ့ ပြည် မပါဘူး ဖြစ်သွားမယ်၊ ဗြဟ္မာတွေ လွတ်သွားမယ်၊ သဗ္ဗေ သတ္တာ သတ္တဝါ အားလုံး ဆိုတဲ့နေရာမှာ ဗြဟ္မာမပါဘူး ဖြစ်သွားလိမ့်မယ်၊ ဟော ငရဲဘုံက သတ္တဝါ တွေဟာလည်းပဲ ငရဲခံနေရလို့ ဘယ်အချိန် ထမင်းချက်စားမတုန်း၊ ဘယ်သူကမှ လည်း လာကျွေးမှာ မဟုတ်ဘူး၊ အဲဒီတော့ ငရဲသားသတ္တဝါတွေရော အစာရှိပါ့ မလား၊ မရှိဘူးတဲ့။
အဲဒီတော့ အာဟာရဋ္ဌိတိကာ အရ အစာဆိုတဲ့ အဓိပ္ပါယ်ကိုမယူဘဲ အကြောင်တရားကို ယူတယ်၊ သတ္တဝါတွေဟာ အသက်ရှင်တည်နေတာ ဆိုင်ရာ အကြောင်းကြောင့် အသက်ရှင်နေတာလို့ ပြောတာနော်၊ အကြောင်းတရားကြောင့် အသက်ရှင်တယ် လို့ပြောရင် အားလုံးခြုံမိသွားမယ်။
အာဟာရဋ္ဌိတိကာအရ အစာယူပြီးတော့ ခြုံမိအောင်ပြောတာလည်း ရှိသေး တယ်၊ အဋ္ဌကထာမှာ ငရဲသားသတ္တဝါတွေဟာ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာမှာ “အာဟာရ” အရ အစာလို့ယူရင် ငရဲသားသတ္တဝါတွေရဲ့ အာဟာရက ဘာတုန်းဆိုရင် ကိုယ့်တံတွေး ကိုယ်မျိုချတာသည်ပင် အာဟာရလို့ ဒီလိုပြောတာ၊ ဗြဟ္မာတွေကျတော့ အာဟာရဆိုတာ ပီတိဘက္ခာအရ စိတ်ထဲက ကျေနပ်နေတဲ့ ပီတိဟာ အာဟာရ၊ ဒီလိုနည်းနဲ့လည်း ပြောတာ ရှိသေးတယ်နော်။
အဲဒီတော့ အကောင်းဆုံးကတော့ အစာစားတဲ့သတ္တဝါတွေအဖို့ အစာ၊ အစာ မစားတဲ့သတ္တဝါတွေအတွက် အာဟာရဆိုတာ အကြောင်းတရားလို့ ဒီလို ဆိုလိုတာ၊ အဲဒီတော့ သတ္တဝါမှန်သမျှသည် အကြောင်းတရားကြောင့် တည်နေကြတယ် ဆိုတဲ့စကားသည် အားလုံးကို ခြုံမိငုံမိတဲ့စကားတစ်ခု ဖြစ်ပါတယ်။
ရုပ်တရားတွေရဲ့အာဟာရကတော့ ဩဇာ၊ နာမ်တရားတွေရဲ့ အာဟာရကျတော့ ဘာလဲ? ဖဿ စေတနာ ဝိညာဏ်၊ ဟောဒီသဘာဝတရား ၃-ခုသည် အကျိုးတရား တွေကို လွန်ကဲစွာ စွမ်းဆောင်ထားနိုင်တယ်၊ စွမ်းဆောင်ထားနိုင်ပုံနဲ့ ပတ်သက်ပြီးတော့ သံယုတ္တနိကာယ်မှာ ပုတ္တမံသူပမသုတ်ကို မှတ်သားသင့်တယ်၊ ပုတ္တ - မိမိရင်၌ ဖြစ်ပွားတဲ့သားရဲ့၊ မံသ အသား၊ ဥပမာ - နှိုင်းယှဉ်စရာ၊ ရင်ဝယ်ဖြစ်ပွားတဲ့ သားသမီးရဲ့ အသား၊ အဲဒါနဲ့ နှိုင်းယှဉ်ပြီး ဟောတဲ့သုတ်ကို ပုတ္တမံသူပ သုတ်လို့ ခေါ်တယ်။
ပုတ္တမံသူပသုတ် (သားအသားဥပမာသုတ်)
အဲဒီသုတ်မှာ မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုရင် “စတ္တာရောမေ ဘိက္ခဝေ အာဟာရာ” - ရဟန်းတို့၊ အာဟာရ ၄-မျိုး ရှိတယ်၊ အာဟာရ ၄-မျိုး က ကဗဋီကာရ အာဟာရ၊ ဖဿ၊ မနောသန္ဓေတနာ၊ ဝိညာဏလို့ ၄-မျိုးရှိတယ်၊ အဲဒီ ၄-မျိုးက ဘာအတွက်တုန်းဆိုရင် “ဘူတာနံ ဝါ သတ္တာနံ ဌိတိယာ သမ္ဘဝေသီ နံ ဝါ အနုဂ္ဂဟာယ” – ဘူတလို့ဆိုတဲ့ သတ္တဝါတွေ အသက်ရှင် တည်နေဖို့အတွက် (ပြည့်ပြည့်စုံစုံဖြစ်ပြီးသား သတ္တဝါကို ဘူတလို့ ခေါ်တယ်၊) အားလုံးသိကြတဲ့အတိုင်း လူ့ဘဝ ဘာကစလဲ၊ ကလလရေကြည်လေးက စတယ် မဟုတ်လား၊ အဲဒီအချိန်မှာ လူရုပ်မပေါ်သေးဘူးနော်၊ ဘူတလို့ ခေါ်လို့မရဘူး၊ ကြက်ကလေးတွေ ကြက်ဥ အဆင့် ရှိသေးရင် ဘူတလို့ ခေါ်လို့မရဘူး၊ စတင်နေတုန်း ရှိသေးတယ်၊ ဘူတ ဆိုတာ အင်္ဂါရပ်တွေ ပြည့်ပြည့်စုံစုံနဲ့ လူဆိုရင် လူပီပီ၊ တိရစ္ဆာန်ဆိုရင် တိရစ္ဆာန်ပီပီ၊ အကောင်ပီပီ ဖြစ်သွားမှ ဘူတ၊ အကောင်ပီပီ မဖြစ်သေးရင် “သမ္ဘဝေသီ” လို့ ခေါ်တယ်။
အဲဒီတော့ “ဘူတ” နဲ့ “သမ္ဘဝေသီ” ၂-ခု ရှိတယ်၊ အာဟာရဆိုတာဟာတဲ့ ဘူတလို့ဆိုတဲ့ အပြည့်အဝ ပီပီသသဖြစ်ပြီးတဲ့ သတ္တဝါတွေ ဆက်လက်တည်တံ့ရေး အတွက် အထောက်အကူပြုတယ်၊ သမ္ဘဝေသီလို့ခေါ်တဲ့ ဘဝတစ်ခုအစပြုနေတဲ့ သတ္တဝါတွေအတွက် အထောက်အကူပြုတယ်၊ ဟော - အာဟာရရဲ့ အဓိပ္ပါယ်ကို မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ရှင်းထားတယ်၊ ဘူတာနံ ဝါ သတ္တာနံ – ကိုယ် ထင်ရှားဖြစ်ပြီးတဲ့ သတ္တဝါတို့ရဲ့၊ ဌိတိယာ ‘တည်ရှိနေဖို့အတွက်တဲ့၊ သမ္ဘဝေသီ နံ ဝါ အနုဂ္ဂဟာယ – ဘဝတစ်ခုကို အခြေပြုနေတဲ့ အစပြုနေတဲ့သတ္တဝါတို့ကို အကူအညီ ဖြစ်ဖို့ရာအတွက် အာဟာရ ၄-မျိုး ရှိပါတယ်လို့ - ဒီလို မြတ်စွာဘုရားက ဟောတယ်၊ အဲဒီသုတ္တန်ပါဠိတော်နဲ့ ဒီအဘိဓမ္မာ အတူတူပဲ၊ ပဋ္ဌာန်းမှာ အာဟာရ သတ္တိဆိုတာကို ထည့်ဟောတာပဲ ရှိတယ်။
ကဲ ကောင်းပြီ၊ အဲဒီသုတ္တန်မှာ ကဗဋီကာရ အာဟာရ ကို မြတ်စွာဘုရားက ဘာနဲ့ နှိုင်းယှဉ်ပြထားတုန်း၊ ရင်၌ဖြစ်ပွား သားရတနာရဲ့ အသား၊ အဲဒါနဲ့ အလားတူတယ်တဲ့၊ အဲဒီသုတ္တန်မှာ ဇနီးမောင်နှံနှစ်ယောက် သားကလေးကို ချီပိုးပြီးတော့ အင်မတန် ဝေးလံသီခေါင်တဲ့ အစာရေစာရှားပါးတဲ့ ကန္တာရခရီးကြီးကို ဖြတ်ကျော်ကြတယ်၊ ပါလာတဲ့ရိက္ခာလေးက မလုံမလောက်၊ နည်းနည်းလေးပဲ ပါလာတယ်၊ မကြာခင်ပဲ ခရီးခဲကြီးထဲ ရောက်တဲ့အချိန်မှာ ရိက္ခာပြတ်သွားတယ်၊ နောက်ထပ် ဆက်ပြီးတော့ သွားရမယ့်ခရီးက အများကြီးကျန်နေသေးတယ်၊ အဲဒီတော့ သူတို့ စဉ်းစားတယ်၊ အစာမစားရရင် တို့ ၃-ယောက်စလုံးသေမယ်၊ အဲဒီတော့ ၃-ယောက်စလုံး အသေခံမလားလို့ဆိုတော့ (မြန်မာစကားပုံ ရှိတယ် မဟုတ်လား “အမိသော်လဲ သားတော်ခဲ”ဆိုတာ၊ ကိုယ်ဒုက္ခကြုံလာလို့ရှိရင် ချစ်လှပါတယ်ဆိုတဲ့ သားသမီးကိုပဲ စွန့်ပစ်ကြရတာပဲ၊) နောက်ဆုံးကျတော့ သူတို့ဘယ်လိုဆုံးဖြတ်ကြတုန်းဆိုရင် အေး ၃-ယောက်စလုံးတော့ အသေမခံနဲ့၊ ဟောဒီကလေးလေးကို ချီပိုးလာရတာ တို့ဒုက္ခတွေ ပိုရောက်တယ်၊ ခရီးတွေကလည်း အများကြီးသွားရဦးမယ်၊ သူ့ကို သတ်ပြီး သူ့အသားကို တစ်နေ့ နည်းနည်း နည်းနည်း စားပြီး ခရီးဆက်ကြမယ်လို့ ဆုံးဖြတ်ကြတယ်၊ ဆုံးဖြတ်ပြီးတဲ့အခါ သားကလေးကို သတ်ပြီး တချို့အသားတွေကို အခြောက်လှမ်းထားတယ်၊ တစ်နေ့မှာ နည်းနည်း နည်းနည်းလေး စားပြီးတော့ ခရီးဆက်ကြတယ်တဲ့။
သို့သော်လည်း သူတို့ခမျာ စားတိုင်း စားတိုင်း မျက်ရည်တွေ ကျတယ်၊ ရင်ဘတ်တီးတီးပြီး သားကလေးအတွက် ကြေကွဲဝမ်းနည်းပြီး စားကြတယ်၊ စားတိုင်း စားတိုင်း သားကလေးအတွက် ကြေကွဲကြတယ်၊ မျက်ရည်ရွှဲစို ငိုယိုကြတယ်၊ သို့သော် မစားရင်လည်း သေမယ်၊ ရှေ့ကိုသွားနိုင်တဲ့ အင်အားတွေ မရှိတော့ဘူး၊ ဒီတော့ သားကလေးရဲ့အသားကို စားပြီးတော့ ကန္တာရခရီးကြီးကို ဖြတ်ကြရတယ်တဲ့။
အဲဒီ ဇာတ်လမ်းဆန်ဆန် ဥပမာကိုပေးပြီး မြတ်စွာဘုရားက “တို့နေ့စဉ် စားသုံးနေတဲ့ ကဗဋီကာရအာဟာရဆိုတာ အဲဒီ မိဘ၂-ပါးက သူတို့သားကလေးရဲ့ အသားပေါ်မှာ ထားတဲ့ သဘောထားသလိုထားကြ” လို့ ပြောတာနော်၊ ထားနိုင်ပါ့မလား အဲဒီလို၊ မထားနိုင်ဘူး၊ ကောင်းပေ့ဆိုတာ သွားစား၊ မြန်မာအစားအစာတင် မကဘူး၊ ကိုရီးယားဆိုင် သွားစားဦးမယ် မဟုတ်လား။
မြတ်စွာဘုရားက အဲဒီလိုစားတယ်ဆိုတာ ဘာအတွက်စားတာတုန်းလို့ ခုန မိသားစုရဲ့ရည်ရွယ်ချက်ကို ကြည့်လိုက်၊ သားကလေးအသားကို ဘာအတွက် စားတာတုန်းဆိုတော့ ဟောဒီ ကန္တာရခရီးကြီးကို ဖြတ်ကျော်နိုင်ဖို့အတွက် စားတာ၊ ပျော်ဖို့စားတာလား၊ မဟုတ်ဘူး။ ဝဖြိုးဖို့ စားတာလား၊ အသားအရည်တွေ ပြည့်ဖြိုးဖို့ ခွန်အားဗလတွေတိုးဖို့ စားတာလာ၊ မဟုတ်ဘူး။ သူတို့ရည်ရွယ်ချက်သည် ကန္တာရခရီးကို ဖြတ်ကူးဖို့ပဲ၊ ရည်ရွယ်ချက်က အဲဒါပဲ။
ဒါကြောင့်မို့လို့ ရဟန်းသံဃာတွေကို မြတ်စွာဘုရားက ဆုံးမတဲ့အခါ အစာ စားလို့ရှိရင် -
နေဝ ဒဝါယ - ပျော်ဖို့စားတာလည်း မဟုတ်ဘူးတဲ့၊
န မဒါယ - မာန် မာနတွေတက်ဖို့ စားတာလည်း မဟုတ်ဘူးတဲ့၊
န ဝိဘူသနာယ - ခွန်အားဗလတွေ တိုးပွားဖို့ စားတာလည်း မဟုတ်ဘူးတဲ့၊
န မဏ္ဍနာယ - လှပအောင် စားတာလည်း မဟုတ်ဘူး၊
အဲဒီရည်ရွယ်ချက်တွေနဲ့ မစားရဘူးတဲ့၊ ဘာအတွက် စားရမလဲ၊
ဣမဿ ကာယဿ ဌိတိယာ - ဒီခန္ဓာကိုယ်ကြီးတည်တံ့ဖို့အတွက်၊
ဗြဟ္မစရိယာ နုဂ္ဂဟာယ - အကျင့်မြတ်တွေကို ကျင့်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်ဖို့အတွက် စားတယ်။
ဒီတော့ မိဘ၂-ပါးက သားလေးရဲ့အသားကို စားပြီးတော့ ကန္တာရခရီးကို ဖြတ်တယ်၊ အဲဒီမိဘ၂-ပါးရဲ့ စိတ်နေသဘောထားအတိုင်း မိမိတို့နေ့စဉ် စားသုံးနေတဲ့ ကဗဋီကာရအာဟာရပေါ်မှာ သဘောထားပါတဲ့၊ အဲဒီလိုဆိုတယ်၊ အဲဒီလို သဘောထားနိုင်ပြီဆိုရင် ဘာဖြစ်လဲ၊ ကာမဂုဏ်အာရုံတွေပေါ်မှာဖြစ်တဲ့ တဏှာရာဂကို ဖယ်ရှားပစ်နိုင်ပါတယ်တဲ့၊ အဲဒါ မဟုတ်သေးဘူးဆိုလို့ရှိရင် မဖယ်နိုင်သေးဘူး။
လောကမှာ တဏှာထဲမှာ ရသတဏှာက အဆိုးဆုံးပဲ၊ တဏှာတွေထဲမှာ ရသတဏှာ မပယ်နိုင်ရင် အဆိုးဆုံးပဲ၊ ဟုတ်တယ်လေ မတည့်ပါဘူးဆိုလည်း ကြိုက်လို့ စားတယ်၊ ကြိုက်လို့ စားလို့ ဒုက္ခရောက်တဲ့လူတွေ ပြည့်လို့နော်၊ မရှောင်နိုင်ဘူး၊ တချို့ကျ ဝဝစားပြီး သေမယ်တဲ့ ပြောသေးတယ်။ သေမယ်ဆိုတာ မသိတာ မဟုတ်ဘူး၊ သိတယ်၊ ဒါပေမယ့် ဝဝစားပြီး သေမယ်တဲ့၊ အဲဒီလောက်ထိအောင် ဇွဲကောင်းတာနော်။
မြတ်စွာဘုရားကတော့ အဲဒီလို မဟုတ်ဘူး၊ ကဗဋီကာရေ အာဟာရေ ပရိညာတေ - ကဗဋီကာရအာဟာရကို ပိုင်းပိုင်းခြားခြား ပိုင်ပိုင်နိုင်နိုင် သိလိုက်လို့ ရှိရင်တဲ့၊ ပဉ္စကာမဂုဏိက ရာဂေါ ပရိညာတော တဲ့၊ ကာမဂုဏ် ၅-ပါးနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ တဏှာရာဂတွေကို ပိုင်ပိုင်နိုင်နိုင်သိပြီးသား ဖြစ်သွားလိမ့်မယ်တဲ့။ ဆိုလိုတာက အားလုံးကို စွန့်လွှတ်နိုင်လိမ့်မယ်လို့ ပြောတာနော်။ အစာလေး မစွန့်ရင် နောက်ဟာတွေ မစွန့်နိုင်သေးဘူး၊ ကာမဂုဏ် ၅-ပါးနဲ့ ပတ်သက်တဲ့ ရာဂကို စွန့်နိုင်ပြီဆိုလို့ရှိရင် ကာမဘုံမှာ ပြန်ပြီးမွေးဖွားဖို့ သံယောဇဉ် သူ့မှာ မရှိတော့ဘူး၊ ဒီလို ပြောတာ၊ ဆိုလိုတာက အနာဂါမ်အဆင့်ကို ပြောတာ၊ ကာမဂုဏ် အာရုံတွေ ကာမရာဂတွေကို ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် အနာဂါမ်အဆင့် ရောက်တယ်လို့ ပြောတာ၊ ကာမဘုံကို ပြန်လာဖို့ရန်အတွက် ကြိုးမရှိတော့ဘူး၊ သူ့မှာ နှောင်ကြိုး မရှိတော့ဘူးလို့ ဒီလိုဆိုလိုတယ်။
ဒါကြောင့်မို့လို့ ကဗဋီကာရအာဟာရပေါ်မှာ မှန်ကန်တဲ့နှလုံးသွင်းနဲ့ စားရမယ်၊ မှန်ကန်တဲ့နှလုံးသွင်းနဲ့ စားနိုင်လို့ သေသေချာချာ ပိုင်းပိုင်းခြားခြား ပိုင်ပိုင်နိုင်နိုင်သိပြီဆိုလို့ရှိရင် ကျန်တဲ့ကာမဂုဏ်တွေပေါ် တွယ်တာတဲ့ တဏှာကို ဖယ်ရှားပစ်နိုင်တယ်တဲ့၊
(ကာမဂုဏ်ဆိုတာက မျက်စိနဲ့မြင်လို့ လိုချင်တာ၊ “ကာမဂုဏ်”ဆိုတဲ့ စကားလုံးမှာ “ဂုဏ်”ဆိုတာ နှစ်သက်စရာဂုဏ် ရှိတာကို ပြောတာ မဟုတ်ဘူး၊ ဒီနေရာမှာ “ကာမ” နှစ်သက်စရာ, “ဂုဏ” အနှောင်အဖွဲ့လို့ ပြောတာ၊ “ကာမ ဂုဏ - နှစ်သက်စရာကောင်းပြီး စိတ်ကို နှောင်ဖွဲ့တဲ့ အာရုံတွေ” လို့ ပြောတာနော်။)
နှောင်ဖွဲ့ထားတာဆိုတော့ ဖြုတ်လို့ မလွယ်ဘူး၊ မျက်စိကမြင်ပြီး ကျေနပ်နေတယ်၊ နားက ကြားပြီး ကျေနပ်နေတယ်၊ နှာခေါင်းက ကိုယ်ကြိုက်တဲ့အနံ့လေး ကျေနပ်နေတယ်၊ ဒါမျိုးထပ်ရချင်တယ်၊ လျှာကလည်း ကောင်းတဲ့အရသာလေး ရချင်တယ်၊ ခန္ဓာကိုယ်အထိအတွေ့ကလည်း ကောင်းတာလေး ထိတွေ့ချင်တယ်၊ အဲဒီ ပေါ်မှာ တွယ်တာနေတာဖြုတ်နိုင်လား မဖြုတ်နိုင်ဘူး၊ အဲဒါကို “ဂုဏ”၊ ဒါကြောင့်မို့ ဂုဏဆိုတဲ့စကားလုံးက နှောင်ဖွဲ့တယ်ဆိုတဲ့အဓိပ္ပါယ်ကို ပြောတာ၊ စိတ်ကို နှောင်ဖွဲ့ထားတာ၊ အဲဒီကာမဂုဏ်တွေပေါ်မှာ တွယ်တာတဲ့တဏှာကို ဖယ်ရှားပစ်နိုင်လို့ ဟောဒီကာမလောကကြီးနဲ့ ပြန်ပြီး မဆက်စပ်တော့ပါဘူးလို့ ဒီလိုပြောတာ၊ ဒါက တစ်ခု။
---ဖဿသည် အာဟာရ
ကဲ နာမ်အာဟာရ ၃-ခုဆိုတာ ဖဿ၊ စေတနာ၊ ဝိညာဏ်။ ဖဿဆိုတာ ဘာကို စွမ်းဆောင်ပေးတာတုန်းလို့ဆိုတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ မှတ်လိုက်ပေါ့၊ ဖဿပစ္စယာ ဝေဒနာ၊ ဖဿဆိုတာ ဝေဒနာကို စွမ်းဆောင်တာ၊ ဖဿ အားကောင်းလေလေ ဝေဒနာ အားကောင်းလေလေ၊ ဒါပြောတာနော်၊ ဖဿပျော့သွားရင် ဝေဒနာလည်း ပျော့တယ်၊ စွမ်းဆောင်မှုက အဲဒီလို ဆိုလိုတယ်၊ သုခဖြစ်စေတဲ့ ဖဿ ရှိတယ်၊ ဒုက္ခဖြစ်စေတဲ့ဖဿ ရှိတယ်၊ သုခဖြစ်စေတဲ့ ဖဿက သုခဝေဒနာ ပေါ်လွင်ပြီး ထက်ထက်သန်သန်ကြီး ဖြစ်စေတယ်။ ဒုက္ခဖြစ်စေတဲ့ဖဿက ဒုက္ခဝေဒနာ ထင်ထင်ရှားရှားကြီးဖြစ်စေတယ်၊ ဖဿဟာလည်း ဝေဒနာကို စွမ်းဆောင်တဲ့နေရာမှာ အစွမ်းထက်တယ်လို့ ပြောတာ၊ ဒါကြောင့်မို့ အဲဒီဖဿဆိုတာ အာဟာရတစ်မျိုးပဲ၊ ဝေဒနာကို လွန်လွန်ကဲကဲစွမ်းဆောင်နိုင်တာ ထုတ်လုပ်နိုင်တာ ဖြစ်သောကြောင့် ဖဿကို မြတ်စွာဘုရားက အာဟာရလို့ ဟောတယ်။
အဲဒီနာမ်အာဟာရနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ခုနက ပုတ္တမံသူပမ သုတ္တန်မှာ ဘယ်လိုဥပမာပေးတုန်းဆိုတော့ “နွားကြီးတစ်ကောင် အရေခွံခွာထားတယ်၊ စဉ်းစားကြည့် ခံစားကြည့်လိုက်၊ နွားကြီးမှာ အရေခွံခွာထားတာ၊ အဲဒီအရေခွံ ခွာထားတဲ့နွားကြီးကို အကောင်ဗလောင်တွေ လွယ်လွယ်ကူကူနဲ့ မကိုက်နိုင်ဘူးလား၊ ဖြုတ်တွေတို့ မှက်တွေတို့ ခြင်တွေတို့ ဟုတ်လား၊ ယင်ကောင်တွေတို့ဆိုတာ လာတိုးမယ်ဆိုရင် နွားကြီးခံနိုင်ပါ့မလား၊ ဒုက္ခဝေဒနာတွေ ဘယ်လောက်ဖြစ်လိုက်မလဲ၊ အရေခွံမရှိတဲ့နွားကြီးဟာ ဘယ်နေရာမှာပဲနေနေ အဲဒီ အကောင်ဗလောင်တွေရဲ့ကိုက်မှုဆိုတဲ့ဒုက္ခတွေက ပြင်းပြင်းထန်ထန်မခံရပေဘူးလား၊ ခံရတယ်၊ အကာအကွယ်မရှိဘူး၊ ဖဿဟာ အရေခွံခွာထားတဲ့ နွားနဲ့တူတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဝေဒနာကို ပြင်းပြင်းထန်ထန်ဖြစ်စေလို့ ဟုတ်ရဲ့လား၊ အပေါ်ကနေပြီးတော့ နွားအရေနဲ့ဖုံးထားတဲ့အခါ တော်ရုံအကောင်တွေ မကိုက်နိုင်ဘူး မဟုတ်လား။ ဟော အရေထူထူနဲ့ကျတော့ တော်ရုံအကောင်ဟာ မကိုက်နိုင်ဘူး၊ အရေခွံခွာလိုက်ပြီဆိုလို့ရှိရင်တော့ ဘာကောင်ကကိုက်ကိုက် နာပြီသာမှတ်ပေတော့။
အဲဒါကြောင့်မို့လို့ ဖဿသည် ဝေဒနာကို ပြင်းပြင်းထန်ထန် လွန်လွန်ကဲကဲ ဖြစ်စေနိုင်တယ်၊ အဲဒီမှာ ဖဿရဲ့သဘာဝတရားတွေကို အရေခွံခွာထားတဲ့နွားကဲ့သို့ ထင်မြင်ပြီးတော့ အသိဉာဏ်သက်ဝင်လို့ ဖဿကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် ဘာအကျိုးရှိလဲဆိုရင် ဝေဒနာရဲ့သဘာဝတွေကို ပိုင်းပိုင်းခြားခြားသိလာမယ်၊ ဝေဒနာရဲ့သဘာဝကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် “ဝေဒနာပစ္စယာ တဏှာ” မလာနိုင်တော့ဘူး၊ ဒီအဓိပ္ပါယ်ကို ပြောတာနော်၊ ဝေဒနာရဲ့သဘာဝကို သိလိုက်တာနဲ့ တစ်ပြိုင်နက် တဏှာကို တားဆီးပြီး ဖြစ်တယ်။
ဝေဒနာရဲ့သဘာဝတွေကို ပိုင်းပိုင်းခြားခြားသိလိုက်ရင် တဏှာမလာတော့ဘူး၊ တဏှာ ပြတ်သွားပြီဆိုရင် လုပ်စရာကျန်သေးလား၊ မကျန်တော့ဘူး၊ အဲဒါကို မြတ်စွာဘုရားက “နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယံ” လုပ်စရာ ဘာမှ မကျန်တော့ဘူးတဲ့၊ တဏှာ ကုန်သွားရင် လုပ်စရာ ဘာမှ မရှိတော့ဘူး ပြီးပြီ၊ ဖဿကို ပိုင်းပိုင်းခြားခြားသိရင် ဝေဒနာကို ပိုင်းပိုင်းခြားခြားသိမယ်၊ ဝေဒနာကို ပိုင်းပိုင်းခြားခြား သိလိုက်တာနဲ့ တစ်ပြိုင်နက် တဏှာမလာတော့ဘူး၊ မလာရင် လုပ်စရာရှိသေးလား၊ မရှိတော့ဘူးပေါ့ ဒါလည်း အာဟာရတစ်မျိုးနဲ့ ပတ်သက်ပြီး ဟောတာ။
---စေတနာ အာဟာရ
နောက်တစ်ခါ မနောသင်္ကေတနာဟာရ၊ စေတနာဆိုတာ ကံပဲပေါ့၊ အဲဒီ ကံတရားက ဘာကို အကျိုးပြုနေတာလဲ၊ ဘာကို စွမ်းဆောင်နေတာလဲလို့ဆိုလို့ရှိရင် စေတနာသည် ပဋိသန္ဓေကို မဖြစ်စေဘူးလား၊ စေတနာဟာ ကံ၊ ထိုကံသည် ဘဝ ပဋိသန္ဓေကို ဖြစ်စေတယ်၊ ဒါက အထူးအဆန်း မဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ပြော မယ်ဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ပဲ၊ သင်္ခါရဆိုတာ ကံ၊ ဝိညာဏဆိုတာ ပဋိသန္ဓေစိတ်၊ မနောသန္ဓေတနာဟာရဆိုတာ စေတနာကို ပြောတာတဲ့၊ စေတနာသည် ပဋိသန္ဓေကို ဆောင်စွမ်းနိုင်သည့် သတ္တိရှိလို့ သူ့ကိုလည်း အာဟာရလို့ ခေါ်တယ်၊ လွန်လွန် ကဲကဲဖြစ်စေနိုင်လို့ သူ့ကို အာဟာရလို့ ခေါ်တယ်၊ အဲဒီအာဟာရက ပဋိသန္ဓေ ဆိုတဲ့အကျိုးကို ဆောင်တယ်။
အဲဒါကို ဘာနဲ့ ဥပမာပေးထားတုန်းဆိုရင် ရန်သူတွေရဲ့လက်ထဲ ရောက်သွားတဲ့ လူတစ်ယောက်၊ ရန်သူတွေက အတင်းအကြပ်ဆွဲခေါ်ပြီးတော့ မီးကျည်းတွင်းကြီးထဲကို ပစ်ချကြတယ်၊ အတင်းဆွဲခေါ်နေတဲ့အချိန် မီးကျည်းတွင်းကြီးနား ရောက်ချိန် သူ့ရဲ့စိတ်ဆန္ဒတွေ ပါရဲ့လား၊ မပါဘူးနော်၊ ဘယ်လောက်ကြောက်လိုက်မလဲ၊ သို့သော် စိတ်ဆန္ဒတွေ မပါပေမယ့်လို့ မီးကျည်းတွင်းကြီးထဲမှာ တွန်းချခံလိုက်ရတယ်၊ အဲဒီမှာ စေတနာဆိုတဲ့ကံတရားက ဖန်တီးပေးလိုက်တဲ့ ဘဝတစ်ခုဟာ မီးကျည်းတွင်းကြီးထဲ တွန်းချတာနဲ့ မတူဘူးလား၊ တူတယ်နော်၊
ဘဝကြီးဟာ ပူလောင်နေတာ၊ တဖြည်းဖြည်း အိုလာတယ်၊ နာတယ်၊ နောက်ဆုံး သေမယ်၊ အိုခြင်း နာခြင်း သေခြင်းပဲ၊ ဒီကြားထဲမှာ သောကတဲ့၊ ပရိဒေဝတဲ့၊ ဒုက္ခတဲ့၊ ဒေါမနဿတဲ့၊ ဥပါယာသတဲ့၊ ဒါတွေလည်း လာဦးမယ်၊ ပြောလို့မဆုံးတဲ့ problem အများကြီးရှိသေးတယ်၊ ဟော ဒါတွေရော လာနေတယ်၊ အဲဒီတော့ မီးကျည်းတွင်း ကြီးထဲ တွန်းချခံရတဲ့လူတစ်ယောက်ရဲ့ ဒုက္ခနဲ့ မတူပေဘူးလား၊ တူတယ်၊ စေတနာက ဘဝတစ်ခုကို ပို့ပေးလိုက်တာဟာ ဒုက္ခတွေချည်းပဲတဲ့၊ ဒါကြောင့်မို့ အဲဒီသုတ္တန်မှာ ဒီလိုဟောထားတယ်။
အဲဒီစေတနာကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် တဏှာ ၃-မျိုးကို ပိုင်းပိုင်းခြားခြား ဖယ်ရှားနိုင်ပါတယ်တဲ့၊ တဏှာ ၃-မျိုး ဆိုတာ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ၊ အဲဒီ တဏှာ ၃-မျိုးကို ပိုင်းပိုင်းခြားခြားသိသွားပြီ ဖယ်ရှားပစ်နိုင်ပြီဆိုလို့ရှိရင် တဏှာကုန်သွားရင် လုပ်စရာရှိသေးလား၊ မရှိတော့ဘူး၊ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယံ – ဘာမှ လုပ်စရာ မရှိတော့ဘူး၊ ဒါကို အဲဒီသုတ္တန်မှာ ဟောတာ၊ အဲဒီစေတနာဟာလည်း အာဟာရပစ္စည်းပဲတဲ့နော်။
---ဝိညာဏ အာဟာရ
နောက်အာဟာရတစ်ခုက ဘာတုန်းဆိုတော့ “ဝိညာဏ” တဲ့၊ ဝိညာဏ ဆိုတာ ပဋိသန္ဓေစိတ်ကို ပြောတာ၊ ဒီနေရာမှာ အဲဒီပဋိသန္ဓေစိတ်ကလည်းပဲ ဘာ တွေကို စွမ်းဆောင်နေတာတုန်းလို့ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကိုကြည့် - “ဝိညာဏပစ္စယာ နာမရူပံ” ပဋိသန္ဓေစိတ်ရှိလို့ နာမ်တွေ ရုပ်တွေဟာ ဖွံ့ဖြိုးလာတာ၊ မျိုးစေ့လေးကနေ အမြစ်တွယ်လာလို့ အကိုင်းအခက်တွေ ဖွံ့ဖြိုးလာတာ၊ အမြစ်ကလေး သက်ဆင်းလိုက်သည့်အတွက်ကြောင့် အကိုင်းအခက်တွေ ထွက်လာတာ။
ထို့အတူပဲ ပဋိသန္ဓေစိတ် ဖြစ်လာသည့်အတွက်ကြောင့် နာမ်တွေရုပ်တွေ ဖွံ့ဖြိုးလာတယ်၊ ဒီလို နာမ်တွေရုပ်တွေကို စွမ်းစွမ်းတမံ ဆောင်ကျဉ်းတတ်သောကြောင့် ဝိညာဏ်ကို အာဟာရလို့ ခေါ်တယ်။
မြတ်စွာဘုရားက ဘယ်လို ဥပမာပေးထားတုန်း ဆိုလို့ရှိရင် ရာဇဝတ်သားတစ်ယောက်ရဲ့ ဒုက္ခ၊ ရာဇဝတ်သားတစ်ယောက်ကို ဘုရင်က တရားရုံးမှာ ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘယ်လိုဆုံးဖြတ်ချက်ချတုန်း “ကဲ ဒီကောင် နံနက်ခင်းမှာ လှံနဲ့ အချက်တစ်ရာ ထိုးကွာ”၊ တစ်ချက်တင်ပဲ နာလှပါပြီ၊ ဟုတ်ရဲ့လား၊ လှံနဲ့ အချက်တစ်ရာ ထိုးရမယ်၊ လှံနဲ့ အချက်တစ်ရာ ထိုးခံရတဲ့ပုဂ္ဂိုလ်ရဲ့ ဒုက္ခကို စဉ်းစားကြည့်နော်၊ ဒါပေမယ့် အဲဒီကောင်က အသက်က ပြင်းတယ်၊ နံနက်ခင်း လှံနဲ့ အချက်တစ်ရာထိုးတာ ဘာဖြစ်လဲ၊ မသေသေးဘူး၊ အသက်ရှင်နေသေးတယ်။ ဒါဖြင့် ဘုရင်ကြီးက “ဒီလောက်အသက်ပြင်းတဲ့ကောင်ကို နေ့လည်ခင်းကျ လှံနဲ့ အချက်တစ်ရာ ထိုးကွာ ထပ်ပြီးတော့”၊ “ဟော ရှင်သေးလားဟေ့၊ ရှင်နေသေးတယ်၊ ညနေကျ ထပ်ပြီးတော့ အချက်တစ်ရာထပ်ထိုးဦး” အချက်ဘယ်နှစ်ရာ အထိုးခံလိုက်ရတုန်း၊ အချက်သုံးရာ အထိုးခံရတဲ့ ရာဇဝတ်သားတဲ့၊ ဝိညာဏအဟာရကို မြတ်စွာဘုရားက ဒါနဲ့ ဥပမာပေးထားတယ်။
ကောင်းပြီ - ပဋိသန္ဓေစိတ်ရလာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းရဲ့ ဒုက္ခဟာ ဒီထက်တောင် ပြင်းလိမ့်ဦးမယ် ထင်ပါတယ်၊ အခု လောကကြီးမှာ ခံနေရတဲ့ဒုက္ခတွေဟာ သူ့လက်ချက်ကြီးပဲ၊ ဟုတ်ရဲ့လား၊ အိုတာရော၊ သူဖြစ်လို့နော်၊ နာတာရော၊ သူဖြစ်လို့၊ သေတာရော၊ မသေခင် စိုးရိမ်နေရတာတို့ ငိုနေရတာတို့ ခဏခဏ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲဖြစ်တာတို့၊ စိတ်မချမ်းမသာဖြစ်တာတို့၊ ဒေါသနဲ့ ရှိုက်ကြီးတငင်ဖြစ်တာတို့ - ဒါတွေဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုန်း၊ သူ့ကြောင့် ဖြစ်တာ၊ လှံနဲ့ အထိုးခံနေရသလို problem တွေ အများကြီးနဲ့ ကြုံတွေ့နေရတယ်၊ သက်သာရာ မရနိုင်ဘူး၊ ဒါကို ပြောတာနော်။
ဒါကြောင့်မို့ မြတ်စွာဘုရားက လှံနဲ့ အချက်တစ်ရာထိုးခံရတဲ့ ပုဂ္ဂိုလ်ရဲ့ ဒုက္ခကို ဘယ်သူက ဒီဒုက္ခပေးတာလဲ၊ လှံနဲ့ အချက်တစ်ရာ အထိုးခံရတဲ့ပုဂ္ဂိုလ်ရဲ့ ဒုက္ခလိုပဲ ဟောဒီဝိညာဏ်က နာမ်တွေရုပ်တွေကို ဖြစ်စေလိုက်တယ်၊ ဟော ဒီနာမ်တွေ ရုပ်တွေရဲ့ ဒုက္ခဟာ ဘယ်လောက်ကြီးသလဲလို့ ဒါကိုပြောပြတာ။
အခုပြောခဲ့တဲ့ ဖဿရယ် စေတနာရယ် ဝိညာဏ်ရယ် ဆိုတဲ့ ဒီ ၃-ခုကို နာမ်အာဟာရလို့ ခေါ်ပါတယ်၊ အဲဒီနာမ်အာဟာရတွေက ဖဿကလည်း ဖဿနဲ့ ယှဉ်တဲ့ စိတ်စေတသိက်တွေ၊ စေတနာကလည်း စေတနာနဲ့ယှဉ်တဲ့ စိတ်စေတသိက်တွေ၊ ဝိညာဏ်ကလည်း ဝိညာဏ်နဲ့ယှဉ်တဲ့ စေတသိက်တွေ၊ အဲဒါတွေကို အပြန်အလှန် အထောက်အကူ ပြုနေကြတယ်တဲ့၊ အပြန်အလှန် စွမ်းဆောင်ပြီးတော့ အထောက်အကူပြုနေကြတယ်၊ သတ္တဝါတွေရဲ့ သန္တာန်မှာ ကျေးဇူးပြုနေကြတယ်။
ဒါကြောင့်မို့ နာမ်အာဟာရအနေနဲ့ ပစ္စည်းက ဖဿ စေတနာ ဝိညာဏ၊ ပစ္စယုပ္ပန် တရားက စိတ်စေတသိက် စိတ္တဇရုပ်တဲ့၊ ဒီနာမ်အာဟာရတွေဟာ သတ္တဝါတွေရဲ့ သန္တာန်မှာ အကျိုးတရားတွေကို စွမ်းဆောင်မှုပြုနေတာ၊ ဖဿက သဟဇာတ သတ္တိနဲ့ ကျေးဇူးပြုမယ်၊ အညမညသတ္တိနဲ့ ကျေးဇူးပြုမယ်၊ နိဿယသတ္တိနဲ့ ကျေးဇူးပြုမယ်၊ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုမယ်၊ သူတို့ရှိနေခိုက် ကျေးဇူးပြုလို့ အတ္ထိတို့ အဝိဂတတို့နဲ့ ကျေးဇူးပြုမယ်၊ စေတနာကျတော့ ကမ္မသတ္တိပါလာမယ်၊ ဝိညာဏ်ကျတော့ အဓိပတိတို့ ပါလာမယ်၊ ဣန္ဒြိယတို့ ပါလာမယ်၊ ဘာဖြစ်လို့တုန်း၊ စိတ်က အဓိပတိထဲမှာ ပါတယ်နော်၊ ဣန္ဒြိယထဲမှာ ပါတယ်၊ ပါတာလေးတွေကို ထည့်ပြီးတော့ မှတ်ပြီး ပစ္စယသတ္တိတွေအများကြီးနဲ့ ဟောဒီအာဟာရပစ္စည်းက ကျေးဇူးပြုပါ တယ်တဲ့။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က -
“အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော” –
နာမ်အာဟာရတရားတွေဟာလည်းပဲ ယှဉ်ဘက်တရားတွေကို ထိုယှဉ်ဘက်တရားကြောင့် ဖြစ်လာတဲ့စိတ္တဇရုပ်တွေ ပဋိသန္ဓေအခိုက်မှာ ပဋိသန္ဓေကမ္မဇရုပ်တွေကို ဟောဒီအာဟာရသတ္တိနဲ့ ကျေးဇူးပြုပါတယ်လို့ ပဋ္ဌာန်းမှာ ဒီလိုဟောတာဖြစ်ပါတယ်။
ဒါကြောင့် လောကမှာ အာဟာရ ၄-မျိုး၊ ကဗဋီကာရအာဟာရလို့ ခေါ်တဲ့ လူတွေနေ့စဉ်စားသုံးတဲ့ အစာအာဟာရထဲမှာပါတဲ့ ဩဇာ၊ သဝတ္တုက အာဟာရ မှီရာဝတ္ထုနဲ့တကွပြလို့ ကဗဋီကာရအာဟာရနော်၊ ထမင်းဆိုရင် ထမင်းထဲမှာပါတဲ့ ဩဇာဓာတ်၊ ဟင်းဆိုရင် ဟင်းထဲမှာပါတဲ့ ဩဇာဓာတ်၊ ဒီဩဇာဓာတ်လေးသည် ထမင်းဟင်းဆိုတဲ့ အတုံးအခဲပေါ်မှာ မူတည်ရှိနေတယ်၊ အဲဒီ အတုံးအခဲပါစားမှ အဆီဩဇာဓာတ်လည်း ပါသွားတယ်၊ ဒါကြောင့်မို့ ကဗဋီကာရော အာဟာရော ဆိုတဲ့ နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရထဲမှာပါတဲ့ ဩဇာဓာတ်သည် ခန္ဓာကိုယ် ရုပ်ကြီးအား ထောက်ပံ့ကူညီထားတယ်။
ဖဿ စေတနာ ဝိညာဏ် လို့ဆိုတဲ့ သဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ ယှဉ်ဘက်တရားတွေကို ထောက်ပံ့ကူညီစွမ်းဆောင်ပြီးတော့ နေကြတယ်တဲ့။
အဲဒီလို ဘုန်းကြီးတို့နေ့စဉ်နဲ့ဘဝမှာ ဒီသဘာဝတရားတွေဟာ ဖြစ်လာပြီးတော့ ဒီလိုထောက်ပံ့နေတာပါလား၊ အာဟာရသတ္တိနဲ့ ကျေးဇူးပြုနေတာပါလားလို့ ပဋ္ဌာန်းတရားကို နာရင်း, ပဋိဋ္ဌာန်းတရားကို ရွတ်ဖတ်ရင်း, ပဋိဋ္ဌာန်းတရားကို နှလုံးသွင်းရင်းနဲ့ မိမိခန္ဓာကိုယ်မှာရှိတဲ့ သဘာဝတရားတွေရဲ့ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ကျေးဇူးပြုနေပုံတွေကို သိရှိနားလည်ကြပြီး ကြောင်းကျိုးကို ဆင်ခြင်နိုင်တဲ့ အသိဉာဏ်တွေ ရင့်သန်လို့ မဂ် ဖိုလ် နိဗ္ဗာန် ဆိုတဲ့ တရားဓမ္မကို ကိုယ်စီကိုယ်ငှ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၃)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊
တော်သလင်း လပြည့်ကျော် ၂-ရက်၊ (၅-၉-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ်
မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
ဣန္ဒြိယပစ္စယော
“ဣန္ဒြိယ”ကို မြန်မာလို ဣန္ဒြေလို့ ပြန်ဆိုကြတယ်၊ ဣန္ဒြေဆိုတဲ့မြန်မာစကား ဟာ ပါဠိက ဆင်းသက်လာတယ်၊ “ဣန္ဒြေကောင်းတယ်၊ ဣန္ဒြေမကောင်းဘူး၊ ဣန္ဒြေရရ နေပါ” စသည်ဖြင့် မြန်မာမှာ ဒီစကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးကြ တယ်၊ အမျိုးသမီးတွေနဲ့ ပတ်သက်လို့လည်း “မိန်းကလေးတို့ဣန္ဒြေ ရွှေပေးလို့မရ” ဆိုတဲ့စကားလုံး သုံးကြတယ်၊ မြန်မာ့ကျင့်စဉ်နဲ့ ပတ်သက်လို့ “ဣန္ဒြေကို စောင့်ထိန်း တယ်၊ ဣန္ဒြေသမ္ပတ္တိနဲ့ ပြည့်စုံတယ်” စသည်ဖြင့် ဣန္ဒြေကို ရည်ညွှန်းပြီး ပြောလေ့ ရှိကြတယ်။
စာပေကျမ်းဂန်မှာ ဣန္ဒြေငါးမျိုး၊ ဣန္ဒြေ ၆-မျိုး၊ ဣန္ဒြေ ၂၂-မျိုးလို့ ဒီလို ပြထားတာ ရှိတယ်၊ သူ့နေရာလေးနဲ့သူ သဘောပေါက်နားလည်ဖို့တော့ လိုတယ် ပေါ့နော်။
“ဣန္ဒြေရတယ်, ဣန္ဒြေမရဘူး” ဆိုတာ ဘာကို ရည်ညွှန်းတာတုန်းဆို ဣန္ဒြေ ၆-ပါးကို ရည်ညွှန်းတာလို့ ပြောရမယ်၊ “ဣန္ဒြေကို စောင့်ထိန်းပါ၊ ဣန္ဒြေကို စောင့် ရှောက်ပါ” ဆိုတဲ့စကားကလည်း ဣန္ဒြေ ၆-ပါးကိုပဲ ရည်ညွှန်းတယ်၊ ဣန္ဒြေ ၆-ပါး ဆိုတာ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန။ ဒီဣန္ဒြေ ၆-ပါးကို ရည်ညွှန်းပြီးတော့ ဣန္ဒြေကို စောင့်ထိန်းတယ်ဆိုတာဖြစ်တယ်၊ နောက် သီလမှာ ဣန္ဒြိယသံဝရသီလ ဆိုတာ ရှိတယ်။
ဣန္ဒြိယသံဝရသီလ ဆိုတာ မျက်စိက ကြည့်ချင်တာကို မကြည့်ရဘူး၊ နားက နားထောင်ချင်တာ မထောင်ရဘူးလို့ ဒီလိုဆိုလိုတာ မဟုတ်ဘူး၊ မျက်စိဆိုတာ မြင်စရာရှိရင် မြင်မှာပဲ၊ နားကလည်း ကြားစရာရှိရင် ကြားမှာပဲ၊ ဆိုလိုတဲ့အဓိပ္ပါယ်က မျက်စိနဲ့ မြင်ပြီး လောဘမဖြစ်အောင် ဒေါသ မဖြစ်အောင် မောဟမဖြစ်အောင် ကိလေသာတွေမဖြစ်အောင် စောင့်ထိန်းတာ အဲဒါ ဣန္ဒြေကို စောင့်ထိန်းတာပဲ၊ နားနဲ့ အသံကြားပြီး အသံပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ နှာခေါင်းနဲ့ အနံ့ကိုရှူပြီး အနံ့ပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ လျှာနဲ့ အရသာခံပြီးတော့ ထိုအရသာပေါ် မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ပြီးနောက်မှာ ထိုအထိအတွေ့ပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ စိတ်ထဲက ကြံတွေးပြီးတော့ လောဘတွေ မဖြစ်အောင်၊ ဒေါသတွေ မဖြစ်အောင်၊ မောဟတွေ မဖြစ်အောင်၊ အကုသိုလ်တွေ မဖြစ်အောင် ထိန်းတာ။ ဒါ ဣန္ဒြေကို စောင့်ထိန်းတယ်လို့ ပြောတာ။
မကြည့်ဘဲနဲ့နေလို့ ဣန္ဒြေကိုထိန်းတယ်လို့ဆိုလို့ရှိရင် မျက်စိမမြင်တဲ့ ပုဂ္ဂိုလ် တွေ ကြည့်မှမကြည့်နိုင်တာ ဘယ်မြင်ရမလဲ၊ သူ့မှာ ဣန္ဒြိယသံဝရသီလ လုံနေ တယ်လို့ ပြောလို့ ရမလား၊ မရဘူးနော်၊ နားမကြားရတဲ့ပုဂ္ဂိုလ်ကလည်း သီလ ဣန္ဒြိယသံဝရသီလနဲ့ ပြည့်စုံတယ် ပြောလို့ရမလား၊ မရဘူး။ သီလဆိုတာ အဓိပ္ပါယ် ရှိတဲ့စကားလုံး၊ “စောင့်ထိန်းမှု၊ အကန့်အသတ်တစ်ခုအတိုင်း လိုက်နာကျင့်သုံးမှု လို့ ဒီလိုဆိုတယ်၊ ဒါက ဣန္ဒြိယ သံဝရသီလအဓိပ္ပါယ်၊ ဒီဣန္ဒြေ ၆-ပါးဟာ ဣန္ဒြိယ- ပစ္စယောဆိုတဲ့အထဲမှာ အကျုံးဝင်တယ်တဲ့။
နောက် ဗောဓိပက္ခိယတရား ၃၇-ပါး၊ ဒီ ၃၇-ပါးထဲမှာ ဣန္ဒြေ ၅-ပါး၊ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ ဆိုတဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဆိုတဲ့ ကောင်းမြတ်တဲ့ အရည်အသွေးရှိတဲ့ဓမ္မတွေ၊ ကောင်းမြတ်တဲ့ အရည်အသွေး ရှိတဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေ၊ အဲဒါတွေကိုရည်ညွှန်းပြီး ဣန္ဒြေ ၅-ပါးလို့ ပါတယ်၊ အဲဒီဣန္ဒြေ ၅-ပါးက ရင့်ကျက်အောင် တိုးတက်အောင် လုပ်ရတဲ့ ဣန္ဒြေ ၅-ပါး၊ အသိဉာဏ်ကိုရဖို့ရာအတွက် ဒီဣန္ဒြေ ၅-ပါးဟာ အင်မတန်မှ အရေးကြီးတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “ဗုဒ္ဓစက္ခု” လို့ခေါ်တဲ့ဉာဏ်နဲ့ ကြည့်တဲ့ အခါမှာ ဒီဣန္ဒြေ ၅-ပါးကို ကြည့်တယ်၊ ဒီလူမှာ သဒ္ဓါတရားတွေ ရင့်ကျက် နေပြီလား၊ ဝီရိယတရားတွေ ရင့်ကျက်နေပြီလား၊ စွမ်းဆောင်နိုင်မှုတွေ ရှိနေပြီလား၊ သတိတရား ရင့်ကျက်နေပြီလား၊ သမာဓိတရားတွေ ရင့်ကျက်နေပြီလား၊ ပညာတွေ ရင့်ကျက် နေပြီလား၊ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတွေ အား ပျော့နေသလား ဆိုတာကို ဉာဏ်တော်ကြီးနဲ့ဆင်ခြင်ပြီး ကြည့်တယ်၊ အဲဒါကို ဣန္ဒြိယပရော ပရိယတ္တိဉာဏ် လို့ခေါ်တယ်၊ ဒီဉာဏ်က ဘုရားမှရတာ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေမရဘူး၊ ဒါကြောင့်မို့ ဗုဒ္ဓစက္ခုလို့ ခေါ်တာ၊ ဣန္ဒြေအနုအရင့်ကို ကြည့်တာ။
ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ “ဣန္ဒြေတွေ မရင့်သေးလို့ တစ်မဂ်တစ်ဖိုလ် မရသေးဘူး၊ ဣန္ဒြေတွေ မထက်သေး”လို့ ဆိုတာ၊ ဥပမာဆိုပါတော့ - ဒီဣန္ဒြေတွေ ကလည်း တစ်ခုနဲ့တစ်ခု degree တွေ မတူတာ ရှိသေးတယ်။ သောတာပန် ပုဂ္ဂိုလ်တွေမှာရှိတဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတာ သကဒါဂါမ်ပုဂ္ဂိုလ်မှာ ရှိတဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတို့လောက် မထက်သေးဘူး၊ မတူညီတဲ့ သဘောလေးတွေ။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ ဒီသဘောတရားတွေ ဟာ သောတာပန်ပုဂ္ဂိုလ်မှာလည်း ရှိတယ်၊ ဣန္ဒြေထက်မထက် ကြည့်ပြီးတော့ မဂ် ၄-ပါး ဖြစ်တာ၊ သောတာပန်မှာ သိပ်မထက်သေးဘူး၊ သကဒါဂါမ်မှာ ထက်တယ်၊ အနာဂါမ်မှာ ပိုထက်လာတယ်၊ ရဟန္တာကျတော့ အထက်မြက်ဆုံး၊ သဒ္ဓါချင်း ဝီရိယချင်း သတိချင်း သမာဓိချင်း ပညာချင်းဆိုတဲ့ သဘာဝတွေ တူသော်လည်းပဲ စွမ်းရည်သတ္တိ ထက်မြက်မှု ကွာနေသေးတယ်လို့ပြောတာ၊ ဒါကြောင့်မို့ မဂ် ၄-ပါးဟာ ကွာခြားမှုရှိတယ်။
ဒီဣန္ဒြေ ၅-ပါးဆိုတာ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အခါ မိမိသန္တာန်မှာ ရင့်ကျက်စေရမယ့် ဣန္ဒြေတွေ၊ ရင့်ကျက်စေရမယ့်ဣန္ဒြေလို့ ဆိုသော်လည်း ဒီဣန္ဒြေတွေဟာ အပြန်အလှန် ထိန်းပေးရဖို့ လိုအပ်တာလေးတွေ ရှိတယ်၊ သဒ္ဓိန္ဒြေနဲ့ ပညိန္ဒြေ၊ “သဒ္ဓါကို ပညာနဲ့ ထိန်းပေးရတယ်၊ ပညာကို သဒ္ဓါနဲ့ ထိန်းပေး ရတယ်”၊ အပြန်အလှန် ထိန်းညှိပေးရတာရှိတယ်၊ သဒ္ဓါတွေ သိပ်လွန်ကဲပြီး ပညာက လျော့နေလို့ရှိရင် စွမ်းဆောင်မှုတွေ မှားယွင်းတတ်တယ်၊ ပညာက သိပ် လွန်ကဲ လာပြီး သဒ္ဓါက လျော့နည်းလို့ရှိရင်လည်း စွမ်းဆောင်မှုက မမှန်နိုင်ဘူး၊ ဒါကြောင့်မို့ ဣန္ဒြေတွေကို ညှိရမယ်၊ ဣန္ဒြေတွေကိုညှိမှ သဘာဝတရားတွေကို မှန်ကန်စွာ သိမြင်လို့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာဖြစ်တယ်၊ ဣန္ဒြေကို မညှိလို့မရဘူး၊ ဣန္ဒြေ ညှိရမယ်၊ ဘာနဲ့ ညှိပေးတာတုန်းဆိုရင် သတိနဲ့ညှိပေးတာ။
ဒါကြောင့်မို့လို့ သဒ္ဓါနဲ့ ပညာ၊ “သဒ္ဓါကို ပညာနဲ့ ထိန်းရမယ်၊ မထိန်းနိုင်ဘူး ဆိုလို့ရှိရင် မကြည်ညိုသင့်တဲ့နေရာတွေ ကြည်ညို, စိတ်ဝင်စားစရာ မဟုတ်တဲ့နေရာ တွေ စိတ်ဝင်စား၊ မှားမှားယွင်းယွင်းတွေ ဖြစ်တယ်”၊ စာပေကျမ်းဂန်မှာ ပညာ အားနည်းပြီး သဒ္ဓါတွေလွန်ကဲနေလို့ရှိရင် မုဓပ္ပသန္န၊ တန်ဖိုးမရှိတဲ့, အကျိုးမရှိတဲ့ နေရာမှာသွားပြီး ယုံစားနေတတ်တယ်တဲ့၊ စိတ်ဝင်စားနေတယ်တဲ့၊ ပညာမပါသည့် အတွက်ကြောင့် blind faith မျက်ကန်းယုံကြည်မှုမျိုး ဖြစ်တတ်တယ်။
ပညာတွေ လွန်ကဲလာလို့ သဒ္ဓါနဲ့ မထိန်းဘူး ဆိုပြန်လို့ရှိရင်လည်း ကေရာဋိကော၊ ကောက်ကျစ်စဉ်းလဲတဲ့ပုဂ္ဂိုလ် ဖြစ်တတ်တယ်တဲ့၊ သဒ္ဓါစွမ်းအားတွေ က လျော့နည်းပြီး ပညာတွေက လွန်ကဲနေလို့ရှိရင် ထိုပုဂ္ဂိုလ်ကို ကောက်ကျစ်တဲ့ ပုဂ္ဂိုလ်တဲ့၊ ကောက်ကျစ်တဲ့ပုဂ္ဂိုလ်က ပိုပြီး အထိန်းရခက်တယ်၊ ဘာဖြစ်လို့တုန်း ဆိုရင် ပညာရှိနေလို့၊ ပညာရှိ ကောက်ကျစ်သွားပြီဆိုရင် အထိန်းရခက်တယ်၊ ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ ဘယ်လိုသတိပေးထားတုန်းဆိုရင် “ဘေသဇ္ဇ သမုဋ္ဌိတော ရောဂေါ ဝိယ” တဲ့၊ ဆေးကြောင့်ဖြစ်တဲ့ရောဂါနဲ့ တူတယ်တဲ့၊ သဒ္ဓါ အထိန်းမဲ့ ပညာထက်နေတဲ့ ပုဂ္ဂိုလ် ကောက်ကျစ်ပြီဆိုလို့ရှိရင် ဆေးကြောင့်ဖြစ်တဲ့ ရောဂါလိုပဲတဲ့၊ အတေကိစ္ဆော = ကုလို့ မရဘူး၊ Incurable ကုမရဘူး၊ ဒီတော့ သဒ္ဓါတရားနည်းပြီး ပညာလွန်သွားတဲ့ ပုဂ္ဂိုလ် အလွန်အကုခက်တယ်၊ အပြောရခက် တယ်၊ သူသိ သူတတ် ဖြစ်နေတယ်၊ ဒါလည်း သိပ်သတိထားစရာကောင်းတဲ့အချက် တစ်ခုပဲ၊ ဒါကြောင့်မို့ သဒ္ဓိန္ဒြေနဲ့ ပညိန္ဒြေ ဒီနှစ်ခုက ထိန်းညှိပေးထားရမယ်တဲ့၊ ဒါမှ အလုပ်ဖြစ်တယ်။
နောက် ဝီရိယိန္ဒြေနဲ့ သမာဓိန္ဒြေ၊ ဒီနှစ်ခုကိုလည်း ထိန်းညှိပေးရမယ်၊ ဝီရိယ တွေ လွန်ကဲပြီးတော့ နေတယ်၊ သမာဓိစွမ်းအားက နည်းနေတယ်၊ သမာဓိစွမ်းအား တွေ နည်းပါးသွားလို့ဆိုရင် ဘာဖြစ်လဲ၊ ဝီရိယလွန်ကဲသည့်အတွက် အာရုံပေါ်မှာ ပျံ့လွင့်မှု ဆိုတဲ့ ဥဒ္ဓစ္စတွေ ဖြစ်လာတတ်တယ်။
သမာဓိလွန်ကဲပြီး ဝီရိယနဲ့ မထိန်းဘူးဆိုရင် ထိနမိဒ္ဓ ဝင်လာတယ်၊ ဒါကြောင့် စိတ်ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲတယ်၊ ကားတစ်စင်း ကို ထိန်းပြီးမောင်းရတာလိုပဲ၊ စက်တပ်ထားတဲ့ယာဉ်တစ်ခုကို ထိန်းပြီးတော့မောင်း တဲ့အခါ အားလုံးဟာ ညီတူညီမျှ ဆောင်ရွက်မှုရှိနေအောင် ထိန်းညှိ ပေးရသလိုပဲ ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါမှာလည်း အဲဒါတွေကို ထိန်းညှိပေးနိုင် ရမယ်တဲ့၊ ဒါကြောင့်မို့ ဣန္ဒြေ ၅-ပါးဆိုတာ ကမ္မဋ္ဌာန်းအားထုတ်တဲ့ နေရာမှာ အင်မတန် အရေးကြီးတယ်။ အသိဉာဏ်နဲ့ ပတ်သက်လာလို့ရှိရင် ဒီဣန္ဒြေ ၅-ပါးက အလွန် အရေးကြီးတဲ့ ဣန္ဒြေတွေ၊ အဲဒီ ဣန္ဒြေ ၅-ပါးကိုလည်း ဣန္ဒြိယပစ္စယော ဆိုတဲ့အထဲမှာ ဟောထားတယ်။
နောက် ဣန္ဒြေ ၂၂-ပါးတဲ့၊ ဣန္ဒြေ ၂၂-ပါးဆိုတာ ခုနကပြောတဲ့ ဣန္ဒြေ ၆-ပါးတို့, ဣန္ဒြေ ၅-ပါးတို့က ဒီထဲမှာ ထပ်ပါဝင်နေတယ်၊ ဣန္ဒြိယပစ္စယောမှာ မြတ်စွာဘုရားက ဒီ ဣန္ဒြေ ၂၂-ပါးကို ဟောမှာပါ၊ ဣန္ဒြေ ၂၂-ပါးဆိုတာကို ရှေးဦးစွာ ပြောရအောင်၊ ၂၂-ပါးဆိုတော့ ဂဏန်းက ကြီးလာတယ်၊ ဂဏန်းကြီးပေမယ့်လို့ သူ့ အုပ်စုလေးနဲ့သူ မှတ်လို့လွယ်ပါတယ်၊ ခုနက ဣန္ဒြေ ၆-ပါးထဲကလိုပဲ ခွဲပြီး ပြောမယ်ဆိုရင် ရုပ်နဲ့ပတ်သက်တဲ့ဣန္ဒြေတွေကို အရင်ပြောရအောင်၊ စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ တဲ့၊ ပသာဒရုပ် ၅-ပါးလို့၊ နောက် ဘာတွေပါတုန်းဆိုလို့ရှိရင် အမျိုးသားတွေအတွက် source of male sex ပေါ့၊ အဲဒါတွေရဲ့အခြေခံဖြစ်တဲ့ ပုရိသိန္ဒြေ၊ နောက် အမျိုးသမီးတွေအတွက် ဣတ္ထိန္ဒြေ၊ ရုပ်နဲ့ပတ်သက်လို့ female or male material အဲဒါကို ဒီနေရာမှာ ဣတ္ထိဘာဝရုပ်ကို ဣတ္တိန္ဒြေလို့ သုံးတယ်၊ ပုမ္ဘာဝရုပ်ကို ပုရိသိန္ဒြေလို့ ပြောတယ်၊ ခုနက ဣန္ဒြေ ၅-ပါးထဲမှာ ဣတ္တိန္ဒြေနဲ့ ပုရိသိန္ဒြေ ထပ်ပြီးတော့ ထည့်လိုက်လို့ရှိရင် ၇-ခု ဖြစ်သွားတယ်။
တစ်ခါ ရုပ်တစ်ခုကျန်နေသေးတယ်၊ ရုပ်ဇီဝိတိန္ဒြေ ဆိုတာ၊ ရုပ်မှာလည်း ဇီဝိတိန္ဒြေ ရှိတယ်၊ နာမ်ပိုင်းမှာလည်း ဇီဝိတိန္ဒြေ ရှိတယ်၊ ဒါကြောင့်မို့ ရုပ်ဇီဝိတ နာမ်ဇီဝိတလို့ နှစ်မျိုးပြောတယ်၊ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါးထဲမှာလည်း ဇီဝိတိန္ဒြေ ရှိတယ်၊ ကမ္မဇရုပ်တွေထဲမှာလည်း ဇီဝိတိန္ဒြေ ရှိတယ်လို့ ရုပ်ဇီဝိတိန္ဒြေနဲ့ နာမ်ဇီဝိတိန္ဒြေ၊ ဒီနှစ်ခုကို ခြုံငုံပြီးတော့ ဇီဝိတိန္ဒြေလို့ ခေါ်လိုက်တယ်။
ဒါ ရုပ်သက်သက်နဲ့ ပတ်သက်တာက စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ ဒီ ၇-ခု၊ ဇီဝိတိန္ဒြေကျတော့ ရုပ်တစ်ပိုင်း နာမ်တစ်ပိုင်း၊ လောကမှာ သတ္တဝါဆိုတာ ဒါကိုခေါ်တာပဲ၊ သတ္တဝါလို့ ခေါ် ရအောင် မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ ဖိုမကွဲတယ်၊ အသက်ရှိတယ်၊ သက်ရှိသတ္တဝါလို့ ခေါ်ဖို့ရာအတွက် ဒါဆိုရင် တော်တော်လေး လုံလောက်သွားတဲ့ အချက်ပဲ၊ လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ် သတ္တဝါလို့ ခေါ်နေကြတာ၊ ဒါတွေ အစွဲပြုပြီး ခေါ်နေကြတာလို့ ရုပ်ဣန္ဒြေတွေနဲ့ ပတ်သက် ပြီးတော့ ၇-မျိုး ကွဲတယ်။
အဲဒီကနေ ဆက်ပြီး နာမ်ပိုင်းဆိုင်ရာ ကြည့်လိုက်တဲ့အခါကျတော့ စိတ် ရှိသည့်အတွက်ကြောင့် မနိန္ဒြေ၊ ခုနက ဣန္ဒြေ ၆-ပါးထဲမှာ မနိန္ဒြေပါတယ်၊ ဒီမှာ လည်း ပါတယ်၊ မနိန္ဒြေပါရင် ၉-ခုပေါ့၊ မနိန္ဒြေပြီးတဲ့အခါကျတော့ ကြည့်- သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ ဆိုတဲ့ ခုနကပြောတဲ့ ဗောဓိပက္ခိယ တရားထဲမှာပါတဲ့ ဣန္ဒြေ ၅-ပါးကိုထည့်လိုက်၊ ၉-ခုရယ် ၅-ခုရယ် ၁၄-ခု ဟုတ်ရဲ့လား။
နောက်တစ်ခါ ခံစားချက်တွေနဲ့ ပတ်သက်ပြီး သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေ ဥပေက္ခိန္ဒြေ လို့ ၅-ခု ထည့် လိုက်ရင် ၁၉-ခု ဖြစ်သွားပြီ၊ ဒါက ဝေဒနာနဲ့ပတ်သက်တဲ့ ဣန္ဒြေ ၅-မျိုး။
အဲဒီနောက်မှာ ပညာနဲ့ပတ်သက်ပြီး လောကုတ္တရာပညာ သုံးခု ထပ်ပြီးတော့ ထည့်လိုက် - အနညာတညဿာမိတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေ၊ ဒီသုံးခု ထပ်ထည့်လိုက်တဲ့အခါ ဣန္ဒြေတွေ ၂၂-ပါး ဖြစ်သွားပြီ။
ဣန္ဒြိယပစ္စယောမှာ အဲဒီဣန္ဒြေ ၂၂-ပါးထဲက ဣန္ဒြေ-၂ဝ ကိုသာ ဟောမယ် တဲ့၊ ကျန် ၂-ပါး ဣတ္ထိန္ဒြေ နဲ့ ပုရိသိန္ဒြေကို ဣန္ဒြိယပစ္စည်းမှာ ထည့်မဟောဘူးတဲ့။ ဣတ္ထိန္ဒြေနဲ့ ပုရိသိန္ဒြေဟာ ဣန္ဒြိယပစ္စည်းမတပ်ဘူးလို့ ပြောတာ၊ ဣဒ္ဒိယပစ္စည်း မဖြစ်ဘူးတဲ့၊ ဘာဖြစ်လို့ မဖြစ်သလဲဆိုလို့ရှိရင် ဣတ္ထိန္ဒြေနဲ့ ပုရိသိန္ဒြေဆိုတာ ကလလရေကြည် အဆင့်ကတည်းက ပေါ်လာတာ၊ အဲဒီကလလရေကြည်အဆင့်မှာ ဆိုရင် ဖို,မခွဲလို့ မရသေးဘူး၊ ရှိနေလျက်သားနဲ့ ဖို,မသဘာဝဖြစ်တဲ့ ဣတ္ထိလိင်္ဂ ပုလ္လိင်္ဂ ဆိုတာတွေ ပိုင်စိုးထားနိုင်ခြင်းမရှိသောကြောင့်တဲ့၊ ဒီလိုအကြောင်းပြတယ်။
သဘာဝတရားဆိုတာ သူရှိရင် သူ့ ရဲ့ အုပ်စိုးမှုဆိုတာ ရှိကိုရှိရမယ်၊ ဣန္ဒြိယ ဆိုတာ စိုးပိုင်တာ၊ အုပ်ချုပ်တာ၊ ကလလရေကြည်အခိုက်မှာ ဣတ္တိန္ဒြေတို့ ပုရိသိန္ဒြေ တို့က မအုပ်စိုးနိုင်သေးဘူး၊ ဒါကြောင့်မို့ အဲဒီအချိန်မှာ ဣန္ဒြိယပစ္စည်း မတပ်ဘူးလို့ ဒါကို ရည်ရွယ်ပြီးတော့ ဣန္ဒြိယပစ္စည်းထဲမှာ မြတ်စွာဘုရားက အဲဒီ ၂-ခုကို မဟောဘူး၊ ကျန်တဲ့ ဣန္ဒြေ-၂ဝကိုတော့ ဣန္ဒြိယပစ္စည်းအနေနဲ့ ဟောပါတယ်တဲ့။
ကောင်းပြီ - ဣန္ဒြေ ၆-ပါး၊ ဣန္ဒြေ၅-ပါး၊ ဣန္ဒြေ၂၂-ပါး။ ဣန္ဒြေ၂၂-ပါး စဉ်ထားပုံ ကလေးကလည်း စိတ်ဝင်စားစရာပေါ့၊ သတ္တဝါလို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ဘာတွေတုန်း ဆိုတော့ စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ ရူပဇီဝိတိန္ဒြေ ဆိုပြီးတော့ ရုပ်ပိုင်းဆိုင်ရာမှာ ဒါတွေ ပြထားတယ်။
နာမ်ပိုင်းဆိုင်ရာကျတော့ ဇီဝိတိန္ဒြေ မနိန္ဒြေ သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေ ဥပေက္ခိန္ဒြေလို့ ခံစားချက်တွေနဲ့ တစ်ခါပြတယ်၊ ပြပြီးတော့မှ အရေး ပါတာတွေကို တစ်ခါပြတယ်၊ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ၊ တစ်ခါ ပညိန္ဒြေကို အသေးပြန်စိတ်ပြီးတော့ သုံးခု၊ အနညာတညဿာမိတိန္ဒြေ အညိန္ဒြေ, အညာတာဝိန္ဒြေ လို့ ၂၂-ပါးကို မြတ်စွာဘုရားက ဟောကြားတယ်။
ယမိုက်ကျမ်း ဣန္ဒြိယယမိုက် မှာလည်း ဒီ၂၂-ပါးပဲ ဟောတာပဲ၊ ဒီ ၂၂-ပါး ကို မြတ်စွာဘုရားက အခုပဋ္ဌာန်းပါဠိတော်မှာ ဖြစ်သင့်တာတွေကို တစ်ခုစီ ခွဲခြား ပြီးတော့ ဟောတယ်။
အဲဒီလို ဟောတယ်ဆိုတဲ့အခါမှာ ဣန္ဒြိယဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို နားလည်ဖို့ လိုအပ်တယ်၊ ဣန္ဒြိယဆိုတာ အစိုးရခြင်း ချုပ်ကိုင်ခြင်း အုပ်ချုပ်ခြင်း ဆိုတဲ့အဓိပ္ပါယ် ရတယ်၊ အစိုးရတယ် - ဘယ်လိုနေရာမှာ အစိုးရတုန်းဆိုတော့ မိမိဆိုင်ရာကိစ္စမှာ သူက အစိုးရတယ်၊ ဒီတော့ အခု ဣန္ဒြေ ၂၂-ပါးဟာ သူ့ဆိုင်ရာ သူတို့ ဆောင်ရွက်တဲ့ ကိစ္စတွေ ရှိတယ်၊ အဲဒီ ဆိုင်ရာဆိုင်ရာကိစ္စတွေမှာ ဒီသဘာဝ တရားတွေက ကြီးစိုး ထားတယ်လို့ ပြောတာ၊ အဲဒါကြောင့်မို့ ဒီသဘာဝတရားတွေကို ဣန္ဒြိယဆိုတဲ့ စကားလုံးနဲ့ ဖော်ပြတယ်။
ဣန္ဒြိယကို ဣန္ဒြေလို့ ပြန်လိုက်တာဟာ ဘာသာပြန်တာ မဟုတ်ဘူး၊ ပါဠိ စကားလုံးကိုယူပြီး မြန်မာမှုပြုပြီးသုံးလိုက်တာ၊ အဓိပ္ပါယ်မပေါ်သေးဘူး၊ မြန်မာလို ပြန်လို့ရှိရင် အစိုးရခြင်းလို့ပဲ ပြန်ရမယ်၊ ဒါကြောင့်မို့ ဣန္ဒြိယပစ္စည်းကို ရှင်းပြတဲ့ အခါမှာ မိမိဆိုင်ရာကိစ္စ၌ အစိုးတရချုပ်ကိုင်အုပ်စိုးလျက် ကျေးဇူးပြုတတ်တယ်၊ အစိုးရတယ်ဆိုတာ သူ့ရဲ့ချုပ်ကိုင်မှုအောက်မှာ ရှိတာ။
ကဲ တစ်ခုစီ စဉ်းစားကြည့်၊ စက္ခုနြေဆိုတာ စက္ခုပသာဒရုပ်ကို ခေါ်တာ၊ သောတိန္ဒြေဆိုတာ သောတပသာဒရုပ်၊ ဃာနိန္ဒြေဆိုတာ ဃာနပသာဒရုပ်၊ ဇိဝှိန္ဒြေ ဆိုတာ ဇိဝှာပသာဒရုပ်၊ ကာယိန္ဒြေဆိုတာ ကာယပသာဒရုပ်လို့ ပသာဒရုပ်တွေ ကို ခေါ်တယ်။ အဲဒီပသာဒရုပ်တွေက ဘယ်သူ့ကို ချုပ်ကိုင်နေကြတာတုန်းဆိုရင် စက္ခုပသာဒရုပ်ကလေးက စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်ကို ချုပ်ကိုင်ထားတယ်။
ရုပ်တရားက နာမ်တရားကို ဘယ်လိုလုပ်ချုပ်ကိုင်ထားတာတုန်းဆိုရင် ရှင်းရှင်းလေးပဲ ပြောရအောင်။ စက္ခုပသာဒရုပ်ပေါ်မှာ အမှီပြုပြီးတော့ စက္ခုဝိညာဏ် စိတ်ရဲ့ ကြည်လင်မှု ပြတ်သားမှု၊ အင်အားရှိမှု မရှိမှုက ဖြစ်လာတာ၊ ဥပမာအနေနဲ့ ကြည့်၊ မှုန်ဝါးဝါးဖြစ်နေတဲ့မှန်ကို ကြည့်မယ်ဆိုရင် မှန်ထဲမှာပေါ်နေတဲ့ ရုပ်ပုံလွှာ သည် ကြည်လင်ပြတ်သားတဲ့ရုပ် မဖြစ်ဘူး၊ မှုန်ဝါးဝါးဖြစ်နေတဲ့မှန်က ဒီရုပ်ပုံကို ချုပ်ကိုင်ထားတယ်လို့ ပြောတာပဲ၊ အဲဒီနည်းနဲ့ ချုပ်ကိုင်ထားတာ၊ မှန်က မှုန်ဝါးဝါး ဖြစ်နေသည့်အတွက်ကြောင့် ပေါ်လာတဲ့ရုပ်ပုံလွှာသည် မှုန်ဝါးဝါးဖြစ်ရတယ်၊ မှန်က ကြည်လင်နေရင် ပေါ်လာတဲ့ရုပ်ပုံလွှာသည် ပီပီပြင်ပြင်ပေါ် တယ်၊ ဒါ ဘယ်သူရဲ့ စွမ်းဆောင်ချက်လည်းဆိုရင် မှန်ရဲ့စွမ်းဆောင်ချက်ပဲ၊ မှန်က ရုပ်ပုံပေါ်မှုကို ချုပ်ကိုင် ထားတာပဲ၊ ဒီအဓိပ္ပါယ်ပြောတာ။
ထို့အတူပဲ စက္ခုပသာဒက ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားဆိုရင် စက္ခုဝိညာဏ်စိတ်က အင်အားရှိရှိဖြစ်မှာပေါ့၊ မျက်စိမှုန်ရင် လက်ကလေးနဲ့ ကာ ပြီးတော့ ကြည့်နေရတယ်၊ မျက်လုံးကို အတင်းဖြဲကြည့်နေရတယ်ဆိုလို့ရှိရင် စက္ခု ဝိညာဏ်စိတ်က အင်အားရှိပါ့မလား၊ မရှိဘူး၊ အဲဒါကြောင့်မို့ စက္ခုနြေဆိုတဲ့ စက္ခုပသာဒရုပ်သည် ထိုစက္ခုပသာဒရုပ်ကို အမှီပြုပြီးတော့ဖြစ်တဲ့ စက္ခုဝိညာဏ် စိတ်နဲ့ ထိုစိတ်မှာယှဉ်တဲ့ စေတသိက်တွေကို ချုပ်ကိုင်ထားတယ်တဲ့၊ ဒါကို ဣန္ဒြိယ ပစ္စယောလို့ ပြောတာနော်၊ ချုပ်ကိုင်ထားတာကို ပြောတာနော်။
သောတိန္ဒြေကလည်း ထို့အတူပဲ၊ သောတပသာဒက ကြည်ကြည်လင်လင် ဆိုရင် သောတဝိညာဏ်စိတ်ကလည်း ကြည်လင်မှာပဲ၊ သောတပသာဒက အင်အား မရှိဘူးဆိုရင် သောတဝိညာဏ်စိတ်ကလည်း အင်အားရှိမှာ မဟုတ်ဘူး၊ သူ့အတိုင်း ပဲ ဖြစ်ကြရတာပဲ၊ ဒါဟာ ချုပ်ကိုင်မှုပဲ၊ သူ့ကိစ္စပဲ သူအုပ်စိုးနိုင်တယ်၊ ကျန်တဲ့တခြား ကိစ္စ သွားမအုပ်စိုးဘူး၊ ဆိုပါစို့ - စက္ခုန္ဒြေက အမြင်ကိစ္စမှာပဲ အုပ်စိုးနိုင်တယ်၊ သောတိန္ဒြေက အကြားကိစ္စမှာပဲ အုပ်စိုးတယ်၊ ဟော သူ့နေရာနဲ့ သူ။
နှာခေါင်းကလည်း ထို့အတူပဲ၊ အနံ့မရဘူးဆိုရင် အားပြုပြီး ရှူကြတယ်။ ဃာနပသာဒထက်သန်တဲ့ပုဂ္ဂိုလ်ကြည့် - လူတွေထက် ဃာနပသာဒထက်တဲ့ ကြောင်ကလေးတွေ ခွေးကလေးတွေဆိုရင် လူက အနံ့မရသေးဘူး, သူတို့က အနံ့ ရနေကြပြီ၊ ပုရွက်ဆိတ်ကလေးတွေလည်း အနံ့ရပုံပေါ်တယ်၊ အချိုလေးများ ဖိတ်နေရင် သူတို့ကသိနေပြီ၊ သူတို့က ရောက်နေကြပြီ။
လျှာလည်းပဲ ထို့အတူပဲ၊ ဒီသဘောကို နားလည်ဖို့ လိုတယ်၊ နားမလည်လို့ ရှိရင် ဘယ်လိုဖြစ်တတ်တုန်းဆိုရင် လူကြီးတွေက ပြောတတ်တယ်၊ “တို့ငယ်ငယ် တုန်းက ဆီးသီးများ ကောင်းလိုက်တာ၊ ခုခေတ် ဆီးသီးတွေများ မကောင်းဘူး” တဲ့၊ ဘာဖြစ်လို့ မကောင်းတုန်းဆိုတာကိုတော့ ထည့်မပြောဘူး၊ ဒီခေတ် ဆီးသီးတွေ ညံ့သွားတယ်လို့ ထင်တာ၊ ဘယ်ဟုတ်မလဲ၊ ညံ့သွားတာက ကိုယ့်လျှာ၊ ကိုယ့်ရဲ့လျှာ ဇိဝှာပသာဒက ညံ့သွားသည့်အတွက်ကြောင့် ဘယ်ဟာမှ ငယ်ငယ်တုန်းကလို စားကောင်းမှာ မဟုတ်တော့ဘူး၊ ယုတ်လျော့သွားတယ်ဆိုတဲ့ သဘောပဲ၊ ဇိဝှာပသာဒ က အရသာသိတဲ့စိတ်ကို ချုပ်ကိုင်ထားတာ။
ထို့အတူပဲ ဖောဋ္ဌဗ္ဗ၊ ငယ်ငယ်တုန်းကတော့ ထက်ထက်မြက်မြက်ပဲ၊ ဘာလေးထိထိ အကုန်လုံးသိတယ်နော်၊ ပသာဒရုပ်တွေ ကောင်းနေတဲ့အချိန် တုန်းက နည်းနည်း လေးမှ မထိနဲ့၊ ထိ အကုန်သိ၊ ပုရွက်ဆိတ်ကလေးတစ်ကောင် လက်ပေါ်တက် ရွရွ ရွရွနဲ့သိတယ်၊ နည်းနည်းအသက်ကြီးလာတော့ သိပ်ပြီး မသိ တော့ဘူး၊ ပုရွက်ဆိတ်က ကိုယ့်လက်ပေါ် ခြေထောက်ပေါ်တက် လမ်းလျှောက် နေတာ မသိတော့ဘူး၊ ဘာလို့လဲ၊ ပသာဒရုပ်က အားနည်းလာလို့၊ တစ်ခါတလေ တချို့ပုဂ္ဂိုလ်တွေ ပသာဒရုပ် က သိပ်အားနည်းသွားလို့ရှိရင် ခလုတ်တိုက်တာတောင် တိုက်မှန်းမသိတော့ဘူး၊ ခြေထောက်ကွဲလည်း ကွဲမှန်းမသိတော့ဘူး ဖြစ်နေတယ်၊ အဲဒီလိုတွေ ဖြစ်နေတယ်၊ ဒါ leprosy တွေတော့ သွားမပြောနဲ့နော်၊ ပသာဒရုပ်တွေက ပျက်သွားပြီ၊ အဲဒါကို ပြောတာ။ ကာယိန္ဒြေတွေက ထိသိစိတ်ကို ချုပ်ကိုင်တယ်၊ ကြီးစိုးထားတယ်ဆိုတာ ပြောတာ။
ဣတ္ထိန္ဒြေတို့ ပုရိသိန္ဒြေတို့က ဣန္ဒြိယပစ္စည်း မတပ်ပေမယ့်လို့ ကလလ ရေကြည်တုန်းက မရှိဘူး၊ နောက်ပိုင်းကျတော့ ရှိလာတယ်၊ ဖိုမပီပီပြင်ပြင်ဖြစ်လာတဲ့ အခါကျတော့ ရှိလာတယ်၊ ရှိလာပေမယ့်လို့ သူပေါ်တဲ့အချိန်တုန်းက မရှိသည့် အတွက်ကြောင့် မြတ်စွာဘုရားက မဟောတော့ဘူး၊ သူလည်း အစိုးရမှုရှိတယ်၊ ကြည့်လေ - ဣတ္ထိဘာဝရုပ်ရှိတဲ့အမျိုးသမီးနဲ့ ပုမ္ဘာဝရုပ်ရှိတဲ့အမျိုးသား၊ အသံချင်း လည်း ကွာခြားတယ်၊ ခြေလက်အင်္ဂါတွေလည်း ကွဲပြားတယ်၊ သွားတာလာတာ ပြောတာဆိုတာတွေလည်း ကွဲပြားတယ်၊ (အခြောက်တွေတော့ ထည့်မပြောနဲ့နော်) အဲဒီလိုကွဲပြားခြားနားမှုတွေကို ဘယ်သူက လုပ်ပေးနေတုန်း၊ ဘယ်သူက ကြီးစိုးနေ ဘယ်သူက ထိန်းချုပ်ထားတာတုန်းဆိုရင် ဒီရုပ်က ထိန်းချုပ်ထားတာ၊ သူကလည်း ထိန်းချုပ်နိုင်တာပဲနော်။
အသံက အမျိုးသမီးဆို ခပ်သေးသေးလေး ဖြစ်နေအောင် သူကနေ ထိန်းချုပ် ပေးနေတာ၊ ယောက်ျားဆိုရင် အသံကြီးကြီးဖြစ်အောင် သူက ထိန်းချုပ် ပေးတယ်၊ သွားတာလာတာ ကြမ်းကြမ်း တမ်းတမ်းဖြစ်အောင် ပုမ္ဘာဝရုပ်က ထိန်းချုပ် နူးနူးညံ့ညံ့ဖြစ်အောင် ဣတ္ထိဘာဝရုပ်က ထိန်းချုပ်ထားတယ်၊ စိတ်နေ စိတ်ထားကို ဘယ်သူက ထိန်းချုပ်တုန်း၊ သူကပဲ ထိန်းချုပ်ထားတာ၊ မတူညီတဲ့ အနေအထားတွေဖြစ်အောင် သူကထိန်းချုပ်လိုက်တာပဲ၊ အကြိုက်ချင်းမတူအောင်၊ အပြုအမူချင်း မတူအောင်၊ အပြောအဆို အနေအထိုင် မတူအောင်၊ အတွေးအခေါ် မတူအောင်၊ မတူကွဲပြားခြားနားနေအောင် ဒီသဘာဝတရားတွေက ထိန်းချုပ် ပေးထားတယ်တဲ့၊ ဒါကြောင့်မို့လို့ သူတို့ကိုလည်း ဣန္ဒြေလို့ ခေါ်လိုက်တယ်။
ဇီဝိတိန္ဒြေဆိုတဲ့အသက်က ကမ္မဇရုပ်တွေကို စောင့်ရှောက်တဲ့နေရာမှာ သူ့ရဲ့ စောင့်ရှောက်မှုဆိုတဲ့ကိစ္စမှာ သူက ပိုင်တယ်၊ အဲဒီစောင့်ရှောက်မှုဆိုတဲ့ကိစ္စမှာ သူက ထိန်းချုပ်ထားတယ်တဲ့၊ သူက စောင့်ရှောက်နေတယ်။
မနိန္ဒြေ - အာရုံကိုသိမှုကိစ္စ စိတ်က ထိန်းချုပ်ထားတယ်၊ စိတ်က သူ့ကိစ္စ သူဆောင်ရွက်တယ်။
သုခိန္ဒြေ၊ ဒုက္ခန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေ – ခံစားမှုနဲ့ ပတ်သက်လာလို့ရှိရင် ဒီဣန္ဒြေတွေဟာ ခံစားမှုကိစ္စတွေမှာ ထိန်းချုပ်ထားတယ် တဲ့။
ယုံကြည်မှုဆုံးဖြတ်မှုပေါ်မှာ သဒ္ဓါက အဓိကကျတယ်၊ ဝီရိယတို့ ပညာတို့ က အဓိကမဟုတ်ဘူး၊ ကုသိုလ်ရေးမှာ စိတ်ဝင်စားနေမှုဆိုတာ သဒ္ဓါက ထိန်းချုပ် ပေးထားတာ၊ ကြိုးပမ်းအားထုတ်မှုကိစ္စတွေကျတော့ ဝီရိယက ထိန်းချုပ်ပေးတာ၊ အမှတ်ရမှုကိစ္စမှာ သတိက ထိန်းချုပ်ပေးတာ၊ စိတ်တည်ငြိမ်မှုကိစ္စမျိုးမှာ သမာဓိက ထိန်းချုပ်ပြီး အမှန်တရားသိမှုမှာ ပညာက ထိန်းချုပ်တယ်တဲ့။
အနညာတညဿာမိတိန္ဒြေ ဆိုတာ ပညာပဲ၊ သောတာပတ္တိမဂ်မှာ ရှိတဲ့ ပညာကို ရည်ညွှန်းပြီး အနညာတညဿာမိတိန္ဒြေ၊ အနညာတ ဆိုတာ ဘဝ ခ သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့ သစ္စာလေးပါး၊ ဘယ်တုန်းကမှ မသိခဲ့ရတဲ့ နိဗ္ဗာန်၊ အဲဒါကို ညဿာမိ - သိအောင်လုပ်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်တဲ့ ပညာတရားကို အနညာတညဿာမိတိန္ဒြေလို့ ခေါ်တာ၊ သောတာပတ္တိမဂ်နဲ့ ယှဉ်တဲ့ပညာကို ရည်ညွှန်းပြီးပြောတာ၊ သောတာပတ္တိမဂ်နဲ့ယှဉ်တဲ့ ပညာသည် ဘယ်တုန်းကမှ မသိသေးတဲ့သစ္စာလေးပါးကို သိတာ၊ သူက စသိတာ၊ ကျန်တာ တွေက သူသိပြီးမှ သိရတာ၊ ဒါကြောင့်မို့ သူ့ကို “အနညာတ” မသိသေးတာကို သိတာ။
အညိန္ဒြေ - အညာဆိုတာ အပိုင်းအခြားနဲ့ သိပြီးသား၊ အကန့်အသတ် အတိုင်း သစ္စာလေးပါးဆိုတာ သိပြီးသားအတိုင်း၊ ညာတ - သိတာ၊ သိပြီးသားအတိုင်း သိတယ်ဆိုတာ အလယ်ဉာဏ်တွေမှာ ရှိတယ်၊ အလယ်ဉာဏ်ဆိုတာ သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်ဆိုတဲ့ မဂ် ၃-ပါး၊ သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ်ဆိုတဲ့ ဖိုလ် ၃-ပါး၊ အဲဒီအလယ်မဂ်ဖိုလ် ၆-ပါးမှာ ရှိတဲ့ဉာဏ်ကို အညိန္ဒြေလို့ ခေါ်တာ။
နောက်ဆုံး အရဟတ္တဖိုလ်မှာရှိတဲ့ ဉာဏ်ကိုတော့ အညာတာဝိန္ဒြေလို့ ခေါ် တယ်၊ အညာတာဝိ ဆိုတာ သိမှုကိစ္စတွေ ပြီးသွားပြီ၊ perfect ဖြစ်သွားပြီ၊ နောက်ထပ်သိစရာ မရှိတော့ဘူး၊ တာဝီ ဆိုတဲ့အဓိပ္ပါယ်က ပြီးသွားပြီ၊ ပြီးပြည့်စုံပြီ လို့ ဆိုတဲ့အဓိပ္ပါယ်၊ ဒီတော့ အရဟတ္တဖိုလ်မှာရှိတဲ့ ဉာဏ်ကတော့ သိစရာတွေ၊ သစ္စာလေးပါးကို သိတဲ့ကိစ္စတွေ လုံးဝပြီးသွားပြီဆိုတဲ့ အရဟတ္တဖိုလ်ရှိ ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာဖြစ်တဲ့ ပညာမျိုးကို အညာတာဝိန္ဒြေ လို့ ခေါ်ပါတယ်တဲ့၊ ဒါက သီးသီး သန့်သန့် ပညိန္ဒြေကိုပဲ ထပ်ဆင့်ခွဲခြားပြီး မြတ်စွာဘုရားက ဣန္ဒြေ ၂၂-ပါးမှာ ဒီလိုဟောထား တာ၊ အဲဒါတွေအားလုံးကို ဣန္ဒြိယပစ္စယောထဲမှာ ထည့်ဟောထား ပါပါတယ်တဲ့။
ဣန္ဒြိယပစ္စည်း ၃-မျိုး
ဒါကြောင့်မို့ ဣန္ဒြိယပစ္စယောဆိုတာ မိမိဆိုင်ရာကိစ္စ၌ အစိုးတရ ချုပ်ကိုင် အုပ်စိုးလျက် ကျေးဇူးပြုတတ်သောအကြောင်းတရားများကို ခေါ်ပါတယ်တဲ့၊ အဲဒီ ဣန္ဒြိယပစ္စည်း ဟာလည်း ပုရေဇာတဣန္ဒြိယဆိုတာ ရှိတယ်၊ သဟဇာတဣန္ဒြိယ ဆိုတာ ရှိတယ်၊ ရူပဇီဝိတိန္ဒြိယဆိုတာ ရှိတယ်၊ သဘာဝတရားကို ကြည့်ပြီးတော့ သုံးမျိုးခွဲလိုက်တယ်။
ပုရေဇာတဣန္ဒြိယ - တချို့ ဣန္ဒြေတွေက ကြိုတင်ဖြစ်နှင့်ပြီး ကျေးဇူးပြုတာ၊ အကျိုးတရားမပေါ်မီ ကြိုတင်ဖြစ်နှင့်ပြီးတော့ အထောက်အကူဖြစ်တဲ့တရား။ သဟဇာတဣန္ဒြိယကျတော့ သဟဆိုတာ တစ်ပြိုင်နက်အတူတကွ၊ ဇာတဆိုတာ ဖြစ်တာ၊ အတူတကွ ဖြစ်လာပြီး ကျေးဇူးပြုတဲ့ဣန္ဒြေ၊ ဒါက တစ်ခု၊ ရူပဇီဝိတိန္ဒြိယ ဆိုတာ သပ်သပ်၊ ဇီဝိတိန္ဒြေထဲက ရုပ်ဇီဝိတကို သီးသန့်ထုတ်ပြီး ဟောတာ၊ သူက ကမ္မဇရုပ်ကို စောင့်ရှောက်တဲ့ကိစ္စ ဆောင်ရွက်တယ်၊ ဒါကြောင့်မို့ သူ့ကို သီးသီး သန့်သန့် ခွဲဟောတယ်။
ပုရေဇာတိန္ဒြိယ
ပဋ္ဌာန်းပါဠိတော်မှာ ဣန္ဒြိယပစ္စယောတိ လို့ ခေါင်းစီးတပ်ပြီး မြတ်စွာဘုရားက ဟောတယ်-
“စက္ခုန္ဒိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”၊
ဣန္ဒြေ၂၂-ပါး အစဉ်အတိုင်း ဟောတယ်။
စက္ခုန္ဒြိယံ - စက္ခုန္ဒြေလို့ခေါ်တဲ့ စက္ခုပသာဒရုပ်သည်၊
စက္ခုဝိညာဏ ဓာတုယာ - စက္ခုဝိညာဏဓာတ်လို့ဆိုတဲ့ မြင်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနံ - ထိုမြင်သိစိတ်နဲ့ ယှဉ်တွဲ၍ ဖြစ်တတ်ကုန်သော၊
ဓမ္မာနံ - စေတသိက်တရားတို့အားလည်းကောင်း၊
ဣန္ဒြိယပစ္စယေန - ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော = ကျေးဇူးပြုတတ်ပါပေတော့၏။
ဣန္ဒြိယသတ္တိ ဆိုသည်မှာ ဆိုင်ရာကိစ္စအပေါ်မှာ စိုးပိုင်ထားခြင်း၊ ဆိုင်ရာ ကိစ္စကို ချုပ်ကိုင်ထားခြင်း ဖြစ်တယ်။ ဒီတော့ ဘယ်ကိစ္စကို ချုပ်ကိုင်တုန်း? စက္ခု- ဝိညာဏ်စိတ်မှာ မြင်ခြင်းကိစ္စရှိတယ်၊ အဲဒီသူ ရဲ့မြင်ခြင်းကိစ္စ ဆောင်ရွက်တဲ့နေရာ မှာ ဘယ်သူ့ရဲ့ ချုပ်ကိုင်မှုကို ခံရတုန်းဆိုရင် စက္ခုပသာဒရုပ်ရဲ့ ချုပ်ကိုင်မှုကို ခံရ တယ်၊ စက္ခုပသာဒရုပ်သည် စက္ခုဝိညာဏ်စိတ်နဲ့ စေတသိက်တို့အား ဣန္ဒြိယသတ္တိ ဖြင့် ကျေးဇူးပြုပါတယ်လို့ ဒါ ပြောတာနော်၊ စိုးပိုင်ထားတယ်ဆိုတဲ့သတ္တိနဲ့ ကျေးဇူး ပြုတယ်တဲ့။
“သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”
နားအကြည်လို့ဆိုတဲ့ သောတပသာဒရုပ်သည် အကြားကိစ္စကို ဆောင်ရွက် တဲ့ သောတဝိညာဏ်စိတ်ကို ချုပ်ကိုင်ထားတယ်၊ အကြားကိစ္စကို သူက ချုပ်ကိုင် ထားတယ်၊ ဒါကြောင့်မို့ သူ့ကို “ဣန္ဒြိယ” လို့ ခေါ်တယ်။
သောတိန္ဒြိယံ – သောတပသာဒလို့ခေါ်တဲ့ သောတိန္ဒြေသည်၊
သောတ- ဝိညာဏဓာတုယာ - သောတဝိညာဏဓာတ်လို့ခေါ်တဲ့ ကြားသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နဲ့ ယှဉ်တွဲ၍ဖြစ်တဲ့ စေတသိက် တရားတို့အားလည်းကောင်း၊
ဣန္ဒြိယပစ္စယေန – ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။
မြတ်စွာဘုရားက တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ဒီလိုချုပ်ကိုင်ပြီး ကျေးဇူး ပြုနေတယ်၊ အထောက်အကူပြုနေတယ်ဆိုတဲ့သဘောတွေကို ဟောတာနော်၊ ကမ္ဘာလောကကြီး တစ်ခုလုံး စဉ်းစားကြည့်ရင် အားလုံးဟာ ဒီအတိုင်းပဲ၊ ဘယ်နေရာပဲ ကြည့်ကြည့် အကြောင်းတရားတွေက စုပေါင်းပြီး ထောက်ပံ့ထားတာတွေချည်းပဲ၊ အကြောင်း တရား ပြိုလဲသွားတာနဲ့ တစ်ပြိုင်နက် အကျိုးတရားတွေပျောက်ကွယ်ကုန် မှာပဲ၊ ဒီတော့ ခိုင်မာတဲ့အရာဆိုတာ ဘယ်ရှိမှာလဲ၊ အကြောင်းတွေထောက်ပံ့ထား တဲ့အချိန်လေးလောက်ပဲ အကျိုးတရားက နေလို့ ရတာ၊ ထောက်ပံ့မှုကင်းမဲ့သွားတာနဲ့ တစ်ပြိုင်နက် ပြိုလဲဖို့ပဲ ရှိတယ်။
မမြဲတဲ့သဘောတွေကို ထင်ရှားစေတယ်၊ မမြဲသည့်အတွက်ကြောင့် ကျေနပ် စရာ မကောင်းတဲ့သဘောတွေကိုလည်း ထင်ရှားစေတယ်၊ ကိုယ် ဘာမှမပိုင်ဘူး ဆိုတာကိုလည်း ထင်ရှားစေတယ်၊ သဘာဝတရားတွေဟာ သူ့ဟာနဲ့သူ ခုလို အထောက်အကူပြုပြီးတော့ နေကြတာတွေ ကိုယ့်အနေနဲ့ ဘာတတ်နိုင်တုန်း၊ ဘာမှ မတတ်နိုင်ဘူး၊ ကိုယ်တတ်နိုင်တာ ဘာတစ်ခုမှ မရှိဘူး၊ သဘာဝတရားတွေ အချင်း ချင်း အပြန်အလှန် ဒီလိုလုပ်နေကြတာ။
“ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။
ဃာနိန္ဒြိယံ - ဃာနိန္ဒြေလို့ဆိုတဲ့ ဃာနပသာဒရုပ်သည်၊
ဃာနဝိညာဏ- ဓာတုယာ - ဃာနဝိညာဏဓာတ်လို့ခေါ်တဲ့ နံသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ – ထိုနံသိစိတ်နဲ့ယှဉ်တွဲ၍ဖြစ်တဲ့ စေတသိက်တရား တို့အား လည်းကောင်း၊
ဣန္ဒြိယပစ္စယေန ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။
ဒီလိုဆက်သွယ်ပြီးတော့ ထိန်းချုပ် နေတယ်ဆိုတဲ့သဘောကို မြတ်စွာဘုရားက ဣန္ဒြိယပစ္စယောမှာ ဟောတာ။
“ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။
ဇိဝှိန္ဒြိယံ - ဇိဝှိန္ဒြေလို့ခေါ်တဲ့ ဇိဝှာပသာဒရုပ်သည်၊
ဇိဝှာဝိညာဏဓာတုယာ - ဇိဝှာဝိညာဏဓာတ် လို့ခေါ်တဲ့ လျက်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုလျက်သိစိတ်ကလေးနဲ့ အတူယှဉ်တွဲပြီးဖြစ်တဲ့ စေတသိက်တရား တို့အားလည်းကောင်း၊
(စိတ်ပါလို့ရှိရင် သူနဲ့ယှဉ်တဲ့စေတသိက်က တွဲဖက်လာတာပဲ၊ အဲဒီ ပသာဒရုပ် ကလေးက ဒီလျက်သိစိတ်ကို ထိန်းချုပ်ထားတယ်၊ ဣန္ဒြိယသတ္တိကို အသုံးပြုပြီး တော့ စိုးပိုင်နေတယ်လို့ ဒီလိုပြောတာ၊)
ဣန္ဒြိယပစ္စယေန - ဣန္ဒြိယ ပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုလျက် ရှိပါပေတော့၏။
“ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။
ကာယိန္ဒြိယံ - ကာယိန္ဒြေလို့ခေါ်တဲ့ကာယပသာဒရုပ်သည်၊
ကာယဝိညာဏ ဓာတုယာ - ကာယဝိညာဏဓာတ်လို့ခေါ်ရတဲ့ ထိသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုထိသိစိတ်နဲ့ယှဉ်တွဲ၍ဖြစ်တဲ့ စေတသိက်တရား တို့အား လည်းကောင်း၊
ဣန္ဒြိယပစ္စယေန- ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော- ကျေးဇူးပြုတတ်ပါပေတော့၏။
လောကကြီးရဲ့သဘာဝ၊ သက်ရှိသတ္တဝါတွေရဲ့သဘာဝဟာ ဒီအတိုင်း ရပ်တည် နေတယ်ဆိုတာကို မြတ်စွာဘုရားက ဟောဒီ ဣန္ဒြိယသတ္တိနဲ့ ပြောတာ၊ စာပေလို အသေးစိတ်ဆိုရင် စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ လို့ ဆိုတဲ့ ဒီပသာဒရုပ်ငါးခုသည် လူ့ ရဲ့ သန္တာန်မှာ စတင်ဖြစ်လာတဲ့အချိန်ကနေ စပြီး စိတ်ရဲ့ ခဏတိုင်း ခဏတိုင်းမှာ စဉ်ဆက်မပြတ် ဖြစ်ပြီးနေတယ်၊ (ဒါ ပုရေဇာတ ပစ္စည်းတုန်းကလည်း ပြောထားပြီးသားနော်၊)
အဲဒီ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ သိန်း သန်းချီနေတဲ့ ထောင်ပေါင်းများစွာရှိတဲ့ စက္ခုပသာဒရုပ်တွေထဲက ဘယ်စက္ခုပသာဒ ရုပ်က မြင်သိစိတ်ကို ထိန်းချုပ်ထား တာလဲ၊ ဘယ်သောတပသာဒရုပ်က ကြားသိ စိတ်ကို ထိန်းချုပ်ထားတာလဲ၊ ပုရေဇာတပစ္စည်းတို့ နိဿယပစ္စည်းတို့တုန်းက ရှင်းထားတဲ့အတိုင်း ပြန်မှတ် ရအောင်နော်။
စိတ်ဖြစ်စဉ်မှာ အာရုံတစ်ခုနဲ့ တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်စိတ်က စဖြစ်လဲ၊ အာရုံအသစ်တစ်ခုကို တွေ့လိုက်တဲ့အချိန်မှာ ထိုအာရုံအသစ်ကို လက်ခံ တဲ့စိတ်က ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ အဲဒီအာရုံပေါ်လာတဲ့အချိန်မှာ ဘယ်စိတ်နဲ့ သွား တိုက်ဆိုင်တုန်း ဆိုရင် ပထမဘဝင်စိတ်၊ အဲဒီဘဝင်ကို အတီတဘဝင်လို့ ခေါ်တယ်၊ အဲဒီ အတီတ ဘဝင်ပြီးတော့ လှုပ်ရှားသွားတဲ့ဘဝင်ကို ဘဝင်္ဂစလနလို့ ခေါ်တယ်၊ ပြတ်တောက် သွားတဲ့ဘဝင်ကို ဘဝင်္ဂုပစ္ဆေဒလို့ ခေါ်တယ်။
ဆိုလိုတာက မျက်စိကို အဆင်းအာရုံက လာတိုက်မယ်၊ နားကို အသံ အာရုံက လာတိုက်လိုက်မယ်၊ နှာခေါင်းကို အနံ့က လာတိုက်လိုက်မယ်၊ လျှာကို အရသာက လာထိမယ်၊ ခန္ဓာကိုယ်ကို အထိအတွေ့က လာပြီးတော့ထိမယ် ဆိုလို့ ရှိရင် စိတ်အစဉ်ဟာ ချက်ချင်းကြီးဖြစ်မသွားဘူး၊ အနည်းဆုံး စိတ္တက္ခဏ ၃-ခု ဖြတ်ကျော်ခဲ့ရတယ်၊ အဲဒီဖြတ်ကျော်တဲ့ အချိန်ပိုင်းမှာလည်းပဲ စက္ခုပသာဒရုပ် သောတပသာဒရုပ် ဃာနပသာဒရုပ် ဇိဝှာပသာဒရုပ် ကာယပသာဒရုပ်တွေ ဖြစ်နေ တာပဲ၊ မဖြတ်ကျော်ခင်ကလည်း ဖြစ်တယ်၊ အရင်ကလည်း ဖြစ်တယ်၊ နောက်လည်း ဖြစ်နေတယ်။
အဲဒီထဲက ဘယ်ပသာဒရုပ်သည် ဣန္ဒြိယပစ္စည်းလဲလို့ မေးတဲ့အခါ အတီတဘဝင်ရဲ့ ဥပါဒ်နဲ့ ပြိုင်ပြီးဖြစ်လာတဲ့ စက္ခုပသာဒရုပ်သည် (အတီတဘဝင်ပြီး တော့ ဘဝင်္ဂစလန၊ ပြီးတော့ ဘဝင်္ဂုပစ္ဆေဒ၊ ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်း ဆိုပြီးတော့ စိတ္တက္ခဏ ၄-ခု၊ အဲဒီ ၄-ခု နောက်မှာ စက္ခုဝိညာဏ်တဲ့၊ ဟော သူက born earlier ပဲ၊ ကြိုတင်မွေးဖွားလာတာ၊) စိတ္တက္ခဏ ၄-ခု ကြိုတင်မွေးဖွားလာတာ၊ အဲဒီ စက္ခု- ပသာဒရုပ်သည် စက္ခုဝိညာဏ်စိတ်ကို ဣန္ဒြိယပစ္စယသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ဒါက စာလို အတိအကျနားလည်တာ။
လက်တွေ့ ကိုယ်သဘောပေါက်ဖို့ရာကတော့ မြင်သိစိတ်ကို စက္ခုပသာဒ ရုပ်က ထိန်းနေတယ်ဆိုတာပဲ၊ ပသာဒရုပ်အားကောင်းရင် မြင်သိစိတ်က ပီပီပြင်ပြင် ဖြစ်တယ်၊ ပသာဒရုပ် အားမကောင်းရင် မြင်သိစိတ်က အားနည်းတယ်၊ ဒါက ထိန်းတဲ့ပုံမျိုးကိုပြောတာ၊ ဒါကို ပုရေဇာတဣန္ဒြိယလို့ ခေါ်တယ်၊ ဘာဖြစ်လို့တုန်း ဆိုရင် born earlier ကြိုတင်ပြီးတော့ ဖြစ်တာ၊ ကြိုတင်ဖြစ်ပြီးတော့မှ သူက စက္ခုဝိညာဏ်စိတ်ကို ထိန်းချုပ်ပြီး ဣန္ဒြိယသတ္တိနဲ့ ကျေးဇူးပြုတာပဲ၊ အဲဒါကိုပဲ ပုရေဇာတိန္ဒြိယလို့ ခေါ်တယ်။
အဲဒီမှာ ဘုန်းကြီးတို့ရေးထားတဲ့ “ပဋ္ဌာန်းမြတ်ဒေသနာ”ဆိုတဲ့ စာအုပ်ထဲမှာ လည်း ဒါ ရှင်းထားတာပါတယ်၊ အတိုချုပ်က စက္ခုန္ဒြေခေါ် မျက်စိအကြည်ရုပ်သည် မြင်သိစိတ် စေတသိက်တရားများအား မြင်မှုကိစ္စ၌ ကြီးစိုးလျက် ကျေးဇူးပြု၏၊ ထင်ရှားစေဦးအံ့၊ မျက်စိအကြည်ရုပ်အားကောင်းလျှင် မြင်သိစိတ်အားကောင်း၏၊ အားနည်းလျှင် အားနည်း၏၊ ဤသည်ကား မြင်မှုကိစ္စ၌ မျက်စိအကြည်ရုပ် စက္ခုန္ဒြေက မြင်သိစိတ်စေတသိက်တို့ကို စိုးပိုင်ချုပ်ကိုင်ထားပုံ ဖြစ်၏။
ဒါ နားလည်ဖို့ပဲ အရေးကြီးတယ်၊ ဒါနားလည်ရင် ထို့အတူပဲ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ၊ အကုန်လုံး နားလည်သွားတယ်၊ အဲဒါတွေကို ချုပ်ကိုင်ပြီးထားတာ၊ ချုပ်ကိုင်နိုင်တဲ့ စွမ်းရည်သတ္တိကို အသုံးပြုပြီးတော့ ကျေးဇူးပြုတာတဲ့၊ အဲဒါ ဣန္ဒြိယသတ္တိပဲ၊ ဒီလိုဆိုတာ၊ ဒါ ပုရေဇာတဣန္ဒြိယပဲ၊ ပုရေဇာတမျိုး လို့ ပြောတာ။
သူလည်းပဲ ရှိနေခိုက် ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာ ခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတ၊ ပုရေဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ၊ ဟောဒီပုံစံနဲ့ လာတာ၊ အဲဒါပြီးတဲ့အခါကျတော့ ဒါက ပသာဒရုပ် ဣန္ဒြေ ၅-ပါး၊ ဒါကိုပဲ ပုရေဇာတဣန္ဒြိယပစ္စည်းလို့ ဒီလိုဟောတယ်၊ ဝတ္ထုရုပ်ငါးပါးနဲ့ ပတ်သက်ပြီးတော့ ဟောတာ။
ရူပဇီဝိတိန္ဒြိယပစ္စည်း
▬▬▬▬▬▬▬
ကဲ နောက်တစ်ခုပြောမယ်။
ရူပဇီဝိတိန္ဒြိယ
၊ ဇီဝိတက ရုပ်နာမ် ၂-မျိုးရှိတယ်၊ နာမ်ဇီဝိတကိုတော့ သဟဇာတထဲမှာ ထည့်လိုက်ပြီးတော့ ရူပဇီဝိတိန္ဒြိယက သီးသန့်၊ ဒါကြောင့်မို့ -“ရူပဇီဝိတိန္ဒြိယံ ကဋတ္တာ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော”၊
ရုပ်ဇီဝိတက ဘယ်အရာကို စောင့်ရှောက်ချုပ်ကိုင်တုန်းဆိုရင်
ကမ္မဇရုပ်
တွေကို ချုပ်ကိုင်တယ်၊ ကမ္မဇရုပ်တွေကို ဘယ်လိုချုပ်ကိုင်တာတုန်းဆို သူရှိရင် ကမ္မဇရုပ်တွေ ဆက်လက်ဖြစ်မယ်၊ သူ,မရှိရင် ကမ္မဇရုပ်တွေက ပျက်မယ်၊ ဒါပဲ၊ လျှပ်စစ်မီးလေးက ဘာကို ချုပ်ကိုင်ထားတုန်းဆိုတော့ အလင်းကိုချုပ်ကိုင်ထားတယ်၊ ဒါ သူချုပ်ကိုင် ထားတဲ့ကိစ္စပဲတဲ့၊ ကဲ လျှပ်စစ်မီးပျက်သွားတာနဲ့ တစ်ပြိုင်နက် ဘာဖြစ်သွားတုန်း၊ အလင်းရောင်ပျောက်သွားတယ်၊ မချုပ်ကိုင်နိုင်တော့ဘူး။အဲဒီအတိုင်းပဲ
ရူပဇီဝိတိန္ဒြေ
က စောင့်ရှောက်ခြင်းကိစ္စမှာ ကမ္မဇရုပ်တွေကို ချုပ်ကိုင်တယ်၊ ကမ္မဇရုပ်တွေ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း ထပ်ထပ် ဖြစ်နေ အောင် ဘယ်သူက ချုပ်ကိုင်ထားတုန်းဆိုလို့ရှိရင် ဟောဒီဇီဝိတိန္ဒြေရုပ်က ချုပ်ကိုင် ထားတာ၊ အသက်ရှင်နေသေးတယ်ဆိုတာ ဒါကို ပြောနေတာနော်၊ သူရှိနေသည့် အတွက်ကြောင့် ထပ်တလဲလဲ ထပ်ဖြစ်နေတာ၊ သူမရှိတော့ဘူးဆိုရင် မဖြစ်တော့ဘူး၊ ပျက်သွားမှာ။အဲဒါကို “ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော” –
- ရူပဇီဝိတိန္ဒြိယံ - ရုပ်ဇီဝိတန္ဒြေလို့ခေါ်ရတဲ့ ဇီဝိတရုပ်သည်၊
- ကဋတ္တာ ရူပါနံ - ကဋတ္တာရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အား၊
- ဣန္ဒြိယပစ္စယေန – ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
- ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။
သူက ရှိနေခိုက် ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိပစ္စည်း၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတပစ္စည်း၊ သူရှိနေတုန်း သူထိန်းနေမှာပဲ၊ ဒါရှိလို့ ကမ္မဇရုပ်တွေဟာ ထပ်တလဲလဲ ရှင်သန်ပြီးတော့ ထပ်ဖြစ်နေတာ။ သူ မရှိ တော့ဘူး၊ သူက မစောင့်ရှောက်တော့ဘူးဆိုရင် ကမ္မဇရုပ်တွေ သွားရော အကုန်လုံး၊ တစ်ခုမှ ထပ်ဖြစ်နိုင်တာ မရှိတော့ဘူး၊ ဒါကို ကမ္မဇရုပ်တွေကို ကြီးစိုးပြီး အထောက် အကူပြုနေတယ်လို့ ဒီလို ဆိုလိုတာ။
---
အရူပိန္ဒြိယပစ္စည်း
▬▬▬▬▬▬
နောက်တစ်ခုကျတော့ ကျန်တဲ့ ဣန္ဒြေတွေ၊ နာမ်ဇီဝိတိန္ဒြေက စပြီးတော့ အကုန်လုံးပေါင်းပြီးတော့ ပြောမယ်ဆိုရင် နာမ်ဇီဝိတရယ်၊ မနိန္ဒြေက စိတ်၊ သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေ ဥပေက္ခိန္ဒြေတို့က ဝေဒနာ၊ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေတို့က သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ ဆိုတော့ နာမ်ပိုင်းဆိုင်ရာဣန္ဒြေများ နာမ်ဣန္ဒြေတရားကိုယ်လို့ ခေါ်တယ်၊ နာမ်ဣန္ဒြေ တရားကိုယ် ၈-ပါး - ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ၊ အဲဒီ နာမ်ဣန္ဒြေတရားတွေကလည်း မိမိနဲ့ယှဉ်ဘက်ဖြစ်တဲ့ စိတ် စေတသိက် တွေကို ဣန္ဒြိယသတ္တိနဲ့ အထောက်အကူ ပြုနေပါတယ်တဲ့။
“အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။
အရူပိနော ဣန္ဒြိယာ - နာမ်ဖြစ်တဲ့ဣန္ဒြေဆိုတာ အခုပြောခဲ့တဲ့ ဇီဝိတိန္ဒြေ တစ်ခြမ်းပေါ့နော်၊ နာမ်ဇီဝိတ၊ မနိန္ဒြေ၊ နောက် သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ စတဲ့ ဝေဒနာ၊ သဒ္ဓိန္ဒြေဆိုတဲ့ သဒ္ဓါ၊ ဝီရိယိန္ဒြေက ဝီရိယ၊ သတိန္ဒြေက သတိ၊ သမာဓိန္ဒြေက ဧကဂ္ဂတာ၊ ကျန်တာက ပညာ ပညိန္ဒြေ ပေါင်းလိုက်တော့ ၈-ခု၊ အဲဒီတရားကိုယ် စိတ်နဲ့ စေတသိက်တရားတွေဟာ သူတို့နဲ့ ယှဉ်ဘက်ဖြစ်တဲ့ သဘာဝတရားတွေကို ဆိုင်ရာဆိုင်ရာကိစ္စတွေမှာ သူတို့က ချုပ်ကိုင်လွှမ်းမိုးပြီး ဣန္ဒြိယသတ္တိနဲ့ ကျေးဇူးပြု နေပါတယ်တဲ့။
---
နာမဇီဝိတိန္ဒြိယပစ္စည်း
▬▬▬▬▬▬▬▬
ဒီတော့ နာမ်ဇီဝိတက ဘယ်လိုကျေးဇူးပြုတာတုန်းဆိုတော့ နာမ်ဇီဝိတ ရှိနေလို့ နာမ်တရားတွေဟာလည်း ဆက်လက်ဖြစ်နေတာ၊ ထပ်တလဲလဲ ဖြစ်နေကြတာ၊ သူကလည်း စောင့်ရှောက်ခြင်းကိစ္စမှာ လွှမ်းမိုးထားတာ၊ ဒါဖြင့် နာမ်ဇီဝိတက ဘယ်မှာဖြစ်တာတုန်းဆိုတော့ စိတ်အားလုံးမှာ ဖြစ်တာ၊ သဗ္ဗစိတ္တသာဓာရဏ၊ စိတ် အားလုံးမှာ ယှဉ်တယ်၊ ဖြစ်သမျှစိတ်တွေ သူ့ ရဲ့စောင့်ရှောက်မှု မကင်းဘူးလို့ ဒါ ပြောတာ။
---
မနိန္ဒြိယ
▬▬▬
နောက်
မနိန္ဒြိယ
။ မနိန္ဒြေက ဘယ်သူ့ကို ထိန်းချုပ်တာတုန်းဆိုရင် စေတသိက် တွေကို ထိန်းချုပ်ထားတာ၊ စေတသိက်တွေဟာ သူ,မဖြစ်ရင် ဖြစ်ခွင့်မရှိဘူး၊ စိတ်မှ မဖြစ်ရင် စေတသိက်တွေက လုံးဝဖြစ်လို့ မရဘူး၊ ဒါ ထိန်းချုပ်ထားတာ ခေါ်တာပဲ၊ အဲဒါကြောင့်မို့ မနိန္ဒြေက သိတဲ့ကိစ္စမှာဆိုရင် သူ့ရဲ့ယှဉ်ဘက် စေတသိက်တွေကို သူက ထိန်းချုပ်လိုက်တယ်။---
ဝေဒနိန္ဒြိယ
▬▬▬▬
ဝေဒနိန္ဒြေဆိုတာကလည်း ခံစားတဲ့ကိစ္စတွေမှာ သူတို့က ထိန်းချုပ်ထား တယ်တဲ့၊ စိတ်ရဲ့ခံစားမှုတွေကို ဝေဒနာရှိမှ ခံစားလို့ရလို့ ခံစားမှုတွေအတွေ့ အကြုံ ရှိမှုတွေကို ဝေဒနိန္ဒြေက ထိန်းချုပ်ထားတယ်။
---
သဒ္ဓိန္ဒြိယ စသည်
▬▬▬▬▬▬
အမှန်အကန်ဆုံးဖြတ်မှု ယုံကြည်မှုဆိုတဲ့ကိစ္စတွေမှာ သဒ္ဓါက ထိန်းချုပ် ထားတယ်၊ ကြိုးပမ်းအားထုတ်မှုဆိုတဲ့ ကိစ္စမှာ ဝီရိယက ထိန်းချုပ်ထားတယ်၊ အမှတ်ရမှု ဆိုတဲ့ကိစ္စမှာ သတိက ထိန်းချုပ်ထားတယ်၊ တည်ကြည်မှုဆိုတဲ့ ကိစ္စမှာ ဧကဂ္ဂတာက ထိန်းချုပ်ထားတယ်၊ သဘာဝတရားတွေကို အမှန်သိခြင်းဆိုတဲ့ကိစ္စမှာ ပညာက ထိန်းချုပ်ပေးထားတယ်၊ သူရှိလို့ သိရတာ၊ သူမရှိရင် မသိဘူး၊ ဒါပြောတာ နော်၊ ထိန်းချုပ်ထားတယ် ဆိုတာ၊ အဲဒါကို မြတ်စွာဘုရားက ကျန်တဲ့ဣန္ဒြေတွေကို တစ်စုတည်း ဟောလိုက်တယ် -
“အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။
- အရူပိနော - နာမ်ဖြစ်ကုန်သော၊
- ဣန္ဒြိယာ - ဣန္ဒြေတရားတို့သည်၊
- တံ သမ္ပယုတ္တကာနံ – ထိုဣန္ဒြေနှင့် ယှဉ်ကြကုန်သော၊
- ဓမ္မာနံ – စိတ်စေတသိက်တရား တို့အားလည်းကောင်း၊
- တံ သမုဋ္ဌာနာနံ - ထိုဣန္ဒြေတို့ကြောင့် ဖြစ်ကုန်သော၊
- ရူပါနဉ္စ - စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အားလည်းကောင်း၊
- ဣန္ဒြိယပစ္စယေန - ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
- ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။
ပဋ္ဌာန်းမှာ ဣန္ဒြိယပစ္စည်းဆိုတာ အဲဒါကို ပြောတာပါ၊ ဆိုင်ရာဆိုင်ရာ ကိစ္စတွေမှာ ချုပ်ကိုင်မှုဆိုတဲ့ ကြီးစိုးလွှမ်းမိုးမှု၊ သူ့ ကိစ္စ သူလွှမ်းမိုးတာ၊ တခြားကိစ္စကို သူမလွှမ်းမိုးနိုင်ဘူး၊ ချုပ်ကိုင်တယ်ဆိုဟာ နှစ်မျိုးရှိတယ်၊ အဓိပတိရဲ့ လွှမ်းမိုး ချုပ်ကိုင်မှု၊ ဣန္ဒြိယရဲ့ချုပ်ကိုင်မှု၊ နှစ်ခုရှိတယ်၊ အစိုးရပုံ မတူဘူး၊ အဓိပတိပစ္စယော တုန်းက အဓိပတိရဲ့ချုပ်ကိုင်မှုဆိုတာ ပြိုင်ဘက်မရှိဘူး၊ သူတစ်ဦးတည်းက ကိစ္စ အားလုံးကို ချုပ်ကိုင်တယ်၊ အဲဒါကြောင့်မို့ အဓိပတိဆိုတာ မင်းနဲ့ အလား တူတယ်၊ မင်းဆိုတာ ဌာနပေါင်းစုံ အကုန်လုံးကိုင်တယ်၊ ဣန္ဒြေကျတော့ ဝန်ကြီးတွေနဲ့ တူတယ်၊ ဝန်ကြီးဆိုတာနော် ကိုယ့်ဝန်ကြီးဌာနမှာ ကိုယ်ပိုင်တယ်၊ ကျန်တဲ့ဝန်ကြီးဌာန သူမပိုင်ဘူး၊ သူမချုပ်နိုင်ဘူး၊ သူချုပ်နိုင်တာက သူ့ဆိုင်ရာဝန်ကြီးဌာနပဲ၊ ထို့အတူပဲ ဣန္ဒြိယဆိုတဲ့သဘာဝတရားတွေဟာ သူ့ဆိုင်ရာဆိုင်ရာကိစ္စမှာသာ သူချုပ်ကိုင်နိုင် တာ၊ ကျန်တဲ့ကိစ္စတွေမှာ သူမချုပ်ကိုင်ဘူးတဲ့၊ ဣန္ဒြိယကြီးစိုးပုံနဲ့ အဓိပတိကြီးစိုးပုံ ချင်း မတူဘူးတဲ့၊ အဓိပတိကျတော့ ပြိုင်ဘက်မရှိ ကြီးစိုးတာ၊ ဣန္ဒြိယကျတော့ ပြိုင် ဘက်တွေ ရှိတယ်၊ ကိုယ့်ကိစ္စသာ ကိုယ်လုပ်နိုင်တာ၊ တခြားဟာ မလုပ်နိုင်ဘူး။
ဒီသဘာဝတရားတွေကို သိရှိနားလည်ထားကြမယ်ဆိုလို့ရှိရင် “တို့ခန္ဓာ ကိုယ်မှာ ခိုင်မြဲတဲ့အရာဆိုတာလည်း ဘာမှမရှိဘူး၊ ထာဝရပြောင်းလဲပျက်စီးနေတဲ့ အရာတွေ၊ သူ့ဟာသူ ထိန်းချုပ်ပြီး နေကြတဲ့အရာတွေသာ ဖြစ်တယ်၊ ဒါတွေကို ‘ငါဆိုတဲ့အတွေးနဲ့ ကြည့်ပြီး အမြင်မှားမှုတွေ ဖြစ်ကြတယ်၊ ‘ငါ့ဟာ’ဆိုတဲ့အတွေးနဲ့ ဖြစ်ပြီးတော့ လောဘတွေ ဖြစ်ကြတယ်၊ မာန်မာနတွေ တက်ကြတယ်၊ တကယ် တော့ ‘ငါဆိုတာလည်း ဒီထဲမှာ ဘာမှမရှိဘူး၊ သဘာဝတရားသက်သက်မျှသာ ဖြစ်တယ်၊ “ငါ’ဆိုတာ မရှိသည့်အတွက်ကြောင့် ‘ငါ့ဟာ'လို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး” လို့ ဟောဒီလိုမြင်တဲ့အမြင်ဟာ သမ္မာဒဿန မှန်ကန်စွာမြင်ခြင်း ဖြစ်ပါတယ်။
အဲဒီလို မှန်ကန်စွာမြင်မှသာလျှင် မိမိတို့သန္တာန်မှာဖြစ်တဲ့ ဘဝသံသရာက ပါလာတဲ့ လောဘ ဒေါသ မောဟဆိုတဲ့ ကိလေသာတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ သဘာဝ တရားကို မှန်ကန်သောအသိဉာဏ်ဖြင့် ရှုမှတ်နိုင်ကြပြီး ‘ငါ’ ‘ငါ့ဟာ” မဟုတ်ဘူး၊ သဘာဝ တရားသက်သက်မျှသာလို့ ဒီလို ရှုမှတ်ပွားများကြခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ။
---
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၄)
▬▬▬▬▬▬▬▬▬▬
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၃-ရက်၊ (၆-၉-၂ဝဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရ လမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
---
ဈာနပစ္စယော
▬▬▬▬▬
ဗုဒ္ဓမြတ်စွာက အကြောင်းတရားတွေကို ၂၄-ပစ္စည်းနဲ့ ရှင်းပြတော်မူခဲ့တယ်၊ ဒီကနေ့ ဈာနပစ္စယော ဟောမယ်၊ ဈာနပစ္စယောဆိုတာ “ဈာန်အင်္ဂါတို့၊ တူစွာဖြစ်ငြား၊ ရုပ်နာမ် များကို၊ ရှုစားစေမှု၊ သတ္တိစုဖြင့်၊ ကျေးဇူးပြုငြား၊ ဈာနပစ္စည်းတရား လည်းကောင်း” ဆိုတဲ့အတိုင်း အာရုံကိုကပ်ပြီး ရှုခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တယ်။
ဈာနဆိုတဲ့စကားလုံးကို မြန်မာလို ပြန်တဲ့အခါ အဓိပ္ပါယ်မပြန်ဘူး၊ ဈာနကို ဈာန်လို့ ဒီလိုပဲပြန်ကြတယ်၊ ဈာန်ဆိုတဲ့စကားလုံးကို အကြောင်းပြုပြီး မြန်မာစကား တွေထဲမှာ ဈာန်ဝင်စားတယ်၊ ဈာန်ပျံတယ်ဆိုတဲ့ ဝေါဟာရတွေ ပေါ်လာခဲ့တယ်၊
ဈာန်ပျံတယ်၊ ဈာန်ဝင်စားတယ်ဆိုတာတွေကို ကြည့်ပြီး ဈာန်ဆိုလို့ရှိရင် ကောင်းကင် ပျံတယ်လို့ချည်း တချို့က ထင်မှတ်ထားကြတယ်၊ တကယ်တော့ ဈာန်ပျံတယ်လို့ တွဲသုံးပေမယ့် ဈာန်တိုင်းဟာ ပျံလို့ရတာ မဟုတ်ဘူး၊ အဘိညာဏ်တန်ခိုး ရတဲ့အခါ ကျမှ ဖန်ဆင်းပြီး ကောင်းကင်ခရီး ပျံသန်းလျှောက်လှမ်းနိုင်တာ ဖြစ်တယ်။
ဒီတော့ ဈာနဆိုတာ အာရုံကို စူးစိုက်ပြီး မှတ်နေခြင်း၊ အာရုံကို စူးစိုက်ပြီး ကြည့်ခြင်းဆိုတဲ့အဓိပ္ပါယ်ကို မှတ်သားရမယ်၊ စိတ်နဲ့အာရုံကပ်ပြီး စဉ်ဆက်မပြတ် စိတ်ဟာ အာရုံတစ်ခုတည်းပေါ်မှာ ထပ်တလဲလဲဖြစ်နေတာ။
ဒီနေရာမှာ သတိထားဖို့ လိုတာကတော့ စိတ်တစ်ခုရဲ့ သက်တမ်းဟာ အင်မတန်တိုတောင်းတယ်၊ ဥပါဒ် ဒီ ဘင် ဆိုတဲ့ ဖြစ် တည် ပျက် တိုတောင်းတဲ့ အချိန်ပိုင်းတင်ရှိတာ၊ အဲဒီတိုတောင်းတဲ့အချိန်ပိုင်းမှာ ဖြစ်တဲ့စိတ်တွေအားလုံးဟာ သတ်မှတ်ထားတဲ့ အာရုံတစ်ခုတည်းပေါ်မှာ ကပ်ပြီးနေတယ်လို့ ဒီလိုဆိုတာ၊ ထပ်ထပ်ပြီးတော့ ဒီအာရုံပေါ်မှာ ဖြစ်နေတာလို့ ပြောတာ၊ စိတ်ဟာ ဒီအာရုံပေါ်မှာ ကပ်ပြီးတော့ ရှုနေတယ်လို့ ဆိုလိုတာ၊ ဒီအာရုံပေါ်က စိတ်ဟာ ကွာမသွားဘဲနဲ့ အာရုံနဲ့စိတ်ဟာ ကပ်ထားသလို၊ (သို့သော် ဒီစိတ်တစ်ခုဟာ တည်မြဲပြီးတော့ အာရုံပေါ်မှာ ကပ်နေတာလို့ ဒီလိုမတွက်နဲ့) ထပ်တလဲလဲဖြစ်နေတဲ့ စိတ်တွေ၊ ဒီ အာရုံနဲ့တွဲဖက်ပြီးတော့ဖြစ်လာတဲ့ စိတ်တွေမှန်သမျှဟာ ဒီအာရုံကနေ ကွာမသွားဘဲ နေတာ။
ဘုန်းကြီးတို့တတွေရဲ့စိတ်တွေကို ကိုယ့်ဟာကိုယ်ပြန်ပြီးတော့စဉ်းစားကြည့်၊ မျက်စိက အာရုံတစ်ခုကို ကြည့်နေပေမယ့်လို့ နားက အသံကြားလိုက်ရင် အဲဒီဘက် စိတ်က ရောက်သွားတယ်၊ တစ်ခါ နှာခေါင်းထဲမှာ အနံ့ဝင်လာရင် အနံ့ဘက် စိတ်က ရောက်သွားပြန်ပြီ၊ တစ်ခါ စိတ်ကူးစိတ်သန်းတွေနဲ့ စိတ်က ဟိုရောက်သွားလိုက်, ဒီရောက်သွားလိုက် ဖြစ်နေတဲ့ သဘောတရားတွေကို ဆင်ခြင် စဉ်းစားကြည့်။
ဈာန်ဆိုတဲ့ အနေအထား ရောက်လာပြီဆိုရင် တခြားအာရုံတွေ အားလုံး မေ့ထားပြီး အာရုံတစ်ခုတည်းပေါ်မှာ ထပ်တလဲလဲဖြစ်နေတာ၊ အဲဒါကိုပဲ ကပ်၍ ရှုတယ်လို့ ဒီလိုပြောတာနော်၊ စိတ်ဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ဒီအာရုံနဲ့ တွဲဖက်ပြီးတော့ နေတယ်၊ ခွာမရအောင် ဒီအာရုံနဲ့ ကပ်ပြီးထားလိုက်သလို ဖြစ်နေတယ်လို့ ဒါကို အာရုံပေါ်မှာ ကပ်ပြီးတော့ ရှုတယ်လို့ ဒီလိုပြောတာ။
ဒီတော့ ဈာနရဲ့အဓိပ္ပါယ်က “ဥပနိဇ္ဈာနကိစ္စ”၊ ဥပဆိုတာ အာရုံကို ကပ်ပြီး တော့၊ နိဇ္ဈာန – ရှူကြည့်နေခြင်း၊ ဖြစ်သမျှစိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း ဒီအာရုံက နေပြီး တခြားအာရုံကို ရောက်မသွားဘဲ ဒီအာရုံပေါ်မှာ ထပ်တလဲလဲဖြစ်နေတာ၊ ဒါ သဘာဝတရားတွေရဲ့စွမ်းအားပဲ၊ ဘယ်သူ့ရဲ့စွမ်းအားတုန်းဆိုရင် အဓိကက သမာဓိ၊ သမာဓိဆိုတာ သံ + အာဓိ၊ စိတ်တွေအားလုံးဟာ အာရုံတစ်ခုတည်း ပေါ်မှာ စုပေးထားတယ်၊ သမာဓိကို အင်္ဂလိပ်လိုပြန်တော့ concentration လို့ ပြန်တယ်၊ concentration ဆိုတာ တစ်ခုတည်း ဖြစ်အောင် စုလိုက်ခြင်း၊ တစ်နေရာ တည်းကို စုတာ၊ concentrate လုပ်လို့ စိတ်အခြေအနေအားလုံးဟာ concentration ဖြစ်နေတာ၊ အာရုံတစ်ခုတည်းပေါ်မှာ စုပြုံပြီးတော့ ကျလာတာ၊ ပထမဖြစ်တဲ့ စိတ်ကလည်း ဒီအာရုံမှာပဲ၊ ဒုတိယလိုက်လာတဲ့စိတ်ကလည်း ဒီအာရုံပဲ၊ တတိယ စိတ်ကလည်း ဒီအာရုံပဲ၊ ဒီအာရုံကနေပြီး ကွာမသွားဘူး၊ ဒီအာရုံတစ်ခုတည်းကိုပဲ ကပ်ပြီးတော့ ထပ်တလဲလဲ ရှုကြည့်နိုင်တဲ့ စွမ်းအားတစ်ခု ရသွားတယ်။
သာမန်စိတ်ဆို မရဘူး၊ အာနာပါနကိုပဲ လုပ်ကြည့်လိုက်၊ ထွက်လေဝင်လေ နဲ့ကပ်ထားဖို့ ကြိုးစားကြည့်လိုက်တဲ့အခါမှာ ထွက်လေဝင်လေကို ဂရုတစိုက်ရှုရင်း ကနေ စိတ်တွေက ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက်၊ စိတ်တွေက လစ်လစ် သွားတာကို သတိထားမိကြလိမ့်မယ်၊ ထွက်လေဝင်လေဆိုတဲ့ အာရုံပေါ်မှာ စိတ်ကို ကပ်ထားလို့ မရနိုင်ဘူးတဲ့၊ အလေ့အကျင့်မရှိတဲ့ပုဂ္ဂိုလ် ကပ်ထားလို့ မရနိုင်ဘူး။
ဈာန်အဆင့်ရောက်သွားပြီဆိုလို့ရှိရင် အဲဒီထွက်လေဝင်လေဆိုတဲ့ အာရုံ ပေါ်မှာပဲ စိတ်ဟာ ကပ်ထားလို့ ရသွားပြီ၊ ဘယ်အာရုံကိုမှ စိတ်က ခုန်ကူးမသွားဘဲ နဲ့ ဒီအာရုံပေါ်မှာပဲ စိတ်ဟာ ထပ်တလဲလဲကျနေတယ်၊ အဲဒီသဘောကိုပဲ ပြောတာ၊ ဥပနိဇ္ဈာနကိစ္စ အာရုံကို စူးစိုက်ပြီးတော့ ရှုနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲ၊ ကောင်းပြီ - ဈာနရဲ့အဓိပ္ပါယ်က အာရုံကိုစူးစိုက်ပြီးရှုခြင်း ဖြစ်တယ်။
ဒါဖြင့် ဈာနဆိုတာ အာရုံကို စူးစိုက်ပြီးတော့ ရှုနေတာ၊ ဘယ်သူတွေက ရှုနေတာလဲဆိုတာကို ရှင်းလင်းပြတဲ့အခါ ဈာနဆိုတာ ဘယ်သူ့ကို ခေါ်တာလဲ၊ ဈာနဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဝိတက္က၊ ဝိတက်လို့ ပြောတာ၊ အာရုံကို ကြံစည်တယ်လို့ မြန်မာတွေက ပြန်တယ်၊ တွေးတယ်ကြံတယ်ဆိုတဲ့ ဝိတက်၊ အာရုံ ပေါ်မှာ ထပ်တလဲလဲဖြစ်တယ်၊ ဆင်ခြင်တယ်၊ သုံးသပ်တယ်ဆိုတဲ့ ဝိစာရ၊ အာရုံပေါ် မှာ နှစ်ခြိုက်နေတယ်ဆိုတဲ့ ပီတိ၊ အာရုံ၏အရသာကို ခံစားနေတယ်ဆိုတဲ့ ဝေဒနာ၊ အာရုံတစ်ခုတည်းပေါ်မှာ ကျရောက်တည်နေတယ်ဆိုတဲ့ ဧကဂ္ဂတာ သမာဓိတဲ့၊ အဲဒီသဘာဝတရားငါးခုတို့ရဲ့ အပေါင်းကို ဈာနလို့ ခေါ် တယ်၊ တစ်ခုစီကို ဈာန်လို့ မခေါ်ဘူး၊ ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာ သို့မဟုတ် သုခဥပေက္ခာ။
ဆိုပါစို့ - အောက်ဈာန်တွေ ပြောမယ်ဆိုရင် သုခဝေဒနာ၊ နောက်ဆုံးဈာန် ကျတော့ ဥပေက္ခာဝေဒနာတဲ့၊ ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာဆိုတဲ့ ဒီ သဘာဝတရား ငါးခုဟာ အချိုးကျကျနဲ့ အင်အားညီတူညီမျှ ဆိုင်ရာအလုပ်ကိစ္စ တွေကို တစ်ညီတည်း ဆောင်ရွက်ကြပြီဆိုရင် ဒီသဘာဝတရားငါးခုတို့ရဲ့ အပေါင်း ကိုမှ ဈာနလို့ ခေါ်တယ်တဲ့၊ တစ်ခုတည်းကို ဈာန မခေါ်ဘူး၊ ဝိတက်တစ်ခုတည်း ကိုလည်း မခေါ်ဘူး၊ ဝိစာရတစ်ခုတည်းကိုလည်း ဈာန မခေါ်ဘူး၊ ပီတိတစ်ခုတည်း ကိုလည်း မခေါ်ဘူး၊ ဝေဒနာတစ်ခုတည်းကိုလည်း မခေါ်ဘူး၊ ဧကဂ္ဂတာဆိုတဲ့ သမာဓိတစ်ခု တည်းကိုလည်း ဈာနလို့ မခေါ်ဘူးတဲ့၊ ပေါင်းစပ်လိုက်မှ ခေါ်တာ။
စဉ်းစားကြည့်ပေါ့၊ “သစ်ပင်”လို့ ခေါ်နေတာ အမြစ်ရယ် အကိုင်းအခက်တွေရယ် ပင်စည်ရယ် အရွက်ရယ် အပွင့်အသီး အားလုံးပေါင်းပြီးတော့ သစ်ပင်လို့ ခေါ်တာ၊ အမြစ်တစ်ခုတည်းကို သစ်ပင်လို့ မခေါ်ဘူး၊ ပင်စည်တစ်ခုတည်းကိုလည်း မခေါ်ဘူး၊ အကိုင်းတစ်မျိုးတည်းကိုလည်း မခေါ်ဘူး၊ အရွက်တစ်မျိုးတည်းကိုလည်း မခေါ်ဘူး၊ အားလုံးစုပေါင်းနေတာကို သစ်ပင်လို့ ခေါ်တာ၊ အဲဒီသဘောကို မှတ် ထားပေါ့။
ဒီကနေ့ပြောနေကြတဲ့ လူတွေစီးနေကြတဲ့”ကား” ဆိုပါစို့၊ ဒါလည်း အတူတူ ပဲလေ၊ အစိတ်အပိုင်းတွေ အားလုံးပေါင်းထားတာကို “ကား”လို့ ခေါ်တာ၊ ဝပ်ရှော့ သွားပြီး တစ်ခုစီဖြုတ်လိုက်လို့ရှိရင် သူ့နာမည်နဲ့သူ ရှိတာပဲ၊ ဒါက ဘီးတဲ့၊ ဒါက ဘော်ဒီတဲ့၊ ဒါက တံခါး၊ ဒါက အင်ဂျင်နဲ့၊ တစ်ခုစီဖြစ်သွားမှာ၊ ကားလို့ ခေါ်စရာ မရှိတော့ဘူး၊ အဲဒီတော့ ကားဆိုတာ အစုအဝေးရဲ့အမည်နာမသာ ဖြစ်တယ်။
အဆောက်အဦးတို့ အိမ်တို့ ကျောင်းတို့ ကြည့်လိုက်မယ်ဆိုရင်လည်း အစု အဝေးကို ခေါ်တာပဲ၊ တစ်မျိုးတည်းကို အိမ်မခေါ်ဘူး၊ အုတ်တို့ ကျောက်တို့ အင်္ဂတေတို့ ဘိလပ်မြေတို့ အမိုးတို့ တိုင်တို့ နံရံတို့ အကုန်လုံးစုပေါင်းပြီးမှ အိမ်လို့ ကျောင်းလို့ ခေါ်တာ၊ ဒါတွေ အားလုံးဟာ စုပေါင်းတည်နေကြမှခေါ်တာ။
ထို့အတူပဲ ဒီသဘာဝငါးခု တစ်ခုစီ နေလို့ရှိရင် ဈာန မဟုတ်ဘူး၊ အားလုံး ပေါင်းလိုက်တဲ့အခါကျမှ သူတို့ကို ဈာနလို့ ခေါ်တာ၊ ဒီတော့ ဈာနဆိုတာ အပေါင်းအစုရဲ့နာမည်လို့ ဒီလိုမှတ်ထားပါ၊ ဒီသဘာဝတရားငါးခုကို ဈာနင်္ဂ၊ ဈာနအင်္ဂ၊ အပေါင်းရဲ့ အစိတ်အပိုင်းတွေ၊ ဈာနကို ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေလို့ ဆိုတယ်။
ဈာနထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ သဘာဝတရားတွေကို ကြည့်ရအောင်၊ ပထမဆုံးစ,ပြောမယ်ဆိုရင် ဒီသဘာဝတရားတွေရဲ့အစဉ်ဟာ အထက် ဈာန်တွေ တက်တဲ့အခါမှာ ဒီသဘာဝတရားတွေ ကျော်လွှားရတာမို့ အစဉ်အတိုင်း ပြောထားတာ။
---
ဝိတက္က
ဝိတက္ကတဲ့၊ ဝိတက်ဆိုတာ ဘာတုန်းလို့မေးရင် မြန်မာစကားထဲမှာလည်း “ညက ဝိတက်တွေများလို့ အိပ်မပျော်ဘူး” “ဝိတက် ဝိတက်”နဲ့ ဒီစကားကို ပြောကြ တယ်၊ “ဝိတက်တွေ များတယ်”၊ မြန်မာလိုပြောမယ်ဆိုရင် အတွေးတွေ ကြံစည်တာ တွေ စိတ်ကူးတာတွေ၊ စိတ်ကူးတယ်ဆိုတာ စိတ်က အာရုံပေါ်မှာ ကူးကူးသွားတာ၊ ကူးရောက်နေတာ၊ ဝိတက်ဆိုတာ ကြံစည်တယ်၊ တွေးတောတယ်၊ စိတ်ကူးတယ်၊ စိတ်ထဲမှာဖြစ်တဲ့ သဘာဝတရားတစ်ခုပဲ၊ အဲဒီ သဘာဝတရားရဲ့ အမှတ်လက္ခဏာ က ဝိတက်သည် စိတ်ကို အာရုံသို့ တင်ပေးခြင်း အမှတ်လက္ခဏာရှိတယ်၊ စိတ်နဲ့ အာရုံ တွေ့ရတာ ဝိတက်က တင်ပေးနေတာ၊ ဒါကိုပဲ စိတ်ကူးတယ်၊ စိတ်က ဘယ် ကူးသွားတာတုန်းဆိုရင် အာရုံပေါ် ကူးသွားတာ၊ အာရုံဘက်ကိုရောက်သွားအောင် ကူးသွားတာ၊ ဝိတက်ရဲ့စွမ်းအားကြောင့် စိတ်ဟာ အာရုံနဲ့သွားပြီးဆုံရတာ၊ စိတ်ကို အာရုံပေါ်တင်ပေးတယ်၊ “အဘိနိရောပန လက္ခဏာ” – စိတ်ကို အာရုံပေါ် တင်ပေး ခြင်းဟာ ဝိတက်ရဲ့သဘာဝလက္ခဏာပဲ။
မြန်မာလို ရိုးရိုးပြောရင်တော့ ကြံစည်တယ် တွေးတောတယ် စိတ်ကူးတယ်။ ကြံစည်တယ် တွေးတောတယ် စိတ်ကူးတယ်ဆိုတာ ဘာလုပ်တာတုန်းလို့မေးရင် စိတ်ကို အာရုံပေါ်တင်ပေးတာ၊ စိတ်ကို အာရုံပေါ်တင်ပေးနေတာ ဝိတက်။
အဲဒီဝိတက်ဟာ အချို့သောစိတ်တွေမှာဖြစ်ပြီး အချို့သောစိတ်တွေမှာ မရှိ ဘူးတဲ့၊ ဝိတက်ဆိုတဲ့သဘာဝတရားဟာ ကောင်းတာနဲ့တွေ့ ရင် အကောင်းဖြစ်သွား ပြီး မကောင်းတာနဲ့ တွေ့လို့ရှိရင် မကောင်းတဲ့ဘက် ရောက်သွားရော၊ အာရုံပေါ် စိတ်ကို တင်ပေးတယ်ဆိုတဲ့နေရာမှာ သူ့လုပ်ငန်းကတော့ အာရုံပေါ်တင်ပေးတာပဲ ရှိတယ်၊ ဒါ သူ့တာဝန် သူ့လုပ်ငန်းပဲ၊ သူ့ ရဲ့ function က အာရုံပေါ် တင်ပေးတာပဲ ရှိတယ်၊ ကောင်းတဲ့အာရုံကိုလည်း တင်ပေးတာပဲ၊ မကောင်းတဲ့အာရုံကိုလည်း တင်ပေးတာပဲ။
စိတ်ဆိုတဲ့နေရာမှာ ကုသိုလ်စိတ်ကိုလည်း အာရုံပေါ် တင်ပေးတာပဲ၊ အကုသိုလ်စိတ်ကိုလည်း အာရုံပေါ်တင်ပေးတာပဲ၊ ဘယ်စိတ်မျိုးဖြစ်ဖြစ် သူက အာရုံပေါ် တင်ပေးတဲ့သဘောပဲ၊ ဒါကြောင့်မို့ ဝိတက်ဟာ အကောင်းအဆိုးနှစ်မျိုး ရှိတယ်၊ ကောင်းတဲ့စိတ်နဲ့တွေ့တဲ့ ဝိတက်ကျတော့ အကောင်း၊ မကောင်းတဲ့စိတ်နဲ့ တွေ့တဲ့ ဝိတက်ကျတော့ မကောင်းဘူးလို့ ဒီလိုပြောတာ။
ဝိတက်ရဲ့ သဘာဝကို ကြည့်ဦး၊ ဘုန်းကြီးတို့ “စိတ်ရဲ့ အတွေးများ”လို့ဆိုပြီး ဟောထားတဲ့ တရားတစ်ပုဒ်ရှိတယ်၊ စိတ်မှန်ရင်တွေးမှာပဲလို့ တချို့ က ပြောကောင်း ပြောလိမ့်မယ်၊ စိတ်တိုင်းဟာ အတွေးဝိတက်မရှိဘူး၊ အတွေးဝိတက်မပါတဲ့ စိတ် လည်း ရှိတယ်၊ သို့သော် အာရုံကိုသိတာက တွေးတာကိုပြောတာမဟုတ်ဘူး၊ စိတ် ဆိုရင်တော့ အာရုံကို သိတာပဲ၊ သို့သော် တွေးတဲ့ဝိတက် ပါချင်မှပါတယ်။
ဝိတက်ဆိုတဲ့သဘာဝတရားမှာ အကောင်းသုံးမျိုး၊ အဆိုးသုံးမျိုး ရှိတယ်၊ အကုသိုလ်နဲ့တွဲဖက်လာလို့ရှိရင် အဆိုးဘက်ရောက်သွားရော၊ ဘာတွေတုန်းဆို - ဘုန်းကြီးတို့တတွေ နေ့စဉ် တွေးနေတာတွေကိုပဲ ပြန်စစ်ကြည့် - နံပါတ်(၁)က ကာမဝိတက္က၊ ကာမဆိုတာ လိုချင်စရာအာရုံ၊ လိုချင်စရာအာရုံဆိုတာ ဘာတုန်း? နှစ်သက်စရာကောင်းတဲ့ မျက်စိနဲ့ ကြည့်လို့ရတဲ့ အာရုံ၊ နားနဲ့ နားထောင်လို့ရတဲ့ အာရုံ၊ နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့ အာရုံ၊ လျှာနဲ့ လျက်လို့ရတဲ့ အာရုံ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့လို့ရတဲ့ အာရုံ၊ နှစ်သက်စရာကောင်းတဲ့ ဒီအာရုံတွေကို ဒီနေရာမှာ ကာမ လို့ ပြောတယ်။
အဲဒီအာရုံတွေနဲ့ တစ်ခါဆုံမိထားပြီဆိုရင် လူများဟာ ပြန်ပြီးတော့ တွေး တတ်တယ်တဲ့၊ အဲဒီအာရုံကို ပြန်ပြီး စိတ်ကူးကြည့်နေတယ်၊ နှစ်သက်စရာအာရုံမှာ လောဘနဲ့ တွေးတဲ့အတွေးတွေ၊ လိုချင်တဲ့အတွေး၊ တပ်မက်တဲ့အတွေးနဲ့ တွေးနေ တာ၊ ခံစားချက်အတွေးနဲ့ တွေးနေတာ၊ မျက်စိကမြင်တဲ့အာရုံ၊ နားက ကြားရတဲ့ အာရုံ၊ နှာခေါင်းက နမ်းရှူရတဲ့အာရုံ၊ လျှာကလျက်ရတဲ့ အာရုံ၊ ခန္ဓာကိုယ်က ထိရတဲ့ အာရုံတွေက နှစ်သက်စရာအာရုံဆိုလို့ရှိရင် လူတွေက ကြံတွေးစိတ်ကူးပြီးတော့ ကျေနပ်နေတာ ရှိတယ်တဲ့၊ လောဘနဲ့တွေးတဲ့ အတွေးတွေ၊ အဲဒီအတွေး တွေကို ကာမပိတက်လို့ ခေါ်တယ်၊ အဲဒီအာရုံတွေကို လိုချင်တပ်မက်နေလို့ရရှိရင် ရင် ကာမစ္ဆန္ဒလို့ ခေါ်တယ်၊ ဝိတက်က စိတ်ကို ဒီအာရုံတွေပေါ် တင်ပေးထားလို့ စိတ်က ဒီအာရုံတွေဆီညွှတ်ပြီး ပေါင်းစပ်ပြီးနေတယ်၊ ဒါ ဝိတက်ရဲ့စွမ်းဆောင်ချက်ပဲ။
နောက်တစ်ခါ အပြစ်မကင်းတဲ့အတွေးတစ်ခုက ဘာတုန်းဆိုရင် တစ်စုံ တစ်ခုကြောင့် စိတ်ထဲမှာ အလိုမကျဖြစ်တယ်၊ မုန်းတီးတယ်၊ ဒေါသဖြစ်တယ်ဆိုတဲ့ အခါမှာ အလိုမကျမှု မုန်းတီးမှု ဒေါသဖြစ်မှုကို အခြေခံပြီး လူတွေဟာ တွေးတတ် ကြတယ်၊ တွေးတဲ့အခါမှာ အလိုမကျမှုဒေါသကို အခြေခံပြီးတော့တွေးရင် ဒေါသ တွေဟာ ကြီးသည်ထက် ကြီးလာတယ်၊ မုန်းတီးမှု အလိုမကျမှု၊ ဒါတွေကို တွေးလိုက်တာ၊ ဗျာပါဒဝိတက္ကလို့ ခေါ်တယ်၊ ဒေါသနဲ့အတွေးတဲ့။
ဒေါသနဲ့အတွေးဟာ ဘယ်တော့မှမကောင်းဘူး၊ ဘယ်သူ့ကို ဆဲလိုက်မယ်၊ ဘယ်သူ့ကို ရိုက်လိုက်မယ်၊ ဘယ်သူ့ နှက်လိုက်မယ်၊ သတ်လိုက်မယ်၊ ဖြတ်လိုက် မယ်ဆိုတဲ့အတွေးပဲ တွေးမှာပဲ၊ ဒီဝိတက် ဒေါသနဲ့တွေးလိုက်တဲ့အတွေးတွေ၊ ကမ္ဘာ လောကကြီးမှာ ပြဿနာတက်နေတာ ဒီအတွေးတွေကြောင့်ပဲ၊ ဒေါသနဲ့တွေးတဲ့ အတွေးတွေက ဦးဆောင်သွားတယ်။
နောက်တစ်ခုကျတော့ ဝိဟိံသာဝိတက္က၊ မုန်းတီးတဲ့အတွေး တွေးရုံတင် မကဘူး၊ တစ်ဖက်သားကို ညှင်းဆဲသတ်ဖြတ်လိုတဲ့ အတွေးတွေ တွေးလာတယ်၊ အမုန်းနဲ့တွေးတာ ဒေါသနဲ့တွေးတာက ဗျာပါဒဝိတက္က၊ ညှင်းဆဲသတ်ဖြတ်လိုတဲ့ အတွေးကျတော့ ဝိဟိံသာဝိတက္ကတဲ့၊ ဟော အကုသိုလ်တွေနဲ့ ပတ်သက်လာလို့ရှိရင် အတွေးသုံးမျိုး ရှိတယ်တဲ့၊ မကောင်းတဲ့အတွေးတွေ။
အကျဉ်းချုပ်ပြောမယ်ဆိုရင် ဒီအတွေးသုံးခုဟာ လောဘနဲ့တွေးတဲ့အတွေး၊ ဒေါသနဲ့တွေးတဲ့အတွေး၊ ဒီနှစ်ခုပါပဲ၊ လောဘနဲ့ တွေးတယ်၊ ဒေါသနဲ့ တွေးတယ်၊ လောဘနဲ့တွေးရင် ကာမဝိတက်၊ ဒေါသနဲ့တွေးရင် ဗျာပါဒဝိတက်နဲ့ ဝိဟိံသာ- ဝိတက်၊ မှားယွင်းတဲ့အတွေးသုံးမျိုးတဲ့။
အခု ဈာန်မှာပါတဲ့ ဝိတက်ကျတော့ မှားယွင်းတဲ့အတွေး မဟုတ်တော့ဘူး၊ ကောင်းတဲ့ကုသိုလ်နဲ့ယှဉ်တွဲလာတဲ့ အတွေးမျိုးတဲ့၊ ပြောင်းပြန်ပြန်ပြီးတော့ကြည့်- ကာမဂုဏ်အာရုံတွေပေါ်မှာ တွေးနေတဲ့အတွေးကို ကာမဝိတက် ခေါ်တယ်၊ ပြောင်းပြန်ပြန်လိုက်လို့ရှိရင် ကာမဂုဏ်အာရုံတွေကို စွန့်ပယ်လိုတဲ့ အတွေးဆိုတာ လည်း ရှိတယ်နော်၊ ဒီအတွေးတွေက၊ အပျော်အပါးတွေ မလိုက်စားဘဲနဲ့ တရား ရိပ်သာသွားပြီး တရားထိုင်ဦးမယ်ဆိုတဲ့ အတွေးကအစ၊ ဒုလ္လဘရဟန်း ခံလိုက်ဦး မယ်၊ ဘယ်နှစ်ရက် တရားထိုင်ဦးမယ် ဆိုတဲ့အတွေးရှိတယ်၊ ဒါ ကောင်းတဲ့ဘက် တွေးတဲ့အတွေး၊ အဲဒါကျတော့ ဘာခေါ်တုန်းဆိုတော့ နေက္ခမ္မဝိတက်၊ နေက္ခမ္မ ဆိုတာ ခုနက လိုချင်စရာ အာရုံတွေကို တွေးနေတဲ့အတွေး, အဲဒီအတွေးကို ဖျောက်လိုက်တာ၊ လိုချင်စရာအာရုံတွေကို စွန့်လွှတ်တယ်ဆိုတဲ့အတွေးမျိုး တွေးလာ တယ်၊ ဒါ နေက္ခမ္မဝိတက်၊ အလောဘနဲ့တွေးတယ်။
နောက်တစ်ခု အဗျာပါဒဝိတက်၊ မုန်းတဲ့အတွေး ဒေါသနဲ့တွေးတဲ့ အတွေး မတွေးဘဲနဲ့ သည်းခံခြင်း ခွင့်လွှတ်ခြင်း မေတ္တာထားခြင်းဆိုတဲ့အတွေးနဲ့ တွေးတာ၊ အဗျာပါဒဝိတက္က၊ လူတွေမှာ သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတဲ့ အတွေးတွေရှိတယ်။
နောက် အဝိဟိံသာဝိတက္က၊ လူတစ်ဖက်သားကို ညှင်းဆဲလိုတဲ့စိတ်တွေ မရှိဘူး၊ သနားတယ် ကြင်နာတယ်ဆိုတဲ့ ကရုဏာနဲ့ တွေးတဲ့ အတွေးတွေ၊ “ဪ သနားစရာပဲ၊ ဒုက္ခရောက်နေရှာတယ်” ဆိုတဲ့အတွေးတွေ တွေးတယ်၊ အဝိဟိံသာ- ဝိတက္က။ အဲဒီလို ကောင်းတဲ့ဘက်က သုံးမျိုးရှိတယ်၊ မကောင်းတဲ့ဘက်က သုံးမျိုး ရှိတယ်၊ အားလုံး ၆-မျိုး။
ဒီနေရာမှာ ကောင်းတဲ့ဘက်ကိုတွေးတဲ့ ဝိတက်မျိုးဟာ ဈာန်ရဲ့အာရုံတစ်ခုခု ပေါ်မှာ ရှုမှတ်ပြီး ကျန်တာတွေနဲ့ ပေါင်းမိသွားပြီဆိုရင် ဈာန်အင်္ဂါဖြစ်သွားတယ်၊ သာမန်အနေ နဲ့တော့ ဈာန်အင်္ဂါလို့ ပြောလို့မရဘူး၊ သာမန် တစ်ခုတည်းနေရင် ဝိတက်ကို ဈာန်အင်္ဂါလို့ ပြောလို့မရဘူး၊ ဈာန်အာရုံကို တွေးလာပြီဆိုရင်တော့ ဈာန်အင်္ဂါဘက် ရောက်လာပြီ။
ဈာန်ဆိုတာ ကောင်းတာကိုလည်း စူးစိုက်ပြီးတော့ ရှုတာပဲ၊ ကောင်းတဲ့စိတ် နဲ့လည်း အာရုံကို စူးစိုက်ရှူတာပဲ၊ မကောင်းတဲ့စိတ်နဲ့လည်း အာရုံကို စူးစိုက်ရှူတာပဲ၊ စူးစိုက်ရှုရတာကသာ အဓိကပဲ၊ ဈာန်လို့ဆိုတဲ့အတိုင်း အကုန်လုံးအကောင်းချည်း လို့တော့ မအောက်မေ့လေနဲ့၊ ဒါကြောင့်မို့ ဈာန်အင်္ဂါ ၇-မျိုးပြောတဲ့ထဲမှာ ဒီသမထ ကျင့်စဉ်ကို ကျင့်လို့ရတဲ့ ဈာန်အင်္ဂါက ၅-မျိုး၊ အာရုံကို စူးစိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့ ဈာန်အင်္ဂါကျတော့ ၇-ခု ရှိတယ်၊ သတ္တဈာနင်္ဂါနိ၊ ဈာန် အင်္ဂါ ၇-ခုက ဘာတွေတုန်းဆိုတော့ ဝိတက် ဝိစာရ ပီတိ ဧကဂ္ဂတာ သောမနဿ ဒေါမနဿ ဥပေက္ခာတဲ့၊ ဒီထဲမှာ အကုသိုလ်တွေ ပါတယ်၊ ဒေါမနဿဆိုတာ အကုသိုလ်ပဲ၊ ကျန်တာကတော့ ရောနေတယ်။
ဒေါမနဿက အကုသိုလ်စစ်စစ်ပဲ၊ အကုသိုလ်ဈာန်ပဲ၊ ဒေါမနဿဆိုတာ လည်း ကြည့်လေ၊ စိတ်ဆိုးပြီး ဝမ်းနည်းပူပန်မှု ဖြစ်နေပြီဆိုလို့ရှိရင် အာရုံပေါ် တွေးနေတာပဲ၊ အာရုံကိုကပ်၍ ရှုနေတာပဲ၊ အာရုံနဲ့ မပြတ်ဖြစ်နေလို့ ဝမ်းနည်းတာ၊ ဒီအာရုံကို မေ့ပစ်လိုက်ရင် ဝမ်းမနည်းတော့ဘူး၊ ဝမ်းနည်းတယ်ဆိုတာ ဝမ်းနည်းစရာ အာရုံ ပေါ်မှာ ရှုနေလို့ ဝမ်းနည်းတာ ဖြစ်တာ၊ ဒါကြောင့် လူတွေက ဝမ်းနည်းစရာ အာရုံကို မတွေးဘဲနဲ့ မေ့ပစ်တာလည်း ရှိတယ်၊ မူးယစ်ဆေးဝါးအသုံးပြုပြီးတော့ မေ့ပစ်လိုက် တာလည်း ရှိတယ်၊ အိပ်ပစ်လိုက်တာလည်း ရှိတယ်၊ ဟော အိပ်ပျော် သွားမယ်၊ သို့မဟုတ် မူးပြီး တစ်ခုခုဖြစ်သွားမယ်ဆိုရင်လည်း မတွေးတော့ဘူး၊ ဒါကြောင့်မို့ လူတွေက နည်းအမျိုးမျိုးနဲ့ ဖြေဖျောက်နေကြတယ်။
ဈာန်ဆိုသည်မှာ အာရုံကိုကပ်၍ရှုခြင်း လို့ဆိုတဲ့အဓိပ္ပါယ် ရသည့်အတွက်ကြောင့် အခု ဈာနပစ္စယောမှာ ကုသိုလ်နဲ့လည်း ဆိုင်တယ်၊ အကုသိုလ်နဲ့လည်း ဆိုင်တယ်လို့ ဒီလိုမှတ်ရမယ်။
ကဲ ကုသိုလ်နဲ့ ပတ်သက်တာကို အဓိကထားပြီး ပြောမယ်၊ ခုနက နေက္ခမ္မ– ဝိတက္က၊ အဗျာပါဒဝိတက္က၊ အဝိဟိံသာဝိတက္က၊ ဒီသဘာဝတရားဟာ ဈာန်အင်္ဂါထဲ မပါဝင်ခင် စိတ်ကို အာရုံပေါ်မှာ တင်ပေးတဲ့သဘာဝ ရှိတယ်တဲ့၊ ဘာစိတ်ပဲ ဖြစ်ဖြစ် အာရုံပေါ် တင်ပေးတယ်၊ သို့သော် အာရုံတစ်ခုပေါ်မှာ စနစ်တကျလေ့ကျင့်ထားပြီ ဆိုရင်တော့ သူက ဈာနဖြစ်သွားတယ်။
---
ဝိစာရ
▬▬▬
နောက်တစ်ခုက ဝိစာရ၊ ဝိတက်က စိတ်ကို အာရုံပေါ်တင်ပေးလိုက်တာ၊ သူ့တာဝန်က အာရုံပေါ် ထိုးတင်ပေးလိုက်တယ်ဆိုရင် သူ့တာဝန် ပြီးသွားပြီ၊ နောက်ထပ် ဒီတာဝန်ကို ဆက်လက်ယူရတဲ့သဘာဝတရားက ဝိစာရ၊ ဒါကြောင့်မို့ ဝိ ဆိုတာ အဖန်ဖန်အထပ်ထပ်, စာရက လှည့်လည်နေတာ၊ အာရုံပေါ်မှာ စိတ်ဟာ လည်ပတ်နေတယ်၊ ရစ်ဝဲနေတယ်၊ ဝိတက်က တင်ပေးလိုက်တဲ့ အာရုံပေါ်မှာ စိတ် က ရစ်ဝဲနေတာ၊ ဘယ်သူ့စွမ်းအားနဲ့ ရစ်ဝဲနေတာတုန်းဆိုရင် ဝိစာရစွမ်းအားနဲ့၊ ဒါကြောင့်မို့ ဝိစာရကို သုံးသပ်တယ်လို့ဆိုတာ၊ အသိဉာဏ်နဲ့ ပုံသဏ္ဌာန်တော့ သွားတူတယ်၊ ဒါပေမယ့် အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်တာမျိုး မဟုတ်ဘူး၊ ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံ ဆုံးဖြတ်တာမဟုတ်ဘူး၊ အာရုံပေါ် ရစ်ဝဲနေတာ။
သဘာဝတရားရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်- ဝိတက်က စိတ်ကို အာရုံပေါ် တင်ပေးလိုက်တယ်၊ သူ့ကိစ္စက ပြီးသွားပြီ၊ ဝိစာရက အဲဒီ ဝိတက် တင်ပေးလိုက် တဲ့စိတ်ကို အာရုံမှာ ရစ်ဝဲနေအောင် လုပ်ပေးတယ်၊ စိတ်နဲ့အာရုံ ကွဲမသွားဘူး၊ ဒီသဘောကို ပြောတာ။
---
ပီတိ
▬▬
ပီတိက ဝိတက်တင်ပေးထားတဲ့ အာရုံပေါ်မှာ နှစ်ခြိုက်နေတယ်၊ သမထ ကျင့်စဉ်အရ ရလာတဲ့ပီတိက တစ်မျိုးနော်၊ ကာမဂုဏ်အာရုံတွေပေါ်မှာ နှစ်ခြိုက် နေတယ်ဆိုတဲ့ ပီတိက တစ်မျိုး၊ တရားပေါ်မှာ နှစ်ခြိုက်နေတဲ့ပီတိက ဓမ္မပီတိ၊ လောဘဖြစ်ပြီးတော့ ကျေနပ်နေတယ်၊ ကိုယ်လိုချင်တာလေးရလို့ ကျေနပ်နေတယ်၊ လောဘနဲ့ဖြစ်နေတဲ့ ပီတိက တစ်မျိုး၊ အဲဒါက လောဘနဲ့တွဲနေတဲ့ ပီတိ၊ အခု ဈာန် ကျင့်စဉ်မှာပါတဲ့ ပီတိကျတော့ လောဘနဲ့ တွဲထားတဲ့ပီတိ မဟုတ်ဘူးတဲ့၊ သမထရဲ့ အာရုံလေးပေါ်မှာ ကျေနပ်နေတဲ့ပီတိတဲ့။
အချုပ်အားဖြင့် ဝိတက်က စိတ်ကို အာရုံပေါ်တင်ပေးလိုက်တယ်၊ ဝိစာရက အာရုံပေါ်မှာ စိတ်ကို ရစ်ဝဲနေအောင် လုပ်ပေးတယ်၊ ပီတိက ဒီစိတ်ကို အာရုံ ပေါ်မှာ ပျော်နေအောင် လုပ်ပေးတယ်၊ ကြည့် - တင်တော့ တင်ပေးထားတယ်၊ ထိန်းတဲ့လူက မရှိဘူးဆိုရင် ကွာထွက်သွားမှာပဲ၊ အေး တင်ပေးထားလို့ ရောက်နေ ပြီ၊ ထိန်းတဲ့လူက ထိန်းနေတယ်၊ မပျော်ဘူးဆိုလို့ရှိရင်လည်း လစ်သွားမှာပဲ၊ ဒါကြောင့်မို့ ဒီသဘာဝ တရားတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်ပြီး ဆောင်ရွက်လုပ်ကိုင်နေကြ တယ်ဆိုတဲ့ သဘောက အင်မတန်ထင်ရှားတယ်၊ ဝိတက်က တင်ပေးထားတယ်၊ ဝိစာရက ထိန်းပေးထားတယ်၊ ပီတိက အဲဒီအာရုံပေါ်မှာ ပျော်နေအောင်, နှစ်ခြိုက်နေအောင် လုပ်ပေးထားတယ်။
---
သုခ ဧကဂ္ဂတာ
▬▬▬▬▬▬
သုခဆိုတာ ဒီအာရုံရဲ့အရသာကို ခံစားသိရှိနေတယ်၊ ဧကဂ္ဂတာက အဲဒီ အာရုံပေါ်မှာ စိတ်ငြိမ်ကျနေတယ်၊ အဲဒီငါးခုဟာ တစ်ညီတစ်ညွတ်တည်း ဟန်ချက် ညီညီနဲ့ အာရုံတစ်ခုပေါ်မှာ အလုပ်လုပ်နေပြီဆိုလို့ရှိရင် ဈာနဆိုတာ ဖြစ်တယ်။ ကဲ ဈာနဖြစ်ပုံကို ပိုပြီးတော့ ထင်ရှားနေအောင် ပြောရအောင်၊ ထွက်လေ ဝင်လေပေါ်မှာ ဈာနဘယ်လိုဖြစ်တုန်း၊ သမထကျင့်စဉ်နည်းလမ်းအရ ဆိတ်ငြိမ်ရာ သို့ ကပ်၊ အာနာပါနကျင့်စဉ်ဆိုတာ အင်မတန်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ ကျင့်တာတဲ့၊ သာမန်ပုဂ္ဂိုလ်တွေ မကျင့်နိုင်ဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ခက်ခဲတယ်တဲ့၊ မြတ်စွာဘုရားအလောင်းတော်ဟာ ဒီအာနာပါနကမ္မဋ္ဌာန်းနဲ့ ဈာန်တွေ ရသွားတယ်၊ နောက်ဆုံး ဝိပဿနာကူးပြီး ဘုရားဖြစ်သွားတာ၊ ဘုရားဖြစ်တဲ့ကမ္မဋ္ဌာန်း ဘာ ကမ္မဋ္ဌာန်းတုန်းလို့ မေးလို့ရှိရင် အာနာပါနကမ္မဋ္ဌာန်းပဲ။
---
အာနာပါနနဲ့ သမထ
▬▬▬▬▬▬▬
ဒီအာနာပါနကို သမထကျင့်စဉ်နဲ့ ကျင့်မယ်ဆိုရင် အကြမ်းဖျင်းပြောရရင် သမာဓိရလွယ်အောင် ဆိတ်ငြိမ်တဲ့နေရာကိုသွား, တစ်ယောက်တည်းနေ၊ ဆိတ်ငြိမ် တဲ့နေရာသွားခြင်းက အများကြီးအထောက်အကူဖြစ်တယ်၊ ဒါတွေက အခြေအနေ ကောင်းကို ဖန်တီးတယ်လို့ ခေါ် တယ်နော်၊ ဒါတွေကို ပြောလိုက်တာနဲ့ အားလုံးစုပြီး တရားမထိုင်ကောင်းဘူးလို့ပြောတာမဟုတ်ဘူး၊ ဆိတ်ငြိမ်ရာ မဟုတ်ဘဲနဲ့ မြို့ထဲမှာ တရားမထိုင်ကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ အခြေအနေကောင်းတွေကို ဖန်တီးပေးရတာ။
မြတ်စွာဘုရားက သမထကျင့်စဉ်အရ ကျင့်တော့မယ်ဆိုရင် ညွှန်းထားတာတွေ ရှိတယ်၊ “အရညဂတော ဝါ ရုက္ခမူလဂတော ဝါ”၊ တောထဲဆိုတော့ လူသူ ဝေးတယ်၊ ဒါကြောင့် တောထဲမှာဖြစ်စေ၊ သစ်ပင်ရင်းအောက်ဆိုတာ အရိပ်ကလေး နဲ့ဆိုတော့ ချမ်းသာတယ်၊ ဒါကြောင့်မို့ သစ်ပင်အောက်မှာ ဖြစ်စေ၊ အဲဒီလို မရနိုင် ဘူးဆိုရင် ဘာလဲ “သုညာဂါရဂတော ဝါ” တိတ်ဆိတ်ငြိမ်သက်တဲ့အခန်း အဆောက်အဦးထဲမှာဖြစ်စေ၊ ဟော နေရာရွေးချယ်နည်းကိုပြောတာ၊ ကမ္မဋ္ဌာန်းတရား အားထုတ်တော့မယ် (သို့မဟုတ်) သမာဓိကျင့်စဉ်ကျင့်တော့မယ်ဆိုရင် ဆိတ်ငြိမ်တဲ့ တောထဲသွားပါ၊ သို့မဟုတ် ဆိတ်ငြိမ်တဲ့ သစ်ပင်တစ်ပင်အောက်မှာထိုင်၊ သို့မဟုတ် တိတ်ဆိတ်ငြိမ်သက်တဲ့ သုညာဂါရ ဘယ်သူမှမရှိဘူး၊ ကိုယ်တစ်ယောက်တည်း ရှိတယ်၊ ဘယ်သူမှမရှိတဲ့ အဆောက်အဦး ကမ္မဋ္ဌာန်းကျောင်းထဲမှာ တစ်ယောက်တည်း ထိုင်၊ မြတ်စွာဘုရားက နေရာဌာနကို ဖေါ်ပြလိုက်တာ၊ ကမ္မဋ္ဌာန်းအားထုတ် တော့မယ်ဆိုရင် အဲဒီနေရာတွေကို ရွေးတဲ့။
ရွေးပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ၊ “ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ”၊ တင်ပျဉ်ခွေထိုင်လိုက်တဲ့၊ အမျိုးသားတွေကျတော့ တင်ပျဉ်ခွေထိုင်၊ အမျိုးသမီးတွေ ကျတော့ ဒူးတုတ်ထိုင်တဲ့ပုံစံမျိုးနဲ့ ထိုင်၊
ပလ္လင်္ကံ အာဘုဇိတွာ၊ ဘာဖြစ်လို့ ဒီလိုထိုင်တာတုန်းဆို ထိုင်ခြင်းဣရိယာပုထ်က မြဲမြံစေတယ်၊ သိပ်လည်း အားမစိုက်ရတဲ့ ထိုင်နည်းမျိုး၊ အဲဒီလိုနည်းမျိုး၊
ဥဇုံ ကာယံ ပဏိဓာယ၊ ခန္ဓာကိုယ် ကို ဖြောင့်ဖြောင့်ထားလို့ ဆိုတာ၊ ပေါင်တို့ ဒူးတို့က ဖြောင့်ဖြောင့်ထားလို့ ဘယ်ရ မလဲ၊ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့် ထားလို့ဆိုတာ၊ ခါးကနေ အထက်ကို ဖြောင့်ဖြောင့်ထားလို့ ဆိုလိုတာ၊
ဥဇုံ ကာယံ ပဏိဓာယ၊ ခါးအထက် ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားတဲ့၊ ခေါင်းကြီး ကိုလည်း ငိုက်မနေနဲ့၊ စောင်းလည်းမနေနဲ့၊ တည့်တည့်မတ်မတ်လေး ထိုင်လို့။
အဲဒီလို ဘာဖြစ်လို့ ထိုင်ခိုင်းတာတုန်းဆိုရင် အခြေအနေကောင်းတွေကို ဖန်တီးပေးဖို့၊ အကယ်၍ ခါးကို ကုန်းပြီးထိုင်မယ်ဆိုရင် ကိုယ့်ဟာကိုယ် စမ်းကြည့်၊ ကျောရိုးတွေမှာ အဆစ်ကလေးတွေ ရှိတယ်၊ အရိုးအဆစ်ကလေးတွေ ပေါင်းထားတာ၊ စောင်းပြီးတော့ ထိုင်ရင် ခါးကုန်းပြီးထိုင်ရင် အဲဒီအရိုးအဆစ် ကလေးတွေက အာရုံကြောတွေကို သွားဖိနေတတ်တယ်၊ တည့်တည့်မထိုင်မိလို့ ဆန့်ဆန့် မထိုင်မိ လို့ရှိရင် ဖိတတ်တယ်၊ ဖိနေပြီဆိုရင် ဘာဖြစ်လဲ၊ ခါးကိုက် တာတို့ ကျောအောင့် တာတို့ဆိုတဲ့ ဝေဒနာတွေ ဖြစ်လာတယ်၊ အဲဒါကြောင့် အဲဒီ ဝေဒနာတွေ မပေါ် ရအောင်လို့ ဆန့်ဆန့်ကလေး ထိုင်ပါလို့ပြောတာ။
ဆန့်ဆန့်ကလေးထိုင်ပြီး “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ”၊ သတိဆိုတဲ့တရား ကိုနော် အာရုံဘက်ကို ဦးလှည့်ပြီးထားလိုက်၊ ဆိုလိုတာက ထွက်လေဝင်လေပေါ်မှာ သတိ ထားလိုက်လို့ ပြောတာ၊ ထွက်လေဝင်လေပေါ်မှာ သတိထားပါ၊ သတိ ထားပြီးတဲ့အခါ၊
“သတောဝ အဿသတိ၊ သတောဝ ပဿသတိ” ဆိုတဲ့အတိုင်း သတိထားပြီးတော့ ဝင်လေထွက်လေကို မှတ်ပါတဲ့၊ ထွက်နေတယ် ဝင်နေတယ် ဆိုတဲ့ သဘာဝတွေကို သိအောင် ကြိုးစားပါတဲ့။
ဒီတော့ ပထမ သမာဓိကျင့်စဉ်ကျင့်မယ်ဆိုလို့ရှိရင် ထွက်လေဝင်လေကို အာရုံပြုပြီးတော့ စိတ်ဟာ ငြိမ်လာလိမ့်မယ်၊ စိတ်ဟာ ထွက်လေဝင်လေပေါ်မှာ အတော်ငြိမ်လာပြီဆိုလို့ရှိရင် ပထမစပြီး ရနေတဲ့ သမာဓိကို ပရိကမ္မသမာဓိလို့ ခေါ်တယ်၊ စိတ်ကလေးငြိမ်နေအောင် စပြီး လုပ်နေပြီ၊ စိတ်ကလေး အတော်ငြိမ် လာပြီဆိုတဲ့အခါကျလို့ရှိရင် အာရုံဟာ ထင်ထင်ရှားရှား ပိုဖြစ်လာတယ်၊ နှာသီးဖျား တိုက်တိုက်ပြီး ထွက်သွားဝင်သွားတဲ့ ထွက်လေဝင်လေ ထင်ထင်ရှားရှားဖြစ်လာ တယ်၊ နောက်ကျတော့ အဲဒီလေက အသွင်ပြောင်းသွားတယ်၊ လူ ရဲ့အသိစိတ်ထဲ မှာ ဘာဖြစ်လာတုန်းဆိုရင် မိမိနှာခေါင်းထဲက အလင်းတန်းလေး ထွက်နေတာလို ထင်လာတယ်၊ ဒါ နိမိတ်လို့ ခေါ် တယ်ပေါ့၊ အလင်းတန်းလေး ထွက်နေတာ မြင်ရ တာမျိုး၊ သို့မဟုတ် ပုတီးလုံးလေးတွေ နှာခေါင်းထဲက ထွက်နေတာမျိုး၊ နောက် မီးခိုးတန်းလေးတွေ နှာခေါင်းထဲက ထွက်နေတာမျိုး၊ ဆေးလိပ်သောက်တဲ့လူတွေ နှာခေါင်းထဲကနေပြီးတော့ မီးခိုးထုတ်သလို ထွက်လေဝင်လေဟာ အဲဒီလို မီးခိုး တန်းကလေးလို စိတ်ထဲမှာ မြင်ယောင်လာတယ်၊ အဲဒါဟာ အာရုံနိမိတ်တွေ ပေါ်လာတာ၊ ပဋိဘာဂနိမိတ်လို့ ခေါ်တယ်။
တကယ်တော့ အဲဒီအာရုံဟာ စိတ်ထဲမှာထင်လာတဲ့ အမှတ်သညာကြောင့် ဖြစ်တဲ့အာရုံမျှသာ ဖြစ်တယ်ပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ ဘာကြောင့် မတူတုန်းဆိုရင် အမှတ်သညာချင်းက မတူသည့်အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက်ဟာ ပေါ်လာတဲ့အာရုံချင်း မတူဘဲ ဖြစ်သွားတယ်။
ပထမဈာန် 🧘
အဲဒီပေါ်လာတဲ့အာရုံပေါ်မှာ စိတ် အမြဲရောက်နေအောင် ပို့တင်ထားပေး
တာက ဝိတက်၊ အဲဒီနိမိတ်အာရုံနဲ့စိတ်နဲ့ ကွာမသွားအောင် ထိန်းပေးထားတာက ဝိစာရ၊
အဲဒီနိမိတ်အာရုံပေါ်မှာ စိတ်ကျေနပ်နေအောင် လုပ်ပေးထားတာက ပီတိ၊ အဲဒီအာရုံပေါ်မှာ
ကျေနပ်ပြီးတော့ နှစ်သက်သဘောကျနေတာက သုခ၊ အဲဒီ နိမိတ်အာရုံလေးပေါ်မှာ စိတ်ကလေး
ငြိမ်နေတာက ဧကဂ္ဂတာတဲ့၊ ဟောဒီသဘာဝတရားငါးခုဟာ ဟန်ချက်ညီညီနဲ့ နိမိတ်အာရုံပေါ်မှာ
အလုပ်လုပ်လာပြီ၊ ဟန်ချက်ညီသွားပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီဈာန်အင်္ဂါငါးပါးနဲ့
ဖွဲ့စည်းထားတဲ့ ပထမဈာန် ပထမအဆင့်ကို ဒီပုဂ္ဂိုလ်ဟာ ရောက်ရှိသွားပြီ၊ ပထမဈာန် ရသွားပြီလို့
ဒီလို ပြောတာနော်။
ကြည့် - ပထမဈာန်ရသွားတဲ့အခါမှာ ဒီသဘာဝတရားငါးခုဟာ ဒီအာရုံနဲ့ အလုပ်လုပ်နေကြတယ်၊
ပထမအကြိမ် ရထားတဲ့အချိန်လေးမှာ ဖြတ်ခနဲရသွားတာ၊ တစ်ညီတည်းဖြစ်သွားတယ်၊
အင်အားကောင်းတဲ့ရှုမှတ်မှုလေးဟာ ဖြတ်ခနဲဖြစ်သွားပြီးနောက် သာမန်အနေအထားဘက်
ရောက်သွားတယ်၊ အဲဒီအချိန်မှာ ထပ်ပြီးတော့ ကြိုးစားတယ်၊ အကြိမ်ကြိမ်လုပ်တဲ့အခါကျတော့
ကိုယ်ကြိုက်သလောက် အချိန်ပိုင်းတစ်ခုလုံးထိအောင် ဟောဒီသဘာဝတရားတွေဟာ
ထိုအာရုံပေါ်မှာ စိတ်ကို စွမ်းဆောင်ထားနိုင်တယ်တဲ့။
ဝိတက်က အာရုံပေါ် စိတ်ကိုတင်ပေးလိုက်တယ်၊ ဝိစာရက အာရုံနဲ့စိတ် ကွာမသွားအောင်
ထိန်းပေးတယ်၊ ပီတိက စိတ်ကို အာရုံပေါ်မှာ ပျော်နေအောင် လုပ်ပေးထားတယ်၊ သုခက စိတ်ကို
အာရုံပေါ်မှာ ကျေနပ်နေအောင် လုပ်ပေးထားတယ်၊ ဧကဂ္ဂတာက စိတ်ကို ဒီအာရုံတစ်ခုတည်းက
လွဲလို့ တခြားရောက်မသွားအောင် ထိန်းပေးထားတယ်၊ ဒီသဘာဝတရားငါးခုဟာ စုပေါင်းပြီးတော့
အဲဒီနိမိတ်လို့ဆိုတဲ့ ဈာန်ရဲ့အာရုံပေါ်မှာ တည်ငြိမ်ပြီးတော့ သွားတာ၊ အဲဒါဟာ ပထမအဆင့်
ပထမဈာန် ရသွားတာလို့ ပြောတယ်။
ဒုတိယဈာန် 🧘
ပထမဈာန်ရသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ပထမဈာန်ကို အကြိမ်ကြိမ် ဝင်စား၊ အကြိမ်ကြိမ်ဝင်စား
တဲ့အခါမှာ နောက်ပိုင်းကျလို့ရှိရင် အာရုံပေါ်မှာ စိတ်တင်ပေးစရာ မလိုလောက်အောင် ဖြစ်လာတယ်၊
ဝိတက်က တင်တင်ပေးနေရတာကို သူ့စိတ်ထဲမှာ ကျေနပ်မှု မရှိဘူး၊ ဒီတော့ သမာဓိတွေကို
စွမ်းအားတိုးမြှင့်လိုက်တဲ့အခါကျတော့ ဝိတက်က စိတ်ကို အာရုံပေါ်တင်ရခြင်း မရှိဘဲနဲ့ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ - ဒီလေးခုနဲ့တင် သူက စွမ်းဆောင်နိုင်သွားပြီဆိုရင် ဒါ ဈာန်ရဲ့ ဒုတိယအဆင့်လို့ ပြောတယ်။
တတိယဈာန် 🧘
တစ်ခါ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က အကြိမ်ကြိမ် ဝင်စားနေတဲ့အခါ နောက်ပိုင်း ဝိစာရက အာရုံနဲ့
စိတ်နဲ့ ကွာမသွားအောင် ထိန်းပေးနေရတာကို အလုပ်ကြီးတစ်ခုဖြစ်လို့ မကျေနပ်တော့ဘူး၊
မကျေနပ်သည့်အတွက်ကြောင့် သမာဓိစွမ်းအားတွေ မြှင့်တင်လိုက်တဲ့အခါမှာ သုံးမျိုးပဲရှိတော့တယ်၊
အာရုံပေါ်မှာ ကျေနပ်နေတဲ့ ပီတိ, နှစ်ခြိုက်နေတဲ့ သုခနဲ့ တည်ငြိမ်နေတဲ့ ဧကဂ္ဂတာ၊ ဒီသုံးခုနဲ့တင်
ရပ်တည်သွားနိုင်လို့ရှိရင် ဒါ တတိယဈာန်အဆင့်၊ ဒီလို တစ်ခုချင်း တိုးလာတာ။
စတုတ္ထဈာန် 🧘
နောက် စတုတ္ထဈာန်အဆင့် ရောက်တဲ့အခါကျတော့ နှစ်ခြိုက်နေတဲ့ ပျော်မွေ့နေတဲ့ ပီတိကို
မလိုချင်တော့ဘူး၊ မလိုချင်တဲ့အတွက်ကြောင့် သုခဆိုတဲ့ သဘောကျနေတာရယ်၊ ဧကဂ္ဂတာဆိုတဲ့
တည်ငြိမ်နေတာရယ် ဒီနှစ်ခုတည်းနဲ့ ရပ်တည်နေအောင် ကြိုးစားလိုက်ပြီး အာရုံကို ရှုမှတ်နိုင်သွားပြီ
ဆိုတဲ့အခါကျတော့ စတုတ္ထဈာန်အဆင့် ရောက်သွားတယ်။
ပဉ္စမဈာန် 🧘
အဲဒီကနေ ထပ်ပြီးတော့ တိုးမြှင့်လိုက်တဲ့အခါ ဘာဖြစ်တုန်း၊ အာရုံပေါ်မှာ သဘောကျ ကျေနပ်နေတယ်
ဆိုတဲ့ ခံစားနေတဲ့ သုခဆိုတာပါ .. ဖယ်ရှားပစ်လိုက်တယ်၊ ဒါလည်း လှုပ်ရှားမှုတစ်ခုပဲ၊
သမာဓိစွမ်းအားကို အန္တရာယ်ပြုနေတဲ့အရာလို့ မြင်လာသည့်အတွက်ကြောင့် အာရုံပေါ်မှာ
နှစ်ခြိုက်နေတဲ့ ခံစားနေတဲ့ သုခဝေဒနာကို ဖယ်ရှားပစ်လိုက်တဲ့အခါ (ဝေဒနာဆိုတာ လုံးဝဖယ်ရှားလို့
မရဘူး၊) မထင်ရှားတဲ့ ခံစားမှု ဥပေက္ခာဝေဒနာဆိုတာ ဖြစ်လာတယ်၊ သမာဓိစွမ်းအားမြှင့်လိုက်တာနဲ့
တစ်ပြိုင်နက် သုခကနေပြီးတော့ ဥပေက္ခာဝေဒနာအဆင့်ရောက်သွားပြီး ဥပေက္ခာနဲ့ ဧကဂ္ဂတာ -
အာရုံပေါ်မှာ ခံစားမှုမထင်ရှားတာရယ် တည်ငြိမ်နေတာရယ်၊ အဲဒီနှစ်ခုတည်းနဲ့ ဖွဲ့စည်းထားတဲ့
ပဉ္စမဈာန်ဆိုတဲ့အဆင့်ကို ရောက်သွားပါတယ်တဲ့၊ ဒါ သမထကျင့်စဉ်ကသွားတဲ့ ဈာန်တရားအကြောင်း
ပြောတာ။
ဒီတော့ ဈာန်အင်္ဂါဆိုတာ နောက်ဆုံးအဆင့်မှာ ဥပေက္ခာနဲ့ ဧကဂ္ဂတာ၊ ဒီနှစ်ခုနဲ့ ဖွဲ့စည်းထားတာ၊
ဥပေက္ခာနဲ့ ဧကဂ္ဂတာကို ထပ်လျှော့လို့ မရတော့ဘူး၊ အဲဒါကြောင့် ရှေ့ကိုဆက်သွားချင်လို့ရှိရင်
အာရုံပြောင်းတဲ့ နည်းစနစ်တွေနဲ့ သွားတယ်၊ အာရုံပြောင်းတဲ့ နည်းစနစ်တွေနဲ့ သွားလိုက်တဲ့အခါ
အရူပဈာန် အဆင့်ဆင့် တက်သွားတယ်၊ ဒါတွေက ဈာန်ကျင့်စဉ်အနေနဲ့ ဒီလို သွားတာပေါ့။
အဲဒီဈာန်တွေရော ရည်ညွှန်းပြီးတော့ ဈာနပစ္စယောလို့ မြတ်စွာဘုရားက ဟောတာ ဖြစ်ပါတယ်၊
အဲဒီဈာန်အင်္ဂါထဲမှာ ပါဝင်တဲ့ သဘာဝတရားတွေ ဝိတက် ဝိစာရ ပီတိ ဝေဒနာ, နောက် အကုသိုလ်
စိတ်တွေမှာဖြစ်တဲ့ ဒေါမနဿတို့၊ သောမနဿတို့၊ ဥပေက္ခာတို့၊ အဲဒီဝေဒနာတွေရယ်၊ အာရုံတစ်ခု
တည်းပေါ်မှာ ငြိမ်သွားတဲ့ ဧကဂ္ဂတာ၊ အဲဒီဈာန်အင်္ဂါငါးပါး၊ အဲဒီဈာန်အင်္ဂါငါးပါးသည် တစ်ညီတည်း
စွမ်းဆောင်နိုင်ပြီဆိုရင် မိမိတို့နဲ့ယှဉ်တွဲလာတဲ့ သဘာဝတရားတွေကို အားလုံး အာရုံပေါ်မှာ
စူးစိုက်သွားအောင် သူတို့က စွမ်းဆောင်ပေးထားတာလို့ ပြောလိုတာ၊ ဈာနပစ္စည်းဆိုတာ
ဒီတရားငါးခုက ကျန်တဲ့, သူတို့နဲ့ယှဉ်တဲ့ သဘာဝတရားတွေ အားလုံးကို ဟောဒီအာရုံတစ်ခုပေါ်မှာ
စူးစိုက်ကျသွားအောင် စွမ်းရည်သတ္တိတွေ ရသွားအောင် စွမ်းဆောင်ပေးနိုင်တဲ့ ကျေးဇူးပြုထားတဲ့
သတ္တိပဲ။
ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -
“ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော”။
ဈာနင်္ဂါနိ - ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာလို့ဆိုတဲ့ ဈာန်တရားငါးပါးတို့သည်၊
ဈာနသမ္ပယုတ္တကာနံ – ဈာန်နှင့်ယှဉ်တွဲ၍ ဖြစ်ကြကုန်သော စိတ် စေတသိက် တရားတို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနံ - ထိုစိတ်စေတသိက် တံ တရားတို့ကြောင့် ဖြစ်ပေါ်လာသော၊
ရူပါနဉ္စ – ရုပ်တရားတို့အားလည်းကောင်း၊
ဈာနပစ္စယေန - ဈာနပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါ ပေတော့၏။
ဒါဖြင့် ဘယ်လိုကျေးဇူးပြုတာတုန်းဆိုတော့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဆိုတဲ့
သဘာဝတရားတွေဟာ အာရုံနိမိတ်ကို စူးစိုက်ပြီးရှုတာ၊ သူတို့ရသလို သူတို့နဲ့ယှဉ်ဖြစ်လာတဲ့
သဘာဝတရားအားလုံးကိုလည်း စူးစိုက်ပြီးရှူအောင် သူတို့က စွမ်းဆောင်ပေးတယ်လို့ ပြောတာ၊
အားလုံး သူတို့လုပ်သလို လိုက်လုပ်စေတယ်လို့ ဒါပြောတာနော်၊ ဈာန်မှာယှဉ်တဲ့ ကျန်တဲ့စိတ်တွေ
စေတသိက်တွေ အားလုံးဟာ ဒီအာရုံတစ်ခုတည်းပေါ်မှာ စူးစိုက်ပြီးတော့ ကျသွားတယ်၊ ကပ်ပြီးတော့
ရှုအောင် စွမ်းဆောင်ပေးတယ်၊ ဒါကြောင့် တစ်ခုတည်းလို ဖြစ်သွားတာ သူတို့ရဲ့စွမ်းဆောင်ချက်ပဲ၊
တကယ်ကတော့ ဈာန်လို့ခေါ်တာ ဒီငါးခုအပေါင်းကိုပဲ ခေါ်တယ်၊ အဲဒီငါးခုအပေါင်းသည် သူတို့ချည်း
သက်သက် ရပ်တည်မှု မရှိဘူး၊ ကျန်တဲ့ သူတို့နဲ့ယှဉ်ဘက်တွေ စိတ်စေတသိက်တွေနဲ့ အတူဖြစ်တာ၊
အဲဒါတွေပါ ဒီအာရုံကို စူးစိုက်အောင် အာရုံကိုစူးစိုက်ပြီး ရှုမှတ်နေအောင် ဒီသဘာဝတရားတွေက
စွမ်းအားတွေ ပေးတယ်တဲ့၊ အဲဒါကို ဈာနပစ္စယောတဲ့၊ အာရုံကို စူးစိုက်ပြီးတော့ ရှူစေတယ်။
ဒါတင် မကဘူး အဲဒီဈာန်စိတ်တွေကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေဟာလည်း (ရုပ်ဆိုတာက အာရုံကို
ရှုနိုင်စွမ်း မရှိဘူး) ရှုနိုင်စွမ်းမရှိတဲ့ ရုပ်တွေကိုလည်း စူးစိုက်မှုရဲ့အနေအထားအတိုင်း ဖြစ်ပေါ်လာအောင်,
ဈာန်ကြောင့်ဖြစ်တဲ့ရုပ်တွေကလည်း စူးစိုက်နေဘိသကဲ့သို့ ငြိမ်သက်သွားအောင် ဟောဒီဈာန်အင်္ဂါ
တရားတွေက စွမ်းဆောင်မှုပေးတယ်တဲ့၊ ငြိမ်သက်တဲ့စိတ်ကထုတ်တဲ့ ရုပ်ဟာလည်းပဲ ငြိမ်သက်တဲ့
ရုပ်ပဲဖြစ်မှာပေါ့၊ အဲဒီလို စွမ်းဆောင်ပေးတာက ဈာနသတ္တိနဲ့ စွမ်းဆောင်ပေးတာ၊ ဒီလိုဆိုတယ်၊
အဲဒီသဘောတရားတွေဟာ အားလုံး အာရုံကို စူးစိုက်စေတတ်တဲ့ သဘာဝတရားတွေချည်းပဲ။
ဒီနေရာမှာ ဒွေပဉ္စဝိညာဏ်-၁ဝ နဲ့ ပတ်သက်ပြီးတော့ ပြောရအောင်၊ ဒါကတော့ အဘိဓမ္မာသင်ဖူးတဲ့
ပုဂ္ဂိုလ်တွေ သဘောကျဖို့ပါ၊ သဘာဝတရားတွေက အာရုံကို စူးစိုက်ပြီးတော့ ဖြစ်တယ်ဆိုတဲ့နေရာမှာ
စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်လို့ဆိုတဲ့
ဒီဒွေပဉ္စဝိညာဏ်-၁၀ မှာ ယှဉ်တဲ့ ဥပေက္ခာဝေဒနာ သုခဝေဒနာ ဒုက္ခဝေဒနာတို့ ဆိုတာ ရှိတယ်၊
ရှင်းအောင် ပြောရရင် စက္ခုဝိညာဏ် မြင်သိစိတ်၊ သောတဝိညာဏ် ကြားသိစိတ်၊ ယာနဝိညာဏ် နံသိစိတ်၊
ဇိဝှါဝိညာဏ် လျက်သိစိတ်ဆိုတဲ့ ဒီစိတ်တွေက ဥပေက္ခာဝေဒနာနဲ့ ယှဉ်တယ်၊ ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့
ကာယဝိညာဏ်စိတ်က သုခဝေဒနာနဲ့ ယှဉ်တယ်၊ အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ကာယဝိညာဏ်စိတ်က
ဒုက္ခဝေဒနာနဲ့ ယှဉ်တယ်၊ အဲဒီလို အသီးသီးယှဉ်တဲ့ ဥပေက္ခာဝေဒနာ သုခဝေဒနာ ဒုက္ခဝေဒနာတို့ကိုရော
အာရုံစူးစိုက်ပြီးတော့ စူးစိုက်တဲ့ဝေဒနာအဖြစ် မှတ်ရမလားလို့ မေးစရာရှိတယ်။
ဒွေပဉ္စဝိညာဏ်-၁၀ မှာယှဉ်တဲ့ သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာတွေကျတော့ စူးစိုက်ရှူနိုင်တယ်
ဆိုတဲ့ စွမ်းရည်သတ္တိ မရှိဘူးတဲ့၊ အဲဒါကြောင့်မို့ အဲဒါတွေ ဈာနပစ္စည်းထဲမှာ မပါဘူးလို့ ပြောတာ၊
ဒါက ပဋ္ဌာန်းသင်တဲ့ပုဂ္ဂိုလ်တွေက ဒါ မှတ်ထားရမှာ၊ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့မှာရှိတဲ့
ဝေဒနာတွေဟာ စူးစိုက်နိုင်လောက်အောင် အင်အားမရှိသည့်အတွက်ကြောင့် ဈာနလို့ခေါ်လို့မရဘူးတဲ့၊
ဒီလိုပြောတာနော်၊ ဈာန်အင်္ဂါ မဖြစ်ဘူးတဲ့။
သမထဈာန်နှင့် သာမန်ဈာန ✨
ဒီတော့ ဒီနေရာမှာ ဈာနပစ္စည်းဟာ ခုနက သမထကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ အောင်မြင်ပုံတစ်ခုကိုသာ
ပြောပြတာ၊ သာမန်နေ့စဉ်ဘဝမှာ အာရုံကို စူးစိုက်ပြီးတော့ ရှုနေတာတွေ ရှိတယ်၊ အတွေးနဲ့လည်း ရှုတယ်၊
စိတ်ကူးကြံစည်နေတာနဲ့လည်း ရှုတယ်၊ နှစ်ခြိုက်နေတာတွေနဲ့လည်း ရှုတယ်၊ သာမန်အာရုံတွေပေါ်မှာပဲ
ဈာနဆိုတာ ဖြစ်နေတာပဲ။
ဒါကြောင့်မို့လို့ မှတ်ရမှာကတော့ ဈာနပစ္စယောဆိုတာ သမထကျင့်စဉ်ဖြင့် ရလာတဲ့ ဈာန်တရားကိုသာ
ဟောတာ မဟုတ်ဘူး၊ ဈာနပစ္စယောဆိုတာ အကုသိုလ်စိတ်နဲ့ယှဉ်တဲ့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ
တို့ကိုပါ ဈာနပစ္စယောလို့ ဟောလိုပါတယ်တဲ့၊ ခုနက ပြောတာတွေက သမထကျင့်စဉ်တစ်ခုကနေ ရလာတဲ့
ဈာန်ကို ပြောပြတာ၊ သာမန်ကျတော့ ကျင့်စရာမလိုဘဲနဲ့ အာရုံတစ်ခုပေါ်မှာ စူးစိုက်ပြီးတော့ ကြံတွေးနေတာတွေ
စိတ်ကူးနေတာတွေ နှစ်ခြိုက်နေတာတွေ သဘောကျနေတာတွေ တည်ငြိမ်နေတာတွေ၊ ဒါတွေလည်း ဖြစ်တာပဲ၊
အဲဒါတွေဟာလည်း အာရုံကိုရနေတာ ဖြစ်သောကြောင့် သူတို့ကိုလည်း ဈာနလို့ ခေါ်တယ်တဲ့။
အဲဒီတော့ ဈာနပစ္စယောဆိုတာ ဒီသဘာဝတရား ၅-ခုသည် ပေါင်းမိသွားလို့ရှိရင် သူတို့နဲ့ ယှဉ်ဖော်
ယှဉ်ဖက်တွေကို အာရုံကို စူးစိုက်စေတတ်တဲ့ ဈာနဆိုတဲ့ သတ္တိကို ပေးနိုင်တယ်ဆိုတာကို အကြောင်းပြုပြီးတော့
မြတ်စွာဘုရားက ဈာနပစ္စယောလို့ ဟောတာပါ၊ အာရုံကို စူးစိုက်ပြီး စေပြီးတော့ ကျေးဇူးပြုတတ်တဲ့
အကြောင်းတရားရဲ့ စွမ်းရည်သတ္တိဖြစ်လို့ ဈာနပစ္စည်းရဲ့သတ္တိထူးအဖြစ် မြတ်စွာဘုရားက ဟောလိုရင်း ဖြစ်ပါတယ်။
ဒီတော့ ဈာနပစ္စယောဆိုတာ သမထဈာန်နဲ့ သာမန်အတွေးတွေမှာရှိတဲ့ ကြံတွေးမှုတွေ၊ အဲဒါတွေ အားလုံးကို
ဒီနေရာမှာ ဈာနပစ္စယောလို့ ဟောတယ်လို့ ဒီလိုမှတ်ဖို့ လိုအပ်ပါတယ်တဲ့နော်။
ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ
လို့ဆိုတဲ့ ကောင်းဆိုးနှစ်တန် ရောပြီးတော့နေတဲ့ ဒီသဘာဝတရားတွေဟာ မကောင်းတဲ့စိတ်တွေနဲ့ ရောရင်လည်း
မကောင်းတဲ့အတွေးတွေနဲ့ ကြံတွေးပြီး အာရုံကို ရှုမှတ်နေကြမှာဖြစ်တယ်၊ ကောင်းတဲ့အတွေးတွေနဲ့ ပေါင်းစပ်
လာတဲ့အခါကျလို့ရှိရင်လည်း ကောင်းတဲ့အာရုံပေါ်မှာ ကောင်းတဲ့အတွေးတွေနဲ့ ရှုမှတ်နေတဲ့ အဆင့်မြင်တဲ့
ဈာန်တရားမျိုး ဖြစ်လာမှာ ဖြစ်တယ်၊ ကောင်းတာပဲ ဖြစ်ဖြစ်, ဆိုးတာပဲဖြစ်ဖြစ် ဈာနဆိုတာ အာရုံကိုရှုမှတ်ခြင်းကို
ဆိုလိုတယ်ဆိုတာကို မှတ်ဖို့ လိုပါတယ်။
တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည် မိမိတို့သန္တာန်မှာဖြစ်တဲ့ ဝိတက် ဝိစာရ ပီတိ ဧကဂ္ဂတာ ဝေဒနာ
လို့ဆိုတဲ့ ဒီသဘာဝတရားတွေဟာ ပေါင်းစပ်မိသွားလို့ရှိရင် ကြံတွေးခြင်းဆိုတဲ့ စွမ်းရည်သတ္တိတွေကို တိုးမြှင့်စေတတ်တယ်၊
မကောင်းတာတွေနဲ့ ပေါင်းမိသွားလို့ရှိရင် မကောင်းတဲ့ဘက် ကြံတွေးမှုတွေ ပိုများလာနိုင်တယ်၊
ဒါကြောင့်မို့လို့ ကောင်းတဲ့ဘက်ကို ကြံတွေးမိအောင် ကောင်းမြတ်တဲ့အာရုံတွေနဲ့ အမြဲတမ်း ယှဉ်တွဲပြီးတော့
စိတ်ကောင်းနှလုံးကောင်းဖြင့် ဟောဒီ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာတို့ရဲ့ စွမ်းရည်သတ္တိကို တိုးမြှင့်မှ
တို့တတွေ လမ်းမှန်ပေါ် ရောက်မှာပဲ လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ဈာနပစ္စယောဆိုတာကိုကြည့်ပြီး
ကောင်းမြတ်တဲ့ ဈာန်တရားတွေ မိမိတို့သန္တာန်မှာဖြစ်ပွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၅)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၄-ရက်၊
(၇-၉-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ်
ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ်
မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင်
မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
မဂ္ဂပစ္စယော 🛣️
မဂ္ဂဆိုတာ သာမန်အားဖြင့် လမ်းကြောင်းလို့ အဓိပ္ပါယ်ရတယ်၊ လူတွေ လျှောက်လှမ်းစရာ လမ်းကြောင်း၊
ယာဉ်တွေ သွားစရာလမ်းကြောင်း၊ တစ်စုံတစ်ခုဘက်ကို ဦးတည်ပြီး သွားနေတဲ့ လမ်းကြောင်းမှန်သမျှကို
“မဂ္ဂ” လို့ ခေါ်တယ်၊ မဂ္ဂပစ္စယောဆိုတဲ့နေရာမှာ မဂ္ဂ ဟာ မဂ် ဖိုလ် နိဗ္ဗာန်လမ်းနဲ့သာ သက်ဆိုင်တာ မဟုတ်ဘူး၊
ငရဲသွားတဲ့လမ်းကြောင်းကိုလည်း မဂ္ဂ လို့ ခေါ်တာပဲ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံ
သွားတဲ့ လမ်းကြောင်း၊ အကုသိုလ်ဖြစ်စရာ လမ်းကြောင်းကိုလည်းပဲ မဂ္ဂလို့ ခေါ်တာပဲ၊ ဒီတော့ မဂ် ဖိုလ်
ဆိုတာမှာပါတဲ့ မဂ္ဂထက် မဂ္ဂပစ္စယော မဂ္ဂက ပိုပြီးတော့ အဓိပ္ပါယ်ကျယ်ပြန့်တယ်လို့ ဒီလို မှတ်ရမယ်၊
ဒါက ရှေးဦးစွာ မှတ်ထားရမယ်။
မဂ္ဂဆိုတာ လမ်းကြောင်းပဲ၊ ဥပမာ - သမထကျင့်စဉ်ကျင့်လို့ ဈာန်ရလာတယ်ဆိုရင် အဲဒီဈာန်တရားဟာ
ဗြဟ္မာ့ပြည်သွားဖို့ လမ်းကြောင်းပဲ၊ အဲဒါကိုလည်း မဂ္ဂလို့ပဲ သုံးတာပဲ၊ ဒါနကောင်းမှု သီလကောင်းမှု
ဘာဝနာကောင်းမှု၊ ဒီကောင်းမှုတွေဟာ နတ်ပြည်ရောက်ကြောင်း (သို့မဟုတ်) သုဂတိဘုံရောက်ကြောင်း
လမ်းကြောင်းသဖွယ် ဖြစ်လို့ ဒီကုသိုလ်တွေကိုလည်း မဂ္ဂလို့ပဲ ခေါ်တာပဲ၊ ဒီတော့ မဂ္ဂဆိုတာ တစ်စုံတစ်ခုသော
အရပ်သို့ ဦးတည်ပြီးသွားနေတဲ့ လမ်းကြောင်း မှန်သမျှဟာ ဒီနေရာမှာ မဂ္ဂပစ္စယောလို့၊ လမ်းကြောင်းပမာ
ကျေးဇူးပြုတတ်တဲ့ သဘာဝတရားတဲ့။
မဂ္ဂင်ရှစ်ပါးဆိုတာ ဓမ္မစကြာတရားမှာ မြတ်စွာဘုရားက “ဒုက္ခနိရောဓဂါမိနိပဋိပဒါ” တဲ့၊
ဒုက္ခနိရောဓ ဆိုတာ ဒုက္ခအားလုံး ကုန်ဆုံးသွားရာဖြစ်တဲ့ နိဗ္ဗာန်ကို၊
ဂါမိနိ – ရောက်စေနိုင်တဲ့၊
ပဋိပဒါ – အကျင့်တရားတဲ့၊
အဲဒါလည်းပဲ မဂ္ဂပဲ၊ နိဗ္ဗာန်ကို ပို့ဆောင်တဲ့ လမ်းကြောင်းပေါ့။
“ဒုက္ခနိရောဓဂါမိနိပဋိပဒါ” လို့ဆိုတဲ့ မဂ္ဂကျတော့ အရိယမဂ္ဂလို့ ဒီလို သုံးတယ်၊
“အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ” လို့ ဆိုတာ၊ သာမန် မဂ္ဂေါလို့ သုံးတာ မဟုတ်ဘူး၊ ဒါကို သတိထား၊
သာမန် မဂ္ဂေါလို့ သုံးလို့ရှိရင်တော့ မဂ္ဂဆိုတာ လမ်းကြောင်း အားလုံးနဲ့ သက်ဆိုင်တယ်၊ လမ်းကြောင်း
အားလုံးကို ရည်ညွှန်းတာ ဖြစ်တယ်၊ အရိယောဆိုတဲ့ စကားလုံးပါမယ်၊ အဋ္ဌင်္ဂိကော လို့ပါမယ်ဆိုမှ
မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းတာ ဖြစ်တယ်။
တချို့နေရာမှာ စကားလုံးရဲ့ဆက်စပ်မှုကို ကြည့်ပြီး သို့မဟုတ် နေရာဒေသရဲ့ဆက်စပ်မှုကို ကြည့်ပြီးတော့
စကားလုံးရဲ့ အဓိပ္ပါယ်ကို ကောက်ယူရတာတွေ ရှိတယ်၊ ဒါ ဘယ်ဘာသာစကားပဲ ဖြစ်ဖြစ် word context,
စကားစပ်၊ စကားလုံးရဲ့ ဆက်စပ်မှုကို ကြည့်ပြီးတော့မှ အဓိပ္ပါယ်ကို ဆုံးဖြတ်ချက်ချရမယ်။
“အတ္ထ ပကရဏာ လိင်္ဂါ၊ ဩစိတျာ ကာလဒေသတော”၊ စကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုတဲ့
အခါမှာ ဒါတွေ အရေးကြီးတယ်၊ ပကရဏ ဆိုတာ အရာဌာန၊ ဩစိတျဆိုတာ အသင့်ယုတ္တိ၊
အတ္ထဆိုတာ လိုအပ်တဲ့အနက်၊ လိင်္ဂ ဆိုတာ gender ၊ ဒီနေရာမှာ စကားလုံးတွေမှာ gender ဆိုတာ ရှိတယ်၊
ကာလ ဒေသတော – တစ်ခါတစ်ရံ အရပ်ဒေသကိုကြည့်ပြီး, တစ်ခါတစ်ရံ အချိန်အခါကို ကြည့်ပြီး
ဆုံးဖြတ်ရတာတွေရှိတယ်၊ ဒါက စကားလုံး အဓိပ္ပါယ်ကို ရွေးချယ်တဲ့ နည်းတွေပြောတာ၊ ဝိသေသနပုဒ်တွေကို
ကြည့်ပြီးတော့လည်း စကားလုံးတစ်လုံးရဲ့ အဓိပ္ပါယ်ကို ကန့်သတ်ပေးထားတယ်၊ ဒါက အတော်ထူးခြားတယ်၊
ဘာသာစကားနဲ့ ပတ်သက်ရင် အာရုံစိုက်ပြီးတော့ လေ့လာသင့်တယ်၊ ဘာသာစကားဟာ ဆိုင်ရာဆိုင်ရာ
သတ်မှတ်ချက်လေးတွေနဲ့ အနက်အဓိပ္ပါယ်ကို ထိန်းသွားတယ်။
ဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင် ပါဠိစကားမှာ ရောဟိတ ဆိုတဲ့စကားလုံးရှိတယ်၊ ရောဟိတဆိုတဲ့
စကားလုံးက “စိုင်”ဆိုတဲ့သတ္တဝါကိုလည်း ခေါ်တယ်၊ “ငါးကြင်း”ဆိုတဲ့ ငါးမျိုးကိုလည်းပဲ ခေါ်တယ်၊
ရောဟိတလို့ပြောရင် ဒီစကားလုံးရဲ့ အဓိပ္ပါယ်က ကွဲပြားမှုမရှိဘူး၊ သူပြောနေတဲ့ရောဟိတက “ငါးကြင်း”
ပြောတာလား၊ “စိုင်” ပြောတာလား မရှင်းဘူး၊ word context မပါလို့ရှိရင် မရဘူး၊ သို့မဟုတ် ဒေသ ကာလ
မဆုံးဖြတ်နိုင်လို့ရှိရင်လည်း မရဘူး၊ ဒီတော့ စကားလုံးတစ်လုံးကို ပြည့်ပြည့်စုံစုံ ပြောလိုက်မယ်ဆိုရင်
“ရောဟိတာ ဝနေ ယန္တိ” လို့ ပြည့်ပြည့်စုံစုံ ပြောလိုက်တယ်၊ “ရောဟိတဆိုတာတွေဟာ တောထဲမှာ သွားနေကြတာ”
လို့ ဆိုလို့ရှိရင် တောဆိုတဲ့ ဒေသကိုကြည့်ရင် ဒါ ငါးကြင်း မဖြစ်နိုင်တော့ဘူး၊ စိုင်ပဲ ဆိုတာကို ဆုံးဖြတ်လို့ ရတယ်၊
ဒါ ဘယ်သူက ဆုံးဖြတ်ပေးလိုက်တာလဲ၊ ဝနေဆိုတဲ့ စကားလုံးနဲ့ ဆုံးဖြတ်ပေးလိုက်တာ၊ ရောဟိတက
ဒီနေရာမှာ ငါးကြင်းမဟုတ်ဘူး စိုင်။
တစ်ခါ “ဥဒကေ ယန္တိ ရောဟိတာ” လို့ သုံးလိုက်ပြန်ရင် ဥဒကေ ဆိုတဲ့ စကားလုံးကိုကြည့်ပြီး
ရောဟိတဟာ စိုင်တော့ မဟုတ်တော့ဘူး, ငါးကြင်းပဲ ဖြစ်ရမယ်လို့ ဒီလိုအဓိပ္ပါယ်ရပြန်တယ်၊ ဒါ ဒေသနဲ့
ထိန်းလိုက်တယ်လို့ ပြောတာ၊ အေး မှတ်သားစရာတွေ မြောက်မြားစွာရှိတယ်၊ ပါဠိစကားလုံးမှ ဒီလိုပြောတာ
မဟုတ်ဘူး၊ မြန်မာစကားလုံးတွေမှာလည်း တချို့စကားလုံးတွေဟာ တစ်ခုနဲ့တစ်ခု ထိန်းသွားတာ၊
ဒါကြောင့်မို့လို့ တွဲတွဲပြီးတော့ သုံးလေ့ရှိတယ်၊ တွဲဖက်လာတဲ့ စကားလုံးတစ်ခုက အနက်အဓိပ္ပါယ်ကို
ထိန်းပေးသွားတာ။
အခု ဒီနေရာမှာလည်း “မဂ္ဂ” လို့ သာမညပြောရင် လမ်းကြောင်းလို့ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ ဘယ်လမ်းပဲဖြစ်ဖြစ်
အရပ်ဒေသတစ်ခုကို ဦးတည်ထားတဲ့ လမ်းကြောင်း မှန်သမျှ မဂ္ဂ၊ သို့သော် ရှေ့က ဝိသေသနပုဒ်နဲ့ ထိန်းလိုက်တယ်၊
အရိယော မဂ္ဂေါ မြင့်မြတ်တဲ့လမ်း လို့ဆိုတော့ သာမန်လမ်းကြောင်းနဲ့မဆိုင်တော့ဘူး၊ အရိယောဆိုတဲ့
စကားလုံး သုံးလိုက်တာနဲ့ ကန့်သတ်ပြီးသား ဖြစ်သွားတယ်၊ ဒါကြောင့်မို့ အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့
Noble path ဒီလိုပြန်တယ်၊ Noble path မြင့်မြတ်တဲ့လမ်းလို့ ဒီလိုအဓိပ္ပါယ်ရတယ်။
ဒီမဂ္ဂပစ္စယောကျတော့ Noble path တစ်ခုတည်းလို့ ရည်ညွှန်းတာ မဟုတ်ဘူးတဲ့၊ အားလုံးကို ရည်ညွှန်းတယ်၊
လမ်းကြောင်းနှစ်ခု - ကောင်းတဲ့လမ်းကြောင်း ဖြစ်ဖြစ်၊ မကောင်းတဲ့လမ်းကြောင်းပဲဖြစ်ဖြစ် လမ်းဟာလမ်းပဲ၊ မဂ္ဂပဲ၊
Noble path ကို ရည်ညွှန်းတဲ့ လမ်းကြောင်းကျတော့ မဂ္ဂဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ် အလွန် လေးနက်တယ်၊
မဂ်ဖိုလ်နိဗ္ဗာန်မှာပါတဲ့ မဂ္ဂ၊ အင်္ဂလိပ်လိုဘာသာပြန်တော့ မဂ္ဂကို path လို့ပဲ ပြန်ကြတယ်၊ သို့သော်လည်း
ဒီ့ထက်လေးနက်တယ်။
တရားဓမ္မကို နားလည်ဖို့ရာအတွက် စကားလုံးနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်တစ်ခု ပြောရမယ်ဆိုရင်
မဂ္ဂဆိုတဲ့ စကားလုံးမှာ အခြေခံစကားလုံး နှစ်ခုရှိတယ်။ နှစ်ခုကို ပေါင်းစပ်ပြောင်းလဲထားတာ၊ နှစ်ခုက
ဘာတုန်းဆိုရင် “မရ” နဲ့ “ဂမု”၊ ဒီစကားလုံး နှစ်ခုကနေ မရ က ရ ကို ဂ အဖြစ် ပြောင်းလိုက်တယ်၊
ဂမု က မ ကို ဖြုတ်ထားလိုက်တယ်၊ ဖယ်ထားလိုက်တယ်၊ မရ ဆိုတာ ဖျက်ဆီးတယ် သတ်ဖြတ်တယ်
ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ ဂမု ဆိုတာ သွားတာ၊ ဒီတော့ မဂ္ဂ ကို နှစ်ပုဒ်ခွဲလိုက်တဲ့အခါ “မ” က ဖျက်ဆီးခြင်း
ဖယ်ရှားခြင်း၊ “ဂ”က သွားရောက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ပြကြတယ်၊ ဒီစကားလုံးနှစ်ရပ်ကို ပေါင်းစပ်
လိုက်တဲ့အခါမှာ မဂ္ဂ လို့ ဖြစ်လာတယ်။
ဒါဖြင့် ဘာကိုဖျက်ဆီးပြီး ဘယ်ကို သွားတာတုန်းလို့ မေးစရာရှိတယ်၊
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ
လို့ဆိုတဲ့ ဒီရှစ်ခုကို ပေါင်းထားတဲ့ အရိယမဂ္ဂသည် ကိလေသာတွေကို ဖျက်ဆီးပြီး နိဗ္ဗာန်ကိုသွားတယ်၊
တစ်ဖက်က ကိလေသာတွေကို ဖယ်ရှားပစ်ပြီး တစ်ဖက်က နိဗ္ဗာန်ကို ရောက်စေတယ်၊ အဲဒီ အဓိပ္ပာယ်နှစ်ရပ်
ပေါင်းစပ်ပြီး မဂ္ဂ ဆိုတဲ့စကားလုံးကို တီထွင်ထားတာပါတဲ့။
နောက်တခြားအဓိပ္ပါယ်တွေလည်း ရှိသေးတယ်ပေါ့၊ မဂ္ဂဆိုတာ ရှာဖွေခြင်းဆိုတဲ့အဓိပ္ပါယ်၊ နိဗ္ဗာန်ကို
ရှာပေးတဲ့တရားလို့ ဒီလိုလည်း အဓိပ္ပါယ်ယူလို့ ရတယ်၊ နိဗ္ဗာန်က ဒီအတိုင်းရှာလို့တော့ တွေ့မှာမဟုတ်ဘူး၊
ဝိပဿနာကျင့်စဉ်တွေကျင့်လို့ ဒီမဂ္ဂဆိုတဲ့ သဘာဝတရားတွေ စွမ်းအားပြည့်လာပြီဆိုရင် နိဗ္ဗာန်ကို
တွေ့သွားမှာပဲ၊ ဒါကြောင့်မို့ မဂ္ဂဆိုတဲ့ တရားရှစ်ပါးဟာ နိဗ္ဗာန်ကို ရှာပေးတဲ့တရားလို့ ပြောတာ၊
ဒီမဂ္ဂနဲ့မှ နိဗ္ဗာန်ကို တွေ့နိုင်တာ၊ ပကတိမျက်လုံးနဲ့ မတွေ့နိုင်ဘူး၊ ပကတိခြေထောက်နဲ့ သွားလို့လည်း
မရဘူး၊ လောကမှာရှိတဲ့ယာဉ်တွေနဲ့ သွားလို့လည်း မရောက်ဘူး၊ ဟောဒီမဂ္ဂင်ရှစ်ပါးနဲ့သွားမှ ရောက်တယ်လို့
ဒီလိုပြောတာ။
ဓမ္မပဒဂါထာမှာ “န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ”၊ လောကမှာရှိတဲ့ယာဉ်တွေနဲ့သွားရင်
မရောက်ဖူးတဲ့အရပ်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူးတဲ့၊ ဘယ်တော့မှ မရောက်ဖူးတဲ့အရပ်ဆိုတာ
နိဗ္ဗာန်ပဲ၊ ကျန်တဲ့အရပ်တွေက မရောက်ဖူးဘူးလို့ ပြောလို့မရဘူးနော်၊ အဝီစိငရဲ ကြည့်မလား၊ ရောက်ဖူးတယ်
လူတိုင်းပဲ၊ မြတ်စွာဘုရားက အပါယ်လေးဘုံဆိုတာ လူတွေအဖို့ လမ်းကို ဖုံနေတာပဲ၊ ခဏခဏရောက်နေတာ၊
ရောက်ဖူးရုံတင်မကဘူး “ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟ သဒိသာ”၊
“ကုသိုလ်ကိစ္စမှာ မေ့နေတဲ့ပုဂ္ဂိုလ်အဖို့ အပါယ်လေးဘုံဟာ သူ့ရဲ့အိမ်ဂေဟာနဲ့တူတယ်” တဲ့၊ ကိုယ့်အိမ်ဆိုတာ
ကိုယ်အမြဲနေတဲ့ နေရာပဲ၊ ဟိုဟိုဒီဒီသွားရင် ခဏပဲ၊ ပြီးရင် အိမ်ပြန်ကြတာပဲနော်၊ တရားပွဲပြီးရင် ဘယ်ပြန်တုန်း၊
အိမ်ပြန်ကြတယ်၊ ဘဝသံသရာမှာ ခရီးတွေ ထွက်ချင်တိုင်းထွက်၊ နောက်ဆုံးအိမ်ပြန်ကြတယ်။ မေ့နေတဲ့
ပုဂ္ဂိုလ်တွေအတွက် အပါယ်လေးဘုံမှာ အဖြစ်များတာကို ပြောတာနော်၊ မမေ့လို့ တရားဓမ္မနဲ့ ကြိုးစားတဲ့
ပုဂ္ဂိုလ်တွေအဖို့ မဆိုပါဘူး။
မရောက်ဖူးတဲ့နေရာဆိုတာ နိဗ္ဗာန်ပဲရှိတယ်၊ ကျန်တဲ့နေရာတွေကတော့ သံသရာမှာ ရောက်ဖူးတဲ့နေရာတွေပဲ၊
အတိအကျပြောရင် ၃၁-ဘုံမှာ သုဒ္ဓါဝါသ ၅-ဘုံကလွဲရင် ကျန်တဲ့ဘုံတွေဟာ ရောက်ဖူးကြတယ်လို့
သေချာမှတ်ပါ၊ သုဒ္ဓါဝါသ ၅-ဘုံရောက်ရင် ဒီဘုံပြန်လာမှာ မဟုတ်တော့ဘူး၊ သူက အနာဂါမ်မှ ရောက်တဲ့ဘုံ၊
အနာဂါမ်ဆိုတဲ့အဓိပ္ပါယ်က န + အာဂါမိ ပြန်မလာဘူး၊ Non returner ဘယ်တော့မှ ပြန်မလာဘူးလို့ ပြောတာ၊
ဒီတော့ အနာဂါမ်တွေသာဖြစ်တဲ့ သုဒ္ဓါဝါသ ၅-ဘုံ၊ ဒါက ဗြဟ္မာဘုံတွေ၊ အဲဒီ ၅-ဘုံကလွဲရင် ၃၁-ဘုံမှာ
မရောက်ဘူးတဲ့ ဘုံဟာ မရှိဘူးတဲ့ ဒီလိုဆိုတယ်၊ အဲဒီဘုံတွေကတော့ သာမန်နဲ့ ရောက်နိုင်ကြသော်လည်း
နိဗ္ဗာန်ဆိုတာကတော့ ဘယ်တော့မှ မရောက်ဖူးတဲ့နေရာမျိုးလို့ ပြောတာ။
ဟောဒီ မဂ္ဂပစ္စယောကျတော့ အခုပြောတဲ့ မဂ္ဂင်ရှစ်ပါးလည်း အကျုံးဝင်တယ်၊ အကုသိုလ်နဲ့ ယှဉ်တွဲလာတဲ့
မဂ္ဂတွေလည်း ပါတယ်လို့ ဒီလိုမှတ်ရမယ်၊ ဘာဖြစ်လို့တုန်းဆိုရင် အကုသိုလ်နဲ့ယှဉ်တွဲလာတဲ့ မဂ္ဂက
ဒုဂ္ဂတိဘုံကို သယ်ဆောင်တဲ့ လမ်းကြောင်း ဖြစ်နေလို့ပဲ၊ ဒုဂ္ဂတိဘုံသွားသွား သုဂတိဘုံသွားသွား
ဘယ်နေရာပဲသွားသွား လမ်းကြောင်းဟူသမျှသည် မဂ္ဂပစ္စယောထဲမှာ ပါတယ်လို့ ဒီလို မှတ်ထားပါ။
မဂ္ဂင် ၁၂-ပါး 🔢
သာမန် မဂ္ဂင်္ဂလို့ ပြောမယ်ဆိုရင် သာမန်အင်္ဂါရပ်က ၁၂-မျိုး ရှိတယ်၊ အရိယာတွေရဲ့မဂ္ဂင် (သို့မဟုတ်)
အရိယာမဂ္ဂင်ကတော့ ၈-မျိုးပဲ ရှိတယ်၊ ဒါကြောင့်မို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်း သမုစ္စည်းပိုင်းမှာ
ဒွါဒသ မဂ္ဂင်္ဂါနိ လို့ ဆိုတဲ့ စကားလုံးက စပြီး ပြောတာနော်၊ ဒွါဒသဆိုတာ ၁၂၊ ဒွါဒသ မဂ္ဂင်္ဂါနိ
၁၂-မျိုးသော မဂ္ဂအင်္ဂါ၊ အဲဒါတွေက ဘာတွေတုန်းဆိုရင် အားလုံးသိကြတဲ့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ
သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ ဒီ ၈-မျိုးအပြင်
မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါယာမ မိစ္ဆာသမာဓိလို့ အဲဒီ ၄-မျိုး ထည့်ထားတာ။
မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းတဲ့ အတွေးအခေါ် အမြင် ဒိဋ္ဌိစေတသိက်ကို ရည်ညွှန်းတယ်၊ အကုသိုလ်မှာရှိတဲ့
ဒိဋ္ဌိစေတသိက်ကို မိစ္ဆာဒိဋ္ဌိတဲ့၊ မိစ္ဆာသင်္ကပ္ပဆိုတာ အကုသိုလ်မှာ ယှဉ်တွဲလာပြီး လောဘနဲ့တွဲနေတဲ့ အတွေး၊
ဒေါသနဲ့တွဲနေတဲ့ အတွေး၊ မောဟနဲ့ တွဲနေတဲ့ အတွေး၊ အဲဒါတွေကို မိစ္ဆာသင်္ကပ္ပလို့ ခေါ်တယ်။
မိစ္ဆာဝါယာမဆိုတာ မှားယွင်းတဲ့ ကြိုးပမ်းအားထုတ်မှု၊ အကုသိုလ်စိတ်မှာ ယှဉ်တဲ့ ကြိုးပမ်းအားထုတ်မှု
ဝီရိယ၊ လောဘနဲ့ ယှဉ်တယ်၊ ဒေါသနဲ့ ယှဉ်တယ်၊ မောဟနဲ့ ယှဉ်တွဲပြီး ဖြစ်တယ်၊ အဲဒီ လောဘ ဒေါသ
မောဟတွေနဲ့ ယှဉ်တွဲတဲ့ ကြိုးပမ်းအားထုတ်မှုမှန်သမျှသည် မိစ္ဆာဝါယာမလို့ ဒီလိုပြောတယ်။
မိစ္ဆာသမာဓိဆိုတာ အကုသိုလ်စိတ်တွေနဲ့, လောဘနဲ့တွဲလာတဲ့ ဧကဂ္ဂတာ၊ ဒေါသနဲ့တွဲလာတဲ့
ဧကဂ္ဂတာ၊ မောဟနဲ့တွဲလာတဲ့ ဧကဂ္ဂတာ၊ အကုသိုလ်စိတ် ၁၂- ခု နဲ့တွဲတဲ့ ဧကဂ္ဂတာ၊ ဧကဂ္ဂတာဆိုတာ
ဒီနေရာမှာ အကုသိုလ်မှာယှဉ်တဲ့ ဧကဂ္ဂတာဆိုတဲ့ စေတသိက်၊ ဧက ဆိုတာ တစ်, အဂ္ဂ ဆိုတာ point၊
တစ်ခုတည်းသော ဦးတည်ချက်အာရုံ၊ အာရုံတစ်ခုတည်းရှိတယ်ဆိုတာ သမာဓိကိုပြောတာ၊ အကုသိုလ်မှာလည်း
အကုသိုလ်သမာဓိရှိတာပေါ့၊ အကုသိုလ်လုပ်ငန်းလုပ်နေတဲ့လူကလည်း သမာဓိနဲ့ လုပ်နေတာ၊
အာရုံစူးစိုက်မှုတွေ ရှိတာပေါ့၊ ဒါ မိစ္ဆာသမာဓိ။
ဒီနေရာမှာ သုတ္တန်ပါဠိတော်တွေကျတော့ သမ္မာမဂ္ဂင် မိစ္ဆာမဂ္ဂင်လို့ နှစ်မျိုးခွဲကြတယ်၊ သမ္မာမဂ္ဂင်က
မဂ္ဂင် ၈-ပါး အားလုံးသိနေကြတယ်၊ မိစ္ဆာမဂ္ဂင်ကျတော့ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊
မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ ဆိုပြီးတော့ ဒီလိုဟောတာ၊ အဲဒီထဲမှာ အခု
အဘိဓမ္မာကျတော့ မိစ္ဆာနဲ့ ပတ်သက်တာ ၄-ခုတည်းပဲ ပြောမယ်၊ ကျန်တဲ့ ၄-ခုကို မပြောဘူး၊ ဘာဖြစ်လို့
မပြောလဲ၊ အကြောင်းရှိတယ်၊ မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိစေတသိက်ကို ရည်ညွှန်းတာ၊ ဒိဋ္ဌိစေတသိက်ဆိုပြီး
သီးသန့်ရှိတယ်၊ မိစ္ဆာသင်္ကပ္ပဆိုတာလည်း အကုသိုလ်စိတ်နဲ့ ယှဉ်တဲ့အတွေး ဝိတက်၊ ဒါလည်း ရှိနိုင်တယ်၊
မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ ဆိုတာတွေကျတော့ ဒုစရိုက်နဲ့ ပတ်သက်တဲ့ စေတနာတွေကို
ပြောတာ၊ သီးသန့် မဟုတ်ဘူး၊ စေတနာဆိုတာ သီးသန့်မဟုတ်တော့ဘူး၊ မိစ္ဆာဝါစာဆိုတာ လိမ်ပြောတယ်၊
ရန်တိုက်တယ်၊ ကြမ်းကြမ်းတမ်းတမ်းပြောတယ်၊ ဆဲရေးတိုင်းထွာတယ်၊ အကျိုးမရှိတာတွေ ပြောတယ်ဆိုတဲ့
ပြောဆိုကြောင်း စေတနာကိုပဲ မိစ္ဆာဝါစာလို့ ကောက်တယ်၊ သီးသန့်စေတသိက်တစ်ခု မဟုတ်ဘူး။
မိစ္ဆာကမ္မန္တဆိုရင် ဒုစရိုက်တွေ၊ သူများအသက်သတ်တယ်၊ သူများဥစ္စာ ခိုးတယ်၊ သူတစ်ပါးသားမယား
ပြစ်မှားတယ်ဆိုတဲ့လုပ်ရပ်ရဲ့စေတနာ၊ တွန်းအားပေးတာကို ခေါ်တာ၊ မိစ္ဆာအာဇီဝဆိုတာ အဲဒီဒုစရိုက် ၇-မျိုးနဲ့
အသက်ဝမ်းကျောင်းမှု ပြုတဲ့ စေတနာဆိုတော့ သီးသန့်သဘာဝတရား မဟုတ်သည့်အတွက်ကြောင့်
အဘိဓမ္မာမှာ ၁၂-ပါးလို့ ရေတွက်တဲ့ထဲမှာ မိစ္ဆာဝါစာလည်း မထည့်ဘူး၊ မိစ္ဆာကမ္မန္တလည်း မထည့်ဘူး၊
မိစ္ဆာအာဇီဝလည်း မထည့်ဘူး။
နောက်တစ်ခု မထည့်တာဘာလဲဆိုရင် မိစ္ဆာသတိ၊ မိစ္ဆာသတိဆိုတာ သတိစေတသိက်ကို ပြောတာ
မဟုတ်ဘူး၊ ဗုဒ္ဓတရားတော်မှာ သတိဆိုတာ အကောင်းပဲရှိတယ်၊ ကောင်းတဲ့နေရာတစ်မျိုးတည်းပဲ သုံးတယ်၊
မကောင်းတဲ့အကုသိုလ်တွေနဲ့ ပတ်သက်လာလို့ရှိရင် သတိစကားလုံးက မိစ္ဆာသတိလို့ သုံးပေမယ်လို့
မိစ္ဆာသတိဆိုတာ သတိစေတသိက်နဲ့ မဆိုင်ဘူးတဲ့၊ နာမည်တော့ တူနေတယ်၊ သမ္မာသတိက
သတိစေတသိက်ကို ကောက်တယ်၊ မိစ္ဆာသတိကျတော့ အမှတ်ရနေတဲ့ အကုသိုလ်စိတ်တွေရဲ့ ဖြစ်ပေါ်မှုကို
အကုသိုလ်စိတ်တွေကိုပဲ သာမန်ကောက်တယ်၊ သတိစေတသိက် မဟုတ်ဘူး။
ဒါကြောင့်မို့ သီးခြားမရနိုင်တာတွေ ဖြစ်သောကြောင့် အဲဒီ ၄-မျိုးကို ဖော်မပြဘူး၊ ဖော်မပြတော့
မဂ္ဂပစ္စယောနဲ့ ပတ်သက်ပြီး မဂ္ဂင်တွေအကြောင်းကို ပြောမယ်ဆိုရင် ၁၂-မျိုးပဲ ပြောတယ်၊ ဒါလေးက
မှတ်သားထားဖို့ ကြိုတင်ပြီးနော်၊ ၁၂-မျိုးပဲ ပြောတယ်။
၁၂-မျိုးက ပြန်မှတ်မယ်ဆိုရင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ တရားကိုယ်အနေနဲ့ ပြောမယ်ဆိုရင် -
၁။ သမ္မာဒိဋ္ဌိက ပညာ၊
၂။ သမ္မာသင်္ကပ္ပက ဝိတက်၊
၃။ သမ္မာဝါစာက သမ္မာဝါစာ ဝိရတီစေတသိက်၊
၄။ သမ္မာကမ္မန္တက သမ္မာကမ္မန္တ ဝိရတီစေတသိက်၊
၅။ သမ္မာအာဇီဝက သမ္မာအာဇီဝ ဝိရတီစေတသိက်၊
၆။ သမ္မာဝါယာမက ဝီရိယ၊
၇။ သမ္မာသတိက သတိ၊
၈။ သမ္မာသမာဓိဆိုတာ ဧကဂ္ဂတာတဲ့၊
ဟော မဂ္ဂင် ၈-ပါး ဒီလို လာတာ။
အဲဒီထဲမှာ မိစ္ဆာမဂ္ဂင် ၄-ခု ထပ်ထည့်လိုက်။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိ။
မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိစေတသိက်၊ မိစ္ဆာသင်္ကပ္ပဆိုတာ အကုသိုလ်စိတ်နဲ့ယှဉ်တဲ့ ဝိတက်စေတသိက်၊
ဒီတော့ ကုသိုလ် အကုသိုလ် နှစ်မျိုး ဖြစ်တာတွေ သတိထားပါ၊ မိစ္ဆာဝါယာမဆိုတာ အကုသိုလ်မှာ
ယှဉ်တဲ့ ဝီရိယစေတသိက်၊ မိစ္ဆာသမာဓိဆိုတာ အကုသိုလ်မှာယှဉ်တဲ့ ဧကဂ္ဂတာစေတသိက်တဲ့။
ဒီတော့ အခုပြောတဲ့ သင်္ကပ္ပဆိုတာ ကောင်း မကောင်း နှစ်ခုရှိတယ်၊ ဝိတက်က ကုသိုလ်ဝိတက်
အကုသိုလ်ဝိတက်၊ ဝါယာမလို့ခေါ်တဲ့ ဝီရိယကလည်းပဲ ကုသိုလ်ဝီရိယ အကုသိုလ်ဝီရိယ နှစ်ခုရှိတယ်၊
သမာဓိကလည်းပဲ ထို့အတူပဲ၊ ကုသိုလ်သမာဓိနဲ့ အကုသိုလ်သမာဓိလို့ ဒီလိုခွဲလိုက်တယ်၊
အားလုံးပေါင်းလိုက်တဲ့အခါကျတော့ သင်္ကပ္ပလို့ဆိုတဲ့ ဝိတက်စေတသိက်က နှစ်ခုပါနေတယ်၊
ကုသိုလ်ဘက်ကနေ တစ်ခု, အကုသိုလ်ဘက်က တစ်ခု၊ ထပ်နေတယ်ပေါ့။
နောက်တစ်ခုက ဝါယာမလို့ပြောတဲ့ ဝီရိယကလည်း ကုသိုလ်ဘက်က တစ်ခု, အကုသိုလ်ဘက်က တစ်ခု၊
ဒါလည်း ထပ်နေတယ်၊ ဝီရိယလို့ ပြောလိုက်ရင် ပြီးတယ်၊ နောက် ဧကဂ္ဂတာကလည်း ထပ်နေတယ်၊
မိစ္ဆာဒိဋ္ဌိနဲ့ သမ္မာဒိဋ္ဌိကျတော့ မထပ်ဘူးတဲ့၊ အသံချင်းတော့ တူတယ်၊ တူပေမယ့်လို့ မိစ္ဆာဒိဋ္ဌိဆိုတာ
ဒိဋ္ဌိစေတသိက်ကို ပြောတာ၊ သမ္မာဒိဋ္ဌိကျတော့ ဉာဏ်ကိုပြောတာ၊ ပညိန္ဒြေစေတသိက်ကို ကောက်တာ။
မဂ္ဂင်တရားကိုယ် ၉-ပါး
ဒီတော့ ပေါင်းလိုက်တဲ့အခါ အနှစ်ချုပ်ပြီးတော့ သဘာဝတရား ပရမတ္ထ ဆိုက်ထိ
ပရမတ္ထ
နာမည်နဲ့ တိတိကျကျပြောပြီဆိုရင် တရားကိုယ်ခွဲလိုက်မယ်ဆိုရင် မဂ္ဂင်ဟာ ၉-ခု ရှိတယ်လို့ ဆိုတာနော်၊ တရားကိုယ်တူတာကို ချိုးလိုက်လို့ရှိရင် ၉-ခု ရှိတယ်၊ စေတသိက်အနေနဲ့ ပြောရင် ၉-ခု ရှိတယ်။ဘာတွေတုန်းဆိုရင် သမ္မာဒိဋ္ဌိကို ကြည့်ပြီးတော့
ပညာ
၊ သမ္မာသင်္ကပ္ပ, မိစ္ဆာသင်္ကပ္ပ နှစ်ခုကို တွဲပြီးတော့ဝိတက်
၊ သမ္မာဝါစာကဝိရတီ
, သမ္မာကမ္မန္တကဝိရတီ
, သမ္မာအာဇီဝကဝိရတီ
, သုံးခု၊ သမ္မာဝါယာမနဲ့ မိစ္ဆာဝါယာမ နှစ်ခုပေါင်းပြီးတော့ဝီရိယ
၊ သမ္မာသတိကသတိ
၊ သမ္မာသမာဓိ မိစ္ဆာသမာဓိ ဆိုတဲ့ နှစ်ခုကို ပေါင်းလိုက်ပြီးတော့ဧကဂ္ဂတာ
၊ နောက်တစ်ခု မိစ္ဆာဒိဋ္ဌိကျတော့ဒိဋ္ဌိ
လို့ဆိုတော့ ပေါင်းလိုက်တော့ ၉-ခု ဖြစ်သွားတယ်။ ဒီတော့ တရားကိုယ်ကောက်တဲ့အခါ ကျတော့ ပညာ၊ ဝိတက်၊ ဝိရတီက သုံးခု၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ဒိဋ္ဌိတဲ့၊ ၉-ခု ဖြစ်သွားတယ်၊ အဲဒါကိုမဂ္ဂင်တရားကိုယ် ၉-ပါး
လို့ ပဋ္ဌာန်းအရကောက်ကျမ်းမှာ သုံးပါတယ်။မဂ္ဂင်က ၁၂-ပါး ဖြစ်လျက်သားနဲ့ တရားကိုယ်ကျတော့ ၉-ပါးလို့ ဘာ့ကြောင့် ဖြစ်ရတာတုန်းဆိုရင် သမ္မာသင်္ကပ္ပနဲ့ မိစ္ဆာသင်္ကပ္ပက
ဝိတက်
ချည်းပဲ ပြောတာ၊ တူတယ်၊ သမ္မာဝါယာမနဲ့ မိစ္ဆာဝါယာမကလည်းဝီရိယ
ကို ပြောတာ တူနေတယ်၊ သမ္မာသမာဓိနဲ့ မိစ္ဆာသမာဓိကလည်းပဲဧကဂ္ဂတာ
တစ်ခုတည်းကိုပဲ ပြောတာ၊ ကုသိုလ် အကုသိုလ်ပဲ ခွဲလိုက်လို့သာ ၂-ခု ဖြစ်နေတာ၊ ဒါလည်း တူနေတယ်၊ တူတာတွေကို ပေါင်းလိုက်တာ၊ တူတာသုံးခုကို ချုံးလိုက်တဲ့အခါကျတော့ တရားကိုယ်ဖြစ်တာ ၉-မျိုးပဲရတယ်၊ ထူးတာက မိစ္ဆာဒိဋ္ဌိတစ်ခုပဲ ထူးခြားတဲ့ တရားအနေနဲ့ ရတယ်ပေါ့၊ ဒါကို ဒီလိုပဲမှတ်လိုက်လို့ရှိရင် ရှင်းသွားတာပေါ့၊ ရှင်းသွားအောင် မှတ်တဲ့နည်းကိုပြောတာ။ အဲဒီ ၉-မျိုးကိုပဲ ဒီနေရာမှာမဂ္ဂပစ္စယော
လို့ ဟောတယ်လို့ ဒီလိုမှတ်ထားပါ။မဂ္ဂပစ္စယော (လမ်းကြောင်းသဖွယ် ကျေးဇူးပြုခြင်း)
အဲဒါကြောင့်မို့
မဂ္ဂပစ္စယော
လို့ ဆိုလိုက်တာနဲ့ မဂ် ဖိုလ်ထဲက မဂ္ဂလို့ပဲ ဒီလို သွားမထင်ရအောင် ပြောတာနော်၊ အဲဒီထက်ပိုပြီးတော့ ကျယ်ပြန့်တယ်တဲ့၊ ဟို မဂ္ဂက နိဗ္ဗာန်ကို သွားတဲ့လမ်းကြောင်းမျှသာ ဖြစ်တယ်၊ ဒီမဂ္ဂကျတော့ အကုန်လုံး သုဂတိဘုံသွားတာပဲဖြစ်ဖြစ်၊ ဒုဂ္ဂတိဘုံသွားတာပဲဖြစ်ဖြစ်၊ ကုသိုလ်ဘက်ကိုသွားတာပဲဖြစ်ဖြစ်၊ အကုသိုလ်ဘက်ကို သွားတာပဲဖြစ်ဖြစ် ဒါတွေကိုမဂ္ဂ
လို့ခေါ်တယ်။ဒါကြောင့်မို့
မဂ္ဂပစ္စယော
ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ပြန်တဲ့အခါမှာ “မဂ္ဂပစ္စယော ကောင်းဆိုးတရား မဂ္ဂင်များက”၊ ကောင်းဆိုးတရား မဂ္ဂင်များ ဆိုတာ ဒီ ၁၂-ခုကို ပြောတာ၊ တရားကိုယ်အားဖြင့် ၉-ခု၊ အရေအတွက်အားဖြင့် ၁၂-ခု၊ ကောင်းတာပါတယ်၊ ဆိုးတာပါတယ်၊“ကောင်းဆိုးတရား၊ မဂ္ဂင်များက၊
ဖြစ်ပွား တူပြန်၊ ရုပ်နဲ့နာမ်ကို၊
ဧကန်မျှော်ရှု၊ လမ်းကြောင်းမှုဖြင့်၊
ကျေးဇူးပြုငြား၊
မဂ္ဂပစ္စည်း
တရားလည်းကောင်း”ဒီလိုဆိုထားတယ်။
ကောင်းဆိုးတရား မဂ္ဂင်များက -
မဂ္ဂ
လို့ အမည်ရတဲ့ မဂ္ဂရဲ့ အင်္ဂါဖြစ်တဲ့ ဒီတရား ၉-ခုဟာ သူတို့နဲ့ ယှဉ်တွဲလာတဲ့ တရားကိုလည်းပဲ သူတို့သဘောကို ဆောင်စေတယ်လို့ ဒါပြောတာ၊ အဓိကလမ်းကြောင်း ဖြစ်စေတာက ဘယ်သူတွေတုန်းဆိုရင် ဟောဒီ ၉-ခုကလမ်းကြောင်း
ပဲ၊ ဘယ်သွားတဲ့လမ်းကြောင်းလဲဆိုတော့ တချို့က နိဗ္ဗာန်သွားတဲ့လမ်းကြောင်း၊ တချို့က သုဂတိဘုံသွားတဲ့ လမ်းကြောင်း၊ တချို့က ဒုဂ္ဂတိဘုံ သွားတဲ့လမ်းကြောင်း၊ တချို့က အကုသိုလ်ဘက်ကို ဦးတည်ပေး တဲ့လမ်းကြောင်း၊ တချို့က ကုသိုလ်ဘက်ကို ဦးတည်ပေးတဲ့လမ်းကြောင်း၊ ဟော လမ်းကြောင်းတွေလို့ ဆိုလိုတယ်၊ ကောင်းတဲ့ဘက် ဦးတည်တာပဲ ဖြစ်စေ၊ ဆိုးတဲ့ ဘက် ဦးတည်တာပဲဖြစ်စေ လမ်းကြောင်းဟာ လမ်းကြောင်းပဲပေါ့၊ အဲဒီသဘာဝတရားတွေက လမ်းကြောင်းအနေနဲ့ဖြစ်ပြီး သူတို့နဲ့ ယှဉ်တွဲလာတဲ့တရားတွေကိုလည်း သူတို့နည်းတူ လမ်းကြောင်းသဖွယ် ဖြစ်ဖို့ရာအတွက်ကျေးဇူးပြုတယ်
လို့ ဒီလိုပြောတာ။ဆိုပါစို့ - လမ်းဖြတ်ကူးနေတဲ့ အဖိုးကြီး အမယ်ကြီးတွေကို သန်သန်မာမာ ရှိတဲ့ လူငယ်လူရွယ်တွေက တွဲပြီးတော့ ဟိုဘက်ပို့တယ်၊ ဟိုဘက်ပို့တော့ ရောက်မသွားဘူးလား၊ သူနဲ့တူတူ ရောက်သွားတာပဲ၊ ဟိုဘက်ပို့တဲ့လူငယ်နဲ့တူတူ ရောက်သွားသလို
မဂ္ဂင် ၁၂-ပါး
ဆိုတဲ့ သဘာဝတရားတွေဟာလည်း သူတို့နဲ့ယှဉ်တွဲလာတဲ့ တရားတွေကို အဲဒီလို တွဲခေါ်သွားတယ်လို့ ပြောတာနော်၊ လမ်းကြောင်းဖြစ်အောင် တွဲခေါ်သွားတယ်တဲ့၊ အားလုံးဟာ ဖြတ်ကူးတာပဲ၊ နို့မို့ဆိုရင် သူတို့က ဦးတည်တာက တစ်ခု, သူတို့နဲ့တွဲနေတဲ့ တရားတွေက ဦးတည်တာက တစ်ခုဆိုရင် လွဲလွဲချော်ချော်တွေ မဖြစ်ပေဘူးလား၊ ဖြစ်တယ်နော်။Association ဆိုတာ ခေါင်းဆောင်သွားတဲ့နောက် လိုက်တာပဲ၊ တစ်ခုတည်း ဖြစ်ရမယ်၊ ဦးတည်ချက်က အတူတူဖြစ်သွားတယ်လို့ဆိုတယ်၊ ပင်ကိုယ်အားဖြင့်တော့ တူတာမဟုတ်ဘူး၊ ဥပမာအားဖြင့်ပြောမယ်၊
မိစ္ဆာဒိဋ္ဌိ
ဆိုတဲ့ဒိဋ္ဌိ
က မှားယွင်းတဲ့ လမ်းကြောင်းပေါ်ကို ဘယ်အရာတွေကိုခေါ်သွားတုန်းဆိုရင် သူနဲ့ယှဉ်တွဲပြီးဖြစ်တဲ့ စိတ်အားလုံးကို ဒီလမ်းကြောင်းပေါ် တင်ပေးသွားတာပဲ၊ အဲဒီလမ်းကြောင်းက အဓိကကတော့ဘယ်သူတုန်းဆိုမိစ္ဆာဒိဋ္ဌိ
ပဲ၊ မှားယွင်းတဲ့လမ်းကြောင်းပေါ် တင်သွားသည့်အတွက်ကြောင့် မှားယွင်းတဲ့အမြင်တွေနဲ့ မြင်နေတာ၊ ဘာတွေးတွေး ဒါတွေပဲ မြင်တယ်၊ မှားယွင်းတဲ့အမြင်၊ စိတ်အားလုံးက ဒီဘက်ကိုရောက်သွားတယ်၊ စိတ်တင်မကဘူး အပြောအဆိုကိုရော ဆွဲမသွားဘူးလား၊ ဆွဲသွားတယ်၊ သူက ခေါ်သွားတာပဲလေ၊ ကူညီသွားတာ၊ ကူညီသွားသည့်အတွက်ကြောင့် ပြောတာတွေလည်း သူ့လမ်းကြောင်းပေါ်မှာပဲ၊ ဒီလမ်းကြောင်းပေါ် ရောက်သွားတယ်။ဒါကြောင့်မို့ မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ် ပြောတဲ့စကားကလည်း မှားတဲ့ စကားပဲ၊ သူ့အမြင်တွေကို အမှန်လုပ်ပြီး မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်ရဲ့ လက်သုံးစကား တစ်ခုရှိတယ်၊ သတိထားဖို့ပေါ့၊
“ဣဒ မေဝ သစ္စံ မောဃမညံ”
၊ သူ့ရဲ့လက်သုံးစကားပဲ၊ “ဒါသာ အမှန်၊ ကျန်တာတွေ အလကား” လို့ပြောတာ၊ ပါဠိလိုဣဒ မေဝ - ဒါ သာလျှင်၊
သစ္စံ - အမှန်ဖြစ်တယ်၊
အညံ - အခြားဟာတွေက၊
မောဃံ - အလကားပဲ
လို့ ပြောတာ၊ မိစ္ဆာအယူရှိတဲ့ပုဂ္ဂိုလ်ဟာ သူဆုပ်ကိုင်ထားတဲ့ အယူအဆတစ်ခုကိုသာ အမှန်လို့သတ်မှတ်ပြီး ကျန်တာတွေကိုအမှားလို့ ပြောလေ့ရှိတယ်၊ အပြောကိုလည်းပဲ မှားယွင်းတဲ့လမ်းကြောင်းပေါ် ရောက်စေတယ်။
ဒါတင်လားဆိုတော့ သူ့ရဲ့လုပ်ရပ်တွေကလည်း အကုန်မှားတဲ့လမ်းကြောင်းပေါ် ရောက်တယ်နော်၊ ဒါကို ကျေးဇူးပြုတယ်ပြောတာ၊ သူက ဦးဆောင်သွားတာ၊ ကျန်တာတွေက ပါသွားတယ်၊ ဘယ်သူက ကျေးဇူးပြုတုန်း၊
မိစ္ဆာဒိဋ္ဌိ
ကကျေးဇူးပြုတာ
။လူတွေက ပြောကြတယ်လေ၊ “တရားပွဲလာဖြစ်တာ သူက ကျေးဇူးပြုပြီး ခေါ်လို့၊ သူက ကားနဲ့တင်ခေါ်လာလို့ ရောက်လာတာ”၊ ဟော “ကျေးဇူးပြုတာ, ကားနဲ့တင်ခေါ်သွားတာ”၊
ကျေးဇူးပြုတယ်
ဆိုတဲ့သဘောက အဲဒါပြောတာ။မဂ္ဂင် ၈-ပါး (ကုသိုလ်လမ်းကြောင်း)
အေး ကောင်းပြီ -
မဂ္ဂင် ၈-ပါး
အကျင့်တရားဟာ နိဗ္ဗာန်ကို ပို့ဆောင်ပေးတယ်ဆိုတာ အလွန်ထင်ရှားတယ်၊ ဒါက ဗုဒ္ဓဘာသာဝင်တွေအတွက် အထူးပြောစရာ မလိုဘူး၊မဂ္ဂင် ၈-ပါး
အကျင့်တရားဟာ နိဗ္ဗာန်ကို ဦးတည်နေတဲ့ လမ်းကြောင်းကြီးပဲ၊ အဲဒီလမ်းကြောင်း နိဗ္ဗာန်ကိုပေါက်ရောက်သွားအောင်, ဒီလမ်းကြောင်းကြီး ဖြစ်နေအောင် ကျန်တဲ့စိတ်တွေကိုလည်း ဟောဒီမဂ္ဂင် ၈-ပါး
က တွဲခေါ်သွားတာပေါ့။သမ္မာဒိဋ္ဌိ
- မှန်တဲ့အတိုင်း အမှန်မြင်တယ်၊သမ္မာသင်္ကပ္ပ
- အမှန်မြင်ဖို့အတွက် အမှန်တွေးပေးတယ်၊ အမှန်တွေးလို့ အမှန်မြင်တာ၊ အဓိပ္ပါယ်က အမှန်တွေးတယ်ဆိုတာ contemplation လုပ်တာပဲ၊ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်နေပြီဆိုလို့ရှိရင် မမြဲတဲ့သဘောတွေကို သူတွေ့နေပြီ၊ မိမိသန္တာန်မှာဖြစ်တဲ့ သင်္ခါရတရားတွေ သူ့စိတ်ရဲ့အာရုံထဲမှာ မမြဲဘူးဆိုတာလေးတွေ ပေါ်လာတယ်၊ သူကြည့်လိုက်တာနဲ့ တွေ့နေတယ်၊ အဲဒီလို တွေ့ဖို့ရာ ဒီသဘာဝတရားတွေကို စူးစိုက်ပြီး စိတ်နဲ့အာရုံ တွေ့နေအောင် လုပ်ပေးနေတာကသမ္မာသင်္ကပ္ပ
ပဲ၊ မြန်မာလိုပြောရင် ကြံစည်နေတာ၊ စိတ်ကူးနေတာ၊ တွေးတောနေတာ၊ အဲဒီ တွေးတောနေတော့ တွေ့တာပေါ့၊ ဒါတွေးလို့ ဒါတွေ့တာပေါ့။ အဲဒီအနိစ္စ
တွေကို တွေးတောကြည့်လို့ ပေါ်လာတယ်၊ အသိဉာဏ်နဲ့သမ္မာဒိဋ္ဌိ
မှန်မှန်ကန်ကန်မြင်တယ်။အဲဒီလို မြင်ဖို့ရာအတွက် ဘယ်သူ့ရဲ့ အထောက်အကူတွေ ပါတုန်းလို့ ဆိုတော့
သမ္မာဝါယာမ
၊ မြင်အောင် ကြိုးစားတာရော မပါဘူးလား၊ ပါတယ်၊ မြင်အောင် ကြိုးစားတဲ့အခါကျတော့ အမှတ်တမဲ့ ကြိုးစားတာလား၊ သတိကြီးစွာ ထားပြီးတော့ ကြိုးစားတာလား၊ သတိကြီးစွာထားပြီးတော့ ကြိုးစားတာပေါ့၊ ဒါကြောင့်မို့Mindfulness
ဆိုတဲ့သမ္မာသတိ
ပါတာပေါ့၊ သူ,မပါရင် လုပ်တာတွေ လွဲသွားမှာပေါ့၊ အဲဒီလို စိတ်ကိုအာရုံမှာ သတိထားပြီဆိုမှ ပညာကမြင်လို့ရတာပေါ့၊ ဒါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ နေတာနော်။အဲဒီလို ကြိုးစားပြီးတော့ သတိထားတဲ့အချိန်မှာ စိတ်က အေးငြိမ်းလို့ အာရုံတစ်ခုတည်းပေါ်မှာ ကျနေမှ အမှန်သိဖို့ဆိုတာ ဖြစ်နိုင်တယ်တဲ့၊ စိတ်မငြိမ်ဘူးဆိုလို့ ရှိရင်လည်း လွဲချော်နိုင်တယ်၊ အာရုံတစ်ခုတည်းမှာ စုတာက
သမ္မာသမာဓိ
၊ သမ္မာ–ဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ ဒီသုံးခုကိုသမာဓိအုပ်စု
အနေနဲ့ ပြောတာ။ဒီတော့ ကမ္မဋ္ဌာန်းအားထုတ်ပြီဆိုရင်
သမ္မာဒိဋ္ဌိ
၊သမ္မာသင်္ကပ္ပ
၊သမ္မာ-ဝါယာမ
၊သမ္မာသတိ
၊သမ္မာသမာဓိ
ဆိုတဲ့ ဒီငါးခုက ပေါင်းပြီး အလုပ်လုပ်တာ၊ မဂ္ဂင် ၈-ပါးထဲမှာ ဟောဒီငါးခုကနေ လမ်းခင်းသွားတာ၊ နိဗ္ဗာန်လမ်းကြောင်းထိအောင် သယ်ဆောင်သွားတာ သူတို့က အဓိက၊ ဘယ်နေရာမှာပဲ လုပ်လုပ် သူတို့ရဲ့အဆင့်အတန်း အရည်အသွေးတွေကို လိုက်ပြီးတော့ ဒီသဘာဝတရားတွေကို ပြောရတာ၊ သာမန်အားဖြင့်ဆိုရင် ဒီငါးခုနဲ့ပဲ အလုပ်လုပ်နေတာပဲ။ကဲ၊ ကမ္မဋ္ဌာန်းရှူနေတဲ့အချိန်မှာ ဒီငါးခုက ဘယ်လိုဖြစ်နေတာလဲဆိုတာ စဉ်းစားကြည့်၊ ကမ္မဋ္ဌာန်းထိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက် ထွက်လေဝင်လေကို မှတ်နေပြီဆိုရင် ထွက်လေဝင်လေကို စဉ်ဆက်မပြတ်သိအောင် ကြိုးစားနေတာက
သမ္မာ-ဝါယာမ
၊ ထွက်လေဝင်လေပေါ်မှာ သတိစိုက်နေတာကသမ္မာသတိ
၊ ထွက်လေဝင်လေပေါ်မှာ စိတ်တွေ တစ်ဆက်တည်း ကျတာကသမ္မာသမာဓိ
၊ အဲဒီလို ကျနေပြီးတဲ့အခါ ထွက်လေဝင်လေရဲ့ သဘာဝအစစ်အမှန်ကို တွေးတောကြံစည်ဆင်ခြင်တာကသမ္မာသင်္ကပ္ပ
၊ မမြဲဘူးလို့ အမှန်သိလိုက်တာကသမ္မာဒိဋ္ဌိ
၊ ဒီအဓိပ္ပါယ်ကို ပြောတာ၊ သူတို့အားလုံးဟာ စုပေါင်းပြီး အလုပ်လုပ်သွားကြတာ။ဥပမာလေးတစ်ခု- target ပစ်မှတ်ကို လေးနဲ့ပစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ကြည့်ရအောင်၊ ပစ်မှတ်တည့်တည့်ကို မှန်ဖို့ရာအတွက် ကြိုးစားနေတာက
သမ္မာဝါယာမ
၊ ပစ်မှတ်ကိုပဲ အာရုံစိုက်နေတာ, ဘယ်နေရာ ပစ်ရမယ်ဆိုတာ သတိထားနေတာကသမ္မာသတိ
၊ စိတ်ငြိမ်အောင်ထားတာကသမ္မာသမာဓိ
၊ ဘယ်လိုပစ်လိုက်ရမယ်ဆိုတာကို တွေးတောဆင်ခြင်တာရယ်, ဆင်ခြင်ပြီးတာနဲ့ တစ်ပြိုင်နက် ပစ်လိုက်တာ၊ တွေးတောဆင်ခြင်တာကသမ္မာသင်္ကပ္ပ
၊ ပစ်လိုက်လို့ ပစ်ကွင်း target ကို ထိသွားတာကသမ္မာဒိဋ္ဌိ
၊ အဲဒီသဘောပဲ။အဲဒီနေရာမှာ ဝီရိယနဲ့ သမာဓိဆိုတာ ညှိထားရတယ်၊ လူတွေ ပြောတယ် မဟုတ်လား၊ စိတ်တွေက မငြိမ်လို့, စိတ်တအားလှုပ်ရှားလို့၊ စိတ်မငြိမ်လို့ရှိရင်လည်း ချော်သွားတာပဲ၊ စိတ်က တအားငြိမ်ပြီးတော့ ကြိုးစားမှု မရှိရင်လည်း ချော်သွားနိုင်တာပဲ။ ဒါကြောင့်မို့လို့ စိတ်ငြိမ်မှုရယ် ကြိုးပမ်းမှုရယ်၊ ဒီနှစ်ခု ညီတူနေအောင် ထိန်းညှိပေးဖို့ လိုတယ်တဲ့၊
ဝီရိယနဲ့ သမာဓိ ညှိတယ်
လို့ ပြောတာ၊ ဒီတော့ မဂ္ဂင် ၈-ပါးက အဲဒီနည်းနဲ့ စွမ်းဆောင်သွားတာ၊ စွမ်းဆောင်သွားသည့်အတွက်ကြောင့် ကိုယ်လုပ်တဲ့ လုပ်ငန်း တစ်ခုဟာ အသိဉာဏ်တွေ ထိုးထိုးပေါက်ပေါက် သိမြင်သွားတယ်။အဲဒါကြောင့် စာပေကျမ်းဂန်မှာ
ပညာ
ဆိုတာ သူ့ဟာသူ သိလို့ရတာ မဟုတ်ဘူး၊ ပညာရဲ့ကိစ္စက သိပ္ပံ သိနိုင်တာ၊ ပညာက မကြိုးစားနိုင်ဘူး၊ ပညာက အာရုံတစ်ခုပေါ်မှာ စိတ်မစိုက်နိုင်ဘူး၊ ပညာက အာရုံတစ်ခုပေါ်မှာ ငြိမ်နေအောင် မလုပ်နိုင်ဘူး၊ ပညာက သဘာဝတရားတွေကို တွေးတောနိုင်တာ မဟုတ်ဘူး၊ သူ့ရဲ့ တာဝန်က ဘာတုန်း၊သိတာ
၊ ဒီတော့ ကြိုးပမ်းအားထုတ်ပေးတာက ဘယ်သူတုန်း၊ဝါယာမ
၊ စိတ်စိုက်ပေးတာကသတိ
၊ စိတ်တည်ငြိမ်နေအောင် ထိန်းထားတာကသမာဓိ
၊ တွေးတောဆင်ခြင်ပေးတာကသင်္ကပ္ပ
၊ သိတာကျတော့ပညာ
။ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ ရှင်းပြီးတော့ ပြောတာတွေ ရှိတယ်၊
သတိနဲ့ ပညာ
၊ သတိဆိုတာလည်း သိပ်အရေးကြီးတယ်၊ သတိဆိုတာ အာရုံပေါ်မှာ စိတ်စိုက်ရုံ စိုက်ပေးနိုင်တာ၊ အဲဒီအာရုံရဲ့သဘာဝကို သိတာတော့ သူ့အလုပ် မဟုတ်ဘူး၊ သူမသိနိုင်ဘူး၊ သိတာကပညာ
က သိတာ။ကဲ ဘုန်းကြီးတို့တတွေ စာအုပ်တစ်အုပ် ဖတ်တော့မယ်ဆိုရင် စာကြည့်တာက မျက်လုံးက ကြည့်တာနော်၊ သိတာက အသိဉာဏ်က သိတာ၊ မျက်လုံးက စာကြည့်လို့ပဲ ရမယ်၊ အသိဉာဏ်က သိတယ်၊ သို့သော် အဲဒီအသိဉာဏ်ရော မျက်လုံးရော စာအုပ်ကို ဖွင့်နိုင်ပါ့မလား၊ မဖွင့်နိုင်ဘူး၊ လက်က ဖွင့်ပေးရတယ်၊ ဒါပေမယ့် လက်က သိသလား၊ ဘယ်စာမျက်နှာကို ဖတ်မယ်ဆိုတာ လက်က သိသလား၊ မသိဘူး။ စာမျက်နှာရွေးတာ အသိဉာဏ်က ရွေးတာ၊ နံပါတ် ကြည့်ပေးတာက ဘယ်သူက ကြည့်ပေးတာတုန်း၊ မျက်လုံးက ကြည့်ပေးတာ၊ မျက်လုံးမပါလို့ရှိရင် page နံပါတ်တွေကို ကြည့်လို့ရမှာမဟုတ်ဘူး၊ အသိဉာဏ် မပါလို့ရှိရင်လည်း ဘယ်ဂဏန်း ဘယ်စာဆိုတာ သိမှာမဟုတ်ဘူး၊ ဟုတ်ရဲ့လား၊ ဆိုလိုတာက
ပူးပေါင်းပြီးတော့ လုပ်ကြတာ
၊ သူ့အလုပ်နဲ့သူ၊ လက်က စာအုပ်ဖွင့်ပေးရုံ ဖွင့်နိုင်တာ၊ နံပါတ်ကိုလည်းပဲ သူကမသိဘူး၊ မျက်လုံးကလည်း ကြည့်ရုံသာ ကြည့်ပေးနိုင်တာ၊ အဓိပ္ပါယ်ကိုသူကမသိဘူး၊ သိတာက ဘာတုန်းဆိုရင်ပညာ
ကသိတာ၊ သဘာဝတရားတွေက စုပေါင်းပြီး အလုပ်လုပ်တယ်ဆိုတာ သာမန်ကြည့်တာနဲ့ပဲ ထင်ထင်ရှားရှား သိနိုင်တာပေါ့။ဒါကြောင့်မို့ ဟောဒီမဂ္ဂင် ၅-ပါးကို
ကာရာပကမဂ္ဂင်
တဲ့၊ အလုပ်လုပ်နေကြတဲ့, နိဗ္ဗာန်လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတဲ့, ဝိပဿနာဉာဏ်ဖြစ်စေတဲ့ ဝိပဿနာဉာဏ်လို့ ဆိုရလောက်အောင် ဒီမဂ္ဂင် ၅-ပါးက အလုပ်လုပ်တာ။ ဒါဖြင့် ကျန်တဲ့မဂ္ဂင် ၃-ပါးက ဘာဖြစ်သလဲ၊အကူအညီပေးထားတာ
၊ အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးတာ၊ အခြေအနေကောင်း မရှိဘဲနဲ့ သူတို့ဟာ လုပ်ငန်းလုပ်လို့ မရဘူး။ဆိုပါစို့ - စာဖတ်ချင်တယ်၊ စိတ်ကလည်း ရှိတယ်ပေါ့၊ မျက်စိကလည်း ကောင်းတယ်ပေါ့၊ စာအုပ်မရှိဘူးဆိုတဲ့ အခြေအနေတစ်ခု မရှိဘူးဆိုရင် ဘယ်လိုလုပ် ဖတ်မတုန်း၊ ဖတ်လို့ မရဘူး၊ စာအုပ်ကလည်း ရှိနေဦးမှ၊ ဟုတ်ရဲ့လား၊ အဲဒီလို စာအုပ်ရှိနေတယ်ဆိုတာလိုပဲ ဒီ
သမ္မာဝါစာ
သမ္မာကမ္မန္တ
သမ္မာအာဇီဝ
ဆိုတဲ့ ကိုယ်ကျင့်တရား ကောင်းနေတာက ကျန်တဲ့ ၅-ခုကို အထောက်အကူပြုဖို့ ကောင်းထားတာ၊ ကျန်တဲ့ ၅-ခုကို အထောက်အကူပေးဖို့အတွက် ဒါရှိတာ၊ ဒီတော့ အထောက်အကူဆိုတာ စုံစုံလင်လင်ရှိမှ ဖြစ်တာနော်။စာဖတ်ချင်တယ်ဆိုတဲ့လူတစ်ယောက် စာအုပ်ထဲကနေ အသိပညာရပ် တစ်ခု ဆည်းပူးချင်တယ်ဆိုလို့ရှိရင် ကြိုတင်ပြီးတော့ ဘာရှိဖို့လိုတုန်း၊ စာအုပ်ရှိဖို့ လိုတယ်၊ စာအုပ်ရှိပြီဆိုရင် စာအုပ်ကို ကြည့်ချင်စိတ် ရှိရမယ်၊ မျက်လုံးကောင်းရမယ်၊ လက်က စာအုပ်ကို ဖွင့်ပေးရမယ်၊ ကိုယ်ကြည့်ချင်တဲ့နံပါတ်ကို မျက်လုံးကနေ ကြည့်ပေးမယ်၊ ဖတ်ပြီးတော့ အဓိပ္ပါယ်သိတာကျတော့ ပညာက သိတယ်၊ အဲဒီ သဘောကို ပြောတာနော်၊ အားလုံးစုပေါင်းပြီးတော့ ဆောင်ရွက်သွားကြတာ၊ ဒါကြောင့်မို့လို့
မဂ္ဂင် ၈-ပါး
လို့ ပြောတာ။သမ္မာဝါစာ
သမ္မာကမ္မန္တ
သမ္မာအာဇီဝ
- ကိုယ်ကျင့်သီလနဲ့ အခြေအနေ ကောင်းတွေကို ဖန်တီးပေးလိုက်တဲ့အခါမှာသမ္မာဝါယာမ
= ကြိုးစားအားထုတ်ထားတယ်၊သမ္မာသတိ
– အာရုံပေါ်မှာ စိတ်စိုက်ထားတယ်၊သမ္မာသမာဓိ
– အာရုံပေါ်မှာ တည်ကြည်သွားအောင် စုစည်းကျထားတာတွေ၊သမ္မာသင်္ကပ္ပ
- မှန်ကန်စွာ တွေးတောတာတွေဟာ၊သမ္မာဒိဋ္ဌိ
- အမှန်သိဖို့ပါပဲတဲ့၊အမှန်သိမှုကို ဦးတည်ပြီးတော့ ပေးကြတာပါ၊ အားလုံးဟာ ဘယ်သူ့အတွက် ဆောင်ရွက်ပေးတာလဲ, ဘယ်မှာ လမ်းဆုံးတုန်းလို့ပြောရင်
သမ္မာဒိဋ္ဌိ
မှာ လမ်းဆုံးသွားတာပေါ့။အဲဒီသဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ လမ်းကြောင်းသဖွယ် ဖြစ်ပြီးတော့ နေတယ်၊ သူတို့က လမ်းကြောင်းသဖွယ်ဖြစ်သလို သူတို့နဲ့ ယှဉ်တွဲလာတဲ့ သဘာဝတရားတွေကို အကျဉ်းအားဖြင့်ပြောရင်
စိတ်
၊ ထိုစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်တရား
တွေကိုလည်းပဲ အဲဒီလမ်းကြောင်းအတိုင်း ဖြစ်ပေါ်လာအောင်ကျေးဇူးပြုတယ်
၊ အထောက်အကူပြုတယ်၊ ဒါကိုမဂ္ဂပစ္စည်း
လို့ ပြောတာပါ။မိစ္ဆာသင်္ကပ္ပ
လို့ဆိုတဲ့ မှားယွင်းတဲ့ အတွေးတွေကလည်းပဲ ထို့အတူပဲ၊ မှားယွင်းတဲ့ အတွေး တွေးလို့ရှိရင် ဘာဖြစ်သလဲ၊ မှားတဲ့အပြောတွေ မပြောဘူးလား၊ ပြောတယ်၊ သူက လမ်းကြောင်းပဲ၊ မှားတဲ့အတွေး တွေးလို့ရှိရင် စိတ်အားလုံးဟာ မှားတဲ့အတွေးဘက် လိုက်ကြတယ်၊ မှားတဲ့အတွေးက လမ်းခင်းသွားတယ်၊ သူကနေပြီး ကျေးဇူးပြုထားတော့ ကျန်တာတွေကလည်း မှားတဲ့လမ်းကြောင်းပေါ် ရောက်ကုန်ကြတာပေါ့၊ မှားတဲ့အတွေး တွေးထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ပြောရင်လည်း မှားတဲ့အပြော ပြောမယ်၊ လုပ်လို့ရှိရင်လည်း မှားတဲ့အလုပ်တွေပဲ လုပ်လိမ့်မယ်တဲ့။မိစ္ဆာသတိ
- မကောင်းမှုအတွက် အမှတ်ရနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊မိစ္ဆာသမာဓိ
- အကုသိုလ်အလုပ်အပေါ်မှာ စိတ်စိုက်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်၊ အဲဒီ စိတ်စိုက်မှုဆိုတဲ့သတိ သမာဓိ
တို့ရဲ့စွမ်းဆောင်မှုကြောင့် အကုသိုလ်စိတ်အားလုံးဟာ သူ့နောက်လိုက်တယ်၊ လိုက်သွားပြီးတဲ့အခါမှာ စိတ်တင်လိုက်တာ မဟုတ်ဘူး၊ ရုပ်တရားတွေပါ လိုက်သွားတယ်တဲ့။ဒါကို ရည်ရွယ်ပြီးတော့ ကောင်းတဲ့လမ်းကြောင်း မကောင်းတဲ့လမ်းကြောင်း၊ သုဂတိဘုံရောက်တဲ့လမ်းကြောင်း ဒုဂ္ဂတိဘုံရောက်တဲ့လမ်းကြောင်း၊ နိဗ္ဗာန်ရောက်တဲ့ လမ်းကြောင်း၊ အဲဒီလမ်းကြောင်းသဖွယ် ဦးဆောင်သွားတဲ့တရား ၉-ပါး၊ အဲဒီ ၉-ပါးသည် သူတို့နဲ့ အတူတကွ ယှဉ်တွဲပြီး ဖြစ်လာတဲ့ ရုပ်တရား နာမ်တရားတွေကို အားလုံးဟာ လမ်းကြောင်းသဖွယ် ဖြစ်သွားအောင်
မဂ္ဂသတ္တိ
နဲ့ကျေးဇူးပြုပေးထားပါတယ်
၊ အထောက်အကူပြုထားပါတယ်လို့ ပြောတာနော်။မဂ္ဂပစ္စယော ပါဠိတော်နိဿယ
အဲဒါကြောင့်မို့လို့ ပါဠိတော်မှာတော့ ကျဉ်းကျဉ်းလေးပဲ-
“မဂ္ဂပစ္စယောတိ၊ မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော”
။မဂ္ဂင်္ဂါနိ - မဂ္ဂလို့ဆိုတဲ့ တရားဓမ္မရဲ့ အစိတ်အပိုင်းတို့သည်၊ မဂ္ဂင် ၉-ပါး တရားတို့သည်၊ (ခုနက ပြောထားတဲ့တရား ၉-ပါး၊)
မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ - မဂ္ဂနဲ့ယှဉ်တဲ့ စိတ်စေတသိက်တို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထို မဂ္ဂနဲ့ယှဉ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်တရားတို့အား လည်းကောင်း၊
မဂ္ဂပစ္စယေန – မဂ္ဂပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။
ဟောဒီတရား ၉-ခုဟာ သူတို့ကိုယ်တိုင်ဟာ တစ်စုံတစ်ခုသို့ ရောက်ဖို့ရာ အတွက် ဦးတည်ထားတဲ့
လမ်းကြောင်းကြီးတွေ
ဖြစ်နေတယ်၊ သူတို့က လမ်းကြောင်းကြီးဖြစ်နေသလို သူတို့နဲ့ ယှဉ်တွဲလာတဲ့, သူတို့နဲ့ ပတ်သက်နေတဲ့ သဘာဝတရားတွေကိုလည်း ထိုလမ်းကြောင်းပေါ်ကို စုပြုံတင်ပေးထားတယ်လို့ ဒီလိုပြောတာ၊ အဲဒါကိုပဲမဂ္ဂသတ္တိ
လို့ ပြောတာနော်၊ အကယ်၍ ဒီသတ္တိမရှိဘူးဆိုလို့ရှိရင် ကျန်တဲ့ တရားတွေက လိုက်လာမှာ မဟုတ်ဘူးနော်၊ ကျန်တဲ့တရားတွေက လိုက်လာတယ် ကျေးဇူးပြုတယ်ဆိုတာ ဒီသဘောတွေကို ပြောတာ။ပစ္စယ
- အကြောင်းတရား ဆိုလို့ရှိရင် ထုတ်လုပ်တာချည်းပဲလို့ ဒီလို အောက်မေ့မနေနဲ့နော်၊ကျေးဇူးပြုတယ်
ဆိုတဲ့နေရာမှာ ဖြစ်စေတာတင် မဟုတ်ဘူး၊ တည်တံ့စေတာတို့, တစ်နည်းနည်းနဲ့ အထောက်အကူပြုနေတာတို့ ဒါတွေဟာ ကျေးဇူးပြုနေတာပဲ။ကဲ၊ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ စဉ်းစားကြည့်၊ တရားနာတဲ့အခါ ထိုင်နေကြတာ ဘယ်ပေါ်မှာ ထိုင်နေတုန်း၊ ကြမ်းပေါ်ထိုင်နေတယ်၊ ဒီလို ထိုင်နေလို့ ရအောင် ဘယ်သူက
ကျေးဇူးပြုထားတုန်း
၊ ကြမ်းက ကျေးဇူးပြုထားတယ်ပေါ့၊ သူမပါဘဲ ထိုင်လို့ ရမလား၊ မရဘူး၊ သူမရှိရင် မရဘူး၊ အဲဒါကိုပဲ ကျေးဇူးပြုတယ်လို့ ခေါ်တာ၊ ဒါပေမယ့်လို့ ကျေးဇူးပြုတယ်လို့ သိပ်မသိဘူး၊ မစဉ်းလည်း မစဉ်းစားမိဘူး၊ ငါ့ကို ဒါက ကျေးဇူးပြုနေတာပါလားလို့ မစဉ်းစားဘဲနေကြတာ၊ ဒါလည်း ကျေးဇူးပြုနေတဲ့သဘာဝတရားတစ်ခုပဲ၊ ကျေးဇူးပြုနေတာပဲ။ အထောက်အကူတွေ ပေးနေတာ၊ အကူအညီတွေ ပေးနေတာ၊ ဒါတွေကို ရည်ညွှန်းတာ မြတ်စွာဘုရားက၊ လောကကြီးတစ်ခုလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်ပြီးတော့ထောက်ပံ့နေတာ
။ဒါဖြင့် ဒီကြမ်းကြီးက ဘာ့ကြောင့် ဒီလိုနေလို့ရတာတုန်း ဆိုရင်တော့ အောက်က ထုတ်တွေတို့ ယက်မတွေတို့ မရှိဘူးလား၊ ရှိတယ်၊ ဒါဖြင့် ထုတ်တွေတို့ ယက်မတွေတို့က တိုင်တွေကြောင့်မို့ သူတို့ နေလို့ရတာမဟုတ်လား၊ တစ်ခါ တိုင်တွေကလည်း အောက်ကနေ မြေကြီး foundation မရှိဘဲနဲ့ နေလို့ရမလား၊ မရဘူးတဲ့၊ ဟော
အစဉ်အဆက် ဒီလိုအထောက်အကူပြုနေတာ
၊ ဒီသဘောတရားတွေကို ဆင်ခြင်စဉ်းစားကြည့်လိုက်မယ်လို့ဆိုရင် အားလုံးဟာအကြောင်းတရားပေါ် တည်နေတာ
ပါလားဆိုတာကို သဘောပေါက်လာမယ်။အဲဒါတင်မကဘူး ဘုန်းကြီးတို့အသက်ကိုပဲကြည့် -
ကံ
ဆိုတဲ့အကြောင်း တရားရှိတယ်၊ ကံက ကိုယ်မမြင်ရဘူးပေါ့၊ အတိတ်ဘဝက ပေးလိုက်တဲ့ ကံတရားနဲ့ အသက်ရှင်နေကြတာ၊ ဘယ်လောက်ရှင်မယ်ဆိုတာ မသိနိုင်ဘူး၊ ဟုတ်ရဲ့လား၊ ကံက ပေးထားတဲ့အသက်က ဘယ်လောက်နေရမယ်ဆိုတာ သိရဲ့လား၊ မသိဘူး။“ဇီဝိတံ ဗျာဓိကာလော စ၊
ဒေဟ နိက္ခေပနံ ဂတိ”
မသိနိုင်တာတွေ အများကြီးပဲ၊
ဇီဝိတံ
- ကိုယ့်အသက်က ဘယ်လောက် ကြာမယ်ဆိုတာ မသိနိုင်ဘူး၊ဗျာဓိ
- ဘာရောဂါ ဖြစ်မယ်ဆိုတာလည်း မသိနိုင်ဘူး၊ ဘာရောဂါနဲ့ သေမယ်ဆိုတာ မသိနိုင်ဘူး၊ ဒါဖြင့် သိပါတယ်ဗျာ, ကင်ဆာနဲ့ သေမှာ လို့ ဆရာဝန်တွေက ပြောထားတယ်၊ ကင်ဆာရောဂါနဲ့ မသေဘဲနဲ့ နှလုံးရောဂါနဲ့ သေသွားတဲ့လူလည်း ရှိသေးတယ်၊ ကင်ဆာရောဂါနဲ့ မသေဘဲနဲ့ ကားတိုက်လို့ သေတာရော မရှိဘူးလား၊ ပြောလို့ မရဘူးနော်၊ သေချာပေါက်ပြောလို့မရဘူး၊ကာလော
- ဘယ်အချိန်သေမယ်ဆိုတာလည်း ပြောလို့မရဘူး၊ ဒါ သူ့ဟာသူ မသိနိုင်တာ ပြောတာနော်၊ တချို့ကျတော့ ဗေဒင်ဆရာတွေက ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် သေမယ်ဆိုတာ ပြောထားတာတွေရှိတယ်။သာလွန်မင်းတရားကြီး ကောင်းမှုတော်ဘုရားကြီးပြီးလို့ ထီးတင်ဖို့ ကြိုးစားတဲ့အခါမှာ ပုဏ္ဏားဗေဒင်ဆရာကြီးတွေက လျှောက်တယ်၊ “အရှင်မင်းကြီး လက်ထက် ထီးတင်ရမှာ မဟုတ်ဘူး”တဲ့၊ ဒီလိုပြောတော့ ဘုရင်ကြီးကမကြိုက်ဘူးပေါ့၊ “ဒီကောင် ဖမ်းချုပ်ထား”၊ ဖမ်းချုပ်ထားပြီး “ငါ သေရင်သေ, မသေရင် ဒီကောင် သတ်မယ်” ပေါ့၊ ကျန်းကျန်းမာမာကြီးပဲ ထီးတင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပေါ့၊ သူတို့ပြောတဲ့ ရက်မှာပဲ ခေါင်းထဲက မူးသလိုလိုနဲ့ဖြစ်ပြီးတော့ သာလွန်မင်းတရားကြီး နတ်ရွာစံသွားတယ်၊ ခုခေတ်လို နာမည်တပ်မယ်ဆိုလို့ရှိရင် သွေးတိုးပြီး သို့မဟုတ် heart attack နဲ့ သေသွားတာလား မသိဘူး၊ ထီးတော့ မတင်လိုက်ရတာ သေချာတယ်၊ သူတို့ပြောတဲ့ရက်အတိုင်းပဲ သေသွားတယ်၊ ကိုယ့်ဟာကိုယ်ကျတော့ သိဖို့ သိပ်လွယ်တာမဟုတ်ဘူးပေါ့နော်၊ မသိဘူးဆိုတာ ယေဘုယျစကားပါ။
ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကျတော့ သိတယ်၊ သမာပတ်ကနေ ထတဲ့အခါမှာ ဆိုပါစို့ - လ,နဲ့ ပြောမယ်ဆိုရင် တန်ဆောင်မုန်းလဆန်း ၇-ရက်လောက်မှာ သမာပတ်ဝင်စားပြီး ညနေမှာ သမာပတ်က ထပြီးတော့ စဉ်းစားတယ်၊ “ရှေးတုန်းက ဘုရားတွေမှာ ဘုရားကပဲ အရင်ပရိနိဗ္ဗာန်စံသလား၊ တပည့်ကြီးတွေကပဲ အရင် ပရိနိဗ္ဗာန်စံသလား” လို့ စဉ်းစားလိုက်တဲ့အခါ တပည့်ကြီးတွေက အရင် ပရိနိဗ္ဗာန်စံတယ်၊ “ဒါဖြင့် ငါ့အသက်ရော ဘယ်လောက်ကျန်သေးတုန်း” လို့ ကြည့်လိုက်တဲ့အခါကျတော့ ၇-ရက်ပဲ ကျန်တော့တယ်၊ တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် ပရိနိဗ္ဗာန်စံရတော့မှာ၊ ၇-ရက်ပဲ ကျန်တော့တယ်၊ ၇-ရက်ကြိုမှ သိရတာ၊ ဒါ မစဉ်းစားရင် မသိဘူး၊ စဉ်းစားကြည့်လိုက်တော့ သိတာ၊ ဒါပေမယ့် သာမန်ပုဂ္ဂိုလ်တွေ မသိနိုင်တဲ့အတွက်ကြောင့် ဒါ မသိဘူးလို့ ပြောရမှာပဲ၊ ဒါက ထူးခြားတဲ့ပုဂ္ဂိုလ်တွေ ထူးထူးချွန်ချွန် တစ်ယောက်တစ်လေ သိတာမျိုးကို ထည့်ပြောလို့ မဖြစ်ဘူး၊ ဒါ ပြောတာနော်။
အရှင်သာရိပုတ္တရာက သိတာနဲ့ ဘယ်သွားပြီး ပရိနိဗ္ဗာန်စံရမလဲပေါ့၊ အရပ် စကားပြောရင် ဘယ်သွားသေရမလဲပေါ့၊ သေမယ့်နေရာ ကြည့်တဲ့အခါ သူမွေးတဲ့ အိမ်ပြန်ပြီး သူ့မယ်တော်ကြီးက ဗုဒ္ဓဘာသာ မဖြစ်သေးဘူး၊ တရားဟောမယ်၊ အိမ်ပြန်မယ်၊ ဒီတော့ ဝေးလံတဲ့ခရီးကြီးကို ၇-ရက်တိတိ လျှောက်လှမ်းသွားပြီး နောက်ဆုံးနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ အိမ်ရောက်တယ်၊ သာရီဆိုတဲ့ သူ့ရဲ့ မယ်တော်ကြီးကို တရားဟောတယ်၊ သူမွေးတဲ့အခန်းက ဒီအတိုင်းပဲထားတာ ရှိတယ်၊ အဲဒီအခန်းထဲမှာ ညအိပ်တယ်၊ ညပိုင်းရောဂါဖောက်ပြီး မနက်လင်းအားကြီး ကျမှ ပရိနိဗ္ဗာန်စံသွားတာ။
ဒီတော့ သာမန်ပုဂ္ဂိုလ်တွေမှာကျတော့ -
ဒေဟ နိက္ခေပနံ
– ကိုယ့်ရဲ့ရုပ် အလောင်းကို ဘယ်နေရာမှာ ပစ်ချမယ်ဆိုတာလည်း သိနိုင်တာ မရှိဘူး၊ဂတိ
- သွားရမယ့်ဘဝလည်း သိနိုင်တာ မဟုတ်ဘူးတဲ့။ဒါကြောင့်မို့ သဘာဝတရားတွေကို ဆင်ခြင်စဉ်းစားကြည့်လိုက်မယ် ဆိုလို့ရှိရင်
ပစ္စည်းတရားတွေဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုပြီး ကျေးဇူးပြုနေတာ
၊သင်္ခါရတရားတွေဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုထားလို့ သင်္ခါရလို့ ခေါ်တာ
၊ အကြောင်းတရားတွေက ထောက်ပံ့ပေးထားလို့ တည်နေတာ၊ အထောက်အပံ့မရတော့ဘူးဆိုရင် ပြိုလဲသွားမှာပဲ၊ နိဗ္ဗာန်ဆိုတဲ့ သဘာဝတရားကျတော့ဝိသင်္ခါရ
၊ ဒီလို ထောက်ပံ့မှု မရှိဘဲနဲ့ ပင်ကိုယ်သဘာဝအတိုင်း ထာဝရရှိနေတဲ့အရှိ၊ အငြိမ်းဓာတ် အနေနဲ့ တည်ရှိနေတာဖြစ်တယ်။အဲဒီ သင်္ခါရတွေကင်းတဲ့
ဝိသင်္ခါရ
လို့ဆိုတဲ့နိဗ္ဗာန်တရား
ကို မရောက်သေးသမျှ၊ အကြောင်းတရားတွေရဲ့ထောက်ပံ့မှုတွေကို ခံနေရသေးသမျှ လောကကြီးဟာမမြဲဘူး
၊ ကိုယ်လည်းမပိုင်ဘူး
၊ မမြဲသည့်အတွက်ကြောင့် စိတ်ပျက်စရာကောင်းတဲ့ဒုက္ခ
ကြီးပဲ၊ အဲဒီလိုဒုက္ခကြီးကိုလည်းပဲ ကိုယ်ပိုင်လို့ ရသလားဆိုတော့ ကိုယ်မပိုင်ဘူးတဲ့၊အနတ္တသဘော
ကြီးပဲ၊ မမြဲတဲ့သဘောတရား (အနိစ္စ
)၊ ကျေနပ်စရာမကောင်းတဲ့ ဒုက္ခသဘောတရား (ဒုက္ခ
)၊ ကိုယ်မပိုင်တဲ့ အနတ္တသဘောတရား (အနတ္တ
) ဒီသဘောတရားတွေလို့၊ ဟောဒီသဘောတရားတွေကို အလေးအနက်ထား ဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင် သိမြင်သဘောပေါက်လာမှာ ဖြစ်ပါတယ်။ဒါကြောင့် ပဋ္ဌာန်းကျမ်းတော်ကြီးကို ဆင်ခြင်နှလုံးသွင်းခြင်းဖြင့် မိမိတို့ရဲ့ သံဝေဂနဲ့ စပ်ယှဉ်တဲ့ အသိဉာဏ်တွေလည်း တဖြည်းဖြည်း ရင့်သန်ပြီးတော့ နောက်ဆုံးမှာ သင်္ခါရကင်းတဲ့
နိဗ္ဗာန်
သည်သာလျှင် တကယ့် အငြိမ်းဓာတ် ချမ်းသာသုခဆိုတာဖြစ်တယ်။ သင်္ခါရနယ်ထဲမှာ ချမ်းသာအစစ်ဆိုတာ မရှိနိုင်ဘူးလို့ ကိုယ်စီကိုယ်စီ သဘောကျပြီး သင်္ခါရတို့ရဲ့ချုပ်ငြိမ်းရာ၊ သင်္ခါရတို့ရဲ့ကင်းလွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကြီးကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုအောင် ကြိုးစားနိုင်ကြပါစေ ကုန်သတည်း။ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၆)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ နတ်တော် လပြည့်ကျော် ၂-ရက်၊ (၃-၁၂-၂၀ဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ် အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
သမ္ပယုတ္တပစ္စယော
“သမ္ပယုတ္တပစ္စယော”မှာ ရှေးဦးစွာ သမ္ပယုတ္တဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုတယ်၊ ပါဠိစကားလုံးတွေဟာ အင်မတန်တိကျ သေချာတဲ့အဓိပ္ပါယ်မျိုးကို ဖေါ်ပြတယ်၊ စကားလုံးအဓိပ္ပါယ်ကို ဖေါ်ပြတာနဲ့ပဲ အဲဒီ ပစ္စည်းအကြောင်းကို အတော်အသင့်နားလည်ပြီးသား ဖြစ်သွားနိုင်တယ်၊ သမ္ပယုတ္တ ကို ပဒသုံးခုနဲ့ ဖွဲ့စည်းထားတယ်၊ သံဆိုတာ ပုဒ်တစ်ခု, ပ ဆိုတာက ပုဒ်တစ်ခု, ယုတ္တ ဆိုတာက ပုဒ်တစ်ခု၊ ပေါင်းလိုက်တော့ သမ္ပယုတ္တလို့ ဖြစ်တယ်၊ “ပဒ”လို့ ဆိုတာ အသီးသီးအဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေကို ခေါ်တယ်၊ မြန်မာလိုက “ပဒ”ကို ပုဒ်လို့ ပြောလိုက်တော့ မြန်မာစကားမှာ အဓိပ္ပါယ် အမျိုးမျိုးတွေ ရှိတယ်၊ ဒီတော့ “ပဒ” ဆိုတဲ့စကားကို အသုံးပြုပြီးတော့ပြောရင် ပိုရှင်းတာပေါ့၊ ပဒဆိုတာ အနက် အဓိပ္ပါယ်ရှိတဲ့စကားလုံး၊ အနက်ကို ဖေါ်ပြနိုင်တဲ့စကားလုံး ဖြစ်တယ်။
သံ ဆိုတဲ့ အဓိပ္ပါယ်က ညီတူညီမျှလို့ အဓိပ္ပါယ်ရတယ်၊ ဒါကြောင့်မို့ သံရဲ့ အဓိပ္ပါယ်ကို ရှင်းပြတဲ့အခါ သမံ လို့ ရှင်းပြတယ်၊ (သမံ ဆိုတာ ညီတူညီမျှလို့ အဓိပ္ပါယ်ရတယ်) ပ ရဲ့အဓိပ္ပါယ်က ပကာရ၊ ပကာရဆိုတာ တစ်မျိုးနဲ့တစ်မျိုးမတူတဲ့ အမျိုးအစား၊ ယုတ္တ ဆိုတာ ယှဉ်တွဲနေတာတဲ့၊ ပေါင်းပြီးတော့ ပြောလိုက်တဲ့အခါမှာ “ညီတူညီမျှ မတူတဲ့ အမျိုးအစားတွေ ယှဉ်တွဲထားတာ”လို့ အဓိပ္ပါယ်ရတယ်။
သမ္ပယုတ္တပစ္စယော ဆိုတာ အဲဒီလို ယှဉ်တွဲနေတယ်ဆိုရင် အပြန်အလှန် အထောက်အကူပြုမှု, ကျေးဇူးပြုမှုဆိုတဲ့ သဘောလေးတွေဟာ နေရာတကာမှာ ရှိနေတယ်၊ ဆိုပါစို့ - အခု အလှပြင်ထားတဲ့ ပန်းခက် ပန်းခိုင်လေးတွေကိုပဲ ကြည့် လိုက်၊ မတူညီတာလေးတွေ စုထားပြီးတော့ အပြန်အလှန် အထောက်အကူပြုနေ တာ ဖြစ်တယ်၊ ရိုးတံလေးတွေ ပါတယ်၊ အဖူးလေးတွေ ပါတယ်၊ အပွင့်လေးတွေ ပါတယ်၊ အရွက်လေးတွေ ပါတယ်၊ အပွင့်လေးတွေ အဖူးလေးတွေ အရွက်တွေက ရိုးတံလေးပေါ်မှာ တည်ပြီးနေကြတယ်၊ အဖူးအပွင့်လေးတွေက ရိုးတံလေးကို လှသွားအောင် တန်ဆာဆင်ပေးထားကြတယ်၊ ဒီရိုးတံလေးကလည်း အောက်မှာ ထိုးစိုက်စရာနေရာလေးတွေ ရှိတယ်၊ အဲဒီနေရာလေးတွေပေါ်မှာ မှီတည်ပြီး နေကြ တယ်၊ ထိုနေရာလေးကလည်း ပန်းအလှဆင်ထားတာလေးတွေကြောင့် ကျက်သရေ ရှိလာတယ်၊ အပြန်အလှန် အထောက်အကူပြုနေတယ်ဆိုတဲ့သဘောကို ပြောပြတာ။
ဘယ်နေရာမှာပဲဖြစ်ဖြစ် မတူညီတာလေးတွေ အချိုးကျကျ ပေါင်းစပ် ထားပြီဆိုရင် စိတ်ဝင်စားစရာ နှစ်သက်စရာ ကြည်နူးစရာဆိုတာ ဖြစ်လာကြတာပဲ။ နှစ်သက်စရာ ကြည်နူးစရာ မဖြစ်ဦးတော့ အပြန်အလှန် အထောက်အကူပြုပြီး တည်နေကြတယ်ဆိုတဲ့ သဘောဟာ အင်မတန်မှ ထင်ရှားတယ်၊ တစ်ဦးတည်း ရပ်တည်နိုင်စွမ်း မရှိဘူး၊ အားလုံးဟာ အပြန်အလှန် အထောက်အကူ ပြုပြီးတော့ ရပ်တည်နေကြတယ်၊ ဒါ မျက်စိနဲ့ မြင်ရတဲ့အရာတစ်ခုကို ပြောပြတာ။
မျက်စိနဲ့ မမြင်ရတဲ့ စိတ်အခြေအနေတွေမှာလည်း ဒီအတိုင်းပဲလို့မှတ်ပါ၊ ဘုန်းကြီးတို့တတွေရဲ့သန္တာန်မှာ စိတ်နဲ့ စေတသိက်ဆိုတဲ့သဘာဝတရားမှာ စိတ်ကို အခြေခံထားတယ်၊ စိတ်က ရိုးတံလေးနဲ့ အလားသဏ္ဌာန်တူတယ်၊ စေတသိက် ဆိုတာ ထိုအရိုးတံပေါ်မှာရှိနေတဲ့ ပန်းခိုင်ပန်းပွင့်လေးတွေ အရွက်ကလေး အဖူးကလေး တွေနဲ့ အလားသဏ္ဌာန်တူတယ်၊ စေတသိက်တွေက စိတ်ကို တန်ဆာဆင် ပေးကြတယ်၊ ထိုစေတသိက်တွေဟာ စိတ်ကို တန်ဆာဆင်နိုင်အောင် စိတ်ဆိုတဲ့ ရိုးတံအခြေခံ ရှိနေရတာပေါ့၊ အပြန်အလှန်အထောက်အကူ ပြုပြီးတော့ ပေါင်းစပ် ပြီးတော့ တည်ရှိနေတယ်ဆိုတဲ့သဘောကို ပြောတာ။
သာမန်အားဖြင့် လူတွေက စိတ်တစ်ခုတည်းပဲ ပြောနေကြတယ် - “စိတ် ကောင်းတယ်၊ စိတ်မကောင်းဘူး၊ စိတ်ပျော်တယ်၊ စိတ်မပျော်ဘူး၊ စိတ်ချမ်းသာတယ်၊ စိတ်ဆင်းရဲတယ်” စိတ်တစ်ခုတည်း ပြောနေကြတယ်၊ အဲဒီလို စိတ်လို့ပြောတဲ့ထဲမှာ အမျိုးအစားပေါင်း မြောက်မြားစွာ စုပြုံပါတယ်၊ စိတ်တစ်ခုတည်းမဟုတ်ဘူး၊ သို့သော် သာမန်လူတွေ မမြင်နိုင်လောက်အောင် တစ်ခုတည်း အသွင်သဏ္ဌာန် ဖွဲ့စည်းထား တယ်နော်၊ ပေါင်းစပ်ထားတယ်၊ တစ်ခုတည်းလို့ ထင်ရအောင် ပေါင်းစပ်ထားတာ၊ အဲဒီလို ပေါင်းစပ်တည်ရှိနေတဲ့သဘောကိုပဲ သမ္ပယုတ္တပစ္စယောလို့ ပြောတာ။
ဒီတော့ ဘယ်ပုံဘယ်နည်းနဲ့ မတူညီတဲ့သဘောတွေကို ဘယ်ရှုထောင့်ကနေ ပေါင်းစပ်တာလဲ၊ စိတ်နဲ့ စေတသိက်ဆိုတာ မတူညီတဲ့သဘောတရားတွေပဲ၊ မတူညီ တဲ့ သဘောတရားတွေကို လူတွေက စိတ်တစ်ခုတည်း ပြောရလောက်အောင် ဘယ်လိုရှုထောင့်တွေကနေ ပေါင်းစပ်ပေးထားသလဲဆိုလို့ရှိရင် ပ ကာရ အမျိုး အစား ၄-မျိုးနဲ့ ပေါင်းစပ်ထားတာ၊ အမျိုးအစား ၄-မျိုးဆိုတာ ဘာလဲ၊ စိတ်ချမ်းသာ တယ်လို့ပဲပြောပြော, စိတ်ဆင်းရဲတယ်လို့ပဲပြောပြော တစ်ခုတည်းလို့ ထင်နေရတဲ့ ဒီသဘာဝတရားတွေဟာ တစ်ခုတည်းလို့ ထင်ရလောက်အောင် -
(၁) ဖြစ်တဲ့နေရာချင်းလည်း အတူတူပဲတဲ့၊ စာပေလိုပြောရင် ဝတ္ထုပေါ့၊ မှီရာဝတ္ထု ရုပ်လို့ခေါ်တယ်၊ ဖြစ်လာတဲ့နေရာကလည်း အတူတူပဲတဲ့၊ တစ်နေရာတည်းကနေ ဖြစ်တာ၊ ဟိုနားကဖြစ်,ဒီနားကဖြစ်, ဖြစ်တာ မဟုတ်ဘူး၊ တစ်နေရာတည်းက ဖြစ်တာ၊ တစ်နေရာတည်းက ဖြစ်ပြီးတော့၊
(၂) အာရုံပြုတာ သိနေတာလည်း အတူတူပဲ၊ ဒီအာရုံတစ်ခုတည်းကိုပဲ သိနေတာ၊ ဆိုလိုတာက မှီရာဝတ္ထုရုပ်တူတယ်၊ မှီရာဝတ္ထုရုပ်ဆိုတဲ့ အမျိုးအစားတစ်ခု၊ သိစရာအာရုံဆိုတဲ့ အမျိုးအစားတစ်ခု၊ စိတ်ဆိုတာ အာရုံရှိမှ ဖြစ်ပေါ်လို့ရတာ၊ အာရုံမပါဘဲနဲ့ စိတ်ဆိုတာ မဖြစ်ဘူး၊ အာရုံပြုတာလည်းပဲ တစ်မျိုးတည်းပဲ။
ဒီတော့ မှီရာနေရာကလည်း တစ်မျိုးတည်း၊ အာရုံပြုတာကလည်း တစ်မျိုး တည်းဆိုတော့ စိတ်တစ်ခုတည်းလို့ ထင်ရတယ်၊ ဒီ့ထက်ပိုပြီး တစ်ခုတည်းလို့ ထင်ရအောင်က နောက်အခြေအနေ ၂-ရပ်က ဘာတုန်းဆိုရင် -
(၃) ဖြစ်တဲ့အချိန် လည်း တူတယ်၊
(၄) ပျက်သွားတဲ့အချိန်လည်း တူတယ်၊
ဟော တူ ၄-မျိုး၊ အဲဒါကို “ပ” ဆိုတဲ့ စကားလုံးက ပြောပြတာ၊ “ပ” ဆိုတာ တူ ၄-မျိုး ရှိတယ်တဲ့၊ မှီရာဝတ္ထုရုပ် တူတယ်၊ ပြုရာအာရုံချင်း တူတယ်၊ ဖြစ်တဲ့အချိန် တူတယ်၊ ပျက်သွားတဲ့အချိန်ချင်း တူတယ်၊ ဒီလို ဖြစ်သည့်အတွက် တစ်ခုတည်းလို့ ထင်ကြရတယ်၊ အမှန်ကတော့ တစ်ခုတည်း မဟုတ်ဘူးတဲ့၊ အဲဒီတစ်ခုတည်း မဟုတ်တာတွေကို ဒီအချိုးအစားနဲ့ ပေါင်းစပ်ထားလိုက်တာ။
တစ်ခုတည်း မဟုတ်ဘူးဆိုလို့ရှိရင် ဒီသဘာဝတရားတွေဟာ ဘယ်လိုလုပ် ပြီးတော့ တစ်ခုတည်းအသွင် ဆောင်နေကြသလဲလို့မေးရင် ဒီသမ္ပယုတ္တပစ္စည်း အနေနဲ့ ဒီ condition က ဖန်တီးပေးထားတာလို့၊ (ပဋ္ဌာန်းဆိုတာ အကြောင်းတရား ကို ပြောတာ၊ အကြောင်းလို့ ဆိုလိုက်တာနဲ့ ထုတ်လုပ်တဲ့ အကြောင်းတရားလို့ချည်းပဲ မအောက်မေ့ နဲ့၊ အထောက်အကူပြုတာလည်း အကြောင်းပဲ၊) အဲဒီရှုထောင့် ၄-မျိုး ကနေပြီးတော့ ကြည့်ပြီး တစ်ခုတည်းအနေနဲ့ ပေါင်းစပ်ပြီး တည်ရှိနေတာ ဖြစ်တယ်၊ အဲဒီတည်ရှိနေတဲ့တရားတွေကို အပြန်အလှန် အထောက်အကူပြုနေတဲ့ စွမ်းရည်သတ္တိ တစ်မျိုးကို သမ္ပယုတ္တပစ္စယောလို့ ဒီလိုပြောတာ။
ဒီတော့ သမ္ပယုတ္တပစ္စယော ဆိုတာ စဉ်းစားကြည့်ပေါ့၊ အနက်အဓိပ္ပါယ် နားလည် လိုက်မယ်ဆိုလို့ရှိရင် ဘယ်လောက်တန်ဖိုးရှိလိုက်မလဲ၊ တို့သန္တာန်မှာရှိနေတဲ့ နာမ်တရားတွေ စိတ်တွေ စေတသိက်တွေ အချိုးကျကျ ပေါင်းစပ်ပြီး တစ်ခုတည်းလို့ ထင်နေကြရတယ်၊ အဲဒီလို တစ်ခုတည်းလို့ ထင်နေကြရတာဟာ မှီရာဝတ္ထုရုပ် ကလည်း တူတယ်၊ သိစရာအာရုံကလည်း တူတယ်၊ ဖြစ်တဲ့အချိန်ကလည်း တူတယ်၊ ပျက်သွားတဲ့အချိန်ကလည်း တူတယ်။ ဘယ်နှစ်ခု ပေါင်းထားထား တစ်ခုတည်းလို့ပဲ ထင်ရမှာပဲ၊ ကွဲပြားခြားနားမှုမှ မရှိတာကိုး၊ အဲဒီအဓိပ္ပါယ်ကို သမ္ပယုတ္တ လို့ပြောတာ။
ပဋ္ဌာန်းပါဠိတော်ကြီးမှာ -
“သမ္ပယုတ္တပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော” ဒီလိုဟောထားတယ်။
စတ္တာရော ခန္ဓာ အရူပိနော - ခန္ဓာဆိုတာ ၅-မျိုး ရှိတယ်၊ ခန္ဓာ ၅-မျိုးထဲ မှာ ဒီမှာ စတ္တာရော ခန္ဓာဆိုတော့ ခန္ဓာ ၄-မျိုး၊ အဲဒီခန္ဓာ ၄-မျိုးက ဘာတွေတုန်း ဆိုတော့ အရူပိနောလို့ နောက်က ပြထားတယ်၊ ရုပ်မဟုတ်တဲ့ခန္ဓာဆိုတော့ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်စေတသိက် နာမ်ခန္ဓာ၊ ဒါပြောတာ၊ ဒီ ပဋ္ဌာန်းပါဠိတော်ကြီးကို ရွတ်ရင်း ရွတ်ရင်းနဲ့ စတ္တာရော ဆိုတာ ၄-ခုကို ပြောတာ၊ ခန္ဓာ ဆိုတာ ခန္ဓာကို ပြောတာ၊ အရူပိနောလို့ ပြောလိုက်သဖြင့် ရုပ်မပါဘူး၊ ရုပ်မပါတာဆိုရင် နာမ်ခန္ဓာ ၄-ပါးကို ပြောတယ်လို့ဆိုတာ ရှင်းရှင်းကြီး သိရတယ်ပေါ့။
အညမညလို့ ပြောလိုက်သဖြင့် အပြန်အလှန်ဆိုတဲ့ အဓိပ္ပါယ်၊ အဲဒီ အပြန် အလှန်ဟာ တစ်ခုတည်းလို့ ထင်ရလောက်အောင် ယှဉ်တွဲထားတဲ့ စွမ်းရည်သတ္တိနဲ့ ကျေးဇူးပြုထားတယ်တဲ့၊ ဒါကြောင့် တစ်ခုတည်းလို့ထင်တာ၊ တစ်ခုတည်းလို့ ထင်တဲ့ အတိုင်းလည်း ပြောတယ်၊ ဘာပြောပြော “စိတ်ချမ်းသာတယ်၊ စိတ်မချမ်းသာဘူး၊ စိတ်ပျော်တယ်၊ စိတ်မပျော်ဘူး”လို့ ဒီစိတ်ပဲ ပြောနေကြတာနော်၊ ဒါ တစ်ခုတည်း ထင်လို့ ပြောတာနော်၊ အဲဒီလို တစ်ခုတည်းထင်လောက်အောင် ပေါင်းစပ်ထားတဲ့ သဘာဝတရားတွေတဲ့။
အဲဒါဟာ သမ္ပယုတ္တပစ္စည်းအနေနဲ့ ပေါင်းစပ်ထားတာပါ၊ သဘာဝတစ်ရပ် အနေနဲ့ တည်ရှိနေအောင် အပြန်အလှန်အထောက်အကူတွေ ပြုထားကြတယ်၊ ရှေ့က ပန်းအလှဆင်ထားတာလေးတွေကြည့် - ရိုးတံလေးပေါ်မှာ အဖူးလေးတွေ အပွင့်လေး တွေ အရွက်ကလေးတွေ ရှိတယ်၊ ရိုးတံလေး မရှိဘူးဆိုရင် အဖူးလေးတွေ အပွင့်လေးတွေက ဒီလိုနေနိုင်မှာ မဟုတ်ဘူးနော်၊ ရိုးတံရှိလို့ နေလို့ရတာ၊ တစ်ခါ ရိုးတံချည်းသက်သက် အဖူးလေး အပွင့်လေးတွေ အရွက်ကလေးတွေက မရှိဘူးဆိုရင် ရိုးတံခြောက်ကြီးက လှမှာမဟုတ်ဘူး၊ အဖူးလေးတွေ အပွင့်လေးတွေ အရွက်ကလေး တွေက ရိုးတံကြီး လှသွားအောင် တန်ဆာဆင်ပေးထားတာ၊ အပြန် အလှန် အထောက်အကူပြုတဲ့ သဘောလေးကိုပြောတာနော်။
အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရှင်းရှင်းလင်းလင်း နားလည်တယ်၊ အဘိဓမ္မာအခြေခံ မရသေးဘူးဆိုရင်လည်း စိတ်ဆိုတာ တစ်ခုတည်း မဟုတ် ဘူး၊ စေတသိက် အမြဲတမ်း ပေါင်းစပ်ထားတဲ့အရာ ဖြစ်တယ်ဆိုတာ သိရမယ်၊ အဲဒီလို ပေါင်းစပ်ထားတယ်ဆိုရင် ဘယ်နည်းနဲ့ ပေါင်းစပ်ထားသလဲမေးရင် ဖြစ်ရာ ဝတ္ထုရုပ် တူတယ်၊ ပြုရာအာရုံ တူတယ်၊ ဖြစ်တဲ့အချိန် တူတယ်၊ ချုပ်တဲ့အချိန် တူတယ်၊ တူ ၄-တူနဲ့ ပေါင်းစပ်ထားတာ၊ တူ ၄-တူနဲ့ ပေါင်းစပ်ထားသည့်အတွက်ကြောင့် ကွဲပြား ခြားနားမှုဆိုတာ မမြင်နိုင်ဘူး၊ အဲဒီလို ပေါင်းစပ်ထားတာတွေဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုနေကြတယ်။
ပဋ္ဌာန်းကျမ်းကြီးမှာ ပေါင်းပြီးတော့ဆိုတယ်၊ စတ္တာရော ခန္ဓာ အရူပိနော - ရုပ်မပါတဲ့ ခန္ဓာလေးပါးဟာ၊ အညမညံ - အပြန်အလှန်၊ တစ်ခုကနေ သုံးခုကို၊ သုံးခုကနေ တစ်ခုကို၊ နှစ်ခုကနေ နှစ်ခုကို၊ ဟော အပြန်အလှန်ရဲ့သဘောက အဲဒါပဲ၊ ခန္ဓာတစ်ခုက ကျန်တဲ့နာမ်ခန္ဓာသုံးခုကို၊ အဲဒီ နာမ်ခန္ဓာသုံးခုက ကျန်တဲ့ နာမ်ခန္ဓာတစ်ခုကို၊ နာမ်ခန္ဓာနှစ်ခုက ကျန်တဲ့ နာမ်ခန္ဓာနှစ်ခုကို၊ ပြောစရာ ကုန်ရောနော်၊ အပြန်အလှန် ဆိုတဲ့သဘောက အဲဒါပဲ၊ အပြန်အလှန် ပစ္စည်းဖြစ်လိုက် ပစ္စယုပ္ပန် ဖြစ်လိုက် အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်ပေါ့။
အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်ဆိုတာ ထောက်ထားပြီးတော့ ပြော တဲ့စကား၊ လူတွေလည်း မထူးပါဘူးနော်၊ လောကမှာ လူတွေဟာ တစ်ခုနဲ့တစ်ခု ထောက်ထားပြီးတော့ အကြောင်းအကျိုးဆိုတာ ပြောရသလိုပဲ၊ ဥပမာ- အမေလို့ ခေါ်တာကို ကြည့်၊ သူဟာ အမြဲတမ်း အမေဘက်က နေရတာမှ မဟုတ်ဘဲ၊ သူ့ အမေကို ထောက်မယ်ဆိုရင် သူ့ကို ဘာခေါ်မလဲ၊ သမီးပေါ့။ သူ့အဖွား ထောက် မယ်ဆိုရင် ဘာဖြစ်မလဲ၊ မြေးပေါ့၊ သူက အဲဒီကျတော့ အမေမှ မဟုတ်တော့ဘဲ နော်၊ အပြန်အလှန် ခေါ်တာလေ၊ သို့သော်လည်း သူ့ သားသမီးထောက်ရင် သူက အမေပဲ၊ သားသမီးရဲ့ သားသမီးကို ထောက်ပြန်တော့ အဖွားဖြစ်ပြန်ရော၊ ဒါဖြင့် လူဆိုတာ အမြဲတမ်း အမေလုပ်လို့လည်း မရဘူး၊ သမီးလုပ်လို့လည်း မရဘူး၊ ထောက်ထားပြီးတော့ ခေါ်နေကြတာ။
အဲဒါလိုပဲ နာမ်ခန္ဓာလေးပါးဟာ တစ်ခုက အကြောင်းဖြစ်ရင် ကျန်တာက အကျိုး၊ ကျန်တဲ့သုံးခုက အကြောင်းဖြစ်ရင် တစ်ခုက အကျိုး၊ နှစ်ခုက အကြောင်း ဖြစ်ရင် နှစ်ခုက အကျိုးလို့ ဒါကိုပဲ အညမညလို့ ပြောတာ၊ အပြန်အလှန် အထောက် အကူပြုထားတယ်တဲ့၊ သမ္ပယုတ္တပစ္စည်းနဲ့ အထောက်အကူပြုထားတယ်တဲ့၊ ဒါ ပစ္စယနိဒ္ဒေသပါဠိတော်က ဒီလောက်ပဲ ပြောလို့ရတာ။
ပဥှာဝါရမှာတော့ ခွဲလိုက်တယ်၊ လုံးပြီးတော့ မပြောဘူး၊ “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော”၊ ခွဲထုတ်လိုက်တယ်၊ ကုသိုလ်တရားက ကုသိုလ်တရားကို သမ္ပယုတ္တပစ္စည်းနဲ့ကျေးဇူးပြုတယ်၊ ကုသိုလ်နဲ့အကုသိုလ် က သမ္ပယုတ်ဖြစ်လို့ ရပါ့မလား၊ မရဘူး၊ မတူတာ သွားရောလို့မရဘူးတဲ့။ အဲဒီ ကျတော့၊ ပဥှာဝါရကျတော့ အသေးစိတ်ဟောတယ်၊ ကုသိုလ်ဖြစ်တဲ့ နာမ်ခန္ဓာ လေးပါးသည် အပြန်အလှန် ကုသိုလ်ဖြစ်တဲ့ နာမ်ခန္ဓာကိုပဲ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့၊ အကုသိုလ်ဖြစ်တဲ့ နာမ်ခန္ဓာနဲ့ အဗျာကတနာမ်ခန္ဓာကို ကျေးဇူး မပြုနိုင်ဘူးတဲ့၊ ခွဲထုတ်ပစ်လိုက်တယ်၊ ပြန်ပြီးတော့ အသေးစိတ်ထုတ်ပြတယ်။
ထို့အတူပဲ “အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော” ကျတော့ အကုသိုလ်နာမ်ခန္ဓာလေးပါးသည် အကုသိုလ်နာမ် ခန္ဓာလေးပါး ကိုသာ ကျေးဇူးပြုနိုင်တယ်၊ အကုသိုလ်ဆိုရင် အကုသိုလ်ချင်းပေါ့၊ အကုသိုလ်နဲ့ ကုသိုလ်က ရောလို့မရဘူး၊ သဘာဝချင်း မတူဘူး၊ သဘာဝချင်း မတူ ရင်တော့ ပေါင်းစပ်လို့ မရဘူးပေါ့၊ တူတယ်ဆိုတာ သဘာဝတရားချင်းတူမှ ပေါင်းစပ်လို့ ရမှာပေါ့။
ကုသိုလ်နဲ့အကုသိုလ်ဆိုတာ အခြေခံချင်းကမတူဘူး၊ တစ်ခုက ကောင်းတဲ့ အကျိုးပေးမယ်၊ တစ်ခုက မကောင်းတဲ့အကျိုးပေးမယ်ဆိုရင် ပေါင်းထားလို့ မဖြစ် နိုင်ဘူး၊ ရေနဲ့မီး ပေါင်းလို့မရသလိုပေါ့၊ ရေနဲ့မီး အတူထားလို့မှ မရဘဲ၊ အဲဒါလိုပဲ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ တစ်မျိုးစီပဲ။
ထို့အတူပဲ ကုသိုလ်လို့လည်း ခေါ်လို့မရတာ, အကုသိုလ်လို့လည်း ခေါ်လို့ မရတာကို အဗျာကတလို့ ပြောတယ်၊ အဗျာကတဆိုတာ ကုသိုလ်လို့လည်း မခေါ်ဘူး၊ အကုသိုလ်လို့လည်း မခေါ်ဘူး၊ တခြားနာမည်နဲ့ ခေါ်တယ်ဆိုတော့ ဝိပါက်လို့ ခေါ်မယ်၊ ကြိယာလို့ ခေါ်မယ်၊ အဲဒီအဗျာကတဖြစ်တဲ့ နာမ်ခန္ဓာ ၄-ပါးဟာလည်းပဲ အဗျာကတဖြစ်တဲ့ နာမ်ခန္ဓာ၄-ပါးကို အပြန်အလှန် အထောက်အကူပြုပါတယ်တဲ့။
ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာရှိတဲ့ နာမ်ခန္ဓာလေးပါးဟာ အမျိုးအစား တူရာ အလိုက် ဒါ species လို့ ခေါ်တယ်၊ လောကမှာ သတ္တဝါတွေဟာ အမျိုး အစား ရှိတယ်နော်၊ လူဆိုရင် လူမျိုးနွယ် ဒါ human species၊ ငှက်တွေကျတော့ လည်း ငှက်တွေပေါ့၊ bird species သူ့ဟာနဲ့ သူပဲ၊ အမျိုးတူမှ၊ လူနဲ့ ငှက်နဲ့ မတူဘူး၊ လူနဲ့ တိရစ္ဆာန်နဲ့ မတူဘူး၊ ငှက်နဲ့ ငါးနဲ့ မတူဘူး၊ species မတူဘူး၊ အဲဒီ species ချင်း မတူတာကျတော့ ပေါင်းလို့မရဘူး။
ထို့အတူပဲ ကုသိုလ်နဲ့အကုသိုလ် species ချင်း မတူဘူး၊ ကုသိုလ်, အကုသိုလ် နဲ့ အဗျာကတ မတူဘူး၊ မတူလို့ရှိရင် ပေါင်းစပ်လို့ မရဘူး၊ တူတာလေးတွေကို တူညီမှု ရှုထောင့် ၄-မျိုးကနေ ပေါင်းထားတာ “သမ္ပယုတ္တပစ္စယော”၊ ပေါင်းလို့ ရတဲ့ တူညီမှု ၄-မျိုးနဲ့ ပေါင်းထားတာ၊ ပဥှာဝါရ ပါဠိတော်နဲ့ ပစ္စယနိဒ္ဒေသပါဠိတော်မှာ လာတာ ဒီလောက်ပဲ။
မြန်မာပြည်မှာ ပဋ္ဌာန်းတရားတော်တွေ ရွတ်နေကြတာပဲ၊ နေရာဒေသအနှံ့ အပြား ပဋ္ဌာန်းတရားတွေ ရွတ်နေကြတယ်၊ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်ကြီးကို ပူဇော်တဲ့အနေနဲ့ ရွတ်ကြတာ ကောင်းပါတယ်၊ သို့သော် အဲဒါထက် ပိုကောင်းတာက အဓိပ္ပါယ်နားလည်ရင် ပိုကောင်းတယ်၊ တချို့က ပဋ္ဌာန်းတရားပွဲကြီးတွေ ကျင်းပတယ်၊ ပဋ္ဌာန်းကျမ်းကြီးက အရင်ပျောက်မှာမို့ မပျောက်အောင် ကျင်းပတယ်၊ ဒီလိုပြောကြတယ်၊ မြတ်စွာဘုရားတရားတော်တွေ ကွယ်ပြီဆိုလို့ရှိရင် ပဋ္ဌာန်းကျမ်းကြီးက စ,ကွယ်မယ်၊ ဒါကြောင့်မို့လို့ မကွယ်ရအောင် လို့ဆိုပြီး ရွတ်တာလည်း ရှိကောင်းရှိမယ်၊ ဒါတော့ ရွတ်ဖတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်ကတော့ သူတို့ပဲ သိမှာပေါ့နော်၊ သို့သော် အဓိပ္ပါယ်မသိရင် ကွယ်နေ ပြီလို့ ပြောရမှာပေါ့နော်၊ ဘာမှမသိတဲ့ စကားလုံးတစ်ခု ရွတ်နေလို့ရှိရင်၊ အဓိပ္ပါယ် မသိတော့ဘူးဆိုလို့ရှိရင် စကားလုံးပဲကျန်တယ်၊ ဒါ အနက်အဓိပ္ပါယ် မသိရင် ဒါ တစ်ခြမ်းကွယ်သွားပြီ။
ရွတ်တော့ ရွတ်တယ်၊ သို့သော် ဟေတုပစ္စယောမှာ ဟေတုဆိုတာ ဘာမှန်း မသိဘူး၊ ဟေတုပစ္စယော ဆိုတာ ဘာမှန်းမသိဘူး ဆိုလို့ရှိရင် အနက်အဓိပ္ပါယ် ကွယ်သွားပြီလို့ ပြောလို့ရတာပဲ၊ ကွယ်သွားတယ်ဆိုတာ မသိတာ၊ ပျောက်သွားရင် ဒါ ကွယ်သွားတာပဲပေါ့၊ ဒီတော့ စကားလုံးလည်း မှတ်မိဖို့လိုတယ်၊ အနက်အဓိပ္ပါယ် လည်း သိဖို့လိုတယ်ပေါ့၊ အဲဒါမှ ပြည့်စုံမှာပေါ့၊ ပုဂံခေတ်က ကျောက်စာတွေ ကြည့်လေ၊ ကျောက်စာတွေ ရေးထိုးထားတာ၊ ကျောက်စာကို အထူးလေ့လာထား တဲ့ ပညာရှင်တွေမှ ဖတ်နိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မဖတ်နိုင်ဘူး၊ ကျန်တဲ့ပုဂ္ဂိုလ် အတွက် ဒါ ကွယ်နေတာပဲ၊ ကျောက်စာသွားကြည့်လို့ကတော့ ဘာမှသိမှာ မဟုတ် ဘူး၊ အဓိပ္ပါယ် မဖော်နိုင်ဘူးပေါ့၊ အဲဒီ အဓိပ္ပါယ်မဖော်နိုင်တာသည်ပင်လျှင် ကွယ်ပျောက်သွားတာပဲ။
အဲဒါကြောင့် ပဋ္ဌာန်းကျမ်းကြီး မကွယ်စေချင်ရင်တော့ ပါဠိလည်း ရွတ်နိုင်ရ မယ်၊ အဓိပ္ပါယ်လည်း သိရမယ်။ မသိရင် ဒါ တစ်ခြမ်းကွယ်သွားပြီနော်၊ အဓိပ္ပါယ် သိအောင် ကြိုးစားလေ့လာသင့်တာပေါ့။
ကြည့် - သမ္ပယုတ္တပစ္စယောကို ပစ္စယနိဒ္ဒေသ က ခြုံငုံပြီးတော့ ပြတာ၊ မြတ်စွာဘုရားက တရားဟောတဲ့အခါမှာ အကျဉ်းကို ပထမပြောတယ်၊ ပြီးတော့မှ ထပ်ချဲ့လို့ရသေးတယ်၊ အများကြီးပဲ၊ အကျဉ်းကို အရင်ဟောလိုက်တယ်၊ “စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော” ဒီတစ်ပုဒ်ပဲရှိတယ်၊ နာမ်ခန္ဓာ ၄-ပါးသည် အပြန်အလှန် သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်။
ပဥှာဝါရကျတော့ ထပ်ချဲ့ပေးလိုက်တယ်၊ “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော” ဒါ တစ်ပုဒ်ထားတယ်၊ “အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော၊ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော” ဆိုပြီးတော့ ခေါင်းစည်း သုံးခု ပေးပြီးတော့ ကုသိုလ်ခန္ဓာ အကုသိုလ်ခန္ဓာ အဗျာကတခန္ဓာ အချင်းချင်းလို့ အပြန်အလှန် ပေါင်းစပ်ထားပြီးတော့ အထောက်အကူပြုနေတဲ့ ပစ္စည်းတရားကို သမ္ပယုတ္တပစ္စည်းပါလို့ နည်းနည်းချဲ့ပြောတယ်။
ကဲ ဘုန်းကြီးတို့ ဒီကနေ့ applied လုပ်ပြီးတော့ ထပ်ချဲ့ကြည့်ရအောင်၊ ဖြစ်စဉ်တစ်ခုနဲ့ ထပ်ချဲ့ကြည့်ရအောင်၊ ဒါ applied လုပ်တဲ့နည်းကိုပြောတာ၊ ဒီ applied လုပ်တဲ့နည်းက အဘိဓမ္မာလေ့လာထားတဲ့ ဗဟုသုတနဲ့ ပြောရအောင်၊ လူ့ရဲ့နေ့စဉ် ဘဝမှာ ဖြစ်နေတဲ့ အတိုင်းအတာတစ်ခုနဲ့ ပြောရအောင်။
ကောင်းပြီ သမ္ပယုတ္တပစ္စည်းရဲ့ အနေအထားတစ်ခုမှာ လူတွေရဲ့သန္တာန်မှာ နေ့စဉ်ဖြစ်နေတဲ့ အနေအထားတစ်ခုနဲ့ ပြောရအောင်၊ နံနက်မိုးလင်းလို့ အိပ်ရာက ထ, မျက်လုံးကလေးနှစ်လုံး ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ပြင်ပက မြင်စရာအာရုံကို မျက်စိထဲ ပေါ်မလာဘူးလား၊ ပေါ်လာတာနဲ့ ဘာလဲလို့ မြင်လိုက်တဲ့အခါ ပန်းပွင့် မြင်ရင် ပန်းပွင့်, သစ်ပင်မြင်ရင် သစ်ပင်, လူမြင်ရင် လူ, လမ်းမြင်ရင်လမ်း မြင်ပြီး တော့ သိတဲ့စိတ်တွေ ပေါ်မလာဘူးလား၊ အဲဒီကစပြီး ကြည့်ရမှာ။ မျက်စိဖွင့်လိုက် တယ် မြင်စရာအာရုံကို မြင်လိုက်တယ်။
မှတ်ထားဖို့ရာက မျက်စိဆိုတာ အရပ်စကားနဲ့ ပြောမယ်၊ (အဘိဓမ္မာလို ပြောမယ်ဆိုရင် စက္ခုပသာဒရုပ်ပေါ့နော်၊) မျက်စိဆိုတာ တစ်ခု၊ မြင်စရာအာရုံဆိုတာ တစ်ခု၊ မြင်စရာအာရုံကို တစ်ခုလို့ ဘာလို့ ပြောရတာတုန်းဆိုတော့ မြင်စရာ အာရုံသည် ကြားစရာအသံနဲ့ တခြားစီလေ၊ မတူတဲ့သဘောလေ၊ နားက ကြားတဲ့ အသံသည် မြင်လို့ မရဘူးလေ၊ နှာခေါင်းက နမ်းရှူရတဲ့အနံ့က မြင်လို့ မရဘူး၊ လျှာနဲ့လျက်လို့ရတဲ့ အရသာက မြင်လို့မရဘူး၊ ခန္ဓာကိုယ်နဲ့ ထိလို့ရတဲ့ အထိအတွေ့ ကလည်း မြင်လို့ရတာ မဟုတ်ဘူး၊ ဒီတော့ မြင်လို့ ရတာက တစ်ခုတည်းရှိတယ်။
ကဲ ကောင်းပြီ - မြင်လို့ရတဲ့အာရုံဟာ မျက်စိထဲမှာ ထင်ဟပ်လာတယ်။ ထင်ဟပ်လာပြီဆိုရင် ထူးခြားတဲ့စိတ်အစဉ်တွေ ပေါ်လာတယ်၊ အဲဒါကို အကြောင်း ပြုပေါ့။ ကဲ၊ လိုရင်းကိုပြောမယ်ဆိုရင် ထူးခြားတဲ့စိတ်အစဉ်ကလေး၊ အာရုံတစ်ခုက မျက်စိတံခါးပေါက်ကနေပြီး မျက်စိတံခါးကို အဆင်းအာရုံလေးက ဝင်ရောက် လာတယ်လို့ ပြောရမယ်နော်၊ ဝင်ရောက်လာလို့ မျက်စိတံခါးဝမှာ အာရုံလာပြီး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် တံခါးဖွင့်ပေးတဲ့စိတ် ပေါ်လာတယ်၊ အဲဒီတံခါးဖွင့် ပေးတဲ့စိတ်ကို ပဉ္စဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်။
မျက်စိကို အဆင်းအာရုံက လာပြီးထိတာဟာ ဘာနဲ့ ဥပမာတူတုန်းဆိုရင် အိမ်တံခါးပိတ်ထားတာ၊ အပြင်ဘက်ကလာပြီး တံခါးခေါက်လိုက်တာနဲ့ တူတယ်၊ ခေါက်လိုက်တဲ့အခါ တံခါးကိုဖွင့်ပေးလိုက်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က စိတ်တံခါးကို ဖွင့်ပေးလိုက်တာပဲ၊ အဲဒီအချိန်မှာ ပြင်ပကအာရုံနဲ့ ဆက်သွယ်ဖို့ စိတ်တံခါးကို ဖွင့်ပေး လိုက်တာ၊ အဲဒီစိတ်တံခါးကို ဖွင့်ပေးတဲ့ ဒီစိတ်က ဘယ်နေရာက ထွက်လာတုန်း။
ခန္ဓာကိုယ်ထဲမှာ စိတ်ဆိုတာ ဘယ်နေရာမှ ရှိနေတာ မဟုတ်ဘူး၊ မြတ်စွာ ဘုရားကိုယ်တိုင်က “ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ” အသိစိတ်ဆိုတာ အကြောင်းကို စွဲပြီး ဖြစ်လာတာလို့ ပြောတာ၊ ရှိနေတာလို့ ပြောတာမဟုတ်ဘူး၊ ဒါကို မရှင်းသေးဘူး ဆိုရင် ထင်ရှားအောင်ကြည့် - မီးခြစ်ဘူးလေးထဲမှာ မီးရှိသလားလို့ မေးကြည့်ပေါ့၊ မရှိဘူးနော်၊ မီးရှိရင် ပူတယ် လောင်တယ်၊ မရှိဘူးဆိုတာ သက်သေပြနိုင်တယ်၊ ဒါကြောင့်မို့ မီးခြစ်ဘူးတို့ ဂက်(စ်)မီးခြစ်တို့ကို အိပ်ထောင်ထဲ ထည့်သွားတာပေါ့ မီးမရှိဘူးဆိုတာ သေချာတယ်နော်၊ မီးရှိရင် ဘယ်ထည့်လို့ရမလဲ။
ထို့အတူပဲ စောင်းတစ်ခုကို ပိုက်ထားလို့ရှိရင် စောင်းအိုးနဲ့ စောင်းကြိုးထဲ မှာ ထူးမခြားနားသီချင်းကြီး ရှိနေသလား၊ မရှိဘူး၊ တီးမှ ပေါ်လာတာ၊ ရှိနေတာ မဟုတ်ဘူး၊ ထို့အတူပဲ နှလုံးသားထဲမှာ စိတ်ရှိနေတာ မဟုတ်ဘူး၊ ဦးနှောက်ထဲမှာ လည်း စိတ်ရှိနေတာ မဟုတ်ဘူး၊ ဘယ်နေရာမှ မရှိဘူး။
မျက်စိတံခါးကို အဆင်းအာရုံက လာတိုက်တဲ့အခါ ဘွားကနဲပေါ်လာတာ နော်၊ တိုက်လို့ပေါ်တယ်လို့ မှတ်ထားပေါ့ တိုက်တယ်ဆိုတာကို ကြည့် - စောင်းကြိုး ကို လက်ကလေးနဲ့ တီးလိုက်ရင် အသံထွက်လာတယ်၊ ဒါ ဝိသုဒ္ဓိမဂ်မှာလည်း ဒီ အတိုင်းပဲဆိုတာပါ၊ ဒါapplied method ပါ “န စက္ခုတော ဇာယရေ ဖဿပဉ္ဇမာ”- နာမ်တရားတွေဟာ မျက်လုံးထဲက ထွက်လာတာ မဟုတ်ဘူး၊ “န ရူပတော” အဆင်းအာရုံက ထွက်လာတာလည်း မဟုတ်ဘူး၊ “နော စ ဥဘိန္နမန္တရာ” ဒီနှစ်ခုကြားက ပေါ်လာတာလည်း မဟုတ်ဘူး၊ “ဟေတုံ ပဋိစ္စပ္ပဘဝန္တိ သင်္ခတာ” - အကြောင်းကြောင့် ပေါ်လာတာပဲ၊ မပေါ်ခင်ကလည်း တစ်နေရာမှာ သိုလှောင် ထားတာလည်း မရှိပါဘူး၊ ပေါ်လာပြီးတော့လည်း တစ်ခါတည်း ပျောက်သွား တာပါပဲ။
တရားနာရင်း တရားထူးတရားမြတ် ရသွားနိုင်တယ်၊ အဲဒီလို နာတာကိုက ကျင့်သုံးတယ်လို့ ခေါ်တာပဲ၊ ခေတ်စကားနဲ့ပြောရင် applied လုပ်တာပေါ့၊ တရား နာနေရင်း အသုံးချတာပေါ့၊ အဲဒီလို တရားနာနေရင်း အသုံးချခြင်းသည်ပင်လျှင် အသိဉာဏ်တွေက တဖွားဖွားပေါ်နေတာ၊ အဲဒီ အသိဉာဏ်တွေ ပေါ်နေတာကိုက ဒါ attainment ပဲလေ၊ ကိုယ်သိတဲ့အသိက မလုံလောက်သေးလို့သာ မဂ်သိ ဖိုလ်သိ မရောက်သေးတာကိုး၊ လုံလောက်ပြီဆိုတဲ့ပုဂ္ဂိုလ်တွေကျတော့ တရားထူး တရားမြတ် လို့ဆိုတဲ့ မဂ်သိ ဖိုလ်သိ ရောက်သွားမှာပေါ့၊ ကိုယ့်ရဲ့ရင့်ကျက်မှု မရင့်ကျက်မှုပေါ် မူတည်ပြီးတော့ အသိတွေ တိုးတက်လာမှာ သေချာတာပေါ့။
ကဲ ကောင်းပြီ၊ မျက်စိဆိုတဲ့တံခါးကို ရူပါရုံဆိုတဲ့အဆင်း အာရုံက လာပြီး ခေါက်လိုက်တဲ့အခါမှာ ဟဒယဝတ္ထုရုပ်ကို မှီနေတဲ့, ငါးဒွါရမှာ attention လုပ်တဲ့ စိတ်၊ သတိပြုလိုက်တဲ့စိတ် ဖြစ်ပေါ်လာတယ်။
ဟဒယဝတ္ထုကို မှီနေတဲ့ ဒီပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘယ်လိုလုပ် ပေါ်ရတာ တုန်းလို့ မေးကောင်း မေးမိလိမ့်မယ်၊ အဓိကပဓာနအနေနဲ့သာ မြင်စရာအာရုံသည် စက္ခုကို တိုက်တယ်လို့ပြောတာ၊ သူတိုက်တာက နှစ်ခုစလုံးကိုတိုက်တယ်၊ ဟုတ်ရဲ့ လား၊ မျက်စိဆိုတဲ့ တံခါးကိုလည်း တိုက်တယ်၊ ဘဝင်ဆိုတဲ့ မနောဒွါရ mind door ကိုလည်း တိုက်တယ်၊ နှစ်ခုစလုံးကို တိုက်တာ၊ ဒါကြောင့်မို့ နိုးထသွားတာပေါ့ စက္ခုဒွါရဆိုတဲ့ မျက်စိတံခါးကိုတင် မကဘူး၊ မနောဒွါရလို့ ခေါ်တဲ့ ဘဝင်တံခါးကိုပါ ခေါက်လိုက်တာ၊ ဒါကြောင့်မို့ အဋ္ဌသာလိနီအဋ္ဌကထာမှာ “အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု ဥပ္ပဇ္ဇတိ”- အာရုံဟာ တံခါးနှစ်ခုမှာ တစ်ပြိုင်နက်ပေါ် ပါတယ်လို့ပြောတာ၊ အာရုံတစ်ခုသည် တံခါးနှစ်ခုမှာ တစ်ပြိုင်နက် ပေါ်လာတယ်တဲ့။
ကြည့် - တံခါးနှစ်ခုဆိုတာ မျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံသည် မျက်စိ တံခါးနဲ့ စိတ်တံခါး၊ စာလိုပြောရင် စက္ခုဒွါရနဲ့ မနောဒွါရ၊ ဒီနှစ်ခုမှာ ပေါ်တယ်၊ အသံသည် သောတဒွါရနဲ့ မနောဒွါရ, နားတံခါးနဲ့ စိတ်တံခါး၊ အနံ့သည် ဃာနဒွါရ နဲ့ မနောဒွါရ, နှာခေါင်းတံခါးနဲ့ စိတ်တံခါး၊ လျှာမှာထိတဲ့ အရသာအာရုံသည် လျှာ တံခါးနဲ့ စိတ်တံခါး၊ ဇိဝှာဒွါရနဲ့ မနောဒွါရ နှစ်မျိုးမှာ ပေါ်တယ်၊ ထို့အတူပဲ ဖောဋ္ဌဗ္ဗာရုံ သည် (ထိလို့သိရတဲ့ အာရုံသည်) ကာယဒွါရ ဆိုတဲ့ ကိုယ်တံခါးနဲ့ မနောဒွါရဆိုတဲ့ စိတ်တံခါး - နှစ်ခုမှာ လာထင်ဟပ်ပါတယ်တဲ့၊ ဒီတော့ စိတ်တံခါးပွင့်ပြီး ပေါ်လာတာက ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ခေါ်တယ်တဲ့။
ဒါကြောင့်မို့ ပဉ္စဒွါရဆိုတာ ငါးဒွါရ၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် လို့ ဆိုတဲ့ အာရုံတွေ ဝင်ရာ, စိတ်က အာရုံကိုရယူတဲ့ နေရာ၊ တံခါးသဖွယ်ဖြစ်တဲ့ အင်္ဂါ ၅-ပါး၊ တံခါးဆိုတာ အဝင်အထွက်လုပ်တဲ့ နေရာကို တံခါးခေါ်တာပဲလေ၊ အဝင်အထွက် လုပ်တာ၊ ဝင်လို့ ရတယ်၊ ထွက်လို့ ရတယ်၊ ဒါကြောင့်မို့ တံခါးဆိုတဲ့ စကားလုံးကို ပါဠိလို ဒွါရ၊ ဒွါရ ဆိုတာ ဒု + အရ၊ ဒု ဆိုတာ ၂-ယောက်၊ အရ ဆိုတာ အသုံးပြုတာ၊ လူနှစ်ယောက် အသုံးပြုတာကို တံခါးခေါ်တယ်တဲ့၊ လူ နှစ်ယောက်ဆိုတာ ဝင်သူနဲ့ ထွက်သူ ဒါပဲ၊ လူ-၁၀၀ ဝင်ဝင် လူ-၁၀၀၀ ဝင်ဝင်, ဝင်သူနဲ့ ထွက်သူ ဒါပဲ ရှိတာပဲ၊ ဝင်တဲ့လူလည်း တစ်ယောက်ပဲ၊ ထွက်တဲ့လူလည်း တစ်ယောက်ပဲ၊ တစ်မျိုးတစ်စား တည်း၊ ဒါကြောင့်မို့ ဝင်သူနဲ့ထွက်သူ နှစ်ယောက် အသုံးပြုတာကို ဒွါရလို့ ခေါ်တာ။
ဒီမှာလည်း အတူတူပဲ၊ အာရုံက ဝင်တယ်, စိတ်က ထွက်တယ်၊ ထွက်တယ် ဆိုတဲ့နေရာမှာ စိတ်က အပြင်ထွက်သွားတာ မဟုတ်ဘူး၊ အပြင်က ဝင်လာတဲ့ အာရုံကို ဖမ်းယူနိုင်တာကို ပြောတာ၊ ဒါကျတော့ တင်စားခေါ် တာ၊ Metaphorical term လို့ခေါ်တယ်။
ကဲ ကောင်းပြီ - အဆင်းအာရုံက မျက်စိတံခါးနဲ့ စိတ်တံခါးကို ထိလိုက် တဲ့အခါမှာ ဟဒယဝတ္ထုကို မှီနေတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် (ပထမဆုံး ထိုအာရုံကို အသိအမှတ်ပြု လိုက်တဲ့စိတ်)ဟာ တံခါးဖွင့်ပေးလိုက်တဲ့ သဘောအနေနဲ့ ပေါ်လာတယ် တဲ့၊ ကဲ ဒီနေရာမှာ သမ္ပယုတ္တပစ္စယောလို့ ပြောချင်လို့ရှိရင် ဘာကိုပြောမလဲ၊ ပဋ္ဌာန်းပစ္စည်းတွေ ချည်းပဲ အကုန်လုံး၊ ပြောမယ်ဆိုရင် မြင်စရာအာရုံက အာရမ္မဏ- ပစ္စယောပဲ၊ စက္ခုဒွါရ ဆိုတဲ့ မျက်စိတံခါးက ပုရေဇာတပစ္စယောပဲ၊ နိဿယ ပစ္စယော၊ တူညီတာတွေ ပြောမယ်ဆိုရင် ဒါ သူ့ဆိုင်ရာဆိုင်ရာအကြောင်း၊ ဒီနေရာမှာ သမ္ပယုတ္တပစ္စယောနဲ့ ဆိုင်ရုံလေးတင် ပြောမယ်ဆိုလို့ရှိရင် အဲဒီပေါ်လာတဲ့ ပထမဆုံး တံခါးဖွင့်တဲ့အနေနဲ့ အာရုံကိုအသိအမှတ်ပြုတဲ့အနေနဲ့ ပေါ်လာတဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ်၊ ထိုစိတ်က ဦးဆောင်ပြီး စေတသိက် ၁၀-ခု ပါလာတာ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ပြောတဲ့အထဲမှာ ၁၁-မျိုးပါတယ်လို့ မှတ်လိုက်ပါ၊ ၁၁-မျိုးကို ဖွဲ့စည်းထားတာ၊ သူတစ်ခုတည်း မဟုတ်ဘူး၊ ၁၁-ခု ပါတယ်။
ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု၊ အဲဒီစိတ်မှာ ယှဉ်တွဲလာတာတွေဟာ ဘာတွေလဲဆိုရင် ဖဿဆိုတာ ပါလာတယ်၊ ဖဿဆိုတာ အာရုံနဲ့ ဆက်သွယ်ပေးတဲ့ သဘော၊ အာရုံနဲ့ အတွေ့ အကြုံရသွားတဲ့ ဝေဒနာဆိုတာ ပါလာတယ်၊ ထိုအာရုံကို မှတ်တမ်းတင် တတ်တဲ့ သညာဆိုတာ ပါလာတယ်၊ လှုံ့ဆော်ပေးတဲ့ စေတနာဆိုတာ ပါတယ်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ထိုအာရုံတစ်ခုတည်းကိုပဲ ယူထားတဲ့ ဧကဂ္ဂတာဆိုတာ ပါတယ်၊ နောက် အသက်အနေနဲ့ ထိုသဘာဝတရားတွေကို စောင့်ထိန်းတဲ့ ဇီဝိတိန္ဒြိယဆိုတာ ပါလာတယ်၊ နှလုံးသွင်းတဲ့သဘော မနသိကာရ ဆိုတာ ပါလာတယ်၊ အာရုံဘက်လှည့်ပေးတဲ့သဘော ဖြစ်တယ်၊ universal mental state စေတသိက် ၇-ခုဟာ သူနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်လာတယ်။
ဒါတင်လားဆိုတော့ မကသေးဘူး၊ သူနဲ့ ယှဉ်တွဲလာတာတွေက ရှိသေး တယ်၊ ဘာတွေပါလာတုန်း၊ ဝိတက်ဆိုတာ ပါလာတယ်၊ တွေးတောတာလေးတွေ ပါတယ်၊ ဝိစာရဆိုတဲ့ ဆင်ခြင်သုံးသပ်မှုတွေ ပါလာတယ်၊ ဝိတက် ဝိစာရ ဒီနှစ်ခု ပါလာတယ်၊ အဓိမောက္ခဆိုတာ ပါလာတယ်၊ ဒီဘက်က ၃-ခု၊ ဟိုဘက်က ၇-ခု ပေါင်း ၁၀-ခု၊ အဲဒီ ၁၀-ခုရယ် ခုနက စိတ်ရယ် ပေါင်းလိုက်တော့ ၁၁-ခု။
ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဆိုင်ရာဆိုင်ရာ function တွေနဲ့ မတူတဲ့ အမျိုးအစား ၁၀-ခု စုစည်းထားပြီး တစ်ခုတည်းလို နေအောင် စုလိုက်တာ၊ တစ်ခုတည်း အသွင်သဏ္ဌာန် ဘာကြောင့်ဖန်တီးနိုင်လဲလို့ ဆိုရင် သူတို့ဟာ ဖြစ်ပေါ်လာတဲ့နေရာကလည်း အတူတူပဲတဲ့၊ ဟဒယဝတ္ထုပေါ်မှာ ဖြစ်ပေါ်လာကြ တယ်၊ ဟဒယဝတ္ထုဆိုတဲ့ the same base တူညီတဲ့နေရာကနေ ပေါက်ဖွားလာတာ၊ ပေါက်ဖွားလာပြီး သူတို့သိလိုက်တဲ့အာရုံကလည်းပဲ မျက်စိတံခါးမှာထင်လာတဲ့ ရူပါရုံကိုပဲ သိကြတယ်၊ ဟော အာရုံကလည်း တူတယ်၊ ဖြစ်လာတဲ့အချိန် ကြည့်ဦးမလား၊ တစ်ပြိုင်နက်ဖြစ်လာကြတယ်၊ ချုပ်သွားတဲ့အချိန် ကြည့်ဦးမလား၊ တစ်ပြိုင်နက် ချုပ်သွားကြတယ်၊ ဟော ဒီ တူ ၄-တူနဲ့ စုစည်းထား တူ လိုက်တဲ့ ဒီသဘာဝတရား ၁၁-ခုဟာ အပြန်အလှန် အထောက်အကူပြုပြီး တစ်ခု တည်းကဲ့သို့ စုစည်းထားတာ ဖြစ်သောကြောင့် သမ္ပယုတ္တပစ္စယောလို့ ပြောတာပါ၊ ဒီစိတ် ဒီလိုတည်နေနိုင်အောင် ဒီ ၁၁-ပါးသော ဒီသဘာဝတရားတွေဟာ အပြန်အလှန် အထောက်အကူပြုနေကြတာ၊ တစ်ခုတည်းကဲ့သို့ ရှိနေအောင် သမ္ပယုတ္တ သတ္တိနဲ့ အထောက်အကူ ပြုထားတာ၊ သမ္ပယုတ္တသတ္တိဆိုတာ ခုနက တူ ၄-တူနဲ့ စုစည်း ထားတာကို ပြောတာနော်၊ အဲဒီလို စုစည်းပြီး ယှဉ်တွဲထားတဲ့သဘော။
ကဲ ဒါ မျက်စိဖွင့်လိုက်လို့ ပထမဆုံးဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တွေ ကို သမ္ပယုတ္တပစ္စည်းလို့ မှတ်ပါ၊ သမ္ပယုတ္တပစ္စည်းရလိုက်တာနဲ့ တစ်ပြိုင်နက် အခြား ပစ္စည်းတွေကကော မရဘူးလား? ရတယ်၊ စုစည်းတာက သမ္ပယုတ္တ၊ သူတို့ဟာ တစ်ပြိုင်နက် အတူတကွ မွေးဖွားလာကြတာ ဖြစ်သောကြောင့် သဟဇာတ၊ born together နော်၊ အတူတူမွေးလာကြသလိုပဲ အပြန်အလှန် အထောက်အကူပြု နေကြလို့ အညမည၊ တစ်ဦးတစ်ဦး မှီခိုနေကြတယ် - နိဿယ၊ ရှိနေတုန်းပဲ အမှီပြုကြတယ် - အတ္ထိ၊ မကင်းမကွာခင် ဖြစ်နေတုန်းအချိန်မှာ အမှီပြုကြတယ် - အဝိဂတ၊ ဒီသဘောတရားတွေမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီလိုအနေအထားတွေ ရှိကြတယ်လေ၊ သဟဇာတပစ္စည်း၊ အညမညပစ္စည်း၊ နိဿယပစ္စည်း၊ အတ္ထိပစ္စည်း၊ အဝိဂတပစ္စည်းဆိုတဲ့ ဒီအကြောင်းတရားတွေနဲ့ ပေါင်းစပ်ပြီးတော့ အထောက်အကူ ပြုနေတာဟာ ဟောဒီ သမ္ပယုတ္တပစ္စည်းကို ဝိုင်းပြီးရံထားလိုက်ကြတာ၊ ဒီလောက် condition တွေ များနေတဲ့ ဘဝတစ်ခုဟာ ဘယ်မှာစိတ်ချရမလဲ၊ condition ပျက်သွားတာနဲ့ တစ်ပြိုင်နက် ကျန်တာတွေ ပျက်မှာပဲ။ ဒီထဲမှာ “ငါ့ဟာ” လို့ ပြောစရာ မရှိဘူး၊ ငါလုပ်နိုင်တာ တစ်ခုမှမရှိဘူး၊ သူ့ဟာသူ လုပ်နေကြတာ။
သစ်ပင်တစ်ပင်စိုက်ရင် ကိုယ်လုပ်တဲ့အလုပ်က ဘာတုန်း၊ မျိုးစေ့ကို မြေကြီးထဲချပေး နိုင်တယ်၊ ဒါပဲ ကိုယ်လုပ်နိုင်တာ၊ အဲဒီသစ်ပင်လေးက အညှောင့် ထွက်လာနိုင်အောင် လုပ်နိုင်သလား၊ မလုပ်နိုင်ဘူး၊ အမြစ်ဆင်းလာနိုင်အောင်ကော လုပ်နိုင်သလား၊ အညှောက်ထွက်လာအောင်လည်း မလုပ်နိုင်ဘူး၊ အမြစ်ကလေး ဆင်းသွားအောင် လည်း မလုပ်နိုင်ဘူး၊ ထွက်လာတဲ့အညှောင့်ကလေးက အရွက်ကလေးတွေ ဖြစ်လာ အောင်လည်း ကိုယ်လုပ်တာ မဟုတ်ဘူး၊ အကိုင်းအခက်တွေ ရှင်သန်လာအောင်လည်း ကိုယ်လုပ်တာမဟုတ်ဘူး၊ အပွင့်လေးတွေ ပွင့်လာအောင် လည်း ကိုယ်လုပ်တာ မဟုတ်ဘူး၊ အသီးသီးအောင်လည်း ကိုယ်လုပ်တာ မဟုတ်ဘူး တဲ့၊ ဘယ်သူက လုပ်တာတုန်း၊ သဘာဝတရားက လုပ်သွားတာ။
အဲဒီအတိုင်းပဲ ကိုယ့်သန္တာန်မှာဖြစ်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်မှာ ကိုယ်လုပ်တာ တစ်ခုမှ မရှိဘူး၊ ကိုယ်လုပ်တာ မရှိတာကို “ငါ့ဟာ”လို့ သွားပြီးတော့ စွဲနေတယ် ဆိုရင် ဘယ်လောက် ရယ်စရာကောင်းမလဲ၊ သေချာစဉ်းစားကြည့်၊ သို့သော် လူတွေက ဒီအတိုင်းပဲ ထင်နေကြတယ်လေ၊ ပြောတယ်လေ၊ “ငါ့စိတ်” တဲ့၊ ဟုတ်ကဲ့ လား၊ ငါ့စိတ်လို့ ပြောစရာ ဘာတစ်ခုမှ မရှိဘူး၊ ‘ငါဆိုတာမှ မရှိဘဲ၊ ‘ငါ့စိတ်’ဆိုတာ ဘယ်လိုလုပ် ရှိမတုန်း၊ မရှိဘူး၊ ‘ငါလို့ပြောတဲ့ လူကိုက ရုပ်နဲ့နာမ်ပဲ ရှိတာလေ၊ အဲဒီ ရုပ်နဲ့နာမ်ဆိုတာလည်း အခိုက်အတန့်လေးတွေပဲ ရှိတာ၊ သူက 'ငါ'လို့ ပြော မလို့ တွေးနေတုန်း ဒီစိတ်က ပျက်သွားပြီ၊ ငါလို့ ပြောလိုက်တဲ့အချိန်မှာ သူပြောတဲ့ စိတ်က မရှိတော့ဘူး၊ နောက်တစ်စိတ်ဖြစ်နေပြီ၊ ကော်ပီပဲ ကျန်တော့တာ၊ ကော်ပီ လေးကိုပဲ ငါလုပ်နေကြတာ၊ ဟုတ်ရဲ့လား။
အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဒါတွေကို ရှင်းရှင်းမြင်ဖို့ “နေတံ မမ ငါ့ဟာ မဟုတ်ဘူးတဲ့၊ “နေသော ဟမသ္မိ” ငါလည်း မဟုတ်ဘူးတဲ့၊ “န မေ သော အတ္တာ” ငါ့ရဲ့အတ္တလည်း မဟုတ်ဘူးလို့ “ယထာဘူတံ သမ္ပပ္ပညာယ ဒဋ္ဌဗ္ဗံ” မှန်ကန် တဲ့အသိဉာဏ်နဲ့ ကြည့်ပါတဲ့၊ မြင်ပါလိမ့်မယ်တဲ့။
ကြည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကနေ ပေါင်းစပ်လိုက်လို့ သူ့ဟာသူ ပေါ်လာတာ၊ ဒီအကြောင်းတရားတွေ ဖယ်လိုက်လို့ ရှိရင် ကိုယ်က ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပေါ် အောင်လုပ်နိုင်တဲ့ အင်အားရှိရဲ့လား၊ ခုနက မျိုးစေ့ ကလေးက အမြစ်သက်ဆင်းအောင်, အညွန့်ထွက်အောင် ကိုယ် မလုပ်နိုင် သလိုပဲ၊ ဒါဖြင့် ဘယ်သူက လုပ်တာတုန်းဆိုရင် မြေတို့ ရေတို့က လုပ်သွားတာလေ၊ ဥတုက လုပ်သွားတာလေ၊ ကိုယ်လုပ်တာ မဟုတ်ဘူး၊ အပူအငွေ့က လုပ်သွားတယ်၊ အပူအအေးဆိုတဲ့ ဥတုကနေ လုပ်သွားတာ၊ အေး အဲဒါလိုပဲ ဟောဒီ ပဉ္စဒွါရဝဇ္ဇန်း စိတ် ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် စေတသိက် ၁၀-ခုက ရံလိုက်လာတာ၊ စေတသိက် ၁ဝ-ခုနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု၊ ပေါင်းလိုက်တော့ ၁၁-ခု၊ အဲဒီ ၁၁-ခုသည် အပြန်အလှန်အထောက်အကူပြုပြီး born together အတူတကွ မွေးဖွား လာကြတယ်၊ reciprocal အပြန်အလှန် အထောက်အကူပြုနေကြတယ်၊
နိဿယ- တစ်ခုတစ်ခု မှီနေကြတယ်၊
သမ္ပယုတ္တ - တစ်ခုတည်းကဲ့သို့ ယှဉ်တွဲထားတယ်၊ ပေါင်းစပ်ထားတယ်၊
အတ္ထိ - အားလုံးဟာ ရှိနေတဲ့အခိုက်မှာ အထောက်အကူ ပြုကြတယ်၊
အဝိဂတ - တစ်ခုနဲ့တစ်ခု ကွာမသွားခင် အထောက်အကူပြုနေကြတယ်၊
ကွာသွားရင် မရှိတော့ဘူးပေါ့၊ အဲဒါကို ဒီလိုအာရုံပြုပြီးတော့ ကြည့်ရမှာပေါ့၊ ဒါ သမ္ပယုတ္တပစ္စယောပါပဲ။
ကဲ အဲဒီကနေဆက်ပြီးတော့ applied လုပ်ကြည့်ရအောင်၊ ဒီ ပဉ္စဒွါရဝဇ္ဇန်း စိတ်က ပေါ်လာပြီး သိပ်တိုတောင်းတဲ့ အချိန်ပိုင်းလေးအတွင်းမှာ ပျက်သွားတယ်၊ ဖြတ်ကနဲ ပေါ်ပြီး ပျက်သွားတယ်၊ တောက်လျှောက်ပျက်သွားတယ်၊ ဘာနဲ့ ဥပမာ တူတုန်းဆိုရင် လျှပ်စီးလက်လိုက်သလို ဖျတ်ကနဲဆို ပြီးသွားပြီ၊ ဖြတ်ကနဲဆို ပေါ်ပြီး တော့ ပျောက်သွားပြီ၊ ပျောက်သွားတာနဲ့တစ်ပြိုင်နက် နောက်စိတ်တစ်ခု အစားဝင် လာတယ်၊ အဲဒီစိတ်ကို စက္ခုဝိညာဏ်စိတ်လို့ ခေါ်တယ်၊ မြင်သိစိတ်၊ ဟိုက လမ်းပြ ပေးသွားပြီ၊ အာရုံတစ်ခု ယူပေးသွားတဲ့အခါ စက္ခုဝိညာဏ်စိတ်က မြင်လိုက်တယ်၊ မြင်ပြီးတာနဲ့တစ်ပြိုင်နက် သူလည်း ဖြတ်ကနဲပျက်သွားပြီ၊ သူလုပ်နိုင်တာ မြင်တာ လေးတစ်ခုပဲ၊ အကောင်းအဆိုး သူဘာမှမသိဘူး၊ မြင်လိုက်တာပဲရှိတယ်၊ ကဲ အဲဒီ စက္ခုဝိညာဏ်ရော သမ္ပယုတ္တပစ္စည်းနဲ့ ဘယ်လိုပြောမလဲ၊ စက္ခုဝိညာဏ်စိတ်ဆိုတာ က တစ်ခု၊ ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြိယ မနသိကာရ ဆိုတဲ့ စေတသိက်က ၇-ခုနော်၊ ပေါင်းလိုက်တဲ့အခါ ၈-ခု၊ အဲဒီ ၈-ခု ဖွဲ့စည်းထား တာ၊ မြင်သိစိတ်ဆိုတာက တစ်ခုမှလျော့လို့ မရဘူး၊ လျော့လိုက်တာနဲ့တစ်ပြိုင်နက် ပျက်သွားပြီ၊ ဒါကိုပြောတာ၊
သိပ္ပံဆရာတွေပြောတဲ့ water ရေဟာ H2O ဒီ atom လေး သုံးခု ပေါင်းစပ် ထားတာနော်၊ အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ဆိုတဲ့ H2O အဲဒါတွေနဲ့ ပေါင်းစပ် ထားတယ်၊ ခွဲလိုက်လို့ရှိရင် သဘာ့ဝတရားဟာပျက်စီးသွားတယ်၊ အဲဒါကို indivisible ခွဲလို့မရဘူး၊ ခွဲလိုက်တာနဲ့တစ်ပြိုင်နက် သူတို့ရဲ့သဘာဝအနေအထားတစ်ခု ပျက်စီး သွားတယ်၊ သဘာဝအနေအထားတစ်ခု မပျက်စီးအောင် ခွဲလို့မရဘူး၊ ခွဲရင် ပျက်မှာ ပဲ၊ ထို့အတူပဲ မြင်သိစိတ်ဆိုတာကို တစ်ခုစီ ခွဲထုတ်လိုက်လို့ရှိရင် မြင်သိစိတ်ဆိုတာ မရှိတော့ဘူး၊ တစ်ခုမှ လျော့လို့မရဘူး၊ ၈-ခုဟာ ၈-ခုပဲ၊ ဒါကြောင့်မို့လို့ indivisible ခွဲခြားစိတ်ဖြာလို့ မရတဲ့အရာ၊ သို့သော် မရတာကို ဘာဖြစ်လို့ ၈-ခုလို့ ပြောနိုင်သလဲဆိုရင် သူတို့ရဲ့ function တွေက မတူဘူး၊ သဘာဝတွေက မတူဘူး၊ လုပ်ဆောင်ချက် တွေက မတူလို့ အခုလိုပြောတာ၊ မတူတဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုထဲမှာ ပေါင်းပြီးတော့ အလုပ်လုပ်နေကြတယ်၊ ပေါင်းစပ်ထားတယ်၊ တစ်ခုတည်း ပေါင်းစပ် ထားတယ်၊ သမ္ပယုတ္တသတ္တိက ပိပိရိရိနဲ့ ပေါင်းစပ်ထား တယ်နော်၊ ပေါင်းစပ် ထားသည့်အတွက်ကြောင့် တစ်ခုတည်းပဲလို့ ထင်ရတယ်။
အဲဒီတစ်ခုကလည်း အပြန်အလှန်ပဲတဲ့၊ စက္ခုဝိညာဏ်စိတ်က ကျန်တဲ့ စေတသိက် တွေကို အထောက်အကူပြုသလို ကျန်တဲ့စေတသိက်တွေက စက္ခုဝိညာဏ်စိတ်ကို အထောက်အကူပြုနေကြတယ်၊ အပြန်အလှန်ပေါင်းစပ်ပြီး နေကြတယ်၊ သူတို့လည်း born together ပဲ၊ သဟဇာတပစ္စယော၊ အပြန်အလှန် ဖြစ်သည့် အတွက်ကြောင့် အညမညပစ္စယော၊ အချင်းချင်း မှီခိုနေကြတာ ဖြစ်သောကြောင့် နိဿယပစ္စယော၊ ရှိနေတုန်းမှာ အပြန်အလှန်ဖြစ်နေလို့ အတ္ထိပစ္စယော၊ မကင်း ကွာခင် ဖြစ်နေတာမို့လို့ အဝိဂတပစ္စယော၊ မြင်သိစိတ်မှာလည်းပဲ ဒီလိုသဘောနဲ့ ရပ်တည်နေတာ။
အဲဒီလောက် ၈-မျိုးနဲ့ ဖွဲ့စည်းထားတဲ့ စက္ခုဝိညာဏ်စိတ်ဟာလည်း ဖြတ်ခနဲ ဆိုပြီးတာနဲ့ ပျောက်သွားတာပဲ၊ ပေါ်လာပြီးတဲ့နောက် ချက်ချင်းပျောက်သွားတာပဲ၊ သူ့ အလုပ် သူလုပ်ပြီးတော့ ပျက်သွားတာပဲ၊ ပျက်သွားတဲ့အခါမှာ ဘာပေါ်လာပြန် တုန်းဆိုရင် သမ္ပဋိစ္ဆိန်းလို့ခေါ်တဲ့ receiving consiciousness အာရုံကို လက်ခံတဲ့ စိတ်ပေါ်လာတယ်၊ အာရုံကိုလက်ခံတယ်ဆိုတာ အသစ်ရောက်လာတဲ့ အာရုံတစ်ခု ဟာနော် တံခါးဖွင့်ပေးရုံ, မြင်လိုက်ရုံနဲ့မပြီးသေးဘူး၊ ဒါ process ကို နားလည်မယ် ဆိုရင် လွယ်လွယ်လေးပါ။
ဥပမာ - အိမ်တံခါးလာခေါက်တယ်နော်၊ အာရုံက လာတိုက်တာ၊ တံခါး ဖွင့်ပေးလိုက်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ကြိုဆိုတာပေါ့ ဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင် နက် အဆင်းအာရုံကို မြင်ရတာ၊ မျက်စိကလည်း အဲဒီ ကိုယ့်အိမ်ကို လာလည်တဲ့ လူကို မြင်လိုက်တာ စက္ခုဝိညာဏ်စိတ်ပဲ၊ နောက် အဲဒီလူကို လက်ခံလိုက်တာ သမ္ပဋိစ္ဆိန်းစိတ်ပဲ၊ ဘာကိစ္စလာလည်လဲလို့ စုံစမ်းတာက သန္တီရဏစိတ်ပဲ၊ သူလာတာ မြင်သလို အကြောင်းကိုသိလိုက်တာက ဝုဋ္ဌောပဲ၊ အတူတကွ စကားစမြည်ပြောခြင်း၊ ကော်ဖီသောက်ခြင်းပေါ့လေ စသဖြင့် လုပ်တာက ဇောပဲ၊ နှုတ်ဆက်တာက တဒါရမ္မဏ၊ ပြန်သွားတာက ဘဝင်ပဲ၊ တံခါးပြန်ပိတ်သွားတယ်၊ အဲဒီ process အတိုင်းပဲ လူတွေရဲ့စိတ် ဖြစ်နေတာ။
ဒါဘယ်သူက ဒီပုံစံအတိုင်း ဖြစ်ရမယ်လို့ ပြောထားတာတုန်းဆိုရင် ဒါ ဘယ်သူကမှ မပြောဘူး၊ စိတ္တနိယာမပဲ၊ ဖြစ်စဉ်ကြီးတစ်ခုက ဒီအတိုင်းပဲ ဖြစ်နေ တာ၊ ကဲ စဉ်းစားကြည့်လေ၊ အခု မြန်မာပြည်မှာရှိနေတဲ့ ရာသီဥတုတွေ ကြည့်ပေါ့၊ မိုးပြီးရင် ဘာလာတုန်း ဆောင်းလာတယ်၊ ဆောင်းပြီးရင် ဘာလာလဲ နွေလာတယ်၊ နွေပြီးရင် ဘာလာလဲ မိုး၊ ဟော ဆောင်း နွေ မိုး သွားနေတာပဲ၊ ဘယ်သူကနေ လှည့်ပေးနေတာတုန်း၊ ဘယ်သူကမှ လှည့်ပေးနေတာ မဟုတ်ဘူး၊ ဥတုနိယာမပဲ နော်၊ ဥတုနိယာမ ကိန်းသေမြဲတဲ့ သဘာဝတရားကြီး the law of nature ပဲ၊ ထို့အတူပဲ စိတ်ဟာလည်း ဘယ်စိတ်ပြီးရင် ဘယ်စိတ်လာမယ်၊ ဘယ်စိတ်ပြီးရင် ဘယ်စိတ်လာမယ်လို့ ဘယ်သူကမှ အမိန့်ပေး စေခိုင်းနေတာလည်း မရှိဘူး၊ စိတ္တ-နိယာမလို့ဆိုတဲ့ သဘာဝတရားကြီးရဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ ပေါ်လာတာလို့ ဖြစ်စဉ် တစ်ခုနဲ့ ဒီအကြောင်းနဲ့ စလိုက်ရင် ဒီလိုပေါ်လာမှာဆိုတာ ထင်ရှားတာပေါ့။
စက္ခုဝိညာဏ်စိတ် ချုပ်ပျက်သွားတာနဲ့ တစ်ပြိုင်နက် ထိုအာရုံကို ဆက်လက် ခံယူလိုက်တဲ့ သမ္ပဋိစ္ဆိန်းစိတ်ဆိုတာ ပေါ်လာတာပဲ၊ အဲဒီ သမ္ပဋိစ္ဆိန်းစိတ်ကလည်းပဲ တစ်ခုတည်း မဟုတ်ဘူးတဲ့၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လိုပဲ ၁၁-မျိုးနဲ့ ဖွဲ့စည်းထားတာ၊ အဲဒီ ၁၁-မျိုးကိုလည်းပဲ ခုနက ပေါင်းစပ်ထားသည့်အတွက်ကြောင့် သမ္ပယုတ္တ-ပစ္စယော၊ အတူတကွ မွေးဖွားလာတာ ဖြစ်သောကြောင့် သဟဇာတပစ္စယော၊ အပြန်အလှန် ဖြစ်လို့ အညမညပစ္စယော၊ အချင်းချင်း မှီတင်းနေကြလို့ နိဿယပစ္စယော၊ ရှိနေတုန်း မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဟောဒီ သတ္တိတွေနဲ့ ကျေးဇူးပြုတာ၊ ဒီလိုသွားနေတာ၊ သူ့ ရှုထောင့်နဲ့သူ ပြောသွား တာနော်။
သမ္ပဋိစ္ဆိန်းပြီးတဲ့အခါ နောက်က သန္တီရဏဆိုတာ လာတယ်၊ အာရုံတစ်ခု လက်ခံပြီးတဲ့အခါ စူးစမ်းတယ်၊ ဒါကတော့ ထုံးစံပဲလေ၊ လူတွေမှာ သေချာ သတိ ထားကြည့်မိလို့ရှိရင် ထမင်းပွဲရောက်ရင်တောင်မှ စူးစမ်းသေးတာ မဟုတ်လား၊ ဘယ်ဟင်း အရင်နှိုက်ရမလဲ၊ မတွေးဘူးလား၊ တွေးတာပဲ၊ အဲဒါ စူးစမ်းတာပဲ၊ investigation ဟုတ်ရဲ့လား၊ စားတော့မယ်ဆိုရင် ဘယ်ကစစားရမလဲ၊ investigation လုပ်တယ်၊ အဲဒါအာရုံတစ်ခု ရလိုက်တာနဲ့ တစ်ပြိုင်နက် စူးစမ်းလိုက်တာ၊ သို့သော် အင်္ဂလိပ်လိုက investigative, investigative consciousness လို့ပြောတာ၊ investigation ဆိုတဲ့ စကားလုံးက သိပ်ပြီး strong ဖြစ်လွန်းအားကြီးတယ်၊ တခြား နည်းနဲ့ ပြောမယ်ဆိုလို့ရှိရင် checking လုပ်တာပေါ့၊ သန္တီရဏဆိုတာ checking လုပ်လိုက်တာ။
အဲဒီသန္တီရဏစိတ် ပေါ်လာတဲ့အခါမှလည်းပဲ သန္တီရဏစိတ်လို့ ပြောရ လောက်အောင် ဘယ်နှစ်ခု ပေါင်းထားတာတုန်း၊ ၁၂-ခု ပေါင်းထားတာ၊ သူလည်း ပေါင်းထားတာပဲ၊ ၁၂-ခုဆိုတဲ့ နေရာမှာ ဥပေက္ခာသန္တီရဏဆိုရင် တစ်မျိုး၊ ဒါ သင်္ဂြိုဟ်အတိုင်းပြောမယ်ဆိုရင် သောမနဿသန္တီရဏဆိုရင် တစ်မျိုး၊ ဒီတော့ ခြုံငုံ ပြီး ပြောလိုက်ရအောင်၊ သူလည်း ပေါင်းထားတာပဲ၊ အဲဒီပေါင်းထားတာတွေက လည်းပဲ သမ္ပယုတ္တပစ္စယောအရ ဖြစ်လာတဲ့နေရာ အတူတူပဲ၊ အာရုံပြုတာ အတူတူပဲ၊ ဖြစ်တဲ့အချိန် အတူတူပဲ၊ ချုပ်သွားတဲ့အချိန် အတူတူပဲလို့ဆိုတော့ ဟော တစ်ခုတည်း ကဲ့သို့ ထင်ရလောက်အောင် ပေါင်းစပ်ထားတာ၊
သမ္ပယုတ္တပစ္စယော၊ သဟဇာတ ပစ္စယော အတူတကွ ဖြစ်လာကြတယ်၊
အညမညပစ္စယော - အပြန်အလှန် အထောက်အကူပြုနေကြတယ်၊
နိဿယပစ္စယော - အမှီပြုနေကြတယ်၊
အတ္ထိ, အဝိဂတ - ရှိနေတုန်း မကင်းမကွာဖြစ်တဲ့အချိန်မှာ ကျေးဇူးပြုနေကြတယ်၊
ဒီစွမ်းရည် တွေကို အသုံးချပြီးတော့ သဘာဝတရားတွေဟာ ရပ်တည်နေကြတယ်၊ အကြာကြီး လားဆိုတော့ သိပ်တိုတောင်းတဲ့အချိန်ပိုင်းလေးမှာ ဖြတ်ခနဲဆို သန္တီရဏကလည်း ပျောက်သွားတာပဲ။
သူပျောက်တာနဲ့တစ်ပြိုင်နက် နောက်က လာတာပဲ၊ ရှေ့က ပျောက်ပျောက် သွားလို့ နောက်ကပေါ်လာအောင် ကျေးဇူးပြုတာကို အနန္တရပစ္စယောလို့ ခေါ်တာပဲ၊ မရှိတော့မှ ပေါ်လာလို့ နတ္ထိပစ္စယော၊ ဝိဂတပစ္စယောလို့ ပြောတာ၊ အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ပျောက်သွားလို့ရှိရင် စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်၊ အဲဒါ ရှေ့စိတ်သည် နောက်စိတ်ကို အခွင့်အရေးပေးတာ ဖြစ်သော ကြောင့် အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ ဥပနိဿယပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ ဒီလိုလာတာ၊ တစ်ခုနဲ့တစ်ခုက ဆက်နေတာ၊ အကြောင်းတရား တွေနဲ့ချည်းပဲ အဲဒီလိုသွားတာ။
ကဲ ကောင်းပြီ၊ သန္တီရဏစိတ်က ဖြတ်ကနဲဆို ပျက်သွားတဲ့အချိန်မှာ သူက သတ္တိလေး မြှုပ်နှံထားခဲ့သည့်အတွက်ကြောင့် ဘယ်သူ့ကို ပေါ်ထွန်းစေလိုက်သလဲ ဆိုရင် ဝုဋ္ဌောဆိုတဲ့စိတ်ကို ပေါ်ထွန်းစေတယ်၊ ဒီနေရာမှာ သတိထားစရာပေါ့၊ မနောဒွါရာဝဇ္ဇန်း မပါဘဲနဲ့ ဘယ်တော့မှ ဇောမဖြစ်ဘူးဆိုတာပဲ၊ ကြည့် ဒီနေရာမှာ သူ့ကို နာမည်ပြောင်းထားတာနော်၊ ဝုဋ္ဌောဆိုတာ မနောဒွါရာဝဇ္ဇန်းကိုပဲခေါ်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်းက ဒီလောက် အရာမရောက်ဘူး၊ မနောဒွါရာဝဇ္ဇန်းက အရာရောက် တယ်၊ ကြည့် မနောဒွါရာဝဇ္ဇန်းကို ဝုဋ္ဌောလို့ နာမည်ပြောင်းပေးထားတာ၊ အဲဒီ မနောဒွါရဝဇ္ဇန်းနဲ့ကျမှ နောက်က ဇောဆိုတာ လာလို့ ရတယ်။
မနောဒွါရမှာ သူ့ကို မနောဒွါရာဝဇ္ဇန်းလို့ပဲ ခေါ်လိုက်တယ်၊ ပဉ္စဒွါရ ရောက်တဲ့ အခါမှာ သူ့ကို နာမည်ပြောင်းထားတယ် ဝုဋ္ဌောလို့၊ (ဆိုင်မှာတော့ မန်နေဂျာပေါ့၊ အိမ်ရောက်တဲ့အခါ ထမင်းချက်ပေါ့၊) မနောဒွါရာဝဇ္ဇန်းကို ပဉ္စဒွါရ မှာ ဝုဋ္ဌဗ္ဗန၊ ဆုံးဖြတ်ချက်ပေးသူအနေနဲ့ သူ့ကိုခေါ်ထားတာ၊ အဲဒီ ဝုဋ္ဌော ပေါ်လိုက်တဲ့အချိန်မှာ နောက်က ဇောဆိုတာက ဝင်လာတာ၊ ကောင်းပြီ အဲဒီ ဝုဋ္ဌော ဆိုတဲ့ မနောဒွါရာဝဇ္ဇန်း မှာလည်းပဲ ဆိုင်ရာဆိုင်ရာ စေတသိက်တွေနဲ့ ယှဉ်တွဲပြီး ဖြစ်လာတာ၊ ဆိုင်ရာဆိုင်ရာ စေတသိက်တွေကလည်း တစ်ခုတည်းလို့ ထင်ရအောင် ပေါင်းစပ်ပေးထားတာ၊ ဒါ သမ္ပယုတ္တပစ္စယောလို့ ခုနအတိုင်းပဲ သိရမယ်။
ကဲ ဝုဋ္ဌောဆိုတာ ပြီးသွားတဲ့အခါ ဘာလာလဲ၊ ဇော၊ ဇောစိတ်ဆိုတာ repeatation ရှိတယ်၊ repeatation ဆိုတာ ထပ်ထပ်ဖြစ်တယ် ဆိုကတည်းက အရှိန် ရှိတယ်လို့ ပြောရမယ်၊ သူများနဲ့မတူဘူး၊ ထပ်လာလို့ရှိရင် အရှိန်ရှိတယ်၊ ဥပမာ- မြစ်ရေတစ်ခုကို ပြောကြည့်ရအောင်၊ အားလုံးသိတဲ့အတိုင်း မေခ မေလိခ ဆိုတဲ့ မြစ်နှစ်သွယ်ကနေ ပေါင်းစည်းပြီးတော့ ဧရာဝတီမြစ်ကြီးအဖြစ် စီးဆင်းလာတယ်၊ မြစ်ဖျားဧရာမှာဆိုရင် ရေဟာ အင်မတန်အေးတယ်၊ တဖြည်းဖြည်း အောက်ရောက် လာတော့ နွေးလာတယ်၊ ဘာဖြစ်လို့တုန်း၊ လှုပ်ရှားမှုကြောင့် ရေဟာ နွေးလာတာ။
အဲဒီထက် ပိုပြီးတော့ထင်ရှားတဲ့ဥပမာက ဆောင်းအခါမှာ လမ်းမလျှောက် ကြဘူးလား၊ အိမ်က ထွက်ခါစတုန်းကတော့ အေးတယ်၊ အတော်လေး လျှောက်မိ တဲ့အခါ နွေးမလာဘူးလား၊ အဲဒါ လျှောက်တဲ့အခါမှာ နွေးလာတာ ဘာဖြစ်လို့တုန်း၊ လှုပ်ရှားမှုကြောင့် energy တွေ ရလာတယ်၊ စွမ်းရည်တွေ ရလာတယ်။
အဲဒါလိုပဲ ဇော မှာလည်း စွမ်းရည်သတ္တိတွေ ထက်လာတယ်နော်၊ အကြိမ်ကြိမ်ဖြစ်လို့ စွမ်းရည်သတ္တိတွေ ထက်လာတယ်၊ ဇော ဆိုတာ ကုသိုလ် အကုသိုလ် အဗျာကတ ခွဲရတော့မယ်၊ လောဘဇော စောတယ်၊ အဲဒီအာရုံပေါ် လိုချင်တပ်မက်တဲ့စိတ် ဖြစ်ပြီဆိုရင် လောဘမူစိတ် ဖြစ်ပြီ၊ အဲဒီလို လောဘမူစိတ် ဖြစ်တဲ့အခါမှာလည်း ဝမ်းသာအားရ ဖြစ်တာလား၊ သို့မဟုတ် ဝမ်းသာအားရ မထင် မရှား, ခံစားချက်က သိပ်မပြင်းထန်ဘူးလား ဆိုတာ ကြည့်ရအောင်၊ နောက်တစ်ခု အဲဒီခံစားချက် ပြင်းပြင်းထန်ထန် ဝမ်းသာအားရ ဖြစ်တယ်ဆိုဦး အဲဒီအာရုံပေါ်မှာ မှားယွင်းနေတဲ့ အယူအဆတစ်ခုကို အခြေခံပြီးတော့ ဖြစ်တာလား၊ သို့မဟုတ် အခြေခံ မပါဘဲနဲ့ ဖြစ်တာလား၊ ဟော ဒိဋ္ဌိဂတသမ္ပယုတ်နဲ့ ဒိဋ္ဌိဂတဝိပ္ပယုတ် ထပ်ခွဲတာ၊ ဖြစ်လာ ကတည်းက hesitation တွန့်ဆုတ်ခြင်း မရှိဘဲနဲ့ ထက်ထက်သန်သန် ဖြစ်တာလား၊ တွန့်ဆုတ်နေတာကို အားပေးလိုက်မှ ထက်သန်လာတာလား ဆိုတာ တွက်ရဦးမယ်။
ပထမ လောဘမူစိတ် ဖြစ်လာတယ်၊ လိုချင်တယ်၊ ဝမ်းသာအားရ လှိုက်လှိုက်လှဲလှဲ လိုချင်တယ်၊ သောမနဿ လှိုက်လှိုက်လှဲလှဲ၊ အဲဒီလိုချင်တယ်လို့ ဆိုတဲ့ အာရုံကို ဒါငါ့ဟာလို့ မိစ္ဆာအယူဝါဒကို အခြေခံလိုက်မယ်၊ ဒိဋ္ဌိဂတသမ္ပယုတ်၊ ဖြစ်ကတည်း ကနော် စွမ်းအားသတ္တိအပြည့် ဖြစ်လာတယ်၊ အသင်္ခါရိက၊ အဲဒီလို ပထမ လောဘမူစိတ် ဖြစ်လာပြီဆိုလို့ရှိရင် စေတသိက်ပေါင်း ဘယ်လောက်နဲ့ လာတုန်း? ၁၉-ခုနဲ့ ဖြစ်တယ်။
အနည်းဆုံး ပထမလောဘမူစိတ်ဆိုရင် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြိယ မနသိကာရဆိုတဲ့ ၇-ခုအပြင် မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ဆိုတဲ့ ဒီ ၄-ခုကလည်း ပါတယ်၊ ဝိတက် ဝိစာရ ပီတိ အဓိမောက္ခ ဝီရိယ ፡ ဆန္ဒ ဆိုတဲ့ ပကိဏ်းစေတသိက် ၆-ခုကလည်း ပါတယ်၊ ၁၃-ခု၊ ဟိုက ၄-ခု ထည့် ဆိုတော့ ၁၇-ခု၊ အဲဒီထဲမှာ လောဘ ထည့်လိုက်မယ်၊ ဒိဋ္ဌိ ထည့် လိုက်မယ်ဆိုရင် ၁၉-ခု ဖြစ်သွားမယ်၊ အဲဒီပထမလောဘမူဇောဆိုရင် ၁၉-ခုကို ဖွဲ့စည်းထားတယ် ဒီလိုပြောရမယ်။
အဲဒီသဘာဝတရား ၁၉-ခုဟာ အချင်းချင်း အပြန်အလှန် ပေါင်းစပ်တာ ဖြစ်သောကြောင့် သမ္ပယုတ္တပစ္စယောလို့ ဒီလိုရပ်တည်နိုင်တာ၊ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတာ၊ born together အတူတကွဖြစ်လို့ သဟဇာတပစ္စည်း၊ အပြန်အလှန် အထောက်အကူပြုနေကြလို့ အညမညပစ္စည်း၊ အချင်းချင်းမှီနေကြလို့ နိဿယ ပစ္စည်း၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းမကွာခင် ကျေးဇူးပြုတာ ဖြစ်သော ကြောင့် အဝိဂတ ဆိုပြီးတော့ ဒီလိုစွမ်းရည်သတ္တိတွေနဲ့ သူက တစ်စက္ကန့်လေး ဖြစ်ပါစေ, သူဖြစ်တဲ့အချိန်လေးက အင်မတန်မှ တိုတယ်၊ တိုတဲ့အချိန်ပိုင်းလေးမှာ ဖြတ်ခံနဲဆို ဖြစ်ပြီးတော့ ပျက်သွားတယ်၊ အဲဒီအချိန်ပိုင်းလေးမှာ ဖြစ်သမျှ နာမ် တရားတွေဟာ သဟဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြု နေကြတယ်။
ဒါက ဝီထိစဉ်နဲ့ applied လုပ်ကြည့်တဲ့နည်းကို နမူနာပေးတာ၊ အဲဒီ နမူနာ ကို ယူပြီးတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ သမ္ပယုတ္တပစ္စည်းဆိုတာတွေကို သဘောပေါက် လေ့လာသုံးသပ်ကြည့်မယ် ဆိုလို့ရှိရင် တို့ရဲ့သန္တာန်မှာဖြစ်တဲ့ နာမ်တရား တွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကြောင့် တစ်ခုတည်းကဲ့သို့ ပေါင်းစပ် ထားတာပါလား၊ တကယ်တော့ တစ်ခုတည်း မဟုတ်ဘူး၊ ဒီသဘာဝတရားတွေ ပေါင်းစပ်ပြီးတော့ အပြန်အလှန် အကျိုးပြုနေတာပါလားလို့ ပဋ္ဌာန်းကျမ်းကြီးကို ရှုမြင်သုံးသပ်ကြရမယ်။
ဝိပဿနာကျင့်စဉ်တစ်ခုလို ကျင့်ကြံကြိုးကုတ် အားထုတ်နေရဘိသကဲ့သို့ ဒီသဘာဝ တရားတွေဟာ အင်မတန်တိုတောင်းတဲ့ ခဏလေးအတွင်းမှာ ဖြစ်လာပြီး တော့ ထိုတိုတောင်းတဲ့ ခဏလေးအတွင်းမှာပဲ လုံးဝချုပ်ကွယ်သွားကြတယ်ဆိုတဲ့ အနိစ္စသဘောတရား၊ ထို အနိစ္စသဘောတရားတွေကို ကြည့်ပြီးတော့ ေဩာ် ဒီလိုချည်းပဲ ဖြစ်ပြီးပျက်နေတာချည်းပါလား၊ စိတ်ပျက်စရာကြီးပါလားဆိုတဲ့ ဒုက္ခသဘော၊ ဒီလိုစိတ်ပျက်စရာကောင်းတဲ့ အနေအထားကြီးကို ငါ ဘာမှ မတတ်နိုင်ပါလား လို့ဆိုတဲ့ အနတ္တသဘော၊ အဲဒါတွေကို ရှုမြင်သုံးသပ်ပြီးတော့ ဆင်ခြင်ကြည့်နိုင် ပြီဆိုလို့ရှိရင် သင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို တွေ့ရှိကြမှာ ဖြစ်တယ်လို့ အားလုံးသဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင် ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၇)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ နတ်တော် လပြည့်ကျော် ၃-ရက်၊ (၄-၁၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရ လမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
ဝိပ္ပယုတ္တပစ္စယော
“ဝိပ္ပယုတ္တပစ္စယော”ဆိုတာ သမ္ပယုတ္တပစ္စယောနဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ် မှတ်ယူရမှာ ဖြစ်တယ်၊ ပဋ္ဌာန်းပစ္စည်းတွေထဲမှာ ယုဂဠပစ္စယ အစုံအစုံပစ္စည်းတွေ ရှိတယ်၊ အစုံအစုံပစ္စည်းတွေက ဘာတွေလဲ ဆိုလို့ရှိရင် “ကမ္မပစ္စယော, ဝိပါက ပစ္စယော” ဒါကလည်း အစုံတစ်ခုပဲ၊ “ပုရေဇာတပစ္စယော, ပစ္ဆာဇာတ ပစ္စယော” ဆိုတာ ဒါကလည်း အစုံတစ်ခုပဲ၊ ထို့အတူပဲ “သမ္ပယုတ္တပစ္စယော, ဝိပ္ပယုတ္တပစ္စယော” အစုံပဲ၊ “အတ္ထိပစ္စယော, နတ္ထိပစ္စယော” ဒါလည်း အစုံပဲ၊ “ဝိဂတပစ္စယော အဝိဂတ ပစ္စယော” ဒါလည်း အစုံပဲ၊ ဆန့်ကျင်ဖက်တွေဖေါ်ပြပြီး အကြောင်းတရားတွေကို မြတ်စွာဘုရားက ရှင်းထားတယ်။
မနေ့က သမ္ပယုတ္တပစ္စယော ဟောခဲ့တယ်၊ အတူတကွ ပေါင်းစပ်ထားလိုက် တာ၊ ပေါင်းစပ်ထားမှန်း မသိရအောင်, တစ်ခုတည်းကဲ့သို့ ထင်ရအောင် အချက် ၄-ချက်ကို အခြေပြုပြီး ပေါင်းစပ်ထားတယ်၊ သမ္ပယုတ္တပစ္စယော - မှီရာဝတ္ထုချင်း တူတယ်၊ ပြုရာအာရုံချင်းတူတယ်၊ ဖြစ်တဲ့အချိန်ချင်းတူတယ်၊ ပျက်သွားတဲ့ အချိန်ချင်း တူတယ်ဆိုတော့ အများကိုပေါင်းစပ်ထားပေမယ့်လို့ တစ်ခုတည်းလို့ ထင်ရအောင် တည်ရှိနေတဲ့ ဒီသဘာဝတရားတွေဟာ အပြန်အလှန် အထောက် အကူပြုပြီး နေကြတယ်ဆိုတာကို ရှင်းလင်းဟောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ကျတော့ ဝိပ္ပယုတ္တပစ္စယော ဟောပါမယ်၊ သမ္ပယုတ္တ နဲ့ ဝိပ္ပယုတ္တ၊ “ဝိ” ဆိုတဲ့အဓိပ္ပါယ်က ဒီနေရာမှာ ဆန့်ကျင်ဘက်ကို ဖေါ်ပြတယ်၊ ဝိပ္ပယုတ္တဆိုတာ တစ်ခုတည်းလို ပေါင်းစပ်ထားတဲ့အရာ မဟုတ်ဘူး၊ ဒီနှစ်ခုဟာ အတူတကွ တည်ရှိ ပြီးတော့ နေကြတယ်၊ သို့သော် ပေါင်းစပ်ထားတဲ့အရာတော့ မဟုတ်ဘူး၊ တစ်ခု တည်းလို့ ထင်ရအောင် ပေါင်းစပ်ထားတာ မဟုတ်ဘူး။
အရာဝတ္ထုတွေက သဘာဝချင်း တူညီပြီဆိုရင် ခွဲမရအောင် ပေါင်းသွားတာ မျိုးရှိတယ်၊ ဥပမာမယ် - ရေနဲ့ နွားနို့၊ ရေနဲ့ နွားနို့ဟာ တိုင်းတာတဲ့ကိရိယာနဲ့ တိုင်းတာပြီး မကြည့်ဘူးဆိုလို့ရှိရင် မသိနိုင်ဘူး၊ ဒါကြောင့် နွားနို့မှန်သမျှ ရေရောပြီး ရောင်းကြတာ၊ ရေနဲ့နွားနို့ဟာ ပေါင်းစပ်သွားတယ်၊ တစ်ခုတည်းလို ဖြစ်သွားတယ်၊ အဲဒီလို သဘာဝတရားတွေဟာ တစ်ခုတည်းလို ပေါင်းစပ်သွားတာမျိုးဆို သမ္ပယုတ္တ လို့ခေါ်တယ်၊ ရောနှောသွားတယ်၊ ဒါကြောင့်မို့ မြန်မာစာပေမှာ “နွားနို့နဲ့ရေ ရောသကဲ့သို့ တစ်သားတည်းဖြစ်တယ်” လို့ ပြောကြတယ်၊ ညီညွတ်တဲ့ နေရာမှာ သရုပ်ဖော်တာ၊ နွားနို့နဲ့ရေ ရောထားသလိုပဲ ကွဲပြားခြားနားမှု မရှိဘူးလို့ ဒီလို ပြောတာ၊ ဒီတော့ သမ္ပယုတ္တဆိုတဲ့ အဓိပ္ပါယ်က အဲဒီလို ရောစပ်သွားတဲ့ အနေ ထိအောင် ပေါင်းထားတာကို ပြောတာ။
ဝိပ္ပယုတ္တက အဲဒီလို မဟုတ်ဘူး၊ ရောစပ်လို့ မရဘူး၊ အတူတကွ တည်ရှိနေ ပေမယ့်လို့ ရောစပ်လို့မရတဲ့ သဘာဝတရားတွေဟာလည်း တစ်ခုနဲ့တစ်ခု အထောက်အကူပြုပြီး အကြောင်းအကျိုးအဖြစ် ဆက်စပ်တည်ရှိနေကြတာပဲတဲ့၊ ပေါင်းစပ်လို့ရတဲ့ သဘာဝ တရားတွေ တည်ရှိနေကြသလို ပေါင်းစပ်လို့မရတဲ့ သဘာဝတရားတွေလည်းပဲ အတူတကွတည်ရှိပြီးတော့ အပြန်အလှန် အကျိုးပြုနေ ကြတယ်။
ရောလို့ မရဘူးဆိုတာ ဆီနဲ့ ရေဆိုတာ ဘယ်တော့မှ ရောလို့မရဘူး၊ ဘာ ဖြစ်လို့တုန်း၊ သဘာဝချင်းမှ မတူတာ၊ ရေပေါ်မှာ ဆီထည့်လိုက်လို့ရှိရင် ဆီတွေက အပေါ်မှာ ဝေ့နေတယ်လေ၊ ရေနဲ့ တစ်သားတည်းဖြစ်မနေဘူး၊ နွားနို့နဲ့ မတူဘူး၊ ဆီနဲ့ရေသည် ပေါင်းစပ်လို့ မရဘူး၊ အဲဒီ ဆီနဲ့ရေ ပေါင်းစပ်လို့ မရသလို တချို့ သဘာဝတရားတွေဟာ ပေါင်းစပ်လို့ မရဘူး၊ သို့သော် ရေပေါ်မှာ ဆီရှိနေသလို သဘာဝတရားနှစ်ခုဟာ အတူတကွတည်ရှိပြီး နေကြတယ်တဲ့၊ သို့သော် ရောစပ် သွားတာတော့ မဟုတ်ဘူး၊ အဲဒါကို ဝိပ္ပယုတ္တပစ္စယောလို့ ပြောတာနော်။
ဝိပ္ပယုတ္တပစ္စယော - မှီရာဝတ္ထုချင်း တူချင်မှ တူမယ်၊ အာရုံပြုတာချင်း တူချင်မှတူမယ်၊ ဖြစ်တဲ့အချိန်ကာလ တူချင်တူမယ်၊ ပျက်သွားတဲ့အချိန်ကာလ တူချင်တူမယ်၊ မတူညီတဲ့သဘောတွေကြောင့် ပေါင်းစပ်လို့မရဘူး၊ ဆိုပါစို့ - ဆီနဲ့ရေ၊ ဆီဆိုတာလည်း အရည်သဘောပဲ၊ ရေဆိုတာလည်း အရည်သဘောပဲ၊ အရည်ပျော်နေတဲ့ သဘော တွေချည်းပဲ၊ ဆီကလည်း အရည်ပျော်နေတယ်၊ ရေကလည်း အရည် ပျော်နေတယ်၊ ဒီအခြေအနေအားဖြင့်တော့ တူတယ်၊ သို့သော် ပေါင်းစပ်လို့ရလား ဆိုတော့ မရဘူး၊ အဲဒီလို ပေါင်းစပ်လို့မရတဲ့ သဘာဝတရားတွေ မှီတင်းပြီးတော့ ကျေးဇူးပြုနေတဲ့ ပစ္စည်းတရားကို ဝိပ္ပယုတ္တပစ္စည်း လို့ပြောတာ။
ကဲ - သဘာဝချင်းမတူတဲ့တရားဆိုတာ ဘာတွေလဲ၊ ရုပ်နဲ့နာမ်ဟာ သဘာဝချင်း မတူဘူး၊ ဘယ်လိုကွဲပြားခြားနားသလဲဆိုလို့ရှိရင် ရုပ်က အာရုံပြုနိုင်စွမ်း မရှိဘူး၊ အာရုံကို သိနိုင်စွမ်းမရှိဘူး၊ နာမ်ကအာရုံကိုသိတယ်၊ အာရုံသိတာနဲ့မသိတာ၊ ရုပ်က အာရုံကို မသိတဲ့သဘော၊ နာမ်က အာရုံကို သိတဲ့သဘော၊ သို့သော် ရုပ်နဲ့ နာမ် အတူမဖြစ်ဘူးလားဆိုရင် ဖြစ်တယ်၊ အခြေခံ သဘာဝချင်းကျတော့ မတူဘူး၊ နောက် ရုပ်ကဖြစ်ပြီး ရပ်တည်နေတာ အင်မတန်နှေးတယ်၊ အပျက်နှေးတယ်၊ အပြောင်းအလွဲ နှေးတယ်၊ နာမ်တရားက အပြောင်းအလွဲ အင်မတန်မြန်တယ်၊ ဒီရှုထောင့်က ကြည့်ရင်လည်း ရုပ်နဲ့နာမ် မတူပြန်ဘူး၊ ရုပ်တရားက ဖြစ်လာပြီးတဲ့ နောက်မှာ အချိန်တော်တော်ကြာအောင် တည်ရှိတယ်၊ နာမ်တရားက ခုဖြစ် ခုပျက် သွားတယ်၊ ဒါကြောင့်မို့ “ရူပံ ဒန္ဓပရိဝတ္တံ” ရုပ်တရားဆိုတာ အင်မတန်နှေးကွေးတဲ့ အပြောင်း အလဲ ရှိတယ်တဲ့၊ နာမ်တရားကျတော့ “နာမံ လဟုပရိဝတ္တံ” နာမ်တရား ဆိုတာ လျင်လျင်မြန်မြန် ပြောင်းသွားတာ။
ဒီတော့ ရုပ်နဲ့နာမ်ဟာ သဘာဝချင်း မတူပေဘူး၊ အဲဒီ သဘာဝနှစ်ခုကို မတူတာ အတူထားလိုက်လို့ရှိရင်တော့ တစ်ခုနဲ့တစ်ခု အထောက်အကူပြုပါ့မလား ဆိုရင် ပြုတာပေါ့၊ မတူမှ အထောက်အကူပြုတာ မဟုတ်ဘူး၊ မတူတဲ့အရာကလည်း မတူတဲ့ အရာတွေကို အထောက်အကူပြုတာပဲ။
မြတ်စွာဘုရားက လောကကြီးဟာ အကြောင်းအကျိုး ဆက်စပ်ပြီး တည်ရှိနေတယ် ဆိုတာကို ထောင့်စေ့အောင်, အကြွင်းအကျန်မရှိအောင် ဟောထားတာ၊ အကြောင်းတရားနဲ့အကျိုးတရား ဒီနှစ်ခုဟာ ဆက်စပ်ပြီး ဖြစ်ပေါ်နေတယ် ဆိုတာကို အကြွင်းအကျန်မရှိအောင် သတ္တိ ၂၄-မျိုးကို ခေါင်းစဉ်တပ်ပြီး ဟောသွားတာ၊ ရုပ်တရား နာမ်တရားတွေရဲ့ စွမ်းရည်သတ္တိက အမျိုးမျိုးရှိတယ်၊ အဲဒီစွမ်းရည် သတ္တိတွေကိုပဲ ၂၄-ပစ္စည်းလို့ ခေါ်တာနော်။
အဲဒီ၂၄-ပစ္စည်းသော စွမ်းရည်သတ္တိတွေဟာ တစ်ခုစီ တစ်ခုစီ ဖြစ်နေကြတာ မဟုတ်ဘူး၊ သဘာဝတရားတစ်ခုဆိုရင် စွမ်းရည်သတ္တိက ၄-ခု, ၅-ခု၊ ၂-ခု ဆိုတာ အနည်းဆုံးပဲ၊ အဲဒီလို စွမ်းရည်သတ္တိတွေနဲ့ အကြောင်းအကျိုးဆက်နွယ်ပြီး သက်ရှိသတ္တဝါတွေရော သက်မဲ့တွေရော အပြန်အလှန်အထောက်အကူပြုပြီး တည် ရှိနေကြတာ၊ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ အကြောင်းတရားနဲ့ကင်းပြီးတော့ ဖြစ်တယ်ဆိုတာ တစ်ခုမှမရှိဘူး၊ ဒါကြောင့် မြတ်စွာဘုရားက ကမ္ဘာလောကကြီးကို သင်္ခါရလောကတဲ့၊ နောက်ပြီး သင်္ခတ ဆိုတဲ့ စကားလုံးလေး တစ်လုံးတည်းနဲ့ ပြောထားတာ၊ သင်္ခတ မှာ သံ ဆိုတာ အကြောင်းတရားတွေ ပေါင်းစုပြီးတော့၊ ခတ ဆိုတာက “ကရ” က လာတာ၊ အကြောင်းတရားတွေ ပေါင်းစုပြီးတော့ ပြုလုပ် ဖန်တီး အထောက်အကူပြုထားတဲ့အရာလို့ ဒီလိုပြောတာ၊ အဲဒီလို အကြောင်း တရားတွေက ပေါင်းစပ်ပြီး အထောက်အကူပြုခံထားရတဲ့အရာတွေ မှန်သမျှဟာ သင်္ခတပဲ၊ သင်္ခတမှန်သမျှဟာ အနိစ္စပဲ၊ ဘာဖြစ်လို့တုန်း၊ အကြောင်းကို မှီတည် နေရလို့ပဲ။
အဲဒီအကြောင်းတွေကရော ဘယ်မှာ ရှာရတုန်း၊ ဒီအကြောင်းတရားတွေက အပြန်အလှန်တွေပဲ၊ သူတို့ကိုယ်တိုင်ကပဲ အကြောင်းတရား ဖြစ်နေတာ၊ ဘာဖြစ်လို့ တုန်းဆိုတော့ လူ့ဘဝ ဘာကြောင့်ရလာတုန်းဆို ကံကြောင့် ရလာတယ်လို့ ပြောကြ တယ်၊ ဒါဖြင့် ကံက ဘယ်မှာ ရှာရမှာတုန်းဆိုတော့ လူ့သန္တာန်မှာပဲ ရှိတာလေ၊ အပြင်ကလာတာ မဟုတ်ဘူး၊ ကံကြောင့် လူဖြစ်တယ်၊ ကံဆိုတာ ဘယ်က ဖြစ်တာ တုန်း၊ လူမှာပဲ ဖြစ်တာပဲ၊ ထို့အတူပဲ အကြောင်းနဲ့အကျိုးဆိုသည်မှာ တခြားရှာစရာ မဟုတ်ဘူးတဲ့၊ ဆိုင်ရာဆိုင်ရာ သဘာဝတရားတွေဟာ အကြောင်းအကျိုးဖြစ်ပြီး နေကြတယ်၊ သင်္ခတ အကြောင်းတရားတွေက ပေါင်းစုပြီး ထုတ်လုပ်ထားတယ်၊ သို့မဟုတ် အကြောင်းတရားတွေက ပေါင်းစုပြီး ဖန်တီးထားတယ်တဲ့၊ လောကကြီးမှာ ရှိသမျှအရာအားလုံးဟာ, အစစ်အမှန်သဘာဝအားလုံးဟာ သင်္ခတ တရားတွေ ချည်းပဲ၊ ထို အစစ်အမှန်တရားတွေအပေါ်မှာ အတွေးအထင်တွေကသာ ပညတ်၊ အတွေးအထင် မဟုတ်ဘဲနဲ့ တကယ့်အစစ်အမှန် သဘာဝတရား မှန်သမျှဟာ သင်္ခတ၊ အကြောင်းတရားတွေက ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာတွေချည်းပဲ။
ဒါဖြင့် သင်္ခတ ရှိရင် ထိုသင်္ခတရဲ့ဆန့်ကျင်ဖက် အသင်္ခတဆိုတာ မရှိဘူး လားဆိုတော့ ရှိတယ်၊ အဲဒီ အသင်္ခတကို နိဗ္ဗာန်လို့ ပြောတာပေါ့၊ နိဗ္ဗာန်ဆိုတာ အကြောင်းကင်းတယ်၊ အကြောင်းတရားတွေက ပေါင်းစပ်ပြီးတော့ ထုတ်လုပ်ထား တာ မဟုတ်ဘူး၊ ထုတ်လုပ်ထားတာ မဟုတ်သည့်အတွက် နိဗ္ဗာန်ကို ထာဝရ မြဲတယ်လို့ ပြောတာ၊ အကြောင်းတရားတွေက ပေါင်းစပ်ထုတ်လုပ်ထားတာမှန်သမျှ ဘယ်တော့မှ မမြဲဘူး၊ ဘာဖြစ်လို့တုန်း၊ အကြောင်းပေါ်မှာ မှီတည်နေလို့ အကြောင်း က မမြဲလို့ ဖြစ်ပေါ်လာသည့်အရာသည် ဘယ်တော့မှ မမြဲဘူး၊ နိဗ္ဗာန်ဆိုတာ အကြောင်းကင်းတယ်၊ ထုတ်လုပ်ထားတဲ့အကြောင်း မရှိလို့ နိဗ္ဗာန်က မြဲတယ်ပေါ့၊ သူ့ သဘာဝက အမြဲရှိတယ်။
ဒါဖြင့်ရင် အကြောင်းတရားတွေ ပေါင်းစပ်ထားတဲ့ သင်္ခတဟာ မမြဲဘူး ဆိုတာ ဘာကြောင့် သိနိုင်လဲ၊ ရှင်းရှင်းလေးရယ် မြတ်စွာဘုရားက ဟောထားတာ၊ “အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ”၊ သံယုတ်ပါဠိတော်မှာ မြတ်စွာဘုရား ဟောတဲ့စကားလုံးတစ်ခု၊
အနိစ္စသမ္ဘူတံ - မမြဲတဲ့ အကြောင်းတရားက ဖန်တီး လိုက်တဲ့ အရာတစ်ခုဟာတဲ့၊
ကုတော နိစ္စံ ဘဝိဿတိ- ဘယ်မြဲပါ့မလဲတဲ့၊
ဒါပြောတာ၊ မြန်မာလိုရှင်းရှင်းလေး။ အကြောင်းတရားကမှမမြဲတာ, ဘယ်လိုလုပ် အကျိုးတရားကမြဲမှာတုန်း၊ ဥပမာနဲ့ ပြောမယ်ဆိုရင် “သေတတ်တဲ့ အမေအဖေက မွေးထားလို့ရှိရင် ဒီလူဟာ မသေဘဲ ရှိပါ့မလား မရှိဘူး။ အဲဒီလို သေတတ်တဲ့ အမေအဖေက မွေးထားမှတော့ သေမှာပဲပေါ့၊ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အကြောင်းတရားကထုတ်လုပ်တဲ့ အကျိုးတရားကော မြဲနိုင်ပါ့မလား၊ သံယုတ် ပါဠိတော်မှာ အဲဒီ အတွေးအခေါ်ကို မြတ်စွာဘုရားက ပေးထားတာ။
ထို့အတူပဲ မမြဲဘူးဆိုလို့ရှိရင် စိတ်ထဲမှာ ကျေနပ်စရာမကောင်းဘူး၊ အားရစရာ မရှိဘူး၊ အားကိုးစရာ မရှိဘူး၊ ဖြစ်မှုပျက်မှုတွေက အမြဲတမ်း ဒုက္ခပေးနေတဲ့ အရာကို ဒုက္ခလို့ ခေါ်တာပဲ၊ အနှောင့်အယှက်ပေးနေတဲ့အရာကို ဒုက္ခလို့ ခေါ်တာပဲ၊ အဲဒီ ဒုက္ခကို တားဆီးလို့ရမလား၊ ကိုယ်ဖြစ်ချင်တိုင်းဖြစ်လို့ရမလား၊ မရဘူး။ မရတာကို အနတ္တ လို့ပြောတာ၊ ဒါကြောင့်မို့ “ယဒနိစ္စံ တံ ဒုက္ခံ” - အနိစ္စသည်ပင် ဒုက္ခ၊ “ယံ ဒုက္ခံ တဒနတ္တာ” - ဒုက္ခသည်ပင် အနတ္တပဲ လို့ မြတ်စွာဘုရားက ဟောတာ၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာ တစ်ခုမြင်ရင် ကျန်တာတွေ မြင်သွားတယ်လို့ ပြောတာနော်။
ဒါကြောင့်မို့ မြတ်စွာဘုရားက အနိစ္စကို တွေးသလိုပဲ ဒုက္ခကိုလည်းပဲ ဆင်ခြင်စဉ်းစားဖို့ “ဒုက္ခသမ္ဘူတံ ကုတော သုခံ ဘဝိဿတိ”၊ အကြောင်းတရားက ဒုက္ခဆိုရင် ဒုက္ခကြောင့် ဖြစ်လာတဲ့ အကျိုးတရားဟာ ဘယ်လိုလုပ် သုခ ဖြစ်နိုင် မှာတုန်း၊ ထုတ်လုပ်တဲ့တရားက ဒုက္ခ ဆိုရင် ဖြစ်ပေါ်လာတဲ့ အကျိုးတရားဟာ ဘယ်လိုလုပ် သုခ ဖြစ်နိုင်မှာတုန်း၊ ထုတ်လုပ်တဲ့တရားက ဒုက္ခဆိုရင် ဖြစ်ပေါ်လာတာ ဒုက္ခပဲ ဖြစ်မှာပဲတဲ့။
တစ်ဆက်တည်း စဉ်းစားကြည့်၊ “အနတ္တသမ္ဘူတံ ကုတော အတ္တာ ဘဝိဿတိ” - အနတ္တတရားက ထုတ်လုပ်လိုက်တဲ့အရာသည် ဘယ်တော့မှ အတ္တ ဖြစ်နိုင်မလဲ၊ မဖြစ်နိုင်ဘူး၊ ဒါ ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်စဉ်းစားကြည့်ဖို့ ပြောတာ နော်။
သင်္ခတဆိုတဲ့ သဘာဝတရားတွေဟာ အကြောင်းအကျိုးတွေနဲ့ ဆက်စပ်ပြီး နေတတ် ကြတယ်၊ ဒီနေရာမှာ ဝိပ္ပယုတ္တပစ္စယော ဆိုတာကို ပစ္စယနိဒ္ဒေသပါဠိတော်မှာ -
“ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော”။
ရူပိနော ဓမ္မာ - ရုပ်တရားတွေဟာတဲ့၊
အရူပီနံ ဓမ္မာနံ - နာမ်တရားတွေကို၊
ဝိပ္ပယုတ္တပစ္စယေန - ဝိပ္ပယုတ္တပစ္စည်းဖြင့်၊
ပစ္စယော - ကျေးဇူးပြုပါတယ်တဲ့။
ဆိုလိုတာက ဘုန်းကြီးတို့တတွေမှာရှိတဲ့ ရုပ်နဲ့ နာမ်တွေဟာ အပြန်အလှန် ကျေးဇူး ပြုနေကြတယ်လို့ ပြောတာ၊ ရုပ်တရားသည် နာမ်တရားကို အပြန်အလှန် ကျေးဇူး ပြုနေတယ်၊ ဆက်စပ်ပြီး ဖြစ်ပေါ်ကြတာ၊ ဒီတော့ အပြန်အလှန် ကျေးဇူးပြုပေ မယ့်လို့ ရောစပ်ထားတဲ့အရာတော့ မဟုတ်ဘူးတဲ့၊ အတူတကွ ဖြစ်ချင်ဖြစ်မယ်၊ ရောစပ်ပြီး တော့ မနေဘဲနဲ့, တစ်ခုနဲ့တစ်ခုသည် ပေါင်းစပ်လို့မရဘဲ ရုပ်တရားက နာမ်တရားကို ကျေးဇူးပြုတယ်တဲ့၊ ဝိပ္ပယုတ္တပစ္စယော။
ဒါဖြင့် ရုပ်တရားက နာမ်တရားကို ကျေးဇူးပြုတယ်ဆိုတာ အသေးစိတ် ထပ်ပြီး ပြောလိုက်တော့ ဘယ်အချိန်မှာ ကျေးဇူးပြုတာလဲ၊ ရုပ်နဲ့ နာမ် အတူတကွ ဖြစ်ပြီး ကျေးဇူးပြုတာလား၊ (သို့မဟုတ်) နောက်မှဖြစ်ပြီး ကျေးဇူးပြုတာလား၊ (သို့မဟုတ်) ကြိုတင်ဖြစ်နှင့်ပြီး ကျေးဇူးပြုတာလား ဆိုတာကို အဲဒါကျတော့ အသေးစိတ် တစ်ခါထပ်ပြီး မှတ်ရသေးတယ်ပေါ့။
ရုပ်တရားနဲ့ နာမ်တရားဆိုတာ ဘဝတစ်ခု အစပြုတဲ့အခါမှာ တစ်ပြိုင်နက် ဖြစ်လာတာ ရှိတယ်၊ ဘာတွေက တစ်ပြိုင်နက် ဖြစ်လာတာလဲ၊ ဘုန်းကြီးတို့ ပဋ္ဌာန်း အစတုန်းက ဒီအကြောင်းတွေကို ဟောထားခဲ့ပြီးသား၊ ပြန်ပြီးတော့ သတိရအောင် ဒီနေရာမှာ ထပ်ပြောမှ ရှင်းမယ်ပေါ့၊ ဘဝမှာ ဘာနဲ့စလဲ၊ ပဋိသန္ဓေစိတ်နဲ့ စတယ်၊ အဲဒီပဋိသန္ဓေစိတ်မှာ စေတသိက်ပါတယ်၊ ကောင်းပြီ - ပဋိသန္ဓေစိတ် စလိုက်တာနဲ့ တစ်ပြိုင်နက် သူနဲ့ပြိုင်တူဖြစ်တာ ဘာတွေလဲဆိုရင် လူသားတွေအနေနဲ့ ပြောရ အောင်၊ ကမ္မဇရုပ်-၃ဝ၊ ကမ္မဇရုပ်-၃ဝ ဆိုတာ maximum number အများဆုံးကို ပြောတာ၊ ၂၀-လည်း ရှိတယ်ပေါ့၊ ဒီတော့ လူ့ ဘဝစလိုက်တဲ့ ရုပ်နဲ့နာမ်က ဘာလဲ၊ လူ့ဘဝစလိုက်တဲ့ နာမ်တရားဆိုတာ ပဋိသန္ဓေစိတ်နဲ့ စေတသိက်၊ အဲဒီလို နာမ်ပိုင်း က စလိုက်သလိုပဲ ရုပ်ပိုင်းက စလိုက်တာ ဘာတွေလဲလို့ဆိုရင် body လို့ ပြောရမယ့် ကာယဒသကကလာပ်ရုပ် ၁၀-ခု၊ ရုပ် ၁၀-ခုဆိုတာ မဟာဘုတ် ၄-ပါး ပါမယ်၊ မဟာဘုတ် ၄-ပါးနဲ့ ကင်းတဲ့ရုပ်ဆိုတာ လောကမှာ မရှိဘူးနော်၊ ပထဝီဆိုတာ အမာခံပဲ၊ အဲဒီလို အမာခံဖြစ်အောင် ဘယ်သူက စုစည်းထားတုန်းဆိုရင် အာပေါ၊ အာပေါဆိုတာ စုစည်းတာ၊ ယိုစီးတာတင် အာပေါ မဟုတ်ဘူး၊ စုစည်းပေးထားတာ၊ ကြည့်လေ ပေါင်မုန့်ဖုတ်ချင်တယ်ဆိုရင် ပထမဆုံးကတော့ ဂျုံမှုန့်ပဲ၊ အမှုန့်လေး တွေပဲ၊ အဲဒါကို ရေဖျန်းလိုက်တယ်ဆိုရင် အတုံးအခဲလေး ဖြစ်မသွားဘူးလား၊ ရေလေးက အဲဒီအမှုန့်လေးတွေကို စုစည်းပေးလိုက်တာ။
အတုံးအခဲဖြစ်ပြီးတော့ အမာခံဖြစ်လာတာက ပထဝီ၊ စုစည်းပေးတာက အာပေါ၊ စုစည်းပေးထားတဲ့ ဒီအတုံးအခဲလေးကို မာလာအောင် အပူပေးတာက တေဇော၊ အဲဒီလို အတုံးလေးအဖြစ်ရပ်တည်နေအောင် အတွင်းကလည်းဆွဲဆောင် တယ်၊ အပြင်ကလည်းပဲ တွန်းကန်ပြီးတော့ တခြားနဲ့မရောအောင် သီးသန့်လေး ဖြစ်သွားအောင် လုပ်ပေးတာက ဝါယော၊ ဓာတ်ကြီးလေးပါးကို ဆင်ခြင်စဉ်းစား ကြည့်လိုက်နော်။
ကိုယ့်ရှေ့မှာရှိတဲ့ ပန်းပွင့်လေးတွေပဲ ကြည့်လိုက်ဦး၊ အဲဒီပန်းပွင့်သဏ္ဌာန် ဖြစ်နေအောင် အခြေခံတာ ပထဝီ၊ ဒီလိုဖြစ်နေအောင် ဘယ်သူက စုစည်းပေးထား တုန်းဆိုရင် အာပေါက စုစည်းပေးထားတာ၊ အဲဒီပန်းပွင့်လေးဟာ တဖြည်းဖြည်း ရင့်လာအောင် လုပ်ပေးတာက တေဇော၊ အဲဒီရင့်သွားတဲ့ဟာလေး ဒီပုံစံလေး အတိုင်း ရပ်တည်နေအောင် ဘယ်သူက လုပ်ထားတုန်း၊ ဝါယောက လုပ်ထားတာ၊ ဓာတ်ကြီးလေးပါးရဲ့အစုအဝေးပဲ။
အဲဒီဓာတ်ကြီးလေးပါးအမာခံထားတဲ့ ရုပ်သဘာဝမှာ ဘာပါတုန်းဆိုရင် colour ဆိုတဲ့ အဆင်းအရောင် ပါတယ်၊ မျက်စိနဲ့ ကြည့်လို့ရတယ်၊ အဲဒါ color၊ နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့ အနံ့၊ လျှာနဲ့ လျက်လို့ရတဲ့ အရသာ၊ color, smell, taste ရယ်နော်၊ nutritive essence လို့ ခေါ်တဲ့ ဩဇာရယ်၊ ပေါင်းလိုက်တဲ့အခါကျတော့ ၈-ခု၊ အဲဒီ ၈-ခုဟာ Indivisible ဘယ်တော့မှ ခွဲလို့မရဘူးတဲ့၊ ရုပ်လို့ ဆိုတဲ့နေရာမှာ အဲဒီ ၈-ခုကို အခြေပြုထားတာ။
အဲဒီအခြေပြုထားတဲ့ ရုပ် ၈-ခုပေါ်မှာ သက်ရှိသတ္တဝါတွေအတွက် ဘာ ပိုလာသလဲဆိုရင် ဇီဝိတဆိုတာ ပိုလာတယ်၊ ရုပ်တရားတွေ ထပ်မံရှင်သန်လာ အောင် စွမ်းဆောင်ပေးနိုင်တဲ့ ဖြစ်နေတဲ့အခိုက်အတန့်မှာ သူ့သက်တမ်းအတိုင်း ရှိနေအောင် ထိန်းပေးထားတဲ့ အထိန်းပေါ့၊ အဲဒါက ဇီဝိတရုပ်လို့ ခေါ်တယ်၊ ၉-ခု၊ အဲဒီ ၉-ခုပေါ်မှာ ကာယပသာဒ (ဖောဋ္ဌဗ္ဗာရုံနဲ့ တွေ့လာလို့ရှိရင် ထင်ဟပ် ပေါ်လွင်လာနိုင်တဲ့ရုပ်) တစ်ခုထည့်ပြီး ဖွဲ့စည်းလိုက်တဲ့အခါ ကာယဒသကကလာပ် ရုပ် ၁၀-ခု ဖြစ်သွားတယ်၊ လူ့ ဘဝအစမှာ သန္ဓေစိတ်နဲ့ အတူတကွပေါ်လာတဲ့ထဲမှာ ကာယဒသက ကလာပ်ခေါ်တဲ့ ရုပ် ၁၀-ခုက တစ်ခါတည်း ပါလာတယ်၊ တစ်ပြိုင်နက် ဖြစ်ကြတယ်၊ အခု ဒီနေရာမှာ ကာယဒသက ရုပ် ၁၀-ခုနော်။
နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် ဟဒယဝတ္ထုလို့ခေါ်တဲ့ လူ့ခန္ဓာကိုယ် မှာ အရေးပါဆုံး နှလုံးသားလို့ပဲ ပြောမယ်၊ ဝတ္ထုဒသကကလာပ်၊ စိတ်ပိုင်းဆိုင်ရာ တို့ရဲ့ ဖြစ်ပေါ်တည်ရှိရာအနေနဲ့ အရေးပါဆုံး ရုပ် ၁၀-ခု၊ အဲဒါက ဝတ္ထုဒသကကလာပ်လို့ ခေါ်တယ်၊ အဲဒီထဲမှာ အမျိုးသားလား အမျိုးသမီးလားဆိုတဲ့ ကွဲပြား သွားအောင် ဖြစ်စေနိုင်တဲ့, ကံကဖန်တီးပေးလိုက်တဲ့ ဘာဝရုပ်ဆိုတာလည်း ပါလာပြန်တယ်၊ ဘာဝဒသကကလာပ်။
ဘာဝဒသကကလာပ်က ၁ဝ-ခု၊
ကာယဒသကကလာပ်က ၁၀-ခု၊
ဝတ္ထု ဒသကကလာပ်က ၁၀-ခု၊
ပေါင်းလိုက်တဲ့အခါ ရုပ်-၃၀၊
ကလလရေကြည်လို့ ပြောတာ အဲဒီရုပ်-၃၀ ပဲ၊ သန္ဓေစိတ်ပေါ်လိုက်တဲ့အချိန်မှာ ကံကြောင့်ဖြစ်တဲ့ ဒီ ရုပ်-၃ဝ ဟာ ဘယ်သူက ထုတ်လုပ်တာတုန်းဆို ကံက ထုတ်လုပ်တာ၊ ကံကြောင့် ဖြစ်တဲ့ ရုပ်-၃၀ ဟာ တစ်ပြိုင်နက် ပေါ်လာတယ်၊ အဲဒါ ဘဝအစပဲ၊ လူတွေရဲ့ဘဝ အစမှာ အတူတူပါလာတာ။
ပဋိစ္စသမုပ္ပါဒ်မှာတော့ ရှေ့နောက်လိုလို ဟောတာ၊ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတာ ရှေ့နောက်မဟုတ်ဘူး၊ ဝိညာဏ်ပေါ်ရင် နာမ်ရုပ်ပေါ်တယ်၊ နာမ်ရုပ်ပေါ် ရင် ဝိညာဏ်ပေါ်တယ်၊ အတူတူပဲ၊ တစ်ပြိုင်နက်ပေါ် လာတာ၊ အဲဒီမှာ နောက်မှ ပေါ်လာတာတွေလည်း ရှိတာပေါ့၊ သန္ဓေအစမှာဆိုရင် ဝိညာဏဆိုတာ သန္ဓေစိတ်ကို ပြောတာ၊ နာမဆိုတာ သန္ဓေစိတ်မှာယှဉ်တဲ့ စေတသိက်ကို ပြောတာ၊ ရူပဆိုတာ ကမ္မဇရုပ်ကို ပြောတာ၊ ကမ္မဇရုပ်ကလည်း ကမ္မဇရုပ်အကုန်လုံး မဟုတ် ဘူး၊ လူ့ ဘဝကို စတင်လိုက်တဲ့ ခုနက ကမ္မဇရုပ်ကလေးတွေလို့ ပြောတာ။
ကဲ ဘုန်းကြီးတို့တတွေရဲ့ ဘဝဟာ ပဋိသန္ဓေစိတ်ရယ် စေတသိက်ရယ် နာမ်ပိုင်းဆိုင်ရာ ဒါက စတယ်၊ ရုပ်ပိုင်းဆိုင်ရာကျတော့ အခု ရုပ်-၃၀ နဲ့ စတယ်၊ ဒီ ရုပ်နဲ့နာမ်ဟာ ဘဝတစ်ခု စလိုက်တာနဲ့ တစ်ပြိုင်နက် ပြိုင်တူပေါ်လာတာ၊ နှစ်ခု စလုံးဟာ ကံက ဖန်တီးတာတွေချည်းပဲ၊ ဘယ်သူကမှ လုပ်ပေးတာ မဟုတ်ဘူး၊ ကံရဲ့အကျိုးဆက်အနေနဲ့ ပေါ်လာတာတဲ့။
ကဲ ကောင်းပြီ - ပေါ်လာတဲ့အခါမှာ တစ်ခုနဲ့တစ်ခု အထောက်အကူ ပြုကြတယ်၊ အဲဒီထဲမှာ အကုန် အထောက်အကူပြုသလားဆိုတော့ မပြုဘူး၊ ပြုတာက ဘာလဲ ဆိုလို့ရှိရင် ကြည့် - သန္ဓေစိတ်ရဲ့ မှီရာဆိုတာ ဟဒယဝတ္ထုသာ ဖြစ်တယ်၊ ကာယဝတ္ထုက ကာယဝိညာဏ်စိတ်ရဲ့ မှီရာသာ ဖြစ်တယ်၊ သန္ဓေစိတ်က ကာယဝတ္ထုပေါ်မှာ မမှီနိုင်ဘူး၊ ဘာဝတို့ ဘာတို့ဆိုတာလည်း မှီရာဝတ္ထုရုပ် မဟုတ် ဘူး၊ အဲဒီထဲမှာ မှီရာဝတ္ထုရုပ်နှစ်ခုပါတယ်၊ ကာယဒသက က ကာယနဲ့ ဝတ္ထုဒသက က ဟဒယ၊ သန္ဓေစိတ်ဟာ မှီစရာမရှိဘဲနဲ့ မဖြစ်ဘူး၊ သူက ကာယပေါ်လည်း မမှီဘူး၊ ဘာဝပေါ်လည်း မမှီဘူး၊ မှီရာဝတ္ထုရုပ်ဆိုတာ ၆-မျိုးပဲ ရှိတယ်၊ ဘာတွေလဲဆိုရင် မျက်စိ နား နှာခေါင်း လျှာ ကိုယ် ဟဒယ၊ မှီရာဝတ္ထုရုပ် ၆-ခု၊ မှီရာဝတ္ထုရုပ်ဆိုတာ စိတ်ဖြစ်ပေါ်တဲ့နေရာ ၆-ခုကို ပြောတာ၊ နာမ်တရားရဲ့ ပေါက်ဖွားရာဌာန ၆-ခုကို ပြောတာ၊ ဝတ္ထုဆိုတာ တည်ရာမြေကိုခေါ်တဲ့ စကားလုံး၊ ဒါကြောင့်မို့ မှီရာဝတ္ထုလို့ တွဲပြီးတော့ သုံးတာ၊ အင်္ဂလိပ်လိုတော့ base လို့ ပြန်တာပေါ့၊ Base of mind ပဲ၊ စိတ်ကလေး အခြေပြုတဲ့နေရာ။
ဥပမာ - စောင်းသံလေးက ဘယ်မှာ အခြေပြုတုန်း၊ ကြိုးပေါ်မှာ အခြေပြု တာပေါ့၊ ဟုတ်ရဲ့လား၊ အဲဒီကြိုးကလေးကို တီးလိုက်တဲ့အခါကျတော့မှ စောင်းသံ လေး ထွက်လာတယ်၊ အဲဒီအသံလေး ဘယ်က ထွက်လာတုန်း၊ စောင်းကြိုးက၊ အဲဒီစောင်းကြိုးနဲ့စောင်းအိုးကလေးက တွဲထားတာ၊ စောင်းကြိုးကနေပြီး အသံလေး ထွက်လာသလိုပဲ၊ ထို့အတူပဲ သန္ဓေစိတ်ဟာ ဟဒယဝတ္ထုဆိုတဲ့ ဒီ base ပေါ် အမှီပြုပြီး ပေါ်လာတာ၊ ဒါဖြင့် အမှီပြုနေရအောင် ဘယ်သူက အရင်ဖြစ်တာ တုန်းဆို ဘယ်သူကမှ အရင်ဖြစ်တာ မဟုတ်ဘူး၊ ပြိုင်တူဖြစ်ကြတာ၊ ဟဒယဝတ္ထု ဆိုတဲ့ ရုပ်ရယ်, ခုနက သန္ဓေစိတ်ရယ်။
(ဒါ လူ့ဘဝအနေနဲ့ ပြောတာနော်၊ ဟဒယ ဝတ္ထု မပါတဲ့ ဘဝတွေ ရှိသေးတယ်၊ အရူပဘုံ (ရုပ်မရှိတဲ့ဘုံ)ကျတော့ မရှိဘူးပေါ့)
လူ့ဘဝအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဟဒယဝတ္ထုဆိုတဲ့ရုပ်ရယ် (ခုနက နတ် တို့ ရူပဗြဟ္မာတို့လည်း ထည့်ပြီးတော့ မှတ်ပေါ့နော်၊) လူသားတွေနဲ့ ပိုပြီးတော့ နီးစပ်အောင်လို့ applied လုပ်ပြီး ပြောပြတာ၊ စာထဲမှာ ပြောရင်တော့ ပဉ္စဝေါကာရ ပဋိသန္ဓေလို့ ပြောမယ်၊ အဲဒါ နားရှုပ်မှာစိုးလို့ မပြောတာ၊ ပဉ္စဝေါကာရ ဆိုတာ ခန္ဓာငါးပါးရှိတဲ့ လူ့ဘဝပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် အဲဒီ ခန္ဓာ ငါးပါးရှိတဲ့ဘဝရဲ့ ပဋိသန္ဓေစိတ်။
ဒီတော့ လူသားအနေနဲ့ ပြောမယ်ဆိုရင် လူရဲ့ပဋိသန္ဓေစိတ်ဟာ သူနဲ့ ပြိုင်တူဖြစ်လာတဲ့ ဟဒယဝတ္ထုရုပ်ကို မှီရတယ်တဲ့၊ အမှီမပါဘဲနဲ့ သူ မရပ်တည်နိုင် ဘူးပေါ့၊ ဒါပြောတာနော်၊ စိတ်ဆိုတာ အာရုံရှိရတယ်၊ မှီရာဝတ္ထု base ရှိရတယ်၊ base မပါဘဲနဲ့ စိတ်မဖြစ်ဘူး၊ အာရုံမရှိဘဲနဲ့ စိတ်မဖြစ်ဘူးတဲ့၊ ဒါဖြင့် သန္ဓေစိတ်ရဲ့ အာရုံက ဘာတုန်းဆိုတော့ ကံ ကမ္မနိမိတ် ဂတိနိမိတ် တစ်ခုခုပဲပေါ့၊ အာရုံလည်း ရှိတယ်၊ မှီရာဝတ္ထုရုပ်က ဟဒယဝတ္ထု ရှိတယ်။
အဲဒီနေရာမှာ ကြည့်လိုက် - မှီရာဝတ္ထုရုပ်နဲ့ လူတွေရဲ့သန္ဓေစိတ်ဟာ borm together အတူတူ မွေးလာကြတာတဲ့၊ အတူတူမွေးလာပေမယ့်လို့ ယှဉ်တွဲပြီးတော့ ပေါ်လာပေမယ့်လို့ ပေါင်းစပ်ထားတဲ့အရာလား, ရောသွားတဲ့အရာလားဆိုတော့ မရောဘူး၊ ဝိပ္ပယုတ္တိပစ္စယော၊ ဆီနဲ့ ရေလိုပဲ မရောဘူး၊ တစ်မျိုးစီပဲ၊ born together ဖြစ်သည့်အတွက်ကြောင့် ဟဒယဝတ္ထုရုပ်ကလေးသည် ပဋိသန္ဓေစိတ်နဲ့ အတူတကွ ဖြစ်ပြီး ပေါင်းစပ်လို့မရတဲ့ ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ဒါကိုပြောတာနော်၊ အဲဒါကို သဟဇာတဝိပ္ပယုတ်လို့ ခေါ်တယ်၊ အတူတကွဖြစ်ပြီး ပေါင်းမရတဲ့ဟာ၊ သန္ဓေစိတ်နဲ့ ဟဒယဝတ္ထုသည် ရောစပ်လို့ မရဘူး၊ သို့သော် အတူတကွ ဖြစ်ကြတယ်။
“ရူပိနော ဓမ္မာ” ဆိုတာ အဲဒါပြောတာ၊
ရူပိနော ဓမ္မာ - ဟဒယဝတ္ထု ရုပ်သည်၊
အရူပီနံ ဓမ္မာနံ - သန္ဓေစိတ် စေတသိက်တို့ကို၊
ဝိပ္ပယုတ္တပစ္စယေန - ရောစပ်လို့မရတဲ့ ဝိပ္ပယုတ္တသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုနေပါ တယ်၊
မတူညီပေမယ့်လို့ တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူပြုတယ် ဆိုတဲ့သဘောလို့ ပြောတာနော်၊ ဒါက တစ်ခု။
ဒါတင်လားဆိုတော့ ဒါက born together သဟဇာတဝိပ္ပယုတ် အနေနဲ့ ပြောတာ၊ သဟဇာတဝိပ္ပယုတ်ဆိုတာ အတူတကွဖြစ်ပြီး ပေါင်းစပ်လို့မရတဲ့ ရုပ်နဲ့ နာမ် (အတူတကွဖြစ်တယ်ဆိုတာ ပဋိသန္ဓေအခါမှာပဲရှိတာ) ကျန်တဲ့အချိန်မှာ အတူတကွ မဖြစ်ဘူး။
ကဲ ကောင်းပြီ - မွေးဖွားလာပြီးတဲ့နောက် ဝတ္ထုရုပ်နဲ့ စိတ်ဟာ အတူတကွ ဖြစ်တာ မဟုတ်ဘူးတဲ့၊ အတူတကွဖြစ်လာလို့ရှိရင်လည်း မှီလို့မရဘူးတဲ့၊ ကြည့် - ဟဒယဝတ္ထုရုပ်ဟာ သန္ဓေစိတ်နဲ့ အတူတကွဖြစ်လာပြီးတော့ စိတ်ရဲ့ ခဏတိုင်း ခဏတိုင်း (စိတ်ရဲ့ခဏတိုင်း ခဏတိုင်းဆိုတာ စိတ်မှာ ခဏသုံးခုရှိတယ်၊ ဖြစ်တဲ့ ခဏ၊ တည်တဲ့ခဏ၊ ပျက်တဲ့ခဏ၊ Very short moment ပဲ၊ ခဏသုံးခုရှိတယ်၊ အဲဒီ ခဏတိုင်း ခဏတိုင်းမှာ) ဟောဒီ ဟဒယဝတ္ထုရုပ်ဟာ repeatation ထပ်ထပ်ပြီး ပေါ်နေတာ၊ ဒါကြောင့် လူကောင်ကြီးက ကြီးကြီးလာတာပေါ့၊ မဟုတ်ဘူးလား၊ နို့မို့ဆိုရင် baby လေးပဲ ဖြစ်နေမှာပေါ့။
လူတွေဟာ မိခင်ခန္ဓာကိုယ်ထဲမှာ ရှိနေတုန်းက သေးသေးလေးပဲ မဟုတ် လား၊ ထပ်ထပ် ထပ်ထပ် ပေါ်နေတယ်၊ ထပ်ထပ် ထပ်ထပ် ပေါ်နေတော့ များလာ ပေးတဲ့စိတ်၊ ဟိုဘဝက စုတိစိတ်ဆိုတာ ချုပ်လိုက်တာနဲ့ ဒီဘဝက ပဋိသန္ဓေပဲ၊ အကယ်၍ မဆက်စပ်မိဘူးဆိုရင် ကြားမှာ gap ဖြစ်နေမှာပေါ့။
ဒီနေရာမှာ တိဗက်ဗုဒ္ဓဘာသာရဲ့ အယူအဆဆိုလို့ရှိရင် လူဟာ သေပြီးတဲ့ နောက်မှာ ၄၉-ရက်တဲ့၊ gap ဖြစ်နေမှာပေါ့၊ ဒါဆိုလို့ရှိရင် သေပြီးတဲ့နောက်မှာ လမ်းကြောင်း ရှာနေတာ ၄၉-ရက်တဲ့၊ မြန်မာတွေလည်း ပြောကြပါတယ်၊ သေပြီးတဲ့ နောက်မှာ ၇-ရက်တဲ့၊ ရက်မလည်သေးဘူး ပြောကြတယ်၊ သေပြီးတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေဆိုတာ လာတာပဲ၊ ပဋိသန္ဓေဆိုတာ Relinking consciousness က ချက်ချင်းဆက်သွားတာပဲ၊ ဒါကြောင့်မို့ အနန္တရပစ္စယောလို့ ပြောတာ၊ ကြားထဲမှာ မရှိဘူး၊ ကွက်လပ်မရှိဘူး၊ ကြားကာလ မရှိဘူး၊ သေပြီးတဲ့အခြားမဲ့မှာဖြစ်လို့ အနန္တရ၊ “သေသည်၏ အခြားမဲ့၌” ဆိုတဲ့စကားကိုက အလွန်မှန်ကန်တဲ့စကား၊ အခြားမဲ့ ခ ဆိုတာ ကြားမရှိဘူးလို့ပြောတာ၊ သေတာနဲ့ မွေးတာကြားမှာ ခြားထားတဲ့ သဘာဝ အချိန်ကာလ မရှိဘူး၊ ဟိုဟာပြောင်းတာနဲ့ ဒါပေါ်တာ တစ်ဆက်တည်းလို့ပြောတာ၊ ပြောင်းလွဲမှုကြီးက အင်မတန်မှ လျင်မြန်တယ်။
ပဋိသန္ဓေစိတ်နောက် ပေါ်လာတဲ့စိတ်ကို ဘဝင်စိတ်ခေါ်တယ်။ ဘာ့ကြောင့် ဘဝင်လို့ခေါ်တာတုန်းဆိုရင် ဘဝ + အင်္ဂ၊ ဘဝတစ်ခု ဆက်စပ်ပေးနေတဲ့ အကြောင်း တရားဖြစ်လို့ ဘဝင်္ဂ လို့ ခေါ်တာ၊ ဘဝအင်္ဂ ဆိုတာ life continuity ဘဝတည်ရှိနေမှုရဲ့ အကြောင်းတရား၊ ဘဝ အင်္ဂ၊ ဒါမရှိရင် ပြတ်သွားမှာပေါ့၊ ဒါ့ကြောင့် လူတွေဟာ အိပ်နေရင်လည်း ဘဝင်စိတ်ဖြစ်တယ်ဆိုတာ အဲဒါပြောတာ ပေါ့၊ စိတ်အစဉ်က မပြတ်ဘူး။
နိုင်ငံခြားသားတွေကို ဘုန်းကြီးတို့ အဘိဓမ္မာသင်တဲ့အခါ နားလည်အောင် ရှင်းပြရတယ်။ စိတ်အစဉ်ဟာ line ၂-ခု ရှိတယ်၊ Blue line နဲ့ Red line လို့ Blue line ဆိုတာ activity မရှိဘူး၊ ငြိမ်သက်နေတဲ့ line၊ ပြင်ပအာရုံနဲ့ ဘာမှမဆိုင်ဘူး၊ မျက်စိက မြင်တဲ့အာရုံ၊ နားကကြားတဲ့ အာရုံတွေနဲ့ ဘာမှမဆိုင်ဘူး၊ အတိတ်က ပေးခဲ့တဲ့ အာရုံနဲ့ ငြိမ်ငြိမ်ကလေး သွားနေတာ၊ ဒါက Blue line အပြာလိုင်း၊ အပြင်ဘက်က အာရုံတစ်ခုက တိုးဝင်လာပြီဆိုလို့ရှိရင် အဲဒီ Blue line က ပြတ်သွား ပြီးတော့ Red line ဝင်လာတယ်၊ လိုင်း၂-လိုင်း ပြိုင်တူတော့ မဖြစ်ဘူးနော်၊ Blue line ကို ဖြတ်တောက်လိုက်တာ၊ နောက်ထပ်ရောက်လာတဲ့အာရုံက စွမ်းအားသတ္တိ ရှိလို့။
ဘာနဲ့ ဥပမာတူတုန်းဆိုရင် ဒုံးပျံတစ်ခုကို ဒုံးခွင်းဒုံးနဲ့ ပစ်ချလိုက်သလိုပဲ ပြတ်သွားတာ၊ အပြင်ဘက်က အာရုံတစ်ခုရောက်လာတဲ့အခါကျတော့ Blue line က ပြတ်သွားပြီး Red line ဝင်လာတာ၊ Red line ဖြစ်လာတဲ့အခါကျတော့ လူတွေဟာ လက်ရှိမွေးရာပါအာရုံနဲ့ မဟုတ်တော့ဘဲနဲ့ မျက်စိကမြင်ရတဲ့ အာရုံ၊ နားကကြားရတဲ့ အာရုံ၊ အဲဒါတွေနဲ့ အလုပ်လုပ်ကြတော့တာပဲ၊ Red line ပြီးသွားပြန်ရင် Blue line က ပြန်ဝင်လာတာပဲနော်၊ ဒီအတိုင်းပဲသွားနေတာ၊ Blue line နဲ့ Red line, Red line နဲ့ Blue line စိတ်အစဉ်ကို အဲဒီပုံစံနဲ့ သရုပ် ဖော်ပြမယ်ဆိုရင် အဲဒီပုံစံမျိုးပဲ မြင်ရမှာပဲ၊ စိတ်ဆိုတာ အရောင်မရှိလို့ မြင်ရတာ မဟုတ်လို့ တင်စားပြီးတော့ ပြောရတာ။
ကောင်းပြီ - ဘဝတစ်ခုလုံးမှာ သန္ဓေစိတ်ပြီးရင် ဘဝင်စိတ်တွေ လာနေ မှာပဲ၊ ခုနက Red line က ဝီထိစိတ်တွေ မလာသမျှ သူက မပြတ်ဖြစ်နေမှာပဲ၊ နောက်ဆုံး သေပြီဆိုတဲ့အခါကျတော့ နောက်ဆုံးစိတ်ကို (ဘဝတစ်ခုကနေပြီးတော့ ရွေ့လျားသွားတာ ဖြစ်သောကြောင့်) စုတိစိတ်လို့ ခေါ်လိုက်တယ်၊ အဲဒါကျတော့ နော်၊ အဲဒီ ပဋိသန္ဓေ၊ ဘဝင် စုတိ ဆိုတာဟာ တစ်မျိုးတည်းပဲလို့ ဒီလိုမှတ်ရမယ်။
ကောင်းပြီ - အခုပြောချင်တာက ကြည့် - ဟဒယဝတ္ထုရုပ်က သန္ဓေစိတ်နဲ့ အတူတကွဖြစ်ပြီးတော့ ထိုသန္ဓေစိတ်ကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ပေါင်းစပ် လို့မရတဲ့ အနေအထားအနေနဲ့ အတူတူဖြစ်ကြတာ၊ အတူတူဖြစ်ပြီး ကျေးဇူးပြုကြ တယ်၊ ဒါဖြင့် အဲဒီ ဟဒယဝတ္ထုက ပထမဘဝင်ကို ကျေးဇူးပြုတဲ့အခါကျတော့ အတူတူဖြစ်ကြတာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးနော်၊ အဲဒီပထမဘဝင်ကို ကျေးဇူးပြုတဲ့ ဟဒယဝတ္ထုသည် သန္ဓေစိတ်နဲ့ အတူတကွပေါ်လာတဲ့ ဟဒယဝတ္ထုဖြစ်တယ် ဆိုတော့ ပထမဘဝင် မပေါ်ခင်က ခဏ ၂-ခု စောပြီးတော့ သူက မပေါ်ဘူးလား၊ ပေါ်တယ်နော်၊ ခဏ၂-ခု စောပြီးတော့ သူက ပေါ်သည့်အတွက်ကြောင့် သူက born earlier လို့ ခေါ်တယ်၊ ကြိုတင်ပြီးတော့ မွေးလာတာ၊ ဘဝင်စိတ် မပေါ်ခင်က သူက ကြိုတင်ပြီးတော့ မွေးလိုက်တာမို့ သန္ဓေစိတ်နဲ့ အတူတကွဖြစ်တဲ့ ဟဒယဝတ္ထု သည် ပထမဘဝင်စိတ်ကို အထောက်အကူပြုတဲ့ မှီရာအနေနဲ့ ဆောင်ရွက်ပေးတဲ့ အခါကျတော့ ပေါင်းစပ်လို့မရတဲ့ အနေအထား ဖြစ်သည့်အတွက်ကြောင့် အဲဒါ ကျတော့ ပုရေဇာတဝိပ္ပယုတ်လို့ ပြောတာ။
ပုရေဇာတဝိပ္ပယုတ်ဆိုတာ ကြိုတင်ဖြစ်နှင့်ပြီးတော့ ပေါင်းစပ်လို့မရတဲ့ ရုပ် တရားက နာမ်တရားကို အထောက်အကူပြုတယ်ပေါ့၊ ဒါ ပြောတာနော်၊ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ” ဆိုတဲ့စကားလုံးမှာ အရကောက်ကျမ်းက ခွဲခြားပြီးတော့ ဒီလိုကောက်တယ်၊ အဲဒါ ရှင်းသွားပြီနော်၊ သန္ဓေစိတ်ကို ဟဒယဝတ္ထုက အထောက် အကူပြုတဲ့အခါမှာ born together သဟဇာတဝိပ္ပယုတ်၊ အဲဒီ ဟဒယဝတ္ထုက ပထမဘဝင်စိတ်ကို အထောက်အကူပြုတဲ့အခါကျတော့ ကြိုတင်ပြီးတော့ မွေးဖွား တာဖြစ်လို့ born earlier ပုရေဇာတဝိပ္ပယုတ်လို့ ခေါ်တယ်၊ ဒီသဘောကိုပြောတာ၊ ဒါက “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော” လို့ ဒါက ပစ္စယနိဒ္ဒေသအရ ပြောပြတာ။
ပဥှာဝါရကျတော့ ထပ်ပြီး ခွဲတယ်၊ ဓမ္မကို ထပ်ပြီး အသေးစိတ်လိုက်တဲ့အခါ သဘာဝချင်းမတူတဲ့ ဓမ္မတွေက ကုသိုလ်လား, အကုသိုလ်လား, အဗျာကတလား ထပ်ခွဲတယ်ပေါ့၊ ဒီတော့ လူတွေဟာ ပဋိသန္ဓေစလာတဲ့အခါမှာ ကုသိုလ်နဲ့လည်း မစဘူး၊ အကုသိုလ်နဲ့လည်း မစ,ဘူး၊ ဘာနဲ့စတုန်း? အဗျာကတနဲ့ စတယ်၊ သန္ဓေစိတ် ဆိုတာ အဗျာကတ၊ အဲဒီလို သဘောပေါက်ထားလို့ရှိရင် အင်မတန်မှ လွယ်တယ် ပေါ့။
ဒီတော့ ကုသိုလ်စိတ်ကို အထောက်အကူပြုမယ့် ရုပ်ဆိုတာ အခုအချိန် မပေါ်ဘူး၊ အကုသိုလ်စိတ်ကို အထောက်အကူပြုမယ့် ရုပ်ကလည်း အခုချိန် မပေါ် သေးဘူး၊ အဗျာကတကို အထောက်အကူပြုတယ်လို့ပဲ ဒီလိုပြောရမယ် ဒီအချိန်မှာ၊ ကဲ ကောင်းပြီ - ပဥှာဝါရကျတော့ အဲဒီလို ထပ်ပြီးတော့ ခွဲလိုက်သေးတယ်၊ အဗျာကတက . ကုသိုလ်ကို၊ အဗျာကတက အကုသိုလ်ကို၊ အဗျာကတက အဗျာကတကိုလို့ ထပ်ပြီးတော့ ခွဲလိုက်တယ်၊ ကုသိုလ်ကို အဓိကထားပြောတာက တစ်ခု၊ အကုသိုလ်ကို အဓိကထားပြောတာက တစ်ခု၊ အဗျာကတကို အဓိကထား ပြီး ပြောတာက တစ်ခု၊ ၃-ခု ဒီလိုရှိတယ်၊ ဒါက ပဉှာဝါရမှာ ဟောတဲ့တရား။
ပဉှာဝါရနဲ့ ပစ္စယနိဒ္ဒေသက အင်မတန်မှ နီးစပ်တယ်၊ ဟောပုံချင်းလည်း တူတယ်၊ ဘယ်လိုကွာလဲ? ပစ္စယနိဒ္ဒေသက အကျဉ်း, ပဉှာဝါရကျတော့ အကျယ် ထပ်ပြောတယ်၊ အဲဒါပဲ ကွာတယ်၊ ဟောပုံဟောနည်းလည်း အတူတူပဲ၊ စကားလုံး သုံးတာလည်း တူတယ်။
ကဲ နောက်တစ်ခု ဘာလာပြန်တုန်းဆိုရင် အပြန်အလှန် “အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော”၊ နာမ်တရားကလည်းပဲ ရုပ်တရားကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့။
ဘယ်အခါ ကျေးဇူးပြုတယ်ဆိုတာတော့ ထပ်ရှင်းရမယ်၊ ဒါကျတော့ ဘာနဲ့ သက်ဆိုင်တာတုန်း၊ မွေးဖွားတဲ့အချိန်နဲ့ မသက်ဆိုင်ဘူး၊ လူ့ဘဝ မွေးဖွားပြီးတဲ့ နောက်, မွေးဖွားပြီးတယ်ဆိုတာ သန္ဓေတည်ပြီးတဲ့ နောက်ပိုင်းနဲ့ သက်ဆိုင်တယ်၊ သန္ဓေတည်ပြီးတဲ့နောက် မသေခင်စပ်ကြားမှာ နာမ်တရားတွေက ရုပ်တရားတွေကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုပါတယ်။
ဒီနေရာမှာ နာမ်တရားလို့ ဆိုလိုက်တဲ့အခါ ရုပ်ကိုထုတ်လုပ်တဲ့ နာမ်တရား ပေါင်း ၇၅-ခု ရှိတယ်၊ အဲဒီရုပ်ကို ထုတ်လုပ်တဲ့ နာမ်တရားတွေဟာ အဲဒီနာမ် ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက ရုပ်ကိုထုတ်ပြီးသားပဲ၊ စိတ္တဇရုပ်ဆိုတာကို သူကထုတ်တယ်၊ စိတ်က သူ့ဟာသူတင်ဖြစ်လာတာ မဟုတ်ဘူး၊ ဖြစ်လာလိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်တစ်ခုကို မွေးဖွားပေးလိုက်တယ်၊ ရုပ်တစ်ခုကို မွေးပေးလိုက်တယ် ဆိုတော့ စိတ်နဲ့ရုပ်က ရောနေတာလား၊ ရောစပ်ထားလားလို့မေးရင် မရောစပ်ဘူးတဲ့၊ ပေါင်းစပ်ထားတဲ့အရာ မဟုတ်ဘူးတဲ့၊ စိတ်ကနေပြီးတော့ စိတ္တဇရုပ်ကို ထုတ်လုပ်တဲ့ အခါ စိတ်ပေါ်ပေါ်ချင်း စိတ္တဇရုပ်ကိုထုတ်တာ ဖြစ်သောကြောင့်, ထိုစိတ်နဲ့စိတ္တဇ ရုပ်သည် အတူတကွ မွေးဖွားကြတာ ဖြစ်သောကြောင့် born together သဟဇာတ၊ အတူတကွ ဖြစ်လာကြတာ၊ ရုပ်ကိုထုတ်လုပ်နိုင်တဲ့စိတ်တွေဟာ သူတို့ ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်ကို အသစ်ဖြစ်စေတာ။
ဆိုပါစို့ - ခုနက ပထမဘဝင်စိတ်ဟာ ပေါ်လာချင်းပင် ရုပ်ကို ဖြစ်စေတာ၊ ပဋိသန္ဓေစိတ်ကတော့ ရုပ်ကို မထုတ်နိုင်ဘူး၊ ဘာဖြစ်လို့ မထုတ်နိုင်တုန်း၊ အခုမှ ဘဝသစ်မှာ သူကစ,ရတာဖြစ်တော့ သူ့မှာ mature မဖြစ်သေးဘူး၊ တခြားအလုပ် မလုပ်နိုင်ဘူး၊ ဒါတော့ ဟုတ်တာပဲ၊ သဘာဝကျပါတယ်၊ ကလေးပေါက်စလေးက အလုပ်တစ်ခုကို အကုန်လုပ်နိုင်ပါ့မလား၊ ဘယ်လုပ်နိုင်ပါ့မလဲ၊ အခုမှ ရောက်လာ တဲ့လူက လူသစ်ပဲ၊ သူက ဘာလုပ်နိုင်ဦးမှာတုန်း။
ဟော ဘဝင်စိတ်ရောက်တဲ့အခါကျတော့ ပထမဘဝင်စိတ်တင်ပဲ စိတ္တဇရုပ် ကို ဖြစ်စေတယ်၊ စိတ်က ဘွားကနဲပေါ်လိုက်သလို သူထုတ်လိုက်တဲ့ရုပ်ကလည်း ဘွားကနဲ ပေါ်လာတယ်၊ ဒီနှစ်ခုသည် တစ်ပြိုင်နက်ပေါ်တာ ဖြစ်တယ်၊ အဲဒီ တစ်ပြိုင်နက်ပေါ်တဲ့ရုပ်နဲ့စိတ်ဟာ ပြိုင်တူတော့ ဖြစ်တယ်၊ သို့သော် ရောစပ်ထား တဲ့အရာ မဟုတ်သည့်အတွက်ကြောင့် သဟဇာတဝိပ္ပယုတ်၊ (ပြိုင်တူဖြစ်လို့ သဟဇာတ၊ ပေါင်းစပ်ထားတာ မဟုတ်သည့်အတွက်ကြောင့် ဝိပ္ပယုတ္တ) ဒီလို ပြောတာနော်၊ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ”၊ ဒါက တစ်ခု။
နောက်တစ်ခုက ဘာပြောရဦးမလဲဆိုတော့ ခုနတုန်းကဟာကို နောက် တစ်ခု ထပ်ပြောတာ၊ ဒါက “အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ”၊ နာမ်တရားကနေ ရုပ် တရား၊ ကဲ ဘာပြောရဦးမတုန်းဆိုရင် ရုပ်နဲ့ နာမ်ရဲ့ ဆက်စပ်နေမှုကို ပြောမယ် ဆိုလို့ရှိရင် - ဆိုပါစို့- ခုနဝတ္ထုရုပ်တွေဆို အရင်ကြိုတင်ပြီးတော့ ဖြစ်နေတာတွေ က နောက်မှဖြစ်တဲ့ နာမ်တရားကို ကျေးဇူးပြုတယ်။
ထို့အတူပဲ နောက်မှဖြစ်လာတဲ့စိတ်တွေကလည်း ရှေ့ကကြိုတင်ဖြစ်နေတဲ့ ရုပ်တွေကို အပြန်အလှန် .. အထောက်အကူပြုပါတယ်တဲ့၊ ထုတ်လုပ်တာတော့ မဟုတ်ဘူး, အထောက်အကူပြုတာကို ပြောတာနော်၊ အကျိုးတရားက အရင် ဖြစ်နေပြီး အကြောင်းတရားက နောက်မှလို့ - ဒီလိုတွေးလို့ရှိရင် နားလည်ဖို့ အလွန် ခက်တယ်၊ ဘဝတစ်ခုမှာ ဆက်စပ်နေသည့်အတွက်ကြောင့် နောင်ဖြစ်မယ့်ဟာက လည်း ရှေ့ကိုကြိုတင်ပြီး အကျိုးပြုနေတာ၊ ဆက်စပ်နေတဲ့သဘော၊ ကြိုတင်ဖြစ်နေ တဲ့ ရုပ်တွေကို နောက်မှဖြစ်လာတဲ့စိတ်က အထောက်အကူပြုတယ်တဲ့၊ အဲဒါကို ပစ္ဆာဇာတဝိပ္ပယုတ် လို့ ပြောတာ၊ နောက်မှဖြစ်တဲ့စိတ်တွေက ကြိုတင်ပြီးဖြစ်နှင့် နေတဲ့ ဟဒယဝတ္ထုစတဲ့ ရုပ်တွေကို အထောက်အကူပြုနေတယ်။
ကဲ၊ သက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ (ခုနက ပြောဖို့ကျန်နေတဲ့ထဲမှာ) “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ” ရုပ်တရားက နာမ်တရားကို အထောက်အကူ ပြုနေတယ်ဆိုတဲ့ နေရာမှာ ခုနက သာမန် သန္ဓေပိုင်းတစ်ခုပဲ ပြောရသေးတယ်။ ပဝတ္တိပိုင်း ပြောရအောင်။
ကြည့် - လူ့ဘဝရလာပြီးတဲ့အခါ မျက်စိဆိုတာ ပေါ်မလာဘူးလား၊ ပေါ်လာ တယ်၊ နားဆိုတာ ပေါ်တယ်၊ နှာခေါင်းဆိုတာ ပေါ်တယ်၊ လျှာဆိုတာလည်း ပေါ်လာတယ်၊ ကိုယ်ဆိုတာလည်း ပေါ်တယ်၊ ခုနက ဟဒယဝတ္ထု တစ်ခုပဲ ပြောရ သေးတယ်၊ ဟုတ်ရဲ့လား၊
(ဝတ္ထုရုပ်က ၆-ခု ရှိတယ်၊ စက္ခုဝတ္ထု၊ သောတဝတ္ထု ဃာနဝတ္ထု ဇိဝှာဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထု၊ ခုနကပြောတာ ဟဒယဝတ္ထုတစ်ခုပဲ ပြောခဲ့သေးတယ်၊ ဟဒယဝတ္ထုတစ်ခုတည်းကိုပဲ born together, born earlier နှစ်ခုရတယ် ဟုတ်ရဲ့လား)
အခုပြောမှာက စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှာဝတ္ထု၊ ကာယဝတ္ထု၊ အဲဒီထဲမှာ စက္ခုဝတ္ထုဆိုတဲ့ မျက်စိအကြည်ရုပ်ဟာ မြင်သိ စိတ်ရဲ့ ပေါက်ဖွားရာနေရာ ဖြစ်တယ်ပေါ့။
ဒီတော့ မြင်သိစိတ်နဲ့ စက္ခုဝတ္ထု ဆိုတဲ့ ဒီမျက်စိအကြည်ရုပ်ဟာ ဘယ်သူက အရင်ပေါ်တာတုန်းဆိုရင် စက္ခုဝတ္ထုက အရင်ပေါ်လာတာ၊ မြင်သိစိတ်က နောက်မှ ပေါ်လာတာ၊ အဲဒါကြောင့်မို့ born earlier။ ဆိုပါစို့ - ရူပါရုံနဲ့ စက္ခုပသာဒ ဆုံလိုက်တယ်၊ mental process ဝီထိကို ကြည့်၊ ရူပါရုံနဲ့ စက္ခုပသာဒတို့ ဆုံလိုက် တဲ့အချိန်ပိုင်းမှာ ဘဝင်ဖြစ်နေတဲ့အချိန်ပေါ့၊ ဆုံလိုက်တဲ့အချိန်မှာ စိတ်အစဉ်က အင်မတန် မြန်လွန်းအားကြီးလို့ blue line က ရုတ်တရက်မပြတ်ဘူး၊ Blue line က ဆက်သွားနေတယ်၊ မြင်လိုက်တဲ့အချိန်မှာ အတီတဘဝင်ဆိုတာ ဖြစ်သွားတယ်၊ ဖြတ်ကျော်သွားတဲ့ဘဝင်၊ အာရုံအသစ် ဝင်လာလို့ အဲဒီဘဝင်က လှုပ်သွားတယ် - ဘဝင်္ဂစလန၊ နောက် ပြတ်တောက်သွားတယ် - ဘဝင်္ဂုပစ္ဆေဒ၊ ဘဝင်သုံးခု ရှိတယ်၊ အဲဒီ ဖြတ်ကျော်လာတဲ့ ဘဝင်စိတ်နဲ့ အတူတူဖြစ်တဲ့ စက္ခုဝတ္ထုသည် ပဉ္စဒွါရာဝဇ္ဇန်း နောက်မှာ ပေါ်လာမယ့် စက္ခုဝိညာဏ်စိတ်ရဲ့မှီရာ ဖြစ်တယ်၊ ဒီတော့ သူဟာ စိတ် ဘယ်နှစ်ခု စောပြီးတော့ ပေါ်သလဲဆိုရင် ဘဝင်သုံးခုရယ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ရယ် ဆိုတော့ ၄-ခု၊ စိတ္တက္ခဏ ၄-ခု စောပြီး စက္ခုဝတ္ထု၊ ပေါ်နေတယ်။
အဲဒီပေါ်နေတဲ့ စက္ခုဝတ္ထုသည် ပဉ္စဒွါရာဝဇ္ဇန်းနောက်မှာ ပေါ်လာမယ့် မြင်သိစိတ်ကို အထောက်အကူပြုပါတယ်တဲ့၊ အဲဒီမြင်သိစိတ်နဲ့ စက္ခုဝတ္ထုဟာ ပေါင်းစပ်လို့ ရလားဆိုတော့ မရဘူး၊ ရောစပ်ထားတာ မဟုတ်ဘူး၊ သဘာဝချင်း မတူဘူး၊ သို့သော် ကြိုတင်ပြီးတော့ မွေးဖွားထားတာဖြစ်လို့ ပုရေဇာတ၊ ပေါင်းစပ် လို့ မရသည့်အတွက်ကြောင့် ဝိပ္ပယုတ္တ၊ ဒါကြောင့် ပုရေဇာတဝိပ္ပယုတ္တ။
ထို့အတူပဲ အသံနဲ့ ပတ်သက်လာမယ်, အနံ့နဲ့ ပတ်သက်လာမယ်, အရသာနဲ့ ပတ်သက်လာမယ်, အထိအတွေ့ နဲ့ ပတ်သက်လာမယ်ဆိုရင်လည်း ဘဝင်စိတ်နဲ့ ပြိုင်တူဝင်လာတဲ့ ဝတ္ထုရုပ်ကို ဝိပ္ပယုတ်လို့ ပြောတာ။
ကဲ အခု ဝိပ္ပယုတ်နဲ့ ပတ်သက်ပြီး ပြောတဲ့ရုပ်တွေဟာ ဝတ္ထုရုပ်တွေကို ပြောတယ်၊ ထိုဝတ္ထုရုပ်ကို မှီတဲ့စိတ်တွေအကြောင်းကို ပြောတယ်၊ နောက်ပြီးတော့ စိတ်က ထုတ်လုပ်တဲ့ရုပ် စိတ္တဇရုပ်တွေကို ပြောတယ်၊ ဒီနေရာမှာ မပြောဘဲထားတာ ဘာတွေ မပြောဘဲထားတုန်းဆိုလို့ရှိရင် ဥတုဇရုပ်တွေ အာဟာရရုပ်တွေတော့ မပြောဘူး၊ ဟုတ်ရဲ့လား၊ အဓိက ထင်ရှားတာကိုပြောတာ။
ပစ္ဆာဇာတဝိပ္ပယုတ်ကျတော့ ဥတုဇရုပ်တို့ အာဟာရရုပ်တို့ ဧကဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယဆိုပြီး ပြောတယ်၊ ကျန်တာတော့ မပြောဘူးတဲ့၊ ကြည့် - ခုနတုန်းကပြောတဲ့ သန္ဓေစိတ်နဲ့ အတူတကွဖြစ်လာတာ ကမ္မဇရုပ်တဲ့၊ ဘဝင်စိတ်နဲ့ ပြောတဲ့အခါကျတော့ စိတ္တဇရုပ်ကို ပြောတာ။
ကောင်းပြီ - မြတ်စွာဘုရားက ဒီနေရာမှာ ဝတ္ထုရုပ်နဲ့ ဝတ္ထုရုပ်ကိုမှီဖြစ်တဲ့ စိတ်ရယ်၊ အဲဒီနှစ်ခုဟာ ပေါင်းစပ်ထားတာ မဟုတ်ဘူး၊ ရောစပ်လို့ မရတဲ့အရာတွေ ဖြစ်လို့ ဝိပ္ပယုတ္တပစ္စည်း ဆိုပြီး ဟောတယ်၊ အဲဒီနေရာမှာ စဉ်းစားစရာတစ်ခု ပေါ်လာတယ်၊ ရုပ်ဟာ ကုန်သွားပြီလားဆို မကုန်သေးဘူးနော်၊ အခု ပြောတာက ဝတ္ထုရုပ်ပဲ ပြောနေတာ။
စိတ်နဲ့အာရုံ ဝိပ္ပယုတ်ဖြစ်သော်လည်း မဟော
ကဲ အဲဒီစိတ်ဟာ အာရုံနဲ့ကော မဆက်သွယ်ဘူးလား၊ ရူပါရုံက ရုပ် မဟုတ်ဘူးလား၊ ဟုတ်တယ်၊ သဒ္ဒါရုံကရော၊ အသံကလည်း ရုပ်ပဲ၊ အနံ့ကလည်း ရုပ်ပဲ၊ ဖောဋ္ဌဗ္ဗာရုံကလည်း ရုပ်ပဲ၊ အဲဒါတွေနဲ့ စိတ်နဲ့ကျတော့ ဘာဖြစ်လို့ ဝိပ္ပယုတ္တ ပစ္စယောလို့ မဟောတာလဲ၊ ရုပ်အာရုံတွေနဲ့ စိတ်နဲ့ကလည်း ပေါင်းစပ်လို့ ရရဲ့လား? စိတ်ရဲ့မှီရာဖြစ်တဲ့ဝတ္ထုရုပ်နဲ့ စိတ်ကိုသာလျှင် ဝိပ္ပယုတ္တလို့ ဟောတာ၊ ထိုစိတ်က အာရုံပြုတဲ့ ရုပ်အာရုံတွေကျတော့ ဘာဖြစ်လို့ ဝိပ္ပယုတ္တပစ္စယောလို့ မဟောတာ လဲ? မေးခွန်းကလေးတစ်ခု တက်လာတယ်၊ ဟုတ်တယ် မဟုတ်လား၊ သူက ရုပ်နဲ့ နာမ်ပဲလေ၊ အာရုံက ရုပ်၊ အာရုံပြုနေတဲ့စိတ်က နာမ်၊ အာရုံရုပ်နဲ့ အာရုံပြုတဲ့နာမ် တရားနှစ်ခုကရော ပေါင်းစပ်လို့ ရမလားဆိုတော့ မရဘူး။
မရတာကို ဘာဖြစ်လို့ မြတ်စွာဘုရားက ပိပ္ပယုတ္တပစ္စယောလို့ ထည့်မဟော တာတုန်းလို့မေးရင် အဖြေရှိတယ်၊ အာရုံဆိုတာ အတွင်းက လာတာလား, အပြင်က လာတာလား၊ အပြင်က လာတာနော်၊ မျက်စိမှာ ထင်ဟပ်တဲ့အာရုံသည် အပြင်က လာတာလား, အတွင်းက လာတာလား၊ အသံကရော? အပြင်ကလာတာ၊ အနံ့ ကရော? အပြင်က လာတာတွေ၊ ဒီတော့ အပြင်ကလာတဲ့ရုပ်နဲ့ အတွင်းက စိတ်နဲ့ ရောသလား, မရောသလား, ပေါင်းစပ်နေတာလား, မပေါင်းစပ်ဘူးလားလို့ သံသယ ဖြစ်စရာရှိပါ့မလား? မရှိပါဘူး၊ မရှိလို့ မြတ်စွာဘုရားက မဟောတာတဲ့၊ ထင်ရှားတာကို မပြောတော့ဘူး၊ ကိုယ့်ဟာကိုယ် သိနိုင်တယ်၊ သိနိုင်တဲ့အရာ မပြော ဘူးပေါ့။
သိနိုင်တဲ့အရာ ပြောမယ်ဆိုလို့ရှိရင် ကြည့် - ဘာနဲ့ ဥပမာတူတုန်းဆိုရင် ဆရာ မလုပ်ရရင် မနေနိုင်တဲ့လူတစ်ယောက်လိုပေါ့၊ ငယ်ငယ်တုန်းက ကြားဖူး တာနော်၊ လူတစ်ယောက်ဟာ ဆရာ မလုပ်ရရင် မနေနိုင်ဘူးတဲ့၊ အလှူတစ်ခုမှာ သူက မှေးကနဲအိပ်ပျော်သွားတော့ ဆရာ မလုပ်လိုက်ရဘူး၊ အချိန်ကျလို့ သံဃာ တွေက ကြွလာကုန်ပြီ၊ လူတွေရော မဏ္ဍပ်အဝင်ဝမှာ၊ အဲဒီမှာ သူက ဆရာလုပ်စရာ မရှိတော့ ဘာလုပ်တုန်းဆို- “ဟေ့ ဘုန်းကြီးတွေ ရှေ့ကထား၊ လူတွေ နောက်က လိုက်” လို့ ဝင်ပြီးပြောလိုက်သေးသတဲ့၊ ထင်ရှားနေတဲ့အရာကို “ဘုန်းကြီးရှေ့ကသွား လူက နောက်ကလိုက်” လို့ ပြောစရာလိုသေးလား၊ ဒါ လူတိုင်းသိနေတဲ့ကိစ္စကြီး တစ်ခုနော်၊ အဲဒီလိုပဲ မြတ်စွာဘုရားက သံသယဖြစ်စရာ မရှိသည့်အတွက်ကြောင့် ရုပ်အာရုံနဲ့ အာရုံပြုတဲ့စိတ်ကိုတော့ ဝိပ္ပယုတ္တပစ္စယောလို့ မဟောတော့ဘူးတဲ့၊ သိသာလွန်း အားကြီးလို့။
ဒါဖြင့် ဝတ္ထုရုပ်နဲ့ စိတ်၊ အဲဒါကျတော့ ဘာလို့ ဟောတာတုန်းဆိုတော့ လူတွေက ထင်ကောင်း ထင်လိမ့်မယ်တဲ့၊ မြင်သိစိတ်ဟာ မျက်လုံးထဲက ထွက်လာတော့ မြင်သိစိတ်နဲ့ မျက်လုံးဟာ ပေါင်းစပ်ထားတာလို့ ထင်ချင်ထင်နေမယ်၊ သမ္ပယုတ္တအနေနဲ့ ရောစပ်ထားတယ်လို့ ထင်ကောင်း ထင်လိမ့်မယ်၊ ကြားသိစိတ် ဟာ နားက ထွက်လာတာဆိုပြီးတော့ နားနဲ့ ကြားသိစိတ်၊ သောတပသာဒရုပ်နဲ့ ကြားသိစိတ်ဟာ ရောစပ်နေတယ်လို့ ထင်မှာစိုးလို့၊ နံသိစိတ်ဟာလည်းပဲ ဃာန ပသာဒမှာ မှီပြီးဖြစ်လို့ ဃာနပသာဒထဲမှာ ဒီနံသိစိတ်တွေ ရောစပ်ပေါင်းစပ်နေ တယ်လို့ ဒီလို ထင်မှာ စိုးတယ်၊ လျက်သိစိတ်ကလည်း လျှာကို မှီပြီး ဖြစ်လာတာ ဖြစ်သောကြောင့် လျှာနဲ့ ဇိဝှာပသာဒရုပ်နဲ့ ပေါင်းစပ်ရောစပ်ထားတယ်လို့ ထင်မှာ စိုးလို့၊ ထိသိစိတ်ကလည်းပဲ ကာယဝတ္ထုပေါ်မှာ မှီပြီးတော့ ဖြစ်လာတာ ဖြစ်သော ကြောင့် ကာယပသာဒနဲ့များ ပေါင်းစပ်နေသလားလို့ သံသယဖြစ်စရာရှိလို့၊ ရင်ထဲ နှလုံးထဲက ပေါက်ဖွားလာတဲ့စိတ်တွေကလည်းပဲ နှလုံးသားနဲ့ ပေါင်းစပ်နေတာလား လို့ ရောစပ်ထားတာလားလို့ သမ္ပယုတ္တလား ယှဉ်တွဲနေတာလားလို့ ယုံမှားသံသယ ရှိမှာစိုးလို့တဲ့၊ အဲဒါပဲ ဟောတယ်။
ဒီတော့ ဝိပ္ပယုတ္တပစ္စယောဆိုတာ သမ္ပယုတ္တလို စပ်နေတာတော့ မဟုတ်ဘူး၊ ရောထားတာ မဟုတ်ဘူး၊ သို့သော် သဘာဝချင်းခြားနားတဲ့အရာတွေကလည်းပဲ တစ်ခုနဲ့တစ်ခု အထောက်အကူပြုနေတယ်၊ အပြန်အလှန် အကျိုးပြုနေတယ် ဆိုတာကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဝိပ္ပယုတ္တပစ္စယောလို့ ဟောထား ခြင်း ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ - သမ္ပယုတ္တ ပစ္စယောဟာ စိတ်နဲ့ စေတသိက်တွေဟာ အချင်းချင်း ပေါင်းစပ်ထားတယ်လို့ သဘောပေါက်သလို စိတ်နဲ့ ရုပ် (သို့မဟုတ်) နာမ်နဲ့ ရုပ်၊ ရုပ်နဲ့ နာမ် ဒီသဘာဝနှစ်ခု ဟာလည်းပဲ အတူတကွ တည်ရှိနေကြသော်လည်းပဲ ပေါင်းစပ်ထားတဲ့အရာတွေ မဟုတ်ဘူး ဆိုတာကို သိရှိနားလည်ပြီးတော့ ရုပ်နာမ်သဘောတွေကို ဆင်ခြင် စဉ်းစားခြင်းဖြင့် ဝိပဿနာဉာဏ်အမြင်မျိုးကိုရရှိအောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ဝိပဿနာဉာဏ် အမြင် ရရှိနိုင်အောင် ရုပ်နာမ်တို့ရဲ့သဘောကို အလေးအနက် ဆင်ခြင်စဉ်းစားနိုင် ကြပါစေကုန်သတည်း။
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၈)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ နတ်တော် လပြည့်ကျော် ၄-ရက်၊ (၅-၁၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရ လမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
အတ္ထိပစ္စယော
အတ္ထိပစ္စယောဆိုတာ ပစ္စုပ္ပန်ခဏ တကယ်ထင်ရှားရှိနေတဲ့ အခိုက်အတန့်မှာ (အကြောင်းတရားတွေကလည်း ထင်ရှားရှိနေတယ်၊ အကျိုးပြုရမယ့်သဘာဝ တရားကလည်း ထင်ရှားရှိနေတယ်၊) အဲဒီလို ထင်ရှားရှိနေတုန်းမှာ ထင်ရှားရှိနေ တုန်းဖြစ်တဲ့ အကျိုးတရားကို အထောက်အကူပြုနေတဲ့ပစ္စည်းကို အတ္ထိပစ္စည်းလို့ ဆိုတယ်၊ အတ္ထိဆိုတာ ရှိနေခိုက် ကျေးဇူးပြုတယ်လို့ ဒီလိုပြောရမယ်၊ အကြောင်း တရားကလည်း ရှိနေရမယ်၊ အကျိုးတရားကလည်း ရှိနေရမယ်၊ ဒီတော့ ရှိနေပြီး သားကို ကျေးဇူးပြုတယ်ဆိုလို့ရှိရင် ထုတ်လုပ်တယ်လို့ မဆိုလိုဘူးပေါ့။
အကြောင်းတရားဆိုတာ ၂-မျိုး ရှိတယ်၊ ဇနက - ဖြစ်စေတတ်တဲ့အကြောင်း တရား Producing cause လို့ခေါ်တယ်၊ ဥပတ္ထမ္ဘက - ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ အထောက်အကူပြုတာ၊ တစ်စုံတစ်ခုသောအကြောင်းက ထုတ်လုပ်လိုက်တဲ့ အကျိုး တရားတစ်ခုကို အထောက်အကူပြုတဲ့ အကြောင်းတရား။
ဆိုပါစို့ - မျိုးစေ့က အမြစ်နဲ့ အညှောက်ကို ထုတ်လုပ်ပေးလိုက်တယ်၊ အဲဒီ ထုတ်ပေးလိုက်တဲ့ အမြစ်နဲ့အညှောက် ရှင်သန်နေအောင် မြေနဲ့ ရေက (သို့မဟုတ်) အလင်းရောင်တို့ အပူငွေ့တို့က အထောက်အကူပြုပေးနေကြတယ် ပေါ့၊ ဒီတော့ ထုတ်လုပ်တဲ့အကြောင်းတရား ဇနကသတ္တိဆိုတာ မျိုးစေ့မှာ ရှိတယ်၊ အထောက်အကူ ပြုတဲ့ အကြောင်းတရားက မြေတို့ ရေတို့ ရာသီဥတုတို့ပဲ၊ ဘယ် အရာပဲဖြစ်စေ ထုတ်လုပ်တဲ့အကြောင်းနဲ့ အကူအညီအကြောင်း ဒီနှစ်ခုရှိတာ ချည်းပဲ။
အတ္ထိပစ္စည်းရဲ့အဓိပ္ပါယ်ကို အဋ္ဌကထာကျမ်းတွေက ဖွင့်ဆိုတာက ပစ္စုပ္ပန် သဘာဝ အနေနဲ့ ထင်ရှားရှိနေသောအားဖြင့် ထိုကဲ့သို့ ထင်ရှားရှိနေတဲ့တရား တစ်မျိုးကို အထောက်အကူပြုနေတဲ့တရားရဲ့ သတ္တိထူးကို အတ္ထိပစ္စည်းလို့ ခေါ်ပါတယ်၊ ဒီလို ဖွင့်ဆိုတယ်၊ အကြောင်းကလည်း ထင်ရှားရှိနေတယ်၊ အကျိုးကလည်း ထင်ရှား ရှိနေတယ်၊ ထင်ရှားရှိနေတဲ့အခိုက်မှာ အထောက်အကူ ပြုတယ်လို့ ဒီလိုပြောတာ၊ ဒါဖြင့် အတ္ထိပစ္စည်းက ထုတ်လုပ်တဲ့ပစ္စည်း မဖြစ်ဘူးလားဆိုတော့ ထုတ်လုပ်တဲ့ ပစ္စည်း လည်း ဖြစ်ပါတယ်တဲ့၊ သို့သော် ထုတ်လုပ်တာထက် အထောက်အကူပြုတာက ပိုပြီးတော့ စွမ်းအားထက်နေလို့ အထောက်အကူပြုတယ်ဆိုတဲ့ စကားကို အဓိကထား ပြောတာပါလို့ စာပေ ကျမ်းဂန်မှာ ဒီလို ရှင်းထားတယ်၊ ဇနကသတ္တိလည်း ရှိတယ်။
အတ္ထိပစ္စည်းဆိုတာ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်လို့ဆိုတော့ မရှိတဲ့ အခိုက်မှာ ကျေးဇူးမပြုဘူးဆိုတဲ့စကားကို အပြန်အားဖြင့် နားလည်ရမှာပေါ့၊ ရှိနေ ခိုက်မှာသာ ကျေးဇူးပြုတယ်၊ ရှိမနေတော့ဘူးဆိုရင် ကျေးဇူးမပြုတော့ဘူး၊ ဒီတော့ အတ္ထိပစ္စည်း ဆိုတာ ရှိနေခိုက်မှာ ကျေးဇူးပြုတဲ့ပစ္စည်းလို့ မှတ်ရမယ်၊ ပဋ္ဌာန်းတရား အစတုန်းက ပစ္စယဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကို ရှင်းပြပြီးပြီ၊ ပစ္စယဆိုတာ “ဖြစ်စေ တည်စေ ဤနှစ်ထွေ ခေါ်လေ ကျေးဇူးပြု” ဆိုတဲ့အတိုင်း ဖြစ်ပေါ်စေတတ်တာ၊ ရပ်တည်စေ တတ်တာရယ် အဲဒီနှစ်ခုကို ကျေးဇူးပြုတယ်လို့ ပြောတာ၊ ဖြစ်စေတယ် ဆိုတာ ထုတ်လုပ်တဲ့ Producing cause ဇနကသတ္တိကို ပြောတာ၊ တည်စေဆိုတာ ဥပတမ္ဘကသတ္တိ Supporting cause ကို ပြောတာတဲ့။
သဘာဝတရားတွေမှာ အကြောင်းတရားဟာ ဖြစ်စေတတ်တဲ့ အကြောင်းတရား ရှိသလို အထောက်အကူပြုတဲ့ အကြောင်းတရားလည်း ရှိတယ်တဲ့၊ တချို့ ပစ္စည်းတွေက ဇနကသတ္တိ ထုတ်လုပ်တဲ့စွမ်းရည်သတ္တိ ဖြစ်စေတတ်တဲ့စွမ်းရည် သတ္တိ ရှိတယ်၊ တချို့ပစ္စည်းတွေက အထောက်အကူပြုရုံသက်သက်ပဲ, မထုတ်လုပ် နိုင်ဘူးတဲ့၊ ဘယ်အရာပဲဖြစ်ဖြစ် ပစ္စယဆိုတဲ့အဓိပ္ပါယ်အရ ဥပကာရက ကျေးဇူးပြု နေကြတာချည်းပဲ၊ လူတွေတောင်မှ ဒီစကားကို ယူပြီးတော့ ပြောကြတယ်၊ ဘယ်သူ က ကျေးဇူးပြုလို့ ရွှေတိဂုံဘုရားကြီးဖူးရတယ်၊ ဟော - တစ်ယောက်ယောက်က ကျေးဇူးပြုတာ။
အဲဒီလိုကျေးဇူးပြုတယ်ဆိုတာ လောကမှာ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တာ၊ သဘာဝတရားတွေမှာလည်း ထို့အတူပဲ အတ္ထိပစ္စယော ရှိနေတဲ့ အခိုက်မှာ ကျေးဇူးပြုတယ်လို့ ဆိုတာ၊ အတ္ထိပစ္စည်းမှာ နိဗ္ဗာန်ဆိုတဲ့တရား မပါ ဘူး၊ အာရမ္မဏသတ္တိမှာတော့ နိဗ္ဗာန်ဆိုတာ ပါတယ်၊ အဲဒီနေရာမှာ အကြောင်း ရှာပြီးတော့ ဆွေးနွေးတင်ပြထားတာ စာပေကျန်းဂန်မှာ ရှိတယ်ပေါ့။
နိဗ္ဗာန်ဟာ ဘာဖြစ်လို့ အတ္ထိပစ္စည်းမှာ မပါသလဲ? အတ္ထိပစ္စည်းဆိုတာ ရှိခိုက်မှာ ကျေးဇူးပြုတယ်၊ မရှိတဲ့အခိုက်မှာ ကျေးဇူးမပြုဘူး၊ ဒီနှစ်မျိုးကို ရည်ညွှန်း တယ်၊ နိဗ္ဗာန်ဆိုတာ မရှိခိုက်ဆိုတာ မရနိုင်ဘူး၊ အမြဲတမ်းရှိနေတယ်၊ သဘာဝ အနေနဲ့ နိဗ္ဗာန်ဆိုတာ အမြဲတမ်းရှိတယ်၊ ဥပမာပြောမယ် - မီးငြိမ်းခြင်းဆိုတာ ငြိမ်းခြင်းဆိုတဲ့ အငြိမ်းဓာတ်ဟာ ရှိနေတာပဲလေ၊ အဲဒီလို နိဗ္ဗာန်ဆိုတာ အမြဲတမ်း ရှိနေတာ ဖြစ်သောကြောင့် အတ္ထိပစ္စည်းမတပ်ဘူး၊ ရှိနေတဲ့အခါမှာ ကျေးဇူးပြုတယ်၊ မရှိတဲ့အခါမှာ ကျေးဇူးမပြုဘူးဆိုတဲ့ ဒီလိုအပြောင်းအလွဲမျိုး မရနိုင်သည့်အတွက် ကြောင့် နိဗ္ဗာန်က အတ္ထိပစ္စည်းမတပ်ဘူးတဲ့၊ ကျန်တဲ့ သင်္ခါရတရားတွေကတော့ အဲဒီလိုမဟုတ်ဘူး၊ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုကြတယ်၊ မရှိတဲ့အခိုက်မှာ ကျေးဇူး မပြုကြဘူး။
၂၄-ပစ္စည်းကို ချုံ့လိုက်ရင်
ဒီတော့ ၂၄-ပစ္စည်းကို ခြုံငုံပြီးတော့ ပြောကြမယ်ဆိုရင် အားလုံးလောက် နီးပါး ၂၄-ပစ္စည်းဟာ အတ္ထိနဲ့ နတ္ထိ ဒီနှစ်ခုထဲမှာ ဝင်သွားနိုင်ပါတယ်၊ အဘိဓမ္မတ္ထ- သင်္ဂဟကျမ်းကတော့ “အာရမ္မဏူပနိဿယ ကမ္ပတ္ထိပစ္စယေသု စ သဗ္ဗေပိ ပစ္စယာ သမောဓာနံ ဂစ္ဆန္တိ” လို့ ဆိုပြီးတော့ အာရမ္မဏ ဥပနိဿယ ကမ္မ အတ္ထိ တဲ့၊ ၂၄-ပစ္စည်းကို အကျဉ်းချုံးလိုက်ရင် ဒီပစ္စည်း ၄-ခုထဲ သက်ဆိုင်ရာတွေ ဝင်သွား နိုင်ပါတယ်၊ ၂၄-ပစ္စည်းကို အကျဉ်းချုံးလိုက်လို့ရှိရင် ၄-ပစ္စည်းလို့ ဒီလိုပြောတာ၊ အာရမ္မဏပစ္စည်းရယ် ဥပနိဿယပစ္စည်းရယ် ကမ္မပစ္စည်းရယ် အတ္ထိပစ္စည်းရယ်၊ ၂၄-ပစ္စည်းဟာ ဟောဒီ ၄-ပစ္စည်းထဲမှာ ထိုက်သလိုဝင်သွားတယ်တဲ့၊ သမောဓာန ဆိုတာ အားလုံးဆုံမိသွားတယ်၊ အားလုံးပေါင်းဆုံသွားကြတယ်ပေါ့၊ အဲဒီလိုဆိုတယ်။
သို့သော် ဒီ့ထက်ချုံးလို့ ရဦးမလား? စာပေကျမ်းဂန်မှာတော့ ဖော်ပြမထား ဘူး၊ ကျမ်းဂန်မှာ ဆိုမထားပေမယ့်လို့ လေ့လာကြည့်မယ်ဆိုရင် “အတ္ထိ၊ နတ္ထိ” ဒီနှစ်မျိုးခွဲလိုက်လို့ရှိရင် အတ္ထိအုပ်စုက တစ်စု, နတ္ထိအုပ်စုက တစ်စု၊ ဒီနှစ်စုထဲမှာ ပစ္စည်းတွေ အားလုံးလောက်နီးနီး ဝင်သွားတယ်၊ မဝင်တဲ့ပစ္စည်း မရှိသလောက်ပဲ၊ ၂၄-ပစ္စည်းဟာ ရှိခိုက်ကျေးဇူးပြုတာနဲ့ မရှိတော့မှ ကျေးဇူးပြုတာတဲ့၊ အဲဒီလို ၂၄- ပစ္စည်းကို အချိန်အခါနဲ့ ပိုင်းခြားပြီးတော့ ပြောလိုက်မယ်ဆိုရင် အတ္ထိနဲ့ နတ္ထိ၊ ဒီနှစ်ခုပဲ။
အတ္ထိ နတ္ထိဆိုတဲ့ ဒီစကားလုံးနှစ်ခုဟာ ရံဖန်ရံခါ သာမန်ရှိတာနဲ့ မရှိတာ ဒီနှစ်ခုကို ရည်ညွှန်းပြီးတော့ ပြောတာ၊ အဲဒီလို ရှိတာနဲ့ မရှိတာကို ရည်ညွှန်းပြောတဲ့ စကား ဖြစ်ပေမယ့်လို့ တချို့ နေရာကျတော့ အတ္ထိဆိုတာ ထာဝရ ရှိနေတဲ့အရှိကို ပြောတာ၊ နတ္ထိ ဆိုတာ ထာဝရမရှိတာကိုပြောတာ ဖြစ်တယ်၊ အတွေးအခေါ် philosophy နဲ့ ပတ်သက်လာရင် အတ္ထိဆိုတာက သဿတဝါဒကို ရည်ညွှန်းတယ်, နတ္ထိဆိုတာက ဥစ္ဆေဒဝါဒကို ရည်ညွှန်းတယ်။
၂၄-ပစ္စည်းထဲမှာ အတ္ထိပစ္စည်း နတ္ထိပစ္စည်းဆိုတာကျတော့ အဲဒီ အတွေး အခေါ် အယူဝါဒဆိုင်ရာကို ရည်ညွှန်းတာ မဟုတ်ဘူး၊ သဘာဝတရားသည် မိမိ ဖြစ်နေခိုက် ရှိနေခိုက်မှာ ကျေးဇူးပြုရင် အတ္ထိပစ္စည်း၊ မိမိမရှိတော့မှ, ပျောက်ကွယ်သွားမှ ကျေးဇူးပြုလို့ရှိရင် နတ္ထိပစ္စည်း၊ ဒီလိုဆိုလိုတာ။
အတ္ထိပစ္စည်း ၅-မျိုး
အတ္ထိပစ္စည်းနဲ့ သက်ဆိုင်တဲ့ပစ္စည်းက ၅-မျိုး ရှိတယ်၊ ၅-ပစ္စည်းဆိုတာ ဘာတွေလဲဆိုလို့ရှိရင် -
(၁) သဟဇာတအတ္ထိ၊ အတူတကွဖြစ်ပြီးတော့ ရှိနေတဲ့အရာ၊ အကြောင်းတရားနဲ့ အကျိုးတရားသည် ပြိုင်တူဖြစ်လာတာ၊ born together အတူတကွမွေးဖွားပြီးတော့ ရှိနေကြတာ သဟဇာတ၊ ဒါကို သဟဇာတအတ္ထိလို့ ခေါ်တယ်။
(၂) ပုရေဇာတအတ္ထိ၊ ပုရေဇာတဆိုတာ အကြောင်းတရား က ကြိုတင်ဖြစ်နှင့်မယ်၊ ပြီးတော့မှ အကျိုးတရားလာတယ်၊ သို့သော် နှစ်ခုစလုံး ရှိနေခိုက်ဖြစ်တယ်၊ အဲဒါက ပုရေဇာတအတ္ထိ၊ born earlier.
(၃) ပစ္ဆာဇာတအတ္ထိ၊ အကြောင်းတရားက နောက်မှ ဖြစ်လာပြီးတော့ အကျိုးတရားတွေက အရင်ဖြစ်နှင့်နေတယ်၊ နှစ်ခုစလုံး ထင်ရှား ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်၊ ဒါကျတော့ ပစ္ဆာဇာတအတ္ထိလို့ ခေါ်တယ်။
(၄) အာဟာရအတ္ထိ၊ ကာဗဋီကာရအာဟာရလို့ ဆိုတဲ့ အစာ အာဟာရနဲ့ ပတ်သက်တဲ့ ဩဇာရုပ်ကလည်း အာဟာရသတ္တိတင်မကဘူး ရှိနေခိုက်မှာ ကျေးဇူးပြုသောကြောင့် အာဟာရအတ္ထိလို့ ခေါ်တယ်။
(၅) ဣန္ဒြိယပစ္စည်းနဲ့ ပတ်သက်တယ်၊ ဣန္ဒြိယပစ္စည်းဆိုတဲ့ နေရာမှာ အကုန်လုံးကို မဆိုလိုဘူး၊ ရူပဇီဝိတိန္ဒြိယ - ကမ္မဇရုပ်တွေရဲ့ အသက်လို့ ပြောနိုင်တဲ့, ကမ္မဇရုပ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘာဝတရားတစ်ခုကို ရူပဇီဝိတိန္ဒြိယ (ရုပ်ဇီဝိတိန္ဒြေ)လို့ခေါ်တယ်၊ အဲဒီ ရုပ်ဇီဝိတိန္ဒြေဆိုတဲ့ပစ္စည်းကလည်း ဣန္ဒြေဖြစ်တဲ့ အပြင် ရုပ်ဇီဝိတ ထင်ရှားရှိခိုက်မှာ အတူတကွဖြစ်တဲ့ ကမ္မဇရုပ်တွေကို ကာကွယ်စောင့်ရှောက်ပေးတယ်၊ ဒါကြောင့်မို့ ရှိခိုက်မှာ ကျေးဇူးပြုလို့ ဣန္ဒြိယ အတ္ထိလို့ ခေါ်တယ်။
ဒီလို အတ္ထိပစ္စည်းက ငါးမျိုးရှိတယ်လို့ အမျိုးအစားအားဖြင့် ဒီလိုခွဲတယ်၊ အဲဒီလို ငါးမျိုးရှိပေမယ့်လို့ ပစ္စယနိဒ္ဒေသမှာ သဟဇာတအတ္ထိနဲ့ ပုရေဇာတအတ္ထိ၊ ဒီနှစ်မျိုးကိုပဲ ဟောတယ်၊ ပစ္ဆာဇာတအတ္ထိ၊ အာဟာရအတ္ထိ၊ ဣန္ဒြိယအတ္ထိတို့ကို မဟောဘူးတဲ့။
ဘာဖြစ်လို့ မဟောသလဲဆိုရင် .. မြတ်စွာဘုရားက . ပဋ္ဌာန်းကျမ်းကြီးကို အခြေခံ ကျကျ အကျဉ်းအားဖြင့် ရှင်းလင်းပြတာ ဖြစ်သောကြောင့် အပြည့်အစုံ မဟောသေး တာနော်၊ စစချင်း အကျယ်ကြီး ဟောလို့ရှိရင် နာရတဲ့ပုဂ္ဂိုလ်တွေ မှတ်သားဖို့ ခက်မှာစိုးလို့နော်၊ ဒါကြောင့်မို့ ပစ္စယနိဒ္ဒေသဆိုတာ မကျဉ်းမကျယ် အလယ်အလတ် ပစ္စည်းတွေရဲ့အဓိပ္ပါယ်ကို ခြုံမိငုံမိရုံ သရုပ်သကန်တွေကို သဘော ပေါက်ရုံဆိုပြီးတော့ မြတ်စွာဘုရားကဟောတာ၊ အဲဒါကြောင့် တချို့ အချက်တွေ ချန်ထားလိုက်တယ်။
ပဥှာဝါရရောက်တဲ့အခါကျတော့ ဒီငါးမျိုးလုံးကို ဟောတယ်၊ သဟဇာတ အတ္ထိကိုလည်း ဟောတယ်၊ ပုရေဇာတအတ္ထိကိုလည်း ဟောတယ်၊ ပစ္ဆာဇာတအတ္ထိ ကိုလည်း ဟောတယ်၊ အာဟာရအတ္ထိကိုလည်း ဟောတယ်၊ ဣန္ဒြိယအတ္ထိကိုလည်း ဟောတယ်၊ ဒီငါးမျိုးကို ပြည့်ပြည့်စုံစုံဟောတယ်၊ ဒါကြောင့်မို့လို့ အတ္ထိပစ္စည်း ငါးမျိုး ရှိတယ်လို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းက ပြောတာ။
အတ္ထိပစ္စည်း ၇-ပိုင်း
ကဲ ကောင်းပြီ - ဒီအတ္ထိပစ္စည်းကို အပိုင်း ၇-ပိုင်း ခွဲပြီးတော့ မှတ်ရမယ်၊ တကယ်ကတော့ အတ္ထိပစ္စည်းက အသစ်မဟုတ်တော့ဘူး၊ ဘုန်းကြီးတို့ အစက ဟောလာခဲ့တဲ့ သဟဇာတတို့ ပုရေဇာတတို့ ပစ္ဆာဇာတတို့ အာဟာရတို့ ဣန္ဒြိယ တို့ဆိုတာ ဒါတွေ နာပြီးလို့ရှိရင် အတ္ထိပစ္စည်းဆိုတာက အသစ်မလာတော့ဘူး၊ သို့သော်လည်း ဟောလာတဲ့ရက်တွေက ကြာနေပြီဆိုတော့ မေ့ကောင်းမေ့နေကြ လိမ့်မယ်၊ ဒါကြောင့်မို့ ဒီကနေ့ အတ္ထိပစ္စည်းနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ထပ်ပြီး ဟောပေးမယ်။
ပစ္စယနိဒ္ဒေသမှာ မှတ်လို့လွယ်အောင် အပိုင်း ၇-ပိုင်းတဲ့၊
အပိုင်း ၁-က နာမ်ခန္ဓာ ၄-ပါး၊
အပိုင်း၂-က မဟာဘုတ်၊
အပိုင်း ၃-က နာမ်ရုပ်၊
အပိုင်း ၄-က စိတ်စေတသိက်၊
အပိုင်း ၅-က မဟာဘုတ်နဲ့ ဥပါဒါရုပ်၊
အပိုင်း ၆-က အာယတန၊
အပိုင်း ၇-က ဝတ္ထုရုပ်
လို့ အပိုင်း ၇-ပိုင်းနဲ့ ဒီပါဠိတော်ကို မှတ်လို့ ရတယ်ပေါ့၊ အဲဒီ အစဉ်အတိုင်း ပြောရအောင်၊ ပထမဆုံးစလိုက်တာ ဘာနဲ့ စတုန်း။
“စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော”
သဟဇာတနဲ့ ဆိုင်တယ်၊ “စတ္တာရော ခန္ဓာ အရူပိနော” လို့ ဆိုလိုက်သဖြင့် ဝေဒနာ သညာ သင်္ခါရ ဝိညာဏလို့ဆိုတဲ့ နာမ်ခန္ဓာ ၄-ပါး၊ အကျဉ်းအားဖြင့် ပြောမယ် - စိတ်နဲ့ စေတသိက်ဆိုတဲ့ နာမ်ခန္ဓာ ၄-ပါးသည် အပြန်အလှန် ကျေးဇူးပြုတယ်လို့ ဒီလို ပြောတာ။
ဆိုပါစို့ - ဝေဒနာက္ခန္ဓာသည် အကြောင်းဖြစ်တဲ့အလှည့်မှာ ဝေဒနာက္ခန္ဓာသည် သူရှိခိုက် ကျန်တဲ့ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကို အထောက် အကူပြုတယ်၊ ကျန်တဲ့ခန္ဓာသုံးခုကလည်း ဝေဒနာက္ခန္ဓာကို အထောက်အကူပြုတယ်၊ ဘယ်နှစ်ခုပဲဖြစ်ဖြစ် ဘယ်တစ်ခုပဲဖြစ်ဖြစ်နော်၊ တစ်ခုနေရာက စက်လှည့်ပြီးတော့ ပြောမယ်ဆိုရင် အများကြီးပဲ၊ ဝေဒနာက္ခန္ဓာက သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတို့ကို အထောက်အကူပြုတယ်၊ နောက်တစ်ခါ သညာက္ခန္ဓာက ဝေဒနာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကို အထောက်အကူပြုတယ်၊ တစ်ခါ သင်္ခါရက္ခန္ဓာက ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကို အထောက်အကူ ပြုတယ်၊ တစ်ဖန် ဝိညာဏက္ခန္ဓာက ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့ကို အထောက်အကူ ပြုတယ်၊ အဲဒါကို ပါဠိတော်ကျတော့ “ဧကော ခန္ဓာ တိဏ္ဏန္နံ ခန္ဓာနံ” ခန္ဓာတစ်ခုက ကျန်တဲ့ခန္ဓာသုံးခုကို အထောက်အကူပြုတယ်တဲ့။
ဒါက အပြန်အလှန်ဆိုတဲ့ သဘောကို နားလည်အောင်လို့ ဟောတာနော်၊ ခန္ဓာ၂-ခု ဆိုလည်း ၂-ခုစီ လှည့်ပတ်ပြီးတော့ တွဲကြည့်၊ အဲဒီလိုတွဲပြီးတော့ ကြည့် လိုက် လို့ရှိရင် “ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ” - ခန္ဓာ၂-ခုကလည်း ခန္ဓာ၂-ခုကို အထောက်အကူပြုတယ်တဲ့၊ အထောက်အကူပြုတယ်ဆိုတာ အတူတကွဖြစ်နေတဲ့ အခိုက်မှာ ယှဉ်တွဲပြီးတော့ ဖြစ်နေတဲ့အခိုက် ရှိနေတဲ့အခိုက်မှာ အတ္ထိသတ္တိနဲ့ ကျေးဇူးပြုနေတာ။
ဆိုပါစို့ - ဘုန်းကြီးတို့တတွေရဲ့သန္တာန်မှာ လောဘစိတ်ဖြစ်တယ်ဆိုရင် လောဘဆိုတာ စေတသိက်ရဲ့နာမည်ပဲ၊ ထိုလောဘနဲ့ယှဉ်တွဲပြီးတော့ ဖြစ်တဲ့စိတ် ရှိတယ်၊ ထိုလောဘမှာ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ အခြားစေတသိက်တွေရှိတယ်၊ အားလုံး ခြုံငုံပြီးတော့ ပြောမယ်ဆိုရင် လောဘမူစိတ် ၈-ခုမှာ စေတသိက်၂၂-ခု ဖြစ်နိုင်တယ်၊ အဲဒီစေတသိက်၂၂-ခုရယ် လောဘမူစိတ် ၈-ခုရယ် အဲဒီသဘာဝ တရားတွေဟာ တစ်ခုသည် ကျန်တာကို, ကျန်တာတွေက တစ်ခုကို ရှိနေတဲ့အခိုက် အတ္ထိသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ အပြန်အလှန် အထောက်အကူပြုထားတာ၊ သာမန်အားဖြင့် တော့ မသိနိုင်ဘူး၊ တစ်ခုတည်းလို့ပဲ ထင်ရတယ်၊ အဲဒီလို တစ်ခု တည်းလို့ ထင်နေရတဲ့အရာတွေဟာ တစ်ခုက အကြောင်း, တစ်ခုက အကျိုး အပြန်အလှန် အထောက်အကူပြုနေကြတယ်၊ ရှိနေတဲ့အခိုက်မှာ အထောက်အကူပြုသည့် အတွက် ကြောင့် အတ္ထိသတ္တိပါတဲ့၊ တစ်ခုချင်း တစ်ခုချင်း အသေးစိတ် လေ့လာ ကြည့်ပေါ့။
အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ စိတ်ယှဉ် စေတသိက်ယှဉ်တွေကို လေ့လာရင် ဟောဒီအတ္ထိသတ္တိရဲ့သဘောတွေ ဒီထဲမှာ အကျုံးဝင်တယ်၊ ခြုံငုံပြောတာ၊ တစ်ခု ချင်း ပြောတာ မဟုတ်ဘူး၊ အားလုံးခြုံငုံပြောလို့ရှိရင် အသေးစိတ်ကို နားလည် သွားတာပဲနော်၊ တစ်ခုချင်းပြောမယ်ဆိုရင် ... အကြာကြီး ပြောရလိမ့်မယ်နော်။ လောဘမူစိတ် တစ်ခုချင်း ပြောမယ်ဆိုရင် - ပထမလောဘမူစိတ်မှာ စေတသိက်က ၁၉-ခု ယှဉ်မယ်၊ တစ်ခုချင်း ပြောလိုက်၊ လောဘမူစိတ်က တစ်ခု၊ စေတသိက်က ၁၉-ခု၊ ပေါင်းလိုက်ရင် ၂ဝ-ခု ရှိတယ်၊ အဲဒီ ၂၀-ဟာ တစ်ခုက ပစ္စည်းဆိုရင် ကျန်တဲ့ ၁၉-ခုက ပစ္စယုပ္ပန်၊ ဒီလိုကျေးဇူးပြုနေတယ်၊ အဲဒီထဲမှာ သာမန်ပြောလိုက် ဖြစ်သောကြောင့် တစ်ခုဆိုတဲ့နေရာမှာ လောဘမူစိတ် ဖြစ်ချင်လည်း ဖြစ်မယ်၊ ဖဿ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဝေဒနာ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဟော စေတသိက်တွေ တစ်ခုစီ တစ်ခုစီ တွက်လိုက်မယ်ဆိုရင် စေတသိက်တွေ အခု ၂၀- ဖြစ်သွား နိုင်တာပေါ့၊ တစ်ခုချင်း ချရေးပြီးတော့ ပြောမယ်ဆိုလို့ရှိရင် စာမျက်နှာပေါင်း မြောက်မြားစွာ ဖြစ်သွားနိုင်တယ်ပေါ့၊ အဲဒါကြောင့်မို့လို့ ခြုံငုံပြီးတော့ ပြောလိုက်တာ၊ နာမ် ခန္ဓာ ၄-ပါးဟာ အပြန်အလှန်ရှိနေခိုက်မှာ အတ္ထိသတ္တိနဲ့ ကျေးဇူးပြုနေ ကြပါတယ်လို့ ဒီလိုပြောလိုတာပါ၊ ဒါက အပိုင်း(၁)။
နောက် အပိုင်း(၂)က ဘာတုန်းဆိုလို့ရှိရင် -
“စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော”။
မဟာဘုတ် ၄-ပါးဆိုတာလည်း အပြန်အလှန်မှီတည်ပြီးတော့ နေကြတာ၊ ပထဝီရှိလို့ အာပေါကလည်း မှီရာ ရနေတာ၊ အာပေါရှိလို့ ပထဝီက စုစည်းလို့ ဖြစ်နေတာနော်၊ ဟိုတစ်နေ့က ပြောထားသလိုပဲ ပန်းပွင့်ကလေးတစ်ပွင့်ကို ကြည့် လိုက်၊ အာပေါ မပါဘူးဆိုလို့ရှိရင် ဒီပန်းပွင့်လေးဟာ ဒီလိုပုံသဏ္ဌာန် ပေါ်နေမှာ မဟုတ်ဘူး၊ အာပေါက စုစည်းထားသည့်အတွက်ကြောင့် ဒီပုံသဏ္ဌာန်လေး ပေါ်နေတာ၊ အတုံးအခဲတည်ရာ လေး ဖြစ်နေတာက ပထဝီပဲ၊ စုစည်းပေးတာက အာပေါ၊ ဒါကို ရင့်ကျက်သွားအောင် အပူငွေ့ပေးနေတာ၊ တဖြည်းဖြည်းရင့်ကျက်လာတာက တေဇော၊ ဒီပုံသဏ္ဌာန်ကို တခြားပုံသဏ္ဌာန်နဲ့ ရောစပ်မသွားအောင် တွန်းကန်ထား တာ ကန့်သတ်ထားတာက ဝါယောလို့ ဟောဒီ ၄-ခုဟာ တစ်ခုဖယ်လိုက်လို့ရှိရင် ကျန်တာတွေက ရပ်တည်လို့ မရတော့ဘူး၊ ဒါကြောင့် indivisible ခွဲခြားလို့ မရဘူး လို့ပြောတာ၊ အဲဒါကြောင့် မဟာဘုတ်၄-ပါးသည် အပြန်အလှန် အထောက်အကူ ပြုနေတယ်တဲ့။
မဟာဘုတ်တစ်ခုက မဟာဘုတ်သုံးခုကို၊ မဟာဘုတ်သုံးခုက မဟာဘုတ် တစ်ခုလို့ အပြန်အလှန်ပေါ့၊ ဒီလိုအပြန်အလှန် အထောက်အကူပြုပြီးတော့ နေတာ၊ ထင်ရှားရှိနေခိုက်မှာ ကျေးဇူးပြုကြတာ၊ ထင်ရှားရှိခိုက်တင်မကဘူး သူတို့က born together အတူတကွ မွေးဖွားလာကြတာ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ သဟဇာတအတ္ထိတဲ့၊ ခုနက နာမ်ခန္ဓာ ၄-ပါးလည်း သဟဇာတအတ္ထိပဲ၊ မဟာဘုတ် ၄-ပါး အပြန်အလှန်အထောက်အကူပြုနေတာ, ကျေးဇူးပြုနေတာလည်း သဟဇာတအတ္ထိပဲ။
နောက် အပိုင်း(၃)က ဘာလဲဆိုတော့
“သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော”။
သြက္ကန္တိက္ခဏ လို့ ဆိုတာ ဘာပြောတာတုန်း၊ Colloquial language လို့ ဆိုတဲ့ အရပ်သုံးစကားနဲ့ မြတ်စွာဘုရားက ဟောလိုက်တာ၊ သြက္ကန္တိ ဆိုတာ “ဝင်ရောက်လာတာ”၊ ဘဝတစ်ခုအတွင်းထဲ ဝင်ရောက်လာတာ၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အမိဝမ်းထဲကို ဝင်ရောက်လာတာ၊ ဩက္ကန္တိက္ခဏဆိုတာ သန္ဓေ တည်တဲ့ အခိုက်ကလေးကို ပြောတာ၊ သုံးထားတဲ့စကားလုံး သြက္ကက္ခဏ ဆိုတာက “ဝင်လာတဲ့ခဏ” ဆိုတဲ့ အဓိပ္ပါယ်ပဲ။
ပဋိသန္ဓေနေတာကို ဝင်လာတယ်ဆိုရင် သေတာကျတော့ .. ဘယ်လို ပြောမလဲ၊ ထွက်သွားတာပေါ့၊ ဟုတ်ရဲ့လား၊ သေသွားတာကျတော့ ထွက်သွားတာ ပေါ့၊ ဒါက Colloquial language နဲ့ ပြောတာ၊ ဘယ်သူကမှလည်း ဝင်မလာဘူး ဘယ်သူကမှလည်း ထွက်သွားတာ မဟုတ်ဘူး၊ ထွက်သွားတဲ့အရာဆိုတာလည်း မရှိဘူး၊ ဝင်လာတဲ့အရာလည်း မရှိဘူး၊ သို့သော် ဒီဘက်ကအကြောင်းကြောင့် ဟိုဘက်မှာ အကျိုးတစ်ခုပေါ်တဲ့သဘောပဲ၊ သို့သော် အရပ်စကားနားလည်အောင် ပြောရတာ၊ သြက္ကန္တိက္ခဏေ ဝင်လာတဲ့ခဏတဲ့။ သန္ဓေတည်တဲ့ခဏလေးလို့ ဒီလို ပြောတာနော်။
အရပ်စကားအနေနဲ့ ပြောလို့ရတာပေါ့၊ လူဝင်စားဖြစ်တယ်လို့ ပြောကြ တာပဲ၊ “လူဝင်စား” ဆိုတာ တကယ် လူက ဝင်လာတာမှမဟုတ်တာ၊ သူနဲ့ ဆက်စပ် နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲယူရမယ်၊ တကယ်ဝင်စားတာ မဟုတ်ဘူး၊ တကယ် ဝင်ရောက်လာတာ မဟုတ်ဘူး၊ သို့သော် လူ့အသိုင်းအဝိုင်းထဲမှာ သူ ရောက်လာ သည့်အတွက်ကြောင့် အရပ်စကားအနေနဲ့ပြောရင် ဝင်လာတယ်၊ ဝင်စားလာတယ်၊ အဲဒီလို အရှိအပေါ်မှာ အထင်အမြင်နဲ့ ပြောတဲ့စကားတွေကို အမှန်လို့ ယူဆ လိုက်လို့ရှိရင် မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်တယ်။
လူဝင်စားကို reincarnation လို့ ခေါ်တယ်၊ reincarnation ဆိုတာ ပြန်လည်မွေးဖွားခြင်း၊ သေသွားတဲ့လူတစ်ယောက်က မိခင်တစ်ဦးရဲ့ဝမ်းထဲမှာ ပြန်လည်မွေးဖွားတယ်လို့ ယုံကြည်တာ၊ ဗုဒ္ဓရဲ့တရားတော်အရ ဒီတစ်ဘဝကနေ နောက်ဘဝကူးသွားတာ တစ်ခုမှမရှိဘူး၊ ဒီဘဝက နောက်ဘဝပါသွားတာ တစ်ခုမှ မရှိဘူး။
ဒီဘဝက နောက်ဘဝ မပြောနဲ့, ဒီဘဝမှာ ဖြစ်နေတဲ့စိတ်တွေတောင်မှ နောက်ထပ် ထပ်ပြီး ဖြစ်တာ မဟုတ်ဘူး၊ အကြောင်းတရားကြောင့် ဖြစ်ပေါ်တာသာ ရှိတယ်နော်၊ စကားပြောလိုက်တဲ့အသံလေးတွေပဲကြည့်ဦး - ပေါ်ပြီးတော့ ပျောက်သွားတယ်၊ ပျောက်သွားတဲ့အသံ ထပ်ပေါ်လာတာ ဟုတ်ရဲ့လား၊ နောက်ထပ်ဖြစ် တာလား? နောက်ထပ်ဖြစ်လာတာ၊ ပျောက်သွားတဲ့ အသံလေးက ပြန်ပေါ်လာတာ မဟုတ်ဘူးနော်။
မီးခြစ်ကလေးကို ခြစ်ကြည့်လိုက်၊ ခြစ်ကြည့်လိုက်လို့ မီးတောက်ကလေး တွေ့လိမ့်မယ်၊ အဲဒီမီးတောက်ကလေးကို ငြိမ်းလိုက်၊ ဒုတိယအကြိမ် ထပ်ခြစ် ကြည့်လိုက်၊ မီးတောက်ကလေးပေါ်လာလိမ့်မယ်၊ အဲဒီ မီးတောက်ကလေးသည် ပထမမီးတောက်ကလေး ဝင်စားတာလား? မဟုတ်ဘူး၊ အကြောင်းအနေနဲ့ ဆက်စပ်တာလောက်ပဲ ရှိတယ်လို့ ဒီလိုပြောတာနော်၊ အဲဒီသဘောတွေကို မြတ်စွာ ဘုရား ဟောတဲ့တရားတော်အရ နားလည်ရမယ်။
သို့သော် လူတစ်ယောက်မှာတော့ လိုင်းတစ်လိုင်းတော့ ရှိတာပေါ့၊ သူနဲ့ ပတ်သက်တဲ့လိုင်း၊ အဲဒီလိုင်းက ဘာလဲဆိုရင် mental process စိတ္တဝီထိ စိတ် ဖြစ်စဉ်ကြီးတစ်ခုက ပြတ်သွားတယ်လို့ မရှိဘူး၊ ရှေ့စိတ်ကဖြစ်ပြီး နောက်စိတ်ကို သတ္တိတွေပေးထားခဲ့တယ်၊ energy တွေ ပေးထားခဲ့တယ်၊ ဒါကြောင့်မို့ ရှေ့စိတ်က လုပ်သွားတာ နောက်စိတ်က အမွေခံရစ်တယ်၊ မကောင်းတာတွေ လုပ်သွားလို့ရှိရင် မကောင်းတဲ့အကျိုးက နောက်စိတ်က အမွေခံသွားရတယ်၊ ကောင်းတာတွေ လုပ်လို့ ရှိရင်လည်း နောက်စိတ်တွေက အမွေခံသွားရတယ်၊ နောက်စိတ်ဆိုတာကနော် ဒီဘဝတင် မကဘူး, နောင်ဘဝတွေမှာလည်း ဒီအတိုင်း အမွေခံသွားကြရတယ်နော်၊ အဲဒါကြောင့်မို့ လူတွေက ပြောတာပေါ့နော်၊ “ဝါသနာ ပါလာတယ်” လို့၊ ရှေ့က လုပ်သွားရင် နောက်က ဆက်လက်ပြီး အမွေခံလိုက်တာပဲ၊ လူတွေလည်း အဲဒီလိုပဲ အမွေခံနေကြတာပဲ မဟုတ်လား၊ ရှေ့ကလူက ရှာသွားတဲ့ပစ္စည်း နောက်လူက အမွေမခံဘူးလား၊ ခံတာပဲ။ ဆွေမျိုး မိဘတွေ ကြည့်လိုက်လို့ရှိရင် ရှေ့ကလူ ရှာသွားတာ နောက်လူက အမွေခံတာပဲနော်။
အဲဒီသဘောလိုပဲ လူ့ရဲ့သန္တာန်မှာဖြစ်တဲ့ စိတ်တွေဟာလည်းပဲ ရှေ့စိတ်က လုပ်သွားတာကို နောက်စိတ်က အမွေခံလိုက်ရတာပဲ၊ အဲဒီလို အမွေခံသွားတဲ့ သဘောသာ ရှိတယ်၊ ရှေ့စိတ်က နောက်စိတ် ဖြစ်လာတာ မဟုတ်ဘူးလို့ ဆိုတာကို မှတ်ရမှာပေါ့။
ဒီစကားလုံးအနေနဲ့တော့ - သြက္ကန္တက္ခဏေ မိခင်ဝမ်းထဲမှာ ဝင်ရောက်တဲ့ ခဏဆိုတာ သန္ဓေတည်တဲ့ ခဏလေးကို ပြောတာ၊ “အဲဒီသန္ဓေတည်တဲ့ ခဏမှာ” တဲ့, “နာမ်နဲ့ ရုပ်ဟာ အပြန်အလှန် အတ္ထိသတ္တိနဲ့ ကျေးဇူးပြုပါတယ်” တဲ့၊ အဲဒါ ဘာပြောတာ တုန်းဆိုရင် ကလလရေကြည် သန္ဓေတည်တဲ့အချိန်လေးမှာ ဟဒယ ဝတ္ထုရုပ်ဆိုတာ ပါလာတယ်၊ ဝတ္ထုဒသကကလာပ် ပါလာတယ်၊ အဲဒီ ဟဒယ ဝတ္ထုရုပ်သည် သန္ဓေစိတ်ရဲ့ မှီရာဝတ္ထုရုပ်အဖြစ် ဆောင်ရွက်ပေးတယ်နော်၊ သန္ဓေစိတ်နဲ့ အဲဒီဟဒယ ဝတ္ထုရုပ်တို့သည် သဟဇာတ ပြိုင်တူဖြစ်လာကြတာ။
ဘဝတစ်ခုမှာ အစပြုလာတာ ဘယ်သူက အရင်ဖြစ်လာတယ်၊ ဘယ်သူက နောက်ဖြစ်တယ်လို့ မရှိဘူး၊ ကံက ဖန်တီးပေးလိုက်တာ၊ အစုံလိုက် ဖန်တီးပေးလိုက် တာ၊ ရုပ်နဲ့ နာမ် အတွဲလိုက် ဖန်တီးပေးလိုက်တာ၊ တစ်ပြိုင်နက် ထုတ်လုပ်လိုက်တာ၊ အဲဒီလိုထုတ်လုပ်လိုက်တဲ့ ရုပ်နဲ့ နာမ်နှစ်ခုမှာ သန္ဓေစိတ်က ဟဒယဝတ္ထုရုပ်ကို အမှီပြုတယ်၊ ဟဒယဝတ္ထုက သန္ဓေစိတ်ကို အားပြုတယ်၊ အပြန်အလှန်သဘောပဲ၊ သူတို့နှစ်ခုသည် ရှိနေတဲ့အခိုက်ကလေးမှာ ထိုကဲ့သို့ အပြန်အလှန်ကျေးဇူးပြုကြလို့ အတ္ထိပစ္စယောလို့ ဒီလို ပြောတာ။
ဒီတော့ ရုပ်နဲ့နာမ်က born together ကျေးဇူးပြုတယ်ဆိုတာ အဲဒီ သြက္ကန္တက္ခဏ လို့ဆိုတဲ့ ပဋိသန္ဓေအခါပဲ ရှိတယ်၊ ကျန်တဲ့အချိန်မှာတော့ born together မဟုတ်တော့ဘူး၊ ဒီအချိန်ကလေးတစ်ခုပဲ born together ဖြစ်တော့ အပြန်အလှန် ကျေးဇူးပြုတယ်တဲ့၊ ဒါကြောင့် အဲဒီ ဩက္ကန္တိက္ခဏေဆိုတဲ့ စကားလုံး လေးသုံးတာ၊ ဒါက တတိယအပိုင်း။
နောက်တစ်ခါ စတုတ္ထအပိုင်းကျတော့ ဘာတုန်း၊
“စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော”
စိတ်စေတသိက်တရားတွေက စိတ္တဇရုပ်တွေကို ထုတ်လုပ်တယ်တဲ့၊ ဒီနေရာမှာ ရုပ်ကို မထုတ်လုပ်တဲ့စိတ်တွေ ရှိတယ်၊ ရုပ်ကိုထုတ်လုပ်တဲ့စိတ် ရှိတယ်၊ အဲဒီရုပ်ကို ထုတ်လုပ်တဲ့စိတ်တွေဟာ စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ ရဲ့ဥပါဒ်ခဏမှာ သူလည်းဖြစ်, ရုပ်ကိုလည်း ဖြစ်စေတယ်၊ ဒီလိုရော ဖြစ်နိုင်တာ ရှိလားဆိုတော့ ရှိတာပေါ့။
ဖယောင်းတိုင်မီး ထွန်းလိုက်တဲ့အခါမှာကြည့်လေ - မီးတောက်ကလေး ပေါ်လာတာနဲ့ အလင်းရောင် တစ်ခါတည်း မဖြစ်ဘူးလား၊ အလင်းရောင်ကို တစ်ခါတည်း မွေးဖွားပေးလိုက်တာ၊ တစ်ပြိုင်နက်ပဲ၊ မီးတောက်ကလေးက အရင် လာတယ်၊ အလင်းရောင်ကနောက်မှရောက်တယ်လို့ ဒီလိုမဟုတ်ဘူး၊ တစ်ပြိုင်နက် ဖြစ်တာ။
ထို့အတူပဲ စိတ်က ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် စိတ္တဇရုပ်ကို ထုတ်လုပ် ပြီးသားပဲ၊ သူ့ရဲ့အကျိုးတရားက တစ်ခါတည်းပါသွားတာ၊ အဲဒါကို ပြောတာ - စိတ္တစေတသိကာ ဓမ္မာ-စိတ်စေတသိက်တရားတွေဟာ၊ စိတ္တသမုဋ္ဌာနာနံ ရူပါနံ- စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကို၊ အတ္ထိပစ္စယေန - အတ္ထိပစ္စယသတ္တိဖြင့်၊ ပစ္စယော - ကျေးဇူပြုပါတယ်တဲ့၊ သဟဇာတအတ္ထိပဲ၊ စိတ်စေတသိက်နဲ့ စိတ္တဇရုပ် တို့ဟာ အတူတကွဖြစ်ကြတယ်။
အတူတကွဖြစ်ခိုက်မှာ - ကြည့် ဒီနေရာမှာ ခုနတုန်းက ပြောခဲ့တဲ့အတ္ထိ ပစ္စည်းကို အထောက်အကူပြုတဲ့ပစ္စည်း (ဥပတ္ထမ္ဘက)လို့ အဋ္ဌကထာကျမ်းတွေမှာ ဖွင့်တယ်၊ အဲဒီစကားဟာ ယေဘုယျစကားလို့ မှတ်ရမယ်၊ စိတ်စေတသိက်က စိတ္တဇရုပ်ကို ထုတ်တာဟာ producing cause ပဲ ဇနကသတ္တိပဲ၊ ဖြစ်စေခြင်းပဲ၊ ဒီနေရာမှာ ဇနကသတ္တိလို့ မှတ်ရမယ်။
နောက်တစ်ခု အပိုင်း(၅)က ဘာလဲလို့ဆိုလို့ရှိရင် -
“မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော”။
မဟာဘုတ်တွေက ဥပါဒ်ရုပ်တွေကို အထောက်အကူပြုတယ်ဆိုတဲ့နေရာမှာ ထင်ရှားရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုကြတယ်တဲ့၊ မဟာဘုတ် ၄-ပါး ပေါ်လာ တာနဲ့ တစ်ပြိုင်နက် ထိုမဟာဘုတ် ၄-ပါးကို မှီပြီးနေတဲ့ ဥပါဒါရုပ်တွေ မဖြစ်ပေဘူးလား၊ ဖြစ်လာတယ်၊ ဒါကြောင့်မို့ မဟာဘုတ်က အကြောင်းတရား၊ ဥပါဒါရုပ်တွေက အကျိုးတရားတဲ့၊ မဟာဘုတ်တွေ ရှိနေခိုက်မှာ ဥပါဒါရုပ်တွေကို ထုတ်လုပ် တာ ဖြစ်သောကြောင့် မဟာဘုတ်တွေဟာ သူတို့ဖြစ်လာလျှင် ဖြစ်လာချင်း ဥပါဒါ ရုပ်တွေကို ထုတ်လုပ်တာဖြစ်သောကြောင့် သဟဇာတ၊ အဲဒါလည်း born together.
သူမွေးဖွားလိုက်တာနဲ့တစ်ပြိုင်နက် ဥပါဒါရုပ်တွေက ပါပြီးသား၊ ဆိုပါစို့ - ပထဝီ တေဇော အာပေါ ဝါယောဆိုတဲ့ မဟာဘုတ်ရုပ် ဓာတ်ကြီးလေးပါး ပေါ် လိုက်တာနဲ့ ဝဏ္ဏဆိုတာ မပါဘူးလား၊ ဂန္ဓဆိုတဲ့ အနံ့လည်း မပါဘူးလား၊ ပါတယ်၊ ရသဆိုတဲ့ အရသာရော မပါဘူးလား၊ ပါတယ်၊ ဩဇာဆိုတဲ့ အဆီအနှစ်တွေလည်း ပါလာတယ်တဲ့၊ ဒီလို ဥပါဒါရုပ်တွေ တစ်ခါတည်းပါလာလို့ “မဟာဘူတာ ဥပါဒါ– ရူပါနံ”လို့ ဒီလို ဟောတာ၊ ဒါ သဟဇာတဆိုင်ရာ အတ္ထိပစ္စည်းတွေကို မြတ်စွာဘုရား က ဒီလိုဟောတာ၊ ဒီအပိုင်းလေးတွေကို သဟဇာတအတ္ထိလို့ ဒီလို မှတ်ရမယ်နော်၊ နာမ်ခန္ဓာ ၄-ပါးရယ်၊ မဟာဘုတ် ၄-ပါးရယ်၊ နာမ်ရုပ်ရယ်၊ စိတ်စေတသိက်ရယ်၊ မဟာဘုတ်နဲ့ ဥပါဒါရုပ်ရယ် အပိုင်း ၅-ပိုင်း ပြီးသွားပြီ။
နောက်တစ်ခါ အပိုင်း(၆)က ဘာလဲဆိုရင် အာယတန၊ အာယတနဆိုတာ အားလုံးသိတဲ့အတိုင်း ၁၂-မျိုး ရှိတယ်၊ အဲဒီအာယတန ၁၂-မျိုးထဲက -
“စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော” ။
စက္ခာယတနံဆိုတာ စက္ခုပသာဒရုပ် မျက်စိအကြည်ကို ပြောတာ၊ အဲဒီ မျက်စိအကြည်ဆိုတဲ့ စက္ခုပသာဒရုပ်ဟာ စက္ခုဝိညာဏ်စိတ်ရဲ့မှီရာအနေနဲ့ ကျေးဇူး ပြုပါတယ်တဲ့၊ စက္ခာယတနက စိတ်ရဲ့မှီရာအနေနဲ့ ကျေးဇူးပြုတယ်၊ စက္ခုဝိညာဏ် စိတ်က စက္ခာယတနံလို့ ခေါ်တဲ့ စက္ခုပသာဒရုပ်ကို မှီပြီးတော့ ဖြစ်ရတယ်၊ ဆိုပါစို့ စက္ခုပသာဒရုပ် ပျက်သွားပြီဆိုရင် ဒီဘဝမှာ ဘယ်တော့မှ စက္ခုဝိညာဏ်စိတ် မဖြစ်တော့ဘူး၊ မျက်စိကန်းနေတဲ့သူ မြင်ပြီးသိတဲ့စိတ် ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ သူမြင်မှ မမြင်ရတော့တာ၊ မမြင်ရတော့ဘူးဆိုတော့ မြင်သိစိတ် မဖြစ်ဘူး။
နားကန်းသွားလို့ရှိရင် ကြားသိစိတ် မဖြစ်ဘူး၊ နှာခေါင်းက အနံ့မရတော့လို့ ရှိရင် နံသိစိတ်မဖြစ်ဘူး၊ လျှာက အရသာ မရတော့ဘူးဆိုရင် လျက်သိစိတ် မဖြစ်ဘူး၊ ခန္ဓာကိုယ်ကြီးမှာ ဒီ sense တွေ ပျောက်သွားပြီဆိုလို့ရှိရင် ထိသိစိတ် မဖြစ် ဘူးဆိုတာ ဒီအတိုင်းပဲလေ။
မှီရာဝတ္ထုတွေကို မှီပြီးတော့ ဒီစိတ်က ဖြစ်တယ်ဆိုတော့ ဒါဖြင့် ဒီ မှီရာဝတ္ထု ရုပ်တွေနဲ့ ဖြစ်လာတဲ့ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ်ဆိုတဲ့ ဒီစိတ်တွေက ပြိုင်တူဖြစ်လာကြတာလားဆိုတော့ မဟုတ်ဘူး တဲ့၊ ဒါကျတော့ မှီရာဝတ္ထုတွေက ပုရေဇာတ born earlier ကြိုတင်ပြီးတော့ ဖြစ်နေ ကြတာ၊ ကြိုတင်ပြီးတော့ ဖြစ်နေတဲ့ စက္ခုပသာဒရုပ်ကို ဟောဒီစက္ခုဝိညာဏ်က မှီရတာပါတဲ့၊ ဒီအဓိပ္ပါယ်တွေကို မနေ့က ရှင်းပြောခဲ့ပြီးပြီနော်၊ ကြိုတင်ပြီးတော့ ဖြစ်နှင့်တာ ဖြစ်သောကြောင့် ဒါကို ပုရေဇာတလို့ ခေါ်တယ်၊ ကြိုတင်ဖြစ်ပေမယ့်လို့ ရှိနေတုန်းမှာ စက္ခုဝိညာဏ်စိတ်ကို အထောက်အကူပြုတာ၊ စက္ခုဝိညာဏ်စိတ် ပေါ်လာမှ သူက ကျေးဇူးပြုတာ၊ နှစ်ခုစလုံး ရှိနေခိုက်မှာ ကျေးဇူးပြုသောကြောင့် အတ္ထိသတ္တိလို့ ပြောတာ။
ကဲ ဒီနေရာမှာ စဉ်းစားကြည့်၊ စက္ခုပသာဒရုပ်က စက္ခုဝိညာဏ်စိတ်ကို ထုတ်လုပ်တာလားလို့ဆိုတော့ သူက ထုတ်လုပ်တာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ် ကို ဝိပါက်စိတ်လို့ မခေါ်ဘူးလား၊ ဝိပါက်စိတ်ဆိုတော့ သူ့ ရဲ့အကြောင်းတရားက ကံပဲ ဖြစ်မှာပေါ့၊ ကံရဲ့အကျိုးတရားကို ဝိပါကလို့ ခေါ်တာ၊ ဒီတော့ ထုတ်လုပ်သူက ကံတရား၊ ဒါဖြင့် စက္ခုဝတ္ထုလို့ခေါ်တဲ့ စက္ခုပသာဒရုပ်တို့, ရူပါရုံတို့က အထောက် အကူတွေပေါ့၊ အထောက်အကူပြုလိုက်တာ၊ ဒီ၂-ခု ဆုံစည်းလိုက်တဲ့အခါ စက္ခု- ဝိညာဏ်စိတ်ပေါ်လာတယ်၊ ပစ္စုပ္ပန်အကြောင်းတရားက ဒါ၊ သို့သော် ကံဆိုတဲ့ ထုတ်လုပ်တဲ့အကြောင်းတရား မပါဘဲနဲ့ ဒီဝိပါက်စိတ်က မဖြစ်နိုင်ဘူးတဲ့။
ဒါကြောင့်မို့ ဒီနေရာမှာ စက္ခုဝတ္ထုဆိုတဲ့ စက္ခုပသာဒရုပ်က စက္ခုဝိညာဏ် စိတ်မဖြစ်ခင် ကြိုတင်ပြီး ဖြစ်နှင့်နေတာ၊ ဖြစ်နှင့်ပြီးတဲ့အခါ စက္ခုဝိညာဏ်စိတ်ရဲ့ မှီရာအနေနဲ့ သူက ဆောင်ရွက်တာ၊ ဒါကြောင့်မို့ ပုရေဇာတလို့ ခေါ်တယ်၊ ရှိနေ ခိုက် ကျေးဇူးပြုတာဖြစ်သောကြောင့် ပုရေဇာတအတ္ထိတဲ့။
ဒါကို နားလည်လို့ရှိရင်
“သောတာယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”
ဒါလည်း နားလည်သွားပြီ၊
ထို့အတူပဲ ဃာနာယတနံ ဇိဝှာယတနံ ကာယာယတနံ၊ ဟော ဒါတွေလည်း နားလည်သွားပြီ၊ ဒါက ဝတ္ထုရုပ်ပိုင်းဆိုင်ရာ။
နောက် အာရုံပိုင်းဆိုင်ရာကနေ ပြောလိုက်ဦးမယ်၊ အာရုံပိုင်းဆိုင်ရာက ပြောရင် ရူပါယတနံဆိုတာကျတော့ မျက်စိကမြင်တဲ့ အဆင်းအာရုံကို ပြောတာ၊ အဲဒီမျက်စိကမြင်ရတဲ့ အဆင်းအာရုံလေးဟာလည်းပဲ စက္ခုဝိညာဏ်စိတ် ပေါ်ဖို့ရာ အတွက် အထောက်အကူပြုတဲ့ အကြောင်းတစ်ခုပဲတဲ့၊ အဲဒီအထောက်အကူပြုတဲ့ အကြောင်းကလည်းပဲ စက္ခုဝိညာဏ်စိတ်မပေါ်ခင်က ကြိုတင်ဖြစ်နှင့်တာ ဖြစ်သော ကြောင့် ပုရေဇာတ၊ ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့အရာက စက္ခုဝိညာဏ်စိတ်ကို အထောက်အကူပြုတယ်လို့ ဒီလိုဆိုလိုတယ်။
ဒီတော့ အာယတနအနေနဲ့ သွားရင် သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ၊ ဒါတွေက သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ်တွေကို ကျေးဇူးပြုတယ်။
နောက်တစ်ခုက အားလုံးကို ခြုံငုံပြောလိုက်တော့ - စက္ခုဝိညာဏ်ပြီးရင် ဘယ်သူလာ သလဲလို့ဆိုတော့ သမ္ပဋိစ္ဆိန်းလာတယ် မဟုတ်လား၊ အဲဒီသမ္ပဋိစ္ဆိန်းကို ဒီနေရာမှာ မနောဓာတ်လို့ သုံးလိုက်တယ်၊ အဲဒါကြောင့်မို့လို့ -
“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”။
ဟော ဒီငါးခုလုံးနဲ့ သက်ဆိုင်တယ်၊ ရူပါရုံပဲလာလာ သဒ္ဒါရုံပဲလာလာ ဂန္ဓာရုံပဲလာလာ ရသာရုံပဲလာလာ ဖောဋ္ဌဗ္ဗာရုံပဲ လာလာ၊ သမ္ပဋိစ္ဆနဆိုတဲ့ ဒီစိတ် ဟာ ထိုအာရုံတွေကို အာရုံပြုပြီးတော့ ဖြစ်တယ်၊ အဲဒီအာရုံတွေက ကြိုတင်ပြီး တော့ ဖြစ်ထားတဲ့အာရုံတွေ ဖြစ်လို့ born earlier ပုရေဇာတပစ္စည်းပဲ၊ ထင်ရှားရှိ နေခိုက်မှာ ကျေးဇူးပြု တာဖြစ်သောကြောင့် အတ္ထိပစ္စည်းလို့ ဒီလိုအာယတနတွေ နဲ့ ပတ်သက်ပြီးတော့ အတ္ထိပစ္စည်းကို ပြောတာ၊ ဒါ ပုရေဇာတအတ္ထိကို ပြောတာ။
နောက်ဆုံးတစ်ခု အပိုင်း(၇)က ဝတ္ထုတဲ့၊
“ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”။
ဒီနေရာမှာ မြတ်စွာဘုရားက “ယံ ရူပံ” “တံ ရူပံ” ဆိုပြီးတော့ general စကားလုံးနဲ့ ဟောသွားတာ၊ နားလည်ရမှာကတော့ “ယံ ရူပံ” ဆိုတာ ဘယ်သူ့ကို ပြောတာတုန်းဆိုရင် ဟဒယဝတ္ထုရုပ်ကို ပြောတယ်လို့ ခုခေတ်တော့ ဒီလိုနားလည် ရမယ်၊ ဘာဖြစ်လို့တုန်းဆိုရင် စိတ်ရဲ့မှီရာ ဝတ္ထုရုပ်က ၆-ခုပဲ ရှိတယ်၊ စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှာဝတ္ထု ကာယဝတ္ထု၊ အဲဒီဝတ္ထုရုပ် ၅-မျိုးကို စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှာယတနံ ကာယာယတနံလို့ ဟောပြီးသွားပြီ၊ ဟုတ်ရဲ့လား၊ ဝတ္ထုရုပ် ၅-ခုကို ဟောသွားပြီးပြီ၊ အခုနောက်ဆုံး “ယံ ရူပံ” လို့ မြတ်စွာဘုရားက ဟောတာဟာ ဒီကနေ့ခေတ်သုံးအနေနဲ့ ပြောမယ်ဆိုရင် ဟဒယဝတ္ထုပေါ့၊
ဟဒယဝတ္ထုဆိုတာ အဘိဓမ္မာကျမ်းဂန်တွေ ဖွင့်ဆိုချက်အရဆိုရင် မူရင်း ဓမ္မသင်္ဂဏီပါဠိတော်မှာ ဟဒယဝတ္ထုရုပ် မဟောဘူး၊ ဘာကြောင့် မဟောတာတုန်း ဆိုတာ သူ့ အကြောင်းနဲ့သူ ရှိတယ်ပေါ့၊ ဟဒယဝတ္ထုရုပ်လို့ မဆိုပေမယ့်လို့ ပဋ္ဌာန်း ပါဠိတော်မှာကျတော့ “ယံ ရူပံ နိဿာယ” လို့ ဆိုပြီးတော့ အမည်မတပ်ဘဲ “အကြင်ရုပ်” လို့ဆိုပြီး ဟောထားတာရှိတယ်၊ နိဿာယ လို့ ဆိုလိုက်သဖြင့် ဒါ ဝတ္ထုရုပ်တစ်မျိုးပဲ။
နောက်တချို့နေရာမှာကျတော့ “ဝတ္ထု၊ ခန္ဓာနံ၊ ခန္ဓာ ဝတ္ထုဿ” လို့ ဆိုပြီး တော့ အပြန်အလှန်ဖြစ်ပုံလေးကို ဝတ္ထုဆိုတဲ့ နာမည်နဲ့ ဟောထားတယ်၊ ဟဒယ ဆိုတဲ့စကားလုံးကို မသုံးဘူး၊ မြတ်စွာဘုရားက “ယံ ရူပံ” လို့ သုံးတယ်၊ “ဝတ္ထု”လို့ သုံးတယ်။
သို့သော်လည်းပဲ ရှင်မဟာဗုဒ္ဓဃောသတို့လက်ထက် ရောက်တဲ့အခါ (အနှစ်-၁၀၀၀ ကျော် ကြာတဲ့အခါ) ယံ ရူပံ ဘယ်ရုပ်လဲ? ဝတ္ထု ဆိုတာ ဘယ် ဟာလဲ? လို့ စဉ်းစားကြပုံရပါတယ်၊ စဉ်းစားပြီးတော့ location ကို ရှာကြတယ်၊ location ကို ရှာတဲ့အခါကျတော့ လောကလူတွေ ယုံကြည်နေကြတာ နှလုံးသားကို ယုံကြည်ကြတယ်၊ ချစ်တယ်မုန်းတယ်ဆိုလို့ရှိရင် နှလုံးသားမှာဖြစ်တယ်၊ ဝမ်းသာ တယ်ဆိုရင် ဘယ်က ဝမ်းသာတာတုန်း၊ နှလုံးသားထဲက ဝမ်းသာတယ်၊ ဟုတ်လား၊ သတင်းကောင်းကြားလိုက်ရင်လည်းပဲ ရင်ခုန်တယ် မဟုတ်လား၊ သတင်းဆိုး ကြားလိုက်ရင်လည်း ရင်ခုန်တာပဲ၊ ရင်ခုန်တယ်လို့ ပြောတာ၊ အဲဒီလို ထင်ရှားတဲ့ လက်တွေ့ အကြောင်းတရားတွေကို ကြည့်ပြီးတော့ ပိုထင်ရှားအောင်လို့ ဟဒယ ဆိုတဲ့စကားလုံးလေး ထည့်လိုက်တာ၊ “ဟဒယရူပ” “ဟဒယဝတ္ထု” လို့ဆိုတဲ့ စကားလုံးက တွင်ကျယ်လာခဲ့တာပေါ့။
ရုပ်ရဲ့မှီရာ ဟဒယဝတ္ထုရုပ်ဆိုတာ ဘယ်မှာလဲလို့ လိုက်ပြီး ရှာလိုက်တဲ့အခါ နှလုံးသားထဲမှာရှိတဲ့ သွေးကလေးထဲမှာ တည်နေတယ်လို့ စာပေကျမ်းဂန်မှာ ဆိုတယ်၊ နှလုံးသားကို ဟဒယဝတ္ထုရုပ်လို့ ခေါ်တာ မဟုတ်ဘူး၊ နှလုံးသားထဲကသွေး ကိုလည်းပဲ ဟဒယဝတ္ထုရုပ်လို့ ခေါ်တာ မဟုတ်ဘူး။
နှလုံးသားထဲမှာ တစ်လက်ဖက်တစ်လက်ဆွံ့ခန့်ရှိတဲ့ (တစ်လက်ဖက် တစ်လက်ဆို့ ဆိုတဲ့ စကားလုံးက လက်ဖဝါးလေးကို ဖြန့်လိုက်ပြီးရင် ပြန်တွန့်ပြီးတော့ ခုံးထားလိုက်၊ ခုံးပြီးလို့ရှိရင် အဲဒီထဲမှာ အရည်ထည့်လိုက်လို့ရှိရင် ဆန့်လောက် တဲ့ပမာဏ၊ အဲဒါက တစ်လက်ဖက်တစ်လက်ဆို့ ခေါ်တယ်၊) နှလုံးသွေးထဲမှာ ဟဒယဝတ္ထုရုပ် တည်ရှိပါတယ်လို့ ပြောတာ၊ ဒီတော့ သွေးကို ခေါ်တာမဟုတ်ဘူး၊ နှလုံးသားကိုခေါ်တာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်၊ ဒါက location ကို ဖေါ်ပြ တဲ့နည်း။
တစ်ခါ အဲဒီခေတ်ကပဲ ရှင်မဟာဗုဒ္ဓဃောသနဲ့ ခေတ်ပြိုင်ပေါ်လာတဲ့ အဘိဓမ္မာ မူလဋီကာဆရာ ရှင်အာနန္ဒာဆိုတာ ရှိတယ်၊ (မြတ်စွာဘုရားရဲ့ ညီတော် အာနန္ဒာနဲ့ ဘွဲ့တူတယ်၊) အဲဒီ ရှင်အာနန္ဒာရေးတဲ့ အဘိဓမ္မာအဖွင့်ကျမ်းကြီးက ဟဒယဝတ္ထုဆိုတဲ့ စကားလုံး အဓိပ္ပါယ် ဘယ်လိုရှင်းလဲဆိုရင် “ဟဒယ” ဆိုတာ heart နှလုံးသားကို မပြောဘူး၊ “ဟဒယ”ဆိုတာ စိတ်၊ (ဟုတ်တယ်လေ လူတွေ ပြောကြတယ် - “ဒီလူက နှလုံးကောင်းတယ်၊ နှလုံးမကောင်းဘူး” ဆိုတာ စိတ်ကို ပြောတာလေ၊ မြန်မာ တွေလည်း နှလုံးဆိုတာ စိတ်နဲ့တွဲပြီး စိတ်နှလုံးလို့ ပြောကြ တယ်လေ) မနောဓာတ် မနောဝိညာဏဓာတ်ဆိုတဲ့ စိတ်တွေရဲ့ “ဝတ္ထု” - စိတ်ရဲ့ တည်ရာတဲ့၊ သူပြောလိုက် တာကျတော့ heart ဆိုတဲ့ နှလုံးကို မရည်ညွှန်းတော့ ဘူးပေါ့နော်၊ နှလုံးသား organ ကို မရည်ညွှန်းဘူး၊ “ဟဒယ” မနောဓာတ်နဲ့ မနောဝိညာဏ ဓာတ်ဆိုတဲ့ စိတ်တွေရဲ့ “ဝတ္ထု” တည်ရာလို့ ဒီလို ဖွင့်ဆိုလိုက်တယ်။
အဲဒီတော့ အဲဒီခေတ် အဘိဓမ္မာကို လေ့လာကြတဲ့ အဘိဓမ္မာကျမ်းပြု ဆရာကြီးတွေက မြတ်စွာဘုရားဟောထားတဲ့ ဝတ္ထုဆိုတဲ့စကားလုံး ရူပဆိုတဲ့စကား လုံးကို ယူပြီးတော့ ဟဒယဆိုတာကို ထည့်လိုက်ကြတယ်၊ ထည့်ပြီးတဲ့အခါမှာ ဟဒယကို နှလုံးသားလို့ ရည်ညွှန်းတဲ့ပုဂ္ဂိုလ်က ရည်ညွှန်းတယ်၊ စိတ်ကို ရည်ညွှန်း တဲ့ပုဂ္ဂိုလ်က ရည်ညွှန်းတယ်။
ဒီကနေ့ သိပ္ပံခေတ်က လူတွေကျတော့ စိတ်ဟာ နှလုံးမှာဆိုတာထက် ဦးနှောက်ကို ပိုပြီးတော့ ပြောလာကြပြန်တယ်ပေါ့၊ ဟုတ်တော့ ဟုတ်တာပေါ့၊ ဦးနှောက်မပါဘဲ နဲ့လည်း ဒီစိတ်က ဖြစ်တာမှ မဟုတ်တာကိုး၊ ဒီတော့ ဘုန်းကြီးတို့က စဉ်းစား ကြည့်မိတယ်၊ မြတ်စွာဘုရားက “ယံ ရူပံ”တို့ “ဝတ္ထု”တို့ ပြောလိုက်တာ အဓိပ္ပါယ်ရှိတယ်၊ အကယ်၍ “ဟဒယ” လို့ ပြောလိုက်ရင် နှလုံးပဲ သက်ဆိုင် သွားပြီးတော့ ဦးနှောက်ကို ယူလို့ မရတော့ဘူး၊ မြတ်စွာဘုရားက “ရူပ”လို့ သာမန် ဟောတယ်၊ “ဝတ္ထု”လို့ သာမန်ဟောတယ်၊ ဒါကိုထောက်ရင် နှလုံးပဲ ပြောပြော ဦးနှောက်ပဲ ပြောပြော နှစ်ခုစလုံး မသက်ဆိုင်ပေဘူးလား၊ ဒီတစ်ခုနဲ့တင် မြတ်စွာ ဘုရားကို ကြည်ညိုလို့ မဆုံးဘူး၊ တယ်ပြီးတော့ စကားလုံးတိကျလှပါလား၊ ဒါ location ကို မပြတော့ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဦးနှောက်နဲ့ နှလုံးသားက ဆက်သွယ်နေတာလေ။
အဲဒီဆက်သွယ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို မြတ်စွာဘုရားက ရှင်းပြတဲ့ သဘောအနေနဲ့ “ဝတ္ထု ခန္ဓာနံ၊ ခန္ဓာ ဝတ္ထုဿ” “ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏ- ဓာတုယာ စ”၊ ဒီလို “ယံ ရူပံ”လို့ သာမန်စကားကို သုံးလိုက်တာ, “ဝတ္ထု”လို့ သာမန်စကားသုံးတာဟာ သိပ်ပြီးတော့ အဓိပ္ပါယ်ရှိပါပေတယ်၊ အားလုံးကို ခြုံမိပါ ပေတယ်၊ cover ဖြစ်တယ်လို့ ပြောတာပေါ့၊
အဲဒီလို ယူရမယ်ဆိုရင်တော့ ဒီကနေ့ ခေတ် အဋ္ဌကထာကျမ်းတွေနဲ့ တိုက်ရိုက် မညီဘူးလို့ ပြောချင်လည်း ပြောလို့ ရတယ်၊ မဆန့်ကျင်ဘူးလို့လည်း ပြောလို့ ရတယ်နော်၊ ဟဒယဝတ္ထုရုပ်ရဲ့ location ကို နှလုံးသားထဲက သွေးထဲမှာ ရှိတယ် လို့ပြောတဲ့ အဋ္ဌကထာဋီကာအဖွင့်တွေ စကားနဲ့ဆိုရင် ဦးနှောက်နဲ့ မသက်ဆိုင်သလို ဖြစ်သွားပြန်ရောနော်၊ တစ်ခြမ်းပဲ မှန်တယ်လို့ အဓိပ္ပါယ် ရောက်သွားတယ်။
ဒီတော့ စက္ခုဝိညာဏ်စိတ် သောတဝိညာဏ်စိတ် ဃာနဝိညာဏ်စိတ် ဇိဝှာဝိညာဏ်စိတ် ကာယဝိညာဏ်စိတ်တွေမှတစ်ပါး ကျန်တဲ့စိတ်တွေရဲ့ မှီရာဝတ္ထု သည် အခုပြောခဲ့တဲ့ ဦးနှောက်နဲ့ နှလုံးသား- စိတ်ဖြစ်ဖို့ရာဌာနလို့ သာမန်ပြောမယ် ဆိုလို့ရှိရင်တော့ မြတ်စွာဘုရားဟောတဲ့ general point နဲ့ ညီညွတ်တယ်လို့ ဒီလို ယူဆစရာရှိတယ်ပေါ့။
အကယ်၍ နှလုံးသားလို့ တိုက်ရိုက်ပြောမယ်ဆိုလို့ရှိရင် ခုခေတ်မှာ နှလုံးသားကို ခွဲစိတ်ပြီး ကုသတာတို့ နှလုံးအတုတပ်ဆင်တာတို့ ဒါတွေနဲ့ ပြောမယ် ဆိုလို့ရှိရင် တစ်မျိုးတမည် တွေးမိကောင်း တွေးမိကုန်ကြလိမ့်မယ်၊ heart transplantation တို့ ဘာတို့ လုပ်တာ ရှိတယ်လေ၊ နှလုံးတု တပ်တာတို့ နှလုံးသား ခွဲစိတ်တာတို့၊ သို့သော်လည်း အဲဒါ ကိုက်ညီအောင် ယူလို့ရှိရင်တော့ ယူလို့ရတယ် လေ၊ ဘာဖြစ်လို့တုန်း နှလုံးသားကိုပြောတာ မဟုတ်ဘူး၊ နှလုံးသားထဲက သွေးကို ပြောတာ၊ သွေးဆိုတာတော့ ရှိနေမှာပဲလေ။
နောက်တစ်ခုက ပြောမယ်ဆိုလို့ရှိရင် သွေးဆိုတာ နှလုံးသားထဲမှာချည်း ရှိနေတာ မဟုတ်ဘူး၊ တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေတာလို့ပြောတယ်၊ နှလုံးဟာ pump အနေနဲ့ အလုပ်လုပ်တယ်၊ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို သွေးတွေ ပျံ့နှံ့သွားအောင် နှလုံးက pump သဘောမျိုး ညှစ်ပေးနေတယ်၊ ညှစ်ပေးနေသည့်အတွက်ကြောင့် တစ်ကိုယ်လုံးမှာ သွေးတွေပျံ့နှံ့နေတယ်၊ နှလုံးသားထဲမှာ သွေးမရှိဘူးလို့ တချို့တ ပြောကောင်း ပြောလိမ့်မယ်ပေါ့၊ သို့သော်လည်း ဒီသွေးအားလုံးဟာ နှလုံးသားကို ဖြတ်သွားတာပဲ၊ အဲဒီဖြတ်သွားတဲ့ အချိန်ပိုင်းလေးမှာ စိတ်ရဲ့မှီရာဝတ္ထုရုပ်အနေနဲ့ ဖြစ်တာပေါ့။
လူတွေ လက်တွေ့နဲ့ ကိုက်ကြည့်မယ်ဆိုရင် လူတွေဟာ ဝမ်းနည်းတယ် ဝမ်းသာတယ်ဆိုရင် နှလုံးပဲ မဟုတ်လား၊ ရင်ဘတ်ကို ဖိကြတယ်၊ အေး တစ်စုံတစ်ခု အကျပ်ရိုက်လို့ တွေးကြပြီဆိုလို့ရှိရင် ခေါင်းကုတ်ကြတယ်လေ၊ ဒီတော့ တွေးခေါ်တဲ့ စိတ်တွေကျတော့ ဦးနှောက်နဲ့ သက်ဆိုင်သလို ရှိတာပေါ့နော်၊ လက်တွေ့အားဖြင့် ကြည့်မယ် ဆိုလို့ရှိရင် နှလုံးမှာ ဖြစ်တာလည်းရှိတယ်၊ ဦးနှောက်မှာ ဖြစ်တာလည်း ရှိတယ်၊ သို့မဟုတ် ဦးနှောက်နဲ့ နှလုံးသားဟာ အပြန်အလှန်ဆက်သွယ်ပြီးတော့ သတင်းပို့နေတာလည်း ဖြစ်နိုင်တာပေါ့၊
ဘုန်းကြီးတို့ မနှစ်တုန်းက ဩစတြီးယားနိုင်ငံ ဗီယင်နာတက္ကသိုလ်မှာ စိတ် အကြောင်းကို နှစ်ရက်ဟောပြောတယ်၊ စိတ်အကြောင်းနဲ့ ပတ်သက်ပြီး မေးကြည့် တယ်- စိတ်ဟာ လူရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတာလား၊ သို့မဟုတ် ဖြစ်နေတာလား? ဆို - သူတို့အယူအဆက စိတ်ဆိုတာ ဦးနှောက်ရဲ့စွမ်းအင်တစ်ခုပဲ၊ ဦးနှောက်ကိုပဲ ခေါ်တယ်လို့ ပြောရမယ်၊ ဦးနှောက်ရဲ့လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတာ၊ ဦးနှောက် ရဲ့ စွမ်းအင်တစ်ခုလို့ ဒီလိုယူဆတယ်ပေါ့၊ စိတ်ဟာ ဘယ်မှာ ရှိတာတုန်းဆိုရင် ဦးနှောက်ထဲမှာ ရှိတယ်၊ ဒီလိုပဲ ပြောတယ်၊ ဒါ သူတို့အမြင်ပေါ့နော်။
အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးက ဆွေးနွေးခဲ့တယ်၊ ဗုဒ္ဓအဘိဓမ္မာအရ စိတ်ဟာ ဘယ်နေရာမှ ရှိနေတာ မဟုတ်ဘူး၊ သို့သော် ရှိနိုင်တဲ့ အနေအထားတော့ ရှိတယ်၊ စောင်းကြိုးတို့ စောင်းအိုးတို့ထဲမှာ စောင်းသံမရှိဘူး၊ တီးခတ်လိုက်တဲ့အခါမှ ပေါ်လာတယ်၊ မီးခြစ်ကလေးထဲမှာ မီးရှိမနေဘူး၊ ခြစ်လိုက်တဲ့အခါကျတော့မှ မီးထွက်လာတယ်၊ အဲဒီသဘောပဲ မြတ်စွာဘုရားက “ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ” - စိတ်ဆိုတဲ့သဘာဝတရားဟာ အကြောင်းတိုက်ဆိုင်မှ ပေါ်လာတဲ့ သဘာဝတရား, ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ သဘာဝတရား မဟုတ်ဘူး ဆိုတာကို သူတို့ကို ရှင်းလင်းပြီး ပြောပြတယ်၊ ဒါ အနောက်တိုင်းအယူအဆနဲ့ ဗုဒ္ဓရဲ့ အယူအဆ မတူတာပေါ့။
ဒီတော့ စိတ်ရဲ့လှုပ်ရှားမှုတွေ ထင်ဟပ်ပေါ်လွင်နေတဲ့ သဘာဝအရ location ကို ပြောရမယ်ဆိုလို့ရှိရင် ဦးနှောက်နဲ့နှလုံးသား အပြန်အလှန် ဆက်သွယ် နေတဲ့ နေရာဟာ စိတ်ဖြစ်ရာဌာနလို့ ဒီလိုပြောလို့ ရနိုင်လောက်ပါတယ်ပေါ့။
အဘိဓမ္မာကျမ်းဂန်တွေရဲ့ အဆိုရယ်, လက်တွေ့ကျကျတွေး ခေါ်ပြီးတော့ ဆင်ခြင်သုံးသပ်ကြည့်လို့ရတဲ့ အဖြေရယ် - ဒီနှစ်ခုဟာ များများကြီးကွဲလွဲတာ မရှိ ဘူး၊ မြတ်စွာဘုရားကိုယ်တိုင်ကိုက ဝတ္ထုလို့ ပြောလိုက်သဖြင့် စိတ်ရဲ့မှီရာဆိုတာ ခန္ဓာကိုယ်ထဲမှာ တစ်နေရာရာမှာတော့ ရှိနေတယ်ပေါ့၊ ဒါ ပြောတာနော်၊ အတိ အကျ location ကို သတ်မှတ်ပြောတာ မဟုတ်ဘူး၊ နာမည်မတပ်ဘူး၊ နာမည် မတပ်သော်လည်း လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့စိတ်ဟာ နှလုံးမှာ လာ ထင်ရှား တယ်၊ ဦးနှောက်မှာ လာထင်ရှားတယ်ပေါ့၊ ဒါကြောင့်မို့လို့ ဟဒယဝတ္ထု ဆိုတာ ဦးနှောက် နှလုံး ဆက်သွယ်ဖြစ်ပေါ်တဲ့ နေရာတစ်ခုဟာ location လို့ ပြောမယ် ဆိုလို့ရှိရင် ပြောလို့ရတယ်ပေါ့။
ကောင်းပြီ - အဲဒီမှာ အတ္ထိပစ္စည်းကို နောက်ဆုံးအနေနဲ့ မြတ်စွာဘုရားက ဟောတာက -
“ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရှုပ် မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”
လို့ အဲဒီဟဒယဝတ္ထုလို့ ခေါ်တဲ့ရုပ်ကို အမှီပြုပြီးတော့ မနောဓာတ်တို့ မနောဝိညာဏဓာတ်တို့က ဖြစ်လာကြတယ်။
အဲဒီမနောဓာတ် မနောဝိညာဏဓာတ်တွေနဲ့ ဟောဒီဟဒယဝတ္ထုဆိုတာဟာ born earlier ဟဒယဝတ္ထုက ကြိုတင်မွေးဖွားလာပြီး မနောဓာတ် မနော- ဝိညာဏဓာတ်လို့ဆိုတဲ့ စိတ်အခြေအနေတွေက နောက်မှ ဖြစ်တာ ဖြစ်လို့ ရှိခိုက် အနေနဲ့ ကျေးဇူးပြုတာ ဖြစ်လို့ အတ္ထိပစ္စည်းပါလို့ ပစ္စယနိဒ္ဒေသပါဠိတော်မှာ ဒီလို အတ္ထိပစ္စည်းကို ၇-ပိုင်း ခွဲထားတယ်၊ အမျိုးအစားအနေနဲ့တော့ သဟဇာတနဲ့ ပုရေဇာတ ဒီနှစ်မျိုးတည်းပဲ ဟောပါတယ်။
ပဥှာဝါရမှာကျတော့ ပစ္ဆာဇာတကိုလည်း ထည့်ဟောတယ်၊ အာဟာရကို လည်း ထည့်ဟောတယ်၊ ဣန္ဒြိယကိုလည်း ထည့်ဟောတယ်၊ ဒါကြောင့်မို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ အတ္ထိပစ္စည်းကို ၅-မျိုးလို့ ဆိုတာ၊ သဟဇာတ ပုရေဇာတ ပစ္ဆာဇာတ အာဟာရ ဣန္ဒြိယလို့ အတ္ထိပစ္စည်း ၅-မျိုး ရှိတယ်လို့ ဒီလိုပြောတာ။
အဝိဂတပစ္စယော
ကောင်းပြီ - အတ္ထိပစ္စည်းကို နားလည်လို့ရှိရင် ထိုအတ္ထိပစ္စည်းနဲ့ သဘာဝ ချင်းတူတဲ့ အဝိဂတပစ္စည်းကိုလည်း နားလည်ပြီးသား ဖြစ်သွားပြီ၊ အထူးပြောစရာ မလိုတော့ဘူး၊ ဒီကနေ့ အတ္ထိပစ္စယောကို ဟောလိုက်သဖြင့် အဝိဂတပစ္စယောကိုလည်း နားလည်ပြီးသား ဖြစ်သွားပြီပေါ့။
အတ္ထိပစ္စယောဆိုတာ ရှိခိုက်မှာ ကျေးဇူးပြုတယ်၊ အဝိဂတပစ္စယောဆိုတာ ရှိခိုက်ဆိုတဲ့နေရာမှာ လုံးဝချုပ်ငြိမ်းသွားခြင်း မဟုတ်သေးတဲ့ အနေအထား၊ အဝိဂတ လုံးဝကင်းပျောက် မသွားသေးခင် ကျေးဇူးပြုတယ်၊ အတ္ထိဆိုတာ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်၊ ဒါဖြင့် ရှိနေတာက ဘယ်လောက်ထိအောင် ရှိနေတာတုန်း၊ ပြောချင်တာက အဝိဂတ လုံးဝကင်းပြတ်သွားတာမျိုးထိအောင် မရောက်သေးတာ၊ ဒီလိုအဓိပ္ပါယ်ကို ပြောတာ။
မြတ်စွာဘုရားက နတ်တွေဗြဟ္မာတွေကို ဟောတဲ့အခါမှာ အတ္တိဆိုတဲ့ သဘောထက် အတ္ထိရှိတယ်ဆိုတာ ဘယ်လောက် အတိုင်းအတာထိ ရှိနေတာလဲလို့ မေးစရာရှိလို့ ကင်းကွာသွားခြင်း မရှိသေးခင် အရှိလို့ ခေါ်တယ်လို့ ဆိုတာကို ထပ်ဖွင့်ပေးတဲ့အနေနဲ့ အဝိဂတပစ္စယောကို ထပ်ပြီးတော့ ဟောလိုက်တာတဲ့၊ ပိုပြီးတော့ ရှင်းသွားအောင်လို့။
နတ္ထိပစ္စယော၊ ဝိဂတပစ္စယော
ကောင်းပြီ - နောက်တစ်ခုဖြစ်တဲ့ နတ္ထိပစ္စယောတို့ ဝိဂတပစ္စယောတို့ ဆိုတာကို အနန္တရပစ္စယော သမနန္တရပစ္စယောတုန်းက ရှင်းထားတဲ့အတိုင်းပဲ သဘောပေါက်ရမှာ၊ လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ စိတ်ဟာ တစ်စိတ်ချင်းသာ ဖြစ် တယ်၊ နှစ်စိတ်ပြိုင် မဖြစ်ဘူးတဲ့၊ ဖြစ်တဲ့အခါမှာ စိတ်နဲ့စေတသိက်ဟာ အုပ်စုလိုက် ဖြစ်တယ်၊ ပထမအုပ်စုဖြစ်နေတဲ့အချိန်မှာ ဒုတိယအုပ်စုကဖြစ်ခွင့်မရှိဘူး၊
ဆိုပါစို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်နေတဲ့အချိန်မှာ စက္ခုဝိညာဏ်စိတ် မဖြစ်နိုင်ဘူး၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ် ချုပ်သွားပြီ, မရှိတော့ဘူးဆိုတော့မှ စက္ခုဝိညာဏ်စိတ်ဖြစ်တာ၊ စက္ခုဝိညာဏ် စိတ် ချုပ်သွားပြီဆိုတော့မှ သမ္ပဋိစ္ဆိန်းစိတ် ဖြစ်လာတာ၊ သမ္ပဋိစ္ဆိန်းစိတ် ချုပ်သွားပြီ ဆိုတော့မှ သန္တီရဏစိတ်က ဖြစ်တာ၊ အဲဒီလိုချုပ်သွားပြီးတဲ့နောက် မရှိတော့မှ ဖြစ်တာကို နတ္ထိလို့ ခေါ်တယ်၊ အဲဒီလိုချုပ်သွားတာဟာ လုံးဝကင်းပြီးတော့ ပြတ်စဲ သွားတာဖြစ်သောကြောင့် ဝိဂတ လို့ ခေါ် တယ်တဲ့၊ ဒါကြောင့်မို့ အနန္တရ သမနန္တရ နတ္ထိ ဝိဂတ တို့ဆိုတာ ဒါတွေက အဓိပ္ပါယ်အတူတူပါပဲ။
“သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပစ္စုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော”
လို့ ချုပ်သွားတဲ့ရှေ့စိတ်ဟာ နောက်စိတ်ဖြစ်ဖို့ အတွက် အခွင့်အလမ်းတွေ ပေးထားခဲ့တာ၊ သူ့ဟာသူ မဆီမဆိုင် ချုပ်သွားတာ မဟုတ်ပါဘူး၊ သူက နောက်စိတ်ကို အခွင့်အရေးတစ်ခု ပေးထားခဲ့တယ်ပေါ့၊ အဲဒီ အခွင့်အရေး ပေးတာသည်ပင် သူ့ရဲ့ကျေးဇူးပြုတာပေါ့၊ လူတွေက တစ်ယောက်ယောက်ကို အခွင့်အရေးပေးရင် ကျေးဇူးပြုတယ်လို့ ခေါ်တယ် မဟုတ်လား၊ အဲဒီလိုပဲ ရှေ့စိတ် က သူချုပ်သွားတာ၊ ချုပ်သွားတဲ့အခါမှာ နောက်စိတ် ပေါ်ဖို့အတွက် အခွင့်အရေး ပေးလိုက်တယ်၊ အဲဒါသည်ပင်လျှင် နောက်စိတ်က ဒီအခွင့်အရေးကို ရလိုက်တာ ဖြစ်တယ်တဲ့၊ အဲဒါကြောင့်မို့ နတ္ထိပစ္စယော ကျေးဇူးပြုတယ်လို့ ဒီလို ပြောတာပါ၊ ဝိဂတပစ္စယော ကျေးဇူးပြုတယ်လို့ ပြောတာပါတဲ့။
ဒီတော့ အားလုံးချုပ်လိုက်တဲ့အခါ ပဋ္ဌာန်း၂၄-ပစ္စည်းရဲ့ အဓိပ္ပါယ်ဟာ အားလုံး ပြည့်ပြည့်စုံစုံ ပြီးသွားပြီ၊
ပဋ္ဌာန်း၂၄-ပစ္စည်းဟာ မိမိတို့ရဲ့လက်တွေ့ ဘဝမှာ ဒီလိုရှိနေတာပါလားလို့ဆိုတာ သဘောပေါက်သွားပြီ၊ နောက်ထပ်ဟောစရာ နှစ်ရက် ကျန်တာကိုတော့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ ချဉ်းကပ်ပြီး ဘယ်လိုနားလည် ရမယ်ဆိုတာမှာ ထပ်ဟောလိုက်ပါမယ်၊ ဒီနေ့တော့ နတ္ထိနဲ့ ဝိဂတတို့ကို ထပ်ပြီးမချဲ့ တော့ဘူး၊ ဒါကြောင့်မို့ ဒီကနေ့ ဟောလိုက်တာအတ္ထိပစ္စည်းလည်း ပြီးသွားပြီ နတ္ထိပစ္စည်းလည်း ပြီးသွားပြီ၊ ဝိဂတပစ္စည်းလည်း ပြီးသွားပြီ၊ အဝိဂတပစ္စည်းလည်း ပြီးသွားပြီ။ ၂၄-ပစ္စည်းလုံး ပြီးသွားပြီလို့ မှတ်ကြပါ။
တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ဗုဒ္ဓမြတ်စွာရဲ့ဒေသနာဟာ အကြောင်း တရား အကျိုးတရားတွေနဲ့ ဆက်စပ်ပြီးဟောတာ အဓိကဖြစ်ပါတယ်၊ အဲဒီ အကြောင်းတရား အကျိုးတရားကို မှန်မှန်ကန်ကန် နားလည်မှသာလျှင် အယူဝါဒ မှားယွင်းခြင်း ဆိုတာက လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်၊
ဒီအကြောင်းတရား အကျိုးတရားတွေကို နားလည်လို့ရှိရင် ကင်္ခါဝိတရဏ - သံသယတွေအားလုံးကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်၊ အကြောင်း အကျိုးကို နားမလည်ဘူးဆိုလို့ရှိရင် သံသယတွေဟာ မိမိတို့ရင်ထဲမှာ ကိန်းနေဦးမှာ ဖြစ်ပါတယ်၊
အကြောင်းတရား အကျိုးတရားအစစ်အမှန်ကို သေချာနားလည် သဘောပေါက်ပြီ ဆိုရင် သံသယ ကင်းစင်သွားလို့ စင်ကြယ်မှုဆိုတာရတယ်၊ အဲဒါကိုပဲ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ လို့ ဒီလို ပြောတာနော်။
ဒါကြောင့်မို့ အကြောင်းတရား အကျိုးတရား အစစ်အမှန်ကို နားလည် သဘောပေါက်ခြင်းဖြင့် ယုံမှားသံသယတွေကို ဖယ်ရှားလို့ မှန်ကန်တဲ့လမ်းကြောင်း ပေါ်ရောက်ရှိပြီး နောက်ဆုံး အကြောင်းတရားကိုဖယ်ရှားပစ်လိုက်နိုင်သည့်အတွက် အကြောင်းပြတ်လို့ အကျိုးရပ်သွားခြင်းဆိုတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
အရှင်နန္ဒမာလာဘိဝံသ (Ph.D)
Comments
Post a Comment